ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၃ – လွန်ကျူးလွန်းသည့်အမှား
“အား .. လန့်စရာကောင်းလိုက်တာ .. ယွမ်လော့တောင်က တိုက်ပွဲ ဘယ်လိုအခြေအနေရှိလဲ .. စစ်တပ်က အဲဒီနေရာတစ်ခုလုံးကို ပိတ်ထားတာ .. သူတို့ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ သန္ဓေပြောင်းတပ်သားတွေက သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေတာ..”
“တစ်ချို့အရေးကြီးပုဂ္ဂိုလ်တွေ အဲဒီမှာ သေသွားလို့ စစ်တပ်က လက်စားချေတာလို့လည်း ပြောကြတယ်..”
သတင်းများမှာ တောမီးကဲ့သို့ ပျံ့နှံ့လာကာ အုတ်အော်သောင်းတင်း ဖြစ်လာသည်.
ဘယ်သူ သေခဲ့တာလဲ.. စစ်တပ်ကြီး ဒီလောက်ထိ လှုပ်ရှားရလောက်အောင် ဘာဖြစ်ခဲ့တာလဲ.. လူများစွာ ခန့်မှန်းနေကြပြီး အရေးကြီးသည့်ပုဂ္ဂိုလ်အားလုံးကို စစ်ထုတ်နေခဲ့သည်.
“ဒါက အရမ်းလန့်ဖို့ကောင်းတာပဲ .. ဒေါသထွက်နေတဲ့အစိုးရက တစ်ချို့သားရဲဘုရင်တွေနဲ့တိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ..”
လူတစ်ယောက်သည် ဤသည်ကို အတည်ပြုချင်သော်လည်း ကျရှုံးခဲ့သည်. သူသည် ကီလိုမီတာအနည်းငယ်ဝေးသည့် မြို့ထဲသို့ ပြန်ဆုတ်လာခဲ့ပြီး ထိုမြို့၌ နေထိုင်သည့် မြို့ခံပြည်သူများကို အင်တာဗျူးလိုက်သည့်အချိန်တွင် အကြီးစားပေါက်ကွဲမှုများ တကယ်ဖြစ်ခဲ့ကြောင်း သိလိုက်ရသည်.
တောက်ပသည့်အလင်းများအောက်၌ တောင်ကြီးပျက်စီးသွားသည်ကို မြို့ခံလူအချို့ မြင်လိုက်ရသည်ပင်.
နိုင်ငံတွင်း၊ နိုင်ငံပြင်မှလူအားလုံး ထိတ်လန့်သွားကြရသည်.
ယခုအချိန်တွင် ပထမအဆင့်အဖွဲ့အစည်းများနှင့် နိုင်ငံမှ ရာထူးကြီးပုဂ္ဂိုလ်အချို့သာ အသေးစိတ်များ သိရသေးသည်. ဘာမှမသိသည့် သာမန်ပြည်သူများကတော့ သီအိုရီများနှင့် ဆွေးနွေးငြင်းခုံနေကြလေ၏.
ရုတ်တရက် အားလုံး သီအိုရီတစ်ခုကို ဖန်တီးလိုက်ကြလေသည်. အချို့လူများမှာ ထိုတိုက်ပွဲတွင် ကျောက်စိမ်းဂူကျောင်းအရှင် သေဆုံးခဲ့ခြင်းဖြစ်လိမ့်မည်ဟု ခန့်မှန်းလာကြသည်.
ဤခန့်မှန်းချက်မှာ ဖြစ်နိုင်သည်. အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ သန္ဓေပြောင်းတပ်သားများမှာ ကျောက်စိမ်းဂူကျောင်းမှလူများပင်. ဤကိစ္စ သူတို့နှင့် ဆက်စပ်နေသည်မှာ သိသာလှသည်.
အချို့လူများကလည်း ဝူတန်းတောင်သခင်သည် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများ၏ စုပေါင်းတိုက်ခိုက်မှု ခံရပြီး လုပ်ကြံခံလိုက်ရခြင်းဖြစ်သည်ဟု ပြောကြသည်.
အသေးစိတ်သတင်းများ မသိကြရသောကြောင့် ခန့်မှန်းချက်မျိုးစုံ ထွက်လာနေသည်ပင်.
ကောလဟာလအားလုံး၏တူညီသည့်အချက်တစ်ချက်မှာ အရေးကြီးပုဂ္ဂိုလ်တစ်ဦးဦး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်ဟူသည့်အရာပင်.
“ဒါက တကယ်ကို မွန်းကြပ်စရာကောင်းတာပဲ.. ဘယ်သူကများ ကံဆိုးခဲ့တာလဲ..”
အားလုံး သိချင်နေကြသော်လည်း မည်သူမှ အသေးစိတ်အချက်အလက်ကို မရှာတွေ့နိုင်ကြ.
လူသားများ ခန့်မှန်းရန် ကြိုးစားနေကြသော်လည်း အချို့သားရဲမျိုးနွယ်စုများကတော့ နှာခေါင်းရှုံ့နေကြသည်. အဘယ်ကြောင့်ဆိုသော် သားရဲဘုရင်များ ချူဖုန်းကို သတ်ရန်အတွက် ယွမ်လော့တောင်သို့သွားခဲ့ကြကြောင်း သူတို့ အနည်းနှင့်အများတော့သိခဲ့ကြရသည်ပင်.
ထိုလျှို့ဝှက်သတင်းသိထားသည့်သူများမှာ သတင်းများ ထွက်လာသည်နှင့် လှောင်ရယ်နေကြသည်. ချူဖုန်းကို သတ်ဖြတ်သည့်ကိစ္စ အောင်မြင်သွားသောကြောင့် လူသားများ ဤကဲ့သို့ လက်နက်ကြီးများဖြင့် တုံ့ပြန်ခြင်းဖြစ်လိမ့်မည်ဟု သူတို့ထင်နေကြသည်ပင်.
သူတို့လေဆာလက်နက်သုံးတော့ရော ဘာဖြစ်လဲ .. သားရဲဘုရင်တွေအားလုံးမှာ အန္တရာယ်တွေကို ကြိုအာရုံခံနိုင်တဲ့ နတ်အသိစိတ်တွေ ရှိပြီးသားပဲ…
“ဟက် .. ဒီမောက်မာနေတဲ့လူသားတွေကအားလုံးက အဓိပ္ပာယ်မရှိတာတွေကို ဗလွတ်တွတ်တွတ် ပြောနေကြတယ်..”
သားရဲမျိုးနွယ်စုတစ်ဦး ထွက်လာကာ လှောင်ပြောင်သည့်အသံဖြင့် သူ့အမြင်ကို ထုတ်ဖော်ပြောလာသည်.
သားရဲဘုရင်အချို့လည်း ဆွေးနွေးဝိုင်းထဲသို့ ပါဝင်လာကြသည်.
ရလဒ်ပင် ထွက်လာပြီဖြစ်သောကြောင့် လုပ်ကြံမှုကို လျှို့ဝှက်ထားစရာမလိုတော့.
အချို့လူများမှာ အခြေအနေများကို ရှင်းရှင်းလင်းလင်း သိထားသည်မှာ သူတို့သာ ရှိသောကြောင့် ဂုဏ်ယူချင်နေကြလေသည်.
“ဘာတွေလဲ .. မင်းတို့သိရင်လည်း ပြောပြလိုက်..” လူများစွာ မေးခွန်းထုတ်လာကြသည်.
“မင်းတို့အားလုံးကို ပြောပြလို့ ဘာထိခိုက်စရာမှ မရှိဘူး .. နတ်ဆိုးဘုရင်ချူက ယွမ်လော့တောင်မှာ သတ်ခံလိုက်ရပြီ .. ယွမ်လော့တောင် ပျက်စီးသွားတာက သူ့သေဆုံးမှုနဲ့ ဆက်စပ်နေတာ .. တစ်ခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး”
သားရဲမျိုးနွယ်တစ်ဦးသည် မနေနိုင်တော့ပဲ “အမှန်တရား”ကို ပြောလာတော့သည်.
ဤသတင်းမှာ အားလုံးကို သေချာပေါက် ဆွံ့အသွားစေခဲ့သည်ပင်. ယွမ်လော့တောင်မှာ သေသွားတဲ့ ကျွမ်းကျင်သူ ချူဖုန်းလား..
သူက တစ်ညတည်းနဲ့ ကျွမ်းကျင်သူ ၁၀ ယောက်ကို သတ်ပြီးသွားကတည်းက လုံးဝပျောက်သွားခဲ့တာလေ .. ဒီတစ်လျှောက်လုံး လူတွေအများကြီး သူ့ကိုရှာတာတောင် ရှာမတွေ့ခဲ့ဘူး .. သူက ဘယ်လိုလုပ် ယွမ်လော့မှာ ရုတ်တရက် သေသွားတာလဲ..
“ချူဖုန်း ယွမ်လော့တောင်မှာ ဘယ်လိုသေသွားလဲဆိုတာ ဘယ်သူ ပြောပြနိုင်မလဲ..”
လှိုင်းလုံးကြီးများ ရုတ်တရက် ရိုက်ခတ်လာသည်.
အနောက်နိုင်ငံမှ လူများပင် အတော်လေး ထိတ်လန့်သွားကြလေ၏. ဗာတီကန်မြို့မှ အဖြစ်အပျက်နှင့် ခွန်းလွန်တောင်မှ တိုက်ပွဲတို့ပြီးဆုံးသွားသည့်နောက် ချူဖုန်း အနောက်တိုင်းတွင် နာမည်ကြီးလာခဲ့သည်ပင်.
သူ့သေဆုံးမှုမှာ သေချာပေါက် အုတ်အော်သောင်းတင်းဖြစ်သွားမည်ပင်.
“ချူဖုန်း သေသွားပြီဟုတ်လား .. မဖြစ်နိုင်တာ .. သူ့ကို သားရဲမျိုးနွယ်စုတွေ သတ်သွားတယ်ဆိုတာ ငါမယုံဘူး..”
“သူက တစ်ညတည်းနဲ့ ဘုရင် ၁၀ ယောက်ကို သတ်ခဲ့ဖူးတဲ့သူပဲ .. သူ့အောင်မြင်မှုတွေထဲမှာ မခမ်းနားတဲ့အောင်မြင်မှုများ ရှိလို့လား .. သူ ပြန်ကောင်းသွားတာနဲ့ ပြန်လာမှာ .. သူ ဘယ်လိုလုပ် ဒီလိုမျိုး သေသွားနိုင်မှာလဲ..”
အချို့လူများမှာ ဤကိစ္စကို ယုံကြည်ရန် ခက်ခဲနေကြသည်. ချူဖုန်းကို သဘောကျသည့် အချို့လူငယ်များမှာ မျက်လုံးများ နီရဲလာကြလေသည်.
အချို့သားရဲမျိုးနွယ်စုများမှာ ပို၍ပင် ယုံကြည်ချက် ရှိလာကြသည်. သူတို့သည် ဤကဲ့သို့သော ရလဒ်မျိုး ရလာမည်ကို ထင်ထားပြီးသားဆိုသည့်ပုံဖြင့် တည်ငြိမ်အေးဆေးနေကြလေ၏.
လူများမှာ မနေနိုင်တော့ပဲ သူတို့ကို အသေးစိတ်အချက်အလက်များ မေးလာကြသည်. ထိုအခါမှသာ သားရဲမျိုးနွယ်စုအချို့သည် သတင်းများကို တစ်ဖြည်းဖြည်းချင်း ဖွင့်ထုတ်လာလေ၏.
“ငါ မင်းတို့ကို အမှန်အတိုင်း ပြောပြမယ် .. ချူဖုန်းသေသွားတဲ့ပုံက အတော်လေး သနားဖို့ကောင်းတယ် .. သူကိုယ်တိုင် လည်စင်းခံတယ်လို့တောင် ပြောလို့ရတယ် ..”
လူအများစုမှာ ဤသတင်းကို ယုံကြည်ရန် အလွန်ခက်ခဲနေကြသည်.
“အဓိပ္ပာယ်မရှိတာ .. ဒါတွေက မင်းတို့သားရဲမျိုးနွယ်စုတွေ ကြိုတင်စီစဉ်ထားတဲ့ကိစ္စပဲ ဖြစ်ရမယ် … ချူဖုန်း သေသလားရှင်သလားတောင် မသေချာလောက်သေးဘူး..”
“သူက ဘာလို့ မင်းတို့သတ်ဖို့ လည်စင်းခံမှာလဲ .. မင်းတို့တွေ သူ့ကို တမင်သက်သက် သိက္ခာချချင်နေကြတာ..”
လူများ ဒေါသထွက်လာကြသည်.
သားရဲမျိုးနွယ်စုမှ “ဗဟုသုတပြည့်ဝသည့်သူများ”သည် နှာခေါင်းရှုံ့ကာ “အမှန်တရားများ”ကို ပြောပြလာကြလေသည်.
“တကယ်တမ်းတော့ ယွမ်လော့တောင်က အဖြစ်အပျက်အကုန်လုံးက ချူဖုန်းကိုသတ်ဖို့အတွက် ကြိုတင်စီစဉ်ထားတာ .. ပထမဆုံး သူ့မိဘတွေကို လှုပ်ရှားပြီးတော့..” အမှန်တရားအား ရှင်းပြလာသည့်အချိန် လူများ ဆူညံပွက်လောရိုက်လာကြသည်.
“မိုက်ရိုင်းလိုက်တာ .. မင်းတို့တွေက ချူဖုန်းကို သတ်ဖို့အတွက် ဒီလိုသစ္စာမရှိတဲ့လုပ်ရပ်မျိုးတောင် လုပ်ကြတာလား..”
သားရဲမျိုးနွယ်စုဖိုရမ်မှာ မရေမတွက်နိုင်သည့်လူများ၏ ဒေါသများကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေလေပြီ.
လူထုမှာ တကယ်ကို ဒေါသထွက်နေကြသည်ပင်. ယွမ်လော့တောင်မှ ချူဖုန်းကို မျှားခေါ်သည့် ထောင်ချောက်တစ်ခု ဖြစ်နေသည်.
“ဒီကိစ္စမှာ သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပဲ .. သူက သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ.. သူက လက်စားချေပြီးတော့ တောင်ကို သိမ်းပိုက်ချင်နေသေးတယ် .. အခုတော့ သူပဲ သေသွားရပြီ .. တကယ်ရယ်ရတယ် .. သူ့ကိုယ်သူ ဒီမိုးကောင်းကင်အောက် ပြိုင်ဘက်ကင်းတဲ့သူလို့ ထင်နေတာလား..”
ဤစကားများကြောင့် လူထုမှာ ပို၍ပင် ဒေါသထွက်လာရသည်. ချူဖုန်း သေသွားပြီးနောက်၌ပင် သူ့ကိုလှောင်ပြောင်နေခြင်းမှာ လွန်လွန်းလှသည်.
“ဟက် .. ပိုပြီးရယ်ရတာက မင်းတို့လူသားတွေက သူ့အတွက် လက်စားချေဖို့အတွက်နဲ့ လက်နက်ကြီးတွေ သုံးနေသေးတယ် .. သားရဲဘုရင်တွေက သူတို့နတ်အသိစိတ်နဲ့ အန္တရာယ်ကို ကြိုပြီးအာရုံခံနိုင်တယ်ဆိုတာ သူတို့မသိဘူးလား.. လက်နက်တွေကို အလဟဿဖြုန်းတီးလိုက်တာပဲ..”
လူများမှာ သားရဲမျိုးနွယ်စုများနှင့် ချက်ချင်း စစ်ကြေညာချင်လာသည်. သူတို့သည် ချူဖုန်းကို ထိခိုက်ပြီးနောက် မကောင်းသည့်မှတ်ချက်များ လာပေးနေသေးသည်.
အကြားအမြင်နှစ်ယောက်နှင့် ယဲ့ချင်းရုန်တို့မှာ ဤသည်ကို မယုံကြည်နိုင်သောကြောင့် လုထုန်ကို ချက်ချင်း ဆက်သွယ်လိုက်ကြသည်. လုထုန်ထံမှ အဖြေတစ်ချို့ကြားပြီးသည့်နောက်တွင်တော့ သူတို့ လုံးဝထိတ်လန့်သွားကြရသည်.
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. သူ ဒါကို မဖြတ်ကျော်နိုင်ခဲ့ဘူးလို့တော့ မပြောနဲ့နော်..” ရှုန်းခွန်နှင့် ဟူရှန်းတို့မှာ အံ့အားသင့်နေကြသည်. သူတို့ရင်ထဲမှ ခံစားချက်များကို ဖော်ပြရန် ခက်ခဲလှသည်.
“အိုး .. အဲဒါဆို ဒီနတ်ဆိုးဘုရင်ချူလို့ ခေါ်တဲ့လူက ဘာမှမဟုတ်ဘူးပဲ .. သူ့ကိုသတ်ဖို့အတွက် ငါတို့ ရေအောက်မျိုးနွယ်စုတွေပါ ပူးပေါင်းပေးရမလားလို့ စဉ်းစားနေတာ .. သူ့ခေါင်း ဒီလောက်မြန်မြန်ပြုတ်သွားလိမ့်မယ်လို့ မထင်ထားဘူး..”
အပြင်လောကကြီးမှာ မရေအတွက်နိုင်သည့် ရန်ပွဲများ၊ ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေသည်.
ဤကိစ္စများ၏ အဓိကလူဖြစ်သည့် ချူဖုန်းကတော့ ယွမ်လော့တောင်၌ ရှိနေဆဲဖြစ်ပြီး သုတေသနခန်းမှလူများ ဘုရင်အဆင့်အလောင်းများအား သယ်မပြီးမချင်း စောင့်ကြပ်ပေးနေခြင်းပင်.
“ဟေ့ကောင် .. မင်းက တော်တော်လေး သိုသိုသိပ်သိပ်နေနိုင်တာပဲ .. တစ်လောကလုံးက ပြောင်းပြန်လှန်တော့မတတ် ပွက်လောရိုက်နေတာကို မင်းလူလုံးထွက်ပြဖို့ အစီအစဉ်မရှိဘူးလား..” လုထုန် မေးလိုက်သည်.
“လောစရာမလိုပါဘူး .. သူတို့ထဲက ဘယ်သူတွေ ထွက်လာပြီး ဘယ်အဖွဲ့အစည်းက မီးလောင်ရာလေပင့်မလဲဆိုတာ ကြည့်ချင်သေးတယ် .. ဒါမှမဟုတ် ဘယ်သူက ဝမ်းသာအားရဖြစ်နေမလဲဆိုတာလည်း သိချင်သေးတယ် .. အဲဒါဆိုရင် သူတို့နဲ့ စာရင်းရှင်းဖို့ ပိုလွယ်လိမ့်မယ် .. ကျွန်တော် ဘယ်သူနဲ့စရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး..”
အချိန်ကြာလာသည်နှင့်အမျှ ယွမ်လော့တောင် လုပ်ကြံမှုအကြောင်း သိသည့်သူများမှာ မတည်ငြိမ်နိုင်တော့. အဘယ်ကြောင့်ဆိုသော် ထိုတောင်၌ ရှိနေသည့်သူများကို သူတို့ဆက်သွယ်၍မရသေး.
ဘုရင်အဆင့်သားရဲများ ယွမ်လော့တောင်သို့ သွားလိုက်ကြသော်လည်း မထင်မှတ်စွာဖြင့် ထိုလူများ အားလုံး ပျောက်ဆုံးနေကြသည်.
ယခုတော့ ဗဟုသုတကြွယ်ဝသည့် ဘုရင်အားလုံး စိတ်ဖိစီးနေကြလေပြီ. တစ်ဖွဲ့လုံးမှာ လေထဲပျောက်သွားကြပြီး မည်သည့်နည်းလမ်းနှင့်မှ ဆက်သွယ်၍မရတော့.
ဤဘုရင်များလည်း ယွမ်လော့တောင်သို့ သွားချင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်ခဲ့. သို့သော် ထိုနေရာ၌ ကြောက်စရာကောင်းသည့်အရာတစ်ခုခု တကယ်ဖြစ်သွားခဲ့ပြီထင်သည်.
“ဘုရားရေ .. ငါတို့စဉ်းစားထားတာနဲ့လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတာများလား..”
အချိန်ကြာလာသည်နှင့်အမျှ သူတို့ပို၍ ချွေးစေးပြန်လာရသည်.
ထို့နောက် စုံစမ်းရန် အဖွဲ့တစ်ဖွဲ့စေလွှတ်လိုက်ကြလေ၏.
ဤသို့တွေးနေသည်မှာ သူတို့တစ်ယောက်တည်းမဟုတ်. အခြားအဖွဲ့အစည်းများလည်း တစ်ခုခုဖြစ်နေသည်ကို ခံစားနေမိကြသည်ပင်.
“အိုး .. သေရမှာ မကြောက်တဲ့သူတွေ တကယ်ရှိနေတာပဲ .. သူတို့က ဒီကိုလာစုံစမ်းရဲကြတယ်လား..”
အဝေးမှ ဘုရင်အဆင့်သက်ရှိတစ်ဦး၏ အော်ရာကို ခံစားမိလိုက်သောကြောင့် ချူဖုန်း တောအုပ်ထဲမှ လှမ်းကြည့်လိုက်သည်.
ထို့နောက် တစ်ခဏအတွင်းပျောက်သွားကာ အဝေးရှိ တောအုပ်အတွင်း၌ ပြန်ပေါ်လာသည်.
ထိုအချိန်တွင် ငှက်တစ်ကောင် ထိတ်လန့်သွားကာ ကောင်းကင်ထက်သို့ မီတာတစ်ထောင်ကျော် ပျံတက်သွားလိုက်သည်. ငှက်ကြီး၏အတောင်ပံမှာ မီတာ ၂၀ ကျော်ရှည်လျားပြီး အနက်ရောင်အမွေးအတောင်များမှာ သတ္တုများကဲ့သို့ တောက်ပနေသည်.
ဝုန်း…
တောင်တစ်တောင်မှ အရိပ်တစ်ခုသည် မီတာတစ်ထောင်ကျော်ထိရောက်အောင် ခုန်တက်လိုက်ပြီး ထိုငှက်ကြီးကို လိုက်ဖမ်းလာသည်. ထိုအရိပ်မှ လက်သီးထိုးလိုက်သည်နှင့် မီတာတစ်ရာပတ်လည်ကို လွှမ်းခြုံသွားသည့် အလင်းများ ပေါက်ကွဲထွက်လာသည်.
ထိုလက်သီးချက် ငှက်ဘုရင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သွေးမိုးများ ရွာသွန်းလာသည်. ထို့နောက် ထိုငှက် မြေပြင်ထက်သို့ ကျသွားပြီး နာကျင်စွာ အော်ဟစ်လေတော့သည်.
ယခုတစ်ခေါက်တွင်တော့ ချူဖုန်း အားကုန်မသုံးပဲ ငှက်ကို အသက်ရှင်ခွင့် ပေးထားလိုက်သည်.
ငှက်ကြီး ပြုတ်ကျသွားသည့်နေရာတွင် ဝုန်းခနဲအသံကျယ်ကြီး ထွက်ပေါ်လာပြီး မြေပြင်လည်း ချိုင့်ဝင်သွားသည်. သူ့ကို တိုက်ခိုက်သည့်သူအား တွေ့လိုက်ရသည့်အချိန်တွင် သူ အလွန်ထိတ်လန့်သွားရသည်.
“တကယ်မင်းပဲ .. အဲဒါဆို .. သူတို့တွေ .. သူတို့တွေအားလုံး အသတ်ခံလိုက်ရပြီလား…” ချူဖုန်း အသက်ရှင်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်နှင့် ငှက်ဘုရင် ထိတ်လန့်သွားရသည်.
ကြောက်ရွံ့မှုကြောင့် သူ့အမွေးများ ထောင်ထလာသည်. အပြင်ဘက်၌ ပျံ့နေသည့်သတင်းများအကြောင်း ပြန်စဉ်းစားမိသွားသည်နှင့် သူ့ထံတွင် အတွေးတစ်ခုသာ ပေါ်လာတော့သည်. သားရဲမျိုးနွယ်စုတွေ ကပ်ဘေးကြီး ရင်ဆိုင်ရတော့မယ်…
“လူအိုကြီး .. ကျုပ် တစ်ခြားသားရဲဘုရင်တွေကို တစ်စစီလုပ်ပစ်တယ်လို့ ခင်ဗျားအမြဲတမ်း ပြောနေတာမလား .. ကျွန်တော် ခင်ဗျားအတွက် အရှင်လတ်လတ်တစ်ကောင် ဖမ်းထားတယ် .. ပြီးတော့ အဲဒီအကောင်က တစ်ကောင်လုံးအပြည့် ရှိနေတုန်းပဲ..” ချူဖုန်း လုထုန်ကို သတင်းပို့လိုက်သည်.
ထိုစကား ကြားလိုက်ရသည်နှင့် လုထုန် ဆွံ့အသွားရသည်. သူ အတော်လေး ဝမ်းသာသွားသော်လည်း ဤကလေးမှာ ကြမ်းတမ်းရက်စက်လွန်းသည်ဟု သူ ပြောချင်သေးသည်.
ငှက်ဘုရင် အချိန်အတော်ကြာသည်အထိ ပြန်မလာသည့်အချိန်တွင် အကြောင်းသိနေသည့် အတွင်းလူများ စိုးရိမ်ပူပန်လာကြသည်.
သူတို့ခန့်မှန်းခဲ့သည့် ရလဒ်များမှာ မှားယွင်းနေသည့်ပုံပင်. သူတို့အတော်လေး ပြောဆိုပြီးသွားပြီဖြစ်သော်လည်း ယခုတော့ လှောင်ရယ်စရာဖြစ်ကုန်လေပြီ. အဘယ်ကြောင့်ဆိုသော် အဖြစ်မှန်မှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ရက်စက်နေမည်ပင်.
“ဘုရားရေ … အဲဒီသားရဲဘုရင်တွေအားလုံး သေသွားပြီလို့ ငါ့ကို မပြောနဲ့နော်..”
ဘုရင်အဆင့်သက်ရှိများပင် ထိတ်လန့်လာကြလေသည်.
အပြင်လောက၌ ရန်ပွဲများ မပြီးသေး. မသိသေးသည့်သူများမှာ မရပ်တန့်နိုင်ကြသေးပေ.
ဥပမာအားဖြင့် ဒေါင်းဘုရင် မတိုက်ပဲ ပြန်ပြေးလာသည်ကို ဒေါင်းမျိုးနွယ်စုများ မသိကြသေး. “ငါတို့မျိုးနွယ်စုဘုရင် လှုပ်ရှားလာရင် ဘယ်သူကများ ခုခံနိုင်မှာလဲ .. ဒေါင်းဘုရင်ကိုယ်တိုင် တောင်ပိုင်းသွားပြီး သွားသတ်မှတော့ ချူဖုန်း သေသွားမှာက သဘာဝပဲ..” သူတို့ အေးစက်စွာ ရယ်မော၍ ပြောနေကြဆဲပင်.
သူတို့နှင့်ယှဉ်လျှင် မီးခိုးပြာဝံပုလွေလူမျိုးစုမှာ ပိုဆိုးသေးသည်. “နောက်ဆုံးတော့ နတ်ဆိုးဘုရင်ချူ သေသွားပြီ .. ဒါက ဝမ်းသာစရာ သတင်းကောင်းပဲ ဟား ဟား ဟား..”
ချူဖုန်း သူတို့ မီးခိုးပြာဝံပုလွေဘုရင်အား သတ်ခဲ့ခြင်းဖြစ်သောကြောင့် သူတို့ ချူဖုန်းအား အရိုးထဲထိ မုန်းတီးနေကြသည်ပင်. ထို့ကြောင့် သူတို့ အတော်လေး အထိန်းအကွပ်မရှိ ဖြစ်နေသည်.
“သေချာစီစဉ်ထားတဲ့ ဒီထောင်ချောက်က ချူဖုန်းကို သူကိုယ်တိုင် အသတ်ခံသွားအောင်ထိကို လုပ်နိုင်ခဲ့တယ် .. ဒီအဖြစ်အပျက်ဖြစ်သွားလို့သာ .. မဟုတ်ရင် ငါတို့လည်းသူ့မိဘတွေကို သတ်ပြီး သူ့ကိုမျှားထုတ်ဖို့စီစဉ်ထားတာပဲ…”
မီးခိုးပြာဝံပုလွေမျိုးနွယ်စုသည် ချူဖုန်း၏ ကံဆိုးမှုအား မြိန်ရေယှက်ရေပင် ပြောနေကြသည်.
သို့သော် ထိုအချိန်တွင် အင်တာနက်ပေါ်၌ ဂြိုလ်တုဓာတ်ပုံများ စတင်ထွက်ပေါ်လာသည်.
မီးခိုးပြာဝံပုလွေမျိုးနွယ်စုမှာ ချက်ချင်းပါးစပ်ပိတ်သွားတော့သည်.
ဂြိုလ်တုဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် အသံတိတ်သွားသည်မှာ သူတို့မျိုးနွယ်စုတစ်ခုတည်းမဟုတ်.
လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးသည့်နောက်တွင် အလင်းများလွှမ်းခြုံထားသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ သားရဲဘုရင်အားလုံးကို သတ်သွားခဲ့သည်. ဤမြင်ကွင်းမှာ လုံးဝကို ကြောက်စရာကောင်းလှသည်ပင်.
ဝုန်း…
လောကတစ်ခုလုံး တုန်လှုပ်သွားကြလေ၏.
ဒါက တကယ့်အမှန်တရားလား .. အားလုံး ဆွံ့အသွားရသည်.
ထို့နောက်တွင်တော့ အထူးသန္ဓေပြောင်းတပ်သားများနှင့်အတူ ထရပ်ကားကြီးများစွာ ယွမ်လော့တောင်မှ ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်. သူတို့ထွက်သွားသည်နှင့် ပျက်စီးကာ သွေးစွန်းနေသည့် တောအုပ်ကြီးသာ ကျန်ခဲ့တော့သည်.
သူတို့ထွက်သွားသည်နှင့် သားရဲမျိုးနွယ်စုများစွာ ချက်ချင်းရောက်လာကြပြီး အတည်ပြုကြလေ၏.
မြေပြင်ထက်၌ သွေးများစွန်းထင်းနေပြီး တောင်တစ်ခုလုံးမှာ မမှတ်မိနိုင်တော့လောက်အောင် ပျက်စီးသွားလေပြီ. သားရဲဘုရင်များ၏ အရိုးအပိုင်းအစများ၊ ငှက်ဘုရင်များ၏ သွေးစွန်းနေသည့် အမွေးအတောင်များအပြင် အကြေးခွံအပိုင်းအစနှင့် ဦးချိုများပင် တွေ့လိုက်ရသည်.
“ဘုရားရေ .. အမှန်တရားက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ..”
သန္ဓေပြောင်းလူများနှင့် သားရဲဘုရင်များ ချက်ချင်း လူစုကွဲသွားကြသည်.
လူထုကြားထဲ၌ ပေါက်ကြားလာသည့် ဂြိုလ်တုဓာတ်ပုံများ နာမည်ကြီးနေပြီး အားလုံးမှာ သူတို့၏အစောပိုင်းခန့်မှန်းချက်များမှာ အလွန်အကျူးပင် မှားယွင်းနေကြောင်း သိလိုက်ရတော့သည်။
အပိုင်း ၂၆၃ ပြီး၏။