ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၉ – ပြန်ပေးရန် တောင်းဆိုခြင်း
လုတောင်မှာ တရုတ်ပြည်ရှိ နာမည်ကြီးတောင်ဆယ်တောင်ထဲမှ တစ်တောင်ပင်။
ထို့အပြင် ဤတောင်သည် ယခုတလော လူပြောများနေသည့် တောင်သုံးတောင်၊ တောင်ထိပ်ငါးခုထဲ၌လည်း ပါဝင်နေသောကြောင့် သူ့အဆင့်အတန်းမှာ အလွန်မြင့်လှသည်။
ဤတောင်သည် ယခုတလော အာရုံစိုက်ခံနေရပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံနေရသော်လည်း ယခုအချိန်ထိ မည်သူ့လက်ထဲမှ မရောက်သေး။ အားလုံးရှုံးနိမ့်ခဲ့ကြသည်ပင်။
များပြားလှသည့်နှင်းများမှာ ငန်းမွေးများကဲ့သို့ တစ်တောင်လုံးကို ဖုံးလွှမ်းနေသည်။
နှင်းများဖုံးနေသောကြောင့်သာမဟုတ်ပါက လုတောင်သည် အလွန်လှသည့်တောင်တစ်တောင်ပင်။ စိမ်းစိုနေသည့်အပင်များ၊ ကန်များစွာရှိပြီး နာမည်ကြီး ရေတံခွန်များလည်းရှိသည်။ တောင်ကုန်းများနှင့် ရေတံခွန်များမှာ ပနံသင့်နေကာ ရှုခင်းများမှာ အလွန်လှပလှသည်။
သို့သော် ယခုတော့ နှင်းဖုံးကာ ထိုမြင်ကွင်းများကို မမြင်ရတော့။ ရေတံခွန်များလည်း ခဲသွားလေပြီ။
“ဟီး ဟီး.. နှင်းတွေများလိုက်တာ .. ဒီမြည်းအိုကြီးအသက်ရှင်လာတာ နှစ်ပေါင်း နှစ်ရာကျော်လောက်ရှိနေပြီ .. ဒီလိုပုံမှန်မဟုတ်တဲ့နှင်းကျတာမျိုး တစ်ခါမှ မမြင်ဖူးဘူး..” သူစကားပြောလိုက်သည်နှင့် သူ့ပါးစပ်မှ အငွေ့ဖြူများ ထွက်လာသည်။
ချူဖုန်း သူ့ကို မစားတော့မှန်း သိလိုက်သည်နှင့် သူပို၍ တည်ငြိမ်လာသည်။ သူသည် စိုးရိမ်မှုအားလုံးကို မြိုချပစ်လိုက်ကာ နွားဝါလေး၏ စီးတော်ယာဉ်ကောင်းဖြစ်ရန်သာ အာရုံစိုက်လိုက်တော့သည်။
လုတောင်ပတ်လည်နားသို့ ရောက်သည်နှင့် အပူချိန် နိမ့်ဆင်းလာသည်။ အေးစက်မှုမှာ ကြောက်စရာကောင်းလောက်သည်အထိပင်။
“အား .. ဒါက ငန်းမွေးနှင်းမဟုတ်တော့ဘူး .. လူခေါင်းနှင်း ဖြစ်သွားပြီ..” နွားနက်ကြီး အော်ဟစ်လိုက်၏။ သူ့ခေါင်းထက်၌ နှင်းပုံကြီး ရှိနေသည်ပင်။ နှင်းပွင့်များမှာ စင်တီမီတာပေါင်းများစွာထိ ကြီးမားနေသည်။
“ဝေါင်း..” နှင်းများမှာ လူတစ်ယောက်အရပ်ရှိနေပြီဖြစ်သောကြောင့် ခရီးသွားရ ပို၍လွယ်ကူစေရန်အတွက် သူ့ကျားပုံစံ ပြန်ပြောင်းလိုက်သည်။
“ဒီဘုရင်ကြီးက နှင်းတွေကျတဲ့ ဆိုက်ဘေးရီးယားကနေလာတာ .. ဒါပေမဲ့ ငါ့ဘဝမှာ ဒီလောက်ထူတဲ့နှင်းမျိုး တစ်ခါမှ မတွေ့ဖူးဘူး..” မန်ချူးကျား ညည်းညူလိုက်သည်။
“မြည်းဘုရင် .. ရွှေရောင်လင်းတဘုရင် ဒီမှာနေတာ သေချာရဲ့လား .. သူ့နေရာကို မြန်မြန်ရှာ .. ဒီလိုခဲနေတဲ့နေရာမျိုးက လျှောက်သွားနေလို့မကောင်းဘူး” နွားနက်ကြီး လောဆော်လိုက်သည်။
ပါးစပ်ဟလိုက်သည်နှင့် နှင်းများပြေးဝင်လာသည်။ လေပြင်းလှပြီး နေရာတိုင်း၌ နှင်းပွင့်များ ရှိနေသောကြောင့် သူတို့ပါးစပ်နှင့်နှာခေါင်းထဲ ဝင်လာရုံသာမက သူတို့ မျက်လုံးများပင် ကောင်းကောင်းမဖွင့်နိုင်တော့။
“သူ့အိမ်က ဒီနားမှာ ရှိတယ်ဆိုတာပဲသိတာ .. နေရာအတိအကျကိုမသိဘူး” မြည်းဘုရင်မှာ သိပ်ယုံကြည်ချက်မရှိ။
လုတောင်တွင် တောင်ထိပ်များစွာရှိသည်။ ဟန်ယန်တောင်ထိပ်နှင့် အကြီးအကဲငါးဦးတောင်ထိပ်ကဲ့သို့သော တောင်ထိပ်များမှာ အလွန်အန္တရာယ်များလှသော်လည်း တောင်ခြေ သို့မဟုတ် တောင်တစ်ဝက်ထိ နေ၍ရသေးသည်။
“အထဲဘက်ထိ လျှောက်လာပေမယ့် လုတောင်ကို မမှတ်မိတော့ဘူး .. ငါတို့ လမ်းပျောက်နေပြီထင်တယ်” နွားနက်ကြီး သက်ပြင်းချလိုက်သည်။
လုတောင်အတွင်းနက်ပိုင်းရှိ အပူချိန်မှာ အနုတ် ၁၂၀ ဒီဂရီထိ ရောက်နေပြီဖြစ်သည်။ အအေးဓာတ်မှာ ဘုရင်အဆင့်သက်ရှိများအတွက်ပင် အရိုးထဲစိမ့်အောင် အေးနေသည်ပင်။ သာမန်လူသာဆိုလျှင်တော့ သေသွားလောက်လေပြီ။
“လုတောင်က စိမ်းစိုသာယာတဲ့နေရာပါ .. ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာလဲ.. ဒီတစ်ခေါက် ပြောင်းလဲမှုက ကောင်းတာတွေ ဖြစ်လာမယ်လို့ထင်လား .. ဒီပုံအတိုင်းဆို ငါတော့မထင်ဘူး .. နတ်သစ်ပင်တွေအားလုံး အေးခဲနေပြီ .. သူတို့က ဘယ်လိုလုပ် အသီးသီးတော့မှာလဲ..”
နွားဝါလေးပင် ဤဖြစ်စဉ်ကို မရှင်းပြနိုင်။
“တိတ်တိတ်နေ..”
ချူဖုန်း အသက်ဓာတ်တစ်ခုကို အာရုံခံမိသွားသည်။ နှင်းထဲ၌ စွမ်းအားကြီးသက်ရှိတစ်မျိုးရှိနေသကဲ့သို့ ထိုအသက်ဓာတ်မှာ အားကောင်းလှသည်။
မြည်းဘုရင် ရုတ်တရက် တစ်ခုခုကို မှတ်မိသွားသည်။ “လုတောင်ရေတံခွန်နားမှာ ပြောင်းလဲခြင်းအသီးတွေသီးတဲ့ ရှေးသစ်ပင်ကြီးတစ်ပင်ရှိတယ် .. သူ့စွမ်းရည်တွေက တကယ်ကို မထင်မှတ်ထားလောက်အောင်ပဲ..”
ချူဖုန်းတို့အားလုံး အံ့အားသင့်သွားရသည်။ ပြောင်းလဲခြင်းသစ်သီးမှာ လုတောင်ရှိ ရှေးသစ်ပင်မှ အစပြုလာခြင်းဖြစ်ကြောင်း သူတို့ အစောကြီးကတည်းက ကြားထားဖူးပြီးသားပင်။ ယနေ့ ထိုအပင်နှင့်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။
အမှန်တကယ်တွင် ဤလောက၌ ပြောင်းလဲခြင်းအသီးမှာ ဤတစ်နေရာတည်း၌ ရှိနေသည်မဟုတ်။ သို့သော် လုတောင်မှ အပင်မှာ နာမည်အကြီးဆုံးပင်။
ဤအပင်မှာ ပထမဆုံးအသီးသီးသည့်အပင်ဖြစ်ပြီး သူ့ခွန်အားမှာလည်း ကြောက်စရာကောင်းလှသည်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများပင် သူ့ကို ရန်မစရဲကြ။
“သူ့ကို ပတ်သွားကြစို့ .. သူ့ကို ရန်မစနဲ့” မန်ချူးကျား ပြောလိုက်သည်။
ချူဖုန်းမကြောက်။ သို့သော်လည်း မလိုလားအပ်သည့်ပြဿနာများကို မလိုချင်။
နောက်ဆုံး သူတို့ ထိုနေရာကို ကွေ့ပတ်လာခဲ့ကြပြီး မြည်း၏လမ်းပြမှုနှင့်အတူ အကြီးအကဲငါးဦးတောင်ခြေသို့ ရောက်သွားသည်။ ထိုနေရာ၌ လှိုဏ်ဂူများစွာ ရှိနေသည်ကို သူတို့တွေ့လိုက်ရသည်။
မြည်းဘုရင်သည် ခွာကို အရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်ကာ သူတို့ပစ်မှတ်ကို ပြလိုက်သည်။
“သူ ကောင်းကင်ပေါ် ပျံပြေးမသွားအောင်လို့ ငါ အရင်သွားလိုက်မယ်” ချူဖုန်း ပြောလိုက်သည်။
သူသည် အလွန်လျင်မြန်လှကာ သူ့ကို နတ်အသိစိတ်ဖြင့် အာရုံမခံနိုင်အောင် လုပ်နိုင်သည်ပင်။ သူသည် ခြေရာတစ်ခုပင် မကျန်ခဲ့စေပဲ ခြေလှမ်းကျယ်များဖြင့် လျှောက်သွားလိုက်သည်။ ထို့နောက်တွင်တော့ တောင်ဂမူတစ်ခုပေါ်သို့ တက်လိုက်ကာ လှိုဏ်ဂူများကို စတင်ရှာဖွေလိုက်သည်။
ခဏကြာပြီးနောက် အံ့အားတကြီးအော်သံ ထွက်ပေါ်လာကာ ဂူတစ်ခုထဲမှ ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ ထင်ထားည့်အတိုင်း ရွှေရောင်လင်းတဘုရင် ဤနေရာ၌ နေနေသည်ပင်။
သူသည် နားစူးအောင်အော်ဟစ်လိုက်ပြီး တတ်နိုင်သမျှ ခုခံနေသော်လည်း ချူဖုန်း၏ရိုက်ချက်တစ်ချက်ကြောင့် လွင့်ထွက်သွားကာ တောင်စောင်းတစ်ခုနှင့် တိုက်သွားသောကြောင့် နှင်းများ၊ ရေခဲများ နေရာအနှံ့ လွင့်စင်သွားသည်။
“ချူဖုန်း..” ရွှေရောင်လင်းတဘုရင် အော်ဟစ်လိုက်၏။ သူ ကြောက်သလို စိတ်လည်းတိုနေသည်။ တစ်ဖက်လူသည် သူ့အားကောက်မလိုက်ပြီးနောက် လှိုဏ်ဂူထဲမှ ထွက်လာကာ အပြင်ဘက်သို့ ရောက်သည်နှင့် သူ့ခေါင်းနောက်ကို ရိုက်ချကာ အောက်ပစ်ချလိုက်သည်။
သူ ကောင်းကင်ပေါ်သို့ ပျံပြေးရန် ကြိုးစားလိုက်သည်။
“မင်းက ဘယ်သွားချင်နေတာလဲ.. အဲဒီနေရာမှာ ရပ်နေလိုက်စမ်း..”
မန်ချူးကျား ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် တပ်သားတစ်ဦးဖြစ်သောကြောင့် သူ့ကျားဟိန်းသံမှာ လောကကြီး တုန်ခါသွားစေရန် လုံလောက်သည်။ ရွှေရောင်လင်းတဘုရင်သည် သူ့သွေးနှင့် ချီများ ဆူပွက်လာသည်ကို ခံစားလိုက်ရကာ ချက်ချင်းသွေးအန်သွားလေ၏။
မန်ချူးကျားမှာ ကြင်နာတတ်သည့်သူမဟုတ်။ သူသည် လင်းတကြီးကို လက်သည်းများဖြင့် ဖမ်း၍ရသော်လည်း ကျားဟိန်းသံကိုသာ အသုံးပြုလိုက်သည်။
အသံလှိုင်းများ ပဲ့တင်ထပ်သွားသောကြောင့် လင်းတဘုရင် မူးဝေသွားလေသည်။
“ဟေး လင်းတ .. မင်းက င့ါညီအစ်ကိုကို တိုက်ခိုက်ခဲ့လို့ ငါတို့မင်းအသိုက်ကို လာရှင်းရတာ .. မင်း အပြစ်တွေက အရမ်းကြီးလွန်းတယ် .. မင်း ထွက်ပြေးဖို့ စဉ်းစားမနေနဲ့..”
နွားနက်ကြီးသည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ခုန်တက်သွားကာ ရွှေရောင်မျက်လုံးနှင့် ငှက်ဘုရင်ကို ဆုတ်ကိုင်ပြီး မြေပြင်ထက်သို့ ဆွဲချလာလိုက်လေ၏။
ခွပ်…
နွားနက်ကြီးသည် သူ့ကိုတစ်ချက်ရိုက်လိုက်ကာ အဝေးသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
သူ ပြဿနာကြီးနေပြီဖြစ်ကြောင်း လင်းတဘုရင် သိလိုက်ရသည်။ သူ မပျံသန်းနိုင်ရုံသာမက သူ့အိမ်ပင် သိမ်းခံလိုက်ရလေပြီ။
ချွမ်း…
သူ လူသားပုံစံသို့ ပြောင်းလဲလိုက်ပြီး သူ၏အဖြူရောင်ဓားရှည်ကို ဆွဲထုတ်လိုက်ကာ နွားနက်ကြီးနှင့် တိုက်ခိုက်လိုက်သည်။ သူတို့နှစ်ဦးလုံး အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့်ကျွမ်းကျင်သူများဖြစ်သောကြောင့် သူ နွားနက်ကြီးနှင့် တိုက်ခိုက်ချင်သည်။
ခွပ်..
ချူဖုန်း အပေါ်မှနေ၍ လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်နှင့် သူ သွေးအန်ထွက်လာကာ သူ့မူလပုံစံသို့ ပြန်ပြောင်းသွားလိုက်ရသည်။ သူ့ရွှေရောင်အမွေးအတောင်များလည်း လေထဲလွင့်ပျံလာသည်။
ယခုအချိန်တွင် ဘာမှပြောစရာမလိုတော့။ သူ့ကိုပြာနှမ်းနေအောင်သာ ရိုက်ရမည်။ သိမ်းငှက်များကိုပင် ယဉ်ပါးနေအောင် လေ့ကျင့်ပေးရသောကြောင့် ဤလင်းတကြီး နာခံလာအောင်အထိ ကောင်းကောင်းသင်ကြားပေးရန် သူတို့စီစဉ်ထားပြီးသားပင်။
လင်းတဘုရင်ကြီး ကျယ်လောင်စွာ အော်ဟစ်လာသည်။ ဤကဲ့သို့ ဖိနှိပ်ခံလိုက်ရသည့်အချိန်တွင် သူ ဒေါသထွက်လာရသည်။ သူ့ပြိုင်ဘက်မှာ နတ်ဆိုးဘုရင်ချူဖြစ်နေသော်လည်း သူ အရှုံးမပေးနိုင်။ သူ အားအကုန်စုကာ ကောင်းကင်ထက်သို့ နောက်တစ်ကြိမ်ပျံသန်းသွားရန် ကြိုးစားလိုက်သည်။
ခွပ်…
မန်ချူးကျား ရိုက်ချလာသည်။ သူ့ခန္ဓာကိုယ်မှာ တောင်ကုန်းတစ်ခု အရွယ်အစားပင် ရှိသောကြောင့် သူ့လက်မှာ ပစ်မှတ်ကိုထိသွားပြီး ထိုလင်းတကြီး မြေပြင်ထက်သို့ ပြန်ပြုတ်ကျလာသည်။
နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခံလိုက်ရကာ လင်းတဘုရင်ကြီး မြေပြင်ပေါ်၌ နာကျင်စွာ လူးလိမ့်နေသည်။ မြည်းခွာ သူ့ခေါင်းပေါ်သို့ ရောက်လာပြီးနောက် နာကျင်လှသောကြောင့် သူ မျက်ဖြူလှန်ကာ သတိလစ်တော့မလိုပင်။
ယခုမှသာ သူ ဤမြည်းကို သတိထားမိသွားခြင်းပင်။
“မင်း..” ရွှေလင်းတကျီးကန်းမှာ လုံးဝဒေါသထွက်သွားရသည်။ သူ အတောင်ပံခတ်လိုက်ပြီး ဒေါသတကြီး ထခုန်လိုက်သည်။ ချူဖုန်းကို သူ့ထံသို့ လမ်းပြခေါ်လာသည့်သူမှာ ဤမြည်းဖြစ်ကြောင်း သူ သိလိုက်ရလေပြီ။
“အစ်ကိုလင်းတ .. အမြော်အမြင်ရှိတဲ့ယောက်ျားက အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် နေတတ်ရတယ်လို့ ပြောကြတယ်လေ .. အရမ်းကိုခမ်းနားတဲ့ နတ်ဆိုးဘုရင်ချူက အစ်ကိုကြီး သီးသန့်လေ့ကျင့်တာကနေ ထွက်အောင် ဆွဲဆောင်ပြီး သူ့ခရီးမှာ လိုက်ပါဖို့ မျှော်လင့်နေတာ” မြည်းကြီး လေးနက်စွာ ပြောလာသည်။
“ငါ သူ့ကို တစ်ခါဝိုင်းတိုက်ဖူးပြီး သူ သေမလိုတောင် ဖြစ်ခဲ့တာလေ .. သူက ဘာလို့ငါ့အသက်ကို ချမ်းသာပေးမှာလဲ..” လင်းတဘုရင် သူ့ဒေါသကို ချုပ်ထိန်းလိုက်ပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သူ မသေချင်သေး။
“ချမ်းသာပေးမှာပေါ့ .. နတ်ဆိုးဘုရင်ချူက အစ်ကို့လိုမျိုး သူရဲကောင်းမပြောနဲ့ ကျွန်တော့်လိုလူကိုတောင် ခွင့်လွှတ်ပေးခဲ့တာ..” မြည်းကြီး ပြောလာသည်။
“ကျုပ် ခင်ဗျားကို အမှန်အတိုင်းပဲပြောမယ် .. ကျုပ် ခင်ဗျားကို စီးတော်ယာဉ်အဖြစ်လုပ်ခိုင်းဖို့ ရောက်လာခဲ့တာ” ချူဖုန်း မြည်းကြီး၏ မလိုအပ်သည့်လှည့်စားမှုများကို ဖြတ်ချပစ်လိုက်သည်။
“မင်း .. မင်း လွန်လွန်းတယ်..” ရွှေလင်းတကြီး ဒေါသထွက်လာသည်။
“ကျုပ် ခင်ဗျားကို စကားတွေ အများကြီး မပြောချင်ဘူး .. ကျုပ် အကြွေးပြန်တောင်းဖို့ ဒီကိုရောက်နေတာ .. ခင်ဗျား အညံ့ခံမလားဆိုတာ ကိုယ့်ဘာသာကိုယ်စဉ်းစား .. ခင်ဗျားအညံ့ခံရင်တော့ သေချာပေါက် အကျိုးကျေးဇူးအများကြီးရမှာ .. အညံ့မခံရင်တော့ ခင်ဗျားသေရလိမ့်မယ်..”
ချူဖုန်း အပိုစကားပြောမနေတော့။ လင်းတဘုရင်မှာ ထိုညက သူ့ကိုတိုက်ခိုက်ခဲ့သည့်သူများထဲမှ အဓိကလူပင်။ သူ၏ပျံသန်းနိုင်သည့်စွမ်းရည်ကြောင့်သာမဟုတ်ပါက သူ ဤကောင်ကို အစောကြီးကတည်းက တစ်စစီလုပ်ပစ်လိုက်လေပြီ။
“ရွှေကြီး အေးဆေးပေါ့ .. မင်းဒေါသကြောင့် မင်းအသက်ကို မစတေးပစ်လိုက်နဲ့ .. ငါ သူ့စီးတော်ယာဉ်ဖြစ်ချင်တာတောင် သူလက်မခံဘူး” မြည်းဘုရင် စည်းရုံးလာသည်။
“သူရဲဘောကြောင်တဲ့ကောင် .. မင်းလိုမျိုးကြွက်မျိုးက င့ါလျှို့ဝှက်နေရာကို သိနေလိမ့်မယ်လို့ မထင်ထားဘူး …” လင်းတဘုရင် ဒေါသတကြီးပြောလိုက်သည်။
“ခင်ဗျား သေဖို့ ရွေးလိုက်တာလား..” ချူဖုန်း လက်သီးဖြင့်ထိုးချလိုက်ပြီး လင်းတဘုရင်လွင့်ထွက်သွားကာ သွေးအန်အောင် လုပ်လိုက်သည်။
လင်းတကြီးမှာ အတောင်ပံဖြန့်ဖို့ပင် အခွင့်အရေးမရှိပဲ လုံးဝဖိနှိပ်ခံနေရသည်။
“လင်းတကြီး .. ခင်ဗျားအသက်ရှင်ဖို့အတွက် ဒီအခွင့်အရေးကို ဆုတ်ကိုင်မထားရင် ကျုပ်တို့ ခင်ဗျားကို သတ်တဲ့အတွက် အပြစ်လာမတင်နဲ့” နွားနက်ကြီး အေးစက်စွာ ပြောလိုက်သည်။ သူသည် ခရမ်းရောင်ဓားကြီးကို ချွမ်းခနဲထုတ်လိုက်ပြီး ခုတ်ချရန် ပြင်ထားလိုက်သည်။
“ငါ သူ့ကို တစ်စစီဖြစ်အောင် ရိုက်မှာ..” မန်ချူးကျား ပြောလိုက်သည်။
ယခုအချိန်တွင် နွားဝါလေးသာ တည်ငြိမ်နေသည်။ စကတည်းက သူဘာမှ မလုပ်သေး။
“တာအိုရောင်းရင်းတို့ သက်ညှာပေးပါ..” အဝေးမှ အသံလှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ဤသည်မှာ ရေတံခွန်နားတွင်ရှိနေသည့် သစ်ပင်အိုကြီးမှ ကီလိုမီတာပေါင်းများစွာကို ဖြတ်ကျော်ကာ အသံပို့လာခြင်းပင်။
“လင်းတလေး .. မင်း အညံ့ခံလိုက်ပါလား .. လုတောင်မှာ မင်းကြီးပြင်းလာတာကို ကြည့်ခဲ့ရတဲ့သူတစ်ယောက်အနေနဲ့ မင်းအခုလိုမျိုး သေသွားမှာကို မကြည့်ချင်ဘူး” သစ်ပင်အိုကြီး အသံပို့လွှတ်လာသည်။
“သစ်ပင်ဘိုးဘိုး .. သူတို့က ကျွန်တော့်ကို သူတို့ရဲ့ စီးတော်ယာဉ်ဖြစ်စေချင်နေတာ .. ကျွန်တော် မလုပ်ချင်ဘူး” လင်းတဘုရင် မကျေမနပ်ဖြစ်နေဆဲပင်။
“အဲဒါက သေတာထက်တော့ ကောင်းသေးတယ်လေ .. ပြီးတော့ လူအုပ်ကြီးနဲ့ သူ့ကို အရင်ဝိုင်းတိုက်ခဲ့တာက မင်းလေ .. အဲဒါက ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်လည်းမဟုတ်ဘူး .. အခုအချိန်က မင်း လက်ခံလား လက်မခံဘူးလားဆိုတာကို ဆွေးနွေးနေရမယ့်အချိန်မဟုတ်ဘူး” သစ်ပင်အိုကြီး ပြောလာသည်။
သစ်ပင်အိုကြီး၏ စကားများမှာ လင်းတဘုရင်အပေါ် အကျိုးသက်ရောက်မှု ရှိသည်ပင်။ နောက်ဆုံး သူခေါင်းငုံ့လာသည်။ သူ မသေချင်သေးသည်မှာလည်း အမှန်တရားပင်။
“ကျုပ် ခင်ဗျားကို ကျွန်တစ်ယောက်လို့ ဆက်ဆံမှာမဟုတ်သလို ခင်ဗျားအခက်တွေ့အောင်လည်း လုပ်မှာမဟုတ်ဘူး .. ခရီးရှည်တွေမှာ ကျုပ်တို့ကို သယ်သွားရတာကလွဲရင် ခင်ဗျား လွတ်လွတ်လပ်လပ်နေလို့ရပါတယ်” ချူဖုန်း သူ့ကိုအရှက်ရအောင် မလုပ်ချင်။
လင်းတဘုရင် ထွက်ပြေးသွားမည်ကို သူမစိုးရိမ်။ သူ ညာပြီး ထွက်ပြေးသွားလျှင်တော့ သူတို့နောက်တစ်ခေါက် တွေ့သည့်နေ့မှာ ဤလင်းတသေမည့်နေ့ပင်။
နောက်ဆုံးတွင်တော့ ရွှေလင်းတဘုရင်သည် ချူဖုန်းတို့အုပ်စုကိုသယ်ကာ လုတောင်မှ ထွက်လာခဲ့လိုက်သည်။
အစက ချူဖုန်း သစ်ပင်အိုကြီးကို သွားနှုတ်ဆက်ချင်သော်လည်း ငြင်းခံလိုက်ရသည်။ သစ်ပင်အိုကြီးသည် အတိဒုက္ခတစ်ခုကို ဖြတ်ကျော်နေခြင်းဖြစ်ပြီး အာရုံစူးစိုက်ရန် လိုအပ်သည်ဟု ပြောလာသည်။ သူ့ကိုထိခိုက်စေသည့် နှင်းများ၊ ရေခဲများအပြင် အခြားကပ်ဆိုးများစွာ ရောက်လာဦးမည်ဟု သူ ပြောခဲ့သည်ပင်။
သူတို့ပစ်မှတ်မှာ ဟန်ချန်ပင်။
သူတို့ အဖွဲ့အစည်းအချို့ထံသို့ အကြွေးသွားတောင်းတော့မည်။
သူတို့တစ်ညလုံး ခရီးထွက်ခဲ့ပြီးနောက် ဟန်ချန်သို့ ရောက်လာသည်။ ဤနေရာလည်း နှင်းများဖုံးလွှမ်းနေကာ ကန်ကြီးလည်း ခဲနေလေပြီ။
ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီးနောက် အနောက်ကန်ကြီးမှာ များစွာ ပြောင်းလဲသွားခဲ့သည်။ ကန်ကြီးသည် အလွန်ကြီးမားလာကာ မြို့နှင့်ဝေးသွားသည်။
ထော်ဂုအဖွဲ့အစည်းရုံးချုပ်မှာ ဟန်ချန်၌ ရှိနေသည်။
ချူဖုန်းတို့အဖွဲ့ ထိုည ဟန်ချန်သို့ ဝင်သွားပြီး နောက်တစ်နေ့မနက်မှ ထော်ဂုအဖွဲ့အစည်းသို့သွားရန် ဆုံးဖြတ်လိုက်သည်။
ကျောက်စိမ်းဂူကျောင်းမှ ကျွမ်းကျင်သူများ သေချာစစ်ဆေးမေးမြန်းပြီးနောက် ယွမ်လော့တောင်မှ အကျဉ်းသားသည် သူ ထော်ဂုအဖွဲ့အစည်းမှဖြစ်ကြောင်း ဝန်ခံလာခဲ့သည်။
ထို့ကြောင့် ချူဖုန်း ဤနေရာသို့ အရင်လာခြင်းပင်။
အမှန်တကယ်တွင် ကျန်းရှီမှာ မငြိမ်းချမ်းသေး။ ဒေါင်းဘုရင်နှင့် ရေအောက်မျိုးနွယ်စုများ ရှိနေသည့်အပြင် ခွန်းလွန်တောင်မှ နတ်ဆိုးအုပ်စုကြီးလည်း ထိုနေရာ၌ ရှိနေသည်။
ထို့အပြင် ကျောက်စိမ်းဂူကျောင်းသခင်၊ ဝူတန်းတောင်သခင်၊ ရွှေကျီးကန်းနှင့် အသက်ကိုးချောင်းကြောင်လည်း ပေါ်လာကြလေပြီ။
ချူဖုန်း ထိုလူများနှင့် သွားတွေ့ချင်သော်လည်း မည်သည့်အဖွဲ့အစည်းမှ သူ့ကို လုပ်ကြံခဲ့သလဲဆိုသည်ကို သိရရန် မစောင့်နိုင်တော့။
“အဖွဲ့အစည်းတွေကနေ အကြွေးတောင်းပြီးတော့မှ ပင်လယ်စာစားသောက်ပွဲကြီးလုပ်မယ်၊ ဒေါင်းကင်စားမယ်၊ ရွှေကျီးကန်းချက်စားမယ် .. ပြီးတော့ ဝူတန်းတောင်သခင်တို့လိုလူမျိုးတွေကို ကျေးဇူးတင်ရမယ်..” ချူဖုန်း ရေရွတ်လိုက်သည်။
နေရောင်ထွက်လာလေပြီ.. အနောက်ကန်ကြီး၏ ကီလိုမီတာတစ်ရာပတ်လည်တွင် ရေခဲလွှမ်းနေသည့် ငွေရောင်ပြင်ကြီးဖြစ်လာသော်လည်း မြို့နားတွင်တော့ ရာသီဥတု သာယာလှသည်။ ကောင်းကင်မှာ ပြာတောက်နေပြီး လေထုလည်းနွေးထွေးလှသည်။
ချူဖုန်း လက်နောက်ပစ်ကာ မိုးမျှော်တိုက်တစ်ခုအနားသို့ ချဉ်းကပ်လာသည်။ သူသည် ထော်ဂုအဖွဲ့အစည်း၏ရုံးချုပ်သို့ တန်းလာလိုက်ခြင်းပင်။
အပိုင်း ၂၆၉ ပြီး၏။