Switch Mode

Chapter – 255

ချက်ချင်း ပေါက်ကွဲ ထွက်လာခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၅ – ချက်ချင်းပေါက်ကွဲထွက်လာခြင်း

ကြေးတိုင်လုံးလေးတိုင်ကို နှစ်ကီလိုမီတာပတ်လည်၌ စိုက်ထားခြင်းပင်။

ချူဖုန်း ထည့်ထားသည့် သားရဲများသည် အော်ဟစ်ကာ အသည်းအသန်ပြေးနေကြသည်။ သူတို့သည် စက်ဝိုင်းပုံစံ ပြေးနေကြခြင်းဖြစ်ပြီး သူတို့မျက်လုံးထဲ၌ အကြောက်တရားများ ပြည့်နှက်နေကာ အမွေးများလည်း ထောင်ထနေလေ၏။

ငှက်များလည်း ထူးထူးဆန်းဆန်း ပြုမူနေသည်။ သူတို့သည် အတောင်ပံများ ဖြန့်ကျက်လိုက်သော်လည်း ကောင်းကင်ထက်သို့ မပျံသန်းနိုင်ပဲ ထိုနေရာတစ်ဝိုက်ကိုသာ ပျံသန်းနေကာ မလွတ်မြောက်နိုင်ဖြစ်နေကြသည်။

ချူဖုန်း မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤမြင်ကွင်းမှာ ရိုးရာပုံပြင်များထဲမှ တစ္ဆေဝင်္ကပါနှင့် တူနေသည်ပင်။

“ကြောက်စရာကောင်းပြီး ထူးဆန်းလိုက်တာ..”

ချူဖုန်း သူ့ဘာသာသူ ရေရွတ်လိုက်ပြီး မြွေသားကင်တစ်ပိုင်းကို ကိုက်စားလိုက်ကာ ဆက်လက်လေ့လာလိုက်သည်။

သားရဲတွေနဲ့ ငှက်တွေတောင် လမ်းပျောက်သွားတယ်ဆိုတော့ ဒီတိုင်လေးတိုင်က ဘယ်လောက်တောင် ထူးခြားနေတာလဲ..

ချူဖုန်း ကောင်းကင်ကို မော့ကြည့်လိုက်၏။ ကောင်းကင်ကြီးမှာ ပြာလွင်နေပြီး နေမင်းကြီးလည်း တောက်ပနေသည်ပင်။ ဤသည်မှာ မြူဆိုင်းနေသည့် ညအချိန်မဟုတ်သော်လည်း ဤတိရစ္ဆာန်များ အဘယ်ကြောင့် လမ်းပျောက်နေသနည်း..

သူ ရှုပ်ထွေးသွားရသည်။

အရာအားလုံးမှာ ဤတိုင်လုံးများကြောင့်ပင်။

တစ္ဆေဝင်္ကပါရှိကြောင်း သေချာသွားလေပြီ။

ဤကဲ့သို့သော ကိစ္စများမှာ သင်္ချိုင်းများနှင့် လူပြတ်သည့်နေရာများ၌သာ ညအချိန်၌ ဖြစ်တတ်ခြင်းပင်။ သားကောင်သည် အရပ်မျက်နှာကို မသိတော့ပဲ စက်ဝိုင်းပုံစံ သွားနေမိမည်ပင်။

ဤကဲ့သို့သော ကိစ္စမျိုးကြုံဖူးသူများကတော့ သူတို့အသိစိတ် ဝေဝါးလာပြီး တစ်ခါတရံ မူးပင် မူးနောက်လာကြသည်ဟု ဆိုကြသည်။ သူတို့သည် နေရာတစ်ခုသို့ ဦးတည်သွားနေပြီး ဤဝင်္ကပါထဲမှ မကြာခင် ထွက်နိုင်တော့မည်ဟု ထင်နေကြသော်လည်း တကယ်တမ်းတွင် သူတို့ စက်ဝိုင်းပုံစံ သွားနေမိကြခြင်းသာ။

ညအချိန် သင်္ချိုင်းနား၌ ဤကဲ့သို့ တွေ့ကြုံရလျှင် သေချာပေါက် ထိတ်လန့်သွားကြမည်ဖြစ်ပြီး နောက်နေ့ ဖျားသွားကြမည်ပင်။ ထို့နောက်တွင်တော့ သူတို့သည် ဂယောင်ခြောက်ခြား ဖြစ်လာကြလေ၏။

တစ္ဆေဝင်္ကပါကို သိပ္ပံနည်းလမ်းဖြင့်လည်း ရှင်းပြနိုင်သည်ပင်။ တိရစ္ဆာန်များအားလုံးသည် မသိစိတ်တွင် စက်ဝိုင်းပုံစံ လှည့်ပတ်သွားလာကြခြင်းဖြစ်သောကြောင့် ဤကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြောကြသည်။

သိမ်းငှက်၊ စာကလေးနှင့် ခိုများကို မျက်လုံးပိတ်ထားလိုက်လျှင် သူတို့သည် နေရာတစ်ခုတည်း၌သာ စက်ဝိုင်းပုံစံ ပျံသန်းနေကြကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြရသည်။

လူသားများနှင့် အခြားတိရစ္ဆာန်များလည်း ထို့အတူပင်။ အရပ်မျက်နှာမသိတော့သည်နှင့် အများစုသည် လမ်းဖြောင့်အတိုင်းသွားနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် စက်ဝိုင်းပုံစံ လှည့်ပတ်သွားနေကြခြင်းပင်။

ဤသည်မှာ သတ္တဝါအားလုံးသည် နှစ်ဘက်ညီနေသည်မဟုတ်သောကြောင့်ပင်။ အချို့ငှက်များမှာ တစ်ဖက်နှင့်တစ်ဖက် အတောင်ပံအရွယ်အစားမတူ။ အချို့လူများမှာ ခြေထောက်နှစ်ဖက်မညီ။ သူတို့ အရပ်မျက်နှာပျောက်သွားသည်နှင့် သူတို့၏ အရွယ်အစားမညီမျှမှုကြောင့် သူတို့သွားနေသည့်ပုံစံမှာ စက်ဝိုင်းပုံစံဖြစ်သွားခြင်းပင်။

တစ္ဆေဝင်္ကပါ၏ နောက်ကွယ်မှ သဘောတရားကို နားလည်သော်လည်း ဤတိုင်လုံးလေးတိုင် အဘယ်ကြောင့် ထိုသို့လုပ်နိုင်သည်ကို မသိပဲ ဖြစ်နေသည်။

ဤသည်မှာ တောင်ပင်လယ်နဂါးမျိုးနွယ်စုမှ ဟိန်းထုန်အတွက် ပေးလိုက်သည့် လူသတ်လက်နက်ပင်။ ချူဖုန်းမှာ ဆွံ့အနေမိသည်။

ဤတိုင်လေးခုမှ မုန်တိုင်းများ၊ လျှပ်စီးများ ဖြစ်လာပြီး လူများကို တစ်စစီလုပ်ပစ်လိမ့်မည်ဟု သူ ထင်ထားခြင်းပင်။

သို့သော် ထိုသို့မဟုတ်ခဲ့။

“ဟိန်းထုန် .. ခွေးကောင် .. ဒါက မင်းရဲ့ လက်နက်လား .. ထပြီး နည်းနည်းလောက်ပြေးလိုက်စမ်း..” ချူဖုန်း ကျိန်ဆဲလိုက်ကာ ကီလိုမီတာတစ်ထောင်လေးသည့် ကျောက်တုံးကြီးဖြင့် ဟိန်းထုန်ထံ ကောက်ပေါက်လိုက်သည်။

ကျောက်တုံးကြီးသည် ခွပ်ခနဲပင် သူ့ခန္ဓာကိုယ်နှင့် တိုက်သွားကာ ညည်းတွားသံနှင့်အတူ သွေးများ လွင့်စင်လာသည်။

“ပြေးနေစမ်း..” ချူဖုန်း ထပ်အော်လိုက်သည်။

တိုင်လုံးကြားမှ နယ်မြေမှာ စွမ်းအားမကြီးသော်လည်း ထူးခြားလှသည်။ အဘယ်ကြောင့်ဆိုသော် နယ်နမိတ်အပြင်ဘက်မှ လူများမှာ အထဲဘက်မှ လူများကို အလွယ်တကူ ရိုက်နှက်နိုင်သည်ပင်။

သူ ပစ်လိုက်သည့်ကျောက်တုံးမှာ လမ်းကြောင်းပြောင်းမသွားပဲ ဟိန်းထုန်ထံသို့ ရောက်သွားသည်ပင်။

ထို့နောက် သူ ကျောက်တုံးတစ်တုံး ထပ်ကောက်လိုက်ပြီး စာကလေးသိမ်းငှက်ကို ပစ်လိုက်သည်။ ငှက်သည် အတောင်ပံတစ်ဖက်ကျိုးသွားကာ မြေပြင်ပေါ်သို့ ကျသွားလေသည်။

စာကလေးသိမ်းငှက်သည် စူးနင့်နေအောင် အော်ဟစ်လိုက်ပြီး အလွန်ထိတ်လန့်လာလေသည်။ ထို့နောက် အတောင်ပံများကို ခတ်လိုက်ပြီး စက်ဝိုင်းပုံစံ ဆက်ပြေးလေတော့သည်။

ချူဖုန်း ဆွံ့အသွားရသည်။ သူ ငှက်ကိုမသတ်ချင်သောကြောင့် သူ့အတောင်ပံကိုသာ ဖျက်ဆီးလိုက်ခြင်းဖြစ်သော်လည်း ငှက်မှာ ပို၍ပင် ထိတ်လန့်သွားခဲ့သည်။

ထိုနေရာတွင် တစ္ဆေဝင်္ကပါအပြင် သူတို့ကို အမြင်မှားပြီး ကြောက်ရွံ့အောင်လုပ်နေသည့် အခြားတစ်ခုခု ရှိလိမ့်မည်။

“သူတို့စိတ်ဝိညာဉ်တွေက ဖရိုဖရဲဖြစ်နေပြီးတော့ ဖိနှိပ်ခံထားရတာ .. ပြီးတော့ ပုံရိပ်ယောင်အမျိုးမျိုးကိုလည်း မြင်နေရတာ..” အသေးစိတ်လေ့လာပြီးနောက် ချူဖုန်း ထပ်သိလာသည်။

ဤတိုင်လေးလုံးမှာ တကယ်ကို ထူးခြားလှသည်ပင်။

“အင်း .. ဒါကို လူသတ်လက်နက်လို့ ပြောလို့ရပါတယ်..” ရန်သူကိုသာ ဤနယ်နမိတ်ထဲသို့ ရောက်အောင်လုပ်နိုင်လျှင် ရန်သူကို သတ်သည်မှာ မြက်ရိတ်သကဲ့သို့ပင် လွယ်ကူသွားမည်ကို သူ နားလည်သွားရသည်။

“မဆိုးဘူး .. ငါ ဒီတိုင်လုံးတွေးကို ကြိုက်တယ် .. ဟိန်းထုန် မင်းက လူကောင်းတစ်ယောက်ပဲ .. ငါ့ကို ဒီတိုင်လုံးတွေ လက်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ် .. မင်းက အတင်းပေးနေမှတော့ ငါ ဒီတိုင်လုံးတွေကို ကျေကျေနပ်နပ်နဲ့ လက်ခံပေးလိုက်ပါ့မယ်..” ချူဖုန်း ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။

“အိုး..” ဟိန်းထုန်ထံမှ တုံ့ပြန်မှုရှိမလာသောကြောင့် ချူဖုန်း အံ့အားသင့်သွားရသည်။ ဤစကားများ ကြားရလျှင် သူ ဒေါသထွက်နေသင့်သည်။

“အကြားအာရုံကိုပါ ထိခိုက်သွားတာလား.. နယ်နမိတ်က အာရုံငါးခုလုံးကို ချိတ်ပိတ်လိုက်တာများလား.. ဒါက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ..” ချူဖုန်း ကျောရိုးတစ်လျှောက် ကြက်သီးထသွားရသည်။

သူ သားရဲအချို့ထံသို့ အော်ဟစ်ကြည့်လိုက်သည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် သူ့အော်သံသည် လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို တုန်ခါသွားစေသော်လည်း ထိုကျားသစ်ကတော့ ပြောင်းလဲခြင်းမရှိ ဆက်လက်ပြေးနေဆဲပင်။

“တကယ် ပိတ်ခံထားရတာပဲ..” ဤတိုင်သည် တကယ်ကို မရိုးရှင်း။

ထို့နောက် သူ သားရဲများကို ထပ်သွားဖမ်းလိုက်ပြီး ထပ်မံစမ်းသပ်လိုက်သည်။

သူတို့အား ပစ်ထည့်သည့်အချိန်ကွာလျှင် တုံ့ပြန်မှုများ ကွာသွားသလားဟု သူ သေချာသုတေသန လုပ်လိုက်သည်။

“ဟိန်းထုန် မင်း သေချင်နေတာလား .. ပြေးစမ်း..” ချူဖုန်း နောက်ထပ် ကျောက်တုံးကြီးတစ်တုံး ထပ်ပစ်ထည့်လိုက်ပြီး သူ ဒဏ်ရာရအောင် လုပ်လိုက်သည်။ သို့သော် သူကတော့ ယခင်အတိုင်း မလှုပ်မယှက် နေနေဆဲပင်။

ထိုသို့စမ်းသပ်နေစဉ်အတွင်း ချူဖုန်းသည် ရွှေရောင်သန်းနေအောင် ကင်ထားသည့် မြွေနဂါးအသားကို စားနေခဲ့သည်ပင်။ တောက်ပနေသည့်အသားကို ပျော်ရွှင်စွာ စားသုံးပြီး သူ့စွမ်းအင်များ တိုးတက်လာသည်ကို ခံစားနေလိုက်သည်။

တိုက်ပွဲကြာကြာတိုက်ထားရသောကြောင့် သူ တကယ်ကို ဗိုက်ဆာနေပြီဖြစ်သည်။

“မြွေနဂါးသည်းခြေအိတ်..” ချူဖုန်း ဦးခေါင်းအရွယ်အစားခန့်ရှိသည့် သည်းခြေအိတ်ကို ထုတ်လိုက်၏။ ဤမျှကြီးမားလှသည့် အင်္ဂါကြီးအားမြင်လိုက်ရသည့်အချိန် ချူဖုန်း မူးဝေသလိုပင် ဖြစ်သွားရသည်။ သည်းခြေအိတ်မှာ တောက်ပကာ မွှေးပျံ့နေသည်။

သို့သော် ဤသည်းခြေအိတ် အလွန်ခါးမည်ကို သူသိသည်။

ရွံစရာကောင်းမည်ကို သိနေသောကြောင့် သူ မစမ်းရဲ။ သို့သော် ဤသည်မှာ ရှားပါးသည့်ဆေးဖက်ပင်ပစ္စည်းဖြစ်ကြောင်း သူသိသည်။ ဤပစ္စည်းကို နောင်တွင် လိုလျှင် လိုလာနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ရေနဂါးသည်းခြေအိတ်။

မီးတောက်မှအပူဖြင့် သည်းခြေအိတ်ခြောက်အောင်လုပ်လိုက်ပြီးနောက် အနက်ရောင်ဦးချိုလည်း ထုတ်ယူလိုက်ကာ သန့်စင်အောင် ဆေးပြီး ကျောက်စိမ်းပုလင်းထဲ ထည့်သိမ်းထားလိုက်သည်။

သူသည် သက်တောင့်သက်သာ လေ့လာရင်းဖြင့် ရံဖန်ရံခါ ရှင်းယီလက်သီးကိုလည်း အခြေခိုင်အောင် လေ့ကျင့်လိုက်သေးသည်။ ဟိန်းထုန်နှင့်တိုက်ခဲ့သည့် တိုက်ပွဲမှ သူ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ပင်။

ကျောက်စိမ်းပုလင်းနှင့် ကြေးတိုင်လေးခု ရခဲ့သည့်အပြင် သူ့ရှင်းယီလက်သီးပညာလည်း နောက်တစ်ဆင့် တက်သွားလေပြီ။

တစ်နေ့နှင့်တစ်ည ကုန်ဆုံးသွားသည့်နောက်တွင်တော့ မြွေနဂါး၏အသားကောင်းများ ကုန်သွားလေပြီ။ သူသည် အသားကိုစားရုံသာမက စွမ်းအင်အဖြစ်လည်း ပြောင်းလဲခဲ့သည်။

သူ၏အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် များပြားလှသည့် စွမ်းအင်များကြောင့်သူ့မွေးညှင်းပေါက်များအားလုံး တောက်ပလာသည်။ သူ့အတွင်းစွမ်းအင်များ အမြင့်ဆုံးထိ ရောက်လာပြီး မွေးညှင်းပေါက်များမှတစ်ဆင့် အပြင်ဘက်ထိသို့ပင် ရောက်လာသည်။

“အမ် .. ဒီပုလင်းက တော်တော်လေး ထူးဆန်းတာပဲ..”

သူ အသားတစ်ချို့ကို ရေဆေးပြီး ပုလင်းထဲ ထည့်လိုက်သည့်အချိန်တွင် သူထင်ထားသလို ဖြစ်လာသည်ကို တွေ့လိုက်ရသည်။

ပုလင်းသည် အသားကို လတ်ဆတ်အောင် ထိန်းသိမ်းထားနိုင်သည်ပင်။ အသားမှာ ယခုမှ လတ်လတ်ဆတ်ဆတ်လှီးဖြတ်ထားသကဲ့သို့ ကြည်လင်တောက်ပနေဆဲပင်။

“ဟား ဟား .. ရတနာတစ်ခုပဲ..”

သူပျော်ရသည့်အကြောင်းရင်းကို သိသွားကြပါက အားလုံး ဆွံ့အသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းရင်းမှာ အစားအသောက်နှင့် ဆက်စပ်နေသောကြောင့်ပင်။ သူ ဘုရင်အဆင့်သက်ရှိများကို သတ်ပြီးတိုင်း အသားများ အလဟဿမဖြစ်တော့ဟု စဉ်းစားမိသွားသည့်အချိန် သူ အလွန်ပျော်ရွှင်သွားခဲ့ရသည်ပင်။

တစ်နေ့နှင့်တစ်ည လေ့လာပြီးနောက် တိုင်များ၏အကြောင်းများကို သူ ပို၍နားလည်လာသည်။ သူတို့သည် ပိုစွမ်းအားကြီးသည့် တစ္ဆေဝင်္ကပါကို ပြုလုပ်နိုင်ပြီး သားကောင်များ၏ အာရုံများကို ချိတ်ပိတ်ထားနိုင်သည်။

အကျဉ်းချုပ်ဆိုရလျှင် သူတို့သည် သားကောင်၏အသိစိတ်ကို ဖရိုဖရဲဖြစ်အောင် လုပ်ပြီး ဆုံးဖြတ်နိုင်စွမ်းမရှိအောင် လုပ်နိုင်ကြသည်ပင်။

“ဒီတိုင်လေးတိုင်က ဘူမိသံလိုက်စက်ကွင်းတွေကိုလည်း ပြောင်းလဲနိုင်တာလား..”

အချို့သားရဲများမှာ သတိလစ်ပြီး မြေပြင်ထက်၌ လဲကျသွားလေပြီ။ မဟုတ်လျှင် သူတို့ ပြေးနေသည်ကို ရပ်မည်မဟုတ်။

သူ တိုက်ခိုက်ရမည့်ရန်သူအစစ်ရှိမှ စမ်းသပ်လျှင် ပိုကောင်းလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

ဟိန်းထုန် သူ့မူလပုံစံသို့ ပြောင်းလဲသွားပြီဖြစ်သည်။ အနက်ရောင်အကြေးခွံများဖြင့် မြွေနက်ကြီးတစ်ကောင် သူ့အား မုန်းတီးစွာ စိုက်ကြည့်နေလေ၏။

သူ မလွတ်မြောက်နိုင်တော့ကြောင်း သူသိနေသည်ပင်။

ချူဖုန်း တုံ့ဆိုင်းမနေပဲ ဓားပျံထုတ်ကာ မြွေနဂါးကြီး၏ဦးခေါင်းကို ဖြတ်တောက်လိုက်သည်။ သူ့ကို အသက်ရှင်ခွင့် မပေးနိုင်။

“အကြွေးပြန်သိမ်းဖို့ အချိန်ရောက်ပြီ”

ချူဖုန်း တိုင်လေးတိုင်ကို ထုတ်လိုက်ပြီး ဆေးကြောလိုက်ကာ ကျောက်စိမ်းပုလင်းထဲ၌ ထည့်သိမ်းထားလိုက်သည်။

မြွေကြီး၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လတ်ဆတ်နေသေးသည်။ ခဏကြာပြီးနောက် ထိုခန္ဓာကိုယ်သည် အသားတုံးများဖြစ်သွားကာ ပုလင်းထဲ၌ ထည့်သိမ်းခံလိုက်ရသည်။

နဂါးနက်အိမ်ရှေ့စံမင်းသား၏ ကံတရားမှာ ဝမ်းနည်းစရာ ကောင်းလှသည်။ အခြားဘုရင်များအား လွှမ်းမိုးနိုင်သည့် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူသည် ဤကဲ့သို့ပင် အသတ်ခံလိုက်ရလေပြီ။

သူ့ရှေးဟောင်းလက်နက်ဖြစ်သည့် နဂါးချုပ်နှောင်ခြင်းတိုင်မှာ ချက်ချင်းပင် ပိုင်ရှင်ပြောင်းသွားသည်။ ထိုထူးဆန်းသည့်ပုလင်းလည်း ချူဖုန်း လက်ထဲသို့ ရောက်သွားလေပြီ။

ဤမျှကြီးမားလှသည့် မြွေကြီး သေဆုံးသွားသည့်သတင်းကို သူ ဖုံးကွယ်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ အကြွင်းအကျန်များကို လူများ တွေ့သွားကြမည်ပင်။ သူ အလင်းထဲသို့ ထွက်လာပြီး ဘုရင်များစွာနှင့် တိုက်ရန် ပြင်ဆင်ထားရလိမ့်မည်။

ချူဖုန်း ချက်ချင်း ထွက်မသွားသေးပဲ သူ၏ရှင်းယီလက်သီးကို ဆက်လေ့ကျင့်နေလိုက်သည်။ သူ ပို၍ အင်အားကြီးလာရန် လိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ဤလက်သီးပညာသည် သူနှင့်ကိုက်ညီကြောင်း သူ တွေ့ခဲ့ရသည်ပင်။ ပုံစံ ၁၂ မျိုးမှာ သူ့အသွေးအသားနှင့် ပေါင်းစည်းလုနီးပါးဖြစ်နေပြီး သူ ပို၍လည်း ကျွမ်းကျင်လာကြောင်း တွေခဲ့ရသည်။

ပို၍အရေးကြီးသည်နှင့် ဤလက်သီးပညာထဲမှ အသက်ရှူစည်းချက်ပညာကို သူ ကျွမ်းကျင်သွားပြီဖြစ်သောကြောင့် ဤပညာကို အချိန်ကြာကြာ လေ့ကျင့်လာနိုင်ခဲ့သည်။

နတ်ဝတ်မှုန်များ၏ အကူအညီမရှိလျှင်ပင် နွားဝါလေး၏ ပြိုင်ဘက်ကင်းအသက်ရှူစည်းချက်ပညာ၊ မိုးကြိုးအသက်ရှူစည်းချက်ပညာ၊ ရှင်းယီအသက်ရှူစည်းချက်ပညာဖြင့် သူ အဆင့်တက်နိုင်လိမ့်မည်ဟု သူ ထင်သည်။

သူသည် စန်းချင်တောင်မှ အလောတကြီး ထွက်မသွားပဲ အသက်ရှူစည်းချက်ပညာသုံးမျိုးကို အသုံးပြုကာ ရှင်းယီလက်သီးပညာကို ပို၍အခြေခိုင်အောင် လုပ်ခဲ့သည်။

မြွေနဂါးအသားသည် သူ့အား အာဟာရဓာတ်များစွာ ထောက်ပံ့ပေးပြီး အသီးရိုင်းများကို ဟင်းသီးဟင်းရွဥ် အနေဖြင့် စားခဲ့သည်။

ဝုန်း ဝုန်း ဝုန်း…

ရေတံခွန်တစ်ခုရှေ့၌ ချူဖုန်း လက်ဆန့်တန်းကာ လက်သီးတံဆိပ်များကို ပြုလုပ်လိုက်သည်။ မိုးခြိမ်းသံနှင့်အတူ သူ့ဘေးပတ်လည်တွင် နဂါး၊ ကျား၊ ကြိုးကြာ၊ ဝက်ဝံနှင့် သိမ်းငှက်တို့ ပေါ်လာသာည်။ ဤအကောင်များမှာ စွမ်းအင်များမှ ဖြစ်တည်လာခြင်းဖြစ်ပြီး ယခုအချိန်တွင် ကြောက်စရာကောင်းသည့် အော်ရာများ ထုတ်လွှတ်နေလေ၏။

ဝုန်း…

ရေတံခွန် နောက်ပြန်စီးဆင်းသွားကာ ကီလိုဂရမ် တစ်ထောင်လေးသည့် ကျောက်တုံးများလည်း လေပေါ် လွင့်ပျံလာကာ လက်သီးစည်းချက်နှင့်အညီ ပေါက်ကွဲသွားသည်။

တောင်ပင်လယ်မှ ဟိန်းထုန်အတွက် လက်နက်ကြီးများ ပို့လာသည်ကို အားလုံး သိထားပြီးသားပင်။ ဤလက်နက်မှာ ချူဖုန်းကို သတ်ရန်အတွက်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကုန်းမြေပေါ်မှ ကျွမ်းကျင်သူများကို ခြိမ်းခြောက်ရန် အတွက်ပင်။

ခဏကြာပြီးနောက် အားလုံး ဤကိစ္စကို ဆွေးနွေးလာကြသည်။

ဤကြေညာချက် ထွက်ပေါ်လာပြီးနောက် လူသားများမှာ ရေအောက်မျိုးနွယ်စုအား အတော်လေး ကြောက်ရွံ့သွားကြသည်ပင်။ ဤသည်မှာ ရေအောက်မျိုးနွယ်စုအတွက် ပို၍အဆင်ပြေသွားသလို သူတို့ကို ပို၍မြောက်ကြွမြောက်ကြွ ဖြစ်စေခဲ့သည်။

နွားနှစ်ကောင်သာ နှာခေါင်းရှုံ့လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ချူဖုန်း ဟိန်းထုန်ကို မိုးလင်းကတည်းက သတ်လိုက်ပြီဖြစ်ကြောင်း သူတို့ သိလိုက်ရသည်ပင်။ သူတို့နှစ်ဦးလုံး တုန်လှုပ်ကာ စိတ်လှုပ်ရှားနေကြရ၏။

အပြင်လူများသည် ဟိန်းထုန် နာမည်ကြီးလာကာ လွှမ်းမိုးလာနိုင်တော့မည်ဟု ခန့်မှန်းနေကြသော်လည်း ဟိန်းထုန်ကတော့ အသားတုံးကြီး ဖြစ်သွားလေပြီး

ထို့ကြောင့် နွားနှစ်ကောင် ပျော်ရွှင်စွာ ရယ်မောလိုက်ကြကာ သတင်းထွက်လာပြီး ထိုကျွမ်းကျင်သူများအား ဆွံ့အသွားအောင် လုပ်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

အဓိကတရားခံဖြစ်သည့် ချူဖုန်းကတော့ လက်သီးပညာကို လေ့ကျင့်နေဆဲပင်။

“ချူဖုန်း .. မင်း ဘယ်ရောက်နေတာလဲ .. တကယ်သေသွားပြီလား..”

“ဟိန်းထုန်က ဒဏ်ရာတွေ သက်သာသွားပြီးတော့ တောင်ပင်လယ်ကနေ လူသတ်လက်နက်ကြီးတစ်ခု ရထားတာဆိုတော့ သူ့အင်အားက သေချာပေါက်ကို တိုးတက်လာမှာ .. ချူဖုန်း အသက်ရှင်နေရင်တောင် သူ့ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူး”

“သူတို့နှစ်ယောက်က အစကတည်းက အဆင့်က အကွာကြီးလေ .. တစ်ယောက်က အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ထိပ်တန်းကျွမ်းကျင်သူ၊ နောက်တစ်ယောက်က အချုပ်အနှောင် လေးခုပဲ ဖြတ်တောက်ထားတာ .. အရင်တစ်ခေါက် သူတို့သရေကျခဲ့တာကလဲ ဟိန်းထုန်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလို့ .. အခုတစ်ခေါက် သူတို့ထပ်တိုက်ရင် ချူဖုန်းနိုင်ဖို့ ခက်ခဲမှာပဲ”

အပြင်လောကတွင် မျိုးနွယ်စုအားလုံး အပူတပြင်း ဆွေးနွေးနေကြလေ၏။

ချူဖုန်းအား သဘောကျသည့်သူများပင် ချူဖုန်း အရေးနိမ့်လိမ့်မည်ဟု ဝန်ခံနေကြသည်ပင်။

ချူဖုန်းအား မုန်းတီးသည့်သူများကတော့ သူ၏ကံဆိုးမှုကို ဝမ်းသာနေကြမည်ပင်။ သူ အသက်ရှင်လျက် ပြန်ရောက်လာသည်နှင့် ချက်ချင်း အသတ်ခံရလိမ့်မည်ဟု သူတို့ ခံစားနေကြရသည်။

လုထုန်သည်ပင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပဲ ချူဖုန်းကို ဆက်သွယ်လိုက်သည်။

“ကောင်စုတ်လေး .. မင်း မကိုင်တွယ်နိုင်ရင် ပြန်သာလာခဲ့လိုက် .. အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်နဲ့ တိုက်ဖို့ မလွယ်ဘူး”

“စိတ်မပူပါနဲ့ .. ကျွန်တော် ဟိန်းထုန်ကို စားပြီးသွားပြီ .. ဘာမှ ကြောက်နေစရာမလိုတော့ဘူး..” ချူဖုန်း သူ့ကို ပြောပြလာသည်။

“ဘာ .. မင်း ဘာပြောလိုက်တာ..” လုထုန်မှာ ထခုန်မတတ် ထိတ်လန့်သွားရသည်။

ဘာဖြစ်ခဲ့သည်ကို ထပ်ခါတလဲ မေးနေလေ၏။

“ကျွန်တော် မနေ့ကတည်းက သူနဲ့တိုက်နေတာ .. ဒါပေမဲ့ တစ်ညလုံးဖမ်းထားပြီး ဒီနေ့မနက်မှ သူ့ကိုသတ်လိုက်တာ” ချူဖုန်း သာမန်ကာလျှံကာ ပြောလိုက်သည်။

လုထုန်မှာ ချက်ချင်းပင် ပြန်မပြောနိုင်တော့။ အဲဒါက တောင်ပင်လယ်က နဂါးနက်အိမ်ရှေ့စံမင်းသားလေ.. သူ့မှာ ဘုရင်အားလုံးကို ဖိနှိပ်နိုင်တဲ့လက်နက်ကြီး ရှိနေတယ်လို့လည်း ပြောနေကြတာလေ .. နောက်ဆုံးတော့ သူက ချူဖုန်းသတ်တာကို ခံလိုက်ရတာလား..

ဤသတင်းထွက်လာသည်နှင့် တိုင်းပြည်မှ လူအားလုံး တုန်လှုပ်သွားကြလိမ့်မည်။

“အိုး ဟုတ်သားပဲ .. အဲဒီလက်နက်က ဘာလက်နက်လဲ .. ဘယ်မှာရှိတာလဲ..” လုထုန် မေးလိုက်သည်။

“ဘာလက်နက်လဲ .. အဲဒါတွေက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေ” လူအိုကြီး သူ လေ့လာရန်အတွက် တောင်းလာမည်စိုးသောကြောင့် ချူဖုန်း ငြင်းလိုက်သည်။

လုထုန် မယုံသော်လည်း သူ ဘာမှမတတ်နိုင်။ နောက်ဆုံးတွင်တော့ သူ ချူဖုန်းကို သတင်းတစ်ခု ပြောလာသည်။ တစ်စုံတစ်ယောက်သည် ကျောက်စိမ်းဂူကျောင်းထဲသို့ ခိုးဝင်လာပြီး သူ့မိဘများအား တိုက်ခိုက်ခဲ့ကြောင်း ပြောလာသည်။

ချူဖုန်း စိတ်မပူမိ။ အဘယ်ကြောင့်ဆိုသော် သူ့မိဘများကို နေရာရွှေ့ထားကြောင်း လုထုန် သူ့ကို ပြောပြထားပြီးသားပင်။

“စုံစမ်းချက်အရတော့ အဲဒီညက မင်းကို တိုက်ခဲ့တဲ့ သားရဲဘုရင်တွေထဲက တစ်ကောင်ဖြစ်နိုင်တယ်” လုထုန် ပြောလာသည်။

“သူတို့က အသက်ရှင်ရတာ ပင်ပန်းနေတာပဲ..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။

“မင်း သူတို့ကို သတ်မှာလို့တော့ ငါ့ကို မပြောနဲ့နော်..” လုထုန် မေးလိုက်သည်။

“ဒီလိုအမြှောက်စာကောင်လေးတွေကို ကျွန်တော်ကိုယ်တိုင် လှုပ်ရှားစရာ လိုလို့လား .. ဘယ်သူက ခင်ဗျားတို့ ကျောက်စိမ်းဂူကျောင်းကို ပစ်မှတ်ထားရဲလဲလို့ ခင်ဗျား ပြောခဲ့တယ်မလား .. ခင်ဗျား လက်နက်တွေသုံးပြီးတော့ ချက်ချင်း ပြန်တိုက်လိုက် .. ဒုံးကျည်တွေ၊ လေဆာလက်နက်တွေ သုံးပြီးတော့ သူတို့ရဲ့အဓိကတောင်တွေကို ဖြိုပစ်လိုက် .. မြက်တစ်ပင်တောင် မကျန်ခဲ့စေနဲ့ .. ကျောက်စိမ်းဂူကျောင်းထဲကို ခိုးဝင်ရဲတဲ့သူအားလုံးကို ဥပမာပေးရမယ် .. အဲဒါမှ အားလုံး ကြောက်သွားမှာ..” ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ဒေါသထွက်ပြီးတော့ သူတို့ကို ချက်ချင်းသွားသတ်လိမ့်မယ်လို့ ထင်နေတာ..” လုထုန် ရယ်မောလိုက်သည်။

“ဘာလဲ .. ခင်ဗျားက ကျွန်တော့်ကို သွားခိုင်းစေချင်နေသေးတာလား.. အခု ကျွန်တော်က အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့သူတွေကိုပဲ သတ်တော့တာ .. အဲဒီလို အကောင်လေးတွေနဲ့ ကျွန်တော့်ကိုလာမရှုပ်နဲ့တော့” ချူဖုန်း ဘဝင်ခိုက်နေသည့်လေသံဖြင့် ပြောလာသည်။

လုထုန် ဒေါသတကြီး အံကြိတ်လိုက်ပြီး ဤကောင်စုတ်လေးကို ချက်ချင်း ရိုက်ပစ်ချင်လာသည်။

“အင်း .. မင်း ခုန်ပေါက်မနေရင် ပြီးတာပါပဲ .. မင်း စိတ်တိုပြီးတော့ သူတို့ထောင်ချောက်ထဲ ကျသွားမှာ စိုးနေတာ” လုထုန် ပြောလိုက်သည်။

“လူအိုကြီး ခင်ဗျားရဲ့လက်နက်တွေသုံးပြီးတော့ အဲဒီတောင်ကို ဖြိုချပစ်လိုက်တော့ .. ကျွန်တော် မီးပန်းတွေကြည့်ဖို့ အဲဒီနေရာမှာ ရှိနေမယ် .. ပြီးတော့ ကျန်တဲ့သူတွေကို ကျွန်တော် ရှင်းပေးမယ်” ချူဖုန်း သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပြောလိုက်သည်။

အပိုင်း ၂၅၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset