Switch Mode

Chapter – 1786 & 1800

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၆ – အံ့အားသင့်ဖွယ်ကောင်းသော လက်ဖက်ရွက်

ရှီဟောင်၏အသံမှာ အလွန် ပေါ့ပါးနေပြီး ထိုမျှမလေးနက်။ ဤသည်မှာ သက်ရှိအချို့ကို အမူအရာပျက်ယွင်းသွားစေသည်။ သူသည် ချီမုန့်ဟုန်ကို မျက်နှာပေးခြင်းမရှိပဲ ထပ်တူညီစွာ တုံ့ပြန်နေသည်။

သူတို့နှစ်ဦးသည် ယခင်က ယင်ယန်မီးဖိုတစ်ခုထဲ၌ အတူတူ ပြုပြင်ခံခဲ့ကြရသော်လည်း သူတို့နှစ်ဦးကြား၌ ဆက်ဆံရေးကောင်းများမရှိ။ ချီမုန့်ဟုန်သည် ဟွမ်အားအမြဲတမ်း သတ်ချင်နေခဲ့သည်ပင်။

ယခု သူတို့ တာအိုလေ့လာခြင်းတောင်ပေါ်၌ ထပ်တွေ့ကြလေပြီ။ အနီရောင်ဘုရင်၏မျိုးဆက်များမှ အမြဲတမ်းသွေးအေးကာ အကြင်နာတရားကင်းမဲ့လှသည်။ အခြားကလန်များမှာ သူတို့အား အမြဲတမ်း ကြောက်နေကြရသည်ပင်။

တောင်ထိပ်မှ မြေကြီးမှာအလွန်မာကျောလှပြီး သတ္တုရောင်ထနေသည်။ သို့သော်လည်း ထိုမြေကြီးကို မြက်ခင်းစိမ်းဖုံးအုပ်ထားကာ တောက်ပသည့်အစိမ်းရောင်အလင်းများ ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် ရုတ်တရက် သူတို့နှစ်ဦးကြား လေပြင်းများ တိုက်ခတ်လာပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။

သူတို့နှစ်ဦး မတိုက်ခိုက်ရသေးခင်မှာပင် သူတို့နှစ်ဦးကြား၌ ဤမျှကြောက်စရာကောင်းသည့် အဖျက်စွမ်းအား ပေါ်လာလေပြီ။ ဤသည်မှ အခြားကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။

ချီမုန့်ဟုန်သည် ယခုထိမထသေး။ သူသည် အလွန်ယုံကြည်ချက်ပြည့်ဝစွာဖြင့် မြက်ခင်းပေါ်၌ ထိုင်နေသည်ပင်။ ဟွမ်ကို ရင်ဆိုင်နေရသော်လည်း သူထမလာ။

သူ့ထံ၌ ကျောက်စိမ်းများကဲ့သို့ နီရဲနေသည့် အနီရောင်မျက်လုံးတစ်စုံရှိနေသည်။ ထိုမျက်လုံးများသည် သွေးရောင်နေမင်းများကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်း ကြီးမားလှသည်။

သူသည် အလွန်ငယ်ရွယ်ကာ သူရဲကောင်းဆန်လှသည်။ သူ ထိုနေရာ၌ ထိုင်နေသည်မှာ ရှေးဟောင်းနတ်ဆိုးတောင်ကြီးနှင့် တူလှသည်။

ရှီဟောင် ရှေ့ဆက်လျှောက်သွားနေပြီး သူ၏ခြေလှမ်းများမှာ ပေါ့ပါးလှသည်။ သူ လှည့်ပတ်သွားနေသကဲ့သို့ပင်။ သို့သော် သူ၏ခြေလှမ်းတိုင်း၌ တောင်တစ်ခုလုံးပင် တုန်ခါလာကာ လောကကြီးတစ်ခုလုံး တုံ့ပြန်လာသည်။

ဤသည်မှာ ပုံစံမရှိသည့် စွမ်းအားကြီးတစ်ခုပင်။

ဤကဲ့သို့သော စွမ်းအားမျိုးမှာ တာအိုများကို လှုပ်ရှားပြီး လောကကြီးကို အမိန့်ပေးခြင်းပင်။

ဝုန်း..

သူတို့နှစ်ဦးကြားတွင် ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ ယခုတစ်ခေါက်တွင် လေဟာနယ်ထဲ၌ ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ဖြစ်ပေါ်လာလေ၏။ နဂါးအော်သံများ ထွက်ပေါ်လာကာ ခြင်္သေ့ဟိန်းသံများလည်း ထွက်ပေါ်လာ၏။ လျှပ်စီးများ လျှပ်လာကာ မိုးခြိမ်းသံများလည်း ဆူညံလာသည်။

ခွပ်ဟူသည့်အသံနှင့်အတူ လေဟာနယ်ထဲရှိ အက်ကွဲကြောင်းများ ပို၍သိပ်သည်းလာသည်။ ထို့အပြင် ကောင်းကင်ကြီး အက်ကွဲသွားကာ နောက်လောကတစ်ခု ပေါ်လာမတတ် အနက်ရောင်အက်ကွဲကြောင်းများ ပို၍ ကြီးမားလာသည်။

“ရပ်လိုက် .. မင်းတို့တွေ တိုက်ခိုက်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီးတော့ တောင်ထိပ်ကနေ ထွက်သွားပေးပါ..”

တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်၏။ ဤသည်မှာ တာအိုလေ့လာခြင်းလက်ဖက်ပင်ကို စောင့်ကြပ်နေသည့် ကျွမ်းကျင်သူတစ်ဦးပင်။ ထိုအပင်အောက်၌ ကျွမ်းကျင်သူများစွာ ထိုင်နေပြီး အားလုံးမှာ အသက်ကြီးသည့်သူများပင်။

အဘယ်ကြောင့်ဆိုသော် ဤသစ်ပင်မှာ တစ်နှစ်ပတ်လုံး စောင့်ကြည့်ရလောက်အောင်ထိ ထိုက်တန်သည်ပင်။

ချီမုန့်ဟုန်သည် အမြဲတမ်း မောက်မာကာမာနကြီးသည့်သူပင်။ သို့သော် သူသည် ပြန်လည်ခွန်းတုံ့ပြန်ခြင်းမရှိပဲ ထိုနေရာ၌သာ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ တာအိုလေ့လာခြင်းလက်ဖက်ပင်နှင့်သိပ်မဝေး။ သူတို့အဆင့် ကျွမ်းကျင်သူများတိုက်ခိုက်ကြလျှင် ထိုရှေးဟောင်းသစ်ပင်ထံသို့ စွမ်းအင်လှိုင်းများ သက်ရောက်သွားမည်ပင်။ ဤနေရာကို ကာကွယ်ထားသည့် အစီအရင်များ ရှိသော်လည်း စိုးရိမ်ရသည်ပင်။

ချီမုန့်ဟုန် ထပ်မလှုပ်ရှားတော့။ သူသည် ရှီဟောင်ကို အေးစက်စွာ ကြည့်နေသော်လည်း ဘာမှမပြောတော့။

“ဟွမ် .. မင်းရဲ့နောက်ဆုံးအချိန်လေးကို ပျော်လိုက်ပါဦး .. မဟုတ်ရင် မင်းပျော်ဖို့အခွင့်အရေးရှိတော့မှာမဟုတ်ဘူး..”

ချီမုန့်ဟုန် ဘေးဘက်၌ ရှိနေသည့် အစေခံတစ်ဦး ပြောလိုက်သည်။ သူသည်အလွန်ငယ်ရွယ်သည့်မျက်နှာရှိကာ သူ၏အပြုံးမှာ ပေါ့ပါးလှပြီး နေရောင်ကဲ့သို့ နူးညံ့လှသည်။

သူသည် ကျွန်တစ်ဦးသာဖြစ်သော်လည်း ရှီဟောင်ကို ဤကဲ့သို့ ပြောနေသည်။ သူသည် သူ့ကိုယ်သူ အဆင့်အတန်းမြင့်သည်ဟု ထင်နေပြီး ရှီဟောင်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောနေသည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူ ဘယ်လိုလုပ် မရွံရှာပဲ နေမည်နည်း .. ပို၍အရေးကြီးသည်မှာ ဤစစ်ပွဲအစေခံလည်း လူသားတစ်ဦးပင်။ သို့သော်လည်း သူသည် သူ၏နေရာနှင့် အဆင့်အတန်းကို အလွန်သဘောကျနှစ်သက်နေသည်။

ကျွန်စိတ်တွေ..

ထိုသူတို့ကို စိုက်ကြည့်ပြီး ရှီဟောင် စိတ်ထဲ၌ ဤစကားလုံးများ ပေါ်လာသည်။ သို့သော် သူမပြောလိုက်တော့။ အစေခံတစ်ယောက်ကို ဘာမဟုတ်တာလေးနှင့်ငြင်းခုံနေလျှင် ဤသည်မှာ သူ့အဆင့်ကို သူနိမ့်ချလိုက်ခြင်းပင်။

“ဟား ဟား ဟွမ် . မင်းက တော်တော်လေးကို သန်မာတာပဲ .. ဒါပေမဲ့ အမှားမလုပ်နဲ့ .. မင်းကို ခွင့်လွှတ်ပေးဖို့ စောစောတောင်းခံရင်ပိုကောင်းလိမ့်မယ် .. ငါ့မိသားစုက သခင်လေး ကျေနပ်ရင် မင်းရဲ့ကံတရား ပြောင်းလဲရင် ပြောင်းလဲသွားနိုင်တယ်.” မျက်နှာနုနုလေးနှင့်တစ်ယောက်မှ ထပ်ပြောလိုက်သည်။

ချီမုန့်ဟုန်နောက်၌ စစ်ပွဲအစေခံသုံးဦး ရှိသည်။ သူတို့အသက်များမှာ အတော်လေး ကြီးနေလေပြီ။ သူတို့သည် လူသားများမဟုတ်။ ယခုအချိန်တွင် သူတို့ တိုက်ပွဲအငွေ့အသက်များ ထုတ်လွှတ်ကာ သူတို့၏မျက်လုံးထဲမှ နတ်အလင်းတန်းများ ထွက်ပေါ်နေသည်။ သူတို့သည် ချီမုန့်ဟုန်အစား တိုက်ခိုက်ချင်နေသည်။ သူတို့သာ ဟွမ်ကို ဖိနှိပ်နိုင်လျှင် အဓိပ္ပာယ်မှာ လုံးဝကွဲပြားသွားလိမ့်မည်။

ရှီဟောင်၏မျက်လုံးများ အေးစက်နေသည်။ ချီမုန့်ဟုန်၏အစေခံများ ဤကဲ့သို့ လုပ်ရဲနေခြင်းမှာ ပုံမှန်ဆိုလျှင် သူတို့မည်မျှမောက်မာသည်ကို သက်သေပြလိုက်ခြင်းပင်။

“ဟက်..” ရှီဟောင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ဤသည်မှာ လျှပ်စီးအလင်းတန်းတစ်ခု ထိုလူသားအစေခံ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ သူ၏အသိစိတ်ပင်လယ်ကြီး ပေါက်ကွဲလုနီးပါး ပြင်းထန်စွာ တုန်ခါသွားလေသည်။

ချီမုန့်ဟုန် ရှီဟောင်ကို စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ အေးစက်လှသည်။ သူ့နောက်မှ အလင်းများ ထွက်ပေါ်လာကာ ထိုအစေခံ၏ အန္တရာယ်ကို ချေဖျက်ပေးလိုက်သည်။

ဤမြင်ကွင်းကို မြင်သည်နှင့် အခြားသူများအားလုံး အေးခဲသွားရသည်။ ဟွမ်က ဒီလောက်တောင်စွမ်းအားကြီးနေပြီလား .. သူ နှာခေါင်းရှုံ့လိုက်တာနဲ့ ရန်သူတွေအများကြီးကို ရိုက်ချနိုင်လိုက်တာလား..

“အချိန်သိပ်မကျန်တော့ဘူး .. တာအိုလေ့လာခြင်းလက်ဖက်ရွက်ကို ခူးဖို့ပြင်တော့..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ တောင်ထိပ်မှာ ချက်ချင်းပင် ဆူညံလာကာ အားလုံး၏မျက်ဝန်းများ တောက်ပလာသည်။

သူတို့ ဤနေရာသို့ ရောက်လာကြသည်မှာ ဤသစ်ရွက်များအတွက်ပင်ဖြစ်သောကြောင့် အားလုံး ပျော်ရွှင်သွားကြသည်။

ရှီဟောင်နှင့် ချီမုန့်ဟုန်တို့၏ တိုက်ခိုက်မှုမှာ နှောက်ယှက်ခံလိုက်ရလေပြီ။ သူတို့အားလုံး ထို တာအိုလေ့လာခြင်းလက်ဖက်ပင်ထံသို့ ကြည့်လိုက်ကြသည်။

သစ်ပင်အောက်မှ လူများသည် သူတို့ကိုင်ထားသည့် လျှို့ဝှက်ရတနာမျိုးစုံကို ပြန်သိမ်းလိုက်သည်နှင့် အလင်းပြင်ကြီး ပျောက်ကွယ်သွားကာ ထာဝရသစ်ပင်၏ပုံစံအပြည့် ပေါ်လာလေပြီ။

သစ်ပင်အိုကြီးမှာ ကြီးမားတုတ်ခိုင်လှပြီး နဂါးတစ်ကောင် အိပ်နေသည်နှင့် တူနေသည်။ သစ်ပင်၌ သစ်ကိုင်းများစွာ ရှိနေသော်လည်း အရွက်များမှာ သိပ်မရှိ။

ဤနှစ်အထွက်နည်းခြင်းမဟုတ်။ တာအိုလေ့လာခြင်းလက်ဖက်ပင်ကိုက ဤအတိုင်းပင်။

အကိုင်းများစွာ ရှိနေသော်လည်း အကိုင်းတိုင်း၌ သစ်ရွက်ရှိနေခြင်းမဟုတ်။ ထို့ကြောင့် တစ်ပင်လုံးခြုံကြည့်လျှင် ဤသည်မှာ အနည်းငယ် ပြောင်ရှင်းနေသည်။

“တစ်၊ နှစ်…” အချို့လူများ စတင်ရေတွက်ကြပြီးနောက် အားလုံး ကြွေးကြော်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သေချာရေတွက်လိုက်သည့်အချိန်တွင် အရွက်ရေ သုံးထောင်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ မနည်းမများ၊ သဘာဝဥပဒေသအရေအတွက်နှင့် ကွက်တိပင်။

“တာအိုသုံးထောင်၊ သစ်ရွက်သုံးထောင် ဟား ဟား .. ဒါက တကယ်ကို ကောင်းတာပဲ .. ဒီနှစ်တော့ အများကြီးရတာပဲ…” အားလုံး အလွန်ပျော်ရွှင်သွားရသည်။

အဘယ်ကြောင့်ဆိုသော် တာအိုလေ့လာခြင်းလက်ဖက်ကို နောက်တစ်ကြိမ်ခူးနိုင်ရန် နှစ်ပေါင်းမည်မျှ စောင့်ရမည်မှန်းမသိ။ ထိုအပင် အရွယ်ရောက်ရန်အတွက် ပုံမှန်အားဖြင့် နှစ်တစ်ရာကျော်မှ နှစ်တစ်ထောင်ကျော်ထိ ကြာသည်ပင်။ အရွက်ရေနည်းလျှင် တစ်ရာခန့်သာရှိသည်ပင်။ ထူးခြားသည့်အခြေအနေ၌သာ သုံးထောင်ရခြင်းပင်။

“ဟူး .. ဒီတစ်ခေါက်က သုံးထောင်ရတာဆိုတော့ နောက်တစ်ခေါက် သုံးထောင်ထပ်ရဖို့ဆိုရင် နောက်ထပ် နှစ်ထောင်ချီစောင့်ရမယ်ထင်တယ်..” အခြားသူများ သက်ပြင်းချလိုက်ကြသည်။

သစ်ပင်အိုကြီး၏ အရွက်များကို ခူးလိုက်သည်နှင့် အနှေးနှင့်အမြန် ထွက်လာကြမည်ပင်။ သို့သော်လည်း အရွက်များ ရင့်လာရန်အတွက် အချိန်များစွာ လိုအပ်မည်ပင်။

“ယဇ်ပူဇော်တဲ့အခမ်းအနား..”

မရိတ်သိမ်းမှီ ကျင်းပရသည့်အထူးပွဲတစ်ခုရှိသည်ပင်။ ထိုပွဲပြီးမှသာ ထိုအကြီးအကဲများ စတင်ခူးကြသည်ပင်။ သူတို့ ဤသစ်ရွက်များကို အလွန်သတိကြီးကြီးဖြင့် ခူးကြရသည်ပင်။

ချွမ်း..

အေးစက်သည့်အလင်းတောက်ပလာပြီး သစ်ရွက်တစ်ရွက်မှ ဓားအလင်းတန်း ထွက်ပေါ်လာသည့်အပြင် အသံများလည်း ထွက်ပေါ်လာသည်ပင်။

သစ်ရွက်မှာ နတ်ဓားတစ်လက်ကဲ့သို့ ရှည်လျားနေသည်ပင်။

ဒုန်း..

ကျယ်လောင်လှသည့် ခေါင်းလောင်းသံကြီး ထွက်ပေါ်လာသည်။ အခြား သစ်ရွက်တစ်ရွက် တောက်ပလာကာ ခေါင်းလောင်းတစ်ခုကဲ့သို့ မြေကြီးရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။

ထို့အပြင် သူ၏အသွင်အပြင်မှာ ထူးခြားလှသည်။ သူသည် ပြားကပ်နေသည်မဟုတ်။ ခေါင်းလောင်းကဲ့သို့ ဝပ်ဝပ်လေး ဖြစ်နေသည်။

ဝူးဟူသည့်အသံနှင့်အတူ အနီရောင်အလင်းများထွက်ပေါ်လာ၏။ ဤသည်မှာ နီရဲနေသည့် သစ်ရွက်တစ်ရွက်ပင်။ သူ၏အသွင်အပြင်မှာ အဖိုးတန်မီးဖိုနှင့် သိပ်မခြားနား။

အခြားသူများမှာ မလန့်ပဲ မနေနိုင်တော့။ အထူးသဖြင့် ရှီဟောင်ပင်။ ဤသည်မှာ သူ တာအိုလေ့လာခြင်းလက်ဖက်ပင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

အခြားလူငယ်များလည်း အံ့အားသင့်နေကြသည်ပင်။ သူတို့ ယခင်က ဤအပင်အကြောင်းကို ကြားဖူးသော်လည်း သူတို့မမြင်ဖူးကြ။ ဤသည်မှာ သူတို့ဤနေရာသို့ ပထမဆုံးအကြိမ် လာဖူးခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူတို့အသက်နှင့်ဆိုလျှင် လက်ဖက်ရွက်များကို နောက်ဆုံးအကြိမ်ခူးသည့်အချိန်က သူတို့မမွေးသေး။

ဝေါင်း..

ကျားဟိန်းသံ ထွက်ပေါ်လာ၏။ အသံမှာ ကြမ်းတမ်းလှကာ စွမ်းအားကြီးလှသည်။ ဤသည်မှာ အဖြူရောင်သစ်ရွက်မှ ထွက်လာခြင်းပင်။ သစ်ရွက်မှာ ကျားဖြူပုံစံဖြစ်ပြီး အသက်ဝင်လှသည်။

ထို့နောက် ငါးရောင်စပ်သစ်ရွက်တစ်ရွက်မှ ငါးရောင်စပ်နတ်အလင်းများထုတ်လွှတ်ကာ ဖီးနှစ်အော်သံများလည်း ထွက်ပေါ်လာသည်။ ထိုသစ်ရွက်ကို နတ်မီးတောက်များ ဝန်းရံထားကာ သစ်ရွက်မှာ ဖီးနှစ်နှင့် တူလှသည်။

သေချာကြည့်မည်ဆိုလျှင် သစ်ရွက်သုံးထောင်လုံးမှာပုံစံမတူကြ။ သားရဲပုံဖြစ်စေ၊ တာအိုလက်နက်ပုံဖြစ်စေ အားလုံးမှာ အသက်ဝင်လှသည့်အပြင် ဖိအားတစ်မျိုးလည်း ပေးနေသည်။

ဤသည်မှာ တာအိုလေ့လာခြင်းလက်ဖက်ပင်ပင်။

အရွက်ခူးသည့် အကြီးအကဲများသည် သစ်ရွက်များ ထိခိုက်သွားမည်စိုးသောကြောင့် သေချာဂရုတစိုက်ခူးနေကြသည်ပင်။ ထိုအရွက်များကို ကျောက်ဗူးသုံးထောင်ထဲ၌ ထည့်ကာ ပိတ်ထားလိုက်ကြသည်။

“အခု ရိတ်သိမ်းဖို့အချိန်ပဲ .. လက်ဖက်ရည်ပွဲတော်ကြီး စတင်ပြီ..” အကြီးအကဲတစ်ဦး ကြေငြာလိုက်သည်။

လက်ဖက်ရွက်များ အားလုံးကို ခူးလိုက်ပြီပြီဖြစ်သောကြောင့် ရှေးဟောင်းသစ်ပင်ကြီးမှာ ဂတုံးကြီး ဖြစ်သွားလေပြီ။ သို့သော်လည်း ထိုအပင်မှ များပြားလှသည့် အသက်စွမ်းအင်များ ထွက်ပေါ်နေဆဲပင်။

သစ်ပင်အောက်၌ အလွန်ပုတိုလှသည့် ယဇ်ပုလ္လင်တစ်ခု ရှိနေသည်။ ထိုပုလ္လင်သည် သေးငယ်သော်လည်း မြင့်မြတ်လှသည်။ ထိုယဇ်ပုလ္လင်ကို မြေကြီးဖြင့် လုပ်ထားခြင်းဖြစ်ပြီး ယခုအချိန်တွင် ထူးဆန်းသည့်အလင်းများ ထုတ်လွှတ်နေသည်ပင်။

ပုလင်းသုံးထောင်လုံးကို ထိုယဇ်ပုလ္လင်ပေါ်၌ တင်ထားလိုက်သည်။

မြေကြီးယဇ်ပုလ္လင်တောက်ပလာကာ ပုလင်းသုံးထောင်လုံးကို အလင်းပြင်တစ်ခု လွှမ်းခြုံသွားသည်။

“မင်းတို့ရဲ့ခွန်အား ၊ မင်းတို့ရဲ့ကံကြမ္မာနဲ့ လက်ဖက်ရွက်တွေကို ရွေးကြတော့..”

“တစ်ခေါက်ကို လက်ဖက်ရွက်တစ်ရွက်ပဲ ယူလို့ရမယ် .. လက်ဖက်ရည်ကို သောက်ပြီးတာနဲ့ တာအိုလေ့လာခြင်းအောင်မြင်သွားပြီ .. အဲဒီတော့မှ နောက်တစ်ရွက် ထပ်ယူလို့ရမယ်..”

အကြီးအကဲများ ဤနေရာ၏ စည်းမျဉ်းစည်းကမ်းများကို ပြောလာသည်။

“သစ်ရွက်တစ်ရွက်စီတိုင်းမှာ ပြိုင်ဘက်ကင်းတဲ့တာအိုတွေရှိတယ် .. မင်းတို့ရဲ့ကံတရားပေါ်မူတည်ပြီးတာအိုတွေ ရလိမ့်မယ် .. မင်းတို့ အရွက်တစ်ချို့ကိုရရင် မင်းတို့အဲဒီလမ်းကို လျှောက်သင့်တယ်လို့ ပြတာပဲ..” အခြားအကြီးအကဲတစ်ဦး သတိပေးလိုက်သည်။

ဝုန်း..

ထို့နောက် လူများစွာ လှုပ်ရှားလာကြသည်။ သူတို့သည် ခပ်ဝေးဝေး၌ရပ်ကာ စွမ်းအားကြီးသည့် မှော်စွမ်းအားများကို အသုံးပြုပြီး ယဇ်ပုလ္လင်ထက်မှ ပုလင်းများကို ယူလာကြသည်။

သို့သော်လည်း အများစုမှာ ချွေးများစိုရွှဲလာသည်အထိ တစ်ပုလင်းကိုမှ မလှုပ်နိုင်သေး။ သူတို့ ထပ်ခါတလဲလဲကြိုးစားနေကြသော်လည်း မည်သည့်သစ်ရွက်ကိုမှ မယူနိုင်။

ဝုန်း..

နောက်ဆုံးတွင်တော့ ပုလင်းတစ်လုံး လှုပ်ရှားလာကာ လူအုပ်ထဲသို့ ပျံသန်းလာသည်။

ဤနေရာ၌ကျွမ်းကျင်သူများစွာ ရှိနေသော်လည်း အောင်မြင်သွားသည့်သူမှာ အနည်းငယ်သာ ရှိသည်။

ထိုပုလင်းထဲမှ တစ်ခုမှာ ရှီဟောင်ထံသို့ ပျံသန်းလာသည်။ သူအောင်မြင်သွားပြီ .. ထိုသစ်ရွက် မည်ကဲ့သို့သောပုံစံဖြစ်မည်ကို သူသိချင်လှလေပြီ။

အပိုင်း ၁၇၈၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၇ – တာအိုလေ့လာရန် လက်ဖက်ရည်သောက်ခြင်း

ကျောက်စိမ်းပုလင်းနောက်၌ အလင်းတန်းအရှည်ကြီး ကပ်ပါလာ၏။ ဤသည်မှာ အာကာသအပြင်ဘက်မှ ကြယ်တစ်စင်း ကြွေကျလာကာ ရှီဟောင်ထံသို့ ဦးတည်လာနေသကဲ့သို့ပင်။

အမှန်တကယ်တွင် အခြားကျွမ်းကျင်သူများလည်း ထိုကဲ့သို့ပင်။ ကျောက်စိမ်းပုလင်းများစွာနောက်၌ အလင်းတန်းများကျန်ရစ်နေခဲ့ကာ ဤနေရာတစ်ခုလုံး အလင်းများပြည့်နှက်သွားသည်။ ဤသည်မှာ ကြယ်မိုးရွာနေသကဲ့သို့ပင်။

“ဟား ဟား .. လာနေပြီ..” အချို့လူများ ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။ အဘယ်ကြောင့်ဆိုသော် တာအိုလေ့လာခြင်းအရွက်များမှာ အလွန်အဖိုးတန်လှသည်။ ကံကောင်း၍ တစ်ရွက်ရသွားသည်နှင့် သူတို့တာအိုလေ့လာနိုင်ကာ သူတို့အဆင့်တက်လာလိမ့်မည်။

ရှီဟောင်လည်း ရယ်မောလိုက်ကာ သူ၏မျက်လုံးများ တောက်ပနေသည်။ သူလက်တစ်ဖက် ဆန့်တန်းလိုက်ကာ သူ့ထံသို့ လွင့်ပျံလာသည့်ပုလင်းကို ဖမ်းလိုက်သည်။

“အမ်..” ရုတ်တရက် သူ၏ပုလင်းသည် ထူးဆန်းသည့်စွမ်းအားတစ်ခုဖြင့် ဆွဲယူခြင်းခံနေရကာ သူ့လက်ထဲမှ ရုန်းထွက်ချင်နေသည်။

သူ ချက်ချင်း အားထပ်ထည့်လိုက်ကာ ထိုရုန်းကန်နေသည့်ပုလင်းကို တည်ငြိမ်စေလိုက်သည်။

“ဟား ဟား .. ဒါငါ့ဟာပဲ..” ခပ်ဝေးဝေး၌ လူအချို့ ပျော်ရွှင်စွာ ရယ်မောနေကြသည်။

အရွက်များကို ရသွားသည့်သူများမှာ ဧကရာဇ်ကလန်မှမဟုတ်လျှင် ထိပ်တန်းအဆင့်ဘုရင်ကလန်မှ လူများပင်။ အားနည်းသည့်သူတစ်ဦးမှမပါ။

ဝုန်း..

ရှီဟောင်လက်ထဲမှ ပုလင်း နောက်တစ်ကြိမ်လှုပ်ခါလာကာ ပြင်းထန်စွာ ရုန်းလာသည်။ လျှို့ဝှက်ရတနာများကို အသုံးပြုကာ သူ၏သစ်ရွက်ကို လုယူချင်နေသည့်သူများ ရှိကြောင်း သူသိလိုက်ရသည်။

သာမန်လူသာဆိုလျှင်တော့ ထားလိုက်၍ရသည်။ သို့သော် သူတို့သည်ဟွမ်၏ပစ္စည်းကိုပင် လုယူချင်နေသောကြောင့် အခြားသူများ ထိတ်လန့်သွားရသည်။

ရှီဟောင်၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ တောက်ပနေပြီး ထိုစွမ်းအားအရင်းအမြစ်ကို လိုက်ရှာလိုက်သည်။ ဤသည်မှာ အနီရောင်ဘုရင်သွေးမျိုးဆက်ဘက်မှ လာခြင်းပင်။

ချီမုန့်ဟုန်အောင်မြင်သွားပြီး သူ၏ကိုယ်ပိုင် ကျောက်စိမ်းပုလင်းကို ရပြီးသွားပြီဖြစ်သည်။ သူ့နောက်မှ လူသားလူငယ်လေးမှလွဲလျှင် ကျန်သည့် အစေခံအိုကြီးသုံးဦးသည် လျှိုု့ဝှက်ရတနာများကို တိတ်တဆိတ်အသုံးပြုပြီး အခြားသူများ၏ ကျောက်စိမ်းပုလင်းများကို လုယူရန် ကြိုးစားနေသည်။

ရှီဟောင် နှာခေါင်းရှုံလိုက်သည်။ ထို့နောက် သူ၏လက်တောက်ပလာကာ ဝုန်းခနဲဆူညံသံကြီးထွက်ပေါ်လာသည်။ ခွန်ပန်ပေါ်လာကာ ရွှေရောင်အလင်းဝေ့ဝဲလာ၏။ ထိုရွှေရောင်အလင်းထဲတွင် အနက်ရောင်အစင်းကြောင်းများ ပါရှိနေသည်။ ထိုအလင်းများသည် ယင်နှင့်ယန်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ထိုပုလင်းကို ယူလိုက်သည်။ ထို့အပြင် ထိုယင်ယန်စွမ်းအင်များသည် လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။

အချို့မှာ မြေအောက်ထဲသို့ ဝင်သွားကာ အချို့မှာ လေဟာနယ်ထဲသို့ ပျက်ပြယ်သွားသည်။

ဖုန်း..

ထိုအခိုက်အတန့်တွင် ချီမုန့်ဟုန်နောက်ဘက်၌ ပေါက်ကွဲသွားပြီး အနက်ရောင်မြူများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။ ထို့နောက် လေဟာနယ်ပေါက်ကွဲသွားကာ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်လာသည်။

ယင်ယန်စွမ်းအင်များ စုစည်းသွားကာ ထိုစွမ်းအင်အချင်းချင်း ထိခတ်သွားသည်နှင့် ဆူညံသံများ ထွက်ပေါ်လာသည်။

ဖူး..

ထိုအစေခံအိုကြီးသုံးဦးလုံး ချက်ချင်း သွေးအန်သွားကာ သူတို့ခန္ဓာကိုယ်များ တုန်ယင်လာသည်။ သူတို့လက်ထဲမှ လျှို့ဝှက်ရတနာများ ပြုတ်ကျသွားပြီး သူတို့အားလုံး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြသည်။

“ဟွမ် .. မင်းဒါဘာသဘောလဲ .. မင်းက လက်ဖက်ရည်ပွဲတော်မှာတောင် ဆူဆူပူပူလုပ်ရဲတာလား .. ရဲတင်းပြီးတော့ အထိန်းအကွပ်မရှိလိုက်တာ..” ချီမုန့်ဟုန်နောက်မှ ထိုလူသားအစေခံ ခုန်ထွက်လာကာ ရှီဟောင်အား ပြောလာသည်။

သို့သော် ရှီဟောင် ဘာမှမပြော။ ထိုနေရာ၌ ယင်ယန်စွမ်းအင်များ ရှိနေဆဲပင်။ ထိုစွမ်းအင်များဖြင့် ရိုက်ချလိုက်သည်နှင့် သူ၏ညာဘက်ပုခုံး ပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားသည်။

အနီရောင်အလင်းထွက်လာပြီး ယင်ယန်စွမ်းအင်များကို တားဆီးလိုက်သောကြောင့်သာမဟုတ်ပါက သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားကာ ခန္ဓာကိုယ်နှင့် ဝိညာဉ် အဆုံးသတ်သွားလောက်လေပြီ။

အရေးကြီးသည့်အချိန်၌ ချီမုန့်ဟုန် လှုပ်ရှားလိုက်ကာ သူ၏လူသားအစေခံကိုကယ်တင်ပေးလိုက်ခြင်းပင်။

ချီမုန့်ဟုန်နောက်မှ အစေခံအိုကြီးသုံးဦး၏ မျက်နှာများ ပျက်ယွင်းနေလေပြီ။ သူတို့သည် အစေခံဖြစ်သော်လည်း သူတို့ထံ၌ နက်နဲသည့်တာအိုစွမ်းရည်များ ရှိသည်ပင်။

သူတို့ ဤကဲ့သို့ ဒဏ်ရာရလိမ့်မည်ဟု မထင်ထားခဲ့ကြ။

ထိုလူသားအစေခံမှာ ပိုဆိုးသေးသည်။ သူ၏မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေလေပြီ။ ဧကရာဇ်ကလန်၏အစေခံဖြစ်သောကြောင့် သူသေလိမ့်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့။ သူ ချီမုန့်ဟုန်နောက်လိုက်ကတည်းက ကလန်အားလုံးထံမှ ချီးကျူးစကားများသာ လက်ခံရရှိခဲ့ပြီး သူသည် သာမန်ဘုရင်ကလန်များထက်ပင် အဆင့်အတန်းမြင့်သေးသည်။ သို့သော်လည်း ယနေ့တော့ အခြားသူများ သူ့အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဆက်ဆံခြင်းခံလိုက်ရသည်။

“ဟွမ်..” ချီမုန့်ဟန် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့နှစ်ဦးကြားမှ တိုက်ခိုက်ခြင်းမှာ ရှောင်လွဲ၍မရတော့။

“မင်းရဲ့ကျွန်တွေကို သေချာစီမံထား..” ရှီဟောင် အေးစက်စွာသာ ပြောလိုက်သည်။ အစေခံတစ်ယောက်ပင်လျှင် သူ၏ တာအိုလေ့လာခြင်းလက်ဖက်ရွက်ကို လုယူရဲသည်မှာ အတော်လေး ရဲတင်းလှသည့် လုပ်ရပ်ပင်။

ဤသည်မှာလည်း သူတို့နောက်၌ နောက်ခံရှိသည်ဟု ယုံကြည်နေကြသောကြောင့်ပင်။ ချီမုန့်ဟုန် သူတို့နောက်၌ ရပ်ကာ သူတို့ကို ကူညီပေးနေသည်ပင်။

“မင်း..” ချီမုန့်ဟုန်နောက်မှ လူသားအစေခံဒေါသထွက်သွားလေသည်။ သူ၏အဆင့်အတန်း၊ သူ၏ရာထူးဖြင့် ယနေ့ ခမ်းနားကြီးကျယ်မှုကို မလုပ်နိုင်ရုံသာမက သူ အရှက်ပင် ကွဲနေရသည်။

“မင်းက မင်းရဲ့ကျွန်စိတ်ကို မဖျောက်နိုင်ပဲနဲ့ ငါ့ကိုလာပြီးတော့ ဒေါသထွက်ချင်သေးတယ်ပေါ့..” ရှီဟောင် သူ့ကို အေးစက်စွာကြည့်လိုက်သည်။ ထို့နောက် ယင်နှင့်ယန်စွမ်းအင်များ ရုတ်တရက် ပြန်လည်လှည့်ပတ်လာကာ သူ့အား တိုက်ခိုက်လာသည်။

ဖူး..

ယခုတစ်ခေါက်တွင်တော့ ထိုလူသားအစေခံ၏ ခန္ဓာကိုယ်ပေါက်ကွဲသွားကာ ခေါင်းသာ မြေပြင်ထက်သို့ ပြုတ်ကျလာသည်။ သူ၏မျက်လုံးများမှာ ထိတ်လန့်မှုအပြည့်ဖြင့် ပြူးကျယ်နေသည်။ သူ အော်ချင်သော်လည်း အသံပင်မထွက်နိုင်တော့။ သူ၏ဝိညာဉ်မှသာ အသံပို့လွှတ်၍ရတော့သည်။

“အား…” သူဝမ်းပန်းတနည်း အော်ဟစ်လိုက်သည်။

ထိုအခိုက်အတန့် ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး တောင်ထိပ်၌ ရှိနေသည့်အကြီးအကဲများအားလုံး ထိတ်လန့်သွားရသည်။

ထိုအစေခံ၏ခန္ဓာကိုယ် ပေါက်ကွဲသွားကာ သွေးများ နေရာအနှံ့သို့ လွင့်စင်သွားသည်။ ချီမုန့်ဟုန်သည် သူ၏ခန္ဓာကိုယ်ကို အလင်းပြင်ဖြင့် ချက်ချင်းကာကွယ်လိုက်သောကြောင့်သာ။ မဟုတ်ပါက သူ့ခန္ဓာကိုယ်ကို သွေးများစင်သွားမည်ပင်။

“ကောင်းတယ် .. ကောင်းတယ်… ငါက မင်းခေါင်းကိုဖြတ်ချင်နေတာ .. မသေမျိုးသက်ရှိအမိန့်စာရှိရင်တောင် ငါ မင်းရဲ့သွေးစွမ်းအင်တွေကို ပြုပြင်ပြီးတော့ မင်းရဲ့ရိုးတွင်းခြင်ဆီတွေကို ဖျက်ဆီးပစ်မယ် .. မင်းကို အသားမှုန့်လုပ်ပစ်မယ်..” ချီမုန့်ဟုန်၏မျက်လုံးများမှာ နီရဲနေပြီး အလွန်ကြောက်စရာကောင်းလှသည်။ သူ နှုတ်ခမ်းသပ်လိုက်သည့်အချိန်တွင် အားလုံးကို ကြောက်ရွံ့သွားစေလေသည်။

“ဟား ဟား .. မင်းက ပထမဆုံးအသတ်ခံရတဲ့ ဧကရာဇ်ကလန်လူငယ်မျိုးဆက်ဖြစ်လာပြီး သေချာပေါက်ကို နာမည်ကြီးလာမှာ ..” ရှီဟောင် ထူးမခြားနားပင် ပြန်၍ လှောင်ရယ်လိုက်သည်။

သူ၏စကားသံမှာ သိပ်မကျယ်သော်လည်း အားလုံး အေးစက်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးပြင်းထန်စွာပင် ဆန့်ကျင်နေကြကာ သူတို့နှစ်ဦးကြား၌ သွေးလွှမ်းသည့်တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်လာမည်ပင်။

“လက်ဖက်ရွက်တွေကို အခုသုံးလို့ရပြီ..” တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်ရှိ အကြီးအကဲတစ်ဦးမှ ပြောလိုက်သည်။

တောင်ထိပ်ပေါ်တွင် မတည်ငြိမ်နိုင်တော့။ အပြင်ဘက်သို့ ကြည့်လိုက်သည့်အချိနတွင် ်တောင်ကြီးများ တစ်လုံးပြီးတစ်လုံး ပေါ်လာသည်။ ထိုတောင်များမှာ တိမ်များထိပင် မြင့်နေပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးလွှမ်းနေသည်ပင်။

ထိုအခိုက်အတန့်တွင် လေများတိုက်ခတ်လာပြီး ကောင်းကင်ထက်မှ ဆီးနှင်းများ ကျလာသည်။ ဤနေရာရှိသက်ရှိများအားလုံး နတ်တောင်ပေါ်မှ ရေခဲနှင့်နှင်းများကို စုစည်းလိုက်ကာ လက်ဖက်ရည်ဖျော်ရန် ပြင်ဆင်လိုက်သည်။

ဤသည်မှာ နတ်တောင်ပင်။ ဤတောင်၌ ထူးဆန်းသည့်စွမ်းအားတစ်ခုရှိကာ လက်ဖက်ရည်ဖျော်ရန် အကောင်းဆုံးရေပင်။ ယခင်က မသေမျိုးဘုရင်တစ်ပါး ဤနေရာ၌ တာအိုကျင့်ကြံခဲ့သောကြောင့် ဤတောင်လည်း တာအိုစွမ်းအင်များ လွှမ်းခြုံသွားခြင်းဖြစ်သည်ဟု ပြောကြသည်။

အချို့လူများသည် တာအိုမီးတောက်များကို အသက်သွင်းကာ လက်ဖက်ရည်ဖျော်လာကြသည်။

ခဏကြာပြီးနောက် အမွှေးနံ့များ တစ်ခုပြီးတစ်ခု ပျံ့လွင့်လာကာ လူတစ်ယောက်၏ စိတ်ဝိညာဉ်ထဲသို့ပင် စိမ့်ဝင်သွားသည်။ လက်ဖက်ရည်သောက်ခွင့်မရှိသည့်သူများပင် သူတို့၏ခန္ဓာကိုယ်များ ပေါ့ပါးလွတ်လပ်လာသည်။

ရှီဟောင် ကျောက်စိမ်းခွက်ထဲမှ လက်ဖက်ရည်ကိုကြည့်ပြီး အံ့အားသင့်သည့်အမူအရာ ဖြစ်လာသည်။

လက်ဖက်ရွက် သူ့လက်ထဲ ရောက်လာကတည်းက သူအနည်းငယ် ထိတ်လန့်နေသည်ပင်။ သစ်ရွက်ပုံမှာ အိုးပုံ၊ နဂါးပုံတို့မဟုတ်ပဲ သာမန်သစ်ရွက်ပုံပင်။

ယခု သူ လက်ဖက်ရည်ဖျော်လိုက်မှသာ ထာဝရမြူတစ်တန်းထွက်ပေါ်လာသည်ပင်။

လက်ဖက်ရွက်ကို မြူတစ်တန်းလွှမ်းခြုံနေကာ အလွန်မှုန်ဝါးနေသည်။ သူ့ထံ၌ အလွန်ထူးခြားသည့်စွမ်းအား ရှိနေသကဲ့သို့ပင်။

ရှီဟောင် လက်ဖက်ရည်ကိုတစ်ငုံ သောက်ကြည့်လိုက်သည်။ အမွှေးနံ့များ သူ့ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် သူ ထူးခြားသည့်ငြိမ်းချမ်းမှုတစ်မျိုးကို ခံစားလိုက်ရသည်။

တာအိုလေ့လာခြင်းလက်ဖက်ရွက်မှာ တကယ်ကို ထူးခြားလှသည်။ သူ့အားချက်ချင်း ခေါင်းရှင်းသွားစေကာ ငြိမ်းချမ်းသွားစေပြိး တာအိုလေ့လာခြင်းအခြေအနေတစ်မျိုးသို့ ရောက်သွားစေသည်။

ထိုအခိုက်အတန့် လောကကြီးတစ်ခုလုံး မှုန်မှိုင်းလာပြီး နေရာတိုင်း၌ စွမ်းအင်များ လွှမ်းခြုံနေသည်။ သူအရာအားလုံးကိုမေ့သွားပြီး တာအိုလေ့လာသည့်အခြေအနေသို့ ရောက်သွားသည်။ သူ၏ကိုယ်တွင်းမှ ရတနာသိုက် ပွင့်တော့မည်။

“မူလစွမ်းအင်..”

ရှီဟောင် စိတ်ထဲတုန်လှုပ်သွားရ၏။ သူ၏ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်ထွက်ပေါ်လာသည်ကို သူခံစားလိုက်ရသည်။

ဤမူလစွမ်းအင်ပေါ်လာပုံမှာ ထူးခြားလှသည်။ သူ ထာဝရစွမ်းအင်သုံးကြောင်း ရသွားသည့်အချိန်၌ ဤစွမ်းအင်ကို ရရှိခဲ့ခြင်းပင်။ သို့သော်လည်း ဤစွမ်းအင်သည် တစ်ခါမှ ပေါ်မလာပဲ တစ်နေ့တွင်သာ သူ ရုတ်တရက် တွေ့ရှိသွားခြင်းပင်။

ဤတာအိုလေ့လာခြင်းလက်ဖက်ရွက်မှာ တကယ်ကို ထူးခြားလှသည်။ သစ်ရွက်ပေါ်မှာ ရှိနေတဲ့စွမ်းအင်ကြောင်းက မူလစွမ်းအင်နဲ့ သက်ဆိုင်တာများလား..

သူ၏စိတ်အေးချမ်းနေသည်ကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲ၌ အလင်းပြောက်လေးများ ပေါ်လာကာ ဂိတ်တံခါးအချို့ ပွင့်လာတော့မည်။

ထိုအခိုက်အတန့် သူ အဆင့်တက်တော့မည့်လက္ခဏာတစ်ခုကို ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံးတောက်ပလာသည်။ ထိုနေရာ၌ ထိုင်နေရင်းဖြင့်ပင် ဂိတ်တံခါးများ၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာကာ သူ့အားအလင်းလွှာတစ်ခုဖြင့် လွှမ်းခြုံသွားစေသည်။

ဤသည်မှာ အခြားလူများကို မနာလိုဖြစ်သွားစေသည်။ ဟွမ် ရလိုက်သည့်အကျိုးကျေးဇူးမှာ မသေးလှကြောင်း သူတို့အားလုံး သိလိုက်ရသည်။

သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ရဲ့နောက်ဆုံအဆင့်ကို ရောက်တော့မှာလား .. ရှီဟောင်လည်း ထိုသို့ရောက်ရန် မျှော်လင့်ထားသည်ပင်။ ဤကဲ့သို့သော မြန်ဆန်လွန်းလှသည့် ကျင့်ကြံသည့်အရှိန်မှာ အလွန်ကြောက်စရာကောင်းသည်။

အပိုင်း ၁၇၈၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၈ – လောကရှိ ထာဝရဆေးပင်များ၏ ဇစ်မြစ်

ရှီဟောင်၏ခန္ဓာကိုယ်အပြင်ဘက်၌ စီးဆင်းနေသည့် အလင်းလွှာတစ်လွှာ ပေါ်လာသည်။ ထိုအလင်းသည် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ နတ်အလင်းကဲ့သို့ တောက်ပနေသည်။

ထိုနေရာတွင် သူ့တစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေသည်။ တာအိုသင်္ကေတများသည် မပျက်စီးနိုင်သည့် စိတ်ဆန္ဒကဲ့သို့ လေထဲ၌ ပျံ့လွင့်နေသည်။

ထိုအခိုက်အတန့်တွင် ဟွမ်သည် ဤလောကကို ကျော်လွန်သွားပြီဟု အားလုံးခံစားနေရသည်။ သူသည် ဤလောကမှ တစ်ယောက်တည်း ကွဲထွက်နေလေပြီ။

ဤသည်မှာ မပျက်စီးနိုင်သည့်သူဟု အားလုံးထင်ယောင်ထင်မှား ဖြစ်လာကြသည်။ သူသည် သေမျိုးလောကကို အပေါ်စီးမှကြည့်ကာ နှစ်ပေါင်း ရာပေါင်းများစွာတိုင်အောင် မပျက်စီးသွားသည့်သူ၊ အတိတ်မှလူအားလုံးထက်ကို ကျော်လွန်နေသည့်သူဟု အားလုံး ခံစားနေရသည်။

“ဒါက တကယ်ထူးဆန်းတယ် ..” ခဏကြာပြီးနောက် ဤခံစားချက်မှ ထွက်လာနိုင်သည့် ကျွမ်းကျင်သူများ ရှိလာသည်။ သူက ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှာပဲရှိသေးတဲ့ ကျင့်ကြံသူလေးလေ .. သူက ဘယ်လိုလုပ် ဒီလိုမျိုးထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်တာလဲ..

အနည်းငယ် တုန်ခါသွားပြီးနောက် ရှီဟောင် ပတ်ပတ်လည်မှ အလင်းမှ ထွက်ပေါ်လာသည်။ ဤအလင်းများမှာ ထူးဆန်းလှသည်။ အချို့အလင်းများသည် ရွှေရောင်တောက်ပနေပြီး အံ့အားသင့်စရာကောင်းသည့်တိုက်ပွဲအော်ရာများပါဝင်နေသည်။ ဤသည်မှာ အရှုံးမရှိသည့်စစ်နတ်ဘုရားအလင်းတန်းများကြားထဲ၌ ရပ်နေသကဲ့သို့ပင်။ အချို့အလင်းများမှာ သွေးရောင်ကဲ့သို့ နီရဲနေသည်။ ထိုသွေးထဲ၌ သတ္တဝါပေါင်းများစွာ ရုန်းကန်နေကြလေသည်။ အချို့မှာ ခရမ်းရောင်အလင်းများပင်။ မပျက်စီးနိုင်သည့်အင်ပါယာနန်းတော်များသည် ခေတ်ပေါင်းများစွာတိုင်အောင် မပျက်စီးပဲ ရှိနေသည်..

ဟွမ် ထူးဆန်းသည့်ခံစားချက်များ ပေးနေသည်။ မတူညီသည့်အရောင်များသည် မတူညီသည့်ခံစားချက်များ၊ မတူည်ီသည့်အဓိပ္ပာယ်များ ရှိနေသည်ပင်။

“ပုံမှန်အားဖြင့် နောက်ဆုံးအဆင့်ကို ရောက်နိုင်တဲ့အဆင့်လွန်သက်ရှိတွေပဲ ဒီလိုလောကအလင်းမျိုး လုပ်နိုင်တာ .. ဒါက ကောင်းကင်ကြီးကို ထွန်းလင်းသွားစေပြီး လူတစ်ယောက်ရဲ့ အနာဂတ်ကျင့်ကြံတဲ့လမ်းကြောင်းကို အရမ်းဉာဏ်ပွင့်စေတဲ့အလင်းမျိုးပဲ..” တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်ရပ်နေသည့် အကြီးအကဲတစ်ဦး ပြောလိုက်သည်။

ရှီဟောင်သည် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက်ရှိနေသည်။ သူ၏ခန္ဓာကိုယ်အပြင်ဘက်၌ ထူးဆန်းသည့်အလင်းများ ဝေ့ဝဲနေကာ သူ့ကို နတ်ဖန်သားကဲ့သို့ ကြည်လင်တောက်ပစေသည်။ သူသည် အဖိုးတန်ကျောက်စိမ်းများထက်ပင် နူးညံ့နေသည်။

သူ၏ခန္ဓာကိုယ်ထဲမှ ထိုမူလစွမ်းအင်ကြောင်း လှုပ်ရှားလာကာ တစ်ဖြည်းဖြည်းဖြင့် ပုံပေါ်လာသည်။ သူသည် နဂါးတစ်ကောင်ကဲ့သို့ပင် သူ့ခန္ဓာကိုယ်ထဲ၌ လှုပ်ရှားနေသည်။

သူသာ တာအိုပန်းပွင့်များကို ထုတ်လိုက်ပြီး ထိုပုံရိပ်လေးများကို ထုတ်လိုက်သည်နှင့် ထိုပုံရိပ်လေးများကို မူလစွမ်းအင်များ ရစ်ပတ်သွားပြီး ပုံပေါ်လာမည်ကိုသူသိသည်။

သို့သော်လည်း သူ လက်လွတ်စပယ်မလုပ်ချင်။ တစ်ဖက်လောကမှလူများ ထိုပုံရိပ်လေးနှစ်ခုအကြောင်း သိသွားသည်ကို မလိုချင်။ မလိုလားအပ်သည့်ပြဿနာများကို သူရှောင်ရှားလိုသည်။

ယခုအခိုက်အတန့်တွင် သူ၏ဝမ်းဗိုက်၌ရှိနေသည့် ပြန်လည်ဝင်စားခြင်းပင်လယ်မှ စတင်ကာ တောက်ပလာသည်။ ဂိတ်အသစ်များလည်းပွင့်လာသည့်အပြင် သူ့ရင်ဘတ်ထံသို့ ဦးတည်သွားသည့်အက်ကွဲကြောင်းများလည်း ဖြစ်ပေါ်လာသည်။

ကိုယ်တိုင်ခစားခြင်းနယ်ပယ် နောက်ဆုံးဆင့် ..

သိထားရမည်မှာ သူအဆင့်တက်ထားသည်မှာ မကြာသေး။ သူ ကောင်းကင်သားရဲတောအုပ်၌ ရှိနေစဉ်က ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ တက်ခဲ့ပြီး အလယ်ဆင့်သို့ ရောက်ခဲ့သည်။ ယခု သူ နောက်တစ်ကြိမ် အဆင့်တက်တော့မည်။

သူ၏တိုးတက်သည့်လမ်းကြောင်းကို သေချာလေ့လာသည့်သူများရှိပါက သူတို့သေချာပေါက် ဆွံ့အသွားလမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တကယ်ကို လျင်မြန်လွန်းလှသည်။

ဧကရာဇ်ကလန်မှ ဂျီးနီးယပ်စ်အချို့မှလွဲလျှင် သာမန်ကျင့်ကြံသူများမှာ ဤအဆင့်သို့ ရောက်သည်နှင့် သူတို့အဆင့်တက်ရန် အလွန်အချိန်ကြာသည်ပင်။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာသွားသည့် ဂျီးနီးယပ်စ်များလည်း မရှားလှ။

သူသာ ဤအတိုင်းဆက်သွားလျှင် ကိုယ်တိုင်ခစားခြင်းနယ်ပယ်နောက်ဆုံးဆင့်သို့ ရောက်သွားမည်ပင်။ ဤခေတ်မှ ကောင်းကင်ကိုတွန်းလှန်နိုင်သည့်သူအချို့နှင့်ယှဉ်လျှင် သူတို့ပင် သူတို့အနည်းငယ် နှေးကွေးနေသည်ဟု ခံစားရလိမ့်မည်။

ဧကရာဇ်ကလန်မှ ဆက်ခံသူများပင် အမူအရာများ ပြောင်းလဲသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရှီဟောင်ထက် အသက်အနည်းငယ်ကြီးကြသည်ပင်။ သူ ဤမျှရဲရင့်သည်ကို တွေ့လိုက်ရသည့်အချိန် သူတို့ဖိအားများသွားရသည်။

ချီမုန့်ဟုန်၏မျက်လုံးမှ သွေးအလင်းတန်းနှစ်စင်း ထွက်ပေါ်လာကာ သူ၏ဆံပင်တစ်ချောင်းစီတိုင်းမှာ သတ္တုချည်မျှင်များကဲ့သို့ တောက်ပနေသည်။ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်မှာ ပို၍ပင် ပြင်းထန်လာလေပြီ။

ရှီဟောင် သက်ပြင်းချကာ ထိုတာအိုလေ့လာခြင်းအခြေအနေမှ ထွက်လိုက်သည်။ လက်ဖက်ရည်တစ်ခွက် အကျိုးသက်ရောက်မှု ရှိသည့်အချိန်မှာ အကန့်အသတ်ရှိသည်ပင်။

ယခုမှသာ လူအများစု သူတို့၏တာအိုလေ့လာခြင်းလက်ဖက်ရည်ကို စသောက်လိုက်ကြသည်။ သို့သော်လည်း ရှီဟောင်ကို မကြည့်ပဲ တစ်ချိန်လုံး မျက်လုံးမှိတ်ထားကာ သူတို့၏ကိုယ်ပိုင်လောကထဲ၌ နှစ်မြှုပ်နေကြသည့်သူများလည်း ရှိသည်ပင်။

ရှီဟောင် ခွက်ထဲမှ လက်ဖက်ရွက်ကိုထုတ်ကာ လက်ဝါးပေါ်တင်ပြီး လေ့လာလိုက်သည်။ ထိုအရွက်မှာ ဝိညာဉ်စွမ်းအားမရှိတော့။

သူ မြေကြီးယဇ်ပုလ္လင်ကို ကြည့်လိုက်၏။ ထိုနေရာ၌ ကျောက်စိမ်းပုလင်းနှစ်ထောင် ရှိနေသည်။ အားလုံးကို စုပုံထားခြင်းဖြစ်သောကြောင့် ရတနာသိုက်ကြီးနှင့်တူနေသည်။ သူသာ ဤအရွက်များကို သုံးနိုင်လျှင် သူ၏ကျင့်ကြံခြင်းအလွန်တိုးတက်သွားလိမ့်မည်။

ဤအရွက်များမှာ ပုံစံအမျိုးမျိုးရှိနေကြသည်။ သို့သော် ဤသည်မှာ ရှီဟောင်ကို အလွန်ရင်းနှီးသည့်ခံစားချက်တစ်ခု ပေးနေသည်။

“ဒါက တစ်ခြားထာဝရဆေးပင်တွေနဲ့ အရမ်းတူနေတယ်…”

သူ သစ်သားသေတ္တာကို လုယူစဉ်က ထာဝရဆေးပင်တစ်ပင်နှင့်တွေ့ခဲ့သည်။ သူတို့ သင်္ချိုင်းနယ်မြေရှိ မြေအောက်မြို့ကိုပင် အမှတ်တမဲ့ရောက်သွားခဲ့သေးသည်ပင်။

ထိုဆေးပင်မှာ အစက သစ်ပင်တစ်ပင်ပင်။ သို့သော်လည်း သင်္ချိုင်းဘုရင်တစ်ပါးမှ သူ၏ပင်စည်ကို ခုတ်ယူပြီး အခေါင်းလုပ်လိုက်သည်။ ထို့နောက် ထိုထာဝရဆေးပင် ထိတ်လန့်တကြား ထွက်ပြေးခဲ့ရသည်ပင်။

“ဒါက တော်တော်တူတယ်..”

ထိုဆေးပင်သည် ဤတာအိုလေ့လာခြင်းလက်ဖက်ပင်နှင့် အလွန်တူသည်ဟု ရှီဟောင် ပို၍ခံစားလာရသည်။ ထိုအပင်သည် ပင်စည်နှင့် နူးညံ့သည့်သစ်ကိုင်းမျာသာ ကျန်တော့သော်လည်း သူ၏အရွက်များမှာ ပုံစံမတူကြ။ ဥပမာအားဖြင့် လှံပုံ၊ စေတီပုံ၊ မြှားပုံကဲ့သို့ ပုံစံမျိုးစုံရှိနေသည်ပင်။

သူ ထိုအပင်၏အရွက်တစ်ရွက်ကို ရခဲ့သေးသည်။ သူ ထိုအရွက်ကို ကျောက်စိမ်းပုလင်းထဲ၌ ထည့်သိမ်းထားခဲ့သည်။ သို့သော် သူ ထိုပုလင်းကို ဤနေရာသို့ မယူလာခဲ့။ အင်ပါယာဂိတ်ရှိ သူ့သူငယ်ချင်းများအား ပေးခဲ့သည်ပင်။

“မတူတာတွေလည်း ရှိတယ်..” ရှီဟောင် မှတ်မိသွားလေပြီ။ ထိုအပင်၏အရွက်များမှာ မွှေးပျံ့လှပြီး ထိုထဲ၌ မသေမျိူးစွမ်းအင်များပါရှိနေသည်။ သက်ရှည်ဆေးများအဖြစ် ပြုလုပ်ရန် အလွန်သင့်တော်သည်ပင်။

သို့သော် ယခု တာအိုလေ့လာခြင်းလက်ဖက်ပင်၏ အရွက်များမှာ အရည်လုပ်သောက်ရန် ပို၍သင့်တော်သည်။ ဤသစ်ရွက်ကို တာအိုလေ့လာရန်အသုံးပြုနိုင်သော်လည်း သူ့ထံ၌ပါရှိသည့် မသေမျိုးစွမ်းအင်များမှာ နည်းပါးလှသည်။

“ဘယ်ခေတ်ကိုပဲရောက်ရောက်၊ မသေမျိုးသက်ရှိတွေ မပြောနဲ့ မသေမျိုးဘုရင်တွေတောင်မှ တာအိုလေ့လာခြင်းလက်ဖက်ရွက်တွေ ရင့်လာတဲ့အချိန်တိုင်း အားလုံးပေါ်လာပြီးတော့ ခွက်နည်းနည်းလောက် လာသောက်ကြတယ်တဲ့..”

တောင်ထိပ်ကြီး တိတ်ဆိတ်သွားသည့်အချိန်၌ တာအိုလေ့လာခြင်းလက်ဖက်ပင်ကို ကာကွယ်ပေးနေသည့် အကြီးအကဲများ ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည်နှင့် လူအချို့သည် သူတို့၏တာအိုလေ့လာခြင်းအခြေအနေမှ နိုးထလာကာ ထိတ်လန့်သည့်အမူအရာများ ဖြစ်သွားကြသည်။ မသေမျိုးဘုရင်များ အဘယ်ကြောင့် ရောက်လာကြသည်ကို သူတို့သေချာမေးလိုက်ကြသည်။ ဒီသစ်ပင်က ဒီလောက်တောင် အံ့ဩဖို့ကောင်းတာလား..

“ဒီလောကမှာ ထာဝရအမြစ်အစစ်တွေ ကျန်သေးတယ် .. တစ်ချို့အပင်တွေက ဒီလောကကြီးမှာ သူ့အလိုလိုပေါ်လာတာ .. တစ်ချို့တွေက ထာဝရဘုရင်တွေ၊ မသေမျိုးဘုရင်တွေ သေပြီးတဲ့နောက် ဖြစ်လာကြတာ..”

ဤစကားများကို ကြားလိုက်ရသည်နှင့် ရှီဟောင်၏အမူအရာ လေးနက်သွားသည်။ ထာဝရသက်ရှိအစစ်သေလျှင် ထာဝရဆေးပင်များအဖြစ် ပြောင်းလဲကာ မတူညီသည့်ပုံစံဖြင့် အသက်ရှင်နေထိုင်ကြောင်း သူကြားဖူးသည်ပင်။

ယခု ဤလောက၏ကျွမ်းကျင်သူများထံမှ သူသက်သေရလိုက်လေပြီ။ ထာဝရသက်ရှိအစစ်ပင်မလုံလောက်၊ ထာဝရဘုရင်အဆင့်သက်ရှိများသာ သေဆုံးပြီးနောက် ထာဝရဆေးပင်များဖြစ်ရန် အခွင့်အရေးရခြင်းပင်။

ဤသည်မှာ တကယ်ကို ထိတ်လန့်စရာကောင်းလှသည်။

“တာအိုလေ့လာခြင်းလက်ဖက်ပင်က အရင်က ထိပ်တန်းဘိုးဘေးသစ်မြစ်သုံးခုထဲမှာ ပါခဲ့တယ် .. သူက အရမ်းနာမည်ကြီးတဲ့ ထာဝရဆေးပင်တွေထဲက တစ်ခုပဲ .. မသေမျိုးဘုရင်တွေတောင်မှ လက်ဖက်ရည်သောက်လိုက်ရင် အသိအမြင်တစ်ချို့ရလာကြတယ်”

အကြီးအကဲ ဤစကားပြောလိုက်သည်နှင့် အားလုံး ချက်ချင်း ဆွံ့အသွားကြသည်။

“နှမြောစရာကောင်းတာက ဒီဘိုးဘေးသစ်မြစ်ကို တစ်ယောက်ယောက်က နှစ်ပိုင်းပိုင်းပစ်လိုက်ပြီးတော့ မတူညီတဲ့နေရာတွေမှာ စိုက်ထားလိုက်တယ် … အဲဒီတော့ ဆေးစွမ်းက အားနည်းလာတာ..”

ဤလျှို့ဝှက်ချက်များကို ကြားလိုက်ရသည်နှင့် အားလုံး ဆွံအသွားရသည်။ ပြိုင်ဘက်ကင်းတဲ့ထာဝရဆေးပင်က အညှာအတာမရှိ နှစ်ပိုင်းခွဲခံလိုက်ရတာလား..

ထို့နောက် အားလုံး ဝမ်းနည်းသွားရသည်။ တာအိုလေ့လာခြင်းလက်ဖက်ပင်သာ မပျက်စီးပါက သူတို့ဤတစ်ခွက်သောက်လိုက်သည်နှင့် သူတို့ရလာသည့်အသိအမြင်မှာ မည်မျှပင် စွမ်းအားကြီးမည်နည်း..

“သူ့ကိုဘာလို့ နှစ်ပိုင်းခွဲတာလဲ .. ဒါက အရမ်းနှမြောဖို့ကောင်းတယ်..” ဧကရာဇ်ကလန်ကျွမ်းကျင်သူ ဝူခွန် သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒါက ဘာမှမဟုတ်သေးဘူး .. ဒုတိယမြောက်ထာဝရဆေးမြစ်က ခြောက်ပိုင်းခွဲခံလိုက်ရတယ်လို့ ကြားတယ် .. ဒါက တကယ်ကို ဝမ်းနည်းဖို့ကောင်းတယ်..” အကြီးအကဲတစ်ဦး ပြောလိုက်သည်။

“အာ .. ဘာလို့လဲ..” လူအုပ်ကြီး ထိတ်လန့်သွားရသည်။

“ငါကြားတာတော့ ငါ့ဘက်က မသေမျိုးဘုရင်တွေအားလုံးက အဲဒီထာဝရဆေးပင်အမြစ်ကို စောင့်ကြပ်နေကြတာတဲ့ .. ကွဲသွားတဲ့ခြောက်ပိုင်းက သက်ရှိတစ်ကောင်ရဲ့ အစိတ်အပိုင်းခြောက်ပိုင်းမှာ မြှုပ်နှံထားပြီးတော့ တစ်နေ့ကျရင် ပြန်ပေါင်းသွားမှာလို့ ပြောကြတယ်..”

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်။ အဲဒါက ဘယ်လိုသက်ရှိမျိုးလဲ .. ဒီကိစ္စက ဘယ်တုန်းက ဖြစ်သွားတာလဲ..

“ဒါက သေဆုံးသွားတဲ့ မသေမျိုးဘုရင်တစ်ပါး သူ့နောက်ဆုံးအချိန်မှာ ကျောက်တိုင်တစ်ခုကနေ ကောက်ချက်ချထားတဲ့ဟာ..” အကြီးအကဲပြောလိုက်သည်။

ထိုမသေမျိုးသက်ရှိ သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း သူသည် ထိုလူအား လေးစားနေဆဲဖြစ်ပြီး အလွန်ရိုသေသည့်လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ .. အခု မင်းတို့ရဲ့ကံကောင်းမှုပေါ်ပဲ မူတည်တော့မယ် .. စွမ်းအားကြီးတဲ့သူက ပိုပြီးတော့ များများရလိမ့်မယ်..”

တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်မှ အကြီးအကဲတစ်ဦး မြေကြီးယဇ်ပုလ္လင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ ထိုနေရာ၌ ကျောက်စိမ်းပုလင်း နှစ်ထောင်ရှိနေသေးသည်။

ထာဝရသစ်ရွက်လုပွဲ တရားဝင်စတင်လေပြီ။ မည်သူမဆို တိုက်ခိုက်နိုင်ပြီး ပုလင်းအရေအတွက်ကို မကန့်သတ်ထား။ ကလန်အားလုံး တိုက်ခိုက်နိုင်ကာ လူတစ်ယောက် လုံလောက်အောင်စွမ်းအားကြီးသည်နှင့် ပုလင်းတစ်ရာယူလည်းရသည်။

အရွက်တစ်ရာ၊ တာအိုလေ့လာရန်အခွင့်အရေးတစ်ရာာ .. ဤသည်ကို တွေးမိလိုက်သည်နှင့် လူတစ်ယောက် ရူးသွပ်သွားရန် လုံလောက်သည်ပင်။

အပိုင်း ၁၇၈၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၉ – တိုးတက်မှု

တောင်ထိပ်တွင် လေထုအခြေအနေ ပြောင်းလဲသွားသည်။ တကယ်ရက်စက်သည့်အခိုက်အတန့် ရောက်လာလေပြီ။ တိုက်ပွဲကြီးစတင်တော့မည်။

ဤသည်မှာ ဤတွေ့ဆုံပွဲ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းပင်။ ဤနေရာ၌ တာအိုလေ့လာခြင်းလက်ဖက်ရွက်များစွာ ရှိနေသေးသည်။

မည်သူက တာအိုလေ့လာနိုင်မည့်အခွင့်အရေးကို လက်လွတ်ချင်မည်နည်း.. သစ်ရွက်တစ်ရွက်မှာ ကောင်းကင်အခွင့်အရေးတစ်ခုကို ကိုယ်စားပြုခြင်းပင်။ အခြားကလန်များမပြောနှင့် ဧကရာဇ်ကလန်မှ လူငယ်များပင်မျက်လုံးများ နီရဲလာသည်။

ထိုအခိုက်အတန့် လူသတ်လိုသည့်အငွေ့အသက်များ ပျံ့လွင့်လာကာ ကလန်အားလုံး ယှဉ်ပြိုင်ရန် ပြင်ဆင်ထားလိုက်ကြသည်။

အမြဲတမ်း တိတ်ဆိတ်နေခဲ့သည့်ကလန်များပင် သူတို့စွမ်းအားများကို စုစည်းလာကြသည်။ ဘာကိစ္စပဲဖြစ်ဖြစ် သူတို့ ကံကောင်းမှုကို ရအောင်ယူရမည်။

တာအိုလေ့လာခြင်းတောင်မှာ အလွန်ခမ်းနားလှသည့်နေရာပင်။ ဤနေရာ၌ အံ့အားသင့်စရာကောင်းသည့်အစီအရင်များ ရှိနေသောကြောင့် တောင်ထိပ်ပေါ်ရှိ ကျောက်တုံးများနှင့် မြေကြီးများမှာ သတ္တုရောင်ထနေသည်။ ထိုအစီအရင်များသည် တိုက်ပွဲများကြောင့် ဤနေရာ ပျက်စီးမသွားအောင် ကာကွယ်ပေးနေခြင်းပင်။

ယခု အစီအရင်ကြီး အသက်ဝင်လာကာ သင်္ကေတများ တစ်တန်းပြီတစ်တန်း တောက်ပလာ၏။ ထိုအလင်းတန်းများမှာ အလွန်ပူပြင်းလှသည်။

မြက်ခင်းပြင်ကြီးမှာ နူးညံ့သော်လည်း မည်သူမှ မထိုင်ကြတော့။ အနီရောင်ဘုရင်သွေးမျိုးဆက် ချီမုန့်ဟုန်နှင့် အခြားသူများလည်း မတ်တပ်ထရပ်လိုက်ကြလေပြီ။ သူတို့မျက်လုံးများမှာ နေလုံးလေးများကဲ့သို့ တောက်ပနေလေ၏။

တာအိုလေ့လာခြင်းလက်ဖက်ပင်မှာ အရွက်တစ်ရွက်မှမရှိတော့ပေ။ သို့သော်လည်း သူ့ထံမှ အဆုံးမရှိသည့်အသက်ဓာတ်များ ရှိနေဆဲပင်။ လေထဲ၌ ထာဝရမြူများ ပျံ့နေကာ သစ်ကိုင်းများကြား ဝေ့ဝဲနေသည်ကို မြင်တွေ့ရမည်ပင်။

သစ်ပင်အောက်ရှိ မြေကြီးယဇ်ပုလ္လင်ပေါ်၌ရှိနေသည့် ကျောက်စိမ်းပုလင်းတန်းများ တောက်ပလာသည်။

ရှီဟောင် ခြေထောက်များတောင့်တင်းနေကာ ခန္ဓာကိုယ်ကိုလည်း အနည်းငယ် ကိုင်းညွှတ်ထားသည်။ သူသည် တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသည့် လူသားပုံစံနဂါးနှင့်တူနေသည်။ သူသည် ဤတာအိုလေ့လာခြင်းလက်ဖက်ရွက်များကို အနည်းငယ် အလေးထားသည်ပင်။

“မင်းတို့အားလုံး တောင်ခြေမှာ စောင့်နေကြ..” ရှီဟောင် နောက်လှည့်ကာ သူကယ်ခဲ့သည့်သူများကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါအစ်ကိုကြီး .. အစ်ကိုကြီး ဂရုစိုက်ပါ..” ထိုကလေးမလေး ပြန်ဖြေလာသည်။ ထို့နောက် ထိုအဘွားအိုကြီး၏ ဦးဆောင်မှုအောက်တွင် ကလေးများအားလုံး တောင်အောက်သို့ အလောတကြီး ဆင်းသွားကြ၏။ သူတို့အတော်လေး စိုးရိမ်ကာ ကြောက်ရွံ့နေကြဆဲပင်။

“စမယ်..”

သစ်ပင်အောက်မှ အကြီးအကဲတစ်ဦး ပြောလိုက်သည်။

ရွှီး..

အချိုု့လူများ ချက်ချင်းပင် လျှပ်စီးများကဲ့သို့ပင် တရှိန်ထိုးပြေးထွက်သွားကြသည်။ သူတို့သည် လျင်မြန်လွန်းလှသောကြောင့် ပုံရိပ်ယောင်များသာ ကျန်ခဲ့တော့သည်။ ဤလူများမှာ ဧကရာဇ်ကလန်မှ လူများပင်။ သူတို့သည် ထိုယဇ်ပုလ္လင်ထံသို့ မှော်စွမ်းအားများ ထုတ်လွှတ်ကာ လှုပ်ရှားလာကြသည်။

သူတို့က အဲဒီနေရာကို တိုက်ခိုက်နေတာလား.. ရှီဟောင် အံ့အားသင့်သွားရ၏။

သူ၏အရှိန်လည်း အလွန်လျင်မြန်လှသည်ပင်။ အချိန်ဖြုန်းနေမည့်အစား သူ ပို၍ စောစောရောက်သင့်သည်။ အစက သူလက်ဆန့်တန်းကာ ပုလင်းများကို ယူလိုက်ချင်သော်လည်း တစ်ခုခုမှားယွင်းနေသည်ကို သူတွေ့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် အခြားကလန်များအားလုံး တိုက်ခိုက်နေကြသည်ပင်။

ခဏကြာပြီးနောက် သူနားလည်သွားလေပြီ။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင်။

ယဇ်ပုလ္လင်ပတ်လည်၌ အလင်းပြင်တစ်ခု ထွက်ပေါ်လာသည်။ ထိုမြေကြီးယဇ်ပုလ္လင်သည်ပုတိုနေကာ ထိုမျှမခမ်းနားသော်လည်း သူ့ထံ၌ ဤစွမ်းအားကြီးသည့်လူများကို တားဆီးနေသည့် ထူးဆန်းသည့်စွမ်းအားတစ်မျိုး ရှိနေသည်ပင်။

ထိုယဇ်ပုလ္လင်ထံမှ ထူးဆန်းသည့်သင်္ကေတများစွာ ထွက်ပေါ်လာကာ ထိုနေရာကို ဝန်းရံသွားသည်။

ခဏကြာပြီးနောက် သူ၏နည်းလမ်းကို ပြောင်းလဲသင့်ကြောင်း ရှီဟောင် နားလည်သွားသည်။

“အရင်တုန်းက မသေမျိုးဘုရင်တွေက ဒီယဇ်ပုလ္လင်ကို စားပွဲအဖြစ်သုံးပြီးတော့ ဒီမှာထိုင်ပြီး ထာဝရလက်ဖက်ရည်ကို သောက်ကြတာ .. အဲဒါက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းတဲ့ တွေ့ဆုံမှုမျိုးဖြစ်မလဲ .. ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ .. အဲဒီလိုအဖြစ်အပျက်မျိုးထပ်ဖြစ်လာပါဦးမလား..” အကြီးအကဲတစ်ဦး ရေရွတ်လိုက်သည်။

အချိန်မြစ်ကြီး လျင်မြန်စွာ စီးဆင်းနေကာ သက်ရှိများနှင့် အဖြစ်အပျက်များလည်း ထာဝရပျောက်ဆုံးသွားလေပြီ။ အသက်ကြီးသည့်မျိုးဆက်များမှာ ထိုအချိန်များကို ပြန်တမ်းတကြသည်ပင်။

“ဘာလို့ဒီလောက်တောင် မာနေတာလဲ..” ရှီဟောင်မျက်မှောင်ကြုတ်လိုက်၏။ ဤအတားအဆီးမှာ သူထင်ထားသည်ထက် မာကျောနေသည်။ သူ၏လက်မောင်းများပင် ထုံကျဉ်လာ၏။

သူ အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။ ကြည့်ရသည်မှာ ပညာအစစ်ကို မသုံးလျှင် သူ လက်ဖက်ရွက်များ ရရန် ခက်ခဲမည်ထင်သည်။ သူ၏ညာလက်တောက်ပလာကာ လက်ဝါးပေါ်၌ လျှပ်စီးကန်တစ်ခု ချက်ချင်းပေါ်လာသည်။ ထို့နောက် လျှပ်စီးပင်လယ်တစ်စင်း ဤနေရာ၌ လွှမ်းခြုံသွားလေ၏။

သူ၏လက်ဝါးမှာ သိပ်မကြီးသော်လည်း သူ နေနှင့်လကို ဖမ်းဆီးပြီး တောင်များနှင့်မြစ်များကို ဖျက်ဆီးပစ်နိုင်သည်ဟု ခံစားနေရသည်။

ဝုန်း..

ရှီဟောင် ထိုးချလိုက်သည်။ သူ၏လက်ချောင်းများကြား၌ ရှိနေသည့် ထိုလျှပ်စီးကန်မှာ သေချာပေါက် ကြောက်စရာကောင်းလှသည်။ ထိုကန်၌ ဝဲကတော့တစ်ခု ရှိနေပြီး များပြားလှသည့်လျှပ်စီးတန်းများကို ထုတ်လွှတ်နေသည်။ ဤသည်မှာ အဆုံးစွန်သော ယင်အော်ရာများပင်။

ခွပ်..

ရှီဟောင်ထိုးလိုက်သည့်နေရာ၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ဘေးပတ်လည်၌ရှိနေသည့်သူများအားလုံး အေးခဲသွားရသည်။ ဟွမ်က ဒီလောက်တောင် စွမ်းအားကြီးတာလား .. ဤအတားအဆီး မည်မျှမာကျောသည်ကို ပါဝင်သည့်သူများ သိကြသည်ပင်။

ဘုရင်ကလန်များ ပူးပေါင်းကြကာ ၁၀ကြိမ်ထက်မနည်း ရိုက်နေသော်လည်း သူတို့ အတားအဆီးကို နည်းနည်းမှပင် အရာယွင်းအောင် မလုပ်နိုင်။

ရုတ်တရက် ရှီဟောင်ဖွင့်လိုက်သည့် အက်ကွဲကြောင်းမှ ဝင်ချင်လာသည့် လက်များစွာ ထွက်ပေါ်လာသည်။ ထိုလက်များမှာ မှော်ခွန်အားဖြင့် ပြုလုပ်ထားခြင်းပင်။

ဤသည်မှာ အခြားသူများ၏ ကြိုးစားအားထုတ်မှုကို အချောင်နှိုက်လိုခြင်းပင်။

ရှီဟောင်၏အမူအရာ အေးစက်သွားသည်။ သူကြည့်လိုက်သည့်အချိန်တွင် ထိုလူများထဲ၌ ချီမုန့်ဟုန်၏အစေခံအိုကြီးလည်း ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

ဤလူများမှာ သူ၏ကြိုးစားမှုကို အခွင့်ကောင်းယူလိုခြင်းမဟုတ်ပဲ သူ့ကို နှောက်ယှက်၊ ရန်စကာ စိတ်ခံစားချက်မကောင်းအောင်လုပ်ချင်နေမှန်း သူသိသည်။

ရှီဟောင် သူ၏ညာလက်ကို လေဟာနယ်ထဲ၌ ငြင်သာစွာ ဖိချလိုက်သည်နှင့် ထိုလျှပ်စီးကန် တုန်ခါလာကာ ကန်ထဲမှ ရေများစွာ စင်ထွက်လာသည်။

ဤသည်မှာ သာမန်ရေမဟုတ်။ လျှပ်စီးပင်လယ်ပင်။ ယခု ထိုရေများမှ ကောင်းကင်အတိဒုက္ခအသေးစားလေးကို ဖန်တီးနေသည်ပင်။

ကောင်းကင်ထက်ရှိ ထိုလက်များအားဖြင့် သတ္တုချိန်းကြိုးများဖြင့် ချည်နှောင်ခံလိုက်ရသကဲ့သို့ လျှပ်စီးများဖြင့် ဝန်းရံခံလိုက်ရသည်။ ထို့နောက် ထိုလက်များ ပေါက်ကွဲသွားကာ သွေးအလင်းတန်းများလည်း ထွက်ပေါ်လာသည်။

ထိုလက်များအားလုံး လျှပ်စီးဖြင့် ထိုးဖောက်ခံလိုက်ရကာ သွေးသံတရွှဲရွှဲဖြစ်လာပြီး အရိုးဖြူများပင် ပေါ်လာသည်။ လက်အားလုံး ကျိုးသွားကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

ဤလက်များမှာ မှော်စွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း အလွန်အသက်ဝင်လှသည်။

ထို့အပြင် ဤသည်မှာ လက်အစစ်မဟုတ်သော်လည်း ဤလက်ပိုင်ရှင်များသည် ညည်းတွားသံများကို မထိန်းနိုင်တော့သလို သူတို့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး ခန္ဓာကိုယ်များလည်း တုန်ယင်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုလက်များ၏စွမ်းအားကို တိုးမြှင့်ရန်အတွက် သူတို့၏ကိုယ်ပိုင်မှော်ခွန်အားများကို အသုံးပြုခဲ့ကြသည်ပင်။ ထိုလက်များ ဒဏ်ရာရသွားသည့်အချိန်တွင် သူတို့လည်း တန်ပြန်ခံလိုက်ရသည်ပင်။

ဖုန်း..

ရှီဟောင် အချိန်ဖြုန်းမနေတော့ပဲ အက်ကွဲကြောင်းကြီး မပိတ်ခင် အဆီးအတားထဲသို့ ညာလက်ထည့်လိုက်ကာ ကျောက်စိမ်းပုလင်းများကို ဆွဲယူလိုက်သည်။

သူ ဆွံ့အသွားရ၏။ နောက်ဆုံးတွင်တော့ သူ တစ်ပုလင်းသာ ယူလိုက်နိုင်သည်။ အခြားပုလင်းများကို လှုပ်ရှား၍မရ။

ခဏကြာပြီးနောက် သူ နားလည်သွားရသည်။ တစ်ခေါက်စီတိုင်းတွင် အရွက်တစ်ရွက်သာ ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ကလန်များလည်း ဤကဲ့သို့ လုပ်ကြသည်ပင်။ သူတို့သည် တစ်ရွက်ရပြီးသည်နှင့် ပြန်ဆုတ်သွားကာ အဆီးအတားကို နောက်တစ်ကြိမ် တိုက်ခိုက်လာကြသည်။

ထင်ထားသည့်အတိုင်းပင်။ သူ နောက်ဆုတ်လိုက်သည်နှင့် အက်ကွဲကြောင်းပိတ်သွားသည်။

ဒီယဇ်ပုလ္လင်က ထုတ်လွှတ်တဲ့ သင်္ကေတတွေက မသေမျိုးဘုရင်တွေလုပ်ထားတဲ့ စစ်ဆေးမှုများလား..

ဝုန်း..

ထို့နောက် ရှီဟောင် ချက်ချင်း လှုပ်ရှားလိုက်သည်။ လျှပ်စီးကန်ကို အသုံးပြုကာ အလင်းအတားအဆီးကို နောက်တစ်ကြိမ် ရိုက်ချလိုက်သည်။ ကျယ်လောင်လှသည့်ဆူညံသံကြီး ထွက်ပေါ်လာကာ သိပ်မသေးသည့်အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။

“ဟမ်..” ရှီဟောင် အံ့အားသင့်သွားရ၏။ သူ ယခင်ကထက်ပိုများပြားသည့် နတ်ခွန်အားများအသုံးပြုလိုက်သော်လည်း အက်ကွဲကြောင်းမှာ ယခင်ကပင် ပိုသေးလာသည်။

သူ ကျောက်စိမ်းပုလင်းတစ်ခုကို ယူလိုက်ပြီး နောက်တစ်ကြိမ်ပြန်ကြိုးစားလိုက်သည်။ လျှပ်စီးကန်၏စွမ်းအားများ လျော့မသွားသော်လည်း အဆီးအတား၌ အက်ကွဲကြောင်း သေးသေးလေးသာ ပေါ်လာတော့သည်။

အဖိုးတန်ပညာတစ်ခုတည်းကိုသုံးရင် သူ့ရဲ့အကျိုးသက်ရောက်မှုတွေ နည်းလာတာများလား..

သူ ငါးခုမြောက်ပုလင်းကို ယူပြီးသွားသည့်အချိန်တွင် ဖိအားများ များလာသည်။ ထိုယဇ်ပုလ္လင်သည် ထိုနတ်စွမ်းရည်ကို ရင်းနှီးသွားသည်နှင့် ခုခံမှုတစ်ချို့ ရှိလာသည်ထင်သည်။ သူသည် ခုခံသည့်စွမ်းအားများ ပြသလာကာ ထိုအဆီးအတားကို ချိုးဖျက်နိုင်ရန် ခက်ခဲသွားသည်။

အခြားသူများသည် နတ်စွမ်းရည်များကို ပြောင်းလဲကာ အလင်းပြင်ကြီးအား တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

ဤသည်ကို နားလည်သွားသည်နှင့် ရှီဟောင်မလောတော့။ သူ့ထံ၌ အခြားပညာများစွာ ရှိနေသေးသောကြောင့် သူ့အရှိန်နှင့်သူ သွား၍ရသည်။

သူ အခြားသက်ရှိများကို ကြည့်လိုက်၏။

အချို့လူများမှာ ပူးပေါင်းလိုက်ကြပြီး ရလဒ်မှာ မဆိုးလှ။ အစောပိုင်း၌ ဘုရင်ကလန်အချို့ ထာဝရလက်ဖက်ရွက်ရရန် စွမ်းရည်မရှိသော်လည်း ယခု သူတို့ ပူးပေါင်းလိုက်သည့်အချိန်တွင် သူတို့ တစ်ပုလင်းရသွားလေပြီ။

သူ ဘုရင်ကလန်အချို့နှင့် ချီမုန့်ဟုန်၏အစေခံကို ပစ်မှတ်ထားလိုက်သည်။ ဤလူများမှာ အစောပိုင်း၌ သူ့အားနှောက်ယှက်ခဲ့သည့်သူများပင်။

သူ့ခန္ဓာကိုယ်၌ သင်္ကေတများ ထွက်ပေါ်လာကာ ချပ်ဝတ်တန်ဆာတစ်လွှာကဲ့သို့ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ထို့နောက် သူ ဘုရင်ကလန်အချို့ထဲသို့ ပြင်းထန်စွာပင် ပြေးဝင်သွားလိုက်သည်။

“မင်း .. ဟွမ်..” ထိုဘုရင်ကလန်မှ သက်ရှိများ အော်ဟစ်လိုက်သည်။

အမှန်တကယ်တွင် သူတို့သည် အစောကြီးကတည်းက ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိကြ။ သူတို့ ဟွမ်ကို နှောက်ယှက်လိုက်ခြင်းမှာ သူတို့ကိုယ်သူတို့ကံဆိုးအောင် လုပ်လိုက်ခြင်းပင်။ သူ ပြန်တုံ့ပြန်လာမည်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်နေကြခြင်းပင်။

ထင်ထားသည့်အတိုင်း ယခု သူရောက်လာလေပြီ။

သူတို့သည် ဧကရာဖ်ကလန်များ၏အမိန့်ကြောင့် လုပ်ရခြင်းပင်။ ယခု ဤနတ်ဆိုးဘုရင်ကြီး သူတို့ထံသို့ လာနေသောကြောင့် သူတို့ချက်ချင်း ထိတ်လန့်သွားကာ ထိုနေရာမှ ထွက်သွားလိုက်ကြသည်။

သူတို့ ထာဝရသစ်ရွက်တစ်ရွက်သာ ရထားသေးသည်။ သူတို့ ထိုသစ်ရွက်ကို ပေးလိုက်စရာအကြောင်းမရှိ။

သို့သော် ဟွမ်၏အရှိန်မှာလျင်မြန်လွန်းလှသည်။ ခွန်ပန်အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် ကောင်းကင်ကြီးကို ထိုးဖောက်သွားနိုင်ကာ လီပေါင်း တစ်သောင်းကို ချက်ချင်းကျော်ဖြတ်သွားသည်။ သူတို့ဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း..

ဝုန်း..

ခွန်ပန်အတောင်ပံများ ကျရောက်လာသည်နှင့် ထိုကလန်မှ ကျွမ်းကျင်သူအချို့ အော်ဟစ်လိုက်ကြသည်။ သူတို့ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး သွေးများစိုရွှဲလျက် လွင့်ထွက်သွားသည်။

ဤသည်မှာ အခြားကလန်များကို ထိတ်လန့်သွားစေသည်ပင်။

ထိုလူများအားလုံးမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်၌ ရောက်နေကြသည့် ကျွမ်းကျင်သူကြီးများပင်။ သူတို့သည် နှစ်ပေါင်း ထောင်ချီအောင် ကျင့်ကြံခဲ့ကြသော်လည်း လူငယ်မျိုးဆက်များအဖြစ် သတ်မှတ်နိုင်သေးသည်ပင်။

သို့သော်လည်း ဤလူများသည် ဟွမ်၏ဖရိုဖရဲစွမ်းအင်များပါသည့် နတ်အတောင်ပံများအောက် ပေါက်ကွဲမလိုဖြစ်သွားကြသည်။

သူတို့လက်ထဲမှ ကျောက်စိမ်းပုလင်း ပြုတ်ကျသွားသည်။ အချို့သူများမှာ မျက်လုံးများ နီရဲလာကြသော်လည်း သူတို့မလှုပ်ရှားရဲကြ။ ကျားပါးစပ်မှ အစာကို မလုရဲကြ။

ဖုန်း ဟူသည်အသံနှင့်အတူ ရှီဟောင် ထိုပုလင်းကို ယူလိုက်ကာ သိမ်းထားလိုက်သည်။

“မင်းတို့တွေအားလုံး ငါ့ကို လာနှောက်ယှက်ဖို့ မျှော်လင့်တယ် .. ဒီလိုမျိုးပစ္စည်းတွေ လိုက်သိမ်းရတာက ငါ့ကို ပျော်ရွှင်စေတယ်..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

သူ ဤလူများကို ဆက်မလိုက်တော့။ အဘယ်ကြောင့်ဆိုသော် သူ သူတို့ကို နောက်တစ်ကြိမ် ဓားပြတိုက်ချင်သေးသည်။ ဤလူများ နောက်တစ်ခေါက်အောင်မြင်သွားလျှင် သူအပိုဆုများထပ်ရမည်ပင်။

“ဟွမ် .. မင်းမလွန်လာရင်ကောင်းလိမ့်မယ်..” တစ်စုံတစ်ယောက် ပြောလိုက်သည်။

တောင်ထိပ်ရှိ လေထုမှာ အလွန်တင်းမာနေသည်။ အားလုံးမှာ သူတို့ပစ္စည်းများကို အခြားသူများ လာလုမည်ကို စိုးရိမ်နေကြသည်ပင်။

ယခင်က ကလန်များကြား၌ တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ကြသည်ပင်။ သို့သော်လည်း ဤသည်မှာ ထာဝရလက်ဖက်ရွက်များကို ထပ်ယူ၍မရတော့သည့်အချိန်မှသာ။

ယခုတော့ ဟွမ်က ဒါကို အစကတည်းက လုပ်ချင်နေပြီလား..

ရှီဟောင် သူတို့အားလုံးကို ကြည့်လိုက်သည်။ ထို့နောက် သူ အခြားနေရာတစ်ခုသို့ ပြေးသွားကာ ထပ်မံလှုပ်ရှားလိုက်သည်။

“မင်းလုပ်ရဲတယ်လား..” မုန့်ထျန်းကျန်း မျက်မှောင်ကြုတ်လိုက်သည်။ ဟွမ်သည် သူ၏အစေခံများကို တိုက်ခိုက်နေခြင်းပင်။

ရှီဟောင် သူ့ကို အရေးမလုပ်။ ခွန်ပန်အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် လီပေါင်းကိုးသောင်း ဖုံးအုပ်သွားသည်။ ဤတောင်ထိပ်မှာ နေရာအကန့်အသတ်ရှိသောကြောင့် ဤကဲ့သို့သော ပုံရိပ်ယောင်များကို ပြသရန်မဖြစ်နိုင်။ သို့သော် ထိုကြီးမားလှသည့် အတောင်ပံတစ်စုံသည် ထိုအစေခံအိုကြီးသုံးဦးကိုဖုံးအုပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထံ၌ ထာဝရသစ်ရွက်တစ်ရွက် ရှိနေပြီဖြစ်သည်။

“သတ်..” ချီမုန့်ဟုန် ရှီဟောင်ကို တားဆီးလိုက်သည်။

အားလုံး အလွန်စိတ်လှုပ်ရှားသွားရသည်။ အခုမှ အစပဲရှိသေးတာကို လူငယ်ကျွမ်းကျင်သူနှစ်ယောက် တိုက်ခိုက်ကြတော့မှာလား..

ဝုန်း..

ဤသည်မှာ အညှာအတာကင်းမဲ့သည့်တိုက်ခိုက်မှုပင်။ ပန်အတောင်ပံကြီး ကျရောက်လာကာ ထိုအလွန်စွမ်းအားကြီးသည့် အစေခံအိုကြီးသုံးဦးကို ပါးစပ်မှ သွေးများစီးကျလာသည်အထိ ရိုက်နှက်လိုက်သည်။ သူတို့အရိုးများမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာကာ အများစုမှာ ကျိုးသွားလေပြီ။

ထို့အပြင် ကျောက်စိမ်းပုလင်းလည်း ပိုင်ရှင်ပြောင်းသွားလေပြီ။

ချီမုန့်ဟုန်၏ တိုက်ခိုက်မှုရောက်လာသည်နှင့် ဟွမ်သည် သူ၏ညာခြေထောက်ကိုမြှောက်ကာ သူ၏မျက်နှာကို ဖုန်းခနဲ ကန်ထည့်လိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ ဟွမ်က တကယ်ရူးနေပြီ .. သူက ချီမုန့်ဟုန်ကို ဒီလိုမျိုးရင်ဆိုင်လိုက်တာလား..

အပိုင်း ၁၇၈၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၀ – ဧကရာဇ်ကလန်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခြင်း

ဟွမ်၏လှုပ်ရှားမှုများမှာ ရိုးရှင်းကာ အကြင်နာတရားကင်းမဲ့လှသည်။ ဝင့်ကြွားကာ ထိန်းချုပ်မှုမရှိ။ ဤသည်မှာ အထင်ကြီးစရာကောင်းသည့်ပြိုင်ဘက်နှင့် တိုက်ခိုက်နေသည်နှင့်မတူပဲ သူ၏လက်အောက်ငယ်သားကို ရိုက်နှက်နေသကဲ့သို့ပင်။

ချီမုန့်ဟုန်၏မျက်လုံးများအေးစက်သွားကာ သားရဲများထက်ပင် ပိုကြောက်စရာကောင်းလာသည်။ သူနောက်ပြန်မဆုတ်။ ထိုအစား သူ၏လည်ပင်းကို ရှောင်လိုက်ကာ ပုခုံးကိုမြှောက်လိုက်သည်။

တောင်များကို မကာ လများကို ပျက်စီးနိုင်သည့် သူ၏ပုခုံးနှင့် ရှီဟောင်၏ခြေထောက်ထိမိသွားကာ ရှီဟောင်၏ကန်ချက်ကို ရပ်တန့်လိုက်သည်။

ချီမုန့်ဟုန်၏ မျက်လုံးများမှာ လျင်လွန်းသည်ဟု ပြော၍ရသည်။ သူသည် အခွင့်အရေးကောင်းများကို ဆက်တိုက်ပင် ရှာဖွေနေသည်။ သာမန်ကောင်းကင်မျက်လုံးများတွင် ဤကဲ့သို့သောအလျင်မျိုးမရှိ။ သို့သော် သူသည် ရှီဟောင်၏ခြေထောက်ကို မြှောက်လိုက်ကာ သူ့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုလက်သီး၏ခွန်အားမှာ လောကကြီးကို တုန်လှုပ်စေနိုင်ပြီး တာအိုသင်္ကေတတစ်သောင်းကို ပေါက်ကွဲစေနိုင်သည်။

အားလုံး မူးနောက်သွားရ၏။ ချီမုန့်ဟုန်မှာ ထင်ထားသည့်အတိုင်း ကြောက်စရာကောင်းလှသည်။ သူသည်တစ်ဖက်လူ၏ တိုက်ခိုက်မှုအောက်တွင်ပင် ပြင်းထန်စွာ ပြန်တိုက်နိုင်သေးသည်။

လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ စွမ်းအားကြီးတဲ့ဟွမ်က တစ်ချက်တည်းနဲ့ ရှုံးသွားတော့မှာလား .. အဘယ်ကြောင့်ဆိုသော် သူသည် လက်လွတ်စပယ်ပင် ကန်လိုက်ကာ ယခုတော့ အားပြင်းပြင်းဖြင့် ရပ်တန့်ခံလိုက်ရလေပြီ။

ဤသည်မှာ အလွန်အန္တရာယ်များလှသည်။ ချီမုန့်ဟုန်သည် ရှီဟောင်၏ညာခြေထောက်ကို သူ့ပုခုံးပေါ်၌ မြှောက်တင်ထားလိုက်ကာ ရှီဟောင်၏ရင်ဘတ်ထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ဘေးပတ်လည်ရှိလေဟာနယ်များမှာ ချက်ချင်းပင် တစ်စစီပေါက်ကွဲထွက်သွားသည်။

သူ ဟွမ်ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တော့မှာလား..

ထိုအခိုက်အတန့်တွင် အားလုံး အသက်ရှူအောင့်ထားကာ တိုက်ပွဲရလဒ်ကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်လိုက်ကြသည်။

သို့သော် ရှီဟောင်၏တုံ့ပြန်မှုများမှာ လျင်မြန်လွန်းလှသည်။ ထိုခြေထောက်တောက်ပလာကာ အလွန်လေးလံလာ၏။ အလေးချိန်မှာ ကြယ်တစ်လုံးထက်ပင် ပိုများလာသည်။ အလင်းတန်းများလည်း ထွက်ပေါ်လာကာ ကောင်းကင်ကို ထိုးဖောက်သွားသည်။

ဝုန်း..

ထိုခြေထောက်မှာ မုန့်ထျန်းကျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူဟန်ချက်ပျက်လုနီးပါးပင်ဖြစ်သွားကာ သူ၏စွမ်းအားအကြီးဆုံးတိုက်ခိုက်မှုကို ထိခိုက်သွားသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်၏ခြေထောက် ဖြောင့်တန်းသွားသည်။ သူ၏ဘယ်ခြေထောက်ကို ကန်လိုက်ကာ လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ညာခြေထောက်မှာ ချီမုန့်ဟုန်ပုခုံးပေါ်၌ ရှိနေဆဲပင်။

ဒုန်း..

ရှီဟောင် သူ၏ဘယ်ခြေထောက်ကိုမြှောက်ကာ ကြာပွတ်တစ်ခုကဲ့သို့ ချီမဟုန့်ဟုန်၏ အခြားပုခုံးတစ်ဖက်ပေါ်သို့ တင်လိုက်သည်။ သူ၏စွမ်းအားမှာ အလွန်လေးလံလှသည်။

ချီမုန့်ဟုန် ခန္ဓာကိုယ်လှုပ်ရှားသွားကာ သူ၏မျက်နှာလည်း အလွန်အေးစက်သွားသည်။ သူ၏လက်သီးတောက်ပလာကာ မီးတောင်တစ်လုံးကဲ့သို့ ရှီဟောင်ထံသို့ ဦးတည်သွားသည်။

ထိုအခိုက်အတန့်တွင် ရှီဟောင် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူ၏ခြေထောက်များသည် နတ်ကြာပွတ်များကဲ့သို့ ချီမုန့်ဟုန်၏လည်ပင်းကို ရစ်ပတ်ထားသည်။

ဘေးပတ်လည်ရှိ လူအုပ်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ရှီဟောင်၏ခြေထောက်များသည် ကပ်ကြေးများကဲ့သို့ ချီမုန့်ဟုန်၏လည်ပင်ကို ရစ်ပတ်ထားသည်။ သူ၏လည်ပင်းနှစ်ပိုင်းပြတ်လုမတတ်ပင်။

ထိုသို့ရစ်ပတ်ထားရင်းဖြင့်ပင် သူ၏ခြေထောက်များမှာ နေလုံးနှစ်လုံး တိုက်မိသွားသကဲ့သို့ တောက်ပသည့်နတ်အလင်းတန်းများ ထုတ်လွှတ်လာသည်။ ကောင်းကင်တစ်ခုလုံး တောက်ပသည့်အလင်းများ ပြည့်နှက်သွားသည်။ နတ်ချိန်ကြိုးများလည်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ ချီမုန့်ဟုန်၏လည်ပင်းထက်သို့ ရောက်ရှိလာသည်။

ဝုန်း..

ချီမုန့်ဟုန် လည်ပင်းကို ရှောင်လိုက်သည့်အပြင် မှော်တံဆိပ်တစ်ခုကိုလည်း ပြုလုပ်လိုက်သည်။ သူ၏လက်သီးများမှာ ပင်လယ်ထဲမှ ထွက်လာသည့်နဂါးအစစ်များကဲ့သို့ ရှီဟောင်၏ခန္ဓာကိုယ်ထံသို့ ဦးတည်သွားသည်။

ရှီဟောင်သည် သူ၏လည်ပင်း၌ ခြေထောက်ကို ရစ်ပတ်ထားကာ ထိုလက်သီးချက်ကို ရှောင်ရှားကာ သူ့ခန္ဓာကိုယ်အနောက်ဘက်သို့ ရွေ့သွားလိုက်သည်။

သို့သော် ချီမုန့်ဟုန်သည် မည်ကဲ့သို့သောသူဖြစ်သနည်း .. သူသည် ဧကရာဇ်ကလန်မှ ထူးချွန်သည့်သူတစ်ဦးပင်။ သူ၏တိုက်ပွဲအလိုလိုသိစိတ်မှာ ကြောက်စရာကောင်းလွန်းလှသည်။

သူ၏ခန္ဓာကိုယ်လည်း တစ်ပတ်လည်သွားကာ ရှီဟောင်ကို ထိမိလုနီးပါးဖြစ်သွားသည်။

ကောင်းကင်ကြီးမှာ ချက်ချင်းပင် အက်ကွဲလာကာ ပြိုကျသွားသည်။

ရှီဟောင် နောက်ဆုံးတစ်ကြိမ် ခြေထောက်လိမ်လိုက်သည်။ ပြီးနောက် သူတရှိန်ထိုးပြေးသွားလိုက်သောကြောင့် သူတို့နှစ်ယောက် လူကွဲသွားသည်။

လူအများစုမှာ ဘာဖြစ်မှန်းပင်မသိလိုက်ကြ။ အချင်းချင်းပြောမှသာ သူတို့သိလိုက်ရသည်။ ပထမဆုံးတိုက်ခိုက်မှုမှာ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီ။

ရှီဟောင်၏အမူအရာမှာ တည်ငြိမ်နေသည်။ သူ ရန်သူကို ဒဏ်ရာရအောင် မလုပ်လိုက်နိုင်သော်လည်း တစ်ဖက်လူ၏ ခွန်အားကို သိသွားလေပြီ။ သူသည် တကယ်ကို အထင်ကြီးစရာကောင်းလှပြီး ဧကရာဇ်ကလန်ကျွမ်းကျင်သူ ဖြစ်ထိုက်သည်ပင်။

ဆီးနှင်းလွှာတစ်လွှာ ဖုံးအုပ်ထားသကဲ့သို့ ချီမုန့်ဟုန်၏မျက်နှာအေးစက်နေသည်။ သူ ပြင်းထန်စွာ ဒဏ်ရာမရခဲ့သော်လည်း ထိုတိုက်ခိုက်မှုတွင် သူ့ပုံစံမှာ ကြည့်ကောင်းမနေခဲ့။

အဘယ်ကြောင့်ဆိုသော် ဟွမ်သည် အလွန်စော်ကားမော်ကားနိုင်ကာ သူ့မျက်နှာကို ဖြတ်ကန်ခဲ့သည်။ ထို့အပြင် သူသည် သူ၏ခြေထောက်များဖြင့် သူ့လည်ပင်းကို ရစ်ပတ်ထားခဲ့ကာ သူ့ကို စီးနေခဲ့သေးသည်။

သူသည် ဧကရာဇ်ကလန်ကပင်။ မည်သူကများ သူ့လည်ပင်းပေါ် ထိုင်ရဲခဲ့သနည်း .. မည်သူကများ သူ့အား ဤကဲ့သို့ အရှက်ခွဲရဲခဲ့သနည်း..

သူ ဒဏ်ရာမရခဲ့သော်လည်း ဤကဲ့သို့သောပုံစံမှာ သူ့အား ပို၍ မခံမရပ်နိုင်ဖြစ်စေသည်။ ဧကရာဇ်ကလန်များမှာ ရှုံး၍မရသလို အရှက်ကွဲ၍လည်းမရ။

ဟွမ် တမင်သက်သက်လုပ်လိုက်ခြင်းဖြစ်သည်ဟု သူခံစားလိုက်ရသည်။

“ဟွမ် .. မင်းက သေချင်နေတာပဲ..” ချီမုန့်ဟုန် မျက်လုံးမှ အနီရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာ၏။

“မင်း အတွေးလွန်နေပြီ.. ငါကမင်းမျက်နှာကို တက်နင်းချင်ရုံပဲ .. ငါ မင်းလည်ပင်းပေါ်ထိုင်ချင်တယ်လို့ မင်းဘာသာမင်း ထင်နေတာ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

“သေလိုက်တော့..” ချီမုန့်ဟုန်မျက်နှာပို၍ မည်းမှောင်လာသည်။ တစ်ဖက်လူ သူ့အား လှောင်ပြောင်နေခြင်းဖြစ်စေ၊ တကယ်ပြောနေသည်ဖြစ်စေ ဤသည်ကို သည်းမခံနိုင်။ သူ တစ်ဖက်လူကို သတ်ကာ သူ၏အရှက်ရမှုကို ဆေးကြောပစ်မည်။

ဝုန်း..

သူ၏ဦးခေါင်းထက်မှ ရှေးဟောင်းသားရဲတစ်ကောင် တရှိန်ထိုး ပြေးထွက်လာသည်။ ဤအကောင်မှ သွေးရောင်ရှိနေပြီး ယခင်ကတစ်ခါမှ မမြင်ဖူးသည့်မျိုးစိတ်ပင်။ ဤသည်မှာ လက်သီးအရွယ်အစားသာရှိသော်လည်း သူ့တစ်ကိုယ်လုံး သွေးရောင်ဆူးချွန်များဖြင့် ပြည့်နှက်နေသည်။ သူ့ထံမှ ပင်လယ်တစ်စင်းကဲ့သို့သော သွေးအလင်းရောင်များ ထွက်ပေါ်လာသည်။ ထိုသတ္တဝါသည် ချက်ချင်းပင် ဟစ်ကြွေးကာ ရှီဟောင်ထံသို့ ဒေါသတကြီး ပြေးဝင်သွားသည်။

အားလုံး ဦးရေပြားများ ထုံကျဉ်သွားသည်အထိ ကြောက်ရွံ့သွားရသည်။ အတော်ဝေးဝေး၌ရှိနေသည့် စွမ်းအားကြီးသည့်ကျင့်ကြံသူများပင် အလွန်ထိတ်လန့်သွားရသည်။ သူတို့တစ်ကိုယ်လုံး တောင့်ခဲသွားကာ လုံးဝဆွံ့အသွားရသည်။

အဘယ်ကြောင့်ဆိုသော် သူတို့လှုပ်ရှား၍မရတော့။ သူတို့ သွေးပင်လယ်ကြီးဖြင့် ကန့်သတ်ခံလိုက်ရကာ ရုန်းထွက်နိုင်ရန် ခက်ခဲလှသည်။

ဘာဖြစ်နေတာလဲ.. လူများစွာ ကြောက်ရွံ့လာကြသည်။

ကျင့်ကြံသူများအနေဖြင့် သူတို့၏ခန္ဓာကိုယ်မှာ အရေးအကြီးဆုံးပင်။ သူတို့သည် နက်နဲသည့်ပညာများလေ့လာကာ သူတို့ဝိညာဉ်များကို ပြည့်စုံသည်အထိ တိုးတက်ပြောင်းလဲအောင်လုပ်ခဲ့သော်လည်း ယခုတော့ သူတို့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့။

သူတို့ မလှုပ်ရှားနိုင်သလို စကားလည်း မပြောနိုင်တော့။ သူတို့အားလုံး စတင် တုန်လှုပ်လာသည်။

ဧကရာဇ်ကလန်များမှ ဝူခွန်၊ ယုယုနှင့် အခြားသူများသာ ချီမုန့်ဟုန်၏ခွန်အားကို သိသောကြောင့် ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်ပင်။ သူတို့ ထိုအော်သံကို ရှောင်ရှားလိုက်သောကြောင့် သူတို့ဘာမှမဖြစ်ကြ။

ရှီဟောင်၏အမူအရာ မည်းမှောင်လာသည်။ သူ အချိန်ဝဲကတော့တစ်ခုထဲ၌ ရပ်နေရသလို ခံစားလိုက်ရသည်။ ယခုအခိုက်အတန့်တွင် အချိန်ရပ်တန့်သွားသလိုပင်။

ဒါက အချိန်နယ်မြေလား..

ဒါက တကယ်ကို အံ့ဩဖို့ကောင်းလွန်းတယ်..

ထိုသွေးသားရဲမှာ ချီမုန့်ဟုန်၏ မူလဝိညာဉ်ဖြစ်ကြောင်း သံသယဖြစ်စရာပင်မလို။ ဤသည်မှာ သူ၏မူလပုံစံပင်။ ထင်ထားသည့်အတိုင်း သူသည် ကြောက်စရာကောင်းလှပြီး အချိန်သဘာဝဥပဒေသအား ရရှိထားသည်ပင်။

သို့သော် ဤအချိန်ဥပဒေသ၌ ပြဿနာအချို့ရှိနေသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ ဤသည်မှာ အကျဉ်းချရုံသာဖြစ်ပြီး အခြားသူများ၏အချိန်များကို ခိုးယူခြင်းမရှိ။

“ဟွမ် .. မင်းအသက်ကို ပေးလိုက်တော့..”

ချီမုန့်ဟုန် ဟစ်ကြွေးလိုက်သည်။ သူ တကယ်ဒေါသထွက်နေသောကြောင့်သာ။ မဟုတ်ပါက သူ့ကလန်၏ ကန့်သတ်ထားသည့်လျှို့ဝှက်ပညာများကို သူထုတ်သုံးမည်မဟုတ်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ တကယ်ကို သေလောက်သည့် ခြိမ်းခြောက်မှုကို ခံစားနေရသည်ပင်။ အချိန်များ အေးခဲသွားကာ သူနည်းနည်းမှ မလှုပ်နိုင်တော့။ သူ တကယ်ကို ဤနေရာ၌ အေးခဲသွားလေပြီ။

သူ ယခင်က ဤကဲ့သို့ တစ်ခါမှ မကြုံဖူသေး။ လူငယ်ကျွမ်းကျင်သူတစ်ဦး မည်မျှပင် စွမ်းအားကြီးနေပါစေ သူ့အား ချိတ်ပိတ်မထားနိုင်။ ယာယီကန့်သတ်ချက်များပင် ချက်ချင်းကျိုးပျက်သွားလိမ့်မည်။

အဲဒီတော့ ဒါက ဧကရာဇ်ကလန်လား .. သူတို့ထံ၌ သူတို့ကိုယ်ပိုင် လျှို့ဝှက်ပညာများ ရှိနေသည်ပင်။

“သတ်..”

မုန့်ထျန်းကျန်း ဤအခွင့်အရေးကို အလဟဿမဖြစ်စေနိုင်။ သူ လက်သီးတံဆိပ်တစ်ခု ဖန်တီးလိုက်ကာ ရှီဟောင်၏မျက်ခုံးကြားသို့ ပစ်လွှတ်လိုက်သည်။ သူ သူ၏ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်တော့မည်။

ဒုန်း ဒုန်း ဒုန်း..

ထိုအချိန်တွင် သမိုင်းမတင်မှီခေတ်မှ သားရဲကြီး နှလုံးခုန်သံကဲ့သို့သောအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ဤသည်မှာ မိုးခြိမ်းသံထက်ပင် ကျယ်လောင်နေသေးသည်။

အားလုံး ဆွံ့အသွားရ၏။ ဤအသံများမှာ ဟွမ်၏ခန္ဓာကိုယ်ထဲမှ ထွက်လာခြင်းပင်။

ရှီဟောင်၏ခန္ဓာကိုယ်ထဲ၌ မီးဖိုများရှိနေသကဲ့သို့ နတ်မီးတောက်များ တောက်ပနေသည်ကို ကောင်းကင်မျက်လုံးရှိသည့်လူအချို့ မြင်လိုက်ရသည်။

တောက်ပလှသည့် နတ်မီးဖိုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ထိုမီးဖိုများအားလုံး စုပေါင်းသွားသည်နှင့်သတ္တဝါကြီးနှလုံးခုန်နှုန်းကဲ့သို့သော အသံမျိုးထွက်ပေါ်လာသည်။

ဤသည်မှာ ဟွမ်၏ ဂိတ်တံခါးများးပင်။

သို့သော် အပြင်လူများ ဤသည်ကို မမြင်ရ။ မီးဖိုများမှ အလွန်တောက်ပသည့်နတ်ခွန်အားများ ထွက်ပေါ်လာသည်ကိုသာ သူတို့ခံစား၍ရသည်။

ရှီဟောင်၏အမူအရာ လေးနက်လာသည်။ သူသည် သူ၏ခန္ဓာကိုယ်ထဲမှ ဂိတ်များအားလုံး ပွင့်လာသည်အထိ ဖိအားပေးခံလိုက်ရသည်။ သူသည် ဘာကိုမှ ထိန်ချန်မထားတော့ပဲ သူ၏အကြီးမားဆုံးစွမ်းအားကို အသုံးပြုလိုက်တော့မည်။

ယခု သူ လှုပ်ရှားနိုင်သွားလေပြီ။

ရှင်းပြရမည်ဆိုလျှင် ဤသည်မှာ အားသုံးကာ တာအိုကို ချိုးဖောက်လိုက်ခြင်းပင်။

သို့သော် ရှီဟောင် မလှုပ်ရှား။ သူ့ကိုယ်သူ ထိန်းချုပ်ကာ တည်ငြိမ်စွာပင် စောင့်နေလိုက်သည်။

သူ ဤကဲ့သို့ ကြောက်စရာကောင်းသည့် ပြိုင်ဘက်မျိုးကို တွေ့ဖို့ဆိုသည်မှာ ရှားပါးလှသည်။ ဤလူမှာ သူ့ကို သေလောက်အောင် ခြိမ်းခြောက်လိုက်သောကြောင့် သူလည်း ပြန်လုပ်ပေးရမည်ပင်။

ထိုအချိန်တွင် တရှိန်ထိုးပြေးလာသည့် ချီမုန့်ဟုန်သည် ရှီဟောင် မလှုပ်မယှက်ရပ်နေသည်ကို မြင်သည်နှင့် သူ၏လက်သီးတံဆိပ် တရှိန်ထိုး ရောက်ရှိလာသည်။

သူ၏ဦးခေါင်းထက်၌ နီရဲနေသည့် ရှေးဟောင်းသားရဲထိုင်နေသည်။ ထိုသားရဲမှာ သိပ်မကြီး။ လက်သီးအရွယ်အစားသာရှိသည်။ သို့သော် သူ၏ဟစ်ကြွေးသံမှာ တောတောင်နှင့်မြစ်များကို တုန်ခါသွားစေကာ ကောင်းကင်နှင့်မြေကြီးကို ကန့်သတ်လိုက်သည်။ အချိန်သဘာဝဥပဒေသများ ပိုင်ဆိုင်ထားသည်မှာ ဤသားရဲလေးပင်။

အားလုံး အံ့အားတကြီး သက်ပြင်းချလိုက်ကြသည်။ ချီမုန့်ဟုန်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ အနီရောင်ဘုရင်မျိုးဆက်ဖြစ်ထိုက်သည်ပင်။

ဧကရာဇ်ကလန်များမှာ အရှုံးပေး၍မရ။ သူတို့ မိုးကောင်းကင်အောက်၌ အရှုံးမရှိသည့်သူ ဖြစ်ရမည်။

တောင်ထိပ်ပေါ်ရှိလူများ အလွန်စိတ်လှုပ်ရှားနေကြသည်။ နောက်ဆုံးတော့ ပြိုင်ဘက်ကင်းသည့်ဧကရာဇ်ကလန်လှုပ်ရှားသည်ကို သူတို့မြင်လိုက်ရလေပြီ။

တစ်ဖက်လူမှာ ဟွမ်ကို သေချာအနိုင်ယူနိုင်မည့် တစ်စုံတစ်ယောက်ကို စောင့်မျှော်နေခဲ့ကြသည်ပင်။ ယခုတော့ ထိုလူ ပေါ်လာလေပြီ။

ဝုန်း..

ချီမုန့်ဟုန် ဟွမ်ကို သတ်တော့မည့်အချိန်တွင် ဟွမ် ရုတ်တရက် လှုပ်ရှားလာသည်။

မုန့်ထျန်းကျန်း အောင်မြင်မှုရတော့မည့်အချိန်တွင် ဟွမ် တုံ့ပြန်လာသည်ကို သူတို့တွေ့လိုက်ရသည်။

ဝုန်း..

ရှီဟောင် ထိုလက်သီးတံဆိပ်ကို ရှောင်ရှားလိုက်သည်။ ယခုတစ်ခေါက်လည်း ယခင်ကကဲ့သို့ သူ၏ညာခြေထောက် မြှောက်တက်လာကာ ချီမုန့်ဟုန်၏မျက်နှာကို ကန်ထည့်လိုက်သည်။

ယခင်ကနှင့်တူညီသည့် နေရာတစ်နေရာတည်းကို ကန်လိုက်ခြင်းပင်။

သို့သော် ယခုတော့ ချီမုန့်ဟုန် မရှောင်တော့။ အဘယ်ကြောင့်ဆိုသော် ထိန်းချုပ်ခံထားရသည့်ဟွမ် ရုတ်တရက်လှုပ်ရှားလာလိမ့်မည်ဟု သူမထင်ထားသောကြောင့်ပင်။

ဖုန်း..

ထိုအခိုက်အတန့် လူများစွာ ဆွံ့အသွားကာ မယုံကြည်နိုင်ဖြစ်သွားရသည်။ ဟွမ်၏ကန်ချက်မှာ အားပြင်းလှပြီး ချီမုန့်ဟုန်၏မျက်နှာကို ရိုက်ခတ်သွားသည်။

သူအသက်ရှင်နိုင်ပါ့မလား.. လူများစွာ ဆွံ့အနေရသည်။ ဟွမ်၏နတ်ခွန်အားမှာ လကိုပင် ကြေပျက်စေနိုင်လောက်သည်။

ထို့အပြင် ယခုအချိန်တွင် ချီမုန့်ဟုန်၏မျက်နှာတည့်တည့် ထိမှန်သွားခြင်းပင်။

အပိုင်း ၁၇၉၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၁ – ဧကရာဇ်ကလန်အား ရက်စက်စွာ အနိုင်ယူခြင်း

ဤသည်မှာ ပြင်းထန်လွန်းလှကာ ရိုင်းစိုင်းလှသည်။ ထိုကန်ချက်အနားရှိ လေဟာနယ်များ ပေါက်ကွဲသွားလေသည်။

သက်ရှိအားလုံး သူတို့ဦးရေပြားများပင် ထုံကျဉ်သွားရသည်။ ဤသည်မှာ ဧကရာဇ်ကလန်ပင်။ သို့သော်လည်း သူ၏မျက်နှာကို အခြားတစ်ယောက်မှ ဤကဲ့သို့ ပြင်းထန်စွာ တက်နင်းလိုက်သည်မှာ အားလုံးကို တုန်လှုပ်သွားစေသည်။

ဝုန်း..

ဘေးပတ်လည်ရှိ လေဟာနယ်၌ အက်ကွဲကြောင်းများ ထင်ဟပ်လာသည်။ မြေအောက်လောကနှင့် ဆက်သွယ်နေသကဲ့သို့သော မည်းနက်လှသည့်ချောက်နက်များ လေထဲ၌ ပေါ်လာသည်။

ချီမုန့်ဟုန် ပြင်းထန်သည့် ရိုက်ချက်ကို ခံစားလိုက်ရသည်ပင်။ သူ၏မျက်နှာ ချက်ချင်းချိုင့်ဝင်သွားသည်။ အရိုးများ ကျိုးသွားကာ သွေးများလည်း လွင့်စင်ထွက်လာသည်။

ခမ်းနားကြီးကျယ်သည့် ဧကရာဇ်ကလန် မယုံကြည်နိုင်လောက်သည့် ဒဏ်ရာရရှိသွားလေပြီ။

သာမန်လူသာဆိုပါက ထိုမျက်နှာမှာ ချက်ချင်းပေါက်ကွဲသွားလောက်လေပြီ။ သူ၏ဦးခေါင်းခွံပင် အကောင်းတိုင်းကျန်မည်မဟုတ်။ သွေးမြူအဖြစ် ပေါက်ကွဲသွားလိမ့်မည်။

ဘုရင်ကလန်ကဆိုလျှင်ပင် သူတို့အရိုးများ တစ်စစီကျိုးပဲ့လာကာ ထိုနေရာ၌ ဆိုးရွားစွာ သေဆုံးသွားလိမ့်မည်ပင်။

သို့သော် ချီမုန့်ဟုန်မှာ သာမန်လူမဟုတ်။ သူ၏တာအိုစွမ်းရည်များမှာ လေးနက်လှပြီး သူ၏အသွေးအသားများလည်း ထပ်ခါတလဲလဲ ပြုပြင်ပြောင်းလဲထားခြင်း ခံထားရသည်ပင်။ သူ့ကို မချိုးဖျက်နိုင်သည့်ခန္ဓာကိုယ်ဟုပင် ခေါ်ကြလောက်အောင် အလွန်မာကျောလှသည်ပင်။

ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း သူမသေ။ သူဖြတ်ကျော်နိုင်ခဲ့သည်။

သို့သော် သူ၏နှာခေါင်းရိုး၊ ထိုဘက်ခြမ်းရှိအရိုးများ၊ မျက်လုံးများ ချိုင့်ဝင်သွားကာ ပုံပျက်သွားလေသည်။

ချီမုန့်ဟုန်ကဲ့သို့ သန်မာသည့်သူထံမှ ညည်းတွားသံများ ထွက်လာသည်။ သူ့ခန္ဓာကိုယ်လွင့်ထွက်သွားကာ သူ၏မူလဝိညာဉ်လည်း မတည်ငြမ်တော့။

သူ၏မျက်ခုံးကြားမှလည်း သွေးများစီးကျလာလေ၏။ ဤသည်မှာ ကြောက်စရာအကောင်းဆုံးဒဏ်ရာပင်။ သူ၏မူလဝိညာဉ်သည် အချိန်မရွေးပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိနေသည်ပင်။

သူ၏မူလဝိညာဉ်ဖြစ်သည့် ထိုလက်သီးအရွယ်အစား သူ့ခေါင်းထဲ၌ ရှိမနေသည်မှာ ဝမ်းသာရမည့်အချက်ပင်။

ရှီဟောင်၏ခြေထောက် ရောက်လာသည့်အချိန်တွင် သူ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကာ သူ့တစ်ကိုယ်လုံးကို အချိန်အပိုင်းအစများဖြင့် ကာကွယ်လိုက်သည်။

သို့သော်လည်း ထိုသားရဲသည် ဤကန်ချက်ကို မရပ်တန့်နိုင်။

ဝုန်း..

ချီမုန့်ဟုန် ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားသည်။ သူ လွင့်ထွက်သွားပြီး ထိုသားရဲ သူ့ဦးခေါင်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများမှ အသံများ ထွက်ပေါ်လာသည်။ သူ စိတ်တိုတိုဖြင့်ပင် ဒဏ်ရာရသွားသည့်ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်လိုက်သည်။

မည်သူမှ သူ့အား ဤကဲ့သို့ ဒဏ်ရာရအောင် မလုပ်ဖူးသေး။

အရေးကြီးသည့်အချိန်၌ ကပ်ဆိုးကြီးကို သူရှောင်လိုက်နိုင်သော်လည်း သူ၏ဒဏ်ရာများမှာ မသက်သာလှ။ သူ၏ပါးတစ်ဖက် ပျက်စီးသွားသည်။ ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်းလှသနည်း.. ဤသည်မှာ အရှက်ကွဲခြင်းပင်။

ဒုန်း..

နတ်ခွန်အားများ တိမ်တိုက်များကို ထိုးဖောက်သွားကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး တုန်ခါသွားသည်။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ မပြီးသေး။ သူတို့တိုက်ပွဲမှာ ပြီးရန် အဝေးကြီးလိုသေးသည်။

ရှီဟောင် အရှေ့တိုးလာကာ ချီမုန့်ဟုန်၏ ခန္ဓာကိုယ်ထက်သို့ လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ရောက်လာသည်။

ယခု ရှီဟောင် အချိန်လှောင်အိမ်မှ ရုန်းထွက်လာနိုင်ကာ လွတ်လပ်သွားပြီဖြစ်သောကြောင့် သူအသာစီးပြန်ရနေလေပြီ။ သူတစ်ဖက်လူကို အလွတ်ပေးစရာအကြောင်းမရှိ။ သူ ချီမုန့်ဟုန်ကို ဤနေရာ၌ သတ်ချင်သည်။

ယခုအချိန်တွင် အားလုံးတွေဝေမိန်းမောနေကြသည်။ ဟွမ်မှာ စွမ်းအားကြီးလွန်းလှသည်။ သူသည် ချီမုန့်ဟုန်ကို ဖိနီပ်ကာ ဆက်တိုက်ပင် တိုက်ခိုက်နေသည်။

အားလုံး သူတို့လွတ်လပ်မှုများကို ပြန်လည်ရရှိသွားကြကာ ပြန်လှုပ်ရှား၍ရနေလေပြီ။

ဝုန်း..

ရှီဟောင်၏လက်သီးချက်များ ထပ်ခါထပ်ခါ ကျရောက်လာသည်။ သူ၏လက်သီးများမှာ ချီမုန့်ဟုန် နာကျင်လာရလောက်အောင်အထိ စွမ်းအားကြီးလှသည်။ သူ၏အမူအရာ ပြောင်းလဲလာသည်။

ဖုန်း..

ချီမုန့်ဟုန် ရှီဟောင်၏လက်သီးတံဆိပ်များကို လက်များကိုကြက်ခြေခတ်ကာထားပြီး တားဆီးလိုက်သည်။ သူ့တစ်ကိုယ်လုံးမှ တာအိုဥပဒေသသင်္ကေတများ ထုတ်လွှတ်လာကာ ထိုထိတ်လန့်စရာကောင်းသည့်တိုက်ခိုက်မှုများကို တားဆီးလာသည်။

ထိုအခိုက်အတန့် သူ၏လက်သီးများပင် ထုံကျဉ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် သူ့ကိုယ်သူသာ ကာကွယ်နေရပြီး သူ၏အကောင်းဆုံးအနေအထားဖြင့် ရန်သူကို မတိုက်ခိုက်နိုင်တော့။

ဤသည်မှာ အစပိုင်း သူ ရှီဟောင်ကို အချိန်နယ်မြေဖြင့်ကန့်သတ်လိုက်သည်နှင့်တူသည်။ တစ်ဖက်လူသည် ခုခံရုံသာတတ်နိုင်ခဲ့သည်။ ယခုတော့ သူ့အလှည့်ရောက်လာလေပြီ။

ရှီဟောင်၏အဖိုးတန်ပညာများမှာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြောက်စရာကောင်းလှကာ ချီမုန့်ဟုန်၏ခန္ဓာကိုယ်အက်ကွဲလာသည်အထိ သူ့ကို ဖိနှိပ်လိုက်လေသည်။ ယခုအချိန်တွင် သူ၏ဘိုးဘေးပညာများ ဖိနှိပ်ခံလိုက်ရကာ ယာယီအားဖြင့် မထုတ်သုံးနိုင်တော့။

အားလုံး ထိတ်လန့်သွားရ၏။ ဟွမ်က ဘယ်လိုမျိုးလုပ်လိုက်တာလဲ .. သူက အချိန်နယ်မြေကနေ ရုန်းထွက်နိုင်ပြီးတော့ အခု သူ့ပြိုင်ဘက်ကိုတောင် ဖိနှိပ်နိုင်နေပြီ။ သူက တကယ်ကို ကြောက်စရာကောင်းတာပဲ..

ထိုနယ်မြေမှ ရုန်းထွက်လာနိုင်သည်နှင့် ရှီဟောင်၏သည် နဂါးတစ်ကောင်ကဲ့သို့ စွမ်းအားကြီးလာသည်။ သူအသုံးပြုသည့်ပညာများလည်း ရက်စက်လသည်။ ထို့ကြောင့် တာအိုသင်္ကေတများမှ အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်လာကာ သူ၏ပြိုင်ဘက်ကို တရစပ်ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူခံစားခဲ့ရသည့် အန္တရာယ်၏အရင်းအမြစ်ကိုလည်း ရှာဖွေလိုက်သည်။

အချိန်နယ်မြေဖြင့် ကန့်သတ်ခံလိုက်ရကာ သူ၏မှော်စွမ်းအားများနှင့် နတ်စွမ်းရည်များကို ဆုံးရှုံးလိုက်ရသည်။ ဤကဲ့သို့ထိန်းချုပ်ခံလိုက်ရသည်မှာ မသန်စွမ်းသည့်သူနှင့် မကွာတော့။

သူ ယခင်က ခုခံသည့်အနေအထားဖြင့် တိုက်ခိုက်ဖူးသော်လည်း သူ၏ခြေလက်များကို ဤကဲ့သို့ ချုပ်နှောင်မခံရဖူးပေ။

“ဟွမ် .. သွားသေလိုက်တော့..”

ချီမုန့်ဟုန် ဟစ်ကြွေးလိုက်သည်။ ဤကဲ့သို့ ဖိနှိပ်ကာ အရိုက်ခံနေရသည်ကို သူဘယ်လိုလုပ် လက်ခံနိုင်မည်နည်း.. ဤသည်မှာ သူ့ပုံစံမဟုတ်။ သူသာလျှင် သူ၏ပြိုင်ဘက်များကို မရပ်မနားသတ်ခဲ့သည့်သူပင်။

သူ၏ခန္ဓာကိုယ်ထဲ မီးဖိုတစ်ခု ပေါ်လာကာ သူ့နှလုံးနှင့်ပေါင်းစပ်သွားသည်။ ထိုမီးဖိုမှာ နီရဲတောက်ပနေ၏။ ယခုအချိန်တွင် ထိုမီးဖိုသည် ချက်ချင်းပင် အပြင်ဘက်သို့ ထွက်လာကာ တစ်ဖြည်းဖြည်း ကြီးမားလာသည်။ သူ ရှီဟောင်ကို ဖိနှိပ်ကာ သတ်ပစ်ချင်သည်။

ဤမီးဖိုမှာ သတ္တုကိုယ်ထည်မဟုတ်။ သွေးစွမ်းအင်ဖြင့် ပြုလုပ်ထားခြင်းပင်။ နှလုံးသွေးထည့်လိုက်သည်နှင့် သူ၏မှော်စွမ်းအားမှာ အကန့်အသတ်မရှိလောက်အောင် ကျယ်ပြန့်လာသည်။

ဤအိုးမှာ ထိုမျှသိပ်မကြီးသော်လည်း ဖော်ပြ၍မရနိုင်သည့်စွမ်းအားတစ်မျိုး ရှိနေသည်။

အနီရောင်ဘုရင်မီးဖို..

သူ၏ဘိုးဘေး အနီရောင်ဘုရင်မှာ အရက်စက်ဆုံးမသေမျိုးဘုရင်အဖြစ် နာမည်ကြီးသည်။ သူသည် ထာဝရဘုရင်ကိုပင် အဖိုးတန်မီးဖိုထဲ၌ လောင်ကျွမ်းစေခဲ့သူပင်။

နောက်ပိုင်းတွင် အနီရောင်ဘုရင်မီးဖိုနှင့် လျှို့ဝှက်ပညာပေါင်းစည်းသွားကာ ပြိုင်ဘက်ကင်းဘိုးဘေးပညာနှင့်သွေးမျိုးဆက်တစ်ခု ဖြစ်ပေါ်လာပြီး နောက်ပိုင်းမျိုးဆက်များကို လက်ဆင့်ကမ်းသွားသည်ပင်။

ချီမုန့်ဟုန် ယခုသုံးနေသည်မှာ ယခင်က ပြိုင်ဘက်ကင်းသည့် ဘိုးဘေးပညာပင်။

ဝုန်း..

သူ ရှီဟောင်ကို လွင့်ထွက်အောင်လုပ်ပြီး သူ့အား ဤအနီရောင်သွေးမီးဖိုထဲသို့ ဝင်သွားအောင်လုပ်ချင်သည်။ သူ၏ကိုယ်တိုင်တာအိုမီးတောက်များဖြင့် ရှီဟောင်ကို ပြုပြင်ကာ သူ့ဘိုးဘေး၏ ပြိုင်ဘက်ကင်းနတ်ခွန်အားကို ပြန်လည်ဖန်တီးမည်။

သို့သော်လည်း ရှီဟောင်ကို မဖိနှိပ်နိုင်ဖြစ်နေပြီး သူ့ကို မီးဖိုထဲသို့ ထည့်၍မရဖြစ်နေသည်။

ဟွမ်သည် အတိတ်မှလာသည့် စစ်နတ်ဘုရားတစ်ပါးနှင့်တူနေသည်။ အနီရောင်ဘုရင်မီးဖိုပေါ်သို့ လက်သီးတစ်ချက်ကျရောက်သွားသည်နှင့် နားကွဲလောက်သည့် ဆူညံသံများထွက်ပေါ်လာကာ ထိုမီးဖိုလွင့်ထွက်သွားသည်။

ဝုန်း..

ရှီဟောင် မုန့်ထျန်းကျန်းပုခုံးကို လက်တစ်ဖက်တည်းဖြင့် ဆုတ်ကိုင်လိုက်သည်။ သူ၏အခြားလက်တစ်ဖက်မှ လက်သီးတံဆိပ်တစ်ခု ဖြစ်ပေါ်လာကာ သူ့အား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ချီမုန့်ဟုန် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး သူ့တစ်ကိုယ်လုံး တောက်ပလာသည်။ တာအိုသင်္ကေတများမှာ ကောင်းကင်ထက်မှ ကြယ်များကဲ့သို့ တောက်ပနေကာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သူ ပြင်းထန်စွာပင် ခုခံလိုက်သည်။

ဝုန်း..

ရှီဟောင် သူ့ကို လေထဲမှ တောင်ထိပ်သို့ရောက်သွားသည်အထိ ထိုးချလိုက်သည်။ သူသည်သတ္တုရောင်ထနေသည့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။

တောင်ထိပ်၌ လမ်းကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ဤသည်မှာ ထာဝရရှေးဟောင်းခေတ်၌ ချန်ရစ်ထားခဲ့သည့် အစီအရင်ကြီးပင်။ ဤတောင်ကြီး ပျက်စီးမသွားစေရန်အတွက် ကာကွယ်ပေးထားခြင်းပင်။

မဟုတ်ပါက သူတို့နှစ်ယောက်၏တိုက်ခိုက်မှုကြောင့် နတ်တောင်ကြီး တစ်စစီဖြစ်သွားလောက်လေပြီ။

“သိမ်းမယ်..”

ချီမုန့်ဟုန် အော်ဟစ်လိုက်သည်။ သိပ်မဝေးသည့်နေရာမှာ မီးဖိုလွင့်ပျံလာကာ သူ၏အဖုံးကို ဖွင့်ဟလိုက်ပြီး အနီရောင်အလင်းများ ထုတ်လွှတ်လာသည်။ ထိုအိုး ရှီဟောင်ကို စုတ်ယူချင်နေသည်။

ထို့အပြင် ပို၍ထူးဆန်းသည်မှာ မီးဖိုထဲမှ သွေးစီးကြောင်းများရှိနေသည့် လက်တစ်စုံထွက်လာသည်။ ထိုလက်တစ်စုံကို ပျက်စီးနေသည့်စစ်ချပ်ဝတ်တန်ဆာဖြင့် ဖုံးကာထားသည်ပင်။ ဤသည်မှာ ငရဲမှ ထွက်လာသည့် လက်ကဲ့သို့ပင်။

ဖုန်း..

ထိုလက်များမှာ လျင်မြန်လွန်းလှသည်။ သူတို့ ရှီဟောင်ကို ဖမ်းဆုတ်လိုက်ကြကာ သူ့အား မီးဖိုထဲသို့ ဆွဲခေါ်သွားတော့မည်။

“ဒါက ထာဝရဘုရင်ရဲ့လက်လား..” လူများစွာ ထိတ်လန့်သွားကာ ကြက်သီးများပင်ထလာသည်။

အနီရောင်ဘုရင်မီးဖို ယခင်က ထာဝရဘုရင်တစ်ပါးအား ပြုပြင်ဖူးသည်ကို အားလုံးသိကြသည်ပင်။ ဤတံဆိပ်များမှာ သွေးမျိုးဆက်မှ လက်ဆင့်ကမ်းလာသည့်အရာပင်။

ယခု ချီမုန့်ဟုန် အသုံးပြုလိုက်သည့် မွေးရာပါဘိုးဘေးပညာမှာ ဤပညာပင်။

သူ့အတွက်တော့ သူ ထာဝရဘုရင်တစ်ပါး၏စွမ်းအားကို အသက်သွင်းနိုင်စရာအကြောင်းမရှိ။ သို့သော် သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင်ပင် ဤသည်မှာရန်သူအားလုံးကို ရှင်းပစ်နိုင်သည့် သတ်ဖြတ်နိုင်သည့်ပညာပင်။

ဝုန်း..

ရှီ‌ဟောင် သူ၏လက်သီးကို ဝေ့ရမ်းကာ ဤလက်များမှ လွတ်မြောက်အောင် ကြိုးစားလိုက်သည်။

သို့သော် ဤလက်များမှာ အလွန်မာကျောလှပြီး ချိုးဖျက်နိုင်ရန် ခက်ခဲလှသည်။

“ဒီကျားအိုကြီးက အစွမ်းတွေ မပြတာနဲ့ မင်းက ကြောင်နာတစ်ကောင်ကို ဆက်ဆံနေတာလား..”

ရှီဟောင်၏မျက်ဝန်းမှ အလင်းတန်းများ တောက်ပလာသည်။ ဝုန်း ဟူသည့်အသံနှင့်အတူ သူ၏လက်ဝါးအလယ်၌ လျှပ်စီးကန်တစ်ခု ပေါ်လာသည်။ ထို့နောက် သူ ထိုလက်ဝါးဖြင့် ရိုက်ချလိုက်သည်နှင့် လျှပ်စီးများမှာ ငွေရောင်စမ်းချောင်းကဲ့သို့ ထွက်ပေါ်လာသည်။

ထို့အပြင် ပန်အော်သံ ထွက်ပေါ်လာသည်။ ခွန်ပန်ထွက်ပေါ်လာပြီး ရွှေရောင်အစက်အပြောက်များရှိနေသည့် သူ၏ရွှေရောင်အမွေးများကို လှုပ်ခါလိုက်သည်နှင့် ကောင်းကင်ဓားတစ်သိန်းကဲ့သို့ ထွက်ပေါ်လာသည်။

အဖိုးတန်ပညာနှစ်ခု ပေါင်းစည်းသွားသည်နှင့် ဝုန်းဟူသည့်အသံနှင့်အတူ ထိုလက်များ ပျက်စီးသွားကာ အနီရောင်ဘုရင်မီးဖိုလည်း လွင့်ထွက်သွားသည်။

ထို့နောက် သူ ထိုအဖိုးတန်ပညာနှစ်ခုကို ပေါင်းကာ ချီမုန့်ဟုန်ကို တိုက်ခိုက်လိုက်သည်။

ဖုန်း..

ရှီဟောင် မုန့်ထျန်းကျန်းကို ဖိနှိပ်လိုက်ကာ သူ၏ခန္ဓာကိုယ်ကို တောင်နှင့်ရိုက်ချလိုက်သည်။ ထို့အပြင် ခွန်ပန်လက်သီးသည် သူ၏ခုခံမှုများကို ထိုးဖောက်ကာ သူ့အား အန္တရာယ်များသည့်အခြေအနေသို့ တွန်းပို့လိုက်သည်။

ဝုန်း..

အချိန်အပိုင်းအစများလွင့်ထွက်လာကာ ဖော်ပြ၍မရနိုင်သည့်ခွန်အား ထွက်ပေါ်လာ၏။ ချီမုန့်ထျန်း တိတ်တဆိတ်ပင် သူ၏အချိန်နယ်မြေကို ထုတ်လွှတ်လိုက်ကာ တန်ပြန်တိုက်ခိုက်လိုက်သည်။

“ဒီလှည့်ကွက်ကိုသုံးချင်နေတုန်းပဲလား..”

ရှီ‌ဟောင် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ညာလက် တောက်ပလာသည်။ ယခုတစ်ခေါက်တော့ ခွန်ပန်ပညာမဟုတ်တော့။ ပြန်လည်ဝင်စားခြင်းလက်သီးပင်။ သူလည်း အချိန်သဘာဝဥပဒေသကို အသုံးပြုလိုက်သည်။

အချိန်နှင့်သက်ဆိုင်သည့် လျှို့ဝှက်ပညာနှစ်ခု ထိပ်တိုက်တွေ့သွားလေပြီ။

ဝုန်း..

ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပျက်စီးသွားကာ အချိန်အပိုင်းအစများ နေရာတိုင်း၌ လွင့်စင်သွားသည်။

“ဧကရာဇ်ကလန် .. သူတို့ဒီနေ့ ရှုံးနိမ့်တော့မှာလား..”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဧကရာဇ်ကလန်ရဲ့ လူငယ်မျိုးဆက်တွေက မရပ်တန့်နိုင်တဲ့လူငယ်တွေ .. အရှုံးမရှိတဲ့ဒဏ္ဍာရီရှိတဲ့သူက ဟွမ် သတ်တာခံရတော့မှာလား…”

လူအချို့ တုန်ယင်သွားကြသည်။ ယခင်က သူတို့လောကမှ ဘုရင်များသာ ရှုံးနိမ့်လိမ့်မည်။ သို့သော် ယခုတော့ ဧကရာဇ်ကလန်ပေါ်လာလေပြီ။ သူတို့ဟွမ်နှင့် တိုက်ခိုက်သော်လည်း အနိုင်အရှုံး ဆုံးဖြတ်နိုင်ရန် ခက်ခဲလှသည်။ ဤသည်မှာ အများစုကို စိုးရိမ် ကြောက်လန့်စေသည်ပင်။

ချီမုန့်ဟုန် အနိုင်ရရန် သူတို့ဆုတောင်းနေကြလေ၏။

အပိုင်း ၁၇၉၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၂ – စစ်နတ်ဘုရား

အဘယ်ကြောင့်ဆိုသော် သူတို့ဘက်မှ အကြိမ်ပေါင်းများစွာ အနိုင်ရရှိခဲ့သည်။ ထို့အပြင် သူတို့သည်အစကတည်းက အရိုင်းဆန်ကာ မောက်မာသည့်သူများပင်။ သူတို့ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုကို အမြဲတမ်း အထင်သေးခဲ့သည်။ သို့သော် ယခုတော့ဘုရင်ကလန်များပင် ရှီဟောင်ကို ဒဏ်ရာရအောင်မလုပ်နိုင်။ ထိုအစား သူတို့လူများစွာသာ အသတ်ခံခဲ့ရသည်။

ထို့ကြောင့် ရှီဟောင်ကို ထိပ်တိုက်အနိုင်ယူကာ အောင်မြင်မှုကို အလွန်လိုချင်နေကြသည်။ သို့သော်လည်း သူတို့ ဆက်တိုက်ရှုံးနိမ့်နေခဲ့သည်။ ဤသည်မှာ သူတို့စိတ်ကို တစ်တိတိဝါးမြိုနေသည့်အရာပင်။ ဤသည်မှာ သူတို့မဖြေရှင်းနိုင်သည့်ပြဿနာပင်။

ယခု လူများစွာမှာ ချီမုန့်ဟုန် ရှုံးနိမ့်သွားမည်ကို အလွန်စိုးရိမ်နေကြသည်။ ဤသည်မှာ လူငယ်မျိုးဆက်ထိပ်တန်းကျွမ်းကျင်သူ၊ ဧကရာဇ်ကလန်မှလူငယ်ပင်။ သူသာ ရှုံးနိမ့်သွားလျှင် ဟွမ်ကို အနိုင်ယူနိုင်သည့်သူ တကယ် မရှိတော့ဘူးဟု ဆိုလိုခြင်းပင်။

လူငယ်မျိုးဆက်ထဲမှာ ပြိုင်ဘက်ကင်း..

ဤကဲ့သို့သော ဘွဲ့တံဆိပ်မျိုးမှာ အားလုံးတွေးနေသည့်အရာပင်။ သို့သော်လည်း လူတိုင်း ဤနာမည်အတွက် တိုက်ခိုက်ခွင့်ရှိသည်မဟုတ်။ ယခု တိုက်ခိုက်နေသည့်သူနှစ်ဦးလုံးမှာ ပြိုင်ဘက်များပင်။ လက်ရှိတိုက်ခိုက်မှုမှာ မည်သူက အဆင့်လွန်သက်ရှိအစစ်လဲဆိုသည်နှင့် သက်ဆိုင်နေသည်ပင်။

ဖုန်း..

ရှီဟောင်၏လက်သီး တစ်ဖက်လူ၏ မှော်တံဆိပ်နှင့် ထိခတ်သွားကာ တောက်ပသည့်အလင်းများ ချက်ချင်း စီးဆင်းလာကာ အချိန်စွမ်းအားလည်း ထွက်ပေါ်လာသည်။ ထိုနေရာ၌ မှုန်ဝါးနေသည့် အချိန်မြစ်လည်း ပေါ်လာသည်။

လေဟာနယ်မှာ မတည်ငြိမ်တော့။ အချိန်၏တိုက်စားမှု ခံနေရသည်။

သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်များ မှုန်ဝါးလာသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် ဤလောကမှ ပျောက်ကွယ်သွားပြီး ရှေးခေတ်သို့ ဦးတည်သွားနေကြသကဲ့သို့ပင်။

ဤသည်မှာ အချိန်စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ထူးခြားသည့်ဖြစ်စဉ်ပင်။

အားလုံး အသက်အောင့်ကာ ဆက်တိုက်နောက်ဆုတ်လိုက်ကြသည်။ သူတို့တိုက်ပွဲထဲ၌ နောက်တစ်ခါ ကြားညှပ်ပါသွားမည်စိုးသောကြောင့် သူတို့ကို နေရာကျယ်ကျယ်ဝန်းဝန်းပေးလိုက်သည်။

“မင်းလည်း အချိန်သဘာဝဥပဒေသတွေကို နားလည်တာလား..”

ချီမုန့်ဟုန် အလွန်ထိတ်လန့်သွားရသည်။ ဤသည်မှာ သူတို့၏ မွေးရာပါပညာပင်။ သူ၏ပြိုင်ဘက်လည်း အချိန်သဘာဝဥပဒေသကို နားလည်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ထို့အပြင် သူတို့နှစ်ဦး၏ စွမ်းအားများမှာ မတူညီကြ။ သူက တစ်ဖက်လူ၏အချိန်ကို ကန့်သတ်ကာ သူ့အား ချိတ်ပိတ်ထားလိုခြင်းပင်။ တစ်ဖက်လူမှာမူ အချိန်ကိုကစားကာ သူ၏သက်တမ်းကို ဖယ်ရှားလိုခြင်းပင်။

“အချိန်ရပ်တန့်မယ်..”

ချီမုန့်ဟုန် အော်ဟစ်လိုက်သည်။ တစ်ဖက်လူသည် သူအကျွမ်းကျင်ဆုံးပညာနယ်ပယ်ကို အသုံးပြုလာခြင်းမှာ သူ့အား ရန်စလာခြင်းပင်။

ခပ်ဝေးဝေးမှလူများ တုန်လှုပ်သွားကြသည်။ ဤကလန်၏ ဘိုးဘေးပညာမှာ စွမ်းအားကြီးလှသည်။ ယခင် အချိန်ရပ်သွားစဉ်က အရာအားလုံး ရပ်တန့်သွားကာ အချိန်အားလုံး နှောက်ယှက်ခံလိုက်ရသည်။

ဤလောက၌ ပြိုင်ဘက်ကင်းသည်ဟု ပြော၍ရသည့်နတ်စွမ်းရည် ဘယ်နှခုရှိသနည်း.. ဤအချိန်ရပ်တန့်ခြင်းမှာ ထိုပြိုင်ဘက်ကင်းပညာများထဲမှ တစ်ခုပင်။

“ပြန်လည်ဝင်စားခြင်း..”

ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏လက်သီးများမှာ ယခင်ကထက် ပို၍တောက်ပလာကာ တာအိုလေ့လာခြင်းတောင်ကို ထိန်လင်းသွားစေသည်။

အချိန်ရပ်တန့်သွားကာ အရာအားလုံး ပျောက်ကွယ်သွားသည်။

လူငယ်တစ်ယောက်သာ သူ၏လက်သီးများကို ဝေ့ရမ်းကာ ခုခံနေသည်။ ရှီဟောင် ဤလျှို့ဝှက်ပညာကို ပြန်လည်ဝင်စားခြင်းအသုံးပြုပြီး ထိုးဖောက်ချင်သည်။

တစ်ဖက်လူ၏ နတ်စွမ်းရည်မှာ အလွန်ကြောက်စရာကောင်းသည်ဟု ပြော၍ရသည်။ သူ ပြန်လည်ဝင်စားခြင်းလက်သီးကို အသုံးပြုလိုက်သော်လည်း သူ၏ခန္ဓာကိုယ်တောင့်ခဲသွားကာ ကန့်သတ်ခံလိုက်ရသည်ကို သူခံစားလိုက်ရသည်။

သို့သော် ယခုတစ်ခေါက်တော့ သူ မထိတ်လန့်တော့။ အဘယ်ကြောင့်ဆိုသော် သူစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပင်။

“ချိတ်ပိတ်မယ်..”

ချီမုန့်ဟုန် အော်ဟစ်လိုက်ကာ သူ၏ဘိုးဘေးပညာကို စွမ်းအားအမြင့်ဆုံးထိရောက်အောင် လုပ်လိုက်သည်။

လောကကြီးမှောင်မဲသွားသည်။ ဤသည်မှာ လောကကြီး၏ မူလအနေအထားသို့ ပြန်ရောက်သွားသည်ဟု ပြော၍ရသည်။ လောကကြီးတွင် မူလဖရိုဖရဲစွမ်းအင်များဖြင့်သာ ပြည့်နှက်သွား၏။

ချီမုန့်ဟုန် တံဆိပ်များ ပြုလုပ်လိုက်သည်။ သူသည် မူလဖရိုဖရဲစွမ်းအင်ဖြင့် အချိန်အကျဉ်းထောင်တစ်ခုကို ပြုလုပ်လိုက်ကာ အချိန်ကို ချိန်းကြိုးအဖြစ်အသုံးပြုပြီး ရှီဟောင်ကို ပိတ်ချထားလိုက်သည်။

ဤလှောင်အိမ်မှာ ထိုမျှသိပ်မကြီး။ ဆယ်ကျန်းပတ်လည်ခန့်သာရှိသည်။ ဤအကျဉ်းထောင်သည် တောင်ထိပ်၌ ရှိနေကာ ဘေးပတ်လည်မှ အချိန်အပိုင်းအစအားလုံးကို စုတ်ယူကာ ဤနေရာရှိ စွမ်းအားအားလုံးကို စုစည်းနေလေ၏။

“သတ်..”

ချီမုန့်ဟုန် ဟစ်ကြွေးလိုက်ကာ ရှီဟောင်ကို ဤအကျဉ်းထောင်ဖြင့် ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

“သူ အောင်မြင်တော့မယ် .. ဟွမ် အချိန်အကျဉ်းထောင်ထဲမှာ ပိတ်မိနေပြီ .. အသတ်ခံရတော့မယ်..”

“အရှုံးမရှိတဲ့ဟွမ်လည်း ဒီနေ့တော့ ရှုံးတော့မှာပဲ .. ဧကရာဇ်ကလန်က သူ့ကိုဖမ်းတော့မယ် .. အနီရောင်ဘုရင်မျိုးဆက် ပီသပါပေတယ်..”

အနီးအနားမှလူများမှာ ပျော်ရွှင်နေကြလေသည်။ အချိန်စက်ဝန်းထဲသို့ ပါသွားမည်စိုးသောကြောင့် သူတို့အားလုံး အဝေး၌သာ ရပ်နေကြသည်။ ယခု သူတို့ စိတ်လှုပ်ရှား၊ ဝမ်းသာစွာဖြင့်ပင် ကြွေးကြော်နေကြသည်။

ဟွမ်မှာ ဘုရင်ကလန်အချို့၏ မျက်စိစပါးမွှေးစူးစရာ ဖြစ်ခဲ့သည်ပင်။ သူတို့ အများရှေ့၌သာ အနိုင်မယူနိုင်လျှင် သူတို့၏ဂုဏ်သတင်း ကျဆုံးသွားသည်ဟု အမြဲတမ်း ခံစားနေရလိမ့်မည်။

ဤအချိန်အကျဉ်းထောင်မှာ အလွန်မာကျောလှသည်။ အကျဉ်းထောင်မှ မြေအောက်လောကနှင့်တူသည်ပင်။ အခြားလူများအမြင်တွင်တော့ ဟွမ်သည် အသက်ရှင်နိုင်ချေမရှိတော့။

သို့သော် ချီမုန့်ဟုန် မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအကျဉ်းထောင်သည် ဟွမ်ကို ချက်ချင်းသတ်မသွား။ ဟွမ်သည် ဤအကျဉ်းထောင်ကို ခုခံတိုက်ခိုက်နေဆဲပင်။

ပုံရိပ်တစ်ခု သူ၏လက်သီးများကို လွှဲရမ်းနေသည်မှာ အနှေးလွန်းမမြန်လွန်း စည်းချက်ကျနေသည်။ သူ လှုပ်ရှား၍ရသေးသည်။

ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည်သည် အချိန်အကျဉ်းထောင်မှ အချိန်အပိုင်းအစများကို ဆွဲယူကာ တစ်စစီချိုးဖျက်နေသည်။

“သေလိုက်တော့..”

ချီမုန့်ဟုန် အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံးကို လှောင်အိမ်ကိုထိန်းချုပ်ရန်အတွက် အသုံးပြုလိုက်သည်။

ဤတိုက်ပွဲမှာ အရေးကြီးသည့်အချိန်သို့ ရောက်နေလေပြီ.

ရှီဟောင်ထံတွင် ‌ရွေးချယ်မှုရှိသည်။ သူ မှော်ခုခံနိုင်စွမ်းနတ်စွမ်းရည်ကို အသုံးပြုကာ သူ့အား ရုတ်တရက် သွားသတ်လိုက်၍ရသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ အချိန်၏ဖိနှိပ်ခြင်းကို မခံစားရ။ သူ လွတ်လပ်နေသည်။

သို့သော် သူမသုံးတော့။ အဘယ်ကြောင့်ဆိုသော် ဤလောကတွင် ဤကဲ့သို့သောစွမ်းအားမျိုးရှိသည့် ဧကရာဇ်ကလန်ရှိသည်ကို သူကြားဖူးသည်။ ထိုကလန်သည်လည်း ရှေးအကျဆုံး ရှေးဟောင်းမိသားစုများထဲမှ တစ်ခုဖြစ်သည်ပင်။ ဧကရာဇ်ကလန်များတွင် ထိုပညာကို ရင်ဆိုင်နိုင်မည့်နည်းလမ်းများ ရှိလောက်သည်။

ထို့အပြင် ရှီဟောင် သူ၏ဝှက်ဖဲများအားလုံးကို မပြချင်။ ချီမုန့်ဟုန်၏ စွမ်းအားအကြီးဆုံးပညာများကို ချေဖျက်ရန် သူ အခြားလျှို့ဝှက်ပညာများကို အသုံးပြုချင်သည်။

အနည်းဆုံးတော့ သူ တစ်ဖက်လူ၏စွမ်းရည်များကို ယခုထက်ထိ ခုခံနိုင်သေးသည်။

ဝုန်း..

အချိန်စွမ်းအားထွက်ပေါ်လာသည်။ ရှီဟောင် လျှပ်စီးစွမ်းအားများကို အသုံးပြုကာ အကျဉ်းထောင်ကို ပေါက်ကွဲသွားစေလိုက်သည်။

သူသည် ဆက်တိုက်ပင် လက်သီးများကို လွှဲရမ်းနေခဲ့သည်။

ခွပ်..

နောက်ဆုံးတော့ ထိုအကျဉ်းထောင် ပျက်စီးသွားကာ သူလွတ်မြောက်သွားသည်။ ပြန်လည်ဝင်စားခြင်းလက်သီးသည် အချိန်အပိုင်းအစများကို စုတ်ယူကာ လျှပ်စီးတာအိုသဘာဝဥပဒေသမှာ အကျဉ်းထောင်ကို ထိုးဖောက်သွားကာ တစ်ဖက်လူ၏ အချိန်နယ်မြေကို ထိုးဖောက်သွားသည်။

ဖူး..

ချီမုန့်ဟုန် တန်ပြန်သက်ရောက်ခြင်းခံလိုက်ရကာ ချက်ချင်းပင် ပါးစပ်အပြည့်သွေးအန်သွားရသည်။ ထိုအခိုက်အတန့် သူ့နားထင်စပ်ရှိဆံပင်များ မီးခိုးရောင်ဖြစ်လာသည်။ ဤသည်မှာ ပြန်လည်ဝင်စားခြင်းစွမ်းအား၏ အကျိုးသက်ရောက်မှုပင်။

“မဟုတ်ဘူး..” ဘုရင်ကလန်အချို့ အော်ဟစ်လိုက်ကာ စိတ်ထဲထိတ်လန့်သွားရသည်။ ဧကရာဇ်ကလန်ချီမုန့်ဟုန်တောင် ရှုံးသွားတော့မှာလား..

ရှီဟောင်မှာ ကြိုးမချည်ထားသည့်ရက်စက်သည့်သားရဲကဲ့သို့ပင်။ ယခုအချိန်တွင်သူ့ထံမှ ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ထုတ်လွှတ်နေကာ အဆုံးမရှိသည့် လျှပ်စီးနှင့်အချိန်အပိုင်းအစများလည်း လွင့်စင်လာသည်။

ဖူး..

ချီမုန့်ဟုန် ပြင်းထန်လှသည့်ရိုက်ချက်ကို လက်ခံလိုက်ရကာ နောက်တစ်ကြိမ်သွေးအန်လာကာ တစ်ကိုယ်လုံး လွင့်ထွက်သွားသည်။ တန်ပြန်သက်ရောက်မှုမှာ ပြင်းထန်လွန်းလှသောကြောင့် သူပြန်ခုခံနိုင်ရန် ခက်ခဲနေသည်။

ယခုအချိန်တွင် သူ၏ဆံပင်တစ်ဝက်ကျော် ဖြူဖွေးနေပြီဖြစ်သည်။ လျှပ်စီးများ သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ ပြန်လည်ဝင်စားခြင်းစွမ်းအားများ သူ့ဝိညာဉ်ကို တိုက်စားသွားသည်။ သူ အသက်အန္တရာယ်ရှိနေလေပြီ။

လူအုပ်ကြီး ဆွံ့အသွားရ၏။ ဝူခွန်၊ ယုယုနှင့် အခြားသူများအားလုံး ဆွံ့အသွားရသည်။ မိုရှန်း၏လှပသည့်မျက်လုံးများ တောက်ပလာ၏။ ဤကဲ့သို့သော ရလဒ်မျိုးဖြစ်လာလိမ့်မည်ဟု သူမလည်းမထင်ထားပေ။

အဘယ်ကြောင့်ဆိုသော် ချီမုန့်ရှန်းမှာ အချိန်ဥပဒေသများ၌ ကျွမ်းကျင်သည့်သူပင်။ သို့သော် နောက်ဆုံးတော့ သူကျွမ်းကျင်သည့်နယ်ပယ်၌ ဒဏ်ရာရသွားကာ သူ၏အသက်ဓာတ် လုယူခြင်းခံလိုက်ရသည်။

ဝေါင်း..

သားရဲဟိန်းသံတစ်သံ ထွက်ပေါ်လာကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြား၌ မြူများအားလုံး ပျောက်ကွယ်သွားလေပြီ။ ချီမုန့်ဟုန် အတော်ဝေးဝေးသို့ လွင့်ထွက်ပြီးသွားသည်နှင့် သူ၏ခန္ဓာကိုယ် ပြန်လည်တည်ငြိမ်သွားသည်။ ထို့အပြင် သူ၏ဖြူဖွေးသွားသည့်ဆံပင်များလည်း ပြန်လည်မည်းနက်လာလေပြီ။

“ဟမ်..” ဤသည်မှာ လူများစွာကို ထိတ်လန့်သွားစေသည်။

“ဟွမ် .. မင်းငါ့ကို အရှက်ရအောင်လုပ်တယ် .. ငါ သည်းခံနေတာ တော်တော်ကြာပြီ .. အခု အဆုံးသတ်ဖို့အချိန်ရောက်ပြီ..” ချီမုန့်ဟုန် အေးစက်စွာ ပြောလိုက်သည်။

လက်သီးအရွယ်အစား သွေးသားရဲ ချီမုန့်ဟုန်၏ဦးခေါင်းထက်၌ ပေါ်လာသည်။ ဤသည်မှာ သူ၏မူလဝိညာဉ်ဖြစ်သလို သူ၏မူလပုံစံလည်းဖြစ်သည်။

သူ့ထံ၌ ရေနဂါးခေါင်းနှင့် ခြင်္သေ့ကိုယ်ရှိကာ ခန္ဓာကိုယ်၌ အရေပြားနှင့်ချပ်ဝတ်တန်ဆာများရှိနေခြင်းမဟုတ်။ သွေးရောင်ဆူးချွန်များ ရှိနေခြင်းပင်။ ထိုဆူးချွန်များသည် မာကျောလှကာ အေးစက်သည့်အလင်းတန်းများ တောက်ပနေသည်။

ဤအကောင်မှာ သိပ်မကြီးသော်လည်း အလွန်အန္တရာယ်များလှပြီး ကြောက်စရာအကောင်းဆုံးမျိုးစိတ်များထဲမှ တစ်ခုပင်။

ဤသည်မှာ အချိန်သားရဲပင်။ ဤသားရဲသည် အလွန်စွမ်းအားကြီးလှကာ ယခင်မှ ယခုအချိန်ထိ ဤသားရဲကို ရင်ဆိုင်နိုင်မည့်နည်းလမ်းမရှိသေး။ ထို့ကြောင့်လည်း သူတို့ကို အရှုံးမရှိသည့်ကလန်ဟု ခေါ်ကြခြင်းပင်။

ချီမုန့်ဟုန်မှာ အချိန်သားရဲပင်။

ဝူး..

အချိန်သားရဲ၏မူလဝိညာဉ် ဟစ်ကြွေးလိုက်သည်နှင့် သူ၏ဘေးပတ်လည်၌ ဖယောင်းတိုင်များတစ်တိုင်ပြီးတစ်တိုင်ပေါ်လာပြီး သွေးရောင်မီးတောက်များ တောက်ပလာကာ မီးခိုးများလည်း ဝေ့ဝဲတက်လာသည်။

“သူက ဒီဘိုးဘေးပညာကို အပြည့်အဝအသက်သွင်းလိုက်တာလား..” လူများစွာ ထိတ်လန့်သွားရသည်။ ဧကရာဇ်ကလန်မှ ချင်းခွန်၊ ယုယုနှင့် အခြားသူများလည်း မျက်လုံးများပြူးကျယ်သွားရသည်။

ဤသည်လည်း အချိန်စွမ်းအားပင်။ သို့သော် အဓိပ္ပာယ်မှာလုံးဝကွဲပြားသွားလေပြီ။ ပညာကိုအသုံးပြုရန်အတွက် ကျင့်ကြံဆင့်တစ်ခုသို့ ရောက်ရမည်ဖြစ်ပြီး မူလအချိန်ဘိုးဘေးပညာကို ဤအဆင့်ထိရောက်အောင် ပြုပြင်ရမည်ပင်။

ဤပညာမှာ အမွေဆက်ခံသည့်လျှို့ဝှက်ပညာမဟုတ်တော့။ ကိုယ့်ဘာသာကိုယ်ကျင့်ကြံရန် လိုအပ်သည်။

ဖယောင်းတိုင်များ တောက်ပနေကာ မီးခိုးများလည်း အကွင်းလိုက်တက်နေသည်။

လောင်ကျွမ်းနေသည့် မီးစာမှာ အချိန်ပင်။ ဝိညာဉ်တစ်သောင်းကို ငြိမ်းသတ်ရန်အတွက် စွမ်းအားများကို ဆင့်ခေါ်လိုက်ခြင်းပင်။

ပုံမှန်အတိုင်းဆိုလျှင် အဆင့်လွန်သက်ရှိနယ်ပယ်မရောက်မချင်း ဤကဲ့သို့သော ပညာမျိုးကို နားလည်နိုင်မည်ဟုတ်။

သို့သော် ချီမုန့်ဟုန် အောင်မြင်သွားလေပြီ။ သူ၏အသက်အရွယ်နှင့် ဤကဲ့သို့သော နတ်စွမ်းရည်ကိုအသုံးပြုနိုင်လေပြီ။ သူ အချိန်ဖယောင်းတိုင်များကို ဆင့်ခေါ်ကာ အချိန်များကို လောင်ကျွမ်းစေပြီး အရာအားလုံးကို ငြိမ်းသတ်နိုင်သည့်စွမ်းအားကို ဆင့်ခေါ်နိုင်နေလေပြီ။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ပုံမှန်မဟုတ်သည့်ဖိအားတစ်မျိုးကို သူခံစားလိုက်ရသည်။ အချိန်ကိုလောင်ကျွမ်းစေခြင်းဆိုသည်မှာ လောကကြီးကို တုန်လှုပ်သွားစေနိုင်သည့် သတ်ဖြတ်သည့်ပညာပင်။

သူ သူ့ရဲ့ဝှက်ဖဲကို သုံးသင့်လား ..သူ့ထံ၌ ပညာအချို့ရှိနေသေးသည်။ ကြည့်ရသည်မှာ ယခုအချိန်သည် ထိုပညာများကို သုံးသင့်သည့်အချိန်ဖြစ်မည်ထင်သည်။

“အမ်..”

ရုတ်တရက် သူစိတ်လှုပ်ရှားသွားရသည်။ ထူးဆန်းသည့် သွေးမြူတန်းအချို့ ထွက်ပေါ်လာကာ သူ၏ခြေလက်များနှင့် အရိုးများထံသို့ စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်တွင် ထူးဆန်းသည့်စွမ်းအားများ ပြည့်နှက်လာသည်။

တတိယမြောက်အဆင့်လွန်သက်ရှိပညာ..

ယခုအချိန်တွင်တော့ ထိုပညာ အပြည့်အဝနိုးထလာလေပြီ။

ဤအဖိုးတန်ပညာ ရင့်ကျက်လာတော့မည်ဟု ရှီဟောင်ခံစားနေရသည်။ ဤပညာကို သူ့ခန္ဓာကိုယ်ထဲ၌ ပျိုးထောင်နေသည်မှာ အတော်လေး ကြာနေပြီဖြစ်သည်။ အရိုးသင်္ကေတများမှာ ပို၍ ကြည်လင်လာလေပြီ။

ရှီဟောင် မအော်ဟစ်ပဲ မနေနိုင်တော့။ သူ ထပ်မထိန်းချုပ်နိုင်တော့။ တိုက်ရိုက်ပင် တိုက်ခိုက်လိုက်တော့သည်။

ဝုန်း..

သူ၏လက်သီးအလင်းတန်းမှာ အနက်ရောင်အာကာသကို ဖြတ်ကျော်သွားသည့်လျှပ်စီးကဲ့သို့ ဤရှေးဟောင်းလောကကြီးတစ်ခုလုံးကို ထိန်လင်းသွားစသည်။ ယခုအချိန်တွင် အရာအားလုံးသူ့လက်သီးခွန်အားအောက်၌ ပျက်စီးသွားလေပြီ။

ဖူး..

ချီမုန့်ဟုန်၏ ရင်ဘတ်တွင် အရှေ့အနောက်ထုတ်ချင်းပေါက်နေသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူ လွင့်ထွက်သွားကာ ကောင်းကင်တစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။

အပိုင်း ၁၇၉၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၃ – တတိယမြောက်အဆင့်လွန်သက်ရှိပညာ၏ ပြိုင်ဘက်ကင်းမှု

ထိုရုတ်တရက်ထွက်ပေါ်လာသည့် စွမ်းအားမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းမိုးသွားကာ ချီမုန့်ဟုန်ရင်ဘတ်ကို ထိုးဖောက်သွားသည်။

ချီမုန့်ဟုန်၏အမူအရာမှာ ထိတ်လန့်မှုများ ပြည့်နှက်နေကာ ဖြစ်ပျက်ခဲ့သည်များကို မယုံကြည်နိုင်ဖြစ်နေသည်။

အမှန်တကယ်တွင် အားလုံး ဆွံ့အသွားကြသည်ပင်။ ဘာဖြစ်သွားတာလဲ ..

ချီမုန့်ဟုန်သည် ဖယောင်းတိုင်များကို ထွန်းညှိကာ လောကကြီးကို တုန်လှုပ်စေနိုင်သည့်ခွန်အားများကို စုစည်းနိုင်ကာ သူ့ဘိုးဘေး အနီရောင်ဘုရင်၏ ပြိုင်ဘက်ကင်းသည့်ခမ်းနားမှုကို ပြသတော့မည်။

သို့သော် သူ စွမ်းအားများစုစည်းပြီး သူ၏ပြိုင်ဘက်ကို ဖျက်ဆီးတော့မည့်အချိန်တွင် ဟွမ် ရုတ်တရက်လှုပ်ရှားလာကာ သူ၏အခြေအနေကို ပြောင်းလဲပစ်လိုက်သည်။

ဤသည်မှာ ကောင်းကင်မှ အဆုံးမရှိသည့်ချောက်နက်ကြီးထဲသို့ ကျသွားသည်နှင့်အတူတူပင်။ သူသည် ငရဲထဲသို့ တန်းကျသွားတော့မလိုပင်။

ဤသည်မှာ ထိတ်လန့်စရာကောင်းသည့်ပြောင်းလဲမှုဟု ပြော၍ရသည်။ ဤသည်မှာ အားလုံးထင်ထားသည်ထက် ကျော်လွန်သွားလေပြီ။ မည်သူက အချိန်သားရဲ၏ စွမ်းအားအကြီးဆုံးဘိုးဘေးပညာကို မသိပဲနေမည်နည်း..

“ရှုံးသွားပြီ .. ချီမုန့်ဟုန် ဒီလိုပုံစံနဲ့ပဲ ရှုံးသွားပြီ..”

လူများစွာသည် စိတ်လွတ်နေသည့်သူကဲ့သို့ သူတို့ကိုယ်သူတို့ ရေရွတ်နေကြသည်။ သူတို့ ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေကြသည်။ ဧကရာဇ်ကလန်ပင် ရှုံးနိမ့်သွားပါက ဤမျိုးဆက်ထဲတွင် မည်သူကများ ဟွမ်၏ပြိုင်ဘက်ဖြစ်နိုင်တော့မည်နည်း..

ဘုရင်ကလန်များမှာ မျှော်လင့်ချက်အပြည့်ဖြင့် အနိုင်လိုချင်နေကြသည်ပင်။ သူတို့ ဟွမ်ကို အားလုံးရှေ့၌ ရှုံးနိမ့်စေချင်သည်။

သို့သော် နောက်ဆုံးတွင်တော့ သူတို့၏ဧကရာဇ်ကလန်အိပ်မက်ပင် ဟွမ်၏လက်ထဲ၌ ပျက်စီးသွားလေပြီ။ ရှုံးနိမ့်ခြင်းမရှိသည့်ဒဏ္ဍာရီလည်း တစ်ချက်တည်းဖြင့် အဆုံးသတ်သွားလေပြီ။

ချီမုန့်ဟုန် ဤရလဒ်ကို လက်မခံနိုင်။ သူ အဆုံးစွန်ပညာတစ်ခုကို အသုံးပြုရန် ပြင်ဆင်ထားသော်လည်း သူ ဟွမ်ကြောင့် လွင့်ထွက်သွားကာ ထိုလက်သီးချက်ကြောင့် သေမလိုဖြစ်သွားသည်။

“ဟွမ်..” သူပါးစပ်အပြည့်သွေးအန်သွားရသည်။ ဤရှုံးနိမ့်မှုကို လက်မခံနိုင်။ သူသာ ထိုအဆင့်တက်ထားသည့်ဘိုးဘေးပညာကို အသုံးပြုရလျှင် သူ၏ရန်သူကို သတ်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။

အောင်မြင်မှုမှာ လက်တစ်ကမ်းအလို၌သာ ရှိနေသည်။ သူ ရန်သူကို သတ်နိုင်တော့မည်ဖြစ်သော်လည်း နောက်ဆုံးတော့ ဆိုးရွားစွာ ရှုံးနိမ့်သွားလေပြီ။

ဤခံစားချက်မှာ အံ့အားသင့်စရာကောင်းလွန်းသည်ဟု ရှီ‌ဟောင် ခံစားနေရသည်။ ထိုအခိုက်အတန့်တွင် သူ၏သွေးများ ကြွတက်လာကာ သွေးမြူလည်း သူ့အား အဆုံးမရှိသည့်စွမ်းအားများ ပေးလာသည်။

သူ၏ခွန်အားမှာ အဆပေါင်းများစွာ တိုးလာသလို သူ၏အရှိန်လည်း ထိုကဲ့သို့ပင်။ ထိုအခိုက်အတန့်တွင် သူသည် အခြားလူတစ်ယောက်ကဲ့သို့ပင် ခံစားလိုက်ရသည်။

ထို့ကြောင့်လည်း သူ ယခု ထုတ်လွှတ်လိုက်သည့်လက်သီးသည် ခုခံသည့်လျှို့ဝှက်ပညာများအားလုံးကို ဖြတ်ကျော်သွားကာ သူ့ပြိုင်ဘက်၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် အလင်းပြင်ကို ထိုးဖောက်သွားကာ သူ့အားဒဏ်ရာပြင်းထန်စွာ ရရှိသွားစေခြင်းပင်။

ဤအရိုးစာသားများသာ ရင့်သန်လာပါက သူ၏စွမ်းအား ပို၍ပင် ကြီးမားလာလိမ့်မည်ဟု ခံစားလိုက်ရသည်။ ယခု သိပ်မပြည့်စုံသေးသည့်အချိန်မှာပင် သူ ဤကဲ့သို့သော စွမ်းအားမျိုးကို အသုံးပြုနိုင်လေပြီ။

သူ၏သာမန်တိုက်ခိုက်မှုလေးတစ်ခုပင်လျှင် ဤကဲ့သို့သော နတ်ခွန်အားမျိုး ထွက်လာသည်။ ဤသည်မှာ သူ့ကိုပင် စိတ်ထဲမှ တုန်လှုပ်သွားစေသည်။

သူ၏ခန္ဓာကိုယ်ထဲမှ အဆင့်လွန်သွေးသည် စွမ်းအားကြီးလှသည့် ဖိအားတစ်မျိုးဖြင့် နှိုးဆွခံလိုက်ရသောကြောင့် မရင့်ကျက်မှီ နိုးထလာခဲ့ခြင်းပင်။

ဤသည်မှာ ကောင်းသည့်အရာလား ဆိုးသည့်အရာလား သူမသိ။ တတိယမြောက်အဖိုးတန်ပညာကို ပြုစုပျိုးထောင်နေသည့်အချိန် သူမည်သည့်ပြဿနာမှမကြုံချင်။ အဘယ်ကြောင့်ဆိုသော် သူ ဤသည်ကို အလွန်မျှော်လင့်ထားသည်ပင်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်လာပြီး အရိုးစာသားများ ရောယှက်နေသည်ဟု ခံစားလိုက်ရသည်။ သွေးများထဲမှ တံဆိပ်များထွက်ပေါ်လာကာ ထိုတံဆိပ်များသည် သူ၏ရင်ညွှန့်ရိုး၌ပင် ထွင်းထုလာကြသည်။

ယခင်က သူ၏အဆင့်လွန်အရိုးများ ဆက်တိုက်ဖယ်ရှားခံခဲ့ရသည်။ တစ်ခုကို ရှီယီရသွားကာ အခြားတစ်ခုကို သူ၏ညီလေးအား ပေးခဲ့ရသည်။ တတိယတစ်ခုကို ထိုကဲ့သို့မပေးချင်။ သူ၏သွေးထဲ၌သာ ပျိုးထောင်ထားချင်သည်။

သို့သော် ယနေ့တော့ အချိန်မတိုင်ခင် အသက်ဝင်သွားလေပြီ။ သွေးများသည် ထိန်းချုပ်၍မရနိုင်လောက်အောင်ပင် သူ့ရင်ညွှန့်ရိုးထံသို့ တရှိန်ထိုး ရောက်ရှိလာသည်။

ဤသည်မှာ ရှီဟောင်ကို တွေဝေသွားစေသည်။ သူ ဤသည်ကို နှောက်ယှက်လိုက်သင့်လား .. သို့မဟုတ် ဤအတိုင်းပဲ ထားလိုက်သင့်လား သူမသိ။

တတိယမြောက်အဖိုးတန်ပညာကို အသုံးပြုလိုက်ခြင်းမှာ အနည်းငယ် စောနေသည်ဟု သူခံစားလိုက်ရည်။ ဤသည်မှာ မထင်မှတ်ထားသည့်ပြောင်းလဲမှုများ ဖြစ်နိုင်မလား သူမသိ။

“ဟွမ် ငါမကျေနပ်ဘူး .. မင်း ငါအကောင်းဆုံးအခြေအနေမှာ ငါနဲ့တိုက်ရဲလား..” ချီမုန့်ဟုန်ပြောလာသည်။

သူ ဤသည်ကို တကယ်လက်မခံနိုင်။

အချိန်လောင်ကျွမ်းခြင်း၏စွမ်းအား .. သူ ဤစွမ်းအားကို ပြသနိုင်တော့မည်။ သို့သော်လည်း သူ တစ်ဖက်လူ၏ ဖိနှိပ်ခြင်းခံလိုက်ရကာ ဖယောင်းတိုင်မီးတောက်လည်း ပျက်ပြယ်သွားသည်။

“အိုး..”

ရှီဟောင် သူ့ကို ကြည့်လိုက်သော်လည်း ချက်ချင်းမလှုပ်ရှား။

ချီမုန့်ဟုန်တစ်ကိုယ်လုံး တောက်ပလာသည်။ သူနောက်တစ်ကြိမ် တိုက်ခိုက်ချင်သည်။ ဖယောင်းတိုင်မီးတောက်များကို ထွန်းညှိကာ စွမ်းအားအကြီးဆုံး အချိန်တာအိုဥပဒေသများကို အသုံးပြုပြီး ဟွမ်ကို နောက်တစ်ကြိမ် တိုက်ခိုက်ချင်သည်။

ရှီဟောင် မတိုက်ခိုက်ပဲ ထိုဖယောင်းတိုင်များကို ကြည့်နေလိုက်သည်။

“သတ် သတ် သတ်..”

ချီမုန့်ဟုန် ရုတ်တရက် ဟစ်ကြွေးလိုက်သည်။ ရှီဟောင် အရင်ဆုံးတိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် သူအရင်လှုပ်ရှားလိုက်သည်။

ဤလျှို့ဝှက်ပညာတွင် ထူးဆန်းသည့်စွမ်းအားများ ရှိနေသည်။ သူ သက်ရှိအားလုံးကို အမြစ်ဖြတ်ပစ်ကာ ရှေးဟောင်းနယ်မြေတစ်ခုလုံးကို လှိုင်းထစေနိုင်သကဲ့သို့ပင်။

ဖယောင်းတိုင်အလင်းများကိုယ်တိုင်က အချိန်ကို ကိုယ်စားပြုသည်ပင်။ ဖယောင်းတိုင်အမွှေးနံ့များလည်းကခုန်နေကာ စက်ဝိုင်းသဏ္ဌာန်တက်သွားပြီး ကောင်းကင်ကိုး စုတ်ဖြဲကာ ပြိုင်ဘက်ကင်းသည့်စွမ်းအားကို ပြသနေည်။

တစ်ဖက်လူမှ တိုက်ခိုက်လာပြီဖြစ်သောကြောင့် ရှီဟောင် ဘယ်လိုလုပ် ယဉ်ကျေးနေနိုင်တော့မည်နည်း.. သူ ဤနတ်စွမ်းရည်၏ အကောင်းဆုံးစွမ်းအားကို သိချင်လျှင်ပင် သူ နုံနုံအအ စောင့်နေမည်မဟုတ်။

ယခုအချိန်တွင်လည်း သူ ထိန်ချန်မထား။ သူ တတိယမြောက်အဆင့်လွန်ပညာကို ထပ်သုံးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ၏သွေးများ ဆူပွက်နေပြီး အရိုးစာသားများလည်းထိန်းချုပ်၍မရနိုင်လောက်အောင်ပင် ထွက်ချင်နေကြလေပြီ။

ဒုန်း..

ဆူညံသံမှာ ကျယ်လောင်လှကာ လေထဲ၌ သွေးများပန်းထွက်လာသည်။ ချီမုန့်ဟုန်သည် သူ၏ခန္ဓာကိုယ်တစ်ခြမ်း ပေါက်ကွဲသွားသည်အထိ ရိုက်ခံလိုက်ရသည်။ အချိန်သားရဲမူလဝိညာဉ်မှ အချိန်မှီပြေးထွက်သွားသောကြောင့်သာ။ မဟုတ်ပါက သူသေလျှင်သေသွားလောက်လေပြီ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ သူ၏မျက်ခုံးကြား၌ပင် အပေါက်တစ်ပေါက်ရှိနေသည်။ ရှီဟောင် နောက်ဆုံးအခိုက်အတန့်၌ ထုတ်လွှတ်လိုက်သည့် လက်ညှိုးကြောင့် ဖြစ်လာခြင်းပင်။

ထိုဖယောင်းတိုင်များမှာမူ သူ၏လက်သီးအားကြောင့် ပျက်စီးသွားလေပြီ။ ဖယောင်းတိုင်မီးများ ငြိမ်းသတ်သွားကာ မီးခိုးငွေ့များလည်း ပျက်ပြယ်သွားသည်။

“အား..” သွေးစွမ်းအင်များစွာဖြင့် ထိုအချိန်သားရဲမူလဝိညာဉ် ကောင်းကင်ထက်သို့ပြေးတက်သွားကာ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူသည် အရှေ့ဘက်သို့ ပြေးသွားကာ ထွက်ပြေးချင်နေလေသည်။

“မင်းက ဘယ်သွားချင်နေတာလဲ..”

ရှီဟောင် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ကာ ကောင်းကင်ကြီးကို ချက်ချင်းအုပ်မိုးပစ်လိုက်သည်။

သို့သော် လူတစ်စု သူ့ကို တားဆီးလိုက်သည်။ အထူးသဖြင့် တာအိုလေ့လာခြင်းလက်ဖက်ပင်ကို စောင့်ကြပ်နေသည့်အကြီးအကဲများပင်။ သူတို့အားလုံး လှုပ်ရှားလာကာ သူ့ကို တားဆီးလာကြသည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ကလန်မှ လူငယ်ကျွမ်းကျင်သူတစ်ဦးသေဆုံးသွားပြီး သူတို့ဘာမှမလုပ်လိုက်ဘူးဆိုလျှင် သူတို့ထံသို့ အပြစ်ပုံကျလာလိမ့်မည်။

ရှီဟောင် ရယ်မောလိုက်ကာ ထပ်မတိုက်ခိုက်တော့။ ဤအခြေအနေနှင့် အဆုံးသတ်လိုက်လျှင် လုံလောက်လေပြီ။ ဧကရာဇ်ကလန်အသက်လုပြေးကာ ဘုရင်များမှ ကူညီပေးရသည်။ ဤအဆုံးသတ်မှာ အကောင်းဆုံးအဆုံးသတ်ဟု ပြော၍ရသည်။

“ဟား ဟား ဟား..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အားလုံးနားထဲတွင် ဤအသံမှာ နားကလောစရာကောင်းလှသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့နောက်တစ်ကြိမ် ရှုံးနိမ့်သွားလေပြီ။ ထို့အပြင် ဧကရာဇ်ကလန် သေမလိုပင်ဖြစ်ခဲ့သေးသည်။ ချီမုန့်ဟုန် ထွက်ပြေးသွားနိုင်ခြင်းမှာ အားလုံး၏ အကူအညီကြောင့်ပင်။

ဒါထက်ပိုဆိုးတဲ့ကိစ္စ ရှိပါဦးမလား .. လူငယ်တစ်ယောက်က ဒီဘက်က ဂျီးနီးယပ်စ်တွေအားလုံးကို စိန်ခေါ်တာတောင်မှ အဲဒီလူငယ်ပဲ နိုင်သွားတယ်..

ယုယု၊ ဝူခွန်နှင့် အခြားသူများသည် တိုက်ခိုက်ချင်သော်လည်း ယခုတော့မဟုတ်သေး။ ချီမုန့်ဟုန် ရှုံးနိမ့်ပြီးနောက် သူတို့ချက်ချင်း မတိုက်ခိုက်ချင်သလို သူတို့ တာအိုလေ့လာခြင်းလက်ဖက်ရွက်များကိုလည်း ယူချင်သေးသည်။

ရှီဟောင် ကျယ်လောင်စွာ ရယ်မောနေခြင်းမှာ သူတို့ဘက်မှ ဘုရင်များကို အထင်သေးပြီး ရန်စနေခြင်းပင်။ အားလုံး မျက်နှာမသာမယာဖြစ်သွားကြရသည်။

မြေပြင်ထက်ရှိ ချီမုန့်ဟုန်၏ခန္ဓာကိုယ် သားရဲအဖြစ်ပြောင်းလဲသွားသည်။ ထိုသားရဲမှာ ထိုမျှမကြီးသလို သိပ်လည်းမရှည်။ တစ်ကျန်းခန့်သာရှိသည်။ သူ့တစ်ကိုယ်လုံး နီရဲနေကာ သွေးရောင်ဆူးချွန်များ ပြည့်နှက်နေသည်။

သူ၏မူလခန္ဓာကိုယ်မှာ သူ၏မူလဝိညာဉ်နှင့် တစ်ပုံစံတည်းပင်။

ရှီဟောင် လျှောက်လာကာ ထိုသားရဲ၏ခြေထောက်တစ်ဖက်ကို ဖယ်ရှားပစ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခြမ်း ပျက်စီးသွားသော်လည်း အကောင်းတိုင်းရှိနေသေးသည့် တစ်ခြမ်းရှိသေးသည်။

သူ အကောင်းတိုင်းကျန်သေးသည့် သားရဲခြေထောက်ကို လက်ထဲ၌ ကိုင်ထားလိုက်သည်။

“မင်း .. မင်းဘာလုပ်ချင်နေတာလဲ..” ဘုရင်ကလန်ကျွမ်းကျင်သူတစ်ဦး သတ္တိများကို စုစည်းကာ အော်ဟစ်လိုက်သည်။

“ကျုပ်က ကျုပ်ရဲ့စစ်ပွဲနိုင်တဲ့ပစ္စည်းကိုသိမ်းတာ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ .. ခင်ဗျားမသေချင်ရင် ထွက်သွားလိုက်..” ရှီဟောင်၏မျက်လုံးများမှာ အေးစက်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း မီးခိုးမှုန်များကဲ့သို့ ထွက်ပေါ်လာသည်။ သူ ဘာကိုမှ ဖုံးကွယ်ထားခြင်းမရှိ။

ထိုဘုရင်ကလန်ကျွမ်းကျင်သူမှာ သူ့တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားလိုက်ရသည်။ အေးစက်မှုမှာ သူ၏အရိုးများကိုပင် ထိုးဖောက်လာသည်။ သူ ပါးစပ်ထပ်မဟရဲတော့။

“ဟွမ် မင်း လွန်မလာနဲ့..” လူအချို့ အော်ဟစ်လိုက်ကြသည်။ သူတို့သည် ရှီဟောင် သူတို့ကို တိုက်ခိုက်လာမည်စိုးသောကြောင့် အချင်းချင်း ကူညီပေးနေကြလေသည်။

ရှီဟောင် သူတို့ကို အာရုံမစိုက်တော့ပဲ ထိုင်ချလိုက်ကာ သားရဲခြေထောက်ကို သန့်ရှင်းလိုက်သည်။ ထို့နောက် တာအိုမီးတောက်ကို ထွန်းညှိလိုက်ကာ ထိုခြေထောက်ကို စတင်ကင်လေတော့သည်။

ထိုအခိုက်အတန့် ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားကာ လူအချို့မှာ မေးရိုးကြီး မြေပြင်ပေါ်သို့ ကျမတတ်ဖြစ်သွားသည်။

သူသည် ချီမုန့်ဟုန်၏ ခန္ဓာကိုယ်ကို တမင်သက်သက်ချိုးပြီး သူတို့အား အရှက်ခွဲခြင်းဖြစ်သည်ဟု သူတို့ထင်နေကြခြင်းပင်။ သို့သော် သူအစားအစာအဖြစ် လုပ်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။

“အား .. ဟွမ် .. မင်းဘာလုပ်နေတာလဲ .. မင်းက လူထုကို ဒေါသထွက်အောင် လုပ်နေတာ..” သိပ်မဝေးသည့်နေရာ၌ ရှိနေသည့် ချီမုန့်ဟုန်အစေခံ အော်ဟစ်လိုက်သည်။ သူတကယ်ကို ကြောက်ရွံ့နေလေပြီ။

အထူးသဖြင့် ခန္ဓာကိုယ်ပေါက်ကွဲသွားပြီး ခေါင်းသာကျန်တော့သည့် လူသားအစေခံပင်။ သူ၏ခေါင်းမှာ ရှီဟောင်ရှိနေသည့်နေရာနှင့်သိပ်မဝေး။

သူ့ကို ကာကွယ်ပေးထားသည့်သခင်ပင် ခန္ဓာကိုယ်ကြီး ပျက်စီးသွားပြီဖြစ်သောကြောင့် သူက ဘယ်လိုလုပ် မကြောက်ပဲ နေမည်နည်း..

သို့သော်လည်း သူအော်ဟစ်လိုက်ဆဲပင်။ “ဟွမ် .. မင်းဒီလိုလုပ်လို့မရဘူး .. ဒါက ရက်စက်လွန်းတယ် .. ဒါက ဧကရာဇ်ကလန်လေ မင်းကဘယ်လိုလုပ် သူ့ကို စားနိုင်ရတာလဲ..”

“ဘာမှမကောင်းတဲ့ကျွန် .. မင်းကို ကယ်လို့မရတော့ဘူး..” ရှီဟောင် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

“ဒီလောကက သက်ရှိတွေက ငါ့လူသားမျိုးနွယ်စုတွေကို ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ စားတယ် .. အားကြီးတဲ့သူက အားနည်းတဲ့သူကို စားတယ်ဆိုပြီးစားတယ် … လူသားတစ်ယောက်အနေနဲ့ ဒါက ငါလုပ်နိုင်တာအကုန်ပဲ .. ငါတို့လူသားတွေကို စားတဲ့သူတွေအားလုံးကို ငါတတ်နိုင်သမျှ လက်တုံ့ပြန်မှာ .. သူတို့ကိုသတ်ပြီး သားကောင်အဖြစ် သတ်မှတ်မယ် .. စားသုံးခံရပြီးတော့ ပျောက်ကွယ်သွားတဲ့လူသားတွေရဲ့ ခမ်းနားမှုတွေကို ပြန်ယူမယ် .. အရှက်ရမှုတွေကို ဆေးကြောပစ်မယ် .. ဒီသားရဲခြေထောက်ကို စားနေတာက လက်တုံ့ပြန်နေတာပဲ..” သားရဲခြေထောက်ကိုကင်ရင်း သူပြောလိုက်သည်။

သောက်ခွေး .. သူက ဧကရာဇ်ကလန်တွေကို စားမှာလား .. စားသောက်ခြင်းကတောင် ခမ်းနားမှုတစ်ခုလား .. ဤသည်မှာ သက်ရှိများစွာကို ဆိုးရွားစွာ ထိတ်လန့်သွားစေသည်။

“ဝိုး .. မင်းတို့ တာအိုလေ့လာခြင်းလက်ဖက်ရွက် နောက်တစ်ရွက်ရသွားပြီလား .. မြန်မြန်ပေးခဲ့လိုက်..” ရှီဟောင် ဘုရင်ကလန်တစ်ခုမှ လူများကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“မင်း .. မင်းငါတို့ကို ဓားပြတိုက်နေတာ..”

“ဟုတ်တယ် .. မင်းပြောတာမှန်တယ် .. ငါ ဓားပြတိုက်နေတာ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

အပိုင်း ၁၇၉၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၄ – အဆင့်တက်ခြင်း

ထိုဘုရင်ကလန်မှ ကျင့်ကြံသူများအားလုံး အစိမ်းရောင်ပြောင်းသွားကြသည်။ သူတို့အားလုံးဒေါသထွက်ကာ ဟွမ်အားစိတ်ထဲကျိန်ဆဲနေကြသည်။ မင်းဒီလောက် ဒဲ့တိုးဆန်စရာလိုလို့လား..

ဓားပြတိုက်သည်ကို မကြောက်မရွံ့၊ ပွင့်ပွင့်လင်းလင်းလုပ်နေပြီး ဤသည်ကို သာမန်ကိစ္စကဲ့သို့ ပြောနေသည်။ သူတို့ သူ့ကို ရိုက်ပစ်ချင်လောက်အောင်အထိ ဒေါသထွက်သွားကြသော်လည်း သူတို့ ဟွမ်၏ ပြိုင်ဘက်မဟုတ်။

ထိုကလန် အကူအညီတောင်းချင်သောကြောင့် အခြားသူများကို ကြည့်ကြသော်လည်း မည်သူမှ သူတို့ကို အရေးမလုပ်ကြ။ သူတို့ကို လျစ်လျူရှုထားကြသည်။

“ကျုပ် အဓိပ္ပာယ်မရှိတာတွေ မကြားချင်ဘူး .. ကျုပ်အချိန်ကို မဖြုန်းနဲ့ .. ကျုပ် တာအိုလေ့လာခြင်းလက်ဖက်ရွက်ယူတဲ့အချိန်တုန်းက နှောက်ယှက်ခဲ့တာ ခင်ဗျားတို့နဲ့ ချီမုန့်ဟုန်ရဲ့အစေခံတွေပဲ .. အခု အတိုးတွေသိမ်းဖို့အချိန်ကျပြီ..” ရှီဟောင်ပြောလိုက်သည်။

ရှီဟောင် မြေကြီးပေါ်၌ ထိုင်နေကာ သူ၏လက်ထဲ၌ သားရဲခြေထောက်ကြီးကို ကိုင်ထားသည်။ ထိုခြေထောက်သည် လူအရပ်တစ်ဝက်ကျော်စာ ကြီးမားလှပြီး သူ့ထံမှ တာအိုမီးတောက်များ ထွက်ပေါ်နေသည်။ ထိုခြေထောက်သည် ဆက်တိုက်ပင် အကင်ခံနေရသည်။

ဤမီးတောက်များမှာ သဘာဝဥပဒေသများဖြင့် ပြုလုပ်ထားခြင်းပင်။

“မင်းငါတို့ဆီက တစ်ရွက် ယူပြီးသွားပြီလေ..” ဘုရင်ကလန်ကျင့်ကြံသူများထဲမှတစ်ဦး အားတင်းကာ ပြောလိုက်သည်။

“သိတယ်လေ .. ခင်ဗျားတို့ဆီက တစ်ရွက်ယူပြီးတော့ ချီမုန့်ဟုန်နဲ့စာရင်းရှင်းတာပဲ..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် အားလုံး၏နားထဲတွင်တော့ ဤစကားမှာ မတည်ငြိမ်။ ဟွမ် ဘာပြောချင်တာလဲ .. ဒါက သေမယ်လို့ ခြိမ်းခြောက်တာလား..

အဘယ်ကြောင့်ဆိုသော် ချီမုန့်ဟုန်နှင့် စာရင်းရှင်းပြီးသွားသည်နှင့် ထိုဧကရာဇ်ကလန်မှ လူငယ်ကျွမ်းကျင်သူမှာ သေမလိုဖြစ်သွားခဲ့ပြီး သူ၏မူလဝိညာဉ်သာ ခက်ခက်ခဲခဲဖြင့် လွတ်မြောက်သွားခြင်းပင်။

“ယူလိုက်…”

တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ထိုလူငယ်ကျွမ်းကျင်သူများ အရှုံးပေးလိုက်ကြသည်။ ဘုရင်ကလန်ကျွမ်းကျင်သူတစ်ဦး လျှောက်လာကာ တောက်ပနေသည့်အရွက်တစ်ရွက်ကို ပေးလိုက်လေသည်။

“ကျေးဇူးပဲ သူငယ်ချင်း..” ရှီဟောင် ကျေးဇူးတင်စကား ပြောလိုက်သည်။

ထိုလူများမှာ ချက်ချင်းပင် မျက်နှာများ မဲမှောင်သွားကြသည်။ ကျေးဇူးတင်တယ်ဟုတ်လား .. ငါ့ဖင်ကိုပဲ ကျေးဇူးတင်နေလိုက်..

ရှီဟောင်သည် လက်ဖက်ရွက်ကို လက်ခံရင်းဖြင့်ပင် သားရဲခြေထောက်ကို ကျွမ်းကျင်စွာ ကင်နေသည်။ သူသည် ကင်နေရင်းဖြင့်ပင် အခြားအမွှေးအကြိုင်များ၊ ဟင်းခတ်မှုန့်များလည်း ထည့်လိုက်သေးသည်။ သူ၏လှုပ်ရှားမှုများမှာ လျင်မြန်လှကာ အတွေ့အကြုံပြည့်ဝနေသည်။ ဤသည်မှာ သူမကြာခဏလုပ်နေသည့်အပြုအမူလိုမျိုးပင်။

ဤသည်မှာ လူအုပ်ကြီးကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။ ဒီကောင်က ဒီလိုမျိုး မကြာခဏလုပ်တယ်လို့ ငါ့ကို မပြောနဲ့နော်..

“ငါ့စွမ်းရည်တွေက နည်းနည်းကျလာပြီ .. ငါ မစားရတာတောင် တော်တော်ကြာနေပြီ..” ရှီ‌ဟောင် ရေရွတ်လိုက်သည်။

သောက်ခွေး.. သူတို့အားလုံး ကျိန်ဆဲပစ်လိုက်ချင်သည်။ သူက ကျင့်ကြံသူတစ်ယောက်ဖြစ်နေတာတောင်မှ ချက်ပြုတ်တဲ့စွမ်းရည်ကို ဂရုစိုက်နေသေးတာလား .. သို့သော် သူ့ပုံစံကိုကြည့်လိုက်သည်နှင့် ဤသည်မှာ လူကောင်းဖြစ်မည်မဟုတ်မှန်း သူတို့သိသည်။ သူတို့အမြင်တွင် ဤလူငယ်လေးမှာ မည်းနက်နေသည့်နှလုံးသားနှင့် ရက်စက်ကြမ်းကြုတ်သည့်လက်များ ရှိသည့်သူပင်။ သူသည် သူ့ပြိုင်ဘက်အချို့ကို မီးကင်ပြီး အကောင်လိုက်မြိုချမည့်သူပင်။

“ငါတို့ .. သွားသင့်ပြီ..” ထိုဘုရင်ကလန် ကျင့်ကြံသူများသည် အချင်းချင်းဆွေးနွေးပြီးသွားသည်နှင့် ထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ် ဤနေရာ၌ ရှိနေသောကြောင့် သူတို့ဘာမှရမည်မဟုတ်။

သူတို့ တစ်ရွက်ရတိုင်း ဓားပြတိုက်ခံနေရမည်ကို စိုးရိမ်နေကြသည်။

“ဖြေးဖြေးပေါ့ .. မင်းတို့တွေ ငါ့ကို တာအိုလေ့လာခြင်းလက်ဖက်ရွက်တွေ အကြွေးတင်နေသေးတယ်..” ရှီဟောင် သူတို့အား တားဆီးလိုက်သည်။

ဤစကားကြားသည်နှင့် အချို့သူများ လဲကျလုနီးပါးဖြစ်သွားရ၏။

သူတို့ ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်ချင်သော်လည်း ဟွမ် လှုပ်ရှားလာမည်ကိုလည်း သူတို့ ကြောက်နေကြရသေးသည်။ ဤသည်မှာ တကယ်ကို ကို့ယိုးကားယားနိုင်လွန်းလှသည်ပင်။

“ဒါက သဘာဝကံကောင်းခြင်းတွေ ရနိုင်တဲ့အချိန်ပဲကို .. မင်းတို့က ဘာလို့ အလောတကြီး ထွက်သွားချင်နေတာလဲ .. ငါ အတိုးအနေနဲ့ တာအိုလေ့လာခြင်းလက်ဖက်ရွက်သုံးရွက်ယူမယ် .. ကျန်တာတော့ မင်းတို့ယူလို့ရတယ်..” ရှီဟောင် ပြောလိုက်သည်။

ထိုလူများတစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ သူတို့သည် ဒေါသထွက်ကာ အံကြိတ်ရလွန်းသောကြောင့် သွားများပင် နာကျင်လာသည်။ သို့သော် သူတို့ တကယ်ထွက်မသွားချင်သေး။ သူတို့တွက်ချက်မှုအရဆိုလျှင် သူတို့ တစ်ရွက်၊ နှစ်ရွက်လောက်တော့ ရလိမ့်ဦးမည်။

ခဏကြာပြီးနောက် ဤနေရာမှာ ထပ်မံတင်းမာလာသည်။ လူများစွာ ယဇ်ပုလ္လင်ကြီးကို အက်ကွဲအောင်လုပ်ကာ သစ်ရွက်များကို ယူနေကြသည်။

ထိုအချိန်တွင် ရှီဟောင် ထိုခြေထောက်ကို ကင်နေဆဲပင်။ ခြေထောက်မှာ ရွှေရောင်သန်းလာပြီး အမွှေးနံ့များလည်း ပျံ့လွင့်လာသည်။ ထိုခြေထောက်နားတွင် အချိန်အပိုင်းအစများလည်း ရှိနေသည်။

ဤကဲ့သို့သော အသားမျိုးမှာ ဆေးစွမ်းကောင်းတစ်လက်ပင်။ သူ့ထံ၌ အချိန်သားရဲ၏စွမ်းအင်များ ပါဝင်နေသည်။

“ဒါက တကယ်ကို အရမ်းအရသာရှိလွန်းတယ်..”

ရှီဟောင် တစ်ကိုက်ကိုက်ပြီးသည်နှင့် မျက်လုံးများကို ပိတ်လိုက်ကာ အရသာခံလိုက်သည်။ သူ၏နှုတ်ခမ်းနှင့်သွားကြားတွင် အဆုံးမရှိသည့် သင်္ကေတများ တောက်ပလာသည်။

ဤသည်ကို မြင်သည်နှင့် အခြားသူများမှာ သူ့အား ရိုက်ပစ်ချင်မိသွားသည်။ အခြားသူများ တာအိုလေ့လာခြင်းလက်ဖက်ရွက်ကို ယူနေသည့်အချိန်တွင် ဤမုန်းစရာကောင်းသည့်ဟွမ်က စားလိုက်သောက်လိုက်လုပ်နေသည်။

လူအများစုမှာ မနာလိုဖြစ်နေကြသည်ပင်။ သူ့အား ကျိန်ဆဲချင်နေကြသော်လည်း သူတို့စိတ်ထဲမှ သူ့အား မနာလိုဖြစ်နေကြသည်ပင်။ ဤသည်မှာ အချိန်သားရဲပင်။ မည်သူက ဤသားရဲကို စားရဲမည်နည်း..

ရှေးယခင်ကတည်းက အချိန်သားရဲများမှာ ပြိုင်ဘက်ကင်းသည့်ကလန်များပင်။ အနီရောင်ဘုရင်မှ ဤကလန်ကို စောင့်ရှောက်နေသောကြောင့် မည်သူကများ ဤကလန်ကို ဆန့်ကျင်ရဲမည်နည်း..

ဧကရာဇ်ကလန်များမှာ ဘယ်တုန်းကများ အခြားသူများ၏ အစားအစာဖြစ် သတ်မှတ်ခံရသနည်း..

ယခုတော့ လူတစ်ယောက် ချီမုန့်ဟုန်၏ခြေထောက်ကို ကင်ကာ အားလုံးရှေ့၌ စားပြနေလေပြီ။ သူ့ကို ကြည့်ရသည်မှာ အလွန်ကျေနပ်နေသည့်ပုံပင်။

တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်ရှိ ထိုအကြီးအကဲများလည်း သူ့ကို မတားကြ။ အေးစက်စွာသာ ကြည့်နေကြလေ၏။

“သူ.. တကယ်စားလိုက်တယ်..”

ခပ်ဝေးဝေးမှ ထိုသတ္တဝါများ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ သူတို့ကို ကြည့်ရသည်မှာ တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရကဲ့သို့ပင်။ ဒီဟွမ်က ရဲတင်းလွန်းတယ် .. သူက ဧကရာဇ်ကလန်ကိုတောင် စားရဲတယ်..

“သူ့ကို ဘယ်သူ ကာကွယ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ .. အနီရောင်ဘုရင် သီးသန့်ကျင့်ကြံတာကနေထွက်လာရင် တစ်ခြား မသေမျိုးဘုရင်တွေ သူ့ကို ကယ်ချင်ရင်တောင် ခက်ခဲမှာပဲ..” တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်ရှိ အကြီးအကဲတစ်ဦး အေးစက်စွာ ပြောလိုက်သည်။

ဤလူများ မည်ကဲ့သို့ တွေးနေပါစေ ရှီဟောင် အချိန်သားရဲကို စားနေဆဲပင်။ သူ၏ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည် တိုးတက်မှုအချို့ရှိလာသည်ဟု သူခံစားလိုက်ရသည်။ သူ အသားထံမှ အချိန်အပိုင်းအစများစွာကို ရယူလိုက်ရသည်။

ခဏကြာပြီးနောက် ခြေထောက်တစ်ချောင်းလုံး ကုန်သွားလေပြီ။

“ဝိုး .. ဒါက တကယ်ကို အရသာရှိတယ် .. ဒီလိုခြေထောက်မျိုးမှာ ရှိနေတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးစွမ်းအင်က နှစ်ပေါင်း ရာပေါင်းများစွာ ကျင့်ကြံတာနဲ့ညီမျှတယ်..” ရှီဟောင် ချီးကျုးလိုက်သည်။

ဤသည်မှာ သူ့အတွက်တော့ ဆေးကောင်းတစ်မျိုးပင်။

ထို့နောက် ရှီဟောင် ယဉ်ကျေးမနေတော့ပဲ ချီမုန့်ဟုန်၏ ကျန်နေသေးသည့်ခန္ဓာကိုယ်များကို သိမ်းယူလိုက်သည်။

ထို့နောက် ရှီဟောင် မုန့်ထျန်းကျန်းခန္ဓာကိုယ်ထဲမှ ကျောက်စိမ်းပုလင်းငါးခုကို ထုတ်လာသည်။ ထိုပုလင်းများထဲ၌ တာအိုလေ့လာခြင်းလက်ဖက်ရွက် ငါးရွက်ရှိနေသည်။ သူ ပြုံးလိုက်၏။ ယခုတစ်ခေါက် သူ၏ဆုလာဘ်များမှာ သိပ်မဆိုးလှ။

“အစားကောင်းစားပြီးတော့ လက်ဖက်ရည်တစ်ခွက်လောက်သောက်ရမယ် .. ပြီးရင် တစ်ရေးအိပ်ရမယ်..” ရှီဟောင် ပြောလိုက်သည်။

ထို့နောက် သူ ခပ်ဝေးဝေးရှိ ရေခဲတောင်မှ ဆီးနှင်းအချို့ကို ယူလိုက်ကာ လက်ဖက်ရည်စဖျော်လိုက်သည်။

မုန့်ထျန်းကျန်း ခန္ဓာကိုယ်မှ ရသည့် အရွက်ငါးရွက်လုံးကို တစ်ခါတည်း အသုံးပြုလိုက်ခြင်းပင်။

ဤမြင်ကွင်းကို မြင်သည်နှင့် အားလုံး မျက်လုံးများ ပြူးကျယ်သွားကာ ဤမကောင်းသည့်ကောင်ကို ကျယ်လောင်စွာပင် ဆူပူအော်ဟစ်ပစ်လိုက်ချင်သည်။ မနာလိုဖြစ်လွန်းရသောကြောင့် သူတို့မျက်လုံးများပင် နီရဲလာလေပြီ။ ဤသည်မှာ တာအိုလေ့လာခြင်းလက်ဖက်ရွက်များပင်။ ဤသည် နွားတစ်ကောင် ပိုနီပန်းများကို စားသည်နှင့်တူနေသည်။

ရှီဟောင် သူတို့ကို အရေးမစိုက်။ လက်ဖက်ရည်ရသည်နှင့် မွှေးပျံ့သည့်ရနံ့များ သင်းပျံ့လာကာ တာအိုလှိုင်းတစ်ခုလည်း တောက်ပလာကာ သူ၏စိတ်ကို ကြည်လင်လန်းဆန်းသွားစေသည်။

ထို့နောက် ရှီဟောင် ထိုလက်ဖက်ရည်ကို တစ်ငုံချင်း အရသာမခံပဲ အားလုံးကို တစ်ခါတည်း သောက်ပစ်လိုက်သည်။

လူများမှာပို၍ပင် မသက်မသာဖြစ်လာကြသည်။

ထို့နောက် ရှီဟောင် မျက်လုံးမှိတ်ကာ လက်ဖက်ရည်ကို အရသာခံလိုက်သည်။ သူ၏ခန္ဓာကိုယ် ရှင်းလင်းနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေ သဘာဝဥပဒေသများကို ခံစားနေရသည်။

ဝုန်း..

သူ့ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သင်္ကေတများ ထပ်ခါထပ်ခါ‌ တောက်ပလာသည်။ အလင်းများမှာ နေရာ၌ နေလုံးများစွာ ရှိနေသကဲ့သို့ တောက်ပနေခြင်းပင်။

ဘုရင်ကလန်များမှာ မည်မျှပင် မကျေမနပ်ဖြစ်နေပါစေ ဟွမ်သည် သူ၏ကျင့်ကြံခြင်းလမ်းကြောင်းတွင် တကယ် ထူးခြားလှသည်ကိုတော့ သူတို့ဝန်ခံရလိမ့်မည်။

သူ အကျိုးကျေးဇူးများစွာ ထပ်ရသွားပြီဖြစ်ကြောင်း အားလုံးသိလိုက်ရသည်။

ခွပ်..

အရိုးအက်ကွဲသံများနှင့်တူသကဲ့သို့ လျှပ်စီးဖြတ်သန်းသွားသည့်အသံနှင့်လည်း တူနေသည်။ ထိုအသံထွက်ပေါ်လာပြီးနောက် လောကကြီးတစ်ခုလုံး တုန်ခါသွားသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း တုန်ခါသွားသည်။ ထို့နောက် သူ့မျက်လုံးများ ပွင့်လာသည်။ အဘယ်ကြောင့်ဆိုသော် သူအဆင့်တက်သွားလေပြီ။

လက်ဖက်ရွက်ငါးရွက်ကို တစ်ခွက်တည်း၌ ထည့်ကျိုးလိုက်ခြင်းမှာ သူ့ကို တာအိုလေ့လာခြင်း၏ အနက်ရှိုင်းဆုံးအဆင့်သို့ ရောက်ရန် ကူညီပေးလိုက်သည်။ ယခု သူ အောင်မြင်စွာ အဆင့်တက်သွားလေပြီ။

ကိုယ်တိုင်ခစားခြင်းနောက်ဆုံးအဆင့်..

သူ ပို၍ စွမ်းအားကြီးလာလေပြီ.

အမှန်တကယ်တွင် သူ တာအိုလေ့လာခြင်းလက်ဖက်ရွက် တစ်ခွက်ကို သောက်လိုက်ကတည်းက သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏နောက်ဆုံးအဆင့်ရောက်ရန် တစ်လှမ်းသာ လိုတော့ကြောင်း သိခဲ့သည်။

သို့သော် တစ်ခါတစ်ရံခြေလှမ်းတစ်ဝက်ပင်လျှင် ကောင်းကင်သို့သွားသည့်လမ်းကြောင်းကဲ့သို့ ရှည်လျားတတ်သည်။ ထို့ကြောင့်လည်း သူ ငါးရွက်လုံးကို တစ်ခါတည်းကြိုလိုက်ကာ သောက်လိုက်ခြင်းပင်။

ရလဒ်အနေဖြင့် သူဉာဏ်အလင်းပွင့်သွားကာ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သည်။

ရှီဟောင် မတ်တပ်ရပ်ကာ ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။ သူ၏ကျင့်ကြံဆင့်တိုးသွားသောကြောင့် တာအိုစွမ်းရည်များလည်း တိုးတက်သွားကာ ကြောက်စရာကောင်းလောက်အောင် ခွန်အားကြီးနေလေပြီ။

အခြားသက်ရှိများမှာ အနည်းငယ် ဆွံ့အနေကြရသည်။ သူက အချိန်သားရဲခြေထောက်စားပြီး လက်ဖက်ရည်တစ်ခွက်သောက်လိုက်တာ အဆင့်တက်သွားပြီလား ..

အားလုံးမှာ ပြောစရာစကားပင်မရှိတော့။ ဟွမ် အဆင့်တက်သွားပြီဖြစ်သောကြောင့် ဤသည်မှာ သူ ပို၍စွမ်းအားကြီးလာပြီဟု ဆိုလိုခြင်းပင်။

မည်သူက သူနှင့် တိုက်ခိုက်နိုင်တော့မည်နည်း..

အားလုံး ဆွံ့အနေကြရသလို အနည်းငယ်လည်း ကြောက်ရွံ့နေကြသည်။ ဟွမ်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူ ဘယ်နှနှစ်ပဲ ရှိသေးသနည်း .. သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်နှင့်ပင် သိပ်မဝေးတော့။

သူ့အသက်အရွယ်နှင့် ဤကဲ့သို့သော မြန်ဆန်လှသည့်ကျင့်ကြံသည့်အရှိန်မှာ သေချာပေါက် ဤခေတ်၏မှတ်တမ်းများကို ချိုးဖောက်လိုက်ရန် လုံလောက်သည်ပင်။

လူများစွာမှာ ယုံကြည်ချက် ကင်းမဲ့လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် ဟွမ်၏မျက်လုံးများမှာ တောက်ပလှသည်။ ယခုအချိန်တွင် သူ အားလုံးကို လှည့်ပတ်ကြည့်နေသည်။

ဒါက ဘာကိုဆိုလိုချင်တာလဲ .. သူ အားလုံးကို ဓားပြတိုက်တော့မှာလား..

အပိုင်း ၁၇၉၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၅ – များပြားလှသည့် ရိတ်သိမ်းမှု

ဟွမ်၏မျက်လုံးများမှာ အလွန်တောက်ပနေသည်။ သူသည် အားလုံးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေ၏။

သူ ရက်ပေါင်းများစွာဆာလောင်နေကာ ယခုမှ သားကောင်ကို တွေ့လိုက်ရသည့်သူကဲ့သို့ ခံစားနေရသည်။ သူ အမဲလိုက်တော့မည်။

ဤနေရာရှိ လူများအားလုံး မသက်မသာခံစားလာရသည်။ ဤကဲ့သို့ အလွန်ငယ်ရွယ်သည့်လူငယ်တစ်ဦး၏စိုက်ကြည့်ခြင်းခံလိုက်ရသောကြောင့် သူတို့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

“ဟမ် .. မင်းတို့အားလုံး မဆိုးဘူး .. လက်ဖက်ရွက် ထပ်ရနေပြီလား .. လာခဲ့ .. မင်းတို့ရဲ့အကြွေးတွေလာဆပ်..” ရှီဟောင် လူတစ်စုကို ကြည့်ပြီး ပြောလိုက်သည်။

ထိုဘုရင်ကလန်များ မျက်နှာပျက်ယွင်းသွားကြသည်။ သူတို့သည် မြေပြင်ပေါ်သို့ လဲကျသွားတော့မတတ်ပင်။ ဟွမ်ရဲ့မျက်လုံးတွေက ဘာလို့ဒီလောက်တောင် လျင်ရတာလဲ .. သူတို့ သေလောက်အောင်ကြိုးစားပြီးမှ ယခု တတိယတစ်ရွက်ကို ရလာခြင်းပင်။ သို့သော်လည်း သူထပ်ပြီးသတိထားမိသွားပြန်လေပြီ။

သူတို့သည် ဝိညာဉ်ပိုင်းရော၊ ခန္ဓာကိုယ်ပိုင်းရော ပင်ပန်းနေပြီဖြစ်သည်။ သူတို့ ဤတတိယမြောက်အရွက်ကို ခက်ခက်ခဲခဲဖြင့် ယူထားရခြင်းပင်။ သို့သော် ယခုတော့ သူ့ကို ထပ်ပေးရတော့မည်။

သူတို့ နောင်တရလာသည်။ သူတို့ ဘာလို့ဟွမ်ကို သွားပြီးရန်စခဲ့တာလဲ .. ဒီလိုအဆုံးသတ်မယ်မှန်းသာသိရင် သူတို့ ချီမုန့်ဟုန်အမိန့်ကို နားထောင်ခဲ့မှာမဟုတ်ဘူး .. တစ်ခါလောက်နှောက်ယှက်မိတာနဲ့ ဒီလိုမျိုးပြန်ပေးဆပ်နေရတယ် .. ဤလူများ ငိုချင်လာကြသည်။

“သူ့ကိုပေးလိုက်ပါ .. ဒါက အသက်ဆုံးရှုံးရတာထက်စာရင်တော့ တော်ပါသေးတယ် .. ချီမုန့်ဟုန်တောင် သူစားတာကို ခံလိုက်ရတာ .. သစ်ရွက်သုံးရွက်ပေးလိုက်ရတာက ရှက်စရာကောင်းတဲ့ကိစ္စမဟုတ်ပါဘူး .. လေးခုမြောက်ကစပြီးတော့ ငါတို့ပိုင်ပြီ..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။ သူဤရှက်စရာကောင်းသည့်အခြေအနေမှ ထွက်သွားနိုင်အောင် လုပ်လိုက်သည်။

ရှီဟောင် အခြားဆုလာဘ်များ ရလိုက်သောကြောင့် အလွန်ကျေနပ်သွားရသည်။

သူ အခြားသက်ရှိများကို ကြည့်လိုက်သည်။ သို့သော်လည်း မတိုက်ခိုက်တော့။ ထိုအစား သူကိုယ်တိုင်သာ ထိုမြေကြီးယဇ်ပုလ္လင်ကို တိုက်ခိုက်လိုက်သည်။ သူကိုယ်တိုင်လည်း သစ်ရွက်အချို့ ယူနိုင်သည်ပင်။

ယခုတစ်ခေါက် သူခွန်ပန်ပညာကို အသုံးပြုလိုက်သည်။ ကြီးမားလှသည့် လက်သည်းတစ်စုံကို လွှဲရမ်းလိုက်၏။ တစ်ဖက်မှာ ရွှေရောင်ဖြစ်ပြီး တစ်ဖက်မှာ မင်ကဲ့သို့ မည်းနက်နေသည်။ ယင်နှင့်ယန်စွမ်းအင်များ တစ်ခုနှင့်တစ်ခု တိုက်ခတ်လာကာ အလင်းပြင်ကြီးကို ဝုန်းခနဲ ဖျက်ဆီးပစ်လိုက်သည်။

ဤသည်မှာ အလွန်ရိုးရှင်းလှသည်။ တာအိုလေ့လာခြင်းလက်ဖက်ရွက်ကို ရရန်အတွက် သူ ဘာမှပင် သိပ်မလုပ်လိုက်။

ထို့နောက် ခွန်ပန်လက်သည်းများကို ပြန်ဆုတ်လိုက်ကာ အလင်းပြင်ကို နောက်တစ်ခေါက် တိုက်ခိုက်ကာ နောက်တစ်ပုလင်းယူလိုက်သည်။

ဒုတိယတစ်ခေါက်မှာ ပထမတစ်ခေါက်ထက် အတော်လေးပို၍ခက်ခဲလာသည်။ သူ ပို၍ အားထည့်လိုက်ရသည်။

ရှီဟောင် ထိုကဲ့သို့ဖြင့်ပင် တာအိုလေ့လာခြင်းလက်ဖက်ရွက်ငါးရွက် ရသွားသည်။ ထို့နောက် သူ အဖိုးတန်ပညာများကို ထပ်မသုံးတော့။ သူ ဆက်လုပ်နိုင်သေးသော်လည်း မှော်ခွန်အားများကို အများကြီး ဆုံးရှုံးလိုက်ရလျှင် ပြန်ရသည်နှင့် ကာမိမည်မဟုတ်တော့။

အဘယ်ကြောင့်ဆိုသော် သူသတိကြီးကြီးထားရမည်။ ရှေ့၌ တိုက်ပွဲကြီးများ ရှိလာနိုင်သည်။

အနည်းဆုံးတော့ သူ နည်းနည်းလောက် ထပ်ဓားပြတိုက်ချင်သေးသည်။ သူ ဤကိစ္စကို လွယ်လွယ်နှင့် ကျေအေးပေးမည်မဟုတ်။

ရွှီး..

မိုးမခနတ်ဘုရားပညာပေါ်လာသည်။ ရှီဟောင်၏ညာလက်သည် ရွှေရောင်ချိန်းကြိုးအဖြစ် ပြောင်းလဲသွားကာ ကြာပွတ်တစ်ခုကဲ့သို့ အလင်းပြင်ကို ရိုက်လိုက်ကာ ပုလင်းတစ်ခုကို ယူလိုက်သည်။

သူ မိုးမခနတ်ဘုရားပညာဖြင့် နောက်ထပ် ပုလင်းငါးလုံး ရလိုက်သည်။

“ပြန်လည်ဝင်စားခြင်း..”

ယခု ပြန်လည်ဝင်စားခြင်းပညာ သုံးရန်အချိန်ပင်။ ဘေးဘက်မှလူများ ကြောက်ရွံ့သွားကြသည်။ အဘယ်ကြောင့်ဆိုသော် အချိန်သဘာဝဥပဒေသများမှာ ကြောက်စရာအကောင်းဆုံးပင်။ အထူးသဖြင့် ဟွမ် ချီမုန့်ဟုန်အား အနိုင်ယူထားသည်ပင်။

နောက်ထပ် ငါးပုလင်း ထပ်ရလိုက်လေပြီ။

“ကောင်းကင်ကပ်ဘေးအလင်း..”

ထို့နောက် သူ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာကို အသုံးပြုလိုက်သည်။

ထို့နောက် ရှီဟောင် အော်ဟစ်လိုက်ကာ သူ၏ဝမ်းဗိုက်မှ စွမ်းအင်ထွက်လာပြီး မြေကြီးယဇ်ပုလ္လင်ကို ထိုးဖောက်သွားသည်။ ပြန်လည်ဝင်စားခြင်းပင်လယ်မှ မှော်စွမ်းအားများ ထွက်လာခြင်းပင်။ သူ အရွက်များ ထပ်ရလိုက်လေပြီ။

ရှီဟောင် နည်းလမ်းပေါင်းစုံအသုံးပြုခဲ့သည်။ သူသည် ခန္ဓာကိုယ်ကိုပင် မျိုးစေ့အဖြစ် အသုံးပြုခဲ့သေးသည်။ နည်းလမ်းတစ်ခုဖြင့် ငါးခုရပြီးသွားလျှင် သူထပ်မလုပ်တော့။

နောက်ဆုံး ရှီဟောင် သစ်ရွက်ပုလင်းလေး ရာဇင်ပေါင်းများစွာ ရရှိသွားသည်။

ယခု ဤလက်ဖက်ရွက်များကို အသုံးပြုရမည့်အချိန်ပင်။ သူ့ထံ၌ သစ်ရွက်ပေါင်း ‌၄၉ ရွက်ရှိနေပြီးအားလုံးမှာ ကြည်လင်တောက်ပနေကာ အမွှေးနံ့လည်း ပျံ့လွင့်နေသည်။

လူအုပ်ကြီးမှာ ဆွံ့အနေရသည်။ ဒါက ဘယ်လောက်တောင် ထူးဆန်းတဲ့သူလဲ .. သူတစ်ယောက်တည်းနဲ့ ဒီလောက်သစ်ရွက်တွေအများကြီး ရသွားတာ .. တစ်ခြားသူတွေက ဘယ်လိုလုပ်ရတော့မှာလဲ..

လူငယ်ဘုရင်အုပ်စုမှာ ဆွံ့အနေကြရသည်။ သူတို့ ပူးပေါင်းကာ လုပ်နိုင်သမျှအားလုံးလုပ်ခဲ့သော်လည်း သူတို့သုံး၊လေး ရွက်သာ ရသေးသည်။

ပို၍ အရေးကြီးသည်မှာ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် ကြားထဲ၌ နားပင်မနား။ ထိုအရွက်များအားလုံးကို တစ်ထိုင်တည်းခူးသွားခြင်းပင်။

ယခုတစ်ခေါက်တော့ လူများစွာ မသက်မသာခံစားလာရသည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ယဇ်ပုလ္လင်ကို မတိုက်ခိုက်တော့ပဲ သူတို့အားလုံးကို စိုက်ကြည့်လာကြသည်ပင်။

“မင်းနဲ့မင်း .. ဟုတ်တယ် .. ပြီးတော့ မင်းကလန် .. မင်းတို့တွေက ငါ့ကို တော်တော်လေး မုန်းနေကြတာပဲ .. ငါ ဒီတောင်ထိပ်ကို ရောက်လာကတည်းက မင်းတို့အားလုံး သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေ ထုတ်လွှတ်နေတာ .. ငါ့ကို ချက်ချင်းသတ်ချင်နေကြတာ .. ငါ့ကိုယ်ငါ ထိန်းချုပ်ထားတာနဲ့ပဲ အားလုံးကို မတုံ့ပြန်ဘူးလို့ ထင်နေတာလား .. ငါ အစောကြီးကတည်းက မင်းတို့ကို သတိထားမိတာ .. ငါတို့ စကားပြောပြီး ကိစ္စတွေကို ရှင်းရအောင် .. ငါ မင်းတို့ကို ဘယ်လောက်စိတ်ပျက်နေကြောင်း ပြောရအောင်..”

ရှီဟောင် ကလန်သုံးခုကို လက်ညှိုးထိုးလိုက်ကာ လက်ရွေးစင် ၈ ယောက်၊ ၉ ယောက်ခန့်ကို တစ်ပြိုင်နက်တည်းရင်ဆိုင်လိုက်သည်။ ဤလူများမှာ ဘုရင်ကလန်သုံးခုမှ လူများပင်။ အားလုံးမှာ စွမ်းအားကြီးသည့် လူငယ်ကျွမ်းကျင်သူများပင်။

ဤလူများ ချက်ချင်း စိတ်လေးလံသွားရသည်။ ဟွမ် သူတို့ကို ပစ်မှတ်ထားနေလေပြီ။

“မင်း အထင်လွှဲနေတာပါ … ငါတို့ကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူး .. ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘာကိုမှ အကြွေးမတင်ထားဘူး..” သူတို့ထဲမှတစ်ဦး ပြောလိုက်သည်။

“ငါ မင်းတို့အားလုံးကို ဘာမှအကြွေးမတင်ဘူးဆိုတာ သေချာလား..” ရှီဟောင် မေးလိုက်သည်။

“သေချာတယ်..” ထိုလူ ခေါင်းညိမ့်လိုက်သည်။

“အမ် .. ငါနားလည်ပြီ .. အဲဒါဆိုရင် ငါ့ကို အကြွေးတင်နေတာ မင်းတို့ပဲ .. မင်းတို့ကလန်အားလုံး ငါ့ကို သုံးရွက်စီပေးရင်ရော .. အဲဒါဆိုရင် ငါအားလုံးကို တစ်ခါတည်း ချေပေးလိုက်မယ်..” ရှီဟောင် ပြောလိုက်သည်။

“မင်း .. မင်း အရမ်းလွန်မလာနဲ့..” ဘုရင်ကလန် လူငယ်ကျွမ်းကျင်သူတစ်ဦး အော်ဟစ်လိုက်သည်။ သူတို့ငြိမ်းငြိမ်းချမ်းချမ်းနေချင်သော်လည်း တစ်ဖက်လူမှာ သူတို့၏ကြင်နာမှုကို ကျေးဇူးမတင်ကြောင်း တွေ့လိုက်ရသည်။

“ဟွမ် .. မင်းအရမ်း ဗိုလ်မကျနဲ့ .. ဒါက ငါတို့လောက .. မင်းဒီမှာ ပြဿနာရှာရင် မင်းအတွက် ဘာကောင်းကျိုးမှ ရှိမှာမဟုတ်ဘူး .. မင်း ဖြစ်လာမယ့်အကျိုးဆက်တွေကို သတိထား..” ဘုရင်ကလန်တစ်ဦး သူ့အား ခြိမ်းခြောက်လိုက်သည်။

“လက်ညှိုးထိုးပြီး ခြိမ်းခြောက်ခံရတာကို အမုန်းဆုံးပဲ .. ငါ ဒီဘက်ကို ရောက်လာကတည်းက ဘယ်တုန်းကမှ ပြန်ဖို့မစဉ်းစားဖူးဘူး .. မင်းကလန်က ငါ့ကို ဖိနှိပ်နိုင်တယ်လို့ ထင်နေတာဆိုတော့ မင်းဘာလို့ စမ်းမကြည့်လဲ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူ တွေဝေနေခြင်းမရှိပဲ ပြတ်သားစွာ တိုက်ခိုက်လိုက်သည်။ ဝုန်း ဟူသည့်အသံနှင့်အတူ လက်သီးတစ်ချက် ပစ်လွှတ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး တုန်ခါသွားသည်။

လျှပ်စီးလက်သီး .. ကျန်းပေါင်းများစွာ ရှည်လျားသည့် လျှပ်စီတန်းပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။

ရှီဟောင်၏လက်သီးကို လျှပ်စီးများ ဝန်းရံသွားကာ ကြောက်စရာကောင်းသည့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ လက်သီးသည် ကောင်းကင်ကို ထိုးဖောက်သွားကာ မရေတွက်နိုင်သည့် လျှပ်စီးအလင်းတန်းများကို ထုတ်လွှတ်လာသည်။

သူ ဒဲ့တိုးပင် လုပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် မသေမျိုးဘုရင်များ ပြန်ရောက်လာသည်နှင့် သူ၏အဆုံးသတ်မကောင်းနိုင်သည်ကို သူသိသည်ပင်။

ထို့ကြောင့် သူဘာကိုမှ ကြောက်မနေတော့။ မည်သို့ပင်ဖြစ်စေ သူ့ထံ၌ အချိန်သိပ်မကျန်တော့။

ရှီဟောင်ကို ခြိမ်းခြောက်ခဲ့သည့် ဘုရင်ကလန်မှာ ချက်ချင်းပင် သေလူကဲ့သို့ ဖြူလျော်သွားသည်။ သူ ပြောလိုက်သည်နှင့် ဟွမ် ချက်ချင်း လှုပ်ရှားလာလိမ့်မည်ဟု သူမထင်ထားခဲ့။

သူ ဘိုးဘေးပညာအားလုံးကို အသက်သွင်းကာ အကာအကွယ်အလင်းပြင်တစ်ခု ဖန်တီးခဲ့သော်လည်း ထိုအလင်းပြင်မှာ ချက်ချင်းပင်ပျက်စီးသွားကာ လျှပ်စီးလက်သီးမှာ သူ့ခန္ဓာကိုယ်ထက်သို့ ရိုက်ခတ်လာသည်။

ဖူး..

လက်သီးတစ်ချက်တည်း ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ လျှပ်စီးတန်းများစွာ ထွက်ပေါ်လာသည်။

ထို့နောက် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားကာ သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ခဏကြာပြီးနောက် လျှပ်စစ်အလင်းတန်းများကြောင့် ထိုသွေးများ ပြာမှုန့်အဖြစ်ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားလေပြီ။

ဤကဲ့သို့သော ထူးခြားမှုမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဤနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

စွမ်းအားကြီးသည့်ဘုရင်ကလန်မှ လက်ရွေးစင်မှာ ဤကဲ့သို့ သေဆုံးသွားလေပြီ။

ထိုကျွမ်းကျင်သူမှာ အသက် ၃၀ ကျော်ခန့်ရှိပြီး အံ့အားသင့်စရာကောင်းသည့်ပါရမီများ ပိုင်ဆိုင်ထားသည့်သူပင်။ သို့သော် ဟွမ်ရှေ့၌ သူသည် စာခြောက်ရုပ်လေးကဲ့သို့ပင် လွယ်လွယ်ကူကူအသတ်ခံလိုက်ရသည်။

“ဒါက ဘုရင်ကလန်ကလေ … အဲဒါတောင်မှ သူက ဟွမ်ကြောင့် ဒီလိုမျိုး လွယ်လွယ်ကူကူသေသွားတာလား..”

သူတို့နှလုံးသားများ အေးစက်လာသည်။ ဟွမ် အထင်ကြီးစရာကောင်းသည်ကို သူတို့မသိသည်မဟုတ်။ မည်သို့ပင်ဖြစ်စေ သူတို့ ဟွမ်နှင့် ချီမုန့်ဟုန်တို့၏ တိုက်ပွဲကို မြင်ဖူးပြီးသားပင်။

သို့သော်လည်း စွမ်းအားကြီးသည့်ဘုရင်ကလန်တစ်ခုမှ ကျွမ်းကျင်သူကို လက်သီးတစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်ခြင်းမှာ လျင်မြန်လွန်းလှကာ စွမ်းအားကြီးလှသည်။

“ဒီ ထဝရလက်ဖက်ရွက်တွေက မင်းဟာပဲ..” နောက်ဆုံးတော့ တစ်စုံတစ်ယောက်မှ မနေနိုင်တော့ပဲ ပြောလိုက်သည်။ အသက်ရှင်နေရန်ထက် ဘာမှအရေးမကြီး။

နောက်ဆုံးတွင်တော့ ဘုရင်ကလန်သုံးခုသည် စုစုပေါင်း အရွက်ကိုးရွက်ကို ပေးလာလေ၏။ အရွက်များမှာ အလွန်တောက်ပနေသည်။

“ကျေးဇူးအများကြီးတင်ပါတယ်..” ရှီဟောင် လက်သီးဆုပ်ကာ ရိုရိုသေသေ ပြောလိုက်ပြီး သူကျေးဇူးတင်ကြောင်း ပြသလိုက်သည်။

သွားသေလိုက်လေ .. ဤလူများမှာ အော်ဟစ်ပစ်လိုက်ချင်သော်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်နေရသည်။ သူတို့မျက်နှာများလည်း မည်းမှောင်နေလေပြီ။

“ဟူး .. လက်ဖက်ရွက်တွေက ငါးဆယ်ကျော်ပဲ ရှိသေးတာ .. သောက်ဖို့တောင်မလောက်သေးဘူး” ရှီဟောင် ပြောလိုက်သည်။

ဤသည်ကို ကြားသည်နှင့် အခြားသူများအားလုံး အော်ဟစ်ဆဲဆိုချင်သွားရသည်။ ငါးဆယ်ကျော်တောင်မှ သောက်ဖို့မလောက်သေးဘူးလား .. သူက တစ်ခြားဘုရင်ကလန်တွေကိုလည်း ပေးစေချင်နေတာလား..

ထို့နောက် ရှီဟောင် အခြားသက်ရှိများကို ကြည့်လိုက်သည်။ အချို့ဘုရင်ကလန်များမှာ ထာဝရလက်ဖက်ရွက် ၆ ရွက်၊ ၇ ရွက်ခန့် ရထားပြီဖြစ်သည်။

ထိုဘုရင်ကလန်များ ယုယု၊ မိုရှန်း၊ ဝူခွန်နှင့် အခြားသူများကို ကြည့်လိုက်သည်။ သို့သော်လည်း ထိုဧကရာဇ်ကလန်များ ဘာမှမပြောသောကြောင့် သူတို့စိတ်ပျက်သွားရသည်။

ယခုအချိန်တွင် ယုယု တကယ်ကို တိုက်ခိုက်ချင်မိသည်။ သို့သော်လည်း ရှီဟောင် တာအိုလေ့လာခြင်းလက်ဖက်ရွက်များကို သောက်ပြီးသွားပြီး ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ရောက်သွားပြီဖြစ်သောကြောင့် သူသည်းခံနေရသည်။

အဘယ်ကြောင့်ဆိုသော် သူထိုအဆင့်သို့ မရောက်သေး။ သူ သီးသန့်ကျင့်ကြံပြီးအဆင့်တက်အောင် လုပ်ရဦးမည်။

အခြားသူများလည်း လှုပ်ရှားရန် ရည်ရွယ်ချက်မရှိ။ အဘယ်ကြောင့်ဆိုသော် ချီမုန့်ဟုန် အရှုံးကြီးရှုံးထားသောကြောင့် သူတို့ရေနောက်ထဲ ဝင်မပါချင်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ထာဝရလက်ဖက်ရွက်ကို သောက်ပြီး မြန်နိုင်သမျှ မြန်မြန် အဆင့်တက်ရန်ပင်။

သူတို့အဆင့်တက်ပြီး ခွန်အားပိုကြီးလာသည်နှင့် အရာအားလုံးကို ဖြေရှင်းရန် လွယ်ကူသွားလိမ့်မည်။

ဘုရင်ကလန်များမှာ စိတ်ပျက်သွားရသည်။ အထူးသဖြင့် ရှီဟောင် သူတို့အား စိုက်ကြည့်နေသောကြောင့် အားလုံးမှာ အမှောင်ထု၏ ပစ်မှတ်ထားခြင်းခံနေရသကဲ့သို့ ကြောက်ရွံ့လာကြသည်။

“ကြောက်ဖို့မလိုဘူး .. သူက လူတစ်ယောက်တည်းပဲ .. ငါတို့တွေ ပေါင်းလိုက်ရင်တောင် သူ့ကို မဖိနှိပ်နိုင်ဘူးလို့ မပြောနဲ့နော် .. အားလုံးပဲ အတူတူသွားကြစို့..” တစ်စုံတစ်ယောက် လျှို့ဝှက်အားပေးလိုက်သည်။

ရှီဟောင် ချက်ချင်းပြန်ဖြေလိုက်သည်။ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်အသုံးပြုထားသောကြောင့် သူ၏ဝိညာဉ်အာရုံများမှာ အလွန်ထက်ရှလှသည်။ ဤလူများကို စိုက်ကြည့်နေခြင်းဖြစ်သောကြောင့် မည်သူက လျှို့ဝှက်အသံပို့လွှတ်နေသည်ကို သူချက်ချင်းသတိပြုမိသွားသည်။

ရွှီး..

ရှီဟောင် ရပ်နေသည့်နေရာ၌ ပုံရိပ်ယောင်တစ်ခု ကျန်ရစ်ခဲ့ကာ သူတရှိန်ထိုးပြေးသွားလိုက်သည်။

ရှီဟောင်၏လက်သီးမှ ကြောက်စရာကောင်းသည့်အလင်းတန်းများ ထုတ်လွှတ်လာကာ ထိုအလင်းတန်းများ ကောင်းကင်ကြီးကို ထိုးဖောက်သွားသည်။ လက်သီးချက်ကြောင့် ထိုလူ အပိုင်းပိုင်းဖြစ်သွားသည်။

ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

လူများစွာ တုန်လှုပ်သွားရသည်။ ဤလူများမှာ အလွန်စွမ်းအားကြီးသည့် ဘုရင်ကလန်မှ လူများပင်။ သို့သော်လည်း သူတို့ တစ်ချက်တည်းဖြင့် အသတ်ခံနေရသည်။

လူများစွာ၏ ယုံကြည်ချက် ပြိုလဲသွားလေပြီ။

ခဏကြာပြီးနောက် ရှီဟောင် ထာဝရလက်ဖက်ရွက် တစ်ဒါဇင်ကျော် ထပ်ရလိုက်သည်။

“ပြေး..”

“သတ်…”

အချို့ဘုရင်ကလန်များ ဤနေရာမှ ထွက်ပြေးရန် ကြိုးစားလာကြသည်။

ရှီဟောင် အလွန်ပြတ်သားစွာဖြင့်ပင် လှုပ်ရှားလိုက်သည်။

ခဏကြာပြီးနောက် သူ ထာဝရလက်ဖက်ရွက် ၁၂၀ ကျော်ရသွားလေပြီ။

ထို့နောက် သူထပ်လု၍မရတော့။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းသစ်ပင်ကို စောင့်ရှောက်သည့် အကြီးအကဲများ တားဆီးလာကြသည်ပင်။ ဤထပ်သေဆုံးသည်သူ များလာမည်ကို မလိုချင်တော့။

ဤနေရာမှာ ရှုပ်ပွနေသည်။ နေရာတိုင်း၌ ဒဏ်ရာရသည့်သူများ ပြည့်နှက်နေသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ် .. အားလုံးကို အချိန်သားရဲ စားဖို့ဖိတ်လိုက်ပါတယ် .. ဒီသားရဲက တကယ်ကို ဆေးကောင်းတစ်လက်ပါ.. ဒီအသားကို ရွှေရောင်ထွက်လာပြီး မွှေးလာတဲ့အထိကင်ပြီး စားလိုက်ရရင် ဒါက မင်းတို့ရဲ့ဆုံးရှုံးမှုကို ကာမိမှာပါ”

ရှီဟောင် နွေးထွေးသည့်အပြုံး ပြုံးပြလိုက်ပြီး အားလုံးကို ဖိတ်ခေါ်လိုက်သည်။

အချို့လူများ စိတ်ဝင်စားသွားသော်လည်း သူတို့ကျိန်ဆဲချင်မိသည်။

သူတို့ အချိန်သားရဲကို တကယ်စားချင်မိသည်။ ဤနှစ်များတွင် မည်သူကများ ဧကရာဇ်ကလန်ကို စားရဲသနည်း .. သို့သော် ဤနေရာ၌ စားရဲသည့်သူ ရှိနေလေပြီ.

သို့သော် သူတို့ကို ဤကဲ့သို့ ဖိတ်ခေါ်လျှင် မည်သူက လက်ခံရဲမည်နည်း.. တစ်ယောက်ယောက်သွားလိုက်သည်နှင့် သူတို့ အနီရောင်ဘုရင်သွေးမျိုးဆက်၏ နာမည်ပျက်စာရင်းထဲသွင်းခံရကာ အနှေးနှင့်အမြန် အသတ်ခံရလိမ့်မည်။

သူတို့မျက်လုံးများပင် နီရဲလာကြသည်။ သူတို့ အချိန်သားရဲကို တကယ်မြည်းကြည့်ချင်မိသည်။ ကံမကောင်းစွာဖြင့် မည်သူမှ မလှုပ်ရှားရဲကြ။

“မင်းတို့အားလုံးက အရမ်းယဉ်ကျေးလွန်းနေတာပဲ .. ဘာလို့ငါ့ကို အပြင်လူအဖြစ် သတ်မှတ်နေတာလဲ .. ဒီဆေးက ဘယ်လောက်တောင်ကောင်းလိုက်သလဲ အဲဒါကိုတောင်မှ မင်းတို့က လာမစားချင်ကြဘူး .. ဟူး .. အဲဒါဆိုရင်လည်း ကျုပ် မရိုးသားတာအတွက် ကျုပ် အပြစ်မတင်နဲ့ .. မင်းတို့ဆီကရတဲ့ အရွက်တွေကို အသားနဲ့ရောချက်မလို့လုပ်ထားတာ .. ဒါပေမဲ့ မင်းတို့ကမစားချင်ဘူးဆိုတော့လည်း .. ထားလိုက်ပါတော့..” ရှီဟောင် ပြောလိုက်သည်။

သောက်ခွေး … အားလုံးသူ့အား ရိုက်ပုတ်ချင်မိသွားသည်။

“ထာဝရလက်ဖက်ရည်တစ်ခွက်သောက်ပြီးရင် နောက်တစ်ခေါက် အဆင့်တက်ပြီး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ရောက်သွားဖို့ မျှော်လင့်တယ်..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

သူထပ်မပြောလိုက်သည့်စကားတစ်ခွန်း ရှိသေးသည်။ ဤသည်မှာ သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်သည်နှင့် သူ အဆင့်လွန်သက်ရှိ တစ်ယောက်၊ နှစ်ယောက်လောက်ကို သတ်ချင်သေးသည်ဟူ၍ပင်။ ထိုသို့သတ်လိုက်ရလျှင် သူကျေနပ်ပြီဖြစ်သည်။

အပိုင်း ၁၇၉၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၆ – ပြန်လည်ဝင်စားခြင်းနှင့် အချိန်အား ယူခြင်း

သို့သော်လည်း ဤသည်မှာ သူ၏အတွေးသာ။ မသေမျိုးဘုရင်များ မည်သည့်အချိန် ပြန်လာမလဲဆိုသည်ကို မသိနိုင်။

ထို့အပြင် သူ ပြဿနာရှာပြီးနောက် ဤဘက်မှ မသေမျိုးဘုရင်များလည်း သဘောထားများ ပြောင်းသွားလောက်လေပြီ။ သူအချိန်ဆွဲလေလေ သူ့အခြေအနေ ပို၍ဆိုးလေလေပင်။

တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်မှ အကြီးအကဲများ၏အမူအရာများ ဆက်တိုက်ပြောင်းလဲနေသည်။ သူတို့ တိုက်ခိုက်ချင်သည့်အချိန်များစွာ ရှိခဲ့သော်လည်း သူတို့ကိုယ်သူတို့ ထိန်းထားရသည်။

“အဲဒီစကားက အမှန်ပဲလား..” သူတို့ထဲမှတစ်ဦး တီးတိုးမေးလိုက်သည်။

“လေမရှိပဲနဲ့ လှိုင်းဖြစ်မလာဘူး .. မဟုတ်ရင် မသေမျိုးဘုရင်တွေက ဘာလို့အမိန့်စာထုတ်ပြန်ပြီးတော့ သူ့ကို လွတ်လွတ်လပ်လပ် သွားလာခိုင်းမှာလဲ..” အခြားအကြီးအကဲတစ်ဦး ပြန်ဖြေလိုက်သည်။ သူ၏အမူအရာမှာ မည်းမှောင်နေလေပြီ။

အဘယ်ကြောင့်ဆိုသော် သူတို့ အံ့အားသင့်စရာကောင်းသည့်သတင်းအချို့ကြားခဲ့ရသည်ပင်။ ဤသတင်းမှာ သူတို့အဆင့်အတန်းမြင့်သောကြောင့်သာ သိခဲ့ရခြင်းပင်။

မသေမျိုးဘုရင်များ ဟွမ်ကို အခြားနေရာများ၌ အသုံးချချင်နေသေးသည်ဟု ပြောနေကြသည်ပင်။ သူတို့ ဂျီးနီးယပ်စ်တစ်ယောက်ကို မသတ်ပစ်ပဲ မွေးမြူထားကြမည်။

ဤသည်မှာ ထိတ်လန့်စရာကောင်းသည့်သတင်းပင်။ ဤလျှို့ဝှက်သတင်း ပျံသွားသည့်အချိန်တွင် ဤဘက်မှ ရာထူးကြီးသည့်သူများအားလုံး တုန်လှုပ်သွားကြကာ အချို့မကောင်းဆိုးဝါးအိုကြီးများမှာ ပြောစရာစကားများပင် ဆွံ့အသွားရသည်။

ထို့ကြောင့်လည်း မသေမျိုးအမိန့်စာ ထွက်ပေါ်လာခြင်းပင်။ မဟုတ်ပါက သူတို့၏သဘောထားများ အဘယ်ကြောင့် ရုတ်တရက်ပြောင်းလဲသွားမည်နည်း..

ဤသည်မှာ လျှို့ဝှက်သတင်းဖြစ်ပြီး လူအချို့သာသိသည်။

ထို့ကြောင့် တာအိုလေ့လာခြင်းလက်ဖက်ပင်ကို ကာကွယ်သည့်အကြီးအကဲများ တွန့်ဆုတ်နေကြခြင်းပင်။ သူတို့ဟွမ်ကို ပြင်းပြင်းထန်ထန်လုပ်လိုက်ချင်သော်လည်း သူတို့သည်းခံနေရသည်။

ရှီဟောင်နှင့် ချီမုန့်ဟုန်၏ တိုက်ခိုက်မှုကြီးမှ ကြီးမားသည့်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး အနီရောင်ဘုရင် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည့်အချိန်ကျလျှင် သူ့အား သေအောင်ရိုက်ပစ်လိုက်ရန်အထိ သူတို့မျှော်လင့်မိကြသည်။

“ဒါက မယုံကြည်ရဘူးလို့ ထင်တယ် .. ငါ့ဘက်က ပြိုင်ဘက်ကင်းတဲ့ဘိုးဘေးတွေက ဘာလို့ ရန်သူကလေးတစ်ယောက်ကို ပြုစုပျိုးထောင်မှာလဲ .. ဒါက ရန်သူကို အလိုလိုက်တာ၊ ကိုယ့်ဒုက္ခကိုယ်ရှာတာ မဟုတ်ဘူးလား..” တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်မှ အကြီးအကဲတစ်ဦး ပြောလိုက်သည်။

အခြားတစ်ယောက်သည် သက်ပြင်းချကာ “မင်းမှားနေပြီ .. သူ ဘယ်လောက်ပဲ ထူးခြားနေပါစေ မသေမျိုးဘုရင်တွေ မျက်လုံးတွေထဲမှာတော့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး .. သူ့ကို ထာဝရဘုရင်အစစ်ဖြစ်အောင်ထိ ပျိုးထောင်လိုက်ရင်တောင် သူတို့သတ်ချင်ရင် အလွယ်လေးသတ်လိုက်လို့ရတယ် .. ငါ့တို့ဘက်က ဘိုးဘေးတွေကို မင်းအမြင်နဲ့ မဆုံးဖြတ်နဲ့ .. မသေမျိုးဘုရင်တစ်ယောက်စီတိုင်းက ခမ်းနားပြီးတော့ သူရဲကောင်းဆန်တယ် .. လူတစ်ယောက်ကို ခေတ်တစ်ခုလုံး ပျိုးထောင်ခဲ့ရင်တောင် သူ့ကို သတ်ချင်ရင် သူတို့မျက်မှောင်ကြုတ်စရာတောင် လိုလိုက်မှာမဟုတ်ဘူး .. အတိတ်မှာတုန်းက ဒီလိုဖြစ်ရပ်မျိုး ရှိခဲ့ဖူးတာပဲ..”

“တစ်ချို့သူတွေ ပြောကြတာတော့ ငါ့ဘက်ကို ဘိုးဘေးတွေက ငါးစားကို မွေးနေတာတဲ့ .. သူတို့မျှားခေါ်ချင်တဲ့သူက အင်ပါယာဂိတ်ကလူတွေမဟုတ်ဘူး .. သမိုင်းမတင်မှီခေတ်က ဘီလူးကြီးတွေတဲ့..” အခြားအကြီးအကဲတစ်ဦး ရုတ်တရက်ပြောလိုက်သည်။

အကြောင်းပြောလိုက်သည်နှင့် အားလုံး ပါးစပ်ပိတ်လိုက်ကြသည်။ သူတို့ဘာမှ မပြောကြတော့။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာမှာ မပြောအပ်သည့်အကြောင်းအရာပင်။ သူတို့များများမပြောရဲကြ။

ဤခေတ်ကြီးမှာ အလွန်ခမ်းနားသော်လည်း အလွန်မှောင်မည်းလာမည်ကို လူအချို့သိနေကြသည်ပင်။ ဤခေတ်တစ်ခုတည်း ပါဝင်မည်မဟုတ်ပဲ အကြီးအကျယ်ဖြစ်ကြမည်ပင်။

တာအိုလေ့လာခြင်းလက်ဖက်ရည်ပွဲတော်မှာ ရုတ်တရက်ကြီး အဆုံးသတ်သွားလေပြီ။ ယခင်ကကဲ့သို့ တောက်ပမှုများ မရှိတော့။ အဘယ်ကြောင့်ဆိုသော် ဤပွဲတစ်ခုလုံး ဟွမ်ကြောင့် ဖရိုဖရဲဖြစ်သွားလေပြီ။

ယုယု၊ ဝူခွန်နှင့် အခြားသူများ၏အမူအရာလည်း ထိုမျှကောင်းမနေပေ။ ယခင်ကဆိုလျှင် ပွဲတော်ပြီးဆုံးသွားသည်နှင့် တိုက်ပွဲတစ်ခု ဖြစ်လာပြီး သူတို့ တာအိုလေ့လာခြင်းလက်ဖက်ရွက်များ ရလာလိမ့်မည်။

တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ဤသည်မှာ ဟွမ်နှင့် အချို့ဘုရင်ကလန်များကြားမှ တိုက်ပွဲများသာ။ ဧကရာဇ်ကလန်မှ လူငယ်ကျွမ်းကျင်သူများမှာ ဝင်ပါခွင့်ပင် မရလိုက်။

အားလုံး တောင်ပေါ်မှ ဆင်းသွားလိုက်ကြသည်။ အားလုံး လှေကားမှ ဆင်းသွားကြခြင်းပင်။ တာအိုလေ့လာခြင်းတောင်ကို လေးစားသောအားဖြင့် မည်သူမှ ပျံသန်းမသွားကြ။

ဤပွဲပြီးနောက် ဟွမ်၏ ရက်စက်သည့်ဂုဏ်သတင်း ပျံ့နှံ့သွားသည်။

ဤလောကမှ ဘုရင်များအမြင်တွင်တော့ သူ့ကို နာမည်ဆိုးဖြင့် ကျော်ကြားသည်ဟုပင် ပြောနိုင်သည်။

အားလုံးသည် တောင်ခြေသို့ ရောက်သွားသည်အထိ ဒေါသတကြီး အံကြိတ်နေဆဲပင်။ အထူးသဖြင့် အလုခံလိုက်ရသည့်ကလန်များပင်။ သူတို့ တကယ်ကို ဟွမ်နှင့် သူသေကိုယ်သေ တိုက်ခိုက်လိုက်ချင်သည်။

သို့သော် သူတို့အသက်ကို အလဟဿမဖြစ်ချင်သောကြောင့် သည်းခံလိုက်သည်။

တောင်ခြေ၌ အဖွားအိုကြီးတစ်ဦး မျက်နှာဖြူဖျော့နေကာ နှုတ်ခမ်းများလည်း တုန်ယင်နေသည်။ သူမသည် ကလေးများကို လက်ဖြင့်ဖက်ကာ ကာကွယ်ပေးထားသည်။ ဘုရင်ကလန်များမှ သူမအား အစားအစာအဖြစ် သတ်မှတ်မည်ကို သူမ ကြောက်ရွံ့နေသည်ပင်။

အဘယ်ကြောင့်ဆိုသော် တောင်ပေါ်မှ ဆင်းလာသည့်သူများအားလုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်ပင်။ သူတို့ကြည့်လာသည့်အချိန်တိုင်း သူမ တုန်ယင်သွားရသည်။

သူမနောက်၌ ပုန်းနေသည့် လှပသည့်ကလေးမလေး၏မျက်နှာထက်၌ အကြောက်တရားများ ပြည့်နှက်နေကာ သူမ၏မျက်လုံးဝိုင်းကြီးမှ မျက်ရည်များ ကျဆင်းနေသည်။

အခြားကလေးများမှာ အလွန်ထုံကျဉ်နေကြပြီး ငိုဖို့ပင် မေ့နေလေပြီ။ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို သူတို့ဘယ်လိုလုပ် တောင့်ခံနိုင်မည်နည်း..

“မင်းတို့အားလုံး သေချင်နေတာလား..”

ထိုအချိန်တွင် ကလန်အားလုံးမှ ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည့် အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့ ထွက်သွားကြလေ၏။

အဖွားအိုကြီး ထိတ်လန့်သွားရသည်။ ဘုရင်ကလန်တွေက မောင်းထုတ်ခံလိုက်ရတာလား .. သူမခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် သူမချက်ချင်းဆွံ့အသွားရသည်။ ဤသည်မှာ ဟွမ်ဟုခေါ်သည့် လူငယ်လေးပင်။ သူ တောင်ထိပ်မှ အသက်ရှင်လျက် ဆင်းလာလေပြီ။

သူတို့အားလုံး လူသားများ ဖြစ်ကြသော်လည်း သူသည် ကလန်အားလုံးမှ ကျင့်ကြံသူများအားလုံးကို အော်ဟစ်လိုက်နိုင်သည်။ ထိုအဖွားအို စိတ်လှုပ်ရှားသွားရသည်။ ဒီနှစ်တွေအတွင်းမှာ လူသားတွေက ဒီလောက်တောင် စွမ်းအားကြီးလာတာလား..

“အစ်ကိုကြီး … အစ်ကိုကြီး သမီးတို့ကို လာကယ်တာလား..” လေး၊ ငါးနှစ်ခန့်ရှိသည့် ကလေးမလေးမှ ပြောလိုက်သည်။ သူမ ခေါင်းမော့လိုက်ပြီး သူမ၏မျက်နှာလေးတွင် မျှော်လင့်ချက်လေးများ ပြည့်နှက်နေသည်။

ရှီဟောင် ထိုင်ချလိုက်ကာ သူမခေါင်းကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူမကို ပွေ့လိုက်ကာ သူမကို မကြောက်ရန် နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက် သူ အသာလေးအော်ဟစ်လိုက်ကာ ဘေးပတ်လည်မှ ဘုရင်ကလန်လူငယ်ကျင့်ကြံသူများကို ခြောက်လိုက်သည်။ မည်သူမှ ဤနေရာသို့ ထပ်ပြီးစိုက်မကြည့်ရဲတော့။

ရှီဟောင် တောင်ခြေ၌ စောင့်နေခဲ့သည်။ မိုရှန်းဆင်းလာသည့်အချိန်တွင်မှ သူမ ကလေးမလေးကို အောက်ချလိုက်ကာ သူမကို နှုတ်ဆက်လိုက်သည်။

“ငါတို့နှစ်ယောက်လုံးက လူသားတွေဆိုတော့ မင်းရဲ့နှလုံးသားထဲမှာ နူးညံ့တဲ့နေရာတစ်နေရာတော့ ရှိလိမ့်မယ်လို့ ငါယုံကြည်တယ် .. ဒီကလေးတွေကို မင်းနဲ့ခေါ်သွားပေးပါ..” ရှီဟောင် ပြောလိုက်သည်။

ဤသည်မှာ မိုတောင်၏အစ်မကြီးပင်။ မိုတောင်၏သဘာဝကိုကြည့်၍ မိုရှန်းသည်လည်း နှလုံးသားမဲ့သည့်သူဖြစ်လိမ့်မည်မဟုတ်ဟု သူ ခံစားမိသည်။

“ရှင်က ကျွန်မကို ဒီလောက်တောင်ယုံကြည်တာလား..” မိုရှန်းထိုနေရာ၌ ရပ်နေသည်။ သူမ၏လှပသည့်မျက်နှာလေးမှာ ပြစ်ချက်တစ်ခုပင်မရှိ။ ဤသည်မှာ လနတ်သမီးဆင်းသက်လာသကဲ့သို့ပင်။

“ယုံတယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

အမှန်တကယ်တွင် အဓိကအကြောင်းရင်းမှာ သူ ဤကလေးများကို ခေါ်သွားနိုင်မည့်နည်းလမ်းမရှိသောကြောင့်ပင်။ သူကိုယ်တိုင်ပင်လျှင် သုံ့ပန်းတစ်ဦး ဖြစ်နေသောကြောင့် သူသာ ဤကလေးများကို ခေါ်သွားလျှင် သူတို့ထိခိုက်သွားလ

“ကောင်းပြီလေ..” မိုရှန်း ခေါင်းညိမ့်လိုက်သည်။ ထို့နောက် ထိုကလေးမလေးကို ချီလိုက်ကာ “ကျွန်မမောင်လေးလည်း အဆင်ပြေနေဖို့ မျှော်လင့်တယ်”

ထို့နောက် သူမ အဘွားအိုကြီးနှင့် ကလေးများကို ခေါ်ကာ ထွက်သွားလေသည်။

“ခဏ..” ရှီဟောင် အော်ဟစ်လိုက်သည်။

သူ လက်ဝေ့ရမ်းလိုက်သည်နှင့် သူ့လက်ထဲ၌ ပုလင်း၁၀လုံး ပေါ်လာသည်။ ထိုပုလင်းများထဲ၌ ထာဝရလက်ဖက်ရွက်များ ရှိနေသည်ပင်။ သူ ထိုအရွက်များကို မိုရှန်းကို ပေးလိုက်သည်။

အနီးအနားမှ ဘုရင်များ မျက်လုံး ပြူးကျယ်သွားရသည်။ ဟွမ်က ထာဝရလက်ဖက်ရွက်တွေကို တကယ်ပေးလိုက်တာလား.. ဒီနတ်ဆိုးဘုရင်က သူတို့ဆီက ဓားပြတိုက်ထားတာကို သူများကို ပေးတယ်ပေါ့..

အချို့သူများမှာ ဝမ်းနည်းနေကာ အချို့သူများ မနာလိုဖြစ်နေကြသည်။ သူတို့ ဒေါသထွက်နေသော်လည်း ကူကယ်ရာမဲ့သလိုလည်း ခံစားနေရသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ မိုရှန်းကို ရန်မစရဲ။

မိုရှန်းသည် လူသားတစ်ဦးဖြစ်သော်လည်း အချို့ ရှေးဟောင်းဧကရာဇ်ကလန်များ သူမကို အလေးထားသည်။ သူမသည် ဧကရာဇ်ကလန်မှ တိုက်ရိုက်မျိုးဆက်များနှင့် အဆင့်အတူတူပင်။

“ရှင်က ရက်ရောတဲ့သူ မဟုတ်ပါဘူး..” မိုရှန်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ မျက်လုံးမှ နတ်အလင်းတန်းများ တောက်ပလာသည်။ သူမ ထိုပုလင်းများကို မငြင်း။ အားလုံးကို လက်ခံလိုက်သည်။

“ကျုပ်တစ်ခုလောက် မေးပါရစေ .. ဒီဘက်မှာ ဘယ်နေရာတွေက ကျင့်ကြံပြီး တာအိုလေ့လာဖို့အတွက် သင့်တော်လဲ..” ရှီဟောင်မေးလိုက်၏။ သူ ထာဝရလက်ဖက်ရွက်များစွာကို ရရှိထားသောကြောင့် သူ ဤအရွက်များကို တတ်နိုင်သမျှ မြန်မြန်သုံးချင်သည်။

“ဒီနေရာနဲ့ သိပ်မဝေးတဲ့ ပင်လယ်ကျလို့ ခေါ်တဲ့ နေရာတစ်ခုရှိတယ် .. ရှင် အဲဒီကို သွားလို့ရတယ် .. ဒါပေမဲ့ အရမ်းမစူးစမ်းနဲ့ မဟုတ်ရင် ရှင်သေသွားလိမ့်မယ် .. မသေမျိုးဘုရင်တွေလာရင်တောင် ရှင့်ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး..” မိုရှန်း ပြန်ဖြေလိုက်သည့်အပြင် လေးနက်စွာ သတိပေးလိုက်သည်။

ဤစကားကိုကြားသည်နှင့် သူမပြောသည့်ဘက်သို့ ရှီဟောင် လျှောက်သွားလိုက်သည်။

“အစ်ကိုကြီး .. သမီး အစ်ကိုကြီးကို ပြန်တွေ့နိုင်မှာလို့ သမီးကို ဂတိပေးခဲ့..” အနောက်ဘက်မှ မိုရှန်း ချီထားသည့်ကလေးမှ သူမ၏လက်လေးများကို လွှဲရမ်းကာ ပြောလိုက်သည်။ သူမ၏မျက်လုံးများမှာ နီရဲနေလေပြီ။

“နှုတ်ဆက်ပါတယ် ..” ရှီဟောင် ပြန်လှည့်မကြည့်ပဲ လက်ကိုသာ ဝေ့ရမ်းပြလိုက်သည်။

လီပေါင်ထောင်ပေါင်းများစွာ ဝေးသည့်နေရာတွင်..

.ပင်လယ်ကျမှာ သူ့နာမည်အတိုင်းပင် မျက်စိတစ်ဆုံးကျယ်ပြန့်နေသည့် ပင်လယ်ကြီဂပင်။

ရေမှာ မီးခိုးရောင်ဖြစ်ပြီး အလွန်ထူးဆန်းလှသည်။ ပင်လယ်ရေလှိုင်းသံများလည်း ဆူညံနေသည်။

ထို့အပြင် ဤပင်လယ်မှာ မြေပြင်၌ ရှိနေခြင်းမဟုတ်။ ကောင်းကင်၌ ရှိနေခြင်းပင်။ ဤသည်မှာ ခမ်းနားလှသည့် ရေတံခွန်တစ်ခုနှင့်တူနေသည်။ ကောင်းကင်ထက်၌ ရှိနေသည့် ရေတံခွန်မှာ ပင်လယ်ရေတံခွန်ပင်။

အထူးဆန်းဆုံးမှာ .ပင်လယ်ကျသည် အပေါ်မှအောက်သို့ ရေစီးဆင်းခြင်းမဟုတ်ပဲ မြေကြီးမှ ကောင်းကင်ထက်သို့ စီးဆင်းနေခြင်းပင်။

မြေပြင်ထက်၌ ပင်လယ်ရင်းမြစ်မရှိ။ လေထဲမှ ရုတ်တရက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တက်သွားကာ ပင်လယ်ရေတံခွန်တစ်ခု ဖြစ်လာခြင်းပင်။

မြေပြင်ထက်မှ သုံးပေကွာနေသည်။ သုံးပေအတွင်း၌ မည်သည့်ရေမှမရှိ။

ဤနေရာကို မြင်လိုက်သည်နှင့် ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။

သူ ပင်လယ်ကျရှေ့သို့ ရောက်လာသည့်အချိန်တွင် သက်ရှိအချို့ကို တွေ့လိုက်ရသည်။ သူတို့သည် မှော်စွမ်းအားများ ထုတ်လွှတ်နေခြင်းမရှိသော်လည်း အားလုံးမှာ အလွန်အရေးကြီးသည့်သူများပင်။ သူတို့သည် မျက်လုံးများမှိတ်ထားကာ ထိုနေရာ၌ တိတ်တိတ်ဆိတ်ဆိတ်သာ ထိုင်နေကြသည်။ အားလုံးရှေ့၌ ငါးမျှားတံရှိနေပြီး သူတို့မှာမူ ကျောက်တုံးကဲ့သို့ ငြိမ်သက်နေသည်။

အမ်..

သူ ရင်းနှီးနေသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဤဿည်မှာ အနီရောင်ဆံပင်များနှင့် အမျိုးသမီးပင်။ သူမသည် အတော်လေး လှပကာ သူမခန္ဓာကိုယ်ထက်၌ ရွှေရောင်ချပ်ဝတ်တန်ဆာဖုံးလွှမ်းနေသည်။

ရွှေရောင်ဆံပင်ရှည်နှင့် နေမင်းကဲ့သို့ အလွန်တောက်ပနေသည့် အမျိုးသားတစ်ဦးလည်း ရှိနေသည်။

ဤအမျိုးသားနှင့်အမျိုးသမီးမှာ ရှီဟောင်သိသည့်သူများပင်။ သူ ဤလူများကို သင်္ချိုင်းချောက်နက်၌ တွေ့ခဲ့ဖူးသည်။

အမျိုးသားနာမည်မှာ စန်းကျန်းဖြစ်ပြီး အမျိုးသမီးနာမည်မှာ ရှန်းမင်ပင်။ သူတို့သည် အလွန်သန့်စင်မြင့်မြတ်ကာ အမြင့်မြတ်ဆုံးနတ်ဘုရားများကဲ့သို့သော အော်ရာများ ရှိကြသည်။

သို့သော် ရှီဟောင် သိသည်မှာ သူတို့သည် စွမ်းအားအကြီးဆုံး ရွှေရောင်မသေသေးသည့်စစ်သူရဲများပင်။

ထိုအချိန်တွင် သူတို့နှစ်ဦးလုံး မျက်လုံးများ ပွင့်လာသည်။ ရှီဟောင်ကို တွေ့သည်နှင့် သူတို့နှစ်ဦးလုံး အနည်းငယ်အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့မျက်နှာထက်၌ အပြုံးများ ဖြစ်ပေါ်လာသည်။

“လောကကြီးက တကယ်ကို ကျဉ်းတာပဲ..” စန်းကျန်း ပြောလိုက်သည်။

“မင်းတို့အားလုံး ဘာလုပ်နေတာလဲ..” ရှီဟောင်မေးလိုက်၏။

“ငါးမျှားနေတာ..” စန်းကျန်း ပြောလိုက်သည်။

“ငါတို့ အချိန်အပိုင်းအခြားတစ်ခုကို မျှားနေတာ .. ကမ္ဘာမြေကြီးကို အမှောင်ထု ဖုံးလွှမ်းသွားပြီးတော့ ရှေးဟောင်းအုတ်ဂူတွေကို သွေးတွေ ဖုံးလွှမ်းသွားတယ်..” ရှန်းမင် ပြောလိုက်၏။ သူမ၏အမူအရာမှာ လေးနက်နေသည်။

“ငါက ပြန်လည်ဝင်စားခြင်းတစ်စုံကို မျှားနေတာ .. သင်္ချိုင်းသုံးခု၊ ပျက်စီးခြင်းသုံးခု၊ လောကပြန်လည်ဖြစ်တည်ခြင်းသုံးမျိုး” စန်းကျန်း ပြောလိုက်သည်။

အပိုင်း ၁၇၉၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၇ – သင်္ချိုင်းဘုရင်၏လမ်းကြောင်း

ရှီဟောင် ဘာမှ ချက်ချင်းမပြောပဲ သူတို့ကိုသာ ကြည့်လိုက်သည်။ သူ တည်ငြိမ်နိုင်ရန် ခက်ခဲနေသော်လည်း သူ ဖုံးကွယ်ထားနိုင်ဆဲပင်။

ဤနှစ်ယောက်ပြောနေသည်မှာ မဖြစ်နိုင်ဘူးဟု ခံစားနေရသော်လည်း သူပြန်မပြောတော့။ ဤနှစ်ယောက်မှာ ထူးခြားသည်ကို သူသိသည်ပင်။

အနည်းဆုံးတော့ သူတို့သည် မသေသေးသည့်စစ်သူရဲများပင်။

ထို့အပြင် သူတို့သည် ထိတ်လန့်စရာကောင်းသည့် နောက်ခံများရှိသည့် ရွှေရောင်မသေသေးသည့်စစ်သူရဲများပင်။

ဤကဲ့သို့သော အဆင့်အတန်းမျိုးမှာ ချီမုန့်ဟုန်၊ ယုယုနှင့် အခြားသူများထက် မြင့်သည်ပင်။

ဤနှစ်ယောက်မှာ အန္တရာယ်များသည့်သူများပင်။

ရှီဟောင် ဘယ်တုန်းကမှ သူတို့ကို မထင်မသေးခဲ့။ အဘယ်ကြောင့်ဆိုသော် သူတို့စတွေ့ကတည်းက ဤလူများမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသိချင်သည့် အချို့အရာများ ရှိလာသည်။

သူတို့ သင်္ချိုင်းချောက်နက်သို့ အတူတကွ လေ့လာခဲ့စဉ်က သူတို့ မူလရှေးဟောင်းပစ္စည်းဟုခေါ်သည့် ထူးဆန်းသည့်သေတ္တာတစ်ခုနှင့် တွေ့ခဲ့ရသည်။ သူတို့ အဆုံးစွန်ထိ ခက်ခက်ခဲခဲကြိုးစားပြီးနောက် သူတို့လွတ်မြောက်လာခဲ့သော်လည်း ဤနှစ်ယောက် အနည်းငယ် ထူးခြားသွားသလိုပင်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သင်္ချိုင်းချောက်နက်သို့ သွားရောက်လေ့လာသည့် သင်္ချိုင်းဘုရင်များ ရှိခဲ့ကြောင်း၊ ထိုသူများ ပြန်လာလျှင် သူတို့သည် အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတတ်ကြောင်း မသေသေးသည့်စစ်သူရဲများ ပြောသည်ကို သူ ကြားခဲ့ရသည်။

အတိအကျပြောရလျှင် မူလသင်္ချိုင်းဘုရင်ပျောက်သွားကာ သင်္ချိုင်းဘုရင်အသစ် ပေါ်လာခြင်းပင်။ သူတို့၏အပြင်ပန်းပုံစံမှာ အတူတူသာဖြစ်သော်လည်း သူ၏စိတ်ဝိညာဉ်ကတော့ လုံးတပြောင်းလဲသွားသည်ပင်။

ထို့အပြင် သူ ထိုနေရာ၌ အနက်ရောင်အက်ကွဲကြောင်းများမှ ရုန်းထွက်ရန် ကြိုးစားနေသည့် မူလဝိညာဉ်များကိုလည်း တွေ့ခဲ့ရသည်။ ထိုနေရာမှာ သူတွေ့ကြုံခဲ့ရသည့် အမှောင်ထုအကျဉ်းထောင်နှင့် တူနေသည်။

သင်္ချိုင်းချောက်နက်မှာ အမှောင်ထုအကျဉ်းထောင်နှင့် ဆက်စပ်နေသည့် ဂိတ်ပေါက်လေးတစ်ခု ရှိနေလိမ့်မည်။ နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ထိုဂိတ်တံခါး တစ်ခါပွင့်လာကာ မူလဝိညာဉ်အချိုု့ ပြေးထွက်လာလိမ့်မည်။

ယခု သူ စန်းကျန်းနှင့် ရှန်းမင်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ ရွှေရောင်မသေသေးသည့်စစ်သူရဲ သပ်သပ်ဖြစ်နေလိမ့်မည်ဟု သူမထင်။ တစ်ခုခုမှားယွင်းနေသည်ဟု သူ ခံစားနေရသည်။

သူ ထင်သည့်အတိုင်းသာမှန်လျှင် သူတို့၏ အဆင့်အတန်းများမှာ လောကကြီးကို တုန်လှုပ်စေနိုင်လိမ့်မည်။ မသေမျိုးသက်ရှိများ ရောက်လာလျှင်ပင် သူတို့ကို ကြောက်ရလိမ့်မည်။

“သူငယ်ချင်း .. မင်းကဘာလို့ ဒီရောက်လာတာလဲ..” စန်းကျန်း နွေးထွေးသည့်အပြုံးဖြင့် မေးလိုက်သည်။ သူသည် သင်္ချိုင်းသုံးခု၊ ပျက်စီးခြင်းသုံးမျိုး၊ လောကသုံးခုပြန်လည်ဝင်စားခြင်းဟုခေါ်သည့် အရာကို မျှားနေခြင်းပင်။ ဤသည်မှာ သူ့နာမည်နှင့် ဆင်တူလွန်းလှသည်။

သူ၏ပုံပန်းသွင်ပြင်မှာ တကယ်ကို ကောင်းမွန်လှသည်။ သူ၏ရွှေရောင်ဆံပင်များမှာ နံနက်ခင်းနေရောင်ခြည်ကဲ့သို့ တောက်ပနေပြီး သူ၏မျက်နှာသည်လည်း အဖြူရောင်ကျောက်စိမ်းကဲ့သို့ သန့်စင်နေသည်။

လှပသည့်မိန်းမပျိုလေးများပင် သူ့ရှေ့တွင် သူတို့၏နိမ့်ကျမှုအတွက် ရှက်ရွံ့သွားလိမ့်မည်။ သူနှင့်အတူတူ ယှဉ်ရပ်နေခြင်းမှာ သူ့ကို စော်ကားနေခြင်းဖြစ်သည်ဟုပင် ခံစားရလိမ့်မည်။

ရှီဟောင် စိတ်ထဲ သက်ပြင်းချလိုက်သည်။ ဤသည်မှာ မြေအောက်ရှေးဟောင်းအုတ်ဂူများ၌ နေသည့်သူဖြစ်သော်လည်း သူသည် ဤမျှသန့်စင်ကာ မြင့်မြတ်နေသည်။ ဒါက ကျိုးကြောင်းဆီလျော်မှုရော ရှိသေးရဲ့လား ..

ဤလူငယ်လေးထက် သူ့ထက်ပိုပြီး ချောမောခန့်ညားသည်ကိုတော့ သူဝန်ခံသည်။

“ကျုပ်အခု လျှောက်ပတ်သွားနေတာပါ .. ဒီနေရာက တော်တော်လေး ထူးခြားနေလို့ လာလည်ကြည့်တာပါ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

“ဟွမ် တစ်ခေါက်ခွဲခွာသွားတာ ရက်ပေါင်းများစွာ ကြာသွားတယ် .. ရှင့်ရဲ့ပုံစံက အရင်ထက် အများကြီးပိုကောင်းလာတာပဲ..” ရှန်းမင် ပြုံး၍ ပြောလိုက်သည်။ သူမသည် သူမ၏လေးနက်သည့်အမူအရာကို ဘေးချိတ်ထားကာ ယခုအချိန်တွင် သူမ၏မျက်နှာမှာ လတစ်စင်းကဲ့သို့ပင်။ သူမ၏အပြုံးမှာ မြို့များကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

သူမသည် ထူးခြားစွာ လှပသည့်အမျိုးသမီးဟု ပြော၍ရသည်။ သူမ၏အလှမှာ မြို့တစ်ခုကို ပျက်စီးသွားစေနိုင်သည်။ သူမ မျက်မှောင်ကြုတ်လိုက်သည်ဖြစ်စေ၊ ပြုံးလိုက်သည်ဖြစ်စေ အပြုအမူအားလုံးမှာ အားလုံး၏ရင်ကို လှုပ်ခတ်စေနိုင်သည်။

အထူးသဖြင့် သူမ၏ အသက်ဝင်လှသည့် မျက်ဝန်းများပင်။ သူမ၏မျက်တောင်မွေးများမှာ ရှည်လျားလှကာ နှာတံမှာ ဖြောင့်စင်းနေပြီး နီရဲနေသည့်နှုတ်ခမ်းများလည်း အလွန်ညှို့အားပြင်းလှသည်။

သူမ၏သွားများမှာ ပုလဲလုံးလေးများကဲ့သို့ ဖြူဖွေးတောက်ပနေသည်။

ဤသည်မှာ ပြစ်ချက်ကင်းသည့်အမျိုးသမီးပင်။ သူမ၏ပုံရိပ်မှာ ရှည်လျားနေပြီး ခြေတံများလည်း ရှည်လျားဖြောင့်တန်းနေသည်။ သူမ၏ငန်းလည်တိုင်လေးမှာ ဖြူဖွေးနေပြီး သူမ၏လှုပ်ရှားမှုတိုင်းမှာ ဆွဲဆောင်မှုရှိနေသည်။

သူမသည် မသေသေးသည့်ရွှေရောင်စစ်သူရဲဖြစ်သော်လည်း သူမသည် ထာဝရသက်ရှိများထက်ပင် ကျက်သရေရှိနေသေးသည်။

တစ်ချိန်တည်းမှာပင် သူမသည် ညှို့ဓာတ်ပြင်းလှသည်။ သူမ လှုပ်ရှားလိုက်သည်နှင့် အားလုံး စိတ်လွတ်သွားလိမ့်မည်။

ဤနှစ်ခုမှာ ဆန့်ကျင်ဘက်နှစ်ခု ဖြစ်သော်လည်း သူမထံ၌ နှစ်ခုလုံး ရှိနေသည်။

“ကျုပ်ရဲ့ပုံစံက ဘယ်လိုလုပ် နတ်သမီးရှန်းမင်ကို ယှဉ်နိုင်မှာလဲ .. ကျုပ်က ထာဝရနယ်ပယ်ပုလဲလုံးလေးရှေ့မှာ ရပ်နေတဲ့ သာမန်လူတစ်ယောက်ပါပဲ..” ရှီဟောင် ရိုးသားစွာ ပြောလိုက်သလို တစ်ဖက်လူကိုလည်း ချီးကျူးလိုက်သည်။

သူ ဤနှစ်ယောက်ကို ပို၍ ပို၍ ကြောက်ရွံ့လာရသည်။ အဘယ်ကြောင့်ဆိုသေသ်ာ ဤလူများမှာ သူတို့တွေ့စဉ်ကထက် ပို၍ ထူးခြားလာသည်ဟု သူခံစားလိုက်ရသည်။

“နတ်သမီး .. ဟား ဟား .. ကျွန်မက အဲဒီလောက်တောင် မြင့်မြတ်ထူးချွန်နေတာလား .. ကျွန်မကို ဒီလိုမျိုးချီးကျူးတဲ့သူ သိပ်မရှိဘူး” ရှန်းမင်၏အပြုံးမှာ တောက်ပနေသည်။

ရှီဟောင် တုန်လှုပ်သွားရ၏။ သင်္ချိုင်းဘုရင်တွေက ထာဝရသက်ရှိတွေအပေါ် ဘယ်လို သဘောထားမျိုး ရှိတာလဲ .. သူမကို ဒီလိုမျိုး ဖော်ပြလိုက်တာက အပြစ်တစ်မျိုးလား .. သူတို့နဲ့ ထာဝရသက်ရှိတွေကြားမှာ ဘယ်လိုဆက်ဆံရေးမျိုး ရှိတာလဲ .. သူတို့တွေက ရန်သူတွေလား ဒါမှမဟုတ် သူတို့တွေက သီးခြားနေနေတဲ့သူတွေလား .. သူမသိတော့။

“ဒါပေါ့ .. မင်းရဲ့အလှက နတ်သမီးထက်တောင် သာလွန်တယ် .. မမလေးရှန်းမင်က ပြိုင်ဘက်ကင်းပါပဲ .. ဒီလောကကြီးမှာ ရှာတွေ့နိုင်ဖို့ ခက်ခဲတဲ့သူပဲ..” ရှီဟောင် ပြောလိုက်သည်။

“အဲဒီလိုလား .. အဲဒါဆိုရင် ကျွန်မတို့ ခံစားချက်ချင်း တူနေတာပဲ .. ကျွန်မရှင့်ကို ဖိတ်ခေါ်ရင် ရှင် ကျွန်မတို့ သွေးမျိုးဆက်ထဲ ပါချင်လား..” ရှန်းမင် ရယ်မော၍ ပြောလိုက်သည်။

“ကျွန်တော်တို့က သူငယ်ချင်းတွေပဲ .. စကားတွေ အများကြီးပြောနေတာက ကျွန်တော့်ကို အပြင်လူလို့ သတ်မှတ်လိုက်တာပဲ..” ရှီဟောင် ပြောလိုက်သည်။

“အဲဒါဆို ကောင်းတာပေါ့ .. အတူတူ ခရီးသွားရအောင် .. ကျွန်မအလိုအပ်ဆုံးက ရင်းနှီးတဲ့အဖော်ပဲ ရှင်သိလား.. ရှင်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်လောက်တယ်..” ရှန်းမင် ပြုံး၍ ပြောလိုက်သည်။ သူမ၏လျှာ အနည်းငယ်လှုပ်ရှားလာကာ နှုတ်ခမ်းကို ဖြတ်သန်းသွားသည်။ ဤသည်မှာ ဗြောင်ကျကျဖြားယောင်းသွေးဆောင်ခြင်းပင်။

ရှီဟောင် ရယ်မောလိုက်သည်။ သူမငြင်းလိုက်။ သူ ဤနှစ်ယောက်နှင့် အငြင်းမပွားချင်။

သူတို့တွေက မသေသေးသည့်စစ်သူရဲတွေလေ .. သူတို့က ဘာလို့ သင်္ချိုင်းမြေကနေ ထွက်လာပြီးတော့ ဒီလောက်ထဲ ရောက်လာတာလဲ .. သူတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ..

သူတို့အရင်က ပြောခဲ့သလို လောကကြီးမှာ လျှောက်ပတ်သွားဖို့လား .. ဒါမှမဟုတ် သင်္ချိုင်းချောက်နက်မှာ ထူးဆန်းတာ တစ်ခုခုဖြစ်ခဲ့လို့ သူတို့က တစ်ခုခုကို လိုက်ရှာနေတာလား..

“သူငယ်ချင်း အခု ငါတို့ပြန်တွေ့ကြတော့ မင်း ငါတို့ကို နည်းနည်းလေး ရှိန်နေတယ်လို့ ငါခံစားနေရတယ် .. မင်း ငါတို့ကို သံသယဝင်နေတာများလား..” စန်းကျန်း ပြောလိုက်၏။ သူသည် နွေးထွေးသည့်နေရောင်ကဲ့သို့ နွေးထွေးနေဆဲပင်။

ရှီဟောင် ပို၍ အန္တရာယ်များလာသည်ဟု ခံစားလာရသည်။

သူ၏အမြင်မှာ အလွန်စူးရှလှသည်။ သူသည် အချို့ကိစ္စများကို တကယ်ပင် ရိပ်မိသွားလေပြီ။

“ကြည့်ရတာ ငါတို့ကြားမှာ အထင်လွဲစရာတွေ ရှိနေတယ်ထင်တယ် .. မင်းက ငါတို့က ငါတို့မဟုတ်တော့မှာကို သံသယဝင်နေတာမလား..” စန်းကျန်းမှာ အလွန်အထင်ကြီးစရာကောင်းလှသည်။ သူသည် ရှီဟောင်၏သံသယကို တိုက်ရိုက်ပင် ပြောနိုင်သည်။

စန်းမင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူမလည်း သူမ၏လောကကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် ချစ်စရာကောင်းမှုကို ဘေးဖယ်ထားလိုက်လေပြီ။ သူမ၏မျက်ဝန်းတွင် အချိန်များစွာ ဖြတ်သန်းသွားသကဲ့သို့ပင်။

“ဒီလမ်းလျှောက်တာနဲ့ နည်းနည်းဆုံးရှုံးပြီးတော့ နည်းနည်း ပြန်ရလာမှာပဲ .. အမြဲတမ်း ပေးဆပ်ရတယ် .. ဒါပေမဲ့ ကျွန်မတို့က ကျွန်မတို့ ဖြစ်နေတုန်းပဲဆိုတာတော့ အာမခံပါတယ်..” ရှန်းမင် ပြောလိုက်သည်။

“ဘာလမ်းလဲ..” ရှီဟောင်မေးလိုက်၏။

ဤနှစ်ယောက်မှာ ထူးခြားလှသည်။ သူ အများကြီးမေးမနေတော့ပဲ အရေးအကြီးဆုံးမေးခွန်းကိုသာ မေးလိုက်သည်။

“သင်္ချိုင်းဘုရင်တွေရဲ့လမ်း..” စန်းကျန်း ပြောလိုက်သည်။

ဤစကားလုံးများမှာ ရှီဟောင်ကို အလွန်ထိတ်လန့်သွားစေသည်။ သူတို့တွေက သင်္ချိုင်းဘုရင်တွေရဲ့လမ်းကြောင်းကို လျှောက်တာလား .. ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

ဒီနှစ်ယောက် ဒီလောကထဲကို ဝင်ခဲ့တာက သင်္ချိုင်းဘုရင်တွေရဲ့ လမ်းကို လျှောက်ဖို့လား..

“မင်းတို့က ဘာလို့ ကျုပ်ကို ဒါတွေ ပြောပြတာလဲ..” ရှီဟောင်မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ဒီကိစ္စက လူတွေအများကြီးနဲ့ သက်ဆိုင်နေတယ် .. မသေမျိုးသက်ရှိတွေ သိတာနဲ့ သူတို့တွေ တိုက်ခိုက်လာလောက်တယ် .. နှောက်ယှက်နိုင်ဖို့အတွက် သူတို့ နည်းလမ်းပေါင်းစုံ ကြိုးစားကြမှာပဲ .. ဘာပဲဖြစ်ဖြစ် သင်္ချိုင်းမြေမှာ သင်္ချိုင်းဘုရင်အသစ်တွေ ပေါ်လာမှာကို သူတို့မြင်ချင်မှာ မဟုတ်ဘူး..”

“အကြောင်းပြချက်က တစ်ခုပဲရှိတယ် .. ရန်သူဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ မင်းကို အဆုံးထိအဖော်ပြုပေးတဲ့သူ တစ်ယောက်စီတိုင်းကို တန်ဖိုးထားရမယ်” စန်းကျန်း ရယ်မော၍ ပြောလိုက်သည်။

“တစ်နေ့ကျရင် လောကကြီး မြေမြှုပ်ခံလိုက်ရပြီး၊ ဒီကမ္ဘာမြေကြီးတောင် ပျောက်ကွယ်သွားလိမ့်မယ် .. သက်ရှိတွေအားလုံးလည်း ထာဝရပျောက်ကွယ်သွားမှာ .. အဲဒီအချိန်ကျရင် ရန်သူဟောင်းတစ်ယောက်ကို ပြန်တွေ့ရင်တောင် ကံကောင်းမှုတစ်မျိုးပဲ” ရှန်းမင်း ပြုံး၍ ပြောလိုက်၏။ သူ၏အမူအရာမှာ အလွန်ရှုပ်ထွေးလှသည်။

ဒီလိုစကားမျိုးတောင် ရှိတာလား..

ဒါက ဘာအဓိပ္ပာယ်လဲ .. အနာဂတ်မှာ မယုံကြည်နိုင်လောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာလား..

“ကြောက်စရာအကောင်းဆုံးခေတ် ရောက်လာတော့မှာ ဆိုတာကို မင်းလည်းနည်းနည်းလောက် သိမှာပါ .. မင်းနဲ့ရင်းနှီးတဲ့သူတွေ ဘယ်နှယောက်များ ကျန်နိုင်မှာလဲ .. မင်းကို အဆုံးထိ အဖော်ပြုပေးနိုင်တဲ့သူ များများစားစားရှိမှာမဟုတ်ဘူး .. မရှိတာတောင် ဖြစ်နိုင်တယ်” စန်းကျန်း ပြောလိုက်သည်။

ရှီဟောင် အလွန်တုန်လှုပ်နေပြီး တည်ငြိမ်နိုင်ရန် အလွန်ခက်ခဲနေသည်။ လောကကြီး ပြောင်းလဲနေသည်ကို သင်္ချိုင်းနယ်မြေပင် ခံစားနေမိသည်ထင်သည်။

“ကျုပ်က အသက်ဆက်ရှင်နိုင်လိမ့်မယ်လို့ မင်းတို့ ထင်နေကြတာလား..” ရှီဟောင်မေးလိုက်သည်။

“ရှင်ရင်ရှင်နိုင်မှာပါ .. ဘာပဲဖြစ်ဖြစ် မင်းက မူလရှေးဟောင်းပစ္စည်းရှေ့မှာတောင် အသက်ရှင်နိုင်ခဲ့တာ .. အဲဒီပစ္စည်းရှေ့ အသက်ရှင်နိုင်တဲ့သူအားလုံးက ထူးခြားတဲ့သူတွေပဲ .. မင်းက ကျုပ်ကို ထူးဆန်းတဲ့ခံစားချက်တွေ ပေးနေတယ် လူသားသူငယ်ချင်း..” စန်းကျန်း ပြုံး၍ ပြောလိုက်သည်။

ကြည့်ရသည်မှာ သူလူသားဖြစ်ကြောင်း သူတို့အစောကြီးကတည်းက သတိထားမိပြီးသားဖြစ်မည်ထင်သည်။ ရှီဟောင် စိတ်လှုပ်ရှားလာသည်။

“သင်္ချိုင်းဘုရင်တွေရဲ့ လမ်းကြောင်းမှာ ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ .. ငါဘာလို့ မင်းတို့တွေက မတူတော့ဘူးလို့ ခံစားနေရတာလဲ .. မင်းတို့က တကယ်ပဲ မင်းတို့ဟုတ်သေးရဲ့လား..” ရှီဟောင်မေးလိုက်သည်။

“ဟုတ်တယ်..”

ထိုအချိန်တွင် ရှန်းမင်လျှောက်လာကာ သူ့လက်မောင်းကို ဆုတ်ကိုင်လိုက်သည်။ သူတို့နှစ်ယောက်လုံး တောက်ပလာကြသည်။ ထာဝရတရားသို့ အဆင့်တက်သကဲ့သို့ အလင်းမိုးတစ်ခု ကျဆင်းလာသည်။

ခဏကြာပြီးနောက် ရှီဟောင် မြင်ကွင်းတစ်ခု တွေ့လိုက်ရသည်။ ထိုနေရာ၌ မတူညီသည့်ရှန်းမင်တစ်ယောက်ရှိနေသည်။ သူမ၏မျက်နှာဘယ်လက်ခြမ်း၌ တောက်ပသည့်အပြုံးတစ်ခုရှိနေကာ အလွန်ဆွဲဆောင်မှုရှိလှသည်။ သူမမျက်နှာ၌ ညာဘက်အခြမ်း၌မူ မျက်ရည်များ ပြည့်နေသည်။ အကျဉ်းကျခံနေရသကဲ့သို့ ဝမ်းနည်းတကြီး ငိုကြွေးနေသည်ပင်။

ရှီဟောင် အနည်းငယ် ထိတ်လန့်သွားရ၏။ ဒါတွေက သူမရဲ့ဝိညာဉ်တံဆိပ်တွေလား .. ဘာလို့ ခံစားချက်နှစ်မျိုးရှိနေတာလဲ..

“ရယူမှုနဲ့ ဆုံးရှုံးမှုက အမြဲတမ်းညီမျှနေမှာပဲ .. ကျွန်မက ကျွန်မဖြစ်နေတုန်းပါပဲ .. ကျွန်မရှင့်ကို ပြတယ်ဆိုတာကလည်း ကျွန်မရဲ့ ရိုးသားမှုကို ပြသတာပါ .. သင်္ချိုင်းဘုရင်တွေရဲ့လမ်းမှာ ပေးဆပ်ရမယ့်တန်ဖိုးရှိတယ်” ရှန်းမင် ပြောလိုက်သည်။

သူ အနည်းငယ်ကျောချမ်းလာသည်ဟု ခံစားလိုက်ရသောကြောင့် ရှီဟောင် ရုန်းထွက်လိုက်ချင်သော်လည်း ရှန်းမင် သူ့ကို လွှတ်မပေး။

ခဏကြာပြီးမှသာ သူမလက်ကို လွှတ်ပေးလိုက်သည်။

ရှီဟောင် တစ်ခုတော့ သေချာသွားသည်။ သူတို့ထံ၌ တကယ်ကို ပြောင်းလဲမှုအချို့ရှိခဲ့သည်။ အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခုပင်။

“လူသားသူငယ်ချင်း .. မင်း ငါတို့နဲ့ ခရီးသွားချင်လား..” စန်းကျန်း မေးလိုက်သည်။

“မင်းတို့နှစ်ယောက်လုံးက သင်္ချိုင်းဘုရင်တွေရဲ့လမ်းကို လျှောက်တာ .. ငါလျှောက်တဲ့လမ်းက မင်းတို့နဲ့မတူဘူး” ရှီဟောင် ပြောလိုက်သည်။

“ကျွန်မတို့လမ်းကြောင်းနှစ်ခု ဖြတ်သွားတဲ့နေရာလည်း ရှိမှာပါ .. ဘယ်သူပြောနိုင်မလဲ နောင်ကျရင် ကျွန်မတို့ ရှင့်ကိုလာခေါ်ပြီးတော့ လမ်းညွှန်မှုရှေးဟောင်းနန်းတော်မှာ နောက်တစ်ကြိမ် ပြန်ဆုံရင် ဆုံမှာပေါ့ .. ဒါမှမဟုတ် ရှင် ကျွန်မတို့ကို ဆင့်ခေါ်တာလည်း ဖြစ်ရင်ဖြစ်နိုင်မှာပေါ့..” ရှန်းမင်ပြောလိုက်သည်။

ရှီဟောင် ခေါင်းပင် ထိုးစောင့်သွားသလို ခံစားလိုက်ရ၏။ ဤနှစ်ဦးမှာ ထူးဆန်းလှသည်။ သူတို့ကို နားမလည်နိုင်တော့။

“ဟမ် .. သူကဘာကို မျှားနေတာလဲ..” ရှီဟောင် ခေါင်းစဉ်ပြောင်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ကျရှေ့၌ အခြားသက်ရှိတစ်ဦး ရှိနေသည်ကို သူတွေ့လိုက်ရသည်။

“သူက လောကကြီးက မညီမျှမှုတွေကို မျှားနေတာ” ရှန်းမင်ပြောလိုက်သည်။

“သူက ဘယ်သူလဲ..” ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။

“သူက ရှေးအကျဆုံးမသေမျိုးဘုရင်တွေရဲ့ အမွေဆက်ခံသူ” စန်းကျန်း ပြန်ဖြေလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရသည်။ ရှီဟောင် ထိုလူငယ်လေးကိုကြည့်လိုက်သည်။ ထိုသူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ပင်လယ်ကျရှေ့၌ ထိုင်နေသည်။

“ရှင်က ဘာလာမျှားတာလဲ..” ရှန်းမင် မေးလိုက်၏။

“ငါက .. ငါးလာမျှားတာ..”

အပိုင်း ၁၇၉၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၈ – တကယ်ဖမ်းမိသွားပြီ

ငါးလာမျှားတာ .. ဤသည်မှာ တကယ်ကို သာမန်ဆန်လှသည်။

ဒီထိရောက်လာတာက ငါးဖမ်းဖို့လား .. ဒီနေရာက ထူးခြားတယ်ဆိုတာ ဘယ်သူကမသိလို့လဲ .. ဒီပင်လယ်ကျရဲ့ အစမှန်က ပုံမှန်မဟုတ်သလို အဆုံးနေရာကိုလည်း မသိရဘူး .. ဒီမှာ ဘယ်လိုငါးမျိုးဖမ်းမှာလဲ..

“တကယ်ကို သဘာဝအခြေအနေကို ပြန်ရောက်သွားတာပဲ ..ငါတို့ကို အံ့အားသင့်အောင် လုပ်နိုင်တာပဲ..”

သို့သော် စန်းကျန်း ဤကဲ့သို့ သက်ပြင်းချလိုက်ကာ ချီးကျူးလိုက်သည်။ သူ့ပုံစံကိုကြည့်လိုက်သည်နှင့် ဤသည်မှာ အတုအယောင်မဟုတ်ပဲ စိတ်ရင်းဖြင့်ပြောခြင်းပင်။

“တာအိုရောင်းရင်း ရှင်က တကယ်ကို ထူးခြားပြီးတော့ ရိုးသားတယ် .. ဒီလိုတာအိုမျိုးက ကျွန်မတို့ထက်တောင် အင်အားကြီးတယ်..” ရှန်းမင်လည်း သူမ၏ဆွဲဆောင်နေသည့်ပုံစံကို ရုတ်သိမ်းလိုက်ကာ ပြောလိုက်သည်။

ရှီဟောင် လုံးဝဆွံ့အသွားရ၏။

သူ တွေ့ကရာလျှောက်ပြောလိုက်ခြင်းဖြစ်သော်လည်း သူသည် သဘာဝအကျဆုံးတာအိုရှိသည့်သူ၊ ကိုယ့်ကိုကိုယ်စစ်မှန်သည့်သူဖြစ်သွားရသောကြောင့် သူလုံးဝဆွံ့အသွားရသည်။ သူ ဘာပြောရမှန်းပင်မသိတော့။

နောက်ဆုံးတွင်တော့ သူပြုံးပြရုံသာ တတ်နိုင်တော့သည်။ သူတို့၏ချီးကျူးမှုများကို အလွန်ယဉ်ကျေးမနေတော့ပဲ လက်ခံလိုက်တော့သည်။ သူသည် မျက်နှာ နီရဲလာခြင်းမရှိသလို နှလုံးခုန်မှုန်းများ လျင်မြန်လာခြင်းလည်းမရှိ။

သို့သော် ထို ရုပ်တုကဲ့သို့သောလူကို ကြည့်လိုက်သည်နှင့် သူ စိတ်လေးလံသွားရ၏။ ဤလူမှာ သေချာပေါက် ကြောက်စရာကောင်းသည့်သူပင်။

ရှေးအကျဆုံးမိသားစု၏ အမွေဆက်ခံသူဖြစ်သောကြောင့် သူရထားသည်မှာလည်း လောကကြီး၏ ပြိုင်ဘက်ကင်းသည့်တာအိုပင်ဖြစ်လိမ့်မည်။ သူသည် အနာဂတ်တွင် သေချာပေါက် ရန်သူကြီးဖြစ်လာလိမ့်မည်။

“လက်လွတ်စပယ်မလုပ်နဲ့ .. အဲဒီလူကို သတ်လို့မရဘူး .. သူ့မှာ သူ့ကို ကာကွယ်ပေးနေတဲ့ မသေမျိုးလျှို့ဝှက်ရတနာရှိတယ် .. သူ အဲဒီမှာ မလှုပ်မယှက်ထိုင်နေရင်တောင် မင်းသူ့ကို သတ်လို့မရဘူး..” စန်းကျန်း ပြောလိုက်သည်။

မသေသေးသည့်ရွှေရောင်စစ်သူရဲများမှာ ရှီဟောင်၏အတွေးကို အာရုံခံနိုင်သည့်ပုံပေါ်သည်။ သူတို့နှစ်ဦး သူ့ကို တားဆီးလာကာ သူတို့ပင်လျှင် ထိုလူကို နှောက်ယှက်၍မရကြောင်း ပြောလိုက်သည်။

“ကျွန်မတို့မလာခင် နှစ်ပေါင်းများစွာကတည်းက သူ အဲဒီမှာထိုင်နေတာ .. သူရဲ့တာအိုနှလုံးသားက ခိုင်မာတယ် .. သူ့ရဲ့ရည်ရွယ်ချက်လည်း မပြောင်းလဲဘူး .. သူက သေချာပေါက် ကြောက်ဖို့ကောင်းတဲ့လူတစ်ယောက်ပဲ..” ရှန်းမင်ပြောလိုက်သည်။

ရှီဟောင် သူ့စိတ်ကို ပြန်ထိန်းလိုက်သည်။ သူ မတိုက်ခိုက်တော့။ ဤလောကကြီးမှာ ကျယ်ပြန့်လှပြီး နေရာတိုင်း၌ ထူးဆန်းသည့်လူများနှင့် ထူးခြားသည့်ကျင့်ကြံသူများ ရှိနေသည်။ ကျွမ်းကျင်သူများဆိုသည်မှာလည်း သစ်တောထဲမှ သစ်ပင်များကဲ့သို့ပင်။

“ရှင်ငါးမျှားပြီးသွားရင် ကျွန်မတို့ အတူတူ ခရီးသွားကြမလား..” ရှန်းမင် မေးလိုက်သည်။

ရှီဟောင် ချက်ချင်းပြန်မဖြေ။ သူ့စိတ်ထဲ တွေဝေသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့လမ်းကိုသာ သူလျှောက်ချင်သည်။ မသေသေးသည့်ရွှေရောင်စစ်သူရဲများနှင့် အတူခရီးသွားလျှင် သူ့အတွက် ဘာအဓိပ္ပာယ်ရှိမည်နည်း..

“တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်ရင်းနဲ့ မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေ ရလာနိုင်တယ် .. ပြီးတော့ ငါတို့တွေ မင်းကိုကူညီနိုင်လောက်တယ်..” စန်းကျန်း အသံပို့လွှတ်လာသည်။

ရှီဟောင် သူ့ကိုကြည့်လိုက်ပြီး ဘာမှမပြော။

“ရှင်အခု ပြဿနာကြုံနေရတယ်ဆိုတာ ကျွန်မသိတယ် .. ရှင် အဲဒီပြဿနာထဲကနေ ရုန်းထွက်နိုင်ဖို့ ကျွန်မတို့ တကယ်မျှော်လင့်မိတယ်..” ရှန်းမင် ထပ်ပြောလိုက်သည်။

“ကောင်းပြီလေ..” တစ်ခဏခန့် စဉ်းစားပြီးနောက် ရှီဟောင် ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။

သူသည် ယခုအချိန်တွင် သုံ့ပန်းတစ်ယောက်ပင်။ သူ လွတ်လပ်မှုရထားသော်လည်း မသေမျိုးဘုရင်များ ပြန်လာသည်နှင့် သူ လွတ်မြောက်နိုင်မည်မဟုတ်တော့။

ဤ မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးထံ၌ တကယ်ပဲ နည်းလမ်းရှိနေသည်လား..

ထို့နောက် ရှီဟောင် ပင်လယ်ကျရှေ့ရှိ ကျောက်တုံးကြီးပေါ်၌ ထိုင်လိုက်သည်။ ထို့နောက် ဝိညာဉ်တာအိုကို ငါးမျှားတံ၊ မှော်ခွန်အားကို ငါးမျှားကြိုးအဖြစ်သုံးပြီး နတ်စွမ်းရည်များကို ငါးစာအဖြစ်အသုံးလိုက်ကာ ဤနေရာ၌ ငါးမျှားလိုက်သည်။

ပင်လယ်ကျမှာ အလွန်ထူးဆန်းသည့်နေရာဟု သူကြားဖူးသည်။ မသေမျိုးဘုရင်များပင် အဆုံးထိ မလေ့လာနိုင်ကြ။ ဤမြစ်ကို အဆုံးထိလိုက်သည့် မသေမျိုးသက်ရှိများပင် ပျောက်ကွယ်သွားသည်ဟု ပြောကြသည်။

ဤထက်ပိုကြောက်စရာကောင်းသည့် အဖြစ်အပျက်တစ်ခုပင် ရှိခဲ့သေးသည်။

ထဝရရှေးဟောင်းခေတ်စစ်ပွဲကြီး ပြီးဆုံးသွားချိန်၌ သေခါနီးဖြစ်သည်အထိ ဒဏ်ရာရသွားသည့် မသေမျိုးဘုရင်တစ်ပါးဖြစ်လဲ့သည်။ သူ အသက်ရှင်နိုင်ရန် လမ်းစမရှိတော့။ သူသည် သူ၏ဒဏ်ရာရနေသည့်ခန္ဓာကိုယ်ကို ဤနေရာထိရောက်အောင် ဆွဲလာခဲ့ပြီးနောက် ပင်လယ်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။ ထို့နောက် သူ ထာဝရပျော်ကွယ်သွားကာ ဘယ်တော့မှ ပြန်ပေါ်မလာခဲ့တော့။

ပင်လယ်ကျသည် မြေပြင်မှ သုံးပေကွာဝေးသည်။ ရေများ မည်သည့်နေရာမှ ရောက်လာမှန်းမသိသလို မည်သည့်နေရာ၌ အဆုံးသတ်သွားမှန်းလည်းမသိရ။ လေထဲမှ ရေများရောက်လာပြီး ကောင်းကင်ထက်သို့ ဆန်တက်သွားကာ လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားခြင်းပင်။

ဤသည်မှာ ‘လောကပင်လယ်’ ၏ မြစ်လက်တက်ဖြစ်သည်ဟုလည်း ပြောကြသည်။

ဤပင်လယ်ကျမှာ အန္တရာယ်များကာ ထူးဆန်းသော်လည်း ဤသည်ကို ဆုတောင်းပင်လယ်ဟုလည်း ပြော၍ရသည်။ သူသည် တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ ဆုတောင်းအား ဖြည့်ဆည်းပေးသည်။ ထို့ကြောင့်လည်း အချိန်နှင့်အမျှ သက်ရှိများ ရောက်လာကြခြင်းပင်။

တစ်ချိန်တည်းမှာပင် ဤနေရာ၌ သီးသန့်ကျင့်ကြံပါက မယုံကြည်နိုင်လောက်သည့်အရာများ ဖြစ်ပျက်လာလိမ့်မည်။ တစ်ခါတစ်ရံ အလွန်အကျိုးရှိကာ တစ်ခါတစ်ရံ အလွန်ဆိုးရွားလိမ့်မည်။

ပင်လယ်ကျရှေ့၌ တာအိုလေ့လာရန်မှာ အလွန်ရှည်ကြာလှသည့် လုပ်ငန်းစဉ်တစ်ခုပင်။

မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦး ဤနေရာ၌ ရောက်နေသည်မှာ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး ယနေ့မှ ထွက်သွားရန် စီစဉ်နေကြခြင်းပင်။

ရှီဟောင် တာအိုလေ့လာခြင်းလက်ဖက်ရွက် အနည်းငယ်ကိုထုတ်လိုက်ပြီး လက်ဖက်ရည်တစ်အိုးတည်လိုက်ကာ ထိုနှစ်ယောက်ကို သူနှင့်အတူသောက်ရန် ဖိတ်ခေါ်လိုက်သည်။

“အကောင်းဆုံး လက်ဖက်ရည်ပဲ..” စန်းကျန်း ချီးကျူးလိုက်သည်။

ရှီဟောင် လက်ဖက်ရည်တစ်ငုံသောက်လိုက်ကာ သူ၏ကိုယ်တိုင်တာအိုမျိုးစေ့၏ တုန်ခါသံများကို နားထောင်လိုက်သည်။ အတိအကျပြောရလျှင် သူ့ခန္ဓာကိုယ်ထဲရှိ ဂိတ်များထံမှ အသံများထွက်ပေါ်လာခြင်းပင်။

သူ၏ဂိတ်များ ပွင့်လာလေပြီ။

ကံမကောင်းစွာဖြင့် ဤကဲ့သို့ တာအိုလေ့လာခြင်းမှာ သူ့အား အဆင့်တက်သွားအောင်လုပ်မပေးနိုင်။

အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်နေလေပြီ. သူအဆင့်တက်ချင်လျှင် သေချာပေါက် အလွန်ခက်ခဲလိမ့်မည်။ ဤသည်မှာ တာအိုလေ့လာခြင်းလက်ဖက်ရွက် ပြုလုပ်ပေးနိုင်သည့်အရာမဟုတ်။

လက်ဖက်ရည်သောက်ရုံဖြင့် သူ ထူးချွန်သည့်ကျင့်ကြံသူတစ်ဦး ဖြစ်မလာနိုင်။

ထိုသို့လုပ်၍ရသည်ဆိုလျှင် ကလန်ပေါင်းစုံမှ ကျွမ်းကျင်သူများမှာ ကျင့်ကြံဖို့မလိုအပ်တော့။ တာအိုလေ့လာခြင်းလက်ဖက်ရွက်ကိုသာ သောက်နေလိမ့်မည်ပင်။

“အမ် .. တစ်ခုခုကိုက်နေပြီ..” ရှီဟောင် ထိတ်လန့်သွားရသည်။

သူ၏လက်များ အောက်ဘက်သို့ နိမ့်ဆင်းသွားပြီး မှော်ခွန်အားဖြင့် ပြုလုပ်ထားသည့် ကြိုးလည်း တင်းသွားသည်ကို သူခံစားရသည်။ အဖိုးတန်ပညာများဖြင့် ပြုလုပ်ထားသည့်ငါးစာသည် မကောင်းဆိုးဝါးကြီးတစ်ကောင်ကို အာရုံခံမိသွားလေပြီ။

ရှန်းမင်နှင့် စန်းကျန်းတို့ ဆွံ့အသွားရသည်။ ဒီကောင်က တကယ် ငါးဖမ်းမိသွားတာလား.. သူက ဒီမှာ ငါးဖမ်းတော့မှာလား .. ဒါက ဘယ်လိုဟာသမျိုးလဲ..

သို့သော် သူတို့ကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်မှာ ရှီဟောင်သည် တကယ် တစ်ခုခုကို ဖမ်းမိသွားသကဲ့သို့ ငါးမျှားကြိုးကို အားကုန်ဆွဲနေခြင်းပင်။

ကျန်းပေါင်းထောင်ပေါင်းများစွာ ဝေးကွာသည့်နေရာ၌ ကြောက်စရာကောင်းသည့် ကျောဆူးတောင်တစ်ခု ရေမျက်နှာပြင်ပေါ်၌ ပေါ်လာသည်။ ထိုကျောဆူးတောင်မှာ လွန်ကြီးမားလှသည်ပင်။

“ဒါက .. အဲဒီမှာ တကယ် ငါးရှိနေတာလား..” စန်းကျန်း ဘာပြောရမှန်းပင် မသိတော့။

ရှန်းမင်၏လှပသည့်မျက်နှာလေးလည်း အနည်းငယ် တောင့်တင်းနေသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဒါက လောကပင်လယ်ဆီကို စီးသွားတယ်လို့ သတ်မှတ်ထားတဲ့ ပင်လယ်ရေတံခွန်လေ .. ဒီမြစ် ဘယ်ကိုရောက်သွားတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး .. အဲဒါကို သူက တကယ် ငါးဖမ်းမိသွားတာလား..

“မြန်မြန် ကူပေးဦး .. ငါးက အရမ်းကြီးတယ် .. ဒီငါးက ကျန်းတစ်သောင်းကျော်ရှိမှာ သေချာတယ် .. ဖမ်းဖို့မလွယ်ဘူးဖြစ်နေတယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။

ရှန်းမင်သည် သူမမျက်နှာကို ပွတ်သပ်ကာ သူမြင်နေရသည်မှာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနေသည်။ ပင်လယ်ကျထဲ၌ တကယ်ကို ကြီးမားလှသည့်သတ္တဝါကြီးတစ်ကောင်ရှိနေသည်။ ထိုသတ္တဝါကြီးသည် ရေထဲ၌ လှည့်ပတ်နေကာ သူ့ထံမှ လွင့်စင်လာသည့်လှိုင်းများမှာ တောင်များကိုပင် ပျက်စီးသွားစေနိုင်လောက်သည်။

ဟွမ်သည်ငါးမျှားကြိုးကိုဆွဲကာ ဘယ်ပြေးလိုက်ညာပြေးလိုက်လုပ်နေသည်။ ဤသည်မှာ ငါးအကြီးကြီးဖမ်းမိလျှင် သာမန်လူများ ပြုလုပ်သည့်အပြုအမူပင်။

“မင်း .. မင်း ဘာလုပ်နေတာလဲ..”

“ငါးမျှားနေတာ .. ငါ့ကို မြန်မြန်ကူပေးဦး .. ဒီငါးက အရမ်းကြီးတယ် .. သူ့မှာ စွမ်းအင်တွေ ပြည့်နေမှာ သေချာတယ် .. သူ လောကစွမ်းအင်တွေ စုတ်ယူထားတာ နှစ်ပေါင်းဘယ်လောက်ရှိနေပြီမှန်းတောင် မသိနိုင်ဘူး .. သူက သေချာပေါက် ဆေးကောင်းတစ်လက်ဖြစ်မှာ..” ရှီဟောင် လှည့်ပင်မကြည့်ပဲ ပြောလိုက်သည်။

“ကြည့်လိုက် .. ပင်လယ်ကျထဲမှာ တကယ်ပဲ သက်ရှိတွေ ရှိနေတယ်..” စန်းကျန်း ပြောလိုက်သည်။

သူနှင့် ရှန်းမင်နှစ်ဦးလုံး ရှေးဟောင်းစာအုပ်တစ်ပုံကို ထုတ်လိုက်သည်။ ထိုစာအုပ်များမှာ အလွန်အိုဟောင်းနေပြီဖြစ်ပြီး ဤစာအုပ်များကို သိမ်းဆည်းထားသည်မှာ တစ်ခေတ်ထက်မကတော့။

ဤလူများသည် ဤလောကသို့ မလာမှီ၌ ပြည့်စုံသည့်ပြင်ဆင်မှုများ ပြုလုပ်လာကြသည်မှာ သေချာသည်။ သူတို့လာမည့်နေရာ၏ သမိုင်းကြောင်းများပါဝင်သည့် ပစ္စည်းမျိုးစုံကို ယူခဲ့ကြသည်ပင်။

အထူးသဖြင့် ပင်လယ်ကျနှင့်ပတ်သက်သည့်အရာများပင်။ သူတို့ဤနေရာကို အလွန်အလေးထားကြသည်ပင်။

“တကယ်ရှိတယ်..”

ရှန်းမင် ရုတ်တရက် အော်ဟစ်လိုက်သည်။ ပျက်စီးနေသည့် ကျောက်စိမ်းစာအုပ်ထဲမှ သူမ တစ်စုံတစ်ခုကို ရှာတွေ့သွားလေပြီ။

ဤသည်မှာ သိပ်မယုံကြည်ရသည့် ပုံပြင်တစ်ပုဒ်ပင်။ ပင်လယ်ကျ၌ ပင်လယ်၏ရင်းမြစ်မှလာသည့် ဘိုးဘေးငါးရှိသည်ဟု ပြောထားသည်။ ထိုငါးမှာ အရေအတွက် နည်းပါးလှပြီး ခေတ်တစ်ခု၌ တစ်ကောင်၊ နှစ်ကောင် မြင်ရရန်ပင် ရှားပါးသည်ဟု ပြောထားသည်။

သင်္ချိုင်းဘုရင်တစ်ယောက် ဘိုးဘေးငါးတစ်ကောင်မြင်ဖူးသည်။ သူမြင်လိုက်သည့်အချိန်က သူ သင်္ချိုင်းဘုရင်ပင်မဖြစ်သေး။ သူသည် ဘိုးဘေးငါးနှင့်အတူ အချိန်တစ်ခဏခန့် ပျောက်သွားဖူးသည်။

ဤဖမ်းမိသည့်ငါးပင်လျှင် ကျန်းပေါင်းထောင်ပေါင်းများစွာ ရှည်လျားနေလေပြီ။ ဘိုးဘေးငါးအစစ်ဆိုလျှင် မည်မျှပင် ကြီးမားမည်နည်း..

“အမ်.. ငါးမျှားတံကျိုးတော့မယ်..” ရှီဟောင်မကောင်းသည့်ခံစားချက်များ ရနေည်။ ငါးမှာ အားကြီးလွန်းသောကြောင့် မှော်စွမ်းအားဖြင့် ပြုလုပ်ထားသည့် ငါးမျှားတံပင် ကျိုးတော့မည်။

“ငါးနောက်လိုက် .. ဒီဘိုးဘေးငါးကိုဖမ်းလိုက် .. ငါတို့ရဲ့သင်္ချိုင်းဘုရင်လမ်းကြောင်း တိုသွားနိုင်တယ်..” စန်းကျန်း ဆုံးဖြတ်လိုက်သည်။

အမှန်တကယ်တွင် ရှီဟောင် သူတို့ထံမှ ဤအကြောင်းအရာများကို ကြားရကတည်းက လှုပ်ရှားနေပြီဖြစ်သည်။

သူ ရုတ်တရက် ပင်လယ်ကျထဲသို့ ခုန်လိုက်ကာ ထိုကြီးမားလှသည့် ငါးဆူးတောင်ကို ဖမ်းဆုတ်လိုက်သည်။

မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ဦးလည်း သူနှင့်အတူ လိုက်လာကာ ထိုငါးဆူးတောင်ပေါ်သို့ ရောက်လာသည်။ ငါးကြီးသည် ကောင်းကင်ကြီးကို ဆန်တက်နေသည်ပင်။ သူတို့ ဘယ်သွားနေတာလဲ .. မည်သူမှ မသိကြ။

ဘိုးဘေးငါးသာလျှင် ဤပင်လယ်ကျ၌ လှုပ်ရှားသွားလာနိုင်ပြီး သူတို့မွေးဖွားသည့်နေရာကို ပြန်နိုင်သည်ဟု ပြောကြသည်။ ထိုနေရာမှာ ထူးခြားလှပြီး အံ့အားသင့်စရာကောင်းသည့် လျှို့ဝှက်ချက်များလည်း ရှိနေသည်ပင်။

အပိုင်း ၁၇၉၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၉၉ – မသေမျိုးသက်ရှိ၏ နှောက်ယှက်မှု

“ငါးစီးပြီး ထွက်ပြေးသွားတာ .. မင်းတို့အားလုံးက ငါ့ကို သောက်ရူးများ မှတ်နေတာလား..”

လနတ်ဆိုးဘုရင်ကလန်၏ ရှေးဟောင်းမြေထဲတွင် ဤကလန်၏ နံပါတ်တစ်လူငယ်ကျွမ်းကျင်သူတစ်ယောက် သားရဲအရေပြားခုံပေါ်၌ ထိုင်နေသည်။ သူသည် အတော်လေးစိတ်အခြေအနေကောင်းနေပြီး‌ ခြေတစ်ဖက်ချိတ်လျက် နတ်သစ်သီးကို စားနေခြင်းပင်။

သို့သော် ယခုတော့ သူ ထိုနတ်သစ်သီးကို လွှင့်ပစ်လိုက်ကာ သူ့မျက်နှာလည်း မှောင်မည်းသွားသည်။ သူသည် သတင်းလာပို့သည့်သူကို စိုက်ကြည့်လိုက်ကာ ဤလူ သူ့အား မလေးမစားလုပ်နေခြင်းဖြစ်သည်ဟု ယုံကြည်နေသည်။

“ကျွန်တော်မလိမ်ပါဘူး .. ကျွန်တော်ပြောတာ အမှန်တွေပါ .. တစ်ခုခုဖြစ်နေတယ် .. ပြီးတော့ ဒါကို တွေ့လိုက်ရတဲ့သူကလည်း တစ်ယောက်မကပါဘူး..” ထိုအစေခံသည် သူ မလိမ်ညာကြောင်း ကျိန်ဆိုလိုက်သည်။

လနတ်ဆိုးဘုရင်ကလန်မှာ ပင်လယ်ကျနှင့် အနီးဆုံးရှိနေသည့်ကလန်ပင်။ ဤကလန်သည် အလွန်စွမ်းအားကြီးသည့်ကလန်ဖြစ်သော်လည်း ဤနှစ်များတွင် သူတို့ သိုသိုသိပ်သိပ်သာနေသည်။ ယခင်က သူတို့သည် ဘုရင်ကလန်များထဲ၌ ထိပ်တန်းအဆင့်ဝင်သည်ပင်။

“သောက်ရေးမပါတာတွေ .. ငါ့ကို တစ်ခြားအကြောင်းပြချက်ပေး .. ငါက မနေ့တနေ့က မွေးလာတဲ့သူလို့ မင်းထင်နေတာလား .. အဓိပ္ပာယ်မရှိတာတွေ လာပြောနေတယ် .. အဲဒီထဲဝင်သွားတဲ့သူအားလုံး သေချာပေါက် သေသွားမှာပဲ” လနတ်ဆိုးသခင်လေး၏မျက်နှာ ပို၍ မည်းမှောင်လာသည်။ သူ ဤသတင်းပို့သည့်သူကို သေသည်အထိ ရိုက်ပစ်လိုက်ချင်မိသည်။

သတင်းပို့သည့်အစေခံမှာ ငိုမလိုဖြစ်နေလေပြီ။ သူသည် ကောင်းကင်ကို လက်ညှိုးထိုးကာ သူပြောသည်မှာ အမှန်ဖြစ်ကြောင်း ကျိန်ဆိုနေသည်။ ထို့အပြင် သူသည် လနတ်ဆိုးသခင်လေးကို ချက်ချင်းထွက်သွားကြည့်ရန် ပြောလိုက်သည်။ သူသွားကြည့်လျှင် ငါးအမြှီးလောက်တော့ မြင်နိုင်သေးသည်။

လနတ်ဆိုးသခင်လေးသည် ထိုအစေခံ၏ခေါင်းကို ရိုက်လိုက်ကာ လမ်းပြခိုင်းလိုက်သည်။

လနတ်ဆိုးကလန်သည် ဤနေရာ၌ အမြဲတမ်း နေထိုင်ခဲ့ခြင်းဖြစ်သောကြောင့် သူတို့ ပင်လယ်ကျကိ နားလည်သည်။ ငါးတစ်ကောင် ကူးခတ်နေသည်ကို သူတို့တစ်ခါမှ မတွေ့ဖူးသေး။

ပင်လယ်ထဲဝင်သွားလိုက်သည်နှင့် သက်ရှိအားလုံး သေဆုံးသွားမည်ပင်။ အခု အစေခံက ဟွမ်က ငါးတစ်ကောင် စီးနေတယ်လို့ပြောနေတယ် .. ဒါက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ.

ဤအစေခံမှာ ရဲတင်းလွန်းလှပြီး သူ့အား လှည့်စားရဲသည်ဟု လနတ်ဆိုးသခင်လေး ခံစားနေရသည်။ နောက်မှ သူ့ကို ရိုက်ပစ်ဦးမယ်..

“မြန်မြန်ကြည့်လိုက် သခင်လေး .. ဟိုးမှာကြည့်လိုက် .. ငါးကြီးက ဘယ်လောက်တောင် ကြီးလိုက်သလဲ..”

သူတို့ ပင်လယ်ကျသို့ ရောက်ပြီး ကြီးမားလှသည့်နတ်တောင်တစ်ခုပေါ်၌ မတ်တပ်ရပ်လိုက်သည်နှင့် ထိုအစေခံ စိတ်လှုပ်ရှားစွာ အော်ဟစ်လေတော့သည်။

လနတ်ဆိုးသခင်လေးမှာ မေးရိုးပြုတ်ကျမတတ်ပင် ဖြစ်သွားသည်။ သူသည် အစက ဤအစေခံကို ဒေါသတကြီးကြိမ်းမောင်းရန် ရည်ရွယ်ထားခြင်းပင်။ သို့သော်လည်း သူ လက်မခံနိုင်လောက်သည့်မြင်ကွင်းကို တကယ်တွေ့လိုက်ရသည်။

ဟွမ်သည် အခြားလူငယ်နှစ်ဦးနှင့်အတူ ကြီးမားလှသည့် ငါးဆူးတောင်ပေါ််၌ ထိုင်နေကြသည်။ ယခုအချိန်တွင် သူတို့သည် ကောင်းကင်ကို ဆန်တက်နေကြသည်။

ဤသည်မှာ အလွန်ကြီးမားလှသည့်ငါးပင်။

ဟွမ်က တကယ် ငါးစီးနေတယ်..

ဤသည်မှာ သူ့ကို အနည်းငယ် ဆွံ့အသွားစေသည်။ သူ အသက်ရှင်လာသည့်သက်တမ်းတစ်လျှောက် ငါးအကြေးခွံပင်မမြင်ခဲ့ရ။ ဒီငါးကြီးက ဘယ်လိုလုပ် ရုတ်တရက်ရောက်လာတာလဲ..

ငါးကြီးမှာ တကယ်ကို ကြီးလွန်းလှသည်။ သေချာပေါက် ကျန်းပေါင်းထောင်ပေါင်းများစွာ ရှိမည်ပင်။ ဒါက ခွန်ပန်ပြန်ဝင်စားပြီးတော့ ဟွမ်ကို လာခေါ်တာတော့ မဟုတ်ဘူးမလား..

“ဟွမ် ထွက်ပြေးတော့မယ်လို့ မြန်မြန်သတင်းပို့ .. သူငါတို့ လောကက ထွက်သွားတော့မယ်..”

လနတ်ဆိုးသခင်လေး ဦးချိုတစ်ခုကိုမှုတ်ကာ ဘုရင်ကလန်၏ အသံလှိုင်းပညာကို အသုံးပြုလိုက်သည်။

အမှန်တကယ်တွင် သူအော်စရာပင်မလိုတော့။ ရှီဟောင်ကို အမြဲတမ်း စောင့်ကြည့်နေကြသည့်သူများမှာ ဤမြင်ကွင်းကို မြင်ပြီးသွားလေပြီ။

“ချီးပဲ .. ဒါက ပင်လယ်ကျလေ .. ဘယ်နားက ငါးက ပေါ်လာတာလဲ..”

အားလုံးမှာ သရဲတစ္ဆေများကို မြင်လိုက်ရသကဲ့သို့ ဆွံ့အနေကြသည်။ ဤသည်မှာ လက်မခံနိုင်ချင်စရာကောင်းလှသည်။ ဟွမ်က ဒီလိုပုံစံမျိုးနဲ့ လွတ်သွားတော့မှာလား .. ထို့အပြင် သူတို့လက်ခံနိုင်ရန် အခက်ခဲဆုံးနည်းလမ်းဖြင့်ပင်။

ဘိုးဘေးငါးပေါ်၌ ရှိနေသည့် ရှီဟောင်နှင့် မသေးသေးသည့်စစ်သူရဲနှစ်ဦးတို့သည် ဤအခြေအနေကို သေချာဂရိုစိုက်နေကြသည်။ သူတို့ သတိလက်လွတ်မလုပ်ရဲ။ ဤရေတံခွန်ထဲသို့ ရောက်သွားသည်နှင့် အလွယ်တကူပင် သေဆုံးသွားနိုင်သည်ဟု ပြောထားကြသည်ပင်။

သူတို့ အစပိုင်း၌ အသက်ရှင်နိုင်လျှင်ပင် အဆုံးနားသို့ ရောက်လာသည်နှင့် သူတို့၏ ခန္ဓာကိုယ်များနှင့် ဝိညာဉ်များ ပျက်စီးသွားလိမ့်မည်။

“ဒီငါးနောက်လိုက်ရင် ငါတို့လုံခြုံနိုင်တယ် .. ငါတို့ကို သဘာဝကံကောင်းမှရှိတဲ့နေရာကိုတောင် ခေါ်ရင်ခေါ်သွားနိုင်လောက်တယ် .. ဒါပေမဲ့ ငါတို့ကို စောင့်ကြိုနေတဲ့အဆုံးသတ်က ငရဲချောက်နက်ကြီးလည်း ဖြစ်နေနိုင်တယ်..” စန်းကျန်း ပြောလိုက်သည်။

ဝုန်း..

ငါးကြီး ရေအောက်ထဲသို့ ဝင်သွားကာ ပင်လယ်ကျ၏ အနက်ရှိုင်းဆုံးနေရာသို့ နှစ်မြှုပ်သွားသည်။ ငါးဆူးတောင်ပင် ရေမျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားကာ လူငယ်ကျွမ်းကျင်သူ သုံးဦးလည်း ပျောက်ကွယ်သွားသည်။

သူတို့သည် မှော်အလင်းအတားအဆီးပြုလုပ်ကာ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်သည်။ တစ်ခုခုဖြစ်လာမည်စိုးသောကြောင့် ရေနှင့်မထိမိရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။ သို့သော်လည်း နောက်ပိုင်းတွင် သူတို့အတားအဆီးကို ချိုးဖျက်လာသည့် အလွန်ကြောက်စရာကောင်းသည့်ပြင်ပအားတစ်ခုရှိနေသည်။ နောက်ဆုံးတော့ သူတို့ ရွှဲစိုသွားသည်ပင်။

ဘိုးဘေးငါးသည် ပင်လယ်နှင့်တူသည့် ရေတံခွန်တစ်လျှောက် ကောင်းကင်ထက်သို့ ဆန်တ်လာသည်။ တစ်ခါတစ်ရံ ရေအောက်သို့ ဝင်သွားကာ တစ်ခါတစ်ရံ မျက်နှာပြင်ထက်သို့ ပေါ်လာသည်။

လူအချို့ သူ၏ကြီးမားလှသည့်ခန္ဓာကိုယ်ကြီးကို မြင်လိုက်ရသည်။

သူ့ထံတွင် ကြီးမားလှသည့်နဂါးခေါင်း၊ ချွန်ထက်နေသည့်သွားများနှင့်အတူ ကြီးမားလှသည့် အနက်ရောင်ဦးချိုတစ်စုံလည်း ရှိနေသည်။ သူသည် တောင်ထက်ပင် မြင့်မားလှပြီး တစ်ကိုယ်လုံး အကြေးခွံများဖုံးအုပ်နေသည်။ ငါးကိုယ်ထည်မှာ မင်ကဲ့သို့ မည်းနက်နေပြီး တစ်ခါတစ်ရံ သွေးနီရောင်အလင်းတန်း တောက်ပနေသေးသည်။

သူ၏ ငါးအမြှီးကို လှုပ်ရမ်းလိုက်သည်နှင့် တောင်တန်းများကို ဖုံးလွှမ်းသွားနိုင်လောက်သည့် လှိုင်းများ ထွက်ပေါ်လာသည်။

အချို့လူများ ဤသည်ကို တားဆီးချင်သောကြောင့် ဘိုးဘေးပညာများ ထုတ်လွှတ်ခဲ့ကြသော်လည်း ထိုပညာများသည်ပင်လယ်ကျထဲသို့ ဝင်ရောက်သွားသည်နှင့် ရေပွက်လေးသာ ဖြစ်သွားသည်။ ငါးကြီးကို မရိုက်ခတ်နိုင်။

ပင်လယ်ကျထဲ၌ တိုက်ခိုက်လာသည့်သင်္ကေတများကို ချေဖျက်ပေးနိုင်သည့် ထူးဆန်းသည့်စွမ်းအားတစ်မျိုးရှိနေသည်။ ဤနေရာမှာ ငါးမွေးသည့်ကန်ကြီးကဲ့သို့ပင်။

“ဟွမ် ထွက်ပြေးတော့မယ်လို့ မသေမျိုးသက်ရှိကို မြန်မြန်သတင်းသွားပို့..” တစ်စုံတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ပင်လယ်ကျပျောက်ကွယ်သွားသည့်နေရာတွင် သူတို့ ဤ‌လောကမှ လွတ်မြောက်ကာ အခြားနေရာတစ်ခုသို့ ရောက်သွားနိုင်လောက်သည်။ ဤသည်မှာ အလွန်လေးနက်သည့်ကိစ္စပင်။ သူတို့ မြန်မြန်သတင်းပို့လိုက်သည်။

ဟွမ်မှာ မသေမျိုးဘုရင်များ လိုချင်နေသည့်သူပင်။ သူ ဤအတိုင်းထွက်သွား၍ ဘုရင်များသာ စိတ်တိုသွားလျှင် အကျိုးဆက်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်လိမ့်မည်။

သူတို့ကံကောင်းသွားသည်မှာ ပင်လယ်ကျသည် ကျယ်ပြောလွန်းလှသည်။ ထိုထူးဆန်းသည့်ငါး ချက်ချင်းပျောက်မသွားနိုင်။ သူတို့ကောင်းကင်ထက်သို့ တက်သွားနေသော်လည်း ရေတံခွန်မှာ အလွန်ရှည်လျားလှသောကြောင့် အဆုံးသတ်သို့ ချက်ချင်းမရောက်နိုင်။

နေရာတိုင်း၌ ရွှေ့ပြောင်းအစီအရင်များ ရှိနေသောကြောင့် ရှီဟောင် ထွက်ပြေးလွတ်မြောက်တော့မည့်သတင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။

မသေမျိုးသက်ရှိများထဲမှ တစ်ဦး သတင်းကို ချက်ချင်း ရရှိလိုက်သည်။

ဝုန်း..

ထိုအခိုက်အတန့်တွင် လောကသစ်ပင်လှုပ်ရှားလာသည်။ မသေမျိုးသက်ရှိတစ်ဦး အရိုအသေပေးပြီး လောကသစ်ပင်နှင့် ဆက်သွယ်လိုက်သည်။ သူသည် သစ်ကိုင်းလေးကိုသုံးကာ ပင်လယ်ကျဘက်သို့ ဖိနှိပ်လိုက်သည်။

ဤမသေမျိုးသက်ရှိမှာ မတည်ငြိမ်နိုင်တော့။ မဟုတ်ပါက သူ ဤမျှထိ လုပ်မည်မဟုတ်။

“မကောင်းတော့ဘူး..”

ရှီဟောင် အမူအရာ ပြောင်းလဲသွားသည်။ ကောင်းကင်ထက်၌ သစ်ကိုင်းတစ်ကိုင်းကို တွေ့လိုက်ရသည်။ ထိုသစ်ကိုင်းသည် နဂါးတစ်ကောင်ကဲ့သို့ ဖြောင့်တန်းနေသည်။ သစ်ရွက်များမှာ အလွန်ကြီးမားလှပြီး တောက်ပသည့်အရောင်များ စီးဆင်းနေသည်။

ထိုသစ်ပင်ကြီးမှ ထုတ်လွှတ်နေသည့်ဖိအားမှာ ကြယ်ကောင်းကင်ထက်ပင် ကြီးမားလှသည်။

ဤသည်မှာ လောကသစ်ပင်ပင်။ အရွက်တစ်ရွက်စီတိုင်း၌ ကြီးမားလှသည့် ကြယ်တစ်လုံးစီရှိနေကာ ဖရိုဖရဲစွမ်းအင်များလည်း ရှိနေသည်။ ဤသည်မှာ လောကကို ဖန်တီးသည့်သစ်ပင်၏ စွမ်းအားပင်။

ဝုန်း..

ပင်လယ်ကျ တုန်ခါသွားကာ ကောင်းကင်ထိရောက်သည့်လှိုင်းများ ထွက်ပေါ်လသည်။

တစ်ချိန်တည်းမှာပင် ဘိုးဘေးငါးသည် လောကသစ်ပင်နှင့် တိုက်ခိုက်ခြင်းမရှိပဲ ရေအောက်ထဲသို့ ဝင်ပုန်းလိုက်သည်။ ထိုအခိုက်အတန့် ရှီဟောင် ခံစားနေရသည့်ဖိအားများ ရုတ်တရက်လျော့ကျသွား၏။

ဤသည်မှာ ထူးဆန်းလှသည်။

ဒါက လောကသစ်ပင်လေ .. ဒီသစ်ပင်ကတောင် ပင်လယ်ကျကို ဘာမှမလုပ်နိုင်ဘူးလား..

“ခြေတစ်လှမ်းနောက်ကျသွားပြီ .. သူတို့တွေ ပင်လယ်ကျ ပျောက်သွားတဲ့နေရာနဲ့ နီးနေပြီ .. အဲဒီနေရာက သဘာဝဥပဒေတွေက ထူးခြားတယ် .. လောကသစ်ပင်တောင် ဘာမှမလုပ်နိုင်ဘူး..”

မသေမျိုးသက်ရှိမှာ အတော်လေး ဝေးနေသေးသည်။ သူ လောကသစ်ပင်ကိုသုံးကာ ပင်လယ်ကျအား ဖိနှိပ်ရန် ကြိုးစားလိုက်သော်လည်း သူကျဆုံးသွားလေပြီ။

“သူက သေချင်နေတာပဲ .. ဒါဆိုလည်းငါတို့ကို အပြစ်မတင်နဲ့..”

မသေမျိုးသက်ရှိတစ်ဦး ပြောလိုက်သည်။ သူ နည်းလမ်းတစ်ချို့ သုံးတော့မည်။

“မလုပ်နဲ့ .. သူတကယ်သေသွားရင် ငါတို့ဘက်က ဘိုးဘေးတွေကို ရှင်းပြနိုင်မှာ မဟုတ်ူဘး..” အခြား မသေမျိုးသက်ရှိတစ်ဦး အော်ဟစ်လိုက်သည်။

မသေမျိုးသက်ရှိများသည့် အမိန့်စာတစ်ခု ချမှတ်ကာ ဟွမ်၏လုံခြုံရေးကို အာမခံခဲ့သည်။ သို့သော် ထိုအမိန့်စာ၌ တံဆိပ်များရှိနေသည်ပင်။ စုစုပေါင်း တံဆိပ်ခြောက်ခု ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်ပင်။

ယခု သူတို့ထဲမှတစ်ဦး ရှီဟောင်ကို ဖျက်ဆီးရန် လုပ်တော့မည်။

“အဲဒီလောက် ဂရုမစိုက်နိုင်တော့ဘူး .. သူထွက်သွားရင် သူဘာဖြစ်လာမလဲ .. သူက လူငယ်မျိုးဆက်က ကျင့်ကြံသူတစ်ယောက် .. သူ့ကို ဘယ်လိုလုပ် သူ့စိတ်ကြိုက် ဝင်ထွက်သွားလာခွင့်ပေးနိုင်မှာလဲ .. ငါတို့သူ့ကို မြည်းစမ်းခိုင်းရမှာပဲ..”

သက်ရှိတစ်ဦး ပြောလိုက်ကာ သူ၏မသေမျိုးအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ သူသည် လေဟာနယ်ထဲ၌ ထိုင်နေကာ ထူးဆန်းသည့်မှော်တံဆိပ်တစ်မျိုးကို ပြုလုပ်နေသည်။

ဝုန်း..

ကောင်းကင်နှင့်မြေကြီးကြားတွင် မူလဖရိုဖရဲလျှပ်စီးများ ချက်ချင်းပေါ်လာကာ ကောင်းကင်ကို စုတ်ဖြဲလာသည်။ အားလုံး ထိတ်လန့်သွားကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။

ထို့နောက် ငါးတစ်ကောင် ပင်လယ်ကျထဲမှ ခုန်ထွက်လာကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။ ထိုငါးထံမှ အနက်ရောင်အလင်းလှိုင်းများလည်း ထွက်ပေါ်နေသည်။

အစပိုင်းတွင် ရှီဟောင် သူ၏နောက်ဆုံးနေ့ ရောက်လာပြီဟု ခံစားလိုက်ရသည်။ မသေမျိုးသက်ရှိများ သူ့ကိုလုပ်နေသည်ကို သူမသိသော်လည်း သေခြင်းတရား၏အန္တရာယ်ကိုတော့ သူခံစားနေမိသည်ပင်။

သို့သော် ထိုအခြေအနေမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ထိုငါးခုန်ထွက်လာကာ ထူးဆန်းသည့်အနက်ရောင်အလင်းများကို ထုတ်လွှတ်ပြီး သူ၏ကျောထက်၌ ထူးဆန်းသည့်သင်္ကေတပေါင်းစုံ ထွက်ပေါ်လာသည်။ မသေသေးသည့်ရွှေရောင်စစ်သူရဲများ၏ ပြောစကားအရဆိုလျှင်တော့ ဤသည်မှာ ရှေးအကျဆုံး ရှေးဟောင်းစာတစ်မျိုးးပင်။

ထို့နောက် ထိုငါး သူတို့ကို ပင်လယ်ကျ၏အဝေးသို့ ခေါ်သွားသည်။ သူသည် ကောင်းကင်ထက်သို့ ခုန်ချလိုက်သကဲ့သို့ သူတို့ပုံရိပ်တစ်ဖြည်းဖြည်းမှုန်ဝါးလာသည်။

သူတို့ ပင်လယ်ကျ၏အဆုံးသတ်ဟု ခေါ်ကြသည့်နေရာသို့ ဝင်သွားလိုက်ကြသည်။ ယခု သူတို့ထွက်သွားတော့မည်။

“ဘာ .. သူက ငါ့ရဲ့လျှို့ဝှက်ပညာကိုတောင် တားဆီးလိုက်နိုင်တာလား .. အဲဒါက ဘယ်လိုသတ္တဝါမျိုးလဲ..” မသေမျိုးသက်ရှိတစ်ဦး အလွန်ထိတ်လန့်သွားရသည်။

“ငါးတစ်ကောင်က ဒဏ္ဍာရီလာ မြစ်ထဲကနေ ရုန်းထွက်သွားတယ် .. သူက သူ့ရဲ့ကံတရားကနေ ထွက်ပြေးချင်နေတယ်..” မသေမျိုးသက်ရှိတစ်ဦးအလွန်လးနက်စွာ ပြောလိုက်သည်။

“ခေတ်ပေါင်းများစွာကြာသွားတာတောင်မှ ဘိုးဘေးငါးက ထပ်ပေါ်လာသေးတယ် .. ဒါက ဘာကိုဆိုလိုတာလဲ..” မသေမျိုးသက်ရှိများ၏မျက်နှာများမှာ ညှို့မှိုင်းနေကြကာ အလွန်လေးနက်နေကြသည်။

အပိုင်း ၁၇၉၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၈၀၀ – ကံတရားမြစ်ထဲမှ ခုန်ထွက်သွားခြင်း

ဟွမ် လွတ်သွားပြီ..

ဤသတင်းမှာ မိုးခြိမ်းသံကဲ့သို့ လောကကြီးတစ်ခုလုံး၌ ပဲ့တင်ထပ်သွားကာ ကလန်အားလုံးကို ဆွံ့အသွားစေသည်။ ဤသည်မှာ လူငယ်လေးတစ်ဦး၊ အကျဉ်းသားတစ်ဦးသာ ဖြစ်သော်လည်း ကောင်းကင်ထက်က တိမ်တိုက်များကဲ့သို့ များပြားလှသည့်ကျင့်ကြံသူများရှိနေသည့်နေရာမှ တည်ငြိမ်စွာ ထွက်ခွာသွားလေပြီ။

ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။

ထို့အပြင် ပို၍ ရယ်စရာကောင်းသည်မှာ ဟွမ် ငါးတစ်ကောင်စီးပြီး ထွက်ပြေးသွားသည်ဟူသော ကောလဟာများကို လူများစွာ ကြားလိုက်ရသည်။ ဤဿည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။

ဤသတင်းကြားလိုက်ရသည့်အချိန်ဖြစ်သွားသည့် အားလုံး၏အမူအရာမှာ အတူတူပင်။ သူတို့ မယုံကြည်နိုင်ဖြစ်နေကြသည်။

“သောက်ရေးမပါတာလို့ ပြောတာတောင် တော်တော်လွန်နေပြီ .. အတွင်းသတင်းတွေ ရှိနေမှာ သေချာတယ် .. ဟွမ်ကို သွားခိုင်းလိုက်ပြီးတော့မှ အကြောင်းပြချက်တစ်ခု ပေးလိုက်တာပဲ .. တကယ့်ဟာသပဲ..”

“ဟား ဟား .. ငါဘာကြားလိုက်တာလဲ .. ဟွမ်ငါးတစ်ကောင်စီးပြီး ထွက်ပြေးသွားတယ်ဟုတ်လား .. ဒီဟာသက လုံးဝမရယ်ရဘူးနော်”

လူများစွာ ဤသည်ကို မယုံကြည်ကြ။

ထို့အပြင် သတင်းများ တစ်စထက်တစ်စ ပြန့်လာကာ ဤသည်မှာ အမှန်ဖြစ်ကြောင်း ပြောလာကြသည်။

“ဒါကို လက်မခံနိုင်ဘူး .. ကိုယ်တိုင်ခစားခြင်းနယ်ပယ် ကျင့်ကြံသူက ငါတို့လောကကနေ သူ့တစ်ယောက်တည်း ထွက်ပြေးသွားတာလား..”

အားလုံး ကျိန်ဆဲပစ်လိုက်ချင်နေကြသည်။ ဟွမ်ကို သေလောက်အောင် မုန်းတီးနေသည့် ကျင့်ကြံသူများစွာ ရှိနေသော်လည်း ယခုတော့ .. သူ ထွက်ပြေးလွတ်မြောက်သွားလေပြီ။

ဤကဲ့သို့ ဖြစ်မည်မှန်းသာသိလျှင် အဆင့်လွန်သက်ရှိတစ်ယောက်အား သူ့ကို သေအောင်သတ်ခိုင်းလိုက်မည်ပင်။

အားလုံးမှာ တည်ငြိမ်နိုင်ရန် ခက်ခဲနေကြ၏။ အထူးသဖြင့် လူငယ်မျိုးဆက်များပင်။ ဤနတ်ဆိုးဘုရင်ကြီး၏လက်၌ သွေးများစွန်းထင်းနေသည်။ သူတို့ ဤနတ်ဆိုးဘုရင်ကို ဖမ်းနိုင်ခဲ့သော်လည်း ယခုတော့ လွတ်သွားပြီလား..

“ဘာ ဘိုးဘေးငါးလဲ .. ဒါက ဘာကြီးလဲ .. တစ်ခါမှ မကြားဖူးဘူး .. ငါတို့ဘက်မှာ ကြွက်တွေရှိနေတာလား .. ဟွမ်ကို တမင်သက်သက်လွတ်ပေးလိုက်တာလား.. ဒါကို မြန်မြန်စုံစမ်းကြ..”

“ငါ ဒါကို လက်မခံနိုင်ဘူး .. ငါတို့ဘက်က မသေမျိုးသက်ရှိတွေ အင်ပါယာဂိတ်က သက်ရှိတွေကို ရှင်းပစ်လိုက်လို့ရတယ် .. အဲဒါကို ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်လာတာလဲ..”

ထို့နေ့မှစကာ ဤဘက်၌ မုန်တိုင်းတစ်ခု စတင်တိုက်ခတ်ခဲ့သည်။

ဟွမ်၏ မထင်မှတ်ထားသည့်ကိစ္စ သူတို့ကို အလွန်တုန်လှုပ်သွားစေသည်မှာ သေချာသည်။

လူငယ်မျိုးဆက်များသာမက လူကြီးများပင် မတည်ငြိမ်နိုင်တော့။ ရာထူးကြီးသည့်သူများမှာ စိုးရိမ်နေကြသည်။

မသေမျိုးဘုရင်များ လိုချင်နေသည့်သူ ဤကဲ့သို့ လွတ်မြောက်သွားလေပြီ။

..

အင်ပါယာဂိတ်ဘက်တွင် ရက်ပေါင်းအတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

ဟွမ်ကို လက်လွဲပေးလိုက်ကတည်းက တစ်မြို့လုံး၏ လေထုအခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည်။ အားလုံး မသက်မသာ ခံစားနေကြရသည်။

သို့သော် ဤနှစ်ရက်အတွင်းအတွင် လေထုကို အနည်းငယ်ပြောင်းလဲစေသည့် သတင်းအချို့ ပျံ့လွင့်လာခဲ့၏။ ဤသည်မှာ ဟွမ်နှင့် ဆက်စပ်နေသည့်သတင်းပင်။

တစ်ဖက်လောက၌ ဟွမ် အကျဉ်းသားဖြစ်နေပြီဖြစ်ပြီး နှိပ်စက်မှုကို သည်းခံကာ မသန်စွမ်းသည့်သူဖြစ်သွားပြီဟူသည့် သတင်းတစ်ခု အရင်ပျံ့လွင့်လာသောကြောင့် တစ်မြို့လုံး တိတ်ဆိတ်သွားခဲ့သည်။

ချင်းယီ၊ ယုန်ဖြူလေးနှင့် အခြားသူတို့သည် စိတ်ထဲ၌ ဝမ်းနည်းကာ တိတ်တဆိတ်ပင် မျက်ရည်ကျနေကြသည်။

ဤအရာအားလုံး မည်သူ့ကြောင့်ဖြစ်ခဲ့သနည်း .. သူတို့ မည်သူ့ကို အပြစ်တင်ရမည်နည်း..

ဟွမ်ကို လက်လွှဲပေးလိုက်သည့်သူမှာ သူတို့ပင်။ သူသည် တစ်ဖက်လောကမှ ကျွမ်းကျင်သူများစွာကို သတ်သည့်အပြင် မသေမျိုးဘုရင်များလိုချင်နေသည့် သစ်သားသေတ္တာကိုပင် ယူလာခဲ့သည်။

သို့သော် ဤသည်မှာ သူ၏အဆုံးသတ်ပင်။

လူများစွာ၏ ခံစားချက်များ ရှုပ်ထွေးနေကြသည်။ ချင်းယီ၊ ချန်ကုန်းယန်နှင့် အခြားသူများမှာ ခါးခါးသီးသီး စိတ်ပျက်နေကြကာ ဒေါသထွက်နေကြပြီး ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေကြသည်။

သို့သော် ခဏကြာပြီးနောက် ရှီဟောင် ပြန်ကောင်းသွားသည့်အပြင် သူ၏ခွန်အားများ တိုးတက်သွားကာ တစ်ဖက်လောကမှ ဧကရာဇ်ကလန်များကို သူနှင့်မျက်နှာချင်းမဆိုင်ရဲလောက်အောင်အထိ အနိုင်ယူလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

“အဲဒါ အမှန်လား..” ဤသတင်းကို ကြားသည်နှင့် ယုန်ဖြူလေး စိတ်လှုပ်ရှားစွာ ထခုန်လိုက်သည်။

ဤသတင်းမှာ အားလုံးကို စိတ်လှုပ်ရှားစေသည်ပင်။ ရှီဟောင်နှင့်ရင်းနှီးသည့်သူငယ်ချင်းဟောင်းများမှာ အလွန်ပျော်ရွှင်သွားကြသည်ပင်။

အချို့လူများမှာ ဟွမ်မည်မျှ စွမ်းအားကြီးကြောင်းကို သိချင်နေကြသည်။ အကျဉ်းသားတစ်ယောက် ဖြစ်သွားတာတောင်မှ သူက တစ်ဖက်လောကမှ ပြဿနာရှာနိုင်တုန်းလား .. ဤသည်မှာ လက်ခံနိုင်ရန် အနည်းငယ် ခက်ခဲလှသည်။

“သတင်းကြီး .. ဟွမ် လွတ်သွားပြီ .. ဟွမ် တစ်ဖက်လောကကနေ လွတ်သွားပြီး ဒီကိုပြန်လာနေပြီတဲ့ .. သူ့ကို ကြိုဆိုဖို့ ပြင်ဆင်ရအောင်..”

ထိုနေ့၌ ပို၍ ထိတ်လန့်စရာကောင်းသည့်သတင်း ပျံ့လွင့်လာကာ အားလုံး၏နားထဲ၌ ပဲ့တင်ထပ်လာသည်။

ဟွမ် ပြန်ပြေးလာတယ်ဟုတ်လား .. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. သူ ဘယ်လိုလုပ်လိုက်တာလဲ..

ထိုဘက်မှာ စွမ်းအားကြီးလှသည်။ နယ်ခြားစပ်၌ ခံစစ်များ တည်ဆောက်ထားရန်မလို။ ကောင်းကင်ဘုံကိုးခုသာ အင်ပါယာဂိတ်ကို တည်ဆောက်ကာ လမ်းပိတ်ထားခြင်းပင်။

ရှီ‌ဟောင် အချိန်သားရဲကို အနိုင်ယူလိုက်သည့်သတင်းလည်း ဒီရေကဲ့သို့ တရှိန်ထိုး ထွက်ပေါ်လာသည်။ ထို့အပြင် သူ ငါးကြီးတစ်ကောင်စီးပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟူသည့် လျှို့ဝှက်သတင်းများလည်း ပျံ့လာသည်။

“ဒါ .. ဒါက တကယ်လား..”

အင်ပါယာဂိတ်မှလူများ အနည်းငယ် ဆွံ့အနေကြသည်။ ဧကရာဇ်ကလန်ကို အနိုင်ယူသည်ဆိုသည်ကိုပင် သူတို့ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေကြခြင်းပင်။ သို့သော် ယခု ဟွမ် ငါးတစ်ကောင်ကိုစီးပြီး ထွက်ပြေးသွားသည်ဟု သတင်းထွက်လာ၏။ ဤသည်မှာ အနည်းငယ် ကို့ယို့ကားယားနိုင်စရာ ကောင်းလှသည်ပင်။

“မကောင်းတော့ဘူး .. ဟွမ်ဘက်ပြောင်းသွားပြီး တစ်ဖက်လောကကို အရှုံးပေးလိုက်ပြီဆိုတဲ့ သတင်းထွက်လာတယ်..”

တစ်နေ့ထဲမှာပင် ထိုကဲ့သို့သော သတင်းမျိုး ထွက်ပေါ်လာ၏။

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေကာ လူများစွာကို ထိတ်လန့်သွားစေသည်ပင်။

သူ ကောင်းကောင်းလုပ်ခဲ့သော်လည်း တစ်ဖက်လောသို့ အကျဉ်းသားအဖြစ် ပို့ခံလိုက်ရသောကြောင့် သူ၏နှလုံးသား အေးစက်သွားမည်ပင်။ သူ ဘက်ပြောင်းသွားသည်ဆိုသည်မှလည်း ယုံကြည်နိုင်ရန် ခက်ခဲသည့်အရာမဟုတ်။

သူတို့သာ ရှီဟောင် နေရာ၌သာဆိုပါက သူတို့လည်း ပြောင်းပစ်လိုက်လိမ့်မည်ဟု တွေးနေသည့်လူအချို့ ရှိနေသည်အထိပင်။

“ကောလဟာလဖြန့်တဲ့သူတွေကို သတ်ပစ်..”

တစ်နေ့တည်းတွင်ပင် မုန့်ထျန်းကျန်း ဤအမိန့်ထုတ်လိုက်သည်။ မဟုတ်မမှန်သည့်စကားများကို ပြောကာ လူထုခံယူချက် ယိုင်နဲ့အောင် လုပ်သည့်သူများအားလုံး ချွင်းချက်မရှိ သတ်ခံရမည်။

“ဟွမ် ပြန်လာနေပြီလို့ ငါတကယ်ထင်တယ် .. တစ်ဖက်လောကက သက်ရှိတွေက သူ့ကို လှောင်ပြောင်ချင်လို့၊ ငါတို့အချင်းချင်း စိတ်ဝမ်းကွဲအောင်လို့ တမင်သက်သက် ရေဆိုးတွေ လောင်းချနေတာ..”

ဟုတ်ပါသည်။ ဟွမ် လွတ်မြောက်သွားသောကြောင့် သူတို့ အင်ပါယာဂိတ်ဘက်သို့ တမင်သက်သက် ကောလဟာလများ ဖြန့်လိုက်ခြင်းပင်။

အင်ပါယာဂိတ်ဘက်၌ ကောလဟာပေါင်းစုံ ပြန့်နေပြီး မည်သည့်သတင်းက အစစ်အမှန်လဲဆိုသည်ကို မသိနိုင်တော့။

ဟွမ်သည် တစ်ဖက်လောက၌ ဧကရာဇ်ကလန်များကို အနိုင်ယူကာ အချိန်သားရဲကို သူ၏အစားအစာအဖြစ် သတ်မှတ်ပြီး သူ၏အောင်မြင်မှုများကို စိုက်ထူခဲ့သည်ဟု အချို့လူများ ယုံကြည်ကြသည်။

အချို့လူများသည်လည်း သူတို့နည်းနည်း ဖြစ်နိုင်သည့်ရှု့ထောင့်ကို တွေးရန် လိုအပ်သည်ဟု ခံစားနေကြရသည်။ ဤကဲ့သို့သော အောင်မြင်မှုများမှာ မဖြစ်နိုင်။ ဟွမ် ဒေါသထွက်သွားသောကြောင့် တစ်ဖက်လောကသို့ ဘက်ပြောင်းသွားခြင်းဖြစ်နိုင်သည်။ သူ၏နှလုံးသားမှာ ကောင်းကင်ဘုံကိုးခုနှင့် မရှိနိုင်တော့။

ဟွမ်က ကိုယ်ကျင့်တရားဖြောင့်မတ်တဲ့ သူရဲကောင်းတစ်ယောက်လား .. ဒါမှမဟုတ် ဒေါသတရားကြောင့် တစ်ဖက်လောကဘက်ကို ဘက်ပြောင်းသွားပြီး နတ်ဆိုးဘုရင်ဖြစ်သွားပြီလား..

အချိန်တစ်ခုထိတော့ မည်သူမှ ပွင့်ပွင့်လင်းလင်းမပြောရဲကြ။ သို့သော် အချင်းချင်းတော့ ပြောဆိုငြင်းခုံနေကြသည်ပင်။

ယခုအချိန်တွင် ရှီဟောင် ထူးဆန်းသည့်လောကတစ်ခုထဲသို့ တကယ်ရောက်သွားသည်။ အပြင်လောကမှ လူများ မစဉ်းစားနိုင်လောက်သည့် လောကတစ်ခုပင်။

ဘိုးဘေးငါးသည် အားကုန်ခုန်လိုက်ပြီး ပင်လယ်ကျမှ လွတ်မြောက်အောင် လုပ်လိုက်သည်။ ထို့နောက် အရာအားလုံးမှာ မှုန်ဝါးကာ မဲမှောင်လာသည်။

ယခုအချိန်တွင် ရှီဟောင် သေခြင်းထက်ဆိုးသည့် နှိပ်စက်မှုမျိုးကို ခံနေရသည်။

ငါးခန္ဓာကိုယ်မျက်နှာပြင်ကြီး တောက်ပလာကာ အနက်ရောင်ကောင်းကင်နေကဲ့သို့ ဖြစ်လာသည်။ သူသည် ထူးဆန်းသည့်စွမ်းအားတစ်မျိုးကို ခုခံနေရလေ၏။ သူ၏ခန္ဓာကိုယ်လည်း လျင်မြန်စွာ ကျုံ့သွားသည်။

ရှီဟောင်တို့သည် ကြီးမားလှသည့် ဖိအားကို ခံစားနေရကာ သူတို့ခန္ဓာကိုယ်မှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်နေသည်။ သူတို့အရိုးများအားလုံး ကျိုးသွားလေပြီ.

ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားတာလဲ.. ရှန်းမင်မျက်နှာမှာ အရောင်မရှိတော့။ သူမကဲ့သို့ စွမ်းအားကြီးသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် မသေသေးသည့်ရွှေရောင်စစ်သူရဲပင်လျှင် ယခုအချိန်၌ သေမလိုဖြစ်နေလေပြီ။

စန်းကျန်းလည်း ထို့အတူပင်။ သူ့တစ်ကိုယ်လုံး စုတ်ပြတ်နေပြီး မြင့်မြတ်သည့်အော်ရာများလည်း လျော့ပါးလာသည်။

ရှီဟောင်၏အခြေအနေမှာ ပို၍ပင် စိုးရိမ်စရာကောင်းနေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ မရောက်သေး။

သို့သော် ဤနေရာမှာ ထူးဆန်းသည်။ လူတစ်ယောက်ရင်ဆိုင်ရသည့်ဖိအားမှာ ထိုသူ ခံနိုင်သည်ထက် ပိုသည်ပင်။ ဤသည်မှာ အထူးစမ်းသပ်မှုတစ်ခုနှင့် တူနေသည်။

ခဏကြာပြီးနောက် သူတို့အမူအရာများ ပြောင်းလဲသွားသည်။ ဘိုးဘေးငါးတစ်ကိုယ်လုံး သွေးများစိုရွှဲနေကာ ဆိုးရွားစွာပင် ပုံပျက်နေလေပြီ။ သူ့ကိုကြည့်ရသည်မှာ ပျက်စီးတော့မည့်ပုံပေါ်သည်။ သိထားရမည်မှာ သူတို့ဤငါးကို အသုံးပြုကာ တစ်ဖက်လောကမှ ထွက်ခွာလာခြင်းပင်။ ယခု ဤငါး ပျက်စီးတော့မည်လား..

“ကြည့်လိုက် .. သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဘိုးဘေးသင်္ကေတတွေ အရောင်မှိန်လာပြီ .. လုံးဝပျက်ပြယ်သွားတော့မယ် .. ဒါက သူ အကာအကွယ်မရှိတော့ဘူးလို့ ဆိုလိုတာပဲ..” ရှန်းမင်ပြောလိုက်သည်။

ဝုန်း..

တုန်ခါမှုန်ကြီး ဖြစ်ပေါ်သွားပြီးနောက် သူတို့အားလုံး သတိလစ်သွားသည်။ သူတို့ အသိစိတ်အနည်းငယ်သာ ရှိတော့သည်။ သူတို့ ကျမ်းစာအသံတစ်ချို့ကိုသာ ကြားရတော့သည်။

ဤသည်မှာ အိပ်မက်မက်နေသကဲ့သို့ အလွန်မရှင်းမလင်းဖြစ်နေသည်။

ဘိုးဘေးငါးသည် ဘိုးဘေးစာသားများကို မီးတောက်များအဖြစ် အသုံးပြုပြီး သူ၏သွေးကို ပူဇော်ကာ သူ့ကိုယ်သူတောက်လောင်စေလိုက်သည်။ သူ ကံကြမ္မာမြစ်ထဲမှ ခုန်ထွက်ကာ တစ်ခြားနေရာသို့ ဝင်သွားတော့မည်။

အချိန်မည်မျှကြာသွားမှန်း မသိသည့်အချိန်တွင်မှ ရှီဟောင် နှိုးလာသည်။ သူနှိုးလာသည့်အချိန်တွင် ကျမ်းစာသံ၏နောက်ဆုံးစာလုံးကိုသာ ကြားလိုက်သည်။ ကြည့်ရသည်မှာ အခမ်းအနားတစ်ခုကို တကယ်လုပ်ခဲ့ပုံပေါ်သည်။

သူ၏အခြေအနေ အလွန်ဆိုးရွားနေသော်လည်း သူအသက်ရှင်နိုင်ခဲ့သည်။

သူ၏အရိုးအားလုံး ကျိုးသွားပြီဖြစ်ပြီး အသွေးအသားလည်း ဆိုးရွားစွာ ပုံပျက်နေသည်။ သို့သော်လည်း သူတောင့်ခံနိုင်သေးသည်။ သူ ထိုင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ သူ၏ကျိုးသွားသည့်အရိုးများအားလုံး စတင် ပြန်လည်ကောင်းမွန်နေလေပြီ။

သိပ်မဝေးသည့်နေရာ၌ ရှိနေသည့် ရှန်းမင်နှင့် စန်းကျန်းတို့မှာ ပို၍ပင် ဆိုးရွားနေသည်။ သူတို့ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစဖြစ်နေလေပြီ။

အချိန်အတော်ကြာမှ သူတို့မျက်လုံးများ ပွင့်လာသည်။ သို့သော်လည်း သူတို့အလွန်ဖြူဖျော့နေကာ မူလဝိညာဉ်မီးတောက်လည်း မှိန်ဖျော့နေသည်။

သူတို့မျက်နှာထက်၌ ခါးသီးလှသည့်အပြုံးများ ရှိနေသည်။ သူတို့၏အခြေအနေမှာ လုံးဝရှုပ်ထွေးနေသည်။ သူတို့ ပြန်ကောင်းချင်လျှင် အချိန်ပေးရမည်ဖြစ်သလို ပေးဆပ်ရမည့်အရာများလည်း ရှိနေသည်။

“ရှင် .. ရှင်အဲဒီလောက် မထိခိုက်သွားဘူးလား..” သူတို့ခန္ဓာကိုယ်များကို ပြန်ဆက်ပြီးနောက် ရှီဟောင်၏အခြေအနေကို တွေ့လိုက်ရသည့်အချိန် သူတို့နှစ်ဦးလုံး အလွန်ထိတ်လန့်သွားရသည်။

“ဟွမ် ပီသပါပေတယ်..” စန်းကျန်း ပြောလိုက်သည်။

“ရှင့်ကို ကျွန်မရဲ့ တာအိုလက်တွဲဖော်လုပ်ဖို့ ကျွန်မ တကယ်စဉ်းစားနေပြီ” ရှန်းမင်သည် ပို၍ပင် ဒဲ့တိုးဆန်သေးသည်။ သူမသည် နာကျင်မှုကို သည်းခံကာ သူမ၏မျက်လုံးများကို ဆွဲဆောင်မှုရှိစွာ လုပ်လိုက်ပြီး ဝိညာဉ်ကို ဆွဲဆောင်လိုက်သည်။

“ဒီငါးဘာဖြစ်တာလဲ..” ရှီဟောင် ခပ်ဝေးဝေးသို့ ကြည့်လိုက်သည်။

ငါးမှာ အတော်လေး သေးသွားလေပြီ။ ကျန်းရာကျော်သာ ရှိတော့သည်။ သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး စုတ်ပြတ်နေသည်။ သူ၏ဦးခေါင်းပင်လျှင် လုံးဝကြေမွသွားပြီဖြစ်သည်။ သူ့ပုံစံအတိုင်းဆိုလျှင် အသက်ရှင်နိုင်မည်မဟုတ်တော့။

သို့သော် ထိုနေရာ၌ ပျောက်ကွယ်မသွားသေးသည့် ဘိုးဘေးသင်္ကေတတစ်ပိုင်းရှိနေသည်။ ယခု ထိုနေရာမှ တောက်ပသည့်အလင်းများ ထုတ်လွှတ်ကာ သွေးစွမ်းအင်များ ထုတ်နေသည်။ သူ၏ခွန်အားများကို ပြသတော့မည်။

ဤထူးဆန်းသည့်ငါးထံ၌ ပြောင်းလဲမှုများ နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။ ငါးသည် ပို၍ပင် သေးလာကာ ဆယ်ကျန်းခန့်သာ ရှိတော့သည်။ သူ၏ပျက်စီးသွားသည့်အရိုးများ ကုသပြီးသွားပြီဖြစ်ပြီး ပျက်စီးသွားသည့် ခန္ဓာကိုယ်ကြီးလည်း ပြန်ကောင်းလာလေပြီ။

ဤသည်မှာ ပြန်ကောင်းလာရန်အတွက် သူ၏ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး သွေးစွမ်းအင်များအားလုံးကို ထုတ်သုံးလိုက်သည်နှင့် အတူတူပင်။

သူသည် ယခင်ကထက် အားနည်းသွားလေပြီ။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သူ၏ပုံစံလည်းပြောင်းလဲလာလေပြီ။ ကြီးမားလှသည့်နဂါးခေါင်းနှင့် နွားဦးချိုမှာ ငှက်ပုံစံသို့ ပြောင်းသွားသည်။

သူ၏ဦးခေါင်းမှာ ပန်ခေါင်းနှင့် တူကာ ရွှေရောင်တောက်ပနေသည်။

သူ့ထံ၌ ငါးခန္ဓာကိုယ်ရှိနေသေးသော်လည်း ထုတ်လွှတ်လာသည့်သင်္ကေတများမှာ အလွန်ထူးဆန်းကာ နက်နဲလှသည်။

ရှီဟောင် ချက်ချင်း ထိတ်လန့်သွားကာ စိတ်ထဲတုန်လှုပ်သွားရသည်။ ဤသင်္ကေတများမှာ ခွန်ပန်သင်္ကေတများနှင့် အနည်းငယ် တူနေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဘိုးဘေးငါးက ခွန်ပန်အဖြစ် ပြောင်းတော့မှာလား..

နောက်ဆုံး၌ ပန်ခေါင်းပျောက်သွားကာ အနက်ရောင်ငါးအဖြစ် ပြောင်းလဲသွားသည်။ သို့သော် သူ့ခန္ဓာကိုယ်၌ ပန်အော်ရာ ရှိနေဆဲပင်။

“ကံကြမ္မာမြစ်ထဲက ခုန်ထွက်လာပြီးတော့ ဒီဘိုးဘေးငါးက ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ဖြစ်သွားတယ်..” စန်းကျန်း ပြောလိုက်သည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဒီဘိုးဘေးငါးလို့ခေါ်တဲ့ငါးက တကယ်ပဲ ဘာဖြစ်သွားတာလဲ .. ဒီလိုငါးမျိုး ဘယ်နှကောင်ရှိတာလဲ .. ခွန်ပန်က ဒီလိုမျိုးဖြစ်လာတာလို့တော့ မပြောနဲ့နော်..

ခဏကြာပြီးနောက် သူတို့စိတ်တည်ငြိမ်သွားကာ သူတို့၏လုံခြုံရေးကို စိတ်ပူလာကြကာ ဘေးပတ်လည်ကို ကြည့်လိုက်ကြသည်။

ဒီနေရာက ဘယ်လိုနေရာမျိုးလဲ .. ဒီနေရာမှာ ကျယ်ဝန်းလှကာ အော်ရာနည်းနည်းလေးမှပင်မရှိ။ ဤသည်မှာ ပျက်စီးနေသည့် ရှေးဟောင်းလောကကြီး၊ စွန့်ပစ်ထားသည့်နေရာနှင့်တူနေသည်။

သူတို့၏ ယခင်လောကမှ ထွက်လာခဲ့သည်မှာ သေချာသည်။

“ကြည့်လိုက် .. ဟိုးမှာ ရေကူးနေတဲ့ ဘိုးဘေးငါး နည်းနည်းလေး ရှိတယ်..” ရှန်းမင်ပြောလိုက်သည်။

သို့သော် ကံဆိုးစွာဖြင့် ထိုငါးအားလုံးမှာ သေဆုံးသွားကြလေပြီ။ အချို့မှာ ကျန်းတစ်သောင်းရှည်လျားကာ အချို့မှာ ကျန်း တစ်ဒါဇင်ခန့်သာ ရှည်လျားသည်။ သူတို့၏ပြောင်းလဲခြင်းကျဆုံးကာ သေသွားခဲ့ကြသည်ပင်။ သူတို့သေဆုံးသွားသည်မှာ နှစ်ပေါင်းမည်မျှရှိနေပြီမှန်းပင် မသိတော့။

ထို့အပြင် ဤနေရာမှာ လူသူကင်းမဲ့လှသည်။ ဒီနေရာက စွန့်ပစ်ခံထားရတဲ့ ရှေးဟောင်းစကြာဝဠာလား..

ရုတ်တရက် ခပ်ဝေးဝေးမှ အသံလှိုင်းများ ပျံ့လွင့်လာသည်။ ဤသည်မှာ ယဇ်ပူဇော်သည့်အသံနှင့်ပိုတူသည်။ ဤသည်မှာ ရှေးခေတ်လူများ ဝမ်းပန်းတနည်းငိုကြွေးကာ ဆုတောင်းနေကြသကဲ့သို့ပင်။

“ဒီမှာ လူတွေရှိနေတာလား..”

ဤအုပ်စု မျက်လုံးများ ပြူးကျယ်လာကြသည်။ လူပေါင်းရာပေါင်းများစွာ ကောင်းကင်ကို တိတ်တဆိတ်ဖြတ်ကျော်လာသည်ကို သူတို့တွေ့လိုက်ရသည်။

ရှီဟောင် ချက်ချင်းဆွံ့အသွားရကာ ထိတ်လန့်မှုကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။ ဤသက်ရှိများ အပြင်လောက၌ တစ်ယောက်၊ နှစ်ယောက် ပေါ်လာလျှင်ပင် အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မည်။ ယခုတော့ ရာပေါင်းများစွာ ပေါ်လာနေသည်။

ပို၍အရေးကြီးသည်မှာ သူတို့မြက်ဖျာတစ်ချပ်ကို သယ်ဆောင်လာပြီး ထိုဖျာထက်၌ လူတစ်ယောက် လဲလျောင်းနေသည်။

ငိုကြွေးသံများမှာ သူတို့ထံမှ ထွက်လာခြင်းပင်။ ဤသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့သည့်ဧကရာဇ်ကို ပူဇော်နေသကဲ့သို့ပင်။

အပိုင်း ၁၈၀၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset