ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၀ – ရှင်းယီ
ပူပြင်းလှသည့် နေရောင်ခြည်သည် ကမ္ဘာမြေကြီးကို အခြောက်လှန်းနေသည်။ သစ်ပင်ထက်မှ သစ်ရွက်များ ညှိုးလျော်နေပြီး အသက်ကင်းမဲ့နေကြသည်။
ရှုချင်းခေါင်း မူးဝေနေပြီး ရင်ဘတ်လည်း တင်းကြပ်ကာ ချောင်းဆိုးချင်သလို ဖြစ်နေသည်။ သူ့နှာခေါင်းထဲ တိုးဝင်လာသည့် ညှီနံ့ကြောင့် သူ အန်ထွက်တော့မလိုပင် ဖြစ်သွားသည်။ သူ ဤသည်ကို တောင့်မခံနိုင်တော့။
သူ နည်းနည်းလေး လှုပ်လိုက်သည်နှင့် သူ့ဦးခေါင်းအနောက်ဘက်မှ အလွန်နာကျင်လာပြီး သူ့ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။ သူ့နားထဲလည်း တဝီဝီမြည်နေပြီး သူ ပြန်သတိလစ်မလို ဖြစ်နေသည်။
ရှုချင်း မျက်လုံးများကို ကြိုးစားဖွင့်လိုက်ပြီးနောက် ဘာဖြစ်ခဲ့သည်ကို မှတ်မိရန် ကြိုးစားလိုက်ရသည်။ ထို့နောက် သူ လဲနေသည့်နေရာကို မြင်လိုက်ရသည့်အချိန်တွင်တော့ ဆံပင်မွေးများ ထောင်ထလာပြီး အော်ဟစ်မိလုမတတ် ဖြစ်သွားသည်။
သူ့ဘေးပတ်လည်တွင် အမှိုက်မျိုးစုံနှင့် ဝက်ရိုး၊ ငါးခေါင်း၊ ပလတ်စတစ်အိတ်နှင့် အခြားအပုပ်အသိုးမျိုးစုံ ရှိနေသည်။ အမှိုက်ပုံနံ့မှာ သူ့နှာခေါင်းထဲသို့ တိုးဝင်နေသည်ပင်။
သူ့ကဲ့သို့ အသန့်ကြိုက်သည့်သူအတွက်တော့ ဤသည်မှာ အိပ်မက်ဆိုးကြီးပင်။ သူ့ဦးရေပြားများ ထုံကျဉ်လာပြီး သူ့အကြည့်မှာလည်း သတ်ဖြတ်မတတ်ဖြစ်လာသည်။
ရှင်းယီလက်သီးပညာရှင်ဖြစ်သောကြောင့် သူသည် ကောင်းကင်ထက်မှ နေမင်းကြီးကဲ့သို့ ဂုဏ်ယူနေသည်ပင်။ သူသည် အခြားသူအားလုံးကို အမြဲတမ်း အထက်စီးမှကြည့်ခဲ့သည်ပင်။
“အား..” ရှုချင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ယခု သူ ရူးမတတ် ဖြစ်နေလေပြီ။
သူသည် အမှိုက်ပုံထဲ ခေါင်းစိုက်ကာ ရှိနေပြီး သူ့မျက်နှာထက်တွင်လည်း အပုပ်အသိုးများ ရှိနေသည်။
ဝုန်း…
ရှုချင်း ခုန်ထွက်လိုက်သည်နှင့် အမှိုက်ပုံးကြီး တစ်စစီဖြစ်သွားသည်။ သူ့လက်များကို ဆန့်ထုတ်လိုက်ပြီး လက်များမှာ လေထဲ၌ တုန်ယင်နေသည်။ ဤအတွေ့အကြုံမှာ သူ့အတွက်တော့ ကမ္ဘာကြီးပြိုကျသွားသည်နှင့် မခြားနား။
ခွပ်..
သူ့ခေါင်းနောက်မှ နာကျင်လျက်ဖြင့်ပင် မြေပြင်ထက်သို့ ဆင်းလိုက်သည်။ သူ အရှေ့ယိုင်ကျသွားပြီး စွန်းထင်းနေသည့် သူ့အဝတ်အစားများကို ကြည့်လိုက်သည်။ သူ အန်မိတော့မည်။
သူ့ကို ဘယ်သူက ဒီလိုမျိုးလုပ်ခဲ့တာလဲ.. သူ ဒေါသထွက်လွန်းသောကြောင့် ရူးမတတ်ပင်။
သို့သော် ရှုချင်းမှာ သာမန်လူမဟုတ်သောကြောင့် သူ၏ကျိုးကြောင်းဆီလျော်တတ်သည့်စိတ် ပျောက်မသွားသေး။ သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးလိုက်ပြီး ဘေးပတ်လည်ကို သူ့နတ်အသိစိတ်ဖြင့် လှည့်ပတ်စစ်ဆေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်အခြေအနေကို ဆန်းစစ်လိုက်သည်။ သူ့ဦးခေါင်းနောက်တွင် ဒဏ်ရာရခဲ့သော်လည်း ထိုမျှမပြင်းထန်။ သူ ရှင်းယီအသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ကာ သူ့ဒဏ်ရာများကို ကုသလိုက်သည်။
သူ့ဒဏ်ရာများ အန္တရာယ်မပေးနိုင်တော့မှသာ သူ့ဘေးပတ်ပတ်လည်ကို စစ်ဆေးလိုက်သည်။ ကီလိုမီတာပေါင်းများစွာကို စစ်ဆေးခဲ့ပြီး တိရစ္ဆာန်များ၏ အသက်ရှူသံပင် သူ့အာရုံထဲမှ မလွတ်ခဲ့။
သူ ဝှစ်ခနဲပြေးလိုက်ကာ ဗီလာထဲသို့ ပြန်ပြေးလာလိုက်သည်။ ဗီလာထဲသို့ ရောက်သွားသည့်အချိန်တွင်တော့ သူ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး တစ်ကိုယ်လုံး ထိန်းမရနိုင်အောင် တုန်ယင်လာသည်။ သူ့လက်ဆစ်များမှ တဂျွတ်ဂျွတ်အသံများပင် ထွက်ပေါ်လာလေ၏။
ရှုချင်းမျက်လုံးများမှာ ဓားသွားကဲ့သို့ ထက်ရှလာပြီး သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထိန်းချုပ်မရနိုင်လောက်အောင် များပြားလာသည်။ သူ တစ်ခါမှ ဤမျှမရှုံးဖူးခဲ့ပေ။
သူကသာ သူများကို အမြဲတမ်း ကြံစည်ခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင် လှုပ်ရှားရသည်မှာ ရှားပါးလှသည်။ ဘုရင်အဆင့်သက်ရှိအားလုံးသည် အသတ်ခံရလျှင် ခံရ အသတ်မခံရလျှင်လည်း အညံ့ခံလိုက်ကြသည်ပင်။ သို့သော် ယနေ့တော့ သူအနောက်မှ ရိုက်ခံလိုက်ရပြီး အမှိုက်ပုံထဲ ပစ်ထည့်ခံခဲ့ရသည်။
ဟာသပဲ .. သူကိုယ်တိုင်ပင်လျှင် ယနေ့ကြုံခဲ့ရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
ရှုချင်း တိတ်ဆိတ်စွာဖြင့်ပင် ဗီလာထဲမှ ပြန်ထွက်လာပြီး အမြင့်ဆုံး အဆောက်အဦးပေါ်သို့ တက်လိုက်သည်။ ထို့နောက် သူ နေရာတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်သည်။ နတ်အသိစိတ်နှင့်အတူ သူ့မျက်လုံးများ တောက်ပလာပြီး ရန်သူ၏သဲလွန်စကို ရှာဖွေလိုက်သည်။
နောက်ဆုံး သူ နေရာတစ်ခုကို ရွေးချယ်လိုက်ကာ ထိုနေရာသို့ ပြေးသွားလိုက်သည်။ ထို့နောက် သူ မူလနေရာသို့ ပြန်လာပြီး အခြားနေရာတစ်ခုကို ပြေးသွားလိုက်သည်။
ရှုချင်း သူ၏စွမ်းအားကြီးသည့် နတ်အသိစိတ်ကို ဖြန့်ကျက်ကာ နေရာပေါင်းများစွာသို့ ပြေးသွားခဲ့သော်လည်း အချည်းနှီးသာ။
“အား..”
နောက်ဆုံး သူ ဗီလာသို့ ပြန်ရောက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ဒေါသမှာ ကောင်းကင်ထိ ပန်းထွက်လာသည့် ချော်ရည်များကဲ့သို့ အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ဘယ်သူဖြစ်မလဲ .. အဲဒီလူက လက်သီးပညာစာအုပ်အတွက်လာတာလား .. သို့သော် လုပ်ကြံသူသည် သူ့ကို အသက်ရှင်လျက်ထားခဲ့ပြီး အမှိုက်ပုံးထဲ၌ ထားခဲ့သည်ပင်။
သို့သော် ထိုကဲ့သို့ ထားခဲ့သည်မှာ သူ့ကို ပို၍ပင် အရှက်ရစေသေးသည်။
ရန်သူမှာ တကယ်ကြောက်စရာကောင်းသည်ကို သူသိသည်။ သူ့နောက်မှ ချဉ်းကပ်လာသည်ကိုပင် သူမသိခဲ့။
ငါးကီလိုမီတာဝေးသည့်နေရာတွင် ချူဖုန်းသည် သားရေပြားပေါ်မှ လက်သီးပုံစံ ၁၂ မျိုးကို လေ့လာနေသည်။
သူ ဝေးဝေးမပြေးခဲ့။ စွန့်ပစ်ထားသည့် အခြားဗီလာတစ်ခု၌သာ နေခဲ့ခြင်းပင်။ ဒေါသတကြီး အော်ဟစ်နေသည့်အသံများကို သူကြားနေရသည်ပင်။ သူ ပြတင်းပေါက်အပြင်ဘက်သို့ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်တော့သည်။
ချူဖုန်းသည် ယခင်ကတည်းက ရှင်းယီလက်သီးပညာအချို့ကို လေ့လာပြီးသားဖြစ်သောကြောင့် သူ အားလုံးကို လျင်မြန်စွာပင် နားလည်သွားသည်။ သူ ဧည့်ခန်းထဲ၌ မတ်တပ်ရပ်လိုက်ကာ သူ့ရှင်းယီလက်သီးပုံစံများကို အဆင့်တက်အောင် လုပ်ရင်း နောက်ဆုံး ဤပညာအဆင့်များနှင့် ရင်းနှီးကျွမ်းဝင်လာသည်။
အချိန်တစ်ခုကြာပြီးနောက် သူ ဤပညာထဲမှ အသက်ရှူစည်းချက်ပညာကို ရလာခဲ့သည်။
ချူဖုန်းသည် သားရေပြားပေါ်မှ ပုံသဏ္ဌာန်များကို လေ့လာရင်းဖြင့်ပင် လက်သီးပညာများကို လေ့ကျင့်နေခဲ့သည်။ ထိုသို့လေ့ကျင့်နေရင်း သူ၏နှာခေါင်းနှင့် ပါးစပ်မှ အဖြူရောင်မြူခိုးများ ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲ၌ အနွေးဓာတ်တစ်ခု ပေါက်ဖွားလာသည်ကို သူ ခံစားလိုက်ရသည်။
သူသည် သိုင်းပညာရူးနေသည့်သူတစ်ယောက်ကဲ့သို့ အိပ်ရမည်ကိုလည်းမသိ၊ စားရမည်ကိုလည်း မသိတော့။ သူ့အချိန်နှင့် စွမ်းအင်အားလုံးကို ရှင်းယီပုံစံ ၁၂ မျိုးအား နားလည်ရန်အတွက်သာ ပေးဆပ်ထားတော့သည်။
သူ့ကျောကို နဂါးအစစ်တစ်ကောင်ကဲ့သို့ ကွေးလိုက်ပြီး လျှပ်စီးတန်းများကို ထုတ်လွှတ်လိုက်၏။ ဤသည်မှာ သူ၏နဂါးပုံစံပင်။ နဂါးပုံရိပ်သည် နံရံကို ဖောက်ထွက်ကာ မီတာ ၈၀၀ ကျော်ထိ ရှည်လျားလာသည်။
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲ၌ စွမ်းအင်များ ကြွတက်လာပြီး သူ့ကျောရိုးတစ်လျှောက်စိမ့်ဝင်သွားသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ နဂါးတစ်ကောင် အသက်ဝင်လာတော့မည့်အတိုင်းပင်။
မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် နတ်ကျားတစ်ကောင်ကဲ့သို့ ပြန်ခုန်တက်လိုက်သည်။ ထိုကျားမှာ တောင်လိုပုံနေသည့်အလောင်းများ၊ သွေးပင်လယ်များကို ဖြတ်သန်းလာသကဲ့သို့ မကောင်းသည့်အော်ရာများ ထုတ်လွှတ်နေသည်။ ဤသည်မှာ ရှင်းယီကျားပုံစံပင်။
ထို့နောက် သူသည် ပျံလွှားငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ လှပစွာ ပျံတက်သွားလေ၏။
…
ချူဖုန်း ဤပညာများကို ထပ်ခါတလဲလဲ လေ့ကျင့်လိုက်သည်နှင့် သူ့နှာခေါင်းနှင့် ပါးစပ်တစ်ဝိုက်မှ မြူများ ပို၍သိပ်သည်းလာသည်။ သူ၏ရှင်းယီအသက်ရှူစည်းချက်ပညာ လေ့ကျင့်မှုလည်း ပို၍သိသာလာသည်ပင်။
သူ ကျောက်စိမ်းဂူကျောင်း၌ လေ့ကျင့်ခဲ့သည့် ရှင်းယီလက်သီးကြောင့် သူ ဤကဲ့သို့ လျင်မြန်စွာ တတ်မြောက်လာခြင်းပင်။ ပုံစံအချို့၏ လျှို့ဝှက်ချက်များကို နားလည်ပြီးသားဖြစ်သောကြောင့် သူ့အတွက် အရာအားလုံး ပို၍လွယ်ကူသွားသည်ပင်။
အနီရောင်နေလုံးကြီး အနောက်ဘက်သို့ ဝင်သွားသည့်အချိန်တွင်တော့ ဖုန်းမြည်သံ ထွက်ပေါ်လာပြီး သူ၏ကျင့်ကြံခြင်းကို နှောက်ယှက်လာ၏။ လုထုန် သူ့ကို ခေါ်လာခြင်းပင်။
“ဟေ့ကောင် .. မင်း ပြောတဲ့နာမည်ကို ငါ ရှာကြည့်ပြီးသွားပြီ .. ဝူတန်းတောင်သခင်ကို ဝူချီဖုန်းလို့ခေါ်ခဲ့ဖူးတယ် .. ဒါပေမဲ့ အဲဒါက သူ့ရဲ့ငယ်နာမည် .. သူ အဲဒီနာမည်ကို မသုံးတော့တာ ကြာလှပြီ”
သူ ရှင်းယီလက်သီးစာအုပ်ကို ယူလာစဉ်က ကျွမ်းကျင်သူများထဲတွင် ဝူချီဖုန်းဟူသည့် နာမည်ရှိမရှိ လုထုန်အး စစ်ဆေးခိုင်းခဲ့ခြင်းပင်။ ထိုနာမည်မှာ ဝူတန်းတောင်သခင်နာမည်ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
လက်သီးစာအုပ်ကို ချက်ချင်း အောက်ချလိုက်ရင်း သူ့အကြည့်များ လေးနက်သွားသည်။ ထိုဝတ်စုံဖြူနှင့်လူ ဝူတန်းတောင်သခင်အား သတ်ရန် ကြံစည်နေသည်ကို သိလိုက်ရသည့်အချိန် သူ့မျက်ဝန်းများ အေးစက်လာသည်။
ချူဖုန်းမှာ ကျေးဇူးတရားများကို မေ့တတ်သည့်သူမဟုတ်။ သားရဲမျိုးနွယ်စုအားလုံး သူ့အား ဆန့်ကျင်သည့်အချိန်က ဝူတန်းတောင်သခင် သူ့အတွက် နှစ်ကြိမ်ပင် ရပ်တည်ပေးခဲ့ပြီး ဒေါင်းဘုရင်နှင့်ပင် တိုက်ရိုက်ဆန့်ကျင်ခဲ့သေးသည်။ အထူးသဖြင့် ယခုတစ်ခေါက်ပင်။ ယခုဆိုလျှင် ဝူတန်းတောင်သခင်ကိုယ်တိုင် ကျန်းရှီသို့ ရောက်လာကာ ရေအောက်မျိုးနွယ်စုနှင့် တိုက်ခိုက်နေပြီဖြစ်သည်။
“လူအိုကြီး .. ခင်ဗျား ဝူတန်းတောင်သခင်ကို ဆက်သွယ်ဖို့ နည်းလမ်းရှာပြီးတော့ ရှင်းယီကျောင်းက ဝတ်စုံဖြူနဲ့သခင်လေးက သူ့ကို သတ်ဖို့ကြံနေတယ်လို့ ပြောပေးပါဦး .. ပြီးတော့ ခင်ဗျား အဲဒီလူငယ်ရဲ့ နောက်ကြောင်းကိုလည်း စုံစမ်းပေးပါဦး” ချူဖုန်း လေးနက်စွာ ပြောလိုက်သည်။
ထို့နောက် သူ လက်သီးပညာစာအုပ်ကို လုံခြုံစွာ သိမ်းထားလိုက်ပြီး ထိုအဖြူရောင်ဝတ်စုံနှင့်လူငယ်ကို သတ်ရန် တရှိန်ထိုး ပြေးထွက်သွားလိုက်သည်။
ဤလူမှာ တကယ်ကို မကောင်းသည့်လူပင်။ သူသည် ရေအောက်မျိုးနွယ်စုနှင့် ပူးပေါင်းကာ ဝူတန်းတောင်သခင်ကိုပင် သတ်ရန်ကြိုးစားနေသည်။
ချူဖုန်း ကောင်းကင်ထက်သို့ ထိုးဖောက်သွားသည်နှင့် လေဟာနယ်ကြီး ပေါက်ကွဲလာသည်။ အသံနှုန်းထက် ငါးဆခွဲမြန်နေသောကြောင့် ငါးကီလိုမီတာဆိုသည်မှာ လက်ဖျောက်တစ်ချက်တီးစာသာကြာသည်။
ဝုန်း..
ချူဖုန်း ရွှေပင်လယ်ဗီလာပတ်ဝန်းကျင်သို့ ရောက်လာသည်။ သူ တစ်ဖက်လူကို သတ်မည်ဖြစ်သောကြောင့် သူ့အော်ရာကို ဖုံးကွယ်မနေတော့။
သူ့ညာလက်သီးမှ မီးတောက်များ ထွက်ပေါ်လာ၏။ ဤသည်မှာ သူ ပထမအချုပ်အနှောင်ကို ဖြတ်တောက်ပြီးနောက် ရခဲ့သည့်စွမ်းရည်ပင်။ ထိုလက်သီးဖြင့် ထိုးလိုက်သည်နှင့် ဗီလာတစ်ခုလုံးကို ပြင်းထန်သည့် အားတစ်ခု ဖြတ်ဝင်သွားတော့သည်။
ကံမကောင်းစွာဖြင့် ထိုလူမှာ ဗီလာ၌မရှိတော့။ ဤနေရာတစ်ခုလုံး တိတ်ဆိတ်နေသည်။
သူ၏နတ်အသိစိတ်ဖြင့် ကီလိုမီတာများစွာပတ်လည်အတွင်းရှိ သက်ရှိအားလုံးကို အာရုံခံနိုင်သောကြောင့် ထိုအဖြူရောင်ဝတ်စုံနှင့်လူ မရှိတော့သည်မှာ သေချာသည်။
“ကံဆိုးတာပဲ..” ချူဖုန်း၏မျက်လုံးများ မှုန်မှိုင်းလာသည်။
သို့သော် သူ အရမ်းတော့ စိတ်မပူ။ လုထုန်ထံမှ သတိပေးချက်ကို ရပြီးသည်နှင့် ဝူတန်းတောင်သခင်သည် ချောင်းမြောင်းတိုက်ခိုက်မှုကို သေချာပေါက်ခုခံနိုင်လိမ့်မည်ပင်။
ဝူတန်းတောင်သခင် ဤအဖြူရောင်ဝတ်စုံနှင့်လူကို သတိမထားပဲ မျိုးနွယ်စုတူသည့်မိတ်ဆွေဟု သဘောထားလျှင်တော့ အန္တရာယ်များနိုင်သည်ပင်။
သူ သတိထားလိုက်သည်နှင့် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူကို လွယ်လွယ်သတ်နိုင်တော့မည်မဟုတ်တော့။
“အဲဒီလူက ကပ်ဆိုးကြီး ဖန်တီးတဲ့လူ ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ .. ငါသိရင် မင်းကို အစောကြီးကတည်းက သတ်လိုက်ပြီ..” ချူဖုန်း ရေရွတ်လိုက်သည်။
ထို့နောက် ထိုလူကို အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့သည်ကို ပြန်စဉ်းစားမိလိုက်ပြီး သူ ရယ်မောလိုက်သည်။ ရှင်းယီလက်သီးသခင်လေးမှာ ဤအဖြစ်အပျက်ကို သူ့တစ်ဘဝလုံး အမှတ်ရနေလောက်သည်။
“ငါတို့တွေ အနှေးနဲ့အမြန် ပြန်တွေ့မှာပါ .. အဲဒီအချိန်ကျရင် ငါ ရှင်းယီလက်သီးနဲ့ မင်းကို သတ်ပစ်မယ်..” ထို့နောက် ချူဖုန်းသည် ပျောက်ကွယ်သွားသည့်နေရောင်နှင့်အတူ တစ်ဖက်လှည့်ကာ ပျောက်ကွယ်သွားသည်။
ရှင်းယီသခင်လေး ဝူတန်းတောင်သခင်အား သတ်လိုခြင်းမှာ ထိုက်ကျိလက်သီးပညာစာအုပ်အတွက်ကြောင့် ဖြစ်လိမ့်မည်ဟု သူထင်သည်။
ထိုညတွင် ချူဖုန်း ဟုန်တုသို့ ဝင်လာလိုက်သည်။ ဤမြို့မှာ ကျန်းရှီတွင် အကြီးဆုံးမြို့ပင်။ တောက်ပနေသည့်နီယွမ်မီးရောင်များနှင့် မိုးမျှော်တိုက်များကို ကြည့်ပြီး ချူဖုန်း ခေါင်းခါလိုက်သည်။ မြို့ထဲ၌ မနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် သူ လူရိုင်းပင်ဖြစ်တော့မည်။
သူ ဗိုက်ပြည့်အောင်စားပြီး အရက်အနည်းငယ်သောက်ပြီးပြန်ထွက်လာခဲ့လိုက်သည်။ သူ မြို့များထဲ ပြန်နေဖို့ အချိန်မရောက်သေး။ အရေးကြီး လုပ်စရာများ ရှိသေးသည်။
“ချူဖုန်း .. ဟိန်းထုန်က စန်းချင်တောင်မှာ ရှိနေတာ သေချာတယ် .. မင်း သတိထားဦး .. တောင်ပင်လယ်က သူ့အတွက် လက်နက်တစ်ခု ယူလာပေးတယ်လို့ မန်ချူးကျား သတင်းရလာခဲ့သေးတယ် .. သတိထားဦး..”
“ကောင်းတယ် .. ငါ မနက်ဖြန်မနက်စောစော သူ့ကို သွားသတ်လိုက်မယ်” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။ သူ့ရန်သူကြီးကို ရှင်းပစ်ရမည့် အချိန်ကောင်း ရောက်လေပြီ။
သူ ပြန်ရောက်လာသည့်ကိစ္စကို ကြာကြာမဖုံးကွယ်ထားနိုင်မှန်း သူသိသည်။ သူ အမှောင်ထဲ၌ နေလျှင်ပင် လူများ သူ့ကို သတိထားမိသွားကြမည်ပင်။
ယခုတစ်ခေါက်တော့ သေချာပေါက် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာတော့မည်။
ထိုညတွင် စွန့်ပစ်ဗီလာတစ်ခု၌ ရှင်းယီလက်သီးပုံစံ ၁၂ မျိုးကို စိတ်နှစ်ကာ လေ့လာခဲ့သည်။ သူ နားလည်လာလေလေ ဤပညာကိုပို၍သဘောကျလာလေလေပင်။ သူ့မျက်နှာထက်၌ ပျော်ရွှင်သည့်အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် အံ့အားသင့်စရာကောင်းသည့် အသက်ရှူစည်းချက်နှင့်အတူ လက်သီးပုံစံများကို တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ်လည်း တောက်ပသည့်အလင်းတန်းများ တောက်ပနေလေ၏။
ထိုအခိုက်အတန့်တွင် နဂါး၊ ကျား၊ သိမ်းငှက်နှင့် ပျံလွှားငှက်အော်သံတို့ကို ကြားနေရမည်ပင်။
သူ လမ်းမှန်တွေ့သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ သူ ရှင်းယီလက်သီးပညာများကို လေ့လာရင်းနောက်ဆုံး ဤလက်သီးပညာထဲ၌ ရှိနေသည့် လျှို့ဝှက်အသက်ရှူစည်းချက်ပညာကိုပင် ကျွမ်းကျင်သွားခဲ့သည်။
အသက်ရှူစည်းချက်ပညာတစ်ခု ထပ်ရလာခြင်းမှာ သူ့ကို အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေခဲ့သည်။ သူ အဆင့်တက်နိုင်မည့် နည်းလမ်းနောက်တစ်မျိုး တိုးလာပြီး သူ့ခန္ဓာကိုယ်၌လည်း ပြောင်းလဲမှုများ ထပ်မံဖြစ်ပေါ်လာခဲ့သည်။
ကြယ်ရောင်၊ လရောင်အောက်တွင် ချူဖုန်း၏ခန္ဓာကိုယ်ကို မြူတန်းအချို့ ရစ်သိုင်းထားပြီး သူ့ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအင်များမှာ ပင်လယ်တစ်စင်းကဲ့သို့ များပြားလှသည်။ တစ်စက္ကန့်တိုင်း သူ ပို၍ အင်အားကြီးလာနေသည်ပင်။
ထိုညတွင် ဟိန်းထုန်သည် တာအိုဘုရားကျောင်းတစ်ခုထဲ၌ မျက်လုံးသုံးလုံးနှင့်လူအား ဧည့်ခံပေးနေခဲ့သည်။ သူတို့နှစ်ဦးသည် ဝိုင်သောက်ကာ စကားပြောပြီး သူတို့မျက်နှာထက်၌ ကျေနပ်သည့်အပြုံးများလည်း ထင်ဟပ်နေသည်။
သူတို့သည် ချူဖုန်းအား မည်ကဲ့သို့သတ်မည်ကို စီစဉ်နေကြခြင်းပင်။ ဤသည်မှာ အစီအစဉ်ကောင်းတစ်ခုဖြစ်လိမ့်မည်ဟု ဟိန်းထုန် ယုံကြည်သည်။ ချူဖုန်း သူ့ထံသို့ရောက်လာပြီး လည်စင်းခံမည်မှာ အတော်လေး ကောင်းမွန်လှသည်ပင်။
“ငါကြားတာတော့ မင်း ချူဖုန်းကို သတ်တဲ့ကိစ္စကို ကူညီပေးနိုင်အောင်လို့ တောင်ပင်လယ်က ကျွမ်းကျင်သူအများကြီး လွှတ်လိုက်တယ်ဆို..” မျက်လုံးသုံးလုံးနှင့်လူ မေးလိုက်သည်။
ဟိန်းထုန် ခေါင်းညိမ့်လိုက်ကာ “ဟုတ်တယ် .. င့ါဒုတိယအစ်ကိုလက်အောက်က ပင်လယ်စစ်ဗိုလ်ချူပ်လေးယောက်က ထောင်ချောက်တစ်ခုလုပ်ဖို့ နဂါးချုပ်နှောင်ခြင်းတိုင်တွေကို ယူလာပေးတာ .. ချူဖုန်း အဲဒီထောင်ချောက်ထဲ ဝင်သွားတာနဲ့ ပြန်ထွက်လာဖို့ မစဉ်းစားနဲ့တော့ပဲ..”
မျက်လုံးသုံးလုံးနှင့်လူသည် ရယ်မောလိုက်ကာ “အဲဒါဆိုရင် ငါ စိတ်အေးရပါပြီ .. ငါ မနက်ဖြန် ပြန်ပြီး ငါတို့အတွက် ဓားစာခံလုပ်ပေးဖို့ သင့်တော်မယ့် သားရဲဘုရင်ကို ရှာလိုက်ဦးမယ်”
ထိုညတွင် ရှင်းယီလက်သီးသခင်လေး ရှုချင်းလည်း ညကိုဖြတ်သန်းကာ ခရီးသွားနေသည်။ သူ့မျက်လုံးများမှာ မှုန်မှိုင်းနေလေ၏။ သူ မည်သူ့ကိုမှ မဆက်သွယ်သေး။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲ၌ သံသယဝင်နေသည့်သူအချို့ရှိနေသည်ပင် — ရေအောက်မျိုးနွယ်စု..
ထိုအချိန်တွင် ချူဖုန်းလည်း မိုးမလင်းခင်ကတည်းက စန်းချင်တောင်သို့ ထွက်လာနေပြီဖြစ်သည်။
အပိုင်း ၂၅၀ ပြီး၏။