Switch Mode

Chapter – 266

နောက်တကြိမ် ပြောင်းလဲမှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၆ – နောက်တစ်ကြိမ်ပြောင်းလဲမှု

ချူဖုန်းအော်သံကြောင့် တောင်တစ်ခုလုံး တုန်ခါသွားကာ ဝါးပင်များလည်း တရှဲရှဲမြည်လာပြီး ဝါးရွက်များမှာ မိုးရွာသွန်းသကဲ့သို့ ကြွေကျလာသည်။ ထွက်ပြေးသွားသည့် ဒေါင်းမျိုးနွယ်စု ကျွမ်းကျင်သူမှာ လေထဲ၌ပင် တစ်စစီဖြစ်သွားလေ၏။

ချူဖုန်းမှာ နေရောင်ခြည်ဖြင့် ရက်လုပ်ထားသည့် ခြုံလွှာအား ခြုံထားသကဲ့သို့ တောက်ပလှကာ သူ့ကို တည့်တည့်စိုက်ကြည့်သူတိုင်း မျက်လုံးများ နာကျင်သွားရလိမ့်မည်။

“ချူဖုန်း .. တော်ပါတော့..” ကျန်နေသည့် ဒေါင်းမျိုးနွယ်စုများမှာ ဖြူဖျော့ကာ ကြောက်ရွံ့နေကြလေပြီ။

ချူဖုန်းပါးစပ်မှ ရွှေရောင်လှိုင်းများမှာ သူတို့နှင့်ဝေးကွာသည့် ကောင်းကင်ထက်သို့ ဦးတည်သွားခြင်းဖြစ်သော်လည်း သူတို့အားလုံး တုန်ယင်နေကြကာ မြေပြင်ထက်သို့ လဲကျလုနီးပါးပင်။

ချူဖုန်း ရပ်တန့်လိုက်ပြီး သူတို့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ့အကြည့်များမှာ သူတို့အတွက် ဖိအားများလှပြီး အေးစက်သည့်နတ်ဆိုးဘုရင်တစ်ပါကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။

“ငါတို့မျိုးနွယ်စုဘုရင်က မင်းမိဘတွေကို မတိုက်ခိုက်ခဲ့ဘူး .. ယွမ်လော့တောင် တိုက်ခိုက်မှုမှာပါဝင်ခဲ့မိတာက တိုက်ဆိုင်မှုတစ်ခုပဲ..” ဒေါင်းမျိုးစွယ်စု လူငယ်တစ်ဦး ရှင်းပြလာသည်။

“တိုက်ဆိုင်တာဟုတ်လား .. မင်းက ပေါ့ပေါ့လေး ပြောလိုက်တာပဲ .. ယွမ်လော့တောင်က ငါ့ကို ထောင်ဖမ်းဖို့အတွက် င့ါမိဘတွေကို ဓားစာခံအနေနဲ့ သုံးခဲ့တယ် .. အဲဒီတောင်မှာ ဒေါင်းဘုရင်လည်း ရှိနေတယ် .. သူ ရှိနေတာကိုက ငါ့အတွက် လုံလောက်နေပြီ..” ချူဖုန်း သူ၏တောက်ပနေသည့် ညာလက်ကို မြှောက်ကာ ရိုက်ချလိုက်သည်။

တောင်ထိပ်တစ်ခုလုံး တုန်ခါသွားကာ ပြင်းထန်လှသည့် ဖိအားတစ်ခုဖြင့် ဖိနှိပ်ခံလိုက်ရသည်။

“မင်းကိုယ်မင်း လူသားသူရဲကောင်းလို့ သတ်မှတ်ထားရင် ငါတို့မျိုးနွယ်စုဘုရင်နဲ့ သွားတိုက်လိုက် .. ဒါကလည်း မင်းတိုက်ဖို့ ယုံကြည်ချက်ရှိမှပါ..”

ဘုရင်တစ်ဝက်အဆင့်ဒေါင်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးလိုက်ပြီး ဤစကားများ ပြောလိုက်ခြင်းပင်။ သူတို့ ဤနတ်ဆိုးဘုရင်ချူ လက်ထဲမှ မလွတ်မြောက်နိုင်တော့သည်ကို သူသိသည်ပင်။

“သားသမီးဝတ္တရားက အရေးကြီးသူတော်ကောင်းတရားပဲ .. င့ါမိဘတွေကို လာထိတဲ့ ဘယ်သူ့ကိုမှ သည်းခံနေမှာမဟုတ်တဲ့ သူတော်ကောင်းတစ်ယောက်ပဲ .. သူရဲကောင်းလုပ်တာက နောက်မှ လုပ်လို့ရတယ် .. မင်းက ငါနဲ့ဒီလိုစိတ်ကစားပွဲတွေ လာလုပ်နေတာ ဘာလဲ မင်း သေချင်နေလို့လား..”

ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူသည် တွေဝေမနေပဲ တောက်ပသည့် ဘယ်လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။ ထိုဘုရင်တစ်ဝက်အဆင့်သားရဲမှာ လွင့်ထွက်သွားကာ ပါးစပ်မှ သွေးများအန်ထွက်လာကာ သေဆုံးသွားလေ၏။

ကျန်နေသည့် ဒေါင်းမျိုးနွယ်စုများမှာ ဦရေပြားများထုံကျဉ်သွားကြပြီး ကြောက်လည်းကြောက်သလို ဒေါသလည်း ထွက်နေကြသည်။ ဤလူမှာ သူတို့ကို သတ်ပစ်မည်ဟု စိတ်ဆုံးဖြတ်ထားပြီသားဖြစ်သည်ကို သူတို့သိလိုက်ရသည်။

အနောက်ဘက်၌ ရှိနေသည့် ဘောဓိအဖွဲ့မှလူများမှာ ထူးဆန်းသည့်အမူအရာများ ဖြစ်နေကြသည်။ ဒီနတ်ဆိုးဘုရင်ချူက သူ့ကိုယ်သူ သူတော်ကောင်းလို့ ပြောနေပေမယ့် လက်မြှောက်လိုက်တိုင်း လူတွေကို သတ်နေတယ်…

“နတ်ဘုန်းဘုန်း .. ကျွန်တော်တို့ကို ကယ်ပါဦး..” ကျန်နေသည့် ဒေါင်းမျိုးနွယ်စုများမှာ ထွက်မပြေးရဲတော့ပဲ ရွှေရောင်တောက်ပနေသည့် ဘုန်းကြီးကို ကြည့်လိုက်ကြသည်။

ဤဘုန်းကြီးမှာ အသက်တစ်ရာကျော်ရှိပြီး ဗုဒ္ဓတပည့်သားတော်တစ်ဦးဖြစ်သည်ဟု နာမည်ကြီးသည့်သူပင်။ သူသည် ဘောဓိအဖွဲ့တွင် စွမ်းအားအကြီးဆုံးသူပင်။

“အော်မီတော်ဖော်..” ဘုန်းကြီး ရေရွတ်လိုက်ကာ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်း တောက်ပလာသည်။

ချူဖုန်း ဘုန်းကြီးကို စိုက်ကြည့်လိုက်ကာ “ကျွန်တော့်မိဘတွေကို တစ်ယောက်ယောက်က လုပ်ကြံခဲ့လို့ ကျွန်တော်စာရင်းလာရှင်းတာ .. ဘုန်းဘုန်းကျွန်တော့်ကို တားဖို့ကြိုးစားမယ်ဆိုရင် ဒါက စစ်ပွဲကြေညာတာလို့ သတ်မှတ်လိုက်မှာ..”

ဘုန်းကြီးအိုကြီးမှာ ဒေါင်းမျိုးနွယ်စုများကို သနားသော်လည်း သူ ဝင်ပါလျှင် ဘောဓိအဖွဲ့မှာ သန္ဓေပြောင်းသက်ရှိအားလုံး ပါဝင်ပတ်သက်လာမည်ကို သူသိသည်။

တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူနားလည်သည်။ ဒေါင်းဘုရင်သည် သွားရှုပ်၍မရသည့်သူမှန်း သိသော်လည်း ဤလူသည် ဒေါင်းမျိုးနွယ်စုများကို သတ်ဖြတ်ပြီး အခြားသူများကို ဥပမာပေးလိုခြင်းပင်။

“ချူဖုန်း .. မင်း လွန်လွန်းနေပြီ..” အခြားရှေးဟောင်းဘုရားကျောင်းတစ်ခု၏တံခါးပွင့်လာပြီး လူနှစ်ယောက်ထွက်လာသည်။

ယခုပြောလိုက်သည့်သူမှာ အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးပင်။ သူ့မျက်လုံးများမှာ အနက်ရောင်မြူခိုးများ အုံ့ဆိုင်းနေသကဲ့သို့ ထူးဆန်းလွန်းလှသည်။

သူ့နောက်တွင် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် ရှည်လျားသည့်ရွှေရောင်ဆံနွယ်၊ ကျောက်စိမ်းမျက်လုံးနှင့် အမွေးပွနားရွက်များရှိနေပြီး နတ်ဆိုးတစ်ဦးနှင့် တူနေသည်။

ဤလူများမှာ ရွှေရောင်ကျီးကန်းနှင့် အသက်ကိုးချောင်းကြောင်မျိုးနွယ်စုများမှ ဖြစ်လိမ့်မည်ဟု ချူဖုန်း ခန့်မှန်းလိုက်သည်။

ထိုလူနှစ်ယောက်ကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် ကျန်နေသည့် ဒေါင်းမျိုးနွယ်စုကျွမ်းကျင်သူ သုံးဦးကို ဆက်တိုက်လိုက်သည်။ သူ့လက်ဝါးမှ မီတာတစ်ရာအချင်းရှိသည့် အလင်းတန်းထွက်ပေါ်လာပြီး ထိုလူသုံးဦးမှာ အဝတ်စုတ်များကဲ့သို့ လွင့်ထွက်သွားပြီး အသက်ထွက်သွားလေ၏။

ဤနေရာတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်။

“ဗိုလ်ကျခြယ်လှယ်တယ်ဆိုတာ ဒေါင်းဘုရင် ကျွမ်းကျင်သူတွေ ဆက်တိုက်လွှတ်ပြီး ရွှမ်ထျန်းမှာ င့ါကို တိုက်ခိုက်တဲ့အချိန် ဒါမှမဟုတ် င့ါကိုသတ်ဖို့ သစ်တောက်ငှက်ဘုရင်ကို အမိန့်ပေးလိုက်တဲ့အချိန်ပဲ .. ဗိုလ်ကျခြယ်လှယ်တဲ့သူဆိုတာ သူတို့တွေကို ဦးမညွှတ်တာနဲ့ လူတွေကို သတ်တဲ့သူတွေကို ပြောတာပဲ .. ဒီနေ့ ငါဒီကို ရောက်လာတာက ဒေါင်းဘုရင်နဲ့ရှိတဲ့ ရန်ငြိုးတွေကို စာရင်းရှင်းဖို့ပဲ .. အဲဒီတော့ မင်းတို့တွေ ငါ့ကို အထက်စီးဆန်တယ်လို့ တွေးတော့လည်း မတတ်နိုင်ဘူးပေါ့..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်လူမှာ တကယ်လည်း ရွှေကျီးကန်းမျိုးနွယ်စုမှ လူဖြစ်သော်လည်း သူသည် ရွှေကျီးကန်းဘုရင်နှင့် သွေးမျိုးဆက်ဝေးလှသည့် သားရဲဘုရင်တစ်ဝက်အဆင့် သာမန်ကျီးကန်းနက်တစ်ကောင်သာ။

သူသည် အေးစက်စွာ ကြည့်လိုက်ကာ “ဘုရင်ချူ .. ခင်ဗျားက ကျွမ်းကျင်သူတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ် .. ဒါပေမဲ့ ခင်ဗျားလုပ်ရပ်တွေက အထိန်းအကွပ်မရှိဘူး .. ခင်ဗျားသိထားရမှာက ဘယ်သူမှ အလုံးစုံပြိုင်ဘက်ကင်းမနေဘူး”

“ရွှေကျီးကန်းက င့ါကိုသတ်ဖို့အတွက် ထိုက်တောင်ကနေ လာခဲ့ပေမယ့် ငါ့မိဘတွေကို မထိခဲ့ဘူး .. အဲဒါကြောင့် ဒီနေ့တော့ ငါ မင်းတို့မျိုးနွယ်စုတွေကို တိုက်ခိုက်မှာမဟုတ်ဘူး .. အချိန်ကျမှ မင်းတို့မျိုးနွယ်စုဘုရင်ကို သွားရှာပြီး သတ်လိုက်မယ် .. အဲဒီတော့ နောက်ကျရင် ဂရုစိုက်ပြီးနေ” ချူဖုန်း ပြောလိုက်သည်။

ချူဖုန်း၏ကြမ်းတမ်းသည့် စကားများကြားလိုက်ရသည့်အချိန်တွင် ဘုန်းကြီးအိုကြီးသည် လက်အုပ်ချီကာ ဘုရားစာ ရွတ်လိုက်သည်။ ရွှေကျီးကန်းလည်း သူ့ပစ်မှတ်ထဲ ပါသည့်ပုံပင်။

အခြားသန္ဓေပြောင်းများလည်း ဆွံ့အသွားကြရသည်။ သူတို့ တစ်ဘဝလုံး ဤနတ်ဆိုးနတ်ဘုရားနှင့် မသတ်သက်ချင်တော့။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ မျက်လုံးများ မှုန်မှိုင်းသွားသည်။ ဒေါင်းမျိုးနွယ်စုများစွာ သေဆုံးသွားသည်ကို မြင်လိုက်ရသည့်အချိန် သူ စိတ်ပျက်သွားမိသော်လည်း ဝင်မပြောရဲတော့။

“ချူဖုန်း ခင်ဗျားသိလား .. ရွှေကျီးကန်း၊ ဒေါင်းဘုရင်နဲ့ အသက်ကိုးချောင်းကြောင်က ပူးပေါင်းထားကြတာ .. ခင်ဗျားဒီနေ့ဒီလိုမျိုးလုပ်ရဲတယ်ဆိုတော့ သူတို့ တုံ့ပြန်လာမှာကို သတိထားနေ..” ထိုလူ အေးစက်စွာ ပြောလာသည်။

ချူဖုန်း ထိုလူကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီးနောက် “ဒီနေ့ ရွှေကျီးကန်းမျိုးနွယ်စုကို မသတ်ဘူးလို့ပဲ ပြောခဲ့တာက မင်းတို့ကို အလွတ်ပေးမယ်လို့ ဆိုလိုတာမဟုတ်ဘူး .. ဘုရင်တစ်ဝက်အဆင့်သားရဲကများ င့ါကို စကားလုံးတွေနဲ့ခြိမ်းခြောက်ရဲတယ်ပေါ့ .. ခင်ဗျား သေချင်နေတာလား..”

ခွပ်…

ချူဖုန်း လက်သီးတံဆိပ်တစ်ခု ပြုလုပ်လိုက်ပြီး ထိုးနှက်လိုက်သည်။

“မင်း.. အား…” အနက်ရောင်ဝတ်စုံနှင့်လူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူကျီးကန်းပုံစံဖြင့် ပျံပြေးချင်သော်လည်း လက်သီးဖြင့် ထိုးနှက်ခံလိုက်ရသည်။

သူ့မျက်လုံးထဲတွင် အကြောက်တရားနှင့် နောင်တတရား ထင်ဟပ်လာပြီးနောက် အသက်မဲ့သွားလေ၏။ သူ့ခန္ဓာကိုယ်လည်း အပိုင်းပိုင်းဖြစ်သွားလေသည်။

သူ့သွေးတစ်ချို့မှာ အသက်ကိုးချောင်းကြောင်မျိုးနွယ်စုမှ အမျိုးသမီးထံသို့ လွင့်စင်သွားသောကြောင့် ထိုအမျိုးသမီးသည် ချူဖုန်း သူမအား သတ်မည်ကို စိုးရိမ်ကာ ကြောက်လန့်တကြား အော်ဟစ်ပြီး နောက်ဆုတ်သွားလေ၏။

ချူဖုန်း ဒေါင်းမျိုးနွယ်စု နေရာသို့ သွားလိုက်သည်။ ထိုရှေးဟောင်းဘုရားကျောင်းနောက်တွင် ဝိညာဉ်အော်ရာများသိပ်သည်းနေသည့် ဝါးရုံတောတစ်ခုရှိသည်။ ဤနေရာမှာ ငှက်များနေရန်အတွက် သင့်တော်လှသည်။ သို့သော် ယခုတော့ ဤနေရာမှာ အလွတ်သာရှိတော့သည်။ ဒေါင်းမျိုးနွယ်စုအချို့သာ ရှိနေပြီး အများစုကတော့ ထွက်ပြေးသွားကြပြီဖြစ်သည်။

ချူဖုန်း ဘာမှမပြော။ ယနေ့ သူ့လုပ်ရပ်မှာ သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသပြီးဖြစ်သည်။

သူသာ ဒေါင်းမျိုးနွယ်စုတစ်ခုလုံးကို ရှင်းပစ်လိုက်လျှင် ဒေါင်းဘုရင် သူ့ကို ဒေါသတကြီး လက်စားချေလာနိုင်သည်။

ချူဖုန်း ဘောဓိအဖွဲ့မှ လူများဘက်သို့ လှည့်လိုက်ကာ “ကျုပ် ဘုရင်တွေ ဝိုင်းတိုက်တာခံခဲ့ရတဲ့အချိန်တုန်းက ဘောဓိအဖွဲ့ကလူတွေပါလား သိချင်တယ်”

သူသည် သူ့စွမ်းရည်များကို ဖုံးကွယ်မထားပဲ ဤနေရာတစ်ခုလုံးကို သူ၏ပြိုင်ဘက်ကင်းအော်ရာဖြင့် ဖုံးလွှမ်းစေလိုက်သည်။ ဤသည်မှာ အနီးအနားမှ သန္ဓေပြောင်းလူများကို တုန်ယင်သွားစေပြီး လဲကျလုနီးပါးဖြစ်သွားစေခဲ့သည်။

ယခုအချိန်တွင် ကျန်းလော့ရှန်းလည်း ဖြူဖျော့နေလေပြီ။ သူမ မိတ်ဆွေထံမှ ဤမျှကြီးမားသည့် ဖိအားကို သူမ ပထမဆုံး ရင်ဆိုင်ဖူးခြင်းပင်။

ကျန်းလော့ရှန်း စကားပြောချင်သော်လည်း ပါးစပ်ဟလာပြီးနောက် ဘာစကားမှ ထွက်မလာခဲ့။

သူမ စကားများများပြောလိုက်လျှင် တစ်ချက်တည်း အထိုးခံရကာ သေသွားလိမ့်မည်ဟု ခံစားနေရသည်။

“ဘောဓိက ဒီကဒကာလေးကို မတိုက်ခိုက်ခဲ့ပါဘူး .. ဒကာလေးကို လာမကယ်နိုင်လို့သာ ငါတို့ ဝမ်းနည်းခဲ့ရတာပါ” ဘုန်းကြီး တည်ငြိမ်စွာ ပြောလိုက်၏။ သူ့အကြည့်များမှာ နူးညံ့ညင်သာလှသည်။

ဤရွှေရောင်ဘုန်းတော်ရှေ့တွင် သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို သတိထားမိသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။

“ဒကာလေး သံသယတွေ ရှိနေရင် ဒီဘုန်းကြီးက သူ့ရဲ့အသိစိတ်ကို ဖွင့်ပေးဖို့ ဆန္ဒရှိပါတယ် … ဒကာလေးကိုယ်တိုင် စစ်ဆေးကြည့်နိုင်ပါတယ်”

ဘုရင်အဆင့်သက်ရှိများ၏ စိတ်ဝိညာဉ်နယ်မြေမှာ ကျူးကျော်ရန် လွယ်ကူသည့်နေရာမဟုတ်။ ထိုလူ လက်မခံလျှင် ဝင်ရောက်ရန် မဖြစ်နိုင်သလောက်ပင်။

ဘုန်းကြီးအိုကြီး သူ့အသိစိတ်အား တည်ငြိမ်စွာ ဖွင့်ပေးလာသည်ကို မြင်လိုက်ရသည့်အချိန် ချူဖုန်း စိတ်လှုပ်ရှားသွားရသည်။

သူ လက်ဆန့်တန်းလိုက်ကာ ဘုန်းကြီး၏မျက်ခုံးကြားကို ထိလိုက်သည်။ ဘုန်းကြီးသည် တုတ်တုတ်မှမလှုပ်ပဲ အေးချမ်းစွာ ပြုံးနေခဲ့သည်။

ဘုန်းကြီးအိုကြီး၏ နဖူးကို ထိပြီးသည်နှင့် ချူဖုန်း ရုတ်တရက် လက်ပြန်ရုတ်လိုက်သည်။ “ကျွန်တော် ဘုန်းဘုန်းကို ယုံပါတယ်”

ဤဘုန်းကြီးအိုကြီးကို သူပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး ထိုညက သူ့ကို တိုက်ခိုက်ခဲ့သည့်သူများထဲ မပါသည်မှာ သေချာသည်။ သို့သော် ဘောဓိတွင် အခြားကျွမ်းကျင်သူများ ရှိနေမလား သူမသိနိုင်။

ချူဖုန်း ဤဘုန်းကြီးအပေါ် အထင်အမြင်ကောင်းများရှိသောကြောင့် သူ့ကို ခက်ခဲအောင် မလုပ်ချင်။

“ဒီမှာ ဘောဓိက အထက်လူကြီးတွေရှိလား..” ချူဖုန်း အခြားသန္ဓေပြောင်းလူများကို မေးလိုက်သည်။

ဤအဖွဲ့အစည်းကြီးများမှ အာဏာရှိသူများနှင့် ပတ်သက်၍ သူ အထင်အမြင်ကောင်းမရှိ။ သူတို့သည် သားရဲမျိုးနွယ်စုများထက်ပင် ပို၍ ကြောက်စရာကောင်းသေးသည်။

“ရှိတယ်…” နောက်ဆုံးတော့ တစ်စုံတစ်ယောက် ဖြေလာသည်။ ကျန်းလော့ရှန်း၏ စကားများမှာ ချူဖုန်းကို အံ့အားသင့်သွားစေခဲ့သည်။

နောက်ဆုံးတွင်တော့ အကြီးအကဲအချို့ ဖိတ်ကြားခံလိုက်ရသည်။ ချူဖုန်းသည် ဘာမှယဉ်ကျေးမနေတော့ပဲ သူတို့နဖူးများကို လက်ညှိုးဖြင့် ထိလိုက်သည်။

အကြီးအကဲများ၏ အမူအရာများမှာ ရုပ်ဆိုးနေကာ သူတို့သည် ရှုပ်ထွေးနေကြဆဲပင်။

ချူဖုန်း သူတို့ကို အိပ်မွေ့ချပြီး သူတို့သူ့အားထိခိုက်ရန် ကြိုးစားခဲ့ဖူးသလားဆိုသည်ကို သိရန် သူတို့အသိစိတ်ထဲ ဝင်ကြည့်လိုက်သည်။

နောက်ဆုံးတွင် မည်သည့်ကိစ္စမှ မတွေ့ခဲ့ရသောကြောင့် ချူဖုန်း သူတို့ကို တောင်းပန်လိုက်သည်။

“ဒီတစ်ခေါက်တော့ ကျွန်တော် ဘောဓိမျိုးရိုးဗီဇအဖွဲ့ကို ယုံကြည်ပေးလိုက်မယ်” ဤစကားကြားလိုက်မှသာ သန္ဓေပြောင်းလူများ သက်မချနိုင်တော့သည်။

အထက်လူကြီးများ ချူဖုန်းအား အကောက်ကြံဖူးကြမည်ကို သူတို့စိုးရိမ်နေခဲ့ကြခြင်းပင်။ ထိုကဲ့သို့သော ကိစ္စများသာ ရှိခဲ့ပါက ချူဖုန်း ဤနေရာရှိ လူအားလုံးကို သတ်ပစ်ကာ ဘောဓိအဖွဲ့အစည်းကို သွေးဖြင့်ဆေးပစ်လိမ့်မည်။

ချူဖုန်း ဘောဓိအဖွဲ့ကို လုံးဝမယုံကြည်သေးကြောင်းကိုလည်း သူတို့သိသည်။ အဖွဲ့အစည်းများ၏ အေးဂျင့်များထံမှ တိုက်ခိုက်ခံခဲ့ရပြီးနောက် သူ အဖွဲ့အစည်းကြီးများကို အထင်မကြီးတော့။

တောင်ထိပ်၌ ရှိနေသည့် ဘုန်းကြီးကျောင်းအိုကြီး၏ အုတ်ခဲနှင့် အုတ်ချပ်တစ်ခုစီတိုင်းမှ ရှေးကျသည့်အငွေ့အသက်များ ထုတ်လွှတ်နေကာ သူသည် ရာစုနှစ်ပေါင်းများစွာကတည်းက ကမ္ဘာကြီး၏ အပြောင်းအလဲကို ကြုံတွေ့ဖူးနေသလိုပင်။

အချိန်မရွေးပြိုကျနိုင်သည့် ဤဘုရားကျောင်းအိုကြီးမှာ ဤနေရာ၏အသက်ပင်။

ထိုဘုရားကျောင်းအတွင်းရှိ နတ်ရုပ်တုကို ချူဖုန်း အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေခဲ့သည်။

နေဝင်သွားသည်နှင့် အနီးအနားရှိခန်းမတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းကြီးမှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

ထိုအချိန်မှသာ ချူဖုန်းသည် ဖုန်များကြောင့်နီရဲနေသည့် ဘုရားကျောင်းထဲမှ ထွက်လာတော့သည်။

သူ အလွန်အေးချမ်းနေပြီး စိတ်လည်း ငြိမ်းချမ်းနေသည်။ သူ၏ပျော်ရွှင်မှုများ၊ စိုးရိမ်မှုများအားလုံးကို ဘေးချိတ်ထားလိုက်ကာ လရောင်အောက်တွင် ခေါင်းလောင်းသံနှင့်အတူ သူ၏မကောင်းသည့် စွမ်းအင်များကို ပယ်ရှားလိုက်သည်။

ယခုရက်ပိုင်းတွင် သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြင်းထန်လွန်းလှသည်။ သူသည် ဟိန်းထုန်ကို သတ်ကာ မီးခိုးပြာဝံပုလွေနှင့် ဥဒေါင်းမျိုးနွယ်စုကို ရှင်းလင်းရန်အတွက် မိုင်ပေါင်းထောင်ပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ရသည်။ သူ့စိတ်ထဲ၌ ရက်စက်မှုများသာ ရှိခဲ့သည်။

ယခုမှ သူ တကယ်စိတ်အေးချမ်းငြိမ်သက်သွားရသည်။

ဘုန်းကြီးရွတ်ဖတ်သံများနှင့် ခေါင်းလောင်းသံများကို နားထောင်ပြီးနောက် သူ့စိတ်နှလုံး သန့်စင်လာသည်။ သူ၏မကောင်းသည့်စိတ်များ ပျောက်ကွယ်သွားလေပြီ။

သေချာပြန်စဉ်းစားကြည့်မည်ဆိုလျှင် သူသည် ရှင်းယီလက်သီးပညာကို လေ့လာပြီးကတည်းက သူ့လက်သီးစွမ်းအင် တိုးတက်လာအောင် ကြိုးစားခဲ့ပြီး နေရာအနှံ့ ရန်သူများကို စတင်သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ သူ၏သတ်ဖြတ်လိုသည့်စိတ်ဝိညာဉ်ကို တစ်ဖြည်းဖြည်းနှင့် များပြားလာစေခဲ့သည်။

“ကြည့်ရတာ ငါ သတိထားဖို့ လိုအပ်နေပြီထင်တယ် .. ရန်သူတွေကို သတ်ရမယ် ဒါပေမဲ့ ရန်ငြိုးတွေကို အဲဒီမှာပဲ တစ်ခါတည်း အဆုံးသတ်ခဲ့ရမှာ .. င့ါနားမှာ ရက်စက်မှုတွေ ဝေ့ဝဲနေလို့မရဘူး..” ချူဖုန်း ရေရွတ်လိုက်သည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်နေသည်ကို သူ သတိထားမိသွားသည်။

မဟုတ်ပါက သူ နတ်ဆိုးနှင့် ခြားနားတော့မည်မဟုတ်တော့။

“ထိုက်ချီဆယ်နှစ်ကျင့်တာက ရှင်းယီစွမ်းရည်တစ်နှစ်ကျင့်တာနဲ့ ညီမျှတယ်ဆိုတာက တကယ်မှန်တာပဲ..” ချူဖုန်း ရေရွတ်လိုက်သည်။

သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များ မြင့်တက်လာခြင်းမှာ သူ ကျင့်ကြံသည့်ပညာနှင့် သက်ဆိုင်နေသည်ပင်။ ရှင်းယီလက်သီးပညာမှာ သတ်ဖြတ်ရန် ဖန်တီးထားသည့်ပညာပင်။

နေရောင်ခြည်အောက်၌ ဘုန်းကြီးအိုကြီး လျှောက်လာသည်။ သူ့ဘုန်းကြီးဘွဲ့နာမည်မှာ ချန်းကျားဖြစ်ပြီး တိုင်ဟန်းတောင် မြွေဖြူတိုက်ပွဲ၌ ပါဝင်ခဲ့သည့် ဗုဒ္ဓတပည့် ချန်းယဲ့၏ စီနီယာအစ်ကိုပင်ဖြစ်သည်။

“ကိုယ်တော့်မှာ ရဟန္တာအသက်ရှူစည်းချက်ပညာရှိတယ်” နေရောင်အောက်တွင် ချန်းကျား၏ခန္ဓာကိုယ် တောက်ပနေသည်။

ချူဖုန်း ထူးဆန်းသလို ခံစားလိုက်ရသည်။ ဘုန်းကြီးက ဘာလိုချင်လို့ သူ့ကို ဒါ လာပြောပြနေတာလဲ..

ခဏကြာပြီးနောက် သူ နားလည်သွားရသည်။ ချန်းကျားသည် သူ့အား ဘောဓိအဖွဲ့သို့ ဖိတ်ခေါ်နေခြင်းပင်။ ချူဖုန်းသာ ဖူထော်တောင်၌ နေလျှင် သူ ဤရဟန္တာအသက်ရှူစည်းချက်ပညာကို ရရှိလိမ့်မည်။

ချူဖုန်းမှာ ငိုရမလား ရယ်ရမလားပင် မသိတော့။ ဒီလိုမျိုး ဖော်ရွေတဲ့ပုံပေါ်တဲ့ဘုန်းကြီးက ဘယ်လိုလုပ် ဒီလိုအကြံမျိုး ထွက်လာတာလဲ.. သူက ချူဖုန်းကို ခေါင်းတုံးတုံးပြီး ဘုန်းကြီးဝတ်ခိုင်းစေချင်နေတာလား..

“ဘုန်းတော်ကြီးချန်းကျား .. ဘုန်းကြီးဝတ်ဖို့အတွက်က ကျွန်တော် ငယ်ပါသေးတယ် .. အနည်းဆုံး နှစ်ပေါင်း ငါးရာလောက်တော့ ဒီလောကကြီးမှာလှည့်ပတ်သွားပြီး သေမျိုးလောကစည်းစိမ်တွေကို ခံစားချင်ပါသေးတယ် .. ကျွန်တော် ခေါင်းတုံးတုံးပြီး ဘုန်းကြီးမဖြစ်ချင်သေးဘူး”

“အော်မီထော်ဖော်” ချန်းကျား ရေရွတ်လိုက်ပြီးနောက် သူ့ဘေးပတ်လည်ကို နတ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သည်။ ထို့နောက်တွင်တော့ ချူဖုန်းထံတွင် ဗုဒ္ဓအော်ရာအနည်းငယ် ရနေသောကြောင့် သူ လေ့ကျင့်နေသည့် ပြိုင်ဘက်ကင်းအသက်ရှူစည်းချက်ပညာမှာ ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသလားဟု ချူဖုန်းအား မေးလာသည်။

ချန်းကျား ပွင့်ပွင့်လင်းလင်းပင် ပြောလာသည်။ ကမ္ဘာကြီး ပြောင်းလဲလာသည်နှင့်အမျှ အခြားလောကမှ သက်ရှိများ ရောက်လာမည်ဖြစ်ကြောင်း ချူဖုန်းကို ပြောပြလာသည်။ သူ့ထံ၌ ဘုရားလောင်းအဆင့် အသက်ရှူစည်းချက်သာ ရှိနေပါက သူသည် ကံကောင်းမှုများ တွေ့ဆုံကြုံကြိုက်ကာ အခြားလောကများရှိ ဗုဒ္ဓဘာသာမြင့်မြတ်မြေ၌ အဆင့်လွန်ပညာများကို လေ့ကျင့်နိုင်ခွင့် ရလာနိုင်သည်ဟု ပြောပြလာလေ၏။

သို့သော် ထိုသို့သွားနိုင်ရန်အတွက် ချူဖုန်း ဗုဒ္ဓဘာသာသို့ ပြောင်းရလိမ့်မည်။ ချန်းကျားသည် သူကျမ်းစာများ ဖတ်နိုင်ရန်အတွက် လမ်းပြပေးပြီး သူ အုတ်မြစ်ချနိုင်အောင် ကူညီပေးမည်ပင်။

ဤစကားများ ကြားလိုက်ရသော်လည်း ချူဖုန်း မတုန်မလှုပ်ရှိနေဆဲပင်။ အခြားလောကမှလူများ ဤလောကသို့ရောက်အောင် အသက်စွန့်လာနေသည်ကို သူက အဘယ်ကြောင့် ဤလောကမှ ထွက်ခွာသွားမည်နည်း..

“ဒီလောကမှာ အလေးအမြတ်သစ်ပင်တွေနဲ့ ကံကောင်းမှုတွေ ရှိနေတယ်ဆိုပေမယ့် ငါတို့မှာ ပညာတွေ ရှားပါးနေတုန်းပဲ .. ငါတို့ဆီမှာ ရှိနေတဲ့ပညာတွေကလည်း အကြမ်းထည်တွေ၊ အရမ်းလည်းရိုးရှင်းတယ် .. နောက်ဆုံးကျရင်တော့ ကျမ်းစာတွေကို ရှာဖို့အတွက် ငါတို့ တစ်ခြားလောကကို သွားရလိမ့်မယ်” ချန်းကျား ရှင်းပြလာသည်။

ချူဖုန်း စိတ်ဝင်စားလာသည်။ အခြားလောကများ၏ ခမ်းနားမှုကို ချူဖုန်း နွားဝါလေးထံမှ ကြားဖူးသည်။ တစ်ဖက်လောကမှာ တောက်ပခမ်းနားလှပြီး ကောင်းကင်ထက်တွင်လည်း နတ်သမီးများ၊ နတ်ဘုရားများဖြင့် ပြည့်နှက်နေသည်ဟု ပြောကြသည်။

ချူဖုန်း ထိုနေရာကို သွားကြည့်ချင်လာသည်။ “ဒီလောကက နာမည်ကြီးတောင်နဲ့မြစ်တွေကို ပေါင်းစည်းပြီးမှပဲ အဲဒီအကြောင်းကို စဉ်းစားလိုက်ပါ့မယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။

ဘုန်းကြီးအိုကြီးမှာ ဆွံ့အသွားရ၏။ ဤဒကာလေးမှာ လောဘကြီးလှသည်။

“ကောင်းပြီလေ .. ဒီနေ့ကစပြီးတော့ ဒေါင်းမျိုးနွယ်စု နယ်မြေကို ကျွန်တော်ပိုင်သွားပြီ .. ကျွန်တော်လည်း ဖူထော်တောင် တစ်စိတ်တစ်ပိုင်းကို ပိုင်တယ်” ချူဖုန်းကြေညာလိုက်သည်။

ချန်းကျား ဆွံ့အသွားရသည်။ ဤလူမှာ ဓားပြတစ်ယောက်ပင်။ သူ ဤလူကို ဗုဒ္ဓဘာသာပြောင်းရန် စီစဉ်ထားသော်လည်း ယခုတော့ မသင့်တော်သေးသည့်ပုံပင်။

ရက်စက်ကြမ်းတမ်းမှုများကို လွတ်ချပြီးနောက် ချူဖုန်း စိတ်တည်ငြိမ်အေးချမ်းနေသည်။

ထို့နောက် သူ တောင်တစ်ခုလုံးကို ပတ်သွားလိုက်ပြီး ဗောဓိပင်အောက်မှ မြေကြီးများကို တူးထုတ်လိုက်သည်။ ဤသည်မှာ ဘုန်းတော်ကြီးကို အလွန်ထိတ်လန့်သွားစေခဲ့သည်ပင်။

“ချူဖုန်း ရှင် ဒီအပင်ကိုတူးထုတ်ပြီး တစ်ခြားနေရာ ယူသွားဖို့ ကြံနေတာလား..” ကျန်းလော့ရှန်း ပေါ်လာသည်။ သူမ အမူအရာမှာ ပုံမှန်အတိုင်းဖြစ်မနေတော့။ ယခင်က သိပ်မစဉ်းစားဖူးသော်လည်း ယနေ့ သူ၏သတ်ဖြတ်မှုအား မြင်လိုက်ရသည့်အချိန်တွင် သူမ သူ့ကို မလှောင်ပြောင်ရဲတော့။

“ငါ တစ်ခုခု စစ်ဆေးစရာရှိလို့ပါ” သစ်ပင်အောက်မှ သုံးရောင်စပ်မြေကြီးအား တွေ့လိုက်ရသည့်အချိန် ချူဖုန်း မတ်တပ်ထရပ်လိုက်သည်။ ဤမြေကြီးများမှာ ထိုက်တောင်တွင် တွေ့ခဲ့သည့်မြေကြီးနှင့်သိပ်မကွာ။ သူ့အစေ့အတွက် သိပ်အကျိုးရှိမည်မဟုတ်။

သစ်ပင်များကို ပြန်စိုက်ရန်အတွက် ဖူထော်တောင် ပြန်ကောင်းလာပြီး ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လာသည့်အချိန်ကို စောင့်ရလိမ့်မည်။

“ဖူထော်တောင်မှာ ဒီထက်ပိုတဲ့ အခွင့်ကောင်းတွေ ရှိသင့်တာ မဟုတ်ဘူးလား..” ချူဖုန်း မေးလိုက်သည်။

ဘုရင်အုပ်စုများ နေရာယူထားကြသော်လည်း ခွန်းလွန်တောင်နှင့် ဘုရားနယ်မြေနှစ်ခုလုံးတွင် လူများ မသွားနိုင်သည့် ထူးဆန်းသည့်နေရာများရှိကြသည်ပင်။

“အဲဒီဘက်မှာ..” ချန်းကျား တောင်နောက်ကို လက်ညှိုးထိုးပြလာသည်။

“အမ်..” ချူဖုန်း အံ့အားသင့်သွားရ၏။

“အဲဒါက နေဝင်ချိန်နဲ့ နေထွက်ချိန်မှာပဲ ရေးရေးလေး မြင်ရတာ..” ချန်းကျား ရှင်းပြလာသည်။

နေဝင်ချိန်နေရောက်အောက်တွင် ပို၍ခမ်းနားလှသည့် တောင်တစ်လုံးကို ခပ်ရေးရေးလေး မြင်လိုက်ရသည်။ အရိပ်ကိုသာ မြင်ရပြီး အသေးစိတ်များကို မြင်နိုင်ရန် ခက်ခဲလှသည်။

“အဲဒီတောင်ပေါ်ကို တက်နိုင်မယ့် နည်းလမ်းမရှိဘူးလား..” ချူဖုန်း မေးလိုက်သည်။

“တောင်ပေါ်တက်ဖို့ကို ငါတို့ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဖူးဘူး” ဘုန်းတော်ကြီး ခေါင်းခါ၍ ပြောလာ၏။

ထူးဆန်းသည့်တောင်ကြီးမှာ နေလုံးကြီး ပျောက်မသွားခင် ပျောက်ကွယ်သွားမည်ပင်။

ဘုန်းကြီးအိုကြီးသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်များကို စတင်ရှူသွင်းရှူထုတ်လုပ်လိုက်သည်။ သူသည် ရွှေရောင်အလင်းများကို စုတ်ယူပြီး ခန္ဓာကိုယ်မှ စွမ်းအင်များ ထုတ်လွှတ်လာသည်။

ဘုန်းတော်ကြီးလုပ်သည်ကို မြင်သည်နှင့် ချူဖုန်းလည်း စွမ်းအင်များကို စုတ်ယူရန် ကြိုးစားလိုက်သည်။

ရွှီး…

နောက်ဆုံးတွင် ရွှေရောင်ဗောဓိသစ်ရွက်တစ်ရွက် လွင့်လာပြီး ချူဖုန်းလက်ပေါ်သို့ ကျလာသည်။ ထိုသစ်ရွက်တွင် သွေးများစွန်းထင်းနေသည်ကို တွေ့ရမည်ပင်။

“ဘာဖြစ်နေတာလဲ..” သူ အံ့အားသင့်သွားရ၏။

“ဒီဘုန်းကြီးအိုကြီးလည်း အရင်က ရွှေရောင်ဗောဓိရွက်တစ်ချို့ကို ဖမ်းရခဲ့ဖူးတယ် .. ဒါပေမဲ့ တစ်ခုမှ သွေးစွန်းမနေဘူး” ချန်းကျားလည်း တုန်လှုပ်သွားရသည်။

“စိတ်ဝင်စားဖို့ ကောင်းတာပဲ..” နေရာလွတ်ကြီးကို ချူဖုန်း စိုက်ကြည့်လိုက်သည်။ အဲဒီတောင်မှာ အပြင်လောကကို သတင်းပို့ပေးချင်နေတဲ့ သက်ရှိတစ်မျိုးမျိုး ရှိနေတာလား..

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။ ကမ္ဘာကြီး နောက်တစ်ကြိမ်ပြောင်းလဲသည့်အချိန် ဤကဲ့သို့သော ဗုဒ္ဓတောင်တစ်တောင် အသက်ဝင်လာလျှင် ဤသည်မှာ ကံကောင်းခြင်းလား ကံဆိုးခြင်းလား ပြောရန်ခက်လိမ့်မည်။

ရုတ်တရက် ချူဖုန်း ထိတ်လန့်သွားရသည်။ အားလုံးသည် ပြောင်းလဲမှုကြီး တတ်နိုင်သမျှ မြန်မြန်ဖြစ်ရန် မျှော်လင့်နေကြသည်။ သူတို့သည် နတ်သစ်သီးများ၊ ကံကောင်းမှုများအတွက် ယှဉ်ပြိုင်ရန် စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း မည်သူမှ အခြားရှုထောင့်မှ မစဉ်းစားဖူးခဲ့ကြ။ ထိုပြောင်းလဲမှုထဲတွင် အန္တရာယ်များလည်း ပါလာနိုင်သည်ပင်။

“အမ် .. နှင်းကျနေတာလား..”

ချူဖုန်း အံ့အားတကြီး ခေါင်းမော့ကြည့်လိုက်သည်။

ကောင်းကင်ထက်တွင် နှင်းများ သိပ်သည်းစွာ ကျဆင်းနေပြီး ခဏနေပြီးနောက် တောင်တစ်ခုလုံး ငွေဖြူရောင်ဖုံးလွှမ်းသွားတော့သည်။

ဘာဖြစ်နေတာလဲ.. ပြောင်းလဲမှုများ စတင်လာကတည်းက ကမ္ဘာကြီး၏အပူချိန်မှာ မျှတနေခဲ့ပြီး မည်သည့်ရာသီဥတုတွင်မှ မပြောင်းလဲခဲ့။ ဆောင်းရာသီ၏ အအေးဓာတ်ကို သူတို့မေ့လျော့လုနီးပါးပင်။

သို့သော် ယနေ့ညနေတွင်တော့ ရုတ်တရက်ကြီး နှင်းကျလာခဲ့သည်။

ကမ္ဘာကြီး နောက်တစ်ကြိမ် ပြောင်းလဲတော့မယ်…

အပိုင်း ၂၆၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset