Switch Mode

Chapter – 270

ထော်ဂု အဖွဲ့အစည်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၀ – ထော်ဂုအဖွဲ့အစည်း

ထော်ဂုအဖွဲ့အစည်းမှပိုင်သည့် မိုးမျှော်တိုက်ထဲသို့ ဝင်သွားလိုက်သည်။ ဤမိုးမျှော်တိုက်တစ်ခုလုံးကို ထော်ဂုအဖွဲ့အစည်းမှ ပိုင်သည်ပင်။

“ရပ်လိုက်ပါ ဆရာ” ယူနီဖောင်းဝတ်ထားသည့် လုံခြုံရေးသမားတစ်ဦး ချူဖုန်းကို တားဆီးလာသည်။ နှစ်မီတာရှည်သည့်လူကြီးသည် ချူဖုန်းကို အေးစက်သည့်အကြည့်များဖြင့် ကြည့်လာသည်။

ဤသည်မှာ သန္ဓေပြောင်းလူတစ်ဦးဖြစ်ပြီး အားမနည်းလှ။ ဤသည်မှာ အပြင်လူများ မဝင်ရသည့် ပုဂ္ဂလိကပိုင်ဆိုင်မှုတစ်ခုဖြစ်ကြောင်း သူ၏အညှာအတာကင်းမဲ့သည့် အမူအရာမှတစ်ဆင့် သိနိုင်သည်ပင်။

“ဟီး ဟီး.. ငါတို့ နေရာမှားလာတာမဟုတ်ဘူး .. ငါတို့က အကြွေးသိမ်းဖို့အတွက် ထော်ဂုအဖွဲ့အစည်းကို လာခဲ့တာ” မြည်းလေသံမှာ သူများကို ဆဲနေသည့်လေသံမျိုးဖြစ်နေသည်။

သူသည် အသက် ၆၀ ကျော်လူပုံစံဖြစ်နေပြီး ဖြူဖွေးနေသည့်ဆံပင်နှင့် ရှည်လျားသည့်နားရွက် ရှိနေသည်။ သူ ပြုံးလိုက်တိုင်း သူ၏ကြီးမားလှသည့် ရှေ့သွားကြီးပေါ်လာ လူပြိန်းပုံဖြစ်လာသည်။

နှစ်မီတာရှည်သည့်အစောင့် မြည်းကို စိုက်ကြည့်လာသည်။ ဤလူအိုကြီး၏စကားများမှာ ရိုင်းစိုင်းလှသည်။ အခြားလူများကို သူ့သားဟု ဆက်တိုက်လာခေါ်နေသည်။ အစောင့်ကြီးသည် ဒေါသကို မြိုသိပ်လိုက်ပြီး ဤနေရာတွင် ကြိုတင်ချိန်းဆိုထားခြင်းမရှိသည့်သူများကို ဝင်ခွင့်မပြုဟု ထပ်ပြောလိုက်သည်။
[AN: တရုတ်စာမှာ မြည်းအော်သံ ဖော်ပြတဲ့စကားလုံးက သားလေး ဆိုတဲ့စကားလုံးနဲ့ အသံထွက်တူ]

“ကြည့်ရတာ လူတိုင်းက မင်းကိုသိနေတာမဟုတ်ဘူးပဲ..” နွားဝါလေး ချူဖုန်းကို ရယ်မောလိုက်သည်။

ချူဖုန်း ဘာမှမပြောပဲ ရှေ့ဆက်သွားလိုက်သည်။ သူသည် ထော်ဂုအဖွဲ့အစည်းမှ အကြွေးတောင်းရန်အတွက် ဤနေရာသို့ ရောက်လာခြင်းပင်။ လုံခြုံရေးအစောင့်နှင့် စကားများနေမည်မဟုတ်။

“ရပ်လိုက်..” အစောင့်အော်ဟစ်လိုက်သည်နှင့် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသားများ အဆောက်အဦးထဲမှ ထွက်လာကာ သူ့ကို ဝိုင်းလာသည်။

ချူဖုန်း သူတို့ကို အရေးမလုပ်ပဲ ဆက်သွားလိုက်သည်။ မန်ချူးကျားနှင့် နွားနက်ကြီးမှာ သူ့နောက်၌ ရှိနေကြသည်။

သူတို့အတွက်တော့ ဤလူများမှာ စာခြောက်ရုပ်ထက်မပို။ သာမန်လူများအတွက်တော့ သူတို့ စွမ်းအားကြီးချင်ကြီးလိမ့်မည်။ ဘုရင်အဆင့်သက်ရှိများအတွက်တော့ထိုသို့မဟုတ်။

“မင်း သေချင်နေတာလား..” လုံခြုံရေးခေါင်းဆောင်မှ ဟစ်ကြွေးလာကာ အနက်ရောင်သံတုတ်ကို ချူဖုန်းပခုံးဘက်သို့ ရိုက်ချလာသည်။

ခွပ်…

ထိုတုတ်မှ လျှပ်စီးပမာဏမှာ ကြောက်စရာကောင်းလှသည်။ ဤသည်မှာ သာမန်လူများကို သတ်ပစ်နိုင်လောက်သည့်ပမာဏပင်။

“တော်တော်လေးကို လွှမ်းမိုးချင်နေတယ်ပေါ့ ဟုတ်လား..” ချူဖုန်း ရေရွတ်လိုက်ပြီးနောက် သူ့ဘယ်လက်ကို သာမန်ကာလျှံကာမြှောက်ကာ လျှပ်စီးတန်းတစ်ခုပစ်လွှတ်လိုက်သည်နှင့် ထိုသံတုတ်ကျိုးသွားကာ နှစ်မီတာမြင့်သည့်လူလည်း လွင့်ထွက်သွားသည်။

အေးဂျင့်များမှာ လျှို့ဝှက်လေ့ကျင့်ထားကြပြီး ယခုမှ လေ့ကျင့်ရေးမှ ထွက်လာကြခြင်းပင်။ သူတို့အားလုံးသည် ရန်သူများကို အညှာအတာမရှိသလို အကြောက်တရားလည်းမရှိ။ သူတို့ ချူဖုန်းကိုသိလျှင်ပင် သူ့ကို တိုက်ကြဦးမည်ပင်။

လူအုပ်စုလိုက်ကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ချူဖုန်းထံသို့ သံတုတ်များစွာ လွှဲရမ်းလာသည်။

ကံကောင်းစွာဖြင့် သူတို့တစ်ယောက်မှ မလုံလောက်သေး။ ချူဖုန်း ခန္ဓာကိုယ်တောက်ပလာကာ သူတို့အားလုံး ချက်ချင်းလွင့်ထွက်သွားသည်။

ချူဖုန်း ရှေ့ဆက်တိုးသွားကာ အဆောက်အဦးထဲ ဝင်သွားလိုက်သည်။

“မင်းက ဒီမှာ ရဲရဲတင်းတင်းလုပ်ရဲတယ်ပေါ့ .. အားလုံး မြေညီထပ်ကိုလာခဲ့ကြ .. အခု..” လက်နက်များကိုင်ဆောင်ထားသည့် အနက်ရောင်ဝတ်စုံနှင့်အုပ်စုတစ်စု ထပ်ရောက်လာသည်။

“ချီးပဲ .. ဒါက တကယ့်ကို မြေအောက်အဖွဲ့အစည်းကြီးပဲ .. အနက်နယ်မြေနဲ့တောင် တူနေပြီ .. မင်းတို့တွေက မင်းတို့ပိုင်နက်ထဲမှာ ရှိနေသရွေ့ ဘာမဆို လုပ်ရဲတာလား.. ဒီမှာ ဘာစည်းမျဉ်းဥပဒေမှ မရှိဘူးလား..” နွားနက်ကြီး အနောက်မှနေ၍ အော်ဟစ်လိုက်သည်။

သူသည် ပါးစပ်ထဲမှ ခါကျက်ဥအရွယ်အစား ဆေးပြင်းလိပ်ကို ထွေးထုတ်လိုက်ပြီး ရှပ်အင်္ကျီဖြူကြယ်သီးများကို ဖြုတ်လိုက်ကာ သူ့နေကာမျက်မှန်ကို ချိန်ညှိလိုက်သည်။ ထို့နောက် သူ့နှာခေါင်းမှ အဖြူရောင်အငွေ့များ ထွက်လာပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။

သူ့ပုံပန်းသွင်ပြင်မှာ ပြောစရာမလိုအောင်ပင် ခြိမ်းခြောက်မှုအပြည့်ပင်။ အစောင့်ထဲမှ တစ်ဝက်ကျော်မှာ သေနတ်များကို သူ့ဘက်သို့ ချိန်ထားလိုက်တော့သည်။

ဒတ် ဒတ် ဒတ်…

ဤလူများမှာ အလွန်ခက်ထန်လှသည်။ သူတို့သည် ချူဖုန်းနှင့် နွားနက်ကြီးတို့ကို စတင်ပစ်ခတ်ကြတော့သည်။

သူတို့နှစ်ဦးလုံး အတော်လေး အံ့အားသင့်သွားရသည်။ ဒီလူတွေက မြို့လည်ခေါင်မှာတောင် ပစ်ရဲတာလား .. သူတို့ကိုယ်သူတို့ ဥပဒေအထက်မှာ ရှိတယ်နေသလိုမျိုး လုပ်ချင်သလိုကို လုပ်နေကြတော့တာပဲ

ဤအဖွဲ့အစည်းများ စွမ်းအားကြီးကာ သူတို့သက်ဆိုင်ရာ နယ်မြေများတွင် လုပ်ပိုင်ခွင့် အတော်အတန်ရှိသည်ကို သိသော်လည်း ဤလုပ်ရပ်များမှာ သူတို့ထင်ထားသည်ထက် ကျော်လွန်နေသည်။

“ခွေးကောင်တွေ..”

နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်ကာ အနက်ရောင်ဆိုင်ကလုန်းအဖြစ် ပြောင်းလဲလိုက်ပြီး ရန်သူအုပ်စုထဲသို့ ပြေးဝင်သွားလိုက်သည်။

ကျည်ဆံများမှာ သူ့အပေါ် အကျိုးသက်ရောက်မှုမရှိ။ ကျည်ဆံနှင့်ခန္ဓာကိုယ် ထိသွားသည်နှင့် တချွမ်ချွမ်အသံများသာ ထွက်လာသည်။ သို့သော် သူ တစ်ချက်ကန်လိုက်သည်နှင့် ရန်သူများမှာ အဝတ်စုတ်ကဲ့သို့ လွင့်ထွက်သွားလေ၏။

အခြားသူများလည်း လှုပ်ရှားလာကြသည်။ မြည်းကြီးသည် ယခုအချိန်မှာ သူ တောက်ပရမည့်အချိန်ဖြစ်ကြောင်း သူသိသည်ပင်။ ထို့ကြောင့် သူ့မူလပုံစံကိုပြောင်းလဲကာ အော်ဟစ်လာတော့လေ၏။ “ဟီး ဟီး..”

သူ့အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် မီးခိုးတန်းကဲ့သို့ ပြေးဝင်သွားပြီး ရန်သူများကို သူ့ခွာများဖြင့် ကန်ထည့်လိုက်သည်နှင့် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ရန်သူတစ်အုပ်စုလုံး လွင့်ထွက်သွားကြသည်။ သူတို့အားလုံး အရိုးများကျိုးသွားပြီး မြေပြင်ထက်၌ လူးလိမ့်နေကြလေ၏။

ရုတ်တရက် နွားနက်ကြီး ဆံပင်မွေးများ ထောင်ထလာကာ နေရာတစ်ခုဘက်သို့ သူ ခုန်ရှောင်လိုက်သည်။

ရွှီး..

တစ်ချိန်တည်းမှာပင် ချူဖုန်း သူ့ဓားပျံကို ပစ်လွှတ်လိုက်ကာ နံရံတစ်ခုကို ဖြိုချပစ်လိုက်၏။ ထိုအခန်းထဲ၌ လေဆာလက်နက်တစ်ခု တကယ်ရှိနေသည်။

သူတို့တွေက မိုးမျှော်တိုက်ရဲ့ မြေညီထပ်မှာ ဒီလိုစွမ်းအားကြီးတဲ့လက်နက်မျိုး ဆင်တာလား.. ဤသည်မှာ အံ့အားသင့်စရာ ကောင်းလွန်းလှသည်။

“ဟီး ဟီး.. မင်းတို့ကောင်တွေက သေချင်နေတာပဲ..” မြည်းဘုရင် ဒေါသထွက်လာသည်။ သူခွာများကို ဆန့်ထုတ်လိုက်ပြီး ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် နွားနက်ကြီးနောက်လိုက်သွားပြီး မြေညီထပ်၌ အလှဆင်ထားသည့် ပစ္စည်းများကို ဖျက်ဆီးပစ်တော့သည်။

“ဒါက တကယ်ကို တသီးတသန့်ဖြစ်နေတဲ့ မြေအောက်အဖွဲ့အစည်းကြီးပဲ..” ချူဖုန်း သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် အခန်းထဲ၌ ဒေါက်ဖိနပ်သံ တဒေါက်ဒေါက် ထွက်ပေါ်လာပြီး မိန်းမလှလေးတစ်ဦး လမ်းလျှောက်ထွက်လာသည်။ သူမ၏ရှည်လျားဖြူဖွေးနေသည့် ခြေအစုံပေါ်တွင် စကပ်တစ်ထည်ဝတ်ဆင်ထားပြီး သူမ မျက်လုံးမှလွဲလျှင် သူမ၏ မျက်နှာသွင်ပြင်မှာ သိမ်မွေ့လှသည်။ သူမ မျက်လုံးများမှာတော့ ရှည်လျားကျဉ်းမြောင်းနေပြီး စကားပြော၍ရတော့မည့်ပုံပင်။

“ချူ… ဖုန်း .. သခင်လေးချူ .. အံ့အားသင့်စရာပဲ .. သခင်လေးချူ ကျွန်မတို့ ထော်ဂုအဖွဲ့အစည်းကို လာလည်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး .. ဒီလူတွေအတွက် တောင်းပန်ပါတယ် .. သူတို့တွေက စည်းမျဉ်းစည်းကမ်းကို နားမလည်သေးလို့ သခင်လေးကို အပြစ်လုပ်မိတာပါ.. ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ..”

ဤယူနီဖောင်းဝတ်ဆင်ထားသည့် အမျိုးသမီးမှာ အတော်လေး ဖော်ရွေလှသည်။ သူမသည် ထပ်ခါတလဲလဲတောင်းပန်နေကာ ဤအနက်ရောင်ဝတ်အစောင့်များသည် ယခုမှ လေ့ကျင့်ရေးစခန်းမှ ထွက်လာကြခြင်းဖြစ်ပြီး ချူဖုန်းကို မသိသေးဟု ရှင်းပြလာသည်။

သူမ ထော်ဂုအဖွဲ့အစည်းမှ အထက်လူကြီးများကို ဆက်သွယ်ပြီးသွားပြီဖြစ်ပြီး သက်ဆိုင်ရာဝန်ထမ်းများ အပြေးလေး ရောက်လာနေပြီဖြစ်ကြောင်း သူမ ပြောလာသည်။

သူမ နာမည်မှာ လီလီချုန်းဖြစ်ပြီး အနက်ရောင်ဝတ်အစောင့်များနှင့် အခန်းထဲမှ အခြားဝန်ထမ်းများ၏ အပြုအမူအရ သူမသည် အတော်လေး အရေးပါးသည့်သူ ဖြစ်လိမ့်မည်။

ချူဖုန်းသည် ပြုံးနေသည့်သူကို မရိုက်သလို အပြစ်မရှိသည့်သူကိုလည်း ဆွဲထည့်မည်မဟုတ်။ သူ့နောက်ကွယ်၌ သူ့ကို အကောက်ကြံခဲ့သည့်သူများကိုသာ သူ ဖြေရှင်းချင်ခြင်းပင်။

သူတို့ ဓာတ်လှေကားထဲ ဝင်လာကြပြီး ၄၅ လွှာရှိ အစည်းအဝေးခန်းမထဲသို့ ရောက်လာကြသည်။ ထော်ဂုအဖွဲ့မှ လူကြီးများ ရောက်လာမည်ကို ထိုအခန်းထဲ၌ ထိုင်စောင့်နေလိုက်ကြသည်။

ထိုနေရာ၌ အရေးကြီးပုဂ္ဂိုလ်အချို့လည်း ရှိနေသည်။ ချောမောကာ ငယ်ရွယ်လှသည့် လူငယ်လေးတစ်ဦး ထွက်လာပြီး သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။ သူတို့၏ လုံခြုံရေးအစောင့်များအတွက် တောင်းပန်ကြောင်းလည်း ပြောလာသည်။

ဤလူငယ်လေးမှာ ကျန်းအိမ်တော်မှ သခင်လေးဖြစ်ကြောင်း လီလီချုန်း မိတ်ဆက်ပေးလာသည်။ သူ့နာမည်မှာ ကျန်းချန်ဖြစ်ပြီး ထော်ဂုအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးပင်။

“သခင်လေးဆိုတဲ့ စကားလုံးက ကျွန်တော့်ကို လှောင်ရယ်နေသလိုပါပဲ .. အစ်ကိုချူ ကျွန်တော့်ကို ကျန်းချန်လို့ပဲခေါ်ပါ .. အစ်ကို ကျွန်တော့်ကို ညီလေးလို့ခေါ်ရင်တော့ အတိုင်းထက်အလွန်ပဲပေါ့..” ကျန်းချန်မှာ အလွန်နှိမ့်ချနေသည်။

ချူဖုန်း သူ့ကို ရိုးရှင်းစွာသာ ကြည့်လိုက်ပြီး ဤလူများ နှိမ့်ချနေသော်လည်း သူသည် အကြွေးလာသိမ်းရန်အတွက် ဤနေရာသို့ ရောက်လာခြင်းဖြစ်ကြောင်း ပြောလိုက်သည်။

ကျန်းချန်သည် အစကတော့ အံ့အားသင့်သွားသည့်ပုံပင်။ ထို့နောက် သူ တစ်ခုခုကို မှတ်မိသွားသည့်ပုံပင်။ “ဦးလေးလျိုပျောက်သွားကာ အစ်ကိုချူ ဝိုင်းတိုက်ခံရတဲ့ကိစ္စနဲ့ ဆက်စပ်နေတာလား..”

သူပြောသည့် ဦးလေးလျိုဆိုသည်မှာ ချူဖုန်း ယွမ်လော့တောင်၌ ဖမ်းခဲ့သည့် လျိုကျီဟုန်ကို ရည်ညွှန်းခြင်းပင်။

ချူဖုန်း အေးစက်စွာ ပြုံးလိုက်ကာ “ထော်ဂုအဖွဲ့အစည်းက ကျုပ်ကို ဘယ်လိုဖြေရှင်းချက်မျိုးပေးဖို့ စဉ်းစားထားလဲ..”

သူ သတ်ဖြတ်လိုသည့်အငွေ့အသက်အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ သူသည် ကျန်းရှီတွင် နှစ်ကြိမ်ပင် ဝိုင်းတိုက်ခံခဲ့ရသည်။ ထိုလူများထဲတွင် လူသားဘုရင်များ အဆိုးဆုံးပင်။

ကျန်းချန်မှာ အံ့အားသင့်ပြီး ရှုပ်ထွေးသွားသည့်ပုံပင်။ “ဦးလေးလျိုက ဘာလို့ ဒီလိုကိစ္စမျိုးလုပ်တာလဲ .. ဒီကိစ္စကို ကျွန်တော်တို့ သိတောင်မသိရဘူး”

ချူဖုန်း တိတ်ဆိတ်နေဆဲပင်။ နွားနက်ကြီးနှင့် မန်ချူးကျားတို့နှစ်ဦးလုံး၏ အမူအရာမှာ အေးစက်နေသည်။

“ဦးလေးလျို မုန်းစရာကောင်းတဲ့ကိစ္စတစ်ခုခုကို လုပ်ခဲ့ကြောင်း သေချာလို့ရှိရင် ကျွန်တော်တို့ သူ့ကို အလွတ်မပေးပဲ သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ .. ကျွန်တော်တို့ သေချာပေါက် အစ်ကိုချူ ကျေနပ်စေမယ့် ဖြေရှင်းချက်တစ်ခု ပေးမှာပါ”

“ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်ဟုတ်လား .. သူ အသက်ရှင်လျက် ပြန်ရောက်လာလိမ့်မယ်လို့ ထင်နေတာလား..” နွားနက်ကြီးအမူအရာမှာ တည်ငြိမ်နေသည်။

“ဒါက တကယ့်ကို ကျွန်တော်တို့အမှားပါ .. ဖြစ်တာက ဖြစ်ပြီးသွားပြီဆိုတော့ ကျွန်တော်တို့ အစ်ကိုချူ ကျေနပ်စေလောက်မယ့် ဖြေရှင်းချက်တစ်ခုကိုသေချာပေါက် ပေးမှာပါ..” ကျန်းချန် ဝမ်းနည်းသည့်အမူအရာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

ထော်ဂုအဖွဲ့အစည်းမှ အထက်လူကြီးများ ရောက်လာပြီဖြစ်ကြောင်း လီလီချုန်းမှ သတင်းပို့လာသည်။

ချူဖုန်း ပြတင်းပေါက်ဘေး၌ ရပ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ သူတို့သည် ၄၅ လွှာ၌ ရောက်နေပြီး အခန်းမှာ အနောက်ကန်ကို မျက်နှာချင်းဆိုင်ထားသည်။ ကောင်းကင်ထက်၌ နှင်းများသိပ်သည်းစွာ ကျနေသော်လည်း သူတို့ ရှိနေသည့်နေရာမှာ နွေရာသီကဲ့သို့ ကြည်လင်တောက်ပနေသည်။

တံခါးမှ လူကြီးလေးဦး ဖြတ်ဝင်လာပြီး ထိုထဲမှတစ်ယောက်မှာ ကျန်းချန်၏ဦးလေး ကျန်းယွမ်ဟန်ပင်။

အကြီးအကဲလေးဦးသည် လာသည့်လမ်းတွင်မှ ထိုအဖြစ်အပျက်ကို သိလိုက်ရပြီး အံ့အားသင့်သွားကြရသည်။ လျိုကျီဟုန် ဤကဲ့သို့သော ကိစ္စမျိုးလုပ်သွားသည်ကို သူ လုံးဝမသိ။

ကျန်းယွမ်ဟန်သည် တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်ငါးဆယ်ထဲ ရှိပုံပေါ်သည်။ သူသည် ရိုကျိုးစွာပင် ထပ်ခါတလဲလဲ တောင်းပန်လာပြီး ချူဖုန်းကို သူတို့အလျော်ပေးမည်ဖြစ်ကြောင်း ပြောလာကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် လျိုကျီဟုန်က ငါတို့လက်အောက်က ဝန်ထမ်းဆိုတော့ ငါတို့သေချာပေါက် တာဝန်ယူပေးပါ့မယ်..”

အခြားအကြီးအကဲများလည်း တောင်းပန်လာကြသည်။

ချူဖုန်းသည် ဤကိစ္စ၌ မသက်ဆိုင်သည့်သူကဲ့သို့ အေးစက်စွာသာ ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ကျန်းမိသားစုမှ လူတစ်ယောက် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း လျိုကျီဟုန် ဝန်ခံပြီးသားပင်။

ယခုတော့ ဤလူများက သူတို့သည် အပြစ်အကင်းဆုံးလူသားများကဲ့သို့ အခြားသူကို အပြစ်ပုံချနေသည်။

“အဲဒါဆိုရင်လည်း မှော်လက်နက်တစ်ချို့နဲ့ အသက်ရှူစည်းချက်ပညာနည်းနည်းလောက် ကြည့်ကြတာပေါ့..” မန်ချူးကျား နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

“ဒါက .. ကျွန်တော်တို့မှာ တကယ်မရှိပါဘူး .. ကျွန်တော်တို့ ထော်ဂုအဖွဲ့အစည်းမှာ တန်ဖိုးရှိတဲ့ပစ္စည်းအချို့ရှိပေမယ့် ဒါတွေတော့ မပါဘူး..” ကျန်းယွမ်ဟုန် သက်ပြင်းချ၍ ပြောလိုက်သည်။

ချူဖုန်း နှုတ်ခမ်းထောင့်ထက် အေးစက်သည့်အပြုံးတစ်ခု ပေါ်လာသည်။ ထိုနေ့က တိုက်ခိုက်ခဲ့သည့် လူသားဘုရင်သုံးသည့် ခရမ်းရောင်လျှပ်စီးတူကို ကြည့်ခြင်းအားဖြင့် ဤအဖွဲ့အစည်းများ မည်မျှချမ်းသာသည်ကို သိနိုင်သည်။ သူတို့မှာ ဘယ်လိုလုပ် မှော်လက်နက်များ၊ အသက်ရှူစည်းချက်ပညာများ မရှိပဲ နေမည်နည်း..

နွားနက်ကြီး၏အမူအရာ အေးခဲလာသည်။ ဤလူများမှာ တောင်းပန်နေကြသော်လည်း ရိုးသားမှုမရှိဟု သူ ခံစားနေရသည်။

“ခင်ဗျားတို့က ဒီပြဿနာကို ဘယ်လိုဖြေရှင်းချင်ကြတာလဲ..” နွားဝါလေး တိုက်ရိုက်ပင် မေးလိုက်သည်။

“ဒီနေ့စကစပြီးတော့ မင်းတို့တွေက ထော်ဂုအဖွဲ့အစည်းရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ဖြစ်သွားပါပြီ .. မင်းတို့တွေ လိုအပ်တဲ့အချိန်တိုင်း ငါတို့ကူညီပေးနေမှာပါ” အကြီးအကဲတစ်ဦး ပြောလာသည်။ ထို့နောက် သူ ချက်လက်မှတ်တစ်စောင်ကို ထုတ်ရေးလိုက်သည်။

ချူဖုန်း သုညများအား ရေတွက်ကြည့်လိုက်သည့်အချိန်တွင်တော့ စုစုပေါင်း တစ်ဘီလီယံ၊ သိန်းပေါင်းတစ်သောင်းရှိကြောင်း တွေ့လိုက်ရသည်။ ဤပမာဏမှာ သာမန်လူများအတွက်တောတ့ ဘဝပေါင်းများစွာ သုံးဖြုန်းရန် လုံလောက်သည်။

သို့သော် ချူဖုန်းအမူအရာကတော့ ပြောင်းလဲမသွား။ အဘယ်ကြောင့်ဆိုသော် ဘုရင်အဆင့်သားရဲတစ်ယောက်ယောက်ကို သတ်ချင်လျှင် ဤထက်ပင် ပိုဈေးကြီးလိမ့်မည်။

နွားနက်ကြီးအမူအရာ မည်းမှောင်သွားကာ “ခင်ဗျားတို့က ကျုပ်ညီအစ်ကိုကို အထင်သေးနေတာလား.. ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ရဲ့ အသက်က တစ်ဘီလီယံပဲ တန်တာလား .. ခင်ဗျားတို့က ကျုပ်တို့ကို ပိုက်ဆံနဲ့ မောင်းထုတ်ဖို့ စဉ်းစားနေတာလား.. စိတ်ကြီးဝင်နေလိုက်တာများ..”

“ဒီပမာဏက မလုံလောက်ဘူးဆိုရင် ကျွန်တော်တို့ ထပ်ပေးလို့ရပါတယ် .. ကျွန်တော်တို့ ခင်ဗျားတို့အားလုံးကို သေချာပေါက် ကျေနပ်စေရပါမယ်” အကြီးအကဲရှင်းပြလာကာ နောက်ထပ်ချက်တစ်စောင်ကို ထပ်ရေးလိုက်သည်။ “လျိုကျီဟုန်ရဲ့ လုပ်ရပ်တွေက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး .. သူ အဓိပ္ပာယ်မရှိတောတွေ လျှောက်ပြောပြီး သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ကျွန်တော်တို့ကို ဆွဲချလိမ့်မယ် .. ဒါပေမဲ့ ကျွန်တော်တို့က မှားယွင်းစွပ်စွဲခံရတာပါ..”

ကျန်းယွမ်ဟုန်သည် ဤစကားကိုသာ ထပ်ခါတလဲလဲ ပြောနေပြီး သူတို့ ဤကိစ္စကို သေချာစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် လျိုကျီဟုန်ပြောသည့်သူအားလုံးကို ဖမ်းဆီးမည်ဖြစ်ကြောင်း ပြောလာသည်။

“အစ်ကိုချူ .. ဒေါသလျှော့ပါ .. ဒီကိစ္စကို ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပါဘူး .. ဒါပေမဲ့ စိတ်ချပါ .. ကျွန်တော်တို့ အစ်ကို ကျေနပ်အောင် လုပ်ပေးမှာပါ .. စိတ်မတိုပါနဲ့..”

သူသည် ဦးညွှတ်တောင်းပန်ကာ အလွန်ရိုးသားလေးနက်သည့်ပုံ လုပ်ထားသည်။

အကြီးအကဲအားလုံးလည်း ယဉ်ကျေးသည့်အမူအရာများဖြင့် တောင်းပန်လာကြသည်။

ထိုအချိန်တွင် ချူဖုန်း ဖုန်းမည်လာ၏။ လုထုန်ခေါ်လာခြင်းပင်။

“ချူဖုန်း .. ဟူး .. ငါ ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး” လုထုန်အသံမှာ ကို့ယို့ကားယား ဖြစ်နေသည်။

“ပြောစရာရှိတာ ပြောလိုက်ပါ .. ဘာလို့ ကျွန်တော့်ကို အပြင်လူလို လုပ်နေတာလဲ..” ချူဖုန်း ပြတင်းပေါက်မှ ခွာလိုက်ပြီး ဘေးတစ်ဘက်သို့ သွားလိုက်သည်။

“ထော်ဂုအဖွဲ့အစည်းကလူတွေ ငါတို့ကို အကူအညီလာတောင်းခဲ့တယ် .. မင်း သူတို့ကို မတိုက်ဖို့ ပြောပေးစေချင်နေကြတာ” လုထုန် ရှင်းပြလာသည်။

ထော်ဂုအဖွဲ့အစည်းမှာ တကယ်ကို လက်တံရှည်လှသည်ပင်။ သူတို့သည် လုထုန်ကို ချက်ချင်းဆက်သွယ်ပြီး ချူဖုန်းကို တားဆီးရန် နည်းလမ်းမျိုးစုံ ကြိုးစားလာကြသည်။

“သူတို့လက်တံတွေက တော်တော်လေးကို ရှည်တာပဲ .. ကျောက်စိမ်းဂူကျောင်းထိကို ရောက်တာလား.. သူတို့တွေက ခင်ဗျားကနေတစ်ဆင့် ကျုပ်ကို တားချင်နေကြသေးတယ် .. လူကြီး ..ခ င်ဗျားက သူတို့လုပ်ရပ်တွေကို ဂရုစိုက်နေသေးတာလား..”

ချူဖုန်း မျက်လုံးများ အေးစက်လာသည်။ သူတို့သည် ဆက်ဆံရေးများကို မည်သည့်အချိန်အသုံးချရမည်ကို သိနေကြသည်။ သို့သော် သူ စိတ်ပြောင်းသွားလိမ့်မည်ဟု သူတို့အဘယ်ကြောင့် ထင်နေကြသနည်း…

“ငါက အစက ငြင်းလိုက်သေးတယ် .. ဒါပေမဲ့ သူတို့တွေက ကျောက်စိမ်းဂူကျောင်းဆရာကို ဆက်သွယ်လာပြီးတော့ သူတို့ကို ဒီတစ်ခေါက် ကူညီပေးဖို့ ပြောလာတာ..” လုထုန် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ကျောက်စိမ်းဂူကျောင်းဆရာလား..” ချူဖုန်း အံ့အားသင့်သွားရသည်။ ကျောက်စိမ်းဂူကျောင်းဆရာက ထော်ဂုအဖွဲ့အစည်းနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိနေတာလဲ..

လုထုန်သက်ပြင်းချလိုက်ကာ “ဆရာက သူတို့ကို အကူအညီတစ်ခု အကြွေးတင်နေတာလို့ပြောတယ် .. သူတို့တွေက တစ်ခါတုန်းက ဆရာကို အံ့ဩစရာကောင်းတဲ့ အသက်ရှူစည်းချက်ပညာပါတဲ့ လက်သီးပညာစာအုပ်တစ်အုပ်ကို လက်ဆောင်ပေးဖူးတယ်”

ဖုန်းချလိုက်ပြီးနောက် ချူဖုန်း အေးစက်သည့်အမူအရာဖြင့် ထွက်လာလိုက်သည်။ ဤလူများသည် တကယ်ကို အဆက်အသွယ်များလှသည်။ သူတို့သည် လုထုန်ထံ၌သာမက ကျောက်စိမ်းဂူကျောင်းဆရာထံသို့ပင် အကူအညီသွားတောင်းနေသည်။

ချူဖုန်း ပြန်ရောက်လာသည်ကို မြင်သည်နှင့် ကျန်းယွမ်ဟန်မျက်ဝန်းထဲ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

ချူဖုန်း ထိုင်ချလိုက်ပြီး ဘာမှမပြော။ သူ ဤလူများကို ခက်ခဲအောင်မလုပ်ချင်သော်လည်း နောက်ပြန်ဆုတ်မည့်အစီအစဉ်လည်းမရှိ။

ထော်ဂုအဖွဲ့အစည်းမှ လူများမှာ ပို၍ နိမ့်ချလာကြကာ သူတို့အမူအရာများတွင် အပြစ်ဆိုစရာမရှိ။

ရုတ်တရက် ကျန်းချန်ဖုန်း မြည်လာသည်။ သူသည် အံ့အားသင့်သွားသလို ပျော်လည်း ပျော်သွားသည့်ပုံပင်။ သူသည် ဖုန်းကိုင်လိုက်ပြီးနောက် လေးစားစွာ ပြောလာသည်။ “ဦးလေး စိတ်ချပါ .. ကျွန်တော်တို့ ကျေနပ်အောင် လုပ်ပေးမှာပါ .. ဟုတ် အစ်ကိုချူ ဒီမှာပါ .. ကျွန်တော်သူ့ကို ဖုန်းလွှဲပေးလိုက်မယ်”

ထိုအချိန်တွင် နွားနက်ကြီး၊ မန်ချူးကျားနှင့် မြည်းဘုရင်တို့အားလုံး ဆွံ့အသွားရသည်။ ဖုန်းတစ်ဖက်ခြမ်းက ဘယ်သူလဲ..

ကျန်းချန်သည် ချူဖုန်းနားသို့ လျှောက်လာကာ ပေါ့ပါးစွာ ပြောလာသည်။ “မထင်မှတ်ထားပဲနဲ့ ဦးလေးယွမ်လည်း ဒီကိစ္စကို သိသွားပြီးတော့ အစ်ကိုချူနဲ့ စကားပြောချင်နေလို့ပါ”

ထို့နောက် ဦးလေးယွမ်ဆိုသည်မှာ ကျောက်စိမ်းဂူကျောင်းဆရာကို ပြောခြင်းဖြစ်ကြောင်း ပြောပြလာသည်။ ဤသည်မှာ နွားနက်ကြီးနှင့် မန်ချူးကျားအား အံ့အားသင့်သွားစေခဲ့သည်။

ချူဖုန်း ဖုန်းကိုင်လိုက်သည်နှင့် ဖော်ရွေသည့်အသံတစ်ခုကို ကြားလိုက်ရသည်။ “ချူလေး .. မင်း င့ါကို တစ်ခုလောက် ကူညီပေးလို့ရမလား..”

ဤသည်မှာ တကယ်ကို ကျောင်းမှဆရာပင်ဖြစ်ပြီး သူကိုယ်တိုင် ဖုန်းခေါ်လာခြင်းပင်။ သူသည် ထော်ဂုအဖွဲ့အစည်းအစား သနားညှာတာပေးရန် တောင်းဆိုလာပြီး ဒီတစ်ခေါက်တော့ သူတို့ကို လွှတ်ပေးရန် ပြောလာသည်။

ချူဖုန်း မျက်ဆံများမှေးကျဉ်းသွားကာ အခန်းထဲမှလူများကို စိုက်ကြည့်လိုက်သည်။ သူတို့တွေက ကျောက်စိမ်းဂူကျောင်းကဆရာအကူအညီနဲ့ သူ့ကို ဖိနှိပ်ဖို့ ကြိုးစားနေကြတာလား..

အပိုင်း ၂၇၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset