Switch Mode

Chapter – 260

အနိုင်မခံ အရှုံးမပေး

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၀ – အနိုင်မခံ အရှုံးမပေး

“င့ါ အကာအကွယ်အောက်မှာ ရှိနေတဲ့လူတွေကို မင်းထိရဲတယ်လား .. မင်းက သေချင်နေတာပဲ..”

ချန်းယွဲ့ အေးစက်စွာ စိုက်ကြည့်လာသည်။ အိပ်ပျော်နေသည့် နဂါးတစ်ကောင် နိုးထတော့မည့်ပုံစံဖြင့် သူ့နဖူးထက်ရှိ မျက်လုံးမှ ကြောက်စရာကောင်းသည့်အော်ရာ ထုတ်လွှတ်လာသည်။

“ကိုယ်ကျင့်တရားမကောင်းတဲ့ လူနှစ်ယောက်လေးများ .. ငါ သူတို့ကို မသန်စွမ်းဖြစ်အောင် လုပ်လိုက်ပြီ .. မင်းဘာတတ်နိုင်လဲ .. ပြီးတော့ မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ..”

ချူဖုန်း ချက်ချင်း တရှိန်ထိုး ပြေးလာလိုက်သည်။ သူ့လက်သီးမှာ ရွှေရောင်အလင်းတောက်ပနေပြီး သူ့ဘေးပတ်လည်ရှိ လေဟာနယ် ပေါက်ကွဲသွားလေ၏။ သူ့ထံမှ ထွက်လာသည့် စွမ်းအင်လှိုင်းများမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

ထို့အပြင် သူ့ခန္ဓာကိုယ်ထက်ရှိ မွေးညှင်းပေါက် ၃၆၀၀၀ လုံးမှ ရွှေရောင်အလင်း ထုတ်လွှတ်နေသောကြောင့် ယခုအချိန်တွင် သူသည် ကောင်းကင်ကို ဖြတ်သန်းနေသည့် နေလုံးကြီးနှင့် တူနေသည်ပင်။

ချန်းယွဲ့သည် ထွက်မပြေးပဲ ခရမ်းရောင်အလင်းများဖြင့် တိုက်ခိုက်လာသည်။

“မင်းလို ပိုးကောင်လေးကို တစ်ချက်တည်းနဲ့ ရိုက်သတ်ခဲ့သင့်တာ .. ငါ သတိလက်လွတ်ဖြစ်သွားပြီး မင်းကို ဒီလိုမျိုးစွမ်းအားကြီးအောင် လုပ်ခွင့်ပေးခဲ့မိတယ် .. မင်းက အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေကိုတောင် သတ်နိုင်တာဆိုတော့ ဒီနေ့ မင်းကို သတ်ရဖို့ ငါ ဘာကိုမှ ကွယ်ဝှက်ထားမှာ မဟုတ်တော့ဘူး..”

ချန်းယွဲ့ ခေါင်းမော့ကာ ဟစ်ကြွေးလိုက်သည်နှင့် သူ့ခရမ်းရောင်ဆံနွယ်များ လေထဲ လွင့်မျောလာကာ သူ့မျက်လုံးများမှာ အေးစက်ပြတ်သားနေသည်။ ထို့အပြင် သူ့မျက်ခုံးကြားမှ မျက်လုံးလည်း နတ်အလင်းဖြင့် တောက်ပလာကာ သူ၏ထူးခြားမှုကို ပံ့ပိုးပေးနေသည်။

သူ့အရပ်မှာ မြင့်မားဖြောင့်တန်းနေသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မြေပြင်ကြီးမှာ လက်မများသာ ကျန်တော့သည်အထိ ကျုံ့သွားသလိုပင်။ မျက်စိတစ်မှိတ်အတွင်း သူ အထင်မကြီးသည့် လူသားရှေ့သို့ ရောက်သွားလေ၏။

သူ အထင်မကြီးသော်လည်း ပေါ့ပေါ့တွက်၍ မရတော့။

ဝုန်း…

သူတို့နှစ်ဦး တိုက်ခိုက်မှုမှာ ရိုးရှင်းကာ ဒဲ့တိုးဆန်လှသည်။ မည်သူမှ မရှောင်ပဲ ထိပ်တိုက်ရင်ဆိုင်နေကြခြင်းပင်။ သူတို့နှစ်ဦးလုံးမှာ မည်သူက ပိုခွန်အားကြီးသည်ကို သိချင်နေကြသည်။

သူတို့တိုက်ခိုက်လိုက်သည်နှင့် ကောင်းကင်ကြီး ပြိုကျပြီး ကမ္ဘာမြေကြီး အက်ကွဲလာသကဲ့သို့ပင်။ တစ္ဆေများ မြည်ကြွေးနေပြီး နတ်ဘုရားငိုကြွေးနေသကဲ့သို့သော ကြောက်စရာကောင်းသည့်အသံများ ပဲ့တင်ထပ်လာသည်။

ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ တောအုပ်တစ်ခုလုံးကို လွှမ်းမိုးသွားသောကြောင့် တောင်တန်းတစ်ခုလုံး ပြိုကျသွားသည်။ ချုံပင်များ, ရှေးသစ်ပင်များနှင့် ဧရာမကျောက်တုံးကြီးများမှာ မီးတောက်နှင့်တွေ့သွားသည့် နှင်းများကဲ့သို့ ပြာများဖြစ်ပြီး ပျောက်ကွယ်သွားတော့သည်။

ခွပ် ခွပ် ခွပ်…

အသက်တစ်ရှိုက်စာအတွင်းမှာပင် သူတို့ အချက်ရေတစ်ရာကျော် တိုက်ခိုက်ပြီးသွားပြီဖြစ်သည်။ ဤသည်မှာ အပြင်းထန်ဆုံး အားပြိုင်မှုတိုက်ပွဲဖြစ်နိုင်သည်ပင်။

ချူဖုန်း ကျက်သရေရှိကာ ထက်မြက်သည့် ရှင်းယီကြိုးကြာပုံစံပြောင်းလိုက်သည်။

ရွှီး…

ချူဖုန်း၏လက်များမှာ ဓားသွားများကဲ့သို့ပင်။ ကြိုးကြာဖြူတစ်ကောင် သူ့အတောင်ပံများကို ဖြန့်ကျက်လိုက်သကဲ့သို့ သူ့လက်များမှာ ချန်းယွဲ့၏လည်ပင်းကို ဖြတ်တောက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် ထိုတိုက်ခိုက်မှုမှာ တစ်ဖက်လူ၏ ဆံပင်အနည်းငယ်ကိုသာ ဖြတ်တောက်လိုက်နိုင်သည်။ ထိုဆံပင်များသည် လေထဲ၌ ပျောက်ကွယ်မသွားပဲ မြေပြင်နှင့် ထိသွားမှသာ အပိုင်းပိုင်းဖြစ်သွားသည်။

ချန်းယွဲ့ အံ့အားသင့်သွားရ၏။ ဤလူသားနှင့် ရင်ဆိုင်ရန်မှာ အတော်လေး ပြဿနာများလိမ့်မည်။ သူ့ကိုယ်စွမ်းအားတိုက်ခိုက်မှုမှာ ဤကဲ့သို့ ကြောက်စရာကောင်းသည့်အဆင့်ပင် ရောက်နေလေပြီ။ ဤလူမှာ ရန်သူကြီးတစ်ယောက် ဖြစ်သွားလေပြီ။

ထို့အပြင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ ထုတ်ပေးနေသည့် နေလုံးငါးလုံးရှိနေသည်ကို တွေ့လိုက်ရသည့်အချိန် သူ ထိတ်လန့်သွားရသည်။ ဤလူသည် အချုပ်အနှောင်ငါးခုသာ ဖြတ်တောက်ထားသည့်သူဖြစ်သောကြောင့် သူ့ထက် တစ်ဆင့်နိမ့်နေသင့်သော်လည်း ယခုတော့ သူနှင့် တန်းတူတိုက်ခိုက်နိုင်နေသည်။

ချူဖုန်း၏ပုံစံ ပြောင်းလဲသွားသည်။ သူသည် ကျက်သရေရှိသည့်လှုပ်ရှားမှုပုံစံ မဟုတ်တော့ပဲ ကြမ်းတမ်းသည့် ကျားကြီးတစ်ကောင် အသက်ဝင်လာသကဲ့သို့ ဖြစ်လာသည်။

သူ့တိုက်ခိုက်မှုများမှာ လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ သူ့လက်များသည် ကျားပုံဖြစ်လာကာ အဆက်မပြတ် တိုက်ခိုက်လာသည်။ သူ ဘာအသံမှ မထွက်သော်လည်း သူ့ခန္ဓာကိုယ်ထဲမှ ကျားဟိန်းသံများ ထွက်ပေါ်လာလေ၏။

ဤသည်မှာ ရှင်းယီကျားပုံစံပင်။ သူ့ခြေလက်များကို လှုပ်ရှားလိုက်သည်နှင့် ကျားတစ်ကောင်၏ ခက်ထန်သည့်အော်ရာထွက်ပေါ်လာပြီး ကြယ်ကောင်းကင်ထက် ခုန်ပျံကျော်လွှားနေသည့် ကျားနက်ကြီးတစ်ကောင်၏ပုံရိပ်ကိုလည်း မြင်နိုင်မည်ပင်။

ဝုန်း…

ချူဖုန်း၏ တိုက်ခိုက်မှုများမှာ ချန်းယွဲ့ကို နှလုံးခုန်နှုန်းများ လျင်မြန်သွားစေသည့်အပြင် သူ နောက်လည်းယိုင်သွားသည်။ ချူဖုန်း၏တိုက်ခိုက်မှုများကို ပြန်မတိုက်ပဲ ရှောင်သာရှောင်လိုက်လေ၏။

“ချီးပဲ .. မင်းက ဒီလောက်တောင် စွမ်းအားကြီးလာတာလား.. ဒါမှန်းသိရင် ဒဏ်ရာရနေတဲ့ဟိန်းထုန်ကို လွှတ်မယ့်အစား ငါ ကိုယ်တိုင်လာပြီး မင်းရဲ့အရွတ်တွေကို ဆွဲထုတ်ပြီး မင်းကို အရှင်လတ်လတ် အရေဆုတ်ပစ်မှာ…”

ချန်းယွဲ့၏ အေးစက်သည့်အသံတွင် နောင်တတစ်စွန်းတစ်စလည်းပါဝင်နေသည်။ သူသာ ထိုအချိန်တုန်းက လှုပ်ရှားခဲ့လျှင် ဤလူသားကို သတ်ပြီးသွားလောက်လေပြီ။

ထိုစကားကို ကြားလိုက်သည်နှင့် ချူဖုန်းအမူအရာ လေးနက်သွားသည်။ ဤအဖြစ်အပျက်တစ်ခုလုံးမှာ သူ့အား ဒေါသထွက်စေသည်ပင်။ သူသည် အလကားနေရင်း ပန်းကန်ပြားပျံဖြင့် တိုက်ခိုက်ခံခဲ့ရသည့်အပြင် ဟိန်းထုန်၏တိုက်ခိုက်ခြင်းလည်း ခံခဲ့ရပြီး နှစ်ကြိမ်လုံးသေမလိုဖြစ်ခဲ့ရသည်။

ဤမျက်လုံးသုံးလုံးရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူက ဤအဖြစ်အပျက်များကို ဒေါသတကြီး လာပြောနေသေးသည်။ ဤသည်မှာ ချူဖုန်းကို အတော်လေး ဒေါကန်စေသည်။

“မျက်လုံးသုံးလုံးနဲ့ မကောင်းဆိုးဝါးကောင် .. မင်း င့ါကို ဘယ်လိုမျိုး ရန်စခဲ့သလဲဆိုတာကို သတိပေးချင်နေတာလား.. မင်းက သေချင်နေတာပဲ..” ချူဖုန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ချူဖုန်း၏ ကျောရိုးမှ နဂါးတစ်ကောင်ကဲ့သို့သော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး တဂျွတ်ဂျွတ်အသံများလည်း ထွက်ပေါ်လာသည်။ ဤသည်မှာ နဂါးအစစ်တစ်ကောင် သူ့ကိုယ်ထဲ၌ အိပ်နေသကဲ့သို့ပင်။

ဤသည်မှာ သူ၏ရှင်းယီနဂါးပုံစံပင်။ သူ့ကျောရိုးမှ အဓိကစွမ်းအင် ထွက်ပေါ်လာပြီး အိပ်ပျော်နေသည့်နဂါးကြီး နိုးထလာလေပြီ။ ဤသည်မှာ သူ၏စွမ်းအင်ကို တိုးမြှင့်သွားစေသည်ပင်။

သူ၏ကျောရိုးမှာ နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း လက်သည်းများကတော့ ကျားပုံစံပင်။

ဝုန်း…

သူ့ကျောရိုးမှ စွမ်းအင်များ စီးဆင်းလာပြီး သူ့ဘယ်လက်သို့ ရောက်လာကာ ထိုစွမ်းအင်များသည် ကြောက်စရာကောင်းသည့် နဂါးတစ်ကောင်ခေါင်း ဖြစ်သွားလေ၏။

သူ့ညာလက်နှင့် ခန္ဓာကိုယ်ကတော့ ကျားပုံစံရှိနေဆဲပင်။

ကျားနှင့်နဂါးတပြိုင်နက်တည်း ထွက်ပေါ်လာပြီး စည်းချက်ကျကျ လှုပ်ရှားနေသည်။

သူ့ခန္ဓာကိုယ်ထဲမှလည်း ကျားဟိန်းသံနှင့် နဂါးအော်သံများ ထွက်ပေါ်လာပြီး တောင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ဤသည်မှာ ရှင်းယီလက်သီးပညာထဲမှ “ကျားနှင့်နဂါးအာဏာလုခြင်း” လှုပ်ရှားမှုပင်။

ခွပ် ခွပ် ခွပ်…

ဘယ်လက်မှ နဂါးပုံစံနှင့် ညာလက်မှ ကျားပုံစံတို့ဖြင့် ဆက်တိုက် ထိုးနှက်လိုက်သည်။ နတ်အလင်းများကြားတွင် ချူဖုန်း၏ဘယ်လက်မှ နဂါးတစ်ကောင်ထွက်လာပြီး ညာလက်မှ ကျားတစ်ကောင် ထွက်လာသည်ကို မြင်နိုင်မည်ပင်။ ဤမြင်ကွင်းမှာ အတော်လေး ကြောက်စရာကောင်းလှသည်။

ပြင်းထန်လှသည့် စွမ်းအင်ပေါက်ကွဲမှုအောက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါလာသည်။

ကီလိုဂရမ်ပေါင်း တစ်ထောင်လေးသည့် ကျောက်တုံးကြီးများမှာ လေထဲလည်နေပြီးနောက် အပိုင်းပိုင်း ပေါက်ကွဲသွားသည်။

ဖူး…

ချန်းယွဲ့မှာ ချူဖုန်း၏လက်သီးချက်များကို ခုခံရုံသာ တတ်နိုင်တော့သည်။ ထို့နောက် သူ သွေးအန်ပြီး နောက်ယိုင်သွားရလေ၏။

သူ ဒဏ်ရာရသွားလေပြီ။

ခွပ်…

နောက်ဆုံးတွင်တော့ သူ တောအုပ်ထဲ လွင့်ထွက်သွားတော့သည်။

ချူဖုန်း သူ့နောက်လိုက်သွားလိုက်သည်။ သူ မြေပြင်ကိုကန်ပြီး ကောင်းကင်ထက်သို့ တက်သွားလိုက်သည်နှင့် မီတာ ၅၀၀ ကျော် ရောက်သွားသည်။ သူ ချန်းယွဲ့ကို မှီသွားကာ နောက်တစ်ကြိမ် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

“ငါ ချုပ်တီးထားရတာ .. သေရမယ့်လူက မင်းပဲ..” ချန်းယွဲ့ ပြောလိုက်သည်။

ဝှစ်…

သူ့နဖူးထက်ရှိ ဒေါင်လိုက်တတိယမျက်လုံးမှ အလင်းများထုတ်လွှတ်လာသည်။ ထိုအလင်းမှာ တောက်ပလွန်းလှသောကြောင့် နေနှင့်လပင် အရောင်မှိန်သွားရသည်။ ထို့နောက် အနီရောင်အလင်းနှင့်အတူ ခရမ်းရောင်တိမ်တိုက်များနှင့် သိပ်သည်းလှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ချူဖုန်းထံသို့ ရောက်ရှိလာသည်။

အကွာအဝေးမှာ နီးကပ်လွန်းလှသောကြောင့် မည်သည့်ခုခံမှုမှ အသုံးမဝင်တော့။ ချူဖုန်း ပခုံးမှ သွေးများစီးကျလာကာ ကြောက်စရာကောင်းသည့် ဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။

ဟမ့်…

အေးစက်သည့်နှာခေါင်းရှုံ့သံတစ်ခုနှင့်အတူ ချူဖုန်း ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ ထိုအလင်းများသည် ဝဲကတော့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ခရမ်းရောင်တိမ်တိုက်များကို စုတ်ယူလိုက်လေ၏။

“သေလိုက်တော့..” ချန်းယွဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အလင်းတန်းများကို ဆက်တိုက်ပစ်လွှတ်လာသည်။

ခွပ်…

သူတို့နှစ်ဦးသည် တိုက်ခိုက်ရင်းဖြင့် တောင်ကုန်းလေးတစ်ခုထက်သို့ ရောက်ရှိလာသည်။ ချူဖုန်း အလင်းတန်းကို ရှောင်ရှားလိုက်သည်နှင့် ထိုအလင်းတန်းသည် တောင်ကိုထိမှန်သွားကာ တောင်ကုန်းလေး ပေါက်ကွဲသွားလေ၏။

ဖူး..

နောက်ဆုံးတွင် ချူဖုန်း မရှောင်နိုင်တော့ပဲ အနီရောင်အလင်းတန်းတစ်ခု သူ့လက်ကို ဖောက်ထွက်သွားကာ လတ်ဆတ်သည့်သွေးများ လွင့်စင်လာသည်။

“အချိန်ကျပြီ..” ချန်းယွဲ့ အော်ဟစ်လိုက်သည်။

“မင်းက အဓိပ္ပာယ်မရှိတာတွေ တော်တော်ပြောတာပဲ..” ချူဖုန်း လှောင်ရယ်လိုက်သည်။ ထို့နောက် သူ့ပခုံးထက်မှ ဒဏ်ရာမှာ မျက်စိဖြင့် မြင်နိုင်လောက်သည့် အရှိန်နှုန်းဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်သွားသည်။ ခဏကြာပြီးနောက်တွင်တော့ဒဏ်ရာမှာ လုံးဝပျောက်သွားလေပြီ။

“ဒါက..” ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ချန်းယွဲ့ မျက်လုံးများ ပြူးကျယ်သွားရ၏။ ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ.. ဤမျှမြန်ဆန်လှသည့် ကုသနှုန်းမှာ သူ့ကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်ပင်။

ဖူး .. ဖူး…

ချန်းယွဲ့၏ တတိယမျက်လုံးမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အလင်းတန်းနှစ်ခု ချူဖုန်း ခန္ဓာကိုယ်ကို ထိမှန်သွားကာ ဒဏ်ရာများမှာ သွေးများ လွင့်စင်လာသည်။

သို့သော် ခဏကြာပြီးသည့်နောက်တွင် သူ့ဒဏ်ရာများ ပြန်ပိတ်သွားပြီး သွေးတိတ်သွားလေ၏။

သိထားရမည်မှာ ချန်းယွဲ့ပစ်လွှတ်လိုက်သည့် အလင်းတန်းများမှာ တောင်ထိပ်တစ်ခုကိုပင် ပေါက်ကွဲသွားစေနိုင်သည်ပင်။ သို့သော် ချူဖုန်း၏ခန္ဓာကိုယ်မှာ ထိုအလင်းတန်းကို တောင့်ခံနိုင်နေ၏။

ထိုသို့ဆိုသော်လည်း ချူဖုန်း သက်ပြင်းမချပဲ မနေနိုင်။ ဤမျက်လုံးသုံးလုံးရေအောက်မျိုးနွယ်စုကျွမ်းကျင်သူမှာ တကယ်ကို စွမ်းအားကြီးလှသည်။ သူသည် ဟိန်းထုန်ထက်ပင် ပိုစွမ်းအားကြီးသေးသည်။

“ငါ မင်းကို ဘာအခွင့်အရေးမှ ပေးမှာမဟုတ်ဘူး .. ဒီနေ့ ငါမင်းကို သတ်ပစ်မယ်..” ချန်းယွဲ့ ဟစ်ကြွေးလိုက်သည်။

“မင်းကိုယ်မင်း တကယ်ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား..” ချူဖုန်း ရယ်မောလိုက်သည်။ “ငါ့လက်သီးပညာကို လေ့ကျင့်ဖို့အတွက်ပဲ မင်းကို သုံးနေတာ..”

ဝုန်း…

ထို့နောက် ချူဖုန်း ဘယ်လက်ကိုမြှောက်လိုက်ကာ လက်ဝါးမှ လျှပ်စီးတန်း ပစ်လွှတ်လိုက်သည်။

ဤလျှပ်စီးတန်းများမှာ ပြိုင်ဘက်၏အလင်းတန်းများကဲ့သို့ လျင်မြန်လှသောကြောင့် ရှောင်ရှားရန် အတော်လေး ခက်ခဲသည်ပင်။

ခွပ်…

လျှပ်စီးမှာ ချန်းယွဲ့ကို ရစ်ပတ်သွားပြီး သူ့ခန္ဓာကိုယ်နောက်ယိုင်သွားသည်။ သူ့ပခုံးထက်တွင်လည်း အနက်ရောင်အမှတ်ကြီး ဖြစ်သွားသည်။ “မိစ္ဆာကောင် .. မင်း အင်အားကြီးလာပြီး ပြဿနာရှာမှာကို ခွင့်ပြုမှာမဟုတ်ဘူး..” သူ အေးစက်စွာ ပြောလိုက်သည်။

“ပုံပျက်နေတဲ့ မျက်လုံးသုံးလုံးကောင် .. မင်းက မကြာသေးခင်ကမှ အဆင့်တက်ထားတာကိုများ င့ါကို မိစ္ဆာကောင်လို့ လာခေါ်ရဲသေးတယ်ပေါ့ .. အဆင့်မတက်ခင်က မင်းဘာကောင်ဖြစ်ခဲ့လဲဆိုတာ ဘယ်သူ သိမှာလဲ..” ချူဖုန်း တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

စကားပြောနေရင်းဖြင့် လျှပ်စီးများ ဆက်တိုက်ထုတ်လွှတ်ကာ ဤနေရာတစ်ခုလုံးကို လျှပ်စီးများဖြင့် ပြည့်နှက်သွားအောင် လုပ်လိုက်သည်။ ဤသည်မှာ သူ့ကိုယ်ပိုင်စွမ်းရည်နှင့် လုံဟူတောင်မှ နတ်ဆိုးဖိနှိပ်ခြင်းပညာကို ပေါင်းစည်းထားခြင်းပင်။

“မင်း ဘာမှနားမလည်ဘူး .. ငါတို့တွေက ရှေးခေတ်ကတည်းက ရှိခဲ့တဲ့ နတ်ဘုရားမျိုးနွယ်စုပဲ .. မင်းလိုလူမျိုးက ဒါတွေ မသိတာတာ နားလည်ပေးလို့ရပါတယ်” လျှပ်စီးများကို တားဆီးရန်အတွက် သူ့ဒေါင်လိုက်မျက်လုံးမှ အလင်းတန်းများ ပစ်လွှတ်လာသည်။ လျှပ်စီးနှင့် အလင်းတန်းများ ထိမိသွားသည်နှင့် ကြောက်စရာကောင်းလှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ပင်။

ဝုန်း…

ချူဖုန်း ရှင်းယီလက်သီးကို ကျွမ်းကျင်စွာ အသုံးပြုလိုက်သည်။

သူ လျှပ်စီးများကို အသုံးမပြုတော့ပဲ သူ့ဘေးပတ်လည်တွင် အသက်ဝင်လှသည့် နဂါး, ကျား, သိမ်းငှက်, ကြိုးကြာနှင့် ဝက်ဝံများ ပေါ်ထွက်လာသည်။ ဤပုံရိပ်အားလုံးမှာ စွမ်းအင်မှ ဖြစ်ပေါ်လာခြင်းပင်။

ဤအကောင်ငါးကောင်သည် ခေါင်းလောင်းတစ်လုံးကဲ့သို့ သူ့ဘေးပတ်ပတ်လည်ကို ဝိုင်းထားပြီး အလင်းပြင်ကဲ့သို့ သူ့ကိုဖုံးအုပ်ပေးထားသည်။

သူ့ဘေးပတ်လည်တွင် ကျားဟိန်းသံ, နဂါးအော်သံ, သိမ်းငှက်အော်သံ, ကြိုးကြာနှင့် ဝက်ဝံအော်သံတို့လည်း ကြားရလိမ့်မည်။ ဤသည်မှာ ရှင်းယီလက်သီးသုံးလိုက်သောကြောင့် သူ့အလိုလို ထွက်ပေါ်လာခြင်းပင်။

ရွှီး ရွှီး ရွှီး…

ချန်းယွဲ့သည် အလင်းတန်းများ ဆက်တိုက်ပစ်လွှတ်နေသည့်အပြင် လက်သီးများကိုလည်း လွှဲရမ်းလိုက်သည်။ သူ ချူဖုန်းကို တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ပစ်ချင်သောကြောင့် သူ ကြမ်းတမ်းခက်ထန်နေသည်။

သို့သော် ထိုအချိန်တွင် မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ သားရဲများဖြင့် ဖြစ်ပေါ်လာသည့် ခေါင်းလောင်းကြီးသည် သူ ပစ်လွှတ်လိုက်သည့် အနီရောင်အလင်းတန်းများကို အသာလေးကာဆီးလိုက်နိုင်လေ၏။

ချူဖုန်းကိုယ်တိုင်လည်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်ပင်။ သူ ယခုမှ ဤကဲ့သို့သော လက်သီးစွမ်းအင်မျိုး ကြုံဖူးခြင်းပင်။

ပြီးလျှင် ဤသည်မှာ အကောင်ငါးကောင်သာ ရှိသေးသည်။ အကောင် ၁၂ ကောင်ဆိုလျှင် မည်မျှပင် ကြောက်စရာကောင်းမည်နည်း..

တကယ်ကို ထိုးမဖောက်နိုင်သည့် ခေါင်းလောင်းကြီး ဖြစ်လာလောက်သည်ပင်။

ဒုန်း ဒုန်း ဒုန်း…

ချန်းယွဲ့သည် လက်သီးများ ဝေ့ရမ်းပြီး နဖူးမှခရမ်းရောင်အလင်းတန်းများ ဆက်တိုက်ပစ်လွှတ်နေသော်လည်း ထိုတိုက်ခိုက်မှုများမှာ ရှင်းယီခေါင်းလောင်းကို မကျော်လွှားနိုင်။ ရိုက်ချက်များကြောင့် ခေါင်းလောင်းတီးသံသာ ထွက်ပေါ်လာသည်။

“မင်း ဘယ်လိုလုပ် ဒီပညာနဲ့ အရမ်းရင်းနှီးနေတာလဲ.. မင်းလည်း ရှင်းယီအမွေအနှစ်ကို ရခဲ့တာလား..” သူ အလွန်ထိတ်လန့်သွားရသည်။

အစပိုင်းတွင် ချူဖုန်းသည် ပုံစံအစစ် အနည်းငယ်သာ သိလိမ့်မည်ဟု ထင်ထားသောကြောင့် သူ အရေးမလုပ်ခဲ့။ သို့သော် ယခုတော့ သူ စိုးရိမ်နေရလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရှေးဟောင်းအမွေအနှစ်အစစ်ပင်။

ရှုချင်းက ရှင်းယီအမွေဆက်ခံသူ မဟုတ်ဘူးလား .. ဒီလူက ဘယ်လိုလုပ် ကျွမ်းကျင်နေတာလဲ..

“ရှင်းယီလက်သီးပညာထဲမှာ ဖုံးကွယ်နေတဲ့ လျှို့ဝှက်ချက်တွေက တော်တော်လေးကို များတာပဲ..” ချူဖုန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရွှေရောင်ခေါင်းလောင်းပုံစံဖြင့် ခုခံကာကွယ်နိုင်လိမ့်မည်ဟု သူပင်မထင်ထားခဲ့။

ဝုန်း..

သူ့လက်သီးကို လွှဲရမ်းလိုက်သည်နှင့် ရွှေရောင်ခေါင်းလောင်းလည်း ပြောင်းလဲသွားသည်။ အကောင်ငါးကောင်သည် သူ့လက်သီးချက်နှင့်အတူ အရှေ့သို့ ရောက်သွားသည်။

ဖူး…

ထိုလက်သီးချက် ထိမှန်သွားသည်နှင့် ချန်းယွဲ့သွေးများစွာ အန်ထွက်သွားကာ သူ့ခန္ဓာကိုယ်လည်း အဝေးသို့ လွင့်ထွက်သွားသည်။

ကျား, နဂါး, သိမ်းငှက်, ကြိုးကြာနှင့် ဝက်ဝံတို့သည် သူ့ဘေးပတ်လည်သို့ ပြန်လည်ရောက်ရှိလာပြီး ခေါင်းလောင်းပုံစံ ပြန်ဖြစ်သွားလေ၏။ ထိုခေါင်းလောင်းကြီးမှာ အလွန်တောက်ပလှသည်ပင်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အနိုင်မခံမရှုံးပေးသည့် စိတ်ဓာတ်များ ပို၍တက်ကြွလာပြီး ချန်းယွဲ့ကို သတ်ရန် ပြင်ဆင်လိုက်သည်။

အပိုင်း ၂၆၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset