ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၁ – ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခြင်း
ခွပ်..
ချူဖုန်း တစ်ခါခုန်လိုက်တိုင်း တစ်ကီလိုမီတာ ရောက်သွားသည်။ သူသည် ခေါင်းလောင်းထဲတွင် နေနေခြင်းဖြစ်သောကြောင့် သူ လှုပ်ရှားလိုက်တိုင်း ရှေးခေါင်းလောင်းသံအား ကြားနေရမည်ပင်။
ချန်းယွဲ့သည် ပါးစပ်မှ သွေးအန်ကာ လွင့်ထွက်သွားသော်လည်း ချူဖုန်း ခဏလေးဖြင့် သူ့နားပြန်ရောက်သွားသည်။
ထို့နောက် ချူဖုန်း အော်ဟစ်ကာ ရန်သူ့ထံသို့ လက်သီးမိုးရွာသွန်းတော့သည်။
ဝုန်း…
ရွှေရောင်ခေါင်းလောင်းမှ အကောင်ငါးကောင် ထပ်မံပြေးထွက်သွားသောကြောင့် နတ်အလင်းများမှာ ပင်လယ်မှ ရေလှိုင်းများကဲ့သို့ မြင့်တက်လာသည်။
နဂါး၊ ကျား၊ သိမ်းငှက်၊ ကြိုးကြာနှင့် ဝက်ဝံတို့တွင် အချို့အကောင်များမှာ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ပြီး အချို့အကောင်များမှာ အနက်ရောင်၊ အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်နေသည်ပင်။ လေထဲ၌ နဂါးအော်သံများ၊ ကျားဟိန်းသံများ၊ ငှက်အော်သံများ ပြည့်နှက်နေသောကြောင့် ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။
ခွပ်..
ချန်းယွဲ့ နောက်တစ်ကြိမ် လေထဲလည်ထွက်သွားပြီး သွေးများနေရာအနှံ့ လွင့်စင်သွားသည်။
ယခုတစ်ခေါက်တွင်တော့ သူ မီတာပေါင်းတစ်ထောင် လွင့်ထွက်သွားပြီး တောင်ထိပ်တစ်ခုနှင့် သွားတိုက်မိသည်ပင်။ ထိုတောင်ထိပ်မှာ ချက်ချင်းပင် အပိုင်းပိုင်းအစစဖြစ်ပြီး ပြိုကျသွားကာ လေထဲသို့ အမှိုက်များ၊ ဖုန်မှုန့်များ လွင့်တက်လာတော့သည်။
“မိစ္ဆာကောင် .. မင်း င့ါကို တကယ်ဒေါသထွက်အောင် လုပ်လိုက်တာပဲ .. ငါ မင်းနဲ့မယှဉ်နိုင်ဘူးလို့ ထင်နေတာလား..” ချန်းယွဲ့ အော်ဟစ်လိုက်သည်။ သူ့ဆံပင်များ လေထဲ၌ လွင့်မျောနေကာ ခန္ဓာကိုယ်မှလည်း ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာသည်။
“မင်းကိုယ်မင်း ဘာထင်နေတာလဲ.. မင်းက မျက်လုံးသုံးလုံးနဲ့ ငကြောင်ကောင်တစ်ကောင်ပဲ .. မင်းရဲ့ဘိုးဘေးတွေက ပင်လယ်ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ အသက်ဝင်လာပြီး အဆင့်တက်သွားတာလို့တော့ မပြောနဲ့နော်..” ချူဖုန်း လှောင်ပြောင်ရယ်မောလိုက်သည်။
သူ ဤလူကို ကြည့်လေလေ မကြိုက်လေလေပင်။ ဤလူသည် သူ့သွေးမျိုးဆက်က အလွန်မြင့်မြတ်နေသည့်ပုံစံဖြင့် သူ့ကို မိစ္ဆာကောင်ဟု လာခေါ်နေသေးသည်။
ဝုန်း…
ချင်းယွဲ့ထံမှ ခရမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်ထိပင် ထိုးတက်သွားသည်။ သူ့ခန္ဓာကိုယ်မှ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ရေနဂါးတစ်ကောင်ကဲ့သို့ သူ့အနောက်တွင် အမြှီးတစ်ခု ထွက်လာသည်။
ထို့အပြင် သူ့ခန္ဓာကိုယ်လည်း လျင်မြန်စွာပင် သုံးမီတာအမြင့်ထိ ရောက်လာသည်။ သူ၏ချောမောခန့်ညားသည့်အသွင် ပျောက်ဆုံးသွားပြီး ခေါင်းစခြေဆုံး အကြေးခွံများဖြင့် ဖုံးအုပ်သွားကာ ခရမ်းရောင်တောက်ပလာသည်။
သူသည် လူသားပုံစံသာ ရှိသေးသော်လည်း မျက်နှာထိ အကြေးခွံများ ဖုံးအုပ်နေသည့်အပြင် အမြှီးတစ်ချောင်းလည်း အပိုထွက်လာသေးသည်။
“ငါက အတ္တလန္တိတ်မျိုးဆက်ပဲ .. အဲဒီတော့ မင်းကို မိစ္ဆာကောင်လို့ ခေါ်ခွင့်ရှိတယ် .. ငါတို့မျိုးနွယ်စု ခမ်းနားကြီးကျယ်တဲ့အချိန်တုန်းက မင်းတို့လူသားတွေက ဘာမှမဟုတ်ဘူး..” ချန်းယွဲ့ ဟစ်ကြွေးလိုက်သည်။
“နှစ်မြှုပ်ပျောက်ကွယ်သွားတဲ့ အတ္တလန္တိတ်လား .. အဲဒီတော့ ဒဏ္ဍာရီလာ အတ္တလန္တိတ်မျိုးနွယ်တွေအားလုံးက မင်းလိုငကြောင်တွေလား.. ဒီသောက်ရေးမပါတာတွေကို ငါမယုံဘူး .. မင်းက မျိုးဆက်ဆိုတော့ မင်း ဘိုးဘေးတွေက တစ်ခြားမျိုးနွယ်စုက တစ်ယောက်ယောက်ကို လက်ထပ်ခဲ့တာပဲ .. သူက ရေနဂါးမျိုးနွယ်စုနဲ့ လက်ထပ်ခဲ့တာများလား.. အဲဒါကြောင့် မင်း အရမ်းရုပ်ဆိုးနေတာ .. မင်းက မြင်မကောင်းရှုမကောင်းဖြစ်နေတဲ့ မျိုးစပ်ကောင်ပဲ .. မင်းကိုယ်မင်း နတ်မျိုးနွယ်စုလို့ ခေါ်ရဲနေသေးတယ်ပေါ့ .. မင်းက မိစ္ဆာနဲ့တော်တော်လေး တူတယ်လို့ ခံစားရတယ် .. ဒီနေ့ကစပြီးတော့ မင်းကို မိစ္ဆာမျိုးနွယ်စုလို့ ခေါ်မှထင်တယ်” ချူဖုန်း ရန်စလိုက်သည်။
“မင်းက သေချင်နေတာပဲ..”
အကြေးခွံနှင့်ချန်းယွဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ့တတိယမျက်လုံးမှ ခရမ်းရောင်အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။
ချွမ်း..
ထိုအလင်းတန်းမှာ ချူဖုန်း ဘေးပတ်လည်မှ ခေါင်းလောင်းကြီးကို ဖောက်ထွက်သွားတော့မတတ်ပင်။
“လိုသေးတယ်..” ချူဖုန်း မှတ်ချက်ပေးလိုက်သည်။ သူ၏လှုပ်ရှားမှုတိုင်းတွင် သွေးစွမ်းအင်များ ကြွတက်နေပြီး သူ့ကိုခေါင်းလောင်းကြီး ရစ်ပတ်ထားသကဲ့သို့ပင်။
ဝုန်း…
နောက်တစ်ခဏတွင် သူ့နောက်မှ အကြေးခွံအတောင်ပံတစ်စုံ ထွက်ပေါ်လာတော့မည့်ပုံစံဖြင့် ချန်းယွဲ့၏အော်ရာ ထပ်မံမြှင့်တက်လာသည်။
“မင်းက ပိုပိုပြီး ရုပ်ဆိုးလာပြီ .. မင်းကို မိစ္ဆာလို့ခေါ်တာက မိစ္ဆာတွေကို စော်ကားရာ ရောက်နေပြီ .. ဒီလောက်ပြောင်းလဲသွားတာတောင် မင်း ဘယ်လိုလုပ် လူပုံစံကို ဆက်ထိန်းထားနိုင်သေးတာလဲ.. မင်းက င့ါကို စားချင်စိတ်ကုန်ခမ်းသွားအောင် လုပ်နေတာပဲ .. သေလိုက်တော့..”
ချူဖုန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို ထိုးဖောက်သွားလေ၏။ ထို့နောက် သူ့ရန်သူထံသို့ လက်သီးချက် ပစ်သွင်းလိုက်သည်။
ချန်းယွဲ့ ဒေါသထွက်နေလေပြီ။ တစ်ဖက်လူ၏စကားလုံးများမှာ မုန်းတီးစရာ ကောင်းလှသည်။ သူက လူသားပုံစံရှိနေတဲ့ဟာ ဘယ်ဟာမဆို မစားနိုင်တာလား..
“ချူဖုန်း ငါမင်းကို အရှင်လတ်လတ် အရေဆုတ်ပစ်မယ်..” ချန်းယွဲ့သည် ခရမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချူဖုန်းထံသို့ ပြေးဝင်သွားလိုက်သည်။
ဝုန်း…
ယခုတစ်ခေါက် သူတို့ အားကုန်ထုတ်ထားခြင်းဖြစ်သောကြောင့် သူတို့နှစ်ဦး ထိပ်တိုက်တွေ့သည်နှင့် သူတို့ကြားမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။
ဒုန်း ဟူသည့်အသံနှင့်အတူ ရှင်းယီခေါင်းလောင်း၌ အက်ကွဲကြောင်းများ ပေါ်လာပြီး တစ်ဖက်လူ၏ အလင်းတန်းမှာ သူ့လည်ပင်းကို ဖြတ်သွားသောကြောင့် သူ့အသားပေါက်ပြဲသွားပြီး သွေးများလွင့်စင်လာသည်။ အခြေအနေမှာ အလွန်အန္တရာယ်များလှသော်လည်း သူ့ထံတွင် အံ့အားသင့်စရာကောင်းလောက်သည့် ကုသနှုန်းရှိနေသည်ပင်။
ခွပ်…
တစ်ချိန်တည်းမှာပင် ချူဖုန်း၏လက်သီးချက် တစ်ဖက်လူကိုယ်ပေါ်သို့ ရောက်သွားသည်။ ဤတစ်ခေါက်လက်သီးချက်မှာ ချန်းယွဲ့၏နံရိုးများကို ချိုင့်ဝင်သွားစေပြီး အရိုးကျိုးသည့်အသံများပင် ထွက်လာသည်။ လူလည်း အဝေးသို့ လွင့်ထွက်သွားလေ၏။
သူတို့နှစ်ဦးလုံး ဒဏ်ရာရသွားကာ သွေးများစိုရွှဲနေလေပြီ။
“အမ် .. မင်းက ပြေးချင်တာလား..” ထိုအချိန်တွင် အဝေးမှ လိပ်ချိုးသည် အတောင်ပံကို ဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ ပျံသန်းရန် ကြိုးစားနေသည်ကို သူသတိပြုမိသွားသည်။
သူသည် ဘေးပတ်လည်မှ အခြားဘုရင်များကိုလည်း မျက်စိဒေါက်ထောက် ကြည့်နေခဲ့ပြီး သူတို့လှုပ်ရှားလျှင် ချက်ချင်း သတ်ပစ်လိုက်မည်ပင်။
တကယ်တမ်းတွင် အခြားသားရဲကျွမ်းကျင်သူများမှာ ချူဖုန်း သေမည့်မြင်ကွင်းကို မစောင့်နိုင်တော့။
သူတို့ ဝင်တိုက်ချင်သော်လည်း သူတို့နှင့်ချူဖုန်းကြားမှ ကွာဟချက်မှာ ကြီးမားလှသည်။ ဤသည်မှာ သူတို့အသက်စတေးလိုက်သည်နှင့် အတူတူပင် ဖြစ်သွားလိမ့်မည်။
လိပ်ချိုးဘုရင်ကဲ့သို့ ထွက်ပြေးချင်နေသည့်သူများ ရှိသော်လည်း ချူဖုန်း လျှပ်စီးလှံတံ ပစ်လွှတ်ကာ ချက်ချက်သတ်လိုက်မည်စိုးသောကြောင့် သူတို့မပြေးရဲ။။
သူတို့ရှေ့၌ ငှက်ဘုရင်တစ်ကောင် ဆိုးရွားစွာ အဆုံးသတ်ခဲ့ဖူးသည်ပင်။
သို့သော် ချူဖုန်းနှင့် ချန်းယွဲ့တို့တိုက်ပွဲ ကီလိုမီတာအနည်းငယ်ခန့် ပြောင်းသွားသည့်အချိန်တွင်တော့ လိပ်ချိုးငှက်ဘုရင် သတ္တိရှိလာကာ လှုပ်ရှားလာတော့သည်။ လုံခြုံသည့်နေရာသို့ သူ အရင်ဆုံးထွက်ပြေးရမည်။
သို့သော် သူ ချူဖုန်း၏နတ်အသိစိတ်ကို လျှော့တွက်မိသွားခဲ့သည်။ ချူဖုန်းသည် အစကတည်းက သူတို့ကို ပိတ်ထားခဲ့ပြီးသားဖြစ်ပြီး သူ နမော်နမဲ့လှုပ်ရှားလိုက်သည်နှင့် သတ်ဖြတ်လိုသည့်အငွေ့အသက် ထွက်ပေါ်လာမည်ပင်။
ဝုန်း…
ချူဖုန်း အသံနှုန်းထက် ငါးဆခွဲပိုမြန်အောင် အရှိန်တင်လိုက်သည်နှင့် လေဟာနယ်ပေါက်ကွဲသွားသည်။ ဤမြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်ပင်။
အထူးသဖြင့် တောင်များပေါများလှသည့် ဤအရပ်တွင် ချူဖုန်းသည် အေးဆေးပင် လိုက်ဖမ်းနိုင်နေသည်။ သူသည် တောင်ထိပ်ပေါ်သို့ တက်သွားလိုက်ပြီး ကောင်းကင်ထက်သို့ ခုန်တက်သွားလိုက်သည်။
“သေလိုက်တော့..”
အော်သံတစ်သံတည်းဖြင့် လိပ်ချိုးငှက်ဘုရင် အသိစိတ်ဖရိုဖရဲဖြစ်သွားကာ မူးဝေလာလေ၏။ သူ ကောင်းကင်ထက်မှ ပြုတ်ကျမလိုပင် ဖြစ်နေလေပြီ။
“မင်း လုပ်ရဲတယ်လား..” ချန်းယွဲ့ အော်ဟစ်ကာ ချူဖုန်းကို တားဆီးရန်အတွက် အတောင်ပံခတ်ကာ အနောက်မှ ပြေးလိုက်လာလေ၏။
သို့သော် သူ့ထံ၌ အတောင်ပံ ရှိနေလျှင်ပင် အမြန်နှုန်းတွင် ချူဖုန်းကို မယှဉ်နိုင်။ သူအားကုန်ထုတ်သုံးလျှင်ပင် ချူဖုန်းကို မမှီနိုင်။
ချူဖုန်းသည် လျှပ်စီးလှံတံမသုံးပဲ လျှပ်စီးကဲ့သို့သော အရှိန်နှုန်းဖြင့် သူ့နောက်မှ ပြေးလိုက်လာနေသည်ကို မြင်လိုက်ရသည့်အချိန် လိပ်ချိုးငှက်ဘုရင် ကြောက်ရွံ့တုန်လှုပ်လာသည်။
ခွပ်…
ချူဖုန်း လက်သီးမှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီး မီတာတစ်ရာပတ်လည်ကို ထိန်လင်းသွားစေခဲ့သည်။
ဖူး…
လိပ်ချိုးငှက်ဘုရင် တစ်စစီပေါက်ကွဲသွားကာ ထိုနေရာကို သွေးနှင့် အမွေးအတောင်မိုးများ ရွာသွန်းကျလာလေ၏။ လိပ်ချိုးငှက်ဘုရင် ဆိုးရွားစွာ သေဆုံးသွားလေပြီ။
ကျန်နေသည့် သားရဲဘုရင်သုံးဦး ထိတ်လန့်နေကြလေပြီ။ ပျံသန်းနိုင်သည့်သားရဲဘုရင်ပင် ချူဖုန်းလက်သီးချက်အောက် သေရလျှင် သူတို့ဆိုလျှင် အခွင့်အရေးပင်မရှိတော့။
သူတို့ ချန်ယွဲ့၏ဝှက်ဖဲကိုသာ အားကိုးရတော့မည်။
ချန်ယွဲ့ကတော့ အတော်လေး ဒေါသထွက်နေလေပြီ။ ချူဖုန်းသည် သူ့လက်အောက်မှလူများကို ထပ်ခါတလဲလဲ သတ်နေပြီး သူ့ကိုကြည့်ရသည်မှာ ရပ်တန့်မည့်ပုံ မပေါ်ပေ။
ချူဖုန်း ဝုန်းခနဲခုန်ဆင်းလာပြီး သူ့ခြေထောက်အောက်ရှိ တောင်ထိပ်မှာ ကြေမွသွားရသည်။
သူသည် နောက်မှလိုက်လာသည့် ချန်းယွဲ့ကိုကြည့်ကာ “ငါ သတ်ချင်တဲ့သူကို ငါသတ်မှာပဲ .. မင် င့ါကို တားနိုင်လို့လား..”
“မင်းက ငါ့စည်းကို ထပ်ခါတလဲလဲ လာထိနေတာပဲ .. ငါ မင်းကို ညှာတာနေမှာ မဟုတ်တော့ဘူး..” ချန်းယွဲ့ ဟစ်ကြွေးလိုက်သည်။
“မင်းက အီးလှည့်ပေါက်ဖို့တောင် မတန်ဘူး .. ဘာစည်းလဲ.. မင်းကိုယ်မင်း လူစွမ်းကောင်းကြီးလို့ ထင်နေတာလား.. ငါတစ်ခြားသူတွေကိုလည်း သတ်ပစ်မှာ .. မင်း ဘာတတ်နိုင်မလဲ ကြည့်ကြတာပေါ့..” ချူဖုန်း အော်ဟစ်လိုက်သည်၊
သူ တောင်ထိပ်မှ ဝုန်းခနဲဆင်းလာပြီး ဘုရင်အဆင့်ကျွမ်းကျင်သူသုံးဦးကို ကြည့်လိုက်သည်။
“ငါ မင်းကို သတ်ပစ်မယ်..” ချန်းယွဲ့ အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသောကြောင့် ချူဖုန်းထံသို့ လက်သီးဖြင့် တိုက်ခိုက်လာသည်။
တောထဲ၌ ရှိနေသည့် သားရဲဘုရင်သုံဦးကတော့ တုန်လှုပ်နေကြလေပြီ။ သူတို့အတွက် အခြေအနေမကောင်းသည်ကို သိလိုက်ကြရသည်။
“အတူတူတိုက်ပြီးတော့ ချန်းယွဲ့ကို ကူညီရအောင်..” သိုးဘုရင် ပြောလိုက်သည်။ သူသည် လူသားပုံစံဖြစ်နေသော်လည်း သူ့ဦးခေါင်းထက်၌ ချိုကောက်ရှည်တစ်ချောင်းကို မြင်နေရဆဲပင်။
“သတ်…” အခြားဘုရင်နှစ်ဦး ဟစ်ကြွေးလိုက်ကြသည်။
ခွပ်…
ချူဖုန်း ချန်းယွဲ့နှင့် လေထဲတွင် တိုက်ခိုက်လိုက်ပြီး လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူကတော့ မြေပြင်ထက်သို့ ဆင်းသက်လိုက်ကာ ဘုရင်သုံးယောက်ထံသို့ သွားလိုက်သည်။
သိုးဘုရင်အော်ဟစ်ကာ ချူဖုန်းထံသို့ ဦးတည်သွားလိုက်၏။ သို့သော်လည်း အခြားနှစ်ဦးမှာ အခြားတစ်ဖက်ဆီသို့ ထွက်ပြေးသွားသည်ကို သူ အံ့အားသင့်စွာ တွေ့လိုက်ရသည်။
ချူဖုန်းအတွက် ကီလိုမီတာ အနည်းငယ်မှာ ခြေတစ်လှမ်း၊ နှစ်လှမ်းစာခန့်သာရှိသည်။
ချူဖုန်း၏ စွမ်းအင်များမှာ ပင်လယ်လှိုင်းများကမ်းခြေကို တိုက်စားနေသကဲ့သို့ ထွက်ပေါ်လာပြီး ကျားဘုရင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“ရေအောက်မျိုးနွယ်စုဘုရင် .. ကျွန်တော့်ကို ကယ်ပါဦး..” ကျားဘုရင် ကြောက်လန့်တကြား ပြောလိုက်ကာ သူ တတ်နိုင်သမျှ ခုခံလိုက်သည်။
“ထွက်သွားလိုက်စမ်း..” ချန်းယွဲ့ အော်ဟစ်ကာ ကောင်းကင်ထက်မှနေ၍ ချူဖုန်းထံသို့ ထိုးဆင်းလာသည်။ သို့သော် ချူဖုန်းကို တားဆီးရန် နောက်ကျလွန်းသွားလေပြီ။
ချူဖုန်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူ့ထံမှ နတ်အလင်းများ ထွက်လာပြီး မီတာပေါင်းတစ်ရာကို လွှမ်းခြုံသွားကာ သိုးဘုရင်သည်လည်း လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားလေသည်။
အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ထိပ်တန်းအဆင့်သက်ရှိများမှလွဲလျှင် မည်သူက ချူဖုန်းကို ခုခံနိုင်မည်နည်း.. သူသည် သေမျိုးလောကသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးနှင့်ပင် တူနေလေပြီ။
“ငါ တတိယမြောက် သားရဲဘုရင်ကို သတ်တော့မယ် .. မင်းတားနိုင်ရင် တားကြည့်လေ..” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
သူသည် အသံအတားအဆီးကို ဖြတ်ကျော်ကာ တစ်ကီလိုမီတာကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သွားကာ ထပ်သတ်လိုက်သည်။
ချန်းယွဲ့အမူအရာမှာ မှုန်မှိုင်းနေလေ၏။ သူ့တတိယမျက်လုံး တောက်ပလာကာ အနောက်မှ ဆက်တိုက်တိုက်ခိုက်လာသည်။ သို့သော် စိတ်ရှုပ်စရာကောင်းလှစွာဖြင့် ချူဖုန်းသည် ထိုတိုက်ခိုက်မှုအားလုံးကို ရှောင်ရှားနိုင်နေသည်။
ဝုန်း…
ပြင်းထန်လှသည့်အလင်း ပေါက်ကွဲထွက်လာပြီး မီတာတစ်ရာပတ်လည်ကို လွှမ်းခြုံသွားသည်။ ဤနေရာပတ်လည်ရှိ မြက်ပင်များ၊ သစ်ပင်များနှင့် ဧရာမကျောက်တုံးကြီးများအားလုံး ပေါက်ကွဲသွားကာ အမှုန့်များဖြစ်သွားကြသည်။
ထိုပေါက်ကွဲသံနှင့်အတူ နာကျင်စွာ အော်ဟစ်သည့်အသံတစ်သံလည်း ထွက်ပေါ်လာလေ၏။ တတိယမြောက်သားကောင် သေဆုံးသွားလေပြီ.
“နောက်တစ်ယောက်ကျန်သေးတယ် .. ငါ သူ့ကို အခုသွားသတ်တော့မှာ .. မင်း တားနိုင်မှာလား..” ချူဖုန်း နောက်လှည့်ကာ လှောင်ပြောင်လိုက်သည်။
ချန်းယွဲ့ အော်ဟစ်လိုက်သည်။ သူ သားရဲဘုရင်တစ်ယောက်ကိုမှ မကယ်လိုက်နိုင်သည်မှာ ရှက်စရာကောင်းလှသည်ပင်။
“မင်း ငါ့ကို မတားနိုင်ပါဘူး..” ချူဖုန်း ခနဲ့လိုက်သည်။
ချန်းယွဲ့ ဒေါသတကြီး အော်ဟစ်ကာ ကမူးရှူးထိုး ပြေးလာသည်။
သို့သော် ချူဖုန်းသည် နောက်ဆုံးသားရဲဘုရင်ထံသို့ မသွားပဲ နောက်လှည့်ကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ချူဖုန်း အားကုန်ထုတ်ကာ တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး ဓားပျံပင် ပါဝင်သည်။
ဖူး..
သုံး၊ လေးချက်ခန့် တိုက်ခိုက်ပြီးသည့်နောက်တွင် သူ ချန်းယွဲ့၏အတောင်ပံတစ်ဖက်ကို စုတ်ဖြဲပစ်လိုက်နိုင်သည်။
“အခုတော့ မင်း ပျံပြေးသွားမှာကို စိတ်ပူစရာမလိုတော့ဘူး .. လေးယောက်မြောက်လူကို သတ်ဖို့အချိန်ပဲ..” ချူဖုန်းစကားများမှာ မထီမဲ့မြင်ဆန်လှသည်။
ချန်းယွဲ့မှာ ဒေါသထွက်လွန်းသောကြောင့် အဆုတ်ကြီးပေါက်ကွဲထွက်မတတ် ဖြစ်နေလေပြီ။ သူ တကယ်ပဲ ချူဖုန်းကို မယှဉ်နိုင်ဘူးလား..
ယခုတစ်ခေါက် ချူဖုန်း လေးယောက်မြောက်လူနောက် အသည်းအသန် ပြေးလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူမှာ အတော်ဝေးဝေးသို့ ရောက်နေလေပြီ။ သို့သော် အကွာအဝေးမှာ သူ့အတွက် ပြဿနာမရှိ။ ခဏကြာပြီးနောက် ချူဖုန်း သူ့ကိုဖမ်းမိသွားသည်။
ရလဒ်အနေဖြင့် တောအုပ်တစ်ခုလုံး သားရဲသွေးများဖြင့်စွန်းထင်းသွားတော့သည်။ လေးယောက်မြောက်သားရဲလည်း အသတ်ခံလိုက်ရလေပြီ။
“မင်း ထွက်မပြေးတာကို ငါ တော်တော်လေး အံ့ဩမိတယ်” ချူဖုန်း ချန်းယွဲ့ကို ဆက်လက်လှောင်ပြောင်လိုက်သည်။
ချန်းယွဲ့ ပြန်ဆုတ်ချင်သည်။ သို့သော် အတောင်ပံတစ်ဖက် ဆုံးရှုံးထားသောကြောင့် သူ ထွက်ပြေးလွတ်မြောက်နိုင်ချေမရှိသည်ကို သူသိသည်။
“ထွက်ပြေးတယ်ဟုတ်လား .. ငါတို့နတ်မျိုးနွယ်စုထဲမှာ သွေးကြောင်တဲ့သူ မရှိဘူး .. မင်းနိုင်ပြီလို့ ထင်နေတာလား .. မင်းအသက်ကိုပေးလိုက်တော့ မိစ္ဆာကောင်..” ချန်းယွဲ့ ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူ့ဆံပင်ရှည်များမှ ရွှေရောင်အလင်းတောက်ပလာပြီး ခန္ဓာကိုယ်မှ အကြေးခွံများလည်း ပျောက်ကွယ်သွားသည်။ သူသည် ထွင်းဖောက်မြင်ရလုနီးပါး ဖြစ်သွားသည်။
သူ့ရင်ဘတ်တွင် ရွှေရောင်သွေးစက်အချို့ရှိနေပြီး ထိုသွေးစက်မှ နတ်အလင်းတန်းများ ထုတ်လွှတ်နေသည်။ ထို့နောက် ထိုအလင်းတန်းများသည် တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားကာ စတင်လောင်ကျွမ်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့တစ်ကိုယ်လုံး ရွှေရောင်တောက်ပလာတော့သည်။
“နတ်သွေး .. အသက်သွင်းမယ်..” သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချူဖုန်းထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ဝုန်း…
ပြင်းထန်လှသည့် တိုက်ပွဲကြီးကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး တုန်လှုပ်သွားကာ တောအုပ်များမှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားပြီး တောင်များလည်း တစ်စစီပေါက်ကွဲသွားသည်။ သူတို့နှစ်ဦးကြားမှ အဖျက်စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။
ချန်းယွဲ့သည် ချူဖုန်းနှင့်တိုက်ခိုက်ရန်အတွက် အတ္တလန္တိတ်မှ အမွေရခဲ့သည့် ရွှေရောင်သွေးစက်အချို့ကို လောင်ကျွမ်းပစ်ရန် တွန့်ဆုတ်မနေခဲ့။
“ငါ့လက်သီးပညာကို နောက်တစ်ဆင့်ရောက်အောင် လုပ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် .. မင်းကို အသုံးချစရာမရှိတော့ဘူးဆိုတော့ မင်း သေဖို့အချိန်ရောက်ပြီ..” ချူဖုန်း ပြောလိုက်သည်။
ထိုအချိန်တွင် သူ့အော်ရာ ပေါက်ကွဲထွက်လာပြီး အခြားပုံစံတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ကြယ်ကောင်းကင်ပြင်၌ ခုန်ပေါက်သွားနေသည့် မြင့်မြတ်သည့် နတ်မြင်းတစ်ကောင်ပင်။
အချိန်ခဏလေးအတွင်းမှာပင် ချူဖုန်းဘေး၌ နဂါး၊ ကျား၊ ကြိုးကြာ၊ သိမ်းငှက်၊ ဝက်ဝံနှင့် မြင်းပုံစံများ ပေါ်လာကာ ခေါင်းလောင်းကြီးတစ်လုံး ထပ်ဖြစ်လာသည်။
ချန်းယွဲ့ ဒေါသထွက်သလို သူ့အကာအကွယ်ကို ထိုးဖောက်နိုင်မည်မဟုတ်တော့ကြောင်း တွေ့လိုက်ရသည့်အချိန်တွင် ကြောက်လည်းကြောက်မိသည်။
“မင်းလမ်းကို ပို့ပေးဖို့ အချိန်ရောက်ပြီ..” ချူဖုန်း အော်ဟစ်လိုက်၏။
ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ အကောင်ခြောက်ကောင် ရစ်ပတ်နေသည့် လက်သီးချက်ကို ပို့လွှတ်လိုက်သည်။
နေလုံးကြီး ပေါက်ကွဲထွက်သွားသကဲ့သို့ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီးနောက် ချန်းယွဲ့၏နာကျင်စွာ အော်ဟစ်သည့်အသံထွက်ပေါ်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး တစ်စစီကွဲကြေသွားပြီးနောက် သွေးမြူအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ယခုအချိန်တွင် ယွမ်လော့တောင်မှ တိုက်ပွဲသည် ဂြိုလ်တုဓာတ်ပုံများမှတစ်ဆင့် နိုင်ငံတိုင်းသို့ ရောက်ရှိသွားပြီဖြစ်ပြီး ဆူညံပွက်လောရိုက်နေပြီပင်။
အပိုင်း ၂၆၁ ပြီး၏။