Chapter – 1921 အပြန်လမ်း စတင်ခြင်း
“ဒါက ဘာကြီးလဲ..”
“သခင်နဲ့အစေခံစာချုပ် .. ဒါက အရင်ခေတ်က ပုဂ္ဂိုလ်ကြီးတစ်ဦး ရေးခဲ့တဲ့ဟာပဲ .. ငါ ဒါကို သမိုင်းအပျက်အစီးတွေကြားထဲမှာ တွေ့ထားတာ” ထာဝရချင်း ပြောလိုက်သည်။
ရွှေရောင်ခြင်္သေ့သည် ချက်ချင်းပင် အမူအရာ ပျက်ယွင်းသွားကာ နောက်ဆုတ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်ကို လက်မှတ်ထိုးလိုက်သည်နှင့် တစ်သက်လုံး ကျွန်ဖြစ်သွားမည်ဟု သူကြားဖူးသည်ပင်။
ရှီဟောင် ထိုစာလိပ်ကို လက်ခံလိုက်ကာ ကြည့်လိုက်သည်။ ဤပစ္စည်းအသုံးပြုပုံကို သိသည်နှင့် တွေဝေမနေပဲ ချက်ချင်းအသုံးပြုလိုက်လေ၏။ ထိုအချိန်တွင် သူနှင့် ရွှေရောင်ခြင်္သေ့ကို နတ်အလင်းတန်းများ ရစ်သိုင်းသွားလေသည်။
“အား…” ရွှေရောင်ခြင်္သေ့သည် အော်ဟစ်ကာ ဆက်တိုက်ပင် ရုန်းကန်နေလေ၏။ သို့သော်လည်း ဤသည်မှာ အသုံးမဝင်။
အရာအားလုံး တည်ငြိမ်သွားသည့်အချိန် ရှီဟောင် ရလဒ်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ကျေနပ်စွာဖြင့်ပင် ခေါင်းညိမ့်လိုက်လေ၏။
ရွှေရောင်ခြင်္သေ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤသဘောတူစာချုပ်မှာ မတရား။ ရှီဟောင် နေမကောင်းဖြစ်ပြီး သေသွားလျှင် သူလည်း သေသွားလိမ့်မည်။
သို့သော် သူတစ်ခုခုဖြစ်လျှင် ရှီဟောင် ဘာမှဖြစ်မည်မဟုတ်။
ဤစာချုပ်၌ ကန့်သတ်ချက်များစွာ ပါဝင်နေသည်ပင်။ သူ ဟွမ်ကို လေးစားနာခံရမည်။ မဟုတ်ပါက ကပ်ဆိုးကြီး ကြုံတွေရလိမ့်မည်ဟု ရေးထားသည်ပင်။
“ဒါက သဘောတူစာချုပ်လို့ ပြောမယ့်အစား ထာဝရရှေးဟောင်းခေတ်က အရှင်တစ်ယောက် ချန်ထားခဲ့တဲ့ အမိန့်စာတစ်ခုလို့ ပေါ်လို့ရတယ် .. ဒီပေါ်မှာ ဆန့်ကျင်လို့မရတဲ့ စွမ်းအားအကြီးဆုံး သဘာဝဥပဒေသတွေကို ရေးထားတာ” ထာဝရချင်း ပြောလိုက်သည်။
သေမျိုးတာအိုနယ်ပယ်မှ ကျင့်ကြံသူများမှာ ဤသဘောတူညီချက်ကို အောင်မြင်စွာအသက်သွင်းလိုက်သည်နှင့် ခုခံရန် မဖြစ်နိုင်တော့။
ရွှေရောင်ခြင်္သေ့သည် ဒေါသထွက်နေသော်လည်း ဘာမှမလုပ်နိုင်။ နောက်ဆုံးတွင်တော့ သူ စိတ်ပျက်စွာဖြင့်ပင် ရှီဟောင်နောက်လိုက်သွားလိုက်သည်။
“မင်း ငါ့နောက်မလိုက်ချင်မှတော့ မင်း စီရင်စု သုံးထောင်မှာပဲ နေခဲ့ရင်ရော .. ငါမင်းကို မထိန်းချုပ်ထားပါဘူး..” ရှီဟောင် ပြောလိုက်သည်။
“ငါမနေဘူး ..” ရွှေရောင်ခြင်္သေ့ ငြင်းဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ယခု ရှီဟောင်နှင့် တကယ် ဆက်နွယ်သွားပြီဟု သူ ခံစားနေရသည်။ ရှီဟောင် အဆင့်နိမ့်နယ်မြေ၌ သေဆုံးသွားလျှင် သူလည်း သေဆုံးသွားလိမ့်မည်။ ထို့ကြောင့် သူ အသက်ဆက်ရှင်ချင်လျှင် ရှီဟောင်ဘေး၌ ရှိနေရမည်။
ထို့အပြင် သူသာ အဆင့်မြင့်နယ်မြေ၌ နေခဲ့လျှင် အားလုံး၏ ထုနှက်မှု၊ အနိုင်ကျင့်မှုကို ခံစားရလိမ့်မည်။ ပထမအကြောင်းပြချက်မှာ သူသည် တစ်ဖက်လောကမှလာသည့်သူပင်။ ဒုတိယအချက်မှာ ရှီဟောင်ထံ၌ ရန်သူများစွာရှိသည်။ သူသည် ယခုတလော ဂိုဏ်းများစွာကို ဆန့်ကျင်ထားသည်ပင်။ သူ ထွက်သွားသည်နှင့် ထိုဂိုဏ်းများအားလုံး ပုန်ကန်လာလိမ့်မည်။
သူ ပစ်မှတ်တစ်ခု ဖြစ်မလာနိုင်။ နောက်ဆုံးတော့ သူ ရှီဟောင်နောက် လိုက်သွားရုံသာ တတ်နိုင်တော့သည်။
တ်စချိန်တည်းမှာပင် ဤလူသားမှာ အတော်လေး ထူးခြားသည်ဟု သူ ခံစားရသည်။ နောင်၌ အခွင့်ကောင်းရှိလျှင် သူ၏ ကျင့်ကြံခြင်းများ ပြန်မကောင်းနိုင်သည်မဟုတ်။
တစ်ခဏအတွင်းမှာပင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။
နောက်ဆုံးတွင်တော့ စစ်သင်္ဘောကြီးသည် စွမ်းအားကြီးသည့် နတ်တာအိုအော်ရာနှင့်အတူ ကောင်းကင်ထက်၌ ရွေ့လျားလာသည်။ ထိုသင်္ဘောပေါ်တွင် ရတနာပုံကြီး၊ ထိုကလေးများနှင့် သူ့မိဘများ ပါဝင်သည်ပင်။
ထာဝရချင်းနှင့် ချင်းဟောင်တို့ သူတို့ကို လိုက်ပို့နှုတ်ဆက်လိုက်သည်။
ရွှေရောင်ခြင်္သေ့သည် ထာဝရချင်းကို မျက်လုံးလှန်၍ပင် ကြည့်လိုက်၏။
ယင်ယန်ကြက်ခြေခတ်မြေမှာ ခေါင်တီးသည့်မြေပင်။
ယခင်က အသက်ကန့်သတ်နယ်မြေဖြစ်ခဲ့သော်လည်း ယခုတော့ အလွန်တိတ်ဆိတ်နေလေပြီ။
သူတို့သင်္ဘော ဤနယ်မြေသို့ ရောက်လာလေပြီ။
ယနေ့တော့ သိပ်မတိတ်ဆိတ်တော့။ အဘယ်ကြောင့်ဆိုသော် ဟွမ် အဆင့်နိမ့်နယ်မြေသို့ ပြန်သွားတော့မည်ကို သိသောကြောင့် ဂိုဏ်းများစွာ ဤနေရာသို့ ရောက်လာကြသည်ပင်။
သို့သော် ရှီဟောင် ဘာကိုမှ ပုန်းကွယ်မနေသလို၊ ဘာကိုမှလည်း ပုန်းကွယ်နေစရာမလို။ ဤရှေးဟောင်းလမ်းကြောင်းမှာ လူတိုင်းဝင်၍ရသည့်နေရာမဟုတ်။
ရွှေရောင်ခြင်္သေ့ပင်လျှင် မလုပ်နိုင်။
သူကိုယ်တိုင်ပင်လျှင် အသက်စွန့်ကာ ဝင်ရောက်ရမည်ပင်။
“ဒါက အသက်ကန့်သတ်နယ်မြေလား..” ထာဝရချင်းပင် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။
စွမ်းအားအကြီးဆုံး မျိုးဆက်ပင်လျှင် ဆုတ်ယုတ်သွားသည့်နေ့ ရှိသေးသည်။ ဤနေသည် အသက်ကန့်သတ်နယ်မြေဖြစ်ကာ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီးတစ်ဦး နေထိုင်ဖူးခဲ့သည်။ ယခင်က တစ်ဖက်လောကမှ ကျူးကျော်လာသည့်အချိန်တွင်ပင်လျှင် သူတို့ ဘာမှမဖြစ်ခဲ့။ အပြင်လောက၏ ရိုက်ခတ်မှုများကို မခံခဲ့ရ။
သို့သော် ယခုတော့ ဤနေရာမှာ ပြာမှုန့်များဖြင့် လွှမ်းခြုံနေလေပြီ။ မည်ကဲ့သို့သော တိုက်ပွဲမျိုးဖြစ်ခဲ့မှန်း မသိသော်လည်း တောင်အားလုံး ပျက်စီးနေလေပြီ။
“ဒီပြာတွေအားလုံးက နတ်ဘုရားနဲ့နတ်ဆိုးတွေ လောင်ကျွမ်းပြီးတော့ ရလာတဲ့ပြာတွေ..” ရှီဟောင် ရှင်းပြလိုက်သည်။
ယခုအချိန်တွင် ထာဝရချင်းသာမက သူ့နောက်လိုက်လာသည့် အခြားဂိုဏ်းမှ ကျင့်ကြံသူများပင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ပြာများသည် နှစ်ပေါင်း သန်းပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း မိုး၊ လေကြောင့် ပျက်ပြယ်မသွား။ ဤနေရာ၌ ရှိနေဆဲပင်။
ထို့အပြင် ပြာထဲမှ ရွှေရောင်အရိုးများ၊ ခရမ်းရောင်လက်သည်းခွံများ၊ အနက်ရောင်သွားများနှင့် အခြားအရာများလည်း ရံဖန်ရံခါ ထွက်ပေါ်လာသည်။ ဤအရာအားလုံးမှာ လောင်ကျွမ်းမသွားသည့်အရာများပင်။
ဤသည်မှာ အားလုံးကို ပို၍ ထိတ်လန့်သွားစေသည်။
ဒါတွေက ဒီကန့်သတ်နယ်မြေက ကျင့်ကြံသူတွေဟာလား .. ဒါမှမဟုတ် အပြင်လူတွေဟာလား..
ရှီဟောင် ထိုနေရာ၌ ရပ်လိုက်ကာ ယင်ယန်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
ထိုအချိန်တွင် မြေပြင်ထက်ရှိ စမ်းချောင်းနှစ်ခုအပြင် ကောင်းကင်ထက်၌ ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ထွက်ပေါ်လာသည်။
လေဟာနယ် အက်ကွဲသွားကာ အနက်ရောင်မြစ်တစ်စင်းနှင့် ရွှေရောင်မြစ်တစ်စင်း စီးဆင်းလာသည်။ ထို့အပြင် ထိုမြစ်သည် အလယ်၌ ဖြတ်သွားလေ၏။
မြစ်ကမ်းဘေးတွင် ပျက်စီးနေသည့် အဆောက်အဦးများ ရှိနေသည်ပင်။
ဤမြင်ကွင်းကို မြင်သည်နှင့် အားလုံး အေးခဲသွားကြရသည်။
ရှီဟောင် စစ်သင်္ဘောကို ထိန်းချုပ်ကာ ကောင်းကင်ထက်သို့ ဦးတည်သွားလိုက်သည်။
“အဖေ .. အမေ..”
ထိုအချိန်တွင် ချင်းဟောင် အပြေးလေး ရောက်လာကာ သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။ သူ၏ခံစားချက်အစစ်အမှန် ထွက်ပေါ်လာလေပြီ။ သူ့မိဘများကို ဖက်ကာ ငိုကြွေးပြီးနောက် ရှီဟောင်ကို ဖက်လိုက်သည်။
“အမေ့ကလေးလေး .. သား အမေတို့နဲ့ တကယ်မလိုက်လာတော့ဘူးလား..” ချင်းရိနင်လည်း ငိုကြွေးလိုက်သည်။ သူမ သားငယ်နှင့် သူမ မခွဲခွာချင်။
“ကျွန်တော် မသွားဘူး .. ကျွန်တော် ဒီမှာ သန်မာအောင်လုပ်မှာ .. အားလုံး ပြန်မလာနိုင်ဘူးဆိုရင်တောင် ကျွန်တော် အမေတို့နှစ်ယောက်ကို ပြန်လာခေါ်မှာ..” ချင်းဟောင် ကျိန်ဆိုလိုက်သည်။
နောက်ဆုံးတွင်တော့ သူ့မျက်ရည်များကို သုတ်ကာ စစ်သင်္ဘောပေါ်မှ ပျံသန်းထွက်ခွာသွားသည်။
မြေပြင်ထက်တွင် လူများစွာ ကြည့်နေကြသည်ပင်။
“ဟွမ်က တကယ်ကို သနားဖို့ ကောင်းတာပဲ .. သူ့ ကျင့်ကြံခြင်းတွေ ဖျက်ဆီးခံလိုက်ရပြီ .. ဒါက ရှုံးသွားလို့ အဆင့်နိမ့်နယ်မြေကို ထွက်ပြေးသွားတာများလား..”
“ရှူး .. သူက ပျက်စီးနေတဲ့ ထာဝရသက်ရှိကြောင့် ဒီလိုမျိုးဖြစ်သွားတာ .. သူက နယ်ခြားစပ်မှာ ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရခဲ့တာ..”
လူအချို့ တီးတိုးပြောလိုက်ကြသည်။ ထာဝရနန်းတော် ဒေါသထွက်သွားမည်စိုးသောကြောင့် ကျယ်ကျယ်မပြောရဲကြ။
ရှီဟောင် လှေဦးထိပ်၌ ရပ်နေကာ လှေကို ထိန်းချုပ်လိုက်သည်။ ထို့နောက် သူ ဤလူများကို တစ်ချက်ကြည့်ပြီးနောက် သူ၏အင်္ကျီလက်ကို လွှဲရမ်းကာ စစ်သင်္ဘောကို သူ၏လက်မောင်းထဲသို့ ထည့်သိမ်းထားလိုက်သည်။ ဤနေရာ၌ သူတစ်ဦးတည်းသာ ရှိတော့သည်။
ဝုန်း..
ယင်နှင့်ယန် စွမ်းအင်များ ထွက်ပေါ်လာသည်။ မြစ်နှစ်ခု ဖြတ်သည့်နေရာတွင် ဂိတ်တစ်ခု ထွ်ကပေါ်လာကာ ရှီဟောင် ထိုဂိတ်ထဲသို့ ဝင်သွားလေသည်။
“သူ ထွက်သွားတော့မယ်..”
ဒီနေ့ကစပြီးတော့ ဒီလောကမှာ ဟွမ်ဆိုတာ မရှိတော့ဘူး..
လူအချို့ သက်ပြင်းချလိုက်ကြသည်။
ဤမြင်ကွင်းကို အသက်ကန့်သတ်နယ်မြေ၏ အပျက်အစီးများထဲမှ ကြည့်နေသည့်သူ များစွာ ရှိနေသည်ပင်။
အပိုင်း ၁၉၂၁ ပြီး၏။
Chapter – 1922 နယ်မြေရှစ်ခုသို့ ပြန်သွားခြင်း
ဟွမ် ထိုတာအိုဂိတ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
မြေပြင်ထက်၌ အလွန်ပင် ဆူညံနေကာ အားလုံး သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။
ဒီနေရာမှာ ရှေးဟောင်းလမ်းတစ်ခု တကယ် ရှိနေတယ် .. အားလုံး ထိတ်လန့်သွားကြသည်။ ဟွမ်က အဆုံးထိကို အံ့ဩဖို့ကောင်းနေတုန်းပဲ .. သူ ထူးဆန်းတဲ့လမ်းကို ရှာတွေ့ခဲ့တယ်..
အချို့လူများမှာ ကောင်းကင်ထက်ရှိ မြစ်များနှင့် ဂိတ်တံခါးများကို စိုက်ကြည့်လိုက်သည်။ ထိုတံခါးမှာ ယခုထက်ထိ မပိတ်သေး။
ယင်မြစ်မှ အနက်ရောင်မြူများ ထွက်ပေါ်လာကာ ယန်မြစ်မှ ရွှေရောင်ယန်စွမ်းအင်များ ထွက်ပေါ်နေသည်။ ထိုအလင်းသည် ကောင်းကင်ကို လောင်ကျွမ်းအောင် လုပ်နေသကဲ့သို့ပင်။
“အဆင့်နိမ့်နယ်မြေက နယ်မြေရှစ်ခုက အရမ်းထူးဆန်းတယ်လို့ ငါကြားဖူးတယ် .. ရက်စက်တဲ့သားရဲ ဆယ်မျိုးက အရင်တုန်းက အဲဒီနေရာကနေ ဝင်ထွက်သွားလာဖူးတယ် .. အဲဒီနေရာမှာ လျှို့ဝှက်ချက်ကြီးတွေ ရှိနေတယ်..”
“ဟုတ်တယ် .. နယ်မြေရှစ်ခုမှာ လျှို့ဝှက်ချက်ကြီးတွေ ရှိနေတယ်လို့ အမြဲတမ်း ကောလဟာလတွေ ထွက်နေတာ”
“ဒီအခွင့်အရေးက ရှားပါးတယ် .. အဲဒီလမ်းက အဆင့်နိမ့်နယ်မြေကို သွားချင်တဲ့သူ ရှိလား..” ရုတ်တရက် တစ်စုံတစ်ဦးမှ တီးတိုးပြောလိုက်သည်။
လူများစွာမှာ ငြိမ်ငြိမ်မနေနိုင်တော့။ သူတို့ ကောလဟာလအချို့ကို ပြန်စဉ်းစားမိသွားကာ ဤအခွင့်အရေးကို အသုံးချပြီး အဆင့်နိမ့်နယ်မြေသို့ဝင်သွားချင်မိသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ် ကောင်းကင်ဘုံကိုးခုမှ အဆင့်နိမ့်နယ်မြေသို့အလောတကြီး ဆင်းသွားရခြင်းမှာ ရည်ရွယ်ချက်အချို့ ရှိရလိမ့်မည်ဟု သူတို့ထင်နေကြသည်ပင်။
မဟုတ်ပါက ကောင်းကင်ကို တွန်းလှန်နိုင်သည့်ပါရမီရှင်က အဘယ်ကြောင့် သူ့ကိုယ်သူ ပိတ်လှောင်ထားမည်နည်း..
သူတို့အမြင်တွင် ဟွမ် ယနေ့ ဤလက်ရှိအခြေအနေသို့ ရောက်လာနိုင်ခြင်းမှာ သူ အဆင့်နိမ့်နယ်မြေမှ တစ်စုံတစ်ခုကို ရခဲ့သောကြောင့်ပင်။
ထို့ကြောင့်လည်း သူတို့သည် စွန့်စားကာ အဆင့်နိမ့်နယ်မြေသို့ ဆင်းသွားလိုခြင်းပင်။
ဂိုဏ်းကြီးအချို့၏ ရာထူးကြီးသည့်သူများလည်း ဤကဲ့သို့သော အတွေးမျိုးရှိသည်ပင်။ သူတို့သည် ဂိုဏ်းမှ သစ္စာရှိသည့်သူများကို ခေါ်လိုက်ကာ ဂိတ်တံခါးမှ ဖြတ်သွားစေလိုက်သည်။
အဆုံးတွင်တော့ လူငယ်တစ်စုနှင့် နာမည်ကြီးသည့်လူကြီးတစ်ချို့ ကောင်းကင်ထက်သို့ ပြေးတက်သွားလိုက်ကြသည်။ သူတို့သည် ယင်နှင့်ယန်မြစ် ဖြတ်နေသည့်နေရာသို့ သွားလိုက်ကြသည်။ ထိုနေရာတွင် မူလဖရိုဖရဲမြူများ အုံ့ဆိုင်းနေပြီး ဂိတ်တံခါးမှာ မပိတ်သေး။
အား..
သို့သော် အော်သံတစ်သံ ထွက်ပေါ်လာသည့်အချိန်တွင် အားလုံး ရင်တုန်သွားရသည်။
ထို့နောက် သူတို့တစ်ကိုယ်လုံး ကြက်သီးထလာကာ အားလုံး ထိတ်လန့်သွားရသည်။
လူအချို့၏မျက်နှာမှာ စာရွက်ကဲ့သို့ ဖြူဖျော့သွားကြသည်။ အရှေ့ဘက်မှ မြင်ကွင်းကို တွေ့သည်နှင့် သူတို့အားလုံး မအော်ပဲ မနေနိုင်တော့။
လူအုပ်ကြီးသည် နောက်ကျကျန်ခဲ့မည်စိုးသောကြောင့် သူ့ထက်ငါ အလုအယက် ပြေးဝင်သွားကြခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် လူ ဒါဇင်ပေါင်းများစွာ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြသည်။
သို့သော် လူတစ်ယောက်သာ အော်သံထွက်လာလိုက်နိုင်ပြီး အခြားသူများမှာ အသံပင် မထွက်လိုက်နိုင်ပေ။
ထိုလူများသည် ဝင်သွားသည်နှင့် သူတို့ခန္ဓာကိုယ်ပေါက်ကွဲသွားကြသည်ကို အားလုံးမြင်လိုက်ရသည်ပင်။ သူတို့၏အရိုးပင်မကျန်တော့။ ဝိညာဉ်လည်း ပျက်စီးသွားသည်။
ဤသည်မှာ တစ်ယောက်၊ နှစ်ယောက်တည်းမဟုတ်။ အုပ်စုတစ်ခုလုံးပင်။ လူ ဒါဇင်ပေါင်းများစွာ ဆိုးရွားစွာ သေဆုံးသွားကြကာ သွေးမြူများသာ ကျန်ခဲ့တော့သည်။
သူတို့နောက်တွင် ဝင်ရန် ပြင်ဆင်နေသည့် လူပေါင်းတစ်ရာကျော် ရှိသေးသည်ပင်။ သူတို့အားလုံးမှာ ခန္ဓာကိုယ်များ တောင့်ခဲသွားသည်အထိ ကြောက်ရွံ့သွားကြရသည်။ ထို့နောက် သူတို့ ထိုနေရာမှ မြန်မြန်ဆုတ်ခွာလိုက်ကြသည်။
“ဘာလို့ဒီလိုမျိုးဖြစ်သွားတာလဲ..” လူအချို့ အော်ဟစ်လိုက်ကြသည်။
ဟွမ် အေးအေးဆေးဆေး လမ်းလျှောက်ဝင်သွားသည်ကို အားလုံး မြင်လိုက်ရသည်ပင်။ သူတို့လည်း ထိုကဲ့သို့ ဝင်သွားသော်လည်း လူတစ်စု ရှင်းလင်းခံလိုက်ရလေပြီ။
ရွှီး..
မြေပြင်ပေါ်၌ ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် စမ်းသပ်ရန်အတွက် မှော်ပစ္စည်းတစ်ခုကို အသက်သွင်းလိုက်၏။
ခွပ်..
သေချာပါသည်။ သူ၏မှော်ပစ္စည်းသည် အထဲဝင်သွားသည်နှင့် အမှုန့်ဖြစ်သွားသည်။ အဖိုးတန်ပစ္စည်းတစ်ခုမှာ ဤကဲ့သို့ပင် ဖျက်ဆီးခံလိုက်ရလေပြီ။
ဤနေရာမှာ လုံးဝတိတ်ဆိတ်သွား၏။
ဝင်ရန် ပြင်နေသည့်သူများ၏မျက်နှာများမှာ နှင်းကဲ့သို့ ဖွေးဆုတ်သွားသည်။ သူတို့အားလုံး ချက်ချင်းပင် လှည့်ပြေးသွားလေ၏။
သဘာဝလွန်ဖြစ်ရပ်ကို မယုံကြည်သည့်သူအချို့ နည်းလမ်းပေါင်းစုံကို စမ်းသပ်ခဲ့ကြသေးသည်။ သို့သော် သူတို့အားလုံး ရှုံးနိမ့်ခဲ့ကြသည်ပင်။
ဟွမ်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. သူက အားလုံးရှေ့မှာတင် တည်တည်ငြိမ်ငြိမ်နဲ့ ဝင်သွားတာလေ .. ယခုတော့ အားလုံး တိတ်ဆိတ်သွားလေပြီ။
သူတို့ကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
ကျယ်လောင်လှသည့် ဆူညံသံနှင့်အတူ မူလဖရိုဖရဲမြူများ ပျောက်ကွယ်သွားကာ ထိုဂိတ်တံခါးလည်း ပျောက်ကွယ်သွား၏။
ထို့အပြင် မြစ်နှစ်စင်းလည်း မှုန်ဝါးဝါးဖြစ်သွားကာ ပျောက်ကွယ်သွားသည်ပင်။
ထိုနေရာသို့ ဝင်ရန် မပြောနှင့်။ မြစ်ကြီးပေါ်လာအောင် လုပ်ရန်ပင် သူတို့ တတ်နိုင်သည့်အရာမဟုတ်။
သူတို့ ဤလမ်းနှင့် ကံမပါသည်ကို အားလုံးနားလည်သွားရသည်။ ဤလမ်းသည် ဟွမ်နှင့်သာ သက်ဆိုင်သည်။
အမှန်တကယ်တွင် နှစ်ပေါင်းများစွာ ကြာပြီးနောက် ထာဝရနန်းတော်မှ အကြီးအကဲ ရောက်လာသေးသည်။ သူသည် အဆင့်လွန်သက်ရှိတစ်ဦးဖြစ်သောကြောင့် ယင်နှင့်ယန် မြစ်နှစ်စင်းနှင့် ဂိတ်တံခါးပေါ်လာအောင် လုပ်လိုက်နိုင်သည်။ သို့သော်လည်း ဤအရာများမှာ အလွန်မှုန်ဝါးလှပြီး ရှင်းရှင်းလင်းလင်းမရှိ။ သူသည် ထိုနေရာ၌ အချိန်အတော်ကြာ ရပ်နေခဲ့သော်လည်း ဝင်မသွား။
အားလုံး ထင်ထားခဲ့သလိုပင် ဟွမ်တစ်ယောက်တည်းကသာ ဤလမ်းကို လျှောက်နိုင်သည်။ ထာဝရနန်းတော်မှ အကြီးအကဲပင်လျှင် တွေဝေနေကာ သူ့မျက်လုံးထဲ၌ အကြောက်တရားများ ရှိနေသည်ပင်။
ဤလမ်းကြောင်းသည် လျှောက်သည့်သူ၏စွမ်းအားကို ပစ်မှတ်ထားသည်ပင်။ သူတို့၏ကျင့်ကြံဆင့်ထက် သာလွန်သည့်ခွန်အားရှိသည့်သူများသာ ဤလမ်းကို ဖြတ်နိုင်လိမ့်မည်။
အမှန်တကယ်တွင် ရှီဟောင်သည် အားလုံးထင်ထားသလို စိတ်အေးလက်အေးဖြင့် ဝင်သွားခြင်းမဟုတ်။ သို့သော် သူ ယခင်တစ်ခေါက်က ဝင်ဖူးပြီးသားဖြစ်သောကြောင့် သူ ပျာယာမခတ်တော့ခြင်းပင်။
ဤတစ်ခေါက်လည်း သူ ဖိအားများခံစားနေရသည်ပင်။
နောက်ဆုံးတွင်တော့ နေရာတစ်ခုသို့ရောက်သည်နှင့် သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
ဤလမ်းမှာ အလွန် ရှည်လျားလှသည်။ အဆုံးကိုပင် မမြင်နိုင်သေး။
ကျောက်လမ်းမှာ လေဟာနယ်ထဲ၌ ရှိနေပြီး မည်သည့်နေရာသို့ ဦးတည်သွားမှန်းမသိ။ ဒါက အဆင့်နိမ့်နယ်မြေကို ဦးတည်တာရောဟုတ်ရဲ့လား..
ဘေးပတ်လည်တွင် အရာအားလုံး မှုန်ဝါးနေကာ မူလဖရိုဖရဲမြူများ ထွက်ပေါ်နေသည်။ ရံဖန်ရံခါတွင် ဟိန်းသံများလည်း ထွက်ပေါ်နေသည်ပင်။
ရှီဟောင် သေချာနားထောင်လိုက်၏။ ဤသည်မှာ ရှေးဟောင်းသားရဲအစစ်မဟုတ်။ ဥပဒေသများ ထိခတ်ရာမှ ဖြစ်ပေါ်လာသည့်အသံပင်။
ရှီဟောင်၏အမူအရာ တောင့်တင်းသွားရသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ သဘာဝဥပဒေသခွန်အားများကို နားမလည်နိုင်သေး။ သူ စွန့်စားကာ ဤလမ်းကြောင်းမှ ထွက်သွားမည်မဟုတ်။
ရှီဟောင် သတိကြီးကြီးဖြင့်ပင် အရှေ့သို့ ဆက်လျှောက်လာလိုက်သည်။ သူ့ခြေထောက်အောက်မှ ကျောက်တုံးများမှာ အစစ်အမှန်ဆန်လွန်းလှသည်။ သဘာဝဥပဒေသများမှ ဖြစ်ပေါ်လာခြင်းမဟုတ်။ တစ်ယောက်ယောက်မှ ပြုလုပ်ထားခြင်းပင်။
သူ ရင်းနှီးသည့်ခံစားချက်ကြီး ခံစားနေရသည်။
ယခင်က သူ စန်းကျန်း၊ ရှန်းမင်တို့နှင့်အတူ ထာဝရနယ်မြေမှ ထွက်လာစဉ်က သူတို့ လျှပ်စီးချောက်နက်ထဲသို့ ရောက်သွားခဲ့သည်။ ထိုနေရာတွင်လည်း လေဟာနယ်ထဲ၌ ပြုလုပ်ထားသည့် ကျောက်လမ်းတစ်ခု ရှိခဲ့သည်ပင်။
“နယ်မြေရှစ်ခုက တကယ်ပဲ အကျဉ်းထောင်တစ်ခုလား..” ရှီဟောင် သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်၍ ပြောလိုက်သည်။ သူ ခံစားနေရသည့်ဖိအားမှာ အလွန်ကြီးမားလွန်းလှသည်။
အချိန်မည်မျှ ရှိနေပြီမှန်းပင် မသိတော့။
တစ်ရက်၊ နှစ်ရက် .. သုံးရက်ပင် ရှိလျှင် ရှိလောက်လေပြီ။ သူ သေချာမသိတော့။
ဤလမ်းကြောင်းတွင် သူ၏အသိအာရုံများ သေချာမလုပ်မလုပ်တော့။ အချိန်များ ထပ်နေပြီး လေဟာနယ်လည်း နေရာလွဲနေသလိုပင်။ သူ ဘာကိုမှ မခွဲခြားနိုင်တော့။
ရှီဟောင်၏ ခန္ဓာကိုယ် ထိခိုက်နေသည်။ သူ့ကို ဖိနှိပ်နေသည့် ကြောက်စရာကောင်းသည့် စွမ်းအားတစ်မျိုး ရှိနေသည်။ အခြားသူများသာဆိုပါက သူတို့ အပိုင်းပိုင်းဖြစ်အောင် ပေါက်ကွဲသွားလောက်လေပြီ။
ရှီဟောင် ဆက်လက်ခုခံသွားလိုက်သည်။ သူသည် ထိုကဲ့သို့ပင် တစ်လှမ်းစီ လျှောက်လာလေ၏။
သူ မြန်မြန်လျှောက်၍လည်းမရ။ သူခြေထောက်မလိုက်တိုင်း ကြယ်များ တစ်လုံးပြီးတစ်လုံး ကျရောက်လာသည်ပင်။
ဝုန်း..
နောက်ဆုံးတွင်တော့ သူ မျှော်လင့်ချက် ရေးရေးလေး မြင်နေရလေပြီ။ သူ လီပေါင်း ဘယ်လောက်၊ ရက်ပေါင်းမည်မျှ ကြာသွားမှန်း မသိသည့်အချိန်တွင် ကျောက်လမ်း၏အဆုံးကို မြင်လိုက်ရသည်။ သူ ကမ္ဘာမြေကြီးသို့ ရောက်နေလေပြီ။
အဟွတ်…
ရှီဟောင် ချောင်းဆိုးသွားရသည်။ သူ ဤရှေးဟောင်းလမ်းကြောင်းမှ ထွက်ခွာသွားလေပြီ။
ထိုအခိုက်အတန့် သူ ရင်းနှီးနေသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ သူ နေထိုင်ခဲ့သည့် အဆင့်နိမ့်နယ်မြေဖြစ်လိမ့်မည်ပင်။
“ဟမ် တစ်ခုခုတော့ မှားနေပြီ .. တစ်ခြားဟာတွေ ရှိနေတယ်..”
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲသို့ အမွှေးနံ့တစ်ခု ထိုးဖောက်ဝင်ရောက်လာသည်ပင်။ သူ ရင်တုန်လာရ၏။
ဤသည်မှာ သေချာပေါက် သာမန်ဆေးပင်မဟုတ်။ နတ်ဆေးပင်ပင်လျှင် ရှီဟောင်ကို ဤမျှမဆွဲဆောင်နိုင်တော့။ ထို့ကြောင့် အဖြေမှာ တစ်ခုတည်းသာရှိသည်။ သက်ရှည်ဆေးပင်…
ရှီဟောင် ဆွံ့အသွားရသည်။ အဆင့်နိမ့်နယ်မြေမှာ ဘယ်လိုလုပ် ဒီလိုဆေးပင်မျိုး ရှိနေတာလဲ … သိထားရမည်မှာ ဤကဲ့သို့သော နတ်ဆေးပင်မျိုးကို ပြုစုပျိုးထောင်ရန်မှာ မဖြစ်နိုင်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင်မရှိ။
“ဒါပေမဲ့ ဒီလိုအနံ့မျိုးက သက်ရှည်ဆေးပင်မှာပဲ ရှိနိုင်တာ..”
ရှီဟောင် တုန်လှုပ်သွားရသည်။ သူအခုမှ အဆင့်နိမ့်နယ်မြေရောက်တာ .. ဒီလို သက်ရှည်ဆေးပင်မျိုးနဲ့ကြုံတွေ့လိုက်ရပြီလား..
လမ်းဆုံးတွင် အလွန်ကြီးမားလှသည့် ကန္တာရကြီးတစ်ခု ရှိနေသည်။ ဤကဲ့သို့သော နေရာမျိုး၌ ဆေးပင်နံ့ ရနေသည်မှာ ထူးခြားလှသည်ပင်။
အနံ့သည် ဖျော့သွားလိုက်၊ ပြင်းသွားလိုက်ပင်။
ရှီဟောင် ခြေလှမ်းကျယ်ကြီးဖြင့် ရှေ့ဆက်သွားလိုက်သည်။
အမ်..
သေချာပါသည်။ ကန္တာရထဲတွင် အလွန်ရှေးကျသည့် ဆေးခင်းတစ်ခုကို သူတွေ့လိုက်ရသည်။ ထို့အပြင် ခပ်ဝေးဝေး၌ တောင်များလည်း ရှိနေသည်။
ထိုတောင်များသည် ရှီဟောင်၏လမ်းကို ပိတ်ထားသလို ဖြစ်နေသည်ပင်။
ထိုတောင်ရှေ့၌ ကျောက်တိုင်တစ်ခုလည်း ရှိနေသည်။ ထိုကျောက်တိုင်ထက်တွင် သက်ရှည်သက်ရှိတစ်ဦးမှ စာလုံးကြီးများကို ရေးထိုးထားသည်။
“အသက်ကန့်သတ်နယ်မြေဟုတ်လား..” ရှီဟောင် ဆွံ့အသွားကာ သူ့အမူအရာ ချက်ချင်းတောင့်တင်းသွားရသည်။
အဆင့်နိမ့်နယ်မြေမှာလည်း အသက်ကန့်သတ်နယ်မြေ ရှိနေတာလား..
ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။ အသက်ကန့်သတ်နယ်မြေဆိုသည်မှာ ကောင်းကင်ဘုံကိုးခု၌ ရှိနေသင့်သည်။ အဘယ်ကြောင့် ဝိညာဉ်စွမ်းအင် ကျဲပါးလှသည့် အဆင့်နိမ့်နယ်မြေ၌ ရှိနေသနည်း..
အပိုင်း ၁၉၂၂ ပြီး၏။
Chapter – 1923 အသက် ကန့်သတ်နယ်မြေ
အဆင့်နိမ့်နယ်မြေက နယ်မြေရှစ်ခု အကျဉ်းထောင်လို့ခေါ်တဲ့ ဒီနေရာမှာ တကယ်ပဲ အသက်ကန့်သတ်နယ်မြေရှိနေတာလား..
ရှီဟောင်၏ခန္ဓာကိုယ် တောင့်ခဲသွားရသည်။ ဤနေရာမှာ ပျက်စီးနေသည့်နေရာမဟုတ်။ အကောင်းအတိုင်း ရှိနေသေးသည်။ ကြည့်လိုက်ရုံဖြင့် ဤနေရာတွင် ပစ်မှား၍မရသည့်သူတစ်ဦးဦး နေနေသည်မှာ သိသာလှသည်။
ရှီဟောင် ယင်ယန်ကြက်ခြေခတ်နယ်မြေသို့ သွားခဲ့သော်လည်း ထိုနေရာမှာ ပျက်စီးသွားလေပြီ။ အသက်ကန့်သတ်နယ်မြေအစစ်မဟုတ်တော့။
ယခု သူ အဆင့်နိမ့်နယ်မြေသို့ ရောက်လာသည့်အချိန်တွင်လည်း အသက်ကန့်သတ်နယ်မြေကို တွေ့နေရသည်လား .. သူ ကံကောင်းသည်ဟု ပြော၍မရ။ သူ ကံဆိုးနေခြင်းသာ။
ဤကဲ့သို့သော ကန့်သတ်နယ်မြေထဲသို့ ဝင်လာပြီးသည်နှင့် ပြန်ထွက်၍မရတော့။ ကောင်းကင်ကို တွန်းလှန်နိုင်သည့်သူများပင် သေဆုံးရသည်ဟု ပြောကြသည်။
ရှီဟောင်း ခါးသီးစွာ ပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ အဆင့်နိမ့်နယ်မြေသို့ ခက်ခက်ခဲခဲ ဆင်းလာနိုင်ခဲ့သော်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် လာတွေ့နေရသည်။
အရှေ့ဘက်တွင် ဤကန့်သတ်နယ်မြေ ပိတ်ထားနေသည်။
အနောက်ဘက်တွင်မူ စီရင်စုသုံးထောင်သို့ သွားနိုင်သည့် ကျောက်လှေကားထစ်ရှိနေသည်။
ယခုအချိန်တွင် သူ့ထံ၌ ရွေးချယ်မှုနှစ်ခုရှိသည်။ အရှေ့ဆက်သွားမလား .. စီရင်စုသုံးထောင်သို့ပြန်သွားမလားဆိုတာကိုပင်။
သို့သော် ရှီဟောင် အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့မျက်နှာ အနည်းငယ် တောင့်တင်းသွားသည်။ အဲဒီလမ်း ဘယ်ရောက်သွားတာလဲ .. ဘာလို့ ပျောက်သွားတာလဲ..
သူ့နောက်ဘက်၌ ဟင်းလင်းပြင်သာ ရှိတော့သည်။ အဆင့်မြင့်နယ်မြေကို တက်တဲ့လှေကားက ဘယ်ရောက်သွားတာလဲ .. အလွန်ရှည်လျားလှသည့် လှေကားမှာ အစရှာမရအောင် ပျောက်သွားလေပြီ။
ရှီဟောင် ချက်ချင်းခေါင်းကိုက်သွားရ၏။ လမ်းကြောင်းက ဘာလို့ပျောက်သွားတာလဲ .. နောင်ကျရင် သူ စီရင်စုသုံးထောင်ကို ဘယ်လိုပြန်သွားတော့မှာလဲ..
သူ စိတ်ပြန်စုစည်းလိုက်၏။ အန္တရာယ်နဲ့ရင်ဆိုင်နေရတာကို သူကဘာလို့ အနာဂတ်အကြောင်းကို စိတ်ပူနေသေးတာလဲ.. ယခု သူ့ထံ၌ ရွေးချယ်စရာမရှိတော့။ ဆက်သွားရန်သာ ရှိတော့သည်။
ကောင်းကင်ကြီး မှုန်မှိုင်းနေကာ နေကိုမမြင်ရ။ သို့သော် ဤနေရာမှာ မှောင်မဲနေသည်တော့မဟုတ်။ ညနေဆည်းဆာပုံစံမျိုးပင်။
ရှီဟောင် ရှေ့ဆက်သွားလိုက်သည်။
ရွှီး
သူ့အင်္ကျီလက်မောင်းမှ ရွှေရောင်အလင်း ထွက်ပေါ်လာကာ သားရဲအော်ရာ ထွက်ပေါ်လာ၏။ သူ ရွှေရောင်ခြင်္သေ့ကို ထုတ်ပေးလိုက်သည်။
ရွှေရောင်ခြင်္သေ့သည် သူ့ဘေးပတ်လည်ကို လေ့လာပြီးနောက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ “ဒါက အဆင့်နိမ့်နယ်မြေလား..”
သူ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ သက်ရှည်ဆေးပင်၏မွှေးရနံ့ကို ရနေသည်ပင်။ ထိုအနံ့သည် သူ၏မွေးညှင်ပေါက်များကိုပင် သက်တောင်သက်သာဖြစ်သွားစေလေ၏။ ဤသည်မှာ သူ ထာဝရသက်ရှိအဆင့်သို့ တက်တော့မလို ခံစားနေရသည်။
ရှီဟောင် ယဉ်ကျေးမနေပဲ သူ့ကျောပေါ်သို့ တက်ထိုင်ကာ ရှေ့ဆက်သွားရန် အမိန့်ပေးလိုက်သည်။
“အသက်ကန့်သတ်နယ်မြေလား..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ စာလုံးများ ရေးထိုးထားသည့် ကျောက်တိုင်ကြီးကို မြင်လိုက်ရသည်ပင်။ ဤသည်မှာ သတိပေးချက်ပင်ဖြစ်သည်။
ကံမကောင်းစွာဖြင့် ပထမစာလုံးနှစ်လုံးကို သူမသိ။ ဤသည်မှာ ကန့်သတ်နယ်မြေ၏ နာမည်ဖြစ်လောက်မည်။
“အန္တရာယ်တွေ့လာတိုင်း မင်း ငါ့ကို ရှေ့ကနေ သွားခိုင်းနေတာ ငါအခုမှ သိတော့တယ်” ရွှေရောင်ခြင်္သေ့ မကျေမနပ်ပြောလိုက်သည်။
ရှီဟောင်သည် စာလုံးနှစ်လုံး၏အဓိပ္ပာယ်ကို စဉ်းစားနေခြင်းဖြစ်ပြီး သူ့ကို အာရုံမစိုက်နိုင်။ ဤစာလုံးနှစ်လုံးမှာ အလွန်ထူးခြားလှသည်။ သာမန်ထာဝရစာသားမဟုတ်နိုင်။
ဤကန့်သတ်နယ်မြေ၏ အရှင်မှာ မာန်မာနကြီးမားသောသူဖြစ်သောကြောင့် သူကိုယ်ပိုင်မြေကို နာမည်ပေးရန်အတွက် သူ့ကိုယ်ပိုင်သင်္ကေတများကို ဖန်တီးမည်ပင်။
“ရှီဟောင်လို့ခေါ်တဲ့ ဒီလူငယ်မျိုးဆက်က အိမ်ပြန်ဖို့အတွက် ဒီနေရာကို ဖြတ်သွားဖို့လိုလို့ပါ .. အရှင်တို့ကို နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်” ရှီဟောင် ပြောလိုက်သည်။ သူ ဤနေရာကို ဖြတ်သန်းသွားရမည်ဖြစ်သောကြောင့် ဤနေရာ၏အရှင်ကို နှုတ်ဆက်ရမည်ပင်။
ဝုန်း..
သူစကားပြောလိုက်သည်နှင့် ကန့်သတ်နယ်မြေ၌ အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဆေးခင်းကြီး တောက်ပလာကာ ဆေးပင်အိုများစွာ ထွက်ပြေးသွားကြသည်။
ဒါတွေအားလုံးက နတ်ဆေးပင်တွေလို့တော့ ငါ့ကို မပြောနဲ့နော်..
အလွန်ဝေးနေသေးသော်လည်း ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ သက်ရှည်ဆေးပင်တစ်ပင်နှင့် နတ်ဆေးပင်များစွာရှိနေသည့် ဤနေရာမှာ သူ့အား အလွန်ဆွဲဆောင်နေသည်ပင်။
ကောင်းကင်ထောက်သည့်တိုင်လုံးများကဲ့သို့ အလင်းတိုင်များတစ်တိုင်ပြီး ထွက်ပေါ်လာသည်။ ဤမြင်ကွင်းမှာ အလွန်ခမ်းနားလှသလို အလွန်လည်း ထိတ်လန့်စရာ ကောင်းလှသည်။
သို့သော် ထိုအလင်းတန်းများကြောင့် ဤနေရာတစ်ခုလုံး လင်းလက်မသွား။ ဆန့်ကျင်ဘက်အားဖြင့် အရာအားလုံး ပို၍ မှောင်မည်းလာပြီး ထိုအလင်းရှိသည့်နေရာသာ လင်းနေသည်ပင်။
ဤသည်မှာ ရုတ်တရက် ညရောက်သွားပြီး မီးအိမ်များကို ထွန်းလိုက်သကဲ့သိုပင်။
“ဘယ်သူက ကန့်သတ်နယ်မြေရဲ့ ငြိမ်းချမ်းမှုကို နှောက်ယှက်နေတာလဲ..” အသံတစ်သံ ထွက်ပေါ်လာသည်။
ရှီဟောင် ဤနေရာသို့ ရောက်ရုံသာရှိသေးသော်လည်း တစ်စုံတစ်ယောက်မှ ချက်ချင်း တုံ့ပြန်လာသောကြောင့် သူစိတ်ထဲ တုန်လှုပ်သွားရသည်။
“ဒီ လူငယ်မျိုးဆက်နာမည်က ရှီဟောင်ပါ .. ကျွန်တော်က ဒီနေရာကို ဖြတ်သွားပြီးတော့ အိမ်ပြန်ချင်ရုံပါပဲ..”
ရှီဟောင် ရှင်းပြလိုက်သည်။ သူ မည်မျှပင် မောက်မာပါစေ သူ ကန့်သတ်နယ်မြေကိုတော့ စိန်ခေါ်မည်မဟုတ်။ သူ၏လေသံကို တတ်နိုင်သမျှ လျှော့ ပြောလိုက်သည်။
“ငါတို့ အရင်တုန်းက နတ်ကျောက်တိုင်တစ်ခုရှိတယ် .. ငါတို့ အနားယူတဲ့နယ်မြေကို ဖြတ်လာတဲ့သူအားလုံး .. သေရမယ် .. စည်းကမ်းကစည်းကမ်းပဲ .. စည်းကမ်းတွေကို မချိုးဖောက်ရဘူး..”
ကန့်သတ်နယ်မြေအတွင်းမှ ထိုအသံသည် အလွန်တိုးတိတ်လှသည်။ မည်သည့်ခံစားချက်မှမရှိ။ သို့သော်လည်း ထိုအသံသည် ရှီဟောင်၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ မည်ဟီးနေသည်။ ဒါက စိတ်ကြီးဝင်လွန်းနေတာမဟုတ်ဘူးလား..
သူ ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ ပေါ်လာရသည်။ သူက ဒီနေရာကို အခုမှ ဝင်လာတာ .. တစ်ဖက်လူကို မစော်ကားရသေးဘူး .. ဒါတောင် သူက ကပ်ဆိုးကြီးတစ်ခုကို ရန်စမိသွားပြီလား..
ရွှေရောင်ခြင်္သေ့လည်း အမွေးများထောင်ထလာသည်။ ကန့်သတ်နယ်မြေရဲ့ အရှင်က ရန်စမိသွားရင် သူတို့ အသက်ရှင်နိုင်ချေ ရှိပါဦးမလား..
“နတ်ကျောက်တိုင်က ဘယ်မှာလဲ .. ကျွန်တော် မမြင်ဘူး” ရှီဟောင် ထိတ်လန့်မနေပဲ မေးလိုက်သည်။
ရွှေရောင်ခြင်္သေ့မှာ ချက်ချင်းပင် ချွေးစေးများ ပြန်လာရသည်။ ဒါက စောစောသေချင်နေတာနဲ့ တူမနေဘူးလာား..
တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ကန့်သတ်နယ်မြေထဲမှ သက်ပြင်းချသံ ထွက်ပေါ်လာသည်။ “ကြည့်ရတာ ကျောက်တိုင်က ပျောက်သွားပြီထင်တယ် .. အချိန်က အစိုးမရပါလား..”
ထိုသို့ပြောပြီးသည်နှင့် ကျောက်တုံးအချို့ ကောင်းကင်ထက်သို့ တက်လာကာ ရှီဟောင် မျက်စိရှေ့တွင်ပင် ကျောက်တိုင်တစ်ခု ဖြစ်သွားလေ၏။
ဤကျောက်တိုင်မှာ သေချာပေါက် ရှေးဟောင်းပစ္စည်းပင်။ ဤခေတ်မှပစ္စည်းမဟုတ်။ ဤကျောက်တိုင်တွင် ကြောက်စရာကောင်းသည့် နတ်စွမ်းရည်၏ ခြေရာလက်ရာများ ရှိနေသေးသည်။
ရှီဟောင် တည်ငြိမ်နေဆဲပင်။ သူသည် အချိန်နောက်ပြန်စီးဆင်းသွားသည်ကို ခံစားမိလိုက်သကဲ့သို့ပင်။ ဤကျောက်တိုင်မှာ အချိန်မြစ်ထဲမှ ထွက်ပေါ်လာသကဲ့သို့ပင်။
“ဒီကျောက်တိုင် ပျက်စီးသွားပြီဆိုပေမယ့် စည်းကမ်းက စည်းကမ်းပဲ ပြောင်းလဲလို့မရဘူး..” ထိုသက်ရှိ ပြောလိုက်သည်။ သူသည် ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့ကို အလွတ်ပေးမည့်ပုံမပေါ်။
“ဒါပေမဲ့ မင်းထဲမှာ ရှိတဲ့သူတွေကိုတော့ လွှတ်ပေးလို့ရတယ် .. သူတို့တွေက အပြစ်မရှိတဲ့ပုံပဲ .. မင်းခေါ်လို့ ဒီကိုရောက်လာတာ..” သူ ထိုကဲ့သို့ ပြောလိုက်လေ၏။
ယခုတစ်ခေါက်တွင်တော့ ရှီဟောင် မငြင်းတော့။ သူ့မိဘများနှင့် ကလေးများကို အရင်ထုတ်သွားနိုင်လျှင် ပိုကောင်းသည်ပင်။ သူတို့ကို ဤနေရာ၌ မစွန့်စားစေလို။
ဝုန်း ဟူသည့်အသံနှင့်အတူ ရှီဟောင်၏ခန္ဓာကိုယ် တောက်ပလာသည်။ သူ၏ရင်ဘတ်ထဲမှ စစ်သင်္ဘောတစ်စင်း ထွက်လာကာ တစ်ဖြည်းဖြည်း ကြီးမားလာပြီး ပုံမှန်အရွယ်အစား ပြန်ဖြစ်သွားသည်။
ရှီကျီလင်း၊ ချင်းရိနင်နှင့် ကလေးများမှာ အပြင်လောက၌ ဘာဖြစ်နေမှန်းမသိ။
“ကလေး .. အမေတို့ အဆင့်နိမ့်နယ်မြေကို ပြန်ရောက်ပြီလား..” ချင်းရိနင် မေးလိုက်သည်။
“ဟုတ်တယ် ကျွန်တော်တို့ ရောက်ပြီ .. အမေတို့အရင်သွားနှင့်လိုက် .. ကျွန်တော် စီနီယာတစ်ယောက်နဲ့တွေ့ပြီးတော့ ရှင်းရမယ့် ကိစ္စလေးတွေ ရှိနေတယ် .. အမေတို့ နယ်ခြားစပ်က ကျောက်တုံးတိုင်းပြည်ကိုအရင်သွားပြီး ကျွန်တော့်ကို စောင့်နေလိုက်” ရှီဟောင် ပြောလိုက်သည်။
ရှီဟောင် သူတို့ကို အမှန်အတိုင်းမပြောရဲ။ သူ့မိဘများ သူ့အတွက် စိုးရိမ်နေမည်ကို ကြောက်မိသည်။
တစ်ချိန်တည်းမှာပင် ကန့်သတ်နယ်မြေ၌ အပြင်လောကသို့သွားသည့် ငွေရောင်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
“ဒီနေရာက..”
ရှီကျီလင်းနှင့် ချင်းရိနင်တို့မှာ သာမန်လူမဟုတ်။ ထာဝရဆေးပင်နှင့်တူသည့် ဆေးရနံ့ကို သူတို့ရနေသည်ပင်။ သူတို့နှစ်ဦးလုံး စိတ်လှုပ်ရှားကာ ထိတ်လန့်သွားကြရသည်။
“မြန်မြန်ထွက်သွားတော့ … ကျွန်တော့်ကို စောင့်နေ .. ကျောက်တုံးတိုင်းပြည်ကို ချက်ချင်းသွား .. ပြီးရင် ကျောက်တုံးကျေးရွာကို သွားလိုက်..” ရှီဟောင် တင်းကြပ်စွာ ပြောလိုက်သည်။
သူတို့နှစ်ဦးသည် စိုးရိမ်နေသည့်ပုံစံ ဖြစ်သွားသည်။ သူတို့ တစ်ခုခုပြောချင်သော်လည်း ရှီဟောင်၏အမူအရာကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ သဘောတူကာ သင်္ဘောပေါ်သို့ တက်သွားလိုက်ရသည်။
စစ်သင်္ဘောသည် ငွေရောင်လမ်းကြောင်းအတိုင်း လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။
ရွှေရောင်ခြင်္သေ့သည် ထိုသင်္ဘောကြီး ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရှီဟောင်အား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူလည်း ထွက်သွားချင်သော်လည်း ရှီဟောင် သူ့ကို စောစောထုတ်လိုက်သောကြောင့် သူလည်း ကန့်သတ်နယ်မြေကို ကျူးကျောသလို ဖြစ်သွားသည်ပင်။
“ဘယ်သူက ဒီနေရာကို လာနှောက်ယှက်တာလဲ..”
ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။ ဤအသံလည်း ယောက်ျားလေးအသံပင်ဖြစ်ပြီး ယခင်က အသံထက် ပို၍နူးညံ့သည်။
“ယောက်ျားလေးတစ်ယောက်နဲ့ သားရဲတစ်ကောင်ပါ .. သူတို့က စည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ ကျွန်တော်တို့ လောကထဲကို ဝင်လာတာ .. သူတို့ကို သတ်ပစ်သင့်တယ်”
ယခင်ကအသံ ထပ်မံထွက်ပေါ်လာသည်။ ထိုလူသည် လေးလေးစားစားဖြင့် ပြန်ပြောနေခြင်းပင်။
“ကလေး .. မင်းရဲ့သတ်ဖြတ်လိုတဲ့စိတ်ကြီးက ကြီးနေတုန်းပဲ .. ဒါက မင်းရဲ့တာအိုလမ်းကြောင်းကို ထိခိုက်လိမ့်မယ်” ထိုနူးညံ့သည့်အသံ ထွက်ပေါ်လာသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ပထမတစ်ယောက်ပင်လျှင် အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ သို့သော်လည်း ယခုတော့ ထိုလူမှာ အကူသာ ဖြစ်လောက်သည်။
ရွှေရောင်ခြင်္သေ့လည်း အလွန်တုန်လှုပ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ထိုအကူပင်လျှင် မသေမျိုးအဆင့်ရှိသည်။
“ဟမ် .. မင်းက စီရင်စုသုံးထောင်ကလာတာပဲ .. မင်းက အဲဒီလမ်းကို ဖြတ်လာတာ .. စိတ်ဝင်စားစရာတော့ ကောင်းသားပဲ..” ထိုနူးညံ့သည့်အသံ ထပ်မံပြောလာသည်။
“ကလေး .. အစီအရင်ကိုသိမ်းလိုက် .. သူတို့ကို ခေါ်လာခဲ့လိုက်..” ထိုအမျိုးသား ပြောလိုက်၏။ သူ ရှီဟောင်နှင့် တွေ့ချင်နေသည်။
အပိုင်း ၁၉၂၃ ပြီး၏။
Chapter – 1924 စကြာဝဠာ ကန်
“နားလည်ပါပြီ..”
ထိုလက်ထောက် ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ထိရောက်နေသည့် အလင်းတိုင်များအားလုံး မြေပြင်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
အလင်းတိုင်များ ဝင်ရောက်သွားသည့်နေရာတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။
ရွှေရောင်ခြင်္သေ့မျက်လုံးများ ပြူးကျယ်သွားကာ တုန်ယင်လာရသည်။ အဘယ်ကြောင့်ဆိုသော် မြေကြီးအောက်၌ ထာဝရတာအိုအရိုးများ ရှိနေသည်ကို သူတွေ့လိုက်ရသည်ပင်။
ထိုအရိုးများအားလုံးမှာ ပျက်စီးနေပြီး မပြည့်စုံတော့။ ဤအဆင့်ရှိသည့် သက်ရှိများပင် အသတ်ခံခဲ့ရသည်။
ခဏကြာပြီးနောက် တောင်ပုလေးတစ်လုံးထံမှ အစိမ်းရောင်သစ်သားတံတားလေး ပေါ်လာသည်။
ဤတံတားသည် ကျောက်တံတားနှင့်တူသော်လည်း သစ်သားဖြင့် ပြုလုပ်ထားခြင်းပင်။ တံတားတွင် သစ်ကိုင်းသစ်ခက်များလည်း ရှိနေကာ ကျောက်စိမ်းကဲ့သို့ တောက်ပသည့် သစ်ရွက်များလည်း ရှိနေသည်။
တံတားပေါ်တွင် အသက်အော်ရာများမှာ ပင်လယ်တစ်စင်းကဲ့သို့ များပြားလှသည်။
နတ်သစ်သား..
ဤတံတားကို ရှေးနတ်သစ်သားဖြင့် ပြုလုပ်ထားခြင်းပင်။
“ထာဝရတရားရရှိထားတဲ့ ရှေးဟောင်းသစ်ပင်ကို သတ်ပြီးတော့ တံတားလုပ်ထားတယ်” ရှီဟောင် အံ့အားတကြီး ပြောလိုက်သည်။
တံတားအဆုံး၌ ရှိနေသည့် တောင်ကြားမှာ အလွန်စိမ်းစိုနေသည်။ တံတားသည် ဆေးခင်းကြီးကို ဖြတ်သန်းသွားခြင်းပင်။
သူသာ အလောတကြီး ပြေးဝင်သွားမည်ဆိုလျှင် သူ ချက်ချင်းအတိုက်ခိုက်ခံရနိုင်ကြောင်း ရှီဟောင်သိသည်။ သူသည် လောကကြီးကို တုန်လှုပ်စေနိုင်သည့် အစီအရင်ကို တွေ့မြင်ပြီးပြီဖြစ်သည်။ ဤအစီအရင်ကို အသက်သွင်းလိုက်သည်နှင့် နတ်ဘုရားများနှင့် ဗုဒ္ဓပင် အသတ်ခံရလိမ့်မည်။
သူ တံတားပေါ်မှ ဆင်းလိုက်ကာ တောင်ကြားထဲ၌ လမ်းလျှောက်လိုက်သည်။ သူသည် ရှန်ဂီလာထဲသို့ လျှောက်သွားနေသကဲ့သို့ လေမှာ လတ်ဆတ်သန့်ရှင်းနေသည်။
ဤနေရာ၌ရှိနေသည့် ကောင်းကင်ပြင်သည် အနည်းငယ် တောက်ပနေသော်လည်း မြူတစ်လွှာအုပ်ထားသကဲ့သို့ အုံ့ဆိုင်းနေဆဲပင်။
ခပ်ဝေးဝေးရှိ တောင်ပုများပေါ်၌ နန်းတော်များ ရှိနေသည်။ ထိုနန်းတော်များမှာ အလွန်ခမ်းနားလှသည်။ အချို့မှာ ငွေရောင်သတ္တုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အချို့မှာ ရွှေရောင်၊ အချို့မှာ ကြေးရောင်များ ရှိနေသည်ပင်။
ဤနန်းတော်များတွင် ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ရှိနေသည်။ အဝေးမှ ကြည့်လိုက်လျှင် လူတစ်ယောက် စိတ်ပြိုကွဲသွားတော့မလိုပင် ခံစားလိုက်ရသည်။
ဖူး..
ရွှေရောင်ခြင်္သေ့သည် ချက်ချင်းပင် သွေးတစ်ပွက် အန်သွားလေ၏။ တောင်တစ်လုံးပေါ်၌ ရှိနေသည့် ငွေရောင်ရှေးဟောင်းနန်းတော်ကိုကြည့်ရန် ကြိုးစားလိုက်ရုံဖြင့် သူသည် ကြောက်စရာအကောင်းဆုံး ကောင်းကင်အတိဒုက္ခဖြင့် တိုက်ခိုက်ခံလိုက်ရသကဲ့သို့ သွေးအန်သွားလေသည်။
“လျှောက်ကြည့်မနေနဲ့ .. ဒီနန်းတော်တွေက ခင်ဗျားတို့လိုလူမျိုးတွေ ကြည့်လို့ရတဲ့ဟာ မဟုတ်ဘူး” လက်ထောက်ဟု ထင်ရသည့်အမျိုးသားမှ အေးစက်စွာ ပြောလိုက်သည်။
ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့တို့နှစ်ဦးလုံး ထိတ်လန့်တကြား ဖြစ်သွားကာ အသံလာရာသို့ ကြည့်လိုက်သည်။
ခပ်ဝေးဝေးတွင် တောင်များကြား၌ တဲအိမ်လေးများ,များစွာ ရှိနေသည်။ ဤတဲအိမ်များသည် တောင်ပေါ်၌ ဆောက်လုပ်ထားခြင်းမဟုတ်သလို ထိုနန်းတော်များကဲ့သို့လည်း မခမ်းနား။
“အဲဒီလမ်းကနေ အသက်ရှင်လျက် ထွက်လာနိုင်ရုံနဲ့တင် မသတ်ဖို့ လုံလောက်နေပြီ .. သူတို့ကို အသက်ရှင်ခွင့် ပေးလိုက်လို့ရတယ်” ထိုအချိန်တွင် မြက်တဲအိမ်လေးထဲမှ နူးညံ့သည့်အသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော် လူကတော့ မြူများဖြင့် ဖုံးလွှမ်းထားသည်ပင်။
“နားလည်ပါပြီ..” ထိုလက်ထောက် ခေါင်းညိမ့်လိုက်သည်။
ရှီဟောင် ယခုမှသာ သက်မချနိုင်တော့သည်။
“မင်းတို့အရှင်နဲ့တွေ့ချင်ရင် ဒီကန်ကို ဖြတ်ရမှာ” လက်ထောက်ဟု ထင်ရသည့်သူမှ ထပ်မံပြောလာသည်။
သိပ်မဝေးသည့်နေရာတွင် ရှီဟောင်နှင့် တဲအိမ်လေးများကို ခြားထားသည့် ပတ္တမြားကဲ့သို့ တောက်ပနေသည့် ကန်လေးတစ်ကန် ရှိနေသည်။
ရှီဟောင်သည် အစောကြီးကတည်းက ရွှေရောင်ခြင်္သေ့ပေါ်မှ ဆင်းပြီးသွားပြီဖြစ်သည်။ သူ ဤနေရာ၌ မောက်မောက်မာမာမနေရဲ။
ရွှေရောင်ခြင်္သေ့မှာချက်ချင်းပင် ခေါင်းကိုက်သွားရသည်။ သူသည် ရှီဟောင်နှင့်အတူ ကမ်းနံဘေးသို့ လိုက်လာသော်လည်း သူ မဆင်းသွားရဲ။ အဘယ်ကြောင့်ဆိုသော် သူသည် ရှေးဟောင်းလမ်းကို သူ့အစွမ်းအစဖြင့် ဖြတ်သန်းလာခြင်းမဟုတ်။ သူ ဤဖိအားကို မခုခံနိုင်။
ရှီဟောင် ဆက်သွားလိုက်သည်။ သူ ကန်ထဲသို့ ခြေချလိုက်သည်နှင့် ချက်ချင်းပင် လှိုင်းများ ဖြစ်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် ဤနေရာသည် စကြာဝဠာကြီးကဲ့သို့ ဖြစ်လာသည်။ သူ ခြေတစ်လှမ်း,လှမ်းလိုက်တိုင်း ကြယ်ပင်လယ်များ ထွက်ပေါ်လာသည်။
အနောက်ဘက်တွင်ရှိနေသည့် ရွှေရောင်ခြင်္သေ့မှာ တုန်ယင်နေလေပြီ။ သူ ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းကို ခံစား၍ ရနေသည်ပင်။
ယခုအချိန်တွင် ရှီဟောင် တစ်လှမ်းချင်း တည်တည်ငြိမ်ငြိမ် လျှောက်သွားနေသည်ကို သူကြည့်နေသည်။ တစ်ခဏခန့် တွေဝေနေပြီးနောက် သူကန်မျက်နှာပြင်ပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။
ဝုန်း..
ရွှေရောင်ခြင်္သေ့သည် ချက်ချင်းပင် အလွန်နာကျင်လှသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ထိုလက်သည် အရေခွံကွာကျလာကာ ချွန်ထက်လှသည့် လက်သည်းများလည်း ကျိုးသွားလေ၏။ အသားများလည်း ကွာကျသွားကာ အရိုးသာ ကျန်တော့သည်။
သူ မအော်ပဲ မနေနိုင်တော့ပေ။ သူ ချက်ချင်းပင် နောက်ဆုတ်လိုက်၏။
သူ၏လက် ပြန်ကောင်းနိုင်ရန်အတွက် နည်းမျိုးစုံ ကြိုးစားနေသော်လည်း ထိုလက်သည် ကောင်းမလာခဲ့။ အသားများ ကွာကျနေကာ အမွေးများလည်း ပြန်မကပ်တော့။ အရိုးမှသာ ရွှေရောင်အလင်း ထုတ်လွှတ်နေသည်။
ဤဒဏ်ရာကို ကုသ၍မရတော့။
ဒါက ဘယ်လိုကန်မျိုးလဲ .. ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ..
ရွှေရောင်ခြင်္သေ့ အရှေ့ဘက်သို့ ကြည့်လိုက်သည်။ ရှီဟောင် ၁၀ ကျန်းကျော်ပင် ရောက်သွားပြီကို တွေ့လိုက်ရ၏။ ထို့နောက် သူအနည်းငယ် တည်ငြိမ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဟွမ်လည်း ဒဏ်ရာရနေသည်ပင်။ ပထမပိုင်းတွင် ဘာမှမဖြစ်သော်လည်း ၁၀ ကျန်းကျော်သည်နှင့် သူ၏ခြေထောက် ပုပ်ဆွေးလာကာ အရိုးဖြူများသာ ကျန်ခဲ့တော့သည်။ သို့သော် သူ ရပ်တန့်မသွား။
ကန်မှာ အလွန် ကြည်လင်တောက်ပနေသည်။ သို့သော် ဤကဲ့သို့သော လှိုင်းမျိုး ပေါ်လာသည့်အချိန်တွင်တော့ ကြောက်စရာကောင်းလှသည်ပင်။
လှိုင်းများ ပျံ့သွားသည်နှင့် ကြယ်ပင်လယ်များ ထွက်ပေါ်လာကာ တာအိုအော်ရာတစ်ခု ပျံ့လွင့်လာသည်။ ဤသည်မှာ စကြာဝဠာကြီးကို ဖန်တီးနေသကဲ့သို့ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းအော်ရာများ ပါဝင်နေသည်။
ရှီဟောင် ရှေ့ဆက်သွားသည်နှင့် သူ့ခြေသလုံး အသားများလည်း ကွာကျကာ အရိုးများ ပေါ်လာသည်။
ယခုအချိန်တွင် လေပြင်းနှင့် မိုးကြိုးများ ထွက်ပေါ်လာကာ ကန်လေးတစ်ခုလုံးမှ သဘာဝဥပဒေသစွမ်းအားများ ထုတ်လွှတ်နေသည်။ စကြာဝဠာကြီးတစ်ခု ပွင့်လာသကဲ့သို့ မရေမတွက်နိုင်သည့် ကြယ်များ ထွက်ပေါ်လာကာ ရှီဟောင်ပတ်ပတ်လည်၌ လှုပ်ရှားနေသည်။
ထိုနေရာတွင် ကန်ကို မမြင်ရတော့။ ကြယ်ပင်လယ်ကိုသာ မြင်ရတော့သည်။
မူလဖရိုဖရဲမြူများ ထွက်ပေါ်လာကာ တောက်ပသည့်အလင်းများလည်း ထွက်ပေါ်လာ၏။ ရှီဟောင်၏ခြေထောက်မှစကာ အသားများ ဆက်တိုက်ကွာကျလာသည်။ နောက်ဆုံးတွင် ရှီဟောင် ရင်ဘတ်ထိပင် ရောက်နေပြီဖြစ်သည်။ ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။
ရွှေရောင်ခြင်္သေ့ ဆွံ့အသွားရ၏။ ဒီကောင်သေတော့မှာလား..
ထိုအချိန်တွင် ကြယ်များအားလုံး ရေစက်များအဖြစ်သို့ ပြောင်းလဲသွားကာ ကန်ကြီး ပြန်ပေါ်လာသည်။ သို့သော် ကြောက်စရာကောင်းသည့်အော်ရာကတော့ ပို၍ပင် ပြင်းထန်လာသည်။
ရှီဟောင်သည် ခေါင်းစခြေဆုံး အသားများ မရှိတော့။ အရိုးစု ဖြစ်သွားလေပြီ။ ထို့အပြင် သူ၏ခန္ဓာကိုယ်သည် ကန်ထဲသို့ တစ်ဖြည်းဖြည်း နှစ်မြှုပ်သွားနေသည်။
ရွှေရောင်ခြင်္သေ့မှာ တုန်လှုပ်နေလေပြီ။ ဟွမ်ပင် သေတော့မည်။ ဤသည်မှာ ကောင်းမွန်သည့် အဆုံးသတ်မဟုတ်ပေ။
သို့သော် မထင်မှတ်ထားသည်မှာ ရှီဟောင်၏ခေါင်းမြှုပ်သွားသည်နှင့် တစ်ဖြည်းဖြည်းချင်း ပြန်ပေါ်လာကာ သူ၏ဦးခေါင်းထက်၌ အသားများ ပြန်ပေါ်လာသည်။ သူ၏ဆံပင်များလည်း ပြန်ပေါက်လာသည်ပင်။
ရှီဟောင် ကျန်းပေါင်း ဒါဇင်ပေါင်းများစွာ လျှောက်ပြီးသည့်နောက်တွင် သူ၏ခါး ပြန်ကောင်းလာပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ ရှီဟောင် ကန်လေးထဲမှ ထွက်သွားလေပြီ။ ကန်ဘောင်ပေါ်သို့ တက်နင်းလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောက်ပလာကာ ယခင်ကအတိုင်း သွယ်လျသည့်ခန္ဓာကိုယ် ပြန်ဖြစ်သွားသည်။ အသက်ဓာတ်များ ပို၍ပင် များလာသေးသည်။
သူ့ခန္ဓာကိုယ်ကို တိုက်ပွဲချပ်ဝတ်တန်ဆာ ဖုံးလွှမ်းနေပြီး သူ့အမူအရာမှာ အလွန်တည်ငြိမ်နေသည်။
“စကြာဝဠာကန်.. သေခြင်းရှင်ခြင်းကန် .. ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ပါရမီရှိတဲ့သူတွေပဲ ဖြတ်သန်းနိုင်တာ” တဲအိမ်ရှေ့မှ ထိုအမျိုးသား ပြောလိုက်သည်။ သူ၏အသံမှာ ပို၍ပင် နူးညံ့လာသည်။
ရှီဟောင် ထိုလူကို တွေ့လိုက်ရသည့်အချိန် အလွန်ထိတ်လန့်သွားခဲ့ရသည်။ ထိုလူသည် အလွန်ငယ်ရွယ်ကာ အသားအရေလည်း အလွန်ကောင်းမွန်လှသည်။ သူသည် အသက် ၃၀ ပင် မကျော်လောက်သေး။
ဤလူသည် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားကာ သူ၏မျက်နှာထက်တွင် နူးညံ့သည့်အပြုံးတစ်ခု ရှိနေသည်။ သူ၏မျက်လုံးမှာ နက်ရှိုင်းလှပြီး အလွန်ချောမောခန့်ညားသည့် အမျိုးသားတစ်ဦးဟု သတ်မှတ်၍ ရသည်ပင်။
“အဲဒီလမ်းကို ဖြတ်ပြီးတာနဲ့ မင်းက ငါတို့ထဲက လူတစ်ယောက်လို့ သတ်မှတ်လို့ရပြီ .. ဒီကန်ကို ဖြတ်ပြီးရင် မင်းက ငါနဲ့တွေ့ဖို့ နောက်ဆုံးစစ်ဆေးမှုကို ဖြတ်ကျော်ပြီးပြီ”
ထိုလူ ပြောလိုက်၏။
ဤသည်မှာ ကန့်သတ်နယ်မြေ၏ အရှင်ပင် ဖြစ်လိမ့်မည်။
များများစားစား စဉ်းစားနေစရာပင်မလို။ ငါတို့ထဲကတစ်ယောက်ဆိုသည်မှာ ချီးကျူးလိုက်ခြင်းဖြစ်ပြီး နောင်ကျလျှင် ရှီဟောင် သူတို့နှင့် နီးစပ်နိုင်လိမ့်မည်ဟု ယုံကြည်နေခြင်းပင်။
အားလုံးမှာ အိပ်မက်မက်နေသကဲ့သို့ ရှီဟောင်ခံစားနေရသည်။ သူသည် ကန့်သတ်နယ်မြေထဲသို့ ဝင်နိုင်ရုံသာမက နယ်မြေအရှင်နှင့်ပင် တွေ့နေရသည်။
ကောင်းကင်ဘုံကိုးခုတွင် ကန့်သတ်နယ်မြေများ ရှိသော်လည်း သူ တစ်ခါမှ မဝင်ဖူး။ အဘယ်ကြောင့်ဆိုသော် ထိုထဲသို့ ဝင်သွားသည်နှင့် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ချေ သိပ်မရှိ။
ထိုနယ်မြေများတွင် မပျက်စီးနိုင်သည့်ကျမ်းစာ ဒုတိယပိုင်းရှိနေသော်လည်း သူ ထိုနေရာသို့ မသွားနိုင်သေး။
သို့သော် ယနေ့တော့ အဆင့်နိမ့်နယ်မြေ၌ သူ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တွေ့နေရလေပြီ။
“ထိုင် ကောင်လေး .. လက်ဖက်ရည်လေးသောက်..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်သည်။
တဲအိမ်ရှေ့တွင် စားပွဲလေးတစ်လုံးရှိပြီး ထိုစားပွဲဘေးတွင် သစ်ပင် ပင်စည်ထိုင်ခုံနှစ်ခု ရှိနေသည်။ လူလတ်ပိုင်းအမျိုးသားသည် တစ်ဖက်၌ ထိုင်နေကာ ရှီဟောင်အား အခြားတစ်ဖက်၌ ဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။
ထိုအမျိုးသား၏အတောက်တွင် နတ်ဘုရားမကဲ့သို့ အလွန်လှပလှသည့် အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။
ထိုအမျိုးသမီးမှာ မသေမျိုးသက်ရှိ သို့မဟုတ် ထာဝရသက်ရှိအစစ်ပင် ဖြစ်နိုင်သည်။
အဖြူရောင်အဝတ်အစားနှင့် အမျိုးသားနောက်တွင်ရှိနေသည့် အမျိုးသားနှင့် အမျိုးသမီးမှာ သူ၏တာအိုကလေးများးပင်။
ရှီဟောင် တစ်ခဏခန့် တွန့်ဆုတ်နေပြီးနောက် ထိုင်ချလိုက်သည်။ သူ ဤနေရာသို့ပင် ရောက်နေပြီဖြစ်သောကြောင့် သူ အဆုံးထိ သွားရမည်ပင်။
“နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီ .. မျိုးဆက်ပေါင်းများစွာ ကုန်လွန်သွားပြီ .. ဒါပေမဲ့ ငါက တရားထိုင်ရင်း အချိန်တွေ ကုန်သွားသလိုပဲ ခံစားနေရတယ် .. ဒီနေ့တော့ အတော်လေး ထူးချွန်တဲ့ လူငယ်တစ်ဦးနဲ့ တွေ့ရပြီ..” ထိုအဖြူရောင်အဝတ်စားနှင့် အမျိုးသား ပြောလိုက်သည်။
ရှီဟောင် တစ်ခုခုကို သတိပြုမိသွားသည်။ ထိုအသံထဲတွင် ဓားများပါဝင်နေသလို၊ ကောင်းကင်ကိုထိုးဖောက်တော့မလိုပင်။
တကယ်တမ်းတော့ ထိုအသံမှာ အလွန်တည်ငြိမ်လှသည်ပင်။
တာအိုကလေး လက်ဖက်ရည်ယူလာပေးသည်။ လက်ဖက်ရည်ခွက်ထဲ၌ အတောင်ပံများကို လှုပ်ခတ်နေသည့် ဖီးနှစ်အစစ်တစ်ကောင် ရှိနေသည်။ ထိုဖီးနှစ်သည် နီရဲတောက်ပနေပြီး မူးမော်စေလောက်သည့် အနံ့များကို ထုတ်လှတ်နေပေးနေသည်။
ဒါက ဘယ်လို လက်ဖက်ရည်မျိုးလဲ .. ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ ဒါက တာအိုလေ့လာခြင်းထာဝရလက်ဖက်ထက်တောင် ပိုပြီး ထူးခြားတာလား..
“တောင်ပေါ်မှာ ငါကိုယ်တိုင်စိုက်ထားတဲ့ သာမန်လက်ဖက်ပင်လေးပါပဲ” အဖြူရောင်အဝတ်စားနှင့် အမျိုးသားသည် သူ တွေးနေသည့်အတွေးများကို သိနေသကဲ့သို့ ပြောလိုက်သည်။
အပိုင်း ၁၉၂၄ ပြီး၏။
Chapter – 1925 ဆယ်ယောက်မြောက် ပုဂ္ဂိုလ်
ကန့်သတ်နယ်မြေတစ်ခုရဲ့ အရှင်က လက်ဖက်ပင် စိုက်တာလား..
ရှီဟောင် ခေါင်းငုံ့ကြည့်လိုက်သည်။ ခွက်ထဲရှိ လက်ဖက်ရွက်များမှာ နီရဲနေကာ တကယ် ကူးခတ်နေကြသည်။ အတောင်ပံခတ်သံများကို ကြားနေရသည်အထိပင်။ သူတို့သည် ဖီးနှစ်အစစ်များနှင့် တူလှသည်ပင်။
သို့သော် ဤသည်မှာ လက်ဖက်ရွက်များသာ။
“ဒါ ဘာလက်ဖက်ရွက်အမျိုးအစားလဲတော့ ငါမသိဘူး .. ဒါက ထာဝရနယ်မြေမှာတောင် ရှားပါးလောက်တယ်” သူ သက်ပြင်းချ၍ ပြောလိုက်သည်။
မွှေးရနံ့တစ်ခုတည်းဖြင့်ပင် လူကို လန်းဆန်းသွားစေသည်။ ဤလက်ဖက်ရည်သည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ပေးနိုင်ပြီး တစ်ရှိုက်မျှ ရှူလိုက်ရုံဖြင့် စိတ်ကို ကြည်လင်သွားစေသည်။
“ထာဝရနယ်မြေက အကျယ်ကြီးပဲ … ရှေးဟောင်းလက်ဖက်ပင်တွေလည်း အများကြီးပဲ .. သူတို့ဆီမှာ တာအိုလေ့လာခြင်းလက်ဖက်ရည်အစစ် ရနိုင်တယ် .. ငါက သာမန်လက်ဖက်အခါးပင်လေးကို တောင်းခဲ့ပြီးတော့ တစ်နှစ်မှ တစ်ခါလောက်ပဲ ရေလောင်းခဲ့တာ..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြုံး၍ ပြောလိုက်သည်။
ဒါက သာမန်လက်ဖက်ရည်ပဲလား .. ထာဝရလက်ဖက်ရည်မဟုတ်ဘူးလား.. ရှီဟောင် ထိုလက်ဖက်ရည်ခွက်ကို ငေးကြောင် ကြည့်နေမိသည်။
ဘာဖြစ်နေသည်ကို သူ ချက်ချင်း စဉ်းစားမိသွားသည်။ ဤလက်ဖက်ရည်၏ တန်ဖိုးမှာ လက်ဖက်ရွက်၌ ရှိနေခြင်းမဟုတ်။ လက်ဖက်ပင်ကို စိုက်သည့်သူထံ၌ ရှိနေခြင်းပင်။
သစ်ပင်၊ ပန်းပင်များကို ထာဝရသက်ရှိတစ်ဦးမှ ပြုစုစောင့်ရှောက်လျှင် မည်မျှသာမန်သစ်ပင်ဖြစ်နေပါစေ သူတို့ ထူးခြားသွားမည်ပင်။
ဤကန့်သတ်နယ်မြေအရှင်မှာ ပို၍ပင် ထူးခြားသေးသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး စိုက်ပျိုးသည့် လက်ဖက်ပင်မှာ ဘယ်လိုလုပ် သာမန်လက်ဖက်ပင် ဖြစ်နိုင်မည်နည်း .. သေချာပေါက် ထူးခြားမည်ပင်။
ရှီဟောင် လက်ဖက်ရည်ခွက်ကို ပြန်ကြည့်လိုက်သည့်အချိန်တွင် လက်ဖက်ရွက်များ အောက်ဘက်သို့ ကျသွားလေပြီ။
သူ တစ်ငုံသောက်လိုက်သည်နှင့် သူ့ပါးစပ်ထဲသို့ ခါးသက်သက်အရသာ ပျံ့နှံ့သွားကာ သူ့လျှာပင် ထုံကျဉ်သွားရသည်။ ဤကဲ့သို့သော ခါးသက်မှုမှာ ချိုမြန်လှသည့်မွှေးရနံ့နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်နေ၏။
ရှီဟောင်၏ အသက်ရှုသံများပင် အေးခဲသွားရသည်။ သူကဲ့သို့သော ကျင့်ကြံဆင့်ရှိသည့်သူပင်လျှင် ဤခါးသီးမှုကြောင့် သေဆုံးတော့မလို ဖြစ်သွားသည်။
သာမန်လူသာဆိုပါက ခါးလွန်းသောကြောင့် တစ်ခါတည်း သေသွားလောက်လေပြီ။
အဘယ်ကြောင့်ဆိုသော် ဤလက်ဖက်ရွက်တွင် သဘာဝဥပဒေသခွန်အားများ ရှိနေသည်ပင်။ ရှီဟောင် ထိုတစ်ငုံကိုပင် ထွေးထုတ်ပစ်ချင်မိသွားသည်။
“ဘယ်လိုလဲ..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား မေးလိုက်သည်။ သူ၏အသံမှာ နှစ်လိုဖွယ်ကောင်းလှသည်ပင်။
“ခါးတယ်..” ရှီဟောင် ဤစကားသာ ပြောလိုက်သည်။
“ပြီးတော့..”
ဘာရှိသေးလို့လဲ .. ရှီဟောင် ဤလက်ဖက်ရည်ခွက်ကို လွှင့်ပစ်ချင်လာသည်။ ခါးသက်မှုမှလွဲလျှင် သူ ဘာကိုမှ မခံစားရ။ ဤလက်ဖက်ရည်အလွန်မွှေးသည်ဟု သူ မပြောချင်။
“အမ်..” ရုတ်တရက် ရှီဟောင် ထိတ်လန့်သွားရသည်။
သူ၏လျှာထက်ရှိ ခါးသီးမှုများ ရုတ်တရက် ပျောက်ကွယ်သွားကာ အလွန်ဖန်သည့်ခံစားချက် ပျံ့နှံ့လာသည်။ ချဉ်သက်သက်ခံစားတစ်ခုလည်း စတင်ပျံ့နှံ့လာသည်ပင်။ အဖန်ဓာတ်မှာ ပြင်းထန်လှသောကြောင့် သူ့တစ်ကိုယ်လုံးပင် တောင့်ခဲသွားရသည်။
“ဖန်လိုက်တာ..” သူ မပြောပဲ မနေနိုင်တော့။
ထို့နောက် သူ၏လျှာ ချဉ်တူးလာသည်။ ဤအရသာလည်း သေချာပေါက် ခံစား၍ကောင်းသည့်အရသာမဟုတ်။
ရှီဟောင် ဆွံ့အသွားရသည်။ ကန့်သတ်နယ်မြေအရှင်က ဘာဖြစ်ချင်တာလဲ .. သူက ဧည့်သည်ကိုတောင် ဒီလိုမျိုး ချာတူးလံနေတဲ့လက်ဖက်ရည် တိုက်တာလား.. ဤအရသာသည် ခါးခါးဖန်ဖန်ကြီးနှင့် မြိုချရန်ပင် ခက်ခဲလှသည်။
သူ ဤလက်ဖက်ရည်ကို ထွေးထုတ်ပစ်လိုက်ချင်သော်လည်း ဤသည်မှာကန့်သတ်နယ်မြေပင်။ သူသာ ထွေးထုတ်လိုက်လျှင် ဤသည်မှာ မလေးစားရာ ကျသွားမည်ပင်။
ဒါပေမဲ့ ဒီလက်ဖက်ရည်ကို မြိုချဖို့ကလည်း ခက်ခဲလွန်းနေတယ် .. ဒါက တာအိုလေ့လာရာမှာ မကူညီနိုင်သလို အရသာလည်း မကောင်းဘူး .. ဒါကိုသောက်တော့ ဘာအသုံးဝင်မှာလဲ..
“ဒီလိုလက်ဖက်ရည်မျိုးကို အရင်တုန်းက လူကိုးယောက်ပဲ သောက်ဖူးတာ .. သာမန်လူတွေက တစ်စက်တောင်မသောက်ရဘူး .. ဘာလို့လဲဆိုတော့ သူတို့ ဒီလက်ဖက်ရည်ကို သောက်ရလောက်အောင် ကံမကောင်းလို့ပဲ..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား သက်ပြင်းချ၍ ပြောလိုက်သည်။
သူ၏ပုံပန်းသွင်ပြင်မှာ အသက်သုံးဆယ်မကျော်သေး။ သူသည် ယောက်ျားလေးဖြစ်သော်လည်း ဖော်ပြနိုင်ရန် ခက်ခဲသည့် ချစ်စရာကောင်းမှုတစ်မျိုးရှိနေသည်။
သူ့နောက်တွင်ရှိနေသည့် အမျိုးသမီးထံမှ မနာလိုသည့်အငွေ့အသက်များ သူ ရရှိနေသည်ပင်။
သူ ယောက်ျားလေးဖြစ်နေ၍ တော်သေးသည်။ ရှီဟောင် စိတ်ထဲ ရေရွတ်လိုက်၏။
“လူ ကိုးယောက်ပဲ သောက်ဖူးတယ် .. သူတို့က ဘယ်လိုလူမျိုးတွေလဲ..” ရှီဟောင်မေးလိုက်သည်။
“ပထမဆုံးတစ်ယောက်ကတော့ ငါပေါ့..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ရယ်မောလိုက်သည်။ သူ၏သွားများမှာ လူငယ်တစ်ဦးကဲ့သို့ အလွန်တောက်ပနေ၏။ ကန့်သတ်နယ်မြေအရှင်ကဲ့သို့သော ခံ့ညားသည့် အသွင်အပြင်မရှိ။
“တစ်ခြားသူတွေကရော..” ရှီဟောင် မေးလိုက်သည်။
“တစ်ခြားသူတွေအားလုံးက လူငယ်လေးတွေ .. မတူညီတဲ့အချိန်၊ မတူညီတဲ့ခေတ်တွေက ထူးချွန်တဲ့လူငယ်တွေ၊ ကောင်းကင်သားတော်တွေ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြန်ဖြေလိုက်သည်။
မတူညီတဲ့ခေတ်က ကောင်းကင်သားတော်တွေဟုတ်လား .. ရှီဟောင် ထိတ်လန့်သွားရသည်။
“ထာဝရရှေးဟောင်းခေတ် အစကနေ အဆုံးထိ ဒီလက်ဖက်ရည်သောက်တဲ့ လူငယ် ၈ ယောက်ရှိခဲ့တယ် .. တကယ်ကို နှမြောဖို့ကောင်းတာပဲ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသားသည် ခေါင်းခါလိုက်ကာ အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေလေ၏။
သူသည် အတိတ်မှ တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရနေသကဲ့သို့ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
“ဘာက နှမြောဖို့ကောင်းတာလဲ..” ရှီဟောင်မေးလိုက်သည်။
“သူတို့သေသွားတာ နှမြောစရာပဲ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်သည်။
ရှီဟောင် အနည်းငယ် ဆွံ့အသွားရ၏။ ဒါက ဘာကို ဆိုလိုတာလဲ .. ဒီလက်ဖက်ရည်ကို သောက်ပြီးတော့ သေသွားတာလား..
“သူတို့အားလုံးက ဘာလို့ သေသွားတာလဲ..” သူ မနေနိုင်ပဲ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ သူတို့ ဒီလက်ဖက်ရည်ခွက်ကို သောက်လိုက်လို့လေ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။
ရှီဟောင် အလွန်ဆွံ့အသွားလေပြီ။ ပေါက်ကွဲတတ်သည့်သူသာဆိုလျှင် ကျိန်ဆဲပြီးနေလောက်လေပြီ။ ဒါက ဘယ်လောက်တောင် နုံချာတဲ့လက်ဖက်ရည်လဲ .. သူက သူ့ကိုဒီလိုမျိုး သေစေချင်နေတာလား..
“စီနီယာ ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးဖို့ တောင်းဆိုပါရစေ..” သူ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နယ်မြေအရှင်သာ သူ့ကိုသတ်ချင်လျှင် လွယ်လွယ်လေး သတ်ပစ်၍ရသည်။ အဘယ်ကြောင့် ဤမျှ အားစိုက်ထုတ်နေမည်နည်း..
“သူတို့လက်ဖက်ရည်သောက်ပြီးတော့ ကျင့်ကြံကြတယ် .. နောက်ဆုံးတော့ သူတို့အားလုံး အဲဒီလမ်းကို လျှောက်သွားကြတယ် .. ဒါပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် သူတို့အားလုံး သေသွားခဲ့ကြတာ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား သက်ပြင်းချလိုက်သည်။
သူသည် ပို၍ပင် စိတ်ပျက်လာသလိုပင်။ သူ၏မျက်လုံးထဲတွင် စကြာဝဠာကြီး ပျက်စီးသွားသည့် ပုံရိပ်များ ဖြစ်ပေါ်နေသည်။ ကောင်းကင်ထက်ရှိ ကြယ်များအားလုံး ပေါက်ကွဲသွားကာ ပို၍ကြောက်စရာကောင်းသည့် မြင်ကွင်းများ ပေါ်လာသည်။
ယခုအချိန်တွင် ကောင်းကင်ကြီး အက်ကွဲလာကာ ကြယ်ပင်လ်များ ပေါ်လာသည်။ အချို့ကြယ်များသည် အလင်းတန်းများ စတင်ဝေ့ဝဲလာကာ အက်ကွဲလာလေ၏။ ထို့နောက် ပျက်စီးသွားသည်။
ရှီဟောင် ထိတ်လန့်နေလေပြီ။ သူ ကန့်သတ်နယ်မြေအရှင်၏ စွမ်းအားကို မသိသည့်မဟုတ်။ သို့သော်လည်း ယခုတော့ သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤမြင်ကွင်းကို မြင်လိုက်ရသောကြောင့် သူ အလွန် ထိတ်လန့်သွားရသည်။
နောက်ဆုံးတွင်တော့ ထိုအဖြူရောင်အဝတ်အစားနှင့် အမျိုးသား၏ မျက်လုံးများ မှေးမှိန်သွားသည်။ သူ၏မျက်ဝန်းထဲတွင် စကြာဝဠာကြီး ပျက်စီးနေသည့် မြင်ကွင်းမရှိတော့။ ထိုအစား အမျိုးသားနှင့် အမျိုးသမီ ရှစ်ဦး ပေါ်လာသည်။
သူတို့သည် မတူညီသည့်အချိန်မြစ်အပိုင်းအခြားမှ ထွက်ပေါ်လာသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာလေ၏။ ယခု ထိုလူများအားလုံး သူ့မျက်ဝန်းထဲ၌ ထင်ဟပ်လာခြင်းပင်။ ဒါတွေက အတိတ်တွေလား..
“လက်ဖက်ရည်သောက်လိုက်..” ထိုအမျိုးသား ပြောလိုက်သည်။
ရှီဟောင် အံကြိတ်ကာ ထိုလက်ဖက်ရည်အားလုံးကို တစ်ငုံတည်း သောက်ပစ်လိုက်သည်။ ယခုတစ်ခေါက်တော့ သူ့လျှာပင် အရသာမခံနိုင်လောက်အောင် ဖြစ်သွားသည်။
ထို့နောက် ရှီဟောင် ဆွံ့အသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ဘေး၌ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ အမျိုးသားတစ်ဦးပင်။ သူ၏အရပ်သည် တစ်ကျန်းခန့်ရှည်ကာ သူ၏ဆံပင်များလည်း ကြမ်းထော်နေသည်။ သူ၏ခန္ဓာကိုယ်မှာ အလွန်ကြံ့ခိုင်လှသည်ပင်။
“သူ့နာမည်က အားဂု .. ငါပထမဆုံးတွေတဲ့ လူငယ်လေး .. သူက ထာဝရရှေးဟောင်းခေတ် အစပိုင်းတုန်းက မူလဖရိုဖရဲကလန်ကလာတာ .. သူက လူငယ်မျိုးဆက်တွေအားလုံးကို လွှမ်းမိုးနိုင်ခဲ့ပြီးတော့ ဘယ်တုန်းကမှ အရှုံးမရှိခဲ့ဘူး” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ရှင်းပြလိုက်သည်။
ထိုလူငယ်လေး၏ အသားအရေသည် အနည်းငယ် ရွှေရောင်သန်းနေကာ အလင်းတန်းများလည်း တောက်ပနေသည်။ သူသည် သေချာပေါက် ခန္ဓာကိုယ် ကျင့်ကြံသူပင်။
“ငါ သူ့ကို နဂါးလက်သီးကောင်းကင်ပညာကို သင်ပေးခဲ့တယ်” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်၏။
ဤစကားကို ကြားသည်နှင့် ရှီဟောင် တုန်လှုပ်သွားရသည်။ ဤရှေးဟောင်း ကောင်းကင်ပညာသည် နာမည်ကြားလိုက်ရုံဖြင့်ပင် သေချာပေါက် စွမ်းအားကြီးမည်ဖြစ်ကြောင်း သိနိုင်သည်။
“သူ ထာဝရတရားကို ရရှိသွားတဲ့အချိန်တုန်းက အရမ်းစွမ်းအားကြီးခဲ့တယ် .. ဒါပေမဲ့ သူက ငါ့စကားကို နားမထောင်ပဲနဲ့ အဲဒီလမ်းကို အစောကြီးလျှောက်ခဲ့တယ် … နောက်ဆုံးတော့ သူက ဘယ်တော့မှာပြန်မလာနိုင်ခဲ့တော့ဘူး” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား သက်ပြင်းချ၍ ပြောလိုက်သည်။
ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ ထာဝရတရားကို ရရှိသွားတာတောင်မှ သူက သေသွားသေးတာလား..
ထို့နောက် ရှီဟောင်၏ပါးစပ်ခါးလာကာ ထိုလူငယ် ပျောက်ကွယ်သွားပြီး ဒုတိယပုံရိပ်ထွက်ပေါ်လာသည်။ ဤသည်မှာ ရွှေရောင်အဝတ်အစားများ ဝတ်ဆင်ထားကာ အလွန်လှပပြီး အလွန်ညှို့အားပြင်းသည့် အမျိုးသမီးတစ်ဦးပင်။
ထို့အပြင် သူမ အဖြူရောင်အဝတ်အစားနှင့် အမျိုးသားကို ကြည့်သည့်အကြည့်များမှာ စီနီယာ၊ ဆရာကိုကြည့်သည့်အကြည့်မဟုတ်။
အဖြူရောင်အဝတ်အစားနှင့် အမျိုးသား၏ အမူအရာမှာပို၍ခါးသက်လာသည်။ ဤရွှေရောင်အဝတ်အစားနှင့် မိန်းမပျိုလေးကို တွေ့လိုက်ရသည့်အချိန်တွင် သူမအမူအရာ ရှုပ်ထွေးလာသည်။ သူ ပို၍ပင် ဝမ်းနည်းလာလေ၏။
“သူ့နာမည်ကို ကျင်းကျန်း.. သူက ထာဝရရှေးဟောင်းခေတ်က ရွှေရောင်ကျီးကန်းကလန်ကလာတာ .. သူ့ရဲ့စွမ်းရည်တွေက တကယ်ကိုကောင်းတယ် .. သူ့ကို ငါ့ထက်သာနိုင်မယ် ထင်ထားတာ .. ဒါပေမဲ့ ကံမကောင်းစွာနဲ့ သူ သေသွားတာပဲ”
အဖြူရောင်အဝတ်အစားနှင့် အမျိုးသားသည် မိန်းမပျိုလေး၏ ခေါင်းကို ပွတ်သပ်ရန် လက်လှမ်းလိုက်သော်လည်း သူမပုံရိပ် ပျက်ပြယ်သွားသည်။
ထို့နောက် တတိယပုံရိပ်ပေါ်လာသည်။ ဤသည်မှ လူငယ်လေးတစ်ဦးပင်။
“သူ့နာမည်က ရော့ဖုန် .. ငါ သူ့ကို ထာဝရသတ်ဖြတ်ခြင်းပညာ သင်ပေးဖူးတယ်” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်သည်။
ရှီဟောင် မတည်ငြိမ်နိုင်တော့။ ထိုလူများသေသေ မသေသေ သက်သေပြနေသည့်အရာတစ်ခုတော့ရှိသည်။ ဤသည်မှာ ဤကန့်သတ်နယ်မြေအရှင်မှာ အလွန်ထူးခြားလှသည်ကို သက်သေပြနေခြင်းပင်။ သူ လူတစ်ယောက်နှင့်တစ်ယောက်ကို လက်ဆင့်ကမ်းပေးသည့်ပညာများမှာ မတူညီကြ။
…
နောက်ဆုံးလူ ပေါ်လာသည့်အချိန်တွင် ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရ၏။ ဤသည်မှာ အလွန်ပင် လှပသည့်အမျိုးသမီးပင်။ သူမ၏ဦးခေါင်းအနောက်တွင် အစိမ်းရောင်လတစ်စင်း ရှိနေသည်ပင်။
“သူ့နာမည်က ချင်းယွဲ့ .. လူသားမျိုးနွယ်စုက..”
“ဘာ .. သူက နတ်သမီးချင်းယွဲ့လား…” ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။
အပိုင်း ၁၉၂၅ ပြီး၏။
Chapter – 1926 နောက်တစ်ခေတ်ကို စောင့်ဆိုင်းခြင်း
“ဟုတ်တယ် .. လူတော်တော်များများ သူ့ကို နတ်သမီးချင်းယွဲ့ လို့ခေါ်ကြတာ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်သည်။
ဤအမျိုးသမီး၏ ပုံပန်းသွင်ပြင်မှာ ထူးခြားလှသည်။ သူမနောက်တွင် လတစ်စင်း ချိတ်ဆွဲထားပြီး တစ်လောကလုံးကို အလင်းပေးနေသည်။ သူမသည် လောကကို ဖန်တီးသည့် နတ်ဘုရားမကဲ့သို့ပင်။
နတ်သမီးချင်းယွဲ့သည် အလွန်သန့်စင်မြင့်မြတ်လှသည်။ သူမသည် ကန့်သတ်နယ်မြေ၏ အရှင်တစ်ပါးနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် အလွန်တည်ငြိမ်နေသည်။
“သူက တည်ငြိမ်ပြီး ငြိမ်းချမ်းတယ် .. ဒါပေမဲ့ သူက အရမ်းမာနကြီးတယ်” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ရယ်မောလိုက်သည်။ ထို့နောက် သူ့မျက်ဝန်း မှေးမှိန်သွားကာ “သူလည်း သေသွားခဲ့တာ .. ထာဝရရှေးဟောင်းခေတ်ရဲ့ နောက်ဆုံးအချိန်မှာ ကျဆုံးခဲ့တာ”
ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲနေ၏။ ယခင်က လူများကို ရှီဟောင် သိလည်းမသိသလို၊ ကြားလည်းမကြားဖူး။
သို့သော် နောက်ဆုံးတစ်ယောက်ကိုတော့ သူ ဘယ်လိုလုပ် မသိပဲ နေနိုင်မည်နည်း.. သူမ ချန်ရစ်ထားခဲ့သည့် အစိမ်းရောင်လ မျိုးစေ့ကို သူမြင်ဖူးသည်။
နတ်သမီးချင်းယွဲ့ ချန်ရစ်ထားခဲ့သည့် မျိုးစေ့ကို ချင်းယီ ရရှိခဲ့သည်ပင်။
ထိုမီးတောက်နှင့် သင်္ကေတများမှာာ ချင်းယွဲ့နှင့် တစ်သားတည်း ဖြစ်သွားပြီဖြစ်သည်။
ချင်းယီ နတ်သမီးချင်းယွဲ့နှင့် ဆက်စပ်မှုတစ်မျိုးမျိုး ရှိလိမ့်မည်ဟု အချိုု့သူများ သံသယဝင်ခဲ့ကြသည်အထိပင်။
ရှီဟောင် ထိတ်လန့်သွားခဲ့သည်ပင်။ ထာဝရရှေးဟောင်းခေတ်ကို လှုပ်ခါခဲ့တဲ့ နတ်သမီးချင်းယွဲ့က ဒီလူနဲ့ ဆက်စပ်နေတာလား..
“သူက စီနီယာရဲ့ တပည့်လား..” ရှီဟောင်မေးလိုက်သည်။
“တပည့်လို့ သတ်မှတ်လို့ရပါတယ် .. ငါ သူ့ကို ပညာတစ်ခု လက်ဆင့်ကမ်းပေးခဲ့တယ်” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ခေါင်းညိမ့်လိုက်သည်။
ရှီဟောင် ဆွံ့အသွားရသည်။ ဒီလူက ဘယ်လောက်တောင် သန်မာတာလဲ.. သူ ရှစ်ယောက်ကို မြင်ဖူးခဲ့သည်။ အားလုံးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လှုပ်ခါနိုင်သည့်သူများပင်။ နတ်သမီးချင်းယွဲ့မှ တစ်ဆင့် ဤလူများ မည်မျှထူးခြားကြောင်း သိနိုင်သည်ပင်။
ဤနယ်မြေအရှင်မှာ သေချာပေါက် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဖြစ်မည်ပင်။ သူ့စကားများအရ သူသည် ထာဝရရှေးဟောင်းခေတ် အစပိုင်းကတည်းက တပည့်များ လက်ခံခဲ့ခြင်းပင်။
ဤကန့်သတ်နယ်မြေအရှင် အသက်ရှင်နေထိုင်ခဲ့သည်မှာ မည်မျှပင် ကြာညောင်းခဲ့ပြီလဲဆိုသည်ကို စဉ်းစားကြည့်နိုင်သည်။
“သူတို့အားလုံး သေသွားခဲ့ပြီ..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား သက်ပြင်းချလိုက်သည်။
“ကျွန်တော် ဒီလက်ဖက်ရည်ကို သောက်လိုက်ပြီ … အဲဒီတော့..” ရှီဟောင် သေချာပြောလိုက်သည်။
အကြောင်းပြချက်မရှိပဲ သူမသေချင်။ ဤလက်ဖက်ရည်သောက်သည့်သူအားလုံး သေဆုံးသွားခဲ့သည်မှာ သံသယဝင်စရာ ကောင်းလှသည်။
“မင်းက ဆယ်ယောက်မြောက်ပဲ .. ငါခေတ်ကြီးတစ်ခုလုံး စောင့်ခဲ့ရတာ .. နောက််ဆုံးတော့ မင်းနဲ့တွေ့ရပြီ..” ကန့်သတ်နယ်မြေအရှင် ပြောလိုက်သည်။
ရှီဟောင် ခေါင်းကိုက်လာရသည်။ “ကျွန်တော် သူတို့နဲ့အတူတူ အုတ်ဂူထဲ မလိုက်ချင်ဘူး”
ဤစကားကို ကြားသည်နှင့် အဖြူရောင်အဝတ်အစားနှင့် အမျိုးသားသည် ခေါင်းခါလိုက်ကာ “မင်းကို အဲဒီလမ်းလျှောက်ဖို့အတွက် ဖိအားပေးမှာမဟုတ်ဘူး .. ပြီးတော့ အရင်လူတွေတုန်းကလည်း သူတို့တွေကို အချိန်မတိုင်ခင်မဝင်ဖို့ တားမြစ်ခဲ့တာပဲ .. ဒါပေမဲ့ သူတို့အားလုံး စောစောစီးစီးဝင်သွားပြီး သေသွားခဲ့ကြတာ”
“သူတို့ရဲ့ ကျင့်ကြံခြင်းက ထိပ်ဆုံးကို ရောက်နေပြီဆိုတာ သူတို့သိတယ် .. သူတို့ ထပ်တက်လို့မရတော့ဘူး .. အဲဒါကြောင့်မို့လို့ သူတို့ကျဆုံးမယ်ဆိုတာ သိပေမယ့် သူတို့ ဆက်သွားချင်ကြတာ.. ဟူး..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား သက်ပြင်းချလိုက်သည်။
“သူတို့တွေက ငါ့ကို သူတို့ဆရာအနေနဲ့ လေးစားတယ်ဆိုတာ ငါသိတယ် .. အဲဒါကြောင့်မို့လို့ သူတို့က ငါ့အစား တိုက်ခိုက် ချင်ကြတာ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်သည်။
ရှီဟောင် ရှုပ်ထွေးသွားရ၏။ သူ ဘာပြောချင်နေတာလဲ .. ဒီ ကန့်သတ်နယ်မြေအရှင်မှာ ရန်သူရှိနေတာလား.. သူကဘာလို့ သူကိုယ်တိုင် မတိုက်တာလဲ..
အဖြူရောင်အဝတ်အစားနှင့် အမျိုးသား သူ၏လက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပက်ကြားအက်လာကာ နတ်ဘုရားနှင့် နတ်ဆိုးများ ငိုကြွေးလာကြသည်။ နောက်ဆုံးတွင် တိတ်ဆိတ်သည့်မြင်ကွင်းတစ်ခု ပေါ်လာလေ၏။
“ဒီနေရာက..”
ရှီဟောင် ထိတ်လန့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူ ယခင်က ဤနေရာသို့ ရောက်ခဲ့ပြီး အမှန်တရား၏တစ်စိတ်တစ်ပိုင်းကို တွေ့ခဲ့ရသည်။
ယခု အဖြူရောင်အဝတ်အစားနှင့် အမျိုးသားသည် လေဟာနယ်ကို ခွဲလိုက်ကာ ဤမြင်ကွင်း ပေါ်လာအောင် လုပ်လိုက်သည်။
ထိုနေရာ၌ ဆည်တစ်ခု ရှိနေသည်။ ဆည်နောက်မှ အသံများစွာ ထွက်ပေါ်နေသည်ပင်။
ကောင်းကင်မှာ မှုန်မှိုင်းနေပြီး ထိုနေရာများ၌ မြူများ အုံ့ဆိုင်းနေသည်။
သို့သော် ဆည်ပေါ်၌ လူတစ်ယောက်ရှိနေသည်ကို ရှီဟောင် မြင်နေရဆဲပင်။ သူ၏ခန္ဓာကိုယ်၌ သွေးများစွန်ပေနေပြီး ထာဝရတာအိုအော်ရာ ထုတ်လွှတ်နေသည်။ ဤသည်မှာ ဤနေရာ၌ သေဆုံးသွားခဲ့သည့် ထာဝရသက်ရှိအစစ်ပင်။
သူမျက်လုံးဝေ့ကြည့်လိုက်သည့်အချိန်တွင် ခပ်ဝေးဝေး၌ မသေမျိုးအဆင့်အလောင်းများစွာကို တွေ့လိုက်ရသည်။
ရှီဟောင် ထိုနေရာသို့ ရောက်ဖူးသည်။
ယခင်က သူ စန်းကျန်း၊ ရှန်းမင်တို့နှင့်အတူ ထာဝရနယ်မြေမှ ထွက်လာစဉ်က အပြန်လမ်းကို ရှာဖွေရင်း ထိုနေရာသို့ ရောက်ဖူးခဲ့သည်။
ထိုနေရာတွင် မိုးမခနတ်ဘုရားချန်ရစ်ထားခဲ့သည့် သဲလွန်စများကို တွေ့ရှိခဲ့သည်ပင်။
အဖြူရောင်အဝတ်အစားနှင့် အမျိုးသားပြောနေတဲ့ လမ်းဆိုတာက အဲဒီဆည်ထဲ ဝင်သွားတာကို ပြောတာလား..
ရှီဟောင် သူ၏ထိတ်လန့်မှုကို မဖုံးကွယ်နိုင်တော့။
ရုတ်တရက် သူ့စိတ် တောင့်တင်းသွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုမြင်ကွင်းထဲတွင် မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရသည်ပင်။
သူ၏အဝတ်အစားများမှာ နှင်းထက်ပင် ဖြူဖွေးနေပြီး ဖုန်မှုန့်တစ်မှုန့်ပင် ပေကျံခြင်းမရှိ။ သူသည် ဆည်ပေါ်၌ မတ်တပ်ရပ်ကာ အထဲဘက်သို့ ဝင်သွဦးလိုက်လေ၏။
ဤသည်မှာ ကန့်သတ်နယ်မြေအရှင်ပင်။
ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ အထဲဝင်သွားတဲ့သူတွေက အသက်ရှင်လျက် ပြန်ထွက်လာနိုင်တယ်လား.. မြင်ကွင်းအားလုံးမှာ ဤနေရာသည် သေခြင်းလမ်းဖြစ်ကြောင်း ညွှန်ပြနေသည်ပင်။ မည်သူမှ ထိုနေရာမှ အဖိုးတန်သည့်သတင်းများကို ပြန်ယူမလာဖူးခဲ့။
ဝုန်း..
ခဏကြာပြီးနောက် ဆည်နောက်မှ လေပြင်းများတိုက်ခတ်သည့်အသံ ထွက်ပေါ်လာသည်။ ဤအသံမှာ တိုက်ပွဲတစ်ပွဲ တိုက်ခိုက်နေသည့်အသံနှင့်လည်း တူနေသည်ပင်။ ထို့နောက် ထိုအသံများ ပျောက်ကွယ်သွားသည်။
တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားသည်။
အချိန်အပိုင်းအစများ ပျံ့လွင့်နေသည်။ သူ ဤမြင်ကွင်းများကို ကြည့်နေသည်မှာ အချိန်မည်မျှကုန်ဆုံးသွားပြီမှန်းတောင် မသိတော့။ လအနည်းငယ်လာား .. နှစ်အများကြီးလား..
နောက်ဆုံးတွင်တော့ တစ်နေ့တွ၍် ထိုဆည်ပေါ်သို့ သွေးစွန်းပေနေသည့် လက်ဝါးတစ်ဖက် ပေါ်လာသည်။ ထိုလက်သည် သွေးများ ရွှဲနစ်နေကာ အလွန်ပျက်စီးနေသည်ပင်။
ထို့နောက် ထိုလက်သည် အားစိုက်ထုတ်လိုက်ကာ ဆည်ပေါ်သို့ ခက်ခက်ခဲခဲ တက်လာရလေသည်။ ခဏကြာပြီးနောက် ခေါင်းပေါ်လာသည်။
ထိုလူ၏ ဆံပင်များ ဖရိုဖရဲဖြစ်နေကာ မျက်နှာလည်း သွေးများ စွန်းပေနေသည်။ မျက်လုံးများမှာ အရောင်အဆင်းကင်းမဲ့နေကာ တောက်ပမှုမရှိ။ ခက်ခက်ခဲခဲရုန်းကန်ပြီးနောက် သူ ဆည်ပေါ်သို့ တက်လာနိုင်လေပြီ။
သူ့တစ်ကိုယ်လုံး နီရဲနေပြီး သူ့မျက်ခုံးကြားလည်း အက်ကွဲနေသည်။
သူ၏ချပ်ဝတ်တန်ဆာလည်း စုတ်ပြတ်နေသည်။
သူ၏ခန္ဓာကိုယ်သည် ဘယ်ညာယိမ်းယိုင်နေပြီး အကြိမ်ပေါင်းများစွာ လဲကျလိုက် ပြန်ထလိုက်ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ သူ ဆည်ကြီးမှ ထွဥ◌်လာနိုင်လေပြီ။
ဤလူမှာ ဤကန့်သတ်နယ်မြေအရှင်ပင်။ ရှီဟောင် ထိတ်လန့်သွားရသည်။
မူလက သူ့အဝတ်အစားများသည် နှင်းကဲ့သို့ ဖြူဖွေးနေသော်လည်း ယခုတော့ စုတ်ပြတ်နေသည့် ချပ်ဝတ်တန်ဆာကိုသာ မြင်ရတော့သည်။
နောက်ဆုံးတွင်တော့ ထိုလူ ပျောက်ကွယ်သွားသည်။
ရှီဟောင် ထို ကန့်သတ်နယ်မြေအရှင်ကို ကြည့်လိုက်သည်။ သူကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် ဆည်ထဲသို့ သွားပြီးနောက် သေမလိုဖြစ်ခဲ့သည်။
ထို့နောက် သူ သင်ကြားခဲ့သည့်တပည့်များအားလုံးလည်း ထိုနေရာသို့ သွားကာ သေဆုံးခဲ့ကြသည်လား..
“ဒီလက်ဖက်ရည်ကို သောက်တဲ့သူအားလုံးနီးပါး အဲဒီဆည်ကြောင့် သေသွားတာ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်သည်။
“အဲဒီမှာ တကယ်ပဲ ဘာရှိနေတာလဲ..” ရှီဟောင်မေးလိုက်၏။
“ဟူး .. အရင်တုန်းက သူတို့လည်း သိချင်နေကြတာ .. ဒါပေမဲ့ သူတို့တစ်ယောက်ပြီးတစ်ယောက် သေသွားကြတာ” ထိုအမျိုးသား ပြောလိုက်သည်။
ထို့နောက် သူသည် ရှီဟောင်ကိုကြည့်လိုက်ကာ “မင်း အဲဒီနေရာကို သွားချင်သေးလား .. မင်း အဲဒီကို သွားရဲလား..”
အခြားနေရာများသာဆိုပါက ရှီဟောင် တွေဝေနေကာ စဉ်းစားဦးမည်ပင်။ သို့သော် ဤနေရာကိုတော့ သူ တွေဝေမနေ။ သူ သွားရဲကြောင်း ချက်ချင်းပင် ခေါင်းညိမ့်လိုက်လေ၏။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ထိုဆည်နောက်၌ မိုးမခနတ်ဘုရား ချန်ရစ်ထားခဲ့သည့် လောကတစ်ခု ရှိနေသည်ပင်။ ဤအကြောင်းပြချက်ပင်လျှင် သူ သွားရန် လုံလောက်နေလေပြီ။ သူ အနှေးနှင့်အမြန် သွားရမည်။
ဤသည်မှာလည်း သူ ပို၍ စွမ်းအားကြီးလာမှသာ။
“ကျွန်တော် အဲဒီကို သွားရမယ် .. ကျွန်တော် အဲဒီနေရာကို သွားရဲတယ် .. ဒါပေမဲ့ စီနီယာ .. စီနီယာကျွန်တော့်ကို ကောင်းကင်ပညာတွေနဲ့ အဖိုးတန်ပညာတွေကို သင်ပေးရမယ် .. အရင်တုန်းက လူတွေကို သင်ပေးခဲ့သမျှအားလုံးကို သင်ပေးရမယ်..”
ရှီဟောင် မျက်လုံးများ တောက်ပလာကာ ထိုကဲ့သို့ ပြောလိုက်သည်။ သူ အစောကြီးကတည်းက ထိုရှေးဟောင်းပညာများကို လိုချင်နေသည်ပင်။ ထာဝရသတ်ဖြတ်ခြင်ပညာ၊ နဂါးလက်သီးကောင်းကင်ပညာ .. ဤပညာများအားလုံးမှာ စွမ်အားကြီးသည့်ပညာများပင်။
“ထာဝရရှေးဟောင်းခေတ် အဆုံးသတ်သွားပြီ .. မင်းပေါ်လာဖို့အတွက် ငါခေတ်တစ်ခုလုံး စောင့်ခဲ့ရတာ .. ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါ ဘယ်ပညာကိုမှ လက်ဆင့်ကမ်းမပေးတော့ဘူး..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ခေါင်းခါ၍ ပြောလိုက်သည်။
“ဘာလို့လဲ..”
ရှီဟောင် ထိတ်လန့်လာသည်။ ပထမဆုံးတစ်ယောက် အားဂုမှ နောက်ဆုံး နတ်သမီးချင်းယွဲ့ထိ သူ့ထံမှ ပညာမရခဲ့သည့်သူ မည်သူရှိသနည်း..
“ငါအရင်တုန်းက သူတို့ကို ပညာတွေသင်ပေးခဲ့ပြီးတော့ သူတို့ကို ပိုသန်မာလာအောင် လုပ်ပေးခဲ့တယ် .. ဒါပေမဲ့ သူတို့တွေက ကိုယ့်လမ်းကိုကိုယ် မလျှောက်ပဲနဲ ငါ့လမ်းကိုပဲ လျှောက်ခဲ့ကြတာ”
“သူတို့တွေ ငါ့ကို လိုက်မှီသွားတော့ရော ဘာဖြစ်မှာလဲ .. ငါနောက်တစ်ယောက် ရှိလာရုံကလွဲလို့ ဘာမှမပိုဘူး .. ငါလိုချင်တာက ငါ့ကိုကျော်နိုင်တဲ့သူ” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်သည်။
“အဲဒါဆိုရင် စီနီယာက ဘာလုပ်ချင်တာလဲ..” ရှီဟောင် မေးလိုက်၏။ သူ၏နှလုံးခုန်နှုန်းများ လျင်မြန်လာသည်။
“ခေတ်တစ်ခေတ်လုံး စောင့်ခဲ့ရပြီးတော့ သင့်တော်တဲ့သူကို တွေ့ခဲ့ရတာ .. ငါ မင်းကို မင်းလမ်းမင်းလျှောက်နိုင်အောင် ကူညီပေးမယ် .. မင်း ပြိုင်ဘက်ကင်းတဲ့သက်ရှိဖြစ်အောင် ကူညီပေးမယ်..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား ပြောလိုက်သည်။
“စီနီယာက ဘယ်လိုလုပ်ပေးမှာလဲ..” ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲနေလေပြီ။ အခွင့်အရေးကောင်းကြီးတစ်ခု သူ့မျက်စိရှေ့သို့ ရောက်နေပြီဆိုသည်ကို သူသိသည်။
အမှန်တကယ်တွင် သူ ထိုနည်းလမ်းများကို သင်ယူချင်သည်။ မတူညီသည့်ပညာပေါင်းများစွာကို လေ့လာပြီးနောက် သူ၏ကိုယ်ပိုင်ပညာကို တီထွင်မည်။ သူ့လမ်းသူ ထွင်မည်ပင်။
“ဒီကျောက်စိမ်းအပိုင်းအစလေးကို ယူသွားလိုက် .. မင်း အခု ထွက်သွားလို့ရပြီ .. မင်း လောကီရေးရာကိစ္စတွေနဲ့ ကင်းလွတ်ပြီဆိုတာနဲ့ ငါ့ကို ပြန်လာရှာလိုက်” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား၏အသံမှာ နောက်တစ်ကြိမ် အလွန်နူးညံ့လာသည်။ ဖျားယောင်းသည့်ခံစားချက်ပင် ခံစားနေရသည်။
ရောင်စုံအလင်းတောက်ပလာကာ ရှီဟောင်၏လက်ထဲတွင် ရှေးကျသည့်ကျောက်စိမ်းတစ်ပိုင်း ပေါ်လာသည်။
“သွားတော့..” အဖြူရောင်အဝတ်အစားနှင့် အမျိုးသား လက်ဝေ့ရမ်းပြလိုက်သည်။
ရှီဟောင် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
သို့သော် သူ ခေါင်းမော့လိုက်သည့်အချိန်တွင် သူ လုံးဝဆွံ့အသွားရသည်။
ဤနေရာတွင် ဘာတဲအိမ်၊ ဘာမြက်ခင်းမှ မရှိတော့။ စကြာဝဠာကန်လည်း ပျောက်သွားကာ ဆေးခင်းများလည်း ခြောက်ကပ်နေလေပြီ။
ပျက်စီးနေသည့် တောင်အချို့သာ ရှိတော့သည်။
ရှီဟောင် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည့် အရိုးခေါင်းတစ်ခုကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် သူ့လက်ထဲ၌ ကျောက်စိမ်းအပိုင်းလေးမရှိတော့။ သူ့ရှေ့ရှိ ထိုဦးခေါင်းခွံရှေ့၌ ရှိနေသည်ပင်။ ထို့အပြင် ပျက်စီးနေသည့် လက်ဖက်ရည်အိုးနှင့် လက်ဖက်ရည်ခွက်တစ်ပိုင်းလည်း ရှိနေသည်။
ရှီဟောင် ဆွံ့အသွားရသည်။
ဒါက ဘယ်လိုနေရာမျိးလဲ .. သူနဲ့စကားပြောခဲ့တာက ဘယ်သူလဲ..
ခဏကြာပြီးနောက် သူ အခြားအရိုးခေါင်းနှစ်ခုကို ထပ်တွေ့လိုက်ရသည်။ ထိုအရိုးခေါင်းနှစ်ခုမှာ အလွန်မှုန်မှိုင်းနေပြီး ထိုအဖြူရောင်ဦးခေါင်းနောက်၌ ရှိနေခြင်းပင်။
“ကန့်သတ်နယ်မြေအရှင်နဲ့ သူ့ရဲ့တာအိုကလေးနှစ်ယောက်..” သူ့အသံတုန်နေသလိုပင် ရှီဟောင် ခံစားလိုက်ရသည်။
လောကကြီးကို တုန်လှုပ်စေနိုင်ခဲ့တဲ့ပုဂ္ဂိုလ်က ဘယ်လိုလုပ် သေသွားရတာလဲ .. သူလည်းတစ်နေ့ကျရင် ဒီလိုမျိုး မြှုပ်နှံခံရမှာလား..
အပိုင်း ၁၉၂၆ ပြီး၏။
Chapter – 1927 ပျောက်ကွယ်သွားခြင်း
အဖြူရောင်အဝတ်အစားနှင့် အမျိုးသား မရှိတော့သလို တာအိုကလေးများလည်းမရှိတော့။ တဲအိမ်များ၊ ခမ်းနားသည့်နန်းတော်ကြီးများ၊ စကြာဝဠာကန်၊ ဝိညာဉ်တောင်များ.. ဘာမှမရှိတော့။
ဤနေရာ၌ တိတ်ဆိတ်မှုနှင့် ခြောက်ကပ်နေသည့်အရိုးတစ်ချို့သာရှိသည်။
ရှီဟောင် ခေါင်းစခြေဆုံး ကြက်သီးထသွားရသည်။ သူ ဘာကြုံတွေ့ခဲ့ရတာလဲ..
သူ ကြုံခဲ့ရသည့်အရာအားလုံးမှာ အစစ်အမှန်ပင်။ သို့သော်လည်း သူသည် ယခုမှ အိပ်မက်မှ နိုးထလာသည့်သူကဲ့သို့ တစ်ကိုယ်လုံး ကြက်သီးထလာရသည်။
ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သိထားရမည်မှာ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူပင်။ ထို့အပြင် သူသည် ဤခေတ်မှ စံချိန်အားလုံးကို ချိုးဖျက်ခဲ့သည့်သူပင်။
သို့သော်လည်း သူ အရူးလုပ်ခံနေရဆဲပင်။ ထိုအိပ်မက်မှာ လက်တွေ့ဆန်လွန်းလှသည်။
သူ ထိုအရိုးခေါင်းကိုကြည့်ပြီးနောက် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ၏အထင်သာမှန်လျှင် ဤသည်မှာ အလွန်ကြောက်စရာကောင်းလိမ့်မည်။
ခမ်းနားတဲ့ ကန့်သတ်နယ်မြေအရှင်က ဒီလိုမျိုးအဆုံးသတ်သွားတာလား..
လောကကို လွှမ်းမိုးနိုင်သည့် ခွန်အားရှိသည့်သူသည်လည်း နောက်ဆုံးတော့ ဘာမှမဟုတ်တော့။ သူ့ကိုယ်သူပင် မကယ်တင်လိုက်နိုင်။ သူသည် ကန့်သတ်နယ်မြေအရှင်ဖြစ်သော်လည်း ဤကဲ့သို့ တိတ်ဆိတ်ကာ ဘာမှမရှိသည့်နေရာတွင် အဆုံးသတ်သွားလေပြီ။
ဤအဖြစ်အပျက်မှာ ‘သရဲက အိပ်မက်ပေးပြီးတောင်းဆိုတယ်’ ဟူသည့် သာမန်လူများ ပြောသည့်စကားနှင့် တူသည်ပင်။ သေဆုံးသွားသည့် ဝိညာဉ်သည် ဤနည်းလမ်းမျိုးဖြင့် ဆက်သွယ်ကာ သူ၏ဆန္ဒကို ဖော်ပြသည်ပင်။
ကန့်သတ်နယ်မြေအရှင်မှာ သေချာပေါက် စွမ်းအားကြီးမည်ပင်။ သို့သော်လည်း သူသည် ဤကဲ့သို့သော နည်းလမ်းဖြင့်သာ ဆက်သွယ်နိုင်သည်။ ဤသည်မှာ တကယ်ကို သနားစရာကောင်းလှသည်။
ရှီဟောင် ထိုအရိုးခေါင်းကို ကြည့်ကာ လက်ခံနိုင်ရန် ခက်ခဲနေမိသည်။ သူ အခု အိပ်မက်မက်သလို ဖြစ်နေခဲ့တာတွေက ဒီအရိုးခေါင်းကြောင့်လား..
ဤခြောက်ကပ်နေသည့် နေရာကို လေအေးများ တဝူးဝူး ဖြတ်တိုက်သွားသည်။
ရှီဟောင် နောက်ကို တစ်လှမ်းချင်း လျှောက်သွားလိုက်ကာ ထိုအရိုးခေါင်းနှင့် ဝေးဝေးနေလိုက်သည်။ သူ သဲလွန်စများ ထပ်တွေ့လိုတွေ့ငြား ဘေးပတ်လည်ကို သေချာရှာဖွေလိုက်သည်။
ဤနေရာ၌ ပျက်စီးနေသည့် တောင်တန်းများ ရှိနေသည်။ သူ၏အိပ်မက်ထဲတွင် ဤတောင်များသည် ကောင်းကင်ကို ဖိနှိပ်နိုင်သည့် ဖိအားများ ထုတ်လွှတ်နေသည်။
တောင်ပေါ်တွင် သတ္တုနန်းတော်များစွာ ရှိနေပြီး ထိုနန်းတော်များကို တစ်ချက်ကြည့်လိုက်သည်နှင့် သူတို့ဝိညာဉ်ပင် နာကျင်သွားရလိမ့်မည်။
သို့သော် ယခုတော့ ပျက်စီးနေသည့်တောင်များမှလွဲလျှင် ဘာမှမရှိတော့။
ဒုန်း..
သူ ပျက်စီးနေသည့်ကျောက်တုံးအချို့ကို ကန်မိသွားသည်။ ထိုအချိန်တွင် လေအေးများ တိုက်ခတ်ကာ ဖုန်မှုန်နှင့် ပြာမှုန့်များ လွင့်ထွက်သွားကာ အဆောက်အဦးအုတ်မြစ်အချိုု့ ပေါ်လာသည်။
ထိုသတ္တုနန်းတော်များသည် ယခင်က ခမ်းနားလှသော်လည်း ယခုတော့ အကြွင်းအကျန်များသာ ရှိတော့သည်။
အားလုံး ပျက်စီးသွားလေပြီ။
ရှီဟောင် တစ်ဖက်လှည့်လိုက်သည့်အချိန်တွင် ဆေးခင်ရှေ့သို့ ရောက်လာသည်။ ဤနေရာတွင် အပင်ခြောက်များ ရှိနေသေးသည်။
ဤသည်မှာ တကယ် ထူးဆန်းလှသည်။ သတ္တုနန်းတော်ကြီးများပင် ပျက်စီးသွားသော်လည်း နတ်ဆေးပင်ခြောက်များက ရှိနေသေးသည်။
ရှီဟောင် ထိုဆေးခင်းနားသို့ ကပ်သွားသည်နှင့် အလင်းလှိုင်းများ ထွက်ပေါ်လာသည်။ ထိုဆေးပင်များနှင့် ပျက်စီးနေသည့် နတ်အပင်များမှာ ယခုတော့ ပြာဖြစ်သွားလေပြီ။
ရှီဟောင် ထိတ်လန့်သွားရ၏။ သူ အနားပင်မကပ်ရသေး။ ဤဆေးခင်း၏ သဘာဝဝိညာဉ်မှ ဆေးခင်း၏ နောက်ဆုံးပုံစံကို ထိန်းသိမ်းထားခြင်းပင်။
သို့သော် ယခုတော့ ထိုပုံစံ ပျက်ပြယ်သွားလေပြီ။
ထို့နောက် ရှီဟောင် ပြန်လှည့်ထွက်ခဲ့လိုက်သည်။ လမ်းတွင် ရွှေရောင်ခြင်္သေ့ကို တွေ့လိုက်ရ၏။ ထိုခြင်္သေ့သည် အိပ်ပျော်နေသကဲ့သို့ မလှုပ်မယှက် လဲနေလေ၏။
ရှီဟောင် ထိုခြင်္သေ့ထံသို့ လျှောက်သွားကာ သူ့ကို ပုတ်လိုက်၏။ သူ့အသက်အန္တရာယ်မရှိ။ တကယ် အိပ်ပျော်နေခြင်းပင်။
“ဘာဖြစ်တာလဲ..” ရွှေရောင်ခြင်္သေ့သည် ရုတ်တရက်ပင် မျက်လုံးများ ပွင့်လာကာ တစ်ကိုယ်လုံးရှိ အမွေးများ ထောင်ထလာလေ၏။ သူသည် မြန်မြန်နောက်ဆုတ်သွားကာ ရှီဟောင်အား ထိတ်လန့်တကြား ကြည့်နေလေ၏။
ဝေါင်း..
သူ၏လက်မှ နာကျင်မှုကို ခံစားနေရသည်။ ထို့နောက် သူ ခေါင်းမငုံ့ကြည့်ပဲ မနေနိုင်တော့။ ထို့အပြင် သူအိပ်နေစဉ်က ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကိုလည်း ပြန်မှတ်မိသွားသည်။
“စကြာဝဠာကန်၊ ငါ့အသားအရေ၊ ငါ့အမွေးနဲ့ .. ငါ့အသားတွေ..”
ရှီဟောင် စကြာဝဠာကန်ကို ဖြတ်စဉ်က သူလည်း ဖြတ်သန်းရန် ကြိုးစားခဲ့ဖူးသည်ကို သူမှတ်မိသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူ၏လက်သည် သဘာဝဥပဒေသများ၏ တိုက်စားမှု ခံလိုက်ရကာ အသားများ ကွာကျလာပြီး အရိုးဖြူများသာ ကျန်ခဲ့တော့သည်။ ထိုစဉ်က အလွန်နာကျင်ခဲ့ရသည်ပင်။
ယခုအချိန်ထိ ထိုနာကျင်မှုကို ခံစားနေရသလိုပင်။ ထို့အပြင် သူ၏လက်သည်းတွင် သွေးအချို့ ရှိနေသေးသည်။ သို့သော် သူ၏အရေပြား၊ အမွေးနှင့် အသားများတော့ ပြန်ပေါ်လာလေပြီ။
ဟမ်.. ရှီဟောင်လည်း လက်သည်းပေါ်မှ သွေးများကို တွေ့လိုက်ရသည်ပင်။ သူ အလွန်ထိတ်လန့်သွားရ၏။ အဲဒီတော့ သူ အိပ်မက်ထဲမှာ တွေ့ကြုံခဲ့တာတွေအားလုံးက အတုတော့ မဟုတ်ဘူးပေါ့..
“စကြာဝဠာကန်က ဘာလို့ခြောက်ကပ်သွားတာလဲ..” ရွှေရောင်ခြင်္သေ့ အနည်းငယ် ထိတ်လန့်သွားရသည်။ သူ့ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် ပို၍ ဆွံ့အသွားရလေ၏။
အစိမ်းရောင်မြက်ခင်းပြင်နဲ့ ထာဝရစွမ်းအင်တွေ ဘယ်ရောက်သွားပြီလဲ..
သက်ရှည်ဆေးပင် မွှေးရနံ့ကိုလည်း မရတော့။
ရွှေရောင်ခြင်္သေ့ ငေးကြောင်မိသွားသည်။ ထို့နောက် သူသည် လက်သည်းများဖြင့် ထိုခြောက်ကပ်နေသည့် ကန်လေးကို စတင်တူးလိုက်သည်။ ဤနေရာကို ဖုံးလွှမ်းနေသည့် သဲများ ရှိနေသေးသည်။
သို့သော် ထိတ်လန့်စရာကောင်းသည်မှာ သူ သဲများကို ထိလိုက်သည်နှင့် ကောင်းကင်ကြီး တုန်ခါလာကာ ကမ္ဘာမြေကြီး လှုပ်ခတ်လာသည်။ ဤနေရာတစ်ခုလုံး ဆူညံသံများ ဖုံးလွှမ်းသွားသည်။
ရွှေရောင်ခြင်္သေ့ အနောက်မြန်မြန်ဆုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ထိုသဲများကို ထိလိုက်သည့်အချိန်တွင် သဲများမှာ အလွန်လေးလံနေကြောင်း သိလိုက်ရသည်။ သဲတစ်မှုန်စီတိုင်းမှာ ကြယ်တစ်လုံးနှင့် ညီမျှသည်။
ရှီဟောင်လည်း ထိတ်လန့်သွားကာ အောက်ထိုင်ချပြီး သဲများကို လေ့လာလိုက်သည်။
သူ ထိုသဲများကို လက်ဖြင့် ဆုတ်ကိုင်လိုက်သည့်အချိန်တွင် ဤသဲများ လေးလံကြောင်း တွေ့သွားရသည်ပင်။
“ဒါက တကယ် စကြာဝဠာကန်ပဲ..” ရှီဟောင် အံ့အားတကြီး သက်ပြင်းချလိုက်ရသည်။
သဲတစ်မှုန်စီတိုင်းမှာ ကြယ်အစစ်ဖြစ်ပြီး သဲအဖြစ် ပုံစံပြောင်းထားခြင်းပင်။
စကြာဝဠာကန်မှာ တကယ်ရှိခဲ့သည်။ ဤနေရာသည် သူ့ဘာသာသူ စကြာဝဠာတစ်ခုအဖြစ် ရှိနေခြင်းပင်။ သို့သော် ဤနေရာသည် ကန့်သတ်နယ်မြေအရှင်နေသည့် တဲရှေ့၌ အလှဆင်ထားသည့် ကန်တစ်ခုသာ ဖြစ်ခဲ့သည်။
ထိုအရှင် သေသွားသည်နှင့် စကြာဝဠာကန်လည်း ခမ်းခြောက်သွားကာ သဲအဖြစ် ပြောင်းလဲသွားသည်။
ရှီဟောင် ထို ဦးခေါင်းခွံထံသို့ နောက်တစ်ကြိမ် ပြန်လျှောက်ခဲ့လိုက်သည်။
ရွှေရောင်ခြင်္သေ့သည် သူမြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေပြီး တစ်ကိုယ်လုံး ကြက်သီးထလာလေ၏။
ရှီဟောင် သက်ပြင်းချကာ ထိုင်ချလိုက်သည်။ သူ ဤအရိုးခေါင်းများကို မြေမြှုပ်ပေးခဲ့ချင်သည်။
သို့သော်လည်း သူ ထိုအရိုးခေါင်းဖြူကို မ,မနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရိုးခေါင်းသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထောက်ပေးထားသည့် နံရံကဲ့သို့ နည်းနည်းလေးမှပင် လှုပ်မလာ။
ဒါက ခေါင်းတစ်လုံးပဲကို ဘာလို့ ရွှေ့လို့မရတာလဲ..
သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် ကြယ်များနှင့် လများကိုပင် အလွယ်တကူ ခူးဆွတ်နိုင်သည်။ ကောင်းကင်နေကိုပင် ပြဿနာမရှိပဲ ဆုတ်ကိုင်နိုင်သည်ပင်။ သို့သော်လည်း သူ ဤအရိုးခေါင်းကို မ၍,မရဖြစ်နေသည်။
ခဏကြာပြီးနောက် ပုံမှန်မဟုတ်သည့်အရာများကို သူတွေ့လိုက်ရသည်။
သူ ဘေးပတ်လည်ရှိ မြေကြီးများကို တူးကြည့်လိုက်သည့်အချိန်တွင် ကျောက်တိုင်အချို့ကို တွေ့လိုက်ရသည်။ ထိုကျောက်တိုင်များ၌ စာလုံးများရေးထိုးထားသည်ပင်။ အချို့စာလုံးစုတ်ချက်များမှာ စွမ်းအားကြီးပြီး အချို့စုတ်ချက်များမှာ နူးညံ့သည်ပင်။
ပထမဆုံးကျောက်တိုင်တွင် အားဂုဟူသည့်နာမည် ရေးထိုးထားသည်။
ဒါက ကန့်သတ်နယ်မြေအရှင်ပြောတဲ့ စွမ်းအားအကြီးဆုံး မူလဖရိုဖရဲကလန်က ပထမဆုံးလူငယ်မဟုတ်ဘူးလား..
သူ ကျောက်တိုင်များကို တစ်ခုပြီးတစ်ခု ကြည့်လိုက်၏။ သေချာပါသည်။ ဤနာမည်အားလုံးမှာ သူ ထိုအိပ်မက်ထဲတွင် တွေ့ခဲ့ရသည့် လူငယ်လေးများပင်။
နောက်ဆုံးကျောက်တိုင်မှာ နတ်သမီးချင်းယွဲ့ပင်။
ဤသည်မှာ ပုံရိပ်ယောင်မဟုတ်။ အားလုံးမှာ အစစ်အမှန်ပင်။
“ဒါက..”
သူ ဤကျောက်တိုင်များထံမှ အမှန်တရားအချို့ သိခဲ့ရသည်။ ယခင်က ဤနေရာသို့ ရောက်လာသည့် လူငယ်များ တကယ်ရှိခဲ့သည်။ ထို့အပြင် သူတို့သည် ဤအရှင်ထံမှ ပညာများရရှိခဲ့ကာ ဤကန့်သတ်နယ်မြေအရှင်ကို သူတို့ဆရာအဖြစ် အရိုအသေပေးခဲ့ကြသည်။
သို့သော် ထိုအချိန်ကတည်းက ဤကန့်သတ်နယ်မြေအရှင်မှာ သက်ရှိမဟုတ်တော့။ အရိုးခေါင်းသာ ရှိတော့သည်။
နောက်ဆုံးတွင်တော့ သူတို့ ဤအရိုးခေါင်းကို မြှုပ်ပေးချင်သော်လည်း ရွှေ့၍မရခဲ့။ ထို့ကြောင့် သူတို့သည် ကျောက်တိုင်များဖြင့် ဤနေရာအား အရိုအသေ ပေးခဲ့ကြသည်ပင်။
ရှီဟောင် ခေါင်းကိုက်လာရသည်။ ဒီကန့်သတ်နယ်မြေအရှင်က ဘယ်ခေတ်တုန်းကလဲ .. ထာဝရရှေးဟောင်းခေတ်အစပိုင်းကတည်းက သူက အရိုးခေါင်းဖြစ်နေပြီဆိုတော့ သူက ဘယ်ခေတ်မှာ သေသွားခဲ့တာလဲ..
မြေပြင်ထက်တွင် လက်ဖက်ရည်အိုး၊ ကျောက်စိမ်းတစ်ပိုင်းနှင့် ပျက်စီးနေသည့်ခွက်များ ရှိနေသည်။ အားလုံးမှာ အလွန်ရှေးကျလှပြီး သူ အိပ်မက်ထဲတွင် တွေ့ခဲ့ရသည့်အရာများနှင့် တူနေသည်။
ရှီဟောင် ထိုလက်ဖက်ရည်အိုးနှင့် ပျက်စီးနေသည့် လက်ဖက်ရည်ခွက်များကို ကောက်ကိုင်လိုက်သည်။ သူ ထိတ်လန့်သွားရသည်မှာ ထိုအိုးထဲမှ လက်ဖက်ရည် ထွက်လာနေဆဲပင်။ လက်ဖက်ရည်များမှာ နီရဲကာ ပူနွေးနေဆဲ။
ရှီဟောင် ထိတ်လန့်သွားရ၏။ နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်းများစွာ ကြာပြီးသွားတာတောင်မှ ပူပူနွေးနွေး လက်ဖက်ရည် ရှိနေသေးတာလား..
ရွှေရောင်ခြင်္သေ့လည်း အလွန်ထိတ်လန့်သွားကာ တံတွေးမြိုချသံ ဂလုခနဲ ထွက်ပေါ်လာ၏။ အဘယ်ကြောင့်ဆိုသော် ထိုလက်ဖက်ရည်နံ့မှာ သင်းပျံ့လွန်းလှသည်။
ရှီဟောင် ထိုလက်ဖက်ရည်ကို နည်းနည်းမြည်းကြည့်လိုက်သည်။ အရသာမှာ ယခင်အတိုင်း မသောက်နိုင်လောက်အောင် ခါးကာ ဖန်နေဆဲပင်။
ရွှေရောင်ခြင်္သေ့ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည့်အချိန် သူ့ကို မြည့်ကြည့်ခိုင်းလိုက်သည်။
ထို့နောက် ရွှေရောင်ခြင်္သေ့သည် အော်ဟစ်ကာ မြေပြင်၌ လူးလိမ့်နေလေသည်။ သူ့တစ်ကိုယ်လုံးမှာ ပေါက်ကွဲတော့မတတ်ပင်။
“ခါးတယ် .. နာလိုက်တာ..” သူ၏အော်သံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင် ထူးဆန်းမှုကို ခံစားလိုက်ရသည်။ သူခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် တဲအိမ်ပြန်ပေါ်လာပြီး တောင်များ၊ သတ္တုနန်းတော်များနှင့် ဆေးခင်းများလည်း ယခင်အတိုင်း ပြန်ဖြစ်သွားသည်။
ထို့အပြင် အဖြူရောင်အဝတ်အစားနှင့် အမျိုးသားလည်း သူ့ရှေ့၌ ထိုင်နေကာ သူ့ဘေးတွင် သူ၏တာအိုကလေးနှစ်ဦး ရှိနေသည်။
“ဒါက သာမန်လူတွေ သောက်လို့ရတဲ့ဟာ မဟုတ်ဘူးလို့ ငါပြောခဲ့သားပဲ..” သူ ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူ ရွှေရောင်ခြင်္သေ့၏ခေါင်းကို ပုတ်ပေးလိုက်သည်နှင့် ထိုခြင်္သေ့ ကျယ်လောင်စွာ ချောင်းဆိုးသွားပြီး မြေပြင်ထက်သို့အရည်စက်အနည်းငယ် ထွက်ကျလာသည်။ ထိုအချိန်မှသာ သူ၏နာကျင်မှုများ ရပ်တန့်သွားတော့သည်။
“စီနီယာ..” ရှီဟောင် တုန်ယင်စွာ ခေါ်လိုက်သည်။
“မင်းသွားလို့ပြီ .. လောကီရေးရာတွေအားလုံးကို ဖယ်ရှားနိုင်တဲ့နေ့ကျရင် ငါနဲ့ စကားပြန်လာပြောပေါ့..”
ယခုတစ်ခေါက်တော့ ရှီဟောင်သည် တွေဝေမနေပဲ ထိုကျောက်စိမ်းအပိုင်းအစကို ဆုတ်ကိုင်လိုက်သည်။ သူ ထရပ်လိုက်သည့်အချိန်တွင် အရာအားလုံးပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူ့ရှေ့တွင် အရိုးများသာ ရှိတော့သည်။
“ငါ့ ခန္ဓာကိုယ်က ကွယ်လွန်သွားပြီ .. ဖြစ်ပြီးသွားတဲ့ကိစ္စတွေက ပြန်မပြင်နိုင်တော့ဘူး”
ဤသည်မှာ သူ ထွက်မသွားခင် ရှီဟောင် ကြားလိုက်ရသည့်အသံပင်။
ရွှေရောင်ခြင်္သေ့ စိတ်ထဲ တုန်လှုပ်သွားရသည်။ သူသည် ရှီဟောင်ကို ကျောပေါ်သို့ တင်လိုက်ကာ ရှီဟောင် အမိန့်မပေးရပဲ ဤနေရာနှင့် ဝေးရာကို တတ်နိုင်သမျှ အားသွန်ခွန်စိုက် ထွက်ပြေးသွားလေ၏။
အပိုင်း ၁၉၂၇ ပြီး၏။
Chapter – 1928 အိမ်ပြန်ခရီး
ရွှေရောင်ခြင်္သေ့ အလွန်ကြောက်ရွံ့နေသည်ပင်။ မည်သည့်ခေတ်က မွေးဖွားမှန်းမသိရသည့်သူ၏ ဦးခေါင်းခွံဖြစ်သော်လည်း စကြာဝဠာကြီးကို ကန်တစ်ခုအဖြစ် ဖန်တီးနိုင်ပြီး အတိတ်နှင့်ပစ္စုပ္ပန်ကို အိပ်မက်အဖြစ် ပြောင်းလဲနိုင်သည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
သူသည် လျှပ်စီးကဲ့သို့ပင် လျင်မြန်စွာ သွားနေလေ၏။ မျက်စိတစ်မှတ်အတွင်းမှာပင် သူသည် လီပေါင်း ထောင်ပေါင်းများစွာကို ဖြတ်ကျော်ပြီးသွားပြီဖြစ်သည်။ သူသည် သာမန်အချိန်ထက်ကို လျင်မြန်နေသည်ပင်။
ရှီဟောင် သူ့လက်ထဲတွင်ရှိနေသည့် ကျောက်စိမ်းအပိုင်းအစလေးကို ပွတ်သပ်ကြည့်ရင်း စဉ်းစားနေမိသည်။ ထို့နောက် သူ ထိုကျောက်ကို သိမ်းထားလိုက်တော့သည်။
ဤသည်မှာ ခန္ဓာကိုယ်အစစ်မဟုတ်ပဲ ခေါင်းလေးတစ်လုံးသာ ဖြစ်သော်လည်း မတူညီသည့်မျိုးဆက်များမှ လူငယ်များကို ပညာသင်ပေးနိုင်ခဲ့သည်။ ဤသည်မှာ တကယ်ကို ထူးခြားလှသည်ပင်။
သို့သော် ရှီဟောင် စိတ်အဝင်စားဆုံးမှာ ထိုသူ သွားရောက်ခဲ့သည့် ဆည်ကြီးပင်။
သူသိထားသလောက်ဆိုလျှင် ထိုထဲသို့ ဝင်သွားသည့်သူများအားလုံး သေဆုံးသွားခဲ့ကြပြီး မည်သူမှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ခဲ့ကြ။ သို့သော် သူကတော့ ထွက်လာနိုင်ခဲ့သည်။
“ဒါပေမဲ့ သူ့ဒဏ်ရာတွေက အရမ်းပြင်းလွန်းတော့ နောက်ဆုံးတော့ သေသွားရတာပဲ..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။ သူမြင်လိုက်ရသည့်မြင်ကွင်းကို သူမှတ်မိနေသေးသည်။ ထိုအဖြူရောင်အဝတ်အစားနှင့် အမျိုးသား ဆည်ထဲမှ ထွက်လာသည့်ပုံစံမှာ သူ့စိတ်ထဲ၌ စွဲထင်ကျန်နေရစ်နေဆဲပင်။ သူ့တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေကာ ခန္ဓာကိုယ်လည်း ယိုင်နဲ့နေခဲ့သည်ပင်။
စွမ်းအားကြီးသည့်သူ၏ အသွေးအသားများ ပျက်စီးသွားလျှင် သွေးစက်တစ်စက်ကျန်လျှင်ပင် သူတို့၏ခန္ဓာကိုယ်ကို ပြန်လည်ထုဆစ်နိုင်သည်။ သို့သော်လည်း ဤကဲ့သို့သော စွမ်းအားကြီးလှသည့် ကန့်သတ်နယ်မြေအရှင်ပင် သေဆုံးသွားရသောကြောင့် သူ၏ဒဏ်ရာများမှာ အလွန်ကြောက်စရာကောင်းမည်ပင်။
သူတို့အတော်ဝေးဝေးရောက်၍ နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့အနောက်ဘက်ရှိ အရာအားလုံးမှာ တိတ်ဆိတ်နေသည်။ မြူခိုးများသာ တစ်လွှာပြီးတစ်လွှာ ရစ်ဆိုင်းနေပြီး ဘာကိုမှ မမြင်ရတော့။
“တကယ်ကို ထူးဆန်းတယ်..”
ရွှေရောင်ခြင်္သေ့ ခြေလှမ်းလှမ်းရန် ကြိုးစားလိုက်သည့်အချိန်တွင် သူ မူးဝေနေပြီး လမ်းပျောက်နေသည်ကို တွေ့လိုက်ရသည်။ နောက်ဆုံးတွင်တော့ သူလမ်းကို ရှာမတွေ့တော့။
“ငါတို့ ဘယ်လမ်းသွားရမလဲ..” သူ စိုးရိမ်လာရသည်။ သူ့ပတ်လည်တွင် မြူများအုံ့ဆိုင်းနေပြီး သူ လမ်းကြောင်းကို မသိတော့။
ရှီဟောင်မှာ လမ်းမပျောက်သေး။ အလင်းတန်းများကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဆဲဖြစ်သောကြောင့် သူထိတ်လန့်သွားရသည်။
ဒီကျောက်စိမ်းအပိုင်းအစကြောင့်လား.. ရှီဟောင် ထိုကျောက်စိမ်းကို ထုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူလည်း လောကကြီး ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။
သူ ထိုကျောက်စိမ်းအပိုင်းအစလေးကို မြန်မြန်ကောက်ယူလိုက်သည်။ ဘာဖြစ်နေသည်ကို သူနားလည်သွားလေပြီ။
“မရပ်နဲ့ .. အရှေ့ဆက်သွား..” ရှီဟောင် ပြောလိုက်၏။
“အဲဒါက နောက်ပြန်သွားနေတာ မဟုတ်ဘူးလား..” ရွှေရောင်ခြင်္သေ့ မသေချာသဖြင့် မေးလိုက်သည်။
“အများကြီးမမေးနဲ့ အရှေ့တည့်တည့်သာသွား”
သူတို့ လီပေါင်း ငါးသိန်းထိရောက်အောင် သွားပြီးနောက်တွင် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူတို့ နေ၊ သားရဲများနှင့် ငှက်များကို တွေ့လိုက်ရ၏။ သူတို့ ထူးဆန်းသည့်နယ်မြေမှ ထွက်လာနိုင်ခဲ့လေပြီ။
ရွှေရောင်ခြင်္သေ့ နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့နောက်၌ မြစ်ကြီးတစ်စင်း စီးဆင်းနေကာ နောက်ပြန်သွားသည့်လမ်းကို ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် မြေပြင်ကို ဖုံးလွှမ်းနေသည့် ချော်ရည်များလည်း ရှိနေသည်ပင်။
သူ လမ်းပြန်ရှာပြီး ပြန်သွားလျှင်ပင် အသက်ကန့်သတ်နယ်မြေကိုပြန်ရောက်နိုင်မည်မဟုတ်တော့ကြောင်း သူသိသည်ပင်။ ထိုနေရာသည် မူလဖရိုဖရဲလေဟာနယ်၌ ရှိနေခြင်းပင်။
ဒုန်း..
ခပ်ဝေးဝေးတွင် ပြင်းထန်လှသည့် အသံများ ထွက်ပေါ်လာသည်။ အချို့တောင်များ ပျက်စီးသွားကာ မီးခိုးနှင့် ဖုန်မှုန့်များ လှိုက်တက်လာသည်။
“အဖေ .. အမေ..”
ရှီဟောင် ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် တောင်များထဲမှ ဖြတ်ဖောက်လာနေသည့် သင်္ဘောတစ်စင်းကို တွေ့လိုက်ရသည်ပင်။
ဘာဖြစ်နေတာလဲ..
ရွှီးဟူသည့်အသံနှင့်အတူ ရွှေရောင်ခြင်္သေ့ ရှီဟောင်ကို ခေါ်ကာ ထိုနေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ရှီဟောင် ရွှေရောင်ခြင်္သေ့ပေါ်မှ ခုန်ချကာ သူတို့ကို နှုတ်ဆက်လိုက်သည်။
“ကလေး . မင်းပြန်လာပြီ..” ချင်းရိနင် သက်ပြင်းချလိုက်သည်။ သူမ ယခုမှသာ စိတ်အေးနိုင်တော့သည်။ ရှီဟောင် တစ်ခုခုဖြစ်မည်ကို သူမ အလွန်စိုးရိမ်နေသည်ပင်။
ခဏကြာပြီးနောက် ဘာဖြစ်နေသည်ကို ရှီဟောင်သိသားသည်။ ရှီကျီလင်းနှင့် ချင်းရိနင်တို့သည် ကလေးများကို လုံခြုံသည့်နေရာသို့ ပို့ကာ ယွမ်ရှီးအား စောင့်ကြည့်ခိုင်းထားလိုက်သည်။ သူတို့ကတော့ ရှီဟောင်ကို ပြန်လာရှာသည်ပင်။
သူတို့ကျင့်ကြံဆင့်သည် ရှီဟောင်လောက် မမြင့်သည်ကို သူတို့သိသော်လည်း သူတို့ ရှီဟောင်အတွက် စိုးရိမ်နေဆဲပင်။
နောက်ဆုံးတွင် သူတို့သည် ရွှေရောင်ခြင်္သေ့ကဲ့သို့ လမ်းပျောက်သွားပြီး သင်္ဘောကြီးလည်း ဘယ်ညာယိမ်းယိုင်နေသည်။
“ကောင်းပြီလေ .. ဒီနေရာကနေ ထွက်သွားကြရအောင် .. ဒီကို ပြန်မလာနဲ့တော့ .. ဒီနေရာမှာ ထူးဆန်းတဲ့ နယ်မြေတစ်ခုရှိနေတယ် .. ဒါက အသက်ကန့်သတ်နယ်မြေပဲ..” ရှီဟောင် ရှင်းပြလိုက်၏။
လီပေါင်း တစ်သိန်းသွားပြီးနောက် သူတို့ ယွမ်ရှီးနှင့် တွေ့လိုက်ရသည်။ ကလေးများလည်း စိုးရိမ်နေကြသည်ပင်။
သူတို့ စစ်သင်္ဘောရှိ ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့ကို တွေ့သည့်အချိန်မှ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြသည်။
“လာခဲ့ .. မင်းတို့အားလုံး တက်ခဲ့ကြ”
ကလေးများသည် ထိုစကားကို ကြားသည်နှင့် မျောက်အုပ်စုကဲ့သို့ သင်္ဘောပေါ်သို့ လျင်မြန်စွာ တက်လာကြလေသည်။
အချို့ကလေးများမှာ အလွန်ငယ်သေးပြီး ယခုမှ လမ်းစလျှောက်ခါစသာ ရှိသေးသည်။ ရှီဟောင် လက်ဝေ့ရမ်းလိုက်သည်နှင့် ထိုကလေးများအားလုံး သင်္ဘောပေါ်သို့ ရောက်သွားလေ၏။
စစ်သင်္ဘောကြီး အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာသွားနေလေပြီ။ သူတို့ စွန့်ပစ်နယ်မြေကို ရောက်သည့်အချိန်မှ သူတို့ မည်သည့်နေရာသို့ ရောက်နေမှန်းသိတော့သည်။
“ကောင်းကင်နယ်မြေ..”
အဆင့်နိမ့်နယ်မြေ၌ နယ်မြေရှစ်ခုရှိသည်။ ကောင်းကင်၊ မြေကြီး၊ ထူးဆန်းမှု၊ ဟင်းလင်းပြင်၊ လေဟာနယ်၊ အပြင်ဘက်၊ ရေနှင့် စွန့်ပစ်နယ်မြေတို့ပင်။
ဤနေရာများကို အကျဉ်းထောင်ရှစ်ခုဟုလည်း ခေါ်ကြသသည်ပင်။
“ဒါက ကောင်းကင်နယ်မြေ .. ဒီနယ်မြေမှာ အသက်ကန့်သတ်နယ်မြေရှိတယ် .. ဒါပေမဲ့ အဆင့်မြင့်နယ်မြေက လူတွေ ဘယ်သူမှ မသိကြဘူး” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။
“ယင်ယန်ကြက်ခြေခတ်မြေက ကန့်သတ်နယ်မြေများလား .. သူတို့က အဆင့်နိမ့်နယ်မြေကို ဆင်းဖို့အတွက် ဖိအားပေးခံခဲ့ရတာများလား..” ယွမ်ရှီး မေးလိုက်သည်။
ဤသည်မှာ ဖြစ်နိုင်သည်ပင်။ သူတို့ ယင်ယန်ကြက်ခြေခတ်နယ်မြေမှ ထွက်လာသည်နှင့် ဤနေရာသို့ တန်းရောက်လာသည်ပင်။ ဤနေရာနှစ်ခုမှာ ဆက်စပ်နေမည်ပင်။
“ဖြစ်နိုင်တယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။
စစ်သင်္ဘောကြီးမှာ အလွန်ကြီးမားလှသည်။ ဤသည်မှာ ကောင်းကင်ထက်၌ တိမ်မဲကြီး ရွှေ့လျားနေသကဲ့သို့ပင်။ ခဏကြာပြီးနောက် သူတို့ ‘နယ်ခြားနံရံ’ကို ဖြတ်ကျော်သွးကာ အခြားရှေးဟောင်းနယ်မြေတစ်ခုသို့ ရောက်သွားသည်။
ဤသင်္ဘောကြီးမှာ ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲကိုယ်တိုင် လုပ်ပေးလိုက်ခြင်းဖြစ်သောကြောင့် သူ၏နတ်ခွန်အားမှာ တိုင်းတာ၍ မရနိုင်လောက်အောင်ပင်။
ယခုနယ်မြေမှာ ထူးဆန်းမှုနယ်မြေပင်။ ဤနယ်မြေတွင် အနောက်ဘက်ဂိုဏ်းနှင့် ထာဝရတောင်တို့ ရှိနေသည်ပင်။ နှစ်ခုလုံးမှာ ထိပ်တန်းအဆင့်ဂိုဏ်းများပင်။
သို့သော် ရှီဟောင် ဤနေရာကို ဖြတ်သွားရုံ ဖြတ်သွားခြင်းဖြစ်ပြီး ဤနေရာ၌ ရပ်တန့်ရန် စိတ်ကူးမရှိသလို ‘သူတို့ကို သွားလည်ရန်’လည်း စိတ်ကူးမရှိ။ သူတို့ ကျောက်တုံးကျေးရွာသို့သာ အမြန်ရောက်ချင်နေသည်။
ဝုန်း..
လေဟာနယ်ကြီး တုန်ခါသွားကာ အခြားသင်္ဘောတစ်စင်း ပေါ်လာသည်။ သင်္ဘောနှစ်စင်းမှာ တိုက်မိလုနီးပါးပင်ဖြစ်သွားသည်။
ဤသင်္ဘောကြီး၏ ဒီဇိုင်းမှာ အလွန်တောက်ပလှသည်။ သင်္ဘောပတ်လည်၌ နတ်ငှက်များနှင့် လေဟာနယ်သားရဲပုံရိပ်များ ဝေ့ဝဲနေသည်။ ဤသည်မှာ ဤသင်္ဘောကို ကာကွယ်နေသည့် အရိုးစာသားများပင်။
ဤသည်မှာ ဘုရင်တစ်ပါး၏သင်္ဘောနှင့်ပင် တူနေသည်။
သို့သော် ရှီဟောင်၏ သင်္ဘောနှင့်ယှဉ်လျှင်တော့ အဆင့်မတူတော့ပေ။
ရှီဟောင်၏သင်္ဘောမှာ အတော်လေး သာမန်ဆန်နေပြီး အနည်းငယ် ပိုကြီးနေသည်။ ဤသည်မှာ အဆင့်နိမ့်နယ်မြေသို့ ရောက်လာပြီးနောက် သူ သေချာထိန်းချုပ်ထားလိုက်သောကြောင့်ပင်။ သူသာ အားအပြည့်ဖြင့် မောင်းနှင်လျှင် သူတို့သွားသည့်နေရာတိုင်းရှိ တောတောင်နှင့်မြစ်များအားလုံး ပျက်စီးသွားလိမ့်မည်။
“ဘယ်သူလဲ..” တစ်ဖက်သင်္ဘောပေါ်မှ အသံတစ်သံ ထွက်လာသည်။
ရှီဟောင်သည် လှေဦးထိပ်၌ ရပ်နေပြီး စကားမပြော။ သူ နောက်ဆုံးတော့ ပြန်ရောက်လာလေပြီ။
ဤလောကကြီးတွင် သဘာဝဥပဒေသများကင်းမဲ့သောကြောင့် သူသာ တိုက်ခိုက်လျှင် အဆပေါင်းများစွာ ပို၍ ပြင်းထန်မည်ပင်။
တစ်ဖက်မှ လူများ၏ဇစ်မြစ်သည်လည်း မသေးလှ။ အနည်းဆုံးတော့ သူတို့သည် ဤထူးခြားမှုနယ်မြေ၌ စွမ်းအားကြီးသည်ဟု ပြော၍ရသည်။ တစ်ဖက်လူမှ စိတ်လွတ်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့ချက်ချင်း စိတ်တိုသွားရသည်။
“ဟေး လူငယ်လေး .. မင်းဘာလို့ ငါတို့လမ်းကို လာပိတ်တာလဲ ..”
ဤသည်မှာ အကြီးအကဲတစ်ဦးဖြစ်သော်လည်း သူသည် အတော်လေးဒေါသကြီးလှသည်ပင်။
“အိုးတောင်းပန်ပါတယ် .. ကျွန်တော်တို့က ဖြတ်သွားရုံပါပဲ လမ်းပိတ်ဖို့ မရည်ရွယ်ပါဘူး..” ရှီဟောင် အတွေးပြန်ဝင်သွားကာ တစ်ဖက်လူကို ခေါင်းညိမ့်ပြလိုက်သည်။
ရွှေရောင်ခြင်္သေ့ မျက်လုံးလှန်လိုက်သည်။ သူသာဆိုလျှင်တော့ တစ်ဖက်သင်္ဘောကို လက်တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်မည်ပင်။ မည်သူက မည်သူ့ကို တားထားခြင်းဖြစ်သနည်း..
သို့သော်လည်း ရှီဟောင်သည် သူ့ကို မလိုအပ်ပဲ မလှုပ်ရှားရန် မှာထားပြီးသားပင်။
“ဦးလေးဖုန်း .. ဘာဖြစ်လို့လဲ..” နူးညံ့သည့်အသံတစ်သံ ထွက်ပေါ်လာကာ အစေခံများစွာ ခြံရံထားသည့် မမလေးတစ်ဦး လှေထိပ်သို့ ရောက်လာသည်။
ဤမိန်းမပျိုလေးမှာ အလွန်လှပလှသည်ပင်။ သူမသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လှေထိပ်၌ ရပ်နေလေ၏။
သူမ၏ မျက်ခုံးကြားတွင် ကြံ့တံဆိပ်ရှိနေပြီး သူမဆံပင်များကြားတွင် ကျောက်စိမ်းဦးချိုတစ်စုံရှိနေသည်။ သူမသည် နဂါးမိန်းမပျိုနှင့်တူသည်။
မိန်းမပျိုလေးသည် ခေါင်းမော့ကာ တစ်ဖက်မှ လှေကို ကြည့်လိုက်သည်။ လှေထိပ်မှ လူငယ်လေးကို တွေ့လိုက်ရသည်နှင့် သူမ ချက်ချင်း ဆွံ့အသွားရသည်။
“ရှင် .. ရှင်က..”
နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်သော်လည်း ဤလူငယ်လေးမှာ ယခင်တိုင်း ချောမောနေဆဲ၊ ဘာမှမပြောင်းလဲ။ အနည်းငယ် အရပ်ရှည်ပြီး ပို၍ သူရဲကောင်းဆန်လာရုံပင်။ သူ၏မျက်လုံးများမှာ ယခင်ကကဲ့သို့ တောက်ပနေဆဲပင်။
“ရှီဟောင်..” နောက်ဆုံးတွင်တော့ သူမ အော်ဟစ်လိုက်သည်။
“ရှီဟောင် .. အဲဒီရှီဟောင်လား..”
“ဒဏ္ဍာရီလာ ကျောက်တုံးလေးလား..”
လှေဦးထိပ်ပိုင်းမှ လူအချိုု့ ထိတ်လန့်တကြား အော်ဟစ်လာကြသည်။
“ဟုတ်တယ် .. သူပဲ.. ကျောက်တုံးလေးပဲ..”
“ဟုတ်တယ် မမှားဘူး .. ငါသူ့ကို ဟင်းလင်းပြင်နတ်ဘုရားနယ်မြေမှာ တွေ့ဖူးတယ် .. သေချာပေါက် သူပဲ..”
“ဘုရားရေ .. ဒါက တကယ် ကျောက်တုံးလေးပဲ .. သူဘာလို့ ပေါ်လာတာလဲ .. သူ အဆင့်နိမ့်နယ်မြေကို ပြန်လာတာလား..”
“အရင်တုန်းက မမလေးတစ်ယောက်ကို အဖော်ပြုပေးရင်းနဲ့ သူနဲ့တွေ့ဖူးတယ် .. သူက ကျောက်တုံးလေးပဲ..”
လှေဦးထိပ်၌ မိန်းကလေးတစ်ခု စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။
ဦးလေးဖုန်းဟုခေါ်သည့် အကြီးအကဲပင်လျှင် ထိုလူငယ်လေးကို မယုံကြည်နိုင်စွာ ကြည့်နေလေ၏။
“မင်းသမီး ချန်းချန်း .. မတွေ့တာကြာပြီ..” ရှီဟောင် ပြောလိုက်သည်။ သူငယ်ချင်းဟောင်းတစ်ယောက်နှင့် ဤမျှမြန်မြန်ဆန်ဆန်တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့။
မင်းသမီးချန်းချန်းမှာ ဤထူးဆန်းမှုနယ်မြေရှိ ထိပ်တန်းအလှ ဆယ်ဦးထဲမှ တစ်ဦးပင်။ ယခင်က သူ့ကို ထာဝရတောင်မှ တပည့်တစ်ဦးလိုက်ဖမ်းသောကြောင့် သူမအား ကူညီပေးခဲ့ဖူးသေးသည်ပင်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း မင်းသမီးချန်းချန်းမှာ သိပ်မပြောင်းလဲ။ ယခင်အတိုင်း လှနေဆဲပင်။ ယခုအချိန်တွင် သူမ၏ပါးစပ်လေးမှာ ‘၀’ ပုံစံလေး ဖြစ်နေလေပြီ။
“ရှင် အဆင့်မြင့်နယ်မြေကို သွားခဲ့တာမဟုတ်ဘူးလား .. ရှင် ပြန်လာနိုင်သေးတာလား..” ဤသည်မှာ လက်မခံနိုင်စရာ ကောင်းလှသည်ပင်။
“ငါက ဘယ်သူမို့လို့လဲ .. ဒဏ္ဍာရီလာ ကောင်းကင်ကို ဆန့်ကျင်တဲ့ အဆင့်လွန်သက်ရှိပဲ .. ငါ မသွားနိုင်တဲ့နေရာ ဘယ်နေရာရှိလို့လဲ .. ငါ အိမ်ကို သတိရလို့ အိမ်ပြန်လာတာ” ရှီဟောင် နှစ်လိုဖွယ်ကောင်းစွာ ပြောလိုက်သည်။
တစ်ဖက်သင်္ဘောမှ လူများမှာ လုံးဝယုံကြည်သွားကြလေပြီ။ ဤသည်မှာ ကျောက်တုံးလေးပင်။ သူသည် ဒဏ္ဍာရီအတိုင်း အရေထူကာ အစားစားရသည်ကိုနှစ်သက်ပြီး ‘ဖက်တီးမိန်းမပျို’ လေးများကို ကြိုက်သည်ပင်။
အချိန်အတော်ကြာမှ မင်သမီးချန်းချန်းအသိပြန်ဝင်သွားသည်။ ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်ပင်။ ဒဏ္ဍာရီလာ ကျောက်တုံးလေးသည် အဆင့်မြင့်နယ်မြေသို့ သွားပြီးနောက် ပြန်ရောက်လာလေပြီ။
“ကျောက်တုံးလေး .. ငါ့ကလန်ကို လာလည်ဖို့ ဖိတ်ချင်တယ်..” မင်းသမီးချန်းချန်း၏ မျက်လုံးများမှာ တလက်လက်တောက်ပနေသည်။
“ငါ ဒီနေ့မှ ပြန်လာတာ .. အဲဒီတော့ ငါ ကျောက်တုံးကျေးရွာကို အရင်သွားဖို့လိုတယ် .. နည်းနည်းလောက်စောင့်ဦး..”
ထို့နောက် သူသည် ရယ်မောကာ “မင်းအားရင် စွန့်ပစ်နယ်မြေက ကျောက်တုံးတိုင်းပြည်ကို လာခဲ့လိုက်လေ”
“ကောင်းပြီ .. ကျွန်မ ရှင့်ကို လာရှာမယ်..” မင်းသမီး ချန်းချန်း ခေါင်းညိမ့်လိုက်သည်။
ခဏကြာပြီးနောက် သူတို့နှစ်ဦး လူချင်းခွဲလိုက်ကြသည်။
ထိုနေ့တွင် ထူးခြားမှုနယ်မြေတစ်ခုလုံး၌ ကျောက်တုံးလေး ပြန်ရောက်လာသည့်သတင်း ပျံ့နှံ့သွားကာ ကလန်ပေါင်းစုံ၊ ဂိုဏ်းပေါင်းစုံ ထိတ်လန့်သွားရသည်။
အပိုင်း ၁၉၂၈ ပြီး၏။
Chapter – 1929 ကျောက်တုံးကျေးရွာသို့ ပြန်သွားခြင်း
ဤစစ်သင်္ဘောမှာ အလွန်လျင်မြန်လှသည်။ အလင်းတစ်စင်းကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားလေ၏။ ဤသင်္ဘောမှ ထွက်လာသည့်နတ်အလင်းကို ထူးခြားမှုနယ်မြေမှ လူအများစုမှာ ကြယ်ကြွေကျသည်ဟု ထင်နေကြသည်ပင်။
ခဏကြာပြီးနောက် သင်္ဘောကြီးသည် နယ်ခြားနံရံကို ဖြတ်ကျော်ကာ အခြားနယ်မြေတစ်ခုသို့ ရောက်သွားသည်။
စွန့်ပစ်နယ်မြေ .. သူတို့ နောက်ဆုံးတော့ ဤရင်းနှီးသည့်နယ်မြေသို့ ပြန်ရောက်လာလေပြီ။
စစ်သင်္ဘောကြီး ရပ်တန့်သွားသည်။
ရှီဟောင် သင်္ဘောဦးထိပ်၌ ရပ်နေကာ ကျယ်ပြောလှသည့် ကမ္ဘာမြေကြီးကို ကြည့်လိုက်သည်။ တောအုပ်များတွင် ရှေးဟောင်းသစ်ပင်များ မိုးထိုးနေသည်ပင်။
စွန့်ပစ်နယ်မြေ၏ နေရာအတော်များများမှာ ဤကဲ့သို့ပင်။
ရှီဟောင် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ အဆင့်မြင့်နယ်မြေနှင့်ယှဉ်လျှင် ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ တကယ်ကို နည်းပါးလှသည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှ လိုအပ်သည့် ပမာဏကို မဖြည့်ဆည်းပေးနိုင်။
သို့သော် ရှီဟောင် နည်းနည်းလေးမှ စိတ်မပျက်မိ။ သူ့စိတ်တည်ငြိမ်နေကာ ကျေနပ်နေမိသည်။
ဤသည်မှာ သူ မြတ်နိုးရသည့် အမိမြေပင်။
သူ ဤကမ္ဘာမြေမှ နှစ်ပေါင်းများစွာ ထွက်ခွာခဲ့ရသည်။ သေချာပေါင်းကြည့်လိုက်လျှင် ဆယ်စုနှစ်တစ်ခုထက်ပင် ကြာနေပြီဖြစ်သည်။ ဤနေရာမှာ သူ့နှလုံးသားထဲ၌ အမြဲတမ်း ရှိနေခဲ့သည်ပင်။
ရွှီး..
ရှီဟောင် သင်္ဘောပေါ်မှ ဆင်းလိုက်ကာ မြေပြင်ပေါ်သို့ ဖုန်းခနဲ ဆင်းချလိုက်သည်။ ထို့နောက် မြေကြီးလက်တစ်ဆုပ် ကောက်ယူလိုက်ကာ အပေါ်သို့ မြှောက်လိုက်သည်။
“ငါ ပြန်ရောက်ပြီ..”
ရှီဟောင် ဟစ်ကြွေးလိုက်သည်။ ဤနေရာသည် သားရဲတောကြီးဖြစ်နေသော်လည်း ကျောက်တုံးတိုင်းပြည်၏ နယ်စပ်ပင်ဖြစ်သလို ကျောက်တုံးကျေးရွာသို့ သွားလျှင် ဖြတ်သွားရသည့်လမ်းလည်းဟုတ်သည်။
“ငါ့နောက်လိုက်ခဲ့ .. ငါအရင်သွားနှင့်မယ်..” ရှီဟောင် အော်ဟစ်ကာ တောအုပ်ထဲသို့ ဝင်သွားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သင်္ဘောကြီးမှာ ကျောက်တုံးကျေးရွာ၏ အေးချမ်းမှုအား နှောက်ယှက်မည်ကို စိုးရိမ်သောကြောင့်ပင်။ ဤသည်မှ သန့်စင်သည့်မြေ၊ လောကီရေးရာကိစ္စများနှင့် ကင်းကွာသည့်မြေပင်။ ရွာသားများလည်း အလွန်ရိုးသားကြသည့်သူများပင်။
သူ ဤနေရာကို ထာဝရ ငြိမ်းချမ်းနေစေချင်သည်။
သားရဲတောအုပ်ကြီး၏ အပြင်ဘက်၌ သစ်တောများ စိမ်းစိုနေကာ ငှက်များနှင့် သားရဲများလည်း လှည့်ပတ်သွားလာနေကြသည်။
ယခင် သူ ငယ်ရွယ်စဉ်က ဤတောအုပ်ကြီးကို ကိုယ်တိုင်ဖြတ်သွားဖူးခဲ့သည်။ သူသည် စွမ်းအားကြီးသည့် ရှေးဟောင်းသားရဲများနှင့် ငှက်များကို ရှောင်ရှားခဲ့ရကာ အကြိမ်ပေါင်းများစွာ အသက်လုခဲ့ရသည်။
ယခုတော့ သူသည် လူသားပုံစံသားရဲကဲ့သို့ ဤတောအုပ်ကြီးကို ဖြတ်သွားနေကာ နတ်ငှက်များနှင့် အခြားသားရဲများ သူ့ကို ရှောင်ရှားသွားနေကြသည်ပင်။
ဂါး..
ကျန်းပေါင်းများစွာ ရှည်လျားလှသည့် ရွှေရောင်အတောင်ပံများရှိသည့် နတ်လူဝံတစ်ကောင် ခုန်ထွက်လာသည်။ သူ၏ပါးစပ်ထဲတွင် ထက်ရှလှသည့်သွားများ ပြည့်နှက်နေသည်ပင်။ သူ ရှီဟောင်ထံသို့ ပြေးဝင်လာလေ၏။
သူသည်သားရဲဘုရင်ဖြစ်ပြီး လီပေါင်း ထောင်ချီပတ်လည်အတွင်း၌ သူ့ကိုယှဉ်နိုင်သည့်သားရဲမရှိ။ ငှက်များနှင့် သားရဲများ သူ့ရှေ့၌ ဦးညွှတ်ကြရသည်။
လူသားပုံစံသက်ရှိ တောအုပ်ထဲသို့ လျှောက်ဝင်လာသည့်အချိန် သားရဲများအားလုံး ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသောကြောင့် သူ ရှီဟောင်ကို တိုက်ခိုက်လာခြင်းပင်။
“မျောက်လေးကတောင်မှ တိုက်ခိုက်ရဲတယ်ပေါ့ .. ဂိတ်စောင့်လုပ်ဖို့ မင်း ငါနဲ့အတူတူ ကျောက်တုံးကျေးရွာကို လိုက်ခဲ့သင့်တယ်” ရှီဟောင် လက်ဆန့်ထုတ်လိုက်ကာ ငါးရောင်စပ်အလင်းထုတ်လွှတ်ပြီး ထိုလူဝံကို ဖမ်းဆီးလိုက်သည်။
သူ ဤလူဝံကို သေချာလေ့လာပြီးနောက် ထူးဆန်းသည့်အမူအရာ ဖြစ်သွားသည်။ သူ သားရဲကို မှတ်မိသည်။ သူ ငယ်ရွယ်စဉ် ဤတောအုပ်ကို လာခဲ့စဉ်က သူ ဤအကောင်ကို ရှောင်ပုန်းခဲ့ရသေးသည်ပင်။
ယခု ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် သူ ဤနတ်လူဝံကို လွယ်လွယ်ကူကူ ဖမ်းလိုက်နိုင်လေပြီ။
ရှီဟောင် နတ်လူဝံကို လီပေါင်းတစ်ရာဝေးသည့် သင်္ဘောပေါ်သို့ ပစ်တင်လိုက်သည်။
ရှီဟောင် ခြေလှမ်းကျယ်ကြီးဖြင့်ပင် ရှေ့ဆက်လျှောက်သွားလိုက်သည်။
သူ အတိတ်မှ မှတ်ဉာဏ်များကို ရှာဖွေကြည့်လိုက်သော်လည်း ယခုအချိန်မှာ ယခင်ကနှင့်မတူတော့။
လမ်းတစ်လျှောက်တွင် သူ ပုန်းနေစရာ မလိုတော့သလို အချို့နေရာကိုလည်း ရှောင်ရှားနေစရာမလိုတော့။ ထို့ကြောင့် အချိန်နှင့်အမျှ သားရဲများ သူ့အား တိုက်ခိုက်လာကြသည်။ သို့သော်လည်း သူ၏အော်ရာ အနည်းငယ် ထုတ်လွှတ်လိုက်သည်နှင့် ထိုဘုရင်များအားလုံး ထွက်ပြေးသွားကြသည်။
ရှီဟောင် သူ၏ နတ်အသိစိတ်ကို ဖြန့်ကျက်ကာ ဤနေရာ၌ စွမ်းအားကြီးသည့် သက်ရှိ ရှိမရှိ ရှာဖွေလိုက်သည်။
ဟမ်..
သူ တကယ်ကို တစ်ခုခုကို တွေ့သွားသည်။ ဒီမှာ သူတို့ရဲ့နတ်မီးတောက်ကို ထုတ်သုံးတဲ့ကျွမ်းကျင်သူတွေ ရှိနေတာလား..
နတ်ဘုရားအဆင့်သက်ရှိ..
သိထားရမည်မှာ ထိုလူသတ်ပွဲကြီးပြီးနောက် စွန့်ပစ်နယ်မြေတစ်ခုလုံးတွင် နတ်ဘုရားများမရှိတော့ပေ။
ရှီဟောင် အမူအရာ လေးနက်သွားသည်။ တစ်ခဏအတွင်းမှာပင် သူ လီကိုးရာဝေးသည့် တောင်တန်းသို့ ရောက်သွားသည်။ ထိုသက်ရှိမှာ မည်ကဲ့သို့သော သက်ရှိမျိုးဖြစ်မည်ကို သူသိချင်သည်။
မည်သို့ပင်ဖြစ်စေ ဤနေရာ၌ ကျောက်တုံးကျေးရွာရှိနေသည်။ နတ်ဘုရားအဆင့်သက်ရှိသာ ဤနေရာ၌ ပေါ်လာပါက ကျောက်တုံးကျေးရွာအတွက် အန္တရာယ်များသည်။
ဤနေရာတွင် ရေခိုးရေငွေ့များ ရစ်သိုင်းနေပြီး ငွေရောင်ရေတံခွန်တစ်ခုလည်း စီးဆင်းနေသည်။ ထိုရေတံခွန်သည် ကန်ထဲသို့ စီးဆင်းသွားကာ မြူခိုးများ ပြုလုပ်နေသောကြောင့် ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ ပို၍ များပြားသည်။
ကန်ဘေး၌ ခြေထောက်ချိတ်ကာ ငါးကင်တစ်ကောင်ကို ပါးစပ်ထဲသို့ ပျင်းတိပျင်းရွဲ့ ပစ်ထည့်နေသည့် အနက်ရောင်သက်ရှိတစ်ကောင် ရှိနေသည်။
ရှီဟောင်၏အမူအရာ ချက်ချင်း ပြောင်းလဲသွားရ၏။ သူ ဤကောင်ကို မှတ်မိသည်။
ဤသည်မှာ ကြီးမားလှသည့် အနက်ရောင်လိပ်ကြီးပင်။ သူသည် အလွန်သက်သောင့်သက်သာဖြစ်သည့်ပုံစံဖြင့် ထိုနေရာ၌ လဲလျောင်းနေသည်။
ဒါက ဘယ်လိုလုပ် သာမန်လိပ်ဖြစ်နိုင်မှာလဲ .. သူ၏ခြေလက်များမှာ အလွန်ရှည်လျားလှပြီး ခြေထောက်ပင် ချိတ်နိုင်သည်။
“ဘလက်ကီသုံး .. မင်းဘာလို့ ဒီမှာလာပုန်းနေတာလဲ..” ရှီဟောင် ပြောလိုက်သည်။
ဤသည်မှာ အဆင့်မြင့်နယ်မြေမှ ထွက်ပြေးခဲ့သည့် လိပ်ကြီးပင်။ ယခင်က ရှီဟောင် သူ့ကိုဖမ်းကာ စီးတော်ယာဉ်အဖြစ် အသုံးပြုခဲ့သေးသည်။ သို့သော် နတ်ဘုရား ၇ ပါး ပြဿနာရှာသည့်အချိန်၊ ရှီဟောင် ရန်သူများနှင့်တိုက်ခိုက်နေသည့်အချိန်တွင် သူ ထွက်ပြေးသွားခဲ့သည်။
နောက်ပိုင်း ရှီဟောင် သူ့ကို ရှာမတွေ့တော့။
“သရဲ…”
လိပ်နက်ကြီးသည် ချက်ချင်းပင် ခန္ဓာကိုယ်ကြီး တောင့်တင်းသွားလေ၏။ ထို့နောက် သူသည် သူ့ကျောပေါ်၌ ‘အိုးနက်ကြီး’ ကိုသယ်ကာ လျင်မြန်စွာ ထွက်ပြေးသွားလေသည်။
“မင်း ဘာတွေ အော်နေတာလဲ .. မင်း ငါ့ကို မေ့သွားပြီလား..” ရှီဟောင် သူ့ကို ရွံရှာစွာ ကြည့်လိုက်သည်။
“မင်းက ဘယ်လိုလုပ် ဒီမှာ ရှိနေနိုင်မှာလဲ .. ဘုရားရေ .. သရဲခြောက်နေတယ် .. မြန်မြန်ပြေး..” လိပ်နက်ကြီးသည် အော်ဟစ်ကာ ထွက်ပြေးသွားလေ၏။
ဖုန်း..
သူ ဘယ်လိုလုပ် ထွက်ပြေးနိုင်မည်နည်း.. ရှီဟောင်တစ်ချက်တည်းဖြင့် သူ့လည်ပင်းကို ဆုတ်ကိုင်လိုက်ကာ သူ့အားဆွဲလာလိုက်သည်။ “ငါဗိုက်ဆာနေတာ .. ငါ လိပ်စွပ်ပြုတ်စားချင်နေသလိုပဲ .. မင်းမှာ အိုးနက်ကြီးလည်း ရှိနေတာဆိုတော့ ငါအိုးရှာစရာမလိုတော့ဘူးပေါ့..”
“အစ်ကိုကြီး .. ကျွန်တော့်အသက်ကို ချမ်းသာပေးပါ .. ကျွန်တော့်မှာ မျက်လုံးရှိပေမယ့် ထိုက်တောင်ကြီးကို မမြင်လိုက်မိတာပါ .. ကျွန်တော်က ဘယ်ခွေးသတောင်းစားက အစ်ကို့ပုံစံ ဟန်ဆောင်နေတာလဲလို့ တွေးမိသွားတာပါ..” လိပ်နက်ကြီးသည် မျက်နှာအပြောင်းအလဲ မြန်ဆန်လွန်းလှသည်ပင်။
“ခွေးသူတောင်းစားဟုတ်လား .. မင်းငါ့ကို ဆဲနေတာလား .. ကိုယ့်ကိုကိုယ် ဆဲနေတာလား..” ရှီဟောင် သူ့ကို စိုက်ကြည့်လိုက်သည်။
“ကိုယ့်ကိုကိုယ် ကျိန်ဆဲနေတာပါ” လိပ်နက်ကြီးသည် ချက်ချင်းပင် သူ့ပါးစပ်သူ ပိတ်ရိုက်ပစ်လိုက်လေ၏။
“အစ်ကိုကြီး .. ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ .. ကျွန်တော် ဝိညာဉ်လွင့်သွားမတတ်ကို ကြောက်သွားတာ .. အဲဒါကြောင့် ကျွန်တော် မဆီလျော်တာတွေကို ပြောမိသွားတာပါ .. အစ်ကိုကြီးက တကယ့်ကို ပုဂ္ဂိုလ်ထူးကြီးပါ .. ဆယ်နှစ်ကျော် ကြာသွားပြီးတဲ့နောက်မှာ အစ်ကိုကြီးနဲ့ နောက်တစ်ခေါက် ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..”
“ငါက မင်းလောက်တောင်မှ အသက်မကြီးသေးဘူး .. အခုမှ နှစ်ဆယ်ကျော်ပဲ ရှိသေးတာ .. နှစ်ဆယ်ကျော်ဆိုတာ ရွှေရောင်နေ့ရက်တွေကွ..” ရှီဟောင် မျက်လုံးလှန်ပြလိုက်သည်။
လိပ်နက်ကြီး တကယ်ကိုထိတ်လန့်သွားခြင်းပင်။ သူ၏အမူအရာမှာ အနည်းငယ် ပိုလွန်းသော်လည်း သူ တကယ် ထိတ်လန့်နေခြင်းဖြစ်ကြောင်း သိနိုင်သည်ပင်။ သူ ရှီဟောင်နှင့် ဤကဲ့သို့ ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။
တစ်ချိန်တည်းမှာပင် သူ ဆွံ့အနေမိသည်။ ဒီဆရာကြီးက ဘာလို့ ပြန်လာတာလဲ..
ရှီဟောင် အဆင့်မြင့်နယ်မြေသို့ ထွက်သွားစဉ်က သူ လက်သီးလက်မောင်းတန်း၍ပင် ကြွေးကြော်ခဲ့သည်ပင်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က သူသည် မိုးကောင်းကင်အောက်၌ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်ပင်။ ရှီဟောင်ထွက်သွားသည်နှင့် မည်သူကများ သူ့အား ထိန်းချုပ်နိုင်တော့မည်နည်း..
“မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ..” ရှီဟောင်မေးလိုက်သည်။
“ကျွန်တော် ကျောက်တုံးကျေးရွာကို ရှာနေတာပေါ့..” ထိုလိပ်နက်ကြီးသည် စဉ်းပင်မစဉ်းစားပဲ ပြောလိုက်လေ၏။ ထို့နောက် သူချက်ချင်းပင် နောင်တရမိသွားသည်။
“မင်းဘာပြောချင်တာလဲ .. အရင်တုန်းက ငါဒီမှာရှိနေတုန်းက မင်းထွက်ပြေးသွားတာ … အခု မင်းက ဒီမှာ ခိုးကြောင်ခိုးဝှက်နဲ့ ကျောက်တုံးကျေးရွာကို ရှာနေတာလား .. မင်းဘာလုပ်ချင်နေတာလဲ..” ရှီဟောင် သူ့ကို စိုက်ကြည့်လိုက်သည်။
“အစ်ကိုကြီး နားလည်မှုမလွဲနဲ့နော် .. ဘာလို့လဲဆိုတော့ ကျွန်တော် အစ်ကိုကြီးကို အရမ်းလေးစားလို့ပါ .. အခုတလော ငါ ရုတ်တရက်ကြီး ကျောက်တုံးကျေးရွာကို ရှာချင်လာတာနဲ့ ဒီနားတစ်ဝိုက်ကို လှည့်ပတ်ရှာနေတာ” လိပ်နက်ကြီး ခြေလက်တစ်ခါခါဖြင့် ပြောလိုက်သည်။ သို့သော် သူ၏မျက်လုံးများမှာ သူ၏ရည်ရွယ်ချက်အမှန်ကို လှစ်ဟပြသနေသည်ပင်။
“မင်း ငါ့ရဲ့အသိုက်ဟောင်ကို နှောက်ယှက်ချင်နေတာလို့တော့ မပြောနဲ့နော်..” ရှီဟောင်၏အကြည့်များ ပြင်းထန်လာသည်။
“ကျွန်တော့်ကို မှားယွင်းစွပ်စွဲနေတာပါ .. ကျွန်တော့်ကို သေအောင်ရိုက်ရင်တောင် ကျွန်တော် မတိုက်ရဲပါဘူး .. အစ်ကိုကြီးကို ထည့်မတွက်ရင်တောင် အဲဒီမှာ ဘာကောင်းကျိုးမှ မပေးတဲ့ မျောက်တစ်ကောင်ရှိနေတယ်လေ .. အဲဒီတော့ ကျွန်တော်က ဘယ်လိုလုပ် လက်လွတ်စပယ် လုပ်ရဲမှာလဲ..” လိပ်နက်ကြီး ကျယ်လောင်စွာ ပြောလိုက်သည်။ သူသည် သူရိုးသားကြောင်း သူ၏ရင်ဘတ်ကို ပုတ်၍ ပြောနေလေ၏။
“မင်း ဘယ်သူ့ကို မျောက်လို့ခေါ်နေတာလဲ..” ရှီဟောင် ကျူးယွမ်အစား ပြောလိုက်သည်။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့်ရှေးဟောင်းကလန်ပင်။ သို့သော် ဤလိပ်နက်က သုံးစားမရသည့်မျောက်ဟု လာပြောနေသည်။
“အာ .. ကျွန်တော် စကားပြောမှားသွားတာ .. အဲဒါက ကြီးမြတ်တဲ့မျောက် .. မဟုတ်ဘူး .. ကျူးယွမ်က တော်တော်လေး သန်မာတယ်” လိပ်နက်ကြီးမှာ မျက်နှာပြောင် တိုက်လှသည်ပင်။
“တော်တော့ .. မင်းအဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့ .. မင်းက ကျောက်တုံးကျေးရွာကို သွားချင်နေတာဆိုတော့ ငါ မင်းကို ခေါ်သွားပေးမယ်”
လိပ်နက်ကြီး၏မျက်နှာမှာ ချက်ချင်းပင် ရှုံ့မဲ့လာလေ၏။ ယခင်ကပင် သူ ထွက်ပြေးခဲ့ခြင်းဖြစ်သောကြောင့် သူက ဘယ်လိုလုပ် အခြားသူများထိန်းချုပ်သည်ကို ခံချင်မည်နည်း..
“ဒါက ဘာအဓိပ္ပာယ်လဲ..” ရှီဟောင် သူ့အားမကျေမနပ်ပြောလိုက်သည်။
“ကျွန်တော် အရမ်းပျော်လွန်းလို့ပါ .. ကျွန်တော် အစ်ကိုကြီးကို တွေ့ရတာ ကျွန်တော့်အမေကို တွေ့လိုက်ရသလိုပါပဲ .. ပျော်လွန်းလို့မျက်ရည်တောင် ကျပါတော့မယ် .. သွားကြစို့ … ကျွန်တော် အစ်ကိုကြီးနဲ့အတူတူ ကျောက်တုံးကျေးရွာကို သွားမယ် .. ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် သေချာလေး သောက်ရဦးမယ် .. မမူးမချင်း မပြန်ရဘူး” လိပ်နက်ကြီးသည် မျက်ရည်များကို ဟန်ဆောင်သုတ်လိုက်လေသည်။
“မင်း မကောင်းတဲ့ကောင်း … စကားကို ဘယ်လိုမျိုး ကောင်းကောင်းပြောရမလဲဆိုတာ မသိဘူးလား..” ရှီဟောင် သူ့ကို ရိုက်ကာ သတိပေးလိုက်သည်။ “အနောက်မှာ ငါ့မိဘတွေ ပါတယ် .. ငါ့မိဘတွေရှေ့ရောက်ရင် ငါ့ကို ညီအစ်ကိုလို့မခေါ်ရင် ပိုကောင်းလိမ့်မယ် .. ကြားလား..”
“လိပ်ဖြစ်တာ ဘာအပြစ်ရှိလို့လဲ .. လိပ်ဖြစ်တာ ဘာများမှားလို့လဲ .. ဒါက သူ့သဘာဝအတိုင်းဖြစ်လာတာလေ .. လိပ်က လူသားတွေနဲ့ ညီအစ်ကိုဖြစ်လို့မရဘူးဘူးလား..” လိပ်နက်ကြီး အော်ဟစ်လိုက်သည်။
ဖြန်း..
ရှီဟောင် သူ့ခေါင်းနောက်ကို နောက်တစ်ခေါက် ထပ်ရိုက်လိုက်သည်။ “အရင်တုန်းက မင်းက ငါ့စီးတော်ယာဉ်ဖြစ်ခဲ့တာ .. အခု မင်းက မာန်တက်ချင်နေတာလား..”
“မဟုတ်ပါဘူး … ကောင်းပြီလေ … အဲဒါဆိုရင်လည်း ဘယ်သူမှ မရှိတဲ့အချိန်ကျမှ ညီအစ်ကိုလို့ခေါ်တော့မယ်..” လိပ်နက်ကြီးသည် သူ၏အိုးနက်ကြီးထဲသို့ ခေါင်းငုံ့ဝင်ကာ ပြောလိုက်သည်။
သူတို့ မြန်မြန်ထွက်သွားလိုက်ကြသည်။ ရှီဟောင် ကျောက်တုံးကျေးရွာသို့ သွားသည့်လမ်းကို မှတ်မိသွားပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ သူ ရွာကို မြင်နိုင်လေပြီ။ ဤနေရာသည် ရှန်ဂီလာကဲ့သို့အလွန်ငြိမ်းချမ်းလှသည်။ ဤရွာသည် မပြောင်းလဲသေး။
ရှီဟောင် မျက်လုံးများ စူးအောင့်လာကာ မျက်ရည်ပင် ကျလာတော့မည်။
ဤနှစ်များတွင် သူ ပျော်ရွှင်မှုများခံစားခဲ့ရသလို ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့မှုတို့ကိုလည်း ခံစားခဲ့ရသည်။
ဤအတောအတွင်း သူ့ခံစားချက်များကို အမြဲတမ်း ဖုံးကွယ်ထားခဲ့သည်။ သူ့မိဘများနှင့် တွေ့စဉ်က သူ၏ခံစားချက်များကို နည်းနည်းလေးမှပင် မပြသခဲ့။
နယ်ခြားစပ်စစ်ပွဲ၌ အကြီးအကဲအရှင်သေဆုံးခဲ့ရသည်။ ဟော့လင်းအာလည်း အပြစ်သားစီရင်စုနှင့်အတူ တစ်ဖက်လောကသို့ ခေါ်သွားခံခဲ့ရသည်။ သူ သေသလား၊ ရှင်သလားမသိ။
တိုက်ပွဲ၌ သူတို့နိုင်သွားသည်ဟု ထင်ရသော်လည်း တကယ်တမ်း သူတို့ရှုံးနိမ့်ခဲ့သည်။ သူတို့ လူများစွာ ဆုံးရှုံးခဲ့ရပြီး ကောင်းကင်ကြီးလည်း သွေးချင်းချင်း နီရဲနေခဲ့သည်။
အကြီးအကဲအရှင်၏သေဆုံးမှု၊ ဟော့လင်းအာနှင့် အပြစ်သားစီရင်စု အဖမ်းခံရမှုတို့ကို ရှီဟောင် ဘယ်လိုလုပ် မေ့နိုင်မည်နည်း.. သူ၏နှလုံးသားအောက်ခြေ၌ သိမ်းဆည်းထားခဲ့ခြင်းသာ။
သူ အဆင့်နိမ့်နယ်မြေရှိ ကျောက်တုံးကျေးရွာသို့ ပြန်လာလိုခြင်းမှာ သူ၏စိတ်ကို အနားပေးရန်အတွက်ပင်။
ယခုတော့ သူ အိမ်ပြန်ရောက်လေပြီ။
အပိုင်း ၁၉၂၉ ပြီး၏။
Chapter – 1930 နွေးထွေးသည့် ကျောက်တုံးကျေးရွာ
သူ အိမ်ပြန်ရောက်ပြီ .. ရှီဟောင်၏မျက်လုံးများ နီရဲလာ၏။ သူ ထိုနေရာ၌ အချိန်အတော်ကြာ ရပ်နေပြီးမှသာ သူ အနည်းငယ် တည်ငြိမ်သွားခဲ့သည်။
“အစ်ကိုကြီး .. သွားကြစို့ .. ကျွန်တော်တို့ ရောက်နေပြီ .. ဒီနေရာက ဒီလောက်လှလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလြ .. ဝိုး ဒီမှာ ကောင်းကင်မြင်းတစ်အုပ်လည်း ရှိနေတယ် .. မြင်းတွေက ဖြူဖွေးနေတာပဲ .. တစ်ခြားအရောင်အမွေးတွေ တစ်ပင်မှကို မရှိဘူး .. ဘုရားရေ .. နဂါးအကြေးခွံရှိနေတဲ့အကောင်တောင် ရှိနေသေးတယ် .. နဂါးအကြေးခွံတောင်မှ သာမန်နဂါးအကြေးခွံမဟုတ်ဘူး..” လိပ်နက်ကြီး အော်ဟစ်လိုက်သည်။
ဖြန်း..
ရှီဟောင် သူ၏ ‘အိုးနက်’ ကို ရိုက်ထည့်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ကြီး တုန်ခါသွားလေသည်။
“ကောင်းကောင်းနေ .. ပြဿနာမရှာနဲ့”
ရှီဟောင် အရှေ့ဆက်လျှောက်သွားလိုက်သည်။ ရွာရောက်ရန် လီပေါင်းများစွာ လိုသေးသော်လည်း သူ့စိတ်ထဲ နွေးထွေးနေပြီဖြစ်သည်။ သူ နောက်ဆုံးတော့ ပြန်ရောက်လာလေပြီ။
သူ ဤနေရာမှ ဖြတ်သွားသည့်အချိန် ခေတ္တရပ်တန့်လိုက်သည်။ ယခင် သူ ဤနေရာ၌ တစ်နှစ်ပတ်လုံး မြှုပ်နှံခံခဲ့ရဖူးသည်။
“ငါးရောင်စပ်စာကလေး ဒီမှာ ရှိသေးလား မသိဘူး” ရှီဟောင် ထိုငှက်၏ဇစ်မြစ်ကို တကယ်သိချင်မိသည်။
အဘယ်ကြောင့်ဆိုသော် သူ ပြန်နိုးထလာနိုင်ခြင်းမှာ ထိုငှက်ယူလာသည့် မျိုးစေ့များနှင့် ဆက်စပ်နေသည်ပင်။ သူ အစေ့များကို အုတ်ဂူထဲ၌ စိုက်ပျိုးကာ ထိုနေရာကို အသက်ဓာတ်များ ပြည့်ဝအောင် လုပ်ခဲ့သောကြောင့် သူ သေရာမှ ပြန်ထလာနိုင်ခြင်းပင်။
ငါးရောင်စပ်စာကလေးမှာ အလွန်ထူးခြားလှသည်။ သူ သိတတ်ကတည်းက ဤငှက်ရွာထဲ၌ ရှိနေခြင်းပင်။
ရှီဟောင်ကို အနိုင်ကျင့်နိုင်သည့်သူကို ပြပါဆိုလျှင် ဤငှက်သာ။ သူ ငယ်ရွယ်စဉ်က ဤငှက်ကို ဖမ်းရန် ကြိုးစားခဲ့သော်လည်း လဲကျကာ ငိုခဲ့ရုံသာ။ သူ ကြီးလာသည့်အချိန်တွင်လည်း ထိုထူးဆန်းသည့်ငှက်ကို မဖမ်းနိုင်သေး။
ယခု သူ ရွာနားသို့ နီးကပ်လာပြီဖြစ်ပြီး ရွာသားများကို မြင်နေရလေပြီ။
ရွာဖြစ်သောကြောင့် လူများ ဝင်ထွက်သွားလာနေကြသည်ပင်။ အမဲလိုက်အဖွဲ့ ပြန်လာနေပြီဖြစ်သောကြောင့် ကြီးမားလှသည့် သားကောင်ကြီးများကိုသယ်ကာ ရွာထဲ ဝင်သွားကြသည်။
ဒီလူတွေက သူကလေးဘဝတုန်းက ကစားဖော်တွေလား .. ဂီဇောင်းတို့လား .. သူတို့သည် အရပ်ရှည်နေပြီဖြစ်ပြီး ယခုအချိန်တွင် အမဲလိုက်အုပ်စု၏ ခေါင်းဆောင်ပင် ဖြစ်နေလေပြီ။
ရွာရှေ့တွင် မိုးမခသစ်ပင်များစွာကို စိုက်ပျိုးထားသည်။
ရွာသွားတွေက မိုးမခနတ်ဘုရားကို ကိုးကွယ်နေတုန်းလား .. မိုးမခသစ်ပင်ပေါက်သည့်နေရာ၌ ယဇ်ပုလ္လင်တစ်ခု ရှိနေကာ ထိုနေရာကို အလေးအမြတ်နေရာအဖြစ် ထားထားကြသည်ပင်။ ရွာသားတွေက သူပြန်လာဖို့ကို စောင့်မျှော်နေတုန်းလား..
အမဲလိုက်အဖွဲ့ ပြန်လာပြီဖြစ်သောကြောင့် ရွာထဲ၌ အလွန်သက်ဝင်လှုပ်ရှားနေသည်။
ကလေးတစ်စု ထိုအဖွဲ့ထံသို့ ပြေးသွားကြလေ၏။ ထိုကလေးများကို ရှီဟောင် တစ်ယောက်မှ မသိ။
ဤကလေးများမှာ သူထွက်သွားပြီးနောက် မွေးလာသည့်သူများ ဖြစ်လိမ့်မည်။ သူတို့သည်အင်အားအပြည့်ဖြစ်နေကာ ခန္ဓာကိုယ်များလည်း သန်မာလှသည်။ အလွန်ငယ်ရွယ်သည့်ကလေးပင်လျှင် လေထဲသို့ မြင့်မြင့်ခုန်နိုင်နေလေပြီ။ သူတို့သည် သူတို့မိဘများထက်ပင် သန်မာနေကြသည်။
ရှီဟောင် ရွာထိပ်သို့ ရောက်လာလေပြီ။ သူ့နောက်၌ လိပ်နက်ကြီး လိုက်ပါလာသည်။
လိပ်နက်ကြီးသည် ခြေထောက်နှစ်ဖက်ဖြင့် လမ်းလျှောက်နေပြီး သူ၏နောက်ကျောတွင် အိုးကြီးတစ်လုံး ရှိနေသည်။ သူ၏ခြေတံလက်တံများမှာ ရှည်လွန်းလှသည်ပင်။
“အား .. မကောင်းဆိုးဝါးတစ်ကောင် ရွာထဲ ဝင်လာပြီ .. မကောင်းဆိုးဝါးကြီးကို မြန်မြန်သတ်..”
“ဘာမကောင်းဆိုးဝါးလဲ .. ငါတို့မှာ မိုးမခနတ်ဘုရား ချန်ထားပေးခဲ့တဲ့ အစီအရင်ရှိတယ် .. အဲဒီအစီအရင်က မကောင်းဆိုးဝါးတွေ အားလုံးကို မောင်းထုတ်ပစ်လိမ့်မယ် .. မင်းတို့ကလေးတွေ ပြဿနာမရှာနဲ့” အကြီးများ ဆူပူလိုက်သည်။
“တကယ်ပြောတာ .. လာကြည့်ကြည့် .. မြည်းချီးထက်တောင်မည်းတူးနေတဲ့ လိပ်ကြီး ရှိနေတယ် .. ခြေလက်တွေမှာ အဝတ်မပါဘူး .. ပြီးတော့ မျက်လုံးကြီးကလည်း ပြူးကျယ်နေတာ .. သူ လာနေပြီ..” သုံးနှစ်အရွယ်ကလေး အော်ဟစ်လိုက်သည်။
ရွာထိပ်တွင်ရှိနေသည့် လိပ်နက်ကြီးမှာ အလွန်ဒေါသထွက်နေလေပြီ။ ဒေါသထွက်လွန်းသောကြောင့် သူ၏မည်းနက်နေသည့်မျက်နှာပင် စိမ်းလာတော့မည်။ သူက လိပ်နက်ဟုတ်တယ်ဆိုပေမယ့် သူ့ကို လိပ်ကြီးလို့တော့ ခေါ်လို့မရဘူးလေ ဟုတ်တယ်မလား..
ဤကလေးစုတ်လေးများက သူ့ကိုကြည့်ကာ ဆူညံစွာ အော်ဟစ်နေကြသည်။
အထူးသဖြင့် မြည်းချီးထက်မည်းတယ်ဟူသည့် မှတ်ချက်ကို ကြားလိုက်ရသည့်အချိန်တွင် သူ သွေးအန်ချင်သွားရသည်။
နောက်ဆုံးတွင်တော့ ရွာထဲမှ တစ်စုံတစ်ယောက် ရွာဝင်ပေါက်သို့ ကြည့်လာသည်။
ထိုအခိုက်အတန့် ရွာကြီး တိတ်ဆိတ်သွား၏။ သူတို့ ဆွံ့အနေသကဲ့သို့ပင်။
ရွာသားများအားလုံး ရွာထိပ်သို့ ကြည့်လိုက်ကြပြီးနောက် ထိုလူကို မြင်သည်နှင့် သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
လူငယ်တစ်ယောက် .. ချောမောကာ အရပ်ရှည်လျားလှသည်။ သူသည် အသက် ၁၇၊ ၁၈ ခန့်သာ ရှိသေးပုံပေါ်သည်။ သူ၏မျက်နှာသည် နူးညံ့ကာ မျက်လုံးများလည်း ကြည်လင်ရှင်းသန့်လှသည်။ ယခု သူ တစ်လှမ်းချင်း လျှောက်လာလေပြီ။
နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း ဤလူကို နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရလေပြီ။ လူငယ်များသည် သူတို့မြင်နေရသည်ကိုပင် မယုံကြည်နိုင် ဖြစ်နေကြလေ၏။
ကလေးများသာ စိတ်ရှုပ်ထွေးသွားကြသည်။ အချို့သူများသည် လူကြီးများ၏ အင်္ကျီထောင့်စွန်းများကို ဆွဲကာ စိုးရိမ်စွာ မေးလိုက်ကြသည်။ “အမေ .. သူက မကောင်းဆိုးဝါးကြီးလား .. ဦးလေးတို့က ကြောက်နေကြတာလား .. သူတို့ဘာလို့ ဘာမှမပြောကြတာလဲ..”
“ဘိုးဘိုး .. အဲဒါက လူသားပုံစံ မကောင်းဆိုးဝါးလား .. သူ့အစေခံတောင်မှ ဒီလောက်နက်မှောင်ပြီး ကြောက်စရာကောင်းနေတာ .. သူက အစီအရင်ထဲကိုတောင် လျှောက်လာနိုင်တယ် .. သူက အရမ်းကြောက်ဖို့ကောင်းတာပဲ..” အချို့ကလေးများ ကြောက်ရွံ့လာကြသည်။
“ကောင်လေး..” နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည့်အပြင် ရွာထိပ်သို့ ပြေးသွားလိုက်လေ၏။
အချို့လူငယ်များ သူတို့ကလေးကို ဆူပူလိုက်ကြသည်။ “ဘာမကောင်းဆိုးဝါးလဲ .. ဒါက မင်းရဲ့ဦးလေး .. အဆင့်မြင့်နယ်မြေကို တစ်ယောက်တည်း တက်သွားတဲ့ဦးလေး..”
“ကောင်စုတ်လေး .. မင်းကို ဘယ်သူက မဟုတ်တာတွေ ပြောဖို့ သင်ထားတာလဲ ..” အချို့သူများသည် သူတို့ကလေးတင်ပါးကို ရိုက်လိုက်ကြလေ၏။
ယခု အားလုံး ထိုနေရာသို့ ဆူညံစွာ ထွက်ပြေးသွားကြလေ၏။ အထူးသဖြင့် အသက် ၂၀၊ ၃၀ကြား လူငယ်များပင်။ ခဏကြာပြီးနောက် သူတို့ ရှီဟောင်ကို လေထဲသို့ ပစ်တင်လိုက်ကြလေသည်။
“ဒါ တကယ်လား .. မင်း တကယ် ပြန်လာပြီလား..”
“ငါ ကိုက်ကြည့်ဦးမယ် .. သူ့အသားက လတ်ဆတ်တယ် .. အတုမဟုတ်ဘူး..”
“ဟေ့ကောင် .. မင်း ထွက်သွားတာ ဆယ်စုနှစ်တောင်ကြာနေပြီ .. ဘာလို့အခုမှ ရုတ်တရက် ပေါ်လာတာလဲ..”
” ရှောင်ပုထျန်း ( နို့ဗူးကောင် ) .. မြန်မြန် ငါကြည့်ပါရစေဦး .. မင်း ဘာတွေပြောင်းလဲဆိုတာ ကြည့်ရအောင်..”
သူ့ကလေးဘဝမှ ကစားဖော်များ အရှေ့သို့ တွန်းထိုးတက်လာကြသည်။ သူတို့အားလုံး အိပ်မက်မက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။
အချို့လူများမှာ သူ့ကလေးဘဝမှ နာမည်ပြောင်ဖြစ်သည့် ကောင်လေးကို ခေါ်နေကြလေသည်။
ရှီဟောင် နှာခေါင်းချဉ်စူးလာကာ မျက်ရည်ပူများ စီးဆင်းလာသည်။ ဤကဲ့သို့သော ခံစားချက်မှာ အလွန်ကောင်းမွန်လှသည်။ သူ ချစ်ရသည့်သူများစွာကို ပြန်တွေ့နေရလေပြီ။ အပြင်ဘက်၌ ဆယ်နှစ်ကျော် လှည့်လည်သွားလာပြီးနောက် ခံစားခဲ့ရသည့် စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်း၊ စွမ်းအားမဲ့ခြင်း၊ နောင်တရခြင်း၊ ဝမ်းနည်းခြင်း စသည့်ခံစားချက်များအားလုံး ပျောက်ကွယ်သွားလေပြီ။ သူ ခေါင်းစခြေဆုံး နွေးထွေးသွားလေပြီ။
သူ ခံစားခဲ့ရသည့် မကောင်းသည့်ခံစားချက်များ၊ ခါးသီးမှုများ၊ ခက်ခဲမှုများအားလုံး ပျောက်ကွယ်သွားလေပြီ။ နွေးထွေးမှုသာ ခံစားရတော့သည်။
“ဝိုး ဝိုး ဝိုး .. ဦးလေးက ဒဏ္ဍာရီလာ ဦးရှောင်ပုထျန်းလေးလား..”
ကောင်စုတ်လေးအချိုု့ ရှီဟောင်၏ဘောင်းဘီစကို ဆွဲကာ သူ့အား စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မော့ကြည့်လာကြသည်။ သူတို့သည် မျက်လုံးများ ပိတ်မတတ်ပင် ပြုံးရယ်နေကြလေ၏။
“ဘုရားရေ .. သူ အသက်ရှင်နေတယ် .. ဒဏ္ဍာရီလာ ဦးနို့ဗူးလေး ရောက်လာပြီ .. မိုက်လိုက်တာ..”
ငါးနှစ်၊ ခြောက်နှစ်အရွယ်ရှိ ကလေးသည် ရှီဟောင်ကို သစ်ပင်ကြီးတစ်ပင်ကဲ့သို့ သဘောထားကာ တွယ်တက်လာလေ၏။
“တကယ်လား .. ဒါက ကျောက်တုံးဦးနတ်ဆိုးလေးလား .. သူက ကောင်းကင်အောက်က ရန်သူတွေအားလုံးကို အနိုင်ယူခဲ့ပြီးတော့ အဆင့်မြင့်နယ်မြေကို ပြဿနာရှာဖို့ သွားခဲ့တာ .. သားအရမ်းပျော်တယ် .. သား ဒဏ္ဍာရီလာ ကျောက်တုံးဦးလေးနဲ့တွေ့ရပြီ..” အခြားကလေးတစ်ယောက်သည် ပျော်ရွှင်စွာပင် ခုန်ပေါက်နေလေ၏။
ရှီဟောင် ဆွံ့အသွားရသည်။ ဒီကလေးတွေကို ဘာတွေသင်ထားတာလဲ .. အဆင့်နိမ့်နယ်မြေမှာတေင် သူ့ကို ကပ်ဆိုးကြီးလို့ ခေါ်နေတာလား .. သို့သော် အတိတ်မှ သူလုပ်ခဲ့သည့်ကိစ္စများကို စဉ်းစားမိသည့်အချိန်တွင်တော့ သူသည် တကယ်ကို ပြဿနာရှာသည့်သူတစ်ဦး ဖြစ်ခဲ့သည်ပင်။
“ဟား ဟား .. ဒါက တကယ်ကို ကောင်းလိုက်တာ .. ငါတို့ညီအစ်ကိုတွေ တစ်နေ့ ပြန်တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ.. မင်း အဆင့်မြင့်နယ်မြေမှာ ထာဝရတာအိုကို လေ့လာပြီးတော့ ပြန်မလာတော့ဘူးလို့ ထင်နေတာ”
ဂီဇောင်းသည် ယခုအချိန်၌ တစ်ကျန်းခန့်ပင် မြင့်နေပြီဖြစ်သည်။ သူသည် ရှီဟောင် ပုခုံးကို ရိုက်လိုက်ကာ သူ့အား တင်းကြပ်စွာ ဖက်လိုက်လေ၏။ သူ့မျက်လုံးတွင် မျက်ရည်စများ ပြည့်နှက်နေသည်ပင်။
“ဟုတ်တယ် .. ငါ ကြားဖူးတယ် .. အဆင့်မြင့်နယ်မြေကို တက်သွားပြီးရင် ပြန်ဆင်းလာဖို့က အရမ်းခက်ခဲတယ် .. မဖြစ်နိုင်သလောက်ပဲလို့ ပြောကြတယ် .. ဒီဘဝမှာ ငါတို့ညီအစ်ကိုတွေ ပြန်တွေ့နိုင်လိမ့်ဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ..” အားမန်လည်း အလွန်စိတ်လှုပ်ရှားနေသည်ပင်။
ပိုင်ဟူ၊ ဟူကျီနှင့် အခြားသူများလည်း ဤကဲ့သို့ပင်။ သူတို့အားလုံး၏မျက်လုံးများ နီရဲနေကြ၏။ ယခု ဆယ်နှစ်ကျော်ကြာပြီးမှ သူတို့ကလေးဘဝသူငယ်ချင်းကို ပြန်တွေ့နေရလေပြီ။ သူတို့ ရှီဟောင်ကို ဘယ်လိုလုပ် မေ့နိုင်မည်နည်း.. သူ့ကြောင့်သာမဟုတ်လျှင် ကျောက်တုံးကျေးရွာမှာ ဘယ်လိုလုပ် ဤပုံစံဖြစ်လာနိုင်မည်နည်း.. နေရာတိုင်း၌ ဝိညာဉ်ဆေးပင်များရှိနေကာ ရွာသည် တစ်နှစ်ထက်တစ်နှစ် အင်အားကြီးမားလာသည်။ မည်သူကများ တိုက်ခိုက်ရဲမည်နည်း..
“ကလေး .. ကြည့်ကြည့်ရအောင် .. မင်းက အရမ်းကို ထွားလာတာပဲ .. ဦးလေးထက်တောင် အရပ်ရှည်သွားပြီ.. ဒါပေမဲ့ မင်းက နည်းနည်းလေးတော့ မိန်းကလေးဆန်နေတယ် .. မင်းမျက်နှာက မပြောင်းလဲသေးဘူး .. ကလေးနဲ့တူနေတုန်းပဲ..” ရှီလင်းဟူ လျှောက်လာသည်။
“ဟား ဟား .. ကောင်းလိုက်တာ .. ငါတို့ရဲ့ ကျောက်တုံးလေး ပြန်ရောက်လာပြီ..”
ရှီဖိန်းကျောင် ရှီဟောင်၏ရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။
ဤနှစ်ဦးမှာ အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်ဟောင်းများပင်။ ယခုတော့ သူတို့သည် ထိုတာဝန်ကို ဂီဇောင်နှင့် ဟူကျီတို့ထံသို့ လွဲပြောင်းပေးလိုက်ပြီဖြစ်သည်။
ရှီဟောင် တကယ်ကို ပျော်ရွှင်နေကာ သူ့မျက်လုံးများပင် အနည်းငယ် နီရဲလာသည်။ သူ အသက်ကြီးသည့်မျိုးဆက်များကို အရိုအသေပေးလိုက်သည်။
အဒေါ်ကြီးများလည်း အပြေးလေး ရောက်လာကြသည်။ သတင်းကြားသည်နှင့် သူတို့သည် ပြေးလာကြသည်။ သူတို့သည် ရှီဟောင်၏မျက်နှာကို ဆွဲဆိတ်လိုက်၊ လက်မောင်းကို ဆွဲလိုက်နှင့် လုပ်နေကြသည်မှာ အရေထူသည့် ရှီဟောင်၏မျက်နှာပင် အနည်းငယ် နီရဲလာသည်အထိပင်။
“အဲဒီကလေး .. သူ ဘယ်မှာလဲ..”
ထိုအချိန်တွင် ရွာမှ အသက်ကြီးသည့်သူများလည်း သူတို့ကလေးများ၏ အကူအညီဖြင့် ရောက်လာကြသည်။ သူတို့သည် လမ်းပင် ကောင်းကောင်း မလျှောက်နိုင်ကြတော့ပေ။
“ဘိုးဘိုး .. ရွာသူကြီး ဘိုးဘိုး..”
ရှီဟောင် အော်ဟစ်လိုက်ကာ လူအုပ်ကြီးကို ဘေးဖယ်လိုက်ပြီး တရှိန်ထိုးပြေးသွားလိုက်ပြီး အရှေ့ဆုံးမှ အကြီးအကဲတစ်ဦးကို တွဲပေးလိုက်သည်။ ဤသည်မှာ ရွာသူကြီးဟောင်း ရှီယွီဖုန်းဖြစ်သလို သူ့ကို ကျွေးမွေးပြုစုခဲ့သည့်သူလည်းဖြစ်သည်။
“ကလေး .. နောက်ဆုံးတော့ မင်းပြန်လာပြီ .. ဒီတစ်သက် မင်းကို ထပ်မတွေ့ရတော့ဘူးလို့ထင်နေတာ..” ရွာသူကြီးဟောင်း ရှီယွီဖုန်း အလွန်စိတ်လှုပ်ရှားနေကာ မျက်ရည်များပင် စီးကျလာသည်။
သူသည် ရွာတွင် ဇနီးတစ်ယောက်မှမရှိသလို ကလေးလည်းမရှိ။ ရှီဟောင်ကိုသာ သူ့ကလေးကဲ့သို့ သတ်မှတ်ခဲ့သည်ဖြစ်သောကြောင့် ယခုအချိန်တွင် သူ၏ခံစားချက်များကို ဖိနှိပ်နိုင်ရန် ခက်ခဲလှသည်ပင်။
အပိုင်း ၁၉၃၀ ပြီး၏။
Chapter – 1931 ကလန်သားများနှင့် ပြန်လည်ပေါင်းစည်းခြင်း
ရွာသူကြီးဟောင်းကို မြင်သည်နှင့် ရှီဟောင် မျက်ရည်များ ကျလာကာ ခံစားချက်များ ပြင်းထန်လာသည်။ သူသည် ‘ဘိုးဘိုး’ ဟု ဆက်တိုက်ရေရွတ်နေကာ အကြီးအကဲ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။
ရွာသူကြီးဟောင်သည် ရှီဟောင်ကို သားရဲနို့တိုက်ကာ ပြုစုစောင့်ရှောက်ခဲ့သည့်သူပင်။ ယခု သူ၏ဆံပင်အချို့ပင် အဖြူရောင်ဖြစ်နေလေပြီ။
“ဘိုးဘိုး .. ဘိုးဘိုးနေကောင်းရဲ့လား .. ကျွန်တော် ဘိုးဘိုးကို အရမ်းလွမ်းလို့ ဘိုးဘိုးကိုတွေ့ဖို့ ပြန်လာခဲ့တာ..” ရှီဟောင် ရှီယွီဖုန်းကို ထိန်းကိုင်ပေးလိုက်သည်။
ကံကောင်းစွာဖြင့် ရွာသူကြီးဟောင်းသည် အသက်ကြီးနေပြီဖြစ်သော်လည်း အတော်လေးကျမ်းမာနေသေးသည်။
ယခင်က ရှီဟောင်သည် ငယ်ရွယ်သေးသော်လည်း အဖိုးတန်ဆေးပင်များ၊ သားရဲအသားများနှင့် အခြားအရာများကို ရွာသို့ ပြန်ယူလာလေ့ရှိသောကြောင့် ရွာသားများ၏ ခန္ဓာကိုယ်များမှာ အလွန်သန်မာကြသည်ပင်။
“ကောင်းတယ် .. ကောင်းတယ် .. အရမ်းကောင်းတယ်..” အကြီးအကဲသည် ဤစကားကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေလေ၏။ ဤကလေးကို နောက်တစ်ကြိမ် ထပ်မြင်လိုက်ရသောကြောင့် သူ့ရင်ထဲ နောင်တတရားတို့ မရှိတော့။
သူ ဤကလေးကို ဤဘဝတွင် နောက်တစ်ကြိမ် မတွေ့နိုင်တော့ဘူးဟု ထင်ထားခြင်းပင်။ သူတို့နှစ်ဦးသည် အဆင့်မြင့်နယ်မြေနှင့် အဆင့်နိမ့်နယ်မြေ၌ ရှိနေကြခြင်းပင်။ ဤနယ်မြေနှစ်ခုကို ဖြတ်သန်းရန်မှာ ခက်ခဲလှသည်ပင်။
ရှီယွီဖုန်း ရှီဟောင်၏လက်ကို ဆုတ်ကိုင်ကာ သူ့အား ထပ်ခါတလဲလဲ ကြည့်နေလိုက်သည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည်များ ရှိနေသော်လည်း သူ ပြုံးလည်းပြုံးနေသည်။ သူ့ကလေး နောက်ဆုံးတော့ အရွယ်ရောက်လာလေပြီ။
“မင်း အသက်ရှင်လျက် ပြန်လာနိုင်တာကို အဖိုးအရမ်းဝမ်းသာတယ် .. ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..” ရှီယွီဖုန်း ရယ်မောလိုက်သည်။
“ရွာသူကြီးဘိုးဘိုးက မင်းကို တကယ် သတိရနေတာ .. သူက ရွာထိပ်မှာ ရပ်ပြီးတော့ အဝေးကို ငေးနေတတ်တယ် .. သူမပြောပေမယ့် သူက မင်း တောင်ကြားလမ်းလေးမှာ ရုတ်တရက်ပေါ်လာမယ့်နေ့ကို စောင့်နေမှန်း ငါတို့အားလုံးသိကြတယ်” ဂီဇောင် ပြောလိုက်သည်။
“ဟုတ်တယ် .. ဒီနှစ်တွေမှာ ရွာသူကြီးဘိုးဘိုးက မင်းအကြောင်းတွေကိုပဲ အမြဲတမ်း တွေးနေကာ သသူက ရွာထိပ်မှာ ထိုင်ငေးနေတတ်တယ်” ဟူကျီလည်း ထပ်ပြောလိုက်သည်။
“ဘိုးဘိုး .. ကျွန်တော် ဒီမှာ အကြာကြီးနေမှာ .. ကျွန်တော် ထပ်ထွက်သွားရင်တောင် ကျွန်တော် ခဏခဏ လာခဲ့တော့မှာ..” ရှီဟောင်လည်း မျက်ရည်များ စီးကျလာလေပြီ။
“ဟား ဟား .. မင်းက ဘာလို့ငိုနေတာလဲ .. ဒီနေ့က ပျော်စရာကောင်းတဲ့နေပဲ .. မင်းက ပြန်လာပြီးတော့ ငါတို့ကို ဒီလိုမျိုး အံ့ဩသွားအောင် လုပ်လိုက်တာ .. သွားမယ် သွားမယ် .. ရွာထဲမှာသွားသောက်ကြစို့ .. ငါတို့ မမူးမချင်း သောက်ကြမယ်..” ရှီလင်းဟူ အော်ဟစ်လိုက်သည်။
“ဒီကောင်က တကယ် အရွယ်ရောက်လာပြီပဲ .. ငါတို့ထက်တောင် အရပ်ရှည်နေပြီ..” ဦးလေးတစ်စုလည်း လျှောက်လာကာ ရှီဟောင်ကိုလက်ကိုဆွဲလိုက်၊ ခေါင်းပုတ်လိုက် လုပ်နေကြသည်။
“ဦးလေး .. ကျောက်တုံးဦးလေး .. ဦးလေးက ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတယ် .. ဒီတစ်ခေါက် ဦးလေး ကျွန်တော်တို့ကို ပညာသင်ပေးရမယ် .. ကျွန်တော်တို့လည်း ကမ္ဘာကြီးမှာ လျှောက်သွားချင်တယ် .. အားလုံးကို အနိုင်ယူချင်တယ်..” ကလေးတစ်ယောက် အော်ဟစ်လိုက်သည်။
“ကိစ္စမရှိဘူး..” ရှီဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကာ ထိုကလေးကို ကောက်ပွေ့ပြီး သူ့ပုခုံးထက် တင်ထားလိုက်သည်။
“ကျွန်တော်လည်း လိုချင်တယ် .. ကျောက်တုံးဦးလေး .. ကျွန်တော့်ကိုလည်းဖက်..” နှပ်ချေးတွဲလောင်းနှင့် သုံးနှစ်အရွယ်ကလေးတစ်ယောက် အော်ဟစ်လိုက်လေ၏။
ရှီဟောင် ရယ်မောလိုက်ကာ သူ့ကို နောက်ပုခုံးတစ်ဖက်ပေါ်၌ တင်ထားလိုက်သည်။
ရလဒ်အနေဖြင့် ကလေးများသည် မျောက်အုပ်စုလေးများကဲ့သို့ သူ့ဘေးပတ်ပတ်လည်၌ ခုန်နေကြသည်။ သူတို့သည် ငယ်ရွယ်သေးသော်လည်း သူတို့ခန္ဓာကိုယ်များမှာ သန်မာလှသည်။
ရှီဟောင် ကလေးအုပ်ထဲ မြှုပ်သွားလေပြီ။
ရွာသူကြီးဖိုးဖိုးပင်လျှင် နောက်ဆုတ်ကာ သူတို့ကို နေရာပေးလိုက်သည်။
“ကောင်စုတ်လေးတွေ..” ရှီလင်းဟူနှင့် ရှီဖိန်းကျောင်တို့ ဆူပူရင်း ပြုံးလိုက်ကြသည်။ သူတို့သည် ဂီဇောင်၊ အားမန်နှင့် အခြားကလေးများကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်သော်လည်း ဤကလေးများကိုတော့ သူတို့မနိုင်။
အားလုံး ပျော်ရွှင်စွာဖြင့် ရွာထဲသို့ ဝင်သွားလိုက်ကြသည်။
အားမန်အဖေသည် လိပ်နက်ကြီးကို ကြည့်လိုက်ကာ ရှီဟောင် ပုခုံးကို ပုတ်လိုက်သည်။ “နှစ်တွေဒီလောက်ကြာသွားတာတောင် မင်းအကြိုက်က မပြောင်းသေးဘူးပဲ .. မင်းက ပြန်လာတာတောင်မှ ဒီလိုမျိုး အသက်ရှင်နေတဲ့သားကောင်ကြီးကို ယူလာသေးတယ် .. ဒါပေမဲ့ ဒီလိပ်နက်က ဆေးကောင်းတစ်လက်ပဲ .. ငါတို့ပြန်သွားတဲ့အချိန်ကျရင် သူ့ကို အိုးထဲပစ်ထည့်ပြီး စွပ်ပြုတ်ကောင်းတစ်ခွက် လုပ်လို့ရပြီ .. ဒီအကောင်လောက်ဆိုရင် ငါတို့ တစ်ရွာလုံးသောက်ဖို့ လောက်,လောက်တယ်”
အမျိုးသားများအားလုံး ခေါင်းညိမ့်လိုက်ကြသည်။
အနောက်ဘက်ရှိ လိပ်နက်ကြီးမှာ ချက်ချင်းပင် တောင့်တင်းသွားရသည်။
သူ အော်ဆဲပစ်လိုက်ချင်သော်လည်း ရှီဟောင်၏အမူအရာကို တွေ့လိုက်ရသည့်အချိန်တွင် သူ့စကားလုံးများကို ပြန်မြိုချလိုက်ရသည်။
နောက်ဆုံးတွင်တော့ သူ၏မည်းနက်နေသည့်မျက်နှာသည် အစိမ်းရောင်ပြောင်းသွားကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ကျုပ်ပြောပြမယ် .. ကျုပ်က ကြီးမြတ်တဲ့လိပ်နက်ကြီးဆိုတာ ခင်ဗျားတို့ ယောက်ျားသားတွေ သိသင့်တယ် .. ဒီနှစ်တွေမှာ မိုးကောင်းကင်အောက်ပြိုင်ဘက်ကင်းတဲ့သူက ကျုပ်ပဲ..”
“ဒီလိုလိပ်ကြီးကို တွေ့နိုင်ဖို့က တကယ်ကို ရှားပါးတယ်..” တစ်စုံတစ်ယောက်သည် သူ့စကားများကို လျစ်လျူရှုလိုက်ကာ ပြောလိုက်သည်။
လူအုပ်ကြီးသည် ခေါင်းညိမ့်လိုက်ကြကာ ဤလိပ် အရသာ ရှိမရှိကိုသာ ဆွေးနွေးနေကြလေ၏။
လိပ်နက်ကြီး စတင် ကြောက်ရွံ့လာသည်။ ရှီဟောင် ဤလူများအတွက် သူ့အား ချက်စားပစ်မည်ကို သူကြောက်လာသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် မည်မျှအစားကျူးသည်ကို သူတွေ့်ဖူးသည်ပင်။
“ဦးလေးနဲ့ ဘိုးဘိုးတို့ .. ကျွန်တော့်ကို ခြောက်မနေနဲ့နော် .. ဦးလေးတို့ ကျွန်တော့်ကို သိတယ်လေ .. အရင်တုန်းက ကျွန်တော် ကျောက်တုံးလေးကိုခေါ်ပြီး လျှောက်သွားခဲ့ကြသေးတယ်လေ .. ကျွန်တော်က ဘလက်ကီသုံးလေ..”
နောက်ဆုံးတွင်တော့ သူ ရှီဟောင် ပေးထားသည့်နာမည်ကို ထုတ်ပြောလိုက်ရတော့သည်။
“ဘာ .. မင်းက အဲဒီထွက်ပြေးသွားတဲ့လိပ်လား..”
တစ်စုံတစ်ယောက် သူ့အား စိုက်ကြည့်လာသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် နတ်ဘုရား ၇ ပါးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဤလိပ်သည် တကယ်ကို ကောက်ကျစ်ကာ ထွက်ပြေးသွားခဲ့သည်ပင်။
“တကယ် နိမ့်ကျတဲ့ကောင်..”
လိပ်နက်ကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားကာ ဤနေရာ၌ အလောတကြီး မလုပ်ရဲတော့။
ဤရွာမရိုးရှင်းသည်ကို သူသိသည်။ ဤနေရာတွင် ဒဏ္ဍာရီလာ မိုးမခနတ်ဘုရား ပြုလုပ်ပေးထားသည့် အစီအရင်ရှိနေသည့်အပြင် နတ်ဘုရားအဆင့် ကျူးယွမ်၊ ဇာမဏီငှက်မျိုးဆက်တို့ ရှိနေသည်။ သူ ဤလူများကို ရန်စ၍မရ။
“အမွှေးလုံးက ဘယ်မှာလဲ..” ရှီဟောင်မေးလိုက်သည်။
သူ အမွှေးလုံးနှင့် အနီရောင်လေးတို့ကို မတွေ့ရသေး။ သူ မသွားခင်ကတည်းက သူတို့ နတ်မီးတောက်ကို ရရှိပြီဖြစ်ပြီး နတ်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။
“အမွှေးလုံးက လွတ်လွတ်လပ်လပ်နဲ့ လောကကြီးမှာ လျှောက်သွားနေတာ .. သူက ပင်လယ်ကလန်က လူတွေ၊ ကန္တာရဘုရင်တွေနဲ့ မကြာခဏ သောက်လေ့ရှိတယ် .. သူက တော်တော်လေးကြာမှ တစ်ခေါက်ပြန်လာတာ” ကလေးတစ်ဦး ပြောလိုက်သည်။
အနီရောင်လေးဆိုလျှင် ပြောနေစရာပင်မလိုတော့။ သူ မိုးမခနတ်ဘုရား၏ အစီအရင်ကို လေ့လာချင်သည့်အချိန်မှသာ ပြန်လာတတ်သည်။ သူည် မီးကလန်၏ဘိုးဘေးမြေ၌သာ နေထိုင်နေသည်။
ထိုအချိန်တွင် အားလုံး ရပ်တန့်သွားကာ တစ်စုံတစ်ယောက်အတွက် လမ်းဖယ်ပေးလိုက်သည်။
ရှီဟောင် ချက်ချင်း ဆွံ့အသွားရသည်။ ဤသည်မှာ မြေကြီးရောင် ကြက်တစ်ကောင်ပင်။ ဤငှက်သည် ထိုမျှတောက်ပခြင်းမရှိ။ အလွန်ရိုးရှင်းသည်။ သူသည် ရွာမှလူအားလုံးကို သူ့အတွက် လမ်းဖယ်ခိုင်းလိုက်လေ၏။
ရတနာရှစ်သွယ်ကြက်..
ဤကောင်သည် တကယ်ကို လမ်းပေါ်ရှိလူများကို သူ့အတွက် လမ်းဖယ်ခိုင်းနေလေ၏။
ထို့အပြင် ရှီဟောင်ကို မြင်လိုက်ရသည့်အချိန်တွင် သူသည် ရှီဟော်ငကို ထူးမခြားနားစွာပင် ကြည့်လိုက်ပြီး ခေါင်းမော့ကာ သူ့ဘေးပတ်လည် လျှောက်သွားနေလေ၏။
“ဟေး .. မင်းလိုမျိုးကြက်တစ်ကောင်က ပုန်ကန်ရဲတာလား..” ရှီဟောင် စိုက်ကြည့်လိုက်သည်။ ဤကြက်သည် သူ့ကို တကယ် လျစ်လျူရှုထားနေသည်ပင်။
ဤကြက်မှာ တကယ် မောက်မာနေသည်ပင်။ သူသည် ကြက်တစ်ကောင်သာဖြစ်သော်လည်း သူ့ကိုယ်သူ အကောင်ကြီးကြီးထင်နေသည်။ သူ့ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း သူ့ကို လျစ်လျူရှုထားနေသည်။
“ဒီနှစ်တွေမှာ သူ တကယ်ကို အလုပ်ကြိုးစားခဲ့တယ် .. သူ ဥတဲ့ဥတိုင်းက ဝိညာဉ်ဆေးပင်နဲ့ ယှဉ်လို့ရတယ် .. အဲဒီဥတွေကြောင့် ရွာထဲက ကလေးတွေ တော်တော်များများက ကျွဲပေါက်လိုမျိုး သန်မာနေကြတာ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
သူတို့ ဤကြက်ကို မည်မျှကျေးဇူးတင်နေကြောင်း တွေ့နိုင်သည်ပင်။ သူတို့သည် ဤကြက်ကို အလေးပေးဆက်ဆံကာ သူ့အတွက်ပင် လမ်းဖယ်ပေးကြသေးသည်။
ဤရတနာရှစ်သွယ်ကြက်သည် ကျောက်တုံးကျေးရွာကို များစွာ အကျိုးပြုခဲ့သည်ပင်။ သူ၏ဥအားလုံးမှာ ဝိညာဉ်ဆေးပင်အဆင့်နှင့် ညီမျှသည်ပင်။ ထိုဥများကြောင့် ကလေးများအားလုံး သန်မာကာ ကျန်းမာနေကြသည်ပင်။
“ရတယ် .. ဒီတစ်ခေါက် ကျွန်တော် သူ့အဖော်တွေကို ရှာလာခဲ့တယ် .. သူ ဒီထက် မောက်မာနိုင်မှာ မဟုတ်တော့ဘူး .. သူ ခေါင်းငုံ့သွားစေရမယ်လို့ အာမခံတယ်”
ထိုသို့ပြောပြီးသည်နှင့် ရှီဟောင် သားရဲသားရေအိတ်ကို ထုတ်လိုက်ကာ ကြိုးဖြည်လိုက်သည်။ ဤအိတ်သည် နေရာမှော်ပစ္စည်းဖြစ်ပြီး သက်ရှိများကို သိမ်းဆည်းထားနိုင်သည်။
အိတ်ကို ဖွင့်လိုက်သည်နှင့် ကြက်များစွာ ထွက်ကျလာသည်။ ရတနာရှစ်သွယ် ကြက်ထီးနှင့် ကြက်မများ ပါဝင်သည်ပင်။
ရွာသားများ ချက်ချင်း ဆွံ့အသွားကြရသည်။ သူတို့အတွက်တော့ ဤသည်မှာ ဝိညာဉ်ဆေးဥများကို ထုတ်ပေးနိုင်သည့် နတ်ငှက်များပင်။ ဤငှက်များသည် သူတို့ကလေးများကို အုတ်မြစ်ခိုင်မာစေကာ အရွယ်ရောက်သည့်သူများအတွက်လည်း ဆေးကောင်းတစ်လက်ဖြစ်စေသည်။ ဤငှက်သည် သူတို့ကို အသက်ရှည်စေသည်။
“အထီးတွေလည်းပါတယ် .. ဒါက ကြက်ပေါက်လေးတွေ မွေးပြီးတော့ ရတနာရှစ်သွယ် ကြက်အုပ်ကြီး ရအောင်လုပ်နိုင်တယ်လို့ ပြောချင်တာလား..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဟုတ်တယ် .. နောင်ကျရင် သူတို့ကို စားချင်ရင်တောင် ရတယ်” ရှီဟောင် ပြောလိုက်သည်။
သူ ဤကဲ့သို့ ပြောလိုက်သော်လည်း ရွာသားများ သဘောတူမည်မဟုတ်သည်ကို သူသိသည်ပင်။
ကောင်းကင်ဘုံကိုးခုတွင် သူပြန်တော့မည်ကို သိကြသောကြောင့် သူ့အတွက် လက်ဆောင်များ ဝယ်ထည့်ပေးလိုက်ကြသည်ပင်။ နတ်ဆေးပင်များဆိုလျှင် ပြောစရာပင်မလိုတော့။ ရတနာရှစ်သွယ်ကြက်ပင် ၆ ကောင်၊ ၇ ကောင် ခန့်ရှိနေသည်ပင်။
ကောင်းကင်ဘုံကိုးခု၌သာ ဤအရာများကို အများကြီး ဝယ်နိုင်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဤမျိုးစိတ်မှာ မျိုးတုန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ခပ်ဝေးဝေးတွင် မာနကြီးစွာ လှည့်ပတ်သွားနေသည့် ရတနာရှစ်သွယ်ကြက်သည် ရုတ်တရက်လှည့်လာကာ သူ့မျိုးစိတ်များကို တွေ့လိုက်ရသည်နှင့် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် အတောင်ပံများကိုခတ်ကာ ကျယ်လောင်စွာ အော်ဟစ်ပြီး ပြေးလာလေ၏။
“သူတို့တွေ ဒီနေရာနဲ့နေသားကျသွားအောင် လိုက်ပြပေးလိုက်..” ရှီဟောင် သူတို့ကို ပြန်လည်စုံစည်းစေလိုက်သည်။
ရုတ်တရက် ခပ်ဝေးဝေးမှ ငှက်အော်သံများ ထွက်ပေါ်လာကာ ပုံရိပ်ကြီးသုံးခုသည် အနက်ရောင်တိမ်တိုက်များကဲ့သို့ ကောင်းကင်ကြီးကို ဖုံးလွှမ်းကာ တရှိန်ထိုး ပြေးလာကြသည်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ကျောက်တုံးကျေးရွာနားမှာ ဒီလိုမျိုး သားရဲမျိုးရှိနေတာလား .. ဤငှက်များမှာ အလွန်ကြီးမားလှသောကြောင့် နေကိုပင် ဖုံးအုပ်သွားသည်။
သို့သော် ခဏကြာပြီးနောက် သူ ပြန်ပြုံးသွားသည်။ သူတို့တွေတောင် အရွယ်ရောက်လာပြီပဲ..
ကြီးမားလှသည့် ငှက်များစွာ ကောင်းကင်ထက်မှ ထိုးဆင်းလာကြသည်။ မြေပြင်ပေါ်သို့ ရောက်သည့်အချိန်တွင် သူတို့သည် သာမန်လူသားအရွယ်အစားသို့ ပြန်ပြောင်းလိုက်ကြသည်။
မဟုတ်ပါက ကျောက်တုံးကျေးရွာမှ လမ်းများ ပျက်စီးသွားလိမ့်မည်။
“အား .. ရှီဟောင် .. ရှီဟောင်ပဲ .. သူ ပြန်လာပြီ..” သူတို့ အော်ဟစ်လိုက်ကြသည်။
“ပန်ကြီး .. အစိမ်းလုံးလေး .. ခရမ်းရောင်တိမ် ..” ရှီဟောင်လည်း အော်ဟစ်လိုက်သည်။
ဤသည်မှာ သူနှင့်အတူ ကြီးပြင်းလာသည့် ငှက်များပင်။ သူတို့သည် အစိမ်းရောင်အကြေးခွံသိမ်းငှက်၏မျိုးဆက်ဖြစ်သော်လည်း သူတို့အားလုံး သန္ဓေပြောင်းသွားပြီဖြစ်ပြီး ငယ်ရွယ်စဉ်က ပန်ငှက်နှင့် ပိုတူသည်။ ယခုတော့ သူတို့၏ သွေးများ သန့်စင်လာကာ အတော်လေး ပြောင်းလဲသွားသည်ပင်။
“အစိမ်းရောင်အကြေးခွံသိမ်းငှက်အန်တီရော..” ရှီဟောင်မေးလိုက်၏။
“သူက အဝေးကြီးမှာ ကျင့်ကြံနေတာ..” အစိမ်းလုံးလေး ပြန်ဖြေလိုက်ကာ လျင်မြန်စွာ ပြေးလာလေ၏။
ပန်ကြီး၏အမွေးအတောင်များသည် ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပလာသည်။ အစိမ်းလုံးလေး၏ ခန္ဓာကိုယ်လည်း သတ္တုရောင်တောက်ပနေသလို ခရမ်းရောင်တိမ်မှ ခရမ်းရောင်အလင်းများ ထွက်ပေါ်နေသည်။ သူတို့အားလုံး အလွန်စွမ်းအားကြီးနေကြလေပြီ။
သူတို့သည် ကျောက်တုံးကျေးရွာ၌ နေထိုင်ကြပြီး ရွာသားများကိုလည်း ကာကွယ်စောင့်ရှောက်ပေးနေသည်ပင်။ ထို့အပြင် သူတို့အမဲလိုက်သွားလျှင်လည်း ရွာသားများအတွက် စွမ်းအားကြီးကာ ရှားပါးသည့်သားရဲများ သယ်လာပေးတတ်သည်ပင်။
“မိုးမခနတ်ဘုရားရဲ့ အကူအညီက အလကားမဖြစ်ခဲ့ဘူးပဲ” ရှီဟောင် ချီးကျူးလိုက်သည်။ ရှီဟောင် သူတို့၏လည်ပင်းများကို ပွတ်သပ်လိုက်၏။ ဤငှက်များသည် သူနှင့်အတူတူ ကြီးပြင်းခဲ့သည့် ကစားဖော်များပင်။
ယခင်က မိုးမခနတ်ဘုရားသည် သူတို့၏အတောင်ပံများကို ဆေးကြောကာ သူတို့၏ရိုးတွင်းချင်ဆီကို သန့်ရှင်းစေခဲ့ကာ သူတို့ဘိုးဘေး၏ခြေရာကို လိုက်မှီနိုင်အောင် လုပ်ပေးခဲ့သည်။ ယခု သူတို့ ကြီးပြင်းလာသည့်အချိန်တွင်တော့ ပို၍စွမ်းအားကြီးလာကာ သွေးမျိုးဆက်များလည်း သန့်စင်လာလေပြီ။
သူတို့၏လက်ရှိအနေအထားနှင့်ဆိုလျှင် ခွန်ပန်ပညာကို ကျင့်ကြံရန် အလွန်သင့်တော်နေပြီဖြစ်သည်။
“အားရိုး .. ငါ ဘယ်သူ့ကို မြင်နေရတာလဲ .. သရဲလား..” ထိုအချိန်တွင် ကောင်းကင်ထက်မှ အသံတစ်သံ ထွက်ပေါ်လာကာ နီရဲနေသည့် ငှက်ကြီးတစ်ကောင်ဆင်းသက်လာသည်။
ဤသည်မှာ ငှက်နီလေးပင်။ သူသည် ခြေသည်း၊လက်သည်းများကို ဖြန့်ကျက်ထားကာ ရှီဟောင်ကို တိုက်ချချင်နေလေ၏။
“ငါ့ရဲ့ ဒုတိယဂတုံးအစ်ကိုကြီးရော .. သူကဘာလို့မင်းနဲ့အတူတူ ပြန်လိုက်မလာတာလဲ..” ထိုအနီရောင်ငှက်ကြီး အော်ဟစ်လိုက်သည်။
“ဒါက ရှားပါးတဲ့အခိုက်အတန့်ပဲ” ရွာသူကြီးဟောင်း ရှီယွီဖုန်းသည် သူ၏မုတ်ဆိတ်မွေးများကို ပွတ်သပ်၍ ပြုံးလိုက်သည်။ “သွားကြစို့ .. ချင်းဖန်းကို ဒီကိုမြန်မြန်ခေါ်လာခဲ့လိုက် .. သူ့အစ်ကိုကြီး ပြန်လာပြီလို့ပြောလိုက်”
ချင်းဖန်းသည် ယခု ကျောက်တုံးတိုင်းပြည်၏ ဧကရာဇ်ဖြစ်နေလေပြီ။
ရှီဟောင် ဧကရာဇ်နေရာကို ချင်းဖန်းအား လွှဲပေးခဲ့ခြင်းပင်။
ချင်းဖန်းသည် ငယ်ရွယ်စဉ်က အတော်လေး ထိခိုက်ခံစားခဲ့ရသည်။ သူ၏ခြေထောက်တစ်ဖက်ပင် ပျက်စီးသွားမလိုဖြစ်ခဲ့သည်ပင်။ သူ ခံစားခဲ့ရသည့်အရာအားလုံးမှာ ရှီဟောင်အစား ခံခဲ့ရခြင်းပင်။
ရှီဟောင်သည် သူ့အား အမြဲတမ်းအားနာနေခဲ့သည်ပင်။
“ဦးလေးချင်းဖန်းက အခုတလော ပြဿနာတစ်ချို့တက်နေတာ .. အခု ဦးလေးကျောက်တုံးပြန်လာပြီဆိုတော့ အားလုံးအဆင်ပြေသွားတော့မှာ … အခု ဘယ်သူက ပြဿနာရှာရဲမှာလဲ..” ကလေးတစ်စု အော်ဟစ်လိုက်ကြသည်။
အပိုင်း ၁၉၃၁ ပြီး၏။
Chapter – 1932 ကတိ
ကျောက်တုံးကျေးရွာမှာ အလွန်လှုပ်ရှားသက်ဝင်နေသည်။
ဦးလေးကြီးများသည် ဝိုင်အိုးများကိုမြှောက်လိုက်ပြီး အဖုံးများ ဖွင့်လိုက်ကြသည်။ ဝိုင်၏မွှေးရနံ့မှာ အားလုံးကို သွားရေကျသွားစေသည်ပင်။
အန်တီကြီးများကတော့ အစားအစာများ ပြင်ဆင်ပေးကြသည်။ နီရဲနေသည့်အသီးများ၊ ရွှေရောင်အသီးများ၏ မွှေးရနံ့မှာ အားလုံး၏စိတ်ကို လန်းဆန်းနေစေသည်။
ကလေးများသည် မျောက်အုပ်စုကဲ့သို့ ပြေးလွှားဆော့ကစားနေကြသည်။
ရွာထဲမှ အကြီးအကဲများလည်း ပါးဆုံများနီရဲနေကာ ရယ်မောနေကြလေ၏။ သူတို့၏ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်တော့။
“ရွာထဲမှာ အတော်လေးငယ်သေးတဲ့ သားရဲတွေ ရှိနေတာပဲ..” ရှီဟောင်ပြောလိုက်သည်။
သူ လျှပ်စီးအမဲလိုက်ခွေး၊ ခေါင်းနှစ်လုံးခြင်္သေ့ဖြူ၊ လီမီးတောက်နွားပေါက်များနှင့် အခြားအကောင်များကို တွေ့လိုက်ရသည်။ ဤအကောင်များသည် ကလေးများ၏ ဆော့ဖော်ဆော့ဖက်များ ဖြစ်နေကြသည်။
ဤသည်မှာ ဤနှစ်အတွင်း ရွာသည် ကောင်းမွန်စွာ တိုးတက်လာသည်ဟု သက်သေပြနေခြင်းပင်။ သူတို့သည် ရက်စက်သည့်သားရဲများကို ဖမ်းနိုင်သည့်အပြင် သူတို့ကိုပါ မွေးမြူနိုင်သေးသည်။ ဤသည်မှာ ဤနေရာ စွမ်းအားကြီးကြောင်း သက်သေပြနေခြင်းပင်။
အချို့သားရဲများသည် အရွယ်ရောက်နေပြီဖြစ်သောကြောင့် ရွာပြင်၌ နေကာ ရွာကို ကာကွယ်ပေးနေသလို အမဲလိုက်ရာတွင်လည်း ကူညီပေးနေသည်။ ရှီဟောင် အချို့အကောင်များကို မှတ်မိနေဆဲပင်။ ဤအကောင်များသည် ယခင်က သူ ကလေးများကို ဖမ်းပေးသည့်အကောင်များပင်။
အချို့အကောင်များ သေဆုံးသွားကြသော်လည်း အချို့မှာ အရွယ်ရောက်လာကာ သစ္စာရှိသည့် စစ်ပွဲသားရဲများဖြစ်လာကြသည်။ ဤသားရဲများကို အနီရောင်ငှက်ကြီး၊ ခရမ်းရောင်တိမ်၊ ပန်ကြီးနှင့် အစိမ်းလုံးလေးတို့မှ ထိန်းချုပ်နေသည်ပင်။
“ဦးလေး .. ကျွန်တော့်ကို မှတ်မိသေးလား .. ဦးလေး ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော် ငါးနှစ်ပဲ ရှိသေးတယ် .. ဦးလေးက ကျွန်တော်တို့ကလေးတွေကိုခေါ်ပြီးတော့ သားရဲတွေ အများကြီးကို ဖမ်းပေးခဲ့တယ်လေ .. ကြည့်လိုက် .. ရွာထဲက တစ်ချို့သားရဲလေးတွေက ကျွန်တော်တို့ဖမ်းခဲ့တဲ့သားရဲတွေရဲ့ ကလေးတွေပဲ..” ဆယ်ကျော်သက်လူငယ်တစ်ဦး ပြေးလာကာ ပြောလိုက်သည်။
“ငါ မင်းကို မှတ်မိတာပေါ့ .. ဟား ဟား..” ရှီဟောင် သူ့ပုခုံးကိုပုတ်လိုက်သည်။
ရွာကြီးမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
ရှီဟောင် အဝေးသို့ ကြည့်လိုက်သည့်အချိန်တွင် စစ်သင်္ဘောကို မြင်လိုက်ရသည်။ ထိုသင်္ဘောလည်း ရောက်လာလေပြီ။
“ဘိုးဘိုး .. ကျွန်တော့်မိဘတွေလည်း အဆင့်မြင့်နယ်မြေကနေ လိုက်ပြန်လာခဲ့ကြတာ” ရှီဟောင် သူတို့ကို ပြောလိုက်သည်။
ဤစကားကိုကြားသည်နှင့် လူကြီးနှင့် အကြီးအကဲများ ထိတ်လန့်သွားကြသည်။
“ဘယ်မှာလဲ..” အားမန်တို့လည်း ခေါင်းလှည့်ကာ လိုက်ရှာလိုက်ကြသည်။
“ဦးလေးနဲ့အန်တီကို မြန်မြန်ကြိုလိုက်ကြ..” ဂီဇောင် လောဆော်လိုက်သည်။
“အဲဒီမှာ..” ရှီဟောင် ခပ်ဝေးဝေးမှ ချဉ်းကပ်လာသည့် သင်္ဘောကြီးကို လက်ညှိုးထိုးပြလိုက်သည်။
“သင်္ဘောကြီး အကြီးကြီးပဲ..”
“အဲဒါက ဦးလေးချင်ဖန်းရဲ့သင်္ဘောထက်တောင် ကြီးသေးတယ်..” ကလေးအချို့ အော်ဟစ်လိုက်ကြသည်။
အချို့ကလေးများမှာ တောရိုင်းထဲ၌ ကြီးပြင်းခဲ့ကြသည့်သူများပင်။ သူတို့ကို ချင်းဖန်းမှ ကျောက်တိုင်းတိုင်းပြည်သို့ ခေါ်လာခဲ့သည်ပင်။ တောင်များ၌ အမြဲတမ်းနေနေသည်မှာ မကောင်းပေ။
“ပြီးတော့ ကလေးတွေ အများကြီးလည်း ပါသေးတယ် .. ကျွန်တော် သူတို့ကို ကျောက်တုံးကျေးရွာမှာ နေစေချင်တယ် .. သူတို့အတွက် ရွာအပြင်မှာ ကျောက်တုံးတဲအိမ်လေးတွေ ဆောက်ပေးလိုက်ပါ” ရှီဟောင် ထပ်ရှင်းပြလိုက်သည်။
“အမ် .. အဲဒီလောက်တောင် များတာလား..” ရွာသားများ ထိတ်လန့်သွားရသည်။ ရှီဟောင် ဤမျှများပြားသည့်ကလေးများကို ခေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြ။
အဘယ်ကြောင့်ဆိုသော် ယခင်က သူတို့ဤနေရာ၌ အပြင်လူများကို လက်မခံ။ ရွာသားများအပြင်ထွက်နိုင်သော်လည်း အပြင်မှလူများကို ခေါ်မလာနိုင်။ အပြင်ဘက်ရှိ ကလန်များမှ ဤနေရာကို မနာလိုဖြစ်မည်စိုးသောကြောင့်ပင်။
“သူတို့ရဲ့ သွေးမျိုးဆက်က ကျွန်တော်တို့နဲ့ အတူတူပဲ .. အများစုက ကျောက်တုံးကလန်က လူတွေ .. တစ်ချို့က နယ်ခြားစပ်က ဘုရင် ၇ ယောက်ရဲ့ မျိုးဆက်တွေ”
ရှီဟောင် သူတို့ကို အကျဉ်းချုပ် ပြောပြလိုက်သည်။ သူ အားလုံးကို ချက်ချင်း အသေးစိတ် ပြောပြ၍မရ။ သူ ဤကလေးများကို အရင်ကြိုဆိုဖို့လိုသေးသည်။
“ငါတို့ကျောက်တုံးကလန်က လူတွေလား..” ရွာသားများ ထိတ်လန့်သွားရသည်။
သို့သော် ဤလူများ၏ နောက်ခံများကို အကြမ်းဖျင်းသိလိုက်ရသောကြောင့် သူတို့ ဤကလေးများကို မငြင်းဆန်တော့။ ဆန့်ကျင်ဘက်အနေဖြင့် လူရွယ်များသည် ကျယ်လောင်စွာပင် အော်ဟစ်ပျော်ရွှင်နေကြလေသည်။
“ဒီနေ့ကစပြီးတော့ ငါတို့စိတ်ပူစရာမလိုတော့ဘူး .. ငါတို့တွေက လူငယ်မျိုးဆက်တွေ အရွယ်ရောက်လာလို့ လက်ထပ်မယ့်သူမရှိမှာကို စိုးရိမ်နေကြတာ .. အခုတော့ ငါတို့လူတွေ ပြန်ရောက်လာပြီဆိုတော့ စိတ်အေးရပြီ..”
အကြီးအကဲများစွာ ကျယ်လောင်စွာပင် အော်ဟစ်ရယ်မောနေကြလေသည်။
ကျောက်တုံးကလန်မှာ သိပ်မကြီး။ ကလန်သားအချင်းချင်း ပြန်လည်လက်ထပ်နေကြလျှင် နောင်ကျ ပြဿနာမျိုးစုံရှိလာနိုင်သည်။
ယခင်က သူတို့အခြားကလန်များနှင့် လက်ထပ်၍ ရနိုင်သော်လည်း မိုးမခနတ်ဘုရားသည် ကျောက်တုံးကျေးရွာကို အခြားနေရာသို့ ပြောင်းရွှေ့ကာ လောကကြီးမှ ဖယ်ခွာပစ်ခဲ့သည်ပင်။
ဤအတိုင်းသာ ဆက်သွားနေလျှင် သူတို့ အပြင်လူကို ရှာရလိမ့်မည်။
သို့သော် မည်သူကများ တောရိုင်းနယ်မြေထဲသို့ ဝင်ချင်မည်နည်း.. ဤသည်မှာ ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့သည်ပင်။ ရွာထဲရှိကလေးများထဲတွင် အချို့မှာ သွေးမျိုးဆက်မတူညီ။ သူတို့ အရွယ်ရောက်လာသည်နှင့် ရွာထဲရှိ လူများနှင့် လက်ထပ်၍ရသည်။ သို့သော် အများစုမှာ ချင်းဖန်းခေါ်လာသည့်ကလေးများကို အားကိုးနေရသည်ပင်။
သင်္ဘောကြီး ရွာပြင်သို့ရောက်ရှိလာသည်။ ကလေးအုပ်စုမှာ မျောက်ကဲ့သို့ နေရာတိုင်း၌ တွယ်တက်နေကြပြန်သည်။
သူတို့သည် သင်္ဘောပေါ်မှ လူများကို အပြင်လူများဟု သတ်မှတ်မထား။ သို့သော် သင်္ဘောပေါ်မှ သူတို့အရွယ်ကလေးများစွာကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ အနည်းငယ် ရှက်သွားကြရသည်။
နယ်ခြားစပ်မှ ကလေးများမှာ မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။ သူတို့သည် ပုံမှန်အားဖြင့် အမြဲတမ်း တိတ်ဆိတ်နေကြကာ အရယ်အပြုံးမရှိကြ။ ဤသည်မှာလည်း သူတို့နေထိုင်လာခဲ့သည့်ပတ်ဝန်းကျင်ကြောင့် ဖြစ်နေရခြင်းပင်။
“ကောင်းပြီ .. မင်းတို့ရဲ့ အဖော်အသစ်တွေကို သင်္ဘောပေါ်ကနေ ခေါ်ဆင်းလိုက်ဦး .. သူတို့ကို သေချာဂရုစိုက်ပေးလိုက်ဦး” ရှီဟောင် အမိန့်ပေးလိုက်သည်။ တက်ကြွသည့် မျောက်အုပ်လေးသည် အော်ဟစ်ကာ ကလေးများကို ခေါ်သွားကြလေသည်။
“အားရိုး .. မင်းက ငါ့လောက်တောင် အရပ်မရှည်ပဲနဲ့ ဘာလို့ ငါ့ထက် အားကောင်းနေရတာလဲ..” ကျောက်တုံးကျေးရွာမှ တက်ကြွနေသည့်ကလေးတစ်ဦး အော်ဟစ်လိုက်သည်။
သူတို့သည် အရိုင်းဆန်သည့်နယ်မြေတွင် ကြီးပြင်းလာကြခြင်းဖြစ်သောကြောင့် ခွန်အားကို လိုချင်ကြသည်။ အချို့ကောင်လေးများသည် သင်္ဘောပေါ်မှ ကလေးအချို့ကို စမ်းလိုက်ကြသည်။ သို့သော်လည်း အဆုံးတော့ သူတို့ အံ့အားသင့်သွားကြရသည်။
ရှီဟောင် ပြုံးလိုက်၏။ နယ်ခြားစပ်ဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ.. ထိုနေရာမှာ အရက်စက်ဆုံးနေရာပင်။ ဤကလေးများမှာ မူလဧကရာဇ်မြို့၌ မွေးဖွားခဲ့သည့်သူများဖြစ်ကြပြီး သူတို့မြင်နေခဲ့ရသည်မှာ အပြင်းထန်ဆုံး တိုက်ပွဲများပင်။ ထို့ကြောင့် တစ်ယောက်စီတိုင်းမှာ အလွန်မာကျောလှသည်ပင်။
ဤကလေးများသည် သက်ရှည်မိသားစုများထံမှ တပည့်များထက်ပင် အလားအလာကောင်းသည်ဟု ပြော၍ရသည်။
“မင်းတို့ အရွယ်ရောက်လာတဲ့အချိန်ကျရင် ငါမင်းတို့အားလုံးအတွက် ကမ္ဘာ့နံပါတ်တစ် ဂိုဏ်းထောင်ပေးမယ် .. ဒါ ငါ့ကတိစကားပဲ..” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။ “ဒါပေမဲ့ ငါ အားနည်းတဲ့သူတွေကို မလိုချင်ဘူး”
ဤသည်မှာ ကျောက်တုံးကျေးရွာမှ ကလေးများကို ပြောလိုက်ခြင်းပင်။
“ကျွန်တော်တို့ ကောင်းကင်ဘုံကိုးခုကို အုပ်စိုးနိုင်မှာလား..” နယ်ခြားစပ်မှ ကလေးများ မေးလိုက်သည်။
“ဒါပေါ့ .. ထာဝရနယ်မြေ၊ တစ်ဖက်လောကနဲ့ အရင်ခေတ်တုန်းက ထူးဆန်းတဲ့စွမ်းအားကြီးတဲ့နယ်မြေတွေပါ ပါတယ်..” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။
ကလေးများ နားမလည်သည့်အရာများ ရှိနေသော်လည်း ရှီဟောင် ပြောလိုက်သည်ပင်။ ဤသည်မှာ သူ၏အစီအစဉ်များပင်။
ဘေးဘက်တွင်ရပ်နေသည့် ယွမ်ရှီး စိတ်ထဲ တုန်လှုပ်သွားသည်။ ဒါက ဟွမ်ရဲ့ အိမ်မက်လား..
ဒါပေမဲ့ ဟွမ်က ပျက်စီးသွားပြီ မဟုတ်ဘူးလား .. သူ့ရဲ့ကျင့်ကြံခြင်းတွေက တစ်လအတွင်း အကုန်ပျက်စီးသွားတော့မှာလေ .. သူက ဒါတွေကို ဘယ်လိုလုပ်မှာလဲ .. ယွမ်ရှီး နားမလည်နိုင်တော့။
“ဦးလေး .. ဦးလေး ဘာပြောနေတာလဲ .. ဘာရန်သူတွေ ရှိနေတာလဲ..” ရွာမှ ကလေးများ မေးလိုက်သည်။
“အစ်ကိုကြီး .. နောင်ကျရင် ကျွန်တော်တို့ တစ်ဖက်လောကနဲ့ တိုက်ခိုက်ရမှာလား..” နယ်ခြားစပ်မှ လူငယ်တစ်ဦး မေးလိုက်သည်။
“နောင်ကျရင် ငါတို့အားလုံးကို စိန်ခေါ်မယ် .. တစ်ဖက်လောကရော ထာဝရနယ်မြေရောကို စိန်ခေါ်မယ် .. အဲဒီအချိန်ကျရင် မင်းတို့က ဘယ်မျိုးဆက်ကလဲဆိုတာ ဘယ်သူဂရုစိုက်ရဲမှာလဲ .. ပြဿနာရှာရဲတဲ့သူတွေအားလုံးကို ရိုက်ချပစ်မယ်..” ရှီဟောင် ပြုံးနေဆဲပင်။
သို့သော် ယွမ်ရှီးမှာ မတည်ငြမ်နိုင်တော့။
“အချိန်ကျလာရင် မင်းတို့ထဲက စွမ်းအားအကြီးဆုံးလူ၊ ဒါမှမဟုတ် မျိုးဆက်များစွာထဲကစွမ်းအားအကြီးဆုံးလူတွေထဲက အယောက် ရှစ်ရာကိုပဲ ရွေးမယ် .. ဒါက မျိုးဆက်တွေရဲ့ စစ်တပ်ကြီးဖြစ်လာပြီးတော့ လောကကြီးကို စိန်ခေါ်ပစ်မယ် .. ခေတ်ကြီးရဲ့စစ်ပွဲကို ဖန်တီးမယ် .. ဘယ်သူက ဘယ်သူနဲ့ စာရင်းရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့..”
အဆင့်မြင့်နယ်မြေတွင် သူ ဤစကားများကို ပြော၍မရ။ အဘယ်ကြောင့်ဆိုသော် ဤစကားများပြောလိုက်လျှင် မုန်တိုင်းတစ်ခု ဖြစ်သွားလိမ့်မည်။ သို့သော် ကျောက်တုံးကျေးရွာတွင်တော့ သူ ကြိုက်သလို ရယ်မော၍ရသည်။ ငိုကြွေး၍ရသည်။
“ခေတ်တစ်ခုရဲ့စစ်ပွဲ .. ကျွန်တော်တို့ ဦးလေးနဲ့အတူတူ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို လွှမ်းမိုးပစ်မယ်..”
“ဘာစာရင်းရှင်းတာလဲ .. ဘာမကောင်းဆိုးဝါးတွေလဲ .. ထွက်လာရဲတဲ့သူအားလုံးကို ချက်စားပစ်မယ်..”
ဤကလေးများ လက်သီးဆုတ်ကာ အော်ဟစ်လိုက်ကြသည်။ သူတို့ကောင်းကောင်းကျင့်ကြံကြမည်ဖြစ်ပြီး ရှီဟောင်ကို မျက်နှာမပျက်စေရဘူးဟု ကျိန်ဆိုလိုက်ကြသည်။
သူတို့ အော်ဟစ်နေသည့်စကားများ၏ အဓိပ္ပာယ်များကို မသိကြသလို ဘယ်နှနှစ်ကြာမည်ကိုလည်း သူတို့မသိ။ သူတို့ အရွယ်ရောက်လာပြီး အလွန်စွမ်းအားကြီးသည့်အချိန်ကျလျှင် သူတို့ လုပ်ခဲ့သည့်ရွေးချယ်မှုကို နားလည်သွားလိမ့်မည်။
“ကလေး .. သား..”
ရှီကျီလင်းနှင့် ချင်းရိနင်တို့နှစ်ဦးလုံး စိတ်ပူနေသည့်အမူအရာများဖြင့် လျှောက်လာကြသည်။ သူတို့ ရှီဟောင်ကို ဆုံးရှုံးရမည်ကို ကြောက်နေကြသည်ပင်။
အဘယ်ကြောင့်ဆိုသော် သူတို့သားပြောနေသည့်လမ်းမှာ မည်ကဲ့သို့သော လမ်းမျိုးဖြစ်သည်ကို သူတို့သိနေကြသည်ပင်။
ဤသည်မှာ ကောင်းကင်ကို ဆန့်ကျင်သည်ထက်ပင် ခက်ခဲလိမ့်မည်။
ခေတ်၏ အမှောင်မိုက်ဆုံးအချိန်သို့ မရောက်သေးသော်လည်း ထာဝရသက်ရှိများမရှိတော့။ ရှိနေသည့် သူများသည်လည်း ပျက်စီးနေသည့်သူများပင်။
“အဖေ၊ အမေ စိတ်မပူပါနဲ့ .. ကျွန်တော်က ဒီတိုင်းပြောလိုက်ရုံပါ” ရှီဟောင် သူတို့ကို နှစ်သိမ့်လိုက်သည်။
ဤအချိန်များအတွင်း၌ ပေါ်လာနေသည့် သဲလွန်စများကို ရှီဟောင်လည်း သိသည်ပင်။ တစ်ဖက်လောကမှ သံချိတ်များမှာ အနှေးနှင့်အမြန် ရောက်လာမည်ပင်။ ထိုအချိန်ကျလျှင် ဖရိုဖရဲဖြစ်မည်ပင်။
ထိုအချိန်ကျလျှင် ပို၍ပင် ကြောက်စရာကောင်းလိမ့်မည်။
ခေတ်ပေါင်းများစွာမှ မကောင်းဆိုးဝါးများ ထွက်ပေါ်လာလျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမည်ပင်။
ထို့ကြောင့် အစကတည်းက သူ ကြိုးကြိုးစားစားကျင့်ကြံခဲ့သည်ပင်။ သူ တစ်ခြားဘာကိုမှ မစဉ်းစားပဲ အဆင့်တက်အောင်သာ လုပ်ခဲ့သည်။ သို့မှသာ ဤလောက၏ ပြောင်းလဲမှုများကို သူရင်ဆိုင်နိုင်လိမ့်မည်။
အပိုင်း ၁၉၃၂ ပြီး၏။
Chapter – 1933 ကျောက်တုံးကျေးရွာအား မွမ်းမံခြင်း
“ဦးလေး..”
ကလေးတစ်အုပ် ပြေးလာကာ ရှီကျီလင်း၊ ဂီဇောင်၊ အားမန်နှင့် အခြားသူများကို အရိုအသေပေးလိုက်သည်။
“မင်္ဂလာပါအန်တီ..”
သူတို့ ချင်းရိနင်ကိုလည်း နှုတ်ဆက်လိုက်ကြသည်။
ဤဇနီးမောင်နှံ ယခင်က ကျောက်တုံးကျေးရွာသို့ လာဖူးသည်ပင်။ ရှီဟောင် အသက်ဘေးကြုံရသည့်အချိန်က သူတို့ ဤနေရာ၌ အချိန်အတော်ကြာ နေခဲ့ကြသည်ပင်။
“ဟား ဟား .. အစ်ကို၊ အစ်မတို့ လာကြပြီ..”
ကျောက်တုံးကျေးရွာမှ လူများသည် အလွန်လှိုက်လဲစွာပင် ကြိုဆိုလိုက်ကြသည်။ ရှီလင်းဟူ၊ ရှီဖိန်းကျောင်နှင့် အခြားသူများ သူတို့ကို နှုတ်ဆက်လိုက်ကြသည်။ ကလေးများကတော့ သူတို့ကို ‘ဘိုးဘိုး’၊ ‘ဘွားဘွား’ ဟု ခေါ်နေကြသည်။
သူတို့ဇနီးမောင်နှံနှစ်ယောက်လည်း အားလုံးကို စိတ်အားထက်သန်စွာ နှုတ်ဆက်နေကြသည်။ တစ်ချိန်တည်းမှာပင် ချင်းရိနင်၏ အမူအရာမှာ ရှုပ်ထွေးသွားရသည်။ သူက ဘွားဘွားတောင် ဖြစ်သွားပြီလား .. သူမကိုယ်သူမ ငယ်ရွယ်သေးသည်ဟု သူမ ထင်နေခဲ့သည်ပင်။
အမျိုးသမီးအားလုံးမှာ ဤကဲ့သို့ပင်ဖြစ်လောက်သည်။ သာမန်ဖြစ်စေ၊ လှပသည့်သူဖြစ်စေ သူတို့အားလုံး အချိန်ကို မုန်းတီးကြသည်ပင်။ အချိန်မှာ သူတို့၏အကြီးမားဆုံး ရန်သူပင်။
“ဟမ် .. ဒါက..” အားမန် ယွမ်ရှီးကို ကြည့်လိုက်သည်။
ခရမ်းရောင်ဆံပင်နှင့် အလွန်လှပသည့်မိန်းမပျိုတစ်ဦးကို သူတို့ တွေ့လိုက်ရသည်ပင်။ သူမသည် အာကာသကလန်၏ နံပါတ်တစ်အလှလေးပင်။ သူမ၏မျက်လုံးမှာ ဆောင်းဦးရေကဲ့သို့ ကြည်လင်နေကာ သူမ၏ခန္ဓာကိုယ်လည်းသွယ်လျလှပလှသည်။
“အဲဒီတုန်းက ဖက်တီးလေး..” ပိုင်ဟူ အော်ဟစ်လိုက်သော်လည်း ခဏကြာပြီးနောက် သူ့ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
ယခင်က ရှီဟောင် ယွမ်ရှီးနှင့် ဟော့လင်အာကို ဤနေရာသို့ ခေါ်လာဖူးသည်ပင်။ ကလန်သားများသည် ဤနှစ်ဦးကို အတော်လေး အထင်ကြီးကြသည်ပင်။ ဤအမျိုးသမီးနှစ်ဦးမှာ ထူးခြားလှသည်။ သူတို့သည် တောရိုင်းထဲ၌ ကြီးပြင်းလာသည့်ကလေးများနှင့် ကွာခြားသည်ပင်။
ရွာမှ ပန်းပွင့်လေး ဟူနျိုလည်း ရောက်လာသည်ပင်။ ယွမ်ရှီးက နိုင်ငံတစ်ခု၏ ပန်းပွင့်ဆိုလျှင် ဟူနျိုကတော့ ရဲရင့်ကာသတ္တိရှိသည့် ကျားသစ်မလေးပင်။
ရွာသားများသည် ခွန်အားကို အရေးအကြီးဆုံးအရာဟု သတ်မှတ်ထားသော်လည်း ယွမ်ရှီး၏ နူးညံ့မှုကြောင့် သူတို့စိတ်လှုပ်ရှားလာကြသည်ပင်။
“မရီး..”
ဂီဇောင်၊ အားမန်နှင့် ပိုင်ဟူတို့ သူတို့ကိုယ်သူတို့ ပြင်လိုက်ကာ ယွမ်ရှီးကို နှုတ်ဆက်လိုက်ကြသည်။ သူတို့၏နှုတ်ဆက်ပုံမှာ ယွမ်ရှီး၏မျက်နှာကို နီရဲသွားစေသည်။
“မဟုတ်ပါဘူး..” သူမ တီးတိုးရှင်းပြလိုက်သည်။ ယခုအချိန်တွင် သူမ မျက်နှာသာမက သူမ၏နားရွက်ပင် နီရဲနေပြီဖြစ်သည်။
ဤမြင်ကွင်းကို မြင်သည်နှင့် ရှီဟောင် စိတ်ထဲ ထိတ်လန့်သွားရသည်။ သူ အတိတ်မှ အဖြစ်အပျက်များကို ပြန်စဉ်းစားမိသွားသည်။ ယွမ်ရှီးနှင့် စတင်တွေ့စဉ်က သူတို့နှစ်ဦး တိုက်ခိုက်ခဲ့ကြသည်ပင်။
ထိုအချိန်က သူ အတော်လေး အရှက်မဲ့ခဲ့သည်။ သူသည် တစ်ဖက်လူကို မြေပြင်ပေါ်သို့ လဲချပစ်ခဲ့သည့်အပြင် သူ၏ နားရွက်ကို ကိုက်ခဲ့သေးသည်ပင်။
“ဘာလဲ .. အခုထိ မရီးမဟုတ်သေးဘူးလား..” ဂီဇောင် ရှီဟောင်ပုခုံးကိုတိုက်ကာ တိုးတိုးလေး မေးလိုက်သည်။
“ငါပြောမယ် ကောင်လေး .. ဟူနျိုက မင်းပြန်လာဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ခဲ့ရတာ .. မင်း လက်မထပ်ရသေးဘူးဆိုရင် ဟူနျိုက သူ လက်ထပ်လိုက်မိလို့ နောင်ရလိမ့်မယ်” အားမန်ပြောလိုက်သည်။
သေချာပါသည်။ ဟူနျို၏အကြည့်များ စူးရှလာသည်ပင်။
“အာ .. ဟား ဟား .. ဒါက ငါ့ဇနီး .. နောင်ကျရင် သူ့ကို ယွမ်ရှီးလို့ခေါ် .. မရီးလို့ခေါ်လို့လည်းရတယ်” ဟူနျိုကြည့်လာသည်ကို တွေ့သည်နှင့် ရှီဟောင် ယွမ်ရှီးကို မြန်မြန် ဆွဲခေါ်လိုက်သည်။
ယွမ်ရှီး မျက်နှာနီရဲလာကာ သူ့အား တိတ်တဆိတ်ဆူပူလိုက်သည်။ “ရှင်ဘာတွေ လျှောက်ပြောနေတာလဲ..”
သို့သော် သူမ သိပ်လည်းမရုန်း။ သူမ ရှီဟောင်နှင့် အဆင့်နိမ့်နယ်မြေသို့ လိုက်လာသည့်ကိစ္စဖြစ်စေ၊ ယခု သူ့အား မျက်နှာသာပေးနေသည်ဖြစ်စေ သူမ ဘယ်တုန်းကမှ ပြင်းပြင်းထန်ထန် မငြင်းဆန်ခဲ့။
“ရှင်က တကယ် သူ့မိန်းမလား..” ဟူနျို စကားပြောလိုက်သည်။ သူမ၏အမူအရာမှာ စူးရှနေဆဲပင်။
ဤမိန်းကလေးသည် အလွန်မာကျောကာ သာမန်အရွယ်ရောက်သည့်အမျိုးသားများပင် သူမကို မယှဉ်နိုင်။ သူမသည် ကျောက်တုံးကျေးရွာရှိ ကျွမ်းကျင်သူများထဲမှ တစ်ဦးပင်။
“ဒါပေါ့ .. သူမကဘာလို့ ငါ့ဇနီးမဖြစ်နိုင်ရမှာလဲ..” ရှီဟောင် ယွမ်ရှီးကို ဖက်လိုက်သည်။
သူစိတ်ထဲ တိတ်တိတ်လေးချွေးသုတ်နေမိသည်ပင်။
“သူ့ကိုကြည့်ရတာ အဲဒီလောက် သန်မာမယ့်ပုံလည်းမပေါ်ဘူး .. အဲဒီလောက်လည်း မလှဘူး .. ခြေတံတွေက ရှည်ပါတယ် .. ဒါပေမဲ့ အရမ်းပိန်လွန်းတယ် .. လက်တွေလည်း အရမ်းနူးညံ့လွန်းနေတယ် .. အဲဒီလောက် အားကောင်းမယ့်ပုံမပေါ်ဘူး .. မျက်နှာကလည်း အရမ်းဖြူလွန်းနေတယ် .. ကျန်းမာရေးကောင်းတဲ့အရောင်မဟုတ်ဘူး” ဟူနျို ပြောလိုက်သည်။
ဤစကားကို ကြားသည်နှင့် ယွမ်ရှီး နဖူးထက်တွင် အနက်ရောင်လှိုင်းများ ပေါ်လာသည်။ ဒါက ဘယ်လိုစံချိန်မျိုးလဲ..
“ဟုတ်တယ် .. သူက မင်းလောက် မကျန်းမာဘူး .. မင်းလောက်လည်း မလှဘူး .. ငါက သူ့ကို နောင်အနာဂတ်မှာ ငါ့ကို အဖော်ပြုပေးနိုင်ဖို့ လက်ခံထားရုံပါပဲ” ရှီဟောင် ထွက်ပြေးချင်နေလေပြီ။
ယွမ်ရှီးကတော့ လုံးဝကို ဆွံ့အသွားရသည်။
“ဟား ဟား .. ကျောက်တုံးကျေးရွာကို ပြန်သွားကြစို့ .. လူတွေအများကြီး အတူတူဆုံနိုင်တာရှားတယ် .. ငါတို့ ပွဲကျင်းပရမယ် .. မင်းတို့အားလုံးက ကလေးကောင်းတွေပဲ..” ရှီလင်းဟူ ခေါ်လိုက်သည်။
ရွာသူကြီးဟောင်းနှင့် အခြားသူများမှာ ရွာထိပ်၌ စောင့်နေကြသည်ပင်။ ရှီကျီလင်း ထိုရွာသူကြီးဟောင်းကို အလျင်အမြန် အရိုအသေပေးလိုက်သည်။ ရှီယွီဖုန်းကြောင့်သာမဟုတ်လျှင် ယနေ့ ရှီဟောင် ရှိမည်မဟုတ်။
“ဦးလေး .. ဦးလေးက တော်တော်လေးကို သန်မာမယ့်ပုံပဲ .. သူ့အမွေးတွေက ရွှေရောင်တွေ တောက်ပနေတယ် .. ဒါက ကျွန်တော်တို့စားဖို့အတွက် သားရဲလား ဒါမှမဟုတ် လိပ်နက်ကြီးလိုမျိုး စီးတော်ယာဉ်လား..” ရွာမှ လူငယ်များ မေးလိုက်ကြသည်။
“ဒါက တော်တော်လေးတော့ အရသာရှိလောက်တယ်” လေး၊ငါးနှစ်ခန့်ရှိသည့် အားမန်၏သား ပြောလိုက်သည်။
ရွှေရောင်ခြင်္သေ့ သွေးကြောများ ထောင်ထလာသည်။ ရှီဟောင် သူ့ကို တစ်ချက်ကြည့်လိုက်သောကြောင့်သာမဟုတ်ပါက သူ ပါးစပ်ဟပြီးလောက်လေပြီ။ ဘယ်သူက ဘယ်သူ့ကို စားမည်ကို ထိုကလေးများအား ပြပေးလိုက်မည်။
ကျောက်တုံးကျေးရွာမှ သွေးမျိုးဆက်မှာ အစားကျူးသည့်သူများ ဖြစ်သည်မှာ သေချာသည်။ မဟုတ်ပါက ရှီဟောင် ငယ်ငယ်လေးကတည်းက ဤကဲ့သို့ ဖြစ်နေမည်မဟုတ်။
ရှီဟောင် ရယ်မောလိုက်ကာ “ဟား ဟား .. ငါတို့အခုတော့ ဒီခြင်္သေ့ကို မွေးထားလိုက်ကြတာပေါ့ .. သူ စကားနားမထောင်တဲ့အချိန်ကျရင် မင်းတို့အားလုံးကို ခြင်္သေ့သား ကင်ကျွေးမယ်”
“ဟုတ်ကဲ့ပါ..” ကလေးများ ကြွေးကြော်လိုက်ကြ၏။ ဤသည်မှာ သူတို့ ခြင်္သေ့သား စားရန် စောင့်ဆိုင်းရမည်ဟု ဆိုလိုခြင်းပင်။
ရွှေရောင်ခြင်္သေ့သည် အံကြိတ်ရလွန်းသောကြောင့် သွားများပင် နာကျင်နေပြီဖြစ်သည်။ သူသည် ခမ်းနားကြီးကျယ်သည့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ပင်။ သူသည် တစ်ဖက်လောကတွင် လွှမ်းမိုးနိုင်စွမ်းရှိသည့်သူဖြစ်သော်လည်း ဤရွာလေးတွင်တော့ အကောက်ကြံခံနေရသည်။ သူ့ကို စားချင်သည့်သူများ ရှိနေသည်။
“ဦးလေး .. ကျွန်တော်တို့ ဒီခြင်္သေ့ကို နည်းနည်းလောက် စီးလို့ရမလား.. သူ အဖြူလေးထက် မြန်မလားဆိုတာ ကျွန်တော်သိချင်လို့..” အချို့ကလေးများ မျှော်လင့်ချက်အပြည့်ဖြင့်မေးလိုက်သည်။
“ဒါပေါ့.. စီးလို့ရတယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ကောင်းကောင်းနေရန် ရွှေရောင်ခြင်္သေ့ကို အချက်ပြလိုက်သည်။
ထိုခြင်္သေ့ကို ကလေးတစ်စု ဝန်းရံသွားသည်။ ရှီဟောင်၏ စီးတော်ယာဉ်ဖြစ်သည်ဆိုကတည်းက သူတို့ ဤခြင်္သေ့ကို စိတ်ဝင်စားသွားကြခြင်းပင်။ သူတို့ဦးလေး ဖမ်းထားသည့်သားရဲ မည်မျှ အထင်ကြီးစရာကောင်းသည်ကို သိချင်နေကြသည်။
ရွှေရောင်ခြင်္သေ့ ဒေါသထွက်နေသည်မှာ သေချာသည်။ သူ့တစ်ကိုယ်လုံး ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာကာ ကလေးတစ်အုပ်ကို ခေါ်ကာ တရှိန်ထိုး ပြေးသွားလေ၏။
သူ့ကျောပေါ်၌ ထိုင်နေသည့်သူမှာ အနည်းငယ်သာရှိသည်။ အခြားကလေးများမှာ အလင်းတန်းထဲ ပါသွားကာ သူ့နောက် လိုက်သွားကြသည်ပင်။
“ဒီလောက် မြန်မြန်သွားနေတာ ဘာပြဿနာမှတော့ မရှိလောက်ဘူးမလား..” လူရွယ်များ ဆွံ့အသွားကြရသည်။
“အဆင်ပြေပါတယ်..” ရှီဟောင် ခေါင်းခါလိုက်သည်။
ရွာထဲ၌ အရသာရှိသည့် အစားအစာမျိုးစုံကို ပြင်ဆင်ထားကာ အားလုံးအတူတကွ ထိုင်နေကြသည်။ သူတို့သည် စားရင်းဖြင့် စကားပြောနေကြသည်ပင်။
ရှီဟောင် ပစ္စည်းကောင်းများစွာ ယူလာခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရွာသားများ မသုံးနိုင်သည့်ပစ္စည်းများစွာ ရှိနေသည်။
ဥပမာအားဖြင့် သူယူလာသည့်အသားများမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျွမ်းကျင်သူ၏ အသားများပင်။ ဤအသားများတွင် ကြောက်စရာကောင်းသည့် နတ်စွမ်းအားများပါဝင်နေသည်။ အဆင့်နိမ့်နယ်မြေတွင် ဤကဲ့သို့သော အသားမျိုးကို စားရဲသည့်သူ သိပ်မရှိ။
သို့သော် ဤအသားများမှာ အလကားတော့မဖြစ်။ ရွာသူကြီးဟောင်းသည် အလွန်ကြီးမားလှသည့်အိုးကြီးကို ပြင်ဆင်လိုက်ကာ ရှီဟောင်အား တာအိုမီးတောက်တစ်ခုကို ပြုလုပ်စေလိုက်သည်။ ထို့နောက် ထိုအသားကို စွပ်ပြုတ်အဖြစ်ပြောင်းလိုက်သည်။ ထိုအသား၏စွမ်းအားကို အားပျော့သွားစေသည်နှင့် ကလေးများပင် သောက်၍ရသွားသည်။ ဤစွပ်ပြုတ်သည် ကလေးများ၏ ခန္ဓာကိုယ်၊ ကြွက်သားနှင့် အရိုးများကို အားကောင်းလာစေမည်ပင်။
“ရွာသူကြီးဘိုးဘိုး .. ဒါတွေကို ခြစ်ခြုတ်ပြီး သုံးနေစရာမလိုပါဘူး .. ကျွန်တော် ဒီလိုမျိုးနတ်ငှက်တွေ၊ သားရဲအသားတွေ အများကြီးပါတယ် .. ကလေးမပြောနဲ့ ဘိုးဘိုးတို့အားလုံးစားရင်တောင် ကုန်မှာမဟုတ်ဘူး” ရှီဟောင် ပြောလိုက်သည်။
အခြားသူများ ကိုင်တွယ်နိုင်လောက်သည့် နတ်ခွန်အားပမာဏသာ ပါစေရန်အတွက် ရှီဟောင်ကိုယ်တိုင် ချက်ပေးနေသည်ပင်။
သို့သော် လူအများစုမှာ စွပ်ပြုတ်အနည်းငယ်ကိုသာ သောက်နိုင်သည်။
ဟီး..
မြင်းဟီသံနှင့် နဂါးအော်သံအချိုု့ ထွက်ပေါ်လာသည်။ ဖြူဖွေးနေသည့် ကောင်းကင်မြင်းကြီးသည် ရှီဟောင်ကို ပွတ်သပ်ကာ ဝိုင်တောင်းသောက်နေလေ၏။ ဤသည်မှာ ယူနီကွန်း၏ခေါင်းဆောင် အဖြူလေးပင်။
ရှီဟောင် အသက် ၇ နှစ်ခန့်၌ ဤအဖြူလေး ကျောထက်၌ စီးနင်းကာ ကျောက်တုံးတိုင်းပြည်သို့ သွားခဲ့ဖူးသည်။
ဤယူနီကွန်းသည် မိုးမခနတ်ဘုရား၏ ကောင်းချီးကို ရရှိသွားသည်နှင့် အလွန်ပြောင်းလဲသွားခဲ့ခြင်းပင်။ သူ့ခန္ဓာကိုယ်သည် ဖြူဖွေးတောက်ပလာကာ အမွေးများလည်း ငွေရောင်ရေတံခွန်ကဲ့သို့ ကျဆင်းနေသည်။ ထို့အပြင် သူ့အကြေးခွံများလည်း နဂါးအကြေးခွံများကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
သူ၏အတောင်ပံများလည်း စွမ်းအားကြီးလှသည်ပင်။ အတောင်ပံခတ်လိုက်သည်နှင့် စွမ်းအားကြီးသည့် လေပြင်းများ တိုက်ခတ်လာသည်ပင်။
မည်သို့ပင်ကြည့်ကြည့် ဤသည်မှာ ယူနီကွန်းနှင့် မတူပဲ ကောင်းကင်မြင်းနှင့်သာ တူသည်ဟု ရှီဟောင် ခံစားနေရသည်။ ဤသည်မှာ ပျက်စီးနေသည့် ထာဝရသက်ရှိ၏ ရထားလုံးကိုဆွဲသည့် ကောင်းကင်မြင်းနှင့် အတူတူပင်။
အမှန်တကယ်တွင် ပျက်စီးနေသည့်ထာဝရသက်ရှိ၏ ကောင်းကင်မြင်းများမှာ ခန္ဓာကိုယ်အစစ်မဟုတ်။ ကောင်းကင်မြင်းအရိုးများကို တွေ့ပြီးနောက် ထိုထာဝရသက်ရှိ မှော်စွမ်းအားဖြင့် အသက်သွင်းထားခြင်းပင်။
ယခုအချိန်တွင် ကောင်းကင်မြင်းများ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သည်။ ထာဝရနယ်မြေ၌သာ ရှိနိုင်တော့မည်။
ခပ်ဝေးဝေးတွင် လေနှင့် လျှပ်စီးများ ထွက်ပေါ်လာကာ ရွှေရောင်အလင်းများလည်း ပင်လယ်တစ်စင်းကဲ့သို့ပင်။ ခြင်္သေ့တစ်ကောင် ကောင်းကင်ထက်မှ ပြန်ရောက်လာသည်။
ကျောက်တုံးကျေးရွာမှ လူများ ထိတ်လန့်သွားကြသည်။ ထိုခြင်္သေ့ မည်မျှကြောက်စရာကောင်းသည်ကို ယခုမှ သူတို့သိတော့သည်။ ဤသည်မှာ နတ်အဆင့်ထက်ပင် မြင့်နေသည်ပင်။
ရွှေရောင်ခြင်္သေ့ ဆင်းသက်လာသည်။ ကလေးများအားလုံး ခြင်္သေ့ပေါ်မှ ဆင်းလာကြသည်။ သူတို့အားလုံးသည် ဖက်ထုပ်လုံးလေးများကဲ့သို့ မြေပြင်ပေါ်သို့ ကျသွားကာ အန်မလိုပင် ဖြစ်သွားကြသည်။
“မြန်လိုက်တာ..”
“နည်းနည်းလေး သွားလိုက်တာနဲ့ ကျွန်တော်တို့ ကျောက်တုံးတိုင်းပြည်ရဲ့ နေရာအနှံ့ကို ရောက်ခဲ့တာ .. ဦးလေးချင်းဖန်းရဲ့ နန်းတော်ကိုတောင် တွေ့ခဲ့တယ်..” ကလေးတစ်ဦး ဖြူဖျော့နေသည့်အမူအရာဖြင့် ပြောလိုက်သည်။
ရွှေရောင်ခြင်္သေ့၏အရှိန်မှာ အလွန်လျင်မြန်သောကြောင့် သူ မခံနိုင်တော့။ သူတို့ခြေထောက်များ ပျော့ခွေနေကာ မျက်နှာများလည်း ဖြူဖျော့နေသည်။
“ကလေး .. ဒီခြင်္သေ့က..” အကြီးအကဲတစ်ဦး ပြောလိုက်သည်။
“ဒါက ဘုရင်တစ်ပါးအဖြစ်နဲ့ လွှမ်းမိုးနိုင်တဲ့ လူမျိုးစုပါ .. သူက နယ်ခြားစပ်မှာ ကပ်ဆိုးကြီးပါ” ရှီဟောင် သူတို့ကို ကိစ္စအချို့ ပြောပြလိုက်သည်။
ရွှေရောင်ခြင်္သေ့မှ အစပြုကာ ဤနှစ်အတွင်း သူကြုံခဲ့ရသည့် အတွေ့အကြုံများကို ပြောပြလိုက်သည်။
ရှီဟောင်၏အတွေ့အကြုံမှာ များပြားလွန်းလှသောကြောင့် သူတို့စိတ်လှုပ်ရှားလာကြရသည်။ သူသည် အကြိမ်ပေါင်းများစွာ အန္တရာယ်ကြုံတွေ့ခဲ့ရသော်လည်း အခက်အခဲအနည်းငယ်ဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။
သူကြုံခဲ့ရသည့် ပြဿနာများနှင့် ခက်ခဲမှုများကို နားထောင်ပြီးနောက် အချို့ ဆယ်ကျော်သက်မိန်းကလေးများငိုကြွေးသွားကြလေ၏။
သို့သော် ရှီဟောင် သူတို့ကို သူ့ပြဿနာအသေးစိတ်ကိုမပြော။ အကြမ်းဖျဉ်းသာ ပြောပြခြင်းပင်။
“အာ .. အဆင့်မြင့်နယ်မြေမှာ မြင့်မြတ်ဆေးပင်တင်မကဘူး နတ်ဆေးပင်နဲ့ သက်ရှည်ဆေးပင်တွေပါ ရှိတာလား .. ဒါတွေက ဒီအဆင့်နိမ့်နယ်မြေမှာတော့ ရှာလို့မတွေ့နိုင်တော့ဘူး..” ကလန်သားတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်၏။ သူ ထိုဆေးပင်များကို အတော်လေး လိုချင်မိသည်။
“ဒီမှာ .. ငါ ပစ္စည်းကောင်းတစ်ချို့ယူလာတယ် .. ဟား ဟား .. ဒါက နတ်ဆေးပင်ပဲ..” ရှီဟောင်သည် နတ်ဆေးပင်တစ်ပင် ထုတ်လိုက်သည်နှင့် တစ်ရွာလုံး ဆေးနံ့များ မွှေးကြိုင်သွားသည်။
“အား .. ဒါက နွယ်ပင် .. သူ့မှာ အမြစ်ပဲကျန်တော့တယ်..”
“ဒါက နတ်ဆေးပင်လား..”
အားလုံး စိတ်ဝင်စားနေကြသလို တစ်ချိန်တည်းမှာပင် ထိတ်လည်း ထိတ်လန့်နေကြသည်။
“ဒါပေါ့ .. ငါက ဟင်းလင်းပြင်ကောင်းကင်နတ်နွယ်ပင်ပဲ..” ဆေးပင်ကြီး ပြောလိုက်သည်။ နတ်ဆေးပင်များမှာ ဝိညာဉ်အသိစိတ်များရှိနေကြပြီဖြစ်ပြီး ဆက်သွယ်ပြောဆိုနိုင်ကြသည်ပင်။ ဤသည်မှာ ရှီဟောင် စီရင်စုသုံးထောင် ဂျီးနီးယပ်စ်များ တိုက်ပွဲမှ ယူလာသည့်အရာပင်။
“ထပ်ရှိသေးတယ်..” ရှီဟောင် ရယ်မော၍ နတ်ဆေးပင်များစွာကို ထပ်ထုတ်လာသည်။ သူ ပြန်မလာခင်က ဤဆေးပင် အားစိုက်ထုတ်ကာ စုဆောင်းခဲ့သည်ပင်။
ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ သူ့အား တစ်ပင်စီ လက်ဆောင်ပေးခဲ့သည်။ အခြား အပင်များမှာ သူ ထာဝရရှေးဟောင်းစစ်မြေပြင်နှင့် အခြားနေရာများမှ ရလာသည့်အပင်များပင်။
ရွာသားများအားလုံးဆွံ့အသွားကြရ၏။ ဤသည်မှာ နတ်ဆေးပင်များပင်။ ဤဆေးပင်ကို မစားပဲ အနံ့ရှူရုံဖြင့်ပင် သူတို့ အသက်ရှည်နိုင်သည်ပင်။
သူတို့၏ကျင့်ကြံခြင်းအတွက်ဆိုလျှင် ပြောစရာပင်မလိုတော့။
ဤဆေးပင်များဖြင့် ကျောက်တုံးကျေးရွာကို သဘာဝကံကောင်းမှုကြီး စုဝေးနေသည့်နေရာဖြစ်အောင် လုပ်နိုင်သည်ပင်။
“ထပ်ရှိသေးတယ် .. ဒါက ကောင်းကင်နတ်ဘုရားသစ်ပင် .. ဒါက အတော်လေး ကောင်းတဲ့ပစ္စည်း .. ဒီအသီးကိုစားလိုက်တာနဲ့ ကောင်းကင်နတ်ဘုရား ဖြစ်သွားနိုင်တယ် .. ငါ နှစ်ပင် တူးနိုင်ခဲ့တယ်” ရှီဟောင်၏မျက်နှာထက်၌ အပြုံးများ ပြည့်နှက်နေသည်။
ရွာသားများအားလုံး ငေးကြောင်သွားရသည်။ သူက ဒီလိုပစ္စည်းမျိုးကိုတောင် ယူလာတာလား..
“ဒါပေမဲ့ ဒီမှာက ဝိညာဉ်စွမ်းအား တော်တော်လေး နည်းတယ် .. နတ်ဆေးပင်တစ်ပင်ကတောင်မှ ဒီနယ်မြေတစ်ခုလုံးရဲ့ စွမ်းအင်တွေ အကုန်လုံးကို စုတ်ယူဖို့လုံလောက်တယ် .. ငါတို့က ဘယ်လိုအသက်ရှင်ရတော့မှာလဲ..” ရွာသူကြီးဟောင်း ပြောလိုက်သည်။
“ကျွန်တော် အလုံးစုံသက်ရှိမြေကြီးလို့ခေါ်တဲ့ အထူးမြေကြီးတစ်မျိုး ယူလာခဲ့တယ် .. သင်္ချိုင်းဘုရင်တွေတောင်မှ ဒီလိုမြေကြီးတွေကို သုံးကြတာဆိုတော့ ဒီနတ်ဆေးပင်တွေကို ပြုစုပျိုးထောင်ဖို့က ပြဿနာမရှိဘူး .. ကျွန်တော်တို့ရွာမှာ ဆေးပင်စိုက်ဖို့အတွက် ကွက်တိပဲ..” ရှီဟောင် ပြောလိုက်သည်။
အပိုင်း ၁၉၃၃ ပြီး၏။
Chapter – 1934 အားလုံးကို နေရာတကျထားခြင်း
အဆင့်နိမ့်နယ်မြေတွင် ဝိညာဉ်စွမ်းအင်များ နည်းပါးလှသောကြောင့် နတ်ဆေးပင်များမရှိ။
သို့သော် ဤသည်မှာ ပထမဝိညာဉ်မြစ်တော့မပါ။ ဤအပင်ကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးတစ်ဦးမှ အဆင့်နိမ့်နယ်မြေတွင် ဖွက်ထားခဲ့ခြင်းပင်။ ဤသည်မှာ သေချာပေါက် ထာဝရဆေးပင်ဖြစ်မည်ပင်။
ယခုတစ်ခေါက် ရှီဟောင် ထိုပထမဝိညာဉ်ဆေးမြစ်ကို မရရသည့်နည်းဖြင့် သွားတူးဦးမည်။
ဤအပင်မှလွဲလျှင် နယ်မြေရှစ်ခု၌ မည်သည့်နတ်ဆေးပင်မှ မရှိ။ မြင့်မြတ်ဆေးပင်အနည်းငယ်သာရှိသည်။ ထိုအပင်များမှာ အဆင့်မတက်နိုင်တော့။
ဤမြင့်မြတ်ဆေးပင်များမှာ နတ်ဆေးပင်အမြစ်များ ဖြစ်လိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။
သူ ထိုဆေးပင်များကိုတူးကာ ကျောက်တုံးကျေးရွာ၌ စိုက်လိုက်ပါက သူတို့မူလပုံစံ ပြန်ပေါ်လာကာ ရှားပါးသည့် နတ်စွမ်းအင်များ ရှိလိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။
ရွာတွင် တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည့် ဝိညာဉ်ဆေးပင်အချို့ ရှိနေပြီးသားပင်။ ထိုအပင်များသည် တစ်နှစ်ပတ်လုံး အလင်းများထုတ်လွှတ်ကာ သူတို့၏ခန္ဓာကိုယ်အတွက် အလွန်အထောက်အကူပြုနေသည်ပင်။
အဆင့်နိမ့်နယ်မြေတွင် နတ်ဆေးပင်တစ်ပင်စိုက်ရန်အတွက် ဝိညာဉ်တောင်တစ်လုံး၏ ဝိညာဉ်စွမ်းအားများ လိုအပ်သည်။
ကျောက်တုံးကျေးရွာ၌ ဝိညာဉ်ဆေးပင်များစွာ ရှိနေခြင်းမှာ ရှီဟောင် ယခင်က ပျက်စီးခြင်းတောင်တန်းတစ်ရာမှ ထူးခြားသည့်သဲများ ယူလာသောကြောင့်ပင်။ ထိုသဲများသည် မအိုမင်းခြင်းစမ်းချောင်းမှ ရလာသည့်သဲများပင်။ ထိုစမ်းချောင်းသည် ယခင်က ထာဝရစမ်းချောင်းဖြစ်သော်လည်း အဆင့်ကျသွားကာ ထာဝရမှ မအိုမင်းခြင်းသို့ ရောက်သွားသည်ပင်။
“ဒီမက်မန်းပင်က မဆိုးဘူး .. သေချာပေါက် ပစ္စည်းကောင်းပဲ..” ရှီဟောင် ရွာထဲမှ မက်မွန်းပင်ကို တွေ့လိုက်ရသည်။ ထိုအပင်သည် လူအရပ်တစ်ဝက်စာသာရှိပြီး အကိုင်းများမှာ နဂါးများကဲ့သို့ပင်။
ဤသစ်ပင်သည်လည်း သူ ပျက်စီးခြင်းတောင်တန်းတစ်ရာမှ ယူလာခဲ့သည့်အပင်,ပင်။ မူလက မြင့်မြတ်ဆေးပင်ဖြစ်သော်လည်း သူ၏အမြစ်ကို ခွဲထုတ်လိုက်သောကြောင့် မြင့်မြတ်သစ်ပင်တစ်ဝက် ဖြစ်သွားသည်ပင်။
“အခွင့်အရေးရှိရင် ငါ ပျက်စီးခြင်းတောင်တန်းတစ်ရာကို သွားလည်ဦးမယ်”
ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ထိုနေရာသည် ထူးဆန်းမှုများ ပြည့်နှက်နေသည်ဟု သူ အမြဲတမ်း ခံစားနေရသည်။ ယခုတစ်ခေါက်တော့ သူ အဆင့်နိမ့်နယ်မြေကို သေချာလေး စစ်ဆေးမည်။
ထိုနေရာသည် သူ ဒုတိယဂတုံးနှင့် ငှက်နီကြီးကို ဖမ်းခဲ့သည့်နေရာဖြစ်ပြီး ဟော့လင်းအာနှင့်လည်း ထိုနေရာတွင် တွေ့ခဲ့ခြင်ပင်။
ထို့အပြင် သူသည် ခေါင်းကိုးလုံးခြင်္သေ့နှင့်လည်း ထိုနေရာ၌ တိုက်ခိုက်ခဲ့ခြင်းပင်။ သို့သော် ယခုတော့ ခေါင်းကိုးလုံးခြင်္သေ့မှာ သူ၏သွေးသောက်ညီအစ်ကိုများ ဖြစ်နေလေပြီ။ ယခု သူပြန်လာပြီဖြစ်သောကြောင့် သူတို့ထံသို့ သွားလည်ရမည်ပင်။
နောက်ဆုံးတွင်တော့ သူ သူ့ဆံပင်ထဲတွင်ရှိနေသည့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ပွတ်သပ်လိုက်၏။
ဤကျောက်တုံး၏ ဇစ်မြစ်လည်း ထူးဆန်းသည်ပင်။ သူလည်း ပျက်စီးခြင်းတောင်တန်းတစ်ရာမှ ရလာခြင်းပင်။
“မအိုမင်းခြင်းစမ်းချောင်းက သေချာပေါက်ကို ထူးခြားတယ် .. အဲဒီလိုပတ်ဝန်းကျင်မျိုးမှာတောင် သူက နတ်အဆင့်နဲ့အထက် အဆင့်လွန်ရတနာတွေကို ထုတ်ပေးနိုင်သေးတယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ထိုစဉ်က သူ ရေစက်အနည်းငယ်သာ ရရှိခဲ့သည်။ မအိုမင်းခြင်းစမ်းချောင်းသည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် သူ ထွက်ပြေးခဲ့ရသည်။
ထိုနေရာ၌ တစ်နှစ်ပတ်လုံးနေခဲ့သည့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း ထိုစမ်းချောင်းမှ ရေကို မရနိုင်ခဲ့ပေ။
ဤအရာများအပြင် အသိစိတ်ပန်းပွင့်လည်း ရှိသေးသည်။ ထိုပန်းပွင့်သည် နတ်ဆေးပင်များထက်ပင် စွမ်းအားကြီးလှပြီး အပင်ကြီးများ၊ ကျောက်တုံးများနှင့် အခြားအရာများကို အသိစိတ်ရအောင် လုပ်ပေးနိုင်သည်ပင်။
ဤသည်မှာ မည်မျှပင် ဆန်းကြယ်လှသနည်း..
ကံမကောင်းစွာဖြင့် ထိုအပင်လည်း ထွက်ပြေးသွားလေပြီ။
“သူ ဖိနှိပ်ခံထားရလို့လား .. အဲဒီအသိစိတ်ပန်းပွင့်က အဲဒီနေရာရဲ့ အဖိုးအတန်ဆုံး ပစ္စည်းများလား..” ရှီဟောင် အခုချက်ချင်းပင် ပျက်စီးခြင်းတောင်တန်းတစ်ရာသို့ ပြေးသွားချင်မိသည်။
အဆင့်နိမ့်မြေတွင် သူ လေ့လာရန်လိုအပ်သည့် နေရာများစွာ ရှိနေသည်ကို သူတွေးမိသွားသည်။ ပျက်စီးခြင်းတောင်တန်းတစ်ရာ၊ ခွန်ပန်အသိုက်၊ နတ်ဘုရားနှင့်နတ်ဆိုးနံရံ၊ အနောက်ပိုင်းအုတ်ဂူနယ်မြေ စသည်ဖြင့်ပင်။
အထူးသဖြင့် စက္ကူလှေခေါက်သည့် အမျိုးသမီးပင်။ ယခုတစ်ခေါက်တော့ သူ ထိုမြစ် စီးဆင်းသွားသည့် အခြားနယ်မြေတစ်ခုထဲသို့ လိုက်သွားကာ ထိတ်လန့်စရာကောင်းသည့်အရာများကို သွားကြည့်မည်။
“ဟေး ဦးလေး .. ဘာတွေ စိတ်ပျံ့နေတာလဲ .. ဘာတွေ စဉ်းစားနေတာလဲ..” မိန်းကလေးတစ်ဦး အော်ဟစ်လိုက်ကာ သူ့လက်မောင်းကို မကျေမနပ် လှုပ်ခါလိုက်သည်။
“အိုး .. ငါက ပျက်စီးခြင်းတောင်တန်းတစ်ရာက အဖြစ်အပျက်တစ်ချို့ကို စဉ်းစားနေတာပါ..” ရှီဟောင် ပြန်ဖြေလိုက်၏။
ဤစကားကို ကြားသည်နှင့် သိပ်မဝေးသည့်နေရာ၌ ထိုင်နေသည့် ယွမ်ရှီး၏ မျက်နှာတစ်ခုလုံး နီရဲလာလေသည်။ ထိုသို့ နီရဲလာသည်ကိုတွေ့သည်နှင့် ရှီဟောင်သည် ရယ်မောလိုက်ကာ “အင်းလည်း အဲဒီနေရာအကြောင်း စဉ်းစားနေတာလား..”
“သွားသေလိုက်လေ..” ယွမ်ရှီး ရှက်ရွံ့သွားသည်။
ကလေးများလည်း တအိုးအိုး အော်ဟစ်လာကြလေ၏။
တစ်ဖက်လူသည် သူ၏ယုတ်မာခဲ့များသည်ကို ပြန်စဉ်းစားနေသည်မှာ သေချာသည်။ သူသည် ယွမ်ရှီးကို ဘယ်လိုမှ နိုင်အောင် မတိုက်နိုင်သောကြောင့် သူမ နားရွက်ကို အားကုန်ကိုက်ခဲ့သည်ပင်။
ဟား ဟား…
ကျောက်တုံးကျေးရွာရှိ လေထုမှာ အလွန်လှုပ်ရှားသက်ဝင်နေသည်ပင်။
ရွာသားများသည် ဝိုင်သောက်လိုက်၊ အသားစားလိုက်ဖြင့် ပျော်ရွှင်နေကြသည်။ အရွယ်ရောက်သည့်သူများသည် ဆက်တိုက်ပင် ခွက်တိုက်နေကြသည်။
ဤအတောအတွင်း ရှီဟောင်သည် အသားစားလိုက်၊ ကလေးများ ကျွင်းတူးသည်ကို ကူညီပေးလိုက်၊ ထိုမြင့်မြတ်အပင်နှင့် နတ်ဆေးပင်များကို စိုက်ပေးလိုက် လုပ်နေသည်ပင်။
နောက်ဆုံးတွင်တော့ အကြီးအကဲများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့။ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆေးပင်အမြစ်များ ပျက်စီးသွားမည်ကို သူတို့စိုးရိမ်နေကြသည်ပင်။
“ဖြေးဖြေးလုပ် .. ဒါတွေက နတ်ဆေးပင်တွေ .. အမြစ်တွေ မထိခိုက်စေနဲ့..”
“ကလေးစုတ် .. အရွက်တွေကို မကိုင်နဲ့ .. ပန်းပွင့်တွေကနေ ဝေးဝေးနေ .. သတိထား မဟုတ်ရင် မင်းဖင်စုတ်အောင် ရိုက်ပစ်မယ်…”
ရွာသားများအမြင်တွင်တော့ ဤအပင်များထက် အဖိုးတန်သည့်အရာမရှိ။ ဤအပင်များမှာ အဖိုးမဖြတ်နိုင်သည့် ရတနာများပင်။ နတ်ဆေးပင်တစ်ပင်သည် တိုင်းပြည်တစ်ခုလုံးထက်ပင် ပို၍ အဖိုးတန်သည်။
“ရပါတယ် .. နတ်ဆေးပင်တွေက အဲဒီလောက် မပျက်စီးလွယ်ဘူး..” ရှီဟောင် ပြောလိုက်သည်။
ယခင်က သူ ဤအပင်များးကို မုန်လာဥကဲ့သို့ပင် ဝါးစားခဲ့သေးသည်ပင်။ သူ့အတွက်တော့ ဤနတ်ဆေးပင်များမှာ ထိုမျှအဖိုးမတန်တော့။
အမှန်တကယ်တွင် ဤနတ်ဆေးပင်များအားလုံး ဝိညာဉ်အသိစိတ်ရှိနေပြီဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းးက အသိစိတ်ရှိခဲ့သည်ပင်။ ကံမကောင်းစွာဖြင့် သူတို့ ဤအသိစိတ်ကို အသုံးပြုကာ ပို၍ အားကောင်းလာအောင် မကျင့်ကြံနိုင်ကြ။
ကလေးများ အပင်စိုက်ရန် ကြိုးစားသည်နှင့် အပင်အချို့ စတင်ထွက်ပြေးလာကြသည်ပင်။
“အားရား .. သူ ပြေးသွားပြီ .. မြန်မြန်ဖမ်း..” တစ်စုံတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့ ဆွံ့အသွားရ၏။ ဤသည်မှာ အလွန်ထူးခြားလှသည်။ ဤသည်မှာ သူတို့ထင်ထားသည်ထက် ပိုသည်ပင်။ ဆေးပင်တွေက စကားပြောပြီး မြေကြီးပေါ်မှာလည်း ထွက်ပြေးနိုင်တယ်..
“ရတယ် .. သူတို့က သူတို့ကျင်းသူတို့ ရွေးနေကြတာ..”
ဤအပင်များ ထွက်ပြေးလိမ့်မည်မဟုတ်ဟု ရှီဟောင် ယုံကြည်သည်။ ဤနေရာတွင် အလုံးစုံသက်ရှိမြေကြီး ရှိနေသောကြောင့် သူတို့ကို မောင်းထုတ်လျှင်ပင် ထွက်သွားမည်မဟုတ်။
အလုံးစုံသက်ရှိမြေကြီးမှာ သင်္ချိုင်းဘုရင်များပင် လိုအပ်သည့်အရာပင်။ ဤမြေကြီးထဲ၌သာ အမြစ်တွယ်နိုင်ပါက သူတို့ တစ်ဖြည်းဖြည်း တောက်ပလာကြမည်ပင်။
ဤနေရာ၌ ကောင်းကင်နတ်ဘုရားသစ်ပင် နှစ်ပင်ရှိပြီး နှစ်ပင်လုံးသည် တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်ကာ ဝိညာဉ်စွမ်းအင်များလည်းသိပ်သည်းလှသည်။ ဤနေရာတစ်ခုလုံးကိုပင် ထာဝရနယ်မြေနှင့် တူသွားစေသည်အထိပင်။
ဤသည်မှာ ရှီဟောင် သူတို့ကို နည်းနည်းထိန်းချုပ်ထားရန် ပြောထားသောကြောင့်ပင်။ မဟုတ်ပါက ဤနေရာ အလွန်ထူးခြားသွားလိမ့်မည်။
အမှန်တကယ်တွင် သူတို့၏အကိုင်းအခက်များသည် ရှုပ်ထွေးလှကာ ကျောက်တုံးတောအုပ်တစ်ခုလုံးကိုပင် ဖုံးအုပ်ထားနိုင်သည်ပင်။ သို့သော် ယခုတော့ လူတစ်ယောက်အရပ်ထိရောက်အောင် ကျုံ့ထားကာ ရွာလယ်၌ နေနေကြသည်။
ကောင်းကင်နတ်ဘုရားသစ်ပင်နှင့် နတ်ဆေးပင်အားလုံးကို အလုံးစုံသက်ရှိမြေကြီး အလုံအလောက်ပေးထားသောကြောင့် သူတို့ ရှင်သန်ကြီးထွားလာနိုင်ရန် လုံလောက်သည်။
“ဒီ ကောင်းကင်နတ်ဘုရားသစ်ပင်ရဲ့ အသီးတွေက အံ့ဩစရာကောင်းတယ်ဆိုပေမယ့် အခုတော့ခူးလို့မရသေးဘူး..” ရှီဟောင် သတိပေးလိုက်သည်။
အသီးကို ခူးစားလိုက်သည်နှင့် ချက်ချင်း ကောင်းကင်နတ်ဘုရားအဆင့် ရောက်သွားမည်ပင်။
သို့သော်လည်း ဤလောကတွင် စုစုပေါင်း ကောင်းကင်နတ်ဘုရားသစ်ပင် လေးပင်ရှိသည်ဟု သူကြားဖူးသည်။ ဤလေးပင်ကို ပြန်လည်ပေါင်းစည်းနိုင်လျှင် လောကကြီးကို တုန်လှုပ်သွားစေနိုင်သည့် ကောင်းကင်ထာဝရသစ်ပင် ဖြစ်သွားမည်ပင်။
ထိုအချိန်ကျလျှင် သူ့အသီးကို စားလိုက်သည်နှင့် ထာဝရတာအိုသက်ရှိ ဖြစ်သွားမည်ပင်။
အမှန်တကယ်တွင် ကောင်းကင်နတ်ဘုရားသစ်သီးနှစ်လုံးကို ပေါင်းလိုက်လျှင်ပင် အလွန် အကျိုးထူးပြီဖြစ်သည်။ သို့သော်လည်း ယခုမှာ အချိန်ကောင်းမဟုတ်သေးဘူးဟု ရှီဟောင် ခံစားနေရသည်။
ရွာလေးသည် ရှီဟောင်၏ပြုပြင်မှုကြောင့် နတ်နယ်မြေဖြစ်သွားလေပြီ။ ဤနေရာ၏ ဝိညာဉ်စွမ်းအင်များမှာ များပြားလွန်းလှသောကြောင့် အားလုံး၏ခန္ဓာကိုယ်ကို အလွန်သက်တောင့်သက်သာဖြစ်စေကာ အရိုးများတွင်လည်းအသက်ခွန်အားများ ပိုမိုများပြားလာသည်။
ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် လူတစ်ယောက် မကြိုးစားလျှင်ပင် တိုးတက်လာမည်ဖြစ်သည်။ အချိန်လုံလုံလောက်လောက်ပေးလိုက်လျှင် အားလုံး ပြောင်းလဲသွားလိမ့်မည်။
ရှီဟောင် ဤနေရာကို သေချာစစ်ဆေးလိုက်သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်၏ အရည်အသွေးမှာ ဝိညာဉ်အဆင့်ကို ကျော်လွန်ပြီး နတ်တာအိုအော်ရာအဆင့်ပင် ရောက်နေပြီဖြစ်သည်။
ကောင်းကင်ဘုံကိုးခုမှ သက်ရှည်မိသားစုများပင် ဤထက်မပိုလောက်။ ဤနေရာ၌ တာအိုဥပဒေသများသာ လိုတော့သည်။
သို့သော် ရွာသားများ၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် ထိုဥပဒေသများကို စိတ်ပူစရာမလို။ ဤပတ်ဝန်းကျင်၏ သဘာဝဥပဒေသမှာ သူတို့ နက်နဲသည့်အဆင့်ထိရောက်အောင် ကျင့်ကြံရန် လုံလောက်သည်။
ထို့အပြင် မိုးမခနတ်ဘုရား၏ အစီအရင်မှလည်း တာအိုဥပဒေသများ ထွက်နေသည်ပင်။
ယခု သူ့ကိုယ်သူအတွက်သာ စဉ်းစားရန် လိုတော့သည်။ သူ မည်ကဲ့သို့ကျင့်ကြံမည်နည်း..
“ငါ နည်းလမ်းရှာရမယ် .. ငါ့ကိုယ်ငါ နည်းနည်းလောက် နှိပ်ကွပ်ပြီးတော့ အချုပ်အနှောင်တွေအားလုံး လွတ်ကင်းသွားအောင် လုပ်ရမယ် .. အကြမ်းတမ်းဆုံး ပတ်ဝန်းကျင်မှာ လေ့ကျင့်ရမယ်..”
“ချင်းဖန်း ဘာလို့ ပြန်မလာသေးတာလဲ..” အကြီးအကဲ တစ်ဦး မေးလိုက်၏။
သူ ပြောပြီးသည်နှင့် ရွာထဲရှိ ယဇ်ပုလ္လင်မှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာကာ လူငယ်တစ်ဦး ပြန်ရောက်လာသည်။ ဤနေရာသည် ကျောက်တုံးတိုင်းပြည်၏ အင်ပါယာနန်းတော်နှင့် ချိတ်ဆက်နေသည်ပင်။
သို့သော်လည်း ဤလူငယ်လေးမှာ ချင်းဖန်းမဟုတ်။ သတင်းသွားပို့သည့် လူငယ်လေးသာ။
“ကျောက်တုံးကလန်ရဲ့ အင်ပါယာနန်းတော် အပြင်ဘက်ကို နဂါးတစ်ကောင် ဝိုင်းထားပြီးတော့ ဦးလေးချင်းဖန်းကို စိန်ခေါ်နေတယ်..” သူ အသက်လုရှူပြီး ပြောလိုက်သည်။
“ဟုတ်လား.. ကျောက်တုံးတိုင်းပြည်ကို ဒုက္ခပေးချင်နေတဲ့ ဒီလို မိစ္ဆာနဂါးတွေ ရှိသေးတာလား..” ရှီဟောင် ထိတ်လန့်သွားရသည်။
“ဦးလေးချင်းဖန်းပြောတာ အဲဒါက နဂါးအစစ်ဖြစ်နိုင်တယ်တဲ့..” ထိုလူငယ်လေး၏ အသက်ရှူသံများ ပြင်းထန်နေသည်။
“အဲဒီလိုလား .. ဘယ်လိုပဲဖြစ်ဖြစ် ငါ အဲဒီကို သွားလည်မှာပဲဆိုတော့ ချင်းဖန်းကို သွားခေါ်လိုက်မယ်” ရှီဟောင် အရက်ပန်းကန်လုံးကြီးကို မော့ချလိုက်၏။
“ငါ နဂါးအသားစားရတာ ကြိုက်တယ်..” အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ သွားကြိတ်၍ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အစောပိုင်း၌ ကလေးတစ်စုကြောင့် ဒေါသထွက်နေရသောကြောင့် သူ ဒေါသဖွင့်ထုတ်ရန် လိုအပ်သည်။
ရွာသားများ ဘာမှမပြောနိုင်ခင်မှာပင် ရှီဟောင်သည် ရွှေရောင်ခြင်္သေ့နှင့်အတူ ယဇ်ပုလ္လင်ထက်မှ ပျောက်ကွယ်သွားလေ၏။
အပိုင်း ၁၉၃၄ ပြီး၏။
Chapter – 1935 လူသားဧကရာဇ်ငယ်
ဤယဇ်ပုလ္လင်ကို လူအနည်းငယ်သာ အသုံးပြုနိုင်သည်။ ဤယဇ်ပုလ္လင်သည် ကျောက်တုံးတိုင်းပြည်၏ အင်ပါယာနန်းတော်အတွင်းပိုင်းသို့ တန်းရောက်သွားသည်။
နေရာမှာ အလွန်တိတ်ဆိတ်လှသည်။ ချင်းဖန်း၏ ခွင့်ပြုချက်မရှိလျှင် မည်သူမှ အနားကပ်၍မရ။ ဤသည်မှာ လျှို့ဝှက်ချက်ကို ကာကွယ်ရန်၊ ဤလမ်းကြောင်း အပြင်လောကသို့ ပေါက်ကြားမသွားအောင် တားဆီးခြင်းပင်။
ထို့အပြင် ဤနေရာသို့ ရောက်လာလျှင်ပင် သူတို့ ကျောက်တုံးကျေးရွာ၏ တည်နေရာကိုဩတြိနိတ် အတိအကျကိုလိုအပ်သည်ပင်။
ဟောခန်းကြီးမှာ ယခင်ကအတိုင်းပင်။ ဘာမှမပြောင်းလဲ။
ရှီဟောင်သည် ယခင်က ဤနေရာ၌ အချိန်အတော်ကြာနေခဲ့ဖူးသည်ပင်။ ကျောက်တုံးကလန်၏ အတွင်းရေးပဋိပက္ခများကို ဖြေရှင်းပေးပြီး ပြင်ပရန်သူများကိုလည်း ရှင်းလင်းပေးခဲ့သည်။
ထိုစဉ်က သူ တကယ်ကို ရဲရင့်ခဲ့သည်ပင်။ သူ၏ကျင့်ကြံဆင့် သိပ်မမြင့်သေးသော်လည်း သူသည် မျိုးဆက်ကြီးများမှ ပုဂ္ဂိုလ်ကြီးများကို စိန်ခေါ်ရဲခဲ့သည့်အပြင် ထိုလူများကို အရှုံးကြီးရှုံးအောင်လည်း လုပ်ခဲ့သေးသည်ပင်။
သူ ဤနေရာမှ လူများစွာကို မှတ်မိနေဆဲပင်။ စစ်ဘုရင်၊ မင်ဘုရင်၊ ပန်ဘုရင်နှင့် အခြားအကြီးအကဲများ နေကောင်းသေးရဲ့လား .. ယခင်က သူတို့ သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြပြီး သူ့ကို ကူညီပေးခဲ့ကြသည်။
ထို့ကြောင့် ရှီဟောင်သည် သူ ထွက်မသွားခင်က နဗ္ဗာန်ဆေးလုံးအနည်းငယ်ကို ပြုလုပ်ကာ သူတို့၏ကျင့်ကြံဆင့်များကို အဆင့်လွန်ကျွမ်းကျင်သူ နယ်ပယ်ထိရောက်အောင် မြှင့်တင်ပေးခဲ့သည်။
သို့သော် သူ ကျောက်တုံးကျေးရွာသို့ ပြန်ရောက်လာသည့်အချိန်တွင်မူ ကျောက်တုံးတိုင်းပြည်မှာ ထိုမျှမတည်ငြိမ်ကြောင်း သိလိုက်ရသည်။ ပြဿနာရှာသည့်သူ အနည်းငယ် ရှိနေသည်။
အဘယ်ကြောင့်ဆိုသော် အချို့ အာဏာရှိသည့်သူများသည် ကျေက်တုံးတိုင်းပြည်ဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်ကိုသာ ကူညီပေးချင်နေကြသည်။
ချင်းဖန်းလည်း ကျောက်တုံးတိုင်းပြည်မှ လူဖြစ်သော်လည်း ရှေးရိုးစွဲသည့်အုပ်စုအမြင်တွင် သူသည် အခွဲမိသားစုမှပင်။ သူသည် ဧကရာဇ်သွေးမျိုးဆက်နှင့် အနည်းငယ် ဝေးနေသည်ပင်။
“ငါ ထွက်မသွားခင်တုန်းက အဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ဆေးလုံးတွေ လုပ်ပေးပြီးတော့ အဆင့်လွန်ကျွမ်းကျင်သူတစ်ချို့ကို ဖန်တီးပေးခဲ့တယ် .. ခင်ဗျားတို့အားလုံး ကျုပ်ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်တယ်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
စစ်ဘုရင်နှင့်ပန်ဘုရင်တို့ ချင်းဖန်းကို ဆန့်ကျင်လိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။ သူတို့သည် ထိုကဲ့သို့သော လူမျိုးမဟုတ်။ ဤအဆင့်လွန်ကျွမ်းကျင်သူများကြောင့်လည်း ချင်းဖန်း ဧကရာဇ်နေရာ၌ မြဲနေခြင်ပင်။
သူတို့ လျှို့ဝှက်ပုန်ကန်ချင်နေကြသည့်သူများမှာ ကျောက်တုံးကျေးရွာကိုလည်း ကြောက်ရွံ့နေကြသည်ပင်။
အချို့လူများအတွက်တော့ ထိုနေရာမှာ အလွန်ကြောက်စရာကောင်းသည်ပင်။ ကျောက်တုံးလေးသည် ထိုနေရာမှ ထွက်လာခြင်းဖြစ်ပြီး မိုးမခနတ်ဘုရားလည်း ယခင်က ထိုနေရာ၌ နေသွားသည်။ အဓိကအရေးအကြီးဆုံးမှာ ထိုနေရာ၌ နတ်ဘုရားအဆင့် ကျူးယွမ် ရှိနေသည်။
ယခုတစ်ခေါက် အရှုပ်အထွေးဖြစ်နေရခြင်းမှာ တစ်ဖက်တွင်လည်း နတ်ဘုရားအဆင့်သက်ရှိတစ်ဦးကို ရှာတွေ့သွားသောကြောင့်ဟု ရှီဟောင် ကြားထားသည်။
“ဒီလိုအစုတ်အပြတ်နေရာမျိုးကိုတောင် အင်ပါယာနန်းတော်လို့ ခေါ်တာလား .. တစ်ဖက်လောကက ဧကရာဇ်ကလန်တွေနဲ့ ယှဉ်ဖို့မပြောနဲ့ ငါ့အိမ်က ထင်းလှောင်ရုံနဲ့အတူတူလောက်ပဲ ရှိတယ်” ရွှေရောင်ခြင်္သေ့ နှုတ်ခမ်းများ တွန့်ကွေး၍ ပြောလိုက်သည်။
ဒုန်း..
ရှီဟောင်၏ခြေထောက်ကြောင့် သူ မြေပြင်ပေါ်၌ ပိပြားတော့မတတ် ဖြစ်သွားသည့်အချိန် ပါးစပ်ပိတ်သွားလေ၏။
“မင်း ဘယ်လောက်ပဲ လုပ်နိုင်ပါစေ နောက်ဆုံးတော့ ငါ့စီးတော်ယာဉ်ဖြစ်လာတာပဲမလား..” ရှီဟောင် ဤခြင်္သေ့ကို နည်းနည်းလေးမှ မကြောက်ပေ။ ဤခြင်္သေ့မှာ သစ္စာမရှိဘူးဟု သူခံစားနေရသောကြောင့် ဤခြင်္သေ့ကို တကယ်စားပစ်နိုင်သည်ပင်။
ရွှေရောင်ခြင်္သေ့မှာ ယုံကြည်ချက်များ ပျောက်သွားပြီး မုန်းပင်မမုန်းနိုင်တော့။ သူ လုံးဝ ဖိနှိပ်ခံလိုက်ရခြင်းဖြစ်သောကြောင့် အမိန့်နာခံရုံသာ တတ်နိုင်တော့သည်။
တစ်နေ့ကျလျှင် သူ လက်တုံ့ပြန်ကာ ဤကောင်ကို ခြေထောက်အောက် ဖိနှိပ်ပစ်မည်ဟု သူ့စိတ်ထဲ ကြုံးဝါးထားသော်လည်း ယခုတလောတွင် သူသည် ပိုပိုပြီးနာခံလာကာ အကျင့်လိုပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူ့ကို စိုးရိမ်စိတ်များ ဖြစ်ပေါ်လာစေသည်ပင်။ သူသည် ဤအရာကို ပုံမှန်ကိစ္စဟု သတ်မှတ်လိုက်ကာ နောက်ဆုံး၌ ရှီဟောင်အား ဦးညွှတ်သွားမည်ကို သူ စိုးရိမ်လာသည်။
သို့သော် သူ့ကို ပျော်ရွှင်စေသည်မှာ ရှီဟောင် ပျက်စီးနေသည့်ထာဝရသက်ရှိ၏ကျိန်စာမိထားသည်ပင်။ သူ ကြာကြာနေနိုင်တော့မည်မဟုတ်။ မကြာခင် ပျက်စီးတော့မည်ပင်။
“ဟူး… ထာဝရဘုရင်ချန်ထားခဲ့တဲ့ အဲဒီစာချုပ်ကြီးကို ဘယ်လို ဖျက်ပစ်ရမှာလဲ..” ရွှေရောင်ခြင်္သေ့ သူ့ဘာသာသူ စဉ်းစားလိုက်သည်။
ထိုစာချုပ်ကြောင့်သာမဟုတ်ပါက သူ၏ရွှေရောင်နေ့ရက်များနှင့် နီးကပ်နေပြီဖြစ်သည်။
ရှီဟောင်ထွက်လာသည်နှင့် အစောင့်များ ထိတ်လန့်သွားကြသည်။
“ခင်ဗျား .. ခင်ဗျား …”
အချို့အစောင့်များမှာ ဆွံ့အသွားကာ စကားပင် မပြောနိုင်ကြတော့။ မျက်လုံးပြူး မျက်စံပြူးဖြင့်သာ သူတို့ကို စိုက်ကြည့်နေကြသည်။
“ကျောက်တုံးဧကရာဇ်..”
“လူသားဧကရာဇ်ငယ်..”
နောက်ဆုံးတွင် အချို့လူများအော်ဟစ်လိုက်ကြသည်။ သူတို့သည် သူတို့မျက်လုံးကိုပင် မယုံမကြည်နိုင်ဖြစ်နေကြလေသည်။
ထိုလူများသည် ချက်ချင်းပင် တဒုန်းဒုန်း ဒူးထောက်ချလိုက်ကြသည်။
နောက်ပိုင်းမှ ဝင်လာသည့် အစောင့်များမှာ ရှီဟောင်ကို မမှတ်မိ။ ယခုအချိန်တွင် သူတို့အားလုံး ဆွံ့အနေကြရသည်။ သူတို့က ဘာလို့ သူ့ကို လူသားဧကရာဇ်ငယ်လို့ ခေါ်နေတာလဲ..
သူတို့သာ လူသားဧကရာဇ် ချင်းဖန်းရှိပြီးသားလေ ..
ရှီဟောင်၏မျက်နှာထက်တွင် အချိန်၏တိုက်စားမှုမရှိ။ သူသည် လွန်ခဲ့သည့်ဆယ်စုနှစ်ကကဲ့သို့ ချောမောနုပျိုနေဆဲပင်။ သူသည် အရပ်အနည်းငယ် ရှည်လာရုံမှလွဲလျှင် လူငယ်တစ်ဦးနှင့် တူနေဆဲပင်။
“သူက ဘယ်သူလဲ..” အခြားအစောင့်များမှာ စိတ်ရှုပ်ထွေးနေရသည်ပင်။
“မင်းတို့တွေ အရိုအသေမပေးသေးဘူးလား.. ဒါက အရင်တုန်းက ကျောက်တုံးလေးပဲ .. အရင်က ကျောက်တုံးဧကရာဇ်..” အစောင့်တစ်ဦး အော်ဟစ်လိုက်သည်။
ကျောက်တုံးလေးဟူသည့်စကားလုံးမှာ ရှီဟောင် နာမည်ထက် ပိုနာမည်ကြီးနေသည်ပင်။
ထိုစကားကြားလိုက်ရသည်နှင့် အခြားသူများမှာ သူတို့ပါးစပ်ထဲ လက်သီးထည့်၍ရလောက်အောင် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ဒါက အရင်က လူသားဧကရာဇ်လား..
သူ အဆင့်မြင့်နယ်မြေကို တက်သွားပြီမဟုတ်ဘူးလား .. သူက ဘယ်လိုလုပ် ဒီမှာ ပြန်ပေါ်လာတာလဲ..
အဆင့်မြင့်နယ်မြေသို့ တက်သွားသည်နှင့် ပြန်ဆင်းလာတော့၍ မရသည်ကို အားလုံးသိထားကြသည်ပင်။ သို့သော် ဤလူငယ်လေးကတော့ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ပြန်ပေါ်လာခဲ့သည်။
“အရှင်..”
ဤလူများအားလုံး ဒူးထောက်ချလိုက်ကြသည်။
ယခင်က ကျောက်တုံးလေးသည် သူ၏စွမ်းအားဖြင့် လောကကြီးကို တုန်လှုပ်စေခဲ့သည်။သူသည် အဆင့်မြင့်နယ်မြေမှ နတ်ဘုရား ၇ ပါးဖြင့်တိုက်ခိုက်ခဲ့သော်လည်း အဆုံး၌ အနိုင်ရရှိခဲ့သည်ပင်။
နှစ်ပေါင်းများစွာ ကြာသွားသော်လည်း ကျောက်တုံးလေးနာမည်မှာ ထင်ပေါ်ကျော်ကြားနေဆဲပင်။
“ခင်ဗျားတို့အားလုံး ထပါ..” ရှီဟောင် အမိန့်ပေးလိုက်သည်။
ထို့နောက် သူသည် သူတို့လမ်းပြစရာမလိုပဲ ထွက်သွားလိုက်၏။ သူ၏လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် သူ၏ဝိညာဉ်အာရုံများမှာ အလွန်စူးရှနေပြီဖြစ်သည်။
အင်ပါယာနန်းတော်မပြောနှင့် တောရိုင်းကြီးထဲ၌ ဆိုလျှင်ပင် သူ၏နတ်အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် မည်သူမှ မပုန်းနိုင်။ ချင်းဖန်း ရှိနေသည့်နေရာကို သူသိသည်ပင်။
နန်းတော်များမှာ များပြားလှပြီး တစ်လုံးနှင့်တစ်လုံး ဆက်နေသည်။ သေမျိုးတိုင်းပြည်တွင်တော့ ဤသည်မှာ အလွန်ကြီးမားသည်ဟု ပြော၍ရသည်ပင်။ ထို့အပြင် ဤနေရာ၌ နတ်အဆင့် အစီအရင်များလည်း ရှိနေသေးသည်။
သို့သော် အဆင့်မြင့်နယ်မြေမှ မိသားစုများနှင့်ယှဉ်လိုက်လျှင်တော့ ဤနေရာမှာ တကယ်ကို ရိုးရှင်းကာ သာမန်ဆန်လှသည်။
“ချင်းဖန်း..”
ရှီဟောင် အော်ခေါ်လိုက်သည်။ လူအချို့သည် ရန်သူကြီးတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ အင်ပါယာမြို့ရိုးပေါ်မှ အပြင်ဘက်သို့ ကြည့်နေကြသည်။ ဦးဆောင်နေသည့်သူမှာ သေချာပေါက် စစ်ဝတ်စုံဝတ်ဆင်ထားသည့် ချင်းဖန်းပင်။
သူပင် အရွယ်ရောက်နေလေပြီ။ သူ၏မျက်နှာမှာ ချောမောနေဆဲဖြစ်သော်လည်း မနူးညံ့တော့။ ခိုင်မာမှုများ၊ ပြတ်သားမှုများ ရှိနေသည်ပင်။
ချင်းဖန်း လှည့်ကြည့်ကာ ရှီဟောင်ကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ “အစ်ကိုလေး..”
သူသည် ချက်ချင်းပင် တရှိန်ထိုးပြေးလာကာ မျက်ဝန်းထဲတွင်လည်း မျက်ရည်များ အိုင်ဖွဲ့လာသည်။ သူတို့ ကွဲသွားသည်မှာ ဆယ်နှစ်ပင် ရှိနေလေပြီ။ ယခု ဤကဲ့သို့ ပြန်တွေ့လိုက်ရသည့်အချိန်တွင် သူ အလွန်ပျော်ရွှင်သွားကာ စိတ်လှုပ်ရှားနေသည်ပင်။
ဤနှစ်များတွင် သူသည် ချောင်းမြောင်းတိုက်ခိုက်မှုများ၊ သူ့နေရာကို ငမ်းငမ်းတက်လိုချင်နေသူများကို ကြုံတွေ့ခဲ့ရသော်လည်း သူ တစ်ခါမှ မကြောက်ခဲ့၊ မျက်ရည်မကျခဲ့။ သို့သော် ယခုအချိန်တွင်တော့ သူ့မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံနေလေပြီ။
ချင်းဖန်းကို တွေ့လိုက်ရသည့်အချိန် ရှီဟောင်၏မျက်လုံးများလည်း နာကျင်လာရသည်။ အတိတ်မှ အဖြစ်အပျက်များမှာ သူ့စိတ်ထဲ ထင်ဟပ်လာသည်။
ယခင်က သူ ချင်းဖန်းကို ကာကွယ်ကာ နတ်နန်းအဆောင်ထံသို့ အပြေးသွားခဲ့သည်။ ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးနှစ်ဦးသည် မကြောက်မရွံ့ဖြင့်ပင် တောရိုင်းနယ်မြေ လီပေါင်း ထောင်ပေါင်းများစွာကို ဖြတ်သန်းခဲ့သည်။
ချင်းဖန်း၏ကလေးဘဝမှာ အလွန်ခါးသီးလှသည်။ အကြီးအကဲများ၏ စီစဉ်မှုအောက်တွင် သူသည် ရှီဟောင်အစား ကျောက်တုံးတိုင်းပြည်၏ အစွန်အဖျားသို့ ပို့ခံလိုက်ရကာ ဒုက္ခခံစားခဲ့ရသည်။
ရှီဟောင် သူ့ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ကာ “ယောက်ျားအစစ်တွေက လွယ်လွယ်နဲ့ မငိုဘူး .. မငိုနဲ့..”
“အစ်ကိုလေး .. ကျွန်တော် အစ်ကိုလေးကို အရမ်းလွမ်းနေတာ .. ဒီတစ်သက် အစ်ကိုလေးနဲ့ ပြန်မတွေ့ရတော့ဘူးလို့ထင်နေတာ..” ချင်းဖန်း မျက်ရည်များကို သုတ်ပြီး ပြောလိုက်သည်။
“ငါလည်း မင်းတို့အားလုံးကို သတိရတယ် .. အဲဒါကြောင့် ပြန်လာခဲ့တာ..” ရှီဟောင် ပြောလိုက်ကာ သူ့ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။
အင်ပါယာမြို့ရိုးပေါ်မှ လူအားလုံးမှာ တုန်လှုပ်နေကြသည်။ ဤနေရာရှိ လူအားလုံးမှာ ကျောက်တုံးတိုင်းပြည်မှ အရေးကြီးသည့်သူများပင်။ အားလုံးမှာ သူတို့မျက်လုံးကို မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတို့ အဲဒီလူကို နောက်တစ်ခေါက် ပြန်တွေ့နေရတာလား..
အထူးသဖြင့် ဘုရင်အိုကြီးများပင်။ သူတို့ အလန်စိတ်လှုပ်ရှားနေကြလေ၏။ အခြားသူများမှာ စိုးရိမ်ကြောက်လန့်လာကြသည်ပင်။
အဆင့်မြင့်နယ်မြေမှာ မည်ကဲ့သို့သော နယ်မြေမျိုးဖြစ်သနည်း.. ထိုနေရာမှာ တက်သွားပြီးလျှင် ပြန်မလာနိုင်တော့သည့်နေရာပင်။ ကျောက်တုံးလေးက အဆင့်နိမ့်နယ်မြေက လူတွေကို လွမ်းလို့ ပြန်လာတာလား..
“ကျုပ်ကြားတာ ကျောက်တုံးတိုင်းပြည်မှာ ပြဿနာရှာချင်တဲ့သူ ရှိနေတယ်ဆို..” ရှီဟောင် ဖုံးကွယ်ခြင်းမရှိပဲ တန်းမေးလိုက်သည်။
လူများစွာ၏အမူအရာ ချက်ချင်းပြောင်းလဲသွားကြသည်။
“မိုးကလန်ကလူတွေက သူတို့နတ်ဘုရားနဲ့ အဆက်အသွယ်ရှိနေတဲ့ပုံပဲ..” ချင်းဖန်း တီးတိုးပြောလိုက်သည်။
“ဟမ်..” ရှီဟောင် ထိတ်လန့်သွားရ၏။ ဆိုးရွားစွာ ရိုက်နှက်ခံခဲ့ရသည့် မိုးကလန် ထပ်မံထွက်ပေါ်လာလိမ့်မည်ဟု သူမထင်ထားခဲ့။
ယခင်က မိုးကလန် သူနျင့် မတည့်ခဲ့။ သူ့အဘိုး နတ်ဆိုးနတ်ဘုရားဘိုးဘိုး ၁၅ သည် ဒေါသတကြီးဖြင့် ပြန်လာကာ ထိုလူများနှင့် ကျောက်တုံးတိုင်းပြည်၌ ပြင်းထန်စွာ တိုက်ခိုက်ကာ ထိုသူများကို ဖိနှိပ်ခဲ့ခြင်းပင်။
မိုးကလန်မှ နတ်ဘုရားအချို့ ထွက်ပေါ်ခဲ့ဖူးသည်ကို ရှီဟောင်သိသည်။ သို့သော် ဤသည်မှာ အလွန်ကြာညောင်းခဲ့သည့် ရှေးခေတ်အချိန်များမှာ ရှိခဲ့သည်ပင်။
ဤကလန်တွင် မန္တန်အစီအရင်၊ ယဇ်ပုလ္လင်ရှိကာ သူတို့ကလန်မှ နတ်ဘုရားကို အချိန်နေရာမရွေး တံဆိပ်တစ်ခု ဖန်တီးနိုင်သည်ပင်။ ယခင်က ဤကလန် အတော်လေး ပြဿနာရှာခဲ့သည်ပင်။
ရှီဟောင် ယခင်က ထိုမိုးနတ်ဘုရား ချန်ရစ်ထားခဲ့သည့် ပျက်စီးနေသည့်အမိန့်စာကိုပင် စိန်ခေါ်ခဲ့သေးသည်။
သူ အဆင့်မြင့်နယ်မြေသို့ ရောက်သွားသည့်အချိန်က ဤကိစ္စကို စုံစမ်းခဲ့သည်ပင်။ အဆင့်မြင့်နယ်မြေ၌ မိုးနတ်ဘုရားရှိလား ရှာခဲ့သေးသည်။ သို့သော်လည်း သူ ရှာမတွေ့ခဲ့။
ဤသည်မှာ သူ့အား အတော်လေး တွေဝေစေခဲ့သည်ပင်။ မိုးကလန်နတ်ဘုရားက ဘယ်နေရာကနေ ပုံရိပ်ယောင် ထုတ်နေတာလဲ..
သူ့ကျင့်ကြံဆင့်မြင့်လာသည်နှင့် အခြားနယ်မြေတစ်ခုမှ ပုံရိပ်ယောင်ဖန်တီးနိုင်သည့်သူမှာ သာမန်ကျွမ်းကျင်သူမဟုတ်ကြောင်း သူသိခဲ့ပြီဖြစ်သည်။
“အမ် .. တကယ် နဂါးတစ်ကောင်ရှိနေတာပဲ .. သူ့ဘေးပတ်လည်မှာ သန့်စင်တဲ့နဂါးအစစ်စွမ်းအင်တွေ ရှိနေတာလား..” ရှီဟောင် မြို့ရိုးအပြင်ဘက်သို့ ကြည့်လိုက်ကာ ထူးဆန်းသည့်အမူအရာ ဖြစ်လာသည်။
အပိုင်း ၁၉၃၅ ပြီး၏။