Switch Mode

Chapter – 1726 & 1740

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၆ – တွေ့ဆုံမှု

ရှီဟောင် နန်းတော်ကြီးထဲမှ ထွက်ခွာလာသည်။ သူ့လက်ထဲ၌ သစ်သားသေတ္တာကို ကိုင်ထားသည်ပင်။

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ သူ့လက်ထဲရှိ သေတ္တာကို မြင်လိုက်သည်နှင့် ဘာဆိုသည်ကို အချို့လူများ တန်းသိသွားသည်ပင်။

ဤသည်မှာ တစ်ဖက်လောကမှလူများ ကိုယ့်အသက်ကိုကိုယ်ပင် စတေးကာ ကောင်းကင်သားရဲတောအုပ်၊ နတ်ဆေးတောင်ကြောနှင့် အခြားနေရာများကို ဝန်းရံစေခဲ့သည့်အကြောင်းရင်းပင်။

“ဒါက အဲဒီသစ်သားသေတ္တာလား…” အချို့လူများ၏အသံများ တုန်ယင်နေသည်။ အချို့သူများမှာ ထိုပစ္စည်းကို ကြည့်ချင်သောကြောင့် တရှိန်ထိုးပြေးသွားကြလေ၏။

ရှီဟောင် သူတို့ကို မတားဆီး။ ထိုအစား ရက်ရောစွာဖြင့်ပင် သူတို့ကို ကြိုက်သလို ကြည့်ခိုင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူဖြစ်စေ အကြီးအကဲအရှင်ဖြစ်စေ မည်သူမှ ဤသေတ္တာ၏ နက်နဲမှုကို မမြင်နိုင်သောကြောင့်ပင်။ တစ်ယောက်ယောက်သာ ဤသေတ္တာကို ဖွင့်နိုင်မည့်နည်းစဉ်းစားနိုင်လျှင် ပိုတောင်ကောင်းဦးမည်။

“ရှီဟောင် ဘယ်မှာလဲ..”

“ဟွမ် အခု ဘယ်မှာလဲ..”

လူငယ်တစ်စု အဝေးမှ အော်ဟစ်ကာ ပြေးလာကြလေ၏။ ဤလူများအားလုံးမှာ သူနှင့်ရင်းနှီးနေသည့်သူများပင်။

ဥပမာအားဖြင့် ချောင်ယုရှင်း၊ ချန်ကုန်းယန်၊ ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်၊ ကောင်းကင်ဦးချိုပုရွက်ဆိတ်နှင့် အခြားသူများပင်။ ရှီဟောင် ပြန်ရောက်လာကြောင်း သတင်းကြားလိုက်သည်နှင့် သူတို့အားလုံး ထိတ်လန့်သွားကြသည်ပင်။

“ခွေးကောင်ရှီ .. မင်းပြန်လာတာတောင်မှ ငါတို့ဆီကို မလာဘူးပေါ့..” ယုန်ဖြူလေးသည် တဝူးဝူးဖြင့်ပင် ငိုနေလေပြီ။ သူမသည် ဘယ်တော့မှ အရွယ်မရောက်သည့်သူပင်။ ရှီဟောင် သူမနှင့်စတွေ့ကတည်းက သူမသည် အမြဲတမ်း ဆယ်ကျော်သက်မရောက်သေးသည်သူကဲ့သို့ပင်။ သူမ၏ငွေရောင်ဆံနွယ်များမှာ ခါးထိဝဲကျနေပြီး မျက်လုံးများမှာ ပတ္တမြားကဲ့သို့ နီရဲနေသည်။

နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ သရဖူ ၁၀ ခုဘုရင်၊ ရှီယီ၊ သရဖူခြောက်ခုဘုရင်နျင်ချွမ်းနှင့် အခြားသူများလည်း ရောက်လာကြသည်ပင်။ ရှီဟောင် အသက်ရှင်လျက် ပြန်ရောက်လာသည်ဟု ကြားလိုက်ရသည့်အချိန်က သူတို့လည်း စိတ်လှုပ်ရှားသွားကြသည်ပင်။

ထိုသူများအပြင် ရှုထော်၊ ချီဂုနှင့် အခြားသူများလည်း ရောက်လာကြ၏။

ဝမ်မိသားစုနှင့် ကျင်းမိသားစုမှလူများပင် ရောက်လာကြသည်။ ဥပမာအားဖြင့် ဝမ်ရှီးနှင့် ကျင်းကျန်း အတူတူရောက်လာကြသည်ပင်။ ရှီဟောင် ဖြတ်သန်းနိုင်လိမ့်မည်ဟု မထင်ထားသောကြောင့် သူတို့ အလွန်ထိတ်လန့်နေကြသည်ပင်။

“လုံးဝကို မကောင်းဆိုးဝါးကြီးပဲ .. ရက်တွေအများကြီးကြာသွားတာတောင်မှ သူအသက်ရှင်လျက် ပြန်လာနိုင်သေးတယ် .. သူက မုန့်ထျန်းကျန်း သူ့ကိုလာကယ်တဲ့အထိကို စောင့်နိုင်ခဲ့တယ်..” ဤသည်မှာ ဝမ်မိသားစု လူများထံမှ ထွက်လာသည့်စကားလုံးများပင်။ သူတို့အားလုံးလည်း အလောတကြီး ရောက်လာကြသည်ပင်။

“ခွေးကောင်ရှီ .. နင် တကယ်အသက်ရှင်နေတာပဲ .. နင်က တော်တော်လေးကို အသက်ပြင်းတာပဲ..” ယုန်ဖြူလေး လွန်ကဲသည့်အမူအရာဖြင့် ငိုကြွေးကာ ပြေးလာလေ၏။ အဘယ်ကြောင့်ဆိုသော် သူရှီဟောင်ကို မြင်နေရလေပြီ။

ကောင်းကင်ဦးချိုပုရွက်ဆိတ်မှာ အော်ဟစ်ကာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းပြီး ပြေးသွားလေ၏။ ပြေးသွားသည့်သူများထဲတွင် လိပ်ပြာဧကရာဇ်လည်း ပါဝင်သည်ပင်။

“ရှီဟောင် .. မင်းက တကယ် မရိုးရှင်းဘူးပဲ .. မင်းတကယ် လုပ်နိုင်ခဲ့ပြီ..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။

လူများစွာ အပြေးလေးရောက်လာကြသော်လည်း ချောင်ယုရှင်းကို တွေ့လိုက်ရသည့်အချိန်တွင် ရှီဟောင် တုန်လှုပ်သွားရသည်။ သူ ရှေးဟောင်းသင်္ချိုင်းမြေ၌ မြင်ခဲ့ရသည့်လူများနှင့် အဖြစ်အပျက်များကို သူမေ့နိုင်မည်မဟုတ်။

ထိုလူ မျိုးဆက်ပေါင်းမည်မျှကြာအောင် မြှုပ်နှံခံခဲ့ရမှန်းမသိအောင် မြှုပ်နှံခံခဲ့ရပြီးနောက် ထွက်ပေါ်လာသည့် သူငယ်ချင်းဟောင်းပင်။

နောင်နှစ်ပေါင်းများစွာကြာလျှင် ဘာဖြစ်မည်ကိုသူမသိ။

သူ့မျက်စိရှေ့မှ ချောင်ယုရှင်းမှာ ထိုဖက်တီးတာအိုနှင့် တစ်ဖြည်းဖြည်းရောစပ်သွားသည်။ သူပြောပြရန်ခက်ခဲသည့် ကိစ္စများစွာ ရှိနေသည်ပင်။

တစ်ချိန်တည်းမှာပင် သူ ယုန်ဖြူလေးအား ကြည့်လိုက်၏။ သူမ ‘ပျောက်ကွယ်’ မသွားခင် သူမအား သေချာဂရုစိုက်ပေးရန် ချောင်ယုရှင်း သူ့အား လေးလေးနက်နက်သတိပေးခဲ့သည်ပင်။

“နင်အသွားတာလား .. ဘာလို့ ဘာမှမပြောတာလဲ .. ငါတို့ကိုတွေ့ပြီးတော့ ဘာလို့ ကြောင်တောင်တောင်ဖြစ်နေတာလြ..” ယုန်ဖြူလေး စနောက်လိုက်သည်။

အမှန်တကယ်တွင် ရှီဟောင်ပြန်လာသောကြောင့်သူတို့အလွန်စိတ်လှုပ်ရှားနေကြသည်ပင်။ သူတို့ ယခင်က စိုးရိမ်ခဲ့ရသည်များကို ထုတ်မပြချင်သောကြောင့် သူတို့အားလုံး ပျော်ရွှင်တက်ကြွသလို လုပ်နေကြခြင်းပင်။

“မင်းကိုကယ်ဖို့အတွက် ငါတို့မြို့ထဲကနေ ထွက်သွားသေးတယ် .. ဒါပေမဲ့ အကြီးအကဲအရှင် လက်တစ်ချက်ဝေ့လိုက်တာနဲ့ ငါတို့အားလုံး ပြန်ရောက်လာကြတာ..” ချောင်ယုရှင်း ပြောလိုက်သည်။

ချန်ကုန်းယန်လည်း ခေါင်းညိမ့်ပြလိုက်သည်ပင်။ ထိုစဉ်က လူငယ်လေးများမှာ သွေးဆူနေကြကာ ရှီဟောင်ကို ကယ်ချင်နေခဲ့ကြသည်။ သို့သော်လည်း သူတို့တားဆီးခံခဲ့လိုက်ရသည်ပင်။

“ရောင်းရင်းဟွမ် အသက်ရှင်လျက် ပြန်လာနိုင်တာက တကယ်ကို ပျော်စရာကောင်းတဲ့ကိစ္စပဲ .. ငါတို့အောင်ပွဲခံသင့်တယ်..” ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင်ချီဟုန်မှ ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။

သရဖူ ၁၀ ခုဘုရင်ပင်လျှင် လျှောက်လာလေ၏။ သူသည် ရှီဟောင်နှင့် သိပ်မရင်းနှီးသော်လည်း ယခုတော့ သူနှင့်စကားပြောလာလေသည်။ “ငါလည်းမင်းကိုကယ်ချင်ခဲ့တယ် .. ဒါပေမဲ့ ငါပြန်ပို့ခံလိုက်ရတယ်..”

“ရှီဟောင် ရှင်အဆင်ပြေရဲ့လား..” ချင်းယီပေါ်လာသည်။ အင်ပါယာဂိတ်သို့ ရောက်လာပြီးနောက် သူမ အမြဲတမ်း ပြင်းထန်စွာ ကျင့်ကြံကာ အမြဲတမ်းသီးသန့်နေခဲ့သည်ပင်။ သူမကို သင်ကြားပေးနေသည့် အကြီးအကဲအချို့ ရှိနေသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူမသည် ယခင်ခေတ်မှ ထာဝရသက်ရှိချင်းယွဲ့နှင့် ဆက်စပ်မှု ရှိနေနိုင်သောကြောင့်ပင်။ သူမအနား၌ တစ်ချိန်လုံးရှိနေခဲ့သည့် မီးတောက်သည် ထာဝရသက်ရှိချင်းယွဲ့၏ ‘အတိတ်’အချို့ကို ပြသဖူးခဲ့သည်ပင်။

သူမ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည့်အချိန် ရှီဟောင်သတင်းများကို ကြားလိုက်ရပြီး သူမ အလွန်စိုးရိမ်ခဲ့သည်ပင်။ ယနေ့မှသာ သတင်းကောင်းကြားရသည်ပင်။

စုန်းမလည်းပေါ်လာကာ အပြုံးနုလေး ပြုံးပြလာသည်။ သူမသည် ချင်းယီ၊ ယွဲ့ချန်တို့နှင့် ဆန့်ကျင်နေဆဲပင်။

လူတစ်စုလည်း အပြေးလေးရောက်လာကာ ဤနေရာမှာ အတော်လေးသက်ဝင်လှုပ်ရှားနေသည်။

ရှီဟောင် အသိစိတ်ပြန်ဝင်လာပြီး တစ်ယောက်ပြီးတစ်ယောက်ကို ပြန်လည်နှုတ်ဆက်လိုက်သည်။ အထူးသဖြင့် ချင်းယီပင်။ သူ အင်ပါယာဂိတ်သို့ ဝင်လာကတည်းက သူမနှင့်မတွေ့ရသည်မှာ အတော်လေး ကြာနေသည်ပင်။ ထို့အပြင် သူတို့ကြား၌ မကောင်းသည့်ကိစ္စအချို့ ဖြစ်ပျက်ထားခဲ့သေးသည်ပင်။

“နင်ဘာတွေ လုပ်ခဲ့တာလဲ .. နင် ဒီသေတ္တာကို တွေ့ခဲ့တာလား .. ဒီသေတ္တာကြောင့် တစ်ဖက်လောကက လူတွေက နင့်ကို ဝိုင်းထားကြတာလား..” ယုန်ဖြူလေး မေးလိုက်သည်။

ရှီဟောင်သည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ “ဒါက အဲဒီသေတ္တာပဲ .. မင်းတို့အားလုံးကိုယ်တိုင် လေ့လာကြည့်လို့ရတယ်..”

သူ ထိုသေတ္တာကို လက်ကမ်းပေးလိုက်သည်။ ရလဒ်အနေဖြင့် လူအုပ်ကြီးသည် ဤသေတ္တာကို အရင်ဆုံးကြည့်နိုင်ရန်အတွက် သူ့ထက်ငါ အလုအယက်တိုးလာကြလေ၏။

ဝုန်း..

လေပြင်းများတိုက်ခတ်သွားကာ သရဖူ ၁၀ ခုဘုရင်နှင့် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိတို့ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ သူတို့နှစ်ဦးလုံးသည် ထိုသေတ္တာကို အရင်လိုချင်နေကြသည်ပင်။

နောက်ဆုံးတွင် အင်ပါယာဂိတ်ရှိ သက်ရှည်မိသားစုများ၏ ဂျီးနီးယပ်စ်များဖြစ်သည့် ထော်ဂုယုလုံနှင့် ချီဟုန်လည်း လက်လှမ်းလာကာ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်လာကြသည်။

သို့သော်လည်း ဤသည်မှာ အားကုန်တိုက်ခိုက်ခြင်းမဟုတ်။ ပညာဖလှယ်ခြင်းသာဖြစ်ပြီး အလွန်ငြိမ်းချမ်းသည်ပင်။ သူတို့အားလုံး ပညာအချို့ကို ပြသလာကြသည်။

“ဝါး ဝါး .. ဒါက ငါ့ဟာပဲ .. မင်းတို့အားလုံးမမြင်ကြဘူးလား .. ငါပထမဆုံးရလိုက်တာလဲ .. ငါအရင်ဆုံးကြည့်မယ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး အော်ဟစ်လိုက်၏။

ဤသည်ကိုမြင်လိုက်သည်နှင့် အားလုံး ဆွံ့အသွားရသည်။ သူ ထိုသေတ္တာကို ရလိုက်သည်ဟု ပြောသော်လည်း ဤကောင်သည် လက်ချောင်းအရွယ်အစားသာရှိပြီး သူသည် ထိုသေတ္တာပေါ်၌ လဲလျောင်းနေခြင်းပင်။

“အကောင်သေးတာက အားသာချက်တွေ အများကြီးရှိတာပဲ..” ချောင်ယုရှင်း ရေရွတ်လိုက်သည်။

“မင်း လက်မခံနိုင်ရင် မင်း ကြယ်တွေလတွေ မြင်သွားတဲ့အထိ ငါရိုက်ပေးမယ်..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ရွှေရောင်လက်သီးကြီးမားလာကာ ဝုန်းဟူသည့်အသံနှင့်အတူ ချောင်ယုရှင်းမျက်နှာကို ထိုးလိုက်ကာ သူလွင့်ထွက်သွားအောင် လုပ်လိုက်သည်။

“ပဲပင်ပေါက်ကောင် .. ပုရွက်ဆိတ်ရူးကောင်..” ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသောကြောင့် ချောင်ယုရှင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ဟား ဟား..” အားလုံး ရယ်မောလိုက်ကြလေ၏။

ခပ်ဝေးဝေး၌ရှိနေသည့် ဝမ်ရှီး တိတ်ဆိတ်နေလေသည်။ အားလုံး ရယ်မောကာ ကြွေးကြော်နေကြသည်ကိုသာ သူမကြည့်နေလိုက်သည်။ သူမ ထိုနေရာသို့ မသွားနိုင်။ ဝမ်မိသားစုနှင့် ရှီဟောင်တို့ကြားမှ ဆက်ဆံရေးမှာ အလွန်ဆိုးရွားလှသည်ပင်။

ဤနေရာ၌ ဝမ်မိသားစုမှ လူအချို့လည်း ရှိနေသည်ပင်။ သူတို့အားလုံး သစ်သားသေတ္တာအတွက်လာခဲ့ကြခြင်းပင်။ သူတို့အားလုံးသည် အေးစက်နေသည့်အမူအရာဖြင့် ဘေးဘက်မှ နေ၍ တိတ်တဆိတ်သာ ကြည့်နေကြသည်။

ကျင်းမိသားစုမှ ဤမျိုးဆက်၏သားတော် ကျင်းကျန်းလည်း ဤနေရာ၌ ရှိနေသည်ပင်။ သူသည် စိတ်ထဲမှ နှာခေါင်းရှုံ့နေလေ၏။ သူသည် မျိုးဆက်တစ်ခု၏ ကောင်းကင်သားတော်၊ ဤမျိုးဆက်တွင် စွမ်းအားအကြီးဆုံးသူဟု နာမည်ကြီးသောကြောင့် သူ ရှီဟောင်ကို ဘယ်တုန်းကမှ လက်မခံခဲ့ပေ။

သို့သော် ယခုအချိန်တွင် သူတစ်ဖက်လူကို ရန်စ၍မရ။ တစ်ခြားသူများ၏ ရွံရှာစက်ဆုပ်မှုကို ရရှိနိုင်ကာ သူ ကံမကောင်းမှုများသာ ရရှိလာလိမ့်မည်။

မင်းသမီးယောင်ယွဲ့သည် ဝမ်ရှီးကို တစ်ချက်ကြည့်ပြီးနောက် ရှီဟောင်ထံသို့ လျှောက်သွားလိုက်လေသည်။ သူနှင့် ဝမ်ရှီးမှာ ရန်သူဟောင်းများဖြစ်ကြပြီး သူမ မိသားစုသည် အကြီးအကဲအရှင်မုန့်ထျန်းကျန်းအား အတော်လေး ထောက်ပံ့ပေးသည်ပင်။ ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စသည်လည်း သူမတို့ မိသားစုမှ ငှားပေးထားခြင်းပင်။

“ခွေးကောင်ရှီ .. နင် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါတို့ကို နည်းနည်းပြောပြ .. နင် အပြင်မှာဘာတွေ ကြုံတွေ့ခဲ့ရတာလဲ..” ယုန်ဖြူလေးမှာ လွတ်လွတ်လပ်လပ် အရှိဆုံးသူပင်။

သူတို့ ဤတောင်ကြောမှ ထွက်ခွာကာ စိမ်းစိုသည့်နေရာတစ်ခုသို့ ဦးတည်သွားလိုက်ကြ၏။ ထို့နောက် သူတို့ အကြီးမားဆုံးစားသောက်ပွဲကြီး ကျင်းပရန် ပြင်ဆင်လိုက်ကြသည်။

“မြင်နိုင်သမျှအားလုံးကို ငါမြင်ခဲ့တယ် .. ဂုကလန်ရဲ့အမွေဆက်ခံသူ၊ ဧကရာဇ်ကလန်က သခင်လေးလို့ခေါ်တဲ့တစ်ယောက်၊ ဟဲဝူရှန်းရဲ့မျိုးဆက် .. ပြီးတော့ မရေမတွက်နိုင်တဲ့ မကောင်းဆိုးဝါးအိုကြီးတွေရောပဲ..”

ရှီဟောင်စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူသည် အဆင့်လွန်သက်ရှိများကိုပင် တွေ့ခဲ့ကာ သူတို့နှင့် မျက်နှာချင်းဆိုင်ခဲ့ရသေးသည်။

“ရှင်ဘယ်လို နေခဲ့ရတာလဲ .. ရှင်သူတို့နဲ့ တိုက်ခဲ့သေးလား .. ရှင် ဘယ်နှယောက်သတ်ခဲ့တာလဲ..” ဝေ့မိသားစု၏ ဖီးနှစ်လေးကောင်ထဲမှ တစ်ကောင် စိတ်ဝင်စားစွာ မေးလိုက်သည်။

“ငါ တစ်ချို့ကို သတ်ခဲ့တယ် .. ငါ့လက်ချက်ကြောင့်သေတဲ့သူတွေကိုပါ ထည့်တွက်မယ်ဆိုရင်တော့ အနည်းဆုံး ထောင်ဂဏန်းနည်းနည်းလောက်ရှိတယ်..” ရှီဟောင်ပြောလိုက်သည်။

“ဘာ..” လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ ကျွမ်းကျင်သူများဖြစ်ကြမည်ကို အားလုံးသိကြသည်ပင်။ ထိုအရေအတွက်မှာ အနည်းငယ် ကြောက်စရာကောင်းနေသည်။

ရှီဟောင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျွမ်းကျင်သူများစွာကို သတ်ခဲ့သည်ကို သူတို့သိပါက သူတို့ပို၍ ထိတ်လန့်သွားကြမည်ပင်။

ရှီဟောင် ဘာမှထိန်ချန်ထားရန် စိတ်ကူးမရှိ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာဂိတ်ရှိ ကျောက်တုံးကလန်၏အပြစ်များကို သူချေဖျက်ပစ်ချင်သည်။ သူ အောင်မြင်မှုရရှိရန်လိုအပ်သောကြောင့် သူ ဤလူများကို သူ၏လုပ်ဆောင်ချက်များအကြောင်းကို ပြောပြမည်ပင်။

ထို့နောက် သူဇာတ်လမ်းကို စပြောပြလိုက်သည်။

“အား .. မင်းက မသေသေးတဲ့စစ်သူရဲလို့ ခေါ်တဲ့သူတွေနဲ့ပါ တွေ့ခဲ့တာလား .. ဒါကရူးလောက်စရာပဲ..” လူတစ်စု ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့ ထိုသက်ရှိများအကြောင်းကို နားမလည်ကြ။ သူတို့အကြောင်းကို တစ်ခါမှ မကြားဖူးကြပေ။

“မင်း သူတို့ကို သတ်ပစ်လိုက်တာကောင်းတယ်..” ရှီဟောင် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ သွေးမျိုးဆက်မှ ခြင်္သေ့အချို့ကို သတ်ခဲ့ကြောင်း ကြားလိုက်ရသည့်အချိန်တွင် လူတစ်စု ပျော်ရွှင်စွာပင် လက်ခုပ်တီးလိုက်ကြလေ၏။

အဘယ်ကြောင့်ဆိုသော် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့၏ ယခင်က လုပ်ရပ်များမှာ အလွန်ုမုန်းစရာကောင်းလှသည်ပင်။ သူတို့သည် ရန်သူကို လမ်းပြကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုအား အထိနာအောင် လုပ်ခဲ့သည်ပင်။

“သူ့ဘိုးဘေးရဲ့ခြေရာကို လိုက်နင်းနိုင်တဲ့တစ်ယောက်က မင်းသတ်လိုက်တဲ့သူတွေထက် ပိုပြီးစွမ်းအားကြီးတယ်လို့ ပြောကြာတာမလား .. သူ မသေဘူးလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“သူဒီမှာ..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကို လွှတ်ပေးလိုက်ကာ အားလုံးရှေ့တွင် ပြလိုက်သည်။

ရွှေရောင်ခြင်္သေ့သည် ထွက်လာရသည့်အချိန်၌ အနည်းငယ် ဆွံ့အနေသည်။ ထို့နောက် သူအားလုံးကို ဒေါတသကြီး စိုက်ကြည့်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် အားလုံးသည် သူ့ကို ပြစ်တင်ဝေဖန်နေကြကာ သူ့အားလေးစားမှုလည်းမရှိ။

“ကိုယ့်ကိုကိုယ် ဆင်ဆင်ခြင်ခြင်နေ .. မင်းက ငါ့ရဲ့စီးတော်ယာဉ် .. ဒီလူတွေအားလုံးက ငါ့သူငယ်ချင်းတွေ..” ရှီဟောင် သူ့ကို တစ်ချက်ရိုက်လိုက်သည်။

အားလုံး ထိတ်လန့်သွားကာ မနာလိုဖြစ်သွားရသည်။ စစ်မြေပြင်၌ ဤကဲ့သို့သော ထူးခြားသည့် သားရဲမျိုးကိုစီးရပါက မည်မျှပင် ကြည့်ကောင်းမည်နည်း..

“မင်းက ကျွမ်းကျင်သူတွေကို သတ်ခဲ့ပြီး ဧကရာဇ်ကလန်ကလူနဲ့တောင် တိုက်ခဲ့သေးတာလား..” လူအချို့ ထိတ်လန့်နေကြသည်ပင်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ကျင်းကျန်းနှာခေါင်းရှုံ့လိုက်ကာ သူ့ကိုယ်သူ ပြောလိုက်သည်။ “သူပြောတာ အမှားလား အမှန်လား ဘယ်သူက သိနိုင်မှာလဲ .. ဘယ်သူပြောနိုင်မလဲ သူက အကျဉ်းသားဖြစ်ရင်လည်း ဖြစ်ခဲ့မှာပေါ့..”

အခြားသူများ ကြားလိုက်ကြသော်လည်း သူတို့ ကျင်းကျန်းနှင့် ရန်မဖြစ်ရဲကြ။

ဤနေရာ၌ ကျင်းမိသားစုမှ အသက်ကြီးသည့်သူများလည်း ရှိနေကြသည်ပင်။ သူတို့သည် သူ့အား လက်လွတ်စပယ်မပြုမူရန် စိတ်ထဲမှ တားဆီးလိုက်သည်။

ထို့အပြင် ထိုအချိန်၌ ကျင်းမိသားစုမှ ရာထူးကြီးသည့်အကြီးအကဲတစ်ဦး လျှောက်လာကာ “ဒီသစ်သားသေတ္တာက မင်းအပြင်ဘက်နေ ယူလာတဲ့ဟာလား..”

“ဟုတ်တယ်..” ရှီဟောင်တစ်ဖက်လှည့်ကာ ထိုလူကို တစ်ချက်ကြည့်လိုက်သည်။ သူ ကျင်းမိသားစုနှင့်မတည့်သော်လည်း သူပြန်ဖြေလိုက်သေးသည်ပင်။

“အဲဒါဆိုကောင်းတယ် .. ဒီသေတ္တာက ကိစ္စတွေ အများကြီးနဲ့သက်ဆိုင်တယ် .. အခု ဒါကို အတည်ပြုနိုင်ပြီဆိုတော့ ဒါကို လေ့လာဖို့အတွက် မြို့ထဲက ဂုဏ်သိက္ခာကြီးမားပြီး ရဲရင့်တဲ့စီနီယာတွေကို လက်လွှဲပေးပါ..” ထိုလူမှ ပြောလိုက်သည်။

အပိုင်း ၁၇၂၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၇ – ရိုက်ချခြင်း

ကျင်းမိသားစုအကြီးအကဲ ထိုကဲ့သို့ ပြောလိုက်သည်နှင့် မူလက လှုပ်ရှားသက်ဝင်နေသည့်မြင်ကွင်းမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကာ သူတို့အားလုံး နောက်လှည့်ကြည့်လိုက်ကြသည်။

ဤနေရာမှာ အနည်းငယ် ကို့ယိုးကားယားဖြစ်လာသည်ပင်။ သူသည် လေထုကိုပျက်စီးအောင် ပြုလုပ်လိုက်သည်ပင်။ ကျင်းမိသားစုက ဒီလိုအချိန်မျိုးမှာတောင် ဒီလိုမျိုးတောင်းဆိုရဲတယ်ပေါ့..

အချို့လူများသည်ကတော့ ဤသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု မြင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သစ်သားသေတ္တာသည် ကိစ္စများစွာနှင့် ဆက်စပ်နေသည်ပင်။ ပြည်သူလူထုအတွက် ရှီဟောင် ဤသေတ္တာကို ကလန်ပေါင်းစုံမှ အကြီးအကဲများအား လက်လွဲပေးရမည်ပင်။

သို့သော် အများစုမှာ ကျင်းမိသားစုမှ အကြီးအကဲ တမင်သက်သက်လုပ်သည်ကို ခံစား၍ရသည်ပင်။ သူသည် ရှီဟောင်အား ဖိနှိပ်လိုသောကြောင့်ပင်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် ဟွမ် လုပ်ခဲ့သည့်ကိစ္စမှာ အတော်လေးကြီးမားသည်ပင်။ တစ်ဖက်လောကမှ စစ်တပ်ကြီး ကောင်းကင်သားရဲတောအုပ်ကို ဝိုင်းအောင် လုပ်နိုင်ခဲ့သည့်အပြင် အဆင့်လွန်သက်ရှိများကြား၌ တိုက်ပွဲများဖြစ်အောင်လုပ်နိုင်ခဲ့သည်အထိပင်။

ဟွမ် ဂိတ်အပြင်ဘက်၌ သေသွားလိမ့်မည်ဟု ၉၀ ရာခိုင်နှုန်းနီးပါး ယုံကြည်နေခဲ့ကြသည်ပင်။ သို့သော် ယခုတော့ မတူတော့။

အခြားအရာများမပြောနှင့် ဟွမ်၏ နယ်ခြားစပ်ကို ပြောင်းပြန်လှန်ရဲသည့်သတ္တိမှာ အင်ပါယာဂိတ်ကို ထိတ်လန့်စေခဲ့သည်။

တစ်ဖက်လောကမှ သေလောက်အောင်လိုချင်နေသည့် သစ်သားသေတ္တာကို သူယူလာနိုင်ခဲ့သည်။ ဤသည်မှာ ကိစ္စကြီးဖြစ်သကဲ့သို့ သူ၏အောင်မြင်မှုကြီးလည်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရှီဟောင်ကို ဆုတစ်ခု ချီးမြှင့်သင့်သည်ပင်။

ကျင်းမိသားစုမှလူထွက်လာခြင်းမှာ သူ၏ ‘တောက်ပမှု’ ကို ဖိနှိပ်ရန်ပင်။ အတိအကျပြောရလျှင် သူ၏ဂုဏ်သတင်းကြီးမားမှုကို ဖိနှိပ်ပစ်ရန်ပင်။

ဤသည်မှာ လူအချို့ကို မကျေမနပ်ဖြစ်သွားစေသည်ပင်။ ဥပမာအားဖြင့် ကောင်းကင်ဦးချိုပုရွက်ဆိတ်၊ ချောင်ယုရှင်း၊ ချန်ကုန်းယန်နှင့် အခြားသူများအားလုံး အမူအရာ ပြောင်းလဲသွားသည်။

“ရှီဟောင်က ဒီလိုမျိုးအရေးကြီးတဲ့သေတ္တာကို ရအောင်ယူလာနိုင်ခဲ့တယ် .. ဒါက အရမ်းကိုထူးခြားတဲ့အောင်မြင်မှုလို့တောင် ပြောလို့ရတယ် .. စီနီယာဘယ်လိုပဲစဉ်းစားပါစေ ဒီပစ္စည်းကိုလေးစားသင့်တယ် .. အဲဒါကို စီနီယာက ဒီလိုမျိုးသဘောထားရှိနေပြီးတော့ ဒီလိုပုံစံမျိုးလုပ်နေတယ် .. လူထုဆီကနေ အေးစက်စက်အကြည့်ခံရမှာကြောက်ဘူးလား..” ချင်းယီ ပြောလိုက်သည်။

စကားများမှာ တည်ငြိမ်နေသော်လည်း မပေါ့ပါးလှ။ ဤသည်မှာ ကျင်းမိသားစုမှ အကြီးအကဲကို ချက်ချင်းအမူအရာ ပြောင်းသွားစေသည်။

“အပြောကတော့ ကောင်းလိုက်တာ .. ဟွမ်က နယ်ခြားစပ်မှာ အသက်စွန့်ပြီးတော့ အဆင့်လွန်ရတနာကို ယူလာခဲ့ရတာ .. အဲဒါကို စီနီယာက ဒီလောက်အေးစက်နေတာ .. စီနီယာ ဘာကိုဆိုလိုချင်တာလဲ..” ချောင်ယုရှင်းလည်း မေးခွန်းထုတ်လာသည်။

အချို့လူများမှာ စိတ်ပျက်စွာဖြင့်ပင် မတရားမှုကို ပြောလိုက်ကြသည်။

ဤနေရာတွင် လူငယ်များသာမက ကလန်မျိုးစုံမှ အသက်ကြီးသည့်သူအချို့လည်း ရှိနေသည်ပင်။ အခြေအနေကိုသိချင်သောကြောင့် သူတို့လည်း အပြေးလေး ရောက်လာကြသည်။

ဤအခြေအနေကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။

ထိုသူများထဲတွင် ကျင်းမိသားစုနှင့် လိုက်လျောညီထွေဖြစ်သည့်သူများ၊ သူတို့မိသားစု၏နောက်လိုက်များ၊ သူတို့နှင့်ရင်းနှီးသည့်သူများ ပါဝင်သည်ပင်။

“စီနီယာကျင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိဘူး .. မင်းကပဲ အရမ်းကို ဆတ်ဆိတ်ထိမခံဖြစ်ပြီးတော့ အတွေးလွန်နေတာ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“အဟွတ်..” အမျိုးသမီးအိုတစ်ဦး ချောင်းဆိုးလိုက်ကာ “မင်း သေတ္တာကို လက်လွှဲပေးသင့်တယ် .. ငါတို့ အထက်ကလူတွေကို လေ့လာဖို့တောင်းဆိုလိုက်မယ်..”

ကျင်းမိသားစုအဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ ရှီဟောင်၏လုပ်ဆောင်မှုကို သူတို့အသိအမှတ်ပြုကြသော်လည်း သူတို့ သေတ္တာကိုတောင်းကာ သူ့အားဖိအားပေးနေဆဲပင်။

သူတို့၏သဘောထားမှာ ကျင်းမိသားစုမှ အကြီးအကဲ၏လေသံနှင့် တစ်သားတည်းပင်။

“လူအားလုံးသာ ခင်ဗျားတို့လိုမျိုးဆိုရင် ဘယ်သူက အသက်စွန့်ပြီး စွန့်စားချင်တော့မှာလဲ .. ဟွမ်က အောင်မြင်မှုနဲ့ပြန်လာခဲ့တာကို ခင်ဗျားတို့က သူ့ကို အပြစ်သားလိုမျိုးအေးစက်စက် ဆက်ဆံနေကြပြီး ဒီလိုမျိုးလာပြောနေကြတယ် .. ဘယ်သူက ခင်ဗျားတို့ကို ဒီလိုလုပ်ပိုင်ခွင့်ပေးထားလို့လဲ..” ချန်ကုန်းယန် လေးနက်စွာ ပြောလိုက်သည်။

“လူငယ်လေး မင်းအတွေးလွန်နေပါပြီ .. ငါတို့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်တွေ မရှိပါဘူး .. ငါတို့တွေ ကလန်ပေါင်းစုံက ကျွမ်းကျင်သူတွေကိုဖိတ်ပြီးတော့ ဒီသစ်သားသေတ္တာရဲ့လျှို့ဝှက်ချက်ကို အတူတူ လေ့လာဖို့ လိုအပ်ရုံတင်ပါ..”

ကျင်းမိသားစုအကြီးအကဲမှ ထပ်ပြောလာသည်။ သူ့နာမည်မှာ ကျင်းယီပင်။ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၌ ရောက်နေသည်မှာ အချိန်တစ်ခုကြာနေပြီဖြစ်သည့် ကျင့်ကြံသူတစ်ဦးပင်။

ဤအဆင့်ဖြင့် သူအထက်စီးမှ နေ၍ရသည်ပင်။ အနည်းဆုံးတော့ အင်ပါယာဂိတ်တွင် သူသည် ကြီးမြတ်သည့် ကျွမ်းကျင်သူတစ်ဦးပင်။

“ရှင်တို့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်မရှိပါဘူးလို့ ပြောရဲသေးတယ်ပေါ့.. နည်းနည်းလောက် လျှော့ပြောလို့မရဘူးလား .. ဘေးနားကလူတွေကို ဒီလိုမျိုးအမိန့်ပေးနေတာက ဟွမ်ကို မနာလိုဖြစ်နေလို့မဟုတ်ဘူးလား .. ရှင်က သူ့ကို ရိုက်ချချင်နေတာလေ .. ငါ ဒေါသထွက်လို့သေတော့မယ် .. လုံးဝကို အရှက်မရှိတာပဲ..” ယုန်ဖြူလေး ဒဲ့တိုးပင် ပြောလိုက်သည်။ သူမသည် နူးညံ့ကာ ဖြူစင်သည့်ပုံပေါ်သော်လည်း သူမသည် သိမ်မွေ့မနေ။ တဝူးဝူး အော်ငိုနေလေ၏။

“ဟက် .. ဟွမ်ဒီတစ်ခေါက် အတော်လေး လုပ်နိုင်ခဲ့တယ်ဆိုတာ ငါဝန်ခံပါတယ်..” ကျင်းယီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လူငယ်အုပ်စုကို အေးစက်စွာ ကြည့်လိုက်သည်။ “ဒါပေမဲ့ သူရှာခဲ့တဲ့ပြဿနာလည်း မသေဘူးလေ..”

“အရှက်မရှိတာတွေ လာပြောနေတယ် .. ရှင်က ရှီဟောင်ကို ဖိနှိပ်ချင်နေတာပဲ .. ဘာပြဿနာက မသေးတာလဲ .. ရှင်ထောက်ပြလေ .. ကျွန်မတို့ကို နည်းနည်းလောက် ပြောပြစမ်းပါ..” ယုန်ဖြူလေး ဒေါသတကြီးပြောလိုက်သည်။

ဤမိန်းကလေး၏ စကားလုံးများမှာ ဤမျှပြင်းထန်နေလိမ့်မည်ဟု မည်သူမှ ထင်မထားကြ။ သူသည် စွမ်းအားကြီးသည့်ကျင့်ကြံသူနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နေသည်။

ရှီဟောင်ဘာမှမပြောပဲ ကြည့်သာ ကြည့်နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူယုံကြည်ချက်ရှိသည်ပင်။ ကျင်းမိသားစု ဘာလုပ်ချင်နေသည်ကို သူသိချင်သည်။

“စီနီယာ .. ဒီလိုမျိုးပြောတာက တကယ်ကို တရားမျှတမှုမရှိဘူး .. ရှီဟောင်က ဘယ်လိုပြဿနာမျိုးရှာခဲ့လို့လဲ..” ချင်းယီ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

“မင်းတို့အားလုံးသိပါတယ် .. သူ့အတွက်နဲ့ စီနီယာမုန့်ထျန်းကျန်း ဘယ်လိုမျိုးပေးဆပ်ခဲ့ရလဲ .. သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လေ .. ဟင်းလင်းပြင်တာအိုနယ်ပယ်ကျင့်ကြံသူ အစုတ်အပြတ်လေးအတွက်နဲ့ အဆင့်လွန်သက်ရှိတစ်ယောက်သေမလိုဖြစ်ခဲ့တာ .. ဒါက ပြဿနာကြီးမဟုတ်ဘူးလား..” ကျင်းယီ ကျယ်လောင်စွာ ပြောလိုက်သည်။

ဤစကားများကို ကြားလိုက်ရသည်နှင့် လူအချို့ မခံမရပ်နိုင်ဖြစ်သွားရသည်။ သူ တမင်သက်သက်အပြစ်ရှာနေခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။

“ခင်ဗျားတို့ ကျင်းမိသားစုက အဆင့်လွန်သက်ရှိ အင်ပါယာဂိတ်ကိုလာလား .. သူမြို့ထဲကနေ ထွက်ဖူးလား .. သူတို့ ဟွမ်ကိုကယ်ဖို့အတွက် တစ်ခါမှ မစဉ်းစားဖူးဘူး ဟုတ်တယ်မလား .. အခု ခင်ဗျားတို့အားလုံးက ကိုယ်မှန်တဲ့ပုံစံနဲ့ အဆင့်လွန်သက်ရှိတွေ အန္တရာယ်များခဲ့တယ်ဆိုတာကို လာပြောနေသေးတယ်..” ပုရွက်ဆိတ်လေး အရင်ဆုံး ဆူပူလိုက်သည်။

“စီနီယာမုန့်နဲ့ ဟွမ်က ဆရာတပည့်ဆက်ဆံရေးပဲ .. သူ ဟွမ်ကိုကယ်ဖို့အတွက် မြို့ထဲကနေ ထွက်သွားခဲ့တယ် .. ပြီးတော့ အောင်အောင်မြင်မြင်နဲ့ပြန်လာနိုင်တယ် .. ဟွမ်က တစ်ဖက်လောကကလူတွေ ရူးမတတ်လိုချင်နေတဲ့ သစ်သားသေတ္တာကိုတောင် ယူလာနိုင်ခဲ့တယ် .. ဒါက အောင်ပွဲခံသင့်တယ် အရမ်းကို ပျော်စရာကောင်းတဲ့အခြေအနေပဲ .. အဲဒါကို ခင်ဗျားတို့က ကြက်ဥထဲအရိုးရှာသလို ပြဿနာမရှိ ပြဿနာရှာနေကြတယ် .. ခင်ဗျားတို့က ဘာဖြစ်ချင်နေကြတာလဲ..” ချောင်ယုရှင်းလည်း အော်ဟစ်လိုက်သည်။

“ရှင်တို့မျက်စိက တစ်ခုခုဖြစ်နေတာလား ..” ယုန်ဖြူလေးမှာ အပြောရဲဆုံးပင်။ “ဒီသေတ္တာအတွက်နဲ့ တစ်ဖက်လောကက စစ်တပ်ကြီးတွေလွှတ်ပြီး အဆင့်လွန်သက်ရှိတွေ အများကြီးကိုတောင် လွှတ်ခဲ့တာ .. ဒါတစ်ခုတည်းနဲ့ ဒီကိစ္စက ဘယ်လောက်ကြီးလဲဆိုတာ သက်သေပြနိုင်တယ် .. ကျွန်မတို့ အင်ပါယာဂိတ်ဘက်က အတော်ဆုံးလက်ရွေးစင်တွေ လွှတ်ပြီးတော့ ဒီသေတ္တာကို ပြန်ရဖို့အတွက် တိုက်ပွဲကြီးတစ်ခု တိုက်သင့်တာ .. ဒါပေမဲ့ ကျွန်မတို့ကလန်တွေ အထိနာမှာစိုးလို့ စီနီယာမုန့် တစ်ယောက်တည်း ဂိတ်ကနေထွက်သွားပြီးတော့ စွန့်စားခဲ့တယ် .. အဆင့်လွန်သက်ရှိတွေနဲ့ တစ်ယောက်တည်း တိုက်ခိုက်ခဲ့ရတယ် .. ဒါက အရမ်းကို ခမ်းနားတဲ့ပုံပြင်လေးဖြစ်ရမှာကို ရှင်တို့ပါးစပ်က ထွက်လာတော့ ဘာလို့ ဒီလောက်တောင် ချဉ်တူးသွားရတာလဲ .. ကျင်းကလန်က ကျင်းထိုက်ကျွင်း ဂိတ်ကနေ ထွက်မသွားတာက ထားလိုက်ပါတော့ … ရှင်တို့က တစ်ခြားသူတွေကို အပြစ်တင်ချင်နေသေးတယ် .. ဒါက ဘာကိုဆိုလိုချင်တာလဲ..”

ယုန်ဖြူလေး အော်ဟစ်လိုက်သည်။ လူငယ်များ အေးစက်သည့်အမူအရာများ ဖြစ်ပေါ်လာသည်မပြောနှင့် အခြားကလန်မှ အသက်ကြီးသည့်သူများပင်လျှင် မျက်မှောင်ကြုတ်လိုက်ကာ ကျင်းယီကိုကြည့်သည့်အမူအရာများလည်း ကောင်းမနေတော့ပေ။

“ဟက် ဟက်.. လူငယ်လေးတွေက အမြဲတမ်း သွေးဆူလွယ်တယ် .. ဒါက‌ ကောင်းတဲ့ကိစ္စပဲ..” ဝမ်မိသားစုမှ အကြီးအကဲတစ်ဦး ထွက်လာကာ ပြောလိုက်သည်။ သူသည် ကျင်းယီအတွက် ဖြေရှင်းပေးချင်နေခြင်းပင်။ “အစ်ကိုကျင်းက နည်းနည်းလေး စိုးရိမ်နေလို့ သူ့စကားလုံးတွေက နည်းနည်းလေး ပြင်းထန်သွားတာပါ .. အဓိကကတော့ သူက စီနီယာမုန့်ရဲ့လုံခြုံရေးကို စိတ်ပူလို့ပါ .. အဆင့်လွန်သက်ရှိတစ်ယောက်ကို ဆုံးရှုံးလိုက်ရရင် ဆုံးရှုံးမှု ကြီးမားသွားလိမ့်မယ် .. သူတို့တွေက အင်ပါယာဂိတ်ကိုကာကွယ်ပေးတဲ့ အဓိကအင်အားတွေပဲလေ..”

ဝမ်မိသားစု ဤကဲ့သို့ ပြောလိုက်သော်လည်း လူဘယ်နှယောက်ကများ သူ့ကို ယုံကြည်ကြမည်နည်း.. အဘယ်ကြောင့်ဆိုသော် သူတို့ ရှီဟောင်နှင့် မုန့်ထျန်းကျန်းအား မည်မျှမုန်းတီးသည်ကို အားလုံးသိနေပြီးသားပင်။

“ဟုတ်တယ် .. အစ်ကိုကျင်းက ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ပါ .. သူက စီနီယာမုန့်ရဲ့အခြေအနေကို စိတ်ပူလို့ စကားလုံးတွေက နည်းနည်းပြင်းထန်သွားတာပါ..” ကျင်းမိသားစု၏နောက်လိုက်တစ်ယောက်မှ ပြောလိုက်သည်။

ထိုအချိန်တွင် ကျင်းမိသား၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည့် လူလတ်ပိုင်းအမျိုးသားလည်း ရှီဟောင်ကိုကြည့်၍ ပြောလာသည်။ “လူငယ်လေး မင်းက တကယ်ကိုတည်ငြိမ်တာပဲ .. ဒီမှာရှိတဲ့လူတွေက နားလည်မှုလွဲလာကြပြီ .. မင်းကိုယ်တိုင်သာ စောစောလေးရှင်းပြလိုက်ရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး .. မင်းရဲ့အောင်မြင်မှုက အရမ်းကို ကြီးမားတယ်လို့ခံစားရပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေတာလား .. ငါတို့စကားတွေက မင်းအတွက်အရေးမပါတော့ဘူးလို့ ခံစားနေတာလား..”

ဤစကားများ ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်တိတ်တိတ်မနေတော့။ သူ ကျင်းမိသားစုကို အေးစက်စွာ ကြည့်လိုက်ကာ “အရှက်မရှိလိုက်တာ .. ကျုပ်က ခင်ဗျားတို့အားလုံးကို ရှင်းပြဖို့လိုသေးလို့လား .. ခင်ဗျားတို့အားလုံးက ကိုယ့်ကိုကိုယ် အမှားမရှိတဲ့သူလို့ ထင်နေတာလား..”

“မင်းက တကယ်ကို မောက်မာတာပဲ .. မင်းရဲ့အောင်မြင်မှုက ကြီးမားတယ်ဆိုတာနဲ့ပဲ ငါတို့ကို ဒီလိုမျိုးအထင်သေးရဲတာလား ..” ထိုလူလတ်ပိုင်းအမျိုးသားး ကျင်းခွန်မှ အော်ဟစ်လိုက်သည်။

သူသည်လည်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင်ကြံသူပင်။

ဘေးဘက်တွင်ရှိနေသည့် ကျင်းယီ မျက်နှာပျက်သွားကာ “လူငယ်လေး မင်း ဘယ်နေရာ၌ ရောက်နေပါစေ၊ ဘယ်လိုအောင်မြင်မှုပဲ ရနေပါစေ မင်းရဲ့စီနီယာတွေကိုတော့ လေးစားရမယ်..”

သူတို့သည် ကျင့်ကြံသူကြီးများဖြစ်ကြသကဲ့သို့ ကျင်းမိသားစုတွင် စွမ်းအားအကြီးဆုံးသူနှစ်ယောက်လည်းဖြစ်မည်မှာ သေချာသည်။ ထို့ကြောင့်သာ သူတို့ ရှီဟောင်ကို ပစ်မှတ်ထားရဲခြင်းပင်။

ကောင်းကင်သားရဲတောအုပ်၌ သူ့အား တိုက်ခိုက်ခဲ့သည့်သူများမှာ ကျင်းမိသားစုကများလားဟု ရှီဟောင် သံသယဝင်လာသည်။

အဘယ်ကြောင့်ဆိုသော် သူပြန်လာသည်နှင့် ကျင်းမိသားစု သူ့အား ဆိုးဆိုးရွားရွား ဆက်ဆံနေသည်ပင်။

“လူတစ်ယောက်က ကိုယ့်တန်ဖိုးကိုကိုယ်သတ်မှတ်ာ .. သူတို့ကိုယ်တိုင်က မျက်နှာသာမလိုချင်ဘူးဆိုရင် တစ်ခြားသူတွေက သူတို့ကို မျက်နှာသာပေးပါဦးမလား..” ရှီဟောင် အေးစက်စွာ ပြောလိုက်၏။

အားလုံးထိတ်လန့်သွားကြရသည်။ ချောင်ယုရှင်းနှင့် အခြားသူများပင် ရှီဟောင် ဤကဲ့သို့ ပြောလိမ့်မည်ဟု မထင်ထားကြ။ သူရင်ဆိုင်နေရသည့်သူများမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများဖြစ်သော်လည်း သူသည် ခေါင်းငုံ့မခံပင်။

တစ်ချိန်တည်းမှာပင် လူအချို့အပြေးလေး ရောက်လာကြသည်။ သူတို့သည် သတင်းများသယ်လာပေးသည့် လူငယ်လေးပင်။

“အခြေအနေ မကောင်းတော့ဘူး..” ချောင်ယုရှင်း လျှောက်လာကာ ရှီဟောင်ကို အင်္ကျီလက်ကိုဆွဲပြီး လျှို့ဝှက်အသံပို့လွှတ်လိုက်သည်။ “စီနီယာမုန့်ထျန်းကျန်း သီးသန့်ကျင့်ကြံနေတဲ့ နန်းတော်ကြီးအပြင်မှရှိတဲ့ ဝိညာဉ်မီးအိမ်ကတစ်ဖြည်းဖြည်းနဲ့ အရောင်မှိန်လာနေတယ် .. ကျင်းမိသားစု ဒီလောက်ရဲတင်းနေတာ အဲဒါကြောင့်မို့လို့လို့ ငါထင်တယ်..”

ရှီဟောင်စိတ်လေးလံသွားရသည်။ ထိုဝိညာဉ်မီးအိမ်ဆိုသည်မှာ အကြီးအကဲအရှင်၏ လက်ရှိအခြေအနေကို ဖော်ပြခြင်းပင်။

သို့သော် မကြာခင်မှာပင် သူပြန်လည်တည်ငြိမ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူထွက်မလာခင်က အကြီးအကဲအရှင်သည် သူအဆင်ပြေကြောင်း၊ သူပြောင်းလဲမှုတစ်ခု လုပ်ဖို့ကြိုးစားနေခြင်းဖြစ်ကြောင်း သူ့အားပြောခဲ့သည်ပင်။

ထိုအချိန်တွင် ကျင်းကျန်းလည်း ပြောလာသည်။ “ဟွမ် .. မင်းလွန်သွားပြီ .. အခု မင်းနဲစကားပြောနေတာ ဘယ်သူလဲသိလား..” ကျင်းကျန်း၏မျက်လုံးများ တောက်ပနေသည်။

ရှီဟောင် တစ်ဖက်လှည့်ကာ ကျင်းမိသားစု၏ အကောင်းဆုံးပါရမီများရှိပြီး ပြိုင်ဘက်ကင်းသည်ဆိုသည် ထိုဂျီးနီးယပ်စ်ကိုကြည့်လိုက်သည်။ “မင်း ဘယ်သူနဲ့စကားပြောနေသလဲဆိုတာ မင်းသိလား..” ရှီဟောင်သူ့ကိုကြည့်ပြီး အေးစက်စွာပင် ပြောလိုက်သည်။

အပိုင်း ၁၇၂၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၈ – ကောင်းကင်သားတော် ဖိနှိပ်ခံရခြင်း

အားလုံး၏ အမူအရာတောင့်သွားကာ လေထုမှာ ချက်ချင်းပင် တင်းမာသွားသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်သည် သတ္တိရှိရှိဖြင့်ပင် တူညီသည့်ခက်ထန်မှုဖြင့် ပြန်လည်တုံ့ပြန်နေသည်ပင်။ သူသည်ကျင်းမိသားစုအား နည်းနည်းလေးမှပင် ဂရုမစိုက်။

“လူငယ်လေး မင်းလွန်လွန်းသွားပြီ .. မင်းရဲ့စီနီယာတွေကို နည်းနည်းလေးတောင် မျက်နှာသာမပေးတော့ဘူးလား..” ထိုအချိန်တွင် ကျင်းမိသားစုနောက်လိုက်များမှ တစ်ယောက်ပြီးတစ်ယောက် ပြောလာသည်။

ကျင်းကျန်းမှာ ပို၍ပင် အမူအရာ ပြောင်းလဲသွားသည်။ သူသည် ပြိုင်ဘက်ကင်းသည်ဟု နာမည်ကြီးပြီး ကျင်းမိသားစုတွင် စွမ်းရည်အရှိဆုံးသူပင်။ သူနှင့်ယှဉ်ပြိုင်နိုင်သည့်သူ နည်းပါးလှသည်ပင်။ မည်သူကများ သူ့အား အထင်သေးရဲခဲ့သနည်း..

သို့သော်လည်း ယခုအချိန်တွင် ဟွမ်သည် သူ့အား မျက်လုံးထဲပင်မထည့်ပဲ စကားလုံးများဖြင့် ခြိမ်းခြောက်နေသည်ပင်။ သူ၏အမူအရာ ချက်ချင်းပင် အေးခဲသွားကာ ဆူပူလာလေ၏။ “ရဲတင်းလိုက်တာ..”

ဤစကားသံထွက်ပေါ်လာသည်နှင့် မုန်တိုင်းတိုက်ခတ်လာသကဲ့သို့ လေထုမှ အလွန်လေးလံလာသည်။

“မင်းလိုလူမျိုးကတောင် ငါ့ကိုဒီလိုစကားလုံးမျိုး ပြောရဲတာလား..” ရှီဟောင်သည် အလွန်တည်ငြိမ်နေသော်လည်း သူ၏လေသံမှာ မေးခွန်းထုတ်၍မရနိုင်လောက်အောင်ပင်။

“ငါ့စီနီယာတွေကို စော်ကားပြီးတော့ လေးစားမှုမရှိဲ့သူကို လူရမ်းကားလို့ခေါ်တော့ရော ဘာဖြစ်လဲ..” ကျင်းကျန်း ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့နှုတ်ခမ်းထက်၌ ခနဲ့ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူရှေ့သို့ လျှောက်လာသည်။ သူ၏ခြေလှမ်းများမှာ လေးလံလှပြီး မြေကြီးပင် တုန်ခါလာလေသည်။ လူများစွာကို စိတ်လေးလံသွားသည့် ခံစားချက်များလည်း ဖြစ်ပေါ်လာသည်ပင်။

ကျင်းကျန်း၏ နှိုင်းယှဉ်၍မရသည့်စွမ်းအားကို အားလုံး အာရုံခံမိလိုက်သည်ပင်။ အနည်းဆုံးတော့ လူငယ်မျိုးဆက်များထဲတွင် သူနှင့်ယှဉ်နိုင်သည့်သူ ရှားသည်ပင်။

“ငါ့ရှေ့မှာ ဆူဆူညံညံတွေ လာလုပ်နေတယ် .. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..” ရှီဟောင် အေးစက်စွာပြောလိုက်ပြီး သူ၏မျက်နှာထက်တွင် အထင်အမြင်သေးသည့်အမူအရာ အပြည့်ပင်။ သူ ကျင်းကျန်းကို တကယ်အလေးထားမနေပေ။

“ရဲတင်းလိုက်တာ..” ယခုတစ်ခေါက်တော့ ကျင်းကျန်းဒေါသထွက်လာသည်။ ဤစကားလုံးတစ်လုံးသာဖြစ်သော်လည်း အဓိပ္ပာယ်မတူတော့။ ယခုတစ်ခေါက်တွင် သူ ဖိအားတစ်ခုထုတ်ကာ ခြိမ်းခြောက်လိုက်သည်။ ယခုတစ်ခေါက် ‘ရဲတင်းလိုက်တာ’ ဆိုသည်မှာ ရှီဟောင် သူ့အား မလေးစားခြင်းအား ရည်ညွှန်းသည်ပင်။

“ဘာဖြစ်နေတာလဲ .. ကျင်းကျန်း အဆင့်တက်သွားပြီလား..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။

ဤသည်မှာ ဟင်းလင်းပြင်တာအိုနယ်ပယ်ကျင့်ကြံသူ၏အော်ရာမဟုတ်။ စွမ်းအားကြီးလွန်းလှသည်။

တစ်ချိန်တည်းမှာပင် ကျင်းမိသားစုမှ လူများမှာ ပြုံးလာကြလေ၏။ ကျင်းယီနှင့် ကျင်းခွန်အကြီးအကဲတို့၏ နှုတ်ခမ်းထက်၌ပင် တည်ငြိမ်သည့်အပြုံးတစ်ခု ရှိနေသည်ပင်။

ကျင်းကျန်း၏ပါရမီမှာ ထူးခြားလှပြီး အရေးကြီးသည့်အဆင့်ကို ဖြတ်ကျော်သွားပြီးဖြစ်ကြောင်း သူတို့သိသည်ပင်။ သူ့အသက်အရွယ်နှင့် လူငယ်မျိုးဆက်များကို တကယ် အထင်သေး၍ရသည်ပင်။

ထို့ကြောင့် သူတို့ စိုးရိမ်မနေခြင်းပင်။ ကျင်းကျန်းသာ ဤအခွင့်အရေးကို အသုံးချပြီး ရှီဟောင်ကို ရိုက်ချလိုက်လျှင် ဤသည်မှာ သေချာပေါက် အုတ်အော်သောင်းတင်းဖြစ်သွားမည်ဖြစ်ပြီး သူတို့အပျော်လွန်သွားလိမ့်မည်။

ဟွမ် အသက်ရှင်လျက်ပြန်လာကာ အားလုံး၏အာရုံမှာ သူ့ထံသို့ရောက်နေသောကြောင့် ကျင်းမိသားစုမှ ဤကဲ့သို့ လုပ်နေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ကျင်းကျန်းကို လူငယ်မျိုးဆက်၏ ခေါင်းဆောင်ဖြစ်စေချင်သည်။ သို့သော် ဟွမ်မှာ စွမ်းအားကြီးလွန်းနေပြီး လူအချို့သာ သူနှင့်ယှဉ်နိုင်သည်။

ထို့ကြောင့် ဤသည်မှာ အခွင့်အရေးတစ်ခုပင်။ ကျင်းကျန်းသာ သူ့အထက်နေနိုင်လျှင် လူငယ်မျိုးဆက်ထဲ၌ ပြိုင်ဘက်ကင်းသည့်သူဆိုသည့်နေရာကို ကျင်းကျန်း ရရှိသွားမည်ပင်။

သူတို့ အစောကြီးကတည်းက ဤအစီအစဉ်ကို ပြုလုပ်ခဲ့ကြခြင်းပင်။

သို့သော် ယခုအချိန်တွင် လုပ်ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့။ လေထုမှာ တင်းမာနေသောကြောင့် ကျင်းကျန်းကို တိုက်ခိုက်ခွင့်ပြုလိုက်သင့်သည်ဟု သူတို့ခံစားနေရသည်ပင်။

“ရဲတင်းတယ်ဆိုတဲ့စကားလုံးကို ငါ့ကိုလာပြောရအောင် မင်းက ဘာမှမဟုတ်သေးဘူး.. မင်းနဲ့မထိုက်တန်သေးဘူး..” ထိုအချိန်တွင် ရှီဟောင်၏အမူအရာမှာ ပို၍ကျောချမ်းစရာကောင်းလာသည်။

ထို့အပြင် ထိုအချိန်တွင် သူအင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် ဝုန်းဟူသည့်အသံနှင့်အတူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး အက်ကွဲသွားလေသည်။

သဲနှင့်ဖုန်မှုန့်များ နေရာအနှံ့သို့ လွင့်စင်လာကာ လေဟာနယ်လည်း အက်ကွဲလာသည်။

အနည်းငယ်မျှ ဂရုမစိုက်သည့်ပုံဖြင့် ရှေ့ဆက်လျှောက်လာနေသည့် ကျင်းကျန်း၏ခြေလှမ်းများ မတည်မငြိမ်ဖြစ်လာကာ နောက်ယိုင်လာသည်။ သူသည် မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်။

သူ ဆက်တိုက်နောက်ဆုတ်နေရပြီး နောက်ပြန်လွင့်လုနီးပါးပင်။ သူအတော်ဝေးဝေးထိ နောက်ပြန်ဆုတ်လိုက်ရပြီး မြေပြင်ထက်၌ ခြေရာများထင်ကျန်ခဲ့သည်။

ဝမ်ရှီးအမြန်လျှောက်လာကာ သူ့အား တွဲပေးလိုက်သည်။ သူမအလွန်ထိတ်လန့်သွားကာ လှပသည့်မျက်ဝန်းများဖြင့် ကျင်းကျန်းအား တစ်ချက်ကြည့်လာသည်။ ထို့နောက် မလှုပ်မယှက်ရပ်နေနေသည့် နတ်ဆိုးနတ်ဘုရားနှင့်တူသည့် ဟွမ်အားကြည့်လိုက်သည်။

အခြားသူများလည်း အလွန်ထိတ်လန့်ကာ ဖြူဖျော့သွားကြသည်။ ကျင်းကျန်းက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သကဲ . .ဒါပေမဲ့ နောက်ဆုံးတော့ ဟွမ်အင်္ကျီတစ်ချက် လွှဲရမ်းလိုက်တာနဲ့ သူနောက်ပြန်ဆုတ်လာလိုက်ရတာလား.. ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလွန်းလှသည်။

ကျင်းမိသားစုမှ လူများမှာ နှလုံးခုန်နှုန်းများ မြန်ဆန်လာကာ ရှီဟောင်ကို သေမလိုစိုက်ကြည့်နေကြသည်။

ဝမ်မိသားစုနှင့် အခြားကျင့်ကြံသူများကတော့ ပြောစရာပင်မလိုတော့။ သူတို့အားလုံး အလွန်ထိတ်လန့်နေကြသည်။

ဖုန်း..

ကျင်းကျန်း ဝမ်ရှီးကို လွှတ်ခိုင်းလိုက်သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် ရှီဟောင်အားစိုက်ကြည့်လာသည်။ ထို့နောက် ရုတ်တရက် ကြောက်စရာကောင်းသည့်စွမ်းအားများ ထွက်ပေါ်လာကာ သူ၏စစ်ပွဲချပ်ဝတ်တန်ဆာလည်း တောက်ပလာသည်။

“ထင်ထားတဲ့အတိုင်းပဲ .. သူရဲ့ကျင့်ကြံဆင့်က ကိုယ်တိုင်ခစားခြင်းနယ်ပယ်ပဲ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်စွာ ပြောလိုက်သည်။

ယခု ကျင်းကျန်း သူ၏ကျင့်ကြံဆင့်ခွန်အားကို အပြည့်အဝ ထုတ်ပြနေလေပြီ။

သူ့အသက်အရွယ်နှင့် ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ ရောက်ခြင်းမှာ ရှေးခေတ်ကတည်းက ရှားပါးလှသည်။

“ဟွမ် .. ငါမင်းနဲ့တိုက်ချင်နေတာ ကြာလှပြီ .. ရက်သတ်မှတ်ထားပြီးတိုက်တာက အခုချက်ချင်းတိုက်တာလောက် ကောင်းမှာမဟုတ်ဘူး .. ဒီနေ့ပဲ ရှင်းကြတာပေါ့..” ကျင်းကျန်း အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် သူ့ဆံပင်များလွင့်ပျံလာကာ တစ်ကိုယ်လုံးကို တောက်ပလာကာ နတ်အလင်းကွင်းတစ်ခုလည်း သူ့အား ဝန်းရံလာသည်။

သူ၏အော်ရာမှာ စွမ်းအားကြီးလှပြီး လူငယ်မျိုးဆက်များထဲ၌ ထူးခြားလှသည်ပင်။

ယခု သူ ဟွမ်အား တရားဝင်စိန်ခေါ်လိုက်လေပြီ။

သူသည် ဟင်းလင်းပြင်တာအိုနယ်ပယ်ကတည်းက ရှီဟောင်နှင့် တိုက်ခိုက်လိုခြင်းပင်။ သို့သော် သူ့ကလန်သားများ သူ့အား တားဆီးခဲ့ကြသည်ပင်။

ယခု သူ အသက်ငယ်ငယ်နှင့် ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ ရောက်နေပြီဖြစ်သောကြောင့် သူယုံကြည်ချက်ပိုတိုးလာပြီဖြစ်သည်။

လူအချို့ စိုးရိမ်သည့်အမူအရာဖြစ်လာကာ ရှီဟောင်အတွက် စိုးရိမ်လာကြသည်။ ဥပမာအားဖြင့် ချန်ကုန်းယန်နှင့် အခြားသူများပင်။ ရှီဟောင် ရန်သူအချို့ကို သတ်ခဲ့ကြောင်း ရှီဟောင်ပြောသည်ကို ကြားလိုက်ကြသော်လည်း သူ တစ်ဖက်လောကမှ လူငယ်မျိုးဆက်များကို ဖမ်းဆီးသတ်ဖြတ်သည်ကိုသာ နားထောင်ခဲ့ရခြင်းပင်။ သူ ကောင်းကင်သားရဲတောအုပ်၌ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ အဆင့်တက်ပြီး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများအား သတ်ခဲ့သည့်အပိုင်းကို သူတို့နားမထောင်ရသေး။

ထို့ကြောင့် ချင်းယီနှင့်အခြားသူများ အမူအရာ ပြောင်းလဲသွားကာ သူ့အား တားဆီးချင်နေကြခြင်းပင်။

သို့သော်လည်း ရှီဟောင်လက်မြှောက်ကာ သူတို့ကို တားဆီးလိုက်သည်။ သူသည် အလွန်တည်ငြိမ်နေဆဲဖြစ်ပြီး နည်းနည်းလေးမှပင် စိုးရိမ်စိတ်မရှိ။

“မင်းကအားနည်းလွန်းတယ် .. မင်းက ငါ့ကို ဒီလိုမျိုးတောင် စိန်ခေါ်ရဲတာလား .. မင်းမှာ အရည်အချင်းမရှိသေးဘူး..” သူ ဤကဲ့သို့သော စကားမျိုးပြောလိုက်၏။

ဤစကားသံထွက်လာသည်နှင့် ဤနေရာ တိတ်ကျသွားသည်။ အားလုံး သူ့အား ထိတ်လန့်တကြား ကြည့်လာကြလေ၏။

ဝမ်ရှီးလည်းထိတ်လန့်သည့်အမူရာဖြစ်သွားကာ ဤသည်ကို မယုံကြည်ရဲ။ ဟွမ်က ကျင်းကျန်းကို တကယ်နိုင်,နိုင်တာလား..

သူ့စကားကိုကြားလိုက်ရသည်နှင့် စိန်ခေါ်ခဲ့သည့် ကျင်းကျန်း၏အမူအရာ အေးစက်သွားသည်။ သူ၏မျက်ဝန်းမှ ထွက်လာသည့်အလင်းများမှာ ဓားသွားများကဲ့သို့ပင်။ ထို့နောက် ကောင်းကင်ကိုထိုးဖောက်သွားသည့် အလင်းတန်းကြီး ထွက်ပေါ်လာသည်။

သူ့ဘေးနားပတ်လည်တွင်ရှိနေသည့် အလင်းကွင်းမှာ ကြီးမားလှသည်။ သူ၏အော်ရာမှာ ချက်ချင်းပင် အမြင့်ဆုံးသို့ ရောက်သွားသည်။ သူသည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏ ဦးဆုံးအဆင့်တွင် အမြင့်ဆုံးသို့ ရောက်သွားလေပြီ။

“ဟွမ် .. မင်းက အရမ်းကို မောက်မာနေတာပဲ .. ဒီနေ့ ငါမင်းကို သင်ခန်းစာတစ်ခု သင်ပေးမယ် .. မင်းကို အားလုံးရှေ့မှာ ဖိနှိပ်ပြမယ်..” သူ အေးစက်စွာ ပြောလိုက်သည်။

ကျင်းကျန်းမှာ တကယ်ကို အတော်လေး အားကောင်းလှသည်ပင်။ သူသည် ယခုမှ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သာရှိသေးသော်လည်း သူထုတ်လွှတ်သည့်စွမ်းအားမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏ နောက်ပိုင်းအဆင့်သို့ ရောက်နေသည့်သူများကိုပင် တုန်လှုပ်သွားစေကာ သူတို့ကိုယ်သူတို့ သူ့ပြိုင်ဘက်ဖြစ်နိုင်ရဲ့လားဟု မေးနေကြလေသည်။

“သတိထား..”

ချောင်ယုရှင်းနှင့်အခြားသူများ ရှီဟောင်ကို သတိပေးလာကြသည်။

အဘယ်ကြောင့်ဆိုသော် သူသည် အလွန်အေးဆေးနေပြီး သူ့ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခြင်းပင်မရှိ။ သူထိုနေရာ၌ရပ်နေသည်မှာ တိုက်ပွဲတိုက်မည့်သူနှင့်မတူ။

ဝုန်း..

ကျင်းကျန်း လှုပ်ရှားလိုက်သည်။ သူ၏ညာလက်တွင် ဓားပညာတစ်ခုဖြစ်ပေါ်လာကာ တောက်ပသည့်ဓားအလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ထိုဓားသည် ကောင်းကင်ကိုထိုးဖောက်ကာ ရှီဟောင်ထံသို့ ဦးတည်သွားလေ၏။

သို့သော် လူငယ်မျိုးဆက်များကို ခြိမ်းခြောက်နိုင်သည့် ကြောက်စရာကောင်းသည့်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ရှီဟောင် အလွန်တည်ငြိမ်နေသည်။ သူသည် လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အရှေ့ဘက်သို့ ဖိချလိုက်သည်။

တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးထဲက ပထမဆုံးပုံစံ..

ဤတိုက်ခိုက်မှုမှာ အတော်လေး သာမန်ဆန်ကာ ရိုးရှင်းသည့်ပုံပေါ်သည်။ အစပိုင်းတွင် နတ်ခွန်အားများ ထွက်ပေါ်လာခြင်းမရှိ။ ရိုးရှင်းကာ ရှေးကျသည့် ရှေးဟောင်းတာအိုသာ ပျံ့လွင့်လာသည်။ သို့သော် နောက်ပိုင်းမှ စွမ်းအားများ ထွက်ပေါ်လာလေသည်။

ထိုတောက်ပသည့်ဓားအလင်းတန်း ရောက်လာသည်နှင့် ရှီဟောင်၏ခန္ဓာကိုယ်တောက်ပလာကာ သူ၏ဦးခေါင်းထက်၌ တောက်ပသည့်နတ်အလင်းကွင်းထွက်ပေါ်လာ၏။ ဤသည်မှာ စစ်ဗုဒ္ဓတစ်ပါး ပြန်လည်ရှင်သန်လာသလိုပင်။ သူ၏အော်ရာမှာ ကြောက်စရာကောင်းလှသည်။

ဝုန်း..

ရှီဟောင် တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးထဲမှ ပထမပုံစံကိုအသုံးပြုကာ ထိုဓားအလင်းကို ဖိနှိပ်လိုက်သည်။ တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးဆိုသည်မှာ လူတစ်ယောက်၏ အားနည်းချက်ကို ရှာဖွေသည့်ပညာဖြစ်ပြီး သူ၏တိုက်ခိုက်မှုများမှာ ထိရောက်မှုရှိကာ ကြောက်စရာကောင်းလှသည်။

ထို့နောက် အခြားပုံစံတစ်ခုမှ ခွန်အားများ ပြသလာကာ ကြောက်စရာကောင်းသည့် နတ်အလင်းလှိုင်းတစ်ခု ပြုလုပ်လာသည်။

ဖုန်းဟူသည့်အသံနှင့်အတူ ကျင်းကျန်းလွင့်ထွက်သွားကာ သွေးအန်သွားလေသည်။ သူ၏တောက်ပသည့် စစ်အဝတ်အစားများ ပေါက်ကွဲသွားကာ သူလည်း သွေးအိုင်ထဲသို့ လဲကျသွားသည်။ သူပြင်းထန်စွာဒဏ်ရာရရှိသွားလေပြီ။

ပုံစံတစ်မျိုးသာဖြစ်သော်လည်း ကျင်းကျန်းကို ဖိနှိပ်ရန် လုံလောက်သည်ပင်။

အားလုံး ဆွံ့အသွားကာ ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ မည်သူမှ စကားမပြောနိုင်တော့။

ကျင်းကျန်းမိသားစုမှ လူများ ထိတ်လန့်သွားကာ ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေကြသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဟွမ်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. သူက ကျင်းကျန်းကို တစ်ချက်တည်းနဲ့အနိုင်ယူလိုက်တာ .. ဤသည်မှာ အားလုံးကို ငေးကြောင်သွားစေပြီး အချိန်အတော်ကြာသည်အထိ စကားသံထွက်မလာကြတော့။

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နေတာလဲ..” ကျင်းမိသားစုမှလူများ အော်ဟစ်လိုက်ကြသည်။

အချို့သူများမှာ အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်နေကြဆဲပင်။

“အားကောင်းလိုက်တာ .. ဟွမ်က ကောင်းကင်ကိုတွန်းလှန်နိုင်တဲ့ ကျင်းကျန်းကို တကယ်ကို တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်လိုက်တာ.. ဒါက တကယ်ကို မယုံနိုင်စရာပဲ..”

အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ချောင်ယုရှင်း၊ ချင်းယီနှင့် အခြားသူများမှာ ပျော်ရွှင်သွားကြသည်ပင်။ ဤမျှ လွယ်လွယ်ကူကူဖြင့် အနိုင်ရလိမ့်မည်ဟု သူတို့မထင်ထားကြ။

“ကိုယ်တိုင်ခစားခြင်းနယ်ပယ် .. အလယ်ဆင့်..” ကျင်းကျန်းသွေးအန်ကာ ပြောလိုက်သည်။

ဤနေရာ၌ ရှိနေသည့် ကျင့်ကြံသူများ ထပ်မံထိတ်လန့်သွားရသည်။ ဟွမ်က ဒီလောက်ငယ်ငယ်လေးပဲရှိသေးတာကို ကိုယ်တိုင်ခစားခြင်းနယ်ပယ်ရဲ့ အလယ်ဆင့်တောင် ရောက်နေပြီလား .. ဤသည်မှာ ယုံကြည်နိုင်ရန် တကယ်ကို ခက်ခဲလှသည်။

သူ ကျင်းကျန်းကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သည်မှာ အံ့ဩစရာမရှိတော့။ ဤသည်မှာ သူ့ပညာများ နက်နဲနေခြင်းမဟုတ်ပဲ သူ၏ကျင့်ကြံဆင့်အသာစီးရနေခြင်းပင်။

ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ.. ဟွမ်သည် ကျင်းကျန်းထက် နှစ်အနည်းငယ်သည်ပင်။ ဤအသက်အရွယ်ဖြင့် သူ့ရှေ့၌ မည်သူမှ မရှိသကဲ့သို့ပင်။ အနည်းဆုံးတော့ ဤခေတ်တွင် သူ့အသက်အရွယ်၌ သူ့ရှေ့ရောက်နေသည့်သူမရှိ။

ဝမ်ရှီး၏လှပသည့်မျက်နှာလေး ရှုပ်ထွေးသွားသည်။ သူမ ရှီဟောင်ကိုကြည့်ကာ အလွန်ထိတ်လန့်သွားရသည်။ သူ ဤမျှစွမ်းအားကြီးနေလိမ့်မည်ဟု သူမ မထင်ထားခဲ့။

အပိုင်း ၁၇၂၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၉ – မကြုံစဖူး

ကိုယ်တိုင်ခစားခြင်းနယ်ပယ် အလယ်ဆင့်..

ကျင်းကျန်း သူ့ကိုယ်သူ ပြောလိုက်သည်။ ဤနေရာတွင်ရှိနေသည့်သူအားလုံး မျက်လုံးများ ပြူးကျယ်လာကြကာ သူတို့ကြားလိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။

ဟွမ်က အသက်ဘယ်လောက်ရှိသေးလို့လဲ .. သူက ၂၅-၂၆ လောက်ပဲရှိသေးတာကို ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကို ရောက်နေပြီ .. ပြီးတော့ အလယ်ဆင့်..

ဒီလိုအောင်မြင်မှုမျိုးက အရင်တုန်းက မရှိဖူးဘူးမလား..

အရိုးစာအုပ်များအရဆိုလျှင် အငယ်ဆုံး ကိုယ်တိုင်ခစားခြင်းနယ်ပယ်သည် အသက် ၃၀ နားကပ်နေသည်ပင်။ သို့သော် ဟွမ်ကတော့ နှစ်အနည်းငယ်ပင် စောနေသေးသည်။

သိပ်မကြာသေးခင်က သူ ဟင်းလင်းပြင်တာအိုနယ်ပယ်သာရှိနေသေးသော်လည်း ယခု ကိုယ်တိုင်ခစားခြင်းနယ်ပယ်အလယ်ဆင့်သို့ ချက်ချင်းရောက်သွားလေပြီ။ ဤအရှိန်မှာ လျင်မြန်လွန်းလှသည်ပင်။

ယခင်ကတည်းက ယခုအချိန်ထိ လူငယ်မျိုးဆက်ထဲတွင် ဘယ်နှယောက်ကများ ဤကဲ့သို့ လုပ်နိုင်သနည်း..

အနည်းဆုံးတော့ ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏ အလယ်ဆင့် တစ်ယောက်မှမရှိ။ အစပိုင်းအဆင့်ကတော့ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်ခန့်ရှိနိုင်သည်။ ထို့အပြင် ထိုသူများအားလုံးမှာ ယခုမှ အဆင့်တက်ပြီးခါစပင်။

သို့သော်လည်း ထိုသူအားလုံးမှာ ဟွမ်ထက် အနည်းငယ်ကြီးပြီး သုံးဆယ်နားကပ်နေကြလေပြီ။

အများစုမှာ အချိန်အတော်ကြာသည်အထိ ဘာမှမပြောနိုင်တော့ပဲ ရှီဟောင်အား မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေကြသည်။

ခဏကြာပြီးနောက် လူအချို့တည်ငြိမ်သွားကြသည်ပင်။ ယနေ့မှစ၍ လူငယ်မျိုးဆက်ထဲတွင် ဟွမ်နှင့်ယှဉ်နိုင်သည့်သူ ရှိလာတော့မည်မဟုတ်ကြောင်း သူတို့ရှင်းရှင်းလင်းလင်း သိသွားကြသည်ပင်။

ယနေ့မှစ၍ ဟွမ်၏ပြိင်ဘက်များမှာ အသက်ကြီးသည့်မျိုးဆက်များဖြစ်လိမ့်မည်။

ဤရလဒ်ကို စဉ်းစာမိသွားသည်နှင့် အသက်ကြီးသည့်မျိုးဆက်များပင် ထိတ်လန့်သွားခဲ့ကြရသည်။

သူတို့ပျော်ရမလား၊ သက်ပြင်းချရမလားပင်မသိတော့။

“သမိုင်းတစ်လျှောက်မှာ အသက် ၂၅-၂၆ လောက်နဲ့ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ရောက်တဲ့သူ ဘယ်သူမှမရှိသေးဘူး..”

အကြီးအကဲတစ်ဦး သက်ပြင်းချ၍ ပြောလိုက်သည်။ သူ ရှီဟောင်ကို ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်လုံးများ တောက်ပနေသည်။ သူ ဟွမ်ကို သူ့မိသားစုထဲသို့ ဆွဲခေါ်ချင်မိသည်ပင်။

“သူ့ရှေ့မှာ ဘယ်သူမှ မရှိဘူး .. သူ့ ရှေ့ဆုံးမှာပဲ..”အင်ပါယာဂိတ်မှ သက်ရှည်မိသားစုပင် အံ့အားတကြီး သက်ပြင်းချလိုက်သည်။

ယခုအချိန်တွင် ဝမ်မိသားစုမှလူများမှာ ခံစားချက်များ ရှုပ်ထွေးနေကြသည်။ သူတို့ ထိတ်လန့်နေကြသလို စိုးလည်းစိုးရိမ်နေကြသည်။ ဟွမ်၏ အရွယ်ရောက်သည့်နှုန်းမှာ လျင်မြန်လှသောကြောင့် သူတို့ကို အနည်းငယ် မသက်မသာခံစားရစေသည်။

ထာဝရဝမ်မှ သူတို့ကလန်ကို စောင့်ရှောက်နေသောကြောင့်သာမဟုတ်ပါက သူတို့ တကယ်ကို အနည်းငယ် ကြောက်ရွံ့မိလိမ့်မည်ပင်။

ကျင်းမိသားစုအတွက်မူ ယခုအချိန်တွင် သူတို့အမုန်းတရားသာ ခံစားရသည်။ သူတို့ ကျင်းကျန်းကို လူငယ်မျိုးဆက်ခေါင်းဆောင်ဖြစ်စေချင်သော်လည်း ယခုတော့ ဤကဲ့သို့ ရှုံးနိမ့်သွားလေပြီ။

မင်းသမီးယောင်ယွဲ့ ရယ်မောလိုက်ကာ ကျင်းကျန်းနှင့်ဝမ်းရှီးတို့ကိုကြည့်ပြီး မေးငေါ့ပြလိုက်လေ၏။ သူမ အလွန်ပျော်ရွှင်နေသည်ပင်။

“ဟားဟား .. ဒါက တကယ်ကို အံ့အားသင့်စေတာပဲ .. ခွေးကောင်ရှီ .. နင် အင်ပါယာဂိတ်အပြင်ဘက်မှာ ပစ္စည်းကောင်းလေးတွေနဲ့တွေ့ခဲ့တာလို့တော့ ငါ့ကိုမပြောနဲ့နော် .. နင်က ဘယ်လိုလုပ် ရုတ်တရက်ကြီး အသက်ဓာတ်တွေ ပြည့်ဝနေတာလဲ..” ယုန်ဖြူလေး ရယ်မောကာ ပြောလိုက်သည်။

ချင်းယီ၊ ချန်ကုန်းယန်နှင့် အခြားသူများလည်း ပျော်ရွှင်နေကြသည်ပင်။ ဤရလဒ်မှာ ယုံကြည်နိုင်ရန် အနည်းငယ် ခက်ခဲနေသည်။ သူတို့စိုးရိမ်နေခဲ့ကြပြီး ရှီဟောင် ဤမျှလွယ်လွယ်ကူကူအနိုင်ရလိမ့်မည်ဟု မထင်ထားခဲ့ကြ။

“ဒီကောင်က အမြဲတမ်းမောက်မာနေတာ .. ဒါပေမဲ့ တစ်ချက်တောင် အရိုက်မခံနိုင်ဘူး..” ပုရွက်ဆိတ်လေး ရေရွတ်လိုက်သည်။

မည်သူမှ သိပ်ပြီး သဘောမတူရဲသလို မရယ်ရဲကြ။ ကျင်းကျန်းမှာ တကယ်ကို အားမနည်း။ အခြားသူတစ်ယောက်သာ သူနှင့်တိုက်ပါက မည်သူအနိုင်ရမည်နည်း.. သူ ဟွမ်နှင့်တွေ့သောကြောင့် ဤကဲ့သို့သော ရလဒ်မျိုးထွက်လာခြင်းပင်။

ဤနေရာမှာ ယာယီအားဖြင့် မတည်ငြိမ်နိုင်တော့။ အားလုံး ရှီဟောင်ကို တောက်ပနေသည့်မျက်လုံးများဖြင့် ကြည့်နေကြလေ၏။

သို့သော် ချန်ကုန်းယန်သည် ခေါင်းခါလိုက်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။ “ဟူး .. ဒါက တကယ်ကို အထီးကျန်ရတဲ့လမ်းပဲ .. မင်းတို့အားလုံး နားမလည်ကြဘူး..”

“နင်ဘာတွေ လျှောက်ပြောနေတာလဲ..” ယုန်ဖြူလေး မကျေမနပ်ပြောလိုက်သည်။

“ငါ့ဆရာ ဝမ်းနည်းတုန်းက ပြောတဲ့စကားတစ်ချို့ကို ပြန်စဉ်းစားမိသွားတယ်..” ချောင်ယုရှင်း ပြောလိုက်သည်။

“နင့်ရဲ့ အဲဒီဆရာက မယုံကြည်ရပါဘူး .. အမြဲတမ်း နင့်ကို တစ်ယောက်ယောက်က မြေမြှုပ်လိမ့်မယ်လို့ပဲပြောနေတာ .. နင် ဒါကို တကယ်ယုံတာလား..” ယုန်ဖြူလေး ပြူးကျယ်နေသည့်မျက်ဝန်းများဖြင့်မေးလိုက်သည်။

ချောင်ယုရှင်း ဘာမှပြန်မဖြေ။ သူသည် အနည်းငယ် စိတ်လွတ်နေသည့်ပုံဖြင့် သူ့ကိုယ်သူ ရေရွတ်နေလေသည်။ “ရှေ့ဆက်သွားရမယ့်လမ်းက တစ်ယောက်တည်းသွားရမှာ .. တိတ်တိတ်ဆိတ်ဆိတ်နဲ့တိုက်ခိုက်ပြီးတော့ နေနေရမှာ..”

“မင်းဘာတွေ ပြောနေတာလဲ .. အဓိပ္ပာယ်မရှိတာတွေ..” ပုရွက်ဆိတ်လေး ပြောလိုက်ခြင်းပင်။

“မင်းတို့ငါပြောတာကို အမှိုက်လို့ သဘောထားလိုက်လို့ရတယ် .. နောက်နှစ်ပေါင်းများစွာ ကြာလာတဲ့အချိန်၊ လူတစ်ချို့ ဒါမှမဟုတ် အချိန်တစ်ချို့အတွက် အခြေအနေတွေက သူ့အလိုလိုပေါ်လာလိမ့်မယ်..”

ထိုအချိန်တွင် ကျင်းကျန်း မတ်တပ်ထရပ်လိုက်ကာ သူ့နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်လိုက်ပြီး ရှီဟောင်အား စိုက်ကြည့်လာသည်။ သူ ဤရလဒ်ကို လက်မခံနိုင်။

“ငါဒါကို လက်မခံနိုင်ဘူး .. ငါမင်းကို စိန်ခေါ်ချင်သေးတယ်..” ကျင်းကျန်းမျက်ဝန်းမှ တောက်ပသည့်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ သူဝတ်ထားသည့် ချပ်ဝတ်တန်ဆာ စုတ်ပြတ်သွားပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံးမှ တောက်ပသည့်နတ်မီးတောက်များ ထွက်ပေါ်လာလေ၏။

သူ၏ တိုက်ပွဲအငွေ့အသက်ကို လောင်ကျွမ်းစေလိုက်ပြီး သူ၏ခွန်အားကို တိုးမြှင့်လိုက်သည်။ ရှီဟောင်နှင့် သူသေကိုယ်သေတိုက်ရန်အတွက် သူ၏တာအိုရင်းမြစ်ကိုပင် လောင်ကျွမ်းစေသည်အထိပင်။

“မင်း တိုက်လို့မရဘူး..” သူသေသွားမည်စိုးသောကြောင့် ကျင်းမိသားစုမှလူများ အော်ဟစ်ကာ သူ့အား တားဆီးလာကြသည်။

အဘယ်ကြောင့်ဆိုသော် ဟွမ်သည် နူးညံ့သည့်သူမဟုတ်မှန်း သူတို့သိသည်ပင်။ သူ ကျင်းမိသားစုကို အမြင်မကြည်သောကြောင့် ကျင်းကျန်းအား သေသည်အထိ လုပ်နိုင်သည်ပင်။

“မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ အဝေးကြီးလိုသေးတယ်လို့ ငါပြောပြီးပြီ .. မင်း ငါ့ကိုစိန်ခေါ်ရလောက်အောင် အရည်အချင်းမရှိသေးဘူး..” ရှီဟောင် အညှာအတာမဲ့စွာပင် ပြောလိုက်သည်။

ကျင်းကျန်း၏မျက်နှာမှာ ဖြူတစ်လှည့်၊ စိမ်းတစ်လှည့်ဖြစ်လာသည်။ သူသည် အစောလေးကတင် ရှီဟောင်ကို ရဲတင်းသည်ဟု ဆူပူခဲ့သည်။ သို့သော်လည်း ယခုတော့တစ်ဖက်လူမှ သူ့အား ဤကဲ့သို့ အထင်သေးလာသည်။ သူ့ကို စိန်ခေါ်ရန် အရည်အချင်းမပြည့်မှီဘူးဟု ပြောလာသည်။ သူ တကယ်ကို အော်ဟစ်ပစ်လိုက်ချင်သည်။

“ကျွန်တော်တိုက်ချင်တယ်..”ကျင်းကျန်း မကျေမနပ်ပြောလိုက်သည်။

“ဒီကောင်က သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို မသိဘူးပဲ .. မင်းသူ့ကို ရှင်းပစ်လိုက်တော့..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး အလွန်ပြင်းထန်စွာ ပြောလိုက်သည်။

ကျင်းမိသားစုမှလူများ၏မျက်နှာများ အစိမ်းရောင်ပြောင်းသွားကြလေ၏။ သူတို့ ထိုပုရွက်ဆိတ်လေးကို မြိုချပစ်လိုက်ချင်သည်အထိပင်။

ရုတ်တရက် ရှီဟောင် ရွှေရောင်ခြင်္သေ့ကိုပုတ်လိုက်ကာ “သွား .. သူ့ကိုသွားရှင်းလိုက်ဦး .. ဘေးကနေပဲ ကြည့်မနေနဲ့..”

“မင်း..”

ကျင်းကျန်း ဒေါသထွက်သွားကာ အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤသည်မှာ ရှီဟောင်ဖမ်းထားသည့် စီးတော်ယာဉ်သာ။ သူက ဒီသားရဲကို တိုက်ခိုင်းနေတာလား..

တစ်ချိန်တည်းမှာပင် ရွှေရောင်ခြင်္သေ့ အော်ဟစ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ဒေါသများ ပြည့်နှက်သွားသည်။ သူ၏သွေးမျိုးဆက်မှာ အလွန်မြင့်မြတ်သော်လည်း ယခုတော့ ဤကဲ့သို့ အလုပ်လုပ်နေရသည်။ သူ ဤသည်ကို လက်မခံနိုင်။

“မင်းဘာတွေ အော်ဟစ်နေတာလဲ .. ငါ ခြင်္သေ့ခေါင်းဟင်းရည်သောက်ချင်နေတာနော် .. မင်း အစားမခံချင်ရင် လိမ်လိမ်မာမာနေ၊ စကားနားထောင်..” ရှီဟောင် ဆူပူလိုက်သည်။

လူအုပ်ကြီးမှာ ငေးကြောင်ကြည့်နေကြသည်။ သူတို့ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိတော့။

သူတို့အမြင်တွင် ကျင်းကျန်းမှာ အလွန်ကံဆိုးလွန်းသွားသည်ပင်။ သူသည် သူ့ထက်ပိုလွှမ်းမိုးနိုင်သည့် ဟွမ်နှင့်တွေ့သွားခဲ့ခြင်းပင်။ တစ်ဖက်လူသည် သူနှင့်တိုက်ခိုက်ရန်အတွက် စီးတော်ယာဉ်ကို တကယ်လွှတ်လိုက်သည်ပင်။

သို့သော် ရင်တုန်သွားသည့်သူများ ပိုများသည်ပင်။ ဤသည်မှာ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့၏မျိုးဆက်ဖြစ်သည့်အပြင် သူ၏ဘိုးဘေးခြေရာနင်းနိုင်သည့်သူပင်။ ဤသည်မှာ သူမည်မျှမြင့်မြတ်ကာ စွမ်းအားကြီးကြောင်း ဖော်ပြနေခြင်းပင်။ သို့သော် ဤကဲ့သို့သော သတ္တဝါမျိုးကို ဟွမ် စီးတော်ယာဉ်အဖြစ် သိမ်းပိုက်ထားသည်ပင်။

“မင်း တစ်ခြားသူတွေကို အနိုင်ကျင့်လွန်းတယ်..” ကျင်းမိသားစုမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

ကျင်းယီနှင့် ကျင်းခွန်တို့ပင် မျက်နှာပျက်သွားကာ ရှီဟောင်အား အေးစက်စွာ ကြည့်လာကြသည်။

“ရှင်တို့က ဘာတွေ လာကြည့်နေတာလဲ .. ရှင်တို့တွေက အရမ်းကို အဆင့်မြင့်ပြီးတော့ ခွန်အားကြီးနေလို့ ကျွန်မတို့ကို အရင်ရန်လာစတာမဟုတ်ဘူးလား .. အထူးသဖြင့် အဲဒီကျင်းကျန်း .. ရှင့်ကိုယ်ရှင် မျိုးဆက်တစ်ခုရဲ့ ကောင်းကင်သားတော်လို့ထင်နေတာလား .. ဟွမ်ကို လူရမ်းကားလို့ လာပြောနေသေးတယ် .. နောက်ဆုံးတော့ ကိုယ့်အရှက်ကိုယ်ခွဲလိုက်တာထက် မပိုဘူးပဲ..” ယုန်ဖြူလေး သူ့အား‌ လှောင်ပြောင်လိုက်သည်။

“မင်းနောက်တစ်ခေါက် တိုက်ရဲသေးလား..” ကျင်းကျန်း ရှီဟောင်အား စိုက်ကြည့်လိုက်သည်။

“မင်းအလှည့်..” ရှီဟောင် ရွှေရောင်ခြင်္သေ့ခေါင်းကို ပုတ်ပြီး သွားတိုက်ခိုက်ခိုင်းလိုက်သည်။

“ဝေါင်း..” နောက်ဆုံးတွင် ရွှေရောင်ခြင်္သေ့သည် တောက်လောက်နေသည့်မီးတောက်များနှင့်အတူ ကျင်းကျန်းထံသို့ ပြေးသွားကာ သူ့ဒေါသကိုကျင်းကျန်းထံသို့ ပုံချလိုက်လေသည်။

ကျင်းကျန်းမှာ ဤတိုက်ခိုက်မှုကို ခုခံနေရုံသာ တတ်နိုင်တော့သည်။

ထိုအခိုက်အတန့်တွင် အားလုံးထိတ်လန့်သွားရသည်။ ဤခြင်္သေ့သည် တကယ်ကို အားကောင်းလွန်းလှသည်။ သူသည် ကျင်းကျန်းနှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကာ သူ၏နတ်စွမ်းရည်များမှာ ထိတ်လန့်စရာကောင်းလှသည်။

“ထာဝရဘုန်းကြီးဘုရင်နောက်လိုက်ခဲ့တဲ့ ခြင်္သေ့မျိုးဆက် ပီသပါပေတယ်..”

“ဒီခြင်္သေ့က သူ့ဘိုးဘေးခြေရာနင်းနိုင်တယ် .. သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက သူ့ဘိုးဘေးနဲ့အတူတူပဲ .. သူက အရမ်းကို စွမ်းအားကြီးဖို့ ကံပါလာပြီးသား..”

လူအချို့ သူတို့အချင်းချင်းဆွေးနွေးနေကြသည်။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်ခြင်္သေ့နှင့်ကျင်းကျန်းတို့၏ တိုက်ပွဲမှာ အလွန်ပြင်းထန်လှပြီး ဟစ်ကြွေးသံများလည်း ဆက်တိုက်ထွက်ပေါ်လာသည်။ သဲနှင့်ဖုန်မှုန့်များလည်း နေရာတိုင်း၌ လွင့်ပျံသွားကာ ပုံမှန်မဟုတ်သည့်မြင်ကွင်းများလည်း ထွက်ပေါ်လာသည်။

ကျင်းကျန်း အလွန်ဒေါသထွက်နေလေပြီ။ သူက တစ်ဖက်လူရဲ့စီးတော်ယာဉ်ကိုတောင် မနိုင်နိုင်တော့ဘူးလား..

ရွှေရောင်ခြင်္သေ့လည်း မျက်နှာပျက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ် သူ၏ပြိုင်ဘက်ကို လွယ်လွယ်အနိုင်ယူခဲ့သော်လည်း သူ့အလှည့်တွင်တော့ သူ သွေးလွှမ်းသည်အထိ တိုက်ခိုက်နေရသည်။

သိထားရမည်မှာ သူ ပြန်လည်ဝင်စားခြင်းကန်ထဲသို့ ဝင်ခဲ့ပြီး ထိုနေရာ၌ အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုကြီး ကြုံတွေ့ခဲ့ရသည်ပင်။ ဤရက်အနည်းငယ်အတွင်း လေ့ကျင့်ပြီးနောက် သူ၏ကျင့်ကြံဆင့် တစ်ဆင့်တိုးခဲ့ကာ သူ၏ခန္ဓာကိုယ်လည်း ပို၍မာကျောလာသည်။ သို့သော် ယခုအချိန်တွင် သူ၏ပြိုင်ဘက်ကို ချက်ချင်းမလွှမ်းမိုးနိုင်သောကြောင့် သူစိတ်မရှည်လာတော့။

သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ ရောက်ပြီးသွားပြီဖြစ်သည့်အပြင် အခြေလည်းခိုင်သွားပြီဖြစ်သည်။ သူသည် အစက ဒေါသထွက်ကာ ဟွမ်နှင့် သူသေကိုယ်သေတိုက်ခိုက်ရန်အတွက် အခွင့်အရေးရှာရန် စီစဉ်ထားခြင်းပင်။ သို့သော် သူနှင့် ကျင်းကျန်းတို့၏ တိုက်ပွဲကိုကြည့်ပြီးနောက် သူဟွမ်နှင့် ရင်ဆိုင်ရန် အရည်အချင်းမရှိသေးကြောင်း သူစဉ်းစားမိသွားသည်။

ဝုန်း..

သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေကြသည်မှာ အချက်တစ်ရာကျော်ရှိနေလေပြီ။ အဖိုးတန်ပညာများ ကောင်းကင်ကို အက်ကွဲသွားစေသည်အထိပင်။

“လုံလောက်ပြီ..” ကျင်းမိသားစုမှ အကြီးအကဲ လက်မြှောက်ကာ သူတို့နှစ်ဦးကို ခွဲလိုက်သည်။ သူ တကယ်ကို ဆက်မကြည့်နိုင်တော့။ ဤတိုက်ပွဲမှာ ဘာအဓိပ္ပာယ်မှမရှိ။ ကျင်းကျန်းနိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဘာဂုဏ်မှ ရှိမည်မဟုတ်။

သူ၏ဘိုးဘေးခြေရာနင်းနိုင်သည့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သည် အလွန်ကြောက်စရာကောင်းသည့်သတ္တဝါဟု သတ်မှတ်၍ရသည်။ သူသာ ဟွမ်၏ စီးတော်ယာဉ်မဟုတ်ပါက ကျင်းကျန်း သူနှင့်သရေကျလျှင်ပင် ကိစ္စမရှိ။

သို့သော် ယခုတော့ မတူတော့။

“လူငယ်လေး မင်းတစ်ခြားသူတွေကို အနိုင့်ကျင်တာ လွန်လွန်းသွားပြီ..” ကျင်းခွန်ပြောလိုက်သည်။ သူသည် သတ်ဖြတ်လိုသည့်အငွေ့အသက်ထုတ်လွှတ်ကာ ရှီဟောင်အား စိုက်ကြည့်နေလေ၏။

“ဒီစကားတွေကို ကျုပ်က ခင်ဗျားတို့ ကျင်းမိသားစုကို ပြောရမှာ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသော်လည်း သူအနည်းငယ်မျှပင် ပျာယာခတ်မသွား။ သူယုံကြည်ချက် အပြည့်အဝရှိနေဆဲပင်။

ကျင်းခွန်လျှောက်လာ၏။ ဤသည်မှာ အားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူ အငယ်ကို အနိုင်ကျင့်တော့မှာလား..

ရှီဟောင်၏နှုတ်ခမ်းထောင့်စွန်း၌ အေးစက်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကျင်းမိသားစုက ဘာလုပ်ချင်နေတာလဲ.. ဒီလိုမျိုး စိတ်မရှည်လက်မရှည်ထွက်လာတာ .. သူတို့က သစ်သားသေတ္တာကို ဒီတိုင်းယူသွားချင်နေတာလား..

သူတကယ်ကို သံသယဝင်လာရသည်။ ဒီကလန်က တကယ်ပဲ တစ်ဖက်လောကနဲ့ ဆက်သွယ်နေတာလား..

ကောင်းကင်သားရဲတောအုပ်မှာ သူ့ကိုတိုက်ခိုက်တဲ့သူက တကယ်ပဲ သူတို့မိသားစုကလား..

ဤသို့သာဆိုလျှင် အဓိပ္ပာယ်ရှိသွားလေပြီ။ သူတို့တွေက သစ်သားသေတ္တာကို ချက်ချင်းယူသွားပြီး အင်ပါယာဂိတ်အပြင်ဘက် ထုတ်ချင်နေတာလို့တော့ မပြောနဲ့နော်.. ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။ သို့သော်လည်း ဤသည်မှာ သူ၏သံသယသာ။

ဟက်..

ထိုအချိန်တွင် အေးစက်သည့် နှာရှုံ့သံတစ်သံ ထွက်ပေါ်လာကာ ကျင်းမိသားစုမှ အကြီးအကဲများ၏ ခန္ဓာကိုယ်များကို တောင့်ခဲသွားစေသည်။ စွမ်းအားကြီးသည့်အရှင်တစ်ဦးမှ သူတို့အား သတိပေးနေသကဲ့သို့ သူတို့လှုပ်ရှား၍မရတော့။

“ကျင်းထိုက်ကျွင်းက ဒီသေတ္တာကို ဒီလောက်တောင်လိုချင်နေတာလား .. ကောလဟာလက ကောလဟာလပဲ .. ဒီသေတ္တာက ထာဝရဘုရင်ဖြစ်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး..” အမှောင်ထဲမှ အသက်ကြီးနေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

ဤစကားလုံးများမှာ လူများစွာကို တုန်လှုပ်သွားစေသည်။ အဆင့်လွန်သက်ရှိတစ်ယောက် စကားပြောနေတာလား..

တစ်ချိန်တည်းမှာပင် ကျင်းထိုက်ကျွင်း အင်ပါယာဂိတ်ထဲသို့ ဝင်လာပြီဖြစ်သည့်အပြင် ဤသစ်သားသေတ္တာကို အလွန်စိတ်ဝင်စားနေကြောင်း အားလုံးသိသွားရသည်။ ကျင်းမိသားစု ဤမျှရဲရဲတင်းတင်းလုပ်နေရခြင်းမှာ သူမနှင့် ဆက်စပ်နေလောက်သည်။

“ကျွန်မက နည်းနည်းလောက်သိချင်ရုံပါ .. ကျွန်မတို့တွေ ဒါကို အတူတူလေ့လာသင့်တယ်..” အဘွားအိုတစ်ဦး၏အသံ ထွက်ပေါ်လာသည်။

အားလုံး စိတ်ထဲ တုန်လှုပ်သွားရသည်။ ကျင်းထိုက်ကျွင်း အဆင့်လွန်သက်ရှိအချို့နှင့်အတူရှိနေကာ ထွက်လာ၍မရသည်မှာ သေချာသည်။ မဟုတ်ပါက သူမကိုယ်တိုင်လာမည်ပင်။

“လူငယ်လေး .. ဘိုးဘေးယဇ်ပုလ္လင်ကို လာခဲ့.. ငါတို့လူအိုကြီးတွေက အစောကြီးကတည်းက မင်းကို စောင့်နေကြတာ..” အသက်ကြီးသည့်အသံတစ်သံ ရှီဟောင်ကို ပြောလာသည်။

အားလုံးထိတ်လန့်သွားကြရ၏။ အဆင့်လွန်သက်ရှိများ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာပြီဖြစ်ပြီး လီပေါင်း ထောင်ပေါင်းများစွာဝေးသည့်နေရာမှ အသံပို့လွှတ်နေခြင်းပင်။

ထိုအချိန်တွင် အကြီးအကဲတစ်စု ရှီဟောင်ထံသို့ လျှောက်လာသည်။ ထိုလူများထဲတွင် ဝမ်မိသားစုမှ လူအချို့လည်းပါဝင်နေပြီး သူတို့သည် အပြုံးနုလေးပြုံးကာ လက်လှမ်းလာကြလေ၏။ သူတို့ ရှီဟောင်အား ထိုသေတ္တာပေးရန် တောင်းလိုက်ကြခြင်းပင်။

ရှီဟောင်သည် အစက အင်ပါယာဂိတ်မှ လူများကို ဤသေတ္တာအား အတူတကွ လေ့လာစေလိုခြင်းပင်။ သို့သော် ဝမ်မိသားစုမှ လူများကို မြင်လိုက်ရသည့်အချိန် သူမျက်နှာပျက်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ထာဝရဝမ်ကိုယ်တိုင် ရောက်လာလောက်သည်ကို သူသိသည်။ မဟုတ်ပါက ဝမ်မိသားစုမှလူများ ရုတ်တရက် ဤမျှယုံကြည်ချက်ရှိလာမည်မဟုတ်။

“မင်းတို့အားလုံး ရိုင်းရိုင်းစိုင်းစိုင်းမလုပ်ကြနဲ့ .. ဒီသေတ္တာကို လူငယ်လေးရှီဟောင် အသက်နဲ့ရင်းပြီး ယူလာတာ .. လူငယ်လေးရှီဟောင်ကို ဘိုးဘေးယဇ်ပုလ္လင်ဆီကို ဖိတ်ခဲ့လိုက်..” ထိုအသက်ကြီးသည့်အသံ ထပ်မံထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ဝုန်းဟူသည့်အသံနှင့်အတူ ဝမ်မိသားစုမှ လူအချို့ လွင့်ထွက်သွားကာ သွေးများစွာ အန်ထွက်သွားသည်။ ဒါက ထာဝရဝမ်ကို မျက်နှာသာမပေးတာမဟုတ်ဘူးလား..

အားလုံးထိတ်လန့်သွားရ၏။ ဤသစ်သားသေတ္တာမှာ အဆင့်လွန်သက်ရှိများကိုပင် မတည်မငြိမ်ဖြစ်စေကြောင်း နားလည်သွားကြသည်။

သူတို့ရှေ့၌ ရွှေရောင်လမ်းကြောင်းတစ်ခုပေါ်လာကာ အားလုံး ထိုလမ်းကြောင်းပေါ်သို့ တက်လိုက်ကြသည်။ ထို့နောက် သူတို့ အင်ပါယာဂိတ်အလယ်ရှိ သန့်စင်သည့်မြေသို့ ဦးတည်သွားလိုက်ကြသည်။

ရှီဟောင် ဤသည်ကို စောင့်မျှော်နေခြင်းပင်။ ယခုတော့ သူတို့ ဤသစ်သားသေတ္တာ၏ လျှို့ဝှက်ချက်ကို ရှာဖွေနိုင်တော့မည်။

အပိုင်း ၁၇၂၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၀ – ဘိုးဘေးယဇ်ပုလ္လင်

ဘိုးဘေးယဇ်ပုလ္လင်ကို ဘိုးဘေးစတေးခြင်းယဇ်ပုလ္လင်ဟုလည်း ခေါ်သည်ပင်။

ဤနေရာတွင် နေရာတိုင်း၌ ပျက်စီးနေသည့်နံရံများရှိနေကာ ကျောက်ထွင်းစာများလည်း ရှေးကျလှသည်။ ဤနံရံများအောက်၌ ယခင်ခေတ်စစ်ပွဲမှ ကျန်ခဲ့သည့် သမိုင်းအကြွင်းအကျန်များမြှုပ်နှံထားသည်ပင်။

ဤနေရာသည် အင်ပါယာဂိတ်၏ အလယ်၌ ရှိနေခြင်းပင်။

ခေတ်တစ်ခေတ်လုံး ထွက်ခွာသွားခြင်းမရှိပဲ ဤနေရာကို စောင့်ကြပ်နေသည့်သူရှိသည်ဟု ပြောကြသည်ပင်။

အင်ပါယာဂိတ်မှ ပြိုင်ဘက်ကင်းသည့်သက်ရှိအချို့လည်း ဤနေရာ၌ တစ်နှစ်ပတ်လုံးနေနေကြကာ တိုက်ပွဲကြီးမရှိလျှင် လူလုံးထွက်မပြတတ်ကြ။

ထိုလူမှာ မုန့်ထျန်းကျန်းထက်ပင်၊ ထာဝရဝမ်နှင့် ကျင်းထိုက်ကျွင်းထက်ပင် အသက်နိုင်ကြီးသည်ဟု ပြောကြသည်။

ရွှေရောင်လမ်းကြောင်းမှာ ထူထဲလှကာ လီပေါင်း မည်မျှထိ ရှည်မှန်းပင်မသိရ။ ရှီဟောင်နှင့် အခြားသူများ ထိုလမ်းကြောင်းပေါ်သို့ တက်လိုက်ကြပြီး ဤနေရာအပြင်ဘက်သို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။

ခပ်ဝေးဝေးမှ ကြည့်လိုက်လျှင် မြူဆိုင်းနေပြီး အမှိုက်များ၊ ကျိုးပဲ့နေသည့်နံရံများနှင့် အခြားအရာများမှာ အချိန်၏တိုက်စားမှုကြောင့် ဆွေးနေပြီဖြစ်သော်လည်း နက်နဲသည့်အော်ရာတစ်မျိုးရှိနေသည်ပင်။ ဤသည်မှာ သူတို့မျက်စိရှေ့၌ အသက်ဝင်သည့်သမိုင်းတစ်ခု ရှိနေသကဲ့သို့ပင်။

သူတို့မျက်စိရှေ့မှ လောကကြီးမှာ သစ်ပင်များအုံ့ဆိုင်းကာ တောထနေသော်လည်း ယခုအချိန်တွင် လှုပ်ရှားသက်ဝင်နေသည်။ အဘယ်ကြောင့်ဆိုသော် သက်ရှိများစွာ ရောက်လာပြီး အားလုံးမှာ မြေပြင် သို့မဟုတ် ကြမ်းပြင်ထက်၌ ထိုင်နေကြသည်။

မည်သူမှ ဘိုးဘေးယဇ်ပုလ္လင်၏ အတွင်းပိုင်းသို့ မဝင်ကြ။ အားလုံးအပြင်ဘက်ရှိ ကျောက်တုံးကြီးများ သို့မဟုတ် အပျက်အစီးများပေါ်၌ ထိုင်နေကြကာ စိတ်ပါဝင်စားစွာဖြင့် ဆွေးနွေးနေကြလေသည်။

ဤလူများအားလုံးမှာ ကလန်ပေါင်းစုံမှ နာမည်ကြီးသည့်သူများပင်။ လူအတော်များလှပြီး အယောက် တစ်သိန်းထက်မနည်း ရှိနေသည်ပင်။

ဟွမ် သစ်သားသေတ္တာယူလာကြောင်း သူတို့အားလုံး သတင်းရထားပြီးသားပင်။ ဘာဆက်ဖြစ်မည်ကို သိချင်နေကြသောကြောင့် သူတို့အားလုံး ဤနေရာ၌ လာစောင့်နေကြခြင်းပင်။

မဟုတ်ပါက သူတို့ ရှီဟောင်ကိုသာ တိုက်ရိုက်သွားရှာလိုက်မည်ပင်။

ခပ်ဝေးဝေးတွင် ပျက်စီးယိုယွင်းနေသည့် နန်းတော်ကြီးတစ်ခုရှိနေပြီး ထိုနား၌လည်း လူအချို့ရှိနေသည်။ ပုံမှန်အားဖြင့် ထိုနေရာသည် လူသူကင်းရှင်းကာ မည်သူမှ မနေကြ။

သို့သော် ယခုအချိန်တွင်တော့ ဖုန်များရှင်းလင်းနေကာ မူလဖရိုဖရဲမြူများလည်း ရစ်ဆိုင်းနေပြီး အထဲဘက်မှ မြင်ကွင်းများကို ရှင်းရှင်းလင်းလင်းပင် မမြင်ရ။

ထိုနေရာ၌ အလွန်ရှေးကျသည့် ရှေးဟောင်းပုံရိပ်မျာစွာ ထိုင်နေကြောင်း ရေးရေးလေး မြင်နေရမည်ပင်။ သူတို့အားလုံးသည် ကျောက်ရုပ်များကဲ့သို့ သူတို့အော်ရာများကို ထိန်းချုပ်ထားသော်လည်း သူတို့ကို ဦးမညွှတ်ပဲ မနေနိုင်။

ဤလူများအားလုံးမှာ အဆင့်လွန်သက်ရှိများဖြစ်ကြောင်း ပြောစရာပင်မလို။ သူတို့အားလုံး ပြန်လည်အသက်ဝင်လာကြပြီဖြစ်ပြီး ဤနေရာ၌ တိတ်တဆိတ် ထိုင်စောင့်နေခြင်းပင်။

ကျင်းထိုက်ကျွင်း အထဲ၌ရှိနေသလို ထာဝရဝမ်နှင့်အတူ အင်ပါယာဂိတ်မှ ပြိုင်ဘက်ကင်းသက်ရှိများလည်းရှိနေသည်ပင်။

“ဒီမှာခဏစောင့် .. ငါ သစ်သားသေတ္တာကို ရှေးဟောင်းနန်းတော်ထဲ ယူသွားလိုက်မယ်..” လူလတ်ပိုင်းအမျိုးသမီးမှ နူးညံ့စွာပြုံးကာ ရှီဟောင်အား ပြောလာသည်။

“ဒီလောက်နီးနီးလေးကို ကျွန်တော့်ဘာသာ သွားလည်းရပါတယ်..” ရှီဟောင်ပြောလိုက်သည်။ ထို့နောက် သူ ခြေလှမ်းကျယ်များဖြင့် ဘိုးဘေးယဇ်ပုလ္လင်ထံသို့ ဦးတည်သွားလိုက်သည်။ သူကိုယ်တိုင် ဤသေတ္တာကို သွားပေးချင်သည်။

“ဒီအမျိုးသမီးက ဘယ်သူလဲ .. နောက်ထပ် ကျင်းမိသားစုက လူတွေပဲလား .. သူတို့က ထပ်ခါထပ်ခါကို ကြိုးစားနေကြတော့တာပဲ .. သူတို့ကဘာလို့ ဟွမ် ဘိုးဘေးခန်းမထဲမဝင်အောင် တားနေကြတာလဲ .. ဒါက ဖြစ်နိုင်မယ်လို့ ထင်နေတာလား..” ချောင်ယုရှင်း အေးစက်စွာ ရယ်မောလိုက်သည်။

ရှီဟောင် ဤနေရာသို့ ရောက်လာခြင်းမှာ သူအကျိုးကျေးဇူးများစွာ ရရှိတော့မည်ဟု ဆိုလိုခြင်းဖြစ်ပြီ ကလန်အားလုံးမှ သူ၏အောင်မြင်မှုအတွက် ချီးကျူးကြမည်ပင်။

သို့သော်လည်း နောက်ဆုံးခြေလှမ်းအနည်းငယ်အလို၌ သူ့အား တားဆီးလာသည့်သူ ရှိလာလေပြီ။ သူ၏တောက်ပမှုကို လျော့ချချင်နေကြသည်။

ဤလူလတ်ပိုင်းအမျိုးသမီးမှာ အလွန်ပရိယာယ်များကာ ယဉ်ကျေးလှသည်ပင်။ သေချာမစဉ်းစားကြည့်ပါက သူမ၏အပြုအမူများကို စေတနာဖြင့် ပြုလုပ်ပေးသည့်အပြုအမူဟု ထင်သွားကြမည်ပင်။ သို့သော်လည်း တကယ်တမ်းမှာ ထိုသို့မဟုတ်။

ယခုအချိန်တွင် ကလန်ပေါင်းစုံမှ နာမည်ကြီးသည့်သူအားလုံး တစ်ဖက်လှည့်ကာ သူတို့ထံသို့လျှောက်လာသည့် လူငယ်လေးကို ကြည့်လိုက်ကြသည်။ သူသည် ရွှေရောင်ခြင်္သေ့ကြီးကို စီးထားပြီး သူ၏သူရဲကောင်းဆန်သည့်အော်ရာကို ထိန်းချုပ်ထားသည်ပင်။

သူ့လက်ထဲ၌ရှိနေသည့် သစ်သားသေတ္တာကို ကြည့်နေသည့်သူများ ပိုများသည်ပင်။

“ဒါက ဟွမ်လား .. ဒါက သူ့ကို ပထမဆုံးတွေ့ဖူးတာပဲ .. ထင်ထားတဲ့အတိုင်း သူက သူရဲကောင်းဆန်တဲ့လူငယ်လေးပဲ..”

“သူက ကိုယ်တိုင်ခစားခြင်းနယ်ပယ်ရဲ့ အလယ်ဆင့်ရောက်နေပြီလို့ အခုလေးတင် သတင်းရခဲ့တာ .. ဒါက တကယ်ကို မယုံကြည်နိုင်လောက်အောင်ပဲ .. သူက ဒီခေတ်ရဲ့စံချိန်ကို ချိုးဖောက်လိုက်တာ .. သမိုင်းမှာ ပထမဆုံးသူပဲ..”

လူအချို့ လေးစားစွာ ရေရွတ်နေကြသည်။ သူတို့အားလုံး သူ့အား အကောင်းမြင်ကြသည်ပင်။

လူအများအမြင်တွင် ရှီဟောင်သည် တစ်ဖက်လောက၏ စစ်တပ်ကြီးနှင့် တိုက်ခိုက်ကာ ဤသစ်သားသေတ္တာကို အတင်းလုယူခဲ့သောကြောင့် သူသည် အလွန်သတ္တိရှိလှသည်ပင်။ ဤသည်မှာ ကျားပါးစပ်ထဲမှ သွားကိုဆွဲနှုတ်သည်နှင့် အတူတူပင်။

ဤသည်မှာ ယခင်က မည်သူမှ စဉ်းစားမည်မဟုတ်သည့်အရာပင်။ လူဘယ်နှယောက်ကများ တစ်ဖက်လောကမှ ဘုရင်ကလန်များ၏ ဝန်းရံမှုအောက်တွင် အသက်ရှင်နိုင်မည်နည်း..

ဤလူငယ်လေးသည် နယ်ခြားစပ်၌ ရဲရင့်စွာ တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်။ သူ တစ်ဖက်လောကမှ လူငယ်ကျွမ်းကျင်သူများစွာကို သတ်ခဲ့သည်ဟူသော ကောလဟာလများရှိနေသည်ပင်။ သူသည် မျိုးဆက်တစ်ခုလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည်။

ဤခမ်းနားလှသည့်အောင်မြင်မှုကြီးမှာ အင်ပါယာဂိတ်ကို ဂုဏ်တက်စေသည်ပင်။ လူများမှာ အလွန်သက်တောင့်သက်သာပင် ခံစားနေရသည်။ သူ၏တိုက်ပွဲသတင်းများကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး လန်းဆန်းသွားကြသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောကနှင့် တိုက်ခိုက်လိုက်တိုင်း သူတို့အမြဲတမ်း ဝမ်းနည်းခဲ့ရသည်။ ယခုတော့ မတူတော့။ တစ်ဖက်လောကသည် လူငယ်မျိုးဆက်တစ်ခုလုံး ခေါင်းငုံ့နေရသည်အထိ သတ်ဖြတ်ခံခဲ့ရသည်။ ဤသည်မှာ သူတို့ဒေါသကို ပြေလျော့စေသည်ပင်။

ရှီဟောင်အားလုံးကို နှုတ်ဆက်လိုက်ပြီးနောက် သစ်သားသေတ္တာကို ရှေးဟောင်းနန်းတော်ထဲ၌ရှိနေသည့် ပုဂ္ဂိုလ်ထံသို့ လေးလေးစားစားပေးလိုက်သည်။

“ထိုင်ပါ..”

ကျောက်ရုပ်နှင့်တူသည့် ပုဂ္ဂိုလ်မှ ပြောလိုက်သည်။ သူသည် ရှီဟောင်အား နန်းတော်ခန်းမထဲ၌ ထိုင်ရန်ဖိတ်ခေါ်လိုက်ခြင်းပင်။

ဤသည်မှာ ခမ်းနားကြီးကျယ်မှုတစ်မျိုးဟု သတ်မှတ်၍ရသည်ပင်။ အခြားသူများ ဤနေရာသို့ ကပ်၍မရသည့်အချိန်တွင် ဟွမ်သည် အဆင့်လွန်သက်ရှိများ၏ ပစားပေးခြင်းကို ခံလိုက်ရသည်။

ရှီဟောင် ကြောက်ရွံ့ခြင်းမရှိပဲ ထိုင်ချလိုက်သည်။ အဆင့်လွန်သက်ရှိများ သူတို့အော်ရာကို ထိန်းချုပ်ထားသော်လည်း သူဖိအားကြီးတစ်ခုကို ခံစားနေရဆဲပင်။ သူတို့ ဖြတ်ခနဲကြည့်လိုက်သည်နှင့် သူ့သွေးများ ဆူပွက်လာသည်ပင်။

သူ့ကိုကြည့်လိုက်သည့်သူမှာ ကျင်းထိုက်ကျွင်းဖြစ်ကြောင်း စဉ်းစားစရာပင်မလို။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ အဘွားအိုတစ်ဦးရှိနေသည်ပင်။

အခြားသူများ၏အကြည့်များမှာ ငြိမ်းချမ်းလှပြီး မည်သည့်ဖိအားမှ ထုတ်လွှတ်ခြင်းမရှိ။ သူမ၏အကြည့်သာ အနည်းငယ် ခြိမ်းခြောက်နေသည်ပင်။ သို့သော်လည်း သူမ မလှုပ်ရှားသလို သိသိသာသာဖိအားပေးခြင်းလည်းမလုပ်။ သို့သော်လည်း အသက်ရှူကြပ်စေသည့်ခံစားချက်ကတော့ ရှိနေဆဲပင်။

ထာဝရဝမ်လည်း ရောက်နေသည်ပင်။ သူ၏ပုံပန်းသွင်ပြင်မှာ အလွန်ငယ်ရွယ်နေပြီး ၁၆-၁၇ ခန့်သာရှိသည်။ သူသည် အလွန်ငယ်ရွယ်နေသောကြောင့် အခြားသူများ မယုံကြည်နိုင်ဖြစ်နေသည်အထိပင်။

ယခုအချိန်တွင် သူသည် မူလဖရိုဖရဲမြူထဲ၌ ထိုင်နေကာ မည်သည့်အမူအရာမှ မပြ။ သူ၏အကြည့်များလည်း တည်ငြိမ်နေသည်။

“ကျွန်တော့်မိသားစုက အရှင်က ဒီအခွင့်အရေးကို အသုံးချပြီးတော့ တစ်ချက်လောက် ကြည့်ချင်နေပါတယ်..” သိပ်မဝေးသည့်နေရာ၌ တစ်စုံတစ်ဦး ပြောလိုက်သည်။

ဤသည်မှာ ဆွေးနွေးသံများကို ထွက်ပေါ်လာစေသည်။ ကလန်များမှာ နာမည်ကြီးသည့်သူများအားလုံး တီးတိုးပြောနေကြလေ၏။

ဤသည်မှာ ခြေထောက်တစ်ဖက်သာရှိသည့် အကြီးအကဲပင်။ သူသည် အပြာရောင်ကျောက်တုံးပေါ်၌ ထိုင်နေပြီး သူ့ဘေးနားတွင် ဂတုံးပြောင်ဖြစ်နေသည့် ကြက်ဖကြီးရှိနေ၏။ ဤသည်မှာ သူ၏စီးတော်ယာဉ်ပင်။

ဤလူမှာ ယခင်က ဤနေရာသို့ တစ်ခေါက်ရောက်ဖူးသည့် ကောင်းကင်ဘုံကိုးခု၏ ကန့်သတ်နယ်မြေမှ ရောက်လာသည့်သူပင်။

ယခင်က သူဤနေရာသို့ ရောက်လာခြင်းမှာ အင်ပါယာဂိတ်၌ ကောင်းကင်သားရဲသစ်တောနှင့် နတ်ဆေးတောင်တန်းကြားရှိ နေရာတစ်ခုကို ညွှန်ပြထားသည့် သားရဲအရေပြားမြေပုံတစ်ခုရှိသည်ဟု သတင်းရသောကြောင့်ပင်။

ယခု ရှီဟောင် ထိုသင်္ချိုင်းကိုဖွင့်ကာ သစ်သားသေတ္တာအား ယူခဲ့သောကြောင့် ဤသည်မှာ ကန့်သတ်နယ်မြေမှ အရှင်ကို ထိတ်လန့်စေသောကြောင့် သူတို့ သံတမန်ထပ်လွှတ်လိုက်ခြင်းပင်။

ထို့အပြင် ဤခြေတစ်ဖက်အကြီးအကဲသည် သူနှင့်အတူ ထိတ်လန့်စရာကောင်းသည့်သတင်းတစ်ခုအား သယ်ဆောင်လာခဲ့သည်ပင်။ ဤသစ်သားသေတ္တာမှာ ထာဝရဘုရင်အဆင့် ကျွမ်းကျင်သူများ ဖန်တီးခြင်းနိုင်လိမ့်မည်ဟု အင်ပါယာဂိတ်မှ ကျွမ်းကျင်သူအားလုံးကို သူအသိပေးထားသည်ပင်။

ဤသည်မှာ သေချာပေါက် ထိတ်လန့်စရာကောင်းသည့်သတင်းပင်။ ဘိုးဘေးယဇ်ပုလ္လင်မှ ပြိုင်ဘက်ကင်းသက်ရှိများပင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ ကျင်းထိုက်ကျွင်းနှင့် ထာဝရဝမ်ပင် အင်ပါယာဂိတ်သို့ ရောက်လာသည်ပင်။

ဤသတင်းမှာ သူတို့၏ ရိုးသားမှုကို ဖော်ပြခြင်းဖြစ်ကြောင်း ထိုအကြီးအကဲပြောခဲ့သည်။

ကန့်သတ်နယ်မြေမှ ဤသေတ္တာကို လုယူမည်မဟုတ်ပဲ အင်ပါယာဂိတ်မှ လူအားလုံး လေ့လာပြီးသည်နှင့် ခဏငှားလိုခြင်းသာဖြစ်ကြောင်း၊ သူတို့ သေချာပေါက်ပြန်ပေးမည်ဟု ဂတိပေးကြောင်း အင်ပါယာဂိတ်မှ ကျင့်ကြံသူများအား အသိပေးခဲ့သည်ပင်။

ထို့ကြောင့်လည်း လက်ရှိအခြေအနေမှာ အလွန်ရှုပ်ထွေးနေခြင်းပင်။

ဤသစ်သားသေတ္တာသာ တကယ်ဤမျှအရေးကြီးသည်ဆိုလျှင် ဘယ်လိုလုပ် လွယ်လွယ်နှင့်ငှားပေးနိုင်မည်နည်း..

သူ အဘယ်ကြောင့် ဤမျှဒဲ့တိုးဆန်နေသည်ကို အားလုံးရှုပ်ထွေးနေကြသည်။ ဒါက ဒီလိုမျိုးအဆင့်လွန်ရတနာဖြစ်ကြောင်း အင်ပါယာဂိတ်ကသိသွားရင် သူတို့ကို မငှားတော့မှာကို မကြောက်ဘူးလား..

“တာအိုရောင်းရင်းတို့ .. ဒါကို ရောင်းရင်းတို့ကိုယ်တိုင် အရင်လေ့လာပါ..” ကန့်သတ်နယ်မြေမှ သံတမန်ပြောလိုက်သည်။

ကျင်းထိုက်ကျွင်း မျက်လုံးများပွင့်လာကာ နန်းတော်ခန်းမအလယ်ကို ကြည့်လိုက်သည်။ မြေပြင်တွင်ရှိနေသည့် သစ်သားသေတ္တာမှာ သူမလက်ထဲ၌ ချက်ချင်းပေါ်လာလေ၏။ သူမ ထိုသေတ္တာကို အရင်ဆုံးလေ့လာလိုက်သည်။

သူမသည် ရံဖန်ရံခါ ရှီဟောင်အား ခြိမ်းခြောက်သည့်အကြည့်များဖြင့် ကြည့်သေးသည်ပင်။

“ဒီ သေတ္တာပေါ်လာပြီးနောက် ဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ ပြောပြပေးပါ..” ကျင်းထိုက်ကျွင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ရှီဟောင် သူမကို မကြိုက်။ သူယူလာသည့် သေတ္တာ သူမအား ကူညီပေးမည်ကို သူမလိုလား။ သို့သော် ယခုအချိန်တွင် သူ နည်းနည်းစီပြောပြရုံသာ တတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိလူများ ဤသေတ္တာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုအင်အားကြီးလာအောင်လုပ်ဖို့ သူတကယ်ကို မျှော်လင့်မိသည်ပင်။

ကျင်းထိုက်ကျွင်း မျက်လုံးများမှိတ်သွားကာ အချိန်အတော်ကြာသည်အထိ ဘာမှမပြောတော့။ သစ်သားသေတ္တာမှာ သူမလက်ထဲ၌ တစ်နာရီလုံး ရှိနေခြင်းပင်။ သူမ ထိုသေတ္တာကို သေချာအာရုံခံနေသည်။

သူမ အားထည့်ကာ သူမ၏နတ်စိတ်ဝိညာဉ်ဖြင့် သေတ္တာကို ဖွင့်ရန်ကြိုးစားနေကြသည်ကို အားလုံးမြင်နေရသည်ပင်။ သို့သော်လည်း ဤသည်မှာ အသုံးမဝင်။

နောက်ဆုံး သူမ သေတ္တာကို ပြန်ချလိုက်သည်။

ထို့နောက် အခြားပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ကြိုးစားလာကြသည်။ သို့သော်လည်း အဖြေမှာ အတူတူပင်။ ဤသေတ္တာကို မည်သူမှဘာမှမလုပ်နိုင်ကြ။

ထာဝရဝမ်အလှည့်တွင် သူသည် လက်ဖဝါးအရွယ်အစားရှိသည့် ရဲဒင်းတစ်ခု ထုတ်လာကာ သေတ္တာမျက်နှာပြင်ကို ခုတ်ထစ်လိုက်သည်။ အားလုံးအမူအရာများ ပြောင်းလဲသွား၏။

“တာအိုရောင်းရင်း .. သေချာပြန်စဉ်းစားပါဦး…” သူ ထိုသေတ္တာကို မတော်တဆ ဖျက်ဆီးမိသွားမည်စိုးသောကြောင့် အဆင့်လွန်သက်ရှိတစ်ဦး သတိပေးလိုက်သည်။

သို့သော် မထင်မှတ်ထားသည်မှာ ထိုစစ်ရဲဒင်း သေတ္တာမျက်နှာပြင်နှင့်ထိသွားသည့်အချိန်တွင် နူးညံ့သည့်အလင်းလေးသာ ထွက်လာသည်။ သေတ္တာပွင့်မသွား။

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်။

“ကျွန်တော် နည်းနည်းလောက်မေးချင်ပါတယ် .. ကန့်သတ်နယ်မြေရဲ့ အရှင်က ဒီသေတ္တာကို လိုချင်တာဆိုရင် ဘာလို့ သူကိုယ်တိုင်မလာတာလဲ..” ထာဝရဝမ် ခြေတစ်ဖက်နှင့်အကြီးအကဲကို မေးလိုက်သည်။

“ကျွန်တော့်အရှင်က ဒီလိုကံကြီးမျိုးမသင့်ချင်ပါဘူး..” အကြီးအကဲ၏အဖြေမှာ မရိုးကျိုးလွန်းသကဲ့သို့ အထက်စီးလည်းမဆန်လွန်း။ တည်ငြိမ်လှသည်ပင်။

“ရှင်ဘာကိုဆိုလိုချင်တာလဲ..” ကျင်းထိုက်ကျွင်း မေးလိုက်သည်။

“ဒီသေတ္တာမှာ ကံတရားတွေ အများကြီးရှိနေတယ် .. ကျွန်တော့်မိသားစုအရှင်က နောက်ဖြစ်လာမယ့်အကျိုးဆက်ကို ရှောင်ချင်လို့ ဒီလိုကိစ္စမျိုးမှာ မပါချင်ပါဘူး..” အကြီးအကဲ တိုးတိတ်စွာ ပြောလိုက်သည်။

“ဘာ..” အဆင့်လွန်သက်ရှိတစ်ဦးဖြစ်သော်လည်း ကျင်းထိုက်ကျွင်း အသက်ရှူသံများအေးခဲသွားကာ အမူအရာလည်း ချက်ချင်းပြောင်းလဲသွားသည်။

အခြားသူများလည်း ထိတ်လန့်သွားကြသည်ပင်။ ဒါက ဘယ်လိုကံတရားမျိုးလဲ .. ကန့်သတ်နယ်မြေကလူတောင် ထိတ်လန့်နေတယ်ဆိုတော့..

သိထားရမည်မှာ ကန့်သတ်နယ်မြေမှ သက်ရှိများမှာ ဤလောကကြီးနှင့် ယှဉ်တွဲရှိနေခြင်းပင်။ အချို့သူများမှာ ခေတ်တစ်ခေတ်ကို ဖြတ်ကျော်နိုင်ခဲ့ရုံလောက်သာမဟုတ်။ တစ်ဖက်လောက ကျူးကျော်လာသည့်အချိန်တွင် မည်သူမှ ဝင်မပါချင်ခဲ့ကြ။

“သူပြန်လာခဲ့ပြီ..” ခြေတစ်ဖက်အကြီးအကဲပြောလိုက်သည်။ ထို့အပြင် ဤသည်မှာ သူအနာဂတ်၏ တစ်စိတ်တစ်ပိုင်းကို မြင်ရရန် အစွမ်းကုန်ကြိုးစားပြီးနောက် သိလာသည့်အရာဖြစ်ကြောင်း အားလုံးကို ပြောလိုက်သည်။

ရှီဟောင်နှင့်လိုက်လာသည့် လူငယ်များအားလုံး တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ အင်ပါယာဂိတ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်ဟု ပြောခဲ့သည်ပင်။

“ထိုင်ပါဦး..”ကျင်းထိုက်ကျွင်း လေးနက်စွာ ပြောလိုက်ပြီးနောက် သူကိုယ်တိုင် ဆုတောင်းဖျာတစ်ခုကိုယူကာ အကြီးအကဲကို ဖိတ်ခေါ်လိုက်ပြီး အသေးစိတ်ပြောပြရန် တောင်းဆိုလိုက်သည်။ လေထုမှာ အလွန်လေးလံလာသည်ပင်။

အပိုင်း ၁၇၃၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၁ – ခေတ်တစ်ခေတ်၏ နေဝင်ချိန်

ခြေတစ်ဖက်နှင့် အကြီးအကဲသည် ခါးသီးစွာ ရယ်မောလိုက်ကာ “ကျွန်တော်က အစေခံတစ်ယောက်ပါပဲ .. ကျွန်တော် ဒီထက်ပိုသိနိုင်မယ်လို့ အားလုံး ယုံကြည်နေကြတာလား..”

သူ့ကိုယ်သူ လှောင်ရယ်၍ ပြောလိုက်ခြင်းပင်။ အခြားသူများအမြင်တွင် သူ့အဆင့်အတန်းမနိမ့်သော်လည်း သူသည် အစေခံတစ်ယောက်သာ။ ကန့်သတ်နယ်မြေ၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်မဟုတ်။

သို့သော်လည်း သူသည် အချို့အကြောင်းအရာများအား ပြောနေဆဲပင်။ သူသည် အဆင့်လွန်သက်ရှိများကိုသာ ပြောနေခြင်းဖြစ်သော်လည်း ရှီဟောင်လည်း ဤနန်းတော်ခန်းမထဲ၌ရှိနေသောကြောင့် သူလည်း ကြားနေရသည်ပင်။

“ဒါက တိတ်ဆိတ်တဲ့နေဝင်ချိန်ဖြစ်‌လောက်မယ် .. အမှောင်ထုကြီး ရောက်လာတော့မယ် .. ဘယ်သူမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး..” ထိုအကြီးအကဲ လေးနက်စွာ ပြောလိုက်သည်။

ဤစကားလုံးများမှာ အခြားသူများအား ဖိအားများပေးနေသည်ပင်။ အဆင့်လွန်သက်ရှိ၏မျက်လုံးများပင်လျှင် ကြယ်များ ဝေ့ဝဲနေသကဲ့သို့ တောက်ပနေကြသည်။ သူတို့တည်ငြိမ်နိုင်ရန် ခက်ခဲလှသည်ပင်။

“သွေးရောင်လွှမ်းတဲ့နေဝင်ချိန်က မဝေးတော့ဘူး .. ဒါက ကျွန်တော့်အရှင် မြင်လိုက်ရတဲ့ အနာဂတ်တစ်စိတ်တစ်ပိုင်းပါ .. အားလုံးပဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ကြ၊ အကောင်းဆုံးလုပ်ကြပါ..” ခြေတစ်ဖက်အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမြင်သည့်မြင်ကွင်းနှင့် သူ၏ဆရာသက်ပြင်းချပြီးပြောသည့်အကြောင်းအရာအတိုင်းဆိုလျှင် ကန့်သတ်နယ်မြေပင် ထိခိုက်မည်ဖြစ်ပြီး မည်သူမှ မလွတ်မြောက်နိုင်။

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နိုင်မှာလဲ .. ကျွန်မတို့ ပိုပြီး ခိုင်ခိုင်လုံလုံလေး ပြောကြမလား..” ကျင်းထိုင်ကျွင်းတုန်လှုပ်နေကာ သူမ၏မျက်လုံးအိုများမှ အလင်းများ တောက်ပနေသည်။ သူမခန္ဓာကိုယ်ကို ရစ်သိုင်းနေသည့် မူလဖရိုဖရဲမြူများမှာ အလွန်ထူထဲလှသည်။

“ကောင်းကင်နေကြီး သွေးလွှမ်းပြီးတော့ အနောက်ဘက်ကို ဝင်သွားလိမ့်မယ် … ဒါပေမဲ့ ဘယ်တော့မှ ပြန်ထွက်လာမှာမဟုတ်တော့ဘူး..” ထိုအကြီးအကဲပြောလိုက်သည်။ ဤသည်မှာ သူသိသမျှအကုန်ပင်။

ဒါက ဘာကိုနမိတ်ဖတ်ချင်တာလဲ.. နန်းတော်ခန်းမထဲတွင်ရှိနေသည့် အဆင့်လွန်သက်ရှိအချို့ တိတ်ဆိတ်သွားရသည်။ သူတို့အားလုံး ကောက်ချက်ချပြီး ဖြစ်နိုင်သည့်ရလဒ်များကို ခန့်မှန်းနေကြသည်ပင်။

ကောင်းကင်နေမင်းကြီး တကယ်ပျောက်ကွယ်သွားမည်မဟုတ်။ သို့သော်လည်း အမှောင်ထုမှာ ထာဝရကျရောက်လာမည်။ ဤသည်မှ သူတို့နားလည်သည့်ပုံစံပင်။

အချိန်အတော်ကြာသည်အထိ မည်သူမှ ဘာမှမပြောကြ။ အားလုံးအတွေးနွံနှစ်နေကြသည်။

သက်ပြင်းချသံများစွာလည်း လေနှင့်အတူ ‌ပျောက်ကွယ်သွားသည်ပင်။

အနာဂတ်၌ ဘာဖြစ်မည်ကို ကောက်ချက်ချရသည်မှာ ခက်ခဲလွန်းလှသည်။ ဖယ်ရှား၍မရနိုင်သည် အတားအဆီးများစွာ ရှိနေသည်ပင်။ ကိစ္စများမှာ ယခင်ကထက် နားလည်ရန်ပိုခက်ခဲလာပြီး အကြောင်းအရာများစွာလည်း ပါဝင်လာသည်ပင်။

ထို့နောက် ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများပူးပေါင်းကာ ထိုသေတ္တာကို အတူတကွ လေ့လာလိုက်ကြသည်။ သို့သော်လည်း သူတို့ဘာမှမလုပ်လိုက်နိုင်ကြ။

“မင်းတို့တွေလည်း လာကြည့်သင့်တယ်..”

သေတ္တာမှာ နာမည်ကြီးသည့်သူအချို့လက်ထဲသို့ ရောက်သွားကာ သူတို့အတူတူ လေ့လာလိုက်ကြသည်။ ထို့နောက် တစ်ယောက်လက်မှ နောက်တစ်ယောက်သို့ ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာပင် အင်ပါယာဂိတ်အပြင်ဘက်၌ ပုံရိပ်ပေါင်းများစွာ အေးစက်စွာ ရပ်နေကြလေ၏။ သူတို့သည် ပြိုင်ဘက်ကင်းသည့်နတ်ဆိုးဘုရင်များကဲ့သို့ပင်။

ဤလူများအပြင် မိုးကုပ်စက်ဝန်းအစွန်း၌ ပုံရိပ်များစွာရှိနေသေးသည်။ သူတို့အားလုံးမှာ နတ်ဆိုးဘုရင်များကဲ့သို့ ထိုနေရာ၌ ရပ်နေကြသည်။ သူတို့အော်ရာမှာ အလွန်ကြောက်စရာကောင်းလှသည်။ သူတို့ စကားတစ်ခွန်းမှ မပြောပဲ ရပ်နေကြခြင်းပင်။

ဤလူများမှာ တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများပင်။ သူတို့ မုန့်ထျန်းကျန်းနောက် လိုက်လာကြခြင်းပင်။ သို့သော်လည်း သူတို့ရှုံးနိမ့်သွားကာ သူ့ကို ဆွဲမထားနိုင်ခဲ့။

“နှမြောစရာပဲ .. မုန့်ထျန်းကျန်း တစ်ယောက်တည်း ဂိတ်ထဲက ထွက်လာတာ..” တစ်စုံတစ်ယောက်မှ ဝမ်းနည်းစွာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အရေးကြီးသည့်လမ်းကြောင်းအချို့၌ ပုန်းခိုနေကြပြီး အင်ပါယာဂိတ်မှ ထွက်လာသည့် အဆင့်လွန်သက်ရှိများအား ချောင်းတိုက်ရန် ပြင်ဆင်ထားခြင်းပင်။ သို့သော်လည်း သူတို့မျှော်လင့်ချက်များမှာ မီးခိုးငွေ့ကဲ့သို့ ပျက်ပြယ်သွားလေပြီ။

ဤကဲ့သို့ ဖြစ်လာမည်မှန်းသာသိလျှင် သူတို့၏ အင်အားများကို စုစည်းထားမည်ပင်။ ထိုသို့ဆိုလျှင် မုန့်ထျန်းကျန်း သေချာပေါက် အသက်ရှင်လျက် ပြန်သွားနိုင်မည်မဟုတ်ဟု သူတို့ယုံကြည်သည်။

ယခုတော့ မုန့်ထျန်းကျန်းနှင့်တိုက်ခိုက်ခဲ့သည့် အဆင့်လွန်သက်ရှိငါးဦးထဲတွင် နှစ်ဦးကျဆုံးသွားခဲ့သေးသည်။

ဤသည်မှာ အဆင့်လွန်သက်ရှိများအားလုံးကို ဒေါသထွက်စေသည်ပင်။

“ပြောရမယ်ဆိုရင် ဒါက သူတို့သတ္တိမရှိတာကို သက်သေပြလိုက်တာပဲ .. သူတို့ကြောက်လို့ ဒီလိုမျိုးလုပ်နေတာ..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီမြို့က မကြာခင် ပျက်စီးတော့မှာပဲ .. နည်းနည်းလောက်ထပ်စောင့်ရလည်း ကိစ္စမရှိပါဘူး..” အဆင့်လွန်သက်ရှိတစ်ဦး ခေါင်းညိမ့်လိုက်သည်။

“ကြည့်ရတာ သူတို့သတ္တိမရှိတာမဟုတ်ပဲ ငါတို့ တပ်စုတွေ ဖြန့်ထားမယ်ဆိုတာ မုန့်ထျန်းကျန်း သိနေလို့ထင်တယ်..” အခြားတစ်ယောက်မှ ပြောလိုက်၏။

“သွားကြစို့ .. ဒီနေရာက မြို့သေတစ်ခုဖြစ်နေပြီ .. ငါတို့စကားတွေ ထပ်ပြောစရာမလိုတော့ဘူး .. ပြောနေလည်း အဓိပ္ပာယ်မရှိတော့ဘူး .. မကြာခင်မှာ ဒီနေရာကို ဦးတည်လာတဲ့တပ်သားတွေ ရှိလာမှာပဲ .. အဲဒီအချိန်ကျရင် ငါတို့ ဒီမြို့ထဲ ဝင်သွားလိုက်ရုံပဲ..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။

ရွှီး..

ထို့နောက် မြို့ကြီးရှေ့၌ ရှိနေသည့်လူများဖြစ်စေ၊ မိုးကုပ်စက်ဝန်းအစွန်း၌ ရှိနေသည့်သူများဖြစ်စေ တစ်ချိန်တည်းလိုလို ပျောက်သွားကြလေသည်။ သူတို့သည်‌ ခြေရာလက်ရာမကျန်အောင် ပျောက်သွားခြင်းပင်။

အင်ပါယာဂိတ်ရှေ့ရှိ ဘိုးဘေးယဇ်ပုလ္လင်ရှေ့တွင်..

ကလန်ပေါင်းစုံမှ နာမည်ကြီးသည့်သူများအားလုံး ခေါင်းခါလိုက်ကြသည်။ သစ်သားသေတ္တာကို လေ့လာကြသည့်သူများအားလုံး ကူကယ်ရာမဲ့နေကြလေ၏။ သူတို့ ဤသေတ္တာကို မဖွင့်နိုင်သလို မည်သည့်ထူးခြားမှုကိုလည်း မတွေ့။

ထို့နောက် ဆွေးနွေးသံများ တစ်ဖြည်းဖြည်းဆူညံလာသည်။

ဤသည်မှာ အဆင့်လွန်ရတနာဖြစ်သော်လည်း သူတို့ ဤသေတ္တာမှ ထူးဆန်းသည့်နက်နဲမှုများကို မရနိုင်ဖြစ်နေသည်။ ထိုသို့သာဆိုလျှင် ဤသေတ္တာမှာ ဘာအသုံးဝင်ဦးမည်နည်း..

“ဒါက တကယ်ပဲ ထာဝရဘုရင်တစ်ပါးကို ဖန်တီးနိုင်တာလား..” ကျင်းထိုက်ကျွင်း နန်းတော်ခန်းမထဲတွင်ရှိနေသည့် ခြေတစ်ဖက်အကြီးအကဲကိုမေးလိုက်သည်။ အဆင့်လွန်သက်ရှိများထဲတွင် သူမ အတက်ကြွဆုံးပင်။

“ဒီသေတ္တာမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်လို့ ကျွန်တော့်သခင်ပြောဖူးပါတယ် .. ဒါက ထာဝရဘုရင်တစ်ပါးကို ဖန်တီးနိုင်လောက်တယ်..” ထိုအကြီးအကဲ ပြောလိုက်သည်။

ထိုလျှို့ဝှက်ချက်များစွာဆိုသည်မှာ ထာဝရဘုရင်များဖန်တီးခြင်းတစ်ခုတည်းမဟုတ်။ ထာဝရဘုရင်များဖန်တီးခြင်းမှာ ဤပစ္စည်းလုပ်နိုင်သည့်အရာများထဲမှ တစ်ခုပင်။

နောက်ဆုံး၌ အားလုံး စိတ်ပျက်သွားရသည်။ မည်သူမှ ဤသေတ္တာကို နားမလည်နိုင်။

ထို့နောက် သေတ္တာကြီး နန်းတော်ထဲသို့ ပြန်ရောက်လာကာ အဆင့်လွန်သက်ရှိများရှေ့၌ ထားထားလိုက်သည်။

ကန့်သတ်နယ်မြေမှအရှင် ဤသေတ္တာကို ဖွင့်မည့်နည်းလမ်းအား သိနေသလားဟု ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူတစ်ဦး ခြေတစ်ဖက်အကြီးအကဲကိုမေးလိုက်သည်။

“ကျွှန်တော့်အရှင်က ဒီပစ္စည်းကို တစ်ခါမှ မရဖူးပါဘူး .. ထာဝရရှေးဟောင်းခေတ်တုန်းက သူများပြောတာကို ကြားပဲကြားဖူးတာပါ .. သူ အရင်တုန်းက ဒီအကြောင်းအရာကို လေ့လာကြည့်ပေမယ့် ဘယ်တော့မှ မအောင်မြင်ခဲ့ပါဘူး..” ထိုအကြီးအကဲ ပြောလိုက်သည်။

ကန့်သတ်နယ်မြေမှ အရှင်လည်း ဤအကြောင်းကို အနည်းငယ်သာ ကြားဖူးထားခြင်းဖြစ်ပြီး ဤပစ္စည်းကို မမြင်ဖူး။ ဤသေတ္တာအား မည်ကဲ့သို့ ဖွင့်ရမည်ကို သူတကယ်မသိ။

ဤသေတ္တာကို ဖွင့်ရန် လွယ်ကူမည်မဟုတ်မှန်း ကန့်သတ်နယ်မြေမှ ပြိုင်ဘက်ကင်းသက်ရှိများ အစောကြီးကတည်းက ခန့်မှန်းမိပြီးသားပင်။

“ကံတရားကြီး .. ဒါက ကန့်သတ်နယ်မြေက အရှင်တွေတောင်ကြောက်တဲ့အရာတစ်ခုပဲ .. ဘာလို့လဲ … ဘာဖြစ်လာမလဲဆိုတာ ရှင်ကျွန်မတို့ကို နည်းနည်းလောက် ရှင်းရှင်းလေး ပြောလို့မရဘူးလား..” ကျင်းထိုက်ကျွင်း မကျေနပ်သေး။

“ကျွန်တော်မသိဘူး..” ယခုတစ်ခေါက်တွင်တော့ ထိုအကြီးအကဲ စကားအများကြီးမပြောတော့။ သူ၏သခင်ပင်လျှင် အလွန်အလေးအနက်ထားသောကြောင့် သူက ဘယ်လိုလုပ် လျှောက်ပြောရဲမည်နည်း..

“ကောင်းပြီလေ .. သစ်သားသေတ္တာကို ဒီမှာထားခဲ့လိုက် .. မင်းသွားလို့ရပြီ..” ကျင်းထိုက်ကျွင်း ရှီဟောင်ကို ပြောလိုက်သည်။

ရှီဟောင်မပျော်တော့။ ဤသေတ္တာ ကျင်းထိုက်ကျွင်းနှင့် ထာဝရဝမ်တို့အား ကူညီရာမရောက်ဖို့ သူမျှော်လင့်မိသည်။ သူဒုက္ခရောက်နေစဉ်က ဤနှစ်ဦး ဂိတ်မှ ထွက်ခွာခြင်းမရှိခဲ့။ သို့သော် ယခုတော့ သူတို့ အလွန်ပင် စိတ်အားထက်သန်နေကြသည်။

ထို့အပြင် ဤကလန်နှစ်ခုကို စက်ဆုပ်ရွံ့ရှာလှသည်။

သို့သော်လည်း သူဘာမှမပြောနိုင်။ အင်ပါယာဂိတ်မှလူများကိုလည်း ဤသေတ္တာ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်ခိုင်းစေချင်သည်။ ထို့ကြောင့် သူ မတ်တပ်ရပ်၍သာ ထသွားလိုက်တော့သည်။

ဤနှစ်ယောက် အကျိုးကျေးဇူးကြီးရမည်ကိုလည်း သူမစိုးရိမ်။ ဤသေတ္တာကို ဖော်ရန်မှာ ထိုမျှလွယ်ကူမည်မဟုတ်မှန်း သူသိသည်။ ဘာမှရှာမတွေ့လျှင် သူ့ထံသို့ ပြန်ရောက်လာမည်ပင်။

“ဘယ်ကလန်က ငါတို့ကို သစ္စာဖောက်တာလဲ..” ရှီဟောင် ဤအကြောင်း စဉ်းစားနေဆဲပင်။ ယခုထိတိုင် သူ့ထံ၌ ခိုင်လုံသည့်သက်သေမရှိသေး။

အကြီးအကဲအရှင် တစ်ခုခုကို သတိထားမိသလား သူမပြောတတ်။

သူ ပြန်လာသည့်အချိန်၌ သစ္စာဖောက်များလိုက်ရှာချင်သည့်သတင်းကို သူမကြားရတော့။ ဤကိစ္စမှာ ဤကဲ့သို့ပင် ပြီးသွားမလားဟု သူစဉ်းစားမိသည်။ သို့မဟုတ် အကြီးအကဲအရှင်နှင့်အခြားသူများ နောက်ကွယ်မှအလုပ်လုပ်နေကာ ထိုကလန်ကို ရှင်းပစ်ဖို့အခွင့်အရေးချောင်းနေခြင်းလား..

ဤကိစ္စများမှာ ကိစ္စများစွာနှင့်ဆက်စပ်နေသည်ပင်။

ဤသစ္စာဖောက်သာ သက်ရှည်မိသားစုတစ်စုဆိုပါက အသက်ရှင်နေသည့် အဆင့်လွန်သက်ရှိတစ်ဦး ပါဝင်လာမည်ပင်။

နောက်ဆုံး၌ ရှီဟောင် ကျင်းထိုက်ကျွင်းနှင့် ထာဝရဝမ်ကို တစ်ချက်ကြည့်ပြီး ထွက်သွားလိုက်သည်။

ဤကလန်နှစ်ခုမှာ သူနှင့် မီးနှင့်ရေကဲ့သို့ ဖြစ်နေသောကြောင့် သူ့အား အမြဲတမ်း ရန်လိုနေကြသည်ပင်။ သူတို့သာဆိုလျှင် ခန့်မှန်းရန် လွယ်ကူလွန်းလှသည်ပင်။ တစ်ခြားကလန်များ ရှိနေခြင်းလား..

“ငါတို့နည်းနည်းလောက် ထပ်လေ့လာလိုက်ဦးမယ် .. နောက်နှစ်ရက်နေရင် ပြန်လာယူလိုက်..” အဆင့်လွန်သက်ရှိတစ်ဦး အသံပို့လွှတ်လာသည်။ အမှန်တကယ်တွင် ရှီဟောင်ကြုံခဲ့ရသည့်အရာများကို သူတို့အသေးစိတ်သိချင်သေးသည်။

သို့သော်လည်း သူတို့ ဤသေတ္တာကို အလွန်အလေးထားပြီး တတ်နိုင်သမျှ မြန်မြန်ဖွင့်ချင်နေသည်။ သူတို့ မြန်နိုင်သမျှမြန်မြန် သီးသန့်ကျင့်ကြံပြီး ဤသေတ္တာကို ဖွင့်ရန် ပြင်ဆင်ချင်သည်။

ထို့ကြောင့် အခြားကိစ္စများကို နောက်ပို့ထားလိုက်ရခြင်းပင်။

ရှီဟောင် ဤနေရာမှ ထွက်သွားလိုက်သည်နှင့် သူသည် အားလုံး၏အာရုံစိုက်ရာဖြစ်လာသည်။ သူတစ်အုပ် သူ့ထံသို့ ရောက်လာကာ သူ့အားဝိုင်းသွားကြသည်။ ဤလူအိုကြီးများ စိတ်အားတက်ကြွနေကြသည်မှာ ရှီဟောင်ကြက်သီးပင်ထလာသည်။

“လူငယ်လေး ..မင်းမှာ တာအိုလက်တွဲဖော်ရှိပြီလား .. ငါ့မှာ မြေးမလေးတစ်ယောက်ရှိတယ် .. သူ့မှာ လောကကြီးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့အလှရှိပြီးတော့ တက်တက်ကြွကြွနဲ့ ဉာဏ်ကောင်းတယ် .. မင်းတို့နှစ်ယောက်က လိုက်ဖက်တယ်လို့ ငါထင်တယ်..”

ဂတုံးပြောင်အကြီးအကဲတစ်ဦး ရှီဟောင်၏လက်မောင်းကို ဆုတ်ကိုင်လိုက်သည်။

“လူငယ်လေး .. အဲဒီအဓိပ္ပာယ်မရှိတာကို နားမထောင်နဲ့ .. သူ့မြေးက အသက် သုံးသောင်းလောက်ရှိနေပြီ .. မင်းနဲ့မျိုးဆက်အတူတူတောင်မဟုတ်တော့ဘူး..” အကြီးအကဲတစ်ဦး ဖော်လိုက်သည်။

သူတို့ပြောသည်ကိုနားထောင်ပြီး ရှီဟောင်ဆွံ့အသွားရသည်။ လောကကြီးကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့အလှရှိတဲ့ အဘွားအိုကြီးတစ်ယောက်ကို သူနဲ့လက်ထပ်ပေးနေတာလား.. တွေးကြည့်ရုံဖြင့်ပင် ရှီဟောင်ကြက်သီးထသွားရသည်။

“အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ .. ငါ့ရဲ့မြေးမလေးက ပန်းလိုမျိုးကိုယ်သင်းနံ့၊ လလိုမျိုးမျက်နှာရှိတယ် .. ပုံစံကလည်း လုံးဝကို အသက်မကြီးသေးဘူး .. အလှဆုံးအရွယ်ပဲ .. သူ့ဆီမှာ အချိန်ရဲ့တိုက်စားမှုလက္ခဏာကိုမရှိတာ .. မင်းတို့အားလုံးက မနာလိုနေကြတာ..” ထိုဂတုံးအကြီးအကဲ အော်ဟစ်လိုက်သည်။

“စီနီယာရဲ့ စိတ်ကောင်းစေတနာကောင်းအတွက် ကျေးဇူးတင်ပါတယ်..” ရှီဟောင် သူ၏ချွေးများကို သပ်လိုက်ပြီး ငြင်းလိုက်သည်။

“ငါ့ကလန်မှာ ပုလဲလုံးလေးတစ်လုံးရှိတယ် .. အသက် ၂၈ ပဲရှိသေးတာ .. မင်းနဲ့အတူတူပဲ .. သူက ပြိုင်ဘက်ကင်းတဲ့အလှကို ပိုင်ဆိုင်ထားတာ .. မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် စကားပြောကြည့်ရင် အကောင်းဆုံးပဲ..” အခြား အကြီးအကဲတစ်ယောက် သူ့အား ဆွဲခေါ်ရန် ကြိုးစားလာသည်။

..

ရှီဟောင် အင်ပါယာဂိတ်သို့ ပြန်လာသည့်အချိန် အဆင့်လွန်ရတနာတစ်ခုကို ယူလာနိုင်သည့်အပြင် သူလည်း ဘာအန္တရာယ်မှ မဖြစ်ခဲ့။ ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားကာ ကလန်အားလုံး သူ့ကိုသိမ်းသွင်းချင်လာကြသည်ပင်။

အထူးသဖြင့် သူ ကိုယ်တိုင်ခစားခြင်းအလယ်ဆင့်သို့ ရောက်နေပြီဟု သိပြီးသည့်နောက်တွင်ပင်။

အဘယ်ကြောင့်ဆိုသော် ဘာမှသာမဖြစ်ခဲ့လျှင် သူသည် အနာဂတ်ခေါင်းဆောင်ဖြစ်လာမည်ပင်။

“ခွေးကောင်ရှီ .. နင်ကဒီမှာဘာလုပ်နေတာလဲ .. မပြန်သေးဘူးလား .. နင့်မိသားစုရဲ့ အရုပ်လေးက ဒေါသထွက်နေပြီ..” ခပ်ဝေးဝေးမှ မိန်းမငယ်လေးတစ်ဦး ထိုကဲ့သို့ အော်ဟစ်လိုက်သည်။

ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေရုံသာမက အကြီးအကဲများကိုပင် ဆွံ့အသွားစေသည်။

“သူ့မိသားစုရဲ့ အရုပ်ဟုတ်လား .. ဘယ်သူက ကလေးအမေလဲ..” အကြီးအကဲတစ်ဦး စိတ်လွတ်ကိုယ်လွတ်ပင် မေးမိသွားသည်။

ယုန်ဖြူလေးသည် မေ့စေ့ကိုပွတ်လိုက်ကာ “ကောင်းကင်ပြုပြင်ခြင်းတာအိုက ယွဲ့ချန်..”

ဖူး..

ခပ်ဝေးဝေးတွင်ရှိနေသည့် နတ်သမီးယွဲ့ချန်မှာ ဤစကားကိုကြားသည်နှင့် သွေးအန်သွားမတတ်ပင်။

ချင်းယီလည်း ရှက်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ယွဲ့ချန်မှာ လူတစ်ယောက်တည်းပင်။

“အာ .. မှားသွားလို့ .. ကောင်းကင်ခစားခြင်းတာအိုက စုန်းမပါ..” ယုန်ဖြူလေး ရူးကြောင်ကြောင်လုပ်နေလေ၏။ ချောင်ယုရှင်းနှင့် အခြားသူများလည်း ရှီဟောင်ကို ဤအခြေအနေမှ ထွက်နိုင်အောင် ကူညီပေးနေသည်။

မဟုတ်ပါက ဤအကြီးအကဲအုပ်စု သူ့အားအလွတ်ပေးမည်မဟုတ်။

ရှုထော်၊ သရဖူ ၁၀ ခုဘုရင်၊ ချီဂု၊ လန်ရှင်း၊ ရှီယီနှင့်အခြားသူများအားလုံးမှာ ခပ်ဝေးဝေးမှသာ ကြည့်နေကြသည်။

“အိုး .. ကျွန်မ အားလုံးကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် .. ကလေးအမေက ဝမ်မိသားစုက နတ်သမီးဝမ်ရှီးလည်းဖြစ်နိုင်တယ်” ရှီဟောင် ထွက်သွားနိုင်သည်ကိုမြင်သည်နှင့် ယုန်ဖြူလေး ဤကဲ့သို့ ပြောလိုက်၏။

ဖူး..

ယခုတစ်ခေါက်တော့ ရှီဟောင် တံတွေးများ ထွက်လာသည့်အလှည့်ပင်။

ဝမ်ရှီးမှာမူ သွေးအန်လုနီးပါးဖြစ်သွားသည်။ သို့သော် သူမ ထွက်လာမည့်သွေးကို ပြန်မြိုချလိုက်သည်။

ဤနေရာမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်လာသည်။

“ငါတို့သွားမယ်..” ရှီဟောင် အရင်ထွက်သွားလိုက်သည်။

လူငယ်တစ်စုလည်း သူ့နောက်လိုက်သွားကြသည်မှာ အမြှီးပင် မမြင်ရတော့။

“ငယ်ရွယ်တာက တကယ်ကိုကောင်းတာပဲ .. သူ့ကို ရည်မွန်တဲ့လူငယ်လေးတွေ ဝန်းရံနေခဲ့တာကို ဒီလူအိုကြီး မှတ်မိသေးတယ် .. သူ့ကို နေရာပေါင်းစုံက အလှလေးတွေ ဝိုင်းနေတာ..”

“ခင်ဗျား အရှက်မရှိတဲ့လူကြီး .. ခင်ဗျားက ဒါတွေ ပြောရဲတယ်ပေါ့ .. အိုး ဟုတ်သားပဲ .. ကောင်းကင်ပြုပြင်ခြင်းဂိုဏ်းက မြင့်မြတ်တဲ့မမလေး၊ ကောင်းကင်ခစားခြင်းတာအိုက စုန်းမနဲ့ ဝမ်မိသားစုက မိန်းကလေးမှာ ဘယ်သူက ကိုယ်ဝန်ရှိနေတာလဲ..”

“ခင်ဗျားက အရှက်မရှိတဲ့လူအိုကြီးပဲ..” အစောပိုင်းကလူမှ ထပ်ပြောလိုက်သည်။

ယွဲ့ချန်၊ စုန်းမနှင့် ဝမ်ရှီးတို့မှာ ဒေါသထွက်နေသည်ပင်။ ဒီလူအိုကြီးတွေက လောကကြီးတစ်ခုလုံးကို ဖရိုဖရဲဖြစ်စေချင်နေတာလား…

သူတို့ ထိုလူများကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ထွက်သွားကြလေ၏။

“လျှောက်မပြောကြနဲ့ .. မဟုတ်ရင် ဝမ်မိသားစုနဲ့ ကျင်းမိသားစုကလူတွေ ခင်ဗျားကို စိတ်ပျက်သွားလိမ့်မယ် .. မဟုတ်ရင်လည်း ကောင်းကင်ပြုပြင်ခြင်းတာအိုဘက်က တစ်ယောက်ယောက် ရောက်လာနေဦးမယ်..” အကြီးအကဲတစ်ဦး ပြောလိုက်သည်။

“သူတို့ ထွက်လာရင်လည်း ထွက်လာပါစေပေါ့.. ငါက ငါကြားတာကို ပြောတာပဲလေ .. ဒီလိုမျိုးတောင်ပြောလို့မရဘူးလား..”

စစ်ပွဲကြီး ဖြစ်လာတော့မည်ကို သိသောကြောင့် အင်ပါယာဂိတ်မှ လေထုမှာ အတော်လေး ဖိစီးနေသည်ပင်။ ထို့ကြောင့် ယခုအချိန်တွင် အားလုံး တမင်သက်သက် နောက်ပြောင်နေကြသည်ပင်။

ပစ်မှတ်ထားခံရသည့်သူများမှာ ဒေါသအထွက်ဆုံးပင်။

“နင် ဘယ်သွားနေတာလဲ..” ယုန်ဖြူလေး ရှီဟောင်ကို မေးလိုက်သည်။

သူ့နောက်တွင် လူငယ်တစ်စု လိုက်နေပြီး အားလုံးမှာ သူ့ကို တစ်ခွက်လောက်သောက်ရန် ဖိတ်ခေါ်ကာ သူ၏အတွေ့အကြုံများကို နားထောင်ချင်နေကြသည်ပင်။

“ငါ့ရဲ့အောင်မြင်မှုကို သုံးပြီးတော့ ကျောက်တုံးကလန်ရဲ့ အပြစ်တွေကို ချေပေးချင်တယ် .. သူတို့ကို သာမန်လူတွေကို နေထိုင်ခွင့်ပေးချင်တယ်..” ရှီဟောင်ပြောလိုက်၏။ သူ၏ယခုတစ်ခေါက် အောင်မြင်မှုမှာ သူတို့၏အပြစ်များကို ချေပေးနိုင်လိမ့်မည်ဟု သူယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် သူသတ်ခဲ့သည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများပင် မနည်းလှ။

ဤသည်မှာ ကျယ်ဝန်းလှသည့်နေရာတစ်ခုပင်။ ဤနေရာ၌ ကြီးမားလှသည့်သိုင်းပြိုင်သည့်ကွင်းတစ်ခု ရှိနေသည်။ ပုံမှန်အားဖြင့် လူများသည် ဤနေရာ ယှဉ်ပြိုင်လေ့ကျင့်ကြသည်ပင်။

သိပ်မဝေးသည့်နေရာ၌ ထူးခြားသည့်နန်းတော်တစ်ခုရှိနေသည်။ ဤနေရာမှာ ထူးချွန်သည့် စစ်ပွဲအောင်မြင်မှုများအတွက် ဆုလာဘ်များ ထုတ်ယူသည့်နေရာပင်။

“ဟွမ်လား..” ခပ်ဝေးဝေး၌ရှိနေသည့်သူအချို့ သူ့ကိုမြင်သွားသည်နှင့် သူတို့မျက်လုံးများ အေးစက်သွားသည်။

“အပြင်မှာ နည်းနည်းလောက်လျှောက်သွားပြီးတော့ လူငယ်မျိုးဆက်လေးတစ်ချို့သတ်ခဲ့တာကိုများ မင်းက မင်းရဲ့အောင်မြင်မှုနည်းနည်းလေးလောက်ကို သတင်းပို့ဖို့ မစောင့်နိုင်တော့ဘူးပေါ့ .. မင်းက တည်ငြိမ်မှုကို မရှိဘူးပဲ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“သူက သူ့ကိုယ်သူသက်သေပြဖို့အတွက် အပြေးလေး ရောက်လာခဲ့တာ .. အောင်မြင်မှုနည်းနည်းလောက်လေးပဲရှိတာကို သူ့ကိုယ်သူ အင်ပါယာဂိတ်မှာ ကြွားလို့ရပြီလို့ထင်နေတယ်..” အခြားတစ်ယောက်လည်း ပြောလိုက်သည်။

ဤလူများအားလုံးမှ သူတို့၏အကောင်းဆုံးအရွယ်သို့ ရောက်နေကြခြင်းဖြစ်ပြီး သွေးစွမ်းအင်များလည်း များပြားလှသည်။ သူတို့အားလုံးမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများပင်။

“ခင်ဗျားတို့ ဘာတွေကို ဆူဆူညံညံလုပ်နေတာလဲ..” ရှီဟောင် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ယဉ်ကျေးမှုမရှိစွာပင် ပြောလိုက်သည်။

“မင်းဘာပြောလိုက်တယ် .. လူလေးနည်းနည်းလောက်လေး သတ်ခဲ့တာကို ဒီလောက်အလောတကြီး ပြေးလာနေတယ် .. မင်းရဲ့အောင်မြင်မှုကို ကြွားဝါချင်နေတာလား .. လူငယ်ဆိုတာ နှိမ့်ချတတ်ရတယ် .. မင်းရဲ့အောင်မြင်မှုက အမြဲတမ်း မင်းဟာဖြစ်နေမှာပဲ .. မင်းကဘာလို့ ဒီလောက်တောင် စိတ်မရှည်လက်မရှည်ဖြစ်နေတာလဲ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့ ထေ့လုံးတွေကို ရပ်လိုက် .. ကျုပ်ရဲ့အောင်မြင်က ခင်ဗျားတို့ခွေးမျက်လုံးတွေကို ကန်းအောင်လုပ်လိုက်လို့ရတယ် .. ခင်ဗျားတို့က ကျင်းမိသားစုကဆိုရင် လေးဖက်ထောက်ပြီး ပြန်သွားလိုက် .. ဝမ်မိသားစုကဆိုရင်လည်း ခင်ဗျားတို့လစ်လိုက်တော့ .. ဒီမှာ ပြဿနာလာရှာမနေနဲ့..” ရှီဟောင် ဆူပူလိုက်သည်။

“လူငယ်လေး .. မင်းဘာတွေ ပြောနေတာလဲ.. မင်းဒီလိုမျိုး အရှက်မရှိ လျှောက်ပြောနေရလောက်အောင် မင်း ဘယ်လိုအောင်မြင်မှု ရခဲ့လဲဆိုတာ ကြည့်ချင်စမ်းပါရဲ့..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်ကာ ပြိုင်ကွင်းမှ လူတစ်စု ခေါ်လာလေ၏။

အပိုင်း ၁၇၃၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၂ – ရန်စခြင်း

လူအုပ်လိုက်ကြီးရောက်လာကာ သူ့ကို ဝိုင်းလာကြသည်။ ဤလူများအားလုံးမှာ မတူညီသည့်ကလန်မှ လူများဖြစ်ကြပြီး ကျင့်ကြံဆင့်များလည်းမတူကြ။ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ထိ ပါဝင်သည်ပင်။

ဟွမ်ပြန်ရောက်လာခြင်းမှာ အုတ်အော်သောင်းတင်းဖြစ်သွားသောကြောင့် ဤနေရာသို့လည်း သတင်းများ ပျံ့သွားသည်ပင်။ သူနှင့်အခြားသူများ ပြဿနာတက်နေသည်ကို မြင်လျှင် မည်သူက စိတ်မဝင်စားပဲနေမည်နည်း..

သူတို့၏ဘုံရန်သူအား ရင်ဆိုင်နေကြသကဲ့သို့ တစ်စုတည်းရပ်နေသည့် လူတစ်စုလည်းရှိနေသည်ပင်။

ရှီဟောင်ကို ဆန့်ကျင်ကာ ပြောဆိုနေသည့်သူမှာ အလယ်၌ ရပ်နေသည်ပင်။ သူတို့သည် သူရှိနေသည့်ဘက်သို့ အေးစက်စွာပင် ရယ်မောနေကြသည်။

“ဒီလူတွေက ဘယ်သူတွေလဲ .. စိတ်ရှုပ်စရာကောင်းလိုက်တာ..” ယုန်ဖြူလေး ပြောလိုက်သည်။

ရှီဟောင်နှင့်လိုက်လာသည့် လူငယ်အုပ်စုမှာ တစ်ဖက်မှ လူအုပ်ကြီးကိုမြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဒီလူတွေက သူတို့ကို ဆန့်ကျင်ချင်နေတာလား .. စကားများကြတော့မယ်…

သိုင်းပြိုင်ကွင်းနား၌ တဝဲလည်လည်နေနေကြသည့်သူများမှာ ရန်လိုကာ စစ်ပွဲကြိုက်သည့်သူများပင်။ ဤနေရာ၌ ကျင့်ကြံသည့်သူ ရှားသောကြောင့် ဤလူများမှာ အခြားသူများနှင့် ရန်ဖြစ်ရသည်ကို ကြိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် သီးသန့်ကျင့်ကြံလိုလျှင် တိတ်ဆိတ်သည့်နေရာများးကိုသာ ရွေးချယ်ကြမည်ပင်။ ကလန်အားလုံးတွင် သန့်စင်သည့်မြေများ ရှိကြသည်ပင်။

ထို့ကြောင့် ဤနေရာတွင်ရှိနေသည့်သူများမှာ ထစ်ခနဲရှိ တိုက်ခိုက်ချင်နေကြသည်ပင်။

“ပွဲလာကြည့်ကြတဲ့သူတွေက ကလန်ပေါင်းစုံကပဲ .. ဒီမှာစုပြီးတော့ ရန်လိုနေကြတဲ့သူတွေ အများစုက ကျင်းမိသားစုနဲ့ ဝမ်မိသားစုရဲ့နောက်လိုက်တွေ ..”

ထိုသူများကို မှတ်မိသည့်သူများမှ ရှီဟောင်တို့ကို သတိပေးလာသည်။

“ဟက် .. ဘာတွေ အချိန်ဆွဲနေတာလဲ .. ငါတို့ကို မင်းရဲ့ကောင်းမှတံဆိပ်ပြားကိုသာပြလိုက် .. မင်းဘယ်လောက်တောင်လုပ်ခဲ့လဲဆိုတာပြလိုက် .. ငါတို့ကြည့်မယ် .. မင်းဒီလောက်ထိ စိတ်ကြီးဝင်နေရအောင် လူဘယ်နှယောက်များ သတ်ခဲ့လဲဆိုတာ ကြည့်ကြတာပေါ့..” တစ်ဖက်ရှိ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ကောင်းမှုတံဆိပ်ပြားဆိုသည်မှာ သတ်လိုက်သည့်ရန်သူအရေအတွက်ကို မှတ်ပေးသည့် အရိုးတံဆိပ်ပြားတစ်မျိုးပင်။

ဤသည်မှာ သူစစ်မြေပြင်သို့ ပထမဆုံးဝင်သည့်အချိန်၌ အသက်ကြီးသည့် ကျင့်ကြံသူတစ်ဦး သူ့အား ပေးခဲ့ခြင်းပင်။ ထိုအချိန်က ဤပစ္စည်းအကြောင်းကို မသိခဲ့။ သူရန်သူများကို သတ်ပြီးတော့မှ သတိထားမိခဲ့ခြင်းပင်။

“ရန်သူလေး နည်းနည်းလောက်သတ်ခဲ့တာကို မင်းကိုယ်မင်း သူရဲကောင်းများ ထင်နေတယ် .. မင်းရဲ့အောင်မြင်မှုကို ဒီလိုမျိုးအလောတကြီး လာတင်ပြတာက မင်းကို လူရယ်စရာဖြစ်အောင် လုပ်သလိုပဲ ဖြစ်သွားမှာ..” အခြားတစ်ယောက်မှ လှောင်ပြောင်လိုက်သည်။

ဤလူများမှာ ကျင်းနှင့်ဝမ်မိသားစုများ၏ နောက်လိုက်များဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် သူ၏တည်ငြိမ်မှုများ ပျောက်ကွယ်သွားကာ သူ၏မျက်လုံးများမှာ အလွန်အေးစက်လာသည်။

ဒီနောက်လိုက်လို့ခေါ်တဲ့သူတွေနဲ့ ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်တွေက ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ တကယ်မသိဘူးပဲ .. သူတို့တွေ သူနဲ့ဒီလိုမျိုး တိုက်ခိုက်ချင်နေတာလား..

သို့သော် ဤလူအုပ်မှာ အတော်လေး အားကောင်းလှသည်။ ကိုယ်တိုင်ခစားခြင်းနယ်ပယ်အပြင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများလည်း ပါဝင်သည်ပင်။

ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများမှာ အရှေ့တွင်မဟုတ်။ သူတို့၏နှုတ်ခမ်းထက်၌ အေးစက်သည့် အပြုံးများဖြင့် အနောက်၌နေ၍ အဖြစ်အပျက်များကို တည်ငြိမ်စွာ ကြည့်နေလေသည်။

သို့သော် သူ့ကို ရန်စနေသည့်သူများကို ထိုကျင့်ကြံသူများ မြှောက်ထားခြင်းဖြစ်ကြောင်း သိနိုင်သည်ပင်။ သူတို့ ဟွမ်အားကြည့်ရဆိုးအောင် လုပ်ချင်နေခြင်းပင်။

ဤသည်မှာ သူ့ကိုမကောင်းကြံချင်နေသည့်သူများ ဖြစ်ချင်နေသည့်အရာပင်။ သူတို့သာ ရှီဟောင်ကို ရှုံးနိမ့်အောင်လုပ်ပြီး သူ၏သူရဲကောင်းဆန်မှုကို လျော့ချပစ်နိုင်ပါက ထိုကျင့်ကြံသူများ အလွန်ကျေနပ်နေကြမည်ပင်။

“မင်းတို့‌တွေ အရမ်းလွန်လွန်းသွားပြီ..” ချန်ကုန်းယန် အော်ဟစ်လိုက်သည်။

“ကျင်းမိသားစုနဲ့ ဝမ်မိသားစုဆီ မင်းတို့တွေရဲ့ဆရာနဲ့အတူ တွားသွားပြီးပြန်သွားလိုက် ..” ပုရွက်ဆိတ်လေးမှာ ပေါက်ကွဲလွယ်သည့်သူပင်။ သူ၏ခန္ဓာကိုယ် အလွန်သေးငယ်သော်လည်း သူ၏အသံမှာ နားကွဲမတတ်ပင်။

လူအုပ်ကြီးမှာ ချက်ချင်းပင် အေးစက်သွားကာ သူ့ကို ကြည့်လာကြသည်။

“ဘာလဲ .. မင်းတို့က ငါနဲ့တိုက်ချင်နေကြတာလား..” ပုရွက်ဆိတ်လေး ကြောက်ရွံ့မနေပဲ သူတို့ကို ပြန်စိုက်ကြည့်ပေးလိုက်သည်။

ရှီဟောင် သူ့ကို တားဆီးလိုက်ကာ “ငါ့မှာ ငါ့အောင်မြင်မှုတွေရှိတယ် .. သူတို့က အပြောပဲရှိတာ .. သူတို့လုပ်ချင်တာလုပ်ပါစေ .. အပြောထက်အလုပ်နဲ့ သက်သေပြတာပေါ့..”

ရှီဟောင် သိပ်မဝေးသည့် နန်းတော်ထံသို့ လျှောက်သွားလိုက်သည်။ သူ့ကောင်းမှုတံဆိပ်ပြားကို ထိုနေရာ၌ စစ်ဆေးကာ သူ့အောင်မြင်မှု၏ တန်ဖိုးကို သက်သေပြနိုင်သည်။

ထိုစကားကိုကြားသည်နှင့် တစ်ဖက်မှလူများအားလုံး တုန်လှုပ်သွားကြသည်။ ဟွမ်သည် တကယ်ကို အတော်လေးရခဲ့သည်ဟု လူအချို့ ချက်ချင်းရိပ်မိသွားသည်။

“လူငယ်ကျင့်ကြံသူတစ်ယောက်ပဲကို .. သူက ကျင့်ကြံသူ ဘယ်နှယောက်လောက်များ သတ်နိုင်မှာလဲ .. ငါတို့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူတွေကိုသတ်ရင်တောင် ဒီလောက်မလောဘူး .. ငါတို့က ခေါင်းနှစ်လုံးရမှ ပြန်လာကြတာ .. ဒီလူငယ်လေးကတော့ .. တကယ်ကို စိတ်မရှည်ဖြစ်နေတာပဲ..”

ကျင့််ကြံသူကြီးတစ်ဦး ပြောလိုက်၏။ သူ့နာမည်မှာ လော့ဟန်ဖြစ်ပြီး သူသည် လူလတ်ပိုင်းအရွယ်အမျိုးသားနှင့်တူသည်။

သူ့အမြင်တွင် ရှီဟောင်သည် ကောင်းကင်ကို တွန်းလှန်နိုင်သည့်စွမ်းရည်ရှိသော်လည်း သူ၏ကျင့်ကြံဆင့်မှာ နိမ့်သေးသည်။ သူ၏အောင်မြင်မှုများလည်း သိပ်ပြီး ထိတ်လန့်စရာကောင်းမည်မဟုတ်။

သူ၏စကားလုံးများမှာ ရှီဟောင်၏ တုံ့ပြန်မှုကို စမ်းသပ်ချင်သောကြောင့်လည်းဖြစ်သည်။ သူ၏အမူအရာမှာ သူ၏အောင်မြင်မှုကို သိချင်သောကြောင့်ပင်။

“ခင်ဗျားက ခင်ဗျား .. ကျုပ်ကကျုပ် .. ခင်ဗျားကြိုက်သလို သူတော်ကောင်းယောင်ဆောင်လို့ရတယ် … ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ်ရိုးသားတယ်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

လော့ဟန် ဒေါသထွက်သွားလေသည်။ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် အမြင့်၌ ရှိနေသည့်သူများပင်။ လူငယ်ဘယ်နှယောက်လောက်ကများ သူတို့အား ဤကဲ့သို့ ပြောရဲမည်နည်း..

“ငါ့အမြင်တော့ ကြည့်ရတာတစ်ယောက်ယောက်ရဲ့ အမြီးက မိုးပေါ်ထောင်တောက်နေတယ်ထင်တယ် .. ကျင့်ကြံသူကြီးတွေကိုတောင် ဆန့်ကျင်ရဲနေတယ် .. မင်းအခုလုပ်ခဲ့တဲ့ကောင်းမှုလေးက မင်းရဲ့စီနီယာတွေနဲ့တိုက်ခိုက်ဖို့ လုံလောက်ပြီလို့ ထင်နေတာလား..” အခြား လူလတ်ပိုင်းအမျိုးသားမှ အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။ သူ၏ဦးခေါင်းထက်တွင် ခရမ်းရွှေရောင်သရဖူတစ်ခုကို ဝတ်ဆင်ထားပြီး အလွန်အေးစက်ကာ စွမ်းအားကြီးပုံပေါက်သည့်သူပင်။

ဤသည်မှာလည်း ကျင့်ကြံသူကြီးတစ်ဦးဖြစ်ပြီး ချီလင်းဟု ခေါ်သည်ပင်။ သူသည် ကျင်းမိသားစု၏နောက်လိုက်ဖြစ်သော်လည်း သူကိုယ်တိုင်လည်း စွမ်းအားကြီးသည့်သူပင်။ သူသည် အစောကြီးကတည်းက ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်ခဲ့သည်ပင်။

ရှီဟောင် ထူးခြားသည့်ကောင်းမှုများ လုပ်ခဲ့မည်မဟုတ်ကြောင်း ဤလူများယုံကြည်နေကြသည်ပင်။

“အခုခေတ်လူငယ်တွေက စိတ်မတည်မငြိမ်နဲ့ နမော်နမဲ့နိုင်တာပဲ .. စိတ်ဓာတ်ခိုင်မှာမှု နည်းနည်းလေးတောင်မရှိဘူး .. အောင်မြင်မှုနည်းနည်းလေး ရလိုက်တာနဲ့ အမြီးက မိုးပေါ်ကို ထောင်တက်နေပြီ..” လော့ဟန် ခေါင်းညိမ့်၍ ပြောလိုက်သည်။

ကျင့်ကြံသူကြီးနှစ်ဦးသည် ရှီဟောင်ကို ပစ်မှတ်ထားတာ တစ်ယောက်နှင့်တစ်ယောက်‌ ပြောနေကြကာ သူတို့လူများကို ပို၍ယုံကြည်ချက်ရှိလာအောင် လုပ်နေသည်။

“ရှင် လွန်လာပြီလို့မထင်ဘူးလား..” ချင်းယီ ပြောလိုက်သည်။ သူမ ဆက်မကြည့်နိုင်တော့။ ပုံမှန်အတိုင်းဆိုလျှင် သူမ သဘောထားမှာ ဤမျှမဆိုး။

“ခင်ဗျားတို့က ကျုပ်တို့ကို အနိုင်ကျင့်ချင်နေတာလား .. ဆိုးသထက်ဆိုးလာရင်တော့ ကျုပ်တို့လည်းတိုက်ခိုက်ရုံပဲရှိတယ်..” ပုရွက်ဆိတ်လေး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မအေဘေးတွေ .. ခင်ဗျားတို့ သတ္တိရှိရင် အဆင့်လွန်စင့်မြင့်ပေါ်တက်ပြီး ခင်ဗျားတို့ရဲ့ကျင့်ကြံဆင့်ကို ဖိနှိပ်ပြီး ကျင့်ကြံဆင့်တစ်ခုတည်းမှာတိုက်ကြ .. ကျုပ်တစ်ယောက်တည်းနဲ့ ခင်ဗျားတို့ရှစ်ယောက်လုံးကို ရိုက်ပေးမယ်..” ချောင်ယုရှင်း ဟစ်ကြွေးလိုက်သည်။

ဖက်တီးလေးသည် မခံမရပ်နိုင်ဖြစ်သော်လည်း ကျင့်ကြံသူကြီးများ၏ ဖိနှိပ်ခြင်းကို မခံလို။ ထို့ကြောင့် တူညီသည့်အဆင့်ဖြင့် တိုက်ခိုက်ရန် အော်ဟစ်လိုက်ခြင်းပင်။

လော့ဟန်နှင့် ချီလင်းတို့နှစ်ဦးလုံး နှာခေါင်းရှုံ့ကာ ခေါင်းခါလိုက်ကြသည်။ ရှီဟောင် စစ်မြေပြင်၌ ကောင်းကောင်းလုပ်နိုင်ခဲ့သည်မှာ မဖြစ်နိုင်ကြောင်း သူတို့ပို၍ယုံကြည်လာကြသည်။

“တကယ် ကလေးဆန်တာပဲ .. မင်းစစ်မြေပြင်ကို သွားရင် ရန်သူတွေက သူတို့ကျင့်ကြံဆင့်ကို နှိမ့်ပေးမယ်လို့ ထင်နေကြတာလား .. မင်းတို့အားလုံးက ငယ်ပါသေးတယ်..” သူတို့ လှောင်ပြောင်လိုက်ကြသည်။

“ခင်ဗျားတို့က အဆင့်မြင့်တဲ့ကျင့်ကြံသူတွေဖြစ်တာနဲ့ပဲ ကိုယ့်ကိုကိုယ် ကြီးမြတ်တယ်လို့ ထင်နေကြတာလား..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ ဤလူများမှာ သူ့အား ထပ်ခါတလဲလဲရန်စနေကြသောကြောင့် သူတို့မာန်စွယ်ကို ချိုးပစ်ရမည်ဟု ရှီဟောင်ခံစားလာရသည်။

ထိုအချိန် အဝေးမှ လူအချို့လျှောက်လာသည်။ အားလုံးမှာ ရင်းနှီးနေသည့်သူများပင်။ အရှေ့မှ ဦးဆောင်လာသည့်သူမှာ ကျင်းခွန်နှင့် ကျင်းယီပင်။ သူတို့လည်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများဖြစ်ကြပြီး အားလုံးမှာ ကျင်းမိသားစု၏ တိုက်ရိုက်သွေးမျိုးဆက်များပင်။

သူတို့နှစ်ဦးအပြင် အချို့သူများ ပါလာသေးသည်။ ထိုလူများထဲတွင် ဝမ်မိသားးစုမှလူလည်းပါမည်ပင်။

“သူ့ကို သင်ခန်းစာပေးကြ .. သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားရင်တောင် ရတယ်.. ငါတို့ကြားသလောက်တော့ မုန့်ထျန်းကျန်း သီးသန့်ကျင့်ကြံတဲ့နန်းတော်အပြင်ဘက်က ဝိညာဉ်မီးအိမ် ငြိမ်းတော့မှာတဲ့ .. သူအကြာကြီးမတောင့်ခံနိုင်တော့ဘူး..”

ထိုလူများသည် ဤနေရာသို့ မရောက်မီကတည်းက လော့ဟန်၊ ချီလင်းနှင့် အခြားသူများထံသို့ အသံပို့လွှတ်လိုက်သည်ပင်။ ယခုအချိန်မှာ လှုပ်ရှားရန်အချိန်ဖြစ်ကြောင်း၊ ဟွမ်ကို သင်ခန်းစာ ပေးနိုင်ခြင်းမှာ ဂုဏ်ယူရပြီး တရားမျှတသည့်အပြုအမူဖြစ်ကြောင်း ပြောလိုက်ခြင်းပင်။

ထို့အပြင် သူတို့သည် မုန့်ထျန်းကျန်းသေတော့မည်ဟူသည့်သတင်းကိုလည်း သယ်ဆောင်လာကြလေသည်။

ဤသည်မှာ ဤနေရာရှိလူများအား ချက်ချင်း ယုံကြည်ချက်တိုးသွားစေသည်ပင်။ မဟုတ်လျှင် အကျိုးဆက်ကိုကြောက်သောကြောင့် သူတို့လက်လွတ်စပယ် မလှုပ်ရှားရဲ။

ကျင်းခွန်နှင့် ကျင်းယီတို့သည် ဤရလဒ်ကို လက်မခံနိုင်သောကြောင့် ရှီဟောင်နှင့်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု အမြဲတမ်း ရှာနေခဲ့ကြခြင်းပင်။ ထို့အပြင် ကောင်းမှုအတော်လေး လုပ်ခဲ့လိမ့်မည်ဟု သူတို့ခံစားနေရသည်ပင်။

သူ၏အောင်မြင်မှုများကို သတင်းမပို့ခင် သူ ကျင့်ကြံသူကြီးများကို ရန်စသောကြောင့် သူ့အား ဆုံးမသည်ဟူသည့်သတင်းများထွက်လာလျှင် သူ၏တောက်ပမှုများ သေချာပေါက် မှေးမှိန်သွားမည်ပင်။

“လူငယ်လေး .. မင်းက အတော်လေး မောက်မာပြီးတော့ ကျင့်ကြံသူကြီးတွေကို အထင်သေးနေတာဆိုတော့ ငါမင်းကို လမ်းညွှန်မှုလေး နည်းနည်းလောက်ပေးရင်ရော..” လော့ဟန်နှင့် အခြားသူများ စိတ်လှုပ်ရှားလာကြလေ၏။

“သက်ရှည်မိသားစုက ခွေးတွေကြောင့် ခင်ဗျားတို့ဒီလိုမျိုး ဂုဏ်မောက်လာကြတာလား..” ရှီဟောင် ဒေါသထွက်နေသည်မှာ သိသာသည်။ သူ ပြန်လာကတည်းက ဤလူများ သူ့အား ထပ်ခါထပ်ခါ တားဆီးကာ ပစ်မှတ်ထားခဲ့သည်ပင်။ ကျင်းကျန်းကို အနိုင်ယူလိုက်တာက မလုံလောက်ဘူးလား..

ဤစကားလုံးများမှာ မယဉ်ကျေးလှ။ ထိုလူများအားလုံး မျက်နှာပျက်သွားကြလေသည်။

“ငါတို့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေကို ခေါင်းဖြတ်ဖူးတယ် .. ဒါပေမဲ့ ငါတို့ ဒီလောက် အထက်စီးဆန်ဆန်နဲ့လာပြီးတော့ သတင်းမပို့ဖူးဘူး .. ဒီနေ့ ဒီဂျူနီယာလေးကို ငါ နည်းနည်းလောက် စမ်းကြည့်မယ်..” ချီလင်း အလွန်အေးစက်စွာပင် ပြောလိုက်သည်။

သူ တစ်ခြားဘာမှမပြောတော့။ အဘယ်ကြောင့်ဆိုသော် သူသည် အားကြီးသည့်သူအနေဖြင့် အားနည်းသည့်သူကို အနိုင်ကျင့်နေသည်ဟု အနည်းငယ် ခံစားနေရသောကြောင့်ပင်။

“ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျားနဲ့ ခင်ဗျား .. ခင်ဗျားတို့အားလုံး ဒီကိုလာခဲ့လိုက်..” ရှီဟောင် လော့ဟန်၊ ချီလင်း၊ ကျင်းခွန်နှင့် ကျင်းယီတို့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“လူငယ်လေး လူတစ်ယောက်က မင်းကို စမ်းသပ်ရင်လုံလောက်ပြီ .. မင်းမှာ ဆရာကို ရွေးချယ်နိုင်တဲ့ အရည်အချင်းမရှိဘူး..” ချီလင်း အေးစက်စွာ ပြောလိုက်သည်။

“ဒါက စမ်းသပ်မှုပဲဆိုတော့ ကျုပ်တစ်ယောက်တည်းနဲ့ ခင်ဗျားတို့အားလုံးကို သေချာကိုင်တွယ်နိုင်တယ် .. ခင်ဗျားတို့ ကျင့်ကြံသူကြီးတွေက တစ်ခြားသူတွေရဲ့ လေးစားမှုကို ခံယူသင့်ရဲ့လား၊ ခင်ဗျားတို့ရဲ့ ဂုဏ်သတင်းက ခင်ဗျားတို့ရဲ့ စွမ်းရည်တွေနဲ့ ကိုက်ရဲ့လားလို့ ကျုပ် တကယ်သိချင်နေတာ .. ခင်ဗျားတို့ရဲ့ ရန်သူကို သတ်ခဲ့တယ်ဆိုတာတွေက ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း လုပ်ခဲ့တာမဟုတ်ဘူးလို့ ကျုပ်သံသယဝင်မိတယ်..”

အပိုင်း ၁၇၃၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၃ – အရိုက်ခံလိုခြင်း

ထိုအခိုက်အတန့်တွင် လေထုမှာ အလွန်တင်းမာလာသည်။ ရှီဟောင် ဤမျှရဲတင်းလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ သူသည် ကျင့်ကြံသူကြီးများကို ဆန့်ကျင်ရုံသာမက ကျင့်ကြံသူကြီးများစွာကို တစ်ပြိုင်နက်တည်း စိန်ခေါ်ခဲ့သည်။

ဤသည်မှာ ဤနေရာတွင်ရှိနေသည့် သက်ရှိအားလုံးကို ဆွံ့အသွားစေသည်။ တစ်ချက်လေးမှားသွားသည်နှင့် ပြဿနာကြီး ဖြစ်လာမည်ပင်။ ကျင်းခွန်၊ ကျင်းယီ၊ လော့ဟန်နှင့် ချီလင်းတို့သာ ဒေါသထွက်လာကြပါက သူတို့ပြင်းပြင်းထန်ထန် ရိုက်နှက်လာကြမည်ပင်။ သူ အသက်အန္တရာယ်ရှိလာလျှင် ဘယ်လိုလုပ်မည်နည်း..

“ခွေးကောင်ရှီ .. နင်ရူးနေပြီ .. ဒီ မကောင်းတဲ့ကောင်တွေက မုန်းစရာကောင်းတယ်ဆိုပေမယ့် ဒီလိုမျိုး နင့်ရဲ့ဆုံးဖြတ်ချက်ကို နင့်ခံစားချက်တွေနဲ့ မဖုံးသွားစေနဲ့..” ယုန်ဖြူလေး သူ့အား အလျင်အမြန် တားမြစ်လာသည်။

“ဟုတ်တယ် .. ငါပြောချင်တာလည်း အဲဒါပဲ .. မစိုးရိမ်နဲ့ .. မင်း သူတို့နဲ့ ပြိုင်ကိုက်နေစရာမလိုဘူး .. ငါတို့ ပြန်ရောက်တဲ့အချိန်ကျရင် အကြီးအကဲအရှင် မုန့်ထျန်းကျန်းကို သူတို့နဲ့ရှင်းဖို့ ပြောလိုက်လို့ရတယ်..” ချောင်ယုရှင်း အကြံပေးလာသည်။

ချင်းယီလည်းလျှောက်လာပြီး သူ့အင်္ကျီအစွန်းကိုကိုင်ကာ ခေါင်းခါပြလာသည်။

ရှုထော်၊ လန်ရှင်းနှင့် အခြားသူများသည် ရှီဟောင်အား သည်းခံလိုက်ရန် စိတ်ထဲမှ ပြောလာကြသည်။ အားလုံးမှာ လူငယ်မျိုးဆက်များပင်။ သူတို့ ယခင်က တိုက်ခိုက်ဖူးခဲ့ကြသော်လည်း ယခုအချိန်တွင် သူတို့အားလုံး ဆင်ခြင်တုံတရား ရှိကြသည်ပင်။

ထော်ဂုယုလုံနှင့် ဝိညာဉ်ငါးခု စစ်ရထားလုံးပိုင်ရှင် ချီဟုန်ပင်လျှင် ရှီဟောင်အား အလောတကြီးမလုပ်ရန် ပြောလာကြသည်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးသာ မကျေမနပ်နှင့် ဆူညံစွာ အော်ဟစ်ပြီး ရှီဟောင်အား ထောက်ခံနေသည်ပင်။ ဤကျင့်ကြံသူကြီးများကို ချီးထွက်ကျသည်အထိ ရိုက်ရန် လူအချို့အားသွားခေါ်လာခဲ့မည်ဟု ပြောသေးသည်။

ပုရွက်ဆိတ်လေး၏ စကားများမှာ ရိုင်းပျလွန်းလှသောကြောင့် ကျင်းခွန်နှင့် ကျင်းယီတို့ အမူအရာပြောင်းလဲသွားကာ အေးစက်သည့်အငွေ့အသက်များ ထုတ်လွှတ်လာသည်။

“ခင်ဗျားတို့အားလုံး ဒီလောက်ဖိအားပေးနေကြတာ အကြီးအကဲအရှင်မုန့်ထျန်းကျန်း ဒေါသထွက်မှာကို မကြောက်ဘူးလား..” သရဖူ ၁၀ ခုဘုရင် ပြောလိုက်သည်။

အဆင့်လွန်သက်ရှိတစ်ဦး ဒေါသထွက်လျှင် မရေမတွက်နိုင်သည့်အလောင်းများ ဖြစ်လာနိုင်ပြီး သွေးချောင်းစီးသွားနိုင်သည်ပင်။

“ဟက် ဟက် လူငယ်လေး မင်းတို့အတွေးလွန်နေတာပဲ .. အမ် .. ငါတို့မင်းကို ပြောဖို့မေ့နေတာ .. ငါတို့အခုလေးတင် သတင်းရခဲ့တယ် .. မုန့်ထျန်းကျန်း သီးသန့်ကျင့်ကြံတဲ့နန်းတော်အပြင်ဘက်က ဝိညာဉ်မီးအိမ် ငြိမ်းတော့မှာတဲ့..” ကျင်းယီသည် အကြီးအကဲအရှင်အား လေးစားစွာပင် မခေါ်တော့။

“ဘာ..” ထိုလူစု ဆွံ့အသွားရသည်။

အကြီးအကဲအရှင် သေတော့မှာလား..

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။ ဤသတင်းသည် အင်ပါယာဂိတ်တစ်ခုလုံးအား တုန်လှုပ်သွားစေမည်ပင်။

ဒါက တကယ်လား.. အားလုံးမယုံကြည်ရဲကြ။

ဤစကားကိုကြားသည်နှင့် ရှီဟောင် အလွန်စိုးရိမ်သွားမိသည်။

သို့သော်လည်း ခဏကြာပြီးနောက် သူထွက်မလာခင်က အကြီးအကဲအရှင် သူ့အား ပြောသည့်စကားများကို ပြန်စဉ်းစားမိပြီး သူတည်ငြိမ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင် အဆင်ပြေနေလိမ့်မည်ဟု သူယုံကြည်သည်။

ယခုအချိန်တွင် ဖြစ်နိုင်သည်မှာ အကြီးအကဲအရှင်သည် သူပြောထားအတိုင်း ကန့်သတ်ချက်ကို ထိုးဖောက်နေခြင်းဖြစ်လိမ့်မည်။

သူ၏ဝိညာဉ်မီးအိမ် မှိန်ဖျော့နေပြီဖြစ်သော်လည်း သူဒုက္ခရောက်မည်မဟုတ်ဟု ရှီဟောင် ယုံကြည်သည်။

ဤသည်မှာ သူနှင့် အကြီးအကဲအရှင်ကြားမှ အပြန်အလှန်နားလည်မှုပင်။

“လူငယ်လေး .. မင်းက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကွာခြားချက်ကို မသိဘူးပဲ .. မင်း ရန်မစသင့်တဲ့သူတွေကို မင်းရန်စမိသွားပြီ .. တကယ်ကို သနားဖို့ကောင်းတာပဲ..” လော့ဟန် ခေါင်းခါလိုက်ကာ တစ်လှမ်းချင်း လျှောက်လာလေ၏။

ယခုအချိန်တွင် အားလုံး မတည်ငြိမ်နိုင်ကြတော့။

သို့သော် ရှီဟောင်၏ စီးတော်ယာဉ်ဖြစ်သည့် ရွှေရောင်ခြင်္သေ့မှာတော့ အလွန်တည်ငြိမ်နေသည်။ ရှီဟောင်၏ခွန်အားကို သူ့ထက်ဘယ်သူမှ ပိုမသိနိုင်။ ရှီဟောင် ကျင့်ကြံသူကြီးများစွာအား တစ်ယောက်ပြီးတစ်ယောက်သတ်ခဲ့သည်ကို သူကိုယ်တိုင်တွေ့ခဲ့ရခြင်းပင်။

ယခု လော့ဟန်၏ စကားများကို ကြားလိုက်ရသည့်အချိန်တွင် သူ့အမူအရာ ထူးဆန်းသွား၏။ သူသည် ပွဲကြည့်ပရိတ်သတ်အနေဖြင့် တည်ငြိမ်စွာပင် ကြည့်နေလေ၏။

“ဟွမ် … မင်းရဲ့အရည်အချင်းတွေက မဆိုးဘူး .. မင်းသာကြိုးစားရင် မကြာခင် ငါတို့နဲ့ ယှဉ်လာနိုင်မှာ .. ဒါပေမဲ့ မင်းက အရမ်းစိတ်မရှည်ဖြစ်လွန်းနေတယ် .. နည်းနည်းပိုပြီးတော့ နှိမ့်ချတတ်ဖို့လိုသေးတယ် .. ငါမင်းကို နည်းနည်းလမ်းညွှန်ပြပေးမယ်..” ကျင်းခွန်ပြောလိုက်၏။ သူသည် မျက်နှာပင်မနီပဲ အလွန်တည်ငြိမ်နေသည်။ သူသည် ရှီဟောင်အား ဖိနှိပ်ချင်နေသော်လည်း ဤအရှက်မရှိသည့်စကားများကို ပြောရဲသေးသည်။

သို့သော် ရွှေရောင်ခြင်္သေ့အမြင်တွင်တော့ ဤသည်မှာ ပို၍ ရယ်စရာကောင်းနေသေးသည်။ သူက ဟွမ်ကို ပညာတွေ သင်ပေးချင်နေသေးတယ်ဟုတ်လား .. ဟွမ်၏ ရိုက်ချက်ကြောင့် သူမသေသွားလျှင်ပင် အနည်းဆုံး ရှစ်ပိုင်းခန့်တော့ဖြစ်သွားလိမ့်မည်ဟု သူပြောရဲသည်။

“ဟား ဟား .. ဟား ဟား..” ချီလင်းလည်း အခြားတစ်နေရာမှ လျှောက်လာကာ ရှီဟောင်အား ဝိုင်းလာကြလေ၏။ သူဘာမှမပြော။ အကြိမ်ရေအနည်းငယ်ခန့်သာ ရယ်မောလိုက်ခြင်းပင်။ သူဘာမှသိပ်မပြောချင်တော့။

“လာခဲ့ လာခဲ့ လာခဲ့ .. မင်းက ငါတို့ကို စစ်ဆေးချင်နေတာမလား .. ဒီလူအိုကြီးလာပြီ .. သေချာလေး စစ်ဆေးကြတာပေါ့ .. မင်းရဲ့အရည်အချင်းတွေကို ကြည့်ရအောင် .. ငါ့ဆီလာခဲ့လို့ရတယ်..” ကျင်းယီ ပြောလာသည်။ အခြားသုံးယောက်နှင့်ယှဉ်လျှင် သူသည် အတော်လေးအသက်ကြီးနေပြီဖြစ်သည့် အကြီးအကဲတစ်ဦးပင်။

“ကောင်းပြီလေ .. ခင်ဗျားတို့ကို စိတ်ကြိုက်ရိုက်ဖို့ ခင်ဗျားတို့ကိုယ်တိုင် ပြောတာနော်..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကိုစီးကာ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားပြီး တိုက်ခိုက်လိုက်သည်။

ဝုန်း..

သူ ကျင်းယီကို ရိုက်ချလိုက်သည်။ တစ်ဖက်လူမှ သူ့အားတောင်းဆိုနေသောကြောင့် သူဘာမှပြောမနေတော့။ သူတို့ကျေနပ်သွားအောင် ဖြည့်ဆည်းပေးလိုက်မည်။

အမ်.. တစ်ခုခုမှားယွင်းနေသည်ဟု ကျင်းယီခံစားလိုက်ရသည်။ တစ်ဖက်လူက ဘာလို့ အဲဒီလောက်တောင် မြန်နေတာလဲ .. သူလက်မြှောက်လိုက်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

သို့သော် ရှီဟောင်၏ လက်ဝါးနှင့် လက်ချောင်းများတောက်ပလာကာ သူ့လက်ကို ဖြတ်ကျော်သွားသည်။ ဝုန်းဟူသည့်ဆူညံသံနှင့်အတူ သူရိုက်ခံလိုက်ရသည်။ ဖြန်း.. ကျယ်လောင်လှသည့်အသံတစ်ခု သူ့မျက်နှာမှ ထွက်လာသည်။

“အား…” ကျင်းယီ အော်ဟစ်လိုက်သည်။ သူ၏မျက်နှာဖူးယောင်လာပြီး သွေးများလည်းပျံ့ကြဲနေသည်။ သူ့တစ်ကိုယ်လုံးပင် နောက်ယိုင်သွားလေ၏။

အားလုံး ငေးကြောင်သွားရသည်။ သူတို့စတိုက်တာနဲ့ ကျင်းယီ ရိုက်ခံလိုက်ရတာလား .. ပြီးတော့ မျက်နှာကို ရိုက်ခံလိုက်ရတာ .. ဒါက အရမ်းဆိုးလွန်းတယ်လေ ဟုတ်တယ်မလား..

ရွှေရောင်ခြင်္သေ့ပင် ထိတ်လန့်သွားရသည်။ သို့သော် သူ၏ထိတ်လန့်ပုံမှာ အခြားသူများနှင့်အတူ။ ဤရိုက်ချက်မှာ အတော်လေး ပေါ့ပါးလွန်းသည်ဟု သူခံစားလိုက်ရသည်။ သူသည် တစ်ဖက်လူအား မသတ်သလို လွင့်ထွက်သွားအောင်လည်းမလုပ်။ ဤကဲ့သို့ ရိုက်ရုံသာရိုက်ခြင်းမှာ ရှီဟောင်လုပ်နေကျအရာမဟုတ်။

“မင်း ဘာလို့ဒီလောက်တောင် သတိလက်လွတ်ဖြစ်နေတာလဲ..” ကျင်းခွန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူတို့နှစ်ဦးလုံးမှာ ကျင်းမိသားစုမှဖြစ်သောကြောင့် ဤသည်မှာ သူ့အား အရှက်ရစေသည်ပင်။

“ဒါက ဒဏ္ဍာရီလာ ထာဝရလေလက်ဖြစ်လောက်မယ် .. သူ့ရဲ့အရှိန်က အရမ်းမြန်ပြီးတော့ လျှို့ဝှက်နက်နဲမှုတွေ ပြည့်နေတာ .. ဒီရိုက်ချက်ကိုရှောင်ဖို့ အရမ်းခက်ခဲတယ်..” ချီလင်း ရှင်းပြလိုက်သည်။

ရှီဟောင်၏ ခွန်အား စွမ်းအားကြီးခြင်းဖြစ်လိမ့်မည်ဟု မည်သူမှ မယုံကြည်ကြ။

သို့သော်လည်း သူတို့ကို အပြစ်တင်၍လည်းမရ။ အဘယ်ကြောင့်ဆိုသော် အသက် ၂၀ ကျော်လေးသာရှိသေးသည့် လူငယ်တစ်ယောက် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင်ကြံသူများနှင့် အမှီလိုက်နိုင်သည်ဆိုသည်မှာ စဉ်းစားကြည့်ရန်ပင် ခက်ခဲသည့်အရာတစ်ခုပင်။

သိထားရမည်မှာ ကျင့်ကြံဆင့်မြင့်လေလေ ကျင့်ကြံဆင့်နယ်ပယ်ကျော်ကာ တိုက်ခိုက်ရန် ခက်ခဲလေလေပင်။

ရှီဟောင်သည် အပြုံးနုလေး ပြုံးလိုက်ကာ “ကျုပ် တစ်ယောက်ကို ရိုက်ပြီးသွားပြီ .. အဲဒီတော့ စစ်ဆေးမှုက ဒီအတိုင်းပဲ ဆက်သွားမှာလား..”

“နောက်တစ်ခေါက်..” ကျင်းယီ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူတကယ်ကို ဒေါသထွက်နေခြင်းပင်။ သူ့ထံ၌ ဘာမျက်နှာကျန်ဦးမည်နည်း.. ရှီဟောင်ကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်လိုက်လျှင်ပင် သူ့ကို လူငယ်တစ်ယောက် မျက်နှာဖြတ်ရိုက်လိုက်ကြောင်း သတင်းကြားသည့်အချိန်တိုင်း လူများ သူ့ကို လှောင်ရယ်နေဦးမည်ပင်။

“ခင်ဗျားက ကျုပ်ကို ထပ်ရိုက်ခိုင်းမလို့လား..” ရှီဟောင်မေးလိုက်၏။

“လူငယ်လေး .. မင်းမှာ ဘာနည်းလမ်းရှိရှိ ထုတ်သုံးလိုက်လို့ရတယ်..” ကျင်းယီ ဒေါသထွက်နေသော်လည်း ယခုတစ်ခေါက်တွင်တော့ သူသတိကြီးကြီးထားလိုက်သည်။ သူ သတိလက်လွတ်မနေရဲတော့။

ထို့အပြင် သူ၏ခန္ဓာကိုယ်ပတ်လည်၌ တိုက်ပွဲစွမ်းအင်များ စီးဆင်းလာပြီး နတ်အလင်းများလည်း ထွက်ပေါ်လာသည်။ သူ ခုခံမှုကိုလည်း ထပ်ပေါင်းထည့်လိုက်လေပြီ။

တစ်ချိန်တည်းမှာပင် လော့ဟန်၊ ချီလင်းနှင့် ကျင်းခွန်တို့လည်း လျှောက်လာကြကာ သူတို့ကျင့်ကြံဆင့်၏ ဖိအားများ ထုတ်လွှတ်နေသည်။

“သတိထား ရှီဟောင် .. သတ္တိရှိဖို့ မကြိုးစားနဲ့တော့..” အချို့လူများသူ့အား အကြံပေးနေဆဲပင်။

“နင်ကအရမ်းခေါင်းမာတာပဲ .. ငါတို့အကြံပေးတာကို ဘာလို့နားမထောင်တာလဲ..” ယုန်ဖြူလေးနှင့် အခြားလူများ မကျေမနပ်ဖြစ်လာသည်။ ရှီဟောင်တစ်ခုခု ဖြစ်သွားမည်ကို သူတို့စိုးရိမ်နေကြသည်ပင်။

ရွှေရောင်ခြင်္သေ့သာ စိတ်ထဲမှ ကျိန်ဆဲနေလိုက်သည်။ ဟွမ်သည် တကယ်ကို မကောင်းသည့်ကောင်ပင်။

“အရမ်းကို မရိုးသားတာပဲ .. ဒါက မင်းတစ်ခြားသူတွေကို အနိုင်ကျင့်တာပဲ မဟုတ်ဘူးလား..” ရွှေရောင်ခြင်္သေ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူပို၍ သတိထားလာရသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ကြင်နာရိုးသားတတ်သည့်သူမဟုတ်မှန်း သူသိလိုက်ရသည်ပင်။ သူသည် တစ်ဖက်မှလူများထက် သေချာပေါက် အင်အားကြီးသော်လည်း သူသည် ထိုသူများကို တစ်လှမ်းချင်လျှောက်လာအောင် လုပ်နေသေးသည်။ ထိုသူများ အရင်တိုက်ခိုက်လာအောင် ဖိအားပေးနေသည်။

မည်ကဲ့သို့ အဆုံးသတ်မည်ကို စဉ်းစားမိသွားသည့်အချိန် သူ ထိုလူများကို သနားသွားရသည်။

“ခင်ဗျားတို့အားလုံးလည်း ကျုပ်ရိုက်တာကို ခံချင်နေတာလား..” ရှီဟောင် လော့ဟန်၊ ချီလင်းနှင့် ကျင်းခွန်တို့ကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းရဲ့ မောက်မာတာတွေလျှော့ ကောင်စုတ်လေး .. မင်းငါတို့ကိုအားလုံးကို ရိုက်နိုင်ရင် ဒါက တကယ်ကို မှော်ဆန်တာပဲ .. နေလုံးကြီး အနောက်ဘက်ကနေ ထွက်လာလိမ့်မယ်..” လော့ဟန် ရယ်မောလိုက်သည်။

ချီလင်းသည့် သူ့အားအေးစက်စွာ ကြည့်ပြီးနောက် “မင်းက ငါ့ရှေ့မှာတောင် ရဲရဲတင်းတင်းလုပ်ရဲတယ်ပေါ့..”

“မင်းက တော်တော်လေးကို ဉာဏ်မကောင်းတာပဲ .. မုန့်ထျန်းကျန်း သေတော့မှာကို သိနေတာတောင်မှ မင်းက ငါတို့ကျင်းမိသားစုကို လာကိုက်နေသေးတယ် .. တကယ်ကို အမြော်အမြင်မရှိတာပဲ.. ” ကျင်းခွန်ပြောလိုက်သည်။ ထို့အပြင် သူသည် အေးစက်စွာ ရယ်မောလိုက်ကာ “မင်းရဲ့ အပြစ်ဒဏ်ကို လာခံယူလိုက်တော့..”

“ခင်ဗျားတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက် အရိုက်ခံချင်နေတာပဲ .. အဲဒီလိုဆိုမှတော့ ကျုပ် ခင်ဗျားတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..” ရှီဟောင် ပြောလိုက်သည်။

ရွှီး..

ထို့နောက် သူသည် ရွှေရောင်လျှပ်စီးတန်းလေးအဖြစ် ပြောင်းလဲသွားကာ ခွန်ပန်၏နတ်အရှိန်နှင့် လျှပ်စီးဧကရာဇ်၏ လျှို့ဝှက်ပညာကို အသက်သွင်းလိုက်ကာ သူ့အရှိန်ကို အမြင့်ဆုံးရောက်အောင် လုပ်လိုက်သည်။ ထို့အပြင် သူသည် တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးကိုလည်း အသုံးပြုလိုက်ပြီး ဤလူများကို ရိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး တုန်ခါသွားလေ၏။ ထို့နောက် ခဏကြာပြီးနောက် အရာအားလုံး ရပ်တန့်သွားသည်။

သူတို့အားလုံးသည် အတော်လေး တုန်လှုပ်နေပြီးနောက် သစ်သားရုပ်တုကဲ့သို့ ဖြစ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ကျင်းယီသည် နောက်တစ်ခေါက် ပါးရိုက်ခံလိုက်ရပြီး သူ့မျက်နှာကြီး ပွင့်ထွက်သွားသည်။ ယခုတစ်ခေါက်တွင်တော့ သူအနောက်မယိုင်တော့။ ထိုအစား တစ်ခါတည်း လွင့်ထွက်သွားသည်။ သူသည် ထပ်ခါတလဲလဲပင် သွေးအန်နေကာ သေမလိုဖြစ်သွားသည်။

တစ်ဖက်မှ ကျင်းခွန်လည်း အလွန်ဆိုးရွားနေသည်ပင်။ သူ၏နှာခေါင်းရိုး တက်နင်းခံလိုက်ရကာ ကျိုးသွားလေပြီ။ သူ၏မျက်နှာလည်း ချိုင့်ဝင်သွားပြီး ပါးစပ်နှင့် နှာခေါင်းအပါအဝင် သူ့မျက်နှာထက်ရှိ ဒွါရ ၇ ပေါက်မှ သွေးများစီးကျလာသည်။

လော့ဟန်မှာမူ သူ့မျက်နှာထက်သို့ လက်ဝါးတစ်ဖက် အရှိန်ပြင်းစွာ ကျရောက်လာပြီး ထွက်လာသည့်အသံမှာ စူးရှကြည်လင်လှသည်။ သူ၏သွားများ လွင့်ထွက်သွားကာ သွေးများလည်း လွင့်စင်သွား၏။

တစ်ချိန်တည်းမှာပင် သူ၏နဖူးရိုးအက်ကွဲသွားလေသည်။ ထိုလက်ဝါးမှာ သူ့ဦးခေါင်းကို တစ်စစီဖြစ်အောင် လုပ်တော့မတတ်ပင်။

ချီလင်းသည် အစောပိုင်းက ခနဲ့နေသေးသော်လည်း ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် ဆံပင်မွေးများထောင်ထလာကာ ချက်ချင်းထွက်ပြေးသွားလေသည်။

သို့သော်လည်း သူမလွတ်မြောက်နိုင်ခဲ့။ ရှီဟောင်၏ ရိုက်ချက် သူ့ကျောရိုးပေါ်သို့ ရောက်ရှိလာကာ သူ လွင့်ထွက်သွားပြီး သွေးအိုင်ထဲသို့ လဲကျသွားလေ၏။

အားလုံးမှာ တစ်ခဏအတွင်းဖြစ်ပျက်သွားခြင်းပင်။ ဤလူများမှာ ရှီဟောင်ကို အထင်သေးနေကြပြီး လူငယ်မျိုးဆက်တစ်ယောက် ဘာမှမလုပ်နိုင်ဘူးဟု ထင်နေကြသည်။

အမှန်တကယ်တွင် ရှီဟောင် သူတို့ထက် အားကောင်းရုံသာမက အရှိန်လည်း မြန်သည်ပင်။ ထို့ကြောင့် အရိုက်ခံရဖို့တောင်းဆိုနေကြသည့် ဤလူများအားလုံး ကပ်ဆိုးကြီးတစ်ခု ခံစားလိုက်ရကာ သူတို့၏ အဆုံးသတ်မှာလည်း ဆိုးရွားသွားသည်ပင်။

အပိုင်း ၁၇၃၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၄ – အံ့အားသင့်စရာကောင်းသည့် အောင်မြင်မှု

ကျင်းယီမျက်နှာမှ နောက်တစ်ကြိမ် သွေးများပန်းထွက်လာပြီး ကျင်းခွန်နှာခေါင်းရိုးကျိုးသွားကာ ဒွါရ ၇ ပေါက်မှသွေးများစီးကျလာသည်။ လော့ဟန် သွားများကျွတ်ထွက်သွားပြီး သွေးများနှင့် ရောသွားလေပြီ။ ချီလင်း ကျောရိုးကျိုးသွားကာ မြေပြင်ပေါ်၌ လဲကျနေလေပြီ။

ကျွမ်းကျင်သူ လေးဦးမှာ အလွန်အခြေအနေဆိုးရွားနေပြီး သူတို့သည် စိတ်ဓာတ်ကျကာ သေပင်သေချင်နေလေပြီ။

ဤရလဒ်မှာ သူတို့မပြောနှင့် ဘေးပတ်လည်မှလူများပင် မယုံကြည်နိုင်ကာ ဆွံ့အနေကြသည်။ ဤလူများမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများဖြစ်ကြသော်လည်း သူတို့သည် ဤကဲ့သို့ပင် ဟွမ်၏ ရိုက်နှက်ခြင်း ခံလိုက်ရသည်လား..

ဤကျင့်ကြံသူကြီးများမှာ နှစ်ပေါင်းများစွာ နာမည်ကြီးလာခဲ့သည့်သူများဖြစ်ပြီး အင်ပါယာဂိတ်တွင်လည်း ဂုဏ်သတင်းကျော်စောကြသည်ပင်။ သို့သော်လည်း သူတို့သည် အသက် ၂၀ ကျော်လူငယ်လေးတစ်‌ေ်ယာက်၏ ပြိုင်ဘက်ပင် မဟုတ်ခဲ့။

လူများစွာ ငေးကြောင်နေကြ၏။ ဤသည်မှာ နားလည်ရန် တကယ်ကို ခက်ခဲလွန်းလှသည်။ ကျွမ်းကျင်သူကြီးလေးယောက်ရဲ့ ‘အရိုက်ခံရဖို့တောင်းဆိုးတာက’ ဘာလို့ တကယ်ဖြစ်လာတာလဲ..”

“ဆိုးရွားလိုက်တာ … ကြည့်လိုက် .. ကျင်းယီမျက်နှာက အစက ဂုဏ်သရေရှိတယ် .. အခုတော့ သူ့ဆံပင်က ကြမ်းတိုက်ဝတ်ကျနေတာပဲ .. မဟုတ်သေးဘူး .. သူ့မျက်နှာအိုကြီးက ပန်းတစ်ပွင့်နဲ့တူနေတာ..”

ဤစကားများကို ပြောလိုက်သည့်သူမှာ ချောင်ယုရှင်းပင်။ သူသည် ပထမဆုံးအသိပြန်ဝင်လာကာ ဤလူများကို လှောင်ပြောင်လိုက်သည်။

“ဒီပန်းကြည့်ရတာ နည်းနည်းညှိုးနေသလိုပဲ .. သိပ်မလန်းဘူး..” ယုန်ဖြူလေး သူနှင့်အတူတူ လိုက်ပြောလာသည်။

“သူက ဒီလောက်တောင် အသက်ကြီးနေပြီကို .. သူ့ဆီကနေ ရေညစ်ထုတ်လို့ရမယ်လို့ ထင်နေတာလား.. ” ချောင်ယုရှင်း ရယ်မော၍ ဟစ်ကြွေးလိုက်သည်။

သူတို့ကို ရန်လိုနေသည့်သူများပင် ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြလေသည်။ ချင်းယီ၊ ရှုထော်၊ ထော်ဂုယုလုံနှင့် အခြားလူငယ်များပင် မအောင့်နိုင်တော့ပဲ ရယ်မောလာကြသည်။

ကျင့်ကြံသူကြီးလေးဦး ဒေါသထွက်သွားရသည်။ ကိစ္စများမှာ မေ့၍မရနိုင်လောက်သည်အထိ ဆိုးရွားလွန်းလှသည်ပင်။

“သေချင်နေတာလား..” လော့ဟန် ဟစ်ကြွေးလိုက်သည်။ သူသည် လူလတ်ပိုင်းအရွယ်သာရှိသေးသော်လည်း ယခုအချိန်တွင် သူ၏ပုံပန်းသွင်ပြင်မှာ ဆိုးရွားနေသည်။

အဘယ်ကြောင့်ဆိုသော် သူ့သွားများမရှိတော့ပေ။ သူ၏မျက်နှာထက်မှ အာရုံခံအင်္ဂါငါးခုလည်း ပုံပျက်နေလေပြီ။ သူ၏ဦးခေါင်းခွံမှာ အက်ကွဲလုနီးပါးပင်။

“ဦးလေး .. ဦးလေးကလူလတ်ပိုင်းရောက်ပြီး အသက်တောင်ကြီးနေပြီ.. သွားတွေတောင် မရှိတော့ပဲနဲ့တောင် ဒေါသကြီးနေတုန်းပဲ .. ဦးလေးရဲ့ အတွင်းအပူတွေ လျော့သွားအောင်လို့ လက်ဖက်ရည်များများ သောက်သင့်တယ်..” ယုန်ဖြူလေး လှောင်ရယ်လိုက်သည်။

လော့ဟန် မျက်နှာပျက်ယွင်းသွားကာ ယုန်ဖြူလေးထံသို့ လက်ကြီးတစ်ဖက် အုပ်မိုးသွားလေသည်။

သို့သော်လည်း သူ့ကိုစောင့်ကြိုနေသည်မှာ ဟွမ်ပင်။ သူသည် ရွှေရောင်ခြင်္သေ့ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ့ထံသို့ လက်သီးများစွာ ပစ်သွင်းလိုက်သည်။

လော့ဟန် ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားကာ ဝေါ့ကနဲ သွေးအန်လာလေ၏။ အဘယ်ကြောင့်ဆိုသော် သူ့ရင်ဘတ်ကို ကန်ထည့်ခံလိုက်ရသောကြောင့် သူ့ဝိညာဉ်ပင် မတည်မငြိမ်ဖြစ်လာသည်။

“ငါ စာရင်းလာရှင်းပြီ..” ကျင်းခွန် အော်ဟစ်လိုက်သည်။ သူသည် ဒေါသတကြီးဖြင့်ပင် တရှိန်ထိုး ပြေးလာလေ၏။ ယခုတစ်ခေါက် သူတို့ တကယ် အရှက်ကွဲသွားရသောကြောင့် သူတို့က ဘယ်လိုလုပ် ဤအတိုင်း ငြိမ်ခံနေနိုင်မည်နည်း..

ကံမကောင်းစွာဖြင့် သူ့ကိုယ်သူ အထင်ကြီးမိသွားလေပြီ။ သူသည် ဤသည်ကို လက်မခံနိုင်သောကြောင့် သူ့ကို တိုက်ခိုက်နိုင်မည့်အကြောင်းပြချက်များ ရှာဖွေနေသော်လည်း သူတို့ကြားမှ ကွာဟချက်ကို သူသေချာမစဉ်းစားလိုက်နိုင်။

ယခုတစ်ခေါက်တွင်တော့ ရှီဟောင် လျှပ်စီးဧကရာဇ်တံဆိပ်ကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို အချက်ပေါင်းများစွာ ရိုက်ပစ်လိုက်သည်။ လျှပ်စီးများ သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်သွားကာ လျှပ်စီးတစ်တန်းဆိုလျှင် သူ့ခန္ဓာကိုယ်ကိုပင် ဖောက်ထွက်သွားသည်။

ယခုအချိန်တွင် ကျင်းခွန်တစ်ကိုယ်လုံး မည်းတူးနေပြီး မီးခိုးငွေ့များပင် ထွက်နေလေပြီ။ သူ့ခန္ဓာကိုယ်မှ တူးနံ့ပင် ထွက်နေလေ၏။

ဤသည်မှာ အခြားသူများကို အေးခဲသွားစေသည်။ ရှီဟောင် ကျင့်ကြံသူကြီးတစ်ဦးကို ဤကဲ့သို့ပင် အနိုင်ယူလိုက်လေပြီ။ အင်ပါယာဂိတ်မှ လူများကို မသတ်ရဲသောကြောင့်သာမဟုတ်ပါက ကျင်းခွန်သေသွားလောက်လေပြီ။

အထူးသဖြင့် ဤကဲ့သို့ ပြုလုပ်ရသည်မှာ ရှီဟောင်အတွက် လွယ်ကူလွန်းလှသည်။ ကျင့်ကြံသူကြီးလေးဦး၏ တိုက်ခိုက်မှုအောက်တွင် သူ၏ပုံရိပ်မှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလေသည်ပင်။

ဒါက သူ့ခွန်အားလား..

သူက ဒီလောက်ငယ်ငယ်လေးနဲ့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျင့်ကြံသူကြီးတွေကိုတောင် နိုင်နေပြီ .. သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ..

ယခုအချိန်တွင် လူငယ်များမပြောနှင့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများပင် ထိတ်လန့်နေကြသည်။

ထိုအခိုက်အတန့် ချီလင်းနှင့် ကျင်းယီတို့ လုံးဝတိတ်ဆိတ်သွားသည်။ ရှီဟောင် သူတို့ကို ဖိနှိပ်လိုက်နိုင်ခြင်းမှာ ကံကောင်းသွားသောကြောင့်မဟုတ်။ သူ့ထံ၌ ဖိနှိပ်နိုင်သည့်ခွန်အား ရှိသောကြောင့်ပင်။

ဤသည်မှာ သူတို့ကို ကြောက်ရွံ့သွားစေသည်ပင်။ ဤကဲ့သို့သော လူငယ်ကျွမ်းကျင်သူကြီးကို သူတို့တစ်ခါမှ မမြင်ဖူး.. သူသည် အသက်ကြီးသည့်မျိုးဆက်များနှင့်ပင် တိုက်ခိုက်နိုင်သည်။

ကျင်းယီ၊ လော့ဟန်၊ ကျင်းခွန်နှင့် ရှီလင်းတို့၏ အမူအရာ ဖြူဖျော့လာသည်။ အစောပိုင်းမှ သူတို့အပြုအမူများကို ပြန်စဉ်းစားမိသွားသည့်အချိန်တွင် သူတို့သည် ရှက်လွန်းသောကြောင့် မျက်နှာပင် မပြရဲတော့။

သူတို့ ပြဿနာရှာရန် ရောက်လာခြင်းဖြစ်သော်လည်း နောက်ဆုံးတော့ သူတို့သာ ဒုက္ခရောက်သွားသည်။ သေချာစဉ်းစားကြည့်လျှင် သူတို့သည် လူရွှင်တော်များနှင့်တူသည်ဟု ခံစားလိုက်ရသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ ဤကဲ့သို့ ဟောင်လိုက်သည့်အတွက် ဟွမ် ပို၍ အကျိုးရှိသွားသည်ပင်။

နှစ်ပေါင်း ထောင်ပေါင်းများစွာကြာပြီးနောက် နောက်ပိုင်းမျိုးဆက်များ အတိတ်အကြောင်းပြန်ပြောကြလျှင် သူတို့သည် ဟွမ်၏ ခမ်းနားကြီးကျယ်သည့်လမ်း၌ရှိနေသည့် ရေစက်ကလေးများသာ ဖြစ်သွားလိမ့်မည်။

တစ်ချိန်တည်းမှာပင် လူအများစုသည် သူတို့ကလန်များသို့ သတင်းသွားပို့နေကြပြီဖြစ်သည်။

လူငယ်လေးတစ်ယောက် ဒီလောက်စွမ်းအားကြီးတာ သူ့ကို သမိုင်းက စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်လို့ခေါ်ရင် မမှားလောက်ဘူးမလား ..

အဘယ်ကြောင့်ဆိုသော် အချို့လူများအမြင်တွင် ဤခေတ်အစကတည်းက ဤမျှစွမ်းအားကြီးသည့် လူငယ်လေးကို မတွေ့ဖူးသေး။

ဟွမ်၏ အနာဂတ်အောင်မြင်မှုများကို မည်သူမှ သံသယမဝင်တော့။ သူ့ကိုသာ အချိန်ပေးလိုက်လျှင် သူသေချာပေါက် လောကကြီးကို ခြိမ်းခြောက်နိုင်လိမ့်မည်။

အင်ပါယာဂိတ်ကြီးမှာ တုန်လှုပ်နေလေပြီ။ ရှီဟောင် ပြန်ရောက်လာသည့်သတင်းနှင့်ယှဉ်လျှင် ဤသတင်း၏ တုန်လှုပ်စရာကောင်းမှုမှာ မနိမ့်ကျ။

“သူက ကိုယ်တိုင်ခစားခြင်းအလယ်ဆင့်လေးနဲ့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျင့်ကြံသူကြီးလေးယောက်ကို အနိုင်ယူခဲ့တယ်ဆိုတာ သေချာလား..”

“မဖြစ်နိုင်တာ.. ကျင့်ကြံဆင့်မြင့်လေလေ ကျင့်ကြံဆင့်နယ်ပယ်ကို ကျော်ပြီး တိုက်ခိုက်ဖို့ ခက်လေလေပဲ .. သူက ဘယ်လိုလုပ် ဒါကို လုပ်နိုင်မှာလဲ..”

တိုက်ပွဲတစ်ပွဲတည်းဖြင့် ရှီဟောင် နာမည်ကြီးသွားသည်။ အရပ်မျက်နှာအားလုံးမှ ဤအဖြစ်အပျက်ကို အလေးပေးလာကြသည်။ သူအာရုံစိုက်ခြင်းကို မခံရလျှင်ပင် မရတော့။ ဤနေရာသို့ လူဘယ်နှယောက် အလောတကြီး ပြေးလာမှန်းပင်မသိတော့။ အားလုံးမှာ အတည်ပြုချက် ရှာဖွေလိုကြသည်ပင်။

အင်ပါယာဂိတ်ထဲ၌သာမဟုတ်ပါက ရှီဟောင်၏ ဒေါသနှင့်ဆိုလျှင် သူ ဤလူလေးယောက်လုံးကို အပိုင်းပိုင်းလုပ်ပစ်မည်ပင်။

သို့သော် အင်ပါယာဂိတ်၌ စည်းမျဉ်းများရှိနေသည်ပင်။

သူ ထိုလေးယောက်ကို တစ်ချက်ပင် မကြည့်ပဲ ခမ်းနားလှသည့်အဆောက်အဦးထံသို့ လျှောက်သွားလိုက်သည်။ သူ သိုင်းပြိုင်ကွင်းကို ဖြတ်သွားသည်နှင့် အားလုံးမှာ သူ့အား လမ်းဖယ်ပေးလာကြသည်ပင်။

“နင်က ငါတို့ကို အလကားသပ်သပ် စိတ်ပူအောင် လုပ်လိုက်တာပဲ .. ဒီကောင် တော်တော်လေးအားကောင်းနေတယ် .. သူ ဘယ်လိုလုပ် ဒီလိုမျိုးလုပ်လိုက်နိုင်တယ်ဆိုတာကို ငါတို့ သေချာစစ်မေးရမယ်..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။

ချင်းယီ၊ ချန်ကုန်းယန်၊ ချောင်ယုရှင်းနှင့် အခြားသူများမှာ ယခုမှသာ သက်မချနိုင်တော့သည်။

“မြန်မြန်ကြည့် .. ဟွမ်က ဘယ်လိုအောင်မြင်မှုမျိုးကို ယူလာတာလဲ..”

လူအချို့ အသိပြန်ဝင်လာကြကာ အရှေ့ဘက်သို့ ပြုံတိုးလာကြသည်။

ယခင်ကတော့ တစ်မျိုးပင်။ ယခုတော့ ဟွမ် သူ၏ခွန်အားအစစ်အမှန်ကို ပြသလိုက်ပြီဖြစ်သောကြောင့် သူ၏အောင်မြင်မှုများမှာ သာမန်မဟုတ်နိုင်။

နယ်ခြားစပ်အပြင်ဘက်တွင်လည်း သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများကို သတ်ခဲ့လိမ့်မည်ဟု သူတို့ခံစားရသည်။ မဟုတ်ပါက သူဤမျှ ယုံကြည်ချက် ရှိနေမည်မဟုတ်။

ရှီဟောင်နှင့် ကျင်းခွန်တို့၏ တိုက်ပွဲကို လာရောက်အတည်ပြုသည့် ကလန်ပေါင်းစုံမှ သက်ရှိများလည်း သူ၏တိုက်ပွဲရလဒ်များကို ကြည့်ရန်အတွက် ချက်ချင်း အပြေးလေး ရောက်လာကြသည်။

ဤသည်မှာ အလွန်သာမန်ဖြစ်သည့် ကိစ္စတစ်ခုသာဖြစ်သော်လည်း ယခုအချိန်တွင် အားလုံး၏အာရုံကို ဆွဲဆောင်သွားလေပြီ။

နန်းတော်ခန်းမကြီးမှာ ခမ်းနားလှကာ အလွန်မြင့်မားလှသည်။

ရှီဟောင် နန်းတော်ထဲသို့ ဝင်သွား၏။ အကြီးအကဲများ မျက်လုံးပွင့်လာကာ သူ့အား ထူးဆန်းသည့်အမူအရာများဖြင့် ကြည့်လာကြသည်။ သူတို့၏အောင်မြင်မှုများကို သတင်းပို့သည့်အချိန် ဤမျှအုတ်အော်သောင်းတင်းဖြစ်စေသည့်သူကို သူတို့မတွေ့ဖူးသေး။

“မင်း ငါ့ကို ပေးလိုက်လို့ရတယ် .. ငါတို့သေချာစစ်ဆေးလိုက်မယ်..” အကြီးအကဲတစ်ဦး လက်ဆန့်တန်းကာ ပြောလာသည်။

ရှီဟောင် အလွန်တည်ငြိမ်စွာဖြင့်ပင် အရိုးတံဆိပ်ပြားကို ပေးလိုက်၏။

နန်းတော်ခန်းမအပြင်ဘက်၌ လူဘယ်နှယောက်ရှိနေပြီမှန်းပင် မသိတော့။ အားလုံးမှာ သူ၏အောင်မြင်မှုများကို ခန့်မှန်းနေကြလေသည်။

“သူ အနည်းဆုံး ကျင့်ကြံသူကြီးနှစ်ယောက်ကို သတ်ခဲ့လိမ့်မယ်လို့ ငါထင်တယ်..”

“သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူ ငါးယောက်ကို သတ်လိုက်ရင်တောင်မှ သိပ်မထူးဆန်းဘူးလို့ ငါထင်တယ်..”

“မင်းတို့အားလုံးမှားနေပြီ .. နယ်ခြားစပ်အပြင်ဘက်မှာ ရန်သူရဲ့စစ်တပ်ကြီးရှိနေတာ သူ တိုက်ခိုက်ဖို့ အခွင့်အရေးရှိမှာလား .. ပြီးတော့ အဲဒီတုန်းက သူရဲ့ပြိုင်ဘက်တွေက အများအားဖြင့် လူငယ်မျိုးဆက်တွေပဲ..” တစ်စုံတစ်ယောက်မှ ခွန်းတုံ့ပြန်လိုက်သည်။ သို့သော် သူ၏စကားလုံးများမှာ အတော်လေး ကျိုးကြောင်းသင့်သည်ပင်။

“ဟား ဟား .. ဘာပဲဖြစ်ဖြစ် ဟွမ်မှာ ဒီလိုမျိုးခွန်အားမျိုးရှိနေတာ .. ကျင့်ကြံသူကြီးနည်းနည်းလောက်ကိုတော့ သူသေချာပေါက် သတ်နိုင်တယ်..”

“ငါတို့တွေ သူ့ကို အရမ်းအထင်မကြီးသင့်ဘူး .. သူ အဲဒီလောက်မသတ်နိုင်ရင်ရော .. ဒါမှမဟုတ် သူ ကျင့်ကြံသူကြီး တစ်ယောက်မှ မသတ်ခဲ့ရင်ရော..” ရှီဟောင်ကို မြင့်မြင့်တွေးသည့်သူများရှိသကဲ့သို့ သူ့အား တန်ဖိုးချချင်နေသည့်သူများလည်း ရှိသည်ပင်။

နန်းတော်ခန်းမအပြင်ဘက်မှ ဆူညံနေသည်ပင်။

ခဏကြာပြီးနောက် အားလုံးပါးစပ်ပိတ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအကြီးအကဲများ ပူးပေါင်းကာ ထိုအရိုးတံဆိပ်ပြားအား အသက်သွင်းလိုက်ကြပြီဖြစ်သည်။

“မြန်မြန်ကြည့်.. အရောင်တောက်နေပြီ..”

“ဝိုး .. ဒါက သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူတွေကို သတ်ခဲ့တယ်ဆိုတာ သက်သေပြလိုက်တာပဲ .. သတ်ခဲ့တဲ့အရေအတွက်ကလည်း နည်းမှာမဟုတ်ဘူး .. သူက တကယ်ကို အတော်လေး သန်မာတာပဲ..” တစ်စုံတစ်ယောက်မှ ခေါင်းငြိမ့်လိုက်သည်။

“ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူတွေရော .. သူ တစ်ယောက်မှ မသတ်ခဲ့ဘူးလို့ ငါ့ကို မပြောနဲ့နော်..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ရယ်မောလိုက်သည်။

ဝုန်း…

ထိုအချိန်တွင် အရိုးတံဆိပ်ပြား အလွန်တောက်ပလာကာ အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်လာပြီး ရှေးဟောင်းနန်းတော်ကြီးကို ဖောက်ထွက်သွားကာ တိမ်ပေါ်သို့ တက်သွားသည်။ ဤမြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။

“ဒါက .. ထူးခြားတဲ့အောင်မြင်မှုတွေအတွက်ဖြစ်လာတဲ့ ပုံမှန်မဟုတ်တဲ့မြင်ကွင်း..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ဟွမ် မည်မျှကြောက်စရာကောင်းသည်ကို နောက်ဆုံးတော့ သူတို့ နားလည်သွားလေပြီ။ တစ်ဖက်လောကက သက်ရှိတွေ ဘယ်နှယောက်ကိုတောင် သတ်ခဲ့တာလဲ..

“တစ်၊ နှစ်..”

တစ်စုံတစ်ယောက်မှ စတင်ရေတွက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အလင်းတန်းဘယ်နှခု ထွက်လာသည်ဆိုသည်ကို သူတို့သိချင်သည်ပင်။ အလင်းတန်းတစ်ခုမှာ ကျင့်ကြံသူကြီးတစ်ဦးကို ကိုယ်စားပြုခြင်းပင်။

ခဏကြာပြီးနောက် အားလုံး ဆွံ့အသွားရ၏။ အရေအတွက်မှာ မနည်းလှသလို ဆယ်ဂဏန်းလည်းမဟုတ်။ တစ်ရာပင် ကျော်နေလေပြီ။

“မဖြစ်နိုင်တာ… သူက ထာဝရဘုရင် ပြန်ဝင်စားတာဆိုရင်တောင် ကိုယ်တိုင်ခစားခြင်းအလယ်ဆင့်နဲ့ ဒီလောက်အများကြီးကို ချက်ချင်းသတ်နိုင်မှာမဟုတ်ဘူး .. ဒါ မဖြစ်နိုင်ဘူး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

သို့သော် အလုပ်မှာ အပြောထက်ပို၍ လက်တွေ့ကျသည်ပင်။ ကောင်းမှုတံဆိပ်ပြား ထိုနေရာ၌ရှိနေပြီး သူ၏အောင်မြင်မှုကိုဖုံးကွယ်ထား၍ ရမည်မဟုတ်။

လူများစွာမှာ ဦးရေပြားများပင် ထုံကျဉ်လာနေပြီဖြစ်သည်။ ဟွမ်က ဘယ်လိုလုပ် ဒီလိုမျိုးလုပ်နိုင်တာလဲ .. သူတို့ ဤသည်ကို နားမလည်နိုင်တော့။

ဝုန်း..

အရိုးတံဆိပ်ပြားမှာ ပို၍ ပို၍ပင် တောက်ပလာသည်။

“ဘုရားရေ .. အလင်းတန်းတွေက ဘာလို့ ထောင်ဂဏန်းတောင် ရှိနေတာလဲ .. ဒါက အရမ်းကို ကြောက်စရာကောင်းသွားပြီ .. ကောင်းကင်နတ်ဘုရားနယ်ပယ်ကနေ ဟင်းလင်းပြင်တာအိုနယ်ပယ် .. အဲဒီကနေ ကိုယ်တိုင်ခစားခြင်းနဲ့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် .. အဆင့်အားလုံး ပါနေတယ်..”

“ဟွမ်က ဒီရက်နည်းနည်းလေးအတွင်းမှာ တစ်ဖက်လောကကလူတွေကို ထောင်ချီပြီး သတ်ခဲ့တာလား .. မဖြစ်နိုင်တာ .. ဒါက မကောင်းဆိုးဝါး ဆန်လွန်းသွားပြီ..”

လူများစွာ အော်ဟစ်နေကြသည်။

ဟွမ် မည်မျှ အထင်ကြီးစရာကောင်းသည်ကို မြင်ချင်သောကြောင့် ကျင်းခွန်၊ ချီလင်း၊ ကျင်းယီနှင့်လော့ဟန်တို့လည်း လိုက်လာကြသည်ပင်။

ယခုတော့ သူတို့အားလုံး မျက်လုံးကန်သွားလေပြီ။ ဟွမ်မှာ နတ်ဆိုးဘုရင် ပြန်လည်ဝင်စားခြင်းသာဖြစ်ရမည်။

တစ်ချိန်တည်းမှာပင် အင်ပါယာဂိတ်အပြင်ဘက်ရှိ ကန္တာရထဲတွင် များပြားလှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို လှုပ်ခါစေလေသည်။

ထိုအချိန်တွင် ကောင်းကင်ချောက်နက်တော့ ပျက်စီးတော့မတတ် ယိမ်းယိုင်လာသည်။

ထို့နောက် ပထမဆုံးအကြိမ်အဖြစ် အင်ပါယာဂိတ်ကြီး တုန်ခါလာသည်။ ဤခေတ်တွင် ဤကဲ့သို့သောအဖြစ်အပျက်မှာ တစ်ခါမှ မဖြစ်ဖူး..

“မကောင်းတော့ဘူး .. တစ်ဖက်လောကက မသေမျိုးဘုရင်တွေ ပေါ်လာပြီ .. သူတို့ ကောင်းကင်ချောက်နက်ကြီးကို အတင်းဖြတ်ဖို့ ကြိုးစားနေကြပြီ .. သူတို့ ငါတို့တံခါးကို လာခေါက်ကြတော့မယ်..” တစ်စုံတစ်ယောက်မှ ကောက်ချက်ချလိုက်သည်။

“ကမ္ဘာပျက်ကပ်ကြီး ရောက်လာတော့မယ် .. မသေမျိုးဘုရင်တွေ ကောင်းကင်ချောက်နက်ကို ဖျက်ဆီးနိုင်မှာလား .. အဲ့လိုသာဆိုရင် အင်ပါယာဂိတ်ကြီး ပျက်စီးသွားလိမ့်မယ်..” လူအချို့အော်ဟစ်လိုက်သည်။

ကန္တာရကြီးထဲရှိ ကောင်းကင်ချောက်နက်ကြီးမှာ ပြင်းထန်စွာပင် တုန်ခါနေလေ၏။

ကန္တာရအတွင်းပိုင်းတွင် ခမ်းနားလှသည့် ကျမ်းစာသံများထွက်ပေါ်လာကာ ထူးဆန်းသည့်မှော်အမိန့်စာများလည်း တစ်ခုပြီးတစ်ခု လောင်ကျွမ်းကာ သင်္ကေတများ ထုတ်လွှတ်နေသည်။ ထိုသင်္ကေတများသည် ကောင်းကင်ချောက်နက်အား ထိုးဖောက်ချင်နေသည်။

တစ်ဖက်လောကမှ မသေမျိုးသက်ရှိများမှာ အတားအဆီးအားလုံးကို ချိုးဖောက်ကာ အင်ပါယာဂိတ်ထဲသို့ ဝင်ရန် ကြိုးစားနေကြသည်ပင်။

အပိုင်း ၁၇၃၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၅ – နယ်စပ်အား ဖိအားပေးခြင်း

အင်ပါယာဂိတ်အပြင်ဘက်တွင် ရှေးဟောင်းစတေးခြင်းအခမ်းအနား ကျင်းပနေသကဲ့သို့ အမိန့်စာများ လေထဲသို့တစ်ခုပြီးတစ်ခု မြှောက်တက်သွားကာ လောင်ကျွမ်းနေသည်။

ခမ်းနားလှသည့် စစ်တပ်ကြီး အင်ပါယာဂိတ်အား တိုက်ခိုက်လာသကဲ့သို့ ရွှေရောင်ကန္တာရ၌ ခရာသံကြီး ထွက်ပေါ်လာသည်။

ကောင်းကင်ချောက်နက်ကြီးသည် မီးခိုးခေါင်းတိုင်ကဲ့သို့ ဤနေရာကို ချည်နှောင်ထားသည်။ ထိုကောင်းကင်ချောက်နက်သည် လှည့်လည်နေကာ ဆူညံသံများလည်း ထုတ်လွှတ်နေသည်။ အနက်ရောင်လျှပ်စီးများလည်း ထွက်ပေါ်လာပြီး

ဤအရာများအပြင် ထာဝရတာအိုသက်ရှိများ ငိုကြွေးနေသည့်အသံကိုလည်း မုန်တိုင်းကြားမှ ခပ်တိုးတိုးကြားနေရသည်။ ဤသည်မှာ ရှေးခေတ်မှ သက်ရှိများစွာပြန်လည်ရှင်သန်လာပြီး ဤနေရာ၌ ဦးညွှတ်ကာ ဟစ်ကြွေးနေကြသကဲ့သို့ပင်။

ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ လေထဲ၌ အမိန့်စာများ လွင့်ပျံလာသည်နှင့် ကောင်းကင်ချောက်နက်ကြီးတွင် အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ဤသည်မှာ လောကကြီး၏အဆုံးသတ်သို့ ရောက်ရှိလာသကဲ့သို့ပင်။ အနက်ရောင်နှင့်သွေးရောင်လျှပ်စီးများ ရောယှက်နေပြီး သွေးမိုးများလည်း ရွာသွန်းကျလာသည်။

အင်ပါယာဂိတ်မှာ အလွန်ကြီးမားလှပြီး ရှေးဟောင်းနံရံများကိုလည်း ကြယ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း ယခုအချိန်တွင် ပြိုကျတော့မတတ် တုန်ခါနေသည်။

ထူးဆန်းသည့်အော်ရာတစ်ခုလည်း ဤနေရာ၌ ပျံ့လွင့်နေသည်ပင်။

“မသေသေးတဲ့ဘုရင်တွေ အပြည့်အဝ နိုးထလာတာလား .. သူတို့တွေ တိုက်ခိုက်ကြတော့မယ်..”

အင်ပါယာဂိတ်ထဲရှိ အကြီးအကဲတစ်ဦး မျက်လုံးများ ရုတ်တရက် ပွင့်လာသည်နှင့် သူ့မျက်လုံးမှ အေးစက်သည့်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ ဤအကြီးအကဲ ထိုင်လျက်ရှိနေသည်မှာ နှစ်ပေါင်း ဘယ်နှထောင် ရှိနေပြီမှန်းပင် မသိ။ သူ့ခန္ဓာကိုယ်ပင် ဖုန်တက်နေလေပြီ။

သူ၏မျက်နှာလည်းဖုံးများပြည့်နေသည်အထိပင်။ သူသည် ရွှံ့ရုပ်နှင့်ပင် တူနေသည်။

ဤသည်မှာ ဘိုးဘေးယဇ်ပုလ္လင်၏ ပြိုင်ဘက်ကင်းသည့်သက်ရှိများထဲမှ တစ်ဦးပင်။ သစ်သားသေတ္တာကို ပြန်ယူလာခဲ့သည့်အချိန်ကပ်လျှင် သူ ထွက်ပေါ်မလာခဲ့။ ယခု အပြင်လောကမှ ပြောင်းလဲမှုများကို အာရုံခံမိသွားသည့်အချိန် သူနိုးထလာသည်။

“မသေမျိုးသက်ရှိတဲ့စွမ်းအားတွေ..” အခြားနေရာများတွင်လည်း သက်ပြင်းချလိုက်သည့်သူများ ရှိနေသည်ပင်။

ကျင်းထိုက်ကျွင်းလည်း ထိုကဲ့သို့ပင်။ သူမသည် ရှေးဟောင်းတောင်တစ်လုံး၌ မတ်တပ်ရပ်ကာ မိုးကုပ်စက်ဝန်းကို ငေးကြည့်နေသည်။ သူတို့ကို အင်ပါယာဂိတ်မှ ကာကွယ်ပေးထားသော်လည်း သူမစိတ်ထဲ၌ တုန်လှုပ်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် မသေမျိုးဘုရင်အော်ရာမှ အားလုံးကို လွှမ်းခြုံသွားသည်ပင်။

အင်ပါယာဂိတ်၏ ခုခံမှုများ ရှိနေသော်လည်း ထိုထူးဆန်းသည့် အော်ရာမှာ ထိုခုခံမှုများကို ထိုးဖောက်နိုင်ဆဲပင်။

သို့သော်လည်း ထိုအော်ရာတွင် ဖျက်ဆီးခြင်းစွမ်းအားမရှိ။ အဆင့်လွန်သက်ရှိများကို စိတ်ထဲတုန်လှုပ်သွားစေသည့် ဖိအားတစ်မျိုးသာရှိသည်။

ဤအော်ရာကို သူတို့သာ အာရုံခံစားနိုင်သည်။ အခြားသူများ မသိကြ။ အင်ပါယာဂိတ်အပြင်ဘက်မှ တစ်ခုခုဖြစ်နေသည်ကိုသာ သိကြလိမ့်မည်။ မသေမျိုးဘုရင်များ၏ ကြောက်စရာကောင်းသည့် ဖိအားကို သူတို့မခံစားကြရ။

ခြင်္သေ့၏ ဟစ်ကြွေးသံများသည် သမင်များကို ခြိမ်းခြောက်နိုင်သော်လည်း ပုရွက်ဆိတ်များကို မခြိမ်းခြောက်နိုင်။

ပုရွက်ဆိတ်များဆိုသည်မှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်အောက် ကျင့်ကြံသူများကို ဆိုလိုခြင်းပင်။

သို့သော် ဤသည်မှာ လုံးဝမှန်နေသည်တော့မဟုတ်။ ကျင့်ကြံဆင့်နိမ့်သည့်သူအချို့ ဤအော်ရာကိုအာရုံခံနိုင်သည်ပင်။ ဥပမာအားဖြင့် ရှီဟောင်ပင်။ သူ့ကိုထာဝရတောင်ကြီးတစ်လုံး ဖိနှိပ်နေသည်ဟုပင် ခံစားလိုက်ရသည်။

အင်ပါယာဂိတ်ကို ချိတ်ပိတ်ထားပြီး အပြင်လောကမှလူများ ဝင်မလာနိုင်။

ရွှေ့ပြောင်းခြင်းအစီအရင်ဖြင့်သာ မြို့ထဲသို့ ဝင်နိုင်လိမ့်မည်။

သို့သော် ယခုအချိန်တွင်တော့ နံရံတစ်ဖက် ပွင့်နေလေပြီ။ တစ်စုံတစ်ယောက် ဤရှေးကျကာ ခမ်းနားလှသည့်မြို့ရိုးပေါ်သို့ တက်သွားကာ အခြားတစ်ဖက်ကို ကြည့်လိုက်သည်။

ကျောက်တုံးတစ်တုံးစီတိုင်းမှာ ကြယ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ဤမြို့ရိုးမည်မျှမြင့်မည်ကို စဉ်းစားကြည့်နိုင်သည်။ ဤထိပ်၌ ရပ်နေခြင်းမှာ ကြယ်ကောင်းကင်ပြင်ကြီး၌ ရပ်နေသကဲ့သို့ပင်။

တစ်ဖက်လောကကိုကြည့်ရင်း သူ့မျက်လုံးမှ အလင်းများ တောက်ပနေသည်။

သူသည် ထာဝရဝမ်ပင်။ သူသည် ထိုနေရာ၌ မလှုပ်မယှက်ရပ်ကာ ကြည့်နေလေ၏။

ယခင်က ဤနေရာသို့ တက်လာနိုင်သည့်သူသိပ်မရှိ။ အဘယ်ကြောင့်ဆိုသော် ဤမြို့ကို အမြဲတမ်း ချိတ်ပိတ်ထားပြီး နယ်မြေနှစ်ခုကြားမှ တစ်ခုတည်းသောလမ်းအား ပိတ်ထားသည်ပင်။

ခဏကြာပြီးနောက် ကျင်းထိုက်ကျွင်းလည်း ရောက်ရှိလာသည်။

“ဒီတစ်ခေါက် သူတို့လာရင် ခုခံတဲ့သူတွေအားလုံး သေလိမ့်မယ်..” နံရံပေါ်မှ ရှေးကျသည့်အသံတစ်သံ ထွက်ပေါ်လာ၏။ ဤသည်မှာ ထာဝရဝမ်ပင်။

သူသည် အသက် ၁၆-၁၇ ခန့်သာ ရှိနေသည့်ပုံပေါ်သည်။ သူ၏မျက်နှာမှာ လူငယ်လေးတစ်ယောက်ကဲ့သို့ အလွန်နူးညံ့နေသော်လည်း သူ၏အသံမှာတော့ အလွန်အသက်ကြီးနေပြီဖြစ်သည်။

“အင်အားကြီးရောက်လာရင် ခုခံဖို့ မဖြစ်နိုင်ဘူး.. ” ကျင်းထိုက်ကျွင်း ပြန်ဖြေလိုက်သည်။

ခဏကြာပြီးနောက် နောက်ထပ်ပုံရိပ်သုံးခု ထပ်ရောက်လာသည်။ ဤလူများမှာ ပုံမှန်အားဖြင့် ဘိုးဘေးယဇ်ပုလ္လင်အား စောင့်ရှောက်သည့် အင်ပါယာဂိတ်မှ ပြိုင်ဘက်ကင်းသက်ရှိများပင်။

သူတို့၏ပုံရိပ်မှာ မူလဖရိုဖရဲမြူများကြောင့် မှုန်ဝါးနေသည်။

ရွှေရောင်ကန္တာရတွင် စွမ်းအားလှိုင်းများ ပို၍ပြင်းထန်နေသည်။ အမိန့်စာပေါင်း တစ်ရာကျော် မြှောက်တက်နေကာ တစ်ခုစီတိုင်းမှာ အလွန်တောက်ပနေသည်။

ထိုအမိန့်စာများသည် အမြင့်တစ်ခုသို့ရောက်အောင် ပျံသန်းပြီးသွားသည်နှင့် ရုတ်တရက်လောင်ကျွမ်းသွားကာ အရှုပ်ထွေးဆုံးသင်္ကေတများ ဖြစ်ပေါ်လာသည်။

ထို့နောက် စတေးခြင်းအသံများ ထွက်ပေါ်လာ၏။ ဤသည်မှာ မရေမတွက်နိုင်သည့် သက်ရှိများ ငိုကြွေးကာ ဆုတောင်းနေသကဲ့သို့ပင်။ သူတို့သည် လျှို့ဝှက်စွမ်းအားနှင့် ဆက်သွယ်ကာ ကြောက်စရာကောင်းသည့် လမ်းကြောင်းတစ်ခုအား ဖွင့်ချင်နေသည်ပင်။

“ဒီတစ်ခေါက် အန္တရာယ်များတယ်..”

ပြိုင်ဘက်ကင်းသက်ရှိတစ်ဦးမှ ပြောလိုက်၏။ သူသည် ချီဟုန်၏ဆရာဖြစ်သလို ဝိညာဉ်ငါးခုစစ်ရထားလုံး၏ မူလပိုင်ရှင်လည်းဖြစ်သည်။

သူတို့ ဤကပ်ဆိုးကြီးကို မည်ကဲ့သို့ ကျော်ဖြတ်ကြမည်နည်း.. မသေမျိုးဘုရင်များ ပြန်လည်နိုးထလာပြီဖြစ်သည်။ သူတို့သည် ပေးဆပ်ရန် တွန့်တိုခြင်းမရှိပဲ သူတို့ကို တားဆီးထားသည့် ကောင်းကင်ချောက်နက်အား ဖျက်ဆီးပစ်ရန် ကြိုးစားလာလေပြီ။

ဤအော်ရာမှာ မသေမျိုးဘုရင်တစ်ပါး၏ ထူးဆန်းသည့်စွမ်းအင်လှိုင်းမဟုတ်ပဲ သူတို့နိုးထလာသောကြောင့် ထွက်ပေါ်လာသည့် ကြောက်စရာကောင်းသည့် စွမ်းအားပင်။

ခဏကြာပြီးနောက် မိုးကုပ်စက်ဝိုင်း၌ အနက်ရောင်ပြင်ကြီးကို တွေ့လိုက်ရသည်။ ဤလူများမှာ တစ်ဖက်လောကမှ အဆုံးမရှိသည့်စစ်တပ်ကြီးပင်။ သူတို့ရောက်လာလေပြီ။

သူတို့သည် ရေလှိုင်းကဲ့သို့ ဤပြည့်နှက်နေပြီး လောကကြီးကိုလည်း ရက်စက်သည့်စွမ်းအင်တစ်မျိုး ဖုံးလွှမ်းနေသည်။

ဝုန်း..

မြို့နံရံတစ်ခုလုံး တုန်ခါသွားလေ၏။

“ထင်ထားတဲ့အတိုင်းပဲ .. ဒါက စစ်ပွဲကြီးတစ်ခုရဲ့ ပုံစံပဲ .. သူတို့တွေက တာအိုအော်ရာတွေ သုံးပြီးတော့ ဒီနေရာကို ထုနှက်နေတာ..” အဆင့်လွန်သက်ရှိတစ်ဦး အသာလေး သက်ပြင်းချ၍ ပြောလိုက်သည်။

“ကလန်အားလုံးက ခေါင်းဆောင်တွေကို စုလိုက်..” ပြိုင်ဘက်ကင်းသက်ရှိတစ်ဦးမှ ပြောလိုက်သည်။ သူသည် အသက်အကြီးဆုံး အဆင့်လွန်သက်ရှိဖြစ်သောကြောင့် သူ၏စကားများမှာ ထိရောက်မှုရှိလှသည်။

အင်ပါယာဂိတ်မှာ မတည်ငြိမ်နိုင်တော့။ ကလန်အားလုံးမှ ခေါင်းဆောင်များ လှုပ်ရှားလာကြကာ ဤမြို့ရိုးထံသို့ ဦးတည်လာကြသည်။

ရှီဟောင်တို့လည်း ထိတ်လန့်သွားသည်ပင်။ ယခုအချိန်တွင် သူ၏အောင်မြင်မှုများနှင့်အတူ ကောင်းကင်ထက်သို့ တက်သွားသည့် အလင်းတန်းများလည်း တောက်ပမှုမရှိတော့။

အဘယ်ကြောင့်ဆိုသော် ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုများ ရောက်လာသောကြောင့် အားလုံး၏အာရုံမှာ ထိုနေရာ၌သာ ရှိတော့သည်။

လူငယ်များမှာ ထိုမြို့ရိုးပေါ်သို့ တက်ခွင့်မရှိ။

သို့သော် သူတို့လည်း သတင်းကြားသည်နှင့် ထိုမြို့ရိုးအောက်သို့ တရှိန်ထိုး ရောက်လာကြသည်ပင်။ သူတို့အားလုံး သတင်းစောင့်ဆိုင်းနေကြသည်။

“ဒီတစ်ခေါက် တစ်ဖက်လောကရဲ့ တုံ့ပြန်ပုံက အရမ်းပြင်းထန်လွန်းတယ် .. သူတို့ ဒီလိုလုပ်ရတဲ့အကြောင်းရင်း သေချာပေါက် ရှိရမယ် .. ငါမမှားရင်တော့ ဒါက ဟွမ်ယူခဲ့တဲ့ သစ်သားသေတ္တာနဲ့ဆိုင်လိမ့်မယ်..”

မြို့ရိုးပေါ်ရှိ ကျင်းထိုက်ကျွင်းမှ ပြောလိုက်သည်။

ယခုအချိန်တွင် ကလန်အားလုံးမှ ကျွမ်းကျင်သူများ ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့အားလုံးမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများပင်။

မြို့ပြင်ကိုကြည့်ပြီး အားလုံး၏အမူအရာများ မည်းမှောင်းနေသည်။

“ဟွမ်ကိုလည်း တက်လာခိုင်းလိုက်.. ဒီကိစ္စက သူ့ကြောင့်ဖြစ်လာတာဆိုတော့ သူလည်း ဒီနေရာမှာ ရှိရမယ် .. သူ့ကို နေရာပေးလိုက်..” ကျင်းထိုက်ကျွင်း နောက်တစ်ကြိမ် ပြောလိုက်သည်။

ယခုတစ်ခေါက်တွင်တော့ မည်သူမှ ဘာမှမပြောတော့။

မြို့ရိုးအောက်တွင်ရှိနေသည့် ရှီဟောင်သည် ဤအမိန့်ကြားလိုက်ရသည့်အချိန်၌ အနည်းငယ် ထိတ်လန့်သွားရသည်။ သူလည်း မြို့ရိုးပေါ် တက်ရပ်လို့ရတယ်လား..

အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ ရှိနေသည်မှာ ကလန်ခေါင်းဆောင်အဆင့်ပုဂ္ဂိုလ်များသာဖြစ်ကြောင်း သူကြားထားပြီးသားပင်။

“ဘယ်သူအမိန့်ပေးတာလဲ..” ချင်းယီ ထိတ်လန့်သည့်အမူအရာဖြင့် အမိန့်ပေးသည့်သူအား မေးလိုက်သည်။

“ကျင်းထိုက်ကျွင်း..”

“ဘာ..” ထိုအချိန်တွင် လူငယ်များစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ကျင်းမိသားစုနှင့် ဝမ်မိသားစုမှလူများပင် ထိတ်လန့်သည့်အမူအရာများ ဖြစ်သွားကြသည်။

“မရဘူး .. မင်းသေချာပေါက် တက်သွားလို့မရဘူး .. အဲဒီစုန်းမအိုကြီးက ကောင်းတာမဟုတ်ဘူး..” ချောင်ယုရှင်း ရှီဟောင်အား အသံပို့လွှတ်လိုက်သည်။ စုန်းမအိုဟူသည့်စကားကိုတော့ သူထုတ်မပြောရဲ။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦးပင်။ သူမသာ သူ့ကိုသေအောင်လုပ်လိုက်ပါက သူ့အတွက် လက်စားချေပေးမည့်သူ ရှိမည်မဟုတ်။

“ရှင် တက်သွားလို့မရဘူး .. အဲဒီမှာ သေချာပေါက် တစ်ခုခုမှားနေမှာ..” ကောင်းကင်ခစားခြင်းတာအိုမှ စုန်းမလည်း ရှီဟောင်ကို အသံပို့လွှတ်ကာ ခေါင်းခါပြလာသည်။

ထို့နောက် လူများစွာ သူ့အား တားဆီးလာကြသည်။

သို့သော်လည်း အဆင့်လွန်သက်ရှိတစ်ဦး၏ အမိန့်ကို မည်သူက လွန်ဆန်နိုင်မည်နည်း..

“ဘာဖြစ်နေလဲဆိုတာ ငါသွားကြည့်လိုက်မယ် ..” ဘာဖြစ်နေသည်ကို ရှီဟောင် သူကိုယ်တိုင်သိချင်သည်။

“ကောင်းပြီလေ .. ငါတို့လည်း မင်းနဲ့အတူတူ လိုက်ခဲ့မယ် .. တစ်ဖက်လောကက စစ်တပ်ကြီး ကျူးကျော်လာတဲ့မြင်ကွင်းကြီးကို ငါလည်းကြည့်ချင်တယ်..” ချောင်ယုရှင်းနှင့် အခြားသူများ ပြောလိုက်ကြသည်။

ယနေ့တော့ ထူးဆန်းသောကြောင့်လား သို့မဟုတ် တမင်သက်သက် လျော့ပေါ့ပေးခြင်းကြောင့်လားတော့မသိ မည်သူမှ သူတို့ကို မတားဆီးကြ။ လူငယ်အုပ်စုမှာ မြို့ရိုးပေါ်သို့ တက်သွားလေပြီ။

ထိုလူများထဲတွင် ရှုထော်၊ လန်ရှင်း၊ ကောင်းကင်ဘုရင်လေး၊ သရဖူ ၁၀ ခုဘုရင်နှင့် အခြားလူများစွာ ပါဝင်သည်ပင်။

မြို့ရိုးမှာ ခမ်းနားလှကာ မိုးထိမြင့်နေလေ၏။

မြို့ရိုးအောက်ခြေတွင် နတ်လက်နက်မျိုးစုံမှ ကြွင်းကျန်ရစ်သည့် လက်နက်ရာများရှိနေသည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း မြို့ရိုးမှာ ယခုထိတိုင် မပြိုကျသေး။

“အများကြီးပဲ..” မြို့ရိုးပေါ်သို့ ရောက်သည်နှင့် လူငယ်များ၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားကြသည်။

သူတို့ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် အဆုံးမရှိသည့် အမည်းရောင်ပြင်ကြီးကို မြင်လိုက်ရသည်ပင်။

ဤသည်မှာ ယခင်တုန်းက တစ်ခါမှ မမြင်ဖူးသည့် ပမာဏပင်။

ယခင်က အလွန်ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ခဲ့သော်လည်း ဘယ်လိုလုပ် ဤသည်ကို မှီနိုင်မည်နည်း.. ကန္တာရတစ်ခုလုံးပင် ပြည့်လုနီးပါးပင် နေရာယူထားကြသည်။

ဤမြို့ရိုး ထူးခြားသည်မှာသေချာသည်။ မြို့ရိုးကြီးမည်မျှမြင့်နေပါစေ အောက်ဘက်မှ အခြေအနေများကို ရှင်းရှင်းလင်းလင်း မြင်ရဆဲပင်။

အဆုံးမရှိသည့် စစ်တပ်ကြီး ချဉ်းကပ်လာနေသည်။ တပ်သားများအားလုံး အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားကာ တောက်ပသည့် ဓားရှည်များ၊ အေးစက်သည့်စစ်လှံတံများ၊ ထူထဲသည့်သွေးရဲဒင်းများကို ကိုင်ဆောင်ထားပြီး ရက်စက်သည့်သားရဲများအား စီးနင်းထားကြသည်ပင်။

ဤသံမဏိတပ်စုကြီးမှာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေသည်။

သို့သော် ဤကဲ့သို့သော စစ်တပ်ကြီးသည် အဆုံးမရှိအောင် ကျယ်ပြန့်လှသော်လည်း အလွန်တိတ်ဆိတ်နေသည်။ မည်သူမှ မအော်ဟစ်ကြသလို၊ မည်သူမှ မဟစ်ကြွေးကြ၊ တိတ်ဆိတ်စွာဖြင့်ပင် ရှေ့ဆက်တိုးနေကြသည်။

ဤသည်မှာ လူများကို ပို၍ပင် အသက်ရှူကြပ်စေသည်ပင်။

စစ်တပ်ကြီးမှာ အဆုံးမရှိအောင် များပြားလှသော်လည်း ဖရိုဖရဲလုံးဝမဖြစ်။ အလွန်စည်းစနစ်ကျစွာဖြင့်ပင် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရှေ့တက်လာကြသည်။

တပ်သားများ များပြားလှသော်လည်း အသံတစ်သံပင် မထွက်။ ဤသည်မှာ အားလုံးကို အသက်ရှူရခက်ခဲစေလောက်သည့် ဖိအားများ ထုတ်လွှတ်နေသည်ပင်။

စစ်တပ်ကြီး ရပ်တန့်သွားလေပြီ။ စစ်တပ်ကြီး၏ အဆုံးသတ်ကိုပင် မမြင်ရတော့ပေ။

ခပ်ဝေးဝေးမှ အနက်ရောင်စစ်ရထားလုံး တစ်ဖြည်းဖြည်းချင်း ချဉ်းကပ်လာမှသာ ဤတိတ်ဆိတ်မှု ပြိုကွဲသွားတော့သည်။

“ဟွမ်နဲ့ သစ်သားသေတ္တာကိုပေးလိုက် .. အဲဒါဆိုရင် အင်ပါယာဂိတ်ကြီး ဆက်ပြီးအေးချမ်းစေဖို့ ငါတို့ကတိပေးတယ်..” အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန်အေးစက်ကာ ဂုဏ်သိက္ခာကြီးမားလှသည်။

“ခင်ဗျားတို့ တောင်းဆိုတာနဲ့ ကျုပ်တို့က ပေးမယ်လို့ ထင်နေတာလား..” မြို့ရိုးထက်ရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ဤစကားများ ကြားလိုက်ရသည်နှင့် အားလုံး တုန်ယင်သွားကြသည်။

အပိုင်း ၁၇၃၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၆ – အင်အား

တစ်ဖက်လောကက ဒီလောက်ထိ လူအင်အားတွေ ခေါ်လာတာက ဟွမ်ကြောင့်များလား..

အားလုံး အမူအရာ မည်းမှောင်သွားရသည်။ နယ်ခြားစပ်အပြင်ဘက်၌ ဟွမ်လုပ်ခဲ့သည့်ကိစ္စမှာ ကြီးမားမည်မှန်းသူတို့အစောကြီးကတည်းက သိပြီးသားပင်။

ဤကိစ္စကြောင့် မသေမျိုးဘုရင်များပင် ပြန်လည်နိုးထလာပြီး သူတို့တံခါးလာခေါက်နေသောကြောင့် ဤကိစ္စမှာ မည်မျှပင် ကြီးမားသနည်း.. ယခင်ခေတ်၌ တစ်ဖက်လောကမှ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုာအး အားကုန်သုံး၍ တိုက်ခိုက်မှသာ ဤကဲ့သို့သော စစ်တပ်မျိုးပေါ်လာခြင်းပင်။

“ဟွမ်က အင်ပါယာဂိတ်မှာ နေထိုင်တဲ့သူပဲ .. ငါတို့က မင်းတို့ကို ဘာလို့ပေးရမှာလဲ..” အခြား ကျင့်ကြံသူကြီးတစ်ဦးလည်းအော်ဟစ်လိုက်ကာ တစ်ဖက်လောကကို ချက်ချင်း ဆန့်ကျင်လိုက်သည်။

ကျင်းထိုက်ကျွင်းသူ့အား တစ်ချက်ကြည့်လိုက်ကာ မတိုင်ပင်ပဲ ပြုလုပ်လိုက်သည့်သူ၏အပြုအမူအတွက် မကျေမနပ်ဖြစ်နေလေသည်။

အင်ပါယာဂိတ်အောက်မှ ထိုအနက်ရောင်စစ်ရထားလုံးမှာ လုံးဝတည်ငြိမ်သွားသည်။ ထိုကြောက်စရာကောင်းသည့်သက်ရှိကြီး ဘာမှမပြောတော့။

“အရှက်မရှိလိုက်တာ .. မင်းက အင်ပါယာကလန်ကိုတောင် ဒီလိုမျိုး မလေးမစား လုပ်ရဲတယ်.. ဒါက အပြစ်တွေကို ချေဖျက်ပေးတဲ့ ကလန်ပဲ..” စစ်ရထားလုံး အနီးတွင်ရှိနေသည့် တစ်စုံတစ်ဦးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဘယ်သူမှ အင်ပါယာကလန်တွေကို မလေးမခန့် မဆက်ဆံရဘူး..” အခြားကျင့်ကြံသူတစ်ဦးလည်း ကြောက်စရာကောင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်ကာ အော်ဟစ်လိုက်သည်။

လူတစ်စု အော်ဟစ်လိုက်သည့်အသံမှာ ဤလောကကြီး၌ ပဲ့တင်ထပ်သွားပြီး အင်ပါယာဂိတ်ကို တုန်လှုပ်သွားစေသည်။

မြို့ရိုးပေါ်၌ ရှိနေသည့် လူတစ်စုမှာ ကျောချမ်းသွားရသည်ပင်။ အင်ပါယာကလန်ပင် ပေါ်လာပြီလား..

အင်ပါယာကလန်ဆိုသည်မှာ အမြင့်ဆုံးပြိုင်ဘက်ကင်းကလန်များဖြစ်ပြီး ကလန်အဖွဲ့ဝင်များမှာ မယုံကြည်နိုင်လောက်အောင် မြင့်မြတ်ကြသည်ပင်။

ကံမကောင်းစွာဖြင့် သူတို့၏အဖွဲ့ဝင်များမှာ နည်းပါးလှသည်။

ထိုစစ်ရထားလုံးမှာ မင်ကဲ့သို့ မည်းနက်နေပြီး မီးခိုးတိမ်တိုက်များလည်း လှိမ့်တက်နေသည်။ ရထားလုံးကိုယ်ထည်၌ ထူးဆန်းသည့် ရှေးဟောင်းသားရဲအချို့ကို ရေးထိုးထားသည်။ ထိုသားရဲများထဲတွင် နဂါးအစစ်များလည်းပါတင်သည်ပင်။ ကိုယ်ထည်မှ ဖိအားပေးသည့်အော်ရာတစ်ခုလည်း ထုတ်လွှတ်နေသည်ပင်။

ထိုထဲ၌ ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိထိုင်နေခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်သည်ပင်။

ဤသည်မှာ ယခင်က မဖြစ်ဖူးသည့်ကိစ္စပင်။

မြို့ရိုးပေါ်၌ ရှိနေသည့်လူအားလုံး တုန်လှုပ်သွားရသည်။

တစ်ဖက်လောက၌ ဧကရာဇ်ကလန်များမည်မျှ အဆင့်အတန်းမြင့်သည်ကို မြင်နိုင်သည်ပင်။ အင်ပါယာဂိတ်မှ ကျင့်ကြံသူ၏စကားတစ်ခွန်းဖြင့်ပင် ဤကဲ့သို့ အေးစက်စွာ အပြောခံလိုက်ရသည်။ ဤသည်မှာ အားလုံးကို ရှင်းပြရန် လုံလောက်နေပြီဖြစ်သည်။

“သူ့ကို ပေးမလား မပေးဘူးလားဆိုတာ မင်းတို့အပိုင်းပါ .. မင်းတို့ သေချာစဉ်းစားကြ..” အင်ပါယာဂိတ်အောက်ရှိ စစ်ရထားလုံးရှေ့တွင် ရပ်နေသည့် အကြီးအကဲတစ်ဦးမှ အေးစက်စွာ အော်ဟစ်လိုက်သည်။

“ခင်ဗျားတို့က ကျုပ်တို့ အရှက်ကွဲရမယ့် ဒီလိုအခြေအနေမျိုးကို လက်ခံစေချင်နေတာလား .. မေ့ထားလိုက်တော့..” မြို့ရိုးပေါ်၌ အလျော့မပေးသည့်သူများ ရှိသည်ပင်။ သူတို့သည် အမြဲတမ်း ဤနေရာ၌သာ တိုက်ခိုက်နေခဲ့ကြသောကြောင့် ဘယ်လိုလုပ် ခေါင်းငုံ့ခံချင်မည်နည်း..

အချို့လူများမှာ သူတို့ကို ဖိအားပေးလိုက်သည်နှင့် ပို၍ပင် ပုန်ကန်လာမည်ပင်။

“ခင်ဗျားတို့အားလုံးကို အခွင့်အရေးတစ်ခု ပေးနေတာကို ခင်ဗျားတို့က တန်ဖိုးထားရကောင်းမှန်းမသိဘူး .. ခင်ဗျားတို့ နောင်တရလိမ့်မယ်..” အောက်ဘက်ရှိ တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်သည်။

“ပါးစပ်ပိတ်ထားလိုက် .. ခင်ဗျားတို့ဘာတွေ လာအော်နေတာလဲ .. ကျုပ်တို့က ခင်ဗျားတို့ကို ကြောက်မယ်လို့ ထင်နေတာလား .. ခင်ဗျားတို့ မြို့ကို တိုက်ခိုက်ချင်ရင်လာခဲ့လိုက် .. ကျုပ်တို့ မျက်နှာချင်းဆိုင် တိုက်ကြမယ်..” မြို့ရိုးပေါ်ရှိ တစ်စုံတစ်ယောက်မှ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် .. ပါးစပ်ပိတ်ထားလိုက် .. မင်းတို့တွေ ငါတို့ကို နည်းနည်းလောက် ခြိမ်းခြောက်လိုက်ရုံနဲ့ ငါတို့က အရှုံးပေးမယ်လို့ ထင်နေတာလား .. နှစ်ပေါင်းများစွာ တိုက်ခိုက်လာတာ ငါတို့သာ ဒီလောက်အားနည်းနေရင် ဒီမြို့ကြီး ဒီလို ရပ်တည်နိုင်ဦးမှာလား..” တစ်စုံတစ်ယောက်မှ သဘောတူလိုက်သည်။

အင်ပါယာဂိတ်အောက်ရှိ ထိုသက်ရှိများ၏အမူအရာများမှာ မသာယာတာ့။

ဝုန်း..

ထိုအချိန်တွင် ကောင်းကင်ချောက်နက်မရှိသည့်နေရာ၌ အလင်းများ ကောင်းကင်ထက်သို့ တက်သွားကာ အေးစက်လှသည့် သတ်ဖြတ်လိုသည့်အငွေ့များလည်း လီပေါင်း သန်းပေါင်းများစွာကို ဖုံးလွှမ်းသွားသည်။

အင်ပါယာဂိတ်မှ လူများ ချက်ချင်း တုန်ယင်သွားကာ သူတို့၏ဝိညာဉ်မှလာသည့် အေးစက်မှုလှိုင်းကို ခံစားလိုက်ရသည်။ ဤခံစားချက်မှာ ကမ္ဘာပျက်ကပ်ကြီး ရောက်လာသည့်ခံစားချက်မျိုးပင်။

ဤသည်မှာ မသေမျိုးဘုရင်များ၏ လှုပ်ရှားမှုများဖြစ်ကြောင်း သူတို့စဉ်းစားစရာပင်မလို။

ဤသည်မှာ မယုံကြည်နိုင်လောက်သည့် ခြိမ်းခြောက်မှုတစ်မျိုးပင်။ ဤသည်မှာ အားလုံး၏ ဆုံးဖြတ်ချက်ကိုပင် ယိမ်းယိုင်သွားစေသည်။

ဒီလိုမျိုးအဆင့်ရှိတဲ့ သက်ရှိတွေ ဖြတ်လာတော့မှာလား ..သူတို့ဒါကို ဘယ်လိုခုခံရမှာလဲ .. နိုင်နိုင်ချေ လုံးဝကို မရှိဘူး..

ဝုန်း..

လေဟာနယ်ကြီး တုန်ယင်သွားကာ များပြားလှသည့် အမိန့်စာများ ကောင်းကင်ထက်သို့ တရှိန်ထိုးပြေးတက်သွားကာ လောင်ကျွမ်းနေကြသည်။ ဤသည်မှာ ရှေးကျသည့်စတေးခြင်းအခမ်းအနားတစ်မျိုးပင်။ သူတို့ မသေမျိုးသက်ရှိ ဖြတ်ကျော်လာနိုင်ရန်အတွက် ကြိုးစားနေကြခြင်းပင်။

သူတို့ ကောင်းကင်ချောက်နက်ကို ဖြတ်လာနိုင်သည်နှင့် ကောင်းကင်ဘုံကိုးခု မနိုင်နိုင်တော့။ အဘယ်ကြောင့်ဆိုသော် သူတို့၏ကျုးကျော်မှုကို တားဆီးနိုင်သည့်သူမရှိ။

မြို့ရိုးပေါ်၌ ရှိနေသည့်သူများအားလုံး၏ အမူအရာများမှာ အလွန်ရုပ်ဆိုးနေပြီဖြစ်ပြီး အားလုံး စိတ်ထဲ၌ စိုးရိမ်နေကြသည်ပင်။

ထိုအချိန်တွင် အင်ပါယာဂိတ်အောက်ဘက်ရှိ အနက်ရောင်သံမဏိအုပ်စုကြီးမှာ သူတို့၏လက်နက်များကို မြှောက်ကိုင်ကာ အော်ဟစ်လာကြသည်။

“မသေမျိုးဘုရင်တွေ..”

ဤသည်မှာ စကားလုံးနှစ်လုံးတည်းသာဖြစ်သော်လည်း အထက်ကောင်းကင်နှင့် အောက်ဘက်ရှိမြေပြင်ကို တုန်လှုပ်သွားစေသည်။

ဤသည်မှာ အင်ပါယာဂိတ်မှ ကျင့်ကြံသူများအားလုံးကို တုန်လှုပ်သွားစေသည်။

“ခင်ဗျားတို့အားလုံး ဆုံးဖြတ်ချက် ချပြီးပြီလား .. ခင်ဗျားတို့ကြောင့် ပျက်စီးမှုတွေ မဖြစ်စေနဲ့..” အင်ပါယာဂိတ်အောက်ရှိ တစ်စုံတစ်ဦးမှ အေးစက်စွာ ပြောလိုက်သည်။

သူတို့ ဤကဲ့သို့ လုပ်ရဲခြင်းမှာ သူတို့ထံ၌ ယုံကြည်ချက်ရှိနေသောကြောင့်ပင်။ ဤသည်မှာ အင်ပါယာဂိတ်မှ လူများကို ဆုံးဖြတ်ချက်ချအောင် ဖိအားပေးနေလေ၏။

အမှန်တကယ်တွင် အင်ပါယာဂိတ်မှ လူများ ဘယ်လိုပင်ဆုံးဖြတ်,ဆုံးဖြတ် သူတို့ မကြောက်။ သူတို့ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူတို့အပေါ် သိပ်ပြီး အကျိုးသက်ရောက်မှုမရှိပေ။

သို့သော် ဤကဲ့သို့သော ရဲတင်းမှုမှာ မြို့ရိုးပေါ်မှ လူများ၏ နှလုံးသားများကို ယိမ်းယိုင်သွားစေသည်။

“ထွက်သွားလိုက်တော့ .. ခင်ဗျားတို့ ထွက်မသွားချင်ရင်လည်း တိုက်ခိုက်ကြတာပေါ့..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။

“ပါးစပ်ပိတ်ထား..” ကျင်းထိုက်ကျွင်း ဘေးရှိ အကြီးအကဲတစ်ဦးမှ အေးစက်စွာ ပြောလိုက်သည်။ “မင်း ဒီမှာ စကားပြောခွင့်ရှိလို့လား..”

“ဘာလို့ ပြောလို့မရရမှာလဲ .. တစ်ဖက်လောကနဲ့တိုက်ရင် ကျုပ် သေချာပေါက် ရှေ့ဆုံးကနေတိုက်မှာ .. သူတို့ကိုကျိန်ဆဲရတဲ့တာဝန်ကို ဘယ်လိုလုပ် တစ်ခြားသူဆီ လွှဲပြောင်းပေးနိုင်မှာလဲ..” ချောင်ယုရှင်း ပြောလိုက်သည်။

“တော်ပြီ..” ပြိုင်ဘက်ကင်းသက်ရှိတစ်ဦး သူတို့ကို တားဆီးလိုက်သည်။

“ဟွမ်တစ်ယောက်တည်းကို ကျုပ်တို့က ဘာလို့ ဒီလောက်အလေးထားနေမှာလဲ.. အခုတစ်ခေါက်က သူ လူထုကို ဒေါသထွက်အောင်လုပ်လိုက်ပြီးတော့ လူတွေအများကြီးက သူတို့ဒေါသကိုဖြေဖျောက်ဖို့အတွက် သူ့ကို သေစေချင်နေကြတာ … အဲဒါကြောင့် ကျုပ်တို့က ခင်ဗျားတို့ကို သူ့ကိုလက်လွှဲပေးစေချင်တာ .. သစ်သားသေတ္တာကတော့ ခင်ဗျားတို့ ဒါကို ဘယ်တော့မှ ဖွင့်နိုင်မှာမဟုတ်ဘူး .. ခင်ဗျားတို့ အဲဒီသေတ္တာကိုပေးပေး မပေးပေး ဘာမှမထူးဘူး .. ကျုပ်တို့ကိုယ်တိုင် ယူလိုက်လို့ရတယ်..” အောက်ဘက်မှလူများ ဤကဲ့သို့ ပြောလာသည်။

“အဲဒါဆိုရင်လည်း ခင်ဗျားတို့ကိုယ်တိုင် လာယူလိုက်လေ..” တစ်စုံတစ်ယောက်မှ ဒေါသတကြီး ပြောလိုက်၏။

“ကျုပ်တို့ အရင်တုန်းက လူတွေအများကြီးကို သတ်ခဲ့တယ် .. အခု ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ၁၀ ခုကို ထပ်ပြီးတော့ သွေးမစွန်းစေချင်တော့ဘူး .. ကျုပ်တို့က ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်လို့ရမယ့် အခွင့်အရေးပေးနေတာ..”

အနက်ရောင်စစ်ရထားလုံးထဲမှ ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ နောက်တစ်ကြိမ် ပြောလာသည်။

“ဘယ်လိုမျိုးငြိမ်းချမ်းတဲ့ အခြေအနေလဲ..” ကျင်းထိုက်ကျွင်းမေးလိုက်သည်။

ဤသည်မှာ မြို့ရိုးပေါ်မှ လူများကို တုန်လှုပ်သွားစေသည်။ အဆင့်လွန်သက်ရှိ ဒီလိုမျိုးမေးလိုက်တာက ဘာကို ဆိုလိုတာလဲ .. သူတို့ အပေးအယူလုပ်တော့မှာလား..

“ခင်ဗျားတို့ ကျုပ်တို့တောင်းဆိုချက်တွေကို လိုက်လျောပေးရင် နှစ်ပေါင်းတစ်သောင်းအတွင်း နယ်မြေနှစ်ခုက ငြိမ်းငြိမ်းချမ်းချမ်းရှိနေလိမ့်မယ်..” စစ်ရထားလုံးထဲမှ ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ကတိပေးလိုက်သည်။

ထို့အပြင် အာမခံအနေဖြင့် မသေမျိုးဘုရင်များကို ကျိန်ဆိုခိုင်းမည်ဟုလည်း ပြောသေးသည်။

အားလုံး ထိတ်လန့်သွားရ၏။ မသေမျိုးဘုရင်များ၏ ကျိန်ဆိုမှုတွင် ကံတရားများစွာ ပါဝင်သောကြောင့် ဤသည်မှာ အာမခံချက်ဖြစ်နိုင်သည်။

သို့သော် သူတို့ ဘယ်လိုလုပ် သဘောတူရမည်နည်း .. ဤသည်မှာ ရှက်စရာကောင်းလွန်းလှသည်။

“မသေမျိုးဘုရင်တွေရဲ့ သွေးကျိန်ဆိုမှုက တကယ်ကို အကျိုးရှိတယ် .. အဲဒီမှာ ကြောက်စရာအကောင်းဆုံး ကံတရားတွေ ပါဝင်နေတယ်..” ကျင်းထိုက်ကျွင်း ခေါင်းညိမ့်လိုက်၏။

အားလုံး အမူအရာ ပြောင်းလဲသွားသည်။ သူမက ဒီအခြေအနေတွေကို သဘောတူပြီး ဟွမ်ကို ပေးလိုက်တော့မှာလား..

အားလုံး ထာဝရဝမ်နှင့် ပြိုင်ဘက်ကင်းသက်ရှိသုံးဦးအား ကြည့်လာကြသည်။

ချောင်ယုရှင်း၊ ပုရွက်ဆိတ်လေး၊ ချန်ကုန်းယန်နှင့် အခြားသူများမှာ ဒေါသထွ်ကနေကြကာ ကျိန်ဆဲပစ်လိုက်ချင်ကြသည်။ သို့သော်လည်း အဆင့်လွန်သက်ရှိများရှေ့၌ သူတို့ဘာမှမပြောနိုင်။

သို့သော်လည်း သူတို့အားလုံး ဤသည်ကို ငြင်းရန် တောင်းဆိုလိုက်ကြလေသေးသည်။

“မင်းတို့အားလုံးက လူငယ်မျိုးဆက်တွေ .. မင်းတို့ ဒီနေရာမှာ ရပ်ဖို့ အရည်အချင်းမရှိဘူး .. မြန်မြန်အောက်ဆင်းသွားကြတော့..” ကျင်းထိုက်ကျွင်းဘေးရှိ အဘွားအိုကြီးမှ လက်ဝေ့ရမ်းကာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကျင်းထိုကျွင်း သူတို့နှင့်စကားပြောမည်မဟုတ်။ သူမအဆင့်အတန်းနှင့် စကားများများစားစား ပြောမည်မဟုတ်ပေ။

ထိုအချိန်တွင် ရှီဟောင် မတ်တပ်ရပ်လိုက်ကာ ကလန်ပေါင်းစုံမှ ခေါင်းဆောင်များနှင့် အဆင့်လွန်သက်ရှိများကို ကြည့်လိုက်သည်။ “ကျွန်တော် သေရမှာ မကြောက်ပါဘူး .. ဒါပေမဲ့ ဒီသစ်သားသေတ္တာကိုတော့ ပေးလို့မရဘူး..”

အားလုံး ခေါင်းညိမ့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသေတ္တာတွင် များပြားလှသည့်လျှို့ဝှက်ချက်များ သေချာပေါက် ရှိနေသည်ပင်။ တပ်ဖွဲ့ကြီးများဖြင့် အင်ပါယာဂိတ်ကို ဤကဲ့သို့ ဖိအားလာပေးနေသည်ကို ကြည့်ခြင်းအားဖြင့် ဤသေတ္တာမည်မျှ အရေးပါသည်ကို သိနိုင်သည်။

ဤအဆင့်လွန်ရတနာကို အင်ပါယာဂိတ်မှ လူများ ရထားပြီသားဖြစ်သောကြောင့် သူတို့က ဘယ်လိုလုပ် ပြန်ပေးနိုင်မည်နည်း.. ဤသည်မှာ ရှက်စရာကောင်းလှသလို ဆိုးရွားလှသည့်ရလဒ်လည်း ဖြစ်နိုင်သည်ပင်။

အထူးသဖြင့် တစ်ဖက်လူ၏ ပွင့်လင်းကာ အကြောက်တရားကင်းကင်းဖြင့် တောင်းဆိုနေပုံမှာ အင်ပါယာဂိတ်မှ လူများကို အရှက်ရစေသည်။

“ကျွန်မတို့‌ အခြေအနေကို ပြောင်းလို့ရလား .. သေတ္တာကိုတော့ မပေးနိုင်ဘူး..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

ဤသည်မှာ အားလုံးကို ထူးဆန်းသည့်အမူအရာ ဖြစ်သွားလေသည်။ ကျင်းထိုက်ကျွင်း၏ ရည်ရွယ်ချက်များမှာ ရှင်းလင်းလှသောကြောင့် ချင်းယီ၊ ချောင်ယုရှင်းနှင့် လကျောက်စိမ်းယုန်လေးတို့ အလွန်မကျေမနပ်ဖြစ်သွားကြသည်။ သေတ္တာကိုပေးလို့မရဘူး .. ဟွမ်ကိုတော့ ပေးလို့ရတယ်လား..

“တာအိုရောင်းရင်း..” ပြိုင်ဘက်ကင်းသက်ရှိ တစ်ခုခု ပြောချင်လာသည်။

“တာအိုရောင်းရင်း .. ကျွန်မ ရောင်းရင်းရဲ့ ရည်ရွယ်ချက်ကို သိပါတဘ် .. ဒါပေမဲ့ ကျွန်မတို့ဘက်မှာ သတင်းကောင်းရှိနေပါတယ် .. တစ်ဖက်လောကက ဒီအချိန်တိုအတွင်း မတိုက်ခိုက်တာနဲ့ အားလုံး ပြောင်းလဲသွားနိုင်တယ် .. အဆုံးသတ်က လုံးဝကို ပြောင်းလဲသွားမှာ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

အပိုင်း ၁၇၃၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၇ – ရွေးချယ်မှု

“ဘာ..” ပြိုင်ဘက်ကင်းသက်ရှိများပင် စိတ်လှုပ်ရှားသွားရသည်။ အဆင့်လွန်သက်ရှိများမှာ ထာဝရတောင်ကြီးပြိုကျလျှင်ပင် အမူအရာပြောင်းလဲမည်မဟုတ်။ သို့သော် ယခုတော့ သူတို့ထိတ်လန့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ကျင်းထိုက်ကျွင်း၏သတင်းမှာ ထိတ်လန့်စရာကောင်းလှသည်။ ဒါက လက်ရှိအခြေအနေကို ပြောင်းလဲနိုင်တယ်တဲ့လား..

အင်ပါယာဂိတ် အန္တရာယ်ကျရောက်နေမှန်း မည်သူက မသိပဲနေမည်နည်း.. မသေမျိုးဘုရင်များ ပြန်လည်ရှင်သန်လာသည်နှင့် သူတို့ထံသို့ သေချာပေါက် ရောက်လာမည်ပင်။ ဘယ်အချိန်ရောက်လာမည်မှန်းသာ မသိခြင်းပင်။ ထိုသူများ သူတို့တံခါးကိုလာခေါက်လျှင် မည်သူက သူတို့အားတားဆီးနိုင်မည်နည်း..

ယခု ကျင်းထိုက်ကျွင်းမှ အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်ဟု ပြောလာလေပြီ။ ဤသည်မှာ မြို့ရိုးပေါ်တွင်ရှိနေသည့် သူအားလုံးကို အမူအရာ ပြောင်းလဲသွားစေကာ သူတို့၏ အသက်ရှူသံများလည်းမြန်ဆန်လာစေသည်။

“ငါတို့ကို ပြောပြပေးပါ…” ပြိုင်ဘက်ကင်းသက်ရှိတစ်ဦး ပြောလိုက်သည်။ တစ်စုံတစ်ယောက်သာ ဤအခြေအနေကို ပြောင်းလဲနိုင်သည်ဆိုပါက တန်ဖိုးတစ်ခု ပေးဆပ်ရမည်ဆိုလျှင်ပင် သူတို့လက်ခံမည်ပင်။

“ကျွန်မတို့ နှစ်ပေါင်း ငါးထောင်လောက် အချိန်ဆွဲနိုင်တာနဲ့ ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုရဲ့ အန္တရာယ်က ပျက်ပြယ်သွားလိမ့်မယ် .. အခု ကျွန်မတို့လိုအပ်တာက အချိန်ပဲ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

“ဘယ်လိုပျက်ပြယ်မှာလဲ .. ရောင်းရင်းဘယ်လိုလုပ်မှာလဲ..” ပြိုင်ဘက်ကင်းသက်ရှိများ မေးလိုက်သည်။

အခြေအနေသာ ပြောင်းလဲနိုင်လျှင် အားလုံး အသက်ရှင်နိုင်မည်ဖြစ်ပြီး အင်ပါယာဂိတ်လည်းပျက်စီးသွားတော့မည်မဟုတ်တော့။ ဤသည်မျာ အားလုံးမြင်ချင်နေသည့်အရာပင်။

“တစ်ဖက်လောကကို ခုခံနေတဲ့စွမ်းအားကြီးတဲ့သူတွေရှိတယ်..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

“သူတို့က .. ဘယ်သူတွေလဲ .. သူတို့ဘယ်မှာလဲ .. အဲဒီလိုလူမျိုးကျန်သေးလို့လား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။ ဤသည်မှာ ဆံပင်များနှင့် မုတ်ဆိတ်များ ဖြူဖွေးနေသည့်သူပင်။ ယခုအချိန်တွင် သူ၏အသံပင် တုန်ယင်နေလေ၏။

“ကန့်သတ်နယ်မြေက လူတွေလား .. သူတို့ထွက်လာတော့မှာလား..” တစ်စုံတစ်ယောက် ကောင်းကင်ဘုံကိုးကိုးခုမှ ကန့်သတ်နယ်မြေများကို ချက်ချင်းတွေးမိသွားသည်။

ကျင်းထိုက်ကျွင်းခေါင်းခါလိုက်ကာ သူ၏နှုတ်ခမ်းထောင့်၌ အပြုံးနုလေး ပေါ်လာသည်။ “ရှင်တို့အားလုံး မေ့သွားပြီလား .. အရင်တုန်းက တစ်ဖက်လောကက စစ်တပ်ကြီးကို ပြန်မောင်းထုတ်ခဲ့တဲ့ သက်ရှိအုပ်စု ရှိခဲ့တယ်လေ..”

“သူတို့ပဲ..” လူများစွာ နားလည်သွားရသည်။

အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း သူတို့ ထိုလူများကို ရှာဖွေနေဆဲပင်။

သို့သော်လည်း ကံမကောင်းစွာဖြင့် နှစ်ပေါင်းများစွာကုန်လွန်သွားသော်လည်း သူတို့အားလုံး ရှုံးနိမ့်ခဲ့ဆဲပင်။ ထိုသက်ရှိများ၏ အရိပ်အယောင်ကို မမြင်ရတော့။

သူတို့ ဤနယ်မြေ၌ မရှိပဲ အခြားနေရာများ၌ ရှိနေခြင်းဖြစ်သည်ဟု အချို့လူများ သံသယဝင်နေကြသည်။

“မင်း သူတို့ကို ရှာတွေ့ပြီလား.. ” ပြိုင်ဘက်ကင်းသက်ရှိ မေးလိုက်သည်။

ယခုအချိန်တွင် ချောင်ယုရှင်း၊ ရှီယီ၊ ရှုထော်နှင့် အခြားသူများပင်လျှင် ဂရုတစိုက် နားထောင်နေကြသည်။

“သူတို့ အရင်က ဒီလောကကြီးမှာ ပေါ်လာခဲ့တယ်ဆိုတော့ သူတို့တွေ သဲလွန်စတွေ ချန်ထားခဲ့တာပေါ့ .. ကျွန်မ ကလန်က လက်ရွေးစင်တွေကိုလွှတ်ပြီးတော့ နှစ်ပေါင်းများစွာ ရှာခဲ့တာ ရလဒ်တစ်ချို့ ရလာခဲ့ပြီ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

“မင်း သူတို့ကို အင်ပါယာဂိတ်ကို ဖိတ်ခေါ်လိုက်လား..” ပြိုင်ဘက်ကင်းသက်ရှိ မေးလိုက်၏။

“ဒါက မဖြစ်နိုင်ဘူး .. ပြီးတော့ ဒီနှစ် တစ်ရာကနေ တစ်ထောင်အတွင်းမှာ သူတို့ထွက်လာဦးမှာမဟုတ်ဘူး .. အဲဒါကြောင့် ကျွန်မအချိန်လိုအပ်တာ..” ကျင်းထိုက်ကျွင်း တည်ငြိမ်စွာ ပြောပြီးနောက် ရှီဟောင်အား ကြည့်လိုက်သည်။

“ဘာလို့လဲ..” တစ်စုံတစ်ယောက်မေးလိုက်၏။

အခုက တိုက်ဖို့အတွက် အကောင်းဆုံးအချိန်ပဲ မဟုတ်ဘူးလား .. သူတို့သာ နည်းနည်းလေး နောက်ကျသွားရင် ကောင်းကင်ဘုံကိုးခုကလူတွေက သတ်ခံနေရလောက်ပြီ..

“ဘာလို့လဲဆိုတော့ သူတို့နေတဲ့နေရာက ဒီနယ်မြေမှာ မဟုတ်ဘူး ..” ကျင်းထိုက်ကျွင်း အားလုံး တုန်လှုပ်သွားစေသည့် သတင်းကို ပြောလိုက်သည်။

ထိုနေရာမှာ အလွန်ဝေးလှပြီး လမ်းများပင် ဖြတ်သွားရန် ခက်ခဲလှသည်။

အားလုံး ဆွံ့အသွားရ၏။ အဲဒါက ဘယ်လောက်တောင်ဝေးလို့ နှစ်ပေါင်း ရာချီ၊ ထောင်ချီ လိုနေတာလဲ.. ဤသည်မှာ နားလည်ရန် အနည်းငယ် ခက်ခဲလှသည်။

“အဲဒါဆို မင်း ဘယ်လိုလူမျိုးကို တွေ့ထားတာလဲ .. မင်းပို့လိုက်တဲ့တပည့်တွေ အဲဒီနေရာကို ဝင်လို့ရမှာမဟုတ်ဘူး .. ဟုတ်တယ်မလား..” ချီဟုန်၏ဆရာမှ မေးလိုက်သည်။

သူသည် ပြိုင်ဘက်ကင်းသက်ရှိဖြစ်သောကြောင့် ထိုထူးဆန်းသည့်သက်ရှိများ ပေါ်လာသည့်ကိစ္စကို သူသိသည်ပင်။

သူလည်းတစ်ချိန်လုံး စုံစမ်းနေပြီး အခြေအနေများကို အကြမ်းဖျင်းနားလည်သည်ပင်။ သို့သော်လည်း သူတို့နေသည့်နေရာ မည်မျှဝေးမှန်းတော့ သူမသိ။

ယခု ကျင်းထိုက်ကျွင်းထံမှ သဲလွန်စများကို ကြားလိုက်ရသောကြောင့် သူအာရုံစိုက်လာသည်ပင်။

“အဲဒီသက်ရှိတွေရဲ့ မျိုးဆက်တစ်ယောက်ကို ရှာတွေ့ထားတယ် .. သူ့ပါးစပ်ကနေ လျှို့ဝှက်ချက်တစ်ချို့ကို သိရပြီး သူတို့ဘက်ကနဲ့ ဆက်သွယ်နိုင်လိုက်တာပါ .. အဲဒါကြောင့် ကျွန်မအခုလိုမျိုးပြောနေနိုင်တာပါ..” ကျင်းထိုက်ကျွင်း ပြောလိုက်၏။

ထို့နောက် သူမ၏နှုတ်ခမ်းများလှုပ်သွားကာ ထာဝရဝမ်နှင့် အခြားပြိုင်ဘက်ကင်းသက်ရှိများကို လျှို့ဝှက်ချက်အချို့ ပြောပြလိုက်သည်။

အခြားသူများလည်း ထိတ်လန့်သွားသည်ပင်။ သူမ တကယ်ရှာတွေ့ခဲ့တာလား.. ကောင်းကင်ဘုံကိုးခုမှာ မျှော်လင့်ချက်ရှိနေပြီလား..

လူအချို့စိတ်လှုပ်ရှားသွားကာ မျှော်လင့်ချက်အပြည့်ဖြင့် ရလဒ်ကို သိချင်ကြသည်ပင်။ သို့သော်လည်း သူတို့ကို လျှို့ဝှက်ထားပြီး အဆင့်လွန်သက်ရှိများအကြားတွင်သာ လဲလှယ်၍ရသည့် လျှို့ဝှက်ချက်များ ရှိနေသည်ပင်။

အင်ပါယာဂိတ်အောက်မှ လူတစ်စု အော်ဟစ်နေကြသည်။ မြို့ရိုးပေါ်၌ ဖြစ်ပျက်နေသည့် ပြောင်းလဲမှုများကို သူတို့သတိမထားမိပဲ စွမ်းအားကြီးသည့်ပုံစံလုပ်နေဆဲပင်။

“နောက်ဆုံးရွေးချယ်မှုပဲ .. ခင်ဗျားတို့ ပေးမှာလား မပေးဘူးလား..”

“သစ်သားသေတ္တာကို ပေးလို့မရဘူးလို့ ဒီလူအိုကြီး ပြောပြီးသားပဲ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသေတ္တာတွင် လျှို့ဝှက်ျက်များရှိနေမည်ပင်။ မဟုတ်ပါက တစ်ဖက်လူ ဤမျှ လိုချင်နေမည်မဟုတ်။

သူမသာ ထိုသေတ္တာပေးလိုက်ပါက အင်ပါယာဂိတ်မှလူများ သဘောတူမည်မဟုတ်။ သူတို့ သူမ၏ရည်ရွယ်ချက်ကို သံသယဝင်သွားလိမ့်မည်။

“ဒါက ဟွမ်ကို ပေးလိုက်မယ်ဆိုတဲ့သဘောလား..”

တစ်ဖက်လောကမှာ ရန်လိုကြသည်ပင်။ သူတို့အားလုံးသည် သွေးနှင့်မီးတောက်များကြား၌ ကြီးပြင်းခဲ့ကြခြင်းဖြစ်သောကြောင့် သူတို့ကိစ္စများကိုင်တွယ်ပုံမှာ အလွန်ရက်စက်ကြမ်းတမ်းလှသည်ပင်။ ယခုလည်း ထိုကဲ့သို့ပင်။ သူတို့သည် ပေးမပေးကို တိုက်ရိုက်ပင် မေးနေလေ၏။

ဤသည်မှာ မြို့ရိုးပေါ်မှ လူအားလုံး၏အမူအရာများ ပြောင်းလဲသွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဒဲ့တိုးပြောနေခြင်းမှာ သူတို့ကို အနည်းငယ် စော်ကားနေသည်ပင်။

“ကျုပ်တို့က ကျုပ်တို့ပြောချင်တာကို အမြဲတမ်း ဒဲ့တိုးပဲပြောတယ် .. သစ်သားသေတ္တာကို ပေးလို့မရဘူးဆိုမှတော့ ဟွမ်ကို ပေးလို့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား.. ရှင်းရှင်းလေးပဲကို” တစ်စုံတစ်ယောက်မှ ရယ်မောလိုက်သည်။

“ရဲတင်းလိုက်တာ..” မြို့ရိုးပေါ်မှ ကျင့်ကြံသူကြီးများ အော်ဟစ်လိုက်ကြသည်။

“မင်းတို့အားလုံးကို စကားကို လက်လွတ်စပယ် ပြောခွင့်မပြုဘူး..” ကျင်းထိုက်ကျွင်း ရုတ်တရက်ပြောလိုက်သည်။ သို့သော်လည်း တစ်ဖက်လောကမှ လူများကိုပြောခြင်းမဟုတ်ပဲ ထိုကျင့်ကြံသူများကို ပြောခြင်းပင်။

ဤသည်မှာ အားလုံးကို ထိတ်လန့်ကာ မကျေမနပ်ဖြစ်သွားစေသည်။ ဒီလိုမျိုးလုပ်နေတာ သူ ဟွမ်ကို တကယ်ပေးလိုက်တော့မှာလား .. သူမ ထူးဆန်းသည့်တပ်ကူများနှင့် ဆက်သွယ်ပြီးကြောင်း သူတို့သိထားသော်လည်း ဟွမ်ကို ဤအတိုင်းပေးလိုက်ရန်မှာ အားလုံးအတွက် လက်ခံနိုင်ရန် ခက်ခဲလှသည်။

“စီနီယာ .. စီနီယာ့သဘောထားက..” တစ်စုံတစ်ယောက်မှ မေးခွန်းထုတ်လိုက်သည်။

“အခုအချိန်မှာ ငါတို့အချိန်လိုနေတယ် .. ငါတို့ ဒီကာလကို ဖြတ်ကျော်နိုင်တာနဲ့ စွမ်းအားကြီးတဲ့တပ်ကူတွေ ရောက်လာလိမ့်မယ် .. အဲဒီအချိန်ကျရင် ဘာမှ ကြောက်စရာမလိုတော့ဘူး .. ဒီလောကကြီးရဲ့ ဥပဒေသတွေ ပြောင်းလဲသွားပြီး အခန်းအသစ် စရေးလိုက်ရုံပဲ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

“ဒါက ကျွန်တော်တို့အတွက် လက်ခံနိုင်ဖို့ အရမ်းခက်ခဲတယ် .. ကိုယ့်လူကိုကိုယ်ပေးလိုက်ရမှာ .. ကျွန်တော် ဒါကို လက်မခံနိုင်ဘူး..” ကောင်းကင်မြိုသားရဲပေါ်တွင် ထိုင်နေသည့် စစ်သူရဲကြီးမှ ဒေါသတကြီး ပြောလိုက်သည်။

“ကျွန်တော်တို့လည်း အတူတူပဲ..” ကျင့်ကြံသူအချို့လည်း ဤသည်ကို လက်မခံနိုင်ကြ။

“နည်းနည်းလေး စိတ်မရှည်လိုက်တာနဲ့ ကိစ္စကြီးကို ထိခိုက်သွားလိမ့်မယ် .. ငါလုပ်နေသမျှအားလုံးက ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုအတွက်ပဲ .. အခု စွန့်လွှတ်စရာသေးသေးလေးကြုံလာပြီ .. ဒါက ရှောင်လွှဲလို့မရတဲ့ကိစ္စပဲ..” ကျင်းထိုက်ကျွင်း အေးစက်စွာ ပြောလိုက်သည်။

အားလုံး ဟွမ်ကို ကြည့်လိုက်ကြကာ အများစုမှာ ကိုယ်ချင်းစာသည့် အကြည့်များပင်။ တစ်ချိန်တည်းမှာပင် သူတို့ဒေါသထွက်လာရသည်။

“တာအိုရောင်းရင်း .. ဒါက သိပ်မကောင်းဘူး .. အကျိုးဆက်က အရမ်းကြောက်စရာကောင်းလိမ့်မယ်..” ပြိုင်ဘက်ကင်းသက်ရှိ သတိပေးလိုက်သည်။

ဟွမ်ကိုသာ တကယ်ပေးလိုက်ရလျှင် ဤသည်မှာ အလွန်မတရားရာ ရောက်သွားလိမ့်မည်။ သူသည် ယခုလေးတင်မှ ပြန်လာရခြင်းဖြစ်ပြီး သူ၏ခမ်းနားလှသည့် အောင်မြင်မှုမှာ အင်ပါယာဂိတ်ကို တုန်လှုပ်စေခဲ့သည်။ သူတို့သာ သူ့ကို ဤကဲ့သို့ ဆက်ဆံလိုက်လျှင် လူများ၏နှလုံးသားအေးခဲသွားလိမ့်မည်။

ပြိုင်ဘက်ကင်းသက်ရှိများပင် ဆန့်ကျင်လာပြီဖြစ်သောကြောင့် ရှီဟောင်ကို ကာကွယ်ချင်သည့်သူများလည်း တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။

ထို့အပြင် သူတို့အမြင်တွင် တစ်ဖက်လောကမှ သက်ရှိများမှာ သစ်သားသေတ္တာကို လိုချင်နေခြင်းပင်။ ထို့ကြောင့် ဟွမ်ကို ပေးလိုက်လည်း သူတို့အတွက် သိပ်အကျိုးရှိမည်မဟုတ်။

သို့သော်လည်း အင်ပါယာဂိတ်အောက်ဘက်ရှိ တစ်စုံတစ်ယောက်မှ သူတို့ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ကိစ္စကို ပြောလာမည်ဟု မည်သူက ထင်ထားမည်နည်း..

“ငါတို့စဉ်းစားပြီးသွားပြီ .. မင်းတို့သာ ဟွမ်ကိုပေးမယ်ဆိုရင် ငါတို့ မင်းတို့ကို ငြိမ်းချမ်းတဲ့အချိန်ကာလတစ်ခု ပေးလို့ရတယ်..”

ဟွမ်က ဒီလောက်တောင် အရေးကြီးတာလား .. တစ်ဖက်လောကက သက်ရှိတွေက သူ့ကို ဘယ်လောက်တောင် မုန်းနေတာလဲ .. သူ့ကို သစ်သားသေတ္တာနဲ့အတူတူ အလေးထားနေတာလား..

ဤသည်မှာ ထူးဆန်းသည်ဟု လူအချို့ ခံစားလိုက်ရသည်။ တစ်ဖက်လောကကလူတွေက ဆုံးဖြတ်ချက်တွေမှာ ခံစားချက်တွေ ထည့်စဉ်းစားလွန်းနေတာမလား..

“နှစ်ဘက်ကြား ငြိမ်းချမ်းမှုက ဘယ်လောက်ကြာမှာလဲ..” ကျင်းထိုက်ကျွင်းဘေးရှိ အဘွားအိုမှ မေးလိုက်သည်။

“ဆယ်နှစ် .. ဟွမ်တစ်ယောက်တည်းကို သူ့ကိုဘာလုပ်လို့ရမှာလဲ .. ငါတို့က သူ့ကိုခေါ်သွားပြီး အသားလုံးပဲ လုပ်လိုက်ချင်တာ ..” တစ်စုံတစ်ယောက်မှ ပြန်ဖြေလိုက်သည်။

“နည်းလွန်းတယ်..” ကျင်းထိုက်ကျွင်းဘေးရှိ အဘွားအိုကြီးမှ ပြောလိုက်သည်။ ထို့နောက် သူမ လက်ချောင်းထောင်လိုက်ကာ “နှစ်ငါးရာ…”

“ဟား ဟား.” အောက်ဘက်မှ လူတစ်စု ရယ်မောလိုက်ကြသည်။ “လူငယ်လေးတစ်ယောက်ကို ပေးလိုက်ရုံနဲ့ နှစ်ငါးရာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မယ်လို့ ထင်နေတာလား..”

အောက်ဘက်၌ အနက်ရောင်တပ်သားများကို မျက်စိတစ်ဆုံးမြင်နေရသော်လည်း သက်ရှိအများစုမှာ ငြိမ်နေပြီး ဘာမှမပြောကြ။ ရာထူးကြီးသည့်သူများသာ ရယ်မောနေကြခြင်းပင်။

ဤသည်မှာ တစ်ဖက်လောကတွင် အဆင့်အတန်းတင်းကြပ်ကြောင်းနှင့်အတူ စစ်တပ်အဆင့်များ၏ ကြောက်စရာကောင်းသည့် သဘာဝကို သက်သေပြလိုက်ခြင်းပင်။ နေရာတိုင်း၌ လူများစွာ ရှိနေသော်လည်း ဟစ်ကြွေးသံတစ်သံမှ ထွက်မလာ။

မြို့ရိုးပေါ်တွင်ရှိနေသည့်သူများမှာ ထိုသက်ရှိများ ငြင်းလိုက်သည်ကို ကြားလိုက်ရသည်နှင့် ရှီဟောင်အတွက် ဝမ်းသာသွားရသည်။

သို့သော်လည်း အချို့သူများမှာ ဝမ်းနည်းနေကြသည်ပင်။ သူတို့ ကျေနပ်လောက်မယ့်အချိန်ကို ဟွမ်နဲ့ လဲလို့မရတော့ဘူးလား..

“ငါတို့ နှစ်နည်းနည်းလောက် ထပ်ပေးလို့ရတယ်..”

အင်ပါယာဂိတ်ရှေ့ရှိ အနက်ရောင်စစ်ရထားလုံးထဲရှိ ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိထံမှ အသံထွက်လာသည်။

“နှစ်ငါးရာ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

“ရှင်ဘာကိုဆိုလိုချင်တာလဲ .. ရှင်က ရှီဟောင်ကို အသေသတ်ချင်နေတာလား .. စုန်းမအိုကြီး .. ဘာလို့ ရှင်နဲ့ရှင့်ရဲ့မျိုးဆက် ကျင်းကျန်းကို မပေးလိုက်လဲ .. အရှက်မရှိလိုက်တာ..” ယုန်ဖြူလေး ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“စီနီယာ ဒီလိုလုပ်တာက တကယ်ကို မကောင်းပါဘူး..” ချင်းယီလည်း ပြောလာသည်။

“ခင်ဗျားက အဆင့်လွန်သက်ရှိရော ဟုတ်ရဲ့လား..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။

ဤအလဲအလှယ်ဖြစ်သွားလိမ့်မည်ဟု သူတို့အစောကြီးကတည်းက ကြိုမြင်နေပြီးသားပင်။ တစ်ဖက်လောကမှာ ရှီဟောင်အားအလွန်အလေးထားနေသည်ပင်။ ထို့ကြောင့် သူ့အတွက်နှင့် ဤမျှပေးရန် တွန့်ဆုတ်မနေ။

ဒီကိစ္စနောက်ကွယ်မှာ တစ်ခုခုရှိနေတယ် .. ထို့ကြောင့် ချောင်ယုရှင်း၏အမူအရာ ထပ်ခါတလဲလဲ ပြောင်းနေခြင်းပင်။ သူ့ဆရာပြောခဲ့သည့်စကားလုံးများကို သူပြန်စဉ်းစားကြည့်မိသွားသည်။

“မင်းတို့အားလုံး ငါ့ကို ဒီလိုမျိုး မလေးမစား ဆက်ဆံရဲတယ်..” ကျင်းထိုက်ကျွင်း၏အမူအရာမှာ အလွန်တည်ငြိမ်နေသလို အလွန်လည်း အေးစက်နေသည်။ သူမအရှေ့ဘက်သို့ ကြည့်လိုက်သည်နှင့် သူမ၏မျက်ဝန်းထဲမှ နတ်အလင်းတန်း ထွက်လာသည်။

ထိူအချိန်တွင် ပြိုင်ဘက်ကင်းသက်ရှိတစ်ဦး သူမအား တားဆီးလိုက်ကာ သူမ၏အော်ရာများကိုပြန်လည်ရုတ်သိမ်းစေလိုက်သည်။ မဟုတ်ပါက ချင်းယီ၊ ပုရွက်ဆိတ်လေးနှင့် အခြားသူများတောင့်ခံနိုင်မည်မဟုတ်။

ကျင်းထိုက်ကျွင်း ဤကိစ္စကို ဆက်မပြောတော့ပေ။ “ငါ့ရဲ့မျိုးဆက်တွေ ဥပမာအားဖြင့် ကျင်းကျန်းကို ပေးလိုက်လို့ အင်ပါယာဂိတ် အချိန်တစ်ခုထိ ငြိမ်းချမ်းနေမယ်ဆိုရင်.. နှစ်ပေါင်းငါးရာမပြောပဲ ၁၀ နှစ်ပဲ ငြိမ်းချမ်းမယ်ဆိုရင် ငါတွေဝေနေမှာမဟုတ်ဘူး..”

“ကျင်းထိုက်ကျွင်းက အမြော်အမြင်ရှိတယ်..”

“ကျင်းထိုက်ကျွင်းက တစ်ကိုယ်ကောင်းမဆန်ဘူး .. အင်ပါယာဂိတ်အတွက်ပဲ စဉ်းစားတာ .. လေးစားထိုက်ပါပေတယ်..”

..

လူအချို့ သူမအား ချီးကျူးလာသည်။

ဤသည်မှာ ရှောင်လွှဲ၍မရနိုင်သည့်ကိစ္စပင်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာဂိတ်၌ လူများစွာ ရှိနေပြီး ကလန်များကြားမှ ဆက်ဆံရေးမှာလည်းရှုပ်ထွေးလှသည်။ အချို့သူများသည် ထပ်မတိုက်ခိုက်ချင်တော့ပဲ ငြိမ်းချမ်းရေအတွက် လဲလှယ်ရန် ဆန္ဒရှိကြသည်ပင်။ အချို့သူများမှာ ကျင်းမိသားစု နောက်လိုက်များဖြစ်ကြသောကြောင့် သူတို့ သူမဘက်က ရပ်တည်ကြမည်ပင်။

“ကျင်းကျန်း .. ဒီကိုလာခဲ့ .. တကယ်လို့ တစ်ဖက်လောကကလူတွေက ဒီမြို့ကြီးငြိမ်းချမ်းဖို့အတွက် မင်းကို တောင်းလာတယ်ဆိုရင် မင်းဘယ်လိုဆုံးဖြတ်မလဲ..” ကျင်းထိုက်ကျွင်း ဤကဲ့သို့မေးလိုက်သည်။

“ကျွန်တော် ကိုယ့်ဘာသာကိုယ် သွားလိုက်မှာပါ .. အင်ပါယာဂိတ်ကြီး ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းမယ်ဆိုရင် လုံလောက်ပါပြီ..” ကျင်းကျန်း ပြောလိုက်သည်။

လူအချို့ ထူးဆန်းသည့်အမူအရာများဖြင့် သူတို့အချင်းချင်း ဆွေးနွေးလာကြသည်။

“ငါ့ဖင်ပဲ ..ကျင်းကျန်းက ရှီဟောင်နဲ့ယှဉ်နိုင်လို့လား .. ကျင်းကျန်း အယောက်တစ်ရာတောင်မှ ရှီဟောင်ကို မယှဉ်နိုင်သေးဘူး .. အဆင့်တူတဲ့သူနှစ်ယောက်ကို ယှဉ်လို့မရဘူးလား..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။

ဤစကားလုံးများမှာ ကျင်းကျန်းအား အရှက်ရစေသည်ပင်။ ကျင်းမိသားစုမှ နာမည်ကြီးသည့်ပုဂ္ဂိုလ်အချို့ပင် ထိတ်လန့်သွားကြသောကြောင့် ဤသည်မှာ ကျင်းကျန်းကိုပို၍ မျက်နှာပျက်သွားစေသည်။

“အပြောကတော့ ကောင်းနေတာပဲ..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။

ဝုန်း..

ကျင်းထိုက်ကျွင်း မျက်လုံး၌ အလင်းတန်းများ ဝေ့ဝဲလာသည်။ ထိုမျက်လုံးများမှာ နှိုင်းယှဉ်၍မရနိုင်လောက်သည့် ခွန်အားများ ထွက်ပေါ်လာကာ ချောင်ယုရှင် ခန္ဓာကိုယ်အား ထိခိုက်တော့မည်။

ယခုတစ်ခေါက်လည်း ထိုပြိုင်ဘက်ကင်းသက်ရှိ ထပ်မံလှုပ်ရှားလိုက်သည်။ သူသည် ကျင်းထိုက်ကျွင်းအားကြည့်ကာ “သူက အဲဒီ သူငယ်ပြန်နေတဲ့သူရဲ့တပည့်..” ပြိုင်ဘက်ကင်းသက်ရှိ ချောင်ယုရှင်းအား လက်ညှိုးထိုး၍ ပြောလိုက်သည်။

ဤစကားလုံးများမှာ အနည်းငယ် ခြိမ်းခြောက်နေနိုင်သည်ပင်။ နောက်ဆုံးတွင်တော့ ကျင်းထိုက်ကျွင်း မတိုက်ခိုက်တော့ပဲ သူ့အား အေးစက်စွာသာ ကြည့်လိုက်သည်။

ရှီဟောင် အစမှ အဆုံးထိ ဘာမှဝင်မပြောပဲ မြို့ရိုးပေါ်၌ ရပ်ကာ အရှေ့ဘက်ကို တစ်ယောက်တည်း ကြည့်နေသည်ပင်။ သူ့ပုံစံမှာ အနည်းငယ် အထီးကျန်နေသည့်ပုံပင်။

ရုတ်တရက် အင်ပါယာဂိတ်အောက်ရှိ စစ်ရထားလုံးထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“နှစ်ငါးရာ.. ငါသဘောတူတယ်..”

ဤစကားလုံးများမှာ အင်ပါယာဂိတ်ပေါ်မှ လူအားလုံးကို ထိတ်လန့်သွားစေသည်။ သူတို့သဘောတူလိုက်တာလား .. လူငယ်လေးတစ်ယောက်အတွက်နဲ့ သူတို့က သွေးကျမ်းကျိန်တော့မှာလား..

“ငါ့ရဲ့ သဘောတူမှုက ဒီလူငယ်လေးကို‌ လေးစားလို့ … သူက လူတစ်ယောက်တည်းပေမယ့် ငါ့ဘက်က လူတွေကို မရေမတွက်နိုင်အောင် သတ်ခဲ့တယ် .. အဲဒီထဲမှာ အယောက်တစ်ရာကျော်က ကျင့်ကြံသူကြီးတွေ .. ဒီအောင်မြင်မှုက ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလိုက်သလဲ .. သူက ရန်သူတစ်ယောက်ဖြစ်ပေမယ့် ငါ့ချီးကျူးမှုနဲ့ ထိုက်တန်တယ်..”

ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ဤကဲ့သို့ ပြောလိုက်သည်။ သူ၏အသံမှာ မနှေးလွန်းမမြန်လွန်းသော်လည်း အသံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသောကြောင့် မြို့ရိုးပေါ်မှလူများစွာ အမူအရာ ပြောင်းလဲသွားသည်။

“လူငယ်လေး.. ငါတို့ဘက်လာခဲ့ .. ငါတို့မင်းကို မသတ်လောက်ပါဘူး… ငါ့ကလန်က မသေမျိုးဘုရင်လည်း မင်းကိုလေးစားရင် ဘာမဆိုဖြစ်လာနိုင်တယ်..” ထိုအနက်ရောင်စစ်ရထားလုံးထဲမှ ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” မြို့ရိုးပေါ်မှ လူအချို့ မမေးပဲ မနေနိုင်တော့။

“သူက အရမ်းငယ်သေးတာတောင်မှ ဒီလိုတိုက်ပွဲအောင်မြင်မှုမျိုးရှိနေပြီ .. ဒီခေတ်မှာ ဒါက လောကကြီးကို တုန်လှုပ်စေနိုင်တဲ့သူလို့ သတ်မှတ်လို့ရတယ်.. မသေမျိုးဘုရင်သာ သူ့ရဲ့စွမ်းရည်တွေကို လေးစားရင် သူ့တစ်ယောက်တည်းနဲ့ ကလန်တစ်ခုကို တည်ထောင်လို့ရတယ် .. ဘာလို့ခွင့်မပြုရမှာလဲ .. တစ်ယောက်တည်းနဲ့ ဘုရင်ကလန်ကို တည်ထောင်တာက ဘုရင်ကလန်တွေထက်တောင်ပိုခမ်းနားသေးတယ် .. အားလုံး ဖြစ်သွားနိုင်တယ်..” တစ်ဖက်လောကမှသက်ရှိ ဤကဲ့သို့ ပြောလိုက်သည်။

အားလုံး တုန်လှုပ်သွားရသည်။ သူပြောတာအမှန်ပဲလား .. ဒါမှမဟုတ် အားလုံးကို စိတ်ယိုင်သွားအောင်လို့ သူပြောနေတာလား..

အားလုံး ရှီဟောင်ကိုကြည့်ကာ သူ့အမြင်ကို စောင့်နေကြသည်။ သူ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချမှာလဲ..

အပိုင်း ၁၇၃၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၈ – အကောင်းဆုံးအခြေအနေ

အနက်ရောင်စစ်ရထားလုံးထဲမှ ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ရှီဟောင်အား ဤကဲ့သို့ ခပ်မြင့်မြင့်တွေးထားမည်ဟု မည်သူမှထင်မထားကြ။

သူကိုယ်တိုင်ဘုရင်ကလန်တစ်ခု တည်ထောင်နိုင်ပြီး သူ ဧကရာဇ်ကလန်များကိုလည်း ဦးညွှတ်စရာလိုမည်မဟုတ်။ သူ့အဆင့်အတန်းမှာ မည်မျှပင်မြင့်သွားမည်နည်း..

သမိုင်းတစ်လျှောက်တွင် ဂုကလန်နှင့် သွေးဖီးနှစ်တို့မှာ တိုက်ပွဲအခြေအနေကိုပြောင်းလဲနိုင်သည့် စွမ်းအားကြီးသက်ရှိများသာ ဤကဲ့သို့ လေးစားခံရကြောင်း သိရန်လိုအပ်သည်။

“ခွေးကောင်ရှီ .. နင်ဘာလို့ဘာမှမပြောတာလဲ..” ယုန်ဖြူလေးမေးလိုက်၏။ သူသည် ရှီဟောင်အတွက် အလွန်စိတ်ပျက်နေမိသည်ပင်။

ပုရွက်ဆိတ်လေးလည်း တစ်ဖက်လောကနှင့် ရန်ငြိုးရှိနေသောကြောင့်သာမဟုတ်ပါက ရှီဟောင်ကို တစ်ဖက်လောကသို့သွားရန် အကြံပေးမိမည်ပင်။ အဘယ်ကြောင့်ဆိုသော် ကျင်းထိုက်ကျွင်း၏ စကားလုံးများမှာ စိတ်တိုချင်စရာ ကောင်းလှသည်။

ရှီဟောင် အောင်မြင်မှုကြီးဖြင့် ပြန်လာသော်လည်း သူပြန်‌ရောက်ရောက်ချင်းပင် လဲလှယ်ခံလိုက်ရလေပြီ။ ဤသည်မှာ မည်မျှပင် ဆိုးရွားလှသနည်း..

ရှီဟောင်ကိုကာကွယ်ပေးနေသည်မှာ လူငယ်များသာမဟုတ်။ တစ်ဖက်လောကနှင့် အမြဲတမ်း တိုက်ခိုက်နေသည့် အသက်ကြီးသည့်မျိုးဆက်များလည်းပါဝင်သည်။

အထူးသဖြင့် တိုက်ပွဲများ ရာပေါင်းများစွာတိုက်ခိုက်ခဲ့သည့်သူများမှာ ရှီဟောင်အတွက် ပို၍ပင် ဒေါသထွက်ကာ မတရားမှုကို ပြသလာကြသည်။

သို့သော် ကျင်းထိုက်ကျွင်းမှာ အလွန်အားကောင်းလှသည်။ သူမသည် အဆင့်လွန်သက်ရှိတစ်ဦး ဖြစ်သည့်အပြင် သူမသည် အင်ပါယာဂိတ်ငြိမ်းချမ်းမှုအတွက် လမ်းစတစ်ခု ရှာတွေ့ထားပြီဖြစ်သည်။ ဤသည်မှာ လူများစွာကို ကူကယ်ရာမဲ့စေသည်ပင်။

“ရှင့်မှာ အသိစိတ်ရှိတာပဲ .. လုပ်သင့်တာအားလုံးလည်းလုပ်ပြီးသွားပြီ .. ရှင့်ဘာသာရှင် ဆုံးဖြတ်ချက်ချတော့..” ချင်းယီ ပြောလိုက်သည်။ သူမသည် အလွန်လှပကာ သူမ၏အဖြူရောင်အဝတ်အစားများမှာ နှင်းထက်ပင်ဖြူဖွေးနေသော်လည်း ယခုအချိန်တွင် သူမ စကားလုံးများမှာ အခါတိုင်းကဲ့သို့ နူးညံ့မနေပေ။

ဤစကားလုံးများမှာ လူများစွာကိုတုန်လှုပ်သွားစေသည်။ အထူးသဖြင့် ကောင်းကင်မြိုသားရဲပေါ်၌ ထိုင်နေသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၊ ကြီးမားလှသည့်ငွေရောင်ဟုန်ပေါ်၌ ထိုင်နေသည့်ကျင့်ကြံသူများနှင့် ကလန်အချို့မှ ခေါင်းဆောင်များပင်။

စွမ်းအားကြီးသည့်ကျင့်ကြံသူများမှာ စစ်ပွဲကျွမ်းကျင်သူများဖြစ်ကြပြီး တစ်ဖက်လောကနှင့် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သည့်သူများပင်။ သူတို့အားလုံး ရှီဟောင်၏ မမျှတမှုကို ဖော်ပြနေကြသည်ပင်။

သူသည် ထူးခြားသည့်အောင်မြင်မှုများဖြင့် ပြန်လာခဲ့သော်လည်း နောက်ဆုံးတွင် မမျှမတ ဆက်ဆံခံလိုက်ရသည်။ ဤသည်မှာ တွေးကြည့်ရုံဖြင့်ပင် အေးခဲသွားစေသည်ပင်။

သို့သော် အချို့လူများမှာ မတူညီသည့်သဘောထားများ ရှိနေသည်ပင်။ အချို့လူများမှာ ရှီဟောင်ကို အလွန်မကျေမနပ်ဖြင့်ပင် စိုက်ကြည့်နေကြသည်။ ဤလူများမှာ စစ်ပွဲကြီးကို မြန်မြန်အဆုံးသတ်ကာ ငြိမ်းချမ်းသည့်ကာလတစ်ခုအတွက်နဲ့ လဲလှယ်လိုသည့်သူများပင်။

“ကျင်းထိုက်ကျွင်းက မြင့်မြတ်ပြီးတော့ မေးခွန်းထုတ်စရာမလိုလောက်အောင် ဂုဏ်သိက္ခာရှိတဲ့သူ .. သူတော်ကောင်းတရားရှိတဲ့သူ … ကျွန်တော်တို့ ရဲ့ လေးစားမှုနဲ့ထိုက်တန်ပါတယ် .. အင်ပါယာဂိတ်ကိုကာကွယ်ဖို့အတွက်၊ ကလန်ပေါင်းစုံကို ကာကွယ်ဖို့အတွက်နဲ့ ဒီလိုလုပ်ဖို့တောင် ဝန်မလေးခဲ့ဘူး .. အဆင့်လွန်သက်ရှိတစ်ဦး ဖြစ်ထိုက်ပါပေတယ်..”

တုမိသားစုမှလူ ပြောလာသည်။ သူတို့သည် သက်ရှည်မိသားစုမဟုတ်သော်လည်း ကောင်းကင်ဘုံကိုးခုတွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် ထိပ်တန်းမိသားစုတစ်စုပင်။ သူတို့သည် သက်ရှည်မိသားစုများနှင့်ယှဉ်လျှင် နံပါတ်နှစ်၌ ရှိသည်ပင်။

“ဟုတ်တယ် .. ကျင်းထိုက်ကျွင်းက သူတော်ကောင်းတရားကို ဆုတ်ကိုင်ထားတဲ့ဥပမာကောင်းတစ်ခုဖြစ်တယ် .. တစ်ဖက်လောကက သူ့ရဲ့ အတောက်ပဆုံးမျိုးဆက်ဖြစ်တဲ့ ကျင်းကျန်းကို တောင်းလာခဲ့ရင်တောင် သူ တွေဝေနေမှာမဟုတ်ပဲပို့လိုက်မှာလို့ သူပြောခဲ့တယ် .. ဒါက စွမ်းအားအကြီးဆုံးသူတွေရဲ့ စွမ်းရည်နဲ့ စဉ်းစားနိုင်စွမ်းပဲ..” တစ်စုံတစ်ယောက်လည်း ချီးကျုးလိုက်သည်။

လူအချို့ တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ အချိုု့လူများ ရှီဟောင်ကို ထောက်ခံပြီးနောက် ကျင်းထိုက်ကျွင်းကို မြှောက်ပင့်သည့်သူများ ပိုများလာသည်။

“အစ်ကိုကျင်းကျန်းလည်း အရမ်းတော်တာပဲ .. သူ့ကို အစောပိုင်းမေးတုန်းက သူသေရမယ်ဆိုတာ သိတာတောင်မှ သူ သဘောတူဖို့ တွေဝေမနေခဲ့ဘူး .. ဒါက ဘယ်လို ရဲစွမ်းသတ္တိမျိုးလဲ .. သူက လူငယ်မျိုးဆက်ရဲ့ ကောင်းကင်သားတော်ဖြစ်ထိုက်ပါပေတယ်..” အခြားလူတစ်ယောက်လည်း ဤကဲ့သို့ ပြောလိုက်သည်။

ဤသည်မှာ ကျင်းမိသားစု၏‌ နောက်လိုက်ပင်။ အခြားသူများသာဆိုလျှင် ဤသည်ကို ထုတ်ပြောရဲမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျင်းကျန်း၏အခြေအနေမှာ ဟန်ပြသာဖြစ်ပြီး တကယ်သေရေးရှင်ရေး ရွေးချယ်ရမည်မဟုတ်။

ထို့နောက် ဤလူများကို ရှီဟောင်ကို ကြည့်လိုက်ရန်လည်းမမေ့။ သူတို့သည် ရှီဟောင် သူ၏ထင်မြင်ချက်ကို ပြောပြရန် တမင်သက်သက် သတိပေးလိုက်ခြင်းပင်။

“ခင်ဗျားရဲ့ သောက်ပါးစပ်ကို ပိတ်ထားလိုက်..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်၏။ သူ တကယ်ကို ဒေါသထွက်နေလေပြီ။ “ခင်ဗျားတို့အားလုံးက အရမ်းမြင့်မြတ်ပြီးတော့ ဂုဏ်သိက္ခာကြီးမားနေရင် ရှီဟောင် ထွက်သွားတဲ့အချိန်ကျ ကျင်းကျန်းလည်း လိုက်သွားလေ .. လက်တွေ့က ဒီလိုမျိုးအရှက်မရှိ ပြောတာတွေထက် ပိုထိရောက်တယ်..”

လူတစ်စု သူ့အားကြည့်လာကြသည်။

“ညီအစ်ကိုရှီ ..မင်းဘယ်လိုဆုံးဖြတ်ချက်မျိုးပဲ ချပါစေ ငါမင်းကို ထောက်ခံတယ်..” ချောင်ယုရှင်း လေးနက်စွာ ပြောလိုက်ပြီး သူ၏ရပ်တည်ချက်ကို ကြေငြာလိုက်သည်။

ယခုအချိန်တွင် လူငယ်များအားလုံး ဒေါသထွက်နေကြသည်ပင်။ ဟွမ်ကို ဤအတိုင်းသာ လက်လွဲပေးရမည်ဆိုလျှင် မည်မျှပင် ရှက်စရာကောင်းလိုက်မည်နည်း..

သူတို့ ဒေါသထွက်ရုံတင်မက အင်ပါယာဂိတ်ကိုယ်တိုင်လည်း အရှက်ရလိမ့်မည်။ စစ်ပွဲကျွမ်းကျင်သူများအမြင်တွင်တော့ ငြိမ်းချမ်းမှုဆိုသည်မှာ ညှိနှိုင်း၍ ရလာနိုင်သည့်အရာမဟုတ်။ တိုက်ယူရသည့်အရာပင်။

ဤသည်မှာ ကျမ်းစာများအတွက် နယ်မြေပေးလိုက်ရသည်ထက်ပင် ပိုဆိုးသေးသည်။

“တာအိုရောင်းရင်းကျင်း .. ဒီလိုလုပ်တာက သိပ်မကောင်းဘူး..” အခြား ပြိုင်ဘက်ကင်းသက်ရှိပြောလိုက်သည်။

ကျင်းထိုက်ကျွင်းသည် အားလုံးကိုကြည့်ပြီးနောက် ရှီဟောင်အား ကြည့်လာကာ “လူငယ်လေး .. မင်းတစ်ချိန်လုံး ဘာမှမပြောပဲ တိတ်ဆိတ်နေတာ .. ငါမင်းရဲ့အမြင်ကို ကြားချင်တယ်..”

အားလုံး ရှီဟောင်အား ကြည့်လာကြသည်။

“ရှင်က တစ်ခြားသူတွေကို ဖိအားပေးနေတာပဲ..” ယုန်ဖြူလေး အော်ဟစ်လို်ကသည်။

လူများစွာလည်းစိတ်ထဲမှ ခေါင်းညိမ့်လိုက်ကြသည်။ ကျင်းကျန်းကို ရွေးချယ်လိုက်လျှင် သူမတွေဝေနေခြင်းမရှိပဲ သူ့အား မြို့ပြင်သို့ ပို့လိုက်မည်ဟု သူမပြောခဲ့သည်ပင်။ ယခု ရှီဟောင်အား ဤကဲ့သို့ မေးလိုက်ခြင်းမှာ မည်ကဲ့သို့သော ရည်ရွယ်ချက်ဖြင့် မေးလိုက်ခြင်းဖြစ်သနည်း.. ဤသည်မှာ သူ့အား သဘောတူရန် ဖိအားပေးနေခြင်းပင်။

“ဟွမ် ဘယ်လိုလဲ .. ငါဘက်ကိုလာမလား .. ငါတို့ မင်းရသင့်တဲ့လေးစားမှုနဲ့ မင်းကို ဆက်ဆံပေးမယ်..” အပြင်ဘက်ရှိ တစ်စုံတစ်ဦးမှ ရယ်မောလိုက်သည်။

“ခင်ဗျားတို့က ကျုပ်တို့ကို သွေးခွဲချင်နေတာ..” မြို့ရိုးပေါ်ရှိ တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်သည်။ သူသည် အင်ပါယာဂိတ်ရှိ အချို့ကလန်များကြားမှ ဆက်ဆံရေးကို တမင်သက်သက် ဖျက်ဆီးနေခြင်းပင်။

ရှီဟောင် သူ၏အကြည့်များကို ပြန်လည်ရုတ်သိမ်းကာ အထီးကျန်ပုံရသည့် သူ၏ပုံရိပ်လည်း ပြန်လည်ဖြောင့်မတ်လာသည်။ သူ၏မျက်လုံးထဲရှိ အလင်းသည်လည်း လျှပ်စီးကဲ့သို့ပင်။

“တစ်ဖက်လောကကလူတွေနဲ့ သူသေကိုယ်သေ တိုက်ပြီးတော့ အင်ပါယာဂိတ်ကို ပြန်လာလာချင်း တစ်ဖက်လူနဲ့ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး..” ရှီဟောင် ပြောလိုက်သည်။

“ဒီလိုရလဒ်မျိုးက ကျုပ်တွေးထားတာထက် ကျော်နေပြီ .. အင်ပါယာဂိတ်မှာ ကျွန်တော်က အလဲအလှယ်လုပ်တဲ့တိုကင်ပြားလေးပဲဆိုပေမယ့် ကျွန်တော် အင်ပါယာဂိတ်ကနေ ထွက်သွားတာနဲ့ ဧည့်သည်တစ်ယောက်ဖြစ်သွားမှာ .. ထူးခြားတဲ့အဆင့်အတန်းနဲ့ ကိုယ်ပိုင်ကလန်တစ်ခုတောင် ထောင်ရင်ထောင်လို့ရလောက်တယ်..” ရှီဟောင် သူ့ကိုယ်သူ လှောင်ရယ်ကာ ပြောလိုက်သည်။

ဤစကားလုံးများမှာ လူများစွာ၏ မျက်နှာကို ပူပြင်းသွားစေသည်။ ဟွမ်ပြောသည်မှာ အမှန်ဖြစ်သော်လည်း ဤသည်မှာ လှောင်ရယ်စရာတစ်မျိုးပင်။

ဤသည်မှာ အောင်မြင်မှုများဖြင့် ပြန်လာသည့် ပြိုင်ဘက်ကင်းသည့်လူငယ်တစ်ဦးဖြစ်သော်လည်း သူ အင်ပါယာဂိတ်သို့ ပြန်ရောက်သည့်အချိန်တွင် သူရသင့်သည့်ဆုလာဘ်များကို မရရှိခဲ့။ ထိုအစား ရန်သူက သူ့အား လေးစားနေ၏။ ဤသည်မှာ ပြောင်းပြန်ဖြစ်နေသည်။

“နယ်ခြားစပ်မှာဖြစ်တဲ့တိုက်ပွဲတွေက ရက်စက်ပြီးတော့ အကြင်နာတရားကင်းမဲ့တယ် .. ရှေးကတည်းကနေ အခုအချိန်ထိ သေခဲ့တဲ့လူ ဘယ်နှယောက်ရှိနေပြီမှန်းတောင် မသိနိုင်ဘူး .. ငြိမ်းချမ်းမှုကိုလိုချင်ရင် ပေးဆပ်ရမယ့်တန်ဖိုးကတော့ ရှိမှာပဲ .. လူငယ်လေး .. မင်းက တော်တော်လေးတော်ပါတယ် .. နောင်မျိုးဆက်ကလူတွေက မင်းကို မှတ်မိနေမှာပါ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

ဒါက သူ့ကို သွားခိုင်းလိုက်တဲ့ဆုံးဖြတ်ချက်လား .. အားလုံး၏ ခန္ဓာကိုယ် တုန်လှုပ်သွားရသည်။

“ကျင်းထိုက်ကျွင်း ပြောတာက အမှန်ပဲလားဆိုတာ ကျွန်တော် စီနီယာကိုမေးချင်ပါတယ် .. အချိန်လုံလုံလောက်လောက်ရှိရင် စွမ်းအားကြီးတဲ့တပ်ကူတွေ တကယ်ရလာမှာလား .. အင်ပါယာဂိတ်ရဲ့လုံခြုံရေးကို တကယ်အာမခံနိုင်မှာလား..” ရှီဟောင် ပြိုင်ဘက်ကင်းသက်ရှိကို မေးလိုက်သည်။

ထိုပြိုင်ဘက်ကင်းသက်ရှိ မျက်မှောင်ကြုတ်ကာ ကျင်းထိုက်ကျွင်းအား ကြည့်လိုက်သည်။ သူမအား ဖြေပေးစေလိုခြင်းပင်။

“သက်သေရှိတယ်လို့ ငါမင်းတို့အားလုံးကို မပြောခဲ့ဘူးလား .. အဲဒါက ယုံကြည်လို့ရတယ်..” ကျင်းထိုက်ကျွင်း ထိုပြိုင်ဘက်ကင်းသက်ရှိများကို ကြည့်၍ ပြောလိုက်သည်။ ထို့နောက် ရှီဟောင်အားကြည့်ကာ “မင်းက ဒီအဆင့်ကို မရောက်သေးဘူး .. မင်းကိုရှင်းပြဖို့မလွယ်တဲ့ကိစ္စတွေရှိတယ်..”

“အဲဒီလိုလား..” ရှီဟောင် သက်ပြင်းချလိုက်သည်။ “အခြေအနေကိုတကယ်ပြောင်းလဲစေနိုင်တယ်ဆိုရင် ကျွန်တော်တစ်ယောက်တည်း ဂိတ်တံခါးကနေ ထွက်သွားပါ့မယ် .. ကျွန်တော် တစ်ဖက်လောကမှာ သေရလည်း နှမြောစရာမကောင်းတော့ပါဘူး .. သေလို့ရပါတယ်..”

ထို့နောက် သူ့မျက်လုံးမှ အလင်းတန်းများတောက်ပလာကာ “ကျွန်တော် အလကားသက်သက် သေသွားရမှာကိုပဲ စိုးရိမ်မိတယ် ..”

“ဟွမ် .. မင်းကြောက်နေတာလား..” ကျင်းထိုက်ကျွင်းနံဘေးရှိ အဘွားအိုမှ ဆူပူလိုက်သည်။

“ခင်ဗျားရဲ့ သောက်ပါးစပ်ကို ပိတ်ထားလိုက် .. ကျုပ် နယ်ခြားစပ်မှာ သွေးသံတရွှဲရွှဲနဲ့တိုက်နေတုန်းက ခင်ဗျားက မြို့ထဲမှာ မင်းသမီးတစ်ပါးလို နေနေတာ.. ကျုပ်ကြောက်ရင် ကျုပ် ကိုယ့်အသက်ကိုကိုယ် ဂရုမစိုက်ပဲနဲ့ သစ်သားသေတ္တာကို ပြန်ယူလာမှာလား..” ရှီဟောင်၏အသံမှာ အေးစက်နေသည်။ သူ ထိုအဘွားအိုကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ဤအဘွားအို၏ ကျင့်ကြံဆင့်မှာ အလွန်မြင့်ပြီး စွမ်းအားလည်းအလွန်ကြီးသော်လည်း ရှီဟောင် သူမကို စိုက်ကြည့်လိုက်သည့်အချိန်တွင် သူမတစ်ကိုယ်လုံး ကြက်သီးထသွားကာ နောက်ပြန်ဆုတ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

သူမကိုယ်တိုင်လည်း ထိတ်လန့်သွားရသည်ပင်။ လူငယ်တစ်ယောက်ရဲ့အကြည့်က ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ ..ဒါက အဘက်ဘက်ကလူတွေ အံ့အားသင့်ရပြီးတော့ ကောင်းကင်ထက်ကို တရှိန်ထိုး‌ ပြေးတက်သွားမယ့် အဆင့်လွန်လူသားလား..

“အဘွားကြီး .. ခင်ဗျားရဲ့ သောက်ပါးစပ်ကို ပိတ်ထားလိုက် .. ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောရဲရင် ခင်ဗျားကို ဝက်စာကျွေးပစ်မယ်..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်ကာ အခြားသူများလည်း ပြောလာသည်။

အဘွားအိုကြီးမှာ သူတို့ကို ပြန်စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်ချင်သော်လည်း သူမ ယုံကြည်ချက်မရှိ။

ထို့အပြင် ထိုအချိန်တွင် ပြိုင်ဘက်ကင်းသက်ရှိလည်း အေးစက်သည့်အမူအရာဖြင့် သူမအားစိုက်ကြည့်လာသည်။ “မင်း လျှောက်ပြောရဲရင် မင်း ဘယ်သူ့အစေခံပဲဖြစ်နေပါစေ ငါမင်းကို ချက်ချင်းသတ်ပစ်မယ်..” သူ၏အကြည့်များမှာ ကျောချမ်းစရာကောင်းလှသည်။

ကျင်းထိုက်ကျွင်း လက်ဝေ့ရမ်းပြလိုက်ပြီး သူမဘေးနားမှ လူများကိုပါးစပ်ပိတ်ခိုင်းလိုက်သည်။ သူတို့ဘာမှ ထပ်မပြောရဲတော့။

“ဒါက မင်း ဂိတ်ကနေ ထွက်သွားချင်တယ်လို့ ဆိုလိုတာလား..” ကျင်းထိုက်ကျွင်း ရှီဟောင်ကိုကြည့်၍ မေးလိုက်သည်။

“ကျွန်တော် ဂိတ်ကနေ ထွက်သွားပြီးတော့ ကျွန်တော့်အသက်ကိုပေးလိုက်လို့ အင်ပါယာဂိတ်ကြီး အေးချမ်းမယ်ဆိုရင် ကျွန်တော် နှစ်ခါတွေးမနေပဲ တရားမျှတမှုနောက်ကိုလိုက်မှာပါ..” ထိုသို့ပြောပြီးနောက် ရှီဟောင် ခဏရပ်တန့်လိုက်သည်။ “ဒါပေမဲ့ နှစ်ပေါင်းငါးရာကြာပြီးလို့ ဘယ်သူမှ လာမကူတဲ့အချိန်ကျရင် အခြေအနေတွေ ဘယ်လောက်တောင် ဆိုးရွားသွားလိမ့်မလဲ .. ပြီးတော့ လူထုကြီးရဲ့ စိတ်တွေ ဘယ်လောက်တောင် အေးစက်နေမလဲ .. အဲဒီအချိန်ကျရင် အင်ပါယာဂိတ်ကြီး ဂုဏ်သိက္ခာကျပြီးတော့ ဒီနေရာကြီးကိုလည်း ကပ်ဆိုးကြီး ကျရောက်လာလိမ့်မယ်”

ရှီဟောင် သူ၏လေသံကို တတ်နိုင်သမျှ တည်ငြိမ်နေအောင် ကြိုးစားလိုက်သည်။

“စိတ်အေးအေးထားပါ .. အဲဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး .. အဲဒီဘက်က သက်ရှိတွေ သေချာပေါက်ပေါ်လာမှာ..” ကျင်းထိုက်ကျွင်း၏ မျက်လုံးများမှာ လေးနက်နေသည်ပင်။

“ကောင်းပြီလေ .. အဲဒါဆိုလည်း ကျွန်တော် ဂိတ်ထဲကနေ ထွက်သွားမယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင် တုမိသားစုမှလူ ရှီဟောင်အား ချီးကျူးလာသည်။ သူသည် သမာသမတ်ကျသည့်သူဖြစ်ကြောင်း ပြောလာလေ၏။

ဖီးရှူးကလန်မှလည်း ခေါင်းညိမ့်လာကာ ရှီဟောင်သည် ရိုးဖြောင့်သောသူဖြစ်ကြောင်း ပြောလာလေ၏။

အခြားမိသားစုမှ အချို့လူများ၏ မျက်နှာထက်တွင်လည်း အပြုံးများရှိနေသည်။ ဤသည်မှာ ရှီဟောင်အားနှုတ်ဆက်သည့်အပြုံးနှင့်ပင် တူနေသေးသည်။ သူတို့အမြင်တွင် လူတစ်ယောက်နှင့် ငြိမ်းချမ်းမှုကို လဲလှယ်ခြင်းမှာ အတော်လေး တန်သည်ဟု ထင်နေကြသည်ပင်။

ဤလူများ၏အပြုံးများမှာ အတုအယောင်ဆန်လွန်းလှသောကြောင့် ရှီဟောင် တိတ်ဆိတ်နေလိုက်သည်။ အချို့လူများမှာဟန်ပင်မဆောင်နိုင်ကြတော့။

ဥပမာအားဖြင့် ကျင်းမိသားစုမှ လူများနှင့် သူတို့၏ နောက်လိုက်များပင်။

“ကောင်းကင်ဘုံကိုးခုမှာ ကန့်သတ်နယ်မြေတွေရှိနေပြီး အဲဒီထဲက ထွက်မလာတဲ့သူတွေ ဘာလို့ရှိနေလဲဆိုတာ နောက်ဆုံးတော့ ငါနားလည်သွားပြီ .. တကယ်လို့ တစ်ဖက်လောကကိုသွားပြီး မသေခဲ့ရင် ပြန်လာတဲ့အချိန်ကျ ငါက ဘယ်လိုလူမျိုးအဖြစ်နဲ့ ပြန်လာမှာလဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

“မင်း .. မင်းဘာပြောချင်တာလဲ..” ကျင်းမိသားစု နောက်လိုက်တစ်ဦးမှ မေးလိုက်သည်။

“ကျုပ်စဉ်းစားနေတာ .. တကယ်လို့ ဒီနေ့ထွက်သွားပြီး မသေခဲ့ရင်၊ ကောင်းကင်ဘုံကိုးခုကို ပြန်ခြေချတဲ့အချိန်ကျရင် ကျုပ်က ဘယ်လိုလူဖြစ်နေမလဲ..” ရှီဟောင်မှာ အနည်းငယ် အထီးကျန်နေသည်။ “နယ်ခြားစပ်က ဘုရင် ၇ ယောက်ကို စဉ်းစားမိသွားတယ် … သူတို့တွေက အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ..” သူပြောလိုက်သည်။

သူသည် သက်ပြင်းချလိုက်ကာ “ငါ နောက်တစ်ခေါက်ပြန်လာခဲ့ရင် အကောင်းဆုံးက ကိုယ့်ဘာသာကိုယ် ကန့်သတ်နယ်မြေတစ်ခု တည်ထောင်လိုက်ဖို့ ဖြစ်နိုင်တယ် .. ငါကာကွယ်သင့်တဲ့သူတွေကို ကာကွယ်မယ်..”

အပိုင်း ၁၇၃၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၃၉ – ကောင်းကင်အောက်က တောင်တန်းတွေဟာ အတူတူပဲ

အကောင်းဆုံးအခြေအနေမှာ ကန့်သတ်နယ်မြေတစ်ခု ဖန်တီးပြီး သူ ကာကွယ်သင့်သူများကို ကာကွယ်ထားရန်ပင်။

ရှီဟောင်၏ အထီးကျန်သည့်ပုံစံနှင့် တည်ငြိမ်သည့်စကားလုံးများမှာ အားလုံးကို ဝမ်းနည်းသွားစေသည်။

အချို့ ကျင့်ကြံသူကြီးများသည် ရှေ့ထွက်လာကာ ဤသည်ကို ရပ်တန့်ရန် ကြိုးစားလာကြလေ၏။

သို့သော် ကျင်းထိုက်ကျွင်း သူတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်လေ၏။ အဆင့်လွန်သက်ရှိတစ်ယောက်၏အော်ရာမှာ ပြိုင်ဘက်ကင်းပင်။ ဤသည်မှာ နဂါးကြီးတစ်ကောင်မှ ပုရွက်ဆိတ်များကို စီးမိုးကြည့်လိုက်သကဲ့သို့ပင်။

“ဟွမ် .. မင်း ဒါက ဘာသဘောလဲ .. ငါတို့ကို ဖြေရှင်းချက်တစ်ခု ပေးပါ..” သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ကျင်းမိသားစုနောက်လိုက်တစ်ဦးမှ ဤကဲ့သို့ မေးလိုက်သည်။

ဤသည်မှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည့် ခေါင်းဆောင်တစ်ဦးပင်။ လက်ရှိတွင် သူသည် ခေါင်းကိုးလုံးမြေကြီးထက်၌ ထိုင်နေပြီး ဤနေရာသို့ ကြည့်နေခြင်းပင်။

အမှန်တွင် ဤသည်မှာ ကျင်းမိသားစုမှလူအများစု သိချင်နေကြသည့်အရာပင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏စကားလုံးများမှာ နားကလောစရာကောင်းလှသည်ဟု သူတို့ခံစားနေရကာ အလွန်မသက်မသာဖြစ်နေကြသည်ပင်။

“မင်းဘာသဘောလဲ .. မင်းကိုယ်ပိုင် ကန့်သတ်နယ်မြေလုပ်မယ်ဟုတ်လား .. မင်း ပြန်လာနိုင်ရင်တောင် စစ်ပွဲတွေမှာ ဝင်မပါတော့ဘူးလို့ ပြောချင်တာလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“မင်း မကောင်းတဲ့ခံစားချက်တွေ ရှိနေတာလား .. မင်း စွပ်စွဲခံရတယ်လို့ ခံစားရပြီးတော့ အင်ပါယာဂိတ်ကို မုန်းတီးနေတာလား..” တစ်စုံတစ်ယောက်မှ ဒဲ့တိုးပင် ပြောလာသည်။

ကျင်းလက်အောက်မှ လူများနှင့် ဝမ်၏တပ်သား၏ အမူအရာများမှာ မကြည်မလင်ဖြစ်နေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ကြောက်လည်း ကြောက်နေကြသည်။ ထိုနေ့သာရောက်လာလျှင် ဟွမ် သူ၏သားသတ်ဓားကို သူတို့ဘက်သို့ လွှဲရမ်းလာမည်လား..

လူများစွာ တုန်လှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဟွမ်၏စွမ်းရည်မှာ သူတို့အားလုံး မြင်နေရသည့်အရာပင်။

“ရှင်တို့အားလုံး ရှီဟောင်ကို ဒီလိုဆူပူနေခွင့်ရှိလို့လား.. ” ချင်းယီ ပြောလိုက်သည်။ ကောင်းကင်ပုရွက်ဆိတ်ကဲ့သို့သော အခြားလူငယ်များလည်း အလွန်ဒေါသထွက်နေကြသည်ပင်။

“ဟက်..” ရှီဟောင် ရယ်မောလိုက်ကာ သူ့မျက်ဝန်းမှာ စက်ဆုပ်ရွံရှာသည့်အမူအရာများဖြစ်လာသည်။ “ကျုပ်သာ တကိုယ်ကောင်းဆန်ရင် တစ်ဖက်လောကနဲ့ သွေးသံတရွှဲရွှဲတိုက်ခိုက်နေမှာမဟုတ်ဘူး၊ နယ်ခြားစပ်အပြင်ဘက်မှာ ကျုပ်အသက်ကို စွန့်စားပြီးတော့ တိုက်ခဲ့မှာလည်းမဟုတ်ဘူး .. ပြီးတော့ ကျုပ်အသက်ကို ဘေးချိတ်ထားပြီးတော့ တစ်ဖက်လောကကို သွားဖို့ သဘောတူခဲ့မှာလည်းမဟုတ်ဘူး..”

“အဲဒါဆို .. မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ..” တုကလန်မှ လူ မေးလိုက်သည်။

“မင်း ရှင်ရှင်းလင်းလင်းပြော..” ဖီရှူးကလန်မှ ကျွမ်းကျင်သူများလည်း ပြောလာကြသည်။

“ကျုပ်တစ်ဖက်လောကကို ဝင်သွားပြီးလို့ ကံကောင်းလို့မသေခဲ့ရင်တောင် သက်သက်သာသာနေရမယ် ထင်နေတာလား .. ကံတရားကြီးတွေပါနေတဲ့ သွေးကျမ်းကျိန်တာတို့ တစ်ခြားနည်းလမ်းတွေ ရှိနေမှာပဲ .. နောင်ကျရင် ကျုပ်သေချာပေါက် ခင်ဗျားတို့ကို ကူလို့ရတော့မှာမဟုတ်ဘူး..” ရှီဟောင်ပြောလိုက်၏။

အားလုံးဆွံ့အသွားကာ ဘာပြောရမှန်းပင် မသိတော့။ တစ်ချိန်တည်းမှာပင် သူတို့အလွန် အရှက်ရမိသည်။ဤသည်မှာ မြင့်မြတ်သည့်သူများကို မနာလိုသည့် နုံ့ချာသည့်သူပုံစံမျိုး ဖြစ်သွားသည်ပင်။

“ဂိတ်ကနေ ထွက်မသွားနဲ့..” ပုရွက်ဆိတ်လေး၊ ချောင်ယုရှင်း၊ ချန်ကုန်းယန်နှင့် အခြားသူများ သူ့ကို ဝိုင်းလာကာ သူ့အား တားဆီးလာကြသည်။

အဘယ်ကြောင့်ဆိုသော် သူထွက်သွားသည်နှင့် ဘာဖြစ်နိုင်မလဲ မခန့်မှန်းနိုင်။

သူတို့ စိတ်တိုနေကြသော်လည်း မည်သူမှ ရှီဟောင်ကို အဝေးသို့ ထွက်မသွားစေချင်။

တစ်ချိန်တည်းမှာပင် သူတို့ ရှီဟောင်၏လုံခြုံရေးအတွက် စိတ်ပူလာကြသည်။ အနက်ရောင်စစ်ရထားလုံးထဲမှ အဆင့်လွန်သက်ရှိမှာ အဆင့်မြင့်သော်လည်း သူ့စကားများကို ဘယ်လိုလုပ် ယုံရမည်နည်း..

သူသည် နယ်ခြားစပ်၌ ရန်သူများစွာကို သတ်ခဲ့ပြီး ကျင့်ကြံသူကြီးများပင်လျှင် အယောက်တစ်ရာကျော်သည်။

သူသာ ထိုဘက်သို့ သွားလိုက်ပါက နေရာတိုင်း၌ ရန်သူများ ဖြစ်နေမည်ပင်။ သူနှင့် ရန်ငြိုးရန်စရှိသည့် သက်ရှိများနှင့် ကလန်များမှာ များပြားလှမည်ပင်။ ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် သူဘယ်လိုလုပ် ရှင်သန်နိုင်မည်နည်း..

သူ ထိုနေရာသို့ ရောက်သွားသည်နှင့် ပုဂ္ဂိုလ်ကြီးအချို့မှ သူ့အား ရက်ရက်စက်စက် သတ်ပစ်လိုက်နိုင်သည်ပင်။

“မင်းတို့အားလုံး ကိုယ့်ကိုကိုယ် ဂရိုစိုက်ကြ..” ရှီဟောင် ချန်ကုန်းယန်၊ ယုန်ဖြူလေးနှင့် အခြားသူများ၏ပုခုံးများကိုပုတ်ကာ ပြောလိုက်သည်။ သူတို့အတွက် ဤစကားများသာရှိတော့သည်။ သူဘာမှ မပြောနိုင်တော့။

သူထွက်သွားသည်နှင့် နှစ်ပေါင်းများစွာ ကြာသွားလိမ့်မည်။ သူ၏အနာဂတ်မှ မသေချာတော့။ သူတို့ သေကွဲကွဲသွားရကာ တစ်ယောက်နှင့်တစ်ယောက် ပြန်မတွေ့ရသည်လည်းဖြစ်နိုင်သည်။ သူတို့ပြန်တွေ့ရလျှင်ပင် ပင်လယ်ပြာကြီးမှာ မီးပိုးစာခင်းကြီး ဖြစ်သွားလောက်လေပြီ။

မည်သူမှ ဤမြင်ကွင်းကို မမြင်ချင်ကြ။ သူနှင့် မတည့်သည့် ရှီယီပင်လျှင် သူ့ရှေ့သို့ လျှောက်လာကာ “ဒီလိုမျိုးလုပ်တာ တန်လို့လား..” ဟု ပြောလာသည်။

သူသည် ဤမေးခွန်းကို ပြန်မဖြေပဲ “ငါတို့နှစ်ယောက်လုံးက ကျောက်တုံးကလန်ကဆိုတော့ မင်းသေချာပေါက် အရမ်းစွမ်းအားကြီးလာလိမ့်မယ် .. အဲဒီတော့ ကျေးဇူးပြုပြီး အပြစ်သားသွေးမျိုးဆက်လို့ခေါ်တဲ့သူတွေကို သေချာဂရုစိုက်ပေးပါ..”

“ဘာ အပြစ်သားသွေးမျိုးဆက်လဲ … ငါနားလည်တယ် .. ဒါက ဖိအားပေးပြီးတော့ ခြိမ်းခြောက်ထားတာ..” ချောင်ယုရှင်းပြောလိုက်သည်။

ချင်းယီလျှောက်လာကာ ရှီဟောင်နှင့် မျက်လုံးချင်းဆိုင်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူကို ညင်သာစွာ ပွေ့ဖက်လိုက်ကာ အတတ်နိုင်ဆုံး တည်ငြိမ်အောင် လုပ်လိုက်သည်။ “ကိုယ့်ကိုကိုယ် .. ဂရုစိုက်..” သို့သော်လည်း သူမအသံမှာ တုန်ယင်နေဆဲပင်။

“စီနီယာ .. ဒီကိစ္စကို ပြောင်းလဲလို့မရဘူးလား..” ကောင်းကင်မြိုသားရဲပေါ်တွင် ထိုင်နေသည့် ကျင့်ကြံသူကြီးမှ ပြောလိုက်သည်။ သူသည် ကျားတစ်ကောင်ကဲ့သို့ ဒေါသတကြီး စိုက်ကြည့်နေလေ၏။ စွမ်းအားကြီးသည့်‌ ခေါင်းဆောင်များပင် ဤသည်ကို ရွံရှာကာတားဆီးချင်လာကြသည်။

“တာအိုရောင်းရင်းကျင်း .. ဒီလိုမျိုးဆက်သွားနေရင် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..” ပြိုင်ဘက်ကင်းသက်ရှိတစ်ဦးလည်း ပြောလာသည်။

“ကျွန်မမှာ မေးခွန်းတစ်ခုတည်းရှိတယ် .. ကျွန်မတို့ နှစ်ငါးရာ အေးချမ်းပြီးတော့ စွမ်းအားကြီးတဲ့တပ်ကူတွေ ရလာပြီး ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်ဆိုရင်ရော ရှင်တို့ လက်မခံချင်ကြသေးဘူးလား..” ဤသည်မှာ ကျင်းထိုက်ကျွင်း၏ အဖြေပင်။

“ဘာအမှားအယွင်းမှ မရှိနိုင်ဘူးဆိုတာ သေချာလား..” ရှီဟောင်မေးလိုက်သည်။

“သေချာတယ်..” ကျင်းထိုက်ကျွင်း ပြန်ဖြေလိုက်သည်။ ပုံမှန်ဆိုလျှင် သူမအဆင့်အတန်းနှင့် လူငယ်မျိုးဆက်များ၏ စကားလုံးများကို သူမအလေးထားမည်မဟုတ်။ သို့သော် ယနေ့တော့ မတူတော့..

“ကောင်းပြီလေ .. ကျွန်တော် တစ်ဖက်လောကကို သွားလိုက်မယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

“ငါ သည်းမခံနိုင်တော့ဘူး .. ငါ အင်ပါယာဂိတ်ကနေ ထွက်သွားပြီးတော့ တစ်ယောက်ယောက်ကို သွားခေါ်လာခဲ့မယ်..” ချောင်ယုရှင်း အော်ဟစ်လိုက်ကာ မြို့ရိုးပေါ်မှ ဦးဆုံး ခုန်ဆင်းသွားလေ၏။

“ကျွန်မတို့ ဟွမ်ကိုပေးဖို့ သဘောတူတယ်..” ထိုအချိန်တွင် ကျင်းထိုက်ကျွင်း မြို့ထဲမှနေ၍ အသံပို့လွှတ်လိုက်သည်။

“ဟား ဟား .. ကောင်းတယ်.” အောက်ဘက်မှ ပြန်ဖြေသည့်အသံ ထွက်ပေါ်လာသည်။

မြို့ရိုးထက်၌ လူများစွာ၏အမူအရာမှာ ရုပ်ဆိုးနေလေ၏။ စစ်ပွဲနှစ်သက်သည့်သူများမှာ အံကြိတ်ထားကြလေသည်။ သူတို့တစ်ဘဝလုံးတွင် ဤနေ့ရက်ကို မေ့နိုင်ရန် ခက်ခဲလိမ့်မည်ပင်။

ကျင်းမိသားစုနှင့် သူတို့နောက်လိုက်များအပြင် စစ်ပွဲကြီးကို ရပ်တန့်ချင်နေသည့်သူများအားလုံး ပျော်ရွှင်သည့်အမူအရာများ ဖြစ်လာကြသည်။

“ငါတို့လည်း သွေးအေးတဲ့သူတွေ မဟုတ်ပါဘူး .. ဟွမ်ကို အချိန်နည်းနည်းပေးမယ် .. သူထွက်မလာခင် သူ့ရဲ့ပြဿနာတွေကို ရှင်းခဲ့ခွင့်ပေးမယ်..” မြို့အောက်ဘက်မှ အသံတစ်သံ ထွက်‌ေ်ပါ်လာသည်။

“မင်း အချိန်လိုသေးလား..” ကျင်းထိုက်ကျွင်းဘေးဘက်ရှိလူများ ရှီဟောင်ကိုကြည့်၍ မေးလာသည်။

“လိုအပ်တယ်..” ရှီဟောင်အေးစက်စွာ ပြန်ဖြေလိုက်သည်။

“လူငယ်လေး .. မင်းမှာ ဘယ်လိုဆန္ဒမျိုးရှိလဲ.. မင်းဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ငါတို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်..” ပြိုင်ဘက်ကင်းသက်ရှိတစ်ဦး လျှောက်လာသည်။ သူသည် မူလ ဂုဏ်သိက္ခာကြီးမားသည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူအလွန်ရှက်ရွံ့နေမိသည်။

သို့သော်လည်း သူဘာမှမတတ်နိုင်။ သူတို့သာ ဆက်တိုက်နေလျှင် အင်ပါယာဂိတ် ပျက်စီးသွားလိမ့်မည်။ ယခု မျှော်လင့်ချက်ရှိလာလေပြီ။

“နောင်ကျရင် ဒီအရှက်ရမှုကို ကျုပ်သွေနဲ့ ပြန်ဆေးပစ်မယ် .. နယ်ခြားစပ်အပြင်မှာ သေရမယ်ဆိုရင်တောင် ကျုပ်ကြေအောင်ဆပ်မယ်..” အခြား ပြိုင်ဘက်ကင်းသက်ရှိလည်း ပြောလိုက်သည်။ ရှီဟောင် ဘာလိုချင်သလဲဟုလည်း သူမေးလိုက်သည်။

“အင်ပါယာဂိတ်က ကျောက်တုံးကလန်ရဲ့ အပြစ်တွေကို ချေပေးချင်တယ်..” ရှီဟောင်ပြောလိုက်သည်။

“ကောင်းပြီလေ … ငါဂတိပေးတယ် .. ဒီနေ့ကစပြီးတော့ ကျောက်တုံးကလန်က ဘိုးဘေးတွေ လုပ်ခဲ့တဲ့အပြစ်တွေ မရှိတော့ဘူး..” ပြိုင်ဘက်ကင်းသက်ရှိ တစ်ဦး ဂတိပေးလိုက်၏။

“ဒါက .. အရင်က အမိန့်စာကို ဆန့်ကျင်နေတယ်..” တုမိသားစုမှ တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။

“မင်းပါးစပ်ပိတ်ထား..” ပြိုင်ဘက်ကင်းသက်ရှိတစ်ဦး အော်ဟစ်လိုက်ကာ သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ ထိုတုမိသားစုခေါင်းဆောင်မှာ အားနည်းစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားမတတ်ပင်။

“ကျောက်တုံးကလန်ရဲ့ အပြစ်တွေကို ဖယ်ရှားပေးမယ်လို့ ငါကတိပေးတယ်..” ချီဟုန်၏ဆရာမှ ပြောလိုက်သည်။

ကျင်းထိုက်ကျွင်း မဆန့်ကျင်တော့။ အခြားသူများ ဤကဲ့သို့ ပြောနေသည်ကို မြင်လိုက်ရသည့်အချိန် သူမလည်း ခေါင်းညိမ့်လိုက်သည်။

“မလိုပါဘူး .. ကျုပ်ရဲ့အောင်မြင်မှုတွေက လုံလောက်နေပြီ .. ဒီတစ်ခေါက် နယ်ခြားစပ်အပြင်ဘက်မှာ တိုက်ခဲ့တဲ့တိုက်ပွဲက သူတို့ရဲ့အပြစ်တွေကို ချေပေးဖို့အတွက် လုံလောက်ပြီလို့ ကျုပ်ထင်တယ်..” ရှီဟောင်ပြောလိုက်သည်။

ဤစကားလုံးများမှာ အားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူတို့အားလုံး ရှက်ရွံ့သွားသလို လန့်လည်း လန့်သွားရသည်။

ဟွမ်သည် ယခုအချိန်ထိ သူတို့အကူအညီကို ငြင်းဆန်နေဆဲပင်။ သူ၏အရည်အချင်းဖြင့်သာ ကျောက်တုံးကလန်၏ အပြစ်များကို ဖယ်ရှားပစ်ခဲ့သည်။

ရှီဟောင် ကောင်းမှုတံဆိပ်ပြားကို နောက်တစ်ကြိမ် ထုတ်လိုက်သည်။ ထိုအရိုးဖြူတံဆိပ်ပြားလေးမှာ အလွန်တောက်ပနေသည်။ ဤတံဆိပ်ပြားကို စစ်ဆေးခဲ့စဉ်က တောက်ပသည့်အလင်းတန်းများ တစ်စင်းတစ်စင်း ထွက်ပေါ်လာကာ ကောင်းကင်ထိပင် ရောက်ခဲ့သည်ပင်။

အားလုံးမှာ စိတ်ပြင်ဆင်ထားပြီဖြစ်သော်လည်း ထိတ်လန့်နေဆဲပင်။ ဤသည်မှာလူငယ်လေးတစ်ယောက်ဖြစ်သော်လည်း သူ တစ်ဖက်လောကမှ ရန်သူများကို မည်မျှပင် သတ်ခဲ့သနည်း..

အလင်းတန်းများမှာ များပြားလွန်းလှသည်။ အကြီးအကဲအုပ်စုများ နောက်တစ်ကြိမ် ရေတွက်လာကြသည်။

ဤကဲ့သို့သော ကောင်းမှုလုပ်နိုင်ခဲ့သည့် ဂျီးနီးယပ်စ်မှာ သေတွင်းထဲသို့ ပို့ခံလိုက်ရသည်။ လူအချို့မှာ ဝမ်းနည်းကာ နောင်တရနေကြသည်။

အချို့လူများမှာ ဒေါသထွက်နေကြပြီး ဟွမ်ထွက်ခွာခြင်းမှာ အင်ပါယာဂိတ်၏ ဆုံးရှုံးမှုဖြစ်သည်ဟုပင် ခံစားလိုက်ရသည်။

ယခု ကျောက်တုံးကလန်၌ လူပေါင်း တစ်ထောင်ကျော်သာရှိသည်။ ထို့အပြင် သူတို့၏ကျင့်ကြံဆင့်များမှာ မမြင့်သောကြောင့် ရှီဟောင်၏ ယခုတစ်ခေါက်အောင်မြင်မှုမှာ သူတို့အားလုံး၏ လွတ်လပ်မှုနှင့် လဲလှယ်ရန် လုံလောက်သည်။ သူတို့ကို ဖိစီးနေသည့် အပြစ်များမရှိတော့။

“ကျန်တဲ့ဟာတွေကို ကျောက်တုံးကလန်လိုမျိုး အပြစ်သားသွေးမျိုးဆက်ရှိနေတဲ့ မိသားစုတွေကို ပေးလိုက်ပါ..” ဤသည်မှာ ရှီဟောင် လုပ်ချင်နေသည့်အရာပင်။ ထို့အပြင် သူသည် ပြိုင်ဘက်ကင်းသက်ရှိများထံသို့ ကြည့်လိုက်ကာ “သူတို့ရဲ့ အပြစ်လို့ခေါ်တဲ့အရာတွေကို တတ်နိုင်သမျှ နည်းသွားအောင်လုပ်ပေးပါ..”

နောက်ဆုံးတွင်တော့ သူသက်ပြင်းချကာ ဤကဲ့သို့မေးလိုက်သည်။

“ကောင်းပြီ ရတယ် .. မင်းမှာ တစ်ခြားဆန္ဒတွေ ရှိသေးလား..”

“ကျွန်တော့်မိဘ၊ ကျွန်တော်ချစ်ရတဲ့သူတွေ၊ သူငယ်ချင်းတွေနဲ့ တစ်ခြားသူတွေအားလုံး ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ မျှော်လင့်တယ်..” ရှီဟောင် တစ်ဖက်လှည့်ကာ ဂိတ်တံခါးများထံသို့ တစ်ယောက်တည်း လျှောက်သွားလိုက်သည်။ ထိုနေရာတွင် သူ့အားမြို့ပြင်သို့ ပို့ပေးနိုင်သည့် ယဇ်ပုလ္လင်တစ်ခုရှိသည်။

သူ၏ပုံရိပ်မှာ အလွန်အထီးကျန်ဆန်နေပြီး သူ၏နောက်ကျောပုံရိပ်မှာ ညှို့မှိုင်းနေသည်။ ဤသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်ပင်။

“အဲဒီလိုဆိုမှတော့ သွားတော့..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

“လူငယ်လေး .. မင်း .. မင်းမှာတစ်ခြားဆန္ဒတွေရှိသေးလား..” ပြိုင်ဘက်ကင်းသက်ရှိတစ်ဦး လျှောက်လာသည်။ သူ ရှီဟောင်အတွက် ထပ်လုပ်ပေးချင်သေးသည်။

“ကျွန်တော်က ဒီဘက်ကလူတစ်ယောက်ဆိုတော့ ကျွန်တော်သေပြီးတဲ့နောက်မှာ ကျွန်တော့်အရိုးတွေကို ဒီလောကမှ မြှုပ်နှံပေးဖို့ မျှော်လင့်တယ်..” ရှီဟောင် ပြောလိုက်သည်။

ဤစကားလုံးများမှာ ခံစားလွယ်သည့်လူငယ်အချို့ကို ဝမ်းနည်းသွားစေသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက်တွင် အရာအားလုံးမှာ ဟွမ်အတွက် ကပ်ဆိုးကြီးဖြစ်မည်ပင်။ တစ်ဖက်လောက၌ သူ့ကို မုန်းတီးသည့်သူ များစွာ ရှိနေသည်ပင်။

ထို့အပြင် သူ သေချာပေါက် အသက်ရှင်လိမ့်မည်ဟု အနက်ရောင်စစ်ရထားလုံးထဲမှ အဆင့်လွန်သက်ရှိ ဂတိမပေးခဲ့။

“ကျွန်တော် တစ်ခုခုဖြစ်သွားရင် တစ်ယောက်ယေဦက် ကျွန်တော့်အလောင်းကို ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုဆီ ပြန်ယူလာပြီးတော့ ဒီနေရာမှာ မြှုပ်နှံပေးဖို့ မျှော်လင့်တယ်..” ရှီဟောင် ပြောလိုက်သည်။

ယခုအချိန်တွင် ရှီဟောင်နှင့် နီးကပ်သည့်သူများအားလုံး ဝမ်းနည်းစွာဖြင့်ပင် သက်ပြင်းချလိုက်ကြသည်။

ကျင့်ကြံသူကြီးအချို့နှင့် ခေါင်းဆောင်အချို့ပင် တိတ်ဆိတ်သွဦးကြသည်။ သူတို့ ဤမြင်ကွင်းကို ခံနိုင်ရည်အားမရှိ။

ဤကဲ့သို့သောလူငယ်လေး သူ၏သေတွင်းထဲသို့ ခုန်ချရတော့မည်။ ဤသည်မှာ နှမြောစရာကောင်းလှသလို ဝမ်းနည်းစရာလည်း ကောင်းလှသည်။

“ဘယ်သူ ဟွမ်နဲ့လိုက်ချင်လဲ .. တစ်ဖက်လောကရဲ့ စစ်ပွဲကြိုက်တဲ့ပုံစံနဲ့ ဒဲ့တိုးဆန်တဲ့ပုံစံနဲ့ဆိုရင် သူတို့တွေ နောက်လိုက်တွေကို ပြဿနာမရှာလောက်ဘူး .. ဟွမ် တစ်ခုခုဖြစ်ရင် .. သူ့ကို ပြန်ခေါ်လာလို့ရတာပေါ့..”

ပြိုင်ဘက်ကင်းသက်ရှိတစ်ဦး ပြောလိုက်သည်။ သူပြောသည့် တစ်ခုခုဖြစ်သည်ဆိုသည်မှာ ရှီဟောင်သေဆုံးသွားခြင်းကို ဆိုလိုခြင်းပင်။

ခဏကြာပြီးနောက် လူများစွာမှ အော်ဟစ်လာကာ သူတို့ ရှီဟောင်နှင့်လိုက်သွားချင်ကြောင်း ပြောလာကြသည်။

ရှီဟောင် အနည်းငယ် အံ့အားသင့်သွားကာ ခံစားသွားရသည်။ သူ နောက်လှည့်ကာ တစ်ခဏစဉ်းစားပြီးနောက် သူ့နှုတ်ခမ်းထောင့်မှ ထူးဆန်းသည့်အပြုံးတစ်ခု ပေါ်လာသည်။ သူသည် တစ်ခါမှ စကားမပြောသည့်တစ်စုံတစ်ယောက်အား လက်ညှိုးထိုးလိုက်လေ၏။

“မင်း ငါနဲ့လိုက်ခဲ့ချင်လား..” သူ လက်ညှိုးထိုးလိုက်သည့်သူမှာ ကျင်းကျန်းပင်။ ထိုအခိုက်အတန့်တွင် ကျင်းမိသားစု၏မျက်နှာများ ပြောင်းလဲသွားကြသည်။

လူအချို့ ရှီဟောင်အား ဆဲဆိုချင်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းကျန်းမှာ ဤကလန်မှ အထူးချွန်ဆုံးဂျီးနီးယပ်စ်ဖြစ်သောကြောင့် သူတို့ သူ့အားမလွှတ်ချင်ကြ။

သို့‌သော် ပါးစပ်သို့ ရောက်လာသည့်စကားလုံးများကို သူတို့ပြန်မြိုချလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လိုအပ်ပါက ကျင်းမိသားစုလည်း သူတို့လူများကို တစ်ဖက်လောကသို့ ပို့မည်ဟု ကျင်းထိုက်ကျွင်း ပြောခဲ့သည်ပင်။

ကျင်းကျန်း ကျင်းထိုက်ကျွင်းကို ကြည့်လိုက်၏။ သူမ ဘာမှမပြော။

“ဟွမ် .. မင်းစဉ်းစားတာ လွန်သွားပြီလို့ မထင်ဘူးလား .. တကယ်လို့ တစ်ဖက်လောက သွေးအေးတဲ့သူတွေဖြစ်နေပြီးတော့ ကျင်းကျန်းကိုလည်းသတ်လိုက်မယ်ဆိုရင် ဒါက ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ဂျီးနီးယပ်စ်တစ်ယောက် အလကားသက်သက် သေသွားတာနဲ့ မတူဘူးလား .. ဒါက အင်ပါယာဂိတ်က အင်အား ဆုံးရှုံးတာပဲ..” ကျင်းမိသားစုရှိ တစ်စုံတစ်ယောက်မှ မအောင့်နိုင်တော့ပဲ ပြောလိုက်သည်။

“ဟား ဟား ..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ ကျင်းမိသားစုမှလူကို ကြည့်လိုက်သည်။ ထို့နောက် သူ ကျင်းထိုက်ကျွင်းနှင့် ကျင်းကျန်းကိုကြည့်ကာ “ထားလိုက်ပါ .. ကျုပ်က ဒီတိုင်းလျှောက်ပြောလိုက်တာ .. ကျုပ်က ဘယ်လိုလုပ် ကျင်းမိသားစုက မြင့်မြတ်ပြီးတော့ မေးခွန်းထုတ်စရာမလိုလောက်အောင် ဂုဏ်သိက္ခာရှိတဲ့သူတွေကို ဒုက္ခပေးရဲမှာလဲ .. ကျုပ်တစ်ယောက်တည်း သွားတာက လုံလောက်ပါပြီ..”

သူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် အလွန်ပေါ့ပါးစွာဖြင့်ပင် ထွက်ခွာသွားလိုက်သည်။

“လူငယ်လေး .. ငါတို့မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါတယ် .. မင်းနဲ့တစ်ယောက်ယောက်ကို ထည့်လိုက်ပြီးတော့ နောင်ကျရင် .. မင်းကို ပြန်ခေါ်လာလိမ့်မယ်..” ပြိုင်ဘက်ကင်းသက်ရှိတစ်ဦး ပြောလိုက်သည်။

“မလိုတော့ပါဘူး .. ယောက်ျားလေးက သူရောက်တဲ့နေရာတိုင်းကို သူ့အိမ်လုပ်လို့ရပါတယ် .. သူဘယ်မှာသေသေ၊ သူ့ကို ဘယ်မှာပဲမြှုပ်မြှုပ် မိုးကောင်းကင်အောက်က တောင်တန်းတွေက အတူတူပါပဲ..” ရှီဟောင် လှည့်ပင်လှည့်မကြည့်ပဲ ကျယ်လောင်စွာ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် အားလုံး စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ဤလောကကြီးမှာ ချက်ချင်းတိတ်ဆိတ်သွားကာ မည်သမှ ဘာမှမပြောတော့။

လူများစွာမှာ စိတ်ဓာတ်ကျကာ ဒေါသထွက်နေကြသလို ဝမ်းလည်း ဝမ်းနည်းလှသည်။

ကျင့်ကြံသူကြီးများမှာမူ တိတ်ဆိတ်နေသော်လည်း သူတို့စိတ်ထဲ၌ မတည်ငြိမ်နိုင်။ လက်သီးများကို တင်းကြပ်စွာ ဆုတ်ထားကြလေသည်။

ကျင်းမိသားစုမှလူများသာ မျက်နှာပျက်နေကြသည်။ ရှီဟောင် အစောပိုင်းက ပြောလိုက်သည့်စကားများမှာ သူတို့အတွက် နားကလောလှသည်။

ရှီဟောင် ထိုယဇ်ပုလ္လင်ထက်သို့ တက်လိုက်သည်။ သူသည် တစ်ယောက်တည်း အလွန်အထီးကျန်နေသော်လည်း နောက်ပြန်လှည့်မကြည့်သလို စကားလည်း မပြောတော့။

လေထဲမိုးထဲကို ဒီလိုမျိုး ထွက်သွားရတာ .. သူ ပြန်ရော ပြန်လာနိုင်ပါ့မလား..

“ရှီဟောင် နောင်ကျရင် ရှင်ဘာဖြစ်မှာလဲ .. ရှင် ပေါ်လာဦးမှာလား .. ရှင် အသက်ရှင်နေရင်တောင် တစ်ဖက်လောကရဲ့ သွေးကျိန်စာမိပြီး ကျွန်မတို့ကို မမှတ်မိတော့ဘူးလား..” ချင်းယီ၏အသံမှာ အနည်းငယ် တုန်ခါနေသည်။

ယုန်ဖြူလေး၊ ပုရွက်ဆိတ်လေးနှင့် အခြားသူတို့မှာ ဂိတ်မှ ထွက်သွားချင်သောကြောင့် အော်ဟစ်နေကြလေပြီ။

“ငါသာ အသက်ရှင်နေရင် ဘယ်သူမှ ငါ့ကို မကန့်သတ်နိုင်ဘူးလို့ ငါယုံကြည်တယ် .. ငါ့ကို ကံတရားတွေနဲ့ ချည်နှောင်ထားလို့မရတဲ့တစ်နေ့ ရောက်လာမှာပါ .. ဒါပေမဲ့ အဲဒီအချိန်ကျရင် ငါ့နှလုံးသားက အခုလိုမျိုး တောက်လောင်မနေပဲ အေးစက်သွားမှာစိုးတယ်..”

ဤသည်မှာ ရှီဟောင်ပြန်ဖြေလိုက်ခြင်းပင်။ သူသည် ခေါင်းပင် နောက်ပြန်လှည့်မလာတော့။

ယဇ်ပုလ္လင်ကြီး တောက်ပလာကာ သူ၏ပုံရိပ် မှုန်ဝါးလာ၏။

အပိုင်း ၁၇၃၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၀ – ပြန်လှည့်လို့မရနိုင်တော့ဘူး

ယဇ်ပုလ္လင်ကြီး တောက်ပလာသည်။ ယဇ်ပုလ္လင်ထက်၌ ရေးထွင်းထားသည့် သင်္ကေတများမှာ ထူးဆန်းကာ ရှေးကျလှသည်။ ဤသည်မှာ အခြားခေတ်နှင့် ဆက်သွယ်ထားသကဲ့သို့ သီးသန့်ဆန်သည့်အော်ရာရှိနေသည်။

ရှီဟောင်၏ပုံရိပ်မှုန်ဝါးလာကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည်။

ဤသည်မှာ ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာသည့် အမြင့်ဆုံးအဆင့် ရွှေ့ပြောင်းခြင်းအစီအရင်ပင်။ သူ ဤထဲသို့ ဝင်လိုက်သည်နှင့် သူအပြိုင်လေဟာနယ်ထဲသို့ ဝင်လိုက်သကဲ့သို့ပင်။

ဂိတ်မှထွက်ခွာမည့်လုပ်ငန်းစဉ်မှာ အလွန်တင်းကြပ်လှသည်။ အထဲဘက်မှ ပုဂ္ဂိုလ်ကြီးများ ယဇ်ပုလ္လင်အား အသက်သွင်းရန် လိုအပ်သည်။ ယဇ်ပုလ္လင်ကြီး အသက်ဝင်လာသည်နှင့် ရှီဟောင် ဤနေရာမှ အချိန်မရွေး ထွက်သွားမည်ပင်။

“ငါ သွေးကျမ်းကျိန်တာကို တောင်းလိုက်မယ်..”

ကျင်းထိုက်ကျွင်း အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ မြိုရိုးအောက်သို့ ဆင်းလာလိုက်သည်။

သူမနှင့်အတူ လူအချို့လည်း ဆင်းလာကြသည်ပင်။ ထိုလူများမှာ ကျင်းမိသားစုမှ အရေးပါသည့်လူများအပြင် သူတို့နောက်လိုက်များလည်း ပါဝင်သည်ပင်။

တုမိသားစု၊ ဖီရှူးှင့် အခြား ကလန်မှ ခေါင်းဆောင်များလည်းပါဝင်သည်ပင်။ သူတို့လည်း သွေးကျမ်းကျိန်ဆိုခြင်းကို ကြည့်ချင်ကြသည်။ ငြိမ်းချမ်းသည့်ကာလတည်ထောင်သည်ကို သူတို့ကိုယ်တိုင်ကြည့်ချင်ကြသည်။

“ဒီစုန်းမအိုကြီး .. သူအရမ်းလောမနေလွန်းဘူးလား..” ပုရွက်ဆိတ်လေး ဘာကိုမှ မကြောက်ပဲ သူ့ကိုယ်သူ ပြောလိုက်သည်။ အခြားသူများကြားသွားမည်ကိုလည်းသူမကြောက်။

သိပ်မဝေးသည့်နေရာ၌ ရှိနေသည့် ကျင်းမိသားစုအောက်ရှိလူများ၏ အမူအရာများမှာ အလွန်အေးစက်သွားလေ၏။ သူတို့အားလုံး ကျောချမ်းစရာကောင်းသည့်အော်ရာများဖြင့် ကြည့်လာကြသည်။

“မင်းတို့လည်ချောင်းထဲမှာ တစ်ခုခုရှိနေတာလား .. ဘာလို့ လျှောက်ဟောက်နေတာလဲ..” ပုရွက်ဆိတ်လေး ချက်ချင်း အော်ဟစ်လိုက်သည်။

“မင်းတို့အားလုံး လွန်မလာရင်ကောင်းမယ်..” ကျင်းမိသားစုမှ တစ်စုံတစ်ယောက် ဆူပူလိုက်သည်။

“မင်းတို့ကို မြင်နေရတာနဲ့တင် စိတ်အနှောက်အယှက်ဖြစ်တယ် .. မင်းတို့အားလုံး အင်ပါယာဂိတ်ကလူရော ဟုတ်သေးရဲ့လား .. လူတစ်ယောက်ကို တမင်သက်သက် ဖိအားပေးပြီး ထုတ်နေကြတယ် .. မင်းတို့မှာ ငါ့ကို ပြစရာ မျက်နှာရှိသေးလို့လား .. မင်းတို့ရဲ့ စုန်းမအိုကြီးနောက်ကို မြန်မြန်ပြန်သွားလိုက်.. မင်းက တကယ်ကို ရုပ်ဆိုးလွန်းတယ် .. မင်းကိုမြင်ပြီး လူတွေ ဒေါသထွက်မလာအောင် သတိထားနေဦး..” ပုရွက်ဆိတ်လေး ဒေါသတကြီး ပြောလိုက်သည်။

“လူငယ်လေး .. အရမ်း မလောပါနဲ့ .. မင်း လွန်လွန်ကျူးကျူးတွေ ပြောနေရင် ပြဿနာတွေ တက်သွားမယ်နော်..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ထွက်သွား..” ပုရွက်ဆိတ်လေး ဤလူများကို ဤစကားနှစ်လုံးသာ ပြောလိုက်သည်။

ယခုအချိန်တွင် သဘောထားကောင်းမွန်သည့် ချင်းယီပင်လျှင် ဒေါသထွက်နေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်နှင့် စီရင်စုသုံးထောင်မှ အတူတူလာခဲ့သည့် ချန်ကုန်းယန်၊ သရဖူ ၁၀ ခုဘုရင်နှင့် စုန်းမတို့အားလုံး မတ်တပ်ရပ်ကာ ထိုလူများကို အေးစက်စွာ ကြည့်လာသည်။

ရှီယီပင်လျှင် သူ၏နှစ်ထပ်မျက်လုံးကို ဖွင့်ပြီး မူလဖရိုဖရဲအလင်းများ ထုတ်လွှတ်နေသည်။

ရှုထော်၊ ကောင်းကင်ဘုရင်လေး၊ လန်ရှင်းနှင့် အင်ပါယာဂိတ်မှ ထော်ဂုယုလုံ၊ ချီဟုန်နှင့် ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်ပင် မတ်တပ်ထရပ်လာကာ ထိုလူများအား ဒေါသတကြီး ကြည့်လာကြသည်။

အချို့ခေါင်းဆောင်များမှာ ဆက်မကြည့်နိုင်တော့။ သူတို့သည် အေးစက်နေသည့် အမူအရာဖြင့်ပင် သူတို့ကို စိုက်ကြည့်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်လှိုင်းကိုလည်း ထုတ်လွှတ်လာသည်။

“စီနီယာ .. ကြည့်လိုက်..” ကျင်းမိသားစုအောက်မှ တစ်စုံတစ်ယောက် ပြိုင်ဘက်ကင်းသက်ရှိကို ကြည့်လာသည်။

“မင်းပါးစပ်ကိုပိတ်ထား..” ချီဟုန်ဆရာ အော်ဟစ်လိုက်သည်။ ထိုသူများမှာ ချက်ချင်းပင် မျက်နှာဖြူဖျော့သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူတို့သည် ထိုနေရာ၌ ပေါက်ကွဲသွားတော့မလိုပင်။

ထိုလူများ ဘာမှထပ်မပြောရဲတော့။ သူတို့အားလုံး ကောင်းကင်ထက်သို့ ပျံတက်သွားကာ မြို့ရိုးထိပ်သို့ ပြန်သွားလိုက်ကြသည်။ ထိုနေရာတွင် ရှီဟောင်ကို လက်လွှဲပေးရန် သဘောတူသည့်သူများ စုနေသည့်နေရာပင်။

“အဲဒီစုန်းမအိုကြီးက တကယ်တစ်ခုခုပဲ .. သူက ရှီဟောင်ကိုငရဲတွင်းထဲပို့ဖို့ အဲဒီလောက်တောင် လောနေတာလား..” ပုရွက်ဆိတ်လေးမှာ အတော်လေး ဒေါသကြီးသည့်သူပင်။

ကျင်းထိုက်ကျွင်းသည် မြို့ရိုးပေါ်၌ ရပ်ကာ တစ်ဖက်လူနှင့် ဆက်သွယ်နေသည်ပင်။

ထို့နောက် ကန္တာရထဲမှ သွေးရောင်အလင်းများ သွေးပင်လယ်တစ်စင်းကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာကာ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ဤသည်မှာသွေးတစ်စက်တည်းသာ ဖြစ်သော်လည်း ကျယ်ပြောလှသည့် ကန္တာရစစ်မြေပြင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ အစပိုင်းတွင် အနီရောင်ဖြစ်နေပြီး နောက်ပိုင်းတွင် ငါးရောင်စပ်အဖြစ် ပြောင်းလဲသွား၏။ ပြိုင်ဘက်ကင်းသည့်အော်ရာတစ်ခုလည်း ကောင်းကင်ထက်သို့ စီးဆင်းနေသည်။

အင်ပါယာဂိတ်၏ အကာအကွယ်အောက်၌ ရှိနေသော်လည်း အားလုံး တုန်လှုပ်သွားကြသည်။ သူတို့သည် ဒူးပင်ထောက်ချင်လာကြသည်။

အင်ပါယာဂိတ်၏ အကာအကွယ်ကြောင့်သာမဟုတ်လျှင် အားလုံး မြေပြင်ပေါ်သို့ လဲကျသွားလောက်လေပြီ။ ဤကဲ့သို့သော မြင့်မားလှသည့်ဖိအားကို သူတို့မခံနိုင်ကြ။

သွေးတစ်စက် ရွှေရောင်အမိန့်စာပေါ်၌ ကျသွားကာ နက်နဲကာ ရှေးကျသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာထာဝရဘုရင်တစ်ပါး ကျမ်းစာများ ရွတ်ဖတ်နေသကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် ပုံမှန်မဟုတ်သည့်မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ လေဟာနယ်ထဲ၌ တာအိုကြီးများ အဆက်မပြတ်ပေါ်လာကာ ထာဝရဖီးနှစ်များအဖြစ် ပြောင်းလဲသွားကာ သူတို့အတောင်ပံများကို ဖြန့်ကျက်လာသည်။ နဂါးအစစ်များအဖြစ် ပြောင်းလဲသွားသလို ခွန်ပန်အဖြစ်လည်း ပေါင်းစည်းသွားလေ၏။

ထို့အပြင် ကန္တာရထဲမှ မွှေးပျံ့သည့်စမ်းချောင်းများလည်း ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ ရွှေရောင်အစေ့များ ကျလာကာ လေဟာနယ်ထဲ၌ အမြစ်တွယ်သွားသည်။ တာအိုနတ်ချိန်းကြိုးများ ဖူးပွင့်လာပြီး ဤနေရာမှာ ပြန်လည်မွေးဖွားခြင်းပြုလုပ်နေသကဲ့သို့ပင်။

အနက်ရောင်လျှပ်စီးတန်းများနှင့် သွေးရောင်လျှပ်စီးတန်းများလည်း ပေါ်လာကာ အလွန်ကြောက်စရာကောင်းလှသည်။

ထို့နောက် မြို့ရိုးပေါ်မှ ကြွေးကြော်သံများထွက်ပေါ်လာလေ၏။ သွေးကျမ်းကျိန်ဆိုခြင်း ပြီးဆုံးသွားပြီး နှစ်ဘက်လုံး အလဲအလှယ်လုပ်ပြီးသွားလေပြီ။ စွမ်းအားတစ်မျိုးထွက်ပေါ်လာကာ အရာအားလုံးကို လွှမ်းခြုံသွားလေ၏။

ကျင်းမိသားစု၊ ဝမ်မိသားစု၊ တုမိသားစု၊ ဖီရှူးနှင့် အခြားကလန်မှ လူများသည် ပျော်ရွှင်သည့်အမူအရာများ ဖြစ်ပေါ်လာကြလေသည်။ ထို့နောက် သူတို့အောက်ဘက်ရှိ ရှီဟောင်ကိုကြည့်ကာ သူ ဂိတ်မှထွက်သွားရန် စောင့်ဆိုင်းနေကြလေသည်။

မြို့ဂိတ်ကြီးလည်း ပြင်းထန်စွာ တုန်ခါနေလေပြီ။

သွေးကျမ်းကျိန်ဆိုခြင်း ပြီးဆုံးသွားပြီဖြစ်သောကြောင့် ရှီဟောင် ဂိတ်မှ ထွက်သွားရတော့မည်။ မည်သည့်အရာမှ သူ့ကို မတားဆီးနိုင်တော့။

“သူက ဘာလို့အခုထိ ပြန်မလာသေးတာလဲ..” ချင်းယီ စိုးရိမ်လာသည်။ ချန်ကုန်းယန်၊ ယုန်ဖြူလေးနှင့် အခြားသူများမှာလည်း ဤကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် ချောင်ယုရှင်း ထွက်သွားသည်နှင့် သူတို့သည်လည်း နတ်အာရုံစိတ်ဝိညာဉ်များ ခွဲ၍ဖြစ်စေ ဝိညာဉ်ကိုယ်ပွားလွှတ်၍ဖြစ်စေ ရှီဟောင်ကိုကယ်ရန်အတွက် မုန့်ထျန်းကျန်းကို သွားခေါ်ခဲ့ကြသည်ပင်။

သို့သော် ယခု သွေးကျမ်းကျိန်ဆိုခြင်း ပြီးဆုံးသွားသော်လည်း အကြီးအကဲ အဘယ်ကြောင့် ပေါ်မလာသေးသနည်း..

ရှီဟောင်ကို ထွက်သွားကာ ဤနောက်ဆုံးအခွင့်အရေးနှင့် လွဲချော်သွားမည်စိုးသောကြောင့် ရှီဟောင်ကို မျက်ခြေမပြတ် စောင့်ကြည့်ရန် သူတို့၏ မူလခန္ဓာကိုယ်များ မသွားကြခြင်းပင်။

“သွေးကျမ်းကျိန်တာပြီးသွားပြီ .. မင်း ဂိတ်ကနေ ထွက်သွားဖို့ အချိန်ရောက်ပြီ..” ကျင်းထိုက်ကျွင်း ဆင်းလာကာ ပြောလိုက်သည်။ သူမနောက်မှလိုက်လာသည့် လူအုပ်ကြီးလည်း ရှိနေသည်ပင်။ သူတို့အားလုံး အလွန်ပင် ပျော်ရွှင်နေကြလေ၏။

ယခု သူတို့ ရှီဟောင် ထွက်သွားမည်ကို စောင့်နေကြခြင်းပင်။ ဤနည်းလမ်းဖြင့် သူတို့ နှစ်ပေါင်းငါးရာ ငြိမ်းချမ်းမှု ရရှိနိုင်သည်ပင်။

ယဇ်ပုလ္လင်ပေါ်၌ ရှိနေသည့် ရှီဟောင်သည် နောက်ပြန်မလှည့်သကဲ့သို့ စကားလည်းတစ်လုံးမှ မပြော။

ချွမ်း..

သူ၏ခန္ဓာကိုယ်မှ ဓားတစ်လက် လွင့်ပျံထွက်လာသည်။ ထို့နောက် လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာပေါ်လာသည်။ ထို့နောက် ပစ္စည်းမျိုးစုံ လေထဲ၌ ပေါ်လာလေ၏။

ရွှီး..

ထိုရတနာများသည် အလင်းများအဖြစ် ပြောင်းလဲသွားကာ ချင်းယီ၊ ပုရွက်ဆိတ်လေးနှင့် အခြားသူများ၏ ခြေထောက်ရှေ့သို့ ကျသွားကာ မြေပြင်၌ စိုက်သွားလေ၏။

သူ ဤရတနာများကို သူနှင့်အတူ ယူမသွားခဲ့။ အားလုံးအတွက် ထားခဲ့ချင်သည်။

ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေသည်ပင်။ သူ၏နောက်ကျောပုံရိပ်ကိုကြည့်ပြီး သူတို့မျက်လုံးများ နာကျင်လာရသည်။

ထို့နောက် ရှီဟောင် သူ၏မျက်ခုံးကြား၊ ဦးခေါင်းထိပ်နှင့် အခြားနေရာများကို လက်ညှိုးဖြင့် ဆက်တိုက်ထိုးလိုက်သည်။ သူသည် အရက်စက်ဆုံးနည်းလမ်းဖြင့် သူ၏မူလဝိညာဉ်ကို ချိတ်ပိတ်လိုက်ကာ သူ၏အသိစိတ်ပင်လယ်ကိုလည်း ပိတ်သိမ်းထားလိုက်သည်။ အချို့အရာများကို သူကိုယ်တိုင် ချိတ်ပိတ်ပစ်လိုက်ပြီး အချို့အရာများကို ဖျက်ပင် ဖျက်ဆီးပစ်လိုက်သည်။

သူရထားခဲ့သည့် အချို့ပညာများမှာ အလွန်အရေးကြီးသည်။ တစ်ဖက်လောကမှလူများ ရသွား၍မရ။

“ငါ .. မင်းကို ကူညီပေးမယ်..” အချိန်၌ ပြိုင်ဘက်ကင်းသက်ရှိ၏အသံပင် တုန်ယင်နေသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ဘာလုပ်နေသည်ကို သူသိနေသည်ပင်။ လူငယ်လေးတစ်ဦး ကိုယ့်မူလဝိညာဉ်တံဆိပ်ကိုကိုယ် ပြန်ထိခိုက်နေသည်အား သူမကြည့်ရက်တော့။

“စွမ်းအားအကြီးဆုံး စိတ်ကိုချိတ်ပိတ်တဲ့ပညာ .. ချိတ်ပိတ်လိုက်တာနဲ့ မင်းထက် အဆပေါင်းများစွာ ကျင့်ကြံဆင့်မြင့်တဲ့သူ မင်းရဲ့ အသိစိတ်ပင်လယ်ကို ရှာရင်တောင် အဆီးအတားကို ထိမိသွားပြီး မင်းရဲ့ အသိစိတ်ပင်လယ် သူ့ဘာသာသူ ပျက်စီးသွားလိမ့်မယ်..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်၏။

ရှီဟောင် နောက်ပြန်မလှည့်ပဲ ခေါင်းသာ ငြိမ့်ပြလိုက်သည်။

ရွှီး..

ပြိုင်ဘက်ကင်းကျွမ်းကျင်သူပေါင်းများစွာ လှုပ်ရှားလာကာ သူ့အား ကူညီပေးလာကြသည်။ ထို့အပြင် အလွန်ရှေးကျသည့်ပညာဖြင့်လည်း ရှီဟောင်၏မူလဝိညာဉ်တစ်ဝိုက်ကို အပြင်လူများမထိနိုင်အောင် အဆီးအတားများ ချထားလိုက်သည်။

“မဟုတ်ဘူး..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။

ဤသည်မှာ ရှီဟောင် ဂိတ်မှ ထွက်သွားသည်နှင့် သေသွားလိမ့်မည်ဟု ဆိုလိုခြင်းပင်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောကမှ သူ၏နတ်အာရုံတံဆိပ်များကို ချောင်းကြည့်လာသည်နှင့် ထိုအဆီးအတား ချက်ချင်း အသက်ဝင်သွားလိမ့်မည်။

ရှီဟောင် သူ့ကိုယ်သူ ဖျက်ဆီးနေသည်ကိုကြည့်ပြီး ချင်းယီ၏မျက်လုံးများ နီရဲလာသည်။

ရှီဟောင်၏စိတ်ကို အဆင့်လွန်သက်ရှိများမှ ဒဏ္ဍာရီလာ ကြောက်စရာအကောင်းဆုံး ရှေးဟောင်းစိတ်ချိတ်ပိတ်သည့်ပညာဖြင့် ချိတ်ပိတ်နေသည်ကို တွေ့လိုက်ရသည့်အချိန် သူမ မျက်ရည်များ ကျဆင်းလာသည်။

ချန်ကုန်းယန်၊ လန်ရှင်း၊ ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်နှင့် အခြားသူများလည်း ဤမြင်ကွင်းကို လက်ခံနိုင်ရန် အလွန်ခက်ခဲကြသည်ပင်။ သူတို့အားလုံးသည် လက်သီးများကို တင်းကြပ်စွာ ဆုတ်ထားပြီး သူတို့နှာခေါင်းများပင် ချဉ်စူးလာသည်။

ဤခွဲခွာခြင်းမှာ ထာဝရဖြစ်သွားနိုင်သည်ပင်။

အဝတ်အစားမှလွဲလျှင် သူ့ထံ၌ ဘာမှမရှိတော့။

“သွားဖို့အချိန်ကျပြီ..” ကျင်းထိုက်ကျွင်းဘေးရှိ အမျိုးသမီးမှ ပြောလိုက်သည်။

“ဟုတ်တယ် .. သွေးကျမ်းကျိန်တာက အချိန်အကန့်အသတ်ရှိတယ် .. မြန်မြန်မလုပ်ရင် မအောင်မြင်ပဲနေလိမ့်မယ်..” တုမိသားစုမှလူလည်း ပြောလာသည်။

“လူငယ်လေး .. မင်းပြောချင်တာ ရှိသေးလား .. ငါတို့ကို မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပြပေးပါ..” ချီဟုန်၏ဆရာမှ ပြောလိုက်သည်။

ရှီဟောင် ထိုနေရာ၌ ရပ်နေကာ ဘာမှမပြော။ နောက်ဆုံးတွင်တော့ သူခေါင်းသာ ခါပြလိုက်သည်။

“အဲဒါဆိုရင်လည်းသွားတော့..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

ယခုတစ်ခေါက်တွင်တော့ အဆင့်လွန်သက်ရှိများကိုယ်တိုင် ယဇ်ပုလ္လင်ကို အသက်သွင်းလိုက်ကြသည်။ သူတို့အားလုံး အလွန်အရှက်ရမိကာ မျက်လုံးများတွင် ဝမ်းနည်းမှုများ ကြီးဆိုးနေသည်ပင်။

ဝုန်း ဟူသည့်အသံနှင့်အတူ ယဇ်ပုလ္လင်ကြီးတောက်ပလာကာ အလင်းတန်းများ ကောင်းကင်ထက်သို့ တက်သွားသည်။

ရှီဟောင်ကို အလင်းတန်းများ ဝန်းရံသွားပြီး သူ့ပုံရိပ် မှေးမှိန်လာသည်။

“ရှီဟောင်..” လူတစ်စု အော်ဟစ်လိုက်သည်။ ချင်းယီ၊ ယုန်ဖြူလေးနှင့် အခြားသူများမှာ မျက်ရည်များ စိုရွှဲနေပြီဖြစ်သည်။

ဤခွဲခွာခြင်းမှာ ထာဝရခွဲခွာခြင်းဖြစ်သွားနိုင်သည်။ ဒီလောကကြီးမှာ သူ့ကို နောက်တစ်ခေါက် ထပ်တွေ့နိုင်ပါဦးမလား..

နောက်ဆုံးအချိန်တွင်တော့ ရှီဟောင် နောက်လှည့်ကာ သူတို့အား ကြည့်လာသည်။

သူက ဘယ်လိုလုပ် ထွက်သွားချင်မှာလဲ .. ဒါပေမဲ့ သူပြန်လှည့်လို့မရတော့ဘူး .. သူသွားရတော့မယ်..

ရှီဟောင် အားလုံးကို တစ်ယောက်ချင်းစီ ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူ အင်ပါယာဂိတ်နောက်မှ မြင်ကွင်းများကို ကြ့်လိုက်၏။

ထိုအခိုက်အတန့်တွင် သူ တွန့်ဆုတ်မိသည်။ သူ လူတစ်ယောက်စီတိုင်းကို မှတ်မိချင်သည်။ သူ၏သူငယ်ချင်းဟောင်းအားလုံးကို တွေ့ချင်သည်။ လူများစွာ၏ ပုံရိပ်မှာ သူ့ရင်ထဲ၌ စွဲထင်သွားသည်ပင်။

တစ်ခဏအတွင်း သူ ကျောက်တုံးကျေးရွာကို တွေ့လိုက်ရသည်။ သူ၏ပျော်စရာကောင်းသည့် ကလေးဘဝကို ဖြတ်သန်းသည့်နေရာ၊ စိုးရိမ်စရာများ မရှိသည့်နေရာ၊ သူ စည်းကမ်းမဲ့ကာ ထိန်းချုပ်မရနိုင်သလို အလွန်လည်းခေါင်းမာခဲ့သည့်အချိန်ကို ပြန်မြင်ယောင်မိသွားသည်။ ရွာသူကြီးဖိုးဖိုးလည်း အသက်ကြီးနေပြီဖြစ်ပြီး သူ့နာမည်ကိုရွတ်ကာ သူ့အား စောင့်နေလိမ့်မည်။ ဦးလေးများ၊ အန်တီများနှင့် ရွာထဲမှ ရဲဘော်ရဲဘက်များအားလုံး သူ့စိတ်ထဲ ပေါ်လာကာ သူ့ရင်ကို နွေးထွေးသွားစေသည်။

ထို့နောက် သူ၏မိဘများ၊ အဖိုးနှင့် အခြားသူများကို တွေ့လိုက်ရသည်။ သူ ဤလူများကို အလွန်သတိရသော်လည်း သူတို့ နောက်တစ်ခေါက် ထပ်မတွေ့နိုင်တော့။ ပြီးတော့ မိုးမခနတ်ဘုရားနဲ့ စေတီလေး .. သူတို့ဘယ်မှာလဲ..

နောက်ဆုံးတွင် သူ့မျက်လုံးများ အဆီးအတားအားလုံးကို ဖြတ်ကျော်သွားကာ မီးပိုးစာတောပေါ်သို့ ကျရောက်သွားသည်။ မီးပိုးစာပင်အောက်၌ မိန်းကလေးတစ်ဦး တိတ်တဆိတ်ရပ်ကာ သူပြန်လာမည်ကို စောင့်နေသည်။ မီးပိုးစာပန်းများ ပွင့်နေပြီးဖြစ်ပြီး လေထဲ၌ ဝဲလွင့်နေသည်။ သို့သော် တစ်နှစ်ပြီးတစ်နှစ် ကုန်သွားသော်လည်း သူ ပေါ်မလာနိုင်။ ထာဝရမပြန်နိုင်တော့။ ထိုမိန်းမပျိုလေးသည် လူငယ်မှ လူလတ်ပိုင်းသို့ ရောက်သွားမည်။ ထို့နောက် တစ်နေ့ကျလျှင် သူမ အသက်ကြီးလာကာ ဆံပင်များလည်း မီးခိုးရောင်ပြောင်းလာမည်။ သို့သော်လည်း သူမ ထိုနေရာ၌ တစ်ယောက်တည်း ရပ်ကာ စောင့်နေဆဲပင်။ သူမသည် အသက်ကြီးနေပြီဖြစ်သော်လည်း နူးညံ့သည့်အသံဖြင့် တစ်စုံတစ်ခုကို ရေရွတ်နေလိမ့်မည်။ “မီးပိုးစာပင်ရဲ့ အနီရောင်လည်း ပြန်ရောက်လာပြီ .. ကျွန်မအင်္ကျီပေါ်မှာ ဖုန်မှုန့်တွေ ကပ်ညှိနေပြီ .. မီးပိုးစာပင်တွေက မျက်စိတစ်ဆုံး ပြည့်နေပြီ .. ဒါပေမဲ့ ရှင်ပြန်လာမယ့်နေ့ကို မသိသေးဘူး ..မီးပိုးစာပင် နွမ်းသွားတဲ့အချိန်ကျရင် ငါပြန်လာလိမ့်မယ်..”

ရှီဟောင်၏မျက်ဝန်းမှာ အလွန်ဝေးသည့်နေရာသို့ ရောက်ရှိနေပြီး နေရာပေါင်းများစွာကို လှည့်ပတ်သွားနေသည်။ နောက်ဆုံးတွင်တော့ သူ တစ်ဖက်သို့လှည့်လိုက်ကာ နောက်ပြန်လှည့်မကြည့်တော့။

ချွမ်း..

ယဇ်ပုလ္လင်မှ တောက်ပသည့်အလင်းတန်း ထွက်ပေါ်လာပြီး သူ ထိုနေရာမှ ပျောက်ကွယ်သွားသည်။ သူ နောက်ပြန်လှည့်၍မရတော့။ အတော်ဝေးဝေးသို့ ရောက်သည်အထိ သူတစ်ယောက်တည်း သွားရမည်။

အပိုင်း ၁၇၄၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset