ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၄ – ရတနာ
“မင်း အဲဒီအကြောင်း သိတယ်လား..” ဟိန်းထုန် ကျောချမ်းသွားရသည်။ ဗိုလ်ချုပ်လေးယောက် အသတ်ခံရပြီးတော့ အဲဒီရတနာက ဒီလူလက်ထဲ ရောက်သွားတာများလား..
သူ့ခန္ဓာကိုယ်တောထဲ၌ ကျနေပြီး သွေးများစိုရွှဲနေသည်။ သူသည် ပြင်းထန်လှသည့် နာကျင်မှု ခံစားနေရသော်လည်း ချူဖုန်းကို သတ်ဖြတ်လိုသည့်အကြည့်ဖြင့် ကြည့်နေဆဲပင်။
“ဒါပေါ့..” ချူဖုန်း ခေါင်းညိမ့်လိုက်၏။
သူ့ခန္ဓာကိုယ်ထက်မှ စွမ်းအင်များမှာ ယခုထက်ထိ မပျက်ပြယ်သေး။ သူ့ခန္ဓာကိုယ်ထက်မှ အလင်းများ တောက်ပဆဲဖြစ်ပြီး မျက်လုံးများ၌ လျှပ်စီးများ ထင်ဟပ်နေသည်။ သူသည် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ရေနဂါးနက်အား အပေါ်စီးမှ ငုံ့မိုးကြည့်နေသည်။
“အား..” ဟိန်းထုန် သွေးအန်လာသည်။ သူ ဤလူကို အရိုးထဲမှပင် မုန်းတီးလာသောကြောင့် သူ့နာကျင်မှုကိုပင် ခေတ္တမေ့သွားသည်။
အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် နဂါးနက်အိမ်ရှေ့စံမင်းသားတစ်ဦး ဖြစ်သောကြောင့် သူနှင့် ယှဉ်နိုင်သည့်ပြိုင်ဘက်ကို မတွေ့ခဲ့ရ။ သူကသာ အခြားသူများကို အပေါ်စီးမှ ဆက်ဆံခဲ့သည်ချည်းသာ။ သို့သော် ယနေ့တော့ သူ ဆိုးရွားစွာ ရှုံးနိမ့်သွားလေပြီ။
သူ့ကို ပို၍ဒေါသထွက်စေသည်မှာ ဤလူသည် သူ့ကို လေ့ကျင့်ရေးအရုပ်အဖြစ် အသုံးပြုခဲ့သည့်အပြင် သူ့ကြေးတိုင်လေးတိုင်ကိုလည်း ဓားပြတိုက်ခဲ့သေးသည်။
ဟိန်းထုန် ဒေါသထွက်လွန်းသောကြောင့် ဤလူ သေသွားသည်မှလွဲ၍ ဘာမှမလိုချင်တော့။
ယခုအချိန်တွင် ပြတ်တောက်သွားသည့် သူ၏ခန္ဓာကိုယ်အောက်ပိုင်းသည် ပုံစံအမှန်သို့ ပြန်ပြောင်းသွားပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် မည်းနက်တောက်ပြောင်နေကာ သွေးအိုင်ထဲ၌ လဲကျနေသည်။
“ဒီလောက်ကြီးတဲ့မြွေကြီး .. မီတာတစ်ရာလောက်ရှိတာ ငါ ဘယ်လိုကုန်အောင်စားရမလဲ..” ချူဖုန်း ဆွံ့အနေမိသည်။ သူသည် အစားကျူးသည့်သူဖြစ်နေလျှင်ပင် ဤအသားများကို ရက်အနည်းငယ်အတွင်း ကုန်အောင်မစားနိုင်။ မြွေကြီးမှာ ရထားထက်ပင် ရှည်သေးသည်။
ဟိန်းထုန်၏မျက်လုံးများမှာ မီးပွင့်ထွက်မတတ် ဖြစ်နေလေပြီ. နဂါးမျိုးနွယ်စုတစ်ကောင်သည် အခြားတစ်ဦး၏ အစားအစာဖြစ်နေလေပြီ..
သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လူသားပုံစံဖြင့်ပင်။ သူ့ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး သူ့အသားအရေလည်း ဖြူဖျော့နေသည်။
တောအုပ်တစ်ခုလုံး မြွေနဂါးသွေးများဖြင့် ဖြန်းပက်ခံထားရပြီး သွေးများ၌ပင် အသက်ဓာတ်များ ရှိနေသည်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦး၏ အစိတ်အပိုင်းတစ်ခုစီတိုင်းမှာ ရတနာတစ်ခုပင်။
“ချူဖုန်း .. ဒီနေ့ င့ါကို သတ်ပြီးရင် မကြာခင် မင်း နဂါးသတ်တာခံရပြီးတော့ ငါနဲ့အတူတူ အုတ်ဂူထဲ လိုက်ခဲ့ရမှာပဲ..” ဟိန်းထုန်သည် ညှာတာပေးရန် တောင်းဆိုမနေပဲ အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။ သူ အသက်ရှင်နိုင်ခွင့် နည်းနည်းမှ မရှိတော့ကြောင်း သူသိနေသည်ပင်။
“ငါလည်း မင်းတို့နဂါးမျိုးနွယ်စုနဲ့ တွေ့ချင်နေတာ .. ဒါပေမဲ့ ငါက ငြိမ်ခံနေမယ့်သူမျိုး မဟုတ်ဘူး .. မင်းက ငါ့ကို ရန်လာစနေပြီဆိုတော့ ငါ တောင်ပင်လယ်ကိုသွားပြီးတော့ ပင်လယ်နဂါးပိုင်နက်ကို သွားလည်လိုက်မယ်..” ချူဖုန်း အကြောက်တရားကင်းမဲ့စွာပင် ပြန်ပြောလိုက်သည်။
“မင်း..”
ဟိန်းထုန် စိတ်တင်းကြပ်သွားရသည်။ ဤလူသားသည် အချုပ်အနှောင်ငါးခုသာ ဖြတ်တောက်ထားသော်လည်း သူ့ကိုပင် အနိုင်ယူနိုင်သောကြောင့် နောင်ကျလျှင် သူသည် တောင်ပင်လယ်နဂါးများအတွက် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာမည်ပင်။
ချွမ်း..
ထိုအချိန်တွင် ချူဖုန်း ချာကရမ်ကို ပစ်လွှတ်ပြီး ဟိန်းထုန်၏ဦးချိုကို ရိုက်ချလိုက်သည်။ ချာကရမ်ထဲသို့ စွမ်းအင်များများစားစား မထည့်ထားသော်လည်း ဤလက်နက်အားမှာ မသေးလှ။
အနက်ရောင်ဦးချိုသည် ခွပ်ခနဲကျိုးသွားပြီး မြေပြင်ထက်သို့ ပြုတ်ကျလာကာ မူလအရွယ်အစား ပြန်ဖြစ်သွားသည်။
ဟိန်းထုန်ကို ဖမ်းပြီးသော်လည်း ချူဖုန်း သတိလက်လွတ်မနေရဲ။ သူ့ဦးချိုကို ချိုးပစ်လိုက်သည်။ ရှားပါးသည့် မြွေနဂါးတစ်ကောင်ဖြစ်သောကြောင့် သူ့ဦးချိုတွင် ကြောက်စရာကောင်းသည့် စွမ်းအင်များ ပါရှိနေမည်ပင်။
ဟိန်းထုန် ဟစ်ကြွေးလိုက်ကာ ပြင်းထန်လှသည့်နာကျင်မှုကြောင့် သူ့ခန္ဓာကိုယ် တွန့်လိမ်လာသည်။
သူ့ကို ရေနဂါးတစ်ကောင်ဖြစ်ကြောင်း ပြသပေးနေသည့် ဦးချို ကျိုးသွားခြင်းဖြစ်သောကြောင့် ဤသည်မှာ သူ့အား လွန်စွာအရှက်ရစေသည်ပင်။ သူ့ဒေါသများမှာ ရူးသွပ်မှုအဖြစ် လျင်မြန်စွာ ပြောင်းလဲလာသည်။
သူ့ဦးချိုမရှိတော့သဖြင့် စွမ်းအင်များသည် ဒီရေများကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။
ဟိန်းထုန်၏မျက်နှာမှာ ဖြူဖျော့နေပြီး သူ့မျက်လုံးများမှာ အသက်မရှိတော့သလို ဗလာသက်သက် ဖြစ်နေသည်။ သူ မလှုပ်မယှက်သာ လဲနေလိုက်သည်။ သူ့မျှော်လင့်ချက်အားလုံး ပျက်သုဥ်းသွားလေပြီ။
ချူဖုန်း သူ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဟိန်းထုန်၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ရွှေ့လိုက်သည်။
သူသည် တစ်ချက်မှ မခုခံပဲ ချူဖုန်းရှေ့သို့ ရောက်လာလေ၏။
ချူဖုန်း သူ့လက်ဆန့်တန်းလိုက်သော်လည်း ထိုအချိန်တွင် မမျှော်လင့်ထားသည့်အရာ ဖြစ်ပေါ်လာခဲ့သည်။ သူ့လက် ဘယ်ရောက်သွားတာလဲ.. သူ ခုခံရန် ပြင်လိုက်သည့်အချိန် ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ထွက်ပေါ်လာလေ၏။
“ဝင်သွားလိုက်တော့..” ယခုအချိန်တွင် ဟိန်းထုန်မှာ အလွန်အေးစက်နေသည်။ သူသည် နာမကျန်းနေသည့်သူနှင့်တူသော်လည်း သူ့လက်ကျန်စွမ်းအင်များကို လောင်ကျွမ်းစေလိုက်သည်နှင့် သူ့မျက်ဝန်းမှ အနက်ရောင်အလင်းများ ထွက်ပေါ်လာသည်။
သူ ခေါင်းမော့လိုက်ကာ ဆံပင်များကို အနောက်ဘက်သို့ လွင့်ပျံစေလိုက်သည်။ ထို့နောက် သူ့ရင်ဘတ်မှ အဖြူရောင်ပုလင်းလေး ထွက်လာလေသည်။ ပုလင်းသည် တောက်ပလာပြီးနောက် ချူဖုန်း၏လက်၊ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ထိုမှတဆင့် ကျန်နေသည့်ခြေထောက်များကို စုတ်ယူသွားလေသည်။
ခွပ်..
ဟိန်းထုန် အဖုံးကို မြန်မြန်ဖုံးလိုက်ကာ ပုလင်းကို လက်ထဲ၌ တင်းကြပ်စွာ ကိုင်ထားရင်း မြေပြင်ထက်သို့ လဲကျသွားသည်။ သူ ချွေးပြန်နေပြီး အသက်ရှူသံများလည်း ပြင်းထန်နေသည်ပင်။
သူ သေမလိုဖြစ်ခဲ့သော်လည်း နောက်ဆုံးအချိန်၌ ဤရှေးဟောင်းပစ္စည်းဖြင့် တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။
“ချူဖုန်း၊ နတ်ဆိုးဘုရင်ချူ .. မင်းရဲ့စွမ်းရည်လောက်လေးနဲ့ င့ါတောင်ပင်လယ်ကို သွားချင်နေတာလား .. ငါတို့နဂါးမျိုးနွယ်စုရဲ့ အရင်းအမြစ်တွေက မင်း ယှဉ်နိုင်တဲ့အရာမဟုတ်ဘူး .. ပင်လယ်ကြမ်းပြင်မှာ သမိုင်းဝင်ပစ္စည်းတွေ ဘယ်လောက်တောင်ရှိနေလဲဆိုတာ မင်း တွေးတောင်တွေးနိုင်မှာမဟုတ်ဘူး”
ဟိန်းထုန်၏အမူအရာမှာ အလွန်ကြောက်စရာကောင်းနေသည်ပင်။ သူ့ကို ရက်စက်သည့်အော်ရာတစ်ခု ဖုံးလွှမ်းထားပြီး သူ့မျက်လုံးများမှာ မီးတုတ်များကဲ့သို့ တောက်ပနေသည်။ သူ၏ရယ်သံတွင်လည်း အမုန်းတရားနှင့် ကျေနပ်မှုများ ရောယှက်နေသည်ပင်။
သူ့လက်ထဲရှိ ပုလင်းမှာ ဘုရားလောင်း၏ကျောက်စိမ်းပုလင်းနှင့်တူသည်။ ပုလင်းသည် သုံးလက်မခန့်သာမြင့်ပြီး သေးငယ်လှသည်။
သို့သော် ဤသည်မှာ ဒဏ္ဍာရီလာ ဘုရားလောင်းကျောက်စိမ်းပုလင်းမဟုတ်ကြောင်း သူသိသည်။ ထိုပစ္စည်းသာဆိုလျှင် သူ ဤမျှထိ အခြေအနေဆိုးမည်မဟုတ်။ အစကတည်းက ချူဖုန်းကို ဖိနှိပ်နိုင်မည်ပင်။
ဤပစ္စည်းကို ရေအောက်သင်္ချိုင်းဂူမှ တူးဖော်ခဲ့ခြင်းပင်။
ပုလင်းသည် သေးသော်လည်း အထဲဘက်တွင် ပစ္စည်းများ သိမ်းနိုင်လောက်အောင် လုံလုံလောက်လောက် ကျယ်ပြောသည်ပင်။
သို့သော် ပစ္စည်းများသိမ်းရန်အတွက် ဤပုလင်းကို အသက်သွင်းရသည်။ ပစ္စည်းနှင့်ဝေးနေလျှင် အလုပ်လုပ်မည်မဟုတ်။
သူ ချူဖုန်း၏ပြိုင်ဘက်မဖြစ်နိုင်မှန်း သိကတည်းက ဤပစ္စည်းအား သုံးချင်နေခဲ့ခြင်းပင်။ သို့သော် ထိုအချိန်က ချူဖုန်းသည် စိတ်အားတက်ကြွနေကာ လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသောကြောင့် သူ ချောင်းတိုက်လျှင် ချက်ချင်း တွေ့သွားမည်ပင်။
ထို့ကြောင့် သူ့ကိုယ်သူ အောင့်အည်းသည်းခံပြီး အခွင့်ကောင်းကို စောင့်နေခဲ့ခြင်းပင်။
ချူဖုန်း ခန္ဓာကိုယ်မှ အလင်းများ မှေးမှိန်သွားပြီ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များ ငြိမ်သက်သွားမှသာ သူ စွန့်စားပြီး ဤပစ္စည်းအား အသုံးပြုလိုက်ခြင်းပင်။
ဟိန်းထုန်၏ဦးချိုကို ချိုးလိုက်ပြီးနောက် ချူဖုန်း ပို၍ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်ပင်။
သူ့ထံ၌ ဤကဲ့သို့သော ပစ္စည်းမျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့။ သူ အားကိုးစရာပစ္စည်းမှာ ကြေးတိုင်လေးခုသာ ရှိလိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။
ဤပစ္စည်းမှာ တိုက်ပွဲ၌ တိုက်ခိုက်ရန်အတွက်မဟုတ်။ တိုက်ခိုက်ပြီးနောက် ပစ္စည်းများ သိမ်းရန်အတွက်ပင်။
သို့သော် ဟိန်းထုန်သည် ဤပစ္စည်းကိုအသုံးပြုကာ အချိန်ကောင်း၌ ချူဖုန်းကို ဖမ်းဆီးလိုက်နိုင်သည်။ သူ အလွန်ပျော်ရွှင်နေပြီး သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသလို သွေးလည်းအန်လာသည်။
“မင်းက နဂါးမျိုးနွယ်စုနဲ့ ယှဉ်ချင်နေသေးတယ်ပေါ့ .. မင်း ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ..” သူ့အသံမှာ မှုန်မှိုင်းလာသည်။
သို့သော် သူ ချူဖုန်းကို မည်ကဲ့သို့ သတ်ရမည်နည်း.. ဤသည်မှာ သူ့ကို အတော်လေး ခေါင်းကိုက်စေသည်။ ဤပုလင်းသည် ပစ္စည်းများ သိမ်းဆည်းထားနိုင်သော်လည်း မဖျက်ဆီးနိုင်။ သူ ရန်သူကို တစ်ဖြည်းဖြည်းချင်း အားကုန်အောင်သာ လုပ်နိုင်တော့မည့်ပုံပင်။
“ဒီပုလင်း တန်ဖိုးသိပ်မရှိပေမယ့် နတ်ပစ္စည်းဖြစ်နေတုန်းပဲ..” ဟိန်းထုန် သက်ပြင်းချလိုက်သည်။
ပင်လယ်အောက်တွင် ရတနာများစွာ ရှိနေသောကြောင့် အချို့လူများမှာ ထူးခြားစွမ်းရည်ရှိသည့် ပစ္စည်းများ တူးဖော်မိကြသည်ပင်။ ပုလင်းတစ်ခုသာ ဤကဲ့သို့ အတွင်း၌ ကျယ်ပြန့်နေသည်ပင်။
ပုလင်းလေးတစ်လုံးက အကွာအဝေးစွမ်းအင်တွေ ရှိနေတယ်.. ဤသည်မှာ တကယ်ကို ထူးခြားလှသည်။
ဤပုလင်းသည် ဒဏ္ဍာရီလာ ဘုရားလောင်းကျောက်စိမ်းပုလင်းဖြစ်မလားဟု သူတို့သံသယဝင်ခဲ့ကြသေးသည်။ သို့သော် နောက်ပိုင်းတွင် ဤပစ္စည်း၌ တိုက်ခိုက်နိုင်စွမ်းမရှိသည်ကို သူတို့တွေ့လိုက်ရသည်။
“ဒုန်း..”
ရုတ်တရက် ဟိန်းထုန်လက်ထဲမှပုလင်း စတင်တုန်ခါလာသည်။ အထူးသဖြင့် ပုလင်းအဖုံးမှာ စွမ်းအားကြီးသည့် အားတစ်ခုခုဖြင့် တိုက်ခိုက်ခံနေရသကဲ့သို့ပင်။
ဟိန်းထုန် ထိတ်လန့်သွားရသည်။ ဒီလူကတော့ တကယ်မယုံနိုင်လောက်အောင်ပဲ .. သူ အဖုံးကိုဖွင့်ပြီး ထွက်လာတော့မှာလား.. သူတို့ ပုလင်းကိုအကြိမ်ကြိမ်စမ်းသပ်ပြီးသားဖြစ်ပြီး စုတ်ယူခံရပြီးသည်နှင့် အထဲဘက်မှ ထိုးဖောက်၍မရနိုင်ကြောင်း သိရှိထားပြီးသားပင်။
“အိုး နိုး..” သူ ရုတ်တရက် ချူဖုန်း၏ချာကရမ်ကို သတိရမိသွားသည်။ ထိုလူသည် ချာကရမ်ကို အသုံးပြုပြီး အဖုံးအား တိုက်ခိုက်နေသည့်ပုံပင်။
သူ အားကုန်သုံးကာ အဖုံးကို ဖိထားလိုက်သော်လည်း အသုံးမဝင်။ အဖုံးသည် တစ်ဖြည်းဖြည်း အပြင်ဘက်သို့ ကန်ထွက်လာကာ တစ်ဖြည်းဖြည်း ပြေလျော့လာသည်။
ပုလင်းထဲသို့ ကျသွားသည်နှင့် ချူဖုန်း သူ့ပါးကိုသူပြန်ပိတ်ရိုက်မိချင်သွားသည်။ သူ သတိလွတ်သွားသောကြောင့် နောက်ဆုံးအချိန်တွင် အခြေအနေများ ပြောင်းပြန်ဖြစ်သွားခဲ့ရသည်။
အစပိုင်းတွင် ဤပစ္စည်းမှာ သူ့ကို သွေးအိုင်အဖြစ် ပြောင်းလဲပစ်မည့် ဒဏ္ဍာရီလာပစ္စည်းဖြစ်နေမည်ကို သူ စိုးရိမ်ခဲ့သေးသည်။
သို့သော် ခဏကြာပြီးနောက် သူ အတွေးလွန်သွားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထိုရှေးဟောင်းဒဏ္ဍာရီများကို ယုံကြည်၍မရ။ သူသည် တစ်ဆယ်မီတာမြင့်ပြီး အချင်းသုံးမီတာရှိသည့် စက်ဝန်းတစ်ခုထဲ၌ ရောက်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
ပုလင်းအဖုံးကို သူ စတင်တိုက်ခိုက်လိုက်သည်။ အစပိုင်းတွင် သူ့လက်သီးများဖြင့် တိုက်ခိုက်ပြီး နောက်ပိုင်းတွင်တော့ ချာကရမ်ဖြင့် တိုက်ခိုက်လိုက်သည်။
ပုလင်းကို ဖျက်ဆီးရန် မကြိုးစား။ ဤသည်မှာ ဖြုန်းတီးရာကျလွန်းသည်ဟု သူ ခံစားနေရသောကြောင့်ပင်။ သူ ဤရှားပါးပုလင်းဖြင့် ပစ္စည်းများ သိမ်း၍ရသည်။
“အခြေအနေ မကောင်းဘူး..” ဟိန်းထုန် အံ့အားသင့်သွားကာ အဖုံးကို အတင်းပြန်တွန်းထည့်လိုက်ကာ သူ့အောက်ပိုင်းနှင့် ပြန်ဆက်ရန်အတွက် သူ့ခန္ဓာကိုယ်အောက်ပိုင်းရှိနေသည့် နေရာသို့ မြန်မြန်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ကို အတင်းပြန်ဆက်ပြီးနောက် ချက်ချင်း ပြေးသွားလိုက်သည်။
ဖောက်…
နောက်ဆုံး ချူဖုန်း အဖုံးကို ရိုက်ထုတ်လိုက်ပြီး တိုက်ခိုက်ရန်အတွက် ချာကရမ်ကို အသင့်ပြင်ထားလိုက်သည်။
သို့သော် သူ လေထဲ ရောက်နေသည်ကို တွေ့လိုက်ရပြီး သူ့နတ်အသိစိတ်များအား ဖြန့်ကျက်လိုက်သည့်အချိန်တွင် ဟိန်းထုန်သည် မိုင် ၇၀၊ ၈၀ ခန့်၌ ရောက်နေသည်ကို တွေ့လိုက်သည်။ သူသည် ပုလင်းနှင့်လူ နှစ်ခုလုံးကို ပစ်ထားပြီး ထွက်ပြေးသွားလေပြီ။
ဝှစ်..
ချူဖုန်း ပုလင်းနှင့်အဖုံးကို ပြန်သိမ်းလိုက်ပြီး မြေပြင်ထက်သို့ ဆင်းသက်လိုက်သည်။
ဝုန်းဟူသည့်အသံနှင့်အတူ ကျောက်တုံးများ၊ မြေကြီးများ လွင့်စင်သွားသည်။ သို့သော် သူ ဘာမှမဖြစ်။ ယခုအချိန်တွင် ကောင်းကင်ထက်မှ ပြုတ်ကျလျှင်ပင် သူ ဒဏ်ရာရမည်မဟုတ်။
ဝုန်း..
ချူဖုန်း စတင်ထွက်ခွာသွားသည်နှင့် လေဟာနယ် ပေါက်ကွဲသွားကာ သူ ရပ်နေခဲ့သည့်တောင်လည်း ပျက်စီးသွားသည်။
ဟိန်းထုန် ဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း.. ပြတ်တောက်ထားသည့် သူ့ခန္ဓာကိုယ်ကို အတင်းပြန်ဆက်ထားခြင်းဖြစ်သောကြောင့် သူ့လှုပ်ရှားမှုများမှာ ကို့ယို့ကားယားဖြစ်နေပြီး အမြန်ဆုံးအရှိန်ဖြင့် မပြေးနိုင်။
ခွပ်..
ချူဖုန်း သူ့ကို လေထဲမှ ကန်လိုက်သောကြောင့် ဟိန်းထုန်လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်လည်း နှစ်ပိုင်းပြန်ပြတ်သွားသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် မြေပြင်ထက်၌ လိမ့်ကျသွားကာ သစ်ပင်များစွာကို တိုက်ချသွားသည်။
“မင်းက တော်တော်လေး ခံနိုင်ရည်မြင့်တာပဲ .. တိုက်ဖို့အတွက်ကို နောက်ဆုံးအချိန်ထိ စောင့်နေတာ .. မင်း င့ါကို အထဲမှာ ပိတ်မိအောင် လုပ်နိုင်တော့မလို့ပဲ..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။
ဟိန်းထုန် ယခုတော့ မျှော်လင့်ချက်မရှိတော့။ သူ ကစားပွဲကို ပြောင်းနိုင်မည်မဟုတ်တော့။
ဘာကို သည်းခံတာလဲ .. ဤပုလင်းကို တိုက်ပွဲအတွက် သုံး၍မရသည်မှာ သိသာလှသည်ပင်။
“သိမ်းမယ်..” ချူဖုန်း အော်ဟစ်လိုက်ကာ ပုလင်းထဲသို့ သူ့စွမ်းအင်ထည့်လိုက်သည်။ သို့သော် ပုလင်းမှာ တုံ့ပြန်မှုမရှိ။ သို့သော် ခဏကြာပြီးနောက် ပုလင်းအလုပ်လုပ်ပုံကို နားလည်သွားကာ သူ ဆွံ့အသွားရသည်။
ဤပုလင်း၏ အတွင်းဘက်မှာ အလွန်ကျယ်လှသောကြောင့် သူ ပျော်ရွှင်နေမိသည်ပင်။
ယနေ့မှစကာ ဤပုလင်းထဲ၌ ပစ္စည်းများထည့်သိမ်းနိုင်တော့မည်ဖြစ်ပြီး တိုက်ပွဲများကြား၌ ပျက်စီးသွားမည်ကို စိတ်ပူစရာ မလိုတော့။
“သွားကြစို့..”
ချူဖုန်း ဟိန်းထုန်ကို သယ်ကာ မီတာပေါင်း ၁၅၀၀ ကို ဖြတ်ကျော်ပြီးနောက် အထူးနယ်နမိတ်သို့ ရောက်လာသည်။
သူ ထိုနေရာကို တစ်ပတ်ပတ်လိုက်ပြီး တိုင်များ ရှိနေသည့်နေရာကို အတည်ပြုပြီးနောက် ဟိန်းထုန်ကို အလယ်သို့ ပစ်လွှတ်လိုက်သည်။
ဟိန်းထုန် တကယ်ကို နောင်တရနေလေပြီ. ဗိုလ်ချုပ်လေးဦး ဤနယ်မြေ၌ တိုင်လေးတိုင် စိုက်ခဲ့မှန်း သူသိသော်လည်း မည်သည့်နေရာ၌ စိုက်ခဲ့မှန်း သူမသိ။ သူသာ စောစောသိလျှင် ပုလင်းကို ထိုတိုင်ထဲသို့ ပစ်ထည့်လိုက်ပြီဖြစ်သည်။
သို့သော် ယခုတော့ ထိုတိုင်များထဲ ကျသွားသည့်သူမှာ သူဖြစ်နေသည်။
ချူဖုန်း အလွန်ကျေနပ်သွားပြီး ထိုတိုင်ဘေး၌ မီးပုံဖိုလိုက်သည်။ ထို့နောက် မြွေသားကို စကင်ကာ ပုလင်းကို လေ့လာလိုက်သည်။
ပုလင်းသည် ဖြူဖွေးနေကာ ဒဏ္ဍာရီများတွင် ဖော်ပြထားသည့် ကျောက်စိမ်းပုလင်းနှင့်တူနေသည်ပင်။
ပုလင်းအဆို့မှာ မည်းနက်နေပြီး သစ်သားတစ်မျိုးမျိုးဖြင့် လုပ်ထားသည်ဟု ထင်ရသော်လည်း သတ္တုထက်ပင် လေးနေသည်။
ပုလင်းထဲသို့ ပစ္စည်းများ ထုတ်ရန်၊ ထည့်ရန်အတွက် ထိုအဆို့ထဲသို့ စွမ်းအင်များ ပေါင်းထည့်ရမည်ပင်။ မဟုတ်လျှင် ထိုပုလင်းမှာ ရှေးဟောင်းပစ္စည်းတစ်ခုသာ ဖြစ်နေမည်ဖြစ်ပြီး သာမန်လူများ အသုံးပြု၍မရ။
“ကောင်းလိုက်တာ .. အခုတော့ ငါ တိုင်လေးတိုင်ကို သိမ်းရမယ့် နေရာရှိသွားပြီ..” ချူဖုန်း ပြုံးလိုက်သည်။ ထိုတိုင်လေးတိုင်မှာ ကြီးမားလှသည်။ မည်သူက တိုင်လေးတိုင်ကိုထမ်းပြီး လျှောက်ပြေးနေမည်နည်း..
ခဏကြာပြီးနောက် ဟိန်းထုန်မှာ ပူးပေါင်းမှု မရှိကြောင်း သူတွေ့လိုက်ရ၏။ တစ်ဖက်လူသည် တုတ်တုတ်မှမလှုပ်ပဲ ထိုနေရာ၌သာ လဲနေလေသည်။
ထို့နောက် ချူဖုန်း သားရဲအချို့နှင့် ငှက်အချို့ကို ဖမ်းကာ ထိုနယ်နမိတ်ထဲ ပစ်ထည့်လိုက်သည်။
“ဒါက တစ္ဆေဝင်္ကဘာလား..” သူပစ်ထည့်လိုက်သည့် တိရစ္ဆာန်များကို လေ့လာပြီးနောက် ချူဖုန်းထံ၌ အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်လာသည်။
အပိုင်း ၂၅၄ ပြီး၏။