သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၁ – သွေးအစစ်ဖြင့် ပြန်လည်မွေးဖွားခြင်း
သွေးရလာပြီဖြစ်သောကြောင့် ရှီဟောင် ပြောင်းလဲလာရန် သူတို့ကူညီ၍ရလေပြီ။
“စကြစို့..”
ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ ဟွမ်ကို အသက်ရှင်အောင် အရင်လုပ်ပေးရမည်ပင်။ နောက်ပိုင်း သူတို့ သူ့ကို သတ်ပဲသတ်သတ်၊ နှိပ်ပဲစက်စက် ကြိုက်တာလုပ်၍ရသည်ပင်။
“မသေမျိုးသက်ရှိတွေက သူ့ကို တစ်ခြားအကြောင်းပြချက်တွေကြောင့် အထင်ကြီးနေတာမဟုတ်ပဲနဲ့ သူ့ခေါင်းထဲက တစ်ခုခုကိုပဲ လိုချင်နေတာဖြစ်ဖို့ မျှော်လင့်တယ်..” အခြား အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
အခြားအကြောင်းပြချက်ရှိနေလျှင် ဟွမ်ကို သတ်ရန် တကယ်ခက်ခဲသွားလိမ့်မည်။
ချီမုန့်ဟုန်နှင့် အခြားသူများ နောက်ဆုတ်လိုက်ရသည်။ ယာယီအားဖြင့် သူတို့ ဤနေရာနား လာ၍မရတော့။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ပြောင်းလဲမှုအချို့ဖြစ်လာမည်ပင်။
အရိုးဖြူဗူးလေး ပွင့်လာကာ ထူးဆန်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် သွေးအလင်းတန်းမှုန်များ ထွက်ပေါ်လာကာ ဗူးထဲမှ နီရဲနေသည့်သွေး ထွက်လာသည်။ ဤသည်မှာ သွေးတစ်စက်သာဖြစ်သော်လည်း အားလုံးကို ကြောက်ရွံ့စေသည့် ခံစားချက်ကြီး ပေးနေသည်။
ဤသည်မှာ ကျယ်ပြောလှသည့် ပင်လယ်ကြီးတစ်စင်းကဲ့သို့ပင်။
ယခုအချိန်၌ အဆင့်လွန်သက်ရှိများပင် စိတ်လှုပ်ရှားလာကြသည်။ သူတို့ ထိုသွေးစက်ကို စိုက်ကြည့်လိုက်သည့်အချိန်တွင် ကြယ်များစွာဝေ့ဝဲနေသလို ခံစားလိုက်ရသည်။
ဒါက အမြင်မှားတာလား .. ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့မြင်ကွင်းတစ်ချို့လား..
သူတို့ သက်ပြင်းချလိုက်ကြ၏။ ဤသွေးစက်၏တန်ဖိုးမှာ အလွန်မြင့်မားလှသည်။ ဤသည်ကို သူတို့နောက်ပိုင်းမျိုးဆက်များကိုသာ ပေးလိုက်ရပါက သေချာပေါက် ကံကောင်းမှုများ ရလာမည်ပင်။
ကံမကောင်းစွာဖြင့် ဤသွေးမှာ ဟွမ် ရထားသည့်သွေးဖြစ်နေသည်။
ထိုသွေး ဆင်းသက်လာသည်နှင့် သွေးရောင်မြူတစ်ပြင်ဖြစ်သွားကာ ရှီဟောင်ကို ဖုံးလွှမ်းသွားသည်။
လေပြင်းများတိုက်ခတ်လာပြီး မိုးခြိမ်းသံများ ဆူညံလာကာ လျှပ်စီးများလက်သွားသည်ကို အားလုံးမြင်လိုက်ရသည်။
ဤသွေးစက်မှ ဖြစ်လာသည့်သွေးမြူသည် ပင့်ကူအိမ်ကဲ့သို့ ပြောင်းလဲသွားသည်။ ထို့အပြင် ထိုပင့်ကူအိမ် တောက်ပလာကာ လျှပ်စီးများဖန်တီးလာပြီး ထူးဆန်းသည့်စွမ်းအားများ ထုတ်လွှတ်လာသည်။
ဤသွေးမှာ လျှပ်စီးကဲ့သို့ပင်။
သွေးစက်တစ်စက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ မူလစွမ်းအားများ ပါဝင်နေသလိုပင်။
ဝုန်း..
နောက်ဆုံးတော့ ဤဆူညံသံကြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လှုပ်ခါလာစေသည်။ သွေးမြူများ ပျံ့လွင့်လာကာ ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားတော့မည်။
“သူ့ကိုကာကွယ်..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
ဤအခြေအနေမှာ အလွန်ရှုပ်ထွေးနေသလို အလွန်လည်း အန္တရာယ်များလှသည်။ ရှီဟောင် ဘေးကင်းရန်အတွက် သူတို့ ရှီဟောင်ကို ကာကွယ်ရမည်။ သူ့ကို ထိုသွေးမြူမှ ဖျက်ဆီးပစ်လိုက်လျှင် ဘိုးဘေးများကို မည်ကဲ့သို့ ရှင်းပြရတော့မည်နည်း..
အဆင့်လွန်သက်ရှိများ သူတို့၏ ဘိုးဘေးပညာများကို အသက်သွင်းလိုက်ကာ ထိုစွမ်းအားကို အားပြင်းလွန်းပြီး ရှီဟောင်ကို မဖျက်ဆီးသွားစေရန်အတွက် ထိုစွမ်းအားကို အားပျော့စေလိုက်သည်။
အထူးသဖြင့် သူ၏ဦးခေါင်းပိုင်းပင်။ ထို့ကြောင့် ဦးခေါင်းနားတစ်ဝိုက်ကို သိပ်သည်းစွာ ကာကွယ်ပေးထားသည်။ ထိုသွေးစက်ကို သူ့ခေါင်းအား ထိခွင့်မပေးတော့။
နောက်ဆုံးတော့ ထိုသွေးစက်သည် ချည်မျှင်များဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ခြေလက်များနှင့် အရိုးများထံသို့ စိမ့်ဝင်သွားသည်။
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ လုံးဝစုတ်ပြတ်နေလေပြီ။ သူ လူသားပုံစံရှိသေးသော်လည်း အထဲဘက်မှ သဘာဝဥပဒေသများ မရှိတော့။
သူ၏တာအိုစွမ်းရည်များ ပျက်စီးသွားကာ သူ၏မှော်ခွန်အားလည်း ပြင်းထန်စွာ ထိခိုက်ထားသည်။
ထို့အပြင် သူ၏မူလဝိညာဉ် တည်ငြိမ်သွားပြီဆိုသော်လည်း ပုန်းကွယ်နေသည့်ဒဏ်ရာများ ရှိနေသေးသည်ပင်။
အကျဉ်းချုပ်ပြောရမည်ဆိုလျှင် သူ၏အခြေအနေမှာ အတော်လေး ဆိုးဝါးလှသည်။ သူသာ သူ၏နဂိုအတိုင်း ပြန်ကောင်းချင်လျှင် အံ့အားသင့်စရာကောင်းလောက်သည့် ပြောင်းလဲမှုကြီးတစ်ခု ကြုံတွေ့မှ ရလိမ့်မည်။
ထို့ကြောင့်လည်း သူတို့ သွေးဖီးနှစ်ကို ရှာခဲ့ကြခြင်းပင်။
ရှားပါးသည့် အဖိုးတန်ဆေးများမှာ သာမန်မဟုတ်သော်လည်း သက်ရှိတစ်ယောက်ကို မီးတောက်များကြားမှ ပြန်လည်မွေးဖွားအောင်လုပ်ပေးနိုင်သည့် အရာများမှာ ရှာတွေ့နိုင်ရန် တကယ်ကို ခက်ခဲလှသည်။
ဖီးနှစ်သွေးမျိုးဆက်၏ သွေးအစစ်မှာ ရွေးချယ်မှုအနည်းငယ်ထဲမှ တစ်ခု ဖြစ်နိုင်သည်။
ဤသွေးစက် ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့် ထူးခြားသည့်ပြောင်းလဲမှုများ ချက်ချင်းဖြစ်ပေါ်လာသည်။
ဝုန်း..
ရှီဟောင်၏ခန္ဓာကိုယ်အပြင်ဘက်တွင် အလွန်ကြီးမားသည့် လျှပ်စီးတန်းတစ်ခု ပေါက်ကွဲသွားသည်။
အဝေးမှ ကြည့်နေသည့် ချီမုန့်ဟုန်နှင့် အခြားလူငယ်များမပြောနှင့် အဆင့်လွန်သက်ရှိများပင် ထိတ်လန့်သွားကာ ရှီဟောင်ကို မြန်မြန်ကာကွယ်လိုက်ကြသည်။
ဒါက အသက်ကယ်တဲ့ ဖီးနှစ်သွေးမဟုတ်ဘူးလား .. ဒီလိုစွမ်းအားမျိုးက ခန္ဓာကိုယ်ထဲပေါက်ကွဲသွားရင် သူပျက်စီးမသွားဘူးလား..
သိထားရမည်မှာ ယခုအချိန်တွင် သူ တစ်စစီဖြစ်နေပြီဖြစ်ပြီး သူ့ထံ၌ ခုခံရန် အားတစ်စက်မှ မရှိတော့။
ကံကောင်းစွာဖြင့် လျှပ်စီးသည် ခန္ဓာကိုယ် ပတ်ပတ်လည်၌သာ ပေါ်လာသည်။
“သွေးက ခန္ဓာကိုယ်ထဲကိုတောင် ဝင်သွားပြီ .. ဒါပေမဲ့ အပြင်ဘက်မှာ လျှပ်စီးတွေ ထုတ်လွှတ်နေတုန်းပဲ .. ဒါက တကယ်ကို ထူးဆန်းတယ်..”
သူတို့အားလုံး သက်ပြင်းလေး ချလိုက်ကြသည်။
ထို့နောက် ရှီဟောင်၏ခန္ဓာကိုယ် ကြီးမားလာသည်။ ဤသည်မှာ ရေနဂါးများ သူ၏သွေးထဲ၌ တစ်ကောင်ပြီးတစ်ကောင် ကူးခတ်နေသကဲ့သို့ပင်။
ဤကဲ့သို့သောစွမ်းအားမှာ အလွန်ကြောက်စရာကောင်းလှသည့်အပြင် လျင်မြန်စွာ ရွေ့လျားနေကာ နေရာတိုင်းကို ကျယ်ပြန့်လာအောင် လုပ်နေသည်။
ဖီးနှစ်အစစ် ငါးရောင်မှ သွေးရောင်အဖြစ် ပြောင်းလဲသွားကာ သွေးဖီးနှစ်အဖြစ် ပြောင်းလဲသွားသည်ကိုပင် သူတို့မြင်နေရသကဲ့သို့ပင်။
အထူးသဖြင့် ရှီဟောင်အတွက်ပင်။ သူ့မျက်စိရှေ၌ မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
အကန့်အသတ်မရှိသည့် ကမ္ဘာမြေကြီးတွင် ရှေးဟောင်းသစ်ပင်များနှင့် စွန့်ပစ်ခံရသည့်တောအုပ်များ ရှိနေကာ သားရဲများလည်း လှုပ်ရှားသွားလာနေကြသည်။ သွေးဖီးနှစ်တစ်ကောင် သူ၏အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ တရှိန်ထိုး ပြေးတက်သွားသည်။ သူသည် ကြယ်စမ်းချောင်းများကို စုတ်ဖြဲကာ ကုန်းမြေတစ်ခုမှတစ်ခုသို့ ကူးပြောင်းကာ သတ်ဖြတ်နေသည်။
သူသည် ထာဝရသက်ရှိအစစ်များကိုပင် ရိုက်ချခဲ့သည်။
ဤသည်မှာ ပျက်စီးသွားသည့်သွေးဖီးနှစ်ပင်။
မြင်ကွင်းများမှာ တစ်ပိုင်းတစဖြင့်ပင်။ ဤသည်မှာ ဤကလန်၏သွေးမှ တံဆိပ်များဖြစ်သည်မှာ သေချာသည်။ ဤသည်မှာ သူတို့ လက်ဆင့်ကမ်းခဲ့သည့် မြင်ကွင်းအချို့ပင်။
ဤသွေးစက် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်နှင့် ပျံ့နှံ့သွားသည်ပင်။
ရှီဟောင်၏ခန္ဓာကိုယ် ထုံကျဉ်သွားကာ သူ၏မူလဝိညာဉ် တောင့်တင်းသွားသည်။ အဘယ်ကြောင့်ဆိုသော ထူးဆန်းသည့်စွမ်းအားလှိုင်းတစ်ခု ပျံ့လွင့်လာကာ ဒဏ်ရာရနေသည့် သူ၏ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာပြီး သူ၏မူလဝိညာဉ်လည်း အလွန်သက်တောင့်သက်သာဖြစ်လာသည်။
ပျက်စီးသွားသည့်သွေးဖီးနှစ်၏သွေးမှာ မယှဉ်နိုင်လောက်အောင်ပင်။ ဤသည်မှာ အစသာရှိသေးသော်လည်း ဤကဲ့သို့သော အကျိုးကျေးဇူးများ ရှိနေလေပြီ။
ဤအတိုင်းသာ ဆက်သွားလျှင် သူ သေချာပေါက် ပြန်ကောင်းသွားမည်ဖြစ်ပြီး အဖိုးတန်ခန္ဓာကိုယ်တစ်ခု ရလာလိမ့်မည်။
ဝုန်း..
ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှ သွေးအစစ် လှုပ်ရှားလာကာ ကျယ်လောင်လှသည့်ဆူညံသံတစ်ခု ထုတ်လွှတ်လာသည်။ သူ၏သွေးများလည်း ဟစ်ကြွေးလာကာ ပြင်းထန်စွာ ရုန်းကြွလာကြသည်။ မူလက အသက်မရှိသည့်သူ၏ခန္ဓာကိုယ် စတင်လှုပ်ရှားလာလေပြီ။
“အကျိုးသက်ရောက်မှုတွေက ဒီလောက်တောင် စွမ်းအားကြီးတာလား .. ဒါက တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နိုင်တယ်..” အဆင့်လွန်သက်ရှိတစ်ဦး သက်ပြင်းချ၍ ပြောလိုက်သည်။
ဝုန်း..
ထိုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ အလင်းများထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်သည် ဖောက်ထွင်းမြင်နိုင်လောက်သည်အထိ တောက်ပလာသည်။
ထိုသွေးစက် သူ၏ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။ တင်းကြပ်စွာ ကာကွယ်ခံထားရသည့် သူ၏ဦးခေါင်းမှလွဲလျှင် အခြားအစိတ်အပိုင်းများအားလုံး တောက်ပနေပြီဖြစ်သည်။
“အမ် .. သွေးက အနီရောင်ပြောင်းသွားတာလား..”
အဆင့်လွန်သက်ရှိအချို့ ထိတ်လန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ခန္ဓာကိုယ်မှာ ထွင်းဖောက်မြင်ရလုနီးပါး ဖြစ်နေသောကြောင့် သူ့ကိုယ်ထဲမှ ဖီးနှစ်သွေး အရောင်ပြောင်းသွားသည်ကို သူတို့ မြင်နေရသည်ပင်။ သွေးသည် အနီရင့်မှ တောက်ပသည့်အနီရောင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
သို့သော် ချက်ချင်းပင် သူ့ထံမှ အနက်ရောင်အလင်းများ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်မျက်နှာပြင်ကို ဖုံးအုပ်သွားသည်။ ဤသည်မှာ မမျှော်လင့်ထားသည့် ပြောင်းလဲမှုပင်။
“ဖီးနှစ်သွေး အနီရင့်ရောင်ပြောင်းသွားပြီး အမည်းရောင်နီးပါးဖြစ်သွားတာက ဒီအနက်ရောင်အလင်းကြောင့်ပဲ..” အဆင့်လွန်သက်ရှိ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ယခု သူတို့နည်းနည်းတော့ နားလည်သွားလေပြီ။ ဤသွေးစက်၌ အရောင်နှစ်ရောင်ရှိနေသည်။ တစ်ရောင်မှာ နီရဲနေပြီး တစ်ရောင်မှာ မည်းနက်နေသည်။ နီရဲနေသည်မှာ သွေးဖြစ်ပြီး မည်းနက်နေသည်မှာ အနက်ရောင်အလင်းတန်းပင်။
“ဒါက ယာယီအားဖြင့်တော့ သူ့ခန္ဓာကိုယ်ကို မထိခိုက်ဘူး .. သူ့ရဲ့ပြန်လည်မွေးဖွားခြင်းကိုတောင် လှုံ့ဆော်ပေးသေးတယ် .. သူ့ခန္ဓာကိုယ်ကို အသက်ဓာတ်ဖြည့်ပေးပြီး တာအိုဥပဒေသတွေကိုလည်း ထည့်ပေးနေတာ..”
ဤသည်မှာ လုံးဝကို အစမှ ပြန်စသည့် လုပ်ငန်းစဉ်ပင်။ ပျက်စီးသွားသည့်နေရာ၌ နန်းတော်ကြီးတစ်ခု ပြန်လည်တည်ဆောက်ခြင်းပင်။
ရှီဟောင်၏တာအိုစွမ်းရည်များ ပျက်စီးသွားခဲ့သည်။ ယခု ဤသွေးစက်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့ထံ၌ ရှိခဲ့သည့်အရာအားလုံးကို ပြန်လည်ဖန်တီးပေးနေသည်။
ဝုန်း..
ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှ အနီရောင်အလင်းများ တရှိန်ထိုးထွက်လာကာ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားပြီး ပြင်းထန်စွာ လောင်ကျွမ်းလာသည်။
အလင်းများကြားမှ ပြေးထွက်ကာ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားသည့် ရှေးဟောင်းဖီးနှစ်တစ်ကောင်ကိုပင် သူခပ်ရေးရေးလေး တွေ့လိုက်ရသည်။ ဤသည်မှာ အချိန်မြစ်တစ်လျှောက် ရှေးခေတ်အချိန်များမှာ ပြေးထွက်လာသကဲ့သို့ပင်။
ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ဖီးနှစ်သွေးအနီရောင်နှင့် ခန္ဓာကိုယ်အပြင်ဘက်မှ အနက်ရောင်အလင်းတို့ နောက်တစ်ကြိမ် ပေါင်းစပ်သွားကာ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်လာသည့် အလင်းကို ပို၍တောက်ပလာစေသည်။
ရှီဟောင်မှာ မီးဖိုတစ်ခုကဲ့သို့ဖြစ်လာသည်ပင်။ သူ မီးတောင်တစ်ခုဖြစ်တော့မည်။
ထို့အပြင် သူ၏ခန္ဓာကိုယ်မှ စွမ်းအားကြီးသည့် အသက်စွမ်းအင် ပျံ့လွင့်လာသည့်အပြင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြားမှ ပြည်စုံသည့်သဘာဝဥပဒေသများ ဤနေရာသို့ ကျရောက်လာလေသည်။
ဤသည်မှာ အံ့အားသင့်စရာကောင်းသည့်ဖြစ်စဉ်ပင်။ ဤအရာအားလုံးမှာ ဤရှေးဟောင်းသွေးတစ်စက်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။
“ဒီမြင်ကွင်းက အံ့ဩဖို့ကောင်းတယ်ဆိုပေမယ့် ဒါက ဖြစ်သင့်တဲ့မြင်ကွင်းပဲ .. ဖီးနှစ်ပြန်လည်မွေးဖွားခြင်း၊ မီးတောက်ကြားမှ ပြန်လည်မွေးဖွားခြင်းဆိုတာ ဒီလိုမျိုး နီရဲနေတဲ့အလင်းကို ပြောတာပဲ..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ခေါင်းညိမ့်၍ ပြောလိုက်သည်။
သူ ဤမြင်ကွင်းအားလုံးကို သေချာကြည့်နေခဲ့သည်ပင်။ ဤသည်မှာ လူငယ်တစ်ဦး၏အတွေ့အကြုံဟုခေါ်သော်လည်း ဤသည်မှာ သူ့ကို စိတ်လှုပ်ရှားစေကာ သူ အသိအမြင်များလည်းရခဲ့သည်ပင်။
ရှီဟောင်၏ခန္ဓာကိုယ်သည် အနီရောင်အလင်းများဖြင့် ရစ်သိုင်းခံထားရကာ ပြန်ကောင်းလာနေလေပြီ။ ကောင်းကင်ထက်မှကျဆင်းလာသည့် ပြစ်ချက်ကင်းသည့်သဘာဝဥပဒေသများမှာ အနီရောင်အလင်းအောက်၌ ဖုံးအုပ်ခြင်း ခံလိုက်ရသည်။
ဤမီးမှာ ထူးခြားလှသည်။ သူသည် သဘာဝဥပဒေသများကို စုတ်ယူနေကာ တဝူးဝူးအသံများ ထုတ်လွှတ်နေ၏။
လေဟာနယ်ထဲမှ နတ်ချိန်းကြိုးများ တစ်ခုပြီးတစ်ခု ပေါ်လာကာ ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို အားလုံးမြင်နေရသည်ပင်။
ဝူး..
လေပြင်းများ တိုက်ခတ်သွားသကဲ့သို့ အနီရောင်အလင်းများ ပို၍တောက်ပလာသည်။ ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ ထိုအလင်းများ ပိုမိုထွက်ပေါ်လာကာ ထာဝရစင်္ကြံတောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သို့သော် ရှီဟောင်၏စိတ် တင်းကြပ်လာသည်။
အပိုင်း ၁၇၇၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၂ – မမြင်နိုင်သည့်အဖြစ်အပျက်
ဘာလို့လဲ .. ရှီဟောင် စိတ်တင်းကြပ်လာသည်။ အားလုံးက အကောင်းဘက်ကို ဦးတည်နေတာ သူက ဘာလို့ ဒီလိုမျိုးတင်းတင်းကြပ်ကြပ် ခံစားနေရတာလဲ..
သူ အန္တရာယ်မှ မလွတ်မြောက်သေးကြောင်း သူ့မသိစိတ်မှ သူ့ကို ပြောနေသည်။
အနီရောင်အလင်းများ ထွက်ပေါ်လာပြီး ဖီးနှစ်အော်သံများမှာ ကောင်းကင်ကို တုန်လှုပ်သွားစေသည်။ ရှီဟောင်၏တောက်ပသည့်အလင်းများထဲ၌ ဖီးနှစ်အစစ်များ ကခုန်နေသည်ကို မြင်တွေ့နိုင်သည်ပင်။
ဖီးနှစ်ပြန်လည်မွေးဖွားခြင်း..
ဤကဲ့သို့သော စွမ်းအားကြောင့်လည်း ရှီဟောင် ပြောင်းလဲနိုင်ခြင်းပင်။ သူ၏ဒဏ်ရာရနေသည့် ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်သွားသည့်အပြင် နောက်တစ်ဆင့်ပင် တက်သွားပြီဖြစ်သည်။
နတ်မီးတောက်များကြား ဖုံးလွှမ်းခံနေရသည့်အချိန် များပြားလှသည့် အသက်စွမ်းအားများ ထွက်ပေါ်လာကာ ရှီဟောင်၏ခန္ဓာကိုယ် ပြင်းထန်စွာ ပြောင်းလဲလာသည်။ ကျိုးသွားသည့်အရိုးများလည်း ပြန်ဆက်သွဦးလေပြီ။
သူ၏ခန္ဓာကိုယ်မှာ ပို၍ပင် မာကျောကာ စွမ်းအားကြီးနေပြီဖြစ်သည်။
“ဘယ်မှာ ပြဿနာရှိနေတာလဲ..” ရှီဟောင် ရှုပ်ထွေးသွားရသည်။ သူ၏ခန္ဓာကိုယ်မှာ ပြည့်စုံပြီဟုပင် ပြော၍ရသည်။ ထိုမသက်မသာဖြစ်မှုကြီးက မည်သည့်နေရာက ရောက်လာသနည်း…
ဒါက ပြည့်စုံနေတဲ့ တာအိုဥပဒေသတွေနဲ့ သက်ဆိုင်တာလား..
ယခုအချိန်တွင် ကောင်းကင်ထက်မှ နတ်ချိန်းကြိုးများ ကျလာပြီး အနီရောင်အလင်းနှင့် ဖီးနှစ်သွေးဖြင့် လွှမ်းမိုးခြင်း ခံသွားလိုက်ရသည်။ ဤသည်မှာ ရှီဟောင်၏အသွေးအသားကို သန့်စင်ပေးနေသည်ပင်။
သူ၏တာအိုစွမ်းရည်များကို ပြန်ရချင်လျှင် ဤသည်မှာ မဖြစ်မနေလုပ်ရမည့်အရာပင်။
ထို့အပြင် ဤလောက၏ တာအိုဥပဒေသများမှာ ပြည့်စုံသည်။ ခန္ဓာကိုယ်ကို ဤကဲ့သို့ ပြုပြင်သည်မှာ ကောင်းကျိုးများစွာရသည်။ နောင်ကျလျှင် ဤကောင်းကျိုးများ ပို၍ သိသာလာလိမ့်မည်။
သို့သော် သူ၏စိတ်များ အဘယ်ကြောင့် လေးလံနေသည်။ မသိစိတ်သည် ဤအရာကို ငြင်းဆန်နေပြီး လေးနက်စွာပင် ရင်ဆိုင်နေသည်။
ဝုန်း..
ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များ ထွက်ပေါ်လာာသည်။ ဤစွမ်းအင်များမှာ တောက်ပလွန်းလှသောကြောင့် သူသည် တောက်လောင်နေသည့်နေမင်းကြီးနှင့်ပင် တူနေလေပြီ။
“ငါတို့ သူ့ခေါင်းနားက အကာအကွယ်ကို ဖြေလျော့ပေးပြီး သူ့ကို ပြောင်းလဲခိုင်းလို့ ရလောက်ပြီမလား..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
“ကောင်းပြီ..” အခြားသူများအားလုံး ခေါင်းညိမ့်လိုက်ကြသည်။
ထို့နောက် ထိုအဆင့်လွန်သက်ရှိများ နောက်ပြန်ဆုတ်လိုက်ကြသည်။
ရလဒ်အနေဖြင့် ရှီဟောင်၏ဦးခေါင်းရိုး တောက်ပလာကာ သူ၏မျက်ခုံးကြား၌ တောက်ပသည့်အလင်းများ ဝေ့ဝဲလာသည်။ ထာဝရစွမ်းအင်များ ထွက်ပေါ်လာပြီး ပုံမှန်မဟုတ်သည့်မြင်ကွင်းများမှာ ပို၍ပင် အံ့အားသင့်စရာကောင်းလာသည်။
ရှီဟောင်၏ဦးခေါင်းမှ မီးတောက်များ စတင်ထွက်လာကာ သူ၏အရိုးများမှလည်း တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်နေသည်။
တာအိုဥပဒေသများ ဖြန့်ကျက်သွားသည်နှင့် နတ်ချိန်းကြိုးများ သူ့ဦးခေါင်းထဲသို့ ဝင်ရောက်သွားကာ ပြောင်းလဲမှုမှာလည်းအမြင့်ဆုံးသို့ ရောက်သွားလေပြီ။
“အကောင်းဆုံးပဲ .. ဒီခန္ဓာကိုယ်ကို ငါနည်းနည်းတောင် မနာလိုဖြစ်လာပြီ .. ငါ့ခန္ဓာကိုယ်ကိုသာ ဒီလိုမျိုးထိရောက်အောင် လုပ်နိုင်ခဲ့ရင် ဒီနေ့ ငါ့အောင်မြင်မှုတွေ ဘယ်လောက်တောင် များပြားနေလိုက်မလဲ..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
ယခုတစ်ခေါက် ဟွမ်၏ ပြောင်းလဲမှုများကိုကြည့်ရင်း သူတို့လည်းစိတ်လှုပ်ရှားလာကြရသည်။ ဤလူငယ်လေးမှာ ထူးခြားလွန်းသည်ဟု သူတို့ခံစားလိုက်ရသည်။
ရွှီး..
ရှီဟောင်၏တာအိုစွမ်းရည်များ ပြန်လည်အသက်ဝင်လာကာ မှော်ခွန်အားများလည်း ထွက်ပေါ်လာသည်။ ဖီးနှစ်သွေးနှင့် သူ၏ခန္ဓာကိုယ် အပြည့်အဝ ပေါင်းစပ်နေလေပြီ။
ဤကဲ့သို့သောသွေးမျိုးတွင် ပြန်လည်ဖန်တီးနိုင်စွမ်းများ ရှိနေသည်ပင်။ ဤသွေးကိုသာ စုတ်ယူနိုင်ပြီး အပြည့်အဝပြုပြင်နိုင်လျှင် ကျင့်ကြံသူများအတွက် အလွန်အကျိုးများမည်ပင်။
ဤအတောအတွင်း ရှီဟောင်၏ခန္ဓာကိုယ်မှာ ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ယင်နေသည်ပင်။
ရွှီး..
တစ်ချိန်တည်းမှာပင် ရှီဟောင်၏ခန္ဓာကိုယ်မှ အနက်ရောင်အလင်းများထွက်ပေါ်လာသည်။ ဤအလင်းမှာ ယခင်ကတည်းက ရှိနေခြင်းဖြစ်သော်လည်း ယခုအချိန်တွင် ပို၍သိပ်သည်းလာသည်။ တစ်ခဏအတွင်းမှာပင် သူ့တစ်ကိုယ်လုံး မည်းနက်သွားသည်။
ဤသွေးစက်မှာ အနည်းငယ် ထူးဆန်းသည်။ အစပိုင်း၌ ဤသွေးမှာ နီရဲနေသည့်သွေးပင်။ သို့သော် အနက်ရောင်အလင်းနှင့် ပေါင်းစည်းသွားသောကြောင့် သွေးမှာ အနက်ဘက်သန်းသွားသည်။
ယခုအချိန်တွင် အနက်ရောင်အလင်းများ သူ့အလိုလိုဖယ်ရှားသွားကာ ရှီဟောင်၏တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။ ဤသည်မှာ ချက်ချင်းပင် ပြင်းထန်သည့်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်။
ရှီဟောင်၏ခန္ဓာကိုယ်မှာ တစ်စစ်ီပေါက်ကွဲတော့မတတ် ပြင်းထန်စွာ တုန်ခါလာသည်။
ထို့အပြင် ယခုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ပြစ်ချက်ကင်းသည့်သဘာဝဥပဒေသ၊ ပြည့်စုံသည့်နတ်ချိန်းကြိုးများနှင့် အခြားအရာများမှာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးသွားသည်နှင့် စတင်ပျက်စီးလာသည်။
“မြန်မြန်..” အဆင့်လွန်သက်ရှိတစ်ဦး အော်ဟစ်လိုက်သည်။
ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိသည် သူ၏ခေါင်း ပေါက်ကွဲမသွားစေရန် လျင်မြန်စွာ ကာကွယ်ပေးလိုက်သည်။ ချိန်းကြိုးများ ပျက်စီးသွားရာမှ ထွက်ပေါ်လာသည့် စွမ်းအားကြောင့် ပေါက်ကွဲမသွားအောင် တားဆီးပေးလိုက်သည်။
ဤသည်မှာ ထိတ်လန့်စရာကောင်းလောက်သည့် တိုးတက်မှုပင်။ သူတို့ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ပြီး အရာအားလုံး ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားပါက ရှီဟောင် ယခင်ကထက်ပင် ပိုသန်မာလာလိမ့်မည်။
ဖူး..
ကိစ္စများမှာ သူတို့ထင်ထားသည်ထက် ပိုမိုဆိုးရွားနေသည်။ အနက်ရောင်အလင်းများ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ ပြန်ကောင်းလာခဲ့သည့် ရှီဟောင်၏အသွေးအသားများ နောက်တစ်ကြိမ် ပျက်စီးလာသည်။
“မကောင်းတော့ဘူး .. ဒီ ပြန်ကန်ထွက်တဲ့အားက အရမ်းကောင်းလွန်းနေတယ် .. ဘာလို့ ဒီလိုမျိုးဖြစ်လာတာလဲ..” ထိုလူများအားလုံး ဆွံ့အသွားရသလို ကြောက်လည်း ကြောက်ရွံ့သွားကြရသည်။ သူတို့ ဤသည်ကို တားဆီးရမည်။ မဟုတ်ပါက ဟွမ် လုံးဝအဆုံးသတ်သွားလိမ့်မည်။
စွမ်းအားလှိုင်းများစွာ ရောက်ရှိလာကာ သူ၏ဦးခေါင်းကို ကာကွယ်ပေးလာသည်။ ထို့နောက်မှ သူတို့ တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။
သို့သော်လည်း သူ၏ခန္ဓာကိုယ်မှာ စုတ်ပြဲနေဆဲဖြစ်ပြီး သွေးအလင်းတန်းများလည်း တစ်တန်းပြီးတစ်တန်း ထွက်လာသည်။ အခြေအနေမှာ အလွန်ဆိုးရွားနေသည်။
အဘယ်ကြောင့်ဆိုသော် ဤလောက၏ တာအိုဥပဒေသများမှာ ပြည့်စုံပြီး နတ်ချိန်းကြိုးများလည်း ပြစ်ချက်ကင်းသည်။ ဤအရာများသည် ရှီဟောင်၏ ခန္ဓာကိုယ်ကို ထပ်ခါတလဲလဲ အားဖြည့်ပေးနေပြီးနောက် ယခု သူ့ခန္ဓာကိုယ်ထဲ ပေါက်ကွဲနေသောကြောင့် ဘယ်လိုလုပ် မပြင်းထန်ပဲ နေမည်နည်း..
ပြောရမည်ဆိုလျှင် သူပေါက်ကွဲသွားပြီး အသားပုံကြီး ဖြစ်သွားလောက်လေပြီ။
သို့သော် ယခု သူ၏အသွေးအသားများ ပျက်စီးနေသော်လည်း သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ လုံးဝမပျက်စီးသေး။
ဤသည်မှာ သူ၏အသွေးအသားမှာ တကယ်ကို စွမ်းအားကြီးသောကြောင့်ပင်။ သူ ဖီးနှစ်သွေးလွှမ်းခြုံကာ ခန္ဓာကိုယ်ကို ပြန်လည်ဖန်တီးခြင်းမှာ ပုံရိပ်ယောင်မဟုတ်။ တကယ်ဖြစ်နေသည့်အရာပင်။ ထို့ကြောင့်လည်း သူ့ခန္ဓာကိုယ် ပို၍ အားကောင်းလာသည်ပင်။
ထို့အပြင် အဆင့်လွန်သက်ရှိများလည်းသူ့အား ကာကွယ်ပေးနေသောကြောင့် ရှီဟောင် ချက်ချင်း သေဆုံးမသွားခြင်းပင်။ သို့သော်လည်း တစ်လက်မစီ ပျက်စီးလာနေပြီဖြစ်သည်။
ပြင်းထန်လှသည့်နာကျင်မှု..
သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံး ချက်ချင်း ကျိုးသွားကာ အသွေးအသားနှင့်သွေးများမှာ ပို၍တုန်ယင်လာသည်။ ဤသည်မှာ တာအိုဥပဒေသများ ပြန်ကန်ထွက်ခြင်း၏ရလဒ်ပင်။
ဤအဖြစ်အပျက်မှာ ရုတ်တရက်ဆန်လွန်းလှပြီး ပြင်းထန်လွန်းလှသည်။ သူ၏ပြောင်းလဲခြင်း ဖြတ်ချခံရလိမ့်မည်ဟု မည်သူထင်ထားမည်နည်း..
ရှီဟောင် သတိလစ်မသွား။ ဤနာကျင်မှုကို ခံစားနေလိုက်သည်။ သူ အဘယ်ကြောင့် စိတ်လေးနေခဲ့သည်ကို နောက်ဆုံးတော့ သူနားလည်သွားလေပြီ။
“အဲဒါက အဲဒီအနက်ရောင်အလင်းကြောင့်ပဲ..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။
“ဒီဖီးနှစ်သွေးက သူ့အတွက် အဆိပ်တက်နေတုန်းလား..” အခြားတစ်ယောက် မှုန်မှိုင်းသည့်အမူအရာဖြင့် မေးလိုက်သည်။
ဤသည်မှာ ထိုဖီးနှစ်သွေး၏ပြဿနာဖြစ်ကြောင်း သံသယဝင်စရာပင်မလို။ အတိအကျပြောရလျှင် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် အနက်ရောင်အလင်းကြောင့်ပင်။
“အနက်ရောင်အလင်းက မကောင်းတဲ့နမိတ်ကို ကိုယ်စားပြုတယ် .. ဒါက တကယ်ပဲ ဒဏ္ဍာရီတွေထဲကအတိုင်း ဖြစ်နေတာလား..” တစ်စု့တစ်ယောက် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
ပျက်စီးသွားသည့်သွေးဖီးနှစ်၏ သွေးများမှာ မူလက အလွန်တောက်ပနေသည့်အနီရောင်ပင်။ သို့သော် နောက်ပိုင်း သူတို့တစ်ခုခုလုပ်မိသွားသောကြောင့် သူတို့သွေးထဲ၌ အနက်ရောင်အလင်းများ ထွက်ပေါ်လာကာ သွေးလည်း အနီရင့်ရောင်ဖြစ်သွားသည်။
“အခု သူက လုံးဝပျက်စီးသွားပြီလား..” အဆင့်လွန်သက်ရှိတစ်ဦး ရှုပ်ထွေးနေသည့် ခံစားချက်ဖြင့် မေးလိုက်သည်။
ဟွမ်က ဒီလောက်ထူးခြားတာ .. အဲဒါတောင်မှ ဒီအခိုက်အတန့်လေးမှာ ဖျက်ဆီးခံလိုက်ရပြီလား..
သူ၏လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားနေကြောင်းအားလုံးသိသည်။ ဤသည်မှာ သူ ဖီးနှစ်သွေးဖြင့် အကယ်မခံရခင်ကထက်ပင် ပိုဆိုးသည်။
ပြည့်စုံသည့်တာအိုဥပဒေသများ၊ ပြစ်ချက်ကင်းသည့်နတ်ချိန်းကြိုးများ သူ့ခန္ဓာကိုယ်ထဲ၌ ဤကဲ့သို့ ပေါက်ကွဲနေသည်မှာ မည်မျှပင် ရက်စက်ကာ ကြောက်စရာကောင်းလှသနည်း..
ဤသည်မှာ စွမ်းအားအကြီးဆုံး တန်ပြန်အားဖြစ်ပြီး သူ့ကို ကယ်တိုင်နိုင်မည့်နည်းလမ်းမရှိလောက်တော့။
ယခုအချိန်တွင် ဤလူများ သူ၏မူလဝိညာဉ်ရှိနေသည့် ဦးခေါင်းကို ကာကွယ်ပေးထားကြသည်။ မဟုတ်ပါက သူ၏ဦးခေါင်းလည်း သူ၏ခန္ဓာကိုယ်နှင့်အတူ ပျက်စီးသွားလောက်လေပြီ။
“သူသွားပြီ .. ဒီတစ်ခေါက်တော့ ဘာနည်းလမ်းမှမရှိတော့ဘူး .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးတာအို ပြန်ကန်ထွက်နေတာ .. သူ့ကို ကောင်းကင်ကြီးက အသိအမှတ်မပြုလို့ ဒီလိုမျိုးဖြစ်လာတာ .. ငါတို့ဘာများ တတ်နိုင်ဦးမှာလဲ..”
အဆင့်လွန်သက်ရှိ၏ စကားအတိုင်းဆိုလျှင် ဟွမ်သည် တကယ်ကို ပျက်စီးသွားလေပြီ။ သူတို့ ဘာဆက်လုပ်သင့်သလဲဆိုသည်ကိုလည်း သူတို့စဉ်းစားနေရသည်။
ဤကဲ့သို့သော အခြေအနေမျိုးကို မည်သူကများ ဖြတ်ကျော်နိုင်မည်နည်း… မည်သူကမှ ကောင်းကင်ကို မဆန့်ကျင်နိုင်။
“ဘာလို့ဒီလိုမျိုးဖြစ်လာတာလဲ .. နောက်ဆုံးအဆင့်မှာ အားလုံးပျက်စီးသွားပြီလား .. ငါတို့အောင်မြင်ခါနီးလေးကို .. ကောင်းကင်တောင်မှ ထပ်မကြည့်နိုင်တော့လို့ ဟွမ်ကို ခေါ်သွားချင်နေတာလား..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
ဤအခြေအနေတွင် သူတို့ပင် ရှီဟောင်ကို မကယ်နိုင်။ သူ၏မူလဝိညာဉ်မပျက်စီးအောင်သာ ကာကွယ်ပေး၍ရသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့် ဤသည်ကို ထိန်းထားနိုင်မည်မဟုတ်။
ဝုန်း..
ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ ဆူညံသံများ ထွက်ပေါ်လာသည်။ ပျက်စီးသွားသည့် သဘာဝဥပဒေသများနှင့် အမိန့်ချိန်းကြိုးများ သူ့ခန္ဓာကိုယ်ထဲ၌ ရောယှက်နေသည်ကို မြင်နိုင်သည်ပင်။
“ဖိနှပ်မယ်..”
ရွေးချယ်စရာမရှိတော့သဖြင့် အဆင့်လွန်သက်ရှိများ အဆီးအတားများချထားရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက ရှီဟောင်၏ခန္ဓာကိုယ်တွင် ဘာမှကျန်တော့မည်မဟုတ်။
အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် ရှီဟောင် မလှုပ်ရှားနိုင်တော့။ သူ့တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေပြီး အသားပုံကြီး ဖြစ်လုနီးပါးပင်။
အဆင့်လွန်သက်ရှိများမှာ အချိန်အတော်ကြာသည်အထိ ဘာစကားမှ မပြောနိုင်ကြတော့။
ဟွမ် ပြန်လည်ကောင်းမွန်လာရန် သူတို့အားလုံး အတူတကွ လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့ရှုံးနိမ့်သွားလေပြီ။ ယခုအချိန်တွင် သူ အချိန်မရွေး သေသွားနိုင်လေပြီ။
“နည်းလမ်းတစ်ခုပဲကျန်တော့တယ် .. ဂုကလန်ကိုသွားပြီး သူတို့ရဲ့ ယင်ယန်မီးဖိုကို သုံးဖို့ပဲ ကျန်တော့တယ်..” အဆင့်လွန်သက်ရှိတစ်ဦး သက်ပြင်းချ၍ ပြောလိုက်သည်။
အပိုင်း ၁၇၇၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၃ – ဂုကလန်ရှေးဟောင်းမြေ
ဤကဲ့သို့သော ရလဒ်မျိုးမြင်ရလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ သူတို့ နောက်ဆုံးအဆင့်၌ ရှုံးနိမ့်သွားကာ ရှီဟောင် နောက်တစ်ကြိမ် တစ်စစီဖြစ်သွားလေပြီ။
သို့သော် ယခုတစ်ခေါက်မှာ တမင်သက်သက်လုပ်ခြင်းမဟုတ်။ ဤသည်မှာ ကောင်းကင်ကြီးမှ သူ့အား ခေါ်ယူချင်နေသောကြောင့်ပင်။
“သူ့ရဲ့အသွေးအသားပြောင်းလဲခြင်းက အရမ်း စွမ်းအားကြီးသွားလို့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးက တားဆီးချင်နေတာထင်တယ်..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ပြောလိုက်သည်။
ဤသည်မှာ မဖြစ်နိုင်သည်တော့မဟုတ်။ ဟွမ်သည် အင်ပါယာဂိတ်ဘက်မှ လာခြင်းပင်။ ဤနေရာ၌သာ သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပါက ဤသည်မှာ ယခင်ကပြစ်ချက်များရှိနေသည့် ခန္ဓာကိုယ်ကို ပြုပြင်လိုက်ခြင်းနှင့် အတူတူပင်။
“လောကကြီးကိုယ်တိုင် ဝင်တားဆီးတာလား .. ဟား ဟား ..ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေးရဲ့ ကံကြမ္မာက တကယ်ကို ကံဆိုးမှုတွေနဲ့ ပြည့်နေတာပဲ…” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့တတ်နိုင်သမျှ အားလုံး လုပ်ပြီးသွားပြီဖြစ်သောကြောင့် သူတို့ကို အပြစ်တင်၍မရတော့။
နောက်ဆုံး ဟွမ် တစ်ခုခုဖြစ်သွားပြီး သူ့၏မူလဝိညာဉ်သာ ကျန်တော့သည်ဆိုလျှင် ဤသည်မှာ ဂုကလန်၏ အပြစ်ပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တကယ်ကို သူတို့နှင့် ဘာမှမဆိုင်။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ ရှီဟောင်ကို ကယ်ရန် အကောင်းဆုံးကြိုးစားခဲ့ကြသည်။ သူတို့ ဖီးနှစ်သွေးကိုပင် တောင်းပေးခဲ့ကြသေးသည်။
ယခုအချိန်တွင် သူတို့ လေဟာနယ်ကို ဖြတ်ကာ ဂုကလန်၏ ရှေးဟောင်းမြေသို့ လျင်မြန်စွာ သွားနေကြခြင်းပင်။
ဤသည်မှာ သူတို့ကြိုးစားနိုင်သည့် နောက်ဆုံးနည်းလမ်းပင်။ ဤနည်းလမ်းဖြင့်လည်း မည်သည့်အကျိုးကျေးဇူးမှ မရှိပါက ရှီဟောင်မှာ သေဖို့ကံပါလာသည်ပင်။
ဂုကလန်မှာ စွမ်းအားကြီးကာ ထူးဆန်းသည့်ကလန်ပင်။ လက်တစ်ဖက်သည် လေဟာနယ်ကို ထိန်းချုပ်နိုင်ကာ အခြားတစ်ဖက်မှာ အချိန်ကို ထိန်းချုပ်နိုင်သည်။
ဤသည်မှာ ပြိုင်ဘက်ကင်းသည့်လူမျိုးစုပင်။
ကလန်အဖွဲ့ဝင်မှာ ဧကရာဇ်ကလန်များကဲ့သို့ နည်းပါးလှသည်။ သူတို့၏မျိုးပွားနှုန်းမှာ ခက်ခဲလှသည်။ သို့သော်လည်း တစ်ယောက်ထွက်ပေါ်လာသည်နှင့် ထိုတစ်ယောက်မှာ သေချာပေါက် ကြောက်စရကောင်းသည့်သက်ရှိဖြစ်လာမည်ပင်။
သူတို့ရှေ့တွင် မြူဆိုင်းနေသည့် ကျောက်တောင်များရှိနေသည်။ တောင်များမှာ သိပ်မမြင့်သော်လည်း ထူးဆန်းသည့်စွမ်းအားတစ်မျိုး ပိုင်ဆိုင်ထားသည်။
သေချာကြည့်လိုက်မည်ဆိုလျှင် ဤကျောက်တောင်များထံ၌ စကြာဝဠာစွမ်းအားကြီး ရှိနေသလိုပင်။
အထူးသဖြင့် ရှေးဟောင်းကလန်ရှိနေသည့်နေရာပင်။ ဤနေရာသို့ အပြင်လူများ ဝင်၍မရသောကြောင့် သူတို့ ဤနေရာ၌ ရပ်တန့်လိုက်ရသည်။
ရှီဟောင်ကို နောက်ဆုံးအကြိမ် ကူညီရန် ယင်ယန်မီးဖိုကို အသုံးပြုချင်သောကြောင့် အဆင့်လွန်သက်ရှိများ ရှီဟောင်ကို ဤနေရာသို့ ခေါ်လာကြခြင်းပင်။ သူတို့ လောကကြီးကို ဆန့်ကျင်ပြီး သူ၏အဆုံးသတ်ကို ပြောင်းလျှင် ပြောင်းလဲနိုင်လိမ့်မည်။
ယင်ယန်မီးဖိုမှာထာဝရမီးဖိုပြီး သူ့ထံ၌ ထူးဆန်းသည့်အရောင်များရှိသည်။ ဤမီးဖိုတွင် ယင်ယန်စွမ်းအင်များ ပါရှိနေပြီး စကြာဝဠာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်ကာ လူတစ်ယောက်၏ ဘဝကိုပြောင်းလဲသွားစေသည့်အခွင့်အရေးတစ်ခု ပေးနိုင်သည်ပင်။
ဤမီးဖို ဤမျှစွမ်းအားကြီးနေခြင်းမှာ သူ့ထံ၌ ယင်ယန်စွမ်းအင်များ ရှိနေသောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် ဤလောကရှိ အရာအားလုံးကို ယင်ယန်ဖြင့် ဖွဲ့စည်းထားခြင်းပင်။
ကျောက်တောင်များမှာ မျက်စိတစ်ဆုံး ရှိနေသည်။ သို့သော် ထိုတောင်များကို ထူးဆန်းသည့်မြူများ ရစ်ဆိုင်းနေသောကြောင့် ဂုကလန်၏ လျှို့ဝှက်ချက်အစစ်ကို မသိနိုင်တော့။
အဆင့်လွန်သက်ရှိများမှာ တောင်နားသို့ ရောက်သွားသည်နှင့် ဆွံ့အသွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ သူတို့ကို စောင့်နေသည့်သူ ရှိနေကာ သူတို့ရောက်လာသည်ကို အံ့ဩပုံလည်းမရ။
ဤသည်မှာ အကြီးအကဲတစ်ဦးပင်။ သူ၏အဖြူရောင်ဆံပင်များ၌ ရွှေရောင်အနည်းငယ်ရှိနေသည်။ သူသည် အရပ်ပုသည့်သူပင်။ သူ၏မျက်လုံးများမှာ ရွှေရောင်မီးအိမ်များကဲ့သို့ တောက်ပနေသည်။ ဤသည်မှာ ယခင်က ရှီဟောင်ကို ဖျက်ဆီးခဲ့သည့် ဂုကလန်မှ အဆင့်လွန်သက်ရှိပင်။
“ဂုယီ .. မင်း ကျုပ်တို့ကို စောင့်နေတာလား..” အဆင့်လွန်သက်ရှိတစ်ဦး တွန့်ဆုတ်စွာ မေးလိုက်သည်။
“ဟုတ်တယ် .. ကျုပ်အစောကြီးကတည်းက စောင့်နေတာ..” ဂုယီ ခေါင်းညိမ့်ကာ ဖြေလိုက်သည်။
“ဒီလိုမျိုးဖြစ်မယ်ဆိုတာ မင်းအစောကြီးကတည်းကသိပြီးသားလား..” အဆင့်လွန်သက်ရှိတစ်ဦး၏ မျက်လုံးမှ နတ်အလင်းတန်းများ ထွက်ပေါ်လာကာ သူ ရှေ့တက်လာသည်။
“ဂုယီ .. မင်း တမင်သက်သက်လုပ်တာမလား .. ငါတို့ကို ဖီးနှစ်သွေး သွားရှာခိုင်းကတည်းက ဒီလိုမျိုးဖြစ်မယ်ဆိုတာ မင်းသိပြီးသားမလား..” သူတို့ထဲမှ တစ်ဦး မေးလိုက်သည်။
“တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး .. ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်လို့ပါ .. ကျုပ်တို့ ဂုကလန်က လက်တစ်ဖက်နဲ့ လေဟာနယ်ကို ထိန်းချုပ်ပြီး တစ်ခြားတစ်ဖက်က အချိန်ကို ထိန်းချုပ်တယ်ဆိုတာ ခင်ဗျားတို့အားလုံး သိပါတယ် .. ကျုပ်တို့နဲ့ဆိုင်တဲ့ ကိစ္စတွေဆိုရင် ကျုပ်တို့က အရမ်းအထိမခံဖြစ်တတ်တယ် .. အဲဒီတော့ ကျုပ်တစ်ခုခုကို ကြိုပြီးအာရုံခံမိတာပါ..” ဂုယီ ပြောလိုက်သည်။
ရှီဟောင်၏လက်ရှိအခြေအနေကို တွေ့သည်နှင့် သူလျှောက်လာကာ ရှီဟောင် ကြုံတွေ့ခဲ့ရသည်များကို မေးလိုက်သည်။
“ဟားဟား .. သူသာ အောင်မြင်သွားခဲ့ရင် သူ တကယ်ကို ကောင်းကင်ကို ဆန့်ကျင်လိုက်တာပဲ..” ဂုကလန်အဆင့်လွန်သက်ရှိ ပြုံး၍ ပြောလိုက်သည်။ ထို့နောက် ခေါင်းခါလိုက်ကာ “အင်ပါယာဂိတ်ဘက်က် လောကကြီးက မပြည့်စုံဘူး .. ဒီလောကမှ အစကနေစပြီးတော့ ပြန်လုပ်မယ်ဆိုရင် ဘယ်လိုလုပ် လွယ်ကူမှာလဲ .. တွန်းကန်မှုတွေ ရှိလာမှာပဲ..”
သူသည် အလွန်ကိုပင် သာမန်ဆန်သည့်လေသံဖြင့် ပြောနေလေ၏။ ဤသည်မှာ အတော်လေး ပုံမှန်ဖြစ်သည်ဟု သူယုံကြည်သည်ပင်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသာ သူတို့ခန္ဓာကိုယ်မှ အမွေဆက်ခံထားရသည့် ပြစ်ချက်များကို ပြုပြင်နိုင်သည်ဆိုပါက ဤသည်မှာ တကယ်ကို ရယ်စရာကောင်းလိမ့်မည်။
“ယင်ယန်မီးဖိုထဲကို မဖြစ်မနေ သွားရမှာပဲ .. ဒီလူငယ်လေးအတွက်တော့ ဒါက သူ့ရဲ့ကံဆိုးမှုတွေထဲက ကံကောင်းမှုလေး ဖြစ်နိုင်ပါတယ် .. သူ ပြိုင်ဘက်ကင်းတဲ့ခန္ဓာကိုယ်ရအောင် လုပ်လို့ရတယ်..” ဂုယီ ပြောလိုက်သည်။
ထို့နောက် သူသည် သတိလစ်နေကာ တစ်ဖြည်းဖြည်းချင်းအေးစက်လာသည့် ရှီဟောင်၏ သွေးလွှမ်းနေသည့် ခန္ဓာကိုယ်ကို ကြည့်ကာ ဤကဲ့သို့ ကောက်ချက်ချလိုက်ခြင်းပင်။
“ပြိုင်ဘက်ကင်းခန္ဓာကိုယ်ဖြစ်ဖို့မလိုဘူး .. သူ ပြန်ကောင်းလာပြီးတော့ အရင်ကထက် နည်းနည်းလောက် ပိုအားကောင်းရင်ရပြီ..” အဆင့်လွန်သက်ရှိတစ်ဦး ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ဒီတိုင်း ပြောပြတာပါ .. ဟားဟား .. ဒီလိုမျိုလုပ်ချင်ရင် ပေးဆပ်ရမယ့်တန်ဖိုးကလည်း မနည်းဘူး … သူက ငါ့ဂုကလန်က မျိးဆက်လည်းမဟုတ်ဘူး..” ဂုယီ ရယ်မော၍ ပြောလိုက်၏။
အခြားသူများခေါင်းညိမ့်လိုက်ကြသည်။
“ဒါပေမဲ့ သူ့ကို ကယ်လိုက်ပြီး သူပြန်ကောင်းလာမယ်ဆိုရင် ဒါက တစ်ညတည်းနဲ့ မပြီးမှာစိုးတယ် .. တစ်ချို့ကောင်းကင်ပစ္စည်းတွေနဲ့ အဖိုးတန်ရတနာတွေလိုတယ်..” ဂုယီတောင်းဆိုလိုက်သည်။
သူပြောသည့်အတိုင်းဆိုလျှင် ဟွမ် ဤအခြေအနေထိပင် ရောက်နေပြီဖြစ်သောကြောင့် ယင်ယန်မီးဖိုသာ သူ့ကို ပြုပြင်နိုင်လိမ့်မည်။ သို့သော် မီးဖိုထဲသ◌ြို့ ရှားပါးသည့်ဆေးပင်အချို့နှင့် အခြားအရာများကိုလည်း ထည့်ရဦးမည်ပင်။
“ဒါက တော်တော်လေးကို ပြဿနာများတယ် .. အဖိုးတန်ခန္ဓာကိုယ်တစ်ခု ရဖို့အတွက် သေချာဂရုတစိုက်လုပ်ရမှာ..” ဂုယီ အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။
ဤလူများအားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ “ဒီလိုမျိုး အများကြီးဖြုန်းတီးနေတာ .. မင်းဘာတွေ ကြံစည်နေတာလဲ..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ တိုက်ရိုက်ပင်မေးလိုက်သည်။
“ခင်ဗျားတို့က ဒီလိုမျိုးထင်နေကြတယ်ဆိုရင်လည်း ဟွမ်ကို ယူပြီး ထွက်သွားလိုက်တော့..” ဂုယီ ပြောလိုက်သည်။
သို့သော် သူတို့ ဘယ်လိုလုပ် ထွက်သွားနိုင်မည်နည်း.. သူတို့ သူ၏ရည်ရွယ်ချက်ကို သံသယဝင်နေသော်လည်း ယခုအချိန်တွင် ဂုကလန်သာ ရှီဟောင်၏လောကကြီးကို ပြောင်းပြန်လှန်နိုင်သည်။
သတင်းများပျံ့နှံ့သွားကာ ဘာဖြစ်ခဲ့သည်ကို ကလန်အားလုံး သိသွားလေပြီ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ရတနာအချို့လိုအပ်သောကြောင့် သူတို့ ထိုရတနာများကို စုစည်းရမည်။ ဤသတင်းကို ဖုံးကွယ်၍မရတော့။
ထို့အပြင် စစ်နတ်ဘုရားကျောင်းထဲ၌ ရှီဟောင်တစ်စစ်ီဖြစ်သွားသည်ကို မြင်လိုက်သည့်သူ များစွာရှိနေသည်ပင်။ ဤသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့။ အပြင်လောက၌ ပျံ့နေပြီဖြစ်သည်။
ဟွမ် ပျက်စီးသွားခဲ့သည့်အချိန်က လက်ခုပ်လက်ဝါး တီးခဲ့ကြသည့်ကလန်အချို့ ရှိခဲ့သည်ပင်။
ယခု သူတို့ ဟွမ်ကို ကယ်ရတော့မည်ဖြစ်သောကြောင့် သူတို့ကို အနည်းငယ် ရှုပ်ထွေးသွားစေသည်။
သို့သော်လည်း အသေးစိတ်ကျကျနားလည်သည့်သူများမှာ ဂုကလန်၏ ရှေးဟောင်းမြေသို့ အလောတကြီး ပြေးသွားလိုက်ကြသည်။ ဘာဖြစ်မည်ကို သူတို့မြင်ချင်သည်။ အချို့သူများမှာ ရှီဟောင်၏သေဆုံးခြင်းကို မြင်ချင်သောကြောင့်ပင်။
“သူ့ခန္ဓာကိုယ်ထဲက ကောင်းကင်နဲ့ကမ္ဘာမြေကြီးသဘာဝတောင် ပျက်စီးသွားပြီ .. အဲဒါကို သူက ပြန်ကောင်းချင်နေသေးတာလား .. အိပ်မက်မက်မနေနဲ့တော့ … ဒီလိုမျိုး တစ်စစီဖြစ်နေတာက အကောင်းဆုံးပဲ..”
ဤဘက်တွင် ရှီဟောင် ပြန်ကောင်းလာသည်ကို မြင်ချင်သည့်သူ သိပ်မရှိ။
ရက်ပေါင်းများစွာကြာပြီးနောက် ဂုကလန်အဆင့်လွန်သက်ရှိဂုယီ တောင်းဆိုသည့် ဆေးပင်များအားလုံးကို အဆင့်လွန်သက်ရှိအချို့နှင့် အခြားသူများ ပူးပေါင်းကာ စုစည်းလိုက်နိုင်သည်။
ဤရက်အတွင်းတွင် ကိစ္စအချို့လည်း ဖြစ်ပျက်ခဲ့သည်ပင်။ ဥပမာအားဖြင့် ဤကိစ္စကို အာရုံစိုက်နေသည့် အဆင့်လွန်သက်ရှိများနှင့် မသေမျိုးသက်ရှိများပင် ဤနေရာသို့ ရောက်လာကြသည်။
ထိုလူများထဲတွင် ကလန်ကြီးများမှ လူများလည်းပါဝင်သည်ပင်။ ထို့အပြင် အချို့ သီးသန့်အပေးအယူများလည်း လုပ်ပြီးသွားလေပြီ။
“ယင်ယန်မီးဖိုက ကြည့်လိုက်ရင် တစ်ခုတည်းလို့ထင်ရပေမယ့် ဒါက ယင်နဲ့ယန် မီးဖိုနှစ်ခုပဲ .. ကျုပ်တို့ တစ်ခြား တောင်းဆိုချက်မရှိပါဘူး .. ကျုပ်တို့မြေးအတွက် ယင်မီးဖိုကို သုံးချင်ရုံလေးပါ .. သူ့ကို ဟွမ်နဲ့အတူတူ ပြောင်းလဲလို့ရလား..”
ဤသည်မှာ ဧကရာဇ်ကလန်တစ်ခု၏ အဆင့်လွန်သက်ရှိမှ ပြောသည့်စကားပင်။ သူတို့သည် ဟွမ်ကို ကယ်တင်နိုင်သည့် ရှားပါးသည့်ဆေးပင်အချို့ယူလာသော်လည်း ဤသည်မှာသူ၏မြေးကို ကူညီရန်အတွက်ပင်။
“မရပါဘူး .. ဒီတစ်ခေါက် ယင်မီးဖိုက ဂုကလန်က ကလေးအတွက် ပြင်ဆင်ထားတာပါ .. ဒီအခွင့်အရေးကို ဘယ်လိုလုပ် အပြင်လူကို ပေးနိုင်မှာလဲ..” ဂုယီခိုင်မာစွာ ငြင်းလိုက်သည်။
အခြား ဖြတ်သွားဖြတ်လာ အဆင့်လွန်သက်ရှိတစ်ဦးမှာ ဤသည်ကို ကြားလိုက်ရကာ ထိတ်လန့်သွားရသည်။
“ဘာဖြစ်နေတာလဲ..” သူ မနေနိုင်ပဲ မေးလိုက်သည်။
“သူတို့တွေက သဘာဝကံကောင်းမှုအတွက် တိုက်ခိုက်နေကြတာ .. ဂုကလန်က တကယ်ကို မရိုးသားဘူး..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။
“အမ်..” လမ်းတစ်လျှောက်တွင် အခြား အဆင့်လွန်သက်ရှိများလည်းသံသယဝင်လာကြသည်။
“ဟွမ်ရဲ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်တုန်းက သူ့ခန္ဓာကိုယ်ထဲမှာ သဘာဝဥပဒေသတွေနဲ့ နတ်ချိန်းကြိုးတွေ ပျက်စီးသွားခဲ့တယ် .. ဒါက အခွင့်အရေးကောင်းကြီးတစ်ခုပဲ..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။
သေချာစဉ်းစားကြည့်လိုက်သည့်အချိန်တွင် ဖြတ်သွားဖြတ်လာအဆင့်လွန်သက်ရှိများ နားလည်သွားရသည်။ သာမန်လူသာဆိုလျှင် သွေးမြူအဖြစ် ပြောင်းလဲသွားကာ သူတို့အစောကြီးကတည်းက သေသွားလောက်လေပြီ။ ဟွမ်၏ ပျက်စီးနေသည့်ခန္ဓာကိုယ် ဤသဘာဝဥပဒေနှင့် ချိန်းကြိုးများကို တောင့်ခံထားနိုင်ခြင်းမှာ သူ့ကို ကူညီကာ သူ့ခန္ဓာကိုယ်ကို ချိတ်ပိတ်ပေးမည့်ကျွမ်းကျင်သူများ ရှိနေသောကြောင့်ပင်။
ယခု သူ့ကို ဤနေရာသို့ ပို့ကာ ယင်ယန်မီးဖိုထဲ၌ ပြုပြင်တော့မည်။ ထိုပျက်စီးနေသည့်ချိန်းကြိုးများနှင့် သဘာဝဥပဒေသများမှာ အံ့အားသင့်စရာကောင်းလောက်သည့် တန်ဖိုးများရှိလာမည်ပင်။
“ဂုယီ .. မင်း တမင်သက်သက်လုပ်ခဲ့တာလား .. ဒီလိုမျိုးဖြစ်လာမယ်ဆိုတာ မင်းအစောကြီးကတည်းက သိပြီးသားမလား..” အဆင့်လွန်သက်ရှိတစ်ဦး အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် ယင်ယန်မီးဖိုအစစ်ကို ထုတ်လာပြီဖြစ်ပြီး လူများစွာ ဤနေရာကို စောင့်ကြည့်နေကြသည်ပင်။ သူတို့ ထိုမီးဖိုကို တောင်များဝန်းရံထားသည့် လျှိုမြောင်ထဲသို့ ယူလာလိုက်သည်။
ဤနေရာတွင် ဖရိုဖရဲစွမ်းအင်များ ရှိနေရုံသာမက မသေမျိုးအလင်းများလည်း ရှိနေသည်ပင်။ ဤလျှိုမြောင်မှာ အလွန်ထူးခြားလှသည်။
“ဆေးတွေကို မီးဖိုထဲပစ်လိုက်..” ဂုယီ အမိန့်ပေးလိုက်သည်။ ပြုပြင်ခြင်းစတင်တော့မည်။
ဟွမ်ကိုတော့ အစောကြီးကတည်းက ယင်ယန်မီးဖိုထဲ၌ ထည့်ထားပြီးသွားပြီဖြစ်သည်။
အပိုင်း ၁၇၇၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၄ – အများဆန္ဒ
ကျောက်လျှိုမြောင်မှာ ထိုမျှသိပ်မကြီး။ မြေပြင်ကိုပင်လျှင် မာကျောကာ အေးစက်သည့် ကျောက်တုံးဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။
“ဂုယီ .. ခင်ဗျား ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်တို့ကို ဖြေရှင်းချက်တစ်ခု မပေးရင် ဒါ ဆက်လုပ်လို့မရမှာစိုးမိတယ်..” လူလတ်ပိုင်းအမျိုးသားတစ်ဦး ပြောလိုက်သည်။
သူ၏အဆင့်အတန်းမှာ မြင့်သည်ပင်။ သူသည် ဧကရာဇ်ကလန်မှ လာခြင်းဖြစ်ပြီး အန်လန်၏မျိုးဆက်ပင်။ သူသည် ယခင်က သူ၏မြေးကို ဟွမ်နှင့်အတူ ယင်ယန်မီးဖိုထဲထည့်ရန် ဂုယီနှင့် ညှိနှိုင်းခဲ့ဖူးသည်။
ဂုယီမှာ အတော်လေး ပြတ်သားလှသည်ပင်။ သူ လက်မလျော့ချင်ခဲ့။ သို့သော် ယခုတော့ ဤလူလတ်ပိုင်းအမျိုးသားမှာ ဖိအားပေးလာလေပြီ။ သူသည် လျှိုမြောင်ကြားသို့ ရောက်လာပြီးတားဆီးလိုက်လေ၏။
အခြားသူများ ထိတ်လန့်သွားကာ ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။
ကျောက်လျှိုမြှောင်၏ မြေကြီးအောက်မှ အပူများ ကြွတက်လာသည်။ ထို့အပြင် ဤနေရာပတ်လည်ရှိ ကျောက်တောင်များမှလည်း ကြောက်စရာကောင်းသည့်အပူလှိုင်းများ ထုတ်လွှတ်လာသည်။ အပူများမှာ နီရဲနေသည့်အလင်းပင် ဖြစ်နေလေပြီ။
အကျဉ်းချုပ်အားဖြင့် ဆိုရလျှင် ဤနေရာမှာ အလွန်ထူးခြားလှသည်။ သာမန်လူများမှာ ဤနေရာသို့ ဝင်မလာနိုင်။ မဟုတ်ပါက သူတို့ချက်ချင်း ပြာကျသွားလိမ့်မည်။
ထို့ကြောင့် ဤလျှိုမြောင်သို့ ရောက်လာနိုင်သည့်သူများမှာ အလွန်အရေးကြီးသည့်သူများပင်။ အနိမ့်ဆုံးပင် ကိုယ်တိုင်ခစားခြင်းနယ်ပယ်ရှိရန် လိုအပ်သည်။
“အဟွတ် .. မင်း တစ်ချို့ကိစ္စတွေကို ရှင်းပြရင် ပိုကောင်းလိမ့်မယ်လို့ ငါလည်းထင်တယ်..” အခြား လူလတ်ပိုင်းကျွမ်းကျင်သူမှ ပြောလိုက်သည်။ ဤသည်မှာ အနီရောင်ဘုရင်သွေးမျိုးဆက်မှသက်ရှိဖြစ်သောကြောင့် အားလုံး အနည်းငယ် လှုပ်ရှားသွားရသည်။
ဤလူများသာမက ဂုကလန်မှ ရှင်းပြချက်တောင်းခံသည့် အခြား အဆင့်လွန်သက်ရှိ လေး၊ ငါးယောက်ခန့် ရှိလာသည်။ သူတို့အားလုံး၏အမူအရာများမှာ အေးစက်နေသည်ပင်။
လူအချို့ စိတ်လှုပ်ရှားလာကြ၏။ ဂုကလန်ပင်လျှင် ဖိအားများ များလာသည်ဟု ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့အမြင်ကို ပြောလာသည့်သူများအားလုံးမှာ ဧကရာဇ်ကလန်မှဖြစ်သည့်အပြင် အားလုံးမှာ အဆင့်လွန်သက်ရှိများဖြစ်ကြသည်။ သူတို့ဂုကလန်ကိုမကြောက်။ ဤသည်မှာ သူတို့၏ ဘိုးဘေးနယ်မြေဖြစ်သော်လည်း သူတို့ ဖိအားပေးနေဆဲပင်။
ကျောက်လျှိုမြောင်မှာ အလွန်တိတ်ဆိတ်နေပြီး လေထုလည်း အနည်းငယ် တင်းမာလာသည်။
ယင်ယန်မီးဖိုမှာ လျှိုမြောင်အလယ်၌ ရှိနေသည်။ ထိုမီးဖိုကို မူလဖရိုဖရဲမြူများ ဝန်းရံနေကာ လေထဲ၌ တက်လိုက်ကျလိုက်ဖြစ်နေသည်။ မီးဖိုထဲ၌ ဟွမ် လဲလျောင်းနေသည်။
ပြုပြင်ခြင်းလုပ်ငန်းစဉ်မှာ တားဆီးခံလိုက်ရသောကြောင့် ယာယီရပ်တန့်သွားလေပြီ။
ယခု ဧကရာဇ်ကလန်မှ ကျွမ်းကျင်သူများ ပြောလာခြင်းဖြစ်သောကြောင့် မည်သူမှ သူတို့စကားကို အရေးမလုပ်ပဲ မနေပဲ။ အထူးသဖြင့် သူတို့အတွေးများတူညီနေကြသည်ပင်။
“လူတွေအရမ်းများသွားရင် ပြဿနာဖြစ်ဖို့လွယ်သွားမှာ..” ဂုကလန်အကြီးအကဲ ဂုယီ ပြောလိုက်သည်။
အခြားသူများ နားမလည်သော်လည်း ဧကရာဇ်ကလန်များ နားလည်သည်ပင်။ ‘လူအရမ်းများသည်’ ဆိုသည်မှာ ဝေစုလိုချင်နေသည့် သူတို့ကို ပြောခြင်းဖြစ်သည်။
“ရတယ် .. ကျုပ်တို့ ပြင်ဆင်ထားတာတွေရှိတယ်..” အနီရောင်ဘုရင်မျိုးဆက်မှ ပြောလိုက်၏။ သူသည် ဧကရာဇ်ကလန်မှဖြစ်ကာ အမြဲတမ်း ဖိအားပေးတတ်သည့်သူပင်။ သူ၏မျက်လုံးများ အေးစက်နေသည်။
လူလတ်ပိုင်းဆိုသည်မှာ သူ၏အပြင်ပိုင်းအသွင်အပြင်သာ။ သူ၏တကယ့်အသက်အစစ်ကို သိနိုင်ရန် ခက်ခဲလှသည်။ သူ၏လေးနက်လှသည့်မျက်လုံးများကို ကြည့်ခြင်းအားဖြင့် သူ ရှင်သန်နေထိုင်လာခဲ့သည်မှာ အလွန်ကြာညောင်းနေပြီဖြစ်ကြောင်း သိနိုင်သည်။
“ဒီလမ်းပါ..” ဂုယီ မျက်မှောင်ကြုတ်ကာ အသေးစိတ်အချက်အလက်များ ဆွေးနွေးရန်အတွက် ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိများကို ဘေးဘက်သို့ ဖိတ်ခေါ်လိုက်သည်။
သူ အပေးအယူလုပ်ရမည်မှာ သိသာသည်။ မဟုတ်ပါက သူတို့အောင်မြင်နိုင်ချေမရှိတော့။
“ယင်ယန်မီးဖိုက ပြိုင်ဘက်ကင်းတဲ့အဆင့်လွန်ရတနာ .. အခြေအနေတွေသာ ကိုက်ညီရင် သူက တာအိုသဘာဝဥပဒေသတွေကို ဖမ်းဆုတ်ပြီးတော့ ဖြိုခွဲပေးနိုင်တယ် .. တာအိုရောင်းရင်းတို့မျိုးဆက်တွေ အထဲဝင်ဖို့ ကျုပ်သဘောတူပါတယ် .. ဒါပေမဲ့ လိုအပ်တွေက ပစ္စည်းတွေက အရမ်းကို တန်ဖိုးကြီးလိမ့်မယ်..
ဂုယီ၏စကားများမှာ အလွန်ဒဲ့တိုးဆန်လှသလို အလွန်လည်းရိုးရှင်းလှသည်။
ယခုအချိန်တွင် သူမငြင်းနိုင်တော့သဖြင့် ဧကရာဇ်ကလန်များကို လမ်းတစ်ခု ရှာခိုင်းလိုက်သည်။ အလွန်ပြင်းထန်လှသည့် အခြေအနေများနှင့် ကိုက်ညီရန်အတွက် သူတို့ကို ရှားပါးသည့်ဆေးမျိုးစုံကို ရှာခိုင်းလိုက်သည်။
အနည်းငယ် ငြင်းခုံပြီးနောက် နှစ်ဘက်လုံး ခေါင်းညိမ့်ကာ သဘောတူညီမှုတစ်ခု ရသွားသည်။
ဧကရာဇ်ကလန်များမှာ အလွန်လွှမ်းမိုးနိုင်သည့်သူများပင်။ ညှိနှိုင်းသည့်အချိန်တွင် သူတို့လုပ်နိုင်လျှင်လုပ်နိုင်သည်။ မလုပ်နိုင်လျှင် မလုပ်နိုင်ဘူးဟု ပြောကြသည်ပင်။ ဤလူများ ကျေနပ်သွားသည်ဟု သတ်မှတ်၍ရသည်။ သူတို့ ကျောက်လျှိုမြောင်ကြားသို့ ပြန်လာလိုက်သည်။
ယင်ယန်မီးဖို လေထဲ၌ တက်လိုက်ကျလိုက်ဖြစ်နေသည်။ ဟွမ်နှင့်အတူ ဆေးပင်များ၊ သတ္တုများနှင့် အခြားအရာများကို ထည့်ပြီးသွားပြီဖြစ်သည်။ သို့သော် သူတို့ အဖုံးမပိတ်ရသေး။
“ကျုပ်တို့ ကောင်းကင်ရတနာတွေ သွားယူလိုက်ဦးမယ်..” အန်းလန်မျိုးဆက် ပြောလိုက်သည်။
ထို့နောက် အလင်းတန်းပေါင်းများစွာ ခပ်ဝေးဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
အခြားသူများ မျက်လုံးများမှေးကျဉ်းသွားကြရသည်။ သူတို့ ဘာလုပ်မလို့လဲ .. ဆေးမီးဖိုထဲမှာ နတ်ပစ္စည်းတွေ အများကြီး ထည့်ပြီးသွားပြီကို ဘာလို့ ထပ်သွားယူနေကြတာလဲ..
အဆင့်လွန်သက်ရှိအဆင့်ပုဂ္ဂိုလ်များသည် ဘာဖြစ်နေသည်ကို သိသော်လည်း ကံမကောင်းစွာဖြင့် ဧကရာဇ်ကလန်များမှလွဲလျှင် အခြားသူများ ဂုကလန်နှင့် ညှိနှိုင်းနိုင်စရာအကြောင်းမရှိ။ သူတို့ မျိုးဆက်များအတွက် အခွင့်အရေးကောင်များကို ယူနိုင်မည်မဟုတ်။
ဂုကလန်၏ ရှေးဟောင်းမြေသို့ တစ်ရက်တည်းဖြင့် လူငယ်များစွာ ရောက်လာသည်။ အားလုံးကို အသက်ကြီးသည့်ပုဂ္ဂိုလ်များ ခေါ်လာကြသည်ပင်။
သူတို့နှင့်အတူ ပို၍ ထိတ်လန့်စရာကောင်းသည့် ကောင်းကင်ရတနာများလည်းပါလာသည်ပင်။
ယုယု၊ ဝူခွန်၊ ချင်းခွန်တို့သုံးယောက်လည်း ဤနေရာ၌ ရောက်နေလေပြီ။ သူတို့အပြင် ဧကရာဇ်ကလန်မှ အခြား လူငယ်ကျွမ်းကျင်သူများလည်း ရောက်နေသည်။
စုစုပေါင်း လူငယ်ခြောက်ယောက်..
ဘာဖြစ်နေသည်ကို သိလိုက်ရသည့်အချိန် အားလုံး မနာလိုဖြစ်သွားရသည်။ အထူးသဖြင့် လူငယ်မျိုးဆက်များပင်။ သူတို့မျက်လုံးများနီရဲလာကြလေ၏။
ဟဲကျီမင်လည်း ထိုအုပ်စုထဲတွင် ပါသည်ပင်။ သူ ထိုလူများကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ၏ဘိုးဘေး ဟဲဝူရှန်းမှာ အလွန်စွမ်းအားကြီးသော်လည်း သူသည် ဘုရင်မဟုတ်။
သူ ဧကရာဇ်ကလန်မှ လူငယ်များနှင့် ယှဉ်ပြိုင်နိုင်သည်ဟု သူယုံကြည်ချက်ရှိသော်လည်း ယခုအချိန်တွင် သူ ဤထဲပါဝင်ရန် မဖြစ်နိုင်။ သူ၏ဘိုးဘေးမှာ သီးသန့်ကျင့်ကြံနေဆဲဖြစ်သလို အခြားစီနီယာများလည်း သူ့အတွက်တစ်နေရာရရန် လာပြီးမညှိနှိုင်းပေးနိုင်။
အမှန်တကယ်တွင် နောင်တရနေသည်မှာ သူတစ်ဦးတည်းမဟုတ်။ အခြားသူများလည်း ရှိသည်ပင်။
ခဏကြာပြီးနောက် ဂုကလန်၏ ရှေးဟောင်းမြေ၌ ဘာဖြစ်နေသည်ကို သာမန်ကျင့်ကြံသူများလည်း သိသွားကြသည်။
“ယင်ယန်မီးဖိုက တစ်ခုတည်းလို့ထင်ရပေမယ့် တကယ်တမ်းက ယင်နဲ့ယန် မီးဖိုနှစ်ခု ခွဲထားတာ .. ဟွမ်ကို ယန်မီးဖိုထဲ ထည့်လိုက်ရင် တစ်ခြားလူငယ်တွေက ယင်မီးဖိုထဲဝင်ပြီးတော့ သဘာဝကံကောင်းမှုတွေကို ယူနိုင်တယ်”
ဤသတင်းများ ပြန့်သွားသည့်အချိန်တွင် မည်သူကများ တည်ငြိမ်နိုင်တော့မည်နည်း..
ကျောက်လျှိုမြောင်တွင် လူများ ပြည့်နေသည်။ အရှေ့ဆုံး၌ ရှိနေသည်မှာ ဧကရာဇ်ကလန်များနှင့် အခြားသူများပင်။ သူတို့သည် အဖိုးတန်မီးဖိုကို အာရုံစိုက်ကြည့်နေကြလေ၏။
ယုယု၊ ဝူခွန်နှင့် ချင်းခွန်တို့ မီးဖိုထဲဝင်သွားပြီဖြစ်ပြီး ရှီဟောင်နှင့် ဆန့်ကျင်ဘက်၌ ထိုင်နေကြပြီဖြစ်သည်။
ထို့နောက် ဧကရာဇ်ကလန်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း ဝင်သွားကြသည်။
“ဒါက ချီမုန့်ဟုန်ပဲ..”
နောက်ဆုံးဝင်သွားသည့်သုံးယောက်ထဲမှာ ချီမုန့်ဟုန်ကို တစ်စုံတစ်ယောက်မှတ်မိသွာသည်။ သူသည် အနီရောင်ဘုရင်၏မျိုးဆက်ဖြစ်ကာ အလွန်စွမ်းအားကြီးသည့်သူပင်။ သူသည် ယခင်က ထာဝရစင်္ကြံတောင်၌ အချိန်အတော်ကြာ ကျင့်ကြံခဲ့သည်ပင်။
ပြောရမည်ဆိုလျှင် ဧကရာဇ်ကလန်ခြောက်ခုမှာ အမျိုးသားမျိုးဆက်များကို ပို၍ အလေးပေးသည်ပင်။ မဟုတ်ပါက ထိုခြောက်ယောက်ထဲ၌ အမျိုးသမီးတစ်ယောက်တည်း ပါမည်မဟုတ်။
“သူတို့ ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့ .. သူတို့ရဲ့ကျင့်ကြံဆင့်က ဟွမ်ရဲ့ကျင့်ကြံဆင့်နီးစပ်နေလို့ .. မဟုတ်ရင် ဒီကံကောင်းမှုကို ခံစားရမှာက သူတို့မဟုတ်ဘူး..” အပြင်ဘက်မှ တစ်စုံတစ်ဦး တီးတိုးပြောလိုက်သည်။
ဝင်သွားသည့် လူငယ်ခြောက်ဦးလုံး၏ ကျင့်ကြံဆင့်များ တူညီကြပြီး မီးဖိုတစ်ခုထဲ ပြုပြင်ရန်အကောင်းဆုံးပင်။
“ဝိုး .. ဒါက အတိဒုက္ခဖြတ်သန်ခြင်းနတ်ကြာပန်းပဲ..”
တစ်စုံတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤသည်မှာ အစသာ ရှိသေးသော်လည်း ဧကရာဇ်ကလန်သည် နတ်ဆေးပင်တစ်ပင်ကို ပစ်ထည့်လိုက်လေပြီ။ ဤနတ်ကြာပန်းသည် ရွှေရောင်အလင်းတောက်ပနေကာ မွှေးရနံ့လည်း သင်းပျံ့နေသည်ပင်။
ထို့နောက် ရှုထော်သွေးမျိုးဆက်မှ လူလတ်ပိုင်းအမျိုးသားတစ်ဦး ပို၍ရှားပါးသည့်နတ်ပစ္စည်းများကို ပစ်ထည့်လိုက်သည်။ ထိုပစ္စည်းများထဲတွင် နတ်ဆေးပင်များသာမက ရှားပါးသည့်သတ္တုအပိုင်းအစတစ်ခုပင် ပါဝင်သည်။
“ဘုရားရေ .. ဒါက ဘုရင်သွေးကျောက်တုံး..” တစ်စုံတစ်ယောက် ဆွံ့အစွာ ပြောလိုက်သည်။
ရှုထော်သွေးမျိုးဆက်မှတစ်ယောက် အနီရင့်ရောင်ကျောက်တုံးကို ပစ်ထည့်လိုက်သည်။ ထိုကျောက်တုံးသည် အစက သွေးနီရောင်ဖြစ်သော်လည်း နောက်ပိုင်းတွင် ငါးရောင်စပ်အလင်းများ ထုတ်လွှတ်လာကာ မသေမျိုးအော်ရာများ ပြည့်နှက်သွားသည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။ ဤသည်မှာ ထာဝရဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦး၏ သွေးထဲနှစ်ထားသည့် ကျောက်တုံးဖြစ်ကြောင်း အချို့သူများ မှတ်မိသွားသည်ပင်။
“ဘုရားရေ .. ဒါတွေက တစ်နှစ်သီးတွေ..” အခြားလူတစ်ယောက် အော်ဟစ်လိုက်သည်။ အနီရောင်ဘုရင်သွေးမျိုးဆက်မှ ယင်ယန်အိုးထဲသို့ အသီးအချို့ ထပ်ထည့်လိုက်သည်ပင်။
ဤအသီးများမှာ သက်တမ်းကုန်ဆုံးခါနီးသက်ရှိများအတွက် အဖိုးမဖြတ်နိုင်သည့်ရတနာပင်။ ဤသည်မှာ လူတစ်ယောက်ကို သေရာမှ ရှင်စေသည်ပင်။
ထိုကဲ့သို့ပင် အချိန်နှင့်အမျှ ရှားပါးသည့် ဆေးပင်များနှင့် သတ္တုများကိုပစ်ထည့်နေကြလေသည်။ မီးဖိုကြီးမှာ ရောင်စုံအလင်းများ တောက်ပနေပြီး ထာဝရစွမ်းအင်များ ရစ်ဆိုင်းလာသည်။
အထဲဘက်၌ ထိုင်နေသည့် လူငယ်ခြောက်ဦးသည်မလှုပ်မယှက်ထိုင်နေကာ တာအိုတံဆိပ်များ ပြုပြင်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ဟွမ်သည် မလှုပ်မယှက် လဲလျောင်းနေရသောကြောင့် သူတို့က ဟွမ်ထက် ပို၍ ရဲဝံ့ပေါ်နေသည်။
ယင်ယန်မီးဖိုကြီး မပိတ်သွားခင် အခြားလူငယ်အမျိုးသားတစ်ဦး လမ်းလျှောက်ဝင်လာသည်။
“သူက ဘယ်သူလဲ .. သူက ဧကရာဇ်ကလန်က လူငယ်ခြောက်ယောက်နဲ့ ပုခုံးချင်းယှဉ်နိုင်တာလား..”
“ဒါက ဂုကလန်က ဂုဟုန် .. အဆင့်လွန်သက်ရှိ ဂုယီရဲ့ မြေးအရင်း … သူ့ပါရမီတွေက ထူးခြားတယ်..” တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။
ဂုဟုန်၏အမူအရာမှာ တည်ငြိမ်နေကာ သူ၏ရွှေရောင်ဆံပင်များမှာ သွေးရောင်အနည်းငယ် ထုတ်လွှတ်နေသည်။ သူသည် မီးဖိုထဲသို့ တည်ငြိမ်စွာပင် ဝင်သွားလေ၏။
“ဂုဟုန်က အရမ်းစွမ်းအားကြီးတယ် .. သူက ဧကရာဇ်ကလန်က လူငယ်ခြောက်ယောက်ထက်တော့ အားနည်းမှာမဟုတ်ဘူး..” တစ်စုံတစ်ယောက် ပြောလိုက်၏။
ဒုန်း..
မီးဖိုအဖုံးကို ပိတ်လိုက်လေပြီ။ မည်သူမှ ဝင်၍မရတော့။
“လောင်ကျွမ်းစေ…”
တစ်ချိန်တည်းမှာပင် ဂုကလန်မှ အဆင့်လွန်သက်ရှိအိုကြီး ဂုယီ ‘လောင်ကျွမ်းစေ’ ဟူသည်စကားလုံးတစ်လုံးကိုသာ အော်ဟစ်လိုက်သည်။
ထို့နောက် အားလုံးနောက်ဆုတ်သွားကာ လျှိုမြောင်ဝင်ပေါက်သို့ လမ်းလျှောက်သွားလိုက်ကြသည်။ အပူထိန်းညှိရန်အတွက် အဆင့်လွန်သက်ရှိများသာ ဤနေရာ၌ ကျန်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် လျှိုမြောင်တစ်ခုလုံးမှ နတ်မီးတောက်များထွက်လာနေသည်။ ကျောက်တောင်များမှ ထွက်လာသလို မြေအောက်မှလည်း ထွက်လာနေသည်။
ဤသည်မှာ ဆေးဖော်စပ်ရန်အတွက် သင့်တော်သည့် မီးတောက်တာအိုစွမ်းအားများကို ထုတ်ပေးသည့် မီးတောင်လျှိုမြောင်ပင်။
“ဒါက တကယ်ပဲ ဘာအတွက်လဲ..”
လူအများစု ခန့်မှန်းနိုင်သွားပြီဖြစ်သော်လည်း အချို့သူများမှာ ရှုပ်ထွေးနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် သူတို့ယခုမှ ဤနေရာသို့ ရောက်လာကြသည်ပင်။
“ခင်ဗျားစောင့်ကြည့်နေလိုက် သိလာလိမ့်မယ် .. ဒီနေ့ကစပြီးတော့ လူငယ်ဧကရာဇ်ခြောက်ယောက်က တစ်ဆင့်တက်သွားလိမ့်မယ် .. သူတို့တွေက ဟွမ်ရဲ့ ကံကောင်းမှုတွေကို လုယူနေကြတာ..”
“အဲဒီထဲမှာ ဂုကလန်က ဂုဟုန်လည်းရှိတယ် .. လူငယ်ဧကရာဇ် ၇ ယောက်ဖြစ်မှာ..” တစ်စုံတစ်ယောက်မှ အမှန်ပြင်ပေးလိုက်သည်။
အပိုင်း ၁၇၇၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၅ – လူငယ်ဧကရာဇ်ခြောက်ယောက်
“ဧကရာဇ်ကလန်တွေနဲ့ တစ်ဆင့်တည်းနေနိုင်တယ် .. ဂုကလန်က ထူးခြားပေမယ့် နောက်ဆုံးတော့ သူတို့က ဧကရာဇ်ကလန်မှ မဟုတ်တာ..” တစ်စုံတစ်ယောက် ခေါင်းခါ၍ ပြောလိုက်သည်။
လူငယ်ဧကရာဇ်ခြောက်ယောက်ဟု ခေါ်ရသည်မှာ မဆိုးသော်လည်း ဂုကလန်ကို ပေါင်းထည့်လိုက်လျှင် အနည်းငယ် ထူးဆန်းသွားသည်။
ဝုန်း..
ကျောက်လျှိုမြောင်ကြီး တုန်ခါလာကာ အနီရောင်အလင်းများမှာ ပို၍ ပို၍ တောက်ပလာပြီး ပြင်းထန်စွာ လောင်ကျွမ်းလာသည်။ ထိုမီးတောက်များမှာ ယင်ယန်မီးဖိုကိုပင် ဝါးမြိုပစ်တော့မည်။ ရောင်စုံနတ်အလင်းများ တောက်ပလာပြီး အပူချိန်လည်း အလွန်မြင့်လှသည်။
ဤသည်မှာ လူလုပ်ထားသည့်တာအိုမီးတောက်မဟုတ်။ ကျောက်လျှိုမြောင်၌ အစကတည်းက ရှိနေသည့်မီးတောက်များပင်။
ဤနေရာရှိ မီးတောက်များနှင့် ပတ်သက်ပြီး ဆိုရိုးများစွာ ရှိကြသည်ပင်။
အချို့သူများမှာ ဤနေရာသည် တာအိုလေ့လာသည့် မြင့်မြတ်နယ်မြေဟု ပြောကြသည်။ ဤနေရာ၌ ထိတွေ့ကိုင်တွယ်၍ရသည့် တာအိုသဲလွန်စများ မြေအောက်ရှိကျောက်များနှင့်အတူ ပေါင်းစည်းသွားကာ တာအိုမီးတောက်များ ဖြစ်ပေါ်လာသည်ဟု ပြောကြသည်။
အချို့သူများမှာလည်း ဤနေရာမှာ နဂါးအစစ်နှင့် တိုက်ခိုက်ခဲ့သည့် ဂုကလန်၏ ရှေးဟောင်းဘိုးဘေး ဤနေရာ၌ တစ်နှစ်ပတ်လုံးဆေးဝါးဖော်စပ်ခဲ့ကာ တာအိုများကို လေ့လာခဲ့သည်ဟု ပြောကြသည်။ ကျောက်လျှိုမြောင်တွင် သူ၏တာအိုကို ထွင်းထုထားပြီး စွမ်းအားအကြီးဆုံးတာအိုမီးတောက်ကို ထုတ်လွှတ်ပေးနေသည်ပင်။
ယင်ယန်မီးဖိုမှာ ရေထဲ၌ ပေါ်လိုက်မြှုပ်လိုက် ဖြစ်နေသကဲ့သို့ပင်။
အမှန်တကယ်တွင် အိုးမှာ လေထဲ၌ ရောက်နေပြီဖြစ်ပြီး မြေပြင်နှင့် အနည်းငယ် လွတ်နေပြီဖြစ်သည်။ သူသည် တာအိုမီးတောက်များ၏လောင်ကျွမ်းခြင်းကို သည်းခံကာ အဖိုးတန်ဆေးများနှင့် အခြားပစ္စည်းများ၏ စွမ်းအင်များကို ပြုပြင်လိုက်သည်။
ဤမီးဖိုမှာ အလွန်ထူးဆန်းသလို အလွန်လည်း စွမ်းအားကြီးလှသည်။ ဤသည်မှာ အင်ပါယာဂိတ်ဘက်မှ ယူလာသည့် ဂုကလန်၏ အဆင့်လွန်ရတနာပင်။
တစ်ဖက်လောကဘက်တွင်ပင် ဤပစ္စည်းမှာ အဆင့်မြင့်သည်။ မသေမျိုးဘုရင်များကို စိတ်လှုပ်ရှားစေနိုင်သည့် အဆင့်လွန်ရတနာများထဲမှ တစ်ခုပင်။
လျှိုမြောင်ဝင်ပေါက်တွင် ဤအိုးကို သေချာကြည့်ချင်နေသည့်သူများစွာ ရှိသည်။
ကံမကောင်းစွာဖြင့် ထိုအိုးသည်တာအိုဥပဒေသများဖြင့် ရစ်ပတ်ခြင်း ခံထားရကာ အလွန်မှုန်ဝါးနေသည်။ ဤအိုးသည် ရှေးကျကာ ရိုးရှင်းသော်လည်း ခမ်းနားသည့်အော်ရာတစ်မျိုးရှိနေသည်။
သူသည် အချိန်၏တိုက်စားမှုကို တောင့်ခံထားကာ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများထံမှ တာအိုလေ့ကျင့်ခြင်းကို လက်ခံရရှိခဲ့သည်။ မရေမတွက်နိုင်အောင် ဆေးဝါးဖော်စပ်ခဲ့သော်လည်း မပျက်စီးသေး။
ဤသည်ကို ဆေးဖော်စပ်ရန်အတွက် အသုံးပြုခြင်းဖြစ်သော်လည်း ဤသည်ကို ဆေးမီးဖိုအဖြစ် မည်သူမှ မမြင်တော့။ အဘယ်ကြောင့်ဆိုသော် ဤအိုးမှာ စွမ်းအားကြီးလွန်းလှသည်ပင်။
ကံမကောင်းစွာဖြင့် ခေတ်တစ်ခု၏ တစ်ဝက်ကျော်ကုန်ဆုံးသွားပြီဖြစ်သော်လည်း ဤအိုးကို မည်သည့်နေရာမှ မရွေ့ဖူးသေး။ ဤအိုးကို ဤလျှိုမြောင်၌သာ ထားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဂုကလန်၏ ကြီးပွားတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် သက်ဆိုင်နေသည်ပင်။
အဘယ်ကြောင့်ဆိုသော် ဤကလန်၏ ဘိုးဘေးကြီး ယခုထိ အသက်ရှင်နေဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ် တောင့်ခံရန် ဤအိုးကို လိုအပ်သည်ဟု ပြောကြသည်။ သူ့ကို ဤနေရာ၌ မြှုပ်နှံထားသည်ဟုလည်း ပြောကြသည်ပင်။
လျှိုမြောင်ထဲတွင် အားလုံး ဤအဆင့်လွန်ရတနာအကြောင်းကို စိတ်ပါဝင်စားစွာ ဆွေးနွေးနေကြကာ ကောလဟာလအချို့လည်း ပေါ်ထွက်လာခဲ့သည်။
“ငါကြားတာတော့ ဂုကလန်ရဲ့ ဘိုးဘေးက ပြိုင်ဘက်ကင်းတဲ့ထာဝရဘုရင်ဖြစ်ဖို့ နည်းနည်းပဲ လိုတော့တာတဲ့ .. ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ကို နှောက်ယှက်လိုက်တော့ အခု သူ့အသက်တောင် မသေချာတော့ဘူးတဲ့..”
“အုဲါဘယ်သူလဲ .. မင်းမပြောနဲ့နော် .. အဲဒါက ငါတို့လောကက..” တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။ ဤနေရာထိ ပြောပြီးသည်နှင့် သူဆက်မပြောရဲတော့။
“မဟုတ်ဘူး .. အဲဒါက ထာဝရရှေးဟောင်းခေတ်က ရခဲ့တဲ့ဒဏ်ရာ .. အဲဒီကိစ္စမှာတစ်ခြားလျှို့ဝှက်ချက်တွေ ရှိသေးတယ် .. မဟုတ်ရင် ဂုကလန်က ငါတို့ဘက်ကို ပြောင်းလာမှာမဟုတ်ဘူး..”
ဂုကလန်အကြီးအကဲ ဂုယီ၏အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ဤသည်မှာ ဂုလန်၏ အနာဟောင်းပင်။ ပြိုင်ဘက်ကင်းဘုရင်တစ်ပါး၏ လမ်းကြောင်းကို တစ်စုံတစ်ယောက် ပိတ်ပင်လိုက်ခြင်းမှာ အလွန်ကြီးမားသည့်ကိစ္စပင်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း သူတို့ ကလန် ဤအကြောင်း မပြောချင်ကြသေး..”
“မင်းတို့အားလုံး ပါးစပ်ပိတ်ထားရင်ကောင်းမယ်..” ဂုယီအေးစက်စွာ ပြောလိုက်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထုတ်လွှတ်လာသည်။ ထိုအခိုက်အတန့်တွင် အခြားသူများမပြောနှင့် ဧကရာဇ်ကလန်များပင် ဝင်မပါချင်ကြ။
ထို့ကြောင့် လျှိုမြောင်ထဲသို့ ဝင်လာသည့်သူများအားလုံး ခဏတိတ်ဆိတ်သွားကာ မည်သူမှ ဤအကြောင်း ထပ်မပြောကြတော့။
မီးဖိုထဲ၌ ရှီဟောင် သတိပြန်လည်လာသည်။ သူသတိမကပ်ပဲ ပြုပြင်ခံလိုက်ရပါက သူ ဆန်ပြုတ်ဖြစ်သွားလိမ့်မည်။
မီးဖိုထဲ၌ အခြားသူများ ရှိနေသည်ကို သတိထားမိရုံသာမက အပြင်ဘက်မှလူများ ပြောနေသည်ကိုလည်း သူကြားလိုက်ရသည်။
ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ ဂုကလန်၏သစ္စာဖောက်မှုနောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ်ရှိနေသည်ထင်သည်။ ဒီကလန်က ဘိုးဘေးရဲ့လမ်းကို တားဆီးလိုက်တာ ဘယ်သူလဲ..
သို့သော်လည်းသူ၏ခန္ဓာကိုယ်မှာ အန္တရာယ်များသည့်အခြေအနေ၌ ရောက်နေသောကြောင့် သူများများစားစားတွေးဖို့ အချိန်မရှိ။ သူ၏အာရုံအားလုံးကို ယင်နှင့်ယန်စွမ်းအင်များမှ ထုတ်လွှတ်သည့်ဖိအားများကို ခုခံနိုင်ရန် အာရုံစိုက်ထားရမည်။
ယင်ယန်မီးဖို၏ မီးဖိုနံရံမှာ ရိုးရှင်းသော်လည်း ထူးဆန်းသည့်စွမ်းအားတစ်မျိုးထုတ်လွှတ်နေသည်။ ဤသည်မှာ သူ၏ခန္ဓာကိုယ်အား တစ်စစီလုပ်ပစ်တော့မတတ်ပင်။
ထို့အပြင် စွမ်းအင်နှစ်မျိုးလည်း ထွက်ပေါ်နေကာ မီးဖိုထဲရှိ အားလုံးကို ဖုံးအပ်ထားသည်။
ရှီဟောင်၏အခြေအနေမှာ အလွန်ရှုပ်ထွေးနေသည်။ ဧကရာဇ်ကလန်မှ ကျွမ်းကျင်သူများ သူ့ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားသောကြောင့်သာ။ မဟုတ်ပါက သူအစောကြီးကတည်းက ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ငြိမ်းသတ်သွားလိမ့်မည်။
ဝုန်း..
ထို့နောက် ရှီဟောင် အလွန်ပူပြင်းလှသည့် အပူရှိန်ကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တောက်လောင်လာကာ တာအိုမီးတောက်များဖြင့် ရစ်ပတ်ခြင်း ခံလိုက်ရသည်။
ယင်ယန်မီးဖိုမှာ ယင်နှင့်ယန် မီးဖိုအဖြစ် ခွဲလိုက်နိုင်သည်။ ယခု ထိုကဲ့သို့ ဖြစ်နေလေပြီ။
သူသည် တစ်ဖက်၌ ရှိနေပြီး အခြားသူများမှာ အခြားတစ်ဖက်၌ရှိနေခြင်းဖြစ်ကြောင်း ရှီဟောင် တွေ့လိုက်ရသည်။ ထိုနေရာသည် အနည်းငယ် လူများနေသော်လည်း သူတို့ဤဘက်သို့ မလာကြ။
သူသည် ယန်မီးဖိုထဲ၌ ရှိနေပြီး အခြားသူများမှာ ယင်မီးဖို၌ ရှိနေသည်ပ်။
ထိုဘက်မှာ ဤနေရာလောက် မပူသည်မှာ သိသာလှသည်။ ထိုနေရာ၌ ယင်စွမ်းအင်များ ဖုံးလွှမ်းနေကာ ယင်မီးဖို၏အပူချိန်မှာ တောင့်ခံနိုင်သည်ပင်။
ရှီဟောင် ယန်မီးဖိုထဲမှ အပူချိန်ကို တောင့်ခံနေရသည်။
အဘယ်ကြောင့်ဆိုသော် ယင်ယန်မီးဖို အသက်ဝင်သည့်အချိန်တွင် သူ့ဘက်မှ စတင်သည်ပင်။
ထို့အပြင် တာအိုမီးတောက်များသည် ယင်စွမ်းအင်ကို အရင်ဆုံးထုတ်လွှတ်သည်ပင်။
လောင်ကျွမ်းမှုကို တောင့်ခံနေရင်း ရှီဟောင်မျက်လုံးထဲ နတ်အလင်းများ တောက်ပလာသည်။ သူ ယင်စွမ်းအင်ဖြင့် ကင်ခံနေရသည်ကို တောင့်ခံရင်း တစ်ဖက်မှ လူများကို လေ့လာလိုက်သည်။
ဝူခွန်၊ ယုယုနှင့် ချင်းခွန်ကို သူမှတ်မိသည်။ အနီရောင်ဘုရင်မျိုးဆက် ချီမုန့်ဟုန်ကိုလည်း ထာဝရစင်္ကြံတောင်၌ သူမြင်ဖူးသည်။
ထို့အပြင် ဂုကလန်မှ လူငယ်ကျွမ်းကျင်သူ ဂုဟုန်လည်းသူသိသည့်သူပင်။ သူသည် ယခင်က အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့နှင့် အခြား ဧကရာဇ်ကလန်လူငယ်နှင့်အတူ နတ်ဆေးတောင်တန်း၌ သူ့နောက် လိုက်ဖူးသည်ပင်။
အခြားဧကရာဇ်ကလန်လူငယ်လေးမှာ ဆော့ဂူဟု ခေါ်သည်ပင်။ သူသည် ရှုထော်၏မျိုးဆက်ပင်။
ဝူခွန်၊ ယုယု၊ ချင်းခွန်၊ ချီမုန့်ဟုန်၊ ဆော့ဂူနှင့် ချီဟုန်တို့အားလုံးကို သူမြင်ဖူးသည်။ ဤနေရာ၌ ရှီဟောင်မမြင်ဖူးသည့် မိန်းမပျိုလေးတစ်ဦးသာ ရှိသည်။
ဒုန်း..
ယင်ယန်မီးဖိုသည် တစ်ခုခုနှင့် ရိုက်မိသွားသကဲ့သို့ ကျယ်လောင်လှသည့် ဆူညံသံများ ရုတ်တရက်ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် မီးဖိုသည် မီးဖိုနှင့်ပင်မတူတော့ပဲ ရွှေရောင်ခေါင်းလောင်းသံကဲ့သို့သော ကျယ်လောင်လှသည့်အသံများ ထွက်ပေါ်လာသည်။
ထို့နောက် တာအိုအော်ရာများ ပျံ့လွင့်လာသည်။ ဆူညံသံများ ထွက်ပေါ်လာသည်နှင့် အိုးထဲ၌ ရှိနေသည့် သူများသည် အံ့အားသင့်စရာကောင်းသည့် တာအိုလေ့လာခြင်းအခြေအနေသို့ ရောက်သွားကြသည်။
ခွပ်..
ဤသည်မှာ ယင်ယန်မီးဖိုမှ ထွက်လာခြင်းပင်။ သူ ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ခွန်အားကို ဆွဲထုတ်လိုက်သည်။
ဝုန်း..
တာအိုအော်ရာတစ်ခု ပျံ့လွင့်လာသည်။ ပြည့်စုံသည့်တာအိုဥပဒေသများ ကွဲထွက်သွားပြီးနောက် သူ၏ခန္ဓာကိုယ်ထဲ၌ အရာများ ကျန်ခဲ့သည်ပင်။ ယခု ထိုအရာများ ပြန်လည်အသက်ဝင်လာလေပြီ။
ယင်ယန်မီးဖိုသည် အရာအားလုံးကို ယင်နှင့်ယန်စွမ်းအင်နှစ်ခုဖြစ်အောင် ပိုင်းခြားပစ်နိုင်သည်ပင်။ ယခု သူ ရှီဟောင်ကို ပြုပြင်နေခြင်းမှာ ထိုတာအိုဥပဒေသများကို လေ့လာနေခြင်းနှင့်အတူတူပင်။
ဤသည်မှာ ထူးဆန်းသည့်ပြောင်းလဲမှုတစ်ခုပင်။ ရှီဟောင်ရှိနေသည့်နေရာမှာ ချက်ချင်းပင် တောက်ပလာပြီး သူ့တစ်ကိုယ်လုံးကို စွမ်းအင်လုံးတစ်ခုဖြင့် ဝန်းရံခြင်း ခံလိုက်ရသည်။
“ဒါက ဒီကလေးရဲ့ အခွင့်အရေးတွေပဲ..” ဂုကလန်အကြီးအကဲ ဂုယီ ပြောလိုက်သည်။
လူအချို့ ခေါင်းညိမ့်လိုက်ကြ၏။ အခြေအနေကို နားလည်သည့်သူများအားလုံး မီးဖိုထဲ၌ ဘာဖြစ်နေကြသည်ကို သိနေသည်ပင်။
ပြည့်စုံသည့် တာအိုဥပဒေသများ ပြိုကွဲသွားကာ အစစ်မှန်ဆုံးတာအိုခြေရာများ ချန်ရစ်ထားခဲ့သည်။
ဤသည်မှာ ဤလောက၌ ရှာတွေ့နိုင်ရန် ခက်ခဲသည့်တာအိုခြေရာများပင်။ ယခုအချိန်တွင် ဤခြေရာများကို ရှေးဟောင်းမီးဖိုမှ ပြုပြင်နေပြီး နားလည်အောင်လုပ်နေပြီဖြစ်သည်။
အခြားတစ်ဖက်တွင်ရှိနေသည့် လူငယ်ဧကရာဇ်ခြောက်ဦးသည် ရှီဟောင်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကာ ယင်နှင့်ယန်စွမ်းအင်များ ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြလေ၏။
ဤလောက၏ တာအိုဥပဒေသများမှာ ပြည့်စုံသည်။ သူတို့ ဤဥပဒေသများကို အသုံးပြုကာ သူတို့ခန္ဓာကိုယ်များကို ပြုပြင်၍ရသည်။ သို့သော် သူတို့တာအိုကို နားလည်ပုံမှာ မတူညီသောကြောင့် သူတို့ ထိုဥပဒေသများကို အပြည့်အဝရရှိရန် မဖြစ်နိုင်ပေ။
ယခု သူတို့ တာအိုခြေရာများကြား၌ ပုန်းကွယ်နေသည့်အရာများကို လေ့လာခွင့်ရတော့မည်။
ဤသည်မှာ အဆင့်မြင့်ဆုံးသက်ရှိ သင်ကြားပေးသည်ကို နားထောင်ရသည်နှင့် ညီမျှသည်။ ဤသည်မှာ လောကကြီး၏ ကြီးမြတ်သည့်တာအိုနှင့် ကိုယ်တိုင် ထိတွေ့ရခြင်းပင်။
ဤသည်မှာ သေချာပေါက် သဘာဝကံကောင်းမှုကြီးပင်။
ထို့ကြောင့်ပင် သူတို့ စီနီယာများသည် သူတို့မီးဖိုထဲ ဝင်နိုင်မည့်အခွင့်အရေးများကို ရှာဖွေခဲ့ကြခြင်းပင်။
“အာရုံစိုက်ထား .. ဒါတွေအားလုံးကို သေချာဖြတ်ကျော်ကြ .. ဒါက ကောင်းကင်တာအိုကျမ်းစာက သူကိုယ်တိုင်လာသင်ပေးနေတာနဲ့အတူတူပဲ .. မင်းတို့အားလုံး သေချာနားထောင်ဖို့ လိုအပ်တယ်..” ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိမှ အော်ပြောလိုက်သည်။
မီးဖိုထဲတွင် နတ်ဆေးမျိုးစုံ၊ ဘုရင်သွေးကျောက်တုံးနှင့် အခြားသတ္တုများအားလုံးလည်း ပြုပြင်ခံလိုက်ရပြီဖြစ်သည်။ ဆေးစွမ်းအင်များလည်းပေါများလှပြီး အားလုံးကို အားဖြည့်ပေးနေသည်ပင်။
ဝုန်း..
ယင်နှင့်ယန်စွမ်းအင်များ ဝေ့ဝဲနေကာ အထဲဘက်မှအိုးနှစ်ခု တစ်ခုနှင့်တစ်ခု တုံ့ပြန်လာကာ ထူးဆန်းသည့်ဆက်သွယ်ချက်တစ်ခု ဖြစ်လာသည်။ လူငယ်ဧကရာဇ်ခြောက်ဦးနှင့် ဂုဟုန် တုန်လှုပ်သွားကာ တာအိုများကို သေချာနားထောင်နေလိုက်သည်။
ထို့အပြင် သူတို့ ရှီဟောင်၏ကိုယ်ပိုင်တာအိုကိုလည်း မြင်တွေ့ချင်သေးသည်။ ယင်ယန်မီးဖိုကို အသုံးပြုကာ ရှီဟောင်၏တာအိုနှင့် ပညာများအားလုံးကို ယူချင်သေးသည်။
ယင်ယန်မီးဖိုကို အသက်သွင်းလိုက်သည်နှင့် ယင်နှင့်ယန်စွမ်းအင်များသည် အရာအားလုံးကို နားလည်နိုင်မည့်ပေါင်းကူးတံတားဖြစ်သွားည်ပင်။ ဤလူများ ရှီဟောင်၏လမ်းကြောင်းကို နားလည်သွားနိုင်လောက်သည်။
ဤသည်မှာ လျှိုမြောင်ထဲမှ အဆင့်လွန်သက်ရှိများ မျှော်လင့်နေသည့်အရာပင်။ သူတို့၏လူငယ်မျိုးဆက်များကို ပို့လိုက်ခြင်းမှာ ဟွမ်၏လမ်းကြောင်းကို ကိုးကားပြီး သူတို့ခန္ဓာကိုယ်များကို ပြည့်စုံအောင်လုပ်ရန်ပင်။ ထိုသို့ဆိုလျှင် သူတို့ ပို၍ ခမ်းနားကြီးကျယ်လာလိမ့်မည်။
အပိုင်း ၁၇၇၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၆ – ယင် ယန် ပြောင်းပြန်ဖြစ်ခြင်း
ယင်ယန်မီးဖိုသည် အရှေ့အနောက်လွှဲရမ်းနေပြီး အပေါ်တက်လိုက်အောက်ကျလိုက်ဖြစ်နေကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ သဘာဝဥပဒေသများကို စုတ်ယူနေသည်။ သူ့ကို ကောင်းကင်၏ နတ်ချိန်းကြိုးများဖြင့် ရစ်ပတ်ထားသည်ပင်။
အားလုံး စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ဤသည်သာ အောင်မြင်လျှင် အိုးထဲ၌ ရှိနေသည့် လူငယ်များ အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်။
ဤသည်မှာ သူတို့ကို သက်ပြင်းမချပဲ မနေနိုင်အောင် လုပ်နေသည်။ ဤယင်ယန်မီးဖိုမှာ တကယ်ကို အဆင့်လွန်ရတနာတစ်ခု ဖြစ်ထိုက်သည်ပင်။
ဒုန်း..
မီးဖိုကြီး နောက်တစ်ကြိမ်တုန်ခါလာကာ တာအိုခေါင်းလောင်းသံကဲ့သို့ မြည်ဟီးလာသည်။ အားလုံး တုန်လှုပ်သွားကာ အချို့သူများမှာ တာအိုလေ့လာရန်အတွက် ထိုင်ချလိုက်ကြသည်။
ယင်နှင့်ယန်စွမ်းအင်များ ရစ်သိုင်းလာကာ အိုးကိုယ်ထည်ကို ရစ်ပတ်လာသည်။ တာအိုအော်ရာမှာ ပို၍ ပို၍များပြားလာကာ အဆင့်လွန်သက်ရှိများပင် စိတ်လှုပ်ရှားလာကြသည်။
လူများလည်းတစ်ယောက်ပြီးတစ်ယောက် ထိုင်ချကာ တာအိုများကို လေ့လာ,လာကြသည်။
လျှိုမြောင်အပြင်ဘက်၌ အလွန်တိတ်ဆိတ်နေသည်။ ဘယ်သူမှ ဘာမှမပြောကြ။ အားလုံးသည် ဤသည်မှာ နံပါတ်တစ် အဆင့်လွန်ရတနာဖြစ်လိမ့်မည်ဟု ခံစားနေကြရသည်ပင်။
ရွှီး..
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြား၌ ခရမ်းရောင်စွမ်းအင်တန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာ၏။ ဤသည်မှာ တာအိုများ ထိတွေ့၍ရသည့်ကြားခံနယ်အဖြစ် ပြောင်းလဲသွားခြင်းပင်။ ဥပမာအားဖြင့် ကြာပန်းများအဖြစ် ဖူးပွင့်လာခြင်းနှင့် မှုန်ဝါးဝါးကျမ်းစာသံများအဖြစ် ပြောင်းလဲသွားခြင်းပင်။
အော်ရာမှာ ပို၍ ပို၍ပင် ခမ်းနားလာသည်။
သို့သော် အချို့လူများမှာ သွေးအန်လာကာ ခန္ဓာကိုယ်များ တုန်ယင်လာပြီး တာအိုအသံများကြောင့် ဒဏ်ရာရသွားသည်။
လျှိုမြောင်ဝင်ပေါက်မှာ ဖရိုဖရဲဖြစ်နေလေပြီ။
အဆင့်လွန်သက်ရှိများသည် တာအိုများကို လျှို့ဝှက်လေ့လာနေသော်လည်း သူတို့မျက်ခုံးကြားမှ အလွန်နာကျင်လာကာ မြန်မြန်ရပ်ပစ်လိုက်ရသည်။ သူတို့ နောက်တစ်ကြိမ် မလေ့လာရဲတော့။
“အားလုံးပဲ သတိထားကြ .. ယင်ယန်မီးဖိုနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ မကြိုးစားနဲ့ .. သူက တာအိုတွေကို လေ့လာနေတာ .. ဒါက အရမ်းအန္တရာယ်များတယ် … သူ ကောင်းကင်က သဘာဝဥပဒေသတွေကို ဆွဲယူနေတယ်ဆိုရင်တောင် ဒါက အားလုံးကျင့်ကြံဖို့အတွက် မသင့်တော်ဘူး..” ဂုယီ သတိပေးလိုက်သည်။
ယင်ယန်မီးဖိုမှာ တည်ငြိမ်နေပုံပေါက်သော်လည်း ယခုအချိန်တွင် အလွန်အန္တရာယ်များကြောင်း သူသိသည်။ အပြင်မှလူများ ဤမီးဖိုကို ထိ၍မရ။
ယခုအချိန်တွင် ယင်ယန်မီးဖိုကို သဘာဝဥပဒေသများ ရစ်ဆိုင်းနေပြီး ပို၍ပင် မှုန်ဝါးလာသည်။ သို့သော် ထိုအိုးတစ်ခါ တုန်ခါသွားတိုင်း အားလုံး၏ဝိညာဉ်လည်း တုန်ခါသွားရသည်။ ဤအော်ရာမျိုးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်။
ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိများပင်လျှင် အမူအရာများ မှုန်မှိုင်းလာကာ အားလုံးကို ယင်ယန်မီးဖိုနားမကပ်ရန် သတိပေးလိုက်သည်။
လျှိုမြောင်ထဲ၌ မည်သူမှ မရှိတော့။ ဂုကလန်မှ ကျွမ်းကျင်သူများပင် ပြန်ဆုတ်ခဲ့ပြီဖြစ်သောကြောင့် အခြားသူများဆိုလျှင် ပြောစရာမလိုတော့။
ရွှီး..
နေနှင့်လ တုန်ခါသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး အက်ကွဲလာသည်။
ခဏကြာပြီးနောက် လျှိုမြောင်ထဲမှ အလင်းပြင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ကောင်းကင်ကြီးကို စုတ်ဖြဲပစ်တော့မတတ်ပင်။ ယင်ယန်မီးဖိုတစ်ခါ လှုပ်ခါသွားသည်နှင့် ဤကဲ့သို့ ကြောက်စရာကောင်းသည့် ပုံမှန်မဟုတ်သည့်မြင်ကွင်း ပေါ်လာခဲ့သည်။
“စိတ်မပူပါနဲ့ .. လျှိုမြောင်က ဒီအဖိုးတန်မီးဖို နေနေတဲ့နေရာ .. သူ ဒီနေရာကို ဖျက်ဆီးပစ်မှာမဟုတ်သလို သူ့ရဲ့အကျိုးသက်ရောက်မှုတွေ ထွက်လာမှာလည်းမဟုတ်ဘူး..” ဂုယီ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာရှိလူများအားလုံး ဖြူဖျော့နေကြလေပြီ။ ဤကဲ့သို့သော စွမ်းအားမျိုးမှာ ပြင်းထန်လှကာ သူသာ ပေါက်ကွဲထွက်လာလျှင် ကြယ်နှင့်လပင် ပြုတ်ကျလာပြီး ဤရှေးဟောင်းမြေလည်း ပျက်စီးသွားလိမ့်မည်။
ယင်ယန်မီးဖိုသည် ကံကောင်းခြင်းကို ယူဆောင်လာနိုင်သော်လည်း အပြင်လူများ အဘယ်ကြောင့် အသုံးပြု၍မရသည်ကို သူတို့အားလုံး သိသွားကြလေပြီ။
အထဲဘက်မှာ ပို၍ပင် အန္တရာယ်များနိုင်သေးသည်။
“အားလုံးပဲ စိတ်မပူပါနဲ့ .. ဒါက သူတို့ရဲ့ အခွင့်အရေးပဲ .. သူတို့မအောင်မြင်ရင်တောင် ဒါက ကံတရားအတိုင်းလို့ပဲ ပြောလို့ရပါတယ်..” ဂုယီ တည်ငြိမ်စွာ ပြောလိုက်သည်။
ဧကရာဇ်ကလန်များအားလုံး တိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ဂုကလန်၏တပည့်များမှာ အလွန်နည်းပါးလှသည်။ သူတို့ထဲမှတစ်ယောက်သာ သေဆုံးသွားလျှင် ဤသည်မှာ ဆုံးရှုံးမှုကြီး ဖြစ်သွားမည်ပင်။
အိုးထဲမှာ အပြင်ကထက် ပို၍ တည်ငြိမ်နေသည်ပင်။ ဤနေရာ၌ ယင်နှင့်ယန်စွမ်းအားများ စီးဆင်းနေကာ အားလုံးကို ချေဖျက်ပစ်နေသောကြောင့်ပင်။ ဤစွမ်းအင်နှစ်ခုရှိနေသောကြောင့်လည်း တာအိုများကို မြင်နိုင်နေသည်ပင်။
တာအိုကနေတစ်ခု၊ တစ်ခုကနေနှစ်ခု .. ဤနှစ်ခုဆိုသည်မှာ ယင်နှင့်ယန်စွမ်းအင်ကို ဆိုလိုခြင်းပင်။ ဤစွမ်းအင်များကြောင့် ဤယင်ယန်မီးဖို အံ့အားသင့်စရာကောင်းနေခြင်းပင်။
သမိုင်းမှ ကျွမ်းကျင်သူပေါင်းများစွာ၏ လေ့ကျင့်ခြင်းကို တွေ့ကြုံခဲ့ရသောကြောင့် ဤအိုးမှာ ပို၍ တည်ငြိမ်လာကာ တာအိုလေ့လာကျင့်ကြံရန်တွက် ပို၍ သင့်တော်လာသည်။
အိုးထဲ၌ရှိနေသည့် ရှီဟောင် မလှုပ်မယှက်ရှိနေသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သည့်ပြောင်းလဲမှု ဖြစ်ပေါ်နေသည်ပင်။ အဖိုးတန်မီးဖို တောက်ပလာကာ သူ၏ခန္ဓာကိုယ်ကို ချိတ်ပိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ တာအိုခြေရာလက်ရာများနှင့် တုံ့ပြန်လာသည်။
ဝုန်း..
ထို့နောက် သူ၏ခန္ဓာကိုယ် စတင်လည်ပတ်လာသည်။
တစ်ချိန်တည်းမှာပင် ယုယု၊ ဝူခွန်၊ ချီမုန့်ဟုန်၊ ဆော့ဂုနှင့် အခြားသူများလည်း ယင်စွမ်းအင်များ ဝန်းရံထားကာ လည်ပတ်လာကြသည်။
မီးဖိုကြီး တောက်ပလာကာ နတ်မှန်စကဲ့သို့ ကြည်လင်တောက်ပလာသည်။ အထဲဘက်၌ ယင်ယန်ဝဲကတော့ကြီးတစ်ခု ဖြစ်နေကာ အလွန်လျင်မြန်သည့်အရှိန်ဖြင့် လှည့်ပတ်နေသည်။
ခဏကြာပြီးနောက် ယင်နှင့်ယန်စွမ်းအင်များ တစ်ခုနှင့်တစ်ခု တိုက်ခတ်လာလေသည်။
ခွပ်..
ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ ကျိုးပဲ့သွားသည့်အသံ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကျိုးပျက်သွားသည့်နတ်ချိန်းကြိုးနှင့် အခြားအရာများ အသက်ဝင်လာပြီး စတင်လှုပ်ခါလာကာ သူပင်နားမလည်နိုင်သည့် ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။
ဝုန်း…
တစ်ချိန်တည်းမှာပင် မီးဖိုကြီးသည် ပို၍ တောက်ပလာကာ အပြင်လောကမှ ပြည့်စုံသည့် သဘာဝဥပဒေသများကို ဆွဲယူကာ ဤနေရာသို့ ဆင်းသက်စေလိုက်သည်။
ယခု ကျမ်းစာသံမှာ ကြည်လင်လာလေပြီ။ အနည်းဆုံးတော့ အိုးထဲမှလူများ သေချာကြားနေရလေပြီ။
ချင်းခန်၊ ဂုဟုန်၊ ယုယုနှင့် ချီမုန့်ဟုန်တို့ တုန်ယင်သွားကြကာ ထိုအသံထဲ၌ စိတ်နှစ်ထားလိုက်သည်။ ယခုတစ်ခေါက် သူတို့တကယ်အောင်မြင်သွားပြီး အကျိုးကျေးဇူး များစွာ ရရှိလိမ့်မည်ကို သူတို့သိသည်။
အလင်းတန်းတစ်ခုပြီးတစ်ခု ပေါ်လာကာ ထိုအလင်းတန်းများကို ယင်နှင့်ယန်စွမ်းအင်များဖြင့် ဖြိုခွဲလိုက်သည်။ ဤအလင်းတန်းများမှာ တာအိုဥပဒေသများပင်။ ထိုအလင်းတန်းများသာရှိလျှင် သူတို့ ဤသည်ကို အာရုံခံနိုင်မည်မဟုတ်။ သို့သောာ် ယခုတော့ အရာအားလုံး ပို၍လွယ်ကူသွားလေပြီ။
ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ ကျိုးပျက်သည့်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုတာအိုအကြွင်းအကျန်များသည် အပြင်ဘက်မှ သဘာဝဥပဒေသများနှင့် တုံ့ပြန်မှုများ ဖြစ်လာခြင်းပင်။
“မျိုးစေ့…”
မီးဖိုထဲ၌ ရှိနေသည့်သူများ၏ မျက်လုံးများတောက်ပလာသည်။ သူတို့ ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ တာအိုများကို တွေ့လိုက်ရလေပြီ။ ပျက်စီးသွားသည့်အရာများ ပြန်လည်စုစည်းသွားသည့်အချိန်တွင် မျိုးစေ့တစ်ခုပုံစံဖြစ်သွားခြင်းပင်။
ယင်ယန်မီးဖိုကြီး တုန်ခါလာကာ လှုပ်ခါနေသည်မှာ အံ့ဩစရာမရှိတော့။ ဤသည်မှာ ဤမျိုးစေ့ကို အပြောင်းအလဲတစ်ခု ပေးချင်နေသောကြောင့်ပင်။
ကံမကောင်းစွာဖြင့် သူတို့သည် သူတို့၏အသက်၊ ကျင့်ကြံဆင့်နယ်ပယ်နှင့် ကန့်သတ်ခံလိုက်ရကာ ဤသည်ကို အပြည့်အဝ နားမလည်နိုင်။ တာအိုကျမ်းစာသံများနားထောင်ခြင်း၊ ကောင်းကင်မှသဘာဝဥပဒေသများကို လေ့လာခြင်းမှာ ယာယီသာဖြစ်သည်။
ဤအရာများမှာ တစ်ခဏသာပေါ်လာပြီး သူတို့အချိန်အကြာကြီး ဖမ်းဆုတ်မထားနိုင်။
ရှီဟောင်ပင်လျှင် မလုံလောက်။ သူ ကံကောင်း၍မသေခဲ့ခြင်းသာ။ အဆင့်လွန်သက်ရှိများသည် ထိုတာအိုအကြွင်းအကျန်များကို ယာယီချိတ်ပိတ်ထားခဲ့ခြင်းပင်။ ယခု ယင်ယန်မီးဖိုကြီး တုန်ခါလာကာ အဆီးအတားကို ဖျက်ဆီးပစ်နေလေပြီ။ ထို့ကြောင့် ထိုတာအိုအကြွင်းအကျန်အား ပျက်ပြယ်သွားတော့မည်။
ဝုန်း..
မီးဖိုအပြင်ဘက်တွင် တာအိုဥပဒေသများဝင်ရောက်လာနေသည်။ ရှီဟောင်ကို မျိုးစေ့အဖြစ် လုပ်ကာ သဘာဝဥပဒေသကို ရေအဖြစ် သတ်မှတ်ထားသည်။ ဤအရာများအားလုံး ပေါင်းစည်းသွားကာ များပြားလှသည့်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
အား…
ရှီဟောင် အော်ဟစ်လိုက်သည်။ ဤစွမ်းအားမှာ ကြောက်စရာကောင်းလှသည်။ သူ့တစ်ကိုယ်လုံးကို တစ်စစီဖျက်ဆီးပစ်နေသည်ပင်။
လောကကြီးတစ်ခုလုံး သူ့ပေါ်သို့ ပိကျလာသကဲ့သို့ပင်။
ဖူး..
ထာဝရတူဖြင့် ထုခံလိုက်ရသကဲ့သို့ ရှီဟောင်၏ခန္ဓာကိုယ် အက်ကွဲလာသည်။
သူ့ခန္ဓာကိုယ်ထဲရှိ ဖီးနှစ်သွေး ပေါ်လာကာ အနီရောင်အလင်းများအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်စွာ လောင်ကျွမ်းလာကာ သူ့ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်သွားစေသည်။
သို့သော် ထိုတာအိုအကြွင်းအကျန်များ တောက်ပလာသည့်အချိန်တွင် ပို၍ကြီးမားသည့် စွမ်းအားများကို ဆင့်ခေါ်လာကာ သူ့အားနောက်တစ်ကြိမ် ပေါက်ကွဲသွားစေသည်။ သူ၏အရိုးများမှာ ဘယ်နှပိုင်းကွဲသွားပြီးလဲပင် မသိတော့။
“သူက မတူညီတဲ့လောကကနေလာတာ .. အဲဒါကို သူက တာအိုတွေကို ဆင့်ခေါ်ပြီးတော့ သူ့ကိုယ်သူ ပြုပြင်ပြီး သူ့ရဲ့ခန္ဓာကိုယ်အစစ်ကို ပြန်တည်ဆောက်ချင်နေတယ် .. ဒါက ဘယ်လိုလုပ် ဒီလောက်လွယ်ကူမှာလဲ .. ဒါက အစကနေပြန်စတာနဲ့အတူတူပဲ .. သေနိုင်ချေ ၉၉ ရာခိုင်နှုန်းရှိတယ်..” ဂုယီ ပြောလိုက်သည်။
အဆင့်လွန်သက်ရှိများ ခေါင်းညိမ့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခင်က အင်ပါယာဂိတ်ဘက်မှ ခိုးဝင်လာသည့်သူများ ရှိသည်ပင်။ သူတို့သည် ဤလောကရှိ ပြည့်စုံသည့်သဘာဝဥပဒေသများကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ ပို၍သန်မာလာအောင် လုပ်ချင်ခဲ့သည်။
ပြောရမည်ဆိုလျှင် သူတို့ အတော်လေး အကျိုးကျေးဇူးများခဲ့မည်ပင်။ သို့သော်လည်း သူတို့သည် သူတို့၏ခန္ဓာကိုယ်အစစ်ကို အစမှ ပြန်လည်တည်ဆောက်ချင်ခဲ့သည်။ ထိုသို့ပြုလုပ်ရန် ကြိုးစားခဲ့သည့်သူများအားလုံး သေဆုံးခဲ့ကြရသည်ပင်။ အခြား လောကတစ်ခု၌ ကြီးပြင်းခဲ့ခြင်းဖြစ်သောကြောင့် ဤကဲ့သို့ ပြန်လည်တည်ဆောက်ချင်သည်ဆိုပါက ဤသည်မှာ ကိုယ့်သေလမ်းကိုယ်ရှာခြင်းပင်။
ယခု ရှီဟောင် ဤပြဿနာကို ကြုံတွေ့နေရခြင်းပင်။
ဤသည်မှာ မည်မျှခက်ခဲသည်ကို ရှီဟောင် ခံစားမိသည်ပင်။ သူသာ တစ်ဆင့်ချင်းသွားလျှင် သူ့အတွက် ကောင်းကျိုးများစွာ ရရှိမည်ပင်ꩻ သို့သော်လည်း သူသာလုံးဝပြောင်းလဲပစ်ချင်လျှင် ဤသည်မှာ ခက်ခဲလွန်းလိမ့်မည်။
ဝုန်း..
အနက်ရောင်အလင်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ သူ့ကို ဖျက်ဆီးပစ်ချင်လာသည်။
ဤသည်မှာ ဖီးနှစ်သွေးနှင့်အတူပါလာသည့်အရာပင်။ ဤသွေးကြောင့် ဖီးနှစ်များ ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်ဟု ပြောကြသည်ပင်။
ဤအခိုက်အတန့်တွင် ရှီဟောင် အနက်ရောင်အလင်းများဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရကာ နောက်တစ်ကြိမ် မည်းတူးလာသည်။ သူ၏ပြောင်းလဲခြင်းမအောင် မြင်ခဲ့ရခြင်းမှာ ဤအနက်ရောင်အလင်းကြောင့်ပင်။
ယခု ဤအလင်း ထပ်မံထွက်ပေါ်လာလေပြီ။
ယင်နှင့်ယန်စွမ်းအင်များ ဝေ့ဝဲလာကာ ဤအလင်းကို လျင်မြန်စွာ ချေဖျက်လာသည်။
သိပ်မဝေးသည့်နေရာ၌ရှိနေသည့် ထိုလူများ၏အမူအရာများ ပြောင်းလဲသွားသည်။ ယခု ဤအနက်ရောင်အလင်းသည် ယင်ယန်ဝဲကတော့အတွင်း၌ပင် ပေါ်လာလေပြီ။ ဤအလင်းမှာ သူတို့ကို ခြိမ်းခြောက်နေသလို သူတို့ခံစားလိုက်ရသည်။
ထို့နောက် ရှီဟောင်၏ခန္ဓာကိုယ်သည် ဖီးနှစ်သွေးကြောင့် ကောင်းမွန်လာလိုက် တာအိုများကြောင့် ပျက်စီးသွားလိုက်သည်နှင့် သံသရာလည်နေသည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်ဖြစ်စဉ်ဖြစ်ပြီး နာကျင်မှုမှာလည်းစိတ်ကူးယဉ်ကြည့်၍ မရနိုင်လောက်အောင်ပင်။
ဤအတောအတွင်း အနက်ရောင်အလင်းများလည်း ဖီးနှစ်သွေးများနှင့်အတူ ရံဖန်ရံခါပေါ်လာသည်။ ထိုနှစ်ခုကို ခွဲထုတ်ရန် မဖြစ်နိုင်။
“ဒီလိုအခြေအနေမျိုးမှာ သူ ဖီးနှစ်သွေးကို စုတ်ယူပြီးတော့ ဖီးနှစ်ရဲ့ ပြန်လည်ကောင်းမွန်တဲ့စွမ်းရည်ကို လိုချင်တယ်ဆိုရင် ဒါက အရမ်းကို ခက်ခဲလိမ့်မယ်..” အဆင့်လွန်သက်ရှိတစ်အုံးပြောလိုက်သည်။
ဖုန်း…
မီးဖိုထဲမှ ရှီဟောင် နောက်ဆုံးတော့ လှုပ်ရှားလာနိုင်လေပြီ။ သူ ချက်ချင်းပင်ထထိုင်လိုက်ကာ ခုခံလိုက်သည်။
“ဖြတ်တောက်မယ်..”
အချိန်မည်မျှကြာသွားမှန်း မသိသည့်အချိန်တွင် သူအော်ဟစ်လိုက်ကာ ဖီးနှစ်သွေးနှင့် အနက်ရောင်အလင်းကို တွေဝေခြင်းမရှိပဲ သူ၏ခန္ဓာကိုယ်ထဲမှ ထုတ်ပစ်လိုက်သည်။
“ဟမ် .. ဒါက သာမန်ဧကရာဇ်သွေးမဟုတ်ဘူး .. ဒါက ဘိုးဘေးရဲ့သွေး ဖြစ်နိုင်တယ် .. သူက ဒီလိုမျိုး အရှုံးပေးလိုက်တော့မှာလား…” တစ်စုံတစ်ယောက် ထိတ်လန့်တကြား ပြောလိုက်သည်။
ဤသွေးစက်၏တန်ဖိုးမှာ တိုင်းတာ၍မရနိုင်လောက်အောင်ပင်။ ဖီးနှစ်ကလန် ဤသွေးကို ပေးလိုက်ရစဉ်က သူတို့ အနည်းငယ်ပင် တုံ့ဆိုင်းနေခဲ့သည်။
သို့သော်လည်း ဟွမ်သည် ဤကဲ့သို့ပင် လက်လျော့လိုက်လေပြီ။
ရှီဟောင်အတွက်တော့ သူ ဤသွေးနှင့် ပေါင်းစည်းခဲ့လျှင်ပင် အချိန်အတော်ကြသည်အထိ သူနှင့် တကယ်ပေါင်းစည်းသွားမည်မဟုတ်။ သူ၏ခန္ဓာကိုယ်ထဲ၌ အခြားသွေးတစ်ခု ရှိနေမည်ကို သူမလိုချင်။
သူ၏လမ်းမှာ အလွန်သန့်စင်သည်။ သူကိုယ်တုိင်သာ ပြောင်းလဲချင်သည်။ သူ၏သွေးမှာ အလွန်သန့်စင်လှသည်။ ရှားပါးရှေးဟောင်းသွေးဟု ခေါ်သည့်သွေးများနှင့် သူမပေါင်းစပ်ချင်။
ဤနေရာ၌ ဖီးနှစ်သွေးမျိုးဆက်၏ အဖိုးတန်ပညာသာရှိနေပါက သူ တွေဝေခြင်းမရှိပဲ လေ့လာလိုက်မည်ပင်။ သို့သော်လည်း ဤသွေးကို တိုက်ရိုက်စုတ်ယူပြီး သူ့ခန္ဓာကိုယ်ထဲသို့ မထည့်ချင်။
အဘယ်ကြောင့်ဆိုသော် နောင်အနာဂတ်ကျလျှင် ဤသွေးသည်သူ၏ကျင့်ကြံခြင်းလမ်းကြောင်း၌ ပြစ်ချက်တစ်ခုဖြစ်လာမည်ကို သူမလိုလားသောကြောင့်ပင်။
သို့သော် ဤသည်မှာ သူ အသက်ရှင်နိုင်ပြီး သူ့ထံ၌ အနာဂတ်ရှိနေမှသာလျှင်။ မဟုတ်ပါက ဤသွေးကို စုတ်ယူသည်ဖြစ်စေ မစုတ်ယူသည်ဖြစ်စေ သူ့အတွက် နှစ်ခုလုံး အဓိပ္ပာယ်မရှိ။
သို့သော် ဤတစ်ခေါက် ဤသွေးသည် သူ့အား တကယ်ကူညီပေးခဲ့သည်ပင်ꩻ သူ၏အသက်ဓာတ်ကို အသက်သွင်းပေးခဲ့ပြီး သူ့အား ပြန်လည်ကောင်းမွန်လာစေခဲ့သည်။
အပိုင်း ၁၇၇၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၇ – အောင်မြင်မှု
ယခုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေသည်။ သူ့ကို တာအိုဥပဒေသများ ထပ်ခါထပ်ခါ ထိုးနှက်နေသော်လည်း သူတောင့်ခံထားသည်။
ရှီဟောင် တစ်ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပြီဖြစ်သည်။ ဤသည်ကို အခက်ခဲဆုံးစစ်ဆေးမှုအဖြစ် သူသတ်မှတ်ထားသည်။
သူ တစ်ဖက်လောကသို့ ဝင်ရောက်လာပြီးနောက် သူ၏ခန္ဓာကိုယ်အစစ်ကို ပြည့်စုံသည့်တာအိုဥပဒေသများဖြင့် အမြဲတမ်း ပြန်လည်တည်ဆောက်ချင်နေခဲ့သည်ပင်။ ယခုတော့ သူ၏ပန်းတိုင်ကို မြင်နေရလေပြီ။
ဤလောက၌ မွေးဖွားပြီး ဤလောက၌ ကျင့်ကြံခဲ့ခြင်းသာမဟုတ်ပါက ဤလောက၏ ထောက်ခံမှုကို ရရှိရန် ခက်ခဲသည်။ အတင်းလုပ်ယူပါက သေလမ်းလျှောက်နေသည်နှင့် အတူတူပင်။
ရှီဟောင်သည် ထာဝရစင်္ကြံတောင်၌ ဖီးနှစ်သွေးနှင့် ပြုပြင်မှုများ ပြုလုပ်ခဲ့ရကာ သူ၏ခန္ဓာကိုယ် ဤအဆင့်ထိ ရောက်လာသည်။ ယခု ယင်ယန်မီးဖိုနှင့် နောက်တစ်ကြိမ် ပြုပြင်ခြင်းခံနေရသောကြောင့် သူ၏ဆန္ဒများ တစ်ဖြည်းဖြည်း ပြည့်ဝလာပြီဟု ပြော၍ရသည်။
“ဒီကလေးက မရိုးရှင်းဘူးပဲ . . သူ တကယ်အောင်မြင်တော့မယ်..” ဂုယီပြောလိုက်၏။ သူ၏မျက်လုံးများမှာ မီးတုတ်များကဲ့သို့ပင် တောက်ပလာသည်။
“တစ်ခြားကလေးတွေရတဲ့အကျိုးကျေးဇူးလည်းမနည်းပါဘူး .. သူတို့တွေ တာအိုအသံကို နားထောင်နိုင်ပြီးတော့ သူတို့ခန္ဓာကိုယ်ကိုလည်း နောက်တစ်ကြိမ်ထွင်းထုနိုင်ခဲ့တယ် .. အနာဂတ်မှာ သူတို့အောင်မြင်မှုက အကန့်အသတ်မရှိတော့ဘူး..” ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိပြုံး၍ ပြောလိုက်သည်။
ယခုတစ်ခေါက် အားလုံး အောင်မြင်ခဲ့သည်။
ယုယု၊ ဂုဟုန်၊ ဝူခွန်နှင့် အခြားသူများသည် တာအိုအလင်းများဖြင့် ထပ်ခါတလဲလဲ ရိုက်ခတ်ခြင်းခံလိုက်ရကာ ယင်ယန်ဝဲကတော့နှင့်အတူ ရွေ့လျားနေသည်ꩻ သူတို့၏အဖိုးတန်ခန္ဓာကိုယ်များလည်း ပြန်လည်တည်ဆောက်ပြီးသွားပြီဖြစ်သည်။
သူတို့သည် ဤလောက၌ မွေးဖွားခဲ့ပြီး ယခင်က ဤကဲ့သို့သော အရာများကို ကြုံဖူးကြသည်ပင်။ သို့သော်လည်း ယခုက ယခင်ကထက် ပို၍လေးနက်ကာစွမ်းအားကြီးသည်။
အားလုံးမှာ ဟွမ်ရှိနေသောကြောင့်ပင်။ သူ့ကြောင့် သူတို့ ဤကဲ့သို့သော အကျိုးအမြတ်များ ရရှိခဲ့ခြင်းပင်။
ထို့အပြင် သူတို့ တာအိုလည်း လေ့လာနိုင်ခဲ့ကာ ယခင်က သူတို့နားလည်ရန်ခက်ခဲနေသည့် အရာများစွာကိုလည်း နားလည်လာနိုင်ခဲ့သည်။
တာအိုဖြင့် လွှမ်းခြုံခ့လိုက်ရသည့်မည်သူမဆို နက်နဲလှသည့်အသိအမြင်များကို ရရှိသွားကြမည်ပင်။
တစ်ဖက်လူများ မည်ကဲ့သို့ဖြစ်နေသည်ကို ရှီဟောင် စိတ်မဝင်စား။ ဤသည်မှာ ဤလောက၏တာအိုများဖြစ်သောကြောင့် သူတို့ အကျိုးအမြတ်များ ရရှိနေသည်ကို သူတားဆီးမည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် သူ့ထက် ဤတာအိုများနှင့် ပိုရင်းနှီးသည်ပင်။
“နောက်ကျရင် ငါ မတူညီတဲ့နေရာတွေကို သွားပြီးတော့ မတူညီတဲ့ရှေးဟောင်းလောကတွေကို လှည့်ပတ်သွားနိုင်ရင် ငါ မယုံကြည်နိုင်လောက်တဲ့ပြောင်းလဲမှုကို ကြုံတွေ့ရနိုင်တယ်..” ရှီဟောင် သူ့ကိုယ်သူ တွေးလိုက်သည်။
သူ အန္တရာယ်မှ လုံးဝမလွတ်ကင်းသေးသော်လည်း သူ့ထံ၌ အတွေးတစ်ချို့ ရှိနေသည်ပင်။
ကောင်းကင်ဘုံကိုးခုမှာ ပျက်စီးနေသည့်လောကကြီးဟု ပြော၍ရသည်။ ယခုလောကမှာတော့ ပြည့်စုံသည့်လောကကြီးပင်။ ယခု သူ လောကနှစ်ခုလုံးကို ကြုံတွေ့ပြီးသွားလေပြီ။
လောကကြီးပြောင်းလဲသွားလျှင်ပင် မိမိခန္ဓာကိုယ်ကတော့ ပြောင်းလဲမည်မဟုတ်။
“ပြည့်စုံတဲ့လောကကြီးတွေတောင် ပျက်စီးသွားမယ့်နေ့ ရောက်လာမှာပဲ .. ဥပမာအားဖြင့် ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ဆယ်ခုပဲ .. အဲဒီဘက်မှာ တာအိုကျင့်ကြံမယ်ဆိုရင် ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်”
သူ၏ခန္ဓာကိုယ်အစစ်သာလျှင် ထာဝရတည်ရှိနေမည့်အရာဖြစ်ကြောင်း ရှီဟောင်စဉ်းစားမိသွားသည်။ အခြားအရာများအားလုံးမှာ တစ်နေ့ကျလျှင် ပျက်စီးသွားမည်ပင်။ သူ မပျက်စီးချင်လျှင် သူ့ခန္ဓာကိုယ်မှ စရမည်ပင်။
ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးမယ်..
ယခုအချိန်တွင် သူအရေးကြီးဆုံးအရာကို တွေ့ကြုံလိုက်ရလေပြီ။ သူ တစ်ဖက်လောက၌ရှိနေပြီး ဤလောက၏ ပြည့်စုံသည့်သဘာဝဥပဒေသဖြင့် ခန္ဓာကိုယ်အစစ်ကို ပြန်လည်တည်ဆောက်တော့မည်ဖြစ်သော်လည်း သူ စိတ်မလှုပ်ရှားတော့။
“င့ါခန္ဓာကိုယ်ထဲကနေ တာအိုကို ရှာဖွေရမယ်..”
ယခုရှီဟောင်၏အခြေအနေမှာ တစ်ဖြည်းဖြည်းပိုကောင်းလာလေပြီ။ ယင်ယန်ဖီးဖိုကြီး တုန်ခါနေကာ အထဲဘက်မှ လူအားလုံးကို ကာကွယ်ပေးထားသည်။ ယင်နှင့်ယန်စွမ်းအင်များ ထုတ်လွှတ်ပေးထားကာ သူတို့ကို ဘေးကင်းစွာ ပြောင်းလဲခွင့်ပေးထားသည်။
ရှီဟောင် စမ်းသပ်ကြည့်လိုက်၏။ သူ၏အက်ကွဲနေသည့် နဖူးပြန်ကောင်းလာကာ မူလဝိညာဉ်လည်းတည်ငြိမ်လာနေပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး ပြန်လည်ပြုပြင်ခံလိုက်ရလေပြီ။
နောက်ဆုံးတွင် သဘာဝဥပဒေသများ၏ စွမ်းအားများမှာ သူ့ကို ထိခိုက်အောင် မလုပ်တော့။
“ကောင်းကင်ရဲ့ သဘာဝဥပဒေသတွေက ပျက်ပြယ်တော့မယ်…” လျှိုမြောင်အပြင်ဘက်ရှိ တစ်စုံတစ်အုံး ပြောလိုက်သည်။
ဤကဲ့သို့သော အခွင့်အရေးမျာ ယာယီသာရသည်။ အိုးထဲ၌ရှိနေသည့်သူများလည်း ဤလောက်သာရလိမ့်မည်။ အနည်းဆုံးတော့ သူတို့ခန္ဓာကိုယ်များကို ပြန်လည်ဖန်တီးနိုင်ခြင်းကပင်လျှင် လုံလောက်နေလေပြီ။ ဤသည်မှာ သဘာဝကံကောင်းခြင်းတစ်မျိုးပင်။
ရွှီး…
ရုတ်တရက် ရှီဟောင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ မီးဖိုထဲမှ တစ်စုံတစ်ယောက် သူ့အား တိုက်ခိုက်ချင်နေသည်။ ထူးဆန်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ချက်များကို နားလည်ချင်နေသည်။
“အမ်..” ဂုကလန်၏အကြီးအကဲ ဂုယီမျက်နှာပျက်ယွင်းသွားသည်။ ထို့နောက်သူသည် ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိကိုကြည့်ကာ “တစ်ယောက်ယောက်က မသေမျိုးအမိန့်စာယူလာတာလား..”
မီးဖိုထဲတွင် တစ်စုံတစ်ယောက် ထူးဆန်းသည့်အမိန့်စာကို အသက်သွင်းလိုက်ကာ ရှေးဟောင်းမီးဖိုကို နောက်တစ်ကြိမ် လှုပ်နှိုးကာ သူ့အား ဆက်လက်လည်ပတ်စေလိုက်သည်။
ဤမီးဖိုမှာ အလွန်ထူးဆန်းလှသောကြောင့် ဘယ်လိုလုပ် သာမန်လူတစ်ယောက်က အသက်သွင်းနိုင်မှာလဲ..
သို့သော် ဧကရာဇ်ကလန်များမှာ ထူးခြားလှသည်။ သူတို့ထံ၌ လျှို့ဝှက်ရတနာများစွာ ရှိနေသည်ပင်။ ထိုလက်နက်များထဲတွင် မသေမျိုးသက်ရှိ ထွင်းထုထားသည့် လက်နက်များကို ထိန်းချုပ်နိုင်သည့် အမိန့်စာတစ်ခုပါဝင်သည်။ သူတို့သည် ထိုအမိန့်စာကိုအသုံးပြုကာ မီးဖိုကြီးကို ဆက်လက်လည်ပတ်စေချင်နေသည်။
ဤအိုးမှာ ဟွမ်ကိုသာ ပစ်မှတ်ထားနေဆဲပင်။ သို့သော် ယခုတစ်ခေါက်တွင်တော့ ထိုမျှမနူးညံ့တော့။ သူတို့သည် ဟွမ်၏ခန္ဓာကိုယ်ထဲ၌ရှိနေသည့် တာအိုများနှင့် အခြားအရာများကို လုယူရန် ကြိုးစားလာသည်။
“ဒီလူငယ်လေးက နည်းနည်းလေး ထူးခြားတယ်လို့ ငါကြားတယ် .. သူက ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတာမှာ အောင်မြင်ခဲ့တယ်လို့ ငါကြားတယ် .. ဘာဖြစ်ခဲ့လဲဆိုတာ ငါတို့ဘာလို့ နည်းနည်းလောက် မကြည့်ကြမှာလဲ..” လျှိုမြောင်အပြင်ဘက်ရှိ ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိတစ်အုံးမှ ပြောလိုက်သည်။
“ငါတို့ ကြည့်လို့ရတယ်..” အခြားသူများ ခေါင်းညိမ့်လိုက်ကြသည်။
ဤစကားများကို ကြားလိုက်ရသည်နှင့် ဂုယီ၏အမူအရာ အနည်းငယ် အေးစက်သွားသည်။ “ဒါက ကျုပ်တို့ကလန်ရဲ့ အဆင့်လွန်ရတနာ .. ဒါပေမဲ့ ဒီလိုမျိုးစမ်းကြည့်ဖို့ကို ကျုပ်မဆန့်ကျင်ပါဘူး”
သူလည်းခေါင်းညိမ့်လိုက်သောကြောင့် ဘာပြဿနာမှ မရှိတော့။
ဝုန်း..
ယင်နှင့်ယန်စွမ်းအင်များ ရှီဟောင်ကို ဤနေရာ၌ ချုပ်ထားလိုက်ကြကာ သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ချက်များအားလုံးကို သိချင်လာသည်။
“ဟား ဟား .. ကောင်းကင်ဥပဒေသတွေကို စုစည်းပြီးသွားတော့ ငါတို့ရဲ့ လမ်းကြောင်းတွေက ပြည့်စုံသွားပြီ..” ယုယု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အမိန့်စာကို အထဲယူလာခဲ့သည့်သူမှာ သူပင်။
အမှန်တကယ်တွင် ချီမုန့်ဟုန်သည် ယုယုထက်ပင် ဟွမ်ကို သတ်ပစ်ချင်နေသည်ပင်။
အခြားသူများလည်း တိုက်ခိုက်ချင်နေကြသော်လည်း သူတို့ ရပ်တန့်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ ရှီဟောင်၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ချက်များကို အရင်ကြည့်ချင်နေကြသောကြောင့်ပင်။
ဝုန်း..
မီးဖိုကြီး လှုပ်ရှားလာသည်။ အစပိုင်းတွင် တာအိုနတ်အသံများ ထုတ်လွှတ်နေသေးသည်။ သို့သော် နောက်ဆုံးတွင် အလင်းများစီးဆင်းလာကာ အားလုံးကို နှလုံးခုန်နှုန်များ မြန်ဆန်လာအောင် ပြုလုပ်လာကြသည်။ ထို့နောက် သူတို့အားလုံး တစ်စစီဖြစ်လာသည်။
“မဟုတ်ဘူး…”
လျှိုမြောင်အပြင်ဘက်၌ရှိနေသည့် ထိုကျွမ်းကျင်သူများအားလုံး ဖြူဖျော့သွားကြသည်။
ဒုန်း..
ထို့နောက် အဆင့်လွန်သက်ရှိတစ်အုံး အိုးအဖုံးကို လျင်လျင်မြန်မြန် ဖွင့်လိုက်သည်။ သူတို့သည် ကူညီပေးရန်အတွက် တရှိန်ထိုး ပြေးလာကြလေသည်။
အချို့လူများ ထွက်ကျလာသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်များ စုတ်ပြတ်နေပြီး သွေးများစိုရွှဲနေကြသည်။ သူတို့အားလုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားလေပြီ။
သူတို့ အထဲဘက်၌ သေမလိုဖြစ်သွားခဲ့ကြသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” တစ်စုံတစ်ယောက် ဟစ်ကြွေးလိုက်သည်။ တစ်ခုခုသာဖြစ်သွားလျှင် ထို လူငယ်ဧကရာဇ်ခြောက်အုံး ပြာမှုန့်အဖြစ် ပြောင်းလဲသွားကာ ဘာမှကျန်တော့မည်မဟုတ်။
“ယင်ယန်မီးဖိုမှာ အသက်ရှိတယ် .. သူ့ကို အမိန့်စာနဲ့ထိန်းချုပ်တာကို သူမကြိုက်ဘူး .. ပြီးတော့ သူက အနန္တတန်ခိုးရှင်လည်းမဟုတ်ဘူး..” ဂုယီ ပြောလိုက်သည်။
ယင်ယန်မီးဖိုတွင် သူ၏ကိုယ်ပိုင်စိတ်ဆန္ဒရှိကြောင်း, မသေမျိုးသက်ရှိအမိန့်စာ ရောက်လာလျှင်ပင် သူ့ကို ထိန်းချုပ်၍ရမည်မဟုတ်ကြောင်း ရှင်းပြလိုက်သည်။
အမိန့်စာ ပျက်ပြယ်သွားလေပြီ။
ထို့အပြင် ယုယုခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားလေပြီ။ သူ၏ဒဏ်ရာမှာ အဆိုးရွားဆုံးပင်။
ဂုယီ မပြောပြသေးသည့် အခြားတစ်ခုရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် ယင်ယန်မီးဖို၏ လျှို့ဝှက်ချက်ကို ဤလူများ နားလည်ရန် မလိုအပ်။
ယင်ယန်မီးဖိုကို ကောင်းကင်ဘုံကိုးခု၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သူဤလောက၌ရှိနေသည်မှာ အချိန်အတောကြာနေပြီဖြစ်သည်။ ထို့ကြောင့် သူ လောကနှစ်ခုလုံးမှ တာအိုဥပဒေသများကို ရင်းနှီးနေသည်ပင်ꩻ ထို့ကြောင့်ပင် သူကိုယ်တိုင် ကောက်ချက်ချပြီး အချို့ကိစ္စများကို သိနေသည်ပင်။
ထို့အပြင် ဤလူငယ်လေးသည် အားနည်းနေကာ အရွယ်မရောက်သေးသော်လည်း သူသည် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုထားသည်ပင်။
ဤမျိုးစေ့မှာ လုံးဝကွဲပြားနေပြိး သူ နားမလည်နိုင်ဖြစ်နေသည်။
ယင်ယန်မီးဖို သူ့ကို နှစ်ပေါင်းများစွာ သယ်ဆောင်ထားပြီး လေ့လာနေမှသာ သူ ဤသက်ရှိကို အပြည့်အဝ နားလည်လာနိုင်လိမ့်မည်။
“ဘယ်အချိန်ရပ်တန့်ရမလဲဆိုတာ ကျုပ်တို့သိသင့်တယ် .. သူတို့တွေက ဟွမ်နဲ့အတူတူ ပြုပြင်ခဲ့ကြတာ .. သူတို့ရဲ့ခန္ဓာကိုယ်အစစ် ပြန်လည်တည်ဆောက်ပြီးသွားပြီး အရင်ကထက် ပိုသန်မာလာပြီ .. သူတို့ရတဲ့ အကျိုးအမြတ်တွေလည်း မနည်းလှပါဘူး..” ဂုယီ ပြောလိုက်သည်။
အဆင့်လွန်သက်ရှိများသည် လျှိုမြောင်ထဲသို့ ဝင်လိုက်ကာ သူတို့၏ သက်ဆိုင်ရာ မျိုးဆက်များကို သယ်လာလိုက်ကြသည်။ သူတို့ ကုသ၍မရနိုင်သည့် တာအိုဒဏ်ရာများ ရရှိသွားမည်စိုးသောကြောင့် ထိုသူများကို လျင်မြန်စွာပင် စစ်ဆေးလိုက်ကြသည်။
“အရမ်းမဆိုးပါဘူး .. ကုသလို့ရသေးတယ်..” တစ်စုံတစ်ယောက် သက်မချ၍ ပြောလိုက်သည်။
ရှီဟောင် မတ်တပ်ရပ်လိုက်၏။ ရက်ပေါင်းများစွာ ကြာပြီးနောက် သူ၏ခန္ဓာကိုယ်ကို သူပြန်ထိန်းချုပ်နိုင်သွားလေပြီ။ သိပ်မပေါ့ပါးလှသည့် ဒဏ်ရာများရှိနေဆဲဖြစ်ေသာ်လည်း ဤခံစားချက်မှာ အတော်လေး ကောင်းမွန်လှသည်ပင်။
ထို့အပြင် သူယခင်ကထက် ပို၍ စွမ်းအားကြီးလာသည်ကို ခံစားနေရသည်ပင်။
အပိုင်း ၁၇၇၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၈ – ဂုကလန်ကို တင်နေသည့်အကြွေး
“ကောင်းကောင်းမွန်မွန်ပြန်ရောက်လာနိုင်တဲ့အတွက် မင်းတို့ လူငယ်ဧကရာဇ်ခြောက်ယောက်ကို ဂုဏ်ယူပါတယ် .. မင်းတို့အားလုံးရဲ့ အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ်မရှိတော့ဘူး .. မင်းတို့တွေက မင်းတို့ရဲ့ ဘိုးဘေးတွေနဲ့တောင် ယှဉ်နိုင်လိမ့်မယ်”
ဂုယီ ပြုံးလိုက်ကာ ဧကရာဇ်ကလန်များမှ အဆင့်လွန်သက်ရှိများကို ဤကဲ့သို့ ဂုဏ်ပြုလိုက်သည်။
ဤသည်မှာ ဤလူအိုကြီး၏ ပုံမှန်ပြုမူပုံမဟုတ်သောကြောင့် ဤလူများ အနည်းငယ် ကျောချမ်းနေကြရသည်။
“ဘိုးဘေးတွေနဲ့ ယှဉ်နိုင်တယ်ဟုတ်လား .. ဒီလိုကိစ္စမျိုးကို ထပ်ပြောစရာမလိုဘူး..” ရှုထော်သွေးမျိုးဆက်မှ လူလတ်ပိုင်းအမျိုးသား ပြောလိုက်သည်။
ဤစကားသံကို ကြားလိုက်သည်နှင့် သူတို့အားလုံး တုန်လှုပ်သွားကာ ကြောက်ရွံ့သွားကြရသည်။ ဤလောက၌ အဆင့်သတ်မှတ်ချက်များ တင်းကြပ်သည်။ မသေမျိုးဘုရင်များမှာ ပြိုင်ဘက်ကင်းပြီး မည်သူမှ သူတို့နှင့် နှိုင်းယှဉ်၍မရ။
ဤလောက၌ သူတို့နာမည်များကို ခေါ်လိုက်သည်နှင့် မှော်ပုံရိပ်ယောင်များ ပေါ်လာလိမ့်မည်။ ဤသည်မှာ နှိုင်းယှဉ်၍မရနိုင်သည့် ပြိုင်ဘက်ကင်းမှုပင်။
ချီမုန့်ဟုန်၊ ယုယု၊ ဆော့ဂုနှင့် အခြားသူများလည်း မတ်တပ်ထရပ်လိုက်သည်။ သူတို့အားလုံး ရှီဟောင်ကို တစ်ပြိုင်နက်တည်း ရှီဟောင်ကို အေးစက်စွာ ကြည့်လိုက်ကြသည်။
အချို့ ဧကရာဇ်ကလန်မှ လူငယ်များမှာ ရှီဟောင်ကို တကယ်သတ်ချင်နေကြသည်ပင်။
အချို့သူများမှာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာကြလေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ ဟွမ်နှင့် မီးဖိုတစ်ခုထဲ၌ ပြုပြင်ခံခဲ့ရသည်ပင်ꩻ စဉ်းစားကြည့်လိုက်မည်ဆိုလျှင် သူတို့ပို၍ သန်မာလာခြင်းမှာ ဟွမ်ကြောင့်ပင်။ သူတို့ စိန်နားကပ်အရောင်နှင့် ပါးပြောင်ခဲ့ခြင်းပင်။ ဤသည်မှာ သူတို့စိတ်ထဲ၌ ဆူးညှောင့်သဖွယ်ဖြစ်နေသည်ပင်။ သူတို့ ဟွမ်နှင့်တိုက်ခိုက်ကာ မည်သူက ပို၍စွမ်းအားကြီးသည်ကို ဆုံးဖြတ်ချင်နေကြသည်။
“ဂုကို မွေးမြူတာ..” ဂုယီ၏အသံ အလွန်တိုးလျသော်လည်း လူငယ်များ ကြားလိုက်ရသည်ပင်။
ဤသည်မှာ သူတို့မျက်လုံးထဲမှ အမူအရာများကို ပို၍အေးစက်သွားစေသည်။ ဂုမွေးမြူသည်ဆိုသည်မှာ နတ်ပိုးကောင်များကို ဗူးတစ်ခုထဲ၌ ထည့်ပိတ်ထားကာ အချင်းချင်း တိုက်ခိုက်စေခြင်းပင်။ နောက်ဆုံးအနိုင်ရသည့်ဘုရင်သာ ဗူးထဲမှ ထွက်လာနိုင်လိမ့်မည်။
ဒီလူအိုကြီးက ဘာပြောချင်တာလဲ .. ဤလူများ အလွန်မသက်မသာခံစားလိုက်ရသည်။ သူတို့သည် ဟွမ်နှင့် ယင်ယန်မီးဖိုတစ်ခုထဲ၌ အတူရှိနေခဲ့ကြပြီး ယခု ဤကဲ့သို့ နှိုင်းယှဉ်ခံလိုက်ရသည်လား..
ချီမုန့်ဟုန်နှင့် ယုယုတို့သည် သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။ သတင်းများသာ ဤအတိုင်းပျံ့သွားလျှင် သူတို့ ဂုဏ်သတင်းကို ထိခိုက်လိမ့်မည်။ တစ်ချိန်တည်းမှပင် သူတို့ကို ကူညီခဲ့သည့်သူများမှာ ဟွမ်ဖြစ်သည်ကို သူတို့ခံစား၍ရသည်ပင်။ ထို့ကြောင့် သတင်း၏ အရင်းအမြစ်ကို သူတို့ ဖယ်ရှားပစ်ချင်သည်။
ခဏကြာပြီးနောက် သူတို့လျှိုမြောင်ထဲမှ ထွက်ခွာသွားလိုက်ကြသည်။ လူများစွာ သူတို့ကို ပြုံး၍ နှုတ်ဆက်ကာ ဂုဏ်ပြုစကားများ ပြောလာကြသည်။
“တာအိုရောင်းရင်းတို့ ဒီဘက်လာကြပါ .. ဒါက အောင်ပွဲခံဖို့ ထိုက်တန်တဲ့ကိစ္စပဲ .. ကျုပ် စားပွဲတော်ကြီး စီစဉ်ထားတယ် .. ကျုပ်တို့ ထာဝရရှေးဟောင်းခေတ်ဝိုင်သောက်ပြီး အောင်ပွဲခံကြမယ် .. ရောင်းရင်းတို့ ဘယ်လိုထင်လဲ..” ဂုယီ ပြောလိုက်သည်။
သူတို့ ဤနေရာမှ ထွက်ခွာသွားကာ ခမ်းနားသည့်နေရာတစ်ခုသို့ အုံးတည်သွားလိုက်ကြသည်။ ထိုနေရာရှိ တောင်များတွင် ရွှေရောင်နန်းတော်များ ရှိနေသည်။ ထိုအဆောက်အအုံးများတွင် ထာဝရမြူများ စီးဆင်းနေသည်။
ဤသည်မှာ ဂုကလန်၏ အရေးကြီးသည့်နေရာပင်။ ဂုဏ်သရေရှိဧည့်သည်များနှင့် မသေမျိုးသက်ရှိများ ရောက်လာမှသာ ဤနေရာသို့ ခေါ်လာသည်ပင်။ ယခု ဤလူများမှာ လေးလေးစားစားဆက်ဆံခံနေရသည်ဟု ပြော၍ရသည်။
“ဒီနန်းတော်ခန်းမတွေမှာ အရင်က ပုဂ္ဂိုလ်ကြီးတွေအများကြီးရဲ့ ခြေရာတွေရှိနေတယ် .. လူငယ်မျိုးဆက်တွေ လာလည်ဖို့ထိုက်တန်တဲ့နေရာပဲ .. အဆုံးမရှိတဲ့ထာဝရဘုရင်, ပြန်လည်ဝင်စားခြင်းထာဝရဘုရင်နဲ့တစ်ခြားပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေလည်း ဒီနေရာကို လာဖူးတယ်”
အန်းလန်မျိုးဆက်ကျင့်ကြံသူမှ ပြောလိုက်သည်။
အခြားသူများ တုန်လှုပ်သွားကြကာ သေချာနားထောင်လာကြသည်။ ရွှေရောင်နန်းတော်များမှာ ကောင်းကင်ဘုံကိုးခုဘက်မှ ရွှေ့လာခြင်းဖြစ်ပြီး ယခင်က ဤနေရာမှာ ထာဝရဘုရင်များကို ကြိုဆိုသည့် အရေးကြီးသည့်နေရာပင်။
“လူငယ်လေး မင်းက တကယ်ကို ထူးခြားတာပဲ .. မင်းက တိုက်ပွဲအတွက် မွေးဖွားလာတဲ့ ဂျီးနီးယပ်စ်လို့တောင် ပြောလို့ရတယ်” ဂုယီ ရှီဟောင်ထံသို့ လျှောက်သွားကာ နွေးထွေးစွာ ပြုံးပြလိုက်ပြီး သူ့ကို သေချာကြည့်လိုက်သည်။
“ထာဝရဝိုင်ယူလာခဲ့..” ထို့နောက် ဂုယီ လူများကို ဝိုင်ယူလာရန် အမိန့်ပေးလိုက်သည်။
“ဒါက တကယ် ထာဝရရှေးဟောင်းခေတ်က ဝိုင်မဟုတ်လောက်ဘူးမလား .. နှစ်ပေါင်းဘယ်လောက်တောင် ကြာနေပြီလဲ .. ဒါကို ဒီလိုမျိုးထိန်းသိမ်းထားရင် ပိုပြီးမူးသွားမှာမလား..” လူအချို့ တွေဝေသည့်အမူအရာများ ဖြစ်လာကြသည်။
ခဏကြာပြီးနောက် တစ်စုံတစ်ယောက် ဝိုင်ပုလင်းတစ်ခုကို ယူလာသည်။ ဝိုင်ပုလင်းမှာ ကျောက်စိမ်းဖြင့် ထွင်းထုထားခြင်းဖြစ်ပြီး အလင်းများ စီးဆင်းနေသလို ထာဝရအော်ရာကိုလည်း ထုတ်လွှတ်နေသည်။
ရွှေရောင်နန်းတော်ကြီးထဲ၌ အံ့အားတကြီး ရေရွတ်သံများ ထွက်ပေါ်လာသည်။
“မွှေးလိုက်တဲ့ ဝိုင်နံ့..”
ဒုန်း..
ထို့အပြင် အချို့လူများမှာ ဤကဲ့သို့သော အမွှေးနံ့ကို မခံနိုင်ပဲ ချက်ချင်းမူးဝေသွားကြလေသည်။
အရက်ချည်းသက်သက်ဆိုလျှင် ဤကဲ့သို့မဖြစ်နိုင်။ အရက်ဖောက်သည့်အချိန်တွင် ထူးဆန်းသည့်တာအိုအော်ရာများပါဝင်တေပြီး လျှို့ဝှက်ခွန်အားလှိုင်းတစ်ခု ပါဝင်နေသည်ပင်။
ဤသည်မှာ ရှားပါးသည့်အဖိုးတန်ဝိုင်ပင်။ လူများစွာ အံ့အားတကြီး သက်ပြင်းချလိုက်ကြကာ သူတို့ခွက်များကို မြှောက်လိုက်ကြသည်။ ဂျယ်လီကဲ့သို့ဖြစ်နေသည့် အရက်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့ မသောက်ပဲနှင့် မူးချင်လာသည်။
ထို့နောက် လူများစွာ မြေပြင်ပေါ်သို့ ချက်ချင်းလဲကျသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ တစ်ငုံသောက်လိုက်သည်နှင့် ချက်ချင်း သတိလစ်သွားကြသည်ပင်။
“ဒီဝိုင်က တကယ်ကို ပြင်းလွန်းတယ် .. မသေမျိုးသက်ရှိတွေအတွက် ဖော်စပ်ထားတာလား..” အနီရောင်သွေးမျိုးဆက် အဆင့်လွန်သက်ရှိပြောလိုက်သည်။ တစ်ခွက်သောက်လိုက်ပြီးနောက် မထင်မှတ်ထားစွာ သူ၏ခန္ဓာကိုယ် ယိုင်နဲ့လာသည်။
ထို့နောက် သူသည် အခြားသူများကို အာရုံမစိုက်တော့ပဲ နန်းတော်ခန်းမထဲ၌ ထိုင်ချလိုက်သည်။ ဤကဲ့သို့သော ဝိုင်မျိုးတွင် သဘာဝဥပဒေသများပါဝင်နေသည်ပင်။
ခဏကြာပြီးနောက် နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မည်သူမှ စကားမပြောကြတော့။
“လူငယ်လေး ဒီလမ်းလာခဲ့ပါ..” ဂုယီ ရှီဟောင်ကို နန်းတော်ထဲမှ ခေါ်ထုတ်သွားလိုက်သည်။
နန်းတော်ထဲ၌ ချီမုန့်ဟုန် သူ၏မျက်လုံးများကို ဖွင့်လာသည်။ သူ ဝိုင်ကို မသောက်ခဲ့။ သူ၏မျက်လုံးများမှ ကျောချမ်းစရာကောင်းလောက်သည့်အလင်းတန်းများ ထွက်ပေါ်လာကာ သူအေးစက်စွာ ပြောလိုက်သည်။ “ဂုကလန် ခင်ဗျားတို့ ကျုပ်တို့လောကထဲမှ နေနေတာ .. ခင်ဗျားနှလုံးသားက အင်ပါယာဂိတ်ဘက်မှာလို့တော့ မပြောနဲ့နော် .. ခင်ဗျားတို့ ကလန်တစ်ခုလုံး ရှင်းပစ်ခံချင်နေတာလား..”
ဂုယီနှင့် ရှီဟောင်တို့ ထွက်လာသည့်အချိန်တွင် ဂုဟုန်လည်းပါလာသည်ပင်။
“ဟုန်အာ .. မင်းငါတို့နောက်ကို လိုက်စရာမလိုဘူး” ဂုကလန်အကြီးအကဲ ပြောလိုက်ကာ ရှီဟောင်ကိုသာ လျှိုမြောင်ထဲသို့ ပြန်ခေါ်လာလိုက်သည်။
“ခင်ဗျား ကျုပ်ကို ပြောစရာရှိလို့လား..” ရှီဟောင် ထူးဆန်းသည့်အမူအရာ ဖြစ်လာသည်။ ဤလူအိုကြီးသည် သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ပြီးနောက် သူ၏ရည်ရွယ်ချက်ပြည့်မြောက်သွားအောင် သွယ်ဝိုက်သည့်နည်းလမ်းဖြင့် ကူညီပေးခဲ့သည်။ သူသည် ယင်ယန်မီးဖိုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။ မဟုတ်ပါက သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် ဘယ်လိုလုပ် ဤမျှလွယ်ကူမည်နည်း..
“ဟား ဟား .. အရင်တုန်းက ငါတို့သွေးမျိုးဆက်ကလည်း ကောင်းကင်ဘုံကိုးခုဘက်ကပဲ .. အဲဒီအချိန်က အရမ်းကို ခမ်းနားခဲ့တာ .. နေရာတိုင်းမှာ ထာဝရဘုရင်တွေရှိတယ် .. မသေမျိုးဘုရင်တွေလည်း ဟစ်ကြွေးနေကြတာ .. ပြင်းထန်တဲ့တိုက်ပွဲတွေလည်း ရှိခဲ့တယ် .. အရင်ခေတ်တွေက သက်ရှိတွေတောင် တိုက်ပွဲမှာ ပါဝင်လာကြတာ .. အဲဒီလိုတောက်ပမှုမျိုးက မမေ့နိုင်စရာပဲ..” အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။
ဤသည်မှာ မည်မျှပင် ခမ်းနားခဲ့သည့်ခေတ်ဖြစ်ခဲ့ကြောင်း စဉ်းစားကြည့်နိုင်သည်။ မသေမျိုးဘုရင်များ သွေးသံတရဲရဲတိုက်ခိုက်ခဲ့ပြီး ထာဝရဘုရင်များလည်း ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တွန်းလှန်ခဲ့သည်။ လောကနှစ်ခုလုံး သွေးများဖြင့် နီရဲနေခဲ့သည်။ ဤသည်မှာ အတိတ်နှင့်ပစ္စုပ္ပန်ကို ထိတ်လန်စေခဲ့သည့် မြင်ကွင်းများပင်။
“အမှန်တော့ ဘိုးဘေးတွေရဲ့ ခန့်မှန်းချက်အရဆိုရင် အဲဒီတိုက်ပွဲက တိုက်ပွဲအသေးစားလေးလို့ သတ်မှတ်လို့ရတယ် .. ဆိုးရွားတဲ့တိုက်ပွဲအစစ်က ဒီခေတ်မှာ ဖြစ်လာမှာ .. လောကကြီးကို အမှောင်ထုကြီး ဖုံးလွှမ်းသွားပြီးတော့ ကမ္ဘာတစ်ခုလုံး သွေးတွေစီးနေမှာ .. ကောင်းကင်ကြီး ပြိုကျသွားပြီးတော့ အငြင်းပွားမှုတွေလည်း ရှိလာမှာ .. ဒီခေတ်မှာ မွေးဖွားလာတာက င့ါကို ကြောက်ရွံ့စေသလို စိတ်လည်းလှုပ်ရှားစေတယ် .. အဲဒီနေ့က ဘယ်တော့ရောက်လာမှာလဲ .. ဘာတွေဖြစ်လာမှာလဲ..” ဂုယီသက်ပြင်းချ၍ ပြောလိုက်သည်။ သူမ၏အရေးအကြောင်းများ ပြည့်ေနသည့်မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ရှိနေသလို ကြောက်ရွံ့မှုတစ်မျိုးလည်း ရှိနေသည်။
“ခင်ဗျား ဘာပြောချင်နေတာလဲ..” ရှီဟောင်မေးလိုက်သည်။
“ငါပြောချင်တာက သမိုင်းမှာ အဆိုးရွားဆုံးအခြေအနေလို့ခေါ်တဲ့ အချိန်အပိုင်းအခြားမှာ နေခဲ့ရတာက တကယ်ကို မလွယ်ကူဘူး .. င့ါကလန်က ငါ့တို့ရဲ့ အရင်က ခမ်းနားမှုတွေကို ပြန်လိုချင်တယ် .. မဟုတ်ရင် ငါတို့ အသက်ရှင်နိုင်မှာ မဟုတ်ဘး .. ငါတို့ ထာဝရဘုရင်တွေ မဖြစ်လာရင် ငါတို့ အမြဲတမ်း ပုရွက်ဆိတ်တွေ ဖြစ်နေမှာ .. ကလန်တစ်ခုကိုတောင် ကာကွယ်နိုင်မှာမဟုတ်ဘူး .. သွေးလွှမ်းတဲ့ခေတ်တစ်ခုကို ရင်ဆိုင်ရရင် ကလန်အားလုံးက မျှော်လင့်ချက်သေးသေးလေးအတွက် တိုက်ခိုက်ကြမှာပဲ” ဂုယီ သက်ပြင်းချ၍ ပြောလိုက်သည်။
“ဘယ်လိုမျိုးဖရိုဖရဲ၊ ဘယ်လိုမျိုး အငြင်းပွားမှုတွေလဲ..” ရှီဟောင် မေးလိုက်သည်။ ဤသည်မှာ သူအသိချင်ဆုံး အမှန်တရားပင်။
“လောကကြီး ညှိုးခြောက်သွားပြီး စွမ်းအားအကြီးဆုံး စစ်ပွဲသီချင်းသံတွေကြားရရင် မင်းသိလာလိမ့်မယ် .. ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တွေ ထွက်ပေါ်လာပြီးတော့ စွမ်းအားကြီးတဲ့ကလန်အချို့လည်း ပြန်ရောက်လာလိမ့်မယ်.. သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ ကောင်းကင်ထက်ကို တက်သွားပြီး ခေတ်ပေါင်းများစွာကို သွေးလွှမ်းနေစေလိမ့်မယ်” ဂုယီ ပြောလိုက်၏။ သူ၏အသံမှာ အနည်းငယ် တုန်ယင်နေသည်ပင်။
သူ သေချာနားမလည်သော်လည်း ဤသည်မှာ ယခင်အကြီးအကဲများ၊ ဘိုးဘေးများ ပြောခဲ့သည့်စကားများပင်။
သို့သော် ယခုတော့ သူနားလည်ရန် အခွင့်အရေး ရလာလေပြီ။ အဘယ်ကြောင့်ဆိုသော် သူ ထိုနေရာသို့ ဝင်ကာ ပြိုင်ဘက်ကင်းသက်ရှိနှင့် နောက်တစ်ကြိမ် စကားပြောရတော့မည်။
“ကျွန်တော့်ကို ဒါတွေ လာပြောပြနေတော့ ဘာအသုံးဝင်မှာလဲ..” ရှီဟောင်မေးလိုက်သည်။
“မင်းတို့ကလန်က ငါ့ရဲ့ဂုကလန်က မသေမျိုးဘုရင်ပေါ်တင်နေတဲ့ အကြွေးကို ပြန်တောင်းဖို့..” ဂုယီ အေးစက်စွာ ပြောလိုက်သည်။
“အရင်တုန်းက င့ါကလန်မှာ ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူ, ထာဝရဘုရင်တစ်ပါးကို ဖန်တီးနိုင်တော့မှာ .. ဒါပေမဲ့ ကျောက်တုံးကလန် ဘိုးဘေးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်..” သူ ကျယ်လောင်စွာ ပြောလိုက်သည်။
ရှီဟောင် ချက်ချင်းပင် ချွေးစေးများ ပျံလာရသည်။ အဲဒီတော့ ဒါက ကလန်နှစ်ခုကြားက ရန်ငြိုးရန်စတွေပေါ့ .. ဒီအကြီးအကဲက သူ့ကို အကောင်းနဲ့ခေါ်လိုက်တာမဟုတ်ပဲနဲ့ သူတို့ကလန်နှစ်ခုကြားက စာရင်းရှင်းဖို့ ခေါ်လိုက်တာပေါ့..
“ကျွန်တော့်ရဲ့ ကျောက်တုံးကလန်က ဘိုးဘေးတွေက အနိုင်မခံ အရှုံးမပေးတဲ့သူတွေ … သူတို့တွေက နယ်ခြားစပ်ကို ကာကွယ်ဖို့အတွက် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခဲ့ကြပြီး နယ်ခြားစပ်မှာ သူတို့သွေးတွေ စွန်းထင်းခဲ့ကြတယ် .. သူတို့တွေ တိုက်ပွဲမှာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးခဲ့ရတယ် .. သူတို့တွေ ဂုကလန်ကို တိုက်ခိုက်တယ်ဆိုရင်တောင် တိုက်ခိုက်ရတဲ့အကြောင်းရင်း ရှိနေလို့ပဲ..” ရှီဟောင် ပြောလိုက်သည်။
“ဟက်..” ဂုယီ၏အပြုံးမှာ အနည်းငယ် အေးစက်ကာ ကျောချမ်းစရာကောင်းနေသည်။ သူဘာမှမပြောသော်လည်း သူ၏အကြည့်မှာ အနည်းငယ် ကြောက်စရာကောင်းလာသည်။
ခွပ်..
လျှိုမြောင်ကြီး ကွဲအက်သွားပြီး မြေအောက်သို့ အုံးတည်သွားသည့် လှေကားတစ်ခု ပေါ်လာသည်။ ဤသည်မှာ ယင်ယန်မီးဖိုကာကွယ်နေသည့်နေရာပင်။ အဖိုးတန်မီးဖိုမှာ ထိုနေရာ၌ ရှိနေဆဲဖြစ်ပြီး တစ်ဖြည်းဖြည်းချင်း ဆင်းသက်လာလေ၏။ သူ့ထံတွင် ထာဝရမြူခိုးများလည်း ရစ်ဆိုင်းနေကာ ဤသည်မှာ ကောင်းကင်ကြီးကို ဖျက်ဆီးပစ်နိုင်သကဲ့သို့ပင်။ ဤဖိအားမှာ လူကို အသက်ရှုရကြပ်စေပြီး ပေါက်ကွဲလုမတတ်ပင် ဖြစ်စေသည်။
ဂုယီ ရှီဟောင်ကို မြေအောက်သို့ ခေါ်သွားသည်။
“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတာက ထာဝရရှေးဟောင်းခေတ်မှာ ပေါ်ခဲ့တာ .. ဒီပညာကို ဖော်ခဲ့တာလည်း ငါတို့ဂုကလန်က ဘိုးဘေးပဲ..” ဂုယီ ပြောလိုက်သည်။
မြေအောက်လောကမှ မှောင်မည်းပြီး အလွန်ခြောက်ကပ်နေသည်။ လမ်းကြောင်းမှာ အလွန်ရှည်လျားလှသည်။ ဤသည်မှာ မြေအောက်နန်းတော်တစ်ခုဖြစ်ပြီး အဓိကလမ်းမှာနေရာတစ်ခုသို့ အုံးတည်သွားသည်။
ရှီဟောင် အနည်းငယ် တုန်လှုပ်နေသည်။ အဘယ်ကြောင့်ဆိုသာ် ထိုလူများ၏ ဆွေးနွေးသည့်အသံများကို သူကြားခဲ့ရသည်ပင်။ ယင်ယန်မီးဖိုသည် ဂုကလန်မှ ဘိုးဘေး၏ မှော်ခန္ဓာကိုယ်ကို ဖိနှိပ်ကာ သူအသက်ရှင်နိုင်အောင် ကူညီနေသောကြောင့် နှစ်ပေါင်းများစွာ ပေါ်လာခဲ့ခြင်းမရှိဟု ပြောကြသည်ပင်။
ယင်ယန်မီးဖိုက လျှိမြောင်ထဲမှာ ရှိနေတာဆိုတော့ မြေအောက်က .. ဒီကလန်ဘိုးဘေး ရှိနေတဲ့နေရာလား..
လမ်းဆုံး၌ ကျောက်တုံးအခန်းတစ်ခန်း ရှိနေသည်။ ဤအခန်းမှာ အလွန်ပင်ရိုးရှင်းလှသည်။ ဝင်ပေါက်၌ မည်သည့်အဆင်တန်ဆာမှမရှိ။ မည်သည့်တာအိုအမိန့်မှ ရှိမနေပေ။
“ဘိုးဘေးအရှင် .. အရင်တုန်းက အရှင့်ရဲ့ တာအိုခန္ဓာကိုယ်က အရေးကြီးတဲ့အချိန်မှာ ပျက်စီးသွားရပြီး ဘိုးဘေးရဲ့ထာဝရဘုရင်အုတ်မြစ်လည်း ပျက်စီးသွားခဲ့တယ် .. ဒီနေ့ ကျွန်တော် ဘိုးဘေးတွက် မျိုးစေ့တစ်ခု ယူလာခဲ့တယ် .. သူက ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတာမှာ အောင်မြင်ခဲ့တဲ့အပြင် သူက မရေမတွက်နိုင်တဲ့ပြုပြင်မှုတွေကို ကြုံတွေ့ခဲ့ရသေးတယ်..”
ဂုယီသည် ဒုန်းကနဲ ဒူးထောက်ချလိုက်လေ၏။ သူ၏အမူအရာမှာ အလွန်လေးနက်နေသည်ပင်။ သူသည် နဖူးကို မြေကြီး၌ ထိကာ လေးနက်စွာပင် ရှိခိုးနေလေ၏။
အပိုင်း ၁၇၇၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၉ – ဘိုးဘေးအရှင်
ဂုယီသည် မြေကြီးကို ခေါင်းထိကာ လေးစားစွာဖြင့်ပင် ဦးညွှတ်နေလေ၏။ သူသည် ဤလူအား အလွန်လေးစားနေသည်ပင်။
ဒါက တကယ်ပဲ အရင်တုန်းက ဂုလား..
ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ သူ ထိုနေရာ၌ရပ်ကာ သူ၏ဘေးပတ်လည်ကို သေချာလေ့လာကြည့်လိုက်သည်။ သို့သော်လည်း မည်သည့်အော်ရာမှမရှိ။
ကျောက်တံခါးမှာ အကြမ်းထည်သာဖြစ်ပြီး မည်သည့်နတ်ခွန်အား၊ မည်သည့်တာအိုဥပဒေသမှမရှိ။ အလွန်ရိုးရှင်းကာ သာမန်ဆန်လှသည်။
ထိုအချိန်တွင် ကျောက်တံခါးကြီး တုန်ခါလာကာ ပုံစံမရှိသည့်စွမ်းအားဖြင့် တွန်းဖွင့်ခြင်းခံလိုက်ရသည်။ အထဲဘက်၌ ကုတင်တစ်လုံးသာရှိပြီး ထိုကုတင်ပေါ်၌ အကြီးအကဲတစ်ဦး ထိုင်နေသည်။
ဒါက ဂုကလန်ဘိုးဘေးလား..
ဤသည်မှာ အလွန်အရပ်ရှည်သည့် အကြီးအကဲတစ်ဦးပင်။ သူထိုင်နေသော်လည်း အလွန်ရှည်လျားနေဆဲပင်။ သူ၏ကျောဖြောင့်တန်းနေပြီး ရွှေရောင်ဆံပင်တွင် အဖြူရောင်အနည်းငယ်ရှိနေသည်။
သူ၏မျက်နှာပေါ်၌ အချိန်၏တိုက်စားမှုကို မြင်နိုင်သည်ပင်။ သူ၏အသားအရေမှာ တောက်ပမနေတော့။ သူ၏စူးရှသည့်မျက်ခုံးမွေးမှာ နားထင်စပ်ထိ ကျနေပြီး မျက်လုံးများသည်လည်း ကြယ်ကောင်းကင်ယံကဲ့သို့ နက်ရှိုင်းလှသည်။
ဤအကြီးအကဲ ငယ်ရွယ်စဉ်က အလွန်ချောမောခန့်ညားမည်မှာ သေချာသည်။
သို့သော် ယခုအချိန်တွင် ယခင်ကကဲ့သို့ သွေးစွမ်းအင်များနှင့် အသက်ဓာတ်များ မရှိတော့။
ထို့ကြောင့် သူသည် သာမန်အသက်ကြီးနေသည့်သူနှင့်သာ တူတော့သည်။ အခြားသူများကို လွှမ်းမိုးနိုင်ရန်မပြောနှင့် သူ့ထံ၌ မှော်စွမ်းအားလှုပ်ခတ်မှုပင် မရှိတော့။ သူသည်သာမန်လိုအိုကြီးသာ။
ဒါက ဘိုးဘေးဂုလား .. အရင်တုန်းက အန်းလန်နဲ့ တိုက်ခိုက်ခဲ့ပြီးတော့ မသေမျိုးဘုရင်တွေနဲ့ ယှဉ်နိုင်တဲ့သူလား..
သူက ပြိုင်ဘက်ကင်းတဲ့ ထာဝရဘုရင်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာဆို..
သူ အင်ပါယာဂိတ်၌ ရှိနေစဉ်က မသေမျိုးဘုရင်တစ်ပါး၏ သွေးတစ်စက် ပျံသန်းလာသည်ကို သူမြင်ဖူးသည်။ ထိုသွေးစက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေကာ စွမ်းအားမှာ ခမ်းနားလှပြီး နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင်။
သူ့ရှေ့၌ရှိနေသည့်သက်ရှိမှာလည်း ထိုအဆင့်သက်ရှိများနှင့် ယှဉ်နိုင်သည့်သူပင်။ သို့သော်လည်း သူဘာကိုမှ မခံစားရ။
သူ တည်ငြိမ်လွန်းနေသည်။ သူဆုတ်ယုတ်နေပြီဆိုလျှင်ပင် သူ့ထံ၌ စွမ်းအားတစ်ချို့ ရှိနေသေးသင့်သည်။
ဂုကလန်မှ အကြီးအကဲမှာ စကားမပြော။ တစ်ချိန်လုံး တိတ်ဆိတ်နေသည်။ သူ လက်မြှောက်ပြလိုက်သည့်အချိန်မှ ဂုယီ မတ်တပ်ရပ်လိုက်လေသည်။
သူသည် ရှီဟောင်ကို လေးနက်စွာ ကြည့်နေသော်လည်း သူ၏အကြည့်များမှာ တည်ငြိမ်နေကာ မည်သည့်ခံစားချက်မှမရှိ။
အဆင့်လွန်သက်ရှိဖြစ်စေ မသေမျိုးသက်ရှိဖြစ်စေ သူတို့ တစ်စုံတစ်ယောက်ကို ဤကဲ့သို့စိုက်ကြည့်လိုက်သည်နှင့် သူတို့အသွေးအသားများ ပျက်စီးမသွားလျှင်ပင် သူတို့ဝိညာဉ်တုန်လှုပ်သွားလိမ့်မည်။
သို့သော် သူ့ရှေ့မှ သက်ရှိမှာ အလွန်ရင်းနှီးသည့်ပုံပေါ်နေပြီး မည်သည့်မြင်ကွင်းမျိုးမှ ပေါ်မလာ။
တစ်ခဏကြာပြီးနောက် သူ ခေါင်းညိမ့်လိုက်ကာ ရှီဟောင်ထံသို့ လက်ညှိုးထိုးလာလေ၏။
ကျောက်တုံးအခန်းထဲမှ ဂုယီ ချက်ချင်း တုန်လှုပ်လာကာ သူ၏သွေးများ ကြွတက်လာသည်။ သူ ဤသက်ရှိရှေ့ လေးလေးစားစားရှိနေရမည်ဖြစ်သောကြောင့်သာ။ မဟုတ်ပါက သူအော်ဟစ်ပစ်လိုက်လေပြီ။
သူ မှန်ကန်သည့်မျိုးစေ့ကို တွေ့သွားပြီဟု ခံစားလိုက်ရသည်။ ဂုကလန်ဘိုးဘေး ဟွမ်ကို လိုအပ်သည်။
ရှီဟောင်၏ခန္ဓာကိုယ် တောင့်တင်းသွားရသည်။ သူ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို မမြင်ရသလို၊ မည်သည့်အန္တရာယ်မှလည်း သူ့ထံသို့ ရောက်မလာသော်လည်း ဒဏ္ဍာရီလာပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကို ရင်ဆိုင်ရသည့်အချိန်တွင် မည်သူက စိတ်မလှုပ်ရှားပဲနေမည်နည်း..
ထိုလက်ညှိုးသည် ရှီဟောင်၏ မျက်ခုံးကြား သူ၏မူလဝိညာဉ်ရှိနေသည့်နေရာကို ထိုးထားခြင်းပင်။
ထိုအခိုက်အတန့်တွင် ရှီဟောင် သူ၏မျက်ခုံး ပူပြင်းလာသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ၏နဖူးရိုးတောက်ပလာကာ မိုးခြိမ်းသံတစ်သံလည်း ထွက်ပေါ်လာသည်။
အပြစ်သားသွေးများ တိမ်များကို ပျက်ပြယ်သွားစေကာ နေရာတိုင်း၌ လျှပ်စီးလက်လာသည်။ ကျောက်တုံးကလန်၏ ထူးခြားသည့်သွေးမျိုးဆက်သင်္ကေတ ပေါ်လာလေပြီ။
ဤသည်မှာ သူ့မျက်ခုံး၌ ရှိနေသည့်တံဆိပ်ပင်။ ဤသင်္ကေတမှာ အလွန်ရှုပ်ထွေးကာ နက်နဲလှသည်။ အင်ပါယာဂိတ်ဘက်၌ ဤသည်မှာ အပြစ်သားသွေးမျိုးဆက်တံဆိပ်ဖြစ်သည်ဟု သတ်မှတ်ထားသည်ပင်။
သို့သော်လည်း ဂုကလန်မှ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်သည် ဤသင်္ကေတကို မြင်သည်နှင့် ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာထက်၌ ခံစားချက်အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ၏မျက်လုံးများမှာ စိတ်ကိုထိုးဖောက်မြင်ရမတတ် အလွန်တောက်ပလာသည်။ ထိုအခိုက်အတန့်တွင် လျှပ်စီးများ လေဟာနယ်ကို ထိုးဖောက်သွားကာ အချိန်မြစ်လည်း ရေးရေးလေးပေါ်လာသည်။ ဤသည်မှာ သူ့ခံစားချက်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။
“တကယ်ပဲ .. သူက တကယ် ကျောက်တုံးကလန်ရဲ့မျိုးဆက်ပဲ..”
ထိုအခိုက်အတန့် ရှီဟောင် မတူညီမှုကို သေချာတွေ့လိုက်ရသည်။ ဤအကြီးအကဲ၏ အမူအရာမှာ အလွန်ရှုပ်ထွေးနေသည်။ သူ၏မျက်လုံးများ မှေးမှိန်သွားပြီးနောက် ကောင်းကင်ကြီးကို လောင်ကျွမ်းတော့မတတ် တောက်ပလာသည်။ နောက်ဆုံး ဝမ်းနည်းမှုများ ပြည့်နှက်သွားလေ၏။
သို့သော် ဤအရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။
သို့သော်လည်း ဤခဏတာပြောင်းလဲမှုမှာ ဤရှေးဟောင်းမြေတစ်ခုလုံးကို တုန်ခါသွားစေသည်။ ဤကျောက်တုံးအခန်းမှာ အဆင်ပြေနေသေးသည်။
သို့သော် အပြင်ဘက်လောကတွင် မူလဖရိုဖရဲလျှပ်စီးနှင့် မိုးကြိုးများ ထွက်ပေါ်လာကာ ကောင်းကင်ထက်၌ ထာဝရမြူများ ဖုံးလွှမ်းသွားသည်။ ကြောက်စရာအကောင်းဆုံး ငလျင်ကြီးဖြစ်ပေါ်လာကာ လီပေါင်း ထောင်ပေါင်းများစွာသော မြေကြီးများ ပြိုကျသွားသည်။
ထို့အပြင် ကောင်းကင်ကြီးစုတ်ပြဲသွားပြီး ကြယ်များ ကြွေကျလာကာ တစ်ယောက်ယောက်ငိုကြွေးနေသကဲ့သို့ သွေးမိုးရွာသွန်းလာသည်။
အပြင်လောက၌ ရှိနေသည့်သူများအားလုံး ဆွံ့အသွားရသည်။
သက်ရှိပေါင်းဘယ်နှယောက် တုန်လှုပ်သွားမှန်းပင်မသိ။ ဤနေရာရှိ ကလန်များအားလုံး တုန်လှုပ်သွားကြရသည်။ ဤကဲ့သို့သောခွန်အားမှာ သူတို့ ခုခံနိုင်ရန် ခက်ခဲလှသည်။
ကံကောင်းစွာဖြင့် ထိုအော်ရာသည် လျင်မြန်စွာ ရောက်ရှိလာပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။ တိမ်များချက်ချင်းပျက်ပြယ်သွားကာ လေများလည်း ဖျော့တော့သွားသည်။ ပုံမှန်မဟုတ်သည့်အရာများအားလုံး တစ်စမကျန်ပျောက်ကွယ်သွားလေပြီ။
ကျောက်တုံးခန်းထဲ၌ အသံတစ်သံပင်မရှိပဲ အလွန်တိတ်ဆိတ်နေသည်။
ရှီဟောင်၏နဖူးရိုး တောက်ပနေကာ သူ၏ခန္ဓာကိုယ်မှာ လေးကြိုးကဲ့သို့တောင့်တင်းနေသည်။ သူ အနိုင်မရနိုင်သော်လည်း သူ တတ်နိုင်သမျှ ခုခံဦးမည်ပင်။
သူ အညံ့ခံလိုက်သည်ထက် ခေါင်းဖြတ်ခံကာ တိုက်ပွဲ၌ အသေခံလိုက်မည်။ ဤသည်မှာ ဤကောင်ကြီးလာကတည်းက ဘယ်တော့မှမပြောင်းလဲခဲ့သည့် ပင်ကိုယ်စိတ်ပင်။
သူ့ရဲ့ခန္ဓာကိုယ်ကို လုယူသွားတော့မှာလား.. ဤသည်မှာ သူကောက်ချက်ချနိုင်သည့် တစ်ခုတည်းသော အရာပင်။
ရှီဟောင်အမြင်တွင် သူ ယခု အလွန်အန္တရာယ်များနေလေပြီ။
ဂုယီလည်း စိတ်လှုပ်ရှားနေသည်။ သူသည် ဘိုးဘေး ပြန်ရှင်သန်လာကာ သူ၏လက်ရှိပြဿနာများမှ လွတ်မြောက်ရန် မျှော်လင့်မိသည်။ ထို့ကြောင့် ဟွမ်ထက်ပိုပြီးသင့်တော်သည့်လက်ဆောင်မရှိတော့။ သူသည် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အောင်မြင်အောင် လုပ်နိုင်ထားသည့်သူပင်။
သို့သော်လည်း ဂုကလန်မှ ပြိုင်ဘက်ကင်းကျွမ်းကျင်သူ သူ၏လက်ကိုသာ ဝေ့ရမ်းလိုက်သည်။ သူ၏မျက်လုံးထဲ၌ အထီးကျန်မှုများရှိနေသည်ပင်။ သူ၏မျက်လုံးထဲ၌ မှုန်မှိုင်းသည့်အလင်းတန်းတစ်ခု ရှိနေပြီး ထာဝရရှေးဟောင်းခေတ်မှ မရေမတွက်နိုင်သည့်သက်ရှိများ ပေါ်လာသည်။ သူ့မျက်လုံးထဲ၌ လောကကြီးကို တုန်လှုပ်စေနိုင်သည့် တိုက်ပွဲတစ်ခု မြင်နိုင်ပြီး သွေးများလည်း ကောင်းကင်ထိသို့ စီးဆင်းနေသည်။
“ဘိုးဘေးအရှင်..” ဂုယီ ရှုပ်ထွေးသွားရသည်။ သူက သူတို့ကို သွားခိုင်းလိုက်တာလား..
“ငါက တစ်ခြားသူရဲ့တာအိုမျိုးစေ့ကို ခူးယူရအောင်ထိ ပျက်စီးသွားပြီဆိုရင် ငါ ဒီနေ့ဒီအချိန်ထိ ဒီလိုနေနိုင်ပါဦးမလား.. ဒီလောကမှာ ဂုကလန်ထက် ပိုကြီး ရှည်ကြာတဲ့နေရာမရှိတော့ဘူး..” သူတည်ငြိမ်စွာ ပြောလိုက်သည်။
ဂုယီ ခန္ဓာကိုယ် တုန်ယင်သွားရသည်။
“ဒါက အရှင်ကို မကူညီနိုင်ဘူးလား..” ဂုယီ တွန့်ဆုတ်စွာ မေးလိုက်သည်။
ဂုကလန်ဘာမှမပြောတော့ပဲ တိတ်ဆိတ်စွာသာ ထိုင်နေသည်။ ထို့နောက် မမြင်ရသည့်စွမ်းအားလှိုင်းတစ်ခု ရှီဟောင်နှင့် ဂုယီကို ကျောက်တုံးခန်းထဲမှ တွန်းထုတ်လိုက်ကာ တံခါးလည်း တိတ်ဆိတ်စွာပင် ပိတ်သွားသည်။
“ထာဝရဘုရင်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေက မင်းနားမလည်တဲ့ကိစ္စတွေ..” နောက်ဆုံးတော့ သူ၏ကွယ်လွန်သွားသည့်အဘိုး ယခင်ကပြောခဲ့သည့်စကားကို သူပြန်အမှတ်ရမိသွားသည်။
ဂုယီ မြေအောက်နန်းတော်မှ ထွက်လာကာ လျှိုမြောင်မျက်နှာပြင်ထက်သို့ ပြန်ရောက်လာသည်။ သူတို့ လျှိုမြောင်ထဲမှ ထွက်လာသည်နှင့် သူတို့ ဝိုင်းခံလိုက်ရသည်။
ဤလူများမှာ အဆင့်လွန်သက်ရှိများပင်။ အချို့မှာ ဧကရာဇ်ကလန်များမှဖြစ်ပြီး ကျန်သည့်သူများမှာ အခြားနေရာများမှပင်။ သူတို့အားလုံးသည် ရန်သူကြီးကို မျက်နှာချင်းဆိုင်နေသကဲ့သို့ သူတို့လမ်းကြောင်းကို ပိတ်ပစ်လိုက်သည်။ ထို့နောက် သူတို့ ရှီဟောင်ကို သေချာကြည့်လိုက်ကြသည်။
“ဂုယီ .. မင်းတကယ်ပဲ ဘာတွေလုပ်ခဲ့တာလဲ..”
ဤလူများသည် ရှီဟောင်ကိုကြည့်ကာ ကြောက်ရွံ့နေကြလေ၏။
အဘယ်ကြောင့်ဆိုသော် လျှိုမြောင်အောက်၌ ရှေးဟောင်းသက်ရှိတစ်ဦးရှိသည်ဟု ပြောကြသည်ပင်။ သူသည် ယခင်က ထာဝရဘုရင်အဆင့် ရောက်လုနီးပါးပင်။ သို့သော် ကျောက်တုံးကလန်ဘိုးဘေး၏ တိုက်ခိုက်ခြင်းခံလိုက်ရကာ သူ၏အုတ်မြစ် ပျက်စီးသွားရသည်။
ထို့အပြင် ခန္ဓာကိုယ်ကိုမျိုးစေ့အဖြစ်သုံးခြင်းတွင် လူအချို့ပါဝင်ခဲ့ပြီး ဘိုးဘေးဂုသည်လည်း ထိုလူများထဲမှ တစ်ဦးပင်။
ယခု ရှီဟောင် ဤလမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်သွားလေပြီ။ အချို့အရာများကို သူတို့ ဆက်စပ်တွေးကြည့်၍ရသည်ပင်။
ရှီဟောင်၏ခန္ဓာကိုယ်ကို လုယူခံလိုက်ရလောက်ပြီ သို့မဟုတ် သူ့ခန္ဓာကိုယ်ထဲမှ မျိုးစေ့မရှိလောက်တော့ဟု သူတို့သံသယဝင်နေကြသည်ပင်။
“မင်းတို့အားလုံး အတွေးလွန်နေပါပြီ .. အတိတ်နဲ့ ပစ္စုပ္ပန်ကို ကျော်လွန်နိုင်တဲ့နှလုံးသားမရှိရင် လူတစ်ယောက်က ဘယ်လိုလုပ် ထာဝရဘုရင်ဖြစ်နိုင်မှာလဲ..” ဂုယီ ပြောလိုက်သည်။
သူ ယခုမှ စိတ်သက်သာရာရသွားသလို အလွန်လည်း ဝမ်းနည်းမိသည်။
“ခန္ဓာကိုယ်ထဲမှာ ဓားမိုးရွာပြီးတော့ ပိုးအိမ်တစ်ခုဖြစ်သွားရင်တောင်မှ မယူချင်ရင် ဘာတာအိုမှ ရမှာမဟုတ်ဘူး..” သူထပ်ပြောလိုက်သည်။
သူ ဤကဲ့သို့ ရှင်းပြလိုက်သော်လည်း ကျင့်ကြံသူများမှာ သူ့ကို သံသယဝင်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကြီးပြိုကျသွားသည်ကို လူများစွာ အာရုံခံနိုင်လိုက်သည်ပင်။ ဘိုးဘေးဂု သေချာပေါက် လှုပ်ရှားလိုက်သည်ပင်။
“မင်းတို့ ကျုပ်ကိုမယုံရင် သူ့ကို ကိုယ့်ဘာသာကိုယ်စစ်ဆေးကြည့်လို့ရတယ် .. သူ့ကိုခေါ်သွားလိုက်..” ဂုယီ အင်္ကျီလက်ကို လွှဲရမ်းကာ သူတို့ကို နှင်ထုတ်လိုက်သည်။
အဆင့်လွန်သက်ရှိတစ်ဦးသည် အမှန်တရားထင်ဟပ်ခြင်းကြေးမုံ ရှေးဟောင်းရတနာကို ယူလာကာ ရှီဟောင်အပေါ်၌ တောက်ပစေလိုက်သည်။ သူ့ကို နတ်အလင်းများ ဖုံးလွှမ်းသွားသော်လည်း မည်သည့်မူမမှန်မှုကိုမှ မတွေ့ရ။
“သွားကြစို့..” သူတို့ ဂုကလန်၏ ရှေးဟောင်းမြေမှ ထွက်သွားလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဘိုးဘေးဂုလှုပ်ရှားလျှင် ရှီဟောင်ကို ဤကဲ့သို့ လွှတ်ပေးမည်မဟုတ်သလို ဤကဲ့သို့လည်း ပုန်းကွယ်နေမည်မဟုတ်။ သူတို့ကျင့်ကြံဆင့်နှင့်ဆိုလျှင် သူတို့ ကောင်းကင်ကိုဝါးမြိုနိုင်သည့်ဝိညာဉ်များ ရှိနေသည်ပင်။
ခပ်ဝေးဝေးရှိ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် လှုပ်ခါလာသည်။ ထိုသစ်ပင်၌ ကြယ်မြစ်များရှိနေကာ သစ်ရွက်များ၌ အဆုံးမရှိသည့်ကြယ်များ ချိတ်ဆွဲထားသည်။ ဤသည်မှာ လောကသစ်ပင်ပင်။ ဤသစ်ပင်သည် ဤလောက၌ မွေးဖွားခဲ့ကာ ဤနေရာ၌ ကြီးပြင်းခဲ့သည်။
သူ၏သစ်ကိုင်းများကို ဆန့်ထုတ်ထားကာ အမိုးအကာတစ်ခုကဲ့သို့ ဤရှေးဟောင်းနယ်မြေတစ်ခုလုံးအား ကာကွယ်ပေးနေသည်ပင်။
ယခင်မှ တိုက်ပွဲတွင် ဤသစ်ပင်ရှိနေသောကြောင့် ဤလောကကြီး ကောင်းမွန်စွာ ကျန်ရစ်ခဲ့ခြင်းပင်။
ယခု လောကသစ်ပင်တောက်ပလာကာ အမိန့်စာတစ်ခုကို ချပေးလာသည်။ ထိုအမိန့်စာမှာ အာကာသအပြင်ဘက်မှ ရောက်လာခြင်းပင်။
“မသေမျိုးအမိန့်စာ..”
ရှီဟောင်ကို ခေါ်သွားနေသည့် အဆင့်လွန်သက်ရှိများ အံ့အားသင့်သွားရသည်။ လောကသစ်ပင်မှာ အမိန့်စာပို့လာခြင်းမှာ အလွန်အရေးပေါ်ဖြစ်နေသည်ဟု ဆိုလိုခြင်းပင်။
အပိုင်း ၁၇၇၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၀ – လွတ်လပ်မှု
အာကာသအပြင်ဘက်မှ ရောက်လာသည့် မသေမျိုးသက်ရှိများ၏အမိန့်စာ ..ဤသည်မှာ ရှေးဟောင်းနယ်မြေမှ လောကသစ်ပင်၏ စွမ်းအားမှတစ်ဆင့် ရောက်လာခြင်းပင်။
လောကသစ်ပင်မှာ ကြီးမားလှပြီး သစ်ရွက်များ လှုပ်ရှားသွားသည်နှင့် ကြယ်များ လှုပ်ရှားသွားကာ နေနှင့်လလည်း တုန်ခါလာလိမ့်မည်။
ပြောရမည်ဆိုလျှင် လောကသစ်ပင်နှင့် ထိတွေ့ရဲသည့်သူ ရှားပါးလှသည်။ တစ်ခုခုဖြစ်ပျက်မှသာ ဤသို့ပြုလုပ်ကြသည်ပင်။
ဤသည်မှာ ဤလောကကို ကာကွယ်နေသည့်သစ်ပင်ပင်။
အမိန့်စာတစ်ခု အလင်းတန်းများစွာ ထုတ်လွှတ်ကာ ကျဆင်းလာနေလေပြီ။ အမိန့်စာ၏မျက်နှာပြင်ထက်၌ စာလုံးများအပြည့်ရှိနေသည်။ စုတ်ချက်များမှာ သတ္တုနှင့်ငွေရောင်များ တောက်ပနေသည်။
ဤသည်မှာ မသေမျိုးသက်ရှိ၏ စွမ်းအားပင်။ သူတို့ကိုယ်တိုင် ရောက်မလာသော်လည်း သူတို့၏စွမ်းအင်တစ်ကြောင်း ဤအမိန့်စာ၌ ပါဝင်လာသည်ပင်။
ဤနေရာရှိ အဆင့်လွန်သက်ရှိများအားလုံး အလွန်လေးနက်နေကြကာ အမိန့်စာကို လေးစားစွာဖြင့် လက်ခံလိုက်ကြသည်။
ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိများ၏ အမူအရာများပင် လေးနက်နေကြသည်။ သူတို့ သတိလက်လွတ်မလုပ်ရဲကြ။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆင့်အတန်းများ မည်မျှတင်းကြပ်သည်ကို သိနိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့အလွန်စွမ်းအားကြီးကြသော်လည်း သူတို့ မသေမျိုးသက်ရှိများ ဖြစ်လာကြမည်မဟုတ်။ ဧကရာဇ်ကလန်တိုင်းတွင် သေမျိုးတာအို၌ ထိပ်ဆုံးရောက်နေသည့် ကျွမ်းကျင်သူများ ရှိမည်ပင်။ သို့သော်လည်း သူတို့ ထိုနောက်ဆုံးအဆင့်ကို လျှောက်လမ်းကြမည်မဟုတ်။
အမှန်တကယ်တွင် ထိုအဆင့်ကို လျှောက်လှမ်းရန် အလွန်ခက်ခဲသည်ဟု ပြော၍ရသည်။
ဤလောကတွင် လူများစွာရှိနေပြီး နယ်မြေများ ကျယ်ပြန့်လှသော်လည်း မသေမျိုးသက်ရှိအရေအတွက်မှာ အလွန်နည်းပါးလှသည်။
ကလန်တစ်ခု၌ မသေမျိုးသက်ရှိတစ်ဦး ပေါ်လာသည်နှင့် ထိုကလန်မှာ ချက်ချင်း ဘုရင်ကလန်ဖြစ်သွားမည်ပင်။
မသေမျိုးသက်ရှိ သေသွားလျှင်ပင် သူတို့ အချိန်အတော်ကြာသည်အထိ ဘုရင်ကလန်အဖြစ် ဆက်ရှိနေဦးမည်ပင်။ ထိုကလန် နောက်တစ်ကြိမ် ပြန်မတိုးတက်နိုင်လောက်အောင် နိမ့်ကျသွားမှသာ ပျက်ပြယ်သွားမည်ပင်။
စွမ်းအားကြီးသည့် ဧကရာဇ်ကလန်များပင်လျှင် နှစ်ပေါင်းများစွာ ကြာသွားသော်လည်း မသေမျိုးသက်ရှိများ လက်တစ်ဆုပ်စာသာ ရှိမည်ပင်။ တစ်ယောက်၊ နှစ်ယောက်သာ ရှိနိုင်သည်အထိပင်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် မသေမျိုးသက်ရှိများ မည်မျှရှားပါးပြီး ထိုအဆင့်ရောက်ရန် မည်မျှခက်ခဲလှသည်ကို သိနိုင်သည်။
အမိန့်စာကျလာသည်နှင့် ဤနေရာ၌ရှိနေသည့်သူများအားလုံး အမူအရာများ ပြောင်းလဲသွားကြသည်။
သူတို့စာကို မဖတ်မီ လက်မှတ်ထိုးထားသည့်နာမည်များကို တွေ့လိုက်ရ၏။ ဤသည်မှာ မသေမျိုးသက်ရှိများစွာမှ ရေးထားမှ ရေးထားကာ အလောတကြီး ပို့လိုက်သည့်အမိန့်စာပင်။
“ဒါက .. ဟွမ်ကို လွှတ်ပေးဖို့ပဲ..”
အသက်ရှည်ခြင်းကို ရရှိထားသည့် စွမ်းအားအကြီးဆုံး ကျင့်ကြံသူများပင် ထိတ်လန့်သွားရသည်။ ယခုတော့ သူတို့ဟွမ်ကို ဘယ်လိုလုပ်ရမည်ဆိုသည့် အဖြေ ထွက်ပေါ်လာလေပြီ။ မသေမျိုးသက်ရှိများသည် မည်သူမှ ဟွမ်ကို ထိခိုက်အောင် မလုပ်ရကြောင်း၊ တိတ်တဆိတ်လုပ်ရဲသည့်သူများကို ဖိနှိပ်ပစ်မည်ဖြစ်ကြောင်း အမိန့်စာရေးလိုက်သည်ပင်။
အစောပိုင်းရက်များ၌ ဟွမ်အပေါ်ထားသည့်သဘောထားမှာ မှုန်ဝါးဝါးသာ။ ထို့ကြောင့် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ခြင်းပင်။
သူတို့သဘောထားက ဘာလို့ ရုတ်တရက်ကြီး ပြောင်းသွားတာလဲ..
ခဏကြာပြီးနောက် သူတို့အဖြေ ရလိုက်သည်။
သူတို့ အပြင်ထွက်ပြီး မြို့ကြီးအချို့ကို ဖြတ်သွားသည့်အချိန်တွင် ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိအချို့ သူတို့လူများထံမှ အသေးစိတ်သိလိုက်ရသည်။
မသေမျိုးဘုရင်များ ယခုထိ ပြန်မလာသေး။ သူတို့ သင်္ချိုင်းမြေအတွင်း၌သာ ရှိသေးသည်။
သို့သော် ယခင်က အစေခံအိုကြီးတစ်ဦးပေါ်လာကာ ယခုအချိန်တွင် ဟွမ်ကို ထိခိုက်၍မရကြောင်း သဲလွန်စပေးခဲ့သည်။
ဤအစေခံအိုကြီးမှာသာမန်သက်ရှိမဟုတ်။ အန်းလန်၏ဂူကို စောင့်ကြပ်ရသည့် ဝံပုလွေဝိညာဉ်အိုကြီးတစ်ကောင်ပင်။ သူသည် အစေခံဖြစ်သော်လည်း အဆင့်အတန်းမြင့်လှသည်ပင်။
အန်းလန် သီးသန့်ကျင့်ကြံနေသည့်နေရာကို မည်သူမှ ဝင်၍မရ။ သူ၏မျိုးဆက်များပင် ခြေချ၍မရ။ ဂူပေါက်ဝ၌စောင့်နေသည့် ဝံပုလွေအိုကြီးသာ အချိန်မရွေး အမိန့်များကို လက်ခံနိုင်သည်ပင်။
ထိုအစေခံအိုကြီးသည် သစ်သားသေတ္တာကို ယူသွားနိုင်သည့်လူငယ်လေးမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းကြောင်း အန်းလန်ကိုယ်တိုင်ပြောခဲ့ကြောင်း ပြောလာသည်။ သူ့ကို ဖမ်းမိလျှင် သေချာစစ်ဆေးရမည်။
ဤသည်ကို အစောကြီးကတည်းက ပြောထားသည်မှာ သိသာသည်။ ထိုအချိန်တုန်းက သူတို့ ကောင်းကင်သားရဲသစ်တော၌ ရှုံးသွားကာ သစ်သားသေတ္တာကို လုယူခံလိုက်ရသည်ပင်။
အခြေအနေများ ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့မထင်ထားခဲ့။ အင်ပါယာဂိတ်ဘက်မှ ဟွမ်ကို တကယ်ပေးလာသည်။
ယခုတစ်ခေါက် မသေမျိုးသက်ရှိများ အကြံဉာဏ်တောင်းရန်အတွက် အန်းလန်ထံသို့ သွားခဲ့ကြသည်။ ရလဒ်အနေဖြင့် အစေခံအိုကြီး တောင်ထဲမှ ထွက်လာကာ အန်းလန်ယခင်ကပြောခဲ့သည့်စကားများကို ပြန်ပြောလိုက်လေ၏။
မသေမျိုးသက်ရှိများသည် ချက်ချင်းပင် အမိန့်စာတစ်စောင်ရေးကာ လောကသစ်ပင်မှ ပို့ပေးခဲ့ကာ တစ်လောကလုံးကို ချက်ချင်းအသိပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဟွမ် တစ်ခုခုဖြစ်သွားမည်ကို သူတို့ကြောက်နေသည်ပင်။ လွန်ခဲ့သည့်ရက်ပေါင်းများစွာက အုံ့ပုန်းပြောင်းလဒမှုများဖြစ်ပြီးနောက် သူတို့ ဟွမ်ကို ကယ်ခဲ့နိုင်သည်ဟု ပြော၍ရသည်။ သို့သော်လည်း မမျှော်လင့်ထားသည့်တစ်ခုခုဖြစ်သွားမည်ကို သူတို့ကြောက်နေကြဆဲပင်။
“လူငယ်လေး .. မင်းလုံခြုံပြီ..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
သို့သော် သူတို့ ရှီဟောင်ကိုကြည့်လိုက်သည့်အချိန်တွင် သူတို့၏အမူအရာများမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ သူတို့မျက်ဝန်းထဲ၌ သနားသည့်အရိပ်အယောင်များ ရှိနေသည်ပင်။
မသေမျိုးသက်ရှိတစ်ဦး၏ ပစ်မှတ်ထားခြင်းခံရခြင်းမှာ သေချာပေါက် ကောင်းသည့်ကိစ္စမဟုတ်။
ထိုနေ့၌ ဟွမ်ကို သတ်၍မရကြောင်း၊ သူ့ကို ပစ်မှတ်ထား၍မရတော့ကြောင်း ကလန်ကြီးအချို့ သိသွားကြသည်။
ထိုကလန်ကြီးဟုခေါ်သည့်ကလန်များမှာ ရှီဟောင်ကို ရှင်းပစ်ချင်နေသည့်ကလန်များပင်။ အဘယ်ကြောင့်ဆိုသော် သူတို့ကလန်၏ ဂျီးနီးယပ်စ်များ သို့မဟုတ် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်များကို ဟွမ် သတ်ခဲ့သောကြောင့်ပင်။
ရှီဟောင်လည်း အတော်လေး အံ့အားသင့်သွားသည်ပင်။ သူ့ပြဿနာကို ဤကဲ့သို့ ရှင်းပြီးသွားလေပြီ။
ဤအမိန့်စာမှာ အတော်လေး ပြင်းထန်လှသည်။ ဤအမိန့်စာကို ဆန့်ကျင်သည့်သူများ ‘ကလန်ပျက်စီးခြင်း’ ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောထားသည်။
ဤသည်မှာ လူတစ်ယောက်တည်း၏အမှားမဟုတ်တော့။ ဟွမ်ကို နောက်တစ်ကြိမ် ထိခိုက်အောင်လုပ်သည်နှင့် ကလန်တစ်ခုလုံး ပါဝင်လာလိမ့်မည်။
ရှီဟောင်ကို ရေနက်အကျဉ်းထောင်ထဲသို့ ပြန်မပို့တော့။ အဘယ်ကြောင့်ဆိုသော် ယခု သူ့ကို နှိပ်စက်၍မရသေး။
တစ်ချိန်တည်းမှာပင် သူ့ကို စစ်နတ်ဘုရားကျောင်းသို့ ပို့၍လည်းမရ။ သူ့ကို ကျောင်းသို့ပို့လိုက်လျှင် အခြားသူများအတွက် အန္တရာယ်များလှသည်ပင်။
သူသည် ထိုကျောင်း၌ လူငယ်ကျွမ်းကျင်သူ တစ်ရာကျော်ကို သတ်ထားကာ ကပ်ဆိုးကြီးတစ်ခု ဖန်တီးခဲ့သည်ပင်။
သူ လွတ်လပ်မှု ရသွားပြီ..
ဟွမ် ဤရှေးဟောင်းကမ္ဘာ၌ လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားကြ။
သို့သော် သူ့ခန္ဓာကိုယ်ထက်၌ အမိန့်စာထဲမှ ထွက်လာသည့်တံဆိပ် အနည်းဆုံး ခြောက်ခု ရှိနေသည်ပင်။ သို့မှသာ သူမည်သည့်နေရာရောက်ရောက် အကြီးအကဲများ အာရုံခံနိုင်လိမ့်မည်။
ဤသည်မှာ ဝိညာဉ်တံဆိပ်များမဟုတ်။ အမိန့်စာဥပဒေသ အပိုင်းအစများ သူ့ခန္ဓာကိုယ်၌ ရေးထိုးလိုက်ခြင်းဖြစ်သောကြောင့် ဖယ်ရှား၍မရ။
“လူငယ်လေး မင်းအခု ဘာအစီအစဉ်ရှိလဲ..” အဆင့်လွန်သက်ရှိတစ်ဦး ဖော်ရွေစွာ မေးလိုက်သည်။ လွန်ခဲ့သည့် ရက်ပေါင်းများစွာက သူသည် ရှီဟောင်အပေါ် အလွန်အေးစက်နေခဲ့သေးသည်ပင်။
“ဒီရှေးဟောင်းလောကကြီးက အကျယ်ကြီးပဲ .. လျှို့ဝှက်မြေတွေနဲ့ ပြည့်နေတာ .. ကျွန်တော် အဲဒီလှပတဲ့တောတောင်တွေ၊ မြစ်တွေဆီကို အလည်သွားမယ် .. သမိုင်းဝင်ဘုရင်မြို့တွေကို အလည်သွားမယ်..” ရှီဟောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထိုကဲ့သို့ပင် ရှီဟောင်တစ်ယောက်တည်း လျှောက်သွားနေခဲ့လေ၏။
ဤသတင်းများ ပျံ့သွားသည့်အချိန်တွင် အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားသည်။
ဤကဲ့သို့ဖြစ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ သူ့ကို မုန်းတီးနေသည့်သူများမှာ မကျေနပ်မှုအပြည့်ဖြင့်ပင်။
အနက်ရောင်မြစ်ကြီးတစ်စင်း လီပေါင်း ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းသွားသည်။
ကျယ်ပြန့်လှသည့် မြစ်သည် မြေပြင်ညီကို ဖြတ်သန်းစီးဆင်းသည့်အချိန်တွင် အလွန်တိတ်ဆိတ်နေသည်။
သို့သော် ချောက်ကမ်းပါးများကို ဖြတ်သန်းစီးဆင်းသွားသည့်အချိန်၊ တောတောင်များကို ဖြတ်သန်းစီးဆင်းသွားသည့်အချိန်တွင်တော့ မြစ်ရေမှာ မိုးခြိမ်းသံကဲ့သို့ ဆူညံနေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ သူဆူညံသည်ဖြစ်စေ တိတ်ဆိတ်နေသည်ဖြစ်စေ သူဖြတ်သန်းစီးဆင်းသွားသည့် နေရာအနားရှိ ကျောက်တုံးများ၊ မြေကြီးများနှင့် အပင်များအားလုံး အေးခဲသွားသည်။
ထို့အပြင် အနက်ရောင်ရေခဲများလည်း ကမ်းခြေနှစ်ဘက်လုံးကို ပိတ်ကာထားသည်ပင်။
ဤသည်မှာ ယင်စွမ်းအင်များ များပြားစွာ ရှိနေသည့် ယင်မြစ်ကြီးပင်။
ထိုနေ့တွင် မြစ်ပြင်ကျယ်ထက်၌ လှေငယ်လေးတစ်စင်း မျောနေကာ လှေထက်၌ လူငယ်လေးတစ်ဦး မတ်တပ်ရပ်နေသည်။
“ဒီကောင်က တကယ် တည်ငြိမ်တာပဲ .. အကျဉ်းသားဖြစ်နေတာတောင်မှ သူက ရှုခင်းတွေကိုကြည့်ဖို့ စိတ်ဝင်စားနေသေးတယ်..”
“ဘယ်သူက သူ့ကို လွတ်လပ်ခွင့်ပေးလိုက်တာလဲ … သူ အခု ဇိမ်ကျကျနေနေပြီ..” တစ်စုံတစ်ယောက်မှ လှောင်ပြောင်လိုက်သည်။
“ဒါက ယာယီပဲ .. သူ အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..”
လမ်းတစ်လျှောက်တွင် ရှီဟောင်ကို စိုက်ကြည့်နေသည့်သူ များစွာ ရှိနေသည်ပင်။ အချို့သူများမှာ သူ့နောက်လိုက်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များပင် ထုတ်လွှတ်လာကြသည်။
သို့သော် အမိန့်စာအကြောင်း စဉ်းစားမိသွားသည့်အချိန်တွင် သူတို့ လက်လွတ်စပယ်မလုပ်ရဲတော့။ သူတို့သာ နမော်နမဲ့လုပ်လိုက်လျှင် သူတို့ကလန်တစ်ခုလုံး ပါဝင်သွားလိမ့်မည်။ ဟွမ်ကို သတ်၍မရ။
၈ရက်၊ ၉ ရက်ခန့် ရှိနေပြီဖြစ်သည်။ ရှီဟောင် အလွန်တည်ငြိမ်နေသည်။ အပြင်လူများအမြင်တွင် သူသည် လှပသည့်တောတောင်များ၊ မြစ်များကို ရှုစားကာ ဘုရင်ကလန်၏ ရှေးဟောင်းမြေသို့ ဦးတည်သွားနေသည်ပင်။
သူသည် သူ့ကိုယ်သူ ခရီးသွားတစ်ဦးဟု တကယ်သတ်မှတ်ထားခြင်းပင်။
နောက်ဆုံးတွင်တော့ သက်ရှိများသည်ပုန်းကွယ်မနေကြတော့ပဲ ပေါ်တင်ပင် သူ့နောက်မှ လိုက်လာကြသည်။ ထို့အပြင် နီးနီးကပ်ကပ်လိုက်လာကြခြင်းပင်။
သို့သော် ရှီဟောင် သူတို့အားလုံးကို လျစ်လျူရှုထားသည်။
သူ့နောက်ကို အဆင့်လွန်သက်ရှိတစ်ဝက် လိုက်လာတော့ရောဘာဖြစ်လဲ .. သူတို့ လုံးဝမလှုပ်ရှားရဲဘူးလေ..
နောက်ဆုံးတွင်တော့ သူတို့အားလုံး ကူကယ်ရာမဲ့သွားကာ သက်ပြင်းချပြီး ပြန်ထွက်သွားကြသည်။ သို့သော် သူ ဘာလုပ်နေသည်ကို သိချင်သည့်သူအချို့မှာ သူ့နောက်သို့ ဆက်လိုက်နေဆဲပင်။
အနက်ရောင်မြစ်ကြီးထဲတွင် ရှီဟောင် အအေးမကြောက်ပဲ လှေငယ်လေးပေါ်၌ ထိုင်နေကာ စတင် ငါးမျှားနေသည်။
သူ ရေနဂါးခေါင်းနှင့် ငါးခန္ဓာကိုယ်ရှိသည့် အနက်ရောင်သတ္တဝါတစ်ကောင်ကို မျှားမိသွားသည်။ ထိုငါးသည် ပါးစပ်ဟကာ သူ့ကို ကိုက်တော့မည်။
သို့သော် သိပ်မကြာခင် တာအိုမီးတောက်များထွက်ပေါ်လာသည်။ ဟွမ်သည် သားရဲကြီး၏ ရင်ဘတ်နှင့် အစာအိမ်ကို ဖွင့်လိုက်ကာ စတင်ကင်နေလေပြီ။
“သောက်ခွေး .. ဒီကောင်က တကယ်ကို အပူအပင်မရှိတာပဲ .. သူ့ဘဝက အနှေးနဲ့အမြန် အဆုံးသတ်တော့မှာကို သူကစားနေနိုင်သေးတာလား..”
သက်ရှိများစွာ ဆွံ့အသွားရသည်။
သို့သော် ဟွမ် မြစ်ကြီးမှ ထွက်သွားတော့မည့်အချိန်တွင် အားလုံး ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် လှိုင်းလုံးကြီးများ ကောင်းကင်ထက်ထိ ရောက်လာကာ အနက်ရောင်ယင်မြစ်ရေများလည်း နေရာအနှံ့ လွင့်စင်သွားသည်။
ထိုနေရာကို တိုက်ခိုက်လာသည့် ခွန်ပန်တစ်ကောင် ပေါ်လာခြင်းပင်။ ထိုအကောင်သည် အနက်ရောင်ငါးကြီးဖြစ်ပြောင်းကာ ယင်မြစ်ကြောင်းတစ်လျှောက်ကူးခတ်နေလေ၏။
ရှီဟောင် ယင်မြစ်မှ ထွက်လာကာ လျှိုမြောင်များထဲသို့ ဝင်လာလိုက်သည်။ ဤနေရာတွင် မသေမျိုးသက်ရှိတစ်ဦးကို မြှုပ်နှံထားသည်ဟု ပြောကြသည်။ မသေမျိုးဘုရင်တစ်ဦးကို တိုက်ခိုက်ရာတွင် ကျဆုံးသွားပြီးနောက် သူ ဤနေရာ၌ သေဆုံးသွားခဲ့သည်ပင်။
သူ၏ခန္ဓာကိုယ်ထက်၌ ရွှေရောင်ကျီးကန်းသွေးမျိုးဆက်အချို့ ရှိနေသည်။ သူသေဆုံးသွားသည့်အချိန်တွင် ကောင်းကင်ဘုံကိုးခု အလင်းများ တောက်ပလာပြီး မီးတောက်များမှာ ကောင်းကင်ထိပင် လောင်ကျွမ်းသွားသည်။
နောက်ဆုံးတွင် လီပေါင်း ထောင်ပေါင်းများစွာ ရှည်လျားသည့် လျှိုမြောင်သည် အန္တရာယ်များသည့်နေရာဖြစ်သွားသည်။ အရာအားလုံး ညှိုးခြောက်သွားကာ မြက်တစ်ပင်မှပင် မပေါက်တော့။ များပြားလှသည့် မီးတောက်တာအိုစွမ်းအားများသာ ကျန်ခဲ့တော့သည်။
ရှီဟောင် ထိုနေရာ၌ အချိန်အတော်ကြာရပ်နေကာ အားလုံးကို သေချာအာရုံခံလိုက်သည်။ သူသည် ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက်ပင် ရပ်နေလေ၏။
နှစ်ရက်ကြာပြီးနောက် သူ့တစ်ကိုယ်လုံး တောက်ပလာသည်။ ထို့နောက် သူ လက်များကို လွှဲရမ်းကာ တံဆိပ်များပြုလုပ်ပြီး ဆက်တိုက် တိုက်ခိုက်လိုက်သည်။
“ဒီကောင်က တာအိုလေ့လာနေတာလား.. ငါ့လောကမှာ လျှောက်သွားနေတယ် .. သူက သူ့ရဲ့ကိုယ်ပိုင်တာအိုကို ရှာဖွေနေတာလား..” ဤသည်မှာ အချို့လူများကို ထိတ်လန့်သွားစေသည်။
ဒီလိုအခြေအနေများမှာတောင်မှ ဟွမ်က လက်မလျော့သေးဘူးလား .. သူက သူ့ရဲ့ဘဝ၊ သူ့အနာဂတ်ကို စိတ်မပူပဲ ကျင့်ကြံဖို့ စိတ်အားထက်သန်နေတယ်..
ညနေဆည်းဆာလျှိုမြောင်မှ ထွက်လာပြီးနောက် ရှီဟောင် အနောက်ဘက်အရပ်သို့ ဦးတည်သွားကာ မသေမျိုးစွမ်းအင်များ များပြားလှသည့် ရှေးဟောင်းမြေတစ်ခုထဲသို့ ဝင်ရောက်သွားလိုက်သည်။ ထိုနေရာမှာ အလွန်တိတ်ဆိတ်နေကာ မည်သူမှ ဝင်မသွားရဲကြ။
“ဒါက .. အဲဒီလူ သီးသန့်ကျင့်ကြံတဲ့ နေရာမဟုတ်ဘူးလား..”
“ဒါက .. အနီရောင်ဘုရင် နေတဲ့နေရာပဲ..”
ထို့နောက် လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြကာ အားလုံး ရပ်တန့်သွားကြသည်။
အနီရောင်ဘုရင်ဆိုသည်မှာ ထာဝရဘုရင်များကို သူ၏လက်နက်ဖြင့် သတ်ခဲ့သည့်သူပင်။ ဤလောကရှိ သူ၏ဂုဏ်သတင်းမှာ ကြီးမားလှသည်။
သို့သော် ထာဝရရှေးဟောင်းခေတ်စစ်ပွဲ၌ သူ တစ်ခုခုဖြစ်ခဲ့သည်။ ထိုအချိန်မှစကာ သူတစ်ခါမှ ထွက်မလာတော့။ သူ၏ဒဏ်ရာများကို ကုသနေခြင်းဖြစ်သည်ဟု အချို့သူများ ပြောကြသည်။ အချို့သူများမှာ သူသေဆုံးသွားပြီဟု ပြောကြသည်ပင်။
ဟွမ် ဒီနေရာကို ရောက်လာတယ် … သူက အထဲဝင်ချင်နေတာလား..
အပိုင်း ၁၇၈၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၁ – ကောင်းကင်ဘုံကိုးခု၏မျိုးဆက်များ
အဟွတ်..
ချောင်းဆိုးသံထွက်ပေါ်လာ၏။ ဤသည်မှာ မီးခိုးရောင်အဝတ်အစားများ ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦးပင်။ “ဒီနေရာက အနီရောင်ဘုရင်နဲ့ နောက်ဆုံး သီးသန့်ကျင့်ကြံတဲ့နယ်မြေပါ .. ဘယ်သူမှ အနားမလာရဲကြဘူး..” သူ လမ်းလျှောက်လာကာ ပြောလိုက်သည်။
သူ သတိပေးရမည်။ သူသည် နောက်လိုက်တစ်ယောက်ဖြစ်သော်လည်း ရန်လိုနေသည့်သူမဟုတ်။ ဟွမ် ခေါင်းမာကာ တဇွတ်ထိုးလုပ်မည်စိုးသောကြောင့် သူ အမိန့်အတိုင်းလုပ်ရခြင်းပင်။
အနီရောင်ဘုရင်၏ ရဲစွမ်းသတ္တိမှာ ကျော်ကြားလှသည်။
သူ ထွက်မလာသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လည်း သူ့ကို ဤလောကမှလူများ သူ့အားအမှတ်ရနေဆဲပင်။
အနောက်ဘက်မှလူများ နောင်တရနေကြသည်။ သူတို့က ဘာလို့ ဟွမ်ကို သတိပေးရတာလဲ .. သူ ကိုယ့်သေလမ်းကိုယ်ရှာတာကို ခွင့်ပြုပေးလိုက်သင့်တာ..
ရှေးဟောင်းမြေထဲတွင် လေထဲ၌ မသေမျိုးအော်ရာများ ပျံ့လွင့်နေသည်။ ဤအော်ရာများမှာ ထာဝရစွမ်းအင်များကဲ့သို့ပင်။
ရှီဟောင် ဝင်နိုင်စရာလမ်းမရှိ။ သူ ထိုနေရာ၌ ရပ်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ သူ လေ့လာနေသည်နှင့်တူသလို ကိုယ့်ကိုကိုယ် ပြန်သုံးသပ်နေသည်နှင့်လည်းတူသည်။
အချိန်အတော်ကြာပြီးသည့်နောက်မှသာ သူ လှုပ်ရှားလာသည်။ သူ၏လက်များကို လှုပ်ရှားလိုက်ကာ တံဆိပ်များကို ဆက်တိုက်ပြုလုပ်လိုက်သည်။ ထို့နောက် သူသည် အံ့အားသင့်စရာကောင်းသည့်ပညာတစ်ခုကို ကြုံတွေ့နေရသကဲ့သို့ အခြားအရာအားလုံးကို လျစ်လျူရှုထားလိုက်တော့သည်။
အချိန်အတော်ကြာပြီးနောက် သူ ဤနားတစ်ဝိုက်ကို လှည့်ပတ်သွားလိုက်သည်။ သို့သော် သူ အထဲမဝင်။
သူ ဤနေရာကိုလာသည်မှာ အနီရောင်ဘုရင်၏ ဂုဏ်သတင်းကို ကြားဖူးသောကြောင့်ပင်။ ဘေးနားလျှောက်ပတ်ကြည့်သည်နှင့် လုံလောက်လေပြီ။ အနီရောင်ဘုရင် သေသလား ရှင်သလားကို သူမစုံစမ်းချင်။
ရှီဟောင် အနောက်ဘက်သို့ ဦးတည်သွားလိုက်သ်ည။ ခဏကြာပြီးနောက် သူ ရွှံ့အိုင်တစ်ခုသို့ ရောက်လာသည်။ သူသည် စကားတစ်ခွန်းမှ မပြောပဲ ထိုနေရာ၌ အချိန်အတော်ကြာသည်အထိ ရပ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ သူ့ကို လာရောက်ရိုက်ခတ်နေသည့် ဝမ်းနည်းမှုများကို သူခံစားနေရသည်ပင်။
“ဟက် .. မင်းအမြင်က တော်တော်လေး စူးရှတာပဲ .. မင်းခံစားလို့ရတယ်မလား .. ဒီနေရာမှာရှိတဲ့ ရွှံ့အိုင်ကြီးက အသွေးအသားတွေ၊ သွေးတွေကနေ ဖြစ်လာတာ .. အရင်တုန်းက အစေခံတစ်စုပုန်ကန်ခဲ့တယ် .. အဲဒီတော့ သူတို့အားလုံးကို ဒီနေရာမှာ သတ်ခဲ့တာ .. ဒါပေမဲ့ အဲဒီပုန်ကန်တဲ့သူတွေက တော်တော်လေး စိတ်ဓာတ်ပြင်းထန်နေကြတယ် .. သူတို့သေသွားတာတောင်မှ သူတို့သွေးတွေက ခြောက်မသွားပဲ မြေကြီးက စိုရွှဲနေတာ .. အဲဒီကနေ ဒီ သွေးအိုင်ကြီး ဖြစ်လာတာပဲ..”
တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ ဤလူများသည် ဤနေရာထိရောက်အောင် သူ့နောက်သို့ လိုက်လာကြသော်လည်း သူ့ကို မတိုက်ခိုက်ရဲကြ။ သို့သော်လည်း စကားဖြင့် ရန်စလျှင် ကိစ္စရှိမည်မဟုတ်။
အစေခံဆိုသည်မှာ ကောင်းကင်ဘုံကိုးခု ရှုံးနိမ့်သွားစဉ်က ဤနေရာသို့ ခေါ်ဆောင်လာခံရသည့်သူများဖြစ်လိမ့်မည်ကို ရှီဟောင်သိသည်။
အဘယ်ကြောင့်ဆိုသော် သူ ဤအကြောင်းကို တစ်ကြိမ်ထက်မက ကြားဖူးသည်ပင်။ သူ ဤလောကမှ လူငယ်များနှင့် တိုက်ခိုက်စဉ်က သူတို့ကလန်တွင် ကောင်းကင်ဘုံကိုးခုမှ ဘိုးဘေးများကိုအစေခံအိုကြီးများအနေဖြင့် အသုံးပြုနေကြောင်း ပြောပြီး သူ့အား တမင်သက်သက် ရန်စဖူးခဲ့သည်ပင်။
ရှီဟောင် စကားတစ်ခွန်းမှ မပြောပဲ ထိုနေရာ၌ အကြာကြီး ရပ်နေခဲ့သည်။
ထို့နောက် သူ လှည့်ထွက်သွားလေ၏။
ထို့နောက် သူ ခမ်းနားလှသည့်တောင်ကြီးတစ်တောင်ထဲသို့ ဝင်ခဲ့သည်။ ဤနေရာ၌ ကျောက်တောင်များစွာရှိနေသည်။ ထိုကျောက်တောင်အားလုံးထက်၌ တာအိုသင်္ကေတများ ထွင်းထုထားသည်။ အချို့သင်္ကေတများမှ တောက်ပသည့်အလင်းများ ထွက်နေကာ ကောင်းကင်ထက်ပင် တက်သွားသည်။
“ရွှေရောင်စာရင်း..”
ဤသည်ကိုမြင်သည်နှင့် ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။ ဤနေရာ၌ အထင်ကြီးစရာကောင်းလှသည့် တာအိုအော်ရာရှိနေသည်။ ကျွမ်းကျင်သူများစွာ ဤနေရာ၌ သူတို့နာမည်များကို ချန်ရစ်ထားခဲ့ကြသည်ပင်။
“ကောင်းကင်ပညာကို ဖန်တီးနိုင်ခဲ့တဲ့သူတွေ၊ အဖိုးတန်ဘိုးဘေးပညာတွေကို လေ့လာနိုင်ခဲ့တဲ့သူတွေအားလုံး နောင်လာနောက်သားတွေ သူတို့ကို လေးစားနိုင်အောင်လို့ ဒီနေရာမှာ သူတို့နာမည်ကို ချန်ရစ်ထားခဲ့ကြတာ .. သူ့တို့ရဲ့အောင်မြင်မှုတွေကို မှတ်တမ်းတင်ခဲ့ကြတာ..” ဘေးဘက်ရှိ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤလောကမှာ စစ်ပွဲများကို ကြိုက်နှစ်သက်ပြီး စစ်တပ်အင်အားကို အလေးထားသည်။
ထူးခြားသည့်အထောက်အကူများ ပြုလုပ်နိုင်ပါက သူတို့အမှတ်ရခံနေရမည်ပင်။
ဤနေရာမှာ သာမန်နေရာမဟုတ်။ ဤနေရာကို ချိတ်ပိတ်ထားသောကြောင့် ရှီဟောင် ဝင်၍မရ။ သူ အဝေးမှနေ၍သာ ကြည့်နိုင်သည်။
သို့သော် အဝေးမှကြည့်လျှင်ပင် သူ အလွန်စိတ်လှုပ်ရှားနေရလေပြီ။ ကျောက်တောင်များ၌ ရေးထိုးထားသည့်နာမည်တွင် တာအိုအော်ရာများ ပြည့်နှက်နေပြီး တာအိုနားလည်မှုအချို့ကို ဖော်ပြထားသည်။
ဤနာမည်များကို ကြည့်ရုံဖြင့်ပင် အကျိုးကျေးဇူးများ ရရှိနိုင်သည်။
ရှီဟောင် ထိုနေရာ၌ ရက်ပေါင်းအတော်ကြာအောင် နေခဲ့သည်ပင်။
“ဒီကောင်က အခုထိ ဒီလိုနေနိုင်သေးတယ် .. သူ ဟိုဟိုဒီဒီလျှောက်သွားနေပြီးတာ တကယ်ပဲ တာအိုလေ့လာဖို့အတွက်ပဲလား..” တစ်စုံတစ်ယောက်မှ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
ဤကဲ့သို့ဖြင့် တစ်လကုန်သွားလေပြီ။ ရှီဟောင် နေရာအတော်များများ သွားခဲ့သည်။ သူ ဘုရင်ကလန်များစွာ၏ ရှေးဟောင်းမြေများထဲသို့ ဝင်ခဲ့သည့်အပြင် ဧကရာဇ်ကလန်များ၏ အပြင်ဘက်နယ်မြေများသို့လည်း သွားခဲ့သည်။
ယနေ့ ရှီဟောင် သူ၏လမ်းကို ဆက်သွားနေသည်။ သူ ရွာတစ်ရွာကို ဖြတ်သွားသည့်အချိန်တွင် ဤရွာ၌နေထိုင်သည့်သူများမှာ အလွန်ရှေးကျသည်ကို သူတွေ့လိုက်ရသည်။ အများစုမှာ အမွေးဖွာသည့်အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး လက်များမှာ ဗလာဖြစ်နေသည်။ သူတို့၏ပုံစံမှာ ဓားပြများကဲ့သို့ ကြမ်းတမ်းလှသည်။
“ဒါက ဘယ်ကလန်ကလဲ..” ရှီဟောင် ထိတ်လန့်သွားရ၏။
ဤလောက၌ ဤကဲ့သို့ ဆင်းရဲသည့်နေရာကို သူမတွေ့ဖူးခဲ့။ ရွာမှာ အိုဟောင်းစုတ်ပြတ်နေပြီး အလွန်ညစ်ပတ်ပေရေနေသည်။
“သူတို့လာခဲ့တဲ့နေရာက မင်းနဲ့အတူတူပဲ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ရယ်မောလိုက်သည်။
ဤစကားကိုကြားသည်နှင့် ရှီဟောင် ချက်ချင်း ထိတ်လန့်သွားရသည်။ ထို့နောက် သူ လျှောက်လာကာ ရွာနားသို့ ချဉ်းကပ်သွားလိုက်သည်။
“ခင်ဗျားတို့အားလုံး အင်ပါယာဂိတ်ဘက်က လာတာလား..” ရှီဟောင်မေးလိုက်ည်။
ရလဒ်အနေဖြင့် ရွာထဲမှ လူများအားလုံး အလွန်သတိကြီးကြီးဖြစ်သွားကာ မျက်လုံးများလည်း တောက်ပလာသည်။ မည်သူမှ ပြန်မဖြေချင်ကြ။
“ကျွန်တော်လည်း အဲဒီဘက်ကလာတာ..” ရှီဟောင် သူတို့ကို အရင်ပြောပြလိုက်သည်။
“တကယ်လား .. မင်းလည်း စားမရာမရှိတော့တဲ့ အိမ်ခြေမဲ့လား .. အခု ဘယ်သူမှ မင်းကို အစေခံအဖြစ် မလိုချင်တော့ဘူးလား..” ကြံ့ခိုင်သည့်အမျိုးသားတစ်ခု ဖိနှိပ်သည့်အော်ရာများ ထုတ်လွှတ်လျက် လျှောက်လာသည်။
တစ်ချိန်တည်းမှာပင် အခြားသူများလည်း လှုပ်ရှားလာကာ ရှီဟောင်ကို ဝန်းရံလာသည်။
“မင်းခန္ဓာကိုယ်မှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ မှော်ပစ္စည်းတွေ ထုတ်ခဲ့..” လူတစ်စုမှာ အလွန်ကြမ်းတမ်းလှကာ သူတို့၏မျက်လုံးထဲ၌ အေးစက်သည့်အလင်းများ ဖြတ်ပြေးသွားသည်။ သူတို့ ရှီဟောင်ကို ဓားပြတိုက်နေကြသည်ပင်။
ဤသည်မှာ သေချာပေါက် ဟာသတစ်ခုမဟုတ်။ သူတို့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ရှီဟောင် ခံစားနေရသည်ပင်။ နားလည်မှုတစ်ခုလွဲသွားသည်နှင့် သူတို့ သူ့ကိုသတ်လိမ့်မည်။
ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ .. ရှီဟောင် ငေးကြောင်စွာ စိုက်ကြည့်လိုက်သည်။
“မင်းတို့အားလုံး သွားကြ..” ထိုအချိန်တွင် ရှီဟောင်ကို အနီရောင်ဘုရင်၏ သီးသန့်ကျင့်ကြံသည့်နေရာကို မဝင်ရန် အကြံပေးလာသည့် မီးခိုရောင်ဝတ်စုံနှင့်အကြီးအကဲပေါ်လာကာ ထိုလူများကို ဆူပူလိုက်သည်။
“အရှင်က ဘုရင်ကလန်က လာတာလား.. အရှင် စစ်ပွဲအစေခံလိုချင်နေတာများလား..” ကြံ့ခိုင်သည့်အမျိုးသားတစ်ဦး ဂရုတစိုက်မေးလိုက်သည်။ သူ မီးခိုးရောင်ဝတ်စုံအကြီးအကဲ၏ အင်္ကျီလက်၌ ရေးထိုးထားသည့်အမှတ်အသားကို ကြည့်လိုက်သည်နှင့် ဤသည်မှာဘုရင်ကလန်မှလူမှန်း သူမှတ်မိသွားသည်။
ရှီဟောင် ဆွံ့အသွားရ၏။ ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နေတာလဲ .. သူတို့တွေက တိုက်ပွဲအစေခံတွေ ဖြစ်ချင်နေကြတာလား..
“ဟား ဟား .. မင်းမြင်ပြီလား .. ဖမ်းခံလိုက်ရတဲ့သူတွေအားလုံးက အဲဒီလောက် ခေါင်းမာတဲ့သူတွေမဟုတ်ဘူး .. ဒါက အမှန်တရားပဲ..” မီးခိုးရောင်ဝတ်စုံနှင့်အကြီးအကဲ ပြုံး၍ ပြောလိုက်သည်။
ရှီဟောင် တိတ်ဆိတ်နေမိသည်။ သူဘာများပြောနိုင်ဦးမည်နည်း … ဤလူများနေထိုင်သည့်နေရာမှာ တကယ်ကို ကျွန်အငွေ့အသက်များ ရနေသည်ပင်။
ကိစ္စများမှာ သူတွေးထားသည်နှင့် မတူကြောင်း သူနားလည်သွားရသည်။ ဤလောကမှ ဘိုးဘေးများ၏မျိုးဆက်များမှာ အဆုံးထိ ခေါင်းမမာနိုင်ကြတော့။
သို့သော် ဤလူများကို အပြစ်တင်၍မရကြောင်း သူသိသည်ပင်။ အချိန်များစွာကုန်ဆုံးသွားပြီးနောက် ဤမျိုးဆက်များ၏အခြေအနေများမှာ ဆိုးရွားလာခဲ့သည်။ သူတို့သည် ထာဝရရှေးဟောင်းခေတ်မှ ဘိုးဘေးများမဟုတ်တော့သဖြင့် ကောင်းကင်ဘုံကိုးခုနှင့် သက်ဆိုင်ကြောင်း ခံစားရတော့မည်မဟုတ်တော့။
အလွန်စိတ်ဓာတ်မာကျောခဲ့သည့် ကလန်များပင်လျှင် သူတို့ ဂုဏ်သိက္ခာများ မရှိတော့သည်အထိ နှိပ်စက်ခံခဲ့ရသည်။
အချိန်မှာ အလွန်ထက်လှသည့်ဓားသွားပင်။ သူသည် ခမ်းနားကြီးကျယ်မှုများ၊ ကိုယ့်ကိုကိုယ်လေးစားမှုများကို ဖြတ်တောက်ပစ်လိုက်သည်။
ရှီဟောင် သက်ပြင်းချလိုက်၏။ သူဤလူများကိုအပြစ်မတင်။ ထိုအစား သူ ဤလူများကို ကိုယ်ချင်းစာသည်ပင်။ ဤလူများမှာ သနားစရာကောင်းသည့်သူများပင်။
သေချာပါသည်။ လမ်းတစ်လျှောက်တွင် သူ ကျေးရွာအချို့ ထပ်တွေ့ခဲ့သေးသည်။ ထိုလူများမှာပို၍ ရှေးကျကာ နိမ့်ကျနေကြသည်။ သူတို့သည် ဘုရင်ကလန်များ၏ တိုက်ပွဲအစေခံများ ဖြစ်ချင်နေကြသည်။
ရှီဟောင် ဤနေရာ၌ ကြာကြာမနေချင်။ သူ ဤနယ်မြေမှ လျင်မြန်စွာပင် ထွက်သွားလိုက်သည်။
“ဒီလိုလူမျိုးတွေကပဲ အသက်ရှည်ရှည်နေနိုင်တာ .. ကောင်းကင်ဘုံကိုးခုက ရန်လိုပြီးတော့ အရှုံးမပေးချင်တဲ့သူတွေက ဘယ်လိုမျိုးဖြစ်လဲဆိုတာ မင်းတွေ့ပြီးသွားပြီပဲ .. သူတို့ဘဝတွေက ခက်ခဲတယ် .. ဥပမာအားဖြင့် စစ်နတ်ဘုရားကျောင်းက တိုက်ခိုက်သူတွေ … သူတို့က သွေးသံတရဲရဲနဲ့သေဖို့ ကံပါလာပြီးသားပဲ..” မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲ ပြောလိုက်သည်။
နှစ်ရက်ကြာပြီးနောက် ရှီဟောင် ဖိတ်စာတစ်ခု ရလာသည်။ ထိုဖိတ်စာပေါ်၌ စာလုံးများမှာ အလွန်ပင်တောက်ပနေလေ၏။
“ဟမ် .. သူတို့တွေက သူ့ကို ဖိတ်တယ်လား..”
အနောက်ဘက်ရှိ ဇွဲရှိရှိလိုက်လာသည့်သူများသည် ဖိတ်စာကိုမြင်သည်နှင့် အလွန်ထိတ်လန့်သွားကြရသည်။
“ဒါက အခွင့်အရေးကောင်းကြီးတစ်ခုပဲ.. သူတို့တွေ သူ့ကို ဖိတ်စရာအကြောင်းမှမရှိတာ .. သူကဘာလို့ သွားသင့်တာလဲ..” လူအချို့စိတ်ပျက်သွားရသည်။ သူတို့ပင်လျှင် ဤကဲ့သို့သော အခွင့်အရေးမျိုး မရကြ။
ရှီဟောင် မီးခိုးရောင်ဝတ်စုံနှင့်အကြီးအကဲကို ကြည့်လိုက်သည်။ ဤသည်မှာ သူ့နောက်လိုက်ရန် တာဝန်ပေးခံထားရသည့်သူပင်။
“ဒါက လက်ဖက်ရည်ပွဲတော်အတွက်ဖိတ်စာ .. ထူးခြားတဲ့ပါရမီရှိတဲ့သူတွေပဲ အဖိတ်ခံရတာ..”
ရှီဟောင်အဖြေပြန်ရလိုက်သည့်အပြင် အသေးစိတ်နားလည်သွားရသည်။
လက်ဖက်ရည်ပွဲတော်ဆိုသည်မှာ တာအိုလေ့လာသည့်လက်ဖက်ရည်ပွဲတော်ပင်။
ဤလောက၌ အလွန်ထူးခြားကာ အလွန်အဖိုးတန်သည့် ထာဝရဆေးပင်တစ်ပင်ရှိသည်။ ဤသည်မှာ တာအိုလေ့လာသည့်လက်ဖက်ပင်ပင်။
အပင်ဖြစ်လာနိုင်သည့် ထာဝရဆေးပင်များမှာ အလွန်ရှားပါးသည်ပင်။ ထို့အပြင် ဤလက်ဖက်ပင်သည် တာအိုလေ့လာရာ၌ ကူညီပေးနိုင်သည်။ ထိုအပင် ရင့်လာသည့်အချိန်တိုင်း ဆူဆူပူပူဖြစ်သွားသည်ပင်။
လက်ဖက်ရွက်များကို ခူး၍ရသည့်အချိန်တိုင်း ဤလောက၌ ခမ်းနားကြီးကျယ်သည့်ပွဲတစ်ခု ဖြစ်လာသည်။
ထိုအချိန်ကျလျှင် ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်ပုဂ္ဂိုလ်များစွာပေါ်လာကာ တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်၌ထိုင်ပြီး လက်ဖက်ရည်သောက်ကာ ပညာဖလှယ်ကြသည်။
လက်ဖက်ရည်သောက်ရန်အတွက်လည်း သောက်နိုင်သည့်အရည်အချင်းရှိရန် လိုအပ်သည်ပင်။
ထိုနေရာသို့သွားသည့်သူများ သန်းပေါင်းများစွာရှိသော်လည်း တာအိုလေ့လာခြင်းလက်ဖက်ကို မြည်းစမ်းခွင့်ရသည့်သူမှာ အနည်းငယ်သာရှိသည်။
အဘယ်ကြောင့်ဆိုသော် ထိုလက်ဖက်ပင်မှ ထွက်လာသည့်အရွက်များမှာ နည်းလှသည်။ အများဆုံးအချိန်ပင်လျှင် သုံးထောင်သာရှိသည်။ သစ်ရွက်တစ်ရွက်စီတိုင်းမှာ အသိအမြင်များကို တိုးပွားစေနိုင်သည်ပင်။
“မသေမျိုးသက်ရှိတွေရော အဲဒီမှာ ရှိမှာလား..” ရှီဟောင်မေးလိုက်သည်။
“ဒါက ဂုဏ်သရေရှိတဲ့တွေ့ဆုံပွဲဆိုပေမယ့် အများစုက လူငယ်မျိုးဆက်ဂျီးနီးယပ်စ်တွေအတွက်ပါ..” ခရမ်းရောင်ဝတ်စုံနှင့်အကြီးအကဲ ပြန်ဖြေလိုက်သည်။
ထို့အပြင် သူသည် ဘာကိုမှ ဖုံးကွယ်မထားပဲ အနိုင်ရသည့်သူများမှာ တာအိုလေ့လာခြင်းလက်ဖက်ရွက်များကို ပို၍နိုင်ကြောင်း ပြောပြလိုက်သည်။ ဤသည်မှာ သူပို၍ အသိအမြင်ရလာနိုင်သည်ဟု ဆိုလိုခြင်းပင်။
ယခင်က တာအိုလေ့လာခြင်းလက်ဖက်ကို တစ်ခွက်ပြီးတစ်ခွက်သောက်ကာ တာအိုများကို လေ့လာနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူသည် အဆင့်လွန်သက်ရှိနယ်ပယ်ကို ထိုးဖောက်ကာ မသေမျိုးသက်ရှိဖြစ်သွားသည့်သူများ ရှိဖူးသည်။
အချို့သူများမှာ တာအိုလေ့လာခြင်းလက်ဖက်ပင်အောက်၌ထိုင်ကာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှ အဆင့်တက်သွားကြသည်။ ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ဖြစ်ပေါ်လာပြီး ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။
“စိတ်ဝင်စားစရာပဲ..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ နောက်ဆုံးတော့ သူသွားရန်ဆုံးဖြတ်လိုက်သည်။
တာအိုလေ့လာခြင်းတောင် .. ဤနေရာမှာ နာမည်ကြီးသည့် မြင့်မြတ်မြေပင်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ တာအိုလေ့လာခြင်းလက်ဖက်ပင်ပေါက်နေသောကြောင့်ပင်။
ရှီဟောင် တာအိုလေ့လာခြင်းတောင်ခြေသို့ ရောက်လာသည်။ ဤတောင်မှာ တကယ်ကို ကြီးမားလှကာ ခမ်းနားလှသည်။
သူ တောင်ခြေသို့ရောက်သည်နှင့် ကလန်ပေါင်းများစွာမှ သက်ရှိများစွာကို တွေ့လိုက်ရသည်။
“သမီးအဖွားကို မလုပ်နဲ့ .. ဝူး ဝူး..” တောင်ခြေ၌ ငိုကြွေးသံများ ထွက်ပေါ်နေ၏။ ဤသည်မှာ လေးနှစ်၊ ငါးနှစ်ခန့်ရှိသည့် မိန်းကလေးငယ်လေးပင်။ သူမသည် အဘွားအိုကြီးတစ်ဦးရှေ့၌ ရပ်နေကာ သူမကို ခန္ဓာကိုယ်ကို ဖက်တွယ်ထားပြီး သူမအား ကာကွယ်ပေးနေသည်။ သူမကို အခြားသူများ ထိခိုက်အောင်လုပ်သည်ကို ခွင့်မပြု။
“အပြစ်လုပ်ထားတဲ့အစေခံတွေက သေသင့်တယ် .. နှစ်တွေဒီလောက်ကြာလာတော့ ကောင်းကင်ဘုံကိုးခုက လူတွေတောင် ကုန်တော့မယ် .. အဲဒါကို မင်းတို့က အခုထိ ရဲတင်းပြီးတော့ခေါင်းမာနေတုန်းလား.. ဟာသပဲ..”
လူငယ်တစ်ဦး၏မျက်နှာမှာ အလွန်အေးစက်နေသည်။ ထို့နောက် သူခြေထောက်မြှောက်ကာ နင်းချလိုက်လေသည်။
ရှီဟောင် မျက်ခုံးများထောင်မတ်သွားရသည်။ သူ ဒေါသထွက်သလို ကျေးဇူးလည်းတင်မိသည်။ ဤလူငယ်လေးမှာ အလွန်ရက်စက်လှသည်။ သူသည် မိန်းကလေးငယ်လေးကိုပင် တက်နင်းနေသည်။ သူ ကျေးဇူးတင်ရခြင်းမှာ ထိုရွာသားများနှင့်အတူသည့် ကောင်းကင်ဘုံကိုးခုမှလူများ ရှိနေသေးသည်ကို မြင်လိုက်ရသောကြောင့်ပင်။
အပိုင်း ၁၇၈၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၂ – လူသားမျိုးနွယ်စု
မိန်းကလေးငယ်လေးမှာသိပ်မကြီးသေး။ လေးနှစ်၊ ငါးနှစ်ခန့်သာရှိဦးမည်။ သူမသည် အတော်လေးလှပသော်လည်း ယခုအချိန်တွင် သူမ မျက်နှာလေးထက်၌ အကြောက်တရားများ ရှိနေပြီး မျက်လုံးဝိုင်းများလည်း မျက်ရည်များပြည့်နေသည်။
သူမသည် အော်ဟစ်ငိုယိုနေကာ သူမ၏လက်လေးများဖြင့် သူမအဘွားကို ကာကွယ်ပေးထားသည်။ သူမ၏ အားနည်းသည့်ခန္ဓာကိုယ်လေးဖြင့် ထိုအမျိုးသား သူမအဘွားကို နာကျင်အောင်မလုပ်ရန် ကာကွယ်ပေးနေလေ၏။
လူငယ်လေးမှာ သနားညှာတာမှုမရှိ။ မြေးအဖွားနှစ်ယောက်ကို ကန်ကျောက်နေကာ သူ့မျက်လုံးထဲ၌ အေးစက်သည့်အလင်းများ ပြည့်နှက်နေသည်။
သူတို့သာ တက်နင်းခံရလျှင် ဤကလေးလေး ဘယ်လိုလုပ် ခံနိုင်မည်နည်း .. ထိုအဘွားအိုကြီးမှာလည်း စွမ်းအားကြီးသည့်သူ ဖြစ်ပုံမပေါ်။ သူမသည် အတော်လေး အသက်ကြီးနေပြီဖြစ်ပြီး ပြင်းထန်သည့်ဒဏ်ရာများကို တောင့်ခံနိုင်ရန် ခက်ခဲလိမ့်မည်။
“သူ့ကို ထိခိုက်အောင်မလုပ်နဲ့..” ပါးစပ်၌ သွေးများပေကျံနေသည့်အဘွားကြီးသည် နဖူးအရေပြားများ တွန့်နေပြီဖြစ်ပြီး ရာသီဥတု၏ရိုက်ခတ်မှုကြောင့် ဆံပင်များလည်း ဖြူလျော်နေပြီဖြစ်သည်။ သူမသည် ခန္ဓာကိုယ်ကို လှည့်ရန်ကြိုးစားလိုက်ကာ ကလေးမလေးကို သူမခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးလိုက်သည်။
“အဘွား..” ကလေးငယ်လေး အော်ဟစ်လိုက်ကာ မျက်ရည်များလည်း အဆက်မပြတ် စီးကျလာသည်။
ထိုလူငယ်လေးမှာ ဆက်နင်းနေဆဲပင်။ ရပ်တန့်မသွား။ သူ၏ခြေထောက် ထိုအဘွား၏ကိုယ်ပေါ်သို့ ရောက်တော့မည်။
ဖုန်း..
ထိုအချိန်တွင် ထိုလူငယ်လေး နောက်ကျောထက်မှ နာကျင်မှု ခံစားလိုက်ရကာ တစ်ကိုယ်လုံး လွင့်ထွက်သွားသည်။ သူ ပြန်ပြုတ်ကျလာသည့်အချိန်တွင် သူ၏ကြွက်သားများနှင့် အရိုးများ ပျက်စီးသွားသလို ခံစားလိုက်ရကာ တစ်ကိုယ်လုံး နာကျင်သွားရသည်။
အထူးသဖြင့် သူ၏နောက်ကျောပင်။
“ဘယ်သူလဲ..” သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ ကန်ခံလိုက်ရပြီး လွင့်ထွက်သွားခြင်းပင်။
သူ မြေးအဖွားကို တက်နင်းရန် ပြင်ထားသော်လည်း သူသာ ကန်ခံလိုက်ရသည်။ ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။
“လူသား .. ကောင်းကင်မျိုးနွယ်စုမျိုးဆက် .. မင်း .. မင်းငါ့ကို အရှက်ခွဲရဲတယ်ဟုတ်လား..”
ရှီဟောင်ကို မြင်သည်နှင့် ဤသည်မှာ လူသားတစ်ယောက်ဖြစ်မှန်း သိသွားကာ ချက်ချင်း ဒေါသထွက်သွားသည်။ “မင်းက ဘယ်မိသားစုက အစေခံလဲ..” သူအော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ့အမြင်တွင် ကောင်းကင်ဘုံကိုးခုမှ မျိုးဆက်အားလုံးမှာ ကလန်များ၏အစေခံများပင်။ လွတ်လပ်ခွင့်ရသွားသည့်သူများမှာ အလွန်ရှားပါးလှသည်။
“ကလေးတစ်ယောက်ကို ဒီလိုမျိုးဆက်ဆံတာ မင်းအရမ်း မရက်စက်လွန်းဘူးလား..” ရှီဟောင် ထိုနေရာ၌ရပ်ကာ မြေပြင်ပေါ်၌ လဲကျနေသည့်လူငယ်ကို ကြည့်လိုက်သည်။
“မင်းနဲ့ဘာဆိုင်လို့လဲ .. ဒါက ငါ့မိသားစုရဲ့အစေခံ .. ငါသတ်ချင်သတ်မယ်၊ ခုတ်ပစ်ချင်ရင် ခုတ်ပစ်မယ် .. မင်းက လူသားတစ်ယာက်ဖြစ်တာကို ငါ့ရှေ့မှာ ရဲရဲတင်းတင်းလုပ်ရဲတယ်လား..” မြေပြင်ပေါ်မှ လူငယ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအခိုက်အတန့်အတွင် သူခုန်ထလိုက်ကာ ရှီဟောင်အား အေးစက်စွာ ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူ့ကို ကန်လိုက်သော်လည်း သေလောက်အောင်ကန်လိုက်ခြင်းမဟုတ်။
ယခုအချိန်တွင် ဘေးဘက်မှလူများအားလုံး ကြည့်လာကြသည်။
“သခင်လေး ဘာဖြစ်လို့လဲ..” ထို့အပြင် ဆူညံသံကြားသည်နှင့် အဝေးမှ လူအချို့ အလောတကြီး ပြေးလာကြ၏။ ဤလူမှာ ဤလူငယ်လေး၏ လက်အောက်ငယ်သားများပင်။
အချို့သူများမှာ ဟွမ်ကို မှတ်မိသွားသောကြောင့် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်ပင်။
ဖုန်း..
ရှီဟောင် လမ်းလျှောက်လာကာ သူ၏ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။ သူ ထိုလူငယ်လေး၏ ခန္ဓာကိုယ်ထက်သို့ ဖုန်းခနဲပင် တက်နင်းလိုက်ကာ သူ့နောက်လိုက်များ၏ကျိန်ဆဲသည့်စကားကို ပိတ်ပစ်လိုက်သည်။
ထိုလူငယ်လေး ဆွံ့အသွားရသည်။ သူ အလွန်သန်မာသည့်အပြင် ဘိုးဘေးပညာဖြင့် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားလေ၏။ သို့သော်လည်း သူ ရှီဟောင်၏ကန်ချက်ကြောင့် သူလွင့်ထွက်သွားဆဲပင်။
ဤကန်ချက်မှာ အစောပိုင်းက ကန်ချက်ကဲ့သို့မဟုတ်။ သူ၏ရင်ဘတ်ရိုးများစွာ အက်ကွဲသွားကာ သွေးများလည်း အန်ထွက်လာသည်။ သူသည် စူးရှစွာ အော်ဟစ်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
“မင်း ဘယ်သူလဲ .. မင်း ငါ့ကို တိုက်ခိုက်ရဲတာလား..” ထိုလူငယ်လေး အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။
“လူငယ်လေး မြန်မြန်သွားတော့..” မြေပြင်ပေါ်မှ အဖွားအို ရှီဟောင်အား ပြောလိုက်သည်။ ရှီဟောင် ပြဿနာတက်သွားမည် စိုးသောကြောင့်ပင်။
ထိုကလေးမလေး၏ မျက်နှာထက်၌ မျက်ရည်များရှိနေကာ မျက်လုံးများမှာ သူ့အား ကျေးဇူးတင်နေသည်ပင်။ သူမ ရှီဟောင်ကိုကြည့်ကာ ဘာလုပ်ရမှန်းမသိတော့။ တစ်ယောက်ယောက် သူတို့ကို လာကူညီလိမ့်မည်ဟု သူမ မထင်ထားခဲ့။
“လူသားမျိုးနွယ်စု .. မင်းတို့က အစေခံထက်မပိုဘူး .. အဲဒါတောင် မင်းက ငါ့ကို တိုက်ရဲတယ်ပေါ့ .. မင်း ဘယ်ဘုရင်ကလန်က စစ်ပွဲအစေခံပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး .. မင်း သေရမယ်..” ထိုလူငယ်လေး အေးစက်စွာ ပြောလိုက်သည်။
ထိုကလေးမလေး၏မျက်နှာမှာ ချက်ချင်းပင် ဖြူဆုတ်သွားရသည်။ သူမသည် မျက်ရည်အပြည့်ဖြင့်ပင် အော်ဟစ်လာသည်။ “အစ်ကိုကြီး .. အစ်ကိုကြီး မြန်မြန်သွားတော့..”
မြေးအဖွားနှစ်ယောက်လုံး ရှီဟောင်အား ပြောလာကြသည်။
ဘေးပတ်လည်တွင်ရှိနေသည့်လူများမှာ ရှီဟောင်ကို မှတ်မိသွားပြီဖြစ်သည်။ သူတို့အားလုံး ထိတ်လန့်တကြား အော်ဟစ်ကြကာ သူတို့အချင်းချင်း ဆွေးနွေးနေကြလေ၏။
“ဟွမ်ပဲ .. သူလာပြီ..”
ထို့အပြင် ထိုလူငယ်လေး၏ အစေခံများလည်း အလောတကြီး ကြောက်လာကြသည်။ သူတို့သည် ထိတ်လန့်သည့်အမူအရာဖြစ်နေသော်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထုတ်လွှတ်နေကြသည်ပင်။
“ငါ့ကို သူ့အတွက်သတ်ပေး..” ထိုလူငယ်လေး နီရဲနေသည့်မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။
“သခင်လေး .. ဒေါသလျှော့လိုက်ပါ .. သူက ဟွမ်..” ထိုအစေခံများ လူငယ်လေးကို ထူပေးလိုက်ကာ အကြံပေးလိုက်သည်။
“ဟွမ် .. ဘာဟွမ်လဲ ..ဟမ် .. သူက..” ထိုလူငယ်လေး ရုတ်တရက် စဉ်းစားမိသွားကာ ထိတ်လန့်သွားသည်။ သူ၏မျက်လုံးထဲမှ အနီရောင်လည်း ပျောက်ကွယ်သွားလေပြီ။ သူ ဒေါသထွက်နေဆဲဖြစ်သော်လည်း ရှီဟောင်ကိုကြည့်လိုက်သည့်အချိန်တွင် သူအနည်းငယ် ကူကယ်ရာမဲ့သွားရသည်။
ထိုလူငယ် အလွန်စိတ်ပျက်သွားရသည်။ ပထမအနေဖြင့် သူတို့ ဟွမ်လောက် စွမ်းအားမကြီး။ ထို့အပြင် သူတို့ သူ့အား ပုန်ကန်ချင်လျှင် မသေမျိုးသက်ရှိ၏အမိန့်စာကို စဉ်းစားရဦးမည်ပင်။
“ဟွမ် မင်းက စွမ်းအားကြီးပေမယ့် ငါလုပ်နေတာတွေက မင်းနဲ့ဘာမှမဆိုင်ဘူး ဟုတ်တယ်မလား .. ဒါက ငါ့မိသားစုရဲ့ အစေခံ .. ငါသူတို့ကို ကြိုက်သလိုလုပ်လို့ရတယ်..” လူငယ်လေး ဒေါသတကြီး ပြောလိုက်သည်။ သူသည် ဘုရင်ကလန်မှ ဖြစ်သောကြောင့် သူကြမ်းကြမ်းတမ်းတမ်းပြောနိုင်သည့် နောက်ခံရှိသည်ပင်။
မြေးအဖွားမှာ ဆွံ့အနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ပြောသည့်စကားလုံးများကို စဉ်းစားကြည့်လိုက်လျှင် ဟွမ်မှာ အလွန်သတ္တိရှိသည်ပင်။ ဘုရင်ကလန်မှ သခင်လေးများပင် သူ့အား ကြောက်နေရသည်။
“အစ်ကိုကြီး .. သမီးတို့ကိုကယ်ပေးပါ..” ကလေးမလေး မျက်ရည်အပြည့်ဖြင့် ပြောလိုက်သည်။ သူမ မျက်တောင်ခတ်လိုက်သည်နှင့် မျက်ရည်များ ကျဆင်းလာလေပြီ။
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ဘာကြောင့်ဤကဲ့သို့ဖြစ်နေသလဲဆိုသည်ကိုပင် မမေးတော့။ အဘယ်ကြောင့်ဆိုသော် အများကြီးမတွေးပဲနှင့်ပင် ဘာဖြစ်နေသည်ကို သိနိုင်သည်ပင်။
“ဟွမ် .. ငါ့ရဲ့အစေခံတွေကို ထိန်းချုပ်ရလောက်အောင် မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ..” ထိုဘုရင်ကလန်မှ သခင်လေး အေးစက်စွာ ပြောလိုက်သည်။
“သခင်လေး .. ထားလိုက်ပါတော့ .. အစေခံတစ်ယောက်ပါပဲ .. အလောတကြီးမလုပ်ပါနဲ့..” သူ့ဘေးမှ အစေခံအိုကြီးများ အလောတကြီးလျှောက်လာကာ သူ့အား တားဆီးလာသည်။
ထိုလူငယ်လေး အနည်းငယ် တည်ငြိမ်သွားသည်။ သူ တစ်ဖက်လူကို ဆူပူခြင်းမရှိတော့။ အဘယ်ကြောင့်ဆိုသော် သူ ဟွမ်၏ကောလဟာလများကို ကြားဖူးသည်ပင်။ ဤလူကို ရန်စသည့်သူများမှာ သေချာပေါက် အသတ်ခံရလိမ့်မည်။
ရှီဟောင် တောင်ပေါ်သို့ ဆက်တက်သွားလိုက်သည်။ မြေးအဖွားနှစ်ယောက်လည်း သူ့နောက်သို့ လိုက်လာသည်ပင်။ ဤသည်မှာ သူ့အား သက်ပြင်းချစေသည်ပင်။ သူ သူတို့ကို ယာယီသာ ကာကွယ်ပေးနိုင်လိမ့်မည်။ သူတို့၏ကံဆိုးမှုမှ လွတ်မြောက်အောင် လုပ်ပေးနိုင်မည်မဟုတ်။
တာအိုလေ့လာခြင်းတောင်မှာ အလွန်ကြီးမားလှသည်။ ဤတောင်ပေါ်၌ လမ်းလျှောက်လိုက်သည်နှင့် ကိုယ့်ကိုကိုယ် ဖုန်မှုန့်တစ်ခုကဲ့သို့ပင် ခံစားလိုက်ရသည်။ ဤနေရာမှာ တောင်ပေါင်းတစ်ရာကျော်ကို ဆက်ထားသကဲ့သို့ ကျယ်ပြန့်လှသည်။
တောင်ပေါ်သို့ တက်နေသည့်သူများစွာ ရှိနေသော်လည်း ပျံသန်းသွားသည့်သူမှာ သိပ်မများ။ အများစုမှ ကျောက်လှေကားထစ်မှ တစ်လှမ်းချင်းလျှောက်နေကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့တာအိုလေ့လာချင်လျှင် ဤကဲ့သို့ လုပ်ရမည်ပင်။
တစ်ချိန်တည်းမှာပင် သက်ရှိများစွာ၏အမြင်တွင် ဤနေရာမှာ လေးမြတ်သည့်မြေပင်။ သူတို့ လေးစားသမှုဖြင့် ပျံသန်းမသွားကြ။
တောင်ကြီးသည် အလွန်ကြီးမားသော်လည်း တောင်ထိပ်နှင့် အတော်ဝေးသည့်နေရာကနေပင် ပင်လယ်ကဲ့သို့များပြားလှသည့် အသက်စွမ်းအင်ကို ခံစားနေရလေပြီ။ ဤသည်မှာ သက်ရှည်ဆေးပင်ဖြစ်သည့် တာအိုလေ့လာခြင်းလက်ဖက်ပင်ကြောင့်ဆိုသည်မှာ ပြောစရာပင်မလိုတော့။
တစ်ချိန်တည်းမှာပင် အလွန်နူးညံ့သည့်အလင်းလှိုင်းတစ်ခုလည်း ဖြန့်ကျက်နေသည်ပင်။ တောင်ကြီး ကြီးမားလှသော်လည်း ခမ်းနားသည့် အော်ရာလှိုင်း တအိအိတက်နေသည်ကို ခံစား၍ရသည်ပင်။
တောင်၌ လူများစွာရှိနေသည်။ လူအချို့ ရှီဟောင်ကို မှတ်မိကြကာ မည်သူမှ သူ့နားမကပ်ရဲကြ။ သူနှင့် အကွာအဝေးတစ်ခု ခြားထားသည်ပင်။
ထို့ကြောင့် မူလက လူစည်နေသည့်တောင်တက်လမ်းမှာ ရှီဟောင်၏ပတ်ပတ်လည်၌ လူရှင်းသွားသည်။
တောင်ကြီးမှာ မာကျောလှပြီး ထာဝရစွမ်းအင်များ ထုတ်လွှတ်နေသည်။ ဤတောင်မှာ ကျင့်ကြံခြင်းအတွက် သင့်တော်သည်မှာ သိသာလှသည်။
လမ်းဘေးဘက်၌ လူများနားနေရန်အတွက် ဇရပ်များနှင့် အခန်းငယ်လေးများ ရှိနေသည်ပင်။ ရေတံခွန်များ၊ စီးဆင်းနေသည့်စမ်းချောင်းများ၊ ရစ်ဆိုင်းနေသည့် ထာဝရမြူများနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ဤနေရာမှာ အတော်လေး လှပလှသည်။
အမ်..
ရှီဟောင် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ခပ်ဝေးဝေးရှိ ဇရပ်၌ သောက်နေသည့်လူအချို့ကို တွေ့လိုက်ရသည်။ ထိုနေရာ၌ လူငယ်အချို့ စုနေကာ စကားပြောပြီး ရယ်မောနေကြသည်။
သို့သော် စားပွဲပေါ်၌ ရှိနေသည့်မှာ စားစရာ၊ သောက်စရာများသာမက ကလေးများလည်း ရှိနေသည်။
ဤမြင်ကွင်းကို တွေ့သည်နှင့် ရှီဟောင် ဦးရေပြားများပင် ထုံကျဉ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားတစ်ဦး ပါးစပ်ဟကာ ကလေးတစ်ယောက်ကို ပါးစပ်ထဲထည့်လိုက်သည်ကို သူတွေ့လိုက်ရသည်ပင်။ သူ၏ပါးစပ်မှ နီရဲနေသည့်သွေးများ ပန်းထွက်လာသည်။
ရှီဟောင်ဘေးတွင်ရှိနေသည့် အဘွားအိုကြီးနှင့် ကလေးမလေးတို့ ခန္ဓာကိုယ် တုန်ယင်သွားကြသည်။
ဤမြေးအဖွား အဘယ်ကြောင့် ဤကဲ့သို့ ဆက်ဆံခံရသည်ကို ရှီဟောင် ချက်ချင်း သိသွားလေပြီ။
ထိုအချိန်တွင် လူငယ်များလည်း ရှီဟောင်ကိုကြည့်လာကြသည်။
“ဧကရာဇ်ကလန်သားမက်က အရေးကြီးတဲ့အချိန်ရောက်နေပြီဆိုတာ ကျွန်တော်သိတယ် .. သူ ပြောင်းလဲတော့မှာ .. အဲဒါကြောင့် ထူးခြားတဲ့သွေးမျိုးဆက်ရှိတဲ့ လူသားဝိညာဉ်ကလေးတွေကို ရှာထားတာ .. ကလေးတစ်ယောက်ကို ဟွမ်ခေါ်သွားပြီး အားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး..” ရှီဟောင်၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည့် ဘုရင်ကလန်လူငယ်မှ ပြောလိုက်သည်။
ထို့အပြင် သူသည် ရှီဟောင်၏ဘေးဘက်ကိုလည်း အေးစက်စွာ ကြည့်လိုက်သေးသည်။
သူ ထိုလူကိုကြည့်လိုက်သည့်အချိန်တွင် သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေဆဲပင်။ သူသည် ထိုကလေးကို ဝါးစားနေဆဲပင်။
သူကလေးအရှင်ကို စားနေတယ်…
ထို့အပြင် ကျောက်စိမ်းပန်းကန်ပြားကြီးထဲ၌ ကလေးများစွာ ရှိနေသေးသည်။ အားလုံးမှာ လူသားမျိုးနွယ်စုမှကလေးများပင်။ သူတို့ထဲမှ အချို့မှာ ထူးဆန်းသည့်သွေးမျိုးဆက်စွမ်းအားများ ရှိနေသည်ပင်။
“မင်း ငါ့အစားအစာကို လာထိနေတယ် .. ဟွမ် .. မင်းကိုယ်မင်းအထင်ကြီးလွန်းသွားပြီမဟုတ်ဘူးလား..” ဇရပ်ထဲမှ ခေါင်းဆောင်လးငယ်လေး အေးစက်စွာ ပြောလိုက်သည်။ သူ့ပါးစပ်မှ တဂျွတ်ဂျွတ်အသံများ ထွက်နေပြီး သွေးများလည်း စီးကျလာသည်။
ထိုအခိုက်အတန့် ရှီဟောင်၏ဦးရေပြား ထုံကျဉ်သွားရ၏။ ကြောက်ရွံ့သောကြောင့်မဟုတ် ဒေါသထွက်လာသောကြောင့်ပင်။ သူချက်ချင်းတရှိန်ထိုးပြေးသွားကာ သတ်ဖြတ်လိုက်ချင်သည်။
ရှီဟောင်နောက်မှ လိုက်လာသည့်သူများအားလုံး ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဟွမ်၏အော်ရာမှာ ကြောက်စရာကောင်းလှသည်ပင်။
“ဟွမ် .. မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ..” ထိုဘုရင်ကလန်မှ သခင်လေး ချက်ချင်း မတ်တပ်ရပ်ကာ ရှီဟောင်အား အော်ဟစ်လာသည်။
ဝုန်း..
သူ ပြန်ရလိုက်သည်မှာ ရှီဟောင်၏လက်သီးချက်ပင်။ ရှီဟောင် ကမ္ဘာမြေကြီးကို လက်မများဖြစ်ပြောင်းခြင်းကို အသုံးပြုပြီး ခြေတစ်လှမ်းတည်းဖြင့် ထိုလူငယ်ရှေ့သို့ ရောက်သွားသည်
ထိုဘုရင်ကလန်မှ သခင်လေးသည် သူရှိသမျှဖြင့် ခုခံလိုက်သော်လည်း သူ၏မျက်လုံးများတွင် ချက်ချင်း အကြောက်တရားများ ပြည့်နှက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ဖောင်းခနဲ ပေါက်ကွဲသွားသည်။
သူ၏ခေါင်းတစ်လုံးသာ ဘေးဘက်သို့ လိမ့်ကျလာလေ၏။ သူမသေသေးသော်လည်း သူကြုံတွေ့နေရသည့် နှိပ်စက်မှုမှာ သေသည်ထက်ပင် ပိုကြောက်စရာကောင်းနေသည်။
အပိုင်း ၁၇၈၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၃ – ပျက်သုဉ်းခြင်း
လူအုပ်ကြီးလည်း ထိတ်လန့်သွားကြသည်။ ဇရပ်ထဲမှ လူအားလုံး မတ်တပ်ရပ်ကာ ရှီဟောင်အား မျက်နှာချင်းဆိုင်လာသည်။
ဟွမ် ဤမျှဒဲ့တိုးဆန်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။ ဟွမ်သည် သူတို့ကို အရင်ရန်လာစနေသည်။ ထိုဘုရင်ကလန်မှသခင်လေး၏ ဦးခေါင်းမှာ သူတို့ခန္ဓာကိုယ်များကို အေးခဲသွားစေသည်။
အား..
ထိုဘုရင်ကလန်သခင်လေး ကြောက်ရွံ့နေလေပြီ။ ဟွမ်သည်သူ့ခေါင်းကို တမင်သက်သက်ချန်ရစ်ထားခြင်းပင်။ သူသည် နာကျင်မှုကို သည်းခံကာ အားလုံးကိုကြည့်နေရသည်။
ရှီဟောင်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူသည် ကမ္ဘာမြေကြီးကို လက်မများအဖြစ်ပြောင်းခြင်း နတ်စွမ်းရည်ကို အသုံးပြုကာ တစ်လှမ်းချင်းလျှာက်လာပြီး ဇရပ်ထဲမှ လူအားလုံးကို စိုက်ကြည့်လိုက်သည်။
ကျောက်စိမ်းပန်းကန်ပြားထဲ၌ ကလေးများစွာ ရှိနေသည်။ အားလုံးမှာ သုံး၊လေးနှစ်အရွယ်လေးများပင်။ သူတို့ခန္ဓာကိုယ်များကိုချိတ်ပိတ်ထားသောကြောင့် စကားမပြောနိုင်သလို လှုပ်လည်းမလှုပ်ရှားနိုင်။ သို့သော် သူတို့မျက်ဝန်းများထဲ၌ အကြောက်တရားများအပြည့်ပင်။ သူတို့သည် ကြောက်လွန်းသောကြောင့် သတိလစ်မတတ်ပင် ဖြစ်နေလြေီ။
ရှီဟောင် အလွန်ရက်စက်ကြမ်းကြုတ်သည့်သားရဲများကို တွေ့ဖူးသော်လည်း ဤကဲ့သို့သော သတ္တဝါမျိုးကို မတွေ့ဖူးသေး။ သူတို့သည် အလွန်လှပကာ ငယ်ရွယ်သည့်လူငယ်လေးများဖြစ်သောလည်း သူတို့ထံတွင် ဤမျှကြောက်စရာကောင်းသည့်ပါးစပ်များ ရှိနေသည်။
“ဟွမ် ဒီနေရာက အင်ပါယာဂိတ်မဟုတ်ဘူး .. မင်းက ငါ့လောကထဲမှာ .. မင်းအရမ်း လွန်မလာနဲ့..” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
ဖူး..
ဖုန်း..
ရှီဟောင် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ သူ၏လက်သီးတစ်ဝိုက်တွင် စွမ်းအားများ စုစည်းသွားကာ ကြောက်စရာကောင်းသည့်နတ်အလင်းတန်းတစ်စင်း ထွက်လာကာ ထိုလူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ ထိုလူ လွင့်ထွက်သွားပြီးနောက် ပေါက်ကွဲသွားကာ ခေါင်းတစ်လုံးသာ မြေပြင်ထက်သို့ ပြန်ကျလာသည်။
သူ ဤလူများကို မသတ်နိုင်သောကြောင့်မဟုတ်။ သေခြင်းတရား၏ခြိမ်းခြောက်မှုကို ခံစားစေချင်သောကြောင့် ရှီဟောင် သူတို့ကို တမင်သက်သက် အသက်ရှင်လျက်ချန်ထားခဲ့ခြင်းပင်။
ဤနေရာ၌ လူ ၈ ယောက်၊ ၉ ယောက်ခန့်ရှိသည်။ အားလုံးမှာ သွေးအေးရက်စက်သည့်သူများပင်။ သို့သော် သူတို့ ရှီဟောင်နှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး ထိတ်လန့်နေကြကာ ယခင်ကလောက် မတည်ငြိမ်ကြတော့။
ဧကရာဇ်ကလန်သားမက်ဟု ခေါ်သည့်သူသာ အလွန်တည်ငြိမ်နေသည်။ သူသည် ဝါးစားနေဆဲဖြစ်ပြီး သွေးများကို မြိုချနေလေ၏။ နောက်ဆုံးတွင် သူသည် သူ၏နှုတ်ခမ်းထောင့်မှသွေးများကို ပုဝါဖြင့်သုတ်လိုက်သည်။
“ဟွမ် .. မင်းဘာလုပ်နေတယ်ဆိုတာ မင်းသိရဲ့လား..” သူ ရှီဟောင်အား ဤကဲ့သို့မေးလာသည်။
အနောက်ဘက်ရှိ အဘွားအိုကြီးဘေးမှ ကလေးလေးမှာ ငိုကြွေးနေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သာ သူမကို မကယ်ခဲ့လျှင် သူသည်လည်း သူမမျက်စိရှေ့မှ လူများကဲ့သို့ အစားခံနေရလောက်လေပြီ။
“ဟွမ် .. မင်းလျှောက်မလုပ်ရင် ပိုကောင်းလိမ့်မယ်..” ဇရပ်ထဲ၌ ရှိနေသည့်အခြားသူများသည် ခက်ထန်သည့်အမူအရာများဖြစ်နေကြသော်လည်း စိတ်ထဲ၌ ကြောက်ရွံ့နေသည်ပင်။
“မင်းက အရေးကြီးတဲ့အချိန်ရောက်ပြီး လူသွေးလိုအပ်နေတယ်ဟုတ်လား .. ဒါပေမဲ့ မင်းက သူတို့ကို ဒီအတိုင်း စားလိုက်တယ်ပေါ့..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
ဤသည်မှာသားရဲသာဆိုလျှင် နားလည်ပေး၍ရသေးသည်။ သို့သော် ဤသည်မှာ လူသားပုံစံသက်ရှိတစ်ဦးပင်။ သူသည် အလွန်တင့်တယ်ကာ တည်ငြိမ်သော်လည်း သူသည် ဤကလေးများကို သေချာပင်စားနေသေးသည်။ ဆန့်ကျင်ဘက်ကွာခြားမှုမှာ ကြီးမားလှသည်ပင်။
ထို့ကြောင့် ဤမြင်ကွင်းကို မြင်သည်နှင့် သူဝင်ပါရန် ဆုံးဖြတ်လိုက်ခြင်းပင်။ သူ့အမြင်တွင် ဧကရာဇ်ကလန်သားမက်ဟုခေါ်သည့်သူမှာ အလွန်ဆိုးရွားလွန်းလှသည်။
“ဒီကလေးတွေက ငယ်ငယ်လေး ရှိသေးတယ် .. အဲဒါကို မင်းက ဒီလိုမျိုး စားရက်တဲ့နှလုံးသားရှိတာလား..” ရှီဟောင် အော်ဟစ်လိုက်သည်။
သူ သေချာအာရုံခံကြည့်လိုက်သည့်အချိန်တွင် ဤကလေးများတွင် ထူးခြားသည့်အရိုးအချို့ရှိနေကြောင်း တွေ့လိုက်ရသည်။ သူတို့ကြီးလာသည်နှင့် သေချာပေါက် ‘ထူးခြားသည့်ပါရမီရှင်များ’ ဖြစ်လာကြမည်ပင်။
သို့သော်လည်း ဤကဲ့သို့ အပြစ်ကင်းကာဖြူစင်သည့်ကလေးများသည် ဤအသက်အရွယ်လေးတွင် အစားအစာအဖြစ်သတ်မှတ်ခံနေရကာ အရှင်လတ်လတ်စားခံနေရသည်။
“ငါမင်းကို အခွင့်အရေးတစ်ခုပေးလိုက်မယ် .. အခုချက်ချင်း လှည့်ပြန်သွားလိုက် .. မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ .. ဒါက မင်းအလုပ်မဟုတ်ဘူး .. ဒါက ငါ့ရဲ့အစားအစာ..” ထို ဧကရာဇ်ကလန်သားမက်မှ ပြောလိုက်သည်။
ဘုရင်ကလန်လူငယ်လေးသည်လည်း ဤကလေးမလေးကို သူ၏ဖိနပ်လျက်သည့်အနေဖြင့် ပေးလိုခဲ့ခြင်းပင်။
“မင်းကိုယ်မင်း ထူးခြားတဲ့သူလို့ ထင်နေတာလား .. ငါက မင်းအခွင့်အရေးပေးတာကို လိုအပ်လို့လား..” ရှီဟောင် ပြောလိုက်၏။ ထို့အပြင် သူလက်သီးတံဆိပ်တစ်ခုကိုလည်း ဖန်တီးလိုက်သည်။ သူတိုက်ခိုက်တော့မည်။
“ဟွမ် .. မြန်မြန်ရပ်လိုက် … ပြဿနာမရှာနဲ့..” သူ့နောက် အမြဲတမ်းလိုက်နေသည့် မီးခိုးရောင်အဝတ်အစားနှင့် လူအိုကြီးမှ အမြန်အသံပို့လွှတ်လာသည်။
ဤလူငယ်၌ မည်ကဲ့သို့သော နောက်ခံမျိုးရှိနေသည်ကို သူလည်းသိချင်သည်။ ရလဒ်အနေဖြင့် ဤသည်မှာ ဧကရာဇ်ကလန်၏ သားမက်ဖြစ်ကြောင်း ထိုအကြီးအကဲမှ ပြောပြလာသည်။
သူသည် အရက်စက်ဆုံးကလန်ဖြစ်သည့် အနီရောင်ဘုရင်သွေးမျိုးဆက်ကလန်နှင့် ဆက်စပ်နေသည့်သူပင်။
“သူနဲ့စေ့စပ်ထားတဲ့သူက ချီမုန့်ဟုန်ရဲ့ ညီမလေး..” ထိုအကြီးအကဲ သတိပေးလိုက်သည်။
ချီမုန့်ဟုန်ဆိုသည်မှာ အနီရောင်ဘုရင်သွေးမျိုးဆက်၏ ထူးချွန်သည့်အမွေဆက်ခံသူပင်။ သူသည် ယခင်က ရှီဟောင်နှင့်အတူ ယင်ယန်မီးဖိုထဲသို့ ဝင်ခဲ့ဖူးသည်ပင်။
ထို့အပြင် မုန့်ချီဟုန်သည် ဟွမ်အား အမြဲတမ်း သတ်ချင်နေခဲ့သည့်သူပင်။
ယခု ဤဧကရာဇ်သားမက်မှာ အနီရောင်ဘုရင်သွေးမျိုးဆက်နှင့် ဆက်စပ်နေလေ၏။
ချီမုန့်ဟုန်၏ ညီမလေးမှာ ဧကရာဇ်ကလန်၏ တိုက်ရိုက်သွေးမျိုးဆက်ပင်။ ထို့ကြောင့် သူ့ရှေ့မှလူမှာ အလွန်ကြောက်စရာကောင်းမည်ပင်။
“ဟွမ် .. မင်းရဲ့လက်ရှိအခြေအနေကို နားလည်သင့်တယ် .. မင်းကဘာလို့အခုထိ နောက်မဆုတ်သေးတာလဲ..” ရှီဟောင် ငေးကြောင်သွားသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ဇရပ်ထဲမှလူများသည် ရှီဟောင်ကြောက်သွားသည်ဟု ထင်သွားကြကာ သူ့အား ရန်စလာကြသည်။
“မင်းတို့အားလုံးက မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖို့ ဖိအားပေးနေတာလား..” ရှီဟောင် ပြောလိုက်သည်။
ဇရပ်ထဲမှ စကားပြောလိုက်သည့်သူများအားလုံး မျက်နှာများ ဖြူဖျော့သွားကြကာ အလိုလိုနောက်ဆုတ်သွားကြလေ၏။ သူတို့အနည်းငယ် နောင်တရမိသွားသည်။
“ဟွမ် မင်းလွန်လွန်းနေပြီ .. ဒါက ငါ့အစားအစာ .. မင်းမှာဘာအခွင့်အရေးရှိလို့ ဝင်ပြောနေတာလဲ..” ထိုဧကရာဇ်သားမက်မှ အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
“ငါက လူသားတစ်ယောက် .. ဒီလိုမျိုးကို မြင်လိုက်ရမှတော့ ငါဝင်ပါရမှာပဲ..” ရှီဟောင်ပြောလိုက်သည်။
“မင်းလည်း လူသားတစ်ယောက်ဖြစ်တယ်ဆိုတာနဲ့ပဲ ဝင်ပါလို့ရမယ်လို့ ထင်နေတာလား .. ဒါပေမဲ့ လူသားတွေက အစကတည်းက ငါ့အစားအစာတွေပဲလေ .. အစားခံရသင့်တယ် .. ဒါက မင်းဝင်ပါနိုင်တဲ့ကိစ္စမို့လို့လား..” ဧကရာဇ်သားမက်ပြောလိုက်သည်။
“မင်းက လူသားတွေကို အစားအစာအနေနဲ့မြင်တယ် .. ငါက မင်းကို သားကောင်အနေနဲ့မြင်တယ် .. ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ ငါက ဘာလို့ဂရုစိုက်နေရမှာလဲ .. ငါ့ကို ဒီမှာတွေ့နေရတာတောင်မှ မင်းက နောင်တမရဘူးဆိုတော့ မင်းသေလိုက်တော့…” ရှီဟောင် ပြောလိုက်သည်။
ရှီဟောင် တိုက်ခိုက်တော့မယ် .. အားလုံး ထိတ်လန့်သွားကြရသည်ပင်။
ချွမ်း..
ဧကရာဇ်သားမက်၏လက်ထဲ၌ ရွှေရောင်ဓားရှည်ကြီးပေါ်လာသည်။ ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် အော်ရာများ လောကကြီးကို ဝါးမြိုသွားသည်။ သူသည် တကယ်ကို စွမ်းအားကြီးလှသည်ပင်။
သူ ဟွမ်၏ပြိုင်ဘက်မဟုတ်လျှင်ပင် တပ်ကူများရောက်လာသည်အထိ သူအချိန်ဆွဲ၍ရလိမ့်မည်ဟု သူယုံကြည်သည်။ ဤတောင်၌ ကျွမ်းကျင်သူ များစွာ ရှိနေသောကြောင့် သူ တောင့်ခံနိုင်မည့်နည်းလမ်းကို ရှာလိုခြင်းပင်။
သို့သော်လည်း ရလဒ်မှာ သူထင်ထားသည်ထက် ကျော်လွန်နေသလို အားလုံးခန့်မှန်းထားသည်ထက်လည်း သာလွန်နေသည်။
ဟွမ်သည် နတ်ဓားရှည်ကို သူ၏လက်နှစ်ချောင်းဖြင့် တားဆီးလိုက်ကာ လက်ကိုအနည်းငယ်လှုပ်ရမ်းပြီး ဓားရှည်ကို ခွပ်ခနဲ ချိုးပစ်လိုက်သည်။
ဒါက ဘယ်လိုခွန်အားမျိုးလဲ..
ဝုန်း..
သို့သော် ဧကရာဇ်သားမက်မှာ တကယ်ကို အားကောင်းလှသည်ပင်။ သူသည် လျှို့ဝှက်ပညာများစွာကို ထုတ်လွှတ်ကာ ရှီဟောင်ထံသို့ ပို့လွှတ်လိုက်သည်။
ဖူး..
သို့သော်လည်း ရှီဟောင်သည် မပျက်စီးနိုင်သည့်ရွှေရောင်ခန္ဓာကိုယ် ရရှိထားသကဲ့သို့ သူ၏ဘိုးဘေးပညာအလင်းအတားအဆီးများအားလုံးကို ဖြတ်ကျော်လာကာ သူ့ရှေ့သို့ ရောက်လာပြီး သူ၏လက်မောင်းတစ်ဖက်ကို ချိုးပစ်လိုက်သည်။
ဤသည်မှာ အတော်လေး အံ့အားသင့်စရာကောင်းလှသည်ပင်။ ဟွမ်က ဒီလောက်တောင် စွမ်းအားကြီးတာလား.. သူတို့စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသွားပြီဖြစ်သော်လည်း သူတို့ထိတ်လန့်သွားဆဲပင်။
“အား ..” ဧကရာဇ်သားမက် အော်ဟစ်ကာ သူ့မျက်နှာ ဖြူဖျော့လာသည်။ သူ ပြင်းထန်စွာ ဒဏ်ရာရရှိသွားလိမ့်မည်ဟု မထင်ထားခဲ့။ ပို၍ထိတ်လန့်စရာကောင်းသည်မှာ ဟွမ်၏ ခွန်အားသည် သူထင်ထားသည်ထက် သာလွန်နေသည်။
ဖူး..
ရှီဟောင် တိုက်ခိုက်လာသည်။ ဧကရာဇ်သားမက်သည် ဆက်တိုက်ခုခံနေသော်လည်း ရှစ်ချက်တိုက်ခိုက်ပြီးနောက် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားကာ ခေါင်းသာ ကျန်ခဲ့တော့သည်။
“မကောင်းတော့ဘူး .. ပြဿနာတွေ ပိုကြီးလာပြီ..” မီးခိုးရောင်အဝတ်အစားနှင့် အကြီးအကဲ ရှီဟောင်ကို အသံပို့လွှတ်လာသည်။ အနီရောင်ဘုရင်သွေးမျိုးဆက်မှ လူများမှာ ရန်စ၍ကောင်းသည့်သူများမဟုတ်။
ရှီဟောင် သူ့ကို အရေးမစိုက်ပဲ လမ်းလျှောက်သွားကာ ဘုရင်ကလန်သခင်လေး၏ ခေါင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် နင်းချေပစ်လိုက်သည်။ သွေးများပန်းထွက်လာကာ သူ၏မူလဝိညာဉ်လည်း ပြာမှုန့်များ ဖြစ်သွားသ်ည။
ဖူး..
အခြားအသံတစ်သံ ထွက်လာကာ ခေါင်းသာကျန်တော့သည့် အခြားတစ်ယောက်လည်း အသက်ဆုံးရှုံးသွားရသည်။
“လျှောက်မလုပ်နဲ့ .. ချီမုန့်ဟုန်ညီမလေးက ငါ့တာအိုလက်တွဲဖော်ဖြစ်လာမှာ .. မင်း..” ထိုသားမက်မှာ တကယ်ကို ကြောက်ရွံ့နေလေပြီ။
“မင်းက အခုထိ ဧကရာဇ်သားမက်တောင် မဖြစ်သေးဘူးကိုး .. မင်း သားမက်ဖြစ်နေပြီဆိုရင်တောင် ဒီအခြေအနေထိရောက်ပြီကို မင်းကဘာကိုမျှော်လင့်နေသေးတာလဲ .. ငါ မင်းကို မင်းလမ်းပို့ပေးလိုက်မယ်..”
ဖူး..
ရှီဟောင် သူ့ကို တစ်ချက်တည်းနင်းကာ အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်လိုက်သည်။ ဧကရာဇ်သားမက်ဟုခေါ်သည့်သူမှာ ဤအတိုင်းပင် အသက်ဆုံးရှုံးသွားလေပြီ။
ဘေးပတ်လည်ရှိ လူများမှာ ကြောင်ငေးနေကြသည်။ ဖြစ်ပျက်ခဲ့သည်များကို သူတို့မယုံကြည်ရဲသေး။ ဟွမ်က ဒီလူတွေရဲ့အသက်ကို ဒီလိုမျိုးနှုတ်ယူသွားတာ..
ဤသည်မှာ ပြင်းထန်လွန်းလှသည်။
တစ်ခဏကြာပြီးနောက်မှသာ အားလုံး ဆွေးနွေးလာကြသည်။ ဟွမ်က တကယ်ကို ရဲတင်းလွန်းတာပဲ . သူက ဒီလိုမျိုးတောင် လုပ်ရဲတယ်..
အားလုံး ယခုထက်ထိ မယုံကြည်နိုင်သေး။ ထိုလူမှာ အနီရောင်ဘုရင်သွေးမျိုးဆက်မှ မင်းသမီးလေး၏ တာအိုလက်တွဲဖော်ဖြစ်လာမည့်သူပင်။ သို့သော် ယခုတော့ ဤကဲ့သို့ အသတ်ခံလိုက်ရလေပြီ။
“ဟွမ် .. မင်းကပ်ဆိုးကြီးကို ရန်စမိသွားပြီ..” မီးခိုးရောင်ဝတ်စုံနှင့်အကြီးအကဲမှာ တုန်လှုပ်နေလေပြီ။ သူ ရှီဟောင်ကို အော်ဟစ်သတိမပေးပဲ မနေနိုင်။
“ဟွမ်က အနီရောင်ဘုရင်သွေးမျိုးဆက်ရဲ့ သားမက်ကို သတ်လိုက်တယ်…”
“ဘုရားရေ .. ဧကရာဇ်သားမက်တစ်ယောက်က ဒီလိုမျိုးပဲအသတ်ခံလိုက်ရတာလား..”
ထိုအခိုက်အတန့်မှသာ အားလုံး သတိပြန်ဝင်လာပြီး အော်ဟစ်လာကြသည်။
ရှီဟောင် တောင်ပေါ်သို့ တစ်လှမ်းချင်း တက်သွားသည်။ အဘွားအိုနှင့် မိန်းကလေးတို့သည် ရှီဟောင်နောက်မှ အမြဲတမ်းလိုက်နေကြသည်။ သူတို့၏အမူအရာမှာ ရှုပ်ထွေးနေသော်လည်း သူတို့အလွန်ပျော်ရွှင်နေသည်ပင်။
တောင်အောက်၌ သတင်းများမှာ မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နေသည်။
ထိုအချိန်တွင် ရှီဟောင် တောင်ထိပ်သို့ ရောက်နေလေပြီ။ သူ ထို အလင်းတန်းများ ထုတ်လွှတ်နေသည့် ထာဝရဆေးပင်ကို ကြည့်လိုက်သည်။
ဤထာဝရသစ်ပင်သည် တောင်ထိပ်၌ ရှိနေခြင်းဖြစ်ပြီး တစ်ပင်လုံး တောက်ပနေကာ အလွန်နူးညံ့သည့်နတ်အလင်းတန်းများလည်း ထုတ်လွှတ်နေသည်။
“ဟွမ် .. မင်း ဧကရာဇ်ကလန်က လူတစ်ယောက်ကို ထိခဲ့တာလား..” တောင်ထိပ်ရှိ တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။
“ငါလုပ်ခဲ့တော့ရော ဘာဖြစ်လဲ..” ရှီဟောင် ပြန်ဖြေလိုက်ကာ ဆက်တက်သွားလိုက်သည်။
“ဧကရာဇ်ကလန်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး..” ထိုလူ အော်ဟစ်လိုက်၏။
“အဲဒါဆိုရင်လည်း ငါတိုက်ရုံပဲပေါ့..” ရှီဟောင် ပြန်ဖြေလိုက်သည်။
အပိုင်း ၁၇၈၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၄ – လူသားကျွန်
တာအိုလေ့လာခြင်းတောင်မှာ သတ္တုတောင်ကြီးကဲ့သို့ပင်။ တောင်ကြီးကိုယ်တိုင် အလွန်မာကျောနေလေပြီ။ အထူးသဖြင့် သတ္တုရောင်အလင်းများ စီးဆင်းနေသည့် ဤတောင်ထိပ်မှာ ပို၍ပင် မာကျောသေးသည်။
ထာဝရဆေးပင်ကို ဤနေရာ၌ စိုက်ပျိုးထားခြင်းပင်။
ရှီဟောင် တောင်ထိပ်ပေါ်သို့ တစ်လှမ်းချင်းတက်သွားလိုက်သည်။ သူ့ဘေးမှလူများသည် သူနှင့်အတူ မလျှောက်ရဲပဲ နောက်ဆုတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် မုန်တိုင်းတစ်ခု တိုက်ခတ်လာမည်ကို အားလုံးသိနေကြသည်ပင်။
အဘွားအိုကြီးသူ့နောက်လိုက်လာသည်။ သူမ မြေးလေးအပြင် ကလေးအချို့လည်း သူမနောက်လိုက်လာသည်။ ဤကလေးများမှာ အစားအစာဖြစ်လုနီးပါးဖြစ်သွားသည့် ကလေးများပင်။
ဤအဘွားအိုကြီးသည် သူမ ပုံအော၍ လောင်းကြေးထပ်လိုက်ခြင်းဖြစ်သည်ဟု ပြောနိုင်သည်။ ဧကရာဇ်သားမက်ဟုခေါ်သည့်သူ အသတ်ခံလိုက်ရသည်ကို တွေ့လိုက်ရသည့်အချိန် သူမ ပန်းကန်ပြားထဲ၌ ရှိနေသည့် ကလေးများအားလုံးကို ခေါ်လာခဲ့လိုက်သည်။
သတ္တဝါများအားလုံး နောက်ဆုတ်လိုက်ကြသည်။ သူတို့သည် အဘွားအိုနှင့်ကလေးများကို တွေ့သော်လည်း မြွေများနှင့် ကင်းမြှီးကောက်များကို ရှောင်ရှားသကဲ့သို့ သူတို့အား ရှောင်ရှားသွားကြလေသည်။ သူတို့ ဤထဲဝင်မပါချင်ကြ။
တောင်ထိပ်မှာ အလွန်ကျယ်ပြန့်လှသည်။ အခြားတောင်ထိပ်များကဲ့သို့မကျဉ်း။ လူတစ်ယောက် တစ်သိန်း တစ်ပြိုင်နက်ကျင့်ကြံလျှင်ပင် ကိစ္စမရှိ။
ရှီဟောင် သတ္တုမျက်နှာပြင်ထက်သို့ နင်းလိုက်သည်။ သူ အမြင့်ဆုံးနေရာသို့ ရောက်တော့မည်။
ဤနေရာ၌ ထာဝရစွမ်းအင်များ စီးဆင်းနေကာ အဖြူရောင်မြူခိုးများလည်း ရစ်ဆိုင်းနေသည်။
အားလုံးကို လန်းဆန်းသွားစေသည်မှာ အမွှေးနံ့တစ်ခုပင်။ ထိုအမွှေးနံ့မှာ သိပ်မပြင်းသော်လည်း နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ စိတ်ကိုရှင်းလင်းစေကာ တာအိုများကို လေ့လာချင်အောင် လုပ်နေသည်။
ဤကဲ့သို့ဖြစ်ရခြင်းမှာ တောင်ထိပ်၌ ရှိနေသည့် ထာဝရဆေးပင်ကြောင့်ပင်။
သို့သော် ထိုနေရာမှာ အလွန်မှုန်ဝါးနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ စွမ်းအားကြီးသည့်သက်ရှိများ ထိုင်နေကာ ဤသစ်ပင်အား ကာကွယ်ထားသည်ပင်။ ထို့အပြင် သူတို့လက်ထဲ၌ လျှို့ဝှက်ရတနာများ ကိုင်ဆောင်ထားကာ အလင်းပြင်များဖြစ်အောင်လုပ်ပြီး ဤနေရာကို ဖုံးအုပ်ထားသည်။
“ဟွမ် .. မင်းက တကယ်ကို ရဲတင်းတာပဲ..”
ရှီဟောင် တောင်ထိပ်သို့ ရောက်သည်နှင့် ကျယ်လောင်လှသည့် အော်သံတစ်သံကို ကြားလိုက်ရသည်။ အသံသည် အားလုံး၏နားထဲ၌ ရိုက်ခတ်နေကာ သူတို့မတ်မတ်ပင် မရပ်နိုင်တော့ပဲ တောင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။
တောင်ထိပ်ပေါ်၌ သက်ရှိများစွာ ရှိနေသည်။ အားလုံးမှာ စွမ်းအားကြီးသည့်သူများဖြစ်ပြီး အားနည်းသည့်သူများ တစ်ယောက်မှမပါ။ တောင်ပေါ်သို့ ရောက်လာသည့်သူများမှာ အပြင်ဘက်၌သာ နေရခြင်းပင်။ တောင်ထိပ်အစစ်ပေါ်သို့ မတက်ရ။
အဘယ်ကြောင့်ဆိုသော် တောင်ထိပ်ပေါ်သို့ တက်ချင်လျှင် သူတို့ တစ်ယောက်နှင့်တစ်ယောက် မလွဲမသွေ ယှဉ်ပြိုင်ရမည်ပင်။
တောင်၏အမြင့်ဆုံးနေရာမှာ ကလန်အမျိုးမျိုး၏ စွမ်းအားအကြီးဆုံးသူများအတွက်ဟုပင် ပြော၍ရသည်။
ရှီဟောင်ကို ဆူပူလိုက်သည့်သက်ရှိ ရှီဟောင်ရှေ့၌ ရပ်နေသည်။ သူသည် အမြင့်ဆုံးသို့တက်မည့်လမ်းအား ပိတ်ထားသည်ပင်။
လူအများစုလည်း ဤနေရာ၌ ရပ်တန့်လိုက်ကြရသည်ပင်။ သူတို့ တောင်ထိပ်၌ နေရာတစ်နေရာရရန် ခက်ခဲလှသည်။
ဤသည်မှာ အပြာရောင်ဝတ်စုံဝတ်ထားသည့်အမျိုးသားပင်။ သူသည် အသက်သုံးဆယ်ခန့်သာရှိသေးသည်။ သူသည် လက်နောက်ပစ်ထားကာ ကျောက်လှေကားအလယ်၌ ရပ်ပြီး ရှီဟောင်အား အပေါ်ဘက်မှ စီးမိုးကြည့်နေခြင်းပင်။
ဤလူမှာ အတော်လေး သန်မာလှသည်။ သူ့ခန္ဓာကိုယ်မှာ ဖရိုဖရဲစွမ်းအင်များ တစ်တန်းပြီးတစ်တန်း ထွက်နေသည်ပင်။ သူ၏ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် သူ၏ကိုယ်ကာယခွန်အားလည်း သေချာပေါက် ကြီးမားမည်ပင်။ အဘယ်ကြောင့်ဆိုသော် သူ့ဘေးနားပတ်လည်ရှိ လေဟာနယ်ပင် ဖိအားကြောင့် မှုန်ဝါးဝါးဖြစ်လာသည်။
သူသည် ရှည်လျားသွယ်လျသည့်သူပင်။ ကြွက်သား သိပ်မရှိ။ သို့သော်လည်း အလွန်ကြောက်စရာကောင်းသည့် သားရဲကြီးတစ်ကောင်ရပ်နေသကဲ့သို့သော ဖိအားမျိုး ထုတ်လွှတ်နေသည်ပင်။
“ထွက်သွားစမ်း..”
ဤကဲ့သို့သော စွမ်းအားကြီးသည့်သူနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ရှီဟောင်ထံ၌ သူ့အတွက် ဤစကားလုံးများသာရှိသည်။ သူ ဘာမှထပ်မပြောချင်တော့။ သူနှင့် မငြင်းခုံချင်တော့။
အဘယ်ကြောင့်ဆိုသော် သူဘာမှကြောက်စရာမရှိ။ ဧကရာဇ်ကလန်များကို ခုခံခြင်း၊ ဧကရာဇ်သားမက်ကို သတ်ခြင်းမပြောနှင့် သူ ချီမုန့်ဟုန်ကို တကယ်သတ်လိုက်လျှင်ပင် သူအများကြီး စိုးရိမ်နေမည်မဟုတ်။
သူ အင်ပါယာဂိတ်မှ ထွက်လာကတည်းက သူ အသက်ရှင်လျက်ပြန်နိုင်ဖို့ မျှော်လင့်မထားတော့။ အဆိုးဆုံးအရာများအတွက် သူပြင်ဆင်ထားပြီးပြီဖြစ်သည်။
သူ ယခု လွတ်လပ်နေသော်လည်း ဤသည်မှာ မသေမျိုးဘုရင်များ ပြန်ရောက်မလာသေးသောကြောင့်ဆိုသည်ကို သူသိသည်။ သူတို့ သင်္ချိုင်းမြေမှ ထွက်လာသည်နှင့် သူတို့ သူ့ကို ရှင်းပစ်ကြမည်ပင်။
ရှီဟောင်အမြင်တွင် အဆိုးဆုံးတော့ သူသေရုံပင်။ ထို့ကြောင့် ယခုအချိန်တွင် သူဘာကိုမှ မကြောက်တော့။ သူ ဤကလန်များကိုလည်း မကြောက်သည့်အပြင် အရင်ရန်စလိုက်သည်။ သူသည် သေဆုံးခြင်းကို အိမ်ပြန်ခြင်းအဖြစ် သတ်မှတ်ထားသည်ပင်။
ဤနေရာ အလွန်တိတ်ဆိတ်သွားသည်။ ဟွမ်၏ ‘ထွက်သွားစမ်း’ ဆိုသည့်စကားလုံးမှာ အနီးအနားရှိလူများအားလုံးကို ထိတ်လန့်သွားစေသည်။ စွမ်းအားကြီးသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦး ပြောလိုက်ခြင်းဖြစ်သော်လည်း သူဤကဲ့သို့ ပြန်ပြောလိုက်လေသည်။
“ရဲတင်းလိုက်တာ .. မင်းက ငါ့မိသားစုကအရှင်ကို ဒီလိုမျိုး မလေးမစား အော်ရဲတယ်ပေါ့..” အပြာရောင်အဝတ်နှင့်အမျိုးသားနောက်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်၏။ ဤသည်မှာ လူသားတစ်ယောက်ပင်။
ဤလူသားမှာ ဤအပြာရောင်ဝတ်စုံနှင့်အမျိုးသား၏ ကျွန်ပင်။
ရှီဟောင် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်နှင့် ထို ငယ်ရွယ်ပုံပေါ်သည့်လူသား ချွေးစေးများ ပြန်လာရသည်။
“ဟွမ် .. မင်းက အရမ်းကို ရဲတင်းနေတာပဲ … ငါ့ရဲ့တာအိုလေ့လာခြင်းတောင်ကို ရောက်လာတာတောင်မှ မင်းက ဒီလိုမျိုးအမှိုက်အပြုအမူကို လုပ်ရဲတယ် … မသေမျိုးသက်ရှိတွေ အမိန့်စာတစ်ခု ထုတ်ထားတာနဲ့ပဲ မင်းကို ဘယ်သူမှ မဆန့်ကျင်ရဲဘူးလို့ ထင်မနေနဲ့..” အပြာရောင်ဝတ်စုံနှင့်အမျိုးသား အေးစက်စွာ ပြောလိုက်သည်။
သူသည် အလွန်သန်မာသည့်သူပင်။ မဟုတ်ပါက သူဤကဲ့သို့ ရှေ့ထွက်လာပြီး သူ့ကို တားဆီးရဲမည်မဟုတ်။
“ဘုရင်ကလန်တွေထဲက အရင်မျိုးဆက်ရဲ့ ထိပ်တန်းဆယ်ယောက်ထဲက တစ်ယောက်လား..”
အချို့လူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အပြာရောင်ဝတ်စုံနှင့်အမျိုးသားကို သူတို့ရုတ်တရက် မှတ်မိသွားကြခြင်းပင်။
ဤအမျိုးသားသည် အသက်သုံးဆယ်ခန့်ဟု ထင်ရသော်လည်း တကယ်တော့မဟုတ်။ သူသည် ယခင်က ဘုရင်ကလန်တစ်ခု၏ လက်ရွေးစင်ဖြစ်ပြီး သူ့နာမည်ဖြင့် လောကကြီးကို တုန်လှုပ်စေခဲ့သည်ပင်။
“ကျုပ် အဲဒီမသေမျိုးအမိန့်စာကို ဘယ်တုန်းကမှ ကိစ္စကြီးတစ်ခုလို့ မသတ်မှတ်ထားဘူး..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
ဤစကားသံများထွက်လာသည်နှင့် အားလုံး၏အမူအရာများ ပြောင်းလဲသွားကာ ဒေါသထွက်လာကြသည်။
မသေမျိုးသက်ရှိများမှာ အားလုံးအထက်၌ ရှိနေခြင်းဖြစ်ပြီး သူတို့၏အော်ရာများမှာ တောင်များနှင့်ပင်လယ်များကိုပင် ဝါးမြိုပစ်နိုင်သည်။ သူတို့အမိန့်စာတွင် များပြားလှသည့်စွမ်းအားများပါဝင်ပြီး အမိန့်စာ ကျလာသည်နှင့် ကလန်အားလုံး လေးစားရသည်ပင်။
သို့သော် ယခုတော့ လူငယ်လေးတစ်ယောက်က သေမျိုးသက်ရှိများ၏ အမိန့်စာကို ဤကဲ့သို့ မလေးမစား ဆက်ဆံနေသည်။
ရှီဟောင် အမှန်အတိုင်း ပြောလိုက်ခြင်းပင်။ သူ တကယ်လွတ်လပ်သွားပြီဟု မခံစားရ။ သူ အနှေးနှင့်အမြန် မသေမျိုးဘုရင်များလက်ထဲသို့ ရောက်သွားမည်ပင်။ ထိုအချိန်ကျလျှင်လည်း အဆုံးသတ်ကောင်းမည်မဟုတ်။
ထို့ကြောင့် သူတကယ်ကို မကြောက်ခြင်းပင်။ အချိန်အနည်းငယ်သာ ကျန်တော့သဖြင့် သူ မည်သည့်ကလန်ကိုမှ ကြောက်မည်မဟုတ်။
“ဟွမ် .. မင်းက တကယ်ကို သန်မာပါတယ် .. ဒါပေမဲ့ ဧကရာဇ်ကလန်သားမက်ကို အကြောင်းပြချက်မရှိပဲနဲ့သတ်တာ၊ ငါ့ဘက်က လူငယ်ကျွမ်းကျင်သူတွေကို သတ်တာက အပြစ်ကြီးပဲ .. မင်းအတွက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..” အပြာရောင်ဝတ်စုံနှင့်အမျိုးသား အေးစက်စွာ ပြောလိုက်သည်။
“အကြောင်းပြချက်မရှိပဲ သတ်လိုက်တယ်ဟုတ်လား .. ခင်ဗျား အဲဒီလိုထင်တယ်ဆိုတော့လည်း အဲဒီလိုပဲထားလိုက်ပါ..” ရှီဟောင်တည်ငြိမ်နေဆဲပင်။
“မင်းက ဒါကို ငြင်းချင်သေးလို့လား..” အပြာရောင်ဝတ်စုံနှင့်အမျိုးသား အေးစက်စွာ မေးလိုက်သည်။
“ဘာကိုငြင်းနေရာမှာလဲ .. ကျုပ်လူသားမျိုးနွယ်စုတွေ အသတ်ခံရတော့ ကျုပ်လှုပ်ရှားလိုက်တယ်လေ .. ဘာပြောစရာရှိသေးလို့လဲ..” ရှီဟောင်၏အသံ အေးစက်လာသည်။
“အဲဒီကလေးတွေအတွက်နဲ့ မင်းက ဧကရာဇ်ကလန်တစ်ခုကို ဆန့်ကျင်လိုက်တယ် .. မင်းက တော်တော်ဦးနှောက်မရှိတာပဲ .. မင်းက သေချင်နေတာပဲ..” အပြာရောင်ဝတ်စုံနှင့်အမျိုးသား အေးစက်စွာ ပြောလိုက်သည်။ “မင်းမသတ်ခင်က မင်းစဉ်းစားမိဘူးလား .. ငါတို့လောကထဲ ရောဖို့အတွက်ဆိုရင် ဧကရာဇ်ကလန်သားမက်နဲ့ အဆင်ပြေပြေနေတာက ပိုကောင်းမယ်ဆိုတာ မင်းမသိဘူးလား..”
“လူသားတွေကို အစားအစာအဖြစ် သတ်မှတ်လိုက်ကတည်းက ငါတို့က ရန်သူတွေဖြစ်သွားပြီ .. အဲဒီ ဧကရာဇ်သားမက်လို့ခေါ်တဲ့ကလန်က ရှင်းခံလိုက်ရသင့်တယ်..” ရှီဟောင်၏အသံမှာ အလွန်ကျယ်လောင်ကာ အလွန်လည်း ခြိမ်းခြောက်နေသည်။
ဤနားရှိ သက်ရှိများအားလုံး ထိတ်လန့်သွားရသည်။ ဤဟွမ်မှာ တကယ်ကိုရဲတင်းလှသည်။ သူသည် ဧကရာဇ်ကလန်သားမက်ကို သတ်ပြီးသွားသော်လည်း နောင်တရသည့်အရိပ်အယောင်ပင်မရှိ။
အပြာရောင်ဝတ်စုံနှင့်အမျိုးသားအနောက်မှ လူသားအစေခံ နောက်တစ်ကြိမ် ပြောလာသည်။ သူသည် အပြာရောင်ဝတ်စုံနှင့်အမျိုးသား၏ ယုံကြည်ရသည့်သူဖြစ်လိမ့်မည်။ မဟုတ်ပါက သူကစကာ ရှီဟောင်အား ဆူပူရဲမည်မဟုတ်။
“ရဲတင်းလိုက်တာ … ဟွမ် .. မင်းဘာအမှားလုပ်လိုက်လဲဆိုတာ မင်းမသိသေးဘူးလား .. ဧကရာဇ်သားမက်က မင်းကို မုန်းနေတယ်ဆိုရင်တောင်မှ သူမင်းကို မတိုက်ခဲ့ဘူး .. မင်းက သူ့ကိုအရင်သတ်လိုက်တာ .. ပြီဂတော့ အဲဒါက ကလေးတစ်ချို့ စားခံရတာပဲမဟုတ်ဘူးလား .. မင်းက ဘာလို့ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ .. မင်းလက်တွေကို ချည်ထားပြီးတော့ ဧကရာဇ်ကလန်က အပြစ်ပေးမှာကို စောင့်နေလိုက်..”
ပထမဆုံးအကြိမ်အဖြစ် ရှီဟောင်၏မျက်လုံးများ အလွန်အေးစက်လာကာ အပြာရောင်ဝတ်စုံနှင့်အမျိုးသားနောက်မှ အစေခံကို စိုက်ကြည့်လိုက်သည်။ သူလည်း လူသားတစ်ဦးဖြစ်သော်လည်း ဤစကားများကို ပြောရဲသေးသည်။
“လူသားတွေက လူသားတွေကနေ မွေးဖွားလာတယ် .. နတ်ဆိုးတွေက နတ်ဆိုးတွေကနေ မွေးဖွားလာတယ် .. မင်းက သောက်မျိုးမစစ်ကနေ မွေးလာတာလား .. လူသားတွေဘက်ကနေ မတွေးပေးဘူး..” ရှီဟောင် ဆူပူလိုက်၏။ သူအနည်းငယ် စိတ်ရှုပ်လာလေပြီ။
ဤစကားကို တစ်ဖက်လောကမှလူများ ပြောသည်ဆိုလျှင် ရှီဟောင် ဘာမှပြောမည်မဟုတ်။
သို့သော် ဤအစေခံသည် လူသားတစ်ဦးဖြစ်သော်လည်း လူသားဘက်မှမကြည့်။ တစ်ဖက်လောကရှုထောင့်မှနေ၍ တွေးနေသည်။ ဤသည်မှာ တကယ်ကို မုန်းစရာကောင်းလှသည်။
“ဘာလဲ .. ငါပြောတာဘာမှားလို့လဲ..” ထိုအစေခံ အော်ဟစ်လိုက်သည်။ သူသည် အလွန်ငယ်သေးသည်ပင်။ သူသည် အပြာရောင်ဝတ်စုံနှင့်အမျိုးသားနောက်၌ ပုန်းနေခြင်းပင်။ သူသည် ချောမောသည်ဟု ပြော၍ရသော်လည်း ရှီဟောင် မျက်လုံးထဲတွင်တော့ အလွန်လူယုတ်မာဆန်နေသည်။
“ငါ့ရဲ့လူသားမျိုးနွယ်စုကို အစားအစာအဖြစ် မြင်နေတဲ့သူတွေအားလုံးက ငါ့ရဲ့ရန်သူပဲ .. ငါတို့ အဆင်ပြေဖို့မဖြစ်နိုင်ဘူး .. ငါတို့ကြားမှာ သတ်ဖြတ်ခြင်းပဲရှိမှာ .. မင်းလိုလူမျိုး အသက်ရှင်နေဖို့မလိုတော့ဘူး .. မင်းက မင်းကိုယ်မင်းလူလို့တောင်မသတ်မှတ်တော့ပဲနဲ့ ဒီလောကဘက်ကနေ စဉ်းစားပေးနေသေးတယ် .. သေလိုက်တော့…” ရှီဟောင် အော်ဟစ်ကာ တိုက်ခိုက်လာသည်။
“မင်းလုပ်ရဲတယ်လား .. မင်းဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ ကြည့်ကြသေးတာပေါ့..” အပြာရောင်ဝတ်စုံနှင့်အမျိုးသား အော်ဟစ်လိုက်သည်။
သူ ရှီဟောင်ကို တားဆီးလိုက်သည်။ သူ့တစ်ကိုယ်လုံးမှ အပြာရောင်အလင်းများထွက်လာကာ တစ်ကိုယ်လုံးကို ဖရိုဖရဲစွမ်းအင်များ လွှမ်းခြုံသွားသည်။ သူ၏ခန္ဓာကိုယ်သည် အလွန်မာကျောလှကာ အလွန်ကြောက်စရာကောင်းလှသည်။
အားလုံးတုန်လှုပ်သွားရ၏။ ဤဘုရင်ကလန်လက်ရွေးစင်မှာ ထွက်မလာသည်မှာ နှစ်ရာပေါင်းများစွာ ရှိနေပြီဖြစ်သည့် ယခင်မျိုးဆက်မှ ကျွမ်းကျင်သူပင်။ သူ၏ကျင့်ကြံခြင်းမှာ သေချာပေါက် များစွာတိုးတက်လာမည်ပင်။
ဟွမ်မည်မျှစွမ်းအားကြီးသည်ကို သူတို့အားလုံး သိကြသော်လည်း ဤအပြာရောင်ဝတ်စုံနှင့်အမျိုးသားကိုလည်း ယုံကြည်ချက်ရှိသည်ပင်။
အဘယ်ကြောင့်ဆိုသော် သိပ်မကြာသေးခင်က ရှီဟောင်သည် သိုင်းပညာကောင်းကင်ဘုရင်နှင့် အခြားသူများကို ခက်ခက်ခဲခဲဖြင့် တိုက်ခိုက်ခဲ့ရသည်ပင်။
ဤအပြာရောင်ဝတ်စုံနှင့်အမျိုးသားသည် နှစ်ရာပေါင်းများစွာ ကျင့်ကြံထားခြင်းဖြစ်သောကြောင့် ရှီဟောင်ကို ဖိနှိပ်နိုင်လိမ့်မည်။
အထူးသဖြင့် သူ့ခန္ဓာကိုယ်ပတ်လည်မှ ဖရိုဖရဲစွမ်းအင်များကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့ပို၍ယုံကြည်ချက် ရှိလာသည်။
သေချာပါသည်။ သူတို့နှစ်ဦး တိုက်ခိုက်လိုက်သည်နှင့် နှစ်ဦးလုံး နတ်စွမ်းရည်များကို အသုံးပြုလာကြသည်။ ဆူညံသံများမှာ မိုးခြိမ်းသံများကဲ့သို့ပင်။
“အရင်က ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက် ဖြစ်ထိုက်ပါပေတယ် .. ဟွမ်ကိုတောင် တားဆီးနိုင်တယ် .. သူ သေချာပေါက် ဖိနှိပ်ခံရတော့မှာ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤသည်မှာ အပြာရောင်ဝတ်စုံနှင့်အမျိုးသားကို ချီးကျူးနေခြင်းဖြစ်သော်လည်း သေချာတွေးကြည့်လိုက်ပါက ဤသည်မှာ ဟွမ်မည်မျှသန်မာကြောင်း သက်သေပြပြီးသားလည်း ဖြစ်နေသည်။ ဟွမ်ကို တားဆီးခြင်းသာဖြစ်ပြီး သူ့ကို ဖမ်းဆီးခြင်းမဟုတ်။
ဖူး..
သို့သော် အချက်ငါးဆယ်ကျော်ပြီးနောက် ကောင်းကင်ထက်၌ သွေးအလင်းတန်းတစ်ခု ပေါ်လာသည်။ ရှီဟောင် ဖရိုဖရဲစွမ်းအင်များကို ပျက်ပြယ်စေလိုက်ကာ တရှိန်ထိုးပြေးသွားပြီး ထိုလူကို ထိုနေရာ၌သာ သတ်ပစ်လိုက်သည်။
“ဘာ .. အရင်က ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်၊ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှာ နောက်ဆုံးအဆင့်ရောက်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်က ဒီလောက်လွယ်လွယ်လေးနဲ့ အသတ်ခံလိုက်ရလား..”
လူအုပ်ကြီး ဆွံ့အကာ ထိတ်လန့်သွားရသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင် အရှေ့ဘက်သို့ ခြေလှမ်းလိုက်သည်နှင့် လောကကြီးတစ်ခုလုံး သူ၏ပုံရိပ်ယောင်ဖြင့် ပြည့်နှက်သွားသည်။ သူ၏ခြေထောက်ပင်လျှင် တောင်ငယ်လေးတစ်လုံးစာ ပမာဏရှိနေသည်။ သူသည် ထိုလူသားကျွန်ကို တစ်ချက်တည်းဖြင့် တက်နင်းကာ အသားပုံကြီးဖြစ်အောင် လုပ်လိုက်သည်။
ထို့နောက် သူတောင်ပေါ်သို့ ဆက်တက်သွားလိုက်သည်။ သူ တာအိုလေ့လာခြင်းတောင်၏ အမြင့်ဆုံးနေရာသို့ ရောက်တော့မည်။
အပိုင်း ၁၇၈၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၈၅ – ဘိုးဘေး ရန်စခံရခြင်း
ဤသည်မှာ ယခင်က ဘုရင်ကလန်မှ ထိပ်တန်းလူငယ်ကျွမ်းကျင်သူတစ်ဦးပင်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ကျင့်ကြံဆင့်လည်း အတော်လေး တိုးတက်လာပြီဖြစ်ပြီး သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကာ အဆင့်လွန်သက်ရှိလမ်းကိုပင် မြင်နေရပြီဖြစ်သည်။
သို့သော်လည်း သူလည်း အသတ်ခံလိုက်ရသောကြောင့် ဤနေရာရှိလူအားလုံးကို ထိတ်လန့်သွားစေသည်။
သိထားရမည်မှာ ဤအပြာရောင်ဝတ်စုံနှင့် အမျိုးသားသည် တကယ်ကို စွမ်းအားကြီးလှသည်။ သိုင်းပညာကောင်းကင်ဘုရင်ထက် အဆပေါင်းမည်မျှမှန်းမသိနိုင်လောက်အောင်ပင် သန်မာသည်။ သို့သော်လည်း ဤကဲ့သို့ ကြောက်စရာကောင်းသည့် လက်ရွေးစင်ပင် လျင်မြန်စွာ အသတ်ခံလိုက်ရသည်။
အပြာရောင်ဝတ်စုံနှင့် အမျိုးသား လျင်မြန်စွာ သေဆုံးသွားသောကြောင့် ဤနေရာ၌ ရှိနေသည့် ကျင့်ကြံသူများအားလုံး မျက်နှာပျက်သွားရသည်။ သူသေသည်မှာ ရှီဟောင် အင်ပါယာဂတ်၌ သိုင်းပညာကောင်းကင်ပညာနှင့် အခြားသူများကို သတ်လိုက်သည်ထက်ပင် ပိုမြန်နေသေးသည်။
ဤသည်မှာ ဟွမ်၏ ကျင့်ကြံခြင်း မည်မျှတိုးတက်လာကြောင်း သက်သေပြလိုက်ခြင်းပင်။
အချိန်တိုအတွင်းမှာပင် သူအလွန်စွမ်းအားကြီးလာပြီး ယခင်မျိုးဆက်မှ ထိပ်တန်းကျင့်ကြံသူတစ်ဦးပင် သူနှင့်ရင်ဆိုင်ရန် အလွန်ခက်ခဲနေလေပြီ။
သူက လောကကြီးကို တုန်လှုပ်စေတဲ့သူပဲ..
ဤစကားမှာ အားလုံး၏ရင်ထဲ၌ ဖြစ်ပေါ်လာသည့်စကားပင်။ သူတို့ ဟွမ်ကို မည်မျှပင် မုန်းတီးနေပါစေ ဤလူငယ်ကျွမ်းကျင်သူလေးမှာ အလွန်ထူးခြားလှသည်ကိုတော့ သူတို့ဝန်ခံရမည်ပင်။
သူ့ကိုသာ အချိန်ပေးလိုက်လျှင် သူ မိုးကောင်းကင်အောက်၌ ပြိုင်ဘက်ကင်းသည့်သူ ဖြစ်လာလိမ့်မည်။
ရှီဟောင်၏ပုံရိပ်ယောင် တစ်ဖြည်းဖြည်းသေးငယ်လာပြီး သူ့ပုံမှန်အရပ်သို့ ပြန်ရောက်သွားလေပြီ။ ထိုလူသားကျွန်ကို သေအောင်နင်းသတ်ပြီးသည်နှင့် သူ တောင်ထိပ်သို့ ရောက်သွားလေပြီ။
“ဒါက .. တကယ် ဘိုးဘေးတစ်ယောက်ပဲ..” မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲ သူ့ကိုယ်သူ ပြောလိုက်သည်။ ဟွမ်သည် ပြဿနာရှာရာ၌ အလွန်တော်သည်ဟု သူခံစားလိုက်ရသည်။
အချိန်ဘယ်လောက် ကြာသေးလို့လဲ .. တာအိုလေ့လာခြင်းတောင်ကို ရောက်တာနဲ့ သူ အနီရောင်ဘုရင်သွေးမျိုးဆက်ရဲ့ သားမက်ကို သူ့ခြေထောက်အောက် ဖောက်ခွဲပစ်လိုက်ပြီး အခုလည်း အရင်က ထိပ်တန်းလူငယ်ကျွမ်းကျင်သူကို တစ်စစီဖြစ်အောင် လုပ်လိုက်တယ် ..
ဤသည်မှာ သေချာပေါက် လှိုင်းလုံးကြီးများဖြစ်သွားစေမည်ပင်။
သူ အလောတကြီး အသံပို့လွှတ်ကာ သတင်းတင်ပို့လိုက်သည်။ ဤအကြောင်းကို မသေမျိုးသက်ရှိများသိလျှင် အကောင်းဆုံးပင်။ မဟုတ်ပါက ဟွမ် ထပ်ပြီး ပြဿနာရှာလာမည်ကို သူစိုးရိမ်သည်။
သူ ဟွမ်၏ပြိုင်ဘက်မဟုတ်ကြောင်း၊ ဟွမ်ကို တားဆီးနိုင်မည်မဟုတ်ကြောင်း မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲသိသည်ပင်။
“ဒါက အိုးက အက်ကွဲနေလို့ ခွဲပစ်လိုက်တဲ့သဘောလား..” သူ သံသယဝင်လာသည်။ ဟွမ်က သူ့မှာ မျှော်လင့်ချက်သိပ်မရှိတော့ဘူးဆိုတာသိလို့ တမင်သက်သက်သတ်နေတာလား..
“ဟက် စိတ်ဝင်စားစရာပဲ .. အင်ပါယာဂိတ်က အကျဉ်းသားက ဒီနေရာမှာ ပြဿနာလာရှာရဲတာလား .. သူက ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက်ကို မသိဘူးပဲ..” တောင်ထိပ်မှ တစ်စုံတစ်ယောက် အေးစက်စွာ ပြောလိုက်သည်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဤလူ အလွန်စွမ်းအားကြီးသည်ကို သူခံစားမိသည်။ သူသည် အဆင့်လွန်သက်ရှိတစ်ဝက်ပင် ဖြစ်နေလောက်လေပြီ။
သို့သော် သူသည်စိတ်အားထက်သန်နေကာ တစ်ကယ်ကို တစ်ပွဲတစ်လမ်းလောက် နွှဲလိုက်ချင်သည်။ သူ ဤလူကို နိုင်မလားဆိုသည်ကို သူသိချင်သည်။
ယခုတစ်ခေါက် ဂုကလန်၏ ယင်ယန်မီးဖိုထဲ၌ သူ အတော်လေး အကျိုးအမြတ်ရရှိခဲ့သည်ပင်။ သူ့တစ်ကိုယ်လုံး စွမ်းအားများပြည့်နှက်နေပြီး ဤစွမ်းအားများကို စမ်းသပ်ရန် စွမ်းအားကြီးသည့်သူတစ်ဦး လိုချင်နေသည်ပင်။
တောင်ထိပ်၌ ပေါက်နေသည့် အစိမ်းရောင်မြက်များမှာ ကူရှင်များကဲ့သို့ပင်။ မြက်ပင်များမှာ သုံးလက်မထက်မရှည်။ အပင်တိုင်းမှာ ကျောက်စိမ်းကဲ့သို့ တောက်ပကာ အလွန်နူးညံ့လှသည်။ များပြားလှသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး စွမ်းအင်များလည်း အပြင်ဘက်သို့ ပျံ့လွင့်နေသည်။
တာအိုလေ့လာခြင်းတောင်၏ အမြင့်ဆုံးနေရာသို့ ရောက်ရန်အတွက် တိုက်ခိုက်ရသည်။ စွမ်းအားအကြီးဆုံးသူများမှာ ဤနေရာသို့ ရောက်နိုင်ပြီး ထိုင်စရာ တစ်နေရာစာ ရသည်ပင်။
စကားပြောလိုက်သည့်သူမှာ လူလုံးထွက်မပြသလို ရှီဟောင်ကို တိုက်ခိုက်ခြင်းလည်းမရှိ။ သူ အေးစက်စွာ ပြောပြီးနောက် ပြန်လည်တိတ်ဆိတ်သွားလေသည်။
တောင်ထိပ်မှာ အလွန်ကျယ်ပြန့်လှသည်။ ဘုရင်ကလန်များမှာ နေရာအနှံ့ပျံ့ကြဲနေပြီး မြေပြင်ပေါ်၌ ထိုင်နေကြသည်။
ရှီဟောင် ဤလူများကို မကြည့်သလို သူ့ကို စကားပြောလိုက်သည့်သူကိုလည်း ရှာဖွေမနေတော့ပဲ ဤတောင်ထိပ်၏ အလယ်နေရာသို့သာ ကြည့်လိုက်သည်။
ထိုနေရာမှ အမွှေးနံ့များ ထုတ်လွှတ်နေကာ တောက်ပသည့်အလင်းများလည်း ထိုနေရာမှ လာခြင်းပင်။
ဤနေရာကို ကာကွယ်နေသည့်လူများရှိသည်။ အားလုံးမှာ စွမ်းအားကြီးသည့်သူများဖြစ်ကြပြီး သူတို့လက်ထဲ၌ လျှို့ဝှက်ရတနာများ ကိုင်ဆောင်ထားကြသည်။
ရှီဟောင် ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် ထိုအလင်းပြင်ကို ထွင်းဖောက်ပြီး မြင်လိုက်ရသည်။ ထိုနေရာ၌ ထာဝရဆေးပင်ကြီး ရှိနေသည်။
သစ်ပင်ကြီး၏ပင်စည်မှာ တုတ်ခိုင်လှပြီး သစ်ခေါက်များမှာ နဂါးအကြေးခွံများကဲ့သို့ အက်ကွဲနေသည်။ ဤသစ်ပင်မှာ အလွန်ရှေးကျလှပြီး ဤနေရာ၌ ရှိနေသည်မှာ နှစ်ပေါင်းမည်မျှ ရှိနေပြီမှန်းပင် မသိတော့။
သို့သော် အံ့ဩစရာအကောင်းဆုံးမှာ သူ၏သစ်ကိုင်းများနှင့် ပင်စည်မဟုတ်။ အရွက်များပင်။ အရွက်တစ်ရွက်စီတိုင်းမှာ အလွန်တောက်ပနေသည်။
ဤသည်မှာ ဤတာအိုလေ့လာခြင်းလက်ဖက်ပင်၏ အဖိုးတန်သစ်ရွက်များပင်။ ဤသစ်ရွက်များ၏ တန်ဖိုးမှာ တိုင်းတာ၍ မရနိုင်လောက်အောင်ပင်။
ဤအရွက်ကိုသုံးပြီး လက်ဖက်ရည်ပြုလုပ်ကာ ထိုလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်နှင့် တာအို့လေ့လာခြင်းအခြေအနေသို့ ရောက်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတာအို၏ အံ့အားသင့်စရာများကိုလည်း ကြုံတွေ့ရမည်ပင်။
အရွက်များ ရင့်လာတိုင်း ခမ်းနားသည့်အခမ်းအနားတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
ရှီဟောင် ဆွံ့အသွားကာ ထူးဆန်းသည့်အမူအရာ ဖြစ်သွားရသည်။ ဤလက်ဖက်ပင်၏အရွက်များမှာ ထူးဆန်းလှသည်။ သူတို့၏ပုံစံမှာ ထူးဆန်းလှပြီး ပုံစံတူသည့် သစ်ရွက်မရှိ။
အမွှေးနံ့မှာ သစ်ရွက်မှ လာခြင်းပင်။ အနံ့တစ်ခုတည်းဖြင့်ပင်လျှင် ခန္ဓာကိုယ်ကို ပေါ့ပါးသွားစေပြီး မူလဝိညာဉ်ကို စိတ်အေးလက်အေးဖြစ်သွားစေသည်။
လေပြေလေး တိုက်ခတ်လာကာ သစ်ပင်ကြီးမှ တရွှီးရွှီးအသံများထွက်ပေါ်လာသည်။ သစ်ရွက်များအားလုံးလည်း လှုပ်ခတ်လာလေ၏။ ဤသည်မှာ ဤလက်ဖက်ပင်၏အရွက်များ ရင့်နေပြီဖြစ်ပြီး ခူး၍ရပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
ယခုအချိန်တွင် အားလုံး၏အကြည့်မှာ ထာဝရဆေးပင်ထံ၌မဟုတ်။ ရှီဟောင်ထံ၌ပင်။
သူသည် ဤနေရာ၌ မည်သူမှ မရှိသကဲ့သို့ သစ်ပင်ကြီးကိုသာ တည်ငြိမ်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည့်အချိန် အချို့ ကျွမ်းကျင်သူများ နှာခေါင်းရှုံ့လိုက်ကြသည်။
အထူးသဖြင့် လျှပ်စီးတန်းများထွက်ပေါ်လာကာ ထိုလျှပ်စီးများသည် လေဟာနယ်ကို ထိုးဖောက်ကာ ရှီဟောင်ထံသို့ ဦးတည်လာလေ၏။
ဤလူများ၏အကြည့်များမှာ အလွန်ပြင်းထန်လှသည်။ သာမန်ကျင့်ကြံသူများသူတို့ရှေ့၌ ရပ်လိုက်ပါက ပေါက်ကွဲသွားလိမ့်မည်။
ဝုန်း..
ထိုအကြည့်များမှာ ရှီဟောင်ထံသို့ ဦးတည်နေခြင်းဖြစ်သောကြောင့် ရှီဟောင်ကို တိုက်ခိုက်လိုက်သည်ဟု သတ်မှတ်၍ရသည်။
အားလုံး ထိတ်လန့်သွားရသည်။ အကြည့်ဖြင့်ပင် လေဟာနယ်ကို ထိုးဖောက်နိုင်သောကြောင့် ဤလူများမှာ ကျွမ်းကျင်သူများကြားမှ ကျွမ်းကျင်သူများပင်။
သို့သော် ထိုလျှပ်စီးတန်းများ ရှီဟောင်ခန္ဓာကိုယ်နားသို့ ရောက်လာသည့်အချိန်တွင် ထိုလျှပ်စီးတန်းများမှာ ရှီဟောင်ကို ဘာမှမလုပ်နိုင်။
သူ၏ခန္ဓာကိုယ်တောက်ပလာကာ အခြားစွမ်းအားများ သူ့ခန္ဓာကိုယ်အား ထိတွေ့ခွင့်မပြု။
ရှီဟောင် ထိုမြက်ခင်းပြင်၌ ထိုင်နေသည့်သူများကို ကြည့်လိုက်သည်။
သူ၏အကြည့်များမှာ အေးစက်နေသည်ပင်။ သူ့အား တိုက်ခိုက်လိုက်သည့်သူများမှာ မရိုးရှင်းလှ။ သူတို့လည်း အပြာရောင်ဝတ်စုံနှင့်ကျင့်ကြံသူကဲ့သို့ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ကောင်းကင်ကြီးကို ဆန့်ကျင်နိုင်ခဲ့သည့်ပုဂ္ဂိုလ်များပင်။
သို့သော် သူ မကြောက်။
ဤသည်မှာ ဂုဏ်သရေရှိ တွေ့ဆုံပွဲဖြစ်သောကြောင့် ဘုရင်ကလန်များစွာကို သူတွေ့လိုက်ရသည်။ အားလုံးမှာ သွေးစွမ်းအင်များ ထွက်ပေါ်နေပြီး စွမ်းအားကြီးသည့်သူများပင်။
ပို၍အရေးကြီးသည်မှာ ဤလူများအားလု့း အတော်လေး ငယ်လှသည်။ သူတို့ နှစ်တစ်ရာအောက်ဖြစ်စေ နှစ်ရာပေါင်းများစွာကြီးသည်ဖြစ်စေ သူတို့သည် လူငယ်မျိုးဆက်၏ တစ်စိတ်တစ်ပိုင်းထဲ၌ ပါဝင်နေသေးသည်။ သူတို့ထံ၌ စွမ်းအားကြီးသည့်အလားအလာများရှိသည်။ နောင်ကျလျှင် သူတို ဘယ်လောက်ဝေးဝေးထိ ရောက်မလဲ မပြောနိုင်ပေ။
ရှီဟောင်ကို ပို၍အံ့အားသင့်သွားစေသည်ပင် အပြာရောင်ဝတ်စုံနှင့်လူထက် စွမ်းအားကြီးကာ ထိုသူထက်ငယ်ရွယ်သည့်သူကို သူတွေ့လိုက်ရသည်။
ခဏကြာပြီးနောက် သူနားလည်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ကလန်အားလုံးတွင် လူငယ်လက်ရွေးစင်များရှိသည်။ သို့သော် သူတို့သည် အမြဲတမ်းသီးသန့်ကျင့်ကြံနေခဲ့ကြကာ ယနေ့မှ သူတို့မိသားစု ရှေးဟောင်းများမှ ထွက်လာခြင်းပင်။
ထို့အပြင် အချို့သူများမှာ နာမည်မကြီးချင်သောကြောင့် သိုသိုသိပ်သိပ် နေကြသည့်သူများပင်။
အချို့သူများမှာ အလွန်ငယ်ရွယ်သေးသည်ပင်။ သူတို့၏နောက်ခံမှာ အလွန်ကောင်းမွန်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။ ဤလူများမှာ ဟဲကျီမင်နှင့်ပင် ယှဉ်နိုင်လိမ့်မည်ဟု သူပြောရဲသည်။
ပြောရမည်ဆိုလျှင် ဤနေရာ၌ ဆံပင်ဖြူနှင့် အကြီးအကဲများသိပ်မရှိ။ အများစုမှာ ငယ်ရွယ်သည့် ကျင့်ကြံသူများပင်။
ခဏကြာပြီးနောက် ရှီဟောင် ယုယု၊ ချင်းခွန်၊ ဝူချွန်နှင့် အခြားဧကရာဇ်ကလန်များကို တွေ့လိုက်ရသည်။ သူတို့လည်းလာတယ်…
ချီမုန့်ဟုန်လည်း ဤနေရာ၌ ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့။ သူသည် မြက်ခင်းပေါ်၌ မလှုပ်မယှက်ထိုင်နေသည်။ သူ့နောက်တွင် စစ်ပွဲအစေခံအချို့ရှိနေပြီး သူတို့၏အော်ရာများမှာ ကြောက်စရာကောင်းလှသည်။
ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ သူသည် ဤနေရာ၌ ရှိနေသော်လည်း အသံပေးခြင်းမရှိသလို သူရှိနေကြောင်းလည်းမပြ။
သူ ဧကရာဇ်ကလန်သားမက်ကို သတ်ခဲ့သေးသည်ပင်။ ဤသည်မှာ သူ့ယောက်ဖဟု ပြော၍ရသည်။
ချီမုန့်ဟုန် ယခုထက်ထိ ရောက်မလာသေးဘူးဟု သူထင်ထားခြင်းပင်။ သို့မဟုတ် သူ ယနေ့၌ အခြားလုပ်စရာတစ်ခုခုရှိသောကြောင့် မလာတော့ဘူးထင်နေခြင်းပင်။ သူ တောင်ထိပ်၌ ထိုင်နေလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့။
သူက ဘာလို့ သူ့ယောက်ဖကို မကယ်ပဲ ဒီမှာ နေနေတာလဲ..
“ငါ မင်းကို အမြဲတမ်းသတ်ချင်နေတာ .. ဒါပေမဲ့ အဲဒီဧကရာဇ်ကလန်က အဆင့်လွန်သက်ရှိတွေက အမြဲတမ်း တားနေတာ .. ကြည့်ရတာ ဒီနေ့တော့ ငါမင်းကို သတ်ဖို့အကြောင်းပြချက်ကောင်းကောင်းလေး ရှိသွားပြီထင်တယ်..” ချီမုန့်ဟုန် ပြောလိုက်၏။ သူ၏အသံမှာ အလွန်အေးစက်နေသည်။
ဤလူသည် သူ၏အမုန်းတရားကို ဖုံးကွယ်မထား။ ရှီဟောင် သူနှင့်စတွေ့ကတည်းက တစ်ဖက်လူ သူ့ကို တကယ်သတ်ချင်နေခြင်းဖြစ်ကြောင်း ခံစားနေရသည်ပင်။
ယခု သူတို့ပြန်တွေ့ကြလေပြီ။ ချီမုန့်ဟုန် သူ့ကို တကယ်သတ်တော့မှာလား..
“မင်းက တော်တော်လေး နေနိုင်တာပဲ .. မင်းယောက်ဖအသတ်ခံရတာကို လက်ချောင်းတစ်ချောင်းတောင် မလှုပ်ဘူး .. ဒါက တကယ်ကို အကြင်နာတရား ကင်းမဲ့တာပဲ..” ရှီဟောင် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“မင်းနဲ့ ၁၀ ချက်ကျော်လောက်တောင် မတိုက်နိုင်တာ .. သူ့လိုလူမျိုးက ငါ့အနီရောင်ဘုရင်သွေးမျိုးဆက်ထဲ ဝင်ချင်သေးတာလား .. သူ အရည်အချင်း မပြည့်မှီဘူး..” ချီမုန့်ဟုန် အေးစက်စွာ ပြောလိုက်သည်။
အားလုံး ဤနေရာသို့ ကြည့်လာကြသည်။ ဧကရာဇ်ကလန်တစ်ခု ဟွမ်အား တကယ်တိုက်ခိုက်တော့မည်ဟု သူတို့ခံစားလိုက်ရသည်။
ချီမုန့်ဟုန် တိုက်ခိုက်လိမ့်မည်။ သို့သော် မသေမျိုးသက်ရှိအမိန့်စာကို ကျော်လွန်ကာ ဟွမ်ကို သတ်မည်မဟုတ်။ သို့သော်လည်း အကြမ်းတမ်းဆုံးတိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်လာမည်ပင်။
အနက်ရောင်ဘုရင်သွေးမျိုးဆက်မှာ အကြင်နာတရားကင်းမဲ့ကာ သူတို့တိုက်ခိုက်လျှင် အညှာအတာမရှိ။ သူတို့၏အရိုးထဲ၌ပင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ စွဲထင်နေလောက်သည်။
“ဧကရာဇ်ကလန် .. မင်းက ချီမုန့်ဟုန်လို့ခေါ်တာ နှမြောစရာပဲ .. နောက်ကျရင် မင်းအသက်မသေအောင် ကြိုးစား..” ရှီဟောင် ပြောလိုက်၏။ တစ်ဖက်လူမှ သူ့အားအလွန်ုမုန်းတီးနေသောကြောင့် သူလည်း နောက်ဆုတ်စရာအကြောင်းမရှိ။
အပိုင်း ၁၇၈၅ ပြီး၏။