ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၃ – ကျွမ်းကျင်မှု
ဖြတ်တောက်ခံလိုက်ရသည့် ညာဘက်တံတောင်ဆစ်မှ နာကျင်မှုများ လှိုက်တက်လာသောကြောင့် ဟိန်းထုန် ညည်းတွားလိုက်သည်။ သူ မြန်မြန်နောက်ဆုတ်လိုက်သောကြောင့် သူ ဖြတ်သွားသည့် လမ်းတစ်လျှောက်ရှိ မြက်ခင်များမှာ သွေးများနီရဲသွားသည်။
သူ့မာနကြောင့် မျက်ရည်များ ကျမလာအောင် အံကြိတ်ထားသော်လည်း သူ့မျက်လုံးများမှာ မှုန်မှိုင်းနေကာ ချူဖုန်းကို သတ်ဖြတ်လိုသည့်အကြည့်များဖြင့် ကြည့်နေသည်ပင်။
ချူဖုန်းကတော့ သူ့အကြည့်ကို အရေးပင်မလုပ်။ သူ၏ကျားပုံစံဖြင့်သာ ခုန်အုပ်လိုက်သည်။ “ခင်ဗျားက ဘယ်ကိုသွားချင်နေတာလဲ..”
သူသည် လူသားပုံစံကျားနတ်ဆိုးတစ်ကောင်ကဲ့သို့ အားအပြည့်ဖြင့်ပင် တိုက်ခိုက်လာခဲ့သည်။
ဤကဲ့သို့သော ခွန်အားကို ခွန်အားကြီးလှသည့် ရေနဂါးမျိုးနွယ်စုပင် ဘာမှသိပ်မလုပ်နိုင်။
ယခုအချိန်တွင် ချူဖုန်းမှာ အလွန်အန္တရာယ်များသည့်သူ ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်မှာ မြွေထက်ပင် ကြံ့ခိုင်ပြီး တိုက်ခိုက်နေသည့် သူ့လက်များမှာ ကျားလက်သည်းများကဲ့သို့ အားလုံးကို စုတ်ဖြဲပစ်နေသည်။
“ဂီး..”
တောင်ထဲ၌ နဂါးအော်သံတစ်သံ ပဲ့တင်ထွက်လာကာ သစ်ပင်များပင် ယိမ်းယိုင်လာကာ မရေမတွက်နိုင်သည့် သစ်ရွက်များ ကြွေကျလာလေ၏။ သစ်ရွက်များမှာ မြေပြင်သို့ပင်မရောက်လိုက်။ လေထဲ၌သာ ပျက်စီးသွားကြရသည်။
ဟိန်းထုန်၏ခန္ဓာကိုယ်ကို ဗဟိုပြုကာ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများမှာ အနက်ရောင်နေလုံးနှစ်လုံးကဲ့သို့ အနက်ရောင်အလင်းများ တောက်လောင်နေသည်။
“ကောင်းကင်မြွေ ရေနဂါးပြောင်းမယ်..” သူ အော်ဟစ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးမှ စွမ်းအင်လှိုင်းများ ထုတ်လွှတ်လာလေ၏။
ယခုအချိန်တွင် ဟိန်းထုန်သည် အလွန်ကြောက်စရာကောင်းလာပြီး လူတစ်ယောက်၏သွေးများကိုပင် အေးခဲသွားစေသည့် ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ထုတ်လွှတ်နေသည်ပင်။ သူ့ခန္ဓာကိုယ်မှလည်း အံ့အားသင့်စရာကောင်းလောက်အောင် များပြားလှသည့် စွမ်းအင်များ ထွက်နေလေ၏။
သူသည် လက်တစ်ဖက်တည်းဖြင့် ချူဖုန်း၏တိုက်ခိုက်မှုကို ခုခံလာသည်။
ဝုန်း..
များပြားလှသည့် စွမ်းအင်များထဲမှ အနက်ရောင်ရေနဂါးတစ်ကောင်ပုံရိပ် ထွက်ပေါ်လာကာ ကျားကြီးကို ခုခံလာသည်။
ကျွမ်းကျင်သူနှစ်ဦး တိုက်ခိုက်နေကြသကဲ့သို့ နဂါးနှင့်ကျားလည်း တိုက်ခိုက်နေကြသည်ပင်။
ဟိန်းထုန်မှာ သူလက်မပြတ်ခင်ထက်ပင် ပို၍စွမ်းအားကြီးလာပြီး ချူဖုန်း၏ ရှင်းယီကျားတိုက်ခိုက်မှုများကို အောင်မြင်စွာ ခုခံလာနိုင်သည်။
ဂီး..
နဂါးအော်သံမှာ အံ့အားသင့်စရာကောင်းလှသည်။ ထိုအော်သံမှာ သတ္တုတုံးကြီးနှစ်ခု တိုက်မိရာမှ ထွက်ပေါ်လာသည့်အသံကဲ့သို့ပင်။ အသံမှာ အဆုံးထိ ကျယ်လောင်နေပြီး ဆူနာမီကြီး တိုက်ခတ်လာသကဲ့သို့ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေခဲ့သည်။
သူသည် မျိုးနွယ်စု ပြောင်းလိုက်သကဲ့သို့ သူ့ထံမှခမ်းနားလှသည့် ရေနဂါးအော်ရာလည်း ထွက်ပေါ်လာသည်။
သူသည် ယခင်ကထက် အဆပေါင်းများစွာ ပို၍စွမ်းအားကြီးလာပြီး သူ့ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအင်များမှာလည်း လှိုင်းလုံးများကဲ့သို့ မြှင့်တက်နေသည်။
သူ့မွေးညှင်းပေါက်မှ ထွက်လာသည့် သွေးစွမ်းအင်များကြောင့် သူ့ဘေးပတ်လည်တွင် အနီရင့်ရောင်ဧရိယာတစ်ခု ဖြစ်နေလေ၏။
“သတ်…”
သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လျှပ်စီးတန်းတစ်ခုကဲ့သို့ ဟိန်းထုန်ထံသို့ ဦးတည်သွားလိုက်သည်။
“ဒီလောက်အားလေးက လုံလောက်ဖို့ အဝေးကြီးလိုသေးတယ်..” ချူဖုန်း၏အမူအရာမှာ တည်ငြိမ်နေပြီး သူ့လှုပ်ရှားမှုများမှာ သေသပ်သည်။ သူသည ်ကျားပုံစံဖြင့်သာ အရှေ့သို့ ခုန်အုပ်လိုက်လေ၏။
ခွပ် ခွပ် ခွပ်…
သူတို့နှစ်ဦး တိုက်ခိုက်နေကြသော်လည်း ဟိန်းထုန်သာ ခုခံနေရသည်။ သူ့မွေးညှင်းပေါက်များမှာလောင်ကျွမ်းတော့မတတ် တောက်ပလာပြီး သူ့ခန္ဓာကိုယ်လည်း ပြင်းထန်စွာ တုန်ခါလာသည်။
သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် သွေးစွမ်းအင်များမှာ အချိန်နှင့်အမျှ များပြားလာသောကြောင့် သူ့ဘေးပတ်လည်ရှိ လေများမှာ အနီရောင်သို့ ပြောင်းလဲကုန်သည်။
ထိုသို့ဆိုသော်လည်း သူသည် ချူဖုန်း၏ တိုက်ခိုက်မှုများကြောင့် နောက်ယိုင်သွားကာ နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျလာသည်။ ထိုအချိန်တွင် သူ့လက်တွင်သာမက သူ့တစ်ကိုယ်လုံး အက်ကွဲကြောင်းများ ပေါ်လာသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။
နဂါးအော်သံများနှင့်အတူ သူ့တစ်ကိုယ်လုံးကို အကြေးခွံများဖုံးအုပ်သွားပြီး မြွေနဂါးပုံစံ ပြန်ပြောင်းလိုက်သည်။ ထို့နောက်တွင်တော့ သူ့ခန္ဓာကိုယ်မှ ခြေလက်လေးဖက်ထွက်လာပြီး သွေးများလည်း လွင့်စင်လာသည်။
ဤသည်မှာ နဂါးတစ်ကောင်အဖြစ် အတင်းပြောင်းလဲနေခြင်းပင်။
ဤသည်မှာ သူ့အချုပ်အနှောင်များကို ဖြတ်တောက်စဉ်ကရခဲ့သည့် ကောင်းကင်မြွေနဂါးပြောင်းလဲခြင်းဟုခေါ်သည့် ကြောက်စရာကောင်းသည့် စွမ်းရည်တစ်ခုပင်။
ဤသည်မှာ ရေနဂါးတစ်ကောင်အဖြစ်သို့ အစစ်အမှန်ပြောင်းလဲခြင်းမဟုတ်။ စွမ်းအင်များဖြင့် နဂါးပုံစံပြောင်းသည့် လျှို့ဝှက်ပညာတစ်ခုပင်။
ယခုအချိန်တွင် ဟိန်းထုန်ပုံစံမှာ ထူးဆန်းနေ၏။ သူသည် မြွေနဂါးခန္ဓာကိုယ်ဖြစ်သော်လည်း ရေနဂါးခြေလက်များထွက်နေကာ ရေနဂါးပုံနှင့်တူနေသည်။
“ချူဖုန်း အခု ငါ မင်းခေါင်းကို ဖြတ်ပစ်မယ် .. မင်းက င့ါကိုဒီလိုချောင်ပိတ်အောင် လုပ်လိုက်တာပဲ..” ဟိန်းထုန်သည် အော်ဟစ်လိုက်ပြီးနောက် အနက်ရောင်လျှပ်စီးကြောင်းတစ်ခုကဲ့သို့ တရှိန်ထိုး ပြေးဝင်လာသည်။ သူ့အရှိန်မှာ အလွန်လျင်မြန်လှသည်ပင်။
ယခုအချိန်တွင် သူသည် အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်ပင်။ သို့သော် ဤကဲ့သို့ပြောင်းလဲရန်အတွက် များစွာပေးဆပ်ထားရသည်ပင်။
ယခုအချိန်တွင် သူသည် အင်အားကြီးကာ လျင်မြန်ဖြတ်လတ်သည့် ရေနဂါးအစစ်တစ်ကောင်ပင်။
ဝုန်း..
ချူဖုန်းလက်သီးနှင့် ရေနဂါးလက်များ တွေ့ဆုံသွားသည်နှင့် နားကွဲလောက်သည့် နဂါးအော်သံများ ထွက်ပေါ်လာပြီး တောင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။
သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး တောင်အောက်မှ တောင်ပေါ်သို့ ရောက်လာကာ တောင်ကြောတစ်ခုလုံးကို တုန်ခါသွားစေခဲ့ကြသည်။
သူတို့သည် နောက်တစ်ဖန် လေထဲသို့ တက်လိုက်ကြကာ ပျံသန်းနေသကဲ့သို့ပင် လေထဲ၌ တိုက်ခိုက်လာကြသည်။
ခွပ်..
သူတို့နှစ်ဦး ဆင်းသက်လာသည်နှင့် တောင်ကုန်းတစ်ခု ပျက်စီးသွားသည်။
“ဟိန်းထုန် မင်းရဲ့လက်ရှိပုံစံက မင်းနဲ့လိုက်တယ် .. မင်းရဲ့ ရေနဂါးခန္ဓာကိုယ်က အင်အားကြီးပြီးတော့ သားရဲကောင်းတစ်ကောင်ရဲ့ အငွေ့အသက်တွေရတယ်..” ချူဖုန်း ချီးကျူးလိုက်သော်လည်း ဟိန်းထုန်မှာ နည်းနည်းလေးပင် ဝမ်းမသာခဲ့။ ဤသည်မှာ ချူဖုန်း နောက်ထပ် ထပ်ပြောလိုက်သည့်စကားကြောင့် ဖြစ်နိုင်သည်။ “မင်း ဘာလို့ ငါ့ရဲ့မြင်း လာမလုပ်လဲ..”
“မင်း သေချင်နေတာပဲ..” ဟိန်းထုန်၏အေးစက်ကာ ရက်စက်သည့် မျက်လုံးမှ အနက်ရောင်အလင်းတန်းများ ပစ်လွှတ်လာသည်။ ခမ်းနားသော နဂါးနက်အိမ်ရှေ့စံမင်းသားမှာ ဤကဲ့သို့ နှိမ့်ချဆက်ဆံခံလိုက်ရလေပြီ.
မည်သူကများ သူ့ကို မြင်းအဖြစ် အသုံးပြုရဲမည်နည်း.. ဤသည်မှာ ကိုယ့်ဂိုဏ်းပျက်စီးအောင် နည်းလမ်းရှာလိုက်ခြင်းပင်။ တောင်ပင်လယ်မှ နဂါးမျိုးနွယ်စု ထွက်ပေါ်လာပြီး ထိုကဲ့သို့ပြောသည့်သူကို သုတ်သင်ပစ်လိုက်မည်ပင်။
ဝုန်း..
ဟိန်းထုန်ခန္ဓာကိုယ်သည် အနက်ရောင်နေလုံးကြီးကဲ့သို့ တောက်ပလာပြီး ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများနှင့် နဂါးအော်သံများ ထုတ်လွှတ်လာသည်။
ချူဖုန်း ခန္ဓာကိုယ်တောက်ပလာကာ ကျောကို နဂါးတစ်ကောင်ကဲ့သို့ ကွေးလိုက်ပြီး ရှင်းယီနဂါးပုံစံကို အသုံးပြုလိုက်သည်။ သူသည် လူသားပုံစံနဂါးအစစ်တစ်ကောင်ပင်။
ခွပ်..
သူတို့နှစ်ဦး တိုက်ခိုက်လာသည်နှင့် တောင်နယ်နမိတ် အက်ကွဲလာကာ သူတို့ဘေးပတ်လည်ရှိအရာအားလုံးလည်း အမှိုက်များ၊ အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားသည်။ အက်ကွဲကြောင်းကြီးမှာ မီတာပေါင်းတစ်ရာကျော်ထိ ရှည်လျားပြီး ပေပေါင်းများစွာ ကျယ်သည်ပင်။
ချုံပင်မှစ၍ ရှေးဟောင်းသစ်ပင်ရှည်ကြီးများအထိ အားလုံး ပျက်စီးသွားသည်။
တိုက်ခိုက်မှုမှာ ပြင်းထန်လှသည်။
ချူဖုန်းမှာ အစမှအဆုံးထိ တည်ငြိမ်နေပြီး သတ္တိရှိရှိဖြင့်ပင် တိုက်ခိုက်ခဲ့သည်။ သူသည် ရှင်းယီလက်သီးပုံစံကို တစ်မျိုးပြီးတစ်မျိုးပြောင်း၍ ပုံစံအားလုံးကို တိုးတက်အောင် လုပ်ခဲ့သည်။ သူသည် ဤပညာဖြင့် ပို၍ပင် ရင်းနှီးလာသည်။
သူသည် ယခုအချိန်တွင် သူ့စွမ်းရည်များ တိုးတက်အောင် လုပ်ပေးနိုင်မည့် အကောင်းဆုံး ဓားသွေးကျောက်နှင့် တွေ့နေရခြင်းပင်။ သူသည် ရှင်းယီလက်သီးပညာကို အားကုန်ထုတ်သုံးလိုက်ပြီး ထိုပညာကို ပို၍နားလည်လာအောင်လည်း လုပ်လိုက်သည်။
ဤသည်မှာ သူတစ်ယောက်တည်း လေ့လာသည်ထက် အများကြီး ပို၍ အကျိုးရှိသည်။ တိုက်ခိုက်မှုမှ ရသည့် အတွေ့အကြုံဖြင့် သူ့ပညာကို ပြုပြင်ပြောင်းလဲခဲ့သည်။
ဤကဲ့သို့သောတိုက်ပွဲမျိုးတွင် နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားသည်နှင့် ရန်သူ၏သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ ရန်သူမှ အားကုန်သုံးကာ တိုက်ခိုက်နေသော်လည်း သူကတော့ သူ့ပညာကို လေ့ကျင့်နေခြင်းသာ။ ဤသည်မှာ သူတို့နှစ်ဦးကြားမှ ကွာဟချက်ပင်။
“ဟိန်းထုန် .. မင်းအချိန်စေ့ပြီ .. င့ါရဲ့ဓားသွေးကျောက်အဖြစ် အသုံးမဝင်တော့တာနဲ့ မင်းကို သတ်ပစ်မှာ .. ငါ့မြင်း လုပ်မလား မလုပ်ဘူးလားဆိုတာ မင်း ဆုံးဖြတ်တော့” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။
ဟိန်းထုန် ဒေါသထွက်လာကာ သူ့မျက်လုံးထဲတွင် ရက်စက်သည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။ လွန်ခဲ့သည့်နေ့ရက်အချို့က ဤလူသားသည် စကားထဲထည့်ပြောရလောက်အောင် ထိုက်တန့်သည့်သူမဟုတ်သလို သူနှင့်အဆင့်တူသည့်သူလည်းမဟုတ်။ သို့သော် ယခုတော့ ဤလူသည် ရုတ်တရက် စွမ်းအားကြီးလာကာ သူ့ကိုပင် သူ၏မြင်းဖြစ်စေချင်နေသေးသည်။
ထို့အပြင် တစ်ဖက်လူသည် သူ့ကို သူ၏လက်သီးပညာကို ပြုပြင်ပေးသည့် မီးဖိုတစ်ခုအဖြစ်သာ သဘောထားနေသည်။ ဤသည်မှာ သူ့ကို ပို၍စိတ်ပျက်သွားစေခဲ့သည်။
“ချူဖုန်း.. နတ်ဆိုးဘုရင်ချူ .. မင်းက တကယ်ကို သေချင်နေတာပဲ .. မင်းက တောင်ပင်လယ်က နဂါးမျိုးနွယ်စုကို စော်ကားရဲတယ်ပေါ့ .. ငါ မင်းအလောင်းကိုတောင် အကောင်းအတိုင်း ထားမှာမဟုတ်ဘူး..” ဟိန်းထုန် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်နှင့် သူ့အော်သံမှ အနက်ရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး တောင်များကို တိုက်စားသွားလေသည်။
“မြွေနက်ကြီး .. မင်းက ဘာတွေများ မာနကြီးနေတာလဲ.. မင်းရဲ့လက်ရှိအခြေအနေနဲ့ ကိုယ့်ကိုကိုယ် နဂါးတစ်ကောင်လို့ ခေါ်ရဲသေးတာလား .. အရင်တစ်ခေါက်တုန်းက မင်း ရုတ်တရက်ကြီး င့ါကို သတ်ဖို့မကြိုးစားခဲ့ရင် မင်း ဒီလိုမျိုး ဖြစ်နေမှာမဟုတ်ဘူး .. ဘာမှ ဆွေးနွေးနေစရာမရှိဘူး .. င့ါဆီကို အညံ့မခံရင် ငါ မင်းကို သေအောင်ရိုက်သတ်ပစ်မှာ..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။
“ဘယ်သူက သေမလဲဆိုတာ မသေချာပါဘူ..” ဟိန်းထုန် အေးစက်စွာ ပြန်ဖြေလိုက်သည်။ သူ့ခန္ဓာကိုယ်ထက်မှ အကြေးခွံများ တောက်ပလာပြီးနောက် သူ့အော်ရာလည်း နောက်တစ်ကြိမ် ပြန်လည်မြှင့်တက်လာသည်။
“အဲဒါဆိုရင်လည်း ငါမင်းကို အခွင့်အရေးထပ်ပေးနေစရာ မလိုတော့ဘူးပေါ့ .. ဘာပဲဖြစ်ဖြစ် ရှင်းယီပုံစံ ၁၂ မျိုးကို ငါ ပိုပြီး ကျွမ်းကျင်သွားပါပြီ..” ချူဖုန်း အေးစက်စွာပင် ပြန်ပြောလိုက်ပြီးနောက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လိုက်သည်။
ယခုအချိန်တွင် သူသည် သူ့ပညာကို လေ့ကျင့်နေခြင်းမဟုတ်တော့ပဲ ဤရေနဂါးကိုရှင်းပစ်ရန် အားကုန်ထုတ်သုံးလိုက်ခြင်းပင်။
“သတ်…”
ဟိန်းထုန် အော်ဟစ်လိုက်ပြီး သူ့လက်သည်းများ အနက်ရောင်အလင်း တောက်ပလာကာ သူ့ဦးချိုမှ နတ်အလင်းတန်းပစ်လွှတ်လာသည်။
ရွှီး..
ချူဖုန်း မျောက်တစ်ကောင်ပုံစံ ပြောင်းလဲလိုက်ကာ လက်သည်းများနှင့် အလင်းတန်း တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။
ဟိန်းထုန်သည် အသက်စွန့်ကာ သူ့စွမ်းအင် ၁၂၀ ရာခိုင်နှုန်းကို သုံးပြီး တိုက်ခိုက်နေခြင်းပင်။
သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ဘေးဘက်သို့ ရှောင်တိမ်းလိုက်ကာ လေဟာနယ်ကို ပေါက်ကွဲသွားစေလိုက်သည်။
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှာ မကြီးမားလှသော်လည်း စွမ်းအင်များမှာ ကြောက်စရာကောင်းလှသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် စွမ်းအားများမှာ သတ္တုနံရံကိုပင် တစ်စစီဖြစ်စေရန် လုံလောက်သည်။
သို့သော် ချူဖုန်းသည် ပျံသန်းနေသည့် ပျံလွှားတစ်ကောင်ကဲ့သို့ ရှောင်ရှားလိုက်သောကြောင့် ထိုစွမ်းအားများမှာ လေဟာနယ်ကိုသာ ထိခတ်သွားသည်။
ဤသည်မှာ ရှင်းယီပျံလွှားပုံစံပင်။ ယခုအချိန်တွင် သူ ပုံစံများကို ကြိုက်သလို ပြောင်းလဲနိုင်ပြီဖြစ်သည်။
ခွပ်..
ထို့နောက် သူသည် ဟိန်းထုန်ခန္ဓာကိုယ်ကို တစ်ချက်တည်းဖြင့် တစ်စစီလုပ်ပစ်တော့မည့်အလား မြင်းပုံစံဖြင့် ပြင်းထန်စွာ နင်းချေလာသည်။ ဟိန်းထုန်မှာ ထိတ်လန့်တကြား နောက်ဆုတ်ရတော့သည်။
ဝုန်း…
လေထဲ၌ပင် ချူဖုန်း ခန္ဓာကိုယ်ကို တစ်ပတ်လည်လိုက်ပြီး သူ့ညာခြေမှာ ဟိန်းထုန်ထံသို့ ရောက်ရှိလာသည်။
ဤသည်မှာ မြွေနဂါးပုံစံပင်။
ခွပ်..
ယခုတစ်ခေါက်တွင်တော့ သူ့ခြေထောက် ဟိန်းထုန်ခန္ဓာကိုယ်ကို ထိသွားကာ သူ့ကို လွင့်ထွက်သွားစေပြီး နာကျင်သည့်အော်သံများလည်း ထွက်ပေါ်လာသည်။ ဟိန်းထုန် ဒဏ်ရာရသွားလေပြီ။
အချိန်တစ်ခဏလေးအတွင်းမှာပင် ချူဖုန်း မျောက်ပုံစံ၊ ပျံလွှားငှက်ပုံစံ၊ မြင်းပုံစံနှင့် မြွေနဂါးပုံစံတို့ကို ပြောင်းလဲခဲ့သည်။ လှုပ်ရှားမှုတစ်ခုချင်းစီမှာ အချိန်ကိုက်ပင်။
ဤသည်မှာ သူ့ရှင်းယီလက်သီး တိုးတက်လာသည်ဟု သက်သေပြနေခြင်းဖြစ်ပြီး သူ နောက်တစ်ဆင့်သို့ ရောက်ရှိလာတော့မည်။
“ဂီး..”
အခြေအနေများ ပိုဆိုးလာသည်ဟု ဟိန်းထုန် ခံစားလိုက်ရသည်။ သူ့လက်ကျန်စွမ်းအင်များကို စုစည်းလိုက်ပြီး တိုက်စားနိုင်စွမ်းမြင့်သည့် အနက်ရောင်မီးတောက်များ မှုတ်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်လည်း တောက်ပလာပြီး အလင်းတန်းများ ပစ်လွှတ်လာသည်။
ထို့အပြင် သူ၏တစ်ခုတည်းသော ဦးချိုမှလည်း နတ်အလင်းတန်း ထုတ်လွှတ်လာကာ ဆက်တိုက်ပစ်ခတ်လာနေသည်ပင်။
သူ့တစ်ကိုယ်လုံး လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချူဖုန်းကို တရစပ်ပင် တိုက်ခိုက်လာခဲ့သည်။ သူ အသက်အန္တရာယ်ရှိနေပြီမှန်း သိနေသောကြောင့် သူ အားကုန်ထုတ်ပြီး တိုက်ခိုက်ရန်သာ တတ်နိုင်တော့သည်။
“နောက်ကျသွားပြီ..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။
သူသည် သူ့ရန်သူများကို ဘယ်တုန်းကမှ မညှာတာခဲ့။ ဤနဂါးသည် ပန်းကန်ပြားပျံပိုင်ရှင်အတွက် သူ့ကိုလာသတ်သည့်အချိန်ကတည်းက သူ့ရန်သူ ဖြစ်သွားပြီဖြစ်သည်။
ဝုန်း..
ချူဖုန်း နဂါးအစစ်တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ ခုန်တက်လိုက်ပြီး နဂါးပုံစံကို ပြသလိုက်သည်။ ဟိန်းထုန် ဆက်တိုက်နောက်ဆုတ်နေရကာ ချူဖုန်း၏ နဂါးလက်သီးမှာ တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်။
ဝေါင်း..
ထို့နောက် ချူဖုန်း နဂါးပုံစံသို့ ပြောင်းလဲလိုက်ပြီး ဟိန်းထုန်၏နဂါးလက်များကို စုတ်ဖြဲပစ်လိုက်သည်။
ထို့နောက်တွင် သူသည် ရွှေရောင်အလင်းဖျော့လေး တောက်ပနေသည့် သိမ်းငှက်တစ်ကောင်ဖြစ်သွားပြီး ကောင်းကင်ထက် ပျံသန်းသွားသည်။ ရှင်းယီသိမ်းငှက်ပုံစံကို အသုံးပြုလိုက်ကာ ဟိန်းထုန်၏ခန္ဓာကိုယ်ကို စုတ်ဖြဲပစ်လိုက်သောကြောင့် အကြေးခွံနှင့် သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။
ခွပ်..
သူတို့ မြေပြင်ထက်သို့ ပြန်ရောက်သွားသည်နှင့် ချူဖုန်း ဝက်ဝံပုံစံ ပြောင်းလဲလိုက်သည်။ ထို့နောက် ဟိန်းထုန် လွင့်ထွက်သွားအောင် ရိုက်ထည့်လိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် ကြိုးကြာတစ်ကောင် သူ့အတောင်ပံများဖြန့်ကျက်လိုက်သကဲ့သို့ ချူဖုန်း သူ့လက်များ ဆန့်တန်းလိုက်ကာ ဟိန်းထုန်၏ နောက်လက်တစ်ဖက်ကို ဆုတ်ဖြဲပစ်လိုက်သည်။ သွေးများ ပို၍ပင် စီးကျလာတော့သည်။
“အား..”
ဟိန်းထုန် နာကျင်စွာ အော်ဟစ်လိုက်သည်။ တစ်ခဏလေးအတွင်းမှာပင် သူ့ပြိုင်ဘက်သည် နဂါး၊ ကျား၊ သိမ်းငှက်၊ ဝက်ဝံနှင့် ကြိုးကြာပုံစံ ပြောင်းလဲခဲ့ပြီး သူ့ကို အားကုန်တိုက်ခိုက်လာခဲ့သည်။
နောက်ဆုံးတွင် ချူဖုန်း လေထဲသို့ ခုန်တက်လိုက်ပြီး ပျံလွှားငှက်ပုံစံ ပြောင်းလဲလိုက်ပြီးနောက် မြွေနဂါးပုံစံနှင့်တူသည့် သူ့ညာခြေထောက်ဖြင့် ထိုးဆင်းလာသည်။
ယခုအချိန်တွင် သူ့စွမ်းအင်အားလုံးကို ခြေထောက်၌ စုထားခြင်းဖြစ်သောကြောင့် သူ့ခြေထောက်မှ နတ်လက်နက်များထက်ပင် ပိုထက်ရှသေးသည်။ သူ့ခြေထောက်မှာ ဟိန်းထုန်၏ဝမ်းဗိုက်အား ထိမှန်သွားခဲ့သည်ပင်။
ဖူး..
ဟိန်းထုန်၏ နာကျင်သည့်အော်သံနှင့်အတူ သွေးများ နေရာအနှံ့ လွင့်စင်သွားသည်။ သူ ထိုခြေထောက်ကို မရှောင်လိုက်နိုင်သောကြောင့် ခါးမှ ထက်ပိုင်းပြတ်သွားခဲ့ခြင်းပင်။
တောင်ပင်လယ်မှ နဂါးနက်အိမ်ရှေ့စံမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားလေပြီ။ သူ့မောက်မာမှုများမှာ အညှာအတာမဲ့စွာ နင်းချေခံလိုက်ရလေပြီ.
ချူဖုန်းကတော့ အကျိုးကျေးဇူးများစွာ ရလိုက်သည်ပင်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ရေနဂါးတစ်ကောင်နှင့် သူ့လက်သီးပညာများကို လေ့ကျင့်လိုက်ရသောကြောင့် လက်သီးပညာတွင် သူ ကျွမ်းကျင်အဆင့်သို့ ရောက်သွားလေပြီ.
သူ့ခွန်အားများမှာ အဆမတန် တိုးတက်သွားလေပြီ..
“ငါကြားတာ ငါးမန်းလေးကောင်က တောင်ပင်လယ်ကနေ မင်းအတွက် လူသတ်လက်နက်တစ်ခု ယူလာပေးတယ်လေ .. မင်း အဲဒီလက်နက်ကို င့ါကို သုံးပြရင်ရော..” ချူဖုန်း ဟိန်းထုန်ကို ငုံ့ကြည့်လိုက်ပြီး သူ့ကို ထိုဧရိယာထဲသို့ ပစ်ချရန် ကြံရွယ်လိုက်သည်။
အပိုင်း ၂၅၃ ပြီး၏။