Switch Mode

Chapter – 1936 & 1950

Chapter – 1936 နဂါး

ကျောက်တုံးမြို့တော် ကောင်းကင်ထက်၌ နဂါးတစ်ကောင်ရှိနေသည်။

မြို့ရိုးပေါ်၌ လူတစ်ယောက်နှင့် ခြင်္သေ့တစ်ကောင် ပေါ်လာသည်ကိုမြင်သည်နှင့် သူသည် အဝေးမှ မြို့ရိုးအပြင်ဘက်သို့ ရောက်လာသည်။

နဂါး၏ခန္ဓာကိုယ်မှာ အနီရောင်နတ်ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ အလွန်သန်မာကာ စွမ်းအားကြီးလှသည်။ အနီရောင်အလင်းများလည်း သူ့ခန္ဓာကိုယ် အပြင်ဘက်၌ ဝေ့ဝဲနေသည်။

ထို့အပြင် သူ့ဘေးပတ်လည်တွင် ဖရိုဖရဲစွမ်းအင်များလည်း ရှိနေသောကြောင့် သူ့ကို ပို၍ ထူးခြားသွားစေသည်ပင်။

နဂါးခန္ဓာကိုယ်မှာ သိပ်မကြီး။ ဆယ်ကျန်းသာရှိသည်။ သို့သော် ဤကဲ့သို့သောအော်ရာ၊ ဤကဲ့သို့သော စွမ်းအားမျိုးမှာ လူတစ်ယောက်ကို စိတ်လှုပ်ရှားသွားစေနိုင်သည်ပင်။

သို့သော် ရှီဟောင်၏အတွေ့အကြုံမှာ များပြားနေပြီဖြစ်သည်။ သူ မတွေ့ကြုံဖူးသည့်အရာ ဘာများရှိတော့မည်နည်း.. နဂါးအစစ်နှင့် တစ်ညီတည်းဖြစ်ခဲ့သည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်ကိုပင် သူ တူးထုတ်ခဲ့သည့်အပြင် တစ်ဖက်လောကတွင် ပျက်စီးနေသည့်သွေးဖီးနှစ်နှင့်ပင် တိုက်ခိုက်ခဲ့သည်။

သူသည် လကျောက်စိမ်းယုန် ခေါင်းဦးအဖြစ် သယ်သွားလေ့ရှိသည့် သွေးသန့်စင်သည့် ချီလင်းလေးကိုပင် ခေါင်းပုတ်ခဲ့ဖူးသည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုတွင် ထာဝရသားရဲအငယ်နှစ်ကောင် ရှိနေပြီဖြစ်ပြီး ထိုနှစ်ကောင်လုံးနှင့် ရှီဟောင် စနောက်ဖူးသည်။ ထို့ကြောင့် သူသည် ရက်စက်သည့်သားရဲ ဆယ်မျိုး၏ မျိုးဆက်များနှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။

ဝေါင်း..

ထိုအနီရောင်ခြင်္သေ့ကြီး ရှီဟောင်ကို ဟစ်ကြွေးလိုက်သည်။ သူ၏အော်သံမှာ လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။

အင်ပါယာမြို့ရိုးများပင် တုန်ခါသွားသည်အထိပင်။ သိထားရမည်မှာ ဤနေရာ၌ နတ်အဆင့်အစီအရင်များ ရှိနေသည်ပင်။ ဤနေရာသည် ကျောက်တိုင်းတိုင်းပြည်၏ အရေးအကြီးဆုံးနေရာဖြစ်သော်လည်း ပြင်းထန်စွာ တုန်ခါသွားဆဲပင်။

အစီအရင်သာ ရှိမနေပါက နန်းတော်ကြီးများ ပျက်စီးသွားလောက်သည်။

“မရိုးရှင်းဘူးပဲ .. ငါ ထွက်သွားတဲ့နှစ်တွေမှာ အဆင့်နိမ့်နယ်မြေမှာ ထူးခြားတဲ့သူအချို့ ပေါ်လာခဲ့တာပဲ..” ရှီဟောင် ထိုသူကိုကြည့်ကာ ခေါင်းညိမ့်လိုက်၏။

ဤလူမည်သူဖြစ်သည်ကို သူသိသည်။ အဘယ်ကြောင့်ဆိုသော် သူ ဤလူကို ယခင်က တွေ့ဖူးသည်ပင်။

သို့သော် သူတွေ့ခဲ့စဉ်က ဤလူသည် လူသားပုံစံလူငယ်လေးပင်။ ယခုပုံစံမဟုတ်။

“အစ်ကိုလေး .. မြို့ရိုးအပြင်ဘက်မှ ရပ်နေတဲ့ ဒီနဂါးပဲ .. သူက သူ့ကို ကျောက်တုံးကျေးရွာခေါ်သွားပေးဖို့ ပြောနေတာ .. သူက ကျောက်တုံးကျေးရွာက ကျွမ်းကျင်သူတွေအားလုံးကို စိန်ခေါ်ချင်တယ်တဲ့..” ချင်းဖန်း ပြောလိုက်သည်။

သူသာ သဘောမတူလျှင် ဤအနီရောင်နဂါးကြီးသည် အင်ပါယာမြို့တော်ကို တိုက်ခိုက်မည်ပင်။ ထို့ကြောင့် ချင်းဖန်း ကျောက်တုံးကျေးရွာသို့ မသွားနိုင်ပဲ ဤနေရာ၌ နေနေရသည်ပင်။

မည်သို့ပင်ဖြစ်စေ သူသည် ကျောက်တုံးကလန်၏ ဘိုးဘေးမြေကို ဖော်ထုတ်မည်မဟုတ်။ သူနှင့် ရှီဟောင်နှစ်ဦးလုံးမှာ ထိုနေရာကို သန့်စင်သည့်မြေအဖြစ် သတ်မှတ်ထားကာ လောကီရေးရာကိစ္စများမှ ကင်းကွာအောင် ထားထားသည်ပင်။

အပြင်ဘက်၌ မည်သည့်ကိစ္စရှိရှိ ထိုနေရာသို့ မီးပွားများ မကူးစက်အောင် ကာကွယ်ထားမည်ပင်။

“ကဲဂုလား..” ရှီဟောင် ကောင်းကင်ထက်ရှိ ထိုအနီရောင်နဂါးကြီးထံသို့ သွားလိုက်သည်။

ဆယ်ကျန်းရှည်သည့် နဂါးကြီး၏မျက်လုံးများမှာ အေးစက်နေသည်။ နီရဲနေသည့် အကြေးခွံများမှာ အလွန်မာကျောလှပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။ သူ၏လက်သည်းများမှာလည်း ထက်ရှလှသောကြောင့် လေဟာနယ်ကိုပင် အလွယ်တကူ ပျက်ပြားသွားစေနိုင်သည်။

သူ၏ဦးခေါင်းထက်တွင် အနီရောင်ဦးချိုတစ်စုံလည်းရှိနေက တာအိုသင်္ကေတများ စီးဆင်းနေသည်။ ကြည့်လေလေ ဤအကောင်ကြီးမှာ နဂါးနှင့်တူလေလေပင်။

“ငါပဲ..”

ထိုသားရဲကြီး ပြောလာ၏။ သူ၏အသံမှာ အတော်လေး နူးညံ့လှသည်ပင်။

ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ဤသည်မှာ သူ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ တွေ့ခဲ့သည့် ကဲဂုပင်။

စီရင်စုသုံးထောင်၌ ရှိနေစဉ်က သူသည် လျှို့ဝှက်ချက်အချို့ကို သိရရန်အတွက် ဝိညာဉ်နယ်မြေမှ တစ်ဆင့် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေသို့ ဝင်သွားခဲ့သည်။ ပို၍အရေးကြီးသည်မှာ ငှက်ဖိုးဖိုးနှင့် ဒင်္ဂါးအကြီးအကဲထံမှ အဖိုးတန်ပညာသွားတောင်းခြင်းပင်။

ထိုနေ့က ကဲဂုသည် ရှီဂုဟုခေါ်သည့်လူငယ်လေးတစ်ဦးနှင့် အကြိတ်အနှယ်တိုက်တော့မည်ပင်။ သို့သော် ရှီဟောင် ရုတ်တရက်ပေါ်လာကာ သူတို့နှစ်ဦးကို ဖိနှိပ်ခဲ့သည်ပင်။

“နှမြောစရာပဲ နည်းနည်းလိုသေးတယ် .. ငါက မင်း နဂါးအစစ်ထင်နေတာ” ရှီဟောင် သူ၏ခန္ဓာကိုယ်ကို သေချာစစ်ဆေးပြီးနောက် ဤသည်မှာ ပြီးပြည့်စုံသည့် ပြောင်းလဲမှုမဟုတ်သေးသည်ကို တွေ့လိုက်ရသည်။

“ခင်ဗျား ဘယ်သူလဲ .. မြန်မြန်ဖယ်လိုက်စမ်း .. ကျောက်တုံးတိုင်းပြည်ရဲ့ ဧကရာဇ်ကို ခေါ်လာခဲ့ .. ကျုပ်ကို ကျောက်တုံးကျေးရွာကို ခေါ်သွားပေး .. ကျုပ် သူတို့ကို စိန်ခေါ်ချင်တယ်..” ကဲဂု ပြောလိုက်သည်။ နဂါးခန္ဓာကိုယ်ကြီး လှုပ်ရှားလာကာ လေပြင်းများ တိုက်ခတ်အောင် လုပ်လိုက်သည်။

“သူက အရင်တုန်းက ကျောက်တုံးလေးကို ရှုံးခဲ့တာကို ဝန်မခံချင်‌သေးဘူး .. သူက ကျောက်တုံးကျေးရွာက ကျင့်ကြံသူတွေကို စိန်ခေါ်ချင်နေတာ” စစ်ဘုရင် ရှီဟောင်ကို ရှင်းပြလိုက်သည်။ ဤအကြီးအကဲသည် ရှီဟောင် နံဘေး၌ အမြဲတမ်း ရှိနေခဲ့ကာ ချင်းဖန်းကိုလည်း လေးနက်စွာ ကူညီပေးနေခဲ့သည်ပင်။

ရှီဟောင် ဤလူကို ကျေးဇူးတင်မိသည်ပင်။ သူပြုံးကာ သူ့လက်ကို စစ်ဘုရင်ပုခုံးထက်သို့ တင်လိုက်၏။ နတ်အလင်းများ တောက်ပလာကာ သူ၏သွေးကြောများထဲသို့ တရှိန်ထိုး‌ပြေးဝင်သွားကာ သူ၏အတွင်းဒဏ်ရာများအားလုံးကို ကုသပေးလိုက်သည်။

ဤသည်မှာ စစ်ဘုရင်ကို အတော်လေး ထိတ်လန့်သွားစေသည်။ သူ နိဗ္ဗာန်ဆေးလုံးကို သောက်ကာ အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ်သို့ ရောက်ခဲ့သော်လည်း ဤသည်မှာ သူကိုယ်တိုင် ကျင့်ကြံပြီး ရလာသော ကျင့်ကြံဆင့်မဟုတ်။ နောက်ပိုင်း သူ အဆင့်တက်ရန် ကြိုးစားလာသည့်အချိန်တွင် အမြဲတမ်းရှုံးနိမ့်ခဲ့ကာ အတွင်းဒဏ်ရာများ ရရှိခဲ့သည်ပင်။

သို့သော် ရှီဟောင် သူ့ပုခုံးပေါ်သို့လက်တင်လိုက်သည်နှင့် သူ၏ဒဏ်ရာများအားလုံး ပျောက်ကွယ်သွားသည့်အပြင် သူ၏မှော်ခွန်အားလည်း တစ်ဆင့်တက်သွားကာ သူ အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

“လက်စသပ်တော့ မင်းက ငါ့အတွက်လာတာကိုး..” ရှီဟောင် ရယ်မောလိုက်၏။

ချင်းဖန်း ခေါင်းညိမ့်လိုက်၏။ ဤသည်မှာ အမှန်တရားပင်။ ကျောက်တုံးလေး ထွက်သွားပြီဖြစ်သော်လည်း သူ့နာမည်မှာ ကျန်ရှိနေဆဲပင်။ နောက်ပိုင်း လူအချို့ သူ့ကိုစိန်ခေါ်ချင်သော်လည်း သူ့ကို ရှာမတွေ့ကြတော့။

ထို့ကြောင့် အချို့လူများသည် ကျောက်တုံးကျေးရွာကို မျက်စိကျလာကာ ထိုနေရာသို့ သွားချင်လာကြသည်။

“ခင်ဗျား ဘယ်သူလဲ .. ခင်ဗျားကဘာလို့ အရင်တုန်းကကျောက်တုံးလေးနဲ့ နည်းနည်းလေး တူနေရတာလဲ..” ကောင်းကင်ထက်ရှိ နဂါးကြီးမှာ ရုတ်တရက်ပင် မျက်လုံးများ ပြူးကျယ်လာကာ တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်လာသည်။

“ကျောက်တုံးလေးနဲ့ သွေးမျိုးဆက် တူတဲ့သူလား ..” သူ ရှီဟောင်၏ ခန္ဓာကိုယ်အစစ်ကို မမြင်ဖူးသေး။ ပုံထဲတွင်သာ တွေ့ဖူးသည်ပင်။

ကျောက်တုံးလေး ပြန်လာမည်ဟု သူမယုံကြည်သောကြောင့် ဤသည်မှာ ရှီဟောင်၏ ညီလေး သို့မဟုတ် တစ်ယောက်ယောက်ဖြစ်လိမ့်မည်ဟု သူ ယုံကြည်နေသည်ပင်။

အဓိကအကြောင်းပြချက်မှာ လက်ရှိရှီဟောင်သည် အလွန်ငယ်ရွယ်နေသည်ပင်။ ဆယ်နှစ်ကြာပြီးသည့်နောက်တွင် ရှီဟောင်မှာ ရင့်ကျက်သည့်သူတစ်ဦးသို့ ပြောင်းလဲသွားလောက်လေပြီ။

“ကျောက်တုံးလေးကလန်ကလူတွေ .. ထွက်လာပြီး ငါနဲ့တိုက်..” နဂါးကြီး အော်ဟစ်လိုက်သည်။

ဒီနဂါးက ကျောက်တုံးလေးကို မုန်းနေတာလား.. ရှီဟောင် ထိတ်လန့်သွားရသည်။

“ရဲတင်းလိုက်တာ .. ကျောက်တုံးလေး နာမည်က မင်းလျှောက်အော်လို့ရတဲ့ နာမည်မဟုတ်ဘူး..” ကျောက်တုံးတိုင်းပြည်မှ ဗိုလ်ချုပ်တစ်ဦး အော်ဟစ်လိုက်သည်။

“အရှုံးသမားဗိုလ်ချုပ်တစ်စုကများ ကျုပ်ကို မလေးမစားဆက်ဆံရဲတယ်ပေါ့ .. ကျောက်တုံးလေးနဲ့ သက်ဆိုင်တဲ့သူကို ထွက်လာခိုင်းလိုက်..” အနီရောင်နဂါးကြီး အော်ဟစ်လိုက်သည်။ သူသည် အစောပိုင်းကမှ ကျွမ်းကျင်သူတစ်စုအား အနိုင်ယူထားခြင်းပင်။

သူသည် အဆင့်လွန်ကျွမ်းကျင်သူနယ်ပယ် ကျင့်ကြံသူဖြစ်သော်လည်း နဂါးအစစ်သွေးရှိနေသောကြောင့် အခြားသူများနှင့်မတူ။

ထို့အပြင် ရှီဂုဟုခေါ်သည့်လူငယ်နှင့်တွဲလိုက်လျှင် သူတို့နှစ်ယောက်သည် ယခင်က ကျောက်တုံးညီအစ်ကိုနှင့် ယှဉ်နိုင်သည်ဟု ကောလဟာလများ ရှိနေသည်ပင်။

ရှီဟောင် လက်ဝေ့ရမ်းလိုက်ကာ အားလုံးကို တိတ်တိတ်နေခိုင်းလိုက်သည်။ သူသည် လေဟာနယ်ထဲသို့လျှောက်သွားကာ အနီရောင်နဂါးကဲဂုထံသို့ လမ်းလျှောက်သွားလိုက်သည်။

“ငါ မင်းကို တစ်ကိုက်တည်းနဲ့ကိုက်စားပစ်ချင်နေတာ” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။ သူသည် ဤနဂါးလေး၏ကျင့်ကြံဆင့်ကို တကယ်ကို အထင်သေးနေသည်ပင်။ သူ၏သွေးမျိုးဆက်ကတော့ ထူးခြားနေသည်ဟု ခံစားရသည်ပင်။

မြို့ရိုးထက်မှ လူအားလုံး ထူးဆန်းသည့်အမူအရာ ဖြစ်သွားကြသည်။ လူသားဧကရာဇ်ငယ်ရဲ့ စီးတော်ယာဉ်ကတောင် နဂါးကို သတ်ချင်နေတာလား..

တစ်ချိန်တည်းမှာပင် လူအချို့မှာ စိတ်လှုပ်ရှားသည့်အမူအရာများ ဖြစ်ပေါ်လာသည်။ ဤလူငယ် မည်သူဖြစ်ကြောင်း ထိုနဂါးမသိသော်လည်း သူတို့အားလုံးသိကြသည်။ သို့သော်လည်း သူတို့သည် တစ်ဖက်လူကို အသိမပေးပေ။ လူသားဧကရာဇ်ငယ် တိုက်ခိုက်သည်ကို သူတို့ကြည့်ချင်သည်။

အချို့သူများသည်လည်း စိတ်ထဲ ရှုပ်ထွေးနေကာ မသက်မသာခံစားနေကြသည်ပင်။ ရှီဟောင် ပြန်လာသောကြောင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်ပင်။

ရှီဟောင် ရွှေရောင်ခြင်္သေ့ကို ဘေးဘက်သို့ ကန်ပစ်လိုက်သည်။ သူ နဂါးတစ်ကောင်ကို မသတ်ချင်။ ဖမ်းရုံသာ ဖမ်းချင်သည်။ ယခု သူ လက်တစ်ဖက်လှမ်းကာ ထိုနဂါးကို လှမ်းဖမ်းလိုက်သည်။

ဂါး..

နဂါးကြီးသည် တရှိန်ထိုးပင် ပြေးဆင်းလာလေ၏။ သူ၏နဂါးဦးချိုုတစ်စုံမှ တာအိုသင်္ကေတများ တောက်ပလာကာ သူ့ရှေ့မှ ပြိုင်ဘက်ကို တိုက်ခိုက်လာသည်။

ကံမကောင်းစွာဖြင့် သူ ရှီဟောင်နှင့် တွေ့သွားသည်။ သူတို့နှစ်ဦးကြားမှ ကျင့်ကြံဆင့်မှာ ကွာခြားလှသည်။

ဖုန်း..

ရှီဟောင် တစ်ချက်တည်းဖြင့် သူ့လက်ကို ဖမ်းလိုက်သည်။

မြို့ရိုးပေါ်ရှိ လူများအားလုံး တုန်လှုပ်သွားကြရသည်။ ကျောက်တုံးလေး မည်မျှစွမ်းအားကြီးသည်ကို သူတို့မျက်ဝါးထင်ထင် မြင်လိုက်ရလေပြီ။

သူက နတ်ဘုရားအစစ်ဖြစ်သွားပြီလား..

ကျင့်ကြံသူများအတွက်တော့ ဆယ်နှစ်ဆိုသည်မှာ မကြာပေ။ သူတို့အမြင်တွင် ရှီဟောင် စွမ်းအားကြီးလျှင်ပင် နတ်ဘုရားအစစ်အဆင့်မှာ အမြင့်ဆုံးပင်။

ဂါး..

နဂါးကြီး ဟစ်ကြွေးလိုက်သည်။

သူ ဒေါသထွက်နေသလို အလွန်လည်း ထိတ်လန့်မိသည်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ သူ့အားဖိနှိပ်ခဲ့သည့်သူမှန်း မှတ်မိသွားသည်။

ထိုအချိန်က ရှီဟောင် သူ၏ပုံစံအမှန်ကို မပြခဲ့ပေ။

သို့သော် ဤနဂါးကြီး၏ မသိစိတ်မှာ စွမ်းအားကြီးလှသည်ပင်။

“ခင်ဗျားက ကျောက်တုံးလေးအစစ်ပဲ..” ထိုနဂါးအော်ဟစ်လိုက်သည်။

ယခုတလော သူ၏ဒေါသများကို ဖိနှိပ်ထားခဲ့ရသည်ပင်။ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ ထိုလူ၏ဖိနှိပ်ခြင်းကို ခံရပြီးနောက် ထိုလူမည်သူဖြစ်သည်ကို ဒင်္ဂါးအကြီးအကဲအား မေးမြန်းခဲ့သည်။

သို့သော် ဒင်္ဂါးအကြီးအကဲသည် အသေးစိတ်မပြောပြပဲ ထိုလူသည် အဆင့်မြင့်နယ်မြေမှလာသည့်သူဖြစ်ကြောင်း၊ သူ၏ဝိညာဉ်သာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေကိုပြန်လာနိုင်ပြီး သူ၏ခန္ဓာကိုယ်အစစ်မှာ ပြန်မလာနိုင်ကြောင်းသာ ပြောခဲ့သည်ပင်။

ထိုလူမှာ ကျောက်တုံးလေးဖြစ်လိမ့်မည်ဟု သူအစကတည်းက သံသယဝင်ခဲ့ခြင်းပင်။ ထို့ကြောင့်လည်း သူ ကျောက်တုံးတိုင်းပြည်သို့လာကာ ကျောက်တုံးကလန်ကို ရန်လာစခြင်းပင်။

“ဟုတ်တယ် .. ငါပဲ..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ “ငါတို့ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေမှာ တွေ့ဖူးတယ်လေ .. မင်းငါ့ကို ဆရာအဖြစ် သတ်မှတ်ချင်ပြီလား..”

မြို့ရိုးပေါ်ရှိ လူအားလုံး ထိတ်လန့်သွားကြရသည်။ စွမ်းအားကြီးတဲ့နဂါးကိုတောင် ကျောက်တုံးလေးက ဒီလိုမျိုးလက်တစ်ဖက်နဲ့ ကောက်ကိုင်လိုက်တာလား..

အချို့ ဗိုလ်ချုပ်ကြီးများနှင့် အစောင့်များသည် အလွန်စိတ်လှုပ်ရှားလာကာ ကျောက်တုံးဧကရာဇ်အား ချီးကျူးလာကြသည်။

ရွှီး..

မူလဝိညာဉ်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ပျံသန်းသွား၏။ ထိုဝိညာဉ်သည် နဂါးကြီး၏ ဦးခေါင်းမှ ထွက်ပေါ်လာခြင်းပင်။

“ဟမ် .. နည်းနည်းထူးဆန်းနေတယ်..” ရှီဟောင် အံ့အားသင့်သွားရသည်။

ရွှေရောင်ခြင်္သေ့ ထိုဝိညာဉ်နောက် လိုက်ရန်ပြင်လိုက်သော်လည်း ရှီဟောင်၏တားဆီးခြင်းကို ခံလိုက်ရသည်။ “သူ့ကို ပြေးခွင့်ပေးလိုက်..”

အဘယ်ကြောင့်ဆိုသော် ထိုမူလဝိညာဉ်ထွက်သွားပြီးနောက် ကျန်နေခဲ့သည့် နဂါးအခွံတွင် နဂါးအစစ်စွမ်းအင်များစွာ ရှိနေသည်ပင်။ ဤနဂါးသည် အခွဲမိသားစုမှမဟုတ်။ နဂါးအစစ်၏ တိုက်ရိုက်မျိုးဆက်ပင် ဖြစ်လိမ့်မည်။

“အစ်ကိုကြီး ဘာလို့ လိုက်မဖမ်းတာလဲ..” ချင်းဖန်း နားမလည်နိုင်တော့။

“သူ့ကို တမင်သက်သက်လွှတ်လိုက်တာ .. ဒါက နဂါးအစစ် သာမန်သက်ရှိမဟုတ်ဘူး .. ငါတို့ကံကောင်းရင် နဂါးသိုက်ကိုတောင် တွေ့နိုင်တယ်..” ရှီဟောင် ရယ်မောလိုက်သည်။

“သွားကြစို့..” ကျောက်တုံးတိုင်းပြည်မှ အရေးကြီးပုဂ္ဂိုလ်များကို လိုအပ်သည်များ ပြုလုပ်ရန် ညွှန်ကြားပြီးနောက် ချင်းဖန်းနှင့် ရွှေရောင်ခြင်္သေ့ကို သူနှင့်အတူ ခေါ်သွားလိုက်သည်။

“မြန်လိုက်တာ … ဒါက နဂါးအစစ်ထွက်ပြေးတဲ့နည်းလမ်းပဲ .. သူ့ရဲ့ကျင့်ကြံဆင့်က သိပ်မမြင့်ပေမယ့် သူက လျှပ်စီးတစ်စင်းလိုမျိုး လှုပ်ရှားနိုင်တယ် .. သာမန်လူတွေ တကယ် လိုက်မမှီနိုင်ဘူး” ရွှေရောင်ခြင်္သေ့ပင် အံ့အားသင့်သွားလေ၏။

သူတို့လည်း အရှိန်တင်၍ သွားလိုက်ကြသည်။ လီပေါင်း ရှစ်သန်းကို ဖြတ်သန်းပြီးနောက် ထိုမူလဝိညာဉ် တောင်ကြောတစ်ခုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

တစ်ခဏခန့် ရှာဖွေပြီးနောက် ရှေးဟောင်းလှိုဏ်ဂူများအောက်၌ အပေါက်တစ်ပေါက်ရှိနေသည်ကို ရှီဟောင်တွေ့လိုက်ရသည်။

“နဂါးအစစ်အသိုက်..” ရှီဟောင် ခပ်မြန်မြန်ပင် ကောက်ချက်ချလိုက်သည်။

“မူလဖရိုဖရဲနယ်မြေလား..” ရွှေရောင်ခြင်္သေ့ပင် ထိတ်လန့်သွားရသည်။ ဤနေရာမှာ သာမန်မဟုတ်။ သူတို့ ထိုတွင်းပေါက်ထဲသို့ ဝင်လိုက်သည်နှင့် မူလဖရိုဖရဲမြူများ သိပ်သည်းစွာ ထွက်ပေါ်လာသည်ပင်။

ဤနေရာသည် သူ့ကိုယ်ပိုင် လောကလေးတစ်ခု ဖြစ်နေသည်ပင်။

အပိုင်း ၁၉၃၆ ပြီး၏။
Chapter – 1937 နဂါးတွင်းအား ယူခြင်း

မြေအောက်အလွှာမျာ အဖုံးတစ်ခုသာ။ ရှေးဟောင်းဂူကြီး၏အောက်မှာ ပင့်ကူအိမ်ကဲ့သို့ ရှုပ်ထွေးနေသည်ပင်။

သူတို့ ထိုလမ်းအတိုင်း အဆုံးသို့ ဆက်သွားသည့်အချိန်တွင် မူလဖရိုဖရဲမြူများကို တွေ့လိုက်ရသည်။

ဤသည်မှာ ကမ္ဘာငယ်လေးတစ်ခုပင်။

ထို့အပြင် ဤနေရာသည် ယခင်က ချိတ်ပိတ်ထားသည့်နေရာဖြစ်ပြီး ယခုတလောမှ ပြန်ဖြည်ထားခြင်းပင်။ ဤနေရာ၌ ဝင်ထွက်သွားလာနိုင်သည့် အက်ကွဲကြောင်းတစ်ခု ရှီနေသည်။

ချင်းဖန် အလွန် စိတ်လှုပ်ရှားနေရသည်။ ဤသည်မှာ သူနှင့်ရှီဟောင် တောတောင်တစ်ခွင်သို့ လျှောက်သွားကာ ငှက်သိုက်များနှိုက်ပြီး သားရဲဂူများကို တူးခဲ့သည့်အချိန်သို့ ပြန်ရောက်သွားသလိုပင်။

သို့သော် ယခုတော့ သူတို့ နဂါးသိုက်ကို ဓားပြတိုက်နေခြင်းပင်။

ဤဆယ်နှစ်အတွင်းတွင် သူသည် ကျောက်တုံးဧကရာဇ်တစ်ယောက်အနေဖြင့် အရာအားလုံးကို အလေးအနက်ထားကာ ကိုင်တွယ်ခဲ့ရသည်။ လူငယ်တစ်ဦးကဲ့သို့ ပေါ့ပေါ့ပါးပါးမနေခဲ့ရသောကြောင့် သူ၏ဖိနှိပ်ထားသည့်စိတ်များ ပေါ်ထွက်လာသည်။

ယခု ရှီဟောင် နောက်လိုက်သည့်အချိန်တွင် သူသည် မလုပ်သင့်သည်ကို လုပ်သည့်ကလေးဆိုးလေးကဲ့သို့ပင် ခံစားလာရသည်။

“ဒါက တကယ်ကို နဂါးသိုက်ပဲ..” ရွှေရောင်ခြင်္သေ့ပင် အနည်းငယ် ဆွံ့အသွားကာ တုန်လှုပ်သွားရသည်။

ယခင်က သူ ထိုနဂါးလေးကို သိပ်အလေးမထားခဲ့။ သူ၏သွေးမှာ အတော်လေး သန့်စင်သော်လည်း ဖမ်းစား၍ရသေးသည်။

ယခုတော့ ထိုသို့မဟုတ်လောက်တော့။

အက်ကွဲကြောင်းလေးမှတစ်ဆင့် ရှီဟောင် အထဲဘက်မှ မြင်ကွင်းအနည်းငယ်ကို မြင်လိုက်ရသည်။ သူပထမဆုံးမြင်လိုက်သည်မှာ ကျောက်တောင်တစ်ခုဖြစ်ပြီး ထိုထိပ်တွင် အသိုက်တစ်ခု ရှိနေသည်။

ဒါက အင်ပါယာမြို့တစ်ခုမဟုတ်သလို နဂါးနန်းတော်တစ်ခုလည်း မဟုတ်ပဲနဲ့ အသိုက်တစ်ခုလား.. ရှီဟောင်၏မျက်နှာထက်တွင် အံ့အားသင့်သည့်အမူအရာ ဖြစ်ပေါ်လာသည်။

ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ကာ ငှက်သိုက်နှင့်တူသည့် အသိုက်ကိုကြည့်လိုက်သည်။ ထိုအသိုက်ကို နတ်သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အသိုက်မှာ သိပ်မကြီး။

ခဏကြာပြီးနောက် ရှီဟောင်၏ မျက်လုံးများ မှေးကျဉ်းသွားရ၏။ သူ ဥသုံးလုံးကို တွေ့လိုက်ရသည်။ ဥအကြီးဆုံးမှာ မီတာဝက်ခန့် ရှိသည်။ ဥခွံပေါ်၌ နဂါးပုံများ သိပ်သည်းစွာရှိနေကာ အလွန်ရှုပ်ထွေးနေသည်ပင်။

ထိုဥများထဲမှ နဂါးသံများကိုပင် ကြားနေရသည်။

“ဘုရားရေ .. နဂါးအစစ်ဥတွေ တစ်ခါတည်းနဲ့ အများကြီးပေါ်လာတာလား .. ဒါက တကယ် အသိုက်တစ်ခုပဲ..” ရွှေရောင်ခြင်္သေ့ အော်ဟစ်လိုက်သည်။

ဒါက အကျဉ်းထောင်ရှစ်ခုလို့ခေါ်တဲ့ ခေါင်တီးတဲ့ အဆင့်နိမ့်နယ်မြေလေ .. နဂါးအစစ်ဥတွေက ဒီမှာ ရှိနေတယ်..

ရှီဟောင်ပင် စိတ်လှုပ်ရှားသွားရသည်။ သူ နဂါးသိုက်ကို တကယ်တွေ့လိုက်ရသည်။ ထို့အပြင် ဥများမှာ တစ်လုံးမက။

ဥခွံများပေါ်ရှိ နဂါးသင်္ကေတများမှာ ထင်ရှားလှသည်။ ထိုဥများထဲမှ ဥတစ်လုံးမှာ တောက်ပနေသည်။ ထိုဥမှ ရင်းနှီးသည့်အော်ရာ ရနေသည်။ ဤသည်မှာ ကဲဂု၏ဥပင်။ သူ၏မူလဝိညာဉ် ထိုဥထဲ၌ ရှိနေသည်ပင်။

“တစ်ခုခုတော့ မှားနေပြီ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

သူက လောကကြီးထဲမှာ မွေးဖွားလာပြီလေ .. သူကဘာလို့ ဥထဲ ပြန်သွားတာလဲ..

“ကျွန်တော်တို့အခုချက်ချင်း ဝင်ကြမလား..” ချင်းဖန်း သူ၏လက်များကို ပွတ်သပ်ကာ မေးလိုက်သည်။ သူသည် ယခုအချိန်တွင် ကျောက်တုံးဧကရာဇ်နှင့် မတူတော့။

“လောဖို့မလိုဘူး .. မင်း ‘နဂါးချောက်နက်ကျားသိုက်’ ကို မကြားဖူးဘူးလား .. ဒီမှာက သေချာပေါက် အန္တရာယ်များမှာ .. ငါတို့ဝင်သွားရင် ခန့်မှန်းလို့မရနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်” ရှီဟောင် ငြင်းဆန်လိုက်သည်။ သူတို့ ချက်ချင်းဝင်ဖမ်း၍မရ။

ဤနေရာမှာ မတူညီကြောင်း သူအစောကြီးကတည်းက အာရုံခံမိသည်ပင်။ ဤနေရာ၌ အန္တရာယ်ရှိနေသည်။ မဟုတ်ပါက ဤမျှများပြားသည့် နဂါးအစစ်ဥများကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မည်နည်း..

ချင်းဖန်းနှင့် ရွှေရောင်ခြင်္သေ့တို့မှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ သူတို့ ဝင်ချင်နေလေပြီ။

“အရင် ပြန်သွားကြစို့ .. မနက်ဖြန်မနက်စောစောမှ လာခဲ့မယ် .. ငါတို့အထဲဝင်ချင်ရင် ငါတို့တော်တော်လေး အားစိုက်ထုတ်ရလိမ့်မယ်လို့ငါထင်တယ်” ရှီဟောင် ပြောလိုက်သည်။

သူ ရွာမှ ထွက်လာစဉ်က အားလုံး စုဝေးပွဲလုပ်ကာ ပျော်ပွဲရွှင်ပွဲ လုပ်နေကြသည်ပင်။ သူ အကြာကြီးပျောက်သွားပါက သူတို့စိုးရိမ်ကြလိမ့်မည်။

ရှီဟောင် ဤနေရာ၌ အစီအရင်တစ်ခု ချထားပြီး တောင်တန်းတစ်ခုလုံးကို ချိတ်ပိတ်ထားလိုက်သည်။ ထို့နောက် လာရာလမ်းအတိုင်း သူတို့ ပြန်လှည့်လာခဲ့လိုက်သည်။

သူနှင့် ချင်းဖန်းနှစ်ဦးလုံး ရွှေရောင်ခြင်္သေ့ပေါ်၌ ထိုင်လိုက်ကြသည်။ ထိုရွှေရောင်ခြင်္သေ့၏ခန္ဓာကိုယ်တွင် လျှပ်စီးများဝန်းရံနေကာ သူတစ်ချက်ခုန်လိုက်သည်နှင့် လီပေါင်းတစ်ထောင် ရောက်သွားသည်။

ကျောက်တုံးတိုင်းပြည် အင်ပါယာနန်းတော်သို့ ပြန်ရောက်သည်နှင့် ချင်းဖန်းသည် ရိုးရှင်းသည့်ပြင်ဆင်မှုများပြုလုပ်ကာ ရှီဟောင်နှင့်အတူ ကျောက်တုံးကျေးရွာသို့ ချက်ချင်း လိုက်သွားလိုက်သည်။

“အားရားရား .. ဦးလေးချင်းဖန်းနဲ့ ဦးလေးကျောက်တုံးလေး ပြန်လာပြီ..” ကလေးတစ်စု အော်ဟစ်လာကြသည်။

ဤညကတော့ မအိပ်ရတော့။ ကျောက်တုံးကျေးရွာတွင် ပျော်ရွှင်စွာ ဟစ်ကြွေးသံများ ပြည့်နှက်နေပြီး အရသာရှိသည့်အစားအစာလည်း များစွာ ရှိနေသည်။ အဖုံးဖွင့်ထားသည့်ဝိုင်ပုလင်းမှလည်း မွှေးရနံ့များ ပျံ့လွင့်နေသည်ပင်။

ရှီဟောင် အဆင့်မြင့်နယ်မြေမှ ယူလာသည့်ပစ္စည်းအားလုံးကို ဝေမျှပေးပြီးသွားပြီဖြစ်သည်။

“ဦးလေးကျောက်တုံး .. ကျွန်တော်တို့ကိုကျတော့ နေကြာစေ့တစ်စေ့စီပဲ ပေးတာလား..” ကလေးများ ပြောလိုက်ကြသည်။

လက်နက်များ၊ အရိုးစာအုပ်များနှင့် လက်ဆောင်များကို အပုံလိုက်ကြီးပေးသော်လည်း ‘အစားအစာများ’ နှင့် ပတ်သက်လျှင်တော့ သူ အလွန်ဂရုပြုသည်။ သားရဲအသားများကတော့ သူတို့မထိနိုင်မှန်း သူတို့သိသည်ပင်။

သို့သော် ဤသည်မှာ နေကြာစေ့လေးများသာ ဖြစ်သော်လည်း သူ အလွန်ကပ်စေးကုပ်လှသည်။ အချို့ကလေးများ ပွစိပွစိ ပြောနေကြလေ၏။

“မင်းတို့တွေ ဘာနားလည်လို့လဲ .. ဒါတွေက နတ်ခွန်အားမျိုးစေ့တွေ .. အစေ့တစ်စေ့တောင်မှ မင်းတို့မြေကြီးပေါ်လူးလိမ့်နေပြီး တစ်ညလုံး အိပ်မပျော်အောင် လုပ်ဖို့ လုံလောက်နေပြီ” အကြီးအကဲတစ်ဦး ပြုံး၍ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခင်က ရှီဟောင် ဤကဲ့သို့သော ပစ္စည်းမျိုး ယူလာဖူးသည်ပင်။

“နတ်ဆိုးနေကြာဥယျာဉ်က မျိုးစေ့တွေ .. ငါယူလာတဲ့မျိုးစေ့တွေထဲမှာ အားအနည်းဆုံးကတောင် မင်းထက် ကျင့်ကြံဆင့်မြင့်တယ်” ရှီဟောင် ပြောလိုက်သည်။

ထို့နောက် သူတစ်ခဏခန့် တွေးပြီး ပြောလိုက်သည်။ “မဟုတ်သေးဘူး .. ဒီအစေ့တွေကို မစားခင် လှော်ရမယ် .. မဟုတ်လို့ မြေကြီးပေါ် မတော်တဆကျသွားရင် နတ်ဆိုးနေကြာပင် ဖြစ်လာလိမ့်မယ်..”

နတ်ဆိုးနေကြာပင်အချို့ ပြန်ရှင်လာမည်ကို သူကြောက်သည်။ ထိုအပင်များမှ အစေ့များ ထပ်ထွက်လာနိုင်သည်ပင်။

ဖျစ် ဖျစ် ဖျစ်…

သူကိုယ်တိုင် ထိုနေကြာစေ့များအားလုံးကို လှော်လိုက်ကာ နောက်တစ်ကြိမ် ပြန်ဝေပေးလိုက်သည်။

အချို့ကလေးများမှာ သူတို့ကိုယ်တိုင် မစမ်းသပ်ရလျှင် မယုံကြည်သည့်သူများပင်။ သူတို့ ထိုအစေ့ကို စားလိုက်ကြလေ၏။ နောက်ဆုံးတွင်တော့ .. သူတို့ခန္ဓာကိုယ်မှ နတ်အလင်းနှင့် မှော်စွမ်းအားများ ထွက်ပေါ်လာကာ တစ်ရွာလုံး ပတ်ပြေးနေလေ၏။ သူတို့သည် ထိုညတွင် အဆုံးမရှိသည့် စွမ်းအားများ ထွက်ပေါ်လာကာ မရပ်မနားပင် ပြေးနေကြလေသည်။

“ဟား ဟား ..” အရွယ်ရောက်သည့်လူအချို့ ကျယ်လောင်စွာပင် ရယ်မောလိုက်ကြသည်။

ချင်းဖန်း ပြန်ရောက်လာသည့်အချိန်တွင် သူ အံ့အားသင့်စရာကောင်းသည့်အရာမျိုးစုံကို တွေ့လိုက်ရသည်။ နတ်ဆေးပင်များကို တွေ့လိုက်ရသည့်အချိန်၊ ကောင်းကင်နတ်ဘုရားသစ်ပင်များကို ထိကြည့်လိုက်သည့်အချိန်တွင် သူ အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေသည်။

သံသယဖြစ်စရာမလိုအောင်ပင် ထိုညက လူအတော်များများ မူးသွားကြသည်။

နောက်တစ်နေ့တွင် ရှီ‌ဟောင် ချင်းဖန်းနှင့် ရွှေရောင်ခြင်္သေ့ကိုခေါ်ကာ နဂါးသိုက်တူးရန် ပြင်ဆင်လိုက်သည်။

ယခုတစ်ခေါက်တော့ ရှီဟောင်သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် လက်ထဲတွင် ထာဝရဓားနှင့် အက်ကွဲကြောင်းများပြည့်နှက်နေသည့် မည်းနက်နေသည့်အိုးကို ကိုင်ထားကာ ရှေ့ဆုံးမှ လျှောက်သွားလိုက်သည်။

သူတို့ အက်ကွဲကြောင်းလေးမှတစ်ဆင့် ကမ္ဘာငယ်လေးထဲသို့ ဝင်သွားလိုက်သည်။

ရွှီး..

လေထဲတွင် အလွန်ထက်ရှလှသည့် ဓားအလင်းထွက်ပေါ်လာကာ ရွှေနက်အိုးနှင့် ဒုန်းခနဲ ထိခတ်သွားပြီး အိုးကြီးလွင့်ထွက်သွားသည်။

သူတို့ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် သွေးများတစ်စက်စက်စီးကျကာ ပျက်စီးနေသည့် ဦးချိုတစ်ခုကို တွေ့လိုက်ရသည်။ ထိုဦးချိုသည် မှုန်မှိုင်းနေကာ အရောင်မရှိတော့။

“နဂါးဦးချို..”

ရွှေရောင်ခြင်္သေ့ အေးခဲသွားလေ၏။ ဤသည်မှာ ပျက်စီးနေသည့် နဂါးဦးချိုအစစ်ပင်။ ထိုဦးချိုမှ သွေးများ တစ်စက်စက်ကျနေသော်လည်း ထိုသွေးများလည်း လေထဲမှာပင် ပျောက်ကွယ်သွားသည်။

နဂါးသွေးစွမ်းအင်များ ပျောက်ကွယ်သွားပြီမှာ သေချာသည်။ မဟုတ်ပါက အရွယ်ရောက်နေသည့် နဂါးတစ်ကောင်၏ သွေးတစ်စက်မှာ ကြဲယ်များစွာကိုပင် ဖျက်ဆီးပစ်နိုင်သည်။

ဤနေရာမှာ ရှီဟောင် ထင်ထားသည်ထက်ပင် ကြောက်စရာကောင်းနေသည်။

“ချင်းဖန်း အက်ကွဲကြောင်းအပြင်ဘက်မှ ငါ့ကိုစောင့်နေ..” ရှီဟောင် အမိန့်ပေးလိုက်သည်။ ဤနေရာမှာ အန္တရာယ်များလွန်းလှသည်။ တစ်ချက်မှားသွားသည်နှင့် သူသေသွားနိုင်သည်။

သူ ချင်းဖန်းကို အန္တရာယ်မတွေ့စေချင်။

တစ်ခဏခန့် တွေဝေနေပြီးနောက် ချင်းဖန်း အမြန်ပြန်လှည့်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူရှိနေလျှင် ရှီဟောင်ကို နှောင့်နှေးအောင်သာ လုပ်နိုင်မည်ကို သူသိနေသည်ပင်။

နဂါးဦးချိုအစစ်မှ မြင်ကွင်းမျိုးစုံကို ဖန်တီးနေသည်။ သူတို့သည် ရှေးခေတ်မှ နံပါတ်တစ်သားရဲ၏ တိုက်ပွဲမြင်ကွင်းမျိုးစုံကို မြင်နေရသည်။

နဂါးဦးချိုသည် စကြာဝဠာကြီးကို ဖြတ်သန်းကာ မသေမျိုးဘုရင်တစ်ဦးနှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည်။

“သူတို့ပဲ..”

ရှီဟောင်၏အမူအရာ ကြမ်းတမ်းသွားရသည်။ သူ အန်းလန်၏ပုံ၊ ရှုထော်၏လက်နက်နှင့် အနီရောင်ဘုရင်၏ အဖိုးတန်အိုးကို တွေ့လိုက်ရသည်။

ထိုအရာများအားလုံး နံပါတ်တစ်သားရဲ ပတ်ပတ်လည်၌ ရှိနေသည်ပင်။

“စီနီယာ .. ကျွန်တော်က စီနီယာရဲ့ မျိုးဆက်တွေကို အန္တရာယ်ပေးဖို့မဟုတ်ပါဘူး .. သူတို့တွေ ရှင်သန်ကြီးထွားလာနိုင်အောင် ကူညီပေးချင်လို့ပါ..” ရှီဟောင် ရိုးသားစွာပင် ပြောလိုက်သည်။

ထိုပျက်စီးနေသည့်ဦးချိုသည် အက်ကွဲကြောင်းများ ပြည့်နှက်နေပြီဖြစ်ပြီး ပျက်စီးတော့မည်။ ယခုအချိန်တွင် ထိုဦးချိုသည် ဖျော့တော့သည့်အလင်းလေးများ ထုတ်လွှတ်ကာ ရှီဟောင်ထံသို့ ပျံသန်းလာသည်။

ခဏကြာပြီးနောက် ရှီဟောင်နံဘေးတွင် သွေးစစ်ပွဲအလံ၏ပုံရိပ်ယောင်ပေါ်လာသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်ပေါ်၌ ကျန်နေခဲ့သည့် ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စမှ ကျန်ခဲ့သည့်အော်ရာပင်။

ဤမြင်ကွင်းကိုတွေ့သည်နှင့် ပျက်စီးနေသည့်ဦးချိုသည် ဘေးဘက်သို့ ဖယ်ပေးလိုက်ပြီး သူတို့ကို လျှောက်လာခွင့် ပေးလိုက်သည်။

ရွှေရောင်ခြင်္သေ့ စိတ်ထဲ တုန်လှုပ်သွားရသည်။ ရှီဟောင် ကောင်းကင်ဘုံကိုးခုဘက်မှဖြစ်ပြီး ဤနဂါးဦးချိုမှ ခွင့်ပြုလိုက်သောကြောင့်သာမဟုတ်ပါက ဤနေရာ၌ အလွန်အန္တရာယ်များသည့်အဖြစ်အပျက် ဖြစ်လာနိုင်သည်ကို သူသိသည်။

ခွပ်..

လေဟာနယ်တွင် ကျောက်နံရံတစ်ခု ပေါ်လာသည်။ ထိုကျောက်နံရံတွင် အက်ကွဲကြောင်းများရှိနေသော်လည်း ထာဝရရှေးဟောင်းခေတ်စာလုံးအချို့ကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။

ထိုစာများကို သေချာဖတ်ကြည့်ပြီးနောက် ရှီဟောင် သက်ပြင်းချလိုက်သည်။ နဂါးသွေးမျိုးဆက်များအတွက် သူ ဝမ်းနည်းမိသည်ပင်။

သူ၏မျိုးဆက်များမှာလုပ်ကြံခံလိုက်ရသည်။ ဥများရှိနေသေးသော်လည်း သူတို့ ထိုဥများကို ဝပ်ပေးနိုင်မည်မဟုတ်တော့။

ထိုအခိုက်အတန့် ရှီဟောင် တစ်ဖက်လောကကို သတ်ဖြတ်ပစ်ချင်လာသည်။ ထိုလူများ၏ နည်းလမ်းများမှာ အလွန်ရက်စက်လှသည်။ သူတို့သည် ဤကလန်တစ်ခုလုံးကို အမြစ်မှ ဆွဲနှုတ်ပစ်ချင်နေကြသည်ပင်။ ဤသည်မှာ လူမျိုးတုံး သတ်ဖြတ်ခြင်းပင်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်လည်း ဤကဲ့သို့ ခံစားခဲ့ရသည်ပင်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးလည်း အကောက်ကြံခံခဲ့လိုက်ရသည်ပင်။ သူ့အဖေ၏ မှော်စွမ်းအားများ ကောင်းကင်ကို တွန်းလှန်နိုင်ပြီး၊ သူ့အဖေသည် သူ့ကိုကယ်ရန်အတွက် များစွာ ပေးဆပ်ခဲ့သောကြောင့်သာ သူ မြေအောက်နန်းတော်၌ ချိတ်ပိတ်ခံခဲ့ရသည်ပင်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်ပေါ်လာကတည်းက ထာဝရပုဂ္ဂိုလ်များစွာ ရှင်းလင်းခံလိုက်ရကြောင်း ရှီဟောင်သိလိုက်သည်ပင်။ သူတို့၏ အချိုု့မျိုးဆက်များ အသက်ရှင်ကျန်ခဲ့သော်လည်း သူတို့၏စွမ်းရည်များ အားနည်းသွားပြီဖြစ်သည်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်အဖေကဲ့သို့သော ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်သူများသာ နှစ်ပေါင်းများစွာကြာအောင် သူ့သား၏ကျိန်စာကိုကုသပေးနိုင်ခဲ့သည်ပင်။

ယခု ဤနဂါးဥများ ပေါက်လာလျှင်ပင် သူတို့ခွန်အားများကို ထိခိုက်မလား မသိနိုင်ပေ။

“နဂါးအစစ်တွေရဲ့ ပညာတွေက ကောင်းကင်ကို ဆန့်ကျင်နိုင်တယ် .. အနည်းဆုံး တစ်ကောင်၊ နှစ်ကောင်လောက်ကတော့ ရှင်နိုင်မယ်လို့ထင်တယ်” ရွှေရောင်ခြင်္သေ့ ပြောလိုက်၏။

ရှီဟောင်ခေါင်းညိမ့်လိုက်သည်။ သူ ကျောက်တောင်ရှေ့သို့ ရောက်လာပြီဖြစ်ပြီး နဂါးသိုက်ရှေ့၌ မတ်တပ်ရပ်နေသည်။

ဝုန်း..

ရုတ်တရက် ခမ်းနားလှသည့်မြင်ကွင်းတစ်ခု ပေါ်လာသည်။ နဂါးတစ်ကောင်သည် သူ၏အမြှီးများကို လှုပ်ရမ်းကာ အာကာသကို ဖြိုခွဲပစ်လိုက်ပြီး ရှေးဟောင်းလောကတစ်ခုကို ဖွင့်လှစ်လိုက်သည်။

“အဖိုးတန်ပညာလား..”

“အရင်စစ်ပွဲမြင်ကွင်းလား..”

နဂါးသိုက်ရှေ့တွင် ပြင်းထန်လှသည့်တိုက်ပွဲမြင်ကွင်း ဖြစ်ပေါ်နေသည်။ ဤတံဆိပ်များမှာ ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့နှစ်ဦးလုံးကို ထိတ်လန့်သွားစေသည်။

ဤသည်မှာ နဂါးအစစ်တိုက်ခိုက်နေသည့်မြင်ကွင်းပင်။ ထို့အပြင် သူသည် တစ်ဦးထက်မကသည့် မသေမျိုးဘုရင်များနှင့် တိုက်ခိုက်နေရခြင်းပင်။ ကောင်းကင်ထက်၌ သွေးများ လွင့်စင်နေသည်။ ဤသည်မှာ နံပါတ်တစ်သားရဲဖြစ်ထိုက်ပါပေသည်။ သူတို့၏မှော်စွမ်းအားမှာ ပြိုင်ဘက်ကင်းပြီး စွမ်းအားကြီးလှသည်ပင်။

ဖုန်း .. နဂါးအမြှီးကြောင့် အန်းလန်၏လက်မောင်းတစ်ဖက် ကျိုးသွားသည်။ ဒုန်း .. ရှုထော်၏ လက်နက်လည်း နဂါးလက်သည်းကြောင့် တစ်ပိုင်းပဲ့ကျသွားသည်။

ဝုန်း..

ကြယ်များ ပေါက်ကွဲလာကာ တောက်ပသည့်အလင်းများ ထွက်ပေါ်လာ၏။

နဂါးအစစ်၏ သွေးများ လွင့်စင်လာကာ သွေးစက်တစ်စက်စီတိုင်းမှာ အချိန်မြစ်ကိုပင် ပြောင်းပြန်စီးဆင်းသွားစေနိုင်ကာ မြစ်မှ နတ်လက်နက်ကိုပင် ဆင့်ခေါ်နိုင်သည်ပင်။

အပိုင်း ၁၉၃၇ ပြီး၏။
Chapter – 1938 အသိုက် ပျောက်ကွယ်သွားခြင်း

နဂါးတစ်ကောင် မသေမျိုးဘုရင်များစွာနှင့် တိုက်ခိုက်နေသည့်မြင်ကွင်းကို မြင်နေရသည်။ ဤသည်မှာ အတိတ်မှ တိုက်ပွဲ၏မြင်ကွင်းပင်။

နောက်ဆုံးတွင်တော့ ထိုမြင်ကွင်းများသည် နဂါးစွမ်းအင်တန်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုစွမ်းအင်များသည် ကျောက်တောင်ထိပ်ပေါ်ရှိ အသိုက်နား၌ ဝေ့ဝဲနေသည်ပင်။

ဤသည်မှာ သူ၏အသိုက်ကို ကာကွယ်နေခြင်းပင်။ သိပ်မဝေးသည့်နေရာ၌ ရှိနေသည့် သွေးများတစ်စက်စက်ကျနေသည့် နဂါးဦးချိုလည်း အသိုက်နားသို့ ပျံသန်းလာသည်။

ရွှေရောင်ခြင်္သေ့ တံတွေးများ မြိုချလိုက်သည်။ သို့သော်လည်း သူ လက်လွတ်စပယ် မလုပ်ရဲ။ သူသာ နဂါးဥကို စားရန်ကြိုးစားပါက ရှီဟောင် သူ့ကိုသတ်လိမ့်မည်။

ရှီဟောင် ဤနေရာသို့ရောက်လာခြင်းမှာ ဥများကို ဓားပြတိုက်ရန်မဟုတ်။ ထိုဥများကို တကယ် ကာကွယ်ပေးချင်သောကြောင့်ပင်။

ဖုန်း ဖုန်း ဖုန်း..

ထိုငှက်သိုက်ထဲမှ ဥတစ်လုံး လှုပ်ရှားလာသည်။ ထိုဥသည် အလွန်စိုးရိမ်နေသကဲ့သို့ ဆူညံသံများ ထုတ်လွှတ်လာသည်။ ဤသည်မှာ ကဲဂု၏ မူလဝိညာဉ်ရှိနေသည့် နဂါးဥပင်။

“မစိုးရိမ်နဲ့ .. ငါ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူး .. တစ်ချက်လာကြည့်ရုံပဲ” ရှီဟောင် ပြောလိုက်သည်။ ကဲဂုအချိန်မတိုင်ခင် ထွက်လာမည်ကို သူစိုးရိမ်မိသည်။

အဘယ်ကြောင့်ဆိုသော် ဤဥများ၌ ပြဿနာတစ်ခုခုရှိနေသည်ကို သူသိပြီးသားပင်။ ဤဥများကို နှစ်ပေါင်း သန်းပေါင်းများစွာ ချိတ်ပိတ်ခဲ့ကာ နဂါးစွမ်းအင်များနှင့် အမြဲတမ်း အားဖြည့်နေခဲ့သော်လည်း သူတို့ လောကကြီး၌ ပေါ်ထွက်လာရန် အချိန်မဟုတ်သေး။

“ခင်ဗျား မိစ္ဆာကောင် .. ခင်ဗျားက ကျုပ်နောက်ကို လိုက်လာတာ” ဥထဲမှ ကဲဂုအသံ ထွက်ပေါ်လာသည်။

“ငါ မင်းကို ပြောပြီးသားပဲ .. ငါမကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူး .. ငါ မင်းကို လုပ်ချင်ရင် အစောကြီးကတည်းက လုပ်ပြီးသွားပြီ” ရှီဟောင် ရှင်းပြလိုက်သည်။

“ကျုပ် ခင်ဗျားကို မယုံဘူး” ဥကြီးမှာ အသိုက်ထဲ၌ လူးလှိမ့်နေလေ၏။

“လျှောက်ပြောမနေနဲ့ .. မင်းထပ်ပြောရင် ငါမင်းကို တစ်လုပ်တည်းနဲ့ မြိုချပစ်တော့မယ်..” ရွှေရောင်ခြင်္သေ့ သူ၏လက်သည်းများကို ထုတ်ကာ လူဆိုးအဖြစ် ခြိမ်းခြောက်လိုက်သည်။

“ခြင်္သေ့ငတုံးတစ်ကောင်ကများ .. ကျုပ်ထွက်လာရင် ခင်ဗျားတို့ ခြင်္သေ့အကောင်တစ်ရာကို တစ်လုပ်တည်း စားပစ်မယ်” ကဲဂု စိန်ခေါ်လိုက်သည်။ သူ့အသံမှာ မရင့်ကျက်သေး။ နူးညံ့နေဆဲပင်။

“ငါ့ကို မတားနဲ့တော့ … ငါ သူ့ကိုစားဖို့ ဆုံးဖြတ်လိုက်ပြီ..” ရွှေရောင်ခြင်္သေ့ အော်ဟစ်လိုက်သည်။

နောက်ဆုံးတွင်တော့ သူသည် ရှီဟောင်၏ကန်ထုတ်ခြင်းကို ခံလိုက်ရြသည်ပင်။ ထိုအခိုက်အတန့်တွင် လေထဲ၌ နဂါးစွမ်းအင်များ ပျံ့လွင့်လာကာ ကျိုးနေသည့်ဦးချိုလည်း တက်လိုက်ကျလိုက်ဖြစ်လာသည်။

ဤသည်ကို မြင်သည်နှင့် ရွှေရောင်ခြင်္သေ့သည် ချက်ချင်းပင် နောက်ဆုတ်သွားလေ၏။ ဤနဂါးဦးချို သူ့အား ပစ်မှတ်ထားမည်ကို သူမလိုချင်။

“မြေကြီးပေါ်မှာ..” ရှီဟောင် ခေါင်းငုံ့ကြည့်လိုက်သည့်အချိန်တွင် မြေပြင်ပေါ်၌ ဆေးပင်အချို့ရှိနေသည်ကို တွေ့လိုက်ရသည်။ အချို့မှာ အနီရောင်၊ အချို့မှာ ခရမ်းရောင်၊ အချို့မှာ အစိမ်းရောင်ပင်။

ဤအပင်များသည် ကြည်လင်တောက်ပနေသည့်အပြင် သူတို့ထံ၌ နဂါးအကြေးခွံများရှိနေကာ သူတို့ပုံစံမှာ ထူးခြားလှသည်။ ဆေးပင်တောင်မှ နဂါးအကြေးခွံ လုပ်နိုင်တာလား..

“နဂါးအကြေးခွံဆေးပင်..”

ဤကဲ့သို့သော ဆေးပင်မျိုးသည် မယုံကြည်နိုင်လောက်သည့် အကျိုးကျေးဇူးများရှိကာ နဂါးအသိုက်နား၌သာ ပေါက်ရောက်သည်ဟု ပြောကြသည်။

“အများကြီးပဲ..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားရ၏။

မည်သည့်ဆေးပင်မဆို ဤနဂါးအကြေးခွံဆေးပင်နှင့် ရောလိုက်သည်နှင့် ဆေး၏အကျိုးကျေးဇူးမှာ အဆပေါင်းများစွာ တိုးတက်လာမည်ပင်။ ဤအပင်တွင် နဂါးအစစ်၏စွမ်းအားများပင် ပါရှိသည်ဟု ပြောကြသည်။

အထူးသဖြင့် ဤဆေးပင်သည် လူတစ်ယောက်၏အုတ်မြစ်ကို အားကောင်းစေပြီး အသွေးအသားနှင့် အရိုးများကို သန်မာလာစေသည်ပင်။

ရှီဟောင် ရေတွက်ကြည့်လိုက်သည့်အချိန်တွင် အနည်းဆုံး အပင် ငါးဆယ်ရှိသည်ကို တွေ့လိုက်ရသည်။ ဤအပင်တစ်ပင်ပင်လျှင် ကောင်းကင်ဘုံကိုးခု၌ ဈေးကြီးရလိမ့်မည်ပင်။

“နဂါးအစစ်ရဲ့ လျှို့ဝှက်ပညာကိုကျင့်ကြံတဲ့အချိန် ဒီဆေးပင်ကို စားရင် တစ်ဝက်အားထုတ်ပြီး အကျိုးကျေးဇူးနှစ်ဆ ရလိမ့်မယ်” ရွှေရောင်ခြင်္သေ့ ပြောလိုက်၏။

နဂါးဥသုံးလုံးကို စိုက်ကြည့်ကာ လိုချင်လာရသည်။ ရှီဟောင်လည်း နဂါးအစစ်အဖိုးတန်ပညာကိုစိတ်ဝင်စားလိမ့်မည်ဟု သူထင်သည်။ သူလည်း စိတ်ဝင်စားသည်ပင်။

သားရဲနံပါတ်တစ်၏ လျှို့ဝှက်ပညာကို မည်သူက မလိုချင်ပဲ နေမည်နည်း..

“ငါ့ကလေးကို ကောင်းကောင်းဆက်ဆံပေးပါ”

ထိုအချိန်တွင် သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ထိုနဂါးဦးချိုသည် ခွပ်ခနဲ နှစ်ပိုင်းကွဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ထိုဦးချိုသည် အစကတည်းက ကျိုးပဲ့နေခြင်းဖြစ်သော်လည်း ယခုတော့ ပျက်စီးသွားလေပြီ။

ဒါက နဂါးအစစ်အသံလား .. ရှီဟောင် ထိတ်လန့်သွားရသည်။

ရွှေရောင်ခြင်္သေ့သည် ပို၍ပင် တုန်လှုပ်သွားသည်။ သူ့အလိုလိုပင် နောက်ဆုတ်နေမိသောကြောင့် သူကျောက်တောင်ထက်မှ ပြုတ်ကျမလိုပင် ဖြစ်သွားသည်။

ထူးဆန်းသည်မှာ ထိုနဂါးဥထံမှ မည်ကဲ့သို့သော တုံ့ပြန်မှုမှ ဖြစ်မလာ။ သူ ဘာမှမကြားရ။ ထိုအသံမှာ ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့ကိုသာ ဦးတည်နေခြင်းပင်။

ဝုန်း..

ကျောက်နံရံတစ်ခု ကျလာကာ ရှီဟောင် စာလုံးများကို ထပ်တွေ့လိုက်ရသည်။ အားလုံးမှာ ထာဝရရှေးဟောင်းခေတ်စာများပင်။

“သူ ငါ့ကို အသိအမှတ်ပြုတယ်” ရှီဟောင် သက်ပြင်ချလိုက်သည်။

ထိုနဂါးဦးချိုသည် သူ့ထံမှ သွေးစစ်ပွဲအလံ၏အော်ရာကို အာရုံခံနိုင်သည့်အပြင် သူ မည်သည့်နေရာကိုသွားခဲ့သည်ဆိုသည်ကိုလည်း သူအာရုံခံနိုင်သည်ပင်။

ဥပမာအားဖြင့် သူသည် သွေးစစ်ပွဲအလံ၏အသိအမှတ်ပြုမှုကို ရရှိထားသည့်အပြင် ခွန်ပန်အမွေအနှစ်ကိုလည်း ရရှိထားသောကြောင့် ဤသည်မှာ သူသည် ရန်သူမဟုတ်ပဲ မိတ်ဆွေဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။

ရွှီး..

နောက်ဆုံးတွင် ဤနေရာတစ်ခုလုံး တောက်ပလာကာ အရိုးအပိုင်းအစတစ်ခု ပျံသန်းထွက်လာသည်။ ထိုအရိုးအပိုင်းအစသည် ကျောက်စိမ်းဖြူကဲ့သို့ အပြစ်အနာအဆာကင်းမဲ့လှပြီး မှန်တစ်ချပ်ကဲ့သို့ တောက်ပနေသည်ပင်။

ထိုအခိုက်အတန့်တွင် ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့နှစ်ဦးလုံး စိတ်ထဲ တုန်လှုပ်သွားရသည်။ သူတို့ခန္ဓာကိုယ်များမှာ လုံးဝဖောက်ထွင်းမြင်နိုင်နေသည်ကို တွေ့လိုက်ရသည်ပင်။

“နဂါးအရိုးကြေးမုံ…”

နဂါးအစစ်သေဆုံးပြီးနောက် သူ၏တာအိုအရိုးမှာ အဖိုးတန်ကြေးမုံတစ်ခုကဲ့သို့ဖြစ်သွားသည်။ သို့သော်လည်း ဤသည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ အရိုးပြာကဲ့သို့ အံ့အားသင့်စရာကောင်းလောက်သည့် အသုံးဝင်မှုများ ရှိနေသေးသည်။

ထိုအရိုးသည် ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့တို့၏ လျှို့ဝှက်ချက်များအားလုံးကို အာရုံခံနေသည်။ နောက်ဆုံးတွင်တော့ ထိုနဂါးတံဆိပ်သည် သက်ပြင်းချကာ စိတ်အေးသွားရလေ၏။

သူ ရှီဟောင်ကို အပြည့်အဝ အသိအမှတ်ပြုလိုက်လေပြီ။

ခဏကြာပြီးနောက် ဘာဖြစ်နေသည်ကို ရှီဟောင်သိသွားရသည်။ ထိုတံဆိပ်သည် သူ့ကို ဖုံးကွယ်မထားတော့ပဲ နောင်ကျလျှင် နဂါးအစစ်လေးကို ဂရုစိုက်ပေးရန် တောင်းဆိုလာသည်။

နောက်ဆုံးတွင် ထိုတံဆိပ်တောက်ပလာကာ လေထဲ၌ ပေါ်နေသည့် ကျောက်နံရံနားသို့ ဖြတ်သန်းသွားလိုက်သည်နှင့် အခြားစာလုံးများ ထပ်ပေါ်လာသည်။

ရှီဟောင် ထိုစာများကို သေချာဖတ်ပြီးသွားသည်နှင့် ဤနေရာ၌ ဘာဖြစ်ခဲ့သည်ကို နားလည်သွားသည်။

နဂါးဥသုံးလုံးတွင် နှစ်ကောင်မှာ သေသွားလောက်လေပြီ။ တစ်လုံးသာ အသက်ရှင်ကျန်လောက်သည်။ သို့သော် ထိုတစ်လုံးပင်လျှင် ပြဿနာများစွာ ရှိနေသည်။ နှစ်ပေါင်းများစွာ အားဖြည့်ခဲ့သော်လည်း သူ လောကကြီးထဲသို့ ထွက်မလာနိုင်သေး။

ကဲဂု၏ မူလဝိညာဉ်သာ ထွက်လာနိုင်သည်။ ထိုနဂါးခန္ဓာကိုယ်မှာ သူ စပါးအုံမြွေကြီး၏ခန္ဓာကိုယ်ကို ယူကာ ကျင့်ကြံလိုက်ခြင်းဖြစ်သောကြောင့် ထိုခန္ဓာကိုယ်ကဲ့သို့ ဖြစ်လာခြင်းပင်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဤနဂါးလေးမှာ တကယ်ကို မရိုးရှင်း။ သူ မမွေးဖွားလာသေးသော်လည်း သူသည် သားရဲကြီးကို ဖိနှိပ်ကာ သူ၏ခန္ဓာကိုယ်ကို ရယူနိုင်ပြီး ထိုအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်နေသည်။

နဂါးအစစ်မှ ချန်ထားခဲ့သည့် စကားလုံးများမှာ ကဲဂု မည်သည့်ပြစ်ချက်မှ မရှိအောင် လုပ်ပေးနိုင်သည့် နည်းလမ်းအချို့ရှိကြောင်း ရှင်းပြထားခြင်းပင်။

“နဂါးဦးချိုကို ချေပြီးတော့ ဥပေါ်ကို ကျဲချ .. ပြီးတော့ နတ်ဆေးပင်တွေနဲ့ အားဖြည့်ပေး .. နဂါးအကြေးခွံဆေးပင်၊ ပြောင်းလဲခြင်းကိုးမျိုးယန်ဆေးပင်နဲ့ တစ်ခြားဆေးပင်တွေ”

ရှီဟောင် ချက်ချင်းပင် ခေါင်းကိုက်သွားရ၏။ နဂါးအကြေးခွံဆေးပင်မှာ အဆင်ပြေသော်လည်း ပြောင်းလဲခြင်းကိုးမျိုးယန်ဆေးပင်ကို သူ မည်သည့်နေရာက သွားရှာရမည်နည်း..

ထိုဆေးပင်မရှိလျှင်ပင် နဂါးလေး ထွက်လာနိုင်သော်လည်း အနည်းငယ်တော့ လိုအပ်ချက်များ ရှိနေမည်ပင်။ သို့သော်လည်း ထိုလိုအပ်ချက်များကို မဖြည့်နိုင်သည်တော့မဟုတ်။ သူ ကျင့်ကြံရင်းဖြင့် အပြည့်အဝ နိုးထလာနိုင်သည်ပင်။

ရှီ‌ဟောင် ကျောက်နံရံကို သေချာလေ့လာလိုက်ကာ အားလုံးကို မှတ်ထားလိုက်သည်။

နဂါးဦးချိုသည် သူ၏သွေးစွမ်းအင်များအားလုံးကို ဥသုံးလုံးပေါ်သို့ ဖြန်းပက်ပေးခဲ့ကာ အားကုန်သွားပြီဖြစ်သည်။

ယခုအချိန်တွင် ထိုနဂါးဦးချိုကိုပင် အမှုန့်ချေကာ နဂါးလေးအတွက် သုံးရတော့မည်ပင်။

ရှီဟောင် သက်ပြင်းချလိုက်ကာ “ကဲဂု .. မင်းမိဘတွေက ငါ့ကို လက်လွှဲပေးလိုက်ပြီ .. သွားကြစို့ .. ငါမင်းကို ဒီနေရာကနေ ခေါ်သွားမယ်”

“ခင်ဗျားက ဘယ်သူ့ကိုလာပြီး အရူးလုပ်နေတာလဲ.. ခင်ဗျားက မကောင်းတဲ့လူ..” ထိုနဂါးဥ ထပ်မံရုန်းကန်လာပြန်သည်။

“မင်း လျှောက်လုပ်လို့မရဘူး .. မင်းအခု လောကကြီးထဲကို ထွက်လာလို့မရသေးဘူး” ရှီဟောင်ပြောလိုက်သည်။

ဝုန်း..

ထိုပျက်စီးနေသည့် နဂါးဦးချိုသည် နောက်ဆုံးအကြိမ် လှုပ်ခါလာကာ အလင်းဖျော့လေးတစ်ခု ထုတ်လွှတ်လာသည်။ ထိုအလင်းသည် ဥထဲသို့ ဝင်သွားကာ ကဲဂုကို စိတ်အေးအောင်လုပ်လိုက်သည်။

နဂါးတံဆိပ်ပျက်ပြယ်မသွားခင် သူ့ကလေးနှင့် စကားပြောနေသည်ပင်။

“သွားကြစို့ .. ငါတို့ ဒီနေရာမှာ နေလို့မရဘူး .. မူလဖရိုဖရဲအက်ကွဲကြောင်းက မတည်ငြိမ်ဘူး .. ဒီနေရာက ပြိုကျသွားနိုင်တယ်” ရှီဟောင် ပြောလိုက်သည်။ နဂါးတံဆိပ်မရှိလျှင် ဤနေရာလည်း ပျက်စီးသွားနိုင်သည်။

နဂါးဥမှာ တိတ်ဆိတ်နေသည်။ ဘာမှမပြောတော့။

ရှီဟောင် ဤနေရာကို တူးကာ နဂါးအစ်စနှင့် ပတ်သက်သည့် အရာအားလုံးကို ယူသွားချင်မိသည်။ ပစ္စည်းတစ်ခုပင် မချန်ထားချင်။

သူ့ကို ထိတ်လန့်သွားစေသည်မှာ နဂါးအကြေးခွံဆေးပင်များအပြင် နဂါးအသိုက်နောက်၌ အခြားနတ်ဆေးပင်များ ရှိနေသေးသည်။ ထိုအပင်များမှာ သေချာပေါက် သာမန်အပင်များ ဖြစ်မည်မဟုတ်။

ဝူး..

နောက်ဆုံးတွင်တော့ ကဲဂုသည် ငိုကြွေးကာ တွန့်ဆုတ်စွာဖြင့်ပင် ထွက်လာခဲ့လိုက်လေ၏။

ရှီဟောင်သည် တွေဝေမနေပဲ အသိုက်တစ်ခုလုံးကို မယူလာလိုက်သည်။

ချင်းဖန်းနှင့် ပြန်ဆုံသည်နှင့် ရွှေရောင်ခြင်္သေ့သည် လေအလျှင်ကဲ့သို့ပင် ရှီဟောင်တို့နှစ်ဦးကို ကျောက်တုံးကျေးရွာသို့ ပြန်ခေါ်သွားသည်။

“ငါတို့ နဂါးအသိုက်က ဥတွေအကုန်လုံးကို ယူခဲ့ကြတာ .. ငါ အိပ်မက်မက်နေတာလား..” ချင်းဖန်းမှာ အနည်းငယ် မူးနောက်လာသလို ခံစားလိုက်ရသည်။

သူတို့ပြန်ရောက်လာသည်နှင့် ရွာသားအားလုံး သူတို့ကို ဝိုင်းအုံလာသည်။

“ဟောင်လေး … ဒါက ဘာငှက်ဥလဲ .. ဘာလို့ဒီလောက်တောင် ကြီးနေတာလဲ .. မင်း ဒီဥတွေကို စားမှာလား .. ဒါမှမဟုတ် ငါတို့တွေ အကောင်ပေါက်အောင် လုပ်ပြီး ငှက်လေးတွေ မွေးမလား..” ရှီလင်းဟူ မေးလိုက်သည်။

“ဦးလေး .. ဒီဥတွေက စားလို့မရဘူး .. နဂါးဥတွေ..” ချင်းဖန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“မင်း ဘာတွေ လျှောက်ပြောနေတာလဲ..” ရှီလင်းဟူမပြောနှင့် အဝေး၌ ရှိနေသည့်သူများပင် ထိတ်လန့်တကြားလာကြည်ကြသည်။

“တကယ် နဂါးဥတွေပါ .. ဒီတစ်ခေါက်တော့ ကျွန်တော်တောင် နည်းနည်းလေး မယုံနိုင်ဖြစ်နေတာ” ရှီဟောင် ပြောလိုက်သည်။

ဝုန်း ဟူသည့်အသံနှင့်အတူ ကလေးတစ်စု တရှိန်ထိုးပြေးလာကြသည်။ ရှီဟောင် သူတို့ကို ဆွဲထားသောကြောင့်မဟုတ်လျှင် ထိုမျောက်တစ်အုပ် နဂါးသိုက်ပေါ်သို့ တက်နင်းမိသွားလောက်လေပြီ။

နယ်ခြားစပ်မှ ကလေးများပင် ထိတ်လန့်သွားကာ ဤနေရာသို့ လျှောက်လာကြသည်။

အပိုင်း ၁၉၃၈ ပြီး၏။
Chapter – 1939 ငါးရောင်စပ် စာကလေး

“ဒါတွေက နဂါးဥတွေ ဟုတ်လား …။ ” အားမန်ကလေး သူ၏လက်များကို ပွတ်သပ်ကာ နဂါးသိုက်ထံသို့ လာနေသည်။ သူ ထိုဥကို ပွတ်သပ်ချင်သော်လည်း ရှီဟောင်၏တားဆီးခြင်းကို ခံလိုက်ရသည်ပင်။
“ငါပြောမယ် …။ ဟောင်လေး …။ မင်း ဒါကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ …။ ဒါက နတ်ရေနဂါးဥမလား …။” ယခင်က နှပ်ချေးတွဲလောင်းနှင့်ကလေးမှာ ယခုတော့ လူငယ်လေးတစ်ဦး ဖြစ်နေလေပြီ။
ဤလူငယ်သည် ယခင်က ရှီဟောင်၏ရဲဘော်ရဲဘက်ပင်ဖြစ်ပြီး ရှီဟောင်နှင့် သက်တူရွယ်တူပင်။
“မထိနဲ့ .. ဒါက နဂါးအစစ်ဥတွေ .. ” ဤအခြေအနေထိ ရောက်နေပြီဖြစ်သောကြောင့် သူ ဘာမှဖုံးကွယ်မနေတော့။ သူကြုံတွေ့ခဲ့ရသည့် အရာများကို ပြောပြလိုက်သည်။
လူအုပ်ကြီး ဆွံ့အသွားကာ မျက်လုံးများ ပြူးကျယ်လာကြသည်။ ဤလူငယ်များမှာ ကလေးများကဲ့သို့ နဂါးဥကို ပွတ်သပ်ချင်နေကြသည်ပင်။ 
ကံကောင်းစွာဖြင့် ရွာသူကြီးဟောင်း ရှီယွီဖုန်း ရောက်လာကာ ချောင်းဟန့်လိုက်သောကြောင့် အားလုံး ရှက်ရွံ့သွားကြကာ ဘာမှ မလုပ်ရဲကြတော့။
အဓိကအကြောင်းရင်းမှာ သူတို့ အလွန်စိတ်လှုပ်ရှားနေကြသောကြောင့်ပင်။ ဤဥများမှာ ရေနဂါးဥ မဟုတ်။ နဂါးအစစ်ဥများပင်။
အားလုံးအမြင်တွင် ဤသည်မှာ ထာဝရသက်ရှိအစစ်နှင့်ညီမျှ၏။ ထိုထက်ပင် ပိုလျှင် ပိုအုံးမည်။ ဤကဲ့သို့သော ဒဏ္ဍာရီလာ ပစ္စည်းမျိုး ပေါ်လာသည်ကို သူတို့က ဘယ်လိုလုပ် မလန့်ပဲနေမည်နည်း …။
ယွမ်ရှီးလည်း ဆွံ့အနေသည်ပင်။ သူမ ရှီဟောင်ကို ကြည့်ကာ ဘာဖြစ်နေမှန်း နားမလည်နိုင်တော့။ သူက နဂါးဥတောင် သယ်လာတာလား …။
ဒါက နဂါးအစစ်ရဲ့အသိုက် .. သူက အားလုံးကို ယူလာခဲ့တာ …
” ဦးလေးက မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတယ်ဆိုတာ ကျွန်တော် တကယ်ယုံသွားပြီ .. သူငယ်ငယ်တုန်းက ငှက်သိုက်တွေ နှိုက်ပြီး သားရဲတွင်းတွေတူးတာ ကြိုက်တယ်လို့ ကြားဖူးတယ် .. သူက တကယ်ကို သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်တာပဲ .. သူက နဂါးအစစ်ရဲ့ အသိုက်ကိုတောင် ယူလာတယ် … ” နှပ်ချေးတွဲလောင်းနှင့်ကလေးတစ်ဦးက လေးစားမှုအပြည့်ဖြင့် ပြောနေလေ၏။
အားမန်နှင့် ဟူကျီအပါအဝင် လူငယ်တစ်စုက ပြုံးစိစိဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့လုပ်ခဲ့သည့်အရာများပင်။ သူတို့သည် ရှီဟောင်နှင့်အတူ လူရမ်းကားများ လုပ်ခဲ့ကြသည်ပင်။
ရှီကျီလင်းတို့ ဇနီးမောင်နှံလည်း ထိတ်လန့်သွားကြသည်ပင်။ သူတို့သည် သတင်းကြားသည်နှင့် အပြေးလေး ရောက်လာကြသည်။
ရွာသားများအားလုံးလည်း ဆွံ့အနေကြသည်။ ဤသည်မှာ တကယ်ကို အံ့အားသင့်စရာ ကိစ္စကြီးပင်။ ရွာ၌ နဂါးတစ်ကောင်မွေးနိုင်လျှင် သူတို့ရွာ မည်မျှပင် ကြီးကျယ်ခမ်းနားသွားမည်နည်း။ သူတို့အားလုံး အရူးကဲ့သို့ပင် ရယ်မောလိုက်ကြသည်။
“ဟား ဟား … ဒါက တကယ်ကို မိုက်တာပဲ .. ငါတို့ရွာက ကောင်းကင်ကို ဆန့်ကျင်တော့မှာလား … ငါတို့ နဂါးတစ်ကောင် မွေးတော့မယ် .. ” ဂီဇောင် သူ့ခေါင်းကို ကုတ်ကာ ဆက်တိုက်ပင် ရယ်မောနေလေ၏။

အချိန်အတော်လေး ကြာသွားမှသာ ဤနေရာ တည်ငြိမ်သွားသည်။ ရှီဟောင် ဤနဂါးဥ အကောင်ပေါက်လာအောင် မည်ကဲ့သို့ ပြုလုပ်ရမည်ကို စတင်လေ့လာလိုက်သည်။

အခြားဥနှစ်လုံး သေသွားပြီဆိုသည်မှာ သေချာသည်။ ကဲဂုသာ အသက်ရှင်တော့သည်။

“ချင်းဖန်း .. မင်း ကျောက်တုံးမြို့တော်ကို အရင်ပြန်သွားလိုက် .. ဒီရက်အတွင်းမှာ ပုန်ကန်ခဲ့တဲ့မိသားစုတွေအားလုံးကို ရှာလိုက် .. အထူးသဖြင့် မိုးကလန်ပဲ .. ဘယ်သူက ပြဿနာရှာခဲ့တာလဲဆိုတာ စုံစမ်းလိုက် … နောက်ကျရင် ငါ သူတို့ဆီကို သွားလည်လိုက်မယ်” သူ ချင်းဖန်းအတွက် စိတ်မပူ။ သူ ချင်းဖန်းအား လျှို့ဝှက်အကာအကွယ်ပစ္စည်းများ ပေးပြီးသွားပြီဖြစ်သည်။

ထို့အပြင် သူ့နောက်သို့ ရွှေရောင်ခြင်္သေ့ကိုလည်း ထည့်ပေးလိုက်သည်ပင်။
သူကတော့ ဤနဂါးဥပေါက်လာအောင် အာရုံစိုက်ထားအုံးမည်။
“ရှင် ရှင့်ကိုယ်ရှင်အတွက် စိတ်မပူဘူးလား .. ရှင်က ဒီဥပေါက်လာအောင် လုပ်ဖို့ အချိန်ပိုတွေ ရှိနေသေးတာလား … ”
ယွမ်ရှီး သက်ပြင်းချ၍ မေးလိုက်သည်။ သူမအမြင်တွင် ရှီဟောင်၏ကျင့်ကြံခြင်း ပျောက်ကွယ်သွားမည့်နေ့မှာ သိပ်မလိုတော့။

“ဒီနဂါးဥတွေကို စားလိုက်ရင် ထာဝရချိုးဖျက်ခြင်းကျိန်စာ ပျက်သွားစေနိုင်လား … ” သူမ မေးလိုက်သည်။
“အလုပ်ဖြစ်မှာမဟုတ်ဘူး … ဒါက ဒါတွေအားလုံးနဲ့ ဘာမှမဆိုင်တဲ့ ကျိန်စာ .. မင်း င့ါအတွက် စိတ်ပူရင် ငါ့အတွက် ဖက်တီးလေးတစ်ယောက်လောက် မွေးပေးလိုက်လေ .. အဲဒါဆိုရင် ငါ သူ့ကို ပြုစုပျိုးထောင်ပြီး င့ါအတွက် လက်စားချေခိုင်းလို့ရတယ်” ရှီဟောင်သည် နဂါးဥအား လေ့လာနေရင်းဖြင့်ပင် အဓိပ္ပာယ်မရှိသည်များကို ပြောနေသေးသည်။

ယွမ်ရှီး မျက်နှာနီရဲသွားကာ သူမသည် ဘေးတွင်ရှိနေသည့် ကလေးတစ်ဦးကို ကောက်ချီပြီး ရှီဟောင်ထံသို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် သူမ လှည့်ထွက်သွားလေ၏။

“အား … ဦးလေး .. ဒါ ကျွန်တော့အပြစ် မဟုတ်ဘူးနော် .. ” ထိုကောင်လေးမှာ အလွန်ကြောက်လန့်သွားသည်ပင်။

“မစိုးရိမ်ပါနဲ့ .. ” ရှီဟောင် ရယ်မောလိုက်ကာ ဥကို ဆက်လက်လေ့လာလိုက်၏။

နှစ်ရက်ကြာပြီးနောက်တွင် ရှီဟောင် နဂါးဦးချိုကို စတင် အမှုန့်ကြိတ်လိုက်သည်။ အစပိုင်းတွင်တော့ သူ အနည်းငယ် နှမြောမိသေးသည်။ နဂါးဦးချိုဆိုသသည်မှာ မည်ကဲ့သို့သော ပစ္စည်းမျိုးဖြစ်သနည်း။သူသည် အာကာသကိုပင် ထိုးခွဲနိုင်သည့် ပစ္စည်းပင်။

သို့သော် ဤပျက်စီးနေသည့် နဂါးဦးချိုကို အမှုန့်ကြိတ်၍မရကြောင်း ရှီဟောင် တွေ့လိုက်ရသည်။ ထိုဦးချိုဖြင့် နဂါးဥကို ပွတ်သပ်လိုက်သည်နှင့် ထိုဦးချိုတောက်ပလာကာ ဥ၏စုတ်ယူခြင်း ခံလိုက်ရသည်။

ကဲဂုသည် တစ်ချိန်လုံး ဘာမှမပြောတော့။ တိတ်တဆိတ်သာ နေနေသည်။ သို့သော်လည်း သူသည် ရှီဟောင်နှင့် ပူးပေါင်းပေးနေသည်။

အထူးသဖြင့် နဂါးအစစ်မှ ကျန်ခဲ့သည့် တာအိုအရိုး နဂါးဥနှင့်ပေါင်းစပ်သွားကာ သင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားကာ သူ ထိုသင်္ကေတများကို စုတ်ယူလိုက်သည့်အချိန်တွင်ပင်။

ရှီဟောင် အံ့အားသင့်သွားရ၏။
ဒီနဂါးဥက ဘယ်လောက်တောင် ထူးခြားတာလဲ …။
ခဏကြာပြီးနောက် ဘာဖြစ်ခဲ့သည်ကို ရှီဟောင် စဉ်းစားမိသွားသည်။ ဤနဂါးဥ၏ထိခိုက်မှုမှာ ပြင်းထန်လှကာ နဂါးစွမ်းအင်များဖြင့် အားဖြည့်ရန်လိုသည်။ သို့မှသာ သူ့ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားလိမ့်မည်။

သူ နဂါးဦးချိုအမှုန့်မှ စွမ်းအင်များနှင့် တာအိုအရိုးမှ စွမ်းအင်များကို စုတ်ယူသည်မှာ ပုံမှန်ပင်ဖြစ်သည်။ 

ရှီဟောင် နဂါးအကြေးခွံဆေးပင် အပင်သုံးဆယ်ကျော်ကိုလည်း အသုံးပြုလိုက်သည်။

ထို့အပြင် သူသည် နတ်ဆေးပင်အချို့ကိုခူးကာ ထိုအပင်များ၏ အရွက်များကိုလည်း အသုံးပြုခဲ့သည်ပင်။ ထိုအပင်များမှ ရောင်စုံနတ်အလင်းများ ထွက်ပေါ်လာကာ ဥနှင့်ပေါင်းစပ်သွားသည်။

သူ နဂါးလေးကို ပေးရမည့်အရာအားလုံး ပေးပြီးသွားပြီဖြစ်သည်။

ပြောင်းလဲခြင်း ကိုးမျိုးယန်ဆေးပင်သာ လိုအပ်တော့သည်ပင်။ သို့သော် သူ ထိုဆေးပင်ကို မည်သည့်နေရာမှ သွားရှာလာရမည်နည်း။

” ဦးလေး … အဲဒီငါးရောင်စပ်စာကလေး ကျွန်တော့်ကို အနိုင်ကျင့်နေပြန်ပြီ .. ”
ခပ်ဝေးဝေးမှ ကလေးတစ်ယောက်က အော်ဟစ်လာသည်။
ရှီဟောင် တုန်လှုပ်သွားရ၏။
အဲဒီငါးရောင်စပ်စာကလေးက ရွာထဲမှာ ရှိနေသေးတာလား ..။
နှစ်တွေ ဘယ်လောက်တောင် ကြာနေပြီလဲ …။ သူက ဒီမှာ ရှိနေတုန်းပဲ …။

သူ ပြန်ရောက်လာသည့်အချိန်က ဤငှက်ကို ရှာချင်သော်လည်း နဂါးအစစ်ဥကိစ္စ ပေါ်လာသောကြောင့် သူ လျစ်လျူရှုခဲ့ရသည်။

“ငှက်က ဘယ်မှာလဲ …။ သူမင်းကို ဘယ်လိုမျိး အနိုင်ကျင့်တာလဲ …။ ”

“ကျွန်တော်တို့ တောင်နောက်မှာတွေ့တာ …။ သူ ကျွန်တော့်ခေါင်းကို သစ်သားစတစ်ခုနဲ့ ပစ်ပေါက်ခဲ့တာ ..။”

ထိုကလေး သူ့အား ပြောပြနေခြင်းပင်။ ဤကလေးများသည်လည်း သူ ငယ်စဉ်ကကဲ့သို့ ဤငါးရောင်စပ်စာကလေးနောက် လိုက်ဖမ်းနေခြင်းပင်။ သို့သော် သူတို့ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပေ။

အရွယ်ရောက်နေသည့်သူများကတော့ ဤငှက်ကို နည်းနည်း ကြောက်ကြသည်။ သူတို့ ရန်မစရဲကြ။ ဤငှက်မှာ အလွန်ထူးဆန်းလှသည်ဟု သူတို့ ခံစားနေကြရသည်။ မည်သို့ပင်ဖြစ်စေ ရှီဟောင် ပြန်လည်ရှင်သန်လာနိုင်ခြင်းမှာ ဤငှက်နှင့် ဆက်စပ်နေသည်ပင်။

“ငါ ကြည့်ကြည့်ရအောင်” ရှီဟောင် ထိုကလေး လက်ထဲရှိ သစ်သားစကို ကြည့်လိုက်သည်။

ဤသည်မှာ အပင်ခြောက်မှ ရလာသည့်သစ်သားစဖြစ်ပြီး အတော်လေး မာကျောလှသည်။
အမ်း …။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသစ်သားစတွင် စွမ်းအားကြီးလှသည့် အသက်စွမ်းအင်များ ပါရှိနေသည်။ ဤသစ်သားစသည် အံ့အားသင့်စရာကောင်းလှသည့် ဆေးပင်မှ ရလာခြင်းပင်။

“ဒါက ပြောင်းလဲခြင်းကိုးမျိုး ယန်ဆေးပင်လို့တော့ ငါ့ကို မပြောနဲ့နော် … ” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

သူ ဤသစ်သားစကို လေ့လာလေလေ ဤသစ်သားစမှာ ထူးခြားလှသည်ဟု ခံစားရလေလေပင်။ နောက်ဆုံးတွင်တော့ သူ ဤသစ်သားစကို အမှုန့်လုပ်ပစ်ကာ နဂါးဥနှင့် ပေါင်းစပ်လိုက်သည်။

“ဒါက မင်းလိုနေတဲ့ ပြောင်းလဲခြင်း ကိုးမျိုးယန်ဆေးပင်လား …။ ”

“မဟုတ်ဘူး …။ ဒါပေမဲ့ ဒီဆေးပင်က အကျိုးသက်ရောက်မှု ရှိတယ်” ကဲဂု ပြန်ဖြေလိုက်သည်။

ပြီးပြည့်စုံသည့် နဂါးအစစ်တစ်ကောင် ပေါက်လာစေရန်အတွက် ရှီဟောင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးစွမ်းအင်အချို့ကိုပင် ဤဥ စုတ်ယူရန်အတွက် ရှာဖွေပေးခဲ့သည်။

“ရွှေရောင်ခြင်္သေ့ကို ပြန်ခေါ်လာခဲ့လိုက်” ရှီဟောင် ရွာထဲမှ လူငယ်တစ်ဦးကို အမိန့်ပေးလိုက်သည်။

ခဏကြာပြီးနောက် ရွှေရောင်ခြင်္သေ့ ပြန်ရောက်လာသည်။

“ငါ မင်းအတွက် တာဝန်တစ်ခု ရှိတယ် … အသိုက်တစ်ခုကိုသွားပြီးတော့ အခွင့်အရေးကိုစောင်င့်နေ .. ငါ့အတွက် အကောင်တစ်ကောင် ဖမ်းခဲ့ပေး ” ရှီဟောင် အမိန့်ပေးလိုက်သည်။

ရွှေရောင်ခြင်္သေ့မှာ မျက်လုံးများ တောက်ပလာလေသည်။
” ဟွမ်က ဒီလောက်တောင် အလေးထားနေရလောက်အောင် အဲဒါက ဘာအကောင်လဲ .. ”
” ဒီတစ်ခေါက်က ဖီးနှစ်အစစ် အသိုက်လား ..။ ” သူ မနေနိုင်ပဲ မေးလိုက်သည်။

“အဲဒီလိုမျိုးပါပဲ .. ” ရှီဟောင် မရေမရာပင် ပြန်ဖြေလိုက်သည်။

“အဆင့်နိမ့်နယ်မြေတွေက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ … ” ရွှေရောင်ခြင်္သေ့ အော်ဟစ်လိုက်သည်။ 

ရှီဟောင် နေရာအတိအကျ ပြောလိုက်သည်နှင့် ရွှေရောင်ခြင်္သေ့ ချက်ချင်း မျက်နှာပျက်သွားလေသည်။ သူသည် ရှီဟောင်ကို ရိုက်ချင်မိသွားသည်အထိပင်။

ဘာဖီးနှစ်အစစ်အသိုက်လဲ .. ဒါက ငှက်သိုက်ကြီးကို … ဒါက စာကလေးလား … ချိုးနီတူလား …

သူသည် နှာခေါင်း လိမ်ကောက်သွားလောက်သည်အထိ ဒေါသထွက်သွားရသည်။
ဒါက ဟွမ် သူ့ကိုပေးတဲ့တာဝန်လား …။
ဤသည်မှာ သူ့ကို စော်ကားလွန်းလှသည်ပင်။
ခမ်းနားကြီးကျယ်ပြီး အကြောက်တရားကင်းမဲ့တဲ့ ခြင်္သေ့က ဒီလိုအကောင်မျိုးရဲ့အသိုက်ထဲမှာ ပုန်းနေရာမှာလား … ဒေါသထွက်လိုက်တာ …

သူ ပြန်၍ပင် ပုန်ကန်ချင်လာသည်။

“မင်း လိမ်လိမ်မာမာနဲ့ အသိုက်ထဲဝင်သွားပြီး အဲဒီငါးရောင်စပ်စာကလေးကို င့ါအတွက် ဖမ်းပေးရင် ပိုကောင်းလိမ့်မယ် .. ” ရှီဟောင် သူ့အား ချက်ချင်း စိုက်ကြည့်လာကာ သူ့ကိုဖိနှိပ်ရန် လက်မြှောက်လိုက်လေ၏။

ထို့အပြင် သူ ဘာကိုမှ ထပ်ရှင်းမပြတော့ပေ။

ရွှေရောင်ခြင်္သေ့သည် အလွန်ဒေါသထွက်နေသော်လည်း နောက်ဆုံးတွင် အံကြိတ်ကာ သူ၏အရွယ်အစားကို လက်သီးအရွယ်အစားဖြစ်အောင် ပြုလုပ်လိုက်ပြီး ငှက်သိုက်ထဲရှိ အပေါက်ထဲသို့ ပျံသန်းဝင်ရောက်သွားသည်။

သူ ရှီဟောင်ကို စိတ်ထဲ၌ ကျိန်ဆဲနေသော်လည်း သူ့ထံတွင် အခြားရွေးချယ်စရာမရှိ။

သို့သော် ထိုအသိုက်ထဲသို့ ရောက်သွားသည်နှင့် သူအနည်းငယ် ထိတ်လန့်သွားရသည်။ ဤနေရာသည် အလွန်သက်သောင့်သက်သာရှိကာ သန့်ရှင်းလှပြီး ရှားပါးသည့် ရွှေရောင်ပိုးသားမြက်များဖြင့် ပြုလုပ်ထားခြင်းပင်။

“ဒီနေရာကို သီးသန့်ကျင့်ကြံတဲ့နေရာအဖြစ် သတ်မှတ်လိုက်တော့မယ် .. ” ထို့နောက် မျက်လုံးများကို မှိတ်ကာ စတင်ကျင့်ကြံလေတော့သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် ရှီဟောင် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ နဂါးဥ စတင်ကွဲအက်လာကာ သူ့ရှေ့မှာပင် နဂါးတစ်ကောင် မွေးဖွားလာတော့မည်။

ခွပ် …။

နေက်ဆုံးတွင် ကောင်းကင်ထက်သို့ ရောင်စုံအလင်းတန်းများစွာ ပြေးဝင်သွားကာ နီရဲနေသည့်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။

ဤသည်မှာ နဂါးအစစ်၊ အရက်စက်ဆုံးသားရဲတစ်မျိုး၏ အမွေဆက်ခံသူအစစ်ပင်။

နဂါးစွမ်းအင်များ ပျံ့လွင့်လာကာ ကျောက်တုံးကျေးရွာတစ်ခုလုံး အားဖြည့်ပေးခံလိုက်ရသည်။ ရွာတစ်ရွာလုံး ရှားပါးသည့်နဂါးစွမ်းအင်များဖြင့် လွှမ်းခြုံခံလိုက်ရကာ ဤနေရာရှိ လူများအားလုံး အကျိုးကျေးဇူးများ ရရှိသွားကြသည်။

နီရဲနေသည့် နဂါးပေါက်လေးသည် ကောင်းကင်ထက်သို့ ပျံသန်းသွားကာ သူ၏ပြောင်းလဲမှုများကို အာရုံခံကြည့်နေသည်။ ရောင်စုံ နတ်အလင်းတန်းများ ထွက်ပေါ်လာကာ မူလဖရိုဖရဲမြူများလည်း ပျံ့လွင့်လာ၏။ ပုံမှန်မဟုတ်သည့်မြင်ကွင်းများလည်း တစ်ခုပြီးတစ်ခု ဆက်တိုက်ပင် ထွက်ပေါ်လာသည်ပင်။

“အလကားတော့ မဖြစ်လိုက်ဘူးပဲ .. ” ရှီဟောင် သက်ပြင်းချလိုက်သည်။

ရှီဟောင် တစ်ခုခုကို မှတ်မိသွားပြီး ရွာပြင်ဘက်သို့ ကြည့်လိုက်သည်။ ထိုနေရာတွင် သစ်ပင်တစ်ပင်ရှိနေပြီး အပင်ပေါ်တွင် ငှက်သိုက်တစ်ခုရှိသည်။ ယခုအချိန်တွင် ရွှေရောင်ခြင်္သေ့ ထိုငှက်သိုက်ထဲ၌ ရှိနေလောက်သည်။

“သူက ဘာလို့ အိပ်ပျော်နေတာလဲ … ” ရှီဟောင် သွားကြည့်လိုက်သည့်အချိန်တွင် ထိုရွှေရောင်ခြင်္သေ့ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

ခဏကြာပြီးနောက် ရွှေရောင်ခြင်္သေ့ နိုးလာကာ စူးရှစွာ အော်ဟစ်လိုက်လေ၏။ သူ၏အော်သံမှာ တောင်များကို တုန်ခါသွားစေသည်။ အခြားသက်ရှိများ မထိခိုက်မိစေရန်အတွက် ရှီဟောင် ထိုအသံလှိုင်းကို ဖြတ်တောက်ပစ်လိုက်သည်။

“စိတ်တိုစရာကောင်းလိုက်တာ … အား .. ”
ရွှေရောင်ခြင်္သေ့ ငှက်သိုက်ထဲမှ ပြေးထွက်လာသည်။

ရှီဟောင် ဆွံ့အနေမိသော်လည်း ခဏကြာပြီးနောက် သူ ရယ်မောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရွှေရောင်ခြင်္သေ့၏ နှာခေါင်းပေါ်၌ ငှက်ချီးတစ်ပုံ ရှိနေသည်ပင်။ ထိုငှက်ချီးသည် မာပင် မာနေပြီဖြစ်သောကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ပါချထားခြင်းပင်။

“ဒါက ဘာငှက်ကြီးလဲ … ငါ အဲဒီငှက်ကို စားပစ်မယ် …” ရွှေရောင်ခြင်္သေ့မှာ ဒေါသထွက်လွန်းသောကြောင့် သူ၏အမွေးများပင် မီးတောက်တော့မည်။

အပိုင်း ၁၉၃၉ ပြီး၏။

Chapter – 1940 ပြစ်ချက်များ

ရွှေရောင်ခြင်္သေ့၏ အမွေးများမှာ ရွှေရောင်အပ်ချောင်းများကဲ့သို့ ထောင်မတ်သွားသည်။ ယခုအချိန်တွင် သူသည် ရွှေရောင်ဖြူကောင်ကြီးကဲ့သို့ ဖြစ်နေသည်ပင်။

သူ၏ နှာခေါင်းနှင့် ပါးစပ်များမှ မီးတောက်များ ထွက်နေသည့်အပြင် သူ၏နားရွက်နှင့် ဦးခေါင်းထိပ်များမှ မီးခိုးများ ထွက်နေသည်။

သူ ဒေါသထွက်လွန်းသောကြောင့် သူ၏ဒွါရ ၇ ပေါက်မှ မီးခိုးများ ထွက်နေလေပြီ။

သူသည် ခမ်းနားကြီးကျယ်လှသည့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ဖြစ်သော်လည်း ယခုတော့ သူ့နှာခေါင်းထိပ်၌ ငှက်ချေးတစ်ပုံရှိနေသည်။ ဤသည်မှာ လက်မခံနိုင်ချင်စရာ ကောင်းလှသည်ပင်။

“ငါ အရမ်းစိတ်တိုတာပဲ .. အား..” ရွှေရောင်ခြင်္သေ့ ခြေစောင့်ကာ အော်ဟစ်နေလေ၏။ သူ အကျယ်ကြီးလည်း မအော်ရဲသေးပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူ့ကို ကြည့်နေသည်ပင်။

“ငါ သည်းမခံနိုင်တော့ဘူး..” ရွှေရောင်ခြင်္သေ့ သူ့နှာခေါင်းထိပ်မှ ငှက်ချေးကို အကြမ်းပတမ်း ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် သူ အာကာသအပြင်ဘက်သို့ ခုန်ထွက်သွားလိုက်သည်။

ကျောက်တုံးကျေးရွာ၌ သူ့ဒေါသကို ဖွင့်ထုတ်၍မရသောကြောင့် သူ အပြင်ဘက်၌ ဖွင့်ထုတ်ရမည်ပင်။

ထိုနေရာ၌ သူ ကြိုက်သလို အော်ဟစ်၍ရသည်။

“မိုးခြိမ်းတာလား..”

ကျောက်တုံးကျေးရွာမှ လူအချို့ စိတ်ရှုပ်ထွေးသွားကြရသည်။ အချို့သူများမှာ ဘာဖြစ်နေမှန်း မသိကြပေ။

“ကြည့်ရတာ ဦးလေးဟောင် မွေးထားတဲ့ခြင်္သေ့ကြီး အော်နေတာထင်တယ်”

“အဲဒီခြင်္သေ့က တော်တော်လေး အထင်ကြီးဖို့ကောင်းပါတယ် .. သူက ဘာလို့ အော်နေတာလဲ..”

“သူ့နှာခေါင်းထိပ်မှာ ငါးရောင်စပ်စာကလေး ငှက်ချီးကပ်နေတာ”

ကလေးတစ်စု ရေရွတ်နေကြသည်ကို ကြားလိုက်သည်နှင့် လူငယ်များ အမူအရာ ပြောင်းလဲသွားကြသည်။ ဤငါးရောင်စပ်စာကလေးမှာ အလွန်ထူးဆန်းသည်ဟု သူတို့ခံစားနေကြရသည်ပင်။

အစပိုင်းတွင်တော့ သူတို့ ဤငှက်ကို အလေးမထား။ ဤသည်မှာ ရိုးရိုးစာကလေးနှင့် ဘာမှကွာခြားမည်မဟုတ်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော်လည်း သူတို့ ဤငှက်အကြောင်းသိလေလေ ဤငှက်ကို လေးစားလာလေလေပင်။

အချိန်အတော်ကြာမှသာ ရွှေရောင်ခြင်္သေ့ ပြန်ရောက်လာသည်။ သူ၏မျက်နှာမှာ တုန်ခါနေဆဲဖြစ်သောကြောင့် ဤသည်မှာ သူ ဒေါသမပြယ်သေးသည့် အရိပ်အယောင်ပင်။

“ရွှေရောင်ခြင်္သေ့ ပြန်လာပြီလား .. ဒါက ငှက်ချီး နှာခေါင်းမှာ ကပ်နေရုံလေးပဲ မဟုတ်ဘူးလား .. သေချာပြန်ဖယ်လိုက်ရင် ဘာမှမဖြစ်တော့ပါဘူး” ကလေးများ စေတနာဖြင့် ပြောပြလိုက်ကြသည်။

ဤစကားကို ကြားသည်နှင့် ရွှေရောင်ခြင်္သေ့၏မျက်နှာ ထပ်မံ တုန်ယင်လာကာ သူ၏ခြေသည်းများကို ထုတ်လာလေ၏။ သူသည် ဤကလေးများကို တကယ်ပင် တစ်လုပ်တည်းဖြင့် စားပစ်ချင်လာသည်။

“ခင်ဗျားကဘာလို့ ကျွန်တော့်ကို လာခြောက်နေတာလဲ .. ခင်ဗျားနှာခေါင်းထိပ်ကို ချီးပေအောင်လုပ်တာ ငှက်လေ .. ကျွန်တော်မှ မဟုတ်တာ” ထိုကလေး ရှုပ်ထွေး သွားရသည်။

“မင်း .. ပါးစပ်ပိတ်ထား..”

ရွှေရောင်ခြင်္သေ့မှာ သူ့အမြှီးတက်နင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏အနာကို ထပ်ခါထပ်ခါ ဆွခံနေရသည်ပင်။

“ရွှေရောင်အမွေးနဲ့ခြင်္သေ့ .. ခင်ဗျား ဒါက ဘာသဘောလဲ .. သူက စေတနာနဲ့ ခင်ဗျားကို နှစ်သိမ့်ပေးတာ .. ခင်ဗျား ကျေးဇူးတရားကို မသိတတ်ဘူးလား..” နှပ်ချေးတွဲလောင်းကျနေသည့်ကလေးမှ ပြောဆိုလိုက်သည်။

“ငါ လူတွေကို ကိုက်လို့ရလား..” ရွှေရောင်ခြင်္သေ့ အံကြိတ်ကာ ရှီဟောင်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။ သူ့အမွေးများ ထပ်မံ ထောင်ထလာလေ၏။

ရှီဟောင် သူ့ကိုကြည့်ကာ စကားနှစ်လုံးသာ ပြောလိုက်သည်။ “မရဘူး..”်

“ဦးလေး ကျွန်တော် ဦးလေးကို ဝေဖန်တာတော့မဟုတ်ဘူး .. ဒါပေမဲ့ ဦးလေး ယူလာတဲ့ ဒီကောင်ကြီးရဲ့ သည်းခံနိုင်မှုက တော်တော်လေး နည်းတယ် .. ဒါက ငှက်ချေးလေးပဲ မဟုတ်ဘူးလား..” ကလေးတစ်ဦးသည် လူကြီးတစ်ယောက်ကဲ့သို့ပင် လှောင်ရယ်လာသည်။

“အား .. ဘုရားရေ .. င့ါကို နယ်ခြားစပ်တစ်ဖက်က ရှေးဟောင်းလောကကြီးကိုပဲ ပြန်ပို့ပေးပါတော့ .. ငါ သည်းမခံနိုင်တော့ဘူး..” ရွှေရောင်ခြင်္သေ့ အော်ဟစ်လိုက်သည်။

နောက်ဆုံးတွင်တော့ သူ ရှီဟောင်၏ စောင့်ကန်ခြင်းကို ခံလိုက်ရသည်။

“ဒီခြင်္သေ့က မကောင်းဘူး .. ဟိုလိပ်ကြီးထက်တောင် ဆိုးသေးတယ် .. ဟိုလိပ်ဆို ဘယ်လောက်ရိုးသားပြီး တာဝန်သိတတ်လဲကြည့်လိုက် .. သူက ကောင်းကင်နတ်ဘုရားသစ်ပင်အောက်မှာပဲ တစ်ချိန်လုံး အိပ်နေတာ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“ဟုတ်တယ် .. အဲဒီလိပ်ကြီးက ပိုပြီးတော့ အားကောင်းလိမ့်မယ်လို့ ငါလည်း ခံစားရတယ်” အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြသည်။

ရွှေရောင်ခြင်္သေ့ တကယ်ကို ဒေါသထွက်နေပြီဖြစ်သည်။ သူသည် မည်ကဲ့သို့သော သူမျိုးဖြစ်သနည်း ..

ယွမ်ရှီးသာ တိတ်တိတ်လေး ရယ်နေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤခြင်္သေ့ မည်မျှကြောက်စရာကောင်းသည်ကို သူမသိနေသည်ပင်။ သို့သော်လည်း ယခုတော့ ဤခြင်္သေ့ ခံနေရသည်။

သူ၏ကျင့်ကြံဆင့်မြင့်မားသည်ကို ရွာသားများ သိကြသော်လည်း သူ၏စွမ်းအားများ ပြသသည်ကို သူတို့တစ်ခါမှ မမြင်ဖူးသေး။ ရှီဟောင်၏ စီးတော်ယာဉ်အဖြစ်သာ မြင်ဖူးသောကြောင့် သူတို့ ဤခြင်္သေ့ကို အန္တရာယ်များသည်ဟု မခံစားရ။

ရှီဟောင် ဤခြင်္သေ့ကို အာရုံစိုက်နိုင်ဖို့ အချိန်မရှိသေး။ သူ နဂါးလေးကို ကြည့်ရဦးမည်။ ထိုနဂါးလေးသည် ကောင်းကင်ထက်မှ ဆင်းသက်လာနေပြီဖြစ်ပြီ သူနှင့်အတူ ရောင်စုံအလင်းများ ထွက်ပေါ်နေသည်ပင်။

နယ်ခြားစပ်မှ ကလေးများ အပါအဝင် ရွာသားများအားလုံး ရောက်လာကြသည်။ ဤသည်မှာ နဂါးအစစ်ဖြစ်သည့်အပြင် သူတို့မျက်စိရှေ့၌ မွေးလာသည့်နဂါးပင်။

အနီရောင်ခန္ဓာကိုယ်မှာ တစ်ကျန်းပင်မရှိ။ ဤသည်မှာ သေးသည်ဟု ပြော၍ရသည်ပင်။

ဤသည်မှာ နီရဲတောက်ပနေသည့် မီးခဲများနှင့်တူနေသည်ပင်။ သူ၏နဂါးဦးချိုများပင် သွေးရောင်စိန်ကဲ့သို့ နီရဲနေသည်။

ကဲဂု၏အမူအရာမှာ ရှုပ်ထွေးနေသည်။ သူသည် ဆင်းသက်လာသည်နှင့် ရှီဟောင်ထံသို့ တရှိန်ထိုး ရောက်ရှိလာကာ ကျေးဇူးတင်ကြောင်း ပြသလာလေ၏။ “ကျေးဇူးတင်ပါတယ်..”

သူတို့ ယခင်က မတည့်ကြသော်လည်း ရှီဟောင် သူ့အား ကူညီပေးခဲ့သည်ပင်။

“ယဉ်ကျေးနေစရာ မလိုပါဘူး .. င့ါကို မင်းဆရာအဖြစ်သာ သတ်မှတ်လိုက်” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

ကဲဂု မျက်နှာပျက်သွားရသည်။ သူ ရှီဟောင်ကို ဆရာတင်မည့် ရည်ရွယ်ချက်မရှိပေ။

ရှီဟောင် ဤခြင်္သေ့ကို သေချာလေ့လာလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ကြံ့ခိုင်ကာ စွမ်းအားကြီးလှသည်။ နဂါးတစ်ကောင်ဖြစ်ထိုက်သည်ပင်။ သူ၏ခန္ဓာကိုယ်မှာ ပြီးပြည့်စုံပြီး ပြစ်ချက်ရှာတွေ့ရန် ခက်ခဲလှသည်ပင်။

သူ၏ကျင့်ကြံဆင့်လည်း အတော်လေး အံ့အားသင့်စရာ ကောင်းလှသည်။

နဂါးဦးချိုဖြစ်စေ၊ နတ်ဆေးပင်များဖြစ်စေ၊ နဂါးအကြေးခွံဆေးပင်ဖြစ်စေ ထိုအရာအားလုံးကို ဤနဂါးလေးမှ စုတ်ယူလိုက်ပြီး သူ၏အားနည်းချက်များကို ဖြည့်လိုက်နိုင်ကြောင်း သူသိလိုက်သည်။

“မဆိုးဘး .. ကောင်းတယ် .. ပြီးပြည့်စုံတဲ့ နဂါးတစ်ကောင်ပဲ .. မင်းရဲ့သွေးစွမ်းအင်က ပြည့်စုံတော့ မင်းတစ်ဝက် ကျင့်ကြံလိုက်တာနဲ့ အကျိုးကျေးဇူးက နှစ်ဆရလာမှာ” ရှီဟောင် ချီးကျူးလိုက်သည်။

အခြားသူများကို အမြဲတမ်း အထင်သေးကာ မောက်မာနေသည့် ရွှေရောင်ခြင်္သေ့ပင်လျှင် ဤအရာကို လက်မခံပဲ လက်ခံလိုက်ရသည်။ ဤနဂါးအစစ်သည် တကယ်ကို ထူးခြားလှကာ သူ ငယ်ရွယ်စဉ်ကထက် ‘အနည်းငယ်’ ပို၍ အထင်ကြီးစရာ ကောင်းသည်ပင်။

“မင်းရဲ့ခန္ဓာကိုယ်က ကြံ့ခိုင်တယ် .. ဝိညာဉ်လည်း စွမ်းအားကြီးတယ်ဆိုတော့ ဘာပြဿနာမှ မရှိလောက်ဘူး” ရှီဟောင် အလွန်ကျေနပ်နေရသည်။ ရက်စက်သည့်သားရဲဆယ်မျိုးထဲမှ တစ်မျိုးဖြစ်သည့် နဂါးကို ပြန်လည်ထိန်းသိမ်းလိုသည့် သူ၏ဆန္ဒပြည့်မြောက်သွားလေပြီ။

ယခုအချိန်တွင် ရှီဟောင် မျှော်လင့်ချက်များ တောက်လောင်နေသည်။ ဤသည်မှာ နဂါးအစစ်ဖြစ်သောကြောင့် ပြိုင်ဘက်ကင်းသည့် နဂါးအဖိုးတန်ပညာလည်း ပေါ်လာတော့မည်။

“မင်း အမွေဆက်ခံထားတဲ့ အဖိုးတန်ပညာက ဘယ်လောက် အဆင့်ရောက်သွားပြီလဲ .. မင်းရဲ့စကေးကရော ဘယ်လောက်ရှိပြီလဲ..” ရှီဟောင် ချောင်းဟန့်ကာ မေးလိုက်သည်။

ရွှေရောင်ခြင်္သေ့သည် သူ့အား စက်ဆုပ်စွာ ကြည့်လိုက်ရင်း သူ့စိတ်ထဲ၌ ကျိန်ဆဲနေလေသည်။ သူ ဒီလျှို့ဝှက်ပညာကို သင်ချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောလိုက်လို့ မရဘူးလား..

နဂါးလေးသည် အနည်းငယ် ရှက်ရွံ့သွားကာ “ကျွန်တော် နည်းနည်းပဲ ရထားတာ” ထို့နောက် သူ၏အမူအရာ ပြောင်းလဲသွားကာ “ကျွန်တော် နောက််ဆုံးအမွေအနှစ်ကို မရသေးဘူး..”

နောက်ဆုံးတော့လည်း ပြဿနာကြီး ရှိနေသည်ပင်။

ပြောင်းလဲခြင်းကိုးမျိုးယန်ဆေးပင်မရှိလျှင် ပြစ်ချက်အချို့ရှိမည်ကို သူသိသည်။ သို့သော်လည်း ထိုပြစ်ချက်မှာ ဤမျှကြီးမားလိမ့်မည်ဟု သူမထင်ထားခဲ့။

နဂါးနီလေးမှာ သူ၏ခန္ဓာကိုယ်တွင် ဘာပြဿနာမှမရှိ။ သူ၏ခန္ဓာကိုယ်ဖြစ်စေ၊ ဝိညာဉ်ဖြစ်စေ နှစ်ခုလုံးမှာ ထိတ်လန့်စရာကောင်းလောက်အောင် သန်မာလှသည်။

သို့သော်လည်း သူ၏ ပညာများ ပျောက်ဆုံးနေသည်။ နဂါးအစစ်၏ ပြိုင်ဘက်ကင်းပညာကို သူမရရှိထား။

သူသည် သာမန်ကျင့်ကြံခြင်းနည်းလမ်းများတွင် ကျွမ်းကျင်သော်လည်း နဂါးအစစ်၏ စွမ်းအားအကြီးဆုံးလျှို့ဝှက်ပညာကို မရထား။

ကဲဂု ထိတ်လန့်နေသည်ပင်။ ဤသည်မှာ ကိစ္စကြီးပင်။ သူ၏သွေးထဲတွင် နဂါးအစစ်၏ စွမ်းအားအကြီးဆုံး လျှို့ဝှက်ပညာမရှိထား။ သူ့ထံ၌ သူမွေးဖွားလာစဉ်က ရခဲ့သည့် နဂါးပညာများသာ ရှိသည်။

“ငါတို့ ဘာလုပ်ကြမလဲ..” ရွှေရောင်ခြင်္သေ့ပင် အနည်းငယ် စိုးရိမ်လာလေ၏။ အဘယ်ကြောင့်ဆိုသော် သူ ဤနဂါးကို မျက်စိကျနေသည်ပင်။

“လေဟာနယ်နတ်ဘုရားနယ်မြေ..” နဂါးနီလေး ရုတ်တရက် ပြောလိုက်သည်။

“မင်း ဘာပြောချင်တာလဲ..” ရှီဟောင် တုန်လှုပ်သွားရသည်။

“ကျွန်တော် မှတ်တမ်းတွေကို ချိုးဖောက်နိုင်ရင် ကျွန်တော် စွမ်းအားအကြီးဆုံးပညာတစ်ခုနဲ့ လဲလို့ရတယ်လို့ အဲဒီက ဖိုးဖိုးနှစ်ယောက် ပြောဖူးတယ် .. အဲဒီနေရာမှဦ နဂါးအဖိုးတန်ပညာရှိလိမ့်မယ်လို ကျွန်တော် ယုံကြည်တယ်” ကဲဂု ပြောလာသည်။

ရှီဟောင်၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေသို့သွားကာ သူ၏ကြေးအပိုင်းအစဆယ်ခုကို အဖိုးတန်ပညာဖြင့် လဲလှယ်ရန် စီစဉ်ထားခြင်းပင်။ သို့သော် မည်သည့်ပညာဖြင့် လဲလှယ်မည်ကို သူမစဉ်းစားရသေး။ ကြည့်ရသည်မှာ ယခုတော့ သူ နဂါးအဖိုးတန်ပညာဖြင့်သာ လဲလှယ်ရတော့မည်ထင်သည်။

သူ နဂါးလေးကို ကြည့်လိုက်၏။ ဤသည်မှာ မတန်ဟု သူခံစားလိုက်ရသည်။ သူ နဂါးဥယူလာသော်လည်း ဤနဂါးထံမှ အကျိုးကျေးဇူးများ မရသည့်အပြင် ယခုတော့ သူ ကလေးထိန်း လုပ်ကာ သူ နဂါးအဖိုးတန်ပညာ လေ့လာသည်ကို ကူညီရဦးမည်လား..

“မင်း အသက် ငယ်သေးတယ် .. ကျင့်ကြံဆင့်ကလည်း မလေးနက်သေးဘူး … မင်း အရွယ်ရောက်လာရင် မင်းသွေးထဲက အမွေအနှစ်အပိုင်းအစတွေ ပိုပြီးတော့ ထင်ရှားလာလိမ့်မယ်လို့ ငါထင်တယ်” ရှီဟောင် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ သူ လျှို့ဝှက်ပညာတစ်ခုကိုသာ လဲလှယ်၍ရလိမ့်မည်။

ယခုအချိန်တွင် သူ ဖီးနှစ်အဖိုးတန်ပညာကို အလွန်လိုချင်နေသည်။

နဂါးလေးသာ ပြန်ကောင်းသွားလျှင် နောင်၌ ခမ်းနားလှသည့် နဂါးဖီးနှစ်ပညာ ပေါ်လာနိုင်သည်ပင်။

အဘယ်ကြောင့်ဆိုသော် နဂါးနှင့် ဖီးနှစ်အဖိုးတန်ပညာများကို ရရှိထားလျှင် ထိုပညာနှစ်ခု တစ်ခုနှင့်တစ်ခု တုံ့ပြန်ကာ ပညာ၏စွမ်းအားများ အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်ဟု ပြောကြသည်ပင်။

ယခု နဂါးအစစ်မှာ သူ့မျက်စိရှေ့၌ ရှိနေလေပြီ။ သူသာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေထဲ၌ ဖီးနှစ်အဖိုးတန်ပညာကို ရနိုင်လျှင် ထိုကဲ့သို့သော ခမ်းနားမှုမျိုး ထွက်ပေါ်လာရန် သိပ်မလိုတော့။

အပိုင်း ၁၉၄၀ ပြီး၏။
Chapter – 1941 နဂါး အဖိုးတန်ပညာ

လေအေးများ တိုက်ခတ်နေကာ ကောင်းကင်စီရင်စုမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ရှီဟောင် စွန့်ပစ်နယ်မြေမှ ထွက်လာကာ ကောင်းကင်နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။

သူ ထိုအသက်ကန့်သတ်နယ်မြေသို့ ဦးတည်သွားနေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သေချာစဉ်းစားပြီးနောက် ကဲဂုကို ထိုကန့်သတ်နယ်မြေအရှင် ကူညီနိုင်လိမ့်မည်ဟု သူခံစားမိသည်။ ထိုသူသည် ယခင်က ထာဝရအဆင့်တပည့်များကို လျှို့ဝှက်ပညာ မျိုးစုံ လက်ဆင့်ကမ်းပေးခဲ့သည်ပင်။

သူ့ထံတွင် နဂါးအဖိုးတန်ပညာလည်း ရှိလိမ့်မည်ဟု ရှီဟောင် ခံစားရသည်။

သူ အစကတည်းက ဤနေရာသို့ လာခဲ့ချင်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူ ထိုအရှင်နှင့် ချိန်းဆိုထားသေးသည်။

ထို့အပြင် သူ့ခန္ဓာကိုယ်ထဲမှ ကျိန်စာမှာ သူ့ခန္ဓာကိုယ်အား ထိခိုက်စေနိုင်မလားဟု သူ မေးကြည့်ချင်သည်။

သူ ဤကိစ္စကို သိပ်စိတ်မပူခဲ့။ အဘယ်ကြောင့်ဆိုသော် ပျက်စီးနေသည့်ထာဝရသက်ရှိအပါအဝင် လူအားလုံးသည် သူ မကြာခင် ပျက်စီးတော့မည်ဟု ခံစားနေကြသော်လည်း ဤကျိန်စာမှာ ထိုမျှမပြင်းထန်ကြောင်း သူခံစားနေရသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသည့် ထိုမီးတောက်သည် တိတ်တဆိတ်လောင်ကျွမ်းကာ ထိုကျိန်စာကို တိုက်ဖျက်နေသည်ပင်။

သို့သော် မီးတောက်သည် ကျိန်စာအားလုံးကို မဖျက်ဆီးနိုင်။ အနည်းငယ် ကျန်နေဆဲပင်။

ငါးဆင့်ပြောင်းလဲခြင်းတောင်အရှင်လည်း ရှီဟောင်၏ခန္ဓာကိုယ်ထဲ၌ ထူးဆန်းသည့်မီးတောက်ရှိနေသည်ကို သိခဲ့သည်ပင်။

သူ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းမှာ ပျက်စီးနေသည့်ထာဝရသက်ရှိကို အရူးလုပ်ရန်ပင်။

အဘယ်ကြောင့်ဆိုသော် အခြေအနေမှာ ဆိုးရွားလွန်းလှသည်ပင်။ ပျက်စီးနေသည့် ထာဝရသက်ရှိအပြင် အခြားလူတစ်ဦး၏လက်နက်နှင့် အမိန့်စာတစ်ခု ရှိနေသေးသည်။ ထိုအရာများလည်း ထာဝရတာအိုအဆင့်ပစ္စည်းများပင်။

“ငါ့အတွက်မဟုတ်ပဲနဲ့ မင်းအတွက်လာခဲ့တာဆိုတော့ မင်းက ငါ့တပည့်ပဲ..” ရှီ‌ဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဤနယ်မြေမှာ အလွန်ခေါင်တီးလှသည်။

သူ ထူးဆန်းသည့်နယ်မြေ၏ အစွန်အဖျားသို့ ရောက်သည်နှင့် ထိုရှေးဟောင်းကျောက်စိမ်းအပိုင်းအစကိုထုတ်လိုက်သည်။ မဟုတ်ပါက သူ ဤနေရာ၌ လမ်းပျောက်သွားလိမ့်မည်။

ဝုန်း..

ရှီဟောင် လျှပ်စီးအလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ ကန့်သတ်နယ်မြေရှိနေသည့် ရှေးဟောင်းမြေသို့ တရှိန်ထိုးသွားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ လီပေါင်း သန်းပေါင်းများစွာသို့ ရောက်ရှိသွားလေပြီ။

နောက်ဆုံးတော့ သူ ထိုရှေးဟောင်းမြေကို နောက်တစ်ကြိမ် မြင်လိုက်ရလေပြီ။

တောင်များမှာ အလွန်နိမ့်နေပြီး ညှိုးခြောက်နေသည့် ဆေးခင်းတစ်ခင်းလည်းရှိနေသည်။ ခြောက်ကပ်နေသည့်ကန်လေးတစ်ကန်လည်း ရှိနေသည်ပင်။

ဝုန်း..

ရုတ်တရက် တောတောင်နှင့်မြစ်များ အသက်ဝင်လာသည်။ ထိုအခိုက်အတန့် ခြောက်သွေ့နေသည့်မြေကြီး အသက်ဝင်လာကာ တံတားလေးအောက်တွင်လည်း ရေများ စီးဆင်းလာသည်။ နန်းတော်များလည်း တောက်ပလာ၏။ ဤနယ်မြေမှာ ထာဝရနယ်မြေကဲ့သို့ တောက်ပလာသည်။

ဆေးခင်းထဲတွင် နတ်ဆေးမျိုးစုံ၏ မွှေးရနံ့လည်း သင်းပျံ့နေသည်ပင်။

တောင်ထိပ်တွင် ခမ်းနားသည့် သတ္တုနန်းတော်များ ရှိနေသည်။

သိပ်မ‌ဝေးသည့် တောင်ခြေ၌ ကန်လေးတစ်ကန်နှင့်အတူ တဲအိမ်တစ်လုံး ရှိနေသည်။ ထိုတဲအိမ်ရှေ့တွင် ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည့်အသားအရေနှင့် လူငယ်တစ်ဦး ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။

သူ့နောက်တွင် ထိုအမျိုးသားနှင့် အမျိုးသမီး အတွဲရှိနေသည်ပင်။

“မင်းလာပြီလား..”

“ဟုတ်ကဲ့ စီနီယာ ..”

ယခုတစ်ခေါက်တွင်တော့ ခက်ခဲသည့် စစ်ဆေးမှု မရှိတော့။ သူ စကြာဝဠာကန်ကို လွယ်ကူစွာပင် ဖြတ်သွားလိုက်သည်။ မည်သည့်ပြဿနာမှ မရှိတော့။

“မင်းရောက်လာတာ ငါထင်ထားတာထက် စောနေတာပဲ..” ထိုအမျိုးသား လက်ဖက်ရည်ခွက်ချကာ ရှီဟောင်ကို ကြည့်၍ ပြောလိုက်သည်။

“ကျွန်တော် စီနီယာကို မေးစရာကိစ္စလေးတွေ ရှိပါတယ်..” ရှီဟောင် ဒဲ့တိုးပင် ပြောလိုက်သည်။

“ပြောပါ..”

“ကျွန်တော့်ကို နဂါးအစစ်အဖိုးတန်ပညာ ပေးဖို့ တောင်းဆိုချင်ပါတယ်” ရှီ‌ဟောင် သူ့ကို ကြည့်၍ ပြောလိုက်သည်။

“ငါ ဘာအဖိုးတန်ပညာကိုမှ လက်ဆင့်ကမ်းပေးတော့မှာ မဟုတ်ဘူး .. အဲဒီနည်းလမ်းက မှားယွင်းနေတယ်ဆိုတာ သက်သေပြပြီးသွားပြီ .. မင်းအရှေ့မှာ ငါ အဖိုးတန်ပညာတွေကို လက်ဆင့်ကမ်းပေးခဲ့တဲ့ လူ ၈ ယောက်ရှိခဲ့တယ် .. ဒါပေမဲ့ အဆုံးမှာတော့ သူတို့အားလုံး သေသွားခဲ့ကြတာ” ထိုအမျိုးသား တည်ငြိမ်စွာပင် ပြန်ဖြေလာလေ၏။

ဤကဲ့သို့သော အဖြေမျိုး ရလိမ့်မည်ဟု မထင်ထားသောကြောင့် ရှီဟောင် တုန်လှုပ်သွားရသည်။

ဤသည်မှာ ငြင်းဆန်သည်ဟု သတ်မှတ်နိုင်သည်ပင်။

သူ အနည်းငယ် ရှုပ်ထွေးသွားရသည်။ အဲဒါဆိုရင် ဒီစီနီယာက ဒီကိုဘာလာလုပ်တာလဲ .. ပညာတစ်ခုကို လက်ဆင့်ကမ်းပေးဖို့ မဟုတ်ဘူးလား..

“မင်း နားလည်မှု လွဲနေပြီထင်တယ် .. ငါ သမိုင်းကစွမ်းအားအကြီးဆုံးလူတစ်ယောက်ကို မွေးမြူဖို့လိုအပ်တယ် .. ဒါပေမဲ့ သူက ငါ့အမွေဆက်ခံသူ ဖြစ်ဖို့မလိုဘူး” ထိုအမျိုးသား ပြောလိုက်သည်။

“မင်းမှာ ပညာတွေ လုံလုံလောက်လောက်ရှိနေပြီ .. ပညာဘယ်နှစ်ခု ပိုင်ဆိုင်ထားလဲဆိုတာက အရေးမကြီးဘူး .. ငါမင်းကို လုံလောက်အောင် လေ့ကျင့်ပေးပြီးတော့ အကောင်းဆုံး တိုက်ခိုက်စွမ်းရည်ရှိအောင် လုပ်ပေးချင်တယ်..” ထိုအမျိုးသား ဒဲ့တိုးပင် ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော် နဂါးအဖိုးတန်ပညာကို သင်ချင်တာ” ရှီဟောင် ရေရွတ်လိုက်သည်။

“ငါ့မှာ အချိန်သိပ်မရှိတော့ဘူး .. ငါက ပျက်စီးနေတဲ့ တံဆိပ်တစ်ချို့သာသာပဲ .. ငါ တစ်ခေါက်ပေါ်လာတိုင်း အဲဒီတံဆိပ်တွေက အရောင်မှိန်သွားတာ .. ငါက စကားပြောဖို့ပေါ်လာတာမဟုတ်ဘူး .. မင်း အခွင့်အရေးကို ဆုတ်ကိုင်နိုင်ဖို့လိုတယ်” ထိုလူ ပြောလိုက်သည်။

“ပြီးတော့ ငါ နဂါးအဖိုးတန်ပညာကို တစ်ခါမှ မရဖူးဘူး .. ငါမင်းကို ပေးချင်ရင်တောင် ပေးလို့မရဘူး..” သူ ထပ်ပြောလိုက်သည်။

ရှီဟောင် သက်ပြင်းချလိုက်၏။

“မင်း ရောက်လာပြီဆိုမှတော့ မင်းဒီအခွင့်အရေးကို တန်ဖိုးထားသင့်တယ်”

ထို့နောက် သူ လက်ညှိုးထိုးလိုက်သည်နှင့် ရှီဟောင် ချက်ချင်း လေထဲ မြှောက်တက်သွားကာ တောင်ထိပ်တစ်ခုစီသို့ လွင့်ပျံသွားသည်။ ထိုတောင်ထိပ်၌ ငွေရောင်နန်းတော် တစ်ခု ရှိနေသည်။

ရှီဟောင် ထိုနန်းတော်ထဲသို့ ရောက်သွားသည်နှင့် နန်းတော်တံခါးများ ချက်ချင်း ပိတ်သွားသည်။

“အမ် .. ဒါက ဆိုးတာပဲ..”

ရှီဟောင်၏အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ထဲမှ ထာဝရချိုးဖျက်ခြင်းကျိန်စာ အသက်ဝင်လာကာ သူ၏ခန္ဓာကိုယ်မှ ကျင့်ကြံဆင့်များကို တိုက်စားလာသည်ပင်။

“ဒီတစ်ခေါက် လေ့ကျင့်တာက ထာဝရချိုးဖျက်ခြင်းကျိန်စာပဲ .. မင်း ဒီလေ့ကျင့်ခြင်းကနေ အသက်မသေ၊ ကျင့်ကြံဆင့် မပျက်စီးပဲ ဖြတ်ကျော်နိုင်ရင် မင်းအောင်မြင်တယ်လို့ သတ်မှတ်ပေးမယ်” ထိုအမျိုးသား ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။

ဘာပြောရမလဲပင် မသိတော့။ သူလည်း ထာဝရချိုးဖျက်ခြင်းကျိန်စာကို ဖြေရှင်းရန် စဉ်းစားထားသည်ပင်။

ကန့်သတ်နယ်မြေအရှင်သည် သူ့ကို ကူညီပေးရုံသာမက သူ၏ထာဝရချိုးဖျက်ခြင်းကျိန်စာကိုလည်း အသက်သွင်းပေးလိုက်သည်။

“ဒါက စွမ်းအားအကုန်မဟုတ်သေးဘူး .. ငါ ဒီကျိန်စာရဲ့ စွမ်းအားနည်းနည်းကိုပဲ အသက်သွင်းထားတာ .. စွမ်းအားအကြီးဆုံးလူဖြစ်ချင်ရင် ဒါကို ဖြတ်ကျော်နိုင်ရမယ်” ထိုလူ ပြောလိုက်သည်။

“ဒါက ထာဝရသက်ရှိတွေအတွက် ပြင်ဆင်ထားတဲ့ဟာလေ .. စီနီယာက ကျွန်တော့်ကို ဖြတ်ကျော်စေချင်တာလား..” ရှီဟောင် တုန်လှုပ်လာသည်။

“ကျိန်စာကို အပြည့်အဝ အသက်သွင်းထားတာမဟုတ်ဘူး .. စွမ်းအားနည်းနည်းလေးကိုပဲ အသက်သွင်းထားတာ” ထိုအမျိုးသား တည်ငြိမ်စွာ ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်ကို သတ်ပစ်ရန် လုံလောက်နေသည်ပင်။ ဤသည်မှာ ထာဝရတာအိုသက်ရှိများအတွက် ကျိန်စာဖြစ်သောကြောင့် သူ၏စွမ်းအားအနည်းငယ်ကို ထုတ်လိုက်လျှင်ပင် ခုခံနိုင်ရန် ခက်ခဲလှသည်ပင်။

ဤသည်မှာ ငရဲနှင့်တူသည့် နှိပ်စက်မှုကြီးပင်။ ငွေရောင်နန်းတော်ထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်ထဲမှ မီးတောက်သည် အလွန်ငြိမ်သက်နေကာ ထာဝရကျိန်စာကို သူ၏ကျင့်ကြံဆင့်အား တိုက်စားခွင့် ပြုထားသည်ပင်။

“ပြန်လာခဲ့..” ရှီဟောင်၏မျက်လုံးများ နီရဲလာသည်။ သူ ခါးခါးသီးသီးကျင့်ကြံထားရသည့် ကျင့်ကြံဆင့်များ၊ မှော်ခွန်အားများကို ဘယ်လိုလုပ် အပျက်စီးခံနိုင်မည်နည်း..

သူ၏ခန္ဓာကိုယ်ထဲ၌ မှော်စွမ်အားများ ထွက်ပေါ်လာသည်။

မှော်စွမ်းအားနည်းနည်းလေး ပျောက်ကွယ်သွားသည်နှင့် သူသည် ထူးဆန်းသည့်ပညာပေါင်းများစွာကို အသက်သွင်းကာ ထိုမှော်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်သည်။

ထိုငွေရောင်နန်းတော်ထဲ၌ သုံးရက်လုံး အော်သံများ ထွက်ပေါ်နေသည်။

နောက်ဆုံးတွင်တော့ နန်းတော်ဂိတ်တံခါးများ ပွင့်လာသည်။ ရှီဟောင်၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ ယိုင်နဲ့နေသည်။ သုံးရက်ကြာပြီးသည့်နောက်တွင် သူ၏အသားအရေမှာ သေလူကဲ့သို့ဖြူဖျော့နေလေပြီ။

“မဆိုးဘူး .. မင်း အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့တာပဲ .. မင်းသေမျိုးနယ်ပယ်မှာ ရှိနေတုန်း ဒီကျိန်စာကို လုံးဝခုခံနိုင်မယ့်နေ့ကို စောင့်နေမယ်..” ထိုအမျိုးသား ပြောလိုက်သည်။

ထို့နောက် အစိမ်းရောင်တောင်တန်းများနှင့် ကြည်လင်နေသည့်ရေများအားလုံး ပျောက်ကွယ်သွားကာ ဤနေရာမှာ ပျက်စီးသွားသည်။

မြေပြင်ထက်တွင် အဖြူရောင်အရိုးခေါင်းသာ ရှိတော့သည်။

ရှီဟောင် ထိုအရိုးခေါင်းဘက်သို့ ဦးညွှတ်လိုက်ပြီးနောက် ဤနေရာမှ ထွက်သွားလိုက်သည်။ သူ သွားလေလေ သူ၏ခန္ဓာကိုယ် ပေါ့ပါးသွက်လက်လေလေပင်။ သူ ငရဲမှ လွတ်မြောက်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။

ရှီဟောင် ကျောက်တုံးကျေးရွာသို့ ပြန်ရောက်လာသည်။

“ငါ နဂါးအဖိုးတန်ပညာ မရခဲ့ဘး .. ကြည့်ရတာ ငါ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေကိုပဲ သွားရတော့မယ်ထင်တယ်..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

ရှီဟောင် ဘယ်သွားခဲ့သည်ကို သိသောကြောင့် ရွှေရောင်ခြင်္သေ့ တရှိန်ထိုးပြေးပင် ရောက်လာသည်။ ဤစကားကို ကြားသည်နှင့် သူ ချက်ချင်း စိတ်ပျက်သွားရသည်။

“ဟုတ်သားပဲ .. ငါးရောင်စပ် စာကလေး ပေါ်လာလား..” ရှီဟောင် မေးလိုက်သည်။

ရွှေရောင်ခြင်္သေ့သည် အံကြိတ်ကာ ချက်ချင်းပင် ခေါင်းခါလိုက်လေ၏။ ဤသုံးရက်အတွင် သူ ငါးရောင်စပ်စာကလေးကို လှည့်ပတ်ရှာဖွေနေခဲ့သော်လည်း သူ ရှာမတွေ့ခဲ့။

“အစ်ကိုကြီး .. ကျွန်တော် စုံစမ်းပြီးသွားပြီ .. မိုးကလန်က သူတို့ရဲ့ ရှေးဟောင်းနတ်ဘုရားနဲ့ ဆက်သွယ်နိုင်သွားတာ .. ဒီကိစ္စမှာ ထူးဆန်းတဲ့ကိစ္စတွေလည်း ပါနေတယ်” ချင်းဖန်း ပြန်ရောက်လာသည်။

မည်သည့်အုပ်စုက ပုန်ကန်ချင်နေသလဲဆိုသည်ကို သူစုံစမ်းပြီးသွားပြီဖြစ်သည်။ ဤစုံစမ်းမှုမှာ မခက်ခဲ။

သို့သော် သူနားလည်သွားရသည်မှာ မိုးကလန်မှ လူများသည် နတ်ဘုရားတစ်ပါးနှင့် တကယ် ဆက်သွယ်နိုင်ခဲ့သည်ပင်။

“နတ်ဘုရားလား .. ငါ နောက်မှ သူကိုစားလိုက်မယ်..” ရွှေရောင်ခြင်္သေ့ ရဲတင်းစွာ ပြောလိုက်သည်။

“ငါးရောင်စပ်စာကလေး ခင်ဗျား နှာခေါင်းပေါ် ချီးပါချသွားတာတောင်မှ ခင်ဗျား သူ့ကို မဖမ်းနိုင်သေးတဲ့ဟာကို..” ကလေးတစ်ဦး ပြောလိုက်သည်။

လူတစ်ယောက်ကို ရိုက်လို့ရတယ် .. ဒါပေမဲ့ သူ့မျက်နှာကို ရိုက်လို့မရဘူး၊ သူ့မာနကို ထိခိုက်လို့မရဘူး..

ထိုကလေး၏ စကားကို ကြားသည်နှင့် ခြင်္သေ့ကြီး၏မျက်နှာ မည်းမှောင်သွားသည်။

“အလျင်မလိုပါဘူး .. ငါ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေက ပြန်လာရင် အဲဒီစွမ်းအားကြီးတဲ့သူတွေဆီကို သွားလည်ပြီးတော့ ဒီကိစ္စကို အမြစ်ကနေရှင်းပေးမယ်” ရှီဟောင် ပြောလိုက်သည်။ ချင်းဖန်းကို ပုန်ကန်ရလောက်အောင် ထိုသူများ မည်မျှလုပ်နိုင်သည်ကို သူ တကယ် သိချင်မိသည်။

သို့သော် ရှီဟောင် လက်လွတ်စပယ်လုပ်မည်မဟုတ်။ နတ်ဘုရားတစ်ပါး အခြားနယ်မြေမှ သူ့ပုံရိပ်ယောင်ကို ထုတ်လွှတ်နိုင်သည်ဆိုသည်မှာ ထိုနတ်ဘုရား သေချာပေါက် စွမ်းအားကြီးသည်ပင်။

ရှီဟောင် ထိုင်ချလိုက်ကာ သူ့မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် ဝုန်း ဟူသည့်အသံနှင့်အတူ သူ၏မူလဝိညာဉ် သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ ကောင်းကင်ကို ထိုးဖောက်သွားပြီး ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ ထဲသို့ ဝင်ရောက်သွားသည်။

နဂါးနီလေး ကဲဂုလည်း သူနှင့်အတူ ဝင်သွားသည်။

သူ့ထံတွင် ကြေးအပိုင်းအစ ဆယ်ခုရှိနေသောကြောင့် ရှီဟောင် ထိုအရာများကို နဂါးအဖိုးတန်ပညာနှင့် လဲလှယ်မည်။

အပိုင်း ၁၉၄၁ ပြီး၏။
Chapter – 1942 ထာဝရနယ်မြေမှ ရုတ်တရက်ထွက်ပေါ်လာသည့် သတင်း

နယ်ခြားစပ်မှ အရေးကိစ္စများ အဆုံးသတ်သွားပြီဖြစ်သောကြောင့် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုမှ နယ်မြေများအားလုံး အေးချမ်းနေသည်။

သို့သော် နှမြောစရာကောင်းသည်မှာ သူရဲကောင်းများစွာ ဆုံးရှုံးခဲ့ရသည်။ မုန့်ထျန်းကျန်းကဲ့သို့သော ကောင်းကင်သားတော်များပင် တိုက်ပွဲ၌ကျဆုံးခဲ့ပြီး သူတို့ကို ဘယ်သောအခါမှ ပြန်မတွေ့နိုင်ကြတော့။

အဆင့်လွန်သက်ရှိများလည်း နယ်ခြားစပ်၌ ကျဆုံးသွားခဲ့ကြရသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုမှာ ရှားပါးသည့် ငြိမ်းချမ်းသည့်အခိုက်အတန့်ကို ရရှိနေကြသည်။ ရန်သူစစ်တပ်များ ကျူးကျော်လာမည်ကို သူတို့စိုးရိမ်စရာမလိုတော့။ အားလုံးကို ဖိစီးနေသည့် ဖိအားကြီးမရှိတော့။

ယခုတလောတွင် ခွန်အားကြီးသည့် ကောင်းကင်ဘုံဆယ်ခုဖြစ်စေ၊ အတော်လေး ဝေးကွာနေသည့် ကမ္ဘာမြေ ဆယ်ခုဖြစ်စေ အားလုံး ပါရမီရှင်များကို ပျိုးထောင်နေကြသည်။

နယ်ခြားစပ်၌ ကျွမ်းကျင်သူများစွာ သေဆုံးသွားခဲ့သောကြောင့် သူတို့ လူအင်အား ဖြည့်တင်းရန် လိုအပ်သည်။

ထို့ကြောင့် ကလန်အားလုံးသည် စွမ်းအားကြီးသည့်သူများကို မွေးမြူနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံ ကြိုးစားနေကြသည်ပင်။

နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိဖြစ်စေ၊ သရဖူ ခြောက်ခုဘုရင် နျင်ချွမ်းဖြစ်စေ၊ ရှုထော်၊ ချီဂုနှင့် ကောင်းကင်ဘုရင်လေးတို့ဖြစ်စေ .. သူတို့အားလုံးကို စွမ်းအားကြီးသည့်ဂိုဏ်းများမှ ခေါ်ဆောင်ချင်နေကြသည်ပင်။

သေမလိုဖြစ်ခဲ့သည့် ကျင်းကျန်းကိုပင်လျှင် လေးစားသည့်သူများစွာ ရှိနေပြီး ဤကဲ့သို့သော ကြောက်စရာကောင်းသည့် လူငယ်ကျွမ်းကျင်သူရှိနေသည့် ကျင်းမိသားစုကို မနာလိုသည့်သူများ ရှိနေသည်ပင်။

နယ်ခြားစပ်တိုက်ပွဲမှ အသက်ရှင်လျက် ပြန်ရောက်လာသူအားလုံးမှာ စွမ်းအားကြီးသည့်ဂိုဏ်းများ၏ ပစ်မှတ်များဖြစ်လာကြသည်။

အားလုံးသည် ထိုကျွမ်းကျင်သူများကို ပြုစုပျိုးထောင်နိုင်ရန် ယှဉ်ပြိုင်လာကြလေ၏။

ဥပမာအားဖြင့် နှစ်ထပ်မျက်လုံး၏ တာအိုကိုကာကွယ်ချင်သည့် သက်ရှည်မိသားစုသည် သူ့အား နတ်ဆေးပင်များ ၊ ကျမ်းစာများနှင့် အခြားအရာများကို ပေးကာ သူ၏ကျင့်ကြံခြင်းကို ကူညီပေးလေ၏။

ထို့အတူ သရဖူ ခြောက်ခုဘုရင် နျင်ချွမ်းကိုလည်း သက်ရှည်ဧကရာဇ်ကလန်မှ သားမက်တော်ချင်နေသည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုမှ ဂျီးနီးယပ်စ်များအားလုံး ခမ်းနားသည့်အချိန်သို့ ရောက်ရှိနေသည်ပင်။ သူတို့ကို လိုချင်သောကြောင့် သူတို့နောက်သို့ ကလန်များစွာ လိုက်နေကြသည်ပင်။

တစ်ချိန်တည်းမှာပင် သူတို့ လူတစ်ယောက်ကို သတိမရပဲ မနေနိုင်တော့။ ထိုလူမှာ ဟွမ်ပင်။

“နှမြောစရာကောင်းလိုက်တာ .. ဟွမ်က ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှိပေမယ့် သူ့အဆုံးသတ်က ဆိုးရွားလွန်းတယ်”

“ဟူး .. တစ်ယောက်လာရင် တစ်ယောက် ထွက်သွားရတာပဲ .. သူ့ရဲ့ကျင့်ကြံဆင့် ပျက်စီးသွားပေမယ့် သူ အသက်ရှင်နေတုန်းပဲလေ .. သူ မွေးတဲ့နေရာကို ပြန်သွားနိုင်ခဲ့တယ် .. ဒီလိုမျိုး အဆုံးသတ်က သိပ်မဆိုးသေးပါဘူး .. လက်ခံလို့ရပါသေးတယ်” တစ်စုံတစ်ယောက် ခေါင်းခါကာ ပြောလိုက်သည်။

သူ၏ ရန်သူဖြစ်စေ၊ မိတ်ဆွေဖြစ်စေ သူ့အကြောင်းတွေးလိုက်တိုင်း သူ၏ပါရမီများမှာ အံ့အားသင့်စရာကောင်းကြောင်း သူတို့အားလုံး ဝန်ခံရမည်ပင်။

“ဟက် .. ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ .. ဟွမ်က သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ .. သူက အဆင့်နိမ့်နယ်မြေ အကျဉ်းထောင်က လူတစ်ယောက်ပဲ .. အဲဒါတောင် သူက အဆင့်မြင့်နယ်မြေမှာ ပြဿနာရှာရဲသေးတယ် .. နောက်ဆုံးတော့လည်း သူ့ခန္ဓာကိုယ် စုတ်ပြတ်သက်သွားအောင် ရိုက်ခံလိုက်ရပြီး သူ့လှောင်အိမ်ထဲ ပြန်သွားဖို့ ဖိအားပေးခံလိုက်ရတာပဲလား..”

“ထာဝရနန်းတော်က အရှင်ကိုယ်တိုင် လှုပ်ရှားမှတော့ သေချာပေါက် အကြောင်းပြချက်ရှိမှာပဲ .. ရလဒ်က မမှားနိုင်ဘူး”

ပျော်ရွှင်နေကြသည့် ရန်သူများလည်း ရှိနေသည်ပင်။ သူတို့၏စကားများမှာ နည်းနည်းတော့ လွန်လွန်းလှသည်ပင်။

အချို့သူများမှာ သက်ပြင်းချလိုက်ကြသည်။ သူတို့ဘာများ ပြောနိုင်မည်နည်း.. ဤသည်မှာ ထာဝရတာအိုသက်ရှိဖြစ်သောာကြောင့် မည်သူက ထွက်ပြောရဲမည်နည်း..

“သတင်းထူးကြီး … သက်ရှည်အင်ပါယာတရားရုံးက သားမက်ရှာနေတယ် .. မင်းသမီးယောင်ယွဲ့က တာအိုလက်တွဲဖော် ရှာနေတာ .. မြန်မြန်စာရင်းပေးလိုက်..”

“ဒါက သက်ရှည်အင်ပါယာတရားရုံးက မင်းသမီးပဲ .. ဒါက သတင်းထူးကြီးပဲ..”

ထိုသတင်း နယ်မြေပေါင်းများစွာသို့ ပျံ့နှံ့သွားသည်။

“ဟမ် .. ကျင်းထိုက်ကျွင်း သီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီ .. သူက ဝမ်မိသားစုစီကနေ ဖြေရှင်းချက် တောင်းနေတယ် … ဝမ်ရှီးကို ကျင်းကျန်းနဲ့ လက်ထပ်ဦးမလား မထပ်တော့ဘူးလားဆိုတာကို မေးနေတယ်.. ဒါက ကိစ္စကြီးပဲ..”

ခဏကြာပြီးနောက် ဤသတင်းထူးကြီး ထွက်ပေါ်လာသည်။ တစ်ခုခုဖြစ်တော့မည်ကို အားလုံး အာရုံခံစားနေမိသည်။ မဟုတ်ပါက အဘယ်ကြောင့် ဤကဲ့သို့သော သတင်းမျိုး ထွက်လာမည်နည်း..

“တစ်ခုခုတော့ မဟုတ်သေးဘူး .. ကောင်းကင်ခစားခြင်းဂိုဏ်းကလည်း စုန်းမကိုလွှတ်ပြီး နှစ်ထပ်မျက်လုံးကို စည်းရုံးနေတယ်တဲ့ .. ဒါကို တွေ့လိုက်တဲ့သူ ရှိတယ်တဲ့..”

အားလုံး အနည်းငယ် ရှုပ်ထွေးသွားရသည်။ ဂိုဏ်းကြီးတွေက ဘာလို့တစ်ခုပြီးတစ်ခု လှုပ်ရှားနေတာလဲ..

ရက်ပေါင်းများစွာ ကြာပြီးနောက် သတင်းတစ်ခု ပျံ့လွင့်လာသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခု၌ ပြိုင်ပွဲတစ်ခု ကျင်းပမည်။

“သူတို့ ရူးနေတာလား .. ငါတို့ အခုမှ ငြိမ်းချမ်းတာကို သူတိုကဘာလို့ ပြိုင်ပွဲလုပ်မှာလဲ..”

“နယ်ခြားစပ်တိုက်ပွဲကြီး အဆုံးသတ်သွားပြီး သူရဲကောင်းဝိညာဉ်တွေ အိပ်စက်သွားလို့ ဒီလိုမျိုး ဖြစ်သွားတာထင်တယ်” တစ်စုံတစ်ယောက် ပြောလိုက်သည်။

အထက် ကောင်းကင်ဘုံကိုးခု၌ ဖြစ်စေ အလွန်ဝေးကွာလှသည့် ကမ္ဘာမြေ ဆယ်ခု၌ဖြစ်စေ ရှေးဟောင်းမြေမျိုးစုံ၌ ပြိုင်ပွဲကျင်းပကာ အကောင်းဆုံးလူများကို ရွေးချယ်နေကြသည်။

လူငယ်မျိုးဆက်များပါဝင်သလို လူလတ်ပိုင်းအရွယ်များလည်း ပါဝင်သည်ပင်။ မတူညီသည့်အဆင့်များအလိုက် ပြိုင်ပွဲပြိုင်ကြခြင်းပင်။

သို့သော် လူစိတ်ဝင်စားမှုအများဆုံးမှာ လူငယ်မျိုးဆက်များကြားမှ ပြိုင်ပွဲပင်။

အားလုံး စဉ်းစားနေကြသည့်အချိန်တွင် ဖြစ်ရပ်မှန်များ ထွက်ပေါ်လာသည်။

“ထာဝရနယ်မြေရဲ့ ဂိတ်တံခါးတွေ ဖွင့်လာတော့မယ်..”

ဤစကားလုံးလေးများဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည်။ အားလုံးမှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေကြသည်။

ထာဝရနယ်မြေအကြောင်းကို လူအနည်းငယ်သာ သိကြသည်။

သို့သော် နယ်ခြားစပ်မှ စစ်ပွဲ အဆုံးသတ်သွားသည့်အချိန်တွင် နောက်ကွယ်မှ ဖြစ်ရပ်များ ပျံ့နှံ့သွားကာ လျို့ဝှက်ချက်အချို့လည်း လူသိရှင်ကြား ဖြစ်သွားကြသည်။ ထာဝရနယ်မြေအကြောင်းကို ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုမှ လူများအားလုံး သိသွားကြသည်ပင်။

ထိုနေရာသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုထက် အဆပေါင်းများစွာ ကြီးမားပြီး ထာဝရသက်ရှိများ၊ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ ရှိနေသည်။

ယခင်က ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခု၏ ကာကွယ်သူများဖြစ်ကြသည့် တုဂုကလန်လည်း ထိုနေရာမှ ထွက်လာခြင်းပင်။

“ထာဝရနယ်မြေ တံခါးတွေ ပွင့်လာပြီ .. ငါတို့ အထဲဝင်ဖို့ အခွင့်အရေးရော ရှိပါ့မလား .. ဘုရားရေ .. ဒါက လောကကြီးကို တုန်လှုပ်စေနိုင်တဲ့သတင်းကောင်းပဲ .. သက်ရှည်မိသားစုတွေ လှုပ်ရှားနေတာ အံ့ဩစရာမရှိတော့ပါဘူး .. သူတို့က ကြိုသိနေကြတာကိုး..”

“လက်ရွေးစင်သူတစ်ချို့ ဝင်လို့ရမယ့်အပြင် ထာဝရနယ်မြေက စွမ်းအားအကြီးဆုံးမျိုးဆက်တွေက တပည့်တွေ ရွေးမှာလို့လဲ ပြောကြတယ် .. သူတို့တွေက စွမ်းအားအကြီးဆုံး မျိုးစေ့တွေ ရွေးမှာတဲ့”

ဤသတင်းများ ပျံ့နှံ့သွားသည့်အချိန်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုမှ လူများအားလုံး ထိတ်လန့်သွားကြရသည်။

“အဲဒါကြောင့်မို့လို့ ကောင်းကင်ဘုရင်လေး၊ နှယ်နှင်ဒဏ်ခံရတဲ့ထာဝရ၊ သရဖူ ခြောက်ခုဘုရင်နဲ့ တစ်ခြားသူတွေကို စည်းရုံးနေကြတာကိုး..”

အားလုံး မတည်ငြိမ်နိုင်ကြတော့။ ထာဝရနယ်မြေဆိုသည်မှာ မည်ကဲ့သို့သော နယ်မြေမျိုး ဖြစ်သနည်း . ဤနှစ်များတွင် သူတို့၏ အဆင့်လွန်သက်ရှိများပင် မဝင်နိုင်ကြ။

သို့သော် ယခုတော့ ဤကဲ့သို့သော ကံကောင်းမှုမျိုး ပေါ်လာလေပြီ။ အောင်မြင်မှုကြီးကြီးမားမား ရရှိထားသည့်သူများ ထာဝရနယ်မြေထဲသို့ ဝင်နိုင်လိမ့်မည်။

ခဏကြာပြီးနောက် ဤသတင်းထွက်လာသည့် ဇစ်မြစ် ပေါ်ထွက်လာသည်။

ဤအကြောင်းကို စသိသည့်သူမှာ ထာဝရနန်းတော်မှ ပျက်စီးနေသည့် ထာဝရသက်ရှိပင်။ သူသည် ထာဝရနယ်မြေ၏ ဂိတ်ပေါက်မှ ပြသလာသည့်ပုံရိပ်ယောင်များကို မြင်လိုက်ရခြင်းပင်။ ထိုဂိတ်များမှ အမိန့်စာတစ်ခု ကျရောက်လာသည်ပင်။

“အစောပိုင်းတုန်းက ငါ ဟွမ်အတွက် ဝမ်းနည်းနေတာ .. အခုတော့ သူ့အတွက် ပျော်မိသွားပြီ .. အမိန့်စာကို လက်ခံတဲ့သူက ပျက်စီးနေတဲ့ထာဝရသက်ရှိဆိုတော့ တကယ်လို့ ဟွမ်သာ အဆင့်မြင့်နယ်မြေမှာ ရှိနေသေးရင် သူ ချက်ချင်း အသတ်ခံလိုက်ရမှာ .. သူ့ကို အသက်ရှင်ခွင့်တောင် ပေးတော့မှာ မဟုတ်ဘူး..”

လူအချို့ သက်ပြင်းချလိုက်ကြသည်။

ဤသည်မှာ အခွင့်အရေးကောင်းကြီးပင်ဖြစ်သောကြောင့် ပျက်စီးနေသည့်ထာဝရသက်ရှိသည် ဟွမ် ထိုနေရာသို့ မသွားနိုင်အောင် တားဆီးမည်ပင်။

ထိုနေ့မှစတင်ကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခု၌ ပြိုင်ပွဲတစ်ခု စတင်လာသည်။

သို့သော် ယခုတစ်ခေါက်တွင်တော့ ပြိုင်ပွဲများကို ဝိညာဉ်နယ်မြေကဲ့သို့သော ဝိညာဉ်လောကများ၌သာ ပြုလုပ်တော့သည်။

အဘယ်ကြောင့်ဆိုသော် နယ်ခြားစပ်စစ်ပွဲ၌ လူများစွာ သေဆုံးခဲ့သောကြောင့် ပြိုင်ပွဲကြောင့်လူထပ်မသေစေချင်တော့။ ဝိညာဉ်နယ်မြေ၌ အသတ်ခံရလျှင်ပင် အပြင်လောက၌ အဆင်ပြေနိုင်သေးသည်ပင်။

“ငါကြားတာ အမှန်လား … ငါသတိလစ်တော့မယ် .. မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတဲ့ ဝမ်မိသားစုက ဆယ်ယောက်မြောက်နဂါး ထွက်လာတော့မှာတဲ့လား..”

“ဝမ်ရှီ ထွက်လာတော့မှာလား..”
[AN:ရှီ = တစ်ဆယ်]

အံ့အားသင့်စရာကောင်းသည့်သတင်းတစ်ခု ထွက်ပေါ်လာသည်။ ထာဝရဝမ်၏ ဆယ်ယောက်မြောက်သားသည် တစ်ချိန်လုံး အအေးဂူထဲ၌သာ သီးသန့်ကျင့်ကြံနေသည့်သူပင်။ ယခုတော့ သူ ထွက်ပေါ်လာတော့မည်။

“ဝမ်မိသားစုတင်မကဘူး .. သေသွားပြီလို့ ထင်ထားတဲ့ ဒဏ္ဍာရီလာ သူရဲကောင်းဝိညာဉ်တွေလည်း ပြန်ပေါ်လာပြီ”

အားလုံး ဆွံ့အသွားကြရသည်။ ဘာဖြစ်နေတာလဲ .. လောကကြီးက ရူးနေပြီလား..

“ဟူး .. ဒါက မသိသာလို့လား .. တစ်ဖက်လောကက ငါတို့တံခါးတွေကို လာခေါက်နေပြီ .. ခေတ်ကြီးတစ်ခုလုံးက ခြိမ်းခြောက်ခံနေရတာ .. ငါတို့ လောကတစ်ခုလုံး သေသွားနိုင်တယ် .. အဲဒီတော့ တစ်ချို့ဂိုဏ်းတွေက သူတို့ရဲ့ အကောင်းဆုံးမျိုးစေ့တွေကို သိမ်းထားမှာပဲပေါ့..”

ခဏကြာပြီးနောက် အားလုံး နားလည်သွားလိုက်ရသည်။

ယခု နယ်ခြားစပ်စစ်ပွဲ အဆုံးသတ်သွားကာ ပဋိပက္ခများလည်း အဆုံးသတ်သွားပြီဖြစ်ပြီး ထာဝရနယ်မြေ၏ ဂိတ်တံခါးများလည်း ပွင့်လာလေပြီ။ နောက်ဆုံးတော့ အခွင့်အရေးကောင်းကြီး ပေါ်လာလေပြီ။

မိသားစုများမှ သိမ်းဆည်းထားသည့်မျိုးစေ့များသည် ထာဝရနယ်မြေထဲသို့ ဝင်နိုင်ရန်အတွက် ထွက်ပေါ်လာကြလေပြီ။

အခြားသူများ ပြိုင်ပွဲအတွက် ကြိုးစားနေသည့်အချိန်တွင် အချို့သူများမှာ သေရည်သောက်ကာ ငိုကြွေးနေကြလေ၏။

“ငါ့ညီအစ်ကို တကယ်ကို နစ်နာတာပဲ .. ဟွမ် .. မင်း အဆင့်နိမ့်နယ်မြေက ဘယ်နေရာကိုရောက်နေလဲ .. မင်းအသက်ရှင်နိုင်ရဲ့လား .. မင်းက ငါတို့လောကအတွက် အသက်စွန့်ပြီး တိုက်ခိုက်ခဲ့ပေမယ့် အခု အခွင့်အရေးပေါ်လာတော့ မင်းက ဒီအခွင့်အရေးကိုတောင် မယူနိုင်တော့ဘူး .. ဒါက ဘယ်လောက်တောင် မတရားလိုက်သလဲ..”

ချောင်ယုရှင်းနှင့် ကောင်းကင်္ဦးချိုပုရွက်ဆိတ်လေးတို့ အော်ဟစ်လိုက်ကြသည်။

“ရှီဟောင်သာ ပြန်ရောက်လာရင် သူ့ကို ဘယ်သူ ယှဉ်နိုင်မှာလဲ .. သူတို့အားလုံးကို သူ ရိုက်သတ်ပစ်လိမ့်မယ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။

မည်ကဲ့သို့သော ပြိုင်ပွဲမျိုးဖြစ်ပါစေ ရှီဟောင် ဝင်မပြိုင်နိုင်တော့။ သူသည် အဆင့်နိမ့်နယ်မြေ၌ သူ့လမ်းသူ လျှောက်နေလပြီ။

ယခုတော့ သူတို့ကမ္ဘာခြားနေလေပြီ။

“ဟမ် .. အဲဒါဘယ်သူလဲ .. သူ့ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ..”

ရှီဟောင်နှင့် ကဲဂုတို့ လေဟာနယ်ဟင်းလင်းပြင်နယ်မြေ၌ ပေါ်လာသည်နှင့် လူအချို့ ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။

“အဲဒါက ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့လူငယ်လေး ကဲဂုပဲ .. သိပ်မကြာသေးခင်က သူ ရှီဂုနဲ့တိုက်ခဲ့သေးတယ် .. မင်းလည်း ကြည့်ခဲ့တယ်မဟုတ်ဘူးလား .. ဘယ်လိုလုပ် အဲဒီလောက်မြန်မြန်ကြီး မေ့သွားတာလဲ..”

“မဟုတ်ဘူး .. ငါကဲဂုကို ပြောတာမဟုတ်ဘူး .. သူ့ဘေးကတစ်ယောက် .. သူက .. ကျောက်တုံးလေးနဲ့ တူနေသလိုပဲ .. ဘုရားရေ .. ဟုတ်တယ် .. သူပဲ..”

ဤနေရာ၌ အုတ်အော်သောင်းတင်းဖြစ်လာပြီး အားလုံး မျက်လုံးများ ပြူးကျယ်သွားရသည်။ ထို့နောက် သူတို့ ဤနေရာသို့ တရှိန်ထိုး ပြေးလာကြလေ၏။

ကျောက်တုံးလေး ပြန်လာပြီဟူသည့်သတင်း ပျံ့နေသော်လည်း သူ့ကို မြင်လိုက်သည့်သူသိပ်မရှိ။ လူအများစုမှာ ကောလဟာလကို မယုံကြည်ကြပေ။ ယခု သူတို့မျက်စိရှေ့ မြင်လိုက်ရသည့်အချိန်တွင် ဆူညံပွက်လောရိုက်သွားမည်ပင်။

“ဘုရားရေ .. ကျောက်တုံးလေး တကယ်ပြန်လာပြိ .. လေဟာနယ်ဟင်းလင်းပြင်နယ်မြေကို မြန်မြန်ဝင်ကြ .. သူ ဘာလုပ်နေတာလဲ.. သူသေချာပေါက် ကိစ္စကြီးတစ်ခုခုကို လုပ်မှာပဲ…”

လေဟာနယ်ဟင်းလင်းပြင်နယ်မြေထဲ၌ ရှိမနေသည့်သူများပင်လျှင် သူတို့သူငယ်ချင်းများ၏ အသိပေးမှုကြောင့် အလျင်အမြန် ဝင်ရောက်လာကြသည်။

ယခင်ကကဲ့သို့ပင် ရှီဟောင်ပေါ်လာသည်နှင့် အုတ်အော်သောင်းတင်းဖြစ်လာသည်ပင်။

ယနေ့တော့ သူ့ကို တွေ့ရန်အတွက်နှင့် ဆူညံပွက်လောရိုက်နေလေပြီ။

အပိုင်း ၁၉၄၂ ပြီး၏။
Chapter – 1943 နို့်သောက်ရတာ အကြိုက်ဆုံးပဲ

လေဟာနယ် ဟင်းလင်းပြင်နယ်မြေမှာ သက်ဝင်လှုပ်ရှားနေသည်။ ကျောက်တုံးလေးကို မြင်ချင်သောကြောင့် လူများစွာ အပြေးအလွှား ရောက်လာကြသည်။

ကဲဂုသည် ဤသည်ကို လက်မခံချင်သော်လည်း လက်ခံရတော့မည်ပင်။ ကျောက်တုံးလေး၏ ဂုဏ်သတင်းမှာ သူထင်ထားသည်ထက်ပင် သာလွန်နေသည်။ သူ ပေါ်လာရုံဖြင့် ဆူညံပွက်လောရိုက်သွားသည်ပင်။

ဤလူအုပ်ကြောင့် ရှီဟောင် ရပ်တန့်သွားမည်မဟုတ်။ သူသည် ကဲဂုကို သူနှင့်အတူခေါ်ကာ တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။ လူအချို့မှလွဲလျှင် သူ့ကို မည်သူမှ မတွေ့လိုက်ကြ။

“ငါတို့ အရူးလုပ်ခံလိုက်ရတာမလား .. ဟွမ် တကယ် ပေါ်လာလို့လား .. ငါ ဘာလို့ သူ့ကို မတွေ့ရတာလဲ..”

“သူ ဘယ်မှာလဲ .. ငါ လေဟာနယ်ဟင်းလင်းပြင်နယ်မြေကိုလာတာ ကျောက်တုံးလေးရဲ့ စွမ်းအားကို ကိုယ်တိုင်မြင်ချင်လို့လာတာ”

လူများစွာ ရောက်လာကြသော်လည်း အများစုမှ သူ့ကို မတွေ့လိုက်ရ။

“အဲဒီလူအိုကြီးနှစ်ယောက်က ဘယ်မှာလဲ..” ရှီဟောင် ရေရွတ်လိုက်သည်။ ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးအကြီးအကဲကို တွေ့ချင်နေသော်လည်း သူတို့ကို မတွေ့ရတော့။

ယခုအချိန်ထိ ထိုလူအိုကြီးနှစ်ဦး၏ နောက်ခံကို သူနားမလည်သေး။ သူတို့သည် သေချာပေါက် သာမန်မဟုတ်။ သူတို့ထံ၌ လျှို့ဝှက်ချက်များ ရှိနေမည်ပင်။

သူသိရသလောက်ဆိုလျှင် ဤနှစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်အစစ်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး သူတို့၏ဝိညာဉ်သာ လေဟာနယ်ဟင်းလင်းပြင်နယ်မြေထဲ၌ ရှိနေခြင်းပင်။ သူတို့ သေဆုံးသွားသည်မှာ နှစ်ပေါင်း မည်မျှရှိနေပြီမှန်းပင် မသိတော့။ သူတို့ကိုယ်သူတို့ပင် မမှတ်မိချင်တော့ပေ။

ကဲဂုလည်း သူတို့ကို ရှာနေသော်လည်း မတွေ့။

“ပုံမှန်အားဖြင့်တော့ သူတို့က လျှောက်သွားနေကြတာ” ကဲဂု ပြောလိုက်သည်။

ထိုနှစ်ဦးသည် ဂျီးနီးယပ်စ်များကို အလေးထားပြီး ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်ပုဂ္ဂိုလ်ပေါ်လာတိုင်း သူတို့ ပေါ်လာသည်ပင်။

ဥပမာအားဖြင့် ရှီဟောင် ဤနေရာသို့ ပထမဆုံး ရောက်လာသည့်အချိန်က ဤနှစ်ဦး ချက်ချင်း ရောက်လာသည်ပင်။

ရှီဟောင်နှင့် ကဲဂုတို့သည် ထိုနှစ်ဦးကို ရေကုန်ရေခမ်း ကြိုးစားရှာဖွေနေသော်လည်း ရှာမတွေ့ကြ။

“မဟုတ်သေးဘူး .. အခုက ဒီလောက် ဆူညံပွက်လောရိုက်နေတာ .. သူတို့ပေါ်လာသင့်တယ် .. အထူးသဖြင့် ခင်ဗျားပြန်လာတာကို သိရင် သေချာပေါက်ကို ထွက်လာရမှာ” ကဲဂု ပြောလိုက်သည်။

ဤစကားကို ကြားသည်နှင့် ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ “ဘာဖြစ်နေလဲဆိုတာ ငါသိပြီ .. ဒီလူအိုကြီးတွေက ငါနဲ့မတွေ့ချင်လို့ တမင်သက်သက် ရှောင်ပြေးနေတာ .. သူတို့တွေက ဂတိမတည်ချင်လို့ အရှက်မရှိ ပြေးနေကြတာ..”

“ခင်ဗျား ဘာပြောချင်တာလဲ..” ကဲဂု ရှုပ်ထွေးသွားကြသည်။

“အရင်တုန်းက သူတို့တွေက သူတို့ကတိပေးထားတဲ့ကိစ္စတွေကို အသိအမှတ်မပြုချင်လို့ အကြောင်းပြချက်မျိုးစုံ ပေးနေတာ .. အခု သူတို့တွေက ငါ့ကို ဆုမပေးချင်လို့ တမင်သက်သက် ရှောင်ပြေးနေတာ” ရှီဟောင် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

“အဲဒါဆိုရင် ငါတို့ဘာလုပ်ကြမလဲ..” နဂါးနီကြီး ကဲဂု၏မျက်နှာ ပျက်ယွင်းသွားသည်။

ယခုတော့ သူ ရှီဟောင်ကို လုံးဝအသိအမှတ်ပြုလိုက်လေပြီ။ သူသည် နဂါးအစစ်ဖြစ်သော်လည်း သူ့ထံ၌ကလန်၏ လျှို့ဝှက်ပညာမရှိသေး။ ဤသည်မှာ အနည်းငယ် ရှက်စရာကောင်းလှသည်ပင်။ ရှီဟောင်သာ သူ့ကို ပြိုင်ဘက်ကင်းလျှို့ဝှက်ပညာ သင်ပေးနိုင်လျှင်တော့ ရှီဟောင်ကို သူ့ဆရာအဖြစ် လက်ခံရန် ထိုမျှခက်ခဲသည်တော့မဟုတ်။

မဟုတ်ပါက သူသည် သမိုင်းတစ်လျှောက် မယုံကြည်ရဆုံး နဂါး၊ အားအနည်းဆုံး နဂါးဖြစ်သွားလိမ့်မည်။ သမိုင်းစာအုပ်များ၏ ပျက်လုံးများ ဖြစ်သွားလိမ့်မည်။

ဤသည်မှာ ရွှေရောင်ခြင်္သေ့မှ သူ့အား တီးတိုးပြောထားသည့်အရာများပင်။

“လွယ်ပါတယ် .. ငါ အဲဒီနှစ်ယောက်ပေါ်လာအောင် ဖိအားပေးလိုက်မယ်..”

ဝုန်း..

ယဇ်ပုလ္လင်တစ်ခုကို တွေ့သည်နှင့် ရှီဟောင် ထိုနေရာသို့ လျှောက်သွားကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေ၏။

ထို့နောက် သူ ရှေ့ဆက်သွားကာ လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ တောတောင်များ၊ မြစ်များအပါအဝင် နန်းတော်ခန်းမများလည်း ပါဝင်သည်။

နောက်ဆုံးတော့ လူများစွာ ဤသည်ကို သတိပြုမိသွားသည်။

ဤသည်မှာ ဝိညာဉ်လောကဖြစ်ပြီး နတ်ဘုရားများမှ ဖန်တီးထားခြင်းဖြစ်သောကြောင့် အလွန်မာကျောလှသည်ပင်။

သို့သော်လည်း ဤမာကျောမှုလည်း အကန့်အသတ်ရှိသည်ပင်။ ရှီဟောင်၏ စွမ်းအားနှင့် ရင်ဆိုင်လိုက်ရသည်နှင့် ထိုသဘာဝဥပဒေသများ ပျက်စီးသွားလေသည်။

“ဘုရားရေ .. သူက ဘယ်သူလဲ .. သူရူးသွားပြီလား . သူက ဟင်းလင်းပြင်နတ်ဘုရားနယ်မြေကို ဖျက်ဆီးပစ်ချင်နေတာလား..”

ထိုလူသွားသည့်နေရာတိုင်းရှိ လေဟာနယ်များ ပျက်စီးသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် ဘေးပတ်လည်ရှိလူများ ထိတ်လန့်သွားရသည်။

ထို့နောက် နေရာများစွာ၌ ကျောက်တိုင်များ ပေါ်လာသည်။

“လက်သီးခွန်အားမှာ နံပါတ်တစ်..”

နေရာများစွာ၌ ဤကဲ့သို့သော ကျောက်တိုင်များ ပေါ်လာကာ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

တစ်‌ယောက်ယောက်က စံချိန်ချိုးသွားပြီ .. သူက လက်ရှိလောကကို ဖိနှပ်နိုင်တဲ့ လက်သီးခွန်အားရှိနေတယ် ..

ဤသည်မှာ သာမန်စံချိန်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လက်သီးခွန်အားဆိုသည်မှာ တိုက်ခိုက်မှုခွန်အားအစစ်နှင့် နီးကပ်သည်ပင်။

စံချိန်များစွာ ရှိပြီး အချို့စံချိန်များမှာ အလွန်ထူးခြားလှသည်ပင်။ လက်သီးခွန်အား နံပါတ်တစ်ဆိုသည်မှာ သေချာပေါက် ထိတ်လန့်စရာကောင်းသည့် စံချိန်ပင်။

ကဲဂုပင် ဆွံ့အသွားရ၏။ သူ့ဆရာဖြစ်ချင်နေတဲ့သူက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား .. သူကစံချိန်ကိုချိုးဖို့ ရည်ရွယ်ချက်မရှိပဲနဲ့ ဒီတိုင်းလေးပဲ လိုက်ဖျက်ဆီးနေတာတောင်မှ ဒီလိုမျိုး စံချိန်ဝင်သွားတယ်..

နဂါးနီလေးမှာ အနည်းငယ်ပင် မူးဝေလာသည်။ တောက်ပသည့်ကျောက်တိုင်များတွင် စာလုံးများသာမက တောက်ပသည့်နတ်အလင်းတန်းများ ထုတ်လွှတ်နေသည့် လက်သီးတစ်ခုလည်း ရှိနေသည်။

ဤသည်မှာ သူ၏လက်သီးခွန်အား မည်မျှကောင်းမွန်ကြောင်း သက်သေပြခြင်းပင်။

အားလုံး ယာယီဆွံ့အသွားရကာ စကားပြောနိုင်ရန်ပင် ခက်ခဲသွားကြသည်။

ခဏကြာပြီးနောက် ကျောက်တိုင်အောက်မှ နာမည်တစ်ခုကို အားလုံး သတိပြုမိသွားသည်။

မှတ်တမ်းတွေကို ချိုးဖျက်လိုက်တဲ့သူက ဘယ်သူလဲ .. ထိုသူမှာ ကျောက်တုံးလေးဖြစ်လိမ့်မည်ဟု အားလုံး ခံစားမိသည်။ သူမဟုတ်လျှင် မည်သူရှိနိုင်မည်နည်း..

ဖူး..

ထိုနာမည်ကို မြင်သည်နှင့် တစ်စုံတစ်ယောက်သည် သူ သောက်နေသည့်ရေများပင် ပြန်ထွက်လာသည်။

ချောမောလှပသည့် မိန်းမပျိုလေးများပင် သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ပဲ သူတို့ပါးစပ်များကို ဖုံးအုပ်ကာ ခန္ဓာကိုယ်ကြီး ယိုင်ထိုးနေသည်အထိ ရယ်မောနေကြလေ၏။

“ဟား ဟား ..” အမျိုးသားများကတော့ ပွင့်လင်းလွတ်လပ်စွာပင် ရယ်မောလိုက်ကြသည်။

“တကယ်သူပဲ..”

“ဟား ဟား .. နာမည်က အတူတူဖြစ်နေတုန်းပဲ .. အခုသာ ပေါ်မလာရင် ငါမေ့တော့မလို့ပဲ..”

အားလုံး ရယ်မောလိုက်ကြသည်။

ဤသည်မှာ ကျောက်တုံးလေးလုပ်မှန်း သေချာသွားလေပြီ။

သို့သော် ထိုကျောက်တိုင်အောက်ခြေ၌ ရှိနေသည့်နာမည်မှာ ရှီဟောင်မဟုတ်။ ထူးဆန်းသည့်နာမည်ရှည်ကြီးပင် .. နို့သောက်ရတာကို အကြိုက်ဆုံးပဲ..

ဖူး .. ဟား ဟား ..

အခြားသူများမပြောနှင့် ရှီဟောင်နောက်လိုက်လာသည့် ကဲဂုပင် သူ့ကိုယ်သူ မထိန်းနိုင်ပဲ တံတွေးသီးသွားလေ၏။ သူသည် ဗိုက်နှိပ်၍ပင် ရယ်မောနေလေ၏။

ရှီဟောင်၏ နဖူးထက်တွင် အနက်ရောင်လှိုင်းများ ပေါ်လာကာ သူ့အား မုန်းတီးစွာ စိုက်ကြည့်လိုက်လေ၏။ ယခုတော့ သူ၏ဂုဏ်သိက္ခာအားလုံး အဆုံးသတ်သွားပြီဟု သူခံစားလိုက်ရသည်။

ထိုအချိန်တုန်းက သူသည် ကလေးတစ်ဦးသာ ဖြစ်နေသေးပြီး လုပ်ချင်ရာ လုပ်သည့်သူပင်။ ထိုတုန်းက သူသည် တကယ်ကို နို့သောက်မပြတ်သေး။ ထို့ကြောင့် စံချိန်များ ချိုးဖြတ်သည့်အချိန်၌ ဤနာမည်ပေးခဲ့ခြင်းပင်။

ထို့ကြောင့် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေလည်း သူ့နာမည်ကို ဤနာမည်ဖြင့် မှတ်ထားခြင်းပင်။

ရလဒ်အနေဖြင့် သူ စံချိန်တစ်ခုကို ချိုးဖျက်တိုင်း ကျောက်တိုင်တစ်ခု ပေါ်လာကာ ထိုနာမည်ပေါ်လာသည်ပင်။

ရှီဟောင်သည် အလွန်အရေထူသည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူ့မျက်နှာ လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ သူ၏သူရဲကောင်းဆန်မှုနှင့် ပြတ်သားမှုကို ယုတ်လျော့စေသည်ပင်။

နို့သောက်ရတာကို အကြိုက်ဆုံးပဲ .. ဒီနာမည်က ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲ.. သူ တကယ်ကို ထွက်ပြေးချင်လာသည်။

ရှီဟောင် ဤကျောက်တိုင်ကို တစ်စစီလုပ်ကာ သူ၏တည်ရှိမှုကို ဖျက်ဆီးပစ်ချင်လာသည်။

ဒုန်း..

သူသည် တွေးသည့်အတိုင်းလုပ်သည့်သူပင်။ သူ့ရှေ့မှ မှတ်တမ်းကျောက်တိုင်ကြီးကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်လေသည်။

ဤသည်မှာ ကဲဂု၏အမူအရာကိုပင် ပြောင်းလဲသွားစေသည်။

ရှီဟောင်မှာ ရှီဟောင် လက်သီး၏ခွန်အားကို သက်သေပြရန် လုံလောက်သည်။ မဟုတ်ပါက မှတ်တမ်းကျောက်တိုင်ကြီး ဘယ်လိုလုပ် ပျက်စီးသွားမည်နည်း.. ဤသည်မှာ မဖြစ်နိုင်။

သို့သော် ရှီဟောင်ကို ထိတ်လန့်သွားစေသည်မှာ ထိုကျောက်တိုင်ပျက်စီးသွားသည်နှင့် အသစ်တစ်ခု ပေါ်လာသည်ပင်။

ဤသည်မှာ လက်သီးခွန်အားနှင့် သက်ဆိုင်သည့် ကျောက်တိုင်ဖြစ်နေဆဲပင်။

နာမည်သည်လည်း ‘နို့သောက်ရတာအကြိုက်ဆုံး’ ဟူသည့်နာမည်ဖြစ်နေဆဲပင်။

ဖူး..

လူများစွာမှာ မအောင့်နိုင်တော့ပဲ ရယ်မောလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုကျောက်တိုင်ပေါ်တွင် သူသည် ရှက်သောကြောင့် ထိုကျောက်တိုင်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ရေးထားသည်ပင်။

ရှီဟောင် တကယ်ကို မေ့လဲပစ်ချင်သွား၏။

ဤသည်မှာ တကယ်ကို ရှက်စရာကောင်းလှသည်။

“ဟား ဟား .. တကယ်ကို ကျောက်တုံးလေးပဲ .. သူက အရင်တုန်းက ပုံစံအတိုင်း အထိန်းအကွပ်မရှိတုန်ပဲ .. သူက ခြေရာလက်ရာတွေ ဖျက်ပစ်ချင်ပေမယ့် ပိုပြီး ထင်ရှားအောင်ပဲ လုပ်မိသွားတယ်..”

“အခု သူ အရမ်းနောင်တရနေလိမ့်မယ်လို့ငါယုံကြည်တယ် .. အရင်တုန်းက သူက အရမ်းကို အတင့်ရဲပြီးတော့ ဒီနာမည်ကို ရွေးခဲ့တာလေ”

လူများစွာသည် သူ၏ကံဆိုးမှုအတွက် ပျော်ရွှင်စွာပင် ရယ်မောနေကြလေ၏။

ရှီဟောင်၏မျက်နှာ မည်းမှောင်လာသည့်အချိန်တွင် သူ ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးအကြီးအကဲကို တွေ့လိုက်ရသည်။

အပိုင်း ၁၉၄၃ ပြီး၏။

Chapter – 1944 ဟင်းလင်းပြင် နတ်ဘုရားနယ်မြေ၏ ကန့်သတ်ချက်

“ကောင်စုတ် .. ဟင်းလင်းပြင်နတ်ဘုရားနယ်မြေကို ရောက်တာနဲ့ ဒီနယ်မြေကို ဖျက်ဆီးဖို့ကြိုးစားနေတာလား .. ငါတို့မင်းကို အပြစ်ပေးရမယ် .. မင်း စံချိန်ချိုးလို့ရလာမယ့် ဆုလာဘ်တွေကို မပေးတော့ဘူး ..” ဒင်္ဂါးဘိုးဘိုး ခြိမ်းခြောက်လိုက်သည်။

“ဘာ အပြစ်ပေးတာလဲ .. ကျွန်တော် အကြွေးတောင်းဖို့ ပြန်လာတာ .. အကြီးအကဲတို့က အဖိုးတန်ပညာတစ်ခု ပေးမယ်ဆိုတဲ့ကတိကို မတည်သေးဘူး..” ရှီဟောင် အရှေ့သို့ လျှောက်လာသည်။

ဤလူအိုကြီးနှစ်ဦးသည် အရေထူသော်လည်း ယခုအချိန်တွင် စကားဆက်ပြောနိုင်ရန် ခက်ခဲနေလေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုမျှ မရိုးသားပေ။ ဤနှစ်များအတွင်းတွင် သူတို့ပြောခဲ့သည့်ကိစ္စများကို ကတိမတည်သေး။

“နောက်ဆုံးတစ်ခေါက်တုန်းက ကျွန်တော် ဝိညာဉ်နယ်မြေကနေ လာတာဆိုတာ အကြီးအကဲတို့ သိပါတယ်” ရှီဟောင် ပြောလိုက်သည်။

“ဒီနေရာကနေ အရင်ထွက်သွားရအောင် .. ငါတို့ လမ်းမှာ ပြောကြမယ်..” ငှက်ဘိုးဘိုး ပြောလိုက်၏။

ရွှီး ရွှီး..

သူတို့ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် ရှိနေသည့်နေရာသိသွားပြီး တစ်ပြုံတစ်ခေါင်းကြီး ရောက်လာကြသည်ပင်။

“ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ .. စီနီယာတို့ပြောတဲ့ ကြေးအပိုင်းအစတွေအားလုံးကို စုပြီးသွားပြီ .. စီနီယာတို့ပြောတဲ့ ကောင်းကင်စာအုပ်ပေးဖို့ပဲ ကျန်တော့တယ်” ရှီဟောင် သူတို့ကို မကျေမနပ်ကြည့်လိုက်သည်။

ဤနေရာသည် အလွန်လူသူကင်းမဲ့နေသော်လည်း နေရာအနှံ့မှ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်နေကာ ထူးခြားလှသည်။

“ဟူး .. ငါတို့မင်းကို မပေးချင်တာမဟုတ်ဘူး .. ပေးဖို့ ခက်နေတာ” ငှက်ဘိုးဘိုး ပြောလိုက်သည်။ သူ၏အကြည့်မှာ အနည်းငယ် မှုန်မှိုင်းနေသည့်အပြင် သူ့ပုခုံးထက်ရှိငှက်ပင်လျှင် အနည်းငယ် စိတ်လွတ်နေသလိုပင်။

ရှီဟောင် သူတို့နှစ်ဦးကို ကြည့်လိုက်၏။ သူတို့အခြေအနေမှာ သိပ်မကောင်း။ ငှက်ပင် ပြဿနာအချို့ ရှိနေပုံပင်။

“အကြီးအကဲတို့က ကြာကြာမတောင့်ခံနိုင်တော့ဘူးလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်..” ရှီဟောင် စိုးရိမ်တကြီး မေးလိုက်သည်။

ယခင်တစ်ခေါက် ရောက်လာကတည်းက ဤအကြီးအကဲများ၌ ပြဿနာရှိနေကြောင်း သူသတိထားမိခြင်းပင်။ သူတို့ တစ်ဖြည်းဖြည်း ဆုတ်ယုတ်လာလေပြီ။

“အခုတော့ အဆင်ပြေပါသေးတယ် .. သိပ်မဆိုးသေးပါဘး” ဒင်္ဂါးအကြီးအကဲ သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်၍ ပြောလိုက်သည်။

“ဒီနဂါးက မင်း ဖမ်းထားတာလား..” ဒင်္ဂါးအကြီးအကဲ မေးလိုက်သည်။

နဂါးနီလေးသည် ထိုအကြီးအကဲနှစ်ဦးကို ချက်ချင်းပင် မျက်လုံးလှန်ကြည့်လိုက်သည်။ ဤနှစ်ဦးသည် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေကို ထိန်းချုပ်သည့်သူများ ဖြစ်နိုင်ကြောင်းသူသိသော်လည်း သူ ဤလူများကို မကျေမနပ်ဖြစ်နေဆဲပင်။

“ဒါက ကျွန်တော့်တပည့်ပါ .. နောင်မှာ သူက ကျွန်တော့်ပညာတစ်ချို့ကို အမွေဆက်ခံလိမ့်မယ်” ရှီဟောင် ပြန်ဖြေလိုက်သည်။

“မင်းက ဒီလောက်ငယ်ငယ်လေး ရှိသေးတာကို တပည့်ယူနေပြီလား..” ဒင်္ဂါးအကြီးအကဲ လှောင်ပြုံးပြုံးလိုက်သည်။ သို့သော်လည်း ဤနဂါးနီလေး ရှီဟောင်၏တပည့်လုပ်ရန် သင့်တော်သည်ဟု သူခံစားမိသည်ပင်။

“ဟူး .. ကျွန်တော်က ထာဝရချိုးဖျက်ခြင်းကျိန်စာမိနေတာ .. ကျွန်တော့်မှာ အချိန်သိပ်ကျန်တော့မှာ မဟုတ်ဘူး .. ကျွန်တော် တပည့်တစ်ယောက်တော့ ချန်ထားရမယ်လေ .. သိတယ်မလား..” ရှီဟောင် နာကျင်သည့်ပုံ လုပ်လိုက်သည်။

“ဘာ..” သူတို့နှစ်ဦးလုံး ထိတ်လန့်သွားကာ ချက်ချင်းပင် ခေါင်းများ ရှင်းလင်းသွားသည်။ သူတို့သည် စိတ်လွင့်နေသည့်ပုံမဟုတ်တော့ပဲ ထိတ်လန့်သည့်ပုံစံ ဖြစ်သွားသည်။

ထာဝရချိုးဖျက်ခြင်းကျိန်စာဆိုသည်မှာ မည်ကဲ့သို့သော ကျိန်စာမျိုးဖြစ်သနည်း .. ဤသည်မှာ ထာဝရသက်ရှိများပင် ချွင်းချက်မရှိ ပျက်စီးမည့်ကျိန်စာပင်။

“စီနီယာတို့မှာ ဒီကျိန်စာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများ ရှိသလား..” ရှီဟောင် ရိုသေစွာ မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အသက်ကန့်သတ်နယ်မြေမှ အရှင်ပင်လျှင် ဤကျိန်စာကို ဖယ်ရှားပစ်နိုင်သည့်နည်းလမ်းမသိ။ ထိပ်တိုက်ရင်ဆိုင်ရုံသည့် နည်းလမ်းကိုသာ သိသည်။

သို့သော် ထာဝရဘုရင်များမှ လွဲလျှင် ကျိန်စာခံစားရသည့်သူများအားလုံး ပျက်စီးသွားကြသည်ပင်။

ကန့်သတ်နယ်မြေအရှင်မှာ သူ့အား အလွန်ဒဲ့တိုးဆန်စွာပင် ပြောခဲ့သည်ပင်။ ဤကျိန်စာကို ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းမရှိ။ သူ ဤသည်ကို ဖြတ်ကျော်နိုင်မှသာ သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

ရှီဟောင် ခါးသီးစွာ ပြုံးလိုက်သည်။ သမိုင်း၏ စွမ်းအားအကြီးဆုံး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်တော့ရော ဘာဖြစ်မည်နည်း.. ထာဝရသက်ရှိများပင် အဆုံး၌ ပျက်စီးသွားမည်ပင်။

ကန့်သတ်နယ်မြေအရှင် ပြောသည်ကိုလည်း သူနားလည်သည်။ သူ လိုအပ်သည်မှာ သူ့ထက်သာလွန်ပြီး အခြားကျွမ်းကျင်သူများအားလုံးကို ဖိနှိပ်နိုင်သည့်သူပင်။

မဟုတ်ပါက ပြုစုပျိုးထောင်လည်း အလကားပင် ဖြစ်လိမ့်မည်။ ရှီဟောင်လည်း အခြား ရှစ်ယောက်ကဲ့သို့ပင် အဆုံးသတ်သွားလိမ့်မည်။

ကန့်သတ်နယ်မြေအရှင် ရင်ဆိုင်ရသည့် ရန်သူနှင့် အခြေအနေများမှာ အလွန် ကြောက်စရာကောင်းလိမ့်မည်။ မဟုတ်ပါက သူ သေဆုံးမည်မဟုတ်။

ထိုအရှင်သည် ဆည်ကြီး၏ တစ်ဖက်သို့ သွားချင်နေမှန်း သူသိသည်။ သို့သော်လည်း သူသည်‌ သွေးသံတရွှဲရွှဲဖြင့် ပြန်ရောက်လာကာ သေဆုံးသွားခဲ့သည်ပင်။

ဤကဲ့သို့သော လူမျိုး၏ အမွေဆက်ခံသူမှာ သေချာပေါက် အတိတ်မှလူများထက် စွမ်းအားကြီးရမည်ပင်။

ထိုလူသည် ထာဝရချိုးဖျက်ခြင်းကျိန်စာကို စမ်းသပ်ကျောက်တုံးအဖြစ် အသုံးပြုကာ ရှီဟောင်ထံ၌ ကောင်းကင်ကို တွန်းလှန်နိုင်သည့် စွမ်းအားရှိမရှိကို စမ်းသပ်ချင်နေသည်ပင်။

ရှီဟောင် သက်ပြင်းချရုံသာ တတ်နိုင်တော့၏။ ဤကဲ့သို့သော စမ်းသပ်မှုမှာ ပြင်းထန်လှသည်။

ထို့ကြောင့် သူ ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးအကြီးအကဲကို တွေ့သည်နှင့် လမ်းညွှန်မှု တောင်းခံလိုက်ခြင်းပင်။

“ငါတို့ ဖြတ်သန်းခဲ့တဲ့ခေတ်မှာ အဲဒီကျိန်စာကို ကြားဖူးသလိုပဲ .. ဒါပေမဲ့ ငါတို့ အသေးစိတ်တော့မသိဘး .. ဒါက ကုနိုင်မယ့်နည်းလမ်း ရှိမယ့်ပုံမပေါ်ဘူး..” ဒင်္ဂါးအကြီးအကဲ ပြောလိုက်သည်။

“ငါတို့ မင်းကို ဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ဘူး .. ငါတို့ ဒဏ်ရာရထားတယ် .. အဲဒါအပြင် ငါတို့က တစ်ခုခုကို ကာကွယ်နေရတာ .. အဲဒါကြောင့်မို့လို့ ငါတို့အခြေအနေ ဆိုးရွားလာတာ” ဒင်္ဂါးအကြီးအကဲ ပြောလိုက်သည်။

ဤကျိန်စာနှင့် ဆက်စပ်သည့် ကိစ္စအချို့ကို သူမေ့နိုင်ကြောင်း ဝန်ခံလိုက်ခြင်းပင်။

“အကြီးအကဲတို့နှစ်ယောက်က ဘာကို ဖိနှိပ်နေတာလဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။

“သွားကြစို့ .. ငါတို့ မင်းရဲ့အဖိုးတန်ပညာကို သွားယူကြစို့ .. ဒါပေမဲ့ မင်း ဒီပညာကို ရမရကတော့ မင်းပေါ်မူတည်တယ် .. ပြီးတော့ ငါတို့ ဘာကို ဖိနှိပ်နေရလဲဆိုတာ မင်းတို့ကိုပြမယ်” ငှက်ဘိုးဘိုး ပြောလိုက်သည်။

ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ သူ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၏ လျှို့ဝှက်အဖြစ်အပျက်များကို တွေ့မြင်ရတော့မည်ဖြစ်ကြောင်း သူသိသည်။

နဂါးနီလေးလည်း အလွန်စိတ်လှုပ်ရှားနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် ဤအကြီးအကဲများသည် ရှီဟောင် မကြားရအောင် သူ့အား သီးသန့်အသံပို့လွှတ််နေသည်ပင်။

သူတို့ ကောင်းကင်ထက်သို့ တက်သွားကာ တိမ်များကို ဖြတ်သန်းသွားကြသည်။

လေဟာနယ်ထဲ၌ အပြာရောင်ကျောက်လမ်းလေး ရှိနေပြီး ရှီဟောင်တို့ ထိုလမ်းလေး၏ အဆုံးထိသို့ လျှောက်ခဲ့ကြသည်။ ထို့နောက် သူတို့ကြီးမားလှသည့် ရှေးဟောင်းနန်းတော်ကြီးတစ်ခုရှေ့သို့ ရောက်သွားကြသည်။

ဒါက ဘယ်လိုနေရာမျိုးလဲ .. သူ သံသယအပြည့်ဖြင့်ပင်။

ဤနေရာမှာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေတွင် အပြင်လူများ တစ်ခါမှ မရောက်ဖူးသည့် နေရာသာ ဖြစ်လိမ့်မည်။ နေရာ၌ လျှို့ဝှက်ချက်များ ရှိနေသည်။

“သတိထား .. အနားမကပ်နဲ့..” ငှက်ဘိုးဘိုး သတိပေးလိုက်သည်။

နန်းတော်ထဲတွင် အလွန်မှောင်မည်းနေသော်လည်း သူ ကျောက်တုံးရုပ်တုအချို့ကို မြင်နေရဆဲပင်။ ထိုရုပ်တုများသည် အလွန်ရှေးကျကာ အက်ကွဲကြောင်းများ ပြည့်နှက်နေပြီဖြစ်သော်လည်း ဖုန်သိပ်မရှိ။

သို့သော်လည်း ထိုရုပ်တုများကို ချိန်းကြိုးများဖြင့် တင်းကြပ်စွာ ချည်နှောင်ထားသည်။

ချိန်းကြိုးများအပါအဝင် အရာအားလုံးမှာ ဝိညာဉ်စွမ်းအားများ၊ သဘာဝဥပဒေသများမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူသိသည်။

သူတို့ ထိုနေရာသို့ ကပ်သွားလိုက်သည်နှင့် ထူးခြားသည့်စွမ်းအားတစ်ခုကို သူအာရုံခံမိလိုက်သည်။ ထိုစွမ်းအားသည် သူ့ကိုပင် ခြိမ်းခြောက်နိုင်နေသည်။

သိထားရမည်မှာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ သူသည် ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ သို့သော် ယခုတော့ သူ့ကို သတ္တဝါကြီးတစ်ကောင် စိုက်ကြည့်နေသလို ခံစားနေရသည်။

ထိုကျောက်ရုပ်တုများပေါ်တွင် အနက်ရောင်မြူခိုးများလည်း ရစ်ဆိုင်းနေသည်။

“အကြီးအကဲတို့အားလုံး ဆုတ်ယုတ်လာကာ သူတို့တွေကြောင့်လား..” ရှီဟောင် ငှက်ဘိုးဘိုးကို ထိတ်လန့်တကြား မေးလိုက်သည်။

“တစ်ခြား အကြောင်းရင်းတွေလည်း ရှိပါတယ်..” ငှက်ဘိုးဘိုး ပြောလိုက်သည်။

ဒီရုပ်တုတွေက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား …

ဤနန်းတော်ကြီးနောက်၌ အကျဉ်းထောင်ကြီးတစ်ခု ရှိနေသည်။ ထိုအကျဉ်းထောင်ထဲတွင် တောက်ပသည့်ယဇ်ပုလ္လင်များ ရှိနေသည်။ ယဇ်ပုလ္လင်တစ်ခုစီတိုင်းတွင် ချိတ်ပိတ်ထားသည့် အိုးများ ရှိနေ၏။ ထိုအိုးများတွင် သွေးများ စွန်းပေနေသည်ပင်။

ဤယဇ်ပုလ္လင်များကို အသုံးပြုကာ အိုးများကို ချိတ်ပိတ်ထားခြင်းဖြစ်ပြီး သွေးများမှာ ချိတ်ပိတ်ရန်အတွက်အသုံးပြုခြင်းလား သို့မဟုတ် အိုးထဲမှ ထွက်လာသည့်သွေးများလား မသိရ။

ယဇ်ပုလ္လင်ပေါင်း ဒါဇင်ပေါင်းများစွာ ရှိနေကြသည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဤကဲ့သို့သော မြူနက်များကို သူအနည်းငယ် ရင်းနှီးနေသည်။ ဤသည်မှာ အကြီးအကဲအရှင် မုန့်ထျန်းကျန်း ထာဝရသက်ရှိအဖြစ် အဆင့်တက်စဉ်က ကြုံခဲ့ရသည့် မြူနက်များနှင့် တူနေသည်။

“မင်းလိုချင်တဲ့ အဖိုးတန်ပညာက အဲဒီအောက်ထဲမှာ ဖိနှိပ်ခံထားရတာ . မင်း အဲဒီကိုသွားမယူနိုင်မှာ စိုးရတယ်” ငှက်ဘိုးဘိုး ပြောလိုက်သည်။

အနက်ရောင်နန်းတော်ကြီးနှင့် အကျဉ်းထောင်ထဲတွင် အရိုးစာအုပ်တစ်အုပ်စီ ရှိနေသည်ပင်။

အပိုင်း ၁၉၄၄ ပြီး၏။
Chapter – 1945 ထိုက်တန်သည့် ပြိုင်ဘက်

“ဒါက ဘယ်လိုအဖိုးတန်ပညာမျိုးလဲ..” ရှီဟောင် မေးလိုက်သည်။

“ဒီလောကက ပြိုင်ဘက်ကင်းပညာဖြစ်သလို မင်းအလိုချင်ဆုံး အဖိုးတန်ပညာလည်းဖြစ်တယ်..” ဒင်္ဂါးဘိုးဘိုး ပြောလိုက်သည်။

ရှီဟောင် ထိုနေရာကိုကြည့်ကာ သူ့မျက်လုံးများ တောက်ပလာသည်။ ထိုအရိုးနှစ်ခုလုံးမှာ ထူးခြားလှသည်ပင်။ ကြည့်လိုက်လျှင် သာမန်နှင့်တူသော်လည်း ထိုအရိုးများမှ ထာဝရစွမ်းအင်များ ထုတ်လွှတ်နေသည်။

“ဒါက ကျွန်တော့်ကလန်က အဖိုးတန်ပညာမဟုတ်သလိုပဲ..” နဂါးလေး အနည်းငယ် စိတ်ပျက်စွာ ပြောလိုက်သည်။

ရှီဟောင်၏ စကားလုံးများအောက်တွင် သူသည် အမြဲတမ်း အနည်းငယ် ခေါင်းငုံ့ထားကာ သူ့ကို ဆရာအဖြစ် မှတ်ယူထားမလိုပင်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ကလန်၏ ပြိုင်ဘက်ကင်းအဖိုးတန်ပညာကို သိသည့် နဂါးအစစ်ဖြစ်ချင်သည်။

သို့သော် ဤနေရာသို့ ရောက်လာပြီးနောက် သူ့မျှော်လင့်ချက်များ ပျက်သုဉ်းသွားသည်။

“ဖီးနှစ်အဖိုးတန်ပညာ..” ငှက်ဘိုးဘိုး ပြောလိုက်သည်။ ဤပညာတွင် အဆုံးမရှိသည့် စွမ်းအားများ ပိုင်ဆိုင်ထားကာ မီးတောက်များကြားမှ ပြန်လည်မွေးဖွားခွင့်ကို ပေးနိုင်သည်။ ဤသည်မှာ ရှီဟောင်အတွက် အသင့်တော်ဆုံးပင်။

အရိုးတစ်ခုသည် အနက်ရောင်နန်းတော်ခန်းမထဲ၌ ရှိနေပြီး အခြားတစ်ခုမှာ အကျဉ်းထောင်ထဲ၌ ရှိနေသည်ပင်။ ဤအရိုးနှစ်ခုလုံးမှာ ဖီးနှစ်အရိုးများပင်။

အတိအကျပြောရလျှင် ဤအရိုးများမှာ ဖီးနှစ်အရိုးစာသားများဖြင့် ပြုလုပ်ထားခြင်းပင်။

“မင်း ဒီအရိုးတွေကို ယူသွားလို့မဘူး .. ဒီမှာပဲ လေ့လာလို့ရတာ … ဒါပေမဲ့ အဲဒီလိုလေ့လာဖို့တောင်မှ အရမ်းအန္တရာယ်များတယ် .. မင်း အချိန်မရွေး ပျက်စီးသွားနိုင်တယ်”

ဒင်္ဂါးဘိုးဘိုး သတိပေးလိုက်သည်။

“ကျွန်တော်က ထာဝရချိုးဖျက်ခြင်းကျိန်စာတောင် မိနေတာပဲ … ဒီအနက်ရောင်မြူတွေကို ဘာလို့ကြောက်ရမှာလဲ .. ကျွန်တော် ဘယ်လောက်ထိများ ထပ်ပြီး ပျက်စီးနိုင်မှာမလို့လဲ..” ရှီဟောင် ဘာကိုမှ မကြောက်။

“ထာဝရချိုးဖျက်ခြင်းကျိန်စာက မင်းရဲ့ ကျင့်ကြံဆင့်တွေကိုပဲ ဖျက်ဆီးပစ်တာ .. ဒါပေမဲ့ ဒါက မင်းရဲ့စိတ်ကို သက်ရောက်လိမ့်မယ် .. မင်း အမှောင်ထုထဲ ကျသွားနိုင်တယ်..” ငှက်ဘိုးဘိုး၏အမူအရာမှာ အလွန်လေးနက်နေသည်ပင်။

ကြောက်စရာကောင်းသည်မှာ ဤမြူများသာမဟုတ်။ ကျောက်ရုပ်တုများဖြစ်စေ၊ ချိတ်ပိတ်ထားသည့်ပုလင်းများဖြစ်စေ အားလုံးမှာ အလွန်ကြောက်စရာကောင်းသည်ပင်။

ငှက်ဘိုးဘိုး သူ့အား ဂရုစိုက်ရန် မှာကြားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင် ထိုနေရာသို့သွားရန် ဆုံးဖြတ်ပြီးသွားပြီကို သူတို့တွေ့လိုက်ရသည်ပင်။

ရှီဟောင် ဤအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်။ ဤသည်မှာ သားရဲကြီးဆယ်မျိုးထဲမှ တစ်မျိုးပင်ဖြစ်သောကြောင့် သူက ဘယ်လိုလုပ် လက်ဗလာဖြင့် ပြန်သွားမည်နည်း..

အထူးသဖြင့် ဖီးနှစ်အဖိုးတန်ပညာမှာ သူ အလွန်စိတ်ဝင်စားနေသည့်အရာပင်။ သူ၏တိုက်ခိုက်နိုင်စွမ်းအပြင် မသေမျိုးခန္ဓာကိုယ်မှာ သူလိုချင်နေသည့်အရာပင်။

မီးတောက်များကြားမှ ပြန်လည်မွေးဖွားခြင်း၊ မသေမျိုးဖီးနှစ်ခန္ဓာကိုယ် .. ဤအရာများကို မလိုချင်သည့်သူ ရှိမည်မဟုတ်။

ယခု အခွင့်အရေးကြီး သူ့မျက်စိရှေ့၌ ရောက်ရှိနေပြီဖြစ်သည်။

သို့သော် နဂါးနီလေးကတော့ မပျော်မရွှင်ဖြစ်နေသည်။ သူသည် နဂါးသွေးမျိုးဆက်တွင် ဟာသကြီးတစ်ခု ဖြစ်တော့မည်။ သူသည် သူ့ကလန်၏ နတ်စွမ်းရည်ကို မရရှိထား။ သူက ဘယ်လို နဂါးမျိုးဖြစ်သနည်း..

ရှီဟောင် အနက်ရောင်နန်းတော်ထဲသို့ လျှောက်သွားလိုက်ကြသည်။

ဝူး..

ထိုအချိန်တွင် အေးစက်လှသည့် ချိန်းကြိုးသံများ ထွက်ပေါ်လာသည်။ ထိုအသံများမှာ ရုတ်တရက်ဆန်လှသလို အလွန်လည်း ကြောက်စရာကောင်းလှသည်။

ဤရုပ်တုများသည် ကျောက်ရုပ်တုများဖြစ်သော်လည်း ယခုတော့ သူတို့အားလုံး လှုပ်ရှားလာကာ ရှီဟောင်ထံသို့ လက်လှမ်းလာလေ၏။

ဖုန်း ဖုန်း ဖုန်း..

ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ ဤကျောက်တုံးများမှာ အလွန်ထူးခြားလှသည်။ ဤရုပ်တုများသည် သူ့ကိုခြိမ်းခြောက်နိုင်သောကြောင့် သူ အားကုန်ထုတ်သုံးနေရသည်။

“ဒီကောင်လေးက အရမ်းကို အားကောင်းတာပဲ .. နည်းနည်းလေးတောင် လွန်နေသလိုပဲ..” ငှက်ဘိုးဘိုး စိတ်ထဲ သက်ပြင်းချလိုက်သည်။

ဒင်္ဂါးဘိုးဘိုးလည်း ခေါင်းငြိမ့်လိုက်ကာ ရှီဟောင်၏ခွန်အားကို အသိအမှတ်ပြုလိုက်သည်။ သူသည် အဆင့်မြင့်နယ်မြေသို့ မသွားခင်ကထက် ပို၍ သန်မာလာသည်ပင်။

ဤသည်မှာ လူတစ်ယောက်၏ ကျင့်ကြံဆင့်နှင့်မဆိုင်။ အားလုံး၏ကျင့်ကြံဆင့်ကို တစ်ဆင့်တည်းဖြစ်အောင် ဖိနှိပ်ထာားသည့်ဤနေရာတွင် လူများ၏ လမ်းကြောင်းကိုသာ နှိုင်းယှဉ်ကြသည်။ သူတို့လျှောက်သည့်လမ်းသည် ဤကျင့်ကြံဆင့်၌ ကန့်သတ်ချက်ကို မည်မျှကျော်လွန်သွားသနည်းကို ယှဉ်ကြသည်ပင်။

တစ်ခဏခန့် တိုက်ခိုက်ပြီးသည်နှင့် ရှီဟောင်ဆွံ့အသွားကာ အတော်လေး တုန်လှုပ်သွားရသည်။ သူသည် ယခုအချိန်ထိ သူနှင့်အဆင့်တူသည့် ပြိုင်ဘက်ကို တွေ့ရန်မှာ ရှားပါးလှသည်။

သို့သော် ဤနေရာတွင်တော့ သူ ဖိနှိပ်ခံနေရသည်။ ဤကျောက်ရုပ်တုများမှာ စွမ်းအားကြီးလှသည်။ သူ့ထံသို့ လှမ်းလာသည့် လက်များတွင် ချိန်းကြိုးများ ရစ်ပတ်ထာားကာ တဝူးဝူးအသံများလည်း ထုတ်လွှတ်နေသည်။

ယခုအချိန်တွင် ရှေးခေတ်မှ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များစွာ ဤနေရာသို့ ဆင်းသက်လာသကဲ့သို့ပင်။

“ဒါက ဘယ်လိုသက်ရှိတွေလဲ..” ရှီဟောင် နောက်ဆုတ်သွားလိုက်၏။ သူ ဤလူများကို ထိပ်တိုက်ရင်မဆိုင်တော့။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲ အတော်လေး တုန်လှုပ်နေသည်ပင်။

“ဘယ်ခေတ်တုန်းက ရှင်သန်ခဲ့လဲ မသိရတဲ့ သက်ရှိတွေ .. သူတို့တွေက အစတုန်းက နယ်မြေတစ်ခုက ဘုရားကျောင်းတွေထဲမှာ ရှိတာ .. ငါတို့ဘိုးဘေးက စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တစ်ချို့က သူတို့ရဲ့တံဆိပ်တစ်စိတ်တစ်ပိုင်းကို ဒီနေရာမှာ ချိတ်ပိတ်ထားတာ..” ငှက်ဘိုးဘိုး ပြောလိုက်သည်။

ဤသည်မှာ သူ ယခုထိတိုင် မှတ်မိနေဆဲဖြစ်သည့် အဖြစ်အပျက်ကြီးတစ်ခုပင်။ ဤအဖြစ်အပျက်၏ သက်ရောက်မှုမှာ ကြီးမားလွန်းလှသောကြောင့် ထိုအဖြစ်အပျက်များသည် ယခုထက်ထိတိုင် သူတို့မှတ်ဉာဏ်များထဲမှ ပျောက်ပျက်မသွားသေး။

ရှီဟောင်၏အမူအရာ မှုန်မှိုင်းသွားကာ သူ ထိုရုပ်တုများကို စိုက်ကြည့်လိုက်သည်။

“မင်း သူတို့နဲ့မယှဉ်နိုင်လည်း ရှက်စရာမလိုဘူး .. မင်း သူတို့ထဲက တစ်ယောက်ကို ရပ်တန့်နိုင်ရင်တောင် မင်းက ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့သူလို့ ပြောလို့ရပြီ” ဒင်္ဂါးဘိုးဘိုး ပြောလိုက်သည်။

“ကျွန်တော်က သူတို့ ပြိုင်ဘက်မဟုတ်ဘူးလို့ ဘယ်သူပြောလဲ..” ရှီဟောင် ဤသည်ကို လက်မခံနိုင်။

သို့သော် ဤကျောက်တုံးသက်ရှိများ အလွန်ထူးဆန်းသည်ကိုတော့ သူ အသိအမှတ်ပြုရမည်။ ယခု လက်တစ်ဖက်သာ လှမ်းလာသော်လည်း ဤမျှစွမ်းအားကြီးနေလေပြီ။ ထိုချိန်းကြိုးများကို ဖယ်ရှားပြီး သူ့အား အစွမ်းကုန်တိုက်ခိုက်ပါက မည်ကဲ့သို့သော ရလဒ်မျိုး ရလာမည်နည်း..

“ငါ ဆိုရိုးတစ်ခုကို မှတ်မိသွားပြီ .. ဒီနေရာမှာ စွမ်းအားအကြီးဆုံးလူကို ပြုစုပျိုးထောင်နိုင်တယ်တဲ့..” ငှက်ဘိုးဘိုးပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည်နှင့် ရှီဟောင်၏မျက်လုံးများ မှေးကျဉ်းသွားရသည်။ ဤကျောက်ရုပ်တုများကို ချိန်းကြိုးများဖြင့် ပတ်ထားသည်မှာ ဖိနှိပ်ရန်တစ်ခုတည်းအတွက် ဟုတ်ဟန်မတူ။ သူတို့တွေက နောက်ပိုင်းမျိုးဆက်တွေအတွက် မီးပြတိုက်ကြီးလား.်.

“ကျွန်တော် ကျောက်ရုပ်တုတစ်ခုကို ချိန်းကြိုးတွေ ဖယ်ပစ်ပြီးတော့ အားကုန်တိုက်ခိုက်ချင်တယ်..” ရှီဟောင် ပြောလိုက်သည်။

“မင်း မလုပ်ရင် ပိုကောင်းလိမ့်မယ်..” ဒင်္ဂါးဘိုးဘိုး ထိတ်လန့်သွားရ၏။

ငှက်ဘိုးဘိုးလည်း တုန်လှုပ်သွားသည်ပင်။ သူ အလောတကြီးပင် လက်ဝေ့ရမ်းပြလိုက်သည်။

“ဒီမှာ မှတ်တမ်းတစ်ချို့ရှိတယ် ကြည့်ကြည့်လိုက်” ဒင်္ဂါးဘိုးဘိုး ပြောလိုက်သည်။ မြေပြင်ထက်၌ ထွင်းထားသည့် မှုန်ဝါးဝါးစာလုံးအချို့ ရှိနေသည်။ ချိန်းကြိုးများကို ဖယ်ရှား၍မရကြောင်း နောင်မျိုးဆက်များကို သတိပေးထားခြင်းပင်။

“ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာပဲ .. ကျွန်တော် ဒီနေရာကို ကြိုက်တယ်..” ရှီဟောင် ပြောလိုက်သည်။

သူ ဤနေရာကို အတော်လေး နှစ်သက်လှသည်။ သူ၏ကျင့်ကြံရေး တိုးတက်နိုင်မည့် လေ့ကျင့်ကွင်းကို တွေ့သွားလေပြီ။ ဤကျောက်ရုပ်တုများသည် နောင်ကျလျှင် သူ၏ကျင့်ကြံဖော်များ ဖြစ်လာနိုင်သည်။ တစ်နေ့ကျလျှင်တော့ သူ ချိန်းကြိုးများကို သူကိုယ်တိုင် ဖယ်ရှားပစ်နိုင်လိမ့်မည်ြဟု ယုံကြည်မိသည်။

“မင်း ကိုယ့်ကိုကိုယ် လေ့ကျင့်ချင်ရင် အကျဉ်းခန်းထဲ ဝင်သွားလို့ရတယ် .. ဒါပေမဲ့ ငါမင်းကို သတိပေးလိုက်မယ် .. မင်း ဝင်သွားပြီးတာနဲ့ မြန်မြန်ပြန်ထွက်လာရမယ် .. အကြာကြီးနေလို့မရဘူး” ဒင်္ဂါးဘိုးဘိုး ပြောလိုက်သည်။

သူတို့ပြောသည့်အတိုင်းဆိုလျှင် ထိုပုလင်းထဲ၌ ချိတ်ပိတ်ထားသည့်သူများလည်း အလွန်ကြောက်စရာကောင်းလှသည်ပင်။

“ကောင်းလိုက်တာ .. ကျွန်တော် ပြိုင်ဘက်မရှိတော့ဘူးဖြစ်နေတာ .. ဒီ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေမှာ ပြိုင်ဘက်တစ်စုနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..” ရှီဟောင်သည် မကြောက်ပဲ စိတ်လှုပ်ရှားနေလေ၏။

ဝုန်း..

ယခုတစ်ခေါက်တော့ သူ ကျောက်ရုပ်တုများနှင့် မတိုက်ခိုက်ပဲ အကျဉ်းထောင်ထဲသို့ ဝင်သွားလိုက်သည်။

သူ ဝင်သွားလိုက်သည်နှင့် ပုလင်းတစ်ခုမှ သွေးလွှမ်းနေသည့်လက်တစ်ဖက် ထွက်လာကာ သူ့အား ပြင်းထန်စွာ တိုက်ခိုက်လာသည်။

ဖုန်း..

ရှီဟောင် ထိုလက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်နှင့် မျက်မှောင်ကြုတ်မိသွားသည်။ ဒီမှာရှိတဲ့သတ္တဝါတွေအားလုံးက ဒီလောက် စွမ်းအားကြီးတာလား..

“သူတို့ကို အထင်မသေးနဲ့ .. ဒီချိတ်ပိတ်ထားတဲ့သတ္တဝါတွေက မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ်..” ဒင်္ဂါးဘိုးဘိုး သတိပေးလိုက်သည်။

“သူတို့တစ်ယောက်စီတိုင်းက ကန့်သတ်ချက်ကို ကျော်လွန်တဲ့သူတွေ..” ငှက်ဘိုးဘိုး ထပ်ပြောလိုက်သည်။

ထိုစကားများကို ကြားသည်နှင့် ရှီဟောင် အတော်လေး တုန်လှုပ်သွားရသည်။ ဤချိတ်ပိတ်ထားသည့် သက်ရှိများ၏ ဇစ်မြစ်များမှ သေချာပေါက် ကြောက်စရာကောင်းမည်ပင်။ သူတို့ မည်သည့်နေရာမှ လာကြသနည်း..

ဝုန်း..

ပုလင်းပေါင်းများစွာ လှုပ်ရမ်းလာသည်။ ထိုပုလင်းနားသို့ ရောက်သည်နှင့် သွေးစွန်းနေသည့်လက်များ၊ လက်သည်းများ ထွက်လာကာ ရှီဟောင်ကို ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။

“ဒါက မှောင်မိုက်နေတဲ့အနာဂတ်ဟောကိန်းတစ်ခုလည်းဟုတ်တယ် .. နောက်ပိုင်းမျိုးဆက်တွေကို လေ့ကျင့်ပေးဖို့အတွက် တစ်ချို့ စစ်ဗိုလ်ချုပ်တွေက ဒီမှာ နေခဲ့ကြတာ”

ထိုအချိန်တွင် ငှက်ဘိုးဘိုးသည် အိပ်မက်ယောင်နေသည့်သူကဲ့သိုပင် ဤကဲ့သို့ ပြောလာသည်။

ထိုစကားပြောပြီးနောက် သူကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့သည်။

ဤအရာများမှာ သူ့စိတ်အတွင်းပိုင်း၌ ရှိနေသည့် မှတ်ဉာဏ်များပင်။

“ကောင်းတယ် .. နောင်ကျရင် ဒီနေရာက ကျွန်တော်လေ့ကျင့်တဲ့နေရာ ဖြစ်လာမှာပဲ..”

အဆင့်နိမ့်နယ်မြေသို့လာခြင်းမှာ အဆင့်မြင့်နယ်မြေ၌ ကျင့်ကြံသည်ထက် ပို၍ အရေးပါကြောင်း ရှီဟောင် ခံစားလိုက်ရသည်။ သူ ဤနေရာ၌ ကောင်းမွန်သည့်ရန်သူများကို တွေ့လိုက်ရသည်။

ရွှီး..

သူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုဖီးနှစ်အရိုးကိုယူလိုက်ပြီး ထိုနေရာ၌ လေ့လာလိုက်သည်။

အပိုင်း ၁၉၄၅ ပြီး၏။
Chapter – 1946 ဖီးနှစ် အဖိုးတန်ပညာအား ရရှိခြင်း

နေရာတိုင်း၌ ယဇ်ပုလ္လင်များ ရှိနေပြီး ယဇ်ပုလ္လင်တစ်ခုစီတိုင်းတွင် သွေးစွန်းနေသည့် ပုလင်းများ ပါရှိသည်။

ထိုပုလင်းများမှ လက်များထွက်လာကာ ရှေးဟောင်းနတ်စွမ်းရည်များဖြင့် ရှီဟောင်ကို တိုက်ခိုက်လာကြသည်။

နောက်ဆုံးတွင်တော့ ရှီဟောင် ဆံပင်များ ရှုပ်ပွသွားကာ တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်သွားသည်။ သူ၏ဆံပင်များပင်လျှင် သွေးများ စွန်းပေသွားလေပြီ။ သူ ပြန်ထွက်လာသည်နှင့် သူ့ခန္ဓာကိုယ်မှာ ယိုင်ထိုးနေလေပြီ။

“ဘာဖြစ်လို့လဲ … မင်း အဆင်ပြေရဲ့လား..” ငှက်ဘိုးဘိုး ထိတ်လန့်တကြား မေးလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်..” ရှီဟောင် ပြောကာ မြေကြီးပေါ်သို့ ထိုင်ချလိုက်သည်။ ထို့နောက် ထူးဆန်းသည့်ပညာများကို အသုံးပြုကာ သူ့ကိုယ်ထဲမှ အနက်ရောင်မြူများကို ထုတ်ပစ်လိုက်သည်။

ဤနေရာမှာ ထူးဆန်းလွန်းလှ၏။ ရှီဟောင် ဝင်လိုက်ထွက်လိုက်လုပ်နေသည်မှာ သုံးကြိမ်ရှိနေလေပြီ။ ဝင်သွားသည့်အခေါက်တိုင်း ဒဏ်ရာပြင်းထန်စွာ ရရှိပြီးမှ ပြန်ထွက်လာနိုင်သည်။ ထို့အပြင် သူ အထဲဘက်၌ ခဏလေးသာ နေနိုင်ပြီး ဖီးနှစ်အဖိုးတန်ပညာကို တစ်ခဏခန့်သာ လေ့လာနိုင်သည်။

ထိုအရိုးကို အပြင်ယူလာ၍မရ။ ထိုအထဲ၌သာ လေ့လာ၍ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုသင်္ကေတများသည် ကောင်းကင်ထက်မှ ကြယ်များကဲ့သို့ ရှုပ်ထွေးလှပြီး ပြောင်းလဲမှုများလည်း ရှိနေသည်။

ဤသည်မှာ သာမန်ကျမ်းစာမဟုတ်။ ထာဝရစာသားများ ရှိသော်လည်း ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ တာအိုစာသားများပင်ဖြစ်ပြီး အခြေခံအကျဆုံးသဘာဝဥပဒေသများ၊ တာအိုစွမ်းအားများဖြင့် ဖန်တီးထားခြင်းပင်။

ထိုစာများမှာ ဆက်တိုက်ပြောင်းလဲနေသည်။

ဤကျမ်းစာကို ချန်ရစ်ထားခဲ့သည့်သူသည် ဖီးနှစ်အဖိုးတန်ပညာကို စာလုံးများဖြင့်သာ ဖော်ပြလျှင် အလွန်ရိုးရှင်း သွားလိမ့်မည်၊ ဤစာများကို ဖီးနှစ်တာအိုအသုံးပြုပြီး ဖော်ပြရမည်ဟု ယုံကြည်ခဲ့သည်ပင်။

သို့သော် ဤကဲ့သို့သော နည်းလမ်းဖြင့် ဖော်ပြလျှင် သာမန်ကျင့်ကြံသူများအတွက် အလွန်ခက်ခဲမည်ပင်။ ဤသည်မှာ ဖီးနှစ်သွေးမျိုးဆက်၏ လျှို့ဝှက်ပညာဖြစ်သောကြောင့် အခြားသူများ နားလည်နိုင်ရန် ခက်ခဲလိမ့်မည်။

ဤသင်္ကေတများသည် ကောင်းကင်ထက်မှ ကြယ်များကဲ့သို့ အဆုံးမရှိသည့် ပြောင်းလဲမှုများ လုပ်ဆောင်နိုင်သည်။

ရှီဟောင် သုံးကြိမ် ဝင်ထွက်သွားလာပြီး တစ်ခေါက်စီတိုင်းတွင် ဖီးနှစ်အဖိုးတန်ပညာကို အနည်းငယ် အာရုံခံနိုင်ခဲ့သည်။ သူ့မျက်စိထဲတွင်ိ ထိုအရိုးစာသားများသည် ဖီးနှစ်များကဲ့သို့ ကခုန်နေသည်။

ထိုစာသားများတွင် အနီရောင်အလင်းနှင့်အတူ အတောင်ပံများကို ဖြန့်ကျက်နေသည့် ဖီးနှစ်တစ်ကောင်လည်း ပါနေသည်။ ထိုဖီးနှစ်သည် သေဆုံးသွားသည်နှင့် မီးတောက်များကြားမှ ပြန်လည်မွေးဖွားလာသည်။

ဤသည်မှာ ရှီဟောင် ခံစားနေရသည့် ခံစားချက်ပင်။ ဖီးနှစ်အဖိုးတန်ပညာမှာ အလွန်ကြောက်စရာကောင်းလှသည်။

ဤပညာကိုနားလည်လိုပါက အံ့အားသင့်စရာ ကောင်းလောက်သည့်ပါရမီများ လိုအပ်နေသည်ပင်။

ရွှီး..

နောက်ဆုံး အနက်ရောင်မြူတန်း ထွက်သွားသည်နှင့် ရှီဟောင် မတ်တပ်ရပ်ကာ ထိုထဲသို့ ပြန်ဝင်သွားသည်။

ဝုန်း..

ထိုနေရာ၌ ပြင်းထန်သည့်စစ်ပွဲ ထပ်မံဖြစ်ပေါ်လာသည်။ ရှီဟောင်သည် နန်းတော်ခန်းမကို ဖြတ်သွားကာ အကျဉ်းထောင်ထဲသို့ ဝင်လိုက်ပြီး ဖီးနှစ်လျှို့ဝှက်ပညာအား လေ့လာနေရင်းဖြင့်ပင် ထိုအကျဉ်းထောင်ထဲမှ လက်များဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။

နဂါးနီလေး ကဲဂုမှာ တိတ်ဆိတ်သွားလေပြီ။ သူ့စိတ်ထဲ သက်ပြင်းမချပဲ မနေနိုင်တော့။ ဟွမ်မှာ သူ့ထက်ပင် အထင်ကြီးစရာ ကောင်းလှသည်။

ယခင် သူ သူ၏ရှုံးနိမ့်မှုကို လက်မခံလိုသေး။ သူတို့သာ တူညီသည့် ကျင့်ကြံဆင့်၌ တိုက်ခိုက်ကြပါက ဟွမ် သူ၏ပြိုင်ဘက်ဖြစ်မည်မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။

သို့သော် တိုက်ပွဲပေါင်းများစွာကို ကြည့်ပြီးသည့်နောက်တွင်တော့ ဟွမ်သည် အထွဋ်အထိပ်၌ ရောက်နေခြင်းဖြစ်ကြောင်း သေချာသွားလေပြီ။

ဟွမ်သည် သမိုင်းတစ်လျှောက်တွင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ စွမ်းအားအကြီးဆုံးသူဖြစ်လိမ့်မည်ဟု ခံစားရသည်အထိပင်။

တစ်ချိန်တည်းမှာပင် ဤနေရာ၌ရှိနေသည့် ချိတ်ပိတ်ထားသည့်ပုလင်းများကြောင့် သူ အတော်လေး တုန်လှုပ်သွားရသည်။ ပုလင်းတစ်ခုစီတိုင်း၌ သက်ရှိတစ်ယောက်ရှိနေပြီး အားလုံးမှာ ယခင်မှ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များပင်။

သူတို့ကိုသာ လွှတ်ပေးလိုက်လျှင် မည်ကဲ့သို့ ဖြစ်သွားမည်နည်း..

ယခုအချိန်တွင် ဤပုလင်းများသည် ရှီဟောင်အာ အကျောပေးထားသည်ပင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်နှင့် နီးနေသည့်ပုလင်းများမှ လက်တစ်ဖက်သာ ထွက်လာခြင်းဖြစ်ပြီး ခန္ဓာကိုယ်အစစ်များ ထွက်မလာခဲ့ပေ။ သူနှင့်ဝေးနေသည့်နေရာများမှ ပုလင်းများမှာ သူ့အား တိုက်ခိုက်ခြင်းမရှိ။

ထိုသို့ဆိုသော်လည်း သူရုန်းကန်နေရဆဲပင်။ နတ်စွမ်းရည်နှင့် ရှေးဟောင်းပညာမျိုးစုံ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို သွေးများ စိုရွှဲသွားစေသည်။

သို့သော်လည်း သူသည် ကြောက်ရွံ့ခြင်းမရှိ။ သူ၏အာရုံတစ်ဝက်သည် တိုက်ခိုက်ခြင်း၌ ရှိနေပြီး အခြားတစ်ဝက်မှာ ဖီးနှစ်အရိုးကို လေ့လာနေသည်။

ရှီဟောင်ထံ၌ အံ့အားသင့်စရာကောင်းသည့် စွမ်းရည်များ ရှိနေသည်မှာ သေချာသည်။ ဤမျှ ပြင်းထန်စွာ တိုက်ခိုက်နေရသော်လည်း သူ အကျိုးကျေးဇူးများ ရရှိနေဆဲပင်။ သူသည် နတ်မီးတောက်များကြား၌ စိမ်နေသကဲ့သို့ သူ၏ခန္ဓာကိုယ်မှ အလင်းများ ထုတ်လွှတ်လာကာ သူ၏ဒဏ်ရာများကို အနည်းငယ် ကောင်းမွန်သွားစေသည်။

သူသည် လေ့လာထားသည့်အရာကို ချက်ချင်း အသုံးပြုနေခြင်းပင်။ မီးတောက်များကြားမှ ပြန်လည်မွေးဖွားခြင်းပညာမှာ ဖီးနှစ်လျှို့ဝှက်ပညာ၏ တစ်စိတ်တစ်ပိုင်းပင်။

ရှီဟောင်သည် စွမ်းအားကြီးသည့် ရန်သူများနှင့် တိုက်ခိုက်နေရရုံသာမက ပုလင်းများထဲမှ ထွက်လာသည့် အနက်ရောင်မြူများနှင့်လည်း ရင်ဆိုင်နေရသည်။

ပြောရမည်ဆိုလျှင် ဤမြူများမှာ ပို၍ကြောက်စရာကောင်းလှသည်။

အချိန်တိုအတွင်း ဘာမှဖြစ်မည်မဟုတ်သော်လည်း ခန္ဓာကိုယ်ထဲ၌ တိုက်စားခွင့်ပေးလိုက်လျှင် အလွန်ဆိုးရွားသွားလိမ့်မည်။ မုန့်ထျန်းကျန်းက အကောင်းဆုံး ဥပမာပင်။

နယ်ခြားစပ်မှ နောက်ဆုံးတိုက်ပွဲကို ရှီဟောင်မေ့မည်မဟုတ်။ ထိုတိုက်ပွဲကြောင့် မုန့်ထျန်းကျန်း ပျောက်ကွယ်သွားခဲ့ရခြင်းပင်။

ထို့အပြင် ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးဘိုးဘိုးသည် ဤနေရာကို တစ်နှစ်ပတ်လုံး စောင့်ကြပ်နေရသောကြောင့် သူတို့ထံ၌ ပြင်းထန်လှသည့် ပြဿနာများ ဖြစ်ပေါ်လာခြင်းပင်။

ဖူး..

ရွှေရောင်သွေးတစ်ပွက် အန်ထွက်သွားကာ ခန္ဓာကိုယ်လည်း လွင့်စင်ထွက်သွားသည်။ သူ၏အသက်ရှူသံများကို ထိန်းညှိလိုက်ပြီးနောက် ဒဏ်ရာရနေသည့်ခန္ဓာကိုယ်ကို ပြုပြင်ကာ အနက်ရောင်မြူများကိုလည်း ထုတ်ပစ်လိုက်သည်။

ရှီဟောင်သည် ထိုကဲ့သို့ပင် တိုက်ခိုက်လိုက်၊ ကုသလိုက်ဖြင့် သံသရာလည်နေလေ၏။

ဤနေရာ၌ အံ့အားသင့်စရာအကောင်းဆုံး တိုက်ပွဲများ ဖြစ်ပျက်နေသော်လည်း အပြင်လူ မည်သူမှ မသိကြ။

ကောင်းကင်ဘုံကိုးခုမှ သက်ရှည်မိသားစုများ သိသွားပါက သူတို့သေချာပေါက် ထိတ်လန့်သွားလိမ့်မည်။ ဟွမ်ကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် ဤနေရာရှိ ချိတ်ပိတ်ထားသည့်သက်ရှိများကြောင့် ဒဏ်ရာရနေသည်။

ခြောက်ရက် ခြောက်ည တိုက်ခိုက်ပြီးနောက် ဖီးနှစ်အရိုးနှစ်ခုပေါ်ရှိ အဓိပ္ပာယ်များကို သူမှတ်မိသွားပြီဖြစ်သလို အောင်မြင်မှုအချို့လည်း ရရှိသွားခဲ့သည်။

သူ နားလည်သွားပြီဟု မဆိုလိုသော်လည်း အဆုံးမရှိသည့်သင်္ကေတများကိုတော့ သူ့စိတ်ထဲ ရေးထိုးပြီးသွားပြီဖြစ်သည်။ ယခု သူ ကျင့်ကြံပြီး စမ်းသပ်ရန်သာ လိုတော့သည်။

သူ ဖီးနှစ်အဖိုးတန်ပညာကို လက်ဝယ်ပိုင်ဆိုင်သွားလေပြီ..

ဤသည်မှာ ရှီဟောင် အမြဲတမ်းလိုချင်နေခဲ့သည့် နတ်စွမ်းရည်ပင်။ ယနေ့တော့ သူအောင်မြင်စွာ ရရှိသွားလေပြီ။

အရာအားလုံး တည်ငြိမ်သွားသည့းအချိန်တွင် ရှီဟောင် မျက်လုံးများကိုမှိတ်လိုက်ပြီး ဤနေရာ၌ အချိန်အတော်ကြာ အနားယူခဲ့သည်။

ခြောက်ရက်ဆက်တိုက် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် သူအတော်လေး ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ သူ၏အရိုးများအားလုံး ကျိုးနေပြီဖြစ်ပြီး သူ့ဦးခေါင်းခွံတွင်လည်း အပေါက်ငါးပေါက် ရှိနေသည်။ ကံကောင်းစွာဖြင့် သူ ဖြတ်ကျော်နိုင်ခဲ့ခြင်းပင်။

မီးတောက်လှိုင်းတစ်ခု လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။ ဤသည်မှာ ဖီးနှစ်အမွေးအတောင်များကဲ့သို့ တောက်ပနေကာ များပြားလှသည့် အသက်ဓာတ်လည်း ထုတ်ပေးနေ၏။

ဝုန်း..

ရှီဟောင် မတ်တပ်ထရပ်လိုက်သည်။ သူ လုံးဝ ပြန်ကောင်းသွားလေပြီ။

ဖီးနှစ်လျှို့ဝှက်ပညာ၏ ပြန်လည်မွေးဖွားခြင်းနတ်စွမ်းရည်ဖြင့် သူ ကြီးမားလှသည့်ရလဒ်ကို ရရှိနိုင်ခဲ့သည်။

ရှီဟောင် ပျော်ရွှင်နေသည်။ နောင်ကျလျှင် သူပြင်းထန်စွာ ဒဏ်ရာရရှိလျှင်ပင် သူ ပြန်လည်မွေးဖွားနိုင်သည်။ ဤအဖိုးတန်ပညာထက် အဖိုးတန်သည့်အရာမရှိတော့။

ဤသည်မှာ အသက်ကယ်ပညာပင်။

“ငှက်ဘိုးဘိုး၊ ဒင်္ဂါးဘိုးဘိုး .. ကျေးဇူးအများကြီး တင်ပါတယ် .. ကျွန်တော် စမ်းသပ်စရာလေးတွေရှိလို့ ကမ္ဘာအစစ်ကို ပြန်သွားရဦးမယ်” ရှီဟောင် နှုတ်ဆက်လိုက်သည်။

သူ ဤပညာများကို လေ့လာကာ ကျေညက်အောင် လုပ်ဖို့လိုသေးသည်။

ယနေ့တော့ ဖီးနှစ်အဖိုးတန်ပညာ လောကကြီးထဲ၌ နောက်တစ်ကြိမ် ပြန်ပေါ်လာလေပြီ..

ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးဘိုးဘိုးတို့နှစ်ဦးလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့ လူရွေးမှန်သွားလေပြီ။

သိထားရမည်မှာ ဤနေရာသည် ငြိမ်းချမ်းပုံပေါ်သော်လည်း ဤနေရာသို့ ဝင်လိုက်သည်နှင့် သေချာပေါက် သေမည်ပင်။ ချိတ်ပိတ်ထားသည့် သက်ရှိများသည် အလွန်စွမ်းအားကြီးလှကာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်ဂျီးနီးယပ်စ်ဟု ခေါ်သည့်သူများကို အလွယ်တကူပင် သတ်ပစ်လိုက်နိုင်သည်။

“အဆင့်နိမ့်နယ်မြေ .. အကျဉ်းထောင်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် နောက်လှည့်ကာ ထိုအကြီးအကဲနှစ်ဦးကို ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရုတ်တရက်ကြီး သူတစ်ခုခုကို အာရုံခံမိသွားသည်ပင်။ သူ တစ်ခုခုကို ကျော်သွားသည်ဟု သူခံစားနေရသည်။

“ကြည့်ရတာ ငါလမ်းလွှဲနေပြီထင်တယ် .. အဆင့်နိမ့်နယ်မြေရဲ့ အကျဉ်းထောင်ဆိုတာ နယ်မြေရှစ်ခုမဟုတ်ပဲနဲ့ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေကို ပြောတာလား..” ရှီဟောင် တုန်လှုပ်သွားရသည်။

သူ့စိတ်ကိုဖုံးအုပ်နေသည့် လိုက်ကာစကြီးကို ဆွဲဖြဲပစ်လိုက်နိုင်သလိုပင် ခံစားလိုက်ရသည်။ သူ ရုတ်တရက် အလင်းဝင်လာသည်။

ဤသံသယမှာ အခြားသူများနှင့် ကွဲပြားလှသည်ပင်။

ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ လျှို့ဝှက်ချက်အချို့ ရှိနေသည်။

“အကျဉ်းထောင်ဆိုတာက နယ်မြေရှစ်ခုကို ပြောတာမဟုတ်ဘူး .. ပြိုင်ဘက်ကင်းတဲ့ရာဇဝတ်သားတွေကိုလည်း ဒီဟင်းလင်းပြင်နတ်ဘုရားနယ်မြေမှာ ဖိနှိပ်ထားတာ” ရှီဟောင်၏အသံ အက်ကွဲလာ၏။

အပိုင်း ၁၉၄၆ ပြီး၏။
Chapter – 1947 အတောင်ပံ မရှိသည့် ဖီးနှစ်

“လူငယ်လေး မင်းအတွေးလွန်နေပြီ .. မင်းဘာတွေ ခန့်မှန်းနေတာလဲ..”

ငှက်ဘိုးဘိုး၏မျက်လုံးများမှာ တောက်ပမှုမရှိတော့။ ရှီဟောင်ကို အသုံးဝင်သည့် သတိပေးချက်များ မပေးနိုင်တော့။ ဤနေရာ၌ အနက်ရောင်မြူများ ပျံ့လွင့်လာကာ အကြီးအကဲနှစ်ဦးအား တိုက်စားသွားသည်ပင်။

အကြီးအကဲနှစ်ဦးလုံးသည် လျှို့ဝှက်ပညာများကို အသက်သွင်းနေကြသော်လည်း ထိုအနက်‌ရောင်မြူများကို ထိထိရောက်ရောက် မထုတ်ပစ်နိုင်တော့။

အဘယ်ကြောင့်ဆိုသော် သူတို့ဤနေရာ၌ တစ်နှစ်ပတ်လုံး နေနေရခြင်းဖြစ်သောကြောင့် မြူများမှာ သူတို့အသွေးအသားထဲ စိမ့်ဝင်နေပြီဖြစ်သည်။ လုံးဝဖယ်ရှားပစ်ရန် မဖြစ်နိုင်တော့။

“စီနီယာတို့ .. နှုတ်ဆက်ပါတယ်..” ရှီဟောင် အရင်ဆုံး ပြန်သွားရန် စီစဉ်လိုက်သည်။

နောင်ကျလျှင် သူသေချာပေါက် ဤနေရာသို့ ပြန်လာမည်။ ဤနေရာတွင် သူနှင့် ကောင်းကောင်းတိုက်ခိုက်နိုင်သည့် ပြိုင်ဘက်များ ရှိနေသည်ပင်။

ရှီဟောင် ထွက်သွားလိုက်သည်။ ပိုသန်မာလာစေရန်အတွက် သူ ကျင့်ကြံရန် လိုအပ်သည်။

ကျောက်တုံးကျေးရွာအနောက်ဘက် ရွှံ့နွံ့ထူထပ်သည့်နေရာတွင် ရှီ‌ဟောင် အစီအရင်တစ်ခု လုပ်လိုက်သည်။

သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် သူ့ထံ၌ အစီအရင်သင်္ကေတနှင့် မှော်ခွန်အား ရှိနေရွေ့ ပုံကြမ်းလေးဆွဲလိုက်လျှင်ပင် သူ အစီအရင်လုပ်၍ရသည်။

သူသည် အဆင့်မြင့်နယ်မြေရှိ ဂိုဏ်းများစွာကို ဓားပြတိုက်ကာ ရတနာများစွာ ယူခဲ့သောကြောင့် နတ်အစီအရင် လုပ်လျှင်ပင် ပြဿနာမရှိ။

ဝုန်း..

အနီရောင်အလင်း ထွက်ပေါ်လာကာ နဂါးတစ်ကောင် ကောင်းကင်ထက်သို့ တက်သွားသည်။ ကဲဂုသည် အစီအရင်ထဲ၌ ပိတ်မိနေကာ အော်ဟစ်နေလေ၏။

“နည်းနည်းလိုသေးတယ်” ရှီဟောင် ပြောလိုက်သည်။

သူ ဤနဂါးလေးကို နတ်စွမ်းရည်များ သင်ပေးနေခြင်းပင်။ သူ ဤနဂါးကို သူ့တပည့်အဖြစ် သတ်မှတ်ထားသည်။

ကဲဂုလည်း ဤနေရာ၌ ကျင့်ကြံနေရသည်။ အစီအရင်ထဲတွင် သူ၏ဖျက်ဆီးနိုင်စွမ်း အားနည်းနေပြီး သူ၏စွမ်းအားသည် ကျောက်တုံးကျေးရွာကို မထိခိုက်နိုင်။

ဤရက်အနည်းငယ်အတွင်းတွင် နဂါးနီလေး အလျော့ပေးလိုက်ပြီဖြစ်သည်။ သေချာစဉ်းစားပြီးနောက် သူ ရှီဟောင်ကို သူ့ဆရာအဖြစ် သတ်မှတ်လိုက်သည်။

ယခုအချိန်တွင် သူ အကြမ်းတမ်းဆုံး လေ့ကျင့်မှုကို ဖြတ်သန်းနေရသည်။ သူ၏အော်သံမှာ ကျောက်တုံးကျေးရွာမှလူအချို့ကို ဆွဲဆောင်သွားသည်။

သူ ကြုံတွေ့နေရသည့်အရာများမှာ ခါးသီးလှသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ကလန်ကို မေ့ထားလိုက်ကာ “ငါက ဖီးနှစ်တစ်ကောင်” ဟု အော်ဟစ်နေရသည်ပင်။

ရွှေရောင်ခြင်္သေ့၊ ယွမ်ရှီးနှင့် အခြားသူများအားလုံး ထိတ်လန့်သွားရ၏။ ဒီနဂါးက ရှီဟောင်ရဲ့ လေ့ကျင့်ရေးကြာင့် ရူးသွားတာလား.. သူတို့အားလုံး ဆွံ့အသွားရသည်။

ယခင်က သူသည် စိတ်နှစ်၍သာ ကျင့်ကြံနေခဲ့သည်။ ယခုတော့ ဤစကားလုံးများကို အော်ဟစ်လာလေ၏။ သူ့ဦးနှောက်တစ်ခုခုဖြစ်သွားတာလား..

ရှီဟောင် ဤနဂါးကို ရူးအောင်လုပ်လိုက်သည်ဟု အားလုံး သံသယဝင်လာကြသည်။

“ငါက ဖီးနှစ်တစ်ကောင် .. ငါ့ရဲ့စွမ်းရည်တွေက ပြိုင်ဘက်ကင်းတယ် .. ငါ မီးတောက်တွေကြားကနေ ပြန်လည်မွေးဖွားမယ်..” နဂါးနီကြီး အော်ဟစ်လိုက်သည်။

“ရှင်က သူ့ဆရာဖြစ်ချင်နေတာကို ဘာလို့ သူ့ကို ဒီလိုမျိုးဖြစ်အောင် ဖိအားပေးနေတာလဲ .. သူ့စိတ်တောင် ရှုပ်ထွေးနေပြီ” ယွမ်ရှီး ပြောလိုက်သည်။ ရှီဟောင်ကို အလွန်အကျွံမလုပ်ရန် သတိပေးလိုက်လေ၏။ ကဲဂုကို နေ့တိုင်း ပြင်းထန်စွာ ကျင့်ကြံခိုင်းနေလျှင် ပြဿနာကြီး ဖြစ်လာနိုင်သည်။

“သူ မရူးဘူး … ငါသူ့ကို စွမ်းရည်တစ်ခု သင်ပေးနေတာ .. လူတစ်ယောက်က ပြိုင်ဘက်ကင်းတဲ့ အဖိုးတန်ပညာကို ကျင့်ကြံချင်ရင် သူ့ကိုယ်သူ မေ့ထားရမယ်..” ရှီဟောင် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရသည်။ သူ ဤနဂါးကို အဘယ်ကြောင့် ဤကဲ့သို့ ဆက်ဆံနေသည်ကို သူတို့မသိကြ။

“ငါက ဖီးနှစ် .. အတောင်ပံမပါတဲ့ဖီးနှစ်..” ကဲဂု ဟစ်ကြွေးလိုက်၏။ သူ၏အသံမှာ ပို၍ပင် ကျယ်လောင်လာသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်မှ အနီရောင်မီးတောက်များမှာ ပို၍ စွမ်းအားကြီးလာသည်။

“အကြောင်းပြချက်က တကယ်တော့ အရမ်းရိုးရှင်းပါတယ် .. သူက နဂါးသွေးမျိုးဆက်ရဲ့ အမြင့်ဆုံးအမွေအနှစ်ကို မရဘူးဆိုတော့ ငါက တစ်ခြားကလန်ရဲ့ ပညာကို သင်ပေးရတာပေါ့ .. သူ့ကို ဖီးနှစ်လျှို့ဝှက်ပညာ ပြောင်းသင်ပေးတာလေ” ရှီဟောင် ရှင်းပြလိုက်သည်။

အစပိုင်းတွင် အနီရောင်နဂါးသည် ရှီဟောင်အား ပြင်းထန်စွာ ငြင်းဆန်သေးသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူသည် သမိုင်း၏ပြက်လုံးတစ်ခု ဖြစ်သွားလိမ့်မည်။ ယခုမျိုးဆက်၏ နဂါးသည် သူ့ကလန်မှ ပညာများကို မသင်ကြားရသည့်အပြင် ဖီးနှစ်ကလန်၏ လျှို့ဝှက်ပညာများကို သင်ကြားနေရသည်။

သို့သော် ယခုတော့ သူ ထိုစိတ်များကို လွှတ်ချလိုက်လေပြီ။

သူသည် ဟစ်ကြွေးလိုက်ကာ သူ့ကိုယ်သူ ဖီးနှစ်တစ်ကောင်အဖြစ် တစ်ဖြည်းဖြည်း သတ်မှတ်လိုက်သည်။

“ငါက အတောင်ပံမပါတဲ့ဖီးနှစ်…” နဂါးနီလေး အော်ဟစ်လိုက်သည်။

သူ၏အသံမှာ အလွန်နူးညံ့သော်လည်း ပြတ်သားနေသည်။ သူသည် သူ့ကိုယ်သူ ဦးနှောက်ဆေးပစ်ကာ ကျင့်ကြံခြင်းတွင် စိတ်နှစ်ထားလိုက်သည်။

ရွှီး..

သူ့ခန္ဓာကိုယ် ဘေးဘက်၌ ဖီးနှစ်အတောင်ပံများ ဖြန့်ကျက်လာကာ အနီရောင်အလင်းတန်းနှစ်ခု တောက်ပလာသည်။

ခဏကြာပြီးနောက် ဖီးနှစ်အစစ် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ အနီရောင်အလင်းတန်းနှစ်ခုသည် နတ်အတောင်ပံများ ကဲ့သို့ ကောင်းကင်ထက်သို့ ပျံတက်သွားကာ ဖီးနှစ်ကလန်၏ ကြောက်စရာကောင်းသည့်ခွန်အားကို ပြသလိုက်သည်။

နဂါးအဖိုးတန်ပညာမရှိသောကြောင့် ရှီဟောင် သူ့အား ဖီးနှစ်ပညာ သင်ကြားပေးလိုက်သည်။

သင်ကြားရသည့် အဓိကအကြောင်းရင်းမှာ သူ နဂါးနှင့် ဖီးနှစ် ဒဏ္ဍာရီအကြောင်း ကြားထာားသောကြောင့်ပင်။

ကလန်နှစ်ခုမှ ပညာနှစ်ခုကို ခန္ဓာကိုယ်တစ်ခုတည်းတွင် ပေါင်းစုံစေလိုက်ပါက ထိုပညာသည် မိုးကောင်းကင်အောက်ရှိအရာအားလုံးကို ရင်ဆိုင်နိုင်သည့် ပြိုင်ဘက်ကင်းပညာ ဖြစ်သွားလိမ့်မည်။

နဂါးနီလေး ယခု ဖီးနှစ်ကန်၏ နတ်စွမ်းရည်များကို သင်ကြားထားသည်။ နောင် သူ့ကျင့်ကြံဆင့်မြင့်လာပြီး သူ၏နဂါးစွမ်းရည်များ နိုးထလာသည့်အချိန်တွင် ထိုနဂါးနှင့်ဖီးနှစ် ဒဏ္ဍာရီ ထွက်ပေါ်လာလိမ့်မည်ပင်။

“ငါက အတောင်ပံမပါတဲ့ခြင်္သေ့ .. မဟုတ်ဘူး .. ငါက ဖီးနှစ်ပဲ..” ရွှေရောင်ခြင်္သေ့လည်း အော်ဟစ်လိုက်သည်။ သူသည် အလွန်အရေထူစွာဖြင့်ပင် ရှီဟောင်ထံမှ ဖီးနှစ်အဖိုးတန်ပညာကို တောင်းခံလာလေ၏။

ရှီဟောင်သည် တုံ့ဆိုင်းခြင်းပင်မရှိပဲ သူ့အား ချက်ချင်း ငြင်းဆန်ပစ်လိုက်သည်။

“မင်းက တစ်ဖက်လောကက နတ်ဆိုးလေ .. မင်းမှာ ဘာအခွင့်အရေးရှိလို့ ကောင်းကင်ဘုံကိုးခုက အမြင့်ဆုံးလျှို့ဝှက်ပညာကို သင်ချင်ရတာလဲ .. မင်းသင်ချင်ရင်လည်း ရတယ်လေ .. ဒါပေမဲ့ မင်းရဲ့လျှို့ဝှက်ချက်အားလုံးကို ပြောပြပေးရမယ်” ရှီဟောင် သူ့အား မကျေမနပ်ကြည့်လိုက်သည်။

ရွှေရောင်ခြင်္သေ့၏မျက်နှာ မည်းမှောင်သွားကာ အလွန်မကျေမနပ်ဖြစ်သွားရသည်။

“မင်း လက်မခံနိုင်ဘူးလား .. ငါ မင်းကို ငါးရောင်စပ်စာကလေးကို ရှာခိုင်းလိုက်တာတောင် မင်းအခုထိ ရှာမတွေ့သေးဘူး .. ငါမင်းကို ဘာကိစ္စများ ယုံယုံကြည်ကြည် လက်လွှဲရမှာလဲ..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

ရွှေရောင်ခြင်္သေ့သည် သူ ပျင်းရိနေခြင်းမဟုတ်ကြောင်း ကျိန်ဆိုလိုက်သည်။ ငှက်ချီးပါးချခဲ့သည့်ကိစ္စကိုပင် သူ ဒေါသမပြေသေး။

သို့သော်လည်း သူ ထိုငှက်ကို ဘယ်လောက်ရှာရှာ မတွေ့နိုင်ဖြစ်နေသည်။

ယခုတစ်လောတွင် ရှီဟောင်အမြဲတမ်း ကျင့်ကြံနေခဲ့သည်။ ဖီးနှစ်၏ လျှို့ဝှက်နက်နဲမှုများကို လေ့လာနေခဲ့သည်။ နဂါးနီလေးကို သင်ကြားပေးလျှင်ပင် သူသည် အချိန်အပိုင်းအစအချို့ကို အသုံးပြုကာ သင်ကြားခြင်းပင်။ အချိန်အများစုတွင်တော့ သူ ကျင့်ကြံနေသည်ပင်။

ထိုနေ့တွင် ချင်းဖန်း ပြန်ရောက်လာသည်။

ရှီဟောင် မတ်တပ်ထရပ်လိုက်သည်။ သူ့ထံမှ အခြေအနေများကို သိလိုက်ရသည်နှင့် ရှီဟောင်သည် ရွှေရောင်ခြင်္သေ့ပေါ်သို့ တက်လိုက်ကာ ချင်းဖန်းနှင့်အတူ ကျောက်တုံးတိုင်းပြည်သို့ ထွက်ခွာသွားလေ၏။ သူ လှုပ်ရှားတော့မည်။

ဤရက်များအတွင်းတွင် စွန့်ပစ်နယ်မြေ၌ ပွက်လောရိုက်နေသည်။ အများစုမှာ ရှီဟောင် ပြန်ရောက်လာသည့်ကိစ္စကို ဆွေးနွေးနေကြခြင်းပင်။

ကောလဟာလများကို မယုံကြည်သည့်သူအချို့လည်း ရှိနေသည်ပင်။ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေနှင့် နို့ကိုအကြိုက်ဆုံး နာမည်၌ တစ်ခုခု မှားယွင်းနေသည်ဟု သူတို့ ယုံကြည်နေကြသည်။

“သူ့ရဲ့မူလဝိညာဉ်ပဲ အဆင့်မြင့်နယ်မြေက ဆင်းလာပြီး ဟင်းလင်းပြင်နတ်ဘုရားနယ်မြေထဲကို ဝင်တာဖြစ်လိမ့်မယ် .. သူ့ရဲ့ခန္ဓာကိုယ်အစစ် ဆင်းမလာနိုင်လောက်ဘူး .. စဉ်းစားကြည့်လိုက်လေ .. အဆင့်မြင့်နယ်မြေက ဘယ်လိုနေရာမျိုးမို့လို့လဲ .. ဘယ်သူမှ ပြန်ဆင်းမလာဖူးသေးဘူး..”

“ဒါပေမဲ့ ကျောက်တုံးတိုင်းပြည် အင်ပါယာနန်းတော်က ကျောက်တုံးလေး တကယ်ပြန်လာပြီလို့ သတင်းထုတ်ထားတာ .. ပြီးတော့ ထူးဆန်းမှုနယ်မြေက မင်းသမီးချန်းချန်းလည်း ထူးဆန်းမှုနယ်မြေမှာ ကျောက်တုံးလေးနဲ့တွေ့ခဲ့တယ်လို့ ပြောထားတာ .. အဲဒီတော့ ဒီသတင်းက ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ..”

“မင်းက အဲဒီမှာ စမှားတာပဲ … ကျောက်တုံးတိုင်းပြည်က အခု အခြေအနေမတည်ငြိမ်ဘူး .. ကျောက်တုံးဧကရာဇ် အပြောင်းအလဲရှိနိုင်တယ် .. သူ့ကို ထောက်ခံတဲ့သူတွေက သတင်းတုတွေ လျှောက်လွင့်နေတာ..”

ရှီဟောင်ပြန်လာပြီဆိုသည်ကို ယုံကြည်သည့်သူများစွာ ရှိသော်လည်း အချို့ခေါင်းမာသည့်သူများသည် သူ အဆင့်မြင့်နယ်မြေမှ ဆင်းလာနိုင်မည်မဟုတ်ဟု ယုံကြည်နေကြကာ သူတို့ယုံကြည်ချက်ခိုင်မာစေရန် အကြောင်းပြချက်မျိုးစုံ ရှာကြံနေကြသည်ပင်။

ကျောက်တုံးတိုင်းပြည်မှ လူများမှာ ရယ်ရမလား၊ ငိုရမလားပင်မသိတော့။ သူတို့အမှန်အတိုင်း သတင်းထုတ်ပြန်သော်လည်း အချို့လူများမှာ မယုံမကြည်ဖြစ်နေကြသေးသည်။

သို့သော် ယနေ့တော့ ဆူညံမှုများအားလုံး တိတ်ဆိတ်သွားတော့မည်။

အဘယ်ကြောင့်ဆိုသော် ကျောက်တုံးတိုင်းပြည် အင်ပါယာမြို့တော်၌ ရှီဟောင် ပေါ်လာသည့်အပြင် သူကိုယ်တိုင် လှုပ်ရှားလာသည်။

ခုခံနေသည့် စွမ်းအားကြီးဘုရင်နှစ်ဦးရှိနေသော်လည်း ရှီဟောင် လက်မြှောက်လိုက်သည်နှင့် သူတို့နှစ်ဦးကို လွယ်ကူစွာပင် ဖမ်းမိသွားသည်။

“အရှင်မင်းကြီး..”

ထိုကလန်နှစ်ခု ထိတ်လန့်သွားကြကာ ကျန်သည့်သူများမှာ ဖြူဖျော့နေလေပြီ။ သူတို့ ဒူးထောက်ချလိုက်ကြကာ တုန်ယင်နေကြသည်။

အမှန်တကယ်တွင် ဤရက်များအတွင်း၌ သူတို့ ငြိမ်းငြိမ်းချမ်းချမ်းမနေနိုင်။ ကျောက်တုံးဧကရာဇ်လေး သူတို့နှင့် စာရင်းရှင်းမည်ကို စိုးထိတ်နေကြရသည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်များတွင် သူတို့သည် ချင်းဖန်းကို နန်းချရန်အတွက် မူလကျောက်တုံးတိုင်းပြည် အင်ပါယာကလန်၏ တိုက်ရိုက်မျိုးဆက်ကို ထောက်ခံနေကြသည်ပင်။

“အရင်တုန်းက ကျုပ်က ခင်ဗျားတို့ကလန်တွေကို ရက်ရောပေးခဲ့တယ် .. ခင်ဗျားတို့ကို ရှားပါးတဲ့ဆေးလုံးတွေတောင် ပေးခဲ့သေးတယ် .. ဒါက ခင်ဗျားတို့ ကျုပ်ကို ပြန်ကျေးဇူးဆပ်တာလား..”

ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ဤဘုရင်အိုကြီးနှစ်ဦးမှာ သူ ဂရုစိုက်ခဲ့သည့်သူများပင်။ သူ ဤကလန်နှစ်ခုကို များစွာ အကျိုးပြုပေးခဲ့သော်လည်း သူတို့သည် သူ၏ညီလေး ချင်းဖန်းကို ဆွဲချချင်နေကြသည်။

“ကျောက်တုံးဧကရာဇ် .. ကျွန်တော်တို့ရဲ့ ကျူးလွန်မှုကို ခွင့်လွှတ်ပေးပါ..” ကလန်နှစ်ခုမှ တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်။

ရွှီး ရွှီး..

ထိုအသံထွက်ပေါ်လာသည်နှင့် ရှီဟောင်သည် အညှာအတာကင်းမဲ့စွာပင် သူ၏လက်နှစ်ချောင်းကို မြှောက်လိုက်ပြီး ဘုရင်အိုကြီးနှစ်ဦး ပျက်စီးသွားအောင် လုပ်ပစ်လိုက်သည်။

သူ့ကို စိတ်အေးသွားစေသည်မှာ စစ်ဘုရင်၊ ပန်ဘုရင်နှင့် အခြားသူများသည် ပြောင်းလဲမှုမရှိပဲ အစမှအဆုံးတိုင် ချင်းဖန်ကို ကာကွယ်ပေးခဲ့သည်ပင်။

“ကျောက်တုံးလေး .. မင်းက အရမ်းရဲတင်းလွန်းတာပဲ..”

ထိုအချိန်တွင် အရှေ့ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် နတ်မီးတောက်ကဲ့သို့ အလွန်လျင်မြန်စွာ ရောက်ရှိလာပြီး နတ်ဘုရားတစ်ပါး၏အော်ရာများ ထုတ်လွှတ်နေသည်။

“နတ်ဘုရား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မိုးကလန်က တစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ပြီ .. သူတို့တွေက နတ်အဆင့်ကျွမ်းကျင်သူကို ဆက်သွယ်နိုင်ခဲ့တယ် .. သူတို့တွေက ကျူးယွမ်ကိုတောင် ဆန့်ကျင်နိုင်တယ်လို့ ပြောကြတယ် .. အဲဒါကြောင့်မို့လို့ တစ်ချို့လူတွေက ပုလ္လင်ကို လိုချင်နေကြတာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ဝုန်း..

ထိုသက်ရှိ လျင်မြန်စွာပင် ချဉ်းကပ်လာသည်။

“တစ်ခုခုတော့ မှားနေပြီ .. အဲဒီသက်ရှိက ကိုယ်တိုင်အစစ်အမှန်နယ်ပယ်ကို ရောက်နေပြီ .. သူက နတ်ဘုရားအစစ်ဖြစ်နေပြီ..”

“ကျောက်တုံးလေး .. မင်းက အဆင့်နိမ့်နယ်မြေမှာ ပေါ်လာရဲတယ်ပေါ့ .. မင်းမှာ ဘယ်လိုစွမ်းရည်မျိုးရှိနေလို့ ဒီလိုမျိုး ရဲရဲတင်းတင်းလုပ်ရဲနေတာလဲဆိုတာ ကြည့်ရအောင်..”

ထို နတ်ဘုရားအဆင့် ကျွမ်းကျင်သူ တိုက်ခိုက်လာသည်။

အဘယ်ကြောင့်ဆိုသော် လူအများစုအမြင်တွင် နတ်ဘုရားတစ်ပါးဖြစ်ရန်မှာ ခက်ခဲလွန်းလှသည်။ နှစ်ပေါင်း ဆယ်နှစ်ကြာသွားပြီဖြစ်သော်လည်း ရှီဟောင် ဤအဆင့်သို့ မရောက်လောက်သေး။

ယခုသက်ရှိသည် နတ်ဘုရားအစစ်ဖြစ်ကာ ရှီဟောင်ကို ဖမ်းဆီးရန် ရောက်လာခြင်းပင်။ သူသည် သူ့ကိုယ်သူ ယုံကြည်ချက် ပြင်းထန်နေသည်ပင်။

သို့သော် ဖြစ်လာသည့်မြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။

ရှီဟောင် တုတ်တုတ်ပင်မလှုပ်။ သူ စီးလာသည့် ရွှေရောင်ခြင်္သေ့သည် ပါးစပ်ဟကာ ထိုနတ်ဘုရားကို တစ်ကိုက်တည်းဖြင့် နှစ်ပိုင်းပိုင်းပစ်လိုက်လေ၏။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေပြီ။

အပိုင်း ၁၉၄၇ ပြီး၏။
Chapter – 1948 နတ်ဘုရား

နတ်ဘုရားတစ်ပါးသည် စွမ်းအားကြီးစွာဖြင့် ရောက်ရှိလာသော်လည်း သူ့ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားလေပြီ။ ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။

ဤသည်မှာ အားလုံး ထင်ထားသည်ထက် ကျော်လွန်နေသည်ပင်။

အား..

ထိုသက်ရှိ အော်ဟစ်လိုက်သည်။ သွေးမိုးရွာသွန်းကျလာကာ သူ ပြင်းထန်စွာ ရုန်းကန်လာလေ၏။

သူ၏ခန္ဓာကိုယ်တစ်ခြမ်း ခြင်္သေ့ပါးစပ်ထဲသို့ ရောက်သွားကာ ခြင်္သေ့သည် ထိုခန္ဓာကိုယ်ကို တဂျွတ်ဂျွတ်ပင် ဝါးစားကာ မြိုချလိုက်လေ၏။

နတ်ဘုရားသည် နာကျင်မှုကြောင့် ကျန်နေသည့် ခန္ဓာကိုယ်ကြီး တွန့်လိမ်နေသည်။ သူ၏မျက်နှာလည်း သေလူကဲ့သို့ ဖြူဖျော့နေလေပြီ။ သူသည် ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့ကို တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ပင် ကြည့်နေသည်။

သူ၏လက်ရှိခွန်အားနှင့်ဆိုလျှင် သူ နတ်ဘုရားအစစ်နှင့်ပင် တိုက်ခိုက်နိုင်သည်။ သူက အဘယ်ကြောင့် ဤကဲ့သို့ ဆိုးရွားစွာ အဆုံးသတ်သွားသနည်း..

သူ ကျောက်တုံးလေးကို သေချာလေ့လာစုံစမ်းပြီးသွားပြီဖြစ်သည်။ ဤလူငယ်လေးသည် အသက် ၂၀ ကျော်သာ ရှိသေးသောကြောင့် သူက ဘယ်လောက်များ လုပ်နိုင်မည်နည်း..

သူ အဆင့်လွန်ကျွမ်းကျင်သူဖြစ်နေပြီဆိုလျှင်ပင် ဆယ်နှစ်အတွင်း နတ်ဘုရားအစစ်ဖြစ်‌အောင် လုပ်နိုင်မည်မဟုတ်။ နတ်ဘုရားဖြစ်ရန်မှာ ခက်ခဲလှသည်။

သို့သော် အမှန်တရားမှာ ရက်စက်လှသည်။

ကျောက်တုံးလေး၏ ကျင့်ကြံဆင့်မှာ သူထင်ထားသည်ထက် များစွာ ကျော်လွန်နေမှန်း သူသိလိုက်ရသည်။ သူမပြောနှင့် သူ၏သားရဲပင် ဤမျှကြောက်စရာကောင်းနေလေပြီ။

“ငါ အမြင်မှားတာလား .. ကျောက်တုံးလေးရဲ့ သားရဲတောင်မှ အဲဒီနတ်ဘုရားကို ရှင်းပစ်နိုင်တာလား..”

“ဘုရားရေ .. ငါ ဘာမြင်နေရတာလဲ .. ခြင်္သေ့တစ်ကောင်က နတ်ဘုရားရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို စားပစ်လိုက်တာလား..”

..

အားလုံး အသိပြန်ဝင်လာသည့်အချိန်တွင် ဆူညံပွက်လောရိုက်သွားသည်။

“မင်း..” ထိုနတ်ဘုရားမျက်နှာမှာ အလွန်ဖြူဖျော့နေလေပြီ။

ဒီခြင်္သေ့က ဘယ်က ရောက်လာတာလဲ .. သူက သူ့ခန္ဓာကိုယ်ကို ချိုချဉ်ဝါးစားသလို ဝါးစားနေတယ်..

သူ့အမြင်တွင် ဤနေရာသို့ သူကိုယ်တိုင်ရောက်လာသည်နှင့် ကျောက်တုံးလေး မည်မျှပင် ဆိုးနေပါစေ သူ့အား လွယ်လွယ်ကူကူဖိနှိပ်နိုင်လိမ့်မည်ဟု သူယုံကြည်ထားသည်ပင်။

“ဒီပုစွန်လေးက ဘယ်ကရောက်လာတာလဲ .. ခင်ဗျား စည်းမျဉ်းစည်းကမ်းတွေကို သိလား .. ခင်ဗျားက ဘယ်ရောက်နေတယ်လို့ ထင်နေတာလဲ .. ခင်ဗျား ကိုယ့်အဆင့်အတန်းကိုကိုယ် မေ့နေတာလား..” ရွှေရောင်ခြင်္သေ့ သူ့အား မကျေမနပ် ကြည့်လိုက်သည်။

သွေးများစီးကျနေဆဲဖြစ်သည့် သွားများနှင့် ပေါင်းလိုက်လျှင် သူသည် တကယ်ကို ကြောက်စရာကောင်းနေသည်။ ထိုနတ်ဘုရားသည် ကြောက်လွန်းသောကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေကာ ဦးရေပြားပင် ထုံကျဉ်နေပြီဖြစ်သည်။

သူသည် နတ်ဘုရားတစ်ပါးပင်။ အဆင့်နိမ့်နယ်မြေတွင် သူ့ကို ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်၍ရသည်။ သို့သော်လည်း ယခုတော့ သူ ပုစွန်တစ်ကောင်ဟု ခေါ်ခံနေရသည်။ ဤသည်မှာ အလွန်ရှက်စရာကောင်းလှသည်ပင်။

ဤနတ်ဘုရားသည် ဒေါသထွက်ရဲသော်လည်း ပြန်မပြောရဲ။ သူသာ ရဲရဲတင်းတင်းပြောလိုက်လျှင် ဤရွှေရောင်ခြင်္သေ့ သူ့ကို တကယ်စားသွားလိမ့်မည်။

“ဟုတ်သားပဲ .. ခင်ဗျားက ဘယ်ကနေ ရောက်လာတာလဲ..”

ရွှေရောင်ခြင်္သေ့သည် သူ့အား ကြည့်ကာ သွားကြားညှပ်နေသည့် အသားကို ကလော်ထုတ်လိုက်လေ၏။

ပျက်စီးသွားသည့် ခန္ဓာကိုယ်ပိုင်ရှင် နတ်ဘုရားမပြောနှင့် ဘေးပတ်လည်မှ ကျင့်ကြံသူများပင် ကြက်သီးထသွားရသည်။

လက်ရှိ ရွှေရောင်ခြင်္သေ့သည် ယခင်ကနှင့်ယှဉ်လျှင် ပို၍ အလျော့ပေးလာသည်ပင်။

ယခင်က သူသည် အေးစက်ကာ စကားနည်းသည်။ အဓိကအကြောင်းရင်းမှာ သူ ရှီဟောင်ကို လက်မခံသောကြောင့်ပင်။

ယခုတော့ သူ၏စကားများနှင့် သူ့ပုံစံသည် သူ ရှီဟောင်နှင့် နီးစပ်လာပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

“ငါ .. ငါ ပင်လယ်က လာတာပါ..” ထိုနတ်ဘုရား ပြောလိုက်သည်။

ထိုနတ်ဘုရား တကယ်ကို ကြောက်ရွံ့နေလေပြီ။ သူသည် မေးခွန်းမေးခံလိုက်ရသည်နှင့် ချက်ချင်းပင် ပြန်ဖြေလိုက်လေ၏။

နယ်မြေရှစ်ခု၌ ဖရိုဖရဲဖြစ်နေစဉ်က ကျွမ်းကျင်သူအားလုံး ထိခိုက်သွားခြင်းမဟုတ်။

လျှို့ဝှက်မြေများ၌ ရောက်နေသည့်သူအချို့ ကပ်ဆိုးကြီးမှ လွတ်မြောက်သွားခဲ့သည်ပင်။

ဤပင်လယ်သားရဲလည်း ထိုရှင်သန်လွတ်မြောက်သူများထဲမှ တစ်ဦးပင်။ ထိုအချိန်က သူပင်လယ်ထဲရှိ ရှေးဟောင်းမြေတစ်ခု၌ သီးသန့်ကျင့်ကြံနေခြင်းပင်။

သူ ပြန်ထွက်လာသည့်အချိန်က သူအတော်လေး ပျော်ရွှင်ခဲ့သည်။ နယ်မြေရှစ်ခုတွင် ပြောင်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် သူသည် သူ့အလိုလိုပင် နယ်မြေတစ်ခု၏အရှင် ဖြစ်သွားသည်။

ရှီဟောင်သည် စကားတစ်ခွန်းမှမပြောပဲ ရွှေရောင်ခြင်္သေ့ပေါ်၌ထိုင်ကြည့်နေသည်ပင်။

“ခင်ဗျား ပင်လယ်ထဲမှာ ခင်ဗျားဘာသာ ကြိုက်သလိုနေတာက ကိစ္စမရှိဘူး .. ခင်ဗျားကဘာလို့ ကျောက်တုံးတိုင်းပြည်ကို ပြေးလာတာလဲ..” ကျောက်တုံးတိုင်းပြည်မှ ဘုရင်အိုကြီးတစ်ပါး မေးလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် တိုင်းပြည်တစ်ခု၏ အရှင်ပင် နတ်ဘုရားများကို ကြောက်ကြသည်။ သူတို့ တစ်ဖက်လူကို ရန်မစရဲ။ သို့သော် ယနေ့တော့ မတူတော့။ လူသားဧကရာဇ်ငယ်လေး ပြန်ရောက်နေသည့်အပြင် သူ့စီးတော်ယာဉ်ကလည်း နတ်ဘုရားကို စားသုံးပစ်လိုက်သည်။ သူက ဘာကို ကြောက်နေရတော့မည်နည်း..

“တစ်ယောက်ယောက်က ငါ့ကို ဒီကိုလာဖို့ ဖိတ်လိုက်လို့..” ထိုနတ်ဘုရားသည် ခေါင်းငုံ့ထားကာ အလွန်ပင် ပူးပေါင်းပေးနေလေ၏။

ထိုစကားထွက်လာသည်နှင့် ကျောက်တုံးတိုင်းပြည်မှ ကလန်ကြီးအချို့ မျက်နှာများ ဖြူဖျော့သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူများထဲတွင် သူတို့ပါဝင်နေသည်ပင်။

သေဆုံးသွားသည့် စွမ်းအားကြီးကလန်မှ ဘုရင်နှစ်ပါးအပြင် အချို့ကလန်များလည်း ပါဝင်သေးသည်။ အရေအတွက်သိပ်မများသော်လည်း သူတို့သည် လွှမ်းမိုးနိုင်စွမ်း ရှိသည့် ဂိုဏ်းများပင်။

ယခု သူတို့ ဘာမှမတတ်နိုင်တော့။ ထိုကလန်များမှ အရေးပါသည့်ပုဂ္ဂိုလ်များသည် အရှေ့ထွက်ပြီး ဒူးထောက်ချလာကြသည်။

“သူတို့က ခင်ဗျားလိုလူမျိုးကိုတောင် ခေါ်နိုင်တယ်ပေါ့.” နောက်ဆုံးတော့ ရှီဟောင် စကားပြာလာသည်။ သာမန်လူများ နတ်ဘုရားတစ်ပါးကို ခေါ်ထုတ်လာနိုင်လိမ့်မည်ဟု သူမယုံကြည်။

ဤသည်မှာ သူစုံစမ်းထားသည့်အတိုင်းပင်။ ကြိုးစကို ဆွဲခဲ့သည့်သူမှာ မိုးကလန်ပင်။

ဤကလန်သည် ရှီဟောင်ကို သတ်ချင်ခဲ့သော်လည်း သူတို့သာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။ နောက်ဆုံးတွင် လူတစ်စုသည် ပင်လယ်ဘက်သို့ ထွက်သွားကာ လျှို့ဝှက်နည်းလမ်းအချို့ဖြင့် ရှေးခေတ်မှ နတ်ဘုရားတစ်ဦးကို ဆက်သွယ်နိုင်ခဲ့သည်။ ထို့နောက် သူတို့ ဤနတ်ဘုရားကို အမှတ်မထင်သိခဲ့ရသည်။ ထိုရှေးဟောင်းနတ်ဘုရား သူ၏ပုံရိပ်ယောင်ကို ထုတ်လွှတ်သည့်အချိန်က ဤနတ်ဘုရားကို အနည်းငယ် မျက်နှာသာ ပေးခဲ့သည်ပင်။

ထို့နောက် မိုးကလန်သည် ကျောက်တုံးတိုင်းပြည်မှ ကလန်ကြီးအချို့ကို ဆက်သွယ်ကာ လှုပ်ရှားလာခဲ့သည်ပင်။

ကျောက်တုံးကလန် ဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်လည်း ရည်မှန်းချက်အချို့ ရှိနေသည်ပင်။ ထိုလူများ ဆက်သွယ်လာသည့်အချိန်တွင် ချင်းဖန်းကို ဖြုတ်ချမည့်အစီအစဉ်ကို ပျော်ရွှင်စွာပင် သဘောတူခဲ့သည်။

သူတို့ စိုးရိမ်ရသည့်သူမှာ ကျူးယွမ်သာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူလည်း နတ်ဘုရားဖြစ်သွားပြီဟု သူတို့ကြားထားသည်ပင်။

သို့သော်လည်း ထိုပင်လယ်နတ်ဘုရား နတ်ဘုရားအဆင့်မှော်ပစ္စည်းအချို့ကို ထုတ်လိုက်သည့်အချိန်တွင်မူ သူတို့ ယုံကြည်ချက် မြင့်တက်လာသည်။

“စိတ်ဝင်စားစရာပဲ .. ခင်ဗျားက နတ်မီးတောက်နယ်ပယ်အဆင့်သက်ရှိတစ်ယောက်ထက် ဘာမှမပိုဘူး .. ခင်ဗျားက ကလေးကစားစရာပစ္စည်းလေးတစ်ချို့နဲ့ နတ်ဘုရားအစစ်ဖြစ်လာတာ” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

ထို့နောက် သူသည် ထိုလူ၏ခန္ဓာကိုယ်ပေါ်မှ အရိုးဆံညှပ်၊ ခရမ်းရောင်သရဖူကဲ့သို့သော အဆင်တန်ဆာတစ်ချို့ကို ဖြုတ်ယူလိုက်သည်။ ဤပစ္စည်းများမှာ လူတစ်ယောက်၏ မှော်စွမ်းအားများကို အားကောင်းစေသည့် ပစ္စည်းများပင်။

ထိုနတ်ဘုရားသည် ရွှေရောင်ခြင်္သေ့ သူ၏ပစ္စည်းများ ယူသွားသည်ကို ရင်နာနာဖြင့်သာ ကြည့်နေရသည်။ သူ တစ်လက်မမှ မလှုပ်ရဲ။

ရှီဟောင် ထိုပစ္စည်းများကို တစ်ချက်ကြည့်လိုက်သည်။ ထိုပစ္စည်းများမှာ အပြာရောင်ချပ်ဝတ်တန်ဆာနှင့် သက်ရှည်စစ်ပွဲဝတ်စုံများနှင့်ယှဉ်လျှင် အလွန် အရည်အသွေးနိမ့်လှသည်ပင်။

“ကျုပ် ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ် .. မိုးကလန်ကလူတွေအားလုံးကိုဖမ်းခဲ့ရင် ကျုပ် ခင်ဗျားကို အသက်ချမ်းသာပေးမယ်” ရှီဟောင် ပြောလိုက်သည်။

သူ ဤလူကို ဤအတိုင်းပြန်လွှတ်သည်မဟုတ်။ ရှီဟောင် လက်မြှောက်လိုက်ကာ ထိုလူအား အချက်နည်းနည်းရိုက်လိုက်ပြီး သူ ထွက်ပြေးရန်ကြိုးစားသည်နှင့် ခြင်္သေ့ကြီးသည် အနှေးနှင့်အမြန် သူ့ကို ကိုက်စားပစ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

“ခင်ဗျားသေသွားရင်တောင် ခင်ဗျားရဲ့ဝိညာဉ်က ပုပ်သိုးနေတဲ့ခန္ဓာကိုယ်ထဲမှာ ထာဝရပိတ်မိနေမှာ” ရှီဟောင်သူ့အား သတိပေးလိုက်ပြီး သူ့တာဝန်များကို မြန်မြန်ပြီးအောင် လုပ်ခိုင်းလိုက်သည်။

ထိုနတ်ဘုရား အလျင်အမြန်ပင်ခေါင်းညိမ့်လိုက်သည်။ သူသည် ဘာမှသိပ်မပြောရဲပဲ သူ၏ပျက်စီးနေသည့် ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ ထိုနေရာမှ ချက်ချင်း ထွက်သွားလေ၏။ သူသည် ဒဏ်ရာရနေသည့်ခန္ဓာကိုယ်ဖြင့်ပင် လူများကို လိုက်ဖမ်းနေလေ၏။

သူ တကယ်ကို ကြောက်ရွံ့နေခြင်းပင်။ ဤကောင်လေး၏ ကျင့်ကြံခြင်းမှာ တိုင်းတာ၍မရနိုင်လောက်အောင်ပင်။ သူသည် နတ်ဘုရားအဆင့်ကိုကျော်ကာ ကောင်းကင်နတ်ဘုရားပင် ဖြစ်လောက်လေပြီ။

ကျောက်တုံးတိုင်းပြည် မြို့တော်မှ လူများအားလုံး ဤအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်ပင်။ သူတို့အားလုံး မျက်နှာထက်တွင် လေးစားမြတ်နိုးသည့်အမူအရာများ ဖြစ်ပေါ်လာသည်။

မြေပြင်ထက်၌ ဒူးထောက်နေကြသည့်သူများမှာမူ ကြောက်ဒူးတုန်နေကြလေပြီ။

ရှီဟောင် ဘာမှမပြောပဲ လက်မြှောက်လိုက်ကာ ဆက်တိုက်လက်ညှိုးထိုးလိုက်သည်။ ထို့နောက် နတ်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ထိုလူများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

တဖူးဖူးအသံများအောက်တွင် ထိုလူများ၏ ကျင့်ကြံခြင်းများ ပျက်စီးသွားကာ သာမန်သေမျိုးများဖြစ်သွားကြသည်။ သူတို့သည် ယခင်က သူတို့ကလန်များ၏ ထောက်တိုင်များဖြစ်ကြသော်လည်း ယခုတော့ သူတို့ ပျက်စီးသွားလေပြီ။

“အမှားလုပ်ရင် ပြန်ပေးဆပ်ရမှာပဲ..” ထိုသို့ပြောပြီးသည်နောက် ကျန်သည့်ကိစ္စများကို ချင်းဖန်း၊ စစ်ဘုရင်နှင့် အခြားသူများကို လွှဲပေးလိုက်လေ၏။

ကျောက်တုံးတိုင်းပြည်မှာ မကြာမီတွင် အဆုံးသတ်တော့မည်ဟု အားလုံး ထင်နေကြခြင်းပင်။ ကျောက်တုံးတိုင်းပြည်ပင် ပျောက်ကွယ်သွားနိုင်သည်ဟု ထင်ကြခြင်းပင်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအဆင့်တိုက်ပွဲဆိုလျှင် စွမ်းအားကြီးသည့်တိုင်းပြည်များပင် ခုခံရန် လုံလောက်မည်မဟုတ်။

သို့သော်လည်း ယခုတော့ မတူညီသည့် အဆုံးသတ်ဖြင့် အဆုံးသတ်သွားလေပြီ။

ကျောက်တုံးလေး ပြန်ရောက်လာပြီး နတ်ဘုရားကို ဖိနှိပ်ကာ ကျောက်တုံးတိုင်းပြည်မှ ကလန်များကို အနိုင်ယူခဲ့သည်။ သူသည် အားလုံးကို တစ်ခါတည်း ရှင်းလင်းသွားခဲ့ခြင်းပင်။

“ချင်းဖန်း .. တစ်ချို့ကလန်တွေက ကျေးဇူးမသိတတ်တဲ့ကောင်တွေ .. သူတို့ကို လုပ်သင့်တဲ့အတိုင်း လုပ်လိုက်” ရှီဟောင် ပြောလိုက်၏။

သူ ဒေါသထွက်သည်ပင်။ ယခင်က ဤကလန်အချိုု့ကို အလွန်အလေးထားခဲ့ပြီး သူတို့ကို ဆေးလုံးများ ပေးကာ အကျိုးကျေးဇူးပြုပေးခဲ့သည်။ သို့သော် သူ ထွက်သွားသည်နှင့် သူတို့ပုန်ကန်ကြတော့သည်။

ဤပုန်ကန်မှုတွင် ပါဝင်ခဲ့သည့် မည်သူမှ မလွတ်မြောက်ခဲ့။ အားလုံး မည်သည့်အခါမှ ပြန်မကောင်းနိုင်တော့လောက်အောင် ပျက်စီးသွားကြသည်။

အချို့သူများမှာ ကျင့်ကြံခြင်းများ ဖျက်ဆီးခံလိုက်ရပြီး အချို့မှာ အကျဉ်းထောင်သို့ ပို့ခံလိုက်ရသည်။

ကျောက်တုံးလေး ပြန်ရောက်လာသည်နှင့် ကပ်ဆိုးကြီး အဆုံးသတ်သွားလေပြီ။

ဤကိစ္စများမှာ ရှီဟောင်ရှေ့တွင်တော့ ဘာမှမဟုတ်တော့။

ဤကိစ္စများကို အမြစ်ဖြတ်ပစ်ရမည်ဟု သူ ဆုံးဖြတ်ထားသည်ပင်။

ဤသတင်းမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားကာ အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

အထူးသဖြင့် ကျောက်တုံးတိုင်းပြည်မှ လူများပင်။ ကလန်အားလုံး ခေါင်းငုံ့သွားကြသည်။

ထိုနေ့တွင် ထိုနတ်ဘုရားသည် လူအချို့ကို ခေါ်ဆောင်ကာ ပြန်ရောက်လာသည်။ ဤလူများအားလုံးမှာ မိုးကလန်မှ လူများပင်။ ကံမကောင်းစွာဖြင့် မပါလာသည့်လူအချို့ ရှိနေသေးသည်ပင်။

သူသည် မိုးကလန် ရှေးဟောင်းပုဂ္ဂိုလ်၏ ပုံရိပ်ယောင်ကို တွေ့လိုက်ရသောကြောင့် သူ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရခြင်းဖြစ်ကြောင်း ပြောပြလာသည်။

“ကိစ္စမရှိဘူး .. သူ ထွက်လာရဲတဲ့အချိန်ကျရင် ငါ့ကို ခေါ်လိုက်” ရှီဟောင် ထိုနတ်ဘုရားပုခုံးကို ပုတ်၍ ပြောလိုက်သည်။

ဤအဖြစ်အပျက်ပြီးနောက် ကျောက်တုံးတိုင်းပြည် အင်ပါယာမြို့မှာ ပျာယာခတ်မျှ လှုပ်ရှားသက်ဝင်လာသည်။ ကျောက်တုံးလေး ပြန်ရောက်လာပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်နှင့် ကလန်ကြီးအချို့ အလွန်စိတ်လှုပ်ရှားသွားကြသည်။

“သတင်းပို့ပါတယ် .. မင်းသမီး ချန်းချန်း လာလည်ပါတယ်..”

ထိုနေ့တွင် သတင်းပို့ချက်များ ဆက်တိုက်ပင် ရောက်ရှိလာသည်။ ထိုလူများအားလုံးမှာ သူ၏မိတ်ဆွေဟောင်းများပင်။ ရှီဟောင် အဆင့်နိမ့်နယ်မြေသို့ ပြန်ရောက်လာသည်ကိုသိသည်နှင့် သူတို့အားလုံး အပြေးအလွှား ရောက်လာကြသည်။

ထိုနေ့တွင် သတင်းဆိုးတစ်ခုလည်း ပေါ်လာခဲ့သည်။ အရှေ့ဘက်ပိုင်းတွင် ကောင်းကင်ထက်မှ မြစ်ကြီးစီးဆင်းလာသကဲ့သို့ မိုးများ အဆက်မပြတ် ရွာသွန်းနေလေသည်။

“အမ် .. မိုးကလန်လား . သူတို့ရဲ့ နတ်ဘုရားအစစ် ပေါ်လာတော့မှာလား..” ရှီဟောင် အရှေ့ဘက်ကိုကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်တွင် အေးစက်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ရှေးခေတ်များမှ သက်ရှိကြီး မည်သည့်နေရာမှ ပုံရိပ်ယောင် ပြုလုပ်နေသည်ကို သူ တကယ် သိချင်လှသည်။ သူ ထိုနယ်မြေထဲသို့ သွားကြည့်ရန် ဝန်လေးနေမည်မဟုတ်။

အပိုင်း ၁၉၄၈ ပြီး၏။
Chapter – 1949 ရှေးဟောင်းနတ်ဘုရား ကပ်ဆိုး

ကျောက်တုံးတိုင်းပြည်၏ အရှေ့ပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေသည်။

လောကကြီးတစ်ခုလုံး ရေကန်ထဲသို့ ရောက်နေလေပြီ။

ရွာသွန်းနေသည့်မိုးစက်များမှာ သာမန်မိုးရေစက်များမဟုတ်ပဲ ကြီးမားလှသည့် စက်လုံးကြီးများပင်။

ထိုစက်လုံးသည် မြေပြင်ပေါ်သို့ ကျရောက်လာသည်နှင့် ကျယ်လောင်လှသည့် ဆူညံသံများ ထွက်ပေါ်လာပြီး အဖြူရောင်လှိုင်းများ ဖြစ်ပေါ်လာသည်။ ထိုအရာများအားလုံး ကောင်းကင်ထက်မှ ကျလာခြင်းပင်။

သာမန်လူများမှာ ဘယ်တုန်းက ဤကဲ့သို့သော မြင်ကွင်းမျိုး မြင်ဖူးမည်နည်း.. သူတို့အလွန်ကြောက်နေကြလေပြီ။ ရေသည် တစ်ဖြည်းဖြည်းမြင့်တက်လာကာ အိမ်များပင် ဖုံးလွှမ်းတော့မည်။

ဝုန်း..

လျှပ်စီးများ လျှပ်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ မိုးရွာသွန်းမှုမှာ ပို၍ပင် ပြင်းထန်လာသည်။

တိမ်မဲများ ထွက်ပေါ်လာကာ လောကတစ်ခုလုံး မှောင်မဲနေပြီး မိုးများ အဆက်မပြတ် ရွာသွန်းနေသည်ပင်။

သတင်းရသည်နှင့် ရှီဟောင် ကောင်းကင်ကို ချက်ချင်း ထိုးဖောက်သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် သူ ကောင်းကင်မျက်လုံးကို အသက်သွင်းလိုက်သည်။ သူသည် မိုးကုပ်စက်ဝန်းအစွန်းတွင်ရှိနေသည့် ပုံမှန်မဟုတ်သည့်မြင်ကွင်းကို လေ့လာနေခြင်းပင်။ ဘယ်လိုသက်ရှိမျိုးက ပြဿနာရှာနေတာလဲ..

ဤသည်မှာ သူထင်ထားသည်နှင့် ကွာခြားနေသည်ပင်။ သူ ဤလူကို သေချာသတိထားရမည်။

ဒါက တကယ်ပဲ မိုးနတ်ဘုရားလား .. သူ့မှာ ဒီလိုမျိုး နည်းလမ်းတွေ ရှိနေတာလား .. ရှေးခေတ်က လူတစ်ယောက် တကယ်ပဲ ဒီမှာ ပေါ်လာတော့မှာလား.. ရှီဟောင် အေးစက်နေသည့်အမူအရာဖြင့်ပင် ထိုလူအား ရှာဖွေလိုက်သည်။

လောကကြီးမှာ ပို၍မှောင်မည်းလာပြီး နောက်ဆုံးတွင် ဘာကိုမှ မမြင်ရတော့။ မိုးများသာ အဆက်မပြတ် ရွာသွန်းနေသည်။

အောက်ဘက်ရှိ တိုင်းသူပြည်သားများသည် အော်ဟစ်နေကြသော်လည်း သူတို့အသံမှာ မိုးရေနှင့် မျောသွားသည်။

လောကကြီးသည် ငရဲချောက်နက်ကြီးကဲ့သို့ မည်းမှောင်နေသည်။ ဤသည်မှာ လောကကြီး၏အဆုံးသတ်ကို ရောက်ရှိနေသကဲ့သို့ပင်။

ခွပ်..

အလွန်ကြီးမားလှသည့် ငွေရောင်လျှပ်စီးတန်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားကာ အောက်ဘက်မှ မြင်ကွင်းများကို ပြသလာသည်။

အချို့အိမ်များမှာ မိုးရေအောက်တွင် ပြိုကျတော့မည်။

လူများစွာသည် အိမ်ခေါင်မိုးထက် တက်နေနေရပြီး လမ်းမများထက်တွင် အိုးများ၊ ပန်းကန်များ ပေါလောမျောနေလေပြီ။

အချို့သူများသည် ပိုမြင့်သည့်တောင်များသို့ ပျံသန်းပုန်းရှောင်ကြသော်လည်း ကောင်းကင်ထက်၌ ငွေရောင်မြွေကြီးများ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားကာ ထိုနေရာများသို့ ရောက်သွားကြသည်။

ဝုန်း..

နောက်ဆုံးတွင် တောင်ထိပ်များ ပြိုကျလာကြသည်။ ထိုလျှပ်စီးတန်းများသည် သစ်ပင်ကြီးများကိုပင် ကျိုးပဲ့ပေါက်ကွဲသွားစေသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။

“ကောင်းကင်ဘုံကြီးက ဘာလို့ ဒီလိုမျိုး လုပ်နေတာလဲ .. ငါတို့ ဘာများမှားသွားလို့လဲ..” လူများစွာ ဝမ်းနည်းစွာ ဟစ်ကြွေးနေကြသည်။ သူတို့သည် မြေပြင်ထက်၌ ဒူးထောက်ကာ ဆုတောင်းနေကြလေ၏။

မည်သူမှ တောင်ထိပ်များဆီသို့ မသွားရဲကြတော့။ အောက်ဘက်၌သာ ပုန်းနေကြတော့သည်။ သို့သော် သူတို့ တောင်များထံသို့ ပျံသန်းသွားလျှင်ပင် အလွန်အန္တရာယ်များလှသည်။ တောင်ကျရေများ စီးဆင်းလာတော့မည်။

မြေပြန့်မှ ရွာများနှင့် လူဦးရေထူထပ်သည့် မြို့ကြီးများရှိ အဆောက်အဦးများအားလုံး နှစ်မြှုပ်တော့မည်။ အချို့ဆိုလျှင် ပျက်စီးသွားလေပြီ။

အနိမ့်ပိုင်းတွင် ရှိနေသည့် အချို့အိမ်များမှာ မြင်ပင်မမြင်ရတော့။

“ကျောက်တုံးတိုင်းပြည်ရဲ့ ဘုရင်က ရက်စက်ကြမ်းကြုတ်လို့ ကောင်းကင်ဘုံက အပြစ်ပေးနေတာ..”

ထိုအချိန်တွင် မည်းနက်နေသည့် ကောင်းကင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ လျှပ်စီးများအားလုံး ပျောက်ကွယ်သွားကာ ဤအသံတစ်သံသာ ကျန်ခဲ့တော့လေ၏။

ဒါက လောကကြီးက အပြစ်ပေးနေတာလား .. ပြည်သူများအားလုံး ထိတ်လန့်သွားကြရသည်။ ကောင်းကင်ပေါ်မှာ အသံတစ်သံ ရှိနေတာလား .. ဒါက ကောင်းကင်က သတိပေးတာလား..

“ကျွန်တော်တို့ကို ညှာတာပေးဖို့ တောင်းဆိုချင်ပါတယ်..”

“ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်..”

လူများစွာ အော်ဟစ်လိုက်ကြသည်။ အချို့သူများမှာ တောင်ကျရေနှင့်ပါသွားကာ အချို့လူများမှာ ရေဝဲကတော့များထဲ နှစ်မြှုပ်ပျောက်ကွယ်သွားကြသည်။

“ဘိုးဘိုး .. ပြန်လာခဲ့..” မိန်းမပျိုလေးတစ်ဦး အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမကို ကာကွယ်ပေးနေသည့် အဘိုးအိုသည် လှိုင်းတစ်ခုနှင့် ပါသွားသည်ပင်။

“အမေ .. မဟုတ်ဘူး .. ပြန်လာခဲ့ပါ..” စုတ်ပြတ်နေသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် ခြောက်နှစ်၊ ခုနှစ်နှစ်အရွယ်ကလေးမှ အော်ဟစ်လိုက်ကာ ရေထဲသို့ လက်လှမ်းလိုက်သည်။ သူမသားကို ကာကွယ်ရန်အတွက် အကောင်းအတိုင်း ကျန်နေသေးသည့် အမိုးပေါ်သို့ သူမသာားကို တွန်းပို့လိုက်ခြင်းပင်။ သို့သော် သူမကတော့ ရေစီးကြောင်းထဲ ပါသွားရတော့သည်။

“ကလေး..” လူအိုကြီးတစ်ဦးသည် သူ၏ဦးခေါင်းထက်တွင် သွေးကြောများ ထောင်ထလာ၏။ အဘယ်ကြောင့်ဆိုသော် ကျန်းမာကြံ့ခိုင်ကာ သန်မာသည့် သူ့သားသည် သူ့ကိုကယ်ရန်အတွက် ရေထဲသို့ ကျသွားခဲ့သည်ပင်။

မြေပြင်ထက်တွင် ဆိုးရွားလှသည့် အဖြစ်အပျက်များ ဖြစ်ပျက်နေသည်။

သို့သော် ကောင်းကင်ထက်မှ အသံမှာတော့ ရပ်တန့်မသွားသေး။

“တိုင်းပြည်ရဲ့ဘုရင်က ရက်စက်ကြမ်းကြုတ်တယ် .. ကျောက်တုံးတိုင်းပြည်က ရက်စက်တဲ့ မကောင်းဆိုးဝါးကြီးဆိုတာကို လူတွေကို သတိပေးဖို့အတွက် ကောင်းကင်ဘုံက အပြစ်ဒဏ်ရောက်လာတော့မယ် .. သူ့အပြစ်တွေကို မခွင့်လွှတ်နိုင်ဘူး..”

မိုးမှာ မရပ်တန့်သွားရုံသာမက လျှပ်စီးများပါ ပါဝင်လာကာ ပို၍ သည်းထန်လာသည်။ ထို့အပြင် အပေါ်စီးမှနေ၍ အားလုံးကိုကြည့်‌နေသည့် ကြီးမားလှသည့် အေးစက်စက်မျက်နှာကြီးတစ်ခုကို အားလုံးတွေ့လိုက်ရသည်။

မြေပြင်ပေါ်ရှိ လူများမှာ ကြောက်ရွံ့သွားကြသည်ပင်။

ဤနှစ်များအတွင်းတွင် ကျောက်တုံးတိုင်းပြည်သည် မိုးလေဝသကောင်းမွန်ပြီး တိုင်းပြည်ကြီး ကြွယ်ဝကာ လူများလည်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြသည်။ သို့သော်လည်း ယခု ဤကဲ့သို့သော ကပ်ဘေးကြီး ရုတ်တရက် ကျရောက်လာသောကြောင့် သူတို့ကို ကြောက်ရွံ့လာကြသည်။

လူများစွာ သတိလစ်လဲကျသွားသည်။ ဤကဲ့သို့သော အပြစ်ပေးမှုမျိုးကို မည်သူက မကြောက်ပဲနေမည်နည်း..

သို့သော် အချို့လူများမှာ ရှုပ်ထွေးနေကြသည်ပင်။ ကျောက်တုံးတိုင်းပြည်က ဆတက်တံပိုး တိုးတက်လာတာမဟုတ်ဘူးလား .. ဘာလို့ ဒီလိုမျိုး ဖြစ်လာတာလဲ .. ကျောက်တုံးဧကရာဇ်က တကယ်ပဲ ကောင်းကင်ဘုံကြီး ဒေါသထွက်အောင် လုပ်ထားလို့လား..

“ကျောက်တုံးဧကရာဇ် အပြစ်လုပ်ထားရင်တောင် ဒါက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး .. ကောင်းကင်ဘုံကြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ..”

လူအချို့ အော်ဟစ်လာကြသည်။

“ဘုရား .. ကျွန်တော်တို့ကို သနားပါ .. ကျွန်တော်တို့ မောက်မာမိသွားပါတယ် .. ကျောက်တုံးဧကရာဇ် ဘယ်လိုအပြစ်မျိုး လုပ်မိလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး .. ကျေးဇူးပြုပြီး ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပေးပါ..” မြေပြင်ထက်မှ လူများ တောင်းပန်လိုက်ကြသည်။

“ဟက် .. မလုံလောက်သေးဘူး..”

မှောင်မည်းနေသည့် လောကကြီးတွင် လျှပ်စီးလျှပ်သွားသည့်အချိန်မှသာ ထိုကြီးမားလှသည့် မျက်နှာကြီးကို မြင်နိုင်သည်။ “မလုံလောက်သေးဘူး..”

“သေမျိုးလောကက သွေးတွေနဲ့ ပဋိပက္ခတွေရှိနေတယ် .. အပြစ်တွေ ရှိနေသေးတယ် .. အဆင့်နိမ့်နယ်မြေတစ်ခုလုံးက ဒီလိုမျိုးဖြစ်နေရင် ငါနဲ့ ဟွမ်ရဲ့ခန္ဓာကိုယ်ကို အကျိုးသက်ရောက်မှုတွေ ရှိလာမှာ .. ဟွမ်က ဘာတာအိုကိုမှ မရဖို့ ကံပါလာပြီးသား..”

“ငါက ကလန်အဖွဲ့ဝင်တစ်ယောက်ပဲ .. ငါက စွမ်းအားအကြီးဆုံးမဟုတ်ပေမယ့် ဒီနေ့တော့ ငါ့စွမ်းအားက အကြီးမြတ်ဆုံးပဲ” သူ အေးစက်စွာ ပြောလိုက်သည်။

‘မိုးနတ်ဘုရား’ များထဲမှ တစ်ဦး နူးညံ့စွာ ပြောလိုက်သည်။ သူသည် ကံတရားများထဲ၌ ကိုယ်တိုင်ဝင်ပါချင်နေခြင်းပင်။ ဟွမ်ထံသို့ အကျိုးသက်ရောက်မှု နည်းပါးမည်ဖြစ်သော်လည်း သူ လုပ်ဦးမည်ပင်။

သူသည် အစကတည်းက ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် ခန္ဓာကိုယ်ပင်။ သူ၏ကျင့်ကြံခြင်းလမ်းကြောင်းမှာ ခက်ခဲလှပြီး သူအသက်ရှင်သန်နေဖို့ပင် မသေချာတော့။ သို့သော် သူသည် နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြုကာ ကောင်းကင်ကို တွန်းလှန်နိုင်သည့် ဂျီးနီးယပ်စ်တစ်ဦး၏ လမ်းကို ဖြတ်တောက်ပစ်နေခြင်းပင်။

“ဘုရားရေ .. ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ..” မြေပြင်ပေါ်မှ လူများ၏ ငိုကြွေးသံများမှာ အဆုံးမရှိလောက်အောင် ထွက်ပေါ်လာသည်။ ဒေါသတရားများ ထွက်ပေါ်လာကာ ကံတရားများ ဖြစ်ပေါ်လာစေသည်ပင်။

ကံတရားကို ထိပါးရဲသည့်သူများမှာ သေချာပေါက်ကျင့်ကြံဆင့်မြင့်သည့်သူများပင်။ သာမန်လူများမှာ ဘယ်လိုလုပ် ထိုသို့ လုပ်ရဲမည်နည်း..

ဤသည်မှာ ရှီဟောင်ကို ဆန့်ကျင်နေခြင်းပင်။ သူတို့သည် နည်းနည်းလေးမှပင် ထိန်းချုပ်မထားပဲ အရက်စက်ဆုံးနည်းလမ်းများဖြင့် အားကုန်လုပ်နေကြခြင်းပင်။ အနည်းဆုံးတော့ သူတို့ ရှီဟောင် တာအိုရရှိနိုင်မည့်လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်သည်ပင်။

ရှီဟောင် မိုးများအောက် ရောက်ရှိလာသည်။

သူ သတင်းရသည်နှင့် ဤနေရာသို့ ချက်ချင်းရောက်လာခဲ့ခြင်းပင်။ သို့သော် မိုးများမှာ သည်းထန်လှသောကြောင့် သူလာသည့်အချိန်ခဏလေးပင် ကမ္ဘာမြေကြီးကို ရေလွှမ်းသွားရန် လုံလောက်နေသည်။

ကံကောင်းသွားသည်မှာ တောင်ကျရေများသည် လူဦးရေထူထပ်သည့်နေရာများကို မတိုက်ခိုက်။

“အရှက်မရှိတဲ့ကျင့်ကြံသူ .. ဒီလောကမှာ ပြဿနာရှာရဲတယ်ပေါ့ .. အပြစ်ပေးခံရဖို့ ထိုက်တန်တယ်..”

ရှီဟောင်၏ ဟစ်ကြွေးသံမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၌ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူ လှုပ်ရှားလိုက်သည်။ ကောင်းကင်ထက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ကာ အမှောင်ထုကို ဖယ်ရှားလိုက်ပြီး ကောင်းကင်ကြီးတစ်ခုလုံးကို လင်းထိန်သွားစေသည်။

သူ မတည်ငြိမ်နိုင်တော့။ ဤသည်မှာ သူနှင့် မိုးကလန်ကြားမှ ရန်ငြိုးများဖြစ်သော်လည်း တစ်ဖက်မှ နတ်ဘုရားသည် ကမ္ဘာမြေမှ သက်ရှိများကို ထိခိုက်အောင် လုပ်နေသည်။ သူက ဒီနယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေတာလား..

ဝုန်း.. ကောင်းကင်နှင့် ကမ္ဘာမြေကြီး ကွဲအက်သွားကာ မိုးလည်း ပျောက်ကွယ်သွားသည်။

ရှီဟောင်၏ လက်သီးချက်တွင် ပြိုင်ဘက်ကင်းသည့် ယန်စွမ်းအားများ ပါဝင်နေသောကြောင့် ကောင်းကင်ထက်မှ တိမ်မဲများကို ပေါက်ကွဲသွားစေသည်။

ဝေါင်း..

ရွှေရောင်ခြင်္သေ့ ရောက်လာလေပြီ။ ရှီဟောင်၏အမိန့်အောက်တွင် သူ ပါးစပ်ဟကာ လေပြင်းများ မှုတ်ထုတ်ပြီး တိမ်များကို ပင်လယ်ဘက်သို့ ပို့ပစ်လိုက်သည်။

ထို့အပြင် ရှီဟောင် မှော်ခွန်အားများကို အသုံးပြုလိုက်သည်။ သူ၏လက်များမှ အစည်းအတားများကို ပြုလုပ်ကာ ကမ္ဘာမြေကြီးမှ လှိုင်းများ၊ တောင်ကျရေများနှင့် မိုးရေများအားလုံးကို ကောင်းကင်ထက်သို့ ယူဆောင်လိုက်သည်။

ကမ္ဘာမြေမှ ငရဲကြီးမှာ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားသည်။

အားလုံး ဆွံ့အသွားရ၏။ မြေပြင်ထက်မှ ဒေါသတကြီး အော်သံများလည်း ရပ်တန့်သွားသည်။ အားလုံး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အချိန်တွင် လူငယ်တစ်ဦး ကောင်းကင်ထက်သို့ လက်မြှောက်ထားသည်ကို တွေ့လိုက်ရသည်။ သူ၏လက်ဖျားများ တောက်ပနေကာ ရေများအားလုံးကို ကောင်းကင်ထက်သို့ ပို့နေလေ၏။ ထိုရေများ အငွေ့ပျံသွားကာ ‘မိုးကပ်ဆိုး’ကြီးလည်း အဆုံးသတ်သွားသည်။

ရှီဟောင် သူ၏မှော်ခွန်အားများကို ဖြန့်ကျက်လိုက်ကာ လီပေါင်းမည်မျှရှိမှန်းပင် မသိနိုင်သည့် ကမ္ဘာမြေကြီးကို ဖြန့်ကျက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အဆုံးမရှိသည့် ရေများကို ပင်လယ်ဘက်သို့ စီးဆင်းစေလိုက်သည်။

မြစ်ကြီးသည်ကောင်းကင်ထက်၌ စီးဆင်းနေလေသည်။

ပဋိပက္ခများဖြစ်လာမည်စိုးသောကြောင့် ပုံမှန်ဆိုလျှင် ကျင့်ကြံသူများသည် သေမျိုးများရှေ့၌ သူတို့ စွမ်းရည်များကို ထုတ်သုံးမည်မဟုတ်။

သို့သော် ယနေ့တော့ မိုးကလန်မှ နတ်ဘုရားသည် သေမျိုးလောကသို့ ဤကပ်ဆိုးကြီး သယ်ဆောင်လာသည်။

“အံ့ဩစရာပဲ..” မြေပြင်ထက်မှ လူများ ဟစ်ကြွေးနေကြသည်။

ရှီဟောင် အချိန်ကိုက်ရောက်လာခြင်းပင်။ ရေကြီးနေပြီဖြစ်သော်လည်း လူဦးရေ သိပ်သည်းသည့်နေရာများသို့ မရောက်သေးသောကြောင့် အသေအပျောက် သိပ်မများ။

ထို့နောက် ရှီဟောင်၏ခန္ဓာကိုယ်မှ အဆုံးမရှိသည့် အလင်းတန်းများ ထွက်ပေါ်လာကာ ကမ္ဘာမြေပေါ်ရှိ အရာအားလုံးကို ဖုံးအုပ်သွားသည်။ ဤသည်မှာ အခြေခံအကျဆုံး အသက်စွမ်းအင်များပင်။

ရွှီး ရွှီး ရွှီး..

သေဆုံးသွားသည့်သူများထဲသို့ ထိုအလင်းများ စီးဆင်းသွားပြီးနောက် ထိုသူများ ချက်ချင်း ပြန်ရှင်သန်လာကြသည်။

ရေနှင့်အတူ မျောပါသွားသည့်သူများပင် ပြန်လည်ရှင်သန်လာကြသည်အထိပင်။

ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားရ၏။ သာမန်သေမျိုးများကို ကယ်တင်ရန်အတွက်နှင့် ရှီဟောင် သူ၏မွေးရာပါအသက်စွမ်းအင်များကို အသုံးပြုလိမ့်မည်ဟု သူမထင်ထားခဲ့။

“အရှင်ကို ကျေးဇူးတင်ပါတယ်..”

မြေပြင်ထက်မှ လူများ ကြွေးကြော်လာကြသည်။ သူတို့အားလုံးသည် ဒူးထောက်ကာ ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

အဘယ်ကြောင့်ဆိုသော် တစ်ခဏအတွင်းမှာပင် ကပ်ဆိုးကြီး ရပ်တန့်သွားကာ သေသည့်သူများလည်း ပြန်ရှင်လာသည်။

သို့သော် ထိုသို့ပြန်ရှင်သန်လာရန်အတွက် ရှီဟောင် ပေးဆပ်လိုက်ရသည့် တန်ဖိုးလည်း မနည်းလှပေ။

ခွပ်..

ရုတ်တရက် ကောင်းကင်ထက်တွင် လျှပ်စီးများ ထွက်ပေါ်လာသည်။ ထိုလျှပ်စီးများသည် ကြောက်စရာကောင်းသည့် ဓားသွားများအဖြစ် ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ဦးတည်လာနေကြသည်။

ရှီဟောင် အသက်စွမ်းအင်များ ထုတ်လွှတ်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ သူ့အားအသေသတ်ရန် ကြိုးစားလာခြင်းပင်။

“အရေးမပါတဲ့ လှည့်စားမှုလေးနဲ့များ..”

ရှီ‌ဟောင် ကောင်းကင်ထက်သို့ လက်သီးထိုးလိုက်သည်နှင့် ဝုန်းဟူသည့်အသံနှင့်အတူ အရာအားလုံး ပျက်စီးသွားသည်။

ထို့အပြင် သူ ကောင်းကင်ထက်သို့ တရှိန်ထိုး ပြေးတက်သွားကာ အာကာာသအပြင်ဘက်သို့ သွားလိုက်ပြီး ထိုကြီးမားလှသည့်မျက်နှာကို ရင်ဆိုင်လိုက်သည်။

“မိုးကလန်က အယုတ်တမာကောင် .. ခင်ဗျားက ဒီမှာ ပေါ်လာရဲသေးတယ်လား .. ခင်ဗျား အသက်ကို ပေးလိုက်တော့..” ရှီဟောင် အော်ဟစ်လိုက်သည်။

သူ ဒေါသထွက်လာကာ အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်ပင်။ တစ်ဖက်လူသည် ကျယ်ပြောလှသည့် ကမ္ဘာမြေကြီးနှင့် သက်ရှိများကို ဖျက်ဆီးပစ်ချင်နေသည်။ သူတို့သည် အနည်းငယ်မှ ထိန်းချုပ်ခြင်းမရှိပဲ လုပ်ချင်သလို လုပ်နေကြသည်။

“ကျောက်တုံးကလန်ကကောင် .. မင်း ဒေါသထွက်တော့ရော ဘာလုပ်ရမှာလဲ .. ငါက မင်းနဲ့ အဝေးကြီးဝေးတဲ့ တစ်ခြားနယ်မြေမှာ ရောက်နေတာ .. မင်းက ငါ့ကို ဘာများလုပ်နိုင်မှာလဲ..” ထိုမှုန်ဝါးနေသည့် မျက်နှာကြီးသည် ခံစားချက်များ ကင်းမဲ့နေ၏။ အေးစက်လှသည့်မျက်နှာထက်တွင် အေးစက်သည့် အပြုံးတစ်ခုသာ ရှိနေသည်။

ရှီဟောင်၏အကြည့်များ အေးစက်သွားရသည်။ မိုးကလန်မှ ဤနတ်ဘုရား မည်သည့်နေရာ၌ ရှိနေသည်ကို သူသိချင်သည်။

“ခင်ဗျား လေးဘက်ထောက် လာခဲ့လိုက်..” ရှီဟောင် အော်ဟစ်လိုက်သည်။

သူသည် အဆုံးမရှိသည့် မှော်စွမ်းအားများ အသုံးပြုကာ တံဆိပ်များကို ဆက်တိုက်ပြုလုပ်လိုက်သည်။ မရေမတွက်နိုင်သည့် ချိန်းကြိုးများ လွင့်ထွက်သွားကာ ထိုကြီးမားလှသည့် မျက်နှာကြီးကို ရစ်ပတ်သွားကာ သူ့အား ဆွဲချလိုက်သည်။

“မင်းက နယ်မြေတွေကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာပဲ .. မင်း ငါ့ကို ဖမ်းချင်ရင်တောင် .. ဟက် .. မင်း အခွင့်အရေးရမှာမဟုတ်ဘူး..” မိုးကလန်မှ နတ်ဘုရား အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။

ရှီဟောင်သည် ဘာမှမပြောပဲ ရှေးဟောင်းပညာများကိုသာ တစ်ခုပြီးတစ်ခု အသုံးပြုနေလိုက်သည်။ နောက်ဆုံးတွင်တော့ သူ တစ်ဖက်လူကို ဆွဲချလိုက်နိုင်သည်။

“အမ် မဖြစ်နိုင်တာ..” မိုးကလန်မှ နတ်ဘုရား ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုကြီးမားလှသည့် မျက်နှာကြီး ကြည်လင်လာကာ ရှီဟောင်ထံသို့ ဆွဲချခံလိုက်ရသည်။

ဖြန်း..

ရှီဟောင် သူ့မျက်နှာထက်သို့ ရိုက်ချပစ်လိုက်သည်။

အပိုင်း ၁၉၄၉ ပြီး၏။
Chapter – 1950 အခြားနယ်မြေ

ဤရိုက်ချက်မှာ ကျယ်လောင်ကာ ရှင်းလင်းလှသည်။ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေလေ၏။

အဓိကအကြောင်းရင်းမှာ ဤမျက်နှာ ကြီးလွန်းနေသည်ပင်။ ထို့ကြောင့် ရှီဟောင်၏ လက်ဝါးလည်း ကြီးမားလာကာ ရိုက်သံလည်း ကျယ်လောင်သွာားသည်ပင်။

မိုးများ ရပ်တန့်သွားသောကြောင့် မြေပြင်ထက်မှ လူများ ကောင်းကင်ထက်သို့ မော့ကြည့်လာကြကာ ဤမြင်ကွင်းကို မြင်သွားကြသည်။

လူအများစုမှာ သေမျိုးများဖြစ်ကြသော်လည်း ကျင့်ကြံသူအချို့လည်းပါဝင်နေသည်ပင်။ သူတို့အားလုံး ဆွံ့အသွားကြရသည်။

သိထားရမည်မှာ တစ်လောကလုံး မည်းမှောင်နေခြင်း၊ မိုးများအဆက်မပြတ်ရွာသွန်းခြင်းတို့မှာ ထိုမျက်နှာကြီးကြောင့်ပင်။ ယခုတော့ ထိုမျက်နှာ ရိုက်ခံလိုက်ရလေပြီ။

“အရှင့်ကို ချီးကျူးပါတယ်…”

“နတ်ဘုရား..”

မြေပြင်ပေါ်မှ ပြည်သူများသည် သူတို့နှလုံးများ လှုပ်ခါသွားသည်အထိ အော်ဟစ်နေကြလေ၏။ အချို့သူများသည် ဆုတောင်းစာများကို ရေရွတ်ကာ ဦးညွှတ်ရှိခိုးနေကြလေသည်။

အချို့သူများမှာ ပါးစပ်မှ ထုတ်မပြောရဲသော်လည်း စိတ်ထဲ အလွန်ကျေနပ်နေကြသည်ပင်။

ဤကပ်ဆိုးကြီးမှာ ထိုမျက်နှာကြီးကြောင့် ဖြစ်လာသည်ကို သူတို့သိကြသည်ပင်။ ဤသည်မှာ ကျောက်တုံးဧကရာဇ်ကို လက်စားချေရန်အတွက် ကျောက်တုံးတိုင်းပြည်မှ ပြည်သူများကို ဖိနင်းပစ်သည့် စွမ်းအားကြီး သက်ရှိတစ်ဦးပင်။

ကပ်ဆိုးကို ခံစားခဲ့ရသည့်ပြည်သူများမှာ ဒေါသထွက်နေကြသည်ပင်။ နောက်ဆုံးတွင် သူတို့ကို ကျောက်တုံးဧကရာဇ်ကို ကယ်တင်ခဲ့ခြင်းဖြစ်သောကြောင့် မည်သူက လူကောင်း၊ မည်သူက လူဆိုး ကွဲပြားသွားပြီဖြစ်သည်။

“ဒါက တကယ် ကျောက်တုံးဧကရာဇ်လား..”

“ဟုတ်တယ် .. ဒါကအရင်က လူသားဧကရာဇ်ငယ်ပဲ..”

အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ အပြေးလေး ရောက်လာသည့် ကျင့်ကြံသူအချို့ ရှီဟောင်ကို မှတ်မိသွားကြသည်ပင်။ သူတို့ ဤလူများ၏ မေးခွန်းများကို ပြန်ဖြေပေးလာကြသည်။

“ကျောက်တုံးတိုင်းပြည် အခုလိုမျိုး ကြီးပွားတိုးတက်လာတာက ငါတို့ကို ကြည့်ရှု‌စောင့်ရှောက်ပေးနေတဲ့ သူရှိလို့ပဲ .. ငါတို့တိုင်းပြည်က လူတွေလည်း ငြိမ်းချမ်းနေကြတာကို ဘယ်လိုလုပ် ကောင်းကင်ကို အပြစ်လုပ်မိတာဖြစ်ရမှာလဲ .. ဒါက ငါတို့ကို ပြဿနာလာပေးတဲ့ နတ်ဆိုးကြီးပဲ..”

“ဧကရာဇ်မင်းကြီး .. ဒီနတ်ဆိုးကို သုတ်သင်ပေးတော်မူပါ..”

နောက်ဆုံးတွင်တော့ မြေပြင်ပေါ်မှ လူများမှာ မကြောက်ရွံကြတော့။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများ တစ်ဖွဲဖွဲရောက်ရှိလာပြီး သူတိုသည် ကောင်းကင်ထက်၌ အစီအရင်တစ်ခု ပြုလုပ်ကာ ဤနေရာကို ကာကွယ်ပေးလာကြသည်။

စစ်ဘုရင်၊ ခွန်ဘုရင်နှင့် ကျောက်တုံးတိုင်းပြည်မှ အခြားသူများလည်း ရောက်လာကြသည်။ ရွှေရောင်ခြင်္သေ့လည်း ဤနေရာ၌ ရှိနေသည်ပင်။ သူသည် အလွန်ပင် သက်တောင့်သက်သာဖြစ်နေပြီး သူ၏အမွေးများ တောက်ပနေသည်။ သူသည် ပါးစပ်ဟကာ ထို ‘မျက်နှာကြီး’ ထံသို့ ပြေးဝင်သွားလေ၏။

ကောင်းကင်ထက်ရှိ ထိုမျက်နှာမှာ အလွန်ဒေါသထွက်နေသလို အနည်းငယ်လည်း စိုးထိတ်နေသည်။

ရှီဟောင်၏ လက်ဝါးရိုက်ချက်မှာ သူ့ကို ကြယ်များ၊ လများပင် မြင်သွားစေသည်။ ထို့အပြင် သူ ရှီဟောင်လက်ထဲမှ ရုန်းမထွက်နိုင်။ သို့သော်လည်း သူသည် အခြားနယ်မြေမှ ပုံရိပ်ယောင်တစ်ခုပင်။ သူက အဘယ်ကြောင့် ရှီဟောင်ကို ကြောက်နေရသနည်း..

သူ ထွက်သွား၍မရတော့။ နေရာတိုင်း၌ သဘာဝဥပဒေသချိန်းကြိုးများ ပြည့်နှက်နေပြီး သူ့အား ဤနေရာ၌ ဖမ်းချုပ်ထားသည်။

ရှီဟောင် သူ့ကို စိုက်ကြည့်ကာ သေချာလေ့လာလိုက်သည်။ သူ၏လက်ဝါးကို ပြန်ရုတ်လိုက်သည့်အချိန်တွင် သူ ဤလူ၏လျှို့ဝှက်ချက်အနည်းငယ်ကို နားလည်သွားသည်။ ဤလူသည် အလွန်အားကောင်းလှသည်။ သို့သော်လည်း ဤသည်မှာ သူ၏ခန္ဓာကိုယ်အစစ်မဟုတ်။ နတ်စိတ်ဝိညာဉ်ကို ပုံဖော်ထားခြင်းပင်။

ပုံရိပ်ယောင်ဆိုသည်မှာ လူတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် မှော်စွမ်းအားကို ဤလောကထဲသို့ ပို့ဆောင်လိုက်ခြင်းပင်။

“ပြော .. အဲဒါက ဘယ်လိုလောကမျိုးလဲ..” ရှီဟောင်မေးလိုက်သည်။

ရှေးခေတ်မှ မိုးကလန်၏နတ်ဘုရားများ စီရင်စုသုံးထောင်ထဲသို့ ဝင်လာခြင်းမရှိသည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူ ယခင်ကတည်းက စုံစမ်းပြီးသားပင်။ ဤကဲ့သို့သော လူအုပ်မျိုး မရှိဖူးခဲ့။

“မင်း ဘာမှမသိဘူး .. မင်းနားလည်မှာ မဟုတ်ဘူး” မိုးကလန်မှ နတ်ဘုရား တိုက်ရိုက်ပင် ပြောလာသည်။

“ခင်ဗျားလိုလူမျိုးနဲ့ စကားပြောရတာ တော်တော်ပင်ပန်းတာပဲ .. ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ဟုတ်လှပြီလို့ ထင်နေတာလား .. ခင်ဗျားက ဘာများထူးခြားနေလို့လဲ..” ထို့နောက် ရှီဟောင် နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။ ယခုတစ်ချက်မှာ ပို၍ပင် ကျယ်လောင်ရှင်းလင်းလှသည်ပင်။

အောက်ဘက်ရှိ ကျောက်တုံးတိုင်းပြည်မှ လူများမှာ တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်နေကြသည်။ ဒါက နတ်ဘုရားတွေကြားက တိုက်ပွဲလား .. နတ်ဘုရားတွေအားလုံး ဒီလိုမျိုးလား ..

ကျောက်တုံးလေးမှာ လုံးဝမပြောင်းလဲသေးဘူးဟု သူတို့ခံစားနေရသည်။ သူသည် ယခင်က မကောင်းဆိုးဝါးလေးဖြစ်ခဲ့သကဲ့သို့ ယခုလည်း ထိုအတိုင်းဖြစ်နေဆဲပင်။ ရှေးဟောင်းနတ်ဘုရားများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူသည် ယခင်ကအတိုင်း တစ်ခွန်းပြော၊ တစ်ချက်ရိုက် လုပ်နေဆဲပင်။

နောက်ဆုံးမှာ ဘယ်သူက မောက်မာနေနိုင်မလဲ ..

မိုးကလန်မှ နတ်ဘုရား၏ မျက်နှာမှာ ချက်ချင်း ယောင်ကိုင်းလာသည်။ သူသည် မိုးနတ်ဘုရားဖြစ်သော်လည်း ယခုတော့ သူ့မျက်နှာတစ်ခုလုံးမှ အဖြူရောင်မီးခိုးများ ထွက်နေလေပြီ။

သူ တကယ်ကို ဒေါသထွက်နေလေပြီ။ သူသည် ရှေးခေတ်မှ နတ်ဘုရားတစ်ပါးဖြစ်သော်လည်း ယခုတော့ လူငယ်မျိုးဆက်၏ နှစ်ကြိမ်တိတိ ဖြတ်ရိုက်ခြင်းကို ခံလိုက်ရသည်။ သူ့ထံတွင် ဘာဂုဏ်သိက္ခာများ ကျန်တော့မည်နည်း..

“ဟေ့ကောင် .. မင်း..” မိုးကလန်မှ နတ်ဘုရားမှာ သူ၏နှလုံးနှင့် အဆုတ်များ ပေါက်ကွဲတော့မတတ်ပင်။

ရှီဟောင် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူသိထားသည့်အတိုင်းဆိုလျှင် ယခင်က မိုးကလန်၏ အခြေအနေမှာ အတော်လေး ဆိုးရွားသည်။

သူ မှတ်မိသေးသည်။ မိုးကလန်သည် မိုးနတ်ဘုရားနှင့် ဆက်သွယ်နိုင်ခဲ့သော်လည်း မိုးနတ်ဘုရားသည် အလွန်အားနည်းနေပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်မည့် ပုံရိပ်ယောင်ကိုသာ ဖန်တီးနိုင်သည်။

မိုးနတ်ဘုရား အလွန်အသက်ကြီးနေသောကြောင့် ကြာကြာမနေနိုင်တော့ပဲ အချိန်မရွေး ကွယ်လွန်သွားနိုင်သည်ဟု သူတို့ထင်ခဲ့ကြသည်။

နောက်ပိုင်းတွင်တော့ မိုးနတ်ဘုရား အဘယ်ကြောင့် အားနည်းနေသည်ကို သူတို့သိခဲ့ရသည်။ မိုးနတ်ဘုရား၏ အခြေအနေမှာ အလွန်ဆိုးရွားနေသောကြောင့် သူသည် အထူးနယ်မြေတစ်ခု၌ နေနေရကာ သူ့ကိုယ်သူ မခုခံနိုင်တော့။

ဤအရာများမှာ ရှီဟောင် ယခင်က မိုးနတ်ဘုရားနှင့် ရင်ဆိုင်စဉ်က သိခဲ့သည့်အကြောင်းအရာများပင်။ ယခင်က သူ အလွန် ‘ရဲရင့်’ခဲ့သည်။ သူသည် မိုးကလန်မှ မိုးနတ်ဘုရားချန်ရစ်ထားခဲ့သည့် အမိန့်စာ အပိုင်းအစကိုပင် ဝါးစားပစ်ခဲ့သည်။

“ခင်ဗျားနေနေတဲ့ လောကကြီးက အရင်တုန်းက အန္တရာယ်ရှိခဲ့တယ် .. ကြည့်ရတာ အခုတော့ အခြေအနေ ကောင်းနေတဲ့ပုံပဲ” ရှီဟောင် ပြောလိုက်၏။

ဤခန့်မှန်းချက်မှာ လွယ်ကူလှသည်ပင်။ မဟုတ်ပါက် မိုးနတ်ဘုရား အဘယ်ကြောင့် ဤကဲ့သို့ပေါ်လာနိုင်မည်နည်း.. သူက အဘယ်ကြောင့် ဤမျှကြီးမားသည့း ကပ်ဆိုးကြီးကို ဖန်တီးနိုင်မည်နည်း..

ထို့နောက် မိုးနတ်ဘုရား ဘာမှ မပြောနိုင်ခင်မှာပင် ရှီဟောင် ထိုမျက်နှာကြီးကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။ ဤသည်မှာ သူ့ဒေါသကို ဖွင့်ထုတ်လိုက်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် မိုးနတ်ဘုရားသည် အခြေခံစည်းမျဉ်းစည်းကမ်းပင် မရှိပဲ သေမျိုးများကို ရက်စက်စွာ ဖိနှိပ်ခဲ့သည်။ ဒီလူက တိုင်းပြည်တစ်ပြည်စာ ရှိတဲ့လူတွေကို ရှင်းပစ်ဖို့ ကြံနေတာလား..

ထို့ကြောင့် ရှီဟောင်လည်း သူ၏လှုပ်ရှားမှုများကို အထိန်းအကွပ်ထားမနေတော့။ သူ ကြိုက်သလို ရိုက်နှက်ကာ မိုးနတ်ဘုရားကို အားလုံးရှေ့၌ အရှက်ခွဲလိုက်သည်။

“ခင်ဗျားက မိုးကလန်က ရှေးခေတ်တုန်းက နတ်ဘုရားလား..” ရှီဟောင်သည် ရိုက်ရင်းဖြင့်ပင် နူးညံ့သည့်အသံဖြင့် မေးလိုက်သည်။

မိုးကလန်မှ မိုးနတ်ဘုရားမှာ ပေါက်ကွဲထွက်တော့မတတ်ပင်။ ဤသည်မှာ သူ့ဘဝတွင် တစ်ခါမှ မကြုံဖူးသည့် အရှက်ကွဲမှုပင်။ သူ၏ပုံရိပ်ယောင်မျက်နှာ ဖမ်းခံထားရသည်ကတစ်ခု၊ ဤကဲ့သို့ နေရာအနှံ့မှ ရိုက်ခံနေရသည်က တစ်ခုပင်။ ဤအပြစ်ပေးမှုမှာ အလွန်ဆိုးရွားလှသည်ပင်။

“သူက မိုးကလန်က နတ်ဘုရားပဲ..” အောက်ဘက်မှ စစ်ဘုရင် ပြောလိုက်သည်။ သူ ယခင်က မိုးကလန်မှ လေးစားနေသည့်သူကို မြင်ဖူးသည်ပင်။ ထိုသူသည် ဤမျက်နှာနှင့်အတူတူပင်။

“အရှက်မရှိတဲ့လူအိုကြီး .. ခင်‌ဗျား လူဘယ်လိုလုပ်ရမလဲဆိုတာ သိရဲ့လား .. အရင်တုန်းက ခင်ဗျား ဒီကမ္ဘာမြေကြီးမှာ နေထိုင်ခဲ့တယ် .. အခုတော့ ခင်ဗျားက မရေမတွက်နိုင်တဲ့လူတွေကို ဒုက္ခပေးပြီးတော့ ကျေးဇူးပြန်ဆပ်လိုက်တာလား..” ရှီဟောင် အားပိုထည့်ကာ သူ့ပါးစပ်ကို ပိတ်ရိုက်လိုက်လေ၏။

မြေပြင်ထက်ရှိလူများအားလုံး ဆွံ့အသွားကြသည်။ သာမန်ပြည်သူများမပြောနှင့်၊ ကျင့်ကြံသူများပင် တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်နေကြလေ၏။

သူက အားလုံးရှေ့မှာ နတ်ဘုရားတစ်ယောက်ရဲ့ပါးစပ်ကို ပိတ်ရိုက်လိုက်တာလား ..

“လူငယ်လေး .. မင်း ငါ့ကို ဒီလိုမျိုး အရှက်ခွဲနေတာ မင်းအဆုံးသတ်ကောင်းမှာမဟုတ်ဘူး .. ငါ့မိုးကလန်ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ စွမ်းအားတွေကို မင်းသိမှာမဟုတ်ဘူး..” ထိုနတ်ဘုရား ဆက်တိုက်ပင် အော်ဟစ်နေလေ၏။

ကံမကောင်းစွာဖြင့် ထိုမျက်နှာကြီးသည် ဖမ်းခံထားရကာ မလှုပ်နိုင်ဖြစ်နေသည်။

ထိုစကားကိုကြားလိုက်သည်နှင့် ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ အဲဒါက ဘယ်လိုလောကကြီးလဲ .. အဲဒီနေရာမှာ မိုးကလန်ရဲ့ လွှမ်းမိုးမှုက အားကောင်းတယ်လား .. ထူးခြားတဲ့ ရှေးဟောင်းလောကကြီးတစ်ခု တကယ်ရှိနေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်..

ရှေးခေတ်မှ နတ်ဘုရားဖြစ်သွားသည့် သူများထဲတွင် စီရင်စုသုံးထောင်သို့ ရောက်လာသည်မှာ အနည်းငယ်သာရှိသည်။ သို့သော် ထိုလူအနည်းငယ်ထဲမှ အများစုမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ နတ်ဘုရားတွေအားလုံး အဲဒီမှာများလား..

“ကျုပ် ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ် .. ရိုးရိုးသားသားပြော” ရှီဟောင် ပြောလိုက်၏။ သူ ထိုနယ်မြေအကြောင်း သိချင်သည်။

“အိပ်မက်မက်နေလိုက်လေ..” မိုးနတ်ဘုရား အော်ဟစ်လိုက်သည်။

ရှီဟောင် ဘာမှမပြောတော့။ အချက်ရေ အနည်းငယ် ရိုက်ပြီးသည်နှင့် သူ၏အသိစိတ်ပင်လယ်ထဲသို့ ရှာဖွေလိုက်သည်။

ဝုန်း..

ထိုအခိုက်အတန့်တွင် ကောင်းကင်ကြီး တုန်ခါလာသည်။ ထိုမိုးနတ်ဘုရားကို ချည်နှောင်ထားသည့် ချိန်းကြိုးများ တင်းကြပ်သွားကာ ပြတ်မလိုပင် ဖြစ်သွားသည်။

“နယ်ခြားနံရံစွမ်းအားလား..” ရှီဟောင် မျက်မှောင်ကြုံ့လိုက်သည်။ မိုးနတ်ဘုရား အလွန်ခွန်အားကြီးနေခြင်းမဟုတ်။ တစ်ဖက်လောကမှ ခွန်အား ဤဘက်သို့ သက်ရောက်နေခြင်းပင်။

ဤနေရာသည် အခြားနယ်မြေတစ်ခုနှင့် ဆက်နေသောကြောင့် ဆက်သွယ်မှုများပင် ပြုလုပ်နိုင်သည်။

သို့သော် ဤသည်မှာ ဝိညာဉ်ဆက်သွယ်မှုသာ ရသည်။

မိုးနတ်ဘုရား ပြန်သွားမည်ကို သူကြည့်နေရသည်။

ရှီဟောင် လေဟာနယ်ထဲ၌ ထိုင်နေကာ ရွှေရောင်ခြင်္သေ့ သူ့အား ကာကွယ်ပေးနေသည်။ ထို့နောက် ရှီဟောင် လှုပ်ရှားလိုက်သည်။ သူ၏ မူလဝိညာဉ်သည် ဓားတစ်လက်ကိုင်ကာ ခန္ဓာကိုယ်မှ ထွက်ခွာသွားလေ၏။

“ဘုရားရေ .. မလုပ်နဲ့..”

“ကျောက်တုံးဧကရာဇ်..”

လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ ကျောက်တုံးလေး ဤမျှရဲတင်းလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။

ရှီဟောင်နယ်မြေများကို ဖြတ်သန်းနေသည်။ အတိအကျပြောရလျှင် သူသည် ပုံရိပ်ယောင်ပြုလုပ်ကာ တစ်ဖက်လောကထဲသို့ ဝင်ချင်နေသည်။

ဤသည်မှာ အလွန်အန္တရာယ်များလှသလို မသေချာမှုများ ပြည့်နှက်နေသည်ပင်။

ထို့အပြင် ဤသည်မှာ စိတ်ဝိညာဉ်၏ တစ်စိတ်တစ်ပိုင်းကို ပို့လွှတ်ခြင်းမဟုတ်ပဲ ရှီဟောင်၏ မူလဝိညာဉ်တစ်ခုလုံး ထွက်သွားခြင်းပင်။

“ကိစ္စမရှိဘူး ..” ရှီဟောင် စိတ်မပူ။ သူ့ခန္ဓာကိုယ်ကို ရွှေရောင်ခြင်္သေ့ ကာကွယ်နေသောကြောင့် သူဘာမှ ဖြစ်နိုင်မည်မဟုတ်။

သူသည် ထာဝရနယ်မြေကိုပင် ဝင်ခဲ့သောကြောင့် ဤရှေးဟောင်းနယ်မြေကို သူဘာမှမကြောက်။ ထို့အပြင် သူသည် မိုးနတ်ဘုရား၏ ခန္ဓာကိုယ်အစစ်ကို သတ်ရန်အတွက် သူ၏မူလဝိညာဉ်နောက် ခဏလိုက်သွားခြင်းပင်။ သူ့ကို သတ်ပြီးသည်နှင့် ချက်ချင်း ပြန်ထွက်လာမည်ပင်။

ဝုန်း..

ရှီဟောင်သည် ထာဝရဓားကိုကိုင်ကာ နေရာအမှတ်မှ တိုက်ရိုက်ဝင်သွားလေ၏။

ထို့နောက် သူ ယဇ်ပုလ္လင်တစ်ခုကို မြင်လိုက်ရကာ ထိုယဇ်ပုလ္လင်ပေါ်၌ အကြီးအကဲတစ်ဦး ထိုင်နေသည်။ ထိုအကြီးအကဲ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ မိုးနတ်ဘုရားဝိညာဉ် ထိုလူ၏ ဦးခေါင်းထဲသို့ ဝင်သွားသည်နှင့် ထိုလူမျက်လုံးများ ပွင့်လာသည်။

“မင်းလုပ်ရဲတယ်လား..” မိုးနတ်ဘုရား ထိတ်လန့်သွားရသည်။ ဤလူငယ် ဤမျှရဲတင်းလိမ့်မည်ဟု သူမထင်ထားခဲ့။

ရှီဟောင် များပြားလှသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးစွမ်းအင်များကို အာရုံခံလိုက်ရသည်။ ဤသည်မှာ စီရင်စုသုံးထောင်ထက်ပင် ပိုများသေးသည်။ ဤနေရာသည် သေချာပေါက် သာမန်နေရာတစ်ခုမဟုတ်။

“ကျုပ်ကဘာလို့ မလိုက်လာရဲရမှာလဲ..” ရှီဟောင်၏အသံမှာ အေးစက်နေသည်ပင်။ ထို့နောက် သူ တရှိန်ထိုးပြေးသွားကာ တိုက်ခိုက်လိုက်သည်။

မိုးနတ်ဘုရားလည်း လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံထားသည့်သူဖြစ်သော်လည်း ရှီဟောင်ကို မယှဉ်နိုင်သေးပေ။

ရှီဟောင် ချက်ချင်းပင် သူ့အား ဖိနှိပ်လိုက်ကာ ဓားဖြင့် သူ့နဖူးကို ဖိထားလိုက်သည်။

ဝုန်း ဝုန်း..

ထို့နောက် ခပ်ဝေးဝေးမှ တောက်ပသည့်အလင်းများ တောက်ပလာကာ ဤနေရာသို့ စီးဆင်းလာသည်။

စွမ်းအားကြီးသည့် နတ်စိတ်ဝိညာဉ်တစ်ခု ပေါ်လာခြင်းပင်။

ရှီဟောင် ဤအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤသည်မှာ ကျွမ်းကျင်သူတစ်ဦး၏ နတ်အသိစိတ်ပင်။ ဤအသိစိတ်သည် ကြယ်ပင်လယ်တစ်ခုကို ဖြတ်ကျော်ကာ ရောက်လာခြင်းပင်။

ကျွမ်းကျင်သူအစစ်ကို မတွေ့ရသေးသောကြောင့် ရှီဟောင် မကြောက်။ ဤသည်မှာ ဤနေရာ၌ လျှောက်သွားနေသည့် နတ်စိတ်ဝိညာဉ်တစ်ခုသာ။

ဤနတ်စိတ်ဝိညာဉ်မှာ တကယ်ကို စွမ်းအားကြီးလှသည်ပင်။

သို့သော် နတ်စိတ်ဝိညာဉ်တစ်ခုဖြင့် သူ့ကို ဖိနှိပ်ရန်မှာ မဖြစ်နိုင်။ သူ ဤနေရာသို့ပင် လာရဲသောကြောင့် သူ့ထံတွင် သူ့ကိုယ်သူ ကာကွယ်နိုင်မည့် နည်းလမ်းများ ရှိနေသည်ပင်။

“ဝိုး .. အံ့ဩစရာပဲ .. မင်းက အဲဒီဟွမ် ဖြစ်လိမ့်မယ်..” ထိုနတ်စိတ်ဝိညာဉ် ထိတ်လန့်သွားရသည်။

တစ်ချိန်တည်းမှာပင် ကြယ်ပင်လယ်ထဲ၌ ကုန်းမြေတစ်ခုကို ရှီဟောင်တွေ့လိုက်ရသည်။ ထိုနေရာတွင် နတ်သက်တံ့များလည်း အချိန်နှင့်အမျှ ပေါ်လာနေသည်ပင်။

အာကာသထဲမှာ ရှေးဟောင်းဂိတ်တံခါးတစ်ခု ရှိနေတယ်..

ရှီဟောင် အနည်းငယ် အံ့အားသင့်သွားရသည်။ ခဏကြာပြီးနောက် သူထိတ်လန့်သွားရလေ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လမ်းတစ်ခုဖြစ်ပြီး ထိုလမ်းသည် သူ စီရင်စုသုံးထောင်ရှိ ထာဝရအုတ်ဂူထဲ၌ တွေ့ခဲ့သည့်လမ်းနှင့် တူနေသည်ပင်။

နောင်ကျရင် ထာဝရအုတ်ဂူကနေပြီးတော့ မယုံကြည်နိုင်တဲ့သက်ရှိတစ်ယောက် ထွက်လာပြီးတော့ စာရင်းရှင်းလိမ့်မယ်…

ဒီဂိတ်တံခါးက အဲဒီပုဂ္ဂိုလ်ကြီး ပြန်လာမယ့်လမ်းများလား..

“ထာဝရနယ်မြေ နောက်တစ်ခေါက် ပြန်ပွင့်လာတာကြောင့်သာမဟုတ်ရင် ဒီနေရာက သေဆုံးနေလောက်ပြီ .. မိုးကလန်က ကျင့်ကြံသူတွေက ဒီနယ်မြေမှာ အတော်လေး အားထုတ်ထားကြတာ .. သူတို့တွေက တစ်ခြား ကျင့်ကြံသူတွေနဲ့အတူတူ ဒီနေရာကို အချိန်အကြာကြီး စောင့်ကြပ်လာတာ”

ထိုနတ်စိတ်ဝိညာဉ် အသံပို့လွှတ်လာသည်။

“မင်းက ထာဝရချိုးဖျက်ခြင်းကျိန်စာ မိနေတာ နှမြောစရာပဲ .. မဟုတ်ရင် မင်းစွမ်းရည်နဲ့ဆိုရင် မင်းသေချာပေါက် ထာဝရနယ်မြေထဲကို ဝင်နိုင်မှာ .. အခု ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ဆယ်ခုမှာ ပြိုင်ဘက်ကင်းမျိုးစေ့တွေ ရွေးဖို့ ပြိုင်ပွဲကျင်းပနေကြတာ”

ဤစကားများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် ထိတ်လန့်သွားရသည်ပင်။ ဤသည်မှာ သူ ယခင်က မသိထားသည့် အကြောင်းအရာပင်။

“မင်း အခွင့်အရေးကြီးနဲ့ လွှဲချော်သွားပြီ .. မင်းရဲ့ခန္ဓာကိုယ်သာ မထိခိုက်ထားဘူးဆိုရင် မင်းရဲ့ရွယ်တူတဲ့ သခင်လေးတွေနောက်ကို လိုက်လို့ရတယ် .. မင်းသာ လိုက်လျောညီထွေ နေတတ်ရင် နောင်ကျရင် မင်း အကျိုးကျေးဇူးတွေ အများကြီး ရလာမှာ”

ဤစကားကို ကြားလိုက်သည်နှင့် ရှီဟောင်၏အမူအရာ တင်းမာသွားသည်။ ဘယ်သူက သူ့ကို နောက်လိုက်အဖြစ် လုပ်ရဲလဲ .. သူ ထိုလူကို အေးစက်စွာ မျက်နှာချင်းဆိုင်လိုက်သည်။

အပိုင်း ၁၉၅၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset