Switch Mode

Chapter – 248

ပြိုင်ဘက်ကင်းသည့် အဖြူရောင် ၀တ်ရုံ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၈ – ပြိုင်ဘက်ကင်းအဖြူရောင်ဝတ်ရုံ

“နဂါးနက်အိမ်ရှေ့စံမင်းသားက စန်းချင်တောင် အနီးတစ်ဝိုက်မှာ ဒဏ်ရာတွေကုနေတာလို့ ပြောကြတယ် .. အဲဒီနားမှာ လူတစ်ယောက်က တောင်တစ်တောင်လောက်ကြီးတဲ့ မြွေနက်ကြီးကို မြင်ခဲ့တာတဲ့” နွားနက်ကြီး ပြန်ဖြေလိုက်သည်။

“စန်းချင်တောင်..” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

ထိုနေရာမှာ မရိုးရှင်း။ ထိုတောင်လည် ကျန်းရှီတွင် နာမည်ကြီးတောင်တစ်တောင်ပင်။ သူ အချိန်တွက်ချက်ကြည့်လိုက်သည့်အချိန်တွင်တော့ နဂါးနက်မှာ ယခုအချိန်တွင် ပြန်ကောင်းသွားလောက်လေပြီ။

နွားနှစ်ကောင်သည် ဒေါင်းဘုရင်၏တည်နေရာကိုတော့ မစုံစမ်းနိုင်ခဲ့သလို ထူးဆန်းသည့်ကျွမ်းကျင်သူကိုလည်း မလိုက်နိုင်ခဲ့။

နွားဝါလေးသည် အသက်သာငယ်သော်လည်း အတွင်းစိတ်မှာ ကောက်ကျစ်လှသည်ပင်။ “သူတို့ကို ပြန်တိုက်ဖို့ လောစရာမလိုဘူး .. မင်းက အမှောင်ထဲမှာဆိုတော့ အချိန်ယူလို့ရတယ် .. သူတို့တစ်ယောက်ချင်းစီကိုသွားပြီး သူတို့ကို အဆုံးသတ်ပစ်လို့ရတယ် .. အဲဒီလိုက ပိုတောင်ကောင်းဦးမယ်..” သူ အကြံပေးလိုက်သည်။

“ဒါလည်း ကောင်းသားပဲ..” ချူဖုန်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူလည်း ဤကဲ့သို့ စဉ်းစားထားသည်ပင်။ လူရှေ့ထွက်လာပြီး အားလုံးအာရုံစိုက်မိအောင်လုပ်သည်ထက် ရန်သူများကို ထိတ်လန့်အောင် လုပ်ရမည်။

နွားနက်ကြီးသည့် သူ့ကို ဒေါသထိန်းပြီး သတိဖြင့်လှုပ်ရှားရန် ပြောခဲ့သည်။ “ငါ့ဆီက သတင်းကို စောင့်နေ .. မန်ချူးကျားက အခုတလော ရေအောက်မျိုးနွယ်စုက ကျွမ်းကျင်သူတစ်ချို့နဲ့ မိတ်ဆွေဖြစ်နေတာ .. သူ့ကို အခြေအနေတွေ နည်းနည်းပါးပါးစုံစမ်းခိုင်းပြီးတော့ နဂါးနက်အိမ်ရှေ့စံမင်းသား စန်းချင်တောင်မှာ ရှိမရှိကို စုံစမ်းခိုင်းလိုက်မယ်”

ထို့အပြင် နွားနှစ်ကောင်သည် ချူဖုန်းကို သားရဲအချို့နှင့် လူသားကျွမ်းကျင်သူအချို့၏ အသေးစိတ်အချက်အလက်များကိုပါ ပေးခဲ့သေးသည်ပင်။ ဤလူများကို လျှပ်စီးများဖြင့် ရိုက်ချနိုင်ရန် သူတို့ မျှော်လင့်နေကြသည်ပင်။

အားလုံးမှာ သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာသောကြောင့် ချူဖုန်း ပြုံးလိုက်သည်။

“တောတွေထဲမှာ နေတာကြာတော့ ငါ တာဇံတောင် ဖြစ်ချင်နေပြီ..” ချူဖုန်း သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။ သူ တောတောင်များထဲမှ လှည့်ပတ်သွားလာနေသည်မှာ အတော်လေးကြာနေပြီဖြစ်သည်။

လောကကြီးသည် ကားများ၊ အထပ်မြင့်အဆောက်အဦးများဖြင့် ခေတ်မှီလူအဖွဲ့အစည်းကြီး ဖြစ်ခဲ့သော်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီးသည့်နောက်တွင်တော့ သူသည် မြို့ထဲ၌ နေသည်ထက် တောတောင်များ၌ ဘုရင်များနှင့် တိုက်ခိုက်နေရသည်မှာ ပိုများနေသည်။

နွားနှစ်ကောင်ထံမှ သတင်းများ စောင့်နေရင်းဖြင့် အနီးဆုံးမြို့တစ်မြို့၌ အနားယူရန် ဆုံးဖြတ်လိုက်သည်။

ဟုန်တုမှာ ကျန်းရှီတွင် အကြီးဆုံးမြို့ပင်။ ဤမြို့သည် မိန်တောင်ကြောနားတွင် ရှိနေသောကြောင့် ထိုမြို့သို့ရောက်ရန် သိပ်မကြာလိုက်။

ကျီးကန်းနက်ဘုရင် လျှပ်စီးပစ်ချခံလိုက်ရသည့်သတင်းမှာ အားလုံးကို ထိတ်လန့်သွားစေခဲ့၏။ အထူးသဖြင့် လူသားများပင်။ အဘယ်ကြောင့်ဆိုသော် သူသည် လူထု၏မေတ္တာပို့ခြင်းကို ခံခဲ့ရသည့်သူပင်။ အားလုံးသည် ဆွံ့အနေကြပြီးနောက် လက်ခုပ်လက်ဝါး တီးလာကြလေ၏။

သားရဲဘုရင်များကတော့ ဆွံ့အနေကြသည်။ ဒီလိုတိုက်ဆိုင်မှုမျိုး ရှိနိုင်လို့လား .. တစ်ခုခုဖြစ်သွားမှန်း သူတို့ချက်ချင်း သိလိုက်ရသည်။

သို့သော်လည်း မိန်တောင်ကြောတွင် အနက်ရောင်မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်လာသည့် သတင်းမှာလည်း သတင်းအစစ်ပင်။

“သူ တကယ် လျှပ်စီးပစ်ချခံလိုက်ရတာလား.. ဒီကျီးကန်းနက်ဘုရင်က အကုသိုလ်တွေ များလွန်းလို့ လျှပ်စီးပစ်ချခံလိုက်ရတာလား..” သားရဲမျိုးနွယ်စုတစ်ဦး သက်ပြင်းချလိုက်သည်။

ဤဖြစ်ရပ်မှာ သဘာဝမကျသော်လည်း လက်မခံနိုင်သည့်ကိစ္စတော့မဟုတ်။

“အဲဒါ လျှပ်စီးအတိဒုက္ခဖြစ်လိမ့်မယ်..” သားရဲမျိုးနွယ်စုအချို့ လေးနက်စွာ ပြောလာသည်။

ဘုရင်အဆင့်သို့ ရောက်သည်နှင့် သူတို့ ဤအကြောင်းကို အနည်းငယ်သိကြသည်ပင်။ ဒဏ္ဍာရီအရဆိုလျှင် သူတို့မျိုးနွယ်စုများကို ရှေးခေတ်အခါက နတ်ဆိုးများဟု ခေါ်ကြသည်ပင်။ ဤနတ်ဆိုးများမှာ ရံဖန်ရံခါ လျှပ်စီးများဖြင့် ပစ်ချခံကြရသည်။

လူတိုင်း ထိုသို့တွေးနေခြင်းတော့မဟုတ်။ အချို့လူသားကျွမ်းကျင်သူများနှင့် ထိပ်တန်းအဆင့်သားရဲကျွမ်းကျင်သူများမှာ ဤအဖြစ်အပျက်၌ တစ်ခုခုထူးဆန်းနေသည်ကို သူတို့ ခံစားမိသည်ပင်။ ကျီးကန်းနက်ဘုရင်က ချုံခိုတိုက်ခံလိုက်ရတာလား..

စန်းချင်တောင် ရှုခင်းများမှာ လှပလှသည်။ ရေတံခွန်များ၏ဘေးတစ်ဖက်တစ်ချက်စီတွင် မြင့်မားလှသည့် ရှေးထင်းရှူးပင်များ ရှိနေပြီး နတ်ဘုံနတ်နန်းနှင့်ပင် တူနေသည်။

တောင်ကြောတစ်လျှောက် ပေါက်နေသည့် ရှေးသစ်ပင်များ နည်းပါးလှသော်လည်း အားလုံးမှာ မြင့်မားဖြောင့်စင်းနေသည်။ တောင်အမြင့်ပိုင်းတွင်တော့ နေပူစာလုံနေသည့် ဧရာမမြွေနက်ကြီးကို တွေ့မြင်ရမည်ပင်။ ဦးချိုပါသည့် ဤမြွေကြီးသည် မီတာပေါင်းတစ်ရာကျော်မြင့်ပြီး သတ္တုအကြေးခွံများရှိနေသောကြောင့် နဂါးနက်ကြီး ခွေနေသည်နှင့်ပင် တူနေသည်။

“ချူဖုန်း မင်း အသက်ရှင်နေသေးလား.. မင်း ကျန်းကျန်းမာမာနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်တယ် .. ဘာလို့လဲဆိုတော့ ငါမင်းကို တစ်စစီစုတ်ဖြဲပစ်ချင်နေသေးတယ်..” ဟိန်းထုန် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

သူ ဤနေရာ၌ အားဖြည့်နေခဲ့ပြီး ယခု ပြန်ကောင်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

သူ ချူဖုန်းကို အလွန်မုန်းတီးနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် နဂါးမျိုးနွယ်စုသည် အားကုန်သုံးကာ မတိုက်ခိုက်နိုင်ခဲ့သောကြောင့် သေမလိုထိ ဖြစ်ခဲ့သည်ပင်။

“ကျီးကန်းနက်ဘုရင်သေတဲ့ကိစ္စမှာ မင်းလည်းပါတယ်လို့တော့ မပြောနဲ့နော် .. ငါ သီးသန့်ကျင့်ကြံပြီးမယ့်အချိန်ကို စောင့်နေလိုက် .. ငါ မင်းကို လာသတ်ပေးမယ်..” ဟိန်းထုန် ကျိန်ဆိုလိုက်သည်။

ဟုန်တုအပြင်ဘက်ရှိ ရွှေပင်လယ်ဗီလာတွင်..

အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ဦး ဧည့်ခန်း၌ ရပ်နေပြီး သူ၏ချောမောလှသည့် မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေသည်။

ထို့နောက် သူ ဆိုဖာပေါ် အေးအေးဆေးဆေးထိုင်လိုက်ပြီး စားပွဲပေါ်မှ ရှင်းယီလက်သီးစာအုပ်ကို ယူလိုက်သည်။ “ကျီးကန်းနက်ဘုရင် သေသွားပြီ .. ဒါက မတော်တဆမှုတစ်ခု ဖြစ်လိမ့်မယ်လို့ ငါမထင်ဘူး .. သားရဲမျိုးနွယ်စုကောင်းကင်အတိဒုက္ခဆိုတာက ရှေးခေတ်က သီအိုရီတစ်ခုပဲ .. ဒါကို ဘယ်သူမှ အတည်မပြုနိုင်သေးဘူးဆိုတော့ ဒါက စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုနဲ့ ပိုတူနေတယ် .. ငါကတော့ ပြောင်းလဲမှုတွေကိုပဲ ယုံကြည်တယ် .. ငါတို့ပစ်မှတ် ထွက်လာပြီ”

“ချူဖုန်း ပြန်လာပြီလို့ ပြောချင်တာလား..” ဆန့်ကျင်ဘက်ဆိုဖာပေါ်တွင် ထူးဆန်းကာ ချောမောသည့် လူငယ်တစ်ဦး ထိုင်နေသည်။ သူ့ထံ၌ ရှည်လျားသည့် ခရမ်းရောင်ဆံနွယ်များ ရှိနေပြီး သူ့နဖူးထက်ရှိ နတ်အလင်းထုတ်လွှတ်သည့် ဒေါင်လိုက်တတိယမျက်လုံးကို ပိတ်ထားလေ၏။

“ဖြစ်နိုင်ချေများတယ်..” အဖြူရောင်ဝတ်စုံနှင့်လူငယ် ခေါင်းညိမ့်လိုက်သည်။

“ကောင်းပြီလေ .. ငါ ဟိန်းထုန်အတွက် လက်စားချေပြီး သူ့ကို သတ်ပစ်တာပေါ့..” သူ့ခရမ်းရောင်ဆံပင်များ အရောင်တောက်ပလာပြီး နတ်အလင်းတန်းများ လွှမ်းခြုံလာသည့်အပြင် ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ထုတ်လွှတ်လာလေသည်။

ထိုအချိန်တွင် သူ့တတိယမျက်လုံးလည်း ပွင့်လာပြီး ရွှေရောင်အလင်းများ ထုတ်လွှတ်လာသည်။ ထို့နောက် စားပွဲထက်မှ အပြာရောင်ဓားမြှောင်ကို ကောက်ယူလိုက်လေသည်။

“ငါ သူ့ကို တစ်လွှာချင်းခွာချချင်တာ .. အချုပ်အနှောင်လေးခု ဖြတ်တောက်ထားတဲ့လူသားတစ်ယောက်ကများ ငါ့ပန်းကန်ပြားပျံကို ဖျက်ဆီးပစ်လိုက်တယ်တဲ့ .. သူ့ကို အကြိမ်တစ်ရာလောက်သတ်ရင်တောင် ငါ့ပန်းကန်ပြားပျံကို အလျော်မပေးနိုင်သေးဘူး..” မျက်လုံးသုံးလုံးနှင့်လူငယ်သည် ဓားမြှောင်ကို စားပွဲဘက်သို့ ပစ်လွှတ်လိုက်သည်။

ခွပ်..

လက်ဖက်ရည်စားပွဲ အက်ကွဲသွားကာ ပြာမှုန့်များ ဖြစ်သွားလေသည်။

ပျက်စီးသွားသည့် ပန်းကန်ပြားပျံအကြောင်း တွေးမိလိုက်တိုင်း သူ့နှလုံးမှ သွေးစိမ်းရှင်ရှင် ယိုစီးကျလာရသည်။ ရေအောက်၌ ကျွမ်းကျင်သူများစွာ ရှိသော်လည်း ဤကဲ့သို့သော ယာဉ်မျိုးကို တူးဖော်နိုင်သည့်သူ အနည်းငယ်သာ ရှိသည်။

“စိတ်အေးအေးထားပါ ..” အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ အတော်လေး တည်ငြိမ်နေသည်။ “အားလုံးက ခန့်မှန်းချက်တွေပဲ .. သူ တကယ်ထွက်မလာသေးတာလည်း ဖြစ်နိုင်တယ် .. တကယ်လို့ သူ ဖြစ်နေတယ်ဆိုရင်တောင် မင်း သူ့ကို သွားရှာစရာမလိုပါဘူး .. သူကိုယ်တိုင် ငါတို့ရှေ့ကို ရောက်လာပြီး သူ့အသက်ကို လာပေးတာကို စောင့်နေလို့ရတယ်”

“သူက ဘာလို့ ဒီလောက်တောင် နာခံမှာလဲ..” မျက်လုံးသုံးလုံးနှင့်လူငယ် ရှုပ်ထွေးသွားရသည်။ အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ အမြဲတမ်း တည်ငြိမ်အေးဆေးသည်ကို သူသိသည်။ သူသည် အမြဲတမ်း သေချာစီစဉ်တတ်သူဖြစ်ပြီး အကြောင်းပြချက်မရှိပဲ စကားမပြောတတ်။

“သူ လာလိမ့်မယ် .. သူ လာပြီးတော့ သူ့အသက်ကို စတေးလိမ့်မယ်..” ရှင်းယီလက်သီးစာအုပ်ကို စားပွဲပေါ်၌ ချကာ ပြုံးလိုက်သည်။ “လူတိုင်းမှာ အားနည်းချက်တစ်ခုတော့ရှိတယ်..”

“ဘာများလဲ..” မျက်လုံးသုံးလုံးနှင့်လူငယ် တည်ငြိမ်သွားကာ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ပြန်ရုတ်သိမ်းလိုက်သည်။

“သူက သူ့မိဘတွေကို အမြဲတမ်း ဂရုစိုက်တယ် .. သူနာမည်ကြီးလာတဲ့တိုက်ပွဲကလည်း သူ့မိဘတွေကြောင့်ဖြစ်လာတယ်ဆိုတာ မှတ်မိလား .. သူက အကျိုးဆက်တွေဘာတွေကို မတွေးပဲနဲ့ ပန်တောင်ကိုသွားပြီး အင်ပါယာဓားပညာကျွမ်းကျင်တဲ့ မြွေပါဘုရင်နဲ့ တိုက်ခဲ့တာ .. သူက တောင်တစ်ခုလုံးကိုတောင် ပြားပြားဝပ်အောင်လုပ်ပြီးတော့ လောကကြီးကို သူ့အောင်မြင်မှုနဲ့တုန်လှုပ်အောင် လုပ်ခဲ့သေးတာ”

အဖြူရောင်ဝတ်စုံနှင့်လူငယ်လေးသည် ဇာတ်ကြောင်းကို အေးဆေးပင် ပြောပြလာသည်။

မျက်လုံးသုံးလုံးနှင့်လူသည် ရုတ်တရက် အလင်းဝင်သွားကာ သူ့မျက်လုံးများ တောက်ပလာသည်။ “သူ့မိဘတွေကို လှုပ်ရှားပြီးတော့ သူထွက်လာအောင် မျှားခေါ်မှာလား..”

“ဟုတ်တယ် .. ရွှမ်းထျန်က အေးဂျင့်တွေကို လှုပ်ရှားခိုင်းလိုက် .. ငါတို့တွေ သူ့မိဘတွေကို သတ်စရာမလိုဘူး .. ဒါပေမဲ့ သူတို့တွေ သတိထားမိလောက်တဲ့အထိ အုတ်အော်သောင်းတင်းဖြစ်ဖို့လိုတယ် .. ဒါဆို ချူဖုန်း ဘာကိုမှ တွေးနိုင်တော့မှာ မဟုတ်ဘူး” အဖြူရောင်ဝတ်စုံနှင့်လူငယ် ပြုံး၍ ပြောလိုက်သည်။

“အဲဒီလိုဆိုရင် သူ ရောက်လာမှာလား..” မျက်လုံးသုံးလုံးနှင့်လူငယ် မေးလိုက်သည်။

“ရွှမ်းထျန်က အေးဂျင့် လုပ်ကြံတာ ရှုံးနိမ့်သွားတဲ့ပုံစံ လုပ်ပြီးတော့ သူ့ကို ကျန်းရှီက တစ်ယောက်ယောက် ခိုင်းလိုက်တာပါဆိုပြီး ဖော်ထုတ်ခိုင်းလိုက်”

“အိုး..”

“သရုပ်ဆောင်တာက ပီပြင်မှရမယ် .. ရေစီးတဲ့နေရာတိုင်းမြောင်းပေါ်မယ် ဆိုတဲ့စကားပုံလိုမျိုးပဲ .. ဒီနည်းလမ်းက အထိအနာဆုံးနည်းလမ်းပဲ .. ကျန်းရှီက သားရဲဘုရင်တစ်ချို့ကို တရားခံ လုပ်ခိုင်းလိုက် .. အရင်တစ်ခေါက်တုန်းက သူ့ကို သတ်ဖို့ကြိုးစားခဲ့တဲ့လူတွေထဲကဆိုရင် အကောင်းဆုံးပဲ” ထိုလူငယ် ဆက်ပြောလိုက်သည်။

“မင်းရဲ့ အစီအစဉ်အတိုင်းဆိုရင် ငါတို့တွေ သားရဲဘုရင်တစ်ချို့ကို ထိန်းချုပ်ပြီးတော့ တရားခံ လုပ်ခိုင်းရမှာပေါ့..” မျက်လုံးသုံးလုံးနှင့်လူ မေးလိုက်သည်။

ဝတ်စုံဖြူနှင့်လူငယ် ခေါင်းညိမ့်လိုက်ကာ သူ့မျက်နှာထက်၌ ထူးမခြားနားသည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ “ဟုတ်တယ် .. သူ့အမိန့်ကြောင့် ချူဖုန်း မိဘတွေ တိုက်ခိုက်ခံရပြီးတော့ ဒဏ်ရာရသွားမှာ .. အဲဒါဆိုရင် ချူဖုန်း စဉ်းစားဆင်ခြင်ဉာဏ်မရှိတော့လောက်အောင် ဒေါသထွက်လာပြီးတော့ ဝရုန်းသုန်းကား ဖြစ်လာမှာ”

“သူ ဒီလှည့်ထွက်ထဲ ဝင်လာပါ့မလား..” မျက်လုံးသုံးလုံးနှင့်လူမှာ အနည်းငယ် တွန့်ဆုတ်နေသည်။

“သေချာပေါက်ကို ကျလာမှာ .. သူက သူ့မိဘတွေကို အရမ်းကာကွယ်ပေးတဲ့လူဆိုတော့ သေချာပေါက် ဒီအတိုင်း တုံ့ပြန်လာမှာ .. သူ ဝုန်ဒိုင်းကြဲလာပြီးတော့ သူ့မိဘကို ရန်ပြုဖို့ စဉ်းစားနေတဲ့သူတွေအားလုံး မလုပ်ရဲတော့အောင် သူ့ခွန်အားကို ပြသလာမှာ .. သူ့မိဘတွေကို ထိတာက သူ့ကိုထိတာထက် ပိုဆိုးတယ်လို့ သူကိုယ်တိုင် ပြောထားတာ .. တရားခံက သူလက်စားချေတာကို ခံရမှာပဲ..” အဖြူရောင်ဝတ်စုံနှင့် လူငယ် ပြောလိုက်သည်။

“စိတ်ဝင်စားစရာပဲ..” မျက်လုံးသုံးလုံးနှင့်လူ ရယ်မောလိုက်သည်။

“သူ့ရန်သူတွေကို ခြိမ်းခြောက်ပြီး သူ့မိဘတွေရဲ့ လုံခြုံရေးကို အာမခံဖို့အတွက် သူ သေချာပေါက် ဒီတိုင်း တုံ့ပြန်လာမှာပဲ .. သူ လှုပ်ရှားတဲ့အချိန်က ငါတို့အတွက် အခွင့်အရေးပဲ .. သူကိုယ်တိုင် ရောက်လာပြီး လည်စင်းခံနေမယ့်အချိန်ကိုသာ စောင့်နေလိုက်တော့..” အဖြူရောင်ဝတ်စုံနှင့်လူ သူ့အပြုံးကို ပြန်လည်ရုတ်သိမ်းလိုက်ကာ သူ့မျက်လုံးထဲ အေးစက်သည့်အကြည့်တစ်ချက် ဖြစ်ေပါ်လာသည်။

“ဟက် .. ကောင်းတယ် .. သူ့လာလည်စင်းခံမယ့်အချိန်ကိုပဲ စောင့်နေလိုက်တာပေါ့..” မျက်လုံးသုံးလုံးနှင့်လူ ခေါင်းညိမ့်လိုက်သည်။ “ငါ စန်းချင်တောင်သွားပြီး နဂါးနက်ကို သွားတွေ့မှာနဲ့ အတော်ပဲ .. ငါတို့ နတ်ဆိုးဘုရင်ချူကို သတ်မယ့်အစီအစဉ်ကို သူ့ကို ပြောပြရမလား..”

“ပြောပြရမှာပေါ့ .. ပြောပြပြီးတော့ ငါတို့နဲ့ ပူးပေါင်းအောင် လုပ်ရမယ် … အချိန်ကျလာရင် ငါတို့ ကျွမ်းကျင်သူသုံးယောက်ပေါင်းပြီး သူ့ကို ဖိနှိပ်ရမယ်” အဖြူရောင်ဝတ်စုံနှင့်လူ ပြောလိုက်သည်။

“သူ ပူးပေါင်းဖို့ လိုလို့လား .. ငါတစ်ယောက်တည်းနဲ့တောင် သူ့ကို လွယ်လွယ်လေး ရှင်းလိုက်လို့ရတယ်” မျက်လုံးသုံးလုံးနှင့်လူ အေးစက်စွာ ပြောလာသည်။ သူသည် ချူဖုန်းကို သူနှင့်အဆင့်တူသည့်လူဟု သတ်မှတ်မထား။

“လုံခြုံအောင်လို့ နဂါးနက်ကို ဖိတ်ခေါ်ရမယ် .. ငါတို့ သူ့ကို ထွက်ပြေးခွင့်ပေးလို့မဖြစ်ဘူး .. သူသာ ထွက်ပြေးသွားရင် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်” အဖြူရောင်ဝတ်စုံနှင့်လူ၏မျက်လုံးများ တောက်ပလာသည်။

“ကောင်းပြီလေ .. မင်းပြောတဲ့အတိုင်း လုပ်လိုက်မယ် .. ငါ စန်းချင်တောင်ကို သွားပြီးတော့ လမ်းမှာ ငါတို့ရဲ့ ဓားစာခံကို ရွေးလိုက်မယ်.. ဟား ဟား..” သူ စန်းချင်တောင်ကို နောက်နေ့မှ သွားရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ယခုတော့ စန်းချင်တောင်ကို ရောက်ရန် မစောင့်နိုင်တော့။

ပြောင်းလဲမှုမှုများ ဖြစ်လာပြီးနောက် မြို့ပြင်ဘက်မှ ဗီလာများမှာ ဈေးများထိုးကျလာသည်ပင်။ လုံခြုံရေး ပြဿနာကြောင့် မည်သူမှ ဤအိမ်များကို စိတ်မဝင်စားကြတော့။

မြို့ပြင်ဘက်၌ တောင်များစွာ ထွက်ပေါ်လာပြီး ထိုတောင်များမှ လူဝံအော်သံများ၊ ကျားဟိန်းသံများ မကြာခဏ ကြားနေရသောကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် မည်သူက နေရဲမည်နည်း..

ချူဖုန်း တောတောင်ထဲ လျှောက်လာပြီး အနားယူရန် ပြင်လိုက်သည်။ သူ့ကို မှတ်မိသွားမည်စိုးသောကြောင့် သူ မြို့ထဲမှ မသွားပဲ တောထဲ၌သာ သွားနေခဲ့သည်။

သို့သော် ရုတ်တရက် စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းတစ်ခုကို သူ အာရုံခံလိုက်ရသည်။ ဤစွမ်းအင်လှိုင်းမှာ အခြားဘုရင်များပင် ကြောက်ရွံ့ရလောက်သည်အထိ ပြင်းထန်လှသည်။

“အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်လား..” သူ အံ့အားသင့်သွားရသည်။

ထိုစွမ်းအင်လှိုင်းမှာ မျက်လုံးသုံးလုံးနှင့်လူ စားပွဲခုံကို ဓားမြှောင်နှင့် ပစ်လိုက်သည့်အချိန် ထွက်ပေါ်လာခြင်းပင်။

ယခု သူအင်အားကြီးလာပြီဖြစ်သောကြောင့် ကီလိုမီတာပေါင်း တစ်ရာကျော်ဝေးသည့် ဗီလာမှ စွမ်းအင်လှိုင်းကိုပင် အာရုံခံနိုင်လေပြီ။

ချူဖုန်းသည် လေလွင့်ဝိညာဉ်တစ်ကောင်ကဲ့သို့ ဗီလာနားသို့ ချဉ်းကပ်သွားလိုက်သည်။ ထို့နောက် ခြံထဲရှိ သစ်ပင်များကြား၌ ပုန်းကာ နေရာတစ်ခုကို ကြည့်လိုက်သည်။

သိပ်မကြာခင်မှာပင် အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ဦးနှင့်အတူ ခရမ်းရောင်ဆံပင်အမျိုးသားတစ်ဦး ထွက်လာသည်ကို သူတွေ့လိုက်ရသည်။

“သူတို့ခန္ဓာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် များပြားတဲ့ သွေးစွမ်းအင်တွေ ရှိနေတယ် .. သူတို့နှစ်ယောက်လုံးက သေချာပေါက် မရိုးရှင်းဘူး .. တစ်ယောက်က ထွက်သွားတော့မှာလား..” ချူဖုန်း၏မျက်လုံးများ တောက်ပလာသည်။

ထို့နောက် သူ့အာရုံမှာ ခရမ်းရောင်ဆံပင်နှင့်လူထံသို့ ရောက်သွားသည်။ ထိုလူ၏မျက်ခုံးကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိနေသောကြောင့် ဤလူ လူသားမဟုတ်သည်မှာ သေချာသည်။

ကံမကောင်းစွာဖြင့် ဤလူမှာ လုံဟူတောင်၌ သူ့ကို တိုက်ခိုက်ခဲ့သည့် ပန်းကန်ပြားပျံပိုင်ရှင်ဖြစ်ကြောင်း ချူဖုန်း မသိခဲ့။

သို့သော် ဝတ်စုံဖြူနှင့်လူလည်း လူကောင်းမဟုတ်ကြောင်း ချူဖုန်း သတိပြုမိသည်။ မတူညီသည့်မျိုးနွယ်စုနှင့်အတူ ကျန်းရှီသို့ရောက်လာသောကြောင့် ဤလူမှာ သူ့အတွက် ရောက်လာခြင်းဖြစ်ကြောင်း သိသာလှသည်။

ကျယ်လောင်လှသည့် အော်သံတစ်သံနှင့်အတူ မျက်လုံးသုံးလုံးနှင့်လူသည် ခရမ်းရောင်လျှပ်စီးတန်းကဲ့သို့ ပျောက်ကွယ်သွားလေ၏။ သူ့အရှိန်မှာ အတော်လေး လျင်မြန်လှသည်ပင်။

ချူဖုန်း တုတ်တုတ်မှမလှုပ်ပဲ ထိုနေရာ၌သာ ဆက်ပုန်းနေလိုက်သည်။ သူ့စိတ်ဝိညာဉ်စွမ်းအားနှင့် ကိုယ်စွမ်းအားကို ပေါင်းစည်းလိုက်သည်နှင့် သူ့ထံတွင် အခြားဘုရင်များ သူ့ကို သတိမထားနိုင်သည့် ထူးခြားသည့် စွမ်းရည်တစ်ခု ရလာခဲ့သည်။

“ဒီအဖြူရောင်ဝတ်စုံနဲ့ လူငယ်က ဖော်ရွေတဲ့အပြုံးရှိပြီးတော့ တော်တော်လေးလည်း ချောတယ်” တစ်ဖက်လူမှာ ထူးထူးခြားခြားလှပလှသည်ကို တွေ့လိုက်ရသည့်အချိန် ချူဖုန်း အံ့အားသင့်သွားရသည်။

သို့သော် ဤလူမှာ လူကောင်းမဟုတ်ကြောင်း သူ့မသိစိတ်မှ ပြောနေသည်။ သူ မျက်လုံးသုံးလုံးလူနှင့် အတူထွက်လာသောကြောင့် ဤခံစားချက် ပို၍ ပြင်းထန်လာသည်။

ကမ်းခြေသို့တက်လာသည့် ရေအောက်မျိုးနွယ်စုများထဲတွင် နဂါးများ၊ ပင်လယ်နတ်ဘုရားကျားများနှင့် မျက်လုံးသုံးလုံးလူမျိုးစုများ ပါဝင်သည်ဟု နွားနှစ်ကောင် သူ့ကို ပြောခဲ့သည်။ ဒီ ဆံပင်ခရမ်းရောင်နဲ့လူက ရေအောက်မျိုးနွယ်စုကများလား..

“ရေအောက်မျိုးနွယ်စု..” ချူဖုန်း မျက်လုံးများ အေးစက်လာသည်။ သူ မည်သည့်ရေအောက်မျိုးနွယ်စုကိုမှ အထင်မကြီး။

အစောပိုင်းတွင် သူ့ကို သတ်ပြီး သူ့အသက်ရှူစည်းချက်ပညာကို လိုချင်နေသည့် နဂါးဖြူဟုခေါ်သည့်သူ ပေါ်လာခဲ့သော်လည်း ထိုနဂါးဖြူနှင့် ဂဏန်းနှစ်ကောင်လုံးကို သူသတ်ပစ်ခဲ့သည်။

သိပ်မကြာခင်ကလည်း သူ့ကိုယ်သူ သူငယ်ချင်းအတွက် လက်စားလာချေသည်ဟု ပြောသည့် တောင်ပင်လယ်မှ နဂါးနက်အိမ်ရှေ့စံဟု သူ့ကိုယ်သူခေါ်သည့်သူနှင့် တိုက်ခိုက်ခဲ့ရသေးသည်။ ထိုတုန်းကလည်း သူပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသေးသည်ပင်။

ထို့တိုက်ပွဲကြောင့် သူ ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး အခြားဘုရင်များအတွက် အခွင့်အရေးရသွားခဲ့ခြင်းပင်။

“မင်းဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး .. ရေအောက်မျိုးနွယ်စုနဲ့ ပူးပေါင်းမှတော့ မင်းက လူကောင်းမဖြစ်နိုင်ဘူး .. ငါ အနောက်ကနေ အရင်ချောင်းတိုက်မယ် .. ပြီးမှ ဘာဆက်လုပ်မယ်ဆိုတာ ကြည့်ကြတာပေါ့..” ချူဖုန်း ဆုံးဖြတ်ချက် ချလိုက်သည်။

အပိုင်း ၂၄၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset