Switch Mode

Chapter – 258

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၈ – အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

ချူဖုန်း တစ်ချက်ရိုက်လိုက်သည်မှာ မီးတောင်ကြီး ပေါက်ကွဲသွားကဲ့သို့ အားပြင်းလှပြီး ထိုဘုရင်အဆင့် ကျွမ်းကျင်သူမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။

အချုပ်အနှောင်လေးခုသာ ဖြတ်တောက်ထားသည့် နတ်ဆိုးဘုရင်ချူ မည်မျှစွမ်းအားကြီးသည်ကို သူ ပေါက်ကွဲမသွားခင် အချိန်ခဏလေးသာ စဉ်းစားခွင့်ရလိုက်သည်။

ချူဖုန်းနှင့် ယှဉ်လျှင် သူ အလွန်သေးနုပ်ကာ အားနည်းသည်ကို လက်မခံနိုင် ဖြစ်နေလေသည်။

သို့သော် ကံမကောင်းစွာဖြင့် သူ ကြာကြာစဉ်းစားချိန်မရလိုက်။ သူ့ဝိညာဉ်ခန္ဓာပင်လျှင် တောက်ပသည့်မီးတောက်များကြောင့် ပျက်စီးသွားခဲ့လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဖုန်း၏ လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် ဘုရင်တစ်ဦး သေဆုံးသွားလေပြီ။

ယခုအချိန်တွင် ချူဖုန်းသည် နေတစ်လုံးကဲ့သို့ တောက်ပနေပြီး အပြင်လူများ သူ့ကို တည့်တည့်ကြည့်နိုင်မည်မဟုတ်။

နတ်အလင်းများ လွှမ်းခြုံထားသောကြောင့် သူမှန်းသိရန် ခက်ခဲမည်ပင်။

ချူဖုန်း သူ့ကိုယ်သူ ဖုံးကွယ်မထားတော့ပဲ သူ့စွမ်းအင်များကို ထုတ်လွှတ်လိုက်၏။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကီလိုမီတာတစ်ထောင် ရောက်သွားသည်ပင်။

“အား..”

မီးတောင်မှ လွတ်မြောက်လာသူများသည် ယွမ်လော့တောင် အပျက်အစီးများကြားမှ ထွက်ပြေးလာကြသည်။ ဒဏ်ရာများ ရရှိထားသော်လည်း ပူးမားကျားသစ်မှာ လျင်မြန်စွာ ပြေးထွက်လာနိုင်ဆဲပင်။

သားရဲကြီးမှာ ၂၅ မီတာကျော် ရှည်လျားပြီး အမြန်ဆုံးပြေးနိုင်ရန်အတွက် သူ၏မူလပုံစံဖြင့် ထွက်ပြေးလာခြင်းပင်။

သူသည် အလွန်ဒေါသထွက်နေပြီး အခြေအနေဆိုးရွားနေသော်လည်း ပြင်းထန်ရက်စက်သည့်အော်ရာ ထုတ်လွှတ်နေဆဲပင်။ သူ့ရင်ဘတ်တွင် လေဆာလက်နက်ထိထားသည့် အပေါက်ကြီးကို မြင်နိုင်မည်ပင်။

ထိုကဲ့သို့သော လက်နက်မျိုးကို လူသားများသာ အသုံးပြုကြောင်း သူသိသည်ပင်။ သူတို့တွေက သားရဲဘုရင်အုပ်စုကိုတောင် ဒီလိုလက်နက်မျိုး လာသုံးရဲတယ် .. သူတို့ပြန်တိုက်ခိုက်မှာကို သူတို့တွေ မကြောက်ဘူးလား..

သူ အတော်လေးလည်း ထိတ်လန့်နေပြီး အန္တရာယ်မလာခင် သူ့နတ်အသိစိတ် ကြိုမသိခဲ့သောကြောင့် သူ အနည်းငယ် တုန်လှုပ်သွားရသည်။ ဤနတ်အသိစိတ်ကြောင့် သူတို့ လူသားလက်နက်များကို အနိုင်ယူနိုင်နေခြင်းပင်။

“လူသားတွေ .. မင်းတို့တွေက ငါတို့ကို တိုက်ရဲတယ်ပေါ့ .. ဒါက မင်းတို့တွေ အစုလိုက်အပြုံလိုက် အသတ်ခံရဖို့ တောင်းဆိုနေတာပဲ .. ငါ လက်စားပြန်ချေပြမယ်..” ပူးမားကျားသစ်ကြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတုန်ခါသွားအောင် အော်ဟစ်လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် နတ်အလင်းများသည် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် တောအုပ်ဘက်မှ ကောင်းကင်ထက်သို့ ဦးတည်သွားနေသည်ကို သူ တွေ့လိုက်ရသည်။

ပူးမားကျားသစ်ကြီးမှာ အမွေးများ ထောင်ထသွားကာ ချက်ချင်းလှည့်ပြေးလိုက်သည်။ သူ့ပေါ်သို့ အန္တရာယ်ကြီး ကျရောက်လာတော့မည်ဖြစ်ကြောင်း သူ့အသိစိတ်မှာ အသိပေးနေသောကြောင့် သူ စကားတစ်ခွန်းမှ မပြောရဲတော့။

ယွမ်လော့တောင်ထိပ်ပေါ်မှ ဆင်းလိုက်သည်နှင့် သူ့နတ်အသိစိတ်ကို ပြန်ရလိုက်ပြီး သူ့ထံသို့ ဦးတည်လာနေသည့်အရာမှာ အလွန်ကြောက်စရာကောင်းကြောင်း သူ အာရုံခံမိသည်။ ဤသည်မှာ ဘုရင်အဆင့်သက်ရှိဖြစ်သည့် သူကဲ့သို့သောသူကိုပင် ကြောက်ရွံ့တုန်လှုပ်စေနိုင်သည်။

“ခင်ဗျားက လူတွေကို သတ်ချင်နေသေးတာလား .. အဲဒါဆို ခင်ဗျားအခု သေလိုက်တော့..” စကားအနည်းငယ်ဖြင့်ပင် ပြောနေသည့်သူ၏စွမ်းအားကို သိနိုင်သည်။ ကောင်းကင်တစ်ခုလုံး တောက်ပသည့်အလင်းများ ပျံ့နှံ့သွားကာ သူ့လမ်းကို ဖြတ်တောက်ပစ်လိုက်သည်။

ပူးမားကျားသစ်ကြီး ထိတ်လန့်သွားရသည်။ သူသည် သူ၏ပြိုင်ဘက်ကင်းအလျင်နှုန်းကြောင့် နာမည်ကြီးသည့်သူဖြစ်သော်လည်း ဤလူသားပုံရိပ်မှာ သူ့ကို လျင်မြန်စွာပင် လိုက်မှီလာသည်။

“မင်းက…”ပူးမားကျားသစ်ကြီး မျက်လုံးပြူး မျက်ဆံပြူးဖြင့် အော်ဟစ်လိုက်သည်။

သူ ချူဖုန်းကို မှတ်မိသည်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်းနောက်လိုက်ပြီး သူ့ကို ဒဏ်ရာပြင်းထန်စွာ ရရှိအောင် လုပ်ခဲ့သည့်ညက သူလည်းပါခဲ့သည်ပင်။ တစ်ချိန်က သားကောင်ဖြစ်ခဲ့သည့်သူမှာ ဤမျှစွမ်းအားကြီးလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

သိထားရမည်မှာ ထိုတိုက်ပွဲပြီးနောက် ရက်အနည်းသာ ရှိသေးသည်ပင်။ သို့သော် ယခုတော့ ချူဖုန်းသည် အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားလေပြီ။

ပူးမားကျားသစ်ကြီး အော်ဟစ်လိုက်သည်နှင့် သူ့ပါးစပ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထိုအလင်းတန်းသည် ဓားသွားတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ ထို့အပြင် သူသည် သူ၏ကြီးမားလှသည့် လက်ကြီးကိုမြှောက်ကာ ချူဖုန်းကို တိုက်ခိုက်လာသည်။

ကံမကောင်းစွာဖြင့် သူ့ကြိုးစားမှုများမှာ အရာမထင်။ အလင်းများဖြင့် ဝန်းရံထားသည့်ထိုလူမှာ နတ်ဆိုးနတ်ဘုရားတစ်ပါးထက်ပင် ကြောက်စရာကောင်းနေသည်။ ချူဖုန်း သူ့လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။

ဝုန်း…

ယခင်ကအတိုင်း ချူဖုန်း တစ်ချက်ရိုက်ချလိုက်သည်နှင့် တောအုပ်တစ်ခုလုံး ဖိနှိပ်ခံလိုက်ရကာ ရန်သူလည်း လွင့်ထွက်သွားလေ၏။ ထို့နောက် ထိုရန်သူသည် လေထဲ၌ပင် ပေါက်ကွဲသွားလေသည်။

ချူဖုန်း၏ ရိုက်ချက်တစ်ချက်မှာ ကြောက်စရာကောင်းလွန်းလှသည်။ နတ်ဘုရားများပင် ဤရိုက်ချက်ကို ယှဉ်နိုင်မည်မဟုတ်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” ဤသည်မှာ ပူးမားကျားသစ်ကြီး အသိစိတ်မပျောက်ဆုံးခင် တွေးခဲ့သည့်နောက်ဆုံးအတွေးပင်။ ချူဖုန်းသည် ဒေါင်းဘုရင်ထက် အားနည်းမည်မဟုတ်ကြောင်း တွေ့လိုက်ရသောကြောင့် သူ ကြောက်ရွံ့လာသည်။

ချူဖုန်း ရှေ့တိုးလာကာ ယွမ်လော့တောင်ရှေ့သို့ ရောက်လာသည်။

ဒုံးချည်များနှင့် လေဆာလက်နက်များကို အခြားနေရာများမှ ပစ်ခတ်နေဆဲဖြစ်ပြီး ဤနေရာတစ်ခုတည်းသာ နည်းနည်းအေးချမ်းနေသောကြောင့် အသက်ရှင်နေသည့် သူအားလုံး ဤလမ်းသို့ ထွက်ပြေးလာကြမည်ပင်။

ထင်ထားသည့်အတိုင်းပင် တစ်ကောင်ထက်မကသည့် ဘုရင်အဆင့်ကျွမ်းကျင်သူများ အော်ဟစ်ကာ ပြေးထွက်လာကြသည်။ သားရဲအော်သံများ၊ ငှက်အော်သံများ ဆူညံသွားကာ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ထွက်ပြေးလာကြသည်။

“အား .. လူသားတွေ .. သူတို့ တိုက်ရဲတယ်လား.. သူတို့တွေက ငါ့ကို ဒီလိုမျိုးချောင်းတိုက်ရဲတယ်ပေါ့ .. ငါ မင်းတို့နဲ့ ရှင်းမယ်..”

“မင်းတို့လူသားတွေ အသတ်ခံရသင့်တယ် .. မင်းတို့တွေ င့ါကို ဒဏ်ရာရအောင်လုပ်ပြီး င့ါရဲ့အဖိုးတန်သွေးစွမ်းအင်တွေ ဆုံးရှုံးရအောင်လုပ်တယ် .. မင်းတို့တွေ အသက်တစ်ထောင်၊ မဟုတ်ဘူး အသက်တစ်သောင်း ပြန်ပေးဆပ်ရမယ် .. မင်းတို့လူသားတွေကို သိန်းနဲ့ချီပြီး ပြန်သတ်မယ်..”

“တစ်မြို့လုံးကို သတ်ပစ်မယ်.. မင်းတို့တွေ ကြောက်ရွံ့တုန်လှုပ်လာတဲ့အထိကို သတ်ပစ်မှာ .. ငါတို့ဒေါသတွေကို မင်းတို့လူသားတွေ ဘယ်လိုတားဆီးမှာလဲ .. ဒီနေ့ကစပြီးတော့ မင်းတို့လူတွေ သန်းချီသေမှာကို စောင့်နေလိုက်..”

ပုံရိပ်လေးခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ သားရဲဘုရင်သုံးကောင်၏ ဒေါသတကြီး ဟစ်ကြွေးသံမှာ ဤနေရာတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး သူတို့ကြားမှ ငှက်တစ်ကောင် ကောင်းကင်ထက်သို့ ပျံသန်းသွားလေသည်။

“ခင်ဗျားတို့က လက်စားချေချင်တာလား..”

ချူဖုန်းအသံမှာ သိပ်မကျယ်သော်လည်း ရန်သူများ၏နားထဲတွင်တော့ အတော်လေး ကျယ်လောင်လှပြီး သူတို့ဝိညာဉ်များ ပြိုကွဲသွားတော့မတတ် တုန်လှုပ်သွားကြရသည်။

“အဲဒါဆိုရင်တော့ ခင်ဗျားတို့အခု သေလို့ရပြီ..”

ချူဖုန်း အော်ဟစ်လိုက်ပြီး ဘယ်လက်ကိုမြှောက်လိုက်သည်နှင့် သူ့လက်ဝါးထဲ လျှပ်စီးအဆောင် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်ဝါးမှ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ထိုလျှပ်စီးတန်းများသည် လှံတံများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထို့နောက်တွင်တော့ ကောင်းကင်ထက်သို့ ပျံတက်သွားသည့် ငှက်ဘုရင်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

“ကောက်ကျစ်တဲ့လူသား .. မင်းက င့ါကို လုပ်ကြံရဲတယ်ပေါ့..” ငှက်ဘုရင် ဟစ်ကြွေးလိုက်သည်။ အလင်းများဖြင့် ဖုံးကွယ်နေသောကြောင့် ဤလူ မည်သူဖြစ်သည်ကို သူမသိ။ သို့သော် ကြောက်စရာကောင်းသည့်ဘုရင်တစ်ဦးဖြစ်သည်ကိုတော့ သူ သိသည်။

ငှက်ဘုရင် အရှိန်တင်ကာ အဆုံးမရှိသည့် ကောင်းကင်ထက်သို့ တဟုန်ထိုး ပြေးသွားလိုက်သည်။

ဝုန်း…

သို့သော် နောက်ကျလွန်းသွားလေပြီ။ ချူဖုန်း သေလိုက်တော့ ဟုပြောပြီးသည်နှင့် လျှပ်စီးလှံတံတစ်ခု ပစ်လွှတ်လိုက်သည်။

ငှက်တစ်ကောင်သည် ဘယ်လိုလုပ် လျှပ်စီးမှလွတ်အောင် ပျံနိုင်မည်နည်း..

“အား..” ထိုငှက်ကြီး နာကျင်စွာ အော်ဟစ်လိုက်ကာ ထိုလျှပ်စီးလမ်းကြောင်းလွဲသွားအောင် သူ့လက်သည်းဖြင့် ရိုက်ချလိုက်သည်။

ဖူး..

သို့သော် ထိုလျှပ်စီးလှံတံသည် လက်နက်အစစ်တစ်ခုကဲ့သို့ သူ့လက်ကို ဖောက်ထွက်သွားကာ ခန္ဓာကိုယ်သို့ ထိုးစိုက်သွားသောကြောင့် သွေးများ ပန်းထွက်လာသည်။

ထို့နောက် ထိုလျှပ်စီးလှံတံတောက်ပလာကာ ပေါက်ကွဲသွားသောကြောင့် ငှက်ဘုရင် စူးရှစွာ အော်ဟစ်လိုက်ကာ ဝုန်းခနဲ ပေါက်ကွဲသွားလေ၏။

ငှက်မွေးများနှင့်အတူ သွေးများ ရွာသွန်းကျလာသည်။ တတိယမြောက်ဘုရင်လည်း ချူဖုန်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။

“အား .. မင်းပဲ .. ချူဖုန်း … နတ်ဆိုးဘုရင်ချူ..” သားရဲဘုရင်တစ်ကောင် အော်ဟစ်လိုက်၏။ သူ အလွန်ကြောက်ရွံ့နေလေပြီ။ သူတို့သည် ချူဖုန်းကို ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သော်လည်း ချူဖုန်းက သူတို့ကို ပြန်သတ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

အခြားသားရဲဘုရင်နှစ်ကောင်လည်း ထိတ်လန့်သွားကာ ကြက်သီးထလာပြီး ဆံပင်မွေးများ ထောင်ထသွားသည်။

“သူ့ကိုသတ်.. သူ့ကို အတူတူ သတ်ကြစို့..” သားရဲဘုရင်သုံးကောင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချူဖုန်းထံသို့ အတူတကွ သွားလိုက်ကြသည်။ ငှက်ဘုရင် ဆိုးရွားစွာ သေဆုံးသွားသည်ကို မြင်လိုက်ရသောကြောင့် သူတို့ ထိုလျှပ်စီးလှံတံမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သိလိုက်သည်ပင်။

ထိုသုံးကောင်ထဲတွင် တစ်ကောင်မှာ မြေဝါရောင်ခွေးတစ်ကောင်ပင်။ သူ့ခန္ဓာကိုယ်မှာ မီတာ ၂၀ ရှိပြီး သွေးများစိုရွှဲနေသည်။ သို့သော် သူ့ကြေးရောင်မျက်လုံးများမှ အေးစက်သည့်အလင်းများ ထုတ်လွှတ်နေပြီး ပါးစပ်ဟထားသောကြောင့် ဓားသွားကဲ့သို့သော အစွယ်များကို မြင်နေရသည်။

“မင်းက သာမန်ခွေးကနေ အဆင့်တက်လာတာလား..” ချူဖုန်း အံ့အားသင့်သွားသော်လည်း ညှာတာမည်မဟုတ်။

သူ ခြေလှမ်းကျယ်များဖြင့် လျှောက်လာလိုက်ပြီး သူ့ခန္ဓာကိုယ်မှ အလင်းများမှာ ပြင်းထန်စွာ တောက်လောင်နေဆဲပင်။

သူ့မွေးညှင်းပေါက်များလည်း ရွှေရောင်အလင်းများ ထုတ်လွှတ်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှ စွမ်းအင်များနှင့် ချိတ်ဆက်နေခဲ့သည်။

“ဂီး..” ခွေးဘုရင် ဒေါသထွက်လာသည်။ အခြားလူများ သူ့ဇစ်မြစ်အကြောင်း ပြောလာသည်ကို သူ မုန်းတီးလှသည်။

အခြားသားရဲဘုရင်နှစ်ကောင်လည်း ဟစ်ကြွေးကာ ချူဖုန်းထံ ဦးတည်လာကြပြီး သူတို့၏စွမ်းအားအကြီးဆုံး စွမ်းရည်များကို အသုံးပြုလာကြသည်။

“မင်းတို့အားလုံး သေသင့်တယ်..” ချူဖုန်း ဤစကားသာ ပြောလိုက်သည်။

ဝုန်း..

ရှင်းယီလက်သီးကို အသုံးပြုလိုက်သည်နှင့် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများမှာ နဂါး၊ ကျား၊ ကြိုးကြာနှင့် သိမ်းငှက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤအကောင်များသည် သူ့ကို ဝန်းရံလာပြီး ကြောက်စရာကောင်းသည့် ခွန်အားများ ပြသလာသည်။

ဤပုံရိပ်များမှာ သူ့ခွန်အားအစစ်အမှန်၏ သက်သေများပင်။

သားရဲဘုရင်တစ်ကောင် သူ့ရှေ့သို့ ရောက်လာကာ ချော်ရည်လှိုင်းများဖြင့် တိုက်ခိုက်လာခဲ့သည်။ သို့သော် ထိုတိုက်ခိုက်မှုမှာ ချူဖုန်းဘေးနားဝန်းရံထားသည့် သားရဲများ၏ ချေဖျက်ခြင်းခံလိုက်ရသည့်အပြင် ထိုသားရဲဘုရင်သည် သိမ်းငှက်နှင့်ကျား၏ ဖိနှိပ်ခြင်း ခံလိုက်ရသည်။

“အား .. မလုပ်နဲ့..” သူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ဤပုံရိပ်များမှာ အတုအယောင်မဟုတ်ပဲ ရှင်းယီလက်သီး၏စွမ်းအင်များမှ ဖြစ်ပေါ်လာပြီး တိုက်ခိုက်နိုင်ကြောင်းကို သူ့ဘဝနောက်ဆုံးအချိန်မှ သိလိုက်ရသည်။

ဖူး…

သူသည် ကျားနှင့်သိမ်းငှက်၏ ဖိနှိပ်ခြင်းခံလိုက်ရသည့်အပြင် ရှင်းယီလက်သီးမှ အခြားသတ္တဝါများ၏ ဆွဲစုတ်ခြင်း ခံလိုက်ရသည်။

ခွပ်..

တစ်ချိန်တည်းမှာပင် ချူဖုန်း လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ ရှင်းယီကြိုးကြာပုံစံမှာ ကျက်သရေရှိသကဲ့သို့ ကြမ်းတမ်းလှသည်။ သူသည် နတ်ကြိုးကြာတစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ ပျံသန်းသွားကာ ဝင်လာသည့်သားရဲတစ်ကောင်ကို ဖောက်ခွဲပစ်လိုက်သည်။ သားကောင်မှာ လွင့်ထွက်သွားပြီးနောက် လေထဲ၌ပင် ပေါက်ကွဲသွားသည်။

စွမ်းအားကြီးသည့် ကျွမ်းကျင်သူနှစ်ဦး အသက်ပျောက်သွားသည်ကို မြင်သည်နှင့် ခွေးဘုရင်၏ ကြမ်းတမ်းခက်ထန်မှုများ ချက်ချင်းပျောက်ကွယ်သွားသည်။ သူသည် ခြေထောက်ကြားအမြှီးဝှက်ကာ ချက်ချင်း ထွက်ပြေးသွားလိုက်သည်။

သူတို့ ယခင်က ဝိုင်းတိုက်ခဲ့သည့်လူတစ်ဦး ဤမျှစွမ်းအားကြီးလာလိမ့်မည်ဟု သူ မထင်ထားခဲ့။

ချူဖုန်း မြေပြင်ထက်သို့ ရောက်သည်နှင့် မြွေတစ်ကောင်ကဲ့သို့ သူ့ညာခြေထောက်ကို ကန်ထည့်လိုက်သည်။ ကန်ချက်မှာ ခွေးဘုရင်ခန္ဓာကိုယ်ထက်သို့ ဖောင်းခနဲ ရောက်သွားသည်။

ခွေးဘုရင်၏အရိုးများနှင့်အရွတ်များ ကျိုးသွားသည်။ သူသည် အဝေးသို့ လွင့်ထွက်သွားပြီးနောက် သူ့ခန္ဓာကိုယ်မှာ တစ်စစီကျိုးပျက်သွားသည်။ သူသည် အော်ချိန်ပင် မရလိုက်။

တစ်ခဏအတွင်းမှာပင် ချူဖုန်း သားရဲဘုရင်များစွာကို ဆက်တိုက်သတ်ပစ်လိုက်သည်။ သူသည် ရှေးခေတ်မှ ရောက်လာသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ တစ်ကိုယ်လုံး တောက်ပနေသည်။

ယွမ်လော့တောင် ပုံပျက်သွားပြီဖြစ်ပြီး နောင်ကျလျှင် ယွမ်လော့တောင်ဆိုပြီး ရှိတော့မည်မဟုတ်။

ချူဖုန်း အဝေးသို့ကြည့်လိုက်သည်။ အခြားသူများအားလုံး သေဆုံးသွားဦးမည်မဟုတ်သည်ကို သူသိသည်။ အဘယ်ကြောင့်ဆိုသော် တောင်ခြေ၌ ထိတ်လန့်နေသည့်အော်ရာအချို့ကို သူ ခံစားမိနေသည်ပင်။

ကျွမ်းကျင်သူအစစ်သည် အန္တရာယ်မှ လွတ်မြောက်သွားသော်လည်း ချက်ချင်း ပြေးထွက်မလာကြ။ သူတို့သည် တောအုပ်ထဲ၌ ပုန်းနေရင်း အခြေအနေများကို လေ့လာနေကြသည်ပင်။

“ချူဖုန်း..” ခရမ်းရောင်ဆံပင်နှင့် အမျိုးသားတစ်ဦး ထွက်လာသည်။ သူ့မျက်ခုံးကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိနေပြီး သူ့ခန္ဓာကိုယ်ထက်၌ သွေးများစီးကျနေသည်။ သူ နည်းနည်းသာ ထိခိုက်ခဲ့သော်လည်း အလွန်ဒေါသထွက်နေသည်ပင်။

ချန်းယွဲ့ထွက်လာသည်နှင့် သူ့နောက်မှလိုက်လာသည့် သားရဲဘုရင်များစွာ၏မျက်နှာ ပျက်ယွင်းသွားသည်။

“ချူဖုန်း .. မင်းသေလိုက်တော့..” ချန်းယွဲ့ ဟစ်ကြွေးလိုက်သည်။

သူ့နောက်မှ အခြားလူတစ်ယောက် ပေါ်လာသည်။ ဤချောမောသည့်လူငယ်လေးသည် သွေးများစွန်းထင်းနေကာ မှုန်မှိုင်းသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ ဤသည်မှာ အထင်ကြီးစရာကောင်းလှသည့် ဒေါင်းဘုရင်ပင်။

ဤသည်မှာ ချူဖုန်းအတွက် မထင်မှတ်ထားသည့်ကိစ္စပင်။ ပြိုင်ဘက်ကင်းဒေါင်းဘုရင်လည်း ဒီကိုရောက်နေတယ်..

“ခင်ဗျားတို့ကမှ သေသင့်တဲ့သူတွေ .. မကျေနပ်တဲ့သူ လာခဲ့လိုက် .. အားလုံးကို သတ်ပေးမယ်..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။ သူသည် အကြောက်တရားကင်းမဲ့စွာဖြင့်ပင် သားရဲတစ်အုပ်ကို တစ်ယောက်တည်း ရင်ဆိုင်လိုက်သည်။

အပိုင်း ၂၅၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset