သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၆ – ရန်သူအုပ်စု
ရွှီး..
သွေးနွယ်ပင်တစ်ပင် ထွက်လာကာ ကျင့်ကြံသူတစ်ယောက်ကို ရစ်ပတ်ပြီး တောင်ထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ခြောက်က်ပသွားသည်အထိ အစုတ်ခံလိုက်ရသည်။ သူ၏သွေးစွမ်းအင်များ ချက်ချင်းပင် ကုန်ခမ်းသွားသည်ပင်။
ဖူးဟူသည့်အသံနှင့်အတူ ထိုကျင့်ကြံသူ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေသည်။
“မြန်မြန်ပြေး..” တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်သည်။
သူတို့ တောင်ထဲသို့ ဝင်သည့်အချိန်တွင် သွေးသံရှေးဟောင်းသစ်ပင်များကို ရှောင်ရှားခဲ့ကြသော်လည်း သူတို့ ထူးဆန်းသည့်သွေးနွယ်ပင်များကို ရန်စမိသွားလိမ့်မည်ဟု မထင်ထားကြ။ ဤကဲ့သို့သော အပင်များမှာ အလွန်သွေးဆာလှသည်ပင်။
တောင်ထဲ၌ရှိနေသည့် သက်ရှိအားလုံးမှာ ဆန်းကြယ်လှသည်ပင်။ သူတို့၏ဝိညာဉ်အာရုံများမှာ မရှင်းလင်းကြ။ မသိစိတ်တစ်မျိုးဖြင့် ကျူးကျော်သူများကို တိုက်ခိုက်ကြခြင်းပင်။
ဤသက်ရှိများမှာ ခေါင်းနှောက်နေသော်လည်း အလွန်သန်မာကြကာ နတ်ခွန်အားများ နက်နဲကြသည်။ သူတို့နှင့် တိုက်ခိုက်မည်ဆိုပါက လူအနည်းငယ်သာ အနိုင်ရနိုင်လိမ့်မည်။
ဤအုပ်စုတွင် ကလန်ပေါင်းစုံမှ လူငယ်ကျွမ်းကျင်သူများ ပါဝင်သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လေးယောက်အသတ်ခံလိုက်ရလေပြီ။
ဖူး..
ကံအဆိုးဆုံးတစ်ယောက်မှာ သူတတ်နိုင်သမျှ မြန်မြန်ပြေးနေရင်းဖြင့်ပင် သူ၏ဦးခေါင်းအနောက်ဘက်ကို သွေးနွယ်ပင်ဖြင့် ထိုးဖောက်ခြင်းခံလိုက်ရကာ သူ၏မူလဝိညာဉ်အသတ်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်လည်းထိုနေရာ၌ပင် ပေါက်ကွဲသွားသည်။
“ငါ ဒီလိုနေရာမျိုးကို မဝင်ချင်ဘူး .. ဒါက အရမ်း ကြောက်ဖို့ကောင်းတယ်..”
ဤနေရာ၌ သွေးနွယ်ပင်များစွာရှိနေပြီး အားလုံးမှာ အလွန်စွမ်းအားကြီးလှသည်။
“ငါတို့ရဲ့ ကိုယ်တိုင်လွတ်မြောက်ခြင်းအဆင့် ကျင့်ကြံသူတွေရော .. သူတို့ဝင်လာပြီလား .. သူတို့တွေဘာလို့ မတိုက်ခိုက်သေးတာလဲ..”
“သူတို့က ဟိုဘက်မှာ သူတို့ သွေးသံရှေးဟောင်းသစ်ပင်ကို သွားဆွမိသွားတာ .. သူတို့ တစ်ခြားသူတွေ အထဲဝင်နိုင်အောင် လုပ်ပေးနေတာ”
အလောတကြီး ရောက်လာကြသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများ ရှိသည်ပင်။ သူတို့သည် ရှေးဟောင်းရတနာများကို အသုံးပြုကာ သွေးသံရှေးဟောင်းသစ်ပင်များအား ရင်ဆိုင်နေကြလေ၏။ သို့သော်လည်း သူတို့ ဤသစ်ပင်များအာရုံလွဲသွားအောင်သာ လုပ်နိုင်ပြီး တကယ်ဒဏ်ရာရအောင် မလုပ်နိုင်။
“ဘုရားရေ .. ဘိုးဘေးဟောင်း မိုထုန် အသက်ရှင်တုန်းပဲ .. မြန်မြန်ပြေး..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
[မို:နတ်ဆိုး၊ ထုန်: နွယ်ပင်]
အဘယ်ကြောင့်ဆိုသော် တောင်ကြားတွင် သွေးမြူများ အုံ့ဆိုင်းနေကာ မြေကြီးထဲမှ အပင်ကြီးတစ်ပင် ထွက်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
“မြန်မြန်ပြေး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“ပြောကြတာတော့ ဒါက အစတုန်းက ငါတို့ဘက်က လူတဲ့ .. အကြောင်းရင်းတစ်ချို့ကြောင့် ဒီနတ်ဆေးတောင်တန်းမှာ သူ့ရဲ့နတ် စိတ်ဝိညာဉ်နောက်ကျသွားပြီးတော့ သူ့ရဲ့ ဝိညာဉ်အသိစိတ်တွေ ပျောက်သွားပြီး ဒီလိုမျိုး ဖြစ်သွားတာတဲ့..”
လူငယ်ကျင့်ကြံသူတစ်စု လျင်မြန်စွာ ထွက်ပြေးလိုက်ကြသည်။ ဤသွေးရောင်နတ်ဆိုးနွယ်ပင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ သူသာ ဤနေရာ၌ မကျရှုံးခဲ့လျှင် သူ မသေမျိုးသက်ရှိ ဖြစ်နေလောက်လေပြီ။
မြေကြီးထဲမှ တောင်တစ်လုံးလောက်ပင် ထူထဲလှသည့် နွယ်ပင်တစ်ပင် ထွက်ပေါ်လာသည်။ ထိုနွယ်ပင်ထွက်ပေါ်လာသည်နှင့် တောင်များနှင့် လျှိုမြောင်များ ပျက်စီးသွားကာ ကျောက်တုံးများလည်း လွင့်ပျံထွက်လာသည်။ ထိုသွေးရောင်နွယ်ပင်အရွက်များမှ တရွှီးရွှီးအသံများ ထွက်ပေါ်နေသည်ပင်။ ဤသည်မှာ ကောင်းကင်ဓားသွားများ ကခုန်နေသကဲ့သို့ပင်။ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။
ဖူး..
ထိုလှံတံသည် သွေးရောင်လှံတံအဖြစ်သို့ ပြောင်းလဲသွားကာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူကို ထိုးဖောက်သွားသည်။
ထိုကျင့်ကြံသူသည် ပြတ်ပြတ်သားသားဖြင့်ပင် သူ၏ဘယ်ဘက်ပုခုံးကို ချက်ချင်းရွှေ့လိုက်သည်။ သူ၏ခန္ဓာကိုယ်အနည်းငယ် ပြတ်ထွက်သွားသော်လည်း သူလျင်မြန်စွာ နောက်ဆုတ်လိုက်နိုင်သည်။
သူ၏ခန္ဓာကိုယ်မှ ပြတ်ထွက်သွားသည့် ဘယ်ဘက်ပုခုံးသည် ချက်ချင်းပင် ညှိုးခြောက်သွားကာ အမှုန့်ဖြစ်သွားသည်ကို အားလုံးတွေ့လိုက်ရသည်။
ဘိုးဘေးမိုထုန်က ဒီလောက်တောင် ကြောက်စရာကောင်းတာလား ..
တောင်ထဲသို့ ဝင်လာသည့် လူငယ်ကျင့်ကြံသူအုပ်စု အမူအရာများ ပြောင်းလဲသွားကာ တောင်တန်းဘက်သို့ လျင်မြန်စွာ ထွက်ပြေးသွားလိုက်ကြသည်။ ကံကောင်းစွာဖြင့် သူတို့ မည်သည့်အန္တရာယ်မှ မကြုံတွေ့ရတော့။
သို့သော်လည်း အုပ်စုတစ်စုမှာ သူတို့ထက်ကံဆိုးကာ တစ်ဝက်ကျော်ခန့် သေဆုံးသွားကြလေသည်။
အလွန်ကံကောင်းကာ တစ်ယောက်ကိုမှ မဆုံးရှုံးလိုက်သည့် အုပ်စုများလည်း ရှိနေသည်ပင်။ သူတို့သည် တောင်တန်းအနက်ပိုင်းသို့ ပြေးဝင်သွားပြီဖြစ်ပြီး ရှီဟောင်နား နီးကပ်လာနေလေပြီ။ သူတို့ ခပ်ဝေးဝေးမှ ရွှေရောင်အလင်းကို မြင်နေရလေပြီ။
“အဲဒါက ဘာကြီးလဲ .. နေလမ်းကြောင်းထာဝရရွှေ .. ဒီလောက်တောင်ကြီးတာလား .. ဘုရားရေ.. ဒါကိုမြင်လိုက်ရရင် မသေမျိုးသက်ရှိတောင် လန့်သွားလောက်တယ် .. ငါတို့ ဒီအဆင့်လွန်ရတနာကို ယူသွားရမယ်..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။
အနီးကပ်လာပြီး ထိုပစ္စည်းအား ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့်အချိန်တွင် အချို့လူများ အံ့အားသင့်သွားရသည်။ ထို နေလမ်းကြောင်းထာဝရရွှေသည် သတ္တဝါတစ်ကောင်အဖြစ်သို့ ပြောင်းလဲနေလေပြီ။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
“ဟွမ်က အဲဒီအကောင်ကြောင့် ဒဏ်ရာရနေတာ .. သူ အဲဒီမှာ လဲနေတယ်..” တစ်စုံတစ်ယောက်မှ ပျော်ရွှင်စွာ ပြောလိုက်သည်။
“ငါတို့ အနားကပ်သွားလို့မရဘူး .. အခြေအနေကို အရင်ဆုံးကြည့်ရအောင်..” ဤလူမှာ အလွန်သတိကြီးသည့်သူပင်။
“ငါတို့ ဒီလိုမျိုးပဲ စောင့်ကြည့်နေတော့မှာလား .. ဟွမ်ဆီမှာ နတ်ဆေးပင်တစ်ချို့ ရှိနေတယ်ထင်တယ် .. ငါတို့ မတိုက်တော့ဘူးလား..” တစ်စုံတစ်ယောက်မှ လောဘတကြီး ပြောလိုက်သည်။
“အဲဒီ ရွှေရောင်နွားထီးက တော်တော်လေး သန်မာလိမ့်မယ်လို့ ငါခံစားနေရတယ် .. ငါတို့အုပ်စုက သူ့ပြိုင်ဘက်မဟုတ်လောက်ဘူး..”
“မဖြစ်နိုင်တာ .. ဟွမ်တောင်မှ သူ့တစ်ယောက်တည်း တောင့်ခံနိုင်ပြီးတော့ ချက်ချင်းမသေတာ .. ငါတို့ ဘုရင်ကလန်က လူတွေအများအကြီး ဒီနေရာကို ဝိုင်းထားကြတာ .. ငါတို့ ဒီရွှေရောင်နွားထီးကို ယူလို့မရဘူးလို့ မပြောနဲ့နော် .. မင်းသိထားရမှာက ဒီနတ်ဆေးတောင်တန်းမှာ ရှိတဲ့ သတ္တဝါတွေမှာ အသိဉာဏ် ရှင်းရှင်းလင်းလင်းမရှိဘူး .. ငါတို့ ဒါကို အခွင့်ကောင်းယူလို့ရတယ်..”
သူတို့ဆွေးနွေးနေသည့်အချိန်တွင် အခြားတစ်ဖွဲ့ရောက်လာသည်။
ရွှေရောင်နွားထီးသည် ရှီဟောင်ပတ်ပတ်လည်၌ လှည့်ပတ်သွားလာနေခြင်းပင်။ သူချက်ချင်း မတိုက်ခိုက်ခြင်းမှာ သူသည် ထာဝရဓားအား အနည်းငယ် ထိတ်လန့်နေသောကြောင့်ပင်။
“ဟား ဟား .. ဟွမ်တောင်မှ ဒီလိုနေ့မျိုး ရောက်လာတာလား .. တကယ် ရီရတာပဲ .. ကြီးကျယ်ခမ်းနားတဲ့ မျိုးဆက်တစ်ခုရဲ့ အဆင့်လွန်လူငယ်က နွားရိုင်းတစ်ကောင်ရဲ့ လက်အောက်ရောက်သွားပြီး အဲဒီမှာ သေမလိုဖြစ်နေပြီ..”
ခပ်ဝေးဝေးတွင် တစ်ယောက်ယောက်ရောက်လာကာ သူ့အား လှောင်ပြောင်နေလေသည်။ ဘာမှမဖြစ်နိုင်တော့ဘူးဟု သူယုံကြည်ချက်ရှိသည်ပ်င။
အဘယ်ကြောင့်ဆိုသော် ဤဒုတိယအုပ်စုမှ အလွန်ထူးခြားသည့်အုပ်စုပင်။ သူတို့နှင့်အတူ တောင်ထဲသို့ လိုက်လာသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပါလာသည်ပင်။ ဤသည်မှာ အလွန်ရှားပါးသည့်အဖြစ်အပျက်ပင်။
စွမ်းအားကြီးသည့် ကျင့်ကြံသူများမှာ မစွန့်စားချင်ကြသောကြောင့် သူတို့ဤနေရာသို့ မလာချင်ကြ။
အဘယ်ကြောင့်ဆိုသော် ထို သွေးသံရှေးဟောင်းသစ်ပင်၊ နတ်ဆိုးနွယ်ပင်နှင့် အခြား ကြောက်စရာကောင်းသည့်သက်ရှိများသည် နက်နဲသည့်ကျင့်ကြံဆင့်ရှိသူများကို အဓိကပစ်မှတ်ထားသည်ပင်။
စွမ်းအားကြီးသည့် ကျင့်ကြံသူတစ်ယောက်ဝင်လာသည်နှင့် သူအရူးအမူး အတိုက်ခိုက်ခံရလိမ့်မည်။
အဆင့်လွန်သက်ရှိများပင် ဤနေရာသို့ ရောက်လာသည်နှင့် ကျရှုံးရသည်အထိပင်။
ဤကိုယ်တိုင်လွတ်မြောက်ခြင်းအဆင့်ကျင့်ကြံသူ အောင်မြင်စွာ ဝင်ရောက်လာနိုင်သောကြောင့် သူတို့ပို၍ စိတ်အေးလက်အေးဖြစ်နေကြပြီး အရာအားလုံးမှာ သူတို့လက်ခုပ်အတွင်း၌ ရှိသည်ဟု ယုံကြည်ချက်ရှိနေကြသည်။
“ဝိုး .. မင်းဒီထဲရောက်နေတာ ရက်နည်းနည်းလောက် ကြာနေပြီဆိုပေမယ့် မင်းမသေသေးဘူး .. မင်း သေချာပေါက် အကျိုးအမြတ်တွေ ရထားမှာပဲ .. မင်းရဲ့ နတ်ဆေးပင်တွေကို ပေးလိုက်တော့..” သူတို့ထဲမှတစ်ယောက်ပြောလိုက်သည်။
“မြန်မြန်လုပ် .. ငါတို့မင်းခေါင်းကိုဖြတ်ပြီးတော့ အားလုံးမြင်အောင် ပြရဦးမှာ .. အဲဒီအချိန်ကျရင် ဟွမ်ဆိုတာ ဒီထက်မပိုမှန်း အားလုံးသိသွားကြတာ .. သူက ဒီလိုမျိုး ရူးရူးအအပုံစံနဲ့ သေသွားရတာကို အားလုံးသိသွားကြမှာပဲ..” မျက်ခုံးကြားတွင် ဦးချိုတစ်ခုရှိနေသည့် လူသားပုံစံသက်ရှိမှ ကျယ်လောင်စွာ ရယ်မောပြီး သူ့အားလှောင်ပြောင်လိုက်သည်။
အချို့သူများသည် ထိုရွှေရောင်နွားထီးကို စိုက်ကြည့်ကာ အခြားသူများကို ပို၍ဂရုစိုက်ရန် သတိပေးလိုက်သည်။
ဦးချိုနှင့် လူသားပုံစံသက်ရှိမှာ ထိုစကားကို အလေးမထားသည့်ပုံပင်။ “မင်း အတွေးလွန်နေပါပြီ .. ဒီတောင်တစ်ဝိုက်က ဒီလောက်တောင် စုတ်ပြတ်နေတာ .. သေချာပေါက် တိုက်ပွဲတစ်ခု ဖြစ်ထားမှာပဲ .. ဟွမ်တောင်မှ ဒီလောက်အကြာကြီး တောင့်ခံနိုင်တာ ဒီနွားထီးက အဲဒီလောက် ကြောက်စရာမကောင်းလောက်ဘူး .. ကိုယ်တိုင်လွတ်မြောက်ခြင်းစီနီယာတစ်ယောက်ဒီမှာရှိနေတာပဲ .. အားလုံးက ငါ့တို့လက်ခုပ်ထဲမှာ ရှိတယ်..”
“ငါတို့ ဟွမ်ခေါင်းကိုယူပြီး ငါတို့ရဲ့အရင်တုန်းက ရှုံးနိမ့်မှုတွေကို ချေဖျက်နိုင်ရုံသာမက ငါတို့ ဒီအဆင့်လွန်ရတနာ ရွှေရောင်နွားထီးကိုလည်း သိမ်းလို့ရတယ်.. ဒါက တကယ်ကို ကံကောင်းမှုကြီးပဲ..” တစ်စုံတစ်ယောက်မှ ရယ်မောလိုက်သည်။
ယခု သူတို့လုံးဝစိတ်အေးသွားကြလေပြီ။ ဤရွှေရောင်နွားထီးမှာ သိပ်မသန်မာဘူးဟု သူတို့ခံစားလိုက်ရသည်။
ယခုအချိန်တွင် ထိုရွှေရောင်နွားထီး အလွန်တိတ်ဆိတ်နေကာ သူ၏နတ်ခွန်အားကို မထုတ်။ အဘယ်ကြောင့်ဆိုသော် သူ ထာဝရဓားကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေသောကြောင့်ပင်။
“မင်းတို့အားလုံး ငါ့ကို ရှုံးဖူးတယ် .. မင်းတို့က အခုမှ ငါ့ရှေ့ပေါ်လာရဲတာပါ .. ငါ ဒီရွှေရောင်နွားထီးနဲ့ တစ်နေ့တစ်ည တိုက်ခိုက်ပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာကြောင့်သာမဟုတ်ရင် မင်းတို့လူတွေကတော့ ငါတစ်ယောက်ပြီးတစ်ယောက် သတ်လိုက်လို့ရတယ်..” ရှီဟောင်ပြောလိုက်သည်။
ခပ်ဝေးဝေးတွင်ရှိနေသည့်လူများလည်း အနည်းငယ် တည်ငြိမ်သွားကြလေပြီ။ သူတို့သည် ကျယ်လောင်စွာပင် ရယ်မောကာ သူရှိနေသည့်ဘက်သို့ လျှောက်လာသည်။
“ဟွမ် မင်းတောင်မှ ဒီလိုနေ့ရက်မျိုး ရှိနေတာပဲ .. မင်းက အဲဒီလောက်လည်း သန်မာမယ့်ပုံမပေါ်ပါဘူး .. မင်းဘာလို့ နွားတစ်ကောင်လေးကိုတောင် အနိုင်မယူနိုင်တာလဲ .. တကယ်ကို မြင်မကောင်းရှုမကောင်းဖြစ်နေတာပဲ..” ထိုဦးချိုတစ်ခုနှင့် သတ္တဝါမှ သူ့အားလှောင်ပြောင်လိုက်သည်။
“တစ်ပေလောက်ပဲရှိတဲ့ နွားပေါက်လေးကြောင့် မင်းက ဒီလိုမျိုး ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပြီ .. တကယ်ကို ဟာသပဲ .. ဟား ဟား .. ငါတို့ပြန်သွားတဲ့အချိန်ကျရင် ဟွမ်ဆိုတာ ဒီထက်မပိုတဲ့အကြောင်း အားလုံးသိသွားလိမ့်မယ် .. သူက နွားပေါက်လေးနဲ့ တစ်နေ့တစ်ညတိုက်ပြီးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာတဲ့ .. ဟား ဟား .. ဒီသတင်းက နေရတိုင်းကို ပျံ့သွားပြီး မင်းက ပျက်လုံးတစ်ခု ဖြစ်လာမှာပဲ..” အပြာရောင်ဆံပင်ရှည်များနှင့် မိုးပြာရောင်နတ်အတောင်ပံတစ်စုံရှိသည့် သတ္တဝါမှ ရှီဟောင်အား လှောင်ပြောလိုက်သည်။
ရှီဟောင်၏အမူအရာ အလွန်အေးစက်လာသည်။ သူသည် ဘာမှမပြောပဲ ထိုသူများကို ဤအတိုင်းသာ စိုက်ကြည့်နေလိုက်သည်။
“ဟွမ် မင်းစိတ်တိုနေတာလား .. ဟား ဟား ..မင်းကို ဒီလိုမျိုးမြင်နေရတာ တော်တော်လေး ခံစားလို့ကောင်းတာပဲ .. ခမ်းနားကြီးကျယ်တဲ့ဟွမ်က နယ်စပ်မှာ ရဲစွမ်းသတ္တိရှိရှိနဲ့တိုက်ခိုက်ခဲ့ပြီး ငါတို့ဘက်က ကောင်းကင်သားတော်တွေကို သတ်ခဲ့ပေမယ့် အခုတော့ ခွေးသေတစ်ကောင်နဲ့ မကွာတော့ဘူး .. ကိုယ်သေမယ့်အလှည့်ကို စောင့်နေရတာ..” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်သည်။
“အားလုံးပဲ ငါတောင်းဆိုစရာရှိတယ် .. ငါဟွမ်ရဲ့ခေါင်းကို ယူသွားပြီးတော့ ဝိုင်ဖောက်ချင်တယ် .. မင်းတို့အားလုံး ငါနဲ့လာမလုကြပါနဲ့..” ဆံပင်အပြာရောင်နှင့် သတ္တဝါမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မရဘူး .. ဒီဝိုင်က ငါနဲ့ဆိုင်တာ .. ငါဒီနေရာကို အရင်တွေ့တာ..” အခြားတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ဤလူအုပ်ကြီးသည် တစ်ယောက်နှင့်တစ်ယောက် ပြိုင်ငြင်းကာ အထိန်းအကွပ်မဲ့စွာပင် ရယ်မောနေကြသည်။
“ခေါင်းလေးတစ်လုံးပဲကို မင်းတို့အားလုံးယူလို့ရတယ် .. ငါ ဒီရွှေရောင်နွားပေါက်လေးကို ပိုကြိုက်တယ်..”
“ငါ နတ်ဆေးပင်တွေ မလိုချင်ဘူး .. ငါ့ကို ဒီနွားပေါက်လေးရဲ့ တစ်ပိုင်းပေး..”
လူများစွာ ရွှေရောင်နွားထီးကို လုနေကြလေသည်။
ရှီဟောင် ဘာမှမပြောပဲ သူတို့ကို သေလူများကဲ့သို့သာ စိုက်ကြည့်နေလိုက်သည်။ စကားလုံးများမှာ ဆိုးရွားလှသော်လည်း သူစိတ်ထဲမထားပဲ တည်ငြိမ်စွာသာ ကြည့်နေလိုက်သည်။
“ဟွမ် .. မင်းက တော်တော်လေး ကြည့်ရဆိုးနေတာပဲ .. တစ်ပေလောက်လေးပဲရှိတဲ့ နွားပေါက်လေးကိုတောင် မနိုင်ဘူးလား .. ငါတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဘေးဘက်နေ လိမ်လိမ်မာမာလေးနဲ့ ကြည့်နေနော်..” တစ်စုံတစ်ယောက်မှ ပြုံး၍ ပြောလိုက်သည်။
“မရဘူး .. ဘာမှဖြစ်မလာအောင်လို့ ဟွမ်ရဲ့ခေါင်းကို အရင်ဖြတ်လိုက် .. စီနီယာ .. ဆုံးဖြတ်ပေးပါ..” တစ်စုံတစ်ယောက်မှ အလွန်သတိထားနေသည်။ သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူကို တိုက်ခိုက်ရန် တောင်းဆိုလိုက်သည်။
“လိမ်မာတဲ့ နွားပေါက်လေးလုပ်ပြီးတော့ ဘေးဘက်ကနေ ကြည့်နေနော် .. ငါခဏနေ မင်းဆီလာမယ် .. မင်းအညံ့ခံရင် ငါတို့မင်းကို မသေမျိုးသက်ရှိဆီ ခေါ်သွားပေးမယ်..” တစ်စုံတစ်ယောက်မှ ရွှေရောင်နွားထီးအား ပြောလိုက်သည်။
သို့သော်လည်း အရှေ့ဘက်သို့ လျှောက်လာသည့် ကျင့်ကြံသူများ ရုတ်တရက် သူတို့ခန္ဓာကိုယ်များတောင့်ခဲသွားသည်ကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် တစ်ပေရှိသည့်နွားပေါက်လေးသည် ထာဝရဓားကို မကြည့်တော့ပဲ သူတို့အား မော့ကြည့်လာလေသည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများအလွန်တောက်ပလာကာ ခြိမ်းခြောက်သည့်အော်ရာများ ထုတ်လွှတ်လာသည်။
“ဒါက ..ဒါက..” သူတို့ ရေခဲအိမ်ထဲ ရောက်သွားသကဲ့သို့ ခေါင်းစခြေဆုံး အေးခဲသွားပြီးအားလုံး၏အပြုံးများလည်း အေးခဲသွားသည်ပင်။
“ဟွမ် .. မင်းငါ့တို့ကို လှည့်စားရဲတယ်..” ထိုသတ္တဝါများထိတ်လန့်ကာ ဒေါသထွက်နေကြကာ သူတို့အမူအရာများ ဖြူဖျော့လာသည်။ ယခုအချိန်တွင် သူတို့ငရဲကျနေသလိုပင် ခံစားလိုက်ရသည်။
အပိုင်း ၁၆၃၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၇ – ရန်သူများအား သတ်ဖြတ်ခြင်း
တစ်ပေရှည်သည့် ရွှေရောင်နွားထီးသည် အသိဝင်လာကာ ထာဝရဓားကို မကြည့်တော့ပဲ သူတို့အားလုံးကို ကြည့်လာသည်။ သူ၏အကြည့်များမှာ နတ်ဓားနှစ်လက် ပျံသန်းလာသကဲ့သို့ စူးရှလှသည်။
“မြန်မြန်နောက်ဆုတ်..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။
နောက်ဆုတ်ဖို့ ပြောရန်ပင်မလို။ ဤသတ္တဝါထုတ်လွှတ်နေသည့် ကြောက်စရာကောင်းသည့်အော်ရာကို သူတို့အားလုံး ခံစားနေရသည်ပင်။
သို့သော်လည်း အလွန်နောက်ကျသွားလေပြီ။ ဤရွှေရောင်နွားထီး တိတ်ဆိတ်နေသည်ဆိုသည်မှာ သူ၏အာရုံငါးပါးအလုပ်မလုပ်တော့ဘူးဟု ဆိုလိုခြင်းမဟုတ်။ သူတစ်ခဏခန့် စိတ်လွတ်သွားသော်လည်း သူတို့ပြောနေကြသည်ကို ကြားနေရသေးသည်။
အထူးသဖြင့် ဤလူစုထဲမှ အချို့သူများမှာ သူ့ကိုပင် ပစ်မှတ်ထားနေသေးသည်။ ဤသည်မှာ သူ့အား ချက်ချင်းဒေါသထွက်လာစေသည်ပင်။
မူး..
နွားအော်သံ ထွက်ပေါ်လာသည်။
သူ၏ပါးစပ်မှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး သူ၏နှာခေါင်းမှ အဖြူရောင်အငွေ့များ ထွက်ပေါ်လာလေသည်။
အခြားတစ်ဖက်တွင်ရှိနေသည့် လူငယ်ကျင့်ကြံသူအုပ်စုထဲရှိ ကျင့်ကြံသူတစ်ယောက်မှာ အော်ချိန်ပင်မရလိုက်။ စွမ်းအင်လှိုင်းကြောင့် ချက်ချင်း ပေါက်ကွဲသွားကြသည်။
အရိုးပင်မကျန်ခဲ့ကြ။ လေထဲ၌ သွေးမြူများသာ ထွက်ပေါ်လာသည်။
အား..
ဘေးပတ်လည်တွင်ရှိနေသည့် အခြားသူများ အော်ဟစ်လိုက်ကြကာ အားလုံးဖြူဖျော့သွားကြရသည်။ သူတို့ယခုမှ မျက်နှာချင်းဆိုင်ကြခြင်းဖြစ်သော်လည်း သူတို့ဘက်မှ လူတစ်ယောက် သေသွားလေပြီ။
အနီးအနားမှ လူအချို့ သွေးအန်သွားကြသည်။ ဤသည်မှာ တောင်လောက်ကြီးသည့်တူကြီးဖြင့် ထုလိုက်သကဲ့သို့ ပြင်းထန်လှသည်။
သေချာပါသည်။ ရွှေရောင်နွားထီး နောက်တစ်ကြိမ် ဟစ်ကြွေးလိုက်သည့်အချိန်တွင် ဘေးပတ်လည်ရှိလူအချို့ ပေါက်ကွဲသွားကာ သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ချုပ်ငြိမ်းသွားသည်။
ဤမြင်ကွင်းမှာ ထူးဆန်းကာ ကြောက်စရာကောင်းလှသည်။ ဤရွှေရောင်နွားထီးမှာ တစ်ပေခန့်သာရှိသော်လည်း ကျွမ်းကျင်သူအုပ်စုကို ချက်ချင်း ပေါက်ကွဲသွားစေသည်။
တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးရန် ကြိုးစားလာကြသည်။ သို့သော်လည်း ရွှေရောင်နွားထီး ပြေးထွက်လာကာ သူတို့ထဲမှ လူတစ်ယောက်ကို သူ၏ဦးချိုဖြင့်ထိုးလိုက်ပြီး တစ်စစီဖြစ်အောင် လုပ်လိုက်သည်။
ဖူး..
ထို့နောက် သူသည် အခြားတစ်ယောက်ကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်လေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤလူများနှင့် ရှီဟောင်တို့ကြားမှ ကွာခြားချက်ကို သိနိုင်သည်ပင်။ ဤလူများမှာ ထွက်ပြေးရန်သာ စဉ်းစားနေကြသောကြောင့် သူတို့ မြန်မြန်သေသွားကြခြင်းပင်။
“မင်းလုပ်ရဲတယ်လား..” အနောက်ဘက်တွင်ရှိနေသည့် ထိုကိုယ်တိုင်လွတ်မြောက်ခြင်းကျင့်ကြံသူ ဟစ်ကြွေးလိုက်သည်။ သူသည် တစ်ချိန်လုံး သိပ်မဝေးသည့်နေရာ၌ ရပ်နေခြင်းဖြစ်ပြီး ဤနေရာအား စောင့်ကြည့်နေခဲ့သည်ပင်။ ဤမြင်ကွင်းကိုမြင်သည်နှင့် သူ အဝါရောင်ကြေးစေတီတစ်ခုကို အသက်သွင်းလိုက်သည်။
မူး..
ရွှေရောင်နွားထီးသည် သူ့အား အရေးမစိုက်ပဲ အခြားလူတစ်ယောက်နောက်သို့လိုက်ကာ ထိုသူ၏အလောင်းကို မြေပြင်ပေါ်သို့ နင်းချေပစ်လိုက်လေသည်။
“သိမ်းမယ်…” ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူမှ အော်ဟစ်လိုက်သည်နှင့် ကြေးစေတီကျလာကာ ထိုတစ်ပေရှည်သည့် ရွှေရောင်နွားထီးကို အုပ်မိုးသွားလေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အခြားသူများ စိတ်အေးသွားရသည်။
“မြန်မြန်ပြေး … ငါသူ့ကို မဖိနှိပ်နိုင်ဘူး..”
ထိုအချိန်တွင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူ၏အမူအရာ ပြောင်းလဲသွားကာ သူ၏အသံမှာ အနည်းငယ် တုန်ယင်နေသည်။
ခွပ်..
နားစည်ကွဲလောက်သည့်အသံထွက်ပေါ်လာကာ ထိုကြေးစေတီ ပေါက်ကွဲသွားသည်။ ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထိုကျင့်ကြံသူထံသို့ ချက်ချင်းဦးတည်သွားလေသည်။
ထိုသို့သွားနေသည့်လမ်းတစ်လျှောက်တွင် သူသည် လူငယ်များစွာကို သတ်ပစ်ခဲ့သည်။ ယခုအချိန်တွင် ထိုရွှေရောင်နွားထီး ဒေါသထွက်နေပြီဖြစ်ပြီး သူထုတ်လွှတ်သည့် နတ်ခွန်အားမှာ ပို၍ပင် စွမ်းအားကြီးလာသည်။
‘မြန်မြန်နောက်ဆုတ်..” ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူမှ အော်ဟစ်လိုက်သည်။ သူ ထိုရွှေရောင်နွားထီးကို ကြိုးစားကာ ခုခံချင်သောကြောင့် နတ်စွမ်းရည်ခြောက်မျိုးကို ချက်ချင်းအသုံးပြုလိုက်သည်။
ဤပညာများထဲတွင် တစ်ဖက်လောကမှ ဘိုးဘေးပညာများပါဝင်သလို ကောင်းကင်ဘုံကိုးခု၏ အဖိုးတန်ပညာများလည်း ပါဝင်သည်။ ဤထူးဆန်းသည့်နည်းလမ်းများမှာ အံ့အားသင့်စရာကောင်းလှပြီး မှော်စွမ်းအားများလည်း လောကကြီးကို တုန်လှုပ်စေနိုင်သည်။
သို့သော်လည်း ဤပညာများမှာ အသုံးမဝင်။ သူ အင်္ကျီလက်အတွင်းမှ လောကကြီး နတ်စွမ်းရည်ကို အသုံးပြုလိုက်ခြင်းပင်။ အင်္ကျီလက်ကြီး ရွှေရောင်နွားထီးကို ရစ်ပတ်လိုက်သည့်အချိန်တွင် အင်္ကျီလက် ချက်ချင်းပေါက်ကွဲသွားကာ သူ့လက်ပင် စုတ်ပြဲမတတ်ဖြစ်သွားသည်။
ဓားအလင်းတန်းပေါင်း ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးစင်းထုတ်လွှတ်သည့် ရှေးဟောင်းဓားအစီအရင်ကိုလည်း အသုံးပြုသေးသည်။ သို့သော်လည်း တချွမ်ချွမ်အသံများထွက်လာကာ မီးပွားများလွင့်စင်လာသည်။ သို့သော်လည်း ရွှေရောင်နွားထီးကြီး ဘာမှမဖြစ်သွား။
ရွှီး..
ထို့နောက် ရွှေရောင်နွားထီး၏ ဦးချိုနှစ်ခု သူ၏ခန္ဓာကိုယ်မှ ထွက်လာပြီး ရွှေရောင်အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲကာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူဘက်၌ ပေါ်လာလေသည်။
သူ ထိုဦးချိုနှစ်ခုကို တားဆီးချင်သော်လည်း သူ၏ဘိုးဘေးပညာများ ပျက်ပြယ်သွားကာ အဖိုးတန်ပစ္စည်းများလည်း ပေါက်ကွဲသွား၏။
ဖူးဟူသည့်အသံနှင့်အတူ သူ၏လက်မောင်းနှစ်ဘက် ပေါက်ကွဲသွားသည်။ ထိုရွှေရောင်ဦးချိုနှစ်ခုမှာ တောက်ပနေသည့် ကောင်းကင်ဓားသွားများကဲ့သို့ပင်။
ဤသည်မှာ အလွန် အံ့အားသင့်စရာကောင်းလှသည်။
ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျွမ်းကျင်သူ ညီးတွားလိုက်သည်။ သူ၏အသားများပြန်ပြည့်လာကာ လက်များလည်း ပြန်ထွက်လာသည်။ ထို့နောက် သူတစ်ဖက်လှည့်ကာ ထွက်ပြေးလေတော့သည်။ သူဤနေရာ၌ ထပ်မနေရဲတော့။ သူထွက်မသွားသေးလျှင် သူသေရတော့မည်။
အခြားလူငယ်ကျင့်ကြံသူများမှာမူ ထိုကျင့်ကြံသူ အချိန်ဆွဲပေးနေကတည်းက ထွက်ပြေးသွားပြီဖြစ်သည်။ ထိုသို့ဆိုသော်လည်း မြေပြင်ထက်၌ အလောင်း ၂၀ နီးပါးရှိနေသေးသည်ပင်။
အချို့ကျင့်ကြံသူများမှာ အလောင်းပင်မရှိတော့ပဲ သွေးမြူအဖြစ် ပြောင်းလဲသွားကြသည်ပင်။
ထိုအခိုက်အတန့်တွင် ရွှေရောင်နွားထီးသည် ရှီဟောင်ကို လျစ်လျူရှုလိုက်ပြီး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူနောက်သို့ ပြေးလိုက်သွားလိုက်သည်။
ရှီဟောင် သွေးတစ်ပွက်အန်လိုက်သည်။ ထို့နောက် သူ လျှပ်စီးအတိဒုက္ခရည်အချို့ကို သောက်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောက်ပလာကာ သူခပ်ဝေးဝေးသို့ ထွက်ပြေးသွားလိုက်သည်။ ရန်သူများ များလွန်းသောကြောင့် သူ၏အခြေအနေကို အကောင်းဆုံးအနေအထားဖြစ်အောင် လုပ်ချင်သေးသည်။
သူ့တစ်ကိုယ်လုံး တောက်ပလာကာ အရိုးများမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာသည်။ သူနောက်ယိုင်သွားကာ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
အတိဒုက္ခပြီးသည့်အချိန် သူ လျှပ်စီးအတိဒုက္ခရည်ကို သောက်ခဲ့စဉ်က သူ့ဒဏ်ရာများ လျင်မြန်စွာ ပြန်ကောင်းလာခဲ့သည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ ထိုမျှမမြန်တော့။ အဓိကအကြောင်းရင်းမှာ သူ၏အုတ်မြစ်ဒဏ်ရာရသွားပြီး သူ၏ခန္ဓာကိုယ်လည်း သေမလိုဖြစ်ခဲ့သည်ပင်။
ရှီဟောင်၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်လှသည်။ အချို့လူငယ်ကျင့်ကြံသူများမှာ ယခုလေးတင် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားခြင်းပင်။ ရှီဟောင်မှာ သူတို့ထက်ပင် ပို၍ဒဏ်ရာပြင်းထန်သေးသည်။ သူ အတင်းတောင့်ခံထားသောကြောင့်ပင်။
အမှန်တကယ်တွင် သူခန္ဓာကိုယ်မှာ ကြွေပန်းအိုးကဲ့သို့ တစ်စစီကွဲအက်နေပြီဖြစ်ပြီး သူအတင်းပြန်ဆက်ထားခြင်းပင်။ ဤဿည်မှာ ယာယီသာဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို မကုသလျှင် အခြားသူများကဲ့သို့ သွေးမြူအဖြစ် ပေါက်ကွဲသွားလိမ့်မည်။
သူ၏ခန္ဓာကိုယ် ထိခိုက်သွားသည်မှာ ပြဿနာကြီးမဟုတ်။ သူ၏အုတ်မြစ်ထိခိုက်သွားခြင်းသာ ပြဿနာကြီးဖြစ်သည်။
လမ်းတစ်လျှောက်တွင် ရှီဟောင်၏ အရိုးနှင့်အသွေးအသားများ တောက်ပလာသော်လည်း သူ အနည်းငယ်ဖြူဖျော့နေဆဲပင်။
အုတ်မြစ်ထိခိုက်သွားခြင်းမှာ လူတစ်ယောက်၏ ကျင့်ကြံခြင်းကို အားနည်းစေပြီး ခန္ဓာကိုယ်သေဆုံးခြင်းနှင့် တာအိုပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။
ရှီဟောင်သည် အမြဲတမ်း ချွင်းချက်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်တော့ သူမျက်မှောင်ကြုတ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နှိပ်စက်မှုတစ်မျိုးပင်။ သူ ဤသည်ကို ဖြတ်သန်းနိုင်မှရမည်။ မဟုတ်ပါက သူ့ခန္ဓာကိုယ်တွင် ပြဿနာကြီးများ ဖြစ်လာနိုင်သည်။
ကံကောင်းစွာဖြင့် သူ၏အုတ်မြစ်မှာ အတော်လေး ခိုင်ခံ့နေသည်ပင်။ အထူးသဖြင့် သူထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံပြီး သူ၏ခန္ဓာကိုယ်ထဲ၌ ပြန်လည်ဝင်စားခြင်းပင်လယ်ကို ဖန်တီးပြီးသည့်နောက်တွင် သူ၏အုတ်မြစ်ပို၍ ခိုင်ခံလာသည်ပင်။ သူ၏အသွေးအသားတောက်ပလာပြီး ခန္ဓာကိုယ်ထဲမှ ကျမ်းစာသံများထွက်ပေါ်လာကာ အလင်းတန်း ထောင်ပေါင်းများစွာလည်း သူ့ကို အုပ်မိုးလာသည်။
“ဟွမ် .. ဟွမ်ဘယ်မှာလဲ .. သူထွက်ပြေးသွားပြီ .. သူ့နောက်လိုက်…”
သူ့ကိုသတ်ရန်အတွက် သူအစကရှိနေသည့် နေရာသို့ တစ်ဖက်လောကမှ ကျင့်ကြံသူများ ပြန်ရောက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ် ပြင်းထန်စွာ ဒဏ်ရာရနေကြောင်း သူတို့သိနေသည်ပင်။
သူတို့သည် ရွှေရောင်နွားထီးကို ကြောက်ရသော်လည်း ဟွမ် ဒုက္ခရောက်နေသည်ကိုလည်းမမေ့။ ထို့ကြောင့် ရဲတင်းသည့်သူများသည် သူ့ကိုသတ်ရန်အတွက် ပြန်ရောက်လာကြလေသည်။
ထိုလူများထဲမှ တစ်ယောက်မှာ သွေးအမဲလိုက်ခွေးပင်။ သူ၏ပါရမီမှာ အံ့အားသင့်စရာကောင်းလှပြီး အလွန်စူးရှလှသည်။ သူသည် ရှီဟောင်ရှိနေသည့်နေရာကို လျင်မြန်စွာပင် သိသွားသည်။
“ဟွမ် .. မင်းက ဘယ်သွားချင်နေတာလဲ..” သူ့နောက်လိုက်လာသည့် လူ ၈ ယောက်၊ ကိုးယောက်ခန့်ရှိနေသည်ပင်။
ဦးချိုတစ်ခုရှိသည့်ကျွမ်းကျင်သူနှင့် အပြာရောင်ဆံပင်ရှည်ရှိသည့်သက်ရှိလည်း ဤအုပ်စုထဲတွင်ပါသည်ပင်။
ဝုန်း..
သွေးအမဲလိုက်ခွေး လှုပ်ရှားလာသည်။ သူ၏တောင်ပမာဏရှိသည့် ခန္ဓာကိုယ်ကြီး ပြေးဝင်လာကာ သူ၏လက်များမှာ ကျန်းပေါင်းများစွာ မြင့်မားသည်ပင်။ ချွန်ထက်သည့်လက်သည်းများမှ ရွှေရောင်အလင်ငးတန်းများ တောက်ပလာသည်။
“ထွက်သွားစမ်း..”
ရှီဟောင် လက်မြှောက်ကာ လက်သီးတစ်ချက် ပို့လွှတ်လိုက်သည်။
ယခုအချိန်တွင် သူ၏အသွေးအသား ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပြီး သူ၏အုတ်မြစ်ကိုသာ စိတ်ပူစရာလိုတော့သည်။
ဝူး..
သွေးအမဲလိုက်ခွေး ရှည်လျားစွာ ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ကြီးမားကာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်နေသော်လည်း ဤရိုက်ချက်မှာ သူ့အားအတော်လေး ထိခိုက်သွားစေသည်ပင်။ ရှီဟောင်၏လက်သီးတစ်ချက်ကြောင့် သူ့လက် ပျက်စီးသွားသည်။
“သူ့မှာ အစွမ်းအစရှိပေမယ့် သူဒဏ်ရာရထားတယ် … သူထွက်မသွားစေနဲ့..” ထိုဦးချိုတစ်ချောင်းနှင့်သတ္တဝါမှ အော်ဟစ်လိုက်သည်။
ရှီဟောင်၏ မျက်လုံးများ အေးစက်သွားရသည်။ ထာဝရဓားသည် ချိုင်းထောက်တစ်ခုကဲ့သို့ပင် သူ့အား ထောက်ထားသည်။ သူသည် ဤလူများကိုကြည့်လိုက်ကာ “ငါ့ဒဏ်ရာတွေ ဒီထက်ပိုဆိုးနေရင်တောင် မင်းတို့က ငါ့ပြိုင်ဘက်မဟုတ်သေးဘူး..”
ထိုသို့ပြောပြီးသည်နှင့် သူထာဝရဓားကို ဆွဲထုတ်ကာ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
“အမွေးအတောင်မရှိတဲ့ ဖီးနှစ်က ကြက်တစ်ကောင်ထက်မပိုဘူး .. မင်းက ဖီးနှစ်တစ်ကောင်တောင်မဟုတ်ဘူး .. မင်းက အရင်က အဲဒီကျွန်တွေရဲ့ မျိုးဆက်တစ်ခုပဲ … မင်း ဘာမှလုပ်လို့မရဘူး..” အပြာရောင်ဆံပင်နှင့် လူငယ်မှ အေးစက်စွာ ပြောလိုက်သည်။
တစ်ဖက်လောကမှ လူများမှာ သူတို့သည် ကောင်းကင်ဘုံကိုးခုမှ သတ္တဝါများထက် မြင့်သည်ဟု အမြဲတမ်းတွေးနေကြသည်ပင်။ အချို့ဘိုးဘေးများ ဖမ်းခံလိုက်ရကာ သူတို့၏ဝိညာဉ်စွမ်းအင်များ ရှင်းလင်းခံလိုက်ရပြီး ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားကာ တစ်ဖက်လောက၌ ကျွန်ဖြစ်နေလေပြီ။
“သတ်..”
ရှီဟောင် ‘သတ်’ ဟူသည့်စကားတစ်လုံးသာ ပြောလိုက်သည်။
တစ်ဖက်လောကမှ လူငယ်များအပြင် ယခင်မျိုးဆက်မှ ကျင့်ကြံသူများလည်း လိုက်ပါလာသည်ကို သူသိသည်။ ဤသည်မှာ သူ့ ကိုယ်ရည်ကိုယ်သွေးကို ထက်အောင်လုပ်နိုင်မည့်အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။
သူ ဤလူများကို သတ်ကာ နောက်တစ်ဆင့်တက်သွားမည်။ အားလုံးကို အံ့အားသင့်သွားအောင် လုပ်ပြမည်။
ဖူး..
ဓားသွားဖြတ်သွားသည့်နေရာတိုင်း၌ အလင်းမိုး ရွာသွန်းလာသည်။ ရှီဟောင် ခွန်ပန်ခွန်အားကို အသုံးပြုကာ ထိုသွေးအမဲလိုက်ခွေးကို အရင်တိုက်လိုက်သည်။
ထိုသွေးအမဲလိုက်ခွေးမှာ ပထမဆုံးသေသည့်သူဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း သွေးအန်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏မှော်စွမ်းအားကို အသုံးပြုလိုက်သောကြောင့် သူ့ဒဏ်ရာများပို ပြန်ဆွသလိုဖြစ်သွားသည်ပင်။
“သေတော့မှာကို မင်းက ပုန်ကန်ချင်နေသေးတာလား.. အားလုံး သတိထားကြ … သူ့ကိုဖမ်းရင် မသေစေနဲ့ .. သူ့ကိုဖမ်း..” ဦးချိုတစ်ချောင်းနှင့် သတ္တဝါမှ ဟစ်ကြွေးလိုက်သည်။
ရှီဟောင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်ကို အားလုံးသိထားသောကြောင့် သူတို့ ဤသည်ကို အခွင့်အရေးယူချင်သည်။ တစ်ဖက်လူကိုမသတ်နိုင်ပဲ သူတို့သာသေသွားလျှင် ဤသည်မှာ ဝမ်းနည်စရာကောင်းသလို တန်လည်းမတန်။
“ယဇ်ပူဇော်မှုစတေးခြင်းအစီအရင်..” ထိုအချိန်တွင် ဆံပင်ပြာနှင့်လူငယ်လေးမှ အော်ဟစ်လိုက်သည်။ သူ့အနောက်ဘက်တွင်ရှိနေသည့် နတ်အတောင်ပံများ လှုပ်ခတ်လာကာ ကောင်းကင်နှင့်မြေကြီး ပျက်စီးသွားပြီး သဲနှင့်ကျောက်ခဲများလည်း လွင့်ပျံလာသည်။ သူအစီအရင်တစ်ခုကို အရင်ချလိုက်ခြင်းပင်။
သူတို့ သေချာပြင်ဆင်လာကြသည်ပင်။ တစ်ချို့သူများမှာ စွမ်းအားကြီးသည့် မှော်ပစ္စည်းများယူလာပြီး အချို့သူများမှာ ရှီဟောင်ကို ဝိုင်းပြီး သတ်ရန်အတွက် မှော်အစီအရင်များ ပြင်ဆင်လာကြသည်။
ဤအဖွဲ့မှာ အစီအရင်ယူလာသည့်အဖွဲ့ပင်။
ရှီဟောင်မျက်လုံးများ မှေးကျဉ်းသွားရသည်။ သူမလုပ်ချင်သော်လည်း သူ၏အရင်းအမြစ်ကို အတင်းသုံးလိုက်ရသည်။ သူ၏မျက်ခုံးကြား တောက်ပလာကာ လျှပ်စီးကန်တံဆိပ်ပေါ်လာသည်။
ဝုန်း..
ကြည်လင်နေသည့် ကောင်းကင်ထက်တွင် လျှပ်စီးများပေါ်လာသည်။ ရှီဟောင် လျှပ်စီးဧကရာဇ်အဖိုးတန်ပညာကို အသုံးပြုကာ ကောင်းကင်အတိဒုက္ခနှင့်တူသည့် လျှပ်စီးများကို ဆင့်ခေါ်လိုက်သည်။
သူသည်မှာ လျှပ်စီးဧကရာဇ်ပညာထဲတွင် သူရထားသည့်အမြင့်ဆုံးပညာပင်။ အင်ပါယာဂိတ်တွင် သူ ဤပညာကိုအသုံးပြုပြီးအုတ်အော်သောင်းတင်းဖြစ်အောင် လုပ်ခဲ့သေးသည်။
အခြေအနေမှာ ဆိုးရွားနေသောကြောင့် သူဘာကိုမှ မထိန်ချန်ထားနိုင်တော့။
ယခုတစ်ခေါက်တွင်တော့ မမျှော်လင့်ထားသည့်အဖြစ်အပျက်များ မဖြစ်ပဲ အရာအားလုံး ချောမွေ့နေသည်။ လျှပ်စီးများ စုစည်းလာကာ ကောင်းကင်အတိဒုက္ခအော်ရာလည်း ပါဝင်လာသည်။
ယခင်တစ်ခေါက်က သူဤပညာကိုအသုံးပြုလိုက်နိုင်ခြင်းမှာ ကံကောင်းသွားသောကြောင့်ပင်။ ယခုတစ်ခေါက်တွင်တော့ သူ၏အောင်မြင်မှုကြောင့် ရရှိသွားခြင်းပင်။
“မဟုတ်ဘူး..”
လျှပ်စီးများ ကျရောက်လာသည်နှင့် ထိုလူငယ်ကျွမ်းကျင်သူများအားလုံး ထိတ်လန့်သွားရသည်။
သူတို့ ဤတိုက်ခိုက်မှုကို ရင်မဆိုင်ရဲပဲ ချက်ချင်း ထွက်ပြေးသွားလိုက်ကြသည်။
“ဒါက ကောင်းကင်အတိဒုက္ခအစစ်မဟုတ်ဘူး .. ပုံရိပ်ယောင်တစ်ခုပဲ .. သူ့ကိုသတ်..” အခြားသူများမှာ တိုက်ခိုက်ချင်နေသေးသည်။
“သူက အင်ပါယာလူမျိုးစုက လူငယ်နဲ့ ယှဉ်နိုင်တယ်ဆိုတာ ငါယုံသွားပြီ .. သူက ပျက်စီးမသွားပဲနဲ့ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်နိုင်တယ် .. ငါတို့တွေ သူ့ကို တိုက်ရင်တောင် နိုင်နိုင်မှာမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။
“မင်းတို့ဘယ်သူမှ မလွတ်စေရဘူး..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။
သူ လျှပ်စီးပညာကို အသုံးပြုပြီး သူ၏အုတ်မြစ်ကိုပင် အထိခိုက်ခံခဲ့ကာ သွေးပင်အန်ခဲ့ရသောကြောင့် သူက ဤတိုက်ခိုက်မှုကို ဘယ်လိုလုပ် ဖြုန်းတီးနိုင်မည်နည်း..
မိုးခြိမ်းသံများ နားကွဲမတတ် ထွက်ပေါ်လာပြီး တောက်ပလှသည့် လျှပ်စီးတန်းများလည်း တစ်တန်းပြီးတစ်တန်းထွက်ပေါ်လာသည်။
အား..
ကောင်းကင်အတိဒုက္ခနှင့်ညီမျှသည့် လျှပ်စီးတန်းတစ်တန်း လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူ့တစ်ကိုယ်လုံး မည်းတူးသွားသည်။ သူ၏ရင်ဘတ်တွင် အရှေ့အနောက်ထုတ်ချင်းပေါက်နေသည့် အပေါက်တစ်ပေါက် ပေါ်လာသည်။
“သတ်…” တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း တရှိန်ထိုး ပြေးလာသည်။ သူသည် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ဓားကိုမြှောက်လိုက်သည်။
ဤနေရာတစ်ခုလုံး လျှပ်စီးများဖုံးလွှမ်းသွားပြီး ဓားအလင်းတန်းလည်း စီးဆင်းလာသည်။ ထိုအခိုက်အတန့်တွင် သတ္တဝါကိုးကောင်လုံး ရှုံးနိမ့်သွားကာ မည်သူမှ အသက်မရှင်နိုင်ခဲ့။
ရွှီး..
ရှီဟောင် ဦးချိုတစ်ခုရှိသည်သတ္တဝါကြီး၏ဦးခေါင်းခွံကို ဓားဖြင့် ထိုးစိုက်လိုက်ကာ သူ၏မူလဝိညာဉ်ကို ရှင်းလင်းပစ်လိုက်သည်။
“အား…” ဆံပင်ပြာနှင့် လူငယ်လေး သူ၏နတ်အတောင်ပံများကို လှုပ်ခတ်ကာ လျှပ်စီးကို ခုခံလိုက်သည်။
သို့သော်လည်း သူ၏အတောင်ပံများသည် ရှီဟောင်၏ ဆုတ်ကိုင်ခြင်းခံလိုက်ရကာ ဆွဲဖြဲခံလိုက်ရလေသည်။ သူ သည်းထန်စွာ အော်ဟစ်လိုက်သော်လည်း ရှီဟောင်လက်ထဲမှ ထွက်မပြေးနိုင်ခဲ့။
ဖူး..
ထို့နောက် ရှီဟောင် လက်ဗလာဖြင့်ပင် သူ့အား ဆွဲစုတ်ပစ်လိုက်ကာ သူ့ဘဝကို အဆုံးသတ်ပေးလိုက်သည်။
သတ္တဝါကိုးကောင်လုံး အသတ်ခံလိုက်ရပြီး မည်သူမှ အသက်မရှင်နိုင်တော့။
“ဝင်လာတဲ့သူ ဘယ်သူမှ ထွက်သွားလို့မရဘူး .. မင်းတို့အသက်တွေကို ဒီမှာထားခဲ့ပြီးမှ ထွက်သွားလို့ရမယ်..” ရှီဟောင် နောက်ယိုင်လျက် သူ့ကိုယ်သူ ပြောလိုက်သည်။
အပိုင်း ၁၆၃၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၈ – နေလမ်းကြောင်း အသိုက်ဟောင်း
ရှီဟောင် လမ်းလျှောက်လိုက်တိုင်း ယိုင်ထိုးနေသည်။ သူရခဲ့သည့်ဒဏ်ရာများမှာ တကယ်ကို ပြင်းထန်လှသည်။ သူ၏အုတ်မြစ်ဒဏ်ရာရသွားခြင်းမှာ သူ့ကို ကြောက်လန့်စေသည်။
သူမပြောနှင့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်တွင်ရှိနေသည့် ကျင့်ကြံသူများပင် ဤကဲ့သို့သော ဒဏ်ရာမျိုးရသည်နှင့် မျက်နှာများ ဖြူဖျော့သွားလိမ့်မည်ဖြစ်ပြီး သူတို့ဒဏ်ရာကို ကုသရန်အတွက် ချက်ချင်းပျံပြေးသွားကြမည်ပင်။
အဘယ်ကြောင့်ဆိုသော် တာအိုဒဏ်ရာများမှာ အပြင်းထန်ဆုံး ဒဏ်ရာများဖြစ်သည်။ ဤဒဏ်ရာများမှာ ကိုင်တွယ်၍မရသည့်ဒဏ်ရာများဖြစ်သောကြောင့် ကုသရန် ခက်ခဲလှပြီး သေဆုံးနိုင်ရန် ၉၉ ရာခိုင်နှုန်း ရှိသည်ပင်။
အဘယ်ကြောင့်ဆိုသော် အုတ်မြစ်ထိခိုက်သွားသည်နှင့် ကျင့်ကြံသူတစ်ယောက်၏ အသက်အရင်းအမြစ်ကို ကုန်ဆုံးသွားစေကာ သူတို့၏အသွေးအသားများ ခမ်းခြောက်သွားလိမ့်မည်။ သူတို့ခန္ဓာကိုယ်မသေဆုံးမချင်း သူ၏ဝိညာဉ်တစ်ဖြည်းဖြည်း ခြောက်ကပ်သွားမည်ပင်။
ကျင့်ကြံဆင့်ပျက်ပြယ်မှုဆိုသည်မှာ အရင်းအမြစ်ပျက်စီးခြင်းမှ စတင်သည်ပင်။
အဟွတ်..
ရှီဟောင် ပါးစပ်အပြည့် သွေးအန်လာသည်။ သွေးစက်များ မြေပြင်ပေါ်သို့ ကျသွားပြီး နေရာအနှံ့ ပျံ့ကြဲသွားသည်။ သူလာရာလမ်းတစ်လျှောက်လုံး သွေးရာများစွာ ရှိနေခဲ့သည်ပင်။
သူ၏ခန္ဓာကိုယ် ပြန်ကောင်းတော့မည်ဖြစ်သော်လည်း သူ၏အရင်းအမြစ်ကို နောက်တစ်ကြိမ်ထပ်သုံးလိုက်သောကြောင့် သူ၏ခန္ဓာကိုယ် ပိုဆိုးလာသည်ပင်။
အရင်းအမြစ်ပျက်စီးသွားသည်နှင့် သူ၏အသွေးအသားနှင့် ဝိညာဉ်လည်း ထိခိုက်လာသည်ပင်။
“ဒါက ပထမဆုံးအကြိမ်မှ မဟုတ်တာ .. ငါဖြတ်ကျော်နိုင်မှာ .. ပြီးတော့ ငါ့ကျင့်ကြံဆင့်လည်း တစ်ဆင့်တက်တော့မှာ..”
ရှီဟောင် သူ့နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်ကာ အေးစက်နေသည့် တောင်နံရံကို မှီထားလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်နေပြီး ယခုအချိန်တွင် သူမတ်မတ်ရပ်ရန်ပင် ခက်ခဲနေသည်။
ဤဒဏ်ရာများမှာ သူထင်ထားသည်ထက်ပင် ပိုဆိုးနေသေးသည်။ ကောင်းကင်အတိဒုက္ခကို လက်လွတ်စပယ်အသုံးပြုလိုက်လျှင် သူ တူသောအကျိုးကို ပြန်ရမည်ပင်။ ဤလျှပ်စီးအတိဒုက္ခနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိနေသည်ပင်။
လျှပ်စီးဧကရာဇ်၏ အောင်မြင်မှုများ ထူးခြားနေခြင်းမှာ သူလျှပ်စီးအတိဒုက္ခကို တစ်ဖြည်းဖြည်းချင်း နားလည်လာသောကြောင့်ပင်။ သူသည် ကောင်းကင်ကိုယ်စား သက်ရှိအားလုံးကို အပြစ်ပေးနိုင်ခဲ့သည်။
လျှပ်စီးအတိဒုက္ခမှာ လျှပ်စီးတာအိုကို သေချာနားလည်တိုင်း ရနိုင်သည့်အရာမဟုတ်။ အခြားထူးဆန်းမှုများနှင့် မသိနိုင်သည့်အကြောင်းရင်းများ ရှိသေးသည်ပင်။
လျှပ်စီးဧကရာဇ် သေဆုံးသွားရခြင်းမှာ သူ မယုံကြည်နိုင်လောက်အောင် အင်အားကြီးလာမည်စိုးသောကြောင့် တစ်ဖက်လောကမှ လူများ သူ့အား ဖိနှိပ်တိုက်ခိုက်ခဲ့သောကြောင့်ပင်။
အမှန်တကယ်တွင် ရှေးဟောင်းလျှို့ဝှက်ချက်များ၏ သဲလွန်စများအရ လျှပ်စီးအတိဒုက္ခကိုယ်တိုင်တွင် ကံတရားအချို့ပါနေသည်။ ဤသည်မှာ သူသေဆုံးသွားရခြင်း၏ အဓိကအကြောင်းရင်းလည်း ဖြစ်နိုင်သည်။
“ထူးဆန်းတဲ့စွမ်းအားတစ်ခုက ငါ့ခန္ဓာကိုယ်နဲ့ ကျင့်ကြံဆင့်ကို ထိခိုက်နေတယ် .. ဒါက ရုတ်တရက်ကြီး ထွက်လာပြီးတော့ ငါ့ရဲ့တာအိုအုတ်မြစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူ့ကိုယ်သူ ကုသရန် မိုးမခနတ်ဘုရားပညာကို အသုံးပြုလိုက်သည့်အပြင် ပြန်လည်ဝင်စားခြင်းပင်လယ်ကိုလည်း အသက်သွင်းလိုက်သည်။ ဤခေတ်နှင့်မသက်ဆိုင်သည့် ပညာများမှာ ယခုအချိန်တွင် အသုံးဝင်လာလေပြီ။
ထာဝရစွမ်းအင်သုံးကြောင်း ဖြစ်ပေါ်လာပြီး ပြန်လည်ဝင်စားခြင်းပင်လယ်ကို ရစ်ပတ်သွားကာ အသက်ဓာတ်များဖြစ်ပေါ်လာပြီး သူ၏ကျင့်ကြံဆင့်ကို ထိခိုက်နေသည့် ထူးဆန်းသည့်စွမ်းအားကို ခုခံနေသည်။
ယခင်ကဆိုလျှင် ဤကဲ့သို့သော တာအိုဒဏ်ရာများကို ကုသရန်အတွက် အလွန်ဒုက္ခများရလိမ့်မည်။ သို့သော် ယခုအချိန်တွင် ရှီဟောင် ရှေးဟောင်းကျမ်းစာမျိုးစုံ၊ ခေတ်ပေါင်းစုံမှ ပညာများကို အသုံးပြုပြီး ထူးဆန်းသည့်တုံပြန်မှုများ ဖန်တီးလိုက်သည်။
အထူးသဖြင့် ပြန်လည်ဝင်စားခြင်းပင်လယ်တွင် သေခြင်းနှင့်ရှင်ခြင်းရှိနေသည်ပင်။ ယခုအချိန်တွင် သေဆုံးခြင်းပင်လယ်သည် သူ၏ခန္ဓာကိုယ်ထဲမှ မကောင်းသည့်စွမ်းအင်များကို စုတ်ယူကာ သူ့ကိုယ်သူ အားကောင်းအောင် လုပ်နေသည်။
ထို့အပြင် ပြန်လည်ဝင်စားခြင်းပင်လယ်၏ ရှင်သန်ခြင်းစက်ဝန်းသည်လည်း အနက်ရောင်စွမ်းအင်များကို သေဆုံးခြင်းပင်လယ်ထဲသို့ တွန်းပို့သည့်အပြင် သူ၏ခန္ဓာကိုယ်ကို အားဖြည့်ရန် အသက်စွမ်းအင်များ ထုတ်ပေးနေသည်။
ဝုန်း..
ရုတ်တရက် ကြောက်စရာကောင်းသည့်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ ရှီဟောင်၏ ပြန်လည်ဝင်စားခြင်းပင်လယ်ပင် ပျက်စီးမတတ်ဖြစ်သွားသည်။ ထိုစွမ်းအင်လှိုင်းကြောင့် ထာဝရစွမ်းအင်သုံးကြောင်း ပျက်ပြယ်သွားကာ ရှေးဟောင်းကျမ်းစာများကို ရွတ်ဆိုနေသည့်သူများပင် ရပ်တန့်သွားရသည်။
ရှီဟောင် သွေးနက်များ အန်ထွက်လာသည်။
သူခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ ဒါက ပုန်းကွယ်နေတဲ့ ကံတရားစွမ်းအားလား .. သူဤကဲ့သို့သော အရာမျိုးကို မယုံကြည်သော်လည်း ယခုအချိန်တွင် သူအနည်းငယ် သံသယဝင်လာလေပြီ။
“ဒါက ဘာမို့လို့လဲ .. ငါ ဒါကို အနှေးနဲ့အမြန် ရှင်းထုတ်ပစ်မှာ..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။
သူ အဆင့်နိမ့်နယ်မြေရှိ နယ်မြေ ၈ ခုတွင်နေခဲ့စဉ်က အကြောင်းအရာများကို ပြန်စဉ်းစားမိသွားသည်။ စေတီလေးသည် ‘ကံတရား’ ဟူသည့်စကားလုံးကို မကြာခဏပြောခဲ့ပြီး ‘ဟန်ချက်’ အကြောင်းလည်း ပြောခဲ့သည်။ ထိုအချိန်က သူသည် ကံတရားတစ်ချို့ကို ရှောင်လွဲရန်အတွက် လဲလှယ်မှုပြုလုပန်ရန် ကြိုးစားနေသည့် ကျင့်ကြံသူတစ်ဦးပင်။
လူတစ်ယောက်ရဲ့ ခွန်အားက အတိုင်းအတာတစ်ခုထိရောက်ရင် ဒီလိုကိစ္စမျိုးတွေ တကယ်ရှိတာများလား..
“ဒါပေမဲ့ ငါဒါတွေကို မယုံဘူး..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
“ငါ့လမ်းကြောင်းကို ပိတ်နေတဲ့အရာမှန်သမျှကို ဖယ်ရှားပစ်မယ်..” ရှီဟောင်၏မျက်လုံးများ ပြတ်သားနေ၏။
သူ့စိတ်ထဲ၌သံသယရှိနေဆဲပင်။ အရင်တစ်ခေါက် ကောင်းကင်အတိဒုက္ခကို ဖြတ်လိုက်တုန်းက သူရန်မစသင့်တဲ့ စွမ်းအားတစ်မျိုးမျိုးကြောင့် ညစ်ညမ်းသွားတာလား .. လျှပ်စီးကန်ဖြစ်စေ ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်ဖြစ်စေ နှစ်ခုလုံးမှာ သာမန်ထက်ကျော်လွန်သည့်အရာများပင်။
သို့သော်လည်း ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် စွမ်းအားမျိုးရှိကြောင်း သက်သေမရှိ။ ထို့ကြောင့် ရှီဟောင် ယခုထိ မယုံကြည်နိုင်ဖြစ်နေခြင်းပင်။
ရှီဟောင် အသက်ပြင်းပြင်းရှူလိုက်ကာ စေတီလေးနှင့် မိုးမခနတ်ဘုရားတို့ကို အမှန်ရမိသွားသည်။ ထိုအရိုးဖြူဂိတ်မှာ မည်သည့်နေရာသို့ ရောက်သွားခြင်းဖြစ်သနည်း .. သူတို့ ယခု မည်သည့်နေရာ၌ ရောက်နေသနည်း..
သူ့ထံ၌ မေးခွန်းများစွာရှိနေသည်။ သူ ဤနှစ်ယောက်နှင့် တကယ် ပြန်ဆုံချင်မိသည်။ သူတို့ ပြန်ဆုံနိုင်ပါဦးမလား..
မိုးမခနတ်ဘုရားမှာ တော်တော်များများကို မေ့သွားပြီဖြစ်ပြီး ထာဝရရှေးဟောင်းခေတ်မှ ဘိုးဘေးဂါးဒီးယန်း ဝိညာဉ်မဟုတ်တော့။ သူသည် ယခင်က တစ်စစီဖြစ်သွားကာ မိုးကြိုးမုန်တိုင်းကြာ၌ ပြန်လည်မွေးဖွားခဲ့သည်။ နောက်ပိုင်း၌ သူကပ်ဆိုးကြီးတစ်ခုကို ထပ်ကြုံရကာ အစေ့အဖြစ် ပြောင်းလဲသွားပြီး လောကကြီးထဲ၌ နောက်တစ်ဖန် ပြန်လည်မွေးဖွားလာသည်။ ဤကဲ့သို့သော ပြန်လည်မွေးဖွားမှုကြောင့် သူ၏မှတ်ဉာဏ်အဟောင်းများ သိပ်ရှိတော့မည်မဟုတ်။ လုံးဝမရှိတော့တာလည်း ဖြစ်နိုင်သည်။
မိုးမခနတ်ဘုရားသည် အမြဲတမ်း တစ်ခုခုကို ရှာဖွေနေခဲ့သည်ပင်။
“ငါ မြန်မြန်ပြန်ကောင်းလာအောင်လုပ်ရမယ်..” ရှီဟောင် သူ့ကိုယ်သူပြောလိုက်၏။ ဤတောင်တန်းမှာ အန္တရာယ်များလှသည်။ သူဤအတိုင်းဆက်သွား၍မရ။ မဟုတ်လျှင် သူသေသွားလိမ့်မည်။
သူဤအရာကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူခိုင်မာစွာ ယုံကြည်ထားသည်။ ယခင်က အဆင့်နိမ့်နယ်မြေတွင် သူ အစိမ်းရောင်သံကြေး၏ကျိန်စာစွမ်းအားကို ခံစားခဲ့ရပြီး သူ၏တာအိုအုတ်မြစ် လုံးဝပျက်စီးသွားခဲ့ကာ သူ့ကိုသေပြီဟု ယုံကြည်သွားကြကာ ကျောက်တုံးကျေးရွာအပြင်ဘက်၌ မြှုပ်နှံခဲ့သည်ပင်။
ထိုအချိန်က သူ သေခြင်းတရားမှ ပြန်လည်ရှင်သန်လာရန် တစ်နှစ်လုံး ကုန်ဆုံးခဲ့သည်ပင်။
“ဒီတစ်ခေါက်လည်း ငါပြန်ကောင်းလာမှာ..” ရှီဟောင် ခိုင်မာစွာ ယုံကြည်ထားသည်။
တစ်ချိန်တည်းမှာပင် ဤသည်မှာ အခွင့်အရေးကောင်းတစ်ခုပင်။ သူ ဤတာအိုဒဏ်ရာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လျှင် သူ မီးတောက်များကြားမှ ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သွားကာ အဆင့်တက်သွားလိမ့်မည်။ သူ၏ကျင့်ကြံဆင့်ဖြစ်စေ၊ ခွန်အားဖြစ်စေ၊ အလားအလာဖြစ်စေ အားလုံး လုံးဝပြောင်းလဲသွားကာ အဆင့်တက်သွားလိမ့်မည်။
သို့သော် ယခုအချိန်၌ ပြဿနာတစ်ခုရှိနေသည်။ သူ၏ကျင့်ကြံခြင်းနက်နဲလွန်းသည်မှာ ကောင်းသည့်ကိစ္စဖြစ်သလို ဆိုးလည်းဆိုးသည့်ကိစ္စပင်။
ကျင့်ကြံဆင့်မြင့်လျှင် တာအိုဒဏ်ရာများကိုပိုခုခံနိုင်ပြီး သူ၏ခန္ဓာကိုယ် မပျက်စီးသွားအောင် တားဆီးနိုင်သည်။
သို့သော်လည်း အရာတိုင်း၌ နှစ်ဘက်ရှိနေသည်ပင်။ ပေါ့ပါးသည့်ဒဏ်ရာများဆိုလျှင် မြန်မြန်ပျောက်ကင်းသွားနိုင်သည်။ သို့သော်လည်း အတိုင်းအတာတစ်ခုကို ကျော်သွားသည့်ဒဏ်ရာများဆိုလျှင်တော့ ဆန့်ကျင်ဘက်ဖြစ်သွားလိမ့်မည်။
ထိုအချိန်ကျလျှင် ပြန်ကောင်းနိုင်ရန် ပိုခက်ခဲသွားလိမ့်မည်။
ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများမှာ ပြင်းထန်သည့်တာအိုဒဏ်ရာများ ရရှိသွားပါက သူတို့ သေဖို့ကံပါလာသည်ဟု သတ်မှတ်၍ရသည်ပင်။
အဆင့်လွန်သက်ရှိနယ်ပယ်ဆိုလျှင်တော့ သူတို့အသက်ရှင်နိုင်ချေ မျှော်လင့်ချက်မရှိတော့။ သေမည့်အချိန်ကို စောင့်နေရုံသာ ရှိတော့သည်။
“အရင်ကနဲ့ယှဉ်ရင် ဒဏ်ရာတွေ ပျောက်ဖို့ ပိုခက်လာပြီ .. ဒါပေမဲ့ ငါ ဒါကိုဖြတ်ကျော်နိုင်တာနဲ့ အကျိုးအမြတ်အများကြီးရမှာ..” ရှီဟောင် စွမ်းအင်များကို ထုတ်လိုက်သွင်းလိုက်ဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဝိညာဉ်စွမ်းအားနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်လိုက်သည်။ သူ၏ပါးစပ်နှင့်နှာခေါင်းမှ သန့်စင်သည့်အဖြူရောင် လောကစွမ်းအင်များ ဝင်လိုက်ထွက်လိုက်ဖြစ်နေကာ နဂါးအစစ်များ ရွေ့လျားနေသကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေသည်။
တစ်ခဏကြာပြီးသည့်နောက်တွင် သူ၏တာအိုဒဏ်ရာများကို ဖိနှိပ်လိုက်ကာ ဤနေရာမှ လျင်မြန်စွာ ထွက်သွားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ မလုံခြုံ။ အခြားသူများသူ့ကို ရှာတွေ့သွားနိုင်သည်။ သူ၏ဒဏ်ရာကို ကုသရန် အေးချမ်းသည့်နေရာတစ်ခု လိုအပ်သည်။
ရှီဟောင် မီးခိုးငွေ့တန်းအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်ပင်။ သူ၏ အရင်းအမြစ် ဒဏ်ရာရထားသော်လည်း သူ့ထံတွင် ကြောက်စရာကောင်းလောက်သည့် ခွန်အားရှိနေဆဲပင်။
သူ ခေါင်းတီးနေသည့်နေရာတစ်ခုသို့ ဝင်လာလိုက်သည်။ မြေပြင်မှာ အေးစက်မာကျောကာ သွေးကဲ့သို့ နီရဲနေသည်။ ဤနေရာသည် တိတ်ဆိတ်နေကာ မြေပြင်ထက်၌ မရေမတွက်နိုင်သည့် နတ်အရိုးများရှိနေသည်။ ထိုအရိုးများအားလုံးတွင် မှုန်ဝါးဝါးအလင်းတန်းများထုတ်လွှတ်နေသည်။
ဤသည်မှာ ရွှေရောင်နွားထီးနေသည့်နေရာပင်။ ရှီဟောင် ဤနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်လာသည်။ သူသည် အသိုက်ဟောင်းထဲ၌ ပုန်းခိုလိုခြင်းပင်။
ရှီဟောင်အမြင်တွင် တစ်ဖက်လောကမှ လူများ များစွာ ရောက်ရှိလာသော်လည်း ကိုယ်တိုင်ထုတ်လွှတ်ခြင်းနယ်ပယ်ကျင့်ကြံသူ အများကြီးရှိမည်မဟုတ်။ ထို့ကြောင့် သူတို့၏အန္တရာယ်အဆင့်မှာ ရွှေရောင်နွားထီးထက်မမြင့်။
ဤနေရာမှာ ရွှေရောင်နွားထီး ထွက်သွားသည့်နေရာဖြစ်သောကြောင့် မည်သည့်သက်ရှိမှ လာရဲမည်မဟုတ်။
ထို့အပြင် ထိုနတ်ဆေးပင်များအားလုံး ပျောက်ကွယ်သွားလေပြီ။ ခြောက်ကပ်နေသည့် မြေကြီးအောက် အနက်ပိုင်းတွင် စိမ်းစိုသည့်တောင်ကြောနှင့် ဆက်သွယ်ထားသည်ပင်။ နတ်ဆေးပင်များအားလုံး ထိုနေရာ၌ ပုန်းနေလောက်သည်။
ရှီဟောင် ဤနေရာသို့ ရောက်လာခြင်းမှာ နတ်ဆေးပင်အချို့ ခူးယူရန်ပင်။ ဤအပင်များတွင် သက်ရှည်ပစ္စည်းများပါဝင်နေသောကြောင့် တာအိုဒဏ်ရာများအတွက် ကောင်းမွန်လှသည်။
ထို့အပြင် သူ ကောင်းကင်နတ်ဘုရားသစ်ပင်လည်း လိုချင်သေးသည်။ ဒဏ္ဍာရီများသာ မှန်ကန်ပါက ကောင်းကင်နတ်ဘုရားသစ်ပင် လေးပင် ပေါင်းစည်းသွားသည်နှင့် သက်ရှည်ထာဝရဆေးပင်ဖြစ်လာမည်ပင်။
ဤနေရာမှာ တိတ်ဆိတ်နေပြီး နတ်ဆေးပင်များဖြစ်စေ၊ ထိုရှေးဟောင်းသစ်ပင်ဖြစ်စေ အရိပ်ပင် မမြင်ရတော့။ သူတို့အော်ရာ နည်းနည်းလေးမှပင် မကျန်ခဲ့တော့။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ စိမ်းစိုနေသည့်တောင်တန်းသို့ ဝင်ချင်သော်လည်း ထိုနေရာ၌ ထူးဆန်းသည့်နယ်မြေတစ်ခုရှိနေသည်။ သူဝင်သွားလိုက်သည်နှင့် ရွှံ့တောထဲ ရောက်သွားသကဲ့သို့ သူ၏လှုပ်ရှားမှုများနှေးကွေးသွားရသည်။
သူ အတင်းရှေ့ဆက်မသွားပဲ နောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် သူ သီးခြားနယ်မြေမှ အက်ကွဲနေသည့်ကျောက်တောင်ထဲသို့ ဝင်သွားလိုက်သည်။ ဤနေရာမှာ ရွှေရောင်နွားထီး ထွက်လာသည့်နေရာပင်။
ရွှေရောင်နွားထီး အချိန်တစ်ခုအထိတော့ ပြန်လာမည်မဟုတ်။ သူ့သဘာဝအတိုင်းဆိုလျှင် ခုခံသူအားလုံးကို သတ်ပြီးမှသာ သူရပ်တန့်လိမ့်မည်။
အလောတကြီး ပြေးဝင်လာကြသည့် တစ်ဖက်လောကမှ ကျင့်ကြံသူ အတော်များသောကြောင့် ယခုအချိန်တွင် အလွန်အသက်ဝင်နေလောက်လေပြီ။
“ဒါက..” ရှီဟောင် ဝင်သွားသည်နှင့် ထတ်လန့်သွားရသည်။ ဤသည်မှာ အောက်ဘက်သို့ ဆင်းသွားသည့် မြေအောက်လှိုဏ်ဂူတစ်ခုပင်။ ဤလှိုဏ်ဂူအတိုင်း ဆင်းသွားသည်နှင့် မြေအောက်အတွင်းပိုင်းသို့ ရောက်သွားကာ ထိုနေရာ၌ ဂူများစွာ ရှိနေသည်။ ဤနေရာတွင် ထူးဆန်းသည့်တာအိုစွမ်းအားလှိုင်းတစ်ခု ရှိနေသည်။
ဂူနံရံတွင် ရွှေရောင်အလင်းဖျော့လေး တောက်ပနေသည်။ ထိုနံရံမှ ခမ်းနားသည့်အော်ရာတစ်မျိုးလည်း ပျံ့လွင့်နေသည်။ သူ ပြိုင်ဘက်ကင်းသည့်ထာဝရ ရတနာသိုက်တစ်ခုအရှေ့၌ ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။
ဤနေရာမှာ တကယ်ကို ထူးခြားလှသည်။ ကျောက်နံရံများကို သေချာလေ့လာပြီးသည့်နောက်တွင် ဤသည်မှာ အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့်အရာနှင့် လုံးဝတူညီနေကြောင်း တွေ့လိုက်ရသည်။ ဤကဲ့သို့သော ကျောက်တုံးများမှာ နေလမ်းကြောင်းထာဝရရွှေအား ရစ်ပတ်ရန်အသုံးပြုသည့် ‘နေလမ်းကြောင်း ကျောက်တုံး’ပင်။ ဤနေလမ်းကြောင်း ကျောက်တုံးမှ နေလမ်းကြောင်းထာဝရရွှေ ဖြစ်ပေါ်လာခြင်းပင်။
ဤသည်မှာ အလွန်အဖိုးတန်သည့်ကျောက်တုံးဖြစ်ပြီး သူ့ထံ၌ အားကောင်းလှသည့် ဝိညာဉ်စွမ်အားများပိုင်ဆိုင်ထားသည်။ မဟုတ်ပါက အဘယ်ကြောင့် ပြိုင်ဘက်ကင်းသည့် ထာဝရရွှေကို ဖန်တီးနိုင်မည်နည်း..
ရှီဟောင်၏နှလုံးခုန်နှုန်းများပင် အနည်းငယ် ကြမ်းတမ်းလာသည်။ ဤမျှ များပြားလှသည့် နေလမ်းကြောင်းကျောက်တုံးမှာ ရှားပါးလွန်းလှပြီး အရိုးစာအုပ်များ၌ မှတ်တမ်းတင်ထားသည်ထက်ပင် များသေးသည်။
မြေအောက်လှိုဏ်ဂူတစ်ခုလုံးကို နေလမ်းကြောင်းကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းပင်။ ဒီကျောက်တုံးတွေကနေ ထွက်လာတဲ့ ထာဝရရွှေက တစ်ပေပဲရှိတာလား..
ဤနေရာ၌ နေလမ်းကြောင်းထာဝရရွှေများ ထပ်ရှိနေမလားဟု ရှီဟောင်သိချင်လာသည်။ ရွှေရောင်နွားထီးထက်ပိုကြီးသည့် အပိုင်းပင် ရှိနေနိုင်သည်။ အထူးသဖြင့် ဤနေရာ၌ ထူးဆန်းသည့်တာအိုစွမ်းအင်များ ရှိနေသည်ပင်။
“နွားထီးတစ်ကောင်တည်းရှိတာမဟုတ်ပဲနဲ့ တစ်ခြားသတ္တဝါတွေလည်း ရှိသေးတာများလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ဤနေရာ၌ သဘာဝကံကောင်းမှုများ ရှိနေနိုင်သည်။
နေလမ်းကြောင်းကျောက်တုံးများ များပြားလွန်းလှသောကြောင့် ထာဝရပစ္စည်းအချို့ ရှိနေလျှင်ပင် အံ့ဩစရာမဟုတ်တော့။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် ရွှေရောင်နွားထီး၏အသိုက်ကို တွေ့သွားသည်။ ရွှေရောင်အရည်စီးဆင်းနေသည့် ရွှေရောင်ကန်တစ်ကန်ရှိနေသည်။ ထိုကန်မှ ထာဝရစွမ်းအင်များလည်း ထုတ်လွှတ်နေသည်ပင်။
ရှီဟောင် ချက်ချင်း ဆွံ့အသွားပြီးနောက် အလွန်ထိတ်လန့်သွားရသည်။
ဒီလိုပစ္စည်းမျိုးတောင်ရှိနေတာလား .. ဒါက ဘယ်လိုနေရာလဲ..
အပိုင်း ၁၆၃၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၉ – ထာဝရရွှေရောင်ဆေးရည်
နေလမ်းကြောင်းကျောက်တုံးနံရံတွင် အပေါက်များပြည့်နေသည်။ သူ့ရှေ့တွင် ထူးဆန်းသည့်ကန်လေးတစ်ကန်ရှိနေသည်။ ထိုကန်လေးမှာ နေမင်းကြီး အရည်ပျော်ကျသွားသကဲ့သို့ ရွှေရောင်တောက်ပသည့်အရည်များ ရှိနေသည်။
ဒါက ဘာကြီးလဲ .. ဒီမှာ အဆုံးမရှိတဲ့ အသက်ဓာတ်တွေ ရှိနေတယ်..
ရှီဟောင် ထိုအရည်ကို စစ်ဆေးရန်အတွက် ထိုနေရာသို့ ချက်ချင်းပြေးသွားလိုက်သည်။ ဤနေရာမှာ နေလမ်းကြောင်းထာဝရရွှေ ဖြစ်တည်သည့်နေရာဖြစ်ကြောင်း သေချာသည်။ ရွှေရောင်နွားထီးလည်း ဤနေရာ၌ မွေးဖွားခဲ့ခြင်းလားဆိုသသည်ကို သူသံသယဝင်နေခြင်းပင်။
ဤဆေးရည်၏ သဘာဝဝိညာဉ်စွမ်းအားမှာ များပြားလွန်းလှကာ ထာဝရတာအိုစွမ်းအင်များကို တကယ်ထုတ်လွှတ်နေသည်ပင်။ ထိုနေရာ၌ ရပ်လိုက်သည်နှင့် သူ ထာဝရတရားကို ရရှိတော့မလို ခံစားနေရသည်။
“ဒါက မူလနေရာပဲ..” ရှီဟောင် စိတ်လှုပ်ရှားနေပြီး သူ၏အသက်ရှူသံများပင် မြန်ဆန်လာသည်။ ပုံမှန်အတိုင်းဆိုလျှင် ဤကဲ့သို့သော သဘာဝကံကောင်းမှုမျိုးမှာ သက်ရှိတစ်ကောင်ကို ဖန်တီးပြီးသွားသည်နှင့် ခမ်းခြောက်သွားမည်ပင်။ သို့သော်လည်း ယခုက ဘယ်လိုလုပ် များပြားလှသည့်အသက်ဓာတ်များ စီးဆင်းနေသနည်း..
ဤကဲ့သို့သော နေရာမျိုးမှာ ထာဝရရွှေထက်ပင် ပို၍အဖိုးတန်သည်ဟု ပြောကြသည်။
ရလဒ်အနေဖြင့် ရှီဟောင် ခံစားချက်များ ပြင်းထန်လာကာ သူကောင်းကင်ရတနာတစ်ခုကို တွေ့လိုက်ရသည်ဟု ခံစားလိုက်ရသည်။ ဤကန်လေးမှာ ထာဝရရတနာတစ်ခုနှင့်ပင် ယှဉ်၍ရပြီး သူ့အတွက် အတော်မတတ်နိုင်အောင် စွမ်းအားကြီးလှသည်ပင်။
ဤကန်လေးကို သေချာလေ့လာဆန်းစစ်ပြီးနောက် သူထိတ်လန့်သွားရသည်။ ဤနေရာ အလွန့်အလွန် ထူးခြားသည့်နေရာပင်။
အဘယ်ကြောင့်ဆိုသော် သူဤကန်လေးကို သေချာထိကြည့်လိုက်သည့်အချိန်တွင် ကန်တွင် သဘာဝအတိုင်းဖြစ်လာခြင်းမဟုတ်သည့် အလွန်ထူးဆန်းသည့် သင်္ကေတများ ရှိနေသည်ကို သူတွေ့လိုက်ရ၏။ ဤသည်မှာ ထာဝရပညာများ ဖြစ်ဟန်တူသည်။
“ရွှေရောင်နွားထီး ဖြစ်လာတာက သဘာဝအတိုင်း ပြောင်းလဲလာတာမဟုတ်ပဲနဲ့ ထာဝရသက်ရှိတစ်ယောက်က ထွင်းခဲ့တဲ့ သင်္ကေတကြောင့်လား..” ရှီဟောင် သံသယဝင်လာသည်။
ဤမြေအောက်လှိုဏ်ဂူမှာ ယခင်က ထာဝရသက်ရှိတစ်ယောက် နေခဲ့သည့်နေရာဖြစ်နိုင်သည်။ သူထားခဲ့သည့်အချို့အရာများမှာ သဘာဝကံကောင်းမှုများအဖြစ် ပြောင်းလဲသွားခြင်းဖြစ်လိမ့်မည်။
တခွပ်ခွပ်အသံများအောက်တွင် ကန်ထဲသို့ ဝင်ရန်အတွက် ရှီဟောင်၏ခန္ဓာကိုယ် ကျုံ့သွားသည်။
ဤကလန်မှာ သေးလွန်းလှပြီး တစ်ပေပတ်လည်သာရှိသည်။ ဤကန်ထဲ၌ ရွှေရောင်နွားထီး လဲလျောင်းနေရန်အတွက် အဆင်ပြေသော်လည်း သူ့အတွက်ကျတော့ ကျဉ်းလွန်းသည်။
ပလုံ..
ရှီဟောင် ထိုကန်ထဲသို့ ဝင်လိုက်သည်နှင့် များပြားလှသည့် အသက်ဓာတ်နှင့်အတူ လေထဲ၌ တာအိုအော်ရာလှိုင်းတစ်ခု ပျံ့လွင့်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
“ဒီသင်္ကေတတွေကို ဘယ်လိုလူတွေကများ ထွင်းခဲ့တာလား .. ဒါမှမဟုတ် ဒါက သူ့အလိုလိုပေါ်လာတာလား..” ရှီဟောင်သူ့ကိုယ်သူ မေးလိုက်သည်။ သူ ဤသင်္ကေတများကို ထပ်ခါတလဲလဲပွတ်ကြည့်သော်လည်း အဖြေမရနိုင်ဖြစ်နေသည်။
သို့သော် ယခုအချိန်တွင်တော့ သူများများစားစား မတွေးနိုင်သေး။ ယခု သူ သဘာဝကံကောင်းမှုအား တွေ့ရှိထားခြင်းပင်။ သူ ဤအခွင့်အရေးကို အရယူပြီး သူ၏ဒဏ်ရာများကို မကုသလျှင် ဤထာဝရလှိုဏ်ဂူ စိတ်ပျက်သွားလိမ့်မည်။
ရှီဟောင် စိတ်ပျံ့လွင့်မနေတော့ပဲ ကန်လယ်၌ ထိုင်ချလိုက်သည်။ ဤခံစားချက်မှာ အလွန်အံ့အားသင့်စရာကောင်းလှသည်။ သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ဆိုးရွားမလာတော့။
သူ၏တာအိုရင်းမြစ်ဒဏ်ရာရထားသောကြောင့် သူ၏ခန္ဓာကိုယ်မှာ ဆက်တိုက်ပင် ဆိုးရွားလာပြီး သူ၏ဝိညာဉ်လည်း ဒဏ်ရာရရှိသွားသည်။ ဤဒဏ်ရာများမှာ အလွန်မပြင်းထန်သော်လည်း ပို၍ဆိုးရွားလာမည်ပင်။ သို့သော်လည်း ယခုတော့ ထိုဒဏ်ရာများ ရပ်တန့်သွားလေပြီ။
ဤရွှေရောင်ဆေးရည်မှ သူ၏တာအိုဒဏ်ရာများကို ကုသလိုက်ခြင်းဖြစ်မဟုတ်။ ဤအရည်ထဲတွင် ပါဝင်နေသည့် စွမ်းအင်များပြားလွန်းလှသောကြောင့် သူ၏အသွေးအသားနှင့် ဝိညာဉ်ကို အားဖြည့်ကာ သူ၏ရင်းမြစ်မှ ဒဏ်ရာနှင့် တုံ့ပြန်မှုရှိလာခြင်းပင်။
ဝူး.. ရှီဟောင်၏နှာခေါင်းနှင့် ပါးစပ်မှ စွမ်းအင်ပေါက်ကွဲထက်လာပြီး ထိုစွမ်းအင်များနှင့်အတူ ထာဝရတာအိုအော်ရာလည်း ပါဝင်သည်။ ရှီဟောင် ပို၍ ပို၍ ထိတ်လန့်သွားရသည်။ ဤကန်မှာ တကယ်ကို ထူးခြားလှသည်။
သူသာ ဒဏ်ရာရနေခြင်းမဟုတ်လျှင် သူ တစ်ဝက်မှ ကျင့်ကြံလိုက်ရုံဖြင့် အကျိုးရလဒ် ၂ ဆ ရလာမည်ပင်။
ဟမ်..
အချိန်မည်မျှကြာသွားမှန်း မသိသည့်အချိန်တွင် သူ၏စိတ်များ ကြည်လင်လန်းဆန်းလာသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ သူ၏တာအိုဒဏ်ရာတိုက်စားမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဒဏ်ရာများလည်း ပျောက်ကင်းသွားလေပြီ.
သို့သော်လည်း သူဤနေရာမှ ထွက်သွားလိုက်သည်နှင့် ထိုတာအိုဒဏ်ရာများမှ သူ့အား ပြန်လည် တိုက်စားလာမည်ပင်။
ထိုအချိန်တွင် ထူးဆန်းသည့်အရာတစ်ခုခုကို သူအာရုံခံမိလိုက်သည်။ ကန်အောက်ခြေတွင် အက်ကွဲကြောင်းလေးတစ်ခု ရှိနေပြီး ရွှေရောင်အရည်များမှာ ထိုအက်ကွဲကြောင်းမှ ထွက်ပေါ်လာခြင်းပင်။
“ဒါက..” ရှီဟောင် ထိတ်လန့်သွားကာ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသည်။
ဤကန်ကို မူလရင်းမြစ်နေရာဟုထင်ထားသော်လည်း သူ၏ရင်းမြစ်မှာ မြေအောက်၌ရှိနေခြင်းဖြစ်ကြောင်းကို သူယခုမှ ရှာဖွေတွေ့ရှိသွားသည်။ ဤရွှေရောင်ဆေးရည်များမှာ အောက်ဘက်မှ လာနေခြင်းပင်။
ရှီဟောင် ဤနေရာကိုတူးကာ အောက်ဘက်ထိသို့ သွားကြည့်ချင်မိသည်။ မူလရင်းမြစ်မှာ မည်ကဲ့သို့သော ပုံစံဖြစ်ပြီး အောက်ဘက်၌ ရွှေရောင်အရည်မည်မျှရှိသည်ကို သူသိချင်သည်။
သို့သော် သူ၏နတ်အာရုံများကို အက်ကွဲကြောင်းတစ်လျှောက် ပို့လိုက်သည့်အချိန်တွင် သူစူးရှသည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
မြေအောက်သည် အစပိုင်း၌ အရာအားလုံးမှုန်ဝါးနေသော်လည်း သူအနီးကပ်သွားသည်နှင့် တောက်ပသည့်အလင်းများ ချက်ချင်းထွက်ပေါ်လာသည်။ ထိုအလင်းမှာ အလွန်တောက်ပလွန်းလှသည်။
ဒါက ဘယ်လိုနေရာမျိုးလဲ ..အထဲဘက်မှာဘာရှိတာလဲ .. သူဘာလို့ အနားကပ်လို့မရတာလဲ .. ထိုနေရာသည် သူ၏နတ်အာရုံများကို တားဆီးကာ သူ့အား နာကျင်အောင် လုပ်နေသည်ပင်။
ရှီဟောင် အလျင်အမြန်ပင် နောက်ပြန်ဆုတ်လိုက်သည်။ သူ ယခင်က ခံစားခဲ့ရသည့် တာအိုအော်ရာမှာ ဤမြေအောက်မှလာခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။
ရှီဟောင် ချွေးစေးများ ပြန်လာကာ ထိုစွမ်းအားလှိုင်းကို သတိကြီးကြီးထားလိုက်သည်။
“ဒီနေရာက အန္တရာယ်ရှိတာလား မရှိတာလား.. ဒီအောက်ဘက်မှာလည်း သတ္တဝါတစ်ကောင် ရှိနေတာလား .. အကောင်ရှိနေရင်တော့ အရမ်းကို ပြဿနာကြီးသွားလိမ့်မယ်..” ဤသည်မှာ ရှီဟောင် တွေးနေသည့်အတွေးပင်။
အဘယ်ကြောင့်ဆိုသော် ရွှေရောင်နွားထီးထွက်သွားသော်လည်း မည်သည့်သတ္တဝါမှ ဤနေရာသို့ မကူးကျော်ရဲ။ ဤနေရာမှာ သာမန်အဟုတ်ပဲ အခြားသတ္တဝါများ အားလုံးကို ခြိမ်းခြောက်နိုင်သည့် စွမ်းအားရှိနေသည်မှာ သေချာသည်။
သို့သော်လည်း ရှီဟောင် ဤထဲသို့ ဝင်ခဲ့ပြီး ဤရွှေရောင်အရည်၏ အသက်စွမ်းအင်များ ရခဲ့သော်လည်း သူဘာအန္တရာယ်မှ မတွေ့ကြုံရသေး။ သူ့ကို တိုက်ခိုက်လာသည့်စွမ်းအားမရှိသေး။
“ထားလိုက်တော့ .. အခွင့်အရေးတွေက ရှားပါးတယ် .. ငါ ပြန်ကောင်းသွားအောင် အရင်ဆုံးလုပ်ရမယ်..” မြေအောက်တွင်ရှိနေသည့် ရွှေရောင်အရည်၏ လျှို့ဝှက်ခွန်အားကို စုတ်ယူလိုက်သည်။
ဝုန်း..
အသက်စွမ်းအင်များမှာ များပြားလွန်းလှသောကြောင့် သူ၏အသွေးအသားတစ်လက်မစီတိုင်း တုန်ခါလာသည်။
သူ၏ခန္ဓာကိုယ်ထဲရှ ထာဝရစွမ်းအင် သုံးကြောင်း သူ့အလိုလိုအသက်ဝင်လာသည်ကို သူတွေ့လိုက်ရသည်။
“ဒါက တကယ်ကို ထူးဆန်းတယ်..”
ရှီဟောင် တွေဝေနေမိ၏။ ရှီဟောင် ထာဝရစွမ်းအင်သုံးကြောင်းကို မသုးသည့်အချိန်တွင် ထိုစွမ်းအင်များသည် သူ၏အသွေးအသားထဲ၌ ပျံ့ကြဲကာ အမြစ်တွယ်နေပြီး တစ်ဖြည်းဖြည်းချင်း အားကောင်းလာသည်ပင်။
ဤနေရာတွင် ထာဝရစွမ်းအင်သုံးကြောင်းသည် သူ့အလိုလို သိပ်သည်းလာခြင်းပင်။ ထို့နောက် ပြန်လည်ပျက်ပြယ်သွားသည်။ ဤကဲ့သို့ပင် သံသရာလည်နေကာ ထိုစွမ်းအင်ကြောင်းမှာ ပို၍ကောင်းမွန်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာလေသည်။
“ဒီရွှေရောင်ဆေးရည်က ဒီလောက်တောင် ကောင်းတာလား..” ရှီဟောင် အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤထာဝရစွမ်းအင်များကို အားဖြည့်ရန် သူအကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း ယခုတော့ ဤထာဝရစွမ်းအင်ကြောင်းများမှာ အသက်ဝင်လာလေပြီ။
ဝုန်း..
ရုတ်တရက် သူ၏ခန္ဓာကိုယ်ထဲ၌ ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် ထာဝရစွမ်းအင်သုံးကြောင်းလုံး ပျက်ပြယ်သွားကာ အလင်းရောင်များအားလုံး သူ၏အသွေးအသားနှင့် အရိုးများထဲသို့ ဝင်ရောက်သွားသည်။
သူ၏ ဝမ်းဗိုက်မှ အလွန်မှုန်ဝါးလှသည့် အဖြူရောင်စွမ်းအင်တစ်ကြောင်းထွက်ပေါ်လာသည်။ ဤစွမ်းအင်ကြောင်းမှာ မှုန်ဝါးလှသည်မှာ ဘာမှမရှိသလိုပင်။
သို့သော်လည်း ထိုစွမ်းအင်ကြောင်းရှိနေမှန်း ရှီဟောင်ခံစား၍ရသည်။
ထို့နောက် ကန်လေးထဲမှ ထာဝရတာအိုအော်ရာများ သူ့ဝမ်းဗိုက်ထဲသို့ အလျင်အမြန်ဝင်ရောက်သွားသည်ကို သူတွေ့လိုက်ရသည်။
ဤမှုန်ဝါးလှသည့် စွမ်းအင်ကြောင်းသည် ထာဝရစွမ်းအင်သုံးကြောင်းကို အစားထိုးကာ ဤထူးဆန့်သည့်စွမ်းအင်ကို စုတ်ယူလာခြင်းပင်။
ရှီဟောင် အစပိုင်းတွင် ကြောင်အသွားရသည်။ ဒါက ဘာကြီးလဲ .. သူက ထာဝရစွမ်းအင်သုံးကြောင်းကိုတောင် ဘေးပို့ပစ်လိုက်နိုင်တာလား .. သူ့ထဲမှာ ဘာ’မကောင်းဆိုးဝါး’ ရှိနေသလဲဆိုသည်ကို သူမသိတော့။
သို့သော်လည်း တစ်ဖြည်းဖြည်းနှင့် ရင်းနှီးသည့်ခံစားချက်တစ်ခု ရလာသည်။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းနှင့် အရင်းအမြစ် အတူတူပင်။
“ငါ တစ်ခြားထာဝရစွမ်းအင်တစ်ကြောင်းကို ဘယ်တုန်းက ရသွားတာလဲ..” ရှီဟောင် ရှုပ်ထွေးသွားရသည်။
ထာဝရရွှေဆေးရည်ထဲမှ စွမ်းအင်ကို စုတ်ယူလိုက်သည်နှင့် ဤအဖြူရောင်စွမ်းအင်ကြောင်း ပို၍ထင်ရှားလာသည်။ ဤသည်မှာ စတုတ္ထမြောက်ထာဝရစွမ်းအင်ကြောင်းပင်။
ရုတ်တရက် ရှီဟောင် အသိဝင်လာရသည်။ အဘယ်ကြောင့်ဆိုသော် အတိတ်မှ ဖြစ်ရပ်တစ်ခုကို ပြန်စဉ်းစားမိသွားသောကြောင့်ပင်။
ယခင်က သူ သေမလိုဖြစ်ခဲ့သည်အထိ ခက်ခက်ခဲခဲ အဆင့်တက်ခဲ့ရသည်။ ထိုစဉ်က သူ ထာဝရစွမ်းအင်တစ်ကြောင်း ရခဲ့သေးသည်။
သို့သော်လည်း နောက်ဆုံးအချိန်၌ မထင်မှတ်ထားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ကာ ထို ထာဝရစွမ်းအင် ပျက်ပြယ်သွားကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်ပင်။
ဒါက အဲဒီစွမ်းအင်ကြောင်းများလား..
သူက .. ဒီနေ့ ပြန်ပေါ်လာတာလား..
သို့သော် ရှီဟောင် ချက်ချင်းပင် ချွေးပြန်လာရသည်။ အဘယ်ကြောင့်ဆိုသော် ကိစ္စအများကြီးကို တွေးပြီးနောက် ဤအခြေအနေမှာ သိပ်မကောင်းဘူးဟု သူခံစားလိုက်ရသည်။
ယခင်က သူ ဤအကြောင်းကို အကြီးအကဲအရှင်အား ပြောပြခဲ့သေးသည်။
အကြီးအကဲအရှင်သည် အလွန်ထိတ်လန့်သွားခဲ့ကာ သူ့အား အချို့အကြောင်းအရာများကို ပြောပြလာခဲ့သည်။
အမှန်တကယ်တွင် ထာဝရစွမ်းအင် ကျင့်ကြံသည့်သူတိုင်း ပထမဆုံး စွမ်းအင်ကြောင်းအား ဆုံးရှုံးရမည်ပင်။ မည်သူမှ ထိုစွမ်းအင်ကြောင်းကို မမြင်နိုင်။
သို့သော်လည်း သူ မြင်ခဲ့သည်။ ဤသည်မှာ အနည်းငယ် မယုံကြည်နိုင်စရာကောင်းလှသည်။ အကြီးအကဲအရှင် ပြောသည့်အတိုင်းဆိုလျှင် ထိုစွမ်းအင်ကြောင်းသည် ပုံမှန်အားဖြင့် အလွန်မှုန်ဝါးကာ ပေါ်လာမည်မဟုတ်။
ထိုစွမ်းအင်ရှိမှန်းတောင် သိလိုက်မည်မဟုတ်။
အကြီးအကဲအရှင် ပြောသည့်အတိုင်းဆိုလျှင် ထိုစွမ်းအင်ကြောင်းမှာ အနှေးနှင့်အမြန် ပျောက်သွားမည်ဖြစ်သည်။ အခြား ထာဝရစွမ်းအင်တံဆိပ်များ ဖန်တီးနိုင်ရန်အတွက် ထိုစွမ်းအင်ကြောင်းက ယာယီနေပေးရုံသာ။ ‘တာအိုက တစ်ခုကိုခေါ်လာတယ်’ ဟူသည့်အဆိုမှ ‘တစ်ခု’မှာ ဤစွမ်းအင်ကြောင်းပင်။
တစ်ခုမှနှစ်ခု၊ နှစ်ခုမှသုံးခု၊ သုံးခုမှ အရာအားလုံး .. လူတစ်ယောက်သည် ထာဝရစွမ်းအင်သုံးကြောင်းရရှိရန် မျှော်လင့်နိုင်သော်လည်း ရမရကတော့ ထိုသူပေါ်တွင် မူတည်သည်ပင်။
ထိုထာဝရစွမ်းအင်သုံးကြောင်းလုံးမှာ ထိုစွမ်းအင်အရင်းအမြစ်မှ ချန်ရစ်ထားခဲ့သည့် တံဆိပ်များကြောင့် ဖြစ်ပေါ်လာခြင်းပင်။
ပုံမှန်အားဖြင့် ထိုစွမ်းအင်ကို မမြင်နိုင်သလို လေ့လာရန်လည်း ခက်ခဲသည်။ သို့သော်လည်း ရှီဟောင် ဤသည်ကို ပြန်ရခဲ့သလို အပြည့်အဝလည်း ပုံဖော်နိုင်လေပြီ။
အကြီးအကဲအရှင်သာ ဤနေရာ၌ ရှိနေပါက သူ ဆွံ့အပြီးနောက် ထိတ်လန့်သွားလိမ့်မည်။
“ငါတို့ ဒါကို ဆုံးရှုံးလိုက်ရရင် ကောင်းတယ်လို့ အကြီးအကဲအရှင် ပြောခဲ့ဖူးတယ် .. ဘာလို့လဲဆိုတော့ ဒီစွမ်းအင်ကြောင်းကျန်ခဲ့ရင် ကြောက်စရာကောင်းတာတွေဖြစ်လာပြီး ငါ့ကို ဆွဲချပစ်လိမ့်မယ်တဲ့..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
အကြီးအကဲအရှင် ပြောသည့်အတိုင်းဆိုလျှင် ဤစွမ်းအင်ကြောင်းကို ယူမထားသင့်။ လောဘကြီးကာ ဤစွမ်းအင်ကြောင်းအား ဆွဲထားလိုက်သည်နှင့် နောင်ကျလျှင် ကြီးမားသည့်အကျိုးဆက်များ ဖြစ်လာမည်ပင်။
“ဒီထာဝရစွမ်းအင်ကြောင်းက မူလစွမ်းအင်လို့ ပြောလို့ရတယ် .. ဒါကို ရပြီးတော့ အားကြီးလာအောင်လုပ်ချင်တယ်ဆိုရင် ဒါက လူတစ်ယောက်ကို ချည်နှောင်ထားတဲ့ ချိန်းကြိုးတစ်ခုဖြစ်လာမှာ .. အဲဒီချိန်းကြိုးက အဲဒီလူကို သတ်သွားလိမ့်မယ်..” အကြီးအကဲအရှင် သူ့အား အလွန်လေးနက်စွာ ပြောဖူးခဲ့သည်။
ဤသည်မှာ သဘာဝကံကောင်းမှုမဟုတ်ပဲ သေမင်းသင်္ကေတတစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် မယူသင့်သည့် သဘာဝကံကောင်းမှုများလည်း ရှိသည်ပင်။
ရှီဟောင် အနည်းငယ် ဆွံ့အနေရသည်။ အဲဒီမူလစွမ်းအင်က တကယ်ပြန်ပေါ်လာတာလား .. သူက ထွက်ပြေးမသွားဘူးလား..
တစ်ချိန်တည်းမှာပင် သူသံသယဝင်လာမိသည်။ ဒီအဖြူရောင်စွမ်းအင် ပြန်ပေါ်လာရအောင် မြေအောက်မှာ ဘာတွေရှိနေတာလဲ..
“ငါ့ရဲ့ စွမ်းအင်အရင်းအမြစ်က အစကတည်းက ဒဏ်ရာရနေတာ .. အခု ဒီ သောက်မူလစွမ်းအင်ကြီးက ပေါ်လာပြန်ပြီ..” ရှီဟောင် ခေါင်းကိုက်လာရသည်။ သို့သော် ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်၏မျက်လုံးတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်များ ထွက်ပေါ်လာသည်။ ပေါ်လာပြီဆိုမှတော့ ယူထားလိုက်တာပေါ့..
“မူလစွမ်းအင်ကိုတောင် အားဖြည့်နိုင်လောက်အောင် မြေအောက်မှာ တကယ်ပဲ ဘာတွေများ ရှိနေတာလဲ..” ရှီဟောင် တကယ်သိချင်မိသည်။ သူ ဤကိစ္စကို အဆုံးထိသွားရန် ဆုံးဖြတ်လိုက်သည်။
အပိုင်း ၁၆၃၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၀ – အခြားလှိုဏ်ဂူတစ်ခု
မြေအောက်တွင်ရှိနေသည့်အရာမှာ ရှီဟောင်အား ဆွဲဆောင်နိုင်လွန်းလှသည်။ ဤအရာမှာ မူလစွမ်းအင်ကို အားကောင်းလာအောင်ပင် လုပ်နိုင်သောကြောင့် မယုံကြည်နိုင်စရာကောင်းလှသည်။
ရှီဟောင် အသက်ပြင်းပြင်းရှူလိုက်ကာ ထာဝရရွှေဆေးရည်ကို စုတ်ယူပြီး သူ့ခန္ဓာကိုယ်ကို အကောင်းဆုံးအနေအထားဖြစ်အောင် လုပ်လိုက်သည်။ သို့သော် စွမ်းအင်တစ်ဝက်မှာ ထိုမူလစွမ်းအင်မှ ယူသွားကြောင်းကို သူတွေ့လိုက်ရသည်။
သို့သော်လည်း ဤသည်မှာ ကိစ္စမရှိ။ အဘယ်ကြောင့်ဆိုသော် သူဤကန်ထဲ၌ ထိုင်နေသည်မှာ ကြာနေပြီဖြစ်ပြီး သူ၏အသွေးအသားနှင့် ဝိညာဉ်များမှာ ပြန်ကောင်းသွားပြီဖြစ်သည်။
တစ်နာရီကြာပြီးသည့်နောက်တွင် ရှီဟောင် ရွှေရောင်ကန်ထဲ ထိုင်နေဆဲပင်။ သူ နတ်စိတ်ဝိညာဉ်တစ်ကြောင်းကို မြေအောက်သို့ ပို့လွှတ်ကာ ထပ်မံစုံစမ်းလိုက်သည်။
ကန်အောက်ခြေမှ အက်ကွဲကြောင်းမှာ အလွန်သေးငယ်သော်လည်း သူ၏စိတ်ဝိညာဉ်ကို မတားဆီးနိုင်။ သူ၏ခန္ဓာကိုယ်အစစ် ရောက်သွားသကဲ့သို့ သူ၏စိတ်ဝိညာဉ်မှ အောက်ဘက်သို့ ဆင်းကာ လေ့လာလိုက်သည်။
ထိုနေရာ၌ နေလမ်းကြောင်းကျောက်တုံးများ များပြားလှသည်။ နေရာတိုင်း၌ ဤကျောက်များပင်။ သူ အောက်ဘက်ဆက်ဆင်းသွားလိုက်သည့်အချိန်တွင် လျှို့ဝှက်နေရာတစ်ခုကို တွေ့လိုက်ရသည်။
ကျောက်နံရံများ၊ ကျောက်တုံးကြီးများနှင့် အခြားအရာများအားလုံးမှာ ကျောက်စက်တွဲလောင်းများကဲ့သို့ နေရာများစွာနှင့် ချိတ်ဆက်နေသည်။ ဤနေရာ၏ပုံစံမှာ သာမန်မဟုတ်။
ဤနေရာမှာသိပ်မကျယ်။ အထူးသဖြင့် ရွှေရောင်ဆေးရည် စီးဆင်းလာရာ ရင်းမြစ်ကို လိုက်သွားသည့်အချိန်တွင် ပို၍ကျဉ်းမြောင်းလာသည်။ လေထဲ၌ များပြားလှသည့် ရွှေရောင်မြူများ ထွက်ပေါ်လာသည်။
ရှီဟောင် နှလုံးခုန်နှုန်းများပင် မြန်ဆန်လာသည်။ ထာဝရစွမ်းအင်ကို ခံစားမိလိုက်သောကြောင့် သူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
ယခုတစ်ခေါက်တွင် သူခံစားလိုက်ရသည့် သူ၏မျက်ခုံးကြားမှ နာကျင်မှုမှာ ယခင်တစ်ခေါက်ကထက် ပိုပြင်းထန်သည်။ သူ ထာဝရမီးတောက်များဖြင့် လောင်ကျွမ်းခံလိုက်ရသလိုပင်။ ဤသည်မှာ တကယ်ကို နာကျင်လှသည်။
သို့သော်လည်း ရှီဟောင် ထိုနာကျင်မှုကို အံကြိတ်ကာ ဆက်သွားလိုက်၏။ သူ၏နတ်အာရုံများမှာ ရေကဲ့သို့ ဖြေးဖြေးမှန်မှန် ဆက်သွားနေသည်။
ဝုန်း..
ရှီဟောင်၏ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ သူ့မျက်စိရှေ့ရှိ အရာအားလုံး မှောင်မဲသွားသည်။ သူသတိလစ်သွားမတတ်ပင်။ ဓားတစ်လက်ဖြင့် ထိုးခံလိုက်ရသကဲ့သို့ သူ့ကို တိုက်စားနေသည့် ထူးဆန်းသည့် စွမ်းအားတစ်ခုရှိနေသည်။
မတတ်သာပဲ သူ၏နတ်အာရုံကို ပြန်ဆွဲခေါ်လိုက်ရသည်။ သူသာ ရှေ့ဆက်သွားလျှင် သူ၏မူလဝိညာဉ်ပင် ပျက်စီးသွားနိုင်သည်။
မြေအောက်၌ ဘာရှိနေသည်ကို သူသိချင်သော်လည်း သူ့ဘဝကို စွန့်စားမည်မဟုတ်။ ထာဝရရတနာရှိနေလျှင်ပင် သူ့အသက်နှင့်မလဲနိုင်။
အချိန်ခဏခန့်တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ရှီဟောင် နဂါးအကြေးခွံကို ထုတ်လိုက်ကာ သူ၏နတ်အာရုံများဖြင့် အသက်သွင်းလိုက်သည်။ သူ ဤအကြေးခွံကို ဒိုင်းကာအဖြစ် အသုံးပြုကာ နောက်တစ်ကြိမ် စမ်းသပ်လိုက်သည်။ ဤတစ်ကြိမ်လည်း ရှုံးနိမ့်နေသေးလျှင် သူလက်လျော့လိုက်တော့မည်။
သူအောင်မြင်နိုင်ချေ သိပ်မရှိဘူးဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ဤအကြေးခွံတွင် ဝိညာဉ်မရှိသောကြောင့် သူ့ကို ဘက်ပေါင်းစုံမှ ကာကွယ်ပေးရန် မဖြစ်နိုင်။
ဒုန်း..
သူထင်ထားသည့်အတိုင်းပင် နဂါးအကြေးခွံ တုန်ခါသွားသည်။ သူမိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူ၏နတ်အာရုံများ ဒဏ်ရာရသွားသည်။ သူ၏ခန္ဓာကိုယ်အစစ်ရှိ မျက်ခုံးကြားမှ သွေးစက်တစ်စက် စီးကျလာသည်။
သို့သော်လည်း နဂါးအကြေးခွံ ပေါက်ကွဲသွားသည့်အချိန်တွင် သူ မှုန်ဝါးဝါးပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။
ဤသည်မှာ စစ်ရထားလုံးတစ်စင်းပင်။
ဤစစ်ရထားလုံးမှာ အလွန်စုတ်ပြတ်နေပြီး ရှေးကျလှသည်။ ကံမကောင်းစွာဖြင့် သူရှင်းရှင်းလင်းလင်း မမြင်လိုက်နိုင်။
ထို့အပြင် ထိုနေရာ၌ လဲလျောင်းနေသည့် သက်ရှိတစ်ယောက်ကိုလည်း မှုန်ဝါးဝါး တွေ့လိုက်ရသေးသည်ပင်။ ထိုသက်ရှိမှ အလင်းတစ်ချို့ ထုတ်လွှတ်နေသည်။
“သူက အသက်မရှိတော့ဘူး .. သေသွားပြီ” ယခု ရှီဟောင် စိတ်အေးသွားလေပြီ။ သူ ထိုနေရာသို့ သွားရန် လမ်းကြောင်းတစ်ခုရှာဖွေရန် ဆုံးဖြတ်ပြီးသွားလေပြီ။
ထိုအထဲတွင် ပစ္စည်းကောင်းများ ရှိနေသည်မှာ ပြောစရာပင်မလို။ ပျက်စီးနေသည့် စစ်ရထားလုံးသာဖြစ်သော်လည်း ဤကဲ့သို့သော အလင်းမျိုး ထုတ်လွှတ်နိုင်သေးသည်။
သူ ထာဝရဓား၊ ဝိညာဉ်တစ်သောင်းသင်္ကေတ၊ နဂါးအကြေးခွံနှင့် သူ့ထံတွင်ရှိနေသည့် အရာအားလုံးကို အသုံးပြုလိုက်သော်လည်း ဤပစ္စည်းများမှာ ခုခံမှုအတွက်သက်သက်သာဖြစ်ပြီး အရင်စတိုက်မည်မဟုတ်သည်ကို သူတွေ့လိုက်ရသည်။
သူ၏နဖူးမှ အကြိမ်ပေါင်းများစွာ သွေးများစီးကျလာသည်။ သူကြိုးစားသမျှ ကျရှုံးနေသည်ပင်။
“အားလုံးကို စွန့်စားမယ်..”
ရှီဟောင်အံကြိတ်လိုက်သည်။ သူ၏ပန်းတိုင်ကို မရမချင်း သူအရှုံးပေးမည်မဟုတ်။ ထိုနေရာတွင် အသက်ရှင်နေသည့်သက်ရှိ မရှိသရွေ့ ထိုနေရာမှာ သဘာဝကံကောင်းမှုများ ရှိနေသည့်နေရာဖြစ်သည်ဟု ဆိုလိုခြင်းပင်။ အထဲမှ ပစ္စည်းကိုသာ ရလိုက်ပါက မယုံကြည်နိုင်လောက်သည့် အကျိုးကျေးဇူးများ ရရှိလိမ့်မည်။
သူ၏ရည်မှန်းချက် ကြီးမားသော်လည်း သူ၏ခွန်အားမှာ မလုံလောက်။ သူ ထိုနေရာကို ချဉ်းကပ်နိုင်မည့်နည်းလမ်းမရှိ။
ကံကောင်းသွားသည်မှာ ထိုရွှေရောင်အလင်းမှာ သတ်ဖြတ်သည့်လက်နက်မဟုတ်သလို စတင်တိုက်ခိုက်ခြင်းလည်းမရှိ။ အလင်းအကာအကွယ်အဖြစ်သာ ဝန်းရံထားခြင်းပင်။ မဟုတ်ပါက အကျိုးဆက်မှာ ခန့်မှန်းရန်ပင် ခက်ခဲလိမ့်မည်။
ရှီဟောင်ပင်လျှင် ကူကယ်ရာမဲ့လာသည်။ သူ ဘာနည်းလမ်းမှ မရှိတော့သည့်အချိန်တွင် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲမှ မီးတောက်တစ်ခု ထွက်ပေါ်လာကာ မြေကြီးထဲသို့ ဝင်ရောက်သွားသည်။
ထိုထူးဆန်းသည့်မီးတောက်သည် ကြေးမုံတစ်ခုအဖြစ် ပြောင်းလဲကာ တာအိုလမ်းကြောင်းများကို ရေးထိုးနိုင်သည်ပင်။
ထိုမီးတောက်သည် ရွှေရောင်အလင်းကိုထိုးဖောက်ကာ ထိုကဲ့သို့ပင် ဝင်သွားလေ၏။
ရှီဟောင် ဆွံ့အသွားရသည်။ ဤသည်မှာ သူ့အတွက်မဖြစ်နိုင်သည့်အရာပင်။ သူ တွေဝေမနေတော့ပဲ ထိုမီးတောက်ထဲသို့ သူ၏နတ်စိတ်ဝိညာဉ်တစ်ကြောင်းကို ထည့်ကာ လိုက်သွားလိုက်သည်။
သူဝင်သွားလိုက်သည်နှင့် ထိုအလင်းအတားအဆီး အပေါက် ပြန်ပိတ်သွားလေ၏။
သူ နောက်ဆုံးတော့ အထဲရောက်သွားပြီ.. ထိုနတ်အလင်းထဲ၌ တကယ်ကို စစ်ရထားလုံးတစ်စင်းရှိနေသည်ပင်။ ထိုရထားလုံးမှာ အလွန်စုတ်ပြတ်နေပြီဖြစ်ပြီး တစ်ဝက်သာရှိတော့သည်။ စစ်ရထားလုံးသည် ရွှေရောင်အနည်းငယ်သန်းနေသလို ဖုန်လည်း အနည်းငယ်တက်နေသည်။
ဤရထားလုံးမှာ သိပ်မကြီး။ တစ်ပေခန့်သာရှိသည်။ ဤသည်မှာ နည်းနည်းလေးမှပင် မကြီးဘူးဟု ပြော၍ရသည်။ ဒါကို ဘယ်လိုသတ္တဝါအတွက် ပြင်ဆင်ထားတာလဲ..
သို့သော်လည်း ရွှေရောင်နွားထီးကို စဉ်းစားမိသွားသည့်အချိန် သူဆွံ့အသွားရသည်။ ထိုနွားထီးလည်း ထိုမျှမကြီးသော်လည်း ခွန်အားမှာ ကြောက်စရာကောင်းလောက်အောင် ကြီးမားလှသည်။ သူတို့အရွယ်အစားကိုကြည့်ပြီး သူတို့ခွန်အားကို ဆုံးဖြတ်၍မရ။
“ဒါက..” ရုတ်တရက် သူ၏အမူအရာ တောင့်ခဲသွားရသည်။အဘယ်ကြောင့်ဆိုသော် သူ၏ဘေးပတ်လည်ကို သေချာအာရုံလိုက်သည်နှင့် ဤရှေးဟောင်းစစ်ရထားလုံးကို မည်သည့်ပစ္စည်းဖြင့် လုပ်ထားသည်ကို သူသိသွားပြီဖြစ်သည်။
ဤသည်မှာ နေလမ်းကြောင်း ထာဝရရွှေပင်။
မသေမျိုးသက်ရှိများနှင့် ထာဝရသက်ရှိအစစ်များပင် ဤသည်ကို မြင်သည်နှင့် သူတို့မျက်လုံးများ နီရဲသွားလောက်သည်။
အဘယ်ကြောင့်ဆိုသော် ထာဝရကျွမ်းကျင်သူတိုင်း သူတို့ခွန်အားနှင့် ကိုက်ညီသည့် မှော်ပစ္စည်းမရှိကြ။ အဓိကအကြောင်းရင်းမှာ သူတို့ ထာဝရရွှေများမရှာနိုင်သောကြောင့်ပင်။
ထိုကျင့်ကြံဆင့်ရောက်လျှင် သာမန်ပစ္စည်းများမှာ သူတို့စွမ်းအားကို မခံနိုင်တော့။ အတင်းလုပ်လိုက်သည်နှင့် ထိုလက်နက်များ ပျက်စီးသွားလိမ့်မည်။
ထာဝရရွှေဖြင့် စစ်ရထားလုံး ပြုလုပ်သည်ဆိုသည်မှာ မော်ကြွားလွန်းလှသည်ပင်။ သို့သော်လည်း ဤစစ်ရထားလုံးသည် တစ်ဝက်ပျက်စီးနေပြီဖြစ်သည်။
ခဏကြာပြီးနောက် ရှီဟောင်ထိုင်ချကာ လက်ဖြင့် မြေကြီးထဲသို့ တူးလိုက်သည်။ သဲအပြင် အခြားပစ္စည်းတစ်ခုကို သူတွေ့လိုက်ရသည်။
“ရွှေရောင်ဦးချို .. နွားခေါင်းတစ်ခု..”
ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ သူဝင်လိုက်သည်နှင့် ဤကဲ့သို့သော ပစ္စည်းမျိုး တွေ့နေရလေပြီ။ စစ်ရထားလုံးနှင့်သိပ်မဝေးသည့်နေရာ၌ သက်ရှိတစ်ကောင်ရှိနေသည်။ သို့သော်လည်း ထိုသက်ရှိသည် နေလမ်းကြောင်းကျောက်တုံးအပိုင်းအစများ၊ အခြားအရာများဖြင့် မြှုပ်နှံခြင်းခံထားရသည်။
ထိုကျောက်တုံးများကို ဖယ်ရှားလိုက်သည့်အချိန်တွင် ပျက်စီးနေသည့် နွားဦးချိုကို ချက်ချင်း တွေ့လိုက်ရသည်။ ထို့နောက် သူနွားခေါင်းကို တွေ့လိုက်ရသည်။ ထိုပစ္စည်းနှစ်ခုလုံးမှာ မှေးမှိန်နေပြီဖြစ်သည်။
အချိန်၏တိုက်စားမှုကြောင့် ဖုန်လည်းတက်နေလေပြီ။
သို့သော် ရှီဟောင်စိတ်ထဲ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာလည်း ထာဝရရွှေပစ္စည်းပင်။
“ဘာလို့ တစ်ခြားနွားတစ်ကောင် ထပ်ရှိနေတာလဲ..”
အပြင်ဘက်တွင် သူ့နောက်ခဲ့သည့် တစ်ပေရှည်သည့် ရွှေရောင်နွားတစ်ကောင်ရှိသည်။ ယခု ဤမြေအောက်၌ သူအခြားနွားတစ်ကောင်ကို ထပ်တွေ့လိုက်ရလေပြီ။ ဒါက နွားအသိုက်လား..
ဤနွားလည်း တစ်ပေခန့်သာရှိသည်ပင်။ သို့သော်လည်း ခေါင်း၊ ဦးချိုနှင့် ခြေလက်များမှာ နေရာအနှံ့ပျံ့နေသည်။ ဤနေရာကို သေချာရှာပြီးမှ ဤအစိတ်အပိုင်းများကို တွေ့ခဲ့ခြင်းပင်။ သူ၏ပျက်စီးနေသည့်ခန္ဓာကိုယ်တွင် မြှားပေါက်ရာများ၊ ရဲတင်းရာများ၊ ဓားရာများရှိနေသည်။ သူသည် ယခင်က တိုက်ပွဲတစ်ခု ပြင်းထန်စွာ တိုက်ခိုက်ပြီး သေဆုံးသွားခြင်းပင်။
လက်သီးအရွယ်အစား ထာဝရမီးတောက်တစ်ခု ပျံ့လွင့်လာကာ ရွှေရောင်နွားအကြွင်းအကျန်များပေါ်၌ ရစ်ဝဲကာ ဓားရာများ၊ ရဲဒင်းရာများ၏ တာအိုအဓိပ္ပာယ်ကို ထင်ဟပ်အောင် လုပ်ပေးနေသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤဓားရာများမှာ ချောက်နက်များနှင့်တူပြီး ပုဆိန်ရာများမှာ လျှိုမြှောင်များနှင့်တူသည်ဟု ခံစားလိုက်ရသည်။ ဤဒဏ်ရာများတွင် ခမ်းနားသည့်တာအိုအော်ရာများ ပါဝင်နေသည်။
“ဒါက သေမျိုးစွမ်းအားမဟုတ်ဘူး .. ထာဝရတာအိုနယ်ပယ်ကို ရောက်နေပြီ..” ရှီဟောင် အေးခဲသွားရသည်။
ဒီရွှေရောင်နွားထီးရဲ့ ကျင့်ကြံဆင့်နယ်ပယ်က ဘယ်ထိတောင် ရောက်သွားပြီလဲ .. သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများအားလုံးတွင် ထာဝရအော်ရာများရှိနေသည်။ ဒါက ထာဝရနွားထီးလား..
သို့သော်လည်း ဤနွားမှာ စစ်ရထားလုံးဆွဲသည့်နွားပင်။
ရှီဟောင် အနည်းငယ် ဆွံ့အသွားရ၏။ ဤသည်မှာ တကယ်ကို မယုံကြည်နိုင်စရာကောင်းလှသည်။
“ထာဝရရှေးဟောင်းခေတ်က ထူးဆန်းမှုတွေ ပြည့်နေတယ် .. တစ်ဖက်လောကက သက်ရှိတွေ နောက်ဆုံးမှာ ပြန်ဆုတ်သွားတာ အံ့ဩစရာမရှိတော့ပါဘူး .. မှန်းဆလို့မရတဲ့ လျှို့ဝှက်စွမ်းအားတစ်ချို့ ရှိနေတာပဲ..” ရှီဟောင်သက်ပြင်းချလိုက်သည်။
ဤစစ်ရထားလုံးလေးမှာ ဤရွှေရောင်နွားထီးနှင့် တကယ်ကို လိုက်ဖက်လှသည်။ သူသည် ဤနေရာသို့ ခက်ခက်ခဲခဲ ထွက်ပြေးလာရသော်လည်း နောက်ဆုံးတွင် အလောင်းတစ်ခုအဖြစ် အဆုံးသတ်သွားသည်ပင်။
သူ့ပိုင်ရှင်က ဘယ်မှာလဲ.. သူ၏သတ္တဝါ ဤကဲ့သို့ဖြစ်သွားသည်ကို သူ၏ပိုင်ရှင် ဘာမှမလုပ်ပဲ ရပ်ကြည့်နေမည်မဟုတ်။ ဘာလို့ ဘာသဲလွန်စမှ မရှိတာလဲ..
ရှီဟောင်၏ အတွေးများ ရှုပ်ထွေးနေသည့်အချိန်တွင် ထိုထာဝရမီးတောက် ရွေ့လျားသွားသည်။ သူသည် မြေအောက်လောက အတွင်းပိုင်းသို့ ဝင်သွားလေ၏။
ရှီဟောင်လည်း ထိုမီးတောက်နောက်လိုက်သွားလိုက်သည်။
မြေအောက်လောကကြီးမှာ နေလမ်းကြောင်းအဖိုးတန်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်သော်လည်း အပေါက်များပြည့်နေသည်။ ဤသည်မှာ ကျောက်စက်ပန်းဆွဲများဖြင့် ဖန်တီးထားသည့် ဂူတစ်ခုကဲ့သို့ဖြစ်နေသည်။
အမ်..
ရှီဟောင် တစ်စကိုယ်လုံးတောင့်တင်းသွားရသည်။
ပျက်စီးနေသည့် စစ်ရထားလုံး၏အခြားတစ်ပိုင်းကို ကျောက်နံရံတစ်ခုပေါ်၌ တွေ့လိုက်ရသည်။ ထိုရထားလုံးမှာ ဖုန်တက်နေပြီဖြစ်သည်။
အဲဒါကဘာကြီးလဲ .. ရှီဟောင် စိတ်လှုပ်ရှားလာရ၏။ အဘယ်ကြောင့်ဆိုသော် ထိုစစ်ရထားလုံးတစ်ဝက်ပေါ်၌ ထိုင်နေသည့် ပုံရိပ်တစ်ခုကို သူတွေ့လိုက်ရသည်။
သို့သော် သူဘယ်လိုကြည့်ကြည့် မရှင်းလင်းပဲဖြစ်နေသည်။ သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်လည်း မထူးခြား။ ဤသည်မှာ သိပ်သည်းလှသည့်တာအိုများကြောင့် ဖြစ်သည်ကို သူသိလိုက်ရသည်။
သူ့စိတ်ထဲ တုန်လှုပ်သွားရကာ သူ၏လက်ဝါးပင် ချွေးများစိုရွှဲလာသည်။ ထိုရထားလုံးထဲ၌ ထိုင်နေသည့်သူမှာ ရွှေရောင်နွားထီး၏ ပိုင်ရှင်ဖြစ်မည်ကို သူသိသည်။
ထာဝရမီးတောက် ထိုနားကပ်သွားသည့်အချိန်မှ ထိုနေရာကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ မီးတောက်သည် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည်ပင်။ တာအိုသင်္ကေတများပင် ဤနေရာမှထူးဆန်းမှုကို မဖုံးကွယ်နိုင်တော့။
သေချာပါသည်။ ပျက်စီးနေသည့် ရထားလုံးထဲ၌ သက်ရှိတစ်ယောက် ရှိနေသည်ပင်။
ဤသက်ရှိလည်း တစ်ပေခန့်သာရှိသည်။ ထိုင်နေသည့်အချိန်တွင် သူသည် ပိုပုသည့်ပုံပေါ်သွားသည်။ သို့သော်လည်း ဤသက်ရှိကို စိုက်ကြည့်လိုက်သည်နှင့် တုန်ယင်လာကာ သူ့အား ဦးညွှတ်ချင်စိတ် ပေါ်လာသည်ပင်။
ရှီဟောင်ထိတ်လန့်သွားရ၏။ ဤသက်ရှိမှာ ထူးခြားလှဿည်။ သူ၏အော်ရာအားလုံးကို ထိန်းချုပ်ထားသော်လည်း အခြားသူများအတွက် သည်းခံနိုင်ရန် ခက်ခဲနေဆဲပင်။ ဤသည်မှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုပင် ပြိုကျပျက်စီးသွားတော့မလိုပင်။
ရှီဟောင် သူ၏အကြည့်ကို ရှောင်ဖယ်လိုက်မှ ထိုကဲ့သို့သော ခံစားချက် ပျောက်ကွယ်သွားသည်။
ဤသည်မှာအလွန်အသက်ကြီးနေပြီဖြစ်သည့် တာအိုဆရာပင်။ သူသည် သမိုင်းမတင်မှီခေတ်ကတည်းက ဤနေရာ၌ ထိုင်နေသည့်ပုံပင်။ သူ၏မျက်လုံးများကို မှိတ်ထားပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် မခြောက်သေးသည့် ရွှေရောင်သွေးများ ရှိနေသေးသည်။
သူ ရွှေရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ထိုဝတ်စုံမှာ စုတ်ပြတ်နေပြီဖြစ်သည်။
သို့သော်လည်း ဤဝတ်စုံများ ပျက်စီးဆွေးမြေ့မသွားနိုင်သည်ကို ရှီဟောင်သိသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နေလမ်းကြောင်းထာဝရရွှေဖြင့် ရက်လုပ်ထားခြင်းပင်။
ဤတာအိုဆရာတွင် ရွှေရောင်ဆံပင်နှင့် ရွှေရောင်မုတ်ဆိတ်မွေးများရှိသည်။ သူ၏ခန္ဓာကိုယ်မှ ဖရိုဖရဲစွမ်းအင်များ ပျံ့လွင့်နေသည်။ ထိုနေရာတွင် ကြယ်များလည်း ရှိနေပြီးအာကာသ၏အစိတ်အပိုင်းနှင့် တူနေသည်။
ထိုသူကိုကြည့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါက်ကွဲသွားတော့မလို ရှီဟောင်ခံစားနေရသည်။ ဤသက်ရှိ မည်မျှစွမ်းအားကြီးကာ ကြောက်စရာကောင်းမည်ကို သူမမှန်းဆနိုင်။
သေချာကြည့်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်နေပြီဖြစ်ပြီး အသက်ဓာတ်မရှိတော့။ သို့သော်လည်း သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကို ဖိနှိပ်နိုင်ဆဲပင်။
ထိုပျက်စီးနေသည့် ရထားလုံးတစ်ဝက်တွင် တာအိုဆရာတစ်ယောက် ကျောက်နံရံကိုမှီပြီးထိုင်နေသည်။ ထိုနေရာတွင် မည်းမှောင်နေသည့် ရှေးဟောင်းဂူတစ်လုံးရှိသည်။ ထိုဂူမှာ အလွန်သေးငယ်လှကာ သူ၏ခန္ဓာကိုယ်နှင့် ဖုံးလုနီးပါးပင်။
အပိုင်း ၁၆၄၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၁ – နိဗ္ဗာန်ဘုံ
ဤတာအိုဆရာမှာ လူသားပုံစံဖြစ်နေသော်လည်း သေချာပေါက် လူသားမဟုတ်။ သူသည် တစ်ပေပင်မရှိ။ အရေးအကြီးဆုံးမှာ သူ၏ခန္ဓာကိုယ် ရွှေရောင်ဖြစ်နေခြင်းပင်။
နေလမ်းကြောင်းထာဝရရွှေ..
သူသည်လည်း ထာဝရရွှေဖြင့် ဖန်တီးထားသည့်သက်ရှိပင်။ သို့သော်လည်း ဤလူ ပို၍စွမ်းအားကြီးသည်ပင်။ သူ၏ကျင့်ကြံဆင့် ဘယ်လောက် လေးနက်မှန်းပင် မမှန်းဆနိုင်။ သူသည် ထာဝရတာအို၏ ထိပ်ဆုံး၌ ရပ်တည်နေမည်မှာ သေချာသည်။
ဤတာအိုဆရာသည် ရှေးကျသည့်တာအိုဝတ်စုံကိုဝတ်ဆင်ထားပြီး ရွှေရောင်မျက်လုံး၊ ပါးလျသောဆံပင်နှင့် မုတ်ဆိတ်မွေးများရှိသည်ပင်။ သူသည် အလွန်အသက်ကြီးနေပြီဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်မှာ အသွေးအသားရှိသည့်ခန္ဓာကိုယ်နှင့် သိပ်မကွာ။ သေချာမကြည့်ပါက ခွဲခြားနိုင်ရန် ခက်ခဲလှသည်။
ရှီဟောင် သူ့ကို အကြိမ်အနည်းငယ်သာစိုက်ကြည့်မိခြင်း ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ် ပေါက်ကွဲထွက်မတတ် ဖြစ်နေလေပြီ။
ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ဤကဲ့သို့သောသက်ရှိ ဤလောက၌ ရှိမနေသင့်။
ရှီဟောင် ဤလူကို ဆက်လေ့လာ၍မရတော့။ မဟုတ်ပါက သူပြဿနာကြီးတက်သွားလိမ့်မည်။ သူ၏ခန္ဓာကိုယ်ပေါက်ကွဲကာ သွေးမြူအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ရှီဟောင် ဤလူ၏ ဘေးပတ်လည်ကိုသာ ကြည့်ရုံသာ တတ်နိုင်သည်။ ကြယ်များမှာ အလွန်သေးငယ်လှသော်လည်း အစစ်အမှန်ဆန်လွန်းလှသည်။ သူကြယ်များကို ကြည့်လေလေ သူ၏ခန္ဓာကိုယ် ပို၍တုန်လှုပ်လာလေလေပင်။ ထိုကြယ်များ ရုတ်တရက် ကြီးလာကာ အကန့်အသတ်မဲ့သည့် ကြယ်စနစ်ကြီးတစ်ခု ဖြစ်လာသည်။
ထို့နောက် ဖိအားလှိုင်းတစ်ခုကို သူခံစားလိုက်ရသည်။ ကြယ်များမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်နေပြီး ဆူညံသံများပင် ထွက်ပေါ်လာသည်။
ထို့နောက် ရှီဟောင် ထိတ်လန့်လာသည်အထိ တုန်လှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူသတ်ဖြတ်ရန် ကြွေးကြော်သည့်အသံများအား ကြားလိုက်ရသည်ပင်။
ထိုကြယ်များပေါ်တွင် ဟစ်ကြွေးနေကြသည့် သတ္တဝါများ မရေမတွက်နိုင်အောင်ရှိနေသည်။ ကြီးမားလှသည့် စစ်တပ်များတစ်ခုနှင့်တစ်ခု တိုက်ခိုက်နေသည်။ ထိုသူများထဲတွင် ကောင်းကင်နတ်ဘုရားအဆင့်၊ ဟင်းလင်းပြင်တာအိုအဆင့်၊ ကိုယ်တိုင်လွတ်မြောက်ခြင်းအဆင့်၊ အဆင့်လွန်သက်ရှိအဆင့် သတ္တဝါများ ပါဝင်သည်ပင်။
ကြယ်တစ်ခုစီတိုင်းမှာ ဤကဲ့သို့ဖြစ်နေပြီး ထိုကြယ်များအားလုံး ဤတာဆိုဆရာကို ဝန်းရံကာ လှည့်ပတ်နေခြင်းပင်။
ဝုန်း..
ရှီဟောင်၏ခန္ဓာကိုယ် တောင့်ခဲသွားရသည်။ ဤကြယ်များကို လေ့လာပြီး ထိုအကြီးအကဲကို အမှတ်မထင်ကြည့်လိုက်သည့်အချိန်တွင် ထိုအကြီးအကဲ ပြောင်းလဲသွားကြောင်း သူတွေ့လိုက်ရသည်။
ထိုတာအိုဆရာမှာ သေးသေးလေးမဟုတ်တော့ပဲ အလွန်ကြီးမားသွားပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြား၌ အုပ်မိုးနေလေပြီ။ သူသည်လက်ရှိတွင် ရှေးဟောင်းအာကာသတစ်ခုလုံး၏ အလယ်၌ ထိုင်နေခြင်းပင်။
သူ၏ခန္ဓာကိုယ်မှာ အဆုံးကိုပင် မမြင်နိုင်တော့။ မရေမတွက်နိုင်သည့် ကြယ်များနှင့် အဆုံးမရှိသည့် ကြယ်များ ရွေ့လျားစီးဆင်းနေသည်။ သို့သော်လည်း ထိုတာအိုဆရာ၏ ခန္ဓာကိုယ်ပေါ် အမွေးများနှင့်ယှဉ်လျှင် ဤသည်မှာ ဘာမှမဟုတ်တော့။
ထိုတာအိုဆရာ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်ရ။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းမှာ ကြီးမားလှပြီး ကြယ်ကောင်းကင်ကြီးထက်ပင် ကျယ်ပြန့်နေသေးသည်။
ရှီဟောင် ဆွံ့အသွားရသည်။
ဤသတ္တဝါကို မြင်သည့်သူတိုင်း သူ့အား ဦးညွှတ်ချင်ကြမည်ပင်။
အချိန်မည်မျှကြာသွားမှန်းမသိသည့်အချိန်တွင် ရှီဟောင်၏မျက်လုံးများ နာကျင်လာကာ သူ၏ဝိညာဉ်ပင် ပြိုကွဲတော့မတတ်ပင်။ ထိုအချိန်မှသာ သူခက်ခက်ခဲခဲဖြင့် သူ၏အကြည့်ကို ရွှေ့လိုက်သည်။ ထိုအချိန်တွင် အကန့်အသတ်မရှိသည့်မြင်ကွင်းလည်း ပျောက်ကွယ်သွားလေပြီ။
အဲဒီကြယ်တွေကို စိုက်ကြည့်မိတာနဲ့ ဒီလိုတုံ့ပြန်မှုမျိုး ဖြစ်လာတာလား..
သူ စိတ်တည်ငြိမ်သွားသည့်အချိန်တွင် သူရှေ့၌ ရှိနေသည်မှာ ထိုစုတ်ပြတ်သည့် ရထားလုံး၊ ထိုရထားလုံးထဲတွင် ထိုင်နေသည့် အလွန်ပုတိုသည့် တာအိုဆရာနှင့် ကြယ်ငယ်လေးများစွာပင်။
သို့သော် ယခုအချိန်တွင်တော့ သူအရပ်ပုသည်ဟု ရှီဟောင်မခံစားရတော့။ ဤသည်မှာ သူ၏ပုံရိပ်ယောင်ဟုသာ ခံစားရတော့သည်။ သူသည် ရှေးခေတ်စကြာဝဠာ၌ အလွန်ကြီးမားသည့်ခန္ဓာကိုယ်ကြီး ရှိနေမည်ပင်။
ရှီဟောင် ဘာမှသိပ်စဉ်းစားစရာမလိုပဲ ဤကဲ့သို့သော ကောက်ချက်မျိုးချလိုက်နိုင်ခြင်းပင်။
ဤလူမှာ ထာဝရတာအိုပုဂ္ဂိုလ်များထဲ၌ နာမည်ကြီးပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ သူ ထာဝရဘုရင်ပင် ဖြစ်နိုင်သည်။
မဟုတ်ပါက သူ ဤကဲ့သို့သော ကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်မည်နည်း..
သို့သော်လည်း ဤအရာအားလုံးမှာ သူ၏သံသယအဖြစ်သာ ရှိသေးသည်။
ဤနေရာမှာ ထူးဆန်းလှ၏။
ပျက်စီးနေသည့် ရထားလုံးသည် တာအိုဆရာအား ဤနေရာသို့ ခေါ်လာခဲ့သည်။ သို့သော်လည်း သူတို့ ဤနေရာ၌ ကြွေလွင့်သွားခဲ့ရသည်။
တာအိုဆရာမှာ အသက်ဓာတ်ကုန်သွားသောကြောင့် သေသွားခြင်းဖြစ်ရမည်။ သို့သော်လည်း သူ့ထံတွင် ဤကဲ့သို့သော ခမ်းနားကြီးကျယ်မှု ရှိသေးသောကြောင့် ဤသည်မှာ သူမည်မျှစွမ်းအားကြီးပြီး ကြောက်စရာကောင်းသည်ကို သက်သေပြနေခြင်းပင်။
“ဒီလောက်စွမ်းအားကြီးတဲ့သူတောင် သေသွားတာလား..”
သူတို့ဤနေရာသို့ အသက်ရှင်လျက် ဝင်လာသော်လည်း ဤနေရာ၌ သေဆုံးသွားရသောကြောင့် သူတို့၏ဒဏ်ရာ မည်မျှပြင်းထန်သည်ကို သိနိုင်သည်။
ဤကဲ့သို့သော သက်ရှိများမှာ သူတို့တွေးလိုက်ရုံဖြင့် အသွေးအသားများ ပြန်လည်ဖြစ်တည်လာနိုင်သည်ပင်။
ပြိုင်ဘက်ကင်းသည့် သက်ရှိတစ်ယောက်ကြောင့် သူတို့၏အရင်းအမြစ်ပျက်စီးပြီး မူလဝိညာဉ်ပျက်စီးသွားသောကြောင့်သာမဟုတ်လျှင် သူတို့ပြန်လည်ကောင်းမွန်လာရန် အခွင့်အရေးရှိသည်ပင်။
ရှီဟောင် အနောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုရွှေရောင်နွားထီးမှာ ထာဝရတာအိုနယ်ပယ်သို့ ရောက်နေပြီဖြစ်သော်လည်း ဤကဲ့သို့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်သွားသည်။
တာအိုဆရာမှာ မည်ကဲ့သို့သော အဆင့်အတန်းရှိသနည်း .. ရှီဟောင်သိသည့် ထာဝရရှေးဟောင်းလျှို့ဝှက်ချက်များတွင် ဤအကြောင်း သဲလွန်စတစ်ခုပင်မရှိ။ ဤသက်ရှိမှာ ထာဝရရှေးဟောင်းခေတ်မှ သက်ရှိဟုတ်မဟုတ်ပင် သူမသိတော့။
“ဒါက အန်းလန်နဲ့ ရှုထော်တို့အဆင့် တိုက်ပွဲလား..”
ထိုနေရာ၌ ရပ်နေရသည်မှာ သူ့အား မသက်မသာဖြစ်စေသောကြောင့် သူအနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ထိုတာအိုဆရာကို မကြည့်လျှင်ပင် သူအသက်ရှူကြပ်နေသည်ဟု ခံစားနေရဆဲပင်။
ထိုတာအိုမီးတောက်သည် တာအိုဆရာကြီး၏ ဘေးပတ်လည်၌ တိတ်ဆိတ်စွာပင် လှည့်ပတ်နေ၏။
သို့သော်လည်းသူသည် ယခင်ကကဲ့သို့ သက်တောင့်သက်သာမဟုတ်ပဲ အလွန်သတိထားနေ၏။
ဤမီးတောက် သူ့အရှေ့၌ ရပ်လိုက်မှသာ ရှီဟောင် အနည်းငယ် သက်သာရာရသွားရသည်။ ဤတာအိုဆရာ မည်ကဲ့သို့ သေဆုံးခဲ့ရသည်ကို သူသိချင်သည်။
တာအိုဆရာ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးအနည်းငယ်နှင့် အက်ကွဲကြောင်းအနည်းငယ် ရှိသော်လည်း သူ့ကိုသေဆုံးစေခဲ့သည့်ဒဏ်ရာမှာ သူ၏ဦးခေါင်းအနောက်၌ ရှိနေခြင်းပင်။ ဤသည်မှာ သူအလောတကြီး ကြည့်ပြီး မြင်လိုက်ရခြင်းပင်။
သူ ဘေးဘက်သို့ လျှောက်သွားကာ သူ၏ဦးခေါင်းအနောက်ဘက်တွင်ရှိနေသည့် အပေါက်အား သွားကြည့်လိုက်သည့်အချိန်တွင် ထိုအပေါက်မှ ရွှေရောင်သွေးများစီးကျနေသည်ကို တွေ့လိုက်ရသည်။ ခေါင်းအထဲဘက်မှာ ဟောင်းလောင်းဖြစ်နေပြီး မူလဝိညာဉ်လည်းမရှိတော့။
ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ ဤလူအနောက်တွင်ရှိနေသည့် ဂူကို သူမကြည့်ပဲ မနေနိုင်တော့။
စစ်ရထားလုံးမှာ ဤဂူပေါက်၏ရှေ့တည့်တည့်၌ ပိတ်နေခြင်းဖြစ်ပြီး တာအိုဆရာသည် မည်းနက်နေသည့်ဂူပေါက်ကြီး၏ တစ်ဝက်ကို ဖုံးကွယ်ထားသည်ပင်။ သူ၏ဦးခေါင်းနောက်ဘက်ရှိ အပေါက်မှာ ထိုဂူပေါက် တည့်တည့်၌ ရှိနေသည်ပင်။
သူ ထိုဂူကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူ့အားကြောက်ရွံ့စေသည့် ခံစားချက်ရနေသည်။
ထိုမီးတောက်လည်း ထိုအနက်ရောင်အပေါက်ထဲသို့ ဝင်သွားခြင်းမရှိပေ။ ထိုအစား သူနောက်ပြန်ဆုတ်လာလေ၏။
ဤသည်မှာ ရှီဟောင်ကို သတိကြီးကြီးဖြစ်သွားစေပြီး သူ၏ဦးရေပြားပင် ထုံကျဉ်လာသည်။ ဤမီးတောက်ကြောက်သည်ကို သူပထမဆုံး မြင်ဖူးခြင်းပင်။
ဝူး..
မည်သည့်နေရာမှ တိုက်ခတ်လာမှန်းမသိသည့် လေပြင်းတိုက်ခတ်လာသည်။ တာအိုဆရာအနောက်ဘက်တွင်ရှိနေသည့် အပေါက်မှလည်း ငိုကြွေးသံနှင့်တူသည့် ကြောက်စရာကောင်းသည့်အသံတစ်ခု ထုတ်လွှတ်လာသည်။ ထိုအသံမှာ ကျောက်တုံးများကို ဖြတ်တိုက်သွားသည့် လေတိုက်သံများနှင့်လည်း တူနေသည်။
ရှီဟောင် ထိုနေရာသို့ လေ့လာချင်လွန်းသောကြောင့် ယားနေပြီဖြစ်သော်လည်း ယခုအချိန်တွင် သူအချို့နေရာများကို ခြေချ၍မရနိုင်သေးကြောင်း သူသိသည်ပင်။
သူတိတ်တဆိတ်ပင် နောက်ပြန်ဆုတ်သွားလိုက်သည်။
သူဤနေရာအား သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် ထာဝရဆေးရည်မှာ နေလမ်းကြောင်းကျောက်တုံးမှ ထွက်လာသည့် ထာတရမြူများမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
“တာအိုဆရာပဲဖြစ်ဖြစ် သူ့ရဲ့ ရွှေရောင်နွားထီးပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးကို နေလမ်းကြောင်းထာဝရရွှေနဲ့လုပ်ထားတာ .. ဒါက သူတို့မွေးဖွားတဲ့နေရာများလား..”
ဤသည်မှာ ဖြစ်နိုင်ချေများသည်။ ထို့ကြောင့်သာ ကပ်ဘေးကျရောက်လာသည့်အချိန် သူတို့ဤနေရာ၌ သေဆုံးရန် ရွေးချယ်လိုက်ကြခြင်းပင်။ သူတို့ဝိညာဉ်မှာ သူတို့အိမ်သို့ပြန်လာသည်ပင်။
ထို့အပြင် ဤမျှများပြားလှသည့် နေလမ်းကြောင်းကျောက်တုံးမှာ များပြားလှသည့် နေလမ်းကြောင်းထာဝရရွှေများကို ပြုလုပ်နိုင်မည်ပင်။
ရှီဟောင် ရွှေရောင်နွားထီးအကြွင်းအကျန်များ ရှိနေသည့်နေရာသို့ ပြန်လာခဲ့လိုက်၏။ ဤသည်မှာ နေလမ်းကြောင်းထာဝရရွှေပင်။ ဤနွားထီးသေသွားသည်မှာ နှစ်ပေါင်းမည်မျှရှိနေပြီမှန်းပင်မသိ။ ဖုံးများဖြင့် ဖုံးအုပ်နေလေပြီ။
ပြောရမည်ဆိုလျှင် ထာဝရရွှေများသည် သက်ရှိအဖြစ်သို့ ပြောင်းလဲသွားသည်နှင့် သူတို့ ပြိုင်ဘက်ကင်းကြမည်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့ခန္ဓာကိုယ်များမှာ မာကျောလှပြီး မပျက်စီးနိုင်ပေ။
ဤရွှေရောင်နွားထီးမှာ ထာဝရတာအိုဖြစ်သော်လည်း နောက်ဆုံးတော့ သူ သေဆုံးသွားခဲ့ရသည်ပင်။
“တစ်ခုခုတော့ မှားနေတယ် .. ဒီရွှေရောင်နွားထီးက ထာဝရတာအိုသက်ရှိလေ .. သူကဘာလို့ ဒီလောက်တောင် ခြိမ်းခြောက်တဲ့ပုံ ပေါ်မနေတာလဲ .. သူ့ရဲ့ ဝိညာဉ်ဆုံးရှုံးမှုက ဒီလောက်တောင် ပြင်းထန်တာလား..”
အပြင်ဘက်တွင်ရှိနေသည့် ရွှေရောင်နွားထီးကို ပြန်စဉ်းစားမိသွားသည်။ ထိုသတ္တဝါသည် ထာဝရတာအိုသက်ရှိမဟုတ်သော်လည်း အလွန်စွမ်းအားကြီးသည်ပင်။
“ဒီရွှေရောင်နွားထီးနှစ်ကောင်က တစ်ထပ်တည်း တူနေတယ် .. ဒါက တိုက်ဆိုင်မှုလို့တော့ ငါ့ကိုမပြောနဲ့နော်..” ရှီဟောင်၏အမူအရာ လေးနက်လာသည်။
သူ၏ခံစားချက်များမှာ ရေလှိုင်းများကဲ့သို့ တက်လိုက်ကျလိုက် ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအတွေးများမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။
“အဲဒီရွှေရောင်နွားထီးက ပြန်မွေးဖွားလာတာလား .. ဒီနေရာကိုသုံးပြီးတော့ ပြန်မွေးဖွားခဲ့တာလား..” ရှီဟောင်၏ခန္ဓာကိုယ် တုန်ယင်လာသည်။
မြေပြင်ပေါ်ရှိ ရွှေရောင်ကန်ကို သူပြန်တွေးမိသွားသည်။ ထိုကန်ထဲတွင် ထူးဆန်းသည့်သင်္ကေတများရှိနေသည်ပင်။ အဲဒီသင်္ကေတတွေက ရွှေရောင်သက်ရှိကို ဖန်တီးတာလား..
“ဒီကိစ္စထဲမှာ တစ်ယောက်ယောက်ပါသေးတာလား..” ရှီဟောင် အလွန်မှုန်ဝါးနေပြီဖြစ်သည့် ထိုတာအိုဆရာကို ကြည့်လိုက်သည်။
ရွှေရောင်နွားထီးပင် ပြန်လည်ရှင်သန်နိုင်ရန် အခွင့်အရေးရှိလျှင် ထိုတာအိုဆရာကြီး၏ ပြိုင်ဘက်ကင်းသည့် နတ်စွမ်းရည်နှင့်ဆိုလျှင် သူဘယ်လိုလုပ် ပြန်လည်မရှင်သန်နိုင်မည်နည်း…
“အဲဒီအနောက်ရောင်တွင်းပေါက်က..”
ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ သူဤနေရာ၌ ထပ်ရှိနေ၍ မရတော့ဘူးဟု ခံစားရ၍ မြေအောက်ဂူမ ထွက်လာလိုက်သည်။
သူ၏နတ်အာရုံများ ချက်ချင်းပြန်ရောက်လာကာ သူ၏ခန္ဓာကိုယ်မှ မျက်လုံးပွင့်လာသည်။ သူသည် ကန်လေးထဲ၌ ထိုင်နေဆဲပင်။
“ငါ ဒီတိုင်းထွက်မသွားနိုင်ဘူး .. ငါဒီနေရာကိုသုံးပြီး အရင်ကျင့်ကြံရမယ်..”
ဤသည်မှာ ထာဝရဂူပင်။ အထူးသဖြင့် ဤရွှေရောင်အရည်မှာ ပြိုင်ဘက်ကင်းသည့်အဖိုးတန်အရည်ပင်။ သူသာ ဤအခွင့်အရေးကို လွှဲချော်သွားလျှင် သူ့တစ်ဘဝလုံး နောင်တရနေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအရည်မှာ ထာဝရတာအိုသက်ရှိတစ်ယောက်ကို မွေးဖွားပေးနိုင်သည့်အရည်ပင်။
“ငါ့ခန္ဓာကိုယ်ထဲက မူလစွမ်းအင် ပြန်ပေါ်လာတာ မထူးဆန်းတော့ပါဘူး .. ဒါက ပြိုင်ဘက်ကင်းတဲ့ထာဝရပညာတွေကြောင့်ပဲ..” ရှီဟောင်ကန်ထဲရှိ သင်္ကေတများကို ထိလိုက်သည်။ ထို့နောက် သူ၏ကျင့်ကြံခြင်းသို့ ပြန်လည်ဦးတည်သွားပြီး ရေထဲမှ စွမ်းအင်များကို စုတ်ယူလိုက်သည်။
မူလစွမ်းအင်ပေါ်လာသည်နှင့် သူ့ဘဝအဆုံးသတ်လိမ့်မည်ဟူသော ကောလဟာလများကို ကြားဖူးသော်လည်း ရှီဟောင် သဘာဝလွန်ဖြစ်ရပ်များကို မယုံကြည်။ သူသာမူလစွမ်းအင်ကို ထိန်းသိမ်းခဲ့လျှင် မည်ကဲ့သို့သော ပြောင်းလဲမှုမျိုးဖြစ်မည်ကို သူသိချင်သည်။
မူလစွမ်းအင်သည် ပေါ်မလာသင့်သော်လည်း ယခုတော့ ပေါ်လာလေပြီ။ ထိုစွမ်းအင်ကြောင်းသည် ပို၍ အစစ်အမှန်ဆန်လာကာ တစ်ဖြည်းဖြည်း ပို၍ ဖြူဖွေးလင်းလက်လာသည်။
နောက်ဆုံးတွင်တော့ ရှီဟောင် ထိုမူလစွမ်းအင်ကို လုံးဝပုံပေါ်လာအောင် လုပ်လိုက်သည်။ ထိုစွမ်းအင်သည် သူ၏ဝမ်းဗိုက်ထဲရှိ ပြန်လည်ဝင်စားခြင်းပင်လယ်ထဲ၌ ရှိနေသည်ပင်။
အားလုံးမှာ ချောချောမွေ့မွေ့ပင်။
ဝုန်း..
သူ၏ခန္ဓာကိုယ်တွင် လှိုင်းလုံးကြီးတစ်ခု တက်လာသကဲ့သို့ နှိုင်းယှဉ်၍မရလောက်သည့် ခွန်အားတစ်ခု ပေါက်ကွဲထွက်လာသည်ကို ရှီဟောင်ခံစားလိုက်ရသည်။
ဤမူလစွမ်းအင်ကြောင်း လှုပ်ရှားသွားလိုက်သည်နှင့် ပင်လယ်နှင့်မြစ်များ ပြောင်းပြန်လှန်သွားသကဲ့သို့ပင်။
ဤစွမ်းအင်ကြောင်း၏ စွမ်းအားမှာ တကယ်ကို ထူးခြားလှပြီး ထာဝရစွမ်းအင်သုံးကြောင်း၏မိခင်ဖြစ်ထိုက်သည်ပင်။
ထိုအချိန်တွင် ထာဝရစွမ်းအင်သုံးကြောင်းပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲ စီးဆင်းလာကာ သူ့တစ်ကိုယ်လုံးကို အသက်ဓာတ်များ ဖြည့်တင်းလိုက်သည်။
ထို့နောက် ထိုစွမ်းအင်သုံးကြောင်း ရှီဟောင်၏ဦးခေါင်းထိပ်သို့ တက်လာကာ ပန်းပွင့်များ ဖြစ်သွားကြသည်။
ထိုပန်းပွင့်များထဲမှ တစ်ပွင့်တွင် ထိုင်နေသည့် လူလေးတစ်ယောက်ရှိနေသည်။
ချွမ်း..
ထို့နောက် ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ အလယ်လူတစ်ယောက် ဖူးပွင့်လာသည်နှင့် တချွမ်းချွမ်းအသံများ ထွက်ပေါ်လာသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ သူသည် စိတ်ခရီးသွားနေရသကဲ့သို့ ခံစားလိုက်ရသည်ပင်။
ထို့နောက် ပန်းသုံးပွင့်မှ အလယ်တစ်ပွင့် လှုပ်ရမ်းလာကာ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာသည်။
ထိုပန်းပွင့်ထဲတွင် အလွန်မှုန်ဝါးနေသည့် လူတစ်ယောက်ထိုင်နေသည်ကို သူတွေ့လိုက်ရသည်။
ယနေ့ ဒုတိယတာအိုပန်းပွင့်လည်း သက်ရှိတစ်ယောက်ပေါ်လာလေပြီ။ ဤမြင်ကွင်းမှာ တကယ်ကို ထိတ်လန့်ကောင်းလွန်းလှသည်ပင်။
အပိုင်း ၁၆၄၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၂ – ဒုတိယသက်ရှိ
ထိုပန်းပွင့်၌ ဒုတိယမြောက်သက်ရှိ ရှိနေသည်။
ရှီဟောင် စိတ်လွတ်သွားရသည်။ သူငေးကြောင်သွားရပြီး စိတ်အာရုံကို မထိန်းချုပ်နိုင်တော့သဖြင့် ထိုပုံရိပ်မှာ မည်ကဲ့သို့သောပုံစံမျိုးဖြစ်သည်ကို သူမမြင်လိုက်။
နောက်ဆုံးတွင် တချွမ်ချွမ်အသံများ အပြင်ဘက်သို့ လွင့်ပျံ့လာသည်။ အလယ်ဘက်မှပန်း အပြည့်အဝပွင့်လာပြီဖြစ်ပြီး ရောင်စုံအလင်းများလည်း မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်ကာ ကောင်းကင်တစ်ခုလုံးကို လင်းလက်သွားစေသည်။
ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး စွမ်းအားပြည့်လာပြီး တိုက်ခိုက်နိုင်စွမ်းလည်း ပေါက်ကွဲထွက်လာသည်။
ချွမ်း ချွမ်း ချွမ်း..
ထိုပန်းပွင့်လာပြီးနောက် ပွင့်ဖတ်တိုင်းမှာ တောက်ပကာ နားကွဲလောက်သည့် ဆူညံသံများ ထုတ်လွှတ်လာသည်။ ပွင့်ဖတ်များမှာ လှလည်း လှပလွန်းလှသည်ပင်။
အလင်းသည် မြေအောက်ဂူထဲမှ မြေမျက်နှာပြင်ထက်သို့ ဖောက်ထွက်သွားကာ နတ်ဆေးတောင်တန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။
အလင်းတန်းမှာ တောတောင်နှင့်မြစ်များကိုပင် ဖောက်ထွက်သွားသည်။
ဤကဲ့သို့သော မြင်ကွင်းမှာ အလွန်ပင်ထိတ်လန့်စရာကောင်းလှသည်။ တောင်တန်းတွင်ရှိနေသည့် ရှေးဟောင်းသားရဲနှင့် ငှက်များအားလုံး တုန်ယင်သွားရသည်။ သူတို့သည် ဘုရင်တစ်ယောက်နှင့် မျက်နှာချင်းဆိုင်လိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ဝပ်တွားကျသွားလေသည်။
ရှီဟောင်ကိုယ်တိုင်လည်း ထိတ်လန့်သွားသည်ပင်။ ယခုအချိန်တွင် သူ အလွန်ထူးခြားနေသည်ဟု ခံစားနေရသည်ပင်။ သူ့ထံတွင် အဆုံးမရှိသည့် စွမ်းအားများ ပိုင်ဆိုင်ထားသကဲ့သို့ပင်။
ယခုအချိန်တွင် လက်သီးတစ်ချက်တည်းဖြင့် လောကကြီးတစ်ခုလုံးကို ဖောက်ခွဲပစ်နိုင်လောက်သည်။
ရှီဟောင် စိတ်မြန်လက်မြန်လှုပ်ရှားလိုက်ခြင်းမရှိသလို ရူးရူးနှမ်းနှမ်း ပြုမူလိုက်ခြင်းလည်းမရှိပဲ သူနှင့်သက်ဆိုင်သည့်အရာများအားလုံးကို အလွန်တည်ငြိမ်စွာ လေ့လာလိုက်သည်။
သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ထွက်ပေါ်လာပြီး ကျင့်ကြံခြင်းများ တိုးတက်သွားသည်ကို သူခံစားရသည်။ သို့သော် ဤအရာများအားလုံးမှာ သူ၏ဦးခေါင်းထက်တွင်ရှိနေသည့် တာအိုပန်းပွင့်ထဲမှ သက်ရှိထံသို့ ဦးတည်သွားနေခြင်းပင်။
ထိုအရာများအားလုံးကို ထိုမှုန်ဝါးနေသည့်ပုံရိပ်လေးမှ စုပ်ယူလိုက်သည်။
ရှီဟောင် မျက်မှောင်ကြုတ်သွားသော်လည်း ပြန်ပြီး စိတ်အေးသွားရသည်။ အဘယ်ကြောင့်ဆိုသော် တစ်ချက်တွေးလိုက်သည်နှင့် သူအားလုံး နားလည်သွားရသည်။ အလယ်ပန်းပွင့်တွင်ရှိနေသည့် သက်ရှိမှာ သူနှင့်တစ်ယောက်တည်းဖြစ်သည့်ပုံပင်။ သူတို့နှစ်ဦး အရာအားလုံးကို ဝေမျှနေသောကြောင့် သူဘာမှ စိတ်ပူစရာမလို။
ဤသည်မှာ ပထမတာအိုပန်းပွင့်မှ သက်ရှိနှင့်လုံးဝကွဲပြားနေသည်ပင်။
ပထမသက်ရှိမှာ အလွန်မှုန်ဝါးနေပြီး သူတို့နှစ်ဦး အလွန်ဝေးကွာနေသလိုပင်။ ထိုသက်ရှိမှာ သူနှင့် တူညီသည့်ခေတ်၌ ရှိနေခြင်းမဟုတ်ပဲ ကောင်းကင်နှင့် ကမ္ဘာမြေကြီး မပွင့်ခင်ကတည်းက ရှိနေသည်ဟု ခံစားရသည်။
ရှီဟောင် ထိုသက်ရှိနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်တိုင်း အမြဲတမ်း ရှုံးနိမ့်ခဲ့ရသည်ပင်။
သူတို့နှစ်ဦးကြားကို အချိန်မြစ်ကြီး ခြားထားသောကြောင့် ရှီဟောင် ခပ်ဝေးဝေးမှ ကြည့်ရုံသာ တတ်နိုင်သည်။ သူတို့နှစ်ဦး တကယ်မတွေ့နိုင်။
သို့သော်လည်း ဤသက်ရှိကို ကျင့်ကြံခြင်းမှာ သူ့ကို ထိခိုက်နိုင်မည်မဟုတ်ကြောင်း သူသိသည်။ ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်ကို ရင်ဆိုင်သည့်အချိန်က သူ့အစား ဝင်ခံပေးသည့်သူမှာ ထိုသက်ရှိပင်။
ဝုန်း..
ထိုတာအိုပန်းပွင့် လှုပ်ရှားသွားကာ နောက်တစ်ကြိမ် တုန်ယင်လာသည်။
ထိုပန်းပွင့်မှာ အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး မြေမျက်နှာပြင်ကို ထိုးဖောက်သွားလေ၏။ ထိုအလင်းတန်းများမှာ သွေးအလင်းတန်းနှင့်တူပြီး တောတောင်နှင့်မြစ်များကို နီရဲသွားစေသည့်အပြင် ထိုအလင်းတန်းတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပါဝင်နေသည်။
သူသည် သတ်ဖြတ်ရန် တာဝန်ယူထားသည့်အတိုင်းပင်။
ထို့နောက် အနီရော်ငအလင်းများ ရွှေရောင်ဖျော့အဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် ခရမ်းဖျော့ရောင်စွမ်းအင် ပေါ်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်လည်းပို၍ စွမ်းအားကြီးလာသည်။
ရှီဟောင်၏ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံး တဂျွတ်ဂျွတ်မြည်ကာ တုန်ခါနေသည်။ ထိုအရိုးများမှာ ယခင်ကထက် ပို၍မာကျောကာ ပို၍စွမ်းအားကြီးလာသည်ပင်။
သူပို၍စွမ်းအားကြီးလာပြီ..
သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်များ တစ်ခုပြီးတစ်ခု ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို အားဖြည့်ပေးနေသည့် ထူးဆန်းသည့်စွမ်းအားများ ထုတ်လွှတ်လာသည်။
အထူးသဖြင့် ပြန်လည်ဝင်စားခြင်းပင်လယ်မှာ ဂိတ်တံခါးများ စုဝေးရာ နေရာဖြစ်လာသည်။
“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးမှ ဒီအဆင့်ကို ရောက်နိုင်မှာ .. တစ်ခြားလူတွေ ငါ့လမ်းအတိုင်း လိုက်လျှောက်လို့မရဘူး .. စနစ်တစ်ခုကို ဖန်တီးဖို့ဆိုရင် ငါတစ်ခြားလမ်းကြောင်းတစ်ခု ဖန်တီးဖို့လိုတယ်”
ရှီဟောင် သက်ပြင်းချလိုက်သည်။ အခြားသူများ သူ့အား အတုလိုက်ခိုးလိုပါက အလွန်ခက်ခဲမည်ပင်။ အခြားသူများအတွက်တော့ သူ့လမ်းကြောင်းမှာ ပျက်စီးနေသည့်လမ်းများပင်။
ရှီဟောင် ခေါင်းခါကာ ထိုအကြောင်း မစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။ သူ ယခုအချိန်ထိ ထိပ်ဆုံးသို့ မရောက်သေး။ ရှေ့တွင် လမ်းများစွာ ကျန်သေးသည်။ ယခုအချိန်တွင် ဤအကြောင်းများ စဉ်းစားနေ၍ အကျိုးမရှိ။
ယခုတစ်ခေါက် သူ ဤတာအိုပန်းပွင့်ထဲမှ ဒုတိယမြောက်သက်ရှိကို ဖန်တီးနိုင်ခြင်းမှာ ဤရွှေရောင်ရေကန်ကြောင့်သာ။
အဘယ်ကြောင့်ဆိုသော် ဤကန်မှာ ထာဝရသက်ရှိတစ်ယောက်မှ ပြုလုပ်ခဲ့သည့်အရာပင်။ ဤသည်မှာ ရွှေရောင်နွားထီး ပြန်လည်ရှင်သန်လာရန် ပြင်ဆင်ထားခဲ့ခြင်းဖြစ်နိုင်သည်။
ဤကန်ကြောင့် ပျက်ပြယ်သွားသင့်ပြီဖြစ်သည့် မူလစွမ်းအင်များ ပြန်ပေါ်လာသည်။
ထာဝရစွမ်းအင်သုံးကြောင်းလည်း ပို၍အားကောင်းလာသည်။ အထူးသဖြင့် ဒုတိယမြောက်စွမ်းအင်ကြောင်းပင်။ သူသည် မယုံကြည်နိုင်လောက်သည့် စွမ်းအားများရရှိလိုက်ကာ ‘တာအိုအသီးအပွင့်’ ရရှိလိုက်သည်ပင်။
နှမြောစရာကောင်းသည်မှာ သူ၏အုတ်မြစ်ဒဏ်ရာများမှာ အနည်းငယ်သာ ပျောက်ကင်းသွားသည်။ ဒဏ်ရာကို ရှင်းထုတ်ရန်မှာ ခက်ခဲလှ၏။ ဤသည်မှာ ပြဿနာကြီးပင်။
“ဒါက ငါ့ကို သေအောင်တော့မလုပ်နိုင်ဘူး .. အချိန်တိုအတွင်းမှာတော့ ငါ့လှုပ်ရှားမှုတွေကို ထိခိုက်နိုင်မှာမဟုတ်သေးဘူး..”
သူ့တစ်ကိုယ်လုံး စိတ်အေးလက်အေးဖြစ်နေပြီး မွေးညင်းပေါက်များမှ စွမ်းအင်အလင်းများ ထုတ်လွှတ်နေသည်။
“အမ်..” ရုတ်တရက် ရှီဟောင် ထိတ်လန့်သွားရသည်။ ထိုမူလစွမ်းအင်ကြောင်းသည် ပြန်လည်ဝင်စားခြင်းပင်လယ်မှ ထွက်လာကာ နဂါးတစ်ကောင်ကဲ့သို့ သူ၏ကျောရိုးတစ်လျှောက်ကို တွယ်တက်လာသည်။
ဝုန်း..
ရှီဟောင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သလို ခံစားနေရသည်။ သူ၏ကျောရိုးမှ ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
သူ တစ်ချက်ကြည့်လိုက်သည့်အချိန်တွင် သူ၏ကျောရိုး၌ ဂိတ်တံခါးများစွာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ကျောရိုးတစ်ဆစ်စီတိုင်းတွင် ဂိတ်တစ်ခုရှိနေသည်။ ဤသည်မှာ အလွန်အရေးကြီးသည့်အရာပင်။ သူသာ ဂိတ်တံခါးအားလုံးကို ဖွင့်နိုင်ပါက မယုံကြည်နိုင်စရာကောင်းလောက်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ပင်။
ထိုမူလစွမ်းအင်ကြောင်းသည် ကျောရိုးမှတစ်ဆင့် သူ၏ဦးခေါင်းရိုးထဲသိုု့ ဝင်သွားကာ သူ၏မူလဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုအခိုက်အတန့်တွင် ရှီဟောင် ကိစ္စများစွာကို တွေးမိသွားသည်။ ထို့နောက် သူမျက်လုံးမှိတ်လိုက်သည်။
မူလစွမ်းအင်သည် သူ၏ဦးခေါင်းထဲ၌ မနေပဲ နဂါးတစ်ကောင်ကဲ့သို့ သူ၏ဦးခေါင်းထဲမှ ထိုးဖောက်သွားကာ လေဟာနယ်ထဲ၌ ပေါ်လာသည်။ ထို့နောက် ထိုစွမ်းအင်ကြောင်းသည် ဒုတိယမြောက်တာအိုပန်းပွင့်ထံသို့ တရှိန်ထိုးပြေးသွားလေသည်။
“မကောင်းတော့ဘူး..” ရှီဟောင် မျက်လုံးများပွင့်လာသည်။ ထိုမူလစွမ်းအင်ကြောင်း ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု သူမထင်ထားခဲ့။ ဤစွမ်းအင်သည် သူ့ဘာသာသူ လှုပ်ရှားနိုင်သည့်အပြင် သူ၏တာအိုအသီးအပွင့်ကို ခိုးယူရန်လည်းကြိုးစားနေသေးသည်။
ဒီစွမ်းအင်ကို ထိန်းသိမ်းမထားသင့်ဘူးဆိုတဲ့ ဒဏ္ဍာရီတွေက အမှန်တွေပဲလား ..
ရှီဟောင် သူ၏နတ်ခွန်အားများကို အလောတကြီး အသက်သွင်းလိုက်ကာ ဘေးဘက်သို့ ရွေ့ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုတာအိုပန်းပွင့်ထံမှ နတ်လက်နက်တစ်လက်ကဲ့သို့ တချွမ်ချွမ်အသံများထုတ်လွှတ်လာသည်။
သို့သော်လည်း ထိုမူလစွမ်းအင်ကြောင်းမှာ အံ့အားသင့်စရာကောင်းလှသည်။ ထိုစွမ်းအင်သည် နဂါးအစစ်ပုံစံသို့ ပြောင်းလဲသွားကာ တောက်ပနေသည့် ပန်းပွင့်ဖတ်များကို ထိုးဖောက်သွားလေသည်။
နေရာတိုင်း၌ မီးပွားများ လွင့်စင်လာသည်။ မူလစွမ်းအင်မှာ ဘာမှဖြစ်မသွားပေ။ ထို့နောက် ထိုစွမ်းအင်သည် တာအိုပန်းပွင့်ထဲသို့ ဝင်သွားလေ၏။
ဝုန်း..
ထိုပုံရိပ်လေး လှုပ်ရှားသွားသည်။ ထိုပုံရိပ်လေးသည် အလွန်မှုန်ဝါးနေကာ သူ့ဘေးပတ်လည်မှာ တောက်ပနေသည်။ ဤသည်မှာ ရှေးဟောင်းဂူတစ်လုံးကဲ့သို့ပင်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများ ပွင့်လာကာ သူ၏အကြည့်များမှာ စူးရှလှသည်။
ထို့အပြင် သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ထွက်ပေါ်လာပြီး လေထဲ၌ သွေးမြူများ ထွက်ပေါ်လာသည်။
ကံမကောင်းစွာဖြင့် ဤပုံရိပ်လေး နှိုးထလာသည်မှာ နောက်ကျလွန်းသွားလေပြီ။ မူလစွမ်းအင်သည် သူ့ရှေ့သို့ ရောက်နေပြီဖြစ်ပြီး သံခြေချင်းကဲ့သို့ သူ၏ခန္ဓာကိုယ်အား ရစ်ပတ်ထားလေသည်။
ဟစ်ကြွေးသံတစ်ခုနှင့်အတူ ထိုပုံရိပ်လေး ရုန်းကန်ကာ မူလစွမ်းအင်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
ခွပ်..
ဘေးပတ်လည်ရှိ လေဟာနယ်များတစ်လက်မစီ ပျက်စီးလာသည်။ ရှားပါးအဖိုးတန်ပစ္စည်းဟု သတ်မှတ်ထားသည့် အနီးအနားမှ နေလမ်းကြောင်းကျောက်တုံးများပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤမြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။
သိထားရမည်မှာ နေလမ်းကြောင်းကျောက်တုံးမှာ အလွန်မာကျောလှသည်။ ဤကျောက်တုံးများထဲ၌ရှိနေသည့် ထာဝရရွှေများနှင့် မယှဉ်နိုင်သော်လည်း ဤသည်မှာ နတ်ပစ္စည်းတစ်ခု ဖြစ်နေဆဲပင်။ လူငယ်မျိုးဆက်သက်ရှိများ ဤကျောက်တုံးကို မဖျက်ဆီးပစ်နိုင်။
သို့သောလည်း ဤပုံရိပ်လေး လုပ်လိုက်နိုင်သည်။
ရှီဟောင်၏အမူအရာ ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် သူအားထည့်ကာ ထိုပုံရိပ်လေးကို ကယ်တင်နိုင်ရန် ကြိုးစားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤပုံရိပ်လေးမှာ သူကိုယ်တိုင်ပင်ဖြစ်သည်ဟု ခံစားနေရသောကြောင့်ပင်။
သို့သော်လည်း သူတစ်လှမ်းနောက်ကျသွားသည်။ မူလစွမ်းအင်မှာ အားကောင်းလှပြီး ထိုပုံရိပ်လေးကို တစ်ရစ်ထပ်တစ်ရက် ချည်နှောင်သွားသည်။ နောက်ဆုံးတွင် ထိုစွမ်းအင်သည် သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ ထိုပုံရိပ်လေး၏မျက်နှာပြင်ထက်၌ ထိုးထွင်းဿွားသည်။
ရှီဟောင် သက်ပြင်းချလိုက်ကာ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
မူလစွမ်းအင်မှား အားကောင်းလှသည်။ တာအိုပန်းပွင့်သုံးပွင့်လုံးမှာ ထာဝရစွမ်းအင်များမှ ဖြစ်ပေါ်လာခြင်းဖြစ်ပင်။ ဤသည်မှာ သူချန်ရစ်ထားသည့် တံဆိပ်များမှ ဖြစ်ပေါ်လာခြင်းဖြစ်သောကြောင့် သူဤပုံရိပ်ကို လွယ်လွယ်ကူကူပင် ထိန်းချုပ်လိုက်နိုင်သည်။
ထိုပုံရိပ်လေး ထိုင်ကျသွားပြီး သူ၏မျက်လုံးများကို ပိတ်ထားကာ အပြင်လောကနှင့် အဆက်အသွယ်ဖြတ်လိုက်လေပြီ။
“ပထမပုံရိပ်က အတိတ်မှာ နေနေတာ .. ဒုတိယသက်ရှိက လက်ရှိလောကမှ နေနေတာ .. ငါနဲ့တုံ့ပြန်မှုတွေလည်းရှိတယ် .. သူ့မှာ ယှဉ်လို့မရလောက်တဲ့ တိုက်ခိုက်နိုင်စွမ်းရှိပေမယ့် သူအခု ဒုက္ခရောက်နေပြီ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
“ငါ ဒီမူလစွမ်းအင်ကို ပြုပြင်ပြီး ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းလိုက်နိုင်ရင်..” ရှီဟောင် စဉ်းစားလိုက်သည်။
သူ၏ဦးခေါင်းထက်တွင်ရှိနေသည့် သက်ရှိဖြစ်စေ သူကိုယ်တိုင်ဖြစ်စေ သေချာသည့်အရာမှာ သူတို့ကို မူလစွမ်းအင်မှ ထိန်းချုပ်၊ ဖိနှိပ်ထားနိုင်သည်။
ထာဝရစွမ်းအင်သုံးကြောင်းလုံးမှ သတ္တဝါများ ထွက်ပေါ်လာမည်ပင်။ သူသာ မူလစွမ်းအင်ကိုပြုပြင်လိုက်နိုင်ပြီး သူ့ခန္ဓာကိုယ်နှင့်ပေါင်းစည်းလိုက်နိုင်ပါက သူအရာအားလုံးကို ရသွားလိမ့်မည်။
“ဒါက ကံတရားပဲလား..”
မူလစွမ်းအင်ကို ချိုးဖျက်ကာ သူနှင့်မူလစွမ်းအင်ကြား ကွဲခြားမှုမရှိလောက်အောင် ပြုပြင်လိုက်မည်။ ထို့နောက် ထိုစွမ်းအင်ဖြင့် ထာဝရစွမ်းအင်သုံးကြောင်းကို အဆင့်တက်အောင်လုပ်မည်။
ဤသည်မှာအကြံကောင်းတစ်ခုဖြစ်သော်လည်း ဤသည်မှာ သေလမ်းတစ်ခု ဖြစ်သွားနိုင်သည်ကို သူသိသည်။ ယခုအချိန်တွင် သူ့ဦးခေါင်းထက်ရှိ ဒုတိယမြောက်သက်ရှိပင်လျှင် အခြေအနေမကောင်း။ ပိတ်ခံထားရသည်ပင်။
မူလစွမ်းအင်ကို ထိန်းချုပ်၍မရ။
သို့သော် ရှီဟောင် သဘာဝလွန်ကိစ္စများကို မယုံကြည်။ သူ ဒဏ္ဍာရီများကို ချိုးဖျက်ချင်သည်။ မူလစွမ်းအင်ကို ချိုးဖျက်ကာ သူ့ခန္ဓာကိုယ်အတွက် အသုံးပြုချင်သည်။
ရှီဟောင် အသက်ပြင်းပြင်းရှူကာ နောက်တစ်ကြိမ် ထိုင်ချလိုက်သည်။ သူ၏သီးသန့်ကျင့်ကြံခြင်းကို စတင်တော့မည်။ ယခုအချိန်တွင် သူ မူလရှေးဟောင်းမှတ်တမ်းကို အသက်သွင်းကာ လမ်းတစ်ခုရှာရန် ကြိုးစားလိုက်သည်။
ရှီဟောင် ကျမ်းစာကို အသက်သွင်းလိုက်သည်နှင့် သူ၏ဘေးပတ်လည်တွင် သက်ရှိတစ်သောင်းထွက်ပေါ်လာသည်။ မူလရှေးဟောင်းမှတ်တမ်း၌ သတ္တဝါမျိုးစုံ၏ ရှေးဟောင်းပညာများ၊ သင်္ကေတများ၊ အရိုးစာသားမျိုးစုံတို့အား မှတ်တမ်းတင်ထားသည်ပင်။
ထိုအခိုက်အတန့်တွင် ဟုန်၊ နဂါး၊ ချီလင်း၊ ပန်နှင့် အခြား ရှေးဟောင်းသားရဲများ၊ ငှက်များ တစ်ချိန်တည်းပေါ်လာသည်။ ထို့နောက် အပင်များနှင့် အခြားအရာများပင်ပေါ်လာသည်။
သူ့ဘေးပတ်လည်၌ မရေအတွက်နိုင်သည့် သတ္တဝါများ ပေါ်လာကာ ကန်ထဲမှ အသက်စွမ်းအင်ကိုစုတ်ယူနေကြလေသည်။ သူတို့သည် အသက်ရှိနေကာ ပြန်လည်မွေးဖွားတော့မည့်ပုံဖြစ်လာကြသည်။
ဤသည်မှာ အလွန်ထူးဆန်းလှသောကြောင့် ရှီဟောင်ပင် ထိတ်လန့်သွားရသည်။
သူ မူလရှေးဟောင်းမှတ်တမ်းကို အသက်သွင်းလိုက်တိုင်း ဤသက်ရှိများ ပေါ်လာမည်ဖြစ်သော်လည်း သူတို့သည် အရိုးစာသားများဖြင့် ဖန်တီးထားသည့်သက်ရှိများပင်။ သူတို့ထံ၌ ဘယ်လိုလုပ် ဤမျှများပြားလှသည့် အသက်စွမ်းအင်များ ရှိနေသနည်း…
အပိုင်း ၁၆၄၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၃ – ထာဝရစွမ်းအင်ပြောင်းလဲသွားခြင်း
ရှီဟောင်၏စိတ်မှာ လုံးဝရှင်းလင်းနေပြီး တာအိုများမှလွဲလျှင် အခြားမည်သည့်အကြောင်းကိုမှ မတွေးမိ။ သူ အလွန်ထူးဆန်းသည့်အခြေအနေ၌ ရောက်နေလေသည်။
သူသည် ရွှေရောင်ရေကန်လေးထဲ၌ ထိုင်နေကာ လေ့လာစမ်းသပ်ခြင်းနှင့် မူလစွမ်းအင်ကိုဖယ်ရှားကာ သူနှင့်တစ်သားတည်ဖြစ်အောင် လုပ်နိုင်မည့်နည်းလမ်းကို အာရုံစိုက်နေသည်။ ဤသည်မှာ သူ၏တာအိုအသီးအပွင့်နှင့် သက်ဆိုင်နေသည်ပင်။
သူ၏ဦးခေါင်းထက်တွင် တာအိုပန်းပွင့် သုံးပွင့် ဖူးပွင့်လာပြီးနောက် ညှိုးနွမ်းသွားသည်။ မှုန်ဝါးသည့် ပုံရိပ်လေးနှစ်ခုလည်းပေါ်လာကာ ထိုမူလစွမ်းအင်ကြောင်းသည် ယခုအချိန်ထိ မှေးမှိန်မသွားပဲ ဒုတိယသက်ရှိ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေလေသည်။
ထို့ကြောင့် ဒုတိယပုံရိပ်လေးမှာ မလှုပ်ရှားနိုင်သလို စကားလည်းမပြောနိုင်တော့။ သူသည် ထိုနေရာ၌ ထိုင်လျက်ဖြင့်ပင် ပိတ်ခံထားရသည်။
ဤမူလစွမ်းအင်မှ လွတ်မြောက်နိုင်မည့်နည်းလမ်းကို ရှီဟောင် စဉ်းစားနေသည်။ သူသာ ဤလူလေးကို လွတ်အောင်လုပ်ပေးနိုင်လျှင် သူ၏ခွန်အားလည်း ချက်ချင်းတိုးတက်လာမည်ပင်။
ဤသည်မှာ အလွန်အရေးကြီးသည့်ကိစ္စပင်။ ဒုတိယပုံရိပ်လေးမှာ သတ်ဖြတ်ရန်တာဝန်ယူထားသည့်သူပင်။ အစောပိုင်း၌ သူ၏စွမ်းအားအနည်းငယ် ပြသရုံဖြင့် သူမည်မျှစွမ်းအားကြီးသည်ကို သက်သေပြရန် လုံလောက်လေပြီ။
ထို့အပြင် သူ၏လက်ရှိ ကျင့်ကြံခြင်းကို အမြင့်ဆုံးဖြစ်ရန် မည်ကဲ့သို့ ပြုလုပ်ရမည်ကိုလည်း သူစဉ်းစားနေသည်။
သူသည် ‘ကိုယ်တိုင်ခစားခြင်းနယ်ပယ်’ သို့ မရောက်သေးရန် အမြဲတမ်းဖိနှိပ်ထားခြင်းပင်။ သို့သော်လည်း ယခု သူ၏ခွန်အားမှာ ဆက်လက်များပြားနေဆဲပင်။
ဤသည်မှာ ကျိုးကြောင်းမဆီလျော်လှပေ။ သူ၏ကျင့်ကြံဆင့်နယ်ပယ် မပြောင်းလဲသွားသော်လည်း သူ၏ကျင့်ကြံခြင်းမှာ ဆက်လက်တိုးတက်နေဆဲ၊ သူ၏ခွန်အားမှာ တိုးတက်လာနေဆဲပင်။
ဤသည်မှာ တာအိုအုတ်မြစ် အလွန်ခိုင်ခံ့နေခြင်း၏ ပြယုဂ်ပင်။
သူတို့၏အော်ရာများဖြင့် တောတောင်နှင့်မြစ်များကို ဖုံးလွှမ်းပြီး အလွန်ရည်မှန်းချက်ကြီးသည့် စွမ်းအားကြီးသည့် အရှင်အချို့လည်း အဆင့်တိုင်းတွင် ဤကဲ့သို့ ဖိနှိပ်ထားခဲ့ကြကာ ကျင့်ကြံဆင့်တစ်ဆင့်စီတိုင်း၌ ထိပ်ဆုံးထိရောက်အောင် ပြုလုပ်ကြသည်ပင်။
ရှီဟောင်လည်း အမြဲတမ်း ဤကဲ့သို့ ပြုလုပ်နေခဲ့ခြင်းပင်။ သူ့ရှေ့တွင် ဤကဲ့သို့ ပြုလုပ်ခဲ့သည့်သူများ မရှိဘူးဟု မပြောနိုင်သော်လည်း သူ ဤအခြားသူများထက်တော့ နိမ့်ကျမည်မဟုတ်။
ဝုန်း..
ထိုအခိုက်အတန့်တွင် ရှီဟောင် အလွန်နာကျင်လှသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ တာအိုပန်းပွင့်သုံးပွင့် ပွင့်လာကာ ထာဝရစွမ်းအင်အဖြစ်ပြောင်းလဲသွားသည်။ ပုံရိပ်လေးနှစ်ခုလည်း ပျောက်ကွယ်သွားကာ ထာဝရမြူနှင့်အတူ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ရှီဟောင် မူလစွမ်းအင်ကို ရယူကာ ကန့်သတ်လိုက်ပြီးနောက် ပြုပြင်ရန် ကြိုးစားလိုက်သည်။
ကံမကောင်းစွာဖြင့် သူရှုံးနိမ့်ခဲ့သည်။ ထိုမူလစွမ်းအင်ကို ဖမ်းဆုတ်၍မရ။ ထိုစွမ်းအင်ကို ရွှေ့၍မရ။ ဤသည်မှာ နဂါးရိုင်းပေါက်စလေးကဲ့သို့ ခွန်အားကြီးလှသည်။
ထို့အပြင် မူလစွမ်းအင်သည် အလင်းမှုန်လေးတစ်ခုကို ရစ်ပတ်ထားခြင်းပင်။ သူ သေချာကြည့်လိုက်သည့်အချိန်တွင် ထိုအလင်းပျောက်လေးမှာ ထာဝရအမိုးခုံးတစ်ခုနှင့်တူပြီး အထဲဘက်တွင် ပုံရိပ်လေးတစ်ခု ထိုင်နေသည်ပင်။ သူသည် မူလစွမ်းအင်ဖြင့် ပိတ်လှောင်ထားခြင်းခံထားရခြင်းပင်။
ရှီဟောင် သက်ပြင်းချလိုက်၏။ ဤမူလစွမ်းအင်ကို ဖြေရှင်းရန်မှာ ခက်ခဲလှသည်။
သူ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း သူဘာမှမလုပ်နိုင်ခဲ့။
ချွမ်း..
ရှီဟောင် ထာဝရဓားကို ထုတ်လိုက်ကာ နတ်စွမ်းရည်တစ်ခုဖြင့် တစ်လက်မအရွယ်အစားထိရောက်အောင် ကျုံ့လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်ကာ မူလစွမ်းအင်ကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။
ကံမကောင်းစွာဖြင့် ဤနည်းလမ်းလည်း အသုံးမဝင်သေး။ ယခုအချိန်တွင် မူလစွမ်းအင်သည် ပုံမှန်မြူကဲ့သို့ ရွေ့လျားနေသည်။ သူမည်ကဲ့သို့ ဖြတ်တောက်ပစ်နေပါစေ သူနည်းနည်းလေးမှပင် ဒဏ်ရာမရပဲ ဖြစ်နေသည်။
ထို့အပြင် နောက်ပိုင်းတွင် ထိုစွမ်းအင်သည် ထိုပုံရိပ်လေးနှင့် ပေါင်းစပ်သွားကာ သူတို့နှစ်ခုကို ခွဲခြားရန် ခက်ခဲသွားသည်။ သူ ဤအတိုင်းသာ ဆက်ဖြတ်နေလျှင် ဒုတိယပုံရိပ်ကိုလည်း ခုတ်မိသွားလိမ့်မည်။
ရှီဟောင် နည်းလမ်းတစ်ခုရှာဖွေရန် ကြိုးစားသော်လည်း သူ ထိုမူလစွမ်းအင်ကို ဘာမှမလုပ်နိုင်သည်ကို ကူကယ်ရာမဲ့စွာ တွေ့လိုက်ရသည်။
ဝုန်း..
လှုပ်ရှားသံကြီးတစ်ခု ထွက်ပေါ်လာကာ သူ၏ဦးခေါင်းထက်တွင် ပန်းသုံးပွင့် နောက်တစ်ကြိမ် ဖူးပွင့်လာသည်။ ထိုပန်းပွင့်များထဲ၌ ပုံရိပ်နှစ်ခု ထိုင်နေသည်ပင်။
ယခုတစ်ခေါက်တွင်တော့ ရှီဟောင် သူ၏ဘယ်လက်ကိုမြှောက်လိုက်၏။ သူ၏လက်ချောင်းမှာ ဓားတစ်ချောင်းကဲ့သို့ မှော်ပညာတစ်ခုကို ဖန်တီးလိုက်သည်။ ရွှီးဟူသည့်အသံနှင့်အတူ သူ၏လက်ညှိုးမှ အနီရင့်ရောင် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဘေးပတ်လည်တွင်ရှိနေသည့် လေဟာနယ် ထိုးဖောက်ခံလိုက်ရကာ ပြိုကွဲသွားသည်။
ရှီဟောင် ဤအနီရင့်ရောင် အလင်းတန်းကို သေချာထိန်းချုပ်ကာ ဒုတိယပုံရိပ်နားသို့ ကပ်သွားလိုက်သည်။
ချွမ်း..
မထင်မှတ်စွာဖြင့်ပင် ထာဝရဓားနှစ်ခု တစ်ခုနှင့်တစ်ခု ထိခတ်မိသွားသကဲ့သို့ မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။ ထို့အပြင် ကောင်းကင်ကို လွှမ်းခြုံသွားလောက်သည့် ခွန်အားများ ထွက်ပေါ်လာကာ ဘေးပတ်လည်တွင်ရှိနေသည့် နေလမ်းကြောင်းကျောက်တုံးများကိုပင် တုန်ခါသွားစေသည်။ ထိုကျောက်တုံးများမှာ တဂွပ်ဂွပ်အသံများထွက်ပေါ်ကာ ဆက်တိုက်ပင် အက်ကွဲလာသည်။
“ဟမ်…” ရှီဟောင် ထိတ်လန့်သွားရ၏။ ရှီဟောင် စမ်းကြည့်ရုံသာ စမ်းကြည့်လိုက်ခြင်းပင်။ ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်၏ စွမ်းအင်မှာ မူလစွမ်းအင်ကို ထိခိုက်စေနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့။
ချွမ်း..
သူနောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ အနီရောင်အလင်းတန်းကျလာကာ သတ္တုတုန်ခါသွားသည့်အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
ရှီဟောင် ထိုအလင်းတန်းဖြင့် ဆက်တိုက်ပင် ရိုက်ချလိုက်သည်။ ဤအနီရင့်ရောင်နတ်အလင်းတန်းသည် မူလစွမ်းအင်ကို ရင်ဆိုင်နိုင်သောကြောင့် အနည်းငယ် အသုံးဝင်လာသည်ပင်။
သို့သော်လည်း ကံမကောင်းစွာဖြင့် သူမည်မျှပင် ထိုးနှက်နေပါစေ မူလစွမ်းအင်ကို မဖြတ်တောက်ပစ်နိုင်။ ထိုစွမ်းအင်သည် နူးညံ့နေလျှင် ရေကဲ့သို့ နူးညံ့ပြီး မာကျောသည့်အချိန်တွင်လည်း ထာဝရရွှေကဲ့သို့ပင်။
“ငါလုပ်နိုင်တာ ဘာမှမရှိဘူး..” ရှီဟောင် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ သူ အခြားနည်းလမ်းများကို မစဉ်းစားနိုင်တော့။
ဤသည်မှာ အကြီးအကဲအရှင်ပြောသည့်အတိုင်း သူ၏တာအိုအသီးအပွင့်များအားလုံးကို ဖျက်ဆီးပစ်မည်ထင်သည်။ ယခုလည်း ထိုသို့သော အရိပ်အယောင်များ ပြနေလေပြီ။
တစ်ချိန်တည်းမှာပင် ဤစွမ်းအင် မည်မျှစွမ်းအားကြီးကြောင်း သူသိလိုက်ရသည်။ ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်မှ စွမ်းအင်ပင် သူ့ကို ဘာမှမလုပ်နိုင်။ သူသာ ဤစွမ်းအင်ကိ ပြုပြင်နိုင်လျှင် သူ့အတွက် အခွင့်အရေးကောင်းကြီး ဖြစ်လာလိမ့်မည်။
ရှီဟောင် တည်ငြိမ်သွားသည့်အချိန်တွင် မူလစွမ်းအင်ကို အာရုံမစိုက်တော့ပဲ ယခုတစ်ခေါက် သူရရှိလိုက်သည့် အောင်မြင်မှုများနှင့် ဆုံးရှုံးမှုများကို ပြန်စဉ်းစားကြည့်လိုက်သည်။
သူ မူလစွမ်းအင်ကို နောက်တစ်ကြိမ် ရရှိခဲ့ပြီးနောက် ဒုတိယသက်ရှိကို ဖန်တီးနိုင်ကာ သူ၏ကျင့်ကြံခြင်းတိုးတက်လာသည်။ ဤသည်မှာ သူ၏အကျိုးရလဒ်များပင်။ သူ၏ ဒုတိယသက်ရှိမှာ အလွန်စွမ်းအားကြီးသော်လည်း ကံမကောင်းစွာဖြင့် မူလစွမ်းအင်၏ဖိနှိပ်ခြင်းခံနေရသည်ပင်။
“ရလိုက်ပေမယ့် သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ပြန်ဆုံးရှုံးလိုက်ရတယ် .. ရရှိမှုနဲ့ဆုံးရှုံးမှု .. ဒါက တကယ်ကို မယုတ်မလွန်အခြေအနေပဲ..” ရှီဟောင် သက်ပြင်းချလိုက်သည်။
“ငါ အများကြီးမတွေးတော့ဘူး .. ငါအခု ကျင့်ကြံတာကိုပဲ အာရုံစိုက်ထားတော့မယ် .. ငါ့ရဲ့တိုက်ခိုက်နိုင်စွမ်း မလုံလောက်သေးရင် ငါ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ထဲ ရောက်အောင်လုပ်လိုက်မယ်..”
သူ ရွှေရောင်အရည်ထဲ၌ ထိုင်ကာ အခြားအရာအားလုံးကို မေ့ထားလိုက်ပြီး သူ၏ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားလိုက်တော့သည်။ သူထိုအရည်ထဲမှ နတ်စွမ်းအင်များကို စုတ်ယူကာ သူ၏ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို အားဖြည့်ရန် အသုံးပြုလိုက်သည်။
သူသာ ချောချောမွေ့မွေ့ဖြင့် အဆက်တက်နိုင်လျှင် သူ၏တာအိုရင်းမြစ်ဒဏ်ရာများလည်း သက်သာပျောက်ကင်းသွားလိမ့်မည်ဟု သူခံစားရသည်။
“လက်ရှိမှာ ငါက ထာဝရရှေးဟောင်းပညာတွေကို ကျင့်ကြံနေတာဆိုတော့ အဲဒီပညာတွေနဲ့ပဲ အဆင့်တက်တော့မယ်…”
သူ ကျောက်စိမ်းစာအုပ်ကို ထုတ်လိုက်ကာ တီးတိုးရွတ်ဆိုလိုက်သည်။ ရှေးဟောင်းစာလုံးများမှာ အသက်ဝင်လာသကဲ့သို့ သူ၏စိတ်ထဲသို့ ခုန်ဝင်လာကာ သူ၏ခန္ဓာကိုယ်မျက်နှာပြင်ကို ဖုံးအုပ်သွားသည်။
ထာဝရရှေးဟောင်းခေတ်၏စနစ်မှာ စွမ်းအားကြီးသည့် ထာဝရတာအိုသက်ရှိများမှ ချန်ရစ်ထားခဲ့သည့် ကျမ်းစာများပင်။ သူ၏ခန္ဓာကိုယ် အတွင်းဘက်နှင့် အပြင်ဘက်မှ ကျမ်းစာသံများထွက်ပေါ်လာသည်။
ဤသည်မှာ ရှီဟောင်၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ထာဝရချပ်ဝတ်တန်ဆာတစ်လွှာရှိနေသလိုပင်။
သူ၏ခန္ဓာကိုယ်ထဲတွင် ထာဝရစွမ်းအင်သုံးကြောင်း ပျက်ပြယ်သွားကာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများထံသို့ ညီမျှစွာ ပျံ့နှံ့သွားသည်။
ဝုန်း..
ကန်ထဲမှ ရေများ ဆူပွက်လာကာ နတ်အလင်းတန်းများတစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကာ ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
ဤကဲ့သို့သောအရာများမှ ရွှေရောင်နွားထီးအား ပြန်လည်မွေးဖွားခွင့်ပေးခဲ့ခြင်းပင်။ ဤအလင်းတန်းများမှာ ထာဝရပညာများမှ ထွက်ပေါ်လာခြင်းပင်။
ထို့ကြောင့်လည်း သူတို့ ထာဝရစွမ်းအင်ကိုပင် အားဖြည့်နိုင်ခြင်းပင်။ ဤအဖိုးတန်အရည်တစ်စက်ပင်လျှင် လူများကို ရူးသွပ်သွားအောင် လုပ်နိုင်သည်ပင်။
ရှီဟောင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ထာဝရစွမ်းအင်ကို အားဖြည့်နိုင်မည့်ပစ္စည်းမျိုး မတွေ့ဖူးခဲ့။ သို့သော်လည်း ယခုတော့ မူလစွမ်းအင်ကို အားဖြည့်ပေးနိုင်သည့် ထူးဆန်းသည့် ရှေးဟောင်းကန်တစ်ကန်ကို သူတွေ့ခဲ့ရသည်။
ထိုကန် ဆူပွက်လာကာ အကျိုးသက်ရောက်မှုအရှိဆုံးပစ္စည်းများ ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ထာဝရစွမ်းအင်သုံးကြောင်းမှ မစုပ်ယူမီတွင် နူးညံ့သည့်စွမ်းအင်တန်းများအဖြစ် ပြောင်းလဲသွားလေသည်။
ဝုန်း..
လေဟာနယ် တုန်ခါသွားကာ ရှီဟောင်လည်း တုန်ခါသွားရသည်။ သူ၏ခန္ဓာကိုယ်၌ အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေလေပြီ။
ထာဝရစွမ်းအင်သုံးကြောင်းသည် ပျက်ပြယ်သွားသည်နှင့် ဒုဓလီပန်းမျိုးစေ့ကဲ့သို့ နေရာတိုင်းသို့ လွင့်ပျံသွားကာ သင့်တော်သည့် ‘မြေဆီလွှာ’ ၌ အမြစ်တွယ်သွားကာ စတင်ကြီးထွားလာသည်။
“ဒီကန်က အရမ်းကို အံ့ဩဖို့ကောင်းတာပဲ .. မူလစွမ်းအင်ကို ပြန်အသက်သွင်းနိုင်တဲ့အပြင် ထာဝရစွမ်းအင်ကိုလည်း အားဖြည့်ပေးနိုင်တယ် .. ဒါက ငါနှစ်ပေါင်းများစွာ ကြိုးစားတဲ့ရလဒ်နဲ့အတူတူပဲ..”
သူ၏လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် ဤအခြေအနေထိရောက်အောင် နှစ်ပေါင်းအနည်းငယ် ကြာမည်ပင်။
ယခုအချိန်တွင် ထာဝရစွမ်းအင်သုံးကြောင်းသည် ထောင်ပေါင်းများစွာသော ဒုဓလီမျိုးစေ့အဖြစ် ပြိုကွဲသွားပြီး သူ့ခန္ဓာကိုယ်၌ အမြစ်တွယ်နေသည်ကို သူယုံပင်မယုံနိုင်တော့။
ရှီဟောင်၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာ နှင်းရေများ သောက်သုံးလိုက်ရသည့် ခြောက်သွေ့သည့်မြေဆီလွှာကဲ့သို့ အသက်ဓာတ်များ ပြည့်နှက်လာသည်။
ဘုန်း..
ရှီဟောင်၏ကိုယ်တွင်းအင်္ဂါငါးခုတွင် ကောင်းမွန်သည့်ထာဝရစွမ်းအင်မျိုးစေ့များမှာ မြေကြီးထဲမှထွက်လာသည့် အပင်ပေါက်လေးများကဲ့သို့ပင်။
သူ၏အတွင်းအင်္ဂါများ စုတ်ပြဲသွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်အထိပင်။ သို့သော်လည်း ထာဝရစွမ်းအင်ထွက်ပေါ်လာပြီး ရောင်စုံအလင်းတောက်ပလာပြီးနောက် ကိုယ်တွင်းအင်္ဂါများ ပြန်လည်ကောင်းမွန်သွားသည့်အပြင် ပို၍တောက်ပလာကြ၏။
ဤသည်မှာ ပြောင်းလဲမှုတစ်မျိုးပင်။ ကိုယ်တွင်းအင်္ဂါများမှာ ထာဝရစွမ်းအင်နှင့် ပေါင်းစည်းပြီးသွားသည်နှင့် သူ့ခန္ဓာကိုယ်နှင့်တစ်သားတည်းဖြစ်သွားကာ အလွန်မာကျောလာသည်။
ချွမ်း
ရှီဟောင်၏အရိုးများမှာ အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ခံလိုက်ရသကဲ့သို့ပင်။ အရိုးမျက်နှာပြင်မှ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ထာဝရစွမ်းအင်များ အညှောင့်ပေါက်လာသည်။
သူ၏နာကျင်ခံစားမှုများမှာ ယာယီသာ။ သူ၏အရိုးများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်သွားပြီး အဆင့်တက်သွားသည်ပင်။
ဤသည်မှာ ထိန်းညှိခြင်းဖြစ်သကဲ့သို့ ပြောင်းလဲမှုတစ်မျိုးလည်းဖြစ်သည်။ သူ၏အရိုးများမှာ လူသားအရိုးများနှင့်မတူတော့ပဲ ထာဝရအရိုးများ၏ပထမဆုံးလက္ခဏာနှင့် ပိုတူလာသည်။
ဝုန်း..
မြေကြီး အတွင်းနက်ပိုင်းမှ မြစ်တစ်စင်းစီးဆင်းလာပြီး တောင်ကျရေစီးဆင်းသွားသကဲ့သို့သော အသံမျိုးထွက်ပေါ်လာသည်။
ဤသည်မှာ ရှီဟောင် နောက်တစ်ဆင့် ပြောင်းလဲသွားသောကြောင့် ဖြစ်ပေါ်လာခြင်းပင်။ သူ၏အရိုးများနှင့် သွေးနီရောင်ရိုးတွင်းခြင်ဆီများတွင် ထာဝရစွမ်းအင် အမြစ်တွယ်သွားကာ လျင်မြန်စွာ ကြီးထွားလာသည်။
ထာဝရစွမ်းအင် မည်မျှထွက်လာသည်မသိသော်လည်း သူ့တစ်ကိုယ်လုံးမှ အရိုးများ၊ ရိုးတွင်းခြင်ဆီများအားလုံး တောာက်ပလာသည်။
ဤကဲ့သို့သော ပြောင်းလဲမှုများမှာ အံ့အားသင့်စရာကောင်းလှသည်။ သူ၏ရိုးတွင်ခြင်ဆီသည် အနီရောင်မှငွေရောင်၊ ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားသည်။ ထို့နောက် အပြာရင့်ရောင်၊ ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက် လေထဲ၌ ထာဝရစွမ်းအင်များ ပျံ့လွင့်လာကာ အစေ့များစွာ ကြီးထွားလာသည်။ ထို့နောက် ထိုမျိုးစေ့များမှ အမြစ်များထွက်လာကာ သူ၏ရိုးတွင်းခြင်ဆီနှင့် ပေါင်းစည်းသွားကာ ရွှေရောင်ရိုးတွင်းခြင်ဆီကို အနီရောင်ဖြစ်အောင် ပြန်ပြောင်းလိုက်လေသည်။
သို့သော်လည်း ထိုရိုးတွင်းခြင်ဆီမှာ အရည်ပျော်နေသည့် အနီရောင်ကျောက်စိမ်းကဲ့သို့ တောက်ပလှသည်။
“ဒဏ္ဍာရီလာ ရိုးတွင်းခြင်ဆီသန့်ရှင်းခြင်း ပြီးသွားပြီ..” ရှီဟောင် စိတ်လှုပ်ရှားနေရသည်။
သူ၏ရိုးတွင်းခြင်ဆီ ထာဝရစွမ်းအင်နှင့် ပေါင်းစည်းသွားကာ ပြီးပြည့်စုံသည့်အဆင့်သို့ တက်သွားလေပြီ။
ဤသည်မှာ ရိုးတွင်းခြင်ဆီသန့်ရှင်းခြင်းပင်။ ဤသည်မှာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ပြောင်းလဲမှုတစ်ခု ယူဆောင်ပေးလိမ့်မည်။ ရှီဟောင်မှာ မီးတောက်များကြားထဲ၌ ပြန်လည်မွေးဖွားသည့် ဖီးနှစ်တစ်ကောင်ကဲ့သို့ နက်နဲသည့်ပြောင်းလဲမှုများ ပြုလုပ်နေလေပြီ။
အပိုင်း ၁၆၄၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၄ – လူသားမီးဖိုဆေး
ရိုးတွင်းခြင်ဆီသန့်ရှင်းခြင်း စတင်လေပြီ။ ရှီဟောင် ထိုနေရာ၌ မလှုပ်မယှက်ထိုင်နေပြီး သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူမြေပြင်ပေါ်သို့ လဲကျမလိုပင် ခံစားနေရသည်။
သန့်ရှင်းခြင်း အဆုံးသတ်တော့မည်ဟု ထင်ထားသော်လည်း ဤသည်မှာ ပထမလှိုင်းသာ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ခဏကြာပြီးနောက် ဒုတိယလှိုင်း ရောက်ရှိလာသည်။ ဤသည်မှာ ဆက်တိုက်ဖြစ်နေသည့် ဖြစ်စဉ်တစ်ခုပင်။
နီရဲတောက်နေသည့် ရိုးတွင်းခြင်ဆီများ ဖြည်းညှင်းစွာ စီးဆင်းနေကာ သူ၏အရိုးများကို ဆေးကြောပေးနေသည်။
အစပိုင်းတွင် ဤသည်မှာ အလွန်သက်တောင့်သက်သာဖြစ်သည့် ခံစားချက်ပင်။ သူ၏မွေးညှင်းပေါက်များ ကျယ်လာကာ စွမ်းအင်များ ဝင်လိုက်ထွက်လိုက်ဖြစ်နေသည်။ ဤသည်မှာ သူ့အား ရေနွေးဖြင့် ပက်ဖြန်းလိုက်သကဲ့သို့ပင်။
သို့သော်လည်း နောက်ပိုင်းတွင် သူ ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ ရိုးတွင်းခြင်ဆီများသည် နဂါးအသေးလေးအဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲ၌ ခေါင်းမော့ကာ ဟစ်ကြွေးနေလေ၏။
သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးတိုင်း ဤကဲ့သို့ဖြစ်နေခြင်းပင်။ တောက်ပသည့် နဂါးလေးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကာ သူ၏ခန္ဓာကိုယ်ထဲ၌ လှုပ်ရှားနေကြသည်။
ထို့နောက် နဂါးလေးများသည် သူတို့၏အမြီးကို လှုပ်ရမ်းကာ အရိုးနံရံများကို ရိုက်ခတ်လာသည်။
သူ၏အရိုးများ တစ်ကြိမ်ပြောင်းလဲပြီးသားဖြစ်သည်။ သို့သော် ယခုအချိန်တွင် တစ်လက်မစီ အက်ကွဲပြိုကွဲလာပြီး ရှီဟောင်အား မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားစေသည်။
သူထံတွင် စွမ်းအားကြီးသည့်နတ်ခွန်အား ရှိနေသောကြောင့် တော်သေးသည်။ ထိုအားဖြင့် အရိုးမရှိတော့သည့် သူ၏ခန္ဓာကိုယ်ကို ထိုင်လျက်အနေအထားဖြစ်အောင် ထိန်းသိန်းထားနိုင်သည်ပင်။ မဟုတ်ပါက သူ အသားပုံကြီးအဖြစ်သို့ ပြောင်းလဲသွားလောက်လေပြီ။
ဤသည်မှာ ကပ်ဆိုးကြီးမဟုတ်ပဲ ကံကောင်းမှုတစ်ခုပင်။
သူ၏ရိုးတွင်းခြင်ဆီများ အနက်ရှိုင်းဆုံးအဆင့်ထိ ပြောင်းလဲနေသောကြောင့် သူ၏အရိုးများလည်း နောက်တစ်ကြိမ် ပြောင်းလဲလာသည်။
ကျိုးကြေသွားသည့်အရိုးများ လှုပ်ရှားလာကာ စစ်ပွဲသီချင်းကဲ့သို့သော ခံ့ညားသည့်အသံတစ်ခု ဖြစ်ပေါ်လာသည်။
နောက်ဆုံးတွင် အရိုးအပိုင်းအစများသည် အဖြူရောင်ကျောက်စိမ်းကဲ့သို့ တောက်ပလာသည်။ ထိုအရိုးများတွင် ထာဝရမြူရှိနေပြီး သေမျိုးလောကနှင့် မသက်ဆိုင်သည့် အော်ရာတစ်ခုလည်း ထုတ်လွှတ်နေသည်။
ကောင်းမွန်လှသည့် ပြန်လည်မွေးဖွားခြင်းကို ပြုလုပ်နေလေပြီ။
သူ၏ရိုးတွင်းခြင်ဆီတွင် ထာဝရစွမ်းအင်များ များပြားလှသည်။ အနီရောင်အရည်များသည် ကျိုးပဲ့နေသည့်အရိုးများအား နှစ်မြှုပ်ပစ်လိုက်လေ၏။
ဝုန်း..
နောက်ဆုံးတော့ ဤအဆင့် အဆုံးသတ်တော့မည်။ ကျိုးသွားသည့်အရိုးများ ပြန်ဆက်လာသည်။ အရိုးတစ်ခုစီတိုင်းမှာ ထာဝရကျောက်တုံးကဲ့သို့ တောက်ပနေကာ ထာဝရစွမ်းအင်များ ပျံ့လွင့်နေသည်။
သို့သော်လည်း အချို့အရိုးများမှာ ပြန်ဆက်မလာတော့။ ခြောက်သွေ့သွားကာ မီးခိုးရောင်ဖြစ်သွားကြ၏။ ဤသည်မှာ ဘေးဘက်သို့ ဖယ်ထုတ်ခံလိုက်ရသည့် အညစ်အကြေးပင်။
ဖူး..
ရှီဟောင်၏ခန္ဓာကိုယ် ကွဲအက်သွားကာ ထိုအရိုးများကို ရွှေရောင်ရေကန်ထဲသို့ တိုက်ရိုက် ထုတ်လွှတ်လိုက်၏။ ဤမြင်ကွင်းမှာ အနည်းငယ် ကြောက်စရာကောင်းနေသည်ပင်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ပြောင်းလဲမှုမှာ ပြင်းထန်လွန်းလှသည်။ ဤသည်မှာ နည်းနည်းချင်းလုပ်ခြင်းမဟုတ်ပဲ တစ်ခါတည်းပြီးအောင် လုပ်လိုက်ခြင်းပင်။
အရိုးများပြောင်းလဲခြင်းမှာ ဤကဲ့သို့ဖြစ်သည်ဟု မည်သူက ထင်ထားမည်နည်း.. အရိုးများမှာ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက်ထွက်လာခြင်းပင်။
ရွှေရောင်ရေကန်ထဲမှ ရေများ တက်လာကာ ရှီဟောင်၏အသွေးအသားထဲသို့ ဝင်ရောက်သွားကြ၏။ ထို့နောက် သူ၏ပျက်စီးသွားသည့်အရိုးများနှင့် အခြားအရာများကို ပြုပြင်ပေးနေသည်။
ပြောင်းလဲခြင်းမှာ နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။ သူ၏အရိုးတွင် ထာဝရမြူများ ရစ်ဆိုင်းနေလေပြီ။
ရိုးတွင်းခြင်ဆီနှင့် အရိုးများ လက်ရှိပြစ်ချက်ကင်းသည့်အဆင့်သို့ရောက်အောင် ပြောင်းလဲသွားပြီဖြစ်သော်လည်း ဤသည်မှာ အဆုံးမသတ်သေး။ နောက်တစ်ကြိမ် စတင်လာသည်။ ရိုးတွင်းခြင်ဆီများ မြည်ဟီးလာကာ အရိုးများမှာ ပြိုင်ဘက်ကင်းသည့် ထာဝရအရည်များကို ပြုပြင်နေသည့် နီရဲနေသည့်မီးဖိုကဲ့သို့ပင်။
လက်ရှိရိုးတွင်းခြင်ဆီမှာ ရှီဟောင်အတွက်တော့ အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုများ ရှိနေသည့် အဆင့်လွန်သက်ရှိအရည်နှင့်တူနေလေပြီ။
အရိုးများသည် နတ်မီးဖိုတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရိုးတွင်းခြင်ဆီမှ ထူးဆန်းသည့်မွှေးရနံ့တစ်ခု ပျံ့လွင့်လာသည်။
သူ သွေးလဲတော့မည်။ သူ၏သွေးစွမ်းအင်များအားလုံး ပြောင်းလဲတော့မည်။
အဘယ်ကြောင့်ဆိုသော် ရိုးတွင်းခြင်ဆီမှာ ပြောင်းလဲသွားပြီဖြစ်သောကြောင့် ပြစ်ချက်မရှိတော့။ ယခုအချိန်တွင် နတ်သွေးပြောင်းလဲခြင်းဖြစ်လောက်မည်။
ဤသည်မှာ လက်ခံနိုင်စရာမကောင်းသည့်မြင်ကွင်းတစ်ခုပင်။ ရှီဟောင်၏အသွေးအသားများကို ဖောက်ထွင်းမြင်နေရပြီး သူ၏အဖြူရောင်အရိုးများလည်း မှုန်ဝါးလာသည်။ ခပ်ဝေးဝေးမှကြည့်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်ထဲ၌ အရိုးပေါင်း နှစ်ရာကျော်ရှိနေသလိုပင်။ ထိုအရိုးအပိုင်းအစများသည် အဖြူရောင်မီးဖိုအဖြစ် တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်။ ထိုမီးဖိုများထဲတွင် အဖြူရောင်မီးတောက် လောင်ကျွမ်းနေသည်။
ဤသည်မှာပုံမှန်မဟုတ်သည့်မြင်ကွင်းပင်။
အရိုးတစ်ချောင်းသည် မီးဖိုတစ်ခုဖြစ်လာကာ ထာဝရမြူတစ်စုမှာ မီးတောက်တစ်ခုဖြစ်လာသည်။ မီးဖိုထဲတွင် ရိုးတွင်းခြင်ဆီများရှိနေသည်ပင်။ သူ၏ခန္ဓာကိုယ်မှာ ဆေးပင်ကြီးဖြစ်နေလေပြီ။
ထာဝရတာအိုနှင့်ပတ်သက်သည့် ဆိုရိုးတစ်ခုရှိသည်။ ပြင်ပလောကမှ ဆေးများမှာ အမြဲတမ်း အပြင်ဘက်မှပစ္စည်းသာဖြစ်လိမ့်မည်။ အကောင်းဆုံးသက်ရှည်ဆေးပင်များ ခူးယူနိုင်ခဲ့လျှင်ပင် ဤသည်မှာ အပြင်ပစ္စည်းသာဖြစ်လိမ့်မည်။ ဤဆေးပင်များကို သုံး၍ရသော်လည်း ဤဆေးများသည် လူတစ်ယောက်၏ကံတရားကို ပြောင်းလဲပေးနိုင်မည်တော့မဟုတ်။
သို့သော် လူသားခန္ဓာကိုယ်ဆေးမှာတော့ မတူညီပေ။ ဤသည်မှာ လူတစ်ယောက်၏ဘဝကို ပြောင်းလဲပေးနိုင်သည်။ ဤဆေးကိုသာ အမြင့်ဆုံးထိရောက်အောင် ပြုပြင်နိုင်ပါက သက်ရှည်ဆေးများထက် နိမ့်ကျမည်မဟုတ်တော့။
သို့သော်လည်း ဤသည်မှာ နက်ရှိုင်းသည့်ကျင့်ကြံခြင်းလိုအပ်သည်ပင်။ ကျင့်ကြံဆင့်မြင့်လေလေ လူသားခန္ဓာကိုယ်ဆေး မယုံကြည်နိုင်သည့်အဆင့်သို့ ရောက်လေလေပင်။
ကိုယ်ပိုင်ဆေးပင်ကို ရိတ်သိမ်းတော့မည်။ သူသာ အောင်မြင်သွားလျှင် သူ ပြိုင်ဘက်ကင်းသည့် ထာဝရဆေးကို ရရှိသွားလိမ့်မည်။
ယခုအချိန်တွင် ရှီဟောင် ဆေးပင်ကို ရိတ်သိမ်းနေခြင်းပင်။ သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်အတွက်တော့ ဤသည်မှာ အနည်းငယ် မယုံကြည်နိုင်စရာဖြစ်နေသည်။ သူသည် သူ့လက်ရှိကျင့်ကြံဆင့်ထက်မြင့်သည့် ရှားပါးအဖိုးတန်ဆေးပင်အား ရိတ်သိမ်းနေခြင်းပင်။
သေမျိုးလောကတွင် ကိုယ့်ဆေးပင်ကိုကိုယ်ပြန်ရိတ်သိမ်းနိုင်သည့်သူသိပ်မရှိ။
အဘယ်ကြောင့်ဆိုသော် ကိုယ့်ကိုကိုယ် ကာကွယ်သည့်အနေဖြင့် အလွန်မြင့်သည့် ကျင့်ကြံဆင့်နယ်ပယ် လိုအပ်သည်ပင်။
ဝုန်း..
ရှီဟောင်၏ခန္ဓာကိုယ် တောက်ပလာ၏။ ထိုအခိုက်အတန့်တွင် အရိုးဖြူနတ်မီးဖိုများ အဖုံးပွင့်လာကာ ရောင်စုံအလင်းနှင့်အတူ အမွေးနံ့များ ထုတ်လွှတ်လာသည်။
လူသားခန္ဓာကိုယ် ဆေးကို ဖော်စပ်ပြီးသွားပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်တော့မည်။
သေချာပါသည်။ သွေးအလင်းတန်း စီးဆင်းလာကာ ရှီဟောင် သူ၏သွေးကို စတင်လဲလှယ်တော့မည်။
ယခု သူရိတ်သိမ်းရသည့် လူသားခန္ဓာကိုယ်ဆေးမှာ ရိုးတွင်းခြင်ဆီပင်။
ရိုးတွင်းခြင်ဆီမှ သွေးများကို ဖန်တီးနိုင်သောကြောင့် ယခုအချိန်တွင် နတ်သွေးများ ထွက်လာလေပြီ။
ဖူး..
ရှီဟောင်၏အသားအရေ နီရဲလာပြီး သူ၏ခန္ဓာကိုယ်ထဲမှာ သွေးများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် သူ၏သွေးများအားလုံး သွန်ထုတ်ခံလိုက်ရပြီး သွေးကြောထဲတွင် ထာဝရမြူသာရှိတော့သည်။
ဤနာကျင်မှုထက် ပြင်းထန်သည့်ဝေဒနာမရှိနိုင်တော့။ သာမန်လူသာ သူတို့တစ်ကိုယ်လုံးမှ သွေးများကို ဆုံးရှုံးလိုက်ရပါက သေချာပေါက် လဲကျသွားမည်ပင်။ ရှီဟောင်ကဲ့သို့သော ကျင့်ကြံသူပင် ဖြူဖျော့နေလေပြီ။
ဝုန်း..
သူ၏အရိုးဖြူများအားလုံး လှုပ်ခါလာသည်။ အဖြူရောင်မီးဖိုများ တောက်ပလာပြီး နီရဲတောက်ပနေသည့် သွေးအလင်းတန်းများ ထုတ်လွှတ်လာသည်။
ဝုန်း..
ထို့နောက် သွေးများ ချက်ချင်း လွင့်စင်လာသည်။ ဤသည်မှာ သူ၏ခန္ဓာကိုယ်ထဲ၌ မြစ်ကြီးတစ်စင်း စီးဆင်းနေသကဲ့သို့ပင်။ သူအစောပိုင်း၌ ဆုံးရှုံးလိုက်ရသည့်သွေးများ ချက်ချင်း ပြန်ပြည့်လာသည်။
ရှီဟောင်၏ခန္ဓာကိုယ်ကို ထာဝရမြူများအုံ့ဆိုင်းကာ မှုန်ဝါးနေသည်။ သူ၏ပြန်လည်မွေးဖွားခြင်း ပြီးဆုံးတော့မည်။
တစ်ခဏခန့် အနားယူပြီး လိုအပ်သည့် နတ်ခွန်အားကို ပြန်ဖြည့်ပြီးသွားသည်နှင့် သူအဆင့်တက်၍ရလေပြီ။
သူ၏ခွန်အား အတော်လေးပင် တိုးလာလိမ့်မည်။
အပြင်ဘက်ရှိ နတ်ဆေးတောင်တန်းမှာ တည်ငြိမ်မနေပဲ ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်နွားထီးသည် တစ်ချိန်လုံး ဟစ်ကြွေးနေကာ တစ်ဖက်လောကမှ ကျွမ်းကျင်သူများနောက်သို့ လိုက်နေလေသည်။
ကိုယ်တိုင်လွတ်မြောက်ခြင်းကျင့်ကြံသူပင် သေမလိုဖြစ်နေလေပြီ။ သူ၏ခန္ဓာကိုယ် စုတ်ပြတ်နေပြီး အရိုးဖြူများကိုပင် မြင်နေရလေပြီ။ သူတောင်ကြောထဲမှ ထွက်ပြေးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း သွေးသံရှေးဟောင်းသစ်ပင်နှင့် အခြားအပင်များကြောင့် အထဲဘက်သို့ အတင်းပြန်ပို့ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် အခြားလူငယ်ကျင့်ကြံသူများလည်း အခြေအနေဆိုးရွားနေသည်ပင်။ အချို့သူများမှာ ရက်ရက်စက်စက်အသတ်ခံလိုက်ရလေပြီ။ ရွှေရောင်နွားထီးဖမ်းမိသွားသည်နှင့် သူ၏ဦးချိုဖြင့် ထိုးဖောက်ခြင်းခံရသည်။ အချို့သူများသည်လည်း သူ၏ဟစ်ကြွေးသံကြောင့် ပေါက်ကွဲကာ သေဆုံးသွားခဲ့ကြရသည်ပင်။
ယခုအချိန်တွင် တစ်ဖက်လောကမှ ကျင့်ကြံသူများအလွန်စိုးရိမ်နေကြလေပြီ. သွေးသံရှေးဟောင်းသစ်ပင်နှင့် ရှေးဟောင်းသွေးနွယ်ပင်ကို ရှောင်ရှားကာ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်သွားနိုင်သည့်လူငယ်အချို့ သတင်းသွားပို့ကြသည်။
အပြင်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူများ ထိတ်လန့်သွားကာ မျက်နှာပျက်သွားကြသည်။ တောင်ထဲသို့ လူများပိုဝင်သွားကြသည်။ ယခုတစ်ခေါက်တွင်တော့ သူတို့ လျှို့ဝှက်ရတနာများကို ယူဆောင်သွားကြသည်ပင်။
နံပါတ်တစ် လူငယ်ကျွမ်းကျင်သူ ဟဲကျီမင်း ပေါ်လာလေပြီ။ သူ ဟွမ်ကို တစ်ယောက်တည်းသတ်မည်ဟု ကြေငြာပြီးသွားလေပြီ။
ထို့အပြင် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့လူမျိုးစုလည်း အထင်ကြီးစရာကောင်းသည့်ကျွမ်းကျင်သူအချို့ လွှတ်လိုက်သည်။ ထိုထဲမှ တစ်ယောက်မှာ သူတို့၏ဘိုးဘေး ခြေရာကိုပင် နင်းနိုင်သည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏ခွန်အားမှာ သူနှင့်ရွယ်တူများကို ဖိနှိပ်ထားနိုင်သည်ပင်။ သူလည်း ဤနေရာ၌ ပေါ်လာလေပြီ။
ဤသည်မှာ ယခင်က တစ်ဖက်လောကသို့ ကူးပြောင်းသွားခဲ့သည့် ရှေးဟောင်းဘုန်းကြီး သွေးမျိုးဆက်ပင်။ ဤကလန်ရှိလူများအားလုံး အလွန်ကြောက်စရာကောင်းလှသည်ပင်။
အထူးသဖြင့် သူတို့၏ဘိုးဘေးခြေရာကို နင်းနိုင်သည့်သူများပင်။ သူတို့ကြီးလာသည်နှင့် သူတို့၏ခွန်အားသည် ဗုဒ္ဓကိုပင် မှီနိုင်ကာ ထာဝရဘုန်းကြီးဘုရင်များကို သတ်နိုင်လိမ့်မည်။
ထို့နောက် အခြားသတင်းတစ်ခုလည်း ပျံ့လာသည်။ ဂုကလန်မှ အဆင့်လွန်လူငယ်သက်ရှိလည်း အလောတကြီးရောက်လာကာ သေမင်းနယ်ပယ်ကို ကြောက်ရွံ့ခြင်းမရှိပဲ တောင်ထဲသို့ ဝင်ရောက်သွားသည်။ သူ သဘာဝကံကောင်းမှုများကို ရှာဖွေချင်သလို ဟွမ်ကိုလည်း ရှင်းပစ်ချင်သည်။
ဂုကလန်မှာ ရက်စက်သည့်သားရဲ ၁၀ မျိုးထဲ၌ပါဝင်သည့်ကလန်ပင်။ ယခင်က သူတို့ နဂါးအစစ်ကိုပင် ဆက်တိုက်အနိုင်ယူခဲ့ကြသေးသည်။ ဤသည်မှာ လောကကြီးရှိ စွမ်းအားအကြီးဆုံးလူမျိုးစုများထဲမှ တစ်ခုပင်။
ကလန်သည် လက်တစ်ဖက်ဖြင့် လေဟာနယ်ကို ဖျက်ဆီးပြီး အခြားတစ်ဖက်ဖြင့် အချိန်ကို ဖျက်ဆီးနိုင်သည်။ ဤသည်မှာ ပြိုင်ဘက်ကင်းစွမ်းရည်ဖြစ်ပြီး မည်သူမှ သူတို့ကို အထင်မသေးရဲ။ အားလုံး သူတို့အား ကြောက်ကြရသည်။
တစ်ဖက်လောကတွင်ပင် ဂုကလန်၏အဆင့်အတန်းမှာ ထူးခြားလှသည်။ သူတို့သည် ကောင်းကင်ဘုံကိုးခုဘက်မှ ကူးပြောင်းလာခြင်းဖြစ်သော်လည်း တစ်ဖက်လောက ကလန်များထဲတွင် ရိုသေလေးမြတ်ခံရပြီး မည်သူမှ သူတို့ကို အထင်မသေးရဲ။
“ဒီတစ်ခေါက် ဟွမ် သေချာပေါက် သေလိမ့်မယ် .. စီနီယာတစ်ယောက်လည်း ရောက်လာပြီ .. သူက ရွှေရောင်နွားထီးကို ရှင်းပစ်လိမ့်မယ်..”
“ဧကရာဇ်ကလန်က လူငယ်အရှင်တစ်ယောက်လည်း ရောက်လာပြီ .. သူသာလှုပ်ရှားလိုက်ရင် ဟွမ် ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ သူသေသွားမှာပဲ…”
နတ်ဆေးတောင်တန်းအပြင်ဘက်၌ တစ်ဖက်လောကမှ လူငယ်ကျင့်ကြံသူများ ဟိုဒီသွားလာနေကြသည်။ အထဲဝင်သွားသည့် ကျင့်ကြံသူများစွာ ရှိနေသောကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။
ဟွမ်တစ်ယောက်တည်းအတွက်နှင့် ဂုကလန်အပြင် ဧကရာဇ်ကလန်မှ တစ်စုံတစ်ယောက်လည်း ရောက်လာသည်။
ထို့အပြင် အသက်ကြီးသည့်ပုဂ္ဂိုလ်များ ရောက်မလာလျှင်ပင် လူငယ်မျိုးဆက်များဖြင့် ဟွမ်ကို ဖိနှိပ်ပစ်နိုင်သည်။
တစ်ချိန်တည်းမှာပင် အင်ပါယာဂိတ်ဘက်တွင်လည်းမတည်ငြိမ်နိုင်ပေ။
“အင်ပါယာဂိတ်မှာ တစ်ဖက်လောကနဲ့ ဆက်သွယ်နေတဲ့ သစ္စာဖောက်ရှိနေတယ် .. ငါတို့ အဲဒီလူကို ရှာဖို့လိုတယ်..”
“ဘယ်သူ အင်ပါယာဂိတ်ကို ပြန်မလာလဲဆိုတာ ရှာကြည့်လိုက် .. အဲဒီလူက ရန်သူကို လျှို့ဝှက်ချက် ရောင်းစားရဲတယ်..”
“ဝိုး .. အဲဒီလိုလား .. ငါသိသလောက်ဆိုရင်တော့ တိုက်ပွဲပြီးတော့ ပြန်ရောက်မလာသေးတဲ့ တစ်ချို့လူငယ်တွေရှိတယ်..”
အပိုင်း ၁၆၄၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၅ – တိုက်ခိုက်မှု
နတ်ဆေးတောင်တန်းရှိ မြေအောက်လှိုဏ်ဂူတွင်..
ရှီဟောင်၏ ပြန်လည်မွေးဖွားခြင်းမှာ အဆုံးသတ်ခါနီးသို့ ရောက်နေလေပြီ။ သူအုတ်မြစ်ပေါ်တွင်ရှိနေသည့် အက်ကွဲကြောင်းများလည်း အနည်းငယ် မှေးမှိန်သွားလေပြီ။ သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ ရောက်သွားသည်နှင့် သူ၏ဒဏ်ရာများ ပျောက်ကင်းသွားလိမ့်မည်ဟု သူယုံကြည်သည်။
ရွှီး..
သူ၏ခန္ဓာကိုယ်ထဲ၌ နဂါးရိုင်းတစ်ကောင် ပေါ်ထွက်လာသကဲ့သို့ မြူလုံးတစ်လုံး ထွက်ပေါ်လာသည်။ ထိုမြူသည် သူခြေလက်ရှိအရိုးများထဲသို့ ပျက်ပြယ်သွားကာ သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ရှီဟောင်၏ သွေးလဲလှယ်ခြင်းပြီးဆုံးသွားပြီဖြစ်သော်လည်း ယခုအချိန်တွင် ဤကဲ့သို့သော ပုံမှန်မဟုတ်သည့်မြင်ကွင်းမျိုး ထပ်ပေါ်လာပြန်၏။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
သူ၏ခန္ဓာကိုယ်ကို လေ့လာကြည့်လိုက်သည့်အချိန်တွင် သူမျက်လုံးများ တောက်ပလာသည်။ ဤသည်ကို သူသိသည်။ ဤကဲ့သို့သော အရေးကြီးသည့် အချိန်တွင် ထိုအရာလည်းပါဝင်လာလိမ့်မည်ဟု သူမထင်ထားခဲ့။ သို့သော်လည်း ဤသည်မှာ သေချာပေါက် ကောင်းသည့်အရာတစ်ခုပင်။
အဆင့်လွန်သွေး..
ယခုအခိုက်အတန့်တွင် သူ၏အဆင့်လွန်သွေးများ တောက်ပလာကာ သွေးကြောများကဲ့သို့ သူ၏ခန္ဓာကိုယ်အတွင်း၌ ဆက်နွယ်သွားသည်။ ဤသွေးသည်လည်း ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်ကို အသုံးပြုကာ အဆင့်တက်တော့မည်။
ဤသွေးသည် ယခင်ကထက် ပိုများလာပြီး သွေးအားလုံး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးထံသို့ ဖြန့်ကျက်သွားသည်။ ထို့အပြင် ထာဝရမြူနှင့်ပေါင်းစည်းသွားသည်နှင့် မိုးခြိမ်းသံကဲ့သို့သော ဆူညံသံများ ထွက်ပေါ်လာသည်ပင်။
ထို့နောက် အဆင့်လွန်သွေးများအားလုံး ပြောင်းပြန်စီးဆင်းသွားကာ အလင်းလုံးလေးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး သူ၏ရင်ဘတ်၌ စုစည်းသွားသည်။ ဤလက်သီးအရွယ်အစား အလင်းလုံးလေးမှာ တစ်ခုခုကို ဖန်တီးချင်နေသည့်ပုံပင်။
ဤသည်မှာ ရှီဟောင်ကို ဆွံ့အသွားစေ၏။ အဲဒီသွေးက တစ်ခြားအရိုးတစ်ခုကို ဖန်တီးတော့မှာလား..
ဤသွေးများသည် သူ၏အရိုးတစ်ခုတည်းကိုသာ အားဖြည့်ခြင်းမဟုတ်ပဲ တစ်ကိုယ်လုံးကို အားဖြည့်ပေးနိုင်ရန် ရှီဟောင်မျှော်လင့်ခဲ့သည်ပင်။ ထိုသွေးမှ အဆင့်လွန်အရိုးတစ်ချောင်း ထပ်ဖန်တီးကာ သူ့အား ပြိုင်ဘက်ကင်းသည့်ပညာများ ထပ်ပေးနိုင်လျှင်တော့ ပိုကောင်းမည်ပင်။
“ကံမကောင်းစွာနဲ့ပဲ..” ရှီဟောင် သက်ပြင်းချလိုက်၏။ သူအတွေးလွန်သွားခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုသွေးခဲလေးထံမှ စွမ်းအားကြီးသည့် အသက်ဓာတ်ထွက်ပေါ်လာပြီး တစ်ခုခုဖြစ်လာခါနီးဖြစ်ခဲ့သော်လည်း နောက်ဆုံး၌ ထိုသွေးထံတွင် ရင့်ကျက်မှုမရှိသေး။ ထို အလင်းလုံး ပေါက်ကွဲသွားကာ သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ဤသည်မှာ သူ၏သွေးများကို ကြွတက်လာစေသည်။ သူ၏မူလနတ်သွေးမျာ ပို၍ စွမ်းအားကြီးလာသည်ပင်။
“ငါ့ အုတ်မြစ်ကို နည်းနည်းလောက်ပိုပြီး အခြေခိုင်အောင် လုပ်လိုက်ဦးမယ် .. ပြီးရင် ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကို သွားမယ်..” ရှီဟောင် တီးတိုးပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်ကန်ထဲမှ စွမ်းအင်များကို စုတ်ယူပြီးနောက် သူ၏အဆင့်လွန်သွေးများပင် ရုတ်တရက်အသက်ဝင်လာသောကြောင့် သူသာ ဤစွမ်းအင်ကို ဆက်လက်စုတ်ယူနေလျှင် သူ အံ့အားသင့်စရာကောင်းသည့် အခြားအကျိုးကျေးဇူးများ ရရှိလာနိုင်သည်။
သူ တစ်ခုခုရလျှင် ကောင်းသည့်ကိစ္စဖြစ်သည်။ သို့သော် သူမရလည်း အရှုံးမရှိ။
မူး.. အပြင်ဘက်လောက၌ နွားအော်သံ ထွက်ပေါ်လာ၏။ ရှီဟောင်မျက်လုံးဖွင့်လိုက်ကာ ကန်ထဲမှ ခုန်ထွက်လိုက်ပြီး မြေအောက်ဂူထဲမှ ထွက်ခွာရန် ပြင်ဆင်လို်ကသည်။
သူ သက်ပြင်းချလိုက်၏။ ရွှေရောင်နွားထီး ဤအနီးအနား၌ ရှိနေခြင်းမှာ နှမြောစရာပင်။ သူသာ ဤနေရာ၌ ဆက်နေနေပါက သူ အန္တရာယ်များလောက်သည်။
ရှီဟောင် အနည်းငယ်မျှပင် တွေဝေမနေ။ ရွှေရောင်အရည်အနည်းငယ်ကို သိမ်းယူပြီးနောက် သူလျင်မြန်စွာ ထွက်သွားလိုက်သည်။ ထို့နောက် သူနယ်မြေတစ်ခုကို ရွေးချယ်ကာ မြေအောက်ထဲသို့ ဝင်သွားလိုက်သည်။ သူ မြေပြင်လှုပ်ရှားခြင်းနည်းလမ်းများကို အသုံးပြုကာ ထွက်သွားလိုခြင်းပင်။
ခပ်ဝေးဝေးတွင်ရှိနေသည့် တစ်ပေရှည်သည့်ရွှေရောင်နွားထီး တစ်ကိုယ်လုံးတွင် သွေးများဖုံးလွှမ်းနေသည်။ တစ်ခဏခန့် တွေဝေနေပြီးနောက် သူတောင်ထိပ်တစ်လုံးပေါ်သို့ တက်လိုက်ကာ ရှီဟောင်ရှိနေသည့်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
သူ့ကိုယ်ပေါ်တွင်ရှိနေသည့် သွေးများမှာ တစ်စက်မှ သူ့သွေးမဟုတ်။ နေလမ်းကြောင်းထာဝရရွှေမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများ ဒဏ်ရာရအောင်လုပ်နိုင်သည့်အရာမဟုတ်။ သူတို့၏တိုက်ခိုက်မှုများမှာ ပြိုင်ဘက်ကင်းသည့် ထာဝရပစ္စည်းများပေါ်၌ အလုပ်မဖြစ်။
ဤသွေးများမှာ ကျင့်ကြံသူကြီးတစ်ယောက်ထံမှ ရောက်လာခြင်းပင်။ ထိုကျင့်ကြံသူမှ တိုက်ခိုက်သည့်အတွေ့အကြုံများရှိနေပြီး အလွန်လျင်မြန်သောကြောင့်သာမဟုတ်ပါက သူအစောကြီးကတည်းက သေဆုံးသွားလောက်လေပြီ။
ထိုသို့ဆိုသော်လည်း ထိုကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူမှာ ခန္ဓာကိုယ်တစ်ဝက်သာ ကျန်တော့သည်ပင်။ သူ့တစ်ကိုယ်လုံးရှိ အရိုးများကျိုုးသွားဖြစ်ပြီဖြစ်ပြီး ခန္ဓာကိုယ်လည်း ဒဏ်ရာများဖြင့် ဖုံးအုပ်သွားသည်။
ယခုအချိန်တွင် သူသည်သူ၏အော်ရာအားလုံးကို ရုတ်သိမ်းကာ မီးတောင်တစ်ခုထဲ၌ ပုန်းခိုနေခြင်းပင်။
သူ ဤရွှေရောင်နွားထီးကို အလွန်ကြောက်နေလေပြီ။ သူအနိုင်ရမည့်မျှော်လင့်ချက်မရှိ။ သူ မည်မျှပင် တိုက်ခိုက်နေစေကာမူ ထိုနွားထီးဘာမှမဖြစ်။
ထိုအချိန်တွင် ရှီဟောင် မြေကြီးအောက်မှ လှုပ်ရှားသွားလာနေဆဲပင်။ သူ ထိုမီးတောင်ရှေ့သို့ ရောက်ရှိလာ၏။ ထိုရွှေရောင်နွားထီးကြီး ထူးခြားသည်ကို သူသိသည်။ ထို့ကြောင့်လည်း သူပုန်းနေနိုင်မည့်နေရတစ်ခုကို ရှာဖွေလိုနေခြင်းပင်။
မီးတောင်ထဲတွင် ချော်ရည်များထွက်လာပြီး အပူချိန်လည်း အလွန်မြင့်လှသည်။ အနီရောင်အရည်များမှာ ဆက်တိုက်ပင် တက်လိုက်ကျလိုက်ဖြစ်နေသောကြောင့် လူတစ်ယောက် ပုန်းခိုနေနိုင်ရန် အကောင်းဆုံးပင်။
ရှီဟောင် မြေကြီးထဲမှ မီးတောင်ထဲသို့ ဝင်သွားကာ ချော်ရည်ထဲသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ သို့သော်လည်း သူဝင်သွားလိုက်သည်နှင့် တစ်ခုခုမှားယွင်းနေသည်ကို ခံစားလို်ကရသည်။
ဤနေရာ၌ အလွန်စွမ်းအားကြီးသည့် သတ္တဝါတစ်ယောက်ရှိနေသည်..
ထိုအခိုက်အတန့်တွင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူ ကြက်သီးထလာရ၏။ ဤနေရာ၌ အပူချိန်အလွန်မြင့်နေသော်လည်း သူကျောချမ်းနေဆဲပင်။ ဤနေရာသို့ ဝင်လာပြီးနောက် သူအရာအားလုံးကို ထိန်းချုပ်ထားခဲ့သည်။ ရွှေရောင်နွားထီး ရှာတွေ့သွားမည်စိုးသောကြောင့် သူ၏ဝိညာဉ်အာရုံကို ကန့်သတ်ထားခဲ့သည်အထိပင်။
သို့သော်လည်း ယခုအချိန်တွင် ချော်ရည်များထွက်လာကာ သက်ရှိတစ်ယောက် ဝင်လာလေပြီ။ ဤသည်ကို ထိုနွားထီးဝင်လာခြင်းဖြစ်သည်ဟု သူထင်လိုက်ခြင်းပင်။
ဝုန်း..
သူ ဤနေရာ၌ ပုန်းမနေချင်တော့သဖြင့် ချက်ချင်း လှည့်ထွက်သွားလိုက်သည်။ သို့သော် ဝင်လာသည့် ထို ‘ရွှေရောင်နွားထီး’လည်း ချက်ချင်းလှည့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုကျင့်ကြံသူ သူ၏နတ်အာရုံများကို ကန့်သတ်မထားတော့ပဲ ထုတ်လွှတ်လိုက်သည်နှင့် မည်သူဝင်လာသည်ကို ချက်ချင်းသိသွားကာ ဒေါသထွက်သွားရသည်။ ဤသည်မှာ သူ့အား ဤအခြေအနေထိရောက်အောင် တွန်းပို့ခဲ့သည့် ဟွမ်ပင်။
သူ အရှက်ကွဲသလိုခံစားလိုက်ရ၏။ သူ လူငယ်လေးတစ်ယောက်ကို အသည်းအသန်ကြောက်မိသွားသည်ပင်။ တစ််ချိန်တည်းမှာပင် ဤသည်မှာ ဤခေတ်၏ လူငယ်မျိုးဆက် ရန်သူဖြစ်ကြောင်း သူမှတ်မိသွားသောကြောင့် သူ ရှီဟောင်အား ဤနေရာ၌ သတ်ပစ်ချင်မိသွားသည်။
ရှီဟောင် သူ၏ကံဆိုးမှုကို ကျိန်ဆဲမိသွားသည်။ သူယခုမှ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာခြင်းဖြစ်သော်လည်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူကို တွေ့နေရလေပြီ။ ထို့အပြင် သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ပင် တက်ရန် အချိန်မရခဲ့သောကြောင့် ဤကဲ့သို့သောသူမျိုးနှင့် တွေ့ရခြင်းမှာ သူ့အတွက် ကပ်ဆိုးကြီးပင်။
ဝုန်း..
ရှီဟောင် အပြင်ဘက်သို့ ခုန်ထွက်လိုက်ကာ မီးတောင်နံရံကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ မီးတောင်ပျက်စီးသွားကာ ချော်ရည်များ ထွက်ကျလာသည်။ ထိုချော်ရည်များ ကောင်းကင်ထက်သို့ တက်သွားရုံသာမက နေရာအနှံ့သို့ ပျံ့ကြဲသွားကာ ဤနေရာတစ်ခုလုံး နီရဲသွားသည်။
ဤကဲ့သို့သော အခြေအနေမှာ ရွှေရောင်နွားထီးအား ထိတ်လန့်သွားစေသည်ပင်။ သူ မူးကနဲအော်လိုက်ကာ သူ၏ခွာများကိုပေါက်၍ ပြေးထွက်လာလေသည်။
“ခွေးကောင်လေး..” ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူ ဒေါသထွက်လာရသည်။ ဤလူငယ်မျိုးဆက်မှာ တကယ်ကို ရဲတင်းလှသည်။ သူသည် ရွှေရောင်နွားထီးကိုပင် ဆွဲဆောင်ရဲသေးသည်။
ထိုကျင့်ကြံသူ၏မျက်လုံးမှ ရက်စက်သည့်အလင်းများ ထွက်ပေါ်လာသည်။ ရွှေရောင်နွားထီး ပြေးလာနေပြီဖြစ်သော်လည်း သူ ရှီဟောင်ကို လက်မလွတ်ချင်သေး။ ကောင်းကင်ထက်၌ လက်ဝါးကြီးတစ်ဖက်ပေါ်လာကာ အားလုံးကို အုပ်မိုးသွားသည်။
ဝုန်း..
ရှီဟောင် သူ၏လက်ထဲ၌ ထာဝရဓားကိုကိုင်ကာ တရှိန်ထိုးပြေးထွက်သွားလိုက်သည်။ သူတို့နှစ်ဦးကြားတွင် လျှပ်စီးများရေတံခွန်ကဲ့သို့ ထွက်ပေါ်လာကြသည်ပင်။
ထာဝရဓားသည် ကြီးမားလှသည့်ဖိအားကို ရင်ဆိုင်လိုက်ရသောကြောင့် တောက်ပလာသည်။ ဤဓားသည် စတင်တိုက်ခိုက်ခြင်းမရှိသော်လည်း ကောင်းစွာ ကာကွယ်နိုင်သည်ပင်။ ထိုဓား အလွန်တောက်ပလာကာ သတ်ဖြတ်လိုသည့်အလင်းများလည်း စီးဆင်းလာသည်။
ထိုကျင့်ကြံသူ ထိတ်လန့်သွားရသည်။ သူ ဤဓားနှင့် မထိရသေးသော်လည်း သူ၏လက်ဝါး အက်ကွဲလာကာ သွေးများစီးကျလာလေပြီ။
သို့သော် ရှီဟောင်လည်း အခြေအနေ ကောင်းမနေပေ။ သူတို့နှစ်ဦးကြားတွင် အကွာအဝေး တစ်ချို့ရှိနေသေးသော်လည်း သူ အကန့်အသတ်မရှိသည့် နတ်ခွန်အားလှိုင်းတစ်ခုဖြင့် ရိုက်ခံလိုက်ရကာ သူ၏ခန္ဓာကိုယ်မှ သွေးများ စီးဆင်းလာသည်။
သူသည် ညှိုးလျော်သွားသည့် သစ်ရွက်တစ်ရွက်ကဲ့သို့ သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ခဲ့။ သူ ဤမီးတောင်အပြင်ဘက်သို့ လွင့်စင်သွားလေသည်။
ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူ အံ့အားသင့်သွားရ၏။ ဒီလူငယ်လေးက ပေါက်ကွဲမသွားဘူးလား .. သူ့အမြင်တွင် ဤသည်မှာ လက်ခံနိုင်စရာမကောင်းသည့် အရာတစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက် ဟင်းလင်းပြင်တာအိုနယ်ပယ်ကျင့်ကြံသူကို သတ်ချင်ပါက အလွန်လွယ်ကူသည်ပင်။ သူတို့လက်ကိုမြှောက်လိုက်သည်နှင့် သတ်နိုင်သည်ပင်။
ဒီလူငယ်လေးက ဘယ်လောက်တောင် မကောင်းဆိုးဝါးဆန်တာလဲ .. ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ဝါးရိုက်ချက် လက်ခံလိုက်ရတာတောင်မှ သူက ချက်ချင်းသေမသွားပဲ သွေးနည်းနည်းလောက် အန်ရုံလေးပဲ .. ဤသည်မှာ အနည်းငယ် မယုံကြည်နိုင်စရာကောင်းလှသည်။
ရှီဟောင် သွေးများကြွတက်လာသည်။ သူ ယခုလေးတင် ပေါက်ကွဲမလိုဖြစ်သွားခဲ့ခြင်းပင်။ သူ၏ပြန်လည်မွေးဖွားခြင်း ပြီးဆုံးသွားခဲ့သောကြောင့်သာမဟုတ်ပါက သူသေသွားလောက်လေပြီ။
ထိုသို့သာဆိုသော်လည်း သူ၏အသွေးအသားများ ဆက်တိုက်ပင် တုန်ယင်နေခဲ့ကာ အချိန်အတော်ကြာသည်အထိ မတည်ငြိမ်နိုင်သေး။ သူ၏ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအင်များ မြည်ဟီးလာကာ သူလက်ခံရရှိသည့် ဒဏ်ရာကို အတတ်နိုင်ဆုံး နည်းသွားအောင် လျှော့ချပေးခဲ့သည်ပင်။
ဤခန္ဓာကိုယ်နှင့်ဆိုလျှင် သူမည်သူ့ကို ကြောက်ရမည်နည်း.. သူ အဆင့်တက်သွားသည်နှင့် သူဤလောကကြီးကို အထင်သေးနိုင်သည်ပင်။
မူး..
ရွှေရောင်နွားထီ အော်ဟစ်ကာ အသံလှိုင်းနှစ်လှိုင်းကို ထုတ်လွှတ်ပြီး နှစ်ဦးလုံးကိုတိုက်ခိုက်လာလေ၏။
ရှီဟောင် ချက်ချင်းလှည့်ပြေးလိုက်သွားလိုက်သည်။ သူ ဤရွှေရောင်နွားထီးနှင့် မတိုက်ခိုက်ချင်။ ဤရွှေရောင်နွားထီး၏ ဇစ်မြစ်ကို သူသိပြီးသားဖြစ်သောကြောင့် သူဤနေရာ၌ အသတ်ခံရလျှင်မတန်။
ကံကောင်းစွာဖြင့် ရွှေရောင်နွားထီးသည့် သူ့နောက်မလိုက်ပဲ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူကိုသာ ပစ်မှတ်ထားနေသည်။ အဘယ်ကြောင့်ဆိုသော် နွားထီးအမြင်တွင် စွမ်းအားကြီးလေလေ ခြိမ်းခြောက်နိုင်လေလေပင်။
ထိုကျင့်ကြံသူ၏အမူအရာ ပို၍ခါးသီးလာသည်။ သူကံဆိုးလွန်းလှသည်ဟု တွေးမိသွားကာ နောက်တစ်ကြိမ် အသက်လုပြေးလိုက်သည်။
ခဏကြာပြီးနောက် သူ၏ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတစ်ခု ဖောက်ထွက်သွားလေသည်။ အရိုးများစွာကျိုးသွားကာ သူ၏ခန္ဓာကိုယ်နှင့်ကင်းကွာသွားသည်။ သူ၏အသွေးအသားများဆိုလျှင် ပြောနေစရာပင်မလိုတော့။ အားလုံး ပြိုကျသွားသည်။
“အဲဒီကောင်က အစောပိုင်းတုန်းက တာအိုဒဏ်ရာတွေ ရထားတာပါ .. ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြန်ကောင်းလာတာလဲ .. ကြည့်ရတာတော့ သူ ဒီနားလေးမှာ သီးသန့်ကျင့်ကြံနေပြီးတော့ နွားအော်သံကြောင့် လန့်နိုးသွားတာထင်တယ်” ထိုကျင့်ကြံသူ အသက်လုပြေးရင်း တွေးနေမိသည်။
ရှီဟောင် ဤနေရာမှ ထွက်သွားလိုက်သည်။ ခဏကြာပြီးနောက် သူတစ်ဖက်လောကမှ လူငယ်ကျင့်ကြံသူများနှင့် တွေ့လိုက်ရသည်ပင်။
“ဟွမ်ပဲ .. သူဟိုမှာ .. သူ့တစ်ကိုယ်လုံး သွေးတွေချည်းပဲ .. သတင်းပို့ထားတဲ့အတိုင်း သူဒဏ်ရာပြင်းပြင်းထန်ထန် ရနေတာ .. သူကြာကြာတောင့်မခံနိုင်တော့ဘူး..”
“သူ မလွတ်သွားစေနဲ့ .. ငါတို့သူ့ကို အရင်တွေ့တာ .. ငါတို့ သူ့ခေါင်းကိုဖြတ်ပြီးတော့ အသိအမှတ်ပြုခံရအောင်လုပ်မယ် .. ငါတို့ နောက်ကျသွားရင် ဟဲကျီမင်း ဒါမှမဟုတ် အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့ ရောက်လာလိမ့်မယ် .. အဲဒီအချိန်ကျရင် ငါတို့အတွက် ဘာမှကျန်တော့မှာမဟုတ်ဘူး..”
တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ဧကရာဇ်လူမျိုးစုမှ လူငယ်တစ်ယောက်ပင် ကိုယ်တိုင်ရောက်လာသည်ပင်။ ဤလူကိုတွေ့လိုက်ရသည်နှင့် သူတို့ ထိုသူအား ဦးညွှတ်နေရမည်ပင်။ သူတို့အတွက် ဘာများကျန်တော့မည်နည်း…
“မင်းတို့က ငါ့ကို ကြောင်သေလို့ထင်နေတာလား..” ရှီဟောင်၏မျက်လုံးတွင် အလင်းတန်းများ တောက်ပလာသည်။
ဝုန်း..
ထိုအချိန်တွင် သူဖုံးကွယ်ထားခြင်းမရှိပဲ အားကုန်သုံးကာ တိုက်ခိုက်လိုက်သည်။ သူ၏မျက်ခုံးကြားတွင် လျှပ်စီးကန်တံဆိပ်တစ်ခု ပေါ်လာကာ လျင်မြန်စွာ ကြီးမားလာသည်။
ဤကန်သည် ကျန်းတစ်ရာထိမြင့်မားလာကာ အရာအားလုံးကို ချက်ချင်းဖုံးအုပ်သွား၏။ သူ ဤနေရာရှိလူအားလုံးကို ဖမ်းဆီးလိုခြင်းပင်။
“မဟုတ်ဘူး .. ဟွမ်က သေသွားပြီမဟုတ်ဘူးလား .. သူက ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ..” ထိုလူများအားလုံး အတော်လေး ထိတ်လန့်သွားရသည်။
ရွှီး..
ရောင်စုံအလင်း လင်းလက်သွားကာ သူတို့အားလုံး အထဲဘက်သို့ ရောက်ရှိသွားသည်။ ဤလူရှစ်ယောက်လုံး ဟစ်ကြွေးကြကာ သူတို့လက်နက်များကို အသက်သွင်းပြီး ဘိုးဘေးပညာများကို အသုံးပြုလာကြသည်။
ရလဒ်အနေဖြင့် လျှပ်စီးအလင်းတန်းများ တောက်ပလာကာ လျှပ်စီးကန်လည်းကျုံ့ဝင်သွားသည်။ ထိုကန်ကို လှုပ်ခါလိုက်သည်နှင့် အထဲဘက်ရှိ လူနှင့်လက်နက်များအားလုံး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ချုပ်ငြိမ်းသွားသည်။
ဟက်..
ရှီဟောင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားလိုက်သည်။
ဝေါင်း.. ခပ်ဝေးဝေးမှ ခြင်္သေ့တစ်ကောင် ဟိန်းသံ ထွက်ပေါ်လာသည်။ ခြင်္သေ့ကြီးသည် ဆူညံသံကို ကြားလိုက်ရသည်နှင့် ဤနေရာသို့ လျင်မြန်စွာ ရောက်ရှိလာလေသည်။
ရှီဟောင် အကြောက်တရားကင်းမဲ့နေဆဲပင်။ သူ ထိုနေရာသို့ အရင်ဦးအောင် ပြေးသွားလိုက်သည်။ သူ ယခုလေးတင်မှ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာခြင်းဖြစ်သောကြောင့် ယခု သူအလုပ်ချင်ဆုံးမှာ သတ်ဖြတ်ခြင်းပင်။ ဤလူများ သူ့ကို ဝိုင်းချင်နေလျှင်ပင် သူအားလုံးကို ရှင်းပစ်မည်ပင်။
ဤသည်မှာ ခြင်္သေ့တစ်ကောင်ပင်။ သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းတောက်ပနေကာ ခန္ဓာကိုယ်လည်း တောင်ငယ်လေးတစ်လုံးစာပမာဏရှိသည်။ သူ၏လည်ဆံမွေးမှာ မြေကြီးနှင့် ထိနေသည်အထိ ထူထဲရှည်လျားကာ ရွှေရောင်တောက်ပနေသည်။
“အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့လား..” ရှီဟောင် မျက်လုံးများ မှေးကျဉ်းသွားရသည်။
“ဘာ .. မင်းက အဲဒီဟွမ်လား..” ထိုခြင်္သေ့ သူ့အား စိုက်ကြည့်လာကာ သူ၏ရွှေရောင်မျက်လုံးများ တောက်ပလာသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့်ပင် သူအရှေ့ဘက်သို့ တရှိန်ထိုးပြေးတက်သွားလိုက်သည်။
“မင်းရဲ့ရင်ဘတ်မှာ အမွေးဖြူတစ်စုရှိနေတယ် .. မင်းက ဘိုးဘေးတွေကို ခြေရာကောက်နိုင်တဲ့ သွေးသန့်တဲ့ အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့မဟုတ်ဘူး .. မင်းက မလုံလောက်သေးဘူး..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
ခဏကြာပြီးနောက် တောင်ကြောထဲမှ လောကကြီးကို တုန်လှုပ်စေနိုင်သည့် ခြင်္သေ့ဟိန်းသံ ထွက်ပေါ်လာကာ ထိုတောင်တန်းထဲတွင်ရှိနေသည့် သတ္တဝါအားလုံးကို ထိတ်လန့်သွားစေသည်။
“မကောင်းတော့ဘူး .. အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့သွေးမျိုးဆက်က ကျွမ်းကျင်သူတစ်ယောက် ကျသွားပြီ..” တစ်စုံတစ်ယောက် ဖြူဖျော့စွာ ပြောလိုက်သည်။
ခဏကြာပြီးနောက် ကျွမ်းကျင်သူတစ်စု ဤတောင်ကြောထဲသို့ ဝင်သွားလိုက်သည့်အချိန်တွင် အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့၏ အရိုးစုကို တွေ့လိုက်ရပြီး တောအုပ်တစ်ခုလုံးလည်း သူ၏သွေးများဖြင့် ရဲရဲနီနေသည်။ သူ၏အမွေးများလည်း တောင်နံရံထက်၌ ပျံ့ကြဲနေသည်။
“ဟွမ် ငါကိုယ်တိုင် မင်းကို သတ်ပစ်မယ်..” ဤအုပ်စုထဲတွင် ခြင်္သေ့သုံးကောင်လည်း ပါလာသည်ပင်။
ထိုအချိန်တွင် တောင်အတွင်းဘက်ပိုင်းမှ သက်ရှိတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ သူသည် အချိန်မြစ်ကို ဖြတ်သန်းကာ လာနေသည့်သူကဲ့သို့ပင်။
သူ့တစ်ကိုယ်လုံးမှာ ထာဝရရွှေဖြင့် ဖန်တီးထားသကဲ့သို့ ရွှေရောင်တောက်ပနေသည်။ နတ်အလင်းလွှာတစ်လွှာလည်း သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသည်ပင်။
ဤသည်မှာ သူ၏ဘိုးဘေးများနှင့် ယှဉ်နိုင်သည့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့အစစ်ဖြစ်သည်ကို အားလုံးသိလိုက်ရသည်။ သူ ဒီကို တကယ်လာတယ် ..
သူဘာမှမပြောပဲ ဤနေရာကိုသာ ပတ်လျှောက်နေသည်။ တိုက်ပွဲအကြွင်းအကျန်များကို ကြည့်ပြီးနောက် ဘာမှမပြောပဲ ထွက်သွားလေ၏။
တစ်ချိန်တည်းမှာပင် ရှီဟောင် မြေအောက်လှိုဏ်ဂူသို့ နောက်တစ်ကြိမ်ပြန်ရောက်လာသည်။ သူ ဤနေရာ၌ အဆင့်တက်ချင်သည်။ သို့သော် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူလည်း ဤနေရာသို့ ဝင်သွားသည်ကို သူတွေ့လိုက်ရသည်။
ကံကောင်းသွားသည်မှာ ထိုကျင့်ကြံသူ သူ့အား သတိမထားမိ။
“ဒါက ဘယ်လိုနေရာလဲ .. ဒီမှာ ရွှေရောင်ကန်တစ်ကန်ရှိနေတယ် .. ဘုရားရေ .. ဒါက ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ သက်ရှိတစ်ယောက် ဖန်တီးထားတဲ့အဖိုးတန်ရေကန်ပဲ .. အဲဒီကောင် အသက်ပြန်ရှင်လာတာ အံ့ဩစရာမရှိတော့ပါဘူး .. သူက ဒီနေရာကို ရှာတွေ့သွားတာကိုး .. ဟား ဟား .. တကယ်ကို ကံကောင်းတာပဲ .. ကြည့်ရတာ ငါဒီနေရာမှာ အဆင့်လွန်သက်ရှိအစစ်ဖြစ်လာနိုင်တယ်..” သူ၏မမျှော်လင့်ထားသည့် ရှာဖွေတွေ့ရှိမှုကြောင့် သူရူးမတတ်ပင်ဖြစ်နေလေပြီ။
ရှီဟောင် တိတ်တဆိတ် နောက်ပြန်ဆုတ်သွားပြီး သူ၏အကြည့်များလည်း အေးစက်နေသည်။ ဤလူကို သတ်ရမည်။ သူ့ကို ရွှေရောင်အရည်ထဲ စိမ်ခွင့်ပေးလိုက်၍မဖြစ်။ တစ်ချိန်တည်းမှာပင် ယခုအချိန်မှာ လက်စားချေရန် အခွင့်ကောင်းပင်။
အပိုင်း ၁၆၄၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၆ – မသေဆုံးသေးသော စစ်သူရဲ
ရှီဟောင် မြေအောက်လှိုဏ်ဂူမှ ထွက်လာကာ ရွှေရောင်နွားထီးကို ရှာဖွေလိုက်သည်။ ထိုနွားထီးသာ အနား၌ရှိနေလျှင် သူ ထိုကျင့်ကြံသူကို သူ့လမ်းပို့ပေးလိုက်၍ရသည်။
နတ်ဆေးတောင်တန်းမှာ မတည်ငြိမ်နိုင်။ တစ်ဖက်လောကမှ ကျင့်ကြံသူများ ဝင်လိုက်ထွက်လိုက်လုပ်ကာ ရှီဟောင်ကို ရှာဖွေနေကြသည်။
သို့သော်လည်း သူတို့ ဂရုတစိုက်လုပ်နေကြသည်ပင်။ ဤတောင်တန်းထဲ၌ သွေးနွယ်ပင်ဘိုးဘေးဟောင်းနှင့် အနက်ရောင်မြူထနေသော ရွှံ့အိုင်ကဲ့သို့ သူတို့ခြေချ၍မရသည့်အချို့နေရာများ ရှိနေသည်ပင်။
နတ်ဆေးတောင်တန်းသည် အတော်လေး ထူးခြားလှကာ စွမ်းအားကြီးသည့်သတ္တဝါများစွာ ရှိနေသည်ပင်။ သူတို့သည် အန္တရာယ်များသည့်နေရာများ၌ ပုန်းခိုနေတတ်ပြီး သာမန်အားဖြင့် ထွက်မလာကြ။ သို့သော်လည်း သူတို့နယ်မြေထဲသို့ ဝင်မိသွားသည်နှင့် ပြဿနာတက်သွားမည်ပင်။
ရှီဟောင် လမ်းတစ်လျှောက်၌ လူအချို့နှင့် တွေ့ခဲ့ရသည်ပင်။ သို့သော်လည်း တစ်ခုခုဖြစ်သွားကာ မြေအောက်လှိုဏ်ဂူထဲမှ ကျင့်ကြံသူ လန့်သွားမည်စိုးသောကြောင့် သူဤလူများကို မတိုက်ခိုက်ခဲ့။
“နတ်ဆေးပင် မြန်မြန်လိုက်ကြ..”
အားလုံး ထိတ်လန့်သွားရသည်။ သူတို့ ကျားဖြူနွယ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ဤအပင်သည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေကာ သူ၏သစ်ရွက်များမှာ ကျားများကဲ့သို့ပင်။ သူသည် တောင်ထိပ်တစ်ခု၌ အမြစ်တွယ်နေခြင်းပင်။
ရွှီး..
ဤနတ်ဆေးပင်မှာ မြေကြီးထဲမှ ဖြတ်သွားသကဲ့သို့ အလွန်လျင်မြန်လှသည်။ သူ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် လီပေါင်းတစ်ထောင်ကို ဖြတ်သွားနိုင်သည်ပင်။
ရှီဟောင်လည်း ထိုအပင်နောက်သို့ လိုက်ချင်မိသည်။ သူဤမြင်ကွင်းကို အကွယ်နေရာတစ်ခုမှ မြင်လိုက်ရခြင်းပင်။ သို့သော်လည်း ရုတ်တရက် တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားလိုက်ရသည်။ သူ၏ကောင်းကင်မျက်လုံးကို အသက်သွင်းကာ ကြည့်လိုက်သည့်အချိန်တွင် ဤနတ်ဆေးပင် အနည်းငယ် ထူးခြားနေသည်ကို တွေ့လိုက်ရသည်။
“ဒီအပင်ရဲ့ ကိုယ်ထည်မှာ သေဆုံးခြင်းစွမ်းအင်လှိုင်းတစ်ခု ရှိနေတယ်..”
သူ ဤဆေးပင်နှင့် အလွန်နီးလှသည်။ သူ၏အနေအထားမှာ အခြားကျင့်ကြံသူများထက် ပို၍ အလေးသာသည်ပင်။ သူသာ လှုပ်ရှားလိုက်လျှင် ဤဆေးပင်ကို ဖမ်းမိနိုင်ချေရှိသည်။
သို့သော် သူမလှုပ်ရှားခဲ့ပေ။ အရိုးစာအုပ်များထဲမှ မှတ်တမ်းအချို့ကို သူပြန်အမှတ်ရမိသွားသည်။ အချို့နတ်ဆေးပင်များမှာ အကြောင်းပြချက်တစ်ချို့ကြောင့် သူတို့ထံ၌ မကောင်းသည့်စွမ်းအင် ကပ်တွယ်နေတတ်သည်။
ဤကဲ့သို့သော အပင်မျိုးမှာ အလွန်ကြောက်စရာကောင်းသည်ဟု ပြောကြသည်။ ဤဆေးပင်ကို မတော်တဆ စားမိသွားသည်နှင့် အဆင့်လွန်သက်ရှိပင် သေဆုံးသွားနိုင်သည်။
ရှီဟောင် ဤသည်ကို ယုံကြည်နိုင်ရန် အနည်းငယ် ခက်ခဲနေမိသည်။ နတ်ဆေးတောင်တန်းမှာ ဒီလိုမျိုးထူးဆန်းတဲ့ဆေးပင် ရှိနေတာလား .. သူသာ နည်းနည်းလောက် သတိလွတ်သွားမိလျှင် ဒုက္ခများသွားနိုင်သည်။
ဤနေရာတွင်ရှိနေသည့် အချို့နတ်ဆေးပင်များမှာ အနည်းငယ် ထူးဆန်းလှသည်။
ထို့နောက် သူထိုတောင်ထိပ်ကို ကြည့်လိုက်သည့်အချိန်တွင် ထိုနေရာ၌ အက်ကွဲကြောင်းတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာမှ အနက်ရောင်မြူ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရသည်။
ရှီဟောင် ထိုနေရာမှ ပြန်ဆုတ်လိုက်ပြီး ထိုကျင့်ကြံသူများကို ခပ်ဝေးဝေးမှနေ၍ ကြည့်လိုက်သည်။
“မင်းက ဘယ်ကိုသွားချင်နေတာလဲ…”
အားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်သွားခြင်းပင်။ သူတို့ထဲမှ လူတစ်ယောက် အဖိုးတန်ပစ္စည်းတစ်ခုကို ထုတ်လာ၏။ ဤသည်မှာ ကြယ်အမှုန်အမွှားလေးများဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်ကြီးတစ်ခုပင်။ သူ့လက်ကို ခါလိုက်သည်နှင့် ထိုပိုက်ကွန်ကြီး လွင့်ထွက်သွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးအုပ်သွားသည်။
ထိုတောင်ထိပ် ချက်ချင်း နှစ်ဝင်သွားကာ နေရာတိုင်း၌ အမှိုက်များ လွင့်ပျံသွားသည်။ တောင်ကြောတစ်လျှောက် အက်ကွဲကြောင်းများ ပေါ်လာသည်။ ပိုက်ကွန်ကြီးလည်း မြေပြင်ပေါ်သို့ ကျသွားလေ၏။
မြေပြင်လည်း ဤပိုက်ကွန်ကို မတားဆီးနိုင်။ ဤပိုက်ကွန်မှာ အလွန်အားကောင်းလှပြီး ဤလောကရှိ အရာအားလုံးကို ဖမ်းဆီးနိုင်သည်ပင်။
သိထားရမည်မှာ နတ်ဆေးတောင်ကြောသည် အလွန်မာကျောလှသည်ပင်။ ဤကဲ့သို့သော စွမ်းအားမျိုးပြသနိုင်သည့် အဖိုးတန်ပစ္စည်းမှာ သေချာပေါက် ထူးခြားသည့်ပစ္စည်းပင်။
သို့သော်လည်း မကောင်းသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ အနက်ရောင်မြူများ စိမ့်ထွက်လာကာ သေဆုံးခြင်းစွမ်းအင်လည်း မြေအောက်မှ လျင်မြန်စွာ ပျံ့နှံ့စီးဆင်းလာသည်။
“မကောင်းတော့ဘူး .. ပိုက်ကွန်ကို မြန်မြန်ပြန်ဆွဲလိုက်တော့..”
“အဖိုးတန်ပစ္စည်းကို ထားခဲ့လိုက်တော့ ..”
တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။ သူ့မျက်နှာလည်း ဖြူဖျော့နေလေပြီ။ ဤနတ်ဆေးတောင်ကြောမှာ သူတို့ထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသေးသည်။ သူတို့ သတ္တုတံခါးကြီးကို ကန်မိသွားလေပြီ။
မြေကြီးကြွတက်လာကာ ပိုက်ကွန်ကြီး မြေပြင်ထက်သို့ ပြန်ပေါ်လာသည်။ သူ၏ပိုင်ရှင် ရပ်တန့်လိုက်သော်လည်း အနည်းငယ်နောက်ကျသွားလေပြီ။ သူသည် မြေအောက်မှ အရိုးခြောက်များအား ထုတ်ယူလာလေသည်။
ကြောက်စရာအကောင်းဆုံးမှာ ထိုအရိုးများထဲ၌ သံကြေးတက်နေသည့် ကြေးအခေါင်းအချို့လည်း ပါဝင်နေသည်။ ထိုအခေါင်းများမှာ ရွှံ့များနှင့်ရောနေကာ ဆိုးရွားစွာ ပျက်စီးသွားပြီဖြစ်ပြီး အပြင်ပုံအနည်းငယ်သာ ကျန်တော့သည်ပင်။
ရှီဟောင် အံ့အားသင့်သွားရ၏။ နတ်ဆေးတောင်ကြောသည်လည်း မြင့်မြတ်သည့်နေရာမဟုတ်ဘူးထင်သည်။ မြေအောက်၌ ဤကဲ့သို့သောအရာများလည်း ရှိနေသည်။ ရှီဟောင် အနည်းငယ် ရှုပ်ထွေးသွားကာ ပုန်းနေရင်းဖြင့် ဆက်ကြည့်နေလိုက်သည်။
ပျက်စီးနေသည့် ကြေးအခေါင်း ပွင့်လာကာ အလောင်းတစ်ခု ထွက်ကျလာသည်။ သူ၏အနောက်ဘက်တွင် ပျက်စီးနေသည့်အတောင်ပံများရှိနေပြီး တစ်ကိုယ်လုံး မည်းနက်နေသည်။ အလောင်းစွမ်းအင်များလည်း ကောင်းကင်ထက်သို့ စီးဆင်းသွားကြလေ၏။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။
“ချီးပဲ .. ဘာလို့ဒီလိုမျိုးဟာတွေ ရှိနေတာလဲ .. ဒါက နတ်ဆေးတောင်ကြောမဟုတ်ဘူးလား .. ရှေးဟောင်းသင်္ချိုင်းမြေမှ မဟုတ်တာ..” တစ်ဖက်လောကမှ သက်ရှိများ တုန်လှုပ်သွားကြကာ လျင်မြန်စွာ နောက်ဆုတ်လို်ကြသည်။
“မင်းမေ့နေတာလား .. နတ်ဆေးတောင်ကြော၊ ကောင်းကင်သားရဲတောအုပ်နဲ့ ရှေးဟောင်းသင်္ချိုင်းမြေတွေအားလုံးက တစ်ခုနဲ့တစ်ခု ဆက်နေတာ .. ရှေးဟောင်းသင်္ချိုင်းနယ်မြေရဲ့ မြေအောက်အတက်အလက်တွေက နတ်ဆေးတောင်ကြောနဲ့ ဆက်နေမှာပဲ .. သာမန်အားဖြင့် သူတို့တွေကို မြင်ရမှာမဟုတ်ဘူး .. ဒီနေ့တော့ ဒါတွေ ပေါ်လာပြီ..”
“ပျက်စီးနေတဲ့ ကြေးအခေါင်းလေးပဲလေ .. ဒါက ငါတို့ထင်ထားသလောက် ကြောက်စရာမကောင်းလောက်ပါဘူး .. အများဆုံးမှ ဇွန်ဘီးတွေပဲ ရှိမှာပါ .. မသေသေးတဲ့စစ်သူရဲတို့ ဘာလို့တော့ မရှိလောက်ပါဘူး..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“သူမလှုပ်ဘူး .. ဒါက အဆင့်နိမ့်တဲ့ ရှေးဟောင်းအလောင်းတစ်ခုပဲ .. သူ့မှာ ဘာအသိစိတ်မှမရှိဘူး..” တစ်စုံတစ်ယောက်မှ စစ်ဆေးပြီးနောက် သက်မချလိုက်သည်။
အားလုံးရပ်တန့်သွားကာ ထိုမျှစိတ်မလှုပ်ရှားကြတော့။
“ဒါပေမဲ့ ဘာလို့ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ အလောင်းစွမ်းအင်တွေ ထွက်လာတာလဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“ဒါက ရှေးဟောင်းသင်္ချိုင်းနယ်မြေရဲ့ အခက်အလက်ကနေ ထွက်လာတာဖြစ်မယ် .. အလောင်းနဲ့ဘာမှမဆိုင်ဘူး” အခြားလူတစ်ယောက်မှ ရှင်းပြလိုက်သည်။
သူတို့ ရှေးဟောင်းသင်္ချိုင်းမြေကို အလွန်ကြောက်ကြသည်မှာ သိသာလှသည်။ ထိုနယ်မြေများကို တူးဖော်ပြီးသည့်နောက် ဤနေရာများမှာ အလွန်စွမ်းအားကြီးသည့်သူများ ရှိနေသည်ကို သူတို့တွေ့လိုက်ရသည်။
သို့သော် ဤလူများမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး သူတို့မျိုးဆက်များပင် မရှိတော့ဘူးဟု ပြောကြသသည်။
သို့သော်လည်း အချို့သူများတွင် အလွန်ထူးဆန်းလှသည့် ထင်မြင်ချက်များ ရှိနေသည်ပင်။ ရှေးဟောင်းသင်္ချိုင်းနယ်မြေမှာ ဘယ်တုန်းကမှ ရှင်းလင်းခြင်းမခံခဲ့ရ။ ဤအခြေအနေမှာ သူတို့ထိန်းသိမ်းထားသည့်အခြေအနေပင်။ အသက်ရှင်သည့်သူများမရှိသလို အလောင်းများလည်းမရှိ။
မသေမျိုးအချို့ပင် ဤကဲ့သို့ တွေးနေကြသည်အထိပင်။
ထို့အပြင် ပြိုင်ဘက်ကင်းသည့်ဘိုးဘေးရှုထော်လည်း ထူးဆန်းသည့်အရာတစ်ခုခုကို ပြောခဲ့သေးသည်။ ရှေးဟောင်းသင်္ချိုင်းမြေမှာ သူတို့လောကကြီး၏ ရင်းမြစ်နှင့် ဆက်စပ်နေလိမ့်မည်ဟုပင်။
အန်းလန်နှင့် ရှုထော်တို့တွင် အလွန်ခမ်းနားလှသည့်အောင်မြင်မှုများ ရှိနေသည်ကို အားလုံးသိကြသည်ပင်။
သူတို့သည် ယခင်ခေတ်မှ စတင်ကာ ရှေးဟောင်းသင်္ချိုင်းနယ်မြေကို သေချာလေ့လာနေခဲ့ကြသည်ဟု ကြားဖူးကြသည်ပင်။ ဤနှစ်များအတွင်းတွင် သူတို့ ထိတ်လန့်စရာကောင်းလောက်သည့် ရှာဖွေတွေ့ရှိမှုများ ရရှိခဲ့သည်ပင်။
ဤလူများ လျှို့ဝှက်ချက်များကို တီးတိုးပြောနေကြလေ၏။ ထိုစကားအားလုံးကို ရှီဟောင်ကြားလိုက်ရကာ အလွန်ထိတ်လန့်သွားရသည်။ သူ့ရှေ့တွင် တံခါးတစ်ချပ်ပွင့်လာသည်ဟု ခံစားလိုက်ရသည်။ နောင်ကျလျှင် သူ တံခါးနောက်၌ ရှိနေသည့်အရာများဖြင့် ရင်ဆိုင်ရမည်ပင်။
ရုတ်တရက် အနက်ရောင်မြူလှိုင်းတစ်လှိုင်းထွက်ပေါ်လာကာ စုတ်ပြတ်နေသည့် ကြေးအခေါင်းထဲ၌ရှိနေသည့် သတ္တဝါကြီး ထထိုင်လာသည်။ သူ၏အတောင်ပံများကိုလည်း ဖြန့်ကျက်လိုက်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အုပ်မိုးသွားသည်။ မျက်လုံးများလည်း ရုတ်တရက်ပွင့်လာကာ ငွေရောင်အလင်းတန်းနှစ်တန်းကို ထုတ်လွှတ်လာသည်။
ထိုနေရာမှာ မင်ကဲ့သို့ မည်းနက်နေပြီး သူ၏ကြောက်စရာကောင်းသည့်ပုံရိပ်လေးကိုသာ မြင်နေရသည်။ သူမြေပြင်ပေါ်မှ မတ်တပ်ရပ်လိုက်၏။ သူ၏အေးစက်နေသည့် ငွေရောင်မျက်လုံးတစ်စုံလည်း သူတို့ရှိနေသည့်ဘက်သို့ ကြည့်နေကြသည်ပင်။
“မကောင်းတော့ဘူး .. သူ့မှာ အသိစိတ်ရှိနေတယ် .. ဒါက မသေသေးတဲ့စစ်သူရဲ .. သာမန်သွေးစုတ်ဖုတ်ကောင်မဟုတ်ဘူး..”
“မြန်မြန်ပြေး..”
တစ်ဖက်လောကမှ သက်ရှိများမှာ ပုံမှန်အားဖြင့် အလွန်မောက်မာသည့်သူများ ဖြစ်ကြသော်လည်း ဤကဲ့သို့သော ထူးဆန်းသည့်ရှေးဟောင်းအလောင်းကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့ ဤအလောင်းနှင့် မျက်နှာချင်းမဆိုင်ရဲလောက်အောင်အထိ ထိတ်လန့်နေကြသည်ပင်။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းသင်္ချိုင်းမြေထဲမှ ‘မသေသေးသည့်စစ်သူရဲများ’ကို တူးဖော်ရရှိသည်မှာ ရှားပါးလှသည်။ ဤသည်များမှာ အသက်ရှင်နေသည့်သက်ရှိဖြစ်နိုင်သလို အသက်ရှင်နေသည့်အလောင်းများလည်း ဖြစ်နိုင်သည်။ သူတို့ကို အဆင့်လွန်သက်ရှိများ တိုက်ခိုက်ခြင်းမဟုတ်လျှင် သူတို့ကို တားဆီးနိုင်သည့်သူမရှိ။
ထို့အပြင် မသေမျိုးသက်ရှိများသာ တိုက်ခိုက်နိုင်သည့် ပို၍အဆင့်မြင့်သည့် မသေမျိုးစစ်သူရဲများလည်း ရှိသေးသည်ပင်။
ယခင်က ရှေးဟောင်းသင်္ချိုင်းမြေမှ ထူးဆန်းလှသည့် မသေသေးသည့်စစ်သူရဲတစ်ယောက်ကို တူးဖော်ရရှိခဲ့သေးသည်။ သူသည် ထိုတူးဖော်မှုတွင် ပါဝင်ခဲ့သည့် ကျွမ်းကျင်သူအားလုံးကို သတ်ပစ်ခဲ့သည့်အပြင် လီပေါင်း သန်းပေါင်းများစွာသို့သွားကာ ဤကိစ္စတွင်ပါဝင်ခဲ့သည့် ဘုရင်ကလန်သုံးခုကိုလည်း ရှင်းပစ်ခဲ့သည်ပင်။
ဤကိစ္စမှာ ကလန်အားလုံးမှ ရာထူးကြီးသည့်သူများကို ထိတ်လန့်စေခဲ့သည်။ နောက်ပိုင်း ဤကိစ္စများကို ဖုံးကွယ်လိုက်ပြီး ထပ်ဖြန့်ခွင့် မပေးတော့သော်လည်း ပေါက်ကြားသွားသည့်သတင်းအချို့လည်း ရှိနေသေးသည်ပင်။
နောက်ပိုင်းတွင် ရှုထော်ကိုယ်တိုင် တိုက်ခိုက်မှသာ ထိုမသေသေးသည့်စစ်သူရဲကို ဖိနှိပ်ကာ သတ်ပစ်နိုင်ခဲ့သည်ဟု ပြောကြသည်။ ထိုတိုက်ခိုက်မှုကြောင့်လည်း ရှုထော်နှင့်အန်းလန်တို့ ရှေးဟောင်းသင်္ချိုင်းမြေအကြောင်းကို ပို၍နားလည်သွားကြသည်။
သို့သော်လည်း ထိုတိုက်ပွဲပြီးသွားသည့်နောက်ပိုင်း ရှေးဟောင်းသင်္ချိုင်းမြေကို တူးဖော်ခြင်း နှေးကွေးသွားကာ မည်သည့်ကလန်မှ လက်လွတ်စပယ်မလှုပ်ရှားရဲတော့။
အဘယ်ကြောင့်ဆိုသော် ရှုထော် ထိုမသေသေးသည့်စစ်သူရဲကို ချက်ချင်းဖိနှိပ်လိုက်နိုင်သည်မဟုတ်ပဲ အချိန်ယူကာ တိုက်ခိုက်ခဲ့ကြရသည်ပင်။
ဝုန်း..
ပျက်စီးနေသည့်အတောင်ပံများ လှုပ်ရှားလာကာ ကောင်းကင်နဲ့မြေကြီး အက်ကွဲသွားလေ၏။ ဤမသေသေးသည့်စစ်သူရဲ၏ စွမ်းအားမှာ ကြီးမားလှပြီး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူထက်ပင် ပို၍အထင်ကြီးစရာကောင်းနေသည်ပင်။
လူငယ်မျိုးဆက်များအတွက်တော့ ဤသည်မှာ သေလမ်းပင်။ သူတို့ ဤစစ်သူရဲကို ခုခံနိုင်မည်မဟုတ်။
တစ်ဖက်လောကမှကျင့်ကြံသူများ တစ်ဖက်လှည့်ကာ ထွက်ပြေးသွားကြသည်။ မသေသေးသည့်စစ်သူရဲများကို ထိပ်တိုက်ရင်ဆိုင်၍မရ။ သူတို့ထိတ်လန့်ကာ မြေကြီးထဲမှ ထွက်လာသည်နှင့် သူတို့၏အနားယူမှုကို နှောက်ယှက်သည့်သူအားလုံးကို သတ်ပစ်မည်ပင်။
သူတို့ ဖြူဖျော့သွားကာ အသက်လုပြေးသွားကြသည်။
ယခင်က မသေသေးသည့်စစ်သူရဲတစ်ယောက်ကြောင့် ကလန်သုံးခု ရှင်းခံလိုက်ရသည်ပင်။ ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်းလှသနည်း.. ထိုကလန်သုံးခုမှ ဘိုးဘေးများလည်း သေဆုံးသွားခဲ့ကြသည်ပင်။
ဖူး..
ပျက်စီးနေသည့် လက်ကြီးဖြင့် ဆုတ်ကိုင်ခံလိုက်ရကာ လူငယ်အချို့ အသားပုံအဖြစ်သို့ ပြောင်းလဲသွားကာ ချက်ချင်းအသတ်ခံလိုက်ရသည်။
ထို့နောက် စူးရှသည့်အော်သံများ တစ်သံပြီးတစ်သံ ဆက်တိုက်ထွက်ပေါ်လာပြီး စွမ်းအားကြီးသည့်သူ ၇ ယောက်၊ ၈ ယောက် ချက်ချင်း အသတ်ခံလိုက်ရသည်။ ဤအရာအားလုံးမှာ အသက်တစ်ရှိုက်စာအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။
“ပြေး..”
အခြားသူများ အော်ဟစ်ကာ နေရာအနှံ့ ထွက်ပြေးသွားကြသည်။
ဤမသေသေးသည့်စစ်သူရဲ၏ မျက်ဆံမှာ ငွေရောင်သန်းနေပြီး အလွန်အေးစက်လှသည်။ သူခြေတစ်လှမ်းထွက်ကာ သူတို့နောက်သို့ လိုက်ဖမ်းလေသည်။
ရှီဟောင်လည်း တိတ်တဆိတ် ထွက်သွားလိုက်သည်။ သို့သော်လည်း သူထွက်မသွားခင် တစ်ဖက်လောကမှ သက်ရှိတစ်ယောက်ကို ဆွဲခေါ်လိုက်ပြီး ခပ်ဝေးဝေးသို့ လျင်မြန်စွာ ထွက်သွားလိုက်သည်။
“ပြော .. မသေသေးတဲ့စစ်သူရဲနဲ့ ပတ်သက်ပြီး မင်းသိသမျှအားလုံးပြော..” တိတ်ဆိတ်သည့်နေရာတစ်ခုသို့ ရောက်သွားသည့်အချိန်တွင် ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
တစ်ဖက်လောမှလူငယ်လေးမှာ အတော်လေးအရေထူလှသည်ပင်။ သူသည် အသက်လုပြေးကာ အလွန်ကြောက်နေသော်လည်း ရှီဟောင် သူ့အား ဆုတ်ကိုင်လိုက်သည့်အချိန်တွင် သူတည်ငြိမ်သွားကာ ဘာမှမပြောတော့။
သို့သော်လည်း သူ၏ရုန်းကန်မှုမှာ အဓိပ္ပာယ်မရှိ။ ရှီဟောင် သူ၏စိတ်ဝိညာဉ်ထဲသို့ ဝင်ရှာဖွေရန် လုပ်လိုက်သည်။
“ငါပြောမယ်..” သူအရှုံးပေးလိုက်သည်။
“ဘာ .. ရှုထော်က အရင်တုန်းက မသေသေးတဲ့စစ်သူရဲနဲ့ တိုက်ခိုက်ခဲ့တယ်ဟုတ်လား..” ရှီဟောင် တကယ်ကို ထိတ်လန့်သွားခဲ့ရသည်ပင်။
ဤသည်မှာ ရှီဟောင် မသေသေးသည့်စစ်သူရဲများအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ တစ်နေ့ကျလျှင် ဤအရာများအားလုံးကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့နိုင်မည်ကို သူသိသည်။ ရှေးဟောင်းသင်္ချိုင်းမြေထဲ၌ လျှို့ဝှက်ချက်များစွာ ရှိနေသည်။
မဟုတ်ပါက အန်းလန်နှင့် ရှုထော်တို့ အဘယ်ကြောင့် ဆက်လေ့လာနေကြမည်နည်း.. သူတို့ကို စိတ်လှုပ်ရှားစေနိုင်သည့်အရာများ သေချာပေါက် ရှိနေသောကြောင့်ပင်။
အချိန်အတော်ကြာပြီးနောက် ခပ်ဝေးဝေးမှ သနားစဖွယ်အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။ ဤလူငယ်များ လိုက်ဖမ်းခံနေရာ အများစုမှာ မလွတ်မြောက်နိုင်ကြ။
ရုတ်တရက် ရှီဟောင်ဆံပင်မွေးများ ထောင်ထသွားပြီး ထိုဘက်သို့ အမှတ်တမဲ့ လှည့်ကြည့်လိုက်သည်။
လေထဲ၌ အနက်ရောင်မြူ ထွက်ပေါ်လာကာ သူနှင့် သိပ်မဝေးသည့်နေရာ၌ တိတ်တဆိတ်ပေါ်လာလေသည်။ သူ့ခန္ဓာကိုယ်မှ သေဆုံးခြင်းစွမ်းအင်များလည်း ပျံ့လွင့်နေသည်ပင်။
“ဒီလောက်တောင် မြန်တာလား .. ဒါက အရမ်းကို ထူးဆန်းတယ်..” ရှီဟောင် သတိကြီးကြီးဖြစ်သွားသည်။
သူ့ရှေ့တွင်ရှိနေသည့် တစ်ဖက်လောကမှ ကျင့်ကြံသူမှာတော့ ဖြူဖျော့နေလေပြီ။ သူ စကားတစ်ခွန်းမှ ထွက်မလာတော့ပဲ အရှေ့ဘက်သို့သာ စိုက်ကြည့်နေသည်။
ရှီဟောင် သက်ပြင်းချလိုက်၏။ နတ်ဆေးတောင်တန်းမှာ တကယ်ကို အန္တရာယ်များလှသည်။
ရှီဟောင် ရွေးချယ်စရာမရှိတော့ပဲ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ထာဝရဓားကိုထုတ်လိုက်သည်။
သို့သော်လည်း မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ မသေသေးသည့်စစ်သူရဲသည် ဤဓားကို မြင်သည်နှင့် သူ့တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်သွားသည်။
ထို့နောက် သူ ဒူးထောက်ချလိုက်ကာ ထိုဓားကို ဦးညွှတ်လိုက်လေ၏။
အပိုင်း ၁၆၄၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၇ – ဓား၏လျှို့ဝှက်ချက်
ရှီဟောင် ထိတ်လန့်သွားရ၏။ သူ ထိုနေရာ၌သာ ငေးကြောင်၍ရပ်နေမိသည်။ မသေသေးတဲ့စစ်သူရဲက ဦးညွှတ်နေတယ် .. ဒီဓားမှာ ဘယ်လိုဇစ်မြစ်မျိုးရှိနေတာလဲ..
မသေသေးတဲ့စစ်သူရဲဆိုသည်မှာ ထူးဆန်းကာ စွမ်းအားကြီးပြီး တစ်ဖက်လောကမှ သတ္တဝါများပင် တုန်အောင်ကြောက်ရသည့်သက်ရှိပင်။ ယနေ့ မသေသေးသည့်စစ်သူရဲတစ်ယောက် ပေါ်လာခဲ့သော်လည်း ဤကဲ့သို့သော အပြုအမူမျိုး ပြုလုပ်နေသည်။
သူ၏ပုံရိပ်မှာ ရဲစွမ်းသတ္တိရှိလှပြီး သူ၏ကျောထက်တွင် ပျက်စီးနေသည့် အတောင်ပံတစ်စုံလည်းရှိနေသည်။ သူသည် ငရဲပြည်မှ ထွက်လာသည့် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ အနက်ရောင်မြူများလည်း ထွက်ပေါ်နေသည်ပင်။
ဤမသေသေးသည့်စစ်သူရဲ အလွန်သန်မာမည်မှာ သေချာသည်။ သူ၏ငွေရောင်မျက်ဆံများမှာ ဓားသွားများကဲ့သို့ပင်။ ခပ်ဝေးဝေးမှ နေ၍ပင် လူတစ်ယောက်၏အသွေးအသားကို နာကျင်နေစေသလိုပင်။
ရှီဟောင်ဖမ်းထားသည့် တစ်ဖက်လောကမှ လူငယ်ကျွမ်းကျင်သူ၏မျက်နှာမှာ အရောင်မရှိတော့။
ထို့နောက် သူ့အမြင်တွင် ရှီဟောင်မှာ နတ်ဆိုးဘုရင်တစ်ပါးဖြစ်လာသည်။ မသေသေးတဲ့စစ်သူရဲတောင် သူ့ကို ဦးညွှတ်နေရတာလား .. ဤသည် ကျိုးကြောင်းမဆီလျော်လှပေ။ ထို့နောက် သူကြက်သီးထလာရသည်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူ့အား မြေပြင်ပေါ်သို့ ပစ်ချလိုက်သောကြောင့် သူမြင်ရသည့်ရှုထောင့်မှာ မတူညီတော့။ မသေသေးသည့်စစ်သူရဲ ဒူးထောက်ဦးညွှတ်နေသည်မှာ ဓားဖြစ်ကြောင်း သူမသိသလို ထိုရိုးရှင်းသည့်ဓားတွင် မည်ကဲ့သို့သော ထူးခြားသည့်သမိုင်းကြောင်းမျိုးရှိနေသည်ကိုလည်း သူမသိ။
သူမြင်ရသည်မှာ ရှီဟောင် ထိုနေရာ၌ တည်ငြိမ်စွာရပ်နေပြီး ထိုမသေသေးသည့်စစ်သူရဲကို စီးမိုးကြည့်နေခြင်းပင်။ သူသည် အလွန်လည်းတိတ်ဆိတ်ကာ အလွန်လည်းမောက်မာနေသည်ပင်။ သူ တုတ်တုတ်မှကိုမလှုပ်။
အမှန်တကယ်တွင် ဤကဲ့သို့သော ရလဒ်မျိုးဖြစ်လာလိမ့်မည်ဟု မထင်ထားသောကြောင့် ရှီဟောင် တစ်ကိုယ်လုံး တောင့်တင်းသွားခြင်းပင်။ သူမည်ကဲ့သို့ တုံ့ပြန်ရမည်ကို သူမသိတော့။
ရုတ်တရက် သူ့စိတ်ထဲ တုန်ယင်လာကာ အေးစက်မှုနှင့် သတ်ဖြတ်လိုသည့် စွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ သူ ကိုယ့်ကိုကိုယ် ကာကွယ်ရန် ချက်ချင်းပင် ဓားကို သူ့ရှေ့သို့ပို့လိုက်သည်။
အဘယ်ကြောင့်ဆိုသော် မသေသေးသည့်စစ်သူရဲသည် ဒူးထောက်ပြီးသည်နှင့် ခေါင်းမော့ကာ ရှီဟောင်အား ကြည့်လာသည်။ ထိုငွေရောင်မျက်လုံးမှာ တောက်ပလွန်းလှသည်။
ဝူး..
လေပြင်းများ တိုက်ခတ်လာကာ ကောင်းကင်နက်သို့ အနက်ရောင်မြူများ စီးဆင်းလာသည်။ ဤမသေသေးသည့်စစ်သူရဲသည် မည်းနက်နေသည့် လက်ကြီးတစ်ဖက်ကို ဆန့်တန်းလာကာ ရှီဟောင်အား ပြတ်ပြတ်သားသားပင် တိုက်ခိုက်လာသည်။
သူ ဓားကိုလေးစားသော်လည်း ရှီဟောင်အပေါ်တွင်တော့ ဘာခံစားချက်မှမရှိ။ သူ ရှီဟောင်အား သတ်ပစ်ချင်နေသည်ပင်။
ရှီဟောင် ဓားကို ဝေ့ရမ်းလိုက်သည့်အပြင် လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သူအစကတည်းက သိပ်မမျှော်လင့်ထား။ သူ လွယ်လွယ်ကူကူမလွတ်နိုင်သည်ကို သူသိသည်။ ဒဏ္ဍာရီလာ မသေသေးသည့်စစ်သူရဲကို သူ့အား ဦးညွှတ်ခိုင်းရန်မှာ လက်တွေ့မဆန်လှ။
ဖူး..
အဖမ်းခံထားရသည့် တစ်ဖက်လောကမှ လူငယ်မှာ ဘာဖြစ်နေသလဲဆိုသည်ကို စဉ်းစားချိန်ပင်မရလိုက်။ ထိုမည်းနက်နေသည့်လက်ကြီးကြောင့် သွေးပုံအဖြစ် ပြောင်းလဲသွားလေသည်။ သူ၏သေဆုံးမှုမှာ တကယ်ကို သနားစရာကောင်းလှသည်။ အဆုံးထိ ဘာဖြစ်သွားမှန်း သူမသိလိုက်ရ။
ရှီဟောင် သူ၏ဓားကို ဝေ့ရမ်းလိုက်ကာ ထိုလက်ကြီးကို တားဆီးလိုက်သည်။ သူ့ထံတွင် မျှော်လင့်ချက်မရှိမှန်းသိသော်လည်း အဆုံးထိ သူရုန်းကန်သွားမည်ပင်။
ဤမသေသေးသည့်စစ်သူရဲသည် သူ့လက်ထဲ၌ရှိနေသည့် ဓားကို အလွန်လေးစားသည်မှာ သေချာသည်။ သူသည် ဤဓားကိုကြောက်နေပြီး မထိရဲ။ ထို့နောက် သူနောက်ဆုတ်သွားလေ၏။
ဤသည်မှာ သူ့အားရှုပ်ထွေးစေသည်ပင်။
“မို တ ဂု ခန်..”
သူ ပါးစပ်ဟကာ နားလည်ရန်ခက်ခဲလှသည့် ဤစကားလုံးများကို ပြောလိုက်သည်။ ဤသည်မှာ ရှေးကျလှသောကြောင့် မည်သည့်ခေတ်မှ စကားမှန်းပင်မသိတော့။
ရှီဟောင်သည် ဘာသာစကားများစွာကို နားလည်သည့်သူဟု သတ်မှတ်၍ရသည်ပင်။ သူသည် တစ်ဖက်လောကမှ ဘာသာစကားကိုပင် နည်းနည်းပြောတတ်သည်။ သို့သော် ယခုတော့ သူဘာကိုမှ နားမလည်နိုင်။
သူနားလည်သည်ဆိုမှသာ ထူးခြားနေလိမ့်မည်။ မသေသေးသည့်စစ်သူရဲမှာ ရှေးကျလှပြီး အန်းလန်နှင့်ရှုထော်တို့ပင် သူတို့အား တူးဖော်ရသောကြောင့် သူတို့၏ဇစ်မြစ်မှာ ထိုမသေမျိုးသက်ရှိများထက်ပင် ရှေးကျလိမ့်မည်။
ထို့နောက် မသေသေးသည့်စစ်သူရဲ၏ မျက်ခုံးကြား တောက်ပလာကာ ထူးဆန်းသည့်နတ်အသိစိတ်တစ်တန်းကို ထုတ်လွှတ်လာသည်။
ယခုတစ်ခေါက်တွင်တော့ ရှီဟောင် ထိုနတ်စိတ်ဝိညာဉ်မှတစ်ဆင့င် သူ၏ရည်ရွယ်ချက်ကို အနည်းငယ်တော့ နားလည်သွားလေပြီ။ သူသည် ဤဓား သူ့လက်ထဲသို့ မည်ကဲ့သို့ ရောက်လာသည်ကို သိချင်နေခြင်းဖြစ်ပြီး သူ့အား မြန်မြန်ပြောခိုင်းနေခြင်းပင်။
ထိုအရာ မှုန်ဝါးနေခြင်းမှာ သူ၏နတ်အသိစိတ်အား မတူညီသောကြောင့်ပင်။ သူ့ထံတွင် အသက်ဓာတ်မရှိပဲ မြေအောက်လောကစွမ်းအားများသာ ရှိနေသည်။ ထိုစွမ်းအားသည် ရှီဟောင်၏ နတ်အသိစိတ်အာရုံအားတိုက်ခိုက်နေသည်ပင်။
ရှီဟောင် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည်လိုက်သည်နှင့် သူ၏မူလဝိညာဉ် တိုက်စားခံရမည်စိုးသောကြောင့် အလျင်အမြန် ပြန်ဆုတ်လိုက်သည်။
“ဒီဓားမှာ ဘယ်လိုဇစ်မြစ်မျိုး ရှိနေလို့လဲ..” ထို့အပြင် ရှီဟောင်သည် တုံတိဘာဝေဖြစ်နေရာမှာ ရန်လိုသည့်ပုံစံဖြစ်လာကာ မသေသေးသည့်စစ်သူရဲအား ဤကဲ့သို့မေးလိုက်သည်။
“မို တ ဂု ခန် အိုက် မို..” မသေသေးသည့်စစ်သူရဲမှာ အေးစက်ကာ ကျယ်လောင်လာသည်။
ထိုအခိုက်အတန့်တွင် ရှီဟောင် အကြောင်းအရာများစွာကို တွေးမိသွားသည်။ ဤသည်မှ သွေးစုတ်ဖုတ်ကောင်မဟုတ်သလို သာမန်ရှေးဟောင်းအလောင်းတစ်လောင်းလည်းမဟုတ်။ ဤသည်မှာ သေဆုံးပြီးမှ အသိစိတ်ရှိလာခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ မှတ်ဉာဏ်များရှိနေပြီး သူ၏ကိုယ်ပိုင် စိတ်ဆန္ဒလည်းရှိနေသည်ပင်။
မသေသေးသည့်စစ်သူရဲမှာ လူမျိုးစုတစ်ခုဖြစ်နိုင်သည်။ ထူးဆန်းကာ စွမ်းအားကြီးသည့်လူမျိုးစုတစ်စုပင်။
သူတို့သည် တစ်နှစ်ပတ်လုံး မြေကြီးအောက်၌ မြှုပ်နှံခံထားရပြီး သူတို့အချိန်ကို စောင့်နေကြခြင်းပင်။ သူတို့ထံ၌ ထိတ်လန့်စရာကောင်းသည့်လျှို့ဝှက်ချက်များရှိနေမည်ပင်။
ဤသည်မှာ သူ့တစ်ယောက်တည်းကြောင့် ဖြစ်လာသည့် သံသယမဟုတ်။ အများစုမှာ သူဖမ်းခဲ့သည့်တစ်ဖက်လောကမှ လူငယ်မှ ပြောပြခဲ့ခြင်းပင်။ ဤသည်မှာ သူတို့လောကမှ မသေမျိုးသက်ရှိများ ခန့်မှန်းထားသည့်အရာပင်။
မသေသေးသည့်စစ်သူရဲမှာ အေးစက်လှသည်။ သူသည် ရှီဟောင်ကို မေးခွန်းကိုပြန်မဖြေပဲ ရှီဟောင်ထံမှသာ သိချင်နေသည်။
ဝုန်း..
အနက်ရောင်လက်ကြီး နောက်တစ်ကြိမ် ရိုက်ချလာသည်။ ဤသည်မှာ ကြောက်စရာကောင်းလှသည်။ တောင်ကြောကြီးပြိုကျသွားကာ ရှီဟောင်ပါးစပ်အပြည့် သွေးအန်လာ၏။ ဤသည်မှာ သူထိုရိုက်ချက်ဖြင့် ထိမိသွားခြင်းမဟုတ်ပဲ အနောက်မှပါလာသည့် စွမ်းအင်များနှင့်သာ ရိုက်ခတ်သွားခြင်းပင်။
ယခုတစ်ခေါက်တွင်တော့ သူဓားမြှောက်ကာ အရှေ့ဘက်သို့ လွှဲရမ်းလိုက်သည်။ မသေသေးသည့်စစ်သူရဲ ကြောက်လန့်သွားလေသည်။
ရှီဟောင် အနည်းငယ် ရှုပ်ထွေးသွားရ၏။ တစ်ဖက်လူမှာ အလွန်စွမ်းအားကြီးလှသော်လည်း သူက အဘယ်ကြောင့် ဤဓားကို အလွန်ကြောက်ရွံ့နေရသနည်း..
ဝုန်း..
လေဟာနယ် တုန်ခါသွားကာ ဓားလည်း တုန်ခါသွားပြီး ထူးဆန်းသည့်အလင်းတန်းများ တောက်ပလာသည်။
ထို့နောက် မသေသေးသည့်စစ်သူရဲ ဤဓားကို အဘယ်ကြောင့်ကြောက်နေရသည်ကို ရှီဟောင်နားလည်သွားရသည်။
စွမ်းအားကြီးသည့် ဖိအားအောက်တွင်၊ အထူးသဖြင့် မသေသေးသည့်စစ်သူရဲ၏ နှိုးဆွမှုကြောင့် ဓားရိုးတောက်ပလာကာ သက်တံ့ကဲ့သို့ တောက်ပလာသည်။
အလင်းမိုးလည်း ရွာသွန်းလာကာ တောက်ပသည့်ဓားအလင်းမှာ ကောင်းကင်မှနေမင်းကိုပင် ထိခတ်သွားသည်။ ဤသည်မှာ အဆင့်တက်သည့်အလင်းကဲ့သို့ မြင့်မြတ်ကာ ပြစ်ချက်ကင်းလှသည်။
ထို့အပြင် ဓားရိုးပေါ်၌ လူသားပုံစံသက်ရှိတစ်ယောက် ပေါ်လာသည်။ ဤသည်မှာ ဓားပေါ်တွင်ရှိနေသည့် တံဆိပ်င်။
သို့သော် ဤသည်မှာ အကုန်မဟုတ်သေး။ အဘယ်ကြောင့်ဆိုသော် ဤမြင်ကွင်းများကို ရှီဟောင် ယခင်က မြင်ဖူးပြီးသားပင်။
မသေသေးသည့်စစ်သူရဲ ကြောက်ရသည့် အခြားအကြောင်းရင်း ရှိနေသေးသည်ပင်။
သူ၏ကြောက်ရွံ့မှုအောက်တွင်ပင် လူသားပုံစံသက်ရှိ ထာဝရသက်ရှိသို့ အဆင့်တက်သွားသည်။ ကမ္ဘာမြေကြီး မှေးမှိန်သွားကာ အလင်းမိုးမှာ ပို၍ပင် ခမ်းနားလှသည့်မြင်ကွင်းတစ်ခုကို ဖော်ပြလာသည်။
ဤသည်မှာ မြေပုံများ မရေမတွက်နိုင်အောင် ရှိနေသည့် ရှေးဟောင်းသင်္ချိုင်းမြေတစ်ခုပင်။ ချောက်နက်ကြီးမှာ မည်းနက်နေပြီး နေရာတိုင်း၌ ရှေးဟောင်းဂူများ ရှိနေသည်။ ဤနေရာ၌ မြှုပ်နှံခံထားရသည့် သက်ရှိများ ဘယ်နှယောက် ရှိနေမှန်းပင် မသိရ။
အုတ်ဂူများမှ သွေးများစီးဆင်းနေကာ စမ်းချောင်းတစ်ခုအဖြစ် စုစည်းသွားသည်။ ထိုသွေးသည် မြေပုံများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းစီးဆင်းသွားနေသည်ပင်။
ပွင့်နေသည့် ရှေးဟောင်းအုတ်ဂူတစ်လုံးရှိနေပြီး ထိုအုတ်ဂူထဲ၌ ကြေးအခေါင်းတစ်ခုရှိနေသည်။ ဤသည်မှာ သွေးမစိုသလို သွေးများရှောင်ကွင်းသွားသည့် တစ်ခုတည်းသောအုတ်ဂူပင်။ ထိုကြေးအခေါင်းပေါ်၌ လူသားပုံစံသက်ရှိတစ်ဦး ထိုင်နေလေသည်။ ထိုသက်ရှိသည် သူ၏ဒူးများကိုး ပွေ့ဖက်ထားကာ နေဝင်သွားသည့် သွေးရောင်နေမင်းကြီးကို စိုက်ကြည့်နေလေ၏။
ဤမြင်ကွင်းမှာ အတော်လေး မှုန်ဝါးနေသည်။ ရှီဟောင် မည်မျှပင်ကြိုးစားကြည့်နေစေကာမူ ရှင်းရှင်းလင်းလင်းမမြင်နိုင်။
သို့သော် ဤမြင်ကွင်းမှာ သေချာပေါက် ထိတ်လန့်စရာကောင်းသည်ပင်။
သိထားရမည်မှာ ဤမြင်ကွင်းသည် ထာဝရတရားသို့အဆင့်တက်သွားသည့် မြင်ကွင်းအောက်၌ ရှိနေခြင်းပင်။
ဓားတစ်လက်၌ တံဆိပ်နှစ်ခု၊ မြင်ကွင်းနှစ်ခု ဖြစ်ပေါ်နေသည်။ ဤသည်မှာ ဤမြင်ကွင်းပေါ်လာသည့် ပထမဆုံးအကြိမ်ပင်။
အပေါ်ဘက်တွင် လူသားပုံစံ ထာဝရသက်ရှိသို့ အဆင့်တက်နေသည့် အလင်းမိုးရွာသွန်းနေသည်။
အောက်ဘက်၌ သွေးများအဆက်မပြတ်စီးဆင်းနေသည့် သင်္ချိုင်းမြေတစ်ခု ရှိနေသည်။ မြေစာပုံတစ်ခုပေါ်၌ ကြေးအခေါင်းတစ်ခုရှိနေကာ ထိုကြေးအခေါင်းပေါ်တွင် သက်ရှိတစ်ယောက်ထိုင်နေသည်။
သိပ်မဝေးသည့်နေရာ၌ရှိနေသည့် ထိုမသေသေးသည့်စစ်သူရဲမှာ ကြေးအခေါင်းပေါ်မှ သက်ရှိအား ကြောက်ရွံ့နေခြင်းပင်။
ဘာလို့ ဒီလိုမျိုး ပေါ်လာတာလဲ..
ရှီဟောင်သိထားသည်မှာ ထာဝရဓားည် မြင့်မြတ်ကာ ခုခံနိုင်စွမ်းသာရှိသည်။ ဤသည်မှာ ထာဝရအဖိုးတန်ပစ္စည်းတစ်ခု၏ အကြမ်းထည်ဖြစ်သည်။ သို့သော် ယခုတော့ ဤကဲ့သို့သော မြင်ကွင်းမျိုး ပြသနေလေပြီ။
“ငါ အရင်က တစ်ခါမှ ဒီလိုမျိုးမမြင်ဖူးဘူး ..မြင့်မြတ်တဲ့အဆင့်တက်ခြင်းအောက်မှာ ဒီလိုမြင်ကွင်းမျိုး ရှိနေတာလား..” ရှီဟောင် ထိတ်လန့်သွားရသည်။
သူ့လက်ထဲ၌ရှိနေသည့်ဓားကို သေချာစိုက်ကြည့်လိုက်သည့်အချိန်တွင် သင်္ချိုင်းမြေကို ရေးထိုးထားသည့် ပုံရိပ်မှုန်ဝါးဝါးလေးများကို မြင်နေရသည်ပင်။
ဤဓားမှာ သူထင်ထားသည်ထက် ပို၍ ထူးဆန်းကာ ပို၍ရှေးကျသည်ပင်။
သူ စီရင်စုသုံးထောင်၌ ရှိနေစဉ်က ဤဓားမှာ သူ့သဘာဝအတိုင်းဖြစ်လာသည့် အဖိုးတန်ပစ္စည်းဖြစ်သည်ဟု ပြောသည့်သူများရှိခဲ့သည်။ အဘယ်ကြာင့်ဆိုသော် ဤဓားအား ပထမဆုံးတွေ့ခဲ့သည်မှာ ရှေးဟောင်းမိုင်းတွင်းတစ်ခုထဲရှိ ကျောက်တုံးတစ်တုံးမှ ဖြစ်သည်။
ဤဓား၏ ယခင်ပိုင်ရှင်များအားလုံး ဆိုးရွားသည့်အဆုံးသတ်များဖြင့်သာ ကြုံတွေ့ခဲ့ရသည်။
ကောင်းကင်ဘုံကိုးခုမှ လူများကတော့ ဤသည်မမှာ ထာဝရဘုရင်တစ်ပါး၏ ဓားဖြစ်လိမ့်မည်ဟု ခံစားနေကြရ၏။ သူတို့ ဤဓားကို အလွန်ရင်းနှီးနေသည်။
တစ်ဖက်လောကမှ ကျွမ်းကျင်သူများတွင်လည်း ဤဓားကို သိနေသည့်သူအချို့ ရှိသည်ပင်။ သူ မပျက်စီးနိုင်သည့်ကျမ်းစာအတွက် ဟဲဝူရှန်းနှင့် တိုက်ခိုက်စဉ်က ဤဓားမှာ ထာဝရအရည်ကျိုအိုးကဲ့သို့ ရှေးကျသည်ဟု ပြောခဲ့ဖူးသည်။
ဟဲဝူရှန်းသည် ဤဓားအား မှိုချိုးမျှစ်ချိုးပင် ပြောခဲ့သေးသည်။ ဤဓား မည်မျှပင် ထူးခြားနေပါစေ ဤသည်မှာ သတ္တုအပိုင်းအစများဖြင့် ပြုလုပ်ထားသည့်ဓားသာဖြစ်ကြောင်း ပြောခဲ့သည်ပင်။
သို့သော်လည်း ကြည့်ရသည်မှာ ဤလူများအားလုံး မှားယွင်းနေသည်ထင်သည်။ ဤဓားသည် မယုံကြည်နိုင်လောက်အောင် ထူးခြားကာ သူ၏ဇစ်မြစ်မှာ အားလုံးခန့်မှန်းနိုင်သည်ထက်ပို၍ ထူးခြားဆန်းကြယ်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤမသေသေးသည့်စစ်သူရဲပင် ဤဓားအား သိနေသောကြောင့်ပင်။
ဤဓားရှိနေခဲ့သည့်မှာ ခေတ်ပေါင်းများစွာ ကြာသွားလောက်လေပြီ။ သူ့ထံ၌ မယုံကြည်နိုင်လောက်သည့် သမိုင်းကြောင်းရှိနေလောက်သည်။
မသေသေးသည့်စစ်သူရဲလည်း နောက်ဆုတ်သွားနေသည်ပင်။ သူသည် ကြေးအခေါင်းပေါ်၌ ထိုင်နေသည့် ထိုသက်ရှိအား ကြောက်ရွံ့နေသည်ပင်။
အပိုင်း ၁၆၄၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၈ – တူညီသည့် စစ်ရထားလုံး
လက်စသပ်တော့ ဒီလိုကိုး .. ရှီဟောင်နားလည်သွားလေပြီ။ ဤဓားမှာ ရှေးဟောင်းသင်္ချိုင်းမြေနှင့် ဆက်စပ်နေသည်ပင်။
နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သောကြောင့် ဤဓားပိုင်ရှင်မှာ ဤလောကကြီးမှ ပျောက်ကွယ်သွားလောက်လေပြီ။ သို့သော်လည်း ဤမသေသေးသည့်စစ်သူရဲသည် ဤဓားကို ကြောက်နေဆဲပင်။
ယခုအချိန်တွင် မသေသေးသည့်စစ်သူရဲသည် ဤဓားရှေ့တွင် လေးစားစွာဖြင့် ဦးညွှတ်နေ၏။ အတိအကျပြောရမည်ဆိုလျှင် ကြေးအခေါင်းပေါ်တွင်ရှိနေသည့် ပုဂ္ဂိုလ်အား ဦးညွှတ်နေခြင်းပင်။
အဲဒါက ဘယ်သူလဲ .. သူက ဘယ်လိုနောက်ခံမျိုးရှိခဲ့တာလဲ .. သူ့မှာဘာလို့ ဒီလိုစွမ်းအားမျိုးရှိနေတာလဲ .. သူက မသေသေးသည့်စစ်သူရဲကိုတောင် ခြိမ်းခြောက်နိုင်နေတာလား..
“သော် မာ ခ ဒီ ဟော်..”
မသေသေးသည့်စစ်သူရဲ ခေါင်းဖြင့် မြေပြင်ကို အကြိမ်အနည်းငယ်ထိလိုက်ပြီး ဆုတောင်းနေသည်။ သူဘာပြောမှန်းတော့မသိပေ။
ထို့နောက် သူရှီဟောင်အား ကြည့်လာသည်။ ယခုတစ်ခေါက်တွင်တော့ သူရှီဟောင်အား တိုက်ခိုက်ခြင်းမရှိသလို ပြင်းထန်စွာ တုံ့ပြန်ခြင်းလည်းမရှိတော့။
သို့သော် ရှီဟောင်ကို ကြည့်သည့်အကြည့်များမှာ ကြင်နာသည့်အကြည့်များတော့မဟုတ်။ သူသည် ရှီဟောင်အား အသက်ရှိနေသည့်သူဟု သဘောမထားပဲ ကျောက်တုံးတစ်ပင်၊ သေနေသည့်သစ်ပင်တစ်ပင်ကဲ့သို့ သဘောထားနေခြင်းပင်။
သူ၏သဘောထားကို ရှီဟောင်နားလည်သည်။ ဤဓားသည် သူ့အားမဖျက်ဆီးသောကြောင့် မသေသေးသည့်စစ်သူရဲသည် သူ့အား ယာယီအသိအမှတ်ပြုလိုက်ခြင်းပင်။
ဒီလိုမျိုးနဲ့ပဲ ပြီးသွားတော့မှာလား..
ရှီဟောင် ဆွံ့အသွားရ၏။ မသေသေးသည့်စစ်သူရဲသည် ရက်စက်လှကာ တစ်ဖက်လောကမှ သတ္တဝါများကို ယင်ကောင်ရိုက်သတ်သကဲ့သို့ သတ်ပစ်နိုင်သည်ပင်။ သူ ဤလူနှင့် သေသည်အထိ တိုက်ခိုက်ရလိမ့်မည်ဟု ထင်ထားသော်လည်း ယခုတော့ ဤအတိုင်း ဖြတ်ကျော်နိုင်ခဲ့လေပြီ။
တစ်ခဏခန့် စဉ်းစားပြီးနောက် ရှီဟောင် ကျောချမ်းလာရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏သဘောထားအရ ဤဓားမှာ ရှီဟောင်ကို သတ်ပစ်မည်လား.. သူပြောသည့်အတိုင်းဆိုလျှင် ဤဓားသည် ရက်စက်လှပြီး သူ့အားကိုင်ဆောင်ထားသည့်သူမှန်သမျှ သေဆုံးသွားရမည်ပင်။
ရှီဟောင် ဤဓားကို ဘာလုပ်ရမလဲမသိတော့။ သူလွှတ်ပစ်လိုက်ရမလား .. ဒါမှမဟုတ် သူ့ဘေးနားမှာပဲ ဆက်ထားရမလား ..
ဤဓားကို ရခဲ့သည့်သူများအားလုံးမှာ အဆုံးသတ်မကောင်းခဲ့ကြ။ အထူးသဖြင့် နောက်ဆုံးပိုင်ရှင်ဖြစ်သည့် သရဖူ ၅ ခုဘုရင်သည် ဆိုးရွားစွာ သေဆုံးပြီးနောက် အသက်ရှင်နေသည့်အလောင်းဖြစ်လာကာ သွေးလွှမ်းနေသည့် အနက်ရောင်သင်္ဘောကြီးပေါ်၌ ပေါ်လာခဲ့သည်။
စကားပြောပြီးသည်နှင့် ထိုမသေသေးသည့်စစ်သူရဲ လှည့်ထွက်သွားလေ၏။
“ဟေး .. ခင်ဗျား ဘယ်သွားမလို့လဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။ သူ ဤကဲ့သို့သာ ထွက်သွားသောကြောင့် သူသတိလက်လွတ်ဖြစ်သွားရသည်။ သူတို့ အစောပိုင်းကတင် တိုက်ခိုက်နေခဲ့ကြသော်လည်း ယခုတော့ ငြိမ်းချမ်းစွာ အဆုံးသတ်သွားလေပြီ။
“ငါသွားသင့်တဲ့နေရာကို သွားမှာ..” ဤသည်မှာ အလွန်ရိုးရှင်းသည့်စကားပင်။ သူသည် ရပ်တန့်ခြင်းမရှိပဲ ခပ်ဝေးဝေးသို့ ဦးတည်သွားနေလေ၏။
ဒီလိုမျိုးပဲ အဆုံးသတ်တော့မှာလား .. ရှီဟောင် ဓားကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်။
ယခုတစ်ခေါက်တွင်တော့ ဤဓား တည်ငြိမ်သွားပြီဖြစ်ပြီး အဆင့်တက်နေသည့်အလင်းဖြစ်စေ သွေးလွှမ်းနေသည့်သင်္ချိုင်းမှ ကြေးအခေါင်းနှင့် ထိုအခေါင်းပေါ်ထိုင်နေသည့် လူသားပုံစံသက်ရှိဖြစ်စေ အားလုံးပျောက်ကွယ်ပြီဖြစ်သည်။
“ခဏ..” ရှီဟောင် ရုတ်တရက်ပြောလိုက်သည်။
“ဘာလဲ..” မသေသေးသည့်စစ်သူရဲ ရပ်တန့်သွား၏။ ဤဓားကြောင့် သူလည်း အနည်းငယ် ဝေခွဲမရဖြစ်နေသည်ပင်။
သူတို့နှစ်ဦး စကားပြောနေကြသည်မှာ သေချာပေါက် သာမန်စကားလုံးများဖြင့်မဟုတ်။ နတ်စိတ်ဝိညာဉ်ဖြင့်ပင်။ သူတို့နှစ်ဦးကြားတွင် ခေတ်ကြီးတစ်ခေတ်ကွာခြားနေသောကြောင့် သူတို့တစ်ယောက်နှင့်တစ်ယောက် နားလည်နိုင်စရာအကြောင်းမရှိ။
အမှန်တကယ်တွင် နတ်စိတ်ဝိညာဉ်နှင့် ဆက်သွယ်သည်မှာပင် အနည်းငယ် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထံတွင် မတူညီသည့် စွမ်းအားများရှိနေသည်ပင်။ ထိုစွမ်းအားများသည် တစ်ခုနှင့်တစ်ခု ဝါးမြိုပစ်နိုင်နေသည်။
တစ်ခုခုမှားသွားသည်နှင့် တစ်ဖက်ဖက်မှ ဒဏ်ရာရသွားနိုင်သည်။
နတ်စိတ်ဝိညာဉ်မှာတောင် သေဆုံးခြင်းစွမ်းအင်တွေ၊ မြေအောက်လောကစွမ်းအင်တွေ ရှိနေတာဆိုတာ့ ဒီမသေသေးသည့်စစ်သူရဲက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ..
တိုက်စားခံရမည်စိုးသောကြောင့် ရှီဟောင် သူ့ကိုယ်သူ နတ်ခွန်အားဖြင့် ကာကွယ်ထားရုံသာ တတ်နိုင်တော့သည်။
“ခင်ဗျား ဒီလိုပဲ ထွက်သွားတော့မှာလား .. ဒီဓား ကျွန်တော့်လက်ထဲ ဘယ်လိုရောက်လာလဲဆိုတာ မသိချင်တော့ဘူးလား..” ရှီဟောင်ပြောလိုက်သည်။ သူ တစ်ဖက်လူကို ဆွဲထားပြီး သူ့ထံမှ လျှို့ဝှက်ချက်များ ပိုသိချင်သေးသည်။
“ပြော..”
ရှီဟောင် မျက်လုံးလှန်တင်ချင်စိတ်ကို ချုပ်တည်းထားလိုက်သည်။ ငရဲမှ ထွက်လာပုံရသည့် ဤမသေသေးသည့်စစ်သူရဲမှာ ဒဲ့တိုးဆန်လွန်းလှပြီး စကားပြောရန် ခက်ခဲလှသည်။
“ကျွန်တော်တို့ သတင်းလဲရအောင် .. ကျွန်တော် ဒီဓားကို ဘယ်လိုရခဲ့လဲဆိုတာ ကျွန်တော်အရင်ပြောပြမယ် .. ပြီးရင် ခင်ဗျားက ဒီဓားမှာ ဘယ်လိုအတိတ်မျိုးရှိခဲ့လဲဆိုတာ ပြောပြ..” ရှီဟောင်ပြောလိုက်သည်။
အမှန်တကယ်၌ ဤဓားကို သူစိုးရိမ်နေခြင်းပင်။ သူ့ဘေးနားထားလျှင် မကောင်းသည့်ရလဒ်များ ရလာမည်စိုးသောကြောင့် ဤဓား၏အတိတ်ကို သူတကယ်သိချင်မိသည်။
ယခုတစ်ခေါက်တွင်တော့ သူဈေးဆစ်မနေတော့ပဲ သူဤဓားအား ရခဲ့ပုံကို ရှင်းပြလိုက်သည်။
“ဒီလိုမျိုး မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့တာ .. သူ့ကို ဖုန်တွေတက်နေရင်တောင် မြေအောက်သတ္တုတွင်းမှာ ပေါ်လာပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းကိုင်နေကြတာ..” မသေသေးသည့်စစ်သူရဲ ပြောလိုက်သည်။ ထို့နောက် သူသည် ရှီဟောင်အား ကြည့်လိုက်ကာ “ကောင်းပြီလေ .. မင်းက ယာယီလက်ခံကောင်ပဲ .. ယာယီလက်ခံကောင် ပျက်စီးသွားတာနဲ့ သူလည်းထွက်သွားမှာပဲ..”
နှစ်ပေါင်းများစွာ ကြာနိုင်သည့် ယာယီလက်ခံကောင်ပင်။
ဤရှင်းပြချက်မှာ ရှီဟောင်ကို ကျေနပ်မနေစေပေ။ သူ ထပ်မေးရန်ကြိုးစားလိုက်သော်လည်း မသေသေးသည့်စစ်သူရဲ ဘာမှမပြောတော့ပေ။ သူချက်ချင်းပင် ထွက်သွားလေ၏။
“ဟေး .. ခင်ဗျား ဒီလိုမျိုး ထွက်သွားလို့မရဘူး .. ခင်ဗျားက ဒီဓားစိတ်ပျက်အောင်လုပ်နေတာပဲ..” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဘာလို့လဲ..” မသေသေးသည့်စစ်သူရဲမှာ ခေါင်းမာသည့်သူမှန်းသိသာသည်။ ဤစကားလုံးများ ကြားလိုက်ရသည့်အချိန်တွင် သူမကျေမနပ်ဖြစ်သွားကာ တကယ်ရပ်တန့်သွားသည်။
“ခင်ဗျား နောက်ဆုံးတော့ မြေကြီးထဲကနေ ထွက်လာပြီလေ .. ခင်ဗျား သေမျိုးလောကကို ပတ်မကြည့်ရင် ခင်ဗျား ဒီအခွင့်အရေးကို ဖြုန်းတီးလိုက်သလို ဖြစ်မနေဘူးလား..” ရှီဟောင် ဤလူ နေခဲ့ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် စွမ်းအားကြီးသောကြောင့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျွမ်းကျင်သူကို သတ်ရန်အတွက် ပြဿနာမရှိလောက်။
လက်ရှိတွင် နတ်ဆေးတောင်တန်း၌ တစ်ဖက်လောကမှ ကျင့်ကြံသူများစွာရှိနေသည်။ သူတို့အားလုံး သူ့ကို သတ်ရန်အတွက် ရောက်လာကြခြင်းပင်။
လူငယ်ကျွမ်းကျင်သူများကတော့ ကိစ္စမရှိ။ ဤလူများကို သူရှင်းနိုင်သည်။ သို့သော်လည်း အချို့ အထင်ကြီးစရာကောင်းသည့် မကောင်းဆိုးဝါးအိုကြီးများလည်း ရောက်လာကြသည်ပင်။ ဤလူများမှာ သူ့အတွက် အန္တရာယ်များလွန်းလှသည်။
သူသာ မသေသေးသည့်စစ်သူရဲကို သိမ်းသွင်းနိုင်လျှင် အကောင်းဆုံးပင်။
မသေသေးသည့်စစ်သူရဲ၏ အသိအမှတ်ပြုမှုနှင့် တန်ဖိုးသတ်မှတ်ပုံမှာ ရှီဟောင်နှင့်မတူသည်မှာ သိသာည်။ သူသည် ရှီဟောင် ပြောသည်ကို နားမလည်ပဲ ရှုပ်ထွေးသည့်ပုံဖြစ်သွားသည်။
ဤသည်မှာ ကျောက်တုံးတစ်တုံးမှ ကျောက်တုံးလောကကြီး မည်မျှလှပကြောင်း ပြောသည်ကို နားထောင်နေရသကဲ့သို့ပင်။
“ငါက ဘယ်လိုလုပ် ဓားကို စိတ်ပျက်အောင် လုပ်မိသွားတာလဲ..” မသေသေးသည့်စစ်သူရဲ ခေါင်းမာစွာ မေးလိုက်သည်။
“ဒီဓားကို ကျွန်တော့်ကို အသိအမှတ်ပြုထားတာ ခင်ဗျား မတွေ့ဘူးလား .. အခု ကျွန်တော် အန္တရာယ်ရှိနေတယ် .. ကျွန်တော့်ရဲ့ပြဿနာက ဓားရဲ့ပြဿနာပဲပေါ့.. ကျွန်တော်သေသွားရင် ဒီဓားကို တစ်ဖက်လောကကလူတွေ ယူသွားလိမ့်မယ် .. အနှေးနဲ့အမြန် ဒီဓားရဲ့ ဇစ်မြစ်အကြောင်းကို သိသွားပြီးတော့ သူတို့ အန်းလန်နဲ့ရှုထော်တို့ကို ပေးလိုက်မှာပဲ..”
ဤသို့ပြောပြီးသည်နှင့် ရှီဟောင် ငေးကြောင်ကြောင်ဖြစ်သွားရသည်။ တစ်ဖက်လူ ဘာမှပြန်မပြောသည်ကို တွေ့လိုက်ရသည့်အချိန် သူ၏အမူအရာ လေးနက်လာသည်။ “အန်းလန်၊ ရှုထော် .. ခင်ဗျား သူတို့နာမည်တွေကို ကြားဖူးလား .. သူတို့က ဒီလောကကြီးနဲ့အတူတူ ရှိနေတဲ့ ပြိုင်ဘက်ကင်းတဲ့ သက်ရှိတွေ .. ဘယ်သူမှ သူတို့ပြိုင်ဘက်မဖြစ်နိုင်ဘူး .. ပြီးတော့ သူတို့အားလုံးက အုတ်ဂူတွေကြားမှာ လွတ်လွတ်လပ်လပ်လျှောက်သွားနိုင်တဲ့ ကျွမ်းကျင်သူတွေ..”
မသေသေးသည့်စစ်သူရဲ ဆွံ့အသွားရ၏။ သူမည်မျှပင် ခေါင်းမာနေပါစေ တစ်ခုခုမှားနေသည်ဟုတော့ သူခံစားနေရဆဲပင်။
“အန်းလန်နဲ့ရှုထော်တို့က ဆက်တိုက်အပြစ်ကျူးလွန်းနေတဲ့သူတွေ .. သူတို့တွေက ရှေးဟောင်းသင်္ချိုင်းမြေကို အာရုံစိုက်ထားကြပြီးတော့ အုတ်ဂူတွေဖောက်တယ်၊ မြှုပ်ထားတဲ့ပစ္စည်းတွေရှာတယ်၊ ယဇ်ပူဇော်ထားတဲ့ပစ္စည်းနဲ့ ရှေးဟောင်းရတနာမျိုးစုံကို ခိုးကြတာ .. သူတို့တွေ မသေသေးတဲ့စစ်သူရဲတွေနဲ့တစ်ခြားသူတွေကိုတောင် အမှားလုပ်ခဲ့သေးတယ်..” ရှီဟောင် ကရားရေလွတ် ပြောလိုက်သည်။
ရှီဟောင်သည် ထိုပြိုင်ဘက်ကင်းသည့် ပုဂ္ဂိုလ်နှစ်ဦးကို ပုဒ်မပေါင်းစုံတပ်လိုက်ပြီး သူတို့အား အုတ်ဂူဖောက်သူ၊ မကောင်းဆိုးဝါးစသည့် မကောင်းသည့်နာမည်မျိုးစုံ တပ်ပေးလိုက်သည်။
“သူတို့နှစ်ယောက်က အရမ်းအားကောင်းတာလား..” မသေသေးသည့်စစ်သူရဲ မေးလိုက်သည်။
“သူတို့က အရမ်းကို အားကောင်းတာ .. သူတို့အရင်က မသေသေးတဲ့စစ်သူရဲတွေကို သတ်ခဲ့တယ် .. ရှေးဟောင်းသင်္ချိုင်းမြေထဲက စွမ်းအားကြီးတဲ့သက်ရှိတွေကို တစ်ယောက်ပြီးတစ်ယောက် ရှင်းပစ်ခဲ့တယ် .. သူတို့ ဒီနေ့ထိ တစ်ခါမှ မရှုံးဖူးသေးဘူး..” ရှီဟောင်ပြောလိုက်သည်။
ယခုတစ်ခေါက်တွင်တော့ မသေသေးသည့်စစ်သူရဲ၏မျက်လုံးများ မှေးကျဉ်းသွားရသည်။ ဤကောင်လေးမှာ ယုံကြည်ရသည့်မဟုတ်မှန်း သူသိသော်လည်း သူပြန်စဉ်းစားရတော့မည်။
အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းမြေ၌ တကယ်ပင် တစ်ခုခုဖြစ်ခဲ့သည်ပင်။ ထိုကိစ္စများမှာ သိပ်မပြင်းထန်သော်လည်း နှောက်ယှက်ခံလိုက်ရသည့် မသေသေးသည့်စစ်သူရဲအရှင်များ ရှိခဲ့သည်ပင်။
“ခင်ဗျား သူတို့နာမည်အစစ်ကို ပြောလိုက်တာနဲ့ သူတို့ပုံရိပ်ယောင်တွေ ပေါ်လာပြီး ခင်ဗျားကို ဖိနှိပ်ပြီး သတ်ပစ်လိမ့်မယ်..” ရှီဟောင်လေးနက်စွာ ပြောလိုက်သည်။
သူ အန်းလန်၊ ရှုထော်တို့ နာမည်ကို ပြောသည့်အချိန်တွင် အလွန်သတိထားပြီးပြောနေခြင်းပင်။ သူတို့နာမည်များကို တစ်ခါတည်းဆက်တိုက်မပြောရဲပေ။ ကြားထဲတွင် ခဏနားပြီးမှ ပြောရဲသည်ပင်။
“မင်းပြောတာတွေက တစ်ဝက်ပဲမှန်တယ် .. ငါ့မှာ မသေသေးတဲ့စစ်သူရဲမျက်လုံးရှိတယ် .. အဲဒီတော့ ငါခွဲခြားနိုင်တယ်..” မသေသေးသည့်စစ်သူရဲ ဒဲ့တိုးပြောလိုက်ပြီး ရှီဟောင်ကို ဖော်လိုက်လေသည်။
အခြားသူများသာဆိုလျှင်တော့ အလွန်ရှက်သွားလိမ့်မည်။ သို့သော် ရှီဟောင် နည်းနည်းလေးမှပင် နေရခက်မသွား။ သူ့အရေမှာ ထူလွန်းလှသည်။ မသေသေးသည့်စစ်သူရဲကို သိမ်းသွင်းနိုင်ရန် သူဘာမဆိုလုပ်မည်ပင်။
သို့သော်လည်း မသေသေးသည့်စစ်သူရဲမှာ မယုံကြည်သေး။
“တစ်ခြားဟာတွေ ထားလိုက်ပါဦး .. ဒီဓားအတွက် ခင်ဗျား ကျွန်တော့်ကို တစ်ခါတော့ ကူညီသင့်တယ်..” ရှီဟောင်သူ၏နောက်ကျောကိုကြည့်ကာ အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ ဤစကားသာ ကျန်တော့သည်ပင်။
“ကောင်းပြီလေ .. ငါမြေအောက်ကို မပြန်ခင် မင်းကို ဒီတစ်ခုတော့ ကူညီပေးလိုက်မယ်..” မသေသေးသည့်စစ်သူရဲ နောက်ဆုံးတော့ ဤကဲ့သို့ ဆုံးဖြတ်ချက်ချကာ ရှီဟောင်အား အံ့အားသင့်သွားအောင် လုပ်လိုက်သည်။
“ငါတို့ အခု ဘယ်သွားမလဲ..” သူမေးလိုက်သည်။
“ခေါင်းတွေ သွားယူမှာပေါ့ .. ကျွန်တော့်ကို မသေသေးသည့်စစ်သူရဲရဲ့ ရက်စက်ကြမ်းတမ်းမှုကိုပြ .. ကျွန်တော့်ကိုကူပြီးတော့ အဘိုးကြီးတွေရဲ့ခေါင်းတွေကို ဖြတ်ပေး .. တစ်ယောက်မှ အလွတ်မပေးနဲ့..” ရှီဟောင်ပြောလိုက်သည်။ သူသည်တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး အနည်းငယ်မှပင် မရှက်မိ။ သူ မသေသေးသည့်စစ်သူရဲကိုခေါ်ပြီး နတ်ဆေးတောင်တန်းတစ်ခွင်ကို သွားတော့မည်။
နတ်ဆေးတောင်တန်းအပြင်ဘက်တွင် တစ်ဖက်လောကမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။
အဘယ်ကြောင့်ဆိုသော် ဟွမ် ဤနေရာသို့ ရောက်နေပြီး အသတ်ခံရတော့မည်ဖြစ်ကြောင်း အတော်များများ သိသွားကြလေပြီ။
ထို့ကြောင့် အချို့လူငယ်များ အပြေးအလွှား ရောက်လာကြကာ ဟွမ်၏ရှုံးနိမ့်ခန်းကို လာကြည့်ကြသည်ပင်။
စီနီယာကျွမ်းကျင်သူများစွာလည်း ရောက်လာကြသေးသည်။ အဘယ်ကြောင့်ဆိုသော် လူငယ်လေးများသာလွှတ်လိုက်လျှင် စိတ်မချသောကြောင့်ပင်။ သူတို့ ဟွမ်ဟူသည့်ကပ်ဆိုးအား ရှင်းပစ်မည်ဟု ဆုံးဖြတ်ချက်ချထားပြီးသားပင်။
ဤနေရာမှာ တွေ့ဆုံပွဲနှင့်ပင် တူနေလေပြီ။
“ဟမ် .. အဲဒါက ဘယ်သူလဲ .. သူ့မျက်ခုံးကြားမှာ မျက်လုံးကိုးလုံးရှိနေတယ် .. ထူးဆန်းလိုက်တာ .. ငါ ဒီလိုမျိုးပုံစံရှိတဲ့သူကို အရင်က တစ်ခါမှ မကြားဖူးပါဘူး ..” တောင်တန်းအပြင်ဘက်မှ လူငယ်ကျွမ်းကျင်သူများ သူတို့အချင်းချင်း ပြောလိုက်ကြသည်။ သူတို့ ထူးဆန်းသည့်အကြီးအကဲတစ်ယောက်အား မြင်လိုက်ရသည်ပင်။
“ဒါက ဒဏ္ဍာရီလာပုဂ္ဂိုလ် မျက်လုံးကိုးလုံးတာအိုဆရာပဲ .. သူက မျက်လုံးကိုးလုံးနတ်စွမ်းရည်ကိုကျင့်ကြံထားတာ .. သူ့ရဲ့မှော်စွမ်းအားကလည်း ထူးခြားတယ် .. သူ့ခေတ်မှာတုန်းက သူက အရမ်းနာမည်ကြီးတယ်..”
တောင်အပြင်ဘက်တွင် နာမည်ကြီးသည့်သူအချို့ ရောက်လာကြလေပြီ။
ယခင်ခေတ်မှ ကျွမ်းကျင်သူအချို့ပင် ဤနေရာ၌ ပေါ်လာကြလေပြီ။
“ဒီတစ်ခေါက် နည်းနည်းထူးဆန်းနေတယ်လို့ ခံစားရတယ် .. ဟွမ်ကို သတ်ရုံပဲ မဟုတ်ဘူးလား .. နာမည်ကြီးတဲ့စီနီယာတွေအများကြီး ဘာလို့ရောက်လာတာလဲ .. ဒါမှမဟုတ် သူတို့ပိုကြီးတဲ့ငါးကို လာဖမ်းကြတာလား..” အချို့လူများ သံသယဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် တောင်တန်းများကြား၌ သွားလာနေသည်။ “သတ် .. သတ် .. သူတို့အားလုံးကိုသတ်..” သူ လက်သီးလက်မောင်းတန်းကာ အော်ဟစ်နေလေသည်။
သူသည် မသေသေးသည့်စစ်သူရဲကို ဦးဆောင်ကာ တစ်ဖက်လောကမှ ရောက်လာမည့် ကျွမ်းကျင်သူများအားလုံးကို ရှင်းလင်းရန် ပြင်ဆင်ထားလိုက်သည်။
အပိုင်း ၁၆၄၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၄၉ – လူသတ်ပွဲကြီး
သူ့နောက်တွင် မသေသေးသည်စစ်သူရဲရှိနေသောကြောင့် ရှီဟောင် ယုံကြည်ချက်အပြည့်နှင့်ပင်။ အဆင့်လွန်သက်ရှိ မလာမချင်း မည်သည့်ကျူးကျော်သူကိုမှ သူမကြောက်။ အားလုံးကို သတ်ပစ်မည်ပင်။
တောင်များထဲ၌ ခြေရာများစွာရှိနေ၏။ ဤသည်မှာ အချို့သက်ရှိများ ချန်ရစ်ထားခဲ့သည့်အရာပင်။ ဤနေရာမှာ အန္တရာယ်မရှိသည့်နေရာ ဖြစ်လောက်မည်။
နတ်ဆေးတောင်တန်းမှာ အခွင့်အရေးများစွာရှိသည့်နေရာဖြစ်သော်လည်း မည်သူမဆို ဝင်၍ရသည့်နေရာမဟုတ်။ နေရာတိုင်း၌ အန္တရာယ်များရှိနေသည်။
“ဟူး .. ငါတကယ်စိုးရိမ်မိတယ် .. အဲဒီ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေအားလုံး သူတို့အသက်ကို ဖက်တွယ်ထားရင် ငါရဲ့ကြိုးစားမှုအားလုံးက အလကားဖြစ်မနေဘူးလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ဤစကားကြားလိုက်ရသည့်အချိန်တွင် မသေသေးသည့်စစ်သူရဲ အမူအရာပြောင်းလဲသွားသော်လည်း ဘာမှမပြော။
“တစ်ခုခုပြောပါဦး အစ်ကိုသွေးစုတ်ဖုတ်ကောင် .. ခင်ဗျား တစ်ခုခုပြောသင့်တယ် .. ခင်ဗျားက အုတ်ဂူကြီးလိုမျိုးလုပ်နေရင် ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်မလဲ..” ရှီဟောင် မကျေမနပ်ပြောလိုက်သည်။
မသေသေးသည့်စစ်သူရဲ ပါးစပ်ဟကာ ချွန်ထက်လှသည့် သူ၏သွားများကို လှစ်ဟပြလာသည်။ ထို့နောက် “မင်းရဲ့အရသာက သိပ်မဆိုးလောက်ဘူးလို့ ငါခံစားရတယ်..” သူ ဖြေးညှင်းစွာ ပြောလိုက်သည်။
“ခင်ဗျား ပါးစပ်ပိတ်ထားရင်ပိုကောင်းလောက်ပါတယ်..” ရှီဟောင် သူနှင့် ခပ်ဝေးဝေး နေလိုက်သည်။ ဒီကောင်က ရုတ်တရက်ကြီး အမြင်အာရုံတွေစူးရှလာပြီးတော့ သူ့ကို တမင်သက်သက်ခြောက်တာလား … ဒါမှမဟုတ် ဒါက သူအမြဲတမ်း တွေးနေတဲ့အတွေးလား
မသေသေးသည့်စစ်သူရဲသည် ပါးစပ်မဟတော့သလို ဘာမှလည်းမပြော၊ မည်သည့်အမူအရာမှလည်း မပြတော့။ သူ့ဘေးနားမှ တိတ်တဆိတ်သာ လိုက်လာသည်။
“အဲဒီ မကောင်းဆိုးဝါးအိုကြီးတွေ အကြောက်လွန်ပြီး ရောက်မလာတော့တာတော့ မဟုတ်ဘူးမလား..” အပြင်ဘက်၌ ကျွမ်းကျင်သူများစွာရှိနေမည်ကို သိသော်လည်း ထိုလူအားလုံး ဝင်မလာလောက်။
“ငါတို့ ဒီကနေ ထွက်သွားပြီးတော့ နတ်ဆေးတောင်တန်းအပြင်ဘက်က အဲဒီကောင်တွေအားလုံးကို ရှင်းပစ်လိုက်ရင်ရော..” ရှီဟောင်ပြောလိုက်သည်။
ယခုတစ်ခေါက်တွင်တော့ မသေသေးသည့်စစ်သူရဲ သူ့အား လျစ်လျူရှုထားလေသည်။ သူ၏ ငွေရောင်မျက်လုံးမှာ ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။
“ဟွမ် ဟိုမှာ..” ရုတ်တရက် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
နောက်ဆုံးတော့ သူတို့ တစ်ဖက်လောကမှ လူငယ်လေးများကို တွေ့လိုက်ရလေပြီ။ ကံမကောင်းစွာဖြင့် ဤအုပ်စုထဲ၌ လူသိပ်မများ၊ ၇ ယောက်၊ ၈ ယောက်ခန့်သာရှိသည်။ တစ်ဝက်မှာ ဘုရင်ကလန်မှ ကျွမ်းကျင်သူများပင်။
“ဘာလို့ အဲဒီလူအိုကြီးတွေ ရောက်မလာတာလဲ.. ငါက ငါးအကြီးကြီးဖမ်းဖို့ ပြင်ထားတာ..” ရှီဟောင် အလွန်မကျေမနပ်ဖြစ်သွားရသည်။
အခြားတစ်ဖက်၌ ရှိနေသည့်အုပ်စုမှာမူ သရဲတစ်ကောင်ကို တွေ့လိုက်ရသလိုပင်။ သူတို့သည် အခြားသူများ တောင်ထဲသို့ ဘေးကင်းကင်းဖြင့်ဝင်နိုင်အောင် လမ်းရှာပေးသည့် ကင်းထောက်အဖွဲ့သာ။ သို့သော်လည်း သူတို့ ဟွမ်နှင့် တွေ့နေရလေပြီ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. မသေသေးတဲ့စစ်သူရဲက သူ့နောက်လိုက်လာတာလား..” ထိုအုပ်စု လုံးဝဆွံ့အသွားရသည်။
အဘယ်ကြောင့်ဆိုသော် မသေသေးသည့်စစ်သူရဲထွက်လာသည်မှာ သိပ်မကြာသေးသော်လည်း တောင်ထဲတွင်ရှိနေသည့် တစ်ဖက်လောကမှ ကျင့်ကြံသူအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ အချို့သူများမှာ အသက်ရှင်လျက်လွတ်မြောက်သွားခဲ့ကြသည်ပင်။
“ဒီ .. သောက်ခွေး .. သူက တကယ်ကို နတ်ဆိုးဘုရင်ကြီးပဲ .. သူက မသေသေးတဲ့စစ်သူရဲနဲ့ အတူတူလျှောက်နေတာလား..” အချို့လူများမှာ အသံများပင် တုန်ယင်လာသည်။
သူတို့တကယ်ကို ထိတ်လန့်သွားကြခြင်းပင်။ ဟွမ် ဤကဲ့သို့သော ကြောက်စရာကောင်းသည့်သက်ရှိနှင့် ပုခုံးချင်းယှဉ်လျှောက်နေလိမ့်မည်ဟု သူတို့မထင်ထားကြ။ ဟွမ်၏အပြုံးမှာ အလွန်တောက်ပနေသည်ကို သူတို့ တွေ့လိုက်ကြရသည်။
“ပြေး..”
ကျင့်ကြံသူ ၇ ယောက်၊ ၈ ယောက်မှာ တူညီသည့်ဆုံးဖြတ်ချက်ကို ချလိုက်ကြကာ အသက်လုပြေးကြလေသည်။ သူတို့အသက်ကို လိုချင်သေးသည်။
ထိုအခိုက်အတန့်တွင် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်း၊ လောကတံတားဘိုးဘေးပညာနှင့် အခြားပညာများ တောက်ပလာကြသည်။ ယခုအချိန်တွင် သူတို့ထံတွင် အတွေးတစ်ခုသာရှိ၏။ ဤသည်မှာ ထွက်ပြေးရန်ပင်။
“သောက်ခွေးပဲ .. ဟွမ်က မသေသေးတဲ့စစ်သူရဲနဲ့ အဖွဲ့ဖွဲ့လိုက်ပြီ .. သူ ဒီလောက်စွမ်းအားကြီးနေတာ အံ့ဩစရာမရှိတော့ပါဘူး .. သူက သေချာပေါက် မသေသေးတဲ့စစ်သူရဲကို အသက်သွင်းလိုက်တာပဲ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“သူက ကြောက်စရာအကောင်းဆုံး ရွှေရောင်မသေသေးတဲ့စစ်သူရဲပဲ .. သူက သာမန်လူသားနဲ့သိပ်မကွာဘူး .. ဟွမ်က ဒီလူကို အင်ပါယာဂိတ်ထဲ ခေါ်ချင်နေတာ .. တကယ်ကို အကြံကြီးတာပဲ..” အခြားလူတစ်ယောက်မှ အော်ဟစ်လိုက်သည်။
သို့သော် သူတို့မည်မျှပင် အော်ဟစ်နေပါစေ သူတို့အဆုံးသတ်မှာ သတ်မှတ်ထားပြီးသားပင်။ သူတို့ထွက်ပြေး၍မရနိုင်တော့။
ရှီဟောင်နှင့် မသေသေးသည့်စစ်သူရဲတို့နှစ်ဦးလုံး အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ဖူး..
ရှီဟောင် အလင်းတန်းအဖြစ် ပြောင်းလဲလိုက်ကာ သူ၏လက်ထဲတွင်ရှိနေသည့် ဓားကို လွှဲရမ်းလိုက်သည်။ ခေါင်းတစ်လုံး ချက်ချင်းပြတ်သွားကာ မူလဝိညာဉ်လည်း ဓားစွမ်းအင်ကြောင့် ဖျက်ဆီးခံလိုက်ရသည်။
ထို့နောက် သူဓားအလင်းတန်းကို အခြားနေရာတစ်ခုသို့ ဦးတည်လိုက်ကာ ဒုတိယတစ်ယောက်နောက် လိုက်,လိုက်သည်။ သူ ထိုလူကို ချက်ချင်းဖမ်းမိသွားသည်။
ထိုသက်ရှိ မျက်နှာဖြူဖျော့သွားသည်။ သူအော်ဟစ်လိုက်သော်လည်း အသုံးမဝင်ပေ။ သူသုံးသည့် အနက်ရောင်ကောင်းကင်လှံတံမှာ တောင်တစ်လုံးကဲ့သို့ လေးလံနေသော်လည်း ရှီဟောင်၏ဓားဖြင့် ခုတ်ချခံလိုက်ရသည်။ ထို့အပြင် ဓားအလင်းတန်း သူ၏ခါးကို ဖြတ်ချသွားသည်။ ထို့နောက် သူ၏မူလဝိညာဉ်လည်းနှစ်ပိုင်းပြတ်သွားလေ၏။
ရှီဟောင် ပြန်လှည့်လာသည့်အချိန်တွင် အခြားသူများကို သူမမြင်ရတော့။ အနက်ရောင်မြူ ထွက်ပေါ်လာပြီး လက်မည်းကြီးတစ်ဖက်ပေါ်လာကာ သွေးစီးကြောင်းများ ထွက်ပေါ်လာလေ၏။
အခြားသူများမှာ မသေသေးသည့်စစ်သူရဲ၏ လက်အောက်၌ ဆိုးရွားစွာ သေဆုံးသွားခဲ့ကြသည်ပင်။
ကျင့်ကြံသူများအားလုံး သေဆုံးသွားပြီဖြစ်ပြီး မည်သူမှ အသက်မရှင်နိုင်တော့။
“အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့တို့၊ ဂုကလန်တို့၊ ဧကရာဇ်ကလန်တို့တွေက မလာကြဘူးလား..” ရှီဟောင် ရေရွတ်လိုက်သည်။ သူ ငါးကြီးကြီးနှင့် တွေ့ချင်သည်။
သူတို့အရှေ့ဆက်သွားသည့်အချိန် လူအချို့နှင့်တွေ့ခဲ့သေးသည်။ ကံမကောင်းစွာဖြင့် ငါးကြီးကြီး တစ်ကောင်မှမပါ။
“သွားကြစို့ … ကျွန်တော်တို့ မြေအောက်လှိုဏ်ဂူကို ဦးတည်သွားရအောင် .. အဲဒီအဘိုးကြီးကို ရှင်းပစ်ဖို့အချိန်ကျပြီ..” ရှီဟောင်ပြောလိုက်သည်။ သူ ရွှေရောင်နွားထီး၏အသိုက်သို့ ဦးတည်သွားကာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူအား လက်စားချေချင်သည်။
ထိုလူကို ရှင်းပစ်လိုက်ရသည်နှင့် ရှီဟောင် နေ၍ထိုင်၍ ကောင်းသွားလိမ့်မည်။
မီးတောင်ထဲ၌ ထိုလူ သူ့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ပြီး သူသေမလိုပင် ဖြစ်ခဲ့သည်ပင်။
“သွေးကြွေးဆပ်ဖို့ အချိန်ရောက်ပြီ..”
အရာအားလုံးမှာ ချောမွေ့နေသည်။ သူ မသေသေးသည့်စစ်သူရဲကို ဤသီးခြားနယ်မြေသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ဘေးပတ်လည်၌ ရွှေရောင်နွားထီးရှိမရှိကို သူအရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။ ရွှေရောင်နွားထီးနှင့် မသေသေးသည့်စစ်သူရဲတို့တွေ့သွားပါက နှစ်ဘက်လုံး အနိုင်ရမည့်သူမရှိပဲ နှစ်ဘက်လုံးသာအထိနာလိမ့်မည်။
ကံကောင်းစွာဖြင့် ရွှေရောင်နွားထီး ဤနေရာ၌ ရှိမနေ။
အဘယ်ကြောင့်ဆိုသော် တောင်ကြောထဲ၌ တစ်ဖက်လောကမှ သတ္တဝါများစွာ ရောက်လာသောကြောင့် သူအပြင်ဘက်၌သာ သွားလာနေဆဲပင်။ ပြန်မရောက်သေး။
မြေအောက်လှိုဏ်ဂူကြီးမှာ တိတ်ဆိတ်နေသည်။
ဂူထဲသို့ မဝင်မီ ရှီဟောင် မသေသေးသည့်စစ်သူရဲကို ထပ်ခါတလဲလဲ သတိပေးလိုက်သည်။ “ခင်ဗျားရဲ့အော်ရာတွေကို ဖုံးထား .. မဟုတ်ရင် အဲဒီလူအိုကြီး သေချာပေါက် ထွက်ပြေးသွားလိမ့်မယ် .. သူက ရေချိုငါးထက်တောင် ချော်သေးတယ်..”
မသေသေးသည့်စစ်သူရဲသည် ထူးခြားကာ သူ့ဘေးနားပတ်လည်၌ အနက်ရောင်မြူများရှိနေသော်လည်း ယခုအချိန်တွင် သူသည် ကျောက်တုံးကြီးတစ်တုံးကဲ့သို့ တည်ငြိမ်နေသည်။ သူ့ထံမှ မည်သည့်စွမ်းအားလှိုင်းမှ မရှိတော့။
ထို့အပြင် ရှီဟောင်၏အကြံပေးချက်ကို နားထောင်ပြီး အမှောင်ထဲ၌ ပုန်းကာ တိတ်တိတ်လေးသာ လိုက်လာလေ၏။
ရှီဟောင် ဂူထဲသို့ ဝင်သွားသည်နှင့် အစီအရင်တစ်ခုကို တက်နင်းမိသွားကာ အလင်းများတောက်ပလာသည်။
ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူသည် အလွန်သတိကြီးသည့်သူပင်။ သူဤနေရာ၌ သီးသန့်ကျင့်ကြံချင်သောကြောင့် ရွှေရောင်နွားထီးရောက်လာမည်စိုးပြီး အစီအရင်တစ်ချို့ ချထားခြင်းပင်။
အစီအရင်မှာ သတိပေးချက်အသံ ထွက်ပေါ်လာသောကြောင့် သူ့မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။
“ခွေးကောင်လေး .. မင်းက ငါ့ရှေ့မှာ ပေါ်လာရဲတယ်ပေါ့..” ထိုကျင့်ကြံသူ အေးစက်စွာ ရယ်မောလိုက်သည်။ ယခုအချိန်တွင် သူ၏ဒဏ်ရာများအားလုံး ကုသပြီးသွားပြီဖြစ်သောကြောင့် သူယုံကြည်ချက် ပြည့်နေသည်ပင်။
ဤရွှေရောင်ကန်တွင် ပြိုင်ဘက်ကင်းသည့် အဖိုးတန်အရည်များရှိပြီး အကျိုးရလဒ်များမှာ မယုံကြည်နိုင်လောက်အောင်ပင်။ အချိန်သိပ်မကြာသေးသော်လည်း သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများအားလုံးကို ကုသပြီးသွားလေပြီ။
“လူအိုကြီး .. ခင်ဗျားက တစ်ခြားသူရဲ့အသိုက်ကို လုယူပြီး ဒီမှာ ပုန်းနေတာလား..” ရှီဟောင် တမင်သက်သက် အံ့အားသင့်သည့်ပုံစံလုပ်လိုက်ကာ နောက်ဆုတ်သွားလိုက်သည်။
“ဟား ဟား .. ခွေးကောင်လေ .. မင်းအတွက် ကောင်းကင်ကိုသွားတဲ့လမ်းမရှိသလို ငရဲတံခါးလည်းမရှိဘူး .. မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီလား..” ထိုကျင့်ကြံသူ ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
သူ၏မျက်လုံးမှ အေးစက်သည့်အလင်းထွက်ပေါ်လာပြီး လေထဲ၌လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဘယ်ဘက်ကကြည့်ကြည့် သူ ရှီဟောင်အား သတ်ရမည်ပင်။ သူ့ဘက်မှ လူငယ်များ၏ ကပ်ဆိုးကြီးကို ရှင်းပြီးသားဖြစ်သွားသလို သူ ရွှေရောင်နွားထီးကို လန့်အောင်မလုပ်နိုင်ရန် နှုတ်ပိတ်ပြီးသားလည်း ဖြစ်သွားလိမ့်မည်။
“မကောင်းဆိုးဝါးကြီး .. နောက်တစ်ခေါက်ကျရင် ကျုပ်ခင်ဗျားကို သတ်မယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။
“ခွေးကောင်လေး .. ဒီကိုရောက်လာပြီးတော့ မင်းက ထွက်ပြေးချင်နေသေးတာလား .. မင်းအသက်ကို ပေးလိုက်တော့..” ထိုကျင့်ကြံသူ ကျယ်လောင်စွာ ရယ်မောလိုက်ကာ လက်ကြီးတစ်ဖက် ဆန့်တန်းလာသည်။
ရွှီး..
ရှီဟောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲကာ အခြားနေရာများသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
“ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် .. မင်းရဲ့ခြေတွေလက်တွေကြိုးတုတ်ပြီးတော့ ငါ့ရှေ့မှာ ဦးညွှတ်လိုက် .. အဲဒါဆို ငါမင်းကို မသတ်သေးပဲနဲ့ တစ်ဖက်လောကကို ခေါ်သွားပေးမယ်..” ထိုကျင့်ကြံသူ အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် သူ ဤနေရာတစ်ခုလုံးကို ပိတ်ချလိုက်ကာ ရှီဟောင် ထွက်ပြေးနိုင်မည့်လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်သည်။
ထို့အပြင် ယခုအချိန်တွင် သူ ရွှေရောင်ကန်လေးထဲမှ ထွက်လာနေပြီဖြစ်သည်။
“အရှက်မရှိတဲ့လူအိုကြီး .. ဒူးထောက်ပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်တဲ့သူက ခင်ဗျားဆိုရင် ပိုပြီးတော့ အဓိပ္ပာယ်ရှိဦးမယ်..” ရှီဟောင် ပြန်ပြောလိုက်သည်။
“မင်း သွားသေလိုက်တော့..” ထိုကျင့်ကြံသူ အေးစက်စွာ ပြောလိုက်ကာ လက်ကြီးဖြင့် ရှီဟောင်ကို ရိုက်ချလိုက်သည်။
ဖုန်း..
ရလဒ်အနေဖြင့် သူ့လက်နာကျင်သွားသည်ကို သူတွေ့လိုက်ရသည်။ အနက်ရောင်မြူများ ဖုံးလွှမ်းနေသည့် သက်ရှိတစ်ယောက် တိတ်တဆိတ်ပေါ်လာပြီး သူ့လက်အား ဖမ်းဆုတ်လိုက်သည်ပင်။
ဝုန်း..
ထိုကျင့်ကြံသူ ထိတ်လန့်ကာ ဒေါသထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအားများထွက်ပေါ်လာပြီး တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်ကာ မြေအောက်လှိုဏ်ဂူတစ်ခုလုံးကို ထိန်လင်းသွားစေသည်။
သို့သော်လည်း သူရုန်းမထွက်နိုင်သည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။ ထိုအနက်ရောင်လက်ကြီးမှာ သူ့ကို မြဲမြံစွာ ဆုတ်ကိုင်ထားသည်ပင်။
ထို့အပြင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် တိုက်စားနေသည့်စွမ်းအားတစ်ခုလည်းရှိနေသည်။ သူလက်တစ်ခုလုံး မင်ကဲ့သို့ မည်းနက်လာကာ အချို့နေရာများမှာ ပုပ်ပွလာသည်။
“အား .. မဟုတ်ဘူး..” ထိုကျင့်ကြံသူ စူးရှစွာ အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် သူ့အသားများ ကွာကျလာကာ လက်မှအရိုးဖြူများ ပေါ်လာသည်။ ပုပ်ပွသွားသည့်နှုန်းမှာ မြန်လွန်းလှသည်။
“မသေသေးတဲ့စစ်သူရဲ … ခင်ဗျားက သင်္ချိုင်းမြေက သက်ရှိ..” ထိုကျင့်ကြံသူမှာ လူသေကဲ့သို့ ဖြူဖျော့နေလေပြီ။ သူရင်ဆိုင်နေရသည်မှာ မည်ကဲ့သို့သောသက်ရှိမှန်း သူသိသွားလေပြီ။
သူသည် သာမန်လူများထက်တော့ မသေသေးသည့်စစ်သူရဲအကြောင်း ပိုသိသည်။ ဤသက်ရှိများ မည်မျှကြောက်စရာကောင်းသည်ကို သူကောင်းကောင်းနားလည်သည်။ ဤသည်မှာ သူညှိ၍ရသည့်သူမဟုတ်။
ခွပ်..
သူ ပြတ်ပြတ်သားသားဖြင့် ထိုလက်ကို စွန့်ပစ်လိုက်ကာ အမြီးကိုစွန့်ပစ်သည့်အိမ်မြှောင်တစ်ကောင်ကဲ့သို့ ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော်လည်း သူ မသေသေးသည့်စစ်သူရဲ၏ အရှိန်ကို လျှော့တွက်မိသွားလေပြီ။ ထိုစစ်သူရဲသည် သူ၏အခြားလက်တစ်ဖက်ကို ဆုတ်ကိုင်ကာ သူ့အား ပြန်ဆွဲထားလိုက်လေသည်။
“ခင်ဗျား .. အိပ်နေသင့်တယ် .. ခင်ဗျားကဘာလို့တိုက်ခိုက်နေတာလဲ..” ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူမှ ဟစ်ကြွေးလိုက်သည်။
“ဒါက ကျုပ်ရဲ့ သွေးသောက်ညီအစ်ကို .. ခင်ဗျားလမ်းကို အေးအေးချမ်းချမ်းနဲ့ သွားလိုက်တော့..” ရှီဟောင်ပြုံး၍ ပြောလိုက်သည်။
ငါ့ဖင်ကိုပဲ သွေးသောက်ညီအစ်ကိုလုပ်နေလိုက် .. ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူ အလွန်မုန်းတီးနေသကဲ့သို့ အတော်လေးလည်း ထိတ်လန့်နေမိသည်။ ဟွမ်ဟုခေါ်သည့် ဤလူငယ်လေးမှာ ထူးဆန်းလှသည်။ သူသည် မသေသေးသည့်စစ်သူရဲနှင့်ပင် တစ်လမ်းထဲ ယှဉ်လျှောက်နိုင်သည်။
ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ အသားများ ပုပ်ပွကာ ကွာကျလာပြီး အရိုးများပေါ်လာသည်။
“အား..” ထိုကျင့်ကြံသူ ဒေါသတကြီး အော်ဟစ်လိုက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း အသုံးမဝင်။
သူ မသေသေးသည့်စစ်သူရဲ၏ကျိန်စာမိနေပြီကို သူသိသည်။ သူထွက်ပြေးရန် မဖြစ်နိုင်တော့။ သူ ဤလူကို ထိမိသွားသည်နှင့် သူ၏အသားများ ပဲ့ကြွေလာကာ သေဆုံးသွားလိမ့်မည်။
သူ ရှီဟောင်အား မုန်းတီးစွာ ကြည့်လိုက်သည်။ ဤအရာအားလုံးမှာ ဤလူငယ်လေး မသေသေးသည့်စစ်သူရဲကို ဤနေရာသို့ခေါ်လာသောကြောင့် ဖြစ်လာသည်ကို သူသိသည်။
“သတ်..” ထိုကျင့်ကြံသူပါးစပ်မှ ဓားအလင်းထွက်ပေါ်လာသည်။ သူသည် ရှီဟောင်အား သူနှင့်အတူ ခေါ်သွားလိုခြင်းပင်။
ဒုန်း.. မသေသေးသည့်စစ်သူရဲ လက်ညှိုးထိုးလိုက်သည်နှင့် သေဆုံးခြင်းစွမ်းအင် စီးဆင်းလာကာ ထိုဓားအလင်း ချက်ချင်းပျက်စီးသွားသည်။
“မမျှော်လင့်ထားတာတွေ ဖြစ်မလာအောင်လို့ သူ့ကိုသတ်လိုက်တော့..” ရှီဟောင် ပြောလိုက်သည်။
ဖူး..
မသေသေးသည့်စစ်သူရဲမှာ ရိုးရှင်းကာ ကြမ်းတမ်းလှသည်။ သူသည် ထိုကျင့်ကြံသူ၏ခေါင်းကို လိမ်ချိုးပစ်လိုက်လေသည်။
ရွှီး..
ဓားအလင်းတောက်ပလာသည်။ ရှီဟောင် ဓားဖြင့် ထိုကျင့်ကြံသူ နဖူးကို ထိုးစိုက်ချလိုက်ကာ သူ၏မူလဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။
နောက်ဆုံးအော်သံထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူတစ်ယောက် သေဆုံးသွားလေပြီ။
“သူတို့အားလုံး လာပြီလား .. ငါတကယ်ကို မျှော်လင့်နေပြီ .. မင်းတို့အားလုံးက ငါ့ကိုသတ်ဖို့ ဆေးနတ်တောင်တန်းထဲကို လာကြတာဆိုတော့ ငါက မင်းတို့တွေကို တစ်ယောက်ပြီးတစ်ယောက် မြေမြှုပ်ပေးရတာပေါ့..” ရှီဟောင် တီးတိုးပြောလိုက်သည်။
အပိုင်း ၁၆၄၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၅၀ – ဇစ်မြစ်
“ဒီနေရာက တကယ်မဆိုးဘူး .. ငါဒီနေရာမှာ သီးသန့်ကျင့်ကြံချင်တယ်..” ရှီဟောင် ရွှေရောင်ကန်လေးကိုကြည့်ကာ ရေရွတ်လိုက်သည်။ ထို့နောက် အခြားအိုးတစ်ခုဖြင့် အရည်များကို သိမ်းထားလိုက်သည်။
မူး..
ခပ်ဝေးဝေးမှ နွားအော်သံထွက်ပေါ်လာသည်။ ထိုထာဝရရွှေသက်ရှိ ဘေးနားလှည့်ပတ်သွားလာပြီးနောက် ပြန်လာနေလေပြီ။
“သွားကြစို့..” ရှီဟောင် နွားထီးကြီးနှင့် မဆုံချင်။ သူ့နံဘေး၌ မသေသေးသည့်စစ်သူရဲ ရှိနေသော်လည်း သူတို့တိုက်ခိုက်ကြလျှင် မည်သူနိုင်မလဲ မသေချာ။
အဘယ်ကြောင့်ဆိုသော် ဤရွှေရောင်နွားထီးမှာ ထာဝရနည်းလမ်းများဖြင့် ပြန်လည်ရှင်သန်လာသည့် နွားထီးဖြစ်လိမ့်မည်။ သူသည် ယခင်ကအခြေအနေတိုင်း ပြန်မရောက်သေးသော်လည်း သာမန်လူများနှင့်ယှဉ်လျှင်တော့ သူသည် အလွန်အထင်ကြီးစရာကောင်းနေဆဲပင်။
မသေသေးသည့်စစ်သူရဲသည် ကျင့်ကြံသူတစ်ယောက်ကို သတ်ပြီးသွားသော်လည်း မည်သည့်စွမ်းအင်လှိုင်းမှ ထုတ်လွှတ်ခြင်းမရှိ။ တည်ငြိမ်နေဆဲပင်။
သူလည်း ရှီဟောင်နောက်သို့ လိုက်လာကာ သူတို့နှစ်ဦး ခပ်ဝေးဝေးရှိတောင်ကြောထဲသို့ ဝင်သွားလိုက်ကြသည်။
“အဲဒီ ကောင်းကင်နတ်ဘုရားသစ်ပင် ဘယ်မှာလဲ..” ရှီဟောင် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ဤနေရာ၌ ရှေးဟောင်းသစ်ပင်တစ်ပင်ရှိခဲ့သည်ပင်။ သူ့အမြင်တွင် ဤသစ်ပင်မှာ နတ်ဆေးပင်များထက်ပင် ပို၍အဖိုးတန်သည်။
မသေသေးသည့်စစ်သူရဲ ဘာမှမပြောပဲ ရှီဟောင်နောက်မှသာ လိုက်သွားလိုက်သည်။
သို့သော်လည်း ဤလူငယ်လေးမှာ အနည်းငယ် မယုံကြည်စရာကောင်းသည်ဟု သူခံစားနေရသည်။ အခုလေးတင် သူ တစ်ဖက်လောက မကောင်းဆိုးဝါးအိုကြီးတွေကို သတ်မယ်လို့ ဆူဆူညံညံတွေ အော်ဟစ်နေခဲ့တာမဟုတ်ဘူးလား .. အခု သူကဘာလို့ သစ်ပင်တစ်ပင်ကို ရှာနေတာလဲ..
“လမ်းကြုံလို့ စစ်ကြည့်တာပါ .. ငါတို့ယူသွားနိုင်ရင် ဒါက ပြိုင်ဘက်ကင်းတဲ့ တာအိုအသီးအပွင့်တွေ ဖြစ်လာမှာ..” ရှီဟောင် တံတွေးများပင် စီးကျလာတော့မည်။
သူဤသစ်ပင်ကို နည်းနည်းတော့ လိုချင်မိသည်။ သူ ကောင်းကင်နတ်ဘုရားသစ်ပင် လေးပင်ရသွားသည်နှင့် လေးပင်ကိုတစ်ပင်အဖြစ် ပေါင်းစည်းလိုက်လျှင် ထာဝရအသက်ရှည်ဆေးပင်ရလာမည်ပင်။
ထိုအချိန်ကျလျှင် သူ၏တန်ဖိုးမှာ ခန့်မှန်း၍မရနိုင်လောက်အောင်ပင် ဖြစ်လာလိမ့်မည်။ ထိုသစ်ပင်လည်း ကောင်းကင်ထာဝရသစ်ပင်ဖြစ်သွားမည်ပင်။
ကောင်းကင်နတ်ဘုရားအပင်မှ သစ်သီးများကို စားလိုက်သည်နှင့် ကျင့်ကြံစရာမလိုပဲ ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်သွားလိမ့်မည်။
လေးပင်ကိုတစ်ပင်အဖြစ် ပေါင်းစည်းလိုက်လျှင်လည်း ဆေးစွမ်းမှာ ဤထက်တော့ နည်းမည်မဟုတ်။ အဆပေါင်းများစွာပင် ပေါက်ကွဲထွက်လာလိမ့်မည်။
ကောင်းကင်ထာဝရသစ်ပင်၏အသီးများမှာ ရှားပါးသည့်အဆင့်လွန်ရတနာများဖြစ်ပြီး သိပ်များများစားစားပေါ်မလာခဲ့ဖူးပေ။ ဤအသီးကို စားလိုက်သည်နှင့် ထာဝရသက်ရှိအစစ်ဖြစ်သွားနိုင်သည်ဟုသော ဒဏ္ဍာရီများလည်း ရှိနေသည်ပင်။
ဤသည်မှာ မည်မျှပင် လက်မခံနိုင်စရာကောင်းသည့်စွမ်းအားဖြစ်သနည်း..
“ဟေး သစ်ပင်အိုကြီး ထတော့ .. ခင်ဗျားညီက ဟိုးမှာရှိနေတာ .. ကျုပ်ကိုကူရှာပေးဦး”
ရှီဟောင် စိတ်လှုပ်ရှားနေမိသည်။ သူ အိုးတစ်အိုးထုတ်လိုက်ပြီး ထိုအိုးထဲတွင် ရွှေရောင်တောက်ပနေသည့်အပင်တစ်ပင်ရှိနေသည်။
ဤသည်မှာ ထာဝရရှေးဟောင်းအကြွင်းအကျန်တွင် စီရင်စုသုံးထောင်မှ လူငယ်ကျင့်ကြံသူများနှင့် လုထားသည့် သစ်ပင်ပင်။
ဤအိုးထဲတွင်ရှိနေသည့်မြေကြီးများလည်း သာမန်မြေကြီးမဟုတ်။ အလုံးစုံသက်ရှိမြေကြီးပင်။ ဤမြေကြီးသည် ဘဝများပျက်စီးခြင်းကို ကာကွယ်ပေးနိုင်သလို ဘဝများကိုလည်း ဖန်တီးပေးနိုင်သည်။ ထာဝရဘုရင်များ သေဆုံးသွားသည်နှင့် ဤကဲ့သို့သော မြေကြီးတွင် မြှုပ်နှံကြသည်ဟု ပြောကြသည်။
အဘယ်ကြောင့်ဆိုသော် အကြွင်းအကျန်ရှိသေးသရွေ့ နှစ်ပေါင်း သန်းပေါင်းများစွာကြာသွားသည်နှင့် သူတို့ ဘဝအသစ်တစ်ခု ရနိုင်ချေရှိသည်။ သို့သော် ထိုအချိန်ကျလျှင် သူတို့ယခင်ပုံစံအတိုင်း ဖြစ်ချင်မှ ဖြစ်လိမ့်မည်။
သူတို့ အရင်လူ ပြန်ဖြစ်နိုင်သည့်အခွင့်အရေးလည်း ရှိသည်ပင်။ အနည်းဆုံးတော့ သူတို့ခန္ဓာကိုယ် ပြောင်းလဲသွားမည်မဟုတ်။
အတိုချုပ်ပြောရမည်ဆိုလျှင် ဤမြေကြီး၏တန်ဖိုးမှာ အံ့အားသင့်စရာကောင်းလောက်အောင် မြင့်မားလှသည်ပင်။
ယခင်က ရှီဟောင် ကောင်းကင်နတ်ဘုရားသစ်ပင်ကို ယူနိုင်ခဲ့ခြင်းမှာ ဤအလုံးစုံသက်ရှိမြေကြီးကြောင့်ပင်။
ကောင်းကင်နတ်ဘုရားသစ်ပင် အပြည့်အဝ နိုးမလာမှီတွင် ဘေးဘက်တွင်ရှိနေသည့် မသေသေးသည့်စစ်သူရဲမှ အရင်ဆုံးတုံ့ပြန်လာသည်။ ထိုစစ်သူရဲသည် အလုံးစုံသက်ရှိမြေကြီးကို စိုက်ကြည့်ပြီး သူ့ထံမှ အံ့အားသင့်စရာကောင်းလှသည့် အနက်ရောင်မြူလှိုင်းကြီး ထွက်ပေါ်လာသည်။
သူ၏ငွေရောင်မျက်ဆံမှာ အကွဲကြောင်းကဲ့သို့ ကျဉ်းမြောင်းသွားပြီး ဓားဖျားကဲ့သို့ ထက်ရှလာသည်။ ထို့နောက် သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ တစ်လှမ်းတည်းဖြင့် အလုံးစုံသက်ရှိမြေကြီးကို လုယူရန် ကြိုးစားလာသည်။
“ခင်ဗျား ဘာလုပ်ချင်နေတာလဲ..” ရှီဟောင် အမြန်နောက်ဆုတ်လိုက်ပြီး ထိုအိုးကို ဖက်ထားလိုက်သည်။ သူသည် ထာဝရဓားကိုမြှောက်ကာ သတိအနေအထားဖြင့် နေလိုက်သည်။
“သင်္ချိုင်းမြေ .. မင်း ဒါကို ဘယ်ကနေ ရခဲ့တာလဲ..” မသေသေးသည့်စစ်သူရဲ တီးတိုးမေးလိုက်သည်။ သူ၏အသံမှာ ကြမ်းရှနေသည်ပင်။ သူတို့နှစ်ဦးသည် နတ်စိတ်ဝိညာဉ်ဖြင့် ဆက်သွယ်ရခြင်းဖြစ်သော်လည်း ကံကောင်းစွာဖြင့် သူတို့ တစ်ယောက်နှင့်တစ်ယောက် နားလည်နိုင်နေသေးသည်။
ရှီဟောင် အနည်းငယ်ဆွံ့အသွားရ၏။
သူခေါင်းငုံ့ကာ သူ့လက်ထဲမှ အမှုန်လေးများကို ကြည့်လိုက်သည်။ ဤသည်မှာ ထာဝရဘုရင်များကို မြှုပ်နှံသည့် နာမည်ကြီး အလုံးစုံသက်ရှိမြေကြီးပင်။
“ဒီမြေကြီးက သက်ရှိတွေအားလုံးကို ပျိုးထောင်နိုင်တယ် .. ဘဝအသစ်တွေ ဖန်တီးနိုင်တယ် .. သူ့မှာ မူလခေတ်က အသက်စွမ်းအင်တွေပါနေတာ ဘယ်လိုလုပ် သင်္ချိုင်းမြေဖြစ်နိုင်မှာလဲ..” ရှီဟောင် သံသယဖြင့်မေးလိုက်သည်။
“အဖိုးအတန်ဆုံး သင်္ချိုင်းမြေနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတစ်ခုရှိတယ် .. မင်းမှာ အဲဒီမြေကြီးတွေ ရှိနေတယ်..” မသေသေးသည့်စစ်သူရဲ၏မျက်ဝန်းမှ နတ်အလင်းတန်းများ တောက်ပလာသည်။ သူ့အနောက်ဘက်တွင်ရှိနေသည့် ပျက်စီးနေသည်အတောင်ပံမှ အနက်ရောင်မြူများလည်း ထွက်ပေါ်လာသည်။
သူသည် အမှောင်ထုထဲ၌ မိုးထိုးနေပြီး ရှီဟောင်ပင် သူ၏ပုံစံအစစ်ကို မမြင်ရ။
ရှီဟောင် ကောင်းကင်မျက်လုံးကိုလည်း လက်လွတ်စပယ်မသုံးရဲ။ မကောင်းသည့်တုံ့ပြန်မှုများ ရှိလာမည်စိုးသောကြောင့်ပင်။
ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။ ထာဝရဘုရင်တွေကို မြှုပ်တဲ့အလုံးစုံသက်ရှိမြေကြီးက ရှေးဟောင်းသင်္ချိုင်းမြေက လာတာလား.. ဒါက ထူးခြားတဲ့သင်္ချိုင်းမြေလား..
“ခဏ..” ကိစ္စများစွာကို တွေးမိသွားပြီးနောက် ရှီဟောင် ခေါင်းကိုက်လာရသည်။ ဤသတင်းမှာ အနည်းငယ် ထိတ်လန့်စရာကောင်းနေသည်။
ဤသည်မှာ ရှေးဟောင်းသင်္ချိုင်းမြေသည် သီးသန့်ဖြစ်တည်နေသည့်နေရာမဟုတ်ပဲ အပြင်လောကနှင့် ဆက်သွယ်နေပြီဟု ဆိုလိုခြင်းပင်။
“အဲဒီ ထာဝရဘုရင်တွေက အားကုန်သွားရင် သူတို့ကိုယ်သူတို့ မြှုပ်ဖို့ အလုံးစုံသက်ရှိမြေကြီးကိုရှာတာက .. သူတို့ မသေသေးတဲ့စစ်သူရဲတွေ ဖြစ်ချင်လို့လား..”
ရှီဟောင် ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
“မဖြစ်နိုင်တာ.. ငါ့လူမျိုးစုမဟုတ်ရင် သူတို့ မသေသေးတဲ့စစ်သူရဲမဖြစ်နိုင်ဘူး..” မသေသေးသည့်သက်ရှိမှ အေးစက်စွာပင်ငြင်းဆိုလိုက်သည်။
“ခင်ဗျားတို့က သေပြီးသားမဟုတ်ဘူးလား .. တကယ်လူမျိုးစုတစ်ခုလား..” ရှီဟောင် မျက်လုံးများ ပြူးကျယ်သွားရသည်။
မသေသေးသည့်စစ်သူရဲ သူ့အား အေးစက်စွာ ကြည့်လိုက်၏။ သူ့အား ဤကဲ့သို့ မလေးမစားခေါ်လိုက်သောကြောင့် သူမကျေမနပ်ဖြစ်သွားရသည်။ သူ၏တိတ်ဆိတ်မှုမှာ သူတို့သေလူမဟုတ်ကြောင်း ပြောနေခြင်းပင်။
“ခင်ဗျား နည်းနည်းလောက် စိတ်လျော့ပါဦး..” ရှီဟောင် လက်ဝေ့ရမ်းလိုက်သည်။
“ဟေ့ကောင်လေး .. မင်းငါ့ကို ဘာလို့ခေါ်တာလဲ .. ဒီအလောင်းကဘာလို့ လမ်းလျှောက်နေနိုင်တာလဲ .. သူ့ရဲ့ ကြွင်းကျန်နေတဲ့အမုန်းတရားကို ရှင်းပေးဖို့ ကူညီပေးနေတာလား..”
အချိန်အတော်ကြာပြီးနောက် ထိုကောင်းကင်နတ်ဘုရားသစ်ပင်အိုကြီးသည် လူရှုပ်လူပေပုံစံဖြင့် ပြောလာလေသည်။
ထိုအချိန်မှ ရှီဟောင် အသိပြန်ဝင်လာလေ၏။ “ခင်ဗျားညီအစ်ကိုဒီမှာ ခင်ဗျား သူ့ကိုခေါ်လို့ရလား..”
ဤနေရာ၌ ကောင်းကင်နတ်ဘုရားသစ်ပင်တစ်ပင်ရှိနေကြောင်း ရှီဟောင် ပြောပြလိုက်သည်။
“ဝိုး .. ဒီနားမှာ မူလအမြစ်ရှိတာ ငါခံစားလို့ရတယ် .. ရင်းနှီးနေတဲ့အော်ရာတစ်ခု ရနေတယ် .. ငါစမ်းကြည့်မယ်..” သစ်ပင်အိုကြီး ရေရွတ်လိုက်ကာ သူ၏သစ်ကိုင်းများနှင့် သစ်ရွက်များ လှုပ်ရမ်းလာသည်။ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ထူးဆန်းသည့်အော်ရာတစ်ခု ချက်ချင်းပျံ့လွင့်လာသည်။
ခဏကြာပြီးနောက် သူတို့ သိပ်မမြင့်သည့်သစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ထိုသစ်ပင်သည် မီးတောက်ကဲ့သို့ နီရဲနေကာ သစ်ရွက်များမှာ ဇာမဏီငှက်ပျံသန်းနေသည့်ပုံပင်။
ကောင်းကင်နတ်ဘုရားသစ်ပင်များမှာ အရောင်မတူကြ။ ဤတစ်ပင်မှာ အနီရောင်ပင်။ ထို့အပြင် ဤအပင်မှာ သူထင်ထားသလောက်မကြီး။
သို့သော် သူ၏အော်ရာမှာ ရှီဟောင်လက်ထဲတွင်ရှိနေသည့်အပင်ထက်တော့ မနိမ့်။
ယခင်က ဤရွှေရောင်သစ်ပင်ကို တွေ့သည့်အချိန်က ဤသစ်ပင်၏ထိပ်ဖျားသည် ကောင်းကင်ထက်သို့ ဦးမော့နေကာ တောင်တစ်လုံးထက်ပင် ကြီးမားသေးသည်။ ယခု သူ အရွယ်အစားကျုံ့ထားကာ အိုးထဲ၌ နေနေခြင်းပင်။
“ညီအစ်ကို .. အိမ်ပြန်လာခဲ့တော့ .. မပြေးနဲ့..” ရွှေရောင်သစ်ပင်မှ အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် နီရဲနေသည့်ရှေးဟောင်းသစ်ပင်သည် ရွှေရောင်သစ်ပင်ကိုတွေ့သည်နှင့် တစ်ဖက်လှည့်ကာ ထွက်ပြေးသွားသည်ပင်။ သူ၏အမြစ်များမှာ ခြေထောက်များကဲ့သို့ဖြစ်သွားပြီး တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးသွားလေသည်။
တောင်များ၊ မြစ်များနှင့် မြေအောက်အကြောများလည်း သူ့အား ပံ့ပိုးပေးထားသောကြောင့် သူ၏အရှိန်မှာ ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းထက်ပင် ပိုမြန်သေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူပျောက်ကွယ်သွားသည်။
“သင်္ချိုင်းမြေက အဲဒီဟာကြီးနဲ့ အတူတူလျှောက်လာတာကြီးကို .. ဒီလူအိုကြီးကိုလာပြီးတော့ အရူးလုပ်မနေနဲ့..” ခပ်ဝေးဝေးမှ အသံထွက်ပေါ်လာသည်။
ဤသည်ကို ကြားလိုက်ရသည်နှင့် ရှီဟောင်ခေါင်းကိုက်သွားရသည်။ ဤသစ်ပင်လည်း ဘာမှကောင်းကျိုးမပေးဘူးဟု သူခံစားလိုက်ရသည်။
ဤကောင်းကင်နတ်ဘုရားသစ်ပင်သည် ရှေးဟောင်းသင်္ချိုင်းမြေနှင့် ကပ်လျက်ရှိနေသည့် တောင်တန်း၌ အမြစ်တွယ်နေခြင်းဖြစ်သောကြောင့် သူ မသေသေးသည့်စစ်သူရဲအကြောင်း သိမည်ပင်။ သူ ဤကဲ့သို့သော ထူးဆန်းသည့်သတ္တဝါများကို မကြိုက်သည်မှာ သိသာလှသည်။
“သူ့နောက်လိုက်..”
အိုးထဲတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားသစ်ပင်မှာ ရှီဟောင်ထက်ပင် ပို၍စိုးရိမ်နေသေးသည်။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူကိုယ်တိုင် အိုးထဲမှ ထွက်ကာ လိုက်ရန်ပြင်လိုက်သည်။
“လျှောက်မလုပ်နဲ့ .. ငါပဲ သူ့နောက်လိုက်,လိုက်မယ်..” ရှီဟောင် ဤအပင်ကို လျှောက်မသွားခိုင်းရဲ။ သူ အရှေ့မှအပင်ကို မရပဲ ဒီတစ်ပင်ကိုလည်း ဆုံးရှုံးရမည်ဆိုလျှင် ဤသည်မှာ ဆိုးရွားသွားလိမ့်မည်။
“ဟမ် .. နတ်သစ်ပင်တစ်ပင် .. ဒီအပင်က ပြေးနိုင်တာလား .. မြန်မြန်တားလိုက်..”
ထိုအချိန်တွင် အရှေ့ဘက်မှ အော်သံများ ထွက်ပေါ်လာသည်။ တစ်ဖက်လောကမှ သတ္တဝါတစ်စု တောင်အတွင်းပိုင်းသို့ ရောက်လာကာ ထိုသစ်ပင်အိုကြီးကို ပိတ်ရပ်လိုက်ကြလေသည်။
ယခုတစ်ခေါက်တွင်တော့ လူငယ်ချည်းပဲမဟုတ်။ အကြီးအကဲနှစ်ယောက်လည်းပါသည်။ သူတို့သည် စွန့်စားကာ နတ်ဆေးတောင်တန်းထဲသို့ ဝင်လာခဲ့ကြခြင်းပင်။
“သစ်ပင်အိုကြီး မကြောက်နဲ့ .. ငါမင်းကို လာကယ်မယ်..” အနောက်ဘက်မှ ရှီဟောင် အော်ဟစ်လိုက်သည်။
“ဟွမ် .. တကယ်ဟွမ်ပဲ .. သူ့နောက်လိုက်..”
“ဟား ဟား .. ငါတို့က အခုမှ သူ့ကိုရှာတာ .. သူက သူ့ဘာသာသူ ရောက်လာပြီ .. မျက်လုံးကိုးလုံးတာအိုဆရာ ဒီမှာရှိနေတာ .. သူ့ကိုဖမ်းတာက လက်ကို ဟိုဘက်ဒီဘက်လှန်သလို လွယ်လွယ်လေးပဲ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ခင်ဗျားတို့ အသက်ကို မလိုချင်တော့လို့ ဒီထဲရောက်လာကြတာလား..” ရှီဟောင် ပြောရင်း သူတို့အနားသို့ ဦးတည်သွားလိုက်သည်။
တစ်ဖက်လောကမှ သတ္တဝါများအားလုံး အေးစက်စွာ ရယ်မောလိုက်ကြသည်။ ရွံရှာသလိုအကြည့်များနှင့်အတူ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပျံ့လွင့်လာသည်။ ရှီဟောင် တောအုပ်ထဲမှ တရှိန်ထိုးပြေးထွက်လာသည်ကို လူသေကိုကြည့်နေသကဲ့သို့ ကြည့်လိုက်ကြလေသည်။
“ဒါလည်းကောင်းပါတယ် .. ငါမင်းကို အရင်သတ်မယ် .. ဒီတစ်ခေါက်လာတဲ့သူတွေအကုန်လုံးကို မြေမြှုပ်ပေးမယ် .. အနောက်ဘက်မှာ သတင်းကောင်းစောင့်နေတဲ့သူတွေကို အံ့အားသင့်စရာကောင်းတဲ့ သတင်းကောင်းလေးရသွားအောင် လုပ်ပေးလိုက်တာပေါ့..” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။
အပိုင်း ၁၆၅၀ ပြီး၏။