Switch Mode

Chapter – 259

မရပ်မနား

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၉ – မရပ်မနား

နေနှင့်တူသည့် အလင်းများ ဝန်းရံနေသော်လည်း ချူဖုန်းထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေဆဲပင်။

သူ့စကားလုံးများမှာ အေးစက်ကာ ရက်စက်လှသည်။

“ဟက် .. ဟား ဟား..” ချန်းယွဲ့ ဒေါသထွက်လွန်းသောကြောင့် အော်ဟစ်ရယ်မောလိုက်သည်။ သူ တစ်ချက်တည်းဖြင့် ရိုက်သတ်၍ရသည့် လူသားက သူတို့အားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။

အထူးသဖြင့် ယနေ့အစီအစဉ်များကို ပြန်စဉ်းစားမိသွားသည့်အချိန် သူ ပို၍ဒေါသထွက်လာရသည်။ သူတို့ အားစိုက်ထုတ်ထားသမျှ အလကားဖြစ်သွားရုံသာမက လူသားလက်နက်များကြောင့် များစွာပျက်စီးသွားခဲ့ရသေးသည်။

“ချူဖုန်း .. မင်း အကြိမ်တစ်ရာလောက် သေသွားရင်တောင် မင်းလုပ်ခဲ့တဲ့ပြစ်မှုအတွက် ကာမိမှာမဟုတ်ဘူး .. မင်းကြောင့် လုံဟူတောင်မှာ ပန်ကန်ပြားပျံကို ဆုံးရှုံးခဲ့ရတဲ့အပြင်ကို ဒီနေ့ မင်းက ငါတို့ကို ဒုံးချည်တွေ၊ လေဆာတွေနဲ့ ထိခိုက်အောင် လုပ်တယ်ပေါ့ .. ကြည့်ရတာတော့ မင်းက အသက်ရှင်ရတာကို ပင်ပန်းနေတာပဲ..” ချန်းယွဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကြောက်စရာကောင်းလောက်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်လာသည်။

ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများကြောင့် ဤနေရာတစ်ခုလုံးရှိ သဲများနှင့် ကျောက်တုံးများ လွင့်ပျံလာသည့် သစ်ပင်များလည်း အမြစ်မှ ကျွတ်ထွက်လာသည်။ ထို့အပြင် ကီလိုဂရမ်ပေါင်း တစ်ထောင်လေးသည့် ကျောက်တုံးများလည်း လေထဲမြှောက်တက်လာသည်။

“အဲဒီတော့ မင်းပေါ့..” ချူဖုန်း ယခု တကယ် ဒေါသထွက်သွားလေပြီ။ ဤမျက်လုံးသုံးလုံးနှင့် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူ ရှုချင်းနှင့် အတူရှိနေသည်ကို သူတွေ့ခဲ့သော်လည်း ဤလူမှာ ပန်းကန်ပြားပျံပိုင်ရှင်ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့။

ဤလူ မည်သူမှန်းသိလျှင် အရင်တစ်ခေါက်မတည်းက လှုပ်ရှားပြီးလောက်လေပြီ။ ဤကောင်ကို အရှင်ထားစရာ အကြောင်းမရှိ။

သူတို့ကြား ရန်ငြိုးမရှိဟု သူ တွေးနေခဲ့သော်လည်း ဤလူမှာ နွားနှစ်ကောင်ကိုပင် ဒဏ်ရာအပြင်းအထန်ရသွားစေခဲ့သည့် ပန်းကန်ပြားပျံပိုင်ရှင် ဖြစ်နေသည်။

ဤလူသည် သူ့အား ပန်းကန်ပြားပျံဖြင့် တိုက်ခိုက်ခဲ့ရုံသာမက ယနေ့လည်း ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေသည်။

ချူဖုန်း၏မျက်လုံးများ မှုန်မှိုင်းလာကာ သူ့ရင်ထဲ မီးတောက်လာသည်။ တစ်ဖက်လူသည် သူ့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့်သူဖြစ်သော်လည်း ယခုတော့ သူက ခံရသလိုမျိုး လာပြောနေသည်။

“မျက်လုံးသုံးလုံးနဲ့သူခိုး .. ဒီကိုလာပြီး အသေခံလိုက်..” ချူဖုန်း အော်ဟစ်လိုက်သည်။

ထိုစကားကြားလိုက်သည်နှင့် ချန်းယွဲ့နဖူးထက်ရှိမျက်လုံးမှ ထိတ်လန့်စရာကောင်းလောက်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများမှာ အားလုံးကို တုန်လှုပ်သွားစေသည်အထိပင်။

သူ့ခြေထောက်နှင့်လက်များတွင် ဒဏ်ရာများ ရှိနေသော်လည်း အခြားအစိတ်အပိုင်းများမှာ ဘာမှမဖြစ်။ သူ့ဒဏ်ရာမပြင်းထန်။

“ဒေါင်းဘုရင် .. သူ့ကိုသတ်ရအောင်..” ချန်းယွဲ့ နောက်လှည့်ကာ နံပါတ်တစ်ကျွမ်းကျင်သူ ဒေါင်းဘုရင်ကို ကြည့်လိုက်သည်။

သူ ချူဖုန်းကို အရိုးထဲမှ မုန်းတီးသော်လည်း တစ်ဖက်လူ၏ခွန်အားမှာ သူ မျှော်လင့်ထားသည့်ခွန်အားမဟုတ်။ ချူဖုန်းကို တစ်ချက်တည်းဖြင့် မသတ်နိုင်သည့်အပြင် သူ့ကိုသတ်ရန်အတွက် ဒေါင်းဘုရင်နှင့် ပူးပေါင်းရလိမ့်မည်။

ဘေးပတ်လည်မှ အခြားဘုရင်များမှာ စိတ်လှုပ်ရှားနေကြသည်။ လက်ရှိတွင် ချူဖုန်းသည် အလွန်ရဲရင့်နေသော်လည်း ချန်းယွဲ့နှင့် ဒေါင်းဘုရင်တို့သာ ပူးပေါင်းလျှင် သူ့ကို သတ်နိုင်လောက်သည်။

ယခုအချိန်တွင် ဒေါင်းဘုရင်၏ခန္ဓာကိုယ်တစ်ဝက်မှာ သွေးများ စွန်းထင်းနေသည်။ သူသည် ကံဆိုးစွာဖြင့် ရင်ဘတ်ကို လေဆာဖြင့်ပစ်ခံလိုက်ရခြင်းပင်။ သာမန်ကျွမ်းကျင်သူသာဆိုလျှင် ထိုနေရာ၌ အရည်ပျော်ကျသွားလောက်လေပြီ။

ယခုတစ်ခေါက်တွင် လုထုန်သည် အတော်လေး ကြောက်စရာကောင်းသည့် အဆင့်မြင့်လေဆာလက်နက်များကို အသုံးပြုခဲ့ခြင်းဖြစ်သောကြောင့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများပင် အကောင်းတိုင်း ပြန်ထွက်လာနိုင်မည်မဟုတ်။

တိုင်လေးတိုင်ကြောင့် ယွမ်လော့တောင်ပေါ်ရှိ ကျွမ်းကျင်သူအားလုံး နတ်အသိစိတ်များ အလုပ်မလုပ်ကြပေ။

ထို့ကြောင့် တိုက်ခိုက်မှုကို မည်သူမှ အာရုံမခံနိုင်ခဲ့ကြ။ အလင်းတန်းများ သူတို့ပေါ်သို့ ရောက်မှသာ သိခဲ့ကြသည်ပင်။

ဒေါင်းဘုရင်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း တည်ငြိမ်နေဆဲပင်။ သူ့ခရမ်းရောင်ဆံပင်တွင် သွေးများစွန်းထင်းနေသော်လည်း သူ၏ချောမောမှုများ လျော့မသွား။ သူသည် ဒေါသမြူတစ်မှုန်ပင်မပါပဲ ချူဖုန်းကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

သူ့ရှေ့မှလူကို သတ်ပစ်ချင်နေသော်လည်း သူ့အခြေအနေမှာ အကောင်းဆုံးအခြေအနေ ဖြစ်မနေကြောင်း သူသိသည်။ ထို့အပြင် ဤနေရာမှာ အနည်းငယ် ထူးဆန်းနေသည်။ သူ့နတ်အသိစိတ်များ အလုပ်မလုပ်။ ထို့ကြောင့် သူ လက်လွတ်စပယ်မလုပ်ခြင်းပင်။

“ချူဖုန်း .. ငါ တကယ် မင်းအတွက်လာခဲ့တာ .. မင်းကိုသတ်ဖို့အတွက်နဲ့ တောင်ဘက်ပိုင်းထိကို လာခဲ့တာ .. ဒါပေမဲ့ မင်း ဒီလောက်အဆင့်ထိ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. မြန်လိုက်တာ..” ဒေါင်းဘုရင် ပြောလိုက်သည်။

“ဒေါင်းဘုရင်..” ချူဖုန်း ဒေါင်းဘုရင်ကို စိုက်ကြည့်လိုက်သည်။ ယခင်က သူ ဤဒေါင်းဘုရင်ကြောင့် ဖိအားများခဲ့သော်လည်း ယခုတော့ သူ ကြောက်စရာမလိုတော့။

“လာခဲ့လေ .. ဒီနေ့ ကျုပ် ခင်ဗျားကို သတ်ပစ်မယ်..” ချူဖုန်း အော်ဟစ်လိုက်သည်။ ကျန်းရှီ၌ ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲမှာ ဒေါင်းဘုရင်နှင့် များစွာ သက်ဆိုင်နေသည်ဟု ပြော၍ရသည်။ ချူဖုန်းကို တိုက်ခိုက်ရန်အတွက် ထိုနေရာမှ သားရဲများကို သူ အမိန့်ပေးခဲ့ခြင်းပင်။

“ဒေါင်းဘုရင် သူ့ကို သတ်ပေးဖို့ အနူးအညွတ်တောင်းဆိုပါတယ်..” တောအုပ်ထဲမှ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ထွက်လာကာ သူတို့နှင့်အတူ တိုက်ခိုက်ရန် တောင်းဆိုလာသည်။

တစ်ဖက်လူကို စိုက်ကြည့်ပြီး ချူဖုန်း၏မျက်လုံးများ တောက်ပလာသည်။ လူသားဘုရင်တစ်ဦးသည် အခြားမျိုးနွယ်စုများနှင့် ပူးပေါင်းကာ သူ့ကို သတ်ရန် ကြိုးစားနေသည်။

ထို့အပြင် ဤလူမှာ ထိုညက သူ့ကို တိုက်ခိုက်ခဲ့သည့်သူမှန်း သူ မှတ်မိသည်။

“နောက်တစ်ယောက် ထပ်ရှိသေးတယ်..” အနောက်ဘက်မှ အခြားလူသားဘုရင်တစ်ဦးကို သတိထားမိသွားသောကြောင့် ချူဖုန်း၏မျက်လုံးများ ပိုအေးစက်လာသည်။

ဒီလူတွေက ဘယ်အဖွဲ့အစည်းကလဲ..

“ဒီနေ့တော့ ငါ မင်းနဲ့တိုက်ဖို့အတွက် ခန္ဓာကိုယ်အခြေအနေ မကောင်းသေးဘူး” ဒေါင်းဘုရင် ဤကဲ့သို့ ပြောလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။ သူသည် အမူအရာမပျက်ပဲ ဤစကားများ ပြောလာခြင်းပင်။

“ကျုပ်ကို ချုံခိုတိုက်ဖို့အတွက် ခင်ဗျားတို့အားလုံး ဒီမှာ စုနေကြတာလေ .. အခုမှ အကောင်းအတိုင်း ထွက်ပြေးချင်နေတာလား..” ချူဖုန်း အေးစက်စွာ ပြန်ပြောလိုက်သည်။

“ဒေါင်းဘုရင် .. ခင်ဗျား ဒီလိုရှားပါးတဲ့အခွင့်အရေးကို လက်လွတ်မခံသင့်ဘူး .. အတူတူပူးပေါင်းပြီး သူ့ကို သတ်ရအောင်..” ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်အမျိုးသား ဒေါင်းဘုရင်ကို ထပ်မံစည်းရုံးလာသည်။

ထိုလူ့နောက်တွင် ပုန်းနေသည့်အခြားတစ်ယောက်လည်း ခေါင်းညိမ့်လိုက်ကာ “ဟုတ်တယ် .. သူတိုးတက်တဲ့နှုန်းက မြန်လွန်းတယ် .. သူက အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူကိုတောင် တိုက်ခိုက်နိုင်နေပြီ .. နောင်အနာဂတ်မှာ ဘယ်သူက သူ့ကို ဖိနှိပ်နိုင်တော့မှာလဲ .. ပြီးတော့ သူ့မှာ ပြိုင်ဘက်ကင်းအသက်ရှူစည်းချက်ပညာလည်း ရှိနေတယ် .. ဒေါင်းဘုရင် ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ .. ကျွန်တော်တို့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူ့ကိုဖိနှိပ်ထားသင့်တယ်..”

ဤသည်မှာ ချူဖုန်း၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ပို၍မြင့်တက်သွားစေခဲ့သည်။

ဤလူများသည် တစ်ကိုယ်လုံးကို ချပ်ဝတ်တန်ဆာများဖြင့် ဖုံးအုပ်ထားပြီး မျက်လုံးများသာ ဖော်ထားခြင်းဖြစ်သောကြောင့် သူတို့မည်သူဖြစ်သည်ကို သိနိုင်ရန် ခက်ခဲနေသည်။

“ခင်ဗျားတို့ ဘယ်လောက်ဖုံးကွယ်နေနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ .. ခင်ဗျားတို့အားလုံး ဒီနေ့ သေရမယ်..” ချူဖုန်း သူတို့ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“ချူဖုန်း ငါ့ရှေ့မှာ မင်း အထိန်းအကွပ်မရှိ လုပ်နိုင်မယ်လို့ ထင်နေတာလား..” ချန်းယွဲ့ အေးစက်စွာ ပြောလာသည်။

ဒေါင်းဘုရင်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ဤတိုက်ပွဲ၌ မပါဝင်ချင်ကြောင်း သူသတိပြုမိသည်ပင်။ ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် ချူဖုန်းကို သူ့ဘာသာသူ ဖိနှိပ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် ဒေါင်းဘုရင်ကို ဝင်တိုက်ရန် အတင်းမပြောတော့။

“ဟုတ်တယ် .. အခွင့်အရေးရှိတုန်း သူ့ကို သတ်လိုက်ရအောင်..” လူသားဘုရင်တစ်ဦး ပြောလိုက်သည်။

“သတ်..” လိပ်ချိုးဘုရင်တစ်ကောင် အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် ဒေါင်းဘုရင်၊ ချန်းယွဲ့နှင့် လူသားကျွမ်းကျင်သူနှစ်ဦးအပြင် ဘုရင်အဆင့်ကျွမ်းကျင်သူ ၈ ဦးရှိသည်။

“ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်..” ချူဖုန်း လှုပ်ရှားလိုက်သည်။ သူသည် အသက်ရှူစည်းချက်ကို တစ်ချိန်လုံး အသက်သွင်းထားခဲ့ခြင်းဖြစ်ပြီး ကြောက်စရာကောင်းသည့်စွမ်းအင်များစွာကိုလည်း ပိုင်ဆိုင်ထားသည်။

ထို့အပြင် သူ့ဘယ်လက်တွင် ခရမ်းရောင်မိုးကြိုးတူကို ကိုင်ထားသေးသည်။

ရွှီး…

ဓားပျံတစ်လက် ထွက်ပေါ်လာကာ သူ့ဦးခေါင်းထက်၌ ပျံဝဲလာသည်။

ချူဖုန်းသည် ဒေါင်းဘုရင်အပါအဝင် ကျွမ်းကျင်သူရှစ်ဦးထံသို့ တရှိန်ထိုး တိုက်ခိုက်လိုက်သည်။ ဤသတင်းသာ အပြင်ဘက်သို့ပျံ့နှံ့သွားလျှင် အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မည်ပင်။

မည်သူကများ ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ရှစ်ဦးရှိနေသည့် အုပ်စုထဲသို့ လက်လွတ်စပယ် ပြေးဝင်သွားမည်နည်း..

ဝုန်း..

ခရမ်းရောင်တူမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး မျက်လုံးသုံးလုံးနှင့် ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူထံသို့ ဦးတည်သွားလေသည်။

“မင်း..”

ချန်းယွဲ့၏မျက်လုံးများမှာ အေးစက်ကာ ရက်စက်လှသည်။ ဤလျှပ်စီးမှာ သူ့အား ယာယီ နောက်ပြန်ဆုတ်အောင် ပြုလုပ်ခြင်းသာဖြစ်ကြောင်း သူသိသည်။

ချူဖုန်းသည် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် လေဟာနယ်ပေါက်ကွဲသွား၏။ သူ့ပစ်မှတ်မှာ ဒေါင်းဘုရင်ပင်။ သူ့မျက်လုံးများမှာ ရွှေရောင်မီးတောင်တစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ တောက်ပသည့်အလင်းများ ပစ်လွှတ်နေသည်။

ဝုန်း..

လေဟာနယ် ပေါက်ကွဲသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားရသည်။

ချူဖုန်းသည် မီတာတစ်ထောင်အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားလိုက်ပြီး ဒေါင်းဘုရင်ကို လက်သီးမိုးရွာသွန်းရန် အသင့်ပင်။

“အားလုံးပဲ .. သူ့ကို အတူသတ်ကြစို့..” အတက်ကြွဆုံးမှာ လူသားကျွမ်းကျင်သူနှစ်ဦးပင်။

ဝုန်း..

ဒေါင်းဘုရင်မှာ အလွန်ပြတ်သားလှသည်။ သူသည် ခြေတစ်ချက်ဆောင့်၍ ကောင်းကင်ထက်သို့ တရှိန်ထိုးပြေးတက်သွားလိုက်သည်။ ခဏကြာပြီးနောက် သူ မီတာပေါင်းတစ်ရာကျော်သို့ ရောက်သွားလေပြီ။

ချူဖုန်းလည်း တစ်ချိန်တည်း ပြေးတက်သွားလိုက်သည်။

ရွှီး..

လူသားကျွမ်းကျင်သူနှစ်ဦးနှင့် အခြားဘုရင်လေးဦးလည်း လှုပ်ရှားလာကြသည်။ သူတို့သည် ကြောက်စရာကောင်းသည့်စွမ်းအင်တန်းများဖြင့် ချူဖုန်းကို ပစ်ခတ်လာကြသည်။

သို့သော် သူတို့နောက်ကျသွားလေပြီ။ ချူဖုန်းမှာ လေထဲသို့ မီတာ ၈၀၀ ခန့် ရောက်ရှိသွားပြီဖြစ်ပြီး ဒေါင်းဘုရင်နှင့် တိုက်ခိုက်နေလေပြီ။

ချွမ်…

ဒေါင်းဘုရင်လက်ထဲ၌ လက်ဝါးအရွယ်အစား မှန်တစ်ချပ် ပေါ်လာသည်။ ဤရိုးရှင်းသည့်မှန်လေးမှာ ခရမ်းရောင်တူမှ လျှပ်စီးများကို တားဆီးနိုင်လေသည်။

ရွှီး…

လျှပ်စီးတစ်ချို့တစ်ဝက် သွေဖယ်သွားကာ ကျန်သည့်လျှပ်စီးများမှာ စုတ်ယူခံလိုက်ရကာ မှန်မှာ နတ်အလင်းများ တောက်ပလာသည်။

မှန်တစ်ချပ်၌ လျှပ်စီးများ ပျော်ဝင်သွားသည်မှာ ထူးဆန်းလှသည်။

ဤသည်မှာ ခရမ်းရောင်တူကို ခုခံနိုင်သည့် မှော်လက်နက်တစ်ခု ဖြစ်လိမ့်မည်ကို ချူဖုန်း သိလိုက်သည်။ ဒေါင်းဘုရင်က ရှားပါးလက်နက်တစ်ခုကို ပိုင်ဆိုင်ထားတာပဲ..

ဒုန်း..

သူတို့နှစ်ဦး လျင်မြန်စွာ တိုက်ခိုက်နေကြသောကြောင့် လေထဲ၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။

ဝုန်း..

နောက်ဆုံးတွင် ချူဖုန်း၏တက်နေသည့်အရှိန်ကုန်သွားပြီး အောက်ပြန်ကျလာသည်။ ထိုအချိန်တွင် ဒေါင်းဘုရင်သည် သူ့မူလပုံစံကို ပြောင်းလဲလိုက်ပြီး အတောင်ပံများကို ဖြန့်ကျက်ကာ ကျယ်ပြောလှသည့် ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ အမွေးအတောင်များနှင့် သွေးများ ရွာသွန်းကျလာသည်။

ချူဖုန်းနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ့ရင်ဘတ်မှဒဏ်ရာ ပြန်ပွင့်လာခြင်းပင်။

ဒေါင်းဘုရင်သည် စကားတစ်ခွန်းမှ ထပ်မပြောပဲ ထွက်ပြေးသွားတော့သည်။ ဤကဲ့သို့ ဖြစ်လာမည်မထင်ထားသောကြောင့် အခြား ကျွမ်းကျင်သူအားလုံး မသက်မသာ ခံစားလိုက်ကြရသည်။

ရွှီး..

ဒေါင်းဘုရင်ထံသို့ လေဆာအလင်းတန်းများ ပစ်လွှတ်လိုက်သော်လည်း သူ အားလုံးကို ရှောင်ရှားလိုက်နိုင်သည်။ ယွမ်လော့တောင်ထိပ်မှ ထွက်လာပြီဖြစ်သောကြောင့် သူ့နတ်အသိစိတ်ကို ပြန်လည်ရရှိသွားပြီဖြစ်သည်။

“သူ ထွက်သွားပြီဆိုတော့ ဘာမှမတတ်နိုင်ဘူး .. ငါကိုယ်တိုင် သူ့ကို သတ်ပစ်မယ်..” ချန်းယွဲ့ အေးစက်စွာ ပြောလိုက်သည်။

ဒုန်း..

ထိုအချိန်တွင် ချူဖုန်းသည် မြေပြင်ထက်သို့ အရှိန်ပြင်းစွာဖြင့် ကျဆင်းလာနေပြီဖြစ်သည်။

ချူဖုန်း ချန်းယွဲ့ထံသို့ အရင်မသွားပဲ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် လူသားကျွမ်းကျင်သူနှစ်ဦးထံသို့ အရင်သွားလိုက်သည်။

“ငါရှိနေတာတောင်မှ မင်းက ရိုင်းရိုင်းစိုင်းစိုင်းတွေ လုပ်ရဲတယ်ပေါ့..” ချန်းယွဲ့ အော်ဟစ်လိုက်ကာ သူ့ကို တားဆီးရန် တရှိန်ထိုး ပြေးလာသည်။

“ထွက်သွား .. မင်းကိုယ်မင်း ဘာထင်နေတာလဲ.. ငါသတ်ချင်တဲ့လူကို သတ်ချင်တဲ့အချိန် သတ်မှာပဲ .. မင်းကင့ါကို တားနိုင်လိမ့်မယ်လို့ ထင်နေတာလား..” ချူဖုန်း ဟစ်ကြွေးလိုက်သည်။ သူ့လက်သီးများကို လွှဲရမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။

ခွပ်..

သူတို့နှစ်ဦး တစ်ခဏခန့် တိုက်ခိုက်ပြီးနောက် ချူဖုန်း လူသားနှစ်ဦးထံသို့ ပြေးသွားလိုက်သည်။

“မင်း လုပ်ရဲတယ်လား..” ချန်းယွဲ့ အမူအရာ ပျက်ယွင်းသွားသည်။

လူသားဘုရင်နှစ်ဦးသည် လူခွဲကာ တစ်ယောက်တစ်နေရာစီ ပြေးသွားလိုက်ကြသည်။

ဝုန်း..

ချူဖုန်း ခရမ်းရောင်လျှပ်စီးတူကို အသက်သွင်းလိုက်ကာ ပြေးနေသည့်လူတစ်ယောက်ထံသို့ လျှပ်စီးဖြင့်ပစ်လိုက်သည်။ ထိုလူ လွင့်ထွက်သွားကာ တစ်ကိုယ်လုံး လျှစ်စစ်တန်းများ ဖုံးလွှမ်းသွားသည်။

ဖူး..

နောက်တစ်ခဏတွင် ချူဖုန်း ထိုလူရှေ့သို့ ရောက်လာကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ထိုးချလိုက်သည်။

ထို့နောက် ဓားပျံဖြင့် သူ့ခြေထောက်ကို ဖြတ်တောက်ပစ်လိုက်သည်။

ချူဖုန်း ထိုလူအသက်ကို မနှုတ်ယူခဲ့။ သူ ထွက်မပြေးနိုင်အောင်လုပ်ပြီး အသက်ရှင်လျက် ထားခဲ့လိုက်သည်။ တိုက်ပွဲပြီးလျှင် ဤလူကို စစ်မေးကာ သူ့နောက်မှ အဖွဲ့အစည်းကိုသိအောင် လုပ်၍ရသည်။

ဝုန်း..

ထို့နောက် သူ အခြားလူသားတစ်ဦးထံသို့ ပြေးသွားလိုက်ပြီး စွမ်းအားပြင်းစွာ ရိုက်ချလိုက်သည်။ ထိုတိုက်ခိုက်မှုမှာ ထိုလူ၏ခန္ဓာကိုယ်အောက်ပိုင်းကို ဖြတ်တောက်ပစ်လိုက်သောကြောင့် ထိုလူ ထွက်ပြေးနိုင်မည့်အခွင့်အရေးမရှိတော့။

ထိုသို့တိုက်ခိုက်နေစဉ်အတွင်း ဤလူသားနှစ်ဦးလုံး ခုခံရန် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့။ သူတို့သည် ချူဖုန်းနှင့်ယှဉ်နိုင်ရန် အဝေးကြီးလိုသေးသည်။

“မင်း လုပ်ရဲတယ်လား..” ချန်းယွဲ့ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ့ကာကွယ်မှုအောက်၌ ရှိနေသည့်လူများကို ချူဖုန်း ဖျက်ဆီးပစ်လိုက်သောကြောင့် သူ ဒေါသထွက်လာရသည်။

“ငါကဘာလို့ မလုပ်ရဲရမှာလဲ .. အခု မင်းအလှည့်ပဲ..” ချူဖုန်း တစ်ဖက်လှည့်ကာ ချန်းယွဲ့ကို တိုက်ခိုက်လာသည်။ “မင်းက မြစ်ကိုဖြတ်ကူးလာတဲ့ ဗုဒ္ဓရွှံ့ရုပ်သာသာပဲ .. မင်းကိုယ်မင်းတောင် မကာကွယ်နိုင်တာကို အဓိပ္ပာယ်မရှိတာတွေ လာပြောရဲနေသေးတယ် .. ဒီနေ့ ငါ မင်းကို သေချာပေါက် သတ်ပစ်မှာ..”

ဒေါင်းဘုရင် လွတ်သွားသောကြောင့် ချူဖုန်း ဒေါသထွက်နေရသည်ပင်။ ထို့ကြောင့် ဤနေရာ၌ ရှိနေသည့်သူအားလုံးကို သတ်ပစ်ကာ အစားထိုးပစ်မည်ဟု ဆုံးဖြတ်ထားပြီးသားပင်။

အပိုင်း ၂၅၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset