Switch Mode

Chapter – 1801 & 1815

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၁ – ကောင်းကင်ပြင်ကို ဖြတ်သန်းခြင်း

ဤသည်မှာ လေဟာနယ်မှ ခွဲထုတ်ထားသည့် စွန့်ပစ်နယ်မြေပင်။

ဤနေရာမှာ အစက‌ ခြောက်ကပ်နေသော်လည်း ယခုတော့ သက်ရှိတစ်စု ကောင်းကင်ပြင်မှ ဖြတ်သန်းလာကာ ငိုကြွေးသံများထုတ်လွှတ်လာကြသည်။ ဤသည်မှာ ရှေးခေတ်များ၌ သေဆုံးသွားသည့် မြင့်မြတ်သည့်ဧကရာဇ်တစ်ပါးအား ပူဇော်နေသကဲ့သို့ပင်။

သူ အမြင်မှားခြင်းမဟုတ်ကြောင်း သေချာသွားသည့်နောက် ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။

ဤသက်ရှိများထဲတွင် အသေးဆုံးမှာ ထမင်းစားတူအရွယ်အစားရှိပြီး အကြီးဆုံးမှာ လက်မောင်းတစ်ဖက်စာထူကာ ကျန်းတစ်ဝက်ခန့်ရှည်သည်။ အားလုံးမှာ မတူညီသည့်အရောင်များရှိနေပြီး အားလုံးထံ၌ လျှပ်စီးအလင်းတန်းများ ရှိနေသည်။

သေချာမကြည့်ပါက သူတို့ မြွေအုပ်ကြီး မြင်နေရသည်ဟု ထင်လိမ့်မည်။ သို့သော်လည်း ဤအကောင်များမှာ မြွေမဟုတ်။ သူတို့အားလုံးသည် အလွန်စွမ်းအားကြီးကာ ရှားပါးသည့်မျိုးစိတ်များးပင်။ သူတို့ကို လောကတစ်ခု၊ နှစ်ခုလောက်၌ ရှာတွေရန်ပင် ခက်ခဲလှသည်။

ဤအကောင်များမှာ လျှပ်စီးဝိညာဉ်များပင်။ သူတို့သည် လျှပ်စီးများကို အစားအစာအဖြစ် စားသုံးကြသည်။ သူတို့အရွယ်ရောက်လာသည်နှင့် ပြိုင်ဘက်ကင်းသည့်သက်ရှိများ ဖြစ်လာကြမည်ပင်။

ရှီဟောင် ယခင်က ဤအကောင်သုံးကောင်ကို မြင်ဖူးသည်။ ထို့အပြင် သူ ထိုသုံးကောင်ကို ဖမ်းပင် ဖမ်းခဲ့သည်။

ဤအကောင်များမှာ ဝမ်မိသားစုမှ မွေးမြူထားပြီး သူ လျှပ်စီးအတိဒုက္ခဖြတ်သန်းနေသည့်အချိန်၌ ဤအကောင်များလွှတ်ကာ သူ့အား တိုက်ခိုက်ခဲ့ခြင်းပင်။

သို့သော် ထိုသုံးကောင်လုံး သူ၏ဖမ်းဆီးခြင်းကို ခံလိုက်ရကာ လျှပ်စီးကန်ထဲ၌ ထည့်သိမ်းခံခဲ့လိုက်ရသည်။

ဤကဲ့သို့သော အကောင်မျိုးကို အပြင်လောက၌ ထိန်းသိမ်းထားရန် မဖြစ်နိုင်။ သူတို့တာအိုမရရှိမှီတွင် သူတို့ လျှပ်စီးပင်လယ်ထဲ၌ နေရန်လိုအပ်သည်။

ဝမ်မိသားစု ထိုသုံးကောင်ကို ရခဲ့ခြင်းမှာ ကံကောင်းမှုကြောင့်ပင်။ သူတို့ ထိုသုံးကောင်ကို သူတို့အသက်များရင်းကာ မွေးမြူခဲ့ကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သောအကောင်များမှာ အရွယ်ရောက်လာသည်နှင့် ပြိုင်ဘက်ကင်းသတ္တဝါများ ဖြစ်သွားကာ ကလန်တစ်ခုကိုလည်း နှစ်ပေါင်းများစွာ စောင့်ရှောက်နိုင်လိမ့်မည်။

ထိုစဉ်က ရှီဟောင် ဤအကောင်များကို ခက်ခက်ခဲခဲဖြင့် တိုက်ခဲ့ရခြင်းပင်။ သူ လုံလောက်အောင်အားကောင်းသောကြောင့်သာမဟုတ်ပါက သူထိုနေ့ကတည်းက သေနေလောက်လေပြီ။

အချိန်များစွာ ကုန်လွန်သွားပြီဖြစ်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ပတ်ဝန်းကျင်လည်း အတော်လေး ပြောင်းလဲသွားလေပြီ။ ကောင်းကင်အတိဒုက္ခများ မရှိတော့။ လျှပ်စီးအတိဒုက္ခကို ဆင့်ခေါ်နိုင်သည့်သူ သိပ်မရှိတော့။ လျှပ်စီးအတိဒုက္ခများ ပေါ်လာလျှင်ပင် သူ၏စွမ်းအားမှာ ယခင်ကထက် ပြင်းထန်လွန်းလှသည်။

ဤကဲ့သို့သော လျှပ်စီးအတိဒုက္ခမှာ အတိဒုက္ခရင်ဆိုင်နေသည့်သူကို ဖျက်ဆီးပစ်နိုင်သော်လည်း လျှပ်စီးဝိညာဉ်များသည် ဤသည်ကို စားစရာအဖြစ် သတ်မှတ်ထားသည်။

ထို့ကြောင့်လည်း သူတို့ လောကအထက်၌ ရှိနေခြင်းပင်။

သေမျိုးလောကတွင် ဤကဲ့သို့သောအကောင်များကို ရှာတွေ့ရန် မဖြစ်နိုင်တော့။

ထို့ကြောင့် ရှီဟောင် ဘယ်လိုလုပ်မလန့်ပဲ နေမည်နည်း..

ဤအကောင်များအားလုံးသာ အရွယ်ရောက်လာလျှင် ကပ်ဆိုးကြီးဖြစ်လာလိမ့်မည်။ သူတို့ နေရာတစ်ခုကို တိုက်ခိုက်ရန်ဆုံးဖြတ်ထားသည်နှင့် ထိုနေရာ လွတ်မြောက်နိုင်မည်မဟုတ်။

“ဒါတွေက .. လျှပ်စီးဝိညာဉ်တွေလား..”

ရှန်းမင်၏အမူအရာမှာ ဖြူဖျော့နေလေပြီ။ ဤမျိုးစိတ်ကို သူမ မှတ်မိသည်။ ဤအကောင်များထဲတွင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်တစ်ကောင်ပါသည်နှင့် အကျိုးဆက်မှာ စဉ်းစား၍မရနိုင်လောက်အောင် ဆိုးရွားသွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အကောင်မျိုးပေါ်လာသည်နှင့် ကပ်ဆိုးကြီးဖြစ်လာမည်ကို သူမသိသည်။

“အများကြီးပဲ .. ရာပေါင်းများစွာ ရှိနေတယ်..” စန်းကျန်း၏အမူအရာ လေးနက်နေသည်။

သေးသည့်အကောင်များသည် ရှီဟောင် ဖမ်းလိုက်သည့် အကောင်များကဲ့သို့ ထမင်းစားတူ အရွယ်အစားရှိသည်။

ကြီးသည့်အကောင်များမှာ လက်မောင်းတစ်ဖက်စာခန့်ရှိသည်။

သူတို့၏ပုံစံမှာ မြွေနှင့်တူသော်လည်း သူတို့အကြေးခွံ၌ နဂါးတံဆိပ်များ တောက်ပနေကာ သူတို့ပတ်လည်၌ လျှပ်စီးများ ရစ်သိုင်းနေသည်။

အချို့အကောင်များမှာ သွေးထဲနှစ်ထားသကဲ့သို့ နီရဲနေကာ ကြောက်စရာကောင်းသည့်အော်ရာရှိနေသည်။ သူတို့ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် ထာဝရရွှေများ ပွတ်တိုက်သွားသည့်အသံ တချွင်ချွင် ထွက်နေသည်။

အချို့အကောင်များမှာ ရွှေရောင်ဖြစ်ပြီး မြင့်မြတ်သည့်စွမ်းအင်များ ရှိနေသလို ကြီးမားလှသည့်ဖိအားတစ်မျိုးလည်း ရှိနေသည်။ ဤသည်မှာ ဧကရာဇ်ကလန်တစ်ခု ရွေ့လာသကဲ့သို့ပင်။

အချို့အကောင်များမှာ ငွေရောင်တောက်ပနေကြသည်။ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်းမှ လေဟာနယ်ချိုင့်ဝင်သွားသည်။

သူတို့၏အောက်ပိုင်းမှာ မြေကြီး၌ တွားသွားနေသကဲ့သို့ပင်။ သူတို့၏အပေါ်ပိုင်းမှာ လေဟာနယ်၌ မတ်မတ်ထောင်နေသည်။ ရာပေါင်းများစွာသော ခေါင်းများ မော့ထားကြကာ နဂါးအစစ်စွမ်းအင်များ ထုတ်လွှတ်နေသည်။

သူတို့အားလုံး လှုပ်ရှားလိုက်သည့်အချိန်တွင် သူတို့ မတိုက်ခိုက်လျှင်ပင် သူတို့၏တည်ရှိမှုတစ်ခုတည်းဖြင့် ခြိမ်းခြောက်နိုင်သည်အထိပင်။

ရာပေါင်းများစွာသောသက်ရှိတွေက လူတစ်ယောက်အတွက် ငိုကြွေးနေတယ် .. အဲဒီလူက ဘယ်သူလဲ..

ရှီဟောင် သေချာအာရုံခံကြည့်လိုက်သည့်အချိန်တွင် သူ၏အမူအရာ ပို၍ လေးနက်လာသည်။ ထို ပူဇော်သည့်အသံမှာ အလွန်ခန်းနားလှသည်။

ရှေးဟောင်းဘိုးဘေးများနှင့် အတိတ်မှသက်ရှိများအားလုံး သူ့အတွက် ဆုတောင်းကာ သူ့အား ပူဇော်နေကြသည်။ လောကကြီးပင် တုန်ခါနေသည်။

ဤသည်မှာ ရှီဟောင် ထင်ထားသည်ထက် သာလွန်နေသည်ပင်။

ဤကဲ့သို့သော ခေါင်းတီးကာ လူသူကင်းမဲ့သည့်နေရာ၌ ဤကဲ့သို့သော ပုံမှန်မဟုတ်သည့်မြင်ကွင်းမျိုး ဖြစ်ပေါ်လာသည်။ ဤသည်မှာ တကယ်ကို လက်မခံနိုင်စရာကောင်းလှသည်။

စန်းကျန်းမျက်ခုံးပင့်မိသွားသည်။ သူသည် မသေသေးသည့်စစ်သူရဲဖြစ်သောကြောင့် တစ်နှစ်ပတ်လုံး အိပ်နေရသော်လည်း သူဖြတ်သန်းခဲ့ရသည့်ခေတ်များမှာ ပို၍ရှေးကျသည်။ ထို့ကြောင့် ရှေးခေတ်မှ ထူးဆန်သည့်သတ္တဝါများကို သူပိုနားလည်သည်။

“ရှေးခေတ်ကလူတွေအားလုံး မချိတင်ကဲ ဟစ်ကြွေးနေကြတယ် .. နှစ်ပေါင်းများစွာ ကြာသွားတာတောင်မှ သူတို့ရဲ့ငိုကြွေးသံတွေ ပျောက်မသွားပြီ .. ပူဇော်တဲ့အသံတွေလည်း ပဲ့တင်ထပ်နေတုန်းပဲ .. ဒီလူက ဘယ်လိုအရာကိုများ လုပ်ခဲ့တာလဲ..” စန်းကျန်းပြောလိုက်ခြင်းပင်။

“သူတို့လာနေပြီ..” ရှန်းမင် ဖြူဖျော့နေလေပြီ။

လျှပ်စီးဝိညာဉ်တစ်စု တရှိန်ထိုးပြေးလာကြသည်။ သူတို့သည် အလွန်လျင်မြန်လှကာ သူတို့ဖြတ်လာသည့်နေရာတိုင်း၌ လေဟာနယ်များ ပျက်စီးသွားသည်။ သူတို့သည် ထိုမြက်ဖျာပေါ်မှလူကို သယ်လာကာ လျင်မြန်စွာ ရောက်ရှိလာကြသည်။

သူတို့တွေ ထိပ်တိုက်တွေ့ရတော့မှာလား .. သူတို့ ခါးခါးသီးသီးတိုက်ရတော့မှာလား..

သူတို့ အတော်လေး စိတ်လှုပ်ရှားနေသော်လည်း ခွန်နှင့်တူသည့်ငါးမှာ တည်ငြိမ်နေကာ မလှုပ်ရှား။ သူ၏အမြှီးကိုသာ အကြိမ်အနည်းငယ် ရိုက်ခတ်နေသည်။

ထို့နောက် ထိတ်လန့်စရာကောင်းသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။ လျှပ်စီးဝိညာဉ်များသည် သူတို့ကို လျစ်လျူရှုကာ ဒီတိုင်းဖြတ်သွားလေ၏။

လျှပ်စီးဝိညာဉ်များမှာ သေချာပေါက် ကြင်နာတတ်သည့်မျိုးစိတ်မဟုတ်။ အားလုံးမှာ အလွန်လွှမ်းမိုးနိုင်စွမ်း ကြီးမားကာ ကောင်းကင်အတိဒုက္ခကို အစားအစာအဖြစ်သ စားသုံးသည်ပင်။

ဤကဲ့သို့ လျစ်လျူရှုလိုက်ခြင်းမှာ သူတို့၏ရန်လိုသည့်သဘာဝနှင့်မတိုက်။

ဝူး…

ထိုသို့ပြေးနေစဉ်မှာပင် အသုဘတက်ရောက်ရန် အိမ်သို့ အလောတကြီး ပြန်သွားရသည့်သူများကဲ့သို့ ငိုကြွေးသွားကြလေသည်။

သူတို့ဖြတ်သွားသည့်အချိန် ရှန်းမင်မျက်ခုံးကြား တောက်ပလာကာ အလင်းမိုးတစ်ခု ရွာသွန်းလာသည်။ သူမသည် ကန့်သတ်ထားသည့်သင်္ချိုင်းပညာတစ်ခုကို အသုံးပြုကာ မြက်ဖျာပေါ်မှလူ ချန်ထားခဲ့သည့်အကြောင်းအရာများကို ဖမ်းဆုတ်လိုက်သည်။ သူမ အတိတ်မှ အဖြစ်အပျက်များကို သိနိုင်လေပြီ။

ဝုန်း..

ထိုအခိုက်အတန့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး မှုန်ဝါးလာသည်။ သူတို့ များပြားလှသည့် သက်ရှိများ ဒူးထောက်ကာ ငိုကြွေးနေသည်ကို တွေ့လိုက်ရသည်။

ကလန်ပေါင်းစုံမှ လူများမှာ လူတ်ယောက်ကို မြှုပ်နှံရန်အတွက် ဤနေရာ၌ ရောက်ရှိနေကြခြင်းပင်။

အဲဒီလူက မြက်ဖျာပေါ်က လူလား..

ကလန်အားလုံးထွက်လာပြီး ဝိညာဉ်အားလုံး ဝမ်းနည်းနေကြကာ ဆုတောင်းသံများလည်း ကောင်းကင်တစ်ခုလုံးကို ရိုက်ခတ်နေသည်။ လောကကြီးတစ်ခုလုံး ဆုတောင်းသံများဖြင့် ပြည့်နှက်နေ၏။ ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်။

ထိုအသံများမှာ အတိတ်မှ ရောက်လာခြင်းပင်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ ဤနေရာသို့ အသံပို့လွှတ်လာခြင်းပင်။ ဤသည်မှာ ရှန်းမင်း၊ စန်းကျန်းနှင့် ရှီဟောင်တို့၏ ဝိညာဉ်များကို တုန်လှုပ်သွားစေသည်။

သူတို့လည်း စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်လာကာ ငိုချင်လာသည်။

ဖူး..

ရုတ်တရက် ရှန်းမင်သွေးအန်သွားကာ သူ၏မျက်ခုံးကြားလည်း အက်ကွဲလာသည်။ သူ၏မူလဝိညာဉ်မှာ ပေါက်ကွဲလုနီးပါးပင်။

အဘယ်ကြောင့်ဆိုသော် မြက်ဖျာပေါ်မှလူကို စစ်ဆေးချင်သောကြောင့် သူမ ကြောက်စရာကောင်းသည့် တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရခြင်းပင်။

ထိုလူ သေဆုံးသွားသည်မှာ မျိုးဆက်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လည်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ မသေသေးသည့်ရွှေရောင်စစ်သူရဲပင် သူ၏အတိတ်ကို စစ်ဆေးနိုင်လောက်အောင် စွမ်းအားမကြီိးသေး။

ရှန်းမင် အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်ပင်။

သူမ၏ သင်္ချိုင်းပညာ ဖြတ်ချခံလိုက်ရကာ သူမ ဆက်တိုက်သွေးအန်လာသည်။ အချိန်အတော်ကြာသွားမှသာ သူမအခြေအနေ တည်ငြိမ်သွားသည်။

“ဒါက မြှုပ်ခံခဲ့ရတဲ့ ရှေးဟောင်းဧကရာဇ်လား..” စန်းကျန်း မှုန်မှိုင်းစွာ မေးလိုက်သည်။

အလင်းမိုး ပျက်ပြယ်သွားသည်နှင့် ထိုမြင်ကွင်းများကို မမြင်ရတော့။

ဤလူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြှုပ်နှံခံခဲ့ရသည့်သူဆိုလျှင် လျှပ်စီးဝိညာဉ်များက အဘယ်ကြောင့် သူ့အား မြက်ဖျာပေါ်၌ သယ်ထားကာ ကောင်းကင်ထက်၌ အလောတကြီး ဖြတ်သန်းနေကြသနည်း..

သူတို့ ဘယ်ကိုသွားနေကြတာလဲ..

သူ့အုတ်ဂူအဟောင်းက ဘာဖြစ်သွားလို့လဲ..

ထိုတစ်ခဏ၌ သူတို့စိတ်ထဲ မေးခွန်းများစွာ ထွက်ပေါ်လာသည်။

ဤကိစ္စမှာ သေချာပေါက် မရိုးရှင်းနိုင်။ လျှပ်စီးဝိညာဉ်များ ကြယ်ကောင်းကင်ကို ဖြတ်သန်းသွားကာ မချိတင်ကဲ ငိုကြွေးသွားပြီး ဤအလောင်းကို သူတို့နှင့်အတူ သယ်သွားသည်။ သူတို့ဘာလုပ်ချင်နေကြသနည်း..

အရေးကြီးဆုံးမှာ ထိုကိစ္စမဟုတ်သေး။ သူတို့ ကြယ်ကောင်းကင်ပြင်များကို တစ်ခုပြီးတစ်ခု ဖြတ်သွားသည်။

“တစ်ခုခုတော့ မဟုတ်သေးဘူး .. အဲဒါက ကြယ်ကောင်းကင်ဖြစ်လိမ့်မယ်လို့ ငါတို့ထင်နေကြတာ .. တကယ်က ကြယ်ကောင်းကင်ဟုတ်ချင်မှလည်းဟုတ်မှာ .. အဲဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ ဘုရားပဲသိလိမ့်မယ်..” ရှန်းမင် ရုတ်တရက် ပြောလိုက်သည်။

သူမ၏လှပသည့်မျက်နှာထက်၌ ညှို့ယူသည့်အမူအရာများ မရှိတော့။ အလွန်လေးနက်သည့်အမူအရာသာ ရှိတော့သည်။ သူမ၏လှပသည့်မျက်နှာထက်၌ သွေးရောင်ပျောက်နေကာ လျှပ်စီးဝိညာဉ်များ ထွက်သွားသည့်ဘက်သို့ ကြည့်နေလေ၏။

“ဟုတ်တယ် .. ဒီနေရာ တစ်ဖက်လောကအလွန်ကို ရောက်နေပြီ .. ဒါက ကမ္ဘာ့အပြင်ဘက်ပဲ … ငါတို့ ဘယ်ရောက်နေလဲဆိုတာ ပြောဖို့ခက်တယ်..” စန်းကျန်း ခေါင်းညိမ့်လိုက်သည်။

သူတို့ ခွန်ပန်ကိုကြည့်ပြီးနောက် ထွက်သွားသည့် လျှပ်စီးဝိညာဉ်များကို ကြည့်လိုက်သည်။

နဂါးအစစ်များမှာ လျှပ်စီးဝိညာဉ်များမှ ဖြစ်လာခြင်းဖြစ်သည်ဟု ပြောကြသည်။

ယခု လျှပ်စီးဝိညာဉ်များနှင့် ခွန်ငါးနှစ်မျိုးလုံး ဤနေရာ၌ ပေါ်လာခြင်းမှာ အနည်းငယ် ထူးဆန်းနေသည်။

“လိုက်မယ်..”

ရှီဟောင် အကြံပေးလိုက်သည်။

လျှပ်စီးဝိညာဉ်များ ဘယ်သွားနေသည်ကို သူသိချင်သည်။

အပိုင်း ၁၈၀၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၂ – အုတ်ဂူထဲမှ ဆေး

လျှပ်စီးဝိညာဉ်များသည် မြက်ဖျာပေါ်၌ အလောင်းတင်ကာ ပိုဝေးသည့်နေရာသို့ ဦးတည်သွားနေလေပြီ။

“ကျွန်မတို့ ဒီငါးကို ဘယ်လိုလုပ်ကြမလဲ..” ရှန်းမင် မေးလိုက်သည်။

ခွန်ပန်နှင့်တူသည့်ငါး ရှိနေသေးသည်။

“ဒီငါးက နမိတ်မကောင်းဘူး .. ဒီတိုင်း ထားခဲ့လိုက်တော့..” စန်းကျန်း ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ သင်္ချိုင်း ကျောက်စိမ်းစာအုပ်အချို့ကို လှန်လှောကြည့်လိုက်သည့်အချိန်တွင် ဘိုးဘေးငါးများ ပြောင်းလဲသည်နှင့် မယုံကြည်နိုင်လောက်သည့် ပြောင်းလဲမှုများဖြစ်လာလိမ့်မည်။ ထိုပြောင်းလဲမှုများမှာ နမိတ်မကောင်းသောကြောင့် သူ့ကို အလောတကြီးမသတ်လျှင် အကောင်းဆုံးဟု ရေးသားထားသည်ပင်။

“သူ့ရဲ့မူလဘဝလမ်းကြောင်းကနေ လွတ်မြောက်နိုင်တဲ့သက်ရှိတွေအားလုံးက ထူးခြားတယ် .. သူ ကောင်းကင်ဘုံရဲ့အကာအကွယ်ရလိမ့်မယ်” စန်းကျန်း ထပ်ရှင်ပြလိုက်သည်။

သူပြောသည့်အတိုင်းဆိုလျှင် သူတို့အားလုံး ဤငါး၏ကောင်းချီးကို ဝေမျှယူလိုက်ကြခြင်းပင်။ မဟုတ်ပါက သူတို့ ဤထူးဆန်းသည့်မြေသို့ ဝင်နိုင်စရာအကြောင်းမရှိ။

“တစ်ချို့ငါးတွေက ခုန်ထွက်လာပြီးတော့ မြစ်မျက်နှာပြင်ပေါ်မှာပေါ်ပြီး အနာဂတ်ကို မြင်နိုင်ခဲ့ပေမယ့် သူတို့တွေ ငါးပြန်ဖြစ်သွားတာပဲ .. ပန်အဖြစ်ပြောင်းပြီးတော့ အတောင်ပံတွေဖြန့်ကျက်ပြီး ကံကြမ္မာမြစ်ကနေ တကယ်မထွက်နိုင်သရွေ့ ငါးက ငါးပဲဖြစ်လိမ့်မယ်” ရှီဟောင် ပြောလိုက်သည်။

“ဟုတ်တယ် .. အခုကစပြီးတော့ သူ့ရဲ့ သဘာဝကံကောင်းမှုပေါ်ပဲ မူတည်လိမ့်မယ်..” စန်းကျန်း ခေါင်းညိမ့်လိုက်သည်။

“အဲဒီမြစ်က ဘာဖြစ်သွားတာလဲ..” ရှန်းမင်မေးလိုက်၏။

ပင်လယ်ကျ ဘယ်ရောက်သွားတာလဲ .. ပင်လယ်က ဘာလို့ ပျောက်သွားတာလဲ .. ထိုမြစ် ဤနေရာသို့ စီးဆင်းလာသင့်သော်လည်း ယခုတော့ ထိုမြစ်ကို မမြင်ရတော့။

“အစောဏလေးတုန်းကတောင် တွေ့ပါသေးတယ် .. စိတ်ခဏလွတ်သွားတာနဲ့ ပျောက်သွားပြီ” စန်းကျန်း ပြောလိုက်သည်။

“ဟမ် … သူလည်း လျှပ်စီးဝိညာဉ်တွေနောက်လိုက်နေပြီ .. သွားကြစို့..” ရှီဟောင် ပြောလိုက်သည်။

ထိတ်လန့်စရာကောင်းသည်မှာ ထိုခွန်ငါးသည် သူ၏အမြှီးကို လှုပ်ရမ်းကာ လျှပ်စီးဝိညာဉ်များ ထွက်သွားသည့်ဘက်သို့ သွားနေလေ၏။

ထိုလျှပ်စီးဝိညာဉ်များမှာ လျင်မြန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ပျောက်ကွယ်သွားတော့မည်။ သူတို့အုပ်စု သူတို့နောက်သို့မြန်မြန်လိုက်ရမယ်။ နောက်ကျကျန်ခဲ့မည်စိုးသောကြောင့် သူတို့ နှေးတုံ့မနေရဲတော့။

ကျယ်ပြောလှသည့် ရှေးဟောင်းမြေ၌ သူတို့ခန္ဓာကိုယ်များမှာ ဘာမှမဟုတ်တော့။ ရံဖန်ရံခါ ပျက်စီးနေသည့် ကြယ်အပိုင်းအစများကို တွေ့နေရသည်။ ဤအရာများမှာ ဤနေရာကို ပို၍ တိတ်ဆိတ်ကာ အထီးကျန်စေသည်ပင်။

ရုတ်တရက် စန်းကျန်းလက်ကောက်ဝတ်မှ လက်ကောက်တောက်ပလာကာ အလွန်တောက်ပသည့်အရောင်များ ထုတ်လွှတ်လာသည်။

“မကောင်းတော့ဘူး .. ဒီနေရာက လေထုက မတည်ငြိမ်ဘူး .. ငါတို့ချိုင့်ဝင်သွားပြီး အန္တရာယ်ဖြစ်လိမ့်မယ်..”

အရှေ့ဘက်တွင် နေရာတိုင်း၌ လေဟာနယ်အက်ကွဲကြောင်းများရှိနေသည်။ လောကကြီးမှာ စွမ်းအင်များ ချို့တဲ့ကာ ပျားအုံကဲ့သို့ အပေါက်များ ဖြစ်နေသည်။

ဤသည်မှာ နယ်ခြားနံရံနှင့်တူသော်လည်း နံရံကြီးမှာ တစ်ဝက်ခန့် ပျက်စီးနေလေပြီ။

ထို့နောက် မြူများ ထွက်ပေါ်လာသည်။ ထိုနေရာ၌ သာမန်အတိုင်းမဟုတ်သည့် နတ်အော်ရာလှိုင်းတစ်ခု ထွက်ပေါ်နေသည်။

ထို့နောက် ရှီဟောင် တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ ရှေးကျသည့်သင်္ချိုင်းတစ်ခုကို တွေ့လိုက်ရသည်ပင်။

စန်းကျန်းနှင့် ရှန်းမင်တို့လည်း အံ့အားသင့်သွားရသည်။ ထို့နောက် သူတို့နှစ်ဦးလုံး အလွန်စိတ်လှုပ်ရှားလာရသည်။ သူတို့ရဲ့ သဘာဝကံကောင်းမှု ရောက်လာပြီလား..

ဤအုတ်ဂူမှာ မည်သို့ပင်ကြည့်ကြည့် ရှေးဟောင်းသင်္ချိုင်းမြေတစ်ခုနှင့် တူနေသည်ပင်။

“ကျွန်မတို့ဘိုးဘေးတွေက အာကာသအပြင်ဘက်နေ လာတာလို့ ပြောကြတယ် .. ဒါက တကယ်ပဲလား .. ဒါက ဒီနေရာလား” ရှန်းမင် အလွန်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လျှပ်စီးဝိညာဉ်များသည် သင်္ချိုင်းနယ်မြေသို့ ရောက်သည်နှင့် တစ်ခုခုကို ရှာဖွေနေသကဲ့သို့ အရှိန်လျော့သွားသည်။ တစ်ချိန်တည်းမှာပင် သူတို့မျက်လုံးမှ နတ်အလင်းတန်းထုတ်လွှတ်ကာ ဤနေရာကို တစ်လက်မမကျန် ပိုက်စိပ်တိုက်ရှာနေသည်။

ဤနယ်မြေမှာ ကြယ်ကောင်းကင်အောက်၌ ပေါလောမျောနေခြင်းပင်။ ဤနေရာသည် မြူဆိုင်းကာ ကြောက်စရာကောင်းနေသော်လည်း သူ့ထံမှ နတ်စွမ်းအားတစ်မျိုး လွင့်ပျံနေ၏။

ဤသည်မှာ ထူးဆန်းလှသည်။ ဒါက သင်္ချိုင်းတစ်ခုကို ဘာလို့ နတ်စွမ်းအင်တွေ ထွက်နေတာလဲ..

“လျှပ်စီးဝိညာဉ်တွေက အဲဒီလူကို ဒီမှာ မြှုပ်ချင်နေတာလို့တော့ မပြောနဲ့နော်..” ရှီဟောင် ပြောလိုက်သည်။

သို့သော် ထိုလူမှာ ဧကရာဇ်တစ်ဦး ဖြစ်ပုံရသည်။ သူ၏အော်ရာမှာ စွမ်းအားကြီးလွန်းလှ၏။ သူ့ကို လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြှုပ်နှံခဲ့ခြင်းဖြစ်သောကြောင့် အဘယ်ကြောင့် မြေပုံပြောင်းဖို့လိုအပ်မည်နည်း..

လျှပ်စီးဝိညာဉ်တွေက တကယ်ပဲ ဘာလုပ်ချင်နေတာလဲ .. ဒီလူက ဘယ်သူလဲ .. ဤသည်မှာ သူတို့သိချင်နေသည့်အရာများပင်။

ခွန်ငါးလည်း လေဟာနယ်ကို ပင်လယ်အဖြစ်သတ်မှတ်ကာ သူ၏အမြှီးကို လှုပ်ရမ်း၍ လျင်မြန်စွာ ကူးခတ်သွားသည်။

“ဘိုးဘေးငါး၊ ခွန်ငါး၊ လျှပ်စီးဝိညာဉ် .. ဒါတွေအားလုံးက အရွယ်မရောက်သေးတဲ့ပုံစံတွေပဲ .. သူတို့တွေကြားမှာ ဆက်သွယ်မှုတစ်ခုခု ရှိနေတာလား .. သူတို့အားလုံးက ပြောင်းလဲဖို့အတွက် ဒီလမ်းလျှောက်ဖို့လိုတာလား..” ရှီဟောင် ကိစ္စများစွာကို ဆက်စပ်တွေးမိသွားသည်။

နောက်ဆုံးတွင်တော့ လျှပ်စီးဝိညာဉ်များ အနက်ရောင်မြေကြီးအုတ်ဂူရှေ့၌ ရပ်တန့်သွားကြသည်။

ဤအုတ်ဂူမှာ ခမ်းနားလှပြီး တောင်တစ်လုံးကဲ့သို့ ထိုနေရာ၌ မိုးထိုးနေသည်။ သူတို့ရပ်လိုက်သည်နှင့် တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ဘေးပတ်လည်ကို သေချာအာရုံခံနေကြသည်။

ထို့နောက် သူတို့အုတ်ဂူကိုဖောက်ကာ မြက်ဖျာပေါ်မှအလောင်းကိုမလျက် အထဲဝင်သွားကြသည်။

“သူတို့ အဲဒီလူကို ဒီမှာ မြှုပ်မှာလား..” သူတို့အားလုံ အံ့အားသင့်သွားရ၏။

လျှပ်စီးဝိညာဉ်တွေ ဒီလောက်အဝေးကြီးကို ငိုယိုပြီးတော့ လာကြတာက ဒီလူအတွက် အုတ်ဂူအသစ် ရွေးပေးဖို့လား .. သူ့ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့မြေမြှုပ်နိုင်ဖို့အတွက်လား..

“ဒီအုတ်ဂူက ထူးခြားတယ် .. ငါ မသေသေးတဲ့စစ်သူရဲအော်ရာတွေကို အာရုံခံမိနေတယ် .. ဒီအုတ်ဂူမှာ မသေသေးတဲ့စစ်သူရဲတွေကို သေချာပေါက်မြှုပ်ဖူးမှာ..” စန်းကျန်း သေချာစွာ ပြောလိုက်သည်။

ဒါက မသေသေးတဲ့စစ်သူရဲတွေပါ ပါတာလား.. ကိစ္စများမှာ အနည်းငယ် ရှုပ်ထွေးလာနေလေပြီ။

သို့သော် လျှပ်စီးဝိညာဉ်များသးည် အနက်ရောင်မြေကြီးများစွာကို တူးထုတ်ပြီးနောက် မြက်ဖျာပေါ်မှ အလောင်းကို သယ်လာကာ ဆက်သွားလိုက်ကြလေသည်။

သူတို့ ဒီတိုင်းထွက်တာလား .. ဒီလူကို ဒီမှာ မမြှုပ်တော့ဘူးလား..

ခွန်ငါးလည်း သူ၏အမြှီးကို လှုပ်ရမ်းကာ အုတ်ဂူထဲသို့ ဝင်သွားသည်။ သို့သော် သူချက်ချင်း ပြန်ထွက်လာလေ၏။

စန်းကျန်းနှင့် ရှန်းမင်တို့လည်း ဤအခွင့်အရေးကို လက်လွတ်မည်မဟုတ်။ သူတို့လည်း အုတ်ဂူထဲသို့ ဝင်သွားကာ သေချာရှာဖွေလိုက်ကြသည်။

အုတ်ဂူကြီးမှာ ရှေးကျလှပြီး မြေကြီးများပင် ရှေးကျနေသည်။

အထဲဘက်၌ ကျောက်ဖြင့်ပြုလုပ်ထားသည်ဟု ထင်ရသည့် ရှေးဟောင်းအခေါင်းတစ်ခု ရှိနေသည်။ အချိန်၏တိုက်စားမှုကြောင့် အခေါင်းမှာ မြေကြီးနှင့် ရောနေလေပြီ။

“အသက်ဓာတ်တွေအားလုံးကို ဖြတ်တောက်တဲ့ရှေးဟောင်းအုတ်ဂူ..” စန်းကျန်း၏အမူအရာ ပြောင်းလဲသွားသည်။

ဘေးဘက်တွင်ရှိနေသည့်ရှီဟောင်မှာ ဤစကားကို ကြားလိုက်သည်နှင့် ဆွံ့အသွားရသည်။ ဒါက အုတ်ဂူပဲလေ .. သူ့မှာ ဘယ်လိုလုပ် အသက်ဓာတ်ကိုဖြတ်တောက်တာတွေ ရှိနေမှာလဲ .. အုတ်ဂူဆိုတာ လူသေတွေအတွက်ပဲ မဟုတ်ဘူးလား..

“ကျွန်မ ရင်းနှီးတဲ့အော်ရာရနေတယ်..” ရှန်းမင် ပြောလိုက်သည်။

သင်္ချိုင်းမြေအတွင်း၌ ဤကဲ့သို့သော အော်ရာမျိုးရှိသည့် သင်္ချိုင်းဘုရင်တစ်ဦးရှိသည်။ ထို့အပြင် သူသည် လောကကြီးအပြင်ဘက်သို့ ထွက်သွားဖူးသည်ပင်။

“အုတ်ဂူထဲမှာ ခူးခံလိုက်ရတဲ့ ဆေးပင်တွေရှိတယ်..” စန်းကျန်း သူ၏သံသယကို အတည်ပြုလိုက်သည်။

“အရင်က မသေသေးတဲ့ဘုရင်တစ်ပါး ဘိုးဘေးငါးကိုစီးပြီး တစ်ဖက်လောကကနေ ထွက်သွားတဲ့အချိန်က သူက သင်္ချိုင်းဘုရင်မဖြစ်သေးဘူးလို့ ပြောတယ် .. သူရခဲ့တဲ့ သဘာဝကံကောင်းမှုတွေက ဒီနယ်မြေက ရခဲ့တာများလား..” ရှန်းမင် ပြောလိုက်သည်။

“အုတ်ဂူထဲမှာ ဆေးပင်ရှိခဲ့တယ်..” စန်းကျန်း အံ့အားတကြီး သက်ပြင်းချ၍ ပြောလိုက်သည်။

“ခဏ .. မင်းတိုပြောတာတွေကို ငါနားမလည်တော့ဘူး..” ရှီဟောင် ဖြတ်ပြောလိုက်၏။ ဘာဆေးပင်လဲ .. ဆေးပင်က အုတ်ဂူထဲ ပေါက်တာလား..

“အုတ်ဂူတွေထဲက ဆေးပင်တွေက ရှင့်အတွက်အသုံးမဝင်ဘူး .. ကျွန်မတို့အတွက်ပဲ အကျိုးရှိတာ .. ကျွန်မတို့ကို ပြောင်းလဲပေးနိုင်တယ် .. ဒီကမ္ဘာမြေကြီးမှာ၊ ကောင်းကင်ဘုံတွေမှာ ရှာရင်တောင် ဒီလိုဆေးပင်မျိုးတစ်ပင်တွေ့ဖို့ခက်တယ်..” ရှန်းမင် သက်ပြင်းချ၍ ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ သူ ဤကဲ့သို့သောအပင်မျိုးကို စိတ်မဝင်စား..

“အဲဒီ လျှပ်စီးဝိညာဉ်တွေကလည်း ဆေးပင်ရှာချင်လို့ အုတ်ဂူထဲ ဝင်တာလား .. ဒီလိုလည်း မဟုတ်သေးဘူး .. အဲဒီလူက မသေသေးတဲ့စစ်သူရဲမဟုတ်ဘူးလေ .. ဒါက သူ့အတွက် အသုံးမဝင်လောက်ဘူး”

“သူတို့တွေ အဲဒီလူကို မြှုပ်ဖို့ ငြိမ်းချမ်းတဲ့နေရာရှာတာလည်း ဖြစ်နိုင်ပါတယ်”

“ငါတော့ အဲဒီလိုမထင်ဘူး .. အုတ်ဂူထဲက ဆေးပင်က ဆေးဖော်စပ်ဖို့အတွက် ဖြစ်နိုင်တယ် .. သူတို့ အသက်ပြန်သွင်းတဲ့ဆေးဖော်ချင်နေတာလား..”

မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦး သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။

“မင်းတို့တွေ နည်းနည်းလောက် အသေးစိတ်ကျကျ ပြောလို့ရမလား .. အဲဒီအုတ်ဂူထဲက ဆေးပင်ဆိုတာက ဘာကြီးလဲ..” ရှီဟောင် ထပ်မေးလိုက်သည်။

“အုတ်ဂူထဲက ဆေးပင်ဆိုတာက စွမ်းအားအကြီးဆုံး သွေးစွမ်းအင်တွေက အနည်းဆုံးခေတ်သုံးခေတ်ကြာပြီးရင် ဆေးပင်တစ်ပင် ထွက်လာတယ် .. အဲဒီဆေးပင်ကို အသက်သုံးချောင်းဆေးပင်လို့လည်း ခေါ်တယ်”

စန်းကျန်း ပြောလိုက်သည်။ ထိုဆေးပင်မှာ မသေသေးသည့်စစ်သူရဲများအတွက် ရတနာကြီးဖြစ်ပြီး အလွန်အဖိုးတန်သည်။ ဘာပဲပေးပေး ထိုဆေးပင်နှင့် မလဲနိုင်။

အဘယ်ကြောင့်ဆိုသော် ထိုဆေးပင်မှာ သူတို့အတွက် အလွန်အသုံးဝင်သည်။ ထိုဆေးပင်ဖြစ်လာရန်မှာ ခက်ခဲလွန်းလှသည်။

အုတ်ဂူသည် ခေတ်သုံးခေတ်ကို ဖြတ်သန်းရမည်ဖြစ်ပြီး ခေတ်တစ်ခေတ်စီတိုင်းတွင် သွေးမိုးကိုကြုံတွေ့ရပြီး သတ္တဝါပေါင်းများစွာ၏ သွေးဖြင့်လွှမ်းမိုးသွားမည်။ ထိုသွေးများ အုတ်ဂူထဲ၌ လှည့်ပတ်နေပြီးနောက် သွေးစွမ်းအင်ဖြစ်လာမည်။ ထို့နောက်မှ ဆေးပင်ဖြစ်လာမည်။

အသက်သုံးချောင်းဆေးပင်ကို စားလိုက်သည်နှင့် ခန္ဓာကိုယ်ပေါက်ကွဲသွားကာ ဝိညာဉ်လည်း ပျက်စီးသွားမည်ဟု ပြောကြသည်။ သို့သော်လည်း ဤဆေးပင်ကို ထူးဆန်းသည့်နည်းလမ်းအချို့ဖြင့် ပြုပြင်ကာ အောင်မြင်နိုင်ရန် ခက်ခဲလှသည့် ဆေးလုံးအချို့ ဖော်စပ်နိုင်သည်ပင်။

“ဒီလောကမှာ အသက်ပြန်သွင်းတဲ့ဆေး တကယ်ရှိတာလား..” ရှန်းမင် မယုံကြည်စွာ မေးလိုက်သည်။

“မရှိဘူး .. အသက်ပြန်သွင်းတဲ့ဆေးဆိုတာက ဆေးတွေကို ချီးကျူးတဲ့စကားလုံးတစ်လုံးပဲလို့ အချို့ ရှေဟောင်းစာအုပ်တွေမှာ ရေးထားတာ မြင်ဖူးတယ် .. အဲဒီဆေး တကယ်မရှိဘူး .. ရှေးဟောင်းဧကရာဇ်ကို အသက်ပြန်သွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး..” စန်းကျန်း ပြောလိုက်သည်။

“အဲဒီသင်္ချိုင်းဘုရင် သူ တာအိုမရခင်ထွက်သွားပြီးတော့ ဘာလို့ သင်္ချိုင်းဘုရင်ဖြစ်ခဲ့လဲဆိုတာ ငါသိပြီ .. ဘာလို့လဲဆိုတော့ သူ ဒီမှာ အသက်သုံးချောင်းဆေးပင်ကို ရှာတွေခဲ့လို့ပဲ..” ရှန်းမင် သက်ပြင်းချ၍ ပြောလိုက်သည်။

အသက်သုံးချောင်းဆေးပင်မှာ မသေသေးသည့်စစ်သူရဲများအတွက်တော့ ထာဝရဆေးပင်ဆယ်ပင်ထက်ပင်ပို၍ အဖိုးတန်သည်။

“အဲဒါဆိုရင် လျှပ်စီးဝိညာဉ်တွေ သယ်သွားတဲ့အလောင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြှုပ်ထားတဲ့အလောင်းကို တူးထားတာ .. အခု သူတို့က သူ့ကို အသက်ပြန်သွင်းဖို့ နည်းလမ်းရှာနေတာ … အဲဒီလိုလား..” ရှီဟောင် ဤကဲ့သို့ ကောက်ချက်ချလိုက်သည်။

ဒါပေမဲ့ ဒါက အရမ်းထူးဆန်းမနေဘူးလား..

ဟိုးယခင်ကတည်းက သေဆုံးခဲ့သည့်သူ၊ သူမည်မျှပင် စွမ်းအားကြီးပါစေ သူ ယခုချိန်အထိ အသက်ရှင်နိုင်စရာ နည်းလမ်းမရှိ။

“သူတို့နောက်လိုက် .. ငါတို့ တစ်ခုခုတွေ့ရင်တွေ့နိုင်တယ်..”

ဤနေရာမှာ အတော်လေးကျယ်ပြောလှသည်ဟု ပြော၍ရသည်။ ရှေးဟောင်းအုတ်ဂူများ မညီမညာဖြစ်နေကာ ကျောက်တိုင်များလည်း မိုးထိုးနေသည်။ ဤနေရာတစ်ခုလုံးကို မြူများ အုံ့ဆိုင်းနေကာ အလွန်ထူးဆန်းလှသည်။

သူတို့ လျှပ်စီးဝိညာဉ်များနောက် လိုက်ခဲ့ကြသည်။ စန်းကျန်းနှင့် ရှန်းမင်သည် အုတ်ဂူကြီးများထဲသို့ ဝင်ကာ သူတို့၏ သဘာဝကံကောင်းမှုကို ရှာဖွေကြသည်ပင်။

သို့သော်လည်း သူတို့ ဘာမှမရခဲ့ကြ။

ဝုန်း..

ဆူညံသံကြီး ထွက်လာသည်။ ငိုကြွေးသံများမှာ ပို၍ကျယ်လောင်လာသည်။ ရှေးဟောင်းဘိုးဘေးအချို့ ဒူးထောက်ကာ ရှိခိုးလာကြသည်။

သူတို့သယ်ထားးသည့် မြက်ဖျာပေါ်မှ ဖျော့တော့သည့်အလင်းတစ်ချို့ ထုတ်လွှတ်လာကာ အတိတ်ကို ပြသလာသည်။

ဘာဖြစ်နေတာလဲ..

အနောက်မှလူများအားလုံး ထိတ်လန့်သွားရသည်။

“မြန်မြန်ကြည့်လိုက် .. ယာယီအလင်းတွေ စီးဆင်းနေပြီးတော့ အချိန်တွေက မြစ်တစ်ခုအဖြစ် စုစည်းသွားတာ .. အဲဒီမှာရှိတဲ့ နယ်ခြားနံရံက မတည်ငြိမ်တော့ဘူး .. အတိတ်က ဖြစ်ရပ်တစ်ချို့ကို ပြနေတယ်..” ရှန်းမင် ပြောလိုက်သည်။

တစ်ခါအိပ်လျှင် ခေတ်တစ်ခေတ်၏တစ်ဝက်၊ နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာသည့် မသေသေးသည့်ရွှေရောင်စစ်သူရဲများ ပြောသည့်အတိတ်ဆိုသည်မှာ မည်မျှပင် ရှေးကျမည်နည်း..

ထိုနေရာမှာ အလွန်မှုန်ဝါးလာကာ သက်ရှိပုံရိပ်များစွာလည်း ပေါ်လာသည်။ အားလုံးမှာ မတူညီသည့်ပုံစံများဖြင့်ပင်။

“ဒါတွေက အတိတ်က အဖြစ်အပျက်တွေ..” ဤရှေးဟောင်းသင်္ချိုင်းမှာ ထူးဆန်းလှသည်။ မြက်ဖျာပေါ်မှ အလောင်း ဤနေရာကို ဖြတ်သန်းသွားသည့်အချိန် ဤကဲ့သို့သောအရာ ဖြစ်လာခြင်းပင်။

ခဏကြာပြီးနောက် ရှီဟောင် ဆွံ့အသွားရသည်။ အဘယ်ကြောင့်ဆိုသော် မြင်ကွင်းအချို့ကို မြင်ပြီးနောက် သူ့တစ်ကိုယ်လုံး အနည်းငယ် နှေးကွေးသွားသည်။

သူ အော်သံများ ကြားလိုက်ရကာ ဖက်တီးတာအိုတစ်ယောက် ဟိုဘက်ဒီဘက်လှိမ့်ခံနေရသည်ကို သူတွေ့လိုက်ရသည်။ ဒါက အရမ်းရင်းနှီးလွန်းနေတယ် .. ဒါက အရွယ်ရောက်လာတဲ့ ချောင်ယုရှင်း မဟုတ်ဘူးလား..

ခွပ်..

သွေးရောင်လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာကာ ဤနေရာမှ မြင်ကွင်းများကို ပို၍ရှင်းရှင်းလင်းလင်း မြင်လာရသည်။

စန်းကျန်းနှင့် ရှန်းမင်လည်း ဤသည်ကို သတိပြုမိသည်ပင်။

“ကျွမ်းကျင်သူတွေ .. အနည်းဆုံး ထာဝရအဆင့်ရှိတယ်..” ရှန်းမင်၏အမူအရာမှာ ဖြူဖျော့နေသည်။

“ဒါက တာအိုဆရာလား .. ဒါက ရှေးဟောင်းဟင်းလင်းပြင်မြင်ကွင်းနဲ့မတူဘူး…” စန်းကျန်း ပြောလိုက်၏။ သူ၏အမူအရာမှာ မှုန်မှိုင်းနေကာ အလွန်လေးနက်နေသည်။

“အသက်သုံးချောင်းဆေးပင်ရော .. ဘယ်မှာလဲ .. ဒီသခင်ကြီးက ဆေးတစ်ခုဖော်မလို့ .. ကောင်းကင်ကို ဆန့်ကျင်ဖို့ လိုအပ်တယ်..” ဖက်တီးတာအိုဆရာ သူ့ဆံပင်ကို ဆုတ်ကိုင်၍ ပြောလိုက်သည်။

သိပ်မဝေးသည့်နေရာ၌ တောင်ထက်ပင်မြင့်မားလှသည့် ရက်စက်သည့်သားရဲကြီးတစ်ကောင်ရှိသည်။ သူ့တစ်ကိုယ်လုံး မည်းနက်တောက်ပနေသော်လည်း သွေးစီးကြောင်းများစွာလည်း ရှိနေသည်။

ဤသည်မှာ လေးထောင့်ပုံစံခေါင်း၊ နားရွက်ကြီးနှင့် ကြေးနီရောင်မျက်လုံးရှိသည့် ခွေးကြီးတစ်ကောင်ပင်။ ဤခွေးသည်လည်း ဖက်တီးတာအိုဆရာကဲ့သို့ သွေးများဖုံးလွှမ်းနေကာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။

“ဘာဖြစ်ခဲ့တာလဲ..” ရှီဟောင် ရေရွတ်လိုက်သည်။

ရုတ်တရက် ထိုခွေးကြီး သွေးလွှမ်းသည့်ပါးစပ်ဟကာ ဖက်တီးတာအိုဆရာ၏ အောက်ခြေကို လှမ်းကိုက်လိုက်သည်။

“သောက်ခွေး .. ဒီခွေးစုတ်က ငါ့ကို ထပ်ကိုက်နေပြန်ပြီ..”

ဤလူနှင့်ခွေး၏ တိုက်ပွဲကြီးကို ရှီဟောင် ဆွံ့အစွာ ကြည့်နေရသည်။ သူတို့အားလုံးသည် ကြယ်ကောင်းကင်ယံ၌ ပြေးလိုက်နေကြပြီး ဤသင်္ချိုင်း၌ မှောက်လိုက်လှန်လိုက်ဖြစ်နေကြသည်။

“ခွေးစုတ် .. ငါမင်းကို အနှေးနဲ့အမြန် ချက်စားပစ်မယ်..” ဖက်တီးတာအိုဆရာ အော်ပြောလိုက်သည်။

“ကိုက်မနေနဲ့တော့ .. ငါတို့ အသက်သုံးချောင်းဆေးပင်ကို ရှာမတွေ့သေးတော့ သူ့ကို အသက်ပြန်ရှင်အောင်လုပ်ဖို့ မျှော်လင့်ချက်မရှိသေးဘူး .. အဲဒီဒဏ္ဍာရီလာဆေးလုံးကို မဖော်နိုင်ရင် အားလုံးပြီးပြီ..”ဖက်တီးတာအိုဆရာ ခံစားချက်အပြည့်ဖြင့်ပြောလိုက်သည်။

ဘာဖြစ်နေတာလဲ .. ရှီဟောင် ဆွံ့အနေရသည်။

အပိုင်း ၁၈၀၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၃ – အဆုံး

ဘာဖြစ်နေတာလဲ .. ရှီဟောင်၏အတွေးများ ဖရိုဖရဲဖြစ်သွားရသည်။ သူ ဖက်တီးတာအိုဆရာကို ထပ်တွေ့နေရလေပြီ။ ထို့အပြင် ထိုနေရာ၌ လေးထောင့်ခေါင်းနှင့် ခွေးနက်ကြီးလည်း ရှိနေသေးသည်။

ဒါက အရွယ်ရောက်နေတဲ့ ချောင်ယုရှင်းလေ .. ဒါမှမဟုတ် နှစ်ပေါင်းများစွာ မြှုပ်ခံလိုက်ရပြီးတော့ နေ့အလင်းရောင်ကို နောက်တစ်ခေါက် ပြန်မြင်နိုင်တဲ့ ဖက်တီးတာအိုဆရာလို့လည်း ပြောလို့ရတယ်..

“အချိန်တွေက ဖရိုဖရဲတွေ ဖြစ်နေပြီ .. တစ်ချို့အဖြစ်အပျက်တွေက ခန့်မှန်းလို့မရနိုင်လောက်တဲ့အချိန်က ဖြစ်ခဲ့တာတွေ .. အချိန်မြစ်ကြီး ကမ်းခြေနှစ်ဘက်လုံးကို ရိုက်ခတ်လိုက်လို့ ပေါ်လာတာတွေ..” စန်းကျန်း ပြောလိုက်သည်။

ထိုခွေးမှာ ကြမ်းတမ်းလှသည်။ သူ၏တောက်ပနေသည့်အနက်ရောင်အမွေးမှာ အနက်ရောင်အလင်းတောက်ပနေသည့် ကြယ်မြစ်ကြီးကဲ့သို့ပင်။

“ဒါက ဘာကောင်လဲ .. သူ့အော်ရာက သမိုင်းမတင်မှီခေတ်က သားရဲတွေထက်တောင် ပိုပြီးကြမ်းတမ်းနေသေးတယ် .. သူ အဲဒီတာအိုဆရာကို လွယ်လွယ်လေး စားပစ်လိုက်လို့ ရလောက်တယ်..” ရှန်းမင်း ထိတ်လန့်သည့်အမူအရာ ဖြစ်လာသည်။

အသက်သုံးချောင်းဆေးပင်က ဒီလောက်တောင် အဖိုးတန်တာလား..

ဤဆေးပင်မှာ မည်မျှထူးခြားကြောင်း နောက်ဆုံးတော့ ရှီဟောင် နားလည်သွားလေပြီ။ မသေသေးသည့်စစ်သူရဲများသာ ဤသည်ကို အဆင့်လွန်ရတနာအဖြစ် သတ်မှတ်လိမ့်မည်ဟု ထင်ထားခြင်းပင်။ ဖက်တီးတာအိုဆရာလည်း ဤမျှလိုချင်နေလိမ့်မည်ဟု သူမထင်ထားခဲ့။

“မသေသေးတဲ့ရွှေရောင်စစ်သူရဲတွေအတွက် အသက်သုံးချောင်းဆေးပင်က နံပါတ်တစ် ရတနာပဲ .. ဒီဆေးပင်ရှိတာနဲ့ သင်္ချိုင်းဘုရင်အဖြစ် ပြောင်းလဲလို့ရပြီ .. အဲဒီဖက်တီး ရှာတွေ့ရင် ကျွန်မတို့ ဖြတ်လုလို့ရတယ်..” ရှန်းမင် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အနာဂတ်အချိန်အပိုင်းအစများဖြစ်သည်ကို သူတို့သိနေသည်ပင်။ ဤသည်မှာ သူတို့မျက်စိရှေ့၌ ဖြစ်နေခြင်းမဟုတ်။ တစ်ဖက်လူ ထာဝရအစစ်ဖြစ်နေလျှင်ပင် သူတို့ကို ဘာမှလုပ်နိုင်မည်မဟုတ်။

နေရာတိုင်း၌ အုတ်ဂူများ မညီမညာရှိနေသည်။

ထိုလူနှင့်ခွေးသည် ပြေးလွှားနေကြကာ ရှေးဟောင်းအုတ်ဂူများကို တစ်ခုပြီးတစ်ခု ပြောင်းပြန်လှန်ပစ်နေသည်။ သို့သော်လည်း သူတို့ဘာမှမရလိုက်ကြ။

လေဟာနယ်မှာ မတည်ငြိမ်တော့။ ခဏကြာပြီးနောက် သူတို့ မှုန်ဝါးဝါးဖြစ်လာကာ အချိန်အတော်ကြာသည်အထိ ပေါ်မလာနိုင်တော့။

သို့သော်လည်း ခွေးဟောင်သံများနှင့် ဖက်တီတာအိုဆရာ၏ ဒေါသတကြီး အော်ဟစ်သံများကို ရံဖန်ရံခါ ကြားနေရသည်ပင်။

နောက်ဆုံး၌ စိတ်ပျက်လက်ပျက် အော်ဟစ်သံနှင့် ခွေးဟောင်သံများ ထွက်ပေါ်လာသည်။ သူတို့ကျရှုံးသွားလေပြီ။ သူတို့ အသက်သုံးချောင်းဆေးပင်ကို ရှာမတွေ့ခဲ့။

သူတို့ ဘယ်သူ့ကို ကယ်ဖို့ ကြိုးစားနေတာလဲ .. သူတို့က ဒီနေရာကိုတောင် ရှာတွေ့တာလား .. ဒါက လောကမျိုးစုံရဲ့အထက်မှာ ရှိနေတဲ့ ထူးဆန်းတဲ့မြေပဲ..

ဤအတောအတွင်း စန်းကျန်းနှင့် ရှန်းမင်တို့လည်း ဘေးပတ်လည်ကို ရှာဖွေနေခဲ့ကြသည်။ ရှေးဟောင်းအုတ်ဂူများ၌ သူတို့ခြေရာလက်ရာများ ကျန်ခဲ့ကြသည်ပင်။

ဤနေရာမှာ အလွန်ထူးဆန်းလှ၏။ ဤသည်မှာ ကြယ်ကောင်းကင်ထက်၌ ရှိနေခြင်းဖြစ်သော်လည်း အဘယ်ကြောင့် ရှေးဟောင်းအုတ်ဂူများ ရှိနေသနည်း..

သို့သော် အုတ်ဂူဟောင်းအားလုံးမှာ အလွတ်များသာ။ အထဲ၌ အခေါင်းများရှိသော်လည်း အိပ်ပျော်နေသည့် မသေသေးတဲ့စစ်သူရဲများ မရှိ။ အရိုးစုများပင်မရှိ။

အလွတ်ကြီးဖြစ်နေသည်။

လျှပ်စီးဝိညာဉ်များလည်း ရှာဖွေနေကြသည်။ သူတို့သည် မြက်ဖျာပေါ်မှ အလောင်းကိုသယ်ကာ ရှေးဟောင်းသင်္ချိုင်းတစ်ခုလုံးကို လှည့်ပတ်သွားနေသည်။ သို့သော် သူတို့ဘာမှမရလိုက်။ ထို့ကြောင့် သူတို့ရှေ့ဆက်သွားနေကြလေပြီ။

သူတို့ ဆက်သွားနေသည့်လမ်းမှာ စကြာဝဠာအစွန်းသို့ သွားနေသလိုပင်။ နယ်ခြားနံရံများမှာ ပျက်စီးနေပြီး လေဟာနယ်ထဲ၌လည်း အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

တစ်ယောက်ယောက် ကျယ်ကျယ်အော်လိုက်သည်နှင့် ဤနေရာကြီးပြိုကျသွားတော့မတတ်ပင်။

သို့သော် စန်းကျန်း လက်သီးတစ်ချက် ထိုးကြည့်လိုက်သည့်အချိန်တွင် ဤနေရာမှာ သူထင်ထားသည်ထက် မာကျောကြောင်း တွေ့လိုက်ရသည်။ အနည်းဆုံးတော့ နှစ်ပေါင်း ထောင်ပေါင်းများစွာအထိ ပြိုကျနိုင်ဦးမည်မဟုတ်။

“ဟမ် .. ယဇ်ပုလ္လင်တစ်ခု .. အဲဒီမှာ အရမ်းရှေးကျတဲ့ယဇ်ပုလ္လင်ရှိတယ် .. သူတို့ အဲဒီယဇ်ပုလ္လင်ပေါ် တက်နေကြပြီ .. သူတို့ဘယ်သွားကြမလို့လဲ..” ရှန်းမင် တုန်လှုပ်သွားရသည်။

ဤပျက်စီးနေသည့် စွန့်ပစ်မြေ၌ မသိသည့်အရိုးများဖြင့် ပြုလုပ်ထားသည့် ယဇ်ပုလ္လင်တစ်ခု ရှိနေသည်။ ထိုယဇ်ပုလ္လင်မှ မှိန်ဖျော့သည့်အလင်းလည်း တောက်ပနေသည်ပင်။

ယဇ်ပုလ္လင်ကို အသက်သွင်းသည့် နည်းလမ်းမှာ အလွန်ရိုးရှင်းသည်။ မှော်စွမ်းအင်ကို အသုံးပြုကာ စွမ်းအားများထည့်လိုက်သည်နှင့် အသက်ဝင်လိမ့်မည်။

ငါးဆင့်ကြယ်အလင်းတန်းတောက်ပလာကာ ပြိုင်ဘက်ကင်းသည့်အလောင်းကို သယ်ဆောင်ထားသည့် လျှပ်စီးဝိညာဉ်များ ပျောက်ကွယ်သွားသည်။

“ကျွန်မတို့ သူတို့နောက် ဆက်လိုက်သွားသင့်လား..” ရှန်းမင် မေးလိုက်သည်။

သူတို့ ယခု မည်သည့်နေရာ၌ ရောက်နေမှန်းပင်မသိ။ တစ်ဖက်လောကမှ ပင်လယ်ကျနှင့် အတော်ဝေးသည့်နေရာ၌ ရောက်နေကြပြီဖြစ်သည်။

သူတို့ အလောင်းတစ်လောင်းသယ်ထားသည့် လျှပ်စီးဝိညာဉ်များနောက် လိုက်လာရင်း ဤနေရာသို့ ရောက်လာခြင်းပင်။ ယခု သူတို့ ခန့်မှန်း၍မရနိုင်သည့် အခြားနေရာသို့ သွားကြတော့မည်လား..

“ကြည့်လိုက် .. ခွန်ငါးက သူ့နောက်လိုက်နေတုန်းပဲ..” ရှီဟောင် ပြောလိုက်သည်။

ထိုငါးမှာ အလွန်ပြတ်သားလှသည်။ သူသည် ထိုအုပ်စုနောက် တစ်ချိန်လုံး လိုက်နေကာ ထွက်သွားမည့်အရိပ်အယောင်လည်းမမြင်။

“ဘိုးဘေးငါးက ပြန်နေတာထင်တယ် .. သူက သူမွေးတဲ့နေရာကို ပြန်သွားတော့မှာ .. ငါတို့လည်း လိုက်သွားသင့်တယ်..” စန်းကျန်း ပြောလိုက်သည်။

သူနားလည်ထားသလောက်ဆိုလျှင် ဘိုးဘေးငါးသည် သူတို့မွေးဖွားရာနေရာမှ ထွက်ခွာကာ နယ်မြေမျိုးစုံသို့ သွားကြလိမ့်မည်။ သူတို့ အရွယ်တစ်ခု ရောက်သည်နှင့် မွေးဖွားသည့်နေရာသို့ ပြန်လာကြမည်ပင်။

သို့သော် သူတို့ပြန်လာသည့်လမ်းမှာ ထူးခြားလှသည်။ ရေမှမဟုတ်သလို၊ မြစ်မှလည်းမဟုတ်။ အာကာသကြီးကို ဖြတ်၍ပင်။

နောက်ဆုံးတွင်တော့ သူတို့လည်း ယဇ်ပုလ္လင်ပေါ်သို့ တက်ကာ လိုက်သွားလိုက်ကြသည်။

ငါးဆင့်ကြယ်အလင်းတန်းထွက်ပေါ်လာကာ သူတို့ပတ်လည်၌ ဖရိုဖရဲစွမ်းအင်များ ပေါ်လာသည်။

သိပ်မဝေးသည့်နေရာ၌ အခြားယဇ်ပုလ္လင်တစ်ခု ရှိနေသည်။

လျှပ်စီးဝိညာဉ်များထံမှ ကြွင်းကျန်နေခဲ့သည့် အော်ရာများကို သူတို့ခံစား၍ ရနေဆဲပင်။

“သူတို့ ဘယ်သွားနေတာလဲ .. ငါတို့ ယဇ်ပုလ္လင်တွေနဲ့ ဆက်တိုက်သွားနေရင် ငါတို့ ပြန်လာလို့ရပါ့မလား..” ခေါင်းအေးအေးထားသည့် စန်းကျန်းပင်လျှင် အနည်းငယ် ခေါင်းကိုက်လာရသည်။

ဒါပေမဲ့ သူတို့ရွေးချယ်ခွင့်ရှိလို့လား…

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ရှေ့ဆက်သွားလိုက်ကြသည်။

ယခုတစ်ခေါက် ယဇ်ပုလ္လင်မှ ရွှေ့ပြောင်းခံရပြီးနောက် သူတို့ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ပေါ်၌ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သစ်ပင်ကြီးမှာ အလွန်ကြီးမားလှပြီး တစ်ပင်လုံး ခြောက်ကပ်နေလေပြီ။ သစ်ကိုင်းများနှင့် သစ်ရွက်များ မရှိတော့။

“ခြောက်ကပ်နေတဲ့ နတ်သစ်ပင် .. လောကသစ်ပင်အဖြစ် ပြောင်းရင်းနဲ့သေသွားတာ .. ဒီနေရာက လေဟာနယ်တောင် သူနဲ့အတူတူ ခြောက်ကပ်သွားပြီ..” စန်းကျန်း၏အမူအရာမှာ လေးနက်နေသည်။

သူတို့ ဖြတ်လာသည့်နေရာများမှာ ကြယ်ပင်လယ်တစ်ခုတည်းမဟုတ်ပဲ မတူညီသည့် ရှေးဟောင်းလောကများဖြစ်နေမလားဟု သူတို့သံသယဝင်လာကြသည်။

ထိုကဲ့သို့ပင် သူတို့ မတူညီသည့်နေရာများသို့ ရောက်ရှိခဲ့ကြသည်။ သူတို့ထွက်လာတိုင်း ယဇ်ပုလ္လင်တစ်ခုကို မြင်နေရသည်။ ယဇ်ပုလ္လင်များအားလုံးတွင် ရှုပ်ထွေးသည့် အစီအရင်သင်္ကေတများ ရှိနေပြီး မတူညီသည့်လောကများကို ဆက်သွယ်ထားသည်ဟု ထင်ရသည်။

သူတို့ ကိုးကြိမ် ရွှေ့ပြောင်းပြီးနောက်မှသာ သူတို့ပန်းတိုင်သို့ ရောက်ရှိလာသည်။

သူတို့ပန်းတိုင်ဟုပြောရခြင်းမှာ လျှပ်စီးဝိညာဉ်များ ရပ်တန့်သွားသောကြောင့်ပင်။ ဆက်သွားရန် ယဇ်ပုလ္လင်မရှိတော့။

ဒါက ဘယ်နေရာလဲ .. ဤနေရာမှာ ပို၍ကျယ်ဝန်းကာ ဗလာသက်သက်ဖြစ်နေသည်။ ဤသည်မှာ ယခုမှ စတင်ဖြစ်တည်လာသည့် လောကကြီးတစ်ခုကဲ့သို့ပင်။ မည်သည့်သက်ရှိမှမရှိ။

မူလစွမ်းအင်များ စီးဆင်းနေကာ ယင်နှင့်ယန် ဝေ့ဝဲနေသည်။

“ထူးဆန်းလိုက်တာ..”

သူတို့ ပြန်သွားနိုင်မလား မသေချာတော့။ အဘယ်ကြောင့်ဆိုသော် ထိုယဇ်ပုလ္လင်များမှာ တစ်လမ်းတည်းသာ သွား၍ရသည့်ပုံပေါ်သည်။ သူတို့ ပြန်သွားရန်အတွက် အသုံးပြု၍ရမည်မဟုတ်။

လျှပ်စီးဝိညာဉ်များသည် ဤနေရာ၌ လှည့်ပတ်သွားလာကြပြီးနောက် သူတို့ မြူဆိုင်းနေသည့်နေရာကို ဖြတ်သွားကာ လေဟာနယ်ကို တိုက်ရိုက်ဖြတ်သွားကြသည်။ သူတို့ကို ကြည့်ရသည်မှာ အလွန်စိတ်လှုပ်ရှားနေသလိုပင်။

“သူတို့ရှာနေတဲ့နေရာကို တွေ့သွားပြီလား..” စန်းကျန်း အံ့အားသင့်သည့်အမူအရာ ဖြစ်သွားသည်။

အရှေ့ဘက်လမ်းမှာ အလွန်ထူးဆန်းလှသည်။ ပျက်စီးနေသည့် စစ်ပွဲရဲတင်းများ၊ ပုဆိန်များ၊ အပေါက်များဖြင့်ပြည့်နေသည့် စစ်သင်္ဘောများ ရုတ်တရက်ပေါ်လာသည်။

မူလဖရိုဖရဲမြူထဲ၌ စွန့်ပစ်ခံထားရသည့် စစ်သင်္ဘောများနှင့် ပျက်စီးနေသည့် လက်နက်များ ပိုများလာသည်။

ဤနေရာ၌ တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်မှာ သိသာလှသည်။

“ဒါက အရမ်းကြောက်စရာကောင်းတာပဲ .. ဒီလက်နက်တွေက ပျက်စီးသွားပြီး သူတို့ရဲ့သင်္ကေတတွေလည်းဖျက်ခံထားရပြီဆိုပေမယ့် သူတို့ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ကျွန်မ ခံစားလို့ရနေတုန်းပဲ .. ဒီပစ္စည်းတွေထဲမှာ ထာဝရပစ္စည်းတွေလည်း ပါတယ်..” ရှန်းမင် ပြောလိုက်သည်။

အချို့လက်နက်များမှာ လောကကြီးကို တုန်လှုပ်စေသည့် လက်နက်များပင်။ သို့သော် ယခုတော့ ဖျက်ဆီးခံလိုက်ရကာ ထာဝရတာအိုရွှေစွမ်းအင်များလည်း ဖယ်ရှားခံထားရသည်။

“ငါတို့ရောက်ပြီ .. အဲဒီမှာ ဂိတ်တံခါးတစ်ချပ် ရှိနေတယ်..”

“ဒီလောက်ကြီးတဲ့ ဂိတ်ကြီးတွေ.”

ထိုနေရာ၌ ကျောက်တံခါးတစ်ချပ်ရှိနေသည်။ ထိုတံခါးမှာ ကြီးမားလွန်းလှသည်ပင်။ ထိုတံခါးရှေ့၌ ကြယ်များပင်လျှင် သေးသေးလေးဖြစ်သွားသည်။

ထိုဂိတ်တံခါးရှေ့၌ ပစ္စည်းများ ပိုများနေသည်။ စစ်သင်္ဘောများအပြင် ပျက်စီးနေသည့် ကျွန်းများလည်း ရှိနေသည်။

ကျွန်းဟုခေါ်မည့်အစား ဥက္ကာခဲများဟုခေါ်လျှင် ပိုမှန်လိမ့်မည်။

သို့‌သော် သူတို့ထံ၌ သင်္ကေတများ မရှိတော့၊ နတ်ခွန်အားလှိုင်းများမရှိတော့။ သူတို့၏စွမ်းအင်အားလုံး ဖယ်ရှားခံလိုက်ရကာ အရိုးများသာ ကျန်တော့သည်။

အရိုးစုများလည်း များပြားလှသည်။ ထိုသက်ရှိများ အသက်ရှင်နေစဉ်က မည်မျှပင် စွမ်းအားကြီးမလဲ မသိ။ ယခုတော့ မပျက်စီးနိုင်သည့်အရိုးများနှင့် အရေပြားသာ ကျန်တော့သည်။

“ဒါတွေက ထူးခြားတဲ့ကျွမ်းကျင်သူတွေဆိုတာ ယုံနိုင်စရာတောင်မရှိဘူး .. အရင်တုန်းက ဒီမှာ ဘာတွေများ ဖြစ်ခဲ့တာလဲ..”

သူတို့ကို လမ်းပိတ်နေသည်မှာ ဤကျောက်တံခါးကြီးပင်။

မှော်ပစ္စည်းများ၊ သက်ရှိများနှင့် အခြားအရာအားလုံးမှာ ကြောက်စရာကောင်းလောက်အောင် အဆင့်မြင့်လိမ့်မည်ဟု ရှီဟောင် ခံစားရသည်။ သို့သော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် သူတို့အားလုံး၏စွမ်းအင်များ ထုတ်ခံထားရကာ တာအိုဥပဒေသများ ဖယ်ရှားခံထားရသည်။

“ခဏ .. ရင်းနှီးတဲ့အနံ့ရနေတယ်..” ရှီဟောင် ရုတ်တရက် ပြောလိုက်သည်။

သိပ်မဝေးသည့်နေရာ၌ ဥက္ကာခဲတစ်ခု ရှိနေသည်။ ထိုဥက္ကာခဲပေါ်၌ သေဆုံးနေသည့် သက်ရှိမှာ နှစ်ပေါင်းမည်မျှကတည်းက‌ သေခဲ့မှန်းမသိ။ သူ၏အသွေးအသားများ ခြောက်ကပ်နေကာ စွမ်းအင်များလည်း အားလုံး ကုန်သွားလေပြီ။

“သူ့ခန္ဓာကိုယ်ရှေ့မှာ မခြောက်သေးတဲ့သွေးတွေ ရှိနေတုန်းပဲ..”

ဤသည်မှာ ထိတ်လန့်စရာကောင်းသည့် တွေ့ရှိမှုကြီးပင်။ သက်ရှိအားလုံးရဲ့ စွမ်းအင်တွေ ပျောက်ကွယ်နေတာတောင်မှ သူ့မှာ သွေးတစ်ချို့ ကျန်နေသေးသည်။ ဤသည်မှာ ထူးဆန်းအံဩဖွယ်တစ်ခုပင်။

ထိုသက်ရှိ၏ အရှေ့၌ စာလုံးအနည်းငယ်ရှိနေသည်။ ထိုစာလုံးများမှာ အလွန်ရှေးကျလှပြီး ထူးဆန်းလှသည်။ စာလုံးများကို သွေးဖြင့် ရေးထားခြင်းပင်။

တစ်ဝက်ကို ရွှေရောင်သွေးဖြင့်ရေးထားပြီး တစ်ဝက်ကို အနက်ရောင်သွေးဖြင့် ရေးထားသည်။

သို့သော် ရှီဟောင် ဤစာလုံးများကို မသိ။

“ပြန်မသွားနိုင်ဘူး..” စန်းကျန်း စာလုံးများးကို ဖတ်လို်ကသည်။ ဤသည်မှာ ထာဝရစာအစစ်ဖြစ်ကြောင်း ရှီဟောင်အား ပြောပြလိုက်သည်။

အပိုင်း ၁၈၀၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၄ – ထာဝရမြေ

ဤသည်မှာ သက်ရှည်စာလုံးများပင်။

အင်ပါယာဂိတ်ဘက်တွင် ကလန်ပေါင်းစုံမှ ကျင့်ကြံသူများသည် ထာဝရသက်ရှိများဖြစ်အောင် ကျင့်ကြံကြသည်ပင်။

မီးခိုးရောင်ဥက္ကာခဲမှာ အလွန်မာကျောလှသည်။ ဤဥက္ကာခဲသည် ယခင်က အလွန်ပူပြင်းသည့်အပူချိန်ဖြင့် လောင်ကျွမ်းခံခဲ့ရကာ အရည်ပျော်ခဲ့ရသည်။

ထိုဥက္ကာခဲပေါ်၌ လူသားပုံစံသက်ရှိတစ်ဦး လဲလျောင်းနေသည်။ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်နေပြီး သူ၏ဆံပင်များမှာလည်း အဝါရောင်မြက်ခြောက်များကဲ့သို့ပင်။

မြေပြင်ပေါ်ရှိ အလွန်စေးကပ်နေသည့်သွေးအားလုံးမှာ သူ၏သွေးများပင်။ သူ၏ညာလက်လက်ချောင်းထိပ်၌ ဟက်တက်ကွဲကာ ရွှေရောင်သွေးများ စီးကျနေကာ ဘယ်လက်၌ အနက်ရောင်သွေးများ ရှိနေသည်။

ထိုစာလုံးများကို သူ့လက်နှစ်ဖက်ဖြင့် ရေးထားခြင်းပင်။ လူတစ်ယောက်တည်းက ရွှေရောင်နဲ့ အနက်ရောင်သွေး နှစ်မျိုးလုံး ရှိနေတယ် .. ဒါက အရမ်းကို ထိတ်လန့်စရာကောင်းတာပဲ..

“ကာကွယ်သူ သွေးမျိုးဆက်..”

ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ သူ ဤလူမည်သူဖြစ်သူကို ချက်ချင်း ခန့်မှန်းမိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံမှ တုဂုယွမ်နှင့်တူသည့်အော်ရာရှိနေသည်ပင်။

သူ၏သွေးသည် ရွှေရောင်ဖြစ်နိုင်သလို အနက်ရောင်လည်းဖြစ်နိုင်သည်ကို တုဂုယွမ် ပြသပြီးသွားပြီဖြစ်သည်။

ကောင်းကင်ဘုံကိုးခု၏ သွေးမျိုးဆက်မှာ ကောင်းကင်ဘုံကိုးခုမှ မဟုတ်ကြောင်း၊ ထူးဆန်းသည့်နေရာတစ်ခုမှ လာကြောင်း သူတို့အားလုံး ပြောခဲ့ကြသည်ပင်။ ယခုတော့ ဤကိစ္စအတွက် သက်သေရှိသွားလေပြီ။

ဒီမှာ ရှိနေတာလား .. ဒီကျောက်တုံးဂိတ်တံခါး နောက်မှာလား .. ဒါပေမဲ့ သူတို့ ပြန်မလာနိုင်ကြတော့ဘူး..

တုဂုကလန်တွင် စွမ်းအားကြီးသည့် ကလန်သားအချို့ရှိသည်။ သူတို့၏လူဦးရေ အလွန်နည်းပါးသော်လည်း တစ်ယောက်၊ နှစ်ယောက်တည်းတော့မဟုတ်။

“ဒီလူအသက်ရှင်နေတုန်းက အရမ်းကို စွမ်းအားကြီးခဲ့မှာ..” ဤသည်မှာစန်းကျန်း မှတ်ချက်ပင်။ ထာဝရစာသားကို ရေးနိုင်သည့်သူများမှာ ဘယ်လိုလုပ် ရိုးရှင်းမည်နည်း..

သို့သော် ဤလူသည် ဤနေရာ၌ သေဆုံးခဲ့ရသည့် အခြားသူများကဲ့သို့ တူညီသည့်ဒုက္ခများ၊ သို့မဟုတ် တူညီသည့်ကပ်ဆိုးများ ကြုံတွေ့ခဲ့ရသည်ပင်။ သေဆုံးသွားပြီးနောက် သူ၏ရင်းမြစ်စွမ်းအင်များအားလုံး ပျောက်ဆုံးသွားကာ သူ၏သဘာဝဥပဒေသနှင့် သင်္ကေတများပင် ပျောက်ကွယ်သွားသည်။

ယခု သူ့ထံ၌ မှော်စွမ်းအား မရှိတော့သလို နတ်ခွန်အားလှိုင်းလည်း မရှိတော့။

မဟုတ်ပါက ဤကဲ့သို့သော အလောင်းမျိုးမှာ ခေတ်တစ်ခေတ် ကုန်လွန်သွားလျှင်ပင် အနားကပ်ရန် အလွန်ခက်ခဲနေလိမ့်မည်။

ကာကွယ်သူတစ်ဦးအနေဖြင့် ထာဝရစာသားများ ရေးတတ်သည့်အပြင် ဤနေရာ၌လည်း ပေါ်လာသေးသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူမည်မျှ ထူးခြးသည်ကို စဉ်းစားကြည့်နိုင်သည်။

ယခင်က သူသည် သေချာပေါက် လောကကြီးကို လွှမ်းမိုးနိုင်သည့်ကျွမ်းကျင်သူဖြစ်လိမ့်မည်။

ကံမကောင်းစွာဖြင့် သူသည် နောင်တတရားဖြင့်ပင် သေဆုံးသွားရလေပြီ။

ကျောက်တံခါးနောက်မှာ တစ်ခြားလောကတစ်ခု ရှိနေတာလား..

ဒီလမ်းက ဘယ်ရောက်သွားမှာလဲ..

ကာကွယ်သူတွေရဲ့မြေက အဲဒီဂိတ်တံခါးတွေနောက်မှာ ရှိနေတာလား..

ကာကွယ်သူတို့၏လောကမှာလည်း သာမန်လောကနှင့် အတူတူပင်ဖြစ်သည်ဟု ပြောကြသည်။ ထိုနေရာ၌ ရှေးကျကာ စွမ်းအားကြီးသည့် အခြားမိသားစုများလည်း ရှိနေသည်ပင်။

ထိုနေရာမှာ မည်ကဲ့သို့သော နေရာဖြစ်သနည်း .. ထိုနေရာမှ အပိုင်းအစုလေးတစ်ခုပင် ကောင်းကင်ဘုံကိုးခု၏ ကာကွယ်သူဖြစ်နေလေပြီ။ ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်သနည်း..

ထို့အပြင် အင်ပါယာဂိတ်မှ စောင့်နေသည့် စစ်ကူများ ဆိုသည်မှာလည်း ထိုနေရာမှ ရောက်လာမည့်သူများ ဖြစ်လိမ့်မည်ကို ရှီဟောင်သိသည်။

တစ်ဖက်လောကမှ မသေမျိုးဘုရင်များကို ရင်ဆိုင်ရန် ကောင်းကင်ဘုံကိုးခု၌ မည်ကဲ့သို့သော သက်ရှိများရှိသနည်း.. တစ်ချက်တွေးကြည့်လိုက်ရုံဖြင့်ပင် ဤသည်မှာ ထိုလျှို့ဝှက်မြေမှ ထူးဆန်းသည့်တပ်သားများ ဖြစ်လိမ့်မည်ကို အားလုံးသိကြသည်ပင်။

“ဒီကျောက်တံခါးကြီးနောက်မှာ ဘယ်လိုလျှို့ဝှက်မြေမျိုးရှိလဲဆိုတာ မင်းတို့သိလား..” ရှီဟောင် စန်းကျန်းကို မေးလိုက်သည်။

“ထာဝရအမိမြေ..” သူ တကယ် ပြန်ဖြေလာသည်။

“သင်္ချိုင်းမြေမှာ ကောလဟာလတစ်ချို့ရှိတယ် .. ရာထူးကြီးတဲ့သူတွေအားလုံး အဲဒီရှေးမြေအကြောင်း သိကြတယ်..”

သူတို့ကို ရာထူးကြီးသည်ဟု သတ်မှန်၍မရသော်လည်း သူတို့သည် မသေသေးသည့်ရွှေရောင်စစ်သူရဲဖြစ်နေသောကြောင့် သူတို့သည် ယုယု၊ ချီမုန့်ဟုန်နှင့် အခြားသူများထက်ပင် အဆင့်အတန်းမြင့်သည်။

ထို့ကြောင့် သူတို့လည်း လျှို့ဝှက်ချက်အချို့ကို သိထားသည်ပင်။

“သူ့မှာ တစ်ခြားနာမည်တွေရှိသေးတယ် .. ထာဝရအမိမြေ၊ ထာဝရနယ်မြေ၊ သန့်စင်တဲ့မြေ၊ ထာဝရတိုင်းပြည် စသည်ဖြင့်ပေါ့..” စန်းကျန်းပြောလိုက်သည်။

ထို့အပြင် ထိုနေရာမှာ အလွန်ထူးဆန်းပြီး လူသူမရောက်နိုင်ကြောင်းလည်း ပြောခဲ့သေးသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ လာသည့်သူများသည် အလွန်သတိထားကြကာ သူတို့ထွက်လာသည်နှင့် ဘယ်တော့မှ ပြန်မသွားတော့။

“ထာဝရအမိမြေဟုတ်လား..” ရှီဟောင် အံ့အားသင့်သွားရသည်။ ထာဝရသက်ရှိကိုသယ်သည့် လိပ်ဖြူထာဝရဆေးပင် ထာဝရအမိမြေကို ပြန်ချင်သည်ဟု ပြောသည်ကို သူကြားဖူးသည်။

ထာဝရအမိမြေဆိုသည်မှာ ထာဝရသက်ရှိများ နေသည့်နယ်မြေပင်။

“ဒီလိုနေရာမျိုးရှိနေရင် ဘာလို့ဖုံးကွယ်ထားတာလဲ .. ပြီးတော့ အဲဒီနေရာက ထွက်လာတဲ့သူတွေက ဘာလို့ ပြန်သွားလို့မရတာလဲ .. ထာဝရသက်ရှိတွေတောင် အဲဒီနေရာက ထွက်လာပြီးရင် ပြန်သွားလို့မရတာများလား..

သူ သိချင်နေသည့်မေးခွန်းများစွာ ရှိနေသည်။

“ဒါက ထာဝရမိသားစုတွေရဲ့ အုတ်မြစ်တွေလို့ သင်္ချိုင်းဘုရင်တွေပြောတာ ကြားဖူးတယ် .. သူတို့ရဲ့ရင်းမြစ်တွေ အရောင်စွန်းထင်းသွားမှာစိုးလို့ ထွက်သွားတဲ့သူတွေက ဘယ်တော့မှ ပြန်မလာရဘူးတဲ့..” ရှန်းမင် ပြောလိုက်ခြင်းပင်။

ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ သူတို့မှာ ဘယ်လိုပြဿနာမျိုးတွေရှိနေလို့ သူတို့ ဒီလိုမျိုးပုန်းနေကြရတာလဲ..

ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ဆယ်ခုမှာ တစ်ခုခုဖြစ်နေလို့လား .. အဲဒီမှာ ပုန်းကွယ်နေတဲ့အန္တရာယ်တွေ ရှိနေလို့လား..

စန်းကျန်းနှင့် ရှန်းမင် ပြောသည့်အတိုင်းဆိုလျှင် တစ်ဖက်လောကမှ မသေမျိုးဘုရင်များနှင့် အခြားသူများအားလုံး ဤနေရာအကြောင်းကို သိကြသည်။ သူတို့ အကြောက်ဆုံးမှာ ဤနေရာမှ သက်ရှိများဖြစ်ပြီး သူတို့ စစ်ပွဲအတွက် ပြင်ဆင်နေသည်မှာလည်း ထိုသူများကြောင့်ပင်။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ထာဝရအမိမြေက ကောင်းကင်ဘုံကိုးခုနဲ့ ချိတ်ဆက်ခဲ့တယ် ဒီနေရာနှစ်ခုကို ဝင်ထွက်သွားလာနိုင်ခဲ့တယ် … ဒါပေမဲ့ နောက်ပိုင်းကျတော့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့ပြီး လမ်းကြောင်းလည်း ပျက်စီးသွားခဲ့တယ် .. ပြီးတော့ အဲဒီထာဝရနယ်မြေမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးလည်း ဖြစ်ခဲ့သေးတယ်..”

ဤစကားလုံးများမှာ ရှီဟောင်ကို အလွန်ထိတ်လန့်သွားစေသည်ပင်။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တစ်လောကလုံးသိခဲ့တဲ့ ကိစ္စတစ်ချို့က အချိန်ရဲ့တိုက်စားမှုကြောင့် ဒဏ္ဍာရီတွေ၊ ကောလဟာလတွေဖြစ်သွားပြီ..” ရှန်းမင် သက်ပြင်းချ၍ ပြောလိုက်သည်။

“ငါတို့လောကက နောက်ပိုင်းမျိုးဆက်တွေလည်း ဒီလိုမျိုးဖြစ်သွားကြမှာပဲ .. သူတို့နားလည်တာက အပေါ်ယံတွေပဲရှိတော့မှာ .. အမှန်တရားတွေက ပျောက်ကွယ်သွားလောက်ပြီ..” စန်းကျန်း၏အမူအရာမှာ ရေခဲကဲ့သို့ အေးစက်နေသည်။

“ဟုတ်တယ် .. နောက်ပိုင်းမျိုးဆက်တွေကျရင် ထာဝရရှေးဟောင်းခေတ်ကို ထာဝရသက်ရှိအစစ်တွေရှိတဲ့မျိုးဆက်လို့ခေါ်ကြလိမ့်မယ် .. ငါတို့ခေတ်ကိုရော ဘယ်လိုမျိုး ခေါ်ကြမလဲ .. အမှောင်ခေတ်လား .. ဒါမှမဟုတ် ပရမ်းပတာခေတ်လား..” ရှီဟောင် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

“ငါတို့အားလုံး သမိုင်းရဲ့ ပြာမှုန့်တွေပဲ ဖြစ်သွားလိမ့်မယ်လို့ သင်္ချိုင်းဘုရင်တစ်ချို့ ပြောခဲ့ဖူးတယ်..” စန်းကျန်း ပြောလိုက်သည်။

“ဘာလို့လဲ..” ရှီဟောင်တစ်ကိုယ်လုံး ကြက်သီးထလာရသည်။

“ဒီခေတ်က အမှန်တရားလို့ခေါ်တဲ့အရာတွေအားလုံး ပျောက်ကွယ်သွားမှာ .. စွမ်းအားကြီးတဲ့သူအားလုံး နာမည်မရှိပဲနဲ့ အမှောင်ခေတ်ထဲမှာ ပျက်စီးသွားကြလိမ့်မယ် .. နောင်မျိုးဆက်တွေအတွက် ကျန်ခဲ့မှာက အဆုံးမဲ့ငြိမ်သက်အေးချမ်းမှုပဲ..” စန်းကျန်း ပြောလိုက်သည်။

“ငါ အသက်ဆက်ရှင်ရမယ် .. ဘယ်သူက အမှန်တရားတွေကို ဖုံးကွယ်ပစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။ သူပို၍ စွမ်းအားကြီးလာချင်သည်။ သူသည် ခေတ်ကြီးနှင့်အတူ ရှင်းလင်းခံလိုက်ရမည့် ‘နယ်ရုပ်’လေးမဟုတ်ပဲနှင့် အဆုံးထိ အသက်ဆက်ရှင်သန်ချင်သည်။

“ခေတ်ကြီးတစ်ခု ပျက်စီးသွားတာနဲ့ မျိုးစေ့တွေ ဖြန့်ကျဲခဲ့တဲ့သူတွေ ရှိမှာပဲ .. တစ်ချို့တာအိုစာအုပ်တွေ၊ သမိုင်းအချက်အလက်တွေကို ချန်ရစ်ထားခဲ့တဲ့သူတွေ ရှိလိမ့်မယ် .. ပြီးရင်တော့ လောကကြီးတစ်ခု ထပ်ဖြစ်လာလိမ့်မယ်..” စန်းကျန်း ရယ်မောလိုက်၏။ သူ၏ရယ်သံမှာ သူ၏ပုံမှန်သန့်စင်မြင့်မြတ်သည့်ပုံစံနှင့်အတူ။ အလွန် လေးနက်နေသည်။

“နောက်ထပ်လောကကြီးတစ်ခု ထပ်ဖြစ်လာမှာလား..” ထိုအခိုက်အတန့်တွင် ရှန်းမင် သက်ပြင်းချလိုက်ကာ သူမ၏မျက်လုံးများမှာ အလွန်လေးနက်လာသည်။

အကြောင်းပြချက်တစ်ချို့ကြောင့် ရှီဟောင် ဦးရေပြားများ ထုံကျဉ်သွားကာ ကြက်သီးမွေးညှင်းထလာသည်။ သူတို့၏စကားလုံးများကို ထိတ်လန့်သွားခြင်းမဟုတ်။ ဤနှစ်ယောက်၏ စိတ်နေစိတ်ထားမှာ သိပ်မဟုတ်ဘူးဟု သူခံစားလိုက်ရသောကြောင့်ပင်။

သူတို့နောက်ဆုံးပြောလိုက်သည့် စကားလုံးများမှာ လူငယ်များ ပြောလိုက်သည့်စကားနှင့်မတူပဲ ရှေးခေတ်လူနှစ်ဦး ပြောနေသကဲ့သို့ပင်။

အမှောင်ထုအကျဉ်းထောင်အကြောင်း ရှီဟောင် မစဉ်းစားပဲမနေနိုင်တော့။ ထိုနေရာမှ မူလဝိညာဉ်များ လွတ်မြောက်လာသည်ထင်သည်။

မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးသည် တစ်ခါတစ်ရံတွင် သူတို့နှင့်တူသော်လည်း တစ်ခါတစ်ရံတွင် အနည်းငယ်ကြောက်စရာကောင်းသည့် ခံစားချက်များ ပေးနေသည်။

“ဟမ် .. အဲဒီလျှပ်စီးဝိညာဉ်တွေ ဘာလုပ်နေကြတာလဲ..”

ခပ်ဝေးဝေးတွင် ရာပေါင်းများစွာသော လျှပ်စီးဝိညာဉ်များသည် ဤနေရာ၌ လျှောက်သွားနေကာ တစ်ခုခုကို သေချာရှာဖွေနေကြသည်။ ထို့နောက် သူတို့ထိုမြက်ဖျာကို ဥက္ကာခဲတစ်ခုပေါ်၌ တင်ထားလိုက်သည်။

ထို့နောက် သူတို့ နေရာယူလိုက်ကြကာ ထူးဆန်းသည့်အစီအရင်ပုံစံကိုလုပ်ကာ အလွန်ထူးဆန်းသည့် ရှေးဟောင်းမန္တန်များကို ရွတ်ဆိုနေကြသည်။ ဤသည်မှာ သူတို့ တစ်ခုခုကို ဆင့်ခေါ်နေသကဲ့သို့ပင်။

“သူတို့က ကျောက်တံခါးနောက်က လောကကြီးထဲကို ဝင်ချင်နေကြတာ..” စန်းကျန်း ပြောလိုက်သည်။

ဤနေရာမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုထက် သာလွန်သည့် လောကကြီးတစ်ခုဖြစ်ကြောင်း ရှီဟောင် သေချာသိသွားလေပြီ။

သို့သော် အမှန်တရားမှာ အမြဲတမ်း ဖုံးကွယ်နေပြီး မည်သူမှ အမှန်တရားကို နားမလည်ကြ။

ထာဝရရှေးဟောင်းခေတ် ရှင်းလင်းခံလိုက်ရကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုမှ လူများအားလုံးနီးပါး ကုန်ဆုံးသွားသောကြောင့် မည်သူမှ အတိတ်မှဖြစ်ရပ်များကို မသိသည်မှာ ဖြစ်နိုင်သည်ပင်။

လျှပ်စီးဝိညာဉ်တွေက မြက်ဖျာပေါ်က အလောင်းကို ထာဝရအမိမြေထဲ ခေါ်သွားချင်နေတာလား..

ကံမကောင်းစွာဖြင့် ကျောက်တံခါးများကို တင်းကြပ်စွာ ပိတ်ထားသည်။ လျှပ်စီးဝိညာဉ်များ မည်မျှစွမ်းအားကြီးပါစေ သူတို့ဤတံခါးကို မရွေ့နိုင်။ မန္တန်များလည်း အလုပ်မဖြစ်။

ဟမ်..

ရှန်းမင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူတို့သည် ထိုနေရာ၌ ဒူးထောက်နေကြကာ ဆက်တိုက်ပင် ရှိခိုးနေကြသည်။ နောက်ဆုံးတွင် မြက်ဖျာထဲမှ အလင်းလုံးတစ်လုံး ထွက်ပေါ်လာသည်။

ထို့နောက် ထိုအလင်းလုံး ကျောက်တံခါးရှေ့၌ ရပ်တန့်သွားသည်။

“အဲဒါက ဘာကြီးလဲ .. ရှေးဟောင်းဧကရာဇ်ရဲ့ကိုယ်ပေါ်မှာ ရှိနေတဲ့ အဆင့်လွန်ရတနာလား..”

“ဒါက လက်နက်လား..”

ထို့နောက် ထိတ်လန့်စရာကောင်းသည့်အရာဖြစ်လာသည်။ ထိုအလင်းလုံး ကျောက်တံခါးကို ရိုက်ခတ်သွားကာ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုကျောက်တံခါးပင် ထွင်းဖောက်မြင်ရလုနီပါး ဖြစ်သွားသည်။

ထို့နောက် များပြားလှသည့် သင်္ကေတများ ထွက်ပေါ်လာကာ ကျောက်တံခါးများကို အသက်သွင်းလာသည်။

ဝုန်း..

ကျောက်တံခါးများ ရုတ်တရက် တောက်ပလာသည်။ သူ၏အလင်းတန်းများမှာ အတိတ်ကိုပင် တောက်ပသွားစေသည်။

“စာလုံးနှစ်လုံး ပေါ်လာပြီ..”

ရှီဟောင် ထိတ်လန့်သွားရ၏။ အတော်ဝေးနေသေးသော်လည်း သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ဆဲပင်။ ကျောက်တံခါးပေါ်၌ ရှေးဟောင်းစာလုံးနှစ်လုံး ပေါ်လာပြီး ထိုစာလုံးများထဲတွင် တာအိုအော်ရာများ ရှိနေသည်။ ထိုစာလုံးမှာ ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။’

“ထာဝရနယ်မြေ..” စန်းကျန်း ထိုစာလုံးများကို ရွတ်လိုက်သည်။

အပိုင်း ၁၈၀၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၅ – ထာဝရဂိတ်များကို ဖွင့်ခြင်း

ကျောက်တုံးဂိတ်မှ ရိုးရှင်းကာ ရှင်းလင်းလှသည့် ကျောက်တုံးသင်္ကေတများမှ အလွန်တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။

ဤစာလုံးနှစ်လုံးမှာ အားလုံးကို တုန်လှုပ်သွားစေသည်။ ဤစာလုံးများမှာ အံ့ဩဖွယ်ကောင်းသော်လည်း မူလဝိညာဉ်များ တုန်ယင်သွားစေသည့် ဖိအားများ ပေးနေဆဲပင်။

ထို့အပြင် ထိုတုန်ခါမှုမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။ သူတို့ဝိညာဉ်မှာ မုန်တိုင်းကြားမှ ဖယောင်းတိုင်မီးကဲ့သို့ဖြစ်နေသည်။ သူတို့ဝိညာဉ်များ အချိန်မရွေး ငြိမ်းသတ်သွားတော့မည်။

ဘာဖြစ်နေတာလဲ..

ရှီဟောင်ဖြစ်စေ မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးဖြစ်စေ အားလုံး မသက်မသာခံစားလိုက်ရကာ ကြက်သီးမွေးညင်းထလာသည်။

ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။ တောက်ပသည့်အလင်းမိုးရွာသွန်းနေသော်လည်း နှိုင်းယှဉ်၍မရလောက်အောင် ကြောက်စရာကောင်းနေသည်။

ကျောက်တုံးဂိတ်တံခါးပေါ်၌ တံဆိပ်မျိုးစုံ ပေါ်လာကာ ကောင်းကင်ကြီးပွင့်လာစဉ်က ဖြစ်ပျက်ခဲ့သည့်လျှို့ဝှက်ချက်များကို ပြောပြနေသည်။ ရှေးဟောင်းဘိုးဘေးများစွာလည်းပေါ်လာသည်။ သို့သော်လည်း သူတို့သည် အလွန်မှုန်ဝါးနေကာ ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ခက်ခဲလှသည်။

ထို့နောက် သူတို့ လူတစ်ယောက်၏ဝိညာဉ်ကို သန့်ရှင်းသွားစေသည့် တာအိုအသံရှည်ကြီးကို ကြားလိုက်ရသည်။ သူတို့ ပြောင်းလဲတော့မလိုပင် ခံစားနေရသည်။

ရှီဟောင်၊ စန်းကျန်နှင့် ရှန်းမင်တို့သုံးဦးလုံး ဤအသံကို နားထောင်လိုက်ကြသည်။ သူတို့ တာအိုကို လေ့လာချင်သည့်အပြင် ထိုနေရာသို့သွားကာ ထိုပြိုင်ဘက်ကင်းကာ နက်နဲလှသည့်တာအိုများကို အသုံးပြုကာ ပြောင်းလဲချင်လာကြသည်။

သို့သော် ကောင်းကင်အောက်ရှိ သက်ရှိများအားလုံးကို အမိန့်ပေးကာ ဦးညွှတ်အောင်လုပ်နိုင်သကဲ့သို့ တောက်ပလှသည့်အလင်းလုံးတစ်လုံး ထိုကျောက်တံခါးများအထက်၌ ပေါ်လာသည်။

ဤသည်မှာ မြက်ဖျာပေါ်၌ရှိနေသည့် အလောင်းမှ ထွက်လာသည့် အလင်းလုံးပင်။

ရှီဟောင် ထိတ်လန့်သွားကာ မြန်မြန်အသိဝင်လာသည်။ ယခု သူ၏မူလဝိညာဉ်မှာ သူ၏ခန္ဓာကိုယ်မှ ထွက်သွားပြီး ထိုကျောက်တံခါးများထဲသို့ ဝင်မတတ်ဖြစ်နေလေပြီ။

ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည့် ခံစားချက်ကြီးပင်။ ဤနေရာသည် နတ်စွမ်းအင်များ ရှိနေကာ သူတို့ကို အထဲဝင်ချင်အောင် လုပ်နေသော်လည်း သူတို့သတိပြန်ဝင်သည်နှင့် ချွေးစေးများ စိုရွှဲနေလေပြီ။

“ဒီဂိတ်တွေက အရမ်းထူးဆန်းတယ် .. အန္တရာယ်ရှိတယ်..” စန်းကျန်း၏အသံမှာ မှုန်မှိုင်းနေသည်။

ရှန်းမင်၏အမူအရာလည်း အလွန်ဆိုးရွားနေသည်ပင်။ ထိုအလင်းလုံးတောက်ပလာသောကြောင့်သာမဟုတ်ပါက သူတို့ပြီးဆုံးသွားပြီဖြစ်သည်။ သူတို့ဝိညာဉ်များ ကျောက်တုံးထဲသို့ စုတ်ယူခံလိုက်ရလိမ့်မည်။ ထိုအချိန်ကျလျှင် ဘာဖြစ်လာမည်ကို ဘုရားသာ သိလိမ့်မည်။

သူတို့အနောက်မှာ ရှိတဲ့ အရိုးစုတွေလည်း ဒီအတိုင်း သေသွားခဲ့ရတာလား..

သို့သော် သေချာစဉ်စားကြည့်မည်ဆိုလျှင် သူတို့အဆင့်နှင့်ဆိုလျှင် ဤကျောက်တံခါးမှ သူတို့ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်စရာ အကြောင်းမရှိ။ သူတို့ ပြင်းထန်စွာ တိုက်ခိုက်ပြီး သေဆုံးသွားခြင်းသာ ဖြစ်လိမ့်မည်။

ဝူး..

ကျောက်တံခါးရှေ့၌ ရှိနေသည့် လျှပ်စီးဝိညာဉ်များ ဟစ်ကြွေးလိုက်ကြ၏။ သူတို့အလွန် စိတ်ပျက်နေကြသည်ပင်။ သူတို့လည်းကပ်ဆိုးကြီး ခံရတော့မလို ဖြစ်သွားသည်မှာ သေချာသည်။

ဝုန်း…

ထိုအလင်းလုံး ရုတ်တရက် ပြင်းထန်လာသည်။ ထိုကျောက်တံခါးများထံသို့ အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ကာ ဤနေရာတစ်ခုလုံးကို ချက်ချင်း အလင်းမိုးဖြင့် ဖုံးလွှမ်းသွားစေသည်။

ထို့နောက် အလင်းလုံး ထိုမြက်ဖျာပေါ်ရှိ လူ၏ရင်ဘတ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

သို့သော် ကိစ္စများမှ ဤနေရာ၌ ရပ်မသွား။ ကျောက်တံခါးကြီးများမှာ ပြိုကျတော့မတတ်၊ ပွင့်ထွက်လာတော့မတတ် တုန်ခါလာသည်။

စန်းကျန်း ထိတ်လန့်သွားရ၏။ သူနှင့် ရှန်းမင် ဤထာဝရနယ်မြေနှင့် ပတ်သက်သည့် ကောလဟာလများစွာကို သိထားသည်ပင်။ ယခုအချိန်တွင် သူတို့ သရဲတစ္ဆေများကို မြင်နေရသကဲ့သို့ ဆွံ့အနေကြရသည်။

“ဒီကျောက်တံခါးတွေကို ဖွင့်လို့မရဘူး .. ဒီတံခါးတွေက ထာဝရနယ်မြေရဲ့ခံတပ် အထွက်ပဲရှိတာ .. ဘယ်သူပဲလာလာ ပွင့်မှာမဟုတ်ဘူး .. ဒါပေမဲ့ အခုတော့ တကယ်လှုပ်ရှားလာပြီ..”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဒါက သင်္ချိုင်းမြေက စာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတာနဲ့ မတူတော့ဘူး .. ဒီတံခါးပိတ်လိုက်တာနဲ့ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်လိုက်တာ .. ဒါက သူတို့ကိုယ်သူတို့ ချိတ်ပိတ်လိုက်တာနဲ့ ဘာမှမကွာဘူး .. အခု တကယ် အသက်ဝင်လာနေပြီ .. ထိတ်လန့်စရာကောင်းလောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတော့မှာလား..”

မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးမှာ လုံးဝထိတ်လန့်နေကာ မယုံကြည်နိုင် ဖြစ်နေကြသည်။

မြက်ဖျာပေါ်က လူက တကယ်ပဲ ဘယ်သူများလည်း .. သူ့မှာ ဘယ်လိုအဆင့်အတန်းမျိုး ရှိနေတာလဲ..

ရုတ်တရက် ထိတ်လန့်စရာကောင်းသည့် အရာများ ဖြစ်လာသည်။ ကျောက်တံခါးကြီး၏ အလယ်မှနေ၍ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ အထူးသဖြင့် ဘေးနှစ်ဘက်နှင့် အထက်ဘက်ဆီသို့ပင်။

လျှပ်စီးဝိညာဉ်များ လျင်မြန်စွာ နောက်ဆုတ်လိုက်ကြ၏။

ဒါက ဘာကြီးလဲ..

ရှီဟောင်တို့အုပ်စုလည်း ဆုတ်လိုက်ကြသည်။

အက်ကွဲကြောင်းများမှာ တစ်စုံတစ်ယောက်မှ ဆေးခြယ်နေသကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။

ခဏကြာပြီးနောက် အနည်းငယ်ရှင်းလင်းလာ၏။ ဤသည်မှာ နံရံတစ်ချပ် ဘေးနှစ်ဘက်သို့ ရွေ့လျားသွားနေခြင်းပင်။

“ဒါက … ထာဝရနယ်မြေရဲ့ ခံတပ်လား..” ရှန်းမင် ဆွံ့အနေရသည်။

“ငါတို့ အထဲဝင်လို့ ရလောက်တယ်..” စန်းကျန်း တစ်ခုခုကို တွေ့မိသွားသည်။ ဤသည်မှာ အကွာအဝေး သဘာဝဥပဒေသများ၊ အချိန်နုတ်များနှင့် ဆက်စပ်နေသည်ပင်။

သူ၏မျက်လုံးမှ ထိတ်လန့်စရာကောင်းသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မြို့နံရံတစ်ဖက်သို့ တရှိန်ထိုးပြေးသွားလိုက်ပြီး အပေါက်တစ်ခု ရှာနေလိုက်သည်။

“ကြေးစာအုပ်တွေထဲက မှတ်တမ်းတွေအရဆိုရင်တော့ အပေါက်တစ်ခု တွေ့လောက်တယ်..” ရှန်းမင်လည်း အခြားတစ်ဖက်သို့ ပြေးသွားလိုက်သည်။

တစ်ချိန်တည်းမှာပင် လျှပ်စီးဝိညာဉ်များလည်း ထရပ်လာကာ နတ်မြှားများကဲ့သို့ တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာသည့် နံရံထံသို့ ပြေးသွားလိုက်ကြသည်။

ထို့နောက် ခွန်ငါးလည်း အမြှီးကိုလှုပ်ရမ်းကာ ကူးခတ်သွားလေသည်။

ရှီဟောင် မျက်မှာင်ကြုတ်လိုက်၏။ သူလည်း အရှေ့ဘက်သို့တရှိန်ထိုးပြေးသွားလိုက်ကာ ဤနေရာ၌ ဖြစ်ပျက်နေသည့် ပြောင်းလဲမှုများကို လေ့လာလိုက်သည်။

တကယ်တမ်းတွင် မြက်ဖျာပေါ်၌ လဲနေသည့်သူကို သူပို၍ စိတ်ဝင်စားသည်ပင်။ ဤသည်မှာ ဤကျောက်တံခါးများကို ပြောင်းလဲစေသည့်သူ ဖြစ်နိုင်သည်။

သို့သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းချုပ်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မသေသေးသည့်ရွှေရောင်စစ်သူရဲ ရှန်းမင် အဝေးမှ လေ့လာခဲ့ခြင်းဖြစ်သော်လည်း ပြင်းထန်လှသည့် စွမ်းအားများ၏ တွန်းကန်ခြင်းကို ခံလိုက်ရသည်။ သူသာဆိုလျှင် ပိုအန္တရာယ်များလိမ့်မည်။

ရှီဟောင်၏ဦးခေါင်းနောက်၌ နတ်အလင်းကွင်းတစ်ခု ပေါ်လာသည်။ ထိုအလင်းကွင်းသည် ကြေးမုံတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျောက်တံခါးထံသို့ ပျံသန်းသွားသည်။ အချိန်အတော်ကြာ ပျောက်နေခဲ့သည့် ထူးဆန်းသည့်မီးတောက်လည်းပြန်ပေါ်လာလေပြီ။

သူသည် ကျောက်တံခါးရှေ့၌ ညင်သာစွာ လောင်ကျွမ်းနေသည်။ ထိုမီးတောက်သည် လက်သီးအရွယ်အစားသာ ရှိသေးသည်ပင်။ သူသည် ကျောက်တံခါးထက်၌ ရှိနေသည့် သင်္ကေတများနှင့် ထွင်းစာများအားလုံးကို တောက်ပအောင် လုပ်နေသည်။

ထို့နောက် ရှေးကျသည့်ကျောက်ထွင်းစာများ တစ်ခုပြီးတစ်ခု တရှိန်ထိုး ပြေးထွက်လာကြလေ၏။

သူ့ရှေ့ရှိ ပုံရိပ်များ၌ မြူများ ရစ်ဆိုင်းနေသည်။ ရှီဟောင် အလယ်တစ်ခုမှ စကြည့်လိုက်သည်။

ထိုနေရာ၌ အလွန်ကြံ့ခိုင်ကာ ရှည်လျားသွယ်လျသည့်ပုံရိပ်တစ်ခု ရှိနေသည်။ သူ့မျက်နှာ၌ မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေသည်။ သူသည် စစ်ပွဲပုဆိန်ကို ကိုင်ထားသည်။ ထိုပုဆိန်ဖြင့် ခုတ်လိုက်သည်နှင့် စကြာဝဠာကြီးပင် ဟက်တက်ကွဲသွားမလိုပင်။

ကောင်းကင်ထက်တွင် ရပ်နေသည့် အေးစက်ကာ ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူသည် နယ်ခြားနံရံကို စုတ်ဖြဲနေသည့် အနက်ရောင်ပုံရိပ်တစ်ခုနှင့် မျက်နှာချင်းဆိုင်နေသည်။

ထာဝရရွှေဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းစစ်ရထားလုံးတစ်စင်းမှ ရွှေရောင်အလင်းများ တောက်ပနေသည်။ ဤသည်ကို နေလမ်းကြောင်းထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းပင်။ ထိုရထားလုံးထဲ၌ သက်ရှိတစ်ဦး ထိုင်နေသည်။

အခြားပုံများလည်း အလွန်ခမ်းနားလှကာ ထူးဆန်သည့်အလင်းများထုတ်လွှတ်နေသည်ပင်။

ထိုပုံရိပ်များနှင့်အတူ ကောင်းကင်ထိပင် မြင့်မားလှသည့် ယဇ်ပုလ္လင်တစ်ခုလည်း ရှိနေ၏။ ထိုယဇ်ပုလ္လင်သည် ကောင်းကင်ထံသို့ ပူဇော်ပြီး တစ်ခုခုကို ဆင့်ခေါ်နေသကဲ့သို့ပင်။

“သူက အတိတ်က အဖြစ်အပျက်တစ်ချို့ကို ပြနေတာ..”

ကျောက်တံခါးများပေါ်၌ မှတ်တမ်းတင်ထားသည့်အရာများမှာ လေးနက်သည့်အကျိုးသက်ရောက်မှုများရှိခဲ့သည့် အတိတ်မှ အဖြစ်အပျက်များသာ ဖြစ်လိမ့်မည်။ မဟုတ်ပါက ဤနေရာ၌ ပေါ်လာမည်မဟုတ်။

ထိုအလင်းလုံးသည် ကျောက်တံခါးပေါ်၌ တောက်ပနေသည်မှာ အတိတ်၊ ပုစ္စုပ္ပန်နှင့် အနာဂတ်ကို ထိန်လင်းနေစေသကဲ့သို့ပင်။

ထိုနေရာ၌ တံဆိပ်များစွာ ရှိနေ၏။ ရှီဟောင် ထို တံဆိပ်များကို တိုက်ရိုက်ကြည့်၍မရ။ သူ ဖြတ်ခနဲသာ ကြည့်၍ရသည်။

သူ၏မျက်ခုံးကြား အက်ကွဲလာကာ ခေါင်းသည်လည်း အက်ကွဲတော့မတတ် နာကျင်လာသည်။ ထိုရှေးဟောင်းတံဆိပ်များမှာ အလွန်ကြောက်စရာကောင်းလှသည်။ သူတို့ကို ကြာကြာကြည့်၍မရ။

နောက်ဆုံးတွင်တော့ သူခေါင်းလောင်းကြီးတစ်လုံး တွေ့လိုက်ရသည်။ ခေါင်းလောင်းသံမှာ ယနေ့အချိန်ထိ ကြားနေရသကဲ့သို့ပင်။

အဆုံးမရှိခြင်းရဲ့ခေါင်းလောင်း..

ရှီဟောင် ထိတ်လန့်သွားကာ စိတ်ထဲဝမ်းနည်းမိသွားသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တံခါးများထက်၌ ရေးမှတ်ထားသည့်အရာများမှာ အတိတ်၌ ဖြစ်ပျက်ခဲ့သည့် အဓိကအကြောင်းအရာများပင်။ သို့သော်လည်း သူ ဤတံဆိပ်များကို ရှင်းရှင်းလင်းလင်းကြည့်၍မရ။ ဖြတ်ခနဲသာ ကြည့်၍ရသည်။

အဆုံးမရှိခြင်းထာဝရဘုရင်၏ ခေါင်းလောင်းအက်ကွဲသွားခြင်းမှာ ယခင်ခေတ်၏ ပျက်စီးခြင်းနှင့် နိဂုံးချုပ်ခြင်းကို ဖော်ပြခြင်းပင်။

ထိုမီးတောက် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာမှသာ သူအသိပြန်ဝင်လာသည်။

တစ်ချိန်တည်းမှာပင် ဂိတ်တစ်ခုနှင့်အတူ ကြီးမားလှသည့်မြို့ရိုးတစ်ခု ပေါ်လာသည်။

ထိုမြို့ရိုးမှာ တကယ်ကို ခမ်းနားလှဿည်။ သူသည် ကြယ်ပင်လယ်ရှေ့၌ အုပ်မိုးထားကာ အတိတ်ကိုဖိနှိပ်ပြီး ပစ္စုပ္ပန်ကို ကာကွယ်ပေးထားကာ အနာဂတ်ကို မျှော်ကြည့်နေသည်။ သူ့ထံ၌ များပြားလှသည့် ထာဝရစွမ်းအင်များ ရှိနေသည်။

သို့သော် သေချာကြည့်မည်ဆိုလျှင် ဤသည်မှာ တံခါးပေါက်တစ်ခုသာ။ ထွက်ပေါ်လာသည့်မြို့ရိုးသည် အလွန်ရှည်လျားလှသော်လည်း ဤသည်မှာ အလွန်သေးငယ်လှသည့်အစိတ်အပိုင်းသာ ရှိသေးသည်။

ခဏကြာပြီးနောက် ကျောက်တံခါးများ ကြည်လင်တောက်ပလာသည်။

သက်ရှိအချို့လည်း ပေါ်လာကြသည်။ မြို့ဂိတ်တံခါးထက်မှ တစ်စုံတစ်ဦးစကားပြောလိုက်သည်နှင့် သူ့အသံမှာ စကြာဝဠာကြီးကို တုန်ခါသွားစေသည်။

တစ်ချိန်တည်းမှာပင် လျှပ်စီးဝိညာဉ်များ၊ စန်းကျန်း၊ ရှန်းမင်နှင့် ခွန်ငါးတို့အားလုံးလွင့်ထွက်သွားကြသည်။

သူတို့အမူအရာများ ဖြူဖျော့နေကြလေပြီ။ မြက်ဖျာတောက်ပလာပြီး ထိုမြို့ရိုးကို ခုခံနေသည့် စွမ်းအင်လှိုင်းများထုတ်လွှတ်ကာ လျှပ်စီးဝိညာဉ်များကို ကာကွယ်ပေးထားသောကြောင့်သာ။ မဟုတ်ပါက သူတို့ ပြဿနာကြီးကြီး တွေ့နေလောက်လေပြီ။

စန်းကျန်းနှင့် ရှန်းမင်တို့လည်း လျှပ်စီးဝိညာဉ်ရသည့် အကျိုးကျေးဇူးများကို မျှဝေခံစားလိုက်ရသည်ဟု ပြော၍ရသည်။

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ကောင်းကင်သို့တက်သည့် နတ်စွမ်းရည်များ အသုံးပြုကာ မြို့ဂိတ်တံခါး၏ အမြင့်ဆုံးနေရာသို့ရောက်အောင် သွားလိုက်ကြသည်။

သေချာပါသည်။ သူတို့ သက်ရှိအချို့ကို မြင်လိုက်ရသည်။

ထိုနေရာ၌ သူတို့ကိုကြည့်နေသည့် လူငယ်နှင့် အမျိုးသမီးအချို့ကို တွေ့လိုက်ရသည်။ သူတို့အားလုံး၏ခန္ဓာကိုယ်၌ မှုန်ဝါးသည့်အလင်းများ ရှိနေကာ ထာဝရစွမ်းအင်များထုတ်လွှတ်နေသည်။

ဤလူများမှာ အလွန်ငယ်ရွယ်ကြသည်။ သူတို့သည် မရင့်ကျက်ကြသေးသော်လည်း အားလုံးမှာ အလွန်ချောမောခန့်ညားလှသည်ပင်။ သူတို့ထံ၌ ငယ်ရွယ်သည့်အော်ရာများ ရှိနေသည်။

ယခုအချိန်တွင် ဤလူများသည် မောက်မာသည့်အမူအရာများဖြင့်ပင်။ သူတို့သည် အထက်တန်းလွှာမှ သူတောင်းစားအား ကြည့်နေသကဲ့သို့ အထက်စီးမှ ကြည့်နေကြခြင်းပင်။

အပိုင်း ၁၈၀၅ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၆ – ထာဝရနယ်မြေထဲသို့ ဝင်ရောက်ခြင်း

ထာဝရဂိတ်တံခါး အသက်ဝင်လာပြီး အထဲဘက်မှ သက်ရှိများ ပေါ်လာသည်။

သို့သော် ထာဝရမြို့ရိုးခံတပ်ပေါ်၌ရှိနေသည့် လူငယ်များမှာ အလွန်မောက်မာလှသည်။

သူတို့သည် ရှီဟောင်၊ စန်းကျန်နှင့် အခြားသူများကို မြင်သည့်အချိန်တွင် ပထမတော့ ထိတ်လန့်သည့်ပုံစံဖြစ်သွားကြသည်။ သို့သော် ခဏကြာပြီးနောက် ‘ငါကသာ အဆင့်လွန်သက်ရှိ’ ပုံစံသို့ ပြောင်းလဲသွားကာ အဆင့်နိမ့်နယ်မြေမှ သက်ရှိများကို သူတို့မျက်လုံးထဲ မထည့်တော့။

နောက်ပိုင်း သူတို့နူးညံ့လာအောင် အတတ်နိုင်ဆုံးကြိုးစားပြီး သူတို့မျက်နှာထက်၌ အပြုံးများဖြစ်ပေါ်လာလျှင်ပင် သူတို့၏ယခင်အတွေးကို သူတို့မဖုံးကွယ်လိုက်နိုင်ပေ။

“ဟက် .. အခုတော့ ပိုစိတ်ဝင်စားစရာကောင်းလာပြီ..” စန်းကျန်း ရယ်လိုက်၏။ သို့သော် သူ၏ရယ်သံမှာ အနည်းငယ် အေးစက်နေသည်။ ထိုခံစားချက်များကို သူအပြင်ဘက်သို့ ထုတ်မပြ။ ရှီဟောင်သာ ခံစားမိလိုက်ခြင်းပင်။

ရှန်းမင်လည်း ထိုကဲ့သို့ပင်။ သူမမျက်နှာထက်၌ အပြုံးတစ်ခုရှိနေသည်။ သို့သော် ထိုအပြုံးမှာ သေချာပေါက် ရိုးသားသည့်အပြုံးမဟုတ်။

သူတို့သည် မသေသေးသည့်ရွှေရောင်စစ်သူရဲများဖြစ်သော်လည်း ဤနေရာ၌ အထင်သေးနိမ့်ချခံနေရသည်။

ရှန်းမင်ဖြစ်စေ စန်းကျန်းဖြစ်စေ သူတို့နှစ်ဦးလုံး၏အဆင့်အတန်းမှာ ထူးခြားသည်။ မသေသေးသည့်ရွှေရောင်စစ်သူရဲများသည် သင်္ချိုင်းဘုရင်များနှင့် ဆက်စပ်နေကာ အလွန်ရှားပါးလှသည်။ သူတို့ ရှီဟောင်နှင့်အတူ သင်္ချိုင်းချောက်နက်သို့ ဝင်ကာ မူလရှေးဟောင်းပစ္စည်းထံမှလည်း အတွေ့အကြုံများရခဲ့သောကြောင့် သူတို့ ပို၍ပင် ထူးခြားလာလေပြီ။

ယခုအချိန်တွင် ဤလူငယ်လေးများ သူတို့အား သူဖုန်းစားကဲ့သို့ အထင်သေးနိမ့်ချလိုက်ခြင်းမှာ ဤမသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦး၏မျက်လုံးများကို အေးခဲသွားစေသည်။

ရှီဟောင် ဘာမှမပြောပဲ ဤလူများကို တည်ငြိမ်စွာသာ ကြည့်လိုက်သည်။

မြို့ရိုးထက်တွင် စစ်သားအချို့လည်း ရှိနေသည်။ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသောကြောင့် သူတို့ကျင့်ကြံဆင့်ကို မသိနိုင်သော်လည်း သူတို့သည် သေချာပေါက် စွမ်းအားကြီးသည့်သူများပင်။ သူတို့သည် လှံရှည်များ၊ ဓားရှည်များ၊ ကောင်းကင်လှံတံများနှင့် အခြားလက်နက်များကို ကိုင်ဆောင်ထားကာ ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ကြားထဲ၌ ခံတပ်ကြီး ခံနေကာ သင်္ကေတအတားအဆီးတစ်ခုလည်းရှိနေသော်လည်း ထိုသတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ သူ့တို့ထံသို့ လွှင့်စင်လာနေဆဲပင်။

ထို လူငယ်နှင့် အမျိုးသမီးငယ်များမှာ ဤစစ်သားများထက် အဆင့်အတန်းမြင့်သည်ပင်။ သူတို့ထဲမှ တစ်ဦးသည် ရွှေရောင်ဝတ်စုံနှင့် ရွှေရောင်သရဖူကို ဝတ်ဆင်ထားကာ သူရဲကောင်းအော်ရာများ ပြည့်နေသည်။ သူသည် အသက်၂၀ ခန့်သာ ရှိလိမ့်ဦးမည်။ သူသည် လျှပ်စီးကဲ့သို့ တောက်ပသည့်အကြည့်များဖြင့် ရှီဟောင်တို့ကို တစ်ယောက်စီ ကြည့်နေကြလေ၏။

သူ့နောက်တွင် မီးတောက်များ တောက်လောင်နေသည့် ရွှေရောင်နေမင်းကြီးတစ်လုံး ရှိနေသည်။

ဤသည်မှာ ရွှေရောင်ကျီးကန်းဖြစ်လိမ့်မည်ဟု ရှီဟောင် ထိမိသည်။ ဤလူမှာ ကောင်းကင်ဘုံကိုးခု၌ သူတွေ့ဖူးသည့် သန့်စင်သည့်မျိုးစိတ်များထက် အဆပေါင်းများစွာ စွမ်းအားကြီးသည်။

သေချာကြည့်လိုက်လျှင် သူ့ခေါင်းအနောက်ဘက်ရှိ ရွှေရောင်နေလုံးကြီးထဲ၌ ရွှေရောင်ကျီးကန်းတစ်ကောင်ရှိနေသည်ကို မြင်ရလိမ့်မည်။

သူ့ခန္ဓာကိုယ်၌လည်း ထာဝရစွမ်းအင်များ ရှိနေ၏။ ဤသည်မှာ အလွန်ကြောက်စရာကောင်းကာ စွမ်းအားကြီးသည့် လူငယ်လေးပင်။ သူ ထာဝရသက်ရှိအစစ်မဖြစ်သေးသော်လည်း သူ၏သွေးမျိုးဆက်မှာ ထာဝရသက်ရှိအစစ်နှင့် ဆက်စပ်နေသည်ပင်။

သူသည် အိမ်ရှေ့မင်းသားကဲ့သို့ ခံ့ညားသည့်သွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ သူမျက်တောင်ခတ်လိုက်တိုင်း ရွှေရောင်လျှပ်စစ်အလင်းတန်းများ ထွက်ပေါ်လာသည်ပင်။

သူ၏ဘေး၌ အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် မယုံကြည်နိုင်လောက်အောင် လှပလှသည်။ သူမ၏ငွေရောင်ဆံနွယ်များမှာ နှင်းကဲ့သို့ နူးညံ့တောက်ပနေသည်။ သူမ၏ပုံရိပ်မှာ ကောက်ကြောင်းပြည့်နေပြီး ဘဲဥပုံမျက်နှာလေးမှာ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည်။ သူမ၏နှုတ်ခမ်းများမှာ နီရဲနေကာ နှာတံလည်း ဖြောင့်စင်းနေသည်။ သူမထံ၌ ငွေရောင်မျက်စံများ ရှိနေသည်ပင်။

သူမနောက်၌ နတ်အလင်းကွင်းတစ်ခု ရှိနေပြီး ထိုထဲ၌ အဖြူရောင်ဥဒေါင်းတစ်ကောင်ကို ခပ်ရေးရေး မြင်နေရသည်။

ဤမိန်းမပျိုလေးမှာ နတ်ဥဒေါင်းကလန်မှ ဖြစ်လိမ့်မည်ဟု ရှီဟောင် ထင်မိသည်။ သူမအဆင့်အတန်းလည်း အလွန်မြင့်မည်ပင်။

ဤအမျိုးသားနှင့် အမျိုးသမီးအပြင် အခြား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ရှိနေသည်။ သူတို့လည်း အဆင့်အတန်းမြင့်လိမ့်မည်။ သို့သော် ထိုအချိန်တွင် ထာဝရမြူများ ရစ်ဆိုင်းလာကာ သူတို့ပုံရိပ်ကို ကောင်းကောင်းမမြင်ရတော့။

“အဲဒီတော့ ဒါက ထာဝရနယ်မြေက လူငယ်လေးတွေပေါ့ .. သူတို့တွေက တကယ်ကို တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ..” ရှန်းမင် ပြောလိုက်သည်။

သူမ မချီးကျူးချင်သော်လည်း ဤလူငယ်လေးမှာ တကယ်ကြောက်စရာကောင်းနေသည်ပင်။

“လျှပ်စီးဝိညာဉ်တွေပဲ .. အများကြီးရှိနေတယ်..”

ကြီးမားလှသည့် မြို့ဂိတ်ပေါ်မှ အံ့အားသင့်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ဤမျှများပြားလှသည့် လျှပ်စီးဝိညာဉ်များကို တွေ့လိုက်ရသည့်အချိန်တွင် ထိုလူငယ်လေးများ၏ အမူအရာ ပြောင်းလဲသွားသည်။ သူတို့ ထိုမျှ မတည်ငြိမ်နိုင်တော့။

လျှပ်စီးဝိညာဉ်များ နေရာအနှံ့မှ စုစည်းလာကြပြီး အကောင်ရေ ရာပေါင်းများစွာ မတ်တပ်ထရပ်လိုက်သည့်အချိန်တွင် အလွန်မျက်စိပသာဒဖြစ်လှသည်။

ဤကဲ့သို့သော သက်ရှိများကို မြင်တွေ့နိုင်ရန် အလွန်ရှာပါးလှသည်။ သူတို့ကို ဤကဲ့သို့ စုစည်းတွေ့ရသည်မှာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်။ ဤလောက၌တွင်လည်း ထိုကဲ့သို့ပင်။ ထို့ကြောင့် ဂိတ်ပေါ်မှ လူငယ်များ စိတ်လှုပ်ရှားသွားကြခြင်းပင်။

ကျွီ ကျွီ…

လျှပ်စီးဝိညာဉ်များထံမှ ထူးဆန်းသည့်အသံများ ထွက်ပေါ်လာကာ မြို့ဂိတ်တံခါးကို ဖွင့်ပေးရန် တောင်းဆိုလာသည်။ သူတို့တစ်ကိုယ်လုံးမှ တောက်ပလှသည့် နတ်လျှပ်စီးအလင်းတန်းများလည်း ထွက်ပေါ်လာသည်။

“စိတ်ဝင်စားစရာပဲ .. တစ်ခါတည်းနဲ့ လျှပ်စီးဝိညာဉ်တွေ အများကြီး ပေါ်လာတယ် .. မြို့ဂိတ်တံခါးကို အသက်သွင်းလိုက်တာ ခင်ဗျားတို့လား..” ရွှေရောင်ဝတ်စုံနှင့်လူငယ်ပြောလိုက်သည်။

သူ၏အသံမှာ အလွန်ခမ်းနားလှသော်လည်း သူ့စကားလုံးများမှာ ရှေးကျလှသောကြောင့် နားမလည်နိုင်။ သူတို့ သူ့သဘောထားကို နားလည်ခြင်းမှာ သူ့ထံမှ ပျံ့လွင့်လာသည့် နတ်စိတ်ဝိညာဉ်ကြောင့်ပင်။

ထာဝရနယ်မြေ၏ဂိတ်တံခါးကို အသက်သွင်း၍မရ။ ဤခေတ်ကြီးတွင် မည်သူမှ ဤသည်ကို မလုပ်နိုင်ခဲ့။

သို့သော် ယနေ့တော့ ဂိတ်တံခါးကြီးသည် ဖောက်ထွင်းမြင်ရလုနီးပါး တောက်ပလာသည်။

ထို့ကြောင့်လည်း ရှန်းမင်နှင့် စန်းကျန်းတို့ သတိကြီးကြီးဖြစ်နေကြခြင်းပင်။ ယနေ့မှာ ထူးဆန်းလှသည်။

မြို့ဂိတ်တံခါးကိုဖွင့်..

ဤသည်မှာ လျှပ်စီးဝိညာဉ်များ တောင်းဆိုလိုက်ခြင်းပင်။ သူတို့၏ဘာသာစကားမှာ အတော်လေးထူးခြားလှပြီး သူတို့၏နတ်စိတ်ဝိညာဉ်လှိုင်းမှာ ပြင်းထန်လှသည်။

“ခင်ဗျားတို့ ဖွင့်ခိုင်းတာနဲ့ ကျုပ်တို့က ဖွင့်ပေးရမှာလား .. ခင်ဗျားတို့က ဒီနေရာကို ဘယ်လိုနေရာထင်နေတာလဲ .. ပြီးတော့ ဟိုက သေမျိုးတွေ .. မင်းတို့လည်း ထာဝရနယ်မြေထဲကို ဝင်ချင်တာလား…” ရွှေရောင်ဝတ်စုံနှင့်လူငယ် အေးစက်စွာ ပြောလိုက်သည်။

“ကျုပ်တို့က ထာဝရနယ်မြေကို အစောကြီးကတည်းက တောင့်တနေတာ .. ကျုပ်တို့ အတော်လေး ဝင်ချင်နေတာပါ..” စန်းကျန်း ပြောလိုက်သည်။

“ဟား ဟား..” မြို့ဂိတ်တံခါးပေါ်မှ အခြားလူငယ်တစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သိပ်သည်းလှသည့်ထာဝရစွမ်းအင်များ ရှိနေသည့် သူ၏ခရမ်းရောင်ချပ်ဝတ်တန်ဆာပေါ်လာသည်။ သူ၏ပုံရိပ်မှာ ရှည်လျားသွယ်လျနေပြီး ဆံပင်ရှည်များလည်း လွင့်ပျံနေသည်။

သူရပ်နေသည့်နေရာမှာ အနည်းငယ် မှုန်ဝါးနေသော်လည်း ကြောက်စရာကောင်းလှသည့် ဖိအားလှိုင်းကို ခံစားနေရဆဲပင်။ ဤလူမှာ အလွန်ငယ်သေးသော်လည်း သူ၏သွေးစွမ်းအင်မှာ ပြင်းထန်လွန်းလှသည်။

“ထာဝရနယ်မြေကိုပိတ်လိုက်ပြီ .. လောကနှစ်ခုကြားက ဆက်ဆံရေးကိုလည်း ရပ်တန့်လိုက်ပြီ .. ဒီနေရာက ခင်ဗျားတို့လာသင့်တဲ့နေရာမဟုတ်ဘူး .. နဂါးမှာ နဂါးသိုက်ရှိသလို ပုရွက်ဆိတ်မှာလည်း ပုရွက်ဆိတ်အုံရှိတယ် .. အဲဒီတော့ ခင်ဗျားတို့ ကိုယ့်နေရာကိုကိုယ်သိပြီး အဆင့်နိမ့်နယ်မြေမှာနေကြ၊ ခင်ဗျားတို့ နေသင့်တဲ့နေရာမှာနေ .. မဖြစ်နိုင်တဲ့အိပ်မက်တွေ မက်မနေနဲ့..” ခရမ်းရောင်ဝတ်စုံနှင့်လူငယ် ပြောလိုက်သည်။

သူသည် အပေါ်စီးမှကြည့်ကာ အလွန်အေးစက်စွာ ပြောလိုက်ခြင်းပင်။ သူပြောသည့် ပုရွက်ဆိတ်အုံဆိုသည်မှာ သိသာလှသည်။ ဤသည်မှာ ရှီဟောင်တို့နေသင့်သည့်နေရာကို ညွှန်းဆိုချင်နေခြင်းပင်။

“ထာဝရသက်ရှိတွေက အဲဒီလောက်တောင် သန်မာတာလား .. ထာဝရနယ်မြေက အသန့်စင်ဆုံးနယ်မြေလား..” စန်းကျန်း ရယ်မောလိုက်သည်။ သူ၏ရယ်သံမှာ အနည်းငယ် အေးစက်နေသလို အနည်းငယ်လည်း ကျောချမ်းစရာကောင်းနေသည်။

“မင်း ဘာပြောချင်တာလဲ…” ခရမ်းရောင်ဝတ်စုံနှင့်လူငယ် အေးစက်စွာ မေးလိုက်သည်။

ရွှေရောင်ကျီးကန်း၊ ဥဒေါင်းဖြူနှင့် အခြားသူများလည်း စန်းကျန်းကို အာရုံစိုက်လာကြသည်။

ရှီဟောင် သူ့ကို တားဆီးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ထာဝရနယ်မြေကို မေးစရာရှိသေးသည်။ ဤနေရာကို ရှာတွေ့သွားသည်မှာ တကယ်ကိုမထင်မှတ်ထားသည့်ကိစ္စပင်။ သူ ဤလူများကို အကူအညီတောင်းချင်သေးသည်။

ရှီဟောင်လက်များကို ဆုတ်ကိုင်လိုက်ကာ သူမည်သူဖြစ်သည်ကို အလွန်ရိုးသားစွာ ပြောပြလိုက်သည်။

တစ်ဖက်လောကမှ သူတို့တံခါးများကို လာခေါက်နေပြီဖြစ်ကြောင်း၊ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခု၌ သွေးလွှမ်းတော့မည်ဖြစ်ကြောင်း၊ ကမ္ဘာမြေကြီးကု မီးတောက်များ ဝါးမြိုတော့မည်ဖြစ်ကြောင်း ပြောပြလိုက်သည်။ လူများမှာ အခြေအနေဆိုးနေသောကြောင့် ထာဝရနယ်မြေ တစ်ဖက်လောကမှ စစ်တပ်များ ဖြတ်မလာနိုင်အောင် ရပ်တန့်ပေးရန် အကူအညီတောင်းလိုကြောင်း သူပြောလိုက်သည်။

“ဟက် .. သူတို့အခုထိ ကျော်မလာသေးဘူးမလား .. မင်းပြန်သွားလို့ရပြီ .. ဒီကိစ္စတွေကို ငါတို့သိထားပြီသား..” ရွှေရောင်ဝတ်စုံနှင့်လူငယ်‌ ပြောလိုက်၏။

သူ့မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေဆဲပင်။ သူသည် ဤကိစ္စကို သိပ်အလေးထားပုံမပေါ်။

ဤသည်မှာ ရှီဟောင်၏စိတ်ကို လေးလံသွားစေသည်။ သူတို့စတွေ့ကတည်းက ဂိတ်တံခါးပေါ်မှ လူများသည် အလွန်မောက်မာနေကာ သူတို့ကို နဂါးမှ ပုရွက်ဆိတ်ကို ကြည့်နေသကဲ့သို့ ဆက်ဆံနေသည်။

ဤသည်မှာ ရှီဟောင် စဉ်းစားထားသည်နှင့် လုံးဝကွာခြားနေသည်ပင်။

အဲဒီတော့ဒါက အင်ပါယာဂိတ် ကျင့်ကြံသူတွေ မျှော်လင့်နေတဲ့ တပ်ကူတွေလား .. တစ်ဖက်လူမှာ အပြင်လောကမှလူများကိုသိပ်အလေးထားသည်မဟုတ်။

အထူးသဖြင့် ရှီဟောင် ထာဝရရှေးဟောင်းခေတ်၏ နောက်ဆုံးတိုက်ပွဲကို ပြန်အမှတ်ရမိသွားသည်။ အင်ပါယာဂိတ်ကြီး ကျုးကျော်ခံရပြီး သက်ရှိအားလုံး သေကြေလုနီးပါးဖြစ်နေသည့်အချိန်၌ပင်လျှင် ထာဝရနယ်မြေဂိတ်တံခါးများ ပွင့်မလာခဲ့။

နောက်ဆုံး ထိုလူများ လှုပ်ရှားလာကြသော်လည်း ထိုအချိန်တွင် ကောင်းကင်ဘုံခုနှင့် ကမ္ဘာမြေဆယ်ခုမှာ ပျက်စီးသွားလေပြီ။

“မင်း ပြန်သွားလို့ရပြီ .. ငါတို့မှာ စဉ်းစားထားတာတွေ ရှိတယ် .. ငါတို့ လှုပ်ရှားသင့်တဲ့အချိန် လှုပ်ရှားလိုက်မယ် .. ငါတို့အားလုံးသိတယ်..” ရွှေရောင်ဝတ်စုံနှင့်လူငယ် စိတ်မရှည်စွာပင် သူ၏လက်ကို ဝေ့ရမ်းပြလိုက်၏။

ရှီဟောင်၏အမူအရာ အေးစက်သွားကာ မျက်လုံးများ လေးနက်သွားသည်။ သူ ဘာမှထပ်မပြောတော့။ ယခင်က သူ မျှော်လင့်ချက်ရှိနေခဲ့သော်လည်း ယခုတော့ ဤကဲ့သို့သော ရလဒ်မျိုး ရနေလေပြီ။ ဒါက အင်ပါယာဂိတ်က စောင့်နေတဲ့ အင်အားလား..

သူ့ကိုယ်သူ ထိန်းထားသောကြောင့်သာမဟုတ်ပါက ရှီဟောင် ထိုဂိတ်တံခါးပေါ်သို့ တက်သွားကာ တိုက်ခိုက်ချင်မိသည်ပင်။

ထို့နောက် ထိုရွှေရောင်ဝတ်စုံနှင့်လူငယ်သည် လျှပ်စီးဝိညာဉ်များကို ကြည့်ကာ “ပြီးတော့ ခင်ဗျားတို့အားလုံး .. ခင်ဗျားတို့က ထူးခြားတယ်ဆိုပေမယ့် ခင်ဗျားတို့က ပျက်စီးနေတဲ့လောကကြီးမှာ နှစ်မြှုပ်ပြီးသွားပြီ .. အဲဒီတော့ ခင်ဗျားတို့ ပြန်လာလို့မရတော့ဘူး..”

“ခင်ဗျားတို့က လူသေတစ်ယောက်ကိုတောင် ခေါ်လာခဲ့သေးတယ် .. ခင်ဗျားတို့က သူ့ကို ထာဝရနယ်မြေမှာ မြှုပ်ချင်တာလား .. ဒါက ပိုပြီးတော့တောင် ရယ်ရသေးတယ် .. ခင်ဗျားတို့ လာခဲ့တဲ့နေရာကိုသာ ပြန်သွားလိုက်ပါ..” ရွှေရောင်ဝတ်စုံနှင့်လူငယ်သည် ယင်ကောင်များကို မောင်းထုတ်နေသကဲ့သို့ လက်ကို ဝေ့ရမ်းလိုက်သည်။

လျှပ်စီးဝိညာဉ်များ ဒေါသထွက်သွားကြ၏။ သူတို့သည် အတော်လေး စိတ်ကြီးကြသည်ပင်။ သူတို့သည် နတ်မြှားကဲ့သို့ မြို့ရိုးထံသို့ တရှိန်ထိုး ပြေးထွက်သွားကြသည်။

“ကျုပ် ခင်ဗျားတို့အားလုံးကို သတိပေးလိုက်မယ် .. ခင်ဗျားတို့ ထာဝရနယ်မြေဂိတ်တံခါးကို တိုက်ခိုက်ရဲရင် ခင်ဗျားတို့အားလုံး ချွင်းချက်မရှိ အသတ်ခံရမယ်..” ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်လေး ပြောလိုက်သည်။

လျှပ်စီးဝိညာဉ်များ၏ အကြေးခွံများ ထွက်ပေါ်လာကာ နဂါးပုံစံများ ဖြစ်သွားကြသည်။

“ခင်ဗျားတို့အားလုံး အသတ်ခံချင်နေတာလား..” ရွှေရောင်ဝတ်စုံနှင့်လူငယ် လျှောက်လာသည်။

လျှပ်စီးဝိညာဉ်များသည် လက်လွတ်စပယ်မလုပ်ပဲ မြက်ဖျာထံသို့ ပြန်ဆုတ်လာကြသည်။ သူတို့ ထိုလူကိုမြှောက်လိုက်ကာ အလယ်၌ ကာကွယ်လိုက်သည်။

“သူတို့က မြို့ဂိတ်တံခါးကို အသက်သွင်းနိုင်တယ်ဆိုတော့ သူတို့မှာ ပစ္စည်းတစ်ချို့ ရှိမှာပဲ .. ကျွန်မတို့ သေချာကြည့်သင့်တယ် .. သူတို့မြို့ထဲကို ဝင်ရင် ဝင်နိုင်လောက်တယ်..” ထိုအချိန်တွင် ငွေရောင်ဆံနွယ်နှင့်အမျိုးသမီး ပြောလာသည်။

“အို လာ..” လျှပ်စီးဝိညာဉ်များ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် မြက်ဖျာပေါ်၌ရှိနေသည့်သူ၏ရင်ဘတ် တောက်ပလာသည်။ သူ၏အဆင့်လွန်ရတနာ နောက်တစ်ကြိမ်ပေါ်လာသော်လည်း ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ခက်ခဲလှသည်။ ထိုပစ္စည်းသည် သွေးများစိုရွှဲနေသည့် စစ်ချပ်ဝတ်တန်ဆာမှ ထွက်လကာ မြို့ဂိတ်တံခါးထံသို့ တရှိန်ထိုးဦးတည်သွားသည်။

“ခဏ .. ဒါက..” ငွေရောင်ဆံနွယ်နှင့် အမျိုးသမီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဝုန်း..

အဆင့်လွန်ရတနာ ကျောက်တံခါးကို ရိုက်ခတ်သွားကာ တောက်ပသည့်သင်္ကေတများ ထွက်ပေါ်လာသည်။

“မြို့ဂိတ်တံခါးကိုဖွင့်..” ထိုအချိန် မြို့ထဲမှ အလွန်အသက်ကြီးသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

ကျောက်တံခါးများဖြစ်စေ၊ မြို့ဂိတ်တံခါးဖြစ်စေ နှစ်ခုလုံး ကြည်လင်တောက်ပလာကာ အထဲဘက်မှ မြင်ကွင်းကို မြင်လာရသည်။

ဤသည်မှာ မြို့တစ်မြို့မဟုတ်။ အထဲဘက်၌ မဆုံးနိုင်သည့်မြစ်များ၊ တောင်များ ရှိနေကာ လေထဲ၌ ထာဝရမြူများ ရစ်ဆိုင်းနေသည်။ ကမ္ဘာမြေကြီးလည်း အဆုံးမရှိအောင် ကျယ်ပြန့်လှကာ တောတောင်များနှင့် လျှိုမြောင်များလည်း ခမ်းနားလှသည်။ အဆုံးကိုပင် မမြင်ရ။

ဤသည်မှာ ထာဝရနယ်မြေပင်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုထက် အဆပေါင်းမည်မျှ ကျယ်ပြောမှန်းပင် မသိနိုင်တော့။

ခံတပ်ပေါ်မှ လူငယ်များအားလုံး ထိတ်လန့်သွားရသည်။ တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်မှ ကျောက်တံခါးများကို ဖွင့်လာလေ၏။

လျှပ်စီးဝိညာဉ်များသည် မြက်ဖျာပေါ်မှ တစ်ယောက်ကိုမကာ ငိုကြွေးလျက် ထာဝရနယ်မြေထဲသို့ ဝင်ရောက်သွားကြသည်။

စန်းကျန်း စိတ်ထဲ တုန်လှုပ်သွားရသည်။ ထာဝရနယ်မြေ ဂိတ်တံခါးတွေ ဖွင့်လို့မရတာကို ဘာလို့ အလောင်းတစ်လောင်းအတွက် ဖွင့်ပေးတာလဲ ..

ဤလူထံ၌ ခမ်းနားလှသည့်အတိတ်ကြောင်းရှိမည်မှာ သေချာသည်။

“ကျွန်မတို့ သွားကြမလား..” ရှန်းမင် ရှီဟောင်နှင့် စန်းကျန်းကို မေးလိုက်သည်။

ခွန်ငါးမှာမူ လျှပ်စီးဝိညာဉ်များနှင့်အတူ ရောနှောက ဝင်သွားပြီဖြစ်သည်။ သူ အတားမခံရ။

ရှီဟောင် အရှေ့ဘက်သို့ လျှောက်သွားလိုက််၏။ သူ့နောက်၌ မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးပါလာသည်။

“ရပ်လိုက်..” ရွှေရောင်ဝတ်စုံနှင့်လူငယ် သူတို့ကို အော်ဟစ်တားဆီးလိုက်သည်။

“သူတို့တွေ ဝင်လို့ရတယ် .. မင်းတို့ဝင်လို့မရဘူး..” ရွှေရောင်ဝတ်စုံနှင့်လူငယ် အေးစက်စွာ ပြောလိုက်သည်။

အပိုင်း ၁၈၀၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၇ – လောကကြီးနှင့် အဆက်အသွယ်ဖြတ်ခြင်း

သူသည် ရှီဟောင်၊ စန်းကျန်းနှင့် ရှန်းမင်တို့ကို အေးစက်စွာ ဆက်ဆံနေဆဲပင်။

ရှင်းပြရန် ခက်ခဲသည့် မနှစ်မြို့မှုတစ်မျိုးကိုပင် ခံစားနေရသည်။

ဤကဲ့သို့သော သဘောထား၊ ဤကဲ့သို့သာ အပြုအမူမှာ ရှီဟောင်၏စိတ်ကို အေးခဲသွားစေကာ သွေးပူလာစေသည်။ ဒါက ထာဝရနယ်မြေလေးပဲ မဟုတ်ဘူးလား .. သူတို့က အပြင်လောကကို ဒီလောက်တောင် အထင်သေးတာလား..

စန်းကျန်း၏အမူအရာလည်း ပျက်ယွင်းနေလေပြီ။ သူ၏နတ်အော်ရာကို ထိန်းချုပ်ထားလေ၏။ သူ ယခု ဒေါသထွက်နေလေပြီ.

ရှန်းမင်၏အလှမှာ မြို့များကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည့်အလှပင်။ သူမ ဘယ်တုန်းကများ ဤကဲ့သို့ အထင်သေးခံခဲ့ရသနည်း..

သို့သော် ရွှေရောင်ဝတ်စုံနှင့်လူငယ်သည် ရှန်းမင်အား အလေးပေးနေသည်မှာ သိသာလှသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အလွန်လှပလှပြီး သူမကောင်ကြောင်းများလည်း အံ့အားသင့်စရာကောင်းလှသည်ပင်။

ထာဝရနယ်မြေမှ လူငယ်ပင်လျှင် သူမကို တွေ့သည်နှင့် မတူညီသည့်အမူအရာမျိုးဖြစ်လာသည်။

“ထာဝရနယ်မြေဆိုတာ ကျင့်ကြံသူတွေ ဝေမျှပိုင်ဆိုင်တဲ့လောကကြီး .. ဒါက ကလန်တစ်ခု၊ အသိုင်းအဝိုင်းတစ်ခုတည်းက ပိုင်တာမဟုတ်ဘူး .. ငါတို့ကို ဘာလို့ ဝင်ခွင့်မပေးနိုင်ရတာလဲ..” ရှီဟောင်မေးလိုက်သည်။

ရှီဟောင် သူ၏ဒေါသများကို မြိုသိပ်ထားလိုက်သည်။ သူ၏စကားလုံးများမှာ တည်ငြိမ်နေသော်လည်း အေးစက်နေသည်ပင်။ တစ်ဖက်လူမှ မျက်နှာမလိုချင်မှတော့ သူက ဘာလို့ ယဉ်ကျေးနေတော့မည်နည်း.. ဘာစိတ်ကောင်းစေတနာမှ ထားနေစရာမလိုတော့။

“မင်းမှားနေပြီ .. ထာဝရနယ်မြေက ငါတို့လောက၊ ငါတို့ကလန်တွေရဲ့ သန့်စင်တဲ့မြေ … မင်းတို့တွေအားလုံး ဒီမှာ ခြေချဖို့တောင် အရည်အချင်းမပြည့်မှီဘူး .. ဒီနေရာက မင်းတို့နဲ့ ဘာမှမဆိုင်ဘူး..” ရွှေရောင်ဝတ်စုံနှင့်လူငယ် မောက်မာစွာ ပြောလိုက်သည်။

သူသည် ဖုံးကွယ်ထားခြင်းမရှိပဲ ထာဝရနယ်မြေမှာ သူတို့မြေဖြစ်ကြောင်း ပြောလိုက်သည်။

“တကယ်ကို ရယ်ရတာပဲ .. ထာဝရနယ်မြေဆိုတာ ထာဝရတရားကို ရရှိသွားတဲ့သူတွေအတွက် မြင့်မြတ်နယ်မြေ .. စွမ်းအားကြီးတဲ့သူတွေ စုဝေးတဲ့နေရာ .. ထာဝရတရားကို အဆင့်တက်သွားတဲ့သူတိုင်းလာရတဲ့နေရာက ဘယ်လိုလုပ် မင်းတို့နယ်မြေဖြစ်သွားတာလဲ..” စန်းကျန်းအေးစက်စွာ ပြောလိုက်သည်။

သူသည် သင်္ချိုင်းမြေမှ လာသည့်သူပင်။ ထိုနေရာတွင် သင်္ချိုင်းဘုရင်များသည် အလွန်မြင့်မားလှသည့် အဆင့်အတန်းများ ရှိကြကာ ထာဝရဘုရင်များကို မကြောက်ကြ။

“ဟာသပဲ .. ဆက်ဆံရေး ဖြတ်တောက်ပြီးတဲ့နောက်ပိုင်း ဘယ်သေမျိုးကများ ထာဝရနယ်မြေကို ဝင်နိုင်လို့လဲ .. ဒါက အားလုံးသိထားတဲ့အမှန်တရားပဲ .. ထာဝရတရားကို ရရှိပြီး ထာဝရနယ်မြေထဲ ဝင်ချင်တယ်ဆိုရင်တောင် ဒါက အချိန်မှန်နေရာမှန် ဖြစ်ဖို့လိုတယ် .. တစ်ခါဝင်ဖို့အတွက် အချိန်အကြာကြီးစောင့်ရတာ .. နှမြောစရာကောင်းတာက အခုက အချိန်မှန်မဟုတ်သေးဘူး .. အဲဒီတော့ မင်းတို့အားလုံး ပြန်သွားလိုက်ကြပါ..” ရွှေရောင်ဝတ်စုံနှင့်လူငယ် အေးစက်စွာ ပြောလိုက်သည်။

အခြားသူများသည် ဘာမှမပြောကြသော်လည်း သူတို့၏အမူအရာများ‌ အေးစက်နေသောကြောင့် ဤသည်ကို သဘောတူကြောင်း ပြသနေခြင်းပင်။

ငွေရောင်ဆံနွယ်နှင့် မိန်းမပျိုလေးသည် တ်စခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောပဲ ပါးစပ်ပြန်ပိတ်သွားလေ၏။ ထို့အတူ သူမနောက်ရှိ နတ်အလင်းကွင်းထံမှ ဥဒေါင်းဖြူလည်းမျက်လုံးများ ပိတ်သွားလေသည်။

“ထာဝရနယ်မြေက အကန့်အသတ်မရှိဘူး .. အထဲမှ ကြောက်စရာကောင်းတဲ့ကျွမ်းကျင်သူတွေ သီးသန့်ကျင့်ကြံနေကြတယ် .. ဒါက ကောင်းကင်ရဲ့ထူးဆန်းမှုတွေ ပုန်းကွယ်နေတဲ့နေရာလည်းဟုတ်တယ် .. ရှင်တို့နောက်က စွမ်းအားရှင်တွေတောင် အဲဒီထူးဆန်းမှုတွေကို နားလည်မှာမဟုတ်ဘူး .. ဒါက ရှင်တို့ရဲ့ ထာဝရမြေလို့ပြောရလောက်အောင် ရှင့်မှာ ဘာအခွင့်အရေးရှိနေလို့လဲ..” ရှန်းမင် မေးလိုက်သည်။

“မမလေး .. မင်းအတွေးတွေက အရမ်းရိုးစင်းလွန်းနေတယ် .. ဒီထာဝရနယ်မြေရဲ့ နယ်နမိတ်က အကန့်အသတ်မရှိတာဟုတ်တယ် .. ဒါပေမဲ့ ဒါက ငါတို့ အပြင်လူတွေကို လက်လွတ်စပယ် ဝင်ခိုင်းမယ်လို့ ဆိုလိုတာမဟုတ်ဘူး .. အနည်းဆုံးတော့ ငါတို့သိတဲ့နယ်မြေတွေထဲမှာရှိတဲ့ ထာဝရအကြီးအကဲတွေက အစောကြီးကတည်းက သဘောတူထားပြီးသား..” ရွှေရောင်ဝတ်စုံနှင့်လူငယ် ပြောလိုက်သည်။

သူ၏ ရှန်းမင်အပေါ်ထားသည့် သဘောထားမှာ ရှီဟောင်နှင့် စန်းကျန်းအပေါ်ထားသည့်သဘောထားနှင့် မတူညီပေ။ ဤသည်မှာ လှပခြင်း၏အကျိုးကျေးဇူးပင်။

သို့သော် ရှန်းမင်မှာ နည်းနည်းလေးမှ ကျေးဇူးတင်ပုံမပေါ်။

ရွှေရောင်ကျီးကန်းမင်းသားနှင့်တူသည့် လူငယ်လေးနှင့် မသေသေးသည့်ရွှေရောင်စစ်သူရဲများပြောသည့်စကားများမှ ထိတ်လန့်စရာကောင်းသည့် သတင်းအချို့ကို သူသိလိုက်ရသည်။ ဤအကြောင်းအရာများကို ရှီဟောင် ယခင်က မသိခဲ့။

ထာဝရနယ်မြေမှာ ကျယ်ပြန့်လှကာ ဤနေရာ၌ နေသည့်သူများပင် ဤနေရာ၏ အဆုံးသတ်ကိုမသိ။ ဤနေရာ၌ ရှေးဟောင်းထူးဆန်းမှု များစွာ ရှိနေသည်။

ဤသည်မှာ ရှီဟောင် တကယ်ကို မထင်ထားသည့်အကြောင်းအရာပင်။

သူတို့ပြောသည့်စကားများအရဆိုလျှင် ထာဝရနယ်မြေမှာ မသိနိုင်မှုပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။ အထဲ၌ ထူးဆန်းသည့်ကလန်များ၊ မရေမတွက်နိုင်သည့်ကျွမ်းကျင်သူများ၊ အန္တရာယ်များနှင့်နေရာများနှင့် အခြားအရာများ ရှိနေသည်။

ထာဝရနယ်မြေအတွင်းပိုင်း၌ ဤနေရာ၌ နေထိုင်သည့်သူများပင် မသိသည့်အရာများစွာ ရှိနေသည်။

ထိုပုန်းကွယ်နေသည့်သက်ရှိများနှင့် အခြားသူများမှာ အခြားခေတ်မှလားဆိုသည်ကို ရှီဟောင် သိချင်လာသည်။

သူများများမတွေးနိုင်သေး။ ကိစ္စများမှာ အလွန်ရှုုပ်ထွေးနေသည်။ ယခုအချိန်တွင် ဤအရာမှာ ရှီဟောင် စဉ်းစားနိုင်သည့်အရာမဟုတ်သေး။

“မင်းတို့အားလုံးက တကယ်တစ်ခုခုပဲ .. မင်းတို့တွေက အပြင်လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး လမ်းတွေ ဖြတ်တောက်ပစ်တယ် .. ဒီတစ်ခုတည်းကပဲ အရမ်းကို အန္တရာယ်များနေပြီ.. ထာဝရတရားကို ရရှိနိုင်တဲ့နယ်မြေ၊ ထာဝရတာအိုတွေပိုင်ဆိုင်တဲ့ လောကကြီးကို မင်းတို့အားလုံး တစ်ယောက်တည်း အပိုင်ယူလိုက်တယ် .. အဲဒါကို အပြင်လောကကလူတွေ ဒုက္ခရောက်ပြီး‌ သွေးချောင်းစီးနေတာတောင်မှ မင်းတို့ကို ထိုင်ကြည့်နေတယ် .. ဒီကိစ္စက ဘယ်လာက်တောင် မှားနေလိုက်သလဲ..” ရှီဟောင်ပြောလိုက်သည်။

“အပြင်လောကက အရောင်တွေစွန်းပေနေတာ .. ကျွန်မတို့ သက်ရှိအားလုံးကို အထဲဝင်ခွင့်ပေးလိုက်ရင် မယုံကြည်နိုင်လောက်တဲ့ ကပ်ဆိုးကြီး ဖြစ်လာလိမ့်မယ်..” ငွေရောင်ဆံနွယ်နှင့် အမျိုးသမီး သက်ပြင်းချကာ ရှင်းပြလိုက်သည်။

“ဥဒေါင်းဖြူနတ်သမီး ရှင်းပြနေဖို့ မလိုပါဘူး..” ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့်လူငယ် သူမကို တားဆီးလိုက်သည်။ ရှီဟောင်တို့အုပ်စု ပိုသိသွားမည်စိုးသောကြောင့် သူ သတိကြီဂကြီးထားနေလေသည်။

“အရောင်စွန်းထင်တယ် .. ဟက်.. ဟား ဟား..” စန်းကျန်း အော်ဟစ်ရယ်မောလိုက်သည်။

“မင်းဘာရယ်တာလဲ..” သူတို့ထဲမှတစ်ယောက်‌ေ အာ်ဟစ်လိုက်သည်။

“ဟာသပဲ .. ထာဝရနယ်မြေက အရမ်းကို မြင့်မြတ်ပြီးတော့ အပြင်လောက ‘အရောင်စွန်းထင်း’ နေတယ်လို့ မင်းတို့ ခံစားနေရတာလား .. အဲဒါဆိုရင် မင်းတို့အားလုံး ဘယ်လိုပေါ်လာတာလဲဆိုတာ သိလား .. မင်းတို့အားလုံး ဘယ်ကရောက်လာတာလဲ..” စန်းကျန်း အေးစက်စွာ ရယ်မောလိုက်သည်။

“မင်းတို့အားလုံး ဘာမှနားမလည်ဘူး .. ဘာမှမသိဘူး .. ငါတို့ရှေ့မှာ ကိစ္စတွေကို တမင်သက်သက် ရှုပ်ထွေးအောင် လုပ်ချင်မနေနဲ့ .. ငါတို့က မင်းတို့အားလုံးထက် ပိုသိတယ် .. အားလုံးကို ရှင်းရှင်းလင်းလင်းနားလည်တယ်..” ရွှေရောင်ဝတ်စုံနှင့်လူငယ် ပြောလိုက်သည်။

“ငါ့ရှေ့ကနေ မြန်မြန်ထွက်သွားကြတော့ .. မင်းတို့ရဲ့ အညစ်အကြေးတွေ ဒီနေရာကို မစွန်းထင်းအောင်လို့ ထာဝရဂိတ်တံခါးကို သန့်စင်ပစ်ရမယ်..” သူ လက်ဝေ့ရမ်းကာ ပြောလိုက်၏။ သူသည် ရှီဟောင်တို့ ရပ်နေသည့်နေရာကို မျက်မှောင်ကုတ်ကြည့်ကာ ဤနေရာမှာ အလွန်ညစ်ပတ်နေသည့်ပုံ လုပ်နေသည်။

ဤသည်မှာ ရှီဟောင်တို့ကို အမူအရာ ပြောင်းလဲသွားစေကာ သူတို့နဖူးထက်၌ သွေးကြောများ ပေါ်လာသည်။ ဒါက သူတို့ကို အထင်သေးလွန်းရာ ရောက်သွားပြီ .. သူတို့ကို ဒီလိုမျိုးမောင်းထုတ်နေတယ်..

သူတို့အဆင့်အတန်းနှင့်ဆိုလျှင် သူတို့ဘယ်သွားသွား ကောင်းကင်သားတော်အဖြစ် သတ်မှတ်ခံရကာ အခြားသူများ၏ ချီးကျူးခြင်းကို ခံရသည်ပင်။ သို့သော် ယခုတော့ ဤကဲ့သို့ ဆက်ဆံခံနေရသည်။

လျှပ်စီးဝိညာဉ်များသည် မြက်ဖျာပေါ်မှ လူကို သယ်ကာ အတော်ဝေးဝေးသိုု့ ရောက်သွားလေသည်။ လမ်းတစ်လျှောက်၌ သူတို့ကို ထာဝရအလင်းလုံးများ ဝန်းရံသွားကာ သူတို့ကို သန့်စင်ပစ်လိုက်သည်ပင်။

ထာဝရနယ်မြေမှ လူများမှာ အလွန်သတိကြီးလှသည်။ ဝင်လာသည့် သက်ရှိများမသန့်ရှင်းပြီး သူတို့ထံ၌ ထူးခြားသည့်ပစ္စည်းရှိမည်ကို စိုးရိမ်ကြသည်။ သူတို့ကို လမ်းပြလာသည် ထူးခြားသည့်သက်ရှိများစွာလည်း ပေါ်လာသည်ပင်။

လျှပ်စီးဝိညာဉ်များ ပျောက်ကွယ်သွားလေပြီ။ ခွန်ငါးပင် သူတို့နှင့်လိုက်သွားလေပြီ။

ယခု လူသားပုံစံသက်ရှိသုံးဦးသာ ကျန်တော့သည်။

ထာဝရဂိတ်ပေါ်မှ လူငယ်များ သူတို့ကို ဆန့်ကျင်နေသည်မှာ သေချာလှသည်ပင်။ သူတို့ သူတို့ကို လွယ်လွယ်ဝင်ခွင့်ပြုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူတို့ လျှပ်စီးဝိညာဉ်များကို အထင်သေးနေခဲ့ကြသော်လည်း နောက်ဆုံးတွင် မြက်ဖျာပေါ်မှအလောင်းမှာ ထူးခြားသည့်နောက်ခံရှိသောကြောင့် ကျောက်တံခါးကြီး တုန်ခါလာကာ သူတို့အထဲဝင်ခဲ့ရသည်။ ဤသည်မှာ သူတို့ကို မျက်နှာပျက်သွားစေသည်ပင်။ သူတို့ လှောင်ပြောင်ရယ်မောနေခဲ့သည့်သူများ ဝင်သွားခဲ့ရလေပြီ။

“အရင်ကတည်းကနေ အခုထက်ထိ ထာဝရဂိတ်တံခါးက ဘယ်နှကြိမ်များ ဖွင့်ခဲ့လို့လဲ .. ကျောက်ဂိတ်တံခါးပွင့်တာကိုမြင်ဖူးလိုက်တာကိုက မင်းတို့ကံကောင်းနေပြီလို့ ပြောလို့ရတယ် .. မြန်မြန်ထွက်သွားလိုက်တော့..” သူတို့ထဲမှ တစ်ဦး ပြောလိုက်သည်။

ထာဝရနယ်မြှော တကယ် ထူးဆန်းလှကာ အထဲဝင်ရန် နည်းလမ်းမရှိ။

အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ကာ ဤဂိတ်များကို ပိတ်လိုက်ကတည်းက မည်သူမှ ဤလောကထဲသို့ မဝင်နိုင်တော့။

ယခု ဤတံခါးများ ပွင့်လာသည့်သတင်းသာ ပျံ့သွားပါက အလွန်ထိတ်လန့်စရာကောင်းလာမည်ပင်။ ဤသည်မှာ ဤခေတ်၏ အံ့အားသင့်စရာအကောင်းဆုံးအဖြစ်အပျက်တစ်ခု ဖြစ်သွားလိမ့်မည်။

သို့သော် ဤလူငယ်များ၏ ဆက်ဆံရေးမှာ ထိုမျှမကောင်းလှ။ သူတို့ သည်းခံနိုင်ရန် ခက်ခဲလှသည်။

“ဒါက ထာဝရနယ်မြေလေးတစ်ခုပဲကို .. ဒါက လူတိုင်းဝင်ချင်နေတဲ့နေရာမဟုတ်ဘူး .. ရှင်တို့အားလုံးက ဒါကို မြင့်မြတ်မြေလို့ သတ်မှတ်နေပေမယ့် ဒါက ဟိတ်ဟန်များနေတာထက် ဘာမှမပိုဘူး .. အဲဒီလောက် ထူးခြားနေတာလည်းမဟုတ်ဘူး..” ရှန်းမင်ပြောလိုက်သည်။

“ဒါက ထာဝရနယ်မြေလေးပဲမလား .. ဒီထက်ဘာမှမပိုဘူး .. အပြင်လောကမှာသာဆိုရင် ဘယ်သူသိမလဲ .. မင်းတို့တွေ အစောကြီးတကည်းက တစ်ခြားကလန်တွေရဲ့ အစားအစာဖြစ်နေလောက်ပြီ..” စန်းကျန်းမှာ ပို၍ပင် မယဉ်ကျေးတော့။

“မင်းတို့အားလုံးက ထာဝရနယ်မြေကို အထင်သေးရဲတယ် .. မင်းတို့ရဲ့ စွမ်းရည်နည်းနည်းလောက်လေးနဲ့ ဒီမှာ အရှက်မရှိ လျှောက်ပြောလို့ရမယ်လို့ ထင်နေတာလား..” ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့်လူငယ်လေး အော်ဟစ်လိုက်သည်။

“ထာဝရနယ်မြေက အပြင်လောကကို သူတို့စွမ်းအားကို မပြတာ တော်တော်ကြာနေပြီပဲ .. အပြင်လောကက သက်ရှိတွေ ဘယ်လောက်အားနည်းလဲဆိုတာ ငါလည်းနည်းနည်းလောက် စမ်းကြည့်ချင်နေတာ..” ရွှေရောင်ဝတ်စုံနှင့်လူငယ် ပြောလိုက်ကာ ရှေ့တစ်လှမ်းတိုလာလေ၏။

“ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ဆယ်ခုကသက်ရှိ တက်လာခဲ့ပါ .. မင်းရဲ့ကျင့်ကြံခြင်းက ဘယ်လိုလဲဆိုတာ ကြည့်ရအောင်..” သူ ရှီဟောင်နှင့် စန်းကျန်းကို ပြောလိုက်သည်။

စန်းကျန်း တိုက်ခိုက်ချင်သော်လည်း ဤလူမှာ ကောင်းကင်ဘုံကိုးခုမှ ကျင့်ကြံသူကို စမ်းကြည့်ချင်နေသည်။ သူ ရှီဟောင်ကို တစ်ချက်ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူငယ် မည်မျှစွမ်းအားကြီးသည်ကို သူသိသည်ပင်။

ရှီဟောင် အေးစက်စွာ လျှောက်လာလိုက်၏။

“ငယ်ငယ်လေးပဲ..” ရွှေရောင်ဝတ်စုံနှင့်လူငယ် မျက်မှောင်ကြုတ်လိုက်သည်။ ရှီဟောင်သည် အလွန်ငယ်ရွယ်သေးပြီး သူ၏အပြင်ဘက်ပုံပန်းသွင်ပြင်နှင့် အသက်မှာ ကိုက်ညီသည်ကို တွေ့လိုက်ရသည်။

ရှီဟောင် ဘာမှမပြောပဲ သူ့ကို အေးစက်စွာသာ ကြည့်လိုက်သည်။ တကယ်တမ်းတွင် သူအစောကြီးကတည်းက တိုက်ခိုက်ချင်နေခြင်းပင်။ ယခု တစ်ဖက်လူက သူ့အား အခွင့်အရေးပေးလာမှတော့ သူ ဤအခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ်မည်နည်း..

“ငါက တစ်ခြားသူတွေကို အနိုင်ကျင့်တတ်တဲ့သူမျိုးမဟုတ်ဘူး.. ကိုယ်တိုင်ခစားခြင်းနယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်နဲ့ တိုက်ကြမယ် .. မင်း တိုက်နိုင်ရင် မင်းသွားလို့ရတယ်..” ရွှေရောင်ဝတ်စုံနှင့်လူငယ် ရှီဟောင်ကို ကြည့်၍ ပြောလိုက်သည်။

“မင်း ပြောချင်တာရှိသေးလား..” သူ ရှီဟောင်ကို အထင်သေးစွာ မေးလိုက်သည်။ သူဆိုလိုချင်သည်မှာ ရှီဟောင် ဤသည်ကို လက်မခံနိုင်လျှင် အခြားအခြေအနေများ တောင်းဆို၍ရသေးသည်ဟု ပြောလိုခြင်းပင်။

“မင်းကိုယ်မင်းကာကွယ်ဖို့အတွက် မင်းကလန်က အကြီးအကဲတွေရဲ့ အဆင့်လွန်ရတနာတစ်ခုလောက် အရင်သွားငှားလာပါလား .. မဟုတ်ရင် ငါမင်းကို မတော်တဆ ထိခိုက်အောင် လုပ်မိသွားမှာ စိုးရတယ်..” ရှီဟောင်လည်း ဒေါသထွက်နေသည်ပင်။

“မင်းဘာပြောလိုက်တယ်..” ရွှေရောင်ဝတ်စုံနှင့်လူငယ်၏မျက်ခုံးများ ဖြောင့်တန်းသွားသည်။ သူဒေါသထွက်သွားရ၏။ အဆင့်နိမ့်နယ်မြေကလူက သူ့ကို ဒီလိုမျိုးပြောရဲတယ်..

“ငါပြောတာ မင်းကို ထိခိုက်မိသွားမှာ စိုးတယ်လို့ .. အဲဒီအချိန်ကျရင် ပြဿနာတက်သွားလိမ့်မယ် .. မင်းမိသားစုရဲ့အရှင်က ငါ့ကိုလာရှာပြီးတော့ တိုက်ခိုက်နေလိမ့်မယ်..” ရှီဟောင် မပျော့လွန်း၊ မကြမ်းလွန်းစွာ ပြောလိုက်သည်။

“ဟက် ဟား ဟား .. ဒါက တစ်ခြားတစ်ယောက်ယောက်က ငါ့ကို ဒီလိုမျိုးပြောရဲတာ ပထမဆုံးအကြိမ်ပဲ .. ကောင်းတယ် .. မင်းဒီလိုမျိုး ရူးရိုးမိုက်မိုက်လုပ်ရလောက်အောင် မင်းမှာ ဘယ်လိုစွမ်းရည်မျိုးတွေရှိနေလဲဆိုတာ ငါတကယ် သိချင်မိတယ် .. စိတ်မပူပါနဲ့ .. ငါရှုံးသွားရင် ဒါမှမဟုတ် ငါဒဏ်ရာရသွားရင်တောင် ထာဝရနယ်မြေကလူတွေ မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး .. မင်း စိတ်ပူစရာမလိုဘူး..” ရွှေရောင်ဝတ်စုံနှင့်လူငယ် ပြောလိုက်သည်။

“မင်း အဲဒီလိုပြောလိုက်တော့ စိတ်အေးသွားပါပြီ .. မင်းမိသားစုရဲ့ အကြီးအကဲ ငါ့ကို လာရှာမှာကို စိတ်ပူစရာမလိုတော့ဘူး .. ပြီးတော့ မင်းရှုံးသွားရင် ငါတို့ ထာဝရနယ်မြေထဲ ဝင်လို့ရလား..” ရှီဟောင်မေးလိုက်၏။

တစ်ဖက်မှ လူငယ်များ၏အမူအရာများ ရုပ်ဆိုးသွားကြသည်။ ဤချောမောလှပသည့်လူငယ်လေးမှာ ထူးမခြားနားပင် ပြောနေ၏။ ထိုကဲ့သို့သောလေသံမျိုးမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။

သူတို့သည် အလွန်မောက်မာသည့်သူများပင်။ သို့သော် ယခု သူတို့မျက်စိရှေ့မှကောင်မှ သူတို့ထက်ပင် ပိုကြမ်းတမ်းနေသည်။ သူ ရွှေရောင်ကျီးကန်းကလန် လူငယ်လေးကို လွယ်လွယ်ကူကူ အနိုင်မည့်ပုံစံဖြင့် ယုံကြည်ချက်အပြည့်ဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောနေသည်။

ဤလူများအမြင်တွင် ဤသည်မှာ တကယ်ကို မောက်မာလွန်းလှသည်။

“အဲဒါဆိုရင်လည်း လာခဲ့လေ..” ရှီဟောင် ပြောလိုက်၏။

အပိုင်း ၁၈၀၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၈ – ထာဝရသွေး၊ ထာဝရကျမ်းစာ

ရဲတင်းစွာဖြင့် တစ်ဖက်လူကိုပင် လာခိုင်းနေသေးသည်။ ဤသည်မှာ ထိုရွှေရောင်ဝတ်စုံနှင့်အမျိုးသား၏ နဖူးထက်၌ သွေးကြောများ ဖြစ်ပေါ်လာစေသည်။ ရွှေရောင်ကျီးကန်းကလန်မှ လူငယ်လေး၏အမြင်တွင် ဤလူသားမျိုးနွယ်ကျင့်ကြံသူမှာ ပရမ်းပတာဆန်လွန်းလှသည်။

ထာဝရသွေးမျိုးဆက်တွေကို ဘယ်သူက အထင်သေးရဲလဲ .. သူတို့အားလုံးထံ၌ ကောင်းကင်ကို တွန်းလှန်နိုင်သည့် စွမ်းရည်များရှိကာ သူတို့ကိုယ်ထဲ၌ ထာဝရသွေးများ စီးဆင်းနေသည်ပင်။

ဝူး..

ထို ရွှေရောင်ဝတ်စုံနှင့်လူငယ် လမ်းလျှောက်လာသည်နှင့် ငှက်ကြီးတစ်ကောင် သူ၏အတောင်ပံများကို ဖြန့်ကျက်ပြီး ကောင်းကင်ထက်မှ ကျဆင်းလာသကဲ့သို့ လေပြင်းများ တိုက်ခတ်လာသည်။ ဤလေပြင်းမှာ တောင်များကိုပင် လွင့်စင်သွားစေတော့မတတ်ပင်။

“အရမ်းအားကောင်းတာပဲ..” ရှန်းမင် မှတ်ချက်ပေးလိုက်သည်။

“မင်း စတိုက်လိုက်..” ရွှေရောင်ဝတ်စုံနှင့်လူငယ် ပြောလိုက်သည်။ သူသည် ရှီဟောင်ကို စိုက်ကြည့်နေကာ သူ၏မျက်ဆံမှ နတ်အလင်းတန်းများထွက်ပေါ်နေသည်။

“ကျင်းယန် သတိထား .. မင်း အဆင့်နိမ့်နယ်မြေကလူကို ဖိနှိပ်တယ်ဆိုပေမယ့် သတိလက်လွတ်မနေနဲ့ဦး..” အနောက်ဘက်မှ တစ်စုံတစ်ယောက် သတိပေးလိုက်သည်။

စကားလုံးများမှာ ခံစားချက်လွန်ကဲနေပြီး သတိပေးစကားဆိုသော်လည်း မောက်မာသည့်အငွေ့အသက်များ ခံစားရသည်ပင်။

“ဟား ဟား ..” စန်းကျန်း ရယ်မောလိုက်၏။ သူ ဘေးဘက်မှသာ ကြည့်နေလိုက်သည်။

“ဘာက သင့်တော်လဲဆိုတာ ငါသိပါတယ် .. ထာဝရနယ်မြေက ခွန်အားမပြရတာ နှစ်ပေါင်းတော်တော်ကြာနေပြီ .. ငါတို့ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ အပြင်လောက,ကလူတွေ မေ့နေလောက်ပြီထင်တယ် .. ထာဝရနယ်မြေရဲ့ ဂုဏ်သိက္ခာကို ရန်စလို့မရဘူးဆိုတာ အဆင့်နိမ့်နယ်မြေကလူတွေသိအောင် ပြောပြဖို့ ဒီနေ့က အခွင့်ကောင်းပဲ..” ကျင်းယန်ပြောလိုက်၏။ သူ့နောက်၌ ရွှေရောင်ကျီးကန်းတစ်ကောင် ခပ်ရေးရေးပေါ်လာသည်။

သူ၏အော်ရာမှာ ကြောက်စရာကောင်းလှပြီး တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။ သေချာကြည့်မည်ဆိုလျှင် ထိုအလင်းတန်းများမှာ သင်္ကေတများဖြင့် ဖန်တီးထားခြင်းပင်။

ဝုန်း..

သူ့နောက်၌ သူ့ထက်ပင်ရှည်လျားသည့် နေလုံးကြီးတစ်လုံးပေါ်လာသည်။ ထို့အပြင် ရွှေရောင်ကျီးကန်းအော်သံလည်း ထွက်ပေါ်လာကာ ကောင်းကင်ကြီးကို တုန်လှုပ်သွားစေခဲ့သည်။

ရှီဟောင်၏အမူအရာ လေးနက်သွားသည်။ သူ သတိလက်လွတ်မလုပ်ရဲ။

ထာဝရနယ်မြေနှင့် အဆင့်နိမ့်နယ်မြေ၏ ဘာသာစကား မတူညီသော်လည်း သူတို့ နတ်စိတ်ဝိညာဉ်ဖြင့် ဆက်သွယ်နေနိုင်ကာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို နားလည်နေဆဲပင်။

ဤရွှေရောင်ကျီးကန်းပြသသည့် ကျင့်ကြံဆင့်မှာ အဆင့်နိမ့်နယ်မြေမှ ကိုယ်တိုင်ခစားခြင်းနယ်ပယ် အမြင့်ဆုံးအဆင့်ပင်။ မှော်ခွန်အားများ ထွက်ပေါ်လာကာ ထိတ်လန့်စရာကောင်းလှသည်။

သူ၏ဘေးပတ်လည်၌ ချော်ရည်ကဲ့သို့သော အရည်များ ထွက်ပေါ်လာကာ လှိုင်းအဖြစ်နှင့် ကောင်းကင်ကြီးကို ရိုက်ခတ်သွားသည်။

ဤသည်မှာ ရွှေရောင်ကျီးကန်းကလန်၏ နတ်စွမ်းရည်ဖြစ်သည့် မီးတောက်တာအိုစွမ်းအားပင်။

ရှီဟောင်လည်း တွေဝေမနေပဲ ချက်ချင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဤလက်သီးသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း နက်နဲသည့်ထူးဆန်းမှုမျိုးစုံ ပါဝင်နေသည်ပင်။ သူနည်းနည်းလေးမှ သတိလက်လွတ်မလုပ်ရဲ။

ရှုပ်ထွေးသည့်အရာကို ရိုးရှင်းအောင်လုပ်ခြင်း .. လက်သီးတစ်ချက်၏စွမ်းအားမှာ ကောင်းကင်ကို တုန်ခါကာ ကမ္ဘာမြေကြီးကို လှုပ်ရှားသွားစေသည်။

ဝုန်းဟူသည့်အသံနှင့်အတူ ဤနေရာ၌ အဆုံးမရှိသည့် နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခုစီတိုင်းမှာ ဥပဒေသသင်္ကေတတန်းပင်။ ထိုထဲ၌ ခွန်ပန်သင်္ကေတနှင့် ပြန်လည်ဝင်စားခြင်းလက်သီး၏ အရိုးစာသားများ ပါဝင်သည်ပင်။

ဤလက်သီးချက်ကို ကျင့်ကြံဆင့်တူသည့်သူများမပြောနှင့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်၌ ရောက်နေသည့်သူပင် လက်ခံနိုင်မည်မဟုတ်။ စွမ်းအားမှာ ကြီးမားလွန်းလှသည်။

သို့သော်လည်း တစ်ဖက်၌ ရပ်နေသည့်လူငယ်လေး တားဆီးလိုက်နိုင်သည်။ ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။

ရွှေရောင်ကျီးကန်းကလန်မှ မင်းသားလေးနှင့်တူသည့်လူငယ်လေး၏ လက်မောင်းများ ယှက်သွားကာ သူ့တစ်ကိုယ်လုံးမှ အဆုံးမရှိသည့်အလင်းများ ထွက်ပေါ်လာသည်။ သူ နတ်စွမ်းရည်တစ်ခုကို အသုံးပြုလိုက်ခြင်းပင်။

ထာဝရနယ်မြေတွင် စိတ်ကူး၍ပင် မရနိုင်လောက်သည့် သက်ရှိများ‌ နေထိုင်ကြသည်။ သူတို့တစ်ယောက်စီတိုင်းမှာ အလွန်စွမ်းအားကြီးကြသည်။ အထူးသဖြင့် သူတို့ကိုယ်ထဲ၌ ဘိုးဘေးသွေးများစီးဆင်းနေကာ သူတို့ကို ထာဝရမျိုးဆက်မျဖြစ်စေသောကြောင့် သူတို့ပို၍ ကြောက်စရာကောင်းကြသည်။

ကျင်းယန်သည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်အဆင့်ရှိသည့် မှော်စွမ်းအားကို ပြသနေသော်လည်း သူသည်သာမန် ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူများ၏ ခွန်အားထက် ကြီးမားသည်ပင်။

ရှီဟောင် အားကြီးသည့်သူများကို အားနည်းသည့်သူအနေဖြင့် တိုက်ခိုက်ကာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများကို တိုက်ခိုက်နိုင်သကဲ့သို့ ဤရွှေရောင်ကျီးကန်းကလန်လူငယ်လေး ဤကဲ့သို့ ပြုလုပ်နိုင်သည်ပင်။

ကျင်းယန်၏ ဦးခေါင်းထက်မှ နတ်ချိန်းကြိုးများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထိုချိန်းကြိုးများအားလုံးမှာ သဘာဝဥပဒေသများမှ ဖြစ်ပေါ်လာခြင်းပင်။

ထိုနတ်ချိန်းကြိုးများသည် သတ္တုအလင်းတန်းများထုတ်လွှတ်ကာ ရှီဟောင်ထံသို့ ပျံသန်းလာသည်။

ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။ ဤချိန်းကြိုးများသည် သူ့ကိုခိုင်မြဲစွာ ကာကွယ်ပေးနေရုံသာမက အပြင်ဘက်သို့လည်း တိုက်ခိုက်နေသေးသည်။ နတ်ချိန်းကြိုးတစ်ခု တံဆိပ်တစ်မျိုးပင်။

“ထာဝရနယ်ပယ်ကျမ်းစာတွေ..” စန်းကျန်း တီးတိုးပြောလိုက်သည်။ သူ၏အကြည့်များမှာ လျှပ်စီးကဲ့သို့ တောက်ပနေသည်ပင်။

ကျင်းယန်လည်း သတိလက်လွတ်မလုပ်။ သူသည် ချက်ချင်းပင် ထာဝရတာအိုရှေးဟောင်းကျမ်းစာများထဲ၌ မှတ်တမ်းတင်ထားသည့် ပညာကို အသုံးပြုလိုက်သည်။ သူ၏ရွှေရောင်အမွေးအတောင်များပေါ်၌ ဥပဒေသများစွာကို ထွင်းထုလိုက်ကာ နတ်ချိန်းကြိုးများ ပြုလုပ်လိုက်သည်။

ဤသည်မှာ နူးညံ့သည့်အရာကို မာကျောအောင် ပြောင်းလဲခြင်းပင်။ သူသည် နတ်ချိန်းကြိုးများကို အသုံးပြုကာ ရှီဟောင်၏ လက်သီးတံဆိပ်ကို ချည်နှောင်ရန် အသုံးပြုလိုက်သည်။

“ချိတ်ပိတ်မယ်..”

ကျင်းယန် အော်ဟစ်လိုက်သည်နှင့် သံချိန်းကြိုးကဲ့သို့သော သင်္ကေတများ တောက်ပလာကာ ရှီဟောင်၏လက်သီး၌ နတ်အလင်းများ ရစ်သိုင်းလာသည်။ သူသည် ရှီဟောင်၏နတ်စွမ်းရည်များကို ချိတ်ပိတ်ချင်ရုံသာမက သူ့တစ်ကိုယ်လုံးကို ဖိနှိပ်ပစ်လိုခြင်းပင်။

ထာဝရတာအိုကျမ်းစာတွင် မှတ်တမ်းတင်ထားသည့်ဗဟုသုတများကို ပုံစံမျိုးစုံ အသုံးပြုနိုင်သည်။ ထာဝရသွေးစီးဆင်းနေသည့်သက်ရှိများထံ၌ ထူးခြားနက်နဲသည့် တာအိုအုတ်မြစ်ရှိနေသည်ပင်။ သူတို့ လေ့လာကြသည့် စွမ်းရည်များမှာ အခြားသူများထက် သာန်လွန်သည်ပင်။

ကျမ်းစာများ၊ ပညာများမှာ အပြင်လောကမှ ပညာများထက် သာလွန်သည်ဟု ပြော၍ရသည်။

ဤရိုက်ချက်တစ်ချက်သည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူ့ထံ၌ အဆုံးမရှိသည့်ပြောင်းလဲမှုများ ရှိနေသည်ပင်။ ထောင်ပေါင်းများစွာသော ချိန်းကြိုးထက်၌ ထောင်ပေါင်းများစွာသော သင်္ကေတများ ရှိနေသည်။

ရှီဟောင်၏အမူအရာ လေးနက်သွား၏။ သူ၏လက်သီးများ တောက်ပလာကာ ပြင်းထန်စွာ လှုပ်ရှားလာသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်မှ ပြန်လည်ဝင်စားခြင်းသင်္ကေတများလည်း တောက်ပလာကာ အသက်ဝင်လာသည်။

တစ်ဖက်လူ၏ နတ်ချိန်းကြိုးများတွင် မတူညီသည့်ကလန်များမှ နက်နဲသည့်အဓိပ္ပာယ်များ ပါဝင်နေသည်ကို သူတွေ့လိုက်ရသည်။

ဝုန်း..

ထို့နောက် ရှီဟောင်၏လက်သီး တောက်ပလာကာ နတ်အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ထိုအလင်းတန်းများမှာ လောင်ကျွမ်းနေသည့် ဥပဒေသများ၊ အရိုးစာသားများပင်။

အရင်း၌ ပြန်လည်ဝင်စားခြင်းသင်္ကေတရှိနေပြီး ထိုသင်္ကေတဖြင့် ခွန်ပန်စွမ်းအားကို တောက်လောင်စေကာ လျှပ်စီးဧကရာဇ်၏လျှပ်စစ်များကို လောင်ကျွမ်းစေလိုက်သည်။ အရိုးစာသားများလည်း ရောယှက်လာကာ များပြားလှသည့် နတ်ခွန်အားများထွက်ပေါ်လာသည်။

သေချာပါသည်။ အံ့အားသင့်စရာကောင်းသည့် အလင်းများ ထွက်ပေါ်လာသည်နှင့် နတ်ချိန်းကြိုး၏ ကန့်သတ်မှုကို ချိုးဖောက်နိုင်သည့်အပြင် ချိန်းကြိုးအချို့ကိုပါ ဖျက်ဆီးပစ်လိုက်နိုင်သည်။

“အချိန်စွမ်းအားရှိတာလား..” ကျင်းယန် ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် အချိန်နယ်ပယ်ကျွမ်းကျင်သည့်သူများမှာ ရင်ဆိုင်ရန် အလွန်ခက်ခဲသည့်ပြိုင်ဘက်များပင်။

ဝုန်း..

ရှီဟောင်၏လက်သီးချက် ထွက်ပေါ်လာ၏။

ဤလက်သီးချက်မှာ ထာဝရနယ်မြေမှ ထိုလူငယ်များအားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။ အဆင့်နိမ့်နယ်မြေမှ လူငယ်လေးတစ်ဦး ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။

လေဟာနယ်ထဲ၌ ရွှေရောင်နတ်အမွေးတစ်ချို့ လွင့်ပျံလာသည်။ အချို့နတ်ချိန်းကြိုးများမှ တံဆိပ်များ ပျောက်ကွယ်သွားကာ အမွေးအတောင်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ရွှေရောင်အလင်းမိုးလည်း ရွာသွန်းလာသောကြောင့် ဤမြင်ကွင်းမှာ ခမ်းနားလှသည်။

ဝုန်း..

လူငယ်ကျွမ်းကျင်သူနှစ်ဦးလုံး ထိတ်လန့်သွားကာ နောက်ပြန်ဆုတ်သွားကြသည်။

ကျင်းယန်ပြောသကဲ့သို့ တစ်ချက်တည်းဖြင့် တိုက်ပွဲကို အဆုံးသတ်လိုက်ရန်မှာ မဖြစ်နိုင်။ သူ၏ပြိုင်ဘက်ကို သူဘာမှမလုပ်နိုင်။

အနောက်ဘက်မှ လူများမှာ အံ့အားသင့်သည့်အမူအရာများ ဖြစ်လာကြ၏။ ဤရလဒ်မှာ သူတို့ခန့်မှန်းထားသည့်အထဲမပါဝင်။

“မကောင်းတော့ဘူး .. မင်းရဲ့တစ်ချက်က ငါ့လိုမျိုး ပျက်စီးပြီး အရောင်တွေစွန်းထင်းနေတဲ့ အဆင့်နိမ့်နယ်မြေက လူသားမျိုးနွယ်ကျင့်ကြံသူတစ်ယောက်ကို မရိုက်ချနိုင်ဘူးပဲ .. မင်းနောက်ထပ် နည်းနည်းလောက် ထပ်ကြိုးစားကြည့်ချင်လား..” ရှီဟောင် အလွန်ပေါ့ပါးလွတ်လပ်သည့်ပုံစံဖြင့် မေးလိုက်သည်။

“ဟား ဟား ..” ကျင်းယန် ရယ်မောလိုက်၏။ သို့သော် သူ၏အသံမှာ အနည်းငယ် အေးစက်နေသည်။ ရှီဟောင်ပြောလိုက်သည်နှင့် သူခေါင်းညိမ့်လိုက်သည့်အပြင် စတင်တိုက်ခိုက်လိုက်သည်။

အနောက်ဘက်ရှိ ရှန်းမင်မှာ ထိတ်လန့်သည့်အမူအရာ ဖြစ်သွားရသည်။ ဤရွှေရောင်ကျီးကန်းကလန်မှ ကျင့်ကြံသူ၏ အရေမှာ မပါးလှ။ သူသည် သူ့စကားကိုပင် မလိုက်နာ။

ဤပြတ်သားကာ၊ အရေထူပြီး မည်းနက်နေသည့်နှလုံသားရှိသည့်လူသည် ရှီဟောင်ကို ကြည့်ရဆိုးအောင်လုပ်ရန် ဆုံးဖြတ်ထားသည်ပင်။

ဝုန်း..

ရွှေရောင်နေလုံးကြီး ပေါ်လာကာ ကောင်းကင်ကို လောင်ကျွမ်းလာသည်။ ထိုနေလုံးကြီးမှာ တစ်ဖြည်းဖြည်းကြီးလာပြီး ပို၍ ပို၍ တောက်ပလာသည်။ ထိုနေလုံးကြီးထဲ၌ ကြောက်စရာကောင်းသည့် ရွှေရောင်နတ်ငှက်တစ်ကောင် ရှိနေသည်။ ထိုငှက်အော်လိုက်သည်နှင့် ကောင်းကင်ကြီး တုန်ခါသွားရသည်။

ထို့နောက် ထိုနေလုံးကြီး ပေါက်ကွဲသွားကာ အဆုံးမရှိသည့်မီးတောက်များ စီးဆင်းလာသည်။ ထို့နောက် ထောင်ပေါင်းများစွာသည့် သင်္ကေတများသည် အရာအားလုံးကို ဖုံးအုပ်သွားကာ ရွှေရောင်ထာဝရငှက်တစ်ကောင် ဖြစ်လာသည်။ ထိုငှက်သည် ပါးစပ်ဟကာ ရှီဟောင်ထံသို့ ဦးတည်လာနေလေ၏။

ရွှေရောင်ကျီးကန်း မှော်ပုံရိပ်ယောင်..

ဤငှက်ကြီးမှာ တကယ်ကို ကြီးမားလွန်းလှသည်။ သူ၏အတောင်ပံများကို လှုပ်ခတ်လိုက်ရုံဖြင့် လကိုပင် ရိုက်ချနိင်လောက်သည်။ ရွှေရောင်အမွေးတစ်ချောင်းစီတိုင်းမှာ တောင်တစ်လုံးကဲ့သို့ လေးလံကာ ရှည်လျားလှသည်ပင်။

ထို့ကြောင့် သူ ပါးစပ်ဟလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးကိုပင် မြိုချပစ်နိုင်လောက်သည်။

ကြီးမားလှသည့် စုတ်အားတစ်ခု သူ့ကို ပိတ်လှောင်ထားသည်ကို ရှီဟောင် ခံစားလိုက်ရသည်။ သူ ရွှေရောင်ကျီးကန်းပါးစပ်ထဲသို့ စုတ်ယူခံရတော့မည်။

ဝုန်း..

တွေဝေခြင်းမရှိပဲ သူ့နောက်၌ ခွန်ပန်တစ်ကောင် ပေါ်လာသည်။ သူ၏တောက်ပနေသည့် ခန္ဓာကိုယ်ထက်၌ အနက်ရောင်သင်္ကေတများစွာ ရှိနေသည်။ သူ၏အတောင်ပံများကိုလည်း ကောင်းကင်ထက်၌ ဖြန့်ကျက်ထားသည်ပင်။

ဖုန်း..

အမွေးအတောင်များ ဖရိုဖရဲဖြစ်နေကာ ကောင်းကင်တစ်ခုလုံး အမွေးအတောင်များ ဖုံးလွှမ်းနေလေပြီ။ ကြောက်စရာကောင်းသည့် နတ်ငှက်နှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် တိုက်ကြကာ နားကွဲလောက်သည့် ဆူညံသံကြီး ထွက်ပေါ်လာသည်။

ဤသည်မှာ လူငယ်ကျွမ်းကျင်သူနှစ်ဦး တိုက်ခိုက်ကြခြင်းမဟုတ်ပဲ ပုံရိပ်ယောင်များ တိုက်ခိုက်ကြခြင်းပင်။

မြင်ကွင်းမှာ အလွန်ဆိုးရွားလှသည်။ ထာဝရငှက်၏သွေးများ လွင့်စင်နေကာ ကြီးမားလှသည့်အတောင်ပံများလည်း လွင့်နေသည်။ ဤနေရာမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် စုတ်ပြဲသွားလေပြီ။

“အဆင့်နိမ့်နယ်မြေတွေက ဒီလိုမျိုးထူးခြားတဲ့သူတစ်ယောက်ကို မွေးမြူလိုက်နိုင်တာလား .. သူက အရမ်းငယ်သေးတာကို ဘယ်လိုလုပ် ဒီလောက်ထိ မြန်မြန် ကြီးထွားနေတာလဲ ..” ဥဒေါင်းဖြူ၏မျက်လုံ့းများ တောက်ပလာသည်။

ရှီဟောင်၏ ပြသမှုများမှာ ထာဝရနယ်မြေမှ ထိုလူငယ်များကို ထိတ်လန့်သွားစေသည်ပင်။

“မလုံလောက်သေးဘူး .. မင်း ငါ့ကို မဖမ်းနိုင်သေးဘူး .. ဒါမှမဟုတ် မင်းမှာ တစ်ခြား ဘာကန့်သတ်ပညာတွေ ရှိသေးလဲဆိုတာ တစ်စက္ကန့်လောက် စဉ်းစားကြည့်လိုက်ပါလား..” ရှီဟောင် ပြောလိုက်၏။ သူ၏အမူအရာမှာ တည်ငြိမ်နေဆဲပင်။

သို့သော် ကျင်းယန်နားထဲတွင်တော့ ဤအသံမှာ မီးတောက်ထဲသို့ ဆီလောင်းထည့်နေသကဲ့သို့ သူ၏တိုက်ခိုက်လိုစိတ်နှင့် ဒေါသများကို တောက်လောင်လာစေသည်။

ဒုန်း.

နတ်တောင်ကြီး လှုပ်ရှားလိုက်သကဲ့သို့ ကောင်းးကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားသည်။

ကျင်းယန်၏ ဦးခေါင်းထက်၌ မီးတောင်တစ်လုံး ပေါ်လာသည်။ ထို အညိုရောင်မီးတောင်မှာ အလွန်ကြီးမားလှကာ ကြောက်စရာကောင်းသည့်အော်ရာ ရှိနေသည်။ မီးတောင် ပွင့်ထွက်လာကာ ချော်ရည်များ စီးကျလာ၏။

“ထာဝရသက်ရှိအစစ်တွေကိုတောင် လောင်ကျွမ်းသွားစေနိုင်တဲ့ အဲဒီရှေးဟောင်းမီးတောင်ရဲ့ ပုံရိပ်ယောင်လား..” ထာဝရနယ်မြေမှ လူငယ်များပင် အံ့အားသင့်သည့်အမူအရာများ ဖြစ်လာကြသည်။ ကျင်းယန်က ဒီနည်းလမ်းကို တန်းသုံးလိုက်တာလား..

ရှီဟောင်၏ လက်များ လှုပ်ရှားလာကာ သူ၏ခန္ဓာကိုယ်မှ ကြည်လင်သည့်အလင်းများ တစ်တန်းပြီးတစ်တန်းထွက်ပေါ်လာသည်။ ပြန်လည်ဝင်စားခြင်းပင်လယ်လည်း ရုတ်တရက်တောက်ပလာကာ ‘ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးခြင်း’ ၏ စွမ်းအား ထွက်ပေါ်လာသည်။

ဝုန်း..

ထိုအခိုက်အတန့်တွင် မီးတောင်နှင့် သန့်စင်သည့်အလင်းတို့ တိုက်သွားကာ အဆုံးမရှိသည့် စွမ်းအားများ ထွက်ပေါ်လာပြီး ဤနေရာကို လွှမ်းမိုးသွားသည်။

နောက်ဆုံးတွင် သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ထပ်ပြီး မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်။ ရှီဟောင်၏လက်ချောင်းကြား၌ သွေးစိုနေသည့် ရွှေရောင်အမွေးအတောင်များ ရှိနေသည်။ “မကောင်းသေးဘူး.. ထပ်တိုက်ဦးမလား..”

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ရွှေရောင်ကျီးကန်းကလန်က လူငယ်ကျင့်ကြံသူက အဆင့်နိမ့်နယ်မြေက သက်ရှိကြောင့် ဒဏ်ရာရသွားတယ် .. ဤသည်မှာ မယုံကြည်နိုင်လောက်သည့်အရာတစ်ခုပင်။

သို့သော် ရှီဟောင် လက်လွတ်စပယ်မလုပ်ရဲ။ ဤတိုက်ခိုက်မှုများ မည်မျှပြင်းထန်ခဲ့သည်ကို သူသာသိသည်။ တစ်ခေါက်စီတိုင်းတွင် သူတို့တစ်ကြိမ်သာ တိုက်ခိုက်ကြသော်လည်း ဤသည်မှာ အချက်ရေ ထောင်ပေါင်းများစွာ တိုက်ခိုက်သည်ထက် ပိုအန္တရာယ်များသည်။

ဤလူမှာ သူ၏သွေးကြောများထဲ၌ ထာဝရသွေး စီးဆင်းနေသည့်သူဖြစ်သောကြောင့် တကယ် ကြောက်စရာကောင်းလှသည်ပင်။

“ကောင်းကင်ထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာ..” ကျင်းယန် ဟစ်ကြွေးလိုက်ကာ သူ့တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သွေးများစိုရွှဲနေသည့် ရွှေရောင်အမွေးအတောင်များလည်း တစ်ခုပြီတစ်ခု ထွက်ပေါ်လာသည်။ သူသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များထုတ်လွှတ်ကာ ကန့်သတ်ထားသည့် အံ့အားသင့်ဖွယ်ပညာကို အသုံးပြုနေခြင်းပင်။

“အမ်..” ရှီဟောင် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းပညာကို အသုံးပြုချင်သော်လည်း သူ၏ခန္ဓာကိုယ်ထဲမှ တတိယမြောက် အဆင့်လွန်အရိုးစာသား တောက်ပလာကာ သူ၏ရင်ဘတ်မှသွေးနှင့် အလင်းတန်းများ ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်ထဲမှ အရိုးစာသားသည် ပြင်ပဖိအားကြောင့် နှိုးဆော်ခံလိုက်ရပြီး နောက်တစ်ကြိမ် အသက်ဝင်လာခြင်းပင်။

ရွှီး..

ထို့အပြင် သူ၏လက်ချောင်းကို ဓားအဖြစ်သုံးကာ ထိုးစိုက်ပစ်လိုက်သည်။

ဖူး..

ထာဝရအလင်းတောက်ပလာကာ လေထဲ၌ ရွှေရောင်သွေးများ လွင့်စင်လာသည်။

အပိုင်း ၁၈၀၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၉ – ကောင်းကင်အား ထာဝရ ဝါးမြိုလောင်ကျွမ်းခြင်းပညာ

ရွှေရောင်သွေး .. ထိုသွေးများသည် ကောင်းကင်ထက်သို့ တက်သွားကာ ပြင်လိုက်ကြီး ဖြစ်လာသည်။ သွေးတစ်စက်စီတိုင်းမှာ ရွှေများအရည်ပျော်နေသကဲ့သို့တောက်ပလှသည်။

ဤသည်မှာ ရွှေရောင်ကျီးကန်းသွေးများပင်။

ရွှေရောင်ကျီးကန်းဆိုသည်မှာ သုံးပေရှိပြီး ရွှေကဲ့သို့သော အမွေးအတောင်များ ရှိနေသည့် ကျီးကန်းတစ်ကောင်ပင်။ သူ့ဘိုးဘေး၏ သွေးမျိုးဆက်မှာ မွေးရာပါထာဝရငှက်ပင်။ သူ၏စွမ်းအားလည်း အလွန်ကြီးမားလှသည်ပင်။

“ကျင်းယန် .. ဒဏ်ရာရသွားပြီ..” ထာဝရဂိတ်ထဲမှလူများ ထိတ်လန့်သွားရသည်။ ကောင်းကင်ထက်၌ ရွှေရောင်ကျီးကန်းသွေးများ လွင့်စင်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ ရွှေရောင်ကျီးကန်းကလန်လူငယ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားလေပြီ။

ကောင်းကင်အားထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာဆိုသည်မှာ နာမည်ကြီးသည့် ထာဝရတာအိုပညာပင်။ ဤပညာကိုအသုံးပြုလိုက်သည်နှင့် ပင်လယ်ကြီးလေးစင်း လောင်ကျွမ်းသွားနိုင်ကာ ကောင်းကင်ကြီးလည်း အနီရောင်အလင်းများ ဖုံးအုပ်သွားလိမ့်မည်။ အပူချိန်မှာ မြင့်မားလွန်းလှသောကြောင့် ထာဝရသက်ရှိအစစ်များပင် သေဆုံးသွားသည်အထိ ပြုပြင်ခံရလိမ့်မည်။

သို့သော် ကျင်းယန် ရှုံးသွားကာ ဒဏ်ရာရသွားသည်။ သူ၏ပုခုံးမှာ သွေးများတစ်စက်စက် စီးကျနေဆဲပင်။ ဒဏ်ရာမှာ သူ၏ရွှေရောင်အရိုးများကိုပင် မြင်နေရပြီဖြစ်သည်။ သူပုခုံးမှာ ပြုတ်ထွက်လုနီးပါးပင်။

“ကောင်းကင်အားထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာက လုံလောက်အောင် စွမ်းအားမကြီးတာမဟုတ်ဘူး .. ကျင်းယီ ဒါကို အပြည့်အဝ မသုံးလိုက်ရတာ .. အဆင့်နိမ့်နယ်မြေကလူက အရမ်းကို အထင်ကြီးဖို့ ကောင်းတာပဲ..” ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့် လူငယ်လေး ပြောလိုက်သည်။ သူ၏မျက်နှာကိုဖုံးကွယ်ထားသည့် မြူများ ရှင်းလင်းသွားကာ သူ၏ပုံစံအမှန်လည်း ပေါ်လာလေပြီ။ သူ၏ရှည်လျားလှသည့် မျက်တောင်မွေးများမှာ နားထင်ထိကျနေသည်။

ကျင်းယန်မှာ တကယ်ကို အသတ်ခံရလုနီးပါး ဖြစ်သွားသည်ပင်။ သူ၏ဒဏ်ရာမှာ အလွန်ရှည်လျားလှကာ သွေးများစီးကျနေသည်။

ဥဒေါင်းဖြူနတ်သမီးသည် အထဲဘက်၌ နှင်းရည်ကဲ့သို့သော အရည်တစ်စက်ပါဝင်သည့် ကျောက်စိမ်းပုလင်းကို ထုတ်လိုက်ကာ ကျင်းယန်ကို သူ၏ဒဏ်ရာပေါ်သို့ လောင်းချစေလိုက်သည်။

သို့သော် ကျင်းယန် ငြင်းလိုက်သည်။

သူသည် ထိုနေရာ၌ ရပ်ကာ ရှီဟောင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏မျက်ဆံထဲ၌ ရွှေရောင်မီးတောက်များ ရှိနေသည့်အပြင် ထိုမီးတောက်များသည် သူ့မျက်လုံးထဲမှ ထွက်လာကာ လေဟာနယ်ကို လောင်ကျွမ်းလာစေသည်။

ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ သူ့နောက်၌ ရွှေရောင်ကျီးကန်းတစ်ကောင် ပေါ်လာကာ ခေါင်းမော့ပြီး ဟစ်ကြွေးနေသည်။ ဤသည်မှာ ထာဝရငှက်နှင့်မတူ။ လောကကြီးကို တုန်လှုပ်စေနိုင်သည့် သားရဲကြီးတစ်ကောင်နှင့် တူနေသည်။

သူ့ရှေ့မှ လူငယ်လေး အဘယ်ကြောင့် ရုတ်တရက်ကြီး ကြောက်စရာကောင်းလောက်သည့် ရဲတင်းမှုများ ထွက်ပေါ်လာသည်ကို သူနားမလည်နိုင်ဖြစ်နေသည်။ ထိုစဉ်က သူသည် ယခင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းသည့် မှော်စွမ်းအားများ ထုတ်လွှတ်ခဲ့သည်ပင်။

ယခု သူ ကောင်းကင်အားထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာကို အသက်သွင်းနေဆဲအချိန်တွင် တစ်ဖက်လူသည် ဤမျှကြောက်စရာကောင်းသည့် မှော်စွမ်းအားကို အသုံးပြုသွားလေပြီ။ ဤသည်မှာ ကျိုးကြောင်းမဆီလျော်လှ။

အဘယ်ကြောင့်ဆိုသော် စွမ်းအားမှာ ကြီးမားလွန်းလှသည်။ အဖျက်စွမ်းအား ကြီးမားလေလေ ဤသည်ကို အသက်သွင်းရန် အချိန်လိုအပ်လေလေပင်။

ဤကဲ့သို့ ခွန်အား အဆပေါင်းများစွာ တိုးသွားပြီး ရန်သူအားတစ်ချက်တည်းဖြင့် အနိုင်ယူလိုက်ခြင်းမှာ မည်သူ့ကိုမဆို ထိတ်လန့်သွားစေမည်ပင်။

ကျင်းယန် အသက်ရှင်နေနိုင်ခြင်းမှာ အံ့ဩစရာကောင်းနေလေပြီ။

“အဲဒီတော့ ဒါက အဆင့်နိမ့်နယ်မြေက ထိပ်တန်းလူငယ်ကျွမ်းကျင်သူပေါ့ .. မင်းက တကယ်ကို အတော်လေး သန်မာပြီးတော့ အတော်လေး ထူးခြားပါတယ် .. မင်းကို အရမ်းအထင်သေးခဲ့မိတာကို ငါဝန်ခံပါတယ်..” ကျင်းယန် ပြောလိုက်သည်။

သူ ရွှေရောင်ကျီးကန်း ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်နှင့် သူ၏မျက်ခုံးကြား၌ ဒေါင်လိုက်မျက်လုံးတစ်လုံး ပေါ်လာသည်။ ထိုမျက်လုံး မျက်တောင်ခတ်လိုက်တိုင်း နတ်အလင်းတန်းများ တောက်ပလာကာ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

“မင်းက အဆင့်နိမ့်နယ်မြေက စွမ်းအားအကြီးဆုံးလူငယ်ဖြစ်ရမယ် ဟုတ်တယ်မလား..” ကျင်းယန် မေးလိုက်သည်။ သာမန်လူသားမှာ သူ့ကို သတ်နိုင်စရာ အကြောင်းမရှိ။

“မင်း အတွေးလွန်နေပါပြီ.. အဆင့်နိမ့်နယ်မြေမှာ ကျွမ်းကျင်သူ အတော်များများရှိတယ် .. ငါ သူတို့အားလုံးနဲ့ မတွေ့ဖူးသေးဘူးဆိုတော့ ပြောရခက်တယ် ..” ရှီဟောင် အလွန်နှိမ့်ချနေ၏။ သို့သော် တကယ်တမ်းတွင် သူ တစ်ဖက်လူကို တမင်သက်သက် ရိုက်ချလိုက်ခြင်းပင်။

“ဟက် ဟက်..”

ကျင်းယန် ရယ်မောလိုက်သည်။ သူ၏ ရယ်သံမှာ အေးစက်နေသလို သတ်ဖြတ်လိုသည့်အငွေ့အသက်လှိုင်းတစ်ခုကိုလည်း ထုတ်လွှတ်နေသည်။ သူ ရှုံးသွားပြီကို သူဝန်မခံသေး။ ထို ကောင်းကင်အားထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာကိုပင် မသုံးရသေးသောကြောင့် သူက ဤသည်ကို ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း..

“မင်းမှာ တစ်ခြား ဘာပညာတွေ ရှိသေးလဲ .. မင်းမှာ ပြိုင်ဘက်ကင်းတဲ့ ဒဏ္ဍာရီလာထာဝရပညာတွေရှိသေးလား .. မင်းကဘာလို့ ငါ့ကို မပြသေးတာလဲ..” ရှီဟောင် သူ့ကို ကြည့်၍ ပြောလိုက်သည်။

သူ မရူး။ ထာဝရနယ်မြေ၏ နောက်ခံအင်အားကို သူတွက်ဆချင်သည်။ သူတို့မည်မျှစွမ်းအားကြီးသနည်း.. သူတို့ထံမှ မည်ကဲ့သို့သော ပညာများ ရှိနေသနည်း..

ဤလူငယ်ကျွမ်းကျင်သူလေးထံမှ မြင်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။

ယခုအချိန်တွင် ရှီဟောင်၏ ရင်ဘတ်မှ သွေးသည် နေလုံးလေးတစ်လုံးကဲ့သို့ တောက်ပနေကာ သိပ်သည်းလှသည့် အရိုးစာသားများကို ထုတ်လွှတ်နေသည်။

သူ၏စွမ်းအားများကို ကြိုက်သလို လွှဲပြောင်းနိုင်ပြီး အခုချက်ချင်း နောက်တစ်ချက် ထပ်တိုက်ခိုက်၍ ရနေပြီဖြစ်သည်။

“ရွှေရောင်ကျီးကန်း ကောင်းကင်ကို လောင်ကျွမ်းပစ်မယ်..”

ကျင်းယန်အော်ဟစ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးသည် ပေါက်ကွဲတော့မတတ် တောက်ပလာသည်။ သူ၏အရေပြားမှ ရွှေရောင်သွေးအနည်းငယ် စိမ့်ထွက်လာသောကြောင့် သူသည် ရွှေဖြင့် ထွင်းထုထားသလို ဖြစ်နေသည်။

သူ ကောင်းကင်အားထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာကို အသုံးမပြုရသေးခင် ရှီဟောင်တိုက်ခိုက်လာမည်စိုးသောကြောင့် သူ့ခန္ဓာကိုယ်၏ သွေးစွမ်းအင်ကိုသုံးကာ ချက်ချင်းတိုက်ခိုက်ခဲ့ခြင်းပင်။

ဝုန်း..

ဤသည်မှာ ကြောက်စရာကောင်းလှသည်။ ရွှေရောင်ကျီးကန်းသွေး တောက်လောင်နေပြီး ကောင်းကင်အားထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာလည်း သူ၏ခွန်အားကို ပြသနေလေပြီ။ ယခုအချိန်တွင် ကောင်းကင်ကြီး လောင်ကျွမ်းနေကာ လောကကြီးကို လောင်ကျွမ်းသွားတော့မတတ် မီးတောက်များလည်း ထွက်ပေါ်လာသည်။

တစ်ခေတ်တစ်ချိန်၌ နယ်မြေတစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်ခဲ့ဖူးသည်။ လောကကြီးကို တုန်လှုပ်စေနိုင်သည့် ကျွမ်းကျင်သူ ဘယ်နှယောက် အသတ်ခံခဲ့ရလဲပင် မသိခဲ့တော့။

ဤသည်မှာ ကောင်းကင်အားထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာ၏ ဒဏ္ဍာရီ တစ်စိတ်တစ်ပိုင်းပင်။

ယခုအချိန်တွင် ဒဏ္ဍာရီမှာ တကယ်ဖြစ်တော့မည့်ပုံပေါ်သည်။ အနီရောင်အလင်းများ စီးဆင်းလာကာ ကောင်းကင်ပြင်ကြီးလည်း အပိုင်းပိုင်းကွဲထွက်လာကာ ချော်ရည်အဖြစ် ပြောင်းလဲသွားသည်။

သို့သော် သူ၏တိုက်ခိုက်မှုကို ရှီဟောင် တားဆီးလိုက်သည်။ သူ၏ဝမ်းဗိုက်၌ ပြန်လည်ဝင်စားခြင်းပင်လယ် ထွက်ပေါ်လာကာ ဂိတ်တံခါးမျိုးစုံ ပွင့်လာပြီး အလင်းအတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်မှာ ယင်နှင့်ယန်ခွန်အားများအပြင် လျှပ်စီးများရစ်သိုင်းနေသည့် အလင်းလုံးတစ်လုံးပင်။

ဤသည်မှာ ကောင်းကင်မှ ပြုလုပ်ထားသကဲ့သို့ ပြီးပြည့်စုံမှာ လုံဝန်းနေသည်။

ပြန်လည်ဝင်စားခြင်းပင်လယ် တောက်ပလာကာ ရှင်သန်ခြင်းနှင့် သေဆုံခြင်းအော်ရာများ တစ်ချိန်တည်းပျံ့လွင့်လာသည်။

ဤသည်မှာ ယာယီသာဖြစ်သော်လည်း ရှီဟောင်အတွက် လုံလောက်သည်။ သူ ထာဝရပညာ၏ နှိုင်းယှဉ်၍မရသည့် စွမ်းအားကို ခံစားကြည့်ချင်သည်။

ထို့နောက် ရှီဟောင်ထံမှ ရိုက်ချက်တစ်ချက် ထွက်ပေါ်လာသည်။ ဤသည်မှာ ရိုးရှင်းသည့်ရိုက်ချက်သာ။ သူ၏လက်မောင်းတောက်ပလာကာ လက်ချောင်းများစွာ ဓားသွားများကဲ့သို့ဖြစ်လာသည်။ သူထိုအတိုင်းသာ လွှဲရမ်းရိုက်ချလိုက်သည်။

ကောင်းကင်အပြည့်လွှမ်းခြုံနေသည် အနီရောင်အလင်းများ ကွဲထွက်သွားသည်။ ကောင်းကင်ကို လောင်ကျွမ်းနေသည့်မီးတောက်များ မှေးမှိန်သွားသည်။ ထူးဆန်းသည့်စွမ်းအား၏ လွှမ်းမိုးခြင်းခံလိုက်ရကာ တစ်ဖြည်းဖြည်း ငြိမ်းသတ်သွားလေ၏။

“ပညာတစ်ခုကို အားနဲ့ဖောက်ထွက်တာလား..”

ခပ်ဝေးဝေးတွင်ရှိနေသည့် ဥဒေါင်းဖြူနှင့် အခြားသူများ စိတ်လှုပ်ရှားသွားကြရသည်။ နတ်စွမ်းရည်များနှင့် ပညာများကို ပြင်းထန်သည့်အားဖြင့် ဖောက်ထွက်သွားခြင်းပင်။

စွမ်းအားများသည် အဆင့်တစ်ခုထိရောက်အောင် စွမ်းအားကြီးသွားသည်နှင့် အထူးဆန်းဆန်းဆုံး လျှိုု့ဝှက်ပညာများကိုပင် ဖောက်ထွက်နိုင်ကာ ပညာအားလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။

ဖူး…

ယခုတစ်ခေါက်တွင်တော့ ကျင်းယန်၏ လက်မောင်းထိသွားကာ ပြတ်ကျလုနီးပါးဖြစ်သွားသည်။ ကြီးမားလှသည့်အသားစကြီး ပြုတ်ကျသွားလေ၏။

ဖုန်း..

အသားစ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် ထိုအသားစသည် ရွှေရောင်ကျီးကန်း၏အတောင်ပံအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။ ရွှေရောင်အမွေးအတောင်များ ပေါ်လာကာ ရွှေရောင်သွေးများ စီးဆင်းလာသည်။

ရှီဟောင်၏တိုက်ခိုက်မှု၌ ပညာတစ်ချို့ပါသည်မှာ သေချာသည်။ သူသည် ပြိုင်ဘက်ကို သတ်ဖြတ်လိုခြင်းမဟုတ်ပဲ အသားစတစ်ပိုင်းကိုသာ ဖြတ်တောက်လိုက်ခြင်းပင်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ထာဝရနယ်မြေပင်။ သူသာ သတ်ဖြတ်လိုက်လျှင် လူအိုကြီးများ ချက်ချင်းရောက်လာမည်မှာ သေချာသည်။ ထိုအချိန်ကျလျှင် ကပ်ဆိုးကြီးဖြစ်လာလိမ့်မည်။

အား..

ကျင်းယန် တီးတိုး အော်ဟစ်လိုက်သည်။ နာကျင်မှုမှာ အဓိကမဟုတ်။ အဓိကအကြောင်းရင်းမှာ သူနောက်တစ်ခေါက် ထပ်ရှုံးသွားပြန်လေပြီ။ သူ ဤရလဒ်ကို လက်မခံနိုင်။

အနောက်ဘက်ရှိ လူစုလည်း ပထမတော့ ထိတ်လန့်နေကြသည်။ ထို့နောက် သူတို့မျက်နှာမှာ ဆွံ့အသည့်အမူအရာ ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူငယ်လေး၏ လှုပ်ရှားမှုများမှာ ချောမွေ့လှသည်ကို သူတို့တွေ့လိုက်ရသည်။ သူသည် ငြင်သာစွာပြေးသွားကာ ထိုရွှေရောင်ကျီးကန်းအသားအပိုင်းအစကို သိမ်းသွားလေ၏။

ရွှေရောင်သွေးနှင့် အကောာင်းတိုင်းရှိနေသည့် ရွှေရောင်အမွေးအတောင်များကိုသိမ်းပြီးနောက် သူ ထိုအသားကိုလည်း .. အိတ်တစ်ခုထဲသို့ ထည့်သိမ်းလိုက်သည်။

“မင်း..” ကျင်းယန် ဒေါသထွက်လွန်းသောကြောင့် သူ့မျက်နှာပင် ပျက်သွားသည်။ ဒီလူငယ်လေးရဲ့ ရည်ရွယ်ချက်ကဘာလဲ .. ဤသည်မှာ မုဆိုးများ ပြုလုပ်သည့်ပုံစံပင်။ သူ သားကောင်အဖြစ် သတ်မှတ်ခံခဲ့ရတာလား..

ထာဝရနယ်မြေတွင် မည်သူများ ဤကဲ့သို့ လက်လွတ်စပယ်လုပ်ရဲမည်နည်း.. မည်သူကများ ရွှေရောင်ကျီးကန်းကလန်ကို အစားအစာအဖြစ် မြင်ရဲမည်နည်း..

ရှီဟောင် သူ့နဖူးကို ပွတ်သပ်လိုက်ကာ “တောင်းပန်ပါတယ် .. ဒါက ထာဝရနယ်မြေဆိုတာ ငါမေ့သွားတယ် .. ဟူး .. အပြင်လောကက ဘယ်လောက်ခေါင်တီးလဲဆိုတာ မင်းတို့မသိဘူး .. ဝိညာဉ်စွမ်းအင်တွေ ရှားပါးပြီးတော့ အရင်းအမြစ်တွေလည်း နည်းနည်းပဲရှိတယ် .. ငါတို့ ထာဝရငှက်တွေ၊ သားရဲတွေ တွေ့တဲ့အချိန်ကျရင် ငါတို့ ဘာကိုမှ ဖြုန်းတီးလို့မရဘူး … ဒါက အဆင့်နိမ့်နယ်မြေမဟုတ်ဘူးဆိုတာကို မေ့သွားပြီးတော့ အကျင့်ပါနေတဲ့အတိုင်း လုပ်မိသွားတာ .. အမ် . မင်းပြန်ယူချင်လား .. ငါမင်းကို ပြန်ပေးရမလား..”

ကျင်းယီ ဒေါသတကြီး အော်ဟစ်ပစ်လိုက်ချင်သည်။ သူ၏နဖူးထက်၌ သွေးကြောများပင် ထောင်ထလာသည်။ သို့သော်လည်း သူက ဘယ်လိုလုပ် ပါးစပ်ဟကာ ပြန်တောင်းနိုင်မည်နည်း..

နောက်ဆုံးတွင်တော့ သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရန်သာ တတ်နိုင်တော့သည်။

“မင်းရဲ့ ရွှေရောင်ကျီးကန်းကလန်ရဲ့ ကြောက်စရာကောင်းလောက်တဲ့ ပြန်လည်ကုသနိုင်စွမ်းနဲ့ဆိုရင် အဲဒီပျက်စီးနေတဲ့လက်ကို ချက်ချင်းပြန်ကုသနိုင်တယ်ဆိုတာ ငါသိပါတယ်” ရှီဟောင်ပြောလိုက်သည်။ သူ ထိုအသားကို ပြန်ပေးမည့်ရည်ရွယ်ချက်မရှိ။ ထိုအစား သူသည် မရိုးသားစွာ ရယ်မော၍ လမ်းလျှောက်လာလိုက်သည်။

အနောက်ဘက်တွင်ရှိနေသည် ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့်လူငယ်၊ ဥဒေါင်းဖြူနတ်သမီးနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ ဒီဒကောင်က ရွှေရောင်ကျီးကန်းအသားကို တကယ်ယူသွားမှာလား .. သူက ဒါကို အစားအစာဖြစ် သတ်မှတ်နေတယ် .. သူက တကယ်ကို အရမ်းရဲတင်းလွန်းနေတယ်..

“မင်းက သန်မာတယ်ဆိုတာ ငါဝန်ခံပါတယ် .. ဒါပေမဲ့ ငါ့ရဲ့ ထာဝရနယ်မြေမှာ မင်းရဲ့ ရဲရင့်မှုကို ပြသပြီး ငါ့ရဲ့ ရွှေရောင်ကျီးကန်းကလန်ကို အရှက်ခွဲခဲ့တယ်ဆိုတော့ ငါ မင်းနဲ့ အဆုံးထိ တိုက်ခိုက်ချင်တယ်..” ကျင်းယန် ပြောလိုက်သည်။

သူ ဤသည်ကို နောက်ဆုံးအချိန်ထိ လက်မခံနိုင်သေး။ သူသည် တစ်ဖက်လူ၏ ဖိနှိပ်မှုကို ထပ်ခါတလဲလဲ ခံစားနေရသည်။ ဤသည်မှာ သူယခင်က အထင်သေးခဲ့သည့် အဆင့်နိမ့်နယ်မြေမှ သက်ရှိပင်။ သို့သော်လည်း သူ ဤလူကို ရှုံးသွားလေပြီ။

“ဟက်..” ရှီဟောင် ရယ်မောလိုက်သည်။ သူ တစ်ဖက်လူကို ဘယ်တုန်းကမှ အထင်မသေးခဲ့။ အဘယ်ကြောင့်ဆိုသော် လှုပ်ရှားမှုတစ်ခုစီတိုင်ငးမှာ အချက်ရေတစ်ထောင်ကျော် လှုပ်ရှားသကဲ့သို့ အလွန်အန္တရာယ်များလှသည်။ နည်းနည်းလေး သတိလွတ်သွားသည်နှင့် သူအသက်ဆုံးရှုံးရလိမ့်မည်။

ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ရွှေရောင်ကျီးကန်းပင်။

“ရွှေရောင်ကျီးကန်းတွေအော်ရင် ဧကရာဇ်တွေ ပျက်စီးသွားမယ်..”

ရွှေရောင်ကျီးကန်း ဟစ်ကြွေးလိုက်သည်။ ယခုအချိန်တွင် သူ၏အော်ရာမှာ ပို၍ ကြောက်စရာကောင်းလှပြီး သူ၏ဦးခေါင်းထက်မှ ရွှေရောင်သွေးစွမ်းအင်များစွာ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်များမှာ ဤနေရာကို ဝန်းရံသွားတော့မည်။

ရွှေရောင်ကျီးကန်းကောင်းကင်ကို လောင်ကျွမ်းခြင်းမှာ ကောင်းကင်ထာဝရဝါးမြိုလောင်ကျွမ်းခြင်းပညာ၏ ပုံစံတစ်ခုပင်။

‘ဧကရာဇ်များ ပျက်စီးခြင်း’ ဆိုသည်မှာကန့်သတ်ထားသည့် လျှို့ဝှက်ပညာတစ်ခုပင်။ သူသည် ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းပညာပင်။

တစ်ချိန်က ရွှေရောင်ကျီးကန်းများ၏အော်သံများကြောင့် ပျက်စီးသွားသည့် ဧကရာဇ်များ ရှိခဲ့သည်ဟု ပြောကြသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံးတွင် ဝမ်းနည်းစွာ ငိုကြွေးသံများ ဖုံးလွှမ်းသွားခဲ့သည်ပင်။

တစ်ခဏအတွင်းမှာပင် ဤနေရာတစ်ခုလုံး မှုန်ဝါးလာကာ လောကကြီးလည်း အရောင်မှိန်လာသည်။ ဤသည်မှာ သူတို့ ထိုအချိန်ကိုပြန်ရောက်သွားသလိုပင်။ ဤပညာမှာ အလွန်ကြောက်စရာကောင်းလှပြီး သူ့အား ခြိမ်းခြောက်နိုင်နေသည်။ သူ အားကုန်ထုတ်သုံးကာ လေးလေးနက်နက် တုံ့ပြန်ရမည်ပင်။

“ကျင်းယန် ရပ်လိုက်..”

ထိုအချိန်တွင် ခပ်ဝေးဝေးမှ လူလတ်ပိုင်းအမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာသည်။ ထို့အပြင် အလင်းတန်းတစ်စင်းဖောက်ဝင်လာကာ ‘ဧကရာဇ်များပျက်စီးခြင်း’၏ ပုံမှန်မဟုတ်သည့်မြင်ကွင်းကို ချေဖျက်ပစ်လိုက်သည်။

“ဦးလေး..” ကျင်းယန် အော်ဟစ်လိုက်သည်။

“မင်းရဲ့တာအိုစွမ်းရည်တွေက မလုံလောက်သေးဘူး .. မင်း ‘ဧကရာဇ်များပျက်စ်ီးခြင်း’ကို မလုပ်နိုင်သေးဘူး .. မင်းအတင်းကြီး လုပ်နေရင် မင်းပဲ ထိခိုက်သွားလိမ့်မယ် .. အရှုံးကို လက်ခံလိုက်..” လူလတ်ပိုင်းအမျိုးသား၏အသံ ထွက်ပေါ်လာသည်။

ဤတိုက်ပွဲမှာ ထိုကဲ့သို့ပင် အဆုံးသတ်သွားလေသည်။

ထိုအမျိုးသားသည် ခပ်ဝေးဝေး၌သာ ရပ်နေပြီး ဤနေရာသို့မလာ။

အပိုင်း ၁၈၀၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၀ – ထာဝရနယ်မြေအား လည်ပတ်ခြင်း

ဤနေရာမှာ ချက်ချင်းပင် အတော်လေး တိတ်ဆိတ်သွားသည်။ ကျင်ယန်၏မျက်နှာမှာ အလွန်အေးစက်နေသည်။ ထို့နောက် ရွှေရောင်ကျီးကန်းတစ်ကောင် ကောင်းကင်ထက်၌ ပျံသန်းနေသည့်မြင်ကွင်းများ ပေါ်လာသည်။ သူ လက်လျော့လိုက်ချင်သော်လည်း မလုပ်နိုင်။

သူ့ဦးလေးပြောသလိုပင်။ ‘ဧကရာဇ်များပျက်စီးခြင်း’မှာ အလွန်စွမ်းအားကြီးလှသည်။ သူ၏စွမ်းအားမှာ ဤပညာကို အသက်သွင်းရလောက်အောင် မလုံလောက်သေး။ သူသာ အတင်းလုပ်လိုက်လျှင် သူ့အုတ်မြစ်ကို ထိခိုက်သွားနိုင်လောက်သည်။

ဥဒေါင်းဖြူလေးသည် သူမ၏ဆံပင်များကို သိမ်းဆည်းလိုက်ကာ အရင်ဆုံးလျှောက်လာသည်။ သူမသည် ရှီဟောင်ကို တောက်ပသည့်မျက်လုံးများဖြင့် ကြည့်နေလေ၏။

ထာဝရနယ်မြေမှ သက်ရှိများအတွက် အဆင့်နိမ့်နယ်မြေဆိုသည်မှာ နောက်ကောက်ကျကျန်နေခဲ့သည့်နေရာဖြစ်ပြီး ဝိညာဉ်စွမ်းအင်များလည်း ရှားပါးလှသည်။ အထူးသဖြင့် အရင်းအမြစ်များ ရှားပါးနေပြီဖြစ်သည့် ယနေ့ခေတ်တွင် ဤကဲ့သို့သော လူငယ်ကျွမ်းကျင်သူ ပေါ်လာရန်မှာ မဖြစ်နိုင်။

အရေးအကြီးဆုံးမှာ ထိုနေရာသည် စွန်းထင်နေပြီဖြစ်ပြီး အနှေးနှင့်အမြန် ပျက်စီးရန် ကံတရားရှိနေပြီးသားပင်။

သူတို့အမြင်တွင် ထိုနေရာမှ ဤကဲ့သို့သော မျိုးစေ့ကောင်းများ ထွက်ပေါ်လာရန် မဖြစ်နိုင်။ သို့သော် ယခုတော့ ရှီဟောင် သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်လေပြီ။

ဤလူများ လျှောက်လာကြ၏။ သူတို့ ရှီဟောင်၏လျှို့ဝှက်ချက်များကို သိချင်လာကြသည်။

အဆိုးရွားဆုံး ခံစားနေရသည့်သူမှာ ကျင်းယန်ပင်။ ယခင်က သူ၏စကားလုံးများမှာ လွန်ကဲလွန်းလှသည်။ သို့သော် ယခုတော့ သူ ဆိုးရွားစွာ ရှုံးနိမ့်သွားလေပြီ။

သူ တကယ်ကို လက်မခံချင်။ သူက ထာဝရပညာတွေ ရထားတာကို သူက ဘာလို့ ဝိညာဉ်စွမ်းအင်မရှိတဲ့နေရာကလာတဲ့ လူရိုင်းကောင်ကို မနိုင်,နိုင်တာလြ..

သူ၏အရည်အချင်းများ ဆိုးရွားနေသည်ဆိုလျှင် တစ်မျိုးပင်။ သို့သော် သူသည် ကောင်းကင်ကို တွန်းလှန်နိုင်သည့်အရည်အချင်းရှိပြီး ရွှေရောင်ကျီးကန်းကလန်တွင် အလွန်နာမည်ကြီးသည့် လူငယ်ကျွမ်းကျင်သူပင်။

သို့သော် တိုက်ပွဲမှာ ဤကဲ့သို့ အဆုံးသတ်သွားသောကြောင့် ဤသည်မှာ အလွန်ရှက်စရာကောင်းလို ဒေါသထွက်စရာလည်း ကောင်းလှသည်။

သူ ရှီဟောင်ကို စိုက်ကြည့်လိုက်၏။ ဤကောင်သည် သူ၏အသားစကို သိမ်းပြီးသည့်နောက် တမင်သက်သက် နှုတ်ခမ်းသပ်ပြသေးသည်။ ဒါက ဘာအဓိပ္ပာယ်လဲ..

ဒီလူသားက သူ့အသားကို တကယ်စားမှာလား..

“ဟား ဟား …” စန်းကျန်း အော်ဟစ်ရယ်မောလိုက်သည်။ ယခု တိုက်ပွဲအဆုံးသတ်သွားသည့်အချိန်တွင် သူသည် ကွယ်ဝှက်ထားခြင်းမရှိပဲ ရှီဟောင်ကို ဂုဏ်ပြုစကား ပြောလိုက်သည်။

“ရှင့်ရဲ့ ကျင့်ကြံဆင့်က ပိုပြီး တိုးတက်လာတာပဲ .. မှော်စွမ်းအားတွေလည်း တိုးတက်လာတယ် .. အရဲရင့်ဆုံးလူငယ်ထူးချွန်သူ ဖြစ်ထိုက်ပါပေတယ်..” ရှန်းမင်လည်း ရယ်မောလိုက်သည်။

သူတို့သုံးယောက် အတူတူလာခဲ့ကြခြင်းဖြစ်သောကြောင့် သူတို့ စည်းလုံးကြသည်ပင်။

“ဒီတာအိုရောင်းရင်းက တကယ်ကို ထူးခြားတယ် .. အရင်းအမြစ်တွေ ရှားပါးပြီးတော့ ထိပ်တန်းအဆင့်ပညာလမ်းကြောင်းတွေ မရှိတာတောင်မှ ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်တယ် .. တကယ်ကို အံ့ဩဖို့ကောင်းတာပဲ” ဥဒေါင်းဖြူ ပြောလိုက်သည်။

အခြားသူများ ဘာမှမပြောကြတော့ ရန်မလိုကြတော့။ သူတို့ ဤကဲ့သို့ အသိအမှတ်ပြုရန်မှာ ရှားပါးသည့်အရာပင်။

ရှီဟောင် ပြုံးလိုက်ကာ ဘာမှမပြော။ နှုတ်ဆက်သည့်သဘောဖြင့် ခေါင်းသာညိမ့်ပြလိုက်သည်။

“ထာဝရနယ်မြေထဲမှာ ဘယ်လိုပုံစံများ ရှိနေလဲ..” ရှန်းမင် ပြောလိုက်သည်။

ရှီဟောင် တစ်ဖက်လူကို ကြည့်နေသော်လည်း ဘာမှမပြော။ အဘယ်ကြောင့်ဆိုသော် သူနိုင်လျှင် ထာဝရနယ်မြေထဲသို့ ဝင်မည်ဟု ရွှေရောင်ကျီးကန်းကလန်လူငယ်ကျွမ်းကျင်သူနှင့် သဘောတူထားပြီးသားပင်။

ဤနေရာမှာ တိတ်ဆိတ်နေကာ ထိုလူများ ဘာမှမပြောကြ။

ကျင်းယန်မျက်နှာ ဖြူဖျော့နေလေပြီ။ သူရှုံးသွားလိမ့်မည်ဟု သူမထင်ထားခဲ့သောကြောင့် ရှီဟောင်၏ တောင်းဆိုမှုကို သဘောတူခဲ့ခြင်းပင်။

ယခု သူ ဘာလုပ်ရတော့မည်နည်..

ထာဝရနယ်မြေမှာ အပြင်လောကမှလူများအတွက် တံခါးဖွင့်ပေးသည့်နေရာမဟုတ်။

လျှပ်စီးဝိညာဉ်များ ဝင်သွားနိုင်ခြင်းမှာ သူတို့သယ်လာသည့်လူမှာ အလွန်အံ့အားသင့်စရာကောင်းနေသောကြောင့်ပင်။ ထို့ကြောင့် သူတို့ကို ငြင်းမရပဲ တံခါးဖွင့်လိုက်ခြင်းပင်။

ယခု ဤလူငယ်သုံးယောက်လည်း ဝင်ချင်နေလေပြီ။

“သူတို့ကို ဘေးပတ်ပတ်လည် နည်းနည်းလောက် လိုက်ပြလိုက်..” ကျောက်တံခါးအတွင်းပိုင်း၌ သက်ပြင်းချသံ ထွက်ပေါ်လာသည်။ ဤသည်မှ ထိုလူလတ်ပိုင်းအမျိုးသားပင်။

“ဟုတ်ကဲ့..” ကျင်းယန် ကိုယ့်ကိုကိုယ် အားတင်းကာ သဘောတူလိုက်သည်။

ဤလူလတ်ပိုင်းအမျိုးသားမှာ ရွှေရောင်ကျီးကန်းကလန်တွင် ထူးခြားသည့်သူပင်။ သူ ပြောသည်ဆိုမှတော့ သူရွေးချယ်စရာမရှိတော့။

မည်သို့ပင်ဖြစ်စေ ဤပြဿနာမှာ သူရှာလိုက်သည့်ပြဿနာပင်။ နောက်ကျ သူ၏ကလန်သားများ သူ့အား အပြစ်ပေးမည်လား သူမသိ။

ဥဒေါင်းဖြူနတ်သမီး၊ ခရမ်းရောင်ချပ်ဝတ်တန်ဆာဝတ်လူငယ်နှင့် အခြားသူများသည် ကျင်းယန်နှင့်အတူ လမ်းပြလိုက်ကြသည်။

မြို့တံခါးမှာ အလွန်ကြီးမားလှသည်။ ဂိတ်ထဲသို့ ဖြတ်ဝင်သည့်လမ်းပင်လျှင် မယုံကြည်နိုင်လောက်အောင်ခမ်းနားလှသည်။

မြေပြင်ထက်ရှိကျောက်များမှာ မီးခိုရောင်များဖြစ်ပြီး လမ်းမှာ မျက်စိတစ်ဆုံး ရှည်လျားနေသည်။

ကံကောင်းစွာဖြင့် သူတို့အားလုံးထံ၌ နတ်စွမ်းရည်များ ရှိနေကြသည်။ မဟုတ်ပါက သာမန်လူသာ လျှောက်နေလျှင် နှစ်ပေါင်း၊ လပေါင်း မည်မျှကြာသွားမှန်းပင်မသိ။

ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်း .. ခဏကြာပြီးနောက် သူတို့ ကြီးမားလှသည့် မြို့ဂိတ်တံခါးကို ဖြတ်ကာ အကန့်အသတ်မရှိသည့် လောကကြီးထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ဤသည်မှာ ထာဝရနယ်မြေပင်။ တောတောင်များနှင့် မြစ်များမှာ ခမ်းနားလှကာ မြင်ကွင်းမှာလည်း လှပလှသည်။ ဝိညာဉ်စွမ်းအင်များမှာ များပြားလှသောကြောင့် မြစ်များပင် ဖြစ်လာတော့မည်။

ကြီးမားလှသည့်တောင်များမှာ ကောင်းကင်ကိုပင် ထိနေသည်။ ထိုတောင်များမှာ ဂတုံးဖြစ်နေပြီး ကျောက်တုံးများသာရှိသည်။ ထို့အတူ ထာဝရတာအိုစွမ်းအင်များ ထုတ်လွှတ်ခြင်းမရှိပဲ ဖရိုဖရဲစွမ်းအင်များဖြင့်သာ ပြည့်နေသည်။

သက်ရှိအချို့နှင့်အတူ ကောင်းကင်ထက်၌ စီးဆင်းနေသည့် မြစ်များ ရှိနေသည်။ ထိုနေရာ၌ တောက်ပသည့်အရောင်များတောက်ပနေကာ ထာဝရတာအိုစွမ်းအင်လည်းပျံ့ကြဲနေသည်။

သူ ဝင်လိုက်သည်နှင့် ရှီဟောင် အံ့အားသင့်သွားရသည်။ ဒါက တကယ်ကို အပြင်ဘက်လောကထက် သာလွန်တဲ့ ကျင့်ကြံခြင်းမြင့်မြတ်မြေပဲ.. ထာဝရသက်ရှိများ နေထိုင်သည့်နေရာ ဖြစ်ထိုက်သည်ပင်။

ဤနေရာ၌ ကျောက်တုံးများပင် ဝိညာဉ်စွမ်းအင်များ ရှိနေသည်။ အချို့ကျောက်တုံးများသည် ခေါင်းထောင်လာကြကာ လူးလိမ့်လာကြ၏။ သူတို့သည် ဝိညာဉ်ရှိကြတော့မည်။

မြက်ပင်တစ်ပင်၊ သစ်ပင်တစ်ပင်စီတိုင်း၌ များပြားလှသည့် စွမ်းအင်များ ရှိနေသည်။

ရွှီး..

နတ်ဆေးပင်တစ်ပင် ပျံသန်းလာကာ အစရှာမရအောင် ထွက်ပြေးသွားသည်။

ရှီဟောင် လန့်သွားကာ ထိုဆေးပင်နောက်လိုက်ရန် ပြင်လိုက်သည်။ ဤသည်မှာ ထာဝရသက်ရှည်ဆေးပင်အစစ်မဟုတ်သော်လည်း အပြင်လောက၌ သူ၏တန်ဖိုးမှာ မြင့်မားလှသည်ပင်။ အဆင့်နိမ့်နယ်မြေ၌ နတ်ဆေးပင် ဘယ်နှပင်များ ရှိနိုင်မည်နည်း..

“တာအိုရောင်းရင်း .. ရပ်လိုက်ပါ .. ဒါက ခွန်မိသားစု နယ်မြေပါ .. ဒါက မြို့ဂိတ်တံခါးနဲ့ နီးတယ်ဆို‌ပေမယ့် ပိုင်ရှင်မရှိတဲ့မြေ မဟုတ်ပါဘူး .. အဲဒီဆေးပင်တွေကို ဒီမှာ လွတ်လွတ်လပ်လပ်ပျိုးထောင်ထားတာပါ..” ဥဒေါင်းဖြူနတ်သမီး ပြောလိုက်သည်။

ရှီဟောင် ရှက်ရွံ့သည့်အမူအရာ ဖြစ်သွားကာ သူစိတ်လှုပ်ရှားလွန်းနေသောကြောင့် ဤသည်မှာ ထာဝရနယ်မြေဖြစ်ကြောင်း မေ့သွားခဲ့သည်ဟု ပြောလိုက်သည်။ သို့သော် အမှန်တကယ်တွင် ဤရှေးဟောင်းလောကမှ နတ်ဆေးပင်များ မည်မျှအဖိုးတန်သည်ကို သိချင်သောကြောင့် သူစမ်းသပ်လိုက်ခြင်းပင်။

သူတို့ ဆက်လျှောက်လာခဲ့လိုက်ကြသည်။ ဤလောကကြီးတွင် များပြားလှသည့် ထာဝရစွမ်းအင်များ ရှိနေသည်။

ရှီဟောင် အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ သက်ပြင်းချလိုက်သည်။ ဤနေရာမှာ လူတစ်ယောက် အိပ်မက်ထဲ၌ပင်လျှင် လိုချင်နေမည့်နေရာပင်။ ဤနေရာ၌ မသေမျိုးပစ္စည်းများ များပြားလှသည်။ ဤနေရာ၌ နေလျှင် သေချာပေါက် အသက်ရှည်မည်ပင်။

သူ ထာဝရတရားကို မရရှိလျှင်ပင် သူ အချိန်အကြာကြီး အသက်ရှင်နိုင်လိမ့်မည်။ သူသာ လုံလောက်အောင်သန်မာလျှင် သူ ထာဝရသက်ရှိမဖြစ်လျှပ်ပင် သက်ရှည်သက်ရှိဖြစ်နိုင်သည်။

အရှေ့ဘက်တွင် မြေပြင်ထက်၌မဟုတ်ပဲ ကောင်းကင်ထက်၌ ရှိနေသည့် မီးတောင်တစ်လုံး ရှိနေသည်။ ထိုမီးတောင်မှ မီးခိုးများ ထွက်နေကာ အတွင်းဘက်မှ ချော်ရည်များလည်း ထွက်နေသည်။

အထဲဘက်မှာ တစ်ခြားလောကတစ်ခုရှိနေတာလား .. မဟုတ်ရင် ဘာလို့ ချော်ရည်တွေကို သွန်ထုတ်နေတာလဲ..

သို့သော် ထိုမီးခိုးငွေ့များမှာ အဆိပ်မရှိ။ မီးခိုးနှင့် ချော်ရည်များတွင် ထိတ်လန့်စရာကောင်းလောက်သည့် ဝိညာဉ်သဘာဝရှိနေပြီး မြို့ရိုး၏ တစ်စိတ်တစ်ပိုင်းထဲသို့ လောင်းချနေသည်ပင်။

ထိုနေရာ၌ လူလတ်ပိုင်းအမျိုးသားတစ်ဦး ထိုင်နေသည်။ သူ၏ရွှေရောင်ဆံပင်များ ပြန့်ကျဲနေကာ အမူအရာ ကင်းမဲ့နေ၏။ သူသည် ရှီဟောင်တို့ ရှိနေသည်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးပြန်မှိတ်သွားသည်။

“ဦးလေး..” ကျင်းယန် တီးတိုးခေါ်လိုက်ပြီးနောက် သူ့ပါးစပ်ကို မြန်မြန်ပိတ်လိုက်သည်။

ထိုလူလတ်ပိုင်းအမျိုးသား ဘာမှပြန်မပြော။ ယခင်က စကားပြောသည်မှာ သူပင်။ သူသည် ဤနေရာကို စောင့်ကြပ်ရသည့် ဗိုလ်ချုပ်များထဲမှ တစ်ဦးပင်။ သူသည် ရွှေရောင်ကျီးကန်းကလန်ကို ကိုယ်စားပြုကာ ဤနေရာ၌ စောင့်ကြပ်နေခြင်းပင်။

ကျင်းယန်တို့လူငယ်အုပ်စု မြို့ဂိတ်တံခါးပေါ်သို့ တက်နိုင်ခြင်းမှာ ဤလူနှင့် ရင်းနှီးနေသောကြောင့်ပင်။ မဟုတ်ပါက လူငယ်များ ထိုပေါ်သို့ တက်နိုင်စရာ အကြောင်းမရှိ။

“ဒီမြို့ဂိတ်တံခါးနားမှာ ဘယ်လို မြင်ကွင်းတွေ ရှိမှာလဲ .. ငါတို့ အထဲဘက်ကို ဆက်သွားရင်ရော .. ငါတို့ ခမ်းနားတဲ့တောင်နဲ့မြစ်တွေကိုကြည့်မယ် .. ထာဝရနယ်မြေက ဘယ်လိုမျိုးလဲဆိုတာ ငါတို့ကြည့်လို့ရတာပေါ့” စန်းကျန်း ပြောလိုက်သည်။

“လှပတဲ့ရှုခင်းတွေရှိလား .. ခမ်းနားတဲ့တောတောင်နဲ့မြစ်တွေ ရှိတဲ့နေရာရှိလား .. အနည်းဆုံးတော့ ထာဝရနယ်မြေကို ကိုယ်စားပြုနိုင်တဲ့ နေရာတစ်ချို့လောက်ပေါ့..” ရှီဟောင်မေးလိုက်သည်။

သူလည်း အစွန်အဖျားလေးသာ လည်ပတ်ပြီးပြန်မသွားချင်။

ဤလူများ မျက်မှောင်ကြုတ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် ရှီဟောင်တို့‌ နောက်လှည့်ကြည့်လိုက်သည့်အချိန်၌ သူတို့အမူအရာများ ချက်ချင်းတောင့်တင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဖြတ်လာသည့်လမ်းများကို သန့်စင်နေသည့် မှော်ပစ္စည်းများကိုင်ထားသည့်စစ်သားများရှိနေသည်ပင်။

သူတို့ခန္ဓာကိုယ်မှ မကောင်းသည့်ပစ္စည်းများ ထွက်ကျလာမည်စိုးသောကြောာင့် သူတို့တစ်ကိုယ်လုံးကို နတ်အလင်းတန်းများဖြင့် ဖုံးအုပ်လိုက်သည်အထိပင်။

“ရှင်တို့အားလုံးက တကယ်ကို .. သတိကြီးကြတာပဲ..” ရှန်းမင်သည် တကယ်တမ်းတွင် သူတို့ကို ပြောဆိုပစ်လိုက်ချင်နေသည်။ သို့သော်လည်း ထိုစစ်သားများ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် များပြားလှသည့်ထာဝရမြူများကို အာရုံခံမိသွားသည့်အချိန်တွင် သူမစကားများကို ပြောင်းလဲလိုက်သည်။

“ဒီနေ့ ငါတို့မင်းကို ထာဝရတွင်းကို ခေါ်သွားမယ်”

မြို့ဂိတ်တံခါးနှင့် သိပ်မဝေးသည့်နေရာတွင် ထာဝရနယ်မြေအတွင်းပိုင်းနှင့် ချိတ်ဆက်နေသည့် ယဇ်ပုလ္လင်တစ်ခု ရှိနေသည်။

ရှီဟောင်တို့ ထိုယဇ်ပုလ္လင်ပေါ်သို့ တက်လိုက်သည်နှင့် များပြားလှသည့် ထာဝရစွမ်းအင်များ သူတို့ကို ရစ်သိုင်းသွားသည်။ ထို့အပြင် ငါးရောင်စပ်နတ်အလင်းများလည်း ထုတ်လွှတ်လာကာ ရွှီးဟူသည့်အသံနှင့်အတူ သူတို့ အဝေးသို့ ပျောက်ကွယ်သွားသည်။

သူတို့ ပြန်ပေါ်လာသည့်အချိန်တွင် ကျောက်ဂိတ်တံခါးများနှင့် အတော်ဝေးနေပြီဖြစ်ပြီး ကြီးမားလှသည့် တွင်းကြီးအထက်၌ ရှိနေသည်။

ကြီးမားလှသည့် ကျောက်တုံးကြီးများမညီမညာဖြစ်နေပြီး တွင်းကြီး၏ အောက်ခြေကို မမြင်ရ။ သို့သော် ဤတွင်းမှာ ကြောက်စရာမကောင်း။ ထိုအစား အောက်ခြေမှ ထာဝရစွမ်းအင်များ ထုတ်လွှတ်နေသည်။ ဘေးပတ်လည်ရှိ တောအုပ်တွင်လည်း ဖရိုဖရဲစွမ်းအင်များ ပျံ့လွင့်နေသည်။

“ဒါက ဘယ်လိုနေရာမျိုးလဲ ..” ရှန်းမင် မေးလိုက်သည်။

“ငါတို့ ထာဝရနယ်မြေက အံ့ဩစရာကောင်းတဲ့နေရာတွေထဲက တစ်ခု .. ဒါက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ .. ဒီနေရာက အရမ်းအန္တရာယ်များတယ်ဆိုပေမယ့် သဘာဝကံကောင်းမှုတွေ ရှိနေတဲ့နေရာလည်း ဟုတ်တယ်..” ကျင်းယီ အေးစက်သည့်အမူအရာဖြင့် ပြောလိုက်သည်။

“ထာဝရတွင်းက ကျောက်တုံးတွေထဲမှာ တစ်ချို့က ထာဝရတာအိုစာအုပ်တွေ၊ တစ်ချို့က ထူးခြားတဲ့လက်နက်တွေရှိတယ် .. ငါတို့ဆီက ကျွမ်းကျင်သူတွေလည်း လာရှာကြတယ် .. ဒါပေမဲ့ အားလုံး တစ်ခုခုကို ရသွားကြတာမဟုတ်ဘူး . အဲဒီအစား ကျောက်တုံးသားရဲတွေရဲ့ အစာဖြစ်သွားနိုင်ချေလည်းရှိတယ်..” ဥဒေါင်းဖြူနတ်သမီး သတိပေးလိုက်သည်။

ထာဝရတွင်းသည် ထူးဆန်းသည့်ဇစ်မြစ်ရှိနေသည့်နေရာတစ်ခုပင်။

ဤနေရာမှာ ဧကရာဇ်များ ကျဆုံးသွားသည့်ခေတ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်ပင်။

အပိုင်း ၁၈၁၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၁ – ထာဝရတွင်းနက်

ဤတွင်းနက်မှာ အလွန်ကြီးမားလှသလို အလွန်လည်း နက်လှသည်။

တွင်းပေါက်ဝ ပတ်လည်၌ ကြီးမားလှသည့်ကျောက်တုံးများ ရှိနေသည်။ ကျောက်တုံးအားလုံးမှာ ပုံစံများ မတူညီကြ။ အချို့မှာ ကောင်းကင်ဓားများကဲ့သို့ လေထဲ၌ ထိုးစိုက်နေသည်။ အချို့မှာ ကျားဖြူနှင့်တူကာ အချို့မှာ အပြာရောင်နဂါးများနှင့် တူသည်။

အချို့ကျောက်တုံးများမှာ အနက်ရောင်သွေးများ စိုရွှဲနေသကဲ့သို့ အနက်ရောင်ရှိနေသည်။

အချို့ကျောက်တုံးများမှာ ရွှံ့ခြောက်အပိုင်းကဲ့သို့ အညိုရောင်ဖြစ်နေသည်။

အတိုချုပ်ပြောရလျှင် ကောင်းကင်တွင်းမှာ အပင်များ မရှိပဲ အလွန်ခေါင်တီးကာ အလွန်ငြိမ်သက်နေသည်။ သို့သော် သေဆုံးနေသည့်နေရာနှင့်တော့မတူ။ အဘယ်ကြောင့်ဆိုသော် တွင်းအောက်ခြေမှ ထာဝရစွမ်းအင်များ ထွက်လာနေသည်ပင်။

ဤသည်မှာ ဧကရာဇ်များကျဆုံးသွားသည့်ခေတ်ကတည်းက ရှိနေခဲ့သည့် တွင်းကြီးပင်။

ဒီနေရာမှာ တကယ်ပဲ ရှားပါးရတနာတွေရှိနေတာလား .. ရှီဟောင် သိချင်လာသည်။

“ဒါက တွင်းတစ်တွင်းပဲ မဟုတ်ဘူးလား .. ငါတို့မမြင်ဖူးတဲ့ မြေအောက်က အန္တရာယ်တွေရှိသေးလို့လား..” ရှန်းမင် ရယ်မောလိုက်သည်။ သူမသည် တောင်စွန်း၌ ရပ်နေသည်။

“အဲဒီလိုလား .. ဒီထာဝရတွင်းက ငါတို့ထာဝရနယ်မြေမှာ အရမ်းနာမည်ကြီးတယ် .. မင်းတို့မကြောက်ရင် မင်းတို့အောက်ဆင်းပြီး စမ်းကြည့်လို့ရတယ်” ခရမ်းရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်လူငယ်လေးမှ ပြောလိုက်သည်။

ဤလူ၏နာမည်မှာ ဟော်ဖူတုန်းဖြစ်ကြောင်း သူတို့သုံးယောက် သိပြီးသွားပြီဖြစ်သည်။ သူ၏လူမျိုးစုနှင့် ကျင့်ကြံဆင့်မှာမူ မရှင်းလင်း။ သို့သော် ဤကဲ့သို့သောလူမျိုးသာ အဆင့်နိမ့်နယ်မြေသို့ ဆင်းသွားပါက သေချာပေါက် စွမ်းအားကြီးသည့် ကျွမ်းကျင်သူ ဖြစ်မည်ပင်။

“အရင်က ရှင်တို့ ဆင်းသွားဖူးလား .. ရှင်တို့ တစ်ခုခု ရလာဖူးလား..” ရှန်းမင် ချိုမြိန်စွာ ပြုံး၍ မေးလိုက်သည်။ သူမသည် သူမ၏အမြင်ကို မပြောပဲ ဤကဲ့သို့သာ မေးလိုက်သည်။

“ငါ အကျိုးကျေးဇူးတွေ ရခဲ့တယ်..” ဟော်ဖူတုန်း အေးစက်စွာ ပြောလိုက်သည်။ ရှန်းမင်၏အလှမှာ တိုင်းပြည်များကို ပြောင်းပြန်လှန်နိုင်သော်လည်း သူသိပ်ဂရုမစိုက်ပေ။

“ရှင်တို့အားလုံး သတ္တိရှိရင် ဆင်းသွားပြီးတော့ ကိုယ့်ဘာသာကိုယ် လေ့လာကြည့်ကြလေ .. ဟက် .. ဘယ်သူပြောနိုင်မလဲ .. ရှင်တို့အားလုံးက အဆင့်နိမ့်နယ်မြေကနေလာတာဆိုတော့ ရှင်တို့တွေက ထာဝရတွင်းကိုစွန်းထင်းစေပြီးတော့ ရှင်တို့ကိုတွေ့ရင် ကျောက်တုံးသားရဲတွေတောင် ထွက်ရင် ထွက်ပြေးသွားနိုင်တယ်.. အဲဒီအချိန်ကျရင် ရှင်တို့ ပစ္စည်းကောင်းကောင်းလေးတွေ ရရင် ရလာမှာပေါ့..” အခြားမိန်းမပျိုတစ်ဦး ရယ်မော၍ ပြောလိုက်သည်။

သူမသည် အပြာဖျော့ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏အပြာနုရောင်ဆံပင်များလည်း ရေလှိုင်းလေးများကဲ့သို့ပင်။ မျက်ဆံများလည်း ပြာလဲ့လဲ့တောက်ပနေသည်။ သူမသည် အလွန်လှပလှကာ ထာဝရစွမ်းအင်များ ထုတ်လွှတ်နေသည်။

အထူးသဖြင့် သူမ မျက်ခုံးကြားမှ နီရဲနေသည့်အမှတ်အသားပင်။ ထိုအမှတ်သည် အခြားသူများကို တစ်ချက်ကြည့်ရုံဖြင့် မေ့ရခက်စေသည်။

သို့သော် သူမ၏စကားများမှာ သူမ၏ထာဝရတာအိုအော်ရာနှင့် မကိုက်ညီလေက်အောင် စူးရှလှသည်။ သူမသည် အဆင့်နိမ့်နယ်မြေမှ လူသားများထက် အလိုလိုအဆင့်မြင့်သည်ဟု ခံစားနေရသည်ပင်။

သူမ နာမည်မှာ နော့လန်ပင်။ သူမ၏လူမျိုးစုကိုလည်း မသိရ။

“ရှင်တို့ဘက်ကလူတွေ ရိုက်ခံရတာ မလုံလောက်သေးလို့လား .. ရှင်က ဟွမ် ရိုက်တာခံပြီး သူ့စီးတော်ယာဉ်လုပ်ရမှ ကျေနပ်မှာလား..” ရှန်းမင် ဒဲ့တိုးပင် ပြောလိုက်သည်။

သူမသည် အလွန်လှပလှသော်လည်း သူမပါးစပ်မှာ သက်ညှာမှုမရှိ။

နော့လန်သည် မျက်လုံးအဝိုင်းသားဖြစ်သွားကာ အလွန်ထိတ်လန့်သွားလေ၏။

တစ်ဖက်မှ ဤမျှဒဲ့တိုးဆန်လိမ့်မည်ဟု သူမ မထင်ထားခဲ့။

ဤစကားမှာ ကျင်းယန်၏အနာကို ဆွလိုက်ခြင်းဖြစ်သကဲ့သို့ နော့လန်၏မျက်နှာထက်ကိုလည်း ရှက်ရွံ့မှုများ ပြည့်နှက်သွားစေသည်။ သူမသည် ရှန်းမင်ကို စိုက်ကြည့်လိုက်ကာ “အဲဒီတော့ ဒါက အဆင့်နိမ့်နယ်မြေက အမျိုးသမီးကျင့်ကြံသူပေါ့ .. စကားပြောပုံက တကယ်ကို ရိုင်းပျတာပဲ.. ရှင့်ရဲ့ပြုမူပုံတွေကလည်း ရိုင်းစိုင်းမယ်ထင်တယ်..”

“ဟမ် .. စကားလုံးတွေက နည်းနည်းနာသွားတာလား .. လူတွေက သူတို့မဖြစ်ချင်တာကို တစ်ခြားသူတွေအပေါ်မှာလည်း မလုပ်ရဘူး .. ရှင် အဆင့်နိမ့်နယ်မြေတွေကို လှောင်ပြောင်တုန်းက၊ ကျွန်မတို့ကို အထင်သေးတုန်းက ရှင်ကျွန်မတို့နေရာကနေ ဝင်ခံစားဖူးလား..” ရှန်းမင် အပြုံးနုလေးဖြင့် ပြောလိုက်သည်။

ထို့နောက် သူမ ရန်စမှုအပြည့်ဖြင့် ထပ်ပြောလိုက်သည်။ “ရှင် လက်မခံနိုင်ရင် လာခဲ့လေ .. ဟွမ် ရှင်နဲ့တိုက်လိမ့်မယ် .. သူ ရှင့်ကို အချက်ရေ ငါးရာအတွင်း ဖိနှိပ်လိမ့်မယ်လို့ ကျွန်မဂတိပေးတယ် .. ပြီးတော့ ရှင့်ကို သုံးကြိမ်နဲ့အထက် ရိုက်နိုင်လိမ့်မယ်..”

ရှီဟောင် မျက်လုံးလှန်လိုက်သည်။ သူမက သူ့ကိုပါ ရေထဲဆွဲချနေတာလား.. သူမက အကြောင်းပြချက်မရှိပဲနဲ့ တစ်ခြားသူတွေ အမုန်းပွားအောင် လုပ်နေတာလား..

နော့လန် ရှန်းမင်ကို မုန်းတီးစွာ စိုက်ကြည့်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်လေသည်။ “အဲဒါ အဓိပ္ပာယ်ရှိသားပဲ .. ကျွန်မရှင်နဲ့တိုက်ရင် ရှင့်ကို အနိုင်ကျင့်သလို ဖြစ်သွားလိမ့်မယ် .. အဲ့ဒါကြောင့် ရှင်က လူသားကလန်က လူငယ်လေးကို တွန်းထုတ်နေတာပဲ .. ဒါပေမဲ့ ရှင် အတွေးလွန်နေပြီ .. ကျွန်မက ကျင်းယန်မဟုတ်ဘူး .. ကျွန်မတိုက်ခိုက်ရင် ဘယ်သူမှ ကျွန်မကို မတားနိုင်ဘူး..”

ရှီဟောင် ထိတ်လန့်သွားရသည်။ ဒီအပြာရောင်ဝတ်စုံနဲ့ နဖူးမှာ အနီမှတ်ပါတဲ့ အမျိုးသမီးက အရမ်းကို မောက်မာလွန်းသွားပြီမလား.. သူမ၏ အပြာရောင်မျက်ဝန်း၌ တိုက်ပွဲအငွေ့အသက်များ ဖြစ်ပေါ်နေသည်ပင်။

သူမ တကယ်တိုက်ခိုက်တော့မှာလား..

ဤကိစ္စ၌ပါဝင်သည့် ကျင်းယန် ဘာမှပြန်မငြင်းသောကြောင့် နော့လန်အမည်ရသည့် မိန်းမပျိုလေးမှာ အတော်လေးသန်မာသည်ပင်။

ရှီဟောင်တို့နှင့် စုစုပေါင်း လူငယ်ငါးယောက် လိုက်ပါလာသည်ပင်။ ကျင်းယန်၊ ဥဒေါင်းဖြူနတ်သမီး၊ ခရမ်းရောင်ချပ်ဝတ်တန်ဆာနှင့်လူငယ်မှာ ဟော့ဖူတုန်းနှင့် မျက်လုံးပြာနှင့်အမျိုးသမီးမှာ နော့လန်၊ နောက်ဆုံးတစ်ယောက်မှာ စကားးသိပ်မပြောသောကြောင့် သူတို့ သူ့အကြောင်း မသိကြ။

ယခင်က သူတို့ကို မြူများ အုံ့ဆိုင်းနေသောကြောင့် သူတို့ပုံစံအမှန်ကို မမြင်ရ။ သူတို့ ဥဒေါင်းဖြူနတ်သမီးနှင့် ကျင်းယန်ကိုသာ တွေ့ခဲ့ရသည်။ ယခုမှာ ဟော့ဖူတုန်းနှင့် နော့လန်တို့ သူတို့ပုံစံကို ပြသလာခြင်းပင်။

ခွပ်..

ထိုအချိန်ွင် ရှီဟောင် အစွန်း၌ ရှိနေသည့်‌ ကျောက်တုံးတစ်တုံးကို သူ၏လက်ဖြင့် ဖိချေလိုက်သည်နှင့် ဘဲဥပုံအနက်ရောင်ကျောက်တုံးအပိုင်းအစများ ထွက်ပေါ်လာသည်။

ထိုကျောက်တုံးနက်မှာ အလွန်မာကျောလှသည်။ ဘေးပတ်လည်မှ ကျောက်တုံးများ အက်ကွဲသွားသော်လည်း သူ မပျက်မစီးသာ ကျန်နေခဲ့သည်။ ရှီဟောင်၏လက်ချောင်းများ မည်မျှပင် တောက်ပလာနေပါစေ ထိုကျောက်တုံးကို ဖျက်ဆီးနိုင်ရန် ခက်ခဲနေသည်။

ဤသည်မှာ သာမန်မဟုတ်သည့်ကိစ္စပင်။ သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် ကျောက်တုံးတစ်တုံးမပြောနှင့် ကြယ်များကိုပင် လက်ဗလာဖြင့် တစ်ဝက်ချိုးပစ်နိုင်သည်။

“ငါမင်းကို သတိပေးလိုက်မယ် ဒီနေရာမှာစိတ်မြန်လက်မြန်လျှောက်မလုပ်နဲ့ .. ပိုပြီးတော့ သတိထား..” ကျင်းယန် ပြောလိုက်၏။

ဝုန်း..

ရှီဟောင် နတ်စွမ်းရည်တစ်မျိုးကို အသုံးပြုလိုက်သောကြောင့် သူ၏လက်ဝါးနှင့် လက်ချောင်းများ တောက်ပလာကာ ထိုကျောက်တုံးသည် ဥတစ်လုံးကဲ့သို့ ခွပ်ခနဲ ကွဲသွားသည်။

ရွှီး ရွှီး ရွှီး..

ဟော့ဖူတုန်း၊ နော့လန်၊ ဥဒေါင်းဖြူနတ်သမီးနှင့် အခြားသူများသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

ဤသည်ကို မြင်သည်နှင့် စန်းကျန်းနှင့် ရှန်းမင်တို့လည်း နောက်ဆုတ်သွားလိုက်ကြ၏။

ကျောက်တုံးကိုင်ထားသည့်ရှီဟောင်ဟာ ကြီးမားလှသည့်စွမ်းအားလှိုင်းတစ်ခုဖြင့် စုတ်ယူခံထားရသည်။ သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ အဖိုးတန်ပညာများ၊ နတ်စွမ်းရည်ပေါင်းများစွာကို အသက်သွင်းလိုက်မှသာ သူ စွမ်းအားမှ ရုန်းထွက်လာနိုင်ကာ မြန်မြန်နောက်ဆုတ်လိုက်နိုင်သည်။

ဝုန်း..

ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ အနီရောင်အမွေးများပြည့်နေသည့် ခေါင်းတစ်လုံးသည် သူ၏သွေးပေနေသည့်ပါးစပ်ကို ဟကာ လေဟာနယ်ကိုဖြတ်၍ ကိုက်လာသည်။ ရှီဟောင် ရပ်နေခဲ့သည့် နေရာမှာ ချက်ချင်းပင် အပိုင်းပိုင်း ပေါက်ကွဲသွားသည်။

ထိုခေါင်းထံ၌ သားရဲအော်ရာရှိနေသည်။ ဤသည်မှာ ရှေးခေတ်မှ သားရဲကြီး ဤနေရာသို့ ထွက်ပြေးလာသကဲ့သို့ပင်။

ဝေါင်း..

ကျယ်လောင်လှသည့် ဟိန်းသံတစ်သံ ထွက်ပေါ်လာကာ ဤနယ်မြေတစ်ခုလုံးကို တုန်ခါသွားစေသည်။ ထာဝရတွင်းပင် တုန်ခါသွားကာ ဘေးပတ်လည်မှ ကျောက်တုံးကြီးများ ပြတ်ကျလာကာ မြေပြင်ကြီး တုန်ခါလာသည်။

သိပ်မဝေးသည့်နေရာမှ ပုံရိပ်အချို့ အလောတကြီး ပြေးလာကြသည်။ ဤနေရာ၌ အခွင့်အရေးကောင်းများ ရှာဖွေနေကြသည့်သူအချို့ ရှိနေကြသည်ပင်။ ဤနေရာမှ ဆူညံသံမှာ ကျယ်လောင်လွန်းလှသောကြောင့် ဘေးပတ်လည်မှ ကျင့်ကြံသူများ ထိတ်လန့်သွားကြသည်။

ဤခေါင်းမှာ ခြင်္သေ့ခေါင်းနှင့်တူသည်။ သူ၏အမွေးများမှာ နီရဲနေ၏။ သို့သော်လည်း သေချာကြည့်မည်ဆိုလျှင် ဤသည်မှာ ခြင်္သေ့မဟုတ်။ ခြင်္သေ့နှင့်တူသည်မှာ လည်ဆံမွေးတစ်ခုတည်းသာ။

ဤသည်မှာ မကောင်းဆိုးဝါးကြီးပင်။ သူ၏သွေးလွှမ်းနေသည့်ပါးစပ်သည် ကောင်းကင်ကြီးကို ဝါးမြိုနေလေ၏။ သူသည် ရုတ်တရက်ပင် အရွယ်အစားကြီးမားလာကာ တောင်တစ်လုံးအရွယ်အစားဖြစ်လာသည်။

ဤသည်မှာ အနောက်ကိုအမြန်ဆုတ်နေသည့် ရှီဟောင်အား ဆွံ့အသွားစေသည်။ သူ ချိုးဖဲ့လိုက်သည့်ကျောက်တုံးလေးမှာ တစ်ကျန်းခန့်သာရှိသည်။ အဘယ်ကြောင့် ဤကဲ့သို့သောအရာမျိုး ရုတ်တရက် ပေါ်လာသနည်း..

သူ့ထံ၌ ခေါင်းသာရှိသည်။ လည်ပင်းမှာ သွေးများစီးကျနေပြီး ခန္ဓာကိုယ်မရှိ။

ဤသည်မှာ တကယ်ကို အနည်းငယ် ကြောက်စရာကောင်းလှသည်။ သူ၏ပါးစပ်ကို ဟလိုက်သည်နှင့် အရာအားလုံးကို ဝါးမြိုပစ်နိုင်သလိုပင်။

ခပ်ဝေးဝေးတွင် တောင်များ အမြစ်များ ကျွတ်ထွက်လာကာ သူ့ပါးစပ်ထံသို့ ဦးတည်လာသည်။ သတ္တုတွင်းအချို့လည်း အရည်အဖြစ် အရည်ပျော်ကျသွားကာ သူ့ပါးစပ်ထံသို့ စီးဆင်းလာသည်။

“ဒါက .. ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။

သူ မြန်မြန်နောက်ဆုတ်လိုက်သောကြောင့်သာ။ မဟုတ်ပါက အကျိုးဆက်မှာ မတွေးရဲလောက်စရာပင်။

“လူငယ်လေး .. မင်း ဒီလိုမျိုး လက်လွတ်စပယ်လုပ်လိုက်ပြီးတော့ အသက်ရှင်နေသေးတာကိုပဲ မင်းဝမ်းသာသင့်နေပြီ..” လူလတ်ပိုင်းအမျိုးသားတစ်ဦး ဆင်းက်လာကာ ပြောလာသည်။

ဥဒေါင်းဖြူနတ်သမီး၊ ဟော့ဖူတုန်းနှင့် နော့လန်တို့လည်း လျှောက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသားရဲခေါင်းသည် သူတို့နောက်မလိုက်။

“ဒါက သွေးစွမ်းအင်လှိုင်းတစ်ခုမို့လို့ တော်သေးတာပေါ့ .. မဟုတ်ရင် ဒီနေရာမှာ သွေးလွှမ်းတဲ့တိုက်ပွဲကြီး ဖြစ်နေလောက်ပြီ..” ဟော့ဖူတုန်း ပြောလိုက်သည်။

ဥဒေါင်းဖြူမှ သူတို့အား ရှင်းပြလာသည်။

“ကျွန်မ ရှင်းပြထားသလိုပဲ .. ဒီနေရာမှာ ကံကောင်းမှုတွေရှိတယ် .. ဒါပေမဲ့ အရမ်းလည်းအန္တရာယ်များတယ် ..ကျောက်တုံးတွေမှာ ဧကရာဇ်တွေ ကျဆုံးသွားတဲ့ခေတ်တုန်းက တစ်ချို့ပစ္စည်းတွေကို ချိတ်ပိတ်ထားတဲ့အရာရှိတယ်”

ဥဒေါင်းဖြူပြောသည့်အတိုင်းဆိုလျှင် ဤနေရာ၌ လက်လွတ်စပယ်မလုပ်သင့်။ ပျက်စီးနေသည့် မှော်ခန္ဓာကိုယ်အချို့သာ လွတ်လာပါက ဤနေရာ၌ ‘နတ်ဆိုးကပ်ဘေးကြီး’ ဖြစ်သွားလိမ့်မည်။

“ဒီလောက်တောင် ရက်စက်တာလား..” ရှီဟောင် ထူးဆန်းသည့်အမူအရာ ဖြစ်လာသည်။

ဤကဲ့သို့သော နေရာမျိုးရှိနေလျှင် ထာဝရနယ်မြေ ဤနေရာကို ရှင်းလင်းပစ်သင့်သည်။ ရှီဟောင် သူ၏သံသယကို ထုတ်ပြောလိုက်၏။

“မြေအောက်အတွင်းပိုင်းမှာ ရွေ့လို့မရတဲ့ အရာတစ်ချို့ရှိနေတယ် … အဲဒီ ပစ္စည်းတွေကို သူ့ရဲ့မူလပုံစံအတိုင်းထားတာ အကောင်းဆုံးပဲ .. ဆန့်ကျင်ဘက်အနေနဲ့ လူငယ်မျိုးဆက်တွေ ဒီနေရာမှာ အခွင့်အရေးကောင်းတွေ လာရှာနိုင်တယ်” လူလတ်ပိုင်းအမျိုးသား ရှင်းပြလိုက်ကာ သူ့မျက်နှာထက်၌ အံ့အားသင့်သည့်အမူအရာ ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူတိုင်းသိသည့်အရာပင်။ ဤလူငယ်လေးက အဘယ်ကြောင့် ဤကိစ္စကို မသိသနည်း..

“သူတို့တွေက အဆင့်နိမ့်နယ်မြေကလူတွေ” ကျင်းယန် ပြောလိုက်ကာ ထပ်ရှင်းပြလိုက်သည်။

လူလတ်ပိုင်းအမျိုးသားသည် ချက်ချင်းပင် အေးစက်သွားကာ ရှီဟောင်ကို ထပ်မကြည့်တော့ပဲ ထွက်သွားလေ၏။ ထို့အပြင် အံ့အားသင့်စရာကောင်းသည့်ပညာတစ်ခုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို သန့်စင်သွားသေးသည်ပင်။

ရှီဟောင် သူ့မျက်နှာကို ဖိနပ်ဖြင့် ပစ်ပေါက်ချင်မိသွားသည်။ သူက အပြင်လောကက ကျင့်ကြံသူတွေကို ဒီလောက်တောင် ရွံနေတာလား..

“ဒါက နေရောကောင်းပဲ .. ဘယ်လောက်တောင် ကောင်းလိုက်တဲ့နေရာလဲ..” အချိန်အတော်ကြာသည်အထိ ဘာမှမပြောခဲ့သည့် စန်းကျန်းမှ ပြောလိုက်ပြီး ဤနေရာကို ဆက်တိုက်ချီးကျူးနေလေသည်။

ရှန်းမင်လည်း အလွန်ချိုမြိုန်စွာ ရယ်မောလိုက်လေ၏။

ရှီဟောင် စိတ်လှုပ်ရှားသွား၏။ ဒီနေရာက မသေသေးတဲ့ရွှေရောင်စစ်သူရဲနှစ်ယောက်အတွက် နိဗ္ဗာန်ဘုံ ဖြစ်နေတာများလား..

“ညီအစ်ကို စန်းကျန်း ခဏနေကျရင် ကျုပ်ကို ကျောက်တုံးတစ်တုံးလောက် ကူရွေးပေးပါဦး .. ဒီ ထာဝရနယ်ပယ်ကလူတွေကို သွေးအန်အောင် လုပ်ရအောင်င” ရှီဟောင် အသံပို့လွှတ်လိုက်သည်။

“ကိစ္စမရှိဘူး … ငါအကောင်းဆုံး ကြိုးစားပေးမယ် .. ဒါပေမဲ့ ညီအစ်ကိုဟွမ် မင်းရဲ့ မသိစိတ်ကိုပိုပြီးတော့ ယုံကြည်သင့်တယ်လို့ ကျုပ်ခံစားရတယ် .. မင်း ဧကရာဇ်တွေ ကျဆုံးတုန်းက ချန်ထားခဲ့တဲ့ ကျမ်းစာတစ်ချို့ကိုတောင် တွေ့ရင်တွေ့နိုင်မှာ” စန်းကျန်း ပြောလိုက်သည်။

“ဧကရာဇ်တွေ ကျဆုံးတုန်းက ကျန်ခဲ့တဲ့ ကျမ်းစာအစစ်တွေက အဖိုးမဖြတ်နိုင်ဘူးလို့ သင်္ချိုင်းဘုရင်တွေ ပြောတာကြားဖူးတယ်..” သူ ထပ်ပြောလိုက်သည်။

ဤစကားလုံးများမှာ လေးနက်လှသည်ပင်။ သင်္ချိုင်းဘုရင်များပင် ဤကဲ့သို့ ချီးကျူးနေသောကြောင့် ထိုကျမ်းစာများမှာ မည်ကဲ့သို့သော ကျမ်းစာဖြစ်သနည်း..

ထိုခေတ်က ‘ကျမ်းစာများ’အဖြစ် သတ်မှတ်ထားသည့် ရှေးဟောင်းစာသားများမှာ သေချာပေါက် အဆင့်လွန်ရတနာများပင်။

“ငါ ဒီကနေ ပစ္စည်းကောင်းလေးတွေ ရသွားဖို့ တကယ်မျှော်လင့်မိတယ် .. သူတို့ကို နည်းနည်းလောက် ဝမ်းနည်းခိုင်းရမယ် .. အဲဒါဆိုရင် ငါတို့ထွက်သွားတာနဲ့ သူတို့တွေ ငါတို့ကို ရှာဖို့အတွက် ထာဝရနယ်မြေကနေ ထွက်လာလိမ့်မယ်” ရှီဟောင် ပြောလိုက်သည်။

အပိုင်း ၁၈၁၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၂ – ထာဝရရွှေကျောက်တိုင်

မသေသေးသည့်ရွှေရောင်စစ်သူရဲများဖြစ်သောကြောင့် သူတို့သည် ဤကဲ့သို့သော သတ္တုတွင်းများနှင့် အခြားအရာများကို အလွန်ကောင်းမွန်စွာ အာရုံခံနိုင်ကြသည်။ ယခု စန်းကျန်း မျက်လုံးမှိတ်ကာ သူ၏ဘေးပတ်လည်ကို အာရုံခံလိုက်သည်။

ရှန်းမင်လည်း အရှေ့သို့ အနည်းငယ်သွားလိုက်ပြီး တွင်းအစွန်းမှ ခုန်ဆင်းသွားလိုက်သည်။

ခပ်ဝေးဝေးမှ ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ တောင်တစ်လုံးကဲ့သို့ ကြီးမားလှသည့် ထိုခေါင်းကြီး ပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားသည်။

ထိုခေါင်းကြီး ပျောက်ကွယ်သွားသည်နှင့် သူမြိုချထားသည့် တောင်များနှင့် သတ္တုရည်များ အောက်ကျလာသည်။

“ဒါက နည်းနည်းထူးဆန်းတယ်” စန်းကျန်း ပြောလိုက်သည်။ ထိုခေါင်း သူ့ကိုထိခိုက်အောင် မလုပ်နိုင်။ သူ၏မျက်လုံးများမှာ မှိတ်နေဆဲပင်။ ဤကဲ့သို့သော တည်ငြိမ်မှုမျိုးမှာ ဟော့ဖူတုန်း၊ နော့လန်နှင့် အခြားသူများကို ထိတ်လန့်သွားစေသည်။

မသေသေးသည့်စစ်သူရဲဖြစ်သော်လည်း သူသည် ဤနေရာရှိ မြေကြီးနှင့်‌ ကျောက်တုံးများကို အာရုံမခံနိုင်ဖြစ်နေသည်။ အားလုံးမှာ သီးသန့်ဖြစ်နေသည်။ ဤသည်မှာ ဤကျောက်တုံးများသည် ကောင်းကင်၏ထူးဆန်းမှုများကိုပင် ဖုံးကွယ်ထားနိုင်သကဲ့သို့ပင်။ ဖောက်ထွင်းမြင်နိုင်ရန် ခက်ခဲလှသည်။

စန်းကျန်းသိသည့် သာမန်လေ့လာရေးနည်းလမ်းများမှာ လုံးဝအသုံးမဝင်။

“မင်းတို့ခွန်အားတွေကို ဖြုန်းတီးနေစရာမလိုဘူး .. အနက်ရောင်ကျောက်တုံးတွေကို တွေ့လား .. အဲဒီကျောက်တုံးတွေက သွေးတစ်မျိုးမျိုးစိုထားလို့ .. အဝါဖျော့ရောင်ကျောက်တုံးတွေက စွမ်းအားကြီးတဲ့သူတွေရဲ့ အသွေးအသားကနေ ဖြစ်လာတာ .. ဧကရာဇ်တွေ ကျဆုံးတဲ့ခေတ်က ဖြစ်လာတဲ့ပစ္စည်းတွေကို ဘယ်လိုလုပ် လွယ်လွယ်ထိုးဖောက်မြင်နိုင်မှာလဲ..”ကျင်းယန် အေးစက်စွာ ပြောလိုက်သည်။

စန်းကျန်းဘာမှမပြောသော်လည်း ရှန်းမင် နှာခေါင်းရှုံ့လိုက်၏။ သူမ ဤစကားများကို မယုံကြည်။ သူမနားလည်ထားသလောက်ဆိုလျှင် ဤနေရာ၌ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ခဲ့သည်။ ထို့ကြောင့် အမှန်တရားမှာ ချိတ်ပိတ်ခံလိုက်ရပြီဖြစ်သည်။

ဖုန်း..

ရှန်းမင် တွင်းထိပ်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။ ဤသည်မှာ ဒလိမ့်တုံးအရွယ်အစားသာရှိသည်။ သိပ်မကြီး။ သူမ မှော်စွမ်းအားများထည့်လိုက်ကာ ကျောက်တုံးကွဲသွားအောင် လုပ်လိုက်သည်။

“သတိထားဦး .. အဲဒီဘက်ကိုသွား..” ဥဒေါင်းဖြူနတ်သမီး အကြံပေးလိုက်သည်။

သိပ်မဝေးသည့်နေရာ၌ ကျောက်တုံများ ထပ်ထားသည့် ယဇ်ပုလ္လင်တစ်ခု ရှိနေသည်။ ဤကျောက်ပုံတွင် အစီအရင်ဟောင်းတစ်ခု ရှိနေသည်။

“သူ့ကိုဘာလို့ သွားပြောပြနေတာလဲ..” နော့လန် မကျေမနပ်ပြောလိုက်သည်။

ထာဝရတွင်းမှာ အလွန်ထူးခြားလှသည်။ အချို့ကျောက်တုံးများတွင် သားရဲများနှင့် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲနိုင်သည့် ပစ္စည်းများ ပါဝင်နေပြီး အချို့ကျောက်တုံးများတွင် အတိတ်မှလူများ ချန်ရစ်ထားခဲ့သည့် ပျက်စီးနေသည့်အစီအရင်များပင် ရှိနေသေးသည်။

အန္တရာယ်အများဆုံးဆိုလျှင် နတ်ဆိုးကပ်ဘေးကိုပင် ဖန်တီးနိုင်လိမ့်မည်။

ထို့ကြောင့် ထာဝရတွင်းပတ်လည်၌ ချထားသည့် အစီအရင်များမှာ စွမ်းအားကြီးသည့်သူများ ချထားခဲ့သည့် အစီအရင်များပင်။

ရှန်းမင် ခေါင်းမာမနေပဲ ထိုကျောက်တုံးကို အစီအရင်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူမ မှော်စွမ်းအားထည့်ကာ ကျောက်တုံးကို ခွဲလိုက်သည်။

ခွပ်..

ကျောက်တုံ့းကွဲသွားသည်နှင့် ထိုထဲမှ လက်သည်းတစ်ဖက် ထွက်လာသည်။ ထိုလက်မှာ ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မြေကြီးရောင်အလင်းတန်းများ ထုတ်လွှတ်နေသည်။ ထိုလက်သည်းသည် ရုတ်တရက်ပင် ရှန်းမင်အား ကုတ်ဖမ်းလာသည်။

ဒုန်း…

ရှန်းမင်၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသည်။ သူမသည် တံဆိပ်များ ပြုလုပ်ကာ ထိုလက်သည်းကို တိုက်ခိုက်လိုက်သည်။ မထင်မှတ်စွာဖြင့် ထိုလက်မှာ အလွန်မာကျောလှသည်။ ထိုကျောက်တုံးမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာကာ ရှန်းမင်ကို လျင်မြန်စွာ တိုက်ခိုက်လာသည်။

ဒါက သက်ရှိတစ်ကောင်ပဲ..

ရှန်းမင် ထိတ်လန့်သွားရ၏။ သူမ၏လှုပ်ရှားမှုများမှာ ကျက်သရေရှိကာ နူးညံ့သည့်ပုံပေါ်နေသော်လည်း သူမ များပြားလှသည့် မှော်ခွန်အားများကို အသုံးပြုနေခြင်းပင်။ ထိုသားရဲကြီး လွင့်ထွက်သွားလေ၏။

ရွှီး..

ထိုသတ္တဝါမှာ ခွေးတစ်ကောင်နှင့်တူသည်။ ခန္ဓာကိုယ်သိပ်မကြီး၊ သုံးပေခန့်သာရှိသည်။ သို့သော် သူ၏အရှိန်မှာ အလွန်လျင်မြန်လှသည်ပင်။ သူသည် အဝါရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ပြင်းထန်စွာပင် တိုက်ခိုက်လာသည်။

အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ထိုသားရဲ အတော်လေး ဒဏ်ရာရရှိသွားပြီးနောက် မြေကြီးနှင့် ကျောက်တုံးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

“အဲဒီတော့ ဒါက ကျောက်တုံးသားရဲတွေလား..” ရှီဟောင်မေးလိုက်သည်။

“သူက ဒီအတိုင်းပဲ ပြေးသွားပြီလား..” ရှန်းမင်၏အမူအရာမှာ ထိုမျှကြင်နာမနေပေ။

“မင်းရဲ့အခြေအနေကို မင်းကျေနပ်သင့်တယ် .. အဲဒါက ကျောက်တုံးသားရဲ .. အချိန်မရွေး အသက်အန္တရာယ်ရှိလာနိုင်တယ် .. ကံကောင်းစွာနဲ့ မင်းရန်စလိုက်တဲ့အကောင်က ခွေးတစ်ကောင်ဖြစ်နေလို့ .. သူသာ မသေမျိုးငှက်တို့၊ သားရဲကြီးတို့ဖြစ်နေရင် မင်းအခု သေနေလောက်ပြီ” ကျင်းယန် ပြောလိုက်သည်။

တွင်းအောက်၌ မပျက်စီးသည့် စိတ်ဝီညာဉ်ရှိသည်ဟု အချို့သူများ ပြောကြသည်။

အချို့သူများမှာလည်း ဤနေရာ၌ အုတ်ဂူတစ်ခုရှိသည်ဟု ပြောကြသည်ပင်။ မဟုတ်ပါက ကျောက်တုံးများမှာ အဘယ်ကြောင့် ပျက်စီးနေသည့် မှော်ကိုယ်ထည်များကို ရစ်ပတ်ထားမည်နည်း..

“နတ်အသိစိတ်ရအောင်လို့ ခန္ဓာကိုယ်ကို ငှားရမ်းပြီးတယ် .. သူက ပြောင်းလဲချင်နေတာလား ဒါမှမဟုတ် ပြန်မွေးဖွားချင်နေတာလား..” ရှန်းမင် သံသယဝင်လာ၏။

ကျင်းယန်နှင့် ဥဒေါင်းဖြူတို့မှာ သူတို့ကို ထပ်မပြောပြတော့။

“တွေ့ပြီ .. ဒါပဲ..” စန်းကျန်း မျက်လုံးဖွင့်ကာ ထာဝရတွင်းထဲသို့ ခုန်ဆင်းသွားလိုက်သည်။ တွင်းအောက်ဘက် ကျန်းတစ်ရာ အကွာအဝေး၌ သူကျောက်တုံးတစ်တုံးကို ကောက်လာခဲ့လေ၏။

ကျောက်တုံးမှာ သိပ်မကြီး။ သုံးပေပတ်လည်ခန့်သာရှိသည်။ ထိုကျောက်တုံးကို သန့်စင်သည့်ယဇ်ပုလ္လင်ထက်၌ တင်ပြီးသည်နှင့် စန်းကျန်း နတ်စွမ်းရည်များကိုအသုံးပြုကာ ခွဲပစ်လိုက်သည်။

“ဒါက..”

ထိုအခိုက်အတန့် အားလုံး အံ့အားသင့်သွားရသည်။ အခွင့်အရေးများကို ရှာဖွေနေကြသည့်သူများလည်း လျင်မြန်စွာ ရောက်လာကြသည်။

ထိုကျောက်တုံးကို ခွဲလိုက်သည့်အချိန်တွင် မည်သည့်အန္တရာယ်မှ ထွက်မလာ။ အေးချမ်းသည့်စွမ်းအင်များသာ ထွက်ပေါ်လာသည်။

ကျောက်တုံးထဲမှ တောက်ပသည့်အလင်းများ စီးဆင်းလာပြီး လက်ဖဝါးအရွယ်အစားရှိသည့် အလွန်သေးငယ်သည့် ကျောက်တိုင်တစ်ခု ပျ့ထွက်လာသည်။

ထိတ်လန့်တကြား‌ အော်ဟစ်သံများနှင့်အတူ သတ်ဖြတ်လိုသည့်အငွေ့အသက်များ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ဤပစ္စည်းကို လုယူချင်နေသည့်သူများ ရှိနေပြီဖြစ်သည်။

“ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်..”

ဟော့ဖူတုန်းပင်လျှင် မနေနိုင်တော့ပဲ ထိုပစ္စည်းနာမည်ကို ပြောလိုက်သည်။

ဤသည်မှာ ကျောက်ပြားလေးဖြစ်အောင် တစ်ယောက်ယောက်မှ ထွင်းထုထားသည့် ထာဝရရွှေပင်။ သာမန်ထာဝရသက်ရှိအစစ်ပင် သူတို့လက်နက်ပြုလုပ်ရန်အတွက် သင့်တော်သည့် ပစ္စည်းများ မရနိုင်ကြ။ သို့သော် ဤရွှေမှာ ထိပ်တန်းပစ္စည်းပင်။

ယခုအချိန်တွင် အားလုံး ဤပစ္စည်းကိုသာ အာရုံစိုက်ထားကြလေ၏။

ပုံမှန်အားဖြင့် အမွေအားလုံးကို ကျောက်တိုင်များပေါ်၌ ထွင်းထုထားခဲ့ကြခြင်းပင်။ ယခု ဤသည်မှာ ထာဝရရွှေဖြင့် ပြုလုပ်ထားသည့် ကျောက်တိုင်ဖြစ်သောကြောင့် ဤသည်မှာ ပို၍ပင် အဆင့်လွန်ရတနာဖြစ်ဦးမည်။

ဤသည်မှာ .. ကျမ်းစာပင်ဖြစ်နိုင်သည်။

ထိုအချိန်တုန်းက ကျမ်းစာများမှာ ပြိုင်ဘက်ကင်းသည့် အဆင့်လွန်ရတနာများပင်။

ထို့ကြောင့် ဟင်းလင်းပြင်ထာဝရရွှေဖြင့် ပြုလုပ်ထားသည့် ကျောက်တိုင်လေးကို တွေ့သည်နှင့် အားလုံး အသက်ရှူသံများလျင်မြန်လာကာ မျက်လုံးများ နီရဲလာခြင်းပင်။

ဤအရာသည် ထာဝရနယ်မြေ၌ပင်လျှင်သွေးသံတရဲရဲဖြင့် တိုက်ခိုက်ရလောက်အောင် လုံလောက်သည်။

ထာဝရနယ်မြေရှိ အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ဦးသည် သူငယ်စဉ်က ထာဝရရွှေကျောက်တိုင်အပိုင်းအစလေးကို တွေ့ရှိခဲ့သည်ဟု ပြောကြသည်။ ထိုကျောက်တိုင်၌ ပြိုင်ဘက်ကင်းသည့် ကျမ်းစာများပါဝင်နေသောကြောင့် နောက်ပိုင်းတွင် သူသည် အဆင့်တက်လာကာ လောကကြီးကို လွှမ်းမိုးသွားသည်ပင်။

သို့သော် ထိုကျောက်တိုင်လေးမှာ ဤနေရာမှ ရရှိခဲ့ခြင်းမဟုတ်။

သို့သော် ယခုတော့ စန်းကျန်း ထာဝရရွှေကျောက်တိုင်တစ်ခုကို ရရှိနေလေပြီ။ ထို့ကြောင့် မည်သူက မလန့်ပဲ နေမည်နည်း..

“မင်းတို့အားလုံးက ဒီကျောက်တိုင်ကိုတောင် ခိုးကြတော့မှာလို့တော့ မပြောနဲ့နော်..” စန်းကျန်း ထိုကျောက်တိုင်ကိုသိမ်းယူလိုက်ပြီး ပြောလိုက်သည်။

“အဲဒါကို ပေးလိုက်..” ဟော့ဖူတုန်း ချက်ချင်း ရန်လိုလာသည်။

“ဟက် .. မင်း ဒီပစ္စည်းကို ယူသွားလို့ရမှာ မဟုတ်ဘူး..” နော့လန် အေးစက်စွာ ပြောလိုက်သည်။

“အဲဒီလိုလား .. ထာဝရ‌ရွှေတစ်စက အဖိုးတန်တယ်ဆိုပေမယ့် ဒီလောက်ကြီး ရန်ုလိုလာဖို့ထိတော့ မလိုဘူးလေ ဟုတ်တယ်မလား.. မင်းတို့တွေ နည်းနည်းလောက် လိမ္မာပါးနပ်လို့ မရဘူးလား..” စန်းကျန်း သူ့လက်ထဲမှ ကျောက်တိုင်ကို မြှောက်၍ ပြောလိုက်သည်။

“အမ်..” ဟော့ဖူတုန်း၏အမူအရာ တောင့်ခဲသွားသည်။

နော့လန်လည်း ဆွံ့အသွားသည်ပင်။

“သူ့ပေါ်မှာဘာစာလုံးမှ မရှိဘူး .. အကြမ်းထည်ပဲ..” ကျင်းယန် မနေနိုင်တော့ပဲ အော်ဟစ်လိုက်သည်။ သူ၏မျက်နှာထက်၌ ရှုပ်ထွေးမှုနှင့် ဝမ်းနည်းမှုများ ရှိနေသလို အနည်းငယ်လည်း စိတ်သက်သာရာရသွားလေ၏။

မဟုတ်ပါက ဤနေရာ၌ သွေးမုန်တိုင်းကြီး တိုက်ခတ်လိမ့်မည်။

ဤကျောက်တိုင်မှာ ထွင်းထုပြီးခါစသာရှိသေးသည်။ မည်သည့်စာလုံးမှ မထွင်းရသေး။ ဤသည်မှာ ဧကရာဇ်များ ကျဆုံးသွားသည့်အချိန်က ကျန်ခဲ့သည့် ရှားပါးသည့်ကျမ်းစာမဟုတ်။

သက်ပြင်းချသံများ ထွက်ပေါ်လာကာ အားလုံး စိတ်ပျက်သွားရသည်။

“ကျောက်တုံးစာအုပ်အကြမ်းထည်တွေ၊ သစ်သားစာအုပ်အကြမ်းထည်တွေ ပေါ်လာဖူးတယ် .. အဲဒီပစ္စည်းတွေအားလုံး ကျောက်တိုင်ကိုယ်ထည်အဖြစ် ပြောင်းလဲသွားကြတာ သူတို့ပေါ်မှာ ဘာမှမရေးရသေးဘူး .. ဒီနေ့ ထာဝရရွှေအကြမ်းထည်လည်း ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“လူငယ်လေး .. မင်းငါ့ကို ခဏလောက် ငှားပေးလို့ရမလား..” ထိုအချိန်တွင် ထွက်သွားသည့် လူလတ်ပိုင်းအမျိုးသား ပြန်ပေါ်လာာသည်။ ယခုတစ်ခေါက်တွင်တော့ သူအဆင့်နိမ့်နယ်မြေမှ သက်ရှိများကို အထင်မသေးတော့သလို ‘စွန်းထင်’ ခံရမည်ကိုလည်း မကြောက်တော့။ သူ ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်ကို စစ်ဆေးချင်သည်။

စန်းကျန်း တွန့်ဆုတ်နေသော်လည်း ထိုကျောက်တိုင်ကို ပေးလိုက်သည်ပင်။ သူ ဤနေရာ၌ တိုက်ပွဲမဖြစ်ချင်။

လူလတ်ပိုင်းအမျိုးသားသည် ထိုလက်ဝါးအရွယ် ကျောက်တိုင်ကို သေချာစစ်ဆေးပြီးနောက် သက်ပြင်းချကာ စန်းကျန်း ထံသို့ ပြန်ပေးလိုက်သည်။

ခဏကြာပြီးနောက် ထာဝရစွမ်းအင်များ ရစ်သိုင်းနေသည့် အကြီးအကဲတစ်ဦး ပေါ်လာကာ ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်ကို နောက်တစ်ကြိမ် စစ်ဆေးလာသည်။

အကြမ်းထည်တစ်ခု ပေါ်လာခြင်းမှာ အနီးအနား၌ရှိနေသည့် အထင်ကြီးစရာကောင်းသည့်ပုဂ္ဂိုလ်များကို ထိတ်လန့်သွားစေသည်မှာ သေချာသည်။ သူတို့အားလုံး ချက်ချင်းပင် အလောတကြီး ရောက်လာကြလေ၏။

“နှမြောစရာပဲ..” ဤစကားကို ပြောပြီးသည့်နောက် သူထွက်သွားလေ၏။ သူရှိနေခဲ့သည့်နေရာ၌ ထာဝရအလင်းတစ်တန်းသာ ကျန်ခဲ့တော့သည်။

ယခု မည်သူမှ ဤသည်ကို ထပ်မစစ်ဆေးတော့။ အဘယ်ကြောင့်ဆိုသော် ထိုအကြီးအကဲ စစ်ဆေးပြီးသွားသည်နှင့် ဤသည်မှာ ကျမ်းစာမပါသည့် အကြမ်းထည်ဖြစ်ကြောင်း သေချာသွားလေပြီ။

“ဧကရာဇ်တွေ ကျဆုံးသွားတဲ့ခေတ်က ကျမ်းစာတွေကို အဖိုးအဖြတ်နိုင်တဲ့ အဆင့်လွန်ရတနာတွေလို့ ခေါ်ကြတယ် .. ဒီလိုအခွင့်အရေးမျိုး မရလိုက်တာ နှမြောစရာပဲ” စန်းကျန်းပင်လျှင် သက်ပြင်းချ၍ ပြောလိုက်သည်။

သို့သော် သူ ဤအခြေအနေကို ကျေနပ်သည်ပင်။ အနည်းဆုံးတော့ သူ ထာဝရရွှေတစ်ပိုင်း ရလိုက်သည်ပင်။ ဤရွှေဖြင့် အဖိုးတန်ရတနာလုပ်၍ရသည်။

“ရောင်ရင်းစန်းကျန်း .. ကျုပ်ကို ကျောက်တုံးတစ်တုံးလောက် ကူရွေးပေးပါလား..” ရှီဟောင် ပြောလိုက်သည်။

စန်းကျန်းသည် ခါးသီးစွာ ရယ်မောလိုက်ပြီးနောက် “ကျုပ် ကိုယ့်ကိုကိုယ် အထင်ကြီးမိသွားတယ် .. ဒီမှာရှိတဲ့ကျောက်တုံးတွေက ထူးခြားတယ် .. မသေသေးတဲ့ရွှေရောင်စစ်သူရဲတောင်မှ ဖောက်ထွင်းမမြင်နိုင်ဘူး .. အခု ဒီကျောက်တုံးကို ရတာက ခံစားချက်နောက်ကို လိုက်,လိုက်လို့”

ဥဒေါင်းဖြူနတ်သမီး ခေါင်းညိမ့်လိုက်သည်။ “ဟုတ်တယ် .. ဒီနေရာက ကံကောင်းမှပေါ်ပဲ မူတည်နေတာ .. ရှေးဟောင်းနတ်ပစ္စည်းတွေက ကံပါတဲ့သူနဲ့ အမြဲတမ်း ဆက်သွယ်မှာပဲ .. သူပေါ်လာသင့်တဲ့အချိန်ရောက်ရင် ပေါ်လာလိမ့်မယ် .. သူ့ကို ဖိအားပေးလို့မရဘူး”

ယခင်က ဤကဲ့သို့သော အဖြစ်မျိုး တကယ်ဖြစ်ဖူးသည်ပင်။

ရှန်းမင် ရှာဖွေနေသော်လည်း ဘာမှမရခဲ့။ ဤသည်မှာ သူမကို အတော်လေး စိတ်ရှုပ်စေသည်ပင်။ သူက မသေသေးတဲ့ရွှေရောင်စစ်သူရဲတစ်ယောက်လေ .. အဲဒါတောင်မှ သူက ဒီမြေကြီးနဲ့ကျောက်တုံးတွေကနေ ဘာမှမရဘူးလား..

ရှီဟောင် သူ၏မျက်လုံးကို မှိတ်လိုက်ကာ မသိစိတ်ဟုခေါ်သည့်အရာဖြင့် စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်သည်။

“အမ်..” သူ့စိတ်ထဲ တုန်လှုပ်သွားရသည်။ သူက တကယ်ပဲ အခွင့်အရေးတစ်ချို့နဲ့ကံစပ်နေတာလား.. သူ ထူးခြားသည့်ခံစားချက်ပေးနေသည့် ကျောက်တုံးတစ်ခုကို တကယ်အာရုံခံမိသွားသည်ပင်။

ဤသည်မှာ သူ ထာဝရဓားကို မြှောက်လိုက်သည့်အချိန်က ဖြစ်ခဲ့သည့် ခံစားချက်နှင့်တူသည်။

“ဒီထဲမှာ ဘာရှိနေတာလဲ..” ရှီဟောင် စိတ်ထဲ အလွန်ထိတ်လန့်သွားရသည်။ ဓားနဲ့တူတဲ့ ရှေးဟောင်းပစ္စည်းတစ်မျိုးများလား..

ဤသည်မှာ တစ်ခေတ်တည်းမှ ပစ္စည်းဖြစ်လိမ့်မည်။

ဤသည်မှာ ရှီဟောင်ကို အလွန်စိတ်လှုပ်ရှားသွားစေသည်။ ထာဝရဓားက ဒီလောက်တောင် ရှေးကျတာလား..

“ဖွင့်မယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။ ထိုကျောက်တုံးကို ယဇ်ပုလ္လင်ထက်သို့ ယူလာကာ နတ်စွမ်းရည်များကို အသုံးပြု၍ ကျောက်တုံးကိုခွဲရန် ကြိုးစားလိုက်သည်။

အပိုင်း ၁၈၁၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၃ – အဆင့်လွန်ရတနာ

ဒုန်း..

နေရာတိုင်း၌ မီးပွားများ လွင့်ထွက်နေသည်။ ဤကျောက်တုံးမှာ နတ်သံမဏိထက်ပင် မာကျောနေသေးသည်။ ဤကျောက်တုံးကို လက်နက်တစ်ခုအဖြစ်သာ ပြောင်းလဲလိုက်ပါက သေချာပေါက် လျှို့ဝှက်ရတနာဖြစ်လိမ့်မည်။

ဤသည်မှာ အားလုံးကို အတော်လေး ထိတ်လန့်သွားစေသည်။ ဒါက ဘယ်လိုလုပ် ဒီလောက်တောင် မာကျောနေရတာလဲ .. ထိုလူငယ်လေး၏ပုံစံကို ကြည့်လိုက်သည်နှင့် ထိုလူသားလူငယ်လေး နတ်စွမ်းရည်များ သုံးထားသည်မှာ သေချာသည်။ သို့သော် သူ ဤကျောက်တုံးကို အချိုးဖျက်နိုင်သေး။

“ခုနတုန်းကတိုက်ပွဲမှာ ရှင့်အုတ်မြစ်ဒဏ်ရာရသွားပြီးတော့ မှော်ခွန်အားခြောက်ကပ်ပြီး ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့လား .. ရှင်မလုပ်နိုင်ရင်လည်း အတင်းမလုပ်ပါနဲ့..” နော့လန် ပြုံး၍ ပြောလိုက်သည်။ သူ ရှီဟောင်ကို ကြည့်သည့်အကြည့်တွင် ရန်စသည့်အကြည့်များ ပါဝင်နေသည်ပင်။

ကျင်းယန်လည်း ရှီဟောင်ကို ကြည့်လာလေ၏။ ရှီဟောင် တကယ်ဒဏ်ရာရသွားဖို့ သူမမျှော်လင့်မိသည်။ ထိုသို့သာဆိုလျှင် သူပို၍ သက်တောင့်သက်သာ ခံစားလာရမည်ပင်။

“ဟူး .. မင်းခန့်မှန်းတာမှန်တယ် .. ငါ့ကျင့်ကြံခြင်း ဒဏ်ရာရသွားတယ် .. ထားလိုက်တော့ .. ငါ ဒီကျောက်တုံးကိုပဲ ပြန်သယ်သွားလိုက်တော့မယ် .. နောက်မှ ဒါကို ဖွင့်ဖို့နည်းလမ်းရှာတော့မယ် .. ဘာပဲဖြစ်ဖြစ် ဒါက ငါ ထာဝရနယ်မြေကနေ ယူသွားတဲ့ပစ္စည်းဆိုတော့ အပြန်လက်ဆောင်လို့ သဘောထားလို့ရတယ်” ရှီဟောင် ပြောလိုက်သည်။

သူ ဤကျောက်တုံးကို ဤနေရာ၌ မခွဲချင်။ ထာဝရနယ်မြေမှလူများ ယူသွားမည်ကို သူ စိုးရိမ်မိသည်။ ယခု ဟင်းလင်းပြင်ထာဝရရွှေ ပေါ်လာသည့်အချိန်၌ပင် စွမ်းအားကြီးသည်ကျွမ်းကျင်သူအချို့ ရောက်လာသည်ပင်။

“ကျွန်မရှင့်ကို ကူပေးမယ်..” ဥဒေါင်းဖြူနတ်သမီး တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။

သူတို့အား အမြဲတမ်း ဖော်ရွေနေခဲ့သည့်သူမှ သူ့အား တားဆီးလာလိမ့်မည်ဟု သူမထင်ထားခဲ့။

“မလိုပါဘူး..” ရှီဟောင် ပြုံး၍ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထို့အပြင် သူကိုယ်တိုင်ဖွင့်မှသာ ထူးခြားလိမ့်မည်ဟုလည်း ပြောခဲ့သည်ပင်။

“ဒီလောက် ယဉ်ကျေးနေစရာမလိုပါဘူး .. ကျွန်မခွဲပေးမယ်..” နော့လန်သည် ထိုသို့ပြောပြီးနောက် ဖုန်းခနဲပင် ရိုက်ချလိုက်လေ၏။

ခွပ်ခနဲအသံထွက်ပေါ်လာကာ ကျောက်တုံးကြီး နှစ်ပိုင်းကွဲသွားသည်။

နဖူး၌ အနီမှတ်ပါသည့်မိန်းမပျိုလေးသည် ကျောက်တုံးကြီးကို လက်တစ်ဖက်တည်းဖြင့် ခွဲပစ်လိုက်လေသည်။ အားလုံး၏မျက်လုံးမှာ သူမထံသို့သာ ကျရောက်လာတော့သည်။

ရှီဟောင်ပင်လျှင် နှလုံးခုန်နှုန်းများ လျင်မြန်လာ၏။ ဤကျောက်တုံး၌ တစ်ခုခုရှိနေသည်ကို သူသိသည်။ ထို့ကြောင့် ဤကျောက်တုံးကိုအားလုံးရှေ့၌ မခွဲချင်သောကြောင့် သူ အချိန်ဆွဲနေခြင်းပင်။

သို့သော် မထင်မှတ်ထားသည်မှာ ဤကျောက်တုံး၌ ဘာမှမရှိ။ အလွတ်ကြီးဖြစ်နေသည်။

“ဟူး .. ငါ့ရဲ့ထာဝရရွှေကျောက်တိုင်က မင်းလုပ်လို့ ပျက်စီးသွားပြီ..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

“ထားလိုက်တော့ .. အိမ်ပြန်လက်ဆောင်အနေနဲ့ ဒီပျက်စီးနေတဲ့အပိုင်းအစတွေကိုပဲ ယူသွားလိုက်တော့မယ်..” ထိုသို့ပြောပြီးသည်နှင့် သူ ထိုကျောက်တုံးအပိုင်းအစများကို ကောက်ယူလိုက်သည်။

“ခဏ..” သို့သော် ထာဝရနယ်မြေမှ အခြားလူငယ်များအားလုံးလည်း သတိထားနေကြသည်ပင်။ သူတို့ ဤသည်ကို လက်မလွတ်ချင်။ ဟော့ဖူတုန်းဆိုလျှင် တိုက်ခိုက်တော့မည်။

ရှီဟောင် စိတ်လေးလံသွားရ၏။ ကြည့်ရသည်မှာ သူ မဖုံးကွယ်နိုင်တော့ဘူးထင်သည်။ ထို့ကြောင့် သူ လက်ဝေ့ရမ်းလိုက်ကာ သူကိုယ်တိုင်လုပ်မည်ဖြစ်ကြောင်း ပြလိုက်သည်။

ကျောက်တုံးနှစ်ပိုင်းထဲတွင် တစ်ပိုင်းမှာ အတော်လေးကြီး၏။ သုံးပေခန့် ရှိသည်ပင်။

ရှီဟောင် ထိုအပိုင်းကို သေချာစစ်ဆေးလိုက်ကာ ဂရုတစိုက် အားထည့်လိုက်သည်။ ခွပ်ဟူသည့်အသံနှင့်အတူ အနက်ရောင်မြူများ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အပုပ်နံ့လည်း ထွက်လာလေ၏။

ထိုအနက်ရောင်မြူများ ပျံ့လွင့်သွားသည့်အချိန်တွင် ဤနေရာ၌ရှိနေသည့်လူများအားလုံး နောက်ဆုတ်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အနက်ရောင်မြူနှင့် သွေးစွမ်းအင်များအားလုံးမှာ အန္တရာယ်များသည့်အရာများပင်။

ရှီဟောင်ပင်လျှင် စိတ်ပျက်သွားရသည်။ ဤသည်မှာ သူထင်ထားသလို အဆင့်လွန်ရတနာမဟုတ်။ အပုပ်နံ့သာ ရနေသည်။

ကျောက်သားများ ပဲ့ကျသွားကာ ပစ္စည်းပုံပေါ်လာသည်။

ထို့အပြင် အနက်ရောင်မြူများ လွင့်ပါးသွားကာ အပုပ်နံ့လည်း ဖျော့လာသည်။

ဘေးပတ်လည်မှ လူများအားလုံး လျှောက်လာကာ ထိုပစ္စည်းကို လေ့လာလိုက်ကြသည်။ စန်းကျန်းနှင့်ရှန်းမင်တို့မှာ ထိုပစ္စည်းကို မျက်တောင်မခတ်တမ်းပင် ကြည့်နေလေ၏။

နော့လန်မှာ ပထမဆုံး ရယ်လိုက်သည့်သူပင်။

“ဒါက တကယ့်ကို အဆင့်လွန်ရတနာပဲ .. ဒီပစ္စည်းက ရှင်နဲ့လိုက်တယ် ..” နော့လန် လှောင်ရယ်လိုက်သည်။

ကျင်းယန်နှင့် အခြားသူများလည်း ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ သူတို့ ယခုမှသာစိတ်အေးနိုင်တော့သည်။ ဤသည်မှာ အဆင့်လွန်ရတနာမဟုတ်။

ရှန်မင်နှင့် စန်းကျန်းတို့တစ်ယောက်ကိုတစ်ယောက် ကြည်ပြီးနောက် ရှီဟောင်ကို ကြည့်လိုက်သည်။ သူတို့အမူအရာမှာ ရှုပ်ထွေးနေသည်ပင်။ စန်းကျန်သည် ရှီဟောင်ပုခုံးကို ပုတ်လိုက်ကာ “ငါမင်းကို ကျောက်တုံးတစ်တုံး ကူရွေးပေးမယ်”

“မင်း ဒီကျောက်တုံးတွေကို မမြင်နိုင်ဘူးဆို .. ငါတို့ ကိုယ့်ခံစားချက်နောက်လိုက်ပြီးပဲ ယူရမှာဆို..” ရှီဟောင်၏မျက်နှာ မည်းမှောင်နေလေပြီ။

သူ ယုံကြည်နိုင်ရန် ခက်ခဲနေလေ၏။ ကျောက်တုံးထဲ၌ ရှိနေသည့်အရာမှာ ထူးဆန်းလှသည်။ ဤသည်မှာ သစ်သားဓားပင်။

မည်သို့ပင်ကြည့်ကြည့် ဤသည်မှာ ကလေးများကိုသင်ရာတွင် အသုံးပြုသည့်ဓားပင်။ ဓားမှာ သေးရုံသာမက ပုံစံကလည်းကလေးဆန်သေးသည်။

ပို၍ ရယ်စရာကောင်းသည်မှာ ဤဓားသည် ဆွေးနေလေပြီ။

ဒါကို .. ဒါကို ဘယ်သူက ချိတ်ပိတ်ခဲ့တာလဲ.. ရှီဟောင် အော်ဟစ်ဆဲဆိုပစ်လိုက်ချင်သည်။ ဤသည်မှာ နောင်လာနောက်သားများကို ဟာသလုပ် စနောက်နေသလိုပင်။

ရယ်စရာကောင်းသည်မှာ ဤဓားသည် ညိုမည်းနေပြီး အလွန်ညစ်ပတ်နေသည်ပင်။ သေချာကြည့်မည်ဆိုလျှင် ကလေးတစ်ယောက် အချိန်အကြာကြီးအသုံးပြုထားသောကြောင့် လက်ရာပင် ပေါ်နေပြီဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ဒါက ဧကရာဇ်တွေ ကျဆုံးတုန်းက ကျန်ခဲ့တဲ့ပစ္စည်းဆိုတော့ ရှေးဟောင်းပစ္စည်းပဲ .. အသက်ကြီးတဲ့ စုဆောင်းသူ တစ်ယောက်ယောက်တွေ့သွားရင် မင်းကို နတ်ဒင်္ဂါးနည်းနည်းလောက်တော့ ပေးဝယ်မှာပါ” နော့လန် လှောင်ရယ်လိုက်သည်။

“အဲဒီလိုပုဂ္ဂိုလ်တွေက ရှေးဟောင်းပစ္စည်းတွေ ကြိုက်တယ် .. သူတို့ ထာဝရဒင်္ဂါးနည်းနည်းလောက်ပေးဝယ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး” ဟော့ဖူတုန်း လေးနက်သည့်အမူအရာဖြင့် ပြောလိုက်လေသည်။

သို့သော် ဘယ်လိုပဲကြည့်ကြည့် ဤသည်မှာ သူ့အားလှောင်ပြောင်နေခြင်းပင်။

ရှီဟောင် ဆွံ့အသွားရ၏။ ထာဝရဓားနှင့်တူသည့် အော်ရာကို သူသေချာပေါက် ခံစားမိသည်ပင်။ သို့သော် အဘယ်ကြောင့် ဤသစ်သားဓားက ပေါ်လာသနည်း..

ဤပစ္စည်းနှစ်ခုလုံး ခေတ်တစ်ခုတည်းမှ ရောက်လာခြင်းကြောင့်များလား..

ရှီဟောင် သဘာဝလွန်ဖြစ်ရပ်များကို မယုံကြည်။ သူ ထိုဓားကို သေချာအာရုံခံကာ ဓားကိုကိုင်လိုက်သည်။ ခွပ်ဟူသည့်အသံနှင့်အတူ အစိတ်အပိုင်းသေးသေးလေးတစ်ပိုင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။

“သတိထား .. ဘာပဲဖြစ်ဖြစ် ဒါက ရှေးဟောင်းပစ္စည်းပဲလေ .. ဒါကို မဖျက်ဆီးနဲ့” စန်းကျန်း ပြောလိုက်သည်။

“မင်းတောင်မှ ငါ့ကို လှောင်ချင်နေတာလား..” ရှီဟောင် တစ်ယောက်ယောက်ကို ရိုက်နှက်ပစ်လိုက်ချင်မိသည်။

“အခုတော့ သိမ်းထားလိုက်ပါဦး … ဘယ်သူပြောနိုင်မလဲ ဒါက အဆင့်လွန်ရတနာတစ်ခုလည်း ဖြစ်ရင်ဖြစ်မှာပေါ့ .. သူ ကောင်းကင်နဲ့မြေကြီးစွမ်းအင်တွေ စုတ်ယူပြီးသွားတဲ့အချိန်ကျရင် သူက ထာဝရဘုရင်တွေကိုတောင် မျက်လုံးတွေ နီရဲသွားစေလောက်တဲ့ ဓားတစ်လက် ဖြစ်လာနိုင်တယ် .. အဲဒီလိုမဖြစ်လာတော့လည်း ရှင့်ရဲ့ ကလေးကို လက်ဆင့်ကမ်းပေးလိုက်ပေါ့..” ရှန်းမင် ပြောလိုက်သည်။

ရှီဟောင်၏မျက်နှာ မည်းမှောင်သွားရသည်။ ဒီလိုမျိုး နှစ်သိမ့်တာမျိုး ရှိလို့လား .. ဒါက ဓားစုတ်ပဲကို .. သူလွှင့်ပစ်လိုက်သင့်လား..

ရုတ်တရက် ထာဝရအလင်းတောက်ပလာကာ အသက် ငါးဆယ်၊ ခြောက်ဆယ်ခန့်ရှိသည့် အကြီးအကဲတစ်ဦး ထွက်ပေါ်လာ၏။

ဤသည်မှာ သေချာပေါက် စွမ်းအားကြီးသည့်သူပင်။ သို့သော် သူ့ကို သေချာအာရုံခံကြည့်လိုက်လျှင် ပင်လယ်ကြီးတစ်စင်း၊ ချောက်နက်ကြီးတစ်ခုနှင့် မျက်နှာချင်းဆိုင်နေရသကဲ့သို့ ခံစားသွားရသည်။

“လူငယ်လေး .. ငါ့ကို တစ်ချက်လောက် ပေးကြည့်ပါဦး..” သူ့မျက်နှာပေါ်၌ သေချာမှုများရှိနေသည်။

ရှီဟောင် ထိုဓားကို ပေးလိုက်ပြီး စိတ်ထဲ စိုးထိတ်နေမိသည်။ ထာဝရနယ်မြေက လူတွေက ဒီနေရာကို တကယ် ဂရုစိုက်တာပဲ .. ဒီနေရာကနေ ထွက်လာတဲ့ပစ္စည်းတိုင်းကို စွမ်းအားကြီးတဲ့သူတွေ လာစစ်ဆေးကြတယ် … သူတို့ တစ်ခုမှ အလွတ်ပေးမှာမဟုတ်ဘူး..

ဤနေရာ၏ အောက်ခြေ၌ ကြီးမားလှသည့်ထူးဆန်းမှုကြီးရှိနေပြီး တွင်းကြီးကို ရွှေ့၍ မရသောကြောင့်သာ။ မဟုတ်ပါက ဤနေရာ ကုန်သွားလောက်လေပြီ။

အကြီးအကဲ ထို သစ်သားဓားကို အသာလေးပွတ်သတ်လိုက်သည်နှင့် ထိုဓားမှ နောက်ထပ် အစိတ်အပိုင်းလေးတစ်ခု ပဲ့ကျလာသည်။

“စီနီယာ .. ကျေးဇူးပြုပြီး ပိုပြီးတော့ ငြင်သာပေးပါ .. ဒါက ကျွန်တော့်ညီအစ်ကိုရဲ့ အဆင့်လွန်ရတနာပါ .. တစ်နေ့လုံးရှာပြီးတဲ့နောက်မှာ သူ ဒီရှေးဟောင်းပစ္စည်းတစ်ခုကိုပဲ တွေ့ထားတာပါ .. ဒါက သူ့အတွက် အတော်လေး အဓိပ္ပာယ်ရှိပါတယ်” စန်းကျန်း သတိပေးလိုက်သည်။

“စီနီယာ .. ငြင်ငြင်သာသာလေး လုပ်ပေးပါ .. ဒါက ရှေးဟောင်းနတ်ပစ္စည်းဆိုတော့ ဒါသာ ပျက်စီးသွားရင် ထပ်လုပ်လို့မရပါဘူး .. အရှင် ဒီဆုံးရှုံးမှုကို ဖာထေးနိုင်မှာ မဟုတ်ပါဘူး” ရှန်းမင်လည်း ပြောလိုက်သည်။

“ဟား ဟား … ဟား ဟား..” ဘေးပတ်လည်မှ ကျင်းယန်၊ နော့လန်နှင့် အခြားသူများအားလုံး အော်ဟစ်ရယ်မောလိုက်ကြ၏။

ရှီဟောင် သူ၏မျက်နှာထက်မှ ခါးသီးမှုများကို ဖုံးကွယ်လိုက်သည်။ သူ ထို မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးကို ကြည့်လိုက်သည်။ တစ်ခြားသူတွေ လှောင်ရယ်တာက ထားလိုက်ပါတော့ ဒီနှစ်ယောက်ကပါ သူ့ကို လှောင်ရယ်နေတာလား..

“သူ့မှာ အပုပ်နံ့နည်းနည်းရှိနေတယ် .. မကောင်းတဲ့ပစ္စည်းတစ်ချို့ကို သတိထား..” ထိုသို့ပြောပြီးနောက် သူ သစ်သားဓားကို ရှီဟောင်ထံသို့ ပြန်ပေးလိုက်သည်။ ထို့နောက် သူသည် ခေါင်းပင်လှည့်မကြည့်တော့ပဲ တစ်ခါတည်း ထွက်သွားလေ၏။

ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦးပင်။ ထာဝရသက်ရှိတစ်ဝက် သို့မဟုတ် ထိုထက်ပင် ပို၍ စွမ်းအားကြီးနိုင်သေးည်။ သူက ဤကဲ့သို့ပြောသည်ဆိုမှတော့ ဤဓားတွင် မည်သည့်ထူးခြားချက်မှ မရှိသည်မှာ သေချာသည်။ ဥဒေါင်းဖြူနတ်သမီးနှင့် အခြားသူများမှာ ဤဓားကို ထိပင်မထိချင်တော့။

စန်းကျန်းသည် ရှီဟောင်အားကူညီကာ ကျောက်တုံးတစ်ချို့ကို ရှာဖွေခဲ့သော်လည်း သူတို့ ဘာမှ မရကြတော့။

ရှန်းမင်လည်း လှုပ်ရှားလိုက်သည်။ သို့သော် သူသည် ကြီးမားလှသည့် ကျောက်တုံးသားရဲကြီးကိုသာ ရန်စမိသွားသည်။ ထိုသားရဲသည် ရှီဟောင်၏ခေါင်းကို ကိုက်မိမလိုပင် ဖြစ်သွားခဲ့သည်။ အဆင့်လွန်သက်ရှိအဆင့်ကျွမ်းကျင်သူများ ရောက်လာမှသာ ထိုကျောက်တုံးသားရဲ ကြောက်ပြီး ထွက်ပြေးသွားလေ၏။

“အချိန်ကျပြီ … ရှင်တို့အားလုံး ထွက်သွားသင့်ပြီ..” ဥဒေါင်းဖြူနတ်သမီး တည်ငြိမ်စွာ ပြောလိုက်သည်။

ဟော့ဖူတုန်း ခေါင်းညိမ့်လိုက်၏။ ဤနေရာ၌ မည်သည့်အပြင်လူမှ အမြဲတမ်းမနေရ။ သူတို့ ထွက်သွားရမည်။ ဤနေရာမှာ သူတို့နေသင့်သည့်နေရာမဟုတ်။

သူတို့ပြောသည့်အတိုင်းဆိုလျှင် ထာဝရနယ်မြေထဲသို့ ဝင်နိုင်သည်မှာပင် အခွင့်ကောင်းကြီး ဖြစ်နေလေပြီ။ ဤနှစ်များအတွင်းတွင် ထာဝရနယ်မြေ၏ဂိတ်တံခါးမှာ ဘယ်တုန်းကမှ မဖွင့်ခဲ့။

“ဒီခေတ်တစ်ခုလုံးမှာ ဘယ်သူမှ မဝင်နိုင်ခဲ့ဘူး..”

“ဒီနေ့ ဘယ်သူမှလည်း နေခဲ့လို့မရဘူး..”

သူ လက်လွတ်၍မရနိုင်သည့်အရာများ ရှိနေသောကြောင့်သာမဟုတ်လျှင် သူ ထာဝရနယ်မြေအတွင်းပိုင်းသို့ ပြေးသွားလိုက်ချင်မိသည်။ အထဲဘက်၌ ထာဝရတာအိုသက်ရှိများပင် မလေ့လာရသေးသည့် နယ်မြေများ ရှိနေသေးသည်ပင်။

သို့သော် အပြင်လောကမှာ သူအခြေချရာ နေရာပင်။ ထိုနေရ၌ သူ့သူငယ်ချင်းများ၊ သူချစ်နေသည့်လူများရှိသည်။ သူ လက်မလွတ်နိုင်သည့်အဖြစ်အပျက်အချို့ရှိသည်။ သူ ပြန်သွားရမည်။

သူတို့ကျောက်တုံးဂိတ်တံခါးမှ ဖြတ်သွားသည့်အချိန်တွင် ဂိတ်ကိုစောင့်ကြည့်နေသည့် ရွှေရောင်ကျီးကန်းကလန်မှ လူလတ်ပိုင်းအမျိုးသား ရှီဟောင်ကို လေးနက်စွာ ကြည့်လာသည်။ ထိုအခိုက်အတန့် ထာဝရအလင်းများသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာပင် ရောက်လာ၏။

ရှီဟောင် နေမင်းကြီးဖြင့် ဖိနှိပ်ခံနေရသလို ခံစားနေရပြီး ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။ သို့သော်လည်း သူခိုင်မာစွာ ရပ်နေဆဲပင်။ သူလဲကျမသွား။

“ဒီလိုမျိုး သန်မာတဲ့ လူသားမျိုးနွယ်စု လူငယ်ကို မတွေ့ရတာ တော်တော်ကြာပြီ .. ကောင်းကောင်းအသက်ရှင်နေ .. တစ်နေ့ကျရင်တော့ ငါတို့ ထပ်တွေ့နိုင်ဖို့ မျှော်လင့်တယ်” ထို အမျိုးသားမှ ပြောလိုက်သည်။

ရှီဟောင် တုန်လှုပ်သွားစေသည့် သတင်းတစ်ခုကို သူပြောပြခဲ့သည်ပင်။

ဤသည်မှာ ထာဝရနယ်မြေ လှုပ်ရှားလာမည်ဟု ဆိုလိုခြင်းလား .. သို့သော်လည်း ဤသည်မှာ နှစ်ပေါင်းများစွာ ကြာဦးမည်ထင်သည်။ ထိုအချိန်ကျလျှင် ကောင်းကင်ဘုံကိုးခု၌ လူဘယ်နှယောက်သာ ကျန်ခဲ့မည်နည်း..

ကျောက်တုံးဂိတ်တံခါး မပိတ်သွားမီမှာပင် ထာဝရနယ်မြေထဲမှ ကျွမ်းကျင်သူအချို့သည် လျှို့ဝှက်ရတနာများထုတ်ကာ ထာဝရအလင်းများ ထုတ်လွှတ်ပြီး သူတို့ဖြတ်သွားခဲ့သည့်နေရာများကို ရှင်းလင်းလိုက်ပြီဖြစ်သည်။

သူတို့သုံးဦးလုံး ဒေါသထွက်လာရသည်။ ထာဝရနယ်မြေမှာ တကယ်ကို မောက်မာလှပြီး အဆင့်နိမ့်နယ်မြေမှ သက်ရှိများကို အထင်သေးလှသည်။

“နောက်နှစ်ငါးရာကြာပြီးရင် ငါတို့ ပြန်တွေ့ကြမယ် .. အဆင့်နိမ့်နယ်မြေက ခြောက်ကပ်နေရင်တောင် ငါ သေချာပေါက် ထာဝရသက်ရှိဖြစ်အောင် လုပ်မှာ .. စောင့်နေလိုက်..” ရှီဟောင် ပြောလိုက်၏။

ရွှီး

နော့လန်၊ ဟော့ဖူတုန်းနှင့် အခြားသူများအားလုံး နှာခေါင်းရှုံ့လိုက်ကြလေသည်။

ဝုန်း..

ကျောက်တံခါးကြီး ပိတ်သွားလေပြီ။

သူတို့ အိပ်မက်မက်နေသကဲ့သို့ပင်။ နှစ်ပေါင်းများစွာကြာအောင် ပိတ်ထားခဲ့သည့် ထာဝရနယ်မြေ၏ ဂိတ်တံခါးကြီး ယနေ့ပွင့်လာသည့်အပြင် သူတို့သုံးယောက် ဝင်ပင်ဝင်ခဲ့သေးသည်။ သူတို့ ထိုနေရာ၌ အချိန်အတော်ကြာ ရပ်နေခဲ့ကြသည်။

“သွားဖို့အချိန်ရောက်ပြီ..” ရှန်းမင် သူ့လက်မောင်းကို ပုတ်လိုက်သည်။

“ကျွန်မ ရှေးဟောင်းပစ္စည်းတွေကြိုက်တယ် .. ရှင် အဲဒီသစ်သားဓားကို ကျွန်မကိုလက်ဆောင်ပေးရင်ရော” ရှန်းမင်၏အပြုံးမှာ အလွန်ချိုမြိန်လှသည်။

“ငါ ဒါကို အိမ်ပြန်လက်ဆောင်အဖြစ် သိမ်းထားလိုက်တော့မယ်..” ရှီဟောင် မသိလိုက်မသိဘာသာပဲ ခေါင်းခါလိုက်သည်။

“ဒါက သစ်သားဓားလေးပဲကို .. ဒါကို သိမ်းထားပြီး ဘာလုပ်မှာလဲ.” ရှန်းမင် မကျေမနပ် တီးတိုးရေရွတ်လိုက်သည်။

“ရောင်းရင်းဟွမ် .. ငါက မသေသေးတဲ့ရွှေရောင်စစ်သူရဲဆိုတာ မင်းသိပါတယ် .. အဲဒီတော့ ငါတို့တွေက ရှေးဟောင်းမြေအောက်ပစ္စည်းတွေကို အတော်လေး စိတ်ဝင်စားတယ် .. ငါ ဒါကို နတ်လက်နက်တွေနဲ့ လဲပေးလို့ရတယ်” စန်းကျန်း ပြောလိုက်၏။

ရှီဟောင် ထူးဆန်းသည့်အမူအရာ ဖြစ်လာသည်။ “ဒါက အဆင့်လွန်ရတနာပဲ .. ဒါက ထူးခြားတယ်ဆိုတာ ငါ အစောကြီးကတည်းက သိတယ် .. ထာဝရနယ်မြေကလူတွေရှေ့မှာ တမင်သက်သက်တုံးချင်ယောင်ဆောင်ခဲ့တာ .. မင်းက ဒါကို ဘာနဲ့လဲမှာလဲ..”

“မင်း ဘာလိုချင်လဲ..” စန်းကျန်းမေးလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဒီပျက်စီးနေတဲ့သစ်သားဓားက တကယ်ပဲ ပစ္စည်းကောင်းလား.. “ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်..” ရှီဟောင် ချက်ချင်း ပြောလိုက်သည်။

“ကောင်းပြီလေ..” စန်းကျန်းသည် စဉ်းပင်မစဉ်းစားပဲ သဘောတူလိုက်လေ၏။

“ကျောက်တိုင်နဲ့ မလုံလောက်သေးဘူး..” ရှီဟောင် ပြောလိုက်သည်။

အပိုင်း ၁၈၁၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၄ – အသက်သုံးချောင်းဆေး

စန်းကျန်း၏အမူအရာမှာ သိပ်မကောင်းတော့။ “ငါက ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်ကိုတောင် ပေးမှာလေ .. မင်းက ဘာထပ်လိုချင်နေသေးတာလဲ..”

ရှီဟောင် ဘာမှ မပြောပဲ သူ့ကို ကြည့်လိုက်သည်။ ဤပစ္စည်းမှာ အဖိုးမဖြတ်နိုင်သည့်ပစ္စည်းမှန်း သူသေချာသွားလေပြီ။ ထို့အပြင် မသေသေးသည်စစ်သူရဲများအတွက် အလွန်အသုံးဝင်လိမ့်မည်။

ရှန်းမင်သည် စန်းကျန်းကို ကြည့်လိုက်ကာ “ခံလိုက်လေ .. ဘယ်သူက ရှင့်ကို ကျွန်မနဲ့ပြိုင်ပြီး လာလုခိုင်းနေလို့ ဒီလောက် အလောတကြီး လုပ်လိုက်တာလဲ .. အခု ရှင်ဘာလုပ်လိုက်သလဲ ကြည့်လိုက်”

“ငါစတာပါ .. မင်းတို့ဒါကို တကယ်လိုတယ်ဆိုရင် ငါမင်းတို့ကို ပေးလို့ရပါတယ်” ရှီဟောင် ဤနှစ်ယောက်နှင့် ရန်မဖြစ်ချင်။

သို့သော် ဤသည်မှာလည်း ဤနှစ်ယောက်၏ ရိုးသားမှုပေါ် မူတည်သေးသည်။

“ငါတို့ မင်းကို တမင်သက်သက်ဖုံးကွယ်တာမဟုတ်ပါဘူး .. ငါတို့မင်းနဲ့ ဒီလိုမျိုးအလောတကြီး လဲဖို့ကြိုးစားလို့လဲ ဟာပေါက်တွေ ဖြစ်လာတာ” စန်းကျန်း ပြောလိုက်ကာ သူ၏ရိုးသားမှုကို ပြသလိုက်သည်။

“ဒါက တကယ်ပဲ ဘယ်လိုပစ္စည်းမျိုးလဲ..” ရှီဟောင်မေးလိုက်၏။ ဤသည်မှာ ပျက်စီးနေသည့် သစ်သားဓားလေးသာဖြစ်သော်လည်း ဤနှစ်ယောက် အလွန်လိုချင်နေသည်။

သူတို့ ထာဝရနယ်မြေ၌ ရှိနေစဉ်က သူကိုယ်တိုင် ဤပစ္စည်းကို စစ်ဆေးပြီးသွားပြီဖြစ်သည်။ ထိုတုန်းက သစ်သားတစ်ပိုင်းပင် ပဲ့ကျလာသေးသည်။

ထိုအချိန်က စန်းကျန်း၏ပြုမူပုံမှာ အနည်းငယ် ပုံမှန်မဟုတ်သည်ကို သူတွေ့ခဲ့သေးသည်။ သူသည် မြေပြင်ပေါ်၌ ကျသွားသည့် သစ်သားအပိုင်းအစကို ကောက်ယူခဲ့သည်ပင်။

ထိုအချိန်က အားလုံး ရှီဟောင်ကို ဆန့်ကျင်ခဲ့ကြသည်။ သို့သော် စန်းကျန်း၏အပြုအမူများမှာ စိတ်ဝင်စားစရာ ကောင်းနေသည်ပင်။

ကြည့်ရသည်မှာ သူ ထိုသစ်သားဓားအပိုင်းအစလေးကို တန်ဖိုးထားသည့်ပုံပင်။

“ဒါက သင်္ချိုင်းမြေမှာပဲ ကြီးထွားတဲ့ ရှားပါး အသက်သုံးချောင်းဆေးပဲ..” စန်းကျန်း ပြောလိုက်သည်။

ရှန်းမင်လည်း ခေါင်းညိမ့်လိုက်သည်။ သူမမျက်လုံး၌ အံ့အားသင့်စရာကောင်းသည့်အလင်းတန်းများ တောက်ပလာလေ၏။

ဤပစ္စည်းမှာ ထူးခြားလိမ့်မည်ဟု ထင်ထားသော်လည်း အသက်သုံးချောင်းဆေးဖြစ်လိမ့်မည်ဟု မထင်ထားခဲ့။

သို့သော် မသေသေးသည့်စစ်သူရဲများသည် ဤဆေးပင်နှင့် နီးကပ်သွားသည်နှင့် အလိုအလျောက်သိမည်ပင်။

ဤကဲ့သို့သော ပစ္စည်းမှာ သူတို့အတွက် အလွန်အရေးကြီးသည်။ ဤသည်မှာ သူတို့ကလန်ကို အဆင့်တက်သွားစေနိုင်သည်ပင်။

အပြင်လူများအတွက်တော့ အသက်သုံးချောင်းဆေးမှာ အသုံးမဝင်။

ထိပ်တန်းအဆင့် ကျွမ်းကျင်သူများသာ ပြန်လည်ရှင်သန်ခြင်းဆေးလုံးနှင့် အခြားဆေးများကို ပြုလုပ်ရန် အသုံးပြုနိုင်သည်ပင်။

“ငါတကယ်ကြီး အသက်သုံးချောင်းဆေးကို တူးမိလိုက်တာပဲ..” ရှီဟောင် ရေရွတ်လိုက်သည်။ သူ့လက်ထဲမှ သစ်သားဓားကို သေချာလေ့လာလိုက်သည်။ သူ၏အပြင်ပန်းပုံစံမှာ တကယ်ကို စုတ်ပြတ်လှသည်။ သူ ဤဓားကို လွှင့်ပစ်မိတော့မလိုပင်။

ဘာလို့ ဒီလိုပုံစံဖြစ်နေတာလဲ .. ဆေးပင်ပုံစံနဲ့လည်း မတူဘူး..

ရှီဟောင် ဤမေးခွန်းမေးလိုက်သည်နှင့် ရှန်းမင်နှင့် စန်းကျန်းတို့နှစ်ဦးလုံး ဒေါသတကြီး အံကြိတ်လိုက်ကြသည်။ ဤသည်မှာ ရှေးမှ ပြိုင်ဘက်ကင်းသက်ရှိများ တမင်သက်သက်လုပ်ထားခြင်းဖြစ်သည်ဟု သူတို့ယုံကြည်သည်။

ထိုလူမှာ မသေသေးသည့်စစ်သူရဲမဟုတ်လောက်။ သို့သော် ဤသည်မှာ အသက်သုံးချောင်းဆေးမှန်း သူသိသည်။ သူသည် နောင်လာနောက်သားများ အထူးသဖြင့် မသေသေးသည့်စစ်သူရဲများကို ရန်စ၊ လှောင်ပြောင်ရန် ပြုလုပ်ထားခြင်းပင်။

ဤသည်မှာ အသက်သုံးချောင်းဆေးပင်မှ ပြုလုပ်ထားခြင်းပင်။ မူလဆေးပင်မှာ သစ်ပင်လေးတစ်ပင်ဖြစ်လောက်သည်။ ထိုဆေးပင်ကို သစ်သားဓားအဖြစ် ထွင်းထားခြင်းပင်။

“အရင်းအမြစ်တွေကို လက်လွတ်စပယ် ဖြုန်းတီးနေတယ် .. ဆေးပင်ကို ဓားအဖြစ်ပြောင်းလိုက်တဲ့ မကောင်းတဲ့ကောင်ကို ကျွန်မရှာမတွေ့ရင် ပိုကောင်းမယ် .. မဟုတ်လို့ကတော့ ကျွန် သူ့အုတ်ဂူကို တူးပစ်မှာ..” ရှန်းမင် ပြောလိုက်သည်။

“ဒီပစ္စည်းရဲ့ အရည်အသွေးကတော့ လျှော့ကျမသွားဘူးမလား..” ရှီဟောင်မေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံးကို ခွဲလိုက်သည့်အချိန်က ပျက်စီးသွားသည့်အနံ့ကို ရလိုက်သည်ပင်။ ထိုအနံ့မှာ မှိန်ဖျော့နေသော်လည်း သူရလိုက်သေးသည်။

ထိုစကားကို ကြားသည်နှင့် မသေသေးသည့် စစ်သူရဲနှစ်ဦး၏ အမူအရာများမှာ ပို၍ မသာမယာဖြစ်လာသည်။

“ကျွန်မ အဲဒီအယုတ်တမာအိုကြီးက တကယ်သတ်ပစ်ချင်မိတယ် .. ဒီလိုမျိုး အဆင့်လွန်ဆေးပင်ကို သူက ဘယ်လိုလုပ် ဓားပုံစံ ပြောင်းနိုင်ရတာလဲ .. သူ ဒါကို ဖျက်ဆီးမိတော့မလိုပဲ…” ရှန်းမင် ဒေါသတကြီး ပြောလိုက်သည်။

“သူ့အရည်အသွေး နည်းနည်းပျက်စီးသွားတယ်ဆိုပေမယ့် သုံးလို့ရပါသေးတယ်” စန်းကျန်း ပြောလိုက်သည်။ မဟုတ်ပါက သူ ဤပစ္စည်းကို တောင်းမည်မဟုတ်။

“မင်းတို့ ဘယ်လောက်လိုတာလဲ..” ရှီဟောင်ထပ်မေးလိုက်၏။

သူတို့နှစ်ယောက် ရှုပ်ထွေးသွားရသည်။ ဟွမ်လည်း ဒါကို လိုချင်တာလား..

ရှီဟောင် ခေါင်းညိမ့်လိုက်ကာ သူလည်း နည်းနည်းသိမ်းထားချင်ကြောင်း၊ နောင်အနာဂတ်၌ အသုံးဝင်လျှင် ဝင်လာလိမ့်မည်ဖြစ်ကြောင်း ဒဲ့တိုးပင် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ချောင်ယုရှင်းနှင့် ထိုအနက်ရောင်ခွေးကြီးတို့ ရှေးဟောင်းအုတ်ဂူများအား တူးဖော်ရှာဖွေနေကြသည်ကို သူတွေ့ဖူးသည်ပင်။

“ဒီသစ်သားသားက တော်တော်လေး များပါတယ် .. ငါတို့သုံးယောက် ညီတူညီမျှ ခွဲလို့ရတယ်” စန်းကျန်း ခေါင်းညိမ့်လိုက်၏။ ဤကဲ့သို့သော ပစ္စည်းမှာ များလေကောင်းလေမဟုတ်။ ပမာဏတစ်ခုပင်လျှင် သူတို့ပြောင်းလဲရန်အတွက် လုံလောက်လေပြီ။

ဤဆေးပင်သာ မပျက်စီးလျှင်၊ ဓားအဖြစ် ထွင်းထုထားခြင်းမဟုတ်လျှင် ပို၍ပင် အံ့အားသင့်စရာကောင်းလိမ့်မည်။

“ရော့..” စန်းကျန်း ရှီဟောင်ကို ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်ကို လက်ဆောင်ပေးလိုက်လေသည်။ ထို့အပြင် ဤကျောက်တိုင်မှာ ဤမျှရိုးရှင်းမည်မဟုတ်ဟု သူထင်သည်။

သို့သော်သူဘာမှ ရှာမတွေ့။ ထို့ကြောင့် သူ့အတွက်တော့ ဤသည်မှာ အဖိုးမတန်သည့် ရှေးဟောင်းကျောက်တိုင်တစ်ခုသာ။

ရှီဟောင် ထိုကျောက်တိုင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ဘာမှမတွေ့။ နောက်ဆုံးတော့ သူ ရယ်မောလိုက်ကာ “ထာဝရဓားနဲ့ တစ်ခြားပစ္စည်းတွေအားလုံး မရှိတော့ဘူးဆိုတော့ ဒါကိုပဲ လက်နက်အဖြစ် သုံးရတော့မယ်ထင်တယ်..”

ဤကျောက်တိုင်မှာ လက်ဖဝါးအရွယ်အစားရှိသောကြောင့် မည်သို့ပင်ကြည့်ကြည့်ဤသည်မှာ .. အုတ်ခဲတစ်ခုနှင့် တူနေသည်။

“ဒါကို လက်ရိုက်တုတ်အနေနဲ့ သုံးဖို့ သင့်တော်တယ်..” ရှီဟောင် ချီးကျူးလိုက်၏။

မသေသေးသည့်ရွှေရောင်စစ်သူရဲ နှစ်ဦးလုံး ဆွံ့အသွားရသည်။

ရှီဟောင် သစ်သားဓားကို ဖဲ့လိုက်သည်နှင့် သစ်သားအပိုင်းအစများ ပဲ့ကျလာသည်။

မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးလုံး ထိတ်လန့်သွားရသည်။ ဤသည်မှာ အသက်သုံးချောင်းဆေးဖြစ်သော်လည်း ရှီဟောင် ပြီးစလွယ်လုပ်နေသည်။

“ရပ်လိုက် .. ဖြေးဖြေးလုပ် .. မပျက်စီးစေနဲ့..”

သူတို့နှစ်ဦး ကျောက်စိမ်းပုလင်များကို ထုတ်လိုက်ကာ အောက်ကျသွားသည့် သစ်သားအပိုင်းအစများကို ကောက်ထည့်လိုက်၏။ သူတို့ နည်းနည်းလေးမှ မဖြုန်းတီးနိုင်။

ဤသစ်သားဓားကို သုံးပိုင်းပိုင်းလိုက်လေပြီ။

“ကျွန်မရှင့်ကို သင်္ချိုင်းပညာတစ်ခု သင်ပေးရင်ရော” ရှန်းမင် ပြောလိုက်၏။

“ငါတို့ သင်္ချိုင်းဘုရင်လမ်းကြောင်းကို တက်နိုင်ရင် ဒါတွေက မလုံလောက်သေးဘူး .. ငါတို့နောင်ကျရင် မင်းကို သေချာလေး ပြန်ပြီးကျေးဇူးဆပ်ပါ့မယ်..” စန်းကျန်း၏အမူအရာမှာ လေးနက်နေသည်။

“ဟုတ်တယ် .. နောင်ကျရင် ရှင့်မှာပြဿနာရှိရင် ကျွန်မတို့ရှင့်ကို လာခေါ်သွားပေးမယ်” ရှန်းမင်ခေါင်းညိမ့်လိုက်၏။

‘ခေါ်သွားမယ်’ ဟူသည့်စကားကို ရှီဟောင် အလေးအနက်ထားနေမိသည်။ ဤစကားမှာ သူ့အား မသက်မသာဖြစ်စေသည်။ သူ ထိုနှစ်ယောက်ကိုကြည့်လိုက်သော်လည်း သူတို့ဘာမှမပြောတော့။

“ရှင် မတော်တဆသေသွားရင် .. ရှင့်ရဲ့အပိုင်းအစတွေ နည်းနည်းလောက် ကျန်နေသေးသရွေ့ ကျွန်မတို့ ရှင့်ကို သင်္ချိုင်းနယ်မြေထဲ ခေါ်သွားဖို့ နည်းလမ်းရှာပြီး မသေသေးတဲ့စစ်သူရဲတစ်ယောက်ဖြစ်အောင် ပြောင်းပေးမယ်” ရှန်းမင် ပြောလိုက်သည်။

“မင်းတို့တွေ ကျေးဇူးပြုပြီးတော့ ကောင်းတဲ့ကိစ္စလေးတွေ နည်းနည်းလောက် ပြောလို့မရဘူးလား..” ရှီဟောင် မျက်လုံးလှန်လိုက်သည်။

ထို့အပြင် သူကံဆိုးပြီး သေသွားလျှင်ပင် သူ သင်္ချိုင်းနယ်မြေသွားပြီး အလောင်းဝိညာဉ်မဖြစ်ချင်။ ထိုအစား သူ အသေသာခံလိုက်မည်။

တစ်ချိန်တည်းမှာပင် သူအနည်းငယ် ရှုပ်ထွေးသွားရသည်။ မသေသေးတဲ့စစ်သူရဲတွေက မွေးဖွားလာတာမဟုတ်ဘူးလား .. သူတို့ မွေးဖွားနိုင်တယ်မဟုတ်ဘူးလား .. သူတို့တွေက အလောင်းကနေ ဖြစ်လာတာများလား..

သူ၏သံသယများကို ကြားလိုက်သည်နှင့် သူတို့နှစ်ဦးလုံး ပြုံးလိုက်ကြ၏။

“မင်း မသေသေးတဲ့စစ်သူရဲတွေကို အထင်လွဲနေပြီ … ငါတို့က တကယ် လူမျိုးစုတစ်ခုပါ အလောင်းကနေ ပြန်မွေးဖွားလာတာမဟုတ်ဘူး .. ဒါပေမဲ့ မင်းရဲ့ ကြင်နာမှုကို ပြန်ပေးတဲ့အနေနဲ့ ငါတို့ ကောင်းကင်ကို ဆန့်ကျင်တဲ့နည်းလမ်းတွေကို သုံးပြီးတော့ မင်းကို မသေသေးတဲ့စစ်သူရဲတစ်ယောက်ဖြစ်အောင် ပြောင်းပေးမယ်”

“မင်းတို့ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ် .. ဒါပေမဲ့ ငါတကယ်မလိုဘူး .. ကျေးဇူးပြုပြီး ဒီအကြောင်းကို နောက်ထပ်မပြောရအောင်..”

ကိစ္စများ တည်ငြိမ်သွားပြီးနောက် သူတို့ပြန်သွားလိုက်ကြသည်။ ကျောက်တံခါးများ ရှိနေသော်လည်း မြို့ရိုးများနှင့်အခြားအရာများ မရှိတော့။

“ငါ တကယ် အထဲသွားချင်တယ်..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

အကြီးအကဲအရှင်သာ ဤနေရာ၌ ရှိလျှင်ကောင်းမည်။ တစ်ခဏလေးဆိုလျှင်ပင် သူ ထာဝရတရားကို ရရှိရန် လုံလောက်လိမ့်မည်။

“ကျွန်မတို့ ဘယ်လိုပြန်သွားကြမလဲ..” ရှန်းမင် မေးလိုက်သည်။

ဤသည်မှာ အတော်လေး ကသိကအောက်ဖြစ်စေသည်။ သူတို့လာသည့်အချိန်က သုံးခဲ့သည့် ရွှေ့ပြောင်းသည့်အစီအရင်မှာ တစ်လမ်းသွားပင်။ ယခု သူတို့ မည်ကဲ့သို့ ပြန်သွားကြတော့မည်နည်း..

“ငါတို့ ထာဝရနယ်မြေက လူတွေကို‌ မေးရင်ရော..” ရှီဟောင် ပြောလိုက်သည်။ ထို့အပြင် သူ ထိုတံခါးကြီးများကို တကယ်သွားခေါက်လိုက်သည်ပင်။

ကံမကောင်းစွာဖြင့် ထိုတံခါးကြီးသည် တုပ်တုပ်မှ လှုပ်မလာခဲ့။

ထို့အပြင် အထဲဘက်မှ သက်ရှိများလည်း ဘာကိုမှ အာရုံခံနိုင်မည်မဟုတ်။ ဤကျောက်ဂိတ်တံခါးများမှာ အားလုံးကို ဖြတ်ချထားသည်ပင်။

ထိုမြက်ဖျာပေါ်၌ ရှိနေသည့်သူကဲ့သို့ အဆင့်လွန်ရတနာတစ်ခု မရှိပါက ဤကျောက်တံခါးများ တုံ့ပြန်မည်မဟုတ်။

“ဒီအကြွင်းအကျန်တွေကို စစ်ဆေးကြည့်လိုက် .. သူတို့ဆီမှာ လမ်းညွှန်မှုတစ်မျိုးမျိုးရှိမလားဆိုတာ ကြည့်ကြည့်လိုက် .. သူတို့တွေ ဒီကို အများကြီးလာကြတာဆိုတော့ ထာဝရနယ်မြေထဲကို ဝင်ဖို့မျှော်လင့်ချက်မရှိတော့ တစ်ချို့သူတွေ ပြန်သွားကြမှာပဲ”

သူတို့ ဤကဲ့သို့ ဆုံးဖြတ်လိုက်ကာ ကျောက်တံခါးအပြင်ဘက်ပတ်လည်ကို ရှာဖွေလိုက်ကြသည်။

ထိုနေရာ၌ အလွန်ကြီးမားလှသည့် အလောင်းများစွာ ရှိနေသည်။ တစ်ချို့မှာ အရိုးခြောက်များအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ပြီး အချို့မှာ အရေပြားတစ်လွှာကျန်နေသးသည်။

သူတို့ တကယ်ကို တစ်ခုခု ရှာတွေ့ခဲ့ကြသည်။ အကြွင်းအကျန်တစ်ချို့မှ သဲလွန်စအချို့ ရှာတွေ့ခဲ့ကြသည်။ သူတို့ ဦးတည်ချက်တစ်ခုအတိုင်း ကြယ်ကောင်းကင်၌ သွားလိုက်ကြသည်။

ထင်ထားသည့်အတိုင်းပင် လမ်းတစ်လျှောက်၌ သူတို့ ပျံ့ကြဲနေသည့် အကြွင်းအကျန်များ ထပ်တွေ့ခဲ့သည်ပင်။

ယခင်ကထက်ပင် ပိုကြီးသည့် ရွှေ့ပြောင်းခြင်းအစီအရင်ကို တွေ့လိုက်ရသည်ပင်။

သူတို့ဤနေရာသို့ လာသည့်အချိန် ယဇ်ပုလ္လင်ပေါင်းကိုးခုကို ဖြတ်ခဲ့ရသည်ပင်။

ယခု ကျောက်တုံးဂိတ်တံခါးနှင့် အတော်ဝေးသည့်နေရာတွင် သူတို့ ဆယ်ခုမြောက် ယဇ်ပုလ္လင်ကို တွေ့လိုက်ရသည်။

ဤတစ်ခုမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှသည်ပင်။

“ဒါက ငါတို့ကို ပြန်တဲ့လမ်းပေါ် ခေါ်သွားပေးမှာလား..”

“တစ်ခုခုမှားနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ .. ယဇ်ပုလ္လင်ကိုးခုက ကျောက်တံခါးနောက်မှာ ရှိနေတာ … ဒါက ငါတို့ကို ပိုထူးဆန်းတဲ့ယဇ်ပုလ္လင်ဆီ ခေါ်သွားတာမဟုတ်ပဲနဲ့ နောက်ပြန်သွားတဲ့ ရွှေ့ပြောင်းခြင်းအစီအရင်ဆိုတာ သေချာရဲ့လား..”

ဒါက သူတို့ကို ပြန်ခေါ်သွားမှာမဟုတ်ရင် ဘယ်ကို ခေါ်သွားမှာလဲ..

ထာဝရနယ်မြေထက် ပိုဝေးတဲ့နေရာတွေ၊ ပိုပြီးထူးဆန်းတဲ့ ရှေးဟောင်းလောကကြီး ရှိနေသေးတာလား .. သူတို့ကိုယ်သူတို့ ပြန်မေးကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ မဖြစ်နိုင်ဘူးဟု သူခံစားရသည်။

“ဘာပဲဖြစ်ဖြစ် ငါတို့မှာ တစ်ခြားရွေးချယ်စရာမှမရှိတာ .. ဒီယဇ်ပုလ္လင်တစ်ခုပဲရှိတာ … အဲဒီတော့ သွားကြစို့..”

နောက်ဆုံးတွင်တော့ သူတို့ ထိုယဇ်ပုလ္လင်ပေါ်သို့ တက်လိုက်ကြသည်။ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီးနောက် သူတို့ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

အပိုင်း ၁၈၁၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၁၅ – အရင်းအမြစ်

နတ်အလင်းများတောက်ပလာပြီး ယဇ်ပုလ္လင်တစ်ခုလုံး မြူမိုးဖြင့် ဖုံးလွှမ်းသွားသည်။ ဤသည်မှာ အချိန်အတော်ကြာသည်အထိ ပျက်ပြယ်မသွား။

သို့သော် ထိုနေရာ၌ မည်သူမှ မရှိတော့။

ဤယဇ်ပုလ္လင်မှာ အလွန်ခမ်းနားလှပြီး ရွှေ့ပြောင်းလည်း စွမ်းအားလည်း ကြီးမားလှသည်ဟု ပြော၍ရသည်။ အချိန်အတော်ကြာသွားသော်လည်း အကွာအဝေးသဘာဝဥပဒေသများ ရှိနေသေးသည်။

လမ်းတစ်လျှောက်တွင် ရှီဟောင်တို့ သုံးဦးလုံး ထိတ်လန့်သွားကြရသည်။ သူတို့ ထာဝရတရားရရှိသွားသကဲ့သို့ နေရာတိုင်း၌ အလွန်တောက်ပသည့်အလင်းများ ရှိနေသည်။ သူတို့ ထူးဆန်းသည့်ရှေးဟောင်းလောကတစ်ခုထဲသို့ ဝင်ရောက်သွားတော့မည်။

ဤသည်မှာ သူတို့ကို ထိတ်လန့်သွားစေသည်ပင်။

သူတို့ ထာဝရနယ်မြေမှ ထွက်လာသည်မှာ သိပ်မကြာသေး။ ဤသည်မှာ သူတို့ကို ခမ်းနားလှပသည့်လောကတစ်ခုသို့ တကယ်ခေါ်သွားနိုင်သည်လား..

ဝုန်း..

နောက်ဆုံးတွင် ဥမင်လှိုဏ်ခေါင်းမှာ သိပ်မတည်ငြိမ်တော့။ ပြင်းထန်လှသည့်တုန်ခါသံများ ထွက်ပေါ်လာကာ နှိုင်းယှဉ်၍မရနိုင်သည့်စွမ်းအားလည်း ထွက်ပေါ်လာသည်။ ဤစွမ်းအားမှာ သူတို့သုံးဦးကို တစ်စစီဖြစ်အောင် လုပ်ပစ်တော့မလိုပင်။

လျှပ်စီးအလင်းတန်းများ တစ်တန်းပြီးတစ်တန်း ပေါက်ကွဲထွက်လာသည်။

သူတို့အားလုံး လမ်းကြောင်းပေါ်မှ ဆင်းလိုက်ကြသည်။ ဒါက ဘယ်လိုနေရာမျိုးလဲ .. သူတို့အားလုံး ဤရှေးဟောင်းလောကကြီးကို ထိတ်လန့်စွာဖြင့်ပင် ကြည့်လိုက်ကြသည်။

လောကကြီးမှာ အဆုံးမရှိလောက်အောင်ပင် ကျယ်ပြောလှသည်။

ဤသည်မှာ သူတို့ လောကအစွန်းသို့ ရောက်လာသလိုပင်။ အချို့နေရာများတွင် မူလဖရိုဖရဲမြူများ ရစ်ဆိုင်းနေသည်။ ကြယ်များမရှိသလို ထာဝရအလင်းလည်းမရှိ။

ဤသည်မှာ သေချာပေါက် ထာဝရနယ်မြေမဟုတ်။ သူတို့ခံစားနိုင်သည့်တစ်ခုတည်းသော အရာမှာ ဗလာဖြစ်နေမှုကြီးပင်။ ထိုအရာမှလွဲလျှင် မိုးခြိမ်းသံများသာရှိသည်။

ဤနေရာမှာ အလွန်မတည်မငြိမ်ဖြစ်နေသည်။ လေဟာနယ်၌ အက်ကွဲကြောင်းများ ဖုံးလွှမ်းနေသည်။

ဝုန်း..

စန်းကျန်းဘေးသို့ မိုးကြိုးတစ်တန်း ပစ်ချလာ၏။ ဤသည်မှာ သူ့အမူအရာကို ပြောင်းလဲသွားစေသည်။ ဤကဲ့သို့သော စွမ်းအားမှာ ကြီးမားလွန်းလှပြီး သူ့အား သေလောက်အောင် ခြိမ်းခြောက်နေသလိုပင်။

“မကောင်းတော့ဘူး .. လျှပ်စီးအတိဒုက္ခက ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က သူတွေကို ပစ်မှတ်ထားနေတာ..” စန်းကျန်းသည် အလွန်ထက်မြက်မှကာ ပုံမှန်မဟုတ်သည့်အရာကို ချက်ချင်း အာရုံခံနိုင်သည်ပင်။

“မြန်မြန် .. မင်းရဲ့ကျင့်ကြံဆင့်ကို ဖုံးထား .. မဟုတ်ရင် ပြဿနာများလိမ့်မယ် .. အကျိုးဆက်တွေကို ခန့်မှန်းဖို့ ခက်ခဲလိမ့်မယ်..” စန်းကျန်း မြန်မြန်ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူကြားဖူးထားသည့် ကောလဟာလနှင့်တူနေသည်ပင်။

ဝုန်း..

တစ်ချိန်တည်းမှာပင် ရှီဟောင် လျှပ်စီးတန်းတစ်ခုဖြင့် ပစ်ချခံလိုက်ရသည်။ သူယိုင်သွားကာ သူ့ခန္ဓာကိုယ်တစ်ခြမ်း မည်းတူးသွားသည်။

သာမန်သက်ရှိသာဆိုပါလျှင် သူတို့ တစ်ချက်တည်းဖြင့် မီးသွေးအဖြစ်သို့ ပြောင်းသွားနေလောက်လေပြီ။ သူ၏ခန္ဓာကိုယ် အလွန်နာကျင်သွားရသော်လည်း ကံကောင်းစွာဖြင့် သူ ဒဏ်ရာရမသွားခဲ့။

သူ၏အသားအရေ တောက်ပလာသည်။ မည်းနက်နေသည့်အရောင်များ လျင်မြန်စွာ ပျောက်ကွယ်သွားကာ သူ၏အသားအရေ ပြန်လည်တောက်ပလာသည်။

သူတို့သုံးယောက်လုံး သူတို့၏ကျင့်ကြံဆင့်များကို ဖိနှိပ်လိုက်သည်။ သူတို့၏တာအိုစွမ်းရည်များလည်း နိမ့်ကျလာကာ သူတို့ အားနည်းသည့်ကျင့်ကြံသူလေးများအဖြစ် ပြောင်းလဲသွားကြသည်။

သေချာပါသည်။ လျှပ်စီးလည်းအားနည်းသွားသည်ပင်။ ထိုမျှ မပြင်းထန်တော့။

သူတို့ခန္ဓာကိုယ်ကို လျှပ်စီးများ ဖောက်ဝင်သွားဆဲဖြစ်သော်လည်း စွမ်းအားမှာ အတော်လေး အားနည်းသွားလေပြီ။ ထိုစွမ်းအားကို သူတို့ခန္ဓာကိုယ်များ အလွယ်တကူပင် ခုခံနိုင်သည်။

ဤသည်မှာ စန်းကျန်း ခန့်မှန်းထားသည့်အတိုင်းပင်။

ဤနေရာမှာ ထူးဆန်းလွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် နေရာတိုင်း၌ လျှပ်စီးအလင်းတန်းများ ရှိနေသည်ပင်။ သူတို့ ဒီနေရာကို ရောက်တာနဲ့ ကောင်းကင်အတိဒုက္ခကို ခံစားရတော့မှာလား.. ဤသည်မှာ ကြောက်စရာကောင်းကာ အံ့အားသင့်စရာကောင်းလှသည်။

သိထားရမည်မှာ အပြင်လောက၌ ကောင်းကင်အတိဒုက္ခ မရှိတော့။ လူတစ်ယောက် လုံလောက်အောင် စွမ်းအားကြီးမှသာ စွမ်းအားအကြီးဆုံးနည်းလမ်းများဖြင့် ကောင်းကင်အတိဒုက္ခကို လက်ခံကြသည်ပင်။

သို့သော် ထိုကဲ့သို့ ခေါ်လိုက်လျှင် အလွန်ကြောက်စရာကောင်းသည့် ကောင်းကင်အပြစ်ပေးမှုကို ခံစားရမည်ဖြစ်ပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ငြိမ်းသတ်သွားလိမ့်မည်။

ထိုကဲ့သို့သော ကောင်းကင်၏အမျက်ဒေါသကို တောင့်ခံနိုင်သည့်သူသိပ်မရှိ။ ထို့ကြောင့်လည်း ကောင်းကင်အတိဒုက္ခများ ရှားပါးလာခြင်းပင်။

သို့သော် အပြင်လောက၌ ပျောက်နေခဲ့သည့် ကောင်းကင်အတိဒုက္ခများအားလုံး ဤနေရာ၌ လာစုနေသကဲ့သို့ပင်။

ဤသည်မှာ သေချာပေါက် ထူးဆန်းလှသည်ပင်။

သူတို့သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားရသည်။ သူတို့ဘေးနားပတ်လည်ကိုကြည့်လိုက်သည့်အချိန်တွင် ကြက်သီးမွေးညှင်းများပင် ထောင်ထသွားရ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အတိဒုက္ခသည် သူတို့ပုန်းကွယ်ထားသည့် ကျင့်ကြံဆင့်ကို အချိန်မရွေး ဖောက်ထွင်းမြင်နိုင်ချေ ရှိသည်ပင်။ ထိုသို့သာဖြစ်သွားပါက သူတို့ ဤမိုးကြိုးပင်လယ်၌ သေသွားလိမ့်မည်။

“ဘယ်လောက်တောင် ကျယ်ပြောလိုက်တဲ့ ရှေးဟောင်းမြေကြီးလဲ .. အားလုံး ဗလာဖြစ်နေတာ .. ဖုန်မှုန့်တစ်စက်တောင်မရှိဘူး .. မိုးကြိုးနဲ့လျှပ်စီးတွေပဲရှိတယ်..” ရှန်းမင် သက်ပြင်ချလိုက်သည်။

“လျှပ်စီးရဲ့ ဇစ်မြစ်ဆီကိုသွားရအောင် .. ဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ ကြည့်ကြတာပေါ့..” ရှီဟောင် ပြောလိုက်၏။ သူဦးဆောင်ကာ လျှပ်စီးများကို ဖြတ်သန်းသွားလိုက်၏။

“သူရူးနေတာလား..” ရှန်းမင် ပြောလိုက်၏။ ဤသည်မှာပင် အလွန်အန္တရာယ်များနေလေပြီ။ ဤနေရာ၏ ရင်းမြစ်မှာ မည်မျှပင် ကြောက်စရာကောင်းမည်နည်း..

“ငါတို့တစ်ခြားလမ်းမှ မရှိတာ .. ငါတို့နားမှာ ဘာ ရွှေ့ပြောင်းခြင်းအစီအရင်မှ မရှိဘူး .. ငါတို့ ဘယ်လို ပြန်သွားကြမလဲ … ငါတို့ ရှေ့ဆက်သွားလို့ပဲရမှာ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

ရှန်းမင် ဆွံ့အသွားရ၏။ တကယ်လည်း ဤကဲ့သို့ ဖြစ်နေသည်ပင်။ သူတို့ ထိုယဇ်ပုလ္လင်ကြီးထက်မှ ဆင်းလာသည်နှင့် လမ်းပျောက်သွားပြီဖြစ်သည်။

“သွားကြည့်ကြတာပေါ့..” စန်းကျန်း သဘောတူလိုက်၏။

လျှပ်စီးအလင်းတန်းများမှာ မိုးရွာကျနေသကဲ့သို့ပင် ကောင်းကင်ထက်မှ သူတို့ခန္ဓာကိုယ်နှင့် ဘေးပတ်လည်ကို ကျရောက်လာသည်။

“ဒါက မိုးစက်တွေနဲ့ ဘာမှမကွာဘူး .. ငါတို့တွေ သတိကြီးကြီးထားပြီးတော့ ငါတို့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားလို့သာ မဟုတ်ရင် ပြဿနာများနေလောက်ပြီ” စန်းကျန်း ပြောလိုက်သည်။

သူတို့ ဆက်သွားလေလေ လေဟာနယ်မှာ မတည်ငြိမ်လာလေလေပင်။ ဤနေရာတစ်ခုလုံးမှာ ကွဲသွားသည့် ကြွေအိုးကို ပြန်ဆက်ထားသကဲ့သို့ အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။

မတည်ငြိမ်သည့်လေဟာနယ်၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးအပြည့်ဖြစ်နေသည့်လျှပ်စီးများ..

“ဒါက ဘယ်လိုနေရာမျိုးလဲ..”

“ထာဝရရှေးဟောင်းခေတ်နောက်ပိုင်း ပျောက်သွားတဲ့ လျှပ်စီအတိဒုက္ခတွေအားလုံး ဒီနေရာကို ရောက်လာတာလို့တော့ မပြောနဲ့နော်..” ရှန်းမင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဤနေရာမှာအလွန်ထူးဆန်းလှသည်။ လူတစ်ယောက်ကို မသက်မသာခံစားစေရသလို တစ်ချိန်တည်းမှာပင် သူတို့အား သိချင်စိတ်များ ဖြစ်ပေါ်လာစေသည်။

ဤနေရာမှာ အလွန်ကျယ်ပြောလှသည်။ သူတို့ပျံသန်းလာခဲ့သည်မှာ လီပေါင်း မည်မျှရှိနေပြီမှန်းပင် မသိသော်လည်း သူတို့ ယခုထိ အဆုံးသို့ ‌မရောက်နိုင်သေး။ သို့သော် မိုးရေနှင့်တူသည့် လျှပ်စီးအလင်းတန်းများမှာ ပို၍ သိပ်သည်းလာသည်။

“ငါတို့ ရောက်တော့မယ်ထင်တယ် .. ငါတို့နည်းနည်းလောက် ပိုသည်းခံဖို့လိုတယ်..” ရှီဟောင် ပြောလိုက်၏။

ကံကောင်းစွာဖြင့် လျှပ်စီးအတိဒုက္ခသည် သူတို့၏ကျင့်ကြံဆင့်အမှန်ကို မမြင်ခဲ့။

စန်းကျန်း ဘာမှမပြောပဲ သူ၏အမူအရာမှာ လေးနက်နေသည်။ သူ အတိတ်မှ အဖြစ်အပျက်တစ်ချို့ကို ပြန်မြင်ယောင်မိသွားသည်။

“ဒီလိုမျိုး အဆုံးမရှိတဲ့လျှပ်စီးတွေ ရှိတယ်လို့ ရေးထားတဲ့ ပျက်စီးနေတဲ့ သင်္ချိုင်းစာအုပ်ရှိတယ်..” စန်းကျန်း လေးနက်စွာ ပြောလိုက်သည်။

ထိုစာအုပ်ကြောင့်လည်း သူ ထိုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းပင်။

သူပြောသည့်အကြောင်းအရာမှာ သေချာပေါက် ရှေးကျမည်ပင်။ မသေသေးသည့်စစ်သူရဲများသည် တစ်ခါအိပ်လျှင် ခေတ်တစ်ဝက်ကျော်ကြာသည်ပင်။ ထို့ကြောင့် သူပြောသည့် အဖြစ်အပျက်မှာမည်မျှရှေးကျသည်ကို မသိနိုင်တော့။

“များများတွေးနေလဲ အသုံးမဝင်ဘူး .. ကျွန်မတို့ ဘေးပတ်လည်ကိုပဲ သေချာလေ့လာသင့်တယ်” ရှန်းမင် ပြောလိုက်သည်။

ဝုန်း..

လျှပ်စစ်အလင်းတန်းမှဖြစ်ပေါ်လာသည့် လျှပ်စီးနဂါးတစ်ကောင် ပျံသန်းလာသည်။ သူသည် သူ၏အတောင်ပံများကို လှုပ်ခတ်ကာ မြေပြင်၌ လေတိုက်ခတ်လာအောင် လုပ်နေသည်။ သူသည် ဤသုံးယောက်ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်မလို ဖြစ်ခဲ့သည်ပင်။

ဤသည်မှာ နဂါးအစစ်ပုံစံနဂါးပင်။ ဤသည်မှာ တကယ်ကို အသက်ဝင်လှသည်။ နဂါးအော်သံမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါနေစေလေ၏။

သူ၏စွမ်းအားမှာ သေချာပေါက် ကြီးမားမည်ပင်။ သို့သော် ဤနဂါးသည် သူတို့ကို နှောက်ယှက်ခြင်းမရှိပဲ ပျံသန်းသွားလေ၏။

“နည်းနည်းထူးဆန်းလာပြီ .. ကောင်းကင်အတိဒုက္ခတွေ ရောက်လာရင် သူတို့တွေက ကျင့်ကြံသူတစ်ယောက်ရဲ့ အဆင့်ကို ခွဲခြားနိုင်တယ်လို့ ပြောကြတယ် … ဒါပေမဲ့ ငါတို့က ဒီလိုမျိုး ဖြတ်လာနိုင်ခဲ့တယ်” ရှီဟောင် ပြောလိုက်သည်။

“အရမ်းကြီး သတိလက်လွတ်မနေနဲ့ .. ဒါက ယာယီပဲဖြစ်နိုင်တယ် .. အန္တရာယ်ကြီးက အချိန်မရွေး ကျရောက်လာနိုင်တယ်..” စန်းကျန်၏အမူအရာမှာ ပို၍ မည်းမှောင်လာသည်။

သူနှင့် ရှန်းမင်မှာ မသေသေးသည့်ရွှေရောင်စစ်သူရဲများဖြစ်သောကြောင့် လျှပ်စီးများကို မုန်းတီးကြသည်ပင်။

“ငါတို့ကို မတွေ့သေးခင် မြန်မြန်သွားသင့်တယ် .. ဒီကနေ ထွက်နိုင်မယ့် နည်းလမ်း ရှာရမယ် … မဟုတ်ရင် အကျိုးဆက်တွေက အရမ်းကို ကြီးမားသွားလိမ့်မယ်..” ရှန်းမင် ပြောလိုက်၏။

သူတို့ အရှိန်တင်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်မှာ လျှပ်စီးမှ ဖြစ်ပေါ်လာသည့် မိုးထဲ ရွှဲနစ်နေပြီး လျှပ်စီးအလင်းတန်းများစွာ ထုတ်လွှတ်နေသည်။

လျှပ်စီးများမှာ အရောင်မတူကြ။ သူတို့သည် အိပ်မက်ထဲရောက်နေသကဲ့သို့ပင်။ ဤသည်မှာ အန္တရာယ်များသော်လည်း အလွန်လှပလှသည်။

“ငါတို့ ပန်းတိုင်ကိုနီးတော့မယ်လို့ ခံစားနေရတယ်..”

ထိုအခိုက်အတန့် သူတို့ ဆံပင်မွေးများ ထောင်ထသွားရ၏။

အရှေ့ဘက်၌ ခမ်းနားလှသည့်အော်ရာတစ်ခု ရှိနေသည်။ ဤသည်မှာ လောကပေါင်းများစွာကို မြှုပ်နှံထားသကဲ့သို့ ကြောက်စရာကောင်းလှသည်။

အထူးသဖြင့် ကြီးမားလှသည့်လျှပ်စီးတန်းများ တစ်ခုပြီးတစ်ခု ပျံသန်းထွက်ပေါ်လာသည့်အချိန်ပင်။ ထိုလျှပ်စီးများနှင့်အတူ မူလဖရိုဖရဲစွမ်းအင်များလည်း ပါဝင်နေသည်ပင်။

ဤသည်မှာ ကြီးမားလှသည့် လျှပ်စီးချောက်နက်ကြီးပင်။ မြေအောက်မှ လျှပ်စီးအလင်းတန်းများ ပျံသန်းထွက်လာလေ၏။

“ဒါက ဘယ်လိုနေရာမျိုးလဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။

ယခုအချိန်တွင် ဤနေရာမှာ အလွန်အန္တရာယ်များလှသည်ဟု သူတို့သုံးယောက်လုံး ခံစားနေရသည်ပင်။

ထိုလျှပ်စီးချောက်နက်မှာ အလွန်ကျယ်ပြန့်လှသည့်အပြင် အလွန်လည်း တောက်ပလှသည်။

“ဒါက..” ရုတ်တရက် ရှီဟောင်၏အမူအရာ ပြောင်းလဲသွားကာ သူမြင်နေရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေသည်။

ရှန်းမင်ဆိုလျှင် မျက်တောင်ပင်မခတ်ပဲ ထိတ်လန့်တကြား ကြည့်နေလေ၏။

“ဘယ်လိုလုပ် ဒီလိုအရာမျိုး ရှိနေတာလဲ..” ရှန်းမင်၏အသံမှာ တုန်ယင်နေသည်။

ထာဝရရှေးဟောင်းခေတ် ‌ပျောက်သွားတော့ ကောင်းကင်အတိဒုက္ခတွေက တကယ်ပဲ ဒီနေရာမှာ လာစုပြီးတော့ ဒီလိုမျိုး ရှေးဟောင်းလောကဖြစ်နေတာလား..

“ငါမြင်နေတာ တကယ်ပဲ ဟုတ်ရဲ့လား .. ဒါက သင်္ချိုင်းစာအုပ်တွေထဲမှာ မှတ်တမ်းတင်ထားတဲ့ဟာလို့တော့ ငါ့ကို မပြောနဲ့နော် .. ဒါက ဘယ်လိုလုပ် ပေါ်လာတာလဲ..” စန်းကျန်း စိတ်လွတ်ကိုယ်လွတ်ပင် ရေရွတ်နေလေ၏။

အပိုင်း ၁၈၁၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset