Switch Mode

Chapter – 1756 & 1770

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၆ – နှေးကွေးစွာ ပြုပြင်ခြင်း

ရေနက်အကျဉ်းထောင်မှာ အလွန်သီးသန့်ဆန်ကာ မှုန်မှိုင်းပြီး အေးစက်နေသည်။ အကျဉ်းထောင်အတွင်းပိုင်း၌ အသံတစ်သံမှမရှိ။

ရှီဟောင် ပြောင်းလဲနေဆဲပင်။ သူ၏ခန္ဓာကိုယ်သည် ညစ်ပတ်သည့်သွေးများအဖြစ်သို့ အရည်ပျော်ကျသွားပြီး သူ၏အရိုးများပင် ဆွေးနေလေပြီ။ ဤသည်မှာ တကယ်ကို ငရဲကျနေသကဲ့သို့ပင်။

ဤဖြစ်စဉ်မှာ ရှည်ကြာလှသည်ပင်။

အထူးသဖြင့် ရေနက်၏ တိုက်စားမှုအောက် ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ချင်သည်ဆိုပါက များပြားလှသည့် နတ်ခွန်အားများ လိုအပ်မည်ပင်။

ရှီဟောင် ဤအတိုင်းသာ အချိန်အကြာကြီးဆက်လုပ်နေလျှင် သူ၏နတ်ခွန်အားများ အနှေးနှင့်အမြန် ကုန်သွားလိမ့်မည်။

အလင်းလုံးတစ်လုံး တောက်ပလာကာ တစ်ရက်နှင့်တစ်ည ကြာခဲ့သည့် ပြောင်းလဲမှုဖြစ်စဉ်မှာ ယာယီရပ်တန့်သွားလေပြီ။ ရှီဟောင် မျက်လုံးဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်အခြေအနေကို အာရုံခံလိုက်သည်။

သံသယဖြစ်စရာမလိုအောင်ပင် သူ၏ခန္ဓာကိုယ်ပို၍မာကျောလာသည်ပင်။ သို့သော်လည်း ဤသည်မှာ ပြန်လည်မွေးဖွားခြင်းဟု သတ်မှတ်၍မရသေး။ သူ အကောင်းဘက်သို့ တစ်ဖြည်းဖြည်းဦးတည်နေခြင်းသာ။

ဤသည်မှာ အချိန်လိုအပ်သည့် ကိစ္စပင်။ သူ ဤလောကသို့ ရောက်လာသည်မှာ တစ်နေ့နှင့်တစ်ညသာရှိသေးသည်။ ဤမျှအချိန်လေးဖြင့် လုံးဝပြောင်းလဲသွားအောင်လုပ်ရန် မဖြစ်နိုင်။

တစ်ဖက်လောကမှ လာသည်ဆိုလျှင်ပင် ချက်ချင်း စာကလေးဘဝမှ ဖီးနှစ်ဘဝသို့ မပြောင်းနိုင်။

အလောတကြီးဖြင့် ကိုယ့်ကိုကိုယ် ပြုပြင်လိုက်မည်ဆိုလျှင် ပြဿနာများပင် တွေ့နိုင်သည်အထိပင်။

ဤကဲ့သို့သော လေ့ကျင့်မှုမှာ ခန္ဓာကိုယ် ပြိုလဲသွားပြီး ဝိညာဉ်ကို ပျက်ပြားသွားနိုင်ချေရှိသည်။

အသက်ရှင်နေသည့် သက်ရှိတစ်ဦးကို ပြုပြင်ခြင်းမပြောနှင့် ကြွေထည်ပစ္စည်းများ ပြုလုပ်လျှင်ပင် အကျိုးအပဲ့များ ထွက်လာနိုင်ချေ ရှိသေးသည်ပင်။

ဤသို့ပြုလုပ်နေစဉ်အတွင်း ရှီဟောင်လည်း အန္တရာယ်အချို့ ကြုံတွေ့ခဲ့ရသည်ပင်။ သို့သော် ပြဿနာများမှာ သိပ်မကြီး။ သူကျော်ဖြတ်နိုင်ခဲ့သည်။

ယခု သူကြုံနေရသည့် အကြီးမားဆုံးအခက်အခဲမှာ ထိုအနက်ရောင်အရည်များ ကြောက်စရာကောင်းလွန်းနေခြင်းပင်။ သူ ဤအရည်ကိုအသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို ပြုပြင်နေခြင်းဖြစ်သော်လည်း သူ ဤအရည်၏ ကြောက်စရာကောင်းသည့်သဘာဝကို မချေဖျက်နိုင်ပေ။

အနားယူသည့်အချိန်တစ်ခဏအတွင်း သူ ဤအရည်ကို ခုခံနိုင်အောင် ဘယ်လိုလုပ်ရမည်ကို စဉ်းစားကြည့်လိုက်သည်။ ဒါက ဘယ်လိုအရည်မျိုးလဲ..

သူ၏ခန္ဓာကိုယ်ကို ဤအရည်အား လျစ်လျူရှုနိုင်သည်အထိ သန်မာအောင်လုပ်နိုင်ပါက သူ အဆင့်တက်ပြီဟု ပြော၍ရနိုင်သည်။

“ဖြေးဖြေးချင်း သန်မာလာအောင်လုပ်မယ် .. ခန္ဓာကိုယ်အစစ်ကို ပြုပြင်မယ် .. နောက်ဆုံးအဆင့်ကျရင် ငါ့ခန္ဓာကိုယ်က ဒီအနက်ရောင်အရည်ကို ကြောက်စရာမလိုတော့တဲ့အထိ စွမ်းအားကြီးလာနိုင်တယ်..”

ခဏနားပြီးနောက် ရှီဟောင် သူ၏ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။ အနက်ရောင်အရည်များကို သူ၏ခန္ဓာကိုယ်အား တိုက်စားခွင့်ပေးလိုက်သည်။

သေချာပါသည်။ သူ၏အသွေးအသား တိုက်စားခံရပြီး အရိုးများလည်း ပုတ်ဆွေးလာသည်။ ဤဖြစ်စဉ်မှာ အလွန်ဆိုးရွားလှသကဲ့သို့ အလွန်လည်း ကြောက်စရာကောင်းလှသည်။

ဝုန်း..

အချိန်အတော်ကြာပြီးနောက် ရှီဟောင်တစ်ကိုယ်လုံးမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။ သူ နတ်ခွန်အားများကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ကာ သူ၏ပုတ်ဆွေးနေသည့် ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်လိုက်ငည်။

ဤကဲ့သို့ပင် ရှီဟောင် ထပ်ခါတလဲလဲ စမ်းသပ်နေလိုက်သည်။ နောက်ဆုံးတွင်တော့ သူ ဤကဲ့သို့ လုပ်ခဲ့သည်မှာ ရှစ်ရက်ကြာသွားလေပြီ။

ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး အရောင်မှိန်နေပြီဖြစ်ပြီး နတ်ခွန်အားများလည်း ကုန်သလောက်နီးပါးဖြစ်နေလေပြီ။ မည်သည့်နတ်ခွန်အားမှ သူ့ကိုမကာကွယ်နိုင်တော့သဖြင့် သူ၏ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်းကို ပြုလုပ်ရန် ခက်ခဲလာသည်။

ဤအတောအတွင်း ရေနက်အကျဉ်းထောင်စောင့်များ ဤနေရာသို့ အကြိမ်များစွာ ရောက်လာသည်။ သူတို့အမူအရာများမှာ ထိုမျှမကောင်းတော့။ အလွန်ထိတ်လန့်နေကြလေပြီ။ ဤသည်မှာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးသာဖြစ်သော်လည်း သူတောင့်ခံနိုင်သည်မှာ ကြာလွန်းလှသည်။

သူတို့အမြင်တွင် ဤအဆင့်ကျင့်ကြံသူများမှာ မည်မျှပင် ထူးချွန်နေပါစေ သူတို့ တစ်နေ့နှင့်တစ်ည နေနိုင်လျှင်ပင် အတော်လေး ကောင်းမွန်ပြီး ရှားပါးလှသည့်ကိစ္စပင်။

သူ ဤမျှကြာရှည်စွာ တောင့်ခံနိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။

“ဟေ့ကောင် .. မင်းက တကယ် တစ်ခုခုပဲ..”

ထိုလူများ နောက်တစ်ကြိမ် ရောက်လာကြသည်။ သူ၏ပုံစံကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့၏အမူအရာ နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် သူတို့ဘေးဘက်အခန်းတွင်ရှိနေသည့် ‘အလောင်း’ကို ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် ထိုအလောင်းသည် မည်သည့်လှုပ်ရှားမှုမှ မရှိသေးသလို ဟွမ်ကို ပညာများ လက်ဆင့်ကမ်းခြင်းလည်း မရှိသေး။

အပြင်ဘက်မှ ဆူညံသံများကို ကြားနေရသော်လည်း ရှီဟောင် သူတို့ကို အာရုံမစိုက်။ သူ၏ကျင့်ကြံခြင်းတွင်သာ စိတ်နှစ်ထားလိုက်သည်။

ဤလူများမှာ သူ့ကို သိပ်ပြီး မနှောက်ယှက်။ သူ မည်မျှကြာကြာတောင့်ခံနိုင်မည်ကို သိချင်နေကြသောကြောင့် သူ့အား ကြည့်သာ ကြည့်နေကြလေ၏။

“ကိုယ်တိုင်ခစားခြင်းနယ်ပယ်က ကျင့်ကြံသူတွေ သူတို့ရဲ့ခန္ဓာကိုယ်အစစ်ကို ဒီလိုမျိုး ပြုပြင်ဖို့ကြိုးစားရင် တစ်ရက်နဲ့တစ်ည ခံနိုင်ရင်တောင် အတော်လေး အထင်ကြီးဖို့ကောင်းနေပြီ .. ဒီဟွမ်က .. ဘယ်အဆင့်မျိုးကိုတောင် ရောက်သွားပြီလဲ..”

ဤလူများသည် ဟွမ်အား အလွန်ရန်လိုနေကြသော်လည်း အလွန်ထိတ်လန့်နေဆဲပင်။ နောက်ဆုံးတော့ သူ၏ကန့်သတ်ချက်ကို သူတို့သိချင်လာကြသည်။

ကိုးရက်မြောက်နေ့တွင် ရှီဟောင် ပြိုလဲလုနီးပါးပင်။ သူ၏နောက်ဆုံးလက်ကျန် နတ်ခွန်အား ကုန်ခမ်းသွားပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဖြင့် ပြန်လည်တည်ဆောက်နေရသည်။

ဆယ်ရက်မြောက်နေ့တွင် ရှီဟောင် အကြိမ်များစွာ သတိလစ်လာသည်။ သူ၏မှော်ခွန်အား လုံးဝကုန်ခမ်းသွားပြီဖြစ်သည်။ ဤနေရာ၌ မှော်ခွန်အားများကို ပြန်လည်နိုင်စရာအကြောင်းမရှိ။ ဤကောင်းကင်အကျဉ်းထောင်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

သို့သော် သူ၏ခန္ဓာကိုယ် ပို၍သန်မာလာသည်ကို ရှီဟောင် တွေ့လိုက်ရသည်။ သူ ရေနက်ကို ခုခံနိုင်သည့်အချိန် ပိုကြာလာသည်။

“ဒီကောင် .. သူ လူငယ်တစ်ယောက်ရော ဟုတ်ရဲ့လား .. သူက ဘယ်လိုလုပ် ဒါကို လုပ်နိုင်တာလဲ..” ယခုအချိန်တွင်တော့ အကျဉ်းထောင်ကို စောင့်ကြည့်နေသည့်သူအားလုံး အာရုံစိုက်လာကြသည်။ ဟွမ် တစ်ခုခုဖြစ်သွားမည်ကိုလည်း သူတို့စိုးရိမ်နေကြသည်။ ထိုသို့သာဖြစ်သွားပါက သူတို့အထက်လူကြီးများကို ရှင်းပြနိုင်မည်မဟုတ်။

ဆယ်ရက်ကျော်လွန်ပြီးနောက် ရှီဟောင် လုံးဝမောပန်းနေလေပြီ။ သို့သော် သူ၏အသွေးအသားမှာ တကယ်ကို အားကောင်းလှသည်ပင်။

သို့သော်လည်း သူ၏ဒဏ်ရာရနေသည့် ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ပြန်လည်ပြုပြင်ပြီးနောက် သူ့ထံတွင် မည်သည့်မှော်ခွန်အားမှ မကျန်တော့။ သူ ဤအတိုင်း သေသွားတော့မည်။

“မဖြစ်ဘူးး .. ဒီကောင် ဒီမှာ သေလို့မဖြစ်ဘူး .. သူ့ကို ဆွဲထုတ်လိုက်..” သက်ရှိတစ်ဦး လှုပ်ရှားလာကာ အကျဉ်းထောင်တံခါးဖွင့်ကာ သူ့အား ထိုအန္တရာယ်များသည့်နေရာမှ ဆွဲထုတ်လာသည်။

သူ နိုးလာသည့်အချိန်တွင် သူ ကောင်းကင်အကျဉ်းထောင်ထဲမှ ထွက်လာပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးစွမ်းအင်များကို သူ့အလိုလို စုတ်ယူနေကာ ပို၍ ခွန်အားကြီးလာကြောင်း တွေ့လိုက်ရသည်။

သို့သော်လည်း သူ့ခြေလက်များမှာ နောက်တစ်ကြိမ် ခတ်ခံလိုက်ရသည်။ သို့သော် ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦး ပြုလုပ်ထားခြင်းမဟုတ်သောကြောင့် သူ၏နတ်ခွန်အားကို အသက်သွင်းနိုင်သေးသည်။

ဝုန်း..

ရှီဟောင် တွေဝေမနေပဲ အပြင်ဘက်လောက၌ ဆက်လက်ကျင့်ကြံလိုက်သည်။

သူတို့ ရေနက်အကျဉ်းထောင်ထဲ၌ မဟုတ်တော့။ မြို့ကြီးတစ်မြို့အောက်၌ ရှိနေသည်ပင်။

“ဟွမ် .. မင်းက တည်ငြိမ်အေးဆေးနေနိုင်သေးတာပဲ .. မင်းက အကျဉ်းသားဖြစ်သွားတာတောင်မှ ပြင်းပြင်းထန်ထန် ကျင့်ကြံနေသေးတယ်.. မင်းရဲ့ ရည်မှန်းချက်တွေက အရမ်းကြီးမားနေတယ်လို့ ပြောရမလား .. ဒါမှမဟုတ် မင်းက သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်မသိဘူးလို့ပဲ ပြောရမလား..” သူတို့ထဲမှ တစ်ယောက် မနေနိုင်ပဲ ပြောလိုက်သည်။

“အကျဉ်းသားတစ်ယောက်ဖြစ်နေတာတောင်မှ မင်းက အောင်မြင်မှုရဦးမယ်လို့ အိပ်မက်မက်နေသေးတာလား..” အခြားတစ်ယောက် အေးစက်စွာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ဤသည်ကို ဆက်မကြည့်နိုင်တော့။ ရှီဟောင်မှာ အလွန်တိတ်ဆိတ်လွန်းလှသည်။ ဤနေရာသို့ ရောက်ကတည်းက သူ စကားတစ်ခွန်းမှမပြော။ အကျဉ်းသားမဟုတ်သည့်အတိုင်း ခါးခါးသီးသီးသာ ကျင့်ကြံနေသည်။

သူတို့ ရှီဟောင်အား အလွန်မုန်းတီးနေကြသည်ပင်။ သူ မည်မျှတောင့်ခံနိုင်မည်ကို သိချင်နေသည့်အပြင် သူ့ကိုသုံးပြီး ထိုမကောင်းဆိုးဝါးကို စမ်းသပ်ချင်နေသောကြောင့်သာမဟုတ်ပါက သူတို့ သူ့အား အစောကြီးကတည်းက နှိပ်စက်ပြီးပြီဖြစ်သည်။

ယခု သူတို့ အနည်းငယ် စိတ်မရှည်လာတော့။ သူတို့၏အကြံအစည်များကို စတင်လိုက်သလို အဆင့်လွန်သက်ရှိများကိုလည်း သတင်းတင်ပို့လိုက်သည်။

“အခုတလော ဟွမ်အကြောင်းမေးလာတဲ့သူတွေ တစ်ဖြည်းဖြည်းပိုများလာပြီ .. ငါတို့ ရင်ဆိုင်နေရတဲ့ဖိအားက အရမ်းများလာပြီ .. ကလန်တွေ သူတို့ဒေါသဖြေလို့ရအောင် ငါတို့တွေ သူ့ကို အပြင်ထုတ်လို့ ရလောက်တယ် .. သူမသေအောင် ငါတို့ နည်းနည်းလောက် သတိထားလိုက်ရင် ဘာပြဿနာမှ မရှိလောက်ဘူး..”

နောက်ဆုံးတွင် သူတို့ ရှီဟောင်ကို မြို့ဂိတ်တံခါးများထံသို့ ခေါ်သွားကာ သူ့အား ထိုနေရာ၌ ဆွဲထားလိုက်လေသည်။

ဤသတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားကာ အုတ်အော်သောင်းတင်းဖြစ်သွားသည်။

“ဟွမ်ကို ဖမ်းထားတယ် .. သူ့ကို မြို့ဂိတ်တံခါးမှာ ဆွဲချိတ်ထားတယ်..”

“ဒီရမ်းကားတဲ့လူသတ်ကောင် .. သူ့မှာ လက်သုံးထောင် တကယ်ရှိနေတာလားဆိုတာ ကြည့်ရအောင် .. သူက တကယ်ပဲ အဲဒီလောက်တောင် တောက်ပနေတာလား .. သူက ဘာများထူးခြားနေလို့လဲ..”

မြို့ဂိတ်တံခါးရှေ့ နေရာတိုင်း၌ ကျင့်ကြံသူများ ရှိနေကြသည်။ သူတို့သည် ဟွမ်ကို စိုက်ကြည့်ကြကာ သူတို့၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖုံးကွယ်ထားခြင်းပင်မရှိ။

“ဟွမ် .. မင်းသွားသေလိုက်တော့..” နောက်ဆုံးတော့ တစ်စုံတစ်ယောက်မှ မနေနိုင်တော့ပဲ စတင်တိုက်ခိုက်လာသည်။

သေချာပါသည်။ ဟွမ်ပေါ်လာသည်နှင့် အချို့ဘုရင်ကလန်များမှာ ဒေါသဆွခံလိုက်ရသည်ပင်။ အချို့လူများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ သူ့အား ချက်ချင်း တိုက်ခိုက်လာကြသည်။

ဝုန်း..

ကံကောင်းစွာဖြင့် ဤနေရာကို စောင့်ကြပ်နေသည့် ကျွမ်းကျင်သူများ ရှိနေသည်ပင်။ သူတို့ ဤနေရာကို တင်းကြပ်စွာ စောင့်ကြည့်နေပြီး သူတို့၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ပို၍အရေးကြီးသည်မှာ မြို့ဂိတ်တံခါးတွင် ရှီဟောင်အသတ်ခံရစေရန် ကာကွယ်ထားသည့် အစီအရင်များ ရှိနေသည်ပင်။

“ဟွမ် … ရှင် ရက်စက်တဲ့သူ .. ရှင် ကျွန်မကလန်သားတွေကို သတ်ခဲ့ပြီးတော့ ကျွန်မရဲ့ သိုင်းပညာဘိုးဘေးကိုတောင် ထိခိုက်ခဲ့တယ် .. ဒါပေမဲ့ နောက်ဆုံးတော့ ရှင်ဒီလိုမျိုး ကျွန်မတို့ဘက်ကို ရောက်လာတဲ့နေ့မျိုး ရှိလာသေးတာပဲ .. အခု ရှင် ကျွန်မတို့ဘက်ကို ရောက်လာပြီဆိုတော့ ရှင် အသက်ဆက်ရှင်နိုင်ဖို့ကို မေ့ထားလိုက်တော့..” မိန်းမပျိုလေးတစ်ဦးပင် အော်ငိုလာသည်။

ဖုန်း..

သူ့ကို ညစ်ညမ်းသည့် စကားလုံးများဖြင့် ပြောလာကြလေသည်။

ရှီဟောင်၏မျက်နှာကို ငှက်ဥများဖြင့် ပစ်သည့်သူများပင် ရှိလာသည်။

ယခုတစ်ခေါက် ရှီဟောင် အသတ်မခံရအောင် စောင့်ကြည့်နေသည့်သူများသည် အနည်းငယ် ဖြေလျော့ပေးလိုက်ကာ သူတို့ကြိုက်သလို လုပ်ခွင့်ပေးလိုက်သည်။ အချို့ဥများမှာ ရှီဟောင်၏ခန္ဓာကိုယ်ကို ထိမှန်လာလေသည်။

ဤအတောအတွင်း ရှီဟောင်၏ အမူအရာမှာ အလွန်အေးစက်နေသည်။ သူ၏အကြည့်များမှာ လေးနက်နေသည့်အပြင် ရွံရှာမှုအနည်းငယ်ပင် ရှိနေသလိုပင်။

“မင်းတို့အားလုံးမြင်လား .. ဒီအကျဉ်းသားက ငါတို့ကို အထင်သေးနေသေးတယ် .. သူက သုံ့ပန်းဖြစ်နေတာတောင်မှ သူ့ကိုယ်သူ မပြိုလဲနိုင်တဲ့သူလို့ ယုံကြည်နေတုန်းပဲ..” သူ၏အမူအရာကို မြင်သည်နှင့် သူတို့ထဲမှတစ်ဦး အော်ဟစ်လိုက်သည်။

“အရှင်တို့ သူ့ကို မကာကွယ်ပေးပါနဲ့တော့ .. အခု လူထုကြီးက ဒေါသထွက်နေပြီ .. ကျွန်တော်တို့ သူ့ကို ချက်ချင်းမသတ်နိုင်ရင်တောင်မှ ကျွန်တော်တို့ အတိုးနည်းနည်းလောက် ယူလို့ရတယ်..” တစ်စုံတစ်ယောက်မှ အကြံပေးလိုက်သည်။

“သွေးကြောင်တဲ့ကောင်တွေ .. အခုအချိန်ကလွဲရင် မင်းတို့က ဘယ်တုန်းကများ ငါ့ရှေ့မှာ ဒီလိုမျိုးဆူဆူညံညံ အော်ဟစ်နေရဲလို့လဲ .. စစ်မြေပြင်မှာ မင်းတို့အားလုံး ဘယ်ရောက်နေတာလဲ .. မင်းတို့ကိုယ်မင်းတို့ ဘာထင်နေတာလဲ .. အားလုံးက ခုတ်ခံထားရတဲ့ ဟင်းသီးဟင်းရွက်တွေပဲ..”

ဤသည်မှာ ရှီဟောင် ဤလောကသို့ ရောက်လာပြီးနောက် ပထမဆုံး ပြောလိုက်သည့်စကားပင်။

သူ အားလုံးကို အရင်ဆုံး ရန်ဆွလိုက်သည်။

“ဟွမ် .. မင်း ကယောင်ကတမ်းတွေ ပြောမနေနဲ့ .. ငါတို့ဘက်က မင်းရဲ့ပါရမီတွေကို တန်ဖိုးထားပြီးတော့ အန်းလန်နဲ့ရှုထော်ဘိုးဘေးရဲ့မျိုးဆက်တွေ ပေါ်မလာသေးတာကြောင့်သာမဟုတ်ရင် မင်းဒီလိုမျိုးလုပ်နိုင်မယ် ထင်နေတာလား…” တစ်စုံတစ်ယောက် ဆူပူလိုက်သည်။

“မင်းတို့အားလုံး လက်မခံနိုင်ရင်လဲ သူတို့ကို ဖိတ်ခေါ်လိုက်မယ် .. ငါ့ကို အခွင့်အရေးပေးရင် လာသမျှလူအားလုံးကို သတ်ပစ်မှာ .. နှစ်ယောက်လာရင် နှစ်ယောက်လုံး သတ်ပစ်မယ် .. မင်းတို့အားလုံး အတူတူလာလည်း မင်းတို့အားလုံးကို ရှင်းပစ်မယ်..”

ဤသည်မှာ ပျားအုံကို တုတ်ဖြင့်ထိုးလိုက်ခြင်းပင်။

ဤနေရာသို့ ရောက်လာသည့်သူအားလုံးမှာ ရှီဟောင်နှင့် ရန်ငြိုးရန်စရှိနေသည့်သူများပင်။ သူတို့ကလန်သားများကို ဟွမ် သတ်လိုက်ခြင်းဖြစ်သောကြောင့် ယခု သူတို့ဤစကားလုံးများကို ကြားလိုက်ရသည့်အချိန်တွင် သူတို့ဒေါသထွက်လာကြသည်ပင်။

“အရှင်တို့ .. ကျွန်တော်တို့ကိုကူညီပေးပါ .. ကျွန်တော်တို့ကို သူ့ကို သတ်ခွင့်ပေးပါ..”

“ညစ်ပတ်တဲ့ကောင်တွေ..” ရှီဟောင် ရန်စလိုက်၏။

အပိုင်း ၁၇၅၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၇ – တစ်ဖက်လောကကို ရန်စခြင်း

ဝုန်း..

အချို့လူငယ်များ ဒေါသထွက်လာကြသည်။ သူတို့သည် ဘိုးဘေးပညာများကို အသက်သွင်းလာကာ သူတို့၏လက်ဝါးများမှာ ခြင်းတောင်းကြီးကဲ့သို့ ကြီးမားလာသည်။ သူတို့သည် ရှီဟောင်၏ ခန္ဓာကိုယ်ကို ရိုက်နှက်ချင်လာကြသည်။

“နောက်ဆုတ်..”

ရှီဟောင်ကို စောင့်ကြပ်နေသည့်သက်ရှိများမှာ အလောင်းအစားမလုပ်ရဲ။ သူတို့ ဤလူများကို ရှီဟောင်အနားသို့ ကပ်ခွင့်မပေးနိုင်။ သူတို့ ရှီဟောင်ကို သာမန်အတိုင်း လှောင်ပြောင်လျှင် သူတို့ပျော်ရွှင်သော်လည်း လူအချို့ သူ့အား သတ်ပစ်လိုက်မည်ကိုတော့ သူတို့ကြောက်သည်။

“စီနီယာတို့ .. စီနီယာတို့က ဘာလို့ သူ့ကို ကာကွယ်နေတာလဲ.. ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ သူ့ကို စုတ်ပြတ်နေအောင် ရိုက်သင့်တယ်..” လူငယ်တစ်ဦး အော်ဟစ်လိုက်သည်။

“ဒီလိုမျိုးလား..” ရှီဟောင်ကို စောင့်ကြည့်နေသည့်သူတစ်ဦးမှ ပြောလိုက်သည်။ ထို့အပြင် သူသည် အလွန်စွမ်းအားကြီးသည့် မှော်ပစ္စည်းတစ်ခုကို ထုတ်ကာ ရှီဟောင်၏ရင်ဘတ်ကို ရိုက်ချလိုက်သည်။

ရှီဟောင် သွေးအန်သွားရ၏။

အဘယ်ကြောင့်ဆိုသော် ထိုလက်နက်မှာ မသေးလှ။ အခြား ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူများသာဆိုလျှင် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ချုပ်ငြိမ်းသွားလောက်လေပြီ။

“အခု အားလုံးကို အခွင့်အရေးတစ်ခုစီပေးမယ် .. မင်းတို့အားလုံး လာခဲ့ကြ .. ငါ့ရဲ့ညွှန်ကြားမှုအောက်မှာ မင်းတို့တွေ ဟွမ်ကို တစ်ချက်စီ ရိုက်လို့ရတယ်..” ကြီးကြပ်သူတစ်ဦးမှ ပြောလိုက်သည်။

ရှီဟောင်၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေပြီ။ သူသည် အားလုံးကိုကြည့်ကာ မကျေမနပ်ပြောလိုက်သည်။ “ကျားကြီး အထိနာသွားတော့ ခွေးတွေတောင် သူ့ကို အနိုင်ကျင့်ကြတယ်..”

“မင်း ဘာပြောလိုက်တာ..” အချို့လူများ ချက်ချင်းအော်ဟစ်လာကြသည်။

ဤလောကရှိ ကလန်အားလုံးမှာ စစ်ပွဲကြိုက်နှစ်သက်သည့်သူများဖြစ်ကြပြီး သူတို့အလေးအထားဆုံးမှာ တိုက်ပွဲအစစ်မှ ရလာသည့်အောင်မြင်မှုများပင်။ အခြားသူများ သူတို့အား အထင်သေးသည်ကို သူအမုန်းဆုံးပင်။

အထူးသဖြင့် ဟွမ်ပင်။ လူအချို့အမြင်တွင် သူသည် ရန်သူကြီးပင်။ ထို့အပြင် သူသည် အင်ပါယာဂိတ်မှ လူဖြစ်သောကြောင့် သူတို့အား ဤကဲ့သို့ အထင်သေးသည်မှာ သူတို့ကို အလွန်မကျေမနပ်ဖြစ်စေသည်။

“မင်းတို့အားလုံးက ငါနဲ့တကယ် မျက်နှာချင်းမဆိုင်ရဲဘူးလို့ ပြောနေတာ .. ငါ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားတော့မှ မင်းတို့က မောက်မောက်မာမာတွေ လုပ်ရဲတာ .. မဟုတ်ရင် မင်းတို့ထဲက ဘယ်သူကများ ငါ့ကို မျက်နှာချင်းဆိုင်ရဲမှာလဲ..” ရှီဟောင် မနှေးလွန်းမမြန်လွန်းပဲ ပြောလိုက်သည်။

ဤသည်မှာ ဗုံးဖောက်ခွဲလိုက်သကဲ့သို့ လူအုပ်ကြီးကို ဒေါသထွက်သွားစေသည်။ အချို့လူငယ်များသည် အော်ဟစ်လာကြပြီး သူတို့ ရှီဟောင်နှင့် ပြတ်ပြတ်သားသားတိုက်ခိုက်လိုကြောင်း ပြောလာကြသည်။

“သူသေကိုယ်သေတိုက်မယ်ဟုတ်လား .. အိပ်မက်မက်နေလိုက် .. မင်းတို့အသက်တွေပဲ အလကားဖြစ်သွားမယ် .. လူအိုကြီးတွေက ငါ့ကို ကာကွယ်ထားတာ .. မင်းတို့ကို တိုက်ခိုက်ခိုင်းမှာမဟုတ်ဘူး..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

“မင်းပါးစပ်ပိတ်ထားလိုက်..” အကြီးအကဲတစ်ဦး အော်ဟစ်လိုက်သည်။

ဟွမ် ဤမျှမျက်နှာပြောင်တိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့။ သူသည် ဤနေရာရှိ ကလန်အားလုံးမှ ကျင့်ကြံသူများကို ရန်စကာ လူများကို ကို့ယိုးကားယားအခြေအနေဖြစ်အောင် လုပ်နေသည်။

ပြောရမည်ဆိုလျှင် သူပြောသည်မှာလည်း အမှန်ပင်။ အဆင့်လွန်သက်ရှိများသာ ထွက်မလာလျှင် သူ့ကို မျက်နှာချင်းဆိုင်ရဲသည့်သူ သိပ်မရှိ။

“ဘာလဲ .. ကြောက်သွားတာလား … မင်းတို့တွေက စစ်ပွဲကြိုက်တဲ့ကလန်တွေ မဟုတ်ဘူးလား..” ရှီဟောင် တည်ငြိမ်စွာ မေးလိုက်သည်။

ထို့နောက် သူသည် အသံမြှင့်လိုက်ကာ “မင်းတို့အားလုံး ဒီရလဒ်ကို လက်မခံနိုင်ဘူးဆိုတာ ငါသိတယ် .. မင်းတို့တွေက ငါနဲ့အဆင့်တူတဲ့သူကို လိုက်ရှာပြီးတော့ ငါ့ကို အနိုင်ယူချင်နေတာမလား .. ဒါပေမဲ့ မင်းတို့အားလုံးဒါကို လုပ်နိုင်လို့လား..”

“မင်းက အရမ်းကို စိတ်ကြီးဝင်လွန်းနေတယ်..” ဤသည်မှာ ဤနေရာ၌ရှိနေသည့် သက်ရှိများကို ဒေါသထွက်အောင် လုပ်လိုက်ခြင်းပင်။ သူတို့သည် မြို့ဂိတ်တံခါး၌ တွဲလောင်းချိတ်ဆွဲခံထားရသည့် ရှီဟောင်ကို စိုက်ကြည့်လိုက်သည်။

“ငါ မင်းနဲ့ သေတဲ့အထိ တိုက်ချင်တယ်..” သွေးဆူလွယ်သည့် လူငယ်တစ်ဦးသည် ဖြစ်လာမည့်အကျိုးဆက်များကို လျစ်လျူရှုကာ အော်ဟစ်လိုက်လေ၏။

ဤနေရာမှာ အနည်းငယ် ဖရိုဖရဲဖြစ်လာပြီး ကြီးကြပ်သူများကို ခေါင်းကိုက်သွားစေသည်။ သူတို့သည် အစက ဟွမ်ကို ဖမ်းဆီးရမီပြီဖြစ်ကြောင်း ကလန်အားလုံးကို ပြသကာ သူတို့ဒေါသများ ဖွင့်ဖောက်နိုင်ရန် စီစဉ်ထားခြင်းပင်။ သို့သော်လည်း တကယ်ဒေါသထွက်သည့်သူမှာ သူတို့ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့။

အဘယ်ကြောင့်ဆိုသော် ဟွမ်သည် အားလုံးထက် လွှမ်းမိုးနိုင်စွမ်း ကြီးမားကာ သူသေသည်ရှင်သည်ကိုပင် ဂရုမစိုက်တော့။

ရှီဟောင် အေးစက်စွာ ရယ်မောလိုက်ကာ “ငါ နည်းနည်းလောက် ပြောဦးမယ် .. ဘုရင်ကလန်လို့ခေါ်တဲ့သူတွေ .. သူတို့တွေ ငါ့နဲ့ တကယ်တိုက်ချင်တယ်ဆိုရင် သူတို့အားလုံး တစ်ခါတည်းလာတိုက်ဖို့ ငါအကြံပေးချင်တယ် .. ဧကရာဇ်ကလန်လို့ခေါ်တဲ့သူတွေနဲ့လည်း တစ်ယောက်တည်း မတိုက်ချင်ဘူး .. မင်း သူတို့အားလုံးကို ဖိတ်လိုက်လို့ရတယ် .. ငါ သူတို့အားလုံးကို တစ်ခါတည်း တိုက်ပေးမယ်..”

သူ၏အသံမှာ အလွန်တည်ငြိမ်နေသော်လည်း ပွက်လောရိုက်အောင် ဆူညံသွားသည်ပင်။

ဒုန်း…

ရှီဟောင်ကို စောင့်ကြည့်ရန် တာဝန်ကျသည့် ကျင့်ကြံသူများသည် စွမ်းအားကြီးသည့် မှော်ပစ္စည်းတစ်ခုကို အသက်သွင်းကာ သူ့ခန္ဓာကိုယ်ကို ရိုက်လိုက်လေ၏။ ရှီဟောင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေပြီ.

အဘယ်ကြောင့်ဆိုသော် သူတို့ ရှီဟောင်ကို စကားထပ်မပြောစေချင်တော့။ သူ လူထုကို ဆွနေသည်အား ရပ်တန့်စေချင်သောကြောင့်ပင်။

“ဒါက ငါပြောတာကို သက်သေပြလိုက်တာလား..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများသာ ဤလက်နက်ကြီးဖြင့် ရိုက်ခံလိုက်ရပါက သူတို့ ခန္ဓာကိုယ် ပျက်စီးသွားကြမည်ပင်။ သို့သော်လည်း သူ့အတွက်တော့ သွေးအန်ရုံသာ။

“သူ့ကို ရေနက်အကျဉ်းထောင်ထဲ ထည့်ထားလိုက် .. သူ့ကို ပေးမထွက်နဲ့..” ကြီးကြပ်သူများထဲမှ အလွန်ရာထူးကြီးသည့် အကြီးအကဲတစ်ဦး အော်ဟစ်လိုက်သည်။

ဤနေရာ၌ ရှိနေသည့် သက်ရှိအားလုံးသည် ဟွမ်ကို လက်လွှဲပေးရန်နှင့် သူ့ကို အကျဉ်းထောင်ထဲ၌ ပိတ်ထား၍ မရကြောင်း ပြောလာကြသည်။

ဤအဖြစ်အပျက်မှာ အုတ်အော်သောင်းတင်းဖြစ်သွားသည်ပင်။ ဟွမ်၏ စကားလုံးများမှာ ဘယ်လိုလုပ် မပျံ့ပဲနေမည်နည်း.. ဤသည်မှာ အချိန်တိုအတွင်းဖြင့် လူထုဒေါသကို နှိုးဆွလိုက်နိုင်သည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤမြို့ကြီးတစ်ခုတည်းမဟုတ်။ အခြား နေရာများထိလည်း စကားများ ပျံ့သွားကာ လူများစွာကို ဒေါသထွက်စေသည်ပင်။

ကလန်ပေါင်းစုံမှ အကြီးအကဲများ တားဆီးကြသော်လည်း လူငယ်များစွာသည် ရေနက်အကျဉ်းထောင်ရှိနေသည့် မြို့ကြီးထံသို့ အလျင်စလို ရောက်လာကြဆဲပင်။

“မင်းတို့အားလုံး ကြားပြီးပြီလား .. ဟွမ်က အကျဉ်းသားဖြစ်သွားတာတောင်မှ သူက ရူးရူးနှမ်းနှမ်းတွေ ပြောနေရဲသေးတယ် .. သူက ငါတို့ဘက်ကလူတွေအကုန်လုံးကို စိန်ခေါ်နေတယ် .. သောက်ခွေး .. ငါသည်းမခံနိုင်တော့ဘူး .. မျိုးဆက်တူထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ ဘယ်သူရှိလဲ .. သူ့ကို အနိုင်ယူပြလိုက်..”

လူများစွာ ရေနက်မြို့သို့ အုပ်လိုက်ကြီး ရောက်လာကြသည်။

ဟွမ် သူတို့ကို တမင်သက်သက်ရန်စခြင်းဖြစ်သည်ကို သိကြသော်လည်း သူတို့ကိုယ်သူတို့ မထိန်းနိုင်ကြ။

“မျိုးဆက်တူထဲမှာ သူ့ကို အနိုင်ယူနိုင်တဲ့သူ မရှိဘူးလို့တော့ ငါ့ကို မပြောနဲ့နော် .. ဧကရာဇ်ကလန်တွေက ဘာကိုစောင့်နေတာလဲ .. ထွက်လာလိုက်စမ်းပါ .. တစ်ယောက်၊ နှစ်ယောက်လောက် ထွက်လာပြီးတော့ သူ့ကို မြန်မြန်ရှင်းလိုက်တော့..” အချို့လူများ ဟစ်ကြွေးလာကြသည်။

သို့သော် ခဏကြာပြီးနောက် ရေနက်မြို့ရှိ ကောင်းကင်အကျဉ်းထောင်ထဲသို့ပင် သတင်းများ ပျံ့လွင့်လာသည်။ ဟွမ်သည် အသက်အရွယ်ကို ဂရုစိုက်မည်မဟုတ်ကြောင်း၊ အသက်ကြီးသည့်သူများ သူ့အားစိန်ခေါ်ချင်လျှင်ပင် သူလက်ခံမည်ဖြစ်ကြောင်း၊ ထို့အပြင် သူနှင့်တိုက်ခိုက်ချင်သည့်သူများမှာ သူ့ထက် ကျင့်ကြံဆင့်တစ်ဆင့်သာမြင့်သရွေ့ အဆင်ပြေကြောင်း ပြောလာလေသည်။

“သူ ရူးနေတာပဲ..”

“ဘယ်သူ သူ့ကို သတ်မလဲ..”

ဟွမ်သည် သူ၏အဆုံးသတ်ကို ကြိုမြင်သောကြောင့် အားလုံးကို မျက်နှာပြောင်တိုက်စိန်ခေါ်နေခြင်းဖြစ်ကြောင်း လူအများစု သိကြသည်ပင်။

“လူငယ်လေးတွေ .. မင်းတို့အားလုံးက တကယ်ကို စိတ်မရှည်ကြတာပဲ .. ပြန်သွားကြ .. မင်းတို့က ရေနက်မြို့ကို ဘာထင်နေတာလဲ..” အကြီးအကဲတစ်ဦး ဆူပူလိုက်သည်။

“ဟွမ်က ဒီလောကမှာ သေမှာ .. သူက တမင်သက်သက်အားလုံးကို စိန်ခေါ်နေတာ .. သူ့ကို အရေးမလုပ်နဲ့..” အခြား အသက်ကြီးသည့်ကျင့်ကြံသူများ ပြောလိုက်သည်။

“စီနီယာ .. ကျွန်တော်တို့ကို ဒီလိုမျိုးတားလိုက်ခြင်းအားဖြင့် ဟွမ်က ပြိုင်ဘက်ကင်းကြောင်း သွယ်ဝိုက်ပြီးတော့ သက်သေပြသလို မဖြစ်သွားဘူးလား..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။ “တစ်ယောက်ယောက်က သူ့တစ်ယောက်တည်းနဲ့ ဟွမ်ခေါင်းကို ဖြတ်နိုင်ရင် စီနီယာတို့ ကျွန်တော်တို့ကို တားမှာလား..”

“ဒါက ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နေတယ် .. အကျဉ်းသားတစ်ယောက်က လောကကြီးကို စိန်ခေါ်နေတာကို ဘယ်သူမှ သူနဲ့မတိုက်နိုင်ဘူး .. ဒါက ရှက်စရာကောင်းတယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

လူငယ်အများစုမှာ ဤကဲ့သို့သော ရန်စမှုကို သည်းမခံနိုင်ကြ။ အားလုံး ဟွမ်ကို ထုတ်လာရန် တောင်းဆိုနေကြသည်။ သူတို့ ဟွမ်နှင့် တိုက်ခိုက်ချင်ကြသည်။

ကောင်းကင်အကျဉ်းထောင်ကို စောင့်ကြပ်နေရသည့် ကျင့်ကြံသူများအားလုံး ခေါင်းကိုက်လာရသည်။ ကိုယ့်အသက်ကိုကိုယ် မနှမြောတော့သည့်ဟွမ်နှင့် ရုင်ဆိုင်ရသည်မှာ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလာရသည်။ အခြေအနေများမှာ ဤမျှပြင်းထန်လာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။

ဘုရင်ကလန်များမှ အသက်ကြီးသည့်သူအချို့ပင် စိတ်ပျက်လာရသည်အထိပင်။ ဟွမ်ကို မည်သူမှ အနိုင်မယူနိုင်သည်ကို မယုံကြည်သောကြောင့် ထိုရူးနေသည့်လူကို ထုတ်ပေးရန် တောင်းဆိုလာကြသည်။

ထိုနေ့၌ ဘုရင်အိုကြီး ၁၈ ယောက်ပေါ်လာလေ၏။ သူတို့အားလုံး ဟွမ်ကိုကိုယ်တိုင် တိုက်ခိုက်ချင်နေကြသည်ပင်။

လူငယ်များဆိုလျှင် ပြောစရာပင်မလိုတော့။ အားလုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေကြကာ အရေအတွက်မှာ မနည်းလှ။

ထပ်ခါတလဲလဲ ဖိအားပေးခံလိုက်ရပြီးနောက် နောက်ဆုံးတွင် အကျဉ်းဦးစီးများသည် သူတို့ကိုယ်သူတို့ အားတင်းကာ ကလန်အချို့၏ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် ဟွမ်ကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

“သူတို့ တိုက်ခိုက်ကြတော့မယ် .. တစ်ယောက်ယောက်က ဟွမ်ကို တိုက်တော့မယ်..”

အားလုံး၏ ကျယ်လောင်လှသည့် ဟစ်ကြွေးသံအောက်တွင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့မည်။

သို့သော်လည်း စပြီး မကြာမီမှာပင် လျင်မြန်စွာ အဆုံးသတ်သွားသည်။

ဖူး..

ဟွမ် တည်ငြိမ်စွာဖြင့်ပင် ထိုလူကို အပိုင်းပိုင်းဖြစ်သွားအောင် လုပ်လိုက်သည်။

“အားနည်းလွန်းတယ်..” ရှီဟောင် ခေါင်းခါကာ ပြောလိုက်၏။

တစ်ဖက်လောကမှ ကျင့်ကြံသူများမှာမူ အမူအရာများ ရုပ်ဆိုးသွားကြသည်။ လူများစွာသည် မစောင့်ထိန်းနိုင်ကြပဲ သူ့အား ဆဲဆိုလာကြလေ၏။

“ဟမ် .. အဝါရောင်နဂါးတာအိုဆရာလာတယ် .. ဒီ တာအိုဆရာအိုကြီးရဲ့ စွမ်းရည်တွေက အံ့အားသင့်ဖို့ကောင်းတယ် .. ခွန်အားလည်း ကြီးတယ် .. သူတောင်မှ နှောက်ယှက်ခံလိုက်ရတယ် .. သူကဟွမ်ကို တိုက်တော့မှာလား..”

ဤတာအိုဆရာအိုကြီးကို တစ်ယောက်ယောက်မှ မှတ်မိသွားကာ အလွန်ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အသက်ရှင်နေထိုင်ခဲ့သည်မှာ အလွန်ကြာညောင်းပြီဖြစ်သည့် ကျွမ်းကျင်သူကြီးပင်။ သူသည် သူ၏မျိုးဆက်၌ ကောင်းကင်ကို တွန်းလှန်နိုင်သည့်သူပင်။

ကံမကောင်းစွာဖြင့် သူသည် အဆင့်လွန်သက်ရှိအဆင့်ရောက်ရန် ကံပါမလာခဲ့။ သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၌ ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။

ဝေါင်း .. နဂါးအော်သံထွက်လာပြီးနောက် အဝါရောင်နဂါးတာအိုဆရာ လှုပ်ရှားလာသည်။ သူသည် ဘိုးဘေးပညာများကို အသုံးပြုကာ ရှီဟောင်ကို သတ်ရန် ကြိုးစားလိုက်သည်။

ကံမကောင်းစွာဖြင့်ပင် ဤအကြီးအကဲသည် စွမ်းအားကြီးကာ ရှီဟောင်နှင့် အချိန်တစ်ခုကြာသည်အထိ တိုက်ခိုက်ခဲ့သော်လည်း သူသည် ရှီဟောင်၏လက်ဝါးရိုက်ချက်တစ်ချက်ကို ခံလိုက်ရကာ သူ၏အသွေးအသားများ ချက်ချင်းပေါက်ကွဲထွက်သွားသည်။ သူ၏မူလဝိညာဉ်သည်လည်း လွတ်မြောက်ရုံလေးသာ။

“မင်း ရဲရဲတင်းတင်းလုပ်ရဲတယ်လား..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“ရှုံးလို့နာကျင်နေတာလား .. အဲဒါဆိုရင်လည်း ကျုပ်ကို စိန်လာခေါ်မနေနဲ့” ရှီဟောင် အလေးမထားသည့်ပုံစံဖြင့်ပင် ရယ်မောလိုက်သည်။

သူ အချိန်မရွေး သေသွားနိုင်သည်ကို သိသော်လည်း သူ ရူးသွပ်စွာ လုပ်နေဆဲပင်။ မထင်မှတ်ထားသည်မှာ နောက်ဆုံးတော့ သူ တုံ့ပြန်မှုတစ်ခု ရခဲ့လေပြီ။ သက်ရှိအုပ်စုလိုက်ကြီး သူ့ကို လာစိန်ခေါ်နေလေပြီ။ ဤသည်မှာ ရှီဟောင်မြင်ချင်သည့်အရာပင်။

ယခုတော့ သူ ရန်သူအချို့ကို ထပ်သတ်လိုက်နိုင်လေပြီ။

သို့သော် ရေနက်မြို့ အနီးတဝိုက်၌ နေထိုင်သည့်သူများအတွက်မူ ဤနေ့မှာ အမှောင်ဖုံးသည့်နေ့ပင်။ ရှီဟောင်သည် ဘုရင် ၁၈ ယောက်ကို တစ်ခါတည်းဖြင့် အနိုင်ယူခဲ့သည့်အပြင် လူငယ်ခေါင်းဆောင်အချို့၏ ဦးခေါင်းကိုလည်း ယူခဲ့သေးသည်။ သူ၏လှုပ်ရှားမှုများမှာ အလွန်ရက်စက်ကာ လွှမ်းမိုးနိုင်လွန်းလှသည်။

ဤသည်မှာ ဟွမ်၏ရည်ရွယ်ချက် ပြည့်မြောက်အောင် ကူညီပေးနေခြင်းပင်။ အဆုံးသတ်၌ သူ သေဆုံးရမည်ဖြစ်သော်လည်း သူ့ထံ၌ ဤကဲ့သို့သော အောင်မြင်မှုမျိုးရှိနေသည်။ ဤသည်မှာ ကလန်များစွာကို ပို၍ကူကယ်ရာမဲ့စေသည်ပင်။

အချို့လူများသည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပဲ အဆင့်လွန်သက်ရှိများကို တိုက်ခိုက်ရန် တောင်းဆိုချင်လာကြသည်။ သို့သော် သူတို့ပါးစပ်မဟနိုင်။ ဟွမ်အား ဤကဲ့သို့ ဖိနှိပ်သည်မှာ အဓိပ္ပာယ်မရှိ။ ရွယ်တူထဲ၌ သူ့ကို အနိုင်ယူနိုင်သည့်သူမရှိသည်ကို သက်သေပြသလိုဖြစ်သွားမည်ပင်။

ဆူပူမှုမှာ ပို၍ ကြီးထွားလာသည်။ ဘုရင်အုပ်စုတစ်စု တိုက်ခိုက်ခဲ့သော်လည်း သူတို့အားလုံး ရှုံးနိမ့်ခဲ့သည်။ ကောလဟာလများ ပို၍ပျံ့လွင့်လာကာ လူများ ပို၍ ဆွံ့အလာကြသည်။

ဤသည်မှာ တကယ်ကို လူတစ်ယောက်တည်းမှ တစ်လောကလုံးကို စိန်ခေါ်နေခြင်းပင်။

ဤသတင်းကို ဖုံးထားနိုင်စရာအကြောင်းမရှိ။ အခြားဘိုးဘေးကျွန်းမြေများထိသို့ပါ ပျံ့နှံ့သွားပြီး ကျင့်ကြံသူများစွာ ဤကိစ္စကို အာရုံစိုက်လာသည်။ ရေနက်မြို့ရှိ လူများမှာ အလွန်ကူကယ်ရာမဲ့နေလေပြီ။

အပိုင်း ၁၇၅၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၈ – ရူးသွပ်မှု

ရေနက်အကျဉ်းထောင်ထဲတွင် ရှီဟောင်ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်နေပြီး အနက်ရောင်ရေ၏ တိုက်စားမှုကို သည်းခံနေသည်။ သူ၏ခန္ဓာကိုယ်မှာ အလွန်နာကျင်နေသော်လည်း သူ့ကိုကြည့်ရသည်မှာ ဤနာကျင်မှုနှင့် ကျင့်သားရသွားပုံပေါ်သည်။ သူမျက်မှောင်ပင် မကျုံ့တော့။

သူ ရေနက်မြို့ဘေးပတ်လည်မှ ဘုရင်ကလန်များကို အနိုင်ယူကာ အောင်မြင်မှုများ ရယူနိုင်ခဲ့သောကြောင့် သူ အပြစ်လည်းပေးခံရသည်ပင်။

သူ့ကို ကောင်းကင်အကျဉ်းထောင်ထဲသို့ ပစ်ထည့်လိုက်သော်လည်း သူ၏ခြေလက်များကို ချုပ်နှောင်ထားဆဲဖြစ်သည်။ ဤအချုပ်အနှောင်များကို အဆင့်လွန်သက်ရှိတစ်ဦး ပြုလုပ်ထားခြင်းမဟုတ်သော်လည်း သူ၏နတ်ခွန်အားများကို အသုံးပြုရန် အလွန်ခက်ခဲနေဆဲပင်။

ဤသည်မှာ အကျဉ်းဦးစီးများထံမှ လက်စားချေမှုပင်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ကို မပြောင်းလဲနိုင်သောကြောင့် နာကျင်မှုကို သည်းခံနေရုံသာ တတ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် ဖြစ်သွားသည့်ကိစ္စမှာ အတော်လေး ကြီးမားလှပြီး အကျိုးသက်ရောက်မှုများလည်း ဆိုးရွားလှသည်။ ဤသည်မှာ အကျဉ်းထောင်မှ လူများ ခန့်မှန်းထားသည့်ရလဒ်နှင့် လုံးဝဆန့်ကျင်ဘက်ပင်။ ဟွမ်ကို တွေ့သည်နှင့် ကလန်များ သူတို့ဒေါသများ ပေါက်ကွဲထွက်လာပြီး ဟွမ်၏ ဂုဏ်သိက္ခာကို နိမ့်ကျအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ထင်ထားခြင်းပင်။

သို့သော်လည်း နောက်ဆုံးတွင် သူတို့ ဟွမ်၏ရည်မှန်းချက် ပြည့်မြောက်အောင် ကူညီပေးလိုက်ရသလို ဖြစ်သွားသည်။ သူတို့ဘက်မှ ဘုရင်ကလန်များနှင့် အခြားကလန်များကို သူတို့ လျှော့တွက်မိသွားသည်ပင်။ ထိုလူများအားလုံးသည် သူတို့လဲကျသွားသည့်နေရာမှ ပြန်တက်လာချင်နေကြသည်။

သို့သော်လည်း ထိုဘုရင်ကလန်မှလူများမှာ သူတို့ကိုယ်သူတို့ အရှက်ခွဲခြင်းဖြင့်သာ အဆုံးသတ်သွားသည်။ သူတို့ လဲကျသွားသည့်နေရာမှ ပြန်တက်မလာနိုင်ရုံသာမက ပိုနက်သည့်တွင်းထဲသို့ပင် ကျသွားသည်။

သူတို့သည် ဘုရင်ကလန်မှ ဖြစ်ကြသော်လည်း သူတို့ ဘာမှ ပြန်မငြင်းနိုင်လောက်သည်အထိ ဟွမ်၏ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

သူတို့အားလုံး မျက်နှာများ မည်းမှောင်နေကာ ဒေါသတရားများ လှိုက်တက်လာကြသည်။ သို့သော်သူတို့ ထိုဒေါသကို မဖွင့်ဖောက်နိုင်။

ရှီဟောင်၏ အသွေးအသားများ တိုက်စားခံနေရကာ အရိုးအချို့မှာ ပို၍ပင် ပုတ်ဆွေးလာသည်။ သို့သော်လည်း သူ စကားတစ်ခွန်းမှမပြော။ မျက်လုံးမှိတ်၍သာ နာကျင်မှုကို ခံစားနေလိုက်သည်။

သူ နတ်ခွန်အားကို အသုံးပြု၍ မရတော့သဖြင့် ဤအတိုင်းသာ ဆက်သွားလျှင် သူသွေးပုံအဖြစ် ပြောင်းလဲသွားလိမ့်မည်။ သို့သော် သူ အသက်ရှင်သန်နေဆဲတွင်တော့ ဤသည်မှာ ကိုယ်ရည်သွေးချင်းတစ်မျိုးပင်။

သူ ကောင်းကင်နှင့်မြေကြီးကို အပြစ်တင်ခြင်းမရှိသလို စိတ်ပျက်ခြင်းလည်းမရှိ။ တည်ငြိမ်စွာဖြင့်သာ ဤသည်ကို ဖြတ်သန်းလိုက်သည်။

သူ အသက်ရှင်နိုင်လျှင် သူ သေချာပေါက် ပို၍ သန်မာလာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလောက၏ သဘာဝဥပဒေသများမှာ ပြည့်စုံပြီး သူ၏ခန္ဓာကိုယ်အား ဆက်တိုက်ပင် ပြောင်းလဲပေးနေသည်ပင်။

ဤနေရာတွင် နေသည်မှာ သူ၏ခန္ဓာကိုယ်ကို မကန့်သတ်ခံထားရသရွေ့ သူ သေချာပေါက် အားကောင်းလာလိမ့်မည်။ သူဘာမှမလုပ်လျှင်ပင် ပြည့်စုံသည့်သဘာဝဥပဒေသများ သူ့ခန္ဓာကိုယ်ကို သူ့အလိုလို ပြုပြင်ပေးသွားလိမ့်မည်။

“ဟွမ် .. မင်းက ငါတို့ရဲ့နောက်ဆုံးလက်ကျန် စိတ်ရှည်မှုကို စမ်းသပ်နေတာလား .. မင်းကို အပိုင်းပိုင်းဖြစ်အောင်လုပ်ပစ်ပြီးတော့ ကလန်တွေ ဒေါသဖြေလို့ရအောင် အပြင်ဘက်ကို ပစ်လိုက်လည်း ကိစ္စမရှိဘူးနော်..”

ကောင်းကင်အကျဉ်းထောင်အပြင်ဘက်ရှိ တစ်စုံတစ်ဦးမှ တီးတိုးပြောလိုက်သည်။ အပြင်ဘက်၌ သက်ရှိအနည်းငယ် ရပ်နေကြ၏။ အားလုံးမှာ အကျဉ်းသားများကို စောင့်ကြပ်ရသည့် စွမ်းအားကြီးသည့်သူများပင်။

“လူတွေ ထပ်ရောက်လာလို့လား .. ကျုပ်ကို အပြင်ထွက်ခိုင်းစေချင်နေတာလား..” ရှီဟောင် သူ၏မျက်လုံးများကို ဖွင့်လိုက်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

အပြင်ဘက်မှ လူများမှာ ဘာမှမပြောပဲ သူ့ကိုသာ အေးစက်စွာ စိုက်ကြည့်နေကြကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပေါ်လာသည်။

ဤသည်မှာ ရှီဟောင် ပြောလိုက်သည့်အတိုင်းပင်။ ရေနက်မြို့မှာ ပို၍ စည်းကားလာပြီး ဝေးကွာသည့်နေရာများမှ ကျင့်ကြံသူများပင် အလောတကြီး ရောက်လာကြသည်။ အားလုံးမှာ နာမည်ကြီးသည့်ကလန်များမှပင်။

ရေနက်အကျဉ်းထောင်ဦးစီးများမှာ အနည်းငယ် ခေါင်းကိုက်လာရသည်။ သူတို့ ဟွမ်ကို လျှော့တွက်မိသွားလေပြီ။ ဟွမ်သတ်လိုက်သည့်လူများမှာ နာမည်ကြီးသည့် မိသားစုများမှ တပည့်များပင်။ ထို့ကြောင့် ဆူပူမှုမှာ တစ်ဖြည်းဖြည်း ပို၍ ကြီးမားလာသည်။

“မင်းအပိုင်းမင်းလုပ်ရင် မင်း ဒီတစ်ခေါက် ငြိမ်းငြိမ်းချမ်းချမ်း နေရနိုင်တယ် .. မင်း ဒီလိုမျိုး ရူးရူးနှမ်းနှမ်း ဆက်လုပ်နေဦးမယ်ဆိုရင် မင်းရဲ့အဆုံးသတ် ဆိုးရွားသွားလိမ့်မယ်..” အကျဉ်းဦးစီးတစ်ဦး အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်ကို ဘာလုပ်စေချင်နေတာလဲ .. ကျုပ်လိုမျိုးအဆုံးသတ်မကောင်းမှာ သေချာနေတဲ့သူတစ်ယောက်က ခင်ဗျားတို့အားလုံးကို ဂရုစိုက်လိမ့်မယ်လို့ ထင်နေတာလား..” ရှီဟောင် အထင်သေးသည့်အကြည့်များဖြင့် လှောင်ပြောင်လိုက်သည်။

“သူ့ကို ထုတ်လာခဲ့..” သူတို့ထဲမှတစ်ဦး အမိန့်ပေးလိုက်သည်။

ရှီဟောင် ကောင်းကင်အကျဉ်းထောင်ထဲမှ ထုတ်ခံရကာ ရေနက်အကျဉ်းထောင်ထဲ၌ ပြန်ပေါ်လာသည်။ ယခုတစ်ခေါက်တော့ သူ့ကို မြို့ဂိတ်တံခါးသို့ ခေါ်မသွားတော့။ ထိုအစား မြို့ထဲရှိ အကြီးဆုံးပြိုင်ကွင်းသို့ ခေါ်သွားသည်။

ဤနေရာမှာ အလွန်ကျယ်ဝန်းလှပြီး လူ သန်းပေါင်းများစွာ ဝင်ဆံ့နိုင်သည်။ ဤသည်မှာ စွမ်းအားကြီးသည့်သူများအတွက် ပြင်ဆင်ထားသည့် စစ်မြေပြင်ပင်။

သူ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေသောကြောင့် ဤနေရာသို့ ရောက်သည်နှင့် ရှီဟောင် အချိန်နှင့်အမျှ ယိုင်နေသည်။ သူ၏ခြေထောက်မှာ သွေးများ တစ်စက်စက် စီးကျနေဆဲပင်။

ဤနေရာတွင် သက်ရှိများမှာ မျက်စိတစ်ဆုံးပင် ရှိနေပြီး သူတို့၏ပုံပန်းသွင်ပြ်ငမှာ ထူးဆန်းလှသည်။ ခေါင်းသုံးလုံး ရေနဂါးများ၊ အနောက်ဘက်၌ အဖြူရောင်အတောင်ပံများရှိသည့် မိန်းမလှလေးများ၊ သူတို့၏ဦးခေါင်းထက်၌ နတ်စက်ကွင်းများရှိနေသည့် ရှေးဟောင်းဘုန်းကြီးများ၊ ကောင်းကင်ထိပင် မြင့်မားနေသည့် ခရမ်းရောင်သွေးရှိသည့် ဘီလူးများ စသည်ဖြင့်ပင်။

ဤနေရာသို့ ရောက်လာသည့် လူမျိုးစု များစွာ ရှိနေပြီး အားလုံးမှာ ထိပ်တန်းကလန်မှပင်။ လီပေါင်း သန်းပေါင်းများစွာအတွင်းရှိ ကလန်ကြီးများ ရောက်လာကြသည်ပင်။

“လူရိုင်းနောက်တစ်စု ထပ်ရောက်လာပြီ .. ဒီထဲမှာ ထိပ်တန်း ရှေးဟောင်းကျွမ်းကျင်သူ ၁၀ ယောက်တို့၊ ဧကရာဇ်ကလန်က သက်ရှိတို့ပါလား .. မပါရင် ခင်ဗျားတို့အား ထွက်သွားလိုက်ကြတော့..” ရှီဟောင်သူတို့ကိုကြည့်ပြီး ပြောလိုက်သည်။

ခန္ဓာကိုယ်မှာ သွေးများစီးကျနေဆဲဖြစ်သည့် လူငယ်တစ်ဦး ဤမျှမောက်မာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ သူတို့ ဘာမှမလုပ်ရသေးခင်မှာပင် ဤလူငယ်လေး သူတို့အား အရင်ဆုံး လှောင်ပြောင်နေလေပြီ။

လူပေါင်း ထောင်ပေါင်းများစွာရှေ့၌ ဟွမ် ဤကဲ့သို့ မျက်နှာပြောင်တိုက်ရဲသည်။

ရှီဟောင် ရန်မစလျှင်ပင် လူငယ်မျိုးဆက်များ၏ မျက်လုံးများ နီရဲနေလေပြီ။ အသက်ကြီးသည့်မျိုးဆက်များပင်လျှင် မျက်ခုံးများ မြှင့်တက်သွားကြကာ မျက်လုံးများမှ အေးစက်သည့်အလင်းများ ထုတ်လွှတ်လာသည်။

သူတို့သာ အင်ပါယာဂိတ်ကို အမြဲတမ်း အထင်သေးနေခဲ့သည်။ သို့သော် ယခုတော့ အကျဉ်းသားတစ်ယောက်၊ သုံ့ပန်းတစ်ယောက်က သူတို့ကို ဤကဲ့သို့ အထင်သေးနိမ့်ချနေသည်။

“ဟွမ် မင်းကိုယ်မင်း ထူးခြားတဲ့သူလို့ ထင်နေတာလား .. ခဏနေကျရင် ငါတို့မင်းကို အရှင်လတ်လတ် အရေခွံနွာပစ်မယ်..” တစ်စုံတစ်ယောက်မှ ဒေါသတကြီး ပြောလိုက်သည်။

“မင်းတို့ဘက်က ဘိုးဘေးတွေတောင် ငါတို့ကျွန်တွေဖြစ်နေတာ .. တစ်ချို့သူတွေ အခုထိ အသက်ရှင်နေတုန်း .. ကလန်အမျိုးမျိုးမှာ အလုပ်လုပ်နေရတာ .. မင်းက ဘယ်ကနေ ဒီလိုမျိုးယုံကြည်ချက်တွေ ရလာတာလဲ..” အချို့လူများ ရှီဟောင်ကို လှောင်ပြောင်ရန် ကြိုးစားလာကြသည်။

ရှီဟောင်မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံး၌ အေးစက်စွာသာ ပြောလိုက်သည်။ “ဒီလိုကိစ္စမျိုးတွေကို ပြောနေတာက အသုံးမဝင်ဘူး .. ကျုပ်သိတာက ဂုဏ်သိက္ခာရှိရှိသာတိုက်မယ်ဆိုရင် မင်းတို့အားလုံးက အမှိုက်ထက် မပိုဘူး..”

“ဧကရာဇ်ကလန်ကနေ ရောက်လာတဲ့သူတွေရှိတယ်.. သူတို့လာတာနဲ့ ငါတို့ခံစားနေရတာတွေ အဆုံးသတ်သွားလိမ့်မယ်..” တစ်စုံတစ်ဦး မှ တီးတိုးပြောလိုက်သည်။

“သူတို့လာတယ် .. ဧကရာဇ်ကလန်က သခင်ငယ်လေးတစ်ချို့ သူတို့ ရှေးဟောင်းမြေကနေ ထွက်လာကြတယ်လို့ ငါကြားတယ် .. သူတို့ ရေနက်မြို့ကို မြန်မြန်လာနေကြပြီ..”

ဤသတင်း လျှို့ဝှက်စွာ ပျံ့သွားသည့်အချိန်တွင် အုတ်အော်သောင်းတင်းဖြစ်လာသည်။

လူများစွာမှာ ဧကရာဇ်ကလန်မှလူများကို စောင့်နေကြခြင်းပင်။

“ငါ မင်းနဲ့တိုက်မယ်..” ဓားခုတ်ကောင် ကင်းခြေများ ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး ငွေရောင်လက်များမှာ ဓားသွားများကဲ့သို့ပင်။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ဘုရင့်ကလန်မှလူပင်။

ယခင်က ရှီဟောင် ဤဘုရင်ကလန်မှ သက်ရှိများကို သတ်ဖူးသည်။

သို့သော် ဤတစ်ယောက် ပို၍စွမ်းအားကြီးမည်မှာ သေချာသည်။ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေသည့်အပြင် လူလတ်ပိုင်းသို့ ရောက်နေပြီဖြစ်သည်။ သူသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တရှိန်ထိုး ပြေးလာသည်။

ရှီဟောင် အသက်ပြင်းပြင်းရှူလိုက်သည်နှင့် တစ်ကိုယ်လုံး တောက်ပလာသည်။ သူ၏ခြေထောက်ကို သူ လျင်မြန်စွာ ကုသလိုက်သည်။ သူသည် ထိုနေရာ၌ မလှုပ်မယှက်ရပ်နေပြီး သူ၏လက်သီးသာ တောက်ပနေခြင်းပင်။

သူ၏အခြေအနေမှာ သိပ်မကောင်းသေး။ အလွန်ဆိုးရွားနေသည်ဟုပင် ပြော၍ရသည်။ သူ ယခုမှထောင်ထဲမှ ထွက်လာခြင်းဖြစ်ပြီး ယခုထိ ပြန်မကောင်းသေး။

သို့သော်လည်း သူမကြောက်။ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်နှင့် သူ၏ညာလက်သီး ရွှေရောင်လက်သီးအဖြစ်ပြောင်းလဲသွားကာ ထာဝရမြူများ ရစ်ဆိုင်းလာကာ သဘာဝဥပဒေသများစွာ ဝန်းရံလာ၏။

ထိုအခိုက်အတန့်တွင် ဤလောက၌ မပျက်စီးသည့်ကျမ်းစာကို အသုံးပြုခြင်းမှာလုံးဝကွာခြားကြောင်း ရှီဟောင် သတိပြုမိသွားသည်။ သူ့ကို ထာအိုဥပဒေသများ ဝန်းရံသွားကာ သူ၏ရွှေရောင်လက်သီးလည်း မတူတော့။

ဝုန်း..

ထို့နောက် ရှီဟောင် သူ၏လက်သီးချက်ကို ပစ်လွှတ်လိုက်သည်။ သူ၏လက်သီးချက်သည် သဘာဝဥပဒေသများ ခြံရံလျက် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ထိုးဖောက်သွားသည်။

ဓားခုတ်ကောင်ကင်းခြေများ၏ အေးစက်သည့်အမူအရာထက်တွင် ဖမ်း၍မရနိုင်သည့် ခနဲ့သည့်အကြည့်များ ဖြစ်ပေါ်လာသည်။ သူ၏ဓားခုတ်ကောင်လက်များမှာ ငွေရောင်ဓားသွားများအဖြစ် ပြောင်းလဲသွားလေသည်။

တစ်ချိန်တည်းမှာပင် သူ့ကိုလည်း တာအိုဥပဒေသများ လွှမ်းခြုံသွားကာ ဖရိုဖရဲစွမ်းအင်အနည်းငယ်လည်း ထွက်ပေါ်လာသည်။

“အမ်.. ” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ သိပ်မူမမှန်းဘူးဟု သူခံစားလိုက်ရသည်။ သူ၏အုတ်မြစ်အခြေမခိုင်တော့ပဲ ပြင်းထန်လှသည့် နာကျင်မှုတစ်ခု ထွက်ပေါ်လာသည်။ သူ၏ရွှေရောင်လက်သီးပင်လျှင် အရောင်မှိန်ဖျော့လာသည်။

တစ်ဖက်လူ၏ မျက်နှာထက်၌ ပုန်းကွယ်နေသည့် လှောင်ပြုံးကို တွေ့လိုက်ရသလို အကျဉ်းဦးစီးများ၏ မျက်နှာထက်မှ ထူးဆန်းသည့်အပြုံးများကိုလည်း မြင်တွေ့လိုက်ရသည်နှင့် ဘာဖြစ်နေသည်ကို သူ ချက်ချင်းနားလည်သွားရသည်။ သူတို့သည် ရှီဟောင်အား အနိုင်လိုချင်နေသောကြောင့် သူ့အား အကောက်ကြံထားကြခြင်းပင်။

သူ့ကို စောင့်ကြည့်နေကြသည့် ကျွမ်းကျင်သူများမှာ သူ့ကို ထောင်ချောက်ဆင်ထားကာ သူ၏တိုက်ခိုက်မှုကို နှောက်ယှက်နေသည်ပင်။

သူတို့ ဟွမ်ကို ဤနေရာ၌ အနိုင်ယူကာ သူတို့၏အရှက်ရမှုကို အဆုံးသတ်လိုခြင်းပင်။

“စက်ဆုပ်စရာကောင်းလိုက်တာ..” ရှီဟောင်၏နဖူးထက်၌ အကြောများ ထွက်ပေါ်လာသည်။

ဝုန်း..

သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်ပေါင်းစုံ ပွင့်လာကာ ကြည်လင်သည့်အလင်းများလည်း မျိုးစေ့တစ်ခုအဖြစ် စုစည်းလာကြသည်။

ဝုန်း..

သူ၏ခန္ဓာကိုယ်၌ အက်ကွဲကြောင်းများ ပေါ်လာကာ ပေါက်ကွဲမတတ် ဖြစ်နေလေပြီ။

သို့သော် သူ၏လက်သီးမှာ တောက်ပနေဆဲဖြစ်သည်။ ရွှေရောင်မှာ ပို၍ပင် တောက်ပလာကာ ယခင်ကထက် ပို၍စွမ်းအားကြီးလာသည်။

ရှီဟောင် ရူးသွပ်သွားလေပြီ။ သူ၏အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ စုတ်ပြဲနေသော်လည်း သူ၏ညာလက်သီးမှာ တောက်ပနေဆဲဖြစ်ကာ တာအိုအော်ရာများ ရှိနေသည်ပင်။

ခွပ်..

ထိုလက်သီးချက် အဖြူရောင်ဓားရှည်နှင့် ထိမိသွားသည်နှင့် ကျယ်လောင်စူးရှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ဓားခုတ်ကောင်ကင်းခြေများ၏ လက်များ အက်ကွဲလာပြီးနောက် ပေါက်ကွဲသွားလေသည်။ ထို့နောက် ထိုလက်သီးသည် ဓားခုတ်ကောင်ကင်းခြေများ၏ ရင်ဘတ်ကို ဖောက်ထွက်သွားလေ၏။

ဖူး..

ဓားခုတ်ကောင်ကင်းခြေများကလန်မှ ကျင့်ကြံသူကြီးမှာ ရှီဟောင်ကြောင့် အပိုင်းပိုင်း ဖြစ်သွားလေပြီ။

အားလုံး ဆွံ့အနေကြလေပြီ။ သူက တစ်ချက်တည်းနဲ့ ဓားခုတ်ကောင်ကင်းခြေများကလန်က ကျွမ်းကျင်သူကြီးကို သတ်လိုက်တာလား..

အကျဉ်းဦးစီးများ၏အမူအရာများ ဖြူလျော်သွားကြသည်။ ယနေ့ သူတို့စီစဉ်မှုများ ပြုလုပ်ထားသော်လည်း သူတို့ ရှီဟောင်ကို မတားဆီးနိုင်ခဲ့။ သူ့အား နောက်ထပ်အောင်မြင်မှုတစ်ခု ပေးလိုက်ရလေပြီ။ ဤသည်မှာ သူတို့ကို ရှက်ရွံ့စေသလို ဒေါသလည်း ထွက်စေသည်။

သူတို့ တကယ်ပဲ ဧကရာဇ်ကလန်ကို ဒီစင်မြင့်ပေါ် ဖိတ်ရတော့မှာလား.. ထိုကလန်မှ လူများ ရောက်လာသည်ကို အကျဉ်းထောင်စောင့်များ သိကြသည်ပင်။

အပိုင်း ၁၇၅၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၉ – ဧကရာဇ်ကလန် လက်ရွေးစင်များ

အကျဉ်းဦးစီး အမူအရာ ပျက်ယွင်းသွားသည်။ သူတို့ ဒီလောက်ထိ ပြင်ဆင်ထားတာတောင် ဟွမ်က နိုင်သွားတာလား..

အခြားကလန်မှ ကျင့်ကြံသူများမှာမူ ၉၉ ရာခိုင်နှုန်းမှာ ဤလျှို့ဝှက်ချက်အကြောင်းမသိ။

ထို့ကြောင့် ဓားခုတ်ကောင်ကင်းခြေများ၏ ရှုံးနိမ့်မှုကို မြင်လိုက်ရသည့်အချိန် သူတို့အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။ ဤသည်မှာ ဟွမ် အထင်ကြီးစရာကောင်းသည်ကို သူတို့မသိကြသောကြောင့်မဟုတ်။ သူ ဤမျှစွမ်းအားကြီးလိမ့်မည်ဟု မထင်ထားသောကြောင့်ပင်။

ဤနေရာမှာ မတည်ငြိမ်နိုင်တော့။ ဆူညံပွက်လောရိုက်နေလေပြီ။

သို့သော် ရှီဟောင်လည်း ပေးဆပ်လိုက်ရသည်ပင်။ သူ၏ခန္ဓာကိုယ် အတွင်းပိုင်းထဲမှ တစ်ဖြည်းဖြည်းအက်ကွဲလာသည်။ သူသည် ဖန်ပုလင်းတစ်လုံးကဲ့သို့ သူ့တစ်ကိုယ်လုံး အက်ကွဲကြောင်းများ ပြည့်နှက်သလာသည်။

သူ၏အုတ်မြစ် ဒဏ်ရာရရှိသွားကာ သူ၏ခန္ဓာကိုယ်မှ သွေးများစီးကျလာလေပြီ။

ဤသည်မှာ အလွန်ပြင်းထန်လှသည်ပင်။ သူ နတ်ဆေးတောင်တန်း၌ ရှိနေစဉ်က သူ၏ရင်းမြစ်ဒဏ်ရာရရှိသွားခဲ့ကာ သူမည်မျှပင်ကြိုးစားပါစေ မပျောက်ကင်းနိုင်ခဲ့။ သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ ရောက်မှသာ သူပြန်လည်ကောင်းမွန်ခဲ့ခြင်းပင်။

သို့သော် ယခု ထို အကျဉ်းဦးစီးများကြောင့် သူ ဒဏ်ရာထပ်ရသွားပြန်လေပြီ။

“ဟွမ် ဒဏ်ရာရသွားပြီ .. သူက ငါတို့ထင်သလောက်လည်း စွမ်းအားမကြီးပါဘူး … ရန်သူကို သတ်ဖို့အတွက်နဲ့ သူ အများကြီးပေးဆပ်လိုက်ရတယ်..”

တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ထွက်ပေါ်လာသည်ကို အားလုံးမြင်နိုင်နေသည်ပင်။ အထူးသဖြင့် သူမျက်ခုံးကြားလည်း အက်ကွဲနေလေပြီ။ နေရာတိုင်း၌ အက်ကွဲကြောင်းများရှိနေပြီး သွေးများ စီးကျလာနေသည်။

အဟွတ် .. ရှီဟောင်ပါးစပ်အပြည့်သွေးအန်သွားသည်။ သူ ထိုအကျဉ်းဦးစီးများကိုကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံလိုက်သည်။ “အဲဒီတော့ ဒါက ခင်ဗျားတို့ဘက်က ဂုဏ်သိက္ခာကြီးပေါ့ .. ဒါက ခင်ဗျားတို့ စစ်ပွဲကြိုက်တဲ့ကလန်တွေ လုပ်တဲ့ပုံစံပေါ့..”

သို့သော် ခဏကြာပြီးနောက် သူ စကားထပ်မပြောနိုင်တော့။ သူ့ထဲ၌ ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ သူ၏မူလဝိညာဉ်ကို တိုက်ခိုက်လာသည်။ သူ့အား အမှန်မပြောနိုင်အောင် တားဆီးနေသည်။

အမှန်တရားပေါ်သွားမည်ကို အကျဉ်းဦးစီးများ ကြောက်နေကြခြင်းဖြစ်ကြောင်း ရှီဟောင်သိသည်ပင်။

တစ်ဖက်လောကမှ လူများမှာ တကယ်ကို မာနကြီးကြသည်။ မဟုတ်ပါက သူတို့ တစ်ယောက်ချင်းစီ တိုက်ခိုက်နေမည်မဟုတ်။

သို့သော် အသက်ကြီးသည့် ကျင့်ကြံသူများနှင့် အချို့သူများမှာ ထိုမျှသွေးမပူ။ ထိုမျှရန်မလို။ ဥပမာအားဖြင့် အကျဉ်းဦးစီးများပင်။ သူတို့ အနိုင်ရသည်ကိုသာ ပိုလိုချင်သည်။

ထို့ကြောင့် သူတို့ လျှို့ဝှက်စွာ လှည့်စားပြီး ရှီဟောင်၏အောင်မြင်နိုင်ချေကို နည်းပါးအောင်လုပ်ရန် နည်းလမ်းမျိုးစုံကို သုံးကြမည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် ရှီဟောင်ကို တကယ်သတ်လိုက်သည်ဖြစ်စေ၊ အခြားနည်းလမ်းများကိုသုံးပြီး အနိုင်ယူလိုက်သည်ဖြစ်စေ ရလဒ်မှာ အတူတူပင်။

သူတို့သာ အနိုင်ရသွားလျှင် ဆူပူမှုများ တည်ငြိမ်သွားမည်ဖြစ်သကဲ့သို့ သူတို့၏ စိတ်ဓာတ်ခွန်အားလည်း မြင့်တက်လာလိမ့်မည်။

သို့မှသာ သူတို့ လွတ်မြောက်နိုင်လိမ့်မည်ပင်။

“လူငယ်လေး မင်းဘာပြောချင်တာလဲ .. ငါတို့ဘက်က ကျင့်ကြံသူတွေကို အရှက်ခွဲတာ မလုံလောက်သေးဘူးလား.. မင်းက ငါတို့ကို စွပ်စွဲချင်သေးတာလား..” အကျဉ်းဦးစီးတစ်ဦး အေးစက်စွာ မေးလိုက်သည်။ သူတို့ သေချာပေါက် ဘာမှ ဝန်ခံမည်မဟုတ်။

“ရွံစရာကောင်းလိုက်တာ..” ရှီဟောင်ဤစကားလုံးသာ ပြောနိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏နတ်အသံလှိုင်းများပင် ပိတ်ခံထားရသည်ပင်။

“ငါမင်းကို အနိုင်ယူပစ်မယ်..”

ထိုအချိန်တွင် လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည့် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ အလွန်ထူးဆန်းသည့်ပုံစံရှိသည့် ရွှေရောင်ဆိတ်တစ်ကောင် လျှောက်လာသည်။

“ရွှေရောင်ဆိတ် .. ကောင်းကင်ဓားမျိုးဆက်ရဲ့ အမွေဆက်ခံသူ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤလူကို တွေ့လိုက်ရသည့်အတွက် သူတို့ အံ့အားသင့်သွားရသည်ပင်။

ဤသည်မှာ သာမန်သက်ရှိမဟုတ်။ သူ၏ရွှေရောင်ဦးချို့တစ်စုံမှာ ကောင်းကင်ဓားများ ထည့်သိမ်းထားသည့် ဓားအိမ်နှစ်ခုပင်။ ဤသည်မှာ ဤကလန်၏ သတ်ဖြတ်သည့်လက်နက်ပင်။

သို့သော်လည်း ဤကလန်မှာ ကျဆင်းနေပြီဖြစ်ပြီး သူတို့၏သွေးမျိုးဆက်မှာ မသန့်စင်တော့။

ယခင်က သူတို့ကလန်မှ မသေမျိုးဘုရင်နှစ်ပါး ထွက်ပေါ်လုနီးပါး ဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် တစ်ဦးမှာ ကောင်းကင်ဘုံကိုးခုနှင့် စစ်ပွဲထဲ၌ ကျဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ကျင့်ကြံရင်း သေဆုံးသွားသည်ပင်။

ထို့နောက် ဤကလန်သည် တစ်ခေတ်ကျော်ကြာအောင် သိုသိုသိပ်သိပ်နေခဲ့ကြသည်။ ထိုကလန်ထဲမှ ထွက်လာသည့် ကျွမ်းကျင်သူများ သိပ်မရှိတော့။

“ခင်ဗျား ကျုပ်ကို ချိတ်ပိတ်ထားမယ်ဆိုရင် ကျုပ်ကို သတ်လိုက်တော့..” ရှီဟောင် ထိုအကျဉ်းဦးစီးများကို ကြည့်၍ ပြောလိုက်သည်။ ယခုတစ်ခေါက်တွင် သူ၏မျက်ခုံးများကြားမှ သွေးများစီးကျလာနေပြီဖြစ်ပြီး သူ ဤစကားများကို ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရခြင်းပင်။

“မင်း ဘာလုပ်ချင်နေတာလဲ .. မင်းက ငါတို့ဘက်က ကျင့်ကြံသူတွေကို ထပ်ခါထပ်ခါ အရှက်ခွဲနေတာ .. မင်းက တကယ်ကို အရမ်းကို လူပါးဝနေတာပဲ..” အကျဉ်းဦးစီးတစ်ဦး ဆူပူလိုက်သည်။

ရှီဟောင်မလှုပ်မယှက်ထိုင်နေကာ တိုက်ခိုက်ရန် ငြင်းဆိုလိုက်သည်။

“ဟွမ်.. မင်း မတိုက်ရဲဘူးလား..” ရွှေရောင်ဆိတ်ကြီး အေးစက်စွာ မေးလိုက်သည်။

ရှီဟောင် သူ့ကို အလေးမစိုက်ပဲ သူ့ပါးစပ်ထဲမှ အလင်းများထုတ်လွှတ်ကာ လေဟာနယ်၌ စာလုံးများ ရေးနိုင်အောင် ကြိုးစားလိုက်သည်။ သို့သော်လည်း နှာခေါင်းရှုံ့သံတစ်သံနှင့်အတူ အကျဉ်းဦးစီးတစ်ဦး ထိုစာလုံးကို ဖျက်ပစ်လိုက်လေသည်။

အကျဉ်းဦးစီးများထဲတွင် အဆင့်လွန်သက်ရှိနယ်ပယ်သို့ ခြေတစ်လှမ်းရောက်နေပြီဖြစ်သည့်သူတစ်ဦး ရှိနေသည်ပင်။ သူသည် အလွန်စွမ်းအားကြီးလှသောကြောင့် ဤသည်ကို အလွယ်တကူ လုပ်နိုင်သည်ပင်။

“ဟား ဟား..” ရှီဟောင် ကျယ်လောင်စွာသာ ရယ်မောလိုက်သည်။

တစ်ဖက်လူများအမြင်တွင် ဤသည်မှာ သူတို့ကို အထင်သေးရှုံ့ချခြင်းပင်။

ရုတ်တရက် တစ်စုံတစ်ယောက်မှ အသံပို့လွှတ်လာသည်။ “ဧကရာဇ်ကလန်ရောက်လာပြီ .. ဟွမ်ကို မြန်မြန်လက်စသပ်လိုက်တော့ .. အဲဒီသခင်လေးတွေ သူနဲ့ သူသေကိုယ်သေတိုက်မှာစိုးတယ် .. သူတို့နိုင်သွားရင် ကိစ္စမရှိဘူး .. သူတို့ရှုံးသွားရင် လန့်စရာတွေ၊ စိတ်ပျက်စရာတွေ ဖြစ်သွားလိမ့်မယ်..”

ဤအသံကိုကြားသည်နှင့် အကျဉ်းဦးစီးများအားလုံး ထိတ်လန့်သွားရသည်။

ဧကရာဇ်ကလန်ဆိုသည်မှာ ဟွမ်နှင့် ရင်ဆိုင်နိုင်သည့်သူများဟု သူတို့ယုံကြည်ထားသည့်သူများပင်။ သူတို့သာ ရှုံးနိမ့်သွားလျှင် အကျိုးသက်ရောက်မှုမှာ အလွန်ကြီးမားသွားလိမ့်မည်။ ထို့ကြောင့် ရှီဟောင်ကို အရင်ရှုံးနိမ့်အောင် လုပ်ထားလျှင် အကောင်းဆုံးပင်။

သို့သော် လက်ရှိ ရှီဟောင်မှာ ဘာမှမပြောပဲ ထိုနေရာ၌သာ ထိုင်နေလေ၏။ သူ့ကိုကြည့်ရသည်မှာ တိုက်မည့်ပုံမပေါ်။

“ဟွမ် .. မင်းလျှောက်မပြောသရွေ့ ငါတို့မင်းကို မျှမျှတတ တိုက်ခိုက်နိုင်မယ့် အခွင့်အရေးပေးမယ် .. ငါတို့မင်းကို ဝင်မရှုပ်တော့ဘူး..” အခြား ရွေးချယ်စရာမရှိတော့သဖြင့် အကျဉ်းဦးစီးတစ်ဦး အသံပို့လွှတ်လိုက်သည်။

ရှီဟောင်သူတို့ကို ထူးမခြားနားစွာပင် ကြည့်လိုက်သည်။ အချိန်အတော်ကြာမှသာ သူခေါင်းညိမ့်လိုက်လေ၏။ “ကောင်းပြီလေ..”

လူများစွာ ထူးဆန်းသည့်အမူအရာများဖြစ်သွားကြသည်။ တစ်ခုခုဖြစ်နေသည်ကို သူတို့အာရုံခံမိနေသည်။ မဟုတ်ပါက ဟွမ်က အဘယ်ကြောင့် ဤမျှထူးထူးဆန်းဆန်းလုပ်နေမည်နည်း..

“ဟွမ် .. ငါတို့ကို ဒီလိုမျိုးအထင်သေးတဲ့အတွက် မင်းပြန်ပေးဆပ်ရမယ်..” ရွှေရောင်ဆိတ်လျှောက်လာသည်။ သူတိုက်ခိုက်တော့မည့်အချိန်တွင်မှာ လူသားပုံစံကို ပြောင်းလိုက်သည်။

ဤသည်မှာ အမျိုးသားတစ်ဦးပင်။ သူ၏အသက်အမှန်ကို မသိနိုင်သော်လည်း သူ့ပုံစံမှာ ၃၀ ကျော်ပုံစံပင်။ သူ့ထံတွင် ရွှေရောင်ဆံပင်ရှည်ကြီး ရှိနေပြီး ဦးခေါင်းထက်၌ ရွှေရောင်ဦးချိုတစ်စုံ ရှိနေသည်။

“သတ်…”

သူတို့နှစ်ဦး ပြင်းထန်စွာပင် တိုက်ခိုက်လိုက်ကြသည်။ ရွှေရောင်ဆိတ်သည် ဓားအလင်းတန်း တစ်သိန်းကို ချက်ချင်းထုတ်လွှတ်လိုက်သည်။

ရှီဟောင် လျှပ်စီးဧကရာဇ်၏ ပညာကို အသက်သွင်းလိုက်သည်။ လျှပ်စီးကန်တစ်ခု ပေါ်လာကာ အဆုံးမရှိသည့် လျှပ်စီးများနှင့် မိုးကြိုးများကို ထုတ်လွှတ်လိုက်ကာ ဓားအလင်းတန်းတစ်ခုစီတိုင်းကို ပစ်ချလိုက်လေ၏။

ဝုန်း..

အသံများမှာ ကျယ်လောင်လှပြီး ဤနေရာတစ်ခုလုံး တုန်ခါသွားရသည်။

ချွမ်း..

ရွှေရောင်ဆိတ် အော်ဟစ်လိုက်ကာ သူ၏ဦးခေါင်းထက်ရှိ ဦးချိုနှစ်ခုမှ ရွှေရောင်ဓားအလင်းတန်းနှစ်ခု ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းများမှာ တောက်ပလွန်းလှသည်။

ဤဓားအလင်းတန်းတွင် အချိန်အော်ရာများလည်း ပါဝင်နေသည်ပင်။

ဝုန်း..

ရှီဟောင်၏ ခန္ဓာကိုယ်ထဲ၌ အရိုးစာသားများ ရောယှက်နေပြီး လေထဲ၌လည်း ပြည့်နှက်နေသည်။ သူအထူးသဖြင့် သူ့ရင်ဘတ်ပင်။ သူ၏ ကိုယ်ပိုင်အဆင့်လွန်ပညာဖြစ်သည့် ပြန်လည်ဝင်စားခြင်းကို အသက်သွင်းလိုက်သောကြောင့် သူ့ရင်ဘတ်၌ သင်္ကေတများစွာ ထွက်ပေါ်လာသည်။

အချိန်စွမ်းအားပါဝင်သည့် ဓားအလင်းတန်းနှစ်တန်း ရောက်လာသည်နှင့် သူ မှော်တံဆိပ်များ ပြုလုပ်လိုက်ကာ ပြန်လည်ဝင်သားခြင်းအဖိုးတန်ပညာကို ပြသလိုက်သည်။

ဒုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြား၌ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

“အဲဒီတော့သူပေါ့..”

ဤမြင်ကွင်းကို မြင်သည်နှင့် တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။ သူ ဤရွှေရောင်ဆိတ် မည်သူဖြစ်သည်ကို သိသွားလေပြီ။ လွန်ခဲ့သည့်နှစ်တစ်ထောင်က ဤကဲ့သို့ အချိန်အော်ရာပါသည့် ဓားအလင်းတန်းပညာကို ကျွမ်းကျင်သည့် လူငယ်မျိုးဆက်တစ်ဦး ရှိခဲ့ဖူးသည်။

ဤသည်မှာ ထိုမျိုးဆက်၌ ထိပ်တန်းဝင်ခဲ့သည့် လူငယ်ဘုရင်များထဲမှ တစ်ဦးပင်။

သို့သော် ဤမျှစွမ်းအားကြီးသည့် ကျင့်ကြံသူတစ်ဦးပင် ဟွမ်ကို မတားဆီးနိုင်သေး။

ဖုန်း..

တိုက်ခိုက်နေရင်းဖြင့်ပင် အခြေအနေများမှာ ဆိုးရွားလာသည်ဟု ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ရွှေရောင်ဆိတ် ခံစားလာရသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏လက်သီးတံဆိပ်နှင့် ပွတ်တိုက်ခံလိုက်ရကာ သူ့ခန္ဓာကိုယ် တုန်ယင်လာသည်ပင်။

သူ ချက်ချင်းအားနည်လာသည်ဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ် အားနည်းလာကာ သူ၏အရေခွံများလည်း တွန့်လာသည်။

သူ၏အချိန်ဓားအလင်းတန်း ရှီဟောင်ကို မထိခိုက်လိုက်နိုင်ပေ။ ထိုအစား သူ တစ်ဖက်လူ၏ ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည်ဖြင့် ထိမိသွားကာ သူ၏အချိန်အခိုးခံလိုက်ရသည်။

“အား..” ရွှေရောင်ဆိတ် အော်ဟစ်လိုက်သည်။ သူ၏ရွှေရောင်ဆံပင်ရှည်ကြီး ခြောက်သွေ့လာကာ သူ့ခန္ဓာကိုယ်လည်း လျင်မြန်စွာ အသက်ကြီးလာသည်။

“သတ်..”

သူ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကာ သူ၏ရွှေရောင်ဦးချိုနှစ်ခုကို အသက်သွင်းလိုက်သည်။ ဤသည်မှာ ဓားအိမ်များဖြစ်သော်လည်း အကျဉ်းဦးစီးများမှ သူ့အား ကူညီကာ ပြုပြင်ပေးပြီးသွားပြီဖြစ်သည်။ အန္တရာယ်တွေ့လာပါက ဤသည်ကို အသက်သွင်းရန်လည်း သူ့အား ပြောခဲ့သည်ပင်။

ရွှီး..

နတ်အလင်းတန်းတစ်ခု ရှီဟောင်၏ ရင်ဘတ်ကို ထိုးဖောက်သွားကာ အခြားအလင်းတန်းတစ်ခုမှ ရှီဟောင်၏မျက်ခုံးကြားကို ထိုးဖောက်တော့မလိုဖြစ်သွားသည်။ သို့သော် ထိုအလင်းတန်းမှာ သူ၏ပါးကိုသာ ဖြတ်သွားလိုက်နိုင်သည်။

ဤသည်မှာ ရွှေရောင်ဆိတ်၏ စွမ်းအားထက် ကျော်လွန်သည့်စွမ်းအားပင်။

ဝုန်း..

နောက်ဆုံးတွင် ဦးချိုနှစ်ခု ပေါက်ကွဲသွားကာ ထူးဆန်းသည့်သင်္ကေတများ ပါဝင်သည့် အလင်းများစွာ ထွက်ပေါ်လာသည်။

ဤသည်မှာ သတ်ဖြတ်သည့်အစီအရင်အသေးစားလေးဖြစ်ပြီး ယခုအချိန်တွင် အံ့အားသင့်စရာကောင်းသည့်စွမ်းအားဖြင့် ပေါက်ကွဲသွားခြင်းပင်။

အပြင်လူများအမြင်တွင် ရွှေရောင်ဆိတ်မှာ အားကုန်ထုတ်သုံးနေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ပင် ပေါက်ကွဲသွားပြီဖြစ်သောကြောင့် ဤသည်မှာ ကိုယ့်ကိုကိုယ် ဖျက်ဆီးပြီး ရှီဟောင်ကို သူနှင့်အတူ ဆွဲခေါ်သွားချင်နေသလိုပင်။

သို့သော် ဤကဲ့သို့မဟုတ်မှန်း ရှီဟောင်သိသည်။ ဆိတ်ဦးချိုဓားအိမ်များသည် လက်နှင့်ခြေထောက်များအဖြစ် ပြောင်းလဲသွားလေသည်။

ဖူး..

ရွှေရောင်ဆိတ်ရွှေရောင်ဆိတ် ပေါက်ကွဲပြီး သေသွားလေပြီ။

တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း အခြေအနေဆိုးဝါးနေပြီး ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

အကျဉ်းဦးစီးများမှာ သူ့ကို တကယ်သေခိုင်းမည်မဟုတ်။ သူတို့ သူ့အား ကယ်တင်ရန် ကြိုးစားကြမည်ပင်။ အဘယ်ကြောင့်ဆိုသော် ဟွမ်သည် ရာထူးကြီးသည့်သူများ အင်ပါယာဂိတ်မှ ယူလာသည့်သူပင်။

သို့သော် သူတို့ဘာမှမလုပ်ရသေးခင်မှာပင် ရှီဟောင်၏ခန္ဓာကိုယ် တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများ ပြည့်နှက်နေသော်လည်း မပေါက်ကွဲသေး။ လေထဲ၌ ထာဝရစွမ်းအင်များ ထွက်ပေါ်လာကာ သွေးများ ကြွတက်လာပြီး သူ၏ဒဏ်ရာများ လျင်မြန်စွာ ကောင်းမွန်သွားသည်။

ဤခန္ဓာကိုယ်မှာ အလွန်စွမ်းအားကြီးလှသည်။

“ဟား ဟား ..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ရယ်သံမှာ ကျောချမ်းစရာကောင်းလှသလို ဒေါသတရားလည်း ပါနေသည်ပင်။ သူ့ရဲ့အောင်မြင်မှုကိုတောင် တစ်ခြားသူ ခွာယူသွားတော့မှာလား..

သူ အောင်မြင်မှုများ ရနိုင်သော်လည်း အခြားသူများ ဤကဲ့သို့ နှောက်ယှက်ကာ တားဆီးနေသည်။ ထိုအကျဉ်းဦးစီးများမှာ သူ့ကို အားလုံးရှေ့၌ ရှုံးနိမ့်စေလိုခြင်းပင်။

ဒုန်း..

ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး အလွန်လှပသည့် အမျိုးသားတစ်ဦး လမ်းလျှောက်လာသည်။ သူ၏ကျောထက်၌ ရွှေရောင်အတောင်ပံတစ်စုံရှိနေပြီး ဆံပင်ရှည်များမှာ သူ့ခါးထက်ထိ ဝဲကျနေသည်။ သူ့ခန္ဓာကိုယ်ကို နတ်စက်ကွင်းတစ်ခု ဝန်းရံထားသည်ပင်။

“သူ့ကို ငါ့ဆီလက်လွှဲလိုက် .. ငါသူနဲ့ မျှမျှတတတိုက်မယ်..” သူပြောလိုက်သည်။

“ဟဲကျီမင်..” လူများစွာ ထိတ်လန့်သွားရသည်။

ဤသည်မှာ ဟဲဝူရှန်း၏မျိုးဆက်ဖြစ်ပြီး လူငယ်မျိုးဆက်များထဲတွင် နံပါတ်တစ်ဖြစ်သည်ဟု နာမည်ကြီးသည့်သူပင်။ သူသည် အခြားကျင့်ကြံသူများထက် ပို၍စွမ်းအားကြီးကာ သူနှင့်ရွယ်တူ ဧကရာဇ်ကလန်မှလူငယ်များကို စိန်ခေါ်နိုင်သည်ပင်။

သူ့အပြင် အခြား မှုန်ဝါးနေသည့် ပုံရိပ်အချို့လည်း ပါလာသေးသည်။ စုစုပေါင်း လေးယောက်ရှိနေပြီး အားလုံးမှာ မတူညီသည့် နေရာများမှ ထွက်လာကြသည်ပင်။

ဧကရာဇ်ကလန်က လေးယောက်လုံး တစ်ခါတည်း ထွက်လာပြီ..

“စိတ်ဝင်စားစရာပဲ .. ငါတို့ တိုက်ခိုက်ဖို့ ထိုက်တန်ပါတယ် .. ဒါပေမဲ့ အပြင်လူတွေကို ဝင်နှောက်ယှက်ခွင့်မပေးနိုင်ဘူး .. ငါလိုချင်တာက တကယ့် တိုက်ပွဲအစစ်အမှန်တစ်ခု .. သူက အကောင်းဆုံး ဓားသွေးကျောက်ပဲ..”

လူငယ်တစ်ဦး ပြောလာ၏။ သူ အလွန်ယုံကြည်ချက် ရှိနေသည်ပင်။

ထိုလေးဦးထဲတွင် အမျိုးသမီးတစ်ဦး ပါဝင်သည်။ သူမ၏လှပသည့်မျက်ဝန်းများမှာ တောက်ပလှသည်။

သူမ၏အသားအရေမှာ တောက်ပနေပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်။ သူမသည် ဤလောကသို့ ဆင်းသက်လာသည့် လနတ်သမီးတစ်ပါးကဲ့သို့ပင်။

သူမကို မြင်လိုက်သည်နှင့် ရှီဟောင် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ခဏကြာပြီးနောက် သူမနာမည်ကို သူမှတ်မိသွားလေပြီ။ မိုရှန်း..

သူသည် လူသားသာဖြစ်သည်ဟု ပြောကြသည်။ သို့သော် ဧကရာဇ်ကလန်များမှာ သူမ ထူးချွန်သည်ဟု ခံစားရသောကြောင့် သူမကို မသေမျိုးသက်ရှိများမှ ခေါ်သွားသည့်အပြင် သူတို့၏ ရှေးဟောင်းနယ်မြေများသို့ ဝင်စေပြီး အခြားသူများနှင့် ကျင့်ကြံစေခဲ့သည်။

အပိုင်း ၁၇၅၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၀ – အရိုင်းဆန်ခြင်း

မိုရှန်း .. သူမ၏လှပသည့်ဆံနွယ်များမှာ နူးညံ့လှပြီး ဘဲဥပုံမျက်နှာထက်၌ မည်းနက်သည့်မျက်ခုံးမွေးများ ရှိနေသည်။ သူမသည် ဧကရာဇ်ကလန်လူငယ်များနှင့် ယှဉ်နိုင်သည့် အမျိုးသမီးဟုပင် မထင်ရ။

အဘယ်ကြောင့်ဆိုသော် သူမ လှပလွန်းနေသောကြောင့်ပင်။

“ကျွန်မရဲ့မောင်လေး အဆင်ပြေရဲ့လား..” မိုရှန်း အရင်မေးလိုက်သည်။

သူမ အရှေ့သို့ လျှောက်လာသည်။ သူမကို ထာဝရမြူများ ရစ်ဆိုင်းထားသောကြောင့် သူမသည် ကျက်သရေရှိလှသည်ပင်။

“သူ အတော်လေးကောင်းပါတယ် .. အမှန်တရားကို သိပြီးတဲ့နောက်မှာ သူရုတ်တရက်ကြီး သူ့ရဲ့ လမ်းကြောင်းကိုပြောင်း လိုက်တယ်..” ရှီဟောင် ပြန်ဖြေလိုက်သည်။

ဤသည်မှာ လူအချို့အား ဆွံ့အသွားစေသည်ပင်။ သူတို့ ဘာပြောနေကြမှန်းမသိကြ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဧကရာဇ်ကလန်ပင်။ ထိုအပြင် ဤအမျိုးသမီးသည် ယခုမှ ဤလောကကြီးထဲသို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းပင်။ သူမက ဘာကြောင့် ဟွမ်နှင့် ရင်းနှီးနေသနည်း..

ဤပြိုင်ကွင်း၌ ကျင့်ကြံသူပေါင်း ထောင်ပေါင်းများစွာ ရှိနေသည်ပင်။ အားလုံးမှာ ဘုရင်ကလန်များမှဖြစ်ပြီး ရေနက်မြို့ပတ်လည် လီပေါင်း ထောင်သောင်းများစွာအတွင်းရှိ စွမ်းအားကြီးကာ လွှမ်းမိုးနိုင်သည့်ကလန်အဖွဲ့ဝင်များပင်။

သို့သော် မိုရှန်းအကြောင်း သိသည့်သူ သိပ်မရှိ။

“အမှန်တရားဆိုတာက လက်ဆင့်ကမ်းလာတဲ့ အပေါ်ယံအကြောင်းလေးတွေပါပဲ .. ပုန်းကွယ်နေတဲ့ နက်နဲတဲ့အကြောင်းအရာတွေ အများကြီးရှိသေးတယ်…” မိုရှန်း သက်ပြင်းချ၍ ပြောလိုက်သည်။ သူမ၏ ပြီးပြည့်စုံသည့် မျက်နှာလေးမှာ ကောင်းကင်ဘုံမှ ဖန်ဆင်းထားသကဲ့သို့ပင်။

လေပြေလေးတိုက်ခတ်လာကာ သူမ၏နူးညံ့သည့်ဆံနွယ်များကို တိုက်ခတ်သွားသည်။ သူမသည် ကြာပွင့်ပုံလက်လေးကို အသာလေးမကာ သူမ၏ဆံနွယ်ရှည်များကို သိမ်းလိုက်သည်။

မိုရှန်းသည် အလွန်လှပသော်လည်း ရှီဟောင် သူ့ကိုတစ်ခါမှ မမြင်ဖူး။ သူ သူမကို သိနေခြင်းမှာ သူမသည် သူမ၏မောင်လေးနှင့် အလွန်တူနေသောကြောင့်သာ။

ရှီဟောင် မိုတောင်ဟုခေါ်သည့် အစေခံတစ်ဦးကို ခေါ်ယူခဲ့သည်။ သူသည် တစ်ဖက်လောကမှ သက်ရှိဖြစ်သောကြောင့် ကောင်းကင်နတ်ဘုရားကျောင်း၌ အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သေးသည်ပင်။

မိုတောင်မှာ ပြတ်သားသည့်သူ၊ ကိုယ့်စကားကိုကိုယ်တည်သည့်သူပင်။ သူရှုံးနိမ့်သွားပြီးနောက် သူ့ဂတိအတိုင်း သူ့နောက်သို့ အမြဲတမ်းလိုက်နေခဲ့သည်ပင်။

ဤသည်မှာထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့် အလွန်ချောမောလှပသည့်လူငယ်လေးပင်။ မိုရှန်း၏မောင်လေးဖြစ်သောကြောင့် သူတို့နှစ်ဦး၏အသွင်အပြင်မှာ တူညီကြသည်ပင်။ ထို့ကြောင့် ရှီဟောင် မိုရှန်းကို ချက်ချင်းမှတ်မိသွာခြင်းပင်။

တစ်ဖက်လောကနှင့် အကြိမ်များစွာ တိုက်ခိုက်ပြီးနောက် ရှီဟောင် မိုရှန်းဟူသည့်နာမည်ကို သတိထားမိသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးကို ချီးကျူးသည့်သူများမှာ တစ်ယောက်တည်းမဟုတ်။ သူမ၏စွမ်းရည်များမှာ မိုတောင်ထက် သာလွန်သည်ပင်။

သူမ စွမ်းရည်များကို ပထမဆုံးအကြိမ် ပြသလိုက်ကတည်းက ဧကရာဇ်ကလန်များမှ သူမအား ရွေးသွားခြင်းပင်။ ဤသည်မှာ မယုံကြည်နိုင်လောက်သည့်အရာပင်။ ဧကရာဇ်ကလန်များမှာ မည်မျှပင် မာနကြီးကြသနည်း .. သူတို့က ဘယ်လိုလုပ် လူသားတစ်ဦးကို သူတို့နှင့်အတူတူ ကျင့်ကြံရန် ခွင့်ပြုမည်နည်း..

သို့သော် မိုရှန်းတွင် ဤကဲ့သို့သော အရည်အချင်းမျိုးရှိနေသည်ပင်။ ဤသည်မှာ သူမ၏ အရည်အချင်းများ မည်မျှထူးခြားသည်ကို သက်သေပြရန် လုံလောက်သည်ပင်။

“ကျွန်မ မောင်လေးအတွက် အတော်လေး စိုးရိမ်မိတယ် .. အနာဂတ်က အားလုံးထင်ထားတာထက်ကို ကျော်လွန်ပြီးတော့ ဖရိုဖရဲဖြစ်လာမှာ .. အမှောင်ခေတ်ထဲမှာ သူနဲ့ထပ်တွေ့နိုင်ပါ့မလားတောင် မသိတော့ဘူး..” မိုရှန်း တည်ငြိမ်စွာ ပြောလိုကိ်သည်။

သူမ ဤကဲ့သို့ ပြောလိမ့်မည်ဟု ရှီဟောင်မထင်ထားခဲ့။

“ဧကရာဇ်ကလန်က သခင်လေးတို့ ကျေးဇူးပြုပြီး ဟွမ်ကို ဖိနှိပ်ပြီးတော့ ကျွန်တော်တို့ရဲ့ ကောင်းကင်ခွန်အားကို မြှင့်တင်ပေးပါ..” ခပ်ဝေးဝေးမှ တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်။ သူ အလွန်ဒေါသထွက်နေပြီဖြစ်ပြီး သွေးများ ဆူပွက်နေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ကလန်များမှာ စွမ်းအားအကြီးဆုံးကလန်များပင်။ ဒီမှာ ဒီလိုလူမျိုး ရောက်နေပြီ၊ ပြီးတော့ တစ်ယောက်တောင်မကဘူး .. သူတို့တွေ ဟွမ်ကို ဦးမချိုနိုင်သေးဘူးလိုတော့ မပြောနဲ့နော်..

သူတို့ စိတ်အားတက်ကြွသည့်အချိန် ရောက်လာပြီဟု အားလုံးခံစားလိုက်ရသည်။ ဤရက်အနည်းငယ်အတွင်းတွင် သူတို့ ဟွမ်၏ အနိုင်ကျင့်ခြင်းနှင့် အရှက်ခွဲခြင်းကို ထပ်ခါတလဲ ခံစားခဲ့ရသည်။ အမြဲတမ်း သတင်းဆိုးများသာ ကြားခဲ့ရသည်။

ဧကရာဇ်ကလန်များ နေထိုင်သည့် ရှေးဟောင်းမြေများမှာ အလွန်ကြောက်စရာကောင်းပြီး သာမန်လူများ အနားမကပ်နိုင်သောကြောင့်သာ။ မဟုတ်ပါက ကျင့်ကြံသူများစွာ စုစည်းကာ သူတို့ကို ဘိုးဘေးမြေများမှ ထွက်လာရန် ဖိတ်ခေါ်ပြီးသွားပြီဖြစ်သည်။

ထို့အပြင် မိုရှန်းသည် တိုက်ခိုက်ခြင်းမရှိပဲ နောက်ပြန်ဆုတ်သွားလေ၏။

“ဟမ် .. အစ်မမိုရှန်းက မတိုက်ခိုက်ဘူးလား .. သူ့ရဲ့ ဖိနှိပ်ချင်နေတာလို့ ထင်နေတာ..” ဘေးဘက်ရှိ တစ်စုံတစ်ဦးမှ ပြောလိုက်၏။ သူ့နာမည်မှာ ဝူခွန်ဖြစ်ပြီး သူသည် ဧကရာဇ်ကလန် အဖွဲ့သားအစစ်ပင်။

ဝူခွန်၏ အဆင့်အတန်းမှာ အလွန်မြင့်လှသည်။ သူသည် လူသားပုံစံဖြစ်သော်လည်း တစ်ကျန်းကျော်မြင့်ကာ ဖရိုဖရဲစွမ်းအင်များ ဝန်းရံထားသည်။

သူထံတွင် လွင့်ပျံနေသည့် ခရမ်းရောင်ဆံနွယ်များလည်း ရှိနေသည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်မှာ မာကျောလှကာ ကြွက်သားများမှာလည်း စတီးချောင်းများ ရိုက်ထည့်ထားသကဲ့သို့ပင်။

သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားကာ လက်ကို ဝေ့ရမ်းလိုက်သည်နှင့် လေဟာနယ် မှုန်မှိုင်းလာကာ မိုးခြိမ်းသံများထွက်ပေါ်လာသည်။

အားလုံး အေးခဲသွားရ၏။ ဤသည်မှာ ဧကရာဇ်ကလန်၏ခွန်အားပင်။ သူတို့၏သာမန်လှုပ်ရှားမှုလေးပင် လေဟာနယ်ကို ဖျက်ဆီးနိုင်သည်။

“ဟူး .. ဒါက နည်းနည်းတော့ ရှက်ဖို့ကောင်းတယ် .. အခုတလော ငါ ခန္ဓာကိုယ်ပညာတစ်မျိုးကို ကျင့်ကြံပြီးတော့ အသိအမြင်တစ်ချို့ရလာပြီ ..ဒါပေမဲ့ ငါ ဒါနဲ့လိုက်လျောညီထွေမဖြစ်သေးဘူး .. စွမ်းအားကို အကျိုးရှိရှိ မထိန်းချုပ်နိုင်သေးဘူး..” ဝူခွန် ရှင်းပြလိုက်သည်။

ဤသည်ကို ကြားသည်နှင့် အားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။ ဧကရာဇ်ကလန်များ ကျင့်ကြံသည့် ခန္ဓာကိုယ်ပညာမှာ သေချာပေါက် ပြိုင်ဘက်ကင်းသည့်ပညာများသာဖြစ်မည်ပင်။ အခြားသူများမှာ လေးစားရုံသာ တတ်နိုင်သည်ပင်။ သူတို့လိုချင်၍မရ။

သူတို့ကြားမှ ကွာခြားချက်မှာ ကြီးမားလွန်းလှသောကြောင့် သူတို့မနာလိုဖြစ်ခွင့်ပင်မရှိ။

ထင်မထားသည့်အဖြစ်အပျက်များသာ မဖြစ်လာပါက လက်တစ်ဆုပ်စာ အတွင်းအဖွဲ့ဝင်များမှာ မသေမျိုးသက်ရှိများ ဖြစ်လာမည့်အပြင် သူတို့သည် ဤလောကကို ကာကွယ်သည့်သူများလည်း ဖြစ်လာမည်ပင်။ ကလန်အားလုံးမှ ကိုးကွယ်သည့်သက်ရှိများဖြစ်လာကြလိမ့်မည်။

“ငါ့ရဲ့မောင်လေးက ဟွမ်နောက်ကိုလိုက်သွားပြီး အင်ပါယာဂိတ်ဘက်ကို ပါသွားခဲ့တယ် .. ဒါပေမဲ့ သူ ဘာမှ ခက်ခက်ခဲခဲ မလုပ်ခဲ့ရသလို ဘာကိုမှလည်းမခံစားခဲ့ရဘူး .. အခု ကျွန်မသူနဲ့ မတိုက်ခိုက်ချင်သလို တစ်ဖက်မှာရှိတဲ့ ကျွန်မမောင်လေးကို မရှုပ်ထွေးစေချင်ဘူး..” မိုရှန်း ပုံမှန်အတိုင်းသာ ပြောလိုက်သည်။

ကြီးမားကာ မြင့်မားလှသည့် ဝူခွန် ခေါင်းညိမ့်လိုက်သည်။ သူ၏ မြင့်မားလှသည့်ခန္ဓာကိုယ်ကြီး လှုပ်ရှားလိုက်သည်နှင့် ငလျင်လှုပ်ခတ်ကာ တောင်ကြီး တုန်ခါသွားသည်။ “ငါအခု ပညာတစ်ခုကို ကျင့်ကြံနေတာ မပြည့်စုံသေးဘူး .. ဒီမြင်ကွင်းကြောင့် ငါစိတ်လှုပ်ရှားသွားတယ်ဆိုရင်တောင် ငါ နည်းနည်းတော့ သည်းခံရမယ်..”

ဧကရာဇ်ကလန်လူငယ်လေးဦးထဲတွင် နှစ်ဦးမှာ ယာယီအားဖြင့် သူတို့တိုက်ခိုက်မည်မဟုတ်ကြောင်း ကြေငြာသွားလေပြီ။ ဤသည်မှာ လုံးဝမထင်ထားသည့်ကိစ္စပင်။

“မင်းတို့နှစ်ယောက်လုံး မတိုက်ကြဘူးဆိုတော့ ငါသွားမယ် .. ဒီလိုမျိုး ဓားသွေးကျောက်ကောင်းကောင်းလေးက ရှားတယ်..” သူတို့ထဲမှ တစ်ယောက် ပြောလိုက်ကာ တစ်လှမ်းချင်း လျှောက်လာလေ၏။

ဤသည်မှာ ဧကရာဇ်ကလန်လူငယ်လေးဦးထဲမှ တစ်ဦးပင်။ သူသည် လူသားပုံစံဖြစ်သော်လည်း သေချာပေါက် လူသားမဟုတ်။

သူက ဘယ်သူလဲ .. သူက ဘယ်ဧကရာဇ်ကလန်ကလန်ကနေ လာတာလဲ .. လူအများစုမှာ စိတ်လှုပ်ရှားနေကြလေ၏။ နောက်ဆုံးတော့ ဧကရာဇ်ကလန်များ လှုပ်ရှားသည်ကို သူတို့မြင်ရတော့မည်။

“ဧကရာဇ်ကလန်က သခင်လေး တိုက်ခိုက်ပေးပါ .. ဒီရက်စက်တဲ့သူကို ဖိနှိပ်ပေးပါ..” တစ်စုံတစ်ယောက်မှ မနေနိုင်ပဲ အော်ဟစ်လိုက်တော့သည်။

“ကြည့်ရတာ ဟွမ်က အားလုံးကို စိတ်ပျက်အောင်လုပ်ထားတယ်ထင်တယ် .. ငါသူနဲ့ အချက်ရေတစ်ရာ တိုက်ခိုက်မယ်..” ထိုလူငယ်ပြောလိုက်သည်။ သူ့အသံကို နားထောင်ခြင်းအားဖြင့် သူအလွန်ငယ်ရွယ်သေးကြောင်း သိနိုင်သည်။

သူ့နာမည်မှာ ယုယုပင်။ သူလမ်းလျှောက်လာသည်နှင့် မူလဖရိုဖရဲမြူများ ပျံ့လွင့်လာကာ မိုးခြိမ်းသံများ ဆူညံလာသည်။ သူသည် နေ၊ လနှင့် ကြယ်များကို ဖြတ်နင်းလာသည့် ဘုရင်တစ်ပါးကဲ့သို့ပင်။

“ယုယု သတိလက်လွတ်မလုပ်နဲ့ .. တကယ်ကို မင်း ဟွမ်ကို ရှုံးပြီး သွေးအန်သွားမယ်ဆိုရင် ကြည့်လို့လှမှာမဟုတ်ဘူး..” စတုတ္ထမြောက် ဧကရာဇ်ကလန်လူငယ်လေး ပြောလိုက်၏။ သူ့နာမည်မှာ ချင်းခွန်ပင်။

ယခုအချိန်တွင် သူတို့နှင့်အတူလာသည့် ဟဲကျီမင်လည်း အပြုံးနုလေး ပြုံးနေသည်။ သူသည်လည်း ဧကရာဇ်ကလန်များနှင့် တန်းတူရပ်ခွင့်ရှိသည်မှာ သိသာလှသည်။

“အဲဒီလိုလား .. တကယ်လို့ သွေးအန်တဲ့အထိ ရိုက်ခံရမယ်ဆိုရင် ကျုပ်အရှုံးကို လက်ခံလိုက်မယ်..” ယုယု ပြောလိုက်သည်။

အစက ဤလူမှာ အလွန်ပေါ့ပျက်ပျက်နေကာ သတိမထားသည့်သူဖြစ်လိမ့်မည်ဟု ရှီဟောင် ထင်ထားခဲ့သည်။ သို့သော် ယခု သူ ဤမျှတည်ငြိမ်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ဤသည်မှာ သူကြိုက်သလို လုပ်သည့်သူသာဖြစ်လိမ့်မည်ဟု ရှီဟောင် ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ယုယုမှာ လုံလောက်အောင် စွမ်းအားကြီးသည်ပင်။ သူ လျှောက်ပြောနေခြင်းမဟုတ်။ သူသည် အရိုင်းဆန်ကာ ထိန်းချုပ်၍မရသည့်သူဟုပင် ပြောနိုင်သည်။

“မင်းသာ ဟွမ်ကို ရှုံးသွားရင် မင်းကလန်က လူအိုကြီးတွေ ရူးသွားလိမ့်မယ် .. မင်းကို ဒီလောက်နှစ်တွေကြာအောင် ပြုစုပျိုးထောင်လာကာ .. မင်း ဒီလောကကြီးထဲကို ရောက်တာနဲ့ ချက်ချင်းရှုံးသွားတယ်ဆိုရင် သူတို့တွေက မင်းကို ဒေါသထွက်လွန်းလို့ သေသွားလိမ့်မယ်လို့ ငါပြောရဲတယ်..” ချင်းခွန် ရယ်မော၍ ပြောလိုက်သည်။

“ချင်းခွန် .. မင်းငါ့ကို အဆိုးမြင်နေတာတွေ ရပ်ပေးလို့ရမလား .. ငါ သူ့ကို ဘယ်လို အနိုင်ယူမလဲဆိုတာ ကြည့်ထားလိုက် .. ဘာဟွမ်လဲ .. ဘာ လူငယ်မျိုးဆက်ထဲမှာ တားဆီးမရနိုင်တဲ့သူလဲ .. ငါ့မိသားစုမှတောင် အစေခံအိုကြီးတစ်ချို့ရှိတယ် .. အရင်တုန်းက သူတို့မှာလည်း ဒီလိုမျိုး နာမည်မျိုးရှိကြသည်။ သူတို့ကို အင်ပါယာဂိတ်ရဲ့ဘိုးဘေးတွေလို့ ခေါ်ကြတာ .. သူတို့တွေတောင် ရှုံးနိမ့်သွားပြီးတော့ ငါ့ကလန်ရဲ့ ကျွန်တွေ ဖြစ်လာတာ .. ဒီဟွမ်က မကောင်းတဲ့ပတ်ဝန်းကျင်မှာ ကျင့်ကြံခဲ့တာ .. အဲဒီတော့ သူက ဘာများလုပ်နိုင်မှာလဲ..” ယုယု အေးစက်စွာ ရယ်မောလိုက်သည်။

မိုရှန်း၊ ဝူခွန်၊ ယုယု၊ ချင်းခွန် .. ရှီဟောင် သူတို့နာမည်ကို သိသွားလေပြီ။

တစ်ချိန်တည်းမှာပင် ရှီဟောင်၏မျက်နှာထက်၌ ဒေါသတရားများ ထွက်ပေါ်လာသည်။ ယုယုသည် မောက်မာကာ စကားကို လက်လွတ်စပယ်ပြောတတ်သည့်သူဟုသာ သူထင်ထားခြင်းပင်။

သူ့ရှေ့၌ ကောင်းကင်ဘုံကိုးခု၏ ဘိုးဘေးများကို အရှက်ခွဲနေခြင်းဖြစ်သောကြောင့် ရှီဟောင်၏အမူအရာ အေးစက်လာသည်။ ထာဝရရှေးဟောင်းခေတ်မှ စွမ်းအားကြီးသည့်သက်ရှိအချို့ကို အကျဉ်းသားများအဖြစ် ဖမ်းဆီးထားကာ သူတို့၏ ကံကြမ္မာလည်း ဆိုးရွားလှသည်ကို သူသိထားသည်။

“ဟွမ် .. ဒီကိုလာခဲ့ .. မင်းမှာ ဓားသွေးကျောက်ဖြစ်ဖို့ အရည်အချင်းရှိရဲ့လား ဆိုတာ ကြည့်ရအောင်..” ယုယုတည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းလိုမျိုး ဓားတုံးကြီးက ငါ့ကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး ..” ရှီဟောင် ပြောလိုက်သည်။

“မင်းလည်း ဒေါသကြီးတာပဲ .. လာခဲ့ လာခဲ့ လာခဲ့ .. မင်းကို နည်းနည်းလောက် ကြည့်ရအောင် .. မင်းက ဓားသွေးကျောက်ဖြစ်မလား ငါ့ကို သွေးထွက်အောင်လုပ်မယ့် သံလားဆိုတာ ကြည့်ရအောင်..” ယုယု ပြောလိုက်သည်။

သူ လှုပ်ရှားလိုက်သည်။ မြူများ ပျံ့လွင့်လာကာ သူလျင်မြန်စွာပင် ရောက်ရှိလာလေ၏။ ကောင်းကင်ကြီး စုတ်ပြဲသွားကာ နတ်အလင်းများ တောက်ပလာသည်။ သူ့ခန္ဓာကိုယ်မှ လျှပ်စီးအလင်းတန်းများလည်း ထွက်ပေါ်လာသည်။

သူသည် မည်သည့်ဘိုးဘေးပညာကိုမှ အသုံးပြုနေခြင်းမဟုတ်။ သူ၏ သာမန်လှုပ်ရှားမှုပင်လျှင် တာအိုဥပဒေသများ ပေါ်လာလေ၏။

ဘုရင်ကလန်များမှာ လူငယ်များ မပြောနှင့်။ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူကြီးမားပင်လျှင် မျက်လုံးများ မှေးကျဉ်းလာလေ၏။

ဧကရာဇ်ကလန်များမှာ ထင်ထားသည့်အတိုင်း ကြောက်စရာကောင်းသည်ပင်။

ယုယုမှာ စွမ်းအားကြီးလွန်းလှသည်။

ဝုန်း..

ရှီဟောင် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

အပိုင်း ၁၇၆၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၁ – ယုယု

ဒုန်း..

ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပထမဆုံးအကြိမ် စတင်ဖန်တီးလိုက်သကဲ့သို့ ကောင်းကင်ကြီး စုတ်ပြဲလာသည်။ ထိုဆူညံသံများမှာ တာအိုဥပဒေသများမှ ထွက်ပေါ်လာခြင်းပင်။

ရှီဟောင်နှင့် ယုယုတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

သို့သော် ရှီ‌ဟောင် အကောင်းဆုံးအခြေအနေ၌ ရှိမနေသည်မှာ သိသာသည်။ ထိုအကျဉ်းဦးစီးများကြောင့် သူ၏ခန္ဓာကိုယ် ကွဲကြေသွားမလိုဖြစ်သွားခဲ့ပြီး သူ၏အုတ်မြစ်လည်း ပေါက်ကွဲမတတ် ဖြစ်ခဲ့သည်ပင်။

ဤသည်မှာ သူ၏တိုက်ခိုက်နိုင်စွမ်းအား ထိခိုက်စေနိုင်သည်ပင်။ သူ ဤအတိုင်းသာ အချိန်အကြာကြီး ဆက်တိုက်နေပါက မကောင်းသည့်အကျိုးဆက်များ ပို၍ ကြီးမားလာလိမ့်မည်။

ဝုန်း..

ရှီဟောင် ဘာမှမပြောပဲ လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ် ဒဏ်ရာရနေကာ သူ အကောင်းဆုံးအနေအထား၌ မဟုတ်သော်လည်း သူ စိန်ခေါ်မှုကို ရင်ဆိုင်ရဦးမည်ပင်။

ပြောရမည်ဆိုလျှင် သူ ယုယုကို တစ်ခါတည်း ဖမ်းလိုက်ချင်သည်ပင်။ ယခုအချိန်တွင် သူတို့ မျိုးဆက်တစ်ခုတည်းသာဖြစ်ပါက မည်သူနှင့်ပဲ တွေ့ရပါစေ သူကြောက်မည်မဟုတ်။

“စိတ်ဝင်စားစရာပဲ .. ဒီကျောက်က မဆိုးဘူး .. မင်းက ငါ့အတွက်ပဲ ဖြစ်ရမယ်..” ယုယု တည်ငြိမ်နေဆဲဖြစ်သည့်အပြင် အလွန်လည်း မောက်မာနေသေးသည်။

ခပ်ဝေးဝေးမှ ကြွေးကြော်သံများ ချက်ချင်းပင် ထွက်ပေါ်လာသည်။

တစ်ဖက်လောကမှ ကျင့်ကြံသူများအားလုံး စိတ်လှုပ်ရှားနေကြလေပြီ။ ဟွမ် တိုက်ခိုက်ကတည်းက အဆင့်လွန်သက်ရှိအဆင့်အောက်ထဲတွင် သူ၏ပြိုင်ဘက် ရှားပါးလှသည်။

ယခု သူ၏တောက်ပမှုကို လျော့ချပေးမည့်သူတစ်ဦး ပေါ်လာလေပြီ။

“မင်း အပြောမစောနဲ့ဦး..” ရှီဟောင်၏‌ သွေးစွမ်းအင်များ လောင်ကျွမ်းလာသည်။ အကျဉ်းဦးစီးများကြောင့် ရခဲ့သည့်ဒဏ်ရာများကို သူလျင်မြန်စွာ ကုစားလိုက်သည်။

အကျဉ်းဦးစီးများမှာမူ ဆက်တိုက်ပင် အမူအရာ ပြောင်းလဲနေသည်။ သူတို့အတော်လေး စိုးရိမ်နေကြသည်ပင်။ ရှီဟောင် ရှုံးသွားလျှင် ကိစ္စမရှိ။ သို့သော် သူသာ အနိုင်ရသွားလျှင် မုန်တိုင်းကြီးတစ်ခု ဖြစ်သွားလိမ့်မည်။

သူတို့အားလုံး ပြိုင်ကွင်းကိုသာစိုက်ကြည့်နေလိုက်ကြသည်။

“လာခဲ့..” ယုယု၏အမူအရာ အေးစက်သွားသည်။ ထိုအခိုက်အတန့်တွင် သူ၏လက်ချောင်းငါးချောင်း ပြန့်လာပြီးနောက် သူလက်သီးတံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။ အနက်ရောင်အလင်းများပေါ်လာပြီးနောက် အရာအားလုံးကို အမှောင်ထု ဖုံးလွှမ်းသွားသည်။ အနက်ရောင်အလင်းများသည် တိမ်မဲများကဲ့သို့ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

သူ၏လက်ချောင်းများမှာ မည်းနက်နေလေပြီ။

သူ၏လက်ကို လွှဲရမ်းလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး မှုန်ဝါးလာသည်။ ဤသည်မှာ ညရောက်လာသကဲ့သို့ ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့။

“ကောင်းကင်ဖန်တီးခြင်းလက်သီး..”

အားလုံး အမူအရာ ပြောင်းလဲသွားသည်။ ဤသညမှာ နာမည်ကြီးသည့် ဘိုးဘေးပညာတစ်ခုဖြစ်ပြီး ယုယုနေထိုင်သည့် ဧကရာဇ်ကလန်သာ ဤပညာကို ပိုင်ဆိုင်ထားသည်။ ဤလက်သီးကို ကောင်းကင်ဖန်တီးခြင်းလက်သီးဟုခေါ်ပြီး သူ့ထံ၌ လောကကြီးကို ဖန်တီးနိုင်သည့် စွမ်းအားများ ရှိနေသည်ပင်။

ဝုန်း..

သေချာပါသည်။ အမှောင်ထုကြီးရောက်လာသည်နှင့် ထိုနေရာသည် ရုတ်တရက် ပေါက်ကွဲထွက်သွားကာ အလွန်လျင်မြန်စွာ တောက်ပလာသည်။ ဤသည်မှာ ကောင်းကင်ဘုံကြီး ပွင့်လာသကဲ့သို့ပင်။

ဤလက်သီး၏စွမ်းအားမှာ ကြီးမားလွန်းလှသည်။

ဤတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ရှီဟောင် တည်ငြိမ်နေဆဲပင်။ သူသည် တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးကို အသုံးပြုကာ တစ်ဖက်လူ၏ အားနည်းချက်များကို ရှာဖွေလို်ကသည်။

လက်သီးနှင့်လက်ဝါးတွေ့သွားကာ ဆူညံသံများ ထွက်ပေါ်လာသည်။

သူတို့ခန္ဓာကိုယ်များ ထိသွားခြင်းမဟုတ်ပဲ သူတို့ကို ဝန်းရံထားသည့် တာအိုဥပဒေသများဖြင့် တိုက်ခိုက်ကြခြင်းပင်။

သေချာကြည့်မည်ဆိုလျှင် သူတို့၏ လက်သီးနှင့်လက်ဝါးများကို ချိန်းကြိုးများ ရစ်ပတ်ထားသည်ကို တွေ့ရလိမ့်မည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးမှာ တစ်ချက်လေး မှားသွားသည်နှင့် အသက်အန္တရာယ်ကြုံတွေ့နိုင်သည်ပင်။

ဝုန်း..

သူတို့နှစ်ဦး တိုက်ခိုက်သည်နှင့် အဆုံးမရှိသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူတို့နှစ်ဦးလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြလေ၏။

“ဘယ်သူက အသာစီးရတာလဲ..” ခပ်ဝေးဝေးရှိ တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

တစ်ဖက်လောကမှ သက်ရှိများမှာ ယုယုကို အနိုင်ရစေချင်ကြသည်ပင်။

သို့သော်လည်း အကျဉ်းဦးစီးများ စိတ်လှုပ်ရှားသွားကြကာ စိုးရိမ်သည့်အမူအရာများ ဖြစ်လာကြသည်။ ရှီဟောင်၏ အုတ်မြစ််၌ အက်ကွဲကြောင်းများရှိနေပြီး သူအကောင်းဆုံးအခြေအနေမဟုတ်သည်ကို သူတို့သိသည်။ သို့သော်လည်း သူရှုံးမည့်လက္ခဏာမရှိ။

“မရဘူး .. ငါတို့သူ့ကို တားရမယ် .. သူတို့ကို ဆက်တိုက်ခိုင်းလို့မရဘူး..” အကျဉ်းဦးစီးတစ်ဦး ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဟွမ်သာ ယုယုကို နိုင်သွားလျှင် ဤသည်မှာ ဧကရာဇ်ကလန်များပေါ်သို့ တက်နင်းလိုက်ခြင်းပင်။ ဤအကျိုးဆက်မှာ အလွန်ဆိုးရွားသွားလိမ့်မည်။

သို့သော် သူတို့ တိတ်တဆိတ်လှုပ်ရှားလိုက်လျှင်လည်း မကောင်း။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ကလန်များမှာ သာမန်ကလန်များမဟုတ်။ သူတို့ ဟွမ်ကို တကယ်အနိုင်လိုချင်ကြသည်။ သူတို့သာ အကူအညီပေးလိုက်လျှင် ထိုလူများ ကျေးဇူးတင်ကြမည်မဟုတ်။

ရွှီး..

ရောင်စုံအလင်းများ တောက်ပလာလေ၏။ ဤသည်မှာ ခြေထိတ်တစ်စုံပင်။ ထိုခြေထိတ် လျင်မြန်စွာ ပေါ်လာကာ ရှီဟောင်အား ချည်နှောင်သွားသည်။

“ဘုရားရေ ကျေးဇူးပါ .. နောက်ဆုံးတော့ အဆင့်လွန်သက်ရှိတစ်ယောက် လှုပ်ရှားလာပြီ..” အကျဉ်းဦးစီတစ်ဦး သူ၏ချွေးများကို သုတ်ပြီး ပြောလိုက်သည်။

ရေနက်မြို့တွင် ဘယ်လိုလုပ် အဆင့်လွန်သက်ရှိများ မရှိပဲနေမည်နည်း.. သူတို့ထံ၌ မသေမျိုးသက်ရှိများပင်ရှိသည်။ သူတို့သည် သမိုင်းတစ်လျှောက်လုံး ဤနေရာအား ကာကွယ်စောင့်ရှောက်ခဲ့သည်ပင်။

အကျဉ်းဦးစီးများသည် အဆင့်လွန်သက်ရှိတစ်ဦးထံသို့ လျင်မြန်စွာ သတင်းပို့လိုက်ခြင်းပင်။

“ဘာဖြစ်နေတာလဲ..” လူများစွာ အော်ဟစ်လိုက်ကြသည်။

“အဆင့်လွန်သက်ရှိတစ်ဦး အမိန့်ပေးလိုက်တယ် .. ဟွမ်က အရေးပါတဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်လို့ သေလို့မရဘူးတဲ့ .. သူ့ကို အသုံးချရမှာတွေ ရှိသေးတယ်..” အကျဉ်းဦးစီးတစ်ဦး ပြောလိုက်သည်။ “ဧကရာဇ်ကလန်က လူငယ်ကျွမ်းကျင်သူတွေကြောင့် ဟွမ် သေသွားမှာကို အဆင့်လွန်သက်ရှိက စိုးရိမ်နေတာ .. အဲဒါကြောင့် ဒါက ကာကွယ်မှုတစ်မျိုးလို့ ပြောလို့ရပါတယ်..”

မိုရှန်း၊ ဟဲကျီမင်နှင့် အခြားလူတစ်ချို့ ဆွံ့အသွားရသည်။ သူတို့နှစ်ဦးမှာ ပြင်းထန်စွာ တိုက်ခိုက်နေဆဲဖြစ်ကာ အနိုင်အရှုံးမသတ်မှတ်ရသေး။ ဟွမ်ရှုံးသည့်အပြင် အသတ်ခံရလိမ့်မည်ဟု သူတို့က အဘယ်ကြောင့် ကောက်ချက်ချလိုက်ကြသနည်း..

အထူးသဖြင့် သူသည် အကျဉ်းသားတစ်ဦးဖြစ်သောကြောင့် သူ့ကို ကာကွယ်ပေးရန် ထိုက်တန်ပါရဲ့လား..

သို့သော်လည်း ဘုရင်ကလန်အုပ်စုမှာ အလွန်စိတ်လှုပ်ရှားစွာဖြင့်ပင် ကြွေးကြော်လိုက်ကြလေ၏။

ရှီဟောင်သာ လှောင်ပြောင်ခနဲ့လိုက်သည်။ “ငါက ရှုံးမယ်ဟုတ်လား .. ခင်ဗျားတို့အဆင့်လွန်သက်ရှိတွေသာ တစ်ခုခုကို သတိပြုမိသွားလို့ သူတို့ခြေတစ်လှမ်းနောက်ကျသွားရင် ဧကရာဇ်ကလန်တွေလည်း အသတ်ခံလိုက်ရမှာ..”

ဤစကားများ ထွက်လာသည်နှင့် ဤနေရာတစ်ခုလုံး ဆူညံကာ အုတ်အော်သောင်းတင်းဖြစ်လာသည်ပင်။

“ခင်ဗျားတို့ ဒါကို လက်မခံနိုင်ဘူးဆိုရင် ကျုပ်ကို ကြိုးတွေ ပြန်ဖြည်ပေးလိုက် .. ကျုပ်ကို အဆုံးထိ တိုက်ခွင့်ပေး..” ရှီဟောင် သူအပြစ်ပေးခံရမည်လား၊ ပစ်မှတ်ထားခံရမည်လားဆိုသည်ကို စိတ်မဝင်စားတော့။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဖက်လောက၌ ရှိနေပြီဖြစ်သောကြောင့် သူ ကောင်းကောင်းမွန်မွန်ဆက်ဆံခံရမည်မဟုတ်မှန်းသူသိထားပြီးသားပင်။ ထို့ကြောင့် သူ့ကိုယ်သူ အမှားခံမည်မဟုတ်။

ယခုအချိန်တွင် ယုယုပတ်လည်၌ ရှိနေသည့် မူလဖရိုဖရဲမြူများ ပျက်ပြယ်သွားပြီဖြစ်ပြီး သူ၏မူလပုံစံ ပေါ်လာပြီဖြစ်သည်။ သူ၏မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီး အလွန်ချောမောလှပလှသည်။

သို့သော်လည်း သူ၏အမူအရာမှာ ထိုမျှသိပ်မကောင်းမနေ။ “ကျွန်တော် ဆက်တိုက်ချင်တယ် .. ဒီဓားသွေးကျောက်နဲ့ တိုက်ချင်တယ်..”

“ဒီလိုမျိုးလုပ်ခွင့်မပေးနိုင်မှာ စိုးမိပါတယ် .. ဟွမ် သေလို့မရဘူးလို့ အထက်က အမိန့်ပေးထားပါတယ် .. ပြီးတော့ မသေမျိုးသက်ရှိတွေလည်း အစောကြီးကတည်းက ဒီလိုမျိုး မှာထားတာပါ..” အကျဉ်းဦးစီးတစ်ဦး ခေါင်းခါ၍ ပြောလိုက်သည်။

ဧကရာဇ်ကလန်များမှာ အထက်၌ရှိနေသော်လည်း လူငယ်များမှာ အဆင့်လွန်သက်ရှိများ၊ မသေမျိုးသက်ရှိများနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူတို့ကြိုက်သလို မလုပ်နိုင်တော့။ သူတို့ ထိုသူတို့ကိုလေးစားရမည်ပင်။

ယုယုသည် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဖုန်တစ်စက်ပင်မပေ။ သူသည် ခမ်းနားလှသည်ဟုပင် ပြော၍ရသည်။ သို့သော် သူ၏မျက်နှာမှာ အနည်းငယ် အေးစက်နေသည်။

သူသည် ရှီဟောင်ထံသို့ ရောက်လာကာ နောက်ဆုံးတွင် ရှီဟောင် ရင်ဘတ်အား အပေါ်မှနေ၍ ဖုန်းခနဲ ကန်ထည့်လိုက်လေသည်။ ရှီဟောင် နောက်ယိုင်သွားကာ ပါးစပ်မှ သွေးအန်သွားလေ၏။

ယုယုသည် ဟွမ်အတွက်လာခဲ့ခြင်းဖြစ်သော်လည်း တားဆီးခံလိုက်ရသောကြောင့် မတိုက်ခိုက်နိုင်တော့။ ထို့ကြောင့် သူ၏ဒေါသကို ဤနည်းလမ်းဖြင့် ဖြေလျော့လိုက်လေသည်။

ဘုရင်ကလန်အချို့ ဟစ်ကြွေးလိုက်ကြသည်။ ရှီဟောင် ချိန်းကြိုးများဖြင့် ချည်နှောင်ခံထားရပြီး မှော်စွမ်းအားဖြင့် မခုခံနိုင်မှန်း သိသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန် သူတို့ အလွန်စိတ်လှုပ်ရှားနေကြဆဲပင်။

အဘယ်ကြောင့်ဆိုသော် အချို့လူများမှာ ဘက်လိုက်ကြသည်ပင်။ ဧကရာဇ်ကလန်များမှာ ဟွမ်ထက် သန်မာသည်ဟု သူတို့ယုံကြည်နေကြသည်။

“ငါတို့ ထွက်လာတာ အလကားဖြစ်သွားပြီ .. ငါတို့ဘာမှ မလုပ်နိုင်တော့ဘူး..” ယုယု အေးစက်စွာ ပြောလိုက်သည်။

ရှီဟောင်၏အမူရာ အေးစက်သွားရသည်။ သူ ချိတ်ပိတ်ခံထားရကာ မတိုက်ခိုက်နိုင်မှန်းသိသော်လည်း ဤဧကရာဇ်ကလန်လူငယ်လေးသည် သူ့အား အပေါ်ဘက်မှ ကန်လိုက်သေးသည်။ ဤသည်မှာ အနိုင်ကျင့်ခြင်းပင်။

“ဘာလဲ .. မင်းဒါကို လက်မခံနိုင်ဘူးလား.. ကံမကောင်းစွာနဲ့ အချိန်တစ်ခုထိတော့ မင်းဒါတွေကို ဖြုတ်နိုင်မှာမဟုတ်ဘူး..” ယုယု ပြောလိုက်သည်။

“မင်းက တကယ်ကံကောင်းတာပဲ .. ငါ ချိတ်ပိတ်ထားခံရလို့သာမဟုတ်ရင် မင်းရှုံးသွားလောက်ပြီ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ဤသည်မှာ ခပ်ဝေးဝေး၌ ရှိနေသည့်သူအားလုံးကို အမူအရာများပြောင်းလဲသွားစေသည်။ ဟွမ်သည် ဧကရာဇ်ကလန်များထက်ပင် မာနကြီးသေးသည်။ သူသည် ယခုအချိန်ထိ ရူးသွပ်နေဆဲပင်။

“မင်း ဘာပြောလိုက်တာ..” ယုယု အေးစက်စွာ ပြောပြီး ရှီဟောင်ထံသို့ တစ်လှမ်းချင်း လျှောက်လာလေသည်။

သူသည် ရှီဟောင်အား ခြိမ်းခြောက်နေရုံသာမက ရှီဟောင်၏လျှို့ဝှက်ချက်များစွာကိုလည်း လေ့လာချင်နေသည်ပင်။ ဤသည်မှာ ဧကရာဇ်ကလန်လူငယ်များ ဤနေရာသို့ ရောက်လာသည့် အဓိကအကြောင်းရင်းပင်။

ဟွမ်ကို အထက်လူကြီးများ အလေးထားနေသောကြောင့် သူ့ထံ၌ သေချာပေါက် လျှို့ဝှက်ချက်များ ရှိလိမ့်မည်။

“မင်း ကိုယ့်နေရာကိုယ် နေသင့်တယ်..” ယုယု ပြောလိုက်သည်။ ထို့နောက် ရှီဟောင်ပခုံးကို ပုတ်လိုက်ကာ “ကောင်းကောင်း အသက်ရှင်နေ .. ငါမင်းကို ပြန်လာရှာမယ်..”

ဖုန်း..

သို့သော် မထင်မှတ်ထားသည်မှာ ရှီဟောင် ရုတ်တရက် လှုပ်ရှားလာခြင်းပင်။ သူသည် ချည်နှောင်ခံထားရသော်လည်း တိုက်ခိုက်နေဆဲပင်။

ချိန်းကြိုးများမှာ သူ၏မှော်စွမ်းအားကို ချိတ်ပိတ်ထားသော်လည်း သူ၏အသွေးအသားများမှာ စွမ်းအားကြီးနေဆဲပင်။ အကွာအဝေးမှာ အလွန်နီးကပ်နေသောကြောင့် ရှီဟောင် ယုယုကို ပိတ်ချလိုက်ကာ သူ့ထံ ရှိသမျှအားလုံး ထုတ်သုံးလိုက်သည်။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှပြီး အားလုံး ထင်ထားသည်ထက် ကျော်လွန်သွားလေပြီ။

“ဒါက .. ဘာဖြစ်တာလဲ..” အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သူတို့ ဤသည်ကို မယုံရဲသေး။

ရှီဟောင်၏ အသွေးအသားမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် စွမ်းအားကြီးလှသည်။ သူ၏မှော်စွမ်းအားများ ချိတ်ပိတ်ခံထားရသော်လည်း ဤမျှနီးကပ်နေသည့် အကွာအဝေးတွင် သူ ယုယုကို ခိုင်မာစွာ ဆုတ်ကိုင်နိုင်လိုက်သည်ပင်။

အဟွတ်..

ယုယု ချောင်းဆိုးသွားကာ စတင်ထိတ်လန့်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု အိပ်မက်ထဲမှာပင် မမက်ဖူးခဲ့။ တစ်ဖက်လူက သူ့မှာ နတ်ခွန်အားမရှိတော့တာတောင် ပြန်တုံ့ပြန်နေတုန်းလား..

အမှန်တကယ်တွင် ယုယု မှားတွက်မိသွားသည်ပင်။ သူ့တစ်ကိုယ်လုံး တောက်ပလာကာ စွမ်းအားကြီးသည့် မှော်ခွန်အားများ အသုံးပြုလိုက်သော်လည်း သူဘာမှ မပြောင်းလဲနိုင်။

“ငါ့ကိုလွှတ်..” ယုယု အော်ဟစ်လိုက်သ်ည့အပြင် စွမ်းအားအကြီးဆုံး မှော်စွမ်းအားကို အသုံးပြုပြီး ရှီဟောင်အား တိုက်ခိုက်လိုက်သည်။

ဖုန်းဟူသည့်အသံနှင့်အတူ နောက်ဆုံးတော့ သူလွတ်သွားလေပြီ။ ယုယုလည်ပင်းမှာ သွေးများထွက်လာပြီး ကျိုးမတတ်ဖြစ်နေလေပြီ။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

ဟွမ်သည် ချိန်းကြိုးများဖြင့် ရစ်ပတ်ခံထားရသော်လည်း သူသည် ဧကရာဇ်ကလန်တစ်ခုကို ထိခိုက်အောင် လုပ်တော့မတတ်ပင်။

အပိုင်း ၁၇၆၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၂ – စစ်နတ်ဘုရားအား ချည်နှောင်ခြင်း

ဟွမ်က ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ .. သူ့ကို ချိန်းကြိုးတွေနဲ့ ချည်ထားတာတောင်မှ သူက ဧကရာဇ်ကလန်လူငယ်တစ်ယောက်ကို လည်ပင်းချိုးပစ်တော့မလို့ ..

လူတစ်စု ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ဘုရင်ကလန်အချို့မှာ သူတို့နှလုံး လည်ချောင်းထိပင် တစ်ဆို့သွားသလို ခံစားလိုက်ရသည်။ ဧကရာဇ်ကလန်တစ်ခုသာ ဟွမ်ကြောင့် လည်ပင်းအစ်သေသွားသည်ဆိုပါက အလွန်ရယ်စရာကောင်းနေလိမ့်မည်။

ဤကဲ့သို့ မဖြစ်ခဲ့သော်လည်း အားလုံးကို ဆွံ့အစေဆဲပင်။

ဤအဖြစ်အပျက်၌ ပါဝင်ခဲ့သည့် ယုယု၏မျက်နှာမှာ အေးစက်နေလေပြီ။ သူနည်းနည်းလေး သတိလက်လွတ်လုပ်မိသွားသည်နှင့် ဟွမ် သူ၏လည်ပင်းကို တင်းကြပ်စွာ ညစ်ပစ်သွားလေပြီ။

အားလုံး အကြောက်တရားအချို့ကို ခံစားလာရသည်။ ဟွမ်သာ ချိတ်ပိတ်မခံထားရရင် သူက ဧကရာဇ်ကလန်က လူငယ်ရဲ့လည်ပင်းကို ဖြတ်ပစ်မှာလား..”

“ဟား ဟား .. ဟား ဟား..” ဝူခွန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ယုယု .. မင်းဘာလို့ ဒီလောက်တောင် နမော်နမဲ့နိုင်ရတာလဲ .. ဟွမ်မှာ လက်ထိပ်ခြေထိပ်တွေချည်ခံထားရတဲ့အပြင် နဲ့ တစ်ကိုယ်လုံးကို သံကြိုးတွေနဲ့ ချည်ခံထားရတာတောင်မှ မင်းက သေမလိုဖြစ်သွားခဲ့သေးတယ် .. ဒီဓားသွေးကျာက်က မင်းလိုမျိုး ဓားစုတ်လေးကို ကျိုးမလိုဖြစ်အောင် လုပ်ခဲ့တာပဲ..” ချင်းခွန် ရယ်မော၍ ပြောလိုက်သည်။

ယခုအချိန်တွင် ဤဧကရာဇ်ကလန်ဂျီးနီးယပ်စ်နှစ်ဦးသာ ဤကဲ့သို့ လှောင်ပြောင်ရဲကြလိမ့်မည်။

ယုယု၏အမူအရာမှာ ဖြူဖျော့ကာ အလွန်ရုပ်ဆိုးနေလေပြီ။

ထိုအချိန်တွင် သူနောက်တစ်ကြိမ် တရှိန်ထိုး ပြန်ပြေးလာသည်။ တစ်ချိန်တည်းမှာပင် ဝူခွန်၊ ဟဲကျီမင်နှင့် ချင်းခွန်တို့လည်း အပြေးလေး ရောက်လာကြသည်။ သူတို့ ရှီဟောင်၏ မူလဝိညာဉ်အား ရှာဖွေလိုကြသည်။

ဤသည်မှာ သူတို့ ဤနေရာသို့ ခွန်အားအပြည့်ဖြင့် ရောက်လာကြသည့် အကြောင်းရင်းပင်။ ဟွမ်ထံ၌ မည်ကဲ့သို့သောလျှို့ဝှက်ချက်များ ရှိနေသောကြောင့် အထက်လူကြီးများ သူ့အား စိတ်ဝင်စားနေသည်ကို သူတို့သိချင်ကြသည်။

“မင်းတို့အားလုံး လက်လွတ်စပယ်လုပ်လို့မရဘူး .. သူ့ရဲ့မျက်ခုံးကြားကို ကန့်သတ်ချက်တွေ အများကြီး ထားထားတယ် .. သူ့ရဲ့မူလဝိညာဉ်ကို ရှာလိုက်တာနဲ့ သူကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်လိမ့်မယ်..” ထိုအချိန်တွင် မြို့ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

ဤလူများ မျက်မှောင်ကြုတ်လိုက်ကြသည်။ ယခု သူတို့ကို အဆင့်လွန်သက်ရှိတစ်ဦးမှ သတိပေးနေသောကြောင့် သူတို့ လှုပ်ရှား၍မရတော့။ သူတို့ ထိုအကြီးအကဲကို လေးစားရမည်ပင်။

“နှမြောစရာပဲ .. အခုထိ ငါနဲ့တိုက်ချင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး..” ရှီဟောင် ပြောလိုက်သည်။

ဤစကားကို ကြားသည်နှင့် ယုယု၏ သွေးကြောများ ထောင်ထလာကာ သူ၏မျက်နှာမှာ ပို၍ အေးစက်လာသည်။ သူနှင့်ဟွမ် တိုက်ပွဲမှာ ရပ်တန့်သွားလေပြီ။ အဆင့်လွန်သက်ရှိစီနီယာက တကယ်ပဲ သူ့ကို အလေးထားနေတာလား..

“မင်းက တိုက်ခိုက်ရတာ ကြိုက်တယ်ဆိုတော့ ငါမင်းရဲ့ရည်မှန်းချက်ပြည့်အောင် ကူညီပေးမယ်..” မြို့ထဲမှ အေးစက်သည်အသံ ထွက်ပေါ်လာသည်။

ထို့နောက် ဟွမ် ‘တိုက်ခိုက်ရေးသမား’ ဖြစ်လာရန်အတွက် သူ့အား စစ်နတ်ဘုရားကျောင်းသို့ ပို့လိုက်မည်ဖြစ်ကြောင်း မြို့ထဲမှ အဆင့်လွန်သက်ရှိတစ်ဦး ကြေငြာလိုက်သည်။

ဤသတင်းပျံ့သွားသည်နှင့် လူများစွာ အံ့အားသင့်သွားရသည်။ ထို့နောက် လူများစွာ မျက်လုံးများ တောက်ပလာကာ ဤကိစ္စကို မျှော်လင့်လာကြသည်။

အချို့သူများမှာ စိတ်ပျက်သွားကြသည်ပင်။ ဧကရာဇ်ကလန်မှ ကျွမ်းကျင်သူများ ရှီဟောင်အား ဖိနှိပ်မည်ကို သူတို့မကြည့်နိုင်တော့။ သူတို့လိုချင်သည်မှာ တစ်ယောက်ယောက်မှ ရှီဟောင်အား ပွင့်ပွင့်လင်းလင်းတိုက်ခိုက်ပြီး အနိုင်ယူခြင်းပင်။

“စစ်နတ်ဘုရားကျောင်း .. ငါတို့လည်း အထဲဝင်ဖို့ အခွင့်အရေးရှိမှာလား..” လူများစွာ သူတို့အချင်းချင်းဆွေးနွေးလာကြသည်။

ဤကျောင်း၏ဇစ်မြစ်မှာ အလွန်ထူးခြားလှပြီး ထိပ်တန်း ကျောင်း ၁၀ ကျောင်းထဲမှ တစ်ကျောင်းပ်။

ထိုကျောင်းမှ ထွက်လာသည့် ကျင့်ကြံသူများအားလုံးမှာ စစ်နတ်ဘုရားများဖြစ်ပြီး အားလုံးမှာ စစ်မြေပြင်၌ အကြောက်တရားကင်းမဲ့စွာဖြင့် တိုက်ခိုက်သည့်သူများပင်။

သို့သော် စစ်နတ်ဘုရားဘွဲ့တံဆိပ် ရသွားသည့်သူများမှ သိပ်မများ၊ အများစုမှာ အခြားသူများတောက်ပရန် နောက်ခံဖြစ်ပေးလိုက်ရသည်ပင်။ ထိုဘွဲ့တံဆိပ်မှာ အလကားသပ်သပ်ရလာခြင်းမဟုတ်။

ဤကျောင်းကို ယခင်က မသေမျိုးဘုရင်တစ်ပါး ပိုင်ဆိုင်ခဲ့သည်။ သို့သော် ထိုသက်ရှိသည် ကောင်းကင်ဘုံကိုးခုနှင့်စစ်ပွဲ၌ ကျဆုံးခဲ့ကာ သူ ကျန်ရစ်ထားခဲ့သည့်အရာမှာ ကျောင်းတစ်ခု ဖြစ်လာသည်ပင်။

“ပျက်ဆီးသွားတဲ့မသေမျိုးဘုရင် လော့မိုလား..” ဤနာမည်ကိုကြားသည်နှင့် ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။

ယခင်က အနီရောင်ကောင်းကင်နယ်ခြားစပ်၌ ဤနာမည်ကို သူကြားဖူးသည်။ လော့မိုသည် ထာဝရရှေးဟောင်းခေတ် နောက်ဆုံးအချိန်၌ သေဆုံးသွားခဲ့ခြင်းပင်။

“စစ်နတ်ဘုရားကျောင်းက တစ်နှစ်ကို လူတစ်ထောင်ပဲလက်ခံတာကို မင်းတို့အားလုံး သိကြမှာပါ .. စာသင်ပေးဖို့အတွက် အဆင့်လွန်သက်ရှိတွေ ရှိနေရုံသာမက မသေမျိုးသက်ရှိတွေ ပေါ်လာတာလည်း ရှိတယ် .. ဒီနှစ်လည်း အတူတူပဲ..” မြို့ထဲမှ ထိုအေးစက်သည့်အသံ ထပ်မံထွက်ပေါ်လာသည်။

တစ်ဖက်လောကမှ အကန့်အသတ်မရှိသည့် လူများနှင့်ယှဉ်လျှင် ဤအရေအတွက်မှာ တကယ်ကို နည်းပါးလှသည်။

“စိတ်ဝင်စားစရာပဲ .. ဟွမ်ကို အဲဒီကိုပို့မယ်ဆိုတော့ ငါလည်း အပျော်သွားတာပေါ့..” ချင်းခွန် ပြောလိုက်သည်။

“ငါလည်း သွားမယ်..” ယုယုခေါင်းညိမ့်လိုက်သည်။

မိုရှန်း၊ ဟဲကျီမင်းနှင့် ဝူခွန်တို့လည်း များများစားစားတွေးမနေပဲ ထိုနေရာသို့ သွားရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သွားရသည့် အကြောင်းပြချက်တစ်ခုသာရှိသည်။ ဤသည်မှာ ဟွမ်သည် ထိုနေရာ၌ ‘တိုက်ခိုက်သူ’ ဖြစ်လာမည်ဆိုသောကြောင့်ငပင်။

မဟုတ်ပါက ဧကရာဇ်ကလန်များအနေဖြင့် သူတို့၏ရှေးဟောင်းမြေမှာ သေဆုံးသွားသည့် မသေမျိုးဘုရင်ထားခဲ့သည့်အကြွင်းအကျန်များထက် အများကြီး ပိုကောင်းသည်ပင်။ သူတို့က ဘာကြောင့် ထိုနေရာသို့ သွားမည်နည်း..

ဤသတင်း ပျံ့နှံ့သွားကာ အားလုံး တုန်လှုပ်သွားကြသည်။

ယနေ့တော့ ရေနက်မြို့သာမက အခြားနေရာများမှ ကျင့်ကြံသူများပါ ထိတ်လန့်သွားကြသည်။ ယနေ့မှာ တကယ်ကို ထူးခြားသည့်နေ့ပင်။ ရှီဟောင် ‘တိုက်ခိုက်သူ’ ဖြစ်လာမည်သာမက ဧကရာဇ်ကလန်မှ လူငယ်ကျွမ်းကျင်သူများလည်း ထိုနေရာသို့ သွားကြမည်။

ဤသည်မှာ လူများစွာကို ဆွဲဆောင်နေသည်ပင်။ ကျွမ်းကျင်သူများသည် ဤနှစ်ဝင်ခွင့်တစ်နေရာရအောင်ယူရန် ဆုံးဖြတ်လိုက်ကြသည်။

အခြားသက်ရှိများအတွက် ကျောင်းကြီးဆယ်ကျောင်းမှာ ပြိုင်ဘက်ကင်းသည့် မြင့်မြတ်မြေများဖြစ်ပြီး သွားလည်သင့်သည့်နေရာများပင်။

ကျောင်းမှာ မြို့ထဲ၌ ရှိနေခြင်းမဟုတ်ပဲ အတော်ဝေးသည့်တောင်ကြော၌ ရှိနေခြင်းပင်။

ထိုနေရာမှာ အလွန်ထူးခြားလှသည်။ အဝေးမှကြည့်လျှင် ဤသည်မှာ နဂါးအစစ် တစ်သောင်းအိပ်နေသကဲ့သို့ပင်။

ထိုတောင်ကြောထဲမှ အချို့နေရာများတွင် အနက်ရောင်မြူများ အုံ့ဆိုင်းနေကာ အခြားနေရာများ၌ ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်နေသည်။ သွေးအလင်းတန်းများကဲ့သို့ ကောင်းကင်ထက်သို့ အနီရောင်အလင်းလှိုင်းများ ကြွတက်နေသည့်နေရာများလည်း ရှိသည်ပင်။

ဤသည်မှာ အလွန်ရှုပ်ထွေးလှသည့် နယ်မြေတစ်ခုဖြစ်ပြီး တစ်ခါကြည့်ရုံဖြင့် အတွင်းနက်ပိုင်းကို မမြင်နိုင်။

ယခင်က မသေမျိုးဘုရင်လော့မို ဤနေရာ၌ ကျင့်ကြံခဲ့သည်ပင်။ ဤသည်မှာ သူချန်ရစ်ထားခဲ့သည့် ရှေးဟောင်းမြေတစ်ခုဖြစ်ပြီး အလွန်အရေးကြီးသည့်နေရာတစ်ခုပင်။

ဘိုးဘေးမြေဟုခေါ်သည့် အဓိကအစိတ်အပိုင်းကို လော့မို၏ နောင်လာနောက်သားများ ပြောင်းရွေ့ပြီးသွားပြီဖြစ်သည်။ မဟုတ်ပါက ဤသည်မှာ ဧကရာဇ်ကလန်များ၏ ရှေးဟောင်းမြေများနှင့် ဘာမှကွာခြားမည်မဟုတ်။

ထိုသို့ဆိုသော်လည်း ဤနေရာမှာ နတ်မြေဖြစ်နေဆဲပင်။

ကျောင်းသားများ၏ အသက်၊ ကျင့်ကြံဆင့်နယ်ပယ်နှင့် အခြားအရာများပေါ်မူတည်ကာ စစ်နတ်ဘုရားကျောင်းအတွင်း၌ အဆင့်များစွာရှိသည်။

တစ်နှစ်ကုန်သွားလျှင် ကျန်ရစ်ထားသည့်သူများမှာ သေချာပေါက် လက်ရွေးစင်များပင်။

အဘယ်ကြောင့်ဆိုသော် တစ်နှစ်တစ်ခါ လူခေါ်သည့်အချိန်တွင် အသက်အရွယ်မျိုးစုံ၊ ကျင့်ကြံဆင့်မျိုးစုံမှ လူများမှာ အသစ်ရောက်လာသည့်သူများ၏ စိန်ခေါ်မှုကို လက်ခံရမည်ပင်။ ရှုံးနိမ့်သည့်သူ ထွက်သွားရပြီး အနိုင်ရသည့်သူများသာ ကျန်ခဲ့ရလိမ့်မည်။

နောက်ဆုံးတွင် ကျောင်းထဲ၌ လူတစ်ထောင်သာ ကျန်ခဲ့မည်ဖြစ်သည်။ လူအရေအတွက် ပြောင်းလဲမည်မဟုတ်။

တောင်ဂိတ်တံခါးကြီးမှာ ကြီးမားလှကာ အလင်းမြူများ အုံ့ဆိုင်းနေသည်။ ကျောင်းမြေနေရာမှာ ကျယ်ပြောလှသည်ပင်။

ရှီဟောင်လည်း ဤနေရာသို့ ရောက်လာလေပြီ။ သို့သော် သူ ထို တစ်ထောင်ထဲမှ တစ်ယောက်မဟုတ်။ သူသည် ‘တိုက်ခိုက်သူ’ အနေဖြင့် ဝင်ရောက်လာရခြင်းပင်။ အခြားသူများ တာအိုလေ့လာရန် သူ ကူညီပေးရမည်ပင်။

စစ်နတ်ဘုရားကျောင်း၌ ပြင်းထန်သည့် ရွေးချယ်မှုများ ပြုလုပ်နေသည့်အချိန်တွင် ရှီဟောင် ကျောင်းထဲသို့ ရောက်နေပြီဖြစ်သည့်အပြင် မှောင်မဲသည့် နေရာတစ်နေရာ၌ ပိတ်ခံထားရသည်။

ဤနေရာသို့ ရောက်လာပြီးနောက် သူစိတ်လှုပ်ရှားသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့ ချုပ်နှောင်ခံထားရသည့်သူများစွာကို တွေ့လိုက်ရသည်ပင်။ အားလုံးမှာ အကျဉ်းသားများကဲ့သို့ပင်။

“နောက်တစ်ယောက် ရောက်လာပြီ .. ဟေ့ကောင် မင်းက ဘာပြစ်မှုကြီး ကျူးလွန်ခဲ့လို့ ဒီနေရာကို ပို့ခံလိုက်ရတာလဲ..” သက်ရှိတစ်ဦး မေးလိုက်သည်။

“ဝိုး .. လူသားတစ်ယောက်ဟ .. အမ် .. ဒါက ပိုပြီးအဓိပ္ပာယ်ရှိပါတယ် .. အရှုံးသမားမျိုးဆက်တွေက သူတို့တစ်ဘဝလုံး အစေခံအနေနဲ့ ဖြတ်သန်းရတာပဲ..”

ဤစကားလုံးများကို ကြားလိုက်ရသည်နှင့် ရှီဟောင်၏မျက်လုံးများ အေးစက်သွားရသည်။

တစ်ချိန်တည်းမှာပင် သူ တုန်လှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူ လူပေါင်းများစွာကို တွေ့လိုက်ရသည်ပင်။ သို့သော်လည်း သူတို့အခြေအနေများမှာ အလွန်ဆိုးရွားနေသည်။

“မင်းက .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုဘက်က လူလား..” ရှီဟောင် ထိုလူများထဲမှ တစ်ဦးကို မေးလိုက်သည်။

သေချာပါသည်။ ထိုလူလတ်ပိုင်းအမျိုးသား ဘာမှမပြော။ သူ့ကို ကြည့်ပင်မကြည့်။

“ခင်ဗျားတို့အားလုံး ဘာလို့ ဘာမှမပြောတာလဲ..” ရှီဟောင် အခြားသူများကိုလည်း စကား ပြောကာ အော်ဟစ်လိုက်သည်။

“သူတို့တွေက အစေခံအနေနဲ့ မွေးဖွားလာတာ.. ဒီမှာသေဖို့ ကံပါလာပြီးသားဆိုတော့ သူတို့နှလုံးသားက သေဆုံးသွားပြီ .. ဘာမျှော်လင့်ချက်မှ မရှိတော့ သူတို့တွေက အာရုံခံမှုတွေ မရှိတော့ဘူး..” အကြီးအကဲတစ်ဦး ပြောလိုက်သည်။

ဤသည်မှာ နွားရိုင်းကြီးပင်။ သူသည် လူသားမဟုတ်သော်လည်း ကောင်းကင်ဘုံကိုးခုမှ သက်ရှိဖြစ်လိမ့်မည်ဟု ရှီဟောင် ခံစားရသည်။ သို့သော် သူသည် တစ်ဖက်လောကမှ ဘာသာစကားဖြင့် ပြောလိုက်ခြင်းပင်။

“ခင်ဗျားလည်း အင်ပါယာဂိတ်ဘက်က လာတာလား..” ရှီဟောင်မေးလိုက်၏။

“ငါ့ဘိုးဘေးက အဲဒီဘက်ကလာတာ .. အဲဒီတုန်းက သူ ဖမ်းခံလိုက်ရပြီးတော့ ဘုရင်ကလန်တစ်ခုရဲ့ ကျွန်ဖြစ်ဖို့ ဖိအားပေးခံလိုက်ရတာ..” နွားရိုင်းအိုကြီး ပြောလိုက်သည်။

သူ ရှီဟောင်ကို နောင်တအပြည့်ဖြင့်ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ နတ်စိတ်ဝိညာဉ်မှတစ်ဆင့် ဤလူငယ်လေး၏ စကားကို နားလည်သော်လည်း သူ့စကားလုံးများကိုမူ နားမလည်နိုင်။ ဒါက .. ကောင်းကင်ဘုံကိုးခုရဲ့ ဘာသာစကားများလား..

“ဒီလောက်နှစ်တွေကြာတာတောင်မှ မင်းက ကောင်းကင်ဘုံကိုးခုက ဘာသာစကားကို ပြောတတ်သေးတာလား..” နွားရိုင်းအိုကြီး မေးလိုက်၏။

“ကျွန်တော် အင်ပါယာဂိတ်ဘက်ကနေ အခုမှ ရောက်လာတာ..”

“ဘာ..” ထိုအခိုက်အတန့်တွင် တုံဏိဘာဝေနေနေသည့်သူများပင် သူ့အား ထိတ်လန့်တကြား လှည့်ကြည့်လာကြသည်။

“နောက်ထပ်တိုက်ပွဲတစ်ပွဲ စနေပြီလား .. သူတို့ ထပ်ရှုံးသွားပြန်ပြီလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“မစသေးဘူး..” ရှီဟောင် ခေါင်းခါလိုက်၏။ ထို့နောက် ဤလူများကို ဖြစ်ပျက်နေသည့်ကိစ္စများအား မေးလိုက်သည်။

“မင်းကိုယ်တိုင်လည်း တွေ့ပါတယ် … ဒီ သတ္တဝါပေါင်း တစ်ရာကျော်ထဲမှာ သုံးပုံတစ်ပုံက ကောင်းကင်ဘုံကိုးခုက မျိုးဆက်တွေ .. သူတို့တွေက တိုက်ခိုက်သူတွေဖြစ်ဖို့အတွက် ဒီနေရာကို ရောက်လာတာ .. ဒီမှာ သေဖို့ ကံပါလာပြီးသား..” နွားရိုင်းအိုကြီး ပြောလိုက်သည်။

ဤနေရာသို့ ရောက်လာပြီးနောက် ကောင်းမွန်သည့်အဆုံးသတ်ရသွားသည့်သူများမှာ ရှားပါးလှသည်။ သူတို့သည် ကျောင်းမှ တပည့်များကို တိုက်ခိုက်ကာ ထိုဂျီးနီးယပ်စ်များ ခွန်အားတိုးလာအောင် ကူညီပေးရသည်။

ဤနေရာ၌ ရှိနေသည့် သက်ရှိတစ်ဝက်ကျော်မှာ ဤလောကမှ လူများပင်။ သူတို့သည် ခွင့်လွှတ်၍မရနိုင်သည့် ပြစ်မှုများ ကျူးလွန်းသောကြောင့် ဤနေရာသို့ ရောက်လာခြင်းပင်။

ဤနေရာရှိ အခြေအနေကို နားလည်ပြီးနောက် ရှီဟောင် ဝမ်းနည်းစွာသက်ပြင်းချလိုက်သည်။ ဤနှစ်များအတွင်းတွင် ကောင်းကင်ဘုံကိုးခုမှ မျိုးဆက်များ ရှိနေဆဲပင်။ သို့သော်လည်း သူတို့အခြေအနေမှာ ဆိုးရွားလွန်းလှသည်။

သူ အလွန်ဒေါသထွက်နေသလို စိတ်ထဲ၌ ဝမ်းလည်း ဝမ်းနည်းမိသည်။ ဤဘက်သို့ ကူးပြောင်းလာသည့်သူများမှာ အေးအေးချမ်းချမ်းနေနေရသော်လည်း အရှုံးမပေးပဲ တိုက်ခိုက်ခဲ့သည့်သူများမှာမူ သနားစရာကောင်းလှသည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် စစ်နတ်ဘုရားကျောင်း၏ ကျောင်းသားရွေးချယ်ပွဲ ပြီးဆုံးသွားလေပြီ။

ဒုတိယမြောက်နေ့တွင် ဤအနက်ရောင်အကျဉ်းထောင်ကြီး ပွင့်လာသည်။

“လာပြီ .. ငါတို့ရဲ့ ဆိုးရွားတဲ့ ကံကြမ္မာကြီးစတင်တော့မယ်..” နွားရိုင်းအိုကြီး သက်ပြင်းချပြီး ပြောလိုက်သည်။

“စစ်နတ်ဘုရားတွေကို မွေးထုတ်ပေးဖို့အတွက် ငါတို့က ဒီလူတွေနဲ့ တိုက်ပေးရမှာလား..” ရှီဟောင်၏မျက်လုံးများမှာ ကျောချမ်းစရာကောင်းလာသည်။ “သူတို့တွေ ကျုပ်တို့ကို အနိုင်ကျင့်ရဲရင် စစ်နတ်ဘုရားတွေဆိုတာက လက်ထိပ်တွေဝတ်ထားကြောင်း သူတို့သိအောင် လုပ်ပေးရမှာ..”

သူ့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာကာ သူ၏အကြည့်များလည်း အေးစက်လာသည်။

အပိုင်း ၁၇၆၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၃ – ကြီးမြတ်သည့် တာအိုနန်းတော်

ကြီးမြတ်သည့်တာအိုနန်းတော်မှာ လေထဲ၌ မျောနေကာ လူပေါင်း ထောင်ပေါင်းများစွာ ဝင်ဆံ့နိုင်သည့်အဆောက်အဦးကြီးပင်။

ဤသည် စစ်နတ်ဘုရားကျောင်း၌ နာမည်အကြီးဆုံး တာအိုလေ့လာသည့်နေရာများမှ တစ်ခုပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ကျမ်းစာများနှင့် လေးနက်သည့်ပညာများကို လာသင်ပေးသည့် ကျွမ်းကျင်သူတစ်ဦး ရှိသည်ပင်။

အောက်ဘက်တွင် တောင်ကြောကြီးရှိနေပြီး ဝိညာဉ်စွမ်းအင်များ ကြွတက်နေသည်။ လေထဲ၌ ကြီးမြတ်သည့်တာအိုနန်းတော် တစ်နှစ်ပတ်လုံးရှိနေကာ ထူးဆန်းသည့် သဘာဝဥပဒေသများ ရစ်ဆိုင်းနေသည်ပင်။

အနက်ရောင်အကျဉ်းထောင်ကြီး ပွင့်လာကာ ရှီဟောင်နှင့် လူတစ်စုကို ကြီးမြတ်သည့်တာအိုနန်းတော်ထဲသို့ ပို့လိုက်သည်။ အချို့လူများအတွက်တော့ ဤနေရာသို့ ရောက်သည်မှာ ပထမဆုံးအကြိမ်မဟုတ်သောကြောင့် ဤနေရာသို့ ရောက်သည်နှင့် သူတို့ခန္ဓာကိုယ်များ တုန်ယင်လာသည်။

ဥပမာအားဖြင့် နွားရိုင်းအိုကြီးပင်။ ဤနေရာသို့ ရောက်လာသည့်အချိန်တွင်း သွေးလွှမ်းသည့်နှိပ်စက်မှုကြီး ခံစားရကာ သူ ယနေ့အချိန်ထိ အသက်ရှင်နိုင်သည်မှာပင် မလွယ်ကူလှ။

ဤနေရာမှာ ကျမ်းစာများသင်သည့်နေရာ၊ တာအိုများ လေ့လာသည့်နေရာဖြစ်သကဲ့သို့ တိုက်ခိုက်ရေးပြိုင်ကွင်းတစ်ခုလည်းဖြစ်သည်။

နန်းတော်ကြီးမှာ လူပေါင်း ထောင်ပေါင်း၊ သန်းပေါင်းများစွာဆန့်နိုင်သော်လည်း စစ်နတ်ဘုရားကျောင်းသာ လူတစ်ထောင်သာ ဝင်ခွင့်ပြုသည်။

ထို့ကြောင့် အချို့နေရာများမှာ တိုက်ခိုက်သည့်နေရာများ ဖြစ်လာကြသည်။

အရှေ့ဘက်၌ ဆုတောင်းဖျာများ ခင်းထားသည့်နေရာရှိသည်။ ဖျာများမှာ မနည်းလွန်း၊ မများလွန်းပေ။ စုစုပေါင်း တစ်ထောင်သာ။

ယခုအချိန်တွင် ထိုနေရာ၌ လူပေါင်း ရာပေါင်းများစွာ ထိုင်နေပြီဖြစ်ကာ အဆင့်လွန်သက်ရှိများ သင်ကြားနေသည်ကို နားထောင်နေကြသည်။ ဤနေရာ၌ ပုံမှန်မဟုတ်သည့်မြင်ကွင်းမျိုးစုံ ဖြစ်ပေါ်နေသည်။ တာအိုဥပဒေသများ နဂါးများအဖြစ်သို့ ပြောင်းလဲသွကာ သဘာဝဥပဒေသများမှာ ရွှေရောင်ကြာပွင့်များအဖြစ် ပြောင်းလဲသွားကာ လေထဲ၌ ဖူးပွင့်လာကြသည်။ ဤအရာများအပြင် များပြားလှသည့် အလင်းတန်းများလည်းထွက်ပေါ်နေသည်ပင်။

ရှီဟောင် ထိတ်လန့်သွားရ၏။ သူ နောက်ကျမှ ရောက်လာကာ သူရောက်လာသည့်အချိန် ကျမ်းစာများ ပို့ချပြီးသွားပြီဖြစ်သော်လည်း သူ ထူးခြားသည့် စွမ်းအားတစ်မျိုးကို ခံစားမိနေဆဲပင်။ ထိုစွမ်းအားသည် သ့အား တာအိုလေ့လာချင်အောင် နှိုးဆော်ပေးနေသည်ပင်။

ကျမ်းစာများကို သင်ကြားပေးပြီးသည့်နောက် ထိုလူ တိတ်တဆိတ်ပင် ထွက်ခွာသွားသည်။

ဤလူသည် အဆင့်လွန်သက်ရှိဖြစ်သော်လည်း သူသည် မသေမျိုးနယ်ပယ်နှင့် ထိတွေ့နေပြီဟု ပြောကြသည်။ သူသည် အနှေးနှင့်အမြန် ထိုအဆင့်သို့ ရောက်မည်ပင်။

အဆင့်လွန်သက်ရှိထွက်သွားသည်နှင့် တာအိုစင်္ကြံပတ်လည်၌ ပုံရိပ်များစွာ ထွက်ပေါ်လာကာ နားထောင်နေသည့်သူများကို သူတို့မေးစရာမေးခွန်းများ ရှိသလားဟု မေးကြသည်။

ဤလူများ၏အသက်များမှာ သိပ်မငယ်တော့။ သူတို့သည် အဆင့်လွန်သက်ရှိနယ်ပယ်ထဲသို့ ခြေတစ်လှမ်း ချနေပြီဖြစ်သည်။ သူတို့သည် စာသင်သည့်သူများမဟုတ်။ နားထောင်သည့်သူများ၏ မေးခွန်းများကို ဖြေပေးချင်သာ။

“စီနီယာ .. ကျွန်တော် နည်းနည်းတော့ ရှုပ်ထွေးနေတယ် .. သက်ရှိတစ်ယောက်ရဲ့ အလားအလာက ဘယ်အချိန်မှာ လုံးဝကုန်သွားတာလဲ..”

သေချာပါသည်။ စာသင်သည့်သူ ထွက်သွားသည်နှင့် နားထောင်နေသည့်သူများသည် အုပ်စုများစွာ ကွဲသွားကာ ထိုလူများကို ဝိုင်းသွားကြသည်။

အချို့သူများမှာ မေးခွန်းအချို့ရှိနေပြီး အကြီးအကဲများသည် စိတ်ရှည်စွာဖြင့်ပင် ဖြေကြားပေးနေလေ၏။

“ဒါက လူတစ်ယောက်နဲ့တစ်ယောက်မတူဘူး .. အဆင့်တွေချိုးဖောက်ပြီးတော့ ခန္ဓာကိုယ်ရဲ့ ရတနာတွေကို ဖွင့်နိုင်မှာ သူတို့ရဲ့ ကန့်သတ်ချက်ကို မြင်နိုင်တာ..” အကြီးအကဲတစ်ဦး ပြောလိုက်သည်။

ထို့နောက် သူလက်ဝေ့ရမ်းလိုက်ကာ ‘တိုက်ခိုက်သူများ’ ထဲမှ တစ်ဦးကို ရွေးချယ်လိုက်သည်။ သူ ကျောင်းသားတစ်ဦးကို လာခိုင်းလိုက်ကာ သူ၏ဘိုးဘေးပညာများကို အားကုန်သုံးကာ ထိုလူကို ဖိနှိပ်ခိုင်းလိုက်သည်။

တိုက်ခိုက်သူဟု ခေါ်သည့်သူများမှာ အလွန်သနားစရာကောင်းလှသည်ပင်။ သူတို့သည် ကျွန်များမဟုတ်လျှင် သေလောက်သည့်အပြစ်များ ကျူးလွန်ထားသည့်သူများပင်။ သူတို့အသက်မှာ ဘာမှအဖိုးမတန်။

“မင်းအတတ်နိုင်ဆုံး ခုခံလိုက် .. မင်းရှိတာအားလုံးသုံးလိုက်..” အကြီးအကဲ အမိန့်ပေးလိုက်သည်။

ဤစကားကို ကြားသည်နှင့် ထိုတိုက်ခိုက်သူ တုန်ယင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ သေသွားနိုင်သည်ကို သူသိသည်ပင်။

ဝုန်း..

စွမ်းအားကြီးသည့် လှိုင်းတစ်ခု ရောက်ရှိလာကာ သူ့အရိုးများမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ် အကြိမ်ပေါင်းများစွာ တုန်ယင်သွားသည်။

ခွပ်..

ထိုသက်ရှိသည် တတ်နိုင်သမျှ သူ့ကိုယ်သူ ကာကွယ်နေသော်လည်း ဖိအားများအောက်တွင် အရိုးများစွာ ကျိုးသွားသည်ပင်။

သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများမှာ ထိုအဆင့်လွန်သက်ရှိနယ်ပယ်ထဲသို့ ခြေတစ်လှမ်းရောက်နေပြီဖြစ်သည့် အကြီးအကဲကြောင့် ပျက်စီးသွားရသည်။ ထို့အပြင် ဤသည်မှာ ရပ်တန့်မသွား။ သူ၏ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်။

ဖူး..

နောက်ဆုံးတွင် သူ၏မျက်ခုံးကြား ပေါက်ကွဲသွားကာ သွေးများပန်းထွက်လာသည်။ သူ၏ဦးခေါင်းခွံလည်း အပိုင်းပိုင်းဖြစ်သွားလေပြီ။

“အား..” ထိုသက်ရှိ သနားစဖွယ်အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများလည်း နီရဲနေကာ သူပြင်းထန်စွာ ရုန်းကန်လိုက်သည်။

“အားလုံးပဲ အာရုံစိုက်ထားကြ..” ထိုအကြီးအကဲမှာ အလွန်တည်ငြိမ်နေဆဲပင်။ သူ၏လက်ဝါးမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာကာ ထိုလူကို လွှမ်းခြုံသွားသည်။

“ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ နတ်ခွန်အားတွေ ထွက်လာပြီးတော့ သဘာဝဥပဒေသတွေ တုံ့ပြန်လာတယ် ..” သူသည် သနားစရာကောင်းစွာ အော်ဟစ်နေသည့်သက်ရှိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လက်ညှိုးထိုးပြလိုက်သည်။

“မင်းတို့အားလုံး သေချာကြည့်ကြ .. ဒီအရိုးတွေ ကျိုးသွားပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်က သူ့အလိုလို တောက်ပလာပြီးတော့ အသွေးအသားတွေ တုံ့ပြန်လာလိမ့်မယ် .. ဒါက သူ့ရဲ့ အလားအလာပုံစံယူလာတဲ့ လက္ခဏာပဲ..” အဆင့်လွန်သက်ရှိတစ်ဝက်မှ ရှင်းပြလိုက်သည်။

ထို့နောက် သူသည် အားထပ်ထည့်လိုက်ကာ သူ့လက်ထဲ၌ ရှိနေသည့် တိုက်ခိုက်သူတစ်ကိုယ်လုံးမှ သွေးများပန်းထွက်လာအောင် လုပ်လိုက်သည်။ ထိုလူမှာ ပေါက်ကွဲတော့မည်။

“မင်းတို့အားလုံး သေချာကြည့်ပြီးသွားပြီလား .. သက်ရှိတစ်ယောက် သေတော့မယ်ဆိုရင် ဒီထူးဆန်းတဲ့နေရာကနေ စွမ်းအားတွေ ထွက်လာလိမ့်မယ်..” အဆင့်လွန်သက်ရှိတစ်ဝက်သည် ဆိုးရွားစွာ ပုံပျက်နေသည့်သူ၏ခန္ဓာကိုယ် အချို့အစိတ်အပိုင်းများကို လက်ညှိုးထိုးကာ ရှင်းပြလိုက်သည်။

ခပ်ဝေးဝေး၌ ရှိနေသည့် တိုက်ခိုက်သူအများစု တုန်ယင်သွားကြသည်။ အချို့မှာ စစ်နတ်ဘုရားကျောင်းသို့ ယခုမှ ရောက်ဖူးသည့်သူများပင်။ ဤကဲ့သို့‌သော အဆုံးသတ်မှာ သနားစရာကောင်းလွန်းလှ၏။ ဤသည်မှာ သူတို့၏ အဆုံးသတ်လား..

ရှီဟောင်မှာမူ မျက်လုံးများ အေးခဲနေကာ ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ လက်ခံနိုင်ရန် ခက်ခဲလှသည်ဟု သူခံစားနေရသည်။

တစ်ချိန်တည်းမှာပင် သူသက်ပြင်းမချပဲ မနေနိုင်။ ဤလောကမှာ တကယ်ကို ရက်စက်လှသည်။ ကျင့်ကြံခြင်းလမ်းကြောင်းများကို လေ့လာရန်အတွက် သူတို့သည် အခြားသူများ၏ ကျင့်ကြံခြင်းများကို ဖျက်ဆီးပစ်ရန် ဝန်လေးမနေကြ။

ဖူး..

ထိုလူ၏ ခန္ဓာကိုယ်တစ်ခြမ်း ပေါက်ကွဲသွားပြီးနောက် ထိုအဆင့်လွန်သက်ရှိတစ်ဝက်၏ လွင့်ပစ်ခြင်းခံလိုက်ရသည်။

“ခန္ဓာကိုယ်က သူတောင့်ခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားတဲ့အပြင် သူ့ဒဏ်ရာတွေ အပြင်းထန်ဆုံးဖြစ်လာရင် သူထုတ်လွှတ်တဲ့ အလားအလာကလည်း အံ့ဩစရာကောင်းလောက်အောင်ကို များလာလိမ့်မယ်..” အဆင့်လွန်သက်ရှိတစ်ဝက် ပြောလိုက်သည်။

ထိုလူမှာ ကံကောင်းစွာဖြင့် အသက်ရှင်နိုင်သွားသော်လည်း သူ့ခန္ဓာကိုယ် စုတ်ပြတ်နေပြီဖြစ်သည်။

ရှီဟောင် အံကြိတ်လိုက်၏။ သူတို့သည် တိုက်ခိုက်သူဟု ခေါ်သည့်သူများကို လူဟုပင် သဘောမထား။

“စီနီယာ .. ကျွန်တော်တို့ လောကကြီးရဲ့ စွမ်းအားကို ဘယ်လိုမျိုး အပြည့်အဝ အသုံးချလို့ရလဲ .. ဒါမှမဟုတ် သဘာဝဥပဒေသခွန်အားတို့၊တစ်ခြားအရာတို့တွေကိုသုံးပြီးတော့ ရန်သူကို ဘယ်လိုမျိုး မြန်မြန်ဖိနှိပ်နိုင်လဲ ..သူတို့ရဲ့ ဘိုးဘေးပညာနဲ့ တစ်ခြားဟာတွေကို ဘယ်လိုမျိုးချိုးဖျက်နိုင်လဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“ဒါက ရိုးရှင်းတယ် .. ကောင်းကင်နဲ့ ကမ္ဘာမြေကြီးနဲ့ကို တကယ်တုံ့ပြန်နိုင်အောင်လုပ် .. ဥပမာအားဖြင့် ကောင်းကင်နဲ့တစ်သားတည်းဖြစ်အောင်လုပ် .. ပြီးရင် သဘာဝဥပဒေသကိုသုံးပြီးတော့ မင်းရှေ့ကရန်သူကို တိုက်ခိုက်လိုက်”

အဆင့်လွန်သက်ရှိတစ်ဝက်သည် စကားပြောပြီးသည်နှင့် လက်ဝေ့ရမ်းလိုက်သည်။ ထို့နောက် လေပြင်းများ တိုက်ခတ်လာကာ ရှီဟောင်ဘေးနားတွင်ရှိနေသည့် နွားရိုင်းအိုကြီးကို ခေါ်သွားလေသည်။

နွားရိုင်းအိုကြီးမှာ အလွန်အားကောင်းသော်လည်း အဆင့်လွန်သက်ရှိဖြစ်နေပြီဖြစ်သည့်လူကို မယှဉ်နိုင်ပေ။

“ဒီလိုမျိုး .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အားကိုသုံဂပြီးတော့ သာမန်အဆီးအတားတွေကို ချိုးဖောက်လို့ရတယ်..” အဆင့်လွန်သက်ရှိတစ်ဝက် ရှင်းပြလိုက်သည်။

သေချာပါသည်။ သူသည် ဘိုးဘေးပညာများကို မသုံးပဲ အားတစ်မျိုးကိုသာ အသုံးပြုကာ အလင်းအဆီးအတားအချို့ကို ဖယ်ရှားပစ်လိုက်သည်။ သူသည် ပုံစံမရှိသည့် တာအိုကိုအသုံးပြုကာ နွားရိုင်းအိုကြီး၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် အဆီးအတားများ၊ အဖိုးတန်ပညာများကို ချိုးဖျက်လိုက်သည်။

ဖူး..

နောက်ဆုံးတွင် ထိုနွားရိုင်းအိုကြီး‌ သွေးလွှမ်းသွားကာ ရှီဟောင်ဘေးနားသို့ ပြန်ရောက်လာသည်နှင့် သူ၏ဦးခေါင်းထက်ရှိ ဦးချိုမှာ ခွပ်ခနဲ ကျိုးသွားသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကာ သေမလိုပင် ဖြစ်နေလေပြီ။

ရှီဟောင်၏မျက်လုံးများ ပို၍ အေးစက်လာသည်။

“မင်းတို့အားလုံး ကိုယ်တိုင်လုပ်ကြည့်လို့ရတယ်..” အကြီးအကဲ ပြောလိုက်သည်။

ထို့နောက် နန်းတော်ကြီး ဆူညံလာကာ အနည်းငယ် ဖရိုဖရဲဖြစ်လာသည်။

ကြီးမားလှသည့် နန်းတော်ကြီးထဲ၌ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်ပင်။ အချို့သူများမှာ ခန္ဓာကိုယ်၏ အလားအလာကို လေ့လာကြကာ အချို့သူများမှာ သဘာဝဥပဒေသကို သုံးကာ တိုက်ခိုက်ကြသည်။

ဖူး..

သေချာပါသည်။ ခဏကြာပြီးနောက် တိုက်ခိုက်သူ အတော်များများ ကုန်သွားလေပြီ။

ထို့နောက် နန်းတော်ကြီးထဲ၌ သေဆုံးသွားသည့်သူများ ရှိနေသည်ပင်။

“ဘယ်လောက်ရက်စက်လဲဆိုတာ မင်းအခု မြင်ပြီမလား..” နွားရိုင်းအိုကြီး သက်ပြင်းချကာ ပြောလိုက်သည်။ ယခုတစ်ခေါက် သူအသက်ရှင်နိုင်သွားသော်လည်း သူမပျော်။

နောက်ဆုံးတွင် ဟွမ်လည်း တစ်စုံတစ်ယောက်၏ ရွေးချယ်ခြင်းခံလိုက်ရသည်ပင်။

သို့သော်လည်း ခဏကြာပြီးနောက် သူမည်သူဖြစ်သည်ကို မှတ်မိသွားကြလေသည်။ သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး မျက်နှာတစ်ခြမ်းကို ဖုံးထားသော်လည်း မလုံလောက်သေး။

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေလေ၏။

ဟွမ် ဤနေရာသို့ ရောက်နေမှန်း သူတို့မသိသောကြောင့်မဟုတ်။ သို့သော်လည်း ကျမ်းစာသင်သည့် ခန်းမများစွာ ရှိသည့်အထဲမှာမှ ရှီဟောင် ဤနန်းတော်ကြီးထဲသို့ ရောက်နေလိမ့်မည်ဟု မထင်ထားခြင်းပင်။

ရှီဟောင်ကို ရွေးချယ်လိုက်သည့်သူမှာ မတိုက်ခိုက်ရဲ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ့သေလမ်းသူရှာခြင်းပင်။

“ရတယ် .. သူ့ကို ချည်ထားပြီးပြီ .. ဒါကို အဆင့်လွန်သက်ရှိတစ်ယောက်က လုပ်ထားတာ ..အရမ်းတင်းကြပ်တယ် .. သူ တိုက်ခိုက်ဖို့အတွက် ခက်ခဲမှာ ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“ခွန်အားဆိုတာ ဒီလိုမျိုးကို ပြောတာပဲ .. ဟွမ်ရဲ့ ဂုဏ်သတင်းတွေ ပျံ့လွင့်နေပေမယ့် သူက အကျဉ်းသားတစ်ယောက်ဖြစ်လာပြီ .. အခု မင်းတို့တွေ လောကကြီးရဲ့ သဘာဝခွန်အားတွေကိုသုံးပြီးတော့ ဟွမ်ကို ဖိနှိပ်ဖို့ ကြိုးစားကြည့်လို့ရပြီ..” အဆင့်လွန်သက်ရှိတစ်ဝက်မှ ပြောလိုက်သည်။

သေချာပါသည်။ ထိုသက်ရှိများသည် အတူတကွပင် လှုပ်ရှားလာကြလေ၏။

ဝုန်း..

ရှီဟောင်သည် သူ၏ခန္ဓာကိုယ်ပေါ်၌ သံကြိုးများ ရှိနေသော်လည်း သူ အလွန်လျင်မြန်စွာ လှုပ်ရှားနေနိုင်ဆဲပင်။ သူ၏ခန္ဓာကိုယ်လည်း သူ့အလိုလိုပင် အလွန်တောက်ပလာလေ၏။

သူ့ဘေးနားမှ တိုက်ခိုက်သူများ သနားစဖွယ် အော်ဟစ်နေကြသည့်အပြင် အသက်အန္တရာယ်ကြုံတွေ့နေရသည်ကို တွေ့လိုက်ရသည့်အချိန် သူ၏အမူအရာမှာ ပို၍အေးစက်လာသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ် တောက်ပလာကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိန်းကြိုးများပင် ဤသည်ကို မတားဆီးနိုင်တော့။

ဖုန်း ဖုန်း ဖုန်း..

ထိုလူများ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး ခွန်အားဟုခေါ်သည့်အရာလည်း ချိုးဖောက်ခံလိုက်ရသည်။

ခွပ်..

ထို့နောက် ရှီဟောင်၏ လက်များကို ချည်နှောင်ထားသည့် သံကြိုးများ ပြင်းထန်စွာ လှုပ်ခါလာသည်။ သူ လက်ခါလိုက်သည်နှင့် ထိုသံကြိုးသည် လူတစ်ယောက်၏လည်ပင်းကို ရစ်ပတ်သွားသည်။ သူ ထိုသံကြိုးကို အားဖြင့် ဆွဲလိုက်သည်နှင့် ခေါင်းတစ်လုံး ပြုတ်ထွက်လာလေသည်။

နန်းတော်ကြီးမှာ အလွန်ကျယ်ပြောလှပြီး သွေးများလည်း ဆက်တိုက်စီးဆင်းနေသည်ပင်။ သို့သော်လည်း စစ်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်တစ်ဦး လည်ပင်းပြုတ်ထွက်သွားသည့်အချိန်တွင်တော့ မတူညီတော့။ အချို့လူများမှာ ဒေါသတကြီးပင် စိုက်ကြည့်လာကြကာ အချို့သူများမှာ ဆူပူလာကြသည်။

အပိုင်း ၁၇၆၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၄ – ကပ်ဆိုးကြီး

ကြီးမြတ်သည့်တာအိုနန်းတော်ထဲ၌ ဂျီးနီးယပ်စ်တစ်ဦး၏ ခေါင်းပြုတ်ကျလာသည့်မြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။

ယခင်တုန်းက ဘယ်တုန်းကများ ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်ဖူးသနည်း.. စစ်နတ်ဘုရားကျောင်းမှ ကျောင်းသားများသာ သူတို့၏ လေ့ကျင့်ဖော်များကို အမြဲတမ်း သတ်ခဲ့သည်ပင်။

မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ရှိခဲ့လျှင်ပင် အများဆုံးမှာ ဒဏ်ရာရရုံလောက်သာ။ ‘တိုက်ခိုက်သူများ’က ဘယ်တုန်းကများ ကျောင်းမှ တပည့်များကို သတ်ရဲသနည်း..

တိုက်ခိုက်သူဟု ခေါ်သည့်သူများမှာ အလွန်အဆင့်နိမ့်သည့်သူများပင်။ သူတို့သည် ကောင်းကင်ဘုံကိုးခုမှ မျိုးဆက်များမဟုတ်လျှင် ပြစ်မှုကြီးကို ကျူးလွန်ထားသည့်သူများပင်။

ဟွမ် ထိုနေရာ၌ ရပ်နေပြီး သူ၏လက်မှ သံကြိုးတွင် သွေးများ တစ်စက်စက်ကျနေသည်။ သူသည် ထိုနေရာ၌သာ မလှုပ်မယှက်ရပ်နေပြီး အားလုံးကို အေးစက်စွာ ကြည့်နေလေသည်။

ကြီးမြတ်သည့်တာအိုနန်းတော်မှာ တာအိုလေ့လာသည့် မြင့်မြတ်မြေဖြစ်ကာ လေထဲ၌ မူလဖရိုဖရဲမြူများ ပျံ့လွင့်နေသော်လည်း ယခုအချိန်တွင် လေထုမှာ အနည်းငယ် အသက်ရှူရ ကြပ်နေသည်။

“ဟွမ် .. မင်းက ရက်ရက်စက်စက်လုပ်ရဲတယ်ပေါ့..” အကြီးအကဲတစ်ဦး အေးစက်စွာ အော်ဟစ်လိုက်သည်။ သူသည် ဤနေရာရှိ ကျောင်းသားများ၏ သံသယကို ရှင်းပေးရန် တာဝန်ယူထားသည့် အဆင့်လွန်သက်ရှိတစ်ဝက်ပင်။ သူသည် စာသင်သည့်ဆရာမဟုတ်သော်လည်း သူ၏အဆင့်အတန်းမှာ သာမန်မဟုတ်။

ရှီဟောင်၏အမူအရာမှာ ထူးမခြားနားပင်။ သူသည် ထိုအကြီးအကဲကို အလေးမထားပဲ စစ်နတ်ဘုရားကျောင်းမှ လက်ရွေးစင်တပည့်များကိုသာ ကြည့်နေလေသည်။

“ထားလိုက်တော့ … သူက တစ်ခြားသူတွေထက် အဆင့်နိမ့်တာကိုပဲ အပြစ်တင်ရမှာပဲ..” အခြား အကြီးအကဲတစ်ဦး ပြောလိုက်သည်။ ထို့နောက် သူသည် မြေပြင်ထက်ရှိခေါင်းကိုကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “မင်းက ထမလာသေးဘူးလား..”

သို့သော် ထိုခေါင်း၏မျက်လုံးများ ပြူးကျယ်လာကာ သူ၏အသက်အော်ရာလည်း စတင်လွင့်ပါးလာသည်။ ခေါင်းမှာ ခန္ဓာကိုယ်နှင့် ပြန်မပေါင်းနိုင်တော့။

အားလုံး ထိတ်လန့်တကြား ဖြစ်သွားရသည်။

ထို အဆင့်လွန်သက်ရှိတစ်ဝက် အကြီးအကဲ၏မျက်နှာမှာ မည်းမှောင်နေပြီး မျက်လုံးများလည်း အေးစက်နေသည်။ အဘယ်‌ကြောင့်ဆိုသော် ထိုကျောင်းသား၏ မူလဝိညာဉ် လွင့်ပြယ်သွားပြီဖြစ်သောကြောင့် သူလုံးဝသေဆုံးသွားပြီဟု ပြော၍ရသည်။

“အထက်က အမိန့်တွေ ရှိနေလို့ မဟုတ်ရင် ငါအစောကြီးကတည်းက မင်းကို သတ်ပြီးသွားလောက်ပြီ .. ဒါကို ဘယ်လို သည်းခံရမလဲ..” အကြီးအကဲတစ်ဦး အော်ဟစ်လိုက်သည်။ သူသည် ပေါက်ကွဲလွယ်သည့်သူမှန်း သိသာလှသည်ပင်။

ရှီဟောင်၏အမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူ ထိုအကြီးအကဲကို တစ်ချက်သာ ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ဘာပြောပြော အသုံးဝင်မည်မဟုတ်။ သူ၏အဆင့်အတန်းမှာ အနည်းငယ်ထူးခြားနေသည်ပင်။ အနည်းဆုံးတော့ သူချက်ချင်းသေဦးမည်မဟုတ်။ သို့သော် ကောင်းကင်ဘုံကိုးခုမှ မျိုးဆက်များမှာ စာခြောက်ရုပ်လောက်ပင် မတန်တော့။

သူတို့သည် ဘယ်အချိန်သေရမည်ကို မသိသလို နေ့ရက်တိုင်းကို ခက်ခက်ခဲခဲဖြင့် ဖြတ်သန်းနေရသည်။ ဤနေရာ၌ မည်သူကမှ သူတို့ကို တန်းတူညီတူ မဆက်ဆံကြ။

“ဒီနေ့တော့ ဒီလောက်ပဲ..” အဆင့်လွန်သက်ရှိတစ်ဝက် ပြောလိုက်သည်။ သူ ကျောင်းသားများ၏သံသယများကို မရှင်းချင်တော့။

ထို့နောက် အကြီးအကဲများ ထွက်ခွာသွားကြသည်နှင့် အထက်လူကြီးများကို ချက်ချင်းပင် အသံပို့လွှတ်ကာ ညွှန်ကြားချက်များ တောင်းခံလိုက်သည်။

“ကျွန်တော်တို့ ဘယ်အချိန်ထိ ဟွမ်ကို ဒီလိုမျိုးဆက်ဆံနေရမှာလဲ .. ဘယ်အချိန် သူ့ကို လက်လျော့နိုင်မှာလဲ..”

ကံမကောင်းစွာဖြင့် ပြန်ဖြေလာသည်မှာ ယခုအချိန်တွင် သူတို့ လက်လွတ်စပယ်လုပ်၍မရသေးဘူး ဟူ၍ပင်။

ထို့အပြင် အချိန်ကြာလာပြီဖြစ်သော်လည်း အန်းလန်၊ ရှုထော်နှင့် အခြားသူများ ပြန်မလာသေးကြသောကြောင့် အချို့လူများ စိုးရိမ်လာကြသည်။

မသေမျိုးဘုရင်များ သင်္ချိုင်းမြေသို့ ဝင်သွားသည်ကို လူအများစု သိထားကြသည်ပင်။ သို့သော် သူတို့ဝင်သွားကတည်းက ပြန်ထွက်မလာသေးကြ။ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း ပြန်မလာသေးသောကြောင့် သူတို့ မသက်မသာခံစားလာရသည်။

အန်းလန်၊ ရှုထော်နှင့် အခြားသူများအားလုံးမှာ မိုးကောင်းကင်အောက်၌ ပြိုင်ဘက်ကင်းများဖြစ်သောကြောင့် သူတို့ ဘာမှဖြစ်မည်မဟုတ်သည်ကို ကလန်အားလုံး ယုံကြည်ထားကြသည်ပင်။ သူတို့သည် အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေခြင်းသာ။

“ဝိုး ငါကြားတာတော့ ဟွမ်က ခြေထိပ်၊ လက်ထိပ်တွေ ဝတ်ထားရတာတောင်မှ အရိုင်းဆန်နေတုန်းပဲတဲ့ .. နောက်တစ်ခေါက် ငါတို့ သူ့ဆီ အတူတူသွားလည်ကြရအောင်..”

စစ်နတ်ဘုရားကျောင်းထဲ၌ သတင်းများ ပျံ့သွားသည်နှင့် အချို့လူများ မျက်လုံးများ မှေးကျဉ်းကာ ဤကဲ့သို့ ပြောလာကြသည်။ သူတို့သည် အလွန်စိတ်ဝင်စားနေကြကာ အချို့လူများနှင့် ပူးပေါင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

ဟွမ်နှင့် ပတ်သက်သမျှသတင်းတိုင်းမှာ အာရုံဆွဲဆောင်နိုင်သည့် သတင်းများပင်။

လက်နက်ခန်းမမှာ အလွန်ကျောချမ်းစရာကောင်းသည့်နေရာပင်။ ဤနေရာ၌ လက်နက်များစွာ ရှိနေပြီး အချို့မှာ မြေပြင်ထက်၌ ထိုးစိုက်နေကာ အချို့မှာ မြေပြင်ပေါ်၌ မညီမညာလဲကျနေသည်။ အရိုးပစ္စည်းများ၊ သတ္တုပစ္စည်းများလည်း ရှိနေသည်ပင်။

“လက်နက်ဆိုတာက ငါတို့ခန္ဓာကိုယ်အပိုပစ္စည်းလို့ ပြောလို့ရတယ်..”

ကျမ်းစာသင်သည့်ဆရာထွက်သွားသည်နှင့် အဆင့်လွန်သက်ရှိတစ်ဝက်များ ရောက်လာကာ ကျောင်းသားများ၏ သံသယကို ရှင်းလင်းပေးသည်။

“ခန္ဓာကိုယ်နဲ့ လက်နက်တစ်ခုကို ပေါင်းစည်းလိုက်တဲ့အချိန်မှာ နှစ်ခုက တစ်သားတည်းဖြစ်သွားတယ် .. ဒါကို သေချာလုပ်ရတယ် .. လက်နက်ကို အသွေးအသားထဲ ကြီးထွားလာအောင် လုပ်ရတယ်..”

နန်းတော်ခန်းမထဲ၌ လူသိပ်မများ၊ တစ်ရာကျော်သာ။ နောက်ဆုံးတွင်တော့ လက်တွေ့အပိုင်း ထပ်ရောက်လာပြန်လေပြီ။

ရှီဟောင်နှင့် အခြားအကျဉ်းသားများ ထပ်ထွက်လာပြီး လေ့ကျင့်သည့်ပစ်မှတ်များ ထပ်ဖြစ်ရပြန်သည်။

ဤနေရာသို့ ရောက်လာသည်နှင့် ရှီဟောင်ပတ်လည်ရှိ သံကြိုးများ ပို၍များပြားလာလေပြီ။ ဤသည်မှာ သူ တစ်ခုခုလုပ်လိုက်မည်စိုးသောကြောင့် အထက်မှ အမိန့်ပေးလိုက်ခြင်းပင်။

ထင်ထားသည့်အတိုင်းပင် နောက်ဆုံးအဖြစ်အပျက် ဖြစ်ပြီးနောက် ကျောင်းသားအချို့မှာ သူ့ကို ကြောက်ရွံ့နေကြကာ မည်သူမှ သူ့အား လက်လွတ်စပယ် ရန်မစရဲကြ။

“အားလုံးကြည့်ကြ .. ဒါကို သေစေလောက်တဲ့ လက်နက်ပဲ .. ဒါကို သွေးနဲ့မွေးမြူလိုက်ရင် သူ့ရဲ့စွမ်းအားပိုကြီးလာမယ် .. ဒါပေမဲ့ ဒါက ပိုင်ရှင်ကိုလည်း ထိခိုက်နိုင်တယ် .. သူ့မှာ သတ်ဖြတ်လိုတဲ့စွမ်းအင်တွေပါတော့ မူလဝိညာဉ်ကို ထိခိုက်နိုင်တယ် .. ဒါကို ခန္ဓာကိုယ်ထဲ ပျိုးထောင်လိုက်ရင် လူတစ်ယောက်ရဲ့ သဘာဝကို ထိခိုက်နိုင်တယ်..”

အဆင့်လွန်သက်ရှိတစ်ဝက်ရှင်းပြလိုက်၏။ သူ၏လက်ထဲ၌ သွေးရောင်စစ်လှံတံတစ်ခု ရှိနေသည်ပင်။ ထိုလှံတံသည် သိပ်မရှည်သော်လည်း ကြောက်စရာကောင်းလောက်အောင် နီရဲနေသည်။

“အဲဒါကြောင့်မို့လို့ ကြောက်စရာကောင်းတဲ့လက်နက်တစ်ခုကို ပျိုးထောင်တဲ့အချိန်မှာ သေချာစီစဉ်ရတယ် .. လက်နက်ထဲက စွမ်းအင်တွေ ကိုယ့်ရဲ့ ကျင့်ကြံဆင့်နဲ့ကိုက်အောင် ဘယ်လိုလုပ်ရမလဲ၊ ကိုယ့်ကိုမထိခိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိရမယ်..”

ထိုသို့ပြောပြီးသည်နှင့် ထိုအဆင့်လွန်သက်ရှိတစ်ဝက် သွေးလှံတံကိုပစ်လွှတ်လိုက်သည်။ ထိုလှံတံသည် အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ‘လေ့ကျင့်ဖော်’ များစွာကို ဆက်တိုက်ပင် ထိုးဖောက်သွားလေသည်။

လူအချို့ သနားစဖွယ်အော်ဟစ်လိုက်ကာ ချက်ချင်းပင် ပေါက်ကွဲသွားကြသည်။ ထို့နောက် ထိုလူများသည် အနီရောင်သွေးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုလက်နက်ထဲသို့ ဝင်ရောက်သွားကြသည်။ အချို့လူများမှာ သွေးစွမ်းအင်များ လုံးဝကုန်ခမ်းသွားကာ ခန္ဓာကိုယ်များ ခြောက်ကပ်သွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ တောင့်တောင့်ကြီးပင် လဲကျသွားသည်။

“ဒီလက်နက်ကို မွေးမြူလာတာ နှစ်ပေါင်းများစွာ ရှိနေပြီ .. သူ စုတ်ယူထားတဲ့သွေးတွေလည်း အရမ်းကို အံ့အားသင့်စရာကောင်းနေပြီ .. သူ သွေးသောက်ရတာ ဝနေပြီ .. သူသာ ထပ်သောက်လိုက်ရင် သူ့ရဲ့ ရက်စက်တဲ့စွမ်းအင်က အကန့်အသတ်ကို‌ ကျော်လွန်သွားလိမ့်မယ်..” အဆင့်လွန်သက်ရှိတစ်ဝက် ရှင်းပြလိုက်သည်။

တိုက်ခိုက်သူများမှာ ဖြူဖျော့နေကြလေပြီ။ ဤသည်မှာ သူတို့မမြင်ချင်ဆုံးအရာပင်။ အဘယ်ကြောင့်ဆိုသော် လက်နက်ခန်းမမှာ အခြားနေရာများထက် ပို၍အန္တရာယ်များသည်။ လက်နက်များကြောင့် အချိန်မရွေး သေသွားနိုင်သည်။

ဖူး..

ယခုတစ်ခေါက်တွင်တော့ ရှီဟောင်နံဘေးတွင်ရှိနေသည့် နွားရိုင်းအိုကြီးမှာ ကံမကောင်းတော့။ သူ၏ရင်ဘတ်ကို နီရဲနေသည့်နတ်ဓားဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည်။ ချွန်ထက်နေသည့်ဓားသည့် သူ့ရင်ဘတ်ကို ဖောက်သွားကာ သူ၏သွေးစွမ်းအင်များကို စုတ်ယူသွားလေသည်။

ဒုန်း..

ရှီဟောင် ဆက်မကြည့်နိုင်တော့။ သူ ထိုသွေးဓားကို သူ၏သံကြိုးများဖြင့် ရိုက်ချိုးပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် နွားရိုင်းရိုကြီး၏ ဆံပင်များ ပို၍ဖြူလာသည်။

“ငါပြောဖို့မေ့နေတာ .. မင်းတို့တွေ ပြင်းထန်တဲ့လက်နက်တစ်ခု လုပ်ချင်ရင် ဒီနေ့ လုပ်လို့ရတယ်..” အဆင့်လွန်သက်ရှိတစ်ဝက်သည် ရှီဟောင်အား လက်ညှိုးထိုးကာ “သူက ဟွမ် .. မင်းတို့တွေ အရင်က သူ့နာမည်ကိုကြားဖူး မြင်ဖူးကြမှာပါ .. သူ့ရဲ့သွေးက တော်တော်လေး ထူးခြားလောက်တယ် .. မင်းတို့တွေ ပြင်းထန်တဲ့လက်နက်တစ်ခုကို ပြောင်းလဲချင်ရင် သူ့ခန္ဓာကိုယ်ပေါ်မှာ စမ်းကြည့်လို့ရတယ်”

“ကျွန်တော် အစောကြီးကတည်းက စမ်းကြည့်ချင်နေတာ..” လူတစ်ယောက် ပြန်ဖြေလိုက်သည်။

ဤသည်မှာ ဘုရင်ကလန်တစ်ခုမှလူပင်။ သူ၏ခန္ဓာကိုယ်မှာ ကြေးခေါင်းလောင်းကဲ့သို့ မာကျောနေပြီး သူကိုင်ထားသည့် မှော်ပစ္စည်းမှာ သွေးအလင်းတန်းများရှိနေသည့် ကောင်းကင်စုစည်းခြင်းထီးပင်။

ပြင်းထန်သည့်လက်နက်များမှာ မှော်ပစ္စည်းများကို ပြင်းထန်အောင် လုပ်ထားခြင်းပင်။ သာမန်လူများသည် ဤပစ္စည်းများကို မမွေးမြူချင်ကြ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိမိကိုယ်ကို ပြန်ထိခိုက်နိုင်သည်ပင်။

ဤကဲ့သို့‌သော လက်နက်မျိုးလုပ်ချင်သည့်သူများမှာ အစွန်းရောက်များပင်။

သွေးပစ္စည်းများ မွေးမြူသည့်သူများမှာ အလွန်နည်းပါးလှသည်။ အချို့ကလန်များမှာ စစ်ပွဲများကို အလွန်ကြိုက်နှစ်သက်သောကြောင့် ပြောရမည်ဆိုလျှင် ဤကလန်မှလူများမှ ဤကဲ့သို့ ပြုလုပ်ရသည်ကို နှစ်သက်ကြသည်။

ဤနေရာသို့ ရောက်မလာခင်ကတည်းက လူများစွာ စုစည်းပြီးသားဖြစ်သည်။ သူတို့သည် ရှီဟောင်ကို လေ့ကျင့်ရေးပစ်မှတ်တစ်ခုကဲ့သို့ သဘောထားကာ တိုက်ခိုက်ချင်နေကြသည်ပင်။

ထို့ကြောင့် လူတစ်ဦး ပြောလိုက်သည်နှင့် လူတစ်စု ပြန်တုံ့ပြန်လာကြသည်။

“သတ်..”

ပထမဆုံး ပျံသန်းလာသည်မှာ ထိုကောင်းကင်စုစည်းခြင်းထီးပင်။ ထိုထီးကို လှည့်လိုက်သည်နှင့် နီရဲနေသည့်အလင်းများ ထွက်ပေါ်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း စီးဆင်းလာသည်။

ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ဘုရင်ကလန်မှလူဟု ပြော၍ရသည်ပင်။

တစ်ချိန်တည်းမှာပင် အခြားလက်နက်များ၊ ဥပမာအားဖြင့် ဝိညာဉ်ခေါင်းလောင်း၊ အရိုးဓားသွားများ၊ ကျောက်ဓားမြှောင်များနှင့် အခြားလက်နက်များသည် နီရဲနေသည့် အလင်းများနှင့်အတူ လွင့်ပျံလာသည်။

ဤလူများအားလုံးမှာ ရှီဟောင်နှင့် ရန်ငြိုးရန်စရှိနေသည့်သူများပင်။ သူတို့ကလန်မှလူများ ဟွမ် လက်ထဲ၌ သေဆုံးခဲ့ရသည်ပင်။

တကယ်မျက်နှာချင်းဆိုင်မည်ဆိုလျှင် သူတို့ ဟွမ်၏ ပြိုင်ဘက်မဟုတ်။ ထို့ကြောင့် သူတို့ ဤသည်ကို အခွင့်အရေးယူကာ လက်စားချေလိုကြသည်ပင်။

သံကြိုး နှစ်ထပ်ဖြင့် ရစ်ပတ်ခံထားရသည့် ရှီဟောင်၏ မျက်နှာထက်၌ အေးစက်သည့်အမူအရာ ရှိနေသည်။ သူသည် ရုတ်တရက်ပင် ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုထုတ်လွှတ်ကာ သူ၏ချိန်းကြိုးကို လွှဲရမ်းလိုက်ကာ ကောင်းကင်စုစည်းခြင်းထီးကို ရိုက်ချလိုက်သည်။

ဖူး..

ထီးမျက်နှာပြင် ရိုက်ချခံလိုက်ရကာ သူ၏ကိုယ်ထည် ပျက်စီးသွားသည်။

သူက ဘယ်လောက်တောင် အားကြီးတာလဲ.. အားလုံး မျက်လုံးများ ပြူးကျယ်သွားရသည်။ သိထားရမည်မှ သူ့ခန္ဓာကိုယ်ပေါ်၌ သံကြိုးနှစ်ထပ်ရှိနေပြီး သူ မှော်စွမ်းအားသုံး၍မရ။ ဤသည်မှာ သူ၏ကိုယ်ကာယခွန်အားပင်။

အခြားတစ်ဖက်သည် အကောင်းဆုံးမှော်ခွန်အားကို အသုံးပြုကာ သွေးလက်နက်အား အသက်သွင်းခဲ့ခြင်းပင်။ သို့သော် ဤကဲ့သို့သော ရလဒ်မျိုးရလာသောကြောင့် သူတို့အားလုံး စိတ်ထဲတုန်လှုပ်သွားကြသည်။

ဖူး..

သူ၏ပြင်းထန်သည့်လက်နက် ဖျက်ဆီးခံလိုက်ရသောကြောင့် ဘုရင်ကလန်တစ်ယောက်‌ သွေးအန်သွားသည်။ ဤကဲ့သို့သော လက်နက်များပျက်စီးသွားလျှင် ပိုင်ရှင်ကို ပြန်၍ထိခိုက်စေနိုင်သည်ပင်။ ဤပစ္စည်းများမှာပိုင်ရှင်၏ သွေးဖြင့် ပျိုးထောင်ရခြင်းဖြစ်သောကြောင့် ပိုင်ရှင်နှင့် အလွန်နီးစပ်သည်ပင်။

ထို့နောက် တခွပ်ခွပ်အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရှီဟောင်ကို ချိန်းကြိုးနှစ်လွှာဖြင့် ခတ်ထားသော်လည်း သူ၏လှုပ်ရှားမှုများမှာ လျှပ်စီးကဲ့သို့ လျင်မြန်နေဆဲပင်။ သူသည် ထိုသံကြိုးများကို လွှဲရမ်းကာ လက်နက်များစွာကို ဖျက်ဆီးပစ်လိုက်သည်။

ရလဒ်အနေဖြင့် လူတစ်စု သွေးအန်သွားလေ၏။

နောက်ဆုံးတွင် အဆင့်လွန်သက်ရှိတစ်ဝက် မျက်နှာပျက်သွားကာ ဤအတန်းကို လျင်မြန်စွာပင် အဆုံးသတ်ပစ်လိုက်လေ၏။

“ဟွမ် နောက်တစ်ခေါက် လှုပ်ရှားပြန်ပြီလား..” ဤသတင်းမှာ ကျောင်းတစ်ခုလုံး၌ ပျံ့နှံ့သွားကာ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

ကံကောင်းသွားသည်မှာ ယခုတစ်ခေါက် လူများစွာ ဒဏ်ရာရရှိသွားသော်လည်း မည်သူမှ မသေသွားကြ။

“ဒီတပည့်အုပ်စုက ချည်ခံထားရတဲ့ဟွမ်ကိုတောင် မနိုင်ဘူးလား .. သူတို့တွေက အဖြစ်မရှိတာလား .. ဟွမ်ကပဲ အရမ်းသန်မာလွန်းနေတာလား..” နောက်ဆုံးတွင် ကျမ်းစာသင်သည့်ဆရာ ပြောလာသည်။

ဤကဲ့သို့သော သက်ရှိများမှာ အနည်းဆုံး အဆင့်လွန်သက်ရှိများဖြစ်ကြပြီး အချို့သူများမှာ မသေမျိုးသက်ရှိများပင်။

ဤကျမ်းစာသင်သည့်ဆရာများသည် သူတို့၏ကျင့်ကြံဆင့်ကို အမြဲတမ်းဖုံးကွယ်ထားကြသည်။ ထို့အပြင် သူတို့သည် သင်ပြီးသည်နှင့် ချက်ချင်းပျောက်သွားကြသည်ပင်။

နှစ်ရက်ကြာပြီးနောက် ရှေးဟောင်းနန်းတော်တစ်ခုထဲတွင် ပို၍ထိတ်လန့်စရာကောင်းသည့်အရာများ ဖြစ်ပျက်လာခဲ့သည်။

စာသင်သည့်ဆရာ ထွက်သွားသည်နှင့် အဆင့်လွန်သက်ရှိတစ်ဝက်အချို့ ရောက်ရှိလာကာ ကျောင်းသားများ၏သံသယများကို ဖြေရှင်းပေးသည်။

ဤသည်မှာ ‘မှော်ခွန်အားခန်းမ’ ဖြစ်ပြီး ခန်းမထဲ၌ မှော်ခွန်အားများ ထွက်ပေါ်နေသည်။ သာမန်လူများ ဤနန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့ ပျက်စီးသွားလိမ့်မည်။ ‘တိုက်ခိုက်သူ’အချို့သည် သူတို့၏ ကျင့်ကြံဆင့်များကို ချိတ်ပိတ်ခံလိုက်ရပြီး အထဲသို့ပစ်ခံလိုက်ရသည်နှင့် ချက်ချင်းပင် အပိုင်းပိုင်းဖြစ်သွားလေ၏။ ဤမြင်ကွင်းမှာ အလွန်သနားစရာကောင်းလွန်းလှသည်။

အံ့အားသင့်စရာကောင်းသည်မှာ ယခုတစ်ခေါက်တော့ သူတို့ လေ့ကျင့်ဖော်များမဟုတ်တော့။ သို့သော်လည်း ဤသည်မှာ ပို၍ပင် ဆိုးနေသည်။

စစ်နတ်ဘုရားကျောင်းမှ တပည့်များအားလုံး သူတို့၏မှော်ခွန်အားများကို အသုံးပြုကာ မှော်ခွန်အားခန်းအတွင်းပိုင်းထဲသို့ ဝင်သွားလိုက်ကြသည်။ သူတို့ကိုယ်ထဲမှ ပို၍စွမ်းအားကြီးသည့် မှော်ခွန်အားများကို ညှစ်ထုတ်ကာ သူတို့ကိုယ်သူတို့ လေ့ကျင့်နေကြသည်ပင်။

ယခုအချိန်တွင် ရှီဟောင်၏ ချိန်းကြိုးများကို ဖယ်ရှားပစ်လိုက်ပြီဖြစ်သည်။ သူ့ကို ရွှေ့လျားနိုင်သည့် ရွှေရောင်နတ်အကျဉ်းထောင်ထဲ၌ ထည့်ထားပြီး အခြားတစ်ယောက်မှ မှော်ခွန်အားဖြင့် တွန်းနေသည်။

နွားရိုင်းအိုကြီးနှင့် အခြားသူများလည်း အခြေအနေများ ဆိုးရွားနေလေပြီ။ သူတို့ကို အစမ်းသပ်ခံပစ္စည်းကဲ့သို့ သဘောထားနေကြသည်ပင်။ လမ်းတစ်ဝက်မှာပင် ဖိအားများကြောင့် သူတို့ ပေါက်ကွဲထွက်တော့မလို ဖြစ်နေလေပြီ။ ဟွမ် မည်မျှသန်မာသည်ကို သိချင်ကြသောကြောင့် ကျောင်းမှ ကျောင်းသားများသည် ကောက်ကျစ်သည့်အပြုုံးများဖြင့်ပင် အားထည့်ကာ ဟွမ်ကို မှော်ခွန်အားခန်းမ၏ အတွင်းနက်ပိုင်းသို့ တွန်းထည့်လိုက်ကြလေ၏။

သို့သော် ထိုအရာကြောင့်လည်း ကပ်ဆိုးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ရှီဟောင်သည် အစပိုင်း၌ အလွန်တိတ်ဆိတ်နေသေးသည်။ များပြားလှသည့် မှော်ခွန်အား၏ ဖိအားကို‌ ချေဖျက်ရန်အတွက်သာ တတ်နိုင်သမျှ ကြိုးစားနေလိုက်သည်။

လူအချို့ ခနဲ့လိုက်ကြ၏။ သူ့မှော်ခွန်အား၏ ကန့်သတ်ချက်ကို သိချင်နေသကဲ့သို့ သူခံစားရမည်ကိုလည်း တွေ့ချင်သောကြောင့် သူတို့ သူ၏ချိန်းကြိုးများကို ဖယ်ရှားရန် တောင်းဆိုခဲ့ခြင်းပင်။

ဝုန်း..

ရုတ်တရက် ကျယ်လောင်လှသည့် ဆူညံသံကြီး ထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။

လူများစွာ၏မျက်နှာများမှာ နှင်းကဲ့သို့ ဖြူဖျော့သွားကြသည်။ ထို့နောက် သူတို့ ကြောက်လန့်တကြား အော်ဟစ်လာကြလေ၏။

အဘယ်ကြောင့်ဆိုသော် သူတို့၏မှော်ခွန်အားများကို မထိန်းချုပ်နိုင်တော့သည့်အပြင် အပြင်ဘက်မှ များပြားလှသည့် မှော်ခွန်အားများ သူတို့ခန္ဓာကိုယ်ကို တိုက်သွားလေ၏။

ဤသည်မှာ ရှီဟောင်ကြောင့်ပင်။

သူ့ထံ၌ တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို ချေဖျက်နိုင်သည့် မှော်စွမ်းအားခုခံခြင်းပညာ ရှိနေသည်ပင်။ ထို့အပြင် ဤနှစ်များတွင် သူ ထိုပညာကို တိတ်တဆိတ်ပင် လေ့လာနေခဲ့သောကြောင့် သူ၏လုပ်နိုင်စွမ်းမှာ မယုံကြည်နိုင်လောက်အောင် တိုးတက်လာခဲ့ကာ အချို့ပြောင်းလဲမှုများကို လုပ်လာနိုင်ခဲ့သည်။

ယခုအချိန်တွင် သူ့ထံသို့ ကျရောက်လာမည့်မှော်စွမ်းအားများကို ပျက်ပြယ်သွားစေနိုင်ရုံသာမက တစ်ဖက်လူ၏ မှော်ခွန်အားများကို ပျက်ပြယ်စေနိုင်လေပြီ။

ဤသည်မှာ ရုတ်တရက်ဆန်သည့်ရလဒ်များကို ဖြစ်ပေါ်လာစေသည်ပင်။

လူတစ်ရာကျော် ကြောက်လန့်တကြား အော်ဟစ်လာကြသည်။ သူတို့ခန္ဓာကိုယ်သည် မှော်ခွန်အား၏ အကာအကွယ်မရှိတော့သည်နှင့် မှော်ခွန်အားခန်းမ၏ များပြားလှသည့်စွမ်းအားနှင့် တိုက်စားခံလိုက်ရကာ ပေါက်ကွဲသွားကြသည်။

ခန်းမထဲရှိ ထိုလက်ရွေးစင်တပည့်များမှာ ‘တိုက်ခိုက်သူ’များကဲ့သို့ တဖူးဖူးပေါက်ကွဲသွားကာ သွေးမြူများအဖြစ် ပြောင်းလဲသွားကြသည်။

အား..

အဆင့်လွန်သက်ရှိတစ်ဝက် ဒေါသတကြီး ဟစ်ကြွေးကာ သူတို့ကို အမြန်ကူပေးလိုက်သည်။

သို့သော်လည်း လက်ရွေးစင်ကျောင်းသား ၈၃ ယောက် ပေါက်ကွဲကာ သေဆုံးသွားဆဲပင်။

ဤသည်မှာ သေချာပေါက် ကပ်ဆိုးကြီးပင်။ ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြ။

“ဒါက .. သောက်ကပ်ဘေးကြီးပဲ..”

ထို့နောက် အကြီးအကဲများ ဟစ်ကြွေးလာကြသည်။

အချို့လူများမှာ ဆိုးဆိုးရွားရွားကို ‌ ဒေါသထွက်လာကြပြီဖြစ်သည်။ ဤသည်မှာ သုံ့ပန်းတစ်ဦးသာဖြစ်သော်လည်း သူ့ကြောင့် စစ်နတ်ဘုရားကျောင်းမှ ကျောင်းသားများ ထပ်ခါတလဲလဲ ခံနေရသည်။ ယခု လူတစ်စုပင် သေဆုံးသွားလေပြီ။ ဤသည်ကို ခွင့်မလွှတ်နိုင်။

“ဟား ဟား စိတ်ဝင်စားစရာပဲ .. အခု ငါတို့လှုပ်ရှားဖို့အချိန်ကျပြီ .. ဒီလိုမျိုး‌ လေ့ကျင့်ဖော်ကောင်းကို လွဲချော်သွားရင် နှမြောစရာကောင်းလိမ့်မယ်..”

“ငါ ဒီမသေမျိုးဘုရင်ချန်ရစ်ထားခဲ့တဲ့မြေမှာ တစ်ချိန်လုံး ရှာနေတာ .. ဟွမ်ကို မတွေ့သေးဘူး .. ဒါပေမဲ့ သူက ပြဿနာတောင်ရှာပြီးသွားပြီ .. အခု သူ့ရဲ့ ဓားသွေးကျောက်တာဝန်ကို ယူဖို့ အချိန်ကျပြီ..”

ဤသည်မှာ ဧကရာဇ်ကလန်မှ လူငယ်အချို့ပင်။

သူတို့သည် စစ်နတ်ဘုရားကျောင်းသို့ ရောက်သည်နှင့် ဟွမ်ကို ချက်ချင်းမရှာကြ။ ဤသည်မှာ မသေမျိုးဘုရင်တစ်ပါးမှ ချန်ရစ်ထားခဲ့သည့် ရှေးဟောင်းမြေဖြစ်သောကြောင့် သူတို့ ဤနေရာကို လှည့်ပတ်လေ့လာနေကြသည်ပင်။

သို့သော်လည်း သူတို့ ခြေတစ်လှမ်းနောက်ကျသွားလေပြီ။

“ဘာ .. ဂုကလန်က ဟွမ်ကို ခေါ်သွားပြီဟုတ်လား..”

ဂုကလန်မှာ ဧကရာဇ်ကလန်များနှင့် ယှဉ်နိုင်သည့်ကလန်ပင်။ သူတို့သည် ကောင်းကင်ဘုံကိုးခုမှ လာသည့်ကလန်ပင်။

အပိုင်း ၁၇၆၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၅ – မီးဖိုအတွင်း၌ပြုပြင်ခြင်း

ဟွမ်ကို ဂုကလန်က ခေါ်သွားတယ်ဟုတ်လား .. သူတို့က ဘာလုပ်ချင်နေတာလဲ.. ဧကရာဇ်ကလန်မှ လူငယ်များအားလုံး ငေးကြောင်သွားရသည်။

ဂုကလန်မှာ အလွန်အဆင့်အတန်းမြင့်ပြီး သူတို့သည် ဧကရာဇ်ကလန်များရှေ့၌ ဦးညွှတ်စရာမလို။ ထိုကလန်များနှင့် ဘေးချင်းယှဉ်ရပ်နိုင်သည်။

“သူတို့တွေ ဟွမ်ကို အန္တရာယ်ပေးမလို့တော့ မဟုတ်လောက်ဘူးမလား..” ချင်းခွန် ပြောလိုက်သည်။

သိပ်မကြာသေးခင်က ရှီဟောင် ကောင်းကင်သားရဲတောအုပ်ထဲ၌ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ကို ဖမ်းခဲ့ပြီး ဤသစ္စာဖောက်ကို သူ ပြင်းပြင်းထန်ထန်အပြစ်ပေးမည်ဟု ပြောခဲ့သည်ပင်။ သူတို့သည် ကောင်းကင်ဘုံကိုးခုမှ ကလန်ဖြစ်သောကြောင့် ဤကိစ္စကို လက်တုံ့ပြန်လိုက်ခြင်းလား..

သို့သော် ရှီဟောင်ကို ပစ်မှတ်ထားသည်မှာ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ သွေးမျိုးဆက်ဖြစ်သင့်သည်ပင်။

“သူမသွားသေးဘူး .. သူ ဆေးဖော်စပ်ခြင်းခန်းမထဲမှာ..” ဝူခွန် ပြောလိုက်သည်။

မိုရှန်း၊ ဝူခွန်၊ ချင်းခွန်နှင့် ယုယုတို့မှာ ကိုယ့်ဘာသာကိုယ် သီးခြားသွားလာနေခဲ့ကြခြင်းပင်။ ထို့အပြင် သူတို့နောက်လိုက်များကိုလည်း စုံစမ်းစစ်ဆေးစေခဲ့သည်။ သူတို့ ဤသတင်းကို ယခုမှ ရခဲ့ခြင်းပင်။

သူတို့ ထိုနေရာသို့ လျင်မြန်စွာ သွားလိုက်ကြသည်။

ဆေးလုံးဖော်စပ်ခြင်းခန်းမမှာ အလွန်ငြိမ်းချမ်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ လာချင်သည့်သူသိပ်မရှိ။ မှော်ခွန်အားခန်းမ သို့မဟုတ် လက်နက်ခန်းမများနှင့်ယှဉ်လျှင် ဤနေရာမှာ အနည်းငယ် အထီးကျန်ဆန်နေသည်။

တစ်ဖက်လောကမှလူများမှာ တိုက်ခိုက်ရသည်ကို နှစ်သက်သည့်သူများပင်။ သူတို့သည် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ခွန်အားနောက်သာ လိုက်ကြသည်။ သူတို့ ဤဆေးဖော်စပ်ခြင်းကိုစိတ်မဝင်စားကြ။

“ဆေးဖော်စပ်ခြင်းခန်းမကို လာသင်တဲ့ဆရာက ဂုကလန်က အဆင့်လွန်သက်ရှိကိုး..” မိုရှန်း တီးတိုးပြောလိုက်သည်။

သူတို့ရောက်လာသည့်အချိန်တွင် စစ်နတ်ဘုရားကျောင်းမှ အဆင့်လွန်သက်ရှိတစ်ဝက်အချို့ပင် ရောက်နေပြီဖြစ်သည်။

မိုရှန်း၊ ဝူခွန်၊ ယုယုနှင့် ချင်းခွန်တို့မှာ ဤနေရာသို့‌ ရောက်သည်နှင့် အခြေအနေများကို အနည်းငယ် နားလည်သွားရသည်။ ဂုကလန် ဤကဲ့သို့ လုပ်နိုင်အောင် စစ်နတ်ဘုရားကျောင်းမှလူများ ခွင့်ပြုလိုက်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤရက်အနည်းငယ်အတွင်းတွင် ဟွမ်ရှာခဲ့သည့်ပြဿနာများမှာ ကြီးမားလှသည်ပင်။ ဤသည်မှာ ကပ်ဆိုးကြီးတစ်ခု ဖြစ်စေခဲ့ပြီး ကျောင်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်ပင်။

အချို့ကြီးကြပ်သူများ ဤသည်ကို သည်းမခံနိုင်။

“သူတို့ ဟွမ်ကို အပြစ်ပေးချင်နေတာလား..”

ဂုကလန်မှ အဆင့်လွန်သက်ရှိသည် ဟွမ်ကို ဂုကလန်သို့ ခေါ်သွားပြီး ယခင်က ကိစ္စအချို့ကို သေချာစစ်ဆေးချင်နေသည်ပင်။

ဤကလန် ကောင်းကင်ဘုံကိုးခုမှ ထွက်လာသည်မှာ အလွန်ကြာမြင့်လှပြီဖြစ်သောကြောင့် ရှီဟောင်ထံမှ အချို့ကိစ္စများကို သိချင်နေသည်။

သို့သော်လည်း စစ်နတ်ဘုရားကျောင်းမှ အချို့လူများမှာ ဂုကလန် ရှီဟောင်အား ပြင်းပြင်းထန်ထန်လုပ်လိုက်မည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် ဆွေးနွေးကြပြီးနောက် ဟွမ်ကို ဆေးဖော်စပ်ခြင်းခန်းမ၌ ယာယီထိန်းသိမ်းရန် သဘောတူလိုက်သည်။

“အချို့ အထက်လူကြီးတွေက ဂုကလန်ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ပြီလို့ ပြောကြတယ်..”

“တစ်ချို့က ဂုကလန်က နည်းလမ်းတွေ အရမ်းပြင်းထန်မှာကို စိုးရိမ်နေကြတာ .. အဲဒါကြောင့်မို့လို့ သူတို့ ဆန့်ကျင်နေကြတာ..”

ဤသည်မှာ အခြေအနေကို နားလည်ပြီးနောက် သူတို့ချလိုက်သည့်မှတ်ချက်ပင်။ မသေမျိုးဘုရင်များ ရှေးဟောင်းသင်္ချိုင်းမြေမှ ပြန်ရောက်မလာကြသေးသောကြောင့်သာ။ မဟုတ်ပါက သူ့ကို ထိုသူများလက်ထဲသို့ ထည့်ပေးလိုက်ပြီဖြစ်သည်။

“မသေမျိုးဘုရင်တွေ ပြန်မလာခင် ရာထူးကြီးတဲ့သူတွေက ဟွမ်ကို ဘယ်လိုလုပ်မလဲဆိုတာ ခွဲနေကြတာလား.. ဒါ မကောင်းဘူး .. ငါတို့ သူ့ကို ဒီတိုင်း ဖျက်ဆီးလိုက်လို့မရဘူး .. မဟုတ်ရင် ငါတို့ လေ့ကျင့်ဖော်ကောင်းကို လွဲချော်သွားလိမ့်မယ်..” ဝူခွန်ပြောလိုက်သည်။

“အန်းလန်နဲ့ ရှုထော်ဘိုးဘေးက သင်္ချိုင်းနယ်မြေကို သွားနေတာ .. ဒါပေမဲ့ အနီရောင်ဘုရင်က ငါတို့ဘက်မှာပဲလေ ဟုတ်တယ်မလား..” ဟဲကျီမင် ပြောလိုက်သည်။

အနီရောင်ဘုရင်ဆိုသည်မှာ အလွန်ရက်စက်သည့်ပုဂ္ဂိုလ်ပင်။ သူသည် ယခင်က အနီရောင်ဘုရင်မီးဖိုကို အသုံးပြုကာ ထာဝရဘုရင်များကို သတ်ခဲ့ကာ ကလန်အားလုံးကို ကြောက်ရွံ့စေခဲ့သည်ပင်။

“ထားလိုက်တော့ .. ထာဝရရှေးဟောင်းခေတ် စစ်ပွဲပြီးတော့ အနီရောင်ဘုရင်က ဘယ်တုန်းကမှ ပေါ်မလာခဲ့တော့ဘူး .. ဘယ်သူက သူ့ရဲ့ဘိုးဘေးမြေထဲမှာ သူ့ကို နှောက်ယှက်ရဲလို့လဲ..” ယုယု ခေါင်းခါ၍ ပြောလိုက်သည်။

ပြောရမည်ဆိုလျှင် ယခုလက်ရှိအခြေအနေမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ မသေမျိုးဘုရင်များ ပြန်မလာသေးသော်လည်း အထက်လူကြီးများမှာ အမြင်ကွဲလွဲနေပြီဖြစ်သည်။

လက်ရှိတွင် ဂုကလန်မှာ အလွန်ရန်လိုနေသည်။ သူတို့ ဟွမ်ကို တိုက်ခိုက်ချင်နေလေပြီ။

ဆေးဖော်စပ်ခြင်းခန်းမမှာ အလွန်တိတ်ဆိတ်နေပြီး ယခုအချိန်တွင် ချိတ်ပိတ်ထားလေသည်။

“ငါတို့ဝင်လို့မရဘူး.. သူတို့ တစ်ခုခုကို စီစဉ်နေတာလား .. သူတို့ တကယ်တိုက်ခိုက်ကြတော့မှာလား..” ဝူခွန်အလွန်ထိတ်လန့်သွားရသည်။

ခန်းမကြီး၏ အတွင်းပိုင်း၌ သင်္ကေတများ တောက်ပနေကာ အပြင်လူများ မဝင်နိုင်ရန်တွက် တံခါးများကို တင်းကြပ်စွာ ပိတ်ထားသည်။

“လူငယ်မျိုးဆက်ချင်းခွန် နားထောင်ချင်လို့ တောင်းဆိုပါတယ်..”

“ဧကရာဇ်ကလန်မျိုးဆက်ယုယု နားထောင်ချင်လို့ တောင်းဆိုပါတယ်..”

..

ဤလူများ သူတို့၏ နာမည်နှင့် နောက်ခံများကို ပြောကာ တောင်းဆိုလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သတင်းများ ပျံ့နှံ့သွားကာ စစ်နတ်ဘုရားကျောင်းတစ်ခုလုံး မတည်ငြိမ်နိုင်တော့။ ဘာဖြစ်နေသည်ကို ကြည့်ချင်သောကြောင့်လူများစွာ အပြေးလေး ရောက်လာကြသည်။

အချို့လူများမှာ လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေကြလေသည်။

ဤလောကမှ လူများအတွက် ဟွမ်မှာ နတ်ဆိုးဘုရင်တစ်ပါးပင်။ ကလန်များစွာမှာ ကျင့်ကြံသူများ ဒေါသတကြီး အံကြိတ်ထားကြသည်။ ရာထူးကြီးသည်သူများ ကာကွယ်ထားသောကြောင့်သာမဟုတ်ပါက အာဏာရှိသည့် အချို့ပုဂ္ဂိုလ်များသည် အစောကြီးကတည်းက တိုက်ခိုက်နေကြလောက်လေပြီ။

ဝုန်း..

နောက်ဆုံးတွင် တံခါးများ တကယ်ပွင့်လာလေ၏။

ဝူခွန်၊ ယုယုနှင့် အခြားသူများ တရှိန်ထိုး ပြေးဝင်သွားလိုက်ကြသည်။ ထို့နောက် ‌ကျောင်းမှအခြားတပည့်များလည်း ရောက်လာကာ ဆေးဖော်စပ်ခြင်းခန်းမထဲသို့ ဝင်သွားလိုက်ကြသောကြောင့် ဤနေရာမှာ ယခင်ကလောက် အထီးကျန်စရာမကောင်းတော့။

သို့သော်လည်း သူတို့အနားမကပ်နိုင်သေး။ ကျန်းပေါင်းများစွာ၌ ရပ်နေကြရသည်။ သင်္ကေတအလင်းပြင်ကြီးတစ်ခု သူတို့ကို တားဆီးထားသည်။ သူတို့အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း မထိတွေ့နိုင်။

ဤသည်မှာ သူတို့အားလုံးကို ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိတစ်ဝက်များစွာသည် လေးစားသည့်အမူအရာများဖြင့် ဝင်လာကြသော်လည်း သူတို့ သေချာကြည့်လိုက်ကြပြီးနောက် ဤနေရာတွင် သူတို့ကိုမလိုအပ်ကြောင်း တွေ့လိုက်ရသည်။

ဤနေရာတွင် ဆုတောင်းဖျာသုံးခုပေါ်၌ ထိုင်နေသည့် သက်ရှိသုံးဦးသာ ရှိသည်။

တစ်ဦးမှာ ပိန်သေးသေးအကြီးအကဲတစ်ဦးပင်။ သူသည် အလွန်ရှုံ့တွနေပြီဖြစ်သော်လည်း သူ၏မျက်လုံးများမှာ ရွှေရောင်မီးအိမ်များကဲ့သို့ တောက်ပနေသည်။ သူ၏ဆံပင်များမှာ နဂိုက ရွှေရောင်ဖြစ်သော်လည်း အသက်အလွန်ကြီးနေပြီဖြစ်သောကြောင့် အဖြူရောင်ဖြစ်နေလေပြီ။ ယခုအချိန်တွင် ရွှေရောင်အနည်းငယ်သာ ရှိတော့သည်။

ဤအကြီးအကဲ၏အော်ရာမှာ အလွန်စွမ်းအားကြီးလှပြီး အခြားသူများကို ဒူးမထောက်ရမနေနိုင်အောင်ဖြစ်စေသည်။

“ဂုကလန်က အဆင့်လွန်သက်ရှိ..” ယုယု ထိတ်လန့်တကြား ပြောလိုက်သည်။

ဤအကြီးအကဲအပြင် ခြင်္သေ့အိုကြီးပုံစံနှင့် အခြားတစ်ဦးလည်း ရှိသေးသည်။ သူ၏ရွှေရောင်အမွေးများ တောက်ပနေကာ အသက်အလွန်ကြီးနေပြီဖြစ်သည်။

အထူးခြားဆုံးမှာ သူသည် ခြင်္သေ့ပုံစံဖြစ်သော်လည်း ရှေးဟောင်းဘုန်းကြီးတစ်ပါးကဲ့သို့ ထိုင်နေလေ၏။

“အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့သွေးမျိုးဆက်ရဲ့ အဆင့်လွန်သက်ရှိ..” ဟဲကျီမင် ထူးဆန်းသည့်အမူအရာ ဖြစ်သွားသည်။

ဤလူများအပြင် ဘုန်းကြီးအစစ်တစ်ပါးလည်း ရှိနေသေးသည်။ သူ မျက်တောင်ခတ်လိုက်တိုင်း သွေးအလင်းတန်းများ တောက်ပလာကာ သူ့ဦးခေါင်းအနောက်ဘက်၌ ဘုန်းကြီးအလင်းများ တောက်ပလာသည်။ သို့သော် ထိုအလင်းများမှာ အနက်ရောင်ပင်။

“ပျက်စီးသွားတဲ့ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်က အဆင့်လွန်သက်ရှိ..” မိုရှန်း၏ လှပသည့်မျက်လုံးမှ နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။

ဤအဆင့်လွန်သက်ရှိများ၏ ဘိုးဘေးများအားလုံးမှာ ယခင်က ကောင်းကင်ဘုံကိုးခုမှပင်။ ယခု ဤကလန်သုံးခု ဤနေရာ၌ ရောက်နေကြလေပြီ။ သူတို့ ဘာလုပ်ကြမလို့လဲ..

ဤနေရာကို လေ့လာပြီး ဟွမ် မည်သည့်နေရာ၌ ရှိနေသည်ကို ကောက်ချက်ချလိုက်သည့်အချိန်တွင် ဧကရာဇ်ကလန်မှ လူငယ်များအားလုံး ထိတ်လန့်သွားရသည်။

နောက်မှရောက်လာသည့် ကျောင်းသားများလည်း ဆွံ့အနေကြသည်ပင်။ သူတို့အားလုံး ထိုအကြီးအကဲသုံးဦးရှေ့၌ ရှိနေသည့် ဆေးမီးဖိုကြီးကို ကြည့်လိုက်သည်။

“သူတို့ ဟွမ်ကို ပြုပြင်ပစ်ချင်နေတာလား..” ဝူခွန်၏ခန္ဓာကိုယ်မှာ တစ်ကျန်းကျော်ရှည်ပြီး တိုင်လုံးကဲ့သို့ မတ်နေသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး ကိစ္စများမှာ ပို၍ကြီးမားလာပြီဟု ခံစားလိုက်ရသည်။

“ကောင်းကင်ဘုံကိုးခုကလာတဲ့မိသားစုတွေက အရင်လှုပ်ရှားချင်နေကြတယ် .. သူတို့က တစ်ခြားသူတွေထက်တောင် ပိုတက်ကြွနေတယ်..” ယုယု ထိတ်လန့်သည့်အမူအရာ ဖြစ်သွားရသည်။

ထိုနေရာတွင် ရှေးကျကာ မှုန်မှိုင်းနေသည့် ဆေးမီးဖိုတစ်ခုရှိသည်။ အောက်ဘက်၌ မီးတောက်တစ်ခု လောင်ကျွမ်းနေပြီး မီးဖိုအဖုံးကို တင်းကြပ်စွာပိတ်ထားသည်။ ဟွမ် မည်မျှ အခြေအနေဆိုးရွားနေသည်ကို အားလုံး ဆက်စပ်မိသွားသည်။

“တာအိုရောင်းရင်း .. ကျေးဇူးပြုပြီး ပိုပြီး သတိထားပေးပါ..” ထိုအချိန်တွင် အသံတစ်သံ ထွက်လာကာ အခြားလူတစ်ယောက် ရောက်လာသည်။

“ကျုပ်တို့ သူ့စိတ်ထဲက လျှို့ဝှက်ချက်ကို သိချင်ရင် ဒီနည်းလမ်းပဲရှိတာ .. မဟုတ်ရင် ကျုပ်တို့ သူ့အသိစိတ်ပင်လယ်ထဲက ကန့်သတ်ချက်ကို နှိုးဆွမိသွားရင် သူ ပေါက်ကွဲပြီး သေသွားလိမ့်မယ်..” ဂုကလန်မှ အဆင့်လွန်သက်ရှိ ခေါင်းညိမ့်လိုက်သည်။

ဆေးလုံးမီးဖိုအောက်ဘက်ရှိ မီးတောက်များမှာ ပို၍ ကြောက်စရာကောင်းလာသည်။ ဤသည်မှာ သာမန်နတ်မီးတောက်တစ်ခုမဟုတ်။ တာအိုဥပဒေသများမှ ဖြစ်ပေါ်လာသည့် မီးတောက်ပင်။

ယခု ထိုမီးတောက်ကို ဂုကလန်မှ အဆင့်လွန်သက်ရှိကိုယ်တိုင် ထိန်းချုပ်နေသည်ပင်။

“ဟွမ်ကို ငါ့ကလန်ဆီသာ ခေါ်သွားရင် ယင်ယန်မီးဖိုနဲ့ သူ့ကို ပြုပြင်လို့ရတယ် .. အဲဒါဆိုရင်တော့ အောင်မြင်နိုင်မယ်လို့ ကျုပ်အာမခံတယ် .. လောကကြီး ပြောင်းပြန်ဖြစ်သွားပြီးတော့ သူ့ရဲ့ လျှို့ဝှက်ချက်တွေအားလုံးလည်း ပေါ်လာလိမ့်မယ်..” ဂုကလန် အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

“နည်းလမ်းမရှိတော့ရင်တော့ သူ့ကို ဂုကလန်ကို ခေါ်သွားလိုက်..” စတုတ္ထမြောက်ဖျာပေါ်ရှိ သက်ရှိမှ ပြောလိုက်သည်။

ဝုန်း..

ထိုမီးဖိုမှ ရောင်စုံနတ်အလင်းများ ထုတ်လွှတ်လာသည်။ အရေးကြီးနေသည့်အချိန်ဖြစ်သောကြောင့် မီးဖိုတစ်ခုလုံးမှ အဆုံးမရှိသည့်အလင်းများ ထုတ်လွှတ်ကာ ရင်းမြစ်စွမ်းအင်နှင့် ရောင်စုံအလင်းများ ထွက်လာ၏။

“စီနီယာ .. ဟွမ်က အဲဒီမီးဖိုထဲမှာလား..” ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ အတည်ပြုလိုက်သည်။ သူတို့သံသယဝင်တာကဝင်တာပင်။ သူတို့ကိုယ်တိုင်သိချင်သေးသည်။

“ဟုတ်တယ်..” ပျက်စီးသွားသည့်ရှေးဟောင်းဘုန်းကြီး ခေါင်းညိမ့်လိုက်၏။

ထိုမီးဖို တောက်ပလာကာ အထဲဘက်မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လာနိုင်သည်။ ဟွမ်သည် အထဲဘက်၌ ပြုပြင်ခံနေရသည်ကို အားလုံးတွေ့လိုက်ရသည်။

အားလုံး အနည်းငယ် ဆွံ့အသွားရသည်။ ဒီကလန်က အဆင့်လွန်သက်ရှိတွေက ဟွမ်ကို ဒီနေရာမှာ သတ်တော့မှာလား … ဤကဲ့သို့သော နတ်မီးဖိုထဲ၌ ပြုပြင်ခံနေရခြင်းဖြစ်သောကြောင့် သူအဆုံးသတ်ကောင်းရန် ခက်လိမ့်မည်။

“မင်းတို့အားလုံး ရောက်လာပြီဆိုတော့ ငါမင်းတို့ကို ဗဟုသုတနည်းနည်းလောက် ဝေမျှပေးမယ်..” ဂုကလန်အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

သူသည် ရံဖန်ရံခါ ဤနေရာသို့ စာလာသင်သော်လည်း ဆေးဖော်စပ်ခြင်းကို နှစ်သက်သည့်သူ သိပ်မရှိ။ ဤနေရာ၌ ဤလောက် လူများပြားနေသည်မှာ ရှားပါးသည့်အခွင့်အရေးပင်။

ဤလူများ ကျမ်းစာနားထောင်ရန်အတွက် ရောက်လာခြင်းမဟုတ်မှန်းသူလည်း သိသည်ပင်။

“မင်းတို့အားလုံးက ကောက်ကွေ့တဲ့လမ်းတွေကို လျှောက်နေကြတာ .. မင်းတို့အရေးကြီးတဲ့အချက်တွေအများကြီးကို ကျော်ကြည့်နေကြတယ် .. မင်းတို့တွေ တာအိုကျမ်းစာတွေ နားထောင်ဖို့အတွက် ဒီနေရာကို နည်းနည်းလောက်ပိုလာသင့်တယ်..” ဂုကလန်အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

ထို့နောက် သူကျမ်းစာများကို စတင်သင်ကြားပေးလေသည်။ ခဏကြာပြီးနောက် လူများစွာ စိတ်လှုပ်ရှားလာကြသည်။

“ကျင့်ကြံခြင်းဆိုတာက ဆေးပင်ခူးသလိုပဲ .. အတိအကျပြောရရင် တာအိုဆိုတာက ဆေးပဲ..”

“မင်းတို့အားလုံး မြင်နိုင်ပါတယ် .. ဒီနေ့ ဟွမ်ကို မီးဖိုထဲမှာ ဒီလိုမျိုးပြုပြင်တာက လူသားဆေးပင်ကို ရိတ်သိမ်းတာပဲ .. သေချာလုပ်ရင် ဒါက ယင်နဲ့ယန်ကို ပြောင်းပြန်လှန်ပြီး လောကကြီးကို ပြောင်းပြန်လှန်ပစ်လို့ရတယ်..”

မီးဖိုထဲ၌ ရှီဟောင်၏ခန္ဓာကိုယ် ပျော်ဝင်လာသည်။ ဥပမာအားဖြင့် သူ့ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ စိမ့်ထွက်လာကာ အသွေးအသားနှင့် အရေပြားမှာ အချက်ခံနေရလေပြီ။

သူ့ခန္ဓာကိုယ်ထဲမှ အဖြူရောင်စွမ်းအင်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။

လူသားဆေးပင်ကို ရိတ်သိမ်းတယ် .. သူတို့တွေက ဟွမ်ရဲ့ ခန္ဓာကိုယ်ထဲက ပုန်းကွယ်နေတဲ့စွမ်းအားတွေ အမျိုးမျိုးကို ပြုပြင်ချင်နေတာလား..

ခဏကြာပြီးနောက် ဤဆေးမီးဖိုမှာ အလွန်ထူးခြားကြောင်း သူတို့တွေ့လိုက်ရသည်။ အိုးထဲ၌ ယင်နှင့်ယန်စွမ်းအင်များ လှုပ်ရှားနေကာ ရှီဟောင်ခန္ဓာကိုယ်ကို အလွှာလိုက်ဖြစ်အောင် လုပ်နေသည်။

သူ၏ခန္ဓာကိုယ်ထဲမှ ဆေးပန်းပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာသည်။ ပန်းပွင့်တစ်ပွင့်စီတိုင်းမှာ သူ၏အသွေးအသားများပင်။

နောက်ဆုံး သူ၏ဦးခေါင်းခွံလည်း ဖယ်ရှားခံလိုက်ရကာ မူလဝိညာဉ် ပေါ်လာသည်။

“ဒါက တကယ်အလုပ်ဖြစ်မှာလား..” ခန်းမထဲ၌ အခြားသူတစ်ဦး တိတ်တဆိတ်ပေါ်လာကာ ပဥ္စမမြောက်ဖျာ၌ ထိုင်လိုက်သည်။ သူ၏ဘေးပတ်လည်၌ မသေမျိုးစွမ်းအင်များ ရစ်သိုင်းနေသည်ပင်။

ထို့နောက် ခြောက်ယောက်မြောက်လည်း ရောက်လာသည်။ ဤလူမှာ ဧကရာဇ်ကလန်မှ ဖြစ်နိုင်သည်။ “မအောင်မြင်ဘူးဆိုရင်တောင် သူ့ရဲ့လုံခြုံရေးကိုတော့ သေချာအောင်လုပ်ရမယ် .. သူ့ရဲ့ မူလဝိညာဉ် ထိခိုက်ခံလို့မဖြစ်ဘူး .. ဒါ အလုပ်မဖြစ်ရင် ခင်ဗျားတို့ ဂုကလန်ကို သွားပြီးတော့ ယင်ယန်မီးဖိုကို သုံးတာပေါ့..”

“သူသေမှာမဟုတ်ဘူး .. ကျုပ်တို့တွေ လူသားဆေးပင်ကို ရိတ်သိမ်းတယ်ဆိုပေမယ့် ဒါက သူ့အတွက် အကျိုးရှိလောက်တယ်..” အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ သွေးမျိုးဆက် အဆင့်လွန်သက်ရှိမှ အေးစက်စွာ ပြောလိုက်သည်။ သူသည် အနည်းငယ် မကျေမနပ်ဖြစ်နေပြီး ဤသည်မှာ ဟွမ်ကို ညှာတာလွန်းရာကျလွန်းသည်ဟု သူခံစားနေရသည်ပင်။

ဂုကလန်၏လေသံမှာ တည်ငြိမ်သော်လည်း ခိုင်မာနေသည်ပင်။

အပိုင်း ၁၇၆၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၆ – ပျက်စီးခြင်း

ဂုကလန်မှာ အမြဲတမ်း စွမ်းအားကြီးခဲ့ပြီး ယခုထိလည်း ခွန်အားကြီးနေဆဲပင်။

အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့၏ မကျေနပ်ချက်နှင့် ဧကရာဇ်ကလန်များ၏ အကြံပြုချက်များကို သူ တည်ငြိမ်စွာပင် ရင်ဆိုင်နေသည်။

ဤနေရာ ချက်ချင်း တည်ငြိမ်သွားသည်။ မည်သူမှ ဘာမှမပြောကြတော့။

ဝူခွန်၊ ယုယု၊ ချင်းခွန်နှင့် အခြားသူများအားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ သူတို့သည် ဧကရာဇ်ကလန်မှ သခင်လေးများ ဖြစ်ကြသော်လည်း သူတို့အလွန်တိတ်ဆိတ်နေကြဆဲပင်။ ဂုကလန်အဆင့်လွန်သက်ရှိ၏ ပုံစံမရှိသည့်ဖိအားမှာ သူတို့အားလုံးကို စိတ်ထဲ တုန်လှုပ်သွားစေစသည်။

စစ်နတ်ဘုရားကျောင်းမှ အခြားကျောင်းသားများမှာ ကြောက်ရွံ့နေကြသောကြောင့် တိတ်ဆိတ်နေကြသည်။ မည်သူမှ လက်လွတ်စပယ် မလုပ်ရဲကြ။

ယခုအချိန်တွင် မီးဖိုမှ ထူးဆန်းသည့်အသံတစ်သံ ထုတ်လွှတ်လာသည်။ ထိုအိုးသည် အစပိုင်း၌ တောက်ပနေပြီးနောက် သတ္တုများ အရည်ပျော်တော့မလို နီရဲလာသည်။

တစ်ချိန်တည်းမှာပင် ကြည်လင်လာကာ အထဲဘက်ရှိ မြင်ကွင်းအားလုံးကို မြင်နေရသည်။

လူများစွာ စိတ်ထဲတုန်လှုပ်သွားကာ ဟွမ်အတွက် သက်ပြင်းချလိုက်ကြသည်။ သူ့ကို ဒီလိုမျိုး လုပ်ပစ်လိုက်ကြတော့မှာလား..

လူအချို့မှာ ဦးရေပြားများပင် ထုံကျဉ်လာသလို ခံစားလိုက်ရသည်။ သူတို့ ဟွမ်ကို ခါးသီးစွာ မုန်းတီးသော်လည်း သူတို့ အနည်းငယ်တော့ ကိုယ်ချင်းစာသေးသည်ပင်။

မည်သို့ပင်ဖြစ်စေ ဟွမ်သည် အလွန်ထူးခြားသည့်ပုဂ္ဂိုလ်ပင်။ သူသည် မြင်တွေ့နိုင်ရန် ရှားပါးလှသည့် လူငယ်ကျွမ်းကျင်သူပင်။ သို့သော်လည်း နောက်ဆုံးတော့ သူ၏အဆုံးသတ်မှာ ဆိုးရွားလှသည်ပင်။

သူ ပျော်ဝင်နေလေပြီ..

ဤအတိုင်းသာ ဆက်သွားလျှင် သူ့အတွက် ရလဒ်ကောင်းမည်မဟုတ်မှန်း အားလုံး မြင်နိုင်သည်ပင်။

သူ၏သွေးစွမ်းအင်များ ထုတ်ယူခံထားရပြီး အနီရောင်အလင်းပြင်ကြီး ဖြစ်နေသည်။

သူ၏အသွေးအသားနှင့် အခြားအစိတ်အပိုင်းများလည်း တောက်ပသည့်အလင်းတန်း ဖြစ်သွားလေပြီ။ ဤသည်မှာ နတ်ခွန်အားဖြစ်သလို သဘာဝဥပဒေသများနှင့် ရောနှောလိုက်သောကြောင့် ထွက်ပေါ်လာသော အလင်းတန်းများလည်း ဟုတ်သည်။

“လူသားခန္ဓာကိုယ်ဆေးကို ရိတ်သိမ်းတာက တကယ်ကို ထူးခြားတာပဲ … ကျုပ်တောင် တုန်လှုပ်မိတယ် .. ဒီလိုမျိုး သက်ရှိဆေးလုံးက တစ်ခြားဆေးပင်တွေထက်တောင် စွမ်းအားကြီးသေးတယ်..”

နောက်ဆုံးတော့ တစ်စုံတစ်ဦး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ ဤသည်မှာ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သွေးမျိုးဆက်မှ ခြင်္သေ့အိုကြီးပင်။

သူသည် ခြင်္သေ့ခန္ဓာကိုယ်ဖြစ်သော်လည်း လူသားတစ်ဦးကဲ့သို့ ထိုင်နေခြင်းပင်။ သူ၏ရွှေရောင်အမွေးမှာ အနည်းငယ် ရှေးကျကာ မှိန်ဖျော့နေပြီး ဖရိုဖရဲစွမ်းအင်အနည်းငယ်လည်း ဝန်းရံနေသည်။

သူသည် တလောပိုင်း၌ ပေါက်ကွဲခဲ့သည်ကို အားလုံးသိကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူ၏မျိုးဆက်ကို ဟွမ်မှာ စီးတော်ယာဉ်အဖြစ် ဖမ်းဆီးသွားခဲ့သည်ပင်။

ဤသည်မှာ အလွန်အရှက်ရစရာကောင်းသည့်ကိစ္စဟု သတ်မှတ်၍ရသည်။ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သွေးမျိုးဆက်အတွက် အလွန်ရှက်စရာကောင်းသည့် အတွေ့အကြုံပင်။

မည်သူမှ မနှောက်ယှက်ကြ။ ဂုကလန်အကြီးအကဲသည် တိတ်ဆိတ်စွာဖြင့်ပင် တာအိုမီးတောက်ကို ထိန်းချုပ်ကာ ရှီဟောင်ကို ပြုပြင်နေသည်။

ခွပ်..

မီးဖိုထဲမှ ထူးဆန်းသည့်အသံအချို့ ထွက်ပေါ်လာသည်။ ရှီဟောင်အရိုးများအားလုံး ဖယ်ရှားခံလိုက်ရကာ အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားလေပြီ။ အချို့အရိုးများမှာ ပျက်စီးနေလေပြီ။

ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ပြုပြင်မှုကြီးလဲ..

ရှီဟောင်၏ မူလဝိညာဉ်ရုန်းကန်နေသည်ကို အားလုံးမြင်နေရသည်ပင်။ သူ၏အသွေးအသားများ ပျက်စီးသွားသောကြောင့် သူ မယုံကြည်နိုင်လောက်သည့် နာကျင်မှု ခံစားရမည်မှာ သေချာသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့် မိုရှန်း၊ ဟဲကျီမင်နှင့် အခြားသူများမှာ သူတို့ခန္ဓာကိုယ်များ တောင့်ခဲသွားပြီး ကျောထက်၌ ကြက်သီးများပင် ထလာသည်ဟု ခံစားလိုက်ရသည်။

“အဲဒီတော့ ဒါက ဒဏ္ဍာရီလာယင်ယန်ပြုပြင်ခြင်းပေါ့ .. အသက်စွမ်းအင်ကို ဖြိုခွဲပြီးတော့ ဘက်ပေါင်းစုံကနေ စတာ..” ခြင်္သေ့အိုကြီး၏ မျက်လုံး၌ အလင်းတန်းများ တောက်ပလာသည်။

“ဟုတ်တယ်..” ဂုကလန်အကြီးအကဲ ခေါင်းညိမ့်လိုက်သည်။ သူ၏မျက်နှာမှာ တည်ငြိမ်နေကာ သူ၏လက်ချောင်းများကြားမှ တာအိုမီးတောက်များ ထွက်ပေါ်နေကာ ထိုရှေးဟောင်းမီးဖိုကြီးကို လောင်ကျွမ်းနေသည်။

“နတ်ဆိုးဗုဒ္ဓက သနားညှာတာတယ်..” ပုံမှန်မဟုတ်သည်မှာ ထို ပျက်စီးသွားသည့် ရှေးဟောင်းဘုန်းကြီး ဤနာမည်ကို ရွတ်ဆိုလိုက်သည်။

“ငါတို့ ရလဒ်တစ်ခု ရဖို့ မျှော်လင့်ပါတယ်..” ဖရိုဖရဲစွမ်းအင်များ ရစ်ဆိုင်းထားသည့် ထူးဆန်းသည့်လူမှ ပြောလိုက်သည်။ ဤကဲ့သို့ပင် ဖြစ်နေပြီဖြစ်သောကြောင့်‌ နောက်ဆုံးရောက်လာသည့်သူမှာ ဧကရာဇ်ကလန်မှ ဖြစ်လိမ့်မည်ဟု အားလုံးသေချာသွားကြသည်။

ဖျစ် ဖျစ်..

မီးဖိုထဲမှ ရှီဟောင်၏အရိုးများ ပျက်စီးသွားကာ လောင်ကျွမ်းနေလေပြီ။ သူ၏အရိုးများသည် သူ၏အသွေးအသား၊ အရေခွံ၊ မူလဝိညာဉ်တို့နှင့် ကင်းကွာနေပြီဖြစ်သော်လည်း ရှီဟောင် နာကျင်မှုကို ခံစားနေရဆဲပင်။

သူ၏မူလဝိညာဉ် ပြင်းထန်စွာ ရုန်းကန်နေရသည်။

ဤကဲ့သို့သောနာကျင်မှုမှာ အခြားသူများ စိတ်ကူးယဉ်ကြည့်၍ မရနိုင်လောက်အောင်ပင်။ ဤသည်မှာ အသတ်ခံရသည်ထက် အဆပေါင်းများစွာ ဆိုးရွားသည်။ သူ ကိုယ့်ကိုကိုယ်သာ သတ်သေလိုက်ချင်မိသည်။

ရှီဟောင် ဤကဲ့သို့သော နာကျင်မှုများ ခံစားနေရသည်ကို အင်ပါယာဂိတ်မှ လူများ သိမည်မဟုတ်။

ဖူး…

ထို့နောက် ရှီဟောင်၏အရိုးများ ပေါက်ကွဲသွားကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ အရိုးများမှာ တောက်ပနေသေးသော်လည်း မီးဖိုထဲ၌ တစ်စစီဖြစ်သွားလေပြီ။

အရိုးများမှာ လုံးဝပျက်စီးသွားလေပြီ။

မီးဖိုထဲတွင် ဆေးပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ပေါ်လာကာ အမွေးနံ့လေးများပင် ရနေသည်။

“ဒါက..” လူငယ်ကျောင်းသားတစ်စု ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ဒါက တကယ်ကို ဆေးဖော်တာလား..

“ဒါက လူသားခန္ဓာကိုယ်ဆေးကြီးလား..” ယုယု၏မျက်လုံးများ တောက်ပလာကာ ရှီဟောင်ရှိနေသည့် မီးဖိုကြီးကို စိုက်ကြည့်လိုက်သည်။

“ဒီလူငယ်လေးက မရိုးရှင်းဘူးပဲ .. ဒီကျင့်ကြံဆင့်မှာ ဒီလောက်များတဲ့ ဝိညာဉ်ခွန်အားတွေ ရှိနေတယ် .. ဒါတွေအားလုံးကို မီးဖိုတစ်ခုထဲမှာ ပြုပြင်လိုက်ရင် ဒါက တကယ်ကို ဆေးကောင်းကြီးတစ်လက် ဖြစ်ထိုက်တယ်..” ဂုကလန်မှ အကြီးအကဲပင် ချီးကျူးလာလေ၏။

ဟွမ် ပြီးဆုံးသွားပြီဖြစ်ကြောင်း အားလုံးသိလိုက်သည်။ သူ နောက်တစ်ခါ မောက်မာနိုင်မည်မဟုတ်တော့။ သူ ဂုဏ်ယူခဲ့ရသည့် ကျင့်ကြံခြင်းနှင့် နတ်စွမ်းအင်များကို ဤအကြီးအကဲ ယူသွားလေပြီ။

လူသားခန္ဓာကိုယ်ဆေးဆိုသည်မှာ သက်ရှိတစ်ယောက်၏ စွမ်းအင်၊ နတ်ခွန်အား၊ တာအိုစွမ်းရည်နှင့် အခြားအရာများကို ထုတ်ယူခြင်းပင်။ ယခု ဤကဲ့သို့ ထုတ်ယူလိုက်ခြင်းပင်။

လူအချို့ သူတို့ တံတွေးများကို မြိုချလိုက်သည်။ ဤလူများမှာ အလွန်ရက်စက်သည့်ကလန်များမှ ဖြစ်သောကြောင့် သူတို့သည် အလွန်သွေးဆာကြသည်။ သူတို့ ဤမီးဖိုကြီးကို တစ်ကိုက်တည်းဖြင့် ကိုက်ပစ်လိုက်ချင်မိသည်။

“တာအိုရောင်းရင်း .. ဒါက နည်းနည်း မလွန်လွန်းသွားဘူးလား .. ဘိုးဘေးတွေတောင် ပြန်မလာသေးဘူး .. ကျုပ်တို့ သူ့ကို စစ်ဆေးလို့ရတယ် .. ဒါပေမဲ့ ဒီလိုမျိုးလုပ်ပစ်တာက နည်းနည်းလေး လွန်သွားပြီထင်တယ်..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

နန်းတော်ထဲ၌ ဆုတောင်းဖျာခြောက်ခု ရှိနေသည်။ ဂုကလန်အကြီးအကဲ၊ ခြင်္သေ့အိုကြီးနှင့် ပျက်စီးသွားသည့်ရှေးဟောင်းဘုန်းကြီးတို့မှာ ယခင်က ကောင်းကင်ဘုံကိုးခုဘက်မှလူများဖြစ်ပြီး ကျန်သည့်သုံးဦးမှာ ဤလောကဘက်မှပင်။ ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိအပြင် ကျန်သည့်နှစ်ဦးလည်း မသေမျိုးအော်ရာများ ရှိနေသည်။

ယခုအချိန်တွင် ကျန်သည့်သုံးဦးမှာ အနည်းငယ် မပျော်မရွှင်ဖြစ်နေသည်။ သူတို့ စိုးရိမ်သည့်ပုံဖြစ်လာသည်။ ဟွမ်ကို ဖျက်ဆီးပစ်လိုက်သောကြောင့် မသေမျိုးဘုရင်များ မကျေမနပ်ဖြစ်သွားပါက အကျိုးဆက်ကို မည်သူက ခေါင်းခံမည်နည်း…

“ရတယ် .. သူ့ရဲ့ မူလဝိညာဉ်ရှိနေသရွေ့ ပြဿနာရှိမှာမဟုတ်ဘူး .. မသေမျိုးဘုရင်တွေက သူ့စိတ်ထဲက တစ်ချို့အရာတွေကိုပဲ လိုချင်တာ..” ခြင်္သေ့အိုကြီး ပြောလိုက်သည်။ သူသည် ရှီဟောင်ကို အညှာအတာမရှိ ဖိနှိပ်ပစ်ရန် မျှော်လင့်နေသည်ပင်။

ဂုကလန်၏အကြီးအကဲ ဘာမှမပြော။

သို့သော်လည်း ဂုကလန်၏လုပ်ရပ်များမှာ အနည်းငယ် လွန်လွန်းသွားပြီဟု အားလုံးခံစားနေရသည်ပင်။ သူတို့သည် ဤလောကမှလူများထက်ပင် ပိုရက်စက်နေသေးသည်။ သူတို့က ဟွမ်ကို ဒီလောက်တောင် မုန်းနေတာလား..

ဂုကလန် ဤကဲ့သို့ လုပ်ရခြင်းမှာ တစ်ခုခုကို စိုးရိမ်နေသောကြောင့်ဟု အချို့လူများ ထင်မြင်လာကြသည်။ သူက ကောင်းကင်ဘုံကိုးခုဘက်က မျိုးစေ့ကောင်းကို အဆုံးသတ်ပစ်ချင်နေတာလား..

“သစ္စာဖောက်တွေက ကျူးကျော်သူတွေထက်တောင် ပိုမုန်းစရာကောင်းသေးတယ်..” ဤသည်မှာ ရှီဟောင် ခေါင်းကြည်နေတုန်း တွေးလိုက်သည့်အတွေးပင်။ သူ စိတ်ထဲမှ အော်ဟစ်နေကာ ဤလူမျးကို ချက်ချင်းပင် သတ်ပစ်လိုက်ချင်သည်။

ပြင်းထန်လှသည့် နာကျင်မှုမှာ သည်းခံ၍မရနိုင်လောက်အောင်ပင်။

ယခုအချိန်တွင် သူ၏မူလဝိညာဉ် ပြိုကွဲတော့မလိုပင် ခံစားနေရသည်။ အဘယ်ကြောင့်ဆို‌သော် ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု သူလုပ်ထားသည့် အဆီးအတားများကို ချိုးဖောက်ချင်နေသည်ပင်။

သူ၏မူလဝိညာဉ်ကို အပြင်လူများ မရှာဖွေနိုင်အောင် ချုပ်နှောင်ထားသည့် ချိန်းကြိုးများရှိနေသည်ကို အားလုံးသိကြသည်ပင်။

ယခု သူတို့ ထိုအဆီးအတားကို ဖြတ်ကျော်ချင်နေကြလေပြီ။

ဤသည်မှာ အလွန်အန္တရာယ်များလှသည်။ တစ်ချက်မှားသွားသည်နှင့် ရှီဟောင်၏ခန္ဓာကိုယ်နှင့်ဝိညာဉ်နှစ်ခုလုံး ချုပ်ငြိမ်းသွားလိမ့်မည်။

“ဒါက အခက်ခဲဆုံး အသိစိတ်ပင်လယ်ကို ချုပ်နှောင်တဲ့နည်းလမ်းပဲ .. သူ့ထက် ခွန်အားကြီးတဲ့သူတွေတောင် ဖြည်လို့ရမှာမဟုတ်ဘူး .. မဟုတ်ရင် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်..” ပျက်စီးသွားသည့်ရှေးဟောင်းဘုန်းကြီးမှ ပြောလိုက်သည်။

ဤသည်မှာ လူအချို့ကို မျက်မှောင်ကြုတ်သွားစေသည်။ ဤအတောအတွင်းတွင် အဆီးအတားများ ပျက်စီးသွားသော်လည်း အကျိုးသက်ရောက်မှု သိပ်မရှိ။ သူတို့အောင်မြင်နိုင်ရန် ခက်ခဲသည်။

ခွပ်..

ထိုအချိန်တွင် အိုးထြမှ ထူးဆန်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ အရိုးများအက်ကွဲသွားသည့်အသံမဟုတ်။ နတ်ချိန်ကြိုးအချို့ ပျက်စီးသွားသည့်အသံပင်။ စွမ်းအားကြီးသည့်သူများသာ ဤအသံကို ကြားနိုင်သည်။

ဆုတောင်းဖျာပေါ်၌ ထိုင်နေသည့်သူများအားလုံး အမူအရာ ပြောင်းလဲသွားကြသည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့ မတည်ငြိမ်နိုင်တော့။

ဝူခွန်၊ ယုယုနှင့် အခြားသူများလည်း တုန်ယင်လာသည်။ တစ်ခုခုဖြစ်သွားသည်ကို သူတို့လည်း အာရုံခံနိုင်သည်ပင်။

ဟွမ်သည် တကယ်ကို ပျက်စီးသွားတော့မည်။ သူ၏ကျင့်ကြံခြင်းစွမ်းရည်များ တစ်စစီဖြစ်သွားပြီး သူ၏သဘာဝဥပဒေသများနှင့် အခြားအရာများ ပြိုကွဲသွားသည့်အသံများ ထွက်ပေါ်လာလေပြီ။

“ဟူး .. နှမြောစရာပဲ .. သူသာကံကောင်းရင် သူ သူ့ရဲ့သေမျိုးခန္ဓာကိုယ်ကို စွန့်ခွာပြီးတော့ သူ့အရိုးတွေကို လဲပစ်လိုက်လို့ရတယ်..” ဂုကလန်အကြီးအကဲ ခေါင်းခါ၍ ပြောလိုက်သည်။

ပြုပြင်ခံရသည့်သူမှာ ပြောင်းလဲမှုတစ်ခု ပြုလုပ်နိုင်ကြောင်းကို သူယခင်ကလည်း ပြောခဲ့သည်ပင်။

သို့သော်လည်း ဤသည်မှာ အပြောသက်သက်သာ။

သူသည် ဟွမ်ကို သတ်ချင်နေသောကြောင့် သူက ဘယ်လိုလုပ် သူ့အား ပြောင်းလဲခွင့်ပေးမည်နည်း..

သူ၏အသွေးအသားနှင့် မူလဝိညာဉ်အတူတူရှိမနေသော်လည်း သူပျက်စီးသွားပြီကို ရှီဟောင် ခံစား၍ရသည်ပင်။

သူ အင်ပါယာဂိတ်ဘက်မှ ရခဲ့သည့်ကျင့်ကြံခြင်းများ၊ သူကျင့်ကြံခဲ့သည့် မှော်ခွန်အားနှင့် အခြားအရာများအားလုံးမှာ ပျက်ပြယ်သွားလေပြီ။

ကောင်းကင်ဘုံကိုးခု၏ အော်ရာပင် ဖျက်ဆီးခံလိုက်ရသည်ကို သူခံစားလိုက်ရသည်။

ဤသည်မှာ မည်မျှပင် ရက်စက်လှသနည်း..

ကျင့်ကြံသူတစ်ယောက်အတွက် ဤကိစ္စထက် မှောင်မိုက်သည့်အတွေ့အကြုံမရှိနိုင်တော့။
အပိုင်း ၁၇၆၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၇ – ကြမ်းတမ်းသည့် ခက်ခဲမှု

“အား…” ရှီဟောင် ဝမ်းပန်းတနည်း ဒေါသတကြီးဖြင့်ပင် ဒဏ်ရာရနေသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။ သူ ဤနာကျင်မှုကို တစ်ယောက်တည်း ခံစားကာ တစ်ယောက်တည်း စိတ်ပျက်နေရသည်။

ဤကဲ့သို့သော ရလဒ်မှာ သနားစရာကောင်းလှသည်။ ဤလောကသို့ ရောက်လာပြီးနောက် သူ၏အဆုံးသတ်ကောင်းမည်မဟုတ်မှန်း သူသိသော်လည်း ဤကဲ့သို့သောအဆုံးသတ်မှာ သူ့အား ဝမ်းနည်းနေစေဆဲပင်။

သူသည် စွမ်းအားကြီးသည့်သူဖြစ်အောင် လုပ်နေသည့် ကျင့်ကြံသူတစ်ဦးပင်။ လမ်းတစ်လျှောက်တွင် လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ ခက်ခဲမှုပေါင်းစုံလည်း ရှိခဲ့သည်ပင်။ သူ ဤနေရာထိရောက်လာရန် မလွယ်ကူခဲ့။

သို့သော် သူ၏အောင်မြင်မှုများမှာ တစ်ရက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရလေပြီ။

သူ ဘယ်လိုလုပ် ဒါကို သည်းခံနိုင်မည်နည်း..

သူ မည်မျှပင် မာကျောကာ ဇွဲကြီးနေစေကာမူ ယခုအချိန်တွင် သူ၏ဘဝအရောင်မှိန်သွားပြီဟု သူခံစားနေရသည်။ သူ့ထံ၌ မျှော်လင့်ချက်မရှိတော့။ ဤကဲ့သို့ဖြစ်နေခြင်းထက် သေသွားသည်ကပင် ပိုကောင်းလိမ့်ဦးမည်။

သို့သော်လည်း သူသည် အရှုံးပေးလိုသည့်သူမဟုတ်။ သူ ဤလောကသို့ ရောက်လာပြီးသည့်နောက်တွင် တစ်ခါမှ သတ်သေရန် မစဉ်းစားဖူး။ သူအမြဲတမ်း ခုခံကာ ကံကြမ္မာကို ဆန့်ကျင်ခဲ့သည်ပင်။

ကံမကောင်းစွာဖြင့် အဆုံး၌ သူ ဘာမှမပြောင်းလဲနိုင်ခဲ့။ ကပ်ဆိုးကြီးမှာ ဤကဲ့သို့ ကျရောက်လာဆဲပင်။

“တာအိုရောင်းရင်း ဒါက မလွန်လွန်းဘူးလား ..ကျုပ်တို့ မသေမျိုးဘုရင်တွေကို ဘယ်လိုမျိုး ရှင်းပြကြမလဲ..” ဆုတောင်းဖျာပေါ်၌ ထိုင်နေသည့်သူများပင် မတည်ငြိမ်နိုင်တော့။

အထူးသဖြင့် ဤလောကဘက်မှ ကျွမ်းကျင်သူသုံးဦးပင်။ သူတို့အမူအရာများ ပြောင်းလဲသွားကာ ရုတ်တရက် မတ်တပ်ထရပ်သွားလေ၏။ ဤကဲ့သို့သော အပြစ်ဒဏ်မှာ ပြင်းထန်လွန်းလှသည်။ ဤသည်မှာ သူတို့ထင်ထားသည်နှင့် ကွာခြားနေသည်ပင်။

“သူ လုံးဝမပျက်စီးသေးဘူး .. တစ်ဝက်ပဲပျက်စီးသွားသေးတာ .. သူ့ မူလဝိညာဉ်က လုံးဝမပျက်စီးသေးဘူး..” ဂုကလန် အကြီးအကဲ ပြောလိုက်သည်။

သူသည် အလွန်တည်ငြိမ်နေကာ ဤသည်ကို ဘာမှအရေးမကြီးသည့်ကိစ္စကဲ့သို့ သဘောထားနေသည်။

“ခင်ဗျား..” ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိ၏အမူအရာ အေးစက်သွားကာ သူ့ကို စိုက်ကြည့်လိုက်သည်။

“တာအိုရောင်းရင်း .. အခု သူ့ကို လွှတ်ပေးလိုက်ရအောင်..” ရွှေရောင်အမွေးနှင့် ခြင်္သေ့အိုကြီးပင် အကြံပေးလာသည်။ သူ့ကို စိတ်လိုက်မာန်ပါမလုပ်ရန် ပြောလာလေ၏။

“ဟား ဟား ..” ဂုကလန်မှ အကြီးအကဲ ရယ်မောလိုက်၏။ သူသည် အလွန်တည်ငြိမ်နေဆဲပင်။ “စိတ်မပူပါနဲ့ .. မူလဝိညာဉ်ကို မဖျက်ဆီးသရွေ့ ပြဿနာမရှိဘူး .. ကျုပ်တို့တွေ ဘိုးဘေးတွေကို ရှင်းပြနိုင်မှာပါ..”

ဤလူအိုကြီးမှာ ရက်စက်လွန်းလှသည်ဟု အားလုံး ခံစားလိုက်ရသည်။

သူသည် သွားများပေါ်နေသည်အထိ ပြုံးရယ်နေသော်လည်း အေးစက်မှုတစ်မျိုးကို ခံစားနေရသည်ပင်။ ဟွမ်ကို ဒီလိုပုံစံနဲ့ပဲ ပျက်စီးသွားပြီလား..

အားလုံးအမြင်တွင် ရှီဟောင်သည် နည်းနည်းလေးမှပင် မျှော်လင့်ချက်မရှိတော့။

ရှီဟောင်၏မူလဝိညာဉ်မှာ တစ်ဖြည်းဖြည်းချင်း အားနည်းလာလေပြီ။ ပုန်းကွယ်နေသည့်ခွန်အားများ တစ်ကြောင်းပြီးတစ်ကြောင်း ထုတ်ယူခံနေရကာ သူတစ်ဖြည်းဖြည်း အားနည်းလာသည်။

“သတိထား .. သူ့မူလဝိညာဉ်က အချုပ်အနှောင်တွေ အသက်ဝင်လာတော့မယ်..” ပျက်စီးသွားသည့်ရှေးဟောင်းဘုန်းကြီးမှ သတိပေးလိုက်သည်။

ထိုသို့သာဖြစ်သွားလျှင် သူ ထိုနေရာ၌ ပေါက်ကွဲသွားကာ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်စီးသွားလိမ့်မည်။

သူ အားနည်းလွန်းနေသည်ဟု ရှီဟောင် ခံစားနေရသည်။ သူသည် မုန်တိုင်းထဲမှ ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ အချိန်မရွေး သေသွားနိုင်သည်။ သူ၏အသက်ဓာတ် ပျက်ပြယ်သွားတော့မည်။

သူ ဝမ်းနည်းရမလား၊ ပျော်ရမလားပင်မသိတော့။ သူ၏ကျင့်ကြံခြင်းများ ပျက်စီးသွားသည့်အချိန်တွင် သူ၏မျှော်လင့်ချက်အားလုံး ပျက်ပြယ်သွားရသည်။ သို့သော်လည်း သူ၏အသက်ရင်းမြစ် တောက်ပလာသည့်အချိန်တွင် သူ သက်ပြင်းချမိသည်။

“ဟား ဟား .. စိတ်မပူပါနဲ့ .. ဘာကသင့်တော်လဲဆိုတာ ကျုပ်သိပါတယ် .. သူမသေနိုင်ပါဘူး..” ဂုကလန်အကြီးအကဲ ပြုံး၍ ပြောလိုက်သည်။

ဖောက်ထွင်းမြင်ရသည့် မီးဖိုနံရံမှ ရှီ‌ဟောင် ထိုလူများကို ကြည့်လိုက်ပြီးနောက် ဂုကလန်အကြီးအကဲကို ကြည့်လိုက်သည်။ ဒီလူက ဘာလို့ သူ့ကို ဒီလိုမျိုးလုပ်တာလဲ .. သူ၏အပြုအမူများမှာ ခြင်္သေ့အိုကြီးနှင့် ဤလောကမှအခြားသူများထက်ပင် ရက်စက်နေသေးသည်။

“လူငယ်လေး မင်းစိတ်ပျက်နေပြီလား .. မင်းရဲ့ဘဝကို အဆုံးသတ်ချင်နေပြီလား..” ဂုကလန်အကြီးအကဲ သူ့အား ကြည့်ကာ မေးလာသည်။

ရှီဟောင်သည် အစက မုန်းတီးနေကာ သူ့ဘဝအမှောင်ကျသွားပြီဟု ခံစားနေရသည်ပင်။ သို့သော် ထိုစကားကြားလိုက်သည်နှင့် သူချက်ချင်း နိုးထလာကာ စိတ်ကြည်လင်လာသည်။ သူ ထိုအကြီးအကဲကို ဘာမှမပြောပဲ အေးစက်စွာသာ စိုက်ကြည့်လိုက်သည်။

သူ၏မူလဝိညာဉ်မှာ အလွန်ဖျော့တော့နေပြီဖြစ်သည်။ သို့သော် ရှီဟောင် ဝမ်းနည်းမနေသလို ဒေါသလည်း ထွက်မနေ။ ထိုအစား သူ လုံးဝတည်ငြိမ်နေသည်။

သူ ပျက်စီးသွားသော်လည်း သူစိတ်ပျက်မနေ။ ဤသည်ကို သူ့ဘဝ၏ နောက်ဆုံးအတွေ့အကြုံဟုသာ မှတ်ယူလိုက်မည်။ သူ့ထံ၌ အားနည်းချက်မရှိတော့ဘူးဟု သူခံစားလိုက်ရသည်။

“လာခဲ့လေ .. ကျုပ်ကို ဒီနာကျင်မှု၊ ဒီဒဏ်ရာတွေ ခံစားရအောင်လုပ်လိုက် .. ကျုပ်ရဲ့ လမ်းက မှေးမှိန်နေပြီဆိုတာ ကျုပ်အစောကြီးကတည်းက သိပြီးသား .. ဘာစိတ်ပျက်စရာများရှိနေလို့လဲ..” ရှီ‌ဟောင် ပြောလိုက်သည်။

ခပ်ဝေးဝေးရှိ ကျောင်းသားများအားလုံး အေးခဲသွားရသည်။ မီးဖိုနံရံမှတစ်ဆင့် သူတို့ ဤကဲ့သို့သော ခံစားချက်မျိုး ခံစားလိုက်ရသည်ပင်။ သူတို့အားလုံး ထိတ်လန့်သွားရသည်။ ဟွမ်ရဲ့ စိတ်ကာ ဘယ်လောက်တောင် ခိုင်မာတာလဲ .. ဒါမှမဟုတ် သူ့ရဲ့ ပင်ကိုယ်စိတ်ကိုက ပြတ်သားတာလို့ ပြောရမလား..

ဤကဲ့သို့ ဆိုးရွားလှသည့်အတွေ့အကြုံမှာ ကြည့်နေရုံဖြင့်ပင် သူတို့ခန္ဓာကိုယ်များကို အေးခဲသွားစေသည်။ ဤသည်ကို ဖြတ်သန်းနေရသည့်သူမှာ သူတို့သာဆိုပါက သူတို့အစောကြီးကတည်းက စိတ်ပျက်သွားလောက်လေပြီ။

ဟွမ်က ဒီအတွေ့အကြုံမှာ စိတ်နှစ်ထားသေးတာလား .. သူက ဒါကို လေးလေးနက်နက်ဖြတ်သန်းချင်နေတာလား .. သူက တကယ်ကို မကောင်းဆိုးဝါးကြီးပဲ..

အိုးထဲရှိ ဟွမ်ကို ကြည့်နေကြသည့် လူငယ်များအားလုံး၏ မျက်ဝန်းထဲရှိ အမူအရာများ ပြောင်းလဲသွားသည်။ သူ ဤမျှသန်မာပြီး သူ၏ပြိုင်ဘက်များအားလုံးကို အနိုင်ယူနိုင်ခြင်းမှာ သူ၏မယိုင်နဲ့သည့်စိတ်ဝိညာဉ်နှင့် ဆက်စပ်နေလိမ့်မည်။

ဤကဲ့သို့သောလူမျိုး ကျင့်ကြံလျှင် သူ၏တာအိုနှလုံးသား အလွန်ခိုင်မာနေလိမ့်မည်။

အိုးထဲ၌ နီရဲတောက်ပနေသည့် ပန်းပွင့်များ ဖူးပွင့်လာသည်။ ဤသည်မှာ လူသားခန္ဓာကိုယ်ဆေးကြီး ဖော်စပ်ပြီးသွားသည့် လက္ခဏာပင်။ ရှီဟောင်၏ အရိုးများ၊ အသွေးအသား၊ အရေခွံနှင့် အတွင်းအင်္ဂါများအားလုံး ထုတ်ယူခံလိုက်ရကာ ဆေးဖော်စပ်သည့်လုပ်ငန်းစဉ်ကြီး ပြီးဆုံးသွားလေပြီ။

အမွှေးနံ့တစ်မျိုးလည်း ပျံ့လွင့်လာသည်။ အချို့သူများမှာ လောဘကြီးသည့်အမူအရာများ ဖြစ်သွားကြကာ အများစုမှာ မျက်မှောင်ကြုတ်နေကြသည်။ ဤဆေးမီးဖိုကြီးမှာ သူတို့စိတ်ကို တုန်လှုပ်စေသည်ဟု ခံစားလိုက်ကြရသည်။

ရုတ်တရက် ရှီဟောင်၏မူလဝိညာဉ်တောက်ပလာကာ မီးဖိုတစ်ခုလုံး တုန်ခါလာသည်။

“မြန်မြန်တားလိုက်..”

အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သွေးမျိုးဆက်မှ ခြင်္သေ့အိုကြီး ဟစ်ကြွေးလိုက်သည်။ ဤသည်မှာ သူပထမဆုံးအကြိမ် ပုံပျက်သွားခြင်းပင်။ သူ ထိုမီးဖိုကို အလင်းများ မထုတ်လွှတ်အောင် တားဆီးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဟွမ် ပြင်းထန်သည့်ထိခိုက်မှုများ ခံစားနေရပြီဖြစ်ပြီး သူ၏မူလဝိညာဉ်မှာ မတည်ငြိမ်နိုင်တော့။ ဤမတည်ငြိမ်မှုမှာ သူ၏မူလဝိညာဉ်ပေါ်မှ အတားအဆီးများကို အသက်ဝင်သွားစေလိမ့်မည်။

“ယင်ယန်ပြောင်းပြန်ကို မြန်မြန်အသက်သွင်းလိုက် မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိသည် သူ့ကိုယ်သူပင် မေ့လျော့သွားကာ ဟစ်ကြွေးလိုက်လေ၏။

အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းမှာ ယင်ယန်မီးဖိုကို တုပထားခြင်းဖြစ်သောကြောင့် သူ့ထံတွင်လည်း ယင်ယန်စွမ်းအင်များ ရှိနေကာ စကြာဝဠာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သည်ပင်။

ဝုန်း..

အဖိုးတန်မီးဖိုကြီး တောက်ပလာသည်။ ဂုကလန် အကြီးအကဲ တံဆိပ်တစ်ခုပြုလုပ်ကာ တာအိုမီးတောက်ကို အသက်သွင်းလိုက်ပြီး မီးဖိုကို ပို၍တောက်ပအောင် လုပ်လိုက်သည်။

မီးဖိုထဲရှိ ရှီဟောင်၏မူလဝိညာဉ်မပေါက်ကွဲတော့။ သူ၏အချုပ်အနှောင်ကို လာထိနေသည့် စွမ်းအား ပျက်စီးသွားလေပြီ။

သို့သော် ယင်နှင့်ယန်စွမ်းအင်များ ထိပ်တိုက်တွေ့သွားကာ သူ၏မူလဝိညာဉ်ကို ဒဏ်ရာရသွားစေခဲ့သည်။ သူ၏ဝိညာဉ်အရောင်မှိန်လာပြီး ငြိမ်းသတ်လုနီးပါးဖြစ်နေလေပြီ။

“ခင်ဗျား ဘာလုပ်တာလဲ .. သူ့ကို တကယ် ဖျက်ဆီးပစ်ချင်နေတာလား..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ အော်ဟစ်လိုက်သည်။

“သူ အသက်ရှင်နေတုန်းပဲ .. သူ့ရဲ့မူလဝိညာဉ် အဲဒီမှာ ရှိနေတုန်းပဲ .. ကျုပ်တို့ ဂရုတစိုက်လုပ်ရင် ဘာပြဿနာမှ ဖြစ်လာမှာမဟုတ်ဘူး..” ဂုကလန်အကြီးအကဲ ပြောလိုက်သည်။

ယခုအချိန်တွင် မီးဖိုထဲမှ မူလဝိညာဉ်မှာ အရောင်ဖျော့လှပြီး လေတိုက်သည်နှင့် လွင့်ပါးတော့မည့်ပုံပင်။

ဂုကလန်အကြီးအကဲမှာ ပြင်းထန်လွန်းလှသည်ဟု အားလုံးခံစားလိုက်ရသည်။

“မရဘူး … ဟွမ်ရဲ့အခြေအနေက မတည်ငြိမ်ဘူး .. ငါတို့ ပြောင်းလဲရမယ် .. ငါတို့ သူ့ကို ကယ်ရမယ်..” မသေမျိုးအော်ရာရစ်ပတ်နေသည့် တစ်ဖက်လောကမှသက်ရှိ အော်ပြောလိုက်သည်။

ခြင်္သေ့အိုကြီးပင်လျှင် ဆွံ့အနေရလေပြီ .. ဂုကလန်မှ လူအိုကြီး၏အပြုအမူများမှာ ရက်စက်လွန်းလှသည်ဟု သူလည်းခံစားလိုက်ရသည်။ ယခုတော့ ကိစ္စများမှာ ပိုကြီးသွားလေပြီ။

“သူ့ကို ပြန်ထိန်းသိမ်းဖို့က အရမ်းခက်ခဲလိမ့်မယ် .. သူ့ရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ကို အင်ပါယာဂိတ်ဘက်မှ လုပ်ခဲ့တာ .. အဲဒီဘက်က သဘာဝဥပဒေသတွေက မပြည့်စုံဘူး .. ကျုပ်တို့လောကက ပြုပြင်မှုကို ကြုံတွေ့လိုက်ရတဲ့အချိန်မှာ သူ့ရဲ့တာအိုအသီးအပွင့်တွေအားလုံး လုံးဝပျက်စီးသွားပြီ .. သူ့ကိုကယ်ချင်ရင် ရတနာကြီးတွေကို သုံးရလိမ့်မယ် .. ကျုပ်တို့လောကရဲ့ ပြည့်စုံတဲ့သဘာဝဥပဒေသကိုသုံးပြီးတော့ သူ့အတွက် ခန္ဓာကိုယ်တစ်ခု ပြန်လုပ်ပေးရမှာ .. ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က အများကြီး ပေးဆပ်ရမှာ .. သူ့အတွက်လုပ်ပေးဖို့ မလိုအပ်ဘူး..” ဂုကလန်အကြီးအကဲ ပြောလိုက်သည်။

ခန်းမဝင်ပေါက်တွင်ရှိနေသည့် ကျောင်းသားများမှာ စကားမပြောရဲကြတော့။ အဘယ်ကြောင့်ဆိုသော် ထိုအဆင့်လွန်သက်ရှိများ၏ ဒေါသကို သူတို့ခံစားနေရသည်ပင်။

“ခင်ဗျား တကယ်ပြီးပြီပဲ .. တကယ်လို့ ဟွမ်ရဲ့ မူလဝိညာဉ်က ပျက်ပြယ်သွားရင် ခင်ဗျား မသေမျိုးဘုရင်တွေကို ဘယ်လိုမျိုးရှင်းပြမလဲဆိုတာ ကြည့်ကြသေးတာပေါ့..” ဤလောကမှ အဆင့်လွန်သက်ရှိတစ်ဦး အေးစက်စွာ ပြောလိုက်သည်။

“သူ့ကိုပြုပြင်ဖို့ မသေမျိုးသက်ရှိတွေလည်း သဘောတူခဲ့တာပဲလေ မဟုတ်ဘူးလား .. ဒါက အထက်လူကြီးတွေချတဲ့ ဆုံးဖြတ်ချက်” ဂုကလန် အကြီးအကဲ ပြောလိုက်သည်။ “ကျုပ်တို့ သူ့မူလဝိညာဉ်ကို ယူသွားပြီးတော့ ယင်ယန်မီးဖိုအစစ်နဲ့ ပြုပြင်လို့ရတယ် .. အဲဒီအချိန်ကျရင် သူ့ မူလဝိညာဉ်က အဆီးအတားတွေ ပျက်စီးသွားလိမ့်မယ်လို့ အာမခံတယ်..”

သူက ဟွမ်ကို ထပ်ပြီးတော့ ပြုပြင်ချင်သေးတာလား.. ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိမှာ သူ့အား ထွက်သွားတော့ဟု အော်ဟစ်မိတော့မလိုပင် ဖြစ်သွားရသည်။

ဟွမ်၏လက်ရှိအခြေအနေတွင် သူတို့ လျှောက်လုပ်၍မရတော့။

“မရဘူး .. ငါတို့ ဟွမ်ကို ဂုကလန်ရဲ့ ယင်ယန်မီးဖိုထဲ ထည့်လိုက်လို့မရဘူး … သူအချိန်မရွေး‌ သေသွားလိမ့်မယ်..”

သို့သော် ဂုကလန်မှ သူတို့အမှားလုပ်လိုက်သည်ဟု မခံစားရ။ အဘယ်ကြောင့်ဆိုသော် ယင်ယန်မီးဖိုမှာ ရှီဟောင်ကို ပြောင်းလဲပစ်လိမ့်မည်ဟု သူတို့အစောကြီးကတည်းက ပြောထားပြီးသားပင်။ သို့မှသာ သူတို့ သူ၏မူလဝိညာဉ်၌ ရှိနေသည်အဆီးအတားကို ဖယ်ရှားနိုင်လိမ့်မည်။ သို့သော် ယခင်က ဤအကြံကို ဆန့်ကျင်ခဲ့သည့်သူများ ရှိခဲ့သောကြောင့် စစ်နတ်ဘုရားကျောင်းမှ ယင်ယန်မီးဖိုအတုကို ပြုလုပ်ကာ အသုံးပြုခဲ့သည်ပင်။

“အဲဒီမီးဖိုအစစ်မှာ မိစ္ဆာသဘာဝတွေရှိနေတယ် … ငါတို့က ဘယ်လိုလုပ် စိတ်အေးရမှာလဲ..” အခြားတစ်ယောက်မှ ပြောလာသည်။

“ငါတို့ ခွင့်ပြုလို့မရဘူး .. ဘာပဲဖြစ်ဖြစ် ငါတို့ ဟွမ်ရဲ့အခြေအနေကို ပြောင်းလဲရမယ် .. ဒီလိုအခြေအနေမျိုးက ဆိုးရွားလွန်းတယ် .. ငါတို့ သူ ပြန်ရှင်လာအောင် လုပ်ရမယ်..” အချို့လူများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။

အဘယ်ကြောင့်ဆိုသော် မသေမျိုးဘုရင်များ ပြန်ရောက်လာပြီး သူတို့ဒေါသထွက်လာမည်ကို သူတို့စိုးရိမ်သည်။ ဘိုးဘေးများ ရှီဟောင်၏အသိစိတ်ပင်လယ်အပြင် အခြား အရာများကို အသုံးပြုချင်နေသည်လည်း ဖြစ်နိုင်သည်။

ဤကဲ့သို့ တွေးမိသွားသည်နှင့် လူအချို့ မတည်ငြိမ်နိုင်တော့။

“သူ့ကို ငါ့လောမှာ တာအိုအောင်မြင်မှုတွေရအောင် ကူညီပေးလိုက် .. သူပြန်ကောင်းအောင်လုပ်ပေးလိုက်..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

အပိုင်း ၁၇၆၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၈ – ကယ်တင်ခြင်း

သို့သော် ထိုသို့ပြုလုပ်ရန်အတွက် သူတို့အတော်လေး ပေးဆပ်ရလိမ့်မည်။ ဟွမ်သည် အဆင့်လွန်သက်ရှိတစ်ဦး၏လက်ထဲ၌ ဖျက်ဆီးခံလိုက်ရခြင်းပင်။ ဘာမှမရှိသည့်အရာမှာ သူ့ကို ပြန်လည်ဖန်တီးရန် ခက်ခဲသည်ပင်။

“သူ တမင်သက်သက်လုပ်တာလား..” ရှီဟောင်၏အခြေအနေကို ဆန်းစစ်ပြီးနောက် လူအချို့ ဒေါသမထွက်ပဲ မနေနိုင်တော့။ သူတို့ ဂုကလန်မှ အကြီးအကဲကို ဤနေရာသို့ ဆွဲထုတ်ကာ ဆူပူလိုက်ချင်မိသည်။

ဟွမ်၏ ဒဏ်ရာများမှာ ပြင်းထန်လှသည်။ သူ၏အသက်ဓာတ်နှင့် အခြားအရာများအားလုံး ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ သူ့ကို မှော်ခွန်အားဖြင့် ပြန်လည်ဖန်တီးမည်ဆိုလျှင်ပင် မဖြစ်နိုင်တော့။

ဂုကလန်အကြီးအကဲ ထွက်မသွားခင် ပြောခဲ့သလိုပင် သူတို့သာ သူ၏အခြေအနေကို ပြောင်းလဲချင်လျှင် သူတို့ ကောင်းကင်ရတနာများ သုံးရလိမ့်မည်။ သို့မှသာ မျှော်လင့်ချက် ရှိလာလိမ့်မည်။

“သူက ဟွမ်ကို နှိပ်စက်ချင်တာနဲ့ပဲ ကိစ္စတွေကို ပိုရှုပ်ထွေးအောင်လုပ်လိုက်တယ် .. သူ့မှာ ဘာအခွင့်အရေးရှိလို့လဲ..” တစ်စုံတစ်ယောက် အေးစက်စွာ ပြောလိုက်သည်။

“ဂုမိသားစုက အရင်တုန်းက ထာဝရရှေးဟောင်းခေတ်က ကျောက်တုံးမိသားစုနဲ့ ရန်ငြိုးရှိလို့များလား..” အခြားတစ်ယောက်မှ သံသယဝင်လာသည်။

“ဖြစ်နိုင်တယ်..”

“မဖြစ်ဘူး .. အဲဒီလူအိုကြီးကို ခေါ်လိုက် .. ဒါကို သူလုပ်ထားတာ သူ့ကိုပြန်လုပ်ခိုင်းရမယ်..” အချို့လူများသည် ဤရလဒ်ကို လက်မခံနိုင်ပဲ ဂုကလန်မှ အကြီးအကဲကို ခေါ်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

ဂုကလန်အကြီးအကဲ ရောက်လာသော်လည်း သူသည် ဟွမ်ကို ပြန်တည်ဆောက်ရန် မဖြစ်နိုင်ဘူးဟုသာ အခိုင်အမာပြောနေသည်။

ခဏကြာပြီးနောက် ဟွမ်၏ မူလဝိညာဉ် မတည်မငြိမ်ဖြစ်လာပြီး ပျက်ပြယ်တော့မည်ကို အားလုံးတွေ့လိုက်ရသည်။

“ဒါက..” သူတို့၏ မှော်ခွန်အား စွမ်းအားကြီးပြီး အားလုံး အဆင့်လွန်သက်ရှိဖြစ်နေသောကြောင့်သာမဟုတ်ပါက သူတို့ ဤလူငယ်လေးကို ကာကွယ်နိုင်မည်မဟုတ်။

“ငါတို့ အခု ဘာလုပ်ရတော့မှာလဲ..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ဒေါသတကြီး အော်ဟစ်လိုက်ကာ ဂုကလန်ကို ဆူပူလိုက်သည်။

အားလုံး အဆင့်လွန်သက်ရှိများဖြစ်ကြသော်လည်း သာမန်လူများ ဂုကလန်ကို မဆန့်ကျင်ရဲ။ သို့သော် ဧကရာဇ်ကလန်များမှာ ဂုကလန်အား မကြောက်။ ယခု သူ တကယ်ကို ဒေါသထွက်နေပြီဖြစ်သည်။

ခဏကြာပြီးနောက် အလွန်စွမ်းအားကြီးသည့် မသေမျိုးသက်ရှိများပင် ထိတ်လန့်သွားကာ ရှီဟောင်ကို ကာကွယ်ရမည်ဖြစ်ကြောင်း အမိန့်စာထုတ်ပြန်လိုက်သည်အထိပင်။

“အလွယ်ကူဆုံးဖြေရှင်းနည်းတစ်ခုရှိတယ် .. သူ့ကို ထာဝရစင်္ကြံဆီကိုပို့လိုက် .. အဲဒီစင်္ကြံက သူ့ရဲ့မူလဝိညာဉ်ကို သေချာပေါက် တည်ငြိမ်စေလိမ့်မယ်..” ဂုကလန် အကြီးအကဲ အကြံပေးလိုက်သည်။

ဤကိစ္စအားလုံးမှာ သူ့ကြောင့် ဖြစ်လာခြင်းဖြစ်သောကြောင့် အားလုံး သူ့ကို မကျေမနပ်ကြည့်လိုက်ကြသည်။ သူတို့သွားနေသည့်နေရာမှာ သာမန်နေရာမဟုတ်။ ထိုနေရာအတွက် ကလန်များ တိုက်ခိုက်နေကြသည်ပင်။ ဟွမ်အတွက်နဲ့ သူတို့ အခွင့်ကောင်းတစ်ခုကို ဖြုန်းတီးရတော့မှာလား..

တာအိုစင်္ကြံဆိုသည်မှာ လူခေါင်းနှင့်တူသည့် တောင်ကြီးတစ်တောင်ပင်။ တောင်ကြီးမှာ လီပေါင်း ထောင်ပေါင်းများစွာ မြင့်မားသည်ပင်။

ထိုနေရာတွင် အပင်များသိပ်မရှိသော်လည်း ရှိသည့်အပင်များအားလုံးမှာ သက်ရှည်ပင်များပင်။ အားလုံးမှာ လောကကြီး၏ အံ့အားသင့်စရာအကောင်းဆုံး ဝိညာဉ်စွမ်းအင်များ ပါဝင်သည့် နတ်ဆေးပင်များ၊ မြင့်မြတ်ဆေးပင်များပင်။

ဤတောင်သည် လူတစ်ယောက်၏ မူလဝိညာဉ်ကို အားဖြည့်ပေးနိုင်သည်။

လူတစ်ယောက်၏ဝိညာဉ်ပျက်စီးနေလျှင်ပင် လုံးဝပျက်ပြယ်မသွားသရွေ့ ထိုနေရာ၌ ပြန်လည်ရှင်နိုင်ချေရှိသည်ပင်။

ထိုနေရာ၌ ကျင့်ကြံလျှင် လူတစ်ယောက်၏ မူလဝိညာဉ်လျင်မြန်စွာ ကြီးထွားလာလိမ့်မည်။

ထိုရောမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်နေရာဟုပင် ပြော၍ရသည်။

ထို့ကြောင့် ဤတောင်၏တန်ဖိုးမှာ တိုင်းတာ၍ မရနိုင်လောက်အောင်ပင်။ ကလန်မျိုးစုံသည် သူတို့တပည့်များထိုနေရာ၌ ကျင့်ကြံခွင့်ရနိုင်ရန်အတွက် အမြဲတမ်း တိုက်ခိုက်နေကြသည်ပင်။

ဤတောင်ကြီးမှာ ထာဝရဘုရင်တစ်ပါး၏ ခေါင်းတစ်လုံးပင်ဖြစ်သည်ဟု ပြောကြသည်။ စစ်ပွဲကြီးအတွင်း၌ သူ၏ခေါင်းပြတ်သွားကာ ပြိုင်ဘက်ကင်းသည့်တာအိုစင်္ကြံဖြစ်လာသည်ဟု ပြောကြသည်။

ဤနှစ်များအတွင်းတွင် သူ၏စွမ်းအားသည် အလွန်နာမည်ကြီးသည့် ကျွမ်းကျင်သူများကို အောင်မြင်မှုများ ရရှိအောင် ကူညီပေးခဲ့သည်။ လူအချို့ကို ကြီးမားသည့်တိုးတက်မှုကြီး ဖြစ်စေခဲ့ကာ သူတို့၏မူလဝိညာဉ်များမှာ အလွန်မာကျောကာ စွမ်းအားကြီးသွားသည်ပင်။

ယခု ထိုနေရာမှာ လျင်မြန်စွာ ခြောက်ကပ်လာနေဖြစ်ပြီး နေရာအရေအတွက်လည်း အကန့်အသတ်ရှိလာသည်။ ဟွမ်အတွက် တစ်နေရာဖြုန်းလိုက်ရမည်ကို သူတို့မလိုလား။

သို့သော်လည်း ဟွမ်၏အခြေအနေမှာ ဆိုးရွားနေလေပြီ။ နောက်ဆုံးတွင် သူ့ကို အအေးခေါင်းတစ်ခုထဲ၌ ချိတ်ပိတ်ကာ ထိုနေရာသို့ ယူသွားလိုက်သည်။

“ဟမ် .. အဆင့်လွန်သက်ရှိတွေ အများကြီးတစ်ချိန်တည်း ရောက်လာတာ .. ပြီးတော့ သူတို့က … မသေမျိုးသက်ရှိတစ်ယောက်ရဲ့ အမိန့်စာကိုလည်း ယူလာသေးတယ် .. သူတို့ ဘယ်သူ့ကို ကူညီချင်နေတာလဲ..”

ထာဝရစင်္ကြံနှင့် အတော်လေးဝေးနေကတည်းက ဤအဆင့်လွန်သက်ရှိ ၇ ယောက်အုပ်စုကို အခြားသူများ မြင်သွားလေပြီ။ ထိုသူများအလွန် ထိတ်လန့်သွားကြလေ၏။

မသေမျိုးအမိန့်စာနှင့်ရောက်လာသည်ဆိုသည်မှာ သူတို့ ဤနေရာရှိ နေရာတစ်နေရာကို ယူမည်မှန်း သူတို့သိသည်။ သူတို့အမြင်တွင် ဤသည်မှာ ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မျိုးဆက်ပင်ဖြစ်လိမ့်မည်။

ယခု သူတို့ ဤတောင်နှင့် နီးလာလေပြီ။ တောင်ကြီးမှာ အလွန်ကြီးမားလှပြီး တကယ်ကို ခေါင်းတစ်လုံးနှင့် တူသည်ပင်။

“ကျွန်တော်တို့ စီနီယာတို့ကို အရိုအသေပေးပါတယ်..”

သူတို့ တောင်ထိပ်သို့ရောက်သည်နှင့် ဤနေရာ၌ ကျင့်ကြံနေသည့် လူငယ်အချို့ ထိတ်လန့်သွားကြသည်။ သူတို့သည် မျက်လုံးများပြူးကျယ်သွားကာ အဆင့်လွန်သက်ရှိများကို ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။

ဤနေရာ၌ လူ ငါးယောက်၊ ခြောက်ယောက်ခန့် ရှိနေသည်ပင်။ အားလုံးမှာ ထိုမျှအသက်သိပ်မကြီးသေး။ အသက်အကြီးဆုံးပင် အသက်တစ်ရာမကျော်။

တာအိုစင်္ကြံမှာ အလွန်ကြီးမားလှသော်လည်း နှစ်တိုင်းတွင် ရှစ်နေရာ၊ ကိုးနေရာခန့်သာ ရှိတော့သည်။

ထာဝရရှေးဟောင်းခေတ် နောက်ဆုံးအချိန်၌ မသေမျိုးဘုရင်များ ဤနေရာ၌ သူတို့ဒဏ်ရာများကို ကုသကာ ဤနေရာ၏စွမ်းအင်များစွာကို အသုံးပြုခဲ့ကြသောကြောင့်ပင်။

“ဟမ် … ဒါက ဟွမ်လား..” လူငယ်တစ်ဦး ရဲတင်းစွာ လျှောက်လာကာ အအေးခေါင်းထဲမှ လူကိုမှတ်မိသွားသည်နှင့် သူ၏အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။

အနီရောင်အဝတ်အစားဝတ်ထားသည့် အမျိုးသားသည် ဟွမ်၏နာမည်ကို ကြားလိုက်သည်နှင့် သူ၏မျက်လုံးများ တောက်ပလာကာ ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာသည်။

“ဟွမ် .. ငါမင်းကို သတ်ချင်တယ်..” သူ့ကိုယ်သူ ပြောလိုက်သည်။

“အနီရောင်ဘုရင်ရဲ့မျိုးဆက်လား..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ပြောလိုက်သည်။ သူတို့နှစ်ဦးသည် ကလန်တစ်ခုတည်းမှမဟုတ်သော်လည်း ကလန်နှစ်ခုမှာ ရင်းနှီးနေသောကြောင့် သွေးမျိုးဆက်အော်ရာများကို ရင်းနှီးနေကြသည်ပင်။

“ဟုတ်ပါတယ်..” ထိုလူငယ် ခေါင်းညိမ့်လိုက်သည်။

ဤသည်မှာလူများစွာကို ထိတ်လန့်သွားစေသည်။ ပြောရမည်ဆိုလျှင် ဧကရာဇ်ကလန်များကို မြင်နိုင်ရန် ခက်ခဲလှသည်။ သို့သော်လည်း အနီရောင်ဘုရင်၏မျိုးဆက်မှာ ဤနေရာ၌ ရှိနေသည်။

ဤထာဝရစင်္ကြံတောင် မည်မျှအရေးကြီးသည်ကို အားလုံးမြင်နိုင်သည်။ ဧကရာဇ်ကလန်မျိုးဆက်များပင် ဤနေရာ၌ ကျင့်ကြံချင်ကြသောကြောင့် ဤနေရာ၌ နေရာအကန့်အသတ်ရှိသည်မှာ မထူးဆန်းတော့။

တောင်ထိပ်တွင် ထူးဆန်းသည့် ကျောက်တုံးစင်္ကြံတစ်ခုရှိနေသည်။ ဤစင်္ကြံမှာ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသည်။

ဤနေရာသို့ရောက်သည်နှင့် အအေးခေါင်းကို ထိုကျောက်တုံးစင်္ကြံပေါ်သို့ တင်ထားလိုက်သည်။

သူ၏ညှိုးလျော်နေသည့် မူလဝိညာဉ် အားဖြည့်ခံလိုက်ရသလို ရှီဟောင် ခံစားလိုက်ရသည်။ ဤတောင်တစ်ခုလုံး၌ ထူးဆန်းသည့် စွမ်းအားလှိုင်းတစ်ခု ပျံ့နှံ့နေကာ ခြောက်ကပ်နေသည့် သူ၏မူလဝိညာဉ်တစ်ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည်။

အရေးအကြီးဆုံးမှာ ဤနေရာရှိ သဘာဝဥပဒေသများမှာ ပြည့်စုံနေသည်။ ရှီဟောင်၏မူလဝိညာဉ် အားဖြည့်ခံရသည့်အချိန်တွင် ပြစ်ချက်မရှိသည့်တာအိုဥပဒေသများ ပေါ်လာသည်။

သူ ထိတ်လန့်သွားရ၏။ သူ အစကနေ ပြန်ကျင့်ကြံရတော့မှာလား..

သူသာ ဤနေရာ၌ ကြာကြာနေလျှင် သူ၏မူလဝိညာဉ် သေချာပေါက် အလွန်စွမ်းအားကြီးလာလိမ့်မည်။

ယခု ရှီဟောင် အခွင့်အရေးတစ်ခု ရလာလေပြီ။ သူ ဤနေရာ၌ ကြာကြာနေခွင့်ရလေပြီ။

“သူ့ရဲ့မူလဝိညာဉ်ကို ကာကွယ်ပေးပြီး မပျက်ပြယ်အောင် လုပ်ပေးမယ်လို့ ဒီလူအိုကြီး အစကတည်းက ပြောခဲ့ပါတယ်..” ဂုကလန်အကြီးအကဲ ပြောလိုက်သည်။

“ဒါက မလုံလောက်သေးဘူး .. ကျုပ်တို့ ဟွမ် လုံးဝပြန်ကောင်းသွားအောင် လုပ်ရမယ်..”

သူတို့ ရှီဟောင်ကို လုံးဝပြန်ကောင်းစေချင်လျှင် သူတို့ ဖီးနှစ်သွေးကို သုံးနိုင်လောက်သည်ဟု အားလုံးယုံကြည်သည်။ ဤကဲ့သို့ မီးတောက်များကြားမှ ပြန်လည်မွေးဖွားခြင်းမှာ အလွန်စွမ်းအားကြီးလှသည်ပင်။ သို့သော် သူတို့ ထိုသွေးကို ငှားလို့ရပါ့မလားဆိုသည်ကို သူတို့မသိ။

အံ့အားသင့်စရာကောင်းစွာဖြင့် ဂုကလန်အကြီးအကဲသည် ဖီးနှစ်သွေးဖြင့် လုပ်နိုင်ကြောင်း ထောက်ခံလာသည်။

ဖီးနှစ်သွေး .. ဤသည်မှာ မည်မျှအဖိုးတန်သည့်အရာဖြစ်သနည်း .. မည်သူက ဤကဲ့သို့သော ပစ္စည်းမျိုးကို ထုတ်လာချင်မည်နည်း..

“ကျုပ်တို့ ဖီးနှစ်သွေးကို ဘယ်လိုရနိုင်လဲ..” တစ်ယောက်ယောက်မှ မကျေမနပ်ပြောလိုက်သည်။

“ကောင်းကင်လောင်ကျွမ်းခြင်းမြေမှာ သွေးဖီးနှစ်ရှိတယ် .. အဲဒီနေရာကနေ နည်းနည်းလောက်ရနိုင်တယ်..” ဂုကလန်အကြီးအကဲပြောလိုက်၏။

လူအချို့ သူ့အား ဒေါသတကြီး စိုက်ကြည့်လာကြသည်။ ထိုနေရာမှာ သေချာပေါက် နေရာကောင်းတစ်ခုမဟုတ်။ မည်သူကများ ထိုနေရာကို ခြေချချင်မည်နည်း..

သွေးဖီးနှစ်ကို ဤလောကမှလူများ ပျက်စီးသွားသည့်သွေးဖီးနှစ်ဟု‌ ခေါ်ကြသော်လည်း သူတို့သည် ဖီးနှစ်အစစ်၏ မျိုးဆက်ပင်။ သူ၏သွေးမျိုးဆက်မှာ အားမနည်း။ ထိုအစား အလွန်ပင် စွမ်းအားကြီးသေးသည်။

သွေးဖီးနှစ်သည် ဂုကလန်ကဲ့သို့ ကောင်းကင်ဘုံကိုးခုမှ လာခြင်းပင်။

သွေးဖီးနှစ်သွေးမျိုးဆက်မှာ ဧကရာဇ်ကလန်များနှင့် အဆင့်ညီပြီး အားလုံးအထက်၌ ရှိနေသည်ပင်။ ပုံမှန်အားဖြင့် မည်သူမှ သူတို့ကို မနှောက်ယှက်ရဲကြ။

အမှန်တကယ်တွင် အဓိကအကြောင်းရင်းမှာ ထိုနေရာမှာ အလွန်အန္တရာယ်များသောကြောင့်ပင်။

သွေးဖီးနှစ်များ၏ စိတ်နေသဘောထားများ ပြောင်းလဲသွားပြီဖြစ်ပြီး သူတို့သည် သတ်ဖြတ်ရသည်ကို စွဲလမ်းနေပြီဖြစ်သည်။ သူတို့ကိုသာ ရန်စလိုက်လျှင် ပြဿနာတက်သွားလိမ့်မည်။

သူတို့က သွေးအစစ်ကို ဘယ်လိုရအောင် ယူရမှာလဲ .. သူတို့က ပေးမှာလား .. သူတို့ ဒေါသပဲ ထွက်သွားလိမ့်မယ်..

ပြီးတော့ အဲဒီမှာ သွေးဖီးနှစ် ဘယ်နှကောင် ကျန်သေးလို့လဲ..

“ဒါက ခင်ဗျားအကြံပေးတာဆိုတော့ ခင်ဗျား သွေးသွားယူသင့်တယ်..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ဂုကလန်အကြီးအကဲကို ကြည့်၍ ပြောလိုက်သည်။

“ကျုပ်ကလန်နဲ့ သွေးဖီးနှစ်သွေးမျိုးဆက်ကြားမှာ နားလည်မှုလွဲနေတာတွေ ရှိခဲ့တယ် .. ကျုပ်သွားရင် ဘာမှရမှာမဟုတ်ဘူး .. ဒါပေမဲ့ ကျုပ်ကလန် ဟွမ်ကို သတ်လုနီးပါးဖြစ်ခဲ့တယ်လို့ပြောလိုက်ရင် ခင်ဗျားတို့ သွေးအစစ်ကို လွယ်လွယ်ကူကူရရင် ရလာနိုင်တယ်..” ဂုကလန်ပြောလိုက်သည်။

ကောင်းကင်လောင်ကျွမ်းခြင်းမြေမှာ ခြောက်ကပ်နေပြီး လီပေါင်းတစ်သောင်း ရှိသည်။ ပုံမှန်ဆိုလျှင် ဤနေရာမှာ လှုပ်ရှားမှုမရှိပဲ အလွန်တိတ်ဆိတ်နေလိမ့်မည်။ သို့သော် ထိုမြေနားကပ်သွားလိုက်သည်နှင့် ကောင်းကင်ထိအောင် လောင်ကျွမ်းနေသည့်မီးတောက်များ ထွက်ပေါ်လာမည်ပင်။

နောက်ဆုံးတွင်တော့ ထိုအဆင့်လွန်သက်ရှိများ ဤနေရာသို့ အလောတကြီး ရောက်လာကြရလေ၏။ သို့သော် ဂုကလန်မှ အကြီးအကဲ ပါမလာ။

သူတို့အားလုံး ခံစားချက်များအလွန်ရှုပ်ထွေးနေကာ ဒေါသလည်း ထွက်နေရသည်။ ဟွမ်အတွက်နှင့် သူတို့ သွေးအစစ်လာတောင်းရလိမ့်မည်ဟု သူတို့မထင်ထားကြ။

ဤရက်ပိုင်းအတွင်း သူတို့တကယ်ကို ကူကယ်ရာမဲ့နေကာ အလွန်စိတ်ရှုပ်နေရသည်။ သူတို့ ဟွမ်ကို ကူညီနေရသည်ပင်။

ဤနေရာမှာ ကောလဟာလထဲကအတိုင်း နီရဲနေကာ မြက်တစ်ပင်ပင် မရှိ။ အလွန်တိတ်ဆိတ်နေသည်။

သူတို့ ထိုအနားသို့ ချဉ်းကပ်သွားသည်နှင့် မမျှော်လင့်ထားသည့်တစ်စုံတစ်ခု ဖြစ်ပျက်လာသည်။

ဝုန်း..

အနီရောင်မီးတောက်များမှာ သွေးကဲ့သို့ ကြောက်စရာကောင်းလောက်အောင် နီရဲနေသည်။ ထိုမီးတောက်များ ကောင်းကင်ထက်သို့ တက်သွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားသည်။

ရှေးဟောင်းမြေအတွင်း၌ အနီရောင်အလင်းများ နေရာတိုင်း၌ ရှိနေကာ တာအိုသင်္ကေတများ ပြည့်နှက်နေသည်။

အဆင့်လွန်သက်ရှိများပင် နောက်ပြန်ဆုတ်လိုက်ကြ၏။ သူတို့ ပြေးမဝင်သွားရဲ။

ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ အထဲဘက်သို့ အသံပို့လွှတ်လိုက်ကာ သွေးဖီးနှစ်ကလန်အဖွဲ့ဝင်နှင့် ဆက်သွယ်နိုင်ရန် ကြိုးစားလိုက်သည်။

ဤနယ်မြေမှာ အလွန်တိတ်ဆိတ်နေသည်။ ကောင်းကင်ထိအောင် တောက်လောင်သည့် မီးတောက်များ လောင်ကျွမ်းနေသည့် သက်ရှိများ ရှိနေသည့်လက္ခဏာမရှိ။

အဆင့်လွန်သက်ရှိများ အကြိမ်များစွာ အသံပို့လွှတ်နေခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ဆူပူမှုလေးတစ်ခု ဖြစ်လာလေပြီ။

ဝုန်း..

လျှပ်စီးပစ်ချလိုက်သကဲ့သို့ နီရဲနေသည့်အလင်းကို တွေ့လိုက်ရသည်။ ထိုသက်ရှိ၏ခန္ဓာကိုယ်မှာ တောင်တစ်လုံးကဲ့သို့ မြင့်မားလှသည်။ သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ကြောက်စအရာကောင်းသည့် အနီရောင်အလင်းများ ထွက်ပေါ်လာသည်။ အမှောင်ထုထဲ၌ သွေးလနှစ်စင်းပေါ်လာသကဲ့သို့ အလင်းတန်းများမှာ တောက်ပလှသည်။

အပိုင်း ၁၇၆၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၆၉ – ကောင်းကင်လောင်ကျွမ်းခြင်းမြေ

ကောင်းကင်လောင်ကျွမ်းခြင်းမြေ နေရာတိုင်း၌ အနီရောင်အလင်းများ ထွက်ပေါ်နေပြီး ဖိအားမှာ အားလုံးကို အသက်ရှူကြပ်စေသည်အထိပင်။

အဆင့်လွန်သက်ရှိများပင် ဤဖိအားကို ခံစားနေရသည်ပင်။ ကောင်းကင်ကြီး လောင်ကျွမ်းသွားကာ ဤလောကရှိအရာအားလုံး ဖျက်ဆီးခံရတော့လိုပင်။ ဤကဲ့သို့သော တာအိုမှာ ကြောက်စရာကောင်းလွန်းလှသည်။

ဤဖီးနှစ်မည်မျှထူးခြားသည်ကို အားလုံးမြင်နိုင်သည်ပင်။ သူ၏ခန္ဓာကိုယ်မှာ ကြီးမားလှကာ သူ၏မျက်လုံးများမှာ အေးစက်ကာ ခြိမ်းခြောက်နိုင်စွမ်းကြီးမားလှသည်။ ဤသည်မှာ ငရဲပြည်မှ လူသတ်စက်ကြီး ထွက်ပေါ်လာသကဲ့သို့ပင်။

သိထားရမည်မှာ ဤသည်မှာ ဖီးနှစ်တစ်ကောင်ပင်။ ဤသည်မှာ ယခင်က မင်္ဂလာရှိသည့်သက်ရှိပင်။ သူဖြတ်သွားသည့်နေရာတိုင်း၌ ရာသီဥတုများ ကောင်းမွန်လာကာ တိုင်းပြည်များလည်းကြီးပွားတိုးတက်လိမ့်မည်။ လူများလည်း ငြိမ်းချမ်းကာ ကောင်းမွန်သည့်နမိတ်များကို ခံစားရလိမ့်မည်။

သို့သော်လည်း ယခုအချိန်တွင် သူ၏အမူအရာမှာ အေးစက်နေကာ ခန္ဓာကိုယ်ကြီးမှာ တောင်တစ်လုံးထက်ပင် ကြီးမားနေသည်။ သူသည် မြက်တစ်ပင်မှမပေါက်သည့် ကောင်းကင်လောင်ကျွမ်းခြင်းမြေ၌ ရပ်ကာ အားလုံးကို‌ ကျောချမ်းစရာကောင်းသည့်အကြည့်ဖြင့် ကြည့်နေသည်။

သူ့တစ်ကိုယ်လုံးကို မမြင်ရ။ သူ၏ပုံရိပ်ကိုသာ မြင်ရခြင်းပင်။

“ဒီတာအိုရောင်းရင်းက ခင်ဗျားကို နှောက်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ..”

အဆင့်လွန်သက်ရှိတစ်ဦး သူ့ကိုယ်သူ အားတင်းကာ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤဖီးနှစ်မှ ထုတ်လွှတ်နေသည့်ဖိအားမှာ ကြီးမားလှသည်ပင်။

အဓိကအကြောင်းရင်းမှာ သူ ဤသွေးဖီးနှစ်၏ ကျင့်ကြံဆင့်ကို မမြင်ရ။ ဤသည်မှာ သေချာပေါက် သူ့ထက်တော့ အားနည်းမည်မဟုတ်။

“အနှောက်အယှက်ဖြစ်တယ်ဆိုတာသိရင် ထွက်သွားတော့..” အနီရောင်အလင်းပြင်ကြီးမှ အေးစက်သည့်အသံတစ်သံ ပျံ့လွင့်လာသည်။ သူ ဤလူများနှင့် မဆက်ဆံချင်။ သူတို့နှင့်တွေ့ရန် တိုက်ရိုက်ပင် ငြင်းဆိုလိုက်လေ၏။

ဤလူများ စိတ်ထဲ တုန်လှုပ်သွားရသည်။ ဤသည်မှာ သွေးဖီးနှစ်၏ ဂုဏ်သတင်းနှင့် ထိုက်တန်လှသည်ပင်။ သူသည် ပျက်စီးသွားသည့် ထာဝရငှက်ဖြစ်နေပြီဖြစ်သော်လည်း လွှမ်းမိုးနိုင်စွမ်းရှိနေသေးသည်။

“တာအိုရောင်းရင်း ကျုပ်တို့ပြောချင်တာကို ပြီးအောင် ပြောခွင့်ပေးပါ .. ဒီတစ်ခေါက် ကျုပ်တို့ တကယ်ကို ရွေးချယ်စရာမရှိတော့လို့ပါ .. ကျုပ်တို့ ရောင်းရင်းရဲ့အကူအညီလိုအပ်နေတဲ့ ကိစ္စတစ်ချို့ ရှိနေတယ်..” အဆင့်လွန်သက်ရှိတစ်ဦး ထပ်ပြောလိုက်သည်။

သို့သော်လည်း သူဘာဆက်ပြောရမှန်းမသိတော့။ အဘယ်ကြောင့်ဆိုသော် သူ သွေးဖီးနှစ်ကလန်နှင့် တစ်ခါမှ မဆက်ဆံဖူး။ သူ၏သွေးကို တန်းတောင်းလိုက်လျှင် ဤသည်မှာ မသင့်တော်လွန်းလှ။

သူက ဘာလို့ သူ့သွေးကို ပေးရမှာလဲ .. ဤကဲ့သို့သော အဖိုးတန်သွေးမျိုးမှာ ကလန်အားလုံးကို မျက်လုံးများ နီရဲသွားအောင် လုပ်ဖို့ လုံလောက်သည်ပင်။

“တာအိုရောင်းရင်း .. အမှန်အတိုင်းပြောရရင် ကျုပ်တို့ ရောင်းရင်းနဲ့ သွေးနည်းနည်းလောက်တောင်းချင်တာပါ..” နောက်ဆုံးတော့ ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

သူတို့ တစ်ခါမှမတွေ့ဖူးပဲ ဤကဲ့သို့ သွေးအစစ်ကို တောင်းနေခြင်းမှာ တကယ်ကို ကျိုးကြောင်းမဆီလျော်လှ။

“ကျုပ်က ခင်ဗျားတို့အားလုံးနဲ့ ရင်းနှီးလို့လား..” မီးတောက်ထဲမှ ထိုသတ္တဝါပြီး အေးစက်စွာ မေးလိုက်သည်။

ဤစကားလုံးများ၏ အဓိပ္ပာယ်များမှာ ထိုထက်ပိုမရှင်းနိုင်တော့။ သူ သူတို့နှင့် အဆက်အဆံမလုပ်ချင်၊ သွေးအစစ်မပေးချင်သောကြောင့် သူတို့အား တွန်းထုတ်နေခြင်းပင်။

“ဒီလိုမျိုးအလောတကြီး မေးလိုက်တာက ကျိုးကြောင်းမဆီလျော်ဘူးဆိုတာ ကျုပ်တို့လည်းသိပါတယ် … ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျုပ်တို့ တာအိုရောင်းရင်းရဲ့အကူအညီကို တကယ်လိုနေတာပါ..”

သူတို့ ဤနေရာ၌ မရပ်တန့်နိုင်။ ဖြစ်ပျက်ခဲ့သမျှကို သူတို့ သေချာရှင်းပြလိုက်သည်။ မသေမျိုးဘုရင်များအလေးထားသည့် လူငယ်တစ်ဦး ဖီးနှစ်သွေးအကူအညီလိုနေကြောင်း ပြောပြလိုက်သည်။

“ဂုကလန်က သူ့ကို မတော်တဆ ထိခိုက်အောင် လုပ်မိသွားတယ်ဟုတ်လား .. သူတို့ရဲ့နှလုံးသားတွေက အခုထိ မည်းညစ်နေတုန်းပဲ ဟက်..” သွေးဖီးနှစ် နှာခေါင်းရှုံ့လိုက်သည်။ ဤသည်မှာ သူပထမဆုံးအကြိမ်အဖြစ် သူ၏ခံစားချက်ကို ပြသလိုက်ခြင်းပင်။

အားလုံး ဆွံ့အသွားရ၏။ ဂုကလန်အကြီးအကဲ ပြောထားသလိုပင် သူတို့ကလန်နှစ်ခု၌ ရန်ငြိုးရန်စများ ရှိနေသည်ပင်။

ဝုန်း..

အနီရောင်အလင်းများ ထွက်ပေါ်လာပြီး ပူပြင်းလှသည့် အပူချိန်မှာ အဆင့်လွန်သက်ရှိများကိုပင် မသက်မသာဖြစ်စေသည်။ ထို့အပြင် ယခုအချိန်တွင် ထိုအလင်းများသည့် ပင်လယ်တစ်စင်းကဲ့သို့ လှိုင်းထနေလေပြီ။

ထိုသက်ရှိသည် ရှေးဟောင်းမြေထဲမှ ထွက်လာနေခြင်းပင်။

သူ၏ခန္ဓာကိုယ်အစစ်ပေါ်လာလေပြီ။ သူ၏တောက်ပသည့်အမွေးအတောင်များမှာ သွေးများစီးဆင်းနေသကဲ့သို့ပင်။

ဤသည်မှာ ပြီးပြည့်စုံသည့် ပျက်စီးသွားသည့်သွေးဖီးနှစ်ပင်။ သူသည် ယခင်က ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို အုပ်မိုးထားကာ မသေဆုံးနိုင်သည့် ခန္ဓာကိုယ် ရှိသည်ပင်။

သူသည် အလွန်အေးစက်ကာ မာနကြီးလှသည်။ ဤသည်မှာ ပုရွက်ဆိတ်များကို အုပ်မိုးကြည့်နေသည့် သားရဲကြီးတစ်ကောင်ကဲ့သို့ပင်။ ထို့နောက် အချိန်အတော်ကြာမှသာ သူအားလုံးကို စကားပြောလာသည်။

“ဖီးနှစ်သွေးက အဖိုးတန်တယ်ဆိုပေမယ့် ဒါက သက်ရှိတိုင်းတောင့်ခံနိုင်တဲ့ဟာမဟုတ်ဘူး .. ခင်ဗျားတို့ သွေးလိုချင်ရင် အဲဒီလူငယ်လေးကို သူကိုယ်တိုင်လာခိုင်းလိုက် .. သူယူနိုင်မလားဆိုတာ ကြည့်ကြတာပေါ့..”

ဤသည်မှာ သူသဘောတူလိုက်ပြီဟု သတ်မှတ်၍ရသည်။

အဆင့်လွန်သက်ရှိများ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ ယခင်က သွေးဖီးနှစ် သူတို့ကို ငြင်းဆန်နေခဲ့သော်လည်း ဂုကလန် ဟွမ်ကို ဒဏ်ရာရအောင်လုပ်လိုက်ကြောင်း ပြောလိုက်သည်နှင့် သူသဘောတူသွားလေပြီ။

“တာအိုရောင်းရင်း .. ဟွမ်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီးတော့ အခု ထာဝရစင်္ကြံမှာ ပြန်နိုးထအောင်လုပ်နေတာ .. သူ ဒီကိုလာနိုင်မှာမဟုတ်ဘူး .. အဲဒီတော့ တာအိုရောင်းရင်းက လိုက်လျောပေးဖို့ တောင်းဆိုချင်ပါတယ်..” သူတို့ထဲမှ တစ်ဦး ပြောလိုက်သည်။

“သူ အသက်ရှင်ချင်လား မရှင်ချင်ဘူးလား .. သူ အသက်ရှင်ချင်ရင် သူ့ကိုကိုယ်တိုင်လာခိုင်းလိုက်..” သွေးဖီးနှစ်ဒဲ့တိုးပင် ပြောလိုက်သည်။ သူ၏လေသံမှာ မေးခွန်းထုတ်၍မရနိုင်တော့။

သူ၏ခန္ဓာကိုယ်မှာ ကြီးမားလှကာ အမွေးအတောင်များမှာ အနီရောင်တောက်ပနေသည်။

ပျက်စီးသွားသည့်သွေးဖီးနှစ်များမှာ ယခင်က ဖီးနှစ်များနှင့် ကွာခြားသည်ပင်။ ဖီးနှစ်အစစ်၏ အမွေးအတောင်များမှာ အရောင်စုံလှသည်ပင်။ သို့သော် သွေးဖီးနှစ်တွင် အနီရောင်တစ်မျိုးတည်းသာ ရှိသည်။

အဆင့်လွန်သက်ရှိတစ်ဦးမှာ တကယ်ကို စိတ်ရှုပ်ကာ အော်ဟစ်ပစ်လိုက်ချင်လာသည်။ သူတို့အဆင့်အတန်းနဲ့ ဘယ်တုန်းကများ ဒီလိုမျိုး ပြောခံရဖူးလို့လဲ .. ယနေ့ သူတို့ ရဲရဲဝင့်ဝင့် ပြုလုပ်ခဲ့သော်လည်း တစ်ဖက်မှ သူတို့ကို မျက်နှာသာမပေးလာ။

တစ်စုံတစ်ယောက်မှ ထိုအဆင့်လွန်သက်ရှိကို တားဆီးလိုက်သည်။

“နားလည်ပါပြီ .. ကျုပ်တို့အရင်သွားလိုက်ပါဦးမယ် .. သိပ်မကြာခင်မှာ တာအိုရောင်းရင်းကို ထပ်ပြီး နှောက်ယှက်ရဦးမယ်..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိပြောလိုက်သည်။

ထွက်သွားသည့်အချိန်တွင် သူတို့အမူအရာမှာ ကောင်းမနေ။ သူတို့က ဘယ်လိုအဆင့်အတန်းနဲ့လူလဲ .. သူတို့ ဘယ်တုန်းကများ နှိမ့်ချပြီးနေရလို့လဲ .. အခုတော့ တစ်ဖက်လူ အေးစက်စက်ဆက်ဆံတာ ခံလိုက်ရတယ်..

“ကျုပ် တကယ်ကို ချိုးဖျက်ဝင်သွားပြီးတော့ ဖီးနှစ်သွေးတွေကို ယူလိုက်ချင်တယ်..” သူတို့ထဲမှတစ်ဦး ပြောလိုက်သည်။

“အဲဒီနေရာက ကျားဂူ၊ နဂါးသိုက်နဲ့အတူတူပဲ .. ထာဝရရှေးဟောင်းခေတ်စစ်ပွဲထဲမှာ ပါခဲ့တဲ့ သွေးဖီးနှစ်အသက်ရှင်သေးလားဆိုတာ ကျုပ်တို့မသိဘူး .. တကယ်လို့ သူသာအသက်ရှင်နေသေးရင် အကျိုးဆက်တွေက မယုံကြည်နိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ လေးနက်စွာ ပြောလိုက်သည်။

ကောင်းကင်လောင်ကျွမ်းခြင်းမြေမှာ ခြောက်ကပ်နေပြီဖြစ်ပြီး သွေးဖီးနှစ်တစ်ကောင်သာရှိတော့မည်ဟု သူတို့ခန့်မှန်းလိုက်ကြသည်။

“ငါတို့ ထွက်လာပြီးပြီဆိုမှတော့ ဒီအကြောင်းထပ်စဉ်းစားလည်း မထူးတော့ဘူး..”

ခဏကြာပြီးနောက် သူတို့ ထာဝရစင်္ကြံတောင်သို့ အလောတကြီး ပြန်သွားကာ တောင်ထိပ်၌ ထပ်ရပ်လိုက်သည်။

ရက်အနည်းငယ်အတွင်းမှာပင် ဟွမ်၏ အခြေအနေမှာ အတော်လေး ပိုကောင်းလာလေပြီ။ မူလဝိညာဉ်မှာ အရောင်မှိန်မနေတော့။ အရောင်တောက်နေလေပြီ။

“သူ့ကို အခုခေါ်သွားရင် နည်းနည်းစောဦးမယ် .. သူ့ရဲ့မူလဝိညာဉ်က ဒဏ်ရာတွေက အားလုံး ပြန်မကောင်းသေးဘူး..” အဆင့်လွန်သက်ရှိ အေးခဲနေသည့်အခေါင်းကိုကြည့်ကာ ပြောလိုက်သည်။

ဟွမ်သည် အခေါင်းထဲမှ မလှုပ်မယှက်သာ လဲလျောင်းနေသည်။ သူ၏ဦးခေါင်းတောက်ပနေကာ ထူးဆန်းသည့်အလင်းမှုန်များကို စုတ်ယူနေသည်။ သူ၏အခြေအနေမှာ အကောင်းဘက်သို့ ဦးတည်နေလေပြီ။

ဤသည်မှာ မူလဝိညာဉ်အတွက်သာ။

“နောက်ထပ် ရက်နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့ .. သူ့ရဲ့မူလဝိညာဉ်အခြေကျသွားတာနဲ့ ငါတို့ ကောင်းကင်လောင်ကျွမ်းခြင်းမြေကို သွားကြတာပေါ့..”

နှစ်ရက်ကြာပြီးနောက် အဆင့်လွန်သက်ရှိများ အအေးခေါင်းကိုယူကာ ကောင်းကင်လောင်ကျွမ်းခြင်းမြေသို့ သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သွေးဖီးနှစ် သူ့ဂတိကိုဖျက်လိုက်ပြီး မထင်မှတ်ထားသည့်အရာတစ်ခုခု ဖြစ်လာမည်စိုးသောကြောင့်ပင်။

ထို့အပြင် သူတို့ ထာဝရစင်္ကြံကို ကြိုက်သည့်အချိန် ပြန်လာ၍ရသည်။ သူတို့စိုးရိမ်စရာမလို။

“ဟွမ် .. မင်း မတ်မတ်ရပ်နိုင်ပြီးဆိုတာနဲ့ ငါကိုယ်တိုင်မင်းကို သတ်ပစ်မယ်..” ထာဝရစင်္ကြံပေါ်ရှိ အနီရောင်အဝတ်အစားနှင့်လူငယ် ပြောလိုက်သည်။ သူသည် အအေးခေါင်းကို အေးစက်စွာဖြင့်ပင် စိုက်ကြည့်နေသည်။

သူသည် အနီရောင်ဘုရင်၏မျိုးဆက်ဖြစ်ပြီး သူ့နာမည်မှာ ချီမုန့်ဟုန်ပင်။ သူသည် ဧကရာဇ်ကလန်မှ ဂျီးနီးယပ်စ်တစ်ဦးပင်။

သူနှင့် ဆွေမျိုးနီးစပ်ဖြစ်သည့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိချီဖူးကို မုန့်ထျန်းကျန်း ဖမ်းဆီးကာ မြို့ထဲသို့ ခေါ်သွားခြင်းမှာ သူ့အား အလွန်အရှက်ရစေသည်ပင်။

ထို့ကြောင့် သူ လက်စားချေနိုင်မည့်အခွင့်အရေးကို ရှာဖွေနေခြင်းပင်။ ဟွမ်နှင့် မုန့်ထျန်းကျန်း၏ ဆက်ဆံရေးကို သိသွားသည်နှင့် သူ ဟွမ်ကို သတ်ပစ်ချင်သွားသည်ပင်။

အဆင့်လွန်သက်ရှိများ ဟွမ်၏ အအေးခေါင်းကို ယူကာ ကောင်းကင်လောင်ကျွမ်းခြင်းမြေသို့ ဦးတည်သွားလိုက်ကြသည်။

“ဘာဖြစ်နေတာလဲ .. ဟွမ်ကို သေစေချင်တဲ့သူတွေအများကြီးရှိနေတဲ့အချိန်မှာ ငါတို့က သူပြန်ကောင်းဖို့အတွက် ဒုက္ခခံနေရတယ် .. ဒါက တကယ်ကို ရယ်ရတာပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

ဟွမ်သည် ဤဘက်၏ရန်သူဖြစ်သော်လည်း ဤလူများမှာ သူ့ပြန်ကောင်းနိုင်ရန်အတွက် ပြေးလွှားနေရသည်။ ဤသည်ကို‌ တွေးမိတိုင်း သူတို့အနည်းငယ် စိတ်ပျက်သွားရသည်။

“ဒါတွေအားလုံး အဲဒီ ဂုကလန်က အဘိုးကြီးကြောင့်ပဲ .. သူ ပြင်းပြင်းထန်ထန်တွေ လုပ်လိုက်တာ..” တစ်စုံတစ်ယောက် ဒေါသဖြင့် ပြောလိုက်သည်။ မဟုတ်ပါက ဘယ်လိုလုပ် ဤကဲ့သို့ ဖြစ်လာမည်နည်း..

သူတို့အသံမပို့လွှတ်ရသေးခင်မှာပင် ကောင်းကင်လောင်ကျွမ်းခြင်းမြေထဲမှ သတ္တဝါကြီးတစ်ကောင် ထွက်လာလေပြီ။ ဤသည်မှာ ယခင်တစ်ခေါက်က သွေးဖီးနှစ်ပင်။

ရှီဟောင် မလှုပ်ရှားသော်လည်း သူအစောကြီးကတည်းက နိုးနေပြီဖြစ်သည်။ ရှေးဟောင်းမြေထဲမှ သတ္တဝါကြီးကို သူစိုက်ကြည့်လိုက်သည်။ အဲဒီတော့ ဒါက ပျက်စီးသွားတဲ့သွေးဖီးနှစ်လား.. သူက အနီရောင်အလင်းထဲမှာ ရပ်နေတာတောင်မှ သူ့မျက်လုံးတွေက ဘာလို့ဒီလောက်တောင် အေးစက်နေတာလဲ…

“ငါနဲ့လိုက်ခဲ့..”

ထိုသတ္တဝါကြီး၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှသည်။ သူ၏အတောင်ပံများကို ခတ်လိုက်သည်နှင့် ကောင်းကင်ကြီး ကွဲထွက်သွားကာ မီးတောက်များမှာ ကောင်းကင်အပြင်ဘက်သို့ပင် ရောက်သွား၏။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

အဆင့်လွန်သက်ရှိများ သူ့နောက်သို့လိုက်သွားကာ ကောင်းကင်လောင်ကျွမ်းခြင်းမြေသို့ ဝင်သွားလိုက်ကြသည်။

သာမန်လူဆိုပါက သူတို့ အစောကြီးကတည်းက အရည်ပျော်သွားလောက်လေပြီ။ မီးတောက်များ၏အပူချိန်မှာ မြင့်မားလှသည်။

တစ်ခဏအတွင်းမှာပင် သူတို့ လီရှစ်ရာဖြတ်ကျော်သွားကာ ရှေးဟောင်းတောင်ထိပ်တစ်ခုရှေ့သို့ ရောက်လာသည်။ ဤနီညိုရောင်တောင်မှာ ကောင်းကင်ကိုထိလောက်အောင် မြင့်မားလှသည်။

အပြင်ဘက်မှာကဲ့သို့ပင် ဤနေရာ၌ မြက်တစ်ပင်မှမရှိ။

နေရာတိုင်း၌ တောင်များသာ ရှိနေသည်။

သေချာကြည့်မည်ဆိုလျှင် တောင်များမှာ အကွင်းပုံစံဖြစ်နေသည်ပင်။ တောင်များသည် ဤကန့်သတ်နယ်မြေ၏ အလယ်ဗဟိုကို ဝန်းရံထားခြင်းပင်။ အပြင်လူများ ဤနေရာ၌ ခြေမချနိုင်။ အထဲဘက်မှာ မီးတောက်များမှာ ပို၍ပင် ကြောက်စရာကောင်းနေသေးသည်။ အနီရောင်မီးတောက်တွင် အနက်ရောင်အလင်းများပါဝင်နေသည်။ အချို့နေရာများတွင် အနက်ရောင်မီးတောက်များပင် ရှိနေသည်။

“ငါတို့လည်း ဝင်လို့မရလောက်ဘူး..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မသေမျိုးအော်ရာတစ်ခုကို သူတို့အာရုံခံမိနေသည်ပင်။ ဤတောင်များဝန်းရံထားသည့် နေရာမှာ သေချာပေါက် ကြောက်စရာကောင်းလိမ့်မည်။

“ဒီနေရာပဲ .. သူ့မှာ ကံပါလာရင် သူ ဖီးနှစ်သွေးကို ယူသွားနိုင်လိမ့်မယ် .. မဟုတ်ရင်တော့ ခင်ဗျားတို့အားလုံး ထွက်သွားဖို့ပဲ ပြောရတော့မှာပေါ့..” သွေးဖီးနှစ်ပြောလိုက်သည်။

ဤကြီးမားလှသည့်တောင်ကြီးသည် မြစ်ကိုဖြတ်ထားသည့်ဆည်ကြီးကဲ့သို့ အားလုံးကို တားဆီးပိတ်ပင်ထားသည်။

တောင်ထိပ်ပေါ်တွင် အိုးလေးများနှင့် အရိုးအိုးများလည်း ရှိနေသည်။ ထိုအိုးများကို ထိုနေရာ၌ ထူးဆန်းစွာ ချိတ်ဆွဲထားလေသည်။

“ဖီးနှစ်သွေး..”

အဆင့်လွန်သက်ရှိ၏မျက်စံများ မှေးကျဉ်းသွားရသည်။ ဤအိုးများမှာ တစ်လုံး၊ နှစ်လုံးတည်းမဟုတ်။ အလုံးနှစ်ဆယ်ခန့်ရှိသည်။

ထို့အပြင် အိုးများမှာ ဖောက်ထွင်းမြင်ရပြီး အထဲမှ သွေးများကို မြင်နေရသည်။ ထိုသွေးများတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် အော်ရာရှိ‌နေပြီး ဤသည်မှာ သေချာပေါက် ပြိုင်ဘက်ကင်းသည့်အဖိုးတန်သွေးပင်။

ဖီးနှစ်သွေးကို ဘာလို့ အဲဒီမှာ ထားထားတာလဲ .. ထို့အပြင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအိုးများကို ဤနေရာ၌ ထားထားသည်မှာ အတော်ကြာနေပြီဖြစ်ကြောင်း သိနိုင်သည်။

အပိုင်း ၁၇၆၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၇၀ – ဖီးနှစ်သွေး

“အခွင့်အရေးက ဒီမှာပဲ .. သူယူနိုင်မလား မယူနိုင်ဘူးလားဆိုတာကတော့ သူ့ပေါ်ပဲ မူတည်တယ်..” ဖီးနှစ်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်ကျုံ့သွားကာ တောင်ပမာဏမှ သုံးပေအထိ သေးသွားသည်။ သူ၏အတောင်ပံများကို ခတ်ကာ ထိုတောင်ထိပ်ပေါ်၌ ရပ်နားလေ၏။

အပူချိန်မှာ ပူလောင်လှသည်။ တောင်များမှလည်း မီးတောက်များ ထုတ်လွှတ်နေသည်ပင်။ ဤမီးတောက်များကို သာမန်လူများထိမိသွားသည်နှင့် သူတို့ သေချာပေါက် ပြာမှုန့်များအဖြစ် ပြောင်းလဲသွားလိမ့်မည်။

အပူအချိန်အလွန်မြင့်လှသော်လည်း ဤတောင်များ ချော်ရည်အဖြစ် ပျော်ကျမသွားသည်မှာ အလွန်ထူးခြားလှသည်။

မီးတောက်ထဲမှ ပုလင်းနှစ်ဆယ်ကျော်မှာ တောက်ပနေသည်။ ဤပုလင်းများမှာ ရိုးရှင်းကာ‌ရှေးကျသော်လည်း သာမန်ပစ္စည်းများမဟုတ်။ သူတို့ထံ၌ အချိန်၏ခြေရာလက်ရာများ ရှိနေသည်ပင်။

ဒီပစ္စည်းတွေက တစ်လျှောက်လုံး ဒီမှာရှိနေတာလား..

သွေးဖီးနှစ်ကလန်က ဘာလုပ်ချင်နေတာလဲ .. သူတို့ကဘာလို့ သွေးတွေကို ဒီမှာချိတ်ထားတာလဲ..

ဤသွေးမှာ အဖိုးတန်လွန်းလှပြီး မည်သည့်ပုလင်းမဆို အပြင်လောကကြီးတစ်ခုလုံးကို ရူးသွပ်သွားအောင် လုပ်နိုင်သည်ပင်။ ဤသည်မှာ မသေမျိုးသွေးများဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းပြုလုပ်ရန် လုံလောက်သည်ပင်။

“ကျောက်တောင်နောက်မှာ ငါ့ကလန်ရဲ့ အရေးကြီးတဲ့နေရာရှိတယ် .. ဘိုးဘေးတွေ အဲဒီနေရာကို စောင့်ရှောက်နေကြတာ .. ဘယ်သူမှ သူတို့ကို ဝင်ပြီးတော့ နှောက်ယှက်လို့မရဘူး..” သွေးဖီးနှစ် ပြောလိုက်သည့်အရာမှာ အဆင့်လွန်သက်ရှိများအားလုံးကို ထိတ်လန့်သွားစေသည်။

အပြင်လူများ တောင်များဝန်းရံထားသည့် ကန့်သတ်နယ်မြေကို မဝင်ရဲကြ။ ထိုနေရာကို စောင့်ကြည့်နေသည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ ရှိနေသည်။

ယခင်က သွေးဖီးနှစ်များ ဤဘက်သို့ ပျံသန်းလာပြီး လောကနှစ်ခုကြားမှ စစ်ပွဲပြီးဆုံးသွားသည့်နောက်တွင် သူတို့ ဤနေရာ၌သာ နေထိုင်လိုက်ကြသည်။ သူတို့ထံလာလည်သည့် သက်ရှိများစွာ ရှိခဲ့ပြီးအားလုံးမှာ စွမ်းအားကြီးသည့်ကလန်များမှပင်။ မသေမျိုးဘုရင်များပင် ဤနေရာသို့ လာခဲ့ကြကာ သူတို့ကို အခမ်းနားဆုံးကြီးကျယ်မှုကို ပေးအပ်ခဲ့သည်။

ဤကလန်၏သွေးများမှာ ထူးခြားလှသောကြောင့် လာလည်သည့်သူများထဲတွင် သူတို့သွေးကို တောင်းသည့်သူများလည်း ပါသည်ပင်။

ထိုအချိန်က သွေးဖီးနှစ်ကလန်သည် ဤဘက်သို့ ရောက်ခါစဖြစ်သောကြောင့် ဤကလန်များကို သူတို့ မငြင်းနိုင်။ ထို့ကြောင့် သူတို့သွေးနည်းနည်းထုတ်ကာ ဤနေရာ၌ ချိတ်ထားခဲ့ကြသည်။ အခွင့်အရေးရှိသည့်သူများ ဤသွေးများကို ယူသွားနိုင်သည်ပင်။ စွမ်းအားကြီးသည့်ကလန်အားလုံးကို သူတို့ကိုယ်တိုင်ယူခွင့်ပြုခဲ့သည်။

“လိုချင်တဲ့သူအားလုံး ဒီကိုလာလို့ရတာလား..”

သွေးဖီးနှစ် အတိတ်မှ ဖြစ်ရပ်များကို ခံစားချက်ကင်းမဲ့စွာ ပြောပြပြီးနောက် အဆင့်လွန်သက်ရှိများအားလုံး ထိတ်လန့်သွားခဲ့ကာ တစ်စုံတစ်ယောက်မှ ဤကဲ့သို့မေးလိုက်သည်။

“ဒါက မင်းတို့သွေးတွေကို ယူသွားနိုင်မှာပါ…” သွေးဖီးနှစ်ပြန်ဖြေလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုကံတရားမှာ လူတိုင်း၌ မရှိ။ ပျက်စီးသွားသည့် ဖီးနှစ်၏သွေးမှာ မသန့်စင်တော့။ မျိုးပြောင်းသွားပြီဖြစ်သည်။ အချို့ကလန်များအတွက် ဤသည်မှာ ပြိုင်ဘက်ကင်းအဖိုးတန်သွေးဖြစ်သော်လည်း အချို့အတွက်မူ အလွန်ပြင်းထန်လှသည့်အဆိပ်ဖြစ်မည်ပင်။

သွေးတောင်းသည့်သူများမှာ သူတို့ ဤသွေးနှင့် ကံတရားချင်း ဆက်စပ်မှု ရှိမရှိကို တောင်ကြောကို ထိကြည့်၍ စမ်းသပ်ကြည့်ရုံပင်။

မဟုတ်ပါက လာတိုင်းသမျှ လူတိုင်းကိုသာ ပေးနေပါက သုံးမရသည့်သူများကို‌ ပေးမိလျှင် ဤသည်မှာ ဖြုန်းတီးခြင်းပင်။

ယခုအချိန်တွင် ရှီဟောင် မလှုပ်ရှားနိုင်။ ထို့ကြောင့် အဆင့်လွန်သက်ရှိများ သူတို့၏ မှော်ခွန်အားကို အသက်သွင်းကာ အအေးခေါင်းကို တောင်ရှေ့သို့ ပို့လိုက်သည်။

“ဒီလောက်နှစ်တွေကြာသွားတာတောင်မှ တစ်ချို့ဖီးနှစ်သွေးတွေက ယူသွားမခံရသေးဘူးလား..” အဆင့်လွန်သက်ရှိများပင် အံ့အားသင့်သည့်အမူအရာများဖြစ်လာကြသည်။

ပျက်စီးသွားသည့်သွေးဖီးနှစ်၏ သွေး၌ ပြဿနာများရှိနေသည်မှာ သေချာသည်။ ဤသည်မှာ ထင်ထားသည့်အတိုင်းပင် အားလုံးအတွက် သင့်တော်ခြင်းမဟုတ်။ လူအချို့သာ ဤသွေးကို အသုံးပြုနိုင်သည်။

မဟုတ်ပါက ဤအဖိုးတန်သွေးများ ဘယ်လိုလုပ် ကျန်ရစ်နေမည်နည်း..

သာမန်ဖီးနှစ်ဆိုပါက ဤကဲ့သို့သော ပြဿနာမျိုးရှိမည်မဟုတ်။ ဖီးနှစ်မှာ မြင့်မြတ်သည့်ငှက်ပင်။ သို့သော်လည်း သွေးဖီးနှစ်တွင် ထူးဆန်းသည့်ပြောင်းလဲမှုများ ဖြစ်ခဲ့ပြီး သူတို့၏သွေးမျိုးဆက်များပင် မတူတော့။

တစ်ချိန်တည်းမှာပင် အဆင့်လွန်သက်ရှိများထံ၌ မေးခွန်းအချို့လည်း ရှိလာသည်။ ဒီလောက်နှစ်တွေကြာသွားပြီဆိုတော့ ဒီသွေးတွေက လတ်ဆတ်သေးရဲ့လား … သူတို့ရဲ့နတ်စွမ်းရည်တွေ ပျောက်သွားပြီလား..

“စိတ်မပူနဲ့ .. ကျုပ်တို့ကလန်က သွေးတွေကို သေချာပိတ်ထားတာ .. ဘယ်စွမ်းအင်မှ စိမ့်ထွက်မသွားဘူး..” တောင်ထိပ်ပေါ်ရပ်နေသည့် သွေးဖီးနှစ်မှ ပြောလိုက်သည်။

အအေးခေါင်း ထိုတောင်အနားသို့ ကပ်သွားသည်နှင့် မီးတောက်အချို့ နောက်ဆုတ်သွားကာ ရှေးဟောင်းပုလင်းများ ပေါ်လာသည်။

“အအေးခေါင်းက အရည်ပျော်တော့မယ်..” အဆင့်လွန်သက်ရှိတစ်ဦး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

အဆင့်လွန်သက်ရှိများမှာ ရွေးချယ်စရာမရှိတော့။ သူတို့ မှော်ခွန်အားများကို အသုံးပြုကာ ဤအခေါင်းကို ကာကွယ်ပေးလိုက်ရသည်။

ဤသည်မှာ သူ့နာမည်အတိုင်း အေးခဲသည့်ပစ္စည်းတစ်ခုမဟုတ်။ အဆင့်အမြင့်ဆုံးရတနာများထဲမှ တစ်စခုဖြစ်သည့် ဖြူဖွေးနေသည့် ကျောက်စိမ်းတစ်မျိုးသာ။ သို့သော် ယခုတော့ ထိုကျောက်စိမ်းလည်းတောင့်မခံနိုင်တော့။

ဤကျောက်စိမ်းကြောင့်သာမဟုတ်ပါက ရှီဟောင်ဤတောင်နား ကပ်နိုင်မည်မဟုတ်။

“အဲဒီတော့ မင်းက အဲဒီလူငယ်လေးပေါ့ .. မင်းက ဒီလိုပုံစံတောင်ဖြစ်နေပြီ .. ဂုကလန်က အမြဲတမ်း ဆိုးညစ်တဲ့နှလုံးသား ရှိကြတယ် .. သူတို့က လူငယ်မျိုးဆက်က လူငယ်တစ်ယောက်ကိုတောင် ဒီလိုပုံစံဖြစ်အောင် လုပ်လိုက်တာလား..” သွေးဖီးနှစ်ခေါင်းငုံ့ကာ အခေါင်းထဲရှိ ရှီဟောင်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒီသွေးတွေက သူ့အတွက် သင့်တော်ရဲ့လားဆိုတာ ဘာကိုကြည့်ပြီး ပြောနိုင်မှာလဲ..” အဆင့်လွန်သက်ရှိတစ်ဦး မေးလိုက်သည်။

“အခေါင်းဖွင့်လိုက် .. သူ့ကို ဒီပုလင်းတွေကို ထိခိုင်းလိုက်..” သွေးဖီးနှစ်ပြောလိုက်သည်။

“သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် အခေါင်းကိုဖွင့်လိုက်တာနဲ့ သူပြာဖြစ်သွားလိမ့်မယ်..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။

ဝုန်း..

သွေးဖီးနှစ်ပါးစပ်ဟကာ အသက်ရှူသွင်းလိုက်သည်နှင့် တောင်ပေါ်၌ ရှိနေသည့် အပူလှိုင်းများအားလုံး သူ့ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် သူ တောင်ကို ယာယီပိတ်လိုက်သည်။

ရှီဟောင် မလှုပ်ရှားနိုင်သော်လည်း အဆင့်လွန်သက်ရှိများ၏အကူအညီကြောင့် ဘာပြဿနာမှမရှိတော့။ သူ၏လက်ချောင်းများ ထိုပုလင်းများကို ထိလိုက်သည်။

ပထမအိုးမှာ လက်သီးအရွယ်အစားအမြင့်ရှိသည်။ အထဲဘက်မှ သွေးမှာ နီရဲနေလေ၏။ သူပုလင်းကို ထိလိုက်သည်နှင့် ချက်ချင်းတုန်ခါသွားလေသည်။

“ဒီတစ်ခုက သင့်တော်တယ် .. သူ ဒီသွေးကို သုံးလို့ရတယ်..” သွေးဖီးနှစ်ပြောလိုက်သည်။

မထင်မှတ်စွာဖြင့် ကိစ္စများမှာ ချောမွေ့နေသည်။ ပထမဆုံးတစ်ခုမှာပင် သူ ခွင့်ပြုချက်ရသွားလေပြီ။

“ဒီသွေးတွေက အရောင်တွေမတူဘူး .. သူတို့မှာ ကွာခြားချက်များရှိနေတာလား .. သူတို့ရဲ့အကျိုးသက်ရောက်မှုတို့ ဘာတို့ပေါ့..” အဆင့်လွန်သက်ရှိတစ်ဦး မေးလိုက်သည်။ သူတို့ ထိတ်လန့်ခဲ့ကြသော်လည်း ကိစ္စများမှာ ချောမွေ့နေသောကြောင့် သူတို့ပျော်ရွှင်ရသည်ပင်။

သွေးဖီးနှစ်ခေါင်းညိမ့်လိုက်ကာ “ကွာတယ် .. စွမ်းအင်သိပ်သည်းဆခြင်းမတူဘူး .. ပြီးတော့ သွေးတွေက မတူညီတဲ့သွေးဖီးနှစ်တွေဆီကနေ လာတာ..”

ရှီ‌ဟောင် မလှုပ်ရှားနိုင်သော်လည်း သူ နတ်စိတ်ဝိညာဉ်ပို့လွှတ်၍ရသည်ပင်။ သူ အခြားအိုးများကိုလည်း စမ်းကြည့်ချင်သေးသည်။ တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ သူ့ကို ကယ်ချင်နေသည်ကို သိနေသောကြောင့် ရှီဟောင်လည်း ယဉ်ကျေးမနေတော့။

အဘယ်ကြောင့်ဆိုသော် ဤလူများမှာ စိတ်ရင်းဖြင့် သူပြန်ကောင်းလာအောင် လုပ်ပေးနေခြင်းမဟုတ်။ မသေမျိုးဘုရင်များကို ရှင်းပြနိုင်ရန်အတွက်သာ သူ့ကို ကယ်နေခြင်းပင်။

ဒုတိယပုလင်းမှာ လသားကလေးလက်သီးအရွယ်အစားရှိသည်။ အထဲဘက်၌ တောက်ပနေသည့် သွေးစက်တစ်စက်ကို ချိတ်ပိတ်ထားသည်ပင်။ ထိုသွေးမှာ စိတ်လှုပ်ရှားရလောက်အောင်အထိ နီရဲနေသည်။

ဤသွေးကို အရှင်တစ်ပါး ချန်ထားရစ်ခဲ့ခြင်းဖြစ်နိုင်သည်။ သူ့ထံမှ များပြားလှသည့်သွေးစွမ်းအင်များ ရှိနေသည်ပင်။

ရှီဟောင် ဤပုလင်းကို ထိလိုက်သည့်အချိန်တွင် ဤသွေး ပြင်းထန်စွာ တုန်ခါလာသည်။ ဤသည်မှာ သူ့အားတုံ့ပြန်လိုက်ခြင်းပင်။

ဤသည်မှာ တောင်ထိပ်ပေါ်၌ ရှိနေသည့် သွေးဖီးနှစ်ကို ထိတ်လန့်သွားစေသည်။ သူက ဒီသွေးကိုလည်း သုံးလို့ရတယ်လား..

ဟွမ်မည်မျှထူးခြားသည်ကို သိချင်ကြသောကြောင့် အဆင့်လွန်သက်ရှိများလည်း ဟွမ်အား ဆက်လက်ကြိုးစားကြည့်စေလိုက်သည်။

ရှီဟောင် အတားအဆီးမရှိ ရှေ့ဆက်တိုးခဲ့သည်။ မတူညီသည့်သွေးပုလင်းများကို ထိခဲ့သော်လည်း ဤပုလင်းများအားလုံး တုံ့ပြန်မှုများ ရှိနေသည်။ အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည့်သွေးများကိုပင် သူနိုးထလာစေနိုင်ခဲ့သည်။

အချို့သွေးများမှာ ရွှေများ အရည်ပျော်ကျနေသကဲ့သို့ ရွှေရောင်ဖြစ်နေသည်ပင်။

ငါးရောင်စပ်အလင်းတောက်ပေနသည့် သွေးများလည်းရှိသည်။ ဤသည်မှာ သာမန်ဖီးနှစ်သွေးများနှင့် တူသည်ပင်။

ဖီးနှစ်အော်သံများ ထုတ်လွှတ်နေသည့် သွေးပုလင်းလည်းရှိနေသည်။ ထိုပုလင်းထဲ၌ ဖရိုဖရဲစွမ်းအင်များလည်း ရှိနေကာ အလွန်အံ့အားသင့်စရာကောင်းလှသည်။

..

နောက်ဆုံးတွင် ရှီဟောင် သွေးပုလင်းတစ်ခုကိုသာ ယူလိုက်ပြီး အခြားပုလင်းများကို လက်လျော့လိုက်သည်။

ဤသည်မှာ အရိုးဖြူလေးပင်။ ဤအရိုးမှာ ဖောက်ထွင်းမြင်နိုင်ပြီး အထဲမှ သွေးကိုပင် မြင်နေရသည်။

ဤသွေးမှာ အရောင်အဆင်းမရှိသလို တာအိုအော်ရာများ စိမ့်ထွက်နေခြင်လည်းမရှိ။ ဤသည်မှာ မကောင်းသည့်သွေးကဲ့သို့ မည်းနက်နေသည့် အမည်းရောင်သွေးပင်။

သို့သော် ရှီဟောင် ဤသွေးပေါ် လက်တင်လိုက်သည့်အချိန်တွင် သူ လက်ကိုမလွတ်ချင်တော့။

“ဒီသွေးမှာ ဘယ်လိုနောက်ခံမျိုးရှိတာလဲ..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ မေးလိုက်သည်။

သူတို့သည် ရှီဟောင် သွေးရွေးချယ်သည်ကို တစ်ချိန်လုံး ကူညီပေးနေခြင်းပင်။ မေးစရာမေးခွန်းများရှိလျှင်လည်း သူတို့မေးလိုက်သည်ပင်။

“ဒါက တစ်ခြားသွေးတွေထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်..” သွေးဖီးနှစ် သိပ်များများစားစား မပြော။

“အဲဒါဆိုရင်လည်း ဒါယူလိုက်မယ်..” ရှီဟောင် ဆုံးဖြတ်ချက် ချလိုက်၏။

အဆင့်လွန်သက်ရှိများ၏ မျက်ဝန်း၌ နတ်အလင်းတန်းများ တောက်ပလာသည်။ သူတို့ ဟွမ်ကို ကယ်ရန်လိုအပ်နေသောကြောင့်သာမဟုတ်ပါက သူတို့ သွေးနည်းနည်းလောက် ယူသွားပြီး အကြောင်းရင်းကို ရှာဖွေကြမည်ပင်။

ဤသည်ကို ကြားသည်နှင့် သွေးဖီးနှစ် တစ်ခဏခန့် တိတ်သွားသည်။ ပြီးနောက်မှ ခေါင်းညိမ့်ပြလိုက်လေ၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤသွေးမှာ အလွန်ထူးခြားလှပြီး သူပင်လျှင် အနည်းငယ် တွန့်ဆုတ်နေသည်မှာ သိသာလှသည်။

“ဒါက မင်းကို မထိခိုက်စေဖို့ မျှော်လင့်ပါတယ်..” သွေးဖီးနှစ်ပြောလိုက်သည်။

အရိုးဖြူလေးမှာ ကျောက်တောင်ထိပ်မှ ဖယ်ရှားခံလိုက်ရလေပြီ။ အချိန်များစွာ ကုန်လွန်သွားပြီးနောက် ဤသွေးကို တစ်စုံတစ်ယောက်မှ ရယူနိုင်သွားလေပြီ။

ဤသည်ကို သွေးပုလင်းဟုခေါ်သော်လည်း တကယ်တမ်း၌ သွေးတစ်စက်သာပါသည်ပင်။ အရောင်မှာ အလွန်ရင့်လှသောကြောင့် အနက်ဘက်ပင်သွားနေလေပြီ။

အဆင့်လွန်သက်ရှိများ ရှီဟောင်ကို ပြန်ခေါ်ကာ ကောင်းကင်လောင်ကျွမ်းခြင်းမြေမှ ထွက်ခွာလာခဲ့ကြသည်။ အရိုးဖြူဗူးလေးမှာ ရှီဟောင်နှင့်အတူ အအေးခေါင်းထဲ၌ ရှိနေသည်ပင်။

အဆင့်လွန်သက်ရှိများ၏ စောင့်ကြပ်မှုအောက်တွင် အရာအားလုံး ချောမွေ့ခဲ့သည်။ မည်သူမှသူတို့ကို မတားဆီးကြ။

နောက်ဆုံးတွင်တော့ သူတို့ ထာဝရစင်္ကြံတောင်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာလေပြီ။ ရှီဟောင် ဤနေရာ၌ ပြန်လည်ကောင်းမွန်အောင်လုပ်ပြီး သူ၏လက်ရှိအခြေအနေမှ ရုန်းထွက်ရမည်။

ထာဝရစင်္ကြံတောင်ပေါ်တွင်ရှိနေသည့် အနီရောင်ဘုရင်၏မျိုးဆက် ချီမုန့်ဟုန်သည်လည်း သူ့စည်းအတွင်း သူနေနေသည်ပင်။ အနည်းဆုံးတော့ သူဘာမှ ပေါ်ပေါ်ထင်ထင်မလုပ်။ သူ အခွင့်အရေးမရှိသည်ကို သူသိသည်ပင်။

“ငါ နည်းနည်းတော့ မကျေနပ်ဘူး..” အဆင့်လွန်သက်ရှိတစ်ဦး ရှီဟောင်ရှိနေသည့် အအေးခေါင်းကိုကြည့်ကာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဖီးနှစ်သွေးမှာ အလွန်အံ့အားသင့်စရာကောင်းလှသလို ဤနေရာမှာ မူလဝိညာဉ်ကို အားဖြည့်ပေးနိုင်သည့် နေရာပင်။ ရှီဟောင် သေချာပေါက် ပြောင်းလဲသွားကာ နောက်တစ်ကြိမ် စွမ်းအားကြီးလာလိမ့်မည်။

သို့သော်လည်း ရှီဟောင်သည် သူတို့မျိုးဆက်မဟုတ်သလို ဤလောကမှလူလည်းမဟုတ်။ သူသည် အင်ပါယာဂိတ်ဘက်မှ လာသည့်လူပင်။ ရန်သူ၏မျိုးဆက်ဟုပင် ပြော၍ရသည်။ ယခု သူတို့ သူ့ကို ဤကဲ့သို့ ကူညီနေရသည်မှာ တကယ်ကို ဖြုန်းတီးရာရောက်သည်။ ဤကဲ့သို့မဖြစ်သင့်။

“အဲဒီဂုကလန်က လူအိုကြီးပြောတာမှန်တယ် .. ငါတို့သူ့ကို ကယ်တော့ရော ဘာလုပ်ရမှာလဲ .. ငါတို့ သူ့ကို နောက်တစ်ခါ ထပ်သတ်ရမှာပဲ .. အခုက မသေမျိုးဘုရင်တွေ အပြစ်မတင်အောင်လို သူ့ကို ကယ်နေရတာ..” သူတို့ထဲမှတစ်ဦးပြောလိုက်သည်။

အပိုင်း ၁၇၇၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset