Switch Mode

Chapter – 1876 & 1890

Chapter – 1876 နှုတ်ဆက်ခြင်း

ဤရက်အတောအတွင်းတွင် သူ့ထံသို့ လာလည်သည့် စွမ်းအားကြီးသည့်သူများစွာ ရှိခဲ့သည်။ သူတို့၏ရည်ရွယ်ချက်မှာ ရှင်းသည်။ ရှီဟောင်အား သူတို့ဂိုဏ်း၏ကာကွယ်သူ ဖြစ်စေချင်သောကြောင့်ပင်။

သူထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြစ်လာမည်မှန်း အားလုံးသိနေကြသည်ပင်။

သို့သော်လည်း အားလုံးရှုံးနိမ့်သွားခဲ့သည်။ သူ၏ဆုံးဖြတ်ချက် မည်မျှခိုင်မာကြောင်း အားလုံးသိသွားကြလေပြီ။

ဤအတောအတွင်း ရှီဟောင် အချက်အလက်အသစ်များကို ဆက်တိုက်ရရှိခဲ့သည်။ သူသည် လူပေါင်းစုံကိုမေးကာ အဖိုးတန်သည့်သဲလွန်စပေါင်းစုံကို စုစည်းခဲ့သည်။ သူ အဆင့်နိမ့်နယ်မြေသို့ ပြန်သွားနိုင်ရန်အတွက် ပြင်ဆင်ထားခဲ့သည်။

“မင်း တကယ်သွားတော့မှာလားာ .. ဟူး .. ကောင်းကင်ဘုံကိုးခုက အဲဒီလောက်မဆိုးပါဘူး .. ကျင့်ကြံဖို့အတွက်သင့်တော်တဲ့ ပတ်ဝန်းကျင်ရှိတယ် .. မင်း ဒီလိုမျိုးထွက်သွားတာက ငါ့ကို နည်းနည်းတော့ ဝမ်းနည်းစေတယ်…” ရွှေရောင်ဦးချိုပုရွက်ဆိတ်လေး ပြောလိုက်သည်။

သူ ကောင်းကင်နတ်ဘုရားကျောင်း၌သာ အခြေချတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းအောက်တွင် သူ၏အိမ်ဖြစ်သည့် ထာဝရလှိုဏ်ဂူ ရှိနေသည်ပင်။ ရှီဟောင်အား သူနှင့်အတူကျင့်ကြံရန် အကြံပေးခဲ့သေးသည်။

သို့သော်လည်း ရှီဟောင် ခေါင်းခါလိုက်သည်ပင်။

“အဆင့်နိမ့်နယ်မြေက ဘာများကောင်းနေလို့လဲ .. အဲဒီနေရာက ဆုတ်ယုတ်နေပြီးတော့ ကျင့်ကြံဖို့အတွက် မသင့်တော်ဘူးလို့ အားလုံးပြောနေတာကို .. နင်ဒီလိုမျိုး ပြန်သွားလိုက်ရင် နင့်ကိုယ်နင် ဘောင်ခတ်ထားလိုက်တာနဲ့အတူတူပဲ ဖြစ်သွားမှာ .. နင့်ရဲ့ကျင့်ကြံတဲ့အရှိန်တွေ လျော့သွားလိမ့်မယ်” ယုန်ဖြူလေး ပြောလိုက်သည်။

နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း သူမ၏အသွင်သဏ္ဌာန်မှာ ပြောင်းလဲသွားခြင်းမရှိ။ သူတို့စတွေ့တုန်းကအတိုင်း ၁၃၊ ၁၄ နှစ်ခန့်သာ ရှိသေးသည်။ သူမ၏ငွေရောင်ဆံနွယ်များ ကျောထက်၌ ပြန့်ကျဲနေပြီး မှန်ကဲ့သို့ တောက်ပနေသည်။ သူမ၏မျက်လုံးဝိုင်းများသည်လည်း ပတ္တမြားကဲ့သို့ နီရဲတောက်ပနေသည်ပင်။

“မင်း ပြန်သွားမှာလား .. မင်းက သာမန်အရပ်သားဘဝနဲ့ပဲ နေတော့မယ်လို့ ငါ့ကို မပြောနဲ့နော် .. ” ချောင်ယုရှင်း ပြောလိုက်သည်။

ချန်ကုန်းယုန်၊ ဖုန်းဝူနှင့် သူ၏အခြားသူငယ်ချင်းဟောင်းများ သူနှင့်အတူ စကားလာပြောနေကြသည်ပင်။ ထို့နောက် စုန်းမပင် ရောက်လာသည်။

“ငါ မင်းတို့ကို အကူအညီတောင်းစရာရှိတယ်” ရှီဟောင်ပြောလိုက်သည်။

သူ ထွက်မသွားခင် သူ နတ်ဆေးပင်များ ဝယ်သွားချင်သည်။

“နတ်ဆေးပင်တွေ ဟုတ်လား..”

ဤလူများ ဆွံ့အသွားရသည်။ ကောင်းကင်ဘုံကိုးခု၌ ပင်လျှင် ဤကဲ့သို့သော ပစ္စည်းမှာ အလွန်အဖိုးတန်ကာ ရှာတွေ့နိုင်ရန် ခက်ခဲလှသည်။

“မင်းမှာ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်၊ ကောင်းကင်နတ်ဘုရားသစ်ပင်နဲ့ တစ်ခြားဟာတွေ ရှိတယ်မဟုတ်ဘူးလား .. မင်းက ဘာလို့ ထပ်လိုချင်နေသေးတာလဲ..” သူတို့ရှုပ်ထွေးသွားရသည်။

ရှီဟောင် တစ်ဖက်လောကသို့ ထွက်မသွားမှီ အင်ပါယာဂိတ်၌ သူပိုင်သည့်ပစ္စည်းများအားလုံးကို သူ၏သူငယ်ချင်းများအား လက်ဆောင်ပေးခဲ့သည်ဖြစ်သောကြောင့် သူ့ထံ၌ ဘာရှိသည်ကို သူတို့အားလုံး သိနေကြသည်ပင်။

သူတို့ ထိုပစ္စည်းများအားလုံးကို ပြန်ပေးကြသော်လည်း ရှီဟောင် တစ်ချို့ပစ္စည်းများကိုတော့ သူတို့အား လက်ဆောင်သာ ပေးလိုက်သည်။ ပြန်မယူတော့။

“အဆင့်နိမ့်နယ်မြေက အရမ်းကို ခေါင်းတီးတဲ့နယ်မြေလို့ မင်းတို့အားလုံး ပြောနေကြတာလေ .. အဲဒီတော့ ငါက နတ်ဆေးပင်နည်းနည်းလောက်ယူသွားပြီးတော့ ကျောက်တုံးကျေးရွာမှာ သွားစိုက်ထားမလို့ .. အဲဒါဆိုရင် ငါ့ကလန်သားတွေ ပိုပြီး အသက်ရှည်ရှည်နေနိုင်တာပေါ့..” ရှီဟောင် ပြောလိုက်သည်။

သာမန်လူများအတွက်တော့ သူတို့ဆေးပင်ကို စားစရာမလို။ ဆေး၏မွှေးရနံ့ကို ရှူလိုက်ရုံ၊ နတ်ဆေးပင်ရှိသည့်နား နေလိုက်ရုံဖြင့် သူတို့၏အသက်ကြီးရင့်မှုကို လျော့ချပေးနိုင်သည်။

“ကောင်းပြီလေ .. မင်းဘာနဲ့ ဝယ်မှာလဲ..”

“ငါ့မှာ ထာဝရရွှေအပိုင်းလေးတွေနဲ့ စွမ်းအားကြီးတဲ့ စီးတော်ယာဉ်သားရဲရှိတယ်” ရှီဟောင်ပြောလိုက်သည်။

သူ ဤစကားပြောလိုက်သည်နှင့် အားလုံး တစ်ဖက်သို့ လှည့်ကြည့်လိုက်ကြသည်။ ရွှေရောင်ခြင်္သေ့တစ်ကောင် သူတို့အား ဒေါသတကြီး စိုက်ကြည့်နေသည်ပင်။ သူ့တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေကာ လည်ဆံမွေးများမှာ အလွန်ထူထဲလှသည်.

ဤသည်မှာ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ပင်။ ထို့အပြင် သူသည် အလွန်သန့်စင်ကာ သူ၏ဘိုးဘေးနှင့် ခြေရာတိုင်းနိုင်သည့်သူပင်။

ယခင်က ဤခြင်္သေ့သည် ဧကရာဇ်ကလန် ဆော့ဂူနှင့်အတူ ရှီဟောင်အား ကောင်းကင်သားရဲတောအုပ်ထဲသို့ လိုက်ဖမ်းခဲ့ခြင်းပင်။

ဤစီးတော်ယာဉ်သားရဲ အလွန်ထူးခြားလှသည်ကို အားလုံးသိကြသည်ပင်။ သူသည် အလွန်စွမ်းအားကြီးသည့်အပြင် တစ်ဖက်လောကမှ လာခြင်းဖြစ်သောကြောင့် လျှို့ဝှက်ချက်များစွာလည်းသိထားသည်ပင်။

သူ့ကို စွမ်းအားကြီးသည့်သူအချို့ လိုချင်မည်မှန်း သိသာလှသည်။ ထို့အပြင် သက်ရှည်မိသားစု နောက်ခံရှိသည့်သူများထံတွင် သူ့အား အညံ့ခံလာအောင် ဖိနှိပ်ပြီး သူ၏ပညာများကို ရယူနိုင်မည့်နည်းလမ်းများ ရှိနေမည်ပင်။

ဤသည်မှာ သူ သေဆုံးခြင်းကို ချက်ချင်းမရွေးချယ်မှသာလျှင်။

သို့သော် သူသည် ယခုအချိန်ထိ ရှီဟောင်နောက် လိုက်နေခြင်းဖြစ်သောကြောင့် ဤသည်မှာ သူ မသေလိုသေးကြောင်း သိသာလှသည်ပင်။

“ဒီခြင်္သေ့က တကယ်ကို အထင်ကြီးစရာကောင်းတယ် .. အင်ပါယာဂိတ်မှာတုန်းက သူ ကျင်းကျန်းနဲ့တောင် တိုက်ခဲ့သေးတယ် .. သူက ဈေးကောင်းရမှာပါ” ချောင်ယုရှင်း ခေါင်းညိမ့်လိုက်သည်။

ဝေါင်း .. ခြင်္သေ့ကြီးသည် ပို၍ ဒေါသထွက်လာသည့်ပုံပင်။

ခဏကြာပြီးနောက် ရှီဟောင် နတ်ဆေးပင်များ၊ လျှို့ဝှက်စာများကို ထာဝရရွှေအပါအဝင် သွေးသန့်စင်သည့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့နှင့် လဲလိုချင်နေကြောင်း သတင်းပျံ့သွားသည်။

“ကြည့်ရတာ ဟွမ်က ထွက်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီထင်တယ် .. ဒါက နတ်ဆေးပင်တွေကို အဆင့်နိမ့်နယ်မြေကို ယူသွားဖို့ ပြင်နေတာပဲ”

နတ်ဆေးပင် ယူလာပေးသည့်သူတစ်ဦး တကယ်ရှိနေသည်။ သို့သော်လည်း သူမသည် ရှီဟောင်၏ ထာဝရရွှေအပိုင်းအစနှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ကို ယူမသွား။ သူမသည် သူ့အား လက်ဆောင်ပေးလိုက်သည်ပင်။

ဤသည်မှာ စုန်းမရှိနေသည့် ကောင်းကင်ခစားခြင်းတာအိုမှ လူပင်။

စီရင်စုသုံးထောင်တွင် ကောင်းကင်ခစားခြင်းဂိုဏ်းရှိသကဲ့သို့ ကောင်းကင်ဘုံကိုးခုတွင်လည်း ကောင်းကင်ခစားခြင်းတာအိုရှိနေသည်ပင်။

“လူငယ်လေးက အဆင့်နိမ့်နယ်မြေကို တကယ်သွားချင်နေတာပဲ .. ငါတို့ ဒီနေ့ခွဲခွာပြီးရင် မင်းရဲ့ ပြိုင်ဘက်ကင်းတဲ့တောက်ပမှုတွေကို ဘယ်တော့မှ ပြန်တွေ့နိုင်မလဲ မသေချာဘူး .. ဒီ နတ်ဆေးပင်တစ်ပင်က ဘာတန်မှာလဲ .. ဒါကို ခွဲခွာခြင်းလက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ..”

လူလတ်ပိုင်းအမျိုးသမီးကြီးမှာ အလွန်ပင် ရက်ရောလှသည်ပင်။ သူမသည် ဆေးပင်ပေးပြီးနောက် ထွက်ခွာသွားလေ၏။

ခဏကြာပြီးနောက် အလေးအမြတ်ကျောင်းနှင့် ထာဝရကျောင်းမှလူများလည်း ရောက်လာကြကာ သူ့အားနတ်ဆေးပင်တစ်ပင်စီ လက်ဆောင်ပေးသွားကြသည်။

“ဟူး..” ထာဝရကျောင်းအကြီးအကဲ သက်ပြင်းချလိုက်သည်။ မုန့်ထျန်းကျန်း ထာဝရပျောက်ကွယ်သွားလေပြီ။ ဤနေရာ၌ နတ်ဆေးပင်များပင်မရှိ။

“အရင်တုန်းက ကျွန်တော် ခန္ဓာကိုယ်ကိုမျိုး‌စေ့အဖြစ် ကျင့်ကြံတုန်းက စီနီယာမုန့်က ကျွန်တော့်ကို ပစ္စည်းတွေ စိုက်ထုတ်ပေးခဲ့တယ် .. အဲဒီထဲမှာ ဘယ်လိုလုပ် နတ်ဆေးတွေ မပါပဲနေမှာလဲ .. ရတနာတွေ အများကြီးကို သုံးခဲ့ရတာ” ရှီဟောင်ပြောလိုက်သည်။

ထိုသို့စဉ်းစားမိသွားသည့်အချိန် သူ ဤနေရာ၌ နတ်ဆေးပင်များကို ချန်ရစ်ထားပစ်ခဲ့ချင်မိသွားသည်။ သို့သော် သူမထားခဲ့တော့။

“ကျွန်တော် ခြင်္သေ့ကို ဒီမှာထားခဲ့ရင်ရော .. သူ့ကို ကျောင်းကို စောင့်ကြည့်ခိုင်းထားလိုက်လေ..” ရှီဟောင် ပြောလိုက်သည်။

“ထားလိုက်တော့ .. လောကကြီးက အခု ငြိမ်းချမ်းနေတာ .. ကောင်းကင်နတ်ဘုရားကျောင်းက တစ်ခြားကျောင်းနှစ်ကျောင်းလိုမဟုတ်ဘူး .. ဒီကျောင်းက အချိန်အကြာကြီးအထိ ရှိနေမှာမဟုတ်ဘူး .. မင်း သူ့ကို ခေါ်သွားရင် အကောင်းဆုံးပဲ .. ပြီးတော့ ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့သူက သူအရွယ်ရောက်လာတာနဲ့ ကပ်ဆိုးကြီးဖြစ်လာလိမ့်မယ်” အကြီးအကဲတစ်ဦး ပြောလိုက်သည်။

သူပြောချင်သည်မှာ ဤအဆင့်သားရဲသည် စီးတော်ယာဉ်သားရဲဖြစ်ရန် အလွန်သင့်တော်သည်ပင်။

အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြသည်။ ဧကရာဖ်ကလန်မှလူများကိုပင် သတ်နိုင်သည့်သူမှာ ရက်စက်သည့်သားရဲတစ်ကောင်ကို စီးတော်ယာဉ်အဖြစ် ရှိနေရန် လိုအပ်သည်။

ခြင်္သေ့ကြီးမှာ ဒေါသထွက်နေလေပြီ။ သူသည် တစ်ဖက်လောကမှ လာခြင်းဖြစ်သော်လည်း သူကအဘယ်ကြောင့် စီးတော်ယာဉ်ဖြစ်နေသနည်း .. မိုတောင်ပင်လျှင် သူ၏လွတ်လပ်မှုကို ရသွားလေပြီ။

ခဏကြာပြီးနောက် အဖြူရောင်အဝတ်အစားများနှင့် မိန်းမပျိုလေးတစ်ဦး ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ရောက်လာသည်။ ဤလူမှာ ဝမ်ရှီးပင်။

သူမသည် သတင်းတစ်ခုနှင့်အတူ ရောက်လာခြင်းပင်။ ထာဝရဝမ်မှ ရှီဟောင်အား ဖရိုဖရဲရှင်းလင်းခြင်းပညာအား လက်ဆင့်ကမ်းပေးမည်ဟု စကားပါးခိုင်းလိုက်ခြင်းပင်။

ဤသတင်းမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ ဤသည်မှာ စွမ်းအားအကြီးဆုံး တိုက်ခိုက်ရေးပညာဖြစ်သည့် ဖရိုဖရဲရှင်းလင်းခြင်းပညာပင်။

ထို့အပြင် ဤပညာမှာ ရှီဟောင်အတွက် အလွန်ထူးခြားသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤပညာမှာ မူလဝိညာဉ်ကို သန်မာလာအောင် လေ့ကျင့်သည့်ပညာပင်။

သူ့ထံတွင် ခန္ဓာကိုယ်ကို အသာပေးကျင့်ကြံသည့် မပျက်စီးသည့်ကျမ်းစာ ရှိနေလေပြီ။ သူသာ ဖရိုဖရဲရှင်းလင်းခြင်းပညာကို ထပ်ရလိုက်ပါက သူသည် ပြိုင်ဘက်မရှိသည့်သူ ဖြစ်သွားမည်မလား..

ရှီဟောင်သက်ပြင်းချလိုက်၏။ သို့သော် နောက်ဆုံးတွင်တော့ သူ ပညာသားပါပါ ငြင်းလိုက်သည်ပင်။

ဝမ်ရှီး ဤနေရာသို့ ပေါ်လာခြင်းမှာ ဝမ်မိသားစု သူ့အားဆွဲခေါ်ချင်နေသည်ဟု ဆိုလိုခြင်းပင်။ မဟုတ်ပါက သူနှင့် အငြင်းပွားမှုများစွာ ဖြစ်ထားသည့် ဝမ်ရှီး ပေါ်လာမည်မဟုတ်။

ဤသတင်းကို ကြားသည်နှင့် ကျင်းမိသားစု အလွန်မကျေမနပ်ဖြစ်သွားရသည်။ ကျင်းကျန်း အသက်ရှင်နေသေးသော်လည်း ဝမ်မိသားစုသည် ဝမ်ရှီးအား ရှီဟောင်နှင့်တွေ့ရန် လွှတ်လိုက်ခြင်းမှာ ဘာသဘောနည်း..

ရက်ပေါင်းများစွာကြာပြီးနောက် လူငယ်မျိုးဆက်များ၏ တွေ့ဆုံပွဲ အထမြောက်သွားသည်။

အချို့လူများသည် ဟွမ် ဤနေရာ၌နေရန် ဖျောင်းဖျကြသော်လည်း အချို့သူများ ဒီအတိုင်းလာရောက် သောက်ကြခြင်းပင်။

နယ်ခြားစပ်တိုက်ပွဲပြီးနောက် လူငယ်ကျွမ်းကျင်သူများစွာလည်း သူတို့အိမ်သို့ ပြန်သွားကြလေပြီ။ သူတို့သည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ဆယ်ခု၏ နေရာအနှံ့မှ ရောက်လာကြခြင်းပင်။

ပြောရမည်ဆိုလျှင် အဆင့်လွန်သက်ရှိများမဟုတ်လျှင် ရှေးဟောင်းမြေများကြား၌ ကူးလူးသွားလာရသည်မှာ အလွန်ပင် ခက်ခဲလှသည်ပင်။

အချို့နေရာများမှာ ဝင်၍မရနိုင်လောက်သည်အထိပင်။

ဤသည်မှာ လူအချို့သည် ထွက်သွားသည်နှင့် နှစ်ပေါင်းများစွာ ပြန်တွေ့နိုင်တော့မည်မဟုတ်။

နောက်ဆုံးတွေ့ဆုံခြင်းမှာ အလွန်ငြိမ်းချမ်းလှသည်။

အင်ပါယာဂိတ်မှ ဘယ်တုန်းကမှ မထွက်ခွာဖူးသည့် ထော်ဂုယုလုံ၊ ချီဟုန်နှင့် အခြားသူများပင် ရောက်လာကြသည်။

“ငါတို့ လူတွေအများကြီး လျော့သွားပြီ..” လူတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။

အချို့ဂျီးနီးယပ်စ်များမှာ ဘယ်တော့မှ ပြန်ပေါ်မလာတော့မည်မဟုတ်တော့။

ဥပမာအားဖြင့် အလေးအမြတ်ကျောင်းမှ ယီယီမှာ အံ့အားသင့်စရာကောင်းသည့်သူပင်။ သို့သော်လည်း သူသည် အင်ပါယာဂိတ်အပြင်ဘက်တွင် သတ်ခံလိုက်ရသည်မှာ အလောင်းပင်မကျန်။

လန်ရှင်း၏အခြေအနေကိုလည်းမသိရသေး။ သူမသည် နယ်ခြားစပ်၌ ဖျက်ဆီးခံလိုက်ရသော်လည်း သူမခန္ဓာကိုယ်သည် ပြည့်စုံသည့်မျိုးစေ့အဖြစ်သို့ ပြောင်းလဲသွားကာ သူမ၏ဝိညာဉ်အား ပြန်လည်ခေါ်ဆောင်သွားခဲ့သည်ပင်။

သို့သော် ရက်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း သူမအကြောင်း မကြားရသေး။

ကျင်းကျန်းလည်း ရှိသေးသည်။ သူ့ကို လျှို့ဝှက်ရတနာတစ်ခုဖြင့်ကယ်တင်လိုက်သော်လည်း သူ၏အုတ်မြစ် ထိခိုက်သွားသောကြောင့် သူ ပြန်ကောင်းနိုင်မလား၊ မကောင်းနိုင်တော့ဘူးလားဆိုသည်ကို မသိနိုင်။

“ဟူး..” ထော်ဂုယုလုံ သက်ပြင်းချလိုက်၏။

သူကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် ပျက်စီးမလို ဖြစ်သွားခဲ့သည်ပင်။ ထိုနေ့က တစ်ယောက်ယောက်၏ လှံတံ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခြမ်း ပေါက်ကွဲသွားသည်ပင်။

သူ့အားပို၍ ဝမ်းနည်းသွားစေသည်မှာ သူ၏သတို့သမီးလောင်း သေဆုံးသွားခြင်းပင်။ သူမသည် သူ့ရှေ့တွင်ပင် သွေးမြူများအဖြစ် ပြောင်းလဲသေဆုံးသွားခဲ့ခြင်းပင်။

ထိုတိုက်ပွဲပြီးနောက် ဝေ့မိသားစု၌ ဖီးနှစ်နှစ်ကောင်သာ ရှိတော့သည်။

အစပိုင်းတွင် သူတို့သည် အလွန်တည်ငြိမ်စွာဖြင့်ပင် ပေါ့ပေါ့ပါးပါးသာ သောက်နေကြသည်။ နောက်ပိုင်းတွင်တော့ သူတို့အားလုံး စိတ်ကိုလွှတ်ပေးလိုက်ကြလေ၏။

အဆုံးတွင်တော့ လူအချို့ အရက်မူးသွားကာ ငိုသည့်သူကငို၊ ရယ်သည့်သူကရယ် ဖြစ်ကုန်ကြသည်။

“ဟူး .. ငါ့အစ်ကိုလည်း ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာ .. သူက အင်ပါယာဂိတ်ရှေ့မှာ သူ့အသက်ကို ပေးခဲ့ရတာ..” လူငယ်တစ်ဦး ငိုကြွေး၍ ပြောလိုက်သည်။

“ဝေ့မင် .. အဲဒီနေ့က ငါ လှံနဲ့ထိုးခံလိုက်ရတာကိုမြင်ပြီးတော့ ရိမ်တကြီးနဲ့ပြေးလာလို့ မင်းသေသွားခဲ့ရတာ .. ငါ ငြိမ်းငြိမ်းချမ်းချမ်းလေးနေဖို့ကို အရမ်းခက်ခဲနေပြီ..” ထော်ဂုယုလုံ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ သူ၏သတို့သမီးလောင်း သေသွားရခြင်းမှာ သူ့ကြောင့်ဟု သူခံစားနေရသည်ပင်။

ဤသည်မှာ စစ်ပွဲ၏ဂယက်ပင်။ လူအတော်များများမှာ ဤစစ်ပွဲဂယက်မှ ရုန်းမထွက်နိုင်ကြသေး။

အချို့သူများသည်လည်း တိုက်ခိုက်လိုစိတ်များ ပေါ်လာကြသည်ပင်။ ထိုအခိုက်အတန့်တွင် သူနှင့်ရင်းနှီးသည့်သူများဖြစ်ကြသည့် သရဖူ ၁၀ခုဘုရင်နှင့် ကာကွယ်သူမျိုးဆက်ဖြစ်သည့် တုယုယွမ်တို့သည် ရှီဟောင်နှင့် ပညာဖလှယ်လိုသည်ဟု ပြောလာကြသည်။

သို့သော် ရှီဟောင် သူတို့အားလုံးကို ငြင်းပစ်လိုက်သည်။

“အားလုံးပဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ .. နှုတ်ဆက်ပါတယ်…” နောက်ဆုံးတွင်တော့ ရှီဟောင် မတ်တပ်ထရပ်လိုက်ကာ ခပ်ဝေးဝေးသို့ ခြေလှမ်းကျယ်များဖြင့် သွားလိုက်သည်။

အပိုင်း ၁၈၇၆ ပြီး၏။
Chapter – 1877 အိမ်ပြန်သည့်ခရီးလမ်း

ကောင်းကင်နတ်ဘုရားကျောင်း၏ အတွင်းပိုင်းတွင် အလွန်ကြီးမားလှသည့် ယဇ်ပုလ္လင်ကြီး ရှိနေသည်။ ထိုယဇ်ပုလ္လင်ကြီးထက်တွင် အစိမ်းရင့်ရောင်စစ်သင်္ဘောတစ်စင်းရှိနေသည်။

ထိုသင်္ဘောပေါ်တွင် ကလေးတစ်စု ရပ်နေလေ၏။ ဤကလေးများမှာ ‘အပြစ်သားသွေးမျိုးဆက်များ’ပင်။

ယခုအချိန်တွင် သူတို့သည် စုတ်ပြတ်သည့်အဝတ်အစားများနှင့်မဟုတ်တော့။ အဝတ်အစားသစ်များ လဲပြီးသွားပြီဖြစ်ပြီး ဆေးကြောသန့်စင်ပြီးသွားပြီဖြစ်သောကြောင့် သူတို့၏နုနယ်သည့်မျက်နှာလေးများ ပြန်ပေါ်လာလေပြီ။

သူတို့ ရှီဟောင်နှင့် အဝေးကြီးသို့ လိုက်သွားကာ ဘဝသစ်စတော့မည်။ သူတို့ အနည်းငယ် စိုးရိမ်နေသလို အနည်းငယ်လည်း စိတ်လှုပ်ရှားနေမိသည်ပင်။

“နှုတ်ဆက်ပါတယ်..”

စစ်သင်္ဘောပေါ်မှ ကလေးများသည် သူတို့ကို လာနှုတ်ဆက်သည့်သူများ အားလုံးကို လက်ဝေ့ရမ်းပြနေကြလေ၏။

“အားလုံးပဲ ဂရုစိုက်ပါ..” ရှီဟောင် ပြောလိုက်သည်။

ယဇ်ပုလ္လင်အပြင်ဘက်တွင် လူများစွာ ရောက်နေသည်ပင်။ ယနေ့ပြီးလျှင် သူတို့ မည်သည့်အချိန်မှ ပြန်တွေ့ရမည်မှန်း မသေချာတော့။

ရှီဟောင် အဆင့်နိမ့်နယ်မြေမှ ပြန်လာချင်လျှင်ပင် အလွန်ခက်ခဲသွားပြီဖြစ်သည်။

ထို့အပြင် သူ၏စိတ်အခြေအနေအရဆိုလျှင် သူ အဆင့်နိမ့်နယ်မြေမှ ပြန်ထွက်လာမည့်ပုံမပေါ်။

“နင်ကဘာလို့ သွားရတာလဲ..” ယုန်ဖြူလေး မျက်ရည်များ ကျဆင်းလာသည်။

“တစ်နေ့ကျရင် ငါမင်းကို လာရှာမယ် .. တစ်နေ့ကျရင် ငါတို့ ပြန်တွေ့နိုင်ကြဖို့ မျှော်လင့်တယ် .. ဘယ်သူပြောနိုင်မလဲ ငါ့ကို မြေမြှုပ်မယ့်သူက မင်းဖြစ်ရင်လည်း ဖြစ်နေမှာပေါ့” ချောင်ယုရှင်း၏အသံမှာ အက်ကွဲနေသည်။

သူ့ဆရာပြောထားသည့်ကိစ္စကို သူမမေ့သေး။

“ကောင်းကင်ဘုံကိုးခုကို လှည့်ပတ်ကြည့်ပြီးတာနဲ့ ငါလည်း စီရင်စုသုံးထောင်ကို ပြန်မှာ .. ကိုယ့်ကိုကိုယ်ဂရုစိုက်..” ချန်ကုန်းယန် ပြောလိုက်သည်။

အမှန်တကယ်တွင် စီရင်စုသုံးထောင်သို့ ပြန်မည့် လူတစ်စု ရှိသည်ပင်။ သို့သော် သူတို့ ကောင်းကင်ဘုံကိုးခုမှ နမည်ကြီးသည့်တောတောင်များနှင့် မြစ်များထံသို့ အရင်အလည်သွားကြဦးမည်ပင်။

သူတို့ ကောင်းကင်ဘုံကိုးခုသို့ နောက်တစ်ကြိမ် ပြန်ရောက်ရန်မှာ ခက်ခဲလှသည်ပင်။

ရှီဟောင် သူတို့ရှိနေသည့်နေရာသို့ ကြည့်လိုက်သည်။ စီရင်စုသုံးထောင်မှ ရောက်လာသည့်သူများမှာ သိပ်ပင်မကျန်တော့။

“ငါ မင်းနဲ့မတိုက်ခိုက်ရတာ တကယ် နှမြောဖို့ကောင်းတာပဲ .. ငါရှုံးသွားရင်တောင် ငါ ပျော်ပျော်ကြီး အရှုံးခံလို့ရသေးတယ်” သရဖူ ၁၀ ခုဘုရင် သက်ပြင်းချ၍ ပြောလိုက်သည်။

“မင်းလိုမျိုး အဲဒီသစ်ပင်ကြီးရှိနေတဲ့သူက ဘယ်သူက တိုက်ချင်မှာလဲ .. အဲဒီအပင်က သစ်ကိုင်လေးတောင်မှ နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်” ချောင်ယုရှင်း ပြောလိုက်သည်။

သူ တမင်သက်သက် စနေခြင်းပင်။ ချန်ကုန်းယန်သည် ရှီဟောင်နှင့်တိုက်လျှင် ထို လောကသစ်ပင်အပင်ပေါက်အားအသုံးမပြုမည်ကို သူသိသည်ပင်။

ရုတ်တရက် ကျယ်လောင်လှသည့် ငိုကြွေးသံများ ထွက်ပေါ်လာသည်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး ရင်ကွဲနာ ကျနေလေ၏။ “ရှီဟောင် မင်းပြောတော့ ငါနဲ့အတူတူ ဟဲဝူရှန်းကို သတ်မယ်ဆို .. ဒါပေမဲ့ ငါတို့ သူ့မျိုးဆက်ကိုတောင် မသတ်ရသေးဘူး .. ငါဒါကို လက်မခံနိုင်ဘူး .. ငါ့ညီအစ်ကိုမောင်နှမတွေက ဟဲဝူရှန်း လက်ထဲ သေသွားရတာ .. ဒါက အရမ်းကို မုန်းဖို့ကောင်းတာပဲ .. မင်း အဲဒီလှောင်အိမ်ထဲမှာ အမြဲတမ်း ပိတ်မနေပဲနဲ့ တစ်နေ့ကျရင် တစ်ဖက်လောကထဲကို ငါနဲ့အတူတူ သွားတိုက်ဖို့ မျှော်လင့်မိတယ်..”

ဤသည်မှာ သူ၏ဝမ်းနည်းသည့်စကားများဖြစ်သလို ရှီဟောင်ကို အားပေးလိုက်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးအချိန်တွင် ထာဝရကျောင်းမှ ကောင်းကင်ဘုရင်လေး၊ ငရဲကြီးကိုးထပ်အိုနှင့် ရှီဟောင်နှင့်တိုက်ခိုက်ခဲ့သည့်အခြားသူများလည်း သူ့အားလာရောက်နှုတ်ဆက်ကြသည်။ သူတို့သည် ရှီဟောင် ရှိနေသည့်ဘက်သို့ လက်ဝေ့ရမ်းပြကာ နှုတ်ဆက်နေကြသည်ပင်။ ယနေ့မှစ၍ သူတို့ မတွေ့နိုင်ကြတော့သဖြင့် သူတို့ အချင်းချင်း ရန်ငြိုးထားနေ၍ ဘာလုပ်ရမည်နည်း..

ရှီဟောင် အပြာရောင်ချပ်ဝတ်တန်ဆာကို ထုတ်လိုက်ကာ “ကောင်းကင်ဘုရင်လေး .. ခင်ဗျားကို ဒါကို ပြန်ပေးလိုက်မယ်” ရှီဟောင် ထိုချပ်ဝတ်တန်ဆာကို ပစ်ပေးလိုက်သည်။

“ငါ လိမ်ခံလိုက်ရတာပဲ .. ဘာကို ထာဝရစွမ်အင်အပိုတစ်ကြောင်းလဲ .. ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှာ ဒီချပ်ဝတ်တန်ဆာက သိပ်ပြီးတော့ အကျိုးမရှိတော့ဘူး” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

ဤချပ်ဝတ်တန်ဆာကို ဝတ်ဆင်သည့်သူများမှာ ထာဝရစွမ်းအင်အပိုတစ်ကြောင်း ရရှိနိုင်သောကြောင့် ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် လျှို့ဝှက်ရတနာပင်။ ယခင်က သူ့အား ရန်စခဲ့သည့် ထာဝရကျောင်းမှ လူထံမှ သူ လုယူထားခြင်းပင်။

သို့သော်လည်း ချိုးဖောက်၍မရသည့် ကောင်းကင်နှင့် သဘာဝဥပဒေသများ ရှိနေသည်ပင်။

“ငါ မင်းကိုပဲ လက်ဆောင်ပေးလိုက်ပါ့မယ် .. မင်း အဲဒီကလေးတွေကို ပေးလို့ရတယ် .. ဒါမှမဟုတ် မင်းရဲ့တပည့်တွေကို လက်ဆင့်ကမ်းပေးလို့ရတယ်..” ကောင်းကင်ဘုရင်လေး လက်ဝေ့ရမ်းလိုက်ကာ ထိုချပ်ဝတ်တန်ဆာကို ပြန်ပေးလိုက်သည်။

“ကောင်းပြီလေ..” ရှီဟောင် ငြင်းမနေတော့ပဲ ယူထားလိုက်သည်။

ဝုန်း..

ယဇ်ပုလ္လင်ကြီး အလွန်တောက်ပလာကာ စီရင်စုသုံးထောင်သို့သွားသည့် လမ်းကြောင်းတစ်ခု ပွင့်လာတော့မည်။

ယခုတစ်ခေါက်တွင်တော့ သူတို့ အင်ပါယာဂိတ်မှဖြတ်မသွားသလို နယ်ခြားစပ်ကိုလည်း ဖြတ်မသွားတော့။ အကြီးအကဲများသည် အစီအရင်ကို အသက်သွင်းကာ ရှီဟောင်အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်သည်ပင်။

“မင်း လာမလား..” ရှီဟောင် ရှီယီအားမေးလိုက်သည်။

“မလာဘူး..” ရှီယီ ခေါင်းခါလိုက်သည်။ သူ ဤနေရာ၌သာ နေခဲ့မည်။ သူ အဆင့်နိမ့်နယ်မြေမှ နယ်မြေရှစ်ခုသို့ မပြန်လို။

ရွှီး..

လမ်းကြောင်းတစ်ခု ပေါ်လာသည်။

စစ်သင်္ဘောကြီးထံမှ ဝုန်းကနဲ အသံထွက်လာကာ ထိုလမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည်။

ရှီဟောင် နောက်ဆုံးအကြိမ်အဖြစ် သူနှင့်ရင်းနှီးနေသည့်သူများကို ကြည့်လိုက်သည်။ ချင်းယီလည်း ရောက်လာသည်ကိုသူတွေ့လိုက်ရသည်။

သူမ လက်ဝေ့ရမ်းကာ စကားတစ်ချို့ကို အော်ပြောနေသော်လည်း သူမကြားရတော့။ နတ်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ရှီဟောင်နှင့် စစ်သင်္ဘောကြီး ပျောက်ကွယ်သွားသည်။

လမ်းကြောင်းထဲတွင် အစိမ်းရောင်စစ်သင်္ဘောသည် တည်ငြိမ်စွာပင် ရွေ့လျားနေသည်။ အနက်ရောင်အာကာသထဲ၌ ကြယ်များတောက်ပနေသည်ကိုပင် တွေ့နေရသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုမှာ ကြယ်များမဟုတ်ပဲ ရှေးဟောင်းတိုက်ကြီးများပင်။ တိုက်ကြီးတစ်ခုစီမှာ အလွန်ပင်ကြီးမားလှပြီး သူတို့ကို အဆုံးမရှိသည့် ကြယ်ပင်လယ်ကြီးမှ ပိုင်းခြားထားသည်။

အကွာအဝေးမှာ အလွန်ဝေးကွာလွန်းလှသောကြောင့် သာမန်ကျင့်ကြံသူများသည် တိုက်တစ်ခုနှင့်တစ်ခု ကူးချင်လျှင် ဘဝပေါင်းတစ်ရာ သွားလျှင်ပင် မရောက်နိုင်။

“အဲဒါဘာကြီးလဲ .. သင်္ဘောတစ်စင်းရှိနေတယ်..”

ရုတ်တရက် ကလေးတစ်ဦးမှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

ခပ်ဝေးဝေးတွင် အလွန်ကြီးမားလှသည့် ရှေးဟောင်းသင်္ဘောတစ်စင်း ရှိနေသည်။ သင်္ဘောကြီးသည် အလွန်မည်းနက်နေကာ သွေးများဖြင့် နီရဲနေသည်။

ဤသင်္ဘောကို မြင်လိုက်သည်နှင့် ရှီဟောင် ထိတ်လန့်သွားရသည်။

ရွှီး..

ထို့နောက် အခြားနေရာတစ်ခုတွင် ထာဝရအလင်းထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက် ထာဝရအဆင့်သို့ တက်လှမ်းနေသည်ကို သူတွေ့လိုက်ရသည်။

“ထာဝရတရား ရသွားတာလား..” မိန်းကလေးငယ်တစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူဘာလို့ ဒီလိုမျိုးတွေ လာတွေ့နေတာလဲ .. ရှီဟောင် ထိတ်လန့်သွားရသည်။

ဝုန်း..

နန်းတော်တစ်ခု ပေါ်လာကာ ဖရိုဖရဲစွမ်းအင်များထွက်ပေါ်လာသည်။

ရှီဟောင်၏အမူအရာ လေးနက်သွားလေ၏။

သွေးလွှမ်းနေသည့် အနက်ရောင်သင်္ဘော၊ ဖရိုဖရဲစွမ်းအင်ထုတ်လွှတ်နေသည့်ရှေးဟောင်းနန်းတော်နှင့် ထာဝရအဆင့်တက်သည့်မြင်ကွင်း .. ဤသုံးခုမှာ ကြောက်စရာအကောင်းဆုံးအရာများပင်။

ယခင်ခေတ်ကတည်းမှနေ၍ ယခုအချိန်ထိ မည်သူမှ ဤအရာများကို မတွေ့ချင်ကြ။ ဤအဖြစ်အပျက်ထဲမှ တစ်ခုကို တွေ့သည်နှင့် သေဆုံးရမည်ပင်။

သို့သော် ယနေ့တော့ ရှီ‌ဟောင် သုံးခုလုံး ကြုံလိုက်ရလေပြီ။ သူ ဘယ်လိုလုပ် မလန့်ပဲနေမည်နည်း..

သူ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ကာ ထိုအရာများကို သေချာလေ့လာလိုက်သည်။ တစ်ခုခုတော့ မှားနေလေပြီ။ ထိုနေရာတွင် အချိန်မြစ်၏စွမ်းအားများ ရှိနေ၏။

“သမိုင်းရဲ့ အရိပ်တွေ .. အချိန်တံဆိပ်တွေလား..”

သူ ယခုမှ အနည်းငယ် စိတ်အေးသွားရတော့သည်။ သူသာ ဤအဖြစ်အပျက်သုံးခုနှင့်တကယ် ကြုံလိုက်ရပါက ဤကလေးများနှင့်ဆိုလျှင် အလွန်ဒုက္ခရောက်လိမ့်မည်။

ဝုန်း..

ခပ်ဝေးဝေးမှ အချိန်မြစ်ရှည်ကြီးမှ ဤပုံရိပ်များကို နှိုးဆော်လာသည်။

အမ်..

ရှီဟောင် သမိုင်း၏တစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရသလိုပင်။ မှုန်ဝါးနေသည့်ပုံရိပ်တစ်ခုသည် ခြောက်ပိုင်းကွဲထွက်သွားကာ မတူညီသည့်နေရာခြောက်ခုသို့ လွင့်ပျံသွားသည်။ ဒီလူက သူ့ကိုယ်သူ ခွဲပစ်ပြီးတော့ ချိတ်ပိတ်လိုက်တာလား.. သူက ဘာလို့ ဒီလိုမျိုးလုပ်တာလဲ..

ထို့နောက် သူ ထာဝရအရည်ကျိုအိုး၊ အုတ်ဂူတစ်ခုနှင့်အတူ ပင်လယ်တစ်စင်းကိုလည်း တွေ့လိုက်ရသည်။

ဤအဖြစ်အပျက်များအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။

ကလေးများ ဤမြင်ကွင်းကို မြင်လိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ပင်လျှင် ပုံရိပ်ယောင်များသာ မြင်လိုက်ရခြင်းပင်။

ဤသည်မှာ ရှေးခေတ်များမှ ကျန်ခဲ့သည့် အချိန်အပိုင်းအစများပင်။

သူ ဘာစကားမှ မပြောဖြစ်တော့ပဲ တိတ်ဆိတ်သွားရသည်။

နယ်ခြားစပ်မှ တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဤလောကကြီးမှာ ပို၍ မှုန်မှိုင်းလာကာ တစ်ခုခု ဖြစ်လာတော့မည်ဟု သူခံစားနေရသည်။

ဝုန်း..

အစိမ်းရောင်စစ်သင်္ဘောကြီး တုန်ခါသွားကာ လမ်းကြောင်းမှ တရှိန်ထိုး ထွက်သွားပြီး သူ၏ပန်းတိုင်သို့ ရောက်သွားလေပြီ။ စီရင်စုသုံးထောင်..

“ဦးလေး .. သားတို့ရောက်ပြီလား..” ၆နှစ်၊ ၇ နှစ်အရွယ်ကလေးမှ သူ၏မျက်နှာလေးကို မော့ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဒါက တစ်ထောက်နားတဲ့နေရာ ဒါပေမဲ့ ငါတို့အခု ရောက်ဖို့နီးနေပါပြီ .. ငါတို့ ဒီမှာ ရက်နည်းနည်းလောက် အရင်နေကြမယ်” ရှီဟောင်ပြောလိုက်သည်။

သူ ရှေးဟောင်းမိသားစုအချို့ကို သွားရှာကာ အဆင့်နိမ့်နယ်မြေသို့သွားသည့်လမ်းများကို မေးမည်။

“စီရင်စုသုံးထောင် .. ငါပြန်လာပြီ..” ရှီဟောင် သက်ပြင်းချလိုက်သည်။

ဤနေရာမှာ ကျေးဇူးတရားများနှင့် အမုန်းတရားများ ရှိခဲ့သည့်နေရာများပင်။ သူ အနည်းငယ် လွမ်းဆွတ်တမ်းတနေမိသည်။ သူ အဆင့်မြင့်နယ်မြေသို့ ရောက်လာစဉ်က သူ လူငယ်လေးသာရှိသေးသည်။

တစ်ခဏအတွင်းမှာပင် နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သည်။

“လုပ်ကြံရေးအဖွဲ့ကောင်းကင်နိုင်ငံ၊ နတ်ဆိုးနေကြာဥယျာဉ်၊ မြေအောက်လောက၊ ထာဝရနန်းတော်နဲ့ အာကာသနန်းတော် .. ခင်ဗျားတို့နေကောင်းကြလား..” ရှီဟောင်၏မျက်လုံးများ အေးစက်နေသည်။

ယခင်က ဤမျိုးဆက်များသူ့အား ရှင်းပစ်ရန် ကြိုးစားခဲ့ဖူးကြသည်ပင်။

“နယ်ခြားစပ်မှာ ပြဿနာတွေ ရှိနေတာတောင်မှ ခင်ဗျားတို့ တစ်ယောက်မှ ပေါ်မလာကြဘူး .. အခု ကမ္ဘာကြီးငြိမ်းချမ်းသွားတော့ ခင်ဗျားတို့အားလုံး ပေါ်လာတော့မှာလား..” ရှီဟောင် စိတ်ထဲ ဒေါသထွက်လာရသည်။

သို့သော် ဤနေရာ၌ သေမင်းတံခါးဝနားသို့ ရောက်နေသည့် ထာဝရသက်ရှိတစ်ဦး သေချာပေါက် ရှိနေသည်ပင်။

အပိုင်း ၁၈၇၇ ပြီး၏။
Chapter – 1878 တွေ့ဆုံမှု

ဤနေရာတွင် အိပ်စက်နေသည့် ထာဝရသက်ရှိတစ်ဦး ရှိနေသည်ပင်။ သို့သော် ထိုလူ နယ်ခြားစပ်စစ်ပွဲ၌ ပေါ်မလာခဲ့။ ဤသည်မှာ လူများစွာကို သက်ပြင်းချစေခဲ့သော်လည်း သူတို့ဘာများ တတ်နိုင်မည်နည်း..

အနည်းဆုံးတော့ ထာဝရနန်းတော်ထဲ၌ ထာဝရသက်ရှိတစ်ဦး ရှိနေသည်ကို သူအတည်ပြုခဲ့ပြီးဖြစ်သည်။

သူ စီရင်စု သုံးထောင်သို့ ပြန်လာသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်လောက်။ လူများစွာ သိပြီးနေလောက်လေပြီ။

သူ သတိထားရမည်။ သူ၏ကျင့်ကြံဆင့်ကြောင့် သူ သတိလက်လွတ်နေ၍မရ။

သူသည် ခဏနေပြီး ထွက်သွားမည့်သူပင်။ ထို့ကြောင့် မမျှော်လင့်ထားသည့်အဖြစ်အပျက်များ မဖြစ်စေချင်တော့။

သူ ကောင်းကင်ဘုံကိုးခု၌ ရှိနေစဉ်က အတော်လေး ငြိမ်းချမ်းခဲ့သည်။ မတော်မဆမှုများ မဖြစ်ခဲ့။ ကျင်းမိသားစုပင်လျှင် သူ့ကို ပြဿနာမရှာကြ။

ဤသည်မှာ ကျင်းထိုက်ကျွင်း၏အခြေအနေနှင့်လည်း သက်ဆိုင်နေသည်ပင်။ ပို၍အရေးကြီးသည်မှာ ယခုအချိန်တွင် ရှီဟောင်၏ဂုဏ်သတင်းကို အားလုံးသိပြီးသွားပြီဖြစ်သောကြောင့် အဆင့်လွန်သက်ရှိများပင်လျှင် တစ်လောကလုံးမှ လူများကို ဆန့်ကျင်ရဲမည်မဟုတ်။

“အသက်ရှင်နေတဲ့ ထာဝရသက်ရှိတစ်ယောက် ရှိနေတယ်ဆိုတဲ့အသိက အရမ်းကို နေရခက်တာပဲ..” ရှီဟောင် သက်ပြင်းချလိုက်သည်။

“အစ်ကိုကြီး .. သားတို့ ဘယ်သွားကြမှာလဲ..” လေး၊ ငါးနှစ်အရွယ်ကလေးမှ မေးလိုက်သည်။

ဤကလေးများသည် သူ့အား နာမည်ပေါင်းစုံ ခေါ်နေကြသည်ပင်။ အချို့သူများသည် ဦးလေးဟု ခေါ်ပြီး အချို့သူများမှာ အစ်ကိုကြီးဟု ခေါ်နေကြသည်ပင်။

ဤကလေးများ၏ အခြေခံနှင့်ပါရမီများမှာ အလွန်ကောင်းမွန်ကြသည်။ သူတို့အားလုံးမှာ အဖိုးအတန်ဆုံးမျိုးစေ့များပင်။ ရှီဟောင် သူတို့ကို ဂရုစိုက်ပေးပြီး နောင်ကျလျှင် ကောင်းကင်ထိ ရောက်နိုင်သည့် သစ်ပင်များ ဖြစ်လာစေရန် မျှော်လင့်မိသည်။

“ငါ လူတစ်ချို့ဆီကို သွားလည်ပြီးတော့ သူတို့ကို အိမ်ပြန်ခေါ်သွားမယ်” ရှီဟောင် ပြောလိုက်သည်။

သူရောက်နေသည့်နေရာမှာ နတ်ဆိုးစီရင်စုနှင့်သိပ်မဝေးကြောင်း သူသိလိုက်သည်။ သူ့အဖိုး ရှီကျုံးထျန်းကို သွားရှာရန်အတွက် နတ်ဆိုးစီရင်စုသို့ မြန်မြန်သွားရန် ဆုံးဖြတ်လိုက်သည်။

သူ၏အဘိုး၊ အဘိုး၁၅ ကို နတ်ဆိုးနတ်ဘုရားဟု သိကြသည်ပင်။

ရှီဟောင် အိမ်ပြန်တော့မည်ဖြစ်သဖြင့် သူ၏အဘိုးကို ချက်ချင်းတွေ့ချင်နေသည်ပင်။ သူတို့ တစ်ခဏကွဲသွားသည်နှင့် နှစ်ပေါင်းများစွာ ကြာသွားလေပြီ။ သူ နေကောင်းရဲ့လား..

သူ သူ့အဖိုးနှင့် အချိန်အကြာကြီး မနေခဲ့ရသော်လည်း သူ့အဖိုး၏အချစ်ကို သူခံစားရသည်ပင်။

သူ ငယ်ရွယ်စဉ်က ဖီရှူး၏သွေးရရန်အတွက်နှင့် အဖိုး၁၅ လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ဤသည်ကို ကြည့်ချင်းအားဖြင့် အဖိုးသူ့အား မည်မျှချစ်သည်ကို သိနိုင်သည်ပင်။

အစိမ်းရောင် စစ်သင်္ဘောကြီး ကောင်းကင်ထက်၌ အလွန်လျင်မြန်စွာ ပျံသန်းသွားသည်။ သူတို့မည်သည့်ယဇ်ပုလ္လင်မှ အသုံးပြုစရာမလို၊ သူတို့ ဤအတိုင်း ပျံသန်းသွားရုံပင်။

သူတို့ နတ်ဆိုးစီရင်စုသို့ ရောက်လာလေပြီ.

နတ်ဆိုးစီရင်စုဟု ခေါ်ရခြင်းမှာ ဤနေရာတွင် သစ်ခွနက်တောင်ရှိနေပြီး ထိုနေရာ၌ အနက်ရောင်နေကြာပန်းများ ပွင့်နေကြသည်ပင်။ ထိုနေရာကို နတ်ဆိုးနေကြာဥယျာဉ်ဟုခေါ်ကာ စွမ်းအားကြီးသည့် အပင်ကျင့်ကြံသူများ နေထိုင်ကြသည်ပင်။

ထို့အပြင် ဤစီရင်စုသည် အမြဲတမ်း ကသောင်းကနင်းဖြစ်နေကာ နတ်ဆိုးများလည်း တစ်နှစ်ပတ်လုံး လှည့်ပတ်သွားလာနေကြသည်။

အစိမ်းရောင်စစ်သင်္ဘောကြီး အရှိန်နှေးသွားလေပြီ။ ရှီဟောင် စိတ်လှုပ်ရှားနေ၏။ သူ့အဖိုးဒီမှာ ရှိသေးလား .. ဒါမှမဟုတ် လောကကြီးဆီကို ခရီးထွက်သွားပြီလား..

ဤနေရာသည် လီပေါင်း ထောင်ပေါင်းများစွာ ကျယ်ဝန်းကာ အလွန်ခြောက်ကပ်နေသည်။

ခဏကြာပြီးနောက် သင်္ဘောကြီးသည် မီးတောင်များရှိနေသည့် နေရာသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် ဤနေရာသည် အလွန်တိတ်ဆိတ်နေကာ နတ်ဆိုးနတ်ဘုရား၏အော်ရာကို မရ။

အချို့မီးတောင်များသည် မီးခိုးများ ထွက်နေကာ အချို့မီးတောင်များမှာ ပေါက်ကွဲပြီးသွားပြီဖြစ်သောကြောင့် မည်သည့်လှုပ်ရှားမှုမှမရှိတော့။

“အဘိုး..” ရှီဟောင် တီးတိုးရေရွတ်လိုက်သော်လည်း သူ၏အသံမှာ လီပေါင်းတစ်သိန်းထိ ပျံ့လွင့်သွားမည်ပင်။

သို့သော် မည်သူမှ ပြန်မဖြေ။

ရှီဟောင် အလွန်စိတ်ပျက်သွားရသည်။ သူ့အဘိုးနှင့် ချက်ချင်းတွေ့ချင်သော်လည်း မတွေ့နိုင်တော့။ သူ့အဘိုး ထွက်သွားသည်မှာ နှစ်ပေါင်းအတော်ကြာနေလောက်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ လူနေသည့်အရိပ်အယောင်မတွေ့ရ။

“လောကကြီးကို လျှောက်ပတ်သွားတယ်..”

ရှီဟောင် ဤစာလုံးများကို တွေ့လိုက်ရသည်။ ဤစာများကို အဘိုး၁၅ သူ့အတွက် ချန်ရစ်ထားခဲ့ခြင်းပင်။

အခြားစကားလုံးများ ရှိနေသေးသော်လည်း မီးတောင်ပေါက်ကွဲမှုကြောင့် ချော်ရည်များ၏တိုက်စားခြင်းကို ခံလိုက်ရလေပြီ.

အဘိုး ၁၅ သည် အန္တရာယ်မရှိပဲ တည်ငြိမ်စွာဖြင့် ထွက်သွားခြင်းပင်။ ဤစာလုံးများမှ ရှီဟောင် ဤကဲ့သို့သော ခံစားချက်များ ရနေသည်။

ရှီဟောင် သက်ပြင်းချကာ အစိမ်းရောင်စစ်သင်္ဘောထံသို့ ပြန်လာလိုက်သည်။

“ဦးလေး .. ဘိုးဘိုးကို ရှာမတွေ့ခဲ့ဘူးလား..” မိန်းကလေးတစ်ဦး မေးလိုက်သည်။

“သွားကြစို့ .. ငါတို့နောင်ကျရင် သူနဲ့ ပြန်တွေ့ဦးမှာပါ..” ရှီဟောင်ပြောလိုက်သည်။

စစ်သင်္ဘောကြီးသည် ကောင်းကင်ကို ဖြတ်သန်းကာ ဖြေးညှင်းစွာပင် သွားနေဠေ၏။ ရှီဟောင်သည် သူ့အဘိုးကို တွေ့လိုတွေ့ငြား ခဏခဏ လှည့်ကြည့်နေမိသည်ပင်။

ဒုန်း..

အရှေ့ဘက်တွင် လေဟာနယ်ကြီးတုန်ခါသွားကာ အခြားစစ်သင်္ဘောတစ်စင်း ပေါ်လာသည်။ ထိုသင်္ဘောကြီးသည် သွေးရေဖျန်းပက်ထားသကဲ့သို့ နီရဲနေလေ၏။ ထိုသင်္ဘောသည် လေဟာနယ်မှ ထွက်လာကာ အစိမ်းရောင်စစ်သင်္ဘောကို တိုက်မိမလိုဖြစ်သွားသည်။

တစ်စုံတစ်ယောက် လေဟာနယ်အက်ကွဲကြောင်းမှ ထွက်လာသည်မှာ သေချာသည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်ပြီး စစ်သင်္ဘောကို လမ်းကြောင်းပြောင်းလိုက်သည်။

သို့သော် ထင်မှတ်မထားစွာပင် စစ်သင်္ဘောထံသို့ ဓားစွမ်းအင်တစ်တန်း ပျံသန်းလာသည်။

ဓားစွမ်းအင်သည် အလွန်ကျောချမ်းစရာကောင်းလှကာ ဖျက််ဆီးခြင်းအငွေ့အသက်များလည်းပါဝင်နေသည်။ ထိုဓားစွမ်းအင်သည် သင်္ဘောပေါ်မှ လူအားလုံးကို သတ်ပစ်ရန် အသင့်ဖြစ်နေလေပြီ။

ဒုန်း..

ရှီဟောင် လက်ညှိုးတစ်ချောင်းကို အနည်းငယ် လှုပ်ခါလိုက်သည်နှင့် ဓားဏွမ်းအင် ပျက်ပြယ်သွားသည်။ ရှီဟောင် သင်္ဘောထိပ်ပိုင်း၌ ရပ်ကာ တစ်ဖက်သင်္ဘောကို အေးစက်စွာ ကြည့်လိုက်သည်။

“ကောင်းကင်နိုင်ငံကသင်္ဘောလာတာကို ဘယ်သူက လမ်းပိတ်ရဲတာလဲ..” သင်္ဘောထိပ်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

ကောင်းကင်နိုင်ငံဟူသည့်နာမည်ကို ကြားသည်နှင့် ရှီဟောင်၏အမူအရာ ချက်ချင်းအေးစက်သွားသည်။ လုပ်ကြံရေးအဖွဲ့သည် အလွန်သွေးဆာလှကာ သူတို့လုပ်ခဲ့သည့် မကောင်းမှုမှာ ဘယ်နှခု ရှိနေပြီမှန်းပင် မသိတော့။

ယခင်က သူလည်း ဤဂိုဏ်း၏ ပစ်မှတ်ထားခြင်းခံခဲ့ရကာ ကောင်းကင်နိုင်ငံ၏အရှင်ပင်လျှင် သူနှင့်တိုက်ခိုက်ခဲ့သေးသည်။

လူငယ်မျိုးဆက်များဆိုလျှင် ပြောစရာပင်မလိုတော့။ စီရင်စုသုံးထောင်ပြိုင်ပွဲ၌ ကောင်းကင်နိုင်ငံ၏ နတ်သားတော်များနှင့် အခြားသူများ ရှီဟောင်အား ဝိုင်းထားခဲ့သေးသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူတို့သည် ရှီဟောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ပင်။

သို့သော် ဤမျှလေးဖြင့်တော့ ရှီဟောင် သူတို့ကို မုန်းမည်မဟုတ်။

တစ္ဆေဘိုးဘိုးမည်ကဲ့သို့ သေဆုံးခဲ့ရသည်ကို သူမမေ့သေး။ ဤသည်မှာ သူ့စိတ်ထဲ၌ အစိုင်အခဲတစ်ခု ဖြစ်နေသည်ပင်။

အဆင့်နိမ့်နယ်မြေရှိ ‌ကောင်းကင်နတ်နန်းစံအိမ်တွင် ကောင်းကင်နိုင်ငံ၏ လုပ်ကြံမှုကြောင့် တစ္ဆေဘိုးဘိုးသေဆုံးခဲ့ရခြင်းပင်။ တစ္ဆေဘိုးဘိုး၏ လက်ကျန်ဝိညာဉ်သည် ရှီဟောင်နောက် အချိန်တစ်ခုထိ လိုက်ခဲ့သေးသည်ပင်။

ဒုန်း..

ရှီဟောင် လက်ညှိုးတစ်ချောင်းထိုးလိုက်သည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ သူမညှာတာတော့။ ဒုန်းဟူသည့်အသံနှင့်အတူ နီရဲနေသည့်စစ်သင်္ဘောကြီး ချက်ချင်း ပေါက်ကွဲသွားသည်။

“ဘယ်သူလဲ..” စစ်သင်္ဘောထဲမှ အလွန်ဒေါသထွက်နေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် စစ်သင်္ဘောတစ်ခုလုံး အရောင်မှိန်သွားကာ ချက်ချင်းပျောက်ကွယ်သွားလေ၏။

ဤသည်မှာ ကောင်းကင်နိုင်ငံ၏ပုံစံပင်။ သူတို့သည် အမြဲတမ်း ချုံခိုတိုက်ခိုက်ကြသည်ပင်။ ရန်သူများဖြင့် တွေ့သည်နှင့် ချက်ချင်းမတိုက်ကြ။ အရင်ဆုံးပုန်းခိုပြီးမှ ပစ်မှတ်အား ရှင်းပစ်ကြသည်ပင်။

ဝုန်း..

ရှီဟောင် လျှပ်စီးများ ပြုလုပ်လိုက်သည်။ ကောင်းကင်ထက်တွင် အဆုံးမရှိသည့် လျှပ်စီးများ ပေါ်လာကာ လေဟာနယ်ကို လွှမ်းခြုံသွားသည်။ သင်္ဘောကြီးမှာပုန်းစရာနေရာ မရှိတော့။

“စီနီယာ … ကျွန်တော်တို့ နားလည်မှု နည်းနည်းလွဲနေတာပါ” စစ်သင်္ဘောပေါ်မှ တစ်စုံတစ်ယောက် ပြောလိုက်သည်။

ထို့နောက် လူလတ်ပိုင်းအမျိုးစားတစ်ဦး ပေါ်လာကာ “တာအိုရောင်းရင်း .. ဒေါသလျှော့ပါ .. ကျွန်တော်တို့ မရည်ရွယ်ပဲနဲ့ ခင်ဗျားကို အာခံမိသွားတာပါ”

သို့သော်လည်း သူတို့ပြောသည်မှာ ကျိုးကြောင်းဆီလျော်ကြောင်း ရှီဟောင် ဘယ်လိုလုပ် ယုံကြည်ပေးနိုင်မည်နည်း.. သူတို့သည် ယခုလေးတင် စကားတစ်ခွန်းမှ မပြောပဲ စစ်သင်္ဘောအား ဖျက်ဆီးချင်နေကြသည်ပင်။

ဤလူများသည် အခြေအနေကိုလိုက်ကာ ပြောင်းလဲသွားကြခြင်းပင်။

ရုတ်တရက် ထိုလူ ထိတ်လန့်တကြား ဖြစ်သွားလေ၏။ “မင်းက .. ရှီဟောင်လား..”

ယခင်က ရှီဟောင်၏ရုပ်ပုံမှာ ဂိုဏ်းကြီးအချို့ကြား ပျံ့နှံ့ခဲ့သည်ပင်။ ဤအမျိုးသားည် ကောင်းကင်နိုင်ငံ၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ရှီဟောင်၏ပုံကို သူမြင်ဖူးသည်ပင်။

ထိုတစ်ခဏတွင် ထိုလူလတ်ပိုင်းသည် ငေးကြောင်သွားရကာ ချက်ချင်းပင် ခေါင်းကိုက်သွားပြီး သူ့နဖူးထက်မှ ချွေးများ စီးကျလာလေသည်။

“ရှီဟောင်လား..”

အခြားသူများလည်း ထိတ်လန့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ယခုတစ်လောတွင် ရှီဟောင် ကောင်းကင်ဘုံကိုးခု၌ မည်ကဲ့သို့ အောင်မြင်နေကြောင်း ကောလဟာလများ ကြားနေရသည်ပင်။

ယခု ဤလူငယ်လေးမှာ သူတို့ဆန့်ကျင်၍မရနိုင်လောက်အောင် စွမ်းအားကြီးနေပြီဖြစ်ကြောင်း သူတို့ သိကြသည်ပင်။

“ကောင်းကင်နိုင်ငံ အခြေတည်တဲ့နေရာက ဘယ်နေရာလဲ..” ရှီဟောင် ထူးမခြားနားပင် မေးလိုက်သည်။

သူတို့ တစ်ယောက်နှင့်တစ်ယောက်နဲ့ တွေ့ပြီဆိုမှတော့ သူ ကောင်းကင်နိုင်ငံကို သွားလည်သင့်တယ်..

သို့သော် ကောင်းကင်နိုင်ငံမှာ ထူးဆန်းလှသည်။ အပြင်လူများသည် သူတို့၏ အမည်ခံနေရာကို သိကြသော်လည်း နေရာအစစ်ကို မသိကြ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံသည် လုပ်ကြံရေးအဖွဲ့အစည်းဖြစ်သောကြောင့် သူတို့ လူများစွာကို ရန်စမိထားသည်ပင်။ ထို့ကြောင့် သူတို့ ဇစ်မြစ်နေရာကို ထုတ်ပြစရာအကြောင်းမရှိ။

“ငါ .. မသိဘူး..” ထိုလူလတ်ပိုင်းအမျိုးသား တုန်ယင်စွာ ပြောလိုက်သည်။

“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း ခင်ဗျား ကိုယ့်လမ်းကိုကိုယ် သွားလို့ရပြီ” ရှီဟောင်စကားသိပ်မပြောတော့ပဲ လက်တစ်ဖက်သာ လှမ်းလိုက်သည်။

ဝုန်း..

ထိုသင်္ဘောကြီး ပျက်စီးသွားကာ လုပ်ကြံသူအချို့အော်ဟစ်လာကြသည်။

ထိုလူလတ်ပိုင်းအမျိုးသားလည်း အော်ဟစ်လိုက်သည်ပင်။ သူ အစွမ်းကုန်ကြိုးစားခုခံနေသော်လည်း သူ၏အသက်ကို ထိန်းထားရန်မှာ ခက်ခဲလှသည်။ နောက်ဆုံးတွင် သူလည်းပေါက်ကွဲသွားကာ ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်စီးသွားသည်။

ရှီဟောင်သည် သနားခြင်းမရှိသလို အပြစ်ဝင်စိတ်လည်းမဖြစ်။ အဘယ်ကြောင့်ဆိုသော် ဤလူသတ်သမားများသည် အလွန်မိစ္ဆာဆန်လွန်းသည်။ သူတို့ကို အပြစ်ပေးရမည်။

အခြားမျိုးနွယ်စုသာဆိုလျှင် သူတို့ကြား ရန်ငြိုးရှိလျှင်ပင် သူတို့ကို မသတ်ခင် နှစ်ခါပြန်စဉ်းစားမည်ပင်။

“ရပ်လိုက် .. ဘယ်သူက ငါ့နတ်ဆိုးစီရင်စုထဲမှာ ရဲရဲတင်းတင်းလုပ်ရဲနေတာလဲ..”

ခပ်ဝေးဝေးမှ အသံလှိုင်းတစ်ခု ပျံ့လွင့်လာသည်။

“ခင်ဗျားက ဘယ်သူလဲ..” ရှီဟောင်မေးလိုက်သည်။

“နတ်ဆိုးနေကြာဥယျာဉ်ရဲ့ ဒုတိယအကြီးအကဲ..” အသံလှိုင်း ထပ်မံ ပျံ့လွင့်လသည်။ “ငါက ကောင်းကင်နိုင်ငံက တာအိုရောင်းရင်းကို လာကြိုတာ .. မင်း သူ့ကို သတ်လိုက်တာလား..”

ဤနေရာသို့ ရောက်လာပြီးမှ အခြေအနေများမည်မျှပြင်းထန်နေသည်ကို သူသိသွားခြင်းပင်။

သူ ချက်ချင်း လှည့်ပြေးသွားလေ၏။

သူ တကယ်ကို အတော်လေး‌ ကြောက်ရွံ့နေခြင်းပင်။ ကောင်းကင်နိုင်ငံမှ ရာထူးကြီးသည့်သူများပင် တစ်ချက်တည်း ရိုက်သတ်ခံလိုက်ရသည်။ ဤသည်မှာ သေချာပေါက် ကိစ္စလေးတစ်ခုမဟုတ်။

“နေဆိုးနေကြာဥယျာဉ်လား .. ငါလည်း အဲဒီနေရာကို သွားကြည့်မလို့ပဲ..” ရှီဟောင်၏အသံမှာ အနည်းငယ် အေးစက်နေသည်။

ယခင်က နေဆိုးနေကြာဥယျာဉ်အရှင် သူ့အား သတ်ပစ်ရန် ကြိုးစားခဲ့ဖူးသည်ပင်။ ယခု သူ ဤနေရာသို့ ရောက်လာပြီဖြစ်သောကြောင့် ဤလူမည်မျှစွမ်းအားကြီးလာကြောင်း သွားကြည့်ရမည်ပင်။

ရွှီး..

ရှီဟောင် မတ်တပ်ရပ်လိုက်ပြီး သူ့နောက်တွင် ရွှေရောင်ခြင်္သေ့ပေါ်လာသည်။ သူတို့ စစ်သင်္ဘောထံမှ ထွက်လာလိုက်သည်။

ထို့နောက် သူ နတ်စွမ်းရည်တစ်မျိုးကို အသုံးပြုကာ စစ်သင်္ဘောကို ကျုံ့ပစ်လိုက်ပြီး သူ့အင်္ကျီလက်ထဲသို့ ထည့်ထားလိုက်သည်။ ထို့နောက်တွင်တော့ သူသည် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ပေါ်ိသို့ ထိုင်လိုက်ပြီးနောက် နတ်ဆိုးနေကြာဥယျာဉ်ရှိနေသည့်ဘက်သို့ ဦးတည်သွားလိုက်သည်။

အပိုင်း ၁၈၇၈ ပြီး၏။
Chapter – 1879 နတ်ဆိုး နေကြာ ဥယျာဉ်ထံသို့ ချီတက်ခြင်း

ရွှေရောင်ခြင်္သေ့ကြီး အသက်ရှူသွင်းရှူထုတ်လိုက်တိုင်း မီးခိုးတိမ်တိုက်များ ထွက်ပေါ်လာကာ အရာအားလုံးကို ရွှေရောင်မြူများ ဝန်းရံသွားသည်။ ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။

သူသည် ရှီဟောင်ကို သယ်ကာ တိမ်များကို ဖြတ်သန်းသွားနေလေ၏။ သူ၏ခန္ဓာကိုယ်သည် သန်မာလှကာ ရွှေရောင်လည်ဆံမွေးများမှာ သူ၏ရှေ့ခြေအထိ ကျနေသည်။

ဤခြင်္သေ့သည် စီရင်စုသုံးထောင်တွင်မပြောနှင့် ကောင်းကင်ဘုံကိုးခုတွင်ပင် ရက်စက်သည့်သားရဲတစ်ကောင်ပင်။ သူ၏သွေးမျိုးဆက်မှာ ရှားပါးလှသည်ပင်။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ကို ရှာတွေ့နိုင်ရန် ခက်ခဲလှသည်ပင်။

လူဘယ်နှယောက်ကများ သူတို့ကို စီးတော်ယာဉ်အဖြစ် အသုံးပြုနိုင်မည်နည်း..

ဤခြင်္သေ့သည် ယခုအချိန်တွင် အလွန်ဒေါသထွက်နေလေ၏။ သူသည် သူ၏ဘိုးဘေးကို ခြေရာတိုင်းနိုင်ကာ ထာဝရဘုန်းကြီးဘုရင်ကိုပင် စိတ်ခေါ်ရဲခဲ့သည့်သူပင်။ သို့သော် ယခုတော့ တစ်ခြားလူ၏ စီးတော်ယာဉ်ဖြစ်နေရသည်။

ဝေါင်း..

ရွှေရောင်ခြင်္သေ့ကြီး ဟစ်ကြွေးလိုက်သည်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားရသည်။ ရှီဟောင်သူ့ကို တစ်ချက်ရိုက်ကာ သူ၏တာအိုလှိုင်းများကို ချုပ်ထိန်းခိုင်းလိုက်သောကြောင့်သာ။ မဟုတ်ပါက အောက်ဘက်ရှိ တောင်များနှင့်မြစ်များ မည်မျှပင် ပျက်စီးသွားမလဲမသိ။

ထိုသို့ဆိုသော်လည်း လီပေါင်း ထောင်ပေါင်းများစွာအတွင်း လေပြင်းများ တိုက်ခတ်လာကာ တောင်များ လှုပ်ခါသွားသည်ပင်။

နတ်ဆိုးနေကြာဥယျာဉ်မှာ သူတို့မျက်စိရှေ့၌ ရှိနေလေပြီ။ ထိုနေရာတွင် အနက်ရောင်အလင်းများ အုံ့ဆိုင်းနေသည်။

နတ်ဆိုးနေကြာဥယျာဉ်တွင် အလွန်စွမ်းအားကြီးကာ ထူးဆန်းသည့်ဇစ်မြစ်ရှိသည့် ကျင့်ကြံသူများ နေထိုင်ကြသည်ပင်။ ပုံမှန်အားဖြင့် သူတို့ကို မည်သူမှ ရန်မစရဲ။

သူတို့ကို နတ်ဆိုးနေကြာဥယျာဉ်ဟုခေါ်သော်လည်း ဤဥယျာဉ်သည် သစ်ခွနက်တောင်ထဲ၌ ရှိနေခြင်းပင်။

ဤနေရာသည် စီရင်စုသုံးထောင်တွင် နာမည်ကြီးသည့်နေရာပင်။

နတ်ဆိုးနေကြာဥယျာဉ်၏အရှင်ကို နတ်ဆိုးအရှင်ဟု ခေါ်ကြသည်။

သို့သော် သေချာသိသည့်သူများသည် သူ့အနောက်တွင်ရှိနေသည့် ဂိုဏ်းခေါင်းဆောင်အိုကြီးကို ပိုကြောက်ကြသည်ပင်။ သူသည် နတ်ဆိုးအရှင်ဟောင်းအစစ်ဖြစ်ပြီး သူ၏မှော်စွမ်းအားမှာ လောကကြီးကို တုန်လှုပ်စေနိုင်သည်။

သို့သော် ဤနတ်ဆိုးဘုရင်အိုကြီး အသက်ရှင်နေသေးကြောင်း သိသည့်သူ သိပ်မရှိ။

တောင်ဂိတ်တံခါးမှာ ကြီးမားလှပြီး အထဲဘက်တွင် ရှေးဟောင်းသစ်ပင်များ မိုးထိုးနေသည်။ နေနှင့်မျက်နှာချင်းဆိုင်နေသည့် အနက်ရောင်နေကြာပန်းများလည်း ရှိနေကာ ဤနေရာတွင် ဝိညာဉ်စွမ်းအင် များပြားလှသည်။

ဝေါင်း..

ရွှေရောင်ခြင်္သေ့သည် ဟစ်ကြွေးကာ ဤနေရာသို့ ဝင်လာလိုက်သည်။ ရှီဟောင် သူ့ကို မတားဆီး။

ခွပ်..

သူမြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ဂိတ်ရှေ့တွင်ရှိနေသည့် လှေကားထစ်များ ပျက်စီးသွားသည်။ နတ်ဆိုးကျောက်တိုင်အချို့ ပေါက်ကွဲသွားကာ ကောင်းကင်ထက်သို့ လွင့်စင်သွားသည်။

သိထားရမည်မှာ ဤကျောက်တိုင်များသည် မှော်စွမ်းအားများထည့်ထားသည့် နတ်ကျောက်တိုင်များပင်။ ဤကျောက်တိုင်ပတ်လည်တွင် အစီအရင်များ ရှိနေပြီး အာကာသအပြင်ဘက်မှ ဥက္ကာခဲကြွေကျလာလျှင်ပင် ဤကျောက်တိုင်များ ဘာမှဖြစ်သွားမည်မဟုတ်။

သို့သော် ယခုတော့ ရွှေရောင်ခြင်္သေ့ရောက်လာကာ သူ၏အော်ရာကို ထုတ်လွှတ်လိုက်သည်နှင့် ဝင်ပေါက်ဂိတ်တံခါးမှာ ပေါက်ကွဲမလိုပင် ဖြစ်သွားလေပြီ။

“ဘယ်သူလဲ..”

ဂိတ်တံခါးရှေ့မှ တစ်စုံတစ်ယောက် အော်ဟစ်လာသည်။ ဤသည်မှာ ဤဂိတ်တံခါးကို ကာကွယ်ရသည့် ကျွမ်းကျင်သူအုပ်စုပင်။

သူတို့နောက်တွင် အနက်ရောင်နတ်အလင်းကွင်းများ ရှိနေလေ၏။ ဤသည်မှာ နတ်ဆိုးနေကြာလူမျိုးစုပင်ဖြစ်ပြီး ထိုအနက်ရောင်အလင်းကွင်းသည်လည်း သူတို့၏မွေးရာပါ နတ်မီးတောက်ကွင်းများပင်။

“ဘာမှ ထပ်မမေးနဲ့ မြန်မြန်နောက်ဆုတ်..”

ကောင်းကင်ထက်တွင် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ဤသည်မှာ နတ်ဆိုးနေကြာဥယျာဉ်၏ ဒုတိယအကြီးအကဲပင်။

နတ်ဆိုးနေကြာဥယျာဉ်မှ အပင်ကျင့်ကြံသူများမှာ ခွန်အားကြီးသည့်သူများပင်။ ဤစကားကိုကြားသည်နှင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားရသည်။

ဒီလူက ဘယ်သူလဲ.. ဒုတိယအကြီးအကဲတောင် ကြောက်နေရတာလား ..

“ဟွမ် .. သူက အဲဒီတုန်းက ဟွမ်ပဲ..” နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက် သူ့အား မှတ်မိသွားလေပြီ။

ဝုန်း..

ရှီဟောင် တိတ်ဆိတ်နေသော်လည်း ရွှေရောင်ခြင်္သေ့ကြီး ရှေ့ဆက်သွားသည်။ သူ၏လက်ဖြင့် ရိုက်ချလိုက်သည်နှင့် တောင်ဂိတ်တံခါး ပျက်စီးသွားသည်။ တောင်များပင် အက်ကွဲလာသည်ပင်။

သူသည် ပြိုင်ဘက်ကင်းသည့် နတ်ဆိုးဘုရင်ပင်။ သူဖြတ်သွားသည့်နေရာတိုင်းမှ ကျောက်လှေကားများ ချိုင့်ဝင်သွားကြသည်ပင်။

အပင်ကျင့်ကြံသူများအားလုံး ငေးကြောင်သွားရသည်။ ဤခြင်္သေ့မှာ ကြောက်စရာကောင်းလှသည်ပင်။ သိထားရမည်မှာ ဤနေရာကို ကာကွယ်ထားသည့် အစီအရင်ကြီးများ ရှိသည်ပင်။ သို့သော်လည်း ဤခြင်္သေ့သည် စာရွက်တစ်ရွက်ကို တက်နင်းသွားသကဲ့သို့ပင်။

သားရဲကတောင် ဒီလိုမျိုးဖြစ်နေရင် ဒီသားရဲကျောပေါ်က ပိုင်ရှင်က ပိုကြောက်စရာကောင်းမယ်လို့ ဆိုလိုတာမလား..

ဤလူအုပ်ကြီး ဆွံ့အနေလေပြီ။

ရာထူးကြီးသည့်သူများမှာ နယ်ခြားစပ်မှ အဖြစ်အပျက်များကို သိပြီးသွားပြီဖြစ်သည်။ ဟွမ်၏ အောင်မြင်မှုများကို သိပြီးသွားပြီဖြစ်သည်။ သို့သော် ရာထူးနိမ့်သည့်သူများကတော့ မသိသေး။

ဟွမ်က လက်စားချေဖို့ ပြန်လာတာလား.. နတ်ဆိုးနေကြာဥယျာဉ်ကြီးက လူတွေအားလုံးကို သတ်ပစ်တော့မှာလား ..

“နတ်ဆိုးအရှင် ဘယ်မှာလဲ .. နတ်ဆိုးအရှင်ကို မြန်မြန်ထွက်လာခိုင်းလိုက်..” တစ်စုံတစ်ယောက်အော်ဟစ်လိုက်၏။

သူတို့နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ဒုတိယအကြီးအကဲမရှိတော့ကြောင်း တွေ့လိုက်ရသည်။ အားလုံး ဆွံ့အသွားရ၏။ ရာထူးကြီးတဲ့သူတောင် ဒီလိုမျိုးလုပ်နေရင် သူတို့က သူတို့ လုပ်ရမှာလဲ..

သူတို့နောက်ဆုံး တောင်ဂိတ်တံခါးထဲသို့ ပျံပြေးသွားလိုက်ကြသည်။

ရှီဟောင်လည်း အပြစ်မရှိသည့်သူများကို သတ်မည့်ရည်ရွယ်ချက်မရှိ။ ထို့ကြောင့် သူ ခြင်္သေ့ပေါ်၌သာ ထိုင်နေပြီး ခြင်္သေ့ကိုသာ ရှေ့ဆက်သွားခိုင်းလိုက်သည်။

သို့သော် ဤကဲ့သို့သောစွမ်းအားကပင်လျှင် အားလုံးကို ကြောက်ရွံ့သွားစေသည်။

တောင်ဂိတ်တံခါးထဲတွင် ရှေးဟောင်းသစ်ပင်များ မိုးထိအောင် မြင့်နေသည်။ အနက်ရောင်အလင်းများ ပျံ့လွင့်နေပြီး ဝိညာဉ်စွမ်းအင်လည်း များပြားလှသည်။ ဤနေရာသည် တကယ်ကို မြင့်မြတ်သည့်နေရာတစ်ခုပင်။

“ဟွမ် .. မင်း ဒါက ဘာကိုဆိုလိုချင်တာလဲ..”

တောင်ဂိတ်တံခါးထဲမှ အော်သံတစ်သံ ထွက်ပေါ်လာကာ တစ်စုံတစ်ယောက်မှ သူ့အား တားဆီးလိုက်သည်။

“အရင်တုန်းက မင်းတို့ဂိုဏ်းက ငါ့ကို အမြဲတမ်း သေစေချင်နေခဲ့တာမလား .. ဒီနေ့ ငါကိုယ်တိုင် ဒီကို ရောက်လာပြီလေ” ရှီဟောင် ပြန်ဖြေလိုက်သည်။

“နတ်ဆိုးအရှင် ဒီမှာ မရှိဘူး.” သစ်ခွနက်တောင်ထဲမှ တစ်စုံတစ်ယောက် အေးစက်စွာ ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ သူသည် ဤနေရာ၏အရှင် မည်မျှစွမ်းအားကြီးနေပြီကို သိရန်နှင့် သူတို့၏ ရန်ကြွေးဟောင်းများကို ရှင်းရန်အတွက် ရောက်လာခြင်းပင်။ သူ ဒီမှာ တကယ်မရှိတာလား..

ဒုန်း..

ရှီဟောင် ခြင်္သေ့ပေါ်မှ ဆင်းလာသည်။ သူခြေချလိုက်သည်နှင့် ကမ္ဘာမြေကြီး အက်ကွဲသွားလေ၏။

ဤသည်မှာ အားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။ အားလုံး ကြောက်စရာကောင်းသည့် ဖိအားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

“နတ်ဆိုးအရှင်လို့ ခေါ်တဲ့သူ .. ခင်ဗျားက တော်တော်လေးကို သတ္တိရှိတာပဲ .. သူ့လိုလူမျိုးက ဒီလိုမျိုး နာမည်နဲ့ မထိုက်တန်ဘူးလို့ ငါထင်တယ်” ရှီဟောင် ပြောလိုက်သည်.

“ရဲတင်းလိုက်တာ..” သစ်ခွနက်တောင်ထဲမှ အော်သံများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

“မင်းက ငါ့ရဲ့ နတ်ဆိုးနေကြာဥယျာဉ်ကို အရှက်ခွဲရဲတယ်ပေါ့ .. မင်းကိုယ်မင်း မိုးကောင်းကင်အောက်မှာ တကယ်ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား..”

“အခု မင်း သစ်ခွနက်တောင်ထဲကို ရောက်နေပြီ .. မင်းရဲ့ သိက္ခာမဲ့တဲ့စကားတွေကို ငါတို့သည်းခံနေမှာမဟုတ်ဘူး..”

ဤမျိုးဆက်သည် စီရင်စုသုံးထောင်အား နှစ်ပေါင်းများစွာကြာအောင် လွှမ်းမိုးနေနိုင်ခဲ့သောကြောင့် သူတို့ထံတွင်လည်း မာနတရားများ ရှိကြသည်ပင်။

“မင်းတို့ရဲ့ နတ်ဆိုးအရှင်ကို ခေါ်ခဲ့လိုက် .. မဟုတ်ရင်တော့ ဒီနေရာတစ်ခုလုံးကို ပြာကျသွားအောင် လုပ်ပစ်မှာ” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ဝုန်း..

တစ်ချိန်တည်းမှာပင် သူ၏ခွန်အားကို ဖုံးကွယ်ထားခြင်းမရှိတော့ပဲ သူ၏အော်ရာကို ထုတ်လွှတ်လိုက်သည်နှင့် လောကကြီး ချက်ချင်းတုန်ခါသွားကာ ဤနေရာမှ တောင်များနှင့်မြစ်များမှာ ပျက်စီးမလိုပင် ဖြစ်သွားသည်။

ခွပ်.. နေရာအတော်များများတွင် ဤကဲ့သို့သော အသံများထွက်ပေါ်လာသည်။ ဤနေရာကို ကာကွယ်ထားသည့် အစီအရင်များ ရှိနေသော်လည်း နတ်တောင်များမှာ ပေါက်ကွဲသွားဆဲပင်။

“အစီအရင်လုပ်မယ် — နတ်ဘုရားနေဝင်ချိန်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

မြေအောက်ထဲမှ သင်္ကေတများစွာ ထွက်ပေါ်လာသည်။ ထိုသင်္ကေတများသည် သံရည်ပူကဲ့သို့ အလွန်တောက်ပစွာစီးဆင်းသွားသည်။ ဤသည်မှာ ရှေးယခင်ကတည်းက လုပ်ထားသည့် အစီအရင်ကြီးဖြစ်ကာ နတ်ဘုရားများကိုပင် သတ်နိုင်သည်။

သို့သော် ရှီဟောင် စွမ်းအားထုတ်လွှတ်လိုက်သည်နှင့် အစီအရင်ပစ္စည်းများ ပေါက်ကွဲသွားသည်။

ရှီဟောင် သူ၏ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံဆင့်ကို ဖုံးကွယ်မထားတော့။ သွေးစွမ်းအင်များ ထွက်ပေါ်လာကာ နတ်စွမ်းအားများလည်း သစ်ခွနက်တောင်ကို လွှမ်းခြုံသွားသည်။

လေဟာနယ်ထဲတွင် ကောင်းကင်ထက်ထိ တက်သွားသည့် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်ကို အားလုံးတွေ့လိုက်ရသည်။ ဤမြင်ကွင်းမှာ လောကကြီးအဆုံးသတ်နှင့်ပင် တူနေသည်။

ယခုအချိန်တွင် အာကာသအပြင်ဘက်မှ ကြယ်များပင် ကြွေကျလာကာ ဤနေရာသို့ ကျရောက်လာသည်။

ဒုန်း..

တောင်တန်တစ်ခုလုံး ပျက်စီးမတတ်ဖြစ်နေပြီး နတ်ဆိုးနေကြာဥယျာဉ်လည်း ချိုင့်ဝင်နေလေပြီ.

ဤသည်မှာ ရှီဟောင် တိုက်ခိုက်ခြင်းမဟုတ်သေး။ သူ၏မှော်စွမ်းအားလှိုင်းများကို ထုတ်လွှတ်ခြင်းသာရှိသေးသည်။

“သတ်..”

နတ်ဆိုးနေကြာဥယျာဉ်အတွင်းမှ ရာထူးကြီးသည့်သူများ ဒေါသထွက်လာကြသည်။ ဤသည်မှာ သူတို့အမွေအနှစ်များကို ဖျက်ဆီးနေခြင်းပင်။ ဤလူမှာ ရဲတင်းလွန်းလှသည်။ သူတို့ ရှေးဟောင်းအစီအရင်ကို အသက်သွင်းကာ လက်ဦးမှု ရယူရမည်။

သူတို့ အစီအရင်များကို အသက်သွင်းလာကာ ရှီဟောင်ကို ဝိုင်းတိုက်လာကြသည်။

သို့သော် သူတို့၏တိုက်ခိုက်မှုများမှာ အလုပ်မဖြစ်။ သတ်ဖြတ်နိုင်သည့် အစီအရင်များရှိနေသော်လည်း ရှီဟောင်ကို ထိခိုက်သွားခြင်းမရှိ။ ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ ဂိတ်တံခါးများ ပွင့်လာကာ သန့်စင်သည့်အလင်းများ ထွက်ပေါ်လာသည်။ ထိုအလင်းများသည် သူ့ကို ကာရံထားသည့် အဆီးအတားတစ်ခုဖြစ်နေပြီး သူ့အား ကာကွယ်ပေးထားသည်ပင်။

ပညာအားလုံးကို ခုခံနိုင်စွမ်း..

တိုက်ခိုက်မှုအားလုံးမှာ သူ့ဘေးပတ်လည်မှ အလင်းများကြောင့် ချေဖျက်ခံလိုက်ရသည်။

ဝုန်း..

သူ၏မှော်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် အစီအရင်ပစ္စည်းများစွာ ပေါက်ကွဲသွားသည်။

သူ့ထံသို့ ဦးတည်နေသည့် အဆောင်များမှာ လေထဲတွင်ပင် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားလေ၏။

မြေအောက်မှ ထွက်လာသည့် အစီအရင်ပစ္စည်းများသည်လည်း နတ်တောင်များအဖြစ် သူ့ထံသို့ ပျံသန်းသွားသည်။ သို့သော်လည်း ထိုတောင်များသည် ကောင်းကင်ထက်တွင် ပေါက်ကွဲသွားကာ နေရာအနှံ့ လွင့်စင်သွားလေသည်။

ဖူး ဖူး ဖူး..

သူ့ဘေးနားပတ်လည်တွင်ရှိနေသည့်လူများ သွေးအန်သွားကာ နောက်ယိုင်သွားကြသည်။

“ခင်ဗျားတို့ရဲ့ နတ်ဆိုးအရှင်လို့ခေါ်တဲ့သူကို ကျုပ်နဲ့တွေ့ဖို့ ထွက်လာခိုင်းလိုက်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“နတ်ဆိုးအရှင်နဲ့ အရှင်ကြီးတို့နှစ်ယောက်လုံး ဒီမှာ မရှိဘူး .. သူတို့ သူငယ်ချင်းတွေဆီ သွားလည်နေကြတယ် .. သူတို့ ဘယ်အချိန်မှ ပြန်လာမလဲဆိုတာ မသိဘူး” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။

အားလုံး အတော်လေး ထိတ်လန့်သွားကြသည်ပင်။ ဤကဲ့သို့သော စွမ်းအားမျိုးမှာ ကြောက်စရာကောင်းလှသည်ပင်။ ဤကဲ့သို့သော စွမ်းအားမျိုးမှာ နတ်ဆိုးအရှင်ထက်ပင် ကြီးမားကာ အရှင်ကြီးနှင့်ပင် တူလောက်သည်။

ဟက်..

ရှီဟောင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ အင်္ကျီလွှဲရမ်းလိုက်သည်နှင့် ‌လေပြင်းများ တိုက်ခတ်လာကာ တောင်များ လွင့်တက်လာကာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားသည်။

လူများစွာ ကြောက်ရွံ့တုန်လှုပ်သွားရသည်။ ထို့နောက် အနက်ရောင်အလင်းပျောက်များ တောက်ပလာကာ သူတို့ခန္ဓာကိုယ်များ၏ မှော်စွမ်းအားများ ထွက်သွားပြီး ခန္ဓာကိုယ်များ ဗလာသက်သက်ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

သူတို့၏တာအိုစွမ်းရည်များ ကျဆင်းသွားကာ နတ်ခွန်အားများ အားနည်းသွားသည်ကို တွေ့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏နတ်ဆိုးစေ့များ ထွက်သွားနေသည်ပင်။

သူတို့အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အများစုမှာ အပင်ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် သူတို၏နတ်စွမ်းအားများကို နတ်ဆိုးမျိုးစေ့များ၌ စုစည်းထားကြသည်ပင်။ ယခု ထိုမျိုးစေ့များအားလုံးကို ရှီဟောင်လုယူသွားလေပြီ။

“မင်း လုပ်ရဲတယ်လား..”

သစ်ခွနက်တောင်ထဲမှ အကြီးအကဲတစ်ဦး ပျံသန်းထွက်လာသည်။ သူသည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ဤသည်မှာ နတ်ဆိုးနေကြာဥယျာဉ်၏ အကြီးအကဲပင်။

ဝေါင်း..

ရွှေရောင်ခြင်္သေ့ကြီး ဟစ်ကြွေးလိုက်ကာ ဤလူအား မျက်နှာချင်းဆိုင်လိုက်သည်။ ခြင်္သေ့၏ ဟစ်ကြွေးသံမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေကာ ထိုအကြီးအကဲလည်း သွေးအန်ထွက်လာသည်။

အားလုံး ဆွံအသွားကြရ၏။ နတ်ဆိုးနေကြာဥယျာဉ်က အကြီးအကဲရဲ့ ကျင့်ကြံဆင့်က အရမ်းမြင့်တာတောင်မှ ဟွမ်ရဲ့ စီးတော်ယာဉ်ကိုတောင် မတားဆီးနိုင်ဘူးလား .. ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ဖူး..

ခြင်္သေ့၏ လက်တစ်ဖက် အကြီးအကဲ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကာ သူ၏ခန္ဓာကိုယ်တွင် အပေါက်ကြီး ဖြစ်သွားလေ၏။

“နတ်ဆိုးအရှင်နဲ့ အရှင်ကြီးက မင်းတို့နှစ်ယောက်ကို အလွတ်ပေးမှာမဟုတ်ဘူး..” အကြီးအကဲအရှင် ဟစ်ကြွေးလိုက်သည်။

“မင်းက ငါ့ကို ခြိမ်းခြောက်ရဲတာလား..” ရွှေရောင်ခြင်္သေ့၏ မျက်လုံးများ အေးခဲလာသည်။ ဖူးဟူသည့်အသံနှင့်အတူ သူ၏ခေါင်းစုတ်ပြဲသွားကာ သူ၏မူလဝိညာဉ်လည်း ပျက်စီးသွားသည်။

ထို့နောက် နတ်ဆိုးနေကြာဥယျာဉ် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အပင်ကျင့်ကြံသူအားလုံးမှာ ကြောက်ရွံ့ကြသည်။

ရှီဟောင်သည် လက်ဝေ့ရမ်းလိုက်ကာ နေရာစေ့ပေါင်း ထောင်ပေါင်းများစွာကို သိမ်းယူလိုက်သည်။ ထိုအစေ့များအားလုံးမှာ တောက်ပနေကာ နတ်ခွန်အားများ ပြည့်ဝနေသည်ပင်။

ဤအစေ့များကို ကျောက်တုံးကျေးရွာသို့ ယူသွားလျှင် ကောင်းမည်ဟု သူတွေးမိသည်။ ထို့အပြင် သူ့နောက်လိုက်လာသည့်ကလေးများလည်း ဤနေကြာစေ့ကို ကြိုက်လိမ့်မည်။

“ကျုပ် အပြစ်မရှိတဲ့သူတွေကို မသတ်ချင်ဘး .. ဒါပေမဲ့ ခင်ဗျားတို့ အရမ်းလွန်လွန်းလာရင် ကျုပ်ရဲ့ရိုင်းပြမှုကို လာပြီး အပြစ်မတင်နဲ့..” ရှီဟောင် ပြောလိုက်သည်။

ထို့နောက် သူ နတ်ဆိုးနေကြာဥယျာဉ်၏နန်းတော်ကို ချိုးဖောက်ဝင်ရောက်လိုက်သည်။

ရှီဟောင်မပြောနှင့် ခြင်္သေ့၏မျက်လုံးများပင် ပြူးကျယ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ပစ္စည်းကောင်းများ အများအပြားရှိနေသည်။ နတ်ပစ္စည်းများမှာ တောင်လိုပုံနေသည်ပင်။

အထဲဘက်တွင် ဝိညာဉ်ဆေးပင်များနှင့် ကြည်လင်တောက်ပနေသည့် ကျောက်စိမ်းပုလင်းအချို့ ရှိနေသည်။ ထိုပုလင်းများထဲတွင် နတ်ဆိုးနေကြာစေ့မျိုးစုံ ထည့်ထားသည်ပင်။

“ဒါတွေက ငါတို့ဘိုးဘေးတွေ တရားထိုင်ရင်းသေဆုံးသွားတော့ ပေါ်လာတဲ့နတ်မျိုးစေ့တွေ .. အားလုံးမှာ အကြီးအကဲအဆင့်ကျင့်ကြံသူတွေရဲ့ တာအိုအသီးအပွင့်တွေ..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလာသည်။

“ကောင်းပြီလေ .. ငါဒါတွေအားလုံးကို ယူပြီးတော့ ငါနဲ့ နတ်ဆိုးအရှင်ကြားက ရန်ငြိုးတွေကို ဖြည်ပေးလိုက်မယ် .. ဒီနေ့ကစပြီးတော့ ငါနဲ့ မင်းတို့ဂိုဏ်းက ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ကြမယ်” ရှီဟောင် ပြောလိုက်သည်။

ဤနတ်မျိုးစေ့များမှာ ပစ္စည်းကောင်းများပင်။ ဤမျိုးစေ့များသည် တာအိုအုတ်မြစ်များကို ခိုင်ခံ့စေနိုင်ပြီး သူတို့၏သွေးမျိုးဆက်၊ ဝိညာဉ်နှင့် အခြားအရာများကို တိုးတက်စေနိုင်သည်ပင်။

နတ်ဆိုးနေကြာဥယျာဉ်ထဲမှ လူများအားလုံး မျက်နှာပျက်သွားကြရသည်။

“လူငယ်လေး .. မင်းက အရမ်းအားကောင်းတယ်ဆိုပေမယ့် ငါတို့မိသားစုရဲ့ အရှင်မှာလည်း အင်အားကောင်းတဲ့နောက်ခံရှိတယ် .. မင်း ဒီလိုမျိုးလွန်လွန်ကျူးကျူးလုပ်နေရင် အဆုံးသတ်ကောင်းဖို့အတွက် ခက်လိမ့်မယ်”

ထိုအချိန်တွင် အကြီးအကဲတစ်ဦး ပြောလာသည်။

ဖုန်း..

ရွှေရောင်ခြင်္သေ့ လက်တစ်ဖက်ဖြင့် ထိုလူကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူ၏တာအိုတစ်ခြမ်း ပျက်စီးသွားကာ သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲလုနီးပါးပင် ဖြစ်သွားသည်။ ထိုလူသည် အလွန်ကြောက်ရွံ့သွားကာ ပါးစပ် ထပ်မဟရဲတော့။

အပိုင်း ၁၈၇၉ ပြီး၏။
Chapter – 1880 သက်ရှည်

အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့မှာ ရဲဝံ့လှသည်။ သူသည် နတ်ဆိုးနေကြာဥယျာဉ်မှ အပင်ကျင့်ကြံသူများအားလုံးကို တုန်လှုပ်သွားအောင် လုပ်နိုင်ခဲ့သည်။ အကြီးအကဲတစ်ဦးပင်လျှင် သူ၏ရိုက်ချက်တစ်ချက်တည်းဖြင့် ခန္ဓာကိုယ်ကြီး စုတ်ပြတ်သွားသည်ပင်။

ဝုန်း..

နန်းတော်ကြီး တုန်ခါသွားကာ ဆူညံသံများထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် နန်းတော်တစ်ခုလုံးကို မြေပြင်ထက်မှ ဆွဲမယူလိုက်သောကြောင့်ပင်။ သူ နန်းတော်တစ်ခုလုံးကို ယူသွားတော့မည်။

ဒီလိုမျိုး ယူသွားတာက လွန်လွန်းတယ်မလား .. နတ်ဆိုးနေကြာဥယျာဉ်ရှိ လူများအားလုံး ဆွံ့အသွားရသည်။ ဤကဲ့သို့သော ဓားပြမျိုးကို သူတို့တစ်ခါမှ မတွေ့ဖူးသေး။

“မင်း ဘာကြည့်နေတာလဲ .. အချိန်ဖြုန်းမနေနဲ့ .. ဂိတ်တံခါးကြီး၊ နန်းတော်၊ စံအိမ်တွေအားလုံးကို ယူ .. ငါ ဒါတွေအားလုံးကို အဆင့်နိမ့်နယ်မြေကို ယူသွားမယ်..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကြီးကို တစ်ချက်ကန်လိုက်သည်။

ခြင်္သေ့ကြီး စိတ်တိုသွားရသည်။ တစ်ဖက်လောက၌ပင်လျှင် မည်သူမှ သူ့အား ဤကဲ့သို့ မဆက်ဆံရဲကြ။

သို့သော် ယခုတော့ သူ သူများ၏အစေခံဖြစ်နေလေပြီ။

“မင်း သေချာလုပ်ရင် ငါ တစ်နေ့ကျရင် မင်းကို ပြန်လွှတ်ပေးမယ် .. မင်း မိုတောင်ကိုကြည့်လိုက်” ရှီဟောင်ပြောလိုက်သည်။

ရွှေရောင်ခြင်္သေ့သည် ချက်ချင်းပင် လိမ္မာသွားလေ၏။ သူ့တစ်ဘဝလုံး ရှီဟောင်ကို သယ်မသွားချင်။ ဤလူသည် အလွန်စွမ်းအားကြီးသော်လည်း သူ ဤလူ၏ သားရဲမဖြစ်ချင်။

ဝုန်း..

သစ်ခွနက်တောင်ရှိ ကျောက်စိမ်းနန်းတော်များအားလုံး အမြစ်မှ ကျွတ်ထွက်လသည်။ အတော်လေး ကောင်းမွန်သည့် အစီအရင်များပင် ရွှေရောင်ခြင်္သေ့၏ နှုတ်ယူခြင်းခံလိုက်ရသည်။

ဒီနှစ်ယောက်က ရူးနေတာပဲ .. အပင်ကျင့်ကြံသူများအားလုံး စိတ်ထဲ ကျိန်ဆဲကာ ငိုကြွေးနေလိုက်ကြသည်။ ဤလူများသည် သူတို့ဖြတ်သွားသည့်နေရာမှ မြက်တစ်ပင်ပင် ချန်မထားခဲ့။

“မင်းရဲ့ အဆင့်နိမ့်နယ်မြေက ဘယ်လောက်တောင် ဆင်းရဲနေလို့ မင်းက တောင်ဂိတ်တံခါးတွေနဲ့ နန်းတော်တွေပါ ယူနေတာလဲ..” ရွှေရောင်ခြင်္သေ့ပင် သူ၏လုပ်ရပ်များအတွက် အနည်းငယ် ရှက်ရွံ့လာသည်။

“မင်းမှာ ပစ္စည်းကောင်းတွေ ရှိနေလို့ နတ်ဆိုးနေကြာဥယျာဉ်ကို အထင်သေးနေတာလား..” ရှီဟောင် သူ့အား တစ်ချက်ကြည့်လိုက်သည်။

“မဟုတ်ဘူး .. ငါ့မှာ ရှိတာအားလုံးကို မင်းယူပြီးသွားပြီလေ..” ရွှေရောင်ခြင်္သေ့သည် ခေါင်းကို အားကုန်ယမ်းခါကာ စွမ်းအင်ပိုထည့်ပြီး သူမြင်မြင်သမျှအရာအားလုံးကို ယူလိုက်ကာ အကွာအဝေးအိတ်ထဲသို့ ပစ်ထည့်လိုက်သည်။

“လူရမ်းကားတွေ .. ဓားပြတွေ.. မင်းက ငါတို့ နတ်ဆိုးနေကြာဥယျာဉ်ကို အပြောင်သိမ်းနေကြတာလား..”

အကြီးအကဲများပင် မျက်လုံးများ နီရဲလာကြသော်လည်း သူတို့ဘာမှ မပြောရဲကြ။ စိတ်ထဲ၌သာ အော်ဟစ်ရဲကြသည်ပင်။

ရှီဟောင်အမြင်တွင်တော့ နတ်ဆိုးအရှင်နေထိုင်သည့်နေရာတွင် ကောင်းမွန်လှသည့် ရတနာများရှိမည်ပင်။ ဤနေရာရှိ ရတနာများကို နှစ်သန်းပေါင်းများစွာ စုစည်းထားခြင်းဖြစ်သောကြောင့် အားလုံးကို သိမ်းယူသွားရန် ထိုက်တန်သည်။

သူကိုယ်တိုင်မသိမ်းတော့ပဲ ရွှေရောင်ခြင်္သေ့ကို လက်လွဲထားလိုက်သည်။ သူကိုယ်တိုင်ကတော့ လက်နောက်ပစ်ကာ ဤနေရာအား သေချာလေ့လာစစ်ဆေးလိုက်သည်။

တာအိုအော်ရာများ၊ အစီအရင်များမှတစ်ဆင့် နတ်ဆိုးနေကြာဥယျာဉ်၏ ခွန်အားအစစ်အမှန်ကို သူအကြမ်းဖျင်း ခန့်မှန်းမိသည်ပင်။ ဤနေရာမှာ စီရင်စုသုံးထောင်တွင် တကယ်ကို နာမည်ကြီးသည့်နေရာပင်။

သစ်ခွနက်တောင်၏ အကြီးအကဲမှာ အလွန်အဆင့်မြင့်ပြီး နတ်ဆိုးအရှင်နှင့်ယှဉ်လျှင် ဒုတိယနေရာတွင်ရှိသည်။ အခြား နတ်ဆ်ိုးအရှင်အိုကြီးသာမရှိလျှင် သူသည် ဤဂိုဏ်း၏ နံပါတ်နှစ်ဖြစ်လောက်သည်။

“နတ်ဆိုးအရှင်လည်း အတူတူလောက်ပဲ..”

ရှီဟောင် ကောက်ချက်ချလိုက်သည်။ ပြောရမည်ဆိုလျှင် ဤဂိုဏ်းသည် ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခုပင်။

အဘယ်ကြောင့်ဆိုသော် သာမန်ဂိုဏ်းလေးများတွင် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်သည်နှင့် ဂိုဏ်းခေါင်းဆောင်ဖြစ်နိုင်လေပြီ။

ဂိုဏ်းခေါင်းဆောင်အများစုမှာ ဟင်းလင်းပြင်တာအိုနယ်ပယ် ကျင့်ကြံသူများပင်။

နတ်ဆိုးနေကြာဥယျာဉ်ကဲ့သို့သော ထိပ်တန်းအဆင့်ဂိုဏ်းများတွင်သာ ကိုယ်တိုင်ခစားခြင်းနောက်ဆုံးအဆင့် ဂိုဏ်းခေါင်းဆောင်များ ရှိသည်ပင်။

သို့သော် ဤဂိုဏ်းတွင် အလွန်ထူးဆန်းလှသည့် နတ်ဆိုးအရှင်အိုကြီး နောက်တစ်ဦး ရှိလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့။

သူ ဤနေရာကို သေချာရှာဖွေပြီး ပတ်ဝန်းကျင်ကိုလည်း သေချာအာရုံခံပြီးသွားပြီဖြစ်သည်။ သို့သော်လည်း ဂိုဏ်းခေါင်းဆောင်၏အော်ရာကို သူရှာမတွေ့။

နတ်ဆိုးအရှင်အိုကြီးက သိပ်ပြန်မလာဖြစ်ဘူးလား..

ရှီဟောင် ပြန်ထွက်သွားသည့်အချိန်တွင် သစ်ခွနက်တောင်တစ်ခုလုံး မှုန်မှိုင်းနေ၏။ ဤကဲ့သို့သော ကပ်ဆိုးမျိုးကို သူတို့ဘယ်တုန်းကမှ မကြုံဖူးခဲ့။ နတ်ဆိုးနေကြာဥယျာဉ်တစ်ခုလုံး ပြောင်သလင်းခါသွားလေပြီ။

လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် ရှိသမျှ အရာအားလုံးကို ယူသွားလေပြီ။ ဂိတ်တံခါးကြီးနှင့် နန်းတော်များပင် မကျန်တော့။ ဆေးခင်များကို ယူသွားသည်က ထားပါဦး။ သူတို့သည် နတ်စမ်းရေများကိုပင် တူးထုတ်သွားကြခြင်းပင်။

မြေအောက် နတ်မြစ်အကြောကြီးကို ယူသွားသောကြောင့် ထိုစမ်းချောင်းလည်း ခမ်းခြောက်သွားလေပြီ။

နတ်ဆိုးနေကြာဥယျာဉ်ထဲရှိ လူများမှာ ငိုတော့မတတ်ဖြစ်နေလေပြီ။ ဒါက ဓားပြတိုက်တာလား .. မျိုးဆက်တစ်ခုကို အဆုံးသတ်ပစ်တာလား..

ကံကောင်းသွားသည်မှာ ထိုလူငယ်လေးသည် လူများကို မသတ်သွားခဲ့။ ဤနေရာကို သွေးလွှမ်းအောင် မလုပ်ခဲ့။

သူတို့ မည်သူ့ကို အပြစ်တင်နိုင်မည်နည်း.. ယခင်က နတ်ဆိုးအရှင် ရှီဟောင်အား သတ်ချင်ခဲ့သောကြောင့် ဤကဲ့သို့သော ကပ်ဆိုးမျိုး ဖြစ်လာခြင်းပင်။

သူတို့ သက်ပြင်းချလိုက်ကြ၏။ သူတို့ ရှီဟောင်ကို မုန်းချင်လျှင်ပင် မမုန်းနိုင်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးအရှင်နှင့် ဟွမ်မှာ ရန်သူများပင်။ သူတို့အသက်ကို လွှတ်ပေးလိုက်သည်မှာပင် အတော်လေး သနားညှာတာရာ ရောက်နေပြီဖြစ်သည်။

ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့တို့ ဒြပ်စင်ငါးခုနယ်မြေသို့ အမြန်လာလိုက်ကြသည်။ သူ ထာဝရတောင်ထဲသို့ ဝင်ချင်သည်။

ထိုနေရာတွင် သူ၏မိဘများရှိနေသလို သူနှင့်မတည့်သည့်သူများလည်း ရှိနေသည်။

သူ ထွက်လာခဲ့ပြီဖြစ်သော်လည်း သူချန်ရစ်ထားခဲ့သည့်နေရာမှာ မငြိမ်းချမ်းနိုင်။ ဟွမ် နတ်ဆိုးနေကြာဥယျာဉ်ကို ဖျက်ဆီးပစ်ပြီး နေရာတစ်ခုလုံးကို တူးယူသွားသည်ဟူသည့်သတင်းမှာ နယ်မြေအနှံ့သို့ ပျံ့နှံ့သွားသည်။

ကျင့်ကြံသူများအားလုံး ဆွံ့အကာ တုန်လှုပ်သွားရသည်။

“သူက လူတွေကို မသတ်ပဲနဲ့ နတ်ဆိုးနေကြာဥယျာဉ် နှစ်သန်းပေါင်းများစွာ စုစည်းလာတဲ့ပစ္စည်းတွေကို ဓားပြတိုက်သွားတာလား..”

ဤစကားကို ကြားသည်နှင့် ဂိုဏ်းခေါင်းဆောင်များ ထိတ်လန့်သွားကြရသည်။ အချို့လူများမှာ စိုးရိမ်နေကြသည်ပင်။ ဟွမ် သူတို့တံခါးကိုလာခေါက်ရင် ဘယ်လိုလုပ်မလဲ .. သူတို့ ဘယ်လိုခုခံရမလဲ..

ယခု လူအချို့ ဟွမ်၏ နယ်ခြားစပ်မှ အောင်မြင်မှုများကို သိသွားပြီဖြစ်သည်။

ဒြပ်စင်ငါးခုစီရင်စုမှာ အလွန်ကျယ်ပြန့်လှသည်။

သာမန်ကျင့်ကြံသူများသာဆိုပါက သူတို့တစ်ဘဝလုံး ပျံသန်းလျှင်ပင် ရောက်နိုင်မည်မဟုတ်။ သို့သော် ရှီဟောင်သည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေပြီဖြစ်သောကြောင့် နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်သည်ပင်။

သို့သော်လည်း သူသည် ရွှေရောင်ခြင်္သေ့၏ကျောထက်၌ စီးကာ စွန့်ပစ်နယ်မြေများဘက်၌သာ သိုသိုသိပ်သိပ်သွားလိုက်သည်။

“ငါ ဒီနေရာကို နောက်တစ်ခေါက် ထပ်ရောက်လာပြန်ပြီ..” ရှီဟောင် သက်ပြင်းချလိုက်သည်။

ဒြပ်စင်ငါးခုစီရင်စုမှာ ချင်းမိသားစု၏ ငါးဆင့်တောင်ရှိနေသည်ပင်။ ဤစီရင်စုကို ဒြပ်စင်ငါးခုစီရင်စုဟု ခေါ်ခြင်းမှာ ချင်းမိသားစုနှင့် ဆက်စပ်နေသည်ပင်။ ဤနေရာတွင် ငါးဆင့်တောင်ဟုခေါ်သည့် ထာဝရတောင်တစ်လုံး ရှိနေသည်။

“နှစ်ပေါင်း ဘယ်လောက်တောင် ကြာသွားပြီလဲ..”

ရှီဟောင်၏အမူအရာမှာ ရှုပ်ထွေးနေသည်။ ထာဝရတောင်ကို သူ ခံစားချက်များ မကောင်းသော်လည်း သူ့အဖေနှင့်အမေမှာ ချင်းမိသားစု၌ ရှိနေသည်။ ထို့ကြောင့် သူ ဤနေရာသို့ ဝင်လာရုံသာ တတ်နိုင်သည်။

ယခင်က ချင်းမိသားစုသည် သူ့အဘိုးဖြစ်သည့် နတ်ဆိုးနတ်ဘုရား ရှီကျုံးထျန်းကို ဒုက္ခပေးခဲ့သေးသည်။ သူတို့သည့် အဘိုးကို မိစ္ဆာကျွန်းသို့ ပို့ကာ အသတ်ခံရလုနီးပါးဖြစ်အောင် လုပ်ခဲ့သည်ပင်။

“အဖေ ဒီမှာ ရှိသေးလား..” ရှီကျီလင်း ဒေါသတကြီး ထွက်သွားခဲ့သည်ဟု သူကြားခဲ့သောကြောင့်ပင်။

ထာဝရတောင်ဖြစ်သည့် ငါးဆင့်တောင်နားသို့ သူရောက်လာလေပြီ။

ယခင်က သူ ချင်းမိသားစုကို ဝေးဝေးမှ ရှောင်ခဲ့သည်။

သို့သော် ယခုတော့ မတူတော့။

ထိုသို့ဆိုလျှင်ပင် ရှီဟောင် လက်လွတ်စပယ်မလုပ်ရဲ။ အဘယ်ကြောင့်ဆိုသော် ချင်းမိသားစု၏ ငါးဆင့်တောင် မည်မျှထူးခြားသည်ကို သူသိသည်ပင်။ ဤသည်မှာ အဆင့်လွန်ရတနာတစ်ခုနှင့်ပင် ဆက်စပ်နိုင်သည်။

ယခုတစ်ခေါက် သူ၏မိဘများကို လာတွေ့သည့်အပြင် ချင်းမိသားစု၏ လျှို့ဝှက်ချက်အချို့ကိုလည်း သူသိချင်သည်။

ဝေါင်း..

သူ ဆုံးဖြတ်ချက်မချခင်မှာပင် ရွှေရောင်ခြင်္သေ့ကြီး ဟစ်ကြွေးလိုက်ကာ ဤနေရာတစ်ခုလုံး တုန်ခါသွားအောင်လုပ်လိုက်သည်။

“ဘယ်သူက ချင်းမိသားစုမှ ဆူဆူပူပူလုပ်ရဲတာလဲ..” ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

“မကောင်းတော့ဘူး .. တောင်ထဲမှာ ထာဝရတာအိုစွမ်းအင်တွေ ရှိနေတယ်..” ရွှေရောင်ခြင်္သေ့ကြီး တုန်လှုပ်သွားရသည်။ အစက စီရင်စုသုံးထောင်တွင် သူ ကြိုက်သလို သွားလာနိုင်လိမ့်မည်ဟု သူထင်ထားခြင်းပင်။

သို့သော် ယခုတော့ သူ၏အထင်မှားသွားလေပြီ။ စီရင်စုသုံးထောင်တွင် ထူးခြားသည့်နေရာများ ရှိနေသည်ပင်။

ရှီဟောင် မျက်လုံးများ မှေးကျဉ်းလိုက်ကာ သေချာပြန်စဉ်းစားလိုက်သည်။ ဤငါးဆင့်တောင်သည် ချင်းမိသားစုရှေးဟောင်းမြေ၏ အတွင်းဘက်ဆုံးပိုင်း၌ ရှိနေခြင်းပင်။

“ငါ့ညီလေးမှာ ထာဝရအရိုးရှိတယ် .. အဲဒီအရိုးကို စွန့်ပစ်နယ်မြေက တွေ့ခဲ့တာထင်တယ် .. ဒါပေမဲ့ ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ချင်းမိသားစုတွင် ခမ်းနားလှသည့်တောင်များ၊ အပေါ်ဘက်၌ မျောနေသည့်ကျွန်းများ၊ ခရမ်းရောင်စွမ်းအင်များ ထုတ်လွှတ်နေသည့်စမ်းချောင်းများ ရှိသည်ပင်။

အသံသည် ချင်းမိသားစု၏အတွင်းဘက်ပိုင်းမှ ပျံ့လွင့်လာခြင်းပင်။

ထို့နောက် အလွန်ငယ်ရွယ်သည့်ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်။

ထာဝရတာအိုအော်ရာများ ရှိနေသော်လည်း သူ့အသက်မှာ သိပ်မကြီးသေး။ ၂၀ ကျော်ခန့်သာ ရှိသေးပုံပေါ်သည်။

သို့သော် ဤလူ အသက်ရှင်နေထိုင်လာခဲ့သည်မှာ အလွန်ကြာညောင်းလှပြီဖြစ်ကြောင်း ရှီဟောင် သိသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ သူ ယခင်က တွေ့ခဲ့ဖူးသည့် ထာဝရချင်ပင်။

ထာဝရချင်ကို ကြည့်ပြီး ကောင်းကင်ဘုံကိုးခုမှ ထာဝရဝမ်ကို ပြန်စဉ်းစားမိသွားသည်။ သူတို့ထံတွင် တူညီသည့်နာမည်များ ရှိနေရုံသာမက စိတ်နေသဘောထားများလည်း တူညီသည်။

သူတို့နှစ်ဦးလုံး၏နာမည်တွင် သက်ရှည် ဟူသည့်စကားလုံး ပါဝင်သည်။ ထို့အပြင် နှစ်ဦးမှာ အလွန်ငယ်ရွယ်သည့်ပုံ ပေါ်သည်ပင်။

“ခင်ဗျား ထာဝရဝမ်ကို တွေဖူးလား..” ရှီဟောင် ရုတ်တရက် အလွန်ဒဲ့တိုးပင် မေးလိုက်လေ၏။

နီရဲသည့်နှုတ်ခမ်းများ၊ တောက်ပသည့်သွားများရှိနေသည့် ငါးဆင့်တောင်အရှင်သည် ပထမပိုင်းတွင် အနည်းငယ် အံ့အားသင့်သွားသော်လည်း သက်ပြင်းချလိုက်ကာ “မင်းက ငါသူနဲ့ရင်းနှီးမယ်လို့ ထင်နေတာလား .. နာမည်မှာ သက်ရှည်ဆိုတဲ့စကားလုံးရှိတာက ငါနဲ့သူ နှစ်ယောက်တည်းရှိတာမဟုတ်ဘူး .. ထာဝရမုလို့ ခေါ်တဲ့တစ်ခြားတစ်ယောက်ရှိသေးတယ် .. သူက ငါတို့ထက်ပိုပြီးတော့ စွမ်းအားကြီးတယ်..”

ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။ ထာဝရမုလို့ခေါ်တဲ့သူတောင် ရှိသေးတာလား..

အပိုင်း ၁၈၈၀ ပြီး၏။
Chapter – 1881 သက်ရှည်ကပ်ဆိုး

ရှီဟောင် တကယ်ကို အလွန်ထိတ်လန့်သွားခြင်းပင်။ နာမည်မှာ သက်ရှည်စကားလုံးပါတဲ့လူနောက်တစ်ယောက် ဘယ်လိုလုပ် ရှိနေတာလဲ..

ဤကိစ္စတွင် ဖုံးကွယ်ထားသည့် အကြောင်းအရာများ ရှိလိမ့်မည်ပင်။ သူ့ရှေ့တွင် ရပ်နေသည့် ငါးဆင့်တောင်အရှင်-ထာဝရချင်းကို ကြည့်လိုက်သည်။

ထာဝရချင်း ငယ်ရွယ်ချောမောသည့်ပုံပန်းသွင်ပြင်ရှိနေသည်။ သူ၏အသက်အစစ်နှင့်ယှဉ်လျှင် ဤသည်မှာ တကယ်ကို ဆွံ့အလောက်စေသည်ပင်။

မိသားစုမျိုးရိုးအရ ပြောရမည်ဆိုလျှင် ရှီဟောင်သူ့အား အသက်ကြီးသည့်ပုဂ္ဂိုလ်အဖြစ် လေးစားရမည်ပင်။ သူတို့နှစ်ဦးကြားတွင် သွေးချင်းဆက်နွယ်မှုရှိသည်။ ထို့ကြောင့် ယခု သူ အလွန်ထူးဆန်းသည့်ခံစားချက် ခံစားနေရခြင်းပင်။

“ဒီလူလည်း အရမ်းစွမ်းအားကြီးတယ် .. အနည်းဆုံးတော့ အဆင့်လွန်သက်ရှိအဆင့်မှာ ရှိတယ် .. သူ ကျင့်ကြံတဲ့နှစ်တွေက ထာဝရဝမ်ထက် နည်းမှာ မဟုတ်ဘူး” ထာဝရချင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် လက်ဝေ့ရမ်းလိုက်ကာ ရှီဟောင်ကို မျောနေသည့်ကျွန်းတစ်ခုထံသို့ ခေါ်သွားလေ၏။ ဤသည်မှာ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် ချင်းမိသားစု၏ နတ်ကျွန်းများထဲမှ တစ်ခုပင်။

သူ ရှီဟောင်ကို ချင်းမိသားစု၏ အတွင်းပိုင်းသို့ ခေါ်မသွားပဲ ငါးဆင့်တောင်နှင့် အဝေးတွင် နေလိုက်သည်။ ဤသည်မှာ သူ မကောင်းသည့်စိတ်မရှိကြောင် ပြသလိုခြင်းပင်။

ဤလူငယ်လေး ချင်းမိသားစုအား အကောင်းမမြင်သည်ကို သူလည်းသိသည်ပင်။ ထို့ကြောင့်လည်း သူ ဤကဲ့သို့ လုပ်လိုက်ခြင်းပင်။

ကျွန်းပေါ်တွင် ထူးဆန်းသည့်ပုံစံရှိသည့် ကျောက်တုံးများ နေရာအနှံ့ရှိနေပြီ လှပသည့်သစ်ပင်များလည်း စိမ်းစိုတောက်ပနေသည်။ ခရမ်းရောင်စွမ်းအင်များလည်း ပေါများစွာ ရှိနေသည်ပင်။

ခရမ်းရောင်ဝါးတောရှေ့ သူတို့နှစ်ဦး ရပ်လိုက်ကြသည်။ ထိုနေရာတွင် ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံများနှင့်အတူ အသိဉာဏ်ရှိသည့် အဖြူရောင်လူဝံကြီးလည်း ရှိနေသည်။ ထိုလူဝံကြီးသည် ကျောက်စိမ်းပန်းကန်ပြားနှင့် ဝိညာဉ်သစ်သီးများ၊ နတ်ဝိုင်များကို သယ်ဆောင်လာလေသည်။

ကောင်းကင်ထက်တွင် လုအန်ငှက်များပျံသန်းနေကာ ရောင်စုံအလင်းများ ဖြန့်ကျက်ထားလေသည်။

ဤနေရာသည် ထာဝရနယ်မြေကဲ့သို့ပင်။

“ဒါက နေရာကောင်းပဲ..” ရှီဟောင် အံ့အားတကြီး ပြောလိုက်သည်။

“ဒါက ငါ တရားထိုင်နေကျနေရာ .. ဒီနေရာမှာ ငါ ကိုယ့်ကိုကိုယ်သုံးသပ်ပြီးတော့ စိတ်ဝိညာဉ်ကို ရှာဖွေလေ့ရှိတယ်” ထာဝရချင်း ပြောလိုက်သည်။

“အိုး .. ထာတရတောင်အရှင်ကတောင်မှ ဒီလိုလုပ်ဖို့ လိုသေးတာလား.. ဒီလိုမျိုး နှိမ့်ချနေတာက ပြောဖို့ခက်တဲ့ ပြဿနာတစ်ချို့ရှိနေလို့လား..” ရှီ‌ဟောင် အံ့အားသင့်သွားရသည်။

“ဒီလောကကြီးရဲ့ ထူးဆန်းမှုတွေက မရေမတွက်နိုင်အောင်ရှိတယ် .. ငါတို့ နားမလည်သေးတဲ့အရာတွေလည်း အများကြီး ရှိသေးတယ်” ထာဝရချင်း သက်ပြင်းချ၍ ပြောလိုက်သည်။

သူတို့ ခေါင်းစဉ်မှ သွေဖယ်သွားပြီဖြစ်သောကြောင့် သက်ရှည်အတိဒုက္ခအကြောင်းကို သူပြန်မေးလိုက်သည်။

ဟုတ်ပါသည်။ သူ ဤထာဝရသက်ရှိများမှာ သူ့ကို မသက်မသာဖြစ်စေကာ သူ သတိကြီးကြီးထားနေရသည့် ကပ်ဆိုးတစ်ခုပင်။

ဤစကားကို ကြားလိုက်ရသည့်အချိန် သူ မယုံကြည်နိုင်ဖြစ်သွားရသည်။ သူ ဒီတိုင်းမေးလိုက်ခြင်းဖြစ်သော်လည်း ဤအကြောင်းအရာများသိရလိမ့်မည်ဟု သူမထင်ထားခဲ့။

ရှေးခေတ်အချိန်များတွင် ထာဝရချင်းသည် အလွန်သူရဲကောင်းဆန်ကာ တကယ်ကို ဂျီးနီးယပ်စ်တစ်ဦး ဖြစ်ခဲ့သည်ပင်။

သူ စွန့်ပစ်နယ်မြေတစ်ခုကို ဝင်သွားပြီး လမ်းပျောက်ခဲ့သော်လည်း ထူးဆန်းစွာဖြင့် သူ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည်။ သူသည် နယ်ခြားစပ်၌ ရောက်နေခဲ့ခြင်းဖြစ်ကြောင်း သူတွေ့ခဲ့ရသည်။

ထိုနေရာတွင် သူ့ဘဝပြောင်းလဲသွားခဲ့သည်ပင်။

သူ ရှေးဟောင်းနေရာတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်ကြောင်း သူမှတ်မိသေးသည်။ ထိုနေရာတွင် ထာဝရစွမ်းအင်များ အုံ့ဆိုင်းနေကာ အလွန်သန့်စင်မြင့်မြတ်လှသည်။

သို့သော် ထိုနေရာရှိ မျက်စိတစ်ဆုံးမြင်နေရသည့်မြေပြင်မှာ သွေးများ ဖုံးလွှမ်းနေသည်။

ထိုနေရာတွင် နီရဲနေသည့်သွေးများ ပြည့်နေသည့် ရွှံ့တောလည်း ရှိနေသေးသည်။

ထာဝရချင်း ဝင်သွားလိုက်သည်နှင့် သူ ချက်ချင်း သတိလစ်သွားသည်။ သူပြန်နိုးလာသည့်အချိန်တွင် သူသည် စွန့်ပစ်နယ်မြေ၌ မဟုတ်ပဲ စီရင်စုသုံးထောင်သို့ ပြန်ရောက်နေပြီဖြစ်သည်။

သူ့ကိုယ်သူ ဆန်းစစ်ကြည့်လိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်၌ အရိုးအပိုတစ်ချောင်းရှိနေသည်ကို တွေ့လိုက်ရသည်ပင်။

“ထာဝရအရိုးလား..” ရှီဟောင် မျက်လုံးများမှေးကျဉ်းသွားရသည်။

ချင်းဟောင်အကြောင်းကို သူတွေးမိသွားသည်။

ထာဝရတောင်တွင် စွန့်ပစ်နယ်မြေမှ ရခဲ့သည့် ထာဝရအရိုးတစ်ချောင်းရှိသည်ဟု ကောလဟာလများ ရှိသည်ပင်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း ထိုအရိုးတွင် အသက်ဓာတ်ရှိနေဆဲဖြစ်ပြီး သွေးမြူများ ရှိနေဆဲပင်။

ဤအရိုးကို နှစ်ပေါင်းများစွာ အားဖြည့်ပြီးနောက် ချင်းဟောင်၏ ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်ခြင်းဖြစ်ကြောင်း လူများစွာ သိထားသည်ပင်။

“ဟုတ်တယ်..” ထာဝရချင်း ခေါင်းညိမ့်လိုက်သည်။

ရှီဟောင် ချက်ချင်းထိတ်လန့်သွားရ၏။ ဒါက ကောလဟာလနဲ့ မတူဘူးလား..

“ဒီအရိုးမှာ ‘သက်ရှည်’ ဆိုတဲ့ စကားလုံး ရှိနေတယ်” ထာဝရချင်း ပြောလိုက်သည်။

အစပိုင်းတွင် သူ့နာမည်မှာ ထာဝရချင်းမဟုတ်။ သို့သော် ထူးဆန်းသည့်အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရပြီးနောက် သူ ကောင်းကင်၏ဂရုစိုက်မှုကို ရရှိလိုက်ရသည်ဟု ခံစားလိုက်ရသောကြောင့် သူ နာမည်ပြောင်းခဲ့ခြင်းပင်။

“ဒီအကြောင်းပြောရရင် ရယ်စရာကောင်းတယ်လို့ ပြောရမလား .. လန့်စရာကောင်းတယ်လို့ ပြောရလား .. ဘာဖြစ်မှန်းမသိပဲနဲ့ ငါ ဒီလိုမျိုး နာမည်ကို ပြောင်းပစ်လိုက်တာ..” ထာဝရချင်း သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။

“အရိုးတစ်ချောင်းကြောင့် နာမည်ကို ပြောင်းပစ်လိုက်တာ..” ရှီဟောင် သက်ပြင်းချလိုက်သည်။

သို့သော် သေချာတွေးကြည့်မည်ဆိုလျှင် ဤသည်မှာ အနည်းငယ် ကြောက်စရာကောင်းသည်ပင်။ အရိုးတွင် ‘သက်ရှည်’ ဟူသည့်နာမည်ရှိနေပြီး ဤအရိုး၏ လွှမ်းမိုးမှုကြောင့် ချင်းကလန်၏ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် သူ၏နာမည်ကို ပြောင်းခဲ့ရသည်။

ရှီဟောင်၏အမူအရာ သိပ်မကောင်းတော့။ ဤအရိုး၏ ဇစ်မြစ်မှာ အပြင်ဘက်တွင် ပျံ့နေသည့် ကောလဟာလများနှင့် ကွဲပြားနေသည်ပင်။ ယခု ထိုအရိုးကို သူ့ညီလေး ခန္ဓာကိုယ်ထဲတွင် ထည့်ထားခြင်းပင်။

“နောက်တော့ရော..” ရှီဟောင် မေးလိုက်သည်။

“နောက်ပိုင်းဖြစ်လာတဲ့ ကိစ္စတွေက ပိုလို့တောင် ကြောက်စရာကောင်းသေးတယ်” ထာဝရချင်း သက်ပြင်းချလိုက်သည်။

ထို့နောက် သူ ရှေးဟောင်းဂူတစ်လုံးကို တွေ့ပြီး ထိုဂူထဲ ကျင့်ကြံခဲ့သည်။ သူ ဤအရိုး၏ ထူးဆန်းမှုများကို သိချင်သည်။ သို့သော် သူသည် တာအိုကျင့်ကြံသည့်အခြေအနေသို့ ရောက်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

“ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား..” ရှီဟောင်ပြောလိုက်သည်။

ထာဝရချင်းသည် ခါးသီးစွာ ရယ်မောလိုက်ကာ “တစ်ခဏလေး တာအိုကျင့်ကြံလိုက်တာနဲ့ နှစ်တစ်သိန်းကုန်သွားတယ်လေ .. ငါပြန်ထွက်လာတဲ့အချိန်ကျတော့ လောကကြီးက လုံးဝပြောင်းလဲသွားပြီ”

“ဘာ..” ယခုတစ်ခေါက်တော့ ရှီဟောင် ဆွံ့အသွားရသည်။

ဒါက ဘယ်လို တာအိုကျင့်ကြံခြင်းမျိုးလဲ.. ဘာလို့ဒီလောက်တောင် ကြာတာလဲ..

အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိများ သီးသန့်ကျင့်ကြံလျှင်ပင် နှစ်တစ်သိန်းမကြာ။ အများဆုံးမှ နှစ်တစ်သောင်းလောက်ပင်။ ထို့အပြင် ဤကြားထဲတွင်လည်း သူတို့ မကြာခဏ နိုးလာမည်ပင်။

နှစ်တစ်သိန်းကြာပြီးလျှင် လူများလည်း ပြောင်းလဲသွားလိမ့်မည်ပင်။

သို့သော် သူ ထွက်လာသည့်အချိန်တွင် သူသည် ငယ်ရွယ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် သူ၏ကျင့်ကြံဆင့်လည်း အတော်လေး တိုးသွားကာ ချက်ချင်းပင် စီရင်စုသုံးထောင်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သွားသည်။

သို့သော် သူ အိမ်ပြန်လာသည့်အချိန်တွင် သူသိသည့်သူများအားလုံးနီးပါး သေဆုံးသွားပြီဖြစ်သည်။ စွမ်းအားကြီးသည့်ပုဂ္ဂိုလ်တစ်ချို့သာ သူတို့ကလန်များ၏ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်လာသည်ပင်။

“ငါနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းမလေးက ငါ့ကို နှစ်ပေါင်းများစွာကြာအောင် စောင့်ခဲ့တယ် .. ဒါပေမဲ့ နောက်ဆုံးတော့ သူ့ကလန်က သူ့ကို တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ ဖိအားပေးခဲ့တယ် .. နှစ်ပေါင်းတစ်သိန်း ကြာပြီးသွားတော့ သူ့အုတ်ဂူတောင် မရှိတော့ဘူး .. ငါ အဲဒီမြေကွက်လပ်မှာ ရပ်နေရုံပဲ တတ်နိုင်ခဲ့တာ” ထာဝရချင်း ပြောလိုက်သည်။

ဤကိစ္စမှာ သူ့အား အတော်လေး ရိုက်ခတ်သွားသည်မှာသေချာသည်။ မဟုတ်ပါက သူ အဘယ်ကြောင့် လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ ကိစ္စများကို ပြန်ပြောနေမည်နည်း..

လူငယ်လေးတစ်ယောက် သူရင်းနှီးသည့်‌နေရာ၌ တစ်ယောက်တည်းရပ်နေကာ ဝမ်းနည်းဒေါသထွက်စွာဖြင့် မျက်ရည်များ ကျဆင်းနေသည့်မြင်ကွင်းကို ရှီဟောင် မြင်ယောင်လာမိသည်အထိပင်။

သို့သော် ခဏကြာပြီးနောက် ဤသည်မှာ အလွန်ဂကျိုးဂကြောင်နိုင်လှသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ ထာဝရချင်းပင်။

ရှီဟောင်အမြင်တွင် ထာဝရချင်းဆိုသည်မှာ အလွန်ရက်စက်သည့်လူဖြစ်သည်။ အနည်းဆုံးတော့ ရှီဟောင် ဤလူအပေါ် အကောင်းမြင်စိတ်မရှိ။ သူ့မှာလည်း ဒီလိုဘက်ခြမ်းရှိသေးတာလား..

အဘယ်ကြောင့်ဆိုသော် ထာဝရချင်း၏ မျက်ဝန်းထဲတွင် နောင်တတရားနှင့် ဝမ်းနည်းမှုများ ရှိနေဆဲဖြစ်သည်ကို သူတွေ့နေရသည်ပင်။

သူပြောလာသည့် နောက်ပိုင်းစကားများမှာ ရှီဟောင်ကို တုန်လှုပ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ့အမေ၏ သွေးမျိုးဆက်အကြောင်း ပါလာသည်ပင်။

“ငါ့မှာ မျိုးဆက်မရှိဘူး .. ငါလှည့်ပတ်ရှာပြီးတဲ့အချိန်ကျတော့ ငါ သွေးမျိုးဆက်တစ်ခုကို ရှာတွေ့ခဲ့ပြီးတော့ မွေးစားသားအဖြစ်နဲ့ ခေါ်ခဲ့တယ်”

ဤစကားများကို ကြားလိုက်ရသည်နှင့် ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။ ထာဝရချင်းပြောနေသည့် မွေးစားသားဆိုသည်မှာ သူ၏သူငယ်ချင်းမလေး၏ မျိုးဆက်ပင်။ ဒါဆို ရှီဟောင်နဲ့ ထာဝရချင်းက ဘာမှမတော်ဘူးလား..

“ငါ သူ့ကို ငါ့သားအရင်းလိုပဲ သဘောထားခဲ့တယ် .. နောက်တော့ ထာဝရတောင်သွေးမျိုးဆက် ပေါ်လာတာပဲ” ထာဝရချင်း သက်ပြင်းချ၍ ပြောလိုက်သည်။

“နောက်တော့ရော..” ရှီဟောင်မေးလိုက်သည်။

“ငါ့ကျင့်ကြံဆင့်တွေ မိုးထိုးပြီးတက်သွားတယ် .. ငါမကျင့်ကြံရင်တောင် အဲဒီအရိုးရှိနေရုံနဲ့ ငါ့ရဲ့တာအိုစွမ်းရည်တွေ တက်လာတယ် .. ပြီးတော့ ငါ အချိန်နဲ့အမျှ စိတ်လွတ်နေပြီးတော့ ထူးဆန်းတဲ့မြင်ကွင်းတစ်ချို့ကို မြင်နေရတာ”

ထာဝရချင်း ပြောလိုက်သည်။ ထိုမြင်ကွင်းများထဲတွင် ထာဝရတိုက်ပွဲများ၊ ကောင်းကင်ထိစီးဆင်းနေသည့် သွေးပင်လယ်များနှင့် အနက်ရောင်အာကာသကြီးများ ပါဝင်သည်ပင်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ နောက်ပိုင်းတွင် ထာဝရမူဟုခေါ်သည့်သူတစ်ဦး သူ့ကိုရှာတွေ့ခဲ့သည်။ ထိုအချိန်က သူ အဆင့်လွန်သက်ရှိအဆင့်သို့ ရောက်နေ်လေပြီ။

သူသည် ယခင်က ထိုသွေးရွှံ့နွံတောသို့ သွားခဲ့ပြီး သတိလစ်နေသည့် ထာဝရချင်းကိုပင် တွေ့ခဲ့သည်ဟု ပြောခဲ့သည်။

ထို့အပြင် ထိုလူလည်းသတိလစ်သွားခဲ့သည်။ သူ နိုးလာသည့်အချိန်တွင် သူ လသားကလေးများကို တွေ့ခဲ့သည်။ ထိုအချိန်က စုစုပေါင်း သုံးယောက်တွေ့ခဲ့သည်ပင်။

ထိုလသားကလေးသည် ဖြူဖွေးတောက်ပနေသော်လည်း သူ့ဘေးတွင် အရေပြားခြောက်နှင့် မည်းနက်နေသည့်လက်သည်းများရှိနေသည်။

ခဏကြာပြီးနောက် ထိုလသားကလေး ထွက်ပြေးပျောက်ကွယ်သွားသည်။

ထာဝရမူလည်း ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

ထာဝရမူတွင် အရိုးအပိုမရှိသော်လည်း သူနှင့်မဆိုင်သည့် သွေးအစစ်တစ်ချို့ရှိနေသည်။ နောက်ဆုံးတွင် သူလည်း ခွန်အားတိုးသွားကာ အဆင့်လွန်သက်ရှိဖြစ်သွားသည်။

သူ၏နာမည်အရင်းမှာ ထာဝရမူမဟုတ်။ နောက်ပိုင်းမှ ပြောင်းလိုက်ခြင်းပင်။

“အဲဒီကလေးက ကောင်းကင်ဘုံကိုးခုက ထာဝရဝမ်လို့ ထာဝရမူ ငါ့ကို ပြောခဲ့တာ” ထာဝရချင်း ပြောလိုက်သည်။

ရှီဟောင်ထိတ်လန့်သွားရ၏။ ဒီလိုသမိုင်းကြောင်းမျိုးလည်း ရှိနေတာလား .. အရင်တုန်းက အဲဒီနေရာက ဘာဖြစ်ခဲ့တာလဲ .. အဲဒါက ဘယ်လိုနေရာမျိုးလဲ..

“ငါ အဲဒီအရိုးကို ထုတ်ပစ်လိုက်လို့ ငါ အခုထိ အဆင့်လွန်သက်ရှိအဆင့်မရောက်သေးဘူး” ထာဝရချင်း ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းများကို သိပြီးနောက် သူ ကြောက်ရွံ့သွားသောကြောင့်ပင်။

“အဲဒါဆိုရင် ဘာလို့ ချင်းဟောင်ကိုယ်ထဲကို ထည့်ပေးလိုက်တာလဲ..” ရှီဟောင် ဒေါသထွက်သွားရသည်။

“ငါ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး .. ငါရှင်းပြမယ်..” ထာဝရချင်း သက်ပြင်းချလိုက်သည်။

နောက်ပိုင်း ထိုအရိုးကို အစေခံတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်ကာ ဘာဖြစ်လာမည်ကို စောင့်ကြည့်လိုက်သည်။

ထိုအစေခံ၏ ခွန်အားကြီးမားလာသည်ကို တွေ့လိုက်ရသည်။ သူ အသိဉာဏ်ပွင့်သွားခြင်းမရှိသလို ထူးဆန်းသည့်အတွေ့အကြုံများ ကြုံရခြင်းလည်းမရှိ။

အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးနောက် ဤအရိုးသည် အခြားလူတစ်ယောက်၏ ခွန်အားကြီးမားလာစေသော်လည်း သူတို့နာမည်ပြောင်းလဲသွားခြင်းမရှိသည်ကို သူတွေ့လိုက်ရသည်။

ဤနည်းလမ်းဖြင့် သူ မျိုးဆက်ပေါင်းများစွာကို ကူညီပေးခဲ့သည်။ သူတို့ကို အားကြီးလာစေကာ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်လာစေခဲ့သည်။

သို့သော် သူကိုယ်တိုင်တော့ ထိုအရိုးကို ထပ်မထည့်ရဲတော့။ ဤဘဝတွင် သူ အဆင့်လွန်သက်ရှိအဆင့်သို့ ရောက်တော့မည်မဟုတ်တော့။

ရှီဟောင် ထိတ်လန့်သွားရသည်။ ထာဝရချင်း ဤမျှပြတ်သားလိမ့်မည်ဟု သူမထင်ထားခဲ့။

အခြားသူများသာဆိုလျှင်တော့ ထိုအရိုးနှင့်ပေါင်းစည်းကာ အဆင့်တက်သွားလောက်ပြီဖြစ်သည်။

“တစ်နေရာတည်းကနေ ရလာတဲ့ သက်ရှည်သုံးယောက်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိသေးဘူး .. ဝမ်မိသားစုက သက်ရှည်မိသားစု မဟုတ်ဘူးလား .. သူတို့မှာ သူတို့နောက်ခံ ရှိတယ်လေ”

“အဲဒါကြောင့် ကြောက်ဖို့ကောင်းတာပေါ့ .. အဲဒီတုန်းက အဲဒီလသားကလေးက သက်ရှည်ဝမ်မိသားစုရဲ့ နတ်စွမ်းရည်တွေကို ပိုင်ဆိုင်ခဲ့တာ” ထာဝရချင်း သက်ပြင်းချလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်က အမျိုးတွေပဲဆိုတော့ ငါမင်းကို အကြံပေးချင်တယ် .. တစ်ချို့မျိုးဆက်တွေက ရန်မစတာ အကောင်းဆုံးပဲ” ထာဝရချင်း လေးနက်စွာ ပြောလိုက်သည်။

သူ လက်စားချေချင်လျှင်ပင် သူ သတိထားရမည်ဖြစ်ကြောင်း၊ ချက်ချင်း ဝင်မပါလျှင် အကောင်းဆုံးဖြစ်ကြောင်း ရှီဟောင်အား အကြံပေးခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် အချို့ရှေးဟောင်းဂိုဏ်းများမှာ သေချာပေါက် မရိုးရှင်း။

“ဒါကို သက်ရှည်ကပ်ဘေးလို့တောင် ပြောလို့ရတယ်” ထာဝရချင်း ပြောလိုက်သည်။

နတ်ဆိုးနေကြာဥယျာဉ်မှ နတ်ဆိုးအရှင်အိုကြီးတွင် ထူးခြားသည့်နောက်ခံရှိသည်ဟု ပြောကြသည်။ သူသည် နယ်ခြားစပ်စွန့်ပစ်နယ်မြေ၌ အမြစ်တွယ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်ယောက်ယောက်မှ သူ့အားခေါ်လာကာ အသက်သွင်းပေးခဲ့ခြင်းပင်။

“ဘာ..” ရှီဟောင် ထိတ်လန့်သွားရ၏။

“သူက ဒီခေတ်ကမဟုတ်တဲ့ အပင်တစ်မျိုးမျိုးရဲ့ အမြစ်ဖြစ်လိမ့်မယ်လို့ ပြောကြတယ် .. ဒါပေမဲ့ သူ့မှာ မှတ်ဉာဏ်တွေ မရှိတော့ဘူး .. ဒါပေမဲ့ သူ့မှာ ထူးဆန်းတဲ့သမိုင်းကြောင်းတွေရှိနေတယ် .. သူ့ကို ရန်မစရင် အကောင်းဆုံးပဲ”

ထာဝရချင်း ပြောသည့်အတိုင်းဆိုလျှင် ထိုနတ်ဆိုးအရှင်အိုကြီးသည် အတိတ်မှ မှတ်ဉာဏ်များမရှိတော့ပဲ အမြစ်ကနေ ပြန်လည်စတင်ကျင့်ကြံကာ နတ်ဆိုးနေကြာဖြစ်လာခြင်းပင်။

“ပြီးတော့ အနောက်ဂိုဏ်းက ခြောက်ကျန်းရွှေရောင်ခန္ဓာကိုယ်ကျင့်ကြံတဲ့သူကိုလည်းသတိထား .. သူ အပျက်အစီးတစ်ချို့ထဲ ဝင်သွားပြီးတော့ ရှေးခေတ်ဘုန်းကြီးသွေးမျိုးဆက်ရဲ့ အမွေတစ်ချို့ရခဲ့တယ်လို့ ပြောကြတယ် .. အဲဒီအမွေကြောင့် အခု အနောက်ဂိုဏ်းဆိုတာ ဖြစ်လာတာ .. သူက ဘုန်းကြီးသွေးမျိုးဆက်ရဲ့ ပြာကနေ ဖြစ်လာတာလို့ ပြောကြတဲ့သူတောင် ရှိတယ်”

ထာဝရချင်း သူ့အား သတိပေးလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ စီရင်စု သုံးထောင်က တကယ်ကို မရိုးရှင်းဘူးပဲ .. ဒါတွေအားလုံးက သက်ရှည်ကပ်ဘေးတွေလား..

အပိုင်း ၁၈၈၁ ပြီး၏။
Chapter – 1882 ပြန်လည်ပေါင်းစည်းခြင်း

“မြေအောက်မှာ အရမ်းကို ရှေးကျတဲ့ အလောင်းတစ်လောင်းရှိတယ် .. အဲဒီအလောင်းက ဒီခေတ်က မဟုတ်ဘူး .. အဲဒီအလောင်းက အသက်ရှင်လာနိုင်တဲ့ လက္ခဏာမရှိပေမယ့် သူက အရမ်းကို အဖိုးတန်တဲ့အခေါင်းထဲမှာ လဲနေတာလို့ ပြောကြတယ် .. ပြီးတော့ အဲဒီအခေါင်းထဲမှာ တစ်ခြား ပူဇော်ထားတာတွေလည်းရှိတယ်တဲ့”

ထာဝရချင်း မြေအောက်လောကအကြောင်း ပြောလိုက်သည်။ ထိုနေရာများတွင် အဆင့်လွန်သက်ရှိများ မရှိသော်လည်း သူတို့ကို ရန်စလိုက်လျှင် ဘာဖြစ်လာနိုင်သည်ဆိုသည်ကို သိနိုင်ရန် ခက်ကြောင်း ပြောလိုက်သည်။

“မသေသေးတဲ့စစ်သူရဲတွေလား..” ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။

သူ နယ်ခြားစပ်၌ ရှိနေစဉ်က မသေသေးသည့်စစ်သူရဲများ စီရင်စုသုံးထောင်သို့ ရောက်လာကာ လက်ရှိ မြေအောက်လောက၌ နေနေကြောင်း သိခဲ့သည်ပင်။ သူနှင့်တိုက်ခိုက်ခဲ့သည့် အနက်ရောင်နတ်သားတော်ပင်လျှင် အတော်လေး ထူးခြားသည့်ဇစ်မြစ်ရှိသည်ပင်။

သူတို့နှစ်ဦးသည် အတော်လေး စကားပြော၍ကောင်းနေကြသည်။

ဤသတင်းများကို သိပြီးနောက် ရှီဟောင် ထာဝရဝမ်ကိုသာ စိတ်အဝင်စားဆုံးဖြစ်သည်ကို တွေ့လိုက်ရသည်။ သို့မဟုတ် သူ အကြောက်ဆုံးသူဟုလည်း ပြော၍ရသည်။

အဘယ်ကြောင့်ဆိုသော် ဤလူမှာ ထူးဆန်းလွန်းလှသည်။

ဤလူမှာ မုန့်ထျန်းကျန်းနှင့် ထိပ်တိုက် တိုက်ခိုက်ရဲသည့်သူပင်။

“အဲဒီလသားကလေးဘေးမှာ အရေခွံဟောင်းနဲ့ အမည်းရောင်လက်သည်းခွံတွေ ရှိတယ်ဆို .. အဲဒါတွေအားလုံးက သူ့ဟာတွေလား..” ရှီဟောင်းမေးလိုက်သည်။

ထာဝရဝမ်က တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ..

ဖြစ်နိုင်ချေတစ်ခုကို သူတွေးမိသွားသသည်။ ထာဝရဝမ်က ဒုတိယဘဝကို ရသွားတာဖြစ်လိမ့်မယ်လို့ ပြောကြတာမလား .. အဲဒါက အဲဒီသွေးအိုင်ကြောင့်များလား..

“ကျွန်တော် ချင်းဟောင်အတွက် အတော်လေးစိုးရိမ်မိတယ် .. သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ထာဝရအရိုးက တစ်ခုခုမမှားဘူးဆိုတာ သေချာလား..” မထင်မှတ်ထားသည့်အရာတစ်ခုခု ဖြစ်သွားမည်စိုးသောကြောင့် ရှီဟောင် ထာဝရချင်းကို အလျင်စလို မေးလိုက်သည်။

“ငါက သူ့ကိုကူညီချင်ရုံပါ .. တကယ်လို့ မကောင်းတာတစ်ခုခုဖြစ်မယ်ဆိုရင်တောင် အဲဒါက ငါပဲဖြစ်လိမ့်မယ် .. တစ်ခြားလူဖြစ်မှာမဟုတ်ဘူး” ထာဝရချင်း သက်ပြင်းချ၍ ပြောလိုက်သည်။

သူ့ကို အိုမင်းခြင်းမရှိသည့်ကောင်းကင်ဘုရင်ဟုလည်း ခေါ်ကြသည်ပင်။ ယခင်ကတည်းက ယခုအချိန်ထိ သူ၏သွင်ပြင်မှာ ပြောင်းလဲသွားခြင်းမရှိ။ အမြဲတမ်း ငယ်ရွယ်နေသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတစ်ခါအိပ်လိုက်သည်နှင့် နှစ်ပေါင်းတစ်သိန်း ကြာသွားသည်။ သူမျက်လုံးပွင့်လာသည့်အချိန်တွင် လောကကြီးမှာ လုံးဝပြောင်းလဲသွားလေပြီ။

သို့သော် သူ၏အပြင်ပန်းပုံစံမှာ ပြောင်းလဲမသွားခဲ့။

“စီနီယာက ကိုယ်တိုင်ကြုံခဲ့ရတဲ့သူဆိုတော့ စီနီယာရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုထူးဆန်းမှုတွေ ရှိခဲ့သေးလဲ .. စီနီယာ ဘာကိုမှ မတွေ့ခဲ့ဘူးလား..” ရှီဟောင်မေးလိုက်သည်။

“ဘာမှမတွေ့ဘူး .. အားလုံးက အရမ်းကို သာမန်ဖြစ်နေတယ် .. ဒီတစ်လျှောက်လုံး စစ်ဆေးခဲ့တာတောင်မှ ဘာမှ မတွေ့ခဲ့ဘူး..” ထာဝရချင်း ပြောလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲ၌ တစ်ခုခုဖြစ်နေမှန်း သူသိသော်လည်း သူ ဘာကိုမှ ရှာမတွေ့ခဲ့။ အသက်ကြီးလာသည့် လက္ခဏာ နည်းနည်းလေးပင် မရှိ။

“ငါ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတစ်ခုခု ဖြစ်သွားလိမ့်မယ်လို့ ငါထင်တယ် .. ဒါပေမဲ့ ဒါက အမြင်သက်သက်ပဲရှိတာ သက်သေမပြနိုင်သေးဘူး” ထာဝရချင်း ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရသည်။ ဤသတင်းသာ ပျံ့သွားပါက မရေမတွက်နိုင်သည့်လူများ မနာလိုဖြစ်သွားကြမည်ပင်။

သူသည် နည်းနည်းလေး အိပ်လိုက်သည်နှင့် ကျင့်ကြံစရာမလိုပဲ ကောင်းကင်ကို ဆန့်ကျင်နိုင်နေလေပြီ။

“ကျွန်တော် ဒီကိုလာတာက ကျွန်တော့်မိဘနဲ့ညီလေးကို တွေ့ဖို့လာတာ..” ရှီဟောင်ပြောလိုက်သည်။

သူ့မိဘများနှင့် ကွဲကွာနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေလေပြီ။ သူတို့သည် သူ နယ်ခြားစပ်၌ တိုက်နေရသည်ထက် ပိုလုံခြုံမည်ကို သိသော်လည်း သူ သူတို့ကို စိတ်ပူနေဆဲပင်။

ချင်းဟောင်နှင့်ကတော့ တွေ့သည်မှာ မကြာသေး။ သူတို့နှစ်ဦးလုံး ကောင်းကင်ဘုံကိုးခုထဲသို့ ဝင်ခဲ့သည်ပင်။

ချင်းဟောင်လည်း နယ်ခြားစပ်သို့ သွားခဲ့သည်။ သို့သော်လည်း ခဏကြာပြီးနောက် သူ့ကို ပြန်ပို့ခဲ့သည်ပင်။

အဘယ်ကြောင့်ဆိုသော် ချင်းဟောင်သည် ငယ်လွန်းသေးသည်။ သူ့ထံတွင် အလားအလာများ ရှိနေသည်။ သူသာ နယ်ခြားစပ်၌ သေဆုံးသွားလျှင် အလွန်နှမြောစရာကောင်းလိမ့်မည်။ ထို့ကြောင့် သူသည် အရင်ဆုံးပြန်လွှတ်လိုက်သည့်သူများထဲ၌ ပါလာသည်ပင်။

“သူတို့အားလုံး နေကောင်းပါတယ် .. မင်းအဖေလည်း ဒီမှာပဲ” ထာဝရချင်း ပြောလိုက်သည်။

ရှီဟောင် စိတ်အေးသွားကာ သက်မချလိုက်သည်။

ခဏကြာပြီးနောက် သူ၏မျက်လုံးများ တောက်ပလာကာ “ကျွန်တော် စီနီယာတို့ကို ရှာခိုင်းချင်တဲ့ လူတစ်ယောက်ရှိတယ်..”

“ဘယ်သူလဲ..”

“အားမန်” ရှီဟောင် ပြောလိုက်သည်။

သူ၏ အဆင့်လွန်အရိုးကို ဆုံးရှုံးလိုက်ရစဉ်က သူ့ဘေးနား၌ မိန်းကလေးတစ်ဦး အမြဲတမ်း ရှိနေခဲ့ကာ သူ့အား အလွန်ဂရုစိုက်ခဲ့သည်ပင်။

သေချာပြန်စဉ်းစားကြည့်လိုက်လျှင် ထိုထက်မြက်သည့် ကလေးမလေးကြောင့်သာမဟုတ်ပါက သူ ထိုကတည်းက သေသွားလောက်လေပြီ။

အတိတ်မှ ရှီဟောင်ဟာ တကယ်ကို သနားစရာကောင်းလှသည်။ သူ၏သွေးစွမ်းအင်များ ခမ်းခြောက်သွားသည့်အပြင် သူ့စိတ်လည်း ဖရိုဖရဲဖြစ်နေကာ မှတ်ဉာဏ်များလည်း ဆုတ်ယုတ်နေကာ ဘာကိုမှ မမှတ်မိတော့။

ထိုအချိန်က ထိုမိန်းကလေးသည် ငိုကြွေးကာ သူသည် သဘာဝအတိုင်းမွေးဖွားလာသည့် အဆင့်လွန်သက်ရှိတစ်ဦးဖြစ်ကြောင်း၊ သူ မည်သူဖြစ်သည်ကို မေ့ပစ်၍မရသလို သူမနာမည် အားမန်လို့ခေါ်သည်ကိုလည်း မေ့၍မရကြောင်း ထပ်ခါတလဲလဲ ပြောခဲ့သည်ပင်။

နောက်ပိုင်း ရှီဟောင် ကျောက်တုံးကျေးရွာသို့ ပို့ခံလိုက်ရပြီးနောက် ထိုမိန်းကလေးကို ထပ်မတွေ့ရတော့။

“အားမန်က ကျွန်တော့်အဖိုးနဲ့အတူတူ အဆင့်မြင့်နယ်မြေကို လာခဲ့တယ် .. ဒါပေမဲ့ စီနီယာတို့က ကျွန်တော့်အဖိုးကို အကျဉ်းထောင်ပို့ပစ်ပြီးတေ့း သူမကိုလည်း ဒုက္ခပေးခဲ့တယ်..” ရှီဟောင်၏အမူအရာမှာ ညင်သာမနေတော့ပေ။

“မိသားစုတစ်စု ကြီးထွားလာတာနဲ့ လူပေါင်းစုံရှိလာနိုင်တယ်ဆိုတာ မင်းသိသင့်တယ် .. အပြင်ဘက်မှ နေမင်းကြီးတောက်ပနေပြီး ပန်းနံ့တွေ သင်းပျံ့နေပေမယ့် ပိုးကောင်တွေလည်း ရှိနေနိုင်တယ်” ထာဝရချင်း ပြောလိုက်သည်။

ထို့အပြင် ထိုအချိန်တုန်းက အဖိုး ၁၅ တွေ့ကြုံခဲ့ရသည့် နှိပ်စက်မှုများအကြောင်းကို ကြားလိုက်ရသည်နှင့် ရှီကျီလင်းသည် ဒေါသထွက်ကာ လူတစ်စုနှင့် ရင်ဆိုင်ခဲ့ကြောင်း သူထပ်ပြောပြလိုက်သည်။

“အားမန်ရော..” ရှီဟောင် ထပ်မေးလိုက်သည်။

အားမန်သည် ပါရမီကောင်းလှပြီး ချင်းမိသားစုမှ သူ့အား တပည့်အဖြစ်အတင်းခေါ်ဆောင်သွားကြောင်း သူ့အဘိုး သူ့အား ပြောခဲ့သေးသည်။

ယခင်က ရှီဟောင် အားမန်ကို တစ်ကြိမ်ထက်မနည်း ကယ်တင်ချင်ခဲ့သည်။ သူ့အတွက်တော့ ဤလူသည် သူ့ကလေးဘဝအတွက် အရေးအပါဆုံးလူပင်။

သူ၏ အဆင့်လွန်အရိုးကို ဆုံးရှုံးလိုက်ရစဉ်က အားလုံး သူ့ကို ပစ်ပယ်ထားကြသည်။ သူ၏မိဘများနှင့် အဘိုးအဘွားများ သူ့နား မရှိခဲ့ကြ။ ထိုကြင်နာတတ်သည့်မိန်းကလေးသာ သူ့ကို ဂရုစိုက်ပြီး သူမည်သူဖြစ်သည်ကို မေ့ပစ်၍မရကြောင်း၊ သူမကို မေ့ပစ်၍မရကြောင်း ငိုကြွေးကာ ပြောဆိုနေခဲ့ခြင်းပင်။

“သူမ အဆင်ပြေတယ် .. သူ့ရဲ့ပါရမီတွေက ထူးခြားတယ် ..သူက အစောကြီးကတည်းက ထွက်သွားခဲ့တာ .. ငါ လူတစ်ချို့ကို ရှင်းပစ်ပြီးတဲ့နောက် သူ ပိုပြီးလုံခြုံလာတယ် .. နောက်ပိုင်း သူတစ်ခေါက်ပြန်လာပြီးတော့ မင်းအမေနဲ့ အချိန်အတော်ကြာတဲ့အထိ နေသွားသေးတယ် .. နောက်ပိုင်း မင်းအဖိုးရောက်လာပြီးတော့ သူ့ကို ခေါ်သွားတာ” ထာဝရချင်း ပြောလိုက်သည်။

ရှီဟောင် နောက်ဆုံးတော့ စိတ်အေးသွားလေပြီ။ ဤနှစ်တစ်လျှောက်လုံးတွင် အားမန် တစ်ခုခုဖြစ်မည်ကို သူအမြဲတမ်းစိုးရိမ်နေခဲ့သည်ပင်။

“အဖေ .. အမေ..”

ခဏကြာပြီးနောက် ရှီဟောင် ရှီကျီလင်းနှင့် ချင်းရိနင်ကိုတွေ့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“သားလေး..” ချင်းရိနင်သည် ပထမပိုင်းတွင် ငေးကြောင်နေလေ၏။ ပြီးနောက်မှ မျက်ရည်များ စီးကျလာကာ တရှိန်ထိုး ပြေးလာလေသည်။

ရှီကျီလင်းသည်လည်း မျက်ရည်များ ကျမလာအောင် ထိန်းနေရသည်ပင်။ သူ လမ်းလျှောက်သွားကာ သူ့အကြီးဆုံးသားကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။ သူ ဤနေရာသို့ ပြန်လာခဲ့ခြင်းမှာ သူ့သားနှစ်ယောက်လုံး ဤနေရာ၌ ရှိ‌နေလိမ့်မည်ဟု သိထားသောကြောင့်ပင်။

သူနှင့် ချင်းမိသားစုကြားမှ ရန်ငြိုးမှာ ပြေပျောက်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စနှင့်ပတ်သက်သည့်သူများကို ထာဝရချင်းမှ ရှင်းပစ်လိုက်ပြီး ထိုလူများလောကထဲ၌ မရှိတော့။

“ကလေး .. တကယ် မင်းပဲ .. မင်း ထွက်သွားတာ နှစ်တွေ အများကြီး ကြာနေပြီ .. မင်းကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးထင်နေတာ” ချင်းရိနင် ကျယ်လောင်စွာ ငိုကြွေးလိုက်ပြီး ရှီဟောင်၏လက်မောင်းများကို ဆုတ်ကိုင်ထားသည်။

သူမ ရှီဟောင်ကို စိတ်ပျက်စေမိပြီဟု သူမ အမြဲတမ်းခံစားနေရသည်ပင်။

အထူးသဖြင့် ချင်းဟောင် ပြန်ရောက်လာကာ သူ့အစ်ကိုကြီး၏ နယ်ခြားစပ်မှ အောင်မြင်မှုများကို လာပြောပြသည့်အချိန်တွင် သူမ ထိတ်လန့်ကာ ကြောက်ရွံ့မိသည်။

“ကလေး .. မင်း နယ်ခြားစပ်မှာ တိုက်ခိုက်ပြီးတော့ ခါးသီးမှုတွေကို ခံစားခဲ့ရတယ် .. အဲဒီမှာ သားလေးအသက်စွန့်ပြီးတော့ တိုက်ခဲ့ရတယ်..” သူ ထပ်ပျောက်သွားမည် စိုးသောကြောင့် ချင်းရိနင် သူ့အား လွှတ်မပေးချင်တော့။

ရှီကျီလင်းလည်း ဝမ်းနည်းဝမ်းသာ ဖြစ်နေသည်ပင်။ ရှီဟောင်၏အောင်မြင်မှုများကို သူလည်း သိထားသည်ပင်။

သူ့မျက်လုံးထဲတွင် သူ၏အကြီးဆုံးသားသည် မယုံကြည်နိုင်သည့်လမ်းကို လျှောက်နေသည့်သူဖြစ်ပြီး သူ၏အနာဂတ်မှာ သေချာပေါက် ပြိုင်ဘက်ကင်းနေမည်ပင်။

သူတို့ တစ်ယောက်နှင့်တစ်ယောက် ပြောစရာစကားအများကြီး ရှိနေသည်။ ဤညကတော့ သက်ဝင်လှုပ်ရှားသည့်ညတစ်ည ဖြစ်တော့မည်ပင်။

ချင်းဟောင်လည်း ရောက်လာကာ ဘေးဘက်၌ ရပ်နေသည်။ သူသည် အလွန်ပင် စိတ်ပျက်နေလေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အင်ပါယာဂိတ်မှ အစောကြီး ပြန်ပို့ခံလိုက်ရကာ နောက်ဆုံးတိုက်ပွဲအား လွဲချော်သွားခဲ့သည်ပင်။

သူ့အစ်ကိုကြီးသည် ဧကရာဇ်ကလန်များကို တစ်ယောက်ပြီးတစ်ယောက်သတ်သည့်အပြင် ပို၍ ထိတ်လန့်စရာကောင်းသည့်အရာများကို လုပ်ခဲ့ကြောင်း ထာဝရချင်း သူ့အား ပြောပြပြီးသားဖြစ်သည်။

သူသည် သူ့အစ်ကိုကို အမြဲတမ်း ကျော်တက်ချင်နေခဲ့သော်လည်း ယခုတော့ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ သူ့အစ်ကိုသည် ဤခေတ်ကြီး၏ အခမ်းနားဆုံးစစ်ပွဲအောင်မြင်မှုများကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသူသိသည်ပင်။ ယခုအချိန်တွင် သူနှင့်ယှဉ်ရန် အလွန်ခက်ခဲလိမ့်မည်။

အနည်းဆုံးတော့ ဤအသက်လေးဖြင့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်သည့်သူ တစ်ယောက်မှ မရှိဖူးခဲ့။

နောက်နှစ်ရက်အတွင်းတွင် စကားများ ဆက်တိုက်ပြောနေရသည့်သူမှာ ရှီဟောင်ပင်။ အဘယ်ကြောင့်ဆိုသော် သူ့မိဘများသည် သူကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ပြန်ပြောပြခိုင်းနေသည်ပင်။

ဤအတောအတွင်း ချင်းရိနင်သည် ပျော်ရွှင်လိုက်၊ စိတ်လှုပ်ရှားလိုက်ဖြစ်နေပြီး သူမကလေး၏ ထိတ်လန့်စရာကောင်းသည့်အတွေ့အကြုံများကို အံ့အားသင့်နေရသည်။ တစ်ခါတစ်ရံတွင်လည်း ဝမ်းနည်းစွာ ငိုကြွေးနေတတ်သည်ပင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏လမ်းမှာ ခက်ခဲလှပြီး သူရရှိခဲ့သည့်အောင်မြင်မှုမှာ သူခံစားခဲ့ရသည့်ဒုက္ခများနှင့် ထပ်တူကျနေသည်ပင်။

“အဖေ၊ အမေ .. ဘိုးဘိုးလာတုန်းက အားမန်ကို ဘယ်ခေါ်သွားတာလဲ..”

သူ ဤနေရာသို့ ရောက်နေသည်မှာ နှစ်ရက်ရှိနေပြီဖြစ်ပြီး ယခု သူ ဤနှစ်ယောက်ကို သွားရှာတော့မည်ဖြစ်သဖြင့် သူ ဤကိစ္စကို မေးလိုက်သည်။

ဤအကြောင်းပြောလိုက်သည်နှင့် ထိုဇနီးမောင်နှံ၏ အမူအရာများ တောင့်တင်းသွားလေ၏။

“ဘာလို့လဲ … ဘာဖြစ်ခဲ့လိုလဲ…” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏နှလုံးသားလည်း လည်ချောင်းထိပင် ရောက်နေပြီဖြစ်သည်။

“သားရဲ့အဘိုးက အရင်တုန်းက မိစ္ဆာကျွန်းကနေ နတ်ဆိုးဘုရင်ရဲ့သွေးအစစ် ရလာဖူးတယ် .. အခုတလော သူ့ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ဖြစ်လာတယ် .. အဲဒီတော့ အားမန်က အဖြေရှာချင်လို့ဆိုပြီး မိစ္ဆာကျွန်းကို တိတ်တိတ်လေး ခိုးသွားလိုက်တာ .. နောက်တော့ သူတို့တွေ တစ်ခုခုကို ရန်စမိသွားတာ .. အခု သူတို့နှစ်ယောက်လုံး မိစ္ဆာကျွန်းမှာပဲ ရှိနေမယ်ထင်တယ်”

“ဘာ..” ရှီဟောင် ထိတ်လန့်သွားရသည်။ သူ မတည်ငြိမ်နိုင်တော့။ သူ ထိုနေရာသို့ မြန်မြန်သွားရမည်။

မိစ္ဆာကျွန်း၏ အတွင်းဘက်ဆုံးအပိုင်းမှာ မည်မျှကြောက်စရာကောင်းကြောင်း သူ့အပြင် မည်သူမှ ပိုမသိနိုင်။

ယခင်က သူ ထိုနေရာမှ အသက်ရှင်နိုင်ရုံ ထွက်လာနိုင်ခဲ့ခြင်းပင်။

ပို၍ အရေးကြီးသည်မှာ မိစ္ဆာကျွန်းအတွင်းပိုင်းတွင် နတ်ဆိုးဘုရင်လား၊ ထာဝရသက်ရှိတစ်ဦးလား မသိရသည့် အုတ်ဂူတစ်ခု ရှိနေသည်ပင်။

ရှီကျီလင်း သက်ပြင်းချလိုက်၏။ သူသည် ယခင်က ဒေါသတကြီးဖြင့် ထိုနေရာသို့ သွားခဲ့သည်။ သို့သော်လည်း သူနှင့် ချင်းရိနင်သည် သေမလိုဖြစ်ခဲ့ကာ ကျိန်စာသင့်ပြီး ပြန်လာခဲ့ရသည်။ သူတို့အသက်ကို ကယ်တင်နိုင်ရန်အတွက် ထာဝရချင်းအား လိုအပ်ခဲ့သည်ပင်။

“ကျွန်တော် မိစ္ဆာကျွန်းကို သွားမယ်..” ရှီဟောင်ပြောလိုက်သသည်။

“ကျွန်တော်လည်း ဘိုးဘိုးကို သွားကမယ်မယ်..” ချင်းဟောင် ပြောလိုက်၏။ သူ ဤအကြောင်းကို မသိရသေး။ ယခု သူ ရှီဟောင်နှင့် အတူတူ သွားချင်သည်။

ရှီဟောင် ခေါင်းခါလိုက်၏။ သူ၏ညီလေးကို အန္တရာယ်များသည့်နေရာသို့ သူခေါ်မသွားချင်။

ဤခေတ်တွင် မုန့်ထျန်းကျန်းရှေ့၌ ထာဝရတရားကို ရရှိခါနီး၊ သို့မဟုတ် ရရှိပြီးသွားသည့် သူသုံးဦးရှိခဲ့ဖူးသည်။ သို့သော်လည်း သူတို့အားလုံး အဆုံးသတ်မကောင်းခဲ့။ ထိုသူများမှာ ယဲ့ချင်းယု၊ မိုဝူတောင်နှင့် နတ်ဆိုးဘုရင်တို့ပင်။

ယခုတစ်ခေါက် ရှီဟောင် ထိုနေရာ၏ အတွင်းဘက်ဆုံးပိုင်းထိသို့ရောက်အောင်သွားချင်သည်။

ယခု သူပို၍ သန်မာလာလေပြီ။ သူ ထိုနေရာသို့သွားကာ ကိစ္စများကို ပိုနားလည်အောင် လုပ်နိုင်ပြီဟု သူခံစားနေရသည်။

အပိုင်း ၁၈၈၂ ပြီး၏။
Chapter – 1883 မိစ္ဆာကျွန်းသို့ ပြန်သွားခြင်း

ချင်းဟောင်သည် ဒေါသတကြီးဖြင့်ပင် သွားချင်ကြောင်း ပြောနေသည်။ သူသည် ယခင်က အလွန်ခေါင်းမာကာ မာနကြီးခဲ့ပြီး သူ့အဘိုးကို ထိခိုက်အောင် လုပ်ခဲ့သည်။ ထို့ကြောင့် ယခု သူ့အမှားကို ပြန်ပြင်ဆင်ချင်သည်။

သို့သော်လည်း ရှီဟောင်ခေါင်းခါကာ ငြင်းဆန်နေဆဲပင်။ သူ့အား သွားခွင့်မပေး။ အကြောင်းပြချက်မှာ ရှင်းသည်။ ထိုနေရာသည် အန္တရာယ်များလှသည်။ သူတို့မိဘဘေးတွင် လူတစ်ယောက်တော့ ရှိနေရမည်။ ချင်းဟောင်သွားလျှင် သူ နေခဲ့ရလိမ့်မည်။

ချင်းဟောင် ခေါင်းငုံ့လိုက်ကာ တွန့်ဆုတ်စွာဖြင့်ပင် သဘောတူလိုက်သည်။

ရှီကျီလင်းနှင့် ချင်းရိနင်တို့နှစ်ဦးလုံး ချက်ချင်း အလွန်စိုးရိမ်သွားကြရသည်။ ရှီဟောင် ထပ်ပြီး အန္တရာယ်ကြုံတွေ့ရမည်ကို သူတို့ စိုးရိမ်လာကြသည်။

သူတို့၏သားကြီးကို သူတို့အမြဲတမ်း ရှက်ရွံ့နေခဲ့ရသည်ပင်။ ယခု သူ ဘေးကင်လုံခြုံစွာ ပြန်လာပြီဖြစ်သောကြောင့် သူတို့ သူ့အား အန္တရာယ်ထပ်မကြုံစေချင်တော့။

“သားလေး .. သားလေးရဲ့ကျင့်ကြံဆင့်က နက်နဲပြီးတော့ ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ ဂျီးနီးယပ်စ်ထက်တောင် သာလွန်နေတယ်ဆိုတာ အမေတို့သိပါတယ် .. ဒါပေမဲ့ အဲဒီနေရာက နတ်ဆိုးဘုရင်ကျသွားခဲ့တဲ့နေရာ .. သားလေး သတိထားရမယ်နော်..” ချင်းရိနင် မျက်ရည်များဖြင့် ပြောလိုက်သည်။

ရှီဟောင် ပြန်ရောက်လာခဲ့ပြီဖြစ်သောကြောင့် ဤနှစ်ရက်အတွင်းတွင် သူမ အလွန်စိတ်လှုပ်ရှားနေရကာ အလွန်ပျော်ရွှင်နေရသည်ပင်။ သို့သော် ယခုတော့ သူတို့ထပ်ခွဲခွာရဦးမည်။

အဘိုး ၁၅ ကို သွားရှာရမည်ဖြစ်သောကြောင့်သာ။ မဟုတ်ပါက သူတို့ ရှီဟောင်အား သေချာပေါက် လွတ်မည်မဟုတ်။

“စိတ်မပူပါနဲ့ .. ကျွန်တော် ယုံကြည်ချက်ရှိပါတယ် .. အရင်တုန်းက ကျွန်တော် အဲဒီနေရာကိုသွားပြီး အုတ်ဂူပေါ်တောင် တက်ပြီးသွားပြီ .. အဲဒီတော့ ကျွန်တော် သိပ်ကြောက်စရာမလိုတော့ဘူး” ရှီဟောင် ပြောလိုက်သည်။

ယခင်က ထိုနေရာ၌ သူ လျှပ်စီးစွမ်းရည်ရှိသည့်ဆေးပင်များ ခူးခဲ့သေးသည်။ ဤဆေးပင်များကြောင့် သူ၏လျှပ်စီးတာအိုနတ်စွမ်းရည် အတော်လေး တိုးတက်ခဲ့သည်ပင်။

ခပ်ဝေးဝေးမှ ထာဝရချင်း သက်ပြင်းချလိုက်သည်။ လူငယ်လေးတစ်ယောက် ဤမျှရဲဝံ့နေသည်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။

ထိုနေရာမှာ နတ်ဆိုးဘုရင် ကျဆုံးခဲ့သည့်နေရာပင်။ မည်သူကများ ထိုအုတ်ဂူနားသို့ ရောက်အောင်သွားနိုင်ခဲ့သနည်း.. သာမန်လူများမပြောနှင့် ထာဝရချင်းပင် မစွန့်စားရဲခဲ့။

သို့သော် လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ဤလူငယ်လေး ဆယ်ကျော်သက်အရွယ်၌ ဤလူငယ်လေး ထိုနေရာသို့ သွားခဲ့သည့်အပြင် အောင်လည်းအောင်မြင်ခဲ့သည်။

“သူ နယ်ခြားစပ်မှာ ရန်သူတွေအားလုံးကို ရှင်းနိုင်ခဲ့တာက အကြောင်းပြချက်မရှိပဲနဲ့ ဖြစ်လာတာမဟုတ်ဘူး .. သူ ဒီလိုမျိုးလုပ်နိုင်လိမ့်မယ်ဆိုတာ ပြသတဲ့ နမိတ်တွေ အများကြီး ရှိခဲ့ပြီးသား..” ထာဝရချင်း သူ့ကိုယ်သူ ပြောလိုက်သည်။

“အဖေ … အမေ စိတ်မပူပါနဲ့ .. ကျွန်တော် ပြန်လာတာကို စောင့်နေပါ..” ရှီဟောင် ပြောလိုက်သည်။

သူတို့ အဆင့်နိမ့်နယ်မြေသို့ အတူတူပြန်ကာ ကျောက်တုံးကျေးရွာသို့ သွားမည်ဟု သဘောတူထားပြီးသားပင်။

သူ ထွက်မသွားခင် ထာဝရချင်းရောက်လာကာ သူ့အား ချပ်ဝတ်တန်ဆာတစ်ခု ပေးခဲ့သည်။ ထိုချပ်ဝတ်တန်ဆာသည် ငွေရောင်အလင်းတန်း တောက်ပနေကာ တာအိုအော်ရာများလည်း ရှိနေ၏။

ချင်းမိသားစုမှ လူများစွာ ထိတ်လန့်သွားခဲ့ရသည်။ ထာဝရချင်း ဤချပ်ဝတ်တန်ဆာကို လက်ဆောင်ပေးလိမ့်မည်ဟု ထင်မထားခဲ့။

“အစ်ကိုကြီး .. အစ်ကိုကြီး ဒါကို ဝတ်လိုက်တာနဲ့ အစ်ကိုကြီးရဲ့ ခွန်အားတွေ တိုးလာပြီး ခန္ဓာကိုယ်ကို ကာကွယ်ပေးလိမ့်မယ် .. အစ်ကိုကြီး ဒါကို ဝတ်လိုက်တာနဲ့ ဒီလောကကြီးမှာ အစ်ကိုကြီးနဲ့ ယှဉ်နိုင်တဲ့သူ ရှိတော့မှာမဟုတ်ဘူးဆိုတာ ကျွန်တော် ယုံကြည်တယ်” ချင်းဟောင် ပြောလိုက်သည်။

ဤသည်မှာ သက်ရှည်စစ်ပွဲချပ်ဝတ်တန်ဆာဟု ခေါ်သည့် ချပ်ဝတ်တန်ဆာပင်။

ရှီဟောင် ဤချပ်ဝတ်တန်ဆာအကြောင်းကို အစောကြီးကတည်းက သိထားပြီးသားပင်။ ဤချပ်ဝတ်တန်ဆာသည် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို အဆင့်တစ်ခုလုံး မြှင့်တင်ပေးနိုင်သည်ပင်။

ဤချပ်ဝတ်တန်ဆာသည် အလွန်ပင် ကြောက်စရာကောင်းလှသည်။

ဒီပစ္စည်းထက် အားကောင်းတဲ့ပစ္စည်းရှိပါ့မလား ..

အထူးသဖြင့် ရှီဟောင်ကဲ့သို့သော လူမျိုးအသုံးပြုလိုက်သည့်အချိန်တွင်ပင်။

“ဝတ်ထားလိုက်ပါ .. ဒါက မင်းကို ကာကွယ်ပေးနိုင်တယ်” ထာဝရချင်း ပြောလိုက်သည်။

“ဒီချပ်ဝတ်တန်ဆာက တကယ်ပဲ ကျင့်ကြံဆင့်တစ်ဆင့်လုံး တိုးသွားအောင် လုပ်နိုင်တာလား..” ရှီဟောင် ဤငွေရောင်ချပ်ဝတ်တန်ဆာကို အတော်လေး စိတ်ဝင်စားမိသည်။ သူသည် ဤချပ်ဝတ်တန်ဆာကို လက်ခံရရှိပြီးသည်နှင့် သေချာလေ့လာနေကာ ဤချပ်ဝတ်တန်ဆာကို ဖြုတ်ကြည့်ရန်ပင် ကြိုးစားလိုက်လေ၏။

ထာဝရချင်းနှင့် ချင်းဟောင်တို့နှစ်ဦးလုံး မျက်နှာများမည်းမှောင်သွားကြသည်။ ဤသို့လုပ်လိုက်လျှင် ချပ်ဝတ်တန်ဆာ ပျက်စီးသွားနိုင်သည်ပင်။

“ဒီလောကကြီးကို ဆန့်ကျင်လို့ မရဘူးဆိုတာ မင်းသိပါတယ် .. ဘာကမှ အဆင့်လွန်တာအိုနဲ့ လောကကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မကျော်လွန်နိုင်ဘူး .. ဒီချပ်ဝတ်တန်ဆာလည်း အတူတူပဲ” ထာဝရချင်း ရှင်းပြလိုက်သည်။

ဤချပ်ဝတ်တန်ဆာသည် ကောင်းကင်ကြီးကို ဆန့်ကျင်နိုင်သော်လည်း အကန့်အသတ်ရှိသည်ပင်။ သူသည် အဆင့်လွန်သက်ရှိအဆင့်အောက်ကိုသာ အဆင့်တက်၍ရသည်။

ဤလောကတွင် မည်သူမှ ထာဝရသက်ရှိမဖြစ်နိုင်။ အဆင့်လွန်သက်ရှိ ဤချပ်ဝတ်တန်ဆာကို ဝတ်လိုက်လျှင်ပင် သူ သေမျိုးလောကကြီး၏ တာအိုအချုပ်အနှောင်များမှ လွတ်မြောက်နိုင်မည်မဟုတ်။

ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူ ဝတ်လိုက်လျှင်ပင် သူတို့ အဆင့်လွန်သက်ရှိနယ်ပယ်သို့ ရောက်ရန် ခက်ခဲလိမ့်မည်။ သူတို့ခွန်အားသာ အနည်းငယ် တိုးသွားလိမ့်မည်ပင်။

သို့သော် ကျင့်ကြံဆင့်နိမ့်သည့်သူများအတွက်တော့ ဤချပ်ဝတ်တန်ဆာသည် ကျင့်ကြံဆင့်တစ်ခုလုံးစာ အင်အားတိုးလာနိုင်သည်ပင်။

“ဒီလိုမျိုးကိုး..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

သက်ရှည်ချပ်ဝတ်တန်ဆာနှင့် ကောင်းကင်ဘုရင်လေး၏ အပြာရောင်ချပ်ဝတ်တန်ဆာမှာ အတူတူပင်။ ဤပစ္စည်းနှစ်ခုလုံး၌ ကန့်သတ်ချက်များ ရှိနေသည်ပင်။

“စီနီယာ ရခဲ့တဲ့ ရတနာတွေက တကယ်ကို ထူးခြားတာပဲ..” ရှီဟောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်ကာ သူ့ကိုယ်သူ သေချာဆန်းစစ်ကြည့်လိုက်သည်။ သူ ယခင်ကထက် ပို၍ အားကောင်းလာသည်ပင်။

သူ၏ခန္ဓာကိုယ်သည် ငွေရောင်တောက်ပလာကာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အလွန်သူရဲကောင်းဆန်လာသည်။

ချွမ်း..

ထို ချပ်ဝတ်တန်ဆာကို ပြန်ချွတ်လိုက်ကာ သိမ်းထားလိုက်သည်။

“ဒါတွေအားလုံးက အဲဒီအရိုးကြောင့်ပဲ” ထာဝရချင်းသက်ပြင်းချ၍ ပြောလိုက်သည်။ သူနှင့် ရှီဟောင်သာ ထိုအကြောင်းများသိထားကြသည်ပင်။ အခြားသူများ အသေးစိတ် မသိထားကြ။

ရှီဟောင် ထပ်မေးချင်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူ ခေါင်းခါပြလိုက်ကာ စိတ်ထဲ အသံပို့လွှတ်လိုက်သည်။ “ငါတို့နောက်မှ ထပ်ပြောကြမယ် .. အခွင့်အရေးရလာမှာပါ”

ရှီဟောင် ခေါင်းညိမ့်လိုက်ကာ ထွက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤချပ်ဝတ်တန်ဆာနှင့်ယှဉ်လျှင် သူ ငါးဆင့်တောင်ကို ပို၍ စိတ်ဝင်စားသည်ပင်။ ထိုတောင်သည် ထာဝရတာအိုအဆင့်လွန်ရတနာဖြစ်လောက်သည်။

အစိမ်းရောင်စစ်သင်္ဘောနှင့် ကလေးများအားလုံးကို ချင်းမိသားစု၌ နေခဲ့ရန် စီစဉ်လိုက်သည်။ ရွှေရောင်ခြင်္သေ့ကိုပင် သူ ခေါ်မသွားခဲ့။

သူ လိပ်ပြာဧကရာဇ်ကိုသာ နှိုးလိုက်သည်။

သူ့ထံ၌ အကောင်နှစ်ကောင်ရှိသည်။ လိပ်ပြာဧကရာဇ်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်။ သူတို့နှစ်ဦးလုံးမှာ အမြဲတမ်းအိပ်ပျော်နေကြသည့် အလှလေးများပင်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကတော့ အိပ်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ သူတစ်ခါမှ နိုးမလာခဲ့သေး။

သို့သော် လိပ်ပြာဧကရာဇ်ကတော့ အင်ပါယာဂိတ်တွင် နိုးထပြီးသွားပြီဖြစ်သည်။ သို့သော်လည်း သူသည် ရွှေရောင်အလင်းလုံးလေးအဖြစ် ပြောင်းလဲကာ အမြဲတမ်း အိပ်နေသည်ပင်။

ယခင်က သူ အင်ပါယာဂိတ်မှ ကျောက်တုံးကလန်၌ ထားထားခြင်းပင်။ ယခု သူ စီရင်စုသုံးထောင်သို့ ပြန်လာမှ ပြန်ယူလာခဲ့သည်ပင်။

ဤသည်မှာလည်း လိပ်ပြာဧကရာဇ်လေး၏ တောင်းဆိုချက်ကြောင့်ပင်။ သူသည် အဆင့်နိမ့်နယ်မြေမှ လာခဲ့ခြင်းဖြစ်သောကြောင့် ထိုနေရာသို့ ပြန်သွားကာ သူ့လူမျိုးစုနှင့် သက်ဆိုင်သည့်အကြောင်းအရာများအား ရှာဖွေချင်နေခဲ့သည်ပင်။

အဘယ်ကြောင့်ဆိုသော် လိပ်ပြာဧကရာဇ်လူမျိုးစုမှာ အလွန်ထူးခြားလှသည်။ စီရင်စုသုံးထောင်နှင့် ကောင်းကင်ဘုံကိုးခုတွင် သူနှင့်သက်ဆိုင်သည့်ကလန်မရှိ။

အဆင့်လွန်သက်ရှိများပင် ထာဝရရှေးဟောင်းခေတ်၌ လိပ်ပြာဧကရာဇ် သိပ်များများစားစားမရှိခဲ့ဘူးဟု ပြောကြသည်အထိပင်။ သူတို့သည် ပို၍ ရှေးကျသည့်ခေတ်များမှ ဖြစ်လောက်သည်။

..

မိစ္ဆာကျွန်းသည် ဒြပ်စင်ငါးခုစီရင်စု၏ အစွန်း၌ တည်ရှိနေခြင်းပင်။

ဤနေရာသည် အလွန်ထူးဆန်းလှကာ အန္တရာယ်များ ပြည့်နှက်နေသည်။

ရှီဟောင် ထိုနေရာသို့ အလောတကြီး ရောက်လာသည်။

မိစ္ဆာကျွန်းသည် ကျွန်းဟုခေါ်သော်လည်း ရေထဲ၌ ရှိနေခြင်းမဟုတ်၊ ကောင်းကင်ထက်၌ မျောနေခြင်းပင်။

ဤနေရာတွင် နေရာတိုင်း၌ မီးခိုးရောင်မြူများ ရစ်ဆိုင်းနေကာ အလွန်မှုန်မှိုင်းနေသည်။ ကောင်းကင်မျက်လုံးဖြင့်ပင်လျှင် ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ခက်ခဲလှသည်။

“လူငယ်လေး .. မင်း ကျွန်းဆီကို သွားမလို့လား..”

ခပ်ဝေးဝေးမှ လှေသမားတစ်ဦး သူ့အား‌ ခေါ်နေသည်။

မိစ္ဆာကျွန်း၏အပြင်ဘက် လီရှစ်ရာပတ်လည်ကို ကန့်သတ်နယ်မြေဟု ခေါ်ကြသည်ပင်။ ဤနေရာကို ပျံသန်းသွား၍မရ။

ယခင်က ရှီဟောင်နှင့် ဂျီးနီးယပ်စ်တစ်စု ဤနေရာသို့ ရောက်လာကြသေးသည်။ အချို့လူများသည် သဘာဝလွန်ကိစ္စရပ်များကို မယုံကြည်ကြသောကြောင့် ပျံသန်းရန် ကြိုးစားလိုက်သော်လည်း ထူးဆန်းသည့်ရှေးဟောင်းသားရဲများ၏ စားသုံးခြင်းခံလိုက်ရသည်။ အချို့သူများသည်လည်း ကောင်းကင်ထက်မှ အရိုးတစ်ခြား အသားတစ်ခြား ကျလာသည်ပင်။

“မလိုဘူး..” ရှီဟောင် ခေါင်းခါလိုက်သည်။ ထို့နောက် သူ့ပုံရိပ်တောက်ပသွားကာ မီးခိုးရောင်မြူထဲသို့ တန်းဝင်သွားလေ၏။

“ဘုရားရေ .. သူက အထဲကို ပျံပြီးတော့ ဝင်သွားနိုင်တာလား..” လှေလေးပေါ်မှ လှေသမား ထိတ်လန့်စွာ ပြောလိုက်သည်။

“ဟမ် .. သူက နည်းနည်းရင်းနှီးနေသလိုပဲ .. သူ့ကို မြင်ဖူးတယ်လို့ ခံစားနေရတယ် .. ဟုတ်သားပဲ .. သူက .. ဟွမ်ပဲ..” လှေသမား ထိတ်လန့်တကြား ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနှစ်က ဟွမ် အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်ခဲ့ကာ နာမည်ကြီးသွားခဲ့သည်ပင်။ သူတို့အားလုံး သူ့ပုံကို မြင်ဖူးကြသည်။

ရွှီး..

ကြည်လင်သည့် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏မူလဝိညာဉ်အလယ်ကို ဖြတ်သွားသည်။ သူသည် တစ်ခဏခန့် စိတ်လွတ်သွားပြီးနောက် သူပြန်နိုးလာသည့်အချိန်တွင် သူမြင်ခဲ့သည့်မြင်ကွင်းကို မေ့သွားလေပြီ။

ရှီဟောင် အလွန်ပင် သတိထားနေ၏။ သူ့အဘိုး ဤနေရာ၌ရှိနေသောကြောင့် သူ ပြဿနာမတက်ချင်။ ဤနေရာသို့ ရန်သူများ ရောက်လာပြီး တိုက်ပွဲဖြစ်လျှင် သူ့အတွက် အခြေအနေကောင်းမည်မဟုတ်။

သူ အလွန်သန်မာနေသော်လည်း သူမျက်မှောင်မကြုတ်ပဲ မ‌နေနိုင်။ မိစ္ဆာကျွန်းမှာ တကယ်ကို ထူးဆန်းလှပြီး ဤနေရာကို စွမ်းအားကြီးသည့်ပိုင်နက်တစ်ခုရှိနေပြီး ဤနေရာကို ပိတ်ထားသည်။

သို့သော်လည်း သူသည် ထောပတ်ကိုဖြတ်သွားသည့်ဓားပူကဲ့သို့ ဝင်သွားခြင်းဖြစ်သောကြောင့် သူ ပြန်ကန်ထွက်စရာအကြောင်းမရှိ။ သူသည် လျှပ်စီးအသွင်ပြောင်းကာ လီပေါင်း ရာပေါင်းများစွာကို ဖြတ်သွားလိုက်သည်။

ခွပ်..

တောင်တစ်လုံးကဲ့သို့ ကြီးမားလှသည့် ငွေရောင်ငါးကြီး၏ နီရဲနေသည့်မျက်လုံးများ ပွင့်လာကာ လေဟာနယ်ထဲမှ ထိုးဆင်းလာသည်။ သူသည် ပါးစပ်ကြီးဟကာ ရှီဟောင်ကို ဝါးမြိုရန် ကြိုးစားနေသည်။

ဤသည်မှာ ရေထဲ၌နေသည့်ငါးမဟုတ်။ လေဟာနယ်ထဲ၌ သွားလာလှုပ်ရှားနေသည့် ရှေးဟောင်းသားရဲကြီးပင်။ သူသည် သွေးဆာကာ ရက်စက်သည့်သားရဲပင်။

ယခင်ကသာဆိုလျှင်တော့ ရှီဟောင် ဤကဲ့သို့သော သားရဲမျိုးနှင့်တွေ့လျှင် ထွက်ပြေးရမည်ပင်။ သို့သော် ယခုတော့ သူ လက်ညှိုးထိုးလိုက်ရုံဖြင့် ထိုရှေးဟောင်းသားရဲကြီး လေဟာနယ်ထဲ၌ ပေါက်ကွဲသွားသည်။

ရှီဟောင် ကျွန်းပေါ်သို့ ရောက်သည်နှင့် အတွင်းဘက်ဆုံးပိုင်းသို့ တန်းသွားလိုက်သည်။

ဤကျွန်းကြီးမှာ အဆုံးမရှိသည့် တိုက်ကြီးနှင့်ပင် တူနေသည်။

လမ်းတစ်လျှောက်တွင် မျက်လုံးများနီရဲနေကာ ကျူးကျော်လာသည့်သူကို ပြင်းထန်စွာ တိုက်ခိုက်နေသည့် သားရဲကြီးများကိုလည်း တွေ့ခဲ့ရသည်။

ကျွန်းသည် မှောင်မဲနေကာ တစ်နှစ်ပတ်လုံး မြူဆိုင်းနေသည်။

ဖုန်း..

သားရဲကောင်းများ၊ ငှက်များ မည်မျှပင် ကြီးနေပါစေ၊ ရှီဟောင် လက်ညှိုးထိုးလိုက်သည်နှင့် မကျသွားသည့်သက်ရှိမရှိ။ မည်သူမှ သူ့ကို မတားဆီးနိုင်။

နောက်ဆုံးတော့ သူ၏ပန်းတိုင်သို့ သူ ရောက်ရှိလာလေပြီ။

ဤနေရာတွင် လျှပ်စီးများ မဆုံးနိုင်အောင်ရှိနေပြီး ကောင်းကင်တစ်ခွင်တွင်လည်း လျှပ်စီးများ ပြည့်နှက်နေသည်။

နတ်ဆိုးဘုရင်သည် ထာဝရတရားကို ရရှိပြီးနောက် ထာဝရတာအိုလျှပ်စီးများကြောင့် ပေါက်ကွဲသွားကာ ဤနေရာတွင် လျှပ်စီးတစ်ချို့ ကျန်ရှိခဲ့သည်ဟု ပြောကြသည်။

သို့သော် ဤသည်မှာ အထူးဆန်းဆုံးမဟုတ်သေး။

အထူးဆန်းဆုံးမှာ ကောင်းကင်ထက်၌ စီးဆင်းနေသည့် မြစ်တစ်စင်းပင်။ ထိုမြစ်သည် ငွေဖြူရောင်တောက်ပနေကာ လျှပ်စီးအလင်းတန်းများ ပြည့်နှက်နေသည်။ မြစ်ရေတွင် ရွှေရောင်အလင်း အစက်အပြောက်များ ရှိနေသည်။

ဤမြစ်သည် ကျွန်းတစ်လျှောက်စီးဆင်းနေခြင်းမဟုတ်ပဲ လေဟာနယ်၌ စီးဆင်းနေခြင်းပင်။

ရှီဟောင်၏အမူအရာ လေးနက်လာလေ၏။

ဤမြစ်သည် ထာဝရတာအိုလျှပ်စီးအကြွင်းအကျန်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြောကြသလို အချို့သူများသည်လည်း ဤသည်မှာ နတ်ဆိုးဘုရင်၏သွေးများ စီးဆင်းနေခြင်းဖြစ်သည်ဟု ပြောကြသည်။

အပိုင်း ၁၈၈၃ ပြီး၏။
Chapter – 1884 ကျိန်စာသင့်နေသည့် မြေ

မြစ်အဆုံးတွင် ထာဝရအုတ်ဂူတစ်ခုရှိသည်။

ထိုနေရာသည် အတော်လေး ဝေးနေသေးသည်။ လျှပ်စီးအလင်းတန်းများနှင့် ထူးဆန်းသည့်စွမ်းအင်လှိုင်းများသည် သူတို့၏ နတ်စိတ်အာရုံများကို နှောက်ယှက်နေသည်ပင်။

မြစ်ရေသည် အလွန်တောက်ပလှပြီး ရှည်လျားလှသည်။

ယခင်က ရှီဟောင် သူ၏ပန်းတိုင်ကို ရောက်ရန်အတွက် ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရသည်။

ဤနေရာတွင် လျှပ်စီးစွမ်းအားသာမက ဝိညာဉ်နှင့် အသွေးအသားကို တိုက်စားနေသည့် ကြောက်စရာကောင်းသည့် ကျိန်စာစွမ်းအားလည်း ရှိနေသေးသည်။ ဤနေရာ၌ အချိန်မရွေးသေသွားနိုင်သည်ပင်။

ရှီဟောင် လျှပ်စီးအလင်းတန်းများကို ထိုးဖောက်ကာ မြစ်ဘေး၌ လျှောက်သွားလိုက်သည်။ သူ၏ဘေးပတ်လည်ကိုလည်း သေချာလေ့လာလိုက်၏။

အဘယ်ကြောင့်ဆိုသော် မြစ်ထဲတွင် ရံဖန်ရံခါ ရှေးဟောင်းအလောင်းများ မျောပါလာတတ်သည်ပင်။

ဤမြစ်ထဲရှိ အလောင်းအားလုံးမှာ နတ်အလောင်းများပင်။ သာမန်အလောင်းတစ်ခုမှမပါ။ အားလုံးမှာ ယခင်ခေတ်မှ ထူးခြားသည့်ကျွမ်းကျင်သူများပင်။

ဤမြစ်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ယခင်က သူ၏တာအိုထိခိုက်သွားမလိုဖြစ်သွားပြီး သူ၏ပန်းတိုင်သို့ ခက်ခက်ခဲခဲဖြင့် ရောက်သွားခဲ့ခြင်းပင်။

ယခုအချိန်တွင် သူသည် ထိုအချိန်ကထက် အဆပေါင်းများစွာ စွမ်းအားကြီးနေပြီဖြစ်သော်လည်း ထိုကဲ့သို့သော စွမ်းအားကြီးမှုမျိုးမှာ ဤနေရာ၌ အသုံးမဝင်။

အဘယ်ကြောင့်ဆိုသော် ကျိန်စာစွမ်းအားသည် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို လိုက်ကာ စွမ်းအားကြီးသွားသည်ပင်။

ထို့ကြောင့် စီရင်စုသုံးထောင်တွင် စွမ်းအားကြီးသည့်သူများရှိသော်လည်း မည်သူမှ ဤနေရာကို မလေ့လာလိုခြင်းပင်။ ဤနေရာ၌ သေဆုံးသွားခဲ့ရသည့် နာမည်ကြီးဂိုဏ်းခေါင်းဆောင်အချို့လည်း ရှိခဲ့သည်ပင်။

မြစ်ရေထဲတွင် ရွှေရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားကာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူဖြင့် အလွန်ပင် အသက်ဝင်လှသည့် အလောင်းတစ်လောင်းရှိနေသည်။ ထိုလူသည် ယခင်ခေတ်မှ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်ဖြစ်လိမ့်မည်။

တိုတိုင်းကဲ့သို့သော ရှေးကျသည့်သားရဲများကို တွေ့လိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ကြီးမားလှကာ သွေးစွမ်းအင်များလည်း ပင်လယ်ကဲ့သို့ပင်။ သူတို့ထံတွင် ယခုအချိန်ထိ အသက်စွမ်းအင်လှိုင်းများ ရှိနေသေးသည်။

အမှန်တကယ်တွင်တော့ သူတို့သေဆုံးသွားကြသည်မှာ ကြာလှပြီဖြစ်သည်။ ဤမြစ်သည် ထူးဆန်းလှသည်။ သူသည် ကျူးကျော်လာသည့်သူများကို တိုက်စားပစ်သော်လည်း ရံဖန်ရံခါ အတိတ်မှ ကျွမ်းကျင်သူများ၏ စွမ်းအားများကို ပြသလေ့ရှိသည်။

ရှီဟောင် ဤနေရာသို့ ရောက်လာပြီးနောက် သူ၏အရှိန်ကို လျော့ချလိုက်သည်။

“ထဖို့အချိန်ရောက်ပြီ” ရှီဟောင် လိပ်ပြာဧကရာဇ်ကို နှိုးလိုက်သည်။

လိပ်ပြာဧကရာဇ်သည် ကလေးတစ်ယောက်ကဲ့သို့ ညည်းတွားလာလေ၏။ သူသည် ရှီဟောင်ကို သူ့အား ကာကွယ်ပေးထားပြီး သူ၏အိပ်မက်ကောင်းကို မဖျက်ဆီးရန် ပြောလာလေ၏။

ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။

သူ မြစ်ကြောင်းတစ်လျှောက် ဆက်သွားလိုက်သည်။ ခဏကြာပြီးနောက် သူမြို့ပျက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ဤမြို့လည်း ကောင်းကင်ထက်၌ ရှိနေခြင်းပင်။ သို့သော် ယခုတော့ မြို့ရိုးများသာ ရှိတော့သည်။

ဤမြို့အပြင် ကျောက်တိုင်တစ်ခုလည်း ရှိနေသည်။

ဤကျောက်တိုင်သည် အလွန်ကြီးမားလှကာ အဝေးမှပင် မြင်နေရသည်။

ဤကျောက်တိုင်သည် လူတစ်ယောက်၏ အလားအလာကို ဆန်းစစ်နိုင်သည်။ ရှီဟောင် ယခင်က သူ့နာမည်ကို ဤကျောက်တိုင်၌ ရေးထိုးထားခဲ့သေးသည်။ သူ့နာမည်သည် ထိပ်ဆုံး၌ ရှိနေသည်ပင်။

သူ ဤနေရာ၌ရပ်မနေပဲ မြစ်ကြောင်းတစ်လျှောက် ဆက်သွားလိုက်သည်။

ခွပ်…

လျှပ်စီးလက်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းကာ သာမန်လူများ ခုခံနိုင်ရန် ခက်ခဲလိမ့်မည်။

သို့သော် ရှီဟောင်ကတော့ တည်ငြိမ်နေသည်။ ယခု သူ၏ လျှပ်စီးတာအိုနတ်စွမ်းရည်မှာ ဆရာအဆင့်သို့ ရောက်နေလေပြီ။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ လျှပ်စီးလိုက်ကာ ကြားထဲတွင် လမ်းလျှောက်နေလေ၏။

ဤသည်မှာ သူ့ခန္ဓာကိုယ်ပေါ်တွင် ချပ်ဝတ်တန်ဆာ တစ်လွှာရှိနေသကဲ့သို့ပင်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ကျင့်ကြံဆင့် တိုးလာသည်နှင့် သူ ခံစားနေရသည့်ကျိန်စာစွမ်းအားလည်း များပြားလာသည်။

ယခင်ကနှင့်ယှဉ်လျှင် နည်းနည်းလေးမှ လျော့မသွား။

“ဒါက တကယ် ထူးဆန်းတာပဲ..”

သူ သက်ပြင်းချလိုက်သည်။ တစ်ခဏခန့်စဉ်းစားပြီးနောက် သူ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် လိပ်ပြာဧကရာဇ်ကို အကွာအဝေးမှော်ပစ္စည်းထဲ ထည့်သိမ်းကာ သူ့ခန္ဓာကိုယ်ထဲ သိမ်းဆည်းထားလိုက်သည်။

ဤအိပ်ပျော်နေသည့်အလှလေးနှစ်ဦးသည် ယခင်ကလည်း ဤသည်ကို ကြုံတွေ့ဖူးသောကြောင့် သူတို့ကို ထပ်လေ့ကျင့်ပေးရန် မလိုအပ်တော့။ သူတို့ မည်သည့်ပြဿနာမှ မတွေ့လျှင် အကောင်းဆုံးပင်။

ဝုန်း..

သူ၏ခန္ဓာကိုယ်တောက်ပလာသည်။ သူ၏ တာအိုစွမ်းရည်များကို အသုံးပြုကာ ကျိန်စာစွမ်းအားများကို ခုခံလိုက်သည်။

ခဏကြာပြီးနောက် သူ၏ခန္ဓာကိုယ်ထက်၌ အလွန်ဆိုးရွားလှသည့်သင်္ကေတများ ထွက်ပေါ်လာသည်။ ဤကျိန်စာတံဆိပ်များသည် သူ့အား ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းတစ်ခုကို ခံစားရစေသည်။

နောက်ဆုံးတွင်တော့ သူ၏ခြေလှမ်းတိုင်းကို အလွန်အားစိုက်လာရသည်။

ဝုန်း..

သူ၏ခြေထောက်အောက်တွင် လေဟာနယ်ပျက်စီးသွားသည်။ သူ၏ခြေလှမ်းတိုင်းတွင် ကျိန်စာကို ခုခံရန် ကြောက်စရာကောင်းသည့် နတ်စွမ်းအားများ ထုတ်လွှတ်နေသည်ပင်။

ယခင်က သူ ဤနေရာ၌ ရက်အတော်ကြာအောင် လမ်းလျှောက်ခဲ့ရသည်။ လမ်းလျှောက်ရင်းဖြင့်ပင် သူ အသိဉာဏ်ပွင့်လာကာ တာအိုကို လေ့လာခဲ့သည်။

တစ်ရက်ကြာပြီးနောက် ရှီဟောင် ဤနေရာ၏တာအိုဥပဒေသများကို တိတ်တဆိတ်လေ့လာနေသည့်အချိန်တွင် ဝုန်းကနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေသည့်သင်္ကေတများ ပြည့်နှက်သွားသောကြောင့်ပင်။ ဤသည်မှာ ထူးဆန်းလှသည်။

သူ ကျိန်စာစွမ်းအားများကို မည်မျှပင် သည်းခံနေရသည်ကို စဉ်းစားကြည့်နိုင်သည်။

အခြားသက်ရှိများသာဆိုလျှင် အစောကြီးကတည်းက သေသွားလောက်ပြီဖြစ်သော်လည်း ရှီဟောင်ကတော့ တောင့်ခံနေနိုင်သေးသည်။ သူ အသက်အန္တရာယ်မရှိသေး။

ပလုံ..

ရုတ်တရက် တောက်ပနေသည့်မြစ်မှ သက်ရှိတစ်ကောင် ခုန်ထွက်လာသည်။ ဤသည်မှာ နှစ်သန်းပေါင်းများစွာ အသက်ကြီးနေပြီဖြစ်သည့် အလောင်းတစ်လောင်းပင်။ ထိုအလောင်း၏လက်သည်းများမှာ မည်းနက်နေပြီး သံချိတ်ကဲ့သို့ ကောက်ကွေးနေကာ ချွန်ထက်နေသည်ပင်။

ထိုအလောင်းသည် မြစ်ထဲမှ ထွက်လာကာ ရှီဟောင် ထံသို့ ဦးတည်လာနေလေ၏။

ဤသည်မှာ တကယ်ထူးဆန်းလှသည်။ မြစ်ထဲက အလောင်းတွေက ဘယ်တုန်းက တိုက်ခိုက်တတ်သွားတာလဲ..

ဤအလောင်းများ သေဆုံးသွားသည်မှာ ကြာလှပြီဖြစ်သောကြောင့် သူတို့ထံမှ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးဖြစ်မလာသင့်။

ဝုန််း..

ရှီဟောင် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ထိုလက်သီးသည် အလောင်း၏လက်သည်းများကို ထိမှန်သွားကာ ထိုလက်သည်းများ အပိုင်းပိုင်းဖြစ်သွားသည်။ ပျက်စီးသွားသည့်အရိုးများသည် မြစ်ထဲသို့ ကျသွားလေ၏။

ယခု သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ရောက်နေပြီဖြစ်သောကြောင့် ဤလောကရှိ ရန်သူအားလုံးကို ရှင်းပစ်နိုင်သည်။ သူ မည်သူ့ကိုမှ ကြောက်နေစရာမလိုတော့။

သို့သော် ခဏကြာပြီးနောက် သူ ပြဿနာတစ်ခုကို တွေ့လာရသည်။ ဤအလောင်းပေါက်ကွဲသွားပြီးနောက် အနီးအနားမှ ကျိန်စာစွမ်းအားများ ပေါက်ကွဲထွက်လာသည်။

“ဒါက တကယ်ကို ပြဿနာပဲ..”

ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ဤမြစ်ဘေးတင် အန္တရာယ်မျိုးစုံ ရှိနေသည်။

ဝုန်း..

နောက်ဆုံးတွင်တော့ ရှီဟောင် အဆီးအတားတစ်ခုကို ပြုလုပ်လိုက်သည်။ ဤသည်မှာ သူ၏တောက်ပနေသည့် ပြန်လည်ဝင်စားခြင်းပင်လယ်ကြီးပင်။ သူ၏ခန္ဓာကိုယ်ထဲမှ ဂိတ်တံခါးများ ပွင့်လာပြီး စွမ်းအားများ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ကျိန်စာစွမ်းအားများ ရပ်တန့်သွားလေ၏။

ကျိန်စာစွမ်းအားသည် ကျင့်ကြံဆင့်နှင့် တိုက်ရိုက်အချိုးကျသော်လည်း ယခုတော့ သူ ဖြတ်ကျော်နိုင်လေပြီ။

ဝုန်း..

ရှီဟောင်၏ခန္ဓာကိုယ်မျက်နှာပြင် တောက်ပလာသည်။ ဤသည်မှာ နတ်အလင်းကွင်း ၁၀၈ ကွင်းပါရှိသည့် စစ်နတ်ဘုရားတစ်ပါး ပေါ်လာသကဲ့သို့ပင်။ ရှီဟောင် ရှေ့ဆက်သွားလိုက်သည်။

ခွပ်..

လျှပ်စီးကဲ့သို့သော အသံမျိုးထွက်ပေါ်လာသည်။ သို့သော် ဤသည်မှာ လျှပ်စီးမဟုတ်၊ ကျိန်စာစွမ်းအားများပင်။

သို့သော် ယခုတစ်ခေါက်တွင်တော့ ထိုကျိန်စာစွမ်းအားများ သူ့ကို မထိခိုက်စေနိုင်တော့။ သူသည် ခြေလှမ်းကျယ်ကြီးဖြင့်ပင် ရှေ့ဆက်သွားလိုက်သည်။

သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်ပြီးနောက် သူ၏တာအိုစွမ်းရည်နှင့် မှော်စွမ်းအားများသာမက သူ၏အလားအလာလည်း အတော်လေး တိုးတက်သွားသည်ပင်။

ယခုတစ်ခေါက်တွင်တော့ သူ့ကို အုပ်မိုးနေသည့် သေမင်းအရိပ်ကြီးမရှိတော့။

နောက်ဆုံးတွင်တော့ သူ ရောက်လာလေပြီ။ ခပ်ဝေးဝေးမှ အုတ်ဂူကြီးတစ်ခုကို မြင်နေရသည်။ ထိုအုတ်ဂူသည် တောင်တစ်လုံးကဲ့သို့ အလွန်မြင့်ကာ အလွန်ကြီးမားလှသည်။ ထိုဂူ၏ အဝါရောင်မြေကြီးမှာ အလွန်ရှေးကျလှသော်လည်း ထိုနေရာသည် မတည်ငြိမ်။ လျှပ်စီးအလင်းတန်းများ၊ ကျိန်စာစွမ်းအားများနှင့် ကြောက်စရာကောင်းသည့် တာအိုအော်ရာတစ်ခု ရှိနေသည်။

လေဟာနယ်တွင် စီးဆင်းနေသည့် မြစ်ကြီးသည် ဤအုတ်ဂူထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ပင်။

ဤသည်မှာ အလွန်ထူးဆန်းလှသည်။ ထိုအုတ်ဂူကြီးသည် သူ၏ကိုယ်ပိုင်လောကကြီးတစ်ခု ရှိနေသကဲ့သို့ပင်။

ထို့အပြင် ထိုတောင်နှင့်တူသည့် အုတ်ဂူတွင် အပင်တစ်ချို့လည်း ရှိနေသေးသည်။ ထိုအပင်အားလုံးမှာ ရှားပါးသည့် အပင်များပင်။

“ဘိုးဘိုး..”

ရှီဟောင် ရုတ်တရက် အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အုတ်ဂူရှေ့၌ ထိုင်နေသည့်သူကို သူချက်ချင်းမှတ်မိလိုက်သည်ပင်။

ဤသည်မှာ အဘိုး၁၅ ပင်။

သူ့အဘိုး ဤနေရာထိ ရောက်လာနိုင်သည်ကို ရှီဟောင် နည်းနည်းမှ မအံ့ဩ။ ယခင်က သူ လိုက်ဖမ်းခံရစဉ်ကပင်လျှင် ကျိန်စာစွမ်းအားကို ခုခံကာ အသက်ရှင်နိုင်ခဲ့သည်ပင်။

ယခု သူ၏အဘိုးတွင် နတ်ဆိုးဘုရင်သွေး ရှိနေသောကြောင့် ဘာမှ စိုးရိမ်စရာမရှိတော့။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှီကျုံးထျန်း အတော်လေး ပြောင်းလဲလာသည်။ သူသည် ပို၍ငယ်ရွယ်လာကာ မည်းနက်နေသည့်ဆံပင်များလည်း အလွန်ထူထဲလှသည်။ ထို့အပြင် သူ၏ပြတ်သွားသည့်လက်လည်း ပြန်ကောင်းသွားပြီဖြစ်သည်။

ယခုအချိန်တွင် သူသည် ရှီကျီလင်းထက်ပင် ပို၍ငယ်ပုံပေါက်ပြီး ၃၀ ကျော်ခန့်သာ ရှိလိမ့်မည်ဟု ထင်ရသည်။

သူ၏ခန္ဓာကိုယ်အထက်တွင် တစ်ခုခုရှိနေသည်။ မြစ်နှင့် အဝါရောင်အုတ်ဂူထက်မှ ထွက်လာသည့် အနီရောင်သွေးစက်များရှိနေသည်။ ထိုသွေးစက်များသည် သွေးမြူအဖြစ် ပြောင်းလဲသွားကာ အဘိုး ၁၅ ကို ဝန်းရံထားသည်။

“အဲဒါ အားမန်လား..”

ခဏကြာပြီးနောက် ကျောက်စိမ်းအခေါင်းတစ်ခုနှင့်အတူ အဝါရောင်အုတ်ဂူပေါ် ထိုင်နေသည့် မိန်းမပျိုလေးတစ်ဦးကို သူတွေ့လိုက်ရသည်။

အပိုင်း ၁၈၈၄ ပြီး၏။
Chapter – 1885 ထာဝရအုတ်ဂူ၏ ပြောင်းလဲမှုများ

အားမန် .. ဤသည်မှာ အလွန်ရင်းနှီးသော်လည်း အလွန်ပင် ဝေးကွာနေသည့် နာမည်တစ်ခုပင်။ သူမသည် သူ ငယ်ရွယ်စဉ်က သူ့အား အလွန်ကောင်းမွန်စွာ ဂရုစိုက်ခဲ့ပြီး သေဆုံးခါနီး သူ့ကို ပြန်လည်ရှင်သန်စေခဲ့သည့်သူပင်။

ရှီဟောင်၏မျက်လုံးများ အနည်းငယ် နီရဲလာသည်။ ထိုအချိန်က တစ်လောကလုံး သူ့အား ပစ်ပယ်ထားသည့်အချိန်တွင် ဤမိန်းကလေးသာ သူ့အနားရှိနေခဲ့သည်။ အခြားခြံ၀င်းမှ လူများအားလုံး သူမကို အနိုင်ကျင့်ကြသော်လည်း သူမသည် သူ့အား ကာကွယ်ပေးကာ စောင့်ရှောက်နေဆဲပင်။

ရှီဟောင် အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် စိတ်အေးစွာဖြင့် ဤနေရာကို လေ့လာလိုက်သည်။

အဘိုး ၁၅က မျက်လုံးများကို မှိတ်ထားသည်။

အားမန်သည် တောင်ကြီးကဲ့သို့ ကြီးမားလှသည့် အဝါရောင်အုတ်ဂူထက်၌ ထိုင်နေပြီး သူမအနားတွင် ကျောက်စိမ်းအခေါင်းတစ်ခု ရှိနေသည်။ သူတို့နှစ်ဦးလုံး မျက်လုံးများပိတ်ထားကြကာ ပုံမှန်မဟုတ်သည့်အခြေအနေတွင် ရောက်နေသည်။

အဝါရောင်မြေကြီးတွင် ကောင်းကင်ထိရောက်သည့် နတ်အလင်းများရှိနေကာ ဤနေရာသည် အလွန်တောက်ပနေသည်။ အဘယ်ကြောင့်ဆိုသော် ဘေးပတ်လည်တွင် လျှပ်စီးများမှ ဖြစ်ပေါ်လာသည့် ပုံစံမျိုးစုံသက်ရှိများနှင့် အခြားအရာများ ရှိနေသည်ပင်။ ကြယ်များပင် ရှိနေလေ၏။

ထို့အပြင် ထာဝရတာအိုအော်ရာလည်း ရှိနေသည်။ ဒါတွေက အရင်တုန်းက အတိဒုက္ခက ကျန်ခဲ့တာတွေလား..

ရှီဟောင် ထိုနှစ်ယောက်ကို မနှောက်ယှက်တော့။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ထူးဆန်းသည့်ပြောင်းလဲမှုတစ်ခုခု ရှိနေလိမ့်မည်ဟု သူခံစားနေရသည်ပင်။

ဝေါင်း..

ရုတ်တရက် ထူးဆန်းလှသည့် ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် လူတစ်ယောက်၏ ဝိညာဉ်ကို ထိုးဖောက်သွားသကဲ့သို့ပင်။

ရှီဟောင် တုန်လှုပ်သွားရသည်။ ဒါက ဘယ်လိုသက်ရှိမျိုးလဲ .. အဲဒီအကောင်က ဘယ်မှာ ရှိနေတာလဲ..

ဘေးပတ်လည်ကို သေချာရှာကြည့်လိုက်သော်လည်း ရှီဟောင် ဘာမှမတွေ့။

ဒီအုတ်ဂူထဲမှာများလား.. သူ အုတ်ဂူကြီးကို စိုက်ကြည့်လိုက်သည်။

သို့သော် ထိုနေရာမှ မည်သည့်စွမ်းအားလှိုင်းမှ ထွက်မလာ။ ထို့အပြင် သူ၏ကောင်းကင်မျက်လုံးလည်း ဤနေရာ၌ အလုပ်မလုပ်။ သူ ထိုအုတ်ဂူကို ထိုးဖောက်မမြင်နိုင်။

ရှီဟောင်၏အမူအရာ လေးနက်လာသည်။ ဤနေရာတွင် သူ့အတွက် အလွန်အရေးကြီးသည့်သူနှစ်ဦး ရှိနေသောကြောင့် သူ အလွန်သတိထားရမည်။

သူ ဤနေရာ၏ တစ်လက်မချင်းစီကို သေချာလေ့လာလိုက်သည်။ မြေပြင်ထက်တွင် အပင်များ တစ်ရာကျော်ခန့် ရှိနေသည်။ အားလုံးမှာ ဆေးပင်ကြီးများပင်။ ထိုအပင်များတွင် တောက်ပသည့်သင်္ကေတများ ရှိနေသည်ပင်။

စွမ်းအားကြီးသည့် လျှပ်စီးများကို ဖြတ်ကျော်ကာ အမွှေးနံ့များ လွင့်ပျံလာနေသည်အထိပင်။

အားမန်သည် ထိုနေရာ၌ ထိုင်နေသည်ဟု ထင်ရသော်လည်း သူမခြေထောက်များမှာ အုတ်ဂူထဲ၌ မြှုပ်ထားခြင်းပင်။

ဟစ်ကြွေးသံကြီး ပျောက်ကွယ်သွားလေပြီ။ ထိုအသံသည် သူ့အားသတိပေးသည်နှင့်တူသော်လည်း ဤလောကရှိ သက်ရှိများကို ခြိမ်းခြောက်နေသည်နှင့် ပိုတူနေသည်။

ရှီဟောင်၏မျက်လုံးတွင် နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို ဤနေရာကို ထပ်ခါတလဲလဲ သေချာကြည့်လိုက်ကာ အားမန်ကို ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမထံတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ပင်။

သူမ၏လှပသည့်ဆံနွယ်များက တောက်ပနေကာ နဖူးလည်းတောက်ပနေသည်။ သူမ၏မျက်လုံးများ မှိတ်ထားကာ နှာတံလည်း သွယ်လျနေသည်။ သို့သော် သူမမျက်နှာကို ဖြတ်သွားသည့် မကောင်းသည့်သင်္ကေတများရှိနေသည်။ ဤသည်မှာ နတ်ဆိုးအမှတ်အသားများ သူမမျက်နှာထက်၌ နေရာယူချင်နေသကဲ့သို့ပင်။

ဘာဖြစ်နေခဲ့တာလဲ..

ဤသည်မှာ ပုံသဏ္ဌာန်များမဟုတ်ပဲ တာအိုသင်္ကေတတစ်မျိုးပင်။ ဤသည်မှာ နတ်ဆိုးသင်္ကေတနှင့်တူသကဲ့သို့ ထာဝရတာအိုသင်္ကေတနှင့်လည်း တူနေသည်။ နတ်အော်ရာရှိနေသကဲ့သို့ ထူးဆန်းမှုတစ်မျိုးလည်း ရှိနေသည်။

အားမန်ကို စိုက်ကြည့်ရင်း ရှီဟောင် နှလုံးခုန်နှုန်းများ လျင်မြန်လာသည်။ သူမ၏ ဖြူဖွေးနေသည့် ငန်းလည်တိုင်ထက်တွင်လည်း အနီရင့်ရောင်သင်္ကေတများ ရှိနေသည်။

ထို့အပြင် အားမန်၏ ဖြူဖွေးနေသည့် လက်များကို ကျောက်စိမ်အခေါင်းပေါ်၌ တင်ထားသည်။

ကျောက်စိမ်းအခေါင်းသည် တစ်ဝက်က မြေကြီးထဲမြှုပ်နေကာ တစ်ဝက်ပေါ်နေသည်။ ထိုအခေါင်းသည် တောက်ပနေသော်လည်း အလွန်ထူးဆန်းလှသည်။ သူမ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေက အဲဒီအခေါင်းနဲ့ ဆက်စပ်နေတာလား..

ဒါမှမဟုတ် အုတ်ဂူထဲက တစ်ခုခုကြောင့် သူ့ခန္ဓာကိုယ်ပေါ်မှာ ဒီလိုမျိုးအနီရောင်ပုံတွေ ပေါ်လာတာလား..

ရှီဟောင် အလောတကြီးမလုပ်ရဲ။ အဘယ်ကြောင့်ဆိုသော် သူ့အဘိုးနှင့် အားမန်တို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်ထက်၌ ထူးဆန်းသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

အဘိုး ၁၅ အုတ်ဂူရှေ့၌ မလှုပ်မယှက်ထိုင်နေသည်။ မြစ်မှ သွေးစက်များ တစ်စက်ပြီးတစ်စက် ပေါ်လာသလိ အုတ်ဂူမှလည်း သွေးစက်များ ထွက်ပေါ်လာသည်။ ထို့နောက် ထိုသွေးစက်များအားလုံး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ဤသည်မှာ နတ်ဆိုးဘုရင် သေဆုံးသည့်နေရာဖြစ်ကြောင်း ရှီဟောင် သေချာသွားလေပြီ။

ဒါက ဘယ်သူ့သွေးတွေလဲ .. အားလုံးမှာ နတ်ဆိုးဘုရင်ကို ညွှန်ပြနေသည်ပင်။ ဤကဲ့သို့ စဉ်းစားမိသွားသည်နှင့် ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲသွားသည်။

ရှီကျုံးထျန်းသည် သူ၏အဘိုးဖြစ်ပြီး အားမန်မှာ သူ ကာကွယ်ရမည့်သူပင်။ ယခု သူတို့နှစ်ဦးလုံး ထူးဆန်းသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

နောက်ဆုံးတွင်တော့ ရှီဟောင် ရှေ့ဆက်တိုးသွားလိုက်သည်။ ဤနှစ်ယောက် ဘာဖြစ်နေသည်ကိုသိရန်အတွက် သူ စွန့်စားရမည်ပင်။

“ဘိုးဘိုး..”

ရှီဟောင် တိုးတိုးလေး ခေါ်လိုက်သည်။ သူ အကျယ်ကြီး အော်ခေါ်ကာ သူ့အားမနှောက်ယှက်ရဲ။

သို့သော် အဘိုး ၁၅ ဘာမှတုံ့ပြန်မလာခဲ့။

ထို့အပြင် သူ ထိုအနားသို့ ချဉ်းကပ်သွားသည်နှင့် ကြောက်စရာကောင်းသည့်စွမ်းအားတစ်ခု သူ့အား တိုက်ခိုက်လာသည်။ ဤသည်မှာ ကျိန်စာစွမ်းအားပင်။ ဤစွမ်းအားသည် သူ၏အသွေးအသားကို တိုက်စားကာ သူ၏မူလဝိညာဉ်ကို တိုက်ခိုက်ရန် ကြိုးစားလာသည်။

ဤနေရာသည် ကျင့်ကြံဆင့်မျိုးစုံကို တိုက်ခိုက်သည်ပင်။ ကျင့်ကြံဆင့် မြင့်နေရုံဖြင့်မရ။

စွမ်းအားကြီးသူများမှာ ပို၍ မြန်မြန်သေဆုံးနိုင်သည်ဟုပင် ပြော၍ရသည်။

ယခင်က စီရင်စုသုံးထောင်မှ မယုံသည့်သူများ လာရောက်စမ်းသပ်ကြသေးသည်။ သို့သော် သူတို့အားလုံး အုတ်ဂူထိပင် မရောက်လိုက်နိုင်ကြ။

ရှီဟောင်၏ခန္ဓာကိုယ်တွင် ထူးဆန်းသည့်သင်္ကေတများ တောက်ပလာသည်။ ဤသည်မှာ ကျိန်စာစွမ်းအားအဆုံးထိ ရောက်သွားသောကြောင့် ဖြစ်ပေါ်လာသည့် သင်္ကေတများပင်။

သို့သော် ရှီဟောင် သေမသွား။ သူ ထိုနေရာ၌သာ တည်ငြိမ်စွာ ရပ်နေသည်။ သူ့တစ်ကိုယ်လုံးတောက်ပလာကာ အလင်းကွင်း ၁၀၈ ကွင်းကို ထုတ်လွှတ်လာသည်။

အဝေးမှ ကြည့်မည်ဆိုလျှင် သူသည် ကောင်းကင်ကြီး ဖန်တီးစဉ်က ပေါ်လာခဲ့သည့် ကောင်းကင်ဧကရာဇ်ကဲ့သို့ပင်။ သူသည် သာမန်လူများ၏ ဝမ်းနည်းပူဆွေးမှုများနှင့် စိုးရိမ်မှုများကို ပယ်ရှားပေးနိုင်သည်။ သူ၏မျက်ဝန်းထံတွင် ကြယ်စမ်းချောင်းများ အငွေ့ပျံသွားပြီးနောက် ပြန်လည်ဖြစ်ပေါ်လာသည်။

ဤသည်မှာ အလွန်ထူးဆန်းလှသည့် ပြောင်းလဲမှုကြီးပင်။

သူကိုယ်တိုင်ပင်လျှင် စွမ်းအားကြီးသည့်အခြေအနေတစ်ခုသို့ ရောက်သွားသလိုပင် ရှီဟောင် ခံစားလိုက်ရသည်။ သူသည် ဖန်တီးခြင်းကာလသို့ တကယ်ရောက်လာသကဲသို့ပင်။

ဖုန်း..

ရှီဟောင် ခြေထောက်စောင့်ချလိုက်ကာ လေဟာနယ်ကို ဖျက်ဆီးလိုက်သည်။

သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ကာ စိတ်မပျံ့လွင့်အောင် လုပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် သူ၏မူလဝိညာဉ်ပင် လောင်ကျွမ်းတော့မလို ခံစားလိုက်ရသည်ပင်။

“အော်ရာက ထူးဆန်းလိုက်တာ .. သူက ငါ့ကို တာအိုနဲ့ အချိတ်အဆက်မိအောင်လုပ်ပြီးတော့ ငါ့ကို ဒီကတာအိုဖြစ်အောင် လုပ်တော့မလို့ပဲ..” ရှီဟောင် ထိတ်လန့်သွားရ၏။

တာအိုအဖြစ်သို့ ပြောင်းလဲခြင်းဆိုသည်မှာ လောကကြီးနှင့် ပေါင်းစည်းသွားခြင်းပင်။ ပြောရမည်ဆိုလျှင် သေဆုံးသွားကာ သဘာဝတာအိုဥပဒေသတစ်စိတ်တစ်ပိုင်း ဖြစ်လာခြင်းပင်။

ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ဤနေရာမှာ ပို၍ ပို၍ပင် ထူးဆန်းလာလေပြီ။ သူ့ကို တိုက်ခိုက်သည့်သူမရှိသော်လည်း သူ ကိုယ့်ကိုကိုယ်ဖျက်ဆီးပစ်တော့မလို ဖြစ်သွားသည်။

ထို့အပြင် ဤသည်မှာ သူကိုယ်တိုင် လိုလိုလားလား လုပ်သည့်အရာဖြစ်နေသည်။ သူ ပို၍စွမ်းအားကြီးလာပြီးနောက် အနက်နဲဆုံးတာအိုထဲသို့ ခြေချနိုင်တော့မလို ခံစားနေရသည်ပင်။

“ကျိန်စာစွမ်းအားက ဒီပြောင်းလဲမှုတွေကို ဖြစ်စေတာလား..” ရှီဟောင် သူ့ကိုယ်သူ ‌ပြောလိုက်သည်။

သူ အဘိုး ၁၅ နှင့် အားမန်ကို ကြည့်လိုက်သည်။ ဒီနှစ်ယောက်က ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ .. သူတို့က ကျိန်စာစွမ်းအားကို ဘယ်လိုလုပ် ခုခံနိုင်တာလဲ..

အထူးသဖြင့် အားမန်ပင်။ သူသည် အုတ်ဂူထက်၌ ထိုင်နေသည်ပင်။ သိထားရမည်မှာ အုတ်ဂူ၏ ကျိန်စာစွမ်းအားမှာ စွမ်းအားအကြီးဆုံးပင်။

ယခင်က ရှီဟောင် ထိုအုတ်ဂူပေါ်တက်ကာ ဆေးပင်ခူးခဲ့သော်လည်း သူ အသက်ရှင်နိုင်ရုံလေးသာ။

“အဘိုး ၁၅ မှာ နတ်ဆိုးသွေးရှိနေလို့ ဒီနေရာရောက်လာနိုင်တာက မထူးဆန်းဘူး..” ရှီဟောင် ပြောလိုက်သည်။

အားမန်ကတော့ တစ်ခုခုဖြစ်ခဲ့သည်မှာ သေချာသည်။ မဟုတ်ပါက သူမ ထိုထာဝရအုတ်ဂူပေါ်တွင် ထိုင်နိုင်မည်မဟုတ်။

ထို့အပြင် ထိုကျောက်စိမ်းအခေါင်းလည်း ရှိနေသည်။ ထိုအခေါင်းသည် ရှေးကျကာ သူ၏သင်္ကေတများလည်း ရှုပ်ထွေးလှသည်။ ဤသည်မှာ လောကကြီးကို တစ်ခုခု ပြောပြချင်နေသကဲ့သို့ပင်။ သူ့ထံတွင် ‘အတိတ်မှ’ ကြောက်စရာကောင်းသည့်အရာတစ်ချို့ သေချာပေါက် ရှိနေမည်ပင်။

“ဒါက ဒီခေတ်က အခေါင်းမဟုတ်လောက်ဘူး .. ဒီသင်္ကေတတွေ၊ ဒီစာလုံးတွေကို ငါမသိဘူး” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။

ဤအခေါင်းသည် နတ်ဆိုးဘုရင်ထက်ပင် ပို၍ရှေးကျလိမ့်မည်ဟု သူခံစားရသည်။

ဝုန်း..

ရှီဟောင် အနားကပ်သွားသည်နှင့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ အုတ်ဂူထဲမှ သက်ရှိအချို့ ထွက်ပေါ်လာကာ သူ့အား အေးစက်စွာ စိုက်ကြည့်လာကြသည်။

ရှီဟောင် တုန်လှုပ်သွားရသည်။ ဤအုတ်ဂူမှာ တကယ်ကို သာမန်မဟုတ်။ သူသည် အော်ရာအားလုံးကို ဖြတ်တောက်ထားပစ်နိုင်သည်။ သူသည် ဘေးပတ်လည်ကို အမြဲတမ်းအာရုံခံနေသော်လည်း သူ ဤသားရဲများကို အာရုံမခံနိုင်ခဲ့။

“မင်း .. ထွက်သွားသင့်တယ်..”

ထိုသက်ရှိ၏အသံမှာ အက်ကွဲကာ အားနည်းနေသည်။

ဤသည်မှာ လမ်းလျှောက်တုတ်ကိုင်ထားသည့် အကြီးအကဲတစ်ဦးပင်။ သူ၏ခန္ဓာကိုယ်မှ အဝတ်အစားများမှာ ဆွေးမြေ့နေပြီဖြစ်ပြီး သူမြှုပ်နှံခံထားရသည်မှာ နှစ်ပေါင်းမည်မျှ ရှိနေပြီမှန်းပင် မသိတော့။ သူ၏အရေပြားမှ ပုပ်နံ့ပင် ရနေသည်။

သူ၏မျက်နှာမှာ ဝါဝင်းနေသည်။ ဤသည်မှာ လူသေတစ်ယောက်၏လက္ခဏာဟု ပြော၍ရသည်ပင်။ သူ၏မျက်လုံးများ အသက်မဲ့နေကာ တစ်ကိုယ်လုံးလည်း အရိုးနှင့်အရေသာ ရှိသည်။

ဤသည်မှာ အလောင်းတစ်လောင်းနှင့် တကယ်တူသည်။

“ခင်ဗျား ဘယ်သူလဲ .. ခင်ဗျားကဘာလို့ ဒီမှာ ရှိနေတာလဲ..” ရှီဟောင်မေးလိုက်သည်။

ထိုအကြီးအကဲ ပြုံးလိုက်သည်နှင့် ဖြူဖွေးနေသည့် သွားများ ပေါ်လာသည်။ ဤသည်မှာ သူ၏ပျက်စီးနေသည့်ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် အလွန်ဖြူဖွေးနေသည်ပင်။

သူသည် ရှီဟောင်ကို အာရုံစူးစိုက်ကာ ကြည့်နေလေ၏။

“တကယ်ကို ပါရမီကောင်းတာပဲ .. ဒါပေမဲ့ မင်းတစ်ခုခုမှားနေတယ်” သူ ဤကဲ့သို့ ပြောလိုက်သည်။

“နတ်ဆိုးဘုရင်လား..” ရှီဟောင်မေးလိုက်၏။ ဤသည်မှာ ဖြစ်နိုင်ချေ အမြင့်ဆုံးပင်။

“ငါ့ရှေ့မှာ ဘယ်သူက ဘုရင်ဖြစ်တယ်လို့ ပြောရဲမှာလဲ…” ထိုအကြီးအကဲ ပြောလိုက်သည်။ သူသည် မကောင်းသည့်ဝိညာဉ်တစ်ခုသာဖြစ်သော်လည်း ခက်ထန်ကြမ်းတမ်းနေဆဲပင်။

“အဲဒါဆိုရင် ခင်ဗျားက ဘယ်သူလဲ..” ရှီဟောင်၏မျက်နှာထက်တွင် အမူအရာ ကင်းမဲ့သွားသည်။

“ဧကရာဇ်တွေ ကျဆုံးသွားတဲ့ခေတ်မှာ ငါ့ရဲ့ ပျက်စီးနေတဲ့ခန္ဓာကိုယ်က ငရဲပြည်ဘေးမှာ လှည့်ပတ်သွားလာနေခဲ့တယ် .. ခေတ်တွေ တစ်ခုပြီးတစ်ခု ကူးပြောင်းသွားတာကိုကြည့်နေခဲ့တယ် .. ငါ ဘယ်သူလဲဆိုတာကိုတော့ ငါမေ့သွားပြီ”

အပိုင်း ၁၈၈၅ ပြီး၏။

Chapter – 1886 ကသောင်းကနင်း၏ တစ်စိတ်တစ်ပိုင်း

ရှီဟောင် ချက်ချင်း တုန်လှုပ်သွားရသည်။ ဒီလူက ဘယ်သူလဲ .. သူကဲ့သို့ ယုံကြည်ချက်ရှိရှိပြောနေသည်မှာ အခြားသူများကို မလန့်ပဲမနေနိုင်။

“ဒါက နတ်ဆိုးဘုရင် အုတ်ဂူမဟုတ်ဘူးလား..” သူဤကဲ့သို့မေးလိုက်သည်။

“နတ်ဆိုးဘုရင်ဟုတ်လား .. ဒီနာမည်က တော်တော်လေးကို အထက်စီးဆန်တာပဲ .. အဲဒါက အရင်တုန်းက ဒီမှာသေသွားတဲ့ကောင်လေးလား.. ငါ့အုတ်ဂူနား အဆုံးသတ်သွားတဲ့ လူတစ်ယောက်ထက် မပိုပါဘူး” အကြီးအကဲ ပြောလိုက်သည်။

ဤလူ၏အသားအရေသည် ဝါဝင်းနေပြီး အချို့အရေပြားနှင့် အသားများ ကွာကျနေပြီဖြစ်သည်။ သူ၏မေးရိုးများပင် ပေါ်နေပြီဖြစ်သည်။ သူ၏မျက်လုံးများလည်း ချိုင့်ဝင်နေသည်ပင်။

ရှီဟောင်သူ့ကိုကြည့်ပြီး သူ့အနောက်မှ အုတ်ဂူကို ကြည့်လိုက်သည်။ ဒီနေရာမှာ မတူညီတဲ့သမိုင်းကြောင်းတွေ ရှိနေတာလား..

နတ်ဆိုးဘုရင်သေတုန်းက ဒီမှာမြှုပ်ထားတာမဟုတ်ပဲနဲ့ ဒီအုတ်ဂူဘေးမှာ မြှုပ်တာလား..

ထို့နောက် သူ အားမန်နှင့် ကျောက်စိမ်းအခေါင်းကို ကြည့်လိုက်သည်။ ထိုအခေါင်းပေါ်မှ သင်္ကေတများမှာ ဤခေတ်နှင့်မသက်ဆိုင်ပေ။

သို့သော် ဤနေရာတွင် အခြားလျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့။ ဤသည်မှာ ဧကရာဇ်ပျက်စီးခြင်းခေတ်မှ လူများပင်ပါလာလေပြီ။

“ဧကရာဇ်ပျက်သုဉ်းခြင်းခေတ်က တော်တော်လေးကို ကြာခဲ့ပြီ .. အဲဒီခေတ်တုန်းက ဘယ်လောက်တောင် ခမ်းနားခဲ့တာလဲ .. ခင်ဗျားရဲ့ခန္ဓာကိုယ်အစစ် သေဆုံးသွားပြီးတော့ ကျန်ခဲ့တဲ့ပုံစံကလည်း အလွတ်ကြီးဖြစ်နေပြီ .. အခုက ဘယ်လိုအခြေအနေမျိုး ရောက်နေသလဲတောင် မသိတော့ဘူးလား..” ရှီဟောင်မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အုတ်ဂူကြီးရှိနေသောကြောင့် ဤအကြီးအကဲကို ဖောက်ထွင်းမြင်နိုင်ရန် ခက်ခဲလှသည်။ ထိုနေရာတွင် ကောင်းကင်မျက်လုံးများကို အသုံးပြု၍မရ။

“လူငယ်လေး မင်း ဒီနေရာကို မလာသင့်ဘူး .. ဒီနေရာကို ရောက်လာတဲ့သူတွေက အသက်ရှင်လျက်သေနေတဲ့သူတွေ၊ မြေအောက်လောကအစေခံတွေပဲ .. မြန်မြန်ထွက်သွားတော့” အကြီးအကဲ ပြောလိုက်သည်။

“ခင်ဗျား ဘာကို ဆိုလိုတာလဲ..” ရှီဟောင်မေးလိုက်၏။

“ဒီနေရာက စွမ်းအားကြီးတဲ့သူတွေ အနားယူတဲ့နေရာ .. နှောက်ယှက်လို့ရတဲ့နေရာမဟုတ်ဘူး .. ဒီနေရာကို ရောက်လာတဲ့သူတွေအားလုံး ကျိန်စာမိမှာ .. မင်းအခု ခုခံနိုင်ရင်တောင်မှ မင်းအနှေးနဲ့အမြန် သေသွားပြီးတော့ အစေခံတစ်ယောက်အဖြစ် ပြောင်းသွားလိမ့်မယ်” အကြီးအကဲ လေးနက်စွာ ပြောလိုက်သည်။

ရှီဟောင်သည် အမူအရာကင်းမဲ့စွာဖြင့် သူ့အား စိုက်ကြည့်နေဆဲပင်။

“ဒီကျိန်စာစွမ်းအား ဘယ်လိုဖြစ်လာတာလဲဆိုတာ မင်းသိလား..” အကြီးအကဲမေးလိုက်သည်။ သူဆံပင်များသည် မီးခိုးရောင်များဖြစ်ပြီး ထူထဲစွာ ရှိနေဆဲပင်။ သို့သော်လည်း ထိုဆံပင်များသည် ဦးရေပြားမှ ကျွတ်ထွက်တော့မည်ပင်။

“ဘယ်လိုဖြစ်လာတာလဲ..” ရှီဟောင်မေးလိုက်၏။

“မသေခင်က ပျက်စီးနေတဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သင်္ကေတတွေ ပျံ့လွင့်သွားတာ .. ငါ့အုတ်ဂူထဲကနေ အဲဒီသင်္ကေတတစ်တန်းထွက်လာတာနဲ့ ဒီနေရာကြီးက ကျိန်စာသင့်တဲ့မြေ ဖြစ်သွားတာပဲ” အကြီးအကဲ ပြောလိုက်သည်။

“ပျက်စီးနေတဲ့ခန္ဓာကိုယ်က အုတ်ဂူထဲမှာ ရှိနေပြီးတော့ ခင်ဗျားက ပုံရိပ်ယောင်လား..” ရှီဟောင် သူ့အား စိုက်ကြည့်လိုက်သည်။

ထာဝရအုတ်ဂူမှာ ထူးခြားလှပြီး ကောင်းကင်မျက်လုံးများလည်း အလုပ်မလုပ်သောကြောင့် ဘယ်ဟာကအတု၊ ဘယ်ဟာကအစစ် ဆိုသည်ကို ခွဲခြားနိုင်ရန် ခက်ခဲလှသည်။ သူ၏နတ်အာရုံများဖြင့်ပင်လျှင် အုတ်ဂူရှေ့မှ ကျိန်စာမြူများကို ဖောက်ထွင်းမြင်နိုင်ရန် ခက်ခဲနေသည်။

တစ်ချိန်တည်းမှာပင် သူသည် အံ့အားသင့်သည့်အမူအရာ ဖြစ်သွားရသည်။ အော်ရာတစ်တန်းထွက်လာရုံဖြင့် ဤနေရာ ဤကဲ့သို့ ဖြစ်သွားလေပြီ။ ပျက်စီးနေသည့်ခန္ဓာကိုယ်တစ်ခုလုံးသာ ထွက်လာပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း..

ထိုအကြီးအကဲသည် ရှီဟောင် စဉ်းစားနေသည်ကို သိနေသည့်အလား ပြောလာသည်။ “ခန္ဓာကိုယ်အစစ်သာ ပေါ်လာရင် ကောင်းကင်ကြီးပြိုကျပြီးတော့ ကမ္ဘာမြေကြီး ချိုင့်ဝင်သွားလိမ့်မယ် .. အသက်အားလုံး‌ သေဆုံးကုန်ပြီ ခေတ်ကြီးတစ်ခေတ်လည်း ကုန်ဆုံးသွားလိမ့်မယ်”

သူပြောသည့်အတိုင်းဆိုလျှင် သူသည် ဧကရာဇ်ပျက်သုဉ်းခြင်းခေတ်မှ ကျွမ်းကျင်သူမဟုတ်တော့ပဲ ပျက်စီးနေသည့်ခန္ဓာကိုယ်၊ ပုပ်သိုးနေသည့်အလောင်းတစ်လောင်းသာဖြစ်တော့သည်။

သူသည် ယခင်ကနှင့်မတူတော့။

သို့သော် ပျက်စီးနေသည့်ခန္ဓာကိုယ်သာ ထွက်လာပါက ဤလောကကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

အုတ်ဂူထဲမှာ မြှုပ်ထားတဲ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ..

“ဒီမြစ်ကြီးက ပျက်စီးနေတဲ့ခန္ဓာကိုယ်ကနေ စီးသွားတဲ့ သွေးစက်နည်းနည်းလောက်ကနေ ဖြစ်လာတာ .. လျှပ်စီးစွမ်းအားနဲ့ အချိန်အော်ရာကို စုစည်းပြီးတဲ့နောက် ဒီလိုမျိုးမြစ်ရှည်ကြီး ဖြစ်သွားးတာ .. ဒီအုတ်ဂူကြီး ပေါ်လာတာနဲ့ အဲဒီသွေးတွေအားလုံးက သူ့အလိုလို ပြန်ရောက်လာကြတာ” အကြီးအကဲ ပြောလိုက်သည်။

အခြားသူများသာကြားလျှင် တုန်လှုပ်သွားလိမ့်မည်ပင်။ ဒါက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့ လျှို့ဝှက်ချက်ကြီးလဲ .. ဤသည်မှာ အရပ်မျက်နှာပေါင်းစုံမှ လူများကို တုန်လှုပ်သွားစေမည်ပင်။

ဧကရာဇ်ကလန်များနှင့်တိုက်ခိုက်ခဲ့သည့်အပြင် အန်းလန်နှင့်လည်း တိုက်ခိုက်ခဲ့ပြီး အကြိမ်ပေါင်းများစွာ သေရေးရှင်ရေး ကြုံခဲ့ရသောကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ တည်ငြိမ်နိုင်နေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် သူ၏အမြင်ရှိသလို သူ့ကိုယ်သူလည်း ယုံကြည်ချက်ရှိသည်။

“ဒီနေရာမှာ ဖြစ်ခဲ့တာတွေက ကျွန်တော်နဲ့မဆိုင်ဘူး .. ကျွန်တော်က အဲဒီမိန်းမပျိုလေးနဲ့ ထိုင်နေတဲ့အကြီးအကဲကိုပဲ ခေါ်သွားချင်တာပါ”

ရှီဟောင် အားမန်နှင့် နတ်ဆိုးနတ်ဘုရား အဘိုး ၁၅ ကို လက်ညှိုးထိုးပြလိုက်သည်။

“လူငယ်လေး .. မင်းတောင်းဆိုချက်က ကြီးလွန်းတယ် .. နောက်ကျလွန်းသွားပြီ .. သူတို့တွေက အသက်ရှင်နေတဲ့လူသေတွေ ဖြစ်သွားပြီ .. သူတို့က အစေခံဖြစ်သွားပြီ” အကြီးအကဲ ပြောလိုက်သည်။

ချွမ်း..

ရှီဟောင် ဘာမှမပြောတော့ပဲ သက်ရှည်စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ရှေ့တိုးသွားလိုက်သည်။ ငွေရောင်ချပ်ဝတ်တန်ဆာသည် တောက်ပနေကာ သူ့အား ပို၍ပင် သူရဲကောင်းဆန်သွားစေသည်။

“ဘာလဲ .. မင်းက ဒီမှာ တိုက်ချင်သေးတာလား..”

ဝုန်း ဟူသည့်အသံနှင့်အတူ အုတ်ဂူကြီး တုန်ခါလာကာ အထဲဘက်မှ ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းတစ်ခု ပျံ့လွင့်လာသည်။

“ခင်ဗျားက သူတို့ကို အစေခံလုပ်ချင်နေတာလား .. ကျွန်တော့်အလောင်းကို ဖြတ်သွားမှပဲ ရမယ်..” ရှီဟောင် ပြောလိုက်သည်။

“ဒါက မကောင်းဘူးနော် .. လူငယ်လေး မင်းက ဘယ်အချိန်လာပြီးတော့ ဘယ်အချိန်ထွက်သွားရမလဲဆိုတာကို မသိဘူးပဲ .. အခု မင်းကျိန်စာစွမ်းအားကို ခုခံနိုင်တယ်ဆိုရင်တောင် တစ်နေ့ကျရင်တော့ မင်းဒီက အစေခံဖြစ်သွားလိမ့်မယ်” အကြီးအကဲ၏အမူအရာ အေးစက်လာသည်။

သူသည် အလောင်းတစ်လောင်းဖြစ်သော်လည်း သူ့ထံ၌ အမူအရာတစ်ချို့ ရှိနေသေးသည်။

ရှီဟောင် ရပ်တန့်မသွား။ ရှေ့ဆက်သွားနေဆဲပင်။ သူ၏အဘိုးနှင့်အားမန် ဤနေရာ၌ ရှိနေသည်။ အန္တရာယ်ရှိသည်ဆိုလျှင်ပင် သူထွက်သွားမည်မဟုတ်။ ဤလူများ ဤနေရာ၌ ကျဆုံးသွားသည်ကို သူဘယ်လိုလုပ် ကြည့်နိုင်မည်နည်း..

ချွမ်း..

ထို့နောက် သူ ထာဝရဓားကို ဆွဲထုတ်လိုက်သည်။

“ဟမ် .. ဒီဓားက နည်းနည်း ရင်းနှီးနေသလိုပဲ..” အကြီးအကဲပြောလိုက်သည်။ ထို့နောက် သူ၏အရေပြားပေါ်တွင် ကြက်သီးထလာသကဲ့သို့၊ ကြက်သီးထလာသကဲ့သို့ လျင်မြန်စွာ နောက်ဆုတ်သွားလေ၏။

ဤသည်မှာ ရှီဟောင်ကို အံ့အားသင့်သွားစေသည်ပင်။ သူ ရှေ့ဆက်တိုးသွားလိုက်သည်။

ဝုန်း..

အုတ်ဂူကြီး ပြင်းထန်စွာ တုန်ခါလာကာ ပို၍ကြောက်စရာကောင်းသည့် အော်ရာနှင့်အတူ စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။

ဝုန်း..

တစ်ချိန်တည်းမှာပင် အခြားပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ထိုအကြီးအကဲနှင့် ပေါင်းစည်းသွားသည်။ သူသည် လက်ဝါးကြီးဖြင့် ရှီဟောင်ကို ဖမ်းဆုတ်ရန် ကြိုးစားလာသည်။

ဤစွမ်းအားမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူသည် တာအိုအားလုံးကို ကန့်သတ်နိုင်ကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် လောကမှ ကြယ်များပေါက်ကွဲသွားကာ ကလန်များ ဒေါသတကြီး ဟစ်ကြွေးနေကြသည်။ မရေမတွက်နိုင်သည့်သက်ရှိများလည်း တစ်ချိန်တည်းသေဆုံးသွားကြကာ သွေးမြူများ ဖြစ်သွားကြသည်။

ဤမြင်ကွင်းမှာ အစစ်အမှန်ဆန်လွန်းလှသည်။

ဟက်…

ရှီဟောင် နှာခေါင်းရှုံ့လိုက်သည်။ “အရင်တုန်းက ခင်ဗျားက ကျွန်တော့်ကို တာအိုအဖြစ်ပြောင်းချင်တယ် .. အခု ဒီလိုမျိုးပုံရိပ်ယောင်တွေ လာလုပ်ပြနေသေးတာလား .. ကျုပ်ကို ဖမ်းချင်နေတုန်းလား..”

သူ အလွန်တည်ငြိမ်နေသည်။ သူသည် အစောကြီးကတည်းက တစ်ခုခုကို ခန့်မှန်းမိပြီးသားပင်။ သူသည် တွေဝေနေခြင်းမရှိပဲ ထာဝရဓားဖြင့် ထိုးချလိုက်သည်။

ဝုန်း..

ထိုအခိုက်အတန့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပျက်စီးကာ သက်ရှိများသေဆုံးနေသည့်မြင်ကွင်း ပျောက်ကွယ်သွားသည်။

ထိုလက်ကြီးသည် ဓားဖြင့်ထိုးခံလိုက်ရသော်လည်း ပျက်စီးမသွား။ ထိုအစား နောက်ပြန်ဆုတ်သွားလေသည်။

“ဖိနှိပ်မယ်..”

ထိုအကြီးအကဲအော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် စွမ်းအားအကြီးဆုံးအော်ရာ ပျံ့လွင့်လာသည့်အပြင် အဝါရောင်အုတ်ဂူမှ မြေကြီးအချို့သည် တံဆိပ်တစ်ခုဖြစ်လာကာ အောက်ဘက်သို့ ဖိနှိပ်လာသည်။

ဖုန်း..

ရှီဟောင် ဓားကိုလွှဲရမ်းလိုက်ကာ ထိုအဝါရောင်မြေကြီးတံဆိပ်ကို ပိုင်းဖြတ်လိုက်သည်။

ဖူး..

ထိုဓားဖြင့် မဖြတ်နိုင်သည့်အရာမရှိ။ ဖူးဟူသည့်အသံနှင့်အတူ ထိုအကြီးအကဲ၏လက်မှ ပုပ်ဆွေးနေသည့် အသား ပဲ့ကျလာသည်။

ထို့နောက် ထိုအကြီးအကဲသည် ချက်ချင်းပင် လှည့်ပြေးသွားလေ၏။

ဖုန်း..

ထိုအခိုက်အတန့် ရှီဟောင်လက်မြှောက်လိုက်ကာ သူ့လက်ထဲတွင် ကျောက်တိုင်တစ်ခုပါလာသည် — ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်..

ဤသည်မှာ မသေသေးသည့်စစ်သူရဲ စန်းကျန်းမှ သူ့အား လက်ဆောင်ပေးခဲ့ခြင်းပင်။ ဤသည်ကို ထာဝရနယ်မြေမှ ယူလာခဲ့ခြင်းဖြစ်ပြီး ဤကျောက်တိုင်မှာ ဧကရာဇ်ပျက်သုဉ်းခြင်းခေတ်မှ စာလုံးမပါသည့်ကောင်းကင်စာအုပ်ဖြစ်လိမ့်မည်ဟု သံသယဝင်ခဲ့ကြသည်ပင်။

ကျောက်တိုင်လွင့်ထွက်သွား၏။ ရှီဟောင် ဤကျောက်တိုင်က အုတ်ခဲအဖြစ် သုံးလိုက်ခြင်းပင်။ ထိုကျောက်တိုင်သည် ထိုအကြီးအကဲ၏ခေါင်းကို ဖုန်းခနဲထိမှန်သွားကာ ထိုအကြီးအကဲ ချက်ချင်း ယိုင်သွားလေ၏။ တာအိုသင်္ကေတများ ထွက်ပေါ်လာကာ သူ ဒေါသတကြီး ဟစ်ကြွေးလိုက်ဠေသည်။

“ပျက်စီးနေတဲ့ခန္ဓာကိုယ်ပေါ်လာရင် ကောင်းကင်ကြီးတောင် ပြိုကျသွားပြီး ကမ္ဘာမြေကြီး နှစ်မြှုပ်သွားမှာဆို .. ဒီခေတ်ကြီးပျက်စီးသွားပြီး သက်ရှိအားလုံးလည်းသေသွားမှာဆို..”

ရှီဟောင် ခနဲ့လိုက်သည်။ သူ ထာဝရဓားကို လွှဲရမ်းလိုက်သည်နှင့် ဓားအလင်းတန်း ထွက်ပေါ်လာသည်။ သူသာ သေချာမထိန်းချုပ်ထားလျှင် ထိုဓားအလင်းတန်းသည် လီပေါင်းများစွာကို ဖောက်ထွက်သွားကာ ထိုအုတ်ဂူကိုပင် ဖြတ်ပစ်နိုင်လောက်သည်။

“ရှေးဟောင်းအုတ်ဂူကို မထိနဲ့..”

ထိုအကြီးအကဲ အတော်လေး ထိတ်လန့်သွားရသည်။

ရှီဟောင် တစ်ခုခုကို အာရုံခံမိသွားသည်။ သူသာ အုတ်ဂူကို ဖွင့်လိုက်လျှင် အလွန်ကြောက်စရာကောင်းသည့်အရာတစ်ခုခု ထွက်လာလိမ့်မည်ဟု သူခံစားနေရသည်။

ကံကောင်းစွာဖြင့် သူသည် အမြဲတမ်း ကိုယ့်ကိုကိုယ် ထိန်းချုပ်နေသည့်သူပင်။ ဓားအလင်းတန်းသည် အကြီးအကဲကိုသာ ဖြတ်သွားသည်ပင်။

ဖူး..

ထိုအကြီးအကဲ ခါးမှနှစ်ပိုင်းပြတ်သွားကာ မြေဝါရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ ပျက်စီးသွားသည့် ခန္ဓာကိုယ်နှစ်ပိုင်းလည်း အုတ်ဂူထဲသို့ ပြန်ဝင်သွားလေ၏။

ရှီဟောင် ဤနေရာကို သေချာလေ့လာလိုက်သည်။ အုတ်ဂူထဲသို့ ဝင်၍ရသည့် အက်ကွဲကြောင်း တစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။

သူသည် အလွန်ရဲရင့်စွာဖြင့်ပင် တကယ်ဝင်သွားလေ၏။

“မင်း..”

ထိုအကြီးအကဲ အလွန်ထိတ်လန့်သွားသည်။ အခြားသူများသာဆိုလျှင် အရိုးပင်မကျန်တော့သည်အထိ ကျိန်စာစွမ်းအား၏ တိုက်စားခြင်းခံလိုက်ရလိမ့်မည်။ သို့သော်လည်း ဤလူငယ်လေးမှာ မကောင်းဆိုးဝါးတစ်ကောင်ပင်။ သူသည် ဤထဲထိပင် ဝင်နိုင်သည်။

သိထားရမည်မှာ ယခင်ကတည်းကနေ ယခုအချိန်ထိ မည်သူမှ အုတ်ဂူကို ထိနိုင်သည့်သူ သိပ်မရှိသေး။ အဘယ်ကြောင့်ဆိုသော် သူ၏ကျိန်စာစွမ်းအားမှာ ပြင်းထန်လွန်းလှသည်ပင်။

အုတ်ဂူထဲကို ဝင်ဖို့ဆိုသည်မှာ သူတို့ စဉ်းပင်မစဉ်းစားရဲသည့်အရာတစ်ခုပင်။

သူတို့ နည်းနည်းလေးဝင်လိုက်သည်နှင့် သူတို့၏အသွေးအသားနှင့် အရိုးများ ဆွေးမြေ့သွားလိမ့်မည်။

ရှီဟောင် တစ်ကိုယ်လုံး နာကျင်နေသော်လည်း သူတောင့်ခံနိုင်သေးသည်။ သူ အကြီးအကဲကို အေးစက်စွာ ကြည့်ပြီးနောက် သူ့ကို ဖမ်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ဤနေရာနှင့်ပတ်သက်သည့် မေးခွန်းများစွာ ရှိနေသေးသည်။

ဖုန်း..

အကြီးအကဲ၏ဦးခေါင်းကို ထာဝရဓားဖြင့် ရိုက်နှိပ်လိုက်သည်။

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ၏မူလပုံစံ ပြန်ပေါ်လာလေ၏။ သူသည် အသားပုံအဖြစ်သို့ ပြောင်းလဲသွားသည်ပင်။

ဒါက သူ့ရဲ့ခန္ဓာကိုယ်အစစ်လား .. ရှီဟောင် ဆွံ့အသွားရသည်။

“ခင်ဗျားမှာ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ .. ခင်ဗျားကဘာလဲ..” ရှီဟောင် အော်ဟစ်လိုက်သည်။

“ရပ်လိုက် … မင်းဒီမှာ လျှောက်လုပ်လို့မရဘူး .. ဒီအုတ်ဂူက မင်းရဲ့စိတ်ကြီးဝင်နေတာတွေကို သည်းခံမှာမဟုတ်ဘူး .. မဟုတ်ရင် ငါတို့ခန္ဓာကိုယ်နဲ့ ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားလိမ့်မယ်..”

“ဒီမှာ မေးခွန်းမေးတဲ့သူက ကျွန်တော်တစ်ယောက်တည်းပဲ..” ရှီဟောင် အော်ဟစ်လိုက်သည်။

“ငါ .. ငါက အသားနဲ့အရိုးစလေးပဲ .. ငါဘယ်ကျွမ်းကျင်သူကနေ ဖြစ်လာတာလဲဆိုတာတောင် မမှတ်မိတော့ဘူး..” ထိုအကြီးအကဲ တုန်ယင်စွာ ပြောလိုက်သည်။

ယခု သူ့ထံတွင် မည်သည့်ယုံကြည်ချက်မှ မရှိတော့။

သို့သော် ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။ အကြီးအကဲပြောသည့်အတိုင်းဆိုလျှင် သူသည် ဤခေတ်မှမဟုတ်။ ယခင်က ဤနေရာကို လာလေ့လာသည့် ကျွမ်းကျင်သူတစ်ဦးရှိခဲ့သည်။ သို့သော်လည်း သူသည် မိုးကြိုးပစ်ခံလိုက်ရကာ လက်ရိုးတစ်ခုသာ ကျန်ခဲ့တော့သည်။ ဤသည်မှ ဤအကြီးအကဲ၏ ယခင်ခန္ဓာကိုယ်ပင်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုလက်ရိုး အသိဉာဏ်ရှိလာကာ မတူညီသည့်သူ ဖြစ်လာသည်ပင်။

ပျက်စီးနေတဲ့အသွေးအသားနဲ့ အရိုးကနေတောင် ဒီလောက်စွမ်းအားကြီးတဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်တာလား..

ဤအကြီးအကဲမှာ တကယ်ကို အားမနည်းပေ။

ပို၍ အရေးကြီးသည်မှာ ထိုလက်ရိုးသည် ဤကျိန်စာမြေ၌ ရှိနေခြင်းပင်။ သို့သော်လည်း ထိုလက်သည် ပုပ်ဆွေးရုံသာရှိသည်။ ပျက်စီးမသွား။ ထို့အပြင် အသိဉာဏ်ပင် ရလာသေးသည်။

“ဒါက ဘယ်လိုနေရာမျိုးလဲ..” ရှီ‌ဟောင် အော်ငေါက်၍ မေးလိုက်သည်။

“ငါပြောတာ အမှန်တွေပါ .. ဒါက တကယ်ကို သန်မာတဲ့သူတွေ အနားယူတဲ့နေရာ .. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကန့်သတ်နယ်မြေအရှင်တောင် ဒီနေရာကို လာလည်သေးတယ် .. ဒါတွေကို အဲဒီလူ ပြောခဲ့တာ..”

ဤစကားကို ကြားသည်နှင့် ရှီဟောင် ဆွံ့အသွားရသည်။

“ပြီးတော့ ဘာရှိသေးလဲ..”

“ဒီနေရာကို တိုက်ခိုက်လို့မရဘူး .. ငါကြားတာတော့ နောင်ကျရင် သမိုင်းရဲ့အကြီးမားဆုံး အရှုပ်အထွေးကြီး ပေါ်လာလိမ့်မယ် .. စာရင်းရှင်းပွဲကြီး လုပ်ကြလိမ့်မယ် .. အဲဒီအချိန်ကျရင် ဒီနေရာကနေ သက်ရှိတစ်ဦး ထွက်လာပြီးတော့ အဲဒီအမှောင်မိုက်ဆုံးအချိန်ကို ဝင်နွှဲမှာ..”

“ဘာ..” ရှီဟောင် ဆွံ့အသွားရ၏။

“ဒီနေရာက ဦးဆောင်တဲ့ပုဂ္ဂိုလ်တစ်ဦး ထွက်လာလိမ့်မယ် .. ဒါက သူ ပြန်လာတဲ့လမ်းကြောင်းပဲ” ထိုအကြီးအကဲ ကြောက်လန့်တကြား ပြောပြလိုက်သည်။

အပိုင်း ၁၈၈၆ ပြီး၏။
Chapter – 1887 သံသယများကို ရှင်းလင်းခြင်း

သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်း .. လောကကြီးကို ဦးဆောင်မယ့်သူတွေထဲကတစ်ယောက် ပြန်လာမယ့်နေရာလား..

ရှီဟောင် အလွန်ထိတ်လန့်တုန်လှုပ်သွားရသည်။ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ ..အုတ်ဂူတစ်ခုက ဘာလို့ ဂိတ်တံခါးတစ်ခု၊ လမ်းကြောင်းတစ်ခု ဖြစ်လာတာလဲ..

“ခင်ဗျား လျှောက်ပြောရဲတယ်ပေါ့..” ရှီဟောင် ဆူပူလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအကြီးအကဲသည် အစောပိုင်း၌ လိမ်ညာနေခဲ့ခြင်းဖြစ်သောကြောင့် ရှီဟောင် သူ့ကို မယုံကြည်တော့။ ဒီအုတ်ဂူက ဒီလောက်တောင် ကြောက်စရာကောင်းလို့လား..

“ငါ ပြောတာ အမှန်တွေပဲ .. တကယ်လို့ အလိမ်အညာတစ်ခု ပါခဲ့ရင် ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်နှစ်ခုလုံးပျက်စီးသွားပါစေ..” ထိုအကြီးအကဲ ကျိန်ဆိုလိုက်သည်။

အမှန်တကယ်တွင်တော့ ရှီဟောင် ဤအကြီးအကဲကို တစ်ဝက်တော့ ယုံသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤအကြီးအကဲကို မယုံကြည်ရသော်လည်း ဤနေရာမှာ အလိမ်အညာမဟုတ်။

အမှောင်မိုက်ဆုံးအချိန်တွင် ခေတ်ကြီးတစ်ခေတ်လုံး သွေးများ စီးဆင်းလာလိမ့်မည်။ ခေတ်တစ်ခု၏ အရက်စက်ဆုံးအပိုင်းအခြားမှာ အနှေးနှင့်အမြန် ရောက်လာမည်ပင်။

ထိုအချိန်ကျလျှင် မကျေနပ်မှုများကို ရှင်းကြလိမ့်မည်။ မည်ကဲ့သို့သော ကြောက်စရာကောင်းသည့် သက်ရှိများ ပေါ်လာမည်ကို မှန်းဆကြည့်ရန် ခက်ခဲလှသည်။

ဤနေရာသည်လည်း သမိုင်း၏ အစိတ်အပိုင်းဖြစ်လာလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့။

နောင်ကျလျှင် ဤနေရာမှ သက်ရှိတစ်ဦး ပေါ်လာကာ လောကထဲသို့ ဝင်ရောက်လာလိမ့်မည်။

“လမ်းပြ … ကျုပ်ကြည့်မယ်..” ရှီဟောင် အော်ဟစ်လို်ကသည်။

မြေပြင်ပေါ်၌ အသားများနှင့် အရိုးများ တောက်ပလာကာ အကြီးအကဲပြန်ဖြစ်သွားသည်။ သို့သော်လည်း သူသည် ရှီဟောင်၏ တာအိုသင်္ကေတများဖြင့် ကန့်သတ်ထားခြင်း ခံနေရသည်ပင်။

အကြီးအကဲသည် အလွန်နာခံစွာဖြင့်ပင် လမ်းပြနေလေ၏။

နှစ်ပေါင်းများဏွာ ကြာပြီးနောက် မည်သူကများ အုတ်ဂူထဲသို့ ဝင်နိုင်ခဲ့သနည်း ..

ကန့်သတ်နယ်မြေ၏ အရှင်မှလွဲလျှင် ရှီဟောင်သည် ပထမဆုံးပင် ဖြစ်လိမ့်မည်။ သာမန်လူသာဆိုလျှင် အုတ်ဂူအပြင်ဘက်၌ ရပ်လိုက်ရုံဖြင့် သူတို့၏ခန္ဓာကိုယ်များ ညှိုးခြောက်သွားကာ မမှတ်မိနိုင်လောက်အောင် ပုံပျက်သွားလိမ့်မည်။

သူတို့ အုတ်ဂူထဲသို့ ဝင်လိုက်သည်နှင့် အမာကျောဆုံးတာအိုအရိုးများပင် ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။

သို့သော် ရှီဟောင်သည် တိုက်စားမှုကို တောင့်ခံနိုင်ကာ သူ့ခန္ဓာကိုယ်မှ နတ်အလင်းကွင်း ၁၀၈ ကွင်းပေါ်လာလေ၏။

“ခင်ဗျားရဲ့ အရင်တုန်းက ခန္ဓာကိုယ်က ဘယ်လိုဇစ်မြစ်ရှိတာလဲ .. ခင်ဗျား ဘာမှမမှတ်မိဘူးလား..” ရှီဟောင်မေးလိုက်သည်။

“ငါ့မှာ ဘာမှတ်ဉာဏ်မှ မရှိတော့ဘူး..” ဤအကြီးအကဲ ခေါင်းခါ၍ ပြောလိုက်သည်။

ဤအကြီးအကဲသည် ဤနေရာ၌ ကျဆုံးခဲ့သည့် သူတစ်ယောက်ယောက်၏ လက်ချောင်းတစ်ချောင်းသာ။ သူ၏သွေးစွမ်းအင်များ ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူသည် အသိဉာဏ်ရလာကာ နောက်ဆုံးတွင် ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူ ဖြစ်လာသည်။

ထိုအတိတ်မှ လူမှာ သေချာပေါက် ကြောက်စရာကောင်းလိမ့်မည်ပင်။

အုတ်ဂူကြီးမှာ အဆုံးမရှိနိုင်သကဲ့သို့ အလွန်ကျယ်ပြောလှသည်။

အုတ်ဂူထဲတွင် အဝါရောင်မြေကြီးမရှိတော့ပဲ တစ်ယောက်ယောက်ထွင်းထားသည့် ကျောက်လမ်းလေးသာရှိတော့သည်။ ထိုလမ်းသည် နေရာတစ်ခုသို့ ဦးတည်သွားနေသည်ပင်။

“ငါတို့ ရောက်တော့မယ်..” ဤအကြီးအကဲ ပြောလိုက်သည်။

သူတို့နှစ်ဦးလုံးမှာ စွမ်းအားကြီးသည့်သူများ ဖြစ်ကြသောကြောင့် သူတို့ ကမ္ဘာမြေကို လက်မများအဖြစ်ကျုံ့ခြင်းကို အသုံးပြုကာ အမြန်လာခဲ့ကြသည်ပင်။

သူတို့ ထိုနေရာနားသို့ ရောက်လာသည်နှင့် လမ်းမှာ မကျယ်တော့သလို တောက်ပခြင်းလည်းမရှိတော့။ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ကြေးညိုရောင်ဂိတ်တံခါးထံသို့ ဦးတည်သွားနေသည့် လမ်းကြောင်းတစ်ခု ပေါ်လာသည်။

ထိုတံခါးသည် အစိမ်းရောင်သံကြေးတက်နေကာ တင်းကြပ်စွာ ပိတ်ထားသည်ပင်။ ဤတံခါးသည် အလွန်ရှေးကျလှကာ ဤတံခါးကို မဖွင့်သည်မှာ နှစ်ပေါင်းများစွာ ရှိနေပုံပင်။

ဒါက သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ပဲ..

ရှီဟောင် ထိုအကြီးအကဲကို တံခါးဖွင့်ခိုင်းလိုက်သော်လည်း ထိုအကြီးအကဲ ချက်ချင်းပင် ထိတ်လန့်သွားကာ ခန္ဓာကိုယ်လည်း တုန်ယင်လာလေ၏။ သူ ဤတံခါးနား မကပ်ရဲ။

“ဒီတံခါးကို ထိလို့မရဘူး .. အသက်ရှိနေတဲ့သူ ဒီတံခါးကို ထိလိုက်တာနဲ့ သူတို့ချက်ချင်း သေသွားလိမ့်မယ် .. မီးခိုးနဲ့ဖုန်မှုန့်ဖြစ်သွားလိမ့်မယ်..” အကြီးအကဲ ပြောလိုက်သည်။

သူ ဤအကြောင်းကို ပြောရမည်။ မဟုတ်လျှင် ရှီဟောင် သူ့ကို ဖိအားပေးကာ တံခါးဖွင့်ခိုင်းလိမ့်မည်။

ထို့အပြင် ထိုမြစ်လည်း ဤနေရာသို့ စီးဝင်သွားသည်ပင်။

အပြင်ဘက်မှ တောက်ပနေသည့် မြစ်ရှည်ကြီးသည် ဤအုတ်ဂူထဲသို့ ဝင်လာပြီးနောက် ဤနေရာထဲသို့ ဝင်ရောက်သွားသည်ပင်။

ကြေးတံခါးအောက်တွင် အလွန်သေးငယ်လှသည့် အက်ကွဲကြောင်းတစ်ခုရှိနေသည်။ ထိုငွေရောင်မြစ်ကြီးသည် ထိုနေရာမှ ဝင်သွားကာ ပျောက်ကွယ်သွားခြင်းပင်။

“ဒီ မြစ်ကြီးက ဂိတ်ထဲကို ဝင်သွားတာလား .. ဒီနေရာမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ..” ရှီဟောင် ဤနေရာကို သေချာလေ့လာလိုက်သည်။

တစ်ချိန်တည်းမှာပင် အလွန်ကြောက်စရာကောင်းသည့်အော်ရာကို သူ ခံစားမိလိုက်သည်။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲတော့မတတ်ပင်။ ဤနေရာရှိ ကျိန်စာစွမ်းအားမှာ အလွန်ပြင်းထန်လွန်းလှသည်။

သူသာ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် မကျင့်ကြံခဲ့ပါက သူ အရိုးဖြူများ ဖြစ်သွားသည်အထိ တိုက်စားခံနေရလောက်လေပြီ။ သူ၏အရိုးများပင်ပြာမှုန့်များ ဖြစ်သွားလောက်လေပြီ။

ကျိန်စာစွမ်းအားမှာ ပြင်းထန်လွန်းလှသည်။

ကျိန်စာစွမ်းအားအားလုံးသည် ထိုဂိတ်တံခါးနောက်မှ ထွက်ပေါ်လာခြင်းပင်။

“ငါ အရင်ပြောတာတွေအားလုံး အမှားတွေ မဟုတ်ဘူး” အကြီးအကဲ သူ့အား ရှင်းပြလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင် ထာဝရဓားဖြင့် သူ၏မျက်ခုံးကြားကို ချိန်ရွယ်ထားသည်ပင်။ သူ နည်းနည်းလေး လှုပ်သည်နှင့် သူ့ဘဝအဆုံးသတ်သွားလိမ်မည်။

“ဒီမြစ်ကို လမ်းပြမြစ်လို့ခေါ်တယ် .. သူက အရမ်းကို ထူးဆန်းတဲ့အချိန်နဲ့နေရာက သက်ရှိတွေကို လမ်းပြနိုင်တယ် .. သူတို့ကိုပြန်ခေါ်လာနိုင်တယ်” ဤအကြီးအကဲ ပြောလိုက်သည်။

ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။ ဒီမြစ်က မသိနိုင်တဲ့လောကကြီးနဲ့ ချိတ်ဆက်နေပြီးတော့ သက်ရှိတစ်ယောက်ကို လမ်းပြဖို့အတွက် ရှိနေတာလား.. ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။

“ဒါက သက်ရှိတစ်ယောက်တည်း ဟုတ်ချင်မှဟုတ်မှာ .. ကလန်တစ်ခုလုံးလည်းဖြစ်နိုင်တယ်” အကြီးအကဲသည် သူ့ရှေ့မှ လူငယ်လေးကို တကယ်ကြောက်ရွံ့လာသောကြောင့် သူသိသမျှအားလုံးကို ပြောပြလိုက်တော့သည်။

ဤအကြောင်းအရာများမှာ ကန့်သတ်နယ်မြေ၏အရှင် ပြောခဲ့သည့်အကြောင်းအရာများပင်။ မဟုတ်ပါက သူ့ဘဝတွင် ဤအကြောင်းအရာများကို သိနိုင်မည်မဟုတ်။

သူ ယခင်က ပြောခဲ့သည့်အကြောင်းအရာတစ်ချို့မှာ တကယ်အမှန်ပင်။ ဥပမာအားဖြင့် ဤမြစ်ကြီးသည် ဤလောကကြီးပေါ်သို့ ကျရောက်ခဲ့သည့် သွေးအချို့နှင့် ကျိန်စာ၊ အချိန်များမှ ဖြစ်ပေါ်လာသည်ဟူသော အချက်ပင်။

ဤသွေးစက်များမှာ ကြေးဂိတ်တံခါးမှ ပြန်လာမည့်သက်ရှိ၏သွေးများပင်။

ဤသွေးကြောင့်လည်း သူ ဤနေရာသို့ ပြန်လာနိုင်ခြင်းပင်။

ဤနေရာအကြောင်း သိပြီးသွားသည်နှင့် ရှီဟောင်၏အမူအရာများ မှုန်မှိုင်းလာသည်။ သူ ထိုနေရာတွင် အချိန်အတော်ကြာ ရပ်နေခဲ့သည်။ ဤနေရာသည် သက်ရှိတစ်ဦး သို့မဟုတ် ကလန်တစ်ခု ပြန်လာနိုင်သည့်နေရာပင်။

“ခင်ဗျားက တော်တော်လေး ထူးခြားတာပဲ .. ဒီနေရာမှာ ကျိန်စာစွမ်းအား ဒီလောက်ပြင်းတာတောင် ခင်ဗျား ဘာမှမဖြစ်ဘူး .. ဒီမှာ ကြာကြာနေနိုင်တယ်” ရှီဟောင် ထိုအကြီးအကဲကို ပြောလိုက်သည်။

အကြီးအကဲသည် ခါးသီးစွာ ပြုံးလိုက်ပြီး ရှီဟောင်အား ပြန်မေးလိုက်သည်။ “မင်းလည်း အဆင်ပြေနေတာပဲမဟုတ်ဘူးလား..”

ထို့နောက် ထိုအကြီးအကဲသည် သက်ပြင်းချကာ “ငါ့ရဲ့သွေးစွမ်းအင်မရှိတော့ဘူး .. ပျက်စီးနေတဲ့အသားတွေပဲ ရှိတော့တာ .. ကျိန်စာစွမ်းအားတွေ မရှိတော့ဘူး”

သူသာ သွေးစွမ်းအင်ရှိနေလျှင် သူ အသိဉာဏ်ရလာသည်နှင့် ဤထက် ပို၍စွမ်းအားကြီးလိမ့်မည်ဟု ဆိုလိုခြင်းပင်။

ရှီဟောင် သူ့အား ကိစ္စများစွာ မေးခဲ့သည်။ ဤဂိတ်တံခါး မည်သည့်နေရာသို့ ရောက်သည်ကို သူသိချင်သည်။ ဤသည်မှာ မည်ကဲ့သို့သော ရှေးဟောင်းလမ်းမျိုးဖြစ်သနည်း.. သို့သော်လည်း သူ့ထံမှ မည်သည့်သတင်းမှ ထွက်မလာတော့။

“ကျုပ်သိချင်တာက အပြင်ကနှစ်ယောက် ဘာဖြစ်သွားတာလဲ..” ရှီဟောင် လေးနက်စွာ မေးလိုက်သည်။

ထို့အပြင် သူ ထိုအကြီးအကဲကို အုတ်ဂူအပြင်ဘက်သို့ ပြန်ဆွဲထုတ်လာလိုက်သည်။ သူ ထိုဂူထဲ၌ ကြာကြာမနေနိုင်။

“ဒီလူအိုကြီးက အကြောင်းပြချက်တစ်ချို့ကြောင့် နတ်ဆိုးဘုရင်ချန်ထားခဲ့တဲ့ သွေးအစစ်နဲ့ အရမ်းကို နီးစပ်နေတယ် .. သူက အနီးအနားမှာရှိတဲ့ သွေးအကျန်တွေကို စုစည်းနိုင်တယ်..” ထိုအကြီးအကဲ ပြောလိုက်သည်။

“ဘယ်လိုမျိုးပြောလိုက်တာလဲ..” ရှီဟောင် သူ့အား စိုက်ကြည့်လိုက်သည်။ “သူက ကျုပ်အဘိုး..”

ထိုအကြီးအကဲသည် ချက်ချင်းပင် စကားလုံး ပြောင်းလိုက်လေ၏။ “အာ .. ဒီစီနီယာက အရမ်းထူးဆန်းတယ် .. သူက နတ်ဆိုးဘုရင်ကြီးရဲ့သွေးနဲ့ ပေါင်းစည်းနိုင်တယ် .. အားလုံး ကောင်းကောင်းမွန်မွန်ပြီးသွားရင်တော့ ဒါက သူ့အတွက် ကံကောင်းမှုကြီးပဲ”

“အရမ်းတွေ ဖားမနေနဲ့ .. သူက ခင်ဗျားက အများကြီး ငယ်တယ်” ရှီဟောင် ပြောလိုက်သည်။ သူ ဤအကြီးအကဲကို ဘာပြောရမလဲပင်မသိတော့။ ဤလူသည် ကိုယ်ကျင့်တရားကိုမရှိ။

“သူ ဘယ်အချိန်နှိုးလာမှာလဲ..” ရှီဟောင်မေးလိုက်သည်။

“အနည်းဆုံးတော့ နှစ်ပေါင်း ရှစ်ထောင်၊ တစ်သောင်းလောက် ကြာမှာပဲ”

“အဲဒီလောက်တောင် ကြာတာလား..” ရှီဟောင် ဤအကြီးအကဲကို မယုံ။

“နတ်ဆိုးဘုရင်က ဘယ်သူမို့လို့လဲ .. သူက ထာဝရနယ်မြေကို ရောက်ထားတဲ့သူ .. သူ လျှပ်စီးနဲ့ မကောင်းတဲ့ တိမ်မည်းတွေ ဝိုင်းခံလိုက်ရတာကြောင့်သာမဟုတ်ရင် သူက ထာဝရသက်ရှိဖြစ်နေလောက်ပြီ .. အဲဒီတော့ သူ့ဆီကနေ ကျန်ခဲ့တဲ့သွေးကလည်း သေချာပေါက် အဖိုးတန်တာပေါ့ .. ဒီသွေးနဲ့ပေါင်းချင်ရင် သေချာပေါက် သေမှာပဲ .. ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် မင်းအဘိုးက ဒီသွေးကို နည်းနည်းချင်းစီ စုတ်ယူနိုင်နေတယ် .. ဒါပေမဲ့ ကျင့်ကြံဆင့်က အရမ်းကွာခြားနေတယ် .. ဒီသွေးကို စုတ်ယူဖို့က အချိန်လိုအပ်မှာပဲ” အကြီးအကဲ အမှန်အတိုင်း ပြောလိုက်သည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ သက်ပြင်းချကာ ခေါင်းငြိမ့်ပြလိုက်သည်။

“အားမန်က ဘာဖြစ်နေတာလဲ..” ရှီဟောင် အုတ်ဂူထက်မှ မိန်းမပျိုလေးကို လက်ညှိုးထိုးပြလိုက်သည်။

“သူက .. ငါလည်းမသိဘူး .. ဒါက တော်တော်လေးထူးဆန်းပြီး တော်တော်လေး ကြောက်ဖို့ကောင်းတယ်” အားမန်အား ကြည့်လိုက်သည့်အချိန်တွင် အကြီးအကဲသည် အနည်းငယ် ကြောက်ရွံ့နေသလိုပင်။

ဤကဲ့သို့သော အမူအရာမျိုးဖြစ်လာလိမ့်မည်ဟု ရှီဟောင် ထင်မထားထဲ့။

“ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ..”

“သူက အစပိုင်းတုန်းက ကျိန်စာမိနေတာ .. ဒါပေမဲ့ သူက တစ်ခြားသူတွေလိုမျိုး တာအိုအဖြစ်၊ အရိုးခြောက်အဖြစ် ပြောင်းမသွားပဲနဲ့ အစီအရင်သင်္ကေတတွေလိုမျိုး အနီရင့်ရောင်သင်္ကေတတွေ ပေါ်လာတယ် .. နောက်ဆုံးတော့ သူက ကြေးတံခါးရှေ့က ကျောက်စိမ်းအခေါင်းကို သူ့ဘေးနား ဆင့်ခေါ်လိုက်နိုင်တယ်” အကြီးအကဲ ရှင်းပြလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရ၏။

အားမန်သည် အပြင်လောကတွင် ဤနေရာနှင့် ဆက်စပ်နေသည့် ပစ္စည်းတစ်ခုခု ရခဲ့ခြင်းဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ထို့ကြောင့် သူမ ထိုကျောက်စိမ်းအခေါင်းကို ရွှေ့လိုက်နိုင်ခြင်းပင်။

“ဒီကျောက်စိမ်းအခေါင်းက အစက ကြေးတံခါးရှေ့မှာလား..” ရှီဟောင်မေးလိုက်သည်။

“ဟုတ်တယ်..”

အကြီးအကဲသည် ထိုကျောက်စိမ်းအခေါင်းကို အတော်လေး ကြောက်ရွံ့သည်ပင်။ သူ ထိုအခေါင်းကို ထိပြီး သေမလိုဖြစ်သွားကတည်းက သူ ထိုအခေါင်းကို ထပ်မထိရဲတော့။

သို့သော် ဤခေတ်တွင် ထိုအခေါင်းသည် သူ့အလိုလို ပျံသန်းကာ အုတ်ဂူအပြင်ဘက်သို့‌ ရောက်လာကာ မိန်းမပျိုလေးဘေးသို့ ရောက်လာသည်။

ထို့ကြောင့်လည်း ဂူအပြင်ဘက်မှ လူနှစ်ဦးကို သူ ကြောက်ရွံ့ကာ လက်လွတ်စပယ် မလုပ်ရဲခြင်းပင်။

“ခင်ဗျား ဘယ်လိုထင်လဲ…” ရှီဟောင်မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤအကြီးအကဲသည် ဤနေရာ၌ နေထိုင်နေသည်မှာကြာလှပြီဖြစ်သောကြောင့် သူ့ထက်တော့ ပိုသိမည်ပင်။

“ဒီကျောက်စိမ်းအခေါင်းက ဂိတ်တံခါးကနေ ပြန်လာမယ့်သက်ရှိ သုံးမယ့်ပစ္စည်းလို့ ငါထင်တယ် .. ဒီမိန်းမပျိုလေးက နောင်ကျရင် အရမ်းအရေးပါလာလိမ့်မယ်”

“နည်းနည်းအသေးစိတ်ပြော..” ရှီဟောင်၏အမူအရာမှာ ကောင်းမနေတော့။

“ဒီမိန်းမပျိုလေးက အမွေဆက်ခံသူဖြစ်မလာရင် အစေခံဖြစ်လာလိမ့်မယ် .. သူက ဒီဂိတ်တံခါးကို စောင့်ကြပ်ရတဲ့အပြင် အဲဒီရှေးဟောင်းလမ်းကြောင်းကိုလည်း သူကိုယ်တိုင် ဖွင့်ရလိမ့်မယ်..” အကြီးအကဲ ပြောလိုက်သည်။

အပိုင်း ၁၈၈၇ ပြီး၏။
Chapter – 1888 အဆုံးသတ်

ရှီဟောင် သူ့အဘိုးနှင့် အားမန်ကို ပြန်ခေါ်သွားချင်သော်လည်း ထိုသို့ပြန်ခေါ်သွားရန် အလွန်ခက်ခဲနေသည်ကို သူတွေ့လိုက်ရသည်။

သူတို့နှစ်ဦးသည် အိပ်ပျော်နေသကဲ့သို့ပင်။

ယခု သူ တကယ်စိုးရိမ်နေရပြီဖြစ်သည်။ အဘိုး ၁၅ သည် နတ်ဆိုးသွေးနှင့် ပေါင်းစည်းနေခြင်းမှာ မထင်မှတ်ထားသည့်အရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် သူသည် နတ်ကျောက်တုံးတစ်တုံးထဲမှ နတ်ဆိုးဘုရင်သွေး ရခဲ့ဖူးသည်ပင်။

သို့သော် အားမန်၏ ပြောင်းလဲမှုမှာ ထင်မထားသည့်အရာတစ်ခုပင်။

“မင်းစိတ်ပူစရာမလိုဘူး .. ဒါက ကောင်းတဲ့ကိစ္စပဲ .. ကြေးတံခါးကြီး ပွင့်လာတာနဲ့ မင်း ဒီနေရာက စွမ်းအားကြီးတဲ့သက်ရှိနဲ့ မင်း အချိတ်အဆက်တစ်မျိုးရသွားလိမ့်မယ် .. အဆုံးအဖြတ်တိုက်ပွဲဖြစ်လာရင် သူမင်းကို ကာကွယ်ပေးနိုင်လိမ့်မယ်” အကြီးအကဲ ပြောလိုက်သည်။

“အားမန်က အစေခံဖြစ်လာမှာလား..” ရှီဟောင်မေးလိုက်သည်။ ဤသည်မှာ သူလက်မခံနိုင်သည့်အရာတစ်ခုပင်။

“မဟုတ်ဘူး .. သူက အမွေဆက်ခံသူ ဖြစ်လာနိုင်တယ်” အကြီးအကဲ ပြောလိုက်သည်။

“ပိုပြီး ထိတ်လန့်စရာကောင်းတဲ့အရာလည်း ဖြစ်လာနိုင်တယ်” သူ ထပ်ပြောလိုက်သည်။

“ခင်ဗျား ဘာပြောချင်တာလဲ..” ရှီဟောင်သူ့အား ကြည့်လိုက်သည်။

“အဲဒီလိုမျိုးအဆင့် သက်ရှိတွေရဲ့ မှော်စွမ်းအားတွေက ပြိုင်ဘက်ကင်းတယ် .. သူတို့ရဲ့ဝိညာဉ်လည်း အရမ်းကို တည်ငြိမ်တယ် .. အတိဒုက္ခအားလုံးကို ဖြတ်ကျော်နိုင်တယ် .. သူ့မှာ ပြန်လာနိုင်မယ့်နည်းလမ်းအများကြီး ရှိလိမ့်မယ်လို့ ငါယုံကြည်တယ် .. ဒီမိန်းကလေးက သူ့ရဲ့ ‘မျက်လုံး’ ဖြစ်လာလိမ့်မယ်လို့ ငါယုံကြည်တယ် .. သူကနေတစ်ဆင့် ဒီလက်ရှိလောကကြီးကို သူမြင်နိုင်လိမ့်မယ်” ထိုအကြီးအကဲ ပြောလိုက်သည်။

သူသည် လျှောက်သွားနေသည့် တစ္ဆေဝိညာဉ်ထက် မသာသော်လည်း သူ အချို့ကိစ္စများကို မြင်ဖူးထားသည်ပင်။

“ဒါက ပိုလို့တောင် လက်မခံနိုင်သေးတယ်” ရှီဟောင် ပြောလိုက်သည်။

“ဒါက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ သဘာဝကံကောင်းမှုဖြစ်နိုင်တယ် .. ဒီအခေါင်းက အဲဒီသက်ရှိကိုယ်စား တပည့်ရွေးလိုက်တာ” ထိုအကြီးအကဲ ပြောလိုက်သည်။

ရှီဟောင် တိတ်ဆိတ်သွားရ၏။ သူ အားမန်ကို ဘာမှမဖြစ်စေချင်။

“ဘာပဲဖြစ်လာပါစေ အခုအချိန်မှာ မင်းရဲ့ခွန်အားက မလုံလောက်သေးဘူး .. မင်း သူတို့ကို ကူညီနိုင်မှာမဟုတ်ဘူး .. ဒီအခေါင်းမှာ ထူးဆန်းတဲ့စွမ်းအားတွေ ရှိနေတယ် .. အရင်တုန်းက ငါ ဒီအခေါင်းကိုနည်းနည်းလေးထိမိသွားတာနဲ့ ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ပျက်စီးမလို ဖြစ်သွားခဲ့တာ .. အဲဒီလိုမထိမိရင် ငါ အခုထက်ပိုပြီး စွမ်းအားကြီးနေမှာ” အကြီးအကဲ ပြောလိုက်၏။

ရှီဟောင် သက်ပြင်းချလိုက်၏။ ဤသည်မှာ အမှန်တရားပင်။

သူ ကျင့်ကြံသည့်အချိန်မှာ တိုတောင်းလွန်းသေးသည်။ ထိုအဆင့်ရှိသည့် သက်ရှိများ ပါဝင်လာသည်နှင့် သူ ဘာမှလုပ်နိုင်မည်မဟုတ်။

သူ ပို၍စွမ်းအားကြီးလာရန် လိုအပ်သည်။ သူ့လူများကို ကာကွယ်ရန်အတွက် လောကမှ ရန်သူများအားလုံးကို ဖိနှိပ်ပစ်နိုင်ရန် လိုအပ်သည်။

မဟုတ်ပါက သူ သူများသနားသည်ကိုသာ ခံနေရလိမ့်မည်။

အားမန် ဤနေရာ၌ နေနေသည်မှာ မကောင်းသည်တော့မဟုတ်။ ဤသည်မှာ ကံကောင်းမှုတစ်ခုပင်။

“ငါ ပိုပြီး စွမ်းအားကြီးချင်တယ် .. ငါ့ကို ဘယ်သူမှ မနှောက်ယှက်နိုင်တဲ့နေရာကို ရှာပြီးတော့ ကျင့်ကြံချင်တယ် .. ငါ ဒီလောကက ရန်သူတွေအားလုံးကို ဖိနှိပ်နိုင်တဲ့အထိ အင်အားကြီးချင်တယ်…” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

သူ လူကယ်ရန်အတွက် ဤနေရာသို့ ရောက်လာခြင်းဖြစ်သော်လည်း သူ ဤလူများကို ခေါ်သွား၍ မရနိုင်သည်ကို တွေ့လိုက်ရသည်။

“သူ နိုးလာဖို့ အချိန်ဘယ်လောက်လိုမလဲ..” ရှီဟောင် အားမန်ကို ကြည့်လိုက်သည်။

သူမ သူ့ကို စကားမပြောနိုင်သည်မှာ ဝမ်းနည်းစရာကောင်းလှသည်။

ထို့နောက် သူ အဘိုး ၁၅ ကိုကြည့်လိုက်သည်။ သူ့အဘိုး အန္တရာယ်မရှိလောက်။ သူ နိုးထလာရန်မှာ အချိန်သာ လိုအပ်သည်။

သို့သော် အားမန်ကတော့ မသေချာမှုများဖြင့်သာ ပြည့်နေသည်။

“မင်း စိတ်အေးအေးထားပါ .. သူတို့ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူး .. အနည်းဆုံးတော့ ဒီနေရာမှာ သူတို့လုံခြုံတယ်” အကြီးအကဲ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အားမန်ကို ကာကွယ်ပေးနေသည့် ကျောက်စိမ်းအခေါင်း ရှိနေသည်ပင်။

အဘိုး ၁၅ သည်လည်း နတ်ဆိုးဘုရင်သွေးနှင့် ပေါင်းစည်းနေပြီဖြစ်သောကြောင့် သူ အလွန်ကြောက်စရာကောင်းလာမည်ပင်။

“သူတို့ကို ကျုပ်အစား သေချာဂရုစိုက်ထားပေး..” ရှီဟောင် ပြောလိုက်သည်။

သူသည် ရှေးဟောင်းလျှို့ဝှက်ပညာတစ်မျိုးကို အသုံးပြုလိုက်ကာ အကြီးအကဲ၏ မူလဝိညာဉ်တံဆိပ်တစ်ပိုင်းကို ဖယ်ရှားလိုက်သည်။ ထို့နောက် ထိုအရာကို ပြုပြင်ကာ ထိန်းချုပ်လိုက်၏။ သူ သစ္စာဖောက်လျှင် ရှီဟောင် ဤအကြီးအကဲကို သတ်ပစ်နိုင်သည်။

အကြီးအကဲသည် မကျေမနပ်ဖြစ်သွားသော်လည်း သူ ဘာမှမတတ်နိုင်။

ရှီဟောင် မိစ္ဆာကျွန်းအပြင်ဘက်သို့ ပြန်လည်ပျံသန်းသွားလိုက်သည်။

သူ အချိန်တစ်ခု စောင့်မည်။ ဤနှစ်ယောက် ဘာမှမဖြစ်ပါက သူ ကျင့်ကြံတော့မည်။

ရှီဟောင် စီရင်စုသုံးထောင်၌ လှည့်ပတ်သွားနေသည့်အချိန်တွင် ကောင်းကင်ဘုံကိုးခုရှိ ရှေးဟောင်းမိသားစုအချို့သည် ရှီဟောင်အကြောင်းကို ပြောနေကြလေ၏။

“ငါတို့ ရထားတဲ့သတင်းအရဆိုရင် သူ စီရင်စုသုံးထောင်မှာပဲ ရှိသေးတယ် .. သူ ထွက်မသွားသေးဘူး”

“ဟက် .. အဆင့်နိမ့်နယ်မြေကို ဝင်ဖို့ဆိုတာက အပြောသာလွယ်တာ .. သူ အတင်းဆင်းသွားရင် သူ ပျက်စီးသွားမှာပဲ..”

“ငါ နည်းနည်းလေး ရှုပ်ထွေးနေတယ် .. ဟွမ်က အဆင့်နိမ့်နယ်မြေကို ဘာလို့ အဲဒီလောက် အလောတကြီး ဆင်းသွားနေတာလဲ..”

“ဘာလို့လဲဆိုတော့ အဆင့်မြင့်နယ်မြေမှာ သူမလုံခြုံဘူးဆိုတာ သူသိနေလို့လေ .. အနည်းဆုံးတော့ အရင်တုန်းက သူ့ကို အပြစ်သားသွေးမျိုးဆက်လို့နာမည်တပ်တဲ့သူ ရှိခဲ့တယ်လေ .. အဲဒီလူတွေထဲမှာ ထာဝရသက်ရှိတစ်ယောက်လည်း ပါတယ်..”

တိတ်တဆိတ်ပြောနေကြသည့်သူများအားလုံးသည် ရှီဟောင် မုန်းတီးနေကြကာ သူ့ကို သတ်ပစ်မလားဟု ဆွေးနွေးနေကြသည်ပင်။

ယခုအချိန်တွင် ရှီဟောင်သည် အဆင့်လွန်သက်ရှိအဆင့်အောက်တွင် ပြိုင်ဘက်ကင်းပင်။ သူတို့ ရှီဟောင်ကို သတ်ချင်လျှင် ဘယ်လိုလုပ် ဤမျှ လွယ်ကူမည်နည်း..

အဆင့်လွန်သက်ရှိများသာ သူ့ကို သတ်နိုင်လိမ့်မည်။

ဤရှေးဟောင်းမိသားစုသည် ရှီဟောင်ကို သတ်ရန်ပင် စဉ်းစားရဲသောကြောင့် သူတို့မည်မျှစွမ်းအားကြီးသည်ကို စဉ်းစားကြည့်နိုင်သည်။

“ထားလိုက်တော့ .. ငါတို့ဘာမှမလုပ်ရင် အကောင်းဆုံးပဲ” အခြားသူများ ဆန့်ကျင်လိုက်သည်။

“ငါ့ကလန်က လှုပ်ရှားဖို့ မလိုပါဘး .. စီရင်စုသုံးထောင်မှာ ရှိတဲ့သူတွေ သူတို့ကိုယ်သူတို့ ထိန်းနိုင်မှာမဟုတ်ဘူး .. သူတို့တွေက သူ အဆင့်နိမ့်နယ်မြေက နယ်မြေရှစ်ခုမှာ သွားပုန်းမှာကို ဒီတိုင်းကြည့်နေမယ်ထင်နေတာလား..” တစ်စုံတစ်ယောက်မှ ခနဲ့လိုက်သည်။

ရှီဟောင် ချင်းကလန်သို့ ပြန်လာကာ သူ၏မိဘ၊ ညီလေးနှင့် ကောင်းကင်ဘုရင် ထာဝရချင်းကိုလည်း‌ တွေ့လိုက်သည်။

သူ ဘေးကင်းကင်းဖြင့် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောကြောင့် ရှီကျီလင်းနှင့် ချင်းရိနင်တို့ သက်မချလိုက်ကြသည်။ သို့သော် ခဏကြာပြီးနောက် သူတို့စိုးရိမ်စိတ်ဝင်လာရသည်။ အဘယ်ကြောင့်ဆိုသော် အဘိုး ၁၅ နှင့်အားမန် သူနှင့်အတူ ပြန်ပါမလာ။

ရှီဟောင် သူတို့ကို ထိုနေရာ၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တစ်ချို့ကို ပြောပြလိုက်သောကြောင့် သူတို့အားလုံး ထိတ်လန့်သွားရသည်။

“ဘိုးဘိုးက ဘာအန္တရာယ်မှတော့ မရှိဘူးမလား..” ချင်းဟောင် ထိတ်လန့်သွားရသည်။

“အားမန် .. အဲဒီကလေးမလေး ဘာပြောင်းလဲမှုတွေ ကြုံခဲ့ရတာလဲ..” ချင်းရိနင် စိုးရိမ်သွားရသည်။

“ကျွန်တော်လည်းမသိဘူး..” ရှီဟောင် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ တွေးထားသည့်အရာများကို သူတို့အား ပြောပြထားလိုက်သည်။ သူ အချိန်တစ်ခုထိ စောင့်မည်ပင်။

နောက်ပိုင်းရက်များတွင် သူ အဆင့်နိမ့်နယ်မြေသို့ သွားမည့်လမ်းကို ရှာဖွေနေလိုက်သည်။

“သား ဦးနှောက်စားခံနေစရာမလိုဘူး .. ဘိုးဘေးအိုကြီးက စုံစမ်းဖို့ လူလွတ်ပြီးသွားပြီ .. သူတို့တွေ နည်းနည်းတိုးတက်မှု ရှိနေပြီ” ချင်းရိနင် ပြောလိုက်သည်။

ဤသည်မှာ သတင်းကောင်းပင်။ ရှီဟောင် တကယ်ကို ခေါင်းကိုက်လာနေပြီဖြစ်သည်။ ချင်းကလန်သည် အင်အားကြီးသောကြောင့် သူတစ်ယောက်တည်းလုပ်နေသည်ထက် ပို၍ အကျိုးသက်ရောက်မှုရှိသည်ပင်။

“ကောင်းပြီလေ .. ထွက်မသွားခင် ကျွန်တော် ကိစ္စတစ်ချို့ လုပ်စရာရှိတယ်”

ရှီဟောင် တစ်ယောက်တည်း ထွက်သွားလေ၏။

ယခုတစ်ခေါက် သူ အဆင့်လွန်ခန်းမနှင့် ပတ်သက်သည့်အရာအားလုံးကို စတင်ရှာဖွေလိုက်သည်။ လူဖြစ်စေ၊ အကြွင်းအကျန်ဖြစ်စေ သူအားလုံးကို ရှာဖွေမည်။

ကံမကောင်းစွာဖြင့် သူဘာကိုမှ ရှာမတွေ့ခဲ့။

တစ်လကြာပြီးနောက် ရှီဟောင် ချင်းကလန်သို့ စိတ်ပျက်လက်ပျက် ပြန်ရောက်လာခဲ့လေပြီ။

“ကလေး .. အဆင့်နိမ့်နယ်မြေကို သွားမယ့်လမ်းနဲ့ပတ်သက်ပြီး သတင်းအသစ်ရခဲ့တယ် .. မကြာခင် အတည်ပြုနိုင်တော့မယ်” ချင်းရိနင် ရှီဟောင်ကို သတင်းကောင်း ပြောပြလိုက်သည်။

“ကောင်းတယ်..”

ထွက်မသွားခင် သူ အရာအားလုံးကို သေချာကိုင်တွယ်ချင်သည်။

သူ့အဘိုးနဲ့အားမန်က အချိန်မှီ နိုးလာနိုင်ပါ့မလား .. သူ သက်ပြင်းချလိုက်သည်။

သူသာ အဆင့်မြင့်နယ်မြေတွင် ကြာကြာနေလျှင် အချိန်ကြာလာသည်နှင့်အမျှ အချို့လူများ သူ့အား တိုက်ခိုက်လာမည်လား..

“ကျွန်တော့်ကို တစ်ခြားလူတွေ မနှောက်ယှက်နိုင်မယ့် အခန်းတစ်ခန်း လိုချင်တယ်” ရှီဟောင် သူ့မိဘများကို ပြောလိုက်သည်။ ထို့အပြင် သူ လိပ်ပြာဧကရာဇ်ကိုလည်း သူ့အား စောင့်ကြည့်ခိုင်းထားလိုက်သည်။ တစ်ခုခုဖြစ်သည်နှင့် သူ့အား နိုးရန် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ သူ၏မူလဝိညာဉ်ကို ခန္ဓာကိုယ်မှ ခွာကာ နေရာတစ်ခုသို့ ဦးတည်သွားမည်ပင်။ သူ အတိတ်မှ ကိစ္စအချို့နှင့် ဆန္ဒအချို့ကို ဖြေရှင်းမည်။

“သားက ဝိညာဉ်နယ်မြေကို ဝင်မလို့လား..” ရှီကျီလင်း မေးလိုက်သည်။

ချင်းဟောင် ထိတ်လန့်သွားရသည်။

“ဟုတ်တယ် .. ကျွန်တော် ဝိညာဉ်နယ်မြေကို ဖြတ်ပြီးတော့ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေကို သွားချင်တာ” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

“ဒါက .. အန္တရာယ်မများဘူးလား..” ချင်းရိနင် စိုးရိမ်သွားရသည်။

“မများပါဘး..” ရှီဟောင် ခေါင်းခါလိုက်၏။

အဆင့်နိမ့်နယ်မြေတွင် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေရှိသည်။ ဤနယ်မြေကို ရှေးခေတ်မှ ကွယ်လွန်သွားသည့း နတ်ဘုရားများ၏ စိတ်ဝိညာဉ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်ဟု ပြောကြသည်။

အဆင့်နိမ့်နယ်မြေတွင်လည်း ဝိညာဉ်နယ်မြေတစ်ခု ရှိနေသည်။ ဤသည်ကို ဝိညာဉ်နယ်မြေဟဟု ခေါ်သော်လည်း အဓိပ္ပာယ်မှာ အတူတူပင်။

ယခုအချိန်တွင် ရှီဟောင် ဤမျှပင် စွမ်းအားကြီးနေပြီဖြစ်သည်။ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေဖြစ်စေ၊ ဝိညာဉ်နယ်မြေဖြစ်စေ နှစ်ခုလုံးမှာ မရိုးရှင်းဟု သူခံစားရသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူကိုယ်တိုင်လည်း စွမ်းအားကြီးသည့် နတ်ဘုရားတစ်ပါး ဖြစ်နေလေပြီ။ သို့သော် သူ့ကို ဤကဲ့သို့သော နယ်မြေမျိုးလုပ်နိုင်လားဟု မေးလာလျှင် သူ မလုပ်နိုင်။

အဆင့်မြင့်နယ်မြေတွင်လည်း ဤကဲ့သို့သော နယ်မြေမျိုးရှိနေသော်လည်း သူသည် အမြဲတမ်း တိုက်ခိုက်နေရသောကြောင့် ဤအရာများကို စမ်းသပ်ရန် အချိန်မရှိခဲ့။

ယခု သူ ဝိညာဉ်လောကထဲသို့ ဝင်ရခြင်းမှာ ဤလောကအကြောင်း အချက်ကျကျသိချင်သောကြောင့်မဟုတ်။ သူနားလည်ချင်သည့်ကိစ္စတစ်ခု ရှိနေသောကြောင့်ပင်။

ယခင်က သူ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ ရှိနေစဉ်က သူ မှတ်တမ်းအားလုံးကို ချိုးဖျက်ခဲ့ကာ ကောင်းကင်ထက်မှ ကြေးအပိုင်းအစများ ကျလာခဲ့သည်။ သူသာ ထိုကြေးအစိတ်အပိုင်း ၁၀ ပိုင်းစုနိုင်ခဲ့လျှင် သူ အလွန်စွမ်းအားကြီးသည့် အဖိုးတန်ပညာတစ်ခုကို ရရှိလိမ့်မည်။

ယခင်က ဟင်းလင်းပြင်နတ်ဘုရားနယ်မြေရှိ ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးဘိုးဘိုးသည် သူသာ လုံလောက်အောင် စွမ်းအားကြီးပြီး ဝိညာဉ်နယ်မြေမှ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေသို့ လာနိုင်ပါက သူ့အား အဖိုးတန်ပညာတစ်ခုပေးမည်ဟု ဂတိပေးခဲ့သည်။

သူတို့ပြောသည့်အတိုင်းဆိုလျှင် ထိုပညာသည် နဂါးအစစ်အဖိုးတန်ပညာဖြစ်နိုင်သလို ဖီးနှစ်အစစ်၏ လျှို့ဝှက်ပညာလည်း ဖြစ်နိုင်သည်။

ဤသည်မှာ ရှီဟောင် လိုအပ်နေသည့်အရာပင်။

ယခု သူ အဆင့်နိမ့်နယ်မြေသို့ ပြန်သွားရန် စီစဉ်နေပြီဖြစ်သောကြောင့် သူ ဝိညာဉ်နယ်မြေသို့ အလည်သွားကာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ ဂိတ်တံခါးကို ဖွင့်ရမည်ပင်။

ထိုမှသာ သူ အဆင့်နိမ့်နယ်မြေသို့ ရောက်သွားလျှင်သူ စွမ်းအားကြီးသည့်အဖိုးတန်ပညာကို ရလိမ့်မည်။

ထို့အပြင် နောင်ကျလျှင်တော့ သူ ဤဝိညာဉ်တိုင်းပြည်၏ လျှို့ဝှက်ချက်များကို သေချာပေါက် သေချာလေ့လာမည်ပင်။

အပိုင်း ၁၈၈၈ ပြီး၏။
Chapter – 1889 ဟင်းလင်းပြင်နတ်ဘုရားနယ်မြေသို့ ပြန်သွားခြင်း

“ဟွမ် ဘယ်မှာလဲ .. သူ ဘယ်တွေသွားနေတာလဲ .. နတ်ဆိုးနေကြာဥယျာဉ်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ပြီး နန်းတော်တစ်ခုလုံးနဲ့ ရတနာတွေကို ယူသွားပြီးတော့ သူက ဘာလို့ ဘာမှထပ်မလုပ်တော့တာလဲ..”

“သူ အခုထိ အဆင့်နိမ့်နယ်မြေကို မသွားလောက်သေးဘူး .. သူ အတင်းဆင်းသွားလိုက်ရင် သူသေချာပေါက် တစ်စစီဖြစ်သွားလိမ့်မယ်..”

စီရင်စုသုံးထောင်ထဲမှ စွမ်းအားကြီးသည့်သူ အများစုမှာ ရှီဟောင်အား မျက်စိဒေါက်ထောက်ကြည့်နေကြသည်ပင်။ သူတို့အားလုံး သူဘာလုပ်နေသည်ကို သိချင်နေကြသည်။

အချို့ဂိုဏ်းကြီးများသည် အလွန်စိုးရိမ်နေကြကာ သူ့အား သတိကြီးကြီး ထားနေကြသည်ပင်။ သို့သော်လည်း ဤအတောအတွင်း သူ့အရိပ်အယောင်ကို မမြင်ရ။

မြေအောက်လောက၊ ထာဝရနန်းတော်နှင့် ကောင်းကင်နိုင်ငံကဲ့သို့သော အလွန်စွမ်းအားကြီးသည့် ဂိုဏ်းများပင်လျှင် သတိလက်လွတ်မနေရဲကြ။

“သူ ငါ့ဆီလာလည်း ငါဘာမှဖြစ်မှာမဟုတ်ဘူး .. သူ အဆင့်လွန်သက်ရှိနယ်ပယ်ထဲမဝင်ခင် သူ့ကို စောစောစီးစီးသတ်ပစ်လိုက်တာ ပိုကောင်းပါတယ် .. အနာဂတ်ရန်က အေးချမ်းတာပေါ့..”

ရှေးဟောင်းနန်းတော်ထဲမှ တစ်စုံတစ်ဦး ပြောလိုက်သည်။ သူ၏အသံမှာ အက်ကွဲနေပြီး ဤသည်မှာ ငရဲမှ နတ်ဘုရားတစ်ဦး ရေရွတ်နေသကဲ့သို့ပင်။

ရှီဟောင် နယ်ခြားစပ်၌ ဂုဏ်သတင်းကြီးခဲ့သော်လည်း ဤသည်ကို မယုံကြည်သည့်သူများစွာ ရှိနေသေးသည်ပင်။

သို့သော် တစ္ဆေတာအိုဂိတ်၊ မီးတိမ်လှိုဏ်ဂူနှင့် အခြားကလန်များမှာ စိုးရိမ်နေကြဆဲပင်။ ဟွမ်သာ သူတို့ကို လာတိုက်ခိုက်လျှင် သူတို့ခုခံနိုင်မည်မဟုတ်။

ထို့ကြောင့်လည်း သူတို့သည် အဆင့်မြင့်နယ်မြေတွင် ရှိနေသည့် အပြစ်သားသွေးမျိုးဆက်များနှင့် သူတို့နေထိုင်သည့်နေရာများကို သိထားကြောင်း အရိပ်အခြေပြကာ ခြိမ်းခြောက်ထားကြသည်ပင်။

ဟွမ်သာ ရဲရဲတင်းတင်းလုပ်မည်ဆိုလျှင် သူတို့ လက်စားချေမည်ပင်။

နယ်ခြားစပ်စစ်ပွဲ၌ အန်းလန်သည် အရိုးခြောက်များ အဖြစ်ခံကာ ဂိတ်တံခါးကို ဖြတ်သန်းပြီး အပြစ်သားစီရင်စုတစ်ခုလုံးကို ယူသွားခဲ့သေးသည်။

ထိုသို့ဆိုသော်လည်း အခြားစီရင်စု၌ နေထိုင်သည့်သူအနည်းစု ရှိနေသေးသည်ပင်။

ထာဝရတောင်ထဲရှိ တရားထိုင်သည့်အခန်းတွင် ရှီဟောင် မလှုပ်မယှက်ထိုင်နေသည်။ ရွှေရောင်လိပ်ပြာတစ်ကောင်လည်း သူ့ပုခုံးထက် ခိုနားနေကာ သူ့အား ကာကွယ်ပေးနေသည်။

ထို့အပြင် ရှီကျီလင်းနှင့် ချင်းရိနင်တို့လည်း သူ့ဘေးနား၌ ထိုင်နေကြသည်ပင်။

ရှီဟောင် မည်မျှပင် စွမ်းအားကြီးကာ ရဲရင့်နေပါစေ သူ တစ်ခုခုဖြစ်သွားမည်ကို သူတို့ စိုးရိမ်နေကြဆဲပင်။

အထူးသဖြင့် စီရင်စုသုံးထောင်၌ ထာဝရသက်ရှိအစစ် ရှိနေနိုင်သည်ဟု သိလိုက်ရသည့်အချိန်တွင် သူတို့ ပို၍ စိုးရိမ်လာကြသည်။ ရှီဟောင် တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့မိကြသည်ပင်။

ယခုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်သည် နွေးထွေးကာ ကျောက်စိမ်းကဲ့သို့ နူးညံ့နေသော်လည်း သူ့ထံတွင် အသိစိတ်မရှိတော့။ အဘယ်ကြောင့်ဆိုသော် သူ၏ဝိညာဉ်မှာ ဝိညာဉ်တိုင်းပြည်သို့ ဝင်သွားလေပြီ။

ဝိညာဉ်နယ်မြေသည် ကျယ်ပြန့်ကာ အဆုံးမရှိသည့်နေရာပင်။ ဤနေရာသည် စီရင်စုသုံးထောင်နှင့် ဆင်တူသည်ပင်။

တောင်ကြီးမှာ ခမ်းနားလှကာ ဝိညာဉ်စွမ်းအင်များလည်း ဝေ့ဝဲနေသည်။

ရှေးဟောင်းသစ်ပင်များ မိုးထိုးနေကာ လူဝံများ အော်ဟစ်နေကာ ကျားများလည်း ဟိန်းနေကြသည်။

ဤသည်မှာ ဝိညာဉ်နယ်မြေပင်။ ရှီဟောင် လမ်းလျှောက်လာရင်းဖြင့် မအံ့ဩပဲ မနေနိုင်တော့။ ဒီဝိညာဉ်လောကကို လုပ်ခဲ့တဲ့သူက ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ..

ဤနေရာ၌ နေရသည်မှာ အပြင်လောက၌ နေရသည်နှင့် မခြားနား။

ငွေရောင်ရေတံခွန်ကြီးမှာ ခမ်းနားလှသည်။ ကျန်းပေါင်းထောင်ပေါင်းများစွာ မြင့်သည့် တောင်ထိပ်မှ စီးဆင်းလာသည့်အသံမှာ မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လှသည်။

ရှီဟောင် ဆက်လျှောက်သွားလိုက်သည်။ သူ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေသို့ သွားသည့်လမ်းအတိုင်း သွားလိုက်သည်။

သို့သော် လမ်းတစ်လျှောက်တွင် သူကိစ္စများစွာ သိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် လောကအစစ်ကဲ့သို့ ဝင်ထွက်သွားလာသည့်သူများစွာ ရှိနေကြသည်ပင်။

“ငါ့ကို သတိကြီးကြီးထားနေတဲ့ ဂိုဏ်းတွေရှိနေပြီးတော့ ငါ့ကို အန္တရာယ်ပေးချင်နေတဲ့ ဂိုဏ်းတွေတောင် ရှိနေတာလား..”

ဤစကားကို ကြားသည်နှင့် ရှီဟောင် နှာခေါင်းရှုံ့လိုက်သည်။

“သူတို့က ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့..”

“မီးတိမ်လှိုဏ်ဂူရဲ့ လွှမ်းမိုးမှုလား..”

ဤသည်မှာ အတော်လေး တိုက်ဆိုင်လှသည်ပင်။ သူ ဝိညာဉ်နယ်မြေကို ဝင်ပြီး ကျော်ကြားသည့် တောင်များနှင့် မြစ်အချို့ကို ဖြတ်သွားပြီးနောက် သိပ်မဝေးသည့်နေရာတွင် မီးတိမ်လှိုဏ်ဂူရှိကြောင်း သူသိလိုက်ရသည်။

ကလန်များသည် ဝိညာဉ်နယ်မြေ၌လည်း သူတို့၏အုတ်မြစ်များလည်း ရှိသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤဝိညာဉ်တိုင်းပြည်တွင်လည်း လက်ရွေးစင်တပည့်များ မွေးမြူနိုင်သည်ပင်။

ရှီဟောင်သည် လက်နောက်ပစ်ကာ ထိုနေရာများကို ဝင်သွားလိုက်သည်။

“ဘုရားရေ .. ဒီလူက ဘယ်သူလဲ .. ငါအမြင်မှားတာတော့ မဟုတ်ဘူးမလား..”

လူအချို့ သူ့အားချက်ချင်း ရှာတွေ့သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်မှာ နာမည်ကြီးနေသည့်သူပင်။ အချို့ဂိုဏ်းများတွင် သူ့ပုံတူအားချိတ်ဆွဲထားကြသည်။ သူ့ကို လေးစားသောကြောင့်မဟုတ်။ သူ့ကိုမမှတ်မိပဲ သူ့အား ရန်စမိမှာစိုးသောကြောင့်ပင်။

အထူးသဖြင့် သူနှင့် မတည့်သည့်ဂိုဏ်းကြီးများပင်။ ထိုဂိုဏ်းများသည် သူတို့တပည့်များကို သူ၏ပုံစံအားမှတ်မိအောင် လုပ်ခိုင်းထားလေ၏။

တစ်ချိန်လုံးငြိမ်သက်နေခဲ့သည့်ဟွမ်သည် ဝိညာဉ်နယ်မြေ၌ ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း .. ထို့အပြင် သူသည် မီးတိမ်လှိုဏ်ဂူ၏ပိုင်နက်ထဲသို့ ဝင်သွားလေပြီ။

ဤသည်မှာ ဤနယ်မြေကို ထိတ်လန့်သွားစေကာ အုတ်အော်သောင်းတင်းဖြစ်သွားစေသည်ပင်။ သတင်းရသည်နှင့် ဂိုဏ်းများစွာ ချက်ချင်းလှုပ်ရှားသွားကြသည်။

“ဟွမ် .. မင်း ဘာလုပ်ချင်နေတာလဲ .. မင်းကို လက်လွတ်စပယ် လုပ်ခွင့်မပေးနိုင်ဘူး..”

မီးတိမ်လှိုဏ်ဂူသည် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေကာ ခရမ်းရောင်အလင်းများ တောက်ပနေသည်။ ထာဝရမြူလည်း အုံ့ဆိုင်းနေသည်ပင်။

ရှီဟောင်၏ နက်မှောင်သည့်ဆံနွယ်များ လွင့်ပျံနေကာ သူသည် အလွန်ပင် ချောမောခန့်ညားလှသည်ပင်။ သို့သော် ယခုအချိန်တွင်တော့ သူ၏တည်ရှိမှုမှာ အလွန်ထိတ်လန့်စရာကောင်းနေသည်။

ဝုန်း..

ရှီဟောင် လက်မြှောက်ကာ လက်ဝါးဖြင့် ဖိလိုက်သည်နှင့် ခရမ်းရောင်တောင်ကြီး ဆက်တိုက်ပေါက်ကွဲသွားကာ ကောင်းကင်ထက်သို့ အနီရောင်အလင်းများ တက်သွားသည်။

ဒါက ဘယ်လိုစွမ်းအားမျိုးလဲ .. အားလုံး ဆွံ့အသွားရသည်။

ရှီဟောင် ဂိတ်အပြင်ဘက်၌သာ ရပ်နေခြင်းပင်။ သို့သော် လက်ဝါးတစ်ချက်တည်းဖြင့် တောင်ဂိတ်တံခါးဖြစ်စေ၊ ဂိုဏ်းကို ကာကွယ်နေသည့်အစီအရင်များဖြစ်စေ အားလုံးပျက်စီးသွားသည်။

ဤသတင်းကြား၍ အပြေးအလွှားရောက်လာကြသည့် စွမ်းအားကြီးသည့်သူများသည် ဤနေရာသို့ ရောက်လာသည့်အချိန်တွင် အပျက်အစီးများကိုသာ တွေ့ရတော့သည်။

“ကျုပ်ကို ခြိမ်းခြောက်တဲ့စကားတွေ ထပ်မကြားရစေနဲ့ .. မဟုတ်ရင် ကျုပ် ဂိုဏ်းထဲ ဝင်လာမှာ ..” ရှီဟောင် ဤစကားများကို ချန်ရစ်ထားခဲ့ပြီးနောက် ဆက်လျှောက်သွားလိုက်သည်။

ရှီဟောင် တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရသည့်သူမရှိကြသော်လည်း သူ မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့အားလုံး သိသွားကြလေပြီ။ ထိုအပျက်အစီးများသည် အရာအားလုံးကို ရှင်းပြရန် လုံလောက်နေလေပြီ။

ဤအဖြစ်အပျက်ပြီးသည်နှင့် အပြင်လောကရှိ မီးတိမ်လှိုဏ်ဂူမှ လူများ သွေးများစွာ အန်ထွက်လာကာ သူတို့မျက်နှာ ဖြူဖျော့လာလေသည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နယ်မြေထဲ၌ သတ်ခံရလျှင် သူတို့၏ခန္ဓာကိုယ်အစစ်လည်း အတော်လေး ထိခိုက်သွားသည်ပင်။

ရှီဟောင် ဆက်လျှောက်လာသည်။ ခဏကြာပြီးနောက် သူ တစ္ဆေတာအိုဂိတ်၏နယ်မြေကို တွေ့လိုက်ရသည်။

သူသည် ဤနေရာကို ပိုလို့ပင်မယဉ်ကျေးတော့။ လက်သီးတစ်လုံး ပစ်သွင်းကာ တောင်ဂိတ်တံခါးကို ဖျက်ဆီးပစ်လိုက်သည်။ ကျင့်ကြံသူတစ်စုသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ကွယ်သွားကြသည်။

ဤကိစ္စမှာ စီရင်စုသုံးထောင်ကို တုန်လှုပ်သွားစေသည်ပင်။

ထို့နောက် ရှီဟောင်သည် ဘာမှထပ်မလုပ်တော့ပဲ အားလုံး၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားသည်။

သူသည် ကောင်းကင်ထက်မှနေ၍ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေနှင့် ချိတ်နေသည့်နေရာသို့ ဦးတည်သွားလိုက်သည်။

ဤနေရာမှာ အလွန်ကျယ်ပြန့်လှသည်။

တောင်ထိပ်တွင် အသိုက်လုပ်နေသည့် ငှက်များ ရှိနေသည်။ ထိုငှက်များသည် အလွန်ကြီးမားလှကာ တိမ်စိုင်များကဲ့သို့ ကောင်းကင်အားဖုံးအုပ်ထားသည်။

မြေပြင်ထက်တွင် နတ်ပုရွက်ဆိတ်များ သွားလာနေကြသည်။ ထိုပုရွက်ဆိတ်များသည် နွားပေါက်တစ်ကောင် အရွယ်အစားရှိနေသည်။

ငှက်များနှင့်သားရဲများစွာ လှည့်လည်သွားလာနေကြပြီး ဤသည်မှာ သာမန်လူများအတွက် အလွန်အန္တရာယ်များလှသည်ပင်။

သို့သော် ရှီဟောင်ကတော့ ကွင်းပြင်၌ လျှောက်နေသကဲ့သို့ ဤနေရာသို့ ရောက်လာသည်။ အရှေ့ဘက်တွင် ဖရိုဖရဲစွမ်းအင်များ အုံ့ဆိုင်းနေကာ ရွှေရောင်အလင်းများလည်း အနည်းငယ် တောက်ပနေသည်။

ထိုနေရာတွင် အလွန်ကြီးမားလှသည့် ရွှေရောင်တံခါးချပ်ကြီး ရှိနေသည်။ တံခါးကို တစ်ဝက်ဖွင့်ထားပြီး အက်ကွဲကြောင်းလေးတစ်ခု ရှိနေသည်။ ဤနေရာမှာ သူ၏ပန်းတိုင်နေရာပင်။

ရှီဟောင် ရွှေရောင်တံခါးချပ်များကို တွန်းဖွင့်လိုက်သည်။ ဤနေရာတွင် ကျောက်တုံးလူတစ်ဦး ရှိနေသည်။ ထိုသူ၏ခန္ဓာကိုယ်တွင် နတ်အလင်းများ ရှိနေသည်။

“ဘယ်သူလဲ..” ထိုကျောက်တုံးလူ ပြောလိုက်သည်။

ယခင်တစ်ခေါက် ရှီဟောင်လာစဉ်က ဤကျောက်တုံးလူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက်ရှိနေသည်ပင်။

သို့သော် ယခုတစ်ခေါက်တွင်တော့ ရှီဟောင်၏ သွေးစွမ်းအင်မှာ စွမ်းအားကြီးလှသောကြောင့် အိပ်ပျော်နေသည့် ကျောက်တုံးလူသားပင် နိုးထလာလေပြီ။ သူမျက်လုံးဖွင့်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းနှစ်တန်း ထွက်ပေါ်လာသည်။

ယခင်က သူ ဤကျောက်တုံးလူသား နိုးလာမည်ကို သူအလွန်ကြောက်ရွံ့နေခဲ့ကာ သတိထားနေခဲ့ရသည်ပင်။ ယခုတော့ သူ ထိုသို့မကြောက်တော့။

ဤကျောက်တုံးသက်ရှိမှာ အလွန်စွမ်းအားကြီးသည်ကို သူအာရုံခံနိုင်သည်။ သို့သော်လည်း ဤသက်ရှိ သူ့ကို မတားဆီးနိုင်။

ခဏကြာပြီးနောက် ထိုကျောက်တုံးလူသားသည် သက်ပြင်းချကာ “ငါ့စွမ်းရည်တွေက အကန့်အသတ်ရှိတယ် .. ကန့်သတ်ချက်တွေကို ချိုးဖောက်ထားတဲ့သက်ရှိတစ်ယောက်ကို ငါမနှောက်ယှက်နိုင်ဘူး..”

ထိုသို့ပြောပြီးနောက် ရောင်စုံအလင်းများ ထွက်ပေါ်လာကာ ထိုကျောက်တုံးလူသား ပျောက်ကွယ်သွားလေ၏။

ဤသည်မှာ ဝိညာဉ်နယ်မြေ၏ သဘာဝဥပဒေသတစ်ခုဖြစ်သည်မှာ သေချာသည်။

ရှီဟောင် ရှေးဟောင်းလမ်းအတိုင်း ရှေ့ဆက်လျှောက်လာလိုက်သည်။ သူ ကြေးစာကလေးယဇ်ပုလ္လင်ထံသို့ ဦးတည်သွားလိုက်သည်။ ယခင်က ဤနေရာသို့ ရောက်စဉ်က သူ ဖုန်းဝူနှင့် တိုက်ခိုက်ခဲ့သလို ရွှေမီးကလန်မှ ထန်ယိနှင့်လည်း ယှဉ်ပြိုင်ခဲ့သည်။

သူ မရပ်တန့်ပဲ ကျောက်လှေကားအတိုင်း ဆက်ဆင်းသွားလိုက်သည်။

ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ ဤလမ်းကို ကောင်းကင်လမ်းကြောင်းဟု ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးဘိုးဘိုးတို့ ဖြစ်မည်ပင်။

ယခင်က ရှီဟောင်သည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်မှ ဝိညာဉ်နယ်မြေသို့ တရားမဝင်သွားခဲ့သည်။ ထိုအချိန်က သူသည် အလွန်ခက်ခဲပင်ပန်းစွာဖြင့် သွားခဲ့ရသည်ပင်။

သို့သော် ယခုတော့ သူ၏ကမ္ဘာမြေကြီးကို လက်မများအဖြစ်ပြောင်းခြင်းနတ်စွမ်းရည်မှာ အတော်လေး တိုးတက်လာပြီဖြစ်သည်။

နောက်ဆုံးတော့ သူရောက်လာလေပြီ။

သူ့ရှေ့တွင် ကြီးမားလှသည့် တံခါးတစ်ချပ် ရှိနေသည်။ နယ်မြေနှစ်ခုကို ခြားထားသည့် တံခါးကြီးပင်။

ထိုတံခါးများကို အလွန်တင်းကြပ်စွာ ပိတ်ထားပြီး အက်ကွဲရာ အနည်းငယ်လေးပင်မရှိ။

အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်နယ်မြေမှလူများ အဆင့်နိမ့်နယ်မြေသို့ သွားမည်စိုးသောကြောင့် ချိတ်ပိတ်ထားခဲ့သည်ပင်။

ရှီဟောင် မတည်ငြိမ်နိုင်တော့။ သူ၏ခန္ဓာကိုယ်အစစ် ပြန်မရောက်သေးသော်လည်း သူ၏စိတ်ဝိညာဉ်မှာမူ ရင်းနှီးသည့်နေရာသို့ ဝင်သွားတော့မည်။

ဒုန်း..

ရှီဟောင် တံခါးကို ထုရိုက်လိုက်သည်နှင့် ကျယ်လောင်လှသည့် ဆူညံသံကြီး ထွက်ပေါ်လာကာ ရှေးဟောင်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

မူလဖရိုဖရဲမြူများ ထွက်ပေါ်လာ၏။ ဤသည်မှာ အဆင့်နိမ့်နယ်မြေ၏ ဝိညာဉ်လောကသို့ ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းကြောင်းပင်။

ရှီဟောင် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ဤတံခါးမှ ဆင်းသွားလျှင် သူရင်းနှီးနေသည့်မျက်နှာအချို့ကို ချက်ချင်းမြင်နိုင်လောက်သည်။

သို့သော် အချိန်အကြာကြီး ထုရိုက်နေသော်လည်း တံခါးနောက်မှ မည်သည့်တုံံ့ပြန်မှုမှ ထွက်မလာ။

ဤသည်မှာ သူ့ကို မျက်မှောင်ကြုတ်သွားစေသည်။ သူ ဒီတံခါးကနေ ဖြတ်နိုင်ဖို့အတွက် ဘာလုပ်ရမလဲ..

သူ ဒီတိုင်း ရိုက်ချိုးပစ်လို့တော့ မရဘူးမလား..

ဤတံခါးမှာ အဆင့်မြင့်နယ်မြေမှ လူများ ဆင်းသွားမည်စိုးသောကြောင့် ဤလမ်းကြောင်းကို ပိတ်ထားသည့်တံခါးကြီးပင်။ ဤတံခါးမှာ သေချာပေါက် မာကျောကာ ချိုးဖျက်နိုင်ရန် ခက်ခဲမည်ပင်။

မဟုတ်ပါက ဤမျှအချိန်အကြာကြီး ရှိနေနိုင်မည်မဟုတ်။

သို့သော် လူတစ်ယောက် အလွန်စွမ်းအားကြီးလာလျှင် ထိုလူ မပြောင်းလဲနိုင်သည့်အရာမရှိဟု ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးဘိုးဘိုးတို့ ပြောဖူးသည်ပင်။

ဝုန်း..

ရှီဟောင် သူ၏လက်သီးကို လွှဲရမ်းလိုက်သည်။ အလင်းတန်းများ ထောင်ပေါင်းများစွာ ထွက်လာကာ ကြီးမားလှသည့် ဂိတ်ကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။

ဟင်းလင်းပြင်နတ်ဘုရားနယ်မြေဖြစ်စေ၊ ဝိညာဉ်နယ်မြေဖြစ်စေ သူတို့အလေးထားသည်မှာ အဆင့်တစ်ခုစီတိုင်းကို အဆုံးစွန်ထိ ကျင့်ကြံထားခြင်းပင်။

ထို့ကြောင့်ပင် ရှီဟောင် လက်သီးကို ဝေ့ရမ်းလိုက်သည်နှင့် အလွန်စွမ်းအားကြီးသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေသည်ပင်။

တုန်း..

တံခါးကြီးမှ ကြောက်စရာကောင်းသည့်အလင်းတန်းနှင့်အတူ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ..”

နောက်ဆုံးတွင်တော့ ဂိတ်တံခါးနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် နတ်အလင်းသည် ထာဝရအဆင့်တက်ခြင်းကဲ့သို့ အလွန်တောက်ပလာကာ ရှီဟောင်အား ဝန်းရံသွားသည်။ ထို့နောက် ရွှီးဟူသည့်အသံနှင့်အတူ သူ ထိုနေရာမှ ပျောက်ကွယ်သွားကာ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်ထဲသို့ ရောက်သွားလေ၏။

အပိုင်း ၁၈၈၉ ပြီး၏။
Chapter – 1890 ပြန်ရောက်လာခြင်း

ရှီဟောင် ယဇ်ပုလ္လင်တစ်ခုထက်၌ ပေါ်လာသည်။ သူ၏ဘေးပတ်လည်ကို သေချာဆန်းစစ်ကြည့်လိုက်သည့်အချိန်တွင် သူ့ဘေးပတ်လည်၌ ထူးဆန်းသည့်လျှပ်စီးများ တောက်ပနေသည့် ကြီးမားလှသည့် ကျောက်တိုင်ကြီးများကို တွေ့လိုက်ရသည်။

လျှပ်စီးများတွင် အချို့မှာ အနီရောင်၊ အချို့မှာ အနက်ရောင်ပင်။

ထိုလျှပ်စီးများသည် သတ္တုကြိုးပုံစံဖြစ်သွားကာ ဤကျောက်တိုင်များကို ရစ်ပတ်ကာ ဤယဇ်ပုလ္လင်ကို ပိတ်ထားသည်။

“အဆင့်မြင့်နယ်မြေက သက်ရှိလား..” တစ်စုံတစ်ယောက် ရေရွတ်လိုက်သည်။ ဤသည်မှာ ငွေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် နတ်ဘုရားတစ်ပါးပင်။ သူ့ဘေးပတ်လည်တွင် စွမ်းအားကြီးသည့် မီးတောက်အစစ်များ တောက်လောင်နေသည်။

ရှီဟောင် အံ့အားသင့်သွားရ၏။ သူ ကျောက်ဂိတ်တံခါးကနေ ဖြတ်လိုက်တာနဲ့ အကျဉ်းထောင်ကို တန်းရောက်လာတာလား..

“ကျုပ်မှာ မကောင်းတဲ့စိတ်မရှိပါဘူး .. ကျုပ်က အစက ဒီနယ်မြေရှစ်ခုက လူပါ .. အခု အိမ်ကို ပြန်လာတာပါ..” ရှီဟောင် ပြောလိုက်သည်။

သူ သေချာကြည့်လိုက်သည့်အချိန်တွင် ဤငွေရောင်ချပ်ဝတ်တန်ဆာနှင့် နတ်ဘုရားမှာ သက်ရှိအစစ် မဟုတ်လောက်။ ဤနေရာကို စောင့်ကြပ်ရန်အတွက် ဟင်းလင်းပင်နတ်ဘုရားနယ်မြေ၏ သဘာဝဥပဒေသများမှ ဖန်တီးထားသည့် သက်ရှိသာ ဖြစ်လိမ့်မည်။

“နို့ကို သောက်ရတာ အကြိုက်ဆုံးလား..”

ရှီဟောင်၏ ခန့်မှန်းချက် မှန်သည်ပင်။ ဤလူသည် သဘာဝဥပဒေသမှ ဖန်တီးထားခြင်းဖြစ်ပြီး သူ၏မျက်လုံးထဲတွင် သင်္ကေတများ စီးဆင်းနေသည်။ သူသည် ရှီဟောင်ကို စိုက်ကြည့်လိုက်သည်နှင့် ရှီဟောင် မည်သူဖြစ်သည်ကိုသိသွားလေပြီ။

ရှီဟောင် အလွန်ရှက်ရသွား၏။ ဤသည်မှာ ပထမဆုံးအကြိမ် ရှက်ဖူးခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တကယ်ကို သူ့နာမည်ပင်။ သူ ဟင်းလင်းပင်နတ်ဘုရားနယ်မြေကို ဝင်ရောက်စဉ်က မှတ်တမ်းများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ခဲ့ပြီး သူ့နာမည်ကို နို့သောက်ရတာအကြိုက်ဆုံးဟု ရေးထားခဲ့သည်ပင်။ ဤသည်မှာ ဤဝိညာဉ်လောကတွင် သူ့နာမည်ပင်။

ယခု ဤနာမည်အခေါ်ခံလိုက်ရသည့်အချိန်တွင် သူ မည်မျှပင် အရေထူပါစေ သူ ရှက်သွားရသည်ပင်။

ခမ်းနားလှသည့် ဟွမ်သည် သူ ငယ်ရွယ်စဉ်က ဤကဲ့သို့သော နာမည်မျိုးရှိခဲ့သည်ကို အခြားသူများသာ သိသွားပါက အဆင့်မြင့်နယ်မြေရှိလူများ ခွက်ထိုးခွက်လှန်ပင် ရယ်မောကြလိမ့်မည်။

ယခုအချိန်တွင် ရှီဟောင်သည် ‘ခြေရာဖျောက်ဖို့သတ်ပစ်’ ချင်နေသည်။ သူ၏ ဤသမိုင်းကို သူ ဆေးကြောပစ်ချင်နေသည်။ ဤသည်မှာ တကယ်ကို ရှက်စရာကောင်းလွန်းသည်။

“တစ်ခုခုတော့ မှားနေတယ် .. မင်းဆီမှာ အကဲဖြတ်လို့မရတဲ့ အော်ရာရှိနေတယ် .. အကြောင်းရင်းကို မသိရပဲနဲ့ မင်းကို ဝင်ခွင့်မပေးနိုင်ဘူး” ငွေရောင်ချပ်ဝတ်တန်ဆာနှင့် နတ်ဘုရားပြောလိုက်သည်။

“ငါ့မှာ အချိန်သိပ်မရှိဘူး .. ငါ့ကို နေရာရွှေ့ပေးဖို့ ပြောပါရစေ .. မဟုတ်ရင် ငါ ငှက်ဘိုးဘိုးနဲ့ ဒင်္ဂါးဘိုးဘိုးကို ခေါ်ရလိမ့်မယ်” ရှီဟောင်ပြောလိုက်သည်။

သို့သော် ဤသည်မှာ သဘာဝဥပဒေသ အစိတ်အပိုင်းသာဖြစ်သောကြောင့် အလွန်ခေါင်းမာလှသည်။ သူသည် ရှီဟောင်ကို မလွတ်ပေးချင်သည့်အပြင် သတိပေးသည့်အသံပင် ပြုလုပ်လိုက်သည်။

ဝုန်း..

ထို့နောက် ရှီဟောင် ယဇ်ပုလ္လင်ကို ရိုက်ချလိုက်သည်။

မည်သည့်ဝိညာဉ်နယ်မြေတွင်မဆို သူတို့၏ ကန့်သတ်ချက်များရှိသည်။ လူတစ်ယောက် မည်မျှပင် ခွန်အားကြီးနေပါစေ အချို့နယ်မြေများတွင် သတ်မှတ်ထားသည့် အမြင့်ဆုံးအဆင့်စွမ်းအားကိုသာ သုံး၍ရသည်။

ဥပမာအားဖြင့် အချို့နေရာများတွင် သွေးဆင့်ကဲပြောင်းလဲခြင်းနယ်မြေထိသာ အသုံးပြုနိုင်ပြီး အချို့နေရာများတွင် ကောင်းကင်လမ်းကြောင်းနယ်ပယ်ထိသာ အသုံးပြု၍ရသည်။

ယခု ဤနေရာတွင်လည်းကန့်သတ်ချက် ရှိနေသည်ပင်။ ရှီဟောင်၏ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံဆင့်မှာ အဆင့်လွန်ကျွမ်းကျင်သူအဆင့်သို့ တန်းရောက်သွားသည်။

အဆီးအများများကို ဖြတ်ကျော်ချင်လျှင် ထိုအဆင့်ကို အဆုံးစွန်ထိ ကျော်ဖြတ်ရမည်ပင်။ သဘာဝဥပဒေသ၏ ဖိနှိပ်မှုုကို ကျော်လွန်နိုင်မှ အချုပ်အနှောင်များမှ လွတ်မြောက်နိုင်မည်ပင်။

ရှီဟောင်မှာ မည်သူဖြစ်သနည်း.. သူသည် ကျင့်ကြံဆင့်တိုင်းတွင် ကန့်သတ်ချက်ကို ကျော်လွန်ကာ အဆုံးစွန်ထိရောက်အောင် ကျင့်ကြံခဲ့သည့်သူပင်။

ထို့ကြောင့် သူ အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ခြင်းပင်။

နောက်ဆုံးတွင်တော့ ကျောက်တိုင်လုံးများ ပျက်စီးသွားကာ နတ်ချိန်းကြိုးများလည်း ပျက်စီးသွားပြီး သူ ထိုနေရာမှ လွတ်မြောက်သွားသည်။

ထိုငွေရောင်ချပ်ဝတ်တန်ဆာနှင့်သက်ရှိလည်း အလင်းတန်းအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။

ဤနေရာရှိ အရာအားလုံး ပျောက်ကွယ်သွားလေပြီ။ ရှီဟောင်သည် ကြီးမားလှသည့်ဂိတ်တံခါးကြီးရှေ့၌ ရပ်နေသည့်အပြင် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ ဘက်၌ ရပ်နေခြင်းဖြစ်ကြောင်း ‌တွေ့လိုက်ရသည်။

ဤနေရာမှာ မရင်းနှီးသည့် နေရာမဟုတ်။ သူ ယခင်က ဤနေရာ၌ ရပ်ဖူးသည်။

ယဇ်ပုလ္လင်တစ်ခု၊ လမ်းကြောင်းတစ်ခုနှင့် မြူများ .. ဤနေရာသည် ပုံမှန်အားဖြင့် မည်သူမှ ဖြတ်သန်းသွားလာခြင်းမရှိသောကြောင့် အလွန်တိတ်ဆိတ်လှသည်။

ဒုန်း..

ရှီဟောင် မြူထဲသို့ ဝင်ရောက်သွားကာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေကို ကြည့်လိုက်သည်။

သူ ပြန်မရောက်သည်မှာ နှစ်ပေါင်းများစွာ ရှိနေလေပြီ။ ဤသည်မှာ ခန္ဓာကိုယ်အစစ်မဟုတ်သော်လည်း သူ အလွန်စိတ်လှုပ်ရှားနေဆဲပင်။

သူနဲ့ရင်းနှီးတဲ့သူတွေနဲ့ တွေ့နိုင်လား..

သူ့ကို ဆန့်ကျင်သည့်သူများနှင့်လည်း တွေ့နိုင်သည်ပင်။

သို့သော် ယခုအချိန်တွင် ရှီဟောင် သိပ်မကြောက်တော့။ အဆင့်နိမ့်နယ်မြေတွင် သူ့အား ဆန့်ကျင်နိုင်သည့်သူ သိပ်မရှိ။

“ခွန်ပန်က အဆင့်နိမ့်နယ်မြေမှာ ကျသွားတာ .. စက္ကူလှေအမျိုးသမီးရဲ့ ဇစ်မြစ်လည်း ထူးဆန်းတယ် .. အရမ်းကို ထူးဆန်းတဲ့ အနောက်ပိုင်းအုတ်ဂူနယ်မြေလည်း ရှိသေးတယ်..”

ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ထိုအခိုက်အတန့် သူအရမ်းမောက်မာနေသည်ဟု သူ့ကိုယ်သူ ခံစားလိုက်ရသည်။ ယခု သူ သေချာတွေးကြည့်လိုက်သည့်အချိန်တွင် အဆင့်နိမ့်နယ်မြေ၌ သူ လေ့လာရမည့် ထူးဆန်းမှုများစွာ ရှိနေသည်ပင်။

“ငါ နည်းနည်းလောက် ပိုသတိထားရင် ပိုကောင်းလိမ့်မယ် .. အနည်းဆုံးတော့ ငါပြန်လာပြီဆိုတာ မိုးကောင်းကင်အောက်ကလူတွေ သိအောင် လုပ်ရတာပေါ့”

အားလုံး လန့်အောင်မလုပ်လျှင် ပိုကောင်းလိမ့်မည်ဟု ရှီဟောင် ခံစားရသည်။ ထိုအစား သူ အရင်စုံစမ်းရမည်။ နယ်မြေရှစ်ခုသည် မည်ကဲ့သို့ ဖြစ်သွားပြီနည်း .. မည်သည်ပြောင်းလဲမှုများ ဖြစ်ခဲ့သနည်း..

ထိုသို့တွေးပြီးနောက် ရှီဟောင် သူ့မျက်နှာကို ဖုံးကွယ်ထားလိုက်သည်။ သူ၏ပုံစံအမှန်ကို မပြတော့။

သူ ယဇ်ပုလ္လင်ထက် တက်လိုက်ကာ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၏ အတွင်းပိုင်းသို့ ဝင်သွားလိုက်သည်။

ကဲဂုသည် ယခုနှစ်ပိုင်းအတွင်း ထွက်ပေါ်လာသည့် လူငယ်ဂျီးနီးယပ်စ်တစ်ဦးပင်။ သူ၏ဇစ်မြစ်ကို သိသည့်သူ အနည်းငယ်သာရှိသော်လည်း သူ၏စွမ်းရည်များမှာ လောကကြီးကို တုန်လှုပ်စေနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေထဲရှိ ကျွမ်းကျင်သူများအားလုံးကို စိန်ခေါ်နေခဲ့ကာ ယခုထိ တစ်ခါမှ မရှုံးသေးပေ။

သူ နဂါးအစစ်ဖြစ်နိုင်သည်ဟု ပြောကြသည့်သူများရှိသည်။ အဘယ်ကြောင့်ဆိုသော် အပြင်လောကတွင် သူ့နောက် လိုက်ကြည့်နေခဲ့သည့်သူများ ရှိခဲ့သည်ပင်။ သူ နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်လျင်မြန်သည့်အရှိန်ဖြင့် ကောင်းကင်ထက်သို့ တက်သွားသည်ကို မြင်သည့်သူများ ရှိခဲ့သည်ပင်။

အဆင့်နိမ့်နယ်မြေတွင် အလွန်ငယ်ရွယ်သည့် နဂါးအစစ်တစ်ကောင် ထွက်ပေါ်လာခြင်းမှာ မည်မျှပင် ထိတ်လန့်စရာကောင်းလှသနည်း.. သက်သေမရှိသော်လည်း သူ၏စွမ်းရည်များမှာ တကယ်ကို ကြောက်စရာကောင်းလှသည်ပင်။

အချို့သူများသည် သူ့အား ကျောက်တုံးလေးနှင့် နှိုင်းယှဉ်ကြသည်အထိပင်။

ရှီဂုသည်လည်း ယခုနှစ်ပိုင်း ထွန်းပေါက်လာသည့် လူငယ်တစ်ဦးပင်။ သူသည် လောကကြီးကို တုန်လှုပ်စေနိုင်သည့်သူပင်။ အဘယ်ကြောင့်ဆိုသော် သူလည်း ဟင်းလင်းပြင်နတ်ဘုရားနယ်မြေထဲတွင် ပြိုင်ဘက်ကင်းပင်။

သူသည် ကဲဂုထက် ပို၍အသက်ကြီးပြီး ယခုအချိန်တွင် ၂၀ ကျော်ရှိနေလေပြီ။

သို့သော် သူ၏ကျင့်ကြံဆင့် အစစ်အမှန်ကို မည်သူမှ မသိကြ။ အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၏ နယ်မြေများတွင် မတူညီသည့် ကျင့်ကြံဆင့် ကန့်သတ်ချက်များ ရှိနေသည်ပင်။

ရှီဂု ဤနေရာသို့ ရောက်လာသည်မှာ စံချိန်မျိုးစုံကို စိန်ခေါ်ရန် ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤနှစ်ဝက်အတွင်းတွင် သူသည် မတူညီသည့်နေရာမျိုးစုံ၌ ပေါ်လာကာ ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့သည်။ သူနှင့် နှစ်ချက် တိုက်နိုင်သည့်သူပင် မရှိသေး။

ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။

သူသည် အလွန်ထူးဆန်းသည့်ကလန်ဖြစ်သည့် အနောက်ပိုင်းဝိညာဉ်နယ်မြေမှ လာသည့်သူဖြစ်လိမ့်မည်ဟု ပြောကြသည်။

လူများစွာမှာ စိတ်ထဲမှ သက်ပြင်းချနေကြသည်။ ရှီဂု ပေါ်လာသည်မှာ နောက်ကျလွန်းသွားလေပြီ။ သူသာ နှစ်အနည်းငယ် စောပြီး ပေါ်လာလျှင် ကျောက်တုံးကြီး၊ ကျောက်တုံးလေးတို့နှင့် တွေ့နိုင်ငငသည်။

ယခု ရှီဂုနှင့် ကဲဂုတို့သည် ကျောက်တုံးညီနောင်ကဲ့သို့ ဘေးချင်းယှဉ်ရပ်နေကြသည်ပင်။

ထို့အပြင် ယနေ့ သူတို့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြတော့မည်။ ဤသည်မှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တိုက်ခိုက်ကြခြင်းပင်။

“ဘီလူးနှစ်ကောင်ကြားက တိုက်ခိုက်မှု စတော့မယ် .. ဘယ်သူက ကောင်းကင်အောက်မှာ နံပါတ်တစ်လဲဆိုတာ ဆုံးဖြတ်ကြတော့မယ် .. ဒါက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ် ..”

ထိုနေ့တွင် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ အုတ်အော်သောင်းတင်းဖြစ်နေသည်။ သူတို့နှစ်ဦးထဲတွင် မည်သူက ပိုပြီးစွမ်းအားကြီးသလဲဟု ခန့်မှန်းနေကြလေ၏။

ဤသည်မှာ ပွဲကြီးပွဲကောင်းပင်။ စွမ်းအားကြီးသည့်သူအားလုံးသည် ဤတိုက်ပွဲကို အနီးကပ်ကြည့်နေကြကာ လူများစွာသည် သူတို့တိုက်ပွဲကို ကြည့်ရန်အတွက် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေထဲသို့ ဝင်လာကြလေ၏။

နဂါးအစစ်က အနောက်ပိုင်းဝိညာဉ်နယ်မြေကို တိုက်ခိုက်တော့မယ်..

“ဒီနှစ်ယောက်က စံချိန်တွေ ချိုးထားတာ .. မင်းဘယ်လိုထင်လဲ .. သူတို့တွေ ကျောက်တုံးလေးရဲ့ စံချိန်ကို ချိုးမှာလား..”

“ငါကြားတာတော့ ဒီနှစ်ယောက်က အဲဒီလူတွေကို မထိသေးဘူးတဲ့ .. သူတို့ တစ်နှစ်၊ နှစ်နှစ်လောက်တော့ စောင့်ရမယ်ထင်တယ် .. သူတို့က အခုထိ မသေချာသေးဘူးထင်တယ်”

နဂါးအစစ်က အစစ်လား အတုလား..

အနောက်ပိုင်းဝိညာဉ်နယ်မြေမှာ အလွန်ထူးဆန်းသည့်နေရာပင်။ ရှီဂုသည် တကယ်ပဲ ထိုနေရာမှ လာသည်လား..

ဤနယ်မြေတွင် လူများစည်ကားလာပြီး အားလုံးသည် တိုက်ခိုက်မှုကို ကြည့်ရန်အတွက် နေရာအသီးသီး ယူထားကြသည်။

အလယ်နေရာကတော့ လွတ်နေသည်ပင်။

ယခုအချိန်တွင် ထိုနှစ်ဦးလည်း မတူညီသည့်နေရာနှစ်ခုမှ ပေါ်လာလေပြီ။ သူတို့ကို မြူများ ရစ်ဆိုင်းကာ နတ်အလင်းများဖုံးလွှမ်းနေသည်။

သို့သော် ဖုန်းဟူသည့်အသံနှင့်အတူ ကောင်းကင်ထက်မှ တတိယလူ ပေါ်လာသည်။

“ဘယ်သူလဲ … မြန်မြန်နောက်ဆုတ်..” ရှီဂု အော်ဟစ်လိုက်သည်။ သူသည် လူငယ်လေးတစ်ဦးပင်။ သူ၏ပုံရိပ်သည် သွယ်လျကြံ့ခိုင်ကာ မည်းနက်သည့်ဆံပင်များနှင့် ကြေးရောင်အသားအရေ ရှိသည်.ပင်။

အခြားသူများ ဤလူငယ်လေး၏ ပုံစံအမှန်ကို မမြင်ရသော်လည်း ရှီဟောင်အတွက်တော့ ကိစ္စကြီးမဟုတ်။ ကောင်းကင်မျက်လုံးဖြင့် မြူကို ထိုးဖောက်မြင်နိုင်သည်။

တစ်ခြားတစ်ဖက်တွင် ချောမောသည့်မျက်နှာနှင့် ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦး ရှိနေသည်။

“ဟမ်..” ရှီဟောင် ထိတ်လန့်သွားရ၏။ ဤနှစ်ယောက်လုံးမှာ တကယ်ကို ထူးခြားလှသည်။

“ဒီနေရာက စစ်မြေပြင်ပါ .. ကျေးဇူးပြုပြီး နောက်ဆုတ်ပေးပါ..” ထိုလူငယ်လေးလည်း ပြောလိုက်သည်။

ရှီဟောင်သည် နောက်ဆုတ်မသွားပဲ ထိုလူငယ်လေးအား စကားပြောလိုက်သည်။ “မင်းရဲ့အရိုးတွေက တော်တော်လေးကိုကောင်းတယ် .. ပါရမီလည်း ထူးခြားတယ် .. ဒါပေမဲ့ မင်းက ဆရာရှိနေလောက်ပြီ .. တော်တော်လေးကို ကံမကောင်းတာပဲ”

ရှီဟောင် ဤလူငယ်လေးကို တကယ် တပည့်အဖြစ် ခေါ်ချင်မိသည်။

“အဓိပ္ပာယ်မရှိတာ .. ခင်ဗျားက ကျွန်တော့်ကို တပည့်အဖြစ် ခေါ်ဖို့ အိပ်မက်မက်နေတာလား..” ထိုလူငယ်လေးမှာ အလွန်မောက်မာလှသည်ပင်။ ရှီဟောင်၏ရည်ရွယ်ချက်ကို သိသည်နှင့် သူချက်ချင်းပင် နှခေါင်းရှုံ့လိုက်ကာ “ခင်ဗျားက တကယ်ကို တကိုယ်ကောင်းဆန်တဲ့သူပဲ .. ခင်ဗျားမှာ ဘယ်လိုစွမ်းရည်မျိုးရှိလဲဆိုတာ ကြည့်ရအောင်”

သူ ယုံကြည်ချက်ရှိသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူတစ်ယောက်၏တာအိုစွမ်းရည်များကို ကန့်သတ်ထားပြီး အားလုံး၏ ကျင့်ကြံဆင့်မှာ အတူတူပင်။

“မင်းက ငယ်ပါသေးတယ် .. မင်းတို့နှစ်ယောက်လုံး ငါ့ကို တစ်ပြိုင်တည်းတိုက်မယ်ဆိုရင်တောင် မလုံလောက်သေးဘူး .. မင်းတို့အတွက် အရမ်းခက်ခဲမှာ” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်သည်။

ဤစကားလုံးများကို ကြားလိုက်ရသည်နှင့် ထိုနှစ်ယောက်လုံး သူတို့ကို စော်ကားလိုက်သလို ခံစားလိုက်ရသည်။

“ရဲတင်းလိုက်တာ .. ခင်ဗျားက ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းလဲဆိုတာ ကြည့်ကြတာပေါ့..” ရှီဂုလည်း ဒေါသထွက်သွားသည်ပင်။

“ဒီလိုဆိုရင်ရော .. မင်းတို့နှစ်ယောက်ရှုံးရင် ငါ့ကို မင်းတို့ဆရာအဖြစ် အရိုအသေပေးမလား..” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

ခပ်ဝေးဝေးတွင်ရှိနေသည့်သူများအားလုံး ဆွံ့အသွားရသည်။ ဘာဖြစ်နေတာလဲ .. ဒီလူက ဘယ်ကနေ ရောက်လာတာလဲ .. သူက ရုတ်တရက်ကြီး ရောက်လာပြီးတော့ ရှီဂုနဲ့ ကဲဂုကို တပည့်အဖြစ် လိုချင်နေတာလား .. ဒါက မမောက်မာလွန်းဘူးလား..

ရှီဟောင် ဤနှစ်ယောက်၏ သွေးမျိုးဆက်ကို အလွန်စိတ်ဝင်စားနေမိသည်။

ဝုန်း..

ရှီဂုနှင့် ကဲဂု နှစ်ဦးလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။ သူတို့သည် ဒေါသထွက်နေသောကြောင့် ကောင်းကင်ကြီးကို တုန်လှုပ်စေနိုင်သည့် အဖိုးတန်ပညာများကို အသုံးပြုလိုက်သည်။

သို့သော်လည်း ထိုတတိယလူသည် ခြေထောက်ပင် မကြွ။ သူ၏လက်နှစ်ဖက်ကို အသုံးပြုကာ သူတို့လက်သီးများကို ဖမ်းဆုတ်ပြီး သူတို့ကို ရပ်တန့်လိုက်သည်။

ထိုအခိုက်အတန့် သူတို့လက်နှစ်ဖက်လုံး နာကျင်လာကာ ခန္ဓာကိုယ်များလည်း တုန်ခါလာသည်။ သူတို့ ထိုစွမ်းအားကို မတောင့်ခံနိုင်။

အားလုံး ထိတ်လန့်သွားကာ ဤနေရာတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။

အပိုင်း ၁၈၉၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset