Switch Mode

Chapter – 251

ချူဖုန်း၏ မျက်ရည်များ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၁ – ချူဖုန်း မျက်ရည်များ

စန်းချင်တောင်ကို အဖြူရောင်မြူခိုးများ လွှမ်းခြုံထားပြီး နံနက်ခင်းနေရောင်ခြည်များ ထိုးဖောက်လာသောကြောင့် မြင်ကွင်းမှာ အလွန်လှပလှသည်မှာ နတ်ဘုံနတ်နန်းအလားပင်။

မျက်လုံးသုံးလုံးနှင့်လူသည် ဘုရားကျောင်းတစ်ခုထဲမှ ထွက်လာကာ ခေါင်မိုးပေါ်၌ ရပ်လိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ “နေရာကောင်းတစ်ခုပဲ .. တာအိုကောင်းကင်နယ်မြေ ဖြစ်ထိုက်ပါတယ်..”

ရှေးဟောင်းထင်းရှူးပင်များ စိမ်းစိုနေပြီး တောင်ထိပ်မှ စီးဆင်းလာသည့် ရေတံခွန်များမှာ ငွေရောင်နဂါးများ ဆင်းသက်လာသကဲ့သို့ပင်။ အောက်ဘက်၌ ရှိနေသည့် စိမ်းမြသည့်ကန်များမှာလည်း နဂါးတစ်ကောင် ဝင်ခွေနေသကဲ့သို့ပင်။

နံနက်ခင်းနေရောင်ခြည်သည် မြူဆိုင်းနေသည့် တောင်ထက်သို့ ကျရောက်လာပြီး ဘုရားကျောင်းတစ်ခုလုံးကို ရွှေရောင်အလင်းများဖြင့် လွှမ်းခြုံသွားစေသည်။ ဤမြင်ကွင်းမှာ အတော်လေး ကျက်သရေရှိလှသည်ပင်။

စန်းချင်တောင်သို ရောက်လာသည်နှင့် သူသည် ဤနေရာ၌ ရောက်နေသည့် ဘုရင်နှစ်ဦးကို သတ်ကာ ဤကျောက်စိမ်းဂူတောင်ထိပ်အား သိမ်းယူခဲ့သည်ပင်။

“ငါတို့ပစ်မှတ်က လုံဟူတောင်ဆိုပေမယ့် ဒီနေရာမှာ ယာယီနေလို့တော့ ရပါတယ်” မျက်လုံးသုံးလုံးနှင့်လူ ရယ်မော၍ ပြောလိုက်သည်။ သူ၏ချောမောသည့်ရုပ်သွင်မှာ ယုံကြည်ချက်အပြည့်ဖြင့်ပင်။ “မင်း ပြန်ကောင်းလာပြီဆိုပေမယ့် ဒီရက်တွေမှာ သတိထားနေတာ အကောင်းဆုံးပဲ .. တစ်ချို့လူတွေ ဒီတောင်ကို လိုချင်နေလာနိုင်တယ်..”

“ဒီနေရာကိုလာရဲတဲ့ ဘယ်သူ့ကိုမဆို ရိုက်ပစ်မှာ .. နတ်ဘုရားနဲ့ သရဲတွေတောင် အော်ပြီး ထွက်ပြေးရလိမ့်မယ်..” ဟိန်းထုန် ပြန်ပြောလိုက်ပြီးနောက် တောင်အောက်တစ်နေရာကို လက်ညှိုးညွှန်ပြလိုက်သည်။ “နဂါးချုပ်နှောင်ခြင်းတိုင်ကို နေရာချပြီးတာနဲ့ ကျောက်စိမ်းဂူကျောင်းဆရာလာလာ၊ ဝူတန်းတောင်ဆရာလာလာ လာသမျှလူအားလုံးကို သတ်ပစ်မယ်..”

မျက်လုံးသုံးလုံးနှင့်လူသည် ခေါင်းခါလိုက်ကာ “နဂါးချုပ်နှောင်ခြင်းတိုင်က ပစ္စည်းအသေတစ်ခုပဲ .. တစ်ခြားသူတွေ အဲဒီစက်ကွင်းထဲ လျှောက်မလာရင် မင်း ဘယ်လိုလုပ်မလဲ.. ပြီးတော့ ဒီနေရာက ကုန်းမြေ ပင်လယ်မဟုတ်ဘူး .. အဲဒီပစ္စည်းတွေ နေရာမချခင် လမ်းကြောင်းတွေကို အရင်လေ့လာဦး”

“ကိစ္စမရှိပါဘူး .. ငါတို့တွေ စကားပြောနေတဲ့အချိန် ဗိုလ်ချုပ်လေးယောက်က အလုပ်လုပ်နေလောက်ပြီ .. ကုန်းမြေက ပင်လယ်ကြမ်းခင်းနဲ့ အတူတူပါပဲ..” ဟိန်းထုန် ပြန်ဖြေလိုက်သည်။

မျက်လုံးသုံးလုံးနှင့်လူ ပြုံးလိုက်ကာ “ဟိန်းထုန် .. မင်းက တကယ် အရမ်းကို ဂုဏ်ယူစရာကောင်းတာပဲ .. အန္တရာယ်တစ်ခုခုရှိရင် ငါတို့ကို ချက်ချင်းဆက်သွယ်လိုက် .. တစ်ယောက်တည်းကြိတ်ခံမနေနဲ့”

ထို့နောက် မျက်လုံးသုံးလုံးနှင့်လူ တောင်မှ ထွက်ခွာသွားသည်။

ကမ္ဘာမြေကြီး ပြောင်းလဲလာပြီးနောက် နေရာများ ကျယ်ပြန့်လာသောကြောင့် ဟုန်တုနှင့် စန်းချင်တောင်မှာ ကီလိုမီတာ သုံးထောင်ကျော် ဝေးသွားသည်။

သို့သော် ဤအကွာအဝေးမှာ ချူဖုန်းအတွက်တော့ ဘာမှမဟုတ်။

နှလုံးမှ အချုပ်အနှောင်ကို ဖြတ်တောက်ပြီးနောက် သူ့တစ်ကိုယ်လုံး သွေးစွမ်းအင်များ ပြည့်နှက်လာပြီး သူ့ကိုယ်ခံအားလည်း ယခင်ကထက် ပိုမြင့်လာသည်။ ယခု သူ အမြင့်ဆုံးအရှိန်ဖြင့် တစ်နာရီခွဲနီးပါး နေနိုင်ပြီဖြစ်သည်။

ဤသည်မှာ သူ စန်းချင်းတောင်သို့ရောက်ရန် နာရီဝက်ပင် မလိုတော့ဟု ဆိုလိုခြင်းပင်။

သူသည် လေယာဉ်ပျံထက်ပင် မြန်နေလေပြီ။

အသွေးအသားနှင့်လူတစ်ယောက် တစ်နာရီအတွင်း ကီလိုမီတာ ၃၀၀၀ ပြေးနိုင်သည်ဆိုသည်မှာ တကယ်ကို ကြောက်စရာကောင်းသည့် အမြန်နှုန်းပင်။

ဒဏ္ဍာရီများမှ ထာဝရသက်ရှိများနှင့် နတ်ဘုရားများပင် ဤအရှိန်ထက် နည်းနည်းသာပိုသည်။

နံနက်ပိုင်းတွင် အရှေ့ပင်လယ်၌ ရေကူးပြီး ညနေတွင် ခွန်းလွန်တောင်၌ အနားယူသည်မှာ ရှေးစွမ်းအားရှင်များ ပြုလုပ်နိုင်သည့်အရာပင်။ သူ့အရှိန်သာ နည်းနည်းလေး ထပ်မြန်လာလျှင် သူလည်းတိုက်ကြီးများကို ဖြတ်ပြေးနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

“ချူဖုန်း .. မင်း ဂရုစိုက်နော်..” နွားဝါလေး သူ့ကို အလောတကြီး ဖုန်းခေါ်လာကာ တောင်ပင်လယ်မှ ရေအောက်မျိုးနွယ်စုသည် ဟိန်းထုန်အား အလွန်ကြောက်စရာကောင်းသည့် လူသတ်လက်နက်တစ်ခု လာပေးခဲ့သည်ကို မန်ချူးကျားမှ သတင်းရခဲ့ကြောင်းကို ပြောပြလာသည်။

ဤသတင်းသည် လူအနည်းငယ်အတွင်း၌ ပျံ့နှံ့နေကာ အခြေအနေကို မဆန်းစစ်သည့် လူသားပြိုင်ဘက်ကင်းကျွမ်းကျင်သူများအားလုံး သေချာပေါက် သတ်ခံရလိမ့်မည်ဟု ရေအောက်မျိုးနွယ်စုများ မောက်မာစွာ ကြေညာလာကြသည်။

“ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ .. လူသားမျိုးနွယ်စုက ဘယ်ပြိုင်ဘက်ကင်းကျွမ်းကျင်သူကိုမဆို ဖိနှိပ်နိုင်လောက်အောင် ရေအောက်မျိုးနွယ်စုတွေက ယုံကြည်ချက်ရှိနေတာလား..”

“ပင်လယ်ကြမ်းပြင်းမှာ အမွေအနှစ်တွေ အများကြီးရှိတယ်လို့ ပြောကြတယ် .. ရေအောက်မျိုးနွယ်စုသာ ဒဏ္ဍာရီလာလက်နက်တစ်ခုကို တူးဖော်နိုင်ခဲ့ရင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ လူသားကျွမ်းကျင်သူတွေကို သူတို့ ဖိနှိပ်နိုင်လိမ့်မယ်”

“အဲဒီသတင်းက အမှန်ဖြစ်လောက်မယ် .. ဘာလို့လဲဆိုတော့ သူတို့ အရင်က ပန်းကန်ပြားပျံကိုတောင် တူးဖော်နိုင်ခဲ့ကြတာလေ”

ပျံ့နှံ့လာသည့်သတင်းများကြောင့် အတော်လေး အုတ်အော်သောင်းတင်းဖြစ်နေပြီး အဖွဲ့အစည်းအားလုံးသည် တန်ပြန်တိုက်ခိုက်ရန်အတွက် အစည်းအဝေးများ ပြုလုပ်လာကြသည်။

ရေအောက်မျိုးနွယ်စုထံမှ စကားလေးနည်းနည်းဖြင့် ကုန်းမြေပေါ်မှ အင်အားကြီးလူများ တုန်လှုပ်သွားကြသည်။ ဤသည်မှာ ရေအောက်မျိုးနွယ်စုကို ပို၍ အကျိုးရှိသွားစေမည်ပင်။

ချူဖုန်း ကြောက်ရွံ့ခြင်းမရှိပဲ တရှိန်ထိုး ပြေးလာကာ စန်းချင်တောင်သို့ ရောက်လာသည်။ သူ့ထံ၌လည်း မှော်လက်နက်မရှိသည်မဟုတ်။ ထိုခရမ်းရောင်လျှပ်စီးတူမှာ အတော်လေးကောင်းသည့်လက်နက်တစ်ခုပင်။ ထို့အပြင် သူ့ထံ၌ ချာကရမ်လည်း ရှိသေးသည်။

သူ့လက်ရှိခွန်အားဖြင့် ချာကရမ်ကို အားအပြည့်ပစ်ပေါက်လိုက်လျှင် ပြင်းထန်သည့်ထိခိုက်မှုများ ဖြစ်စေနိုင်မည်ပင်။

နေလုံးကြီး မြင့်တက်လာသည်နှင့် ရွှေရောင်အလင်းတန်းများ ဖြန့်ကျက်လာပြီး တောင်များ၌ တွဲလွဲခိုနေသည့် မြူခိုးများကို ပျက်ပြယ်လာစေကာ အနွေးဓာတ်များကို ဖြန့်ကျက်ပေးလာသည်။

ချူဖုန်း တစ်နာရီခွဲကျော်ကျော်လေးတွင် စန်းချင်တောင်သို့ ရောက်လာသည်။ ဤသတင်းသာ ပျံ့သွားလျှင် အားလုံး သေချာပေါက် ထိတ်လန့်သွားလိမ့်မည်။

အတိအကျပြောရလျှင် ချူဖုန်း စန်းချင်တောင်သို့ရောက်ရန် ၁၀ ကီလိုမီတာ လိုသေးသည်။ သို့သော် သူ အရှိန်လျှော့လိုက်ပြီး တောထဲကို ဖြတ်သွားလိုက်သည်။ နံနက်ခင်းနေရောင်ခြည်ကို ခံယူကာ လတ်ဆတ်သည့်လေများကို ရှူရှိုက်ပြီး သူ့အသက်ရှူစည်းချက်ပညာကို အသက်သွင်းလိုက်သည်။

ဤမျှဝေးကွာလှသည့် အကွာအဝေးကို ပြေးလာပြီးနောက် သူ၏ပူကျစ်နေသည့် ခန္ဓာကိုယ် အနည်းငယ် အနားယူရန် လိုအပ်သည်။

ထိုအချိန်တွင် တောင်တစ်ခုလုံးကို သူ့နတ်အသိစိတ်ဖြင့် လွှမ်းခြုံလိုက်ပြီး စစ်ဆေးလိုက်သည့်အချိန်တွင်တော့ ၁၀ ကီလိုမီတာအကွာတွင် ဘုရင်အဆင့်စွမ်းအင်လှိုင်းတစ်ခု ရှိနေသည်ကို သူ အာရုံခံမိသွားသည်။

ဒီနေရာမှာ ဘုရင်တစ်ယောက်ရှိနေတယ်…

ချူဖုန်း ခြေလှမ်းကျယ်ဖြင့် ထိုနေရာသို့ လျှောက်သွားရင်းဖြင့်ပင် သူ့အသက်ရှူပညာကို အသက်သွင်းကာ သူ့ခန္ဓာကိုယ်ကို ထိန်းညှိလိုက်သည်။

တောင်ထိပ်တစ်ခုပေါ်၌ ရပ်လိုက်သည့်အချိန်တွင် တောင်ထဲ၌ လူလေးယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် တစ်ခုခုကို စမ်းသပ်နေသကဲ့သို့ မြေပြင်ကို တိုင်းတာနေကြသည်။

“ရေအောက်မျိုးနွယ်စုတွေလား..” ချူဖုန်း၏ မျက်လုံးများ တောက်ပလာသည်။

ဤလေးယောက်၏ အပြင်အဆင်မှာ အတော်လေး ထူးခြားလှသည်။ သူတို့သည် ခရုခွံများ၊ သန္တာကျောက်များကို ဝတ်ဆင်ထားပြီး သူတို့ထံမှ ပင်လယ်ငါးညှီနံ့လည်း ရနေသည်။ ချူဖုန်း၏အာရုံခံနိုင်စွမ်းမှာ ထက်ရှလှသောကြောင့် အဝေးမှပင် ငါးညှီနံ့များ ရနေသည်။

ဟိန်းထုန် စန်းချင်တောင်၌ အနားယူနေသည်ကို သိနေသောကြောင့် ဤလူများမှာ သူနှင့်ဆက်စပ်နေသည့် ရေအောက်မျိုးနွယ်စုများဖြစ်ကြောင်း မေးခွန်းထုတ်စရာပင်မလိုတော့။

သူတို့လေးယောက်လုံး အရပ်ရှည်ကာ တောင့်တင်းကြံ့ခိုင်ကြပြီး ပါးစပ်ကျယ်များနှင့် အစွယ်များလည်းရှိသည်။ သူတို့သည် လူများသွားရှုပ်၍ရသည့်လူများ မဟုတ်ကြ။

“ဒီရေအောက်မျိုးနွယ်စုလေးယောက်က ဘာကောင်တွေလဲ..” ချူဖုန်း မိုးမလင်းခင်ကတည်းက ထွက်လာခဲ့ရခြင်းဖြစ်ပြီး ယခုထိ မနက်စာမစားရသေး။ သူ ပင်လယ်စာကင်စားလျှင် ကောင်းမလားဟု စဉ်းစားမိသည်။

ထို့နောက် ထိုလေးဦးသည် လူတစ်ယောက်အရပ်ထက်မြင့်သည့် ကြေးတိုင်လုံးတစ်လုံးစီ သယ်လာကြကာ အစောပိုင်းက သူတို့တိုင်းတာနေသည့် နေရာ၏ ထောင့်လေးထောင့်၌ ချလိုက်ကြသည်။ ထိုတိုင်လုံးကြီးများ၏ မျက်နှာပြင်ထက်တွင် သင်္ကေတများစွာ ရှိနေပြီး အတော်လေး ထူးခြားလှသည်။

“သူတို့ ဘာလုပ်ချင်နေကြတာလဲ..” ချူဖုန်း သံသယဖြင့် ကြည့်နေလိုက်သည်။

“ကောင်းပြီ .. အခုလောလောဆယ်တော့ ဒီလောက်ဆို ရလောက်ပြီ .. အဲဒီချူဖုန်း သေသွားတာ နှမြောစရာပဲ .. သူသာ ဒီကိုတကယ်ရောက်လာရင် ငါတို့ သူ့ကို သတ်ပြီးတော့ နဂါးနက်အိမ်ရှေ့စံမင်းသားအတွက် လက်စားချေပေးလို့ရတယ်”

“သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့အချိန် ဒီလိုလူသားနဲ့တွေ့လိုက်ရတာ နဂါးနက်အိမ်ရှေ့စံမင်းသား ကံဆိုးသွားတာ .. အဲဒါကြောင့်နှစ်ဖက်လုံး ဒဏ်ရာရသွားတာ .. နဂါးနက်အိမ်ရှေ့စံမင်းသားသာ ဒဏ်ရာမရထားရင် အချုပ်အနှောင်လေးခုဖြတ်ထားတဲ့လူသားတစ်ယောက်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်လို့ရတယ်..”

ထိုတိုက်ပွဲမှာ ဟိန်းထုန်အတွက် မည်မျှမမျှတကြောင်း သူတို့ ဆွေးနွေးနေကြလေ၏။

ချူဖုန်း ထိုတောင်ကုန်းကို စိုက်ကြည့်နေလိုက်သည်။ ဒီတိုင်လေးတိုင်က ပြိုင်ဘက်ကင်းလူသားကျွမ်းကျင်သူတွေကို သတ်နိုင်တယ်ဆိုတဲ့ လက်နက်လား..

သူ လေ့လာနေသည်မှာ အတော်ကြာနေပြီဖြစ်သော်လည်း မည်သည့်ထူးခြားမှုကိုမှ မတွေ့ရသေး။ သူ ထိုနေရာသို့ ခြေမချမချင်း အဆင်ပြေလောက်သည်။

ချူဖုန်း စဉ်းစားမနေတော့ပဲ ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် တောအုပ်ကြီးကိုဖြတ်ကာ ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူ လေးဦးနားသို့ ရောက်သွားသည်။

ဤလူများအား စစ်ဆေးကြည့်လိုက်သည့်အချိန်တွင်တော့ အားလုံးမှာ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများဖြစ်ကြောင်း သူတွေ့လိုက်ရသည်။ ဤလူအင်အားဖြင့် နယ်မြေစတစ်ခုလုံးကို ဖိနှိပ်ရန် လုံလောက်သည်ပင်။

အမှန်တကယ်တွင် ဟိန်းထုန်၏ ဒုတိယအစ်ကိုလက်အောက်မှ ဤဗိုလ်ချုပ်လေးဦးမှာ ကြမ်းတမ်းသည့်တပ်သားများပင်။

သူတို့လေးဦးသည် ချူဖုန်းအကြောင်း ဆွေးနွေးနေကြပြီး သူသည် ပြင်းထန်လှသည့် ဒဏ်ရာများကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း ယုံကြည်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုတလောတွင် သူနှင့်ပတ်သက်သည့်ဘာသတင်းမှ ထွက်မလာခဲ့သေး။

“တကယ် ကံမကောင်းတာပဲ .. သူ အသက်ရှင်နေသေးဖို့ ငါ အရမ်းမျှော်လင့်ထားခဲ့တာ..” သူတို့ထဲမှ တစ်ဦး သက်ပြင်းချလိုက်သည်။

ချူဖုန်း ပြုံးလိုက်သည်။ ဒီရေအောက်မျိုးနွယ်စုကျွမ်းကျင်သူတွေက သူ့ကို ဒီလောက်တောင် လေးစားတာလား..

သို့သော် နောက်ပြောလာသည့်စကားများကြောင့် သူ့မျက်နှာကြီးမည်းမှောင်သွားလေ၏။

“ဟုတ်တယ် .. ကောင်းကင်ဘုံက သူ့ကို ကာကွယ်ပေးထားဖို့ မျှော်လင့်တယ် .. အဲဒီမှ သူ ဒီမှာ ပေါ်လာနိုင်ပြီး ငါ သူ့ကို တစ်ချက်တည်းနဲ့ ရိုက်သတ်နိုင်မှာ..”

ဤလူများ ချူဖုန်း အသက်ရှင်ရန် မျှော်လင့်နေကြခြင်းမှာ သူတို့ကိုယ်တိုင် သူ့ကို ရင်ဆိုင်ရှင်းပစ်နိုင်ရန် အတွက်ပင်။ အမှန်တကယ်တွင် သူတို့သည် လူသားမျိုးနွယ်စုများကို ခြိမ်းခြောက်ရန်အတွက် သူ့အား လူမြင်ကွင်း၌ ရိုက်နှက်ချင်နေကြခြင်းပင်။

“မင်းဘိုးအေလား..” ချူဖုန်း ကျိန်ဆဲလိုက်သည်။ ချူဖုန်း တိတ်တဆိတ်ပင် ချဉ်းကပ်သွားလိုက်သည်။

“ဟေး .. ဒီမှာ ဘယ်လိုလုပ် လူတစ်ယောက်ရှိနေတာလဲ..” သူတို့ထဲမှ လူတစ်ဦး ချူဖုန်းကို တွေ့သွားပြီး အံ့အားတကြီး ပြောလာသည်။

“သူ့ကို ဘာလို့ အရမ်းရင်းနှီးနေသလို ခံစားနေရတာလဲ..” သူတို့ထဲမှ တစ်ဦး ချူဖုန်းကို လက်ညှိုးထိုး၍ ပြောလာသည်။ “မင်း .. မင်းက ချူဖုန်းပဲ .. မင်း အသက်ရှင်နေတုန်းပဲ..”

ဝှစ် ဝှစ် ဝှစ် ဝှစ်…

သူတို့လေးဦး တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြသည်။ သူတို့သည် ချူဖုန်းကိုတွေ့လျှင် သေအောင်ရိုက်ပစ်မည်ဟု လေကြီးမိုးကြီး ပြောနေသော်လည်း ချူဖုန်း ရုတ်တရက်ပေါ်လာသည်နှင့် အားလုံး ထွက်ပြေးကုန်ကြတော့သည်။

ထိုလေးဦးမှာ တိုင်လုံးကြီးများမြှုပ်ထားသည့် နေရာအား ရှောင်ကွင်းသွားသည်ကို ချူဖုန်း သတိပြုမိသွားသည်။

သူ ရန်သူများကို မကြောက်သော်လည်း မလိုအပ်ပဲ မစွန့်စားချင်။ ထို့ကြောင့် သူလည်း ထိုနေရာသို့ ခြေတစ်လှမ်းမှ မချပဲ ရှောင်ကွင်းသွားလိုက်သည်။

ဗိုလ်ချုပ်လေးဦး၏ အမူအရာ ပြောင်းလဲသွားသည်။ ချူဖုန်း ထိုကြေးတိုင်များကို တွေ့ပြီးသွားလောက်ပြီဖြစ်ကြောင်း သူတို့သိလိုက်ရသည်။

“ငါတို့ သူ့ကို တိုက်ပဲတိုက်ရတော့မယ် .. ဒီနတ်ဆိုးဘုရင်ချူကို သတ်လိုက်ကြစို့..” သူတို့ထဲမှတစ်ဦး ဟစ်ကြွေးလိုက်သည်။ ကျန်သည့်သုံးဦးလည်း တစ်ပြိုင်တည်း ခေါင်းညိမ့်ပြလိုက်ပြီး ချူဖုန်းထံသို့ ပြန်ပြေးလာကြသည်။

“ခင်ဗျားတို့ရဲ့ အစွမ်းအစလေးနဲ့ ကျုပ်ကို လာတိုက်ရဲတယ်ပေါ့..” ချူဖုန်းမျက်နှာထက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ဤလေးဦးမှာ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချူဖုန်းနှင့် မယှဉ်နိုင်ကြ။

“မင်းကိုယ်မင်း ဘာထင်နေတာလဲ… ရေအောက်မျိုးနွယ်စုအတွက်တော့ ကုန်းမြေပေါ်က သက်ရှိတွေ၊ ကျွမ်းကျင်သူတွေအားလုံးကို လွယ်လွယ်လေး ဖိနှိပ်နိုင်တယ်..”

ဝုန်း..

လေးဦး တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။

ချူဖုန်း သူ့အင်အားကို သေချာတိုင်းတာလိုက်ပြီး ရှင်းယီကျားပုံစံကို အသုံးပြုလိုက်သည်နှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။

ရှေးခေတ်ကျားတစ်ကောင် အသက်ဝင်လာသကဲ့သို့ ချူဖုန်း သူတို့လေးယောက်ထဲမှ တစ်ယောက်ထံသို့ ခုန်အုပ်လိုက်သည်။

ဖူး..

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုလူ၏ လက်မောင်းတစ်စစီပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားပြီး အော်ဟစ်သံများလည်း ထွက်ပေါ်လာသည်။

ထို့နောက် ချူဖုန်း ဝက်ဝံပုံစံသို့ ပြောင်းလိုက်ပြီးနောက် မြေကြီးရောင်အလင်းများကြားမှပင် အစောပိုင်းက ဒဏ်ရာရသွားသည့်လူကို ထပ်မံရိုက်ထည့်လိုက်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” ကျန်သည့်သုံးဦးမှာ ချူဖုန်း၏စွမ်းဆောင်ရည်များကို ထိတ်လန့်သွားကြလေ၏။ တစ်ဖက်လူမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကဲ့သို့ စွမ်းအားကြီးနေသည်။

သူတို့သိထားသည့်အတိုင်းဆိုလျှင် ချူဖုန်းသည် အချုပ်အနှောင်လေးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူသာ ဖြစ်သင့်သည်။ သို့သော် ယခုတော့ နဂါးနက်အိမ်ရှေ့စံမင်းသားပင် သူ့ပြိုင်ဘက်မဖြစ်နိုင်တော့သည့်ပုံပင်။ သူတို့သတင်းမှားနေတယ်…

“ပြေး..”

ကျန်နေသည့် ဗိုလ်ချုပ်သုံးဦးသည် မတိုက်ခိုက်ကြတော့ပဲ တစ်ဖက်လှည့်ကာ ထွက်ပြေးကြတော့သည်။

“ခင်ဗျားတို့ လွတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား..” ချူဖုန်း နှာခေါင်းရှုံ့လိုက်သည်။ အသံထက် ငါးဆခွဲမြန်သည့်နှုန်းဖြင့် သူတို့နောက်လိုက်နေသည့် ချူဖုန်းထံမှ သူတို့ဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း..

စန်းချင်တောင်၏ အဓိကတောင်ထိပ်တွင်..

ဟိန်းထုန်သည် ယခုမှ မျက်လုံးသုံးလုံးနှင့်လူကို လိုက်ပို့ပြီး နေပူဆာလုံနေသည်။

ရေနဂါးများမှာ နေ့အလင်းရောင်၏ နွေးထွေးမှုကို အထူးနှစ်ခြိုက်ကြသည်ပင်။ ယခုအချိန်တွင် သူ အလွန် သက်တောင့်သက်သာဖြစ်နေသည်ပင်။

ထို့နောက် သူ့မူလပုံစံကို ဖော်ထုတ်လိုက်သည်။ မီတာတစ်ရာရှည်သည့် ခန္ဓာကိုယ်ကြီးသည် တောင်ထိပ်၌ ဆန့်တန်းနေပြီး ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ တွဲလောင်းကျနေသည်။ နေရောင်ဖြာကျလာသည်နှင့် သူ၏အနက်ရောင်ခန္ဓာကိုယ် တောက်ပလာပြီး အကြေးခွံများမှာလည်း ရွှေနက်ဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပလာသည်။

ဤမျှရှည်လျားလှသည့် မြွေနဂါးတစ်ကောင် တောင်တစ်တောင်ကို ရစ်ပတ်နေသည်မှာ ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။ သာမန်လူသာဆိုလျှင် လန့်ပြီး သတိလစ်သွားလောက်သည်။

ရန်သူ ချဉ်းကပ်လာနေသည်ကို သူမသိသေး။ ကျွမ်းကျင်သူတစ်ယောက်လာလျှင်ပင် သူ မကြောက်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ရေအောက်ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် ကုန်းမြေထက်ရှိ မည်သူ့ကိုမှမကြောက်။

ယခု သူ ပြန်ကောင်းလာပြီဖြစ်သောကြောင့် ပို၍ပင် မောက်မာလာသည်ပင်။

“ဟမ် .. တစ်ခုခုတော့ မှားနေတယ်..”

ဟိန်းထုန်သည် အလွန်အင်အားကြီးသည့်သူဖြစ်သောကြောင့် အဝေးရှိ တောအုပ်မှ အော်သံနှင့် စွမ်းအားကြီးကျွမ်းကျင်သူတစ်ဦး၏ အော်ရာကို ခံစားမိနေသည်။

ဝုန်း..

နဂါးနက် ချက်ချင်း ထခုန်လိုက်ပြီး ကောင်းကင်ကို ဖြတ်သန်းကာ ထိုနေရာသို့သွားလိုက်သည်။

ယခုအချိန်တွင် သူသည် တိမ်များကို ခိုစီးနေသကဲ့သို့ အသံထက် လေးဆမြန်သည့်နှုန်းဖြင့် တောင်ထိပ်တစ်ခုမှ အခြားတစ်ခုသို့ ခုန်ကူးနိုင်သည်ပင်။

ချူဖုန်း၏အရှိန်ကို မယှဉ်နိုင်သော်လည်း ဤသည်မှာလည်း ထိတ်လန့်စရာ ကောင်းလောက်သည့် အရှိန်ပင်။

ခဏကြာပြီးနောက် ၁၀ ကီလိုမီတာပင် မဝေးသည့်နေရာသို့ သူ ရောက်လာသည်။

“ဘာ..”

ထိုအချိန်တွင် လူသားများ ဆံပင်များထောင်ထသွားသကဲ့သို့ သူ့အကြေးခွံအားလုံး ပွင့်ဟလာသည်။ သူ လန့်လည်းလန့်သလို ဒေါသလည်း ထွက်သွားရသည်။

ဗိုလ်ချုပ်လေးဦးသည် တောအုပ်တစ်ခုလုံးကို သွေးများစွန်းထင်းစေပြီးနောက် သေဆုံးနေသည်ကို သူ တွေ့လိုက်ရသည်။ သူတို့အားလုံး မူလပုံစံသို့ ပြန်ပြောင်းသွားကြပြီဖြစ်ပြီး သူတို့သည် ဧရာမငါးမန်းကြီးများပင်။

သူ့ကိုပို၍ ဒေါသထွက်သွားစေသည်မှာ ထိုနေရာ၌ အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်ကို သူတွေ့လိုက်ရသည်ပင်။ ထိုလူမှာ ချူဖုန်းပင်။ သူသည် အသက်ရှင်လျက် ပေါ်လာရုံသာမက သူ့ဗိုလ်ချုပ်လေးဦးကိုလည်း သတ်ပစ်လိုက်သေးသည်။

“ချူဖုန်း..” ဟိန်းထုန် ဒေါသတကြီး ပြောလိုက်သည်။

ဟိန်းထုန် သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးကို တောင်တစ်တောင်ကဲ့သို့ ရစ်ခွေလိုက်ပြီးနောက် ချူဖုန်းကို အေးစက်သည့်မျက်လုံးများဖြင့် ငုံ့ကြည့်လာသည်။ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ကောင်းကင်ထက်ထိပင် ရောက်နေလေပြီ.

အဝေးတွင် ချူဖုန်းသည် ငါးမန်းသားကို အေးဆေးကင်နေသည်။ သို့သော် ခဏကြာပြီးသည့်နောက်တွင်တော့ ငါးညှီနံ့မှာ ပြင်းထန်လာသောကြောင့် သူ မျက်မှောင်ကြုတ်လာသည်။

“မဆင်မခြင်လုပ်တဲ့ အရူးကောင်..” သူ့ဒုတိယအစ်ကို၏ လက်အောက်ငယ်သားများ သူ့ရှေ့၌ ကင်စားခံနေရသည်ကို မြင်လိုက်ရသည့်အချိန် သူ ပို၍ ဒေါသထွက်လာရသည်။

“ထွက်သွားလိုက် .. ငါ့မနက်စာကို လာမနှောက်ယှက်နဲ့..” ချူဖုန်း ထပင်မထ။ သူ့ငါးမန်းသားကိုသာ ဆက်ကင်နေလိုက်သည်။

“မင်းက သေချင်နေတာပဲ..” ဟိန်းထုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ယခင်တိုက်ပွဲတွင် သူ နှစ်ပိုင်းဖြတ်ခံရလုနီးပါးဖြစ်ခဲ့ကတည်းက ချူဖုန်းကို မုန်းတီးနေခြင်းပင်။ ထိုအချိန်တုန်းက သူ ချူဖုန်းကို မသတ်နိုင်ခြင်းမဟုတ်။ သူ ဒဏ်ရာများ ရှိနေသောကြောင့်သာ။

ယခု သူ အပြည့်အဝ ပြန်ကောင်းလာပြီဖြစ်သောကြောင့် ချူဖုန်းကို တစ်စစီလုပ်ပစ်ရန် မစောင့်နိုင်တော့။

သို့သော် ချူဖုန်း လုပ်နေသည့်ပုံမှာ သူ့ကို အတော်လေး တုန်လှုပ်သွားစေသောကြောင့် သူ အလောတကြီး မတိုက်ရဲသေး။

“အဟွတ်..” ချူဖုန်း သီးမလိုဖြစ်သွားပြီး မျက်ရည်များ ကျလာသည်။

ဘာဖြစ်သွားတာလဲ.. ဟိန်းထုန် ကြောင်အသွားရ၏။

တစ်ကိုက်ကိုက်လိုက်ပြီးနောက် အရသာကို သည်းမခံနိုင်သောကြောင့် ချောင်းခြောက်ဆိုးလာပြီး ချက်ချင်း ပြန်ထွေးထုတ်လိုက်သည်။ အရသာက…

အရသာမှာ သူ့အစာအိမ်ကို ပြောင်းပြန်လှန်ပစ်လိုက်သည်ပင်။ အရသာမှာ ချဉ်ချဉ်ခါးခါးနှင့် အလွန်ညှီနံ့နံနေသေးသည်။ သေးနံ့ပင် ရနေသည်။

“သောက်ဘိုးအေပဲ..” သူ တကယ်ကို တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်လာသည်။ သူ ဘယ်တုန်းကမှ ဤမျှအရသာဆိုးရွားသည့် ဘုရင်အသားကို မစားဖူး။

ချူဖုန်း သည်းမခံနိုင်တော့ပဲ ငါးမန်းသားကို မီးပုံထဲ ပစ်ထည့်လိုက်ကာ ဖုန်းထုတ်လိုက်ပြီး ဤအသား အဘယ်ကြောင့် ဤမျှရွံစရာကောင်းနေသည်ကို ရှာဖွေလိုက်သည်။

ခဏကြာပြီးနောက် သူ သတင်းအချက်အလက်များ ရှာတွေ့သွားကာ သူ့မျက်နှာတစ်ခုလုံး စိမ်းဖန့်လာသည်။ သူ ယခုတော့ လုံးဝနောင်တရနေလေပြီ။ အဘယ်ကြောင့်ဆိုသော် ငါးမန်းများသည် ခန္ဓာကိုယ်မျက်နှာပြင်မှ ဆီးစွန့်ကြသောကြောင့် သူ့အသားထဲတွင် ဆီးပမာဏ အတော်များများရှိနေသောကြောင့် အသားနံ့လည်း ဆီးနံ့ရနေခြင်းပင်။

ဝေါ့…

ချူဖုန်း နောက်တစ်ခေါက် ထပ်အန်လိုက်သည်။

ယခုအချိန်တွင် သူ အတော်လေး မသက်မသာ ခံစားနေရပြီး ထပ်ခါတလဲလဲ ချောင်းဆိုးနေရသောကြောင့် မျက်ရည်များပင် စီးကျလာသည်။

“ချီးပဲ .. ချီးပဲ..” ချူဖုန်း အော်ဟစ်လိုက်သည်။

“ဟိန်းထုန် သောက်ကောင် .. မင်း ငါ့ကို အန္တရာယ်ပေးဖို့အတွက် ဒီငါးမန်းလေးကောင်ကို တမင်သက်သက်ရှာလာခဲ့တာမလား..” ချူဖုန်း အော်ဟစ်လိုက်ပြီး သူနှင့်တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

ဟိန်းထုန် ကြောင်အသွားရသည်။ သူ့ကိုလာကူညီသည့်သူလေးယောက် အသတ်ခံလိုက်ရသောကြောင့် ဒေါသထွက်ရမည့်သူမှာ သူဖြစ်သင့်သော်လည်း သူ့ဒေါသများ မထုတ်ပြရသေးခင်မှာပင် ထိုကောင်သည် သူက မတရားခံရသည့်သူကဲ့သို့ အော်ဟစ်နေသည်။ ဟိန်းထုန် သည်းမခံနိုင်တော့ပဲ ရန်သူကို သတ်ပစ်ရန် တရှိန်ထိုး ပြေးသွားလိုက်သည်။

“မျိုးရိုးနာမည်ချူနဲ့ကောင် .. သေဖို့ပြင်ထားလိုက်..”

“မြွေနက်ကြီး မင်းကမှ သေသင့်တဲ့သူ .. မင်းက ငါ့ကို ဒီလိုမျိုး ရန်လုပ်ရဲတယ် .. ငါ မင်းကို ရိုက်သတ်ပစ်မယ်..” ချူဖုန်း တကယ်ကို ဒေါသထွက်နေပြီဖြစ်သည်။ သူ့မျက်ရည်များကို သုတ်လိုက်ပြီး အကြိမ်အနည်းငယ်ခန့် ချောင်းထပ်ဆိုးပြီးသည်နှင့် တိုက်ခိုက်ရန် ပြေးထွက်သွားလိုက်သည်။

အပိုင်း ၂၅၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset