ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၉ – ပုံစံအစစ်အား ရရှိခြင်း
ဝတ်စုံဖြူနှင့်လူငယ်လေးသည် အချိန်တစ်ခဏခန့် အခန်းထဲ၌ အေးအေးလူလူ ပတ်လျှောက်နေခဲ့သည်။
သူ့မျက်လုံးများမှာ သက်ဝင်လှုပ်ရှားနေပြီး အရာအားလုံး သူ့လက်ခုပ်ထဲ၌ ရှိနေသကဲ့သို့ တည်ငြိမ်ကာ ယုံကြည်ချက်ရှိနေသည်။ ချူဖုန်းသူ့ရှေ့ အညံ့ခံလာမည့်မြင်ကွင်းကို တွေးပြီး ပြုံးနေလေသည်။
ချူဖုန်းသည် အစောကြီးကတည်းက ဗီလာအနီးနားသို့ ရောက်နေခြင်းဖြစ်ပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။
သူ ဧည့်ခန်းထဲသို့ ပေါ့ပါးစွာ ဝင်လိုက်သည်။ အခန်းကို ဘယ်တော့မှ ပိတ်မထားသောကြောင့် သူ့အတွက် ဒုက္ခနည်းသွားသည်။
“သူ့နတ်အသိစိတ်ကနေ ဖုံးကွယ်နိုင်ဖို့ မျှော်လင့်မိတယ်” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် သစ်ပင်သေတစ်ပင်ကဲ့သို့ ပတ်ဝန်းကျင်နှင့် ပေါင်းစည်းလိုက်သောကြောင့် အသက်ရှင်နေသည့် လက္ခဏာမရှိတော့။
ဝတ်စုံဖြူနှင့်လူငယ် တည်ငြိမ်စွာ လျှောက်နေခဲ့သည်။ သေချာကြည့်လိုက်မည်ဆိုလျှင် သူလှမ်းနေသည့် ခြေလှမ်းများပင် အကွာအဝေး အတူတူပင်ဖြစ်ကြောင်း တွေ့ရလိမ့်မည်။ ဤသည်မှာ သူ့အသက်ရှူစည်းချက်နှင့်အတူ စည်းချက်ကျကျ လျှောက်နေသကဲ့သို့ပင်။
သို့သော် ချူဖုန်းအဆင့်ရောက်နေသည့်သူများသာ ဤသည်ကို သတိထားမိလိမ့်မည်။ ဤဝတ်စုံဖြူနှင့်လူငယ်မှာ သေချာပေါက် မရိုးရှင်း။ ကြောက်စရာကောင်းသည့်လူဟုပင် သတ်မှတ်၍ရလိမ့်မည်။
ဝတ်စုံဖြူနှင့်လူငယ်သည် ဧည့်ခန်းထဲ၌ တိတ်ဆိတ်စွာပင် လျှောက်နေခဲ့သည်။
သူသည် ထောင်ချောက်ကို ဘယ်လိုဆင်ရမလဲဆိုသည်ကို စဉ်းစားနေခြင်းပင်။ ရွှမ်းထျန်မှ ကျန်းရှီထိ ချူဖုန်းကို မျှားခေါ်ပြီး သူ ဝုန်းဒိုင်းကြဲကာ သူကိုယ်တိုင် အညံ့ခံအောင် လုပ်ရမည်။
သူ့အစီအစဉ်ကို ပြည့်စုံအောင် လုပ်ပြီးနောက် သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။
သူသည် အတွေးထဲ နှစ်မြောနေသောကြောင့် သူ့နောက်၌ လူတစ်ယောက်ရှိနေသည်ကို သတိမထားမိလိုက်။
သူသည် အခြားမည်သည့်ကျွမ်းကျင်သူကိုမှ ကြောက်စရာမလိုသည့်သူပင်။ အထူးသဖြင့် အစောပိုင်းတွင် ဧည့်ခန်းထဲ၌ မျက်လုံးသုံးလုံးမျိုးနွယ်စုမှ ကျွမ်းကျင်သူလည်း ထိုင်နေခဲ့သောကြောင့် တစ်ယောက်ယောက် အခန်းထဲသို့ ခိုးဝင်လာရဲလိမ့်မည်ဟု သူ မထင်ထားခဲ့။
အထူးသဖြင့် မြက်ပင်တစ်ပင်၏ လှုပ်ရှားမှုပင်လျှင် သူ့နတ်အသိစိတ်ကို မကျော်လွှားနိုင်။ တစ်ယောက်ယောက်ချဉ်းကပ်လာသည်နှင့် သူ ချက်ချင်း သိနိုင်မည်ပင်။
ထို့ကြောင့် သူ သတိထားနေစရာမလို။
သို့သော် ယနေ့တွင်တော့ ပုံမှန်မဟုတ်သည့်အရာတစ်ခု ဖြစ်ပွားခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် ချူဖုန်းသည် သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်သည်ပင်။
သူ၏တောက်ပနေသည့် မျက်လုံးများကြောင့် တစ်ဖက်လူ သတိထားမိသွားမည်စိုးသောကြောင့် ချူဖုန်း မျက်လုံးများကို မှေးစဉ်းလိုက်ပြီး သူ့ဘယ်လက်မှ လက်နက်ကို မြှောက်လိုက်သည်။
ခရမ်းရောင်လျှပ်စီးတူမှာ ၃၀ စင်တီမီတာခန့်သာရှိပြီး သိပ်မကြီး။ သို့သော်လည်း အမျိုးအမည်မသိသည့် ခရမ်းရောင်ရွှေသတ္တုဖြင့် ပြုလုပ်ထားခြင်းပင်။
အသက်မသွင်းရသေးလျှင် တူသည် အရောင်မှိန်ကာ သူ့ကိုယ်ထည်ပေါ်တွင် အချိန်တိုက်စားမှုလက္ခဏာများလည်း ရှိနေသည်။
သူ့လက်ထဲမှ တူကို ပြင်းထန်စွာ လွှဲရမ်းလိုက်ပြီး ဝတ်စုံဖြူနှင့်လူငယ်၏ဦးခေါင်းနောက်ကို ရိုက်ချလိုက်သည်။
သူ မှော်လက်နက်ကို အသက်မသွင်းပဲ ဤအတိုင်းအားအပြည့်ဖြင့် လွှဲရမ်းလိုက်ခြင်းပင်။ စွမ်းအင်များ မထည့်ထားသောကြောင့် လျှပ်စီးများ ထွက်မလာ။
ဤပစ္စည်းကို ပြတိုက်တစ်ခုခု၌ သိမ်းဆည်းထားခဲ့သလားဟုပင် ချူဖုန်း သံသယဝင်လာ၏။ အဘယ်ကြောင့်ဆိုသော် ပစ္စည်းကို သေချာထိန်းသိမ်းထားခဲ့သည်ပင်။ သာမန်လူများမှာ ဤပစ္စည်းကို ပိုင်ဆိုင်ထားလျှင်ပင် သူ့ကို အသက်သွင်းနိုင်မည်မဟုတ်။
ထိုလှုပ်ရှားမှုမှာ ဝတ်စုံဖြူနှင့်လူငယ်ကို သတိထားမိသွားစေခဲ့သည်။ ရှင်းယီလက်သီးပုံစံ ၁၂ မျိုးလုံးကို ကျွမ်းကျင်သည့် ထိပ်တန်းအဆင့် ကျွမ်းကျင်သူဖြစ်သောကြောင့် သူလည်း ပါရမီရှင်တစ်ဦးပင်။
သိထားရမည်မှာ သိုင်းဆရာကြီးများပင် သူတို့တစ်ဘဝလုံး၌ လက်သီးပုံစံတစ်မျိုးကိုသာ ကျွမ်းကျင်နိုင်ပြီး နှစ်ခု၊ သုံးခု တတ်သည့်သူများမှာ အလွန်ရှားပါးလှသည်။
ခြောက်မျိုး ကျွမ်းကျင်သည့်သူများကိုပင် ဂျီးနီးယပ်စ်ဟု သတ်မှတ်၍ ရပြီဟု ပြောကြသည်။
သို့သော် ဤဝတ်စုံဖြူနှင့်လူငယ်ကတော့ ၁၂ မျိုးလုံးကို ကျွမ်းကျင်နေသောကြောင့် သူ့ပါရမီမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
အတွေးများနေသော်လည်း သူ့နောက်မှ မူမမှန်မှုကို ချက်ချင်း သတိပြုမိသွားသည်။ သူ့ခန္ဓာကိုယ်ချက်ချင်း တောင့်တင်းလာကာ တုံ့ပြန်ရန်အတွက် လက်သီးပုံစံအချို့ကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။
တုံ့ပြန်မှုမှာ လျင်မြန်လွန်းလှသည်။ သူ့ကျောကွေးသွားကာ နဂါးတစ်ကောင်ပုံစံဖြစ်သွားသည်။ သူ့စွမ်းအင်များမှာ ခါးနောက်ပိုင်းနှင့် ဗိုက်တွင် ရှိနေပြီး တိုက်ခိုက်ရန်အသင့်ဖြစ်နေ၏။ ဤသည်မှာ ကျားပုံစံပင်။ သူသည် ခြေထောက်တစ်ဖက်ကို မြေကြီးပေါ်၌ ရပ်လိုက်ကာ ရွှေကြက်ဖပုံစံလုပ်လိုက်သည်။ ထို့နောက် အရှေ့တိုးလိုက်ကာ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည့်အပြင် ခြေထောက်တစ်ဖက်ကို အနောက်ဘက်သို့ လွှဲရမ်းလိုက်ကာ မြွေနဂါးပုံစံ တိုက်ခိုက်လိုက်သည်။ ဤတိုက်ခိုက်မှုမှာ သူ့နောက်မှ ရန်သူကို တစ်စစီလုပ်ပစ်ရန် ရည်ရွယ်ထားခြင်းပင်။
တုံ့ပြန်သည့် အမြန်နှုန်းမှာ တကယ်ကို အံ့အားသင့်စရာကောင်းလှသည်။
တစ်ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်မှ ပဲကြော်သည့်အသံများကဲ့သို့ ကျယ်လောင်သည့်အက်ကွဲသံများ ထွက်ပေါ်လာ၏။ ဤသည်မှာ သူ့အရိုးများ နေရာရွှေ့သွားသောကြောင့် ထွက်ပေါ်လာသည့်အသံပင်။ ချူဖုန်းပင် အထင်ကြီးမိသွားရသည်။
ဤလူသည် တစ်စက္ကန့်အတွင်းမှာပင် နဂါး၊ ကျား၊ ကြက်ဖနှင့် မြွေနဂါးပုံစံတို့ကို ပြုလုပ်သွားခဲ့သည်။
ဤသည်မှာ တကယ်ကို ထိတ်လန့်စရာ ကောင်းလွန်းလှသည်။
သို့သော် ချူဖုန်းမှာ သူ့ထက်ပိုမြန်နေသည်။ သူသည် ဤအခွင့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။
ဤတိုက်ခိုက်မှုတွင် မည်သူ အသာစီးရနေသည်ဆိုသည်မှာ သိသာလှသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဦးမှာ စတင်တိုက်ခိုက်သည့်သူဖြစ်ပြီး အခြားတစ်ဦးမှာ မထင်မှတ်ပဲ တိုက်ခိုက်ခံရသည့်သူပင်။
ထို့အပြင် ချူဖုန်းလည်း အသေသတ်နိုင်မည့်အကွက်ကို ပြင်ဆင်ထားသည်ပင်။
ချူဖုန်း အပေါ်သို့ခုန်တက်ကာ တစ်ဖက်လူ၏ မြွေခြေထောက်ကန်ချက်ကို ရှောင်ရှားလိုက်ပြီး အပေါ်ဘက်မှ တိုက်ခိုက်လာသည်။
ချူဖုန်းသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှ တိုက်ခိုက်နိုင်သည်။ နွားနတ်ဆိုးနှင့် ရေနဂါးနတ်ဆိုးလက်သီးတို့ကို ပေါင်းစပ်လိုက်ပြီးနောက် သူ့နောက်ကျောနှင့် ခါးတို့မှာ ရေနဂါးတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ သူ့အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူ့ခြေထောက်မှာ နွားခွာများနှင့်တူပြီး တောင်တစ်တောင်လုံးကိုပင် ခြေမွပစ်နိုင်သည်။သူ့လက်များမှာ ဦးချိုများကဲ့သို့ မည်သည့်အရာကိုမဆို ထိုးဖောက်ပစ်နိုင်သည်။
ခွပ်..
ချူဖုန်းသည် လေထဲ၌သာ ရှိနေပြီး သူ့ခြေထောက်၊ တံတောင်ဆစ်နှင့် ညာလက်တို့မှာ ဝတ်စုံဖြူနှင့်လူငယ်ကို တိုက်ခိုက်ရန်အသင့်ဖြစ်နေပြီး သူ့ဘယ်လက်တွင်တော့ တူရှိနေသည်။
ထို့နောက် ချူဖုန်း၏ ခြေထောက်နှင့်တံတောင်ဆစ် တစ်ဖက်လူ၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားပြီး ခရမ်းရောင်တူကတော့ ထိုလူ၏ဦးခေါင်းပေါ် ရောက်သွားသည်။
ထိုအားမှာ တောင်ထိပ်တစ်ခုကို တစ်စစီလုပ်ရန် လုံလောက်သည့်အားပင်။
ဝတ်စုံဖြူနှင့်လူငယ်သည် စက္ကန့်ပိုင်းအတွင်း ရှင်းယီပုံစံလေးခု ပြသနိုင်ခဲ့သော်လည်း သူသည် ရှုံးနိမ့်ရန် ကံပါလာပြီးသားပင်။
သူ့ခေါင်းကို တူဖြင့် ဒုန်းကနဲ ရိုက်မိသွားသည်နှင့် ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ သူ ဝိညာဉ်စွမ်းအားဖြင့် ခုခံရန် ကြိုးစားလိုက်သော်လည်း အကွာအဝေးမှာ နီးကပ်လွန်းလှသောကြောင့် မအောင်မြင်ခဲ့။
တစ်ချိန်တည်းမှာပင် ချူဖုန်း၏ တံတောင်ဆစ်နှင့် ဒူးများဖြင့် ရိုက်မိသည့်နေရာများမှ ပြင်းထန်လှသည့်နာကျင်မှုများ ဖြစ်ပေါ်လာပြီး သူ သွေးအန်သွားရသည်။
ဝုန်း..
သူ လက်ခံလိုက်ရသည့် အဖျက်စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။ သူ့ဝတ်စုံဖြူပင် စုတ်ပြဲသွားရသည်။
သူ့ခန္ဓာကိုယ် ယိမ်းယိုင်လာပြီး သူ့အမြင်အာရုံလည်း တစ်ဖြည်းဖြည်း ဖျော့တော့လာသည်။ သူ သတိလစ်တော့မလိုဖြစ်နေသော်လည်း အသိစိတ်ဝင်အောင် အတင်းလုပ်ယူလိုက်သည်။ သူ ပြန်တိုက်ရမည်။
သို့သော် ခြေတစ်လှမ်း နောက်ကျခဲ့သောကြောင့် သူ ခုခံသည့်ဘက်မှ ဖြစ်သွားပြီး သူ့ခေါင်းလည်း ချာလပတ်ရမ်းနေလေပြီ။
ကျစ်…
ချူဖုန်း နွားနတ်ဆိုးအော်သံနှင့် ရေနဂါးအော်သံကို ပေါင်းစည်းလိုက်ပြီး အသံလှိုင်းတိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
ဤတိုက်ခိုက်မှာ ဝတ်စုံဖြူနှင့်လူငယ် အတင်းအသက်သွင်းထားရသည့် စိတ်ဝိညာဉ်စွမ်းအင်များကို ပျက်ပြယ်သွားစေပြီး သူ့ကိုပို၍ အခြေအနေဆိုးရွားစေခဲ့သည်။ သူ့နားထဲ မြည်ဟီးနေပြီး ပုံရိပ်နှစ်ထပ်မြင်နေရလေပြီ။
ဒုန်း..
ထိုအချိန်တွင် ချူဖုန်း၏ တူမှာ ဝတ်စုံဖြူနှင့်လူငယ်၏ဦးခေါင်းနောက်ဘက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာသည်။
ဝတ်စုံဖြူနှင့်လူငယ် မတောင့်ခံနိုင်တော့။ သူ့ခေါင်းပေါက်ကွဲထွက်မတတ် ဖြစ်နေပြီး သူ့အမြင်အာရုံလည်း အမှောင်ကျသွားတော့သည်။
တတိယရိုက်ချက် ရောက်လာသည့်အချိန်တွင်တော့ သူ လုံးဝသတိလစ်သွားပြီး မြေပြင်ထက်သို့ လဲကျသွားတော့သည်။
ချူဖုန်း ပေါ့ပါးစွာဖြင့်ပင် မြေပြင်ထက်သို့ ပြန်ဆင်းလာလိုက်သည်။
ဝတ်စုံဖြူနှင့်လူငယ်ကို သေချာကြည့်လိုက်ပြီး သူ သတိလစ်သွားသည်မှာ သေချာကြောင်း အတည်ပြုလိုက်သည်။ သူ့စိတ်ထဲတွင်တော့ သက်ပြင်းချလိုက်၏။ ဤလူမှာ တကယ်ကို စွမ်းအားကြီးသည့် ကျွမ်းကျင်သူတစ်ဦးပင်။ သူ့ကို အတော်လေးလည်း ထိတ်လန့်သွားစေခဲ့သည်။ လူသားမျိုးနွယ်စုမှာ ဘယ်တုန်းက ဒီလိုကျွမ်းကျင်သူမျိုး ထွက်ပေါ်လာတာလဲ .. သူ မသိခဲ့။
သေချာကြည့်လိုက်သည့်အချိန်တွင် ဤလူသည် ၂၇၊ ၂၈ ခန့်သာ ရှိသေးပြီး သူ့ထက် နည်းနည်းသာကြီးသည်။
“သူက ရှင်းယီလက်သီးကို ကျွမ်းကျင်နေတာဆိုတော့ သူ့ကျွမ်းကျင်ဆင့်နဲ့ဆိုရင် သူ့ကို သိုင်းပညာမှာ ဆရာကြီးလို့ ပြောလို့ရတယ် .. ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလောက်တော်နေတာ ကြောက်ဖို့ကောင်းလိုက်တာ..”
ဤတိုက်ခိုက်မှုမှာ အန္တရာယ်များသည်ဟု သူမထင်။ သူသာ တကယ်သတ်ချင်လျှင် မှော်လက်နက်ကို အသက်သွင်းပြီး လျှပ်စီးများ ထုတ်လွှတ်လိုက်မည်ပင်။ ဤလူ မည်မျှပင် လျင်မြန်နေပါစေ မမျှော်လင့်ထားသည့် လျှပ်စီးကိုတော့ ရှောင်နိုင်မည်မဟုတ်။
သို့သော် ခဏကြာပြီးနောက် ချူဖုန်း၏မျက်လုံးများ တောက်ပလာ၏။ ဤလူမှာ ရှင်းယီလက်သီးဆရာကြီးပင်။ သူသည် ဤပညာကို လိုချင်သောကြောင့် လုထုန်ကို ဤပညာအား စုစည်းပေးရန် တောင်းဆိုခဲ့ဖူးသည်။ သို့သော် သူတို့ မအောင်မြင်ခဲ့။ ထို့ကြောင့် ယနေ့အချိန်ထိ သူ လက်သီးပုံစံအနည်းငယ်ကိုသာ သင်ယူရသေးသည်။
“လက်သီးစာအုပ် သူ့ဆီမှာ ရှိနေမလား..” ချူဖုန်း လိုချင်သော်လည်း သိပ်မမျှော်လင့်ရဲ။ မည်သူက စာအုပ်ကို သူတို့နှင့်အတူ တစ်ချိန်လုံး သယ်သွားမည်နည်း..
သူ့ခန္ဓာကိုယ်နေရာအနှံ့ ရှာဖွေပြီးနောက် သူ သက်ပြင်းချလိုက်သည်။ ထင်ထားသည့်အတိုင်း သူ့ခန္ဓာကိုယ်ထက်၌ ရှိမနေ။
ချူဖုန်း သူ့ခန္ဓာကိုယ်ကို ဧည့်ခန်းထဲ သယ်လာလိုက်ပြီး ဆိုဖာနား ရောက်လာသည်။ ထိုနားတွင်တော့ ပြာမှုန့်အဖြစ် ပြောင်းလဲသွားသည့် လက်ဖက်ရည်စားပွဲတစ်လုံးကို သူတွေ့လိုက်ရသည်။
“အိုး .. ဒါက ဘာကြီးလဲ..”
ဆိုဖာပေါ်၌ အဝါရောင်လက်သီးစာအုပ်တစ်အုပ် ရှိနေသည်ကို သူ ထိတ်လန့်စွာ တွေ့လိုက်ရသည်။ သူ အနည်းငယ် တုန်ယင်လာပြီးနောက် ချက်ချင်း ပျော်ရွှင်သွားရသည်။
ချူဖုန်း ထိုလူကို မြေပြင်ပေါ်သို့ ဗုန်းခနဲ ပစ်ချလိုက်သည်။
စာအုပ်ကို ချက်ချင်းကောက်ယူလိုက်ပြီး လှန်လှောကြည့်လိုက်သည့်အချိန်တွင်တော့ ဤစာအုပ်မှာ အပြင်ဘက်၌ ပျံ့နှံ့နေသည့် ရှေးဟောင်းရှင်းယီလက်သီးနှင့် အနည်းငယ် ကွာခြားနေကြောင်း သူတွေ့လိုက်ရသည်။ ဤသည်မှာ ပို၍ ရှုပ်ထွေးလေးနက်သည်။
“ဖုံးထားတဲ့တစ်လွှာ ရှိနေတယ်..” စာအုပ်အဖုံးတွင် ဖုံထားသည့် အလွှာတစ်လွှာ ရှိနေသေးသည်ကို သူတွေ့လိုက်ရသည်။ ထိုအလွှာကို ခွာကြည့်လိုက်သည့်အချိန်တွင်တော့ ပါးလွှာသည့် သားရေပြားတစ်ပြား ထွက်လာသည်။
သားရေပြားထက်တွင်တော့ လက်သီးပုံစံ ၁၂ မျိုးလုံး ပါရှိနေသည်။ တစ်ခုမှ မလျော့။ ထိုသားရေပြားထက်ရှိ စာလုံးများမှာ ထင်ရှားပြတ်သားလှသည်။
အစပိုင်းတွင် ချူဖုန်း အံ့အားသင့်ပြီးနောက် အော်ရယ်လိုက်သည်။ ဤသည်မှာ တကယ့်ကို မထင်ထားသည့်အရာတစ်ခုပင်။ ရှင်းယီလက်သီးပညာနှင့်အတူ ပုံစံ ၁၂ မျိုး၏ပုံသဏ္ဌာန်များကို သူတွေ့လိုက်ရလေပြီ။
“ရှင်းယီဂိုဏ်းရဲ့ သခင်လေး..” ချူဖုန်း ဝတ်စုံဖြူနှင့် လူငယ်လေးကို ငုံ့ကြည့်လိုက်၏။ လူတစ်ယောက် ဤကဲ့သို့သောစာအုပ်မျိုးကို သယ်သွားသယ်လာလုပ်လိမ့်မည်ဟု သူမထင်ထားခဲ့။
အမှန်တကယ်တွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်လေးသည် ယခုတလောမှ ရှင်းယီလက်သီးပညာ ၁၂ မျိုးကို ကျွမ်းကျင်ပြီး ခြောက်ခုမြောက် အချုပ်အနှောင်ကို ချိုးဖျက်ခဲ့ခြင်းပင်။ သူသည် သူ့အုတ်မြစ်ကို အခြေခိုင်အောင် လုပ်နေပြီး ပုံစံ ၁၂ မျိုးကို ပိုနားလည်အောင် လုပ်နေသောကြောင့် ဤစာအုပ် သူ့အနား၌ တစ်ချိန်လုံး ရှိနေခြင်းပင်။ သူ့ကိုယ်ပိုင်အရည်အချင်းများကို ယုံကြည်ချက်ရှိသောကြောင့် အခြားလူများ သူထံမှ လုယူနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့။
သို့သော် ယနေ့တော့ သူ ရေအောက်မျိုးနွယ်စုနှင့် ပတ်သက်နေသည်ကို တွေ့သည်နှင့် ချူဖုန်း သူ့ကို တိုက်ခိုက်ခဲ့သည်။
“ကျွန်တော် တောင်းပန်ပါတယ် အစ်ကိုကြီ..” ချူဖုန်း အပြစ်ရှိသလို ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာ လူသားမျိုးနွယ်စုတစ်ဦးပင်။
တစ်ဖက်လူ ရေအောက်မျိုးနွယ်စုနှင့် ဆက်စပ်နေသော်လည်း သက်သေမရှိသလို သူ မကောင်းမှုလုပ်သည်ကိုလည်း မမြင်ဖူးခဲ့သောကြောင့် တစ်ဖက်လူကို ချောင်းမြောင်းတိုက်ခိုက်ပြီးနောက် သူ မသက်မသာခံစားလာရသည်။
တစ်ဖက်လူ သူ့မိဘများအား ထိခိုက်အောင်လုပ်ပြီး သူ့ကို မျှားခေါ်မည်မှန်းသိလျှင် ချူဖုန်း သူ့ကို အရှင်လတ်လတ် ချက်စားလောက်သည်။
“ရှင်းယီရှေးဟောင်းပညာနဲ့ ပုံစံ ၁၂ မျိုးက တော်တော်လေး အံ့ဩဖို့ ကောင်းတာပဲ..အဖြူရောင်ဝတ်စုံနှင့်လူငယ် ချူဖုန်း ပုံစံ ၁၂ မျိုးကို ကြည့်လေလေ ပို၍ အံ့အားသင့်လာလေလေပင်။
သူ့စိတ်မတည်ငြိမ်နိုင်တော့။ ဤကဲ့သို့သော ပညာမှာ လေ့ကျင့်ရန် ထိုက်တန်လွန်းလှသောကြောင့် သူ အလွန်စိတ်လှုပ်ရှားနေလေပြီ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ လူသားလက်သီးပညာပင်။
အိုး..
သူ လက်သီးပညာအနည်းငယ်ကို နားလည်ရန် ကြိုးစားလိုက်သည်နှင့် ဤလက်သီးပညာအောက်တွင် ထူးခြားသည့်အသက်ရှူစည်းချက်ပညာတစ်ခု ရှိကြောင်း သူတွေ့လိုက်ရသည်။
“ကောင်းလိုက်တာ..” သူ့မျက်လုံးများမှာ နေလုံးနှစ်လုံးကဲ့သို့ပင် တောက်ပလာ၏။ ဤအသက်ရှူစည်းချက်ပညာမှာ သေချာပေါက် ထူးခြားလိမ့်မည်ပင်။
သူ၏လက်ရှိ အသက်ရှူစည်းချက်ပညာမှာ တစ်ရက်လျှင် တစ်ခဏသာ လေ့ကျင့်ရသည်ပင်။
မနက်နှင့်ညတွင် လေ့ကျင့်မှသာ အကျိုးရှိသည်ပင်။
ထို့အပြင် အသက်ရှူပညာနောက်တစ်ခု ထပ်ရလာခြင်းမှာ အဆင့်တက်ရန်အတွက် နောက်ထပ်နည်းလမ်းတစ်မျိုး တိုးလာခြင်းပင်။ ဤပညာ၏ စွမ်းအားဖြင့် သူ့ကိုယ်ကိုကြံ့ခိုင်အောင်လုပ်နိုင်သည်။
သူ ထပ်လေ့လာလိုက်သည့်အချိန်တွင်တော့ ဤအသက်ရှူစည်းချက်မှာ အလွန်ထူးခြားကြောင်း သူ တွေ့လိုက်ရသည်။
“င့ါရဲ့ အဆင့်တက်နိုင်တဲ့လမ်းကြောင်းက ပိုများလာပြီ..” ချူဖုန်း အလွန်ပျော်ရွှင်နေလေပြီ။
သူ အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို ငုံ့ကြည့်ကာ တိတ်တဆိတ် တောင်းပန်လိုက်သည်။ သူ့ကို ဘယ်သူက ရေအောက်မျိုးနွယ်စုနဲ့ ပတ်သက်ဖို့ ပြောလို့လဲ.. ရေအောက်မျိုးနွယ်စုအများစုမှာ သူ့ရန်သူများပင်။
ချူဖုန်း စာအုပ်နှင့် သားရေပြားကို လုံခြုံစွာ သိမ်းထားလိုက်သည်။ သူအားလုံးကို လေ့လာပြီးမှ ပြန်လာပေးတော့မည်။
ချူဖုန်း အခန်းအား လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် ပျက်စီးနေသည့် လက်ဖက်ရည်စားပွဲနား၌ ပြဲနေသည့်စာရွက်တစ်ရွက် ရှိနေသည်ကို သူ သတိထားမိသွားသည်။ ထိုစာရွက်ပေါ်တွင် မင်နီဖြင့် ခြစ်ထားသည့် နာမည်တစ်ခု ရှိနေသည်။
“သတ်မယ့်လူစာရင်း..” ချူဖုန်း အံ့အားသင့်သွားရသည်။ ဤစာရွက်အပိုင်းအစမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရနေသည်ပင်။
“ဝူချီဖုန်း..” ဤနာမည်ကို သူမသိ။
“မင်းက ရေအောက်မျိုးနွယ်စုနဲ့ ဆက်စပ်နေရုံသာမက လူသားတွေကိုပါ သတ်ဖို့ စီစဉ်နေတာပဲ .. ငါ အန္တရာယ်အငွေ့အသက်ကို ရနေတယ်”
သို့သော် ဤဝူချီဖုန်းကို သူမသိသလို ခိုင်မာသည့်သက်သေလည်းမရှိသောကြောင့် သူ ဤလူကို တိုက်ခိုက်ရန် ခက်ခဲနေသည်။
အားလုံးမှာ ခန့်မှန်းချက်များသာ။ သူသာ သက်သေမရှိပဲ မှားသတ်လိုက်လျှင် လူသားမျိုးနွယ်စုသည် ငယ်ရွယ်ကာ ပြိုင်ဘက်ကင်းသည့် ရှင်းယီလက်သီးပညာရှင်တစ်ဦးကို ဆုံးရှုံးသွားရလိမ့်မည်။
“ထားလိုက်ပါတော့ .. ငါ သူ့စာအုပ်ကိုခိုးပြီးတော့ သူ့ကို အပြစ်တစ်ခု လုပ်ထားမိပြီပဲ..” ထို့နောက် ချူဖုန်း လှည့်ထွက်လာလိုက်သည်။
သို့သော် တံခါးနားရောက်သည့်အချိန်တွင် သူ မျက်မှောင်ကြုတ်လာသည်။ ဤလူမှာ လူကောင်းမဟုတ်ဟု သူ့မသိစိတ်မှ ပြောနေသည်။
ဤလူမှာ သူ့ကို အကောက်ကြံရန် ကြိုးစားနေသည့် ရန်သူကြီးဖြစ်ကြောင်း သူ ဘယ်တော့မှ ခန့်မှန်းနိုင်မည်မဟုတ်။
သူ ဗီလာထဲ ပြန်လှည့်ဝင်လိုက်ပြီး ထိုလူကို သယ်လာလိုက်သည်။ လမ်းတစ်လျှောက်ရှိ အမှိုက်ပုံးကြီးကို တွေ့ခဲ့သောကြောင့် ထိုလူကို အမှိုက်ပုံးထဲ ပစ်ထည့်ကာ အဖုံးပြန်ပိတ်ထားလိုက်တော့သည်။
“အား.. ဂရုမစိုက်တော့ဘူး .. သူ့ကို ဒုတိယအခွင့်အရေးပေးလိုက်တာပေါ့ .. သူ ရန်သူဖြစ်နေတယ်ဆိုရင်လည်း ဘာဖြစ်လဲ .. နောက်ပိုင်းမှ သူနဲ့ တရားမျှမျှတတ ပြန်တိုက်လို့ရတာပဲ..” သက်သေမရှိပဲ ဘာကိုမှ ကောက်ချက်မချနိုင်သောကြောင့် ချူဖုန်း ဤအတိုင်းသာ လှည့်ထွက်ခဲ့လိုက်သည်။
သူသည် မည်သည့်ရန်သူကိုမဆို အကြောက်တရားကင်းကင်းဖြင့် တိုက်ခိုက်နိုင်သောကြောင့် ဘာကိုမှ တွေးပူမနေ။ ထို့နောက် သူ ဗီလာထဲမှ ခြေလှမ်းကျယ်ဖြင့် ထွက်လာလိုက်တော့သည်။
ခဏကြာပြီးနောက် သူ လုထုန်ကို ဆက်သွယ်လိုက်သည်။
“လူအိုကြီး .. ကျွန်တော် ကျန်းရှီကို ပြန်ရောက်ပြီ .. အခုတလော ကျွန်တော် ပြဿနာလေးတွေ ရှာထားမိတယ် .. ပုန်းနေတဲ့ရန်သူက ကာကွယ်ဖို့အခက်ခဲဆုံးလို့ ကျွန်တော် ခံစားနေရတယ် .. ကျွန်တော်က အဝေးမှာ ရောက်နေတာဆိုတော့ ကျွန်တော့်မိဘတွေကို စိတ်ပူတယ် .. ကျေးဇူးပြုပြီးတော့ သူတို့လုံခြုံရေးကို မျက်ခြေမပြတ် ကြည့်နေပေးပါဦး..”
ထိုစကားများ ကြားလိုက်သည်နှင့် လုထုန် အံကြိတ်လိုက်သည်။ ဤကောင်သည် တကယ့်ကို မကောင်းသည့်ကောင်ပင်။ မဟုတ်ပါက သူ ဤကဲ့သို့ ပြောမည်မဟုတ်။
ဤကောင် မကောင်းတာ တစ်ခုခု လုပ်လိုက်ပြီဆိုတာကို သူ နားလည်လိုက်သည်။
“မင်းမှာ အပြစ်ရှိစိတ် မခံစားရဘူးလား .. မင်း ဘာတွေ လုပ်လိုက်တာလဲ ပြော..” လုထုန် မေးလိုက်သည်။
“မဟုတ်တာ .. ကျွန်တော်က အမြဲတမ်း သမာမတ်ကျပြီး ဖြောင့်မှန်တယ် .. ကျွန်တော် မကောင်းတာဘာမှမလုပ်ဘူး..” ချူဖုန်း တည်ငြိမ်စွာပြောလိုက်ပြီး မသိစိတ်ဖြင့် သူ့ရင်ဘတ်ထဲ သိမ်းထားသည့် ရှင်းယီလက်သီးပညာစာအုပ်ကို ထိလိုက်ကာ အနောက်မှ အမှိုက်ပုံးကြီးကို လှည့်ကြည့်လိုက်သည်။
ထို့နောက် သူ ဝှစ်ခနဲ ပျောက်သွားလေသည်။
“စိတ်ချပါ .. ကျန်းရှီမှာ ရှုပ်ထွေးလာကတည်းက မင်း ပြဿနာရှာတော့မယ်ဆိုတာ ငါသိတယ် .. ငါ မင်းမိဘတွေကို အစောကြီးကတည်းက လုံခြုံတဲ့နေရာ ပို့ထားပြီးသား.. ဂျိဒ်ကျောင်းဆရာလည်း အဲဒီမှာ ရှိတယ် .. မင်းတို့အိမ်ထဲကိုလည်း သန္ဓေပြောင်းအတွဲတစ်တွဲ ပြောင်းနေခိုင်းပြီးသား”
“ကျေးဇူးအများကြီး တင်ပါတယ်..” ထို့နောက် ချူဖုန်း စိတ်အေးသွားကာ ဖုန်းချလိုက်သည်။
အပိုင်း ၂၄၉ ပြီး၏။