Switch Mode

Chapter – 1816 & 1830

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၆ – လျှပ်စီးချောက်နက်

လျှပ်စီးချောက်နက်ထဲ၌ လျှပ်တစ်ပျက်ပျောက်သွားသည့် ကျောက်တုံးတစ်ပိုင်း ပေါ်လာသည်။

ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ သူ မှားမြင်လိုက်ခြင်းမဟုတ်ကြောင်း သေချာစေရန် ထိုကျောက်တုံးကို သေချာစိုက်ကြည့်လိုက်သည်။

ထိုကျောက်တုံးသည် မီးခိုးရောင်ရှိပြီး ကုန်လွန်သွားသည့်အချိန်အော်ရာရှိနေသည်။ ဤကျောက်တုံးမှာ မကြီးသလို သေးလည်းမသေး။ တစ်ကျန်းခန့်ရှိသည်။

“ငါသိပြီ ..ဒါက အရမ်းတူပြီးတော့ အရမ်းအသက်ဝင်နေတယ်..” စန်းကျန်း သူ့ကိုယ်သူ ပြောလိုက်သည်။ သူ ထိုလျှပ်စီးအလင်းတန်းအနက်ပိုင်းထဲသို့ စိုက်ကြည့်လိုက်သည်။

ရှန်းမင်၏ ပါးစပ်လေးမှာ ‘၀’ ပုံစံဖြစ်နေလေပြီ။

ဤနေရာမှာ သိပ်မဟုတ်သေးဘူးဟု ရှီဟောင် ခံစားနေရသည်။ ဒီနေရာက တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ..

“ပျောက်သွားပြီ .. ငါတို့ အဲဒါကို သေချာဆက်စောင့်ကြည့်ထားဖို့လိုတယ်..” စန်းကျန်း ပြောလိုက်သည်။

သူတို့အားလုံး အလောတကြီး မလုပ်ကြ။ အားလုံးမှာ သတိကြီးကြီးထားနေကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ အလွန်အန္တရာယ်များကြောင်း သူတို့အားလုံး သိနေကြသည်ပင်။ သူတို့ လျှပ်စီးချောက်နက်ထဲကို ကြည့်လိုက်ကြသည်။

ဝုန်း..

လျှပ်စီးအလင်းတန်း သန်းပေါင်းများစွာ ထွက်ပေါ်လာသည်။ ထိုလျှပ်စီးများနှင့်အတူ လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေသည့် မိုးခြိမ်သံများလည်း ထွက်ပေါ်လာသည်ပင်။

သေချာပါသည်။ သူတို့ ထိုအရာကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရလေပြီ။

ထိုမီးခိုးရောင်ကျောက်တုံးလေးသည် ရိုးရှင်းကာ ရှေးဟောင်းအော်ရာရှိနေသော်လည်း ထိုကျောက်တုံးမှ အတောက်ဆုံးအလင်းတန်းများ ထွက်ပေါ်နေသည်။

လျှပ်စီးရေကန်..

ယခုတော့ သူတို့‌ သေချာတွေ့လိုက်ရလေပြီ။ ဤသည်မှာ လျှပ်စီးရေကန်ပင်။ ဤကန်မှ လျှပ်စီးများ ထွက်ပေါ်နေခြင်းပင်။

ရှီဟောင် ယခင်က တွေ့ဖူးသော်လည်း သူတွေ့ဖူးသည့် လျှပ်စီးရေကန်မှာ ဤမျှမကြီး။ သူပင် တစ်ခုရအောင်ယူခဲ့သေးသည်။ ထိုအချိန်က အင်ပါယာဂိတ်မှ လူအားလုံး ဆွံ့အခဲ့ကြသေးသည်ပင်။

သို့သော် ထိုစဉ်က သူ သေမလိုပင်ဖြစ်ခဲ့သည်ပင်။ သူ ထိုလျှပ်စီးရေကန်ကို ခက်ခက်ခဲခဲဖြင့် ယူခဲ့ရခြင်းပင်။

ယခု သူ လျှပ်စီးရေကန်ကို နောက်တစ်ကြိမ် ထပ်တွေ့လိုက်ရလေပြီ။ ဒါက ဘယ်လိုနေရာမျိုးလဲ.

ဘယ်သူမှ အတိဒုက္ခကို မရင်ဆိုင်တာတောင်မှ လျှပ်စီးရေကန်တစ်ခု ပေါ်လာနေတယ်..

မသေသေးသည့်ရွှေရောင်စစ်သူရဲများအတွက်မူ ဤသည်မှာ ပို၍ ထူးဆန်းသည်ပင်။ ဤလျှပ်စီးရေကန်မှာ လေဟာနယ်ပုံရိပ်ယောင်မဟုတ်ပဲ ထိတွေ့ကိုင်တွယ်၍ရသည့်ပစ္စည်းဖြစ်ကြောင်း သူတို့သေချာခံစားမိနေသည်ပင်။

“ဒါက..”

“ထပ်ရှိသေးတယ်..”

“တစ်ခုတည်းမဟုတ်ဘူး..”

သူတို့ သုံးယောက် မျက်လုံးများ မှေးကျဉ်သွားကာ လျှပ်စီးချောက်နက်ထဲကို စိုက်ကြည့်လိုက်ကြသည်။

သူတို့ ယခင်ကတည်းက အရိပ်တစ်ခု၊ နှစ်ခုခန့်ကို တွေ့ခဲ့ရခြင်းပင်။ ယခုတော့ အတည်ပြုသွားလေပြီ။ ဤနေရာထက် လျှပ်စီးရေကန် တစ်ခုထက် ပိုများသည်။

ဒုတိယလျှပ်စီးရေကန်မှာ အနက်ရောင်ပင်။ သူသည် ပထမတစ်ခုလောက်သိပ်မကြီး၊ သုံးပေပတ်လည်ခန့်သာရှိသည်။ သို့သော် သူ့ထံမှ ထုတ်လွှတ်နေသည့် လျှပ်စီးများမှာ ပို၍ ကြောက်စရာကောင်းသည်ပင်။

ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်က တစ်ခါမှ မမြင်ဖူး ..

လျှပ်စီးရေကန်က ဘယ်လိုလုပ် နှစ်ခုတောင် ပေါ်လာတာလဲ..

ဤကဲ့သို့သော အရာမျိုးကို အရိုးစာအုပ်များထဲတွင် မှတ်တမ်းတင်ထားခြင်းမရှိ။

ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းသည့် ကောင်းကင်သားတော်ပင်လျှင် တစ်ပြိုင်နက်တည်း လျှပ်စီးရေကန်နှစ်ခုကို ဘယ်တော့မှ တွေ့မည်မဟုတ်။

နှစ်ခုမြင်ရလျှင် တစ်ခုမှာ သေချာပေါက် လေဟာနယ်ပုံရိပ်ဖြစ်မည်ပင်။

ထို့အပြင် ပေါ်လာသည့်တစ်ခုပင်လျှင် အစစ်မဟုတ်နိုင်။ ပုံရိပ်ယောင်လည်း ဖြစ်နိုင်သည်ပင်။

သို့သော် ယခုတော့ နှစ်ခုလုံးမှာ အစစ်ဖြစ်နေသည်။

“ထူးဆန်းလိုက်တာ..” ရှန်းမင် နူးညံ့စွာ ပြောလိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသည့်ပုံစံမှာ လေးနက်သည့်ပုံစံဖြင့် အစားထိုးခံလိုက်ရပြီး အေးစက်သည့်အော်ရာ ရှိနေသည်။

မသေသေးသည့်ရွှေရောင်စစ်သူရဲများဖြစ်သောကြောင့် သူတို့ လျှပ်စီးကို မကြိုက်ကြ။ သို့သော်လည်း ဤသည်ကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် သူတို့ လျှပ်စီးများအကြောင်းကို နားလည်သည်ပင်။ သို့သော် သူတို့နားလည်ထားသည့်အရာများမှာ သူတို့မြင်နေရသည်ကို မယှဉ်နိုင်။

“တတိယတစ်ခု…”

လျှပ်စီးချောက်နက်ထဲမှ အခြား လျှပ်စီးရေကန်တစ်ခု ပေါ်လာသည်။ ဤသည်မှာ ငွေရောင်တောက်ပနေကာ အဖြူရောင်လျှပ်စီးများ ထုတ်လွှတ်နေသည်။

ဤသည်မှာ ခြောက်ပေပတ်လည်ခန့်ရှိပြီး ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ရှိနေသည်။

လျှပ်စီးတစ်ခုစီတိုင်းတွင် ကြောက်စရာကောင်းသည့် အဖျက်စွမ်းအားများ ရှိနေသည်ပင်။

ရှီဟောင်တို့သုံးဦးလုံး အနည်းငယ် ဆွံ့အနေရသည်။ ဒါက စိတ်ကူးယဉ်ပုံပြင်တွေထက်ကို ကျော်သွားပြီမလား .. ဘာလို့ တစ်ချိန်တည်းမှာ သုံးခုတောင် ပေါ်လာတာလဲ..

လျှပ်စီးရေကန်နှစ်ခု ပေါ်လာသည်ကိုပင် အလွန်ရက်စက်လှပြီဟု သူတို့ထင်နေခြင်းပင်။

လျှပ်စီးရေကန်သုံးခု ပေါ်လာသည်နှင့် သူတို့အားလုံး လျှပ်စီးထဲ နောက်တစ်ကြိမ် နှစ်မြှုပ်သွားကြသည်။

အဝေးမှကြည့်မည်ဆိုလျှင် ဤသည်မှာ ငါးမန်းများသူတို့ အဆူးတောင်များကို ရေမျက်နှာပြင်ပေါ်၌ ဖော်ပြထားသကဲ့သို့ပင်။

သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ သူတို့ ဘယ်လိုနေရာမျိုးကို ရောက်လာတာလဲ . သူတို့ဘာလို့ လျှပ်စီးရေကန်သုံးခုတောင် တွေ့နေရတာလဲ..

ဒီနေရာက လျှပ်စီးရဲ့ အရင်းအမြစ်များလား .. လျှပ်စီးတွေအားလုံး ဒီနေရာကနေ လာတာလား..

ဒီနေရာက ကောင်းကင်အပြစ်ပေးတဲ့နေရာလား..

လျှပ်စီးအတိဒုက္ခပင်လယ်ကြီးက ဘယ်လိုဖြစ်လာတာလဲ..

ဒါက အစစ်ဆိုရင် ဘာကိုဆိုလိုတာလဲ .. ဒီနေရာက ကောင်းကင်ကလူတွေ နေတဲ့နေရာလား .. ဒါမှမဟုတ် တစ်ခြားလျှို့ဝှက်ချက်တွေ ရှိနေတာလား..

သူတို့သုံးယောက် အနည်းငယ် မူးနောက်လာရသည်။

ရှန်းမင် သူမလက်ဖြင့် နားထင်ကို ပွတ်သပ်လိုက်၏။ သူမ ခေါင်းကိုက်လာရသည်။ ဤနေရာမှာ အလွန်ထူးဆန်းလှသလို အလွန်လည်း အန္တရာယ်များလှသည်။

“ငါတို့ .. နောက်ပြန်ဆုတ်သင့်လား…”

ဤအတိုင်းသာဆက်သွားလျှင် သူတို့ဖုံးကွယ်ထားသည့် ကျင့်ကြံဆင့်များ ပေါ်သွားလိမ့်မည်။

“ထာဝရရှေးဟောင်းခေတ်ပြီးတော့ ပျောက်သွားတဲ့ ကောင်းကင်အတိဒုက္ခတွေအားလုံး ဒီလျှပ်စီးချောက်နက်ကြီးထဲမှာ လာစုနေတာလို့တော့ ငါ့ကို မပြောနဲ့နော်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ဤကဲ့သို့ ဖြစ်နိုင်ချေများသည်ဟု သူခံစားနေရသည်။

မဟုတ်ပါက ပေါ်လာသင့်သည့် လျှပ်စီးအတိဒုက္ခများ အဘယ်ကြောင့် ပေါ်မလာသနည်း .. ထိုလျှပ်စီးဒုက္ခအားလုံး ဘယ်ရောက်သွားသနည်း..

ဤနေရာ၌ လျှပ်စီးချောက်နက်ရှိရုံသာမက လျှပ်စီးရေကန်များပင် ရှိနေသည်။ ဒီသက်သေတွေက မလုံလောက်သေးဘူးလား..

“ငါတို့ ဘယ်သွားကြမလဲ .. နောက်ပြန်သွားရင်တောင် ငါတို့ထွက်သွားလို့မရဘူး.. ငါတို့ကို ပြန်ခေါ်သွားပေမယ့် ရွှေ့ပြောင်းခြင်းအစီအရင်မရှိဘူး .. အဲဒါကြောင့် ငါတို့ ရှေ့ဆက်တက်လာပြီးတော့ ဒီနေရာကို တွေ့တာပဲလေ..” စန်းကျန်း ပြောလိုက်၏။

ခဏကြာပြီးနောက် လျှပ်စီးချောက်နက်ကြီးထဲ၌ နတ်အလင်းများထွက်ပေါ်လာကာ သွေးရောင်လျှပ်စီးရေကန်တစ်ခု ပေါ်လာသည်။ ထိုလျှပ်စီးရေကန်သည် ဆယ်ကျန်းခန့်ရှိပြီး သူ့ထံမှ သွေးရောင်လျှပ်စီးများ ထွက်လာသည့်အပြင် သွေးလွှမ်းသည့်အော်ရာများလည်း ထွက်ပေါ်လာသည်ပင်။

“ဒီ လျှပ်စီးရေကန်က..”

ဤသည်မှာ သွေးကန်နှင့် တူလှသည်။ သူသည် သက်ရှိအားလုံး၏ သွေးစွမ်းအင်ကို စုတ်ယူနိုင်သကဲ့သို့ပင်။

ဤသည်မှာ လေးခုမြောက် လျှပ်စီးရေကန်ပင်။ ထို့အပြင် ဤတစ်ခုမှာ အတော်လေး ကြီးမားလှသည်။ ဤသည်သာ ပေါက်ကွဲထွက်လာလျှင် သက်ရှိအားလုံး ပြာမှုန့်များ ဖြစ်သွားလိမ့်မည်။

ခပ်ဝေးဝေးမှကြည့်လျှင်ပင် သူတို့နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး သူတို့ဝိညာဉ်များလည်း မငြိမ်းချမ်းနိုင်တော့။

ဒါက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ နေရာကြီးလဲ..

“ဒီကန်တွေမှာ ရှားပါးတဲ့ လျှပ်စီးအတိဒုက္ခရည်တွေရှိတယ်ဆိုတာ ရှင်တို့သတိထားမိလား..” ရှန်းမင် ရုတ်တရက်မေးလာသည်။

ဤကဲ့သို့သော ကန်မျိုးတွင် လျှပ်စီးအတိဒုက္ခရည်သာ ရှိပါက သေချာပေါက် အဖိုးမဖြတ်နိုင်သည့်အရည်များ ဖြစ်မည်ပင်။

“နည်းနည်းရှိတယ်..” ရှီဟောင် ပြောလိုက်၏။ သူရလိုက်သည့် ကန်လေးပင်လျှင် လျှပ်စီးဒုက္ခရည်ရှိသောကြောင့် ဤကန်ကြီးများဆိုလျှင် ပြောစရာပင်မလိုတော့။

“ရှိသင့်တယ် .. ဒီလျှပ်စီးရေကန်ထဲမှာ တောက်ပတဲ့တစ်ခုခုရှိနေတာကို ငါတွေ့လိုက်တယ် .. အဲဒါက လျှပ်စီးအတိဒုက္ခရည်ပဲ..” စန်းကျန်းလည်း ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။

“ငါတို့ ဘာလုပ်ကြမလဲ .. ငါတို့ နောက်ပြန်သွားလို့မရသလို အရှေ့ဆက်သွားမယ့်လမ်းလည်း ပိတ်နေပြီ .. ငါတို့ ဘယ်လိုပြန်သွားကြမလဲ..” ရှန်းမင် သက်ပြင်းချလိုက်သည်။

“အရှေ့ဘက်လမ်းက ပိတ်နေပြီ .. ဒါပေမဲ့ ဒီလျှပ်စီးချောက်နက်ထဲမှာ အခွင့်အရေးတွေ ရှိနေလောက်တယ်..” ရှီဟောင် ပြောလိုက်သည်။

“ဖြစ်နိုင်တယ် .. လျှပ်စီးအတိဒုက္ခဆိုတာ ပျက်စီးခြင်းကို ကိုယ်စားပြုတာ .. ဒါပေမဲ့ သူ့မှာ အသက်ဓာတ်တွေလည်းရှိသေးတယ် .. ဥပမာအားဖြင့် အဲဒီလျှပ်စီးအတိဒုက္ခရည်ပဲ .. လျှပ်စ်ီးချောက်နက်က သေခြင်းတရားကို ကိုယ်စားပြုတယ်ဆိုပေမယ့် သူ့မှာလည်း အသက်ရှင်တဲ့လမ်းကြောင်း ရှိနိုင်တယ်..” ရှန်းမင် ပြောလိုက်သည်။

ဝုန်း..

တစ်ချိန်တည်းမှာပင် လျှပ်စီးချောက်နက်ထဲမှ လျှပ်စီးရေကန်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကာ ကောင်းကင်ထိပင်ရောက်သည့်အလင်းများ ထွက်ပေါ်လာ၏။ လျှပ်စီးပင်လယ်ကြီးပင် ပျက်စီးသွားတော့မလိုပင်။

“ဖျက်ဆီးခြင်းထဲမှာ ဘဝသစ်ရှိတယ်..” စန်းကျန်း တီးတိုးပြောလိုက်သည်။

သူတို့အားလုံးသည် ကောင်းကင်မျက်လုံးကို ဖွင့်ကာ သေချာကြည့်နေကြသည်ပင်။

ယခုတစ်ခေါက်တွင်တော့ လျှပ်စီးရေကန်များအားလုံး တစ်ပြိုင်နက်တည်း ထွက်လာသည်။ လျှပ်စီးများ ပျောက်ကွယ်သွားသည်နှင့် ချောက်နက်ထဲမှ မြင်ကွင်းအချို့ကိုမြင်လိုက်ရသည်။

“အဲဒီမှာ တကယ် လမ်းတစ်လမ်းရှိတယ်..”

သူတို့ ထိတ်လန့်သွားရ၏။ လမ်းလေးတစ်ခုမှာ လေဟာနယ်ထိ ရှည်လျားနေကာ လျှပ်စီးချောက်နက်၏အတွင်းပိုင်းသို့ ဦးတည်သွားနေသည်ပင်။

ဒါက ဘာသဘောလဲ..

ပျက်စီးခြင်းထဲမှာ ရှင်သန်ခြင်းနည်းနည်းလေး ရှိနေတာလား ..

ဒါက ရှေးကလူတွေ ချန်ထားခဲ့တဲ့လမ်းလား .. ဒါမှမဟုတ် လောကကြီးက ဖန်တီးထားတာလား..

ထိုအခိုက်အတန့် သူတို့ ကိစ္စများစွာကို ဆက်စပ်တွေးမိသွားကြသည်။

သို့သော် ထိုလျှပ်စီးရေကန်များအောက်တွင် ထိုလမ်းကြားလေးနှင့်အတူ လျှပ်စီးရေကန်ကြီးတစ်ခု ရှိနေသည်ကိုလည်း သူတို့တွေ့လိုက်ရသည်။

ထိုလျှပ်စီးရေကန်ကြီးသည် ကျန်းတစ်ရာကျယ်ကာ ထိုထဲမှ လျှပ်စီးများနှင့်အတူ ထာဝရအလင်းများ ထွက်ပေါ်နေသည်။ ကြောက်စရာကောင်းသည့်အော်ရာမှာ သူတို့ကို ကြက်သီးများပင် ထစေသည်။

“လမ်းတစ်ခုရှိတယ် .. ဘာမှအများကြီးတွေးနေစရာမလိုဘူး .. ကျွန်မတို့ ဆက်သွားဖို့ပဲလိုတယ်” ရှန်းမင် ပြောလိုက်၏။

“ဒီလမ်းက ဘယ်ကိုရောက်သွားမလဲဆိုတာ ငါတို့သွားကြည့်ဖို့လိုတယ်..” စန်းကျန်း ခေါင်းညိမ့်လိုက်သည်။

“ပျက်စီးခြင်းထဲက အသက်ဓာတ် .. ဒီထဲမှာ ပုန်းကွယ်နေတဲ့လမ်းကြောင်းတစ်ခု တကယ်ရှိနေတယ် .. ကြည့်ရတာ ငါတို့ ဒီလမ်းကိုသွားရုံအပြင် ရွေးချယ်မှု မရှိဘူးပဲ..” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။

အပိုင်း ၁၈၁၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၇ – သီးသန့်နေရာသို့ ဦးတည်သွားသည့် လေထန်သည့်လမ်း

ကျောက်လမ်းလေးမှာ မသိသည့်နေရာသို့ ဦးတည်သွားနေသည်။

ဤသည်မှာ ဆန့်ကျင်ဘက်ဖြစ်နေသည့်မြင်ကွင်းပင်‌။ လျှပ်စီးချောက်နက်ထဲ၌ လျှပ်စီးများ လက်နေပြီး မိုးများလည်းခြိမ်းနေသည်။ လျှပ်စီးကန်များလည်း ပေါ်လာကာ အဖျက်စွမ်းအင်အပြည့်ပင်။ သို့သော် ထိုလမ်းလေးမှာ အလွန်ငြိမ်းချမ်းလှသည်။

“ငါတို့ တကယ် အဲဒီကို သွားကြမှာလား..” လျှပ်စီးချောက်နက်နားရောက်သည့်အချိန် သူတို့ ရပ်တန့်လိုက်ကြသည်။ သူတို့ဆက်သွားလျှင် အလွန်အန္တရာယ်များလိမ့်မည်။

သူတို့ လျှပ်စီးကန်ဖြင့်သာ ထိမိသွားပါက ကောင်းကင်အတိဒုက္ခ သေချာပေါက် ကျရောက်လာမည်ပင်။ ထိုအချိန်ကျလျှင် သူတို့ကျင့်ကြံဆင့်ကို မည်မျှပင် ဖုံးကွယ်ထားပါစေ အသုံးမဝင်တော့။

အမှန်တကယ်တွင် သူတို့ဝင်လိုက်သည်နှင့် အတိဒုက္ခကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည်ဟု ခံစားနေရသည်ပင်။ ဤသည်မှာ အလွန်အန္တရာယ်များကာ ခက်ခဲသည့်လမ်းဖြစ်လိမ့်မည်။

နောက်ဆုံးတွင်တော့ သူတို့ ဆက်သွားရသည်ပင်။ သူတို့ ဝင်တော့မည်။

သို့သော် သူတို့ ချောက်နားကို ကပ်လိုက်သည်နှင့် ထိတ်လန့်စရာကောင်းသည့်လှိုင်းများ ရိုက်ခတ်လာသည်။ လျှပ်စီးများထွက်ပေါ်လာခြင်းပင်။

ထို့အပြင် ထိုအချိန်တွင် လျှပ်စီးလှိုင်းများထဲမှ သတ္တဝါတစ်ကောင် ရုတ်တရက်ခုန်ထွက်လာကာ ရှန်းမင်ထံသို့ ဦးတည်ပြေးသွားလေ၏။

သူမ၏ ထိတ်လန့်တကြားအော်ဟစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်ပင်။ လျှပ်စီးချောက်နက်မှာ ဘယ်လိုလုပ် အသက်ရှင်တဲ့ သက်ရှိတွေ ရှိနေတာလဲ..

“ငါးတစ်ကောင်…”

ဤသည်မှာ ဆယ်ကျန်းကျော်ရှည်သည့် ကြီးမားလှသည့် ငါးနက်တစ်ကောင်ပင်။ သူ၏သွေးလွှမ်းသည့်ပါးစပ်ထဲရှိနေသည့် သွားဖြူများမှာ အလွန်ထက်ရှလှပြီး ဓားရှည်များကဲ့သို့ အေးစက်သည့်အလင်းတန်းများ တောက်ပနေသည်။

ခွပ်..

ရှန်းမင် ထိုခေါင်းကို ရှောင်ရှားလိုက်၏။ ပါးစပ်ကြီး ဖွင့်လိုက်ပိတ်လိုက်လုပ်သည့်အချိန် ထွက်ပေါ်လာသည့်အသံမှာ သူတို့အားလုံးကို ကြက်သီးထသွားစေသည်။

“ဒါက လျှပ်စီးကနေ ဖြစ်လာတာ .. သူ့မှာ အသွေးအသား ခန္ဓာကိုယ်အစစ်မရှိဘူး..” စန်းကျန်း ပြောလိုက်သည်။

သို့သော် ဤငါးမှာ ငါးအစစ်ကဲ့သို့ အသက်ဝင်လှသည်။

“ဒီနေရာက မရိုးရှင်းဘူး .. လျှပ်စီးမှာ သူ့ကိုယ်ပိုင်အသိစိတ်ရှိလာပြီလို့တော့ ငါ့ကို မပြောနဲ့နော်..” ရှီဟောင်၏အမူအရာမှာ လေးနက်လာသည်။

ကံကောင်းစွာဖြင့် ထိုငါးသည် လျှပ်စီးရေမျက်နှာပြင်မှ ခုန်ထွက်လာပြီးသည်နှင့် ခဏအကြာတွင် လျှပ်စစ်အဖြစ် ပြန်ပြောင်းကာ လျှပ်စီးထဲသို့ ပြန်ဝင်သွားသည်။

ကျောက်လမ်းလေးမှာ လျှပ်စီးများအောက် ပြန်လည်ဖုံးလွှမ်းသွားလေပြီ။ သူတို့သုံးယောက်လုံး သတိကြီးကြီးဖြင့်ပင် ဆက်သွားလိုက်ကြသည်။

သို့သော်လည်း သူတို့ နာကျင်နေရဆဲပင်။ ယခင်က လျှပ်စီးများ မိုးရေနှင့်တူသည်ဆိုလျှင် ယခု လျှပ်စီးများမှာ ဓားသွားများနှင့်တူသည်။ သူတို့အချိန်မရွေး အသက်အန္တရာယ်ရှိလာနိုင်သည်ပင်။

ကံကောင်းစွာဖြင့် သူတို့ လုံလောက်အောင် စွမ်းအားကြီးနေသည်ပင်။

သို့သော် ဤသည်မှာလည်း နည်းလမ်းမကျသေး။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လျှပ်စီးများကို ဤအတိုင်း သည်းခံနေရခြင်းပင်။ ပိုစွမ်းအားကြီးသည့် ကောင်းကင်အတိဒုက္ခ ရောက်လာမည်စိုးသောကြောင့် သူတို့ မှော်စွမ်းအားများဖြင့် မခုခံရဲ။

ဤကဲ့သို့ ခုခံသည်မှာ အစပိုင်းတွင် အဆင်ပြေသော်လည်း သူတို့ လျှပ်စီးချောက်နက်ထဲသို့ ဝင်လာသည်နှင့် လျှပ်စီးအလင်းတန်းများ ပို၍ အားပြင်းလာသည်။ သာမန်လူငယ်သာဆိုလျှင် ဤထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း ပေါက်ကွဲသွားမည်ပင်။

သူတို့ခန္ဓာကိုယ်ပင်လျှင်သွေးလွှမ်းနေလေပြီ။

“ဟေး အလှလေး .. မင်း ပေါ်နေပြီ..” ရှီဟောင် အနောက်ဘက်မှနေ၍ အော်ဟစ်လိုက်သည်။

လျှပ်စီးအောက်တွင် ရှန်းမင်၏ ဝတ်စုံရှည်ကြီး၏ တစ်ပိုင်းတစ်စမှာ ပြဲသွားပြီဖြစ်ပြီး သူမ၏ဖြူဖွေးနေသည့် ကျောပြင်ကို လှစ်ဟပြနေသည်။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ .. အရှေ့ကသွားပြီး လမ်းပြ..” ရှန်းမင် လှည့်လာကာ ရှီဟောင်၏နဖူးကို တောက်ပြီး ပြောလိုက်သည်။ သူမ မျက်နှာထက်၌ ဒေါသထွက်သည့်ပုံပြနေသော်လည်း သူမ တကယ် ဒေါသမထွက်။

မိုးကြိုးပင်လယ်ကြီး ထွက်ပေါ်လာပြီး လှိုင်းလုံးများမှာ ကောင်းကင်ထိပင် ရောက်နေလေပြီ။

ဝုန်း..

လှိုင်းလုံးကြီးများ သူတို့ကို ဖုံးအုပ်သွားကာ မရေမတွက်နိုင်သည့် ရေစက်များလည်း ပက်ဖြန်းလာသည်။

ဤသည်မှာ တကယ်ကို အသက်ဝင်လှသည်။ ဖြတ်သွားဖြတ်လာများသာဆိုလျှင် သူတို့ပင်လယ်နားလမ်းလျှောက်နေရသည်ဟု ထင်သွားကြလိမ့်မည်။ သို့သော် အမှန်တကယ်တွင် အားလုံးမှာ လျှပ်စီးမှဖြစ်လာသည့်အရာများပင်။

ရှီဟောင်တို့အုပ်စု လှိုင်းလုံးကြီးဖြင့် ဖုံးအုပ်ခံသွားရကာ ဆံပင်မွေးများ ထောင်ထလာသည်။ သူတို့ခန္ဓာကိုယ်မှ အဝတ်အစားများမှာ စုတ်ပြဲသွားပြီဖြစ်ပြီး အချို့နေရများမှာ မည်းတူးနေလေပြီ.

ရှီဟောင် အံကြိတ်လိုက်၏။ နာကျင်မှုမှာ ပြင်းထန်လှသည်။

“ငါတို့ မခံနိုင်တော့ရင် ငါတို့ ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပြီးတော့ ဆက်သွားရမှာပဲ..” ရှီဟောင် ပြောလိုက်သည်။

“ဒါက ငါတို့ ကျင့်ကြံဆင့်နဲ့ကိုက်ညီတဲ့ ကောင်းကင်အတိဒုက္ခနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးဘူး … အခုတော့ နည်းနည်းလောက် ဆက်သည်းခံလိုက်ရအောင်..” စန်းကျန်း ပြောလိုက်၏။

ထို့နောက် သုံးပေပတ်လည်ခန့်ရှိသည့် အနက်ရောင်လျှပ်စီးကန်တစ်ခု ပေါ်လာသည်။ ထိုကန်မှ အနက်ရောင်အလင်းများ ထွက်ပေါ်နေ၏။ လျှပ်စီးတန်းတစ်ခုမှာ ရှန်းမင်ဘေးနားသို့ ကျသွားပြီး လေဟာနယ်မှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။

တစ်ချိန်တည်းမှာပင် သူမသည် ယိုင်နဲ့သွားကာ လျှပ်စီးကန်ထဲသို့ ကျမလိုဖြစ်သွားသည်။

ဤလျှပ်စီးကန်ပေါ်လာခြင်းမှာ ရုတ်တရက်ဆန်လွန်းလှသည်။

သူတို့သုံးယောက်လုံး ရပ်တန့်သွားကာ ဆံပင်မွေးများ ထောင်ထလာရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့နှင့် လက်တစ်ကမ်းအကွာ၌ လျှပ်စီးကန်တစ်ခု ပေါ်လာသည်ပင်။ ထိုမီးခိုးရောင်လျှပ်စီးကန်သည် အချင်း တစ်ကျန်းခန့်ရှိသည်ပင်။

ထိုလျှပ်စီးကန်မှ ထွက်လာသည့် လျှပ်စီးတိုင်းမှာ အဖျက်စွမ်းအား ကြီးမားလှသည်။

သူတို့သုံးယောက် လက်လွတ်စပယ်မလုပ်ရဲ။ လျှပ်စီးကန်နှစ်ခု ရုတ်တရက် သူတို့နား၌ ပေါ်လာသည်ပင်။ ဒါက ဘာပြောချင်တာလဲ .. သူတို့ကို တွေ့သွားပြီလား .. ဒီလျှပ်စီးကန်တွေမှာ အသိစိတ်ရှိတယ်လို့တော့ ငါ့ကို မပြောနဲ့နော်..

“မွှေးလိုက်တာ..”

ရှီဟောင် အသက်ပြင်းပြင်းရှူလိုက်သည်။ လျှပ်စီးကန်တစ်ခုမှာ သူနှင့်အလွန်နီးနေသောကြောင့် ထိုကန်ထဲရှိ တောက်ပနေသည့်အရည်မှ မွှေးပျံ့လှသည့်ရနံ့ကို ရနေသည်။

လျှပ်စီးအတိဒုက္ခရည်..

ရှီဟောင် ထိုလျှပ်စီးကန်ထဲသို့ ခုန်ချလိုက်ကာ စိမ်ချင်စိတ်များ ပေါ်လာသည်။ သူ မပျက်စီးနိုင်သည့် ခန္ဓာကိုယ်ကို ရနိုင်မလားဆိုသည်ကို သိချင်လာသည်။

သို့သော် သူ တွေးရုံသာ တတ်နိုင်သည်။ သူ တကယ်မလုပ်ရဲ။

သူတို့သည် လျှပ်စီး၏ ပေါက်ကွဲမှုဒဏ်ကို သည်းခံကာ ဆက်လက်လျှောက်လာခဲ့လိုက်ကြသည်။ ထို့နောက် သူတို့နောက်တွင် အချင်း ဆယ်ကျန်းရှိသည့် သွေးကန်တစ်ခု ပေါ်လာသည်။

ထိုအခိုက်အတန့် သူတို့ ပြင်းထန်လှသည့် ‌သွေးနံ့ကို ရလိုက်သည်ပင်။

ထိုအနံ့မှာ အလွန်မသာမယာဖြစ်စေသည်ပင်။ သူတို့ ကမ္ဘာပျက်သည့်နေ့သို့ ရောက်လာသလိုပင် ခံစားလိုက်ရပြီး နောက်ဆုံးနေ့မြင်ကွင်းကို မြင်လိုက်ရသည်။ သက်ရှိအားလုံးမှ သွေးများ ဖြာထွက်လာကာ အလောင်းများလည်း တောင်လိုပုံနေသည်။ သွေးများလည်း ပင်လယ်ထဲသို့ စီးဝင်နေသည်။

ထို့နောက် သူတို့ သွေးကန်တစ်ခု ပေါ်လာသည်ကို သူတို့တွေ့လိုက်ရသည်။ ထိုကန်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ သွေးစွမ်းအင်များအားလုံးကို စုတ်ယူကာ လျှပ်စီးကန်ဖြစ်လာသည်။

ဤမြင်ကွင်းမှာ သူတို့ဝိညာဉ်များကိုပင် တုန်ခါသွားစေသည်။

ဤလျှပ်စီးကန်မှ စွမ်းအားများ ပေါက်ကွဲထွက်လာလျှင် မည်မျှ ပြင်းထန်မည်ကို ဘုရားသာ သိလိမ့်မည်။ အဆင့်လွန်သက်ရှိများပင် ပေါက်ကွဲထွက်သွားလိမ့်မည်ဟု သူတို့ပြောရဲသည်။

နောက်ဆုံးတွင်တော့ ထိုသွေးကန်သည် သူ၏ခွန်အားများကို မပြသပဲ တစ်ဖြည်းဖြည်းချင်း ပြန်လည်ထွက်ခွာသွားလေ၏။

ထို့နောက် မီးခိုးရောင်လျှပ်စီးကန်နှင့် သုံးပေပတ်လည်ရှိသည့် အနက်ရောင်လျှပ်စီးကန်တို့လည်း ပျောက်ကွယ်သွားသည်။

ရှန်းမင် ထိုအခါမှ သက်မချလိုက်သည်။ သူမ ချွေးစေများ စီးကျလာတော့မတတ်ပင်။

ဝုန်း..

များပြားလှသည့် လှိုင်းများ ထွက်ပေါ်လာကာ သူတို့သုံးယောက်ကို ထပ်မံရိုက်ချလိုက်ပြန်သည်။ သူတို့ အဝတ်အစားများ တစ်စစီ ဖြစ်သွားလေပြီ။

“ဟေး အလှလေး .. မင်းအောက်ပိုင်း ပေါ်နေပြီ..” ရှီဟောင် ပြန်ထလာသည့်အချိန်တွင် ဖြူဖွေးနေသည့်အရာတစ်ချို့ကို အချိန်ကိုက်တွေ့လိုက်ရသည်။

သူ၏ပါးစပ်မှ ထွက်လာသည့်စကားလုံးများမှာ အလွန်စူးရှလှသည်ပင်။ သို့သော် သူ့စကားကြောင့်လည်း တင်းမာနေသည့်လေထု အနည်းငယ် ပြေလျော့သွားရသည်ပင်။

“သွားသေလိုက်လေ..”

ရှန်းမင် လက်သီးဆုပ်ကာ သူ့နဖူးကို ဒုန်းကနဲထုလိုက်ပြီး သူ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူမခန္ဓာကိုယ်ကို အနီရောင်ဝတ်ရုံရှည်ကြီး ထပ်မံလွှမ်းခြုံသွားသည်။

“အသုံးမဝင်ဘူး .. နောက်ကျရင် အားလုံး ပေါက်ကွဲသွားလိမ့်မယ်လို့ ငါအာမခံတယ်” ရှီဟောင် လျှောက်လာကာ ပြောလိုက်သည်။

စန်းကျန်းသည် ရှေ့ကိုပင် ဆက်သွားနေ၏။

သူတို့ ဆက်လျှောက်ပြီး ကျန်းရာဂဏန်းအချို့ ရောက်သည့်အချိန်တွင် သူတို့ အကြမ်းတမ်းဆုံး လျှပ်စီးအတိဒုက္ခကို တွေ့လိုက်ရသည်။ သူတို့သုံးယောက်လုံး လွင့်ထွက်သွားကာ တစ်ကိုယ်လုံး မည်းတူးသွားလေပြီ။

သူတို့အဝတ်ဝတ်ထားလည်း အပိုပင်။ သူတို့ဘာမှမဝတ်ထားလျှင်ပင် သူတို့ကို မမှတ်မိနိုင်တော့။

“ဒါက သောက်ရမ်းနာတယ်ဟ..” ရှီဟောင် အော်ဟစ်လိုက်သည်။ ပြောရမည်ဆိုလျှင် သူသည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်၌သာရှိသေးသည်။ သူသည် မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးထက် ကျင့်ကြံဆင့်နိမ့်သော်လည်း သူခံစားနေရသည့်ဖိအားမှာ သူတို့နှင့်အတူတူပင်။

စန်းကျန်းလည်း ညည်းတွားလိုက်ကာ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါလာသည်။ လျှပ်စီးအတိဒုက္ခမှာ အလွန်ပြင်းထန်လွန်းလှသည်။

ဤနေရာသို့ ရောက်လာပြီးနောက် ဆက်သွားရန် အလွန်ခက်ခဲနေလေပြီ။

လျှပ်စီးကို ခုခံခြင်းမရှိပဲ ဤကဲ့သို့သာ တောင့်ခံနေလျှင် နောက်ကျ ပြဿနာကြီး ဖြစ်လာနိုင်သည်။ သူတို့ သေပင်သေသွားနိုင်၏။

သူတို့ ဤအတိုင်း တောင့်ခံနေမည့်အစား အတိဒုက္ခကို ရင်ဆိုင်သည်ကို ပိုကောင်းလိမ့်ဦးမည်။

“ဘာပဲဖြစ်ဖြစ် ငါက အတိဒုက္ခကို ဖြတ်သန်းပြီး ကိုယ့်ကိုကိုယ် ခွန်အားကြီးအောင်လုပ်ဖို့ စဉ်းစားထားတာ .. ခဏနေကျရင် ငါစတော့မယ်..” ရှီဟောင် ပြောလိုက်သည်။

ဝုန်း..

ငွေရောင်သက်တံ့တစ်ခု ထွက်လာပြီး သူတို့သုံးယောက်လုံးကို ရိုက်ချလိုက်သည်။ သူတို့သုံးယောက်လုံး သွေးအန်သွားကာ လွင့်ထွက်သွားရသည်။ ဤသည်မှာ ထူးဆန်းသည့်လျှပ်စီးတန်းဖြစ်ပြီး သူ၏စွမ်းအားမှာ များပြားလှသည်။

လျှပ်စီးချောက်နက်တစ်ခုလုံးပင် တုန်ခါသွားသည်ပင်။

ထိုအချိန်တွင် သူတို့ပတ်လည်၌ရှိနေသည့် လျှပ်စီးများအားလုံး အနည်းငယ် ပျက်ပြယ်သွားကာ အောက်ဘက်မှမြင်ကွင်းအနည်းငယ် ပေါ်လာသည်။

“အခွင့်ကောင်းပဲ .. ငါတို့သွားရတော့မယ်..”

သူတို့သည် လျှပ်စီးအရှိန်ကဲ့သို့ လျင်မြန်စွာ အောက်ဆင်းသွားလိုက်ကြသည်။ သူတို့ ကျောက်လမ်းလေးကို နောက်တစ်ကြိမ် တွေ့လိုက်ရလေပြီ။

ချောမွတ်ကာ လုံးဝိုင်းနေသည့်ကျောက်တုံးများ လေဟာနယ်ထဲ၌ ပေါလောမျောနေသည်။

ရာချီထောင်ချီသည့် ကျောက်တုံးများသည် လမ်းတစ်ခုဖြစ်လာကာ ဤနေရာ၏ အတွင်းနက်ပိုင်းသို့ ဦးတည်နေသည်။

ဖုန်..

ရှီဟောင် ကျောက်တုံးတစ်တုံးပေါ်သို့ ရောက်သွားပြီနောက် လျင်မြန်စွာပင် ပြေးသွားလိုက်သည်။

စန်းကျန်းနှင့် ရှန်းမင်တို့လည်း ရောက်လာကာ အရှိန်အပြည့်ဖြင့် ပြေးသွားလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အနီးအနားတွင် ကျန်းတစ်ရာကျယ်သည့် လျှပ်စီးကန်ပေါ်လာကာ ယခုအချိန်တွင် လျှပ်စီးများ ထုတ်လွှတ်နေသည်ပင်။

“သွေးတွေ .. အရိုးတွေ..”

အရှေ့ဘက်၌ အကြွင်းအကျန်အချို့ကို သူတို့တွေ့လိုက်ရသည်။ ခန္ဓာကိုယ်တစ်ခြမ်းမှာ မည်းတူးနေပြီး အရိုးများလည်း အက်ကွဲနေသည်။ ကျောက်တုံးပေါ်၌ မခြောက်သေးသည့် သွေးများပင် ရှိနေသေးသည်။

ဒါက ဘယ်ခေတ်ကတည်းက ရှိနေတာလဲ ..

“လောကကြီးကို တုန်လှုပ်စေတဲ့ ကျွမ်းကျင်သူ .. ဒီလူရဲ့ကျင့်ကြံဆင့်က အရမ်းမြင့်မှာပဲ .. ဒါပေမဲ့ သူလည်း သေသွားတာပဲ..” စန်းကျန်း ပြောလိုက်သည်။

ထိုသွေးမှာ အရောင်မှိန်နေပြီဖြစ်သော်လည်း အကောင်းတိုင်းရှိနေဆဲပင်။

ဝုန်း..

အနောက်ဘက်မှ ပင်လယ်လှိုင်းသံများ ထွက်ပေါ်လာသည်။ မိုးကြိုးများသည် သူတို့နောက်သို့လိုက်နေဆဲပင်။

“ပြေး..”

ယာယီပျက်ပြယ်သွားသည့် လျှပ်စီးများအားလုံး ကျရောက်လာသည်။

သူတို့ အရှိန်တင်ကာ လျှပ်စီးချောက်နက်အတွင်းပိုင်းသို့ ဦးတည်သွားလိုက်သည်။

“အာ .. ကျွန်မတို့ အဆုံးသတ်ကို ရောက်နေပြီလား..” ရှန်းမင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ယခု သူမ ဖင်တုံးလုံးဖြစ်နေလေပြီ။ သူမ၏ကောက်ကြောင်းများမှာ အံ့အားသင့်စရာကောင်းလှသည်။ သို့‌သော် ရှီဟောင် သူမကို စနောက်ဖို့ စိတ်မပါသေး။

အရှေ့ဘက်၌ တောင်တစ်လုံးရှိနေပြီး ထိုတောင်ပေါ်၌ ‘မိုးကြိုးတောင်’ ဟူသည့်စာလုံးကို ထွင်းထုထားသည်။ ထိုတောင်ကြီး သူတို့လမ်းပိတ်နေသည်။

သူတို့နောက်တွင် ပင်လယ်လှိုင်းများ ဒေါသတကြီး အော်ဟစ်နေသည်ပင်။

ပြေး..

သူတို့ ထိုမိုးကြိုးတောင်ထံသို့ တတ်နိုင်သမျှ မြန်မြန် ပြေးသွားလိုက်သည်။ သို့သော် ထိုတောင်မှ မိုးကြိုးအလင်းတန်းများ ထုတ်လွှတ်နေသည်ပင်။

“ဘေးကိုပတ်သွား..”

“အာ .. ဒါက မိုးမခနတ်ဘုရားလား..” ရှီဟောင် အော်ဟစ်လိုက်သည်။

သူ တောင်ကို ပတ်တော့မည့်အချိန်တွင် တောင်၏အခြားတစ်ဖက်တွင် တောင်ခြေ ရှေးကျသည့်ရွှေရောင်သစ်ပင်တစ်ပင်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုသစ်ပင်တွင် အကိုင်းအခက်များနှင့် သစ်ရွက်များ ဝေဆာနေသည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဤအော်ရာမှာ မိုးမခနတ်ဘုရား၏ အော်ရာဖြစ်ကြောင်း သူချက်ချင်းမှတ်မိသွားရသည်။

အပိုင်း ၁၈၁၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၈ – မိုးမခနတ်ဘုရား ပေါ်ထွက်လာခြင်း

သေရေးရှင်ရေးအချိန်မှာပင် ရှီဟောင် အလွန်တုန်လှုပ်သွားရကာ အလွန်ထိတ်လန့်သွားရသည်။ သူသည် အရှေ့ဘက်သို့ လျင်မြန်စွာ ပြေးသွားကာ အော်ဟစ်လိုက်သည်။ “မိုးမခနတ်ဘုရား..”

ဝုန်း..

အနောက်ဘက်မှ လျှပ်စီးများမှာ ပင်လယ်တစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

သူတို့ အသက်လုပြေးနေရလေပြီ။

“မိုးမခနတ်ဘုရားက ဘယ်သူလဲ..” စန်းကျန်း ပြေးနေရင်း ရှုပ်ထွေးနေမိသည်။ သူလည်း ရွှေရောင်မိုးမခပင်ကို တွေ့လိုက်ရသည်ပင်။ ဟွမ် ဤနေရာ၌ ရှိနေသည့် ရှေးဟောင်းသစ်ပင်ကို ဘယ်လိုလုပ်သိနေသည်ကို သူမသိ။

သူ့အမြင်တွင် ဤနေရာ၌ ရှိနေသည့်သစ်ပင်မှာ လျှပ်စီးဖြင့် ပြုလုပ်ထားခြင်းသာ ဖြစ်လောက်မည်။ သစ်ပင်အစစ်မဟုတ်လောက်။

ဒါက လျှပ်စီးကနေ ဖြစ်တာမဟုတ်ပဲ သစ်ပင်အစစ်လား .. ဤသည်မှာ စန်းကျန်းကို ဆွံ့အသွားစေသည်။

“ဟွမ်စုတ် .. ရှင်ဘာတွေ လျှောက်အော်နေတာလဲ .. ရှင်ဘာတွေလုပ်နေလဲဆိုတာ ကြည့်ဦး .. ရှင် ဒီအိုကြီးအိုမရဲ့လမ်းကို ပိတ်ထားတယ်..” ရှန်းမင် အော်ဟစ်လိုက်သည်။

ရှီဟောင်နှင့်စန်းကျန်းတို့နှစ်ဦးလုံး မင်ကဲ့သို့ မည်းနက်နေသော်လည်း ရှန်းမင်ခန္ဓာကိုယ်မှ မမည်း။ အဘယ်ကြောင့်ဆိုသော် သူမ အဖိုးတန်အဝတ်အစားတစ်စုံကို ထုတ်လိုက်ကာ လျှပ်စီးအတိဒုက္ခအား တားဆီးလိုက်သည်ပင်။

ဤအဝတ်အစားများမှာ အလွန်ပါးလျှသော်လည်း အလွန်မာကျောလှသည်။ သူမ၏ခန္ဓာကိုယ် မထိခိုက်အောင် ကာကွယ်ပေးထားသည်ပင်။ သူမကောက်ကြောင်းများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်ပင်။

“မမှားဘူး .. ဒါက လျှပ်စီးမဟုတ်ဘူး .. ဒါက သေချာပေါက် မိုးမခနတ်ဘုရားပဲ .. ငါသူ့အော်ရာကို မှားမှာမဟုတ်ဘူး..” ရှီဟောင် ရေရွတ်လိုက်သည်။ ထို့နောက် သူ ထိုနေရာသို့ ပြေးသွားလိုက်သည်။

တကယ်တမ်းတွင် သူ အနည်းငယ်လည်း ကူကယ်ရာမဲ့နေသည်ပင်။ သူ မိုးမခနတ်ဘုရားကို ဒီမှာ တွေ့ရမှာလား ..

သူ မျှော်လင့်ထားလေလေ စိတ်ပျက်ရလေလေဖြစ်ရမည်ကို သူသိသည်။

သို့သော်လည်း သူ့ခံစားချက်များကို မထိန်းချုပ်နိုင်။ ဤသည်မှာ မိုးမခနတ်ဘုရားဖြစ်ပါစေဟု သူဆုတောင်းနေမိသည်။

လျှပ်စီးအလင်းတန်းများမှာ ကြောက်စရာကောင်းလှသည်။ အနောက်ဘက်မှ လျှပ်စီးတန်းများ ရောက်လာကာ သူတို့သုံးယောက်လုံး လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူတို့သွေးများအန်ထွက်လာကာ သူတို့ခန္ဓာကိုယ်မှာ မိုးကြိုးတောင်နှင့် ရိုက်ခတ်မိသွားသည်။

ဤတောင်မှာ အလွန်ကြီးမားလှသည်။ ဤသည်မှာ အနက်ရောင်ခြင်္သေ့တစ်ကောင် အနားယူနေသကဲ့သို့ပင်။

သူတို့ တောင်နှင့်ရိုက်မိသွားသည်နှင့် ခွပ်ခနဲအသံ ထွက်ပေါ်လာသည်။

သူတို့ခန္ဓာကိုယ်ကို လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်း ဖောက်ထွက်သွားကာ သွေးများ နေရာအနှံ့လွင့်စင်သွားသည်။ ဤမိုးကြိုးတောင်မှာ ကြောက်စရာကောင်းလှသည်။

အခြားသူများသာဆိုလျှင် အရိုးပင် ကျန်မည်မဟုတ်။

“မိုးမခနတ်ဘုရား..”

ရှီဟောင်သည် လျှပ်စီးဖြင့် ရိုက်ခံလိုက်ရသည်နှင့် လျင်မြန်စွာ ပြန်ထလိုက်ကာ အရှေ့ဘက်သို့ ပြေးသွားလိုက်သည်။ သူ ထိုသစ်ပင်ထံသို့ ဦးတည်သွားနေဆဲပင်။ ဒါက လျှပ်စီးကနေ ဖြစ်လာတာလား..

သူကဘာလို့ ရင်းနှီးတဲ့အော်ရာ ရနေတာလဲ..

“ဟမ်..”

ဒါက သစ်ပင်အစစ်ပဲ..

စန်းကျန်း ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသစ်ပင်ထံတွင် အသက်လှိုင်းရှိနေသကဲ့သို့ပင်။ ဤသည်မှာ လျှပ်စီးများမှဖြစ်ပေါ်လာသည့်အရာများနှင့်မတူ။

ရွှေရောင်ရှေးဟောင်းသစ်ပင်မှာ ရှည်လျားဖြောင့်မတ်နေသည်။ ပင်စည်မှာ ထူထဲမာကျောလှ၏။ ဤသစ်ပင်ဖြင့် ကောင်းကင်ကြီးကို ထောက်ထားသကဲ့သို့ပင်။

ဤသစ်ပင်အနားတစ်ဝိုက်မှာ အနည်းငယ် ထူးဆန်းနေသည်ဟု သူတို့ခံစားနေရသည်။ ဤနေရာ၌ ရှိနေသည့် လျှပ်စီးများမှာ တစ်ခါတစ်ရံတွင် အလွန်အားပြင်းပြီး တစ်ခါတစ်ရံတွင် အလွန်အားနည်းလှသည်။

ဤသစ်ပင်၌ စွမ်းအင်ရှိနေ၏။ ဤသည်ကို သူတို့ခံစား၍ရသည်။

“မိုးမခနတ်ဘုရား..” ရှီဟောင် အော်ဟစ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှမရှိ။

“သတိထား .. ဒီနေရာက အရမ်းအန္တရာယ်များတယ်..” ရှန်းမင် အော်ဟစ်လိုက်သည်။

သူတို့ မိုးမခနတ်ဘုရားနား ရောက်တော့မည့်အချိန်တွင် လျှပ်စီးအလင်းတန်းများ ထုတ်လွှတ်နေသည့် လမ်းတစ်ခု ပေါ်လာသည်။ ထို့အပြင် ထိုအချိန်တွင် အနောက်ဘက်မှ လျှပ်စီးပင်လယ်ရောက်လာကာ သူတို့ကို ရိုက်ချတော့မည်။

ဝုန်း..

အရှေ့ဘက်ရှိ လမ်းကြောင်းမှ အဆုံးမရှိသည့် လျှပ်စီးအလင်းတန်းများ ရုတ်တရက်ထွက်ပေါ်လာသည်။ အနောက်ဘက်ရှိ လျှစ်စီးပင်လယ်မှလည်း လျှပ်စီးများ ပျံ့လွင့်လာကာ သူတို့ကို ရိုက်ခတ်လာသည်။

ထိုအခိုက်အတန့် သူတို့သုံးယောက်လုံး ဒဏ်ရာရှိသွားကာ သွေးများစွာ အန်ထွက်လာသည်။

ဖူး..

သို့‌သော် ထိုတိုက်ခိုက်မှုကြောင့် သူတို့အရှေ့သို့ ရောက်သွားကာ သစ်ပင်အောက်ရောက်သွားသည်။ သူတို့ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် အလွန်တောက်ပနေသည့် ရွှေရောင်သစ်ပင်ကြီးကို တွေ့လိုက်ရသည်။

“ဒါက..” ရှန်းမင် သစ်ပင်ကြီးကိုနူးညံ့စွာ ထိကြည့်လိုက်၏။ သစ်ပင်မှာ အစစ်ပင်။ လျှပ်စီးများဖြင့် ပြုလုပ်ထားခြင်းမဟုတ်။ ဤသည်မှာ သူမကို ထိတ်လန့်သွားစေသည်။

“ဟွမ်စုတ် .. ရှင် ဒီအပင်ကို ဘယ်လိုလုပ် မှတ်မိတာလဲ .. ရှင် ဒီအပင်ကို အရင်ကတွေ့ဖူးတာလား..” ရှန်းမင် ရှီဟောင်ကို ကြည့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် မိုးမခသစ်ပင်တစ်ပင် ဤနေရာ၌ အမြစ်တွယ်နေသည်မှာ သေချာပေါက် မရိုးရှင်း။ ထို့အပြင် ဤသည်မှာ ရွှေရောင်သစ်ပင်ဖြစ်နေသည်။

“မိုးမခနတ်ဘုရား .. အရှင်ဘာဖြစ်ခဲ့တာလဲ..” ရှီဟောင်၏အသံမှာ အနည်းငယ် တုန်ယ်ငနေသည်ပင်။

ရှေးဟောင်းသစ်ပင်ကြီးမှာ လှုပ်ရှားမလာခဲ့။

“ဒါက နည်းနည်းထူးဆန်းတယ် .. ဒီသစ်ပင်ကြီးရဲ့ အသက်စွမ်းအင်က ငါထင်ထားသလောက်မများဘူး.. နည်းနည်းပဲ ကျန်တော့တာ..” စန်းကျန်း ပြောလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ သူ သစ်ပင်ကို သေချာကြည့်လိုက်သည်။ မိုးမခနတ်ဘုရားက တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ..

သူ သစ်ပင်ပတ်လည်ကို လျှောက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသစ်ပင်ကြီးမှာ အလွန်ပင် ကြီးမားတုတ်ခိုင်လှသည်။ လူများစွာ လက်မောင်းဖြင့်ရစ်ပတ်လျှင်ပင် တစ်ပတ်မပြည့်နိုင်။

“ဒါက .. သူ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတယ်..” သစ်ပင်၏အခြားတစ်ဖက်တွင် ပင်စည်မှာ အခေါင်းကြီးဖြစ်နေပြီး သစ်ခေါက်တစ်လွှာသာ ရှိတော့သည်ကို သူတွေ့လိုက်ရသည်။

“သူ သေသွားပြီလား..” ရှန်းမင် ထိတ်လန့်သွားရ၏။

“ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျန်နေခဲ့တဲ့သစ်ပင်ကိုယ်ထည် .. သူ့မူလဝိညာဉ်က မရှိတော့ဘူး..” စန်းကျန်း ကောက်ချက်ချလိုက်သည်။

ဤသည်ကို ကြားသည်နှင့် ရှီဟောင် ဆွံ့အသွားရသည်။ ထို့နောက် သူ သက်ပြင်းချလိုက်၏။

အဘယ်ကြောင့်ဆိုသော် မိုးမခနတ်ဘုရားသည် ရှေးခေတ်အချိန်များ၌ ဘိုးဘေးဂါးဒီးယန်းဝိညာဉ်ဖြစ်ခဲ့သည်ကို သူသိသည်ပင်။ သူသည် စွမ်းအားကြီးသော်လည်း သူ့ကံကြမ္မာမှာ ဒုက္ခများ၊ ကံဆိုးမှုများဖြင့် ပြည့်နှက်နေကာ ကပ်ဆိုးများစွာကို ဖြတ်ကျော်ခဲ့ရသည်။

ယခင်က သူသည် အစေ့အဖြစ်ပြောင်းသွားခဲ့ရကာ သူ၏ကျင့်ကြံခြင်းအားလုံးကို စွန့်လွှတ်ပြီး အစမှပြန်စခဲ့ရသည်။

ပြောရမည်ဆိုလျှင် မိုးမခနတ်ဘုရား တွေ့ကြုံခဲ့ရသည်များမှာ ရှုပ်ထွေးလှသည်။ နယ်မြေအမျိုးမျိုး၌ သူ၏ပျက်စီးနေသည့်ခန္ဓာကိုယ် အနည်းငယ်သာ ချန်ရစ်ထားခဲ့နိုင်သည်ပင်။

မိုးမခနတ်ဘုရားနဲ့ စေတီလေး အခု ဘယ်မှာလဲ .. သူတို့နှင့် ကွဲကွာသွားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ရှိနေလေပြီ။

“ဟမ် ကြည့်လိုက် .. လျှပ်စီးတွေ ဒီနားကို ရောက်မလာဘူး .. ဒီသစ်ပင်ကြောင့် ပြန်ထွက်သွားကြတယ်..” စန်းကျန်း ထိတ်လန့်သွားရ၏။

ဤနေရာမှာ အလွန်လုံခြုံသည်။ သစ်ပင်အောက်၌ လျှပ်စီးအတိဒုက္ခမရှိ။ ကောင်းမွန်သည့်အလင်းများသာရှိသည်။ သစ်ပင်ကြီးထံတွင် အသက်ဓာတ်သိပ်မရှိတော့သော်လည်း ဤနေရာကို ကာကွယ်ထားနိုင်ဆဲပင်။

ဒါက မိုးမခနတ်ဘုရားရဲ့ အရင်တုန်းက အခွံလား..

ရှီဟောင်စိတ်ပျက်ကာ ဒေါသထွက်သွားရသည်။ သူ မိုးမခနတ်ဘုရားအစစ်နှင့် မတွေ့ရတော့..

“ဒါပေမဲ့ အော်ရာက အရမ်းရင်းနှီးနေတယ် .. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အော်ရာက အခုနဲ့ အတူတူပဲလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ရုတ်တရက် ရှီဟောင်၏မျက်လုံးများ ပြူးကျယ်သွားကာ အလွန်ထိတ်လန့်သွားရသည်။ သစ်ပင်ပင်စည်ထဲမှ အစိမ်းရောင်အလင်းလေးရှိနေသည်ကို သူတွေ့လိုက်ရသည်။ သူ သစ်ပင်အခေါင်းထဲသို့ ဝင်ကာ ခေါင်းမော့ကြည့်လိုက်၏။

ထိုနေရာ၌ နူးညံ့ကာ အစိမ်းရောင်တောက်ပနေသည့် မိုးမခသစ်ကိုင်းတစ်ကိုင်းရှိနေသည်။ ဤသည်မှာ ရွှေရောင်သစ်ကိုင်းများနှင့် လုံးဝကွဲပြားနေသည်ပင်။

“မိုးမခနတ်ဘုရားအော်ရာတွေ အများကြီးပဲ…” ရှီဟောင် ထိတ်လန့်သွားရ၏။

မိုးမခနတ်ဘုရား သူ့ဘေးနားရှိနေသကဲ့သို့ အော်ရာလှိုင်းမှာ အဆပေါင်းများစွာ ပို၍ ပြင်းထန်လာသည်။

ရှီဟောင် စိတ်လှုပ်ရှားလာရ၏။ ဤနေရာမှာ ပို၍ထူးဆန်းလာသည်ဟု ခံစားလာရသည်။ ဤသည်မှာ သူ၏အခွံမဟုတ်လောက်။ မိုးမခနတ်ဘုရားအစစ် ဖြစ်လောက်သည်။

“မိုးမခသစ်ရွက်တွေ တောက်ပနေတယ်..” ရှန်းမင် ထိတ်လန့်တကြား အော်ဟစ်လို်ကသည်။

အစိမ်းရောင်အရွက်များ တောက်ပလာကာ သစ်ရွက်တစ်ရွက်စီတိုင်းမှ စာလုံးတစ်လုံး ထွက်ပေါ်လာသည်။

ထို့အပြင် သစ်ရွက်များ စတင်တုန်ခါလာသည်။

“မင်း ဒီနေရာကိုလာနိုင်ရင် အရွက်တွေ ပွင့်ဖူးလာလိမ့်မယ်..”

“ခြေရာတွေ ကျန်ရစ်ခဲ့တယ် .. လမ်းကြောင်းတစ်ခုက အဆုံးမရှိ တောက်ပနေလိမ့်မယ်..”

ထိုစာလုံးများကို ဆက်လိုက်သည့်အချိန်တွင် ဤစာသားနှစ်ကြောင်း ရလာသည်။

“မိုးမခနတ်ဘုရား…”

ရှီဟောင် အော်ဟစ်လိုက်သော်လည်း ဘာတုံ့ပြန်မှုမှမရှိ။

“ဒါတွေက နတ်စွမ်းရည်တစ်ခုနဲ့ ချန်ထားခဲ့တဲ့ တံဆိပ်တွေ .. သူ အစောကြီးကတည်းက ထွက်သွားပြီ .. စကားပြောနိုင်မှာ မဟုတ်တော့ဘူး..” စန်းကျန်း ပြောလိုက်၏။

“မိုးမခနတ်ဘုရား ဒီနေရာကို ဖြတ်သွားပြီး ဒါကို ငါ့အတွက် ထားပေးထားတာ..” ရှီဟောင် လက်သီးများကို ဆုတ်လိုက်သည်။ မိုးမခနတ်ဘုရားက သူ့ကို လမ်းပြနေတာလား..

ထိုအစိမ်းရောင်သစ်ကိုင်းများကို မြင်လိုက်ရသည့်အချိန်တွင် ရှန်းမင် မနာလိုဖြစ်သွားရသည်။ သူမ ပြန်ပြောလိုက်မည့်အချိန်တွင် သစ်ကိုင်းမှ ဝုန်းဟူသည့်အသံကျယ်ကြီး ထွက်ပေါ်လာကာ အစိမ်းရောင်အလင်းများမှာ ကောင်းကင်ထက်သို့ စီးဆင်းသွဦးသည်။

ထို့နောက် ရွှေရောင်သစ်ပင်တစ်ပင်လုံး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ ရွှေရောင်အလင်းအားလုံး အစိမ်းရောင်သစ်ကိုင်းထဲသို့ ဝင်ရောက်သွားလေ၏။

ထို့နောက် ထိုသစ်ကိုင်းသည် ရှီဟောင် လက်ထဲသို့ သူ့အလိုလို ကျလာလေသည်။

ထို့အပြင် မိုးကြိုးတောင်လည်း ပြိုကျသွားကာ လျှပ်စီးအလင်းတန်းများအဖြစ် တိတ်တဆိတ်အရည်ပျော်ကျသွားပြီး ပျောက်ကွယ်သွားလေ၏။ သူတို့လမ်း၌ ဘာအတားအဆီးမှ မရှိတော့။

သို့သော် သူတို့ရှေ့၌ ရှိနေသည့် လောကကြီးမှာ အလွန်ထူးခြားလှသည်။ ဤသည်မှာ လျှပ်စီးချောက်နက်မဟုတ်တော့။ အလွန်အေးချမ်းလှသည့်လောကကြီးဖြစ်သလို ကန္တာရတစ်ခုနှင့်လည်းတူနေသည်။

သဲပေါ်၌ အလင်းရောင်ဖျော့လေး ထွက်နေသည့် ခြေရာအချို့ ရှိနေသည်။

“ခြေရာတွေ ကျန်ရစ်ခဲ့တယ် .. လမ်းကြောင်းတစ်ခုက အဆုံးမရှိ တောက်ပနေတယ်..” ရှီဟောင် တုန်ယင်သွားရသည်။ ဒါတွေက သူ့မျက်စိရှေ့က လမ်းကို ပြောချင်တာလား..

မိုးမခနတ်ဘုရား အရှင်က အရှေ့မှာပဲလား..

ရှီဟောင် စိတ်ထဲ၌ အော်ဟစ်နေမိသည်။ သူတို့နှစ်ပေါင်းများစွာ ကွဲကွာခဲ့ကြခြင်းဖြစ်သော်လည်း ယခုတော့ သူ သဲလွန်စအချို့တွေ့ခဲ့ရလေပြီ။

ထို့အပြင် စေတီလေးလည်း ရှိသေးသည်။ သူတို့ခွဲခွာသွားကတည်းက သူ တစ်ခါမှ ထပ်မတွေ့ရတော့။ သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်ပြင်လိုက်နိုင်ပြီလား .. သူ မိုးမခနတ်ဘုရားနဲ့ ရှိနေတုန်းပဲလား..

အပိုင်း ၁၈၁၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၉ – ဖိနှိပ်၍မရနိုင်သည့် ခြေလှမ်းများ

သဲပြင်ထက်ရှိ ခြေရာများမှာ အလွန်တိမ်ပါးလှသည်ပင်။ အချို့ခြေရာများမှာ ရှင်းရှင်းလင်းလင်းပင် မမြင်ရတော့။ သို့သော် သေချာပေါက် လူသားတစ်ယောက် ချန်ရစ်ထားခဲ့သည့ခြေရာများပင်။

အဖြူရောင်မြူခိုးများ အကွင်းလိုက်ရစ်သိုင်းနေသည်။ အချို့နေရာများတွင် အနည်းငယ်သာရှိသော်လည်း အချို့နေရာများမှာ ထူးပိန်းလှသည်။ ကောင်းကင်မျက်လုံးဖြင့်ပင်လျှင် သေချာမမြင်ရ။

ထိုနေရာသည် လျှပ်စီးချောက်နက်နှင့် လုံးဝမတူပဲ အလွန်အေးချမ်းလှသည်။

ဤဘက်တွင် လျှပ်စီးများ လျှပ်နေပြီး မိုးခြိမ်းသံများလည်း ဆူညံနေသည်။ အားလုံးမှာ လျှပ်စီးဖြင့် ဖြစ်ပေါ်လာခြင်းပင်။

ရှီဟောင်တို့အုပ်စု လျှပ်စီးချောက်နက်အစွန်းသို့ ရောက်နေပြီဖြစ်သည်။ သူတို့အနောက်လှည့်ပြီး ထိုကျောက်လမ်းနှင့် လျှပ်စီးပင်လယ်ကိုကြည့်လိုက်သည့်အချိန် သူတို့စိတ်ထဲ တုန်ယင်သွားရသည်။ သူတို့ ထိုနေရာ၌ သေမလိုဖြစ်ခဲ့သည်ပင်။

ဤနေရာထိသို့ ရောက်လာနိုင်ခြင်းမှာ ကံကောင်းသည်ဟု ပြောနိုင်သည်ပင်။

“အဲဒီရွှေရောင်သစ်ပင်ကြီး ငါတို့ကို ကာကွယ်ပေးခဲ့တာကြောင့်သာမဟုတ်ရင် ငါတို့အားလုံး သေနေလောက်ပြီ .. အဆင့်လွန်သက်ရှိလာရင်တောင် သူတို့ ပြာမှုန့်ဖြစ်အောင် ပေါက်ကွဲသွားမှာပဲ..” စန်းကျန်း ပြောလိုက်သည်။

သူတို့နောက်တွင် လျှပ်စီးများ တောက်ပနေဆဲပင်။ ထိုလျှပ်စီးလှိုင်းများဖြင့်သာ ရိုက်ခတ်ခံလိုက်ရပါက သူတို့ သေချာပေါက် သေသွားလိမ့်မည်။

ကံကောင်းစွာဖြင့် သူတို့ ဤနေရာသို့ ပျံသန်းလာနိုင်ခဲ့သည်။

သူတို့ လျှပ်စီးချောက်နက်ကနေ ဒီလိုမျိုးပဲ ထွက်သွားတော့မှာလား .. ဤသည်မှာ သူတို့ကို အစစ်အမှန်မဟုတ်ဟု ခံစားရစေသည်။ အန္တရာယ်ကြီးရှိနေသော်လည်း သူတို့ အတော်လေး လွယ်ကူစွာ ဖြတ်သန်းနိုင်ခဲ့သည်။

သူတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ခန္ဓာကိုယ်များပေါက်ကွဲကာ သွေးဆက်တိုက်အန်ခဲ့သော်လည်း ပြောရမည်ဆိုလျှင် ဤသည်မှာ အတော်လေး လွယ်ကူခဲ့သေးသည်ပင်။

“သတိထား .. ရောင်နီမလာခင် အမှောင်ထုထဲ ကျမသွားစေနဲ့..” ရှန်းမင် သတိပေးလိုက်သည်။

သူတို့လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုလျှပ်စီးကန်များ တက်လိုက်ကျလိုက်ဖြစ်နေတဆဲပင်။

သူတို့အနောက်ရှိ ကျောက်လမ်းမှာ အတော်ဝေးဝေး၌ ကျန်ခြ့လေပြီ။ လျှပ်စီးအတိဒုက္ခများကြား၌ တည်ရှိနေသော်လည်း မျိုးဆက်ပေါင်းများစွာ ကြာသည်အထိ မပျက်စီးခဲ့။ မည်သူ ဤလမ်းကို တည်ဆောက်ခဲ့သလဲ မသိကြပေ။

ဒီနေရာက တကယ်ပဲ ဘယ်နေရာလဲ .. လျှပ်စီးများအနည်းငယ် ကျဲပါးသွားသည့်အချိန် သူတို့ နောက်လှည့်ကာ လေ့လာကြည့်လိုက်သည်။

လမ်းလေးနံဘေးတွင် မမှတ်မိနိုင်လောက်အောင် ပုံပျက်နေပြီဖြစ်သည့် အကြွင်းအကျန်အချို့ ရှိနေသည်။ ယခင်က ဤလူများမှာ သေချာပေါက် စွမ်းအားကြီးသည့်သူများ ဖြစ်လိမ့်မည်။ သို့သော်လည်း သူတို့ ဤနေရာ၌ သေဆုံးနေခဲ့လေပြီ။ သူတို့သုံးယောက်လောက် ကံမကောင်းခဲ့။

“ဒီကျောက်လမ်းကို တစ်ယောက်ယောက် လုပ်ခဲ့တာလား..” ရှန်းမင် ပြောလိုက်သည်။

ဤသည်မှာသာ လူလုပ်လမ်းဆိုလျှင် ထိတ်လန့်စရာကောင်းသွားလိမ့်မည်။ ဒီလမ်းကို ဘာရည်ရွယ်ချက်နဲ့ ဆောက်ထားတာလဲ..

“ဒါက လျှပ်စီးအတိဒုက္ခရည်ကို စုဆောင်းဖို့လား..” ရှီဟောင် ခန့်မှန်းကြည့်လိုက်သည်။

လျှပ်စီးကန်ဆိုတာ ဘယ်လိုမျိုးမို့လို့လဲ .. လူဘယ်နှယောက်ကများ သူတို့ကို ယူနိုင်လို့လဲ .. သမိုင်းတစ်ခုလုံး ရှာကြည့်လျှင်ပင် ကောလဟာလများသာရှိလိမ့်မည်။ အင်ပါယာဂိတ်၌ ရှီဟောင်တစ်ယောက်တည်းသာ ယူနိုင်ခဲ့သည်။

လျှပ်စီးအတိဒုက္ခရည်များကို စုစည်းရန်အတွက် လျှပ်စီးချောက်နက်ကို ဖန်တီးထားသည်ဆိုလျှင် ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင်။

“လျှပ်စီးကန်ဆိုတာ ထိန်းချုပ်လို့မရတဲ့အရာ .. ဒီလမ်းဆောက်ထားတာက လျှပ်စီးအတိဒုက္ခရည်ကို စုစည်းဖို့အတွက်မဟုတ်လောက်ဘူး .. လျှပ်စီးချောက်နက်ကို ဖြတ်ပြီးတော့ ကန္တာရထဲကို သွားဖို့ပဲနေမှာ” စန်းကျန်း ကောက်ချက်ချလိုက်သည်။

“ကြည့်လိုက် .. ဒီလမ်းအတိုင်းလာလို့သာ မဟုတ်ရင် လျှပ်စီးတွေက အဆပေါင်းများစွာ ပိုဆိုးတယ်..” သူ ထပ်ပြောလိုက်သည်။

ရှီဟောင်ခေါင်းညိမ့်လိုက်၏။ သူလှည့်ကြည့်လိုက်သည့်အချိန်တွင် ဤလမ်းကြောင်း၌ ရှိနေသည့် လျှပ်စီးများမှာ အတော်လေး အားနည်းသည်ကို သူတွေ့လိုက်ရသည်ပင်။ ဤလမ်းမှသာ မလာပါက သူတို့ပိုဆိုးသွားမည်ပင်။

“သွားကြစို့..”

သူတို့ ဆက်လာခဲ့ကြပြီး လျှပ်စီးချောက်နက်အစွန်းနားသို့ ရောက်လာသည်။ သူတို့ ထပ်သွားလျှင် ကန္တာရထဲသို့ ရောက်တော့မည်။

စန်းကျန်း လက်ဆန့်ကာ တစ်စုံတစ်ခုကို သေချာအာရုံခံလိုက်သည်။ ဤနေရာမှာ အလွန်တိတ်ဆိတ်နေသည်။ လှုပ်ရှားမှုအနည်းငယ်မှမရှိ။

သူ ခြေချရန် ကြိုးစားလိုက်သည့်အချိန်တွင် ထူးဆန်းသည့်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဝုန်း.. ကန္တာရထဲ၌ အဝါရောင်မြူများ ထွက်ပေါ်လာ၏။ ဤသည်မှာ ပြင်းထန်လွန်းလှသည်။ မြူဟုဆိုသော်လည်း တကယ်တမ်းတော့ မိုးကြိုးများပင်။

သူ ခြေထောက်ကို မြန်မြန်ပြန်ဆုတ်လိုက်သည်။ အဝါရောင်မြူ၏ ရိုက်ခတ်မှုများမှာ အလွန်ပြင်းထန်လှပြီး သတ်ဖြတ်သည့်စွမ်းအားလည်း ပြင်းထန်လှသည်။ သူ၏စစ်ဖိနပ် တစ်စစီဖြစ်သွားသည့်အပြင်င သူ၏အရေပြားနှင့် အသားများပင် ပျက်စီးသွားကာ သွေးများ စီးကျလာသည်။

သိထားရမည်မှာ မသေသေးသည့်ရွှေရောင်စစ်သူရဲများ၏ ခန္ဓာကိုယ်များမှာ အလွန်စွမ်းအားကြီးကြသည်ပင်။ သို့သော် ဤမြူသည် သူ၏ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်လိုက်နိုင်သည်။

“လျှပ်စီးအတိဒုက္ခထက်တော့ အားမပျော့ဘူး..” ရှန်းမင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤသည်မှာ အန္တရာယ်များကာ မသိနိုင်သည့်အရာများ ပြည့်နေသည့်လမ်းပင်။ ဒီအဝါရောင်မြူထဲမှာ ဘာရှိတာလဲ..

“ကြောက်စရာကောင်းလိုက်တဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ..”

စန်းကျန်းမျက်နှာ ညှို့မှိုင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားကုန်စွန့်စားလျှင်ပင် ဤသည်ကို ဖြတ်နိုင်မည်မဟုတ်ဟု သူ ခံစားနေရသည်။ သူတို့ ဤနေရာ၌ သေဆုံးသွားနိုင်သည်။

ဝုန်း..

ရှန်းမင် မှော်ပစ္စည်းတစ်ခုကို ထုတ်ကာ စမ်းသပ်ကြည့်လိုက်သည်။ သူထိုပစ္စည်းကို ကန္တာရဘက်သို့ ပစ်လိုက်သည့်အချိန်တွင် ကောင်းကင်ထက်မှ မြူများ ကျဆင်းလာကာ ထိုပစ္စည်း ပျက်စီးသွားသည်။ ဤသည်မှာ ကောင်းကင်အတိဒုက္ခနှင့်ပင် ယှဉ်နိုင်သည်။

သူမ နောက်ဆုတ်လိုက်ရသည်။ ထို့နောက် သူမ ရှီဟောင်ကိုကြည့်ကာ “ရှင့်လက်ထဲကသစ်ကိုင်း အသုံးဝင်လား..”

မိုးမခနတ်ဘုရားချန်ရစ်ထားခဲ့သည့် သစ်ကိုင်းမှာ သုံးပေရှည်လျားပြီး အစိမ်းရောင်တောက်ပနေသည်။ ယခင်က သစ်ရွက်တစ်ရွက်စီသည် နေလုံးလေးတစ်လုံးကဲ့သို့ တောက်ပနေသော်လည်း ယခုတော့ သူ၏အလင်းများကို ထိန်းချုပ်ထားသည်။

သို့သော် အရွက်အစွန်းများတွင် ရွှေရောင်သန်းနေ၏။ ဤသည်မှာ ရွှေရောင်သစ်ပင်ကြီး၏စွမ်းအင်များကို စုတ်ယူထားသည့် ရလဒ်ပင်။

ရှီဟောင် ခေါင်းညိမ့်လိုက်ကာ မိုးမခသစ်ကိုင်းကို ထုတ်လိုက်သည်။ ဝုန်းဟူသည့်အသံနှင့် မြေပြင်မှ အဝါရောင်မြူများနှင့်အတူ ကြောက်စရာကောင်းသည့် စွမ်းအားများ ထွက်ပေါ်လာသည်။

သို့သော် ထိုသစ်ကိုင်း တောက်ပလာကာ ထိုစွမ်းအားကို ရပ်တန့်လိုက်လေ၏။ သစ်ကိုင်းမှ အတားအဆီးတစ်ခု ထွက်ပေါ်လာပြီး ရှီဟောင်ဘေးပတ်လည်ကို ကာကွယ်ပေးထားသည်။

မိုးမခနတ်ဘုရားချန်ရစ်ထားခဲ့သည့်သစ်ကိုင်း သူ့ကို ကာကွယ်နိုင်သည်။

“ဒါက အသုံးဝင်တာပဲ .. ဆက်သွားကြစို့..” ရှန်းမင် အံ့အားသင့်စွာ ပြောလိုက်သည်။

သူတို့သုံးယောက် ကန္တရာထဲသို့ ဝင်ခဲ့လိုက်ကြသည်။ ထင်ထားသည့်အတိုင်းပင် သူတို့ ထိုအလင်းအတားအဆီးအောက်မှ ကာကွယ်ခံထားရကာ ဘာမှမဖြစ်တော့။

“ငါတို့ ဒီကန္တာရမှာ ဘာလို့ ခြေရာချန်ခဲ့လို့ မရတာလဲ..” ရှန်းမင် အံ့အားတကြီး ပြောလိုက်သည်။ သဲများမှာ နူးညံ့ပုံပေါ်သော်လည်း သူတို့နင်းလိုက်တိုင်း‌ ခြေရာမကျန်ခဲ့။

ဝုန်း..

ရှန်းမင် ခြေထောက်စောင့်ချလိုက်သောကြောင့် ရှန်းမင်နှင့် စန်းကျန်းတို့ နှလုံးခုန်နှုန်း မြန်ဆန်သွားရသည်။ မိုးမခသစ်ကိုင်း၏ အကာအကွယ်ရှိနေသော်လည်း သူမ ကပ်ဆိုးတစ်မျိုးမျိုးအား ရန်စသွားမိမည်ကို သူတို့ကြောက်မိသည်။

သို့သော် မြေအောက်အဝါရောင်မြူများ ထွက်ပေါ်လာသည့်အချိန်တွင် ထိုမိုးမခသစ်ကိုင်း၏ အလင်းတန်းများအောက် ဖိနှိပ်ခံလိုက်ရသည်။

သို့သော် ထိုသို့လုပ်ပြီးသော်လည်း ရှန်းမင် ခြေရာမချန်ရစ်ထားနိုင်ခဲ့သေး။ နည်းနည်းလေးမှပင် အရာမထင်။

ဤသည်မှာ သဲကန္တာရဖြစ်သော်လည်း သူတို့ခြေရာမထင်ခြင်းမှာ အနည်းငယ် ထူးဆန်းလှသည်။

စန်းကျန်းနှင့် ရှီဟောင်ပင်လျှင် မနေနိုင်တော့ပဲ သူတို့ကိုယ်တိုင် စမ်းသပ်ကြည့်လိုက်၏။ သို့သော် ရလဒ်မှာ အတူတူပင်။

ဒီခြေရာတွေကို ဘယ်သူချန်ထားခဲ့တာလဲ .. သူတို့က အနည်းဆုံးတော့ သက်ရှည်သက်ရှိဖြစ်လောက်တယ် .. ဟုတ်တယ်မလား..

“ဒါတွေက မိုးမခနတ်ဘုရား ချန်ထားခဲ့တာလား..” ရှီဟောင် တီးတိုးပြောလိုက်သည်။

သူတို့ ရှေ့ဆက်သွားလိုက်ကြ၏။ ကျန်းတစ်ထောင်ရောက်သည့်အချိန်တွင် ကျောက်တိုင်တစ်ခု ပေါ်လာသည်။

“ရှေးအကျဆုံး ထာဝရစာသား..” ရှန်းမင်ပြောလိုက်သည်။

ကျောက်တိုင်ပေါ်၌ စာလုံးအနည်းငယ်ရှိနေသည်။

အဓိကအကြောင်းအရာမှာ ဤနေရာမှ ဆက်သွားလျှင် ပို၍အန္တရာယ်များမည်ဖြစ်ကြောင်း၊ ဤနေရာမှ မည်သူမဆို ဝင်၍ရသည့်နေရာမဟုတ်ကြောင်း သတိပေးထားသည့်စာပင်။

“ဘာ..”

အမြဲတမ်း တိတ်ဆိတ်နေတတ်သည့် စန်းကျန်းပင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ထို့နောက် သူခေါင်းငုံ့ကာ ထိုခြေရာများကို ကြည့်လိုက်သည်။

“အားလုံးက ဒီခြေရာနောက်ကို လိုက်ခဲ့ကြတာ .. နောက်ပိုင်းမျိုးဆက်တွေထဲမှာ ဘယ်သူမှ ခြေရာမချန်ထားခဲ့နိုင်ကြဘူး .. သူတို့အားလုံး အဲဒီတောက်ပနေတဲ့လမ်းကြောင်းအတိုင်းလာကြတာ .. သူတို့က အရာအားလုံးရဲ့နောက်ကွယ်က အမှန်တရားကို သိချင်နေကြတာ..” စန်းကျန်း ထိုစာကို ဘာသာပြန်ပြလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရ၏။

အရင်ကတည်းကနေ အခုထိ ဘယ်သူမှ ခြေရာမချန်ထားခဲ့နိုင်ဘူးလား .. သူတို့အားလုံး ဒီခြေရာအတိုင်းလိုက်လာပြီးတော့ ဘာကို ရှာနေကြတာလဲ..

ဤခြေရာကို ချန်ရစ်ထားခဲ့သည့်သူမှာ သေချာပေါက် အတိတ်နှင့် ပစ္စုပ္ပန်ကို တုန်လှုပ်စေနိုင်သည့်သူသာ ဖြစ်လိမ့်မည်။

ဤလမ်းမှာ အလွန်တိတ်ဆိတ်လှသည်။ အနောက်ဘက်မှ မိုးခြိမ်းသံများကိုပင် မကြားရတော့။ သူတို့လျှောက်လာခဲ့ကြသည်မှာ သိပ်မဝေးသေးပေ။

လမ်းတစ်လျှောက်မှာ အလွန်ငြိမ်းချမ်းနေသည်။

ခဏကြာပြီးနောက် အဝါရောင်သဲကန္တာရ၌ ကျောက်တုံးအချို့ပေါ်လာသည်။ ထို့နောက် ကန္တာရလည်း အနီရောင်ကန္တရအဖြစ် ပြောင်းလဲသွားသည်။

ဤနေရာတွင် သွေးမြူများထွက်ပေါ်နေသည်။

ဝုန်း..

သွေးအလင်းများလည်း ထွက်ပေါ်နေသည်ပင်။

“ကြောက်စရာကောင်းလိုက်တာ .. ကျွန်မတို့ ဒီမိုးမခသစ်ကိုင်းရဲ့အကာအကွယ်သာမရှိရင် ကျွန်မတို့ အခုထက် ဆယ်ဆပိုစွမ်းအားကြီးလဲ ဒီမှာပဲ သေသွားရလိမ့်မယ်” ရှန်းမင်အမူအရာ ပြောင်းလဲသွားသည်။

ပို၍ကြောက်စရာကောင်းသည်မှာ သူတို့အနောက်ဘက်မှ ပြင်းထန်သည့်စွမ်းအင်လှိုင်းများ ပျံ့လွင့်လာသည်။ လျှပ်စီးအလင်းတန်းများလည်း ပေါ်လာပြီး ဤနေရာကို ရိုက်ခတ်လာသည်။

ဝုန်း..

ဤနေရာမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။

“လျှပ်စီးက သွေးမြူကို ဦးတည်နေတာ .. ဒါက မကောင်းတဲ့အရာကို သန့်စင်နေသလိုပဲ..” စန်းကျန်း ပြောလိုက်သည်။

သေချာပါသည်။ သွေးမြူပေါ်လာတိုင်း လျှပ်စီးများ ရိုက်ခတ်လာသည်။

“လျှပ်စီးချောက်နက် ရှိနေတာက ဒီသွေးမြူကို ဖိနှိပ်ဖို့လား..” သူတို့စတင်စဉ်းစားလာကြသည်။

“မိုးမခနတ်ဘုရားက ဘယ်နေရာကို ဦးတည်သွားတာလဲ .. ဒီလမ်းက ကြောက်စရာကောင်းလိုက်တာ..” ရှီဟောင် ပြောလိုက်သည်။

သူတို့ ထိုကဲ့သို့ပင် ဆက်သွားခဲ့လိုက်ကြသည်။

နောက်ဆုံးတွင်တော့ သူတို့ သွေးကန္တာရ နယ်နမိတ်ကို ဖြတ်ကျော်နိုင်ခဲ့ကာ သာမန်မြေပြင်ကို ရောက်ရှိလာသည်။

ဤနေရာ၌ မည်သည့်လျှပ်စီးမှ မရှိသလို မည်သည့်မြူမှလည်း မရှိ။ အလွန်တိတ်ဆိတ်နေသည်။

ထို့အပြင် မိုးမခနတ်ဘုရား၏သစ်ကိုင်းလည်း မတောက်ပတော့သလို သူဖန်တီးထားသည့် အလင်းအတားအဆီးလည်း မရှိတော့။ ဤသည်မှာ ဤနေရာ၌ အန္တရာယ်မရှိတော့ကြောင်း သက်သေပြလိုက်ခြင်းပင်။

“အဲဒါက ဘာကြီးလဲ..”

ရှန်းမင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အရှေ့ဘက်၌ ဆည်တစ်ခုရှိနေသည်။ ထိုဆည်ပေါ်၌ တစ်ဖက်မှ တက်လာသကဲ့သို့ ခန္ဓာကိုယ်တစ်ဝက် တွဲလောင်းကျနေသည်။

ထိုသူမှာ သေဆုံးသွားသည်မှာ နှစ်ပေါင်းဘယ်လောက်ရှိနေပြီမှန်းမသိရသော်လည်း မြေပြင်ထက်နှင့် ဆည်ပေါ်တွင် တောက်ပသည့်သွေးအနည်းငယ် ရှိနေဆဲပင်။ ယခုထိ မခြောက်သေး။

ထိုသွေးတွင် ထာဝရစွမ်းအင်များ ရစ်သိုင်းနေကာ တောက်ပနေသည်။

သူတို့ အနားကပ်ရန် ကြိုးစားလိုက်သည့်အချိန် သူတို့ခန္ဓာကိုယ် အလွန်နာကျင်လာကာ အရေပြားမှ သွေးများ ပန်းထွက်လာသည်။ သူတို့အရိုးများပင် ကျိုးတော့မတတ်ပင်။ သူတို့ခန္ဓာကိုယ်ပေါက်ကွဲသွားတော့မလိုပင် ခံစားနေရသည်။

ဤသည်မှာ ထာဝရသွေးအစစ်ပင်။ သူ၏စွမ်းအားပင် မပျောက်သေး။

အဝေးကြီးမှနေလျှင်ပင် သူတို့ခန္ဓာကိုယ် ပျက်စီးသွားတော့မတတ်ဖြစ်နေလေပြီ။ ဒီစွမ်းအားလှိုင်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ..

သူတို့ အနောက်ယိုင်သွားကာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

ထို့အပြင် ထိုသွေးအနည်းငယ်ထဲ၌ ကျန်ရှိနေသည့် စွမ်းအင်သည် သူတို့ ဒူးထောက်ဦးညွှတ်ချင်စိတ်ဖြစ်အောင် လုပ်နေသည်။

ဤသည်မှာ သူတို့ကို ထိတ်လန့်သွားစေသည်ပင်။

ထိုအချိန်တွင် မိုးမခနတ်ဘုရား၏သစ်ကိုင်းတောက်ပလာကာ အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်၏။ ထိုအခါမှသာ သူတို့ သက်မချနိုင်တော့သည်။ ဤဖိအားမှာ ကြီးမားလွန်းလှသည်။ သူတို့ မျက်ခုံးကြားတွင် အက်ကွဲလာကာ ပေါက်ကွဲမလို ဖြစ်ခဲ့သည်ပင်။

သူတို့သုံးဦးလုံး သစ်ကိုင်းမှ အလင်းရောင်ပျောက်ကွယ်သွားသည်အထိ ပြန်ဆုတ်လိုက်ရသည်။

“အဲဒီအလောင်းက ခြောက်ကပ်နေပြီ .. သွေးနည်းနည်းနဲ့ စွမ်းအားနည်းနည်းပဲ ရှိတော့တာ .. အဲဒီအလောင်းဆီမှာသာ သွေးစွမ်းအင်တွေ စီးဆင်းနေသေးရင် အကျိုးဆက်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ .. ဒီလိုမျိုး ထာဝရသွေးစွမ်းအားက အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်..” စန်းကျန် ပြောလိုက်သည်။

“အဲဒီမှာ ကြယ်အကြွင်းအကျန်တွေ ရှိနေတယ်..” ရှန်းမင် လက်ညှိုးထိုးလိုက်သည်။

ဆည်ကြီး၏ အခြားတစ်ဖက်တွင် ကြယ်အကြွင်းအကျန်အချို့ ရှိနေသည်။ ထိုကြယ်များမှာ အလွန်ကြီးမားလှသည်ပင်။

ထိုကြယ် ကြီးမားသော်လည်း သူတို့ ထိုကြယ်ကို ကျော်ကြည့်မိသွားကြမည်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ထိုသွေးမှ အာရုံဆွဲဆောင်သွားသည်ပင်။

“အဲဒီသက်ရှိသေသွားတုန်းက ကောင်းကင်က ကြယ်တွေ ဒီနေရာကို ကြွေကျသွားတာလား.. အဲဒါကြောင့်မို့လို့ ဒီမှာ ကြယ်အကြွင်းအကျန်တွေ ရှိနေတာလား..” စန်းကျန်း၏အမူအရာ အလွန်လေးနက်နေသည်။

ထို့နောက် သူတို့ရှေ့ဆက်မသွားတော့ပဲ ဘေးတိုက်သွားကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။

“မသေမျိုးသက်ရှိတစ်ယောက်ရဲ့အလောင်း .. သူသေသွားတာ နှစ်ပေါင်းများစွာ ကြာနေပြီ .. ဒါပေမဲ့ အသွေးအသားတွေ ရှိနေတုန်းပဲ .. ဒီသွေးစက်တွေက မသေသေးဘူး..” ရှန်းမင် လေးနက်လာ၏။

အဘယ်ကြောင့်ဆိုသော် ဆည်နှင့် သိပ်မဝေးသည့်နေရာတွင် အခြားအလောင်းတစ်ခု ပေါ်လာသည်။ ထိုအလောင်းသည်လည်း ဆည်၏ အခြားတစ်ဖက်မှ တွားသွားတက်လာသည့်ပုံပင်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဆည်ပေါ် တွဲလောင်းဖြစ်နေ၏။

ဒါက ဘယ်လိုနေရာမျိုးလဲ..

မိုးမခနတ်ဘုရားလည်း ဆည်ရဲ့တစ်ခြားတစ်ဖက်ကို သွားခဲ့တာလား .. သူ အခု အဆင်ပြေရဲ့လား..

ရှီဟောင် စိတ်လှုပ်ရှားလာရသည်။ ဒါက ဘယ်လိုရှေးဟောင်းမြေမျိုးလဲ… ဤနေရာမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။

အပိုင်း ၁၈၁၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၂၀ – ဆည်နယ်မြေ

ဆည်တစ်လျှောက် လျှောက်လာသည့်အချိန်တွင် သူတို့ ရှေးဟောင်းအလောင်းလေးခုကို တစ်တန်းတည်း တွေ့လိုက်ရသည်။ သူတို့ သေဆုံးသွားကြသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး ဘယ်ခေတ်မှ သက်ရှိမှန်းပင် မသိတော့။

သူတို့ကြား တူညီသည့်အချက်တစ်ချက်မှာ သူတို့အားလုံး အလွန်စွမ်းအားကြီးလှပြီး နှိုင်းယှဉ်၍မရနိုင်လောက်အောင် စွမ်းအားကြီးကြသည်။ သူတို့အလောင်းများ ခြောက်ကပ်နေပြီဖြစ်သော်လည်း ကျန်နေသည့်သွေးများမှာ အနည်းငယ် အနားကပ်လိုက်သည်နှင့် သူတို့ခန္ဓာကိုယ်ပေါက်ကွဲသွားလိမ့်မည်။

“စတုတ္ထမြောက်အလောင်းက ဘယ်လိုသက်ရှိမျိုးလဲ .. သူက ဘယ်လူမျိုးစုကလဲ .. သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး..” ရှီဟောင် အဝေးမှနေ၍ ကြည့်လိုက်သည်။

ကောင်းကင်ဘုံကိုးခု၌ မတွေ့ဖူးသလို တစ်ဖက်လောက၌လည်း မတွေ့ဖူး။

ဤသက်ရှိမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့ခြင်းဖြစ်ကာ သူ၏ခန္ဓာကိုယ် ခြောက်ကပ်နေပြီဖြစ်သော်လည်း ကြီးမားလှသည့်ဖိအားကို ထုတ်လွှတ်နေဆဲဖြစ်သလို လောကကြီးကို တုန်လှုပ်သွားစေသည့်အော်ရာလှိုင်းကိုလည်း ထုတ်လွှတ်နေဆဲပင်။

အဓိကအချက်မှာ မြေပြင်ထက်၌ ကျန်ရစ်ခဲ့သည့်သွေးမှာ ကောင်းကင်ကို လွှမ်းမိုးနိုင်လောက်သည်အထိ စွမ်းအားကြီးလှသည်။

တောက်ပနေသည့်သွေးပတ်ပတ်လည်တွင် လေဟာနယ် အက်ကွဲသွားကာ လောကကြီးလည်း ပျက်စီးတော့မလိုပင်။

ထိုသက်ရှိ အသက်ရှင်စဉ်က မည်မျှပင် ကြောက်စရာကောင်းမည်ကို စဉ်းစားကြည့်နိုင်သည်။

သူ့ထံ၌ လူသားဦးခေါင်းရှိသော်လည်း မျက်နှာမှာ အလွန်ပြားချပ်နေသည်။ သူ၏နဖူး၌ ရွှေရောင်အလင်းတန်း ထုတ်လွှတ်နေသည့် ဒေါင်လိုက်တတိယမျက်လုံးရှိနေသည်။

လူသားပုံစံ ခန္ဓာကိုယ်ရှိသော်လည်း ငွေရောင်အကြေးခွံများ ဖုံးလွှမ်းနေသည်။ အနောက်ဘက်၌ ခြင်္သေ့အမြီးလည်း ရှိနေ၏။

“ဒါကို တစ်ခါမှ မတွေ့ဖူးဘူး .. ဒါပေမဲ့ ဒါက ရှေးခေတ်က မျိုးတုန်းသွားတဲ့ မျက်လုံးသုံးလုံးနတ်ကလန်နဲ့ တူသလိုပဲ .. သူတို့မှာ မျိုးဆက်တစ်ချို့ရှိသေးတယ် .. ဒါပေမဲ့ သူတို့ရဲ့ပုံပန်းသွင်ပြင်နဲ့ စွမ်းရည်တွေက ဒီဘိုးဘေးသွေးမျိုးဆက်နဲ့ယှဉ်လိုက်ရင် တော်တော်လေး ကွာခြားတယ်” စန်းကျန်း ပြောလိုက်သည်။

သူပြောသည့်အတိုင်းဆိုလျှင် ဤကလန်သည် ထာဝရသက်ရှိအစစ်များကိုပင် စိန်ခေါ်ရဲကြသည်။ သူတို့၏ တတိယမျက်လုံးပွင့်လာသည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး အရောင်အဆင်းကင်းမဲ့သွားကာ ရှေးဟောင်းနယ်မြေများလည်း ပျက်စီးသွားလိမ့်မည်။

သို့သော် ဤကလန် ပျောက်ကွယ်သွားပြီဖြစ်ပြီး သူတို့၏ ဘိုးဘေးသွေးမျိုးဆက်အစစ် မရှိတော့။ မျိုးဆက်အချို့သာ အခြားကလန်များနှင့် လက်ထပ်လိုက်သောကြောင့် သူတို့ပုံပန်းသွင်ပြင်မှာ အတော်လေး ပြောင်းလဲသွားလေပြီ။

ဒေါင်လိုက်မျက်လုံးနှင့် လူမျိုးစုများထဲတွင် ငါးဆယ်ရာခိုင်နှုန်းသာ ဤကလန်၏မျိုးဆက်များ ဖြစ်သည်။

“သူက အရမ်းအားကောင်းတာပဲ..”

သူတို့သုံးယောက် နောက်ဆုတ်လိုက်ကြသည်။ ဤသက်ရှိသည် သေဆုံးသွားပြီဖြစ်သော်လည်း သူ၏ပျက်စီးနေသည့်သွေးပင်လျှင် နီးကပ်လာသည့်သတ္တဝါများကို သတ်ပစ်နိုင်သည်။

“ငါးယောက်မြောက်..”

ရှီဟောင် အေးခဲသွားရသည်။ ဤသည်မှာ လူသားပုံစံဖြစ်ပြီး ယခုခေတ်လူသားများနှင့်အတူတူပင်။ သို့သော် သူ၏အသားအရေမှ ရွှေရောင်တောက်ပနေသည်။

“ရွှေရောင်အရိုးနဲ့အသားအရေ .. မပျက်စီးနိုင်တဲ့ခန္ဓာကိုယ်ဆိုတဲ့စကားလုံးတောင် သူ့ကို ဖော်ပြဖို့မလုံလောက်ဘူး .. သူအသက်ရှင်နေတုန်းက သူ နည်းနည်းလေး ဒေါသထွက်လိုက်တာနဲ့ ရှေးဟောင်းနယ်မြေတစ်ချို့ ပျက်စီးသွားအောင်၊ ကြယ်မြစ်ကြီး ပျက်စီးသွားအောင် လုပ်နိုင်တယ် .. ဒါက အရမ်းကို ကြောက်စရာကောင်းတဲ့ ရှေးဟောင်းမကောင်းဆိုးဝါးပဲ..” ရှန်းမင် ပြောလိုက်သည်။

သူမ နောက်ဆုတ်လိုက်သော်လည်း ထိုသက်ရှိရှေ့၌ ရှိနေသည့်သွေးမှ ထုတ်လွှတ်သည့် စွမ်းအားကြောင့် ဖိနှိပ်ခံလိုက်ရဆဲပင်။ သူမခန္ဓာကိုယ်မှ သွေးစီးကြောင်းများ ထွက်ပေါ်လာကာ အပိုင်းပိုင်းဖြစ်လုနီးပါးပင်။

သူတို့ ဆည်နှင့် အကွာအဝေးတစ်ခုထိ နေနေသရွေ့ ဘာမှမဖြစ်မှန်း သူတို့တွေ့ရှိသွားကြသည်။ ဤသည်မှာ သူတို့ရှေ့၌ ပုံစံမရှိသည့်နံရံတစ်ခု ရှိနေကာ ထိုသက်ရှိများ ချန်ရစ်ထားခဲ့သည့် စွမ်းအားများ ဖြတ်တောက်ပေးနေသကဲ့သို့ပင်။

သူတို့စုစုပေါင်း အလောင်းငါးခု ရှာတွေ့ခဲ့သည်။ အလောင်းတစ်ခုစီတိုင်းမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။ သူတို့ကို ကြည့်လိုက်ရုံဖြင့်ပင် ဒူးထောက်ရှိခိုးချင်စိတ်များ ပေါ်လာသည်ပင်။

ဒီလိုမျိုး စွမ်းအားကြီးတဲ့သက်ရှိမျိုးက ဘယ်လိုလုပ် သေသွားရတာလဲ..

ထာဝရသွေးများ စီးဆင်းနေသည့်သက်ရှိကို သက်ရှည်သက်ရှိများဟု ခေါ်ဆိုနိုင်သည်ပင်။ သို့သော် သူတို့ အဘယ်ကြောင့် သေဆုံးကြသနည်း .. ဆည်တစ်ဖက်ခြမ်း၌ သူတို့ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့သောကြောင့်လား..

သူတို့ငါးဦးလုံးတွင် တူညီသည့်အချက်မှာ သူတို့ခန္ဓာကိုယ်များ ခြောက်ကပ်နေပြီး သူတို့မသေခင်လွင့်စင်ခဲ့သည့် သွေးအနည်းငယ်သာ နတ်ခွန်အားများ ထုတ်လွှတ်နေသည်ပင်။

ဒီသွေးစက်တွေက ဘာလို့ အကောင်းတိုင်း ရှိနေသေးတာလဲ..

“သူတို့ ဘယ်လိုဒဏ်ရာမျိုး ရခဲ့ကြလို့လဲ .. သူတို့ မသေခင်က ထွေးထုတ်ခဲ့တဲ့သွေးကပဲ ဘာလို့ မပျက်စီးပဲ ရှိနေတာလဲ…”

“ဒါကမှမဟုတ် သူတို့ခန္ဓာကိုယ်က စွမ်းအင်တွေကို တစ်ခုခုကို စုတ်ယူလိုက်တာလား..”

သူတို့ ခန့်မှန်းနေကြသည်။ ဤကဲ့သို့သော စွမ်းအားကြီးလှသည့်သက်ရှိများ အဘယ်ကြောင့် ဤနေရာ၌ သေဆုံးနေကြသည်ကို သူတို့တကယ် နားမလည်နိုင်။

သူတို့ ဆက်သွားရဦးမလား.. သူတို့ တွေဝေနေမိသည်။ သိထားရမည်မှာ ထိုငါးဦးလုံးသည် ဆည်၏အခြားတစ်ဖက်မှ တွားသွားတက်လာပြီး သေဆုံးသွားကြရခြင်းပင်။

သူတို့သုံးယောက်ဖြတ်သွားလျှင် ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူသည်နှင့် တူလေမလား..

မိုးမခနတ်ဘုရားက ဒီတိုင်းပဲ ဖြတ်သွားလိုက်တာလား .. ဘာသတိပေးချက်မှ မရှိဘူးလား .. ရှီဟောင် စဉ်းစားကြည့်လိုက်သည်။

“အလောင်းမရှိတဲ့ နေရာတစ်နေရာ ရှာရအောင် … ပြီးရင် တစ်ဖက်ခြမ်းမှာ ဘာရှိလဲဆိုတာ ကြည့်ရအောင်..” ရှန်းမင် ပြောလိုက်သည်။

သူတို့ တစ်ချက်တောင် မကြည့်ပဲ အရှုံးပေးလိုက်ရန် ခက်ခဲလှသည်။ ထာဝရသွေးများ စီးဆင်းနေသည့်သက်ရှိများသည် ခြေရာအတိုင်းလိုက်လာကာ ထိုနေရာသို့ ဝင်သွားခဲ့ကြခြင်းပင်။ သို့သော် သူတို့ ပြင်းထန်သည့်ဒဏ်ရာများဖြင့် ပြန်ရောက်လာကာ ဆည်ပေါ်၌ သေဆုံးသွားခဲ့ကြသည်။ ဤသည်မှာ ထူးဆန်းလွန်းလှသည်ပင်။

နောက်ဆုံးတော့ သူတို့အလောင်းမရှိသလို သွေးစွန်းရာလည်းမရှိသည့် နေရာတစ်နေရာကို ရှာတွေ့သွားခဲ့သည်။ ဤနေရာမှာ ယခင်နေရာများကဲ့သို့ အေးစက်ကာ ပျက်စီးနေလေပြီ။

“ဒါ ရှိနေတာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီလဲဆိုတာတောင် မသိနိုင်တော့ဘူး..” စန်းကျန်း ပြောလိုက်သည်။

မသေသေးသည့်ရွှေရောင်စစ်သူရဲများပင် ဤကဲ့သို့ပြောလိုက်သောကြောင့် ဤသည်မှာ မည်မျှရှေးကျမှန်း သိနိုင်သည်ပင်။

နောက်ဆုံးတော့ သူတို့ ဆည်ပေါ်သို့တက်လိုက်ကာတ တစ်ဖက်လောကမှ မြင်ကွင်းကို ကြည့်လိုက်သည်။

ထိုနေရာမှာ မြူများဖြင့် သိပ်သည်းနေပြီး အပေါ်မှ အောက်သို့ ကြည့်လိုက်လျှင် ဘာရှိမှန်းမသိရ။

အနက်ရောင်မြူများ ဝေ့ဝဲနေပြီး အလွန်မှုန်မှိုင်းနေသည်။

အဲဒါက ဘယ်လိုနေရာမျိုးလဲ .. သူတို့ နားမလည်နိုင်သေး။

သူတို့၏နတ်စွမ်းရည်များကို အသုံးပြုပြီး တတ်နိုင်သမျှ ကြိုးစားပြီးအာရုံခံလိုက်သည့်အချိန်တွင် သူတို့တစ်ခုခုကိုတွေ့လိုက်ရသည်။

ရေလှိုင်းများ တက်လိုက်ကျလိုက်ဖြစ်နေသည့်အသံကို သူတို့ကြားလိုက်ရသည်။ ထိုအသံမှာ အလွန်ဝေးလှသည်။ ဤသည်မှာ သူတို့ကြား၌ အဆုံးမရှိသည့်အချိန်များ ပိုင်းခြားနေသကဲ့သို့ပင်။

“အဲဒါက ပင်လယ်တစ်စင်းနဲ့တူတယ် .. ဒီနေရာနဲ့ အရမ်းဝေးတယ် .. လှိုင်းသံတွေ ကြားနေရသလိုပဲ..” ရှန်းမင်ပြောလိုက်သည်။ ဒါက ဒီဆည်နောက်မှာ ရှိနေတဲ့ ကြောက်စရာကောင်းတဲ့ဟာလား..

ဒါမဟုတ်လောက်ဘူး .. သေချာပေါက် တစ်ခြားအန္တရာယ်တွေ ရှိနေတယ် ..

သို့သော် သူတို့ ဤသည်ကိုသာ အာရုံခံနိုင်သည်။

စန်းကျန်း သစ်သားကြိုးကြာလေးကို ထုတ်လိုက်သည်။ ကြိုးကြာလေးမှာ လက်မအရွယ်အစားသာရှိသည်။ ဤသည်မှာ ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ ချောမွတ်နေသည်။ ဤသည်မှာ မှော်စွမ်းအားများ သိုလှောင်နိုင်ကာ တိုက်ခိုက်နိုင်သည့် မှော်ပစ္စည်းပင်။ အချိန်တိုအတွင်း သူသည် စန်းကျန်းနှင့်ညီမျှသည့်ခွန်အား ထုတ်ပေးနိုင်သည်။

သို့သော် ထိုသစ်သားကြိုးကြာ သူ၏အတောင်ပံများကို ဖြန့်ကျက်ကာ ဆည်နောက်ဘက်ရှိ အမှောင်ထုထဲသို့ ဝင်သွားသည်နှင့် ချက်ချင်းပေါ်သွားကာ ထိုနေရာ၌ပင်ဖျက်ဆီးခံလိုက်ရသည်။

စန်းကျန်း၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဤသည်မှာ သူအလွန်တန်ဖိုးထားသည့် မှော်ပစ္စည်းပင်။ ထို့အပြင် မှော်စွမ်းအားနှင့် နတ်စိတ်ဝိညာဉ်အနည်းငယ် ထည့်လိုက်သည်နှင့် ဤလျှို့ဝှက်ပစ္စည်းသည် သူ့ထက်အားမနည်းတော့။ သို့သော် ယခုတော့ ဤကဲ့သို့ လျင်မြန်စွာ ပျက်စီးသွားလေပြီ။

“ဒါက ငါတို့သွားရင် ငါတို့ချက်ချင်း သေသွားလိမ့်မယ်လို့ ဆိုလိုတာပဲ..”

သူတို့နောက်ပြန်ဆုတ်လိုက်ကာ ဘေးပတ်လည်ကို စတင်ရှာဖွေလိုက်သည်။

ဤဆည်ကြီးမှာ အလွန်ကြီးမားလှသည်။ သူတို့ ဆည်တစ်လျှောက် အတော်ဝေးဝေးလျှောက်လာပြီးသည့်အချိန် အခြားယဇ်ပုလ္လင်တစ်ခုကို တွေ့လိုက်ရသည်။

ဤယဇ်ပုလ္လင်မှာ ကြယ်အကြွင်းအကျန်များကို စုပုံထားခြင်းဖြစ်ပြီး အလွန်မြင့်မားလှသည်။

ကြယ်များကို ပြုပြင်ထားသောကြောင့် ထိုမျှမကြီးတော့သော်လည်း ကြယ်များကို စုပုံထားခြင်းဖြစ်သောကြောင့် အတော်လေး ကြီးနေသေးသည်ပင်။

ထို့အပြင် ယဇ်ပုလ္လင်ဘေး၌ အခြားကျောက်တိုင်တစ်ခု ရှိနေသည်။

“ကျောက်တိုင်မှာ စာလုံးတွေရှိတယ်…”

ဤသည်မှာ ရှေးအကျဆုံး ထာဝရစာသားများဖြင့် ရေးထားသည့်စာလုံးပင်။

“သူတို့မျိုးဆက်ရဲ့ ထိပ်ဆုံးမဟုတ်တဲ့သူတွေ ဖြတ်သန်းဖို့ မကြိုးစားနဲ့..” စန်းကျန်း သူ၏အနီးစပ်ဆုံး အဓိပ္ပာယ်ကို ပြောပြလိုက်သည်။

ဤသည်မှာ နောက်ပိုင်းရောက်လာသည့်သူများကို ဆည်အား မဖြတ်ရန် တားမြစ်ထားခြင်းပင်။

ဤသတင်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။

“ခြေရာတွေ ရှိနေတယ်..”

ရှန်းမင် ပြောလိုက်၏။ သူမမျက်လုံးမှာ အတော်စူးရှလှသည်ပင်။

ယခင်က သူတို့ကန္တာရကို ဖြတ်ကျော်လာပြီးသည်နှင့် ထိုကန္တာရရှိ ခြေရာများအာလုံး ပျောက်ကွယ်သွားသည်ပင်။ ယခု ဤယဇ်ပုလ္လင်ထက်၌ တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။ ထို့အပြင် ခြေရာအများအပြား ရှိနေသည်ပင်။

ယဇ်ပုလ္လင်ပေါ်မှာ ဘယ်သူ ခြေရာချန်ထားခဲ့တာလဲ..

“ယဇ်ပုလ္လင်က မပြည့်စုံဘူး..” စန်းကျန်း ပြောလိုက်၏။

ဤသည်မှာ အလွန်ဝမ်းနည်းစရာကောင်းလွန်းလှသည်။ ယဇ်ပုလ္လင်ကြီးကို တစ်ဝက်သာ ဆောက်လုပ်ထားသည်ပင်။ အဘယ်ကြောင့် ဆက်မလုပ်ခဲ့သည်ကို မသိရ။

ဒီလောက်ခမ်းနားတဲ့ ယဇ်ပုလ္လင်က ဘယ်နေရာကို ဦးတည်သွားတာလဲ..

အဲဒီလူက ဒီကို အရင်ဆုံးရောက်လာပြီးတော့ တစ်ယောက်တည်း ရှာဖွေနေခဲ့တာ .. သူ ဘာရှာနေခဲ့တာလဲ .. ထွက်သွားတဲ့လမ်းလား ဒါမှမဟုတ် တစ်ခြား တစ်ခုခုလား..

အဲဒီလူက ဆည်နောက်ကနယ်မြေကို ဖြတ်သွားချင်တာလား..

ခြေရာနောက်လိုက်လာသည့်သူများအားလုံး ဤနေရာသို့ ရောက်လာကြသည်။

ကံမကောင်းစွာဖြင့် ယဇ်ပုလ္လင်ကြီးမှာ ဘယ်တော့မှ မပြီးဆုံးခဲ့။

“ဒီလမ်း..”

ခဏကြာပြီးနောက် ရှီဟောင် ခြေရာများကို ထပ်တွေ့လိုက်ရသည်။ ထိုခြေရာများမှာ အလွန်ပေါ့ပါးလှသည်။ ခြေရာများသည် ဆည်ကို ကျော်ဖြတ်ပြီးတောက် မြူဆိုင်းနေသည့်အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

အရင်က ကျွမ်းကျင်သူတွေအားလုံး အဲဒီခြေရာနောက်လိုက်ပြီးတော့ ဝင်သွားကြတာလား..

မိုးမခနတ်ဘုရားလည်း ဒီနေရာထိ ရောက်လာပြီးမှ ပျောက်သွားတာလား..

“မိုးမခနတ်ဘုရား .. အရှင်ကျွန်တော့်ကို လမ်းညွှန်ပေးချင်တာများရှိလား..” ရှီဟောင် တစ်ခြားနည်းလမ်းမရှိတော့။ သူ ထိုအစိမ်းရောင်တောက်ပနေသည့် မိုးမခကိုင်းလေးကိုသာ စကားပြောလိုက်သည်။

သူ ဘာမှသိပ်မမျှော်လင့်ထားသော်လည်း ထိုသစ်ကိုင်းသည် ရုတ်တရက်တောက်ပလာကာ နေရာတစ်ခုကို လမ်းညွှန်ပြလာသည်။

“ဟမ် .. သွားကြစို့..”

သူတို့သုံးဦးလုံး ဆက်သွားလိုက်ကြသည်။

ကျန်းပေါင်း ရာပေါင်းများစွာ သွားပြီးနောက် ကျောက်တုံးများနှင့် မြေပြင်ကို ထပ်တွေ့လိုက်ရသည်။

မြေပြင်ထက်၌ ရိုးရှင်းသည့် ပန်းချီတစ်ခုရှိနေသည်။

ဤပန်းချီမှာ မည်သည့်ခေတ်မှ ချန်ခဲ့ခြင်းဖြစ်သည်ကို မသိနိုင်။ ဤသည်မှာ သစ်ကုလားအုပ်နှင့်တူသည်။

“ရွှေ့ပြောင်းခြင်းအစီအရင်လား..”

မြေပြင်၌ ဆွဲထားသည်မှာ ရွှေ့ပြောင်းခြင်းအစီအရင်ပင်။ သို့သော် ဤသည်မှာ ရိုးရှင်းလွန်းလှသည်။

ပန်းချီပုံစံကို ကြည့်လိုက်သည်နှင့် ဆွဲထားသည့်မျဉ်းများနှင့် အခြားအရာများမှာ အတော်လေး အိုဟောင်းနေပြီပင်။

ဤသည်မှာ သူတို့ကို ဆွံ့အသွားစေ၏။

“ဒီမှာလည်း ခြေရာတွေ ရှိနေတယ် .. ရွှေ့ပြောင်းခြင်းအစီအရင်ကိုလည်း အဲဒီလူ ထားခဲ့တာတာပဲ ဖြစ်ရမယ်..” ရှန်းမင် ပြောလိုက်သည်။

ဝုန်း..

ရုတ်တရက် ကျောက်တုံးအက်ကွဲကြောင်းထဲမှ အစိမ်းရောင်သစ်ရွက်တစ်ရွက် ထွက်ပေါ်လာသည်။

“မျိုးဆက်တစ်ခုမှာ ထိပ်ဆုံးမဟုတ်တဲ့သူတွေ ရှေးဟောင်းအစီအရင်ကနေ ပြန်သွားကြ .. ရှာဖွေဖို့ မကြိုးစားကြနဲ့.” ထိုစာရွက်ပေါ်၌ သူတို့ကို သတိပေးထားသည့်စာတစ်ကြောင်း ရှိနေသည်။

ဤသည်မှာ မိုးမခနတ်ဘုရားမှ ချန်ရစ်ထားခဲ့သည့် သစ်ရွက်ပင်။ ဤသည်မှာ ရှီဟောင်ကို သတိပေးထားခြင်းပင်။

“မိုးမခနတ်ဘုရား .. အရှင်ရဲ့ကျင့်ကြံဆင့်တွေ ပြန်ကောင်းသွားပြီလား .. အားလုံးကို ပြန်ရသွားပြီလား..” ရှီဟောင် ရေရွတ်လိုက်သည်။

မိုးမခနတ်ဘုရားသည် ယခင်က လုံးဝဖျက်ဆီးခံခဲ့ရသည်ပင်။ ထို့အပြင် ဤသည်မှာ တစ်ကြိမ်တည်းသာမက။ ထပ်ခါတလဲလဲ ပြန်လည်မွေးဖွားနေရသည်ပင်။

မြေကြီးပေါ်မှာဆွဲထားတဲ့ ဒီ သစ်ကုလားအုပ်ပုံစံ ရှေးဟောင်းပုံက သူတို့ကို ပြန်ခေါ်သွားပေးနိုင်တဲ့ ရွှေ့ပြောင်းခြင်းအစီအရင်လား..

“ငါတို့မသွားခင် ငါ အတိဒုက္ခဖြတ်သန်းပြီးတော့ လျှပ်စီးကန်တစ်ခု ယူဦးမယ်..” ရှီဟောင် ပြောလိုက်သည်။

အပိုင်း ၁၈၂၀ ပြီး၏။

Chapter – 1821 လျှပ်စီးကန်းထဲ၌ အနည်းငယ် လူးလှိမ့်ခြင်း

ရှန်းမင်နှင့် စန်းကျန်းတို့ လုံးဝဆွံ့အသွားရသည်။ ဒါက ဘယ်လိုစကားတွေလဲ .. သူက ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပြီး လျှပ်စီးကန်ကို ယူသွားမယ်ဟုတ်လား..

ဤစကားကို မည်သူပင်ကြားပါစေ ဒီကောင်ရူးသွားပြီဟု ထင်ကြမည်ပင်။ သို့မဟုတ် အလွန်လက်လွတ်စပယ်နိုင်သည်ဟု ပြောကြမည်ပင်။

ကောင်းကင်အတိဒုက္ခဆိုသည်မှာ မည်သည့်အရာကို ပြောသနည်း .. ဤသည်မှာ လောကကြီးရှိ သက်ရှိများကို အဆုံးအဖြတ်ပေးသည့်အရာပင်။ အဖျက်စွမ်းအားမိုးများ ရွာသွန်းကျလာပြီး စွမ်းအားကြီးသည့်သူများကို လေ့ကျင့်ပေးသည့်အရာပင်။ ဤသည်မှာ ကောင်းကင်၏ခွန်အားလည်းဖြစ်သည်။

ရှန်းမင်နှင့် စန်းကျန်းတို့အမြင်တွင် ဟွမ်သည် တကယ်ကို ထူးခြားလှသည်ပင်။ အတိဒုက္ခဖြတ်ကျော်ခြင်းဆိုသည်မှာ ဖြစ်နိုင်သည့်အရာပင်။ သို့သော် သူက လျှပ်စီးကန်ကိုပင် ယူချင်နေသည်လား .. ဤသည်မှာ မည်ကဲ့သို့သော ဟာသဖြစ်သနည်း..

သို့သော် သူတို့၏ ဆွံ့အနေသည့်အကြည့်အောက်မှာပင် ထထိုအရူးလေး လှုပ်ရှားလိုက်သည်။ သူသည် ဆည်နှင့် ဝေးသည့်နေရာတစ်ခုသို့သွားလိုက်ကာ အတိဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။

“ဟေ့ကောင်ဟွမ် .. ရှင်အသက်ရှင်နေရတာ ပင်ပန်းနေပြီလား .. ရှင် လျှပ်စီးချောက်နက်ထဲက လျှပ်စီးကန်တွေကို တကယ်ယူမှာလို့ ကျွန်မကို မပြောနဲ့နော်..” ရှန်းမင် အော်ဟစ်လိုက်သည်။ သူရူးရူးနှမ်းနှမ်း တစ်ခုခုလုပ်လိုက်မည်ကို သူမတကယ် စိုးရိမ်မိသည်။

“ငါ့ကို ဒါကို ကိုင်ကူပေးထားဦး..”

ရှီဟောင် လက်လှုပ်ရှားလိုက်သည်နှင့် ထိုမိုးမခသစ်ကိုင်း ရှန်းမင်နှင့် စန်းကျန်းထံသို့ လွင့်ပျံလာသည်။ သူ အတိဒုက္ခကို ရင်ဆိုင်တော့မည်ဖြစ်သောကြောင့် သူ့ထံ၌ ဤပစ္စည်းထား၍မရ။

ရှန်းမင် မိုးမခသစ်ကိုင်းကိုယူလိုက်သည်။ ထို့နောက် သူ့အား လက်လွတ်စပယ်မလုပ်ရန် ထပ်မံသတိပေးလိုက်သည်။

သို့သော် သူမ ပြော၍မပြီးသေးခင်မှာပင် ရှီဟောင် စတင်နေလေပြီ။ သူ၏ကျင့်ကြံဆင့်များကို လှစ်ဟလိုက်လေပြီ။ နောက်ဆုံးအရေးအကြီးဆုံးမှာ သူ လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာကို အသက်သွင်းလိုက်ကာ အတိဒုက္ခကို ဆင့်ခေါ်လိုက်သည်။

“မင်း..” မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးလုံး နောက်ဆုတ်လိုက်ကြသည်။ ဒီဟွမ်က တကယ်ကို လက်လွတ်စပယ် လုပ်လွန်းတယ် .. ဟုတ်တယ်မလား..

“စိတ်မပူနဲ့ .. ငါ အရင်က လျှပ်စီးကန် မယူဖူးတာမဟုတ်ဘူး” ရှီဟောင် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

သူတို့နှစ်ဦးလုံး သူ့ကို မယုံကြ။

လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာကို အသက်သွင်းလိုက်သည်နှင့် ဤနေရာတွင် လေများတိုက်ခတ်လာကာ တိမ်တိုက်များ လွင့်စင်သွားသည်။

ထို့နောက် အဝေးတွင်ရှိသည့် လျှပ်စီးချောက်နက်မှ ဆူညံသံကြီး ထွက်ပေါ်လာကာ သက်တံ့အလင်းတစ်တန်း ပျံသန်းလာပြီး ရှီဟောင်၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။

ဖုန်း..

သူချက်ချင်းလွင့်ထွက်သွားကာ သူ၏အဝတ်အစားများလည်း စုတ်ပြတ်သွားသည်။ တစ်ကိုယ်လုံးလည်း မည်းတူးသွားသည်ပင်။

ဒီလောကကြီးမှာ ကျိုးကြောင်းဆီလျော်မှု ရှိသေးရဲ့လား .. ရှီဟောင် ကျိန်ဆဲပစ်လိုက်ချင်သည်။ ယခုမှ အစသာရှိသေးသော်လည်း သူ ကျွမ်းထိုးမှောက်ခုံဖြစ်သွားလေပြီ။ ဤလျှပ်စီးက အဘယ်ကြောင့် ဤမျှအားပြင်းနေသနည်း..

“ဟက် .. ရှင်က တကယ်ကို ကောင်းချီးပေးခံထားရတာပဲ .. ရှင် ဖြေးဖြေးချင်း ဆက်လုပ်ပါ…” သူ၏ကံဆိုးမှုအတွက် ရှန်းမင် ဝမ်းသာနေလေသည်။

ဤကောင်းကင်အတိဒုက္ခမှာ ပုံမှန်အတိဒုက္ခများနှင့် ကွဲပြားနေသည်။ သူ၏စွမ်းအားမှာ ကြီးမားလွန်းလှသည်။ နောက်ပိုင်းဘာဖြစ်လာမည်ကို စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်။

ရှီဟောင် နောက်ဆုံးတစ်ခေါက် အတိဒုက္ခရင်ဆိုင်ခဲ့သည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေဆယ်ခု၌ပင်။ ထိုအချိန်က ရှေးဟောင်းနယ်မြေတစ်ခုလုံးပင် ပေါ်လာခဲ့သည်။ သူသည် ကမ္ဘာမြေဆယ်ခုမှ ကောင်းကင်ဘုံဆယ်ခုထိသို့ တက်သွားကာ အဆုံးမရှိသည့်ရန်သူများနှင့် တိုက်ခိုက်ခဲ့သည်။

ယခုတစ်ခေါက်တော့ ထိုတိုက်များ ပေါ်မလာတော့။ လျှပ်စီးများသာ ပေါ်လာသည်။

သို့သော် ဤသည်မှာအစသာရှိသေးသောကြောင့် ထူးဆန်းသည့်အရာများ ပေါ်မလာသေးသည်လည်း ဖြစ်နိုင်သည်။

လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်းကျရောက်လာသည်။ အစပိုင်းတွင် လျှပ်စီးချောက်နက်မှ ရောက်လာခြင်းဖြစ်သော်လည်းနောက်ပိုင်းတွင် ထူးဆန်းစွာ ကောင်းကင်ထက်မှ ကျဆင်းလာသည်။ လျှပ်စီးများ စုစုပေါင်း ၃၆၀၀ ကျရောက်လာသည်ပင်။

ဤလျှပ်စီးများအားလုံး သူ့ခန္ဓာကိုယ်ထက်၌ ပေါက်ကွဲသွားသောကြောင့် သူ သွေးအန်လာသည်။ သူ၏ဒဏ်ရာများမှာ မသေးလှ။

ဤသည်မှာတစ်ခါမှ မဖြစ်ဖူးသည့်အရာပင်။ လျှပ်စီးအတိဒုက္ခများသည် အမြဲတမ်း တစ်ဖြည်းဖြည်း စွမ်းအားကြီးလာခြင်းပင်။ သို့သော် ယခုတော့ သူ့အသက်ကို ချက်ချင်းနှုတ်ယူချင်နေသည်။

ထို့အပြင် ထို လျှပ်စီးတန်းပေါင်း ၃၆၀၀ သည် တစ်ခုနှင့်တစ်ခု ဆက်သွားကာ ကြယ်စမ်းချောင်းကဲ့သို့ စီးဆင်းလာခြင်းပင်။

“ထောင်ချီပျက်စီးခြင်းလျှပ်စီးအတိဒုက္ခ..” စန်းကျန်း အမူအရာ ပြောင်းလဲသွားသည်။

လျှပ်စီးပေါင်း ၃၆၀၀ ဆိုသည်မှာ အတော်လေးပင် ရက်စက်လှသည်။ ထောင်ချီပျက်စီးခြင်းလျှပ်စီးအတိဒုက္ခဟုခေါ်သည့် ဒဏ္ဍာရီတစ်ခုရှိသည်။ ဤသည်မှာ လူတစ်ယောက်ကို သတ်ပစ်ချင်နေသည်ဟု ဆိုလိုခြင်းပင်။

ပြောရမည်ဆိုလျှင် လျှပ်စီးတစ်ထောင်ပင်လျှင် လုံလောက်နေပြီဖြစ်သည်။ ၃၆၀၀ ဆိုလျှင် သူတို့ ပြာဖြစ်သွားလိမ့်မည်။

“သူ အန္တရာယ်ရှိနိုင်တယ်..” စန်းကျန်း ပြောလိုက်၏။ သူ ဤလျှပ်စီး ၃၆၀၀ ကို ဖြတ်ကျော်နိုင်လျှင်ပင် နောက်လာမည့် ကောင်းကင်အတိဒုက္ခစွမ်းအားကို ခုခံနိုင်ရန် ခက်ခဲလိမ့်မည်။

ဤသည်မှာ မလွဲမသွေသေဆုံးမည့်ကပ်ဆိုးကြီးဖြစ်ကြောင်း သင်္ချိုင်းမြေမှ မှတ်တမ်းများတွင် ပြင်းထန်စွာ သတိပေးထားသည်ပင်။

ဝုန်း..

ခပ်ဝေးဝေးတွင် မီးတောက်ဖီးနှစ်တစ်ကောင် သူ၏အတောင်ပံများကို ဖြန့်ကျက်ကာ ရှီဟောင်ထံသို့ ဦးတည်လာသည်။

“အမ် .. နောက်ဆုံးတော့ စပြီ .. ဒါက ကောင်းကင်အတိဒုက္ခအစစ်လား .. အရင်က လျှပ်စီး ၃၆၀၀ က အစာပြေလေးပဲလား..” ရှီဟောင် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

မီးတောက်ဖီးနှစ် သူ၏အတောင်ပံကို ဖြန့်ကျက်လိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တိတ်ဆိတ်သွားကာ အနီရောင်အလင်းများ စီးဆင်းလာသည်။ သို့သော် တကယ်တမ်းတွင် ဤအရာအားလုံးမှာ လျှပ်စီးများပင်။

ဤသည်မှာ တိုက်ပွဲကြီးပင်။ ရှီဟောင် နည်းနည်းမှပင် သတိလက်လွတ်မနေရဲ။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် ကောင်းကင်အတိဒုက္ခမှာ အလွန်ထူးဆန်းလှကာ အလွန်ကြောက်စရာကောင်းလှသည်။

“ဒါက သတ်ဖြတ်လိုတဲ့အတိဒုက္ခကြီးပဲ .. မီးတောက်ဖီးနှစ်တစ်ကောင် ချက်ချင်းထွက်လာတာ .. နောက်ပိုင်းကျရင် ဘာထွက်လာမှာလဲ..” ရှန်းမင် သက်ပြင်းချ၍ ပြောလိုက်သည်။

မီးတောက်များ ကောင်းကင်ကို လောင်ကျွမ်းနေကာ လေဟာနယ်လည်းချိုင့်ဝင်မတတ်ဖြစ်နေလေပြီ။ နေရာတိုင်းတွင် မီးတောက်နှင့် လျှပ်စီးများ ရှိနေပြီး အသက်ရှင်နိုင်ချေမရှိ။ ရှီဟောင် ဒုက္ခများနေလေပြီ။

သို့သော် သူသည် သန်မာသည့်သူပင်။ အချိန်အတော်ကြာအောင် တိုက်ပြီးသည်နှင့် နောက်ဆုံးတွင် သူ မီးတောက်ဖီးနှစ်၏ အတောင်ပံတစ်ဖက်ကို ချိုးပစ်လိုက်နိုင်သည်။

ကောင်းကင်ထက်၌ ဖီးနှစ်အော်သံများ ဆူညံသွားသည်။ ထို့နောက် မီးတောက်ဖီးနှစ် ထွက်ခွာသွားလေ၏။

ထိုဖီးနှစ်ထွက်သွားသည်နှင့် ကောင်းကင်ထက်မှ လျှပ်စီးများအားလုံး ပျောက်ကွယ်သွားသည်။

“ဒါက ဘာအနံ့လဲ..” ရှီဟောင် ခေါင်းငုံ့ကာ ဖီးနှစ်အတောင်ပံကို ကြည့်လိုက်သည်။

ထိုအတောင်ပံမှာ အလွန်သက်ဝင်လှသည်။ ဤသည်မှာ ဖီးနှစ်အတောင်ပံအစစ်ကဲ့သို့ပင်။

“ရှင် အဲဒါကို တကယ်စားမလို့လား…” ရှန်းမင် မျက်လုံးပင့်၍ ပြောလိုက်သည်။

ဖူးဟူသည့်အသံနှင့်အတူ ရှီဟောင်လက်ထဲရှိ ဖီးနှစ်အတောင်ပံ ပေါက်ကွဲသွားကာ လျှပ်စီးအဖြစ်သို့ ပြောင်းလဲသွားကာ လေဟာနယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ဂီး..

နဂါးအော်သံထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားသည်။

နဂါးတစ်ကောင်ပျံသန်းလာကာ သူ့အနောက်တွင် နဂါးသေးသေးလေး အကောင်ရာချီပါလာသည်။ သူတို့အားလုံး ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာနေကြသည်။ ဤနေရာတစ်ခုလုံးမှာ တောက်ပသည့်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။

နဂါးအစစ်များ ပေါ်လာပြီး ကောင်းကင်ကြီးမှာ နတ်ချိန်းကြိုးများဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ပင်။

ဤသည်မှာ သေချာပေါက် သွေးလွှမ်းသည့် အခြားတိုက်ပွဲတစ်ခုပင်။ ရှီဟောင်၏ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရှိနေပြီး ဆံပင်များလည်း ဖရိုဖရဲဖြစ်နေသည်။

နဂါးကြီး၏ အမြှီးလေးတစ်ပိုင်းကို ဖယ်ရှားပစ်လိုက်သည့်အချိန်တွင် ထိုနဂါး ကောင်းကင်ထက်သို့ ပြန်ပြေးသွားသည်။

ဝုန်း..

ကြီးမားလှသည့် အခြားသားရဲကောင်တစ်ကောင် ထွက်ပေါ်လာသည်။ ထိုအကောင်ကြီးမှာ အလွန်ကြီးမားလှပြီး ရွှေရောင်အလင်းများ တောက်ပနေသည်။

ကောင်းကင်ဦးချိုပုရွက်ဆိတ် ပေါ်လာလေပြီ။ ထိုအကောင် ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာနေ၏။

..

ဤသည်မှာ ကြောက်စရာကောင်းသည့်အခြားတိုက်ပွဲတစ်ခုပင်။

ဝုန်း.. ငရဲကြီးကိုးထပ်အို ပေါ်လာကာ ရှီဟောင်ထံသို့ ပြေးလာသည်။

“ဒီကျားက သူ့အစွမ်းကို မပြသေးတော့ မင်းတို့က ငါ့ကို ကြောင်နာတစ်ကောင်လို ဆက်ဆံနေတာလား..” ရှီဟောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် လျှပ်စီးထဲ၌ အိုးတစ်လုံး ပြုလုပ်လိုက်ကာ ထိုသားရဲကြီးကို စုတ်ယူပစ်လိုက်သည်။

“ငါ မင်းတို့အားလုံးကို သေချာချက်ပေးမယ်..”

ရက်စက်သည့်သားရဲဆယ်မျိုး ဆက်တိုက်ပင် ထွက်ပေါ်လာသည်။ အားလုံး ပေါ်လာခြင်းမဟုတ်သော်လည်း တစ်ဝက်ကျော် ထွက်ပေါ်လာသည်ပင်။

ဝုန်း..

မရေမတွက်နိုင်သည့် လျှပ်စီးတိမ်တိုက်များ ပေါ်လာသည်။ ထို့နောက် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေဆယ်ခု အတိဒုက္ခထက်ပင် ပိုများသည့် မရေမတွက်နိုင်သည့် လူသားပုံရိပ်များ ပေါ်ထွက်လာသည်။ ဤနေရာ၌ စစ်ပွဲကြွေးကြော်သံများလည်း ထွက်ပေါ်လာသည်။

မသေမျိုးသက်ရှိများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည့် ထာဝရဘုရင်များကိုပင် ရှီဟောင် တွေ့လိုက်ရသည်။

ကံကောင်းစွာဖြင့် အဓိကတိုက်ပွဲတွင် ရှီဟောင် ဝင်မပါရ။ မဟုတ်ပါက အကျိုးဆက်မှာ စဉ်းစားကြည့်၍ မရနိုင်လောက်အောင်ပင် ဆိုးရွားလိမ့်မည်။

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ သက်ရှိမျိုးစုံခုန်ထွက်လာကာ ရှီဟောင်နှင့် ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။ ရှီဟောင်သည် တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေပြီဖြစ်ပြီး တစ်ကိုယ်လုံး တစ်စစီဖြစ်မတတ်ဖြစ်နေလေပြီ.

တကယ်တမ်းတွင် သူ၏ခန္ဓာကိုယ်သည် အကြိမ်ပေါင်းများစွာ အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်ကို သူပြန်ဆက်ထားကာ ဆက်တိုက်နေခဲ့ခြင်းပင်။

ယခုတစ်ခေါက်မှာ အလွန်အန္တရာယ်ကြီးမားလှသည်။ သူ အကြိမ်ပေါင်းများစွာ သေမလိုဖြစ်ခဲ့ရသည်။

သို့သော် ဤသည်မှာ အဆုံးသတ်မဟုတ်သေး။ ဆက်လာနေဆဲပင်။

ဝုန်း..

ရုတ်တရက် လျှပ်စီးချောက်နက်အသေးစားလေး ပေါ်လာကာ သူ့အား ဖိနှိပ်လာသည်။ ထိုလျှပ်စီးချောက်နက်သည် လျှပ်စီးမှ ဖြစ်ပေါ်လာသည့် သက်ရှိအားလုံးကို ရှင်းလင်းပစ်ကာ ရှီဟောင်ကို ဖောက်ခွဲပစ်လာသည်။

ဒုန်း..

သူ၏ခန္ဓာကိုယ် နောက်တစ်ကြိမ် ပေါက်ကွဲသွားသည်။

“လျှပ်စီးကန် တကယ်ပေါ်လာပြီ..” ရှန်းမင် တီးတိုးပြောလိုက်သည်။

“သတ်..” ရှီဟောင် ဟစ်ကြွေးလိုက်၏။

သူ၏အသွေးအသားများကို ခက်ခက်ခဲခဲဖြင့် စုစည်းထားခြင်းဖြစ်ပြီး သူ အားကုန်မတတ်ဖြစ်နေလေပြီ။

သူ ထို လျှပ်စီးချောက်နက်နှင့် နီးနေသောကြောင့်ထင်သည်၊ ယခုတစ်ခေါက် ကောင်းကင်အတိဒုက္ခမှာထူးခြားလှသည်။

ဝုန်း..

လျှပ်စီးချောက်နက်လေး ရောက်လာကာ သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ပေါက်ကွဲသွားစေသည်။ သူ၏ခန္ဓာကိုယ် မည်မျှပင် စွမ်းအားကြီးနေပါစေ သူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားဆဲပင်။

ဝုန်း..

ရုတ်တရက် ရှီဟောင်ထံမှ စွမ်းအားများ ထွက်ပေါ်လာ၏။ သူ၏နောက်ဆုံးလက်ကျန်စွမ်းအားများကို စုစည်းလိုက်ခြင်းပင်။ သူ ဖွင့်နိုင်သည့်ဂိတ်တံခါးများအားလုံး ပွင့်သွားကာ အဆုံးမရှိသည့်အလင်းများ တောင်းကင်ထက်သို့ တက်လာသည်။

ပလုံ..

ရှီဟောင် တရှိန်ထိုး ပြေးသွားကာ လျှပ်စီးကန်ထဲသို့ ခုန်ဝင်လိုက်သည်။

ထိုလျှပ်စီးကန်သည် ကျန်းတစ်ဝက်ကျော်ရှိပြီး ငွေရောင်အလင်းများ တောက်ပနေသည်။

ဝုန်း…

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပေါက်ကွဲသွားကာ အဆုံးမရှိသည့်လျှပ်စီးများ ထွက်ပေါ်လာသည်။ ထိုလျှပ်စီးများအားလုံး ရှီဟောင်ထံသို့ ဦးတည်လာခြင်းပင်။

သို့သော် လျှပ်စီးကန်ထဲ၌ ရှီဟောင်ပေါလောမျောနေကာ လျှပ်စီးအတိဒုက္ခရည်များကို လောဘတကြီး စုတ်ယူနေလေ၏။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့်ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားသည်။

လျှပ်စီးအတိဒုက္ခ နောက်တစ်ကြိမ် ရောက်ရှိလာပြီး သူ၏ခန္ဓာကိဒယ်အပိုင်းပိုင်းဖြစ်အောင် ဖောက်ခွဲပစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် နောက်တစ်ကြိမ် ပြန်ဆက်သွားလေ၏။ ဤသည်မှာ မြန်ဆန်လှပြီး ရက်စက်လှသည့် စက်ဝန်းကြီးပင်။

“ဒီလိုမျိုးလည်း ရတာလား..” ရှန်းမင် ထိတ်လန့်သွားရသည်။

“မဟုတ်ဘူး .. လျှပ်စီးကန်က ကြောက်စရာအကောင်းဆုံးမဟုတ်သေးဘူး .. ဒါက အဖိုးတန်အရည်တွေထည့်တဲ့ ပစ္စည်းတစ်ခု သပ်သပ်ပဲ..” စန်းကျန်း ပြောလိုက်သည်။

ရှီဟောင် လျှပ်စီးကန်ထဲ၌ လူးလိမ့်နေကာ အဖိုးတန်အရည်များကို လောဘတကြီးစုတ်ယူလိုက်သည်။ ထို့အပြင် သူသည် အပြင်ဘက်မှ လျှပ်စီးအတိဒုက္ခကိုလည်း ရင်ဆိုင်လိုက်သည်။

ရှီဟောင် ရုတ်တရက် ကြောက်စရာကောင်းသည့် ခံစားချက်တစ်ခု ရလိုက်သည်။

သိပ်မဝေးသည့်နေရာတွင် အလွန်ရှေးကျသည့်စင်္ကြံတစ်ခု ပေါ်လာသည်။ သည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းကရှိနေခဲ့သကဲ့သို့ အချိန်စွမ်းအားများဝန်းရံနေသည်။

စင်္ကြံပေါ်၌ ထာဝရသက်ရှိများကိုပင်သတ်နိုင်သည်ဟုဆိုသည့် ထာဝရခေါင်းဖြတ်စက်ပင်။

ရှီဟောင် ထိုစင်္ကြံကို စိုက်ကြည့်လိုက်သည်နှင့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် သူ စိတ်လှုပ်ရှားနေမိသည်။ သူ ထိုခေါင်းဖြတ်စက်နားသို့ တရှိန်ထိုး ပြေးသွားချင်မိသည်။

အပိုင်း ၁၈၂၁ ပြီး၏။
Chapter – 1822 မသေမျိုးတံဆိပ်များကို ဖျက်ဆီးခြင်း

ရှီဟောင် လျှပ်စီးကန်ထဲ၌ လူးလိမ့်နေသည့်အပြင် သူသည် အဖိုးတန်အရည်များကိုပါ အငမ်းမရ စုတ်ယူနေကာ အကောင်းဆုံးအနေအထားဖြစ်အောင် ကြိုးစားနေသည်။ အဘယ်ကြောင့်ဆိုသော် အန္တရာယ်အများဆုံးအချိန်ရောက်လာတော့မည်ကို သူသိနေသည်ပင်။

ရှေးဟောင်းစင်္ကြံပေါ်မှ ထာဝရခေါင်းဖြတ်စက်တွင် ရက်စက်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရှိနေပြီး သူ့အား ပစ်မှတ်ထားပြီးပြီဖြစ်သည်။

သူ ယခင်ကကဲ့သို့ အစွမ်းကုန်ကြိုးစားလျှင် သူ၏ဦးခေါင်းထက်မှ ပုံရိပ်လေးနှင့် ပြန်လည်ဝင်စားခြင်းတံဆိပ်များ သူ့အား ကယ်တင်နိုင်မည်လား..

“ဟေ့ကောင်ဟွမ် .. ရှင်တော့သွားပြီပဲ .. ရှင့်ရဲ့နောက်ဆုံးဆန္ဒကို မြန်မြန်ပြော .. ကျွန်မ ရှင့်အတွက် ဒီမိုးခသစ်ကိုင်းကို သိမ်းပေးထားမယ်.. နှုတ်ဆက်ပါတယ်..” ရှန်းမင် သူမလက်များကို ဝေ့ရမ်းလိုက်သည်။

“ငါတို့ အကြံပေးတာကိုမှ နားမထောင်တာ .. ဟူး..” စန်းကျန်းခေါင်းခါလိုက်သည်။ ထာဝရခေါင်းဖြတ်စက်ပင် ရောက်လာပြီဖြစ်သောကြောင့် ထာဝရသက်ရှိများ ရောက်လာလျှင်ပင် သူတို့သေရလိမ့်မည်။

မတူညီသည့်ကျင့်ကြံဆင့်များကို ရင်ဆိုင်ရသည့်အချိန်တွင် စင်မြင့်ပေါ်ရှီ ခေါင်းဖြတ်စက်၏စွမ်းအားလည်း ကွဲပြားမည်ပင်။ သို့သော် မည်သို့ပင်ဖြစ်စေ ဤသည်မှာ မလွဲမသွေ သေဆုံးမည့်ကပ်ဆိုးကြီးပင်။

“ငါ့ကို ကျိန်ဆဲမနေကြနဲ့ … ငါအဆင်ပြေတယ်..” ရှီဟောင်ပြောလိုက်သည်။ သူသည် လျှပ်စီးကန်ထဲမှနေ၍ ကောင်းကင်အတိဒုက္ခကို ခုခံလိုက်သည်။ ဤကဲ့သို့သော သေရေးရှင်ရေးအချိန်တွင် သူက ဘယ်လိုလုပ် စိတ်ပျံ့လွင့်လို့ရမှာလဲ…

ဝုန်း..

ထူထဲလှသည့် လျှပ်စီးအလင်းတန်း ကျရောက်လာကာ လျှပ်စီးအတိဒုက္ခရည်များကို နေရာအနှံ့လွင့်စင်သွားအောင် လုပ်လိုက်သည်။

ရှီဟောင် အော်ဟစ်လိုက်ကာ တတ်နိုင်သမျှ ခုခံလိုက်သည်။

ယခုတစ်ကြိမ် သူ၏ချောင်းတိုက်မှုအောင်မြင်သည်ဟု ပြော၍ရသည်။ ယခင်ကဆိုလျှင် လျှပ်စီးများ ပျောက်ကွယ်သွားမှသာ လျှပ်စီးအတိဒုက္ခရည်ကို ရရှိခြင်းပင်။

ချွမ်း..

ထိုအချိန်တွင် ထာဝရခေါင်းဖြတ်စက် တောက်ပလာကာ ကောင်းကင်ကိုဖုံးလွှမ်းသွားသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာသည်။ မီးခိုးနှင့်တူသည့် မြူများလည်း ထုတ်လွှတ်လာသည်ပင်။

သူ ရှီဟောင်ကို သေအောင် ခုတ်ချတော့မည်။

အမ်..

သူ အဘယ်ကြောင့် ထိုနေရာသို့ သွားချင်နေသည်ကို ရှီဟောင် နားလည်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲမှ နတ်အလင်းတန်းထဲရှိ နတ်အလင်းတန်းတစ်ခု သူ၏လက်မှ ထွက်ပေါ်လာကာ ထိုထာဝရခေါင်းဖြတ်စက်နှင့် ဆက်သွယ်လိုနေခြင်းပင်။

ယခင်တစ်ခေါက် အင်ပါယာဂိတ်၌ ကောင်းကင်အတိဒုက္ခအဆုံးသတ်သွားသည့်အချိန်၌ ခေါင်းဖြတ်စက်ပျောက်ကွယ်မသွားမှီ သူ နတ်အလင်းတန်းတစ်ခုကို ယူထားကာ သူ၏လက်ချောင်းထဲ၌ ထည့်ထားခဲ့သည်ပင်။ ထိုအလင်းတန်းဖြင့် မဖောက်ခွဲနိုင်သည့်အရာမရှိ။

ယခု ထိုအလင်းတန်းသည် ထာဝရခေါင်းဖြတ်စက်နားသို့ သွားချင်နေကာ ထိုခေါင်းဖြတ်စက်နှင့်ပေါင်းစည်းလိုနေခြင်းပင်။

ခွပ်..

ထာဝရခေါင်းဖြတ်စက် ကျရောက်လာကာ ရှီဟောင်ကို နှစ်ပိုင်းဖြတ်ရန် ကြိုးစားလာသည်။

ဒုန်း..

ထိုအခိုက်အတန့်တွင် ရှီဟောင် လက်ညှိုးထိုးကာ ခေါင်းဖြတ်စက်ကို ထိပြီး ထိုဓားကြီးကို ရပ်တန့်လိုက်သည်။

ရှန်းမင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ရှီဟောင်ထံမှ သွေးများပန်းထွက်လာကာ ခေါင်းပြတ်ထွက်လာမည်ကို မျှော်လင့်ထားခြင်းပင်။ သို့သော် ထိုသို့ဖြစ်မလာပဲ သူသာ လက်ညှိုးတစ်ချောင်းတည်းဖြင့် ထိုထာဝရခေါင်းဖြတ်စက်အား ရပ်တန့်လိုက်သည်ကို တွေ့လိုက်ရသည်။

စန်းကျန်းလည်း ဆွံ့အသွားရသည်။ ဤမြင်ကွင်းမှာ သူ့အား မယုံမကြည်နိုင်ဖြစ်စေသည်ပင်။ ဟွမ် ဘယ်လိုလုပ်လိုက်တာလဲ..

ရှီဟောင်လည်း ဆွံ့အနေသည်ပင်။ ခေါင်းဖြတ်စက်နှင့် ပေါင်းစည်းခဲ့သည့် ထိုလက်ချောင်းမှ နတ်အလင်းတန်းစီးဆင်းလာကာ သူ့ခန္ဓာကိုယ်ထဲတွင် ရက်စက်သည့်အော်ရာလှိုင်းတစ်ခု ပျံ့လွင့်လာသည်ဟု ခံစားလိုက်ရသည်။

ဝုန်း..

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ ထိတ်လန့်စရာကောင်းလှသည့် စွမ်းအားများ ထွက်ပေါ်လာသည်။ အလင်းလုံးခြောက်လုံးပေါ်လာကာ လောကကြီးကို တုန်ခါသွားစေသည်။

“အဲဒါက ဘာတွေလဲ..” စန်းကျန် ရေရွတ်လိုက်သည်။

ဤကဲ့သို့သော စွမ်းအားမျိုးမှာ သူတို့၏လက်ရှိကျင့်ကြံဆင့်ထက် သာလွန်နေသည်ပင်။

“ဒါက မသေမျိုးအော်ရာဖြစ်လိမ့်မယ်လို့ ခံစားရတယ် .. ဒါက ပျက်စီးနေတယ်ဆိုရင်တောင်မှာ ငါတို့ ယှဉ်လို့မရတဲ့အရာပဲ” ရှန်းမင်၏အမူအရာမှာ လေးနက်နေသည်။

ဆက်တိုက်ဖြစ်ပေါ်လာနေသည့် ပြောင်းလဲမှုများမှာ မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးကို တကယ် ဆွံ့အသွားစေသည်ပင်။

ပထမဆုံးအနေဖြင့် ထာဝရခေါင်းဖြတ်စက်မှ ရှီဟောင်ကို မသတ်နိုင်။ ယခု မသေမျိုးအော်ရာထုတ်လွှတ်နေသည့် အလင်းလုံးခြောက်လုံး ပေါ်လာနေသည်။

ရှီဟောင် ကိုယ်တိုင်ပင်လျှင် ဆွံ့အနေရသည်။ ဤအလင်းလုံးခြောက်ခုမှ သူ့ခန္ဓာကိုယ်ထဲ၌ ပုန်းခိုနေခြင်းပင်။

ဤအရာများမှာ ဘာဖြစ်သည်ကို သူသိသည်။

သူ ဂုကလန်မှ ထွက်မလာမီက မသေမျိုးသက်ရှိများ အမိန့်စာတစ်ခု ထုတ်ပြန်ခဲ့သည်။

ထိုအချိန်တွင် ထိုအမိန့်စာ တောက်ပလာကာ အလင်းအချို့ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်ပင်။

ထိုအချိန်က မသေမျိုးခြောက်ဦး အမိန့်စာကို အတူတကွ ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်ဟု ပြောကြသည်။

ဤသည်မှာ တကယ်ဟုတ်ဟန်တူသည်။ မသေမျိုးခြောက်ဦးသည် အမိန့်စာ၌ သူတို့တံဆိပ်များ ချန်ရစ်ထားကြကာ သူ့ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ခဲ့သည်။ ယခုတော့ ထိုတံဆိပ်များ ပေါ်လာလေပြီ။

ထို့နောက် ရှီဟောင် ရှန်းမင်နှင့် စန်းကျန်းတို့နှစ်ဦးလုံး အေးစက်ကာ ဆွံ့အသွားစေသည့် လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။

ရှီဟောင်သည် တစ်ခဏခန့် တွေဝေနေပြီးနောက် သူကိုယ်တိုင် ထာဝရခေါင်းဖြတ်စက်ထံသို့ ပြေးသွားကာ အရင်တိုက်ခိုက်လေ၏။ ဒါက ကိုယ်သေတွင်းကိုယ်တူးတာ မဟုတ်ဘူးလား..

သူ ကပ်ဘေးကနေ လွတ်လာတာတောင်မှ သူက သူ့အသက်ကို ဂရုမစိုက်ဘူး.. သူတို့နှစ်ဦးမှာ ဘာပြောရမှန်းပင် မသိတော့။

ရှီဟောင်၏ခန္ဓာကိုယ်ထက်၌ ချွေးတစ်လွှာထွက်ပေါ်လာသည်။ လျှပ်စီးအတိဒုက္ခကြောင့် သေမလိုဖြစ်ခဲ့သော်လည်း ထိုအရာမှာ ဤမျှပြင်းထန်ခြင်းမရှိဘူးဟု ခံစားရသည်။ ယခုတော့ သူတကယ် စိုးရိမ်နေလေပြီ။

ဤအလင်းလုံးခြောက်ခုမှာ မသေမျိုးသက်ရှိများ ပိုင်ဆိုင်သောအရာဖြစ်သောကြောင့် အလွန်အန္တရာယ်များသည်ပင်။

ထိုမသေမျိုးသက်ရှိများသည် နည်းလမ်းအချို့အသုံးပြုကာ ဤသည်မှာ တံဆိပ်အချို့သာဖြစ်ကြောင်း သူယုံကြည်အောင်လုပ်ခဲ့သည်။

ထိုတံဆိပ်များ၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များပါရှိနေသည်ကို ယနေ့မှသာ သူသိတော့သည်။ သူ ထိုခြောက်ယောက်နှင့် အလွန်ဝေးနေသရွေ့ သူတို့တစ်ချက်တွေးလိုက်ရုံနှင့် သူ့ကို သတ်နိုင်သည်။

ယခု သူ တစ်ဖက်လောမှ လွတ်မြောက်လာသောကြောင့် သူ အဆင်ပြေနေခြင်းပင်။ မဟုတ်ပါက သူ ပြဿနာကြီး တွေ့နေရပြီဖြစ်သည်။

ဖူး..

ရှီဟောင်၏ခန္ဓာကိုယ် ခါးမှ နှစ်ပိုင်းပြတ်သွားကာ သွေးများပန်းထွက်လာသည်။ သူ ထာဝရခေါင်းဖြတ်စက်၏စွမ်းအားကိုသုံးကာ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ဖြေရှင်းချင်သည်။

မဟုတ်ပါက သူ နယ်ခြားစပ်သို့ ပြန်ရောက်သည်နှင့် ထိုခြောက်ယောက် သူ၏တည်ရှိမှုကို အာရုံခံမိသွားကာ သူ့ကို သတ်ပစ်လိုက်နိုင်သည်။

သူ အလောင်းအစား လုပ်နေခြင်းပင်။ ပြန်လည်ဝင်စားခြင်းသင်္ကေတများနှင့် သူ၏ဦးခေါင်းထက်မှ ပုံရိပ်လေး သူ့အစား ဝင်ခံပေးနိုင်မလားဆိုသည်ကို သူသိချင်သည်။

ထာဝရခေါင်းဖြတ်စက်မှ သူ၏ခန္ဓာကိုယ်ထဲမှ ထိုအလင်းလုံးခြောက်လုံးကို ဖျက်ဆီးပစ်နိုင်ရန် သူမျှော်လင့်မိသည်။

သွေးများ မြစ်ကြီးကဲ့သို့ စီးဆင်းလာသည်။ ဤကဲ့သို့သော နာကျင်မှုမှာ ဖော်ပြရနိုင်ရန် ခက်ခဲလှသည်။

ထာဝရခေါင်းဖြတ်စက် လူတစ်ယောက်၏ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်လိုက်သည်နှင့် သူတို့၏မူလဝိညာဉ်များလည်း ပျက်စီးသွားမည်ကို သူမှတ်မိသည်။

ယခင်တစ်ခေါက်က သူ၏ဦးခေါင်းထက်ရှိ ပုံရိပ်လေးမှ သူ့အစား ဝင်ခံခဲ့ခြင်းပင်။ ဒီတစ်ခေါက်လည်း အဲဒီလိုမျိုး ဖြစ်နိုင်မလား..

“ဟမ်..” ရှီဟောင် ထိတ်လန့်သွားရသည်။ သူ၏မူလဝိညာဉ်အဆင်ပြေနေသလို ပုံရိပ်လေးလည်း ထွက်မလာခဲ့။

သူ့ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားသော်လည်း သူ၏မူလဝိညာဉ်မှာ အဆင်ပြေနေဆဲပင်။

ဘာဖြစ်နေတာလဲ..

ခဏကြာပြီးနောက် ရှီဟောင် နားလည်သွားလေပြီ။ ဤသည်မှာ သူ့လက်ညှိုးထဲတွင်ရှိနေသည့် နတ်အလင်းတန်းကြောင့်ပင်။ ထိုအလင်းတန်းသည် ထာဝရခေါင်းဖြတ်စက်နှင့် ပေါင်းစပ်ရန် ကြိုးစားကာ ရှီဟောင်ကို ထာဝရခေါင်းဖြတ်စက် အော်ရာပေးနေသည်။ ထို့ကြောင့် သူ၏မူလဝိညာဉ် မသေဆုံးသွားခြင်းပင်။

သို့သော် သူ၏ခန္ဓာကိုယ်ထဲမှ အလင်းလုံးခြောက်လုံးမှာ ထိုမျှကံမကောင်း။ ထာဝရခေါင်းဖြတ်စက်ကြောင့် နှင်ထုတ်ခြင်းခံလိုက်ရကာ သူ့ခန္ဓာကိုယ်မှ ကွဲလာလာသည်။

ချွမ်း..

နားကွဲလောက်သည့် ဆူညံသံထွက်ပေါ်လာ၏။ ထာဝရခေါင်းဖြတ်စက်ကြီး မြှောက်တက်လာကာ အလင်းလုံးတစ်လုံးကို ပစ်မှတ်ထားလာသည်။ ထိုအလင်းလုံးပေါ်မှ တံဆိပ်များ ပေါက်ကွဲသွားကာ ထိုအလင်းလုံးလည်း ပျက်ပြယ်သွားသည်။

ထာဝရခေါင်းဖြတ်စက်၏ ဂုဏ်သတင်းမှာ အလကားသက်သက်မဟုတ်။ သူစွမ်းအားပြလိုက်သည်နှင့် မသေမျိုးသက်ရှိများနှင့် ထာဝရသက်ရှိများပင် နှစ်ပိုင်းပြတ်သွားလိမ့်မည်။

ရှီဟောင်၏ခန္ဓာကိုယ်နှစ်ပိုင်း မြှောက်တက်လာကာ လျင်မြန်စွာ ပြန်ဆက်သွားသည်။ ထို့နောက် သူ လျှပ်စီးကန်ထဲသို့ ပြေးဝင်ကာ သူ၏ခန္ဓာကိုယ်ကို အားဖြည့်လိုက်သည်။

ခဏကြာပြီးနောက် သူကောင်းသွားလေပြီ။

ကောင်းကင်ထက်၌ လျှပ်စီးများ ပျောက်ကွယ်သွားပြီး ရှေးဟောင်းစင်မြင့်ထက်မှ ထာဝရခေါင်းဖြတ်စက်လည်း ပျောက်ကွယ်သွားလေပြီ။

ထိုခေါင်းဖြတ်စက် ပျောက်ကွယ်မသွားခင် ရှီဟောင် လှုပ်ရှားလိုက်သည်။ သူ၏လက်ညှိုးတောက်ပလာကာ ထိုအလင်းတန်းသည် ထာဝရခေါင်းဖြတ်စက်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို စုတ်ယူလိုက်သည်။

“လျှပ်စီးရေကန် .. မပြေးနဲ့..”

ရှီဟောင် အော်ဟစ်လိုက်ကာ ထိုရေကန်ကို တင်းကြပ်စွာ စုတ်ကိုင်ထားလိုက်သည်။

သို့သော်လည်း သူမအောင်မြင်လိုက်။ ချောက်နက်မှ များပြားလှသည့် စွမ်းအားလှိုင်းတစ်ခုထွက်ပေါ်လာကာ ထိုကန်ကို ပြန်ဆွဲယူသွားသည်။

“အဖိုးတန်အရည် .. သိမ်းမယ်..”

ရှီဟောင် အော်ဟစ်လိုက်ကာ အထဲဘက်မှ အရည်တစ်ဝက်ကျော်ကို သိမ်းယူလိုက်သည်။

ဒုန်း..

နောက်ဆုံးတွင် ရှီဟောင်သည် ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်ကိုပင် အုတ်ခဲတစ်ခုကဲ့သို့ လျှပ်စီးကန်ထံသို့ ပစ်ပေါက်လိုက်ကာ ကန်နံရံပေါက်အောင် လုပ်လိုက်သည်။

ခပ်ဝေးဝေး၌ရှိနေသည့် ရှန်းမင်နှင့် စန်းကျန်းတို့နှစ်ဦးလုံး ဆွံ့အသွားရသည်။ ဒီကောင်က တကယ်ကို ‘

အချိန်အတော်ကြာမှ ဤနေရာ ပြန်လည်တည်ငြိမ်သွားသည်။ လျှပ်စီးများ မရှိတော့သလို အခြားအသံများလည်း မရှိတော့။

သို့သော် မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးမှာ အနည်းငယ် စိတ်လွတ်နေဆဲပင်။ ဟွမ်က အရမ်းကို ရဲတင်းလွန်းနေတယ်မလား .. သူက ဒီလိုပုံစံနဲ့ပဲ ကျော်ဖြတ်သွားနိုင်တာလား..

“ဟူး .. ဒါက တကယ်ကို နှမြောဖို့ကောင်းတာပဲ .. ငါ ဒုတိယမြောက် လျှပ်စီးကန်ကို ရတော့မလိုပဲ .. ဒီနေရာက လျှပ်စီးချောက်နက်နဲ့ အရမ်းနီးနေတော့ ယူဖို့ပိုခက်ခဲတယ်”

ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူ အတိဒုက္ခကို ဖြတ်သန်းခဲ့သည့်အတွေ့အကြုံမှာ အလွန်ကျေနပ်စရာကောင်းလှသည်။ ယခု သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေလေပြီ။ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ကြိုက်သည့်အချိန် တက်၍ရပြီဖြစ်သည်။

သူသည် ဤမျှငယ်ငယ်လေးဖြင့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ အချိန်မရွေး ရောက်နိုင်သည့် ကျွမ်းကျင်သူကြီးဖြစ်နေလပြီ။

“ကျွန်မတို့သွားကြမယ်..” ရှန်းမင် ဆော်ဩလိုက်သည်။ သူမ ဆည်ကြီးကိုကြည့်ပြီးနောက် ကန္တာရကိုလည်းကြည့်လိုက်သည်။ ထို့နောက် ခပ်ဝေးဝေးရှိ လျှပ်စီးချောက်နက်ကိုလည်း ကြည့်လိုက်၏။ ဤအရာအားလုံးမှာ သူမကို မကောင်းသည့်ခံစားချက်များ ပေးနေသည်။ သူမ တတ်နိုင်သမျှ ဤနေရာမှ မြန်မြန်ထွက်သွားချင်သည်။

ဤရှေးဟောင်းအစီအရင် သူတို့ကို မည်သည့်နေရာသို့ ခေါ်သွားမည်ကို သူမ,မသိ။

အပိုင်း ၁၈၂၂ ပြီး၏။
Chapter – 1823 ဒဏ္ဍာရီလာမြို့

မြေပြင်၌ ကျန်နေခဲ့သည့် လှိုင်းတွန့်လေးများ၊ ရိုးရှင်းသည့်ဆွဲကြောင်းများဖြင့် ရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ဖြစ်နေခြင်းပင်။

ဤသတင်းသာ ပေါက်ကြားသွားလျှင် ဤသည်မှာ သေချာပေါက် ရယ်စရာတစ်ခု ဖြစ်နေလိမ့်မည်။ နတ်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ယဇ်ပုလ္လင်တစ်ခုမဟုတ်သလို အဖိုးတန်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် မှော်အစီအရင်တစ်ခုလည်းမဟုတ်ပဲ ရိုးရှင်းသည့်လှိုင်းအချို့က ရွှေ့ပြောင်းခြင်းစွမ်းအား ရှီနေသည်လား..

ဤပုံကိုမြင်သည့်သူတိုင်း ဤသည်မှာ ကလေးတစ်ယောက် လျှောက်ဆွဲထားခြင်းဖြစ်သည်ဟုသာ ထင်လိမ့်မည်။

သို့သော် ယခုတော့ ထိုပုံလေးမှာ အလွန်တောက်ပနေကာ အလွန်နတ်ဆန်လှသည်။ သူတိုသုံးယောက် မှော်စွမ်းအားများ ထည့်လိုက်သည်နှင့် ခြောက်သွေ့နေသည့်မြေကြီးမှ စွမ်းအားများ ထွက်ပေါ်လာသလို ဂိတ်တံခါးတစ်ခုလည်း ထွက်ပေါ်လာ၏။

ထို့အပြင် ကန္တာရထဲ၌ ပုံမှန်မဟုတ်သည့်မြင်ကွင်းတစ်ခုလည်း ပေါ်လာသည်။ သွေးမြူများ တစ်တန်းပြီးတစ်တန်းပေါ်လာသလို အနက်ရောင်အလင်းများစွာလည်း ထွက်ပေါ်လာသည်။

ခွပ်..

ခပ်ဝေးဝေးရှိ လျှပ်စီးချောက်နက်မှ ဆူညံသံထွက်ပေါ်လာသည်။ ဘယ်နှတန်းမှန်းပင် မသိနိုင်သည့်လျှပ်စီးကြောင်းများ ဤနေရာသို့ လွင့်စင်ပေါက်ကွဲလာသည်။

“ဒီနေရာက…” ရှန်းမင် ပို၍ မသက်မသာခံစားလာရသည်။ နောက်ဆုံးတော့ ဤအန္တရာယ်၏အရင်းအမြစ်ကို သူမ တွေ့သွားလေပြီ။

လေထဲ၌ ကြောက်စရာကောင်းသည့်အော်ရာလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

လျှပ်စီးချောက်နက်မှ ပင်လယ်လှိုင်းကဲ့သို့သောလျှပ်စီးများ ထွက်ပေါ်လာကာ ကန္တာရနှင့် ဤနေရာကို လွှမ်းခြုံသွားသည်။

ရုတ်တရက် တစ်စုံတစ်ခုကို သူတို့စဉ်းစားမိသွားသည်။ လျှပ်စီးချောက်နက်၊ ကန္တာရ၊ ဆည်ကြီးနှင့် အရာအားလုံးမှာ သူ့အကြောင်းပြချက်နှင့်သူ တည်ရှိနေခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု မှီခိုနေသည်ပင်။

ထိုအခိုက်အတန့် သူတို့ဦးရေပြားများပင် ထုံကျဉ်လာကာ မကောင်းသည့်အရာတစ်ခုခုဖြစ်လာတော့မည်ဟု ခံစားလာရသည်။

“သွား..”

ဂိတ်တံခါးကြီးမှာ ပွင့်နေပြီဖြစ်သည်။ သူတို့ ဤနေရာ၌ ထပ်မနေရဲတော့ပဲ ထိုဂိတ်တံခါးထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ဖုန်း..

ထိုအလင်းဂိတ်တံခါးပိတ်သွားသည်နှင့် ထုရိုက်မိသည့်အသံကျယ်ကြီးကို ကြားလိုက်ရသည်။ ထိုဂိတ်တံခါးပျက်စီးသွားလေပြီ.

သို့သော် သူတို့ ထိုနေရာမှ ထွက်လာပြီဖြစ်ပြီး မသိသည့်နေရာတစ်ခုသို့ ရောက်နေပြီဖြစ်သည်။

သူတို့ခြေတစ်လှမ်းနောက်ကျသွားသည်နှင့် ဒုက္ခရောက်သွားမည်ပင်။

“အဲဒါက ဘာကြီးလဲ..” ရှန်းမင် ရှုပ်ထွေးနေသည်။

အဲဒါက နိုးလာတဲ့သက်ရှိတစ်မျိုးလား၊ အစီအရင်တစ်မျိုးအသက်ဝင်လာတာလား .. ဒါမှမဟုတ် ထူးဆန်းတဲ့စွမ်းအားတစ်မျိုး အသက်ဝင်လာတာလား..

“အဲဒါက ဆည်ကြီးထဲကနေ ထွက်လာတဲ့သတ္တဝါလို့တော့ ငါ့ကို မပြောနဲ့နော်..”

“အဲဒီနေရာမှာ အိပ်ပျော်နေတဲ့ ထာဝရသက်ရှိအစစ်တွေ ဒါမှမဟုတ် သက်ရှည်သက်ရှိတွေ ရှိနေတာများလား..

သူတို့ မေးခွန်းအပြည့်ဖြင့် ထိုနေရာမှ ထွက်လာလိုက်သည်။

ရှေ့ဆက်လျှောက်ရမည့်လမ်းမှာ မသိခြင်းများစွာဖြင့်ပင် ဖြစ်သောကြောင့် သူတို့လက်လွတ်စပယ်မလုပ်ရဲကြ။ အဘယ်ကြောင့်ဆိုသော် သူတို့ ရွှေ့ပြောင်းခြင်းအစီအရင်များကို သုံးခဲ့ကြသော်လည်း သူတို့ အိမ်ပြန်မည့်လမ်းကို ရှာမတွေ့နိုင်သေး။

“ငါတို့ အိမ်ပြန်နိုင်မှာ..” ရှီဟောင်ပြောလိုက်သည်။ မိုးမခနတ်ဘုရားညွှန်သည့်လမ်းကို သူယုံကြည်သည်။ ဤသည်မှာ သေချာပေါက် အန္တရာယ်များမည့်နေရာမဟုတ်။

သူတို့အရှေ့ဘက်၌ နံနက်ခင်းရောင်ခြည်များ တောက်ပနေသည်။

ထို့အပြင် သူတို့ကို အသက်ရှူရခက်ခဲစေသည့် စွမ်းအားတစ်မျိုးလည်း ပျံ့နှံ့နေသည်။ ထိုစွမ်းအားသည် ဂုဏ်သိက္ခာကြီးမားလှသလို သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်မျိုးလည်း ထုတ်လွှတ်နေသည်။

မြင်ကွင်းမှာ တစ်ဖြည်းဖြည်းပို၍ ရှင်းလင်းလာသည်။

လမ်းကြောင်းမှ ထွက်လာပြီးနောက် သူတို့ပန်းတိုင်သို့ ရောက်ရှိလာသည်။

မြို့တစ်မြို့..

ဒါက ဘယ်နေရာလဲ..

ဤနေရာမှာ အလွန်ခေါင်တီးလှပြီး သက်ရှိ၏အရိပ်အယောင်ကို မမြင်ရ။ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။

အေးစက်ကာ လှုပ်ရှားမှုကင်းမဲ့နေသည့်မြို့ကြီးတစ်မြို့ အလွန်အထီးကျန်စွာ သူတို့ရှေ့၌ ရှိနေသည်။ အဝေးကြီးမှနေ၍ပင်လျှင် စစ်ပွဲမီးတောက်များမှ ကျန်ရစ်ခဲ့သည့် အကြွင်းအကျန်များကို ခံစား၍ ရနိုင်သည်။

ဤနေရာသို့ ရောက်လာသည်နှင့် သူမကိုယ်သူမ မထိန်းချုပ်နိုင်လောက်အောင် ရှန်းမင် တုန်ယင်လာသည်။

စန်းကျန်းလည်း ထိတ်လန့်သွားကာ ဦးရေပြားများ ထုံကျဉ်လာ၏။ ကြီးမားလှသည့်ဖိအားကို ခံစားနေရသလို တင်းကြပ်သည့်အော်ရာတစ်ခုကိုလည်း ခံစားနေရသည်။ သူ့စိတ်ထဲ ကြောက်လန့်လာကာ ခန္ဓာကိုယ်လည်း ထိန်းချုပ်၍မရနိုင်စွာ တုန်လှုပ်လာသည်။

သူတို့ ဤနေရာ၏ ပုံမှန်ဖြစ်မနေသည့်အရာများကို အာရုံခံစားမိနေသည်။ ဤသည်မှာ အလောင်းပေါင်း သန်းပေါင်းများစွာ ရှိနေသည့်စစ်မြေပြင်ပင်။

သူတို့ခြေထောက်အောက်ရှိ မြေပြင်မှာ မြေကြီးအစစ်မဟုတ်တော့။ အလောင်းများမှ ဖြစ်လာသည့်မြေကြီးများသာ။ အနီရောင်နေရာများမှာ သွေးများဖြစ်ပြီး ဖြူနေသည့်နေရာမှာ ပျက်စီးနေသည့်အရိုးများပင်။

ထို့အပြင်သေဆုံးခဲ့သည့်သတ္တဝါများမှာ အလွန်စွမ်းအားကြီးသည့်သူများပင်။ ဤနေရာတွင် ပြိုင်ဘက်ကင်သည့်ပုဂ္ဂိုလ်အချို့ကို သေချာပေါက် မြှုပ်နှံထားမည်ပင်။

ရှီဟောင်လည်း တုန်ခါနေသည်ပင်။ သို့သော် ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ပဲ သူ၏သွေးများ ဆူပွက်လာခြင်းပင်။ သူ အော်ဟစ်ပစ်လိုက်ချင်သည့်စိတ်ကို ထိန်းချုပ်နေရသည်။

ထိုအချိန်တွင် သူ၏မျက်ခုံးကြားမှ တောက်ပလာကာ အလွန်ရှေးကျသည့်သင်္ကေတပေါ်လာသည်။ ထိုသင်္ကေတမှ အလင်းတောက်ပလာကာ ကောင်းကင်ထက်မှ တိမ်များကိုပင် ပြိုကွဲသွားစေသည်။

အပြစ်သားသွေးမျိုးဆက်များ ကြွတက်လာခြင်းပင်။

ဤနေရာတွင် ကျောက်တုံးကလန်နှင့်သက်ဆိုင်သည့် သွေးများ ဆူပွက်လောင်ကျွမ်းလာပြီး သူ၏နဖူးထက်၌ ကလန်မှပိုင်ဆိုင်သည့်သင်္ကေတ ထွက်ပေါ်လာသည်။ ထိုသင်္ကေတသည် စာလုံးတစ်လုံးနှင့်တူနေသည်ပင်။

ရှီဟောင်၏နဖူးအလယ်မှာ နေလုံးတစ်လုံးကဲ့သို့ပင်။ သူခေါင်းမော့လိုက်သည်နှင့် ထိုနေရာမှ အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ကြီးကို ခွဲထွက်သွားသည်။

ရှန်းမင်နှင့် စန်းကျန်းတို့မှာ ရှီဟောင်ကို ကြည့်ပြီး ဆွံ့အနေကြသည်။

ဤမြေကြီးအောက်၌ စွမ်းအားကြီးသည့် သတ္တဝါများစွာကို မြှုပ်နှံထားသည့်အချိန်တွင် ရှီဟောင်ထံ၌ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးရှိနေသောကြောင့် သူတို့အလွန်ထိတ်လန့်နေကြရသည်။

ဒါက ဘယ်လိုနေရာမျိုးလဲ ..

သူတို့မြို့နှင့် အနည်းငယ် ဝေးနေသေးသည်။ သို့သော် သူတို့ကြား၌ ရှိနေသည့်စစ်မြေပြင်မှာ သူတို့ခန္ဓာကိုယ်ကို တောင့်ခဲနေစေပြီဖြစ်သည်။

အချိန်အတော်ကြာမှသာ သူတို့တစ်ဖြည်းဖြည်းချင်း တည်ငြိမ်လာကြသည်။

သို့သော် ရှီဟောင်နဖူးထက်ရှိ တောက်ပနေသည့်သင်္ကေတများ ပျောက်ကွယ်မသွားသေး။ ထိုသင်္ကေတသည် နတ်မီးတောက်တစ်ခုကဲ့သို့ ကောင်းကင်ကို လောင်ကျွမ်းနေသည်။

သူတို့ဘေးပတ်လည်ကို လေ့လာကြည့်လိုက်သည်။ ဤနေရာမှာ ကျယ်ပြန့်လှသော်လည်း အကန့်အသတ်ရှိသည်ကို သူတို့ခံစားရသည်။ ဤသည်မှာ အကန့်အသတ်မဲ့မဟုတ်။ ဤမြို့မှာ ဤမြေ၏ အလယ်၌ ရှိနေသည်ပင်။

သူတို့မြို့ကြီးထံသို့ ဦးတည်မသွားပဲ အစွန်အဖျားထံသို့သာ ဦးတည်သွားလိုက်သည်။

မြေပြင်ထက်၌ အကြွင်းအကျန်များစွာရှိနေဆဲပင်။ အချို့မှာ အရိုးစုများ ဖြစ်နေသော်လည်း အချို့မှာ အသွေးအသားနှင့်သွေးများ ရှိနေဆဲပင်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း ထိုအရာများမှာ ပျက်စီးမသွားသေး။ အခြေအနေကောင်းနေသေးသည်။

သေချာပါသည်။ ဤနေရာမှာ အဆုံးသတ်ရှိသည်ပင်။ အစွန်အဖျား၌ ဤနေရာ၌ ဝန်းရံထားသည့် အလင်းပြင်ရှိနေသည်။ ထိုအလင်းပြင်ကို ဖောက်ထွက်၍မရ။

အမ်..

စန်းကျန်း ထိတ်လန့်သွားရ၏။ ပုံမှန်မဟုတ်သည့်အရာတစ်ချို့ကို သူမြင်လိုက်ရသည်ပင်။

အဘယ်ကြောင့်ဆိုသော် အလင်းပြင်မှာ အနည်းငယ် ဖောက်ထွင်းမြင်နေရသောကြောင့် အပြင်ဘက်မှ မြင်ကွင်းအချို့ကို သူမြင်နေရ၏။ သူတို့ ကောင်းကင်ထက်၌ မြှောက်တက်နေခြင်းပင်။

အောက်ဘက်မှာ ရွှေရောင်သဲပွင့်များ တောက်ပနေသည့် ကန္တာရကြီးပင်။ ထိုကန္တာရထက်၌လည်း အရိုးခြောက်နှင့် အခြားအရာများ ရှိနေသည်။

ထို့အပြင် အရှေ့ဘက်၌ ကောင်းကင်ထိပင် ထိနေသည့်ဂိတ်တံခါးတစ်ခုကို တွေ့လိုက်ရသည်။ ဤဂိတ်တံခါးမှာ နယ်ခြားစပ်၏ တစ်ဖက်ကို ကာကွယ်ပေးနေသည်ပင်။

“အင်ပါယာဂိတ်လား…” ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။ သူ အင်ပါယာဂိတ်ကို မြင်နေရတယ် .. ဒါက ဘယ်နေရာလဲ..

သူတို့ ဘယ်ရောက်နေတာလဲ .. အင်ပါယာဂိတ်အပြင်ဘက် လေထဲမှာလား..

ခဏကြာပြီးနောက် ရှီဟောင် တစ်စုံတစ်ခုကို ပြန်မှတ်မိသွားကာ သူ၏အသက်ရှူသံများ မြန်ဆန်လာသည်။ ထို့နောက် သူ ထိုထူးဆန်းကာ အထီးကျန်နေသည့် ရှေးဟောင်းမြို့ကြီးကို ပြန်ကြည့်လိုက်သည်။

“ဒါက .. အဲဒီဒဏ္ဍာရီလာမြို့လား..” ရှန်းမင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ရှီဟောင် အင်ပါယာဂိတ်ကို မကြည့်တော့။ ထိုအစား လေထဲ၌ မျောလွင့်နေသည့် ရှေးဟောင်းမြို့ကြီးကိုသာ စိုက်ကြည့်လိုက်သည်။

“နယ်ခြားစပ်က ဘုရင်ခုနှစ်ယောက် .. သူတို့ကာကွယ်ခဲ့တဲ့မြို့..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဤနေရာသို့ ရောက်လာပြီးနောက် သူ၏ခန္ဓာကိုယ် အဘယ်ကြောင့် ဤကဲ့သို့ တုံ့ပြန်လာသည်ကို သူသိလိုက်ရလေပြီ။

ဤနေရာမှာ သူ၏ကလန်သားများ ရှိနေခဲ့သည့်နေရာပင်။ သူ၏ဘိုးဘေးများ ဤနေရာ၌ သွေးသံတရဲရဲတိုက်ခိုက်ကာ နယ်ခြားစပ်ကို ကာကွယ်ခဲ့သည်။ သူတို့၏သွေးများကောင်းကင်ထိ လွင့်စင်ခဲ့သည်။

ယခင်က သူ ထာဝရရှေးဟောင်းခေတ်မှနယ်မြေအကြွင်းအကျန်တွင်ကျင်းပခဲ့သည့် စီရင်စုသုံးထောင်ကြားမှ တိုက်ပွဲကြီးတွင် သူ သွေးလွှမ်းနေသည့် အနက်ရောင်ရှေးဟောင်းတစ်စင်းထဲသို့ အမှတ်မထင် ရောက်သွားခဲ့သေးသည်။ ထိုနေရာ၌ ဘုရင်တစ်ပါး၏အလောင်း ရှိနေသည်ပင်။

ထိုသင်္ဘောပေါ်ရှိ ယဇ်ပုလ္လင်မှတစ်ဆင့် နယ်ခြားစပ်၏ ကံဆိုးမှုအချို့ကို သူသိခဲ့ရသည်။ နယ်ခြားစပ်ကို ကာကွယ်ရန်အတွက် သူတို့ကလန်သားများကို ခေါ်ဆောင်သွားခဲ့သည့် ဘုရင် ၇ ပါးရှိခဲ့သည်ကို သူသိခဲ့ရသည်။

ထိုဘုရင် ၇ ပါးနောက်မှ ကလန်သားများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့သည်ကို သူတွေ့ခဲ့ရသည်။ အချိန်ကြာလာလေလေ သေဆုံးသွားသည့်သူများ ပိုများလာလေလေပင်။ နောက်ဆုံးတွင် အားနည်းသည့်အကြီးအကဲများနှင့် အရွယ်မရောက်သေးသည့် ကလေးများပင် ထိုမြို့ထဲသို့ ဝင်သွားခဲ့ရသည်။ ရန်သူ၏စစ်တပ်ကြီးကို ရင်ဆိုင်ရန်၊ မြို့ကို ကာကွယ်ရန်အတွက် သူတို့အသက်ကို စွန့်လွှတ်ခဲ့ကြသည်။

နောက်ဆုံးတွင် ဘုရင် ၇ ပါးထဲမှ ကျဆုံးသွားကြသည်။ သူတို့ကလန်သားများ ဘယ်နှယောက်သာ ကျန်ရှိခဲ့သည်ကိုပင် မသိနိုင်တော့။

ထိုဘုရင် ၇ ပါး ကာကွယ်ခဲ့သည့်မြို့မှာ အင်ပါယာဂိတ်ဖြစ်လိမ့်မည်ဟု ရှီဟောင် အမြဲတမ်း ထင်နေခဲ့ခြင်းပင်။

သို့သော် အင်ပါယာဂိတ်ထဲသို့ သူကိုယ်တိုင် ရောက်လာသည့်အချိန်တွင်မှ ထိုသို့မဟုတ်မှန်းသူသိခဲ့ရသည်။ ပိုဝေးသည့်နေရာ၌ အခြားမြို့တစ်မြို့ ရှိနေသည်။

သို့သော် ဤနှစ်များတွင် ထိုမြို့တစ်ခါမှ ပေါ်မလာခဲ့။

ထိုမြို့ပျက်စီးသွားပြီဟု ထင်နေကြသည်။

သို့သော် ယခုတော့ သူကိုယ်တိုင် တွေ့နေရသည့်အပြင် ဤနေရာသို့ပင် ရောက်နေလေပြီ။

ရှီဟောင် မြို့ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူ ဤမြို့ထဲသို့ ဝင်ချင်သည်။

အတိအကျပြောရလျှင် ဤသည်မှာ မျောနေသည့်ကျွန်းကြီးပင်။ ဤနေရာကို အကန့်အသတ်မရှိသည့် တိုက်ကြီးဟု သတ်မှတ်၍မရနိုင်သော်လည်း အလွန်ကျယ်ပြောလှသည်ပင်။ စစ်မြေပြင်တစ်ခုဖြစ်ရန် မြို့ကြီးတစ်မြို့ တည်ဆောက်ရန် လုံလောက်သည်။

သို့သော် ဤမြို့သည် အင်ပါယာဂိတ်နှင့်ယှဉ်လျှင် အလွန်သေးငယ်လှသည်။ ဤမြို့သည် ကြီးမားလှသော်လည်း သာမန်အရွယ်အစားပင်။ ကြယ်များဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ သာမန်ကျောက်များဖြင့် ပြုလုပ်ထားခြင်းပင်။

အကြောင်းပြချက်တစ်ချို့ကြောင့် ရှီဟောင် ဤမြို့ကို ကြည့်လိုက်သည့်အချိန် ပို၍ သန်မာကာ စွမ်းအားကြီးလာသည်ဟု ခံစားလိုက်ရသည်။

ဤသည်မှာ အရွယ်အစားကြောင့်မဟုတ်။ ဤမြို့၌ ဝိညာဉ်တစ်ခု ရှိနေသကဲ့သို့ပင်။ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ ပြောင်းလဲမှုများကို မှတ်တမ်းတင်ထားသကဲ့သို့ပင်။ သူကိုယ်တိုင်ကပင် မပျက်စီးနိုင်သည့်အရာဖြစ်နေသည်ပင်။ တိုက်ပွဲပေါင်းများစွာကို တွေ့ကြုံခဲ့သော်လည်း ဤမြို့သည် ပျက်စီးမသွားခဲ့။ ဤနေရာ၌ မားမားမတ်မတ် ရှိနေဆဲပင်။

“ဒဏ္ဍာရီလာမြို့ .. အင်ပါယာဂိတ်အစစ်..” ထိုအချိန်တွင် ရှန်းမင် ထိုသို့ပြောလိုက်သည်။

ထို့နောက် သူတို့ ရှီဟောင်မျက်ခုံးကြား နေရာကိုကြည့်လိုက်သည်။

“ပြိုင်ဘက်ကင်းလောက်အောင် ပါဝင်အားဖြည့်ခဲ့တဲ့ ကလန်၊ သူတို့ရဲ့ခန္ဓာကိုယ်မှာ ခမ်းနားတဲ့သွေးတွေ စီးဆင်းနေတဲ့ကလန် .. မပျက်စီးနိုင်တဲ့တံဆိပ်” ရှီဟောင် နဖူးထက်မှ သင်္ကေတကို ရှန်းမင် ဤကဲ့သို့ မှတ်ချက်ပေးလိုက်သည်။

ရှီဟောင်၏ခန္ဓာကိုယ် တုန်ယင်လာသည်။ အပြစ်သားရဲ့သွေးတွေ လို့ခေါ်တဲ့သွေး၊ သူ့နဖူးမှာရှိတဲ့ အနှိမ်ခံရတဲ့သင်္ကေတ နောက်ကွယ်မှာ ဒီလိုအမှန်တရားမျိုး ရှိနေတာလား.. မသေသေးတဲ့စစ်သူရဲတွေက ဒီအကြောင်းကို သိနေတယ်..

အပိုင်း ၁၈၂၃ ပြီး၏။
Chapter – 1824 အတိတ်၏ တောက်ပမှု

အမြဲတမ်းကြောက်နေခဲ့ရပြီး သံသယဝင်ခံရကာ အခြားကလန်များ၏ အထင်သေးခြင်းကို ခံခဲ့ရသည့်သူများ၊ သူတို့ထံ၌ စီးဆင်းနေသည့်သွေးများကို အပြစ်သား၏သွေးများဖြစ်သည်ဟုပင် စွပ်စွဲခံခဲ့ရသည့်သူများ။ သူတို့၏မကောင်းမှုများကို မသေသေးသည်စစ်သူရဲနှစ်ဦးမှ ချေဖျက်ပစ်လိုက်လေပြီ။ အမှန်တရားကိုသိလိုက်ပြီးနောက် ရှီဟောင်၏အမူအရာ ရှုပ်ထွေးသွားလာသည်။

သူ၏နဖူးတောက်ပနေကာ သူသည် ထိုမြို့ထံသို့ ခိုင်မြဲစွာ သွားနေလေ၏။

“ဘာဖြစ်ခဲ့တာလဲ .. ကျေးဇူးပြုပြီး ငါ့ကို အားလုံး ပြောပြပေးပါ..” ရှီဟောင် ပြောလိုက်သည်။ ဤသည်မှာ အင်ပါယာဂိတ်မှ ကလန်အချို့၏ ကံတရားနှင့် ဆက်စပ်နေသည်ပင်။

“ဒီမြို့ကြီး ရှိနေခဲ့ကာ ခေတ်တစ်ခေတ် မကတော့ဘူး .. ဒါက အရင်တုန်းက အင်ပါယာဂိတ်အစစ်..” စန်းကျန်း ချက်ချင်းပြောလိုက်သည်။

သူပြောသည့် အချိန်အတိုင်းအတာမှာ သာမန်လူများ ပြောသည့်အချိန်အတိုင်းအတာနှင့်မတူ။ အဘယ်ကြောင့်ဆိုသော် မသေသေးသည့်စစ်သူရဲများသည် အချိန်အတော်ကြာအောင် အိပ်စက်ကြသောကြောင့် သူတို့ပြောသည့်အချိန်ယူနစ်မှာ ခေတ်တစ်ဝက်ပင်။

ထို့နောက် သူအချို့အရာများကို စတင်ပြောပြလာသည်။

ယခင်က ဤမြို့မှာ အင်ပါယာဂိတ်အစစ်ပင်။ တစ်နှစ်ပတ်လုံး တိုက်ခိုက်နေခြင်းဖြစ်သောကြောင့် ဤမြို့ကြီးပျက်စီးလာသည်။ စစ်တပ်များဖြင့် ဝိုင်းခံနေရသည့်အပြင် ပြိုင်ဘက်ကင်းသည့်အစီအရင်များဖြင့်လည်း ပိတ်မိနေသည်သာ။

အထူးသဖြင့် ခေတ်တစ်ခေတ်တွင် ထိုအစီအရင်များ ကောင်းကင်ထက်ထိပင် ရောက်သွား၏။ ဤမြို့ကြီးသည် ပိတ်မိသွားကာ အပြင်လောကနှင့် အဆက်အသွယ် ပြတ်သွားသည်ပင်။

နှစ်ပေါင်းများစွာ မားမားမတ်မတ်ရပ်တည်နေခဲ့သည့် ဧကရာဇ်မြို့မှာ ထို့ကြောင့်စွန့်ပစ်ခံခဲ့ရသည်။ ထိုမြို့သည် အရှေ့်ဘက်၌ တားဆီးနေသည့် ခံတပ်တစ်ပွဲဖြစ်လာသည်။

ထိုအချိန်တွင် အနောက်ဘက်မှသက်ရှိများ မြို့အသစ်တစ်မြို့ကို တည်ထောင်လိုက်ကြ၏။

ရှီဟောင် ဘာမှဝင်မပြောပဲ တိတ်တဆိတ်သာ နားထောင်နေလိုက်သည်။

မသေသေးသည့်စစ်သူရဲများသည် နိုးထလာသည့်အချိန်၌သာ တိုက်ပွဲအခြေအနေကို အာရုံစိုက်နိုင်ခြင်းဖြစ်သောကြောင့် သူတို့လည်းအမှန်တရားအားလုံးကို နားမလည်။

“မူလ အင်ပါယာဂိတ်က စွမ်းအားကြီးတယ် .. သူ့ရဲ့အရွယ်အစားက ကောင်းကင်ထိရောက်အောင် မိုးထိုးနေတဲ့ ဧကရာဇ်မြို့အသစ်ကို မယှဉ်နိုင်ပေမယ့် သူ့ရဲ့မာကျောမှုနဲ့ခွန်အားက မြို့သစ်ထက်သာတယ် .. သူက အရင်တုန်းက ထာဝရသက်ရှိနဲ့မသေမျိုးသက်ရှိတွေရဲ့ သွေးနဲ့ ဖုံးလွှမ်းခံခဲ့ရတယ် .. မသေမျိုးဘုရင်တွေ မြို့ရိုးပေါ်မှာ ကျဆုံးသွားပြီး ထာဝရဘုရင်တွေလည်း မြို့ထဲမှာ သေခဲ့ရတယ်..” ရှန်းမင် သမိုင်း၏ ထိတ်လန့်စရာကောင်းသည့် အစိတ်အပိုင်းများကို ပြောပြလာသည်။

ဒဏ္ဍာရီအရ အတောက်ပဆုံး အခမ်းနားဆုံးအချိန်တွင် ဧကရာဇ်မြို့မှာ နတ်အလင်းများ တောက်ပနေကာ ထာဝရနယ်မြေများမှ သူရဲကောင်းများလည်း မကြာခဏ လာရောက်လည်ပတ်ကြသည်။

ရှေးယခင် အချိန်တစ်ခုတွင် ပြိုင်ဘက်ကင်းသည့်စွမ်းဆောင်ရည်ရှိသည့် သူများကို ဘုရင်ဘွဲ့ပေးအပ်သည့်အခမ်းအနားများ ရှိခဲ့သည်။

ကလန်ခေါင်းဆောင်တစ်ဦး ဖြစ်နေသရွေ့ ဘုရင်ဘွဲ့ရရှိမည်ပင်။

ယခင် ဇာမဏီငှက်ဘုရင်၊ လူသားဘုရင်၊ နဂါးဘုရင် စသည်ဖြင့် ရှိကြသည်ပင်။

ဤသည်ကို ကြားသည်နှင့် ရှီဟောင်စိတ်ထဲ တုန်လှုပ်သွားရသည်။ သူ အဆင့်နိမ့်နယ်မြေ၌ ရှိနေစဉ်က မီးကလန်မှ ဟော့လင်းအာ၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသည့်သွေးများမှာ ဇာမဏီငှက်သွေးမျိုးဆက်ဖြစ်လိမ့်မည်ဟု ထင်ထားခြင်းပင်။ သို့သော်ယခုတော့ သူတို့သည် ပိုရှေးကျကာ သူတို့ထံမှ ဇာမဏီငှက်အစစ်၏သွေးများစီးဆင်းနေသည်ထင်သည်။

“ပြီးတော့ လူသားဘုရင်က တစ်ယောက်တည်းမကဘူး .. မျိုးရိုးနာမည်သုံးခုရှိတယ် .. ဒါပေမဲ့ သူတို့ကလန်တွေက အခုတော့ ပျက်စီးသွားလောက်ပြီ” ရှန်းမင် ပြောလိုက်သည်။

သူမ ပြောသည့်အတိုင်းဆိုလျှင် နယ်ခြားစပ်မှ ဘုရင်များမှာ ၇ ယောက်မက။

“ဒါက မူလအင်ပါယာဂိတ်ရဲ့ ခမ်းနားတဲ့အပိုင်းအခြားပဲ..” စန်းကျန်း သက်ပြင်းချ၍ ပြောလိုက်သည်။

သူတို့အလွန်ခမ်းနားခဲ့သောကြောင့်လည်း မသေသေးသည့်စစ်သူရဲများ အာရုံခံမိသွားကာ သူတို့၏သင်္ချိုင်းစာအုပ်များထဲ၌ တိတ်တဆိတ် မှတ်တမ်းတင်ခဲ့ခြင်းပင်။

ထိုအချိန်က ထာဝရနယ်မြေမှ ထူးချွန်သည့်သူများကို အင်ပါယာဂိတ်ကို လာလည်ချင်ကြသည်။ ဤသည်မှာ ထိုမြို့ကြီး မည်မျှခမ်းနားခဲ့သည်ကို သက်သေပြနေခြင်းပင်။

ရှီဟောင် ဆွံ့အနေရ၏။ သူတို့နှစ်ဦး ပြောနေသည့်အချိန်မှာ သေချာပေါက် အလွန်ရှေးကျမည်ပင်။ ယခင်က ဘုရင်များစွာရှိသော်လည်း နောက်ပိုင်း ၇ ယောက်သာ ကျန်တော့သည်။

ဘုရင် ၇ ပါးသာ ကျန်တော့သည်ဆိုသည်မှာ မြို့၌ ကလန် ၇ ခုသာ ကျန်ခဲ့တော့သည်ဟု ဆိုလိုခြင်းဖြစ်သည်ကို သူသိသည်။

“အရင်တုန်းက ဘုရင်ဆိုတဲ့ဘွဲ့က ကလန်အားလုံးက ကောင်းချီးပေးတဲ့ အသိအမှတ်ပြုမှုတစ်ခုပဲ .. အဲဒါကြောင့် အဲဒီလိုတံဆိပ်မျိုးက ခမ်းနားမှုတစ်မျိုးပဲ..”

စန်းကျန်း ပြောသည့်အတိုင်းဆိုလျှင် ဘုရင်များတွင် နတ်စွမ်းရည်များရှိပြီး ကလန်အားလုံးထံမှ ကောင်းချီးများ ရရှိခဲ့သည်။ ထို့ကြောင့် သူတို့ ပို၍စွမ်းအားကြီးလာကာ သူတို့၏ခမ်းနားမှုများ အရိုးနှင့်ပေါင်းစည်းသွားကာ သင်္ကေတများ ဖြစ်ပေါ်လာသည်။

“မင်း ပြောချင်တာက ဒီသင်္ကေတတွေက ကောင်းကင်အောက်က ကလန်အားလုံး ကောင်းချီးပေးထားတဲ့ ခမ်းနားတဲ့သင်္ကေတတွေပေါ့..” ရှီဟောင် ထိတ်လန့်သွားရသည်။

“ဟုတ်တယ် … အရင်တုန်းက ဒါက ခမ်းနားတဲ့ပွဲတော်တစ်ခုပဲ .. သင်္ချိုင်းဘုရင်တွေတောင် လန့်တယ် .. သင်္ချိုင်းစာအုပ်တွေထဲမှာ မှတ်ထားတာရှိတယ် .. သင်္ချိုင်းဘုရင်ကိုယ်တိုင် မှတ်တမ်းတင်ခဲ့တာ” စန်းကျန်း ခေါင်းညိမ့်လိုက်သည်။

ဤသင်္ကေတများမှာ ကောင်းချီးတစ်မျိုးဖြစ်ပြီး တိုင်းတာ၍မရနိုင်သည့် နတ်စွမ်းရည်များပါဝင်သည်။ ဤသင်္ကေတများကို အပြည့်အဝ အသက်သွင်းလိုက်သည်နှင့် ကလန်မှ လူများကို ကာကွယ်နိုင်သည်။

ထို့အပြင် ထိုသင်္ကေတများထဲ၌ အခြားအမွေများနှင့် ပြိုင်ဘက်ကင်းသည့်နတ်စွမ်းရည်များ ပါဝင်သည်ပင်။

ဤသည်မှာ အရေးအကြီးဆုံးအပိုင်းပင်။ ဘုရင်ဘွဲ့ထူးမှ ဖြစ်ပေါ်လာသည့်တံဆိပ်တွင် ကလန်၏ နတ်ရတနာများ၊ အဆင့်အမြင့်ဆုံးပညာများ ပါဝင်နေသည်ပင်။

ရှီဟောင် တစ်ခဏခန့် စဉ်းစားပြီးနောက် အချို့အရာများကို အမှတ်ရလာမိသည်။ သူ့ရဲ့အဆင့်လွန်အရိုးတွေနဲ့ ရှီယီရဲ့ နှစ်ထပ်မျက်လုံးက သူတို့ကလန်ရဲ့ နတ်စွမ်းရည်တွေလား..

မဟုတ်လျှင် ကလေးတစ်ယောက်၏ခန္ဓာကိုယ်မှ ဘယ်လိုလုပ် ထူးခြားသည့်ပညာများ ထွက်ပေါ်လာမည်နည်း..

“အဲဒီဘုရင် ၇ ပါး .. သူတို့တွေက ဘယ်လောက်တောင် ရှေးကျတာလဲ .. သူတို့တွေက တကယ်ပဲ အဲဒီလောက်ထိ အသက်ရှင်နိုင်တာလား..” ရှီဟောင် သံသယဝင်လာ၏။

သို့သော် ရှန်းမင်ပြောလိုက်သည့်စကားများမှာ သူ့ကို တစ်ခုခုနားလည်သွားစေသည်။

“မူလဘုရင်တွေက သေသွားတာ ကြာလှပြီ .. သူတို့ရဲ့ နတ်အသိစိတ်တွေ ပျက်စီးသွားတဲ့အထိ သူတို့တိုက်ခိုက်ခဲ့ကြတာ .. ဘာလို့လဲဆိုတော့ ဒီရှေးဟောင်းမြို့က အရင်တုန်းက အဖမ်းခံလိုက်ရပြီးတော့ ဒီမှာနေတဲ့သူတွေအကုန်လုံးလည်း အသတ်ခံခဲ့ရတယ် .. အဲဒါကြောင့်မို့လို့ ထာဝရနယ်မြေက ဒီနေရာနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်တာ .. နောက်ပိုင်းဘုရင်တွေက သူတို့ရဲ့ မျိုးဆက်တွေ ဖြစ်လိမ့်မယ်”

စန်းကျန်းပြောသည့်အတိုင်းဆိုလျှင် မူလဘုရင်များနှင့် ဘုရင် ၇ ပါးမှာ အလွန်အချိန်ကွာခြားလိမ့်မည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူ ဤသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ ဤမျှမရိုးရှင်းဘူးဟု သူခံစားနေရသည်။

“ငါ အရင်က နားလည်ထားတာကပဲ မှားနေတာလား .. ယဇ်ပုလ္လင်ပေါ်မှာ ငါတို့မြင်ခဲ့တဲ့မြင်ကွင်းတွေက ဒီခေတ်က မဟုတ်ပဲနဲ့ အရင်ခတ်တွေကဟာလား..”

“ဒါမှမဟုတ် နောက်ပိုင်းမျိုးဆက်တွေမှာ စွမ်းအားကြီးတဲ့ သူရဲကောင်းခြောက်ယောက် ပေါ်ထွက်လာတာလား..”

ရှီဟောင် မသေချာ။ အင်ပါယာဂိတ်အသစ်တွင် သဲလွန်စအချို့ပေးနိုင်မည့်အရာများ ရှိနေမည်ပင်။ သို့သော် သူ အားလုံးကို ယုံကြည်၍မရ။

“ကလန်အားလုံးရဲ့ ကောင်းချီး၊ ခမ်းနားတဲ့တံဆိပ် .. ရှေးကျလွန်းသွားလို့ နောက်ပိုင်းမျိုးဆက်တွေ မေ့သွားတာလား..” ရှီဟောင် သူ့ကိုယ်သူ လှောင်ရယ်၍ ပြောလိုက်သည်။

သို့သော် ကျောက်တုံးကလန်သည် နောက်ပိုင်းတွင် ကလန်အချို့ ဒေါသထွက်စေသည့်ကိစ္စအချို့ လုပ်ခဲ့သည်ထင်သည်။ ထိုကလန်များသည် ကျောက်တုံးကလန်ကို ဆန့်ကျင်သည့်အပြင် အပြစ်သားသွေးဟူသည့်စကားများ ပေါ်လာခဲ့သည်။

သူတို့ မြို့အနားသို့ တစ်ဖြည်းဖြည်း နီးကပ်လာသည်။ မညီသာသည့်မြေပြင်၌ အကြွင်းအကျန်အချို့ ရှိနေလေ၏။ အချို့မှာ အသက်ရှိသေးလားဟု ထင်ရလောက်အောင် အသက်ဝင်လှသည်။

ရှန်းမင် ထိုအရာများကို‌ သေချာလေ့လာပြီးနောက် သူတို့အားလုံး သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ သူတို့၏မှော်စွမ်းအားများနှင့် သွေးစွမ်းအင်များ ခြောက်ခန်းသွားပြီလားဆိုသည်အထိ သူမ စစ်ဆေးခဲ့ခြင်းပင်။

သို့သော် သူတို့ ရှုပ်ထွေးနေရသည်မှာ အပြင်အခွံသည် အဘယ်ကြောင့် အကောင်းအတိုင်း ရှိနေသေးသနည်း..

“ဒါက..”

စန်းကျန်း ထိတ်လန့်သွားရသည်။ ရှေးဟောင်းမြို့နှင့် သိပ်မဝေးသည့်နေရာတစ်ခုတွင် အရိုးပုံကြီးတစ်ပုံရှိနေသည်။ ထိုအရိုးပုံကြီးသည် လောင်ကျွမ်းနေကာ အနီရောင်အလင်းဖျော့လေး ထုတ်လွှတ်နေသည်။

ထိုမီးတောက်ထဲတွင် အချို့အရိုးစုများမှာ အသားများ ရှိနေသေးသည်။ အချို့ဆိုလျှင် မျက်နှာတစ်ခြမ်း ရှိနေသေးသည်။

အနီရောင်အလင်းပတ်လည်၌ သင်္ကေတမျိုးစုံရှိနေသည်။ ဤသည်မှာ အနီရောင်အလင်းများကို ကန့်သတ်ထားသည့် ပြိုင်ဘက်ကင်း အစီအရင်များပင်။

“ဒီအစီအရင်က မသေမျိုးအဆင့်ပဲ..” ရှန်းမင် ထိတ်လန့်တကြား‌ အော်ဟစ်လိုက်သည်။

ဤသည်မှာ လွန်ခဲ့သည့်ရှေးနှစ်ပေါင်းများစွာကတည်းမှစ၍ ယခုအချိန်ထိ ဤမီးတောက်များ လောင်ကျွမ်းနေခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်။

ထို့အပြင် မီးတောက်များမှာ တစ်ခုတည်းမဟုတ်သည်ကို သူတို့တွေ့လိုက်ရသည်။

ဖျက်ဆီးသည့်အော်ရာများ စိမ့်ထွက်လာမည်စိုးသောကြောင့် ထိုမီးတောက်များကို သင်္ကေတများဖြင့် ချိတ်ပိတ်ထားသည်။

“မြို့ရိုးပေါ်မှာ .. သက်ရှိတွေ ရှိနေတယ်…”

သူတို့ နီးကပ်လာသည့်အချိန်တွင် စန်းကျန်း ဆွံ့အသွားရသည်။ ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။ ဒီလောက်နှစ်တွေ ကြာသွားတာတောင်မှ ဒီမြို့မှာ လူတွေ ရှိနေတုန်းပဲလား..

ရှီဟောင် ဆွံ့အသွားရ၏။ သူ မြို့ရိုးပေါ်သို့ မော့ကြည့်လိုက်သည့်အချိန်တွင် လူများ တကယ်ရှိနေသည်။

“သူတို့တွေက .. ကလေးတွေလား..”

အသက် ၈နှစ်၊ ၉ နှစ်မှ ၁၅၊ ၁၆ နှစ်ထိ ကလေးများ ရှိနေသည်။ သူတို့မျက်နှာများ ညစ်ပတ်နေကာ အဝတ်အစားများလည်း အလွန်စုတ်ပြတ်နေပြီဖြစ်သည်။

ဤကလေးများအပြင် လူကြီးအချို့ကိုလည်း တွေ့လိုက်ရသည်။ သူတို့သည် ပြင်းထန်စွာဒဏ်ရာရရှိထားသကဲ့သို့ အလွန်အားနည်းနေပြီး သူတို့၏အုတ်မြစ်များလည်း ထိခိုက်နေသည်။ သူတို့သည် လေးနက်စွာဖြင့်ပင် အောက်ငုံ့ကြည့်နေလေ၏။

ဤလူများကို နေမကောင်းသည့်လူအိုများဟု သတ်မှတ်၍ ရနိုင်သည်ပင်။

“ဒီလောက်နှစ်တွေ ကြာသွားတာတောင် ဒီမြို့ကနေ ထွက်မသွားပဲနဲ့ ဒီနေရာကို ကာကွယ်စောင့်ရှောက်နေတဲ့သူတွေ ရှိနေသေးတာလား..” ရှန်းမင် ထိတ်လန့်သွားရသည်။

“ဒီခေတ်မှာ သူတို့က ဘယ်သူ့ကို တိုက်ခိုက်နေကြတာလဲ..” ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။

ထိုအခိုက်အတန့် သူ တစ်ခုခုကို တွေးမိသွားသည်။ သူတို့က ကောင်းကင်ပေါ်မှာ မျောနေတာဆိုတော့ ဒါက ကောင်းကင်ချောက်နက်အပေါ်လား..

သူတို့တွေက ကောင်းကင်ချောက်နက်ကို ကာကွယ်ပြီးတော့ ဒီလမ်းကြောင်းကို စောင့်ကြည့်နေတဲ့သူတွေလား..

အင်ပါယာဂိတ်အပြင်ဘက်၊ ကန္တာရ၌ တစ်ဖက်လောကမှ မသေမျိုးသက်ရှိများနှင့် မသေမျိုးဘုရင်များကို တားဆီးနေသည့် ကောင်းကင်ချောက်နက်ရှိနေသည်ပင်။

ဤခေတ်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုမှာ အလွန်တည်ငြိမ်နေသော်လည်း ဤနေရာမှာ မတူပေ။ တစ်ဖက်လောကမှ သက်ရှိများသည် ဤနေရာကို ချိုးဖောက်ရန် အမြဲတမ်း ကြိုးစားနေကြသည်ပင်။

ဒီလူတွေ၊ ဒီနေမကောင်းတဲ့အကြီးအကဲတွေ၊ ကလေးတွေက ရှေ့တန်းကနေ ကာကွယ်နေတာလား..

“ကလန်သား…” မြို့ရိုးပေါ်မှ အကြီးအကဲအတစ်ဦး ရှီဟောင်ကို စိုက်ကြည့်လာသည်။ သူသည် ရှီဟောင်၏နဖူးထက်မှ တောက်ပနေသည့် သင်္ကေတအလင်းမီးတောက်ကို ကြည့်ကာ ခက်ခက်ခဲခဲပြောလိုက်လေ၏။

အပိုင်း ၁၈၂၄ ပြီး၏။
Chapter – 1825 အမှန်တရား

အကြီးအကဲမှ ကလန်သားဟု ပြောလိုက်သည်မှာ ရှီဟောင်ကို စိတ်ထဲ တုန်လှုပ်သွားစေသည်။

ထိုအကြီးအကဲ၏ မုတ်ဆိတ်မွေးနှင့် ဆံပင်မွေးများအားလုံး ဖြူဖွေးနေပြီး ခန္ဓာကိုယ်လည်း ခြောက်ကပ်နေကာ လက်တစ်ဖက်သာ ရှိတော့သည်။ သူ၏အဝတ်အစားများမှာ စုတ်ပြတ်နေကာ သွေးစီးကြောင်းများ ရှိနေ၏။ သူ၏မျက်နှာထက်တွင် အရေးအကြောင်းများ ပြည့်နှက်နေကာ သူ၏မျက်လုံးလည်း နောက်ကျိနေ၏။ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေလေပြီ။

ဒါက သူ့ရဲ့ကလန်သားလား .. သူက ရှေ့တန်းမှာ တစ်ချိန်လုံး တိုက်နေရတာလား..

သူတို့ဘယ်လောက်တောင် သည်းခံနေခဲ့ရမလဲ၊ သူတို့ဘယ်လောက်တောင် ခါးသီးခဲ့လိုက်ကြမလဲ .. ကလေးနဲ့အကြီးအကဲတွေတောင်မှ မြို့ရိုးပေါ်တက်ဖို့ ဖိအားပေးခံနေရတာလား .. ကျန်းမာကြံ့ခိုင်တဲ့အမျိုးသားတွေ မရှိတော့ဘူးလား.. သူတို့အားလုံး စစ်ပွဲမှာ သေသွားတာများလား..

“စီနီယာ..” ရှီဟောင် မြို့ရိုးပေါ်မှ အားနည်းသည့်စီနီယာကိုကြည်ကာ ခေါ်လိုက်သည်။

မြို့ရိုးထက်မှ ညစ်ပတ်နေသည့်မျက်နှာများနှင့် ကလေးများမှာ ၈ နှစ်၊ ၉ နှစ်ခန့်သာရှိသည်။ အကြီးဆုံးမှာ ၁၅၊ ၁၆ ခန့်သာ ရှိလိမ့်မည်။ သူတို့အားလုံး သတိကြီးကြီးဖြင့် အောက်ဘက်သို့ ကြည့်နေကြသည်။

သူတို့မျက်နှာအားလုံးမှာ ထုံထိုင်းနေကြသည်။ သူတို့၏မျက်ဝန်းအနက်ရှိုင်းဆုံးနေရာ၌သာ သိလိုစိတ်အနည်းငယ် ရှိနေသည်။

ကလေးများ ဤအခြေအနေထိ ရောက်လရန်အတွက် သူတို့ သေဆုံးမှုပေါင်း ဘယ်နှခုကို တွေ့ကြုံခဲ့ရမည်နည်း.. ဤနေရာ၌ အလွန်ဆိုးရွားသည့်တိုက်ပွဲများ သေချာပေါက် ဖြစ်ခဲ့မည်ပင်။

သူတို့၏နူးညံ့သည့်မျက်နှာလေးမှာ ငယ်ရွယ်ကာ တက်ကြွနေသင့်သော်လည်း ထုံထိုင်းနေကြသည်။ ပိုငယ်သည့်ကလေးများမှာမူ အနည်းငယ် စိုးရိမ်နေကြသည်။

မြို့ရိုးထက်မှ ထိုအကြီးအကဲ လက်ဝေ့ရမ်းပြနေသည်။ သူ့ထံ၌ လက်တစ်ဖက်သာ ရှိတော့သည်။ ကျိုးသွားသည့်လက်မှာ ပြန်ထွက်မလာနိုင်တော့။ သူ၏အသွေးအသားနှင့် သွေးကို ဝါးမြိုစားသုံးနေသည့် ကြောက်စရာကောင်းသည့် သဘာဝဥပဒေသများ ရှိနေသည်။ သူ ကလေးများကို နောက်ဆုတ်ရန် ပြောလိုက်သည်။

“မင်းက .. အပြင်ဘက်က .. ကလန်သားလား..”

သူသည် အချိန်အတော်ကြာ စကားမပြောခဲ့ရသည့်သူကဲ့သို့ အသံမှာ အက်ကွဲနေသလို မရှင်းလင်းတော့။

ရှန်းမင်နှင့်စန်းကျန်းပင် စိတ်လှုပ်ရှားသွားရသည်။ သူနောက်ဆုံးစကားပြောခဲ့တာ ဘယ်နှနှစ်တောင် ရှိသွားပြီလဲ .. ဒီလူတွေက ဘာတွေကိုများ ဖြတ်ကျော်ခဲ့ရတာလဲ .. သူတို့တွေက တစ်ချိန်လုံး ဒီနေရာကို ခါးခါးသီးသီးနဲ့ ကာကွယ်နေတာလား.. သူတို့ တိုက်ခိုက်နေတုန်းလား..

ဒါက ဘယ်လိုစိတ်စွမ်းအားမျိုးလဲ .. သူတို့ကို ဘာက ဒီလိုမျိုး တိုက်ခိုက်နေစေတာလဲ..

“မင်းက .. ထာဝရသက်ရှအစစ်မဟုတ်သေးဘူး .. မင်းဘယ်လို ဝင်လာတာလဲ..” ထိုအကြီးအကဲမေးလိုက်သည်။ သူ၏ မှုန်မှိုင်းနေသည့်မျက်လုံးများမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ သူ၏လက်တစ်ဖက်တွင် ကြေးရဲတင်းကြီးကို ကိုင်ထားသည်။

ဤစကားလုံးများမှတစ်ဆင့် ရှီဟောင် ထိတ်လန့်စရာကောင်းသည့် အကြောင်းအရာကို သိလိုက်ရသည်။ ထာဝရသက်ရှိအဆင့်မဟုတ်ရင် ဒီနေရာကို ကပ်လို့မရဘူး..

“ပြောရမယ်ဆိုရင်တော့ ဒါက တကယ်ကို ထူးဆန်းပါတယ် .. ကျွန်တော်တို့..”

ဤကလန်သားများ၊ ရှေးဟောင်းမြို့ကို ခက်ခက်ခဲခဲ ကာကွယ်နေသည့်သူများရှေ့တွင် ရှီဟောင် ဘာမှမဖုံးကွယ်ထားတော့။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူတို့အား ပြောပြလိုက်သည်။ အဖြစ်အပျက်များမှာ ရှုပ်ထွေးကာ ယုံကြည်နိုင်ရန် ခက်ခဲသော်လည်း သူ အရာအားလုံးပြောပြလိုက်သည်ပင်။

“ကလန်သား .. အဲဒီထုံးကျောက်ပေါ်ကို တက်လိုက်”

မြို့ရိုးပေါ်မှ အကြီးအကဲသည် မြို့ရိုးအောက်ခြေမှ ထုံးကျောက်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ထိုကျောက်တုံးသည် သုံးပေခန့်သာ ရှိသည်။ အလွန်ရိုးရှင်းကာ ရှေးကျလှပြီး ဘာမှမထူးခြား။

ထိုစကားကို ကြားသည်နှင့် ရှီဟောင်သည် တွေဝေခြင်းမရှိပဲ ထိုကျောက်တုံးပေါ်သို့ တက်လိုက်သည်။

ရွှီး..

ကျောက်တုံးမှာ ချက်ချင်းပင် တောက်ပလာသည်။ မီးတောက်တစ်ခု ပေါ်လာကာ ရှီဟောင်၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံးကို ရစ်ပတ်သွားလေ၏။

ရှန်းမင် ထိတ်လန့်တကြားအော်ဟစ်ကာ လှုပ်ရှားလုမိနီးပါးပင်။ သို့သော်လည်း သူမ ထိန်းချုပ်ထားလိုက်နိုင်သည်။

ဤသည်မှာ အလွန်ထူးဆန်းသည်။ မီးတောက်သည် ရှီဟောင်ကို ဒဏ်ရာမရစေသည့်အပြင် သူ့အား နွေးထွေးမှု ခံစားရစေသည်။ သူ၏နဖူးထက်မှ သင်္ကေတမှာ စွမ်းအားတစ်မျိုးဖြင့် အားဖြည့်ခံလိုက်ရသကဲ့သို့ ပို၍တောက်ပလာသည်။

“ဒါက တစ်ဖက်လောကကလူတွေ ငါတို့လူဟန်ဆောင်နေတာမဟုတ်ဘူး” ထိုအကြီးအကဲ ခေါင်းညိမ့်လိုက်သည်။ ကလေးများအပါအဝင် မြို့ရိုးပါ်မှလူများအားလုံး သက်မချလိုက်ကြသည်။

ဤကျောက်တုံးသည် ကျောက်ကလန်သားများ ဟုတ်မဟုတ်ကို အတည်ပြုပေးနိုင်သည်ပင်။

“မင်းခေါင်းမော့ပြီး ငါတို့ကို ကြည့်ပေးပါ..” ထိုအကြီးအကဲ ဂရုတစိုက်ပြောလိုက်သည်။

မြို့ရိုးထက်၌ အရိုးကြေးမုံတစ်ခု ချိတ်ဆွဲထားသည်။ ထိုကြေးမုံမှ အလင်းတန်းတစ်ခု တောက်ပလာကာ ရှီဟောင်၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏ဝိညာဉ်ထဲသို့ ရောက်သွားသည်။

ရှီဟောင် ခုခံခြင်းမရှိပဲ တိတ်တဆိတ်ပင် စောင့်ဆိုင်းနေလိုက်သည်။

သူ့နောက်မှ မသေသေးသည်ရွှေရောင်စစ်သူရဲနှစ်ဦး အမူအရာများ ပြောင်းလဲသွားကာ လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။ ဤထာဝရကြေးမုံ သူတို့အပေါ်၌ ထင်ဟပ်လာမည်ကို သူတို့မလိုလား။ သူတို့အကြောင်း သိသွား၍မရ။ မဟုတ်လျှင် သူတို့ ဤလူများ လက်ထဲ၌ ကျရောက်သွားလိမ့်မည်။

သို့သော် ရှီဟောင်သည် အလွန်ပင် စိတ်အေးလက်အေး ရှိနေသည်ပင်။

“သူက ကလန်သားပဲ … သူက ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့လာတာ .. သူမလိမ်ဘူး..” ထိုအကြီးအကဲ စိတ်လှုပ်ရှားသွားရသည်။ မြို့ရိုးပေါ်မှလူများသည် ပျော်ရွှင်သည့်အမူအရာများ ဖြစ်သွားကြကာ ကလေးများမှာ အော်ဟစ်ပျော်ရွှင်နေကြသည်။

“မင်းတို့နှစ်ယောက် အစစ်ဆေးခံချင်လား .. ဒါမှမဟုတ် နောက်ပြန်ဆုတ်ချင်လား..” ထိုအကြီးအကဲ မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးကို ကြည့်၍ ပြောလိုက်သည်။

ရှန်းမင်နှင့် စန်းကျန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် နှစ်ဦးလုံး အတော်ဝေးဝေးသို့ နောက်ဆုတ်သွားကြသည်။

ရွှီး..

မြေပြင်မှ မြေအောက်မီးတောက်များကဲ့သို့သော အပြာရောင်အလင်းများ တောက်ပလာသည်။ မသေမျိုးစွမ်းအင်လှိုင်းတစ်ခုလည်း လေထဲ၌ ပျံ့လွင့်လာကာ မထိုးဖောက်နိုင်သည့်နံရံတစ်ခု ဖြစ်လာသည်။

မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးမှာ ဘာမှမမြင်ရသလို ဘာမှလည်းမကြားရတော့။

နံရံအောက်၌ ရှီ‌ဟောင် တစ်ယောက်တည်း ထိုနေရာ၌ တည်ငြိမ်စွာ ရပ်နေလေ၏။

ရုတ်တရက် နတ်အလင်း ထွက်ပေါ်လာကာ ထိုလက်တစ်ဖက်တည်းရှိသည့် အကြီးအကဲ ရုတ်တရက် ပေါ်လာသည်။

“ထိုင်ကြစို့ . မြို့ထဲမှာက မည်းမှောင်နေတာ .. ငါစကားမပြောတာ နှစ်ပေါင်းများစွာ ရှိနေပြီ .. ဘယ်လိုပြောရမလဲဆိုတာကိုတောင် မေ့နေပြီ” ထိုအကြီးအကဲလည်း ကျောက်တုံးတစ်တုံးပေါ် ထိုင်ချလိုက်သည်။

“ဘာလို့လဲ .. အကြီးအကဲတို့တွေအားလုံး ဒီနေရာကို ခါးခါးသီးသီး ကာကွယ်နေကြတာ .. တစ်ခြားသူတွေကရော ဘယ်ရောက်နေကြတာလဲ .. သူတို့တွေကဘာလို့ အင်ပါယာဂိတ်အသစ်ကို ပြန်မဆုတ်သွားကြသေးတာလဲ..” ရှီဟောင် မေးလိုက်သည်။

ဤမေးခွန်းအချို့၌ အဖြေရှိနေပြီးသားပင်။ သို့သော်လည်း သူ အတည်ပြုချင်သေးသည်။

“ဒါက ငါတို့ဘိုးဘေးတွေရဲ့ အမိန့်ပဲ သူတို့တွေ့က အဆုံးထိ တောင့်ခံခိုင်းထားတာ .. ဘာလို့လဲဆိုတော့ အကိုင်းအခက်တွေကို ဖြန့်ဖို့အတွက် ကလန်သားတစ်စုကို လွှတ်ထားပြီးပြီ .. အဲဒီလူတွေ သွေးမျိုးဆက်ကို ဆက်ထိန်းထားတာက လုံလောက်ပြီ” အကြီးအကဲ ပြောလိုက်သည်။

ဤသည်မှာ သူ၏ခန္ဓာကိုယ်ကို မိုးကြိုးပစ်သွားသကဲ့သို့ ရှီဟောင် ခံစားလိုက်ရသည်။ သူနားလည်လိုက်ရလေပြီ။ အပြင်ဘက်သို့ လွှတ်လိုက်သည့်ကလန်သားများမှာ သူတို့၏ဘိုးဘေးများပင်။ ကံကောင်းစွာဖြင့် သူတို့အသက်ရှင်နေဆဲဖြစ်ပြီး ကလန်၏သွေးမျိုးဆက် အဓွန့်ရှည်ရန် တာဝန်ယူထားကြသည်။

“အပြင်က ကလန်သားတွေ ဘယ်လိုလဲ .. သူတို့တွေ အကိုင်းအခက်တွေကို ဖြန့်ကျက်ထားလား .. သူတို့ ကြီးပွားနေကြလား..” အကြီးအကဲ မေးလိုက်သည်။

ရှီဟောင်၏မျက်နှာ အနည်းငယ် တောင့်ခံသွားသည်။ သူ အပြုံးတစ်ခုဖြင့် ဖုံးကွယ်ရန် ကြိုးစားလိုက်သော်လည်း သူမလုပ်နိုင်သည်ကို တွေ့လိုက်ရသည်။ သူတို့ မရှင်းခံရသော်လည်း အပြစ်သားများ၏ သွေးမျိုးဆက်များအဖြစ် ဖိနှိပ်ခံနေရသည်ကို သူပြောပြရမည်လား..

“ဘာဖြစ်လို့လဲ..” အကြီးအကဲ အလျင်အမြန် မေးလာသည်။

ရှီဟောင် တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် ကိစ္စများကို အရှိအတိုင်းသာ ပြောပြလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးကို ဖုံးကွယ်၍မရ။

“ဘာ..” ထိုအကြီးအကဲ ဒေါသထွက်လာကာ အမူအရာလည်း ပြောင်းလဲသွားသည်။ သူသည် ထရပ်မိတော့မလိုဖြစ်သွားသော်လည်း နောက်တစ်ကြိမ် ထိုင်ချလိုက်ကာ သက်ပြင်းချလိုက်သည်။

“ဘုရင် ၇ ပါးထဲက ကျောက်တုံးဘုရင်နဲ့ တစ်ခြားဘုရင်တွေက ကောင်းကင်ဘုံကိုးခုက ပုဂ္ဂိုလ်ကြီးတစ်ချို့ရဲ့ ခေါင်းကို ဖြတ်ခဲ့လို့ ဒီလိုနားလည်မှုလွဲတာမျိုးဖြစ်လာတာထင်တယ်” ထိုအကြီးအကဲ ပြောလိုက်သည်။

“ဘာကြီး .. ဘာလို့လဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤနေရာသို့ ရောက်ရောက်ချင်း ဤအကြီးအကဲထံမှ လျှို့ဝှက်ချက်များကို သိရလိမ့်မည်ဟု မထင်ထားခဲ့။

“သူတို့တွေက မကောင်းမှုတွေတိုက်စားခံလိုက်ရတာ .. ဒီလူတွေက ပြောင်းလဲလာကြတော့မှာ .. အဲဒါကြောင့် သူတို့တွေက ကျောက်တုံးဘုရင်နဲ့တစ်ခြားသူတွေကို သူတို့ခေါင်းဖြတ်ပြီး သူတို့မူလဝိညာဉ်တွေကိုပါ ဖျက်ဆီးပေးဖို့ တောင်းဆိုခဲ့ကြတာ..” ထိုအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

ထိုအခိုက်အတန့် ရှီဟောင် ကြက်သီးမွေးညှင်းများ ထလာရသည်။ မကောင်းတဲ့အဖြစ်အပျက်တွေက ဒီလောက်အကြာကြီး အကျိုးသက်ရောက်မှု ရှိတာလား.. သူ ကိစ္စများစွာကို ချက်ချင်းတွေးမိသွားသည်။

လေဟာနယ်ထဲ လွင့်မျောနေသည့် သွေးလွှမ်းနေသည့် ထိုသင်္ဘောကြီးထံသို့ ရှီဟောင် ရောက်ဖူးခဲ့ပြီး ထိုနေရာ၌ နယ်ခြားစပ်မှ ဘုရင် ၇ ယောက်အကြောင်း သိခဲ့ခြင်းပင်။

ထိုသင်္ဘောပေါ်တွင် သူ၏အလောင်းကိုသုံးကာ ထိုနေရာမှ ထူးဆန်းသည့်အရာများကို ဖိနှိပ်ထားသည့်ဘုရင်တစ်ဦးပင် ရှိသေးသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ထိုသင်္ဘောပေါ်ရှိ ကျောက်အိုးထဲတွင် သွေးလွှမ်းနေသည့် ခေါင်းများစွာ ရှိနေသည်။

သူတို့ ဘယ်အချိန်က အသတ်ခံခဲ့ရတာလဲ .. ဘယ်လိုသတ်ခံခဲ့ရတာလဲ .. သူတို့တွေလည်း မကောင်းမှုဝါးမြိုခံလိုက်ရတဲ့ ကျွမ်းကျင်သူတွေလား..

ထို့အပြင် သူ ထာဝရနယ်မြေသို့ ဝင်ရောက်သွားစဉ်က ထိုလူများ၏ အထင်သေးရှုံ့ချမှုကို ရင်ဆိုင်ခဲ့ရသည့်အပြင် ထိုလူများသည် ထာဝရနယ်မြေစွန်းထင်းသွားမည်ကို အလွန်စိုးရိမ်နေကြသည်ပင်။

ဤသည်မှာ .. ကိစ္စကြီးပင်။

“အရင်တုန်းက ဒီကိစ္စတွေကို သိတဲ့သူရှိပါတယ် .. အဲဒီတော့ ဒီကိစ္စကို နားလည်မှုမလွဲသင့်ဘူး .. ကောင်းကင်ဘုံကိုးခုမှာ အခုထိ အသက်ရှင်နေသေးတဲ့ ထာဝရသက်ရှိအစစ်တွေရှိပါတယ် .. အဲဒီလူ နှစ်ယောက်၊ သုံးယောက်က ထွက်မလာကြဘူးလား..” ထိုအကြီးအကဲ မတ်တပ်ထရပ်လိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ ကောင်းကင်ဘုံကိုးခုမှာ ထာဝသက်ရှိအစစ်တွေ ရှိသေးတာလား .. သူတို့တွေက ဘာလို့တိုက်ခိုက်ဖို့အတွက် တစ်ခါမှ ထွက်မလာကြတာလဲ..

“တစ္ဆေတာအိုဂိတ်နဲ့ ဓားတောင်ကြားတို့ရော ဘယ်လိုလဲ..” အကြီးအကဲ မေးလိုက်သည်။

“ကျွန်တော့်ကလန်ရဲ့ မျိုးဆက်တွေက အပြစ်သားတွေလို့ ကြေငြာတာ အဲဒီကလန်တွေပဲ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

ထိုအကြီးအကဲ၏အမူအရာ အေးခဲသွား၏။ “သူတို့ကို ဆူပူဖို့အတွက် ထာဝရကြေးနတ်းတော်ထဲက ထာဝရသက်ရှိ လောကကြီးမှာ ပေါ်လာပြီလား..” သူမေးလိုက်သည်။

“ထာဝရကြေးနန်းတော်ထဲမှာ အိပ်ပျော်နေတဲ့ထာဝရသက်ရှိ ရှိတာလား..” ရှီဟောင် ဆွံ့အသွားရသည်။

ဤစကားကိုကြားသည်နှင့် ထိုအကြီးအကဲ ချက်ချင်းနားလည်သွားရကာ သက်ပြင်းချလိုက်ကြသည်။

“ခွန်ပန်သွေးမျိုးဆက်နဲ့တိုက်ပြီးတော့ သူတို့မျက်လုံးတွေကို သွေးတွေ ဖုံးသွားတာလား..” ထိုအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။ ထို့နောက် သူ ဒေါသတကြီး မြည်ကြွေးလိုက်လေ၏။

ဤကိစ္စကို မည်သူမဆို ဒေါသထွက်မည်ပင်။ သူတို့သည် ဤနေရာ၌ အသက်ကြီးကာ အားနည်းသည့်သူတစ်ယောက်သာကျန်သည်အထိ တိုက်ခိုက်ခဲ့သော်လည်း အိမ်ပြန်သွားသည့် သူတို့ကလန်သားများသည် စွပ်စွဲခံရကာ ထိခိုက်ခံနေရပြီး အရှက်ခွဲခံနေရသည်။ အပြစ်သား သွေးမျိုးဆက်များဟုပင် ခေါ်ခံနေရသည်။

“ဇာမဏီဘုရင်က အစောကြီးကတည်းက သေသွားပြီ .. မဟုတ်ရင် သူ့ရဲ့ဒေါသစိတ်နဲ့သာဆိုရင် သူသေချာပေါက် အကျိုးဆက်တွေကို မကြည့်ပဲနဲ့ ရအောင်ပြန်သွားမှာပဲ..” ထိုအကြီးအကဲ ပြောလိုက်သည်။

ရှီဟောင် စိတ်လွတ်သွားရသည်။ ယနေ့ လျှို့ဝှက်ချက်များစွာကို သိလိုက်ကရသောကြောင့် သူ စိတ်ထွေပြားနေရသည်။ ဤသတင်းသာ ပျံ့နှံ့သွားလျှင် အားလုံး တုန်လှုပ်သွားလိမ့်မည်။

“စိတ်ကသွားချင်ပေမယ့် ကိုယ်က မစွမ်းတော့ဘူး .. ငါတို့ ဒီမြို့ကနေ ထွက်သွားချင်ရင်တောင် ထွက်သွားလို့မရဘူး .. မြို့ရှိနေရင် လူရှိနေမယ် .. မြို့ကြီးသေသွားရင် လူတွေလည်း သေသွားလိမ့်မယ်..” ထိုအကြီးအကဲ သက်ပြင်းရှည်ကြီး ချလိုက်သည်။

အပိုင်း ၁၈၂၅ ပြီး၏။
Chapter – 1826 မြို့ထဲ

အချိန်အတော်ကြာသည်အထိ ရှီဟောင် မတည်ငြိမ်နိုင်သေး။ ထာဝရကြေးနန်းတော်ထဲ၌ အိပ်စက်နေသည့် ထာဝရသက်ရှိတစ်ဦး ရှိနေသည့်အပြင် လောကကြီး၌ အခြား ထာဝရသက်ရှိများလည်း ရှိနေသေးသည်။ ထိုလူများသည် ခွန်ပန်နှင့် ရန်ငြိုးရန်စ ရှိနေသည်။

“မြို့ထဲမှာ လူဘယ်နှယောက် ကျန်သေးလဲ..” အချိန်အတော်ကြာမှသာ ရှီဟောင်မေးလိုက်နိုင်သည်။

“သိပ်မများဘူး .. တစ်ချို့ကလန်တွေက လုံးဝရှင်းခံလိုက်ရပြီ .. တစ်ချို့ကလန်တွေက နေမကောင်းတဲ့အကြီးအကဲတစ်ချို့ပဲ ကျန်တော့တာ .. ကြံ့ခိုင်တဲ့သူတွေအားလုံးလိုလို စစ်ပွဲထဲမှာ သေဆုံးသွားကြပြီ” ထိုအကြီးအကဲ ဝမ်းနည်းစိတ်ပျက်စွာ ပြောလိုက်သည်။

ဤသည်မှာ အထီးကျန်ကာ မည်သည့်အကူအညီမှ မရရှိသည့်မြို့ကြီးပင်။ ကျွမ်းကျင်သူများမှာ တိမ်တိုက်များကဲ့သို့ ပေါများလှသော်လည်း ဤကဲ့သို့သော မောပန်းမှုမျိုးကို တောင့်မခံနိုင်တော့။

“အတိတ်က ကပ်ဆိုးကြီးက ထပ်ဖြစ်နေဦးမှာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ရှီဟောင် သူ့ကလန်ကိစ္စများကို မကျေမနပ်ဖြစ်မိသည်။ သူတို့သည် ရှေ့တန်း၌ သွေးတရွှဲရွှဲ တိုက်ခိုက်နေသော်လည်း နောက်ကျောမှ ဓားထိုးချင်နေကြသည်။

“ကောင်းကင်ဘုံကိုးခုမှာ ပြဿနာတွေရှိနေတယ် .. အဲဒီ ထာဝရသက်ရှိ နှစ်ယောက်၊ သုံးယောက် သေသွားရင်တောင် သူတို့အခုအချိန်မှာ တစ်ခုခုတော့ ပြသင့်နေပြီ” ထိုအကြီးအကဲ ပြောလိုက်သည်။

သူတို့သည် ကျောက်တုံးကလန်အတွက် ရှေ့ထွက်မရပ်ပေးခဲ့။ ထိုအစား ကလန်ကိုပင် စွပ်စွဲလိုက်သေးသည်။ ဤသည်မှာ ဤလက်တစ်ဖက်နှင့် အကြီးအကဲအား ဒေါသထွက်စေသည်ပင်။

“ဒီကိစ္စအပြင် အထင်လွဲစရာတွေ ဖြစ်လာနိုင်တဲ့ ကိစ္စတစ်ချို့လည်း ရှိသေးတယ် .. အရင်တုန်းက မြို့က ဘုရင်တွေက ကောင်းကင်ဘုံကိုးခုက အရှင်တွေရဲ့ ခေါင်းတွေကိုဖြတ်ပြီးတော့ တစ်ဖက်ကလူတစ်ချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သေးတယ်..” ထိုအကြီးအကဲသည် ရုတ်တရက် အတိတ်မှ အဖြစ်အပျက်များကို ပြောလာသည်။

တစ်ဖက်လောကကို ပြန်လွှတ်တယ်..

ဘာလို့လဲ..

သူလျှိုတစ်ယာက်ရှိနေလို့လား..

သို့သော် ထိုအကြီးအကဲ ဘာမှထပ်မပြောတော့။ သက်ပြင်းသာချနေသည်။ ဤကိစ္စတွင် သေချာပေါက် လျှို့ဝှက်ချက်တစ်ချို့ ရှိနေသည်ပင်။

“ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံကိုးခုမှာ ဒီကိစ္စတစ်ခုလုံးကို သေချာသိတဲ့ လူတစ်ချို့ရှိတယ် . သူတို့တွေက ငါ့ကလန်က ခံစားနေရတဲ့ အရှက်ရမှုတွေကို တကယ်လျစ်လျူရှုထားတာပေါ့.. ဒါက အရမ်းဆိုးတာပဲ..” ထိုအကြီးအကဲ အေးစက်စွာ ပြောလိုက်သည်။

တစ်ခဏခန့် တွေးတောပြီးနောက် ကောင်းကင်ဘုံကိုးခုမှာ ရှုပ်ပွနေသည့်နေရာဖြစ်သည်ဟု ရှီဟောင် ခံစားလိုက်ရသည်။

“ဒီလောက်နှစ်တွေအကြာကြီးမှာ အကြီးအကဲတို့တစ်ယောက်တည်း မြို့ကို ကာကွယ်နေကြတာလား..” ရှီဟောင် ထပ်မေးလိုက်သည်။ ဤသည်မှာ မတန်။

“ငါတို့က ရှေ့တန်းမှာ ခုခံထားပြီးတော့ ကလန်သားတွေကို အခက်အလက်တွေ ဖြန့်ဝေစေခဲ့တယ် .. ဒါက မကောင်းဘူးလား…” အကြီးအကဲသည် ရယ်မောလိုက်သော်လည်း သူ့စိတ်ထဲ နာကျင်နေရသည်ပင်။ သူတို့မျိုးဆက်သည် ဤမြို့ကိုကာကွယ်ရင်း အသေခံရန် ဆုံးဖြတ်ပြီးသားပင်။

ဘုရင် ၇ ယောက်ကရော .. သူတို့ထဲမှာ အသက်ရှင်နေတဲ့သူ ရှိသေးလား .. ဤသည်မှာ ရှီဟောင် တကယ် သိချင်နေသည့်အရာပင်။

ဘုရင် ၇ ပါး၏ ဟစ်ကြွေးသံမှာ နေနှင့်လကို တုန်ခါစေကာ တောင်များနှင့် မြစ်များကိုပင် ပျက်စီးသွားစေသည်။ သူတို့ ဤလူများနှင့် ကိုယ်တိုင်တွေ့ခွင့်ရနိုင်မည်လား..

နောက်ဆုံးတွင်တော့ ရှီဟောင် မနေနိုင်တော့ပဲ မေးလိုက်သည်။

“တစ်ချို့ဘုရင်တွေ အသက်ရှင်နေတုန်းပဲ ဒါပေမဲ့ သူတို့အချိန်သိပ်မရှိတော့ဘူး .. တစ်ခြားသူတွေက စစ်ပွဲထဲမှာ သေပြီးသွားတာနဲ့ သူတို့အရိုးတွေကို ကိုယ်တိုင် လောင်ကျွမ်းစေပြီးတော့ ဒီမြို့ကို အားဖြည့်ပေးခဲ့တာ” ထိုအကြီးအကဲ ပြောလိုက်သည်။

ဒီမြို့ကို အားဖြည့်ဖို့အတွက် သူတို့အရိုးကို လောင်ကျွမ်စေတယ် .. ရှီဟောင် မြို့ရိုးအောက်ရှိ လောင်ကျွမ်းနေသည့် မသေမျိုးသက်ရှိအရိုးပုံများကို ကြည့်လိုက်သည်။

“ဒါနဲ့တူတယ် .. ဒါပေမဲ့ မြို့ရိုးအောက်ကဟာတွေက ရန်သူရဲ့အရိုးတွေ .. အဲဒီအရိုးထဲကစွမ်းအားတွေကို ထုတ်ထားတာ .. ဘုရင် ၇ ပါး သေဆုံးသွားပြီးတဲ့နောက်မှာ သူတို့အရိုးတွေကို ကိုယ့်ဘာသာကိုယ် လောင်ကျွမ်းစေခဲ့တယ် .. သူတို့ရဲ့ အဖိုးတန်အရိုးတွေကို သုံးပြီးတော့ ဒီမြို့ကြီးကို စွမ်းအင်တွေ ပေးခဲ့တယ်” ထိုအကြီးအကဲ ပြောလိုက်သည်။

ဤသည်ကို ကြားသည်နှင့် ရှီဟောင် အလွန်စိတ်လှုပ်ရှားသွားရသည်။

“တစ်ဖက်လောကက မသေမျိုးသက်ရှိတွေ၊ ရှေးဟောင်းဘိုးဘေးတွေနဲ့ မသေမျိုးဘုရင်တွေ ရောက်လာရင်ရော ဒီနေရာက သူတို့ကို တောင့်ခံနိုင်ပါ့မလား..” ရှီဟောင်မေးလိုက်သည်။

“နှစ်တွေ ဒီလောက်ကြာသွားတာတောင်မှ ဒီမြို့က ဒီမှာ ရှိနေတုန်းပဲမလား .. ဒီအထီးကျန်တဲ့မြို့က ဒီမှာ ရှိနေတုန်းပဲ..” ထိုအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။ သို့သော် ဤကိစ္စထဲတွင် ဆိုးရွားမှုများနှင့် ဝမ်းနည်းမှုများ မည်မျှပင် ပါဝင်နေမည်နည်း.. ဤကဲ့သို့ ဆက်လက်တည်တံ့နေစေရန် အသက်ဘယ်လောက် ပေးဆပ်ခဲ့ရသနည်း..

ရှီဟောင် တုန်လှုပ်သွားရ၏။ သူတို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ခဲ့တာလဲ .. သူတို့မည်မျှပင် ပေးဆပ်ပါစေ ရန်သူများကို တားဆီးရန်မှာ အလွန်ခက်ခဲမည်ပင်။

“ဒီရှေးဟောင်းမြို့မှာ စွမ်းအားကြီးတွေ ရှိတယ် … အဲဒီစွမ်းအင်ကို သုံးပြီးတော့ ကောင်းကင်ချောက်နက်ကို ထိန်းချုပ်နိုင်တယ် .. အဲဒီလိုပုံစံနဲ့ ရန်သူတွေရဲ့ ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူတွေကို တားဆီးနေတာ” ထိုအကြီးအကဲ ပြောလိုက်သည်။

ရှီဟောင် ထိတ်လန့်စရာကောင်းလောက်သည့် လျှို့ဝှက်ချက်ကို သိလိုက်ရသည်။ ဤမြို့ရှိနေရုံဖြင့် ကောင်းကင်ချောက်နက်စွမ်းအားကို ထိန်းချုပ်၍ရသည်။

“ကောင်းကင်ချောက်နက်က ဘာကြီးလဲ..”

“သဘာဝဥပဒေသပင်လယ် .. လောကကြီးနဲ့ အဆက်အသွယ်မဖြတ်ခင်က ထာဝရနယ်မြေ ငါတို့ကို ကိစ္စတစ်ချို့ ကူညီပေးခဲ့တယ် .. ဒါပေမဲ့ အဲဒီစွမ်းအားက ကုန်တော့မှာ .. ကောင်းကင်ချောက်နက်က ထာဝရနယ်မြေနဲ့ ချိတ်ဆက်နေတာ” အကြီးအကဲ သူ့အား ပြောပြလိုက်သည်။

ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရ၏။ ယနေ့ သူ သိလိုက်ရသည့်အရာများမှာ လျှို့ဝှက်ချက်များပင်။

“မြို့ထဲသွားကြစို့ .. မင်းလည်း မြို့ကို ကြည့်လို့ရတာပေါ့..” ထိုအကြီးအကဲပြောလိုက်သည်။ သူသည် ရှီဟောင်အား မြို့ထဲသို့ တကယ်ခေါ်သွားသည်ပင်။ ဤသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် တစ်စုံတစ်ဦးအား မြို့ထဲသို့ ပထမဆုံးအကြိမ် ခေါ်သွားခြင်းပင်။

ရှီဟောင် မေးချင်နေသည့် မေးခွန်းများစွာ ရှိနေဆဲပင်။ အကြီးအကဲ သူ့အား လျှို့ဝှက်ချက်အချို့ ပြောပြခဲ့သော်လည်း သူ အသေးစိတ်မေးရန် အချိန်မရသေး။

အကြီးအကဲ၏ စိတ်ထဲ၌ အကြောင်းအရာမျိုးစုံ တွေးနေပြီး ရွေးချယ်မှုများ ပြုလုပ်ချင်နေသည်ဟု ရှီဟောင်ခံစားနေရသည်။

“စီနီယာ .. ဘာဖြစ်လို့လဲ..” ရှီဟောင်မေးလိုက်သည်။

“အဆုံးအဖြတ်တိုက်ပွဲက ရောက်လာတော့မယ် .. ဒီအထီးကျန်နေတဲ့မြို့ကြီး၊ ဒီ ငြိမ်သက်နေတဲ့ ရှေးဟောင်းမြေကလည်း အဆုံးသတ်ကို ရောက်တော့မယ်ထင်တယ်” အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

“ဘာ..” ရှီဟောင် ထိတ်လန့်သွားရ၏။ အဆုံးအဖြတ်တိုက်ပွဲ ရောက်လာတော့မှာလား..

ဤသည်မှာကိစ္စကြီးပင်။ သို့သော် အင်ပါယာဂိတ်အသစ်မှလူများ ဤအကြောင်းကို သိကြပါရဲ့လား..

“ငါတို့တွေ ဒီအကြောင်းသိတာ တော်တော်လေးကြာပြီ .. ဒီနေ့ ငါတို့တံခါးကိုလာခေါက်တဲ့ မသေမျိုးသက်ရှိတွေ ရှိလိမ့်မယ် .. သူတို့ ကောင်းကင်ဘုံဆယ်ခုနဲ့ ကမ္ဘာမြေ ဆယ်ခုကို တကယ် စတိုက်တော့မယ်..” ထိုအကြီးအကဲ ပြောလိုက်သည်။

ထိုအချိန်တွင် မြို့ဂိတ်တံခါးမှ အလင်းရောင် ဖြတ်ခနဲလင်းလာကာ သူတို့နှစ်ဦး မူလနေရာမှ ပျောက်ကွယ်သွားပြီး မြို့ထဲသို့ ဝင်ရောက်သွားသည်။

မြို့ထဲသို့ ဝင်သည့်အချိန်တွင် မြို့ကြီးသည် ကြီးမားလှသည့်ဝိညာဉ်ခန္ဓာကိုယ်ကြီးကဲ့သို့ သူ့အားစစ်ဆေးနေသေးသည်ပင်။ ဘာပြဿနာမှ မရှိတော့သည့်အချိန်တွင်မှ သူတို့ မြို့ထဲ၌ ပေါ်လာသည်။

ရှေးဟောင်းမြို့ထဲတွင် အလွန်တိတ်ဆိတ်နေသည်။ အကြီးအကဲများသည် စုတ်ပြဲနေသည့်အဝတ်စားများနှင့် ကလေးများကို ဦးဆောင်ကာ ရှီဟောင်ကို ကြည့်နေကြသည်။

စစ်ပွဲမီးတောက်များကို ကြုံတွေ့ခဲ့ရသောကြောင့် ရှေးဟောင်းမြို့ကြီး၏ ခမ်းနားမှုမှာ ပျက်စီးလုနီးပါးပင်။ မြေပြင်ထက်၌ ခြောက်ကပ်နေသည့် သွေးစက်များ ရှိနေသည်။ မြို့များ၊ လမ်းများမှာလည်းအလွန်ရှေးကျလှသည်ပင်။

ဆက်လျှောက်သွားသည့်အချိန်တွင် အမျိုးသမီးအချို့နှင့် ပိုငယ်သည့်ကလေးများကို တွေ့လိုက်ရသည်။ သူတို့မျက်နှာများမှာ ညစ်ပတ်နေကြကာ သူတို့သည် ရှီဟောင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြလေ၏။

ပြုံးရွှင်မှုများ မရှိသလို ဝမ်းသာစွာ အော်ဟစ်နေခြင်းလည်းမရှိ။ လေထုမှာ အလွန်လေးလံနေသည်။

“တစ်ဖက်လောကက တစ်ချို့ကျွမ်းကျင်သူတွေကို နှိုးဆော်နေတဲ့ မကောင်းတဲ့အရာတွေရှိနေတယ် .. အဲဒါက တစ်ဖက်လောကက အတွင်းအနက်ဆုံးအပိုင်းကနေ လာတာလို့ ပြောကြတယ် .. ဒါပေမဲ့ ဒါကို မယုံတဲ့သူတွေလည်း ရှိပါတယ်” လမ်းတစ်လျှောက် အကြီးအကဲ ရှီဟောင်အား ပြောပြသွားသည်။

အကြီးအကဲ တွေ့ရာ ကြုံရာကျပန်း ပြောလိုက်သည့်စကားမှာ ရှီဟောင်အတွက်တော့ လေးနက်သည့်သတင်းများ ဖြစ်နေသည်။

“ဒါက..” ရှီဟောင် ခပ်ဝေးဝေးကို စိုက်ကြည့်လိုက်သည်။ ထိုနေရာ၌ နန်းတော်ကြီးတစ်ခု ရှိနေပြီး နန်းတော်တစ်ခုလုံးကို အနီရောင်အလင်းများ ဖုံးလွှမ်းသွားသည်။

ထိုနေရာ၌ ဘုရင်များစွာ ထိုင်နေပြီး သူတို့၏အရိုးများလောင်ကျွမ်းနေကာ အသွေးအသားမှ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ပြီး မြို့ကြီးအား ထောက်ပံ့ထားသည်ကို တွေ့နိုင်သည်။

“တိုက်ပွဲမှာ ကျဆုံးသွားတာတောင်မှ သူတို့ ဒီနေရာကို ကာကွယ်နေတုန်းပဲ” အကြီးအကဲ တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် ဤကိစ္စနောက်ကွယ်တွင် ကူကယ်ရာမဲ့မှုများ၊ ဝမ်းနည်းပူဆွေးမှုများ မည်မျှပင် ရှိနေမည်ကို ရှီဟောင်သိသည်။ ဤလူများမှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့်သူများ ဖြစ်သော်လည်း သူတို့၏အဆုံးသတ်မှာ ဆိုးရွားလှသည်။

သိပ်မဝေးသည့်နေရာတွင် ကလေးအချိုု့ ငိုကြွေးနေကြသည်။ ထိုကလေးများမှာ ပိန်ပါးနေကာ မျက်နှာတွင်လည်း အညစ်အကြေးများ ပြည့်နေသည်။ သူတို့အားလုံး ထိုနန်းတော်ရှေ့ မျက်ရည်ကျဆင်းနေကြသည်။

“ဘုရင် ၇ ပါးရဲ့ မျိုးဆက်တွေက အခု အရမ်း သနားစရာကောင်းနေပြီ” ထိုအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

ဒီလိုမျိုး ပေးဆပ်တာက တန်လို့လား..

သို့သော် ဘိုးဘေးများသည် ဤနေရာကို သေသည်အထိ ကာကွယ်ရန် အမိန့်ပေးခဲ့သောကြောင့် သူတို့ နောက်ပြန်ဆုတ်၍မရ။ ဤမြို့ထဲ၌သာ သေဆုံးသည်အထိ နေရမည်။

“မင်းနဲ့အတူတူ ဒီကလေးတွေကို ခေါ်သွားနိုင်ဖို့ မျှော်လင့်မိတယ်..” ထိုအကြီးအကဲ ပြောလိုက်သည်။ ဤကလေးများ အသက်ရှင်နိုင်ရန်အတွက် သူ ဘိုးဘေး၏အမိန့်ကို လွန်ဆန်ချင်သည်။

“အမေ .. အဖေဘယ်မှာလဲ.. သူ ဘယ်အချိန် ပြန်လာမှာလဲ..” သိပ်မဝေးးသည့်နေရာတွင် စုတ်ပြတ်နေသည့် သားရဲအရေခွံအဝတ်အစားများ ဝတ်ဆင်ထားသည့် လေး၊ ငါးနှစ်အရွယ် ကလေးတစ်ဦးမှ မေးလိုက်သည်။

“မင်း အရွယ်ရောက်လာတဲ့အချိန်ကျရင် သူ ပြန်လာလိမ့်မယ်” ထိုအမျိုးသမီး၏ မျက်ဝန်းတွင် မျက်ရည်များ စီးကျနေကာ ကလေးကို နှစ်သိမ့်နေသည်။

“အစ်ကိုအကြီးဆုံး၊ ဒုတိယအစ်ကို၊ တတိယအစ်ကိုနဲ့ တစ်ခြားသူတွေရော .. သူတို့ဘာလို့ ပြန်မလာသေးတာလဲ..” ကလေးငယ်လေး မေးလိုက်သည်။

ထိုအမျိုးသမီး မထိန်းထားနိုင်တော့။ သူမ၏ အမျိုးသားနှင့် ကလေးသုံးယောက်ကို ဆုံးရှုံးခဲ့ရသည်။ ယခုကဲ့သို့ အမေးခံလိုက်ရသည့်အချိန်တွင် သူမနှလုံးကို ဓားဖြင့် ထိုးဆွနေသကဲ့သို့ ခံစားနေရသည်။

“အဘွား .. သမီး အဖေကို ဘယ်အချိန်တွေ့ရမလဲ .. ပြီးတော့ ဦးလေးတွေ၊ အစ်ကိုကြီးတွေ .. သူတို့သွားတာ အရမ်းကြာနေပြီ ဘာလို့ ပြန်မလာသေးတာလဲ .. ပြီးတော့ သမီး အဖိုးကိုလည်း တစ်ခါမှ မတွေ့ဖူးသေးဘူး” သိပ်မဝေးသည့်နေရာတွင် မိန်းကလေးငယ်လေးတစ်ဦး အသက်ကြီးနေသည့်အမျိုးသမီးတစ်ဦးကို မေးနေသည်။

အဘွာအိုကြီး၏မျက်နှာထက်၌ အရေးအကြောင်းများပြည့်နေသည်။ သူမ ဘာမှမပြောပဲ ကြမ်းတမ်းသည့်လက်တစ်ဖက်ဖြင့်သာ ကလေးငယ်လေး၏ ညစ်ပတ်နေသည့်ပါးပြင်များကို ပွတ်သပ်လိုက်သည်။

“အမျိုးသမီးတွေနဲ့ ကလေးတွေအားလုံးကို ခေါ်ခဲ့လိုက်ပါ .. ကလေးတွေကိုပိုကောင်းတဲ့နေရာမှာ နေပါစေ..” ရှီဟောင် ပြောလိုက်သည်။ သူ၏ခံစားချက်မှာ အလွန်ဆိုးရွားနေသည်။

ဤမြင်ကွင်းမှာ မြို့တစ်မြို့လုံး၌ တွေ့နေရသည့်မြင်ကွင်းဖြစ်သော်လည်း ဤသည်မှာ အလွန်ဝမ်းနည်းစရာ ကောင်းနေဆဲပင်။

ရှီဟောင် စိတ်လေးလံနေ၏။ ဤရှေးဟောင်းအင်ပါယာဂိတ်ထဲသို့ ဝင်ပြီးသည့်နောက် သူ အမှန်တရားများစွာကို သိခဲ့ရသည်။

အထူးသဖြင့် အဆုံးအဖြတ်တိုက်ပွဲကြီး ရောက်လာတော့မည်။ ကံတရားရဲ့ အဆုံးအဖြတ်က ဘယ်လိုမျိုး ဖြစ်မလဲ .. ဤနေရာရှိ အရာအားလုံး အဆုံးသတ်သို့ ရောက်ရှိတော့မည်။

အပိုင်း ၁၈၂၆ ပြီး၏။
Chapter – 1827 ဝန်လေးခြင်း၊ တွန့်ဆုတ်ခြင်း

မြို့ကြီးသည် အလွန်ကြီးမားလှသော်လည်း သက်ဝင်လှုပ်ရှားမှုမရှိ။

ရှေးဟောင်မြို့ကြီးသည် စတင်ပျက်စီးလာနေပြီဖြစ်သော်လည်း သူ၏ခမ်းနားလှသည့် အော်ရာမှာ ပျက်ပြယ်မသွားသေး။ ကံမကောင်းစွာဖြင့် ဤနေရာ၌ အမျိုးသမီးအချို့၊ ကလေးများနှင့် အားနည်းသည့်အကြီးအကဲများသာ ရှိတော့သည်။

“ဒါက ဘုရင်တွေ နေတဲ့နေရာပဲ”

လက်တစ်ဖက်နှင့် အကြီးအကဲ ရှီဟောင်အား တောင်ပုလေးတစ်လုံးထံသို့ ခေါ်လာသည်။ ဤတောင်သည် မြို့ထဲ၌ ရှိနေသည်ပင်။ သို့သော် တောင်ခြေ၌ မြက်ရိုင်းများ ပြည့်နှက်နေပြီး ဤနေရာမှာ လုံးဝတိတ်ဆိတ်နေသည်။

တောင်များတွင် ခြောက်ကပ်နေသည့် အနက်ရောင်သွေးစီးကြောင်း ရှိနေသည်။ ထိုသွေးစီးကြောင်းတွင် အသက်ဓာတ်မရှိတော့။

ဘုရင်တစ်ယောက် ကျန်နေသေးသည်။ သူ မည်သည့်အခြေအနေရောက်နေသနည်း.. သူ အသက်ရှင်နေတုန်းလား .. မြို့ထဲမှ လူများပင် မသိကြ။

သူသည် အရေးကြီးသည့်အခြေအနေ၌ ရောက်နေလေပြီ။ ဘုရင် ၇ ပါးမှ ကျန်ရစ်သည့်သူ လှုပ်ရှားသည်မှာ ရှားပါးသည်။ အဘယ်ကြောင့်ဆိုသော် ဤအထီးကျန်သည့်မြို့ကြီးကို ထိန်းထားရန်မှာ အလွန်ခက်ခဲလှသည်။ သူ အသက်ရှင်နေမှသာ ကောင်းကင်ချောက်နက်၏စွမ်းအားကို အသုံးပြုနိုင်လိမ့်မည်။

“ကျွန်တော် ဘုရင်ကို အရိုအသေပေးပါတယ်..” လက်တစ်ဖက်နှင့် အကြီးအကဲ လေးစားမှုအပြည့်ဖြင့် တောင်လေးထံသို့ ဦးညွှတ်လိုက်သည်။

“ရှီဟောင်လည် ရှေးဟောင်းဘိုးဘေးကို အရိုအသေပေးပါတယ်..” ရှီဟောင်လည်း အလွန်လေးနက်စွာ ပြောလိုက်သည်။

ရုတ်တရက် တောင်ပုလေး အလွန်ညင်သာစွာ၊ အလွန်တည်ငြိမ်စွာဖြင့် တောက်ပလာကာ အလင်းတန်းများ ဖြာထွက်လာသည်။

“မင်းရဲ့ ရည်ရွယ်ချက်ကို ငါ အစောကြီးကတည်းက သတိထားမိပါတယ် .. အဲဒီကလေးတွေကို ဒီနေရာကနေ ခေါ်ထုတ်သွားလိုက်” သူ လက်တစ်ဖက်နှင့် အကြီးအကဲအား ပြောလိုက်ခြင်းပင်။ မည်သည့်ဖိအား၊ မည်သည့်စွမ်းအင်လှိုင်းမှ မပါရှိပဲ အလွန်တည်ငြိမ်လှသည်ပင်။

သို့သော် ရှီဟောင် အလွန်ခမ်းနားကြီးကျယ်မှုတစ်မျိုးကို ခံစားလိုက်ရသည်ပင်။

လက်တစ်ဖက်နှင့် အကြီးအကဲသည် ချက်ချင်းပင် မျက်လုံးများမှ မျက်ရည်များစီးကျလာသည်။ သူသည် ချက်ချင်းပင် ဒူးထောက်ချလိုက်ကာ တုန်ယင်သည့်အသံဖြင့် ပြောလာသည်။ “ကျေးဇူးတင်ပါတယ် အရှင်ဘုရင်..”

“အသုံးမကျတာက ငါပါ .. ဒီကလေးတွေကို အပြစ်လုပ်မိသွားတယ်” ဘုရင် ၇ ပါးထဲမှ နောက်ဆုံးကျန်ရှိနေသည့်ဘုရင်မှ ပြောလိုက်သည်။

ထို့နောက် တောင်ပုလေး၏ အလင်းတန်းများ ပြန်လည်ပျောက်ကွယ်သွားသည်။ သို့သော် မပျောက်သွားခင် ရှီဟောင်ထံသို့ ဦးတည်သည့်‌ အသံတစ်သံ ထွက်ပေါ်လာသေးသည်။ ထိုအသံတွင် စာလုံးတစ်လုံးသာပါသည်: အသက်ရှင်နေ

ဒါက သတိပေးချက်လား .. ဒါမှမဟုတ် ပိုပြီးလေးနက်တဲ့ တစ်ခုခုလား .. ဒါမှမဟုတ် သူ တစ်ခုခုကို ကြိုမြင်ထားလို့လား..

စကားလုံးတစ်လုံးတည်းသာ ဖြစ်သော်လည်း ဤသည်မှာ မုန်တိုင်းမလာခင်ညကဲ့သို့င် ခံစားနေရသည်။ လှိုင်းလုံးကြီးများ ပေါ်ထွက်လာတော့သည်။ သွေးချောင်းများစီးပြီး အလောင်းများ တောင်လိုပုံတော့မည်ဟု နမိတ်ပေးနေခြင်းပင်။

ဘုရင် ၇ ယောက်တွင် တစ်ယောက်သာကျန်တော့သည်။ သူသည် အလွန်စိတ်ဓာတ်ကျနေကာ ကောင်းကင်ဘုံကိုးခုကိုလည်း အကောင်းမြင်မည်မဟုတ်။ ဤသည်မှာ ရှီဟောင်ကို အကြံပေးခြင်းလား .. အသက်ရှင်ရန်မှာ အရေးကြီးဆုံးဖြစ်သည်ဟု သူ့အား သတိပေးနေခြင်းလား..

သူတို့ ထိုတောင်မှ ထွက်ခွာလာသော်လည်း အချိန်အတော်ကြာသည်အထိ ထိုလက်တစ်ဖက်နှင့် အကြီးအကဲ ဘာမှမပြောသေး။ သူသည် စိတ်လွတ်နေဆဲပင်။

နောက်ဆုံးဘုရင်မှာ မောပန်းကာ ဝမ်းနည်းနေသည်ကို သူသိသည်ပင်။ မျိုးဆက်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် သူ၏တိုက်ခိုက်သည့်အော်ရာများ ခမ်းခြောက်သွားကာ သွေးနှင့် ဝိညာဉ်လည်း အဝါရောင်မြေကြီး ဖြစ်တော့မည်။

မြို့ထဲရှိ ကလေးအားလုံးမှာ အလွန်ဝမ်းနည်းနေကြပြီး စကားပြောကြသည်မှာလည်း ရှားသည်။ သူတို့အားလုံး အလွန်တိတ်ဆိတ်နေကြလေ၏။

ဤသည်မှာ တိုက်ပွဲ၏ဖိအားကြောင့် ဖြစ်လာခဲ့ခြင်းပင်။ သူတို့ထံ၌ မပျော်ရွှင်မှုများ၊ မရင့်ကျက်မှုများမရှိ။ ဤတိုက်ပွဲကို ကာကွယ်ရန် အသက်ရှင်ရန်အတွက်သာ ရုန်းကန်နေရသည်။

ဤကလေးများအားလုံးမှာ သူတို့ဖခင်များကို ဆုံးရှုံးခဲ့ရကာ သူတို့ရသင့်သည့်နွေးထွေးမှုကို ဆုံးရှုံးခဲ့ရသည်။ သူတို့ နေ့စဉ်ရင်ဆိုင်နေရသည်မှာ အေးစက်နေသည့်လက်နက်များ၊ သွေးများနှင့် အရိုးများပင်။

ဒုန်း..

ခေါင်းလောင်းသံ တစ်သံ ထွက်ပေါ်လာကာ အားလုံး မျက်လုံးများ တောက်ပလာသည်။ ကလေးများပင် မြို့ရိုးထံသို့ လျင်မြန်စွာ ပြေးသွားလိုက်ကြသည်။

သူတို့လက်ထဲ၌ အလွန်ထူးဆန်းကာ စွမ်းအားကြီးသည့် မှော်ပစ္စည်းမျိုးစုံကို ကိုင်ထားသည်ပင်။

ရှီဟောင် စိတ်ထဲ ထိတ်လန့်သွားရသည်။ ဤကလေးများမှာ အလွန်ရဲရင့်ကာ သန်မာလှသည်။ အပြင်လောကမှ ကလေးများထက် ကျော်လွန်နေသည်။ သူတို့သည် ကျားသစ်ပေါက်လေးများကဲ့သို့ လျင်မြန်လှပြီး သူတို့ထုတ်လွှတ်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်သည်လည်း သားရဲများထက် မနိမ့်။

သို့သော် ကလေးများမှာ ကလေးများသာ။ သူတို့လက်ထဲ လက်နက်များကိုင်ထားသည်မှာ သူတို့စိတ်စွမ်းအားကို တိုးမြှင့်စေရန်ပင်။ အဘယ်ကြောင့်ဆိုသော် မြို့ထဲ၌ သန်မာသည့်အမျိုးသားများမရှိတော့။ အားလုံးမှာ စစ်ပွဲထဲ၌ သေဆုံးသွားကြလေပြီ။

“ဘာဖြစ်တာလဲ..” ရှီဟောင်မေးလိုက်သည်။

“ကျူးကျော်လာတဲ့ ရန်သူတွေ ရှိနေတယ်..” လက်တစ်ဖက်နှင့် အကြီးအကဲ ပြောလိုက်သည်။

သူ ရှီဟောင်ကို ခေါ်ကာ နေရာတစ်ခုသို့ ဦးတည်ပြေးသွားနေည်။ သူတို့ မြို့ရိုးတစ်ဖက်သို့ လျင်မြန်စွာ ရောက်လာကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။

အလင်းလွှာတစ်ခုပေါ်လာကာ မြို့ကို ကာကွယ်နေပြီဖြစ်သည်။ ဤသည်မှာ သင်္ကေတများမှ ဖြစ်ပေါ်လာသည့် အလင်းအဆီးအတားပင်။ ဤအလင်းအတားအဆီးသည် မသေမျိုးသက်ရှိများ၏ တိုက်ခိုက်မှုများကို တားဆီးနိုင်သည်။

မြို့အောက်တွင် အလွန်ကြီးမားလှသည့် သားရဲကောင်တစ်ကောင်ရှိနေသည်။ ထိုအကောင်ကြီးမှာ ဦးခေါင်းနှစ်လုံး ရှိနေ၏။ တစ်ခုမှာ မိကျောင်းခေါင်းဖြစ်ပြီး အခြားတစ်ခုမှာ ပန်ခေါင်းပင်။

သူ၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားလှ၏။ မိကျောင်းခန္ဓာကိုယ် ရှိသည့်အပြင် ကြီးမားလှသည့်ရွှေရောင်ပန်အတောင်ပံတစ်စုံလည်း ရှိနေသည်။

ဤအကောင်သည် သေချာပေါက် အလွန်စွမ်းအားကြီးသည့် မျိုးနွယ်စုပင်။ ဤအကောင်ကို မြင်သည်နှင့် လက်တစ်ဖက်နှင့် အကြီးအကဲ၏အမူအရာမှာ ချက်ချင်းလေးနက်သွားရသည်။

မြို့ရိုးရှေ့သို့ ရောက်လာနိုင်သည့်သူများမှာ မသေမျိုးသက်ရှိများဖြစ်သည်ဟု ရှီဟောင် ကြားဖူးသည်။ ဒါက တကယ်ပဲ မသေမျိုးသက်ရှိလား..

စန်းကျန်းနှင့် ရှန်းမင်တို့ ဤဘက်၌ ရှိမနေသည်မှာကံကောင်းသွားသည်ပင်။ မဟုတ်ပါက သူတို့သေချာပေါက် ပြဿနာများမည်ပင်။

“ဒါက အလောင်းဖြစ်နေလို့ ကံကောင်းသွားတယ် .. ဧကရာဇ်မြို့ကို စမ်းဖို့အတွက် တစ်ယောက်ယောက်က သူ့ခန္ဓာကိုယ်ကို သုံးနေတာ..” လက်တစ်ဖက်နှင့် အကြီးအကဲ သက်မချ၍ ပြောလိုက်သည်။

ဤသည်မှာ သားရဲ၏ခန္ဓာကိုယ်သာ။ မသေမျိုးသက်ရှိများသည် ယခုတလောတွင် သက်ရှိများ၏အလောင်းကို အသုံးပြုကာ ရှေးဟောင်းမြို့ကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။ အကြီးအကဲ၏ ကောက်ချက်အရ အဆုံးအဖြတ်တိုက်ပွဲမှာ မကြာခင် ရောက်လာတော့မည်။

ထိုအကြီးအကဲ လက်ဝေ့ရမ်းကာ ကလေးများကို လှုပ်ရှားစေလိုက်သည်။ သူတို့၏ ဖလှယ်မှုမှာ ရိုးရှင်းသည်။ မည်သည့်စကားလုံးမှမလို။

ဤသည်မှာ မသေမျိုးသက်ရှိရန်သူမဟုတ်သော်လည်း ဤသည်မှာ အလွန်ကြောက်စရာကောင်းနေသည်ပင်။ သို့သော် လက်တစ်ဖက်နှင့် အကြီးအကဲသည် ဤတာဝန်ကို ကလေးများထံသို့သာ လွှဲပြောင်းပေးလိုက်သည်။

ဤကလေးများမှာ တိတ်ဆိတ်နေသော်လည်း အလွန်ပြတ်သားလှသည်။ သူတို့သည် မြို့ရိုးထက်တွင် မတူညီသည့်နေရာများ၌ နေရာယူပြီးသွားပြီဖြစ်သည်။ သူတို့သည့် သင်္ကေတများကို တိတ်တဆိတ်ပင် အသက်သွင်းလိုက်သည်။

ဝုန်း..

ဤမြို့ရိုးသည် အသက်ဝင်လာသကဲ့သို့ ဖျော့တော့သည့်အလင်းများ ထုတ်လွှတ်လာသည်။ ထို့နောက် မြို့ရိုးမှ စွမ်းအားကြီးသည့်ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ထိုရှေးဟောင်းသားရဲကို ထိုးနှက်လာသည်။

လျှို့ဝှက်ရတနာ..

ဤကလေးများမှာ မြို့ရိုးနှင့် ဆက်သွယ်နိုင်သည့် အထူးလျှို့ဝှက်ရတနာများကို အသုံးပြုနေခြင်းပင်။

သို့သော် ထိုမျက်နှာလေးများအားလုံး ဖြူဖျော့ကာ အရောင်အဆင်းကင်းမဲ့လာသည်။ ထို့နောက် သူတို့ထဲမှ တစ်ဦး ထိုင်ချလိုက်ကာ စတေးခြင်းကျမ်းစာများကို ရွတ်ဆိုပြီး မြို့ထဲမှ ‘မီးတောက်များ’နှင့် ဆက်သွယ်လိုက်သည်။

ထိုမီးတောက်များမှာ အလွန်ထူးခြားလှသည်။ ထိုမီးတောက်များမှာ အရိုးများလောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာခြင်းပပင်။ ထိုမီးတောက်မှ မသေမျိုးစွမ်းအားများ ထွက်ပေါ်နေသည်။ မှော်ပစ္စည်းများမှတစ်ဆင့် ထိုစွမ်းအားများကို ထုတ်လွှတ်နေလေ၏။

“သူတို့တွေက ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလောက်အန္တရာယ်များတဲ့ကိစ္စကို လုပ်နေရတာလား..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ ကြည့်လိုက်လျှင် ရိုးရှင်းသော်လည်း အလွန်အန္တရာယ်များလှသည်။

ထို မသေမျိုးသက်ရှိအရိုးစုများကို သင်္ကေတအစီအရင်များဖြင့် ကန့်သတ်ထားသော်လည်း စွမ်းအားအနည်းငယ်ကို ချေးငှားလိုက်သည်နှင့်၊ မသေမျိုးမီးတောက်များ အနည်းငယ် ထွက်ပေါ်လာသည်နှင့် ဤသည်မှာ အကြိမ်ပေါင်းတစ်သောင်း သေဆုံးရန် လုံလောက်သည်ပင်။

ထို့အပြင် ထိုစွမ်းအားများထုတ်ယူသည့်အချိန် တစ်ခုခုသာ ဖြစ်သွားပါက ကပ်ဆိုးကြီးတစ်ခု ဖြစ်သွားလိမ့်မည်။

ရှီဟောင် မြို့ထဲမှ လူများကို လေးစားမိသည်ပင်။ သူတို့သည် ကလေးများ ပါဝင်နိုင်သည့် နည်းလမ်းကိုပင် ဖန်တီးထားကြသည်။ သူတို့သည် အလွန်သတ္တိရှိလှသည်ပင်။

“ဒါကို အန္တရာယ်များတယ်လို့ သတ်မှတ်လို့ရလို့လား .. သူတို့ရဲ့အဖေတွေ၊ ဘိုးဘေးတွေ၊ လူပေါင်း ရာပေါင်း၊ ထောင်ပေါင်း၊ သောင်းပေါင်းများစွာက သူတို့အသက်ကို စတေးပြီးတော့ မသေမျိုးသက်ရှိရဲ့ အရိုးမီးတောက်က စွမ်းအားတွေကို သယ်ပြီး သေဆုံးခဲ့ရတာ” လက်တစ်ဖက်နှင့် အကြီးအကဲ တည်ငြိမ်စွာ ပြောလိုက်သည်။

ဤသည်မှာ တကယ်ကို ရက်စက်လှသည်။ ဤသည်မှာ အသက်များကို စတေးလိုက်ခြင်းဖြစ်သော်လည်း အကြီးအကဲသည် တည်ငြိမ်စွာပင် ပြောနေသည်။

“ကောင်းကင်ချောက်နက်ရဲ့ စွမ်းအားကို ဆင့်ခေါ်ချင်ရင် ပိုပြီးတော့တောင် ပေးဆပ်ရသေးတယ်” သူ သက်ပြင်းချ၍ ပြောလိုက်သည်။

မသေမျိုးဘုရင်များကို ရင်ဆိုင်ရန်အတွက်သာ ကောင်းကင်ချောက်နက်ကို အသုံးပြုခြင်းပင်။

ဖူး..

အချို့ကလေးများ၏ မျက်နှာများမှာ လူသေကဲ့သို့ ဖြူဖျော့လာသည်။ သူတို့သည် သာမန်လူများထက် ခွန်အားကြီးသော်လည်း သူတို့ အလွန်ငယ်ရွယ်သေးသည်ပင်။ သူတို့ သွေးတစ်ပွက်အန်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

လူတစ်ယောက်‌ လျှောက်လာပြီး ထိုကလေးများကို သယ်သွားကာ သူတို့ကို သေချာဂရုစိုက်လိုက်သည်။

“ဒီမှာ မွေးဖွားလာမှတော့ သူတို့က ဘယ်လိုဘဝမျိုး နေနိုင်မှာလဲ..” လက်တစ်ဖက်နှင့် အကြီးအကဲ ပြောလိုက်သည်။ ဤစကားတစ်ခွန်းတည်းဖြင့် အရာအားလုံးကို ရှင်းပြလိုက်နိုင်သည်ပင်။

ဤနေရာ၌ အသက်ရှင်နေခြင်းမှာ ကောင်းချီးတစ်ခုပင်။

ချွမ်း ချွမ်း ချွမ်း..

မြို့ရိုးကြီး ဆက်တိုက်တောက်ပလာကာ ဓားစွမ်းအင်များ ထွက်ပေါ်လာ၏။

သို့သော် ဤလူများမှာ ကလေးများသာ ရှိသေးသည်။ သူတို့ ဤနေရာ၏စွမ်းအားမျိုးစုံကို အသုံးပြုကာ ပညာများကို အသက်သွင်းနေသော်လည်း ဤသည်မှာ မလုံလောက်သေး။

နောက်ဆုံးတွင်တော့ အကြီးအကဲအချို့ လှုပ်ရှားလာသည်။ မြို့ရိုးမှ အဆုံးမရှိသည့် အလင်းများထွက်ပေါ်လာကာ မြို့ရိုးရှေ့၌ သွေးရောင်စစ်ရဲဒင်းတစ်ခု ထွက်လာသည်။ ဖူး..

ထိုသားရဲခေါင်း ပြတ်သွားကာ စိတ်စွမ်းအားတစ်တန်း ပျံထွက်သွားသည်။

နောက်ဆုံးတွင်တော့ ထိုရှေးဟောင်းသားရဲကြီး မြို့ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ မြို့တံခါးများကို ဖြတ်သန်းသည့်အချိန်တွင် သင်္ကေတအလင်းတောက်ပလာပြီး သူ၏ခန္ဓာကိုယ်ကို သန့်စင်လိုက်သည်။ မတော်တဆမှုဖြစ်မလာစေရန် အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ညအချိန်တွင် မြို့ထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းကာ မီးပုံတစ်ခု ဖြစ်နေသည်။

ရှီဟောင် ဘေးဘက်၌ ထိုင်ကာ တိတ်တဆိတ်ပင် ကြည့်နေလိုက်သည်။ ကလေးများသည် အစားအစာများကို တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေကြသည်။

ဤအသားတွင် အံ့အားသင့်စရာကောင်းလောက်သည့် စွမ်းအင်များပါဝင်နေသည်။ ကလေးများ ဤအသားများကို စားချင်လျှင် အကြီးအကဲများ အရင်ပြုပြင်ပေးရသည်ပင်။

ကလေးများမှာ အသက်သိပ်မကြီးသေးသော်လည်း အဘယ်ကြောင့် ဤမျှစွမ်းအားကြီးနေသည်ကို ရှီဟောင် နားလည်သွားလေပြီ။

သူတို့သည် ဤကဲ့သို့သော သားရဲများကိုသာ တစ်နှစ်ပတ်လုံးစားနေရခြင်းပင်။

သူတို့ကိုသာ အပြင်လောကသို့ ခေါ်သွားပြီး သေချာပြုစုပျိုးထောင်ပေးလျှင် သူတို့သည် လူသားပုံစံသားရဲများဖြစ်သွားလိမ့်မည်။ အားလုံးမှာ မျိုးစေ့ကောင်းများပင်။

“တစ်ဖက်လောကက သားရဲတွေရဲ့ ခန္ဓာကိုယ်မှာ မကောင်းတဲ့ပစ္စည်းတွေ ရှိနေတတ်တယ် .. အများကြီးစားရင် မကောင်းဘူး .. ထူးဆန်းတဲ့ဖျားနာမှု ဖြစ်လာလိမ့်မယ် .. ရှေးတုန်းက စစ်ပွဲတွေက ကျန်ခဲ့တဲ့ သားရဲတစ်ချို့တွေမှာဆိုရင် ပိုအံ့ဩဖို့ကောင်းတဲ့ နတ်ခွန်အားတွေ ရှိနေတတ်တယ်” လက်တစ်ဖက်နှင့် အကြီးအကဲ ပြောလိုက်သည်။

“မကောင်းတဲ့အရာတွေ ဟုတ်လား..” ရှီဟောင် ထိတ်လန့်သွားရသည်။

“အမ် .. မသန့်စင်ပဲနဲ့ အချိန်အကြာကြီးစားသုံးရင် သူတို့ စိတ်လွတ်သွားလိမ့်မယ်” အကြီးအကဲ ခေါင်းညိမ့်လိုက်ကာ ရှီဟောင်ကို ပြုပြင်ရာတွင် အာရုံစိုက်ရန် ပြောလိုက်သည်။

အကြီးအကဲ၏သံသယအရဆိုလျှင် တစ်ဖက်လောကတွင် ဤကဲ့သို့သော သားရဲများ တစ်မျိုးနှစ်မျိုးသာ ရှိမည်မဟုတ်။ အချို့ဘုရင်ကလန်များ၌ပင်လျှင် သူတို့ထဲ၌ မကောင်းသည့် အရာအနည်းငယ် ရှိနေတတ်သည်။ ဘယ်လောက်ရှိသလဲဆိုသည့်အပေါ်တွင်သာ မူတည်လိမ့်မည်။

“ကလေးတွေ .. ဒီနေ့ မင်းတို့ရဲ့ အမေတွေ အဖွားတွေကို နှုတ်ဆက်ထားကြ .. မင်းတို့ရင်ထဲမှ သိမ်းထားကြတဲ့အရာတွေအားလုံးကို သူတို့ကို ပြောပြလိုက်” လက်တစ်ဖက်နှင့် အကြီးအကဲ မတ်တပ်ရပ်လိုက်ကာ မီးပုံဘေးမှ ကလေးများကို ပြောလိုက်သည်။

“မနက်ဖြန် နေထွက်တာနဲ့ မင်းတို့တွေ စွမ်းအားကြီးတဲ့ စွမ်းရည်တွေ လေ့လာဖို့အတွက် အခြားနေရာကို သွားရမယ် .. မင်းတို့တွေ လုံလောက်အောင် သန်မာတဲ့အချိန်ကျမှ မင်းတို့ချစ်တဲ့သူတွေနဲ့အတူ ပြန်လာပြီးတော့ ဒီလူအိုကြီးနဲ့အတူတူ တိုက်ခိုက်ကြ..” လက်တစ်ဖက်နှင့် အကြီးအကဲ ကျယ်လောင်စွာ ပြောလိုက်သည်။

သို့သော် သူ၏အသံ အနည်းငယ် တုန်ယင်နေသည်ကို ရှီဟောင် ကြားလိုက်ရသည်ပင်။ သူတို့ ထာဝရခွဲခွာရတော့မည်ပင်။

အသက်ကြီးသည့်ကလေးအချို့ မတ်တပ်ထရပ်လိုက်ကာ “မသွားဘူး .. ကျွန်တော်တို့ ဒီမှာ တိုက်ခိုက်ချင်တယ် .. ဒီမှာ မြို့ကြီးရှိနေတုန်းပဲ .. လူတွေလည်း ရှိနေတုန်းပဲ .. ကျွန်တော်တို့ ဘိုးဘေးတွေနဲ့အတူတူ တိုက်ခိုက်မယ် .. ကျွန်တော်တို့သွေးတွေက ဒီမှာပဲ စီးဆင်းနေရမယ်..”

“ကျွန်တော်တို့လည်း နေခဲ့ချင်တယ်..”

“ကျွန်တော်တို့ မသွားဘူး..”

“ဒါက ကျွန်တော်တို့အိမ် .. ကျွန်တော်တို့တိုက်ပွဲထဲမှာ သေသွားရင်တောင် ကျွန်တော်တို့ရဲ့ အရိုးတွေနဲ့ သွေးတွေကို ဒီမှာပဲ လောင်ကျွမ်းခံမယ်..”

လူငယ်တစ်စု အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲများသည် သူတို့ကို အသက်ရှင်လျက် ထွက်ခွာသွားကာ ပြန်မလာစေလိုခြင်းဖြစ်ကြောင်း သူတို့သိနေသည်ပင်။

“မင်းတို့အားလုံး ပါးစပ်ပိတ်ထား .. မင်းတို့အားလုံး ပြန်သွားကြ .. မင်းတို့ရဲ့အမေတွေ အဘွားတွေကို သေချာအဖော်ပြုကြ .. သူတို့နဲ့ စကားနည်းနည်းပိုပြောလိုက်ကြ .. မနက်စောစောမှ ဒီမှာ လာစုကြ..” လက်တစ်ဖက်နှင့် အကြီးအကဲ အော်ဟစ်လိုက်သည်။

မီးပုံကြီး ငြိမ်းသွားကာ မြို့လည်း မှုန်မှိုင်းလာသည်။

ဤအခိုက်အတန့်မှာ ဤကလေးများအတွက် အတော်လေး အကျိုးသက်ရောက်မှု ကြီးမားသည်ပင်။ ဤသည်မှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပင်။ သူတို့ ဒီနေရာကနေ ထွက်သွားရတော့မှာလား..

သို့သော် သူတို့ ဤနေရာ၌ မွေးဖွားခဲ့ပြီး ဤနေရာ၌ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် သူတို့ထွက်မသွားချင်ကြ။

နောက်တစ်နေ့ မနက်ခင်း၌ ရောင်စုံအလင်းတန်းတစ်တန်း ပေါ်လာသည်။

လက်တစ်ဖက်နှင့် အကြီးအကဲနှင့် အခြားအကြီးအကဲများသည် ကလေးများကို တစ်ယောက်ပြီးတစ်ယောက်မြှောက်ကာ သူတို့ကို ပြည်သူ့ရင်ပြင်သို့ ခေါ်လာလိုက်သည်။

“သွားဖို့အချိန်ရောက်ပြီ .. မင်းတို့ဘိုးဘေးတွေလိုမျိုး စွမ်းရည်ရှိတဲ့အချိန်ကျရင်၊ အားအနည်းဆုံးအချိန်မှာတောင် မြှားတစ်စင်းနဲ့ ကြယ်တစ်လုံး ပစ်ချနိုင်တဲ့အချိန်ရင် မင်းတို့ပြန်လာလို့ရတယ်..” အကြီးအကဲတစ်ဦး ဟစ်ကြွေးလိုက်သည်။

ကလေးများဘေးတွင် သူတို့၏အမေများနှင့် အဖွားများရှိနေသည်။ ယခုအချိန်တွင် သူတို့လည်း အဓိကအင်အားဖြစ်နေသောကြောင့် သူတို့ ထွက်ခွာသွား၍မရ။

ကလေးများ ငိုကြွေးနေကြသလို ထိုအမျိုးသမီးများလည်း ငိုကြွေးနေကြသည်။

သူတို့သည် ပုံမှန်အားဖြင့် စကားများများစားစား ပြောလေ့မရှိသော်လည်း ယခုအချိန်တွင်တော့ အော်ဟစ် ငိုကြွေးနေကြသည်။

ကလေးများအားလုံး သူတို့ချစ်ခင်ရသည့်သူများထံသို့ ပြေးသွားကြကာ မျက်ရည်မိုးများ ရွာသွန်းနေကြသည်။

သူတို့ငိုရင်း ပြောနေကြသည့်စကားများမှာ သူတို့သာမန်အချိန် ပြောသည့်စကားများထက် ပိုများသည်ပင်။

နေထွက်လာသည်နှင့် ရှီဟောင် ဤကလေးများကို ဤနေရာ၌ ခေါ်သွားလိုက်သည်။ နံနက်ခင်းရွှေရောင်အလင်းတန်းများသည် သူတို့နောက်၌ ရှည်လျားလှသည့်အရိပ်များကို ဖြစ်ပေါ်စေသည်ပင်။ ဤသည်မှာ သူတို့ကို မသွားခိုင်းစေချင်နေသကဲ့သို့ပင်။

အပိုင်း ၁၈၂၇ ပြီး၏။
Chapter – 1828 အင်ပါယာဂိတ်သို့ ပြန်သွားခြင်း

နံနက်ခင်း အလင်းရောင်မှာ ခမ်းနားစွာ တောက်ပနေသည်။ ကလေးများ၏ ညစ်ပေနေသည့် မျက်နှာထက်၌ တောက်ပသည့် မျက်ရည်စက်လေးများ တွဲခိုနေသည်။

ရှီဟောင် သူတို့အားလုံးကို ဧကရာဇ်မြို့အပြင်ဘက်သို့ ခေါ်လာလိုက်သည်။

သူ၏လက်ထဲ၌ အရိုးတံဆိပ်ပြားတစ်ခုရှိနေသည်။ ထိုတံဆိပ်ပြားကြောင့်လည်း သူ ဤမြို့ထဲသို့ ဝင်ထွက်သွားလာနိုင်ခြင်းပင်။

စန်းကျန်းနှင့် ရှန်းမင်တို့ ထိတ်လန့်သွားရသည်။ သူတို့အဝေးမှ လျင်မြန်စွာပင် ရောက်လာကြလေ၏။ ရှီဟောင် ဤကဲ့သို့သော ကလေးအုပ်ကြီးနှင့် ပြန်ရောက်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ ကလေးများမှာ စုစုပေါင်း ရာပေါင်းများစွာ ရှိမည်ပင်။

“ရှင် .. ရှင့်အမျိုးတွေဆီ သွားလည်ခဲ့တာလား..” ရှန်းမင် လှောင်ပြောင်လိုက်သည်။

“ဟုတ်တယ်..” ရှီဟောင် လေးနက်စွာပင် ပြန်ဖြေလိုက်လေ၏။

မသေသေးသည့်စစ်သူရဲနှစ်ဦး ဆွံ့အသွားရသည်။ သူက တကယ် သူ့အမျိုးတွေဆီ သွားလည်ခဲ့တာလား .. ဟွမ်မှာ ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ .. သူက ဧကရာဇ်မြို့ကလူတွေနဲ့ ကလန်အတူတူပဲလား .. သူတို့ရဲ့သွေးမျိုးဆက်တွေက ဒီလောက်တောင် နီးစပ်တာလား..

“ငါတို့ ဒီနေရာကနေ ဘယ်လိုထွက်သွားကြမလဲ … ငါတို့ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးသွားပြီ .. ဒါပေမဲ့ ငါတို့ ဒီနယ်မြေကို မဖောက်ထွက်နိုင်ဘူးဖြစ်နေတယ်” စန်းကျန်း ပြောလိုက်သည်။

ဤမျောနေသည့်တိုက်တွင် အပြင်လူများ ဝင်မလာစေရန် တားထားသည့် နယ်ခြားနံရံရှိနေသည်။ မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးပင်လျှင် ဤနယ်ခြားနံရံကို ဘာမှမလုပ်နိုင်။

“သွားကြစို့..” ရှီဟောင် ဘာမှမပြော။ သူ့ထံ၌ ဖြတ်သန်းသွားလာ၍ရသည့် တံဆိပ်ပြားရှိနေသည်။ ထင်ထားသည့်အတိုင်းပင် သူသည် ကလေးအုပ်စုနှင့်အတူ နယ်ခြားနံရံကို ချောမွေ့စွာ ဖြတ်သန်းသွားလာလိုက်နိုင်သည်။

ရွှီး..

တောက်ပသည့်တိမ်တိုက်များ ထွက်ပေါ်လာကာ ကလေးပေါင်း ရာပေါင်းများစွာကို ရစ်ပတ်သွားကာ သူတို့အား ကန္တာရကြီးပေါ်သို့ ခေါ်ဆောင်သွားလေ၏။ သူတို့ မြေပြင်ပေါ်သို့ တည်ငြိမ်စွာပင် ဆင်းသက်သွားလိုက်နိုင်ကြသည်။

ကလေးများသည် မျက်နှာများထက်၌ မျက်ရည်များ ရှိနေသော်လည်း သူတို့ထိတ်လန့်သွားဆဲပင်။ သူတို့ မရင်းနှီးသည့်လောကသို့ ရောက်လာလေပြီ.

ဤလောကမှာ သူတို့အပေါ်ဘက်မှနေ၍ ငေးကြည့်နေရသည့်နေရာပင်။ တစ်နေ့ကျလျှင် သူတို့ ဤနေရာသို့လာကာ သူတို့နေ့ရက်များကို ငြိမ်းချမ်းစွာကုန်ဆုံးရန်မှာ သူတို့အိပ်မက်ပင်။ ယနေ့တော့ သူတို့ ဤနေရာသို့ ခြေချလိုက်ရလေပြီ။ နောင်ကျလျှင် မည်ကဲ့သို့ ဖြစ်လာမည်နည်း..

“တကယ်ကို မလွယ်ဘူးပဲ .. နောက်ဆုံးတော့ ငါတို့ပြန်ရောက်လာပြီ .. ငါတို့ တစ်ပတ်ပြည့်သွားပြီ..” ရှန်းမင် ပျင်းရိစွာ ပြောပြီး သူမခန္ဓာကိုယ်ကို ဆန့်လိုက်သည်။

ယခုတစ်ခေါက် သူတို့အတွေ့အကြုံများမှာ ထူးဆန်းလှသည်။ သူတို့သည် ပင်လယ်ကျမှ ထွက်ခွာသွားကာ လမ်းတစ်လျှောက်၌ ထူးဆန်းသည့်အရာများစွာ ကြုံတွေ့ခဲ့ရသည်။ ယခု နောက်ဆုံးတော့ သူတို့ နယ်ခြားစပ်သို့ ရောက်လာလေပြီ။

“ဟေ့ကောင်ဟွမ် .. ရှင် ကျွန်မတို့နဲ့အတူတူ သင်္ချိုင်းမြေကို လိုက်ခဲ့ရင်ရော .. သန့်စင်နဲ့မြေက ဘယ်လိုမျိုးလဲဆိုတာ ကျွန်မတို့ ရှင့်ကို ခံစားခိုင်းမယ် .. အဲဒီနေရာက ထာဝရနယ်မြေထက်တောင် မြင့်မြတ်သေးတယ်..” ရှန်းမင် ပြောလိုက်သည်။

“ငါ သင်္ချိုင်းမြေကို မရောက်ဖူးဘူးလို့ ထင်နေတာလား .. အဲဒီနေရာက အမှောင်ထုနဲ့ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ ရှေးဟောင်းအလောင်းတွေကလွဲရင် ဘာရှိသေးလို့လဲ..” ရှီဟောင် ပြောလိုက်သည်။

ရှန်းမင်သည် မျက်လုံးလှန်လိုက်ကာ “အဲဒါက ရှင်ဗဟုသုတနဲ့အတွေ့အကြုံ မရှိလို့လေ .. မသေသေးတဲ့ရွှေရောင်စစ်သူရဲအစစ်က ဘယ်လိုလုပ် အဲဒီလိုမျိုး နေရာမှာ နေမှာလဲ .. သင်္ချိုင်းဘုရင်တွေ နေတဲ့နေရာက ပိုလို့တောင် မနိမ့်ကျနိုင်ဘူး .. အဲဒီမှာ သက်ရှည်ဆေးပင်တွေ စိုက်ထားတာရှိတယ် .. သူ့ရဲ့မြင့်မြတ်မှုက ထာဝရနယ်မြေထက်တောင် သာသေးတယ် .. ဖီးနှစ်အစစ်တောင်မှ ခြံထဲမှာ လျှောက်သွားတဲ့ ကြက်လေးဖြစ်သွားတာ”

ရှီဟောင် ဤအကြောင်းကို ယခင်ကလည်း ကြားဖူးသည်ပင်။ သင်္ချိုင်းမြေသည် အလွန်ထူးခြားလှပြီး ပြည့်စုံသည့်၊ သန့်စင်သည့်နယ်မြေများ ရှိသည်ပင်။

“ထားလိုက်တော့ .. ငါ ဒီကလန်သားတွေကိုခေါ်သွားပြီးတော့ အင်ပါယာဂိတ်ကိုပဲ အရင်သွားလည်တော့မယ်…” မမျှော်လင့်ထားသည့်တစ်ခုခု ဖြစ်လာမည်ကို ရှီဟောင်စိုးရိမ်သည်။ တစ်ဖက်လောကမှ လှုပ်ရှားနေပြီဖြစ်ကြောင်းကို အင်ပါယာဂိတ်မှ လူများအား ပြောပြချင်သည်။

ကောင်းကင်ချောက်နက်မှ တစ်ဖက်လောကကို ထပ်တောင့်ခံနိုင်တော့မည်မဟုတ်တော့။ အင်ပါယာဂိတ်ဟောင်း ပျက်စီးသွားတော့မည်။

အဲဒါဆိုရင် အခုလက်ရှိ အင်ပါယားဂိတ်ကရော .. ဤမြို့လည်း ပျက်စီးသွားလောက်မည်ပင်။

ထိုသို့စဉ်းစားမိသည်နှင့် သူ စိတ်လေးလံသွားရသည်။ သူ အချိန်ဖြုန်း၍မရတော့ဘူးဟု ခံစားလိုက်ရသည်။

“ငါတို့ သင်္ချိုင်းနယ်မြေကို အရင်ပြန်သွားလိုက်မယ် .. ငါတို့ တစ်ချို့ကိစ္စတွေကို အရင်လေ့လာလိုက်ဦးမယ်” စန်းကျန်း ပြောလိုက်သည်။

နံနက်ခင်း နေရောင်ခြည်မှာ ထိန်လင်းစွာ တောက်ပနေသည်။

ကန္တာရတစ်ခုလုံးကို ရွှေရောင်အလင်းများ လွှမ်းခြုံထားသည်။

ဤသည်မှာ တောက်ပကာ လှပလှသည့် မနက်ခင်းလေးပင်။

အင်ပါယာဂိတ်မြို့ရိုးပေါ်၌ ဤကန္တာရကို ကြည့်နိုင်သည့်နေရာတစ်ခုရှိသည်။ ထိုနေကို နေ့တိုင်းကင်းလှည့်နေသည့် ချပ်ဝတ်တန်ဆာနှင့် သူရဲကောင်းများ နေ့တိုင်းရှိနေသည်ပင်။

“ရန်သူတွေ..”

ခဏကြာပြီးနောက် သူတို့ကို တစ်စုံတစ်ယောက် သတိပြုမိသွားကာ အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အရှေ့ဘက်မှ ချဉ်းကပ်လာသည့် လူပေါင်း ရာပေါင်းများစွာကို သူတို့တွေ့လိုက်ရသည်ပင်။

ရန်သူ၏ စစ်တပ်များမှာ တပ်သားပေါင်း သိန်းချီနှင့်ယှဉ်လျှင် ဤသည်မှာ ဘာမှမဟုတ်သော်လည်း အဓိပ္ပာယ်မှာ အတူတူပင်။ အင်ပါယာဂိတ်ကို လာရောက်တိုက်ခိုက်သည့်လူများ ရှိနေသည်။

ဝူး..

ခရာသံ ထွက်ပေါ်လာပြီး အားလုံး၏အမူအရာများ လေးနက်သွဦးသည်။ သူတို့သည် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကာ လက်ထဲ၌ လက်နက်များ ကိုင်ထားပြီး ကန္တာရကြီးကို အေးစက်သည့်အမူအရာများဖြင့် ကြည့်နေကြသည်။

အင်ပါယာဂိတ်ထဲမှ လူများမှာ ယခုတလောတွင် လေထုအခြေအနေမှာ သိပ်မမှန်သေးဘူးဟု ခံစားနေကြရသည်။ ဤသည်မှာ မုန်တိုင်းမလာခင် လေငြိမ်နေသကဲ့သို့ပင်။

“ရာဂဏန်းလောက်ပဲရှိတာ .. သူတို့တွေက .. ကလေးတွေလား..” တစ်စုံတစ်ယောက်မှ ကောင်းကင်မျက်လုံးကို အသုံးပြုကာ ကြည့်လိုက်သည်နှင့် ထူးဆန်းသည့်အရာကို ချက်ချင်း သတိပြုမိသွားသည်။

“ခဏ .. ငါ ဘယ်သူ့ကို မြင်နေရတာလဲ .. ဟွမ်လား .. ငါ တကယ် ဟွမ်ကို တွေ့လိုက်ရတာ .. သူက ကလေးတွေနဲ့ လမ်လျှောက်လာနေတာ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

မြို့ရိုးပေါ်တွင်ရှိနေသည့်လူတစ်စုမှာ ရွှံ့ရုပ်များကဲ့သို့ တောင့်တင်းသွားကြသည်။ တစ်ဖက်လောကမှာ အကျဉ်းသားဖြစ်နေတဲ့ဟွမ်က ပြန်လာပြီလား..

ယခုတလော သူနှင့်ပတ်သက်သည့် ကောလဟာလများစွာ ရှိနေသည်ပင်။ သူ တစ်ဖက်လောကတွင် မည်ကဲ့သို့ ခွန်အားပြသခဲ့ကြောင်း၊ ထို့နောက် သူ ကောင်းကင်ထက်သို့ ပျံသန်းသွားကာ ထိုရှေးဟောင်းနယ်မြေမှ ထွက်ပြေးသွားကြောင်း ကောလဟာလများ ရှိခဲ့သည်ပင်။

ထို့အပြင် ဟွမ်ကို တစ်ဖက်လောကသို့ ပို့လိုက်သည့်ကိစ္စနှင့် ပတ်သက်ပြီး အုတ်အော်သောင်းတင်းလည်း ဖြစ်နေခဲ့သည်ပင်။

ဤသည်မှာ အိမ်မက်မက်နေသကဲ့သို့ပင်။ တစ်ဖက်လောမှ ဖိနှိပ်ခံနေရမယ့်လူက ဘယ်လိုလုပ် ပြန်လာနိုင်တာလဲ..

“ဟွမ် ပြန်လာပြီ..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်၏။ ဤသည်မှာ အဝေး၌ ရှိနေသည့်အစောင့်များကိုပင်တုန်လှုပ်သွားစေသည်။

မီးတောင်ပေါက်ကွဲသွားသကဲ့သို့ မြို့တစ်ခုလုံး သတင်းများ ပျံ့နှံ့သွားသည်။

ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းသည့်သတင်းပင်။

ဒီလူငယ်လေးက တကယ်ပြန်လာနိုင်ခဲ့တာလား..

“သတိထား .. သူ့ကို မဝင်ခိုင်းနဲ့ ရပ်ခိုင်းလိုက်..” ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တစ်စုံတစ်ယောက်မှ ဟွမ်အား ပေးဝင်လိုက်မည်ကို သူကြောက်နေသည်။

“သူ ဖြတ်လာလို့မရဘူး .. ငါတို့ သတိကြီးကြီးထားရမယ်..” တစ်စုံတစ်ယောက်မှ အမိန့်ပေးလိုက်သည်။

ဤနေရာမှာ မတည်ငြိမ်တော့။

“ဘယ်သူက ဟွမ်ပြန်လာတာကို တားဆီးချင်နေတာလဲ..” အခြားတစ်ဖက်မှလူများလည်း အော်ဟစ်လိုက်သည်။

“သူက အတုလားအစစ်လားဆိုတာ ဘယ်လိုသိနိုင်မှာလဲ .. သူ့ကို အကျဉ်းသားအဖြစ်နဲ့ခေါ်သွားပြီ .. အဲဒါကို သူက ဘယ်လိုလုပ် ပြန်လွတ်လာနိုင်တာလဲ .. သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေတဲ့သူတွေရှိရင် ဒါက ကပ်ဆိုးကြီးဖြစ်သွားလိမ့်မယ်..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

ဒါလည်းဟုတ်သည်ပင်။ ဟွမ်က ဘယ်လိုလုပ် ပြန်လွတ်လာနိုင်ခဲ့သနည်း..

အထူးသဖြင့် သူသည် ကလေးအုပ်လိုက်ကြီးကိုပင် ခေါ်လာသေးသည်။

ထိုကလေးများဝတ်ဆင်ထားသည့် ရိုးရှင်းသည့် သားရဲအရေခွံအဝတ်အစားများ စုတ်ပြတ်နေပြီး အပေါက်များ ပြည့်နှက်နေသည်။ သူတို့၏အဝတ်အစားများတွင် သွေးစီးကြောင်းများလည်း ရှိနေလေ၏။ သူ ဒီကလေးတွေကို ဘယ်ကနေ ခေါ်လာတာလဲ .. သူ တစ်ခြားတစ်ဖက်ကနေ ခေါ်လာတာလို့တော့ မပြောနဲ့နော်..

ရှီဟောင် မြို့အောက်ခြေသို့ ရောက်လာပြီး ခေါင်းမော့ကြည့်လိုက်သည်။ အင်ပါယာဂိတ်သည် တိမ်တိုက်ထိပင် မြင့်မားလှကာ အဆုံးကိုမမြင်နိုင်။

“မင်းက .. ဟွမ်လား..” အပေါ်ဘက်ရှိ တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“ဟုတ်တယ်..” ရှီဟောင် ရိုးရှင်းစွာ ပြန်ဖြေလိုက်ပြီး သူတို့ကို ဂိတ်တံခါးများ ဖွင့်ပေးရန် တောင်းဆိုလိုက်သည်။

“ငါတို့ ဖွင့်လို့မရဘူး .. အခုအချိန်မှာ သူက ဟွမ် အစစ် ဟုတ်မဟုတ်ကို မသိနိုင်သေးဘူး..” တစ်စုံတစ်ယောက်မှ သူတို့အား တားဆီးလိုက်သည်။

သို့သော် ရှီဟောင် စိတ်မတိုသလို စိတ်ပျက်သွားခြင်းလည်းမရှိ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အလွန်သာမန်ဆန်သည်ပင်။ တစ်ဖက်လောကမှ သူလျှိုလွှတ်လာပြီး သူတို့သာ တွေ့ကရာလူကို ဝင်ခိုင်းလိုက်လျှင် အလွန်ရယ်စရာကောင်းသွားလိမ့်မည်။

“မင်းတို့အားလုံး ငါ့ကို စစ်ဆေးလို့ရတယ်” ရှီဟောင်ပြောလိုက်သည်။

မြို့ထဲသို့ မဝင်မှီ သူ့တစ်ကိုယ်လုံးကို ဖြန့်ကျက်လာသည့် နတ်အလင်းထွက်ပေါ်လာ၏။ ဤသည်မှာ သူတောင်းဆိုလိုက်ခြင်းပင်။

“သူ့ကိုရှာ..” အပေါ်ဘက်မှ တစ်စုံတစ်ယောက်အမိန့်ပေးလိုက်၏။ ထို့အပြင် သူတို့ လျင်မြန်စွာ သတင်းပို့လိုက်ကြလေ၏။ ဤကဲ့သို့သော သတင်းမျိုးကို မုန့်ထျန်းကျန်းကဲ့သို့ အဆင့်မြင့်သည့်သူအား သတင်းပို့ရမည်ပင်။

“ဘာ.. ဟွမ် .. အသက်ရှင်လျက် ပြန်လာတာလား .. အားရိုး..” ဤသတင်းကို ကြားသည်နှင့် လကျောက်စိမ်းယုန်သည် ဆေးလုံးမီးဖိုကိုကန်ကာ တရှိန်ထိုး ပြေးလာလေ၏။

“ရှင် အသက်ရှင်နေတုန်းပဲ .. ရှင်ပြန်လာပြီ..” ချင်းယီ ရေရွတ်လိုက်ကာ မြို့ဂိတ်ထံသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။

“ငါနားကြားမမှားဘူးမလား .. မင်းက မင်းဘာသာမင်း ပြန်လာခဲ့တာလား .. ငါ ငါ့ဆရာကိုတောင် နှိုးထားပြီးတော့ ကျင်းထိုက်ကျွင်းနဲ့ စာရင်းရှင်းဖို့တောင် လုပ်ထားတာ..” ချောင်ယုရှင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟွမ် ပြန်လာပြီလား..” ချီဟုန်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ရှီယီ၊ ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်နှင့် အခြား ထူးချွန်သည့်သူများအပြင် အသက်ကြီးသည့်မျိုးဆက်များပင် ဆွံ့အသွားရသည်။

ဤသတင်းမှာ သူတို့နားထဲ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

လူများစွာသည်စိတ်လှုပ်ရှားစွာဖြင့်ပင် မြို့ရိုးထံသို့ ဦးတည်သွားကြသည်။

မြို့ဂိတ်တံခါးအောက်တွင် ရှီဟောင်သည် အလင်းလုံးတစ်ခုဖြင့် ဝိုင်းခံထားရသည်။ မြို့ထဲမှလူများ သူ့အား စစ်ဆေးနေကြသည်။ သူ့ထံမှ စွမ်းအားကြီးသည့်ဝိညာဉ် တွယ်ကပ်နေခြင်းရှိမရှိ စစ်ဆေးကြသည်။

အင်ပါယာဂိတ်မှ ထွက်သွားသည့်သူများအားလုံး သူတို့၏ အသက်တံဆိပ်ကို မှတ်တမ်းတင်ရမည်။ ရှီဟောင် ထွက်သွားသည်မှာ တစ်ကြိမ်ထက်မကသောကြောင့် သူအစစ်ဖြစ်ကြောင်း အတည်ပြုရမည်ပင်။

ဒါက တကယ်ဟွမ်ပဲ .. သူ အသက်ရှင်လျက် ပြန်လာပြီ..

ထိုအခိုက်အတန့်တွင် မြို့ဂိတ်တံခါးကြီး တောက်ပလာကာ သူ့အား ဖုံးလွှမ်းသွားသည်။ သူ့ထံ၌ အန္တရာယ်များ၊ ပုံမှန်မဟုတ်သည့်အရာများ ရှိမရှိကို စစ်ဆေးနေခြင်းပင်။

“ရှီဟောင် နင်လား .. နင့်ကို အသက်ရှင်လျက် ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။

“ဟား ဟား .. ရောင်းရင်း.. တကယ်မင်းပဲ .. မင်းအထဲရောက်ရင် ငါမင်းကို တစ်ခွက်လောက်သောက်ဖို့ ဖိတ်မယ်..” ထော်ဂုယုလုံလည်း စတင်ရယ်မောလာသည်။

မြို့ရိုးပေါ်တွင် လူများစွာ သူ့ကို ကြိုဆိုရန်အတွက် စိတ်လှုပ်ရှားနေကြသည်။ သူတို့အားလုံး သူ့အား ဘေးကင်းကင်းဖြင့် ပြန်လာစေချင်ကြသည်ပင်။

သို့သော် ဝမ်မိသားစုနှင့် ကျင်းမိသားစုကဲ့သို့သော မျက်နှာပျက်သွားသည့်သူများလည်း ရှိသည်ပင်။ အထူးသဖြင့် ကျင်းထိုက်ကျွင်း၏ သွေးမျိုးဆက်များပင်။ သူတို့မျက်နှာများမှာ မှုန်မှိုင်းနေလေပြီ။ ယခင်က ရှီဟောင်ကို အပြင်ပို့ရန် စတင်လုပ်ဆောင်ခဲ့သူမှာ သူတို့ပင်။

“ဘာမှမရှိဘူး .. သူမြို့ထဲဝင်လို့ရပြီ..”

ခဏကြာပြီးနောက် စစ်ဆေးခြင်း ပြီးဆုံးသွားလေပြီ။

“ကျွန်တော် သူတို့ကိုလည်း ကျွန်တော်နဲ့အတူ ခေါ်လာဖို့လိုတယ်..” ရှီဟောင် ကလေးတစ်စုကို လက်ညှိုးထိုးပြလိုက်သည်။ ဤစုတ်ပြတ်နေသည့်ကလေးအားလုံး သူ့နောက် တိတ်တဆိတ်လိုက်လာကြသည်။

“သူတို့က ဘယ်သူတွေလဲ .. သူတို့က တစ်ဖက်လောကကနေ လာတာလား .. သူတို့ကို ဝင်ခွင့်မပေးနိုင်မှာ စိုးမိတယ်..” တစ်စုံတစ်ယောက်မှ ခေါင်းခါကာ ပြောလိုက်သည်။

“သူတို့မိဘာတွေအားလုံးက ထူးချွန်တဲ့သူရဲကောင်းတွေ၊ ကောင်းကင်ထက်က မြို့က သူရဲကောင်းမျိုးဆက်တွေ .. ဒီနှစ်တွေမှာ သူတို့က တစ်ဖက်လောကရဲ့ အဓိကအင်အားတွေကို တားဆီးပေးခဲ့တာ..”

ရှီဟောင်၏အသံတွင် ခံစားချက်များ ပြည့်နေသည်။

“အဲဒီမြို့ရှိသေးတာလား..”

“အဲဒီမြို့ထဲမှာ အသက်ရှင်နေတဲ့သူတွေ ရှိသေးတာလား..”

အင်ပါယာဂိတ်တွင် ထိုမြို့အကြောင်းသိသည့်သူအချို့ ရှိနေသည်မှာ သေချာသည်။

“မင်းမှာ ဘာသက်သေရှိလဲ..” တစ်စုံတစ်ယောက်မှ လျင်မြန်စွာ မေးလိုက်သည်။

“သူတို့အများစုက ကျွန်တော့်လိုပဲ နဖူးမှာ ထူးခြားတဲ့တံဆိပ်ရှိတယ် .. ကျွန်တော်နဲ့ သွေးမျိုးဆက်အတူတူပဲ..” ရှီဟောင်ပြောလိုက်သည်။ ထို့နောက် သူ ကလေးများကို မှော်ခွန်အားများထုတ်ခိုင်းကာ သူတို့နဖူးပေါ်မှ သင်္ကေတကို ပြသခိုင်းလိုက်သည်။

ဝုန်း..

ထိုအချိန်တွင် အချို့ကလေးများ၏ နဖူးများတောက်ပလာကာ မီးတောက်များကဲ့သို့ လောင်ကျွမ်းလာသည်။

“အပြစ်သားသွေးမျိုးဆက်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“အပြစ်သားရဲ့မျိုးဆက်တွေ..” လူအချို့ ထိတ်လန့်သွားရ၏။

“ပါးစပ်ပိတ်ထား .. သူတို့ဘိုးဘေးတွေက ရှေ့တန်းမှာ သေတဲ့အထိ တိုက်ခိုက်ပြီးတော့ ကောင်းကင်ဘုံကိုးခုကို ကာကွယ်နေခဲ့တာ .. သူတို့က အပြစ်သားဆိုရင် ခင်ဗျားတို့အားလုံးကရော .. ခင်ဗျားတို့ကို ဘာလို့ သတ်မှတ်ရမှာလဲ..” ရှီဟောင် ဒေါသထွက်သွားရသည်။

သို့သော် ခဏကြာပြီးနောက် သူ၏ခံစားချက်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။ သူ ဤကလေးများ၏ မိဘများ၊ ဘိုးဘေးများနှင့် အခြားသူများအကြောင်းကို တွေးမိသွားသောကြောင့်ပင်။ သူတို့သည် ရှေ့တန်း၌ တိုက်ခိုက်နေခဲ့ကြသော်လည်း မည်သူမှ သူတို့အကြောင်းမသိခဲ့။ သူတို့ကလန်သားများသည် အပြစ်သားသွေးမျိုးဆက်အဖြစ်ပင် သတ်မှတ်ခံနေရသည်။

“သူတို့တွေအားလုံးက ပြိုင်ဘက်ကင်းတဲ့စွမ်းဆောင်မှုတွေရှိတဲ့ သူရဲကောင်းတွေရဲ့ မျိုးဆက်တွေဆိုတာ ကျုပ် ယုံကြည်ချက်ရှိရှိပြောရဲတယ် .. ဘာ အပြစ်သားသွေးလဲ .. သူတို့ကို ဒီလိုမျိုးခေါ်ရအောင် ခင်ဗျားတို့က ဘယ်သူမို့လို့လဲ .. ဒီအကြွေးကို အခုထိ သေချာမရှင်းရသေးဘူး..” ရှီဟောင်ပြောလိုက်သည်။

ထို့နောက် သူ မူလအင်ပါယာဂိတ်မြို့၏ကိစ္စအချို့ကို ရှင်းပြလိုက်သည်။

“အခု အသက်ကြီးပြီး နေမကောင်းတဲ့အကြီးအကဲတွေပဲ ကျန်တော့တာ .. ဒါပေမဲ့ သူတို့က မြို့ကို ကာကွယ်နေတုန်းပဲ .. ဘယ်သူ သူတို့ကို အပြစ်သားသွေးလို့ခေါ်ရဲလဲ .. ဒီစကားကို ဘယ်သူ ထပ်ပြောရဲလဲ..” ရှီဟောင်အော်ဟစ်လိုက်သည်။

မြို့ရိုးပေါ်မှ ထိတ်လန့်ကာ ဆွံ့အသွားရသည်။

“ဒါပေမဲ့ ဘာသက်သေရှိလို့လဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“ငါယုံတယ်..” ထိုအချိန်တွင် မုန့်ထျန်းကျန်းပေါ်လာကာ တောင်တစ်လုံးကဲ့သို့ ရပ်နေသည်။

“အရိုးကြေးမုံကို အသက်သွင်းပြီး သူတို့ပေါ်ကို နတ်အလင်းတောက်ပစေလိုက် .. ဘာမှမဖြစ်ရင် သူတို့အားလုံးကို မြို့ထဲခေါ်ခဲ့လိုက်..” မုန့်ထျန်းကျန်း အမိန့်ပေးလိုက်သည်။

အပိုင်း ၁၈၂၈ ပြီး၏။
Chapter – 1829 နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံခြင်း

ကန္တာရကြီး၏ ကောင်းကင်ထက်၌ မြွေယာ့ခ်ရှာပေါ်လာသည်။ သူသည် အလွန်ဝေးနေသောကြောင့် အလင်းမှုန်လေးနှင့်သာ တူနေသည်။ သူ အင်ပါယာဂိတ်ဘက်သို့ ကြည့်နေခြင်းပင်။

သို့သော် ရှီဟောင်၏အာရုံမှာ မည်မျှပင် စူးရှလှသနည်း.. သူ ချုပ်ထိန်းထားသည့်သတ်ဖြတ်လိုသည့်အငွေ့အသက်ကို ခံစားလိုက်ရသည်ပင်။ မြွေယာ့ခ်ရှာသည် တစ်ဖက်လောကမှ ဘုရင်ကလန်တစ်ခုဖြစ်ပြီး တိုက်ခိုက်သည့်စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် ကလန်တစ်ခုပင်။ ထိုကလန်သည် အင်ပါယာဂိတ်အား စောင့်ကြည့်နေရသည်ပင်။

ကောင်းကင်ထက်မှ မြွေယာ့ခ်ရှာ ထိတ်လန့်သွားရသည်။ သူတို့ဘက်မှ ထွက်ပြေးသွားသည့် ဟွမ်ကို တကယ်တွေ့လိုက်ရသောကြောင့် သူ စိတ်လှုပ်ရှားသွားရသည်။

သူသည်လူသားကိုယ်ထည်နှင့် ငွေရောင်မြွေခေါင်း၊ ငွေရောင်အမြှီးရှိနေသည်ပင်။ ထို့အပြင် သူ့ထံ၌ ငွေရောင်ယာ့ခ်ရှာအတောင်ပံများလည်း ရှိနေသည်။

သိပ်မဝေးသည့်နေရာ၌ ကောင်းကင်ချောက်နက်ကို ဖြတ်သန်းရန် ကြိုးစားနေသည့် အကြီးအကဲများ ရှိနေသောကြောင့် သူချက်ချင်း သတင်းပို့လိုက်ချင်သည်။

ဤသည်မှာ သေချာပေါက် ကြီးမားသည့်အောင်မြင်မှုပင်။ သူသာ ချက်ချင်းသတင်းပို့လိုက်လျှင် သူ သေချာပေါက် ဆုလာဘ်များစွာ ရမည်ပင်။

“ဟွမ် .. မင်း ဂိတ်ထဲကို မြန်မြန်မဝင်နိုင်ပဲ နည်းနည်းလောက်နှောင့်နှေးနေဖို့ မျှော်လင့်တယ်..” မြွေယာ့ခ်ရှာ နှာခေါင်းရှုံ့လိုက်သည်။ ရွှီးဟူသည့်အသံနှင့်အတူ သူ၏အတောင်ပံများကို ဖြန့်ကျက်ကာ ကန္တာရတစ်ဖက်ခြမ်းသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ချွမ်း..

လေဟာနယ်သည် လေနှင့် မိုးကြိုးကဲ့သို့သော အသံများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ အလွန်လျင်မြင်လွန်းလှသည်ပင်။

ဤသည်မှာ လျှပ်စီးဖြင့် ပြုလုပ်ထားသည့် ရွှေရောင်လှံတံတစ်ချောင်းပင်။ ဖူးဟူသည့်အသံနှင့်အတူ ထိုလှံတံ သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သွေးများပန်းထွက်လာသည့်အပြင် သူ့ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်အောင် ပေါက်ကွဲသွားလေပြီ.

သူ သေသွားပြီ..

မြွေယာ့ခ်ရှာ ထိုလူငယ်လေးကိုကြည့်လိုက်သည်။ ထိုလူငယ်လေးသည် မပြောင်းလဲသည့်အမူအရာဖြင့်ပင် ကန္တာရထဲ၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏လက်ကိုသာ ပြန်ရုတ်လိုက်ပြီး သူ့လက်ဝါးထဲမှ လျှပ်စီးအလင်းတန်း ပျောက်ကွယ်သွားသည်။

အား..

ကျယ်လောင်စွာအော်ဟစ်ပြီးနောက် သူ့အသိစိတ်လက်ကျန်အစိတ်အပိုင်းလေးကို ထုတ်လွှတ်ကာ ဤမိုးကောင်းကင်ကို တုန်ခါအောင် လုပ်လိုက်သည်။

ရွှီး ရွှီး ရွှီး..

ပုံရိပ်များတစ်ခုပြီးတစ်ခု ရောက်လာသည်။ အချို့မှာ သိမ်းငှက်ကြီးများကဲ့သို့ နီရဲနေပြီး အချို့မှာ အနက်ရောင်မီးတောက်များဖြင့် ဝန်းရံထားသည့်နတ်ဆိုးငှက်များပင်။ ကောင်းကင်ထက်၌ စီးဆင်းနေသည့် အပြာရောင်အလင်းလည်း ရှိနေသည်ပင်။

ကောင်းမွန်လှသည့် တိုက်ခိုက်နိုင်စွမ်းရှိသည့် ကျွမ်းကျင်သူ ၁၀ ယောက်ကျော်ပေါ်လာသည်။ သူတို့အားလုံးသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၌ ရှိနေသည့် ကျင့်ကြံသူများပင်။

ဤအဆင့်ရှိသော် ကျွမ်းကျင်သူများကို အင်ပါယာဂိတ်အားစောင့်ကြည့်ရန် စေခိုင်းထားသောကြောင့် သူတို့ လှုပ်ရှားမှုအကြီးကြီးလုပ်နေသည်မှာ သေချာသည်။ ယခင်က ဤကျွမ်းကျင်သူများသည် တပ်သားများကို စစ်ပွဲထဲသို့ ဦးဆောင်ခဲ့ကြသည်ပင်။

ဝေါင်း..

နေရာအနှံ့ ဟစ်ကြွေးသံများ ထွက်ပေါ်လာကာ ကန္တာရတစ်ခုလုံး တုန်ခါလာသည်။ တစ်ဖက်လောကမှ တပ်သားများသည် ဟွမ်ကို တွေ့သွားသည်နှင့် သတိပေးသည့်အသံများ ထုတ်လွှတ်ကာ ကန္တာရအတွင်းပိုင်း၌ ရှိနေသည့် အကြီးအကဲများကို သတင်းပို့လိုက်သည်။

ဝုန်း..

ထို့နောက် မသေမျိုးအော်ရာတစ်ခု ချက်ချင်း ပျံ့လွင့်လာသည်။ စွမ်းအားတစ်ခု ကောင်းကင်ကို ဖျက်ဆီးကာ ကန္တာရကြီးကိုလွှမ်းခြုံလာသည်။ ထိုစွမ်းအားများသည် အင်ပါယာဂိတ်ဘက်သို့ တရှိန်ထိုးပြေးလာသော်လည်း ကောင်းကင်ချောက်နက်၏ တားဆီးခြင်းခံလိုက်ရသည်။

“သူတို့ကို မြို့ထဲ ဝင်ခိုင်းလိုက်..” မုန့်ထျန်းကျန်း အော်ဟစ်လိုက်သည်။

နတ်အလင်းတန်းများ တောက်ပလာကာ ကလေးအားလုံး၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။ မည်သည့်မူမမှန်မှုကိုမှ သူတို့မတွေ့ရ။

ရွှီး..

ကောင်းကင်ထက်တွင် အရိုးလှံတံများ တစ်ခုပြီးတစ်ခုပေါ်လာသည်။ လှံတံများမှာ အလွန်ထူထဲလှကာ ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသည်။ နတ်‌တောင်များပင် အလွယ်တကူ ပျက်စီးသွားသည်။

သူတို့၏ ပစ်မှတ်မှာ ရှီဟောင်နှင့်ကလေးများပင်။

ရှီဟောင်၏မျက်ဝန်းများ အေးစက်လာသည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများကြားတွင် သဘာဝဥပဒေသများ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများ မြည်ဟီးလာသည်။ သူ၏လက်ဝါးမှ လျှပ်စီးတံဆိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ဝုန်းဟူသည့် ကျယ်လောင်လှသည့်အသံများ ထွက်ပေါ်လာကာ ကောင်းကင်ထက်မှ သင်္ကေတများအားလုံး ပျက်စီးသွားသည်။

“ကောင်းတယ်..”

မြို့ရိုးပေါ်မှ လူများစွာ ဟစ်ကြွေးနေကြသည်။ ဟွမ်၏စွမ်းအားမှာ နောက်တစ်ဆင့် တိုးလာလေပြီ။

ရွှီး..

ရှီဟောင် လက်မြှောက်လိုက်သည်နှင့် လျှပ်စီးဖြင့် ပြုလုပ်ထားသည့် ဓားပြားကြီးတစ်ခု ပေါ်လာသည်။ ထိုဓားသည် အရှေ့ဘက်သို့ တိုက်ရိုက်ပင် ရောက်သွားသည်။

ဖူး..

တောက်ပသည့်လျှပ်စီးအလင်းတန်းအောက်တွင် ထိုလျှပ်စီးဓားသွားသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထိုးဖောက်သွားကာ အနက်ရောင်နတ်ဆိုးငှက်ကို ခုတ်ချပစ်လိုက်သည်။

သူက ဒီလောက်တောင် ခွန်အားကြီးတာလား.. အားလုံး၏အမူအရာများ ပြောင်းလဲသွားကာ အေးခဲသွားရသည်။ ဒါက ပျံသန်းနေတဲ့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သက်ရှိလေ .. အဲဒါတောင်မှ သူက ရှီဟောင်ရှေ့မှာ နှစ်ပိုင်းဖြတ်ခံလိုက်ရတာလား..

ကောင်းကင်ထက်မှ တစ်ဒါဇင်ခန့်ရှိသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကင်းထောက်များ နောက်ဆုတ်လိုက်ကြသည်။ သူတို့ ထပ်မတိုးရဲတော့။

သို့သော် အနောက်ဘက်မှ ပို၍ ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ အဆင့်လွန်သက်ရှိများ ရောက်လာလေပြီ.

တစ်ချိန်တည်းမှာပင် ရှီဟောင်ဘေးသို့ မုန့်ထျန်းကျန်းရောက်လာကာ တစ်ဖက်ကို ကြည့်လိုက်သည်။

ဖုန်း..

သူ၏လက်ဝါးကို အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။ ဤသည်မှာ တစ်ဖက်လူကို သတိပေးလိုက်ခြင်းဖြစ်သလို ထိုအော်ရာကိုလည်း ဖြတ်ချလိုက်ခြင်းပင်။

“ငါတို့အရင် နောက်ဆုတ်ကြမယ်..” သူပြောလိုက်သည်။

ကလေးများမှာ မြို့ထဲသို့ ဝင်သွားလေပြီ။ သူနှင့် ရှီဟောင်သည် နောက်မှနေ၍ အင်ပါယာဂိတ်ထဲသို့ တည်ငြိမ်စွာ ဝင်သွားလိုက်သည်။

ခဏကြာပြီးနောက် ကန္တာရအစွန်းတွင် ပုံရိပ်များတစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူတို့သည် တောင်များထက်ပင် မြင့်မားလှသည်။ သူတို့သည် အေးစက်နေသည့်မျက်ဝန်းများဖြင့်ပင် ဤနေရာသို့ ကြည့်နေကြလေ၏။

ဟွမ်ပြန်ပေါ်လာသည်ကို ကြားသောကြောင့် အဆင့်လွန်သက်ရှိများ ချက်ချင်းရောက်လာကြသည်ပင်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ ဟွမ်ကို ပြန်ရရန် မည်မျှအလေးထားနေသည်ကို သိနိုင်သည်။

ဟွမ် သူတို့ဘက်မှ လွတ်သွားခြင်းဖြစ်သောကြောင့် ဤသည်မှာ ခွင့်မလွှတ်နိုင်သည့်အမှားတစ်ခုဖြစ်သလို အရှက်ရမှုတစ်မျိုးလည်းဖြစ်သည်။ သူသည် ကျင့်ကြံသူငယ်လေးတစ်ဦးသာဖြစ်သော်လည်း သူ့ဘာသာသူ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည်။

“ဟွမ်ကို လက်လွှဲလိုက် .. မဟုတ်ရင် အင်ပါယာဂိတ်ကြီးရဲ့ ပျက်စီးမှုကို ရှောင်လွဲလို့ရမှာမဟုတ်ဘူး..”

မိုးခြိမ်းသံကဲ့သို့သောအသံတစ်သံ ကောင်းကင်နှင့်မြေကြီး၌ မြည်ဟီးသွားသည်။ ဤသည်မှာ အဆင့်လွန်သက်ရှိများ တီးတိုးညည်းတွားလိုက်ခြင်းသာ။ အင်ပါယာဂိတ်မှ သူတို့အား ကာကွယ်ပေးထားသောကြောင့်သာမဟုတ်ပါက လူများစွာ ပေါက်ကွဲသွားလိမ့်မည်။

“ထွက်သွားစမ်း..” မုန့်ထျန်းကျန်း ဤစကားလုံးနှစ်လုံးသာ ပြန်ပြောလိုက်သည်။

ယခုအချိန်တွင် အင်ပါယာဂိတ်ထဲ၌ ကျယ်လောင်လှသည့် ကြွေးကြော်သံများသာ ပြည့်နှက်နေသည်။ လူငယ်လေးတစ်စု တရှိန်ထိုးပြေးလာကြကာ ရှီဟောင်ကို ဝန်းရံလိုက်ကြ၏။

လကျောက်စိမ်းယုန်သည် ရှီဟောင်၏ပုခုံးကိုဖက်ကာ “ဟေ့ကောင် .. မင်းက ငါတို့ကို အလကားသက်သက် စိတ်ပူအောင် လုပ်လိုက်တာပဲ..”

ချန်ကုန်းယန်လည်း ရှီဟောင်ကို ပုခုံးကို အားပြင်းပြင်းဖြင့် ပုတ်လိုက်ကာ “မင်း ပြန်လာတာကောင်းတယ်..”

“ဟူး … နှမြောစရာကောင်းလိုက်တာ .. ငါက မင်းအတွက် စက္ကူတွေအများကြီး မီးရှို့ခဲ့သေးတယ် .. နှမြောလိုက်တာ..” ချောင်ယုရှင်း ရေရွတ်လိုက်သည်။

“မင်းက တကယ်ကို တစ်ခုခုပဲ..” ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သည့် သရဖူ ၁၀ ခုဘုရင်ပင် သူ့ ရင်ဘတ်ကို ပုတ်ကာပြောလာသည်။

လူအုပ်ကြီးသည် မတူညီသည့်နည်းလမ်းများဖြင့် သူတို့၏ပျော်ရွှင်မှုကို ပြသနေကြသည်။ ရှီဟောင် ပြန်ရောက်လာခြင်းမှာ မှော်ဆန်သည်ဟု ပြော၍ရသည်။ ဤသည်မှာ အားလုံးကို အံ့အားတကြီးသက်ပြင်းချစေသလို သူတို့ကို ထိတ်လည်း ထိတ်လန့်သွားစေသည်။

“ခဏနေရင်သောက်ကြရအောင် … ငါ့မှာ ငါ့ကလန်က လူအိုကြီးတွေ နှစ်ပေါင်း ထောင်ပေါင်းများစွာ ဝှက်ထားတဲ့ နတ်ဝိုင်တစ်ချို့ရှိတယ်..” ထော်ဂုယုလုံ ပြောလိုက်သည်။

ရှီဟောင် သူတို့ကို တစ်ယောက်ချင်းစီ ခွန်းတုန့်ပြန်ကာ အချို့လူငယ်များကို အားပြင်းပြင်းဖြင့်ပင် ဖက်လိုက်သည်။ သူ ချင်းယီကိုလည်း ဖက်လိုက်လေ၏။

“ဟား ဟား..” အားလုံး ရယ်မောပြုံးရွှင်နေကြသည်။

ယွဲ့ချန်လည်း ချင်းယီနှင့် ခံစားချက်များ ဝေမျှနေရသည်ပင်။ သူမလည်းမဝေးသည့်နေရာ၌ ရှိနေသောကြောင့် သူမဖက်ခံလိုက်ရသကဲ့သို့ ခံစားနေရကာ ကြက်သီးများ ထလာသည်။

ရှီဟောင်နောက်လိုက်လာသည့် ကလေးအုပ်စုမှာ ဘာလုပ်ရမှန်းမသိတော့။ ဤကဲ့သို့သောမြင်ကွင်းကို သူတို့တစ်ခါမှ မမြင်ဖူး။ လူများ ပျော်ရွှင်စွာ ရယ်မောနေကြသည်ကို သူတို့တစ်ခါမှ မတွေ့ဖူးကြ။

သူတို့အတွက်တော့ ဤသည်မှာ မရင်းနှီးသည့်မြင်ကွင်းပင်။ အချို့ကလေးများမှာ ဆွံ့အနေကာ မျက်နှာအမူအရာများ တောင့်တင်းနေကြသည်။

သို့သော် ပျော်ရွှင်မှထဲတွင် ဖိအားအနည်းငယ်လည်း ပါဝင်နေသည်ပင်။

မြို့ပြင်ဘက်၌ မြင့်မားလှသည့်ပုံရိပ်များတစ်ခုပြီးတစ်ခုပေါ်လာသည်။ သူတို့သည် အနက်ရောင်တောင်များ နေလုံးကြီးကို ဖုံးကွယ်ထားသကဲ့သို့ ဖိအားများလှသည်။

ယခုတစ်ခေါက်တော့ တစ်ဖက်လူ လှုပ်ရှားမှုကြီးကြီးမားမား လုပ်လာမည်ကို သူတို့ မြင်နိုင်သည်ပင်။ လောကကြီးကို ထိတ်လန့်စေသည့်တိုက်ပွဲကြီး ဖြစ်လာတော့မည်။

သို့သော် ဤခေတ်တွင် မွေးဖွားလာသောကြောင့် ဤသည်ကို ရှောင်လွှဲ၍ရနိုင်မည်မဟုတ်။

အားလုံး လက်သီးများကို တင်းတင်းဆုတ်ကာ တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။

“အင်ပါယာဂိတ်က ထိုးဖောက်ခံရတော့မယ် .. ဒီနေ့က အဲဒီနေ့ပဲ..” အပြင်ဘက်မှ အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။

ဤလူဤကဲ့သို့ ယုံကြည်ချက်ရှိရှိ ပြောနေနိုင်ခြင်းမှာ သူ့နောက်၌ နောက်ခံရှိနေသောကြောင့်ပင်။ သူတို့တွေက အင်ပါယာဂိတ်ကို တကယ်တိုက်ကြတော့မှာလား .. ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေသည်။

ထိုအချိန်တွင် မြို့ရိုးပေါ်မှ တစ်စုံတစ်ယောက် ပြောလာသည်။ ဤသည်မှာ ဝမ်မိသားစု နဂါးကိုးကောင်မှ ဒုတိယနဂါး ဝမ်အဲ့ပင်။ သူသည် ရှီဟောင်ကို မျက်နှာချင်းဆိုင်လိုက်ကာ “မင်း ဘယ်လိုပြန်လာခဲ့လဲဆိုတာ ငါသိချင်တယ် .. တစ်ဖက်လောကက အကျဉ်းထောင်က ဖောက်ထွက်လို့မရဘူး .. မင်းဘယ်လိုလုပ် လွတ်လာတာလဲ..”

“ဝမ်အဲ့ .. မင်းဘာပြောချင်တာလဲ..”

သူ့အား ဤကဲ့သို့ ခေါ်ရဲသည့်သူသိပ်မရှိ။ ယခုအချိန်တွင် အလွန်အဆင့်မြင့်သည့် နာမည်ကြီးပုဂ္ဂိုလ်အချို့မှ ပြောလာလေပြီ။

“ဘာမှမဟုတ်ပါဘူး .. ကျွန်တော်က သိချင်ရုံပါ .. အင်ပါယာဂိတ်မှာ ကပ်ဆိုးကြီးဖြစ်လာမှာ စိုးလို့ပါ..” ဝမ်မိသားစု ဒုတိယနဂါးမှ ပြောလိုက်သည်။

အချို့လူများ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ သူတို့ ရှီဟောင်ကို ကိုယ်ချင်းစာသော်လည်း သူ မည်ကဲ့သို့ လွတ်လာသည်ကို သူတို့ရှုပ်ထွေးနေကြဆဲပင်။ သိထားရမည်မှာ တစ်ဖက်လောကမှ မသေမျိုးသက်ရှိများပင်။

သို့သော် အချိန်ဘယ်လောက်ပဲ ကြာသေးသနည်း .. သူ ဘေးကင်းကင်းဖြင့် ပြန်ရောက်လာနိုင်လေပြီ။

လူများစွာမှာ အဖြေရှာမရနိုင်ပဲ သံသယဝင်နေကြသည်။

“ခင်ဗျားမမေးရင်တောင် ကျုပ်ရှင်းပြမှာ .. ပြီးတော့ တစ်ဖက်လောကက စစ်တပ်ကြီးတွေ မကြာခင်ရောက်လာတော့မယ်ဆိုတာကို တင်ပြချင်ပါတယ် .. အဆုံးအဖြတ်တိုက်ပွဲအစစ်က မကြာခင် ရောက်လာတော့မယ်..” ရှီဟောင် မှုန်မှိုင်းစွာ ပြောလိုက်သည်။

အားလုံး တုန်လှုပ်သွားရသည်။ သူ့စကားများကို သူတို့ကို ခြောက်လန့်ရန်သုံးသည်ဟု မသတ်မှတ်ကြ။ အဘယ်ကြောင့်ဆိုသော် ယခုတလောတွင် တစ်ဖက်လောကမှ ကြီးကြီးမားမားလှုပ်ရှားနေသည့် လက္ခဏာမျိုးစုံ တွေ့နေရသည်ပင်။

မူလအင်ပါယာဂိတ်ရှိ လက်တစ်ဖက်အကြီးအကဲပြောသည့်အကြောင်းအရာများကို သူပြန်ပြောပြလိုက်သည်။

“တကယ်စတော့မှာပဲ..” လူအချို့ တီးတိုးရေရွတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ မူလဧကရာဇ်မြို့မှ လူများကို အလွန်လေးစားသွားရသလို သူတို့ကိုယ်သူတို့လည်း အရှက်ရကာ အပြစ်တင်မိသည်။ ရှေ့တန်း၌ တားဆီးပေးထားသည့် လူတစ်စု တကယ်ရှိနေသည်။ မြို့ရှိနေသရွေ့ လူများရှိနေမည်ဖြစ်ပြီး မြို့မကျမချင်း သူတို့ရှိနေလိမ့်မည်။

သို့သော် ဤသည်ကို လက်မခံသည့်အချို့လူများလည်းရှိသည်ပင်။ မည်သို့ပင်ဖြစ်စေ ဤအရာများကို သူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ကြရခြင်းမဟုတ်။ အားလုံးမှာ ရှီဟောင်ပြောသည့်စကားများသာ။

ထို့နောက် ရှီဟောင် သူ၏အဖြစ်အပျက်များကို ပြောပြလိုက်သည်။

“ဘာ.. မင်း ထာဝရနယ်မြေကို သွားခဲ့တယ်လား.. “အားလုံး မယုံမကြည်ဖြစ်သွားကြသည်။

တစ်ဖက်လောကတွင် နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သည့် မသေမျိုးဘုရင်များ၏ သန့်စင်သည့်မြေများအားလုံး ပွင့်လာခဲ့လေပြီ။

ထို့အပြင် ဆူညံသံများကို လူများစွာ ကြားလိုက်ရသည်။ သူတို့၏စစ်ရထားလုံးများ အသက်ဝင်လာကာ တောင်များကို ဖြိုခွဲပြီး လောကကြီး၌ ပေါ်လာသည်။ ထို့အပြင် အိပ်ပျော်နေသည့် ရှေးဟောင်းသားရဲကြီး နှိုးထလာကာ ရထားလုံးများကို ဆွဲလာသည်။

မသေမျိုးဘုရင်များ သင်္ချိုင်းမြေမှ ရောက်လာလေပြီ။ ထို့အပြင် မျိုးဆက်ပေါင်းများစွာ တိတ်ဆိတ်နေပြီးနောက် သူတို့ လှုပ်ရှားလာကြလေပြီ။

အပိုင်း ၁၈၂၉ ပြီး၏။
Chapter – 1830 အဆုံးမရှိသည့် စစ်တပ်ကြီး

“ထာဝရနယ်မြေနဲ့ ပတ်သက်ပြီးတော့ သိပ်တွေးမနေနဲ့ .. အခု အချိန်မှာ ကျွန်တော်တို့ အနိုင်ရအောင်တိုက်မလား သေမလား ဒါပဲရှိတယ် .. ကျွန်တော်တို့ ကိုယ့်အားကိုကိုယ်ကိုးရမယ်..” အချို့လူများ ဘာတွေးနေသည်ကို သိသောကြောင့် ရှီဟောင် တိုက်ရိုက်ပင် ပြောလိုက်သည်။

ဘာဖြစ်နေတာလဲ .. သူက ထာဝရနယ်မြေထဲကို ဘယ်လိုလုပ် ဝင်နိုင်ခဲ့တာလဲ .. အားလုံး၏အကြည့်များမှာ သူ့ထံသို့သာ ရောက်လာကြသည်။

“ငါတို့အသေးစိတ် ပြောလို့ရအောင် ခန်းမထဲသွားကြစို့..” တစ်စုံတစ်ယောက်မှ အကြံပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် အင်ပါယာဂိတ်မှ လူများအားလုံး ဤသည်ကို အလေးအနက်ထားလာကြသည်။

ရှီဟောင် သူမြင်ခဲ့သမျှ၊ ကြားခဲ့သမျှကို အရိုးသားဆုံးသာ ပြောပြလိုက်သည်။ သူတို့ပြင်ဆင်မှုများ ပြုလုပ်ရတော့မည်ဖြစ်ကြောင်း အင်ပါယာဂိတ်မှ ရာထူးကြီးသည့်သူများကို အသိပေးလိုက်သည်။

သူ ပြောနိုင်သမျှ အားလုံးကို ပြောပြလိုက်သည်။ သူတို့ ဤကိစ္စများကို လက်ခံမလား လက်မခံဘူးလား၊ သူတို့ကိုယ့်ကိုကိုယ်မည်ကဲ့သို့ ကာကွယ်ကြမလဲ .. ဤသည်မှာတော့ သူတို့နှင့်သာ ဆိုင်လိမ့်မည်။

ရှီဟောင် ခန်းမထဲမှ ထွက်လာသည့်အချိန် ချင်းယီလည်း သူ့ဘေးမှ လိုက်လာသည်။ “ရှင် သူတို့ကို ဒီလိုမျိုး အမှန်အတိုင်းပြောပြလိုက်မှာလား..”

“ဟုတ်တယ် .. ငါသူတို့ကို အမှန်အတိုင်းပြောခဲ့တာ..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

ထို့နောက် ရှီဟောင် ကလေးများကို ကျောက်တုံးကလန်သို့ ခေါ်လာကာ သူတို့အခြေချရန် နေရာရှာပေးလိုက်သည်။ ယခုအချိန်တွင် မြို့ထဲနှင့်မြို့ပြင်နှစ်ခုလုံးရှိ လေထုမှာ အလွန်တင်းမာနေသော်လည်း သူတို့ကို တားဆီးမည့်သူ၊ ဒုက္ခပေးမည့်သူမရှိ။

ကလန်အားလုံးမှာ ရှီဟောင်သယ်ဆောင်လာသည့်သတင်းများကြောင့် ဆွံ့အနေကြရကာ သူတို့ကြားလိုက်ရသည်များကို အစာကြေရန် လုပ်နေကြသည်။

“ခေတ်ကြီးတစ်ခု အဆုံးသတ်တော့မယ် .. ဖြစ်ဖို့ကံပါလာတဲ့အရာက ဖြစ်လာမှာပဲ..” အကြီးအကဲတစ်ဦး သက်ပြင်းချကာ ဤကဲ့သို့ပြောလိုက်ခြင်းမှာ အားလုံး ခံစားနေရသည့် မသက်မသာမှုကို ကိုယ်စားပြုလိုက်ခြင်းပင်။

ကမ္ဘာမြေကြီးကို အမှောင်ထုကြီး ဖုံးလွှမ်းပြီး ကောင်းကင်ထက်၌ သွေးများ ပြည့်လွှမ်းသွားတော့မည်။

“ကောင်းကင်ကြီးကွဲအက်သွားတာကို မြင်လိုက်တယ် .. သွေးတွေနဲ့ မီးတောက်တွေကို မြင်နေရတယ် .. ဘာလို့လဲ .. ငါ တက်ကြွမှုကိုလည်း မြင်နေရတယ် .. ဖူး..”

မြို့ထဲတွင် နှစ်ပေါင်း ထောင်ပေါင်းများစွာ အသက်ရှင်သန်လာခဲ့သည့် ဂမ္ဘီရဆရာတစ်ဦးသည် သူပြောချင်သည့်စကားများ ပြော၍မပြီးသေးခင်မှာပင် ဖူးခနဲ သွေးအန်သွားကာ ထိုနေရာ၌ သေဆုံးသွားသည်။

သူ ထပ်ပြောပြချင်သော်လည်း သူ၏ခန္ဓာကိုယ်မှာ အလွန်ဆုတ်ယုတ်နေပြီဖြစ်သည်။

ထို့နောက် သူမ နေထိုင်ခဲ့သည့်ကြေးနန်းတော်လည်း အမှုန့်ဖြစ်သွားကာ သူမခန္ဓာကိုယ်နှင့်အတူ ပျက်စီးသွားသည်။

ယနေ့ကိုတည်တည်ငြိမ်ငြိမ်ဖြတ်သန်းရန် မဖြစ်နိုင်တော့။

သို့သော် ရှီဟောင်ကလေးများကို ကျောက်တုံးကလန်၌ နေရာချပေးပြီးနောက် လာရောက်လည်ပတ်သူများစွာ ရှိနေဆဲပင်။

သူတို့သည် ကန်ကြီးထဲ၌ ငါးမျှားရန် ရှီဟောင်ကို ဆွဲခေါ်သွားကြလေ၏။

အင်ပါယာဂိတ်မှာ အလွန်ကျယ်ပြောလှကာ ခမ်းနားသည့် တောတောင်နှင့် မြစ်များ ရှိနေသည်ပင်။

လူငယ်တစ်စု စုဝေးပွဲ ကျင်းပနေကြကာ သူ့အား ဆွဲခေါ်သွားလိုက်ကြသည်။ သူတို့ ကြီးမားလှသည့် အဖိုးတန်လှေတစ်စင်းပေါ်၌ ရောက်နေကြပြီး လွတ်လပ်ပေါ့ပါးစွာဖြင့်ပင် စားလိုက်သောက်လိုက်လုပ်နေကြသည်။

“ဒီနေ့ခွဲခွာတာက ထာဝရခွဲခွာသွားရတာလဲ ဖြစ်နိုင်တယ် .. ငါတို့ ဒီလိုအခွင့်အရေးမျိုးထပ်မရနိုင်တော့ဘူး .. အဲဒီတော့ ခွက်တိုက်ကြရအောင်..” ထော်ဂုယုလုံပြောလိုက်ကာ ခွက်မြောက်လိုက်သည်။

ကလန်အားလုံးမှာ ပြင်ဆင်မှုများ ပြုလုပ်နေကြရခြင်းဖြစ်သောကြောင့် ဤကဲ့သို့ တွေ့ဆုံရန်ပင် မလွယ်ကူလှ။

ဤတိုက်ပွဲပြီးလျှင် မည်သူ အသက်ရှင်ကျန်ခဲ့မည်နည်း.. မည်သူမှမသိ။ ကလန်များ ရှင်းလင်းခံလိုက်ရမည်လား .. သို့မဟုတ် အသက်ဆက်ရှင်နိုင်မည်လား ပြောရန်ခက်သည်။

“အခုတော့ အားလုံးကိုမေ့လိုက်ရအောင် .. ဒီအခိုက်အတန့်လေးကိုပဲ ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့..” ရှုထော်ပြောလိုက်သည်။ သူသည် ရှေးဟောင်းဘုန်းကြီး သွေးမျိုးဆက်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဝိုင်နှင့်အသားမစား။ သို့သော် ယနေ့တော့ သူ စိတ်ရှိသလောက် စားသောက်နေလေ၏။

“ဟွမ် .. မင်းက အချိန်မှားပြီးမွေးလာတာ .. မင်းသာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းလောက်က မွေးခဲ့ရင် မင်း အရွယ်ရောက်လာဖို့အချိန်ရဦးမှာ .. အခုတော့ မင်းက ငါတို့လိုမျိုးပဲ အခွင့်အရေးတစ်ခုတောင် မရတော့ဘူး..” ချီဂု ပြောလိုက်သည်။

သူသည် အလေးအမြတ်ကျောင်းမှ စွမ်းအားကြီးသည့် အမွေဆက်ခံသူတစ်ဦးပင်။ သူသည် ပုံမှန်အားဖြင့် စကားနည်းသော်လည်း ယခုတော့ သူ၏ဝိုင်ခွက်ကိုမြှောက်ကာ ရှီဟောင်နှင့်အတူ သောက်ပြီး ကျယ်လောင်စွာပင် စကားပြောနေလေ၏။

အံ့ဩစရာကောင်းသည်မှာ ကျင်းကျန်းလည်း ရောက်လာလေ၏။

ယနေ့ သူသည် အလွန်တည်ငြိမ်နေကာ စကားတစ်ခွန်းမှ မပြောပဲ သောက်သာ သောက်နေလေ၏။

ရှီဟောင် ဂိတ်အပြင်ဘက်သို့ ပို့ခံခဲ့ရခြင်းမှာ ကျင်းမိသားစုကြောင့်ပင်။ ကျင်းကျန်း ဤနေရာသို့ ရောက်လာသောကြောင့် လူများစွာ ထိတ်လန့်သွားခဲ့ရသည်။

ဝမ်ရှီးလည်း ဤနေရာ၌ ရှိနေသည်ပင်။ သူမသည် သန့်စင်သည့်အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ကာ ထောင့်တစ်ခု၌ ထိုင်နေသည်။‌

သဘောထားမတူညီသည့်သူများဖြစ်စေ သူငယ်ချင်းများဖြစ်စေ အားလုံး ဤနေရာ၌ စုဝေးနေကြသည်ပင်။ အဖိုးတန်လှေကြီးမှာ ကြီးမားလွန်းလှသောကြောင့် သူတို့အားလုံးကို သယ်ဆောင်ထားနိုင်သည်။

“ငါတို့ကလန်သားတွေ ဘယ်လောက် ကျန်သေးလဲ..” ရှီယီလျှောက်လာသည်။ သူသည် မွေးရာပါ နှစ်ထပ်မျက်လုံးရှိသူပင်။ သူ ရှီဟောင်ထံသို့ ခွက်မြှောက်လိုက်၏။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ရှပ်ထွေးလှသည်။ ယခင်က သူတို့သည် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြသည့် ရန်သူများပင်။

သိပ်မကျန်တော့ကြောင်း ရှီဟောင်ပြောလိုက်သည်။

“အရင်တုန်းကတော့ ငါနဲ့ မင်းနဲ့ ချင်းဟောင်နဲ့အတူတူပေါင်းပြီးတော့ တစ်ဖက်လောကက မသေမျိုးသက်ရှိတွေကိုသတ်ဖို့ ငါ စိတ်ကူးယဉ်ကြည့်တယ် .. ဒါပေမဲ့ ကြည့်ရတာ အချိန်က ခွင့်မပြုတော့ဘူးထင်တယ် .. ငါတို့ အဲဒီလိုအခွင့်အရေးမျိုး ရှိတော့မှာမဟုတ်ဘူး” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

သူတို့နှစ်ဦး ခွက်များကို ညင်သာစွာ တိုက်လိုက်ကြသည်။ ဝိုင်သောက်ပြီးနောက် ရှီယီ ထွက်သွားလေသည်။

“ငါဒီမှာ .. ရှီဟောင် .. မင်းအသက်ရှင်နေတုန်းပဲ.. ကောင်းလိုက်တာ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး အော်ဟစ်ကာ တရှိန်ထိုး ပြေးလာသည်။ သူသည် ယခင်က ခါးခါးသီးသီး ကျင့်ကြံနေသောကြောင့် ရှီဟောင် အသက်ရှင်လျက် ပြန်ရောက်လာသည်ကို သူ ယခုမှ သိခြင်းပင်။

သူတို့နှစ်ဦးတွေ့သည်နှင့် သူ့ဗိုက်ထဲသို့ ဝိုင်ခွက်ကြီးသုံးခွက် ဝင်သွားလေပြီ။

“ဘာကြောက်စရာရှိလို့လဲ .. အဆိုးဆုံးမှ ငါတို့ တိုက်ပွဲထဲ သေရုံပဲ .. ငါတို့ လုံလောက်အောင်သတ်လိုက်သရွေ့ အဆင်ပြေတယ် .. ဒီလူအိုကြီးလည်း အစောကြီးကတည်းက သူချစ်တဲ့သူတွေနဲ့ တွေ့ချင်နေတာ..” ပုရွက်ဆိတ်လေး နီရဲနေသည့်မျက်လုံးများဖြင့် ပြောလိုက်သည်။

“ဟား ဟား.. အဲဒီအချိန်ကျရင် ငါတို့ စိတ်ကျေနပ်တဲ့အထိ တိုက်ခိုက်ကြမယ် .. ငါတို့သေမယ်ဆိုရင်တောင် သူတို့ငါတို့ခြေထောက်မှာ တုန်နေအောင်ကြောက်သွားတဲ့အထိ သတ်ကြမယ်..” သရဖူ ၁၀ ခုဘုရင် ရယ်မော၍ ဟစ်ကြွေးကြမည်။

သူသည် နဂါးအစစ်၏အမွေကို ရရှိထားသည့် စွမ်းအားကြီးသည့်သူပင်။

နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိသည် ဘေးဘက်တွင် တစ်ယောက်တည်းထိုင်ကာ ပုလွေမှုတ်နေလေ၏။

ဝမ်မိသားစုမှ ဖီးနှစ်လေးကောင်လည်း ကနေကြသည်။

..

လူများစွာသည် စွမ်းအားအပြည့်ဖြင့်ပင် ခွက်မြောက်ကာ စကားပြောနေကြသည်။

ဤခေတ်မှ စွမ်းအားအကြီးဆုံးဂျီးနီးယပ်စ်များ စုဝေးနေကြခြင်းပင်။ သူတို့ကို မည်ကဲ့သို့သော ကံတရားမျိုး စောင့်ကြိုနေမည်ကို သူတို့မသိ။ သူတို့ထဲက လူဘယ်နှယောက် အသက်ရှင်နိုင်မည်နည်း..

ဤမြင်ကွင်းမှာ သူ့အား ထာဝရရှေးဟောင်းခေတ်အား မြင်မက်ခဲ့သည့်အိပ်မက်အား သတိရသွားစေသည်။ ထိုအချိန်ကလည်း ဂျီးနီးယပ်စ်များသည် သူတို့ကဲ့သို့ စုဝေးနေကြသည်မလား..

သူတို့အားလုံး၏မျက်နှာထက်၌ တက်ကြွမှုများပြည့်နှက်နေပြီး အလွန်စိတ်အားထက်သန်နေကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့ သွေးအိုင်ထဲသို့ လဲကျသွားခဲ့ကြရသည်။ အခု တစ်ခြားကပ်ဆိုးကြီး ဖြစ်လာတော့မှာလား..

ဒုန်း..

ဗုံသံတစ်သံ ထွက်ပေါ်လာကာ မြို့တစ်ခုလုံးကို တုန်ခါသွားစေသည်။

ထို့နောက် ခရာသံများဆက်တိုက်ပင် ထွက်ပေါ်လာသည်။ နဂါးဦးချိုခရာသံထွက်ပေါ်လာခြင်းမှာ တိုက်ပွဲကြီး တကယ်ရောက်လာတော့မည်ဟု ဆိုလိုခြင်းပင်။

အားလုံး ချက်ချင်း မတ်တပ်ထရပ်လိုက်ကြသည်။ သူတို့ကလန်များမှ သတင်းများ ရရှိလိုက်ပြီးနောက် အားလုံး လျင်မြန်စွာ ထွက်သွားလိုက်ကြသည်။

ခေတ်တစ်ခု၏ အဆုံးသတ် ရောက်လာလေပြီ။ ခေတ်သစ်တစ်ခု စတော့မှာလား..

“တိုက်ပွဲပဲ..” ခဏကြာပြီးနောက် ကောင်းကင်ကို တုန်ခါသွားစေသည့် ဟစ်ကြွေးသံ ထွက်ပေါ်လာသည်။

မြို့ရိုးတွင် လူများ ပြည့်နှက်သွားသည်။ ရှီဟောင်လည်း ထိုနေရာသို့ ချက်ချင်းပြေးသွားကာ ထိပ်ဘက်မှ ကြည့်လိုက်သည်။

အဆုံးမရှိသည့်စစ်တပ်ကြီးကို သူတွေ့လိုက်ရသည်။ မိုးကုပ်စက်ဝန်းအစွန်းမှ ခမ်းနားလှသည့်အော်ရာတစ်ခု ပျံ့လွင့်နေသည်။ ဤသည်မှာ အနက်ရောင်ပင်လယ်ကဲ့သို့ မည်းနက်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ စီးဆင်းနေသည်။

“ဒီနေ့ တကယ်ရောက်လာပြီ..” မြို့ထဲမှ အသက်ကြီးသည့် အဆင့်လွန်သက်ရှိတစ်ဦး သက်ပြင်းချ၍ ပြောလိုက်သည်။

ဝုန်း..

ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ကောင်းကင်လှံတံတစ်ချောင်း ကောင်းကင်ချောက်နက်ကို ထိုးဖောက်ရန် ကြိုးစားနေလေ၏။

“မသေမျိုးသက်ရှိတစ်ယောက်ရဲ့လက်နက်..” အင်ပါယာဂိတ်ထက်ရှိ လူအားလုံး ထိတ်လန့်သွားရသည်။

မသေမျိုးသက်ရှိတွေက ကောင်းကင်ချောက်နက်ကို တိုက်ခိုက်နေပြီ။ သူတို့တွေ နောက်ဆက်တွဲပြဿနာကို မကြောက်ဘူးလား..

အင်ပါယာခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ကန္တာရကြီးမည်မျှပင် ကျယ်ပြောပါစေ၊ လမ်းတစ်လျှောက်၌ အင်ပါယာဂိတ်ကြီး ရှိနေသော်လည်း ခေါင်းလောင်းသံကို သက်ရှိအားလုံး ကြားလိုက်ရသည်။

ထို့အပြင် ထိုအချိန်တွင် မည်မျှပင်ဝေးကွာနေပါစေ သူတို့ထံမှ ကောင်းကင်မျက်လုံးမရှိလျှင်ပင် အဝေးဘက်မှလာနေသည့်အရာများကို နယ်ခြားစပ်မှ သက်ရှိအားလုံး မြင်နေရသည်။

စစ်ရထားလုံးတစ်စင်း တစ်ဖြည်းဖြည်းချင်း မောင်းနှင်လာနေသည်။

ထိုရထားလုံးကိုယ်ထည်တွင် လက်နက်မျိုးစုံ၏အကြွင်းအကျန်များ ရှိနေသည်။

ဤသည်မှာ မသေမျိုးဘုရင်တစ်ပါး၏ ရထားလုံးပင်။ ဤရထားလုံးကို ကျွဲအိုကြီးတစ်ကောင် ဆွဲနေကာ ကောင်းကင်ချောက်နက်သို့ ဖြည်းညှင်းစွာပင် ရောက်လာလေ၏။

ထိုကျွဲကြီးမှာ အလွန်ကြီးမားလှကာ အနီရောင်အမွေးများရှိနေသည်။ သို့သော် သူ၏ကျောမှာ ရွှေရောင်ပင်။ သူ၏ဦးချိုများလည်း ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။

“အန်းလန်ရထားလုံး .. မသေမျိုးဘုရင်တစ်ယောက် ဖြတ်လာတော့မယ်..” မြို့ရိုးထက်ရှိ လူအိုကြီးအချို့မှာ ရေခဲအိမ်ထဲ ရောက်သွားသကဲ့သို့ အေးခဲသွားကြရသည်။

အပိုင်း ၁၈၃၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset