Switch Mode

Chapter – 272

ရွှေရောင် ရဟန္တာအဆောင်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၂ – ရွှေရောင် ရဟန္တာအဆောင်

ကျန်းယွမ်ဟုန် မျက်နှာ ဖြူဖျော့လာကာ ဆက်တိုက်နောက်ဆုတ်သွားသည်။ “ညီလေးချူ .. ငါတို့ စကားပြောကြရအောင် .. မလောပါနဲ့..”

ကျန်းချန် သူ့ရှေ့၌ အသတ်ခ့လိုက်ရခြင်းမှာ သူ့ကို အလွန်ထိတ်လန့်သွားစေခဲ့သည်ပင်။ သူ တစ်ကိုယ်လုံး တုန်ယင်လာသည်။

သူ့စကားတစ်ခွန်းမှာ လူများစွာ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ သို့သော် သူ့လက်အောက်မှလူများသာ သူ့အမိန့်ကို အမြဲတမ်းဆောင်ရွက်နေခဲ့ဖြစ်ဖြစ်သောကြောင့် သွေးထွက်သံယိုမြင်ကွင်းများကို သူ မမြင်ဖူး။ ယခု သူ့တူလေး သူ့ရှေ့၌ သေဆုံးသွားသည်ကို မြင်လိုက်ရသည့်အချိန် သူ့ ဦးရေပြားများပင် ထုံကျဉ်လာသည်။

“ကျုပ် သည်းခံနိုင်မှုက အကန့်အသတ်ရှိသလို ကျုပ်အချိန်လည်းအကန့်အသတ်ရှိတယ် .. ခင်ဗျားမှာ ကျုပ်ကို ဖိနှိပ်နိုင်မယ့် အထူးပုဂ္ဂိုလ်တွေ ရှိသေးလား..” ချူဖုန်း၏စကားလုံးများမှာ တည်ငြိမ်လှသည်။

ကျန်းယွမ်ဟန်သည် တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုံမှန်အားဖြင့် သူသည် တည်ငြိမ်သည့်သူဖြစ်သော်လည်း ယခုတော့ သူ့ဖုန်းကို မွှေနှောက်နေတော့သည်။

သူ မသေချင်သေး။ သူ့လှုပ်ရှားမှုများ နှေးကွေးနေသောကြောင့် သူ့တူလေး ခေါင်းဖြတ်ခံလိုက်ရခြင်းပင်။

ဖုန်းထဲမှ အဆက်အသွယ်စာရင်းကို လှန်လှောကြည့်ရင်း ကျန်းယွမ်ဟန်၏လက်ချောင်းများ တုန်ယင်နေသည်။ သူ ကျောက်စိမ်းဂူကျောင်းအရှင်ကို ရှာကာ အကူအညီတောင်းချင်သည်။

နတ်ဆိုးဘုရင်ချူသည် သားရဲဘုရင်များကို မြက်နှုတ်သကဲ့သို့ ရှင်းလင်းပစ်ခဲ့ကြောင်း ချူဖုန်းနှင့်ပတ်သက်သည့် သတင်းများစွာကို သူကြားဖူးခဲ့သည်ပင်။

“ခင်ဗျားက အခုထိ လက်မလျော့သေးပဲနဲ့ ကျုပ်ကို ဖိနှိပ်ဖို့ တစ်ယောက်ယောက်ကို ရှာနေတုန်းလား..” ချူဖုန်း၏နှုတ်ခမ်းထက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကျန်းယွမ်ချန် သူ့ဖုန်း၌ ယွမ်မျိုးရိုးနာမည်နှင့်လူတစ်ယောက်ကို ရှာတွေ့သွားသည်။

ကျန်းယွမ်ဟွမ် ယခုတော့ နောင်တရလေပြီ။ သူ ဤလူကို ရန်မစသင့်ခဲ့။

ယခင်တစ်ခေါက်က သူ့ကို လုံးဝဖိနှိပ်နိုင်ခဲ့သော်လည်း နောက်သုံးရက်နေလျှင် သူ့အိမ်သို့ ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။

“ခင်ဗျား အရမ်းနှေးတယ်..” ချူဖုန်း မှတ်ချက်ပေးလိုက်ပြီးနောက် ဓားပျံပေါ်လာသည်။

ဖူး..

ဓားပျံသည် လေထဲ၌ ဝဲပျံနေပြီးနောက် သူ့ပစ်မှတ်ကို ထိသွားသည်။

“ငါ ဒီလူကို တကယ်ရန်မစခဲ့သင့်ဘူး…”

ကျန်းယွမ်ဟန်သည် တကယ်ကို နောင်တရနေလေပြီ။ သူမသေခင်အချိန်အထိ သူ့နှလုံးသားမှာ အကြောက်တရားများ ပြည့်နှက်နေခဲ့သည်။

ကျန်းမိသားစုမှ အခြားလူများ ဒေါသတကြီး အော်ဟစ်လာကြကာ သူတို့နှင့်အတူ ချူဖုန်းကိုပါ ခေါ်သွားမည်ဖြစ်ကြောင်း ပြောလာကြသည်။

“သတိထား .. ဒီကျန်းမိသားစုက တကယ်ကြမ်းတယ် .. ဒီမှာ လက်နက်ကြီးတွေ အများကြီးရှိတယ်..” နွားနက်ကြီး ပြောလာသည်။

စစ်တပ်ကဲ့သို့ ဗီလာပတ်လည်တွင် လေဆာလက်နက်များနှင့် အမြှောက်များ ရှိနေသည်ကို တွေ့လိုက်ရသည့်အချိန် သူတို့အားလုံး ဆွံ့အသွားရသည်။

သို့သော် ကျန်းမိသားစုမှ အခြားလူများမှာ နွားနက်ကြီး၊ မြည်းဘုရင်နှင့် မန်ချူးကျားတို့ကို ဘာမှမလုပ်နိုင်။ သူတို့သည် လျှပ်စီးများကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ထိုလက်နက်များမသုံးနိုင်အောင် လုပ်လိုက်သည်။

“ချူဖုန်း .. ငါတို့အားလုံးကို ရှင်းပစ်ဖို့ မင်းကြံစည်နေတာလား..” ထိုအချိန်တွင် အသက်ကြီးနေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းမိသားစု၌ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး ရှိနေသည့်ပုံပင်။

ထို့နောက် ငွေရောင်ဆံပင်နှင့် လူကြီးတစ်ဦး လျှောက်လာသည်။ သူ့အော်ရာမှာ စွမ်းအားကြီးလှ၏။ သူသည် အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူဖြစ်ပြီး ထော်ဂုအဖွဲ့အစည်းတွင် စွမ်းအားအကြီးဆုံးသူပင်။

သူ့အကြောင်းမှာ လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး လူအနည်းငယ်သာ သိထားသည်။

ဤသည်မှာ ကျန်းယွမ်ဟန်၏ ဖခင်ဖြစ်ပြီး လွန်ခဲ့သည့် ၂၁ နှစ်က သန္ဓေပြောင်းလူသား ဖြစ်ခဲ့သည့်သူပင်။

“ကျုပ် ခင်ဗျားတို့ ကျန်းမိသားစုနဲ့ ဘာရန်ငြိုးမှ မရှိခဲ့ဘူး .. ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်အသက်ကို လိုချင်နေခဲ့ကြတာ .. ဒါတွေအားလုံးက ခင်ဗျားနဲ့ ဆိုင်နေတာလား..” ချူဖုန်း မေးလိုက်သည်။

“မင်းပိုင်ဆိုင်ထားတဲ့ အသက်ရှူစည်းချက်ပညာက ငါလိုလူ မပြောနဲ့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ကိုတောင် စိတ်လှုပ်ရှားသွားအောင် လုပ်နိုင်တယ် .. ပြီးတော့ ဒါကို လိုချင်နေတဲ့သူကလည်း ငါတစ်ယောက် ရှိမှာမဟုတ်ဘူး”

လူအိုကြီးမျက်လုံးမှ ငွေရောင်အလင်းများ ထွက်ပေါ်လာသည်။ အန္တရာယ်များသည့် အခြေအနေသို့ ကျရောက်နေသော်လည်း သူ့အော်ရာမှာ ခံ့ညားနေဆဲပင်။ သို့သော် ချူဖုန်းထံသို့ လူလွှတ်ခဲ့သည့်ကိစ္စမှာ သူ မှားကြောင်း ဝန်ခံသည်။

ငွေရောင်ဆံပင်နှင့် အကြီးအကဲ ချူဖုန်းအား အပေးအယူတစ်ခု လုပ်လာသည်။ ဤတစ်ခေါက် သူတို့ကိုလွှတ်ပေးလျှင် နောင်၌ အဖွဲ့အစည်းတစ်ခုလုံး သူ့အား စိတ်နှစ်ကာ ထောက်ပံ့ပေးမည်ဟု ပြောလာသည်။

“နာမည်ကြီးတောင်တွေအားလုံး ရေခဲတွေ၊ နှင်းတွေအောက်မှာ ဖုံးလွှမ်းနေတာ .. ကမ္ဘာကြီးတစ်ခုလုံး မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတော့မှာ .. မင်း ငါတို့ကျန်းမိသားစု၊ ထော်ဂုအဖွဲ့အစည်းနဲ့ ပူးပေါင်းနေသရွေ့ မင်း တောင်တစ်တောင်ကို သေချာပေါက် သိမ်းပိုက်နိုင်လိမ့်မယ်”

ငွေရောင်ဆံပင်နှင့် အကြီးအကဲပြောချင်သည်မှာ နာမည်ကြီးတောင်များမှာ ယခုထိ အပြည့်အဝ အသက်မဝင်သေး။ နောင်ကျလျှင် သူတို့တန်ဖိုးမှာ တိုင်းတာ၍ မရနိုင်လောက်အောင် ဖြစ်လာလိမ့်မည်။ နောင်အနာဂတ်၌ အခြေခိုင်ရန်အတွက် တောင်တစ်လုံးကို သိမ်းပိုက်နိုင်ရန် လိုအပ်လိမ့်မည်ပင်။

အာကာသအပြင်ဘက်ရှိ အခြားနယ်မြေမှ လူများပင် သူတို့ရောက်လာသည်နှင့် နာမည်ကြီးတောင်များကို ချက်ချင်းတိုက်ခိုက်လိမ့်မည်ဟု ခန့်မှန်လိုက်သေးသည်။

“မင်းမှာ နာမည်ကြီးတောင်တစ်တောင်ရှိမှ တစ်ခြားနယ်မြေက စွမ်းအားကြီးသက်ရှိတွေနဲ့ ညှိနှိုင်းနိုင်လိမ့်မယ် .. အဲဒါမှ မင်း အကျိုးကျေးဇူးအများကြီး ရလာပြီး ပိုပြီး စွမ်းအားကြီးလာမှာ” ငွေရောင်ဆံပင်နှင့်အကြီးအကဲ၏မျက်လုံးများ တောက်ပနေလေသည်။

“ခင်ဗျားမှာ ကျုပ်နဲ့ဆွေးနွေးဖို့ ဘာအခွင့်အရေးမှ မရှိဘူး .. ဒါတွေကို ကျုပ်ဘာသာကျုပ် လွယ်လွယ်လေး ယူလို့ရတယ်” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်ပြီး လေထဲ၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပျံ့လွင့်လာသည်။

“ငါ မင်းနဲ့ မတိုက်ချင်ဘူး .. မင်း င့ါကို ဖိအားလာမပေးနဲ့” လူအိုကြီး၏အမူအရာ မှုန်မှိုင်းလာသည်။

“ထော်ဂုအဖွဲ့အစည်း ကျောက်စိမ်းဂူကျောင်းအရှင်ကို ပေးခဲ့တဲ့ အသက်ရှူစည်းချက်ပညာကို ပေးလိုက် .. ကျုပ်တို့ကြည့်ချင်တယ်..” နွားနက်ကြီး ဝင်ပြောလိုက်သည်။

“ငါတို့မှာ မရှိဘူး..” ထိုအကြီးအကဲ ခေါင်းခါလိုက်သည်။

“အဲဒါဆို ခင်ဗျားကို ဘာလို့ အရှင်ထားနေဦးမှာလဲ .. သေလိုက်တော့..” နွားနက်ကြီး ဒေါသထွက်လာသည်။

ရွှီး..

ချူဖုန်း၏ဓားပျံ ထွက်လာကာ ဗီလာတစ်ခုလုံးကို ဓားစွမ်းအင်များ ပြည့်နှက်သွားစေခဲ့သည်။

“အဲဒါဆိုလည်း အတူတူ သွားကြတာပေါ့..”

ထိုအကြီးအကဲ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူသည် ငွေရောင်ခြင်္သေ့တစ်ကောင်ကဲ့သို့ ခွန်အားကြီးလှသည်။ ဤလူငယ်လေး ဒေါသကြီးကြောင်း သူ အစောကြီးကတည်းက ကြားဖူးပြီးသားဖြစ်သောကြောင့် ဤကဲ့သို့သော ရလဒ်မျိုးကို မျှော်လင့်ထားပြီးသားပင်။

သူ့လက်ထဲတွင် အဝါရောင်စာရွက်ဟောင်းတစ်ရွက်ရှိနေသည်။ ထိုစာရွက်ပေါ်တွင် ဗုဒ္ဓဘာသာသင်္ကေတများ ရှိနေပြီး စုတ်ချက်တစ်ချက်စီတိုင်းမှာ ဖားလောင်းလေးများ စာရွက်ပေါ်၌ ကူးခတ်နေသကဲ့သို့ အလင်းများ တောက်ပနေသည်။

သူ အစွမ်းကုန် ကြိုးစားနေခြင်းပင်။ ထိုအဆောင်ထဲသို့ သူ့စွမ်းအားအကုန်လုံးကို ထည့်လိုက်ပြီး သူနှင့်အတူ အားလုံးကိုပါ ဆွဲချရန် ကြိုးစားလိုက်သည်။

ချူဖုန်း ဤစာရွက်နှင့် မရင်းနှီးသော်လည်း ရန်သူကို လှုပ်ရှားခွင့်ပေးမည်မဟုတ်။ သူ့ရှေ့ ဓားပျံချက်ချင်း ပေါ်လာကာ ထိုအကြီးအကဲ၏လက်ကို ဖြတ်တောက်ပစ်လိုက်သည်။

အကြီးအကဲသည် ဘေးဘက်သို့ ရှောင်ရှားကာ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်သည်။ ဤဗုဒ္ဓအဆောင်ကို အသက်သွင်းနိုင်ရန် ယုံကြည်ချက်ရှိသော်လည်း ချူဖုန်းအသက်ကို နှုတ်ယူနိုင်မလား မသေချာ။

ဖူး…

သူ့ပခုံးမှ သွေးတန်းတစ်ခု ထွက်ပေါ်လာပြီး သူလည်း နောက်ယိုင်သွားကာ နာကျင်စွာ ညည်းညူလိုက်သည်။ သူ့လက်မောင်းတစ်ခုလုံး ဖြတ်တောက်ခံလိုက်ရလေပြီ။

သူတို့အနောက်ဘက်ရှိ ပြတင်းပေါက်မှ နွားဝါလေး၏ နူးညံ့သိမ်းမွေ့သည့် မျက်နှာလေး ပေါ်လာသည်။ သူသည် ဝါးတူအရွယ်အစား ငွေရောင်လှံတံကို အသုံးပြုပြီး ထိုအကြီးအကဲ၏ပခုံးကို ဖြတ်တောက်ပစ်လိုက်ခြင်းပင်။ အကြီးအကဲမှာ အဝါရောင်စာရွက်ကို အသက်မသွင်းနိုင်တော့။

ငွေရောင်လှံတံနှင့် ရေနဂါးနတ်ဆိုးလက်သီးပညာပါသည့် ကျောက်စိမ်းတုံးမှာ သူတို့ ရွှမ်းထျန်၌ သောင်းကျန်းစဉ်က ပရီချင်းမှ လက်ဆောင်ပေးလိုက်သည့်ပစ္စည်းများပင်။

ချူဖုန်းသည် သူ့ထံ၌ ဓားပျံရှိနေပြီးသားဖြစ်သောကြောင့် နွားဝါလေးကို ထိုလှံ ပေးလိုက်သည်။

ရွှီး…

သူ ဓားတစ်ချက်ဝေ့ရမ်းလိုက်ကာ အကြီးအကဲခေါင်းကို ဖြတ်ချလိုက်သည်။ ထို့နောက် စွမ်းအင်ထည့်သွင်းမှုမရှိတော့သဖြင့် အရောင်မှိန်လာသည့် စာရွက်ကို ကောက်ယူလိုက်သည်။

“ရှားပါးတဲ့ရတနာတစ်ခုကို ဖြုန်းတီးနေတာပဲ .. ဒါကို ဘယ်လိုမျိုး သေချာသုံးရမလဲဆိုတာ သူမသိဘူး” နွားဝါလေး ပြတင်းပေါက်မှ ခုန်ဝင်လာကာ ငွေရောင်ဆံပင်နှင့်အကြီးအကဲကို မကျေမနပ်ကြည့်လိုက်သည်။

ထိုအကြီးအကဲသည် မခံမရပ်နိုင် ဒေါသထွက်နေသည့်ပုံစံဖြင့် သေဆုံးသွားခြင်းပင်။

“ဒါက ရွှေရောင်ရဟန္တာအဆောင်ပဲ .. ရှေးခေတ်က အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် လုပ်ခဲ့တဲ့ တစ်ခါသုံးမှော်လက်နက်တစ်မျိုးပဲ”

နွားဝါလေး ပြောသည့်အတိုင်းဆိုလျှင် ဤသည်မှာ စနက်တံတစ်ခုကဲ့သို့ပင်။ သူ့ကိုရှို့လိုက်သည်နှင့် ကမ္ဘာမြေကြီးရှိ စွမ်းအင်များကို စုတ်ယူကာ သူတို့အချင်းချင်း ပွတ်တိုက်စေလိမ့်မည်။ ထိုသို့ ပွတ်တိုက်စေလိုက်သည်နှင့် ကြောက်စရာကောင်းသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာမည်ပင်။

နွားဝါလေး ထိုစာရွက်ကို သေချာစစ်ဆေးလိုက်ကာ “ဒါကို ရွှေရဟန္တာလုပ်ခဲ့တာနေမှာ .. ဒီမှာ သူ့လက်မှတ်တောင် ရှိသေးတယ် .. သူ့ရဲ့အဖျက်စွမ်းအားက အရမ်းထူးခြားပြီးတော့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူကိုတောင် ပေါက်ကွဲအောင် လုပ်နိုင်လောက်တယ်”

ချူဖုန်း၊ မန်ချူးကျားနှင့် မြည်းဘုရင်တို့အားလုံး အံ့အားသင့်သွားရသည်။ တစ်ခါသုံးလက်နက်တစ်ခုက ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ကို တကယ် ဒဏ်ရာရစေနိုင်တာလား..

“ရွှေရဟန္တာမျိုးဆက်က ရှေးခေတ်အဆင့်လွန်လူသားတွေထဲမှာတောင် ထူးခြားတဲ့မျိုးဆက်ပဲ .. သူတို့လုပ်တဲ့ သာမန်ပစ္စည်းလေးတစ်ခုကတောင် ကျင့်ကြံခြင်းလောကကလူတွေကို သေစေနိုင်တယ်”

နွားဝါလေးသည် ပြောနေရင်းဖြင့်ပင် စာရွက်ပေါ်မှ သင်္ကေတများကို လေ့လာလိုက်သည်။ ကံမကောင်းစွာဖြင့် အားလုံးမှာ ပါဠိစာများ ဖြစ်နေသည်။

“ကံမကောင်းစွာနဲ့ ဒါက ဘုရားလောင်းအဆင့်ပုဂ္ဂိုလ်ရဲ့ပစ္စည်းမဟုတ်ဘူး .. မဟုတ်ရင် ဒီပစ္စည်းက ပိုပြီး ကြောက်စရာကောင်းမှာ”

ထိုစကားကြားလိုက်ရပြီးနောက် ချူဖုန်း စိတ်လှုပ်ရှားလာကာ ထိုကဲ့သို့သော ပစ္စည်းမျိုး ရှာဖွေရန် စိတ်အားထက်သန်လာသည်။

“ဘုရားလောင်းအဆင့်ဆိုတာ ဘာလဲ..” မန်ချူးကျား မေးလိုက်သည်။

“အခုတော့ အများကြီး စဉ်းစားမနေနဲ့ .. လက်ရှိလောကကြီး အခြေအနေနဲ့က အချုပ်အနှောင်နယ်ပယ်ကို ဖြတ်ကျော်ဖို့တောင် ခက်ခဲနေပြီ .. ငါတို့ ကောင်းကင်ကို ဆန့်ကျင်နိုင်မယ့် အခွင့်အရေးတွေ တွေ့တဲ့အချိန်ကျမှ ထပ်ပြောလို့ရတယ်”

ထို့နောက် ချူဖုန်း ကျန်သည့်သူများကို အိပ်မွေ့ချလိုက်ပြီး သတင်းများရယူလိုက်ကာ အမျိုးသားအားလုံးကို သတ်လိုက်သည်။

ဤလူများအားလုံးမှာ ကျန်းမိသားစုမျိုးဆက်များပင်။ ချူဖုန်းသူတို့ကို သတ်ရသည့်အကြောင်းပြချက် လုံလုံလောက်လောက်ရှိသည်။ အချို့သူများသည် သူ့အားတိုက်ခိုက်သည့်နေရာ၌ ပါဝင်ခဲ့ပြီး အချို့သူများမှာ အခြားသားရဲမျိုးနွယ်စုများနှင့် ညှိနှိုင်းခြင်းကို တာဝန်ယူခဲ့ကြသည်။

သို့သော် အပြစ်မရှိသည့်သူများကို သူ အန္တရာယ်မပေး။ ကလေးများနှင့် အမျိုးသမီးများကို ချူဖုန်းမထိ။ သူတို့ သတိလစ်သွားအောင်သာ လုပ်လိုက်သည်။

သူတို့ ကျန်းမိသားစု၏ မြေအောက်ရတနာသိုက်ကို ဖွင့်လိုက်ပြီး နွားဝါလေးသည် အသုံးဝင်သည့်ပစ္စည်းများကို ကောက်ယူလိုက်သည်။ ရွှေရောင်ရဟန္တာအဆောင်သုံးခု ထပ်တွေ့လိုက်ရသောကြောင့် နွားဝါလေးပျော်ရွှင်သွားရသည်။ ဤသည်မှာ ရှေးမှလူများပြုလုပ်ခဲ့သည့် အရိုးရှင်းဆုံးပစ္စည်းဖြစ်နေလျှင်ပင် အလွန်အသုံးဝင်လိမ့်မည်။

“ဟား ဟား ..” နွားဝါလေး စိတ်ကျေနပ်နေပြီး သူ၏မျက်နှာလေးထက်၌ အပြုံးများ ပြည့်နှက်နေသည်။

“ငါတို့ အသက်ရှူစည်းချက်ပညာ ဒါမှမဟုတ် လက်သီးပညာစာအုပ်ကို ရှာမတွေ့တာ ဆိုးတာပဲ”

“သွားကြစို့ .. ငါတို့ ထော်ဂုအဖွဲ့အစည်းမိုးမျှော်တိုက်ကို သွားရဦးမှာ” ချူဖုန်း သူတို့ကို ပြောလိုက်သည်။

ထော်ဂုအဖွဲ့အစည်းရတနာသိုက်မှာ မိုးမျှော်တိုက်အောက်၌ရှိကြောင်း အိပ်မွေ့ချခံရသည့်သူများထံမှ သိထားပြီးသားပင်။

ကျန်းမိသားစုသည် ထော်ဂုအဖွဲ့အစည်း၏ အရေးကြီးအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ပြီး လုပ်ပိုင်ခွင့်လည်း အတော်လေး ရထားသည်။ သို့သော် သူတို့ အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားမပြုနိုင်။

သူတို့ တဟုန်ထိုး ပြေးသွားလိုက်ကြပြီး တစ်ခဏအတွင်း ရောက်ရှိသွားသည်။ သူတို့ ချက်ချင်း မြေအောက်ရတနာသိုက်ထဲသို့ ပြေးဝင်သွားလိုက်ကြသည်။

ကြောက်စရာကောင်းသည့် ထောင်ချောက်များမှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများအတွက်တော့ ဘာမှမဟုတ်။ မီတာပေါင်းများစွာထူသည့် သတ္တုနံရံကြီးပင် ချူဖုန်း၏လက်သီးချက်နှင့် ဓားပျံကို မခုခံနိုင်။ ခဏကြာပြီးနောက် စုတ်ပြဲသွားလေ၏။

ဗုံးများနှင့် သူ့အလိုလိုပေါက်ကွဲသည့် လက်နက်များကို သူရှင်းပစ်ခဲ့ရသေးသည်။

ရတနာသိုက်မှာ ရှေးဟောင်းရှားပါးပစ္စည်းများနှင့် ပြည့်နှက်နေသည်။ ထိုထဲတွင် ပန်းကန်ပြားပျံတစ်ဝက်ပင် ရှိနေသေးသည်။

ပစ္စည်းအားလုံးကို ကြည့်ပြီးနောက် နွားဝါလေး မျက်မှောင်ကြုတ်လိုက်သည်။ ရှေးခေတ်မှလူများ၏ ပစ္စည်းအချို့တွေ့ခဲ့သော်လည်း အားလုံးမှာ အပိုင်းပိုင်းဖြစ်နေပြီး အသုံးပြု၍မရတော့။

“လက်သီးပညာစာအုပ်မရှိဘူး..” သူတို့အားလုံး စိတ်ပျက်သွားရသည်။

“စိတ်မပူနဲ့ ..” ငါတို့ ပြန်ရောက်ရင် မင်းကို ရှင်းယီလက်သီးပညာ သင်ပေးမယ် .. အဲဒီပညာထဲမှာ အသက်ရှူပညာတစ်ခုရှိတယ်” ချူဖုန်း နွားနှစ်ကောင်ကို နှစ်သိမ့်လိုက်သည်။

နောက်ဆုံး နွားဝါလေး၏မျက်လုံးများ တောက်ပလာသည်။ သူ ဗုဒ္ဓဘာသာပစ္စည်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုပစ္စည်းသည် နက်မှောင်နေသော်လည်း ထိုပစ္စည်းကို အသက်သွင်းလိုက်သည်နှင့် ဗုဒ္ဓရောင်ခြည်များ ထွက်လာကာ နတ်အော်ရာတစ်ခုလည်း ထွက်ပေါ်လာသည်။ ဤသည်မှာ အလွန်ထူးခြားလှသည့် မှော်လက်နက်တစ်ခုပင်။

“ငါတို့ ဒီကိုလာတာ မလဟဿမဖြစ်တော့ဘူး .. ဒါက ပစ္စည်းကောင်းပဲ..” နွားဝါလေး၏ လှပသည့်မျက်နှာထက်၌ အပြုံးများ ပြည့်နှက်သွားသည်။

ထော်ဂုအဖွဲ့အစည်းသည် ဗုဒ္ဓဘာသာနယ်မြေတစ်ခုကို တူးဖော်ခဲ့ပြီး ဤပစ္စည်းရခဲ့ခြင်း ဖြစ်လိမ့်မည်။

နောက်ဆုံးတွင်တော့ သူတို့ ထိုပစ္စည်းကို ပြုံးပျော်နေသည့် နွားနက်ကြီးအား ပေးလိုက်တော့သည်။

လျိုကျီဟုန် ခေါင်းဖြတ်ခံလိုက်ရပြီး ကျန်းမိသားစုလည်း ရှင်းလင်းခံလိုက်ရသည့်အပြင် ထော်ဂုအဖွဲ့အစည်း၏ ရတနာသိုက်လည်း ဖွင့်ခံလိုက်ရသည်။ ဤသတင်းများမှာ ကမ္ဘာကြီးအားတုန်လှုပ်သွားစေနိုင်မည်မှာ သေချာသည်။

ချူဖုန်း ထိုနေရာ၌ ကြာကြာမနေတော့ပဲ ရွှေလင်းတကြီးကိုစီးကာ ဟန်ချန်မှ ထွက်လာကာ အာကာသသုတေသနကျောင်းသို့ တဟုန်ထိုးသွားလိုက်သည်။ သူတို့ အဖွဲ့အစည်းအားလုံးကို ကြောက်လန့်ပြီး သေသွားအောင် လုပ်ပစ်ကြမည်။

အပိုင်း ၂၇၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset