Switch Mode

Chapter – 264

တလောကလုံး တုန်လှုပ်သွားခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၄ – တစ်လောကလုံး တုန်လှုပ်သွားခြင်း

ယွမ်လော့တောင်မှာ သွေးများဖုံးလွှမ်းနေပြီး ထိုတောင်၌နေထိုင်သည့် သားရဲဘုရင်အားလုံး အသတ်ခံရလောက်လေပြီ။

ဤသတင်းပျံ့သွားသည်နှင့် အားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

မျိုးနွယ်စုအားလုံးမှာ ဆွံ့အသွားကြလေ၏။ အထူးသဖြင့် ယုံကြည်ချက်လွန်ကဲပြီး မောက်မောက်မာမာနေခဲ့ကြသည့် မျိုးနွယ်စုများပင်။ သူတို့အားလုံး ခေါင်းစခြေဆုံး အေးခဲသွားကြလေ၏။

အထူးသဖြင့် ချူဖုန်းကို ရန်လိုနေသည့်သူများမှာ ဤသတင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။

သို့သော် ဓာတ်ပုံများ၌ ရှင်းရှင်းလင်းလင်းပင် ဖော်ပြထားလေသည်။

ထိုတောင်မှ သားရဲဘုရင်များ ကျရှုံးသွားရုံသာမက ဆိုးရွားစွာ အဆုံးသတ်ခဲ့ရသည်။

အလင်းဖြင့်ဖုံးလွှမ်းထားသည့်သူသည် တစ်အုပ်လုံးကို သူတစ်ယောက်တည်း သတ်သွားခြင်းပင်။ သူ့လက်သီးချက်တစ်ချက်တိုင်း သားရဲဘုရင်များ တစ်စစီဖြစ်သွားကြရသည်။

သူသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

သာမန်လူများမပြောနှင့် စွမ်းအားကြီးသည့်ဘုရင်များပင် ဤဓာတ်ပုံများကို တွေ့ပြီးနောက် ကျောချမ်းသွားရသည်။

သားရဲမျိုးနွယ်စုများထံမှ ထွက်လာသည့်အစောပိုင်းအဆိုပြုချက်များမှာ လုံးဝမှားယွင်းနေသည်။ ယွမ်လော့တောင်သို့သွားသည့်သူများ ဆိုးရွားသည့်အဆုံးသတ်နှင့် ကြုံခဲ့ရသည်မှာ မှန်သော်လည်း သားကောင်မှာ ချူဖုန်းမဟုတ်ပဲ သူ့ကိုလုပ်ကြံသည့် သားရဲဘုရင်များ ဖြစ်နေသည်။

ထိုလူသားသည် မြက်နှုတ်သကဲ့သို့ သားရဲဘုရင်များ၏ အသက်များကို နှုတ်ယူခဲ့သည်ပင်။

နိုင်ငံပေါင်းစုံမှ ရိုက်ကူးထားသည့် ဂြိုလ်တုဓာတ်ပုံများတွင် အရာအားလုံးကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ အချို့သူများမှာ ဘာမှမခုခံလိုက်နိုင်ပဲ လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားခဲ့ကြသည်ပင်။

အချို့သားရဲဘုရင်များသည် လုံခြုံသည့်နေရာသို့ ပျံသန်းသွားရန် အတောင်ပံများ ဖြန့်ကျက်ခဲ့သော်လည်း ထိုလူသည် မီတာတစ်ထောင်ကျော်ကို ခုန်တက်လိုက်ပြီး လက်သီးတစ်ချက်တည်းဖြင့် သွေးမိုးရွာသွန်းအောင် လုပ်လိုက်သည်။

သားရဲမျိုးနွယ်စုများမှာ ပျံ့နှံ့နေသည့် ဓာတ်ပုံများကိုကြည့်ပြီး ဘာစကားမှ မပြောနိုင်တော့။ သူတို့စိတ်ထဲတွင် ကြီးမားလှသည့် အကြောက်တရားများသာ ရှိတော့သည်။

ဒီလောက်စွမ်းအားကြီးတဲ့ ရန်သူကို ဘယ်သူက ခုခံနိုင်မှာလဲ.. သူတို့သည် လုံးဝမတူညီသည့် အဆင့်၌ ရောက်နေကြသောကြောင့် လက်စားချေမည့်ကိစ္စကို စဉ်းပင် မစဉ်းစားရဲကြ။

တစ်ချိန်တည်းမှာပင် သူတို့ ယွမ်လော့တောင်သို့ မသွားမိသည့်အတွက် စိတ်အေးသွားရသည်။ မဟုတ်ပါက သူတို့လည်း အဆုံးသတ်သွားလောက်လေပြီ။

အချို့ခေါင်းမာသည့် သားရဲမျိုးနွယ်စုများသည် အမှန်တရားကို လက်မခံနိုင်ပဲ စုံစမ်းရန်အတွက် ယွမ်လော့တောင်သို့သွားခဲ့ကြသည်။ ထိုနေရာသို့ ရောက်သွားသည်နှင့် သူတို့အားလုံး ဖြူဖျော့သွားကြကာ ချောက်နက်ကြီးထဲသို့ကျသွားသလို ခံစားလိုက်ရသည်။

ဤနေရာတစ်ခုလုံး သွေးများဖြင့် နီရဲနေပြီး တောင်များမှာ ပြိုကျပျက်စီးနေသည်။ မြေပြင်ထက်၌လည်း မီတာပေါင်းများစွာ ကျယ်သည့် အက်ကွဲကြောင်းကြီး ရှိနေသည်။

စစ်မြေပြင်မှ ဓာတ်ပုံများကို မြင်လိုက်ရသည်နှင့် အားလုံး တုန်လှုပ်သွားကြရသည်။ ဤကိစ္စမှာ အနောက်နိုင်ငံများထိပင် ရောက်သွားလေ၏။

ဒါက ချူဖုန်းလား..

ထိုနတ်ဘုရားနှင့်တူသည့်ပုဂ္ဂိုလ်မှာ ချူဖုန်းလားဟု ခန့်မှန်းနေကြသည်။ အဘယ်ကြောင့်ဆိုသော် သားရဲဘုရင်များမှာ ချူဖုန်းရောက်လာမည်ကို စောင့်ဆိုင်းနေကြခြင်းပင်။

နောက်ဆုံးတွင် မုဆိုးများသာ အသတ်ခံခဲ့ရခြင်းဖြစ်သောကြောင့် ဤကိစ္စနောက်ကွယ်တွင် ချူဖုန်းရှိနေခြင်းများလား..

အပြင်လောကနှင့် အင်တာနက်နှစ်ခုလုံးတွင် အဆုံးမရှိသည့် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်နေသည်။

“ဟား ဟား .. ဒါက အရမ်းမိုက်တာပဲ .. ထာဝရချူ မသေနိုင်ဘူးဆိုတာ ငါသိတယ် .. သူ ပြန်လာပြီး သူ့ရန်သူတွေအားလုံးကို သတ်ပစ်မယ်ဆိုတာ ငါသိတယ်..”

အပျော်ဆုံးမှာ ချူဖုန်းကို ယုံကြည်ကြသည့် လူ၍ယ်များပင်။ ချူဖုန်း မသေနိုင်ကြောင်းသိလိုက်ရသည်နှင့် သူတို့ မျက်လုံးများပင် နီရဲလာကြသည်။

“ရဲရင့်မှုတွေကို ဂုဏ်ပြုသင့်တယ် .. ချူဖုန်းက မီးခိုးပြာဝံပုလွေကို သတ်ပြီး အရှေ့တိုင်းကျူးကျော်တပ်တွေကိုလည်း ရင်ဆိုင်ခဲ့တယ် .. သူက သန္ဓေပြောင်းဆိုတဲ့နာမည်နဲ့အညီ နေနေတာ .. အဲဒီကောက်ကျစ်တဲ့မိစ္ဆာသားရဲမျိုးနွယ်စုတွေရဲ့ အကောက်ကြံမှုကြောင့်သာ သူ သေသွားရရင် ကောင်းကင်ဘုံက တရားမျှတမှု မရှိတာပဲ..”

အချို့သူများ စိတ်လက်ပေါ့ပါး ပျော်ရွှင်နေသည့်အချိန်တွင် အချို့သူများက ထိတ်လန့်တုန်လှုပ်နေကြရသည်။

ချူဖုန်းအား ဝန်းရံတိုက်ခိုက်ခဲ့ကြသည့် အဖွဲ့အစည်းများမှ အေးဂျင့်များမှာ ဦးရေပြားများ ထုံကျဉ်လာကြလေ၏။ သူတို့ မကောင်းသည့်ခံစားချက်ရနေသည်။

“သူ အသက်ရှင်နိုင်လောက်သေးတယ် .. ဒါပေမဲ့ ယွမ်လော့တောင်လူက သူဖြစ်လိမ့်မယ်လို့ ငါမထင်ဘူး .. အချုပ်အနှောင်လေးခုဖြတ်တောက်ထားတာလေးနဲ့ သားရဲဘုရင်အုပ်စုလိုက်ကြီးကို သူဘယ်လိုလုပ် သတ်နိုင်မှာလဲ..”

အချို့လူများမှာ မကျေမနပ်ဖြစ်နေကြပြီး ယွမ်လော့တောင်မှ ကျွမ်းကျင်သူများမှာ ချူဖုန်းမဟုတ်ဟု ယုံကြည်နေကြသည်။

ထိုလူသည် နေမင်းကြီးတစ်လုံးကဲ့သို့ အလင်းများ လွှမ်းခြုံထားသောကြောင့် မည်သူမှ သူ မည်သူဖြစ်သည်ကို အတည်မပြုနိုင်။

“ဒီအရှက်မရှိတဲ့ နတ်ဆိုးဘုရင်ချူက ကျောက်စိမ်းဂူကျောင်းဆရာရဲ့ အကူအညီယူပြီးတော့ အဲဒီသားရဲဘုရင်အားလုံးကို သတ်ပစ်ခဲ့တာပဲ ဖြစ်လိမ့်မယ် .. အရမ်းရွံဖို့ကောင်းတာပဲ..”

သားရဲမျိုးနွယ်စုအချို့ ဒေါသတကြီး ဟစ်ကြွေးနေကြသည်။ သူတို့မျိုးနွယ်စုဘုရင်သည် ချူဖုန်းကိုသတ်ရန် ယွမ်လော့တောင်သို့ သွားခဲ့သော်လည်း သူသာ သေသွားခဲ့သောကြောင့် မျိုးနွယ်စုတစ်ခုလုံး တုန်လှုပ်နေကြပြီဖြစ်သည်။

သို့သော် ထိုအသံများမှာ လူထု၏မကျေနပ်သည့်အသံများအောက် ပျောက်ကွယ်သွားလေသည်။ သူတို့အသတ်ခံရသည်ကို မည်သူ့အား သွားအပြစ်တင်မည်နည်း..

လူသားများမပြောနှင့် သားရဲမျိုးနွယ်စုအချို့ပင် ခေါင်းခါရမ်းလာကြသည်။ ထိုသားရဲဘုရင်များ၏ သေဆုံးမှုကို မည်သူ့မှ အပြစ်တင်၍မရ။ အရည်အချင်းမရှိသည့် သူတို့ကိုသာ အပြစ်တင်ရလိမ့်မည်။

သားရဲမျိုးနွယ်စုအားလုံး လူသားများနှင့် မတည့်သည်မဟုတ်။ အများစုမှာ လူသားများနှင့် ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေနိုင်ပြီဖြစ်သည်။

“ဘိုးဘေး .. ဘိုးဘေး ဘယ်လိုလုပ် ဒီလိုမျိုး သေသွားရတာလဲ..”

“ဘုရင်တစ်ယောက်ဖြစ်လာဖို့ တာအိုလမ်းကြောင်းမှာ နှစ်ပေါင်းတစ်ရာ ဖြတ်ကျော်ခဲ့ရတယ် .. အခုတော့ ဘိုးဘေးက ဒီလိုပုံစံမျိုးနဲ့ သေသွားတာလား..”

နေရာမျိုးစုံမှ မျိုးနွယ်စုများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့မျိုးနွယ်စုဘုရင်၏ အကာအကွယ်မရှိတော့သဖြင့် သူတို့၏ နောင်လာမည့်နေ့ရက်များမှာ ခက်ခဲပင်ပန်းရတော့မည်ပင်။

နောက်ထပ်ပြောင်းလဲမှုတစ်ခု ရောက်လာတော့မည်ဖြစ်ပြီး ထိုအချိန်ကျလျှင် ခွန်အားက အရာရာကို ဆုံးဖြတ်သွားလိမ့်မည်။ ဘုရင်အဆင့်သက်ရှိမရှိတော့သဖြင့် သူတို့ အခြားသူများထက် နောက်ကောက်ကျကျန်တော့မည်မှာ သေချာနေသည်။

ဤတိုက်ပွဲမှာ ဘုရင်မျိုးနွယ်စုများစွာ၏ မျိုးဆက်များ နိမ့်ကျသွားအောင် လုပ်ပစ်ခဲ့သည်ဟု ပြော၍ရသည်။

အရှေ့တိုင်းနှင့် အနောက်တိုင်းနှစ်ခုလုံး တုန်လှုပ်နေကြလေပြီ။ ယွမ်လော့တောင်တိုက်ပွဲ၏အကျိုးသက်ရောက်မှုများမှာ သူတို့ထင်ထားသည်ထက် ပိုနေသည်။ သတင်းများ၌ပင် ခေါင်းစည်းသတင်းအနေဖြင့် ပါလာလေ၏။

အဲဒီလူက တကယ်ပဲ ချူဖုန်းလား .. ဤဆန်းကြယ်မှုကို ယခုထိ အတည်မပြုနိုင်သေး။

တစ်ကမ္ဘာလုံး၏အာရုံမှာ ဤလူအပေါ်၌သာ ရှိတော့သည်။

ဤလူ ချူဖုန်း ဖြစ်လိမ့်မည်ဟု အများစု ခန့်မှန်းနေကြသော်လည်း သူ အချိန်တိုအတွင်း ဤမျှစွမ်းအားကြီးရန်မှာ မဖြစ်နိုင်။

သူ အချုပ်အနှောင်ငါးခု ဖြတ်တောက်ပြီးသွားလျှင်ပင် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများနှင့် ယှဉ်နိုင်ဦးမည်မဟုတ်။

အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ပြီးသွားသည်နှင့် လုံးဝမတူညီသည့်အဆင့်တစ်ခုသို့ ရောက်သွားပြီဖြစ်သည်။ ထိုလူသည်ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ဖြစ်သွားပြီဖြစ်ပြီး အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများမှာ ထိုလူ၏တိုက်ခိုက်မှုကို ခုခံနိုင်ရန် ခက်ခဲလိမ့်မည်။

ဤသည်မှာ အားလုံး နားလည်ထားသည့်အရာပင်။

ဤအချက်မှာ ယခုအထိလည်း မှန်ကန်နေဆဲပင်။ သူတို့သည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်ကျွမ်းကျင်သူများနှင့် မယှဉ်နိုင်ကြောင်း၊ ထိုလူများနှင့်တွေ့လျှင် ပြေးသာပြေးခဲ့ဟု နွားဝါလေး သူ့ကို သတိပေးဖူးသည်။

ပထမဆုံးအချုပ်အနှောင်ငါးခုမှာ အဆင့်တစ်ခု၌ ရှိပြီး ခြောက်ခုမြောက်မှစကာ အခြားအဆင့်တစ်ခုသို့ ရောက်သွားသည်။ ငါးနှင့်ခြောက်ကြားတွင် ကြီးမားလှသည့် ကွာခြားချက်ကြီး ရှိနေသည်ပင်။

နွားနက်ကြီးသည် စွမ်းအားကြီးကာ ကြမ်းတမ်းသည့်သူဖြစ်သော်လည်း အချုပ်အနှောင်ငါးခု ဖြတ်တောက်ပြီးသည့်နောက်တွင်ပင် သူသည် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကို မယှဉ်နိုင်သေး။

သို့သော် ချူဖုန်းကတော့မတူ။

သူသည် သေခါနီးအချိန်တွင် လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့ပြီး သူ့ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်ခဲ့သည်။ ထို့အပြင် သူသည် အဆင့်တက်ရန်အတွက် သန္ဓေပြောင်းအသီးများကို မှီခိုခဲ့ခြင်းမဟုတ်။ ဝတ်မှုန်များကို မှီခိုခဲ့ခြင်းပင်။ ယခု ငါးခုမြောက် အချုပ်အနှောင်ဖြတ်တောက်သည့်အချိန်တွင် သူ ကိုယ့်အားကိုယ်သာကိုးခဲ့သည်။ ထို့ကြောင့်လည်း သူ အင်အားမှာ အားလုံးထက် ကျော်လွန်သွားခြင်းပင်။

ဤလူမည်သူဖြစ်သည်ကို လူသားနှင့် သားရဲနှစ်မျိုး ရှုပ်ထွေးနေကြသည်။

“အဲဒါက ချူဖုန်းဖြစ်လိမ့်မယ်လို့ ငါမယုံဘူး .. ဂျိဒ်ကျောင်းက ရက်စက်တဲ့လူကြီးဆိုရင်တောင် ဖြစ်နိုင်ဦးမယ်..” မီးခိုးပြာဝံပုလွေမျိုးနွယ်စုသည် အစပိုင်းတွင် ထိတ်လန့်နေသော်လည်း တည်ငြိမ်သွားသည့်နောက်တွင်တော့ ဤသည်မှာ ချူဖုန်းမဖြစ်နိုင်ဟု သူတို့ခံစားလာကြသည်။

“ဒီပြိုင်ဘက်ကင်းကျွမ်းကျင်သူအသစ်က ချူဖုန်း ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်..” ရှုန်းခွန်နှင့်ဟူရှန်းတို့ ခိုင်မာစွာ ပြောလာသည်။

“ဟုတ်တယ် .. ဒါက သေချာပေါက် နတ်ဆိုးဘုရင်အရှင်ချူပဲ..” ယဲ့ချင်းရုန်၊ ယုယန်ချင်းနှင့် တိဟွိုင်ကျင်းတို့ အုပ်စုလည်း ပြောလာကြသည်။ သူတို့သည် သူ့နာမည်ရှေ့တွင် “အရှင်”ကိုပင် ထည့်လာကြလေ၏။

တစ်လောကလုံး ဆွေးနွေးသံများဖြင့် ဆူညံပွက်လောရိုက်နေသည်။

ထိုထဲတွင် အဖွဲ့အစည်းအချို့သည် အရေးပေါ်အစည်းအဝေးခေါ်ယူကာ သူတို့ဗျူဟာများကို ဆွေးနွေးလာကြသည်။

“လူအိုကြီး မီးခိုးပြာဝံပုလွေမျိုးနွယ်စု ဘယ်မှာလဲဆိုတာ ရှာတွေ့ပြီလား .. ကျွန်တော် သူတို့နဲ့ စာရင်းသွားရှင်းမယ်..” ချူဖုန်း မေးလိုက်သည်။

“ငါ တွေ့ပြီ .. သူတို့တွေက ဒေါင်းဘုရင်ရဲ့ အကာအကွယ်အောက်မှာ ရှိနေပြီးတော့ ဖူထော်တောင်မှာ နေနေတာ..” လုထုန် ပြောပြလာသည်။

“ဘာ .. သူတို့က အဲဒီမှာ တကယ်နေတာလား..” ချူဖုန်း၏မျက်လုံးမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။

ဖူထော်တောင်မှာ နာမည်ကြီး ဗုဒ္ဓတောင်လေးတောင်ထဲမှ တစ်ခုပင်။

မကြာသေးခင်ကပင် ဘောဓိအဖွဲ့အစည်း ထိုနေရာကို သိမ်းယူနိုင်ခဲ့ပြီး အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သေးသည်။ သိထားရမည်မှာ ထိုနေရာသည် သိမ်းယူရန် အလွန်ခက်ခဲသည့်နေရာတစ်ခုပင်။

သို့သော် ဘောဓိသည် သားရဲမျိုးနွယ်စုအချို့နှင့် ပူးပေါင်းခဲ့သည်ဟူသည့် ကောလဟာလများလည်း ထွက်လာခဲ့သေးသည်။

ဤကောလဟာလမှာ အမှန်ဖြစ်နေသည့်ပုံပင်။ ဘောဓိနှင့် ဒေါင်းမျိုးနွယ်စုတို့ ဆက်ဆံရေးကောင်းမွန်သည်မှာ သိသာလှသည်။ ဒေါင်းမျိုးနွယ်စုသည် ဖူထော်တောင်၌နေကာ မီးခိုးပြာဝံပုလွေမျိုးနွယ်စုကိုပင် ကာကွယ်ပေးထားသည်။

“ဒေါင်းဘုရင်သာ လှုပ်ရှားရင် အသက်ကိုးခြောင်းကြောင်နဲ့ ရွှေကျီးကန်းလည်း ပါလာမှာပဲ .. သူတို့တွေ ဖူထော်တောင်ကို သိမ်းနိုင်တာ အံ့ဩစရာမရှိတော့ပါဘူး” ချူဖုန်း ရေရွတ်လိုက်သည်။

ဘောဓိအဖွဲ့အစည်း ဖူထော်တောင်အား သိမ်းပိုက်လိုက်နိုင်သည့်သတင်း ထွက်လာစဉ်က အားလုံး ထိတ်လန့်သွားခဲ့ကြရသေးသည်ပင်။

သို့သော် ဘောဓိမှ လက်နက်အင်အား၊ လူအင်အားများနှင့် ထိုပြိုင်ဘက်ကင်းကျွမ်းကျင်သူတို့ ပူးပေါင်းလိုက်လျှင်တော့ မဖြစ်နိုင်သည်မဟုတ်တော့။

“သူတို့ ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး .. ငါ ဖူထော်တောင်ပေါ်တက်ပြီးတော့ ဒီအကြွေးကို ရှင်းရမယ် .. ဘယ်သူ င့ါကို တားနိုင်မလဲ ကြည့်ကြသေးတာပေါ့..” သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာကာ မီတာတစ်ရာဖုံးလွှမ်းသွားသည့် အလင်းများ ဝန်းရံလာလေ၏။

“အလျင်စလိုမလုပ်နဲ့..” လုထုန် သတိပေးလိုက်သည်။

“သူတို့တွေလည်း ကျွန်တော့်မိဘတွေကို သတ်ဖို့စီစဉ်ထားကြောင်း ဒီမီးခိုးပြာဝံပုလွေမျိုးနွယ်စုက ကြေညာခဲ့တာ .. ပြီးတော့ ဒီတစ်ခေါက် ဒေါင်းဘုရင် တော်တော်လွန်သွားပြီ .. သူ ကျွန်တော့်ကို သတ်ချင်ရင် ကျွန်တော် သူနဲ့တိုက်ပေးမှာ .. ဒါပေမဲ့ သူက ကျွန်တော့်မိဘတွေကို အကောက်ကြံတဲ့ ယွမ်လော့တောင်ကအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော့်ကို သူတို့ထောင်ချောက်ထဲ မျှားခေါ်ခဲ့တယ် .. ဒီလူတွေအားလုံး ကျွန်တော့်ဒေါသမီးကို ခံစားရလိမ့်မယ်..”

ချူဖုန်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေပြီ။ ပစ်မှတ်မှာ ဖူထော်တောင်ပင်…

သို့မှသာ သူ့စည်းကို လာမထိသင့်ကြောင်း အားလုံး သိသွားလိမ့်မည်။

ဖူထော်တောင်မှာ ကျဲကျန်းတစ်ဝိုက်ရှိ ကျိုးစန်းကျွန်းစု၌ တည်ရှိသည်။

နေရာများ ကျယ်ပြန့်လာသောကြောင့် ဟုန်တုမြို့နှင့် ဖူထော်တောင်မှာ ကီလိုမီတာ ၇၀၀၀ ခန့်ရှိသည်။

သို့သော် ဤအကွာအဝေးမှာ ချူဖုန်းအတွက် ဘာမှမဟုတ်။

သူ ကျိုးစန်းကျွမ်းစုသို့ တိုက်ရိုက်သွားရန်သာ ဆုံးဖြတ်လိုက်ပြီး အသံထက် ငါးဆခွမြန်သည့်နှုန်းဖြင့် ပြေးသွားလိုက်သည်။ ထိုနေရာ၌ တစ်ခုခုရှိနေလျှင်ပင် သူ တိုက်ခိုက်ပစ်မည်။

ဤအရှိန်ကို သူ နာရီဝက်ခန့် ထိန်းထားနိုင်သည်။ သူသည် လျှပ်စီးတစ်စင်းကဲ့သို့ ကောင်းကင်ပေါ်သို့ တက်သွားခဲ့သည်။ သူ့ကို မည်သည့်အရာမှ မတားဆီးနိုင်။ သူ ဖြတ်သွားသည့်နေရာတိုင်းမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။

ခရီးနောက်ပိုင်းမှာ သူ လေထဲဖြတ်သန်းသွားသည်ဟုပင် ပြော၍ရသည်။ သူ တစ်ခါခုန်လိုက်တိုင်း မီတာ တစ်ထောင်ကျော် ရောက်သွားပြီး သူ့နောက်မှ လေဟာနယ်လည်း ပေါက်ကွဲသွားလေ၏။ ဤသည်မှာ ကြောက်စရာကောင်းလှသည့် မြင်ကွင်းတစ်ခုပင်။

နာရီဝက်ကြာပြီးမှသာ သူ အရှိန်လျှော့လိုက်သည်။ သူ့တစ်ကိုယ်လုံး လောင်ကျွမ်းနေပြီး သူ့သွေးများမှာ မြစ်တစ်စင်းကဲ့သို့ ဆူပွက်နေသည်။ သူ့မွေးညှင်းပေါက်များမှာ အဖြူရောင်အငွေ့များလည်း ထွက်လာလေ၏။

သူ ကီလိုမီတာ ၃၀၀၀ ကျော်သို့ ရောက်သွားလေပြီ။

“အဲဒီလူက အရူးချူဖြစ်လိမ့်မယ်လို့ ငါမယုံဘူး .. အရင်တစ်ခေါက်က ဝိုင်းတိုက်တာကို လွှတ်သွားတာက လက်ခံလို့ရသေးတယ် .. ဘုရင်အုပ်စုလိုက်ကြီးကို သူကိုယ်တိုင်သတ်တယ်ဆိုတာက စိတ်ကူးယဉ်ဆန်လွန်းနေပြီ .. သူ့ကိုယ်သူ ဘာထင်နေတာလဲ.. သူ့မှာ ဒီလိုအင်အားမျိုးမရှိဘူး .. တစ်ညတည်းနဲ့ သူ ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ဖြစ်မလာနိုင်ဘူး..” မီးခိုးပြာဝံပုလွေ သူတို့အမြင်ကို ထုတ်ဖော်ပြောလာကြသည်။ ချူဖုန်း ဖူထော်တောင်သို့လာနေပြီကို သူတို့ လုံးဝမသိကြ။

သူ့ခန္ဓာကိုယ်အပူချိန်လျှော့ချရန်အတွက် ချူဖုန်း အရှိန်နှေးလိုက်သည်။

တစ်ခဏခန့် နားပြီးသည်နှင့် အရှိန်ထပ်တင်လိုက်သည်။

သူ ကျဲကျန်းနယ်မြေသို့ ရောက်နေပြီဖြစ်ပြီး ပင်လယ်ဘက်သို့ ဦးတည်နေပြီဖြစ်သည်။

နာရီဝက်အတွင်း နောက်ထပ် ကီလိုမီတာ ၃၀၀၀ ကျော်ထပ်ရောက်သွားသည်။ ချူဖုန်း သူ့ပစ်မှတ်နှင့် နီးနေပြီဖြစ်ပြီး ပင်လယ်ကို မြင်နေရလေပြီ.

နောက်ဆုံးတွင်တော့ သူ သစ်သားအပိုင်းအစတစ်ခုပေါ် မတ်တပ်ရပ်လိုက်ပြီး ပင်လယ်လှိုင်းများကို ဖြတ်ကျော်လိုက်သည်။

အားစိုက်ထုတ်လိုက်ကာ သူ့ခြေထောက်အောက်မှ သစ်သားပြားကို ရွှေ့လျားအောင် လုပ်လိုက်သည်။ သူ့အဝတ်အစားများလေထဲ၌ လွင့်နေလေ၏။

သူ ပန်းတိုင်သို့ ရောက်လာလေပြီ။

ပစ်မှတ်နေရာသို့ ရောက်လာသည်နှင့် သူ့နတ်အသိစိတ်ကို ဖြန့်ကျက်လိုက်ကာ ဖူထော်တောင်ကို အာရုံစိုက်ထားလိုက်သည်။

“အမ်..” မီးခိုးပြာဝံပုလွေမျိုးနွယ်စုသည် တောင်၌ နေနေသည်မဟုတ်ပဲ တောင်ခြေ၌သာ နေနေသည်ကို သူ တွေ့လိုက်ရသည်။

ချူဖုန်း အသက်ရှူစည်းချက်ကို အသက်သွင်းကာ သူတို့နေရာသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်အပူချိန် ပြန်ကျသွားပြီဖြစ်ပြီး သူ့စွမ်းအင်များမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်နေလေပြီ။

တောင်ခြေသို့ ရောက်သွားသည်နှင့် မီးခိုးပြာဝံပုလွေအသိုက်သို့ ဝင်သွားလိုက်သည်။

“အဲဒီမှာ ဘယ်သူလဲ .. မင်းက…”

မီးခိုးပြာဝံပုလွေမျိုးနွယ်စုမှာ ချူဖုန်းကို တွေ့သည်နှင့် ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။ သူတို့ ဘယ်သူ့ကို မြင်နေရတာလဲ .. ဒါက ကြီးမြတ်တဲ့ နတ်ဆိုးဘုရင်ချူလေ..

သူတို့ ယခုလေးတင် သူ့အကြောင်း ပြောနေကြခြင်းပင်။ ဤလူ သူတို့ရှေ့၌ တန်းပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

မီးခိုးပြာဝံပုလွေမျိုးနွယ်စု ထိတ်လန့်သွားကာ ဧရာမဝံပုလွေများစွာ တစ်ပြိုင်နက်တည်း ပေါ်လာသည်။ သူတို့သည် တောင်တစ်လုံးစာပမာဏရှိနေပြီး ကြောက်ရွံ့ဒေါသထွက်သည့်အော်ရာ ထုတ်လွတ်ထားလေသည်။ သူတို့ဘုရင်ကို သတ်ခဲ့သည့်သူ သူတို့ရှေ့၌ ရပ်နေလေပြီ။

“မင်းတို့တွေက င့ါမိဘတွေကို ထိချင်နေတာလား..” ချူဖုန်း အေးစက်စွာ မေးလိုက်သည်။

“ချူဖုန်း .. အလောတကြီး မလုပ်ပါနဲ့ .. ဒါက နားလည်မှုလွဲတာပါ..” ဝံပုလွေအကြီးအကဲတစ်ဦး တုန်ယင်နေသည့်အသံဖြင့် ပြောလာသည်။

“နားလည်မှုလွဲစရာ ဘာအကြောင်းမှ မရှိဘူး..” ချူဖုန်း ပြန်ဖြေလိုက်သည်။

“ချူဖုန်း မင်းသိထားရမှာက ငါတို့က ဒေါင်းဘုရင်ရဲ့ အကာအကွယ်အောက်မှာရှိတာ .. မင်း ဒီနေရာကို ကျူးကျော်လာတာကိုက လွန်လွန်းနေပြီ .. မင်း ငါတို့ကို သတ်လိုက်ရင်တော့ မင်း ပြဿနာကို မီးထွန်းရှာသလို ဖြစ်သွားမယ်..”

“ဒေါင်းဘုရင်ရဲ့ အကာအကွယ်ဟုတ်လား .. ငါ တောင်ပေါ်ကို သွားပြီးတော့ သူနဲ့စာရင်းရှင်းရဦးမှာ .. မင်းတို့တွေက အစပဲ ရှိသေးတာ၊ လမ်းကြုံလို့ ဝင်ရှင်းလိုက်ရုံပဲ .. ဒေါင်းမျိုးနွယ်စုနဲ့ တစ်ခြားမျိုးနွယ်စုတွေ ငါ့ဒေါသကို ခံစားရလိမ့်မယ်..”

ဝုန်း…

ထို့နောက် နေမင်းကြီးကဲ့သို့ ချူဖုန်းတစ်ကိုယ်လုံးကို တောက်ပသည့်အလင်းတန်းလွှမ်းခြုံသွားသည်။

“မင်းပဲ .. ယွမ်လော့တောင်က ဘုရင်တွေကို သတ်ခဲ့တာမင်းပဲ..” ဝံပုလွေများ ထိတ်လန့်တကြား အော်ဟစ်လာကြ၏။

ပုံစံချင်းမှာ ဆင်းတူလှသည်။ ယခုလည်း သူ့တစ်ကိုယ်လုံး နေမင်းကဲ့သို့ တောက်ပနေသည်ပင်။

ခွပ်..

သူ လက်တစ်ချက်ဝေ့ရမ်းလိုက်သည်နှင့် ဧရာမဝံပုလွေများစွာ လေထဲလွင့်ထွက်သွားပြီး တစ်စစီဖြစ်သွားကြလေ၏။

သူ နည်းနည်းလောက် ရိုက်လိုက်ရုံဖြင့် ကီလိုဂရမ်ထောင်ချီလေးသည့် ဝံပုလွေများကို လွင့်ထွက်သွားအောင် လုပ်နိုင်ပြီး တောအုပ်တစ်ခုလုံးကို သွေးများဖြင့် နီရဲစေခဲ့သည်။

“ယွမ်လော့က သားရဲဘုရင်တွေကို သတ်ခဲ့တာက နတ်ဆိုးဘုရင်ချူပဲ..” မီးခိုးပြာဝံပုလွေမျိုးနွယ်စုသည် အကူအညီရှာရန်အတွက် မှုန်ဝါးနေသည့် ဓာတ်ပုံများနှင့်အတူ နောက်ဆုံးစာများ တင်လိုက်သည်။ “ဒေါင်းဘုရင်အရှင် .. ကျွန်တော်တို့ကို ကယ်ပေးပါ .. မဟုတ်ရင်လည်း ကျွန်တော်တို့အတွက် လက်စားချေပေးပါ..”

သူတို့သည် အဆင့်နိမ့်သောကြောင့် ယွမ်လော့တောင်၌ ဒေါင်းဘုရင် ဘာဖြစ်ခဲ့သည်ကို မသိကြရ။

ထိုဓာတ်ပုံများနှင့် စာသားများ အပြင်လောက၌ ပျံ့နှံ့သွားကာ လူများကြား လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။

ဓာတ်ပုံထဲမှလူမှာ ယွမ်လော့တောင်မှ ကျွမ်းကျင်သူကဲ့သို့ အလင်းများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။

“ဘုရားရေ .. သူက တကယ် ချူဖုန်းပဲ .. မီးခိုးပြာဝံပုလွေမျိုးနွယ်စု လက်စားချေခံလိုက်ရပြီ..”

လူအုပ်ကြီးအား သတ်ခဲ့သည့်သူမှာ မည်သူဖြစ်သည်ကို အားလုံး သိလိုက်ရပြီး တုန်လှုပ်သွားကြရသည်။ မီးခိုးပြာဝံပုလွေမှာ စာရင်းရှင်းခံလိုက်ရပြီး သူတို့အ ဆုံးမသတ်ခင် ဤသတင်းကိုသာ ထုတ်လွှတ်လိုက်နိုင်တော့သည်။

အပိုင်း ၂၆၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset