ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၅ – ကွမ်ရင်မယ်တော်နယ်မြေ
တောအုပ်ထဲ၌ မီးခိုးပြာဝံပုလွေအကောင် နှစ်ဆယ်ကျော်ရှိပြီး သူတို့အမွေးများမှာ သတ္တုရောင်တောက်ပနေပြီး ဖြူဖွေးနေသည့် အစွယ်များမှာလည်း ဓားမြောင်များနှင့် တူနေသော်လည်း သူတို့မျက်လုံးထဲတွင်တော့ ကြောက်ရွံ့မှုများသာ ရှိနေသည်။ သူတို့ ချက်ချင်းပင် ပြန်ဆုတ်သွားကြလေ၏။
ချူဖုန်းနှင့်တိုက်ပွဲမှာ အဖျားရှူးသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ပြေးဝင်လာသည့် ဝံပုလွေဆယ်ကောင်လုံး ချူဖုန်းရိုက်ချက်ကြောင့် သေဆုံးသွားကြလေပြီ။
ကမ္ဘာကြီး ပြောင်းလဲပြီးမကြာခင် သူတို့မျိုးနွယ်စုမှ ဘုရင်တစ်ပါး ထွက်ပေါ်ခဲ့သောကြောင့် ယခင်က သူတို့မျိုးနွယ်စု အင်အားကြီးခဲ့သေးသည်။
သို့သော် ကံမကောင်းစွာဖြင့် မီးခိုးပြာဝံပုလွေဘုရင်သည် ဒေါင်းဘုရင်အမိန့်ကို နာခံပြီး ကုန်းမြေမှ ပြဿနာရှာပြီး လူသားမျိုးနွယ်စု ကျွမ်းကျင်သူများ မျက်စိစပါးမွေးစူးအောင် လုပ်ခဲ့သောကြောင့် ပြန်ပေးဆပ်လိုက်ရသည်။ ထိုအချိန်မှစကာ မျိုးနွယ်စုလည်း အင်အားနည်းလာခဲ့သည်။
“နတ်ဆိုးဘုရင်ချူ .. ငါ မင်းနဲ့ အဆုံးထိတိုက်မှာ .. မင်း ငါတို့ဘုရင်ကို သတ်ခဲ့လို့ ငါတို့မျိုးနွယ်စု အင်အားနည်းလာရတာ… မင်းက လူသတ်သမား..ပဲ”
သူတို့ တောင်းပန်လျှင်ပင် ချူဖုန်း သူတို့ကို ညှာတာပေးမည်မဟုတ်သည်ကို သိနေသောကြောင့် သူတို့အားလုံး ထင်ရာစိုင်းလာကြသည်။
“ဝူး…” ဝံပုလွေအုပ်ကြီး အူလာသည်။ သူတို့ ပါးစပ်ဟလိုက်သည်နှင့် လေထဲ သွေးနံ့ပျံ့လွင့်လာကာ ချူဖုန်းကို စတင်တိုက်ခိုက်ကြတော့သည်။
ကံမကောင်းစွာဖြငင့် သူတို့ ချူဖုန်းကို နိုင်နိုင်ချေ နည်းနည်းမှမရှိ။ သူတို့ကြားရှိ အဆင့်ကွာဟမှုမှာ ကြီးမားလှသည်။ သူ ထိုနေရာ၌ ရပ်နေပြီး သူတို့ကို စိတ်ကြိုက်ကိုက်ခိုင်းလျှင်ပင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်။
“မီးခိုးပြာဝံပုလွေက လူပေါင်း ၇ သိန်းကျော်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တာတောင် မင်းတို့တွေက င့ါကို လူသတ်သမားလို့ ခေါ်ရဲသေးတယ်ပေါ့..”
ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်ပြီး ဓားပျံကိုထုတ်လိုက်သည်။ ထို့နောက် အချိန်ဆွဲမနေတော့ပဲ ရေနဂါးနီတစ်ကောင်ထွက်ပေါ်လာသကဲ့သို့ တိုက်ခိုက်လာတော့သည်။
ထို့နောက်တွင်တော့ ခေါင်းများပြုတ်ကျလာသည့်အသံ တစ်သံပြီးတစ်သံ ထွက်ပေါ်လာတော့သည်။
ဤနေရာတွင် အသက်ကြီးနေသည့်ဝံပုလွေများ၊ မသန်မစွမ်းဖြစ်နေသည့် ဝံပုလွေတစ်ကောင်မှမရှိ။ အားလုံးမှာ သန္ဓေပြောင်းကျွမ်းကျင်သူများပင်။
ချူဖုန်း ခြေလှမ်းကျယ်များဖြင့် တောအုပ်ထဲမှ ထွက်လာပြီး အဓိကဖူထော်တောင်ထိပ်သို့ သွားလိုက်သည်။ ဤနေရာတွင် သစ်ပင်များ စိမ်းစိုနေပြီး ဝိညာဉ်အော်ရာလည်း သိပ်သည်းလှသည်။
တစ်နေ့လုံး လျှောက်လာပြီးနောက် သူ တောင်ထိပ်ပေါ်သို့ ရောက်ရှိလာသည်။
ကျောက်စိမ်းဝါးပင်များ လေထဲ၌ ယိမ်းနွဲ့နေကာ ဘုန်းကြီးကျောင်းမှ ကြေးခေါင်းလောင်းသံလေးလည်း လွင့်ပျံနေသောကြောင့် ဤမြင်ကွင်းမှာ စိတ်အေးချမ်းစရာ ကောင်းလှသည်။
အစပိုင်းတွင် ဖူထော်တောင်မှာ မီတာသုံးရာပင်မရှိ။ နာမည်ကြီးတောင်များထဲတွင် အနိမ့်ဆုံးတောင်ဟု သတ်မှတ်၍ရသည်။ သို့သော် ယခုတော့ တောင်ကြီးမှာ ကျယ်ပြန့်ကာ ခမ်းနားလှသည်။ တောင်အမြင့်မှာ မီတာတစ်သောင်းနီးပါးရှိနေပြီး တောင်ထိပ်တွင် ဗုဒ္ဓအော်ရာနှင့်အတူ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။
“ဒါက သူ့ပုံစံအမှန်လား..” ချူဖုန်း သက်ပြင်းချလိုက်သည်။ ဤတောင်သည် မီတာသုံးရာမှ ယခုအမြင့်ထိသို့ ရောက်လာပြီး ဘေးပတ်လည်တွင်လည်း တိမ်များစွာ ဝန်းရံနေသည်။ ဤသည်မှာ ကြီးမားလှသည့် ပြောင်းလဲမှုကြီးပင်။
တောင်တစ်လျှောက်တွင် ဝါးခင်းများနှင့်အတူ ထင်းရှူးပင်များနှင့် ဆိုက်ပရပ်စ်ပင်များလည်း အလှဆင်နေသည်။ ဝါးခင်းများထဲတွင် ရှေးဘုန်းကြီးကျောင်းများ ရှိနေ၏။ ထိုဘုရားကျောင်းများမှာ ဟောင်းနွမ်းနေပြီဖြစ်သော်လည်း မြင့်မြတ်သည့်အော်ရာများ ထုတ်လွှတ်နေဆဲပင်။
“ဒုန်း…”
ခေါင်းလောင်းတီးလိုက်သည့်အသံမှာ နားကန်းနေသည့်သူကိုပင် အသိဝင်စေနိုင်လောက်သည်။
တောင်တစ်ဝက်တွင် ကြေးကနားတစ်ခုရှိနေပြီး ထိုကနားထဲတွင် ကြီးမားလှသည့် ခေါင်းလောင်းတစ်လုံးကို ချိတ်ဆွဲထားလေ၏။
ချူဖုန်း အံ့အားသင့်သွားကာ ခေါင်းလောင်းကို သေချာကြည့်လိုက်သည်။ သို့သော် ဤသည်မှာ မှော်လက်နက်တစ်ခုမဟုတ်ပဲ သာမန်ခေါင်းလောင်းတစ်လုံးသာဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ တောင်ပေါ်သို့ ထပ်တက်လာလိုက်သည်။ လမ်းတစ်လျှောက်တွင် ရှေးဟောင်းဘုရားကျောင်းများနှင့်အတူ လူသားများ လတ်တလောတွင် ဆောက်ထားသည့် ဗီလာအချို့လည်း ရှိနေသည်။
“ဘောဓိအဖွဲ့က အလုပ်လုပ်တာ တော်တော်မြန်တာပဲ..”
ဗီလာများကို အချောသပ်ပြင်ဆင်ရင်း အလုပ်များနေသည့်လူများစွာကို သူ တွေ့လိုက်ရသည်။
အစပိုင်းတွင် သူ့ကို မည်သူမှ သတိမထားမိ။ သို့သော် ချူဖုန်း ရှေးဟောင်းဘုရားကျောင်းများ ရှိနေသည့်နားသို့ သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနားတွင် သန္ဓေပြောင်းသစ်ပင်များ ရှိနေသည်ကို သူတွေ့လိုက်ရသည်ပင်။ ထိုအပင်များမှာ အသီးသီးပြီးသွားပြီဖြစ်ပြီး ခူးလည်းခူးပြီးသွားလေပြီ။
“ရပ်လိုက် … ဘယ်သူလဲ..”
ရှေးဟောင်းဘုရားကျောင်းမှ လူတစ်ဦးထွက်လာပြီး သူ့လမ်းကို ပိတ်ရပ်လိုက်သည်။
“ခရီးသွားတစ်ယောက်ပါ .. ကျွန်တော် တောင်ပေါ်ကို တက်လို့မရဘူးလား..” ချူဖုန်း ပြုံး၍ မေးလိုက်သည်။
“မင်း .. ချူဖုန်း..” ထိုလူ ထိတ်လန့်သွားလေ၏။
မီးခိုးပြာဝံပုလွေလူမျိုးစုမှ သတင်းထုတ်ခဲ့သော်လည်း အားလုံးမှာ အလုပ်များနေသောကြောင့် အင်တာနက်ပေါ်မှ သတင်းများကို အရေးမစိုက်နိုင်ကြ။
“မင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီး သေမလိုဖြစ်နေတာ မဟုတ်ဘူးလား.. ဘာလို့ ဒီမှာ ရှိနေတာလဲ..” ဘုရားကျောင်းထဲတွင် ဘုန်းကြီးများမရှိ၊ သန္ဓေပြောင်းလူများသာ ရှိသည်။ သူတို့အားလုံးသည် ချူဖုန်းကို ဤနေရာ၌ တွေ့လိုက်ရသည့်အတွက် အံ့အားသင့်နေကြသည်ပင်။
နတ်ဆိုးဘုရင်ချူ အဘယ်ကြောင့် တောင်ပေါ်သို့ တက်လာမှန်း မသိရသောကြောင့် တောင်ထိပ်ပေါ်သို့ ချက်ချင်း သတင်းပို့ချင်ခဲ့ကြသည်။
ခွပ်…
မျက်စိတစ်မှိတ်အတွင်းမှာပင် အခန်းထဲရှိ ဖုန်းအားလုံး ကြေမွသွားလေ၏။
သူ လက်ဝေ့ရမ်းလိုက်သည်နှင့် သန္ဓေပြောင်းလူအားလုံး သတိလစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
သူ ထိုနားတစ်ဝိုက်ကို ပတ်လျှောက်လိုက်ပြီး သန္ဓေပြောင်းသစ်ပင်နားမှ မြေကြီးများကို တူးထုတ်လိုက်သည်။ ဤမြေကြီးများမှာ ကျောက်တုံးသေတ္တာထဲရှိ မျိုးစေ့အား စိုက်ပျိုးရန် သင့်တော်မလား သူသိချင်သည်။
အဆုံးသတ်တွင်တော့ သူ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။ ဤနေရာရှိ မြေကြီးအရည်အသွေးမှာ မလုံလောက်သေး။
သို့သော် ဖူထော်တောင်မှာ မီတာတစ်သောင်းကျော်မြင့်ပြီး သူသည် ယခုမှ မီတာခြောက်ထောင်သာ ရှိသေးသည်။ တောင်ထိပ်၌ မျှော်လင့်ချက် ရှိနိုင်သေးသည်။
ဝှစ်…
ချူဖုန်း အရှိန်တင်ကာ တောင်ပေါ်သို့ ပြေးတက်သွားလိုက်သည်။ ခဏကြာပြီးနောက် သူ တောင်ထိပ်နားသို့ ရောက်လာသည်။
ဤနေရာတွင် ဝိညာဉ်အော်ရာ သိပ်သည်းလှပြီး ခရမ်းရောင်ဝါးပင်များလည်း လေနှင့်အတူ ယိမ်းနွဲ့နေသည်။
“ဒီမှာ တကယ်ကို ခရမ်းရောင်ဝါးခင်းကြီး ရှိနေတာပဲ..”
မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ အဆုံးမရှိသည့် ကျောက်စိမ်းပင်လယ်ကြီးသည် ကောင်းကင်နှင့် ထိလုမတတ်ဖြစ်နေပြီး ထိုပင်လယ်ကြီးထက်သို့ ရွှေရောင်နေရောင်ခြည်လည်းဖြာကျနေသည်။
ဤနေရာသို့ ရောက်လာသည်နှင့် ဗုဒ္ဓရွတ်ဖတ်သံများမှာ ပို၍ရှင်းလင်းလာသည်။ ထိုအသံများမှာ နက်ရှိုင်းကာ ဂုဏ်သရေရှိလှသည်။
“ဖူထော်တောင်က ကွမ်ရင်မယ်တော်နေတဲ့နေရာလို့ ပြောကြတယ် .. ရွှေရောင်အလင်းတန်းတွေ ရောနေတဲ့ ကျောက်စိမ်းပင်လယ်နဲ့ ဝိညာဉ်စွမ်းအင် စီးဆင်းနေတဲ့ ခရမ်းရောင်ဝါးအုပ်ကို တွေ့လိုက်ရတော့ ဉာဏ်တွေ ပွင့်သွားသလို ခံစားလိုက်ရတယ်”
အဆင့်လွန်သန္ဓေပြာင်းပုဂ္ဂိုလ်တစ်ဦးသည် သူ အင်အားကြီးပုဂ္ဂိုလ်ဖြစ်မလာခင်အချိန်၌ ဤနေရာ၌ ဒဏ္ဍာရီများစွာကို ဖန်တီးခဲ့သည်ပင်။
ဤနေရာရှိမြင်ကွင်းမှာ အတော်ေလး ထူးခြားလှသော်လည်း ဘောဓိအဖွဲ့မှာ ခရမ်းရောင်ဝါးခင်များကို လက်လွတ်စပယ်မထိရဲ။ သူတို့သည် တစ်ခုခုကို နားလည်ထားသည့်အတိုင်း အပြင်ဘက်၌သာ ဗီလာများ တည်ဆောက်ထားလေ၏။ တောက်ပနေသည့် ဝါးခင်းကြီးမှာလူတစ်ယောက်ကို အတွေးများစေနိုင်သည်ပင်။
အားလုံးလိုလို ကွမ်ယင်မယ်တော်နှင့် တောင်ပင်လယ်မှ ခရမ်းရောင်ဝါးပင်များအား ရင်းနှီးနေသည်ပင်။
ချူဖုန်း ဘေးပတ်လည်ကို ကြည့်လိုက်သည့်အချိန်တွင် တွေ့လိုက်ရသည့် မြင်ကွင်းတစ်ခုကြောင့် သူ တုန်လှုပ်သွားရသည်။ သူသည် ကျောက်လမ်းလေးအတိုင်း ပုံမှန်သွားလိုက်ပြီးနောက် ဝါးခင်းထဲတွင် ကနားတစ်ခု ရှိနေပြီး ထိုထဲတွင် မိန်းမလှလေးတစ်ဦး ဗုဒ္ဓကျမ်းစာတစ်ခု ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
သူမ၏နူးညံ့သည့် ဆံနွယ်သည် ရေတံခွန်ကဲ့သို့ ကျောထက်၌ ဖြာကျနေကာ သူမပုံရိပ်မှာ ပြည့်စုံခြင်း၏ပြယုဂ်ပင်။ ခရမ်းရောင်ဝါးခင်းကြီးတွင် မြူခပ်ပါးပါး လွှမ်းခြုံထားသောကြောင့် ဤနေရာမှာ ကောင်းကင်ဘုံနှင့်ပင် တူနေသည်။
ချူဖုန်း သူ့ကိုယ်သူ ဖုံးကွယ်ထားမနေပဲ ထိုပုံရိပ်လေးထံသို့ လျှောက်သွားလိုက်သည်။
ထိုနေရာသို့ ရောက်သည်နှင့် ကျောက်စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ထဲမှ မွှေးရနံ့ကို ရလိုက်သည်။
ကျမ်းစာမှာ နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အဝါရောင်သို့ ပြောင်းလဲနေပြီဖြစ်သော်လည်း ထိုကျမ်းစာထက်မှ လက်လေးမှာတော့ ဖြူဖွေးတောက်ပနေသည်။ ထိုဆန့်ကျင်ဘက်နှစ်ခုမှာ ထူးခြားလွန်းလှသည်။
သူ ရောက်လာသည်ကို အာရုံခံမိသွားသည်နှင့် ထိုမိန်းမလှလေး လှည့်ကြည့်လာသည်။ သူမသည် ဘဲဥပုံမျက်နှာရှိပြီး အသားအရေမှာ ကောင်းမွန်လှသည်။ မျက်ခုံးများမှာ နက်မှောင်လှပြီး ကျောက်စိမ်းနှင့်တူသည့် မျက်လုံးများမှာ သက်ဝင်တောက်ပနေသည်။
သူမပုံစံမှာ ပြီးပြည့်စုံလှပြီး အပြစ်ဟူ၍ ဆိုစရာမရှိ။
ချူဖုန်းအား တွေ့လိုက်ရသည်နှင့် သူမ အံ့အားသင့်သွားကာ နီရဲနေသည့် နှုတ်ခမ်းလေး ပွင့်ဟလာကာ ပုလဲတန်းသွားများကို လှစ်ဟပြလာသည်။ သူမ၏မျက်ဝန်းများမှာ ချူဖုန်းအားကြည့်ရင်း ဝိုင်းစက်လာလေ၏။
“ရှင်က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ..” သူမ ထိတ်လန့်တကြား ပြောလိုက်သည်။
“မင်းတို့ ဘောဓိအဖွဲ့တင်ပါးကို လာရိုက်ဖို့လေ..” ချူဖုန်း ပြောလိုက်သည်။
မိန်းမပျိုလေး ထရပ်လုိက်သည်။ ခရမ်းရောင်ဝါးခင်းနောက်ခံနှင့် သူမ ပုံရိပ်မှာ ပန်းချီကားချပ်တစ်ချပ်ကဲ့သို့ပင်။
ချူဖုန်း ထူးဆန်းသည့်အမူအရာ ဖြစ်သွားသည်။ သူ့ရှေ့မှ မိန်းမပျိုလေးကို သူမှတ်မိသော်လည်း သူမ အသွင်အပြင်မှာ ယခင်ကနှင့် အတော်လေး ခြားနားနေသည်။
ယခင်က ကျန်းလော့ရှန်းလည်း လှပသည်။ သူမသည် ကျက်သရေရှိကာ ဆွဲဆောင်မှုရှိသည့် အလှမျိုးရှိသည့်သူပင်။
သို့သော် သူမ ယခုပုံစံမှာ ကြည်လင်ရှင်းတောက်လွန်းနေသည်။ လက်ထဲတွင်လည်း ဗုဒ္ဓကျမ်းစာ ကိုင်ထားသောကြောင့် သူမသည် ကွမ်ရင်မယ်တော်ကဲ့သို့ တည်ငြိမ်အေးချမ်းနေသည်။
ကံမကောင်းစွာဖြင့် သူမ ထိုပုံစံကို ကြာကြာမထိန်းထားလိုက်နိုင်။ ချူဖုန်းကို တွေ့သည်နှင့် ထိုပုံစံ ပျောက်ကွယ်သွားတော့သည်။ “ရှင်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီးတော့ ရက်ပေါင်းများစွာ ပျောက်သွားတာလို့ ပြောနေကြတာ .. လက်စသပ်တော့ ရှင်က ဖူထော်တောင်မှာ ပုန်းနေတာပဲ..” သူမ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“မင်း အပြင်လောကနဲ့ ကင်းကွာနေတာ ကြာပြီလား … အပြင်မှာ ဖြစ်နေတဲ့ကိစ္စတွေကိုတောင် မင်းမသိဘူး.. ငါ ဒီကို ကိုယ့်ဘာသာကိုယ်လာတာ လာပုန်းတာမဟုတ်ဘူး..” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
“ရှင် ကျွန်မတို့ဆီက ဖူထော်တောင်ကို လာလုတာတော့ မဟုတ်ဘူးမလား..” ကျန်းလော့ရှန်း သူ့ကို ကြည့်လိုက်သည်။ “ကျွန်မ ရှင့်ကို မြန်မြန်ထွက်သွားဖို့ အကြံပေးချင်တယ် .. တောင်ပေါ်မှာက အတော်လေး အန္တရာယ်များတယ်..”
“သားရဲမျိုးနွယ်စုနဲ့ ပူးပေါင်းထားတာလေးပဲ မဟုတ်ဘူးလား .. ဒီနေရာမှာ အခြေချနေတဲ့ ငှက်ဘုရင်တစ်ကောင်ရှိတယ်မလား … ငါ သူ့ကို လာသတ်တာ..” ချူဖုန်း ထူးမခြားနားစွာ ရယ်မော၍ ပြောလိုက်သည်။
“ရှင်…” ကျန်းလော့ရှန်း အံ့အားသင့်သွားရသည်။
“အမှန်အတိုင်းပြောရရင် ငါ စာရင်းတစ်ချို့ရှင်းဖို့ လာတာ .. ငါ့ကို လုပ်ကြံတဲ့ထဲမှာ ဘောဓိအဖွဲ့မပါဖို့ မျှော်လင့်တယ် .. မဟုတ်ရင် ငါ ဒီတောင်ကို ဖြိုချပစ်မှာ..” ချူဖုန်း၏အကြည့်များ မှုန်မှိုင်းလာသည်။
“နတ်ဆိုးဘုရင်ချူ .. ရှင်ဘာတွေ လျှောက်ပြောနေတာလဲ..” ကျန်းလော့ရှန်း ရှုပ်ထွေးသွားရသည်။ တစ်ဖက်လူ စနောက်နေခြင်းမဟုတ်ကြောင်း သူမ ခံစားရသည်။
ဖတ်…
ချူဖုန်း လျှောက်လာရင်း တစ်ချက်ရိုက်လိုက်၏။ ထိုအသံမှာ နားထောင်ကောင်းလှသည်။
သေချာသည်မှာ သူ မျက်နှာကို ရိုက်လိုက်ခြင်းမဟုတ်။ လုံးဝိုင်းနေသည့် တင်ပါးမှာ ရိုက်ချက်ကြောင့် အနည်းငယ် တုန်ခါသွားလေသည်။
“ရှင်…” သူမ ဒေါသထွက်သွားရသည်။ သူမသည် ခြိမ်းခြောက်သည့်ပုံစံဖြစ်သွားကာ သူမ၏ကြည်လင်ငြိမ်းချမ်းသည့်ပုံစံ ပျောက်ကွယ်သွားလေ၏။
“ငါ မင်းကို တကယ်ပြောချင်တာက ဘုရင်အဆင့်သက်ရှိတွေနဲ့ မရှုပ်တာ ပိုကောင်းလိမ့်မယ် .. ပြီးတော့ မင်းကို သိစေချင်တာက ငါတို့ဆက်ဆံရေးဘယ်လောက်ကောင်းကောင်း င့ါကိုလုပ်ကြံတဲ့ထဲ ဘောဓိပါ ပါနေရင် ငါ ညှာတာပေးမှာမဟုတ်ဘူး..”
ချူဖုန်း အလွန်တည်ငြိမ်စွာပင် ပြောလိုက်သောကြောင့် သူကို အန္တရာယ်များသည့်သူဟုပင် မထင်ရတော့။
ကျန်းလော့ရှန်းကတော့ သူပြောသည်ကို ယုံကြည်သည်။ နတ်ဆိုးဘုရင်ချူသည် လူသတ်ရန်ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာခြင်းဖြစ်ကြောင်း သူမ မသိစိတ်မှ ပြောပြနေသည်။
“ရှင်ဘာတွေ ဖြစ်ခဲ့တာလဲ .. ဘောဓိအဖွဲ့က ရှင့်ကို လုပ်ကြံပါတယ်လို့ ဘာလို့ထင်နေတာလဲ..” ကျန်းလော့ရှန်း စိတ်ငြိမ်အောင်လုပ်ပြီး ရှင်းပြလိုက်သည်။ “ကျွန်မတို့ ဒီတောင်ကို သိမ်းနိုင်ဖို့အတွက် ဒေါင်းဘုရင်နဲ့ လက်တွဲခဲ့တာမှန်တယ် .. ဒါပေမဲ့ ရှင့်ကို လုပ်ကြံတဲ့ကိစ္စမှာ ကျွန်မတို့ ဘယ်တုန်းကမှ မပါဖူးဘူး…”
“မင်းစကားက သိပ်ပြီး အရေးမပါဘူး..” ထိုသို့ပြောပြီးနောက် ချူဖုန်း တောင်ပေါ်သို့ ဆက်တက်သွားသည်။ သူ့ခြေလှမ်းတစ်လှမ်းတိုင်း မီတာတစ်ရာ ဖြတ်ကျော်သွားလေ၏။
ကျန်းလော့ရှန်း တုန်လှုပ်သွားပြီး သူ့မျက်နှာထက်၌ အံ့အားသင့်ခြင်းအပြည့်ပင်။ အမှန်တကယ်တော့ ဤကိစ္စနှင့်ပတ်သက်၍ သူမ ယုံကြည်ချက် သိပ်မရှိ။ အဲဒီလူအိုကြီးတွေ ပါခဲ့တာများလား…
နောက်တစ်ခဏတွင် သူမ ချူဖုန်းနောက် ပြေးလိုက်သွားတော့သည်။ သူမ၏ ခြေတံရှည်များသည် လျင်မြန်စွာနှင့် ကျက်သရေရှိစွာ လှုပ်ရှားနေသော်လည်း သူမ ချူဖုန်းအရိပ်ကိုသာ မြင်လိုက်ရသည်။ ချူဖုန်းသည် ပုံမှန်အတိုင်းသာ သွားနေသော်လည်း သူ့အရှိန်မှာ အလွန်လျင်မြန်လှသည်။
ချူဖုန်း လက်နောက်ပစ်ထားကာ ခမ်းနားလှသည့် ဗုဒ္ဓဘုရားကျောင်းများကို လေ့လာလိုက်သည်။ ရှေးဟောင်းအဆောက်အဦးတစ်ခုရှေ့တွင် ဗောဓိပင်တစ်ပင်ရှိနေ၏။ ထိုအပင်၏ ပင်စည်မှာ ရေစည်တစ်ခုနီးပါး ထူထဲလှပြီး အခေါက်များလည်း အက်ကွဲနေကာ သစ်ရွက်များမှာ ရွှေရောင်ဖျော့လေး သန်းနေသည်။
“ကောင်းလိုက်တာ .. နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ ဘုရားကျောင်းရှေ့က နတ်သစ်ပင်ကြီးက အခုမှ အရွက်နုတွေ ထွက်ခါစပဲ ရှိသေးတယ် အဖူးတောင်မဖူးသေးဘူး” ချူဖုန်း၏အကြည့်များ နက်ရှိုင်းနေသည်။
ဤသစ်ပင်နှင့် ရှေးဟောင်းဘုရားကျောင်းများမှာ အစကတည်းက ရှိနေခြင်းမဟုတ်။ ကမ္ဘာကြီးပြောင်းလဲသွားမှ ပေါ်လာခြင်းပင်။
“ဒီနေရာက အဆင့်လွန်သက်ရှိတွေ အဆင့်တက်တဲ့နေရာဖြစ်လောက်တယ် .. ဒီမှာ ထူးခြားတဲ့ပစ္စည်းတွေ ကျန်ခဲ့နိုင်တယ်..” ချူဖုန်း စဉ်းစားလိုက်သည်။
သူသည် တောင်ပေါ်သို့တက်လာစဉ်တစ်လျှောက်လုံး သူ့အော်ရာကို ဖုံးကွယ်ထားခြင်းမရှိသောကြောင့် ဘေးနားပတ်လည်မှလူအားလုံး ထိတ်လန့်သွားကြလေ၏။
ကျန်းလော့ရှန်း ယခုမှ သူ့ကိုမှီသွားတော့သည်။ သူမသည် အလွန်မောဟိုက်နေကာ ချွေးသီးများ စီးကျနေလေ၏။
“အော်မီထော်ဖော်…”
ဘုန်းကြီးအိုတစ်ပါးပေါ်လာသည်။ ဤဘုန်းကြီးမှာ အသက်တစ်ရာကျော် ရှိမည့်ပုံပင်။ သူသည် အတော်လေး ပိန်ပါးဖြေပြီး အသားအရေလည်း ဖြူဖျော့နေသည်။ သူသည် ရဟန္တာတစ်ပါးကဲ့သို့ သင်္ကန်းစီးထားပြီး လျှပ်စီးလက်သကဲ့သို့ ချူဖုန်းရှေ့ ရုတ်တရက် ပေါ်လာလေသည်။
“ဘုန်းဘုန်း နောက်ဆုတ်နေပေးပါ .. ကျွန်တော် ဒေါင်းမျိုးနွယ်စုနဲ့ အရင်စာရင်းရှင်းဦးမယ် .. နောက်မှ ဘုန်းဘုန်းအလှည့်” ချူဖုန်း လက်နောက်ပစ်ထားဆဲပင်။ အထင်ကြီးစရာကောင်းလှသည့် ရွှေရောင်ဘုန်းကြီးကို တွေ့နေရသော်လည်း သူ မကြောက်။
ထို့နောက် ဒေါင်းမျိုးနွယ်စုမှ ကျွမ်းကျင်သူအချို့၏ အော်ရာရနေသည့် ရှေးဟောင်းဘုရားကျောင်းတစ်ခုကို လှည့်ကြည့်လိုက်သည်။
ထိုဘုရားကျောင်း၏တံခါး ပွင့်လာကာ လူအချို့ ထွက်လာ၏။ ထိုလူအားလုံးမှာ ဒေါင်းမျိုးနွယ်စုမှ လူများပင်။
သူတို့သည် ကောင်းကင်ဘုံ၏မျက်နှာသာပေးခြင်းခံထားရသကဲ့သို့ အားလုံးမှ ချောမောလှပကြသည်။ သူတို့မျက်နှာသွင်ပြင်မှာ သိမ်မွေ့လှပြီး သူတို့နောက်မှ ခရမ်းရောင်ဆံပင်ရှည်များမှာလည်း ဆွဲဆောင်မှု ရှိလှသည်။
“ချူဖုန်း မင်းက ငါတို့မျိုးနွယ်စုမြေထဲကို ကျူးကျော်ရဲတယ်ပေါ့..” ဒေါင်းမျိုးနွယ်စုမှ လှပသည့်အမျိုးသားတစ်ဦး ပြောလိုက်သည်။ သူသည် အသက် ၂၀ ကျော်သာ ရှိဦးမည့်ပုံပေါ်သော်လည်း ခွန်အားအရဆိုလျှင် သူသည် သားရဲဘုရင်တစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
“မင်းက စကားကို ပေါ့ပေါ့တန်တန် ပြောနေတာပဲ .. ငါက မင်းတို့ကို သတ်ဖို့လာခဲ့တာ..” ချူဖုန်း သူတို့ကို စိုက်ကြည့်လိုက်သည်။
“ငါတို့မျိုးနွယ်စုဘုရင်က ပြိုင်ဘက်ကင်းတယ်လို့အများက လက်ခံထားတဲ့သူ .. မင်း လက်လွတ်စပယ်လုပ်ရင် သူ မင်းကို လွှတ်ပေးထားမှာမဟုတ်ဘူး .. မင်း အရမ်းတွေ အစွမ်းထက်နေရင် သူနဲ့သွားတိုက်လေ” ထိုဘုရင်တစ်ဝက်အဆင့်သားရဲ ပြောလိုက်သည်။
“ငါ သူနဲ့တိုက်ချင်ပါတယ် .. ဒါပေမဲ့ သူ ထွက်ပြေးသွားခဲ့တယ်လေ .. ပြီးတော့ ဒီတစ်ခေါက် သူ စည်းကျော်သွားပြီ .. သူက င့ါမိဘတွေကို ဓားစာခံအဖြစ် သုံးခဲ့တယ်၊ ငါ့မိသားစုကို ခြိမ်းခြောက်ခဲ့တယ် .. အခု သူ့မျိုးနွယ်စုကို သတ်ဖို့အတွက် ငါရောက်လာတာ..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းလုပ်ရဲလား..” လှပသည့်မိန်းမပျိုလေးတစ်ဦး အော်ဟစ်လာသည်။ ဒေါင်းမျိုးနွယ်စုဖြစ်သောကြောင့် သူတို့သည် မွေးရာပါ မောက်မာကြသူများပင်။ ပုံမှန်ဆိုလျှင် မည်သူမှ သူတို့နှင့် လာမရှုပ်ရဲသောကြောင့် သူတို့သည် မောက်မာရသည်ကို ကျင့်သားရသွားပြီဖြစ်လေ၏။
“မင်းတို့မျိုးနွယ်စုကို တစ်ခါမှ မသတ်ဖူးတာလည်း မဟုတ်ပဲနဲ့ ငါက ဘာလို့ မသတ်ရဲရမှာလဲ.. မင်းကင့ါကို ဒီလိုမျိုးပြောရဲတယ်ဆိုတော့ မင်းကနေ စလိုက်တာပေါ့..” ချူဖုန်း ရပ်နေသည့်နေရာမှ လက်သီးဝေ့ရမ်းလိုက်သည်။
ခွပ်…
လက်သီးမှ စွမ်းအင်မှာ နေလုံးကြီး ပေါက်ကွဲသွားပြီး ပစ်မှတ်သို့ ဦးတည်သွားနေသကဲ့သို့ တောက်ပသည့်အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
“ရှင်…” ဒေါင်းမျိုးနွယ်စုမျာ၏ အမူအရာ လျင်မြန်စွာ ပြောင်းလဲသွားသည်။
ခရမ်းရောင်ဆံပင်နှင့် မိန်းမလှလေး ထွက်ပြေးချင်လာသည်။ သူမသည် နှိုးထခြင်းအဆင့်တွင် အဆင့်ကိုးသို့ရောက်နေပြီဖြစ်သောကြောင့် အတော်လေး ထူးချွန်သည့်သူဟု သတ်မှတ်၍ရသည်။ သို့သော် သူမ ထိုလက်သီးချက်ကို လုံးဝမရှောင်နိုင်တော့။
လက်သီးချက်ဖြင့် ထိမိသွားသည့်အချိန်တွင် သူမ အပေါ်သို့ ပြေးတက်ရန် ကြိုးစားနေဆဲပင်။ သူမ ဖူးခနဲ လေထဲမြှောက်တက်သွားပြီး တစ်စစီဖြစ်ပြီး အောက်သို့ ပြန်ပြုတ်ကျလာသည်။ သူမ အသက်ရှင်နိုင်စရာအကြောင်းမရှိတော့။
“နတ်ဆိုးဘုရင်ချူ .. ခင်ဗျား ရဲတင်းလိုက်တာ .. ကျုပ်တို့ပြိုင်ဘက်ကင်းအရှင် ခင်ဗျားကို လက်စားလာချေမှာ မကြောက်ဘူးလား..” ဒေါင်းမျိုးနွယ်စုတစ်ဦး ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ့မျက်လုံးများ နီရဲလာသည်။
“သူ့ကို ငါ့လာရှာခိုင်းလိုက် .. သူ လာမရှာရဲမှာပဲစိုးတာ .. င့ါမိဘတွေကို လာထိတာက င့ါဒေါသကို လာဆွတာပဲ.. ငါ သူ့ကို ပြန်ပေးဆပ်ခိုင်းမှာ..”
“ပြေး..” ဒေါင်းမျိုးနွယ်တစ်ဦးမှ အခြားသူများကို ထွက်ပြေးရန် ပြောလာသည်။
သူတို့အားလုံး ထွက်မပြေးချင်ကြ။ သူတို့ဒေါင်းမျိုးနွယ်စုကို မည်သူမှ လက်လွတ်စပယ်မလုပ်ရဲသော်လည်း ဤနတ်ဆိုးဘုရင်ချူက သတ်ဖြတ်ရန် ပြင်ဆင်နေသည်။
“ဘယ်သူ ထွက်ပြေးရဲလဲ..” ချူဖုန်း သူတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ရွှီး…
မျက်လုံးများ နီရဲနေသည့် လူငယ် သူ့အတောင်ပံများကို ဖြန့်ကျက်ကာ စတင်ပျံသန်းသွားလိုက်သည်။
“သွားကြစို့..” အခြားသူများလည်း သူတို့အချင်းချင်း တီးတိုးပြောလိုက်ကြသည်။ သူတို့ ထပ်နေနေလျှင် သေရုံသာ ရှိလိမ့်မည်။
ကျစ်…
ချူဖုန်း နွားနတ်ဆိုးအော်သံနှင့် ရေနဂါးနတ်ဆိုးအသံကို ပေါင်းစည်းလိုက်ကာ ကြောက်စရာကောင်းသည့် အသံလှိုင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးသည် နေမင်းကြီးကဲ့သို့ အလင်းများ တောက်ပနေပြီး သူ့ပါးစပ်မှ ရွှေရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာလေ၏။
ကြောက်စရာကောင်းသည့် အသံလှိုင်းမှာ ကောင်းကင်၊ မြေကြီးနှင့် တောတောင်များကိုပင် တုန်ခါသွားစေခဲ့သည်။
ဖူး…
ပျံသန်းသွားသည့် ဒေါင်းလူငယ် လေထဲ၌ ပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားသည်။
ချူဖုန်း ယခုထိ နေရာမရွေ့ရသေး။ သူတစ်ချက် ဟစ်ကြွေးလိုက်ရုံဖြင့် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားရကာ တောင်ထိပ်တစ်ခုလုံး တုန်ခါသွားရ၏။
“အား…”
ဒေါင်းမျိုးနွယ်စု မိန်းကလေး ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမမျက်နှာလည်း အရောင်အဆင်းကင်းမဲ့သွားသည်။
“အော်မီတော်ဖော်..” ရွှေရောင်အလင်း လွှမ်းခြုံထားသည့် ဘုန်းကြီးအိုကြီး တိတ်တဆိတ် တုန်လှုပ်သွားလေသည်။ ဤတိုက်ခိုက်မှုမှာ သူတို့၏ ခြင်္သေ့ဟိန်းသံထက်ပင် ကြောက်စရာကောင်းနေသည်။
ဤမြင်ကွင်းအား မြင်လိုက်ရသည့် ဘောဓိအဖွဲ့မှ လူများအားလုံး ဆွံ့အကာ တုန်လှုပ်သွားကြရသည်။
အဝေး၌ ရပ်နေသည့် ကျန်းလော့ရှန်းရင်ထဲ လှိုင်းထန်သွားရကာ ထိုမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ရပ်ကြည့်နေမိသွားသည်။ ဤအချိန်အတွင်း ချူဖုန်း မည်မျှစွမ်းအားကြီးလာသည်ကို တွေ့လိုက်ရပြီးနောက် သူမ တုန်လှုပ်သွားရသည်။
အပိုင်း ၂၆၅ ပြီး၏။