Switch Mode

Chapter – 271

နောက်တကြိမ် တိုက်ခိုက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၁ – နောက်တစ်ကြိမ် တိုက်ခိုက်ခြင်း

အခန်းထဲမှ လူများအားလုံး ချူဖုန်းကို ကြည့်နေကြသည်။ ဘာဖြစ်နေသည်ကို ထော်ဂုအဖွဲ့အစည်းမှလူများ သိနေကြပြီး အတော်လေး စိတ်လှုပ်ရှားနေကြသည်ပင်။

“ကောင်းပါပြီ..” ချူဖုန်းတစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

သူ ထော်ဂုအဖွဲ့အစည်းမှ လူများကို မထိပဲ ထွက်သွားရန် သဘောတူလိုက်သည်။

သူသည် ကျေးဇူးသိတတ်သည့်သူဖြစ်ပြီး အချိန်ခဏအတွင်း ကိစ္စများစွာကို စဉ်းစားမိသွားသည်။ သူ့မိဘများသည် ကျောက်စိမ်းဂူကျောင်း၏ ကာကွယ်မှုကို အမြဲတမ်း ရရှိနေခဲ့ကြသည်ပင်။

ထို့အပြင် သူ အန္တရာယ်ရှိလာတိုင်း ကျောက်စိမ်းဂူကျောင်းနှင့် ဝူတန်းတောင်သခင်တို့သည် အမြဲတမ်း သူ့နောက်ရပ်တည်ပေးခဲ့ကြသည်။

ယခု တစ်ဖက်လူမှ အကူအညီတောင်းလာလေပြီ။ ချူဖုန်း မငြင်းဆန်နိုင်တော့။ သူ ကျန်းမိသားစုမှလူအားလုံးကို ရှင်းပစ်ချင်သော်လည်း သည်းခံထားလိုက်ရတော့သည်။

သို့သော် နောက်တစ်ကြိမ်ဆိုတာ ရှိမည်မဟုတ်။ ကျောင်းသခင်လည်း သူ့ကို တားတော့မည်မဟုတ်တော့။

သူလည်း ကျောက်စိမ်းဂူကျောင်းအား အမြဲတမ်း ကူညီခဲ့သည်ပင်။ သူသည် တောင်များကို ဖြိုချကာ ခံတပ်များကို ဖျက်ဆီးပစ်ခဲ့ပြီး စွမ်းအားကြီးသည့် သားရဲမျိုးနွယ်စုကျွမ်းကျင်သူများစွာကိုလည်း သတ်ခဲ့ကာ လောကကြီးကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ဤသည်မှာ သူအဖွဲ့အစည်းကောင်းကျိုးအတွက် လုပ်နေခြင်းသာမက သူတို့ကျေးဇူးကိုလည်း ပြန်ဆပ်နေခြင်းပင်။

“သွားကြစို့..” သူ လှည့်ထွက်သွားလိုက်တော့သည်။

ကျန်းယွမ်ဟန်သည် ချက်ချင်း စိတ်အေးသွားကာ အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

“အစ်ကိုချူ .. ကိစ္စတွေက ဒီလိုဖြစ်သွားလိမ့်မယ်လို့ကျွန်တော် တကယ် မထင်ထားဘူး .. ကျွန်တော်တို့ သေချာပေါက် အစ်ကို့ကို အလျော်ပေးမှာပါ” ကျန်းချန် ရိုးသားစွာ ပြောလာသည်။

အကြီးအကဲများ၏ မျက်လုံးအတွင်းနက်ပိုင်းတွင် အလင်းတန်းများ ဖြတ်ပြေးသွားလေ၏။ ဤရလဒ်မှာ အကောင်းဆုံးပင်။ နတ်ဆိုးဘုရင်ချူကိုသာ ဤနေရာ၌ ပေါက်ကွဲခွင့်ပေးလိုက်လျှင် အဖွဲ့အစည်းတစ်ခုလုံး ဖရိုဖရဲဖြစ်သွားလိမ့်မည်။

ချူဖုန်း ဘာမှပြန်မပြောပဲ ထွက်သွားလိုက်၏။

“ငါတို့ဒီလိုမျိုး ထွက်သွားတော့မှာလား..” နွားနက်ကြီး မကျေနပ်။ ထော်ဂုအဖွဲ့အစည်းသည် သားရဲမျိုးနွယ်စုနှင့် ပူးပေါင်းကာ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ချူဖုန်းကို ဝိုင်းတိုက်ခဲ့ကြသည်။ သူတို့က ဤလူများကို ဘယ်လိုလုပ် လွယ်လွယ်လွှတ်ပေးနိုင်မည်နည်း..

မန်ချူးကျားမှာ အတော်လေး မွန်းကြပ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ ယခင်က ဤကဲ့သို့သော အဖြစ်အပျက်မျိုး မကြုံဖူး။ သူသည် သမာသမတ်ကျသည့်သူမဟုတ်သော်လည်း ဘယ်တုန်းကမှ သူ့ကိုယ်သူ နစ်နာအောင်မလုပ်။

သို့သော် ချူဖုန်း ဘာမှမပြောသောကြောင့် သူတို့လည်း သူနှင့်အတူ လိုက်ထွက်လာလိုက်သည်။

“ဟီး ဟီး…” မြည်းကြီးသည် ထွက်မလာခင် အော်ဟစ်ခဲ့သေးသည်။ အနက်ရောင်ဝတ်စုံနှင့် လုံခြုံရေးများမှာ မျက်နှာများ မည်းမှောင်သွားသော်လည်း သူတို့ဘာမှ မပြောရဲ။

ဓာတ်လှေကားထဲ ရောက်သွားသည့်အချိန်တွင်တော့ နွားနက်ကြီး အောင့်မထားနိုင်တော့။ “သူတို့က မင်းအသက်ကို လိုချင်ခဲ့တာ .. မင်းက ဒီလိုမျိုး လွှတ်ပေးလိုက်တော့မှာလား .. ငါ တကယ် သူတို့ကို ပြေးသွားရိုက်ချင်လိုက်တာ .. သူတို့တွေက ဖော်ရွေပြီးတော့ ယဉ်ကျေးတဲ့ပုံ ပေါက်နေပေမယ့် နည်းနည်းလေးမှကို မရိုးသားတာ .. မင်းကို ဖိနှိပ်ဖို့အတွက် ကျောင်းကသခင်ကို ချက်ချင်းသုံးလိုက်တာကိုပဲ ကြည့်ပါလား .. သူတို့တစ်ယောက်မှ လူကောင်းမဟုတ်ဘူ..”

နွားနက်ကြီးမှာ အလွန်ဒေါသထွက်နေလေပြီ။ သူသည် ဤကိစ္စကို လုံးဝမကျေနပ်ပဲ ချူဖုန်းကိုပင် ကျောက်စိမ်းဂူကျောင်းမှ ထွက်ခိုင်းစေချင်နေလေ၏။

မန်ချူးကျား ခေါင်းညိမ့်လိုက်ကာ “ဟုတ်တယ် .. မင်း ကျောက်စိမ်းဂူကျောင်းက ထွက်ပြီးတာနဲ့ ငါတို့တောင်တစ်လုံးကို သိမ်းကြမယ် .. အဲဒီအချိန်ကျရင် မင်း နတ်ဘုရားတစ်ပါးလိုပဲ အချုပ်အနှောင်တွေ ကင်းလွတ်သွားလိမ့်မယ် .. ဘယ်သူမှ မင်းကိုဘာမှမေးရဲမှာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း အလေးပေးစရာ မလိုတော့ဘူး…”

နွားဝါလေးပင် သဘောတူလာလေ၏။ “အဲဒါဟုတ်တယ် .. မင်းကိုယ်ပိုင်တောင်တစ်လုံးကို သိမ်းပိုက်လိုက်နိုင်တာနဲ့ မင်း လွတ်လပ်သွားလိမ့်မယ် .. လက်အောက်ငယ်သားတွေအတွက်လည်း စိတ်မပူနဲ့ .. ငါတို့ ခွန်းလွန်က ညီအစ်ကိုအုပ်စုကို ခေါ်လိုက်လို့ရတယ်”

“ဒီမြည်းလည်း ထောက်ခံတယ် .. မင်းကဘာလို့ ကျောက်စိမ်းဂူကျောင်းမှာ အနိုင်ကျင့်ခံနေရမှာလဲ.. ဘာလို့ ခမ်းနားလှတဲ့နတ်ဆိုးဘုရင်ချူက ကျောင်းကဆရာကြီးစကားတစ်ခွန်းနဲ့ လက်စားချေတာကို လက်လျော့လိုက်ရမှာလဲ … ပြီးတော့ မင်းကို သတ်ချင်နေကြတဲ့သူတွေက ငြိမ်းငြိမ်းချမ်းချမ်းနေရတော့မှာ..”

လူသားပုံစံနှင့် ရွှေလင်းတကြီးသာ တိတ်ဆိတ်နေသည်။ သူ့ရင်ထဲတွင် အထုံးတစ်ခု ရှိနေဆဲဖြစ်သောကြောင့် သူ စကားမပြောချင်။

ထိုအချိန်တွင် မီနီစကပ်ဝတ်ထားသည့် ခြေတံရှည်ရှည်အမျိုးသမီး သူတို့နောက် ပြေးလိုက်လာသည်။ “သခင်လေးချူ .. ခဏလောက်စောင့်ပါဦး”

သူမ ချက်လက်မှတ်လာပေးချင်ပင်။ ဤသည်မှာ တစ်ဘီလီယံရေးထားသည့် ပထမချက်လက်မှတ်ပင်။

ချူဖုန်း နောက်လှည့်ကြည့်လိုက်ပြီးနောက် ချက်လက်မှတ်ကို အမှုန့်ဖြစ်အောင် လုပ်လိုက်ကာ မိန်းမပျိုလေးကို စိုက်ကြည့်လိုက်သည်။ “ဂရုစိုက်နေ..”

“ဒါက ဘာသဘောလဲ .. မင်းက သူတောင်းစားတွေကို နှင်ထုတ်ဖို့ ကြိုးစားနေတာလား .. င့ါညီအစ်ကိုကို အရှက်ခွဲဖို့ကြိုးစားနေတာလား..” နွားနက်ကြီး ဒေါသတကြီး ပြောလိုက်သည်။

“ငါ့ညီအစ်ကိုသတ်ခဲ့တဲ့ သားရဲဘုရင်တစ်ယောက်စီတိုင်းက ဒီချက်လက်မှတ်ထက် ပိုတန်ဖိုးရှိတယ်…” မန်ချူးကျား ပြောလိုက်သည်။

“သွားကြစို့..” ချူဖုန်း ခြေလှမ်းကျယ်ကြီးဖြင့် ထွက်သွားလိုက်တော့သည်။

၄၅ လွှာရှိ လူအိုကြီးများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ၏။ သူတို့ အတော်လေး စိတ်အေးသွားကြသည်ပင်။

“ကျောက်စိမ်းဂူကျောင်းအရှင်နာမည်က တော်တော်လေး အရေးပါတာပဲ .. နတ်ဆိုးဘုရင်ချူတောင် စကားတစ်ခွန်းမှမပြောပဲ ထွက်သွားပြီ..” ကျန်းယွမ်ဟန် ပြုံး၍ ပြောလိုက်သည်။

အခြားအကြီးအကဲသုံးဦးလည်း ရယ်မောလိုက်ကြသည်။

ထိုအချိန်တွင် ကျန်းချန် မတ်တပ်ရပ်၍ ခေါင်းမော့လာကာ သူ၏ဖော်ရွေသည့်ပုံစံမှာ ပျောက်ကွယ်သွားလေပြီ။ သူသည် အစောပိုင်းကပုံစံနှင့် လုံးဝမတူတော့ပဲ နှုတ်ခမ်းထောင့်ထက်မှ ထူးမခြားနားသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “နောက်ဆုံးတော့ ကျွန်တော်တို့သူ့ကို မောင်းထုတ်လိုက်နိုင်ပြီ”

ချူဖုန်းတို့အုပ်စု ဟန်ချန်မှ ချက်ချင်းထွက်မသွားသေး။ ရွှေလင်းတဘုရင်ကို ၂ ကီလိုမီတာခန့်ဝေးသည့်နေရာသို့ သွားခိုင်းလိုက်သည်။

“သူတို့ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား..” နွားနက်ကြီး မကျေမနပ်ပြောလိုက်သည်။

“ခဏလောက်စောင့်ရအောင် .. ကျောက်စိမ်းဂူကျောင်းဆရာကိုယ်တိုင် တောင်းဆိုထားတာဆိုတော့ ငါ သူ့ကို မျက်နှာသာပေးမှရမှာ .. ဒါပေမဲ့ နောက်တစ်ခေါက်ဆိုတာ ထပ်ရှိမှာမဟုတ်ဘူး” ချူဖုန်း ပြန်ဖြေလိုက်သည်။

အစောပိုင်းကမှ လုထုန် သူ့ကို ပြန်ဆက်သွယ်လာသေးသည်။ လူအိုကြီးမှာ အပြစ်မကင်းသလို ခံစားနေရသည်ပင်။

သူသည် ထော်ဂုအဖွဲ့အစည်း၏ တောင်းဆိုချက်ကို ငြင်းပယ်ပြီး လျိုကျီဟုန်ကို ချက်ချင်းသတ်လိုက်မည်ဟု ပြောပြလာသည်။

“အမ် .. သူတို့တွေက သူတို့လူသားဘုရင်ကို ဘေးကင်းကင်းနဲ့ ပြန်လိုချင်နေသေးတာလား..” ချူဖုန်း၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထော်ဂုအဖွဲ့အစည်းမှာ လွန်လွန်းလှလေပြီ။

“တစ်လက်မပေးရင် တစ်မိုက်လောက်လိုချင်နေတယ် .. ချူဖုန်း သူတို့ကို ပြဿနာမရှာပဲ လွှတ်ပေးလိုက်တာကို သူတို့က တရားခံကို ပြန်လိုချင်နေသေးတာလား…” မန်ချူးကျား မခံမရပ်နိုင် ဖြစ်လာရသည်။

“သူတို့အားလုံးကို သတ်လိုက်ရအောင် … ဘာလို့သူ့ကို လွှတ်ပေးရမှာလဲ … သူ့ခေါင်းဖြတ်လိုက်..” သူရဲဘောကြောင်သည့် မြည်းပင် အော်ဟစ်လာလေသည်။

ချူဖုန်း တစ်ခဏခန့် တွေးလိုက်ပြီး လုထုန်ကို ပြောလိုက်သည်။ “ကျွန်တော်တို့ ကုသိုလ်ကောင်းမှုလုပ်နေတာဆိုတော့ အဆုံးထိ လုပ်ကြတာပေါ့ … သူ့ကို ထော်ဂုအဖွဲ့ဆီ ပြန်ပေးလိုက်”

“အဲဒီလိုမျိုး ဒေါသတကြီး မပြောပါနဲ့ .. ငါလူ့တွေကို သတ်ခိုင်းလိုက်မယ်..” လုထုန် ပြန်ပြောလာသည်။

ချူဖုန်း သူ့ကို တားဆီးလိုက်သည်။ “သူ့ကို မသတ်နဲ့ သွားခိုင်းလိုက် .. ကျွန်တော် ဒေါသထွက်လို့ ပြောနေတာမဟုတ်ဘူး .. ကျွန်တော်တကယ်ပြောတာ”

လုထုန် ဆွံ့အသွားရသည်။ သူတို့ကဘာလို့ ဒီလိုရန်သူမျိုးကို လွှတ်ပေးရမှာလဲ..

“ကျွန်တော် ကျောက်စိမ်းဂူကျောင်းကို ပြန်ပေးဆပ်နေတာလေ ဟုတ်တယ်မလား .. ကျွန်တော်သေချာလုပ်သင့်တာပေါ့ .. ကျောက်စိမ်းဂူကျောင်းအရှင် ကျွန်တော့်ကို နောက်တစ်ခေါက် လာမရှာလောက်တော့ဘူးမလား…” ချူဖုန်း မေးလိုက်သည်။

“ဟူး..” လုထုန် သက်ပြင်းချလိုက်၏။ ယခုတစ်ခေါက် ချူဖုန်း လုံးဝမကျေနပ်သည်ကို သူသိသည်ပင်။

သို့သော်လည်း ဤကောင်စုတ်လေးသည် သူ့ရန်သူကို အသက်ရှင်လျက်ထားမည့်သူမဟုတ်ကြောင်း သူ ချက်ချင်း တွေးမိသွားသည်။ သူ့ထံ၌ သေချာပေါက် အခြားအစီအစဉ်များ ရှိလိမ့်မည်။

“မင်း ဘာတွေစီစဉ်ထားတာလဲ…” သူ မနေနိုင်ပဲ မေးလိုက်သည်။

“လူအိုကြီး .. အခုရက်ပိုင်းအတွင်း ခင်ဗျားကိုလာတွေ့တဲ့သူ အားလုံးကို မှတ်ထား .. ဒီကိစ္စကို ကြားဝင်ဖြန်ဖြေပေးဖို့ ကြိုးစားတဲ့သူအားလုံးကို ချရေးထားလိုက်”

“မင်းက ဖရဲသီးကိုတွေ့ဖို့ ဖရဲနွယ်ကနေ လိုက်မလို့လား .. မင်းက ဒီအခွင့်အရေးကို အသုံးချပြီး ဝင်ပါခဲ့တဲ့ အဖွဲ့အစည်းအားလုံးကို ရှာမလို့လား..” လုထုန်၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားရသည်။

ချူဖုန်း ခေါင်းညိမ့်လိုက်၏။ “ထော်ဂုအဖွဲ့အစည်းက ဒီကိစ္စကို အဆက်အသွယ်သုံးပြီး ဖြေရှင်းလိုက်တာကို မြင်ရင် တစ်ခြားအဖွဲ့အစည်းတွေကလည်း ဒီနည်းလမ်းအတိုင်း လုပ်လာကြမှာပဲ”

ထို့အပြင် ယခုတစ်ခေါက် ထော်ဂုအဖွဲ့အစည်းကို ကူညီပေးခဲ့သူမှာ လုထုန်ဖြစ်ကြောင်း လုထုန်အား သတင်းလွှင့်ခိုင်းလိုက်သည်။

“အားလုံးက င့ါကို လုပ်နိုင်စွမ်းအရမ်းရှိတယ်လို့ ထင်ပြီး င့ါဆီအကူအညီလာတောင်းအောင်လို့လားလား..”

“ဟုတ်တယ် .. ကျောက်စိမ်းဂူကျောင်းအရှင် နာမည်ကို ဖျောက်ပြီးတော့ ခင်ဗျားလုပ်တာလို့ ပြောလိုက်”

စကားအချို့ ပြောပြီးနောက် ချူဖုန်း ဖုန်းချလိုျက်သည်။

“ဟေ့ကောင် .. မင်း ဒီနေ့ ထော်ဂုအဖွဲ့အစည်းကို အလွတ်ပေးလိုက်တာက ကျေးဇူးကြွေးပြန်ဆပ်တဲ့အပြင် ကျန်တဲ့သားကောင်းတွေကိုပါ ဖမ်းမိအောင်လို့လား ဟုတ်လား..” နွားနက်ကြီး သူ့ကို စိုက်ကြည့်လိုက်သည်။

“ဟုတ်တယ် .. ဒီနည်းလမ်းနဲ့ ကြိုးစားကြည့်ရအောင်” ချူဖုန်း မငြင်း။ “ကျွန်တော် အဖွဲ့အစည်းတွေကို တစ်ခုပြီးတစ်ခု သွားလည်ဖို့ စဉ်းစားထားပြီးသား .. ဒါပေမဲ့ သက်သေမရှိပဲသွားရင် သိပ်မဟုတ်သေးဘူး .. ဒီတစ်ခေါက် ကျွန်တော်တို့ ငါးအကြီးကြီးဖမ်းနိုင်မလား စောင့်ကြည့်ကြတာပေါ့”

နောက်ရက်အနည်းငယ်အတွင်းမှာပင် ချူဖုန်း ထော်ဂုအဖွဲ့အစည်းတံခါးဝသို့ ရောက်သွားသော်လည်း ဘာမှမလုပ်ရဲပဲ ပြန်လာခဲ့ရကြောင်း သတင်းများ ပျံ့နှံ့လာသည်။

ဤသတင်းမှာ အတော်လေး ဆူဆူညံညံ ဖြစ်လာစေခဲ့သည်။

“အာတိတ်အဖွဲ့အစည်းက ဟုတ်လှချည်လား .. သူတို့တွေက နတ်ဆိုးဘုရင်ချူကိုတောင် ပြန်တွန်းထုတ်နိုင်တာလား..” တစ်စုံတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။

“မင်းဘာသိလို့လဲ .. ကျောက်စိမ်းဂူကျောင်းက လုထုန် ဝင်ပါလာပြီး ချူဖုန်းကို တားလိုက်တာ .. သူ့ကြောင့် ဒီကိစ္စက ဒီမှာတင်ပြီးသွားတာ”

“ဟက် .. အားလုံးကို သိချင်ယောင်ဆောင်နေတယ် .. အမှန်က ထော်ဂုအဖွဲ့အစည်းက ကျောက်စိမ်းဂူကျောင်းဆရာနဲ့ ရင်းနှီးတော့ သူ့ကို ဝင်ပါဖို့ အကူအညီတောင်းလိုက်တာ”

ယခုအချိန်တွင် သတင်းမျိုးစုံ ပျံ့နှံ့နေသည်ပင်။

ထော်ဂုအဖွဲ့အစည်း၏ အရင်းအမြစ်များမှာ အံ့အားသင့်စရာကောင်းလှသည်။ သူတို့သည် ကျောက်စိမ်းဂူကျောင်းအရှင်နှင့်ပင် ရင်းနှီးနေသည်။

အခြေအနေမသိသည့်သူများကတတော့ ချူဖုန်းသည် လုထုန်နှင့် ကျောက်စိမ်းဂူကျောင်းအရှင်တို့ကို မဆန့်ကျင်ရဲဟု ထင်နေကြလေ၏။

ယခုရက်ပိုင်းတွင် အဖွဲ့အစည်းများစွာလည်း ဤအကြောင်းကို ဆွေးနွေးနေကြလေ၏။

ကျန်းချန် သူငယ်ချင်းသည် သူ့အားမကြာခဏဖုန်းခေါ်ကာ အခြေအနေအမှန်ကို မေးနေခဲ့သည်။

အစပိုင်းတွင် သူသည် အလွန်နှိမ့်ချကာ ဘာမှသိပ်မပြောပဲ သူတို့နှင့်ချူဖုန်းကြားမှ ရန်ငြိုးများကို ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း၊ အားလုံးမှာ နားလည်မှုလွဲနေခြင်းသာဖြစ်ကြောင်းကိုသာ ပြောခဲ့သည်။

သို့သော် သူမူးနေသည့်အချိန်တွင်တော့ အဖြစ်အပျက်တစ်ခုလုံးကို ပြောပြမိသွားတော့သည်။ သူ့အသံမှာ အထိန်းအကွပ်မရှိ ရဲတင်းလှပြီး အတော်လေးလည်း ကြွားဝါပြောဆိုခဲ့သေးသည်။ နတ်ဆိုးဘုရင်ချူမှာ ဘာမှမဟုတ်ကြောင်းနှင့် သူတို့ ကျောက်စိမ်းဂူကျောင်းအရှင်ကိုခေါ်ကာ သူ့အား ထိုနေရာတွင်ပင် ဖိနှိပ်ပစ်ခဲ့ကြောင်း ပြောလာသည်။ နောက်ဆုံးတွင်တော့ ချူဖုန်း ကြာကြာမနေရဲတော့ပဲ စိတ်ပျက်လက်ပျက် ထွက်သွားခဲ့သည်ဟု ပြောခဲ့လေသည်။

သတင်းများ ပျံ့သွားသည့်အချိန်တွင်တော့ ကျန်းလော့ရှန်းပင် မနေနိုင်တော့ပဲ ချူဖုန်းကို အကျိုးအကြောင်း ဖုန်းဆက်မေးလာသည်။

“အမ် .. ဘာမှမဟုတ်ပါဘူး .. ငါက ကျောက်စိမ်းဂူကျောင်းကို ကူညီပေးပြီး ထော်ဂုအဖွဲ့အစည်းကို မတိုက်တော့ရုံပါ .. ဒါပေမဲ့ ငါ မကြာခင် စသတ်တော့မှာ .. အဖွဲ့အစည်းအားလုံးတော့ ကျောင်းနဲ့ ဆက်ဆံရေးကောင်းနေမှာ မဟုတ်ဘူးလေ ဟုတ်တယ်မလား .. မင်း င့ါအတွက် နည်းနည်းလောက် ပတ်မေးပေးပါလား .. အဲဒါဆိုရင် အချိန်ကျရင် အပြစ်ကင်းတဲ့သူတွေ မတော်တဆ မထိခိုက်တော့ဘူးပေါ့”

ထိုစကားကြားလိုက်ရပြီးနောက် ကျန်းလော့ရှန်း အနည်းငယ် ဆွံ့အသွားရသည်။ “ရှင်က ကျွန်မကို အသုံးချပြီးတော့ စကားတွေကို ပြန့်စေချင်တာမလား..”

“မင်း င့ါကို သူငယ်ချင်းလို့သတ်မှတ်ထားရင် သင့်တော်သလို လုပ်လိုက်ပါ” ထိုသို့ပြောပြန်း ချူဖုန်း ဖုန်းချလိုက်သည်။

တတိယမြောက်နေ့တွင် လုထုန် ချူဖုန်းကို ဖုန်းပြန်ခေါ်လာသည်။

“လူအိုကြီး .. သတင်းတစ်ခုခုတော့ ရှိနေပြီမလား.. ဘယ်သူ ခင်ဗျားကို ဆက်သွယ်လာတာလဲ..” ချူဖုန်း မေးလိုက်သည်။

လုထုန်မှာ တစ်ခဏခန့် ဘာပြောရမှန်းပင် မသိတော့။ “ငါတို့ဖမ်းရမယ့် ငါးအကြီးကြီးတစ်ကောင် တကယ်ရှိနေတယ်..” သူ သက်ပြင်းချ၍ ပြောလာသည်။

“ဘယ်အကောင်လဲ..”

“အာကာသသုတေသနကျောင်း” လုထုန် သက်ပြင်းချ၍ အားလုံးကို ရှင်းပြလာသည်။

အာကာသသုတေသနကျောင်းသည် လုထုန်ကို ဆက်သွယ်လာရုံသာမက အမြင်ရှစ်မျိုးကျောင်းဆရာကိုလည်း သွားရှာကြသေးသည်။ သူတို့သ်ည အမြင်ရှစ်မျိုးကျောင်းဆရာကို ငါးဆင့်စေတီတစ်ဆူ လက်ဆောင်ပေးခဲ့ဖူးသည်ပင်။

ထိုတုန်းက ထိုစေတီအား မည်ကဲ့သို့အသုံးပြုရမည်ကို မည်သူမှ မသိခဲ့ကြ။ သို့သော် ထိုစေတီလေးမှာ စွမ်းအားကြီးသည့် မှော်လက်နက်တစ်ခု ဖြစ်နေသည်။ ထို့ကြောင့် အမြင်ရှစ်မျိုးကျောင်းဆရာမှာ သူတို့ကို အကြွေးတစ်ခု တင်နေသည်ပင်။

ကျောက်စိမ်းဂူအရှင်ကဲ့သို့ အမြင်ရှစ်မျိုးကျောင်းအရှင်လည်း သူတို့ကို ကူညီကာ ချူဖုန်းနှင့် ငြိမ်းချမ်းရေးရအောင် လုပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့ကြသည်။

“ဟက် .. ကျောက်စိမ်းဂူကျောင်း၊ အမြင်ရှစ်မျိုးကျောင်းနဲ့ ဂျိဒ်ကျောင်းက ဆရာတွေအားလုံးက ဒီအဖွဲ့အစည်းကြီးတွေနဲ့ ဆက်ဆံရေးတွေ ရှိနေတာလား..” ချူဖုန်း သိချင်လာသည်။

လုထုန် ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကို အမြင်ရှစ်မျိုးကျောင်းဆရာမှ သူ့အား ရှင်းပြပြီးသားပင်။

“အကုန်လုံးပါပဲ .. မင်းအတွက် ခက်ခဲအောင် မလုပ်ပါနဲ့ .. ငါတို့ ဒီလိုငါးအကြီးကြီး ရှာတွေ့တာနဲ့ လုံလောက်ပါပြီ .. မဟုတ်ရင် ဒီကိစ္စမှာ အာကာသုတေသနကျောင်းလည်းပါမှန်း ငါတို့ သိလိုက်ရမှာတောင် မဟုတ်ဘူး .. ကိစ္စတွေက ငါထင်ထားသလို ဖြစ်လာတာပဲ…”

ချူဖုန်း၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ လှုပ်ရှားရန်အတွက် မစောင့်နိုင်တော့။

“စိတ်အေးအေးထား .. အလျင်စလိုမလုပ်နဲ့” လုထုန် သူ့ကို စိုးရိမ်လာသည်။

“ကျွန်တော် အလျင်စလို မလုပ်ပါဘူး .. ဒါပေမဲ့ သူတို့အားလုံး သွေးထွက်ရလိမ့်မယ်” ချူဖုန်း ဖုန်းချလိုက်သည်။

“သွားမယ် .. ငါတို့ ဟန်ချုန်းကို သွားမယ်..” သူ ဆော်ဩလိုက်သည်။

“မင်းပြောတော့ ကျောက်စိမ်းဂူကျောင်းဆရာကို ကူညီပေးတဲ့အနေနဲ့ ထော်ဂုအဖွဲ့အစည်းကို မထိတော့ဘူးဆို..” နွားနက်ကြီး မေးလိုက်သည်။

“အဲဒီနေ့က မထိဘူလို့ ပြောခဲ့တာ .. အခု သုံးရက်တောင် ကုန်သွားပြီ .. ပြီးတော့ အဲဒီကျန်းချန်က ငါသူတို့ကျန်းမိသားစု မထိရဲပဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားခဲ့ရတာလို့ ကြွားနေသေးတာ .. သူ ဘုရင်တစ်ယောက်ကို ရန်စရဲမှတော့ ငါ သူတို့အိမ်တံခါးသွားခေါက်ပြီး သူတို့ကို အညှာအတာမရှိသတ်ပစ်ဖို့ အကြောင်းပြချက်ရှိသွားပြီ..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။

လီကျီဟုန်သည် ယခုရက်ပိုင်းအတွင်း အနားယူနေသည်ပင်။ ယခုတလောဖြစ်ပျက်သွားသည့် အဖြစ်အပျက်များမှာ သူ့အား အတော်လေး စိတ်လှုပ်ရှားစေခဲ့သည်။ သူသည် ချူဖုန်းကို လုပ်ကြံသည့်အစီအစဉ်၌ ပါဝင်ခဲ့ပြီး ဖမ်းခံခဲ့ရသည်။ ထို့နောက် သူ ပြန်လွတ်မြောက်လာခဲ့သည်. ဤသည်မှာ သူ ငရဲတံခါးဝမှ ပြန်လွတ်လာသည်ဟု ပြော၍ရသည်။

ယခုတလော သူ့ကို လာလည်သည့် လူများစွာရှိနေသည်။ မိသားစုများ၊ မိတ်ဆွေများအပြင် သူ့ကို တိတ်တဆိတ်လာတွေ့သည့် ဘုရင်များလည်းရှိသည်။

“နတ်ဆိုးဘုရင်ချူက ထော်ဂုအဖွဲ့အစည်းကို ဘာလုပ်နိုင်မှာလဲ… နောက်ဆုံးတော့ သူတို့တွေငါ့ကို လွှတ်ပေးလိုက်ရတာပဲမလား..” သူသည် သူ့ကိုယ်သူ အတော်လေး ကျေနပ်နေကာ လေကြီးမိုးကြီး ပြောတော့သည်။

သို့သော် ခဏကြာပြီးနောက် ထိုသို့ပြောခဲ့မိသည့်အတွက် သူ နောင်တရသွားသည်။ သူ့စကားများမှာ အပြင်ဘက်သို့ ပျံ့နှံ့ကုန်သည်ပင်။

ဤရက်ပိုင်းတွင် သူ မသက်မသာ ခံစားနေရသည်။

ထိုအချိန်တွင် သူ့မျက်ခုံးများ လှုပ်လာသောကြောင့် ထိတ်လန့်တကြား မျက်လုံးဖွင့်လိုက်သည်။ ဒါက ဘုရင်တစ်ယောက်ရဲ့ မသိစိတ်လား..

သူ မတ်တပ်ထရပ်လိုက်ပြီး ဟန်ချန်နှင့် ထော်ဂုအဖွဲ့အစည်းမှ ထွက်သွားရန် ပြင်လိုက်သည်။

သို့သော် သူ့အခန်းထဲ၌ လူငယ်လေးတစ်ဦး ရောက်နေပြီး သူ့အား အညှာအတာမဲ့သည့်မျက်လုံးများနှင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည့်အချိန် သူ အေးခဲသွားရသည်။

“ချူဖုန်း .. မင်း .. မင်း ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ..” သူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤသည်မှာ ထော်ဂုအဖွဲ့အစည်း၏ အဆောက်အဦးဖြစ်ပြီး ဤ အလွှာ ၂၀ ကို သူတစ်ယောက်တည်းယူထားခြင်းပင်။ ဤအလွှာ၌သူ့နားနေခန်း၊ လေ့ကျင့်ရေးအခန်းများ ရှိနေသည်ပင်။

“ငါ တည့်တည့်မတ်မတ်လာခဲ့တာ” ချူဖုန်း ပြန်ဖြေလိုက်သည်။

“င့ါကို မသတ်ပါနဲ့..” ချူဖုန်းအား ဒုတိယအကြိမ် ပြန်တွေ့လိုက်ရသည့်အချိန် သူ ကြောက်ချေးပါချရလောက်အောင် ကြောက်ရွံ့သွားရသည်။ သူတို့နှစ်ဦးကြားမှ အကွာအဝေးမှာ ဝေးကွာလှကြောင်းကို သိနေသောကြောင့် သူ နည်းနည်းလေးမှ ခုခံနိုင်မည်မဟုတ်။

“ခင်ဗျားကိုမသတ်ဖို့ အကြောင်းပြချက်တစ်ခုပေး .. စိတ်မပူပါနဲ့ .. ကျုပ် ခင်ဗျားကို ပုန်းလျှိုးကွယ်လျှိုး မသတ်ပါဘူး .. ခင်ဗျားကို ခေါင်းဖြတ်လိုက်တာ ကျုပ်မှန်း အားလုံးသိစေရမယ်..”

ဖူး..

ကြမ်းပြင်ထက်၌ ခေါင်းတစ်လုံး လိမ့်ကျလာသည်။

ထို့နောက်တွင်တော့ ချူဖုန်း ကျန်းမိသားစုထံသို့ ဆက်သွားလိုက်သည်။ သူတို့သည် ဤမိုးမျှော်တိုက်ထဲ၌ နေနေခြင်းမဟုတ်္။ အပြင်ဘက်ရှိ စံအိမ်တစ်လုံးရ နေနေခြင်းပင်။

“ချူဖုန်းလား..” ကျန်းချန် အံ့အားတကြီး အော်ဟစ်လိုက်သည်။ အခြားသူများလည်း ဤဖိတ်ခေါ်မထားသည့်ဧည့်သည်ကြောင့် ထိတ်လန့်သွားကြသည်ပင်။

“မင်း တစ်ယောက်ယောက်ကို ဖြန်ဖြေခိုင်း မဟုတ်သေးဘူး ဖိနှိပ်ခိုင်းဦးမှာလား.. မင်း သူတို့ကို ဆက်သွယ်လို့ရတယ် .. သူတို့ ဝင်ပါဦးမလား ကြည့်ကြတာပေါ့”

ချူဖုန်း ခန်းမထဲ၌ ရပ်နေပြီး သူတို့ကို လေ့လာလိုက်သည်။ သူ အလျင်စလို မလှုပ်ရှား။ သူတို့ ဖုန်းဆက်အကူအညီတောင်းရန် အချိန်ပေးလိုက်သည်။

နွားနက်ကြီး၊ မန်ချူးကျားနှင့် အခြားသူများလည်း ဗီလာကို ဝိုင်းထားပြီးသားပင်။

“နှေးလိုက်တာ..” ချူဖုန်း အော်ဟစ်လိုက်ပြီး ကျန်းချန်ခေါင်းကို ဖြတ်ချလိုက်သည်။ ထို့နောက် ကျန်းယွမ်ဟန်ဘက်သို့လှည့်ကာ “အရေးကြီးတဲ့သူတစ်ယောက်ယောက်ကို ဆက်သွယ်မယ်ဆိုလည်း မြန်မြန်ဆက်သွယ်လိုက်တာ ပိုကောင်းမယ် .. ကျုပ် စိတ်သိပ်မရှည်တော့ဘူး”

ကျန်းယွမ်ဟန်မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားတော့သည်။

အပိုင်း ၂၇၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset