Switch Mode

Chapter – 247

မိုးကြိုးပစ်သံများ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၇ – မိုးကြိုးပစ်သံများ

ဤရက်ပိုင်းတွင် ကျန်းရှီ၌ တိတ်ဆိတ်ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်မည်မဟုတ်။ ဘုရင်မျိုးစုံ ရောက်ရှိနေသောကြောင့် အထိဂရုဏ်း အကြီးအသေးမှာ နေ့တိုင်းဖြစ်နေသည်။

ချူဖုန်း တစ်ညတည်းဖြင့် ဘုရင် ၁၀ ဦး သတ်သွားသည့်ကိစ္စမှာ အုတ်အော်သောင်းတင်းဖြစ်သွားခဲ့ပြီး လူများစွာမှာ သူ့အတွက် ရောက်လာကြခြင်းပင်။ လူသားဘုရင်များအပါအဝင် ရေအောက်မျိုးနွယ်စုမှ မောက်မာသည့်လူငယ်များနှင့် နတ်ဆိုးအိုများလည်း အချိန်နှင့်အမျှ ရောက်လာကြသည်။

ဤအတောအတွင်းတွင် ဒေါင်းဘုရင်နှင့် ကျောက်စိမ်းဂူကျောင်းဆရာ ပြင်းထန်စွာ တိုက်ခိုက်နေပြီး ဝူတန်းတောင်သခင်နှင့် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများလည်း ဓားရေးယှဉ်နေခဲ့ကြသည်။

ကျန်းရှီးမှာ မငြိမ်းချမ်းနိုင်သည့် နေရာဖြစ်နေလေပြီ။

ကျွမ်းကျင်သူများ ပေါ်လာသည်နှင့် တိုက်ပွဲများ ပိုစိပ်လာသည်။

သို့သော် ဤရှိုးပွဲ၏ အဓိကဇာတ်လိုက်မှာ မည်သည့်နေရာ၌ ရောက်နေသနည်း.. အားလုံး၏အကြည့်အောက်မှ ပျောက်ကွယ်သွားသည့် ဤလူအကြောင်းကို အားလုံး သိချင်နေကြသည်။

ယခုတော့ သူ့အရိပ်ကိုပင် မမြင်ရသည်မှာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ သူ သေသွားပြီဟုလည်း ပြောနေကြသည်ပင်။

ထိုတိုက်ပွဲပြီးနောက် သူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသောကြောင့် သူ လူမသိသူမသိသေနေလောက်ပြီဟုလည်း အချို့လူများ ယုံကြည်နေကြသည်။

သူ တိတ်တဆိတ် အသတ်ခံလိုက်ရပြီဟု ထင်နေသည့်လူများလည်း ရှိနေသည်ပင်။ သူ၏အသက်ရှူစည်းချက်ပညာကို လျှို့ဝှက်ချက်တစ်ခုအဖြစ် သိမ်းထားချင်သည့် လူများလည်း မရှားလှ။

“ထာဝရချူ .. ခင်ဗျား တကယ် သေသွားတာတော့ မဟုတ်ဘူးမလား..”

အင်တာနက်ပေါ်၌ ဆွေးနွေးမှုပေါင်းစုံ ဖြစ်ပေါ်နေပြီး အားလုံးမှာ မတူညီသည့် ထင်မြင်ယူဆချက်များ ပေးနေကြသည်ပင်။

အချို့လူများကတော့ ချူဖုန်းသည် ဒဏ်ရာပြင်းထန်သောကြောင့် သူ့ဒဏ်ရာများကို ကုသရင်း တစ်နေရာရာ၌ ပုန်းနေခြင်းဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်ထားကြသည်။ အဆိုးမြင်သည့်သူများကတော့ သူ သေသွားပြီဟု ထင်နေကြသည်ပင်။

“ခင်ဗျားက သူ့ကို တကယ့်နတ်ဘုရားအစစ်လို့ ထင်နေတာလား .. သူက အသွေးအသားနဲ့လူတစ်ယောက်ပဲ .. သူ့မှာ အောင်မြင်မှုလေး နည်းနည်းလေးရှိတာနဲ့ သူ့ကို မြှောက်ပင့်မနေနဲ့”

လူအမျိုးမျိုး စိတ်အထွေထွေရှိနေကြပြီး မကောင်းသည့်ရည်ရွယ်ချက်ရှိသည့်သူများမှာ ကြားမကောင်းသည့်စကားများကို ပြောလာလေ၏။

ချူဖုန်းနှင့် ရန်ငြိုးရှိသည့် သားရဲမျိုးနွယ်စုများကတော့ ရှေ့ထွက်လာကာ ချူဖုန်းကို လှောင်ပြောင်လာလေ၏။

ထိုထဲတွင် ချူဖုန်း၏ ရန်သူဟောင်းများဖြစ်သည့် ရွှေရောင်လင်းယုန်နှင့် မီးခိုးပြာဝံပုလွေမျိုးနွယ်စုတို့ကတော့ အတက်ကြွဆုံးပင်။

“နတ်ဆိုးဘုရင်ချူ နောက်ဆုံးတော့ ဝဋ်လည်သွားပြီ .. သေသွားလည်းကောင်းတာပဲ .. ကျန်းရှီက ဘုရင်တွေကို ကျေးဇူးတင်ပါတယ် .. အဲဒီညက သူတို့တွေ တော်တော်ကြိုးစားခဲ့ရလောက်တယ်..”

မီးခိုးပြာဝံပုလွေသည် အတော်လေး ခမ်းခမ်းနားနား အောင်ပွဲခံနေကြသောကြောင့် လူအများ၏ အာရုံစိုက်မှုကို ရရှိလာသည်။

လူအများစု သူတို့ကို ဒေါသထွက်ကြသော်လည်း သူတို့ ဘာမှမတတ်နိုင်။ အဘယ်ကြောင့်ဆိုသော် မီးခိုးပြာဝံပုလွေလူမျိုးစုသည် ဒေါင်းဘုရင်နယ်နမိတ်ထဲသို့ ဝင်ရောက်သွားကြပြီးဖြစ်သည်။

“ကံမကောင်းစွာနဲ့ ငါတို့ ဒေါင်းဘုရင်ရဲ့ အားထုတ်မှုက အလကားဖြစ်သွားတာပဲ .. သူ တောင်ဘက်ပိုင်းကို သွားခဲ့ပေမယ့် ချူဖုန်းက သေသွားပြီ” ဒေါင်းမျိုးနွယ်စုမှ လူတစ်ယောက်သည် သူတို့ဒေါင်းဘုရင် မလှုပ်ရှားလိုက်ရသည်ကို ဝမ်းနည်းသည့်ပုံစံဖြင့် ပြောလာသည်။

“ဟက်.. ဒေါင်းဘုရင်က ဘယ်လိုအဆင့်မျိုးလဲ .. ချူဖုန်းလိုလူက အကြီးအကဲတွေကိုယ်တိုင်လှုပ်ရှားရလောက်အောင် အရည်အချင်းရှိလို့လား .. သူ သေသွားတာလည်း ကောင်းတာပဲ .. မဟုတ်ရင် လူတွေက ဒေါင်းဘုရင် အနိုင်ကျင့်တယ်လို့ ပြောနေကြဦးမယ်”

ဤစကားများကို ပြောလိုက်သည့်သူမှာ သားရဲမျိုးနွယ်စုများပင်။ ထိုလူများထဲတွင် ထိုည၌ ချူဖုန်းအား တိုက်ခိုက်ခဲ့သည့်သူများပင် ပါဝင်နေသေးသည်။

သူတို့လိုချင်နေသည်မှာ ချူဖုန်း၏ အသက်ရှူစည်းချက်ပညာဖြစ်သော်လည်း ဒေါင်းဘုရင်ကို မြှောက်ပင့်ခြင်းမှာလည်း သူတို့၏ ပန်းတိုင်တစ်ခုပင်။

“မုန်းစရာကောင်းလိုက်တာ .. ဒါတွေက ဘယ်လိုစကားတွေလဲ .. ချူဖုန်း တကယ်သေသွားပြီဆိုရင်တောင် မင်းတို့တွေ ဒီလိုပြောဖို့လိုလို့လား..” လူများစွာ မပျော်မရွှင် ပြောလာကြသည်။

“မင်းတို့တွေ အမှန်တရားကို လက်မခံနိုင်ဘူးလား .. အဲဒီနေ့က သူ့ဒဏ်ရာတွေ ဘယ်လောက်ပြင်းလဲဆိုတာ မင်းတို့လည်း မြင်လိုက်တာပဲ .. သူ့ဆံပင်တွေ စုတ်ပြတ်နေပြီး တစ်ကိုယ်လုံး သွေးတွေ စိုရွှဲနေမှတော့ သူ့ရဲ့ ခမ်းနားတဲ့အောင်မြင်မှုနဲ့ တစ်ညတည်းနဲ့ ဘုရင် ၁၀ ယောက်ကို သတ်ခဲ့တာတွေက ဘာလုပ်လို့ရတော့မှာလဲ .. သောက်ချီးထာဝရချူပဲ..”

လူတစ်ယောက် ချူဖုန်းကို ရိုင်းပျစွာ မလေးမစား လှောင်ရယ်လာသည်။

“ခင်ဗျား ဘယ်သူလဲ .. ခင်ဗျားက ဘာမို့လို့ ချူဖုန်းကို လာပြီးသရော်နေတာလဲ.. အဲဒီလိုသရော်လိုက်လို့ ခင်ဗျားဘာရလဲ .. ခင်ဗျား မစဉ်းစားပဲ လျှောက်ပြောမနေနဲ့..” လူအချို့ ဒေါသထွက်လာကြသည်။

သူ ရဲတင်းခြင်းလား သို့မဟုတ် တမင်သက်သက်လုပ်ခြင်းလားဆိုသည်ကို မည်သူမှ မသိနိုင်။ သို့သော် သူ့တည်နေရာကိုတော့ အားလုံး မြင်လိုက်ရသည်။ မိန်တောင်ကြော ကျန်းရှီ..

“မိန်တောင်ကြောက မြေးလေး .. လူစကားကို ဘယ်လိုပြောရမလဲဆိုတာ သိလား .. အမှိုက်စကားတွေ လာပြောမနေနဲ့တော့ .. မင်းစိုက်ပျိုးထားတာကို မင်းပြန်ရိတ်သိမ်းရလိမ့်မယ်..” အချို့လူများ ခွန်းတုံ့ပြန်လာသည်။

“မိန်တောင်ကြောကိုသွားပြီးတော့ ဒီကောင်ကို ရှင်းပစ်ချင်တဲ့ ထာဝရသူရဲကောင်းများ မရှိကြဘူးလား .. မိန်တောင်ကြောကို သားရဲမျိုးနွယ်စု ရသွားပြီလို့ကြားတယ် .. သူက အဲဒီညက ချူဖုန်းကို တိုက်ခိုက်ခဲ့တဲ့သူတွေထဲတောင် ပါနိုင်တယ်..” တစ်စုံတစ်ယောက် ကောက်ချက်ချလိုက်သည်။

“ဘာလဲ .. အနာထိတော့ စပ်သွားတာလား.. ငါ ပြောချင်တာ ပြောမှာပဲ .. မင်း ဘာလုပ်မှာလဲ .. ဟား ဟား .. ကောင်းကင်ဘုံက င့ါကိုရိုက်နှက်နိုင်မလား ကြည့်ကြသေးတာပေါ့ .. အမှန်အတိုင်းပြောရရင် ဒီဘုရင်ကြီးက အဲဒီညတိုက်ပွဲမှာ ပါခဲ့ပြီးတော့ ချူဖုန်း တစ်ပိုင်းသေပြီး အခြေအနေဆိုးရွားနေတာကို ကိုယ်တိုင် မြင်လိုက်ရတာ .. ငါ သူ့ကို တိုက်ခိုက်ခဲ့ပေမယ့် သူ ကံကောင်းပြီး လွတ်သွားတယ် .. သူက ဘာကောင်မှမဟုတ်ဘူး ပြီးတော့ သေချာပေါက်ကို သေမှာပဲ..”

ဤကဲ့သို့သော တုံ့ပြန်မှုမှာ လူများစွာကို ဒေါသထွက်စေခဲ့သည်။

“ဒီလိုမကောင်းတဲ့လူမျိုးက သူ့စားရိတ်နဲ့သူ သွားမှာပဲ .. ကောင်းကင်ဘုံက သေချာပေါက် မင်းကို သတ်လိမ့်မယ်..”

“သူက သေချာပေါက် သားရဲမျိုးနွယ်စုကပဲ .. ချူဖုန်းကို တိုက်တုန်းက သူ တကယ်ပါလောက်တယ် .. ဘာလို့လဲဆိုတော့ မိန်တောင်ကြောကို သားရဲမျိုးနွယ်စုနတ်ဆိုးတွေ သိမ်းပိုက်ထားတာ .. ချူဖုန်းကို ထိခိုက်အောင်လုပ်ခဲ့တဲ့သူတွေကို ကောင်းကင်ဘုံကြီးက အပြစ်ပေးဖို့ ငါတကယ် မျှော်လင့်တယ်”

လူများစွာ သူမည်သူဖြစ်သည်ကို ခန့်မှန်းနေကြပြီး အများစုမှာ သူသည် မိန်တောင်ကြောမှ ကျီးနပ်ဘုရင်ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။

သူသည် မျိုးနွယ်စုတူသည့် ရွှေရောင်ကျီးနန်းနှင့် ဆက်စပ်နေလိမ့်မည်ဟု လူအများ ထင်ကြေးပေးနေကြသည်။

မိန်တောင်ကြောတွင်ရှိနေသည့် ကျီးနက်ဘုရင်မှာ ချွေးစေးပြန်နေသည်။ လူသားဖုန်းများကို သူ သိပ်မကျွမ်းကင်သေးပေ။ ထို့နောက်တွင်တော့ သူ အင်တာနက်ပေါ်၌ စာအချို့တင်မိသွားသည်ကို သူ တွေ့လိုက်ရသည်။

သို့သော် သူ မကြောက်။ အဘယ်ကြောင့်ဆိုသော် သူသည် ရွှေရောင်ကျီးကန်းနှင့် အမျိုးနီးပြီး ဤပြိုင်ဘက်ကင်းဘုရင်၏ အကာအကွယ်အောက်၌ ရှိနေသည်ပင်။

သူ ထိုည၌ ဝင်တိုက်ခြင်းမှာလည်း ရွှေရောင်ကျီးကန်းဘုရင် အမိန့်ပေးသောကြောင့်ပင်။ သူသည် ဒေါင်းဘုရင်ကိုကူညီကာ ချူဖုန်းကို သတ်ပစ်ရန် အမိန့်ရခဲ့သည်ပင်။

ထိုညတိုက်ပွဲ၌ သူ များစွာအားစိုက်ထုတ်ခဲ့ပြီး သူ့စိတ်အားထက်သန်မှုကို ပြသခဲ့သည်။

“ချူဖုန်း .. မင်း တကယ်ပဲ ကံဆိုးသွားခဲ့တာလား .. မင်း အဆင်ပြေနေဖို့ မျှော်လင့်တယ် .. မကြာခင်ပြန်ပေါ်လာပြီးတော့ ဒီမောက်မာနေတဲ့သားရဲတွေကို သင်ခန်းစာတစ်ခုလောက် လာပေးပေးပါ”

“ထာဝရချူ .. ခင်ဗျား အသက်ရှင်လျက် ပြန်ရောက်လာပြီးတော့ အရသာရှိတဲ့အစားအသောက်စာရင်းကို အသစ်ပြန်ပြင်ဖို့ မျှော်လင့်မိတယ် .. အဲဒီသားရဲမျိုးနွယ်စုတွေက အရမ်းမုန်းဖို့ကောင်းတယ် .. သူတို့တွေ အစားခံရသင့်တယ်..”

ချူဖုန်း တောတောင်များကို ဖြတ်လာကာ သူ့ဖုန်းမှတစ်ဆင့် လမ်းတစ်လျှောက် သတင်းအသစ်များကို စစ်ဆေးလာခဲ့သည်။

ဖိုရမ်ပေါ်၌ သားရဲတစ်ကောင် သူ့ကို ဆဲဆိုနေသည်ကို ချူဖုန်း တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။

“မိန်တောင်ကြောဟုတ်လား..” ချူဖုန်း အံ့အားသင့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူ ယခုလေးတင်မှ ထိုနေရာကို ဖြတ်လာခဲ့ခြင်းပင်။ ကြည့်ရသည်မှာ သူ ဝင်ကြည့်သင့်သည်ထင်သည်..

“ကျီးကန်း .. ခင်ဗျားကတော့ မိုးကြိုးပစ်ခံရတော့မယ်..” သူ မှတ်ချက် ပြန်ရေးလိုက်သည်။

ဤသားရဲဘုရင်မှာ ကျီးကန်းဖြစ်လိမ့်မည်ဟု သူ ထင်သည်။ သူသည် ထိုညတိုက်ပွဲ၌ ပါဝင်ခဲ့သော်လည်း အမှောင်ထုထဲ၌ ပုန်းကွယ်ကာ အဝေးမှသာ တိုက်ခိုက်ခဲ့သည်။ သူ၏သတ္တိကြောင်မှုကြောင့် ထိုညက လွတ်မြောက်ခဲ့ခြင်းပင်။

“ငါက မင်းတို့အုပ်စုကို လိုက်ရှာနေတာကို မင်းက ဒီလိုမျိုး ပေါ်ပေါ်ထင်ထင် သရော်ရဲတယ်ပေါ့ .. ငါ မင်းကို အရင်သတ်ရတာပေ့ါ..” ချူဖုန်း အရှိန်တင်လိုက်ကာ လျှပ်စီးတစ်စင်းကဲ့သို့ ပြေးထွက်သွားလိုက်ကာ မိန်တောင်ကြောထဲသို့ ဝင်သွားလိုက်သည်။

မိန်တောင်ကြောကို လုတောင်လေးဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် မိန်တောင်ကြောတွင် မြင့်မားလှသည့် တောင်များနှင့် ထူထပ်လှသည့် တောအုပ်များ ရှိနေသည့်အပြင် ရေတံခွန်များလည်း အများအပြားရှိနေပြီး တစ်နှစ်ပတ်လုံး လှပနေသည်ပင်။

ဤတောင်ကြောကို ယခု ကျီးနက်ပိုင်ဆိုင်ထားပြီး သူ့မတိုင်ခင်တွင်တော့ လူဝံနက်ဘုရင်နှင့် စာကလေးသိမ်းငှက်တို့ ပိုင်ဆိုင်ခဲ့ကြသည်။ လူဝံနက်ကြီးမှာ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ထိုနယ်မြေတွင် စွမ်းအားကြီးသည့်သူ တစ်ဦးပင်။

သို့သော် တစ်ညတည်းဖြင့် လူဝံနက်ကြီးနှင့် စာကလေးသိမ်းငှက်တို့နှစ်ဦးလုံး အဆုံးသတ်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့နယ်မြေမှာ ကျီးနက်ဘုရင်လက်ထဲသို့ ရောက်သွားသည်။

သူသည် ပစ္စည်းများ ထုတ်ပိုးနေပြီး ထွက်ခွာရန် ပြင်ဆင်နေလေ၏။ သူသည် အလွန်သတိကြီးကာ ကျွမ်းကျင်သူအချို့ သူ့အား လာသတ်မည်ကို ကြောက်နေသည်ပင်။

သို့သော် သူ သိပ်တော့မလော။ အဘယ်ကြောင့်ဆိုသော် လူအချို့ ရောက်လာမည်ဆိုလျှင်ပင် သူ့တံခါးရှေ့ ရောက်လာရန်အတွက် အချိန်ယူရဦးမည်ပင်။

“နတ်ဆိုးဘုရင်ချူ တကယ်သေသွားဖို့ မျှော်လင့်တယ် .. တကယ်လို့ ကပ်ဆိုးကြီး ကြုံရမယ်ဆိုရင်တော့ သူ့အသက်ရှူစည်းချက်ပညာကို လက်လွှတ်လိုက်ရလည်း ရတယ်..” ကျီးနက်ဘုရင် အေးစက်စွာ ရယ်မောလိုက်သည်။

ဝုန်း..

ရုတ်တရက် မိန်တောင်ကြောတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ချူဖုန်း မြေပြင်ထက်မှ ခုန်လိုက်ပြီး မီတာပေါင်းတစ်ထောင်ကျော်မြင့်သည့် တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းလိုက်သည်။

ထိုတောင်ပေါ်သို့ ဆင်းလိုက်သည်နှင့် တောင်ထိပ်ကြီး ပြိုကွဲသွားသည်။

“ဘယ်သူလဲ..” ကျီးနက်ဘုရင် အံ့အားသင့်ကာ ထိတ်လန့်သွားရသည်။ သူ့မူလပုံစံကို ချက်ချင်းပြောင်းလိုက်ကာ ကောင်းကင်ထက်သို့ ပျံသန်းသွားလိုက်သည်။ သူဘာမှမတွေးတော့ပဲ အရင်ဆုံး ထွက်ပြေးရန် ပြင်လိုက်တော့သည်။

ကောင်းကင်ထက်သို့ တက်သွားပြီး မဖိတ်ခေါ်ထားသည့်ဧည့်သည်ကို တွေ့လိုက်ရသည်နှင့် သူ ထိုနေရာတွင်ပင် တောင့်ခဲသွားသည်။ ဒါက တကယ်ချူဖုန်းပဲ..

သူ့အရိုးများ အေးခဲသွားပြီး အတောင်ပံများကို လှုပ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားတော့သည်။

“တကယ် ခင်ဗျားဖြစ်နေတာပဲ” ချူဖုန်း ပြုံးလိုက်ကာ သူ့ဘယ်လက်ကို မြှောက်လိုက်ပြီး လျှပ်စီးအဆောင်ကို အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ညာလက်တွင်ကိုင်ထားသည့် ခရမ်းရောင်တူလည်း တောက်ပလာလေ၏။

ဤခရမ်းရောင်လျှပ်စီးတူမှာ ထိုညက သူ့ကို တိုက်ခိုက်ခဲ့သည့် လူသားကျွမ်းကျင်သူပိုင်သည့်ပစ္စည်းပင်။ ထိုပစ္စည်းမှာ ယခုအခိုက်အတန့်တွင် အသက်သွင်းခံလိုက်ရသည်။

“ချူဖုန်း .. မလုပ်နဲ့..” ကျီးနက်ဘုရင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ မိန်းတောင်ကြောမှ ထွက်ပြေးသွားလိုက်သည်။

သို့သော် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ ကျီးနက်တစ်ကောင်က ဘယ်လောက်မြန်မြန် လျှပ်စီးကို ဘယ်လိုလုပ် ကျော်နိုင်မှာလဲ..

ခရမ်းရောင်တူမှလည်း လျှပ်စီးများ ထွက်ပေါ်လာသည်။

ဝုန်း..

လျှပ်စီးတန်းတစ်ခု ကျီးနက်ဘုရင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်နှင့် ထိုငှက်၏ အမွေးအတောင်အားလုံး လောင်ကျွမ်းသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

ခွပ်..

ထို့နောက် လျှပ်စီးများကြားတွင် ကျီးနက်ဘုရင် နာကျင်စွာ အော်ဟစ်လိုက်လေ၏။ သူ့ခန္ဓာကိုယ်မှာ အနက်ရောင်အတုံးများအဖြစ် အပိုင်းပိုင်းဖြစ်သွားပြီး မြေပြင်ထက်သို့ ပြုတ်ကျလာသည်။ သူ ဆိုးရွားစွာ သေဆုံးသွားလေပြီ။

ချူဖုန်း သူ့ကို ထပ်ပင်မကြည့်တော့။ သူ ကျီးကန်းအသားကိုစိတ်မဝင်စား။ အဘယ်ကြောင့်ဆိုသော် ဤငှက်များသည့် ပုတ်ဆွေးနေသည့် အလောင်းများအား စားရသည်ကို နှစ်သက်ကြသည်ပင်။

ထိုအချိန်တွင် တိုက်ဆိုင်စွာပင် တိမ်မဲများ လှိုက်တက်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာလေ၏။

ချူဖုန်း အချိန်ဖြုန်းမနေပဲ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

ထိုနေ့တွင် မိန်တောင်ကြောနား၌ မိုးခြိမ်းသံ ထွက်ပေါ်လာပြီး လျှပ်စီးများ ထွက်ပေါ်လာသည့် သတင်းသာ အင်တာနက်တစ်ခွင်၌ ပျံ့နှံ့နေသည်။ အဓိကတောင်ထိပ်ပေါ်သို့ အလွန်ကြီးမားလှသည့် လျှပ်စီးတန်းတစ်ခု ကျရောက်သွားခဲ့သည်ပင်။

“ကျီးနက်ကို နတ်လျှပ်စီးတကယ်ထိသွားတာလို့တော့ မပြောနဲ့နော်..”

နောက်ဆုံး သန္ဓေပြောင်းသက်ရှိများစွာ တောင်ထိပ်ပေါ်သို့ တက်သွားလိုက်ကြလေ၏။ မထင်မှတ်စွာဖြင့် ကျီးနက်ဘုရင် သေဆုံးနေသည်ကို သူတို့တွေ့လိုက်ရပြီး သူသည် လျှပ်စီးဖြင့် ပစ်ချခံထားရသည်ပင်။

“အိုးမိုင်ဂေါ့ .. ငါတို့စကားတွေ တကယ်ဖြစ်လာပြီ .. အဲဒီကျီးကန်ဘုရင်က တကယ် မိုးကြိုးပစ်ချခံလိုက်ရတာ..”

ဤကိစ္စ ပွက်လောရိုက်သွားကာ လူအများစု ဆွံ့အသွားကြရသည်။

နွားဝါလေးနှင့် နွားနက်ကြီးတို့ ချက်ချင်းပင် ချူဖုန်းကို ဆက်သွယ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူ ပြန်ကောင်းလာပြီး ကျန်းရှီ၌ ရောက်နေသည်ကို သူတို့သိကြသည်ပင်။

ချူဖုန်းလည်း ဘာကိုမှ မဖုံးကွယ်ပဲ သူတို့ကို အမှန်အတိုင်းသာ ပြောပြလိုက်သည်။

“ဟေ့ကောင် .. မင်း အဲဒီကျီးကန်းကို လန့်သေအောင် လုပ်လိုက်တာမလား..” နွားနက်ကြီး စိတ်လှုပ်ရှားစွာ ပြောလာလေသည်။

“ဒါပေါ့ ..” ချူဖုန်း ရယ်မောလိုက်ကာ သူတို့ကို စိတ်မပူရန် ပြောလိုက်သည်။ ယခု သူ အင်အားကြီးသည့်ရန်သူများနှင့် ရင်ဆိုင်ရန် ယုံကြည်ချက်ရှိနေပြီဖြစ်ပြီး အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများကိုလည်း မကြောက်တော့။

“မင်း လာနောက်နေတာလား..” နွားနက်ကြီး စိတ်လှုပ်ရှားသွားရသည်။ “ငါမင်းကို ပြောပြမယ် … ငါနဲ့နွားဝါလေး ဒီနယ်မြေမှာရှိတဲ့ ဘုရင်အဆင့်ကျွမ်းကျင်သူတွေအားလုံးရဲ့ အသေးစိတ်အချက်အလက်တွေအားလုံးကို ရထားပြီ .. ပြီးတော့ အဲဒီကောင်တွေ ဘယ်မှာ ပုန်းနေလဲဆိုတာကိုလည်းသိတယ် .. မင်း သူတို့တွေကို လှည့်စားပြီးတော့ တစ်ဖွဲ့ကို အရင်ဆုံးရှင်းထားလို့ရတယ် .. သူတို့တွေ သေချာပေါက်ကို လန့်သွားကြမှာ..”

“ဒါက ကျိုးကြောင်းဆီလျော်တယ် .. ကျွန်တော် သူတို့ထဲက တစ်ချို့ကို အရင်ချောင်းတိုက်လိုက်မယ် .. ဒေါင်းဘုရင်နဲ့ နဂါးနက်အိမ်ရှေ့စံမင်းသား ဘယ်မှာရှိလဲဆိုတာ ကျွန်တော် သိချင်တယ် .. သူတို့တွေ ဘယ်မှာရှိလဲဆိုတာ ခင်ဗျားသိလား..” ချူဖုန်း တိုက်ရိုက်ပင် မေးလိုက်သည်။
အပိုင်း ၂၄၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset