Switch Mode

Chapter – 257

ရောက်ရှိလာမှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၇ – ရောက်ရှိလာမှု

“ဟူး..”

ချူဖုန်း ရှူထုတ်လိုက်သည့်လေသည် အဖြူရောင်လှံတံကဲ့သို့ မီတာတစ်ရာထိ ထိုးတက်သွားကာ အဝေးမှ တောင်နံဘေးကို အပေါက်ဖြစ်အောင် ထိုးဖောက်သွားလေသည်။

သူ့လေ့ကျင့်မှုမှ အသီးအပွင့်များ သီးပွင့်လာသည်ကို သူ ခံစားနေရသည်။ သူ့သွေးစွမ်းအင်များ ဆူပွက်နေရုံသာမက သူ၏စိတ်ဝိညာဉ်စွမ်းအားလည်း ပို၍အားကောင်းလာသည်။ သူသည် ခန္ဓာကိုယ်ကြံ့ခိုင်သည့်လူတစ်ယောက်မဟုတ်တော့။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားမှာ ပင်လယ်တစ်စင်းကဲ့သို့ များပြားလှသည်။

သူ့အသက်ရှူစည်းချက်ပညာကို အသက်သွင်းလိုက်သည်နှင့် များပြားလှသည့် စွမ်းအင်များ ထွက်ပေါ်လာကာ ရှင်းယီလက်သီးပုံစံ ၁၂ မျိုးမှ သားရဲများအဖြစ် ပြောင်းလဲသွားသည်။

ဤသားရဲများမှာ ခြိမ်းခြောက်ရုံသပ်သပ်မဟုတ်။ သူတို့ထံ၌ အဖျက်စွမ်းအားများရှိနေကာ သူ့ကိုကူညီတိုက်ခိုက်နိုင်ကြသည်။

“စထွက်ဖို့အချိန်ရောက်ပြီ..”

မွေးညှင်းပေါက်များမှ အသက်စွမ်းအင်များ စီးဆင်းနေသကဲ့သို့ သူ့ခန္ဓာကိုယ် တောက်ပလာသည်။

ကီလိုမီတာ ၂၀၀၀ ဝေးသည့် ယွမ်လော့တောင်သို့ စတင်ထွက်ခွာလိုက်တော့သည်။ ဤအကွာအဝေးမှာ သူ့အတွက်တော့ ဘာမှမဟုတ်တော့။ နာရီဝက်ခန့် အရှိန်ကုန်တင်ကာသွားလိုက်သည်နှင့် ရောက်နိုင်လေပြီ။

သို့သော် သူ အလောတကြီးသွားစရာ မလိုသောကြောင့် တိုက်ပွဲအတွက် အားချန်ကာ အေးဆေးပင်သွားလိုက်သည်။

သို့သော် သူ၏အေးဆေးသွားသည့်အရှိန်ပင်လျှင် အလွန်လျင်မြန်လှကာ တစ်နာရီကြာပြီးနောက် ယွမ်လော့တောင်သို့ ရောက်သွားသည်။

လမ်း၌ စွမ်းအင်များ သိပ်မသုံးခဲ့ရသောကြောင့် သူ့အမူအရာ တည်ငြိမ်နေသည်။

တစ်နာရီအတွင်း ကီလိုမီတာ ၂၀၀၀ သွားသည်ဆိုသည်မှာ သာမန်လူအတွက်တော့ အံ့အားသင့်စရာကောင်းလောက်သည့် အမြန်နှုန်းပင်။

ယွမ်လော့တောင်တွင် စိမ်းစိုနေသည့် ထင်းရှူးပင်များ, ဆိုက်ပရပ်စ်ပင်များ ပေါများလှပြီး ကျောက်တောင်များထက်တွင် ထိုးထွင်းထားသည့် ရှေးနာမည်များကိုလည်း မြင်နိုင်သည်။ ဤနေရာရှိ လေထုမှာ တကယ်ကို ထူးခြားလှသည်။

တောင်မှာ အရမ်းကြီးသည်ဟု ပြော၍မရသော်လည်း သစ်ပင်များ ပေါများလှပြီး စမ်းချောင်းများနှင့် ရေတံခွန်များလည်း ရှိနေသည်။

ချူဖုန်း ငါးကီလိုမီတာအကွာမှာ စူးစိုက်ကြည့်လိုက်သည်။ ဤနေရာတွင် အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူ ရှိနိုင်သောကြောင့် သူ သတိထားရမည်ပင်။

သို့သော် သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားခြင်းဖြစ်သောကြောင့် သူလာသည်ကို မည်သူမှ သတိထားမိမည်မဟုတ်။ သူ အသာစီးရနေဆဲပင်။

ချူဖုန်း ယွမ်လော့တောင်သို့ ရောက်လာလေပြီ။

သူသည် သက်ရှိအားလုံးကို ရှောင်ရှားကာ တောင်ကို တစ်ပတ်ပတ်လိုက်သည်။

တိုင်လေးတိုင်စိုက်ပြီး အထဲဘက်မှ ဘုရင်များအား သတ်ရန်အတွက် မြေမျက်နှာသွင်ပြင်အား လေ့လာနေခြင်းပင်။

ဤနေရာ၌ သားရဲဘုရင် ဘယ်နှယောက်ရှိမှန်း မသိသော်လည်း အတော်လေးတော့များလောက်သည်။ ထိုထဲတွင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများလည်း ပါနိုင်သည်ပင်။

သေချာလေ့လာပြီးနောက် ကျောက်စိမ်းပုလင်းထဲမှ ကြေးတိုင်တစ်ခုကို ထုတ်လိုက်သည်။ တိုင်ကြီးသည် လူတစ်ယောက်အရပ်ခန့်ရှည်ပြီး တိုင်ပေါ်တွင် ထူးခြားသည့်သင်္ကေတများ ရှိနေသည်။

ကျောက်စိမ်းပုလင်းကို သူ အတော်လေး ကျေနပ်အားရနေမိသည်။ ဤကဲ့သို့သော ပစ္စည်းမျိုးသာရှိလျှင် ပစ္စည်းကြီးများကိုလည်း လွယ်လွယ်ကူကူ သယ်ယူနိုင်လေပြီ။

နောက်ဆုံးတွင်တော့ အရပ်မျက်နှာတစ်ခုစီ၌ တိုင်လုံးတစ်လုံးစီကို မြှုပ်လိုက်သည်။

ထိုအချိန်တွင် တိုင်လုံးများကြားရှိ ဧရိယာမှာ စတင်ပြောင်းလဲလာသည်။

သို့သော် ပြောင်းလဲမှုများမှာ ချူဖုန်းကဲ့သို့ အသေးစိတ်ကြည့်နေသည့်သူမဟုတ်လျှင် မသိနိုင်ပေ။

သံလိုက်စက်ကွင်းမှာ ဤအဓိကတောင်ထိပ်တစ်ခုလုံးကို ပြောင်းလဲသွားစေလိမ့်မည်ဟု သူ ယုံကြည်သည်။

“တစ္ဆေဝင်္ကပါ ဖြစ်လာနိုင်လောက်လား..” ချူဖုန်း မသေချာ။ သို့သော် သားရဲဘုရင်များ အန္တရာယ်အငွေ့အသက်ကို အာရုံမခံနိုင်လျှင်ပင် လုံလောက်လေပြီ။

ချူဖုန်းသည် တစ္ဆေတစ်ကောင်ကဲသို့ တောအုပ်ထဲ ပြန်ဆုတ်သွားပြီး လုထုန်ကို ဆက်သွယ်လိုက်ကာ သူ့ဘက်မှ ပြင်ဆင်ပြီးသွားပြီဖြစ်ကြောင်း ပြောလိုက်သည်။

“ငါတို့လည်း မကြာခင် အဆင်သင့်ဖြစ်တော့မယ် .. ခန့်မှန်းခြေအားဖြင့် ဒီနေ့ညနေပဲ .. ဒီနေ့ညနေကစပြီးတော့ ယွမ်လော့တောင်ဆိုတာ ထပ်ရှိတော့မှာ မဟုတ်ဘူး..” သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပါဝင်နေသော်လည်း လုထုန်၏စကားလုံးများမှာ တည်ငြိမ်လှသည်။

“ကောင်းတယ်..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။

ထို့နောက်တွင်တော့ လုထုန် တိုက်ရမည့်အရပ်မျက်နှာနှင့် သူ ရှိနေမည့်နေရာတို့ကို စီစဉ်လိုက်သည်။ ကိုယ့်လူကိုယ် ပြန်ပစ်မိမည်စိုးသောကြောင့် အားလုံးကို ကြိုစီစဉ်လိုက်သည်။

အထူးသဖြင့် ချူဖုန်းသည် တိုင်လုံးကြီးများ မြှုပ်ထားသည့်နေရာများကို ရှောင်ခိုင်းလိုက်သည်။ တိုင်လုံးများသည် ဤကဲ့သို့သော ထိခိုက်မှုများကို တောင့်ခံနိုင်လိမ့်မည်ဟု သူ ခံစားနေရသော်လည်း မစွန့်စားချင်။

“လူအိုကြီး .. အခု အားလုံး အဆင်သင့်ဖြစ်နေပြီ .. ဘုရင်တွေအများကြီးသတ်ဖို့ကိုပဲ စောင့်နေလိုက်တော့မယ်..” ချူဖုန်း ထိုသို့ကြေညာပြီး ဖုန်းချလိုက်သည်။

ချူဖုန်း ကျောက်တုံးတစ်တုံးပေါ်၌ တင်ပုလ္လင်ခွေထိုင်လိုက်ကာ သူ့စွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများကို ပြင်ဆင်လိုက်သည်။ ပေါက်ကွဲမှုများပြီးလျှင် ကျွမ်းကျင်သူအချို့ ပြေးထွက်လာမည်ကို သူသိသည်။ ထိုအချိန်သည် သူ လှုပ်ရှားရန် အကောင်းဆုံးအချိန်ပင်။

ဤသည်မှာ သူ သေရွာမှ ပြန်ရှင်လာပြီးနောက် ပထမဆုံးတိုက်ပွဲပင်။ သူ စတင်သတ်ဖြတ်တော့မည်။

လုထုန်၏ စီမံခန့်ခွဲမှုမှာ အလွန်ကောင်းမွန်လှသည်။ သူတို့အစီအစဉ်မှာ ချောမွေ့စွာပင် တစ်ခုပြီးတစ်ခု ဆက်သွားနေခဲ့သည်။

နေ့လည်ခင်းနေရောင်ခြည်မှာ တောက်ပလွန်းလှ၌ြီး တောင်ထိပ်တစ်ခုလုံးကို ရွှေရောင်သန်းနေစေခဲ့သည်။

ရိုးရှင်းသည့်တာအိုဘုရားကျောင်းလေးလည်း နေရောင်အောက် တောက်ပနေသည်။

ဘုရင်အဆင့် သက်ရှိများစွာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသောကြောင့် ချန်းယွဲ့ အနည်းငယ် စိတ်ပျက်နေမိသည်။ ဒါတွေအားလုံးက ချူဖုန်း တစ်ယောက်တည်းအတွက်လား .. ဒီလောက် လိုလို့လား..

ကိစ္စသေးသေးလေးကို ကြီးအောင် လုပ်နေကြသည်ဟု သူ ခံစားနေရသည်။ ချူဖုန်းဆိုသည်မှာ သူ တစ်ချက်တည်းဖြင့် သတ်နိုင်သည့်သူပင်။

ချန်းယွဲ့သည် အဖြူရောင်ဝတ်စုံနှင့် ရှုချင်းကို မကျေမနပ်ဖြစ်နေပြီး ဤလူမှာ သတိလွန်ကဲလွန်းသည်ဟု ခံစားနေရသည်။

ပို၍အရေးကြီးသည်မှာ ရှုချင်း ရောက်မလာသေး။

သို့သော် ဒေါင်းဘုရင်အား တွေ့လိုက်ရသည့်အချိန်တွင်တော့ ချန်းယွဲ့ စိတ်အခြေအနေ ပြန်ကောင်းသွားသည်။ သူကဲ့သို့ စွမ်းအားကြီးသည့်သူပင် ဤကျွမ်းကျင်သူကြီးမှာ မိတ်ဆွေဖွဲ့ထိုက်သည့်သူဖြစ်ကြောင်း ဝန်ခံရမည်ပင်။

“ဒေါင်းဘုရင်အရှင်..”

သားရဲဘုရင်အိုကြီးသည် အရိုအသေပေးကာ စိတ်လှုပ်ရှားစွာ နှုတ်ဆက်လာလေ၏။

လမ်း၌ ကြန့်ကြာမှုအချို့ တွေ့ခဲ့သော်လည်း ဒေါင်းဘုရင်သည် အခြားသူများထက် စောနေသေးသည်ပင်။

ယခုအချိန်တွင် သူသည် ဖော်ရွေသည့်အပြုံးတစ်ခုဖြင့် တောင်ပေါ်သို့ တက်လာနေသည်။ သူသည် ချောမောကာ ပြည့်စုံသည့်သူတစ်ဦးပင်။

ချန်းယွဲ့ကဲ့သို့ သူ၏ခရမ်းရောင်ဆံနွယ်များကို ကျောနောက်၌ ဖြန့်ကျက်ထားသည်။ သူ့မျက်လုံးများမှာ သက်ဝင်လှကာ အသားအရေသည်လည်း ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသည်။

သူသည် အသက်အရွယ်အားဖြင့် စီနီယာအရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း ပုံပန်းသွင်ပြင်မှာတော့ အသက် ၂၀ အရွယ်မကျော်သေး။

ဒေါင်းဘုရင် ယခင်ကထက် ပိုငယ်ပြီး သွေးစွမ်းအင်များလည်း ယခင်ကထက် များပြားလာသည်ကို တွေ့လိုက်ရသည့်အချိန် သားရဲဘုရင်အချို့ အံ့အားသင့်သွားရသည်။ သူ၏ကျင့်ကြံဆင့် တိုးတက်လာသည်မှာ သေချာသည်။

ကမ္ဘာကြီး ပြောင်းလဲပြီးနောက်တွင် ဒေါင်းမျိုးနွယ်စုမှာ အတော်လေး အင်အားကြီးမားလာကာ လူသားပုံစံသို့ ပြောင်းလဲပြီးသည့်နောက်တွင်လည်း သူတို့အားလုံးမှာ အလွန်ချောမောခန့်ညားကြသည်။

ဒေါင်းဘုရင်ကတော့ မျိုးနွယ်စုတွင် အထူးချွန်ဆုံးသူပင်။ သူသည် အပြစ်တင်စရာမရှိအောင်ပင် ယုံကြည်ချက်ရှိကာ ရည်မွန်သည်။ သူသည် သာမန်မိန်းမပျိုများထက် ပို၍ ချောမောမည့်ပုံပင်။

ချန်းယွဲ့ ပြုံးလိုက်ကာ ဂုဏ်သရေရှိဧည့်သည်ကို သူကိုယ်တိုင် ကြိုဆိုလိုက်သည်။ တစ်ဖက်လူ၏ သွေးစွမ်းအင်မှာ ပင်လယ်များကဲ့သို့ များပြားလှပြီး သူ့ထက်ပင် ပို၍စွမ်းအားကြီးသည်ကို သူ ခံစားမိသည်ပင်။

ရေအောက်မျိုးနွယ်စုဖြစ်သောကြောင့် ချန်းယွဲ့ အထင်ကြီးသည့်သူမှာ အနည်းငယ်သာရှိသည်။ ထိုထဲတွင် ဝတ်စုံဖြူနှင့် ရှုချင်း ပါဝင်ပြီး သူ့ရှေ့မှ ဒေါင်းဘုရင်ကို ပို၍ပင် သဘောကျလာသည်။

သူသည် ဒေါင်းဘုရင်ကို သိမ်းသွင်းရန် ကြိုးစားလာတော့သည်။

အခြားဘုရင်များမှာ ပို၍ပင် လေးလေးစားစား ဆက်ဆံကြသည်။ ဘုရားနယ်မြေများ၌ပင် တိုက်ခိုက်ရဲသည့် ဤပြိုင်ဘက်ကင်းဘုရင်ကို သူတို့အားလုံး သတိကြီးကြီးဖြင့် ဆက်ဆံကြသည်ပင်။

“ချူဖုန်းကို သတ်ဖို့အတွက်နဲ့ အားလုံး အခက်တွေ့နေရပြီ .. ဒီလောက်လူတွေအများကြီး ပါနေတာက သူ့ကို မြှောက်ပင့်ရာ ရောက်နေပြီလို့ ကျုပ်ခံစားရတယ်..” ချန်းယွဲ့ စကားပြောလိုက်သည်နှင့် သူ့တတိယမျက်လုံး တောက်ပလာသည်။

အခြားဘုရင်များကတော့ ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဒေါင်းဘုရင် ရောက်လာသည်နှင့် ချန်းယွဲ့သည် သူတို့အားလုံးအား လျစ်လျူရှုသွားခဲ့သည်ပင်။

ဒေါင်းဘုရင်ကတော့ အမြဲတမ်း ယဉ်ကျေးစွာ ပြုံးပြနေတတ်သည့်သူပင်။

“ပြိုင်ဘက်ကင်းကျွမ်းကျင်သူ နှစ်ယောက်တောင် ရှိနေတာဆိုတော့ ကျွန်တော်တို့ကတော့ ချူဖုန်းခေါင်း မြေကျမယ့် ပွဲကြီးပွဲကောင်းကို လာကြည့်တဲ့ ပရိသတ်တွေလို့ ပြောလို့ရသွားပြီ”

“ဟား ဟား .. ချန်းယွဲ့ဘုရင်နဲ့ ဒေါင်းဘုရင်တို့ကိုယ်တိုင် ရောက်လာတာဆိုတော့ ချူဖုန်းကတော့ ပေါ်လာတာနဲ့ တစ်ချက်တည်း သတ်ခံရမှာ သေချာတယ်..” အခြားဘုရင်များလည်း ဆက်တိုက်ပြောလာကြသည်။

အထူးသဖြင့် ထိုညတုန်းက ချူဖုန်းအား တိုက်ခိုက်ခဲ့သည့်သူများပင်။

ချူဖုန်း တစ်ညတည်းဖြင့် ဘုရင် ၁၀ ယောက်အား သတ်လိုက်သည်ကို မြင်လိုက်ရပြီးနောက် တစ်နေ့ ချူဖုန်း သူတို့အား လက်စားလာချေမည်ကို ကြောက်ရွံ့နေခဲ့ကြရသည်။ သို့သော် ယခုတော့ အခြေအနေမှာ သူတို့ဘက်မှပင်။ ယခုတစ်ခေါက် ဘုရင်များမှာ ယခင်တစ်ခေါက်ကထက် များစွာပို၍စွမ်းအားကြီးပြီး နတ်ဆိုးဘုရင်ချူကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်လိမ့်မည်။

အချို့လူများမှာ ချူဖုန်းကို ဖမ်းပြီးသည်နှင့် ချန်းယွဲ့နှင့် ဒေါင်းဘုရင်တို့သည် သူ့ထံ၌ ပြိုင်ဘက်ကင်းအသက်ရှူပညာကို ရအောင်ယူသင့်ကြောင်း ပြောနေကြသေးသည်။

နေလုံးကြီး နီရဲလာကာ တောင်တန်းများနောက်၌ ဝင်ရောက်ပျောက်ကွယ် သွားတော့မည်။

ချူဖုန်း မျက်လုံးဖွင့်ကာ ကျောက်တုံးပေါ်မှ မတ်တပ်ထရပ်လိုက်သည်။ သူ့စွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားမှာ အမြင့်ဆုံးထိ ရောက်နေလေပြီ။ “အချိန်ကျပြီ..” ယွမ်လော့တောင်ကိုကြည့်ပြီး သူ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် သူ့ဖုန်းလည်း မြည်လာသည်။

“မီးရှူးမီးပန်းတွေ ရှို့လိုက်ပြီ .. ပွဲကြည့်ဖို့ ပြင်ထားလိုက်တော့..” လုထုန် သတင်းပို့လာသည်။

“ကောင်းတယ်..” ချူဖုန်း တစ်ခွန်းတည်းပြောပြီး ဖုန်းချလိုက်သည်။

ထိုအချိန်တွင် သက်တံ့ကြီး ပေါ်လာသကဲ့သို့ ကောင်းကင်ထက်၌ တောက်ပသည့်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုအလင်းတန်းများသည် ယွမ်လော့တောင်ထက်သို့ ဦးတည်သွားကြလေ၏။

ချူဖုန်း တောင်ထိပ်တစ်ခုပေါ်၌ ရပ်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။ အနီရောင်နေရောင်ခြည်များ သူ့ပေါ်သို့ ဖြာကျနေသောကြောင့် သူသည် သတ်ဖြတ်ရန် စောင့်ဆိုင်းနေသည့် နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် တူနေသည်။

ပေါက်ကွဲမှုမှ အသက်ရှင်ကျန်ခဲ့သည့်သူများအားလုံး သူ့ကို ဖြတ်သန်းပြီးမှသာ ဘေးကင်းရာသို့ ရောက်လိမ့်မည်။

ဝုန်း..

ယွမ်လော့တောင် ပေါက်ကွဲသွားကာ ကမ္ဘာမြေကြီး တုန်ခါသွားရသည်။

ဤမြင်ကွင်းမှာ အတော်လေး ကြောက်စရာကောင်းလှသည်ပင်။ လေဆာများနှင့် ဒုံးချည်များ ဆက်တိုက်ရောက်ရှိလာပြီး ဤနေရာတစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်ကာ ချော်ရည်များလည်း ပန်းထွက်လာသည်အထိပင်။

“မီးရှုးမီးပန်း”ဆိုသည်မှာ သေးငယ်လှသည့် ပမာဏတော့မဟုတ်။ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားစေရန် လုံလောက်သည့် ပမာဏပင်။

တိုင်လုံးလေးခုမှာ သေချာပေါက် အသုံးဝင်ခဲ့သည်ပင်။ မဟုတ်ပါက များပြားလှသည့် ဘုရင်များမှာ အန္တရာယ်အငွေ့အသက်ကို အာရုံခံခဲ့မိကြမည်ပင်။

ဝုန်း..

ချူဖုန်း ခြေတစ်လှမ်းတည်းဖြင့် မီတာ ၁၅၀၀ ကို ဖြတ်ကျော်သွားလိုက်သောကြောင့် လေဟာနယ်ကြီး ပေါက်ကွဲသွားသည်။ ထွက်ပြေးလွတ်မြောက်လာသည့် လူတစ်ဦးရှေ့သို့ သူ ချက်ချင်း ရောက်သွားလေ၏။

“မင်း .. မင်းက ချူဖုန်းမလား..” ထိုဘုရင်အဆင့် ကျွမ်းကျင်သူမှာ သေးထွက်ကျလောက်အောင် ထိတ်လန့်သွားခဲ့ရသည်။ ဤပေါက်ကွဲမှုမှာ ချူဖုန်းကြောင့် ဖြစ်လာခြင်းဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့။

ချူဖုန်း ပြန်မဖြေပဲ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဤတိုက်ခိုက်မှုမှာ နေလုံးကြီး ကောင်းကင်ထက်မှ ဆင်းသက်လာသကဲ့သို့ပင်။

ထိုဘုရင်သည် အားကုန်ရုန်းကန်ခဲ့သော်လည်း အသုံးမဝင်ခဲ့။

လက်သီးချက်ကြောင့် ထိုလူ ချက်ချင်းပေါက်ကွဲသွားကာ ပြန်တိုက်ချိန်ပင် မရလိုက်။ လျင်မြန်စွာ အဆုံးသတ်သွားလေပြီ..

အပိုင်း ၂၅၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset