Switch Mode

Chapter – 256

ဘုရင်များ စုဝေးခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၆ – ဘုရင်များ စုဝေးနေခြင်း

လုထုန် ချူဖုန်းစကားကို သဘောတူသည်မှာ ရှားပါးလှသည်။ သူ မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်လုံးထဲ၌ ကြမ်းကြုတ်သည့်အလင်းတန်းများ ဖြတ်ပြေးသွားသည်။ “ငါတို့ သေချာပေါက် ငါတို့ခွန်အားကို ပြရမယ် .. မဟုတ်ရင် နံပါတ်တစ်သန္ဓေပြောင်းအဖွဲ့အစည်းက သူတို့ အနိုင်ကျင့်လို့ရတဲ့ ခပ်နုံနုံအဖွဲ့အစည်းလို့ ထင်သွားလိမ့်မယ် .. သာမန်သားရဲဘုရင်တစ်ယောက်ကတောင်မှ ကျောက်စိမ်းဂူကျောင်းထဲ ခိုးဝင်ဖို့ ကြိုးစားရဲတယ် .. ရဲတင်းလိုက်တာ..”

လူအိုကြီး အလွန်ဒေါသထွက်လာသည်။ ပထမတစ်ခေါက်မှာ ပန်တောင်မှ မြွေပါများ၊ ယခုလည်း ကျန်းရှီမှ သားရဲဘုရင်တစ်ကောင် ခိုးဝင်ရန် ကြိုးစားလာပြန်လေပြီ။

ပန်တောင်မှ မြွေပါအိုကြီးကို ချူဖုန်း ရှင်းပစ်လိုက်ပြီး နတ်ဆိုးဘုရင်ချူအဖြစ် သူ့အင်အားကို ပြသခဲ့သည်။ ယခု ကျောက်စိမ်းဂူကျောင်း အင်အားပြသရမည့်အချိန်သို့ ရောက်လာလေပြီ။ လူအယောက်တစ်ရာကို သတိပေးရန်အတွက် လူတစ်ယောက်ကို သတ်ပစ်ရမည်။

“ခင်ဗျားတောင် ဒီလိုပြောတာပြီပေါ့ .. ကောင်းတယ် .. ခင်ဗျားဒေါသကို ဆက်ထိန်းထား .. အမြဲတမ်း အမြှီးကုပ်ပြီး ငြိမ်မနေနဲ့ .. ခင်ဗျား ကီလိုမီတာ ၅၀ ပတ်လည်ကို မီးလောင်တိုက်မသွင်းနိုင်သေးသရွေ့ ခင်ဗျားက လုံလောက်အောင် မရက်စက်နိုင်သေးတဲ့သူပဲ” ချူဖုန်း သူ့ကို ပြောလာသည်။

အဘယ်ကြောင့်ဆိုသော် သူ့မိဘများအား ထိဖို့ကြိုးစားလာသည့်သူများကြောင့် သူလည်း ဒေါသထွက်နေသည်ပင်။ သူတို့ကြိုတင်ပြင်ဆင်ထားသောကြောင့် သူ့မိဘများ ဘေးကင်းနေသော်လည်း ဤသည်မှာ သူ၏နောက်ဆုံးစည်းမျဉ်းကို ထိပါးလိုက်ခြင်းပင်။

ယခုတစ်ခေါက်တော့ ကျောက်စိမ်းဂူကျောင်း သူ့ပြိုင်ဘက်၏တောင်များနှင့် မြစ်များကို ပျက်စီးသွားအောင် လုပ်ခွင့်ပေးလိုက်မည်။ အုတ်အော်သောင်းတင်းဖြစ်သွားလေလေ ကောင်းလေလေပင်။

“ဟက်..” အခုတော့ လုထုန် စိတ်အားတက်ကြွနေလေပြီ။ ဤကောင်စုတ်လေး မီးရှူးမီးပန်းကြီးများအား ကြည့်ချင်နေသည်ကို သူသိသော်လည်း အပြစ်မရှိသည့်သူများအား ထိခိုက်မိသွားလျှင် ဘယ်လိုလုပ်မည်နည်း..

“နာမည်ကြီးတောင်တွေအားလုံးက သွေးစွန်းပြီးသားပဲ .. ခင်ဗျား ရက်စက်မှရမှာ..” ချူဖုန်း သတိပေးလိုက်သည်။

“တော်တော့ .. မီးလောင်ရာလေပင့်လုပ်မနေနဲ့တော့..” လုထုန် ဖုန်းမြန်မြန်ချလိုက်သည်။ ဤကောင်လေး သူ့ကို ဆွပေးနေခြင်းဖြစ်ကြောင်း သူသိသည်ပင်။ သူသည် ကျောက်စိမ်းဂူကျောင်း၏အင်အားကို အသုံးပြုကာ ရန်သူများကို သတိပေးချင်နေခြင်းသာ။

လူအိုကြီးသည် သက်ဆိုင်ရာ အာဏာရှိသူများကို ဆက်သွယ်လိုက်ကာ စစ်ဆင်ရေးကို စီစဉ်လိုက်သည်။

ချူဖုန်း တိတ်ဆိတ်ငြိမ်းချမ်းစွာဖြင့်ပင် လက်သီးပညာကို ဆက်လက်လေ့ကျင့်လိုက်သည်။ စန်းချင်တောင်မှာ တကယ်ကို ထူးခြားသည့်နေရာတစ်ခုပင်။

အဓိကတောင်ထိပ်သုံးခုတွင် ထင်ရှူးပင်အိုကြီးများ ပေါက်နေပြီး စိမ်းစိုနေသည်။ ငွေရောင်ရေတံခွန်ဘေးတွင်တော့ ခရမ်းရောင်တိမ်တိုက်များ လှည့်ပတ်နေသောကြောင့် မသေမျိုးများနေထိုင်ရာ နေရာနှင့်ပင် တူနေသည်။

အဓိကတောင်ထိပ်မှ တာအိုဘုရားကျောင်းပေါ်သို့ နေရောင်ခြည်ဖြာကျနေသောကြောင့် အမိုးအုတ်ကြွပ်များပင် ရွှေဝါရောင်အလင်းများ တောက်ပနေကာ မြင့်မြတ်မှုမျး ထုတ်လွှတ်နေသည်ပင်။

ချူဖုန်း စမ်းချောင်းထဲမှ ရေသောက်လိုက်ပြီး အကြောဆန့်လိုက်သည်နှင့် တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာသည်။

ဟူး..

သူမှုတ်ထုတ်လိုက်သည့်လေသည် ဓားသွားကဲ့သို့ ထက်ရှလှသည့် အဖြူရောင်မြူခိုးတန်းတစ်ခု ဖြစ်ပေါ်လာကာ ၁၀ မီတာကျော်ထိ ရောက်သွားကာ ငေါထွက်နေသည့် ကျောက်စွန်းလေးတစ်ခုကို ဖြတ်တောက်သွားလေသည်။

လုထုန်သတင်းကို စောင့်နေရင်းဖြင့် သူ တည်ငြိမ်စွာ လေ့ကျင့်နေလိုက်သည်။

တောက်ပနေသည့် နေရောင်အောက်တွင် ယွမ်လော့တောင်မှ တာအိုဘုရားကျောင်းမှာ အတော်လေး ခမ်းနားနေသည်။

ဤနေရာသည် စန်းချင်တောင်မှ ကီလိုမီတာ ၂၀၀၀ ဝေးသည်။ ဂုဏ်သတင်းကျော်စောသည့် တောင်တစ်တောင် မဟုတ်သော်လည်း တာအိုစာအချို့၌ ဖော်ပြထားခဲ့သောကြောင့် အတော်လေး နာမည်ကြီးသည်ဟုတော့ ပြော၍ရသည်။

သို့သော် ဤနေရာတွင် တာအိုဘုန်းတော်ကြီး မရှိတော့။ ဘုရားကျောင်းအလွတ်ကို ဘုရင်အဆင့်သက်ရှိတစ်ဦး သိမ်းပိုက်သွားပြီဖြစ်သည်။

ထိုလူမှာ ကျန်းရှီနယ်မြေအတွင်းမှ ကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်၍ရသည်။

ချူဖုန်းအား လုပ်ကြံသည့်သူများထဲတွင် သူလည်းပါဝင်ခဲ့သည်ပင်။

ယွမ်လော့တောင်မှာ နာမည်သိပ်မကြီးသောကြောင့် သူ ဤတောင်၌ နေနေကြောင်း မည်သူမှမသိ။

ဒုက္ခကြီးမှာ ကောင်းကင်ထက်မှ ကျလာလိမ့်မည်ဟု သူ မထင်ထားခဲ့။ မျက်လုံးသုံးလုံးနှင့် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူသည် သူ့နေရာကို သိမ်းပိုက်လိုက်ပြီးနောက် သူ့အား တရားခံလုပ်ရန် ဖိအားပေးလာသည်။

လူအိုကြီးမှာ ငိုချင်သော်လည်း မျက်ရည်များ ရှာမတွေ့တော့။ သူသည် အေးဂျင့်တစ်ဦးကို ကျောက်စိမ်းဂူကျောင်းထဲသို့ ခိုးဝင်ကာ ချူဖုန်းမိဘများအား သတ်ရန် အမိန့်ပေးလိုက်သည်။ ဤသည်မှာ ကိစ္စကြီးတစ်ခုပင်။ ပို၍အရေးကြီးသည်မှာ ဤကိစ္စမှာ သူနှင့်မသက်ဆိုင်။ သူ မတရားခံနေရသလို ခံစားလိုက်ရသည်။

သို့သော် နောက်ဆုံးတွင်တော့ သူ အံကြိတ်ကာ အမိန့်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ ချူဖုန်းအား တိုက်ခိုက်ခဲ့သည့် အမှန်တရားမှာ ပြန်ပြင်၍မရတော့။ နောက်ဆုံးအချိန်ရောက်လာလျှင်တော့ သူ ဒေါင်းဘုရင် သို့မဟုတ် ရေအောက်မျိုးနွယ်စုလက်အောက်၌ ခိုလှုံလိုက်မည်။

ရေအောက်မျိုးနွယ်စု မျက်လုံးသုံးလုံးကျွမ်းကျင်သူ ချန်းယွဲ့သည် ခရမ်းရောင်ဆံပင်ရှည်များ ပိုင်ဆိုင်ထားပြီး ချောမောသည့်သူတစ်ဦးပင်။ သူ့မျက်ခုံးကြားမှ ဒေါင်လိုက်မျက်လုံးမှ သန့်စင်လေးနက်သည့်နတ်အလင်း ထုတ်လွှတ်နေသည်။ သူသည် ယွမ်လော့တောင်မှ ဘုရားကျောင်းထဲ မတ်တပ်ရပ်နေပြီး ချူဖုန်း လည်စင်းလာခံမည့်အချိန်ကို စောင့်နေလေ၏။

သူ့ဘေး၌ သားရဲအိုကြီး ရှိနေပြီး သူတို့အတွက် ဝိုင်ငှဲ့ပေးမည့် အခြားသားရဲမျိုးနွယ်စုများလည်း ရှိနေသည်။ သားရဲအိုကြီးသည် တောက်ပစွာ ပြုံးလိုက်ပြီး မျက်လုံးသုံးလုံးနှင့် လူငယ်လေးအား ဤမျှအသက်ငယ်ငယ်လေးနှင့် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်နိုင်ခဲ့သောကြောင့် ချီးကျူးနေလေသည်။

ယွမ်လော့တောင်မှာ ယခုအချိန်တွင် နတ်ဆိုးများနေထိုင်ရာနေရာနှင့် တူနေသည်။ ဤနေရာ၌ ရှိနေသည့်သူအားလုံးမှာ သားရဲမျိုးနွယ်စုများသာ။

“စိတ်မပူပါနဲ့ .. တစ်ခြားကျွမ်းကျင်သူတွေလည်း လမ်းမှာလာနေပြီ .. ချူဖုန်းကို သတ်တာက ကြက်တစ်ကောင်ကို သတ်သလိုပဲ .. ဘာမတော်တဆမှုမှ အဖြစ်ခံမှာ မဟုတ်ဘူး .. ငြိမ်ငြိမ်လေးထိုင်ပြီးတော့ သူ့ခေါင်းရလာမှာကိုသာ စောင့်နေလိုက်..” ချန်းယွဲ့ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

ချူဖုန်း ပေါ်လာသည်နှင့် သူ တစ်ဖက်လူကို ချက်ချင်း ဖိနှိပ်ပစ်မည်။ ချူဖုန်းကို သူ တစ်ချက်တည်းဖြင့် သတ်နိုင်သည်။

သို့သော် သူနှင့်အတူ အလုပ်တွဲလုပ်နေသည့်လူသား ရှုချင်းကတော့ အတော်လေး သတိကြီးနေပြီး လွဲချော်မှုများ မရှိရန်အတွက် ချူဖုန်းကို ဝိုင်းသတ်ရန် ပြောနေသည်။ ရှင်းယီလက်သီးသခင်လေးမှာ ချူဖုန်း ထွက်ပြေးလွတ်မြောက်သွားမည်ကို စိုးရိမ်နေသည်။

သူ့ကိုပို၍ စိတ်ပျက်သွားစေသည်မှာ ထိုဝတ်စုံဖြူရှုချင်းသည် ဒေါင်းဘုရင်ကိုလည်း ဖိတ်ခေါ်ထားသည်ပင်။

သူ တကယ်ကို မကျေနပ်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်းကို သတ်ရန်အတွက်လေးနှင့် ဤမျှများပြားသည့်လူအုပ်ကြီးမလို။ သူ ပေါ်လာသည်နှင့် ချက်ချင်းသတ်လိုက်လျှင် ရလေပြီ။

သို့သော် သူတို့သည် ကျောက်စိမ်းဂူကျောင်းသခင်နှင့် ဝူတန်းတောင်သခင်ကဲ့သို့သော ကျွမ်းကျင်သူများကိုလည်း သတိထားရဦးမည်ဖြစ်ကြောင်း ရှုချင်း သူ့ကို ပြောလာသည်။ ဤလူများမှာ ချူဖုန်းနှင့် အဆက်အသွယ်ရှိကြသည်ပင်။

ယခုအချိန်တွင် ဤလူများ အဝေး၌ ရောက်နေသော်လည်း သူတို့ ရုတ်တရက် ပေါ်မလာဘူးဟု မပြောနိုင်။

“ဟူး .. ဒီချူဖုန်းက အချုပ်အနှောင်လေးခု ဖြတ်တောက်ထားတဲ့ လူသားတစ်ယောက်လေးပဲကို .. ဒီတစ်ခေါက်တော့ သူ အတောင်ပံပေါက်လာရင်တောင် ပြေးလို့မလွတ်တော့ဘူး .. ငါ့ပန်းကန်ပြားပျံက လုံဟူတောင်မှာ မင်းကြောင့် ပျက်စီးသွားတာ .. ဒီတစ်ခေါက် ငါမင်းကို သေအောင်သတ်ပစ်မှာ..” ချန်းယွဲ့ အေးစက်စွာ ပြောလိုက်သည်။

သူ့အစီအစဉ်မှာ အတော်လေး ကောင်းမွန်လှသည်ဟု ချန်းယွဲ့ ခံစားလိုက်ရသည်။ တစ်ဖက်လူလိုက်လာရန်အတွက် သဲလွန်စအချို့လည်း ချန်ထားခဲ့သောကြောင့် တစ်ဖက်လူ လည်စင်းလာခံမည့်အချိန်ကို စောင့်နေရန်သာ လိုအပ်တော့သည်။

သို့သော် ချူဖုန်း သူ၏ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ပြီးသွားပြီဖြစ်ကြောင်း ရှုချင်းနှင့် ချန်းယွဲ့တို့နှစ်ယောက်လုံး မသိကြ။

ထို့အပြင် ဟိန်းထုန်ကို သတ်ပြီးနောက် သူ့စွမ်းရည်များကို ဆက်တိုက်လေ့ကျင့်နေခဲ့ပြီး သူ့စိတ်ဝိညာဉ်အားကောင်းအောင်လည်း လုပ်ထားသည်။ သူသည် လုထုန်ကို စည်းရုံးပြီး ယွမ်လော့တောင်အား တိုက်ရိုက်တိုက်ခိုက်ရန်လည်း ပြောထားသည်ပင်။

လူအိုကြီးလည်း ဒေါသထွက်နေသောကြောင့် ထိုမြေကို သွေးဖြင့်ဆေးချကာ သူတို့အင်အားကို ပြသရန် သဘောတူခဲ့သည်။

အစောပိုင်းတွင် သူတို့သားရဲမျိုးနွယ်စု အသိုင်းအဝိုင်းကြား၌ လျှို့ဝှက်သတင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။ ဤသည်မှာ ချူဖုန်းကိုသတ်ရန်အတွက် ဒေါင်းဘုရင် ထွက်လာပြီဆိုသည့် သတင်းပင်။

ဤသတင်းသာ အပြင်လောကသို့ ပေါက်ကြားသွားလျှင် သေချာပေါက် သတင်းထူးကြီး ဖြစ်သွားမည်ပင်။

“ချူဖုန်းက အသက်ရှင်နေလိမ့်ဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ.. သူကိုက ကံဆိုးတာ .. ဒီတစ်ခေါက်တော့ သူ ထွက်ပြေးနိုင်ဖို့ ခက်လိမ့်မယ် .. ဘာလို့လဲဆိုတော့ သူ ရှိတဲ့နေရာကို ဒေါင်းဘုရင် သိသွားပြီ”

“နတ်ဆိုးဘုရင်ချူ နောက်ဆုံးတော့ သေတော့မယ် .. ဒေါင်းဘုရင် သူ့ကို တွေ့သွားတာနဲ့ သူ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ .. ချူဖုန်း ဆယ်ယောက်ရှိရင်တောင် ဒေါင်းဘုရင်လက်ထဲက လွတ်မှာမဟုတ်ဘူး..”

ဒေါင်းဘုရင်မျိုးဆက်များနှင့် သူတို့နှင့်ဆက်စပ်သည့်သူအားလုံး ဤကိစ္စကို ပြောဆိုကာ စိတ်လှုပ်ရှားနေကြသည်ပင်။

“သွားကြစို့ .. ဒေါင်းဘုရင် ချူဖုန်းကို လွယ်လွယ်လေး သတ်လိုက်နိုင်မှာ ဆိုပေမယ့် ချူဖုန်း ခေါင်းပြတ်ထွက်လာမှာကို ငါကိုယ်တိုင် ကြည့်ချင်သေးတယ်..”

ချူဖုန်းအား အမဲလိုက်ခဲ့ဖူးသည့် သားရဲဘုရင်များသည် လူသတ်ပွဲကြီးထဲ ဝင်ပါရန် ပျော်ရွှင်တက်ကြွနေကြလေ၏။

ဤသတင်းသည် လူနည်းစုအတွင်း၌ ပျံ့နှံ့နေသော်လည်း သိသည့်သူအားလုံးမှာ ဘုရင်အဆင့်သက်ရှိများပင်။

ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများမှာ စွမ်းအားကြီးကာ ပန်းကန်ပြားပျံကဲ့သို့သော လက်နက်မျိုးပင် ပိုင်ဆိုင်ထားသောကြောင့် ယခုအချိန်မှာ သူတို့နှင့် မိတ်ဖွဲ့ရန် အကောင်းဆုံးအချိန်ပင်။

ယွမ်လော့တောင်ထိပ်တွင် ချန်းယွဲ့၏ခရမ်းရောင်ဆံပင်များ တောက်ပနေကာ သူ့တတိယမျက်လုံးမှ နတ်အလင်း ထုတ်လွှတ်နေသည်။ သူသည် ဟိန်းထုန်ကို ဆက်သွယ်ကာ ဤနေရာသို့လာရန် ပြောချင်သော်လည်း ဆက်သွယ်၍ မရဖြစ်နေသည်။

သူ မျက်မှောင်ကြုတ်သွားရ၏။

တောင်ပင်လယ်နဂါးမျိုးနွယ်စု သူ့အား နဂါးချုပ်နှောင်ခြင်းတိုင်လုံးများ ပေးခဲ့ကြောင်း ပြန်စဉ်းစားမိသွားသည့်အချိန်တွင် သူ စိတ်အေးသွားရသည်။ ဟိန်းထုန်သည် ထိုတိုင်လုံးများကို နေရာချကာ ကုန်းမြေမှ သူ မကျေနပ်သည့် ကျွမ်းကျင်သူအားလုံးကို သတ်ပစ်မည်ဖြစ်ကြောင်း သူ ပြောခဲ့ဖူးသည်ပင်။

ဟိန်းထုန် ထိုတိုင်လေးတိုင်နှင့် အလုပ်ရှုပ်နေပြီး ထိုတိုင်များကြောငင့် ဖုန်းလိုင်းများ ပြတ်တောက်နေနိုင်သည်။

တစ်ခဏခန့် စဉ်းစားပြီးနောက် ဟိန်းထုန်ကို စာတစ်ဆောင်ပို့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဟိန်းထုန်ကို ယွမ်လော့တောင်သို့လာပြီး ချူဖုန်းရောက်လာမည်ကို လာစောင့်ရန် စာပို့လိုက်သည်။

စန်းချင်တောင်တွင် ချူဖုန်း ဟိန်းထုန်ဖုန်းအား စိုက်ကြည့်နေခဲ့ကာ သူ အခြေအနေကို ချက်ချင်း နားလည်သွားရသည်။

ဟိန်းထုန်အား သတ်ပြီးသည့်နောက်တွင် သူ့အကြေးခွံအောက်၌ အိတ်ကပ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအိတ်ကပ်ထဲတွင် ဖုန်းအပါအဝင် သူမသိသည့် အခြားလျှပ်စစ်ကိရိယာများ ရှိနေသည်ကို တွေ့လိုက်ရသည်။

ချန်းယွဲ့ ဟိန်းထုန်အား ဖုန်းခေါ်လာသည့်အချိန်က ပေါ်သွားမည်စိုးသောကြောင့် ချူဖုန်း ဖုန်းမကိုင်ရဲ။ သို့သော် ထပ်ရောက်လာသည့်မက်ဆေ့မှာ သူ့ကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။

“လူအိုကြီး .. အခြေအနေတွေ ပြောင်းသွားပြီ..”

ချူဖုန်း လုထုန်ကို ချက်ချင်း ဆက်သွယ်လိုက်ကာ ယွမ်လော့တောင်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း ပြောပြလိုက်သည်။

လုထုန် ချက်ချင်း စိတ်လေးသွားရသည်။

“ဆိုးတာပဲ .. ကျောက်စိမ်းဂူကျောင်းအရှင်က ရွှေကျီးကန်းနဲ့တိုက်ရင်း တစ်ခြားနယ်မြေကို ရောက်သွားပြီ .. ဝူတန်းတောင်သခင်လည်း ရေအောက်မျိုးနွယ်စုအပြင် အသက်ကိုးချောင်းကြောင်နဲ့ တိုက်နေရတာ” လုထုန် ချွေးစေးပြန်လာရသည်။

သူသည်သာမန်သားရဲဘုရင်ကိုသာ တိုက်ခိုက်ရလိမ့်မည်ဟု သူ ထင်ခဲ့ခြင်းပင်။ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ ပါနေလိမ့်မည်ဟု သူ မထင်ထားခဲ့။

“မကြောက်ပါနဲ့ .. ကျွန်တော်က ပြိုင်ဘက်ကင်းကျွမ်းကျင်သူပဲကို .. ကျွန်တော်ကိုယ်တိုင် အဲဒီကို သွားလိုက်မယ် .. ဒီတစ်ခေါက် သူတို့ကို ရိုက်ချပစ်ရမယ် .. ကျွန်တော်က သူတို့တံခါးရှေ့သွားပြီး လည်စင်းခံလိမ့်မယ်လို့ ထင်နေကြတာလား .. သူတို့ အသက်ရှင်ဖို့ ပင်ပန်းနေကြတာပဲ ဖြစ်လိမ့်မယ်..” ချူဖုန်း မကြောက်။

“ဟေ့ကောင် .. လက်လွတ်စပယ်မလုပ်နဲ့ .. ငါ တစ်ခြားကျွမ်းကျင်သူတွေ ခေါ်လိုက်ဦးမယ် .. မင်း စောင့်နေဦး” လုထုန် သတိပေးလာသည်။

“နောက်ကျသွားပြီ .. ဒီလူတွေက သူတော်စင်တွေ မဟုတ်ဘူး .. သူတို့တွေက ကျွန်တော်လိုက်လာအောင်လို့ တမင်သက်သက် သဲလွန်စတွေ ထားခဲ့တာ .. ကျွန်တော်ပေါ်မလာရင် တစ်ခုခုမှားနေမှန်း သတိထားမိသွားလိမ့်မယ် .. ခင်ဗျားတတ်နိုင်သမျှ လက်နက်တွေများများရအောင် သွားပြင်ဆင်လိုက် .. ကျွန်တော်တို့ သားရဲဘုရင်တွေကို သတ်နိုင်တဲ့ အဆင့်မြင့်လက်နက်တွေလိုသလို လေဆာလက်နက်တွေလည်းလိုတယ် .. များလေကောင်းလေပဲ .. ခင်ဗျားက အပေါ်ကနေပစ်လိုက် .. အသက်ရှင်ကျန်နေတဲ့သူတွေကိုတော့ ကျွန်တော့်တာဝန်ထားလိုက်..”

ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။ သူ့ကို သတ်မည့်လူများ စောင့်နေမှန်းသိသော်လည်း သူ မကြောက်။ ယခုတလောတွင် သူ့ခွန်အားများ တိုးတက်လာသောကြောင့် သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။

သူ၏လက်ရှိခွန်အားနှင့်ဆိုလျှင် မည်သူက သူ့ကို တားဆီးနိုင်မည်နည်း.. သူ့ကို ချနိုင်သည့်သူ တစ်ယောက်မှ မရှိလုနီးပါးပင်။ အသံထက် ငါးဆခွဲမြန်နေသောကြောင့် သူသည် ပြိုင်ဘက်ကင်းဟု သတ်မှတ်၍ရသည်။

“သားရဲဘုရင်တွေက အာရုံစူးရှကြတယ် … သူတို့ အန္တရာယ်ကို ကြိုပြီးအာရုံခံမိရင် ဘယ်လိုလုပ်မလဲ..” လုထုန် စိုးရိမ်နေသည်။

“ခင်ဗျားမှာ ကျွန်တော် ရှိနေတာပဲလေ မဟုတ်ဘူးလား .. ကျွန်တော် အဲဒီကိုသွားပြီးတော့ အဲဒီပြဿနာကို ဖြေရှင်းပေးမယ်လို့ ဂတိပေးတယ်..” ချူဖုန်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ သားရဲဘုရင်အနည်းငယ်သာရှိလျှင် သူ့နတ်အသိစိတ်ဖြင့် သူတို့အာရုံများကို နှောက်ယှက်နိုင်ကြောင်း ချူဖုန်း ပြောလိုက်သည်။

သားရဲဘုရင်များစွာ ရှိနေလျှင်တော့ ပြဿနာရှိနိုင်သည်။

ချူဖုန်း တိုင်လေးတိုင် သွားစိုက်ရန် ပြင်ဆင်လိုက်သည်။ ဤထူးဆန်းသည့်ပစ္စည်းများမှာ သံလိုက်လှိုင်းများကို နှောက်ယှက်နိုင်ပြီး သားကောင်များ၏အာရုံကို ထိခိုက်နိုင်သည်။ ဤသည်မှာ လုထုန်၏စိုးရိမ်မှဒကို ဖြေရှင်းရန်လုံလောက်လေပြီ။

သို့သော် ယွမ်လော့တောင်မှာ အတော်လေးကြီးမားလှသောကြောင့် တိုင်များတစ်ခုနှင့်တစ်ခုကြားမှ အကွာအဝေးမှာ အလွန်ဝေးကွာသွားမည်ပင်။ ထိုသို့ဆိုလျှင် တစ္ဆေဝင်္ကပါ၏ အကျိုးသက်ရောက်မှုလည်း အတော်လေး အားနည်းသွားလိမ့်မည်။

သို့သော် ယခုအချိန်မှာ ဤကိစ္စကို စိုးရိမ်ရမည့်အချိန်မဟုတ်။ သူတို့အာရုံများအား နှောက်ယှက်နိုင်လျှင် လုံလောက်လေပြီ။

“ကောင်းပြီလေ .. အဲဒါဆိုလည်း ငါ အားလုံးကို ပြင်ဆင်လိုက်မယ် .. ငါ အမြှောက်တပ်ကိုခေါ်ပြီးတော့ ယွမ်လော့တောင်ကို ပိပြားသွားအောင် လုပ်လိုက်မယ်..” လုထုန် ပြောလိုက်သည်။

အပိုင်း ၂၅၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset