Switch Mode

Chapter – 1621 & 1635

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၁ – ထာဝရအရင်းအမြစ်

“မင်းတို့တွေ ဒီကျောက်တုံးကို ဘယ်လိုရလာတာလဲ..” အကြီးအကဲ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

အစပိုင်းတွင် ချီဟုန် ဤကျောက်တုံးကို ပြန်သိမ်းပြီးသွားပြီဖြစ်သည်။ သို့သော်လည်း ဤအကြီးအကဲကို ကြည့်ခိုင်းကာ သူ၏ဇစ်မြစ်ကို သိလိုသောကြောင့် သူပြန်ထုတ်လိုက်ခြင်းပင်။

“ဒါက တစ်ဖက်လောကက လာတာပါ…” ချီဟုန် ဖုံးကွယ်မထားပဲ ပြောလိုက်သည်။

“တစ်ဖက်လောကက လာမှန်းငါသိတယ် .. သူတို့ ဒါကို တူးမိတာ တော်တော်ကြာနေပြီ .. အခုမှပဲ ပေါ်လာတာ..” အကြီးအကဲ ခေါင်းညိမ့်လိုက်သည်။ “သူတို့ရဲ့ အဆင့်လွန်လူငယ်တွေ မြန်မြန်အရွယ်ရောက်လာကြတာ ဒီကျောက်တုံးက အကြောင်းရင်းတစ်ခုပဲ..”

“ဒါကဘာကြီးလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“ဒါက အစတုန်းက အမြုတေ .. ဒါပေမဲ့ သူက သက်ရှည်ကိစ္စနဲ့ သေသွားတော့ ဒါက ချက်ချင်းပင် ထူးခြားတဲပစ္စည်းဖြစ်သွားတာ..” အကြီးအကဲပြောလိုက်သည်။

အားလုံး အလွန်ထိတ်လန့်သွားရသည်။ သက်ရှည်ကိစ္စပါလာတိုင်း ဤသည်မှာ နတ်ဆေးဖြစ်သွားမည်ပင်။

“အမြုတေ .. မင်းတို့အားလုံး အမြုတေကို သိတယ်မလား..” အကြီးအကဲမေးလိုက်သည်။

အမြုတေဆိုသည်မှာ ဤလောကကြီး၏ စွမ်းအင်ပင်။

ဤလောက၏ထိပ်ဆုံး၌ရောက်နေသည့်သူအချို့ ဤကဲ့သို့သော အံ့အားသင့်ဖွယ် ကျောက်တုံးမျိုး ပြုလုပ်ကာ မူလပုံစံဖြစ်သည့်အရည်အဖြစ်သို့ ပြောင်းလဲကာ အရာဝတ္ထုများအား ချိတ်ပိတ်နိုင်သည်ကို အချို့သူများ သိကြသည်ပင်။

သို့သော် အကျိုးသက်ရောက်မှုမှာ ထိုမျှမကောင်း။

အနည်းဆုံးတော့ ကျွမ်းကျင်သူအစစ်များအတွက် သိပ်မလုပ်မဖြစ်ပေ။

အဆင့်လွန်သက်ရှိတစ်ယောက် နတ်ပစ္စည်းမျိုးစုံပေါင်းထည့်ပြီး ထိုနတ်အရည်ကို ပြုလုပ်မှသာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်နှင့် ထိုအဆင့်ထက်နိမ့်သည့်ကျင့်ကြံဆင့်များကို ချိတ်ပိတ်နိုင်လိမ့်မည်။ သို့သော် အခြားအဆင့်လွန်သက်ရှိများအပေါ်တွင် အသုံးမဝင်။

သို့သော် သူတို့ရှေ့တွင်ရှိနေသည့်အရာမှာ အမြုတေနှင့် သက်ဆိုင်နေသည့်အရာပင်။

ဤကျောက်တုံးတွင် အဘယ်ကြောင့် သက်ရှည်ပစ္စည်းရှိနေသနည်း …

ဒါမှမဟုတ် တစ်ဖက်လောကက ဒါကို အများကြီး တူးမိထားပြီး အဲဒီကျောက်တုံးအားလုံးမှာ သက်ရှည်ပစ္စည်းပါနေတာလား.. အားလုံး သံသယဝင်လာကြသည်။

သူတို့အရှေ့တွင်ရှိနေသည့် ပစ္စည်းမှာ အမြုတေနှင့် လုံးဝကွာခြားလှသည်။ သက်ရှည်ပစ္စည်းများတွင် နှစ်မြှုပ်ခံရပြီးနောက် သူ၏ဖွဲ့စည်းပုံ ပြောင်းလဲသွားလေပြီ။

“ဒီပစ္စည်းက တစ်ဖက်လောကမှာလည်း အရမ်းရှားတယ် .. မမေ့နဲ့ ဒီလောကမှာ သက်ရှည်ဆေးပင်တွေမှာမှ သက်ရှည်ပစ္စည်းတွေ အများကြီး ပါဝင်နေတာ..” အကြီးအကဲပြောလိုက်သည်။

သူပြောသည့်စကားအရဆိုလျှင် ဘာကြောင့်မှန်းမသိသော်လည်း ဤကျောက်တုံးများတွင် သက်ရှည်ပစ္စည်းအနည်းငယ်ပါဝင်နေသည်။

ဤကျောက်တုံးကိုသာ လုံလောက်အောင် စုဆောင်းမိပါက သက်ရှည်ဆေး လုပ်၍ ရလျှင် ရလောက်သည်။

“အဆင့်လွန်သက်ရှိတစ်ယောက်က စုဆောင်းတဲ့နတ်အရည်တွေက နတ်စမ်းချောင်းဖြစ်သွားမယ်ဆိုရင် ဒီကျောက်တုံးက ထာဝရစမ်းချောင်းဖြစ်သွားမှာ..” အကြီးအကဲပြောလိုက်သည်။

ဤသည်မှာ အဆင့်လွန်သက်ရှိပြုလုပ်သည့်ပစ္စည်းနှင့် လုံးဝကွာခြားသော်လည်း အဓိပ္ပာယ်မှာ အတူတူပင်။ ထိုအရာနှစ်ခုလုံးမှာ အံ့အားသင့်စရာကောင်းသည့် အရာများပါဝင်နေသည့် အရည်ပင်။

သို့သော်လည်း အကျိုးသက်ရောက်မှုမှာ မိုးနှင့်မြေလိုကွာခြားသည်။

“ဒီပစ္စည်းက အဆင့်လွန်သက်ရှိကို ထာဝရ ပိတ်ထားနိုင်တယ် .. သူလောကကြီးမှာ ပေါ်မလာသရွေ့ သူအသက်ရှင်နိုင်တယ်..” အကြီးအကဲ ပြောလိုက်သည်။

နတ်စမ်းရေတွင် ဤကဲ့သို့သော အကျိုးသက်ရောက်မှုမရှိ။ သူသည် အဆင့်လွန်သက်ရှိများကို မပိတ်ထားနိုင်။ ကိုယ်တိုင်လွတ်မြောက်ခြင်းအဆင့်ကျင့်ကြံသူများကိုသာ ပိတ်ထားနိုင်သည်။

“ဒါက ထာဝရသက်ရှိတွေကိုတော့ ပိတ်ထားနိုင်လား .. မသေမျိုးသက်ရှိတွေကိုရော ဖိနှိပ်နိုင်လား..” တစ်စုံတစ်ယောက်မေးလိုက်၏။

အဘယ်ကြောင့်ဆိုသော် ဤအကြီးအကဲမှာ အစေခံဟုဆိုသော်လည်း သူသိသည့်အကြောင်းအရာများ အလွန်များပြားသည်ကို သူတို့ရုတ်တရက် သတိထားမိသွားသည်။

သူ တစ်ဖက်လောကသို့ သွားဖူးလိမ့်မည်ဟု သူတို့သံသယဝင်သွားကြရသည်။ သူသည် ကောင်းကင်ဘုံကိုးခု၏ ကန့်သတ်နယ်မြေ၌ အခြေချလိုက်သည့် တစ်ဖက်လောကမှ လူပင်ဖြစ်နိုင်သည်။

“ရတယ် .. အရည်ပုံစံနဲ့ဆိုရင် သူက ထာဝရသက်ရှိတွေကိုတောင် ချိတ်ပိတ်နိုင်တယ် .. မသေမျိုးသက်ရှိတွေကိုလည်း အဆုံးမရှိ ဖိနှိပ်ထားနိုင်တယ် .. ဒီပစ္စည်းရဲ့ တန်ဖိုးက အရမ်းကို အံ့ဩဖို့ကောင်းတာ .. ဒါပေမဲ့ ဒါက အရမ်းရှားတယ်..” ထိုအကြီးအကဲ ခေါင်းညိမ့်လိုက်ကာ သူ၏မျက်လုံးမှ အလင်းများ တောက်ပလာသည်။

ထိုအခိုက်အတန့်တွင် အားလုံး စိတ်လှုပ်ရှားသွားရသည်။

ရုတ်တရက် တစ်စုံတစ်ယောက်မှ မေးခွန်းတစ်ခု မေးလိုက်သည်။

“ဒါက ထာဝရစမ်းရေလို့ခေါ်တယ်ဆိုတော့ ဒါကို ထာဝရတာအိုကျွမ်းကျင်သူတွေ ဖန်တီးနိုင်တယ်လို့ ဆိုလိုတာလား..” မေးလိုက်သည့်သူမှာ ဝေ့မိသားစုမှ ဖီးနှစ်လေးတစ်ကောင်ပင်။

“မဟုတ်ဘူး .. ဒါက ထာဝရသက်ရှိအစစ်ဖန်တီးလို့ရတဲ့ ပစ္စည်းမဟုတ်ဘူး .. မသေမျိုးသက်ရှိလည်း မလုပ်နိုင်ဘူး .. ထာဝရဘုရင်တောင် မလုပ်နိုင်ဘူးလို့ ပြောကြတယ် .. နတ်စမ်းချောင်းကို အဆင့်လွန်သက်ရှိက လုပ်နိုင်သလို ဒီပစ္စည်းကိုလည်း ထာဝရတာအိုအဆင့်လွန်သက်ရှိကပဲ ဖန်တီးနိုင်တာ .. ပြောရမယ်ဆိုရင် မရှိတော့တဲ့ကျင့်ကြံဆင့်မှာရှိနေတဲ့ သက်ရှိတွေကပဲ ဒါက လုပ်နိုင်တာ..” အကြီးအကဲ လေးနက်စွာ ပြောလိုက်သည်။

သူပြောသည့် မရှိသည့်ကျင့်ကြံဆင့်ဆိုသည်မှာ အားလုံးကို တုန်လှုပ်သွားစေည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အန်းလန်၊ ရှုထော်နှင့်အခြားသူတို့ ရှာဖွေနေသည့်အရာဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သောကြောင့်ပင်။

“ရှုထော်နဲ့ တစ်ဖက်လောကက မသေမျိုးဘုရင်တွေ မလုပ်နိုင်ဘူးလား..” ထော်ဂုယုလုံမေးလိုက်သည်။

“မရဘူး .. နတ်စမ်းရေကို လူသားတာအိုရဲ့ ထိပ်ဆုံးမှာရှိတဲ့ သက်ရှိတွေပဲ လုပ်နိုင်သလို ထာဝရစမ်းရေကိုလည်း မသေမျိုးဧကရာဇ်တွေပဲ လုပ်နိုင်တာ..” အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

သို့သော် သူပြောသည့်ပုံအတိုင်းဆိုလျှင် ဤလောက၌ ထိုအဆင့်သက်ရှိမရှိ။

ထို့ကြောင့်ပင် ဤပစ္စည်းမှာ အလွန်ရှားပါးနေခြင်းပင်။

“မသေမျိုးအဆင့်သက်ရှိက နတ်စမ်းရေကို ပြုပြင်လို့ရတယ် .. သူတို့ နတ်အရည်ရဲ့ အကျိုးသက်ရောက်မှုကို တိုးချင်ရင် သက်ရှည်ထာဝရဆေးနဲ့ တစ်ခြားပစ္စည်းကောင်းတွေ ထည့်လို့ရတယ် … ဒါပေမဲ့ ဒါက ဖြုန်းတီးရာ ကျလွန်းတယ် .. ရလာမယ့် အကျိုးအမြတ်က ကုန်သွားတာနဲ့ ကာမိမှာမဟုတ်ဘူး.” အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒါက မူလရှေးဟောင်းမိုင်းတွင်းက အသက်ကျောက်တုံးတွေထက် နည်းနည်းလေး ပိုပြီးတော့ အဖိုးတန်တယ်..” အကြီးအကဲ ပြောလိုက်သည်။

“ဒါပေမဲ့ တန်ဖိုးအကြီးဆုံး အသက်ကျောက်တုံးတွေက ဒီထာဝရစမ်းရေထက်ပိုပြီးတော့ အဖိုးတန်တာပေါ့ .. ဒါပေမဲ့ အခု အဲဒီလိုမျိုး အသက်ကျောက်တုံးအရင်းအမြစ်က ခမ်းခြောက်သွားပြီ .. ရှာလို့မတွေ့နိုင်တော့ဘူး .. သာမန်အသက်ကျောက်တုံးမပြောနဲ့ အသက်ကျောက်တုံး အပိုင်းအစလေးတောင်မှ ဒီခေတ်မှာ အံ့ဩစရာကောင်းတဲ့ ရတနာကြီးဖြစ်နေပြီ .. ဒီဘက်ခေတ်မှာ ပစ္စည်းကောင်းတွေ ရှားပါးလာပြီ..”

“စီနီယာ .. မူလရှေးဟောင်းမိုင်းတွင်းထဲမှာ ဘာရှိလဲဆိုတာ မေးလို့ရမလား ..” ရှီဟောင်၏အမူအရာမှာ စိတ်လွတ်ကိုယ်လွတ်မေးမိသွားသည်ပုံစံပင်။

“မအူမလည်တဲ့ပုံလေး ဟန်ဆောင်ပြီးတော့ ငါ့ဆီက သတင်းတွေနှိုက်ဖို့ ကြိုးစားမနေနဲ့ .. ငါပြောလို့မရတဲ့ မပြောသင့်တဲ့ ကိစ္စတွေရှိတယ် .. တစ်ခြားသူတွေအကြောင်း လျှောက်ဆွေးနွေးနေတာက မကောင်းဘူး..” အကြီးအကဲ ပြောလိုက်သည်။

အမ်..

အားလုံး တုန်လှုပ်သွားရသည်။ မူလရှေးဟောင်းမိုင်းတွင်းမှာ နေနေတဲ့သူတွေရှိနေတာလား .. သူတို့ဘာသာသူတို့ တစ်ကမ္ဘာ ဖြစ်နေတာလား .. မဟုတ်ရင် သူကဘာလို့ ဒီလိုမျိုးပြောမှာလဲ..

“စီနီယာ .. ဒါက သိပ်မများပါဘူး .. ကျွန်တော့်ရဲ့သံသယတွေ ရှင်းသွားအောင်လို့ ကူညီပေးပါဦး…” ရှီဟောင် လျှပ်စီးကန်ကို သူ၏လက်ချောင်းများဖြင့် ပွတ်သပ်ကာ ပြောလိုက်သည်။

အကြီးအကဲလျှပ်စီးကန်ကိုကြည့်ကာ မျက်လုံးများ တောက်လာလေ၏။ ထို့နောက်တွင် သူသည် တံတွေးမြိုချလိုက်ကာ “မူလရှေးဟောင်းမိုင်းတွင်းနဲ့ ပတ်သက်ပြီး မင်းတို့အားလုံးကို ပြောပြနိုင်တာက မင်းတို့ အဲဒီနေရာကို မသွားရင် အကောင်းဆုံးပဲ .. အဲဒါက အရင်တုန်းက ကန့်သတ်နယ်မြေတစ်ခုပဲ .. အဲဒီမှာရှိတဲ့ သက်ရှိတွေအားလုံး အဲဒီမှာ မြေမြှုပ်ခံခဲ့ရတာ .. ပြီးတော့ မျိုးရိုးနာမည် တုဂုနဲ့ ကာကွယ်သူတစ်ချို့လည်း အဲဒီမှာ သေခဲ့ရတာ..”

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး အံ့အားသင့်သွားရသည်။

ကာကွယ်သူမျိုးဆက် တုဂုယွမ်လည်း ဤနေရာ၌ရှိ‌နေသောကြောင့် သူ၏အမူအရာမှာ မည်းမှောင်နေသည်။ သူသည် ထိုနေရာ၌ မလှုပ်မယှက်သာ ရပ်နေလေသည်။

“ကန့်သတ်နယ်မြေထဲက သက်ရှိတွေတောင် သေကြတာလား..” လူများစွာမှာ ဤသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။

“ဟုတ်တယ် .. သူတို့ရန်မစသင့်တဲ့သူကို ရန်စမိသွားတော့ သူတို့သေသွားရတာ .. လူငယ်လေးတို့ မင်းတို့မှတ်ထားရမှာက ကပ်ဆိုးကိုဖယ်ချင်တာနဲ့ပဲ ကံကောင်းမှုကို ရှာဖို့မကြိုးစားကြနဲ့ .. ပြဿနာကနေ လွယ်လွယ်ထွက်နိုင်မယ့် နည်းလမ်းကို လျှောက်မရှာနဲ့..” အကြီးအကဲ ပြောလိုက်သည်။

ဒီလူက အစေခံရော ဟုတ်ရဲ့လား .. သူသိတာ အရမ်းများနေတယ် .. အားလုံးသည် သူ့ကိုဖမ်းချုပ်ကာ သူသိထားသမျှကို သိချင်လာကြသည်။

သို့သော်လည်း ဤသည်မှာ မဖြစ်နိုင်မှန်းသိသောကြောင့် သူတို့သက်ပြင်းချရုံသာ တတ်နိုင်သည်။ သူတို့ အင်ပါယာဂိတ်မှ အခြားပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်ကို ဖိတ်ခေါ်လိုက်လျှင်ပင် မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့လုပ်လိုက်သည်နှင့် ကန့်သတ်နယ်မြေ၏အရှင်ကို ဒေါသထွက်အောင် လုပ်လိုက်ရုံသာ ဖြစ်သွားလိမ့်မည်။ သူတို့အတွက် အဆုံးသတ်ကောင်းမည်မဟုတ်။

“စီနီယာ .. ကျွန်မတို့ကို နောက်ထပ်နည်းနည်း ထပ်ပြောပြပါဦး..” ထိုမိန်းမပျိုလေးမှ ပြောလိုက်သည်။

“တကယ်တော့ အဲဒီနေရာနဲ့ပတ်သက်ပြီး ငါလည်းသိပ်မသိဘူး .. သခင် တစ်ခြားသူတွေနဲ့စကားပြောတဲ့အချိန်တုန်းက နည်းနည်းကြားထားတာပဲရှိတာ..” အကြီးအကဲ ခေါင်းခါလိုက်သည်။ သူမပြောချင်သောကြောင့် ငြင်းနေခြင်းလား .. သူတကယ်မသိခြင်းလား မသိနိုင်။

“တစ်ဖက်ကလူတွေ ရောက်လာရင် သူတို့ အဲဒီကို သွားကြလိမ့်မယ် .. သူတို့က အစောကြီးကတည်းက ဒီလိုမျိုးသတ်မှတ်ထားပြီးသား..” အကြီးအကဲ နောက်တစ်ခွန်း ထပ်ပြောလိုက်သည်။

သူသည် တစ်ခဏခန့်စဉ်းစားပြီးနောက် အနည်းငယ် ထပ်ပြောပြလာသည်။ “အရင်ခေတ်က စစ်ပွဲမှာ ပြိုင်ဘက်ကင်းတဲ့သက်ရှိတွေ ဘယ်နှယောက်သေခဲ့မှန်းတောင် မသိဘူး .. အဆင့်လွန်ခန်းမတောင်မှ သူတို့ဆီက အရေးကြီးတဲ့လူတစ်ယောက်ကို အဲဒီမှာ ဆုံးရှုံးလိုက်ရတယ် .. ပြီးတော့ ပြောကြတာက အဲဒီနေရာက ထူးဆန်းတဲ့ရှေးဟောင်းသင်္ချိုင်းရဲ့ တစ်စိတ်တစ်ပိုင်းတဲ့”

နောက်ပိုင်သတင်းမှာ အလွန်အံ့အားသင့်စရာကောင်းလှသည်ပင်။ အဘယ်ကြောင့်ဆိုသော် အားလုံးသိထားသည်မှာ ရှေးဟောင်းသင်္ချိုင်းမြေသည် နယ်ခြားစပ်အပြင်ဘက်၌ ရှိနေခြင်းပင်။

သူတို့ပြောနေသည့် ရှေးဟောင်းသင်္ချိုင်းဆိုသည်မှာ အန်းလန်၊ ရှုထော်နှင့် အခြားသူများ တူးဖော်ခဲ့သည့်သင်္ချိုင်းပင်။

“ပြီးတော့ အဲဒီနေရာ တစ်ခြားနေရာတွေနဲ့လည်း ဆက်နေသေးတယ် .. သူကလမ်းကြောင်းတစ်ခုလိုမျိုးဖြစ်နေတာ” ဤထိပြောပြီးသွားသည်နှင့် သူဘာမှထပ်မပြောတော့ပေ။

“ကျွန်တော် အရင်တုန်းက အဲဒီထဲကို ဝင်ခဲ့သေးတယ် .. ဒါပေမဲ့ အတွင်းပိုင်းထိတော့ မရောက်ခဲ့ဘူး .. ကျွန်တော် အသက်ရှင်လျက်တော့ ပြန်ထွက်လာနိုင်ခဲ့တယ် .. ပြီးတော့ အဲဒီမှာ သက်ရှည်ဆေးပင်တစ်ပင်ကိုလည်း တွေ့ခဲ့သေးတယ်..” ရှီဟောင် အကြီးအကဲကို ရန်စလိုသောကြောင့် ပြောလိုက်သည်။

“ဟေ့ကောင် .. မင်းက တကယ်ကို လူထူးလူဆန်းပဲ.. အကြီးအကဲ သူ့အား စိုက်ကြည့်ကာ ပြောလိုက်သည်။ ယခင်ကတည်းက ယခုအချိန်ထိ ထိုနေရာမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူများမှာ နည်းပါးလှသည်ပင်။

“အဲဒီနေရာက ရှေးဟောင်းသင်္ချိုင်းမြေတစ်ပိုင်းတစ်စရှိနေတယ်ဆိုတော့ သူ့ဆီမှာ သက်ရှည်ထာဝရဆေးပင်တစ်ပင်ရှိနေတာ မထူးဆန်းပါဘူး .. ငါလည်း ဒါကို သိတယ် .. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီဆေးပင်ကို အသိဉာဏ်ရနေပြီးတော့ ငါသူ့ကို မဖမ်းနိုင်ခဲ့ဘူး..” အကြီးအကဲ နောင်တတကြီးဖြင့် ပြောလိုက်သည်။

အပိုင်း ၁၆၂၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၂ – ကြောက်စရာကောင်းသည့် အနာဂတ်

မူလရှေးဟောင်းမိုင်းတွင်းမှာ ဒီလိုမျိုး လျှို့ဝှက်ချက်တွေ ရှိနေတယ်…

အားလုံး သက်ပြင်းချလိုက်သည်။ နှစ်ပေါင်းများစွာကြာသည်အထိ သူတို့ ထိုနေရာအကြောင်းမရှာနိုင်သည်မှာ အံ့ဩစရာမရှိတော့။ ထိုနေရာမှာကန့်သတ်နယ်မြေမှ တပ်သားများအား မြှုပ်နှံသည့်နေရာဖြစ်နေသည်။ ထိုကဲ့သို့သော နေရာမှာ သေချာပေါက် ကြောက်စရာကောင်းမည်ပင်။

ထိုအကြီးအကဲ ရှီဟောင်အား ထပ်ခါတလဲလဲပင်ကြည့်နေလေ၏။ ဤကောင်လေးမှာ အလွန်ထူးခြားသည်ဟု သူခံစားလာရသည်။ သူ့ကို အပြင်ဘက်တွင်မထားသင့်။ သူ့အား ကောင်းကင်ဘုံကိုးခု၏ ကန့်သတ်နယ်မြေထဲသို့ ဆွဲသွင်းရမည်။

သို့သော်လည်း ရှီဟောင် သူ့နောက်သို့ လိုက်လာမည်မဟုတ်သည်ကို သူသိသည်။ ကန့်သတ်နယ်မြေမှ စစ်ပွဲထဲပါဝင်မှ သူ တွေဝေခြင်းမရှိပဲ ကန့်သတ်နယ်မြေထဲသို့ ဝင်လာလိမ့်မည်။

သို့သော်လည်း ဤသည်မှာ မဖြစ်နိုင်မှန်းသူသိသည်။ ကန့်သတ်နယ်မြေသည် အားလုံးအထက်၌ ရှိနေခြင်းဖြစ်ပြီး လောကကြီးပျက်စီးသွားလျှင်ပင် သူတို့ရှိနေလိမ့်မည်။ သို့သော်လည်း ဤသည်မှာ သူတို့တစ်ဖက်လောကကို စတင်၍ မတိုက်ခိုက်မှသာရမည်ပင်။

“မင်း ဒီ လျှပ်စီးကန်ကို လျှောက်လုပ်လို့မရဘူး..” နောက်ဆုံးတွင်တော့ အကြီးအကဲသည် ထိုအကြောင်းအရာကိုသာ ထပ်ခါတလဲလဲ သတိပေးလိုက်လေ၏။ သူ ဤပစ္စည်းကို ဖြန်းတီး၍မရကြောင်းလည်း ပြောလိုက်လေသည်။

“စိတ်လျော့ပါ .. ကျွန်တော် ကိုယ့်ကိုကိုယ်ထိန်းချုပ်မှာပါ .. အကြီးအကဲစိုးရိမ်နေရင်လည်း ကျွန်တော့်အတွက် အစားအသောက်ကောင်းတွေ ပို့ပေးလို့ရတယ် .. ဥပမအားဖြင့် နဂါးအသားခြောက်တို့ အသက်ရှင်နေတဲ့ ဖီးနှစ်ရိုးတွင်းခြင်တီတို့ပေါ့ .. အဲဒါဆိုရင်တော့ ကျွန်တော် ဒီလျှပ်စီးကန်ကို မထိဘူးလို့ ကတိပေးတယ် .. ကျွန်တော် ဒီနဂါးတွေကို မချက်စားတော့ဘူး..” ရှီဟောင်ပြုံး၍ နောက်ပြောင်လိုက်သည်။

အကြီးအကဲ ရယ်မောလိုက်၏။ ဤနေရာ၌ ဤလူငယ်လေးသာ သူ့အား ဤကဲ့သို့ ပြောရဲသည်။

အခြားသူများမှာ အတော်လေးစကားနည်းကြသည်ပင်။ သို့သော်လည်း ဟွမ်သည် ကန့်သတ်နယ်မြေမှ ဧည့်သည့်ရှေ့တွင်ပင် အတော်လေး တည်ငြိမ်လှပြီး နောက်နောက်ပြောင်ပြောင်ပင် ပြောနေသေးသည်။

“ဟူး .. ဒီလောကကြီးရဲ့ ပတ်ဝန်းကျင်က ပြောင်းလဲလာပြီးတော့ တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ် .. အကြီးအကဲ ထို ထာဝရစမ်းချောင်းကို ကြည့်၍ ပြောလိုက်သည်။ “တစ်နေ့ကျရင် ဒီလိုမျိုးပစ္စည်းတွေအားလုံး ခမ်းခြောက်သွားလိမ့်မယ်လို့ ငါပြောရဲတယ် .. ဒါတွေ ရှိနေရင်တောင်မှ သက်ရှည်ပစ္စည်းတွေကတော့ လုံးဝကို ပျောက်ကွယ်သွားလောက်ပြီ..”

သူ့အမြင်အရဆိုလျှင် ဤလောကမှ ရတနာများနှင့် ကောင်းကင်ပစ္စည်းများမှာ ယခင်ကပစ္စည်းများနှင့် မယှဉ်နိုင်ပေ။

သူပြောသည့်အတိုင်းဆိုလျှင် နှစ်ပေါင်းများစွာကုန်ဆုံးပြီး ဤခေတ်ကြီး ပျက်စီးသွားသည်နှင့် ထာဝရစမ်းရေဟုခေါ်သည့်ပစ္စည်းမှာ လက်ရှိလောကမှ နတ်စမ်းရေအဆင့်သာ ရှိတော့မည်။

နတ်စမ်းရေသည်လည်း ပို၍နိမ့်ကျသည့်ပစ္စည်းဖြစ်သွားမည်ပင်။

“မူလရှေးဟောင်းမိုင်းတွင်းက အကောင်းဆုံး အသက်ကျောက်တုံးတွေက ခမ်းခြောက်သွားပြီ .. ရှာလို့မတွေ့နိုင်တော့ဘူး .. နောက်ပိုင်းလူတွေက အပိုင်းအစသေးသေးလေးကိုတောင်မှ အဆင့်လွန်ရတနာအဖြစ် သတ်မှတ်ကြတော့မှာ သေချာတယ်..” သူသက်ပြင်းချ၍ ပြောလိုက်သည်။

“ကျွန်တော်တို့ ဒီလိုပုံစံနဲ့ပဲ အမွေအနှစ်တွေ ပျောက်ကွယ်ကုန်မှာလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

လူများ၏အမူအရာများ ညှို့မှိုင်းသွားရသည်။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းခေတ်တွင် ဤကဲ့သို့ တကယ်သာဖြစ်လာပါက ဤသည်မှာ နောက်ဆုံးခေတ်ဖြစ်သွားလိမ့်မည်။

“အဲဒီအချိန်ကျရင် သတ္တဝါတွေရဲ့ သက်တမ်းလည်းတိုမယ် .. အထူးနည်းလမ်းတွေသုံးပြီး ချိတ်ပိတ်ထားတာမဟုတ်ရင် နှစ်သန်းပေါင်းများစွာ အသက်ရှင်နိုင်တဲ့သူ ရှိတော့မှာမဟုတ်ဘူး .. ပြောရမယ်ဆိုရင် သေမျိုးတာအိုရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ သူတွေတောင် သက်တမ်းတစ်သောင်းလောက်ပဲ ရှိတော့မှာ..”

အကြီးအကဲစကားကိုကြားသည်နှင့် သူတို့အားလုံး အေးခဲသွားရသည်။ သူတို့ ဤကိစ္စကိုသိပြီးသားဖြစ်သော်လည်း စီနီယာများထံမှ ကြားလိုက်ရသည့်အချိန်တွင် သူတို့တုန်ယင်နေဆဲပင်။

သိထားရမည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ နေထိုင်သည့် ကျွမ်းကျင်သူများ ရှိနေခြင်းမှာ ထူးဆန်းသည့်အရာတစ်ခုမဟုတ်ပေ။

နောင်ကျရင် နှစ်ပေါင်းတစ်သောင်းကျော်ဖို့တောင် ခက်တော့မှာတဲ့လား..

“တကယ် အဲဒီလောက်တောင် ရက်စက်မှာလား..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

“ဖြစ်လာမှာ .. မင်းတို့တွေးနိုင်တာထက်ကို ပိုပြီးတော့ ဆိုးရွားလာမှာ .. အဲဒီခေတ်ကျရင် လူအနည်းငယ်လောက်ကပဲ နှစ်တစ်သောင်းကျော်နိုင်မှာ .. အဲဒီလူတွေ ဉာဏ်အလင်းပွင့်ပြီးတော့ ထိပ်ဆုံးကို ရောက်သွားတာနဲ့ တစ်ခြားသူတွေက ခြေလှမ်းတစ်ဝက်လောက်‌ နောက်ကျရင်တောင် နောက်ကောက်ကျန်နေခဲ့လိမ့်မယ် .. ဘာလို့လဲဆိုတော့ သဘာဝကံကောင်းမှုတွေက အရမ်းရှားပါးတော့ ဒီလောကကြီးက မညီမျှနိုင်တော့ဘူး..” အကြီးအကဲ ပြောလိုက်ည်။

“ပတ်ဝန်းကျင်က အဲဒီလောက်တောင် ဆိုးရွားသွားမှာဆိုတော့ အဲဒီအချိန်ကျရင် ကောင်းကောင်းမွန်မွန်ကျင့်ကြံနိုင်ပါ့မလား .. ဘယ်သူမှ ထိပ်ဆုံးထိ မရောက်နိုင်လောက်တော့ဘူး ဟုတ်တယ်မလား..” တစ်စုံတစ်ယောက်မှ သူ၏သံသယကို ဖွင့်ဟလာသည်။

ပတ်ဝန်းကျင်သာ ထိုမျှအထိ ဆိုးရွားသွားပါက အမွေအနှစ်များအားလုံး ပြတ်လပ်သွားကာ ကျင့်ကြံသူများလည်း ထွက်ပေါ်လာနိုင်မည်မဟုတ်တော့။

“ကျင့်ကြံသူတွေဆိုတာ ဘာလဲ .. ငါတို့က ကောင်းကင်နဲ့ယှဉ်ပြိုင်ပြီးတော့ လောကကြီးကို ဆန့်ကျင်နေကြတာ .. ကျင့်ကြံခြင်းဆိုတာ အဆုံးမရှိဘူး..” အကြီးအကဲ ခေါင်းခါကာ ပြောလိုက်သည်။

“ပြီးတော့ ရွှေရောင်ခေတ်မဟုတ်တော့ဘူးဆိုရင်တောင်၊ ပတ်ဝန်းကျင်က ပြောင်းလဲသွားတယ်ဆိုရင်တောင် တာအိုက အဆုံးမရှိဘူး .. ကြီးမြတ်တဲ့တာအိုကို အာရုံခံမိတာနဲ့ ကျင့်ကြံနိုင်တယ် .. အခု ခေတ်မှာ ပျောက်သွားတဲ့ ကောင်းကင်အတိဒုက္ခတောင်ပြန်ပေါ်လာနိုင်တယ်..” အကြီးအကဲပြောလိုက်သည်။

“တစ်ချိန်တည်းမှာပဲ လောကကြီးရဲ့ ပတ်ဝန်းကျင်လည်း ပြန်ရောက်လာလိမ့်မယ် .. တစ်ခုလုံးအနေနဲ့ ဆိုးရွားနေတယ်ဆိုပေမယ့် နောက်ဆုံးအကြိမ်တောက်ပမှုဖြစ်လာဦးမှာ .. ဥပမာအားဖြင့် တစ်ချို့ခေတ်တွေမှာ ကမ္ဘာမြေကြီးက ချိုမြိန်နဲ့စမ်းချောင်းလေးတွေ ထွက်လာပြီး ကောင်းကင်က စွမ်းအင်တွေ ထုတ်ပေးလာမယ် .. အဆင့်နိမ့်တဲ့နတ်စမ်းချောင်းတွေနဲ့တစ်ခြားဟာတွေ ပေါ်လာမယ် .. ဒါပေမဲ့ ဒါတွေက ငါ့သခင်ရဲ့ ခန့်မှန်းချက်တွေပါ .. နောင်မျိုးဆက်က ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ငါမခန့်မှန်းနိုင်ဘူး..” အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

ကန့်သတ်နယ်မြေမှာ စွမ်းအားကြီးဆုံးပုဂ္ဂိုလ်၏ ခန့်မှန်းချက်အရဆိုလျှင် ပတ်ဝန်းကျင်ကြီး မည်မျှပင် ဆိုးရွားလာပါစေ ကျင့်ကြံသူများ ရှိနေဦးမည်ပင်။

“ဒါပေမဲ့ အဲဒီအချိန်ကျရင် ဘယ်သူမှ ထာဝရတရားကို မရနိုင်တော့ဘူး .. စွမ်းအားအကြီးဆုံးသူတောင် နှစ်တစ်သောင်းလောက်ပဲ နေနိုင်တော့မှာ” သူထပ်ပြောလိုက်၏။

အားလုံး အမူအရာ ပြောင်းလဲသွားရသည်။ နောင်ကျရင် ဘယ်သူမှ ထာဝရတရားကို မရနိုင်တော့ဘူးလား..

ဤသည်မှာ သူတို့လက်ခံနိုင်ရန် ခက်ခဲလှသည်။

ယခုခေတ်တွင် ထာဝရသက်ရှိများမရှိဘူးဆိုသော်လည်း မျှော်လင့်ချက်ရှိသေးသည်။ လောကနှစ်ခု ပေါင်းစည်းသွားသည့်အချိန်တွင် ပတ်ဝန်းကျင် ပြောင်းလဲသွားလိမ့်မည်။ ထိုအချိန်ကျလျှင် ကောင်းကင်အခွင့်အရေးများကို လုယူသည့်သူများပေါ်လာပြီး ထာဝရသက်ရှိဖြစ်မည့်အခွင့်အရေးကို ရသွားသည့်သူများ ပေါ်လာမည်ပင်။

နောက်ပိုင်းခေတ်များတွင် လောကကြီး ခမ်းခြောက်သွားပြီး ထာဝရပစ္စည်းများလည်း လုံးဝပျက်ပြယ်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် ထာဝရသက်ရှိဖြစ်နိုင်မည့်လမ်းကြောင်းမှာ လုံးဝအဆုံးသတ်သွားလေပြီ။

“ငါ့သခင်ရဲ့ ခန့်မှန်းချက်အရဆိုရင် အဲဒီခေတ်ကို တကယ်ရောက်သွားရင် ကျင့်ကြံခြင်းလမ်းတစ်လျှောက်မှာ နည်းနည်းလေးတောင်မမှားပဲ တစ်ဆင့်ချင်းတက်နိုင်တဲ့သတ္တဝါရှိခဲ့ရင်တော့ သူ ထာဝရတာအိုနယ်ပယ်ကို ရောက်နိုင်တယ် .. ဒါပေမဲ့ ဒါက မျှော်လင့်ချက်ရေးရေးလေးပဲရှိတာ .. ပြီးတော့ ခေတ်တစ်ခုမှာ အဲဒီလိုမျိုးလူတစ်ယောက်ရှိနေရင်ကို တော်တော်လေး မဆိုးဘူး..”

ထိုသို့ပြောပြီး အကြီးအကဲအနည်းငယ် လှုပ်ရှားသွားရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ထာဝရတရားကို မရရှိသေးပေ။ သူ၏သက်တမ်းလည်း အဆုံးသတ်နားသို့ နီးကပ်လာနေလေပြီ။ ထို့ကြောင့်ပင် သူသည် အနာဂတ်မှသတ္တဝါများကို စာနာသနားမိခြင်းပင်။

“လောကကြီးရဲ့ ပတ်ဝန်းကျင်က ဘာလို့ အဲဒီလောက်တောင် ‌ပြောင်းလဲသွားမှာလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်ည်။ ဤသည်မှာ သူသိချင်နေသည့် ပြဿနာအရင်းအမြစ်ပင်။

“ဒီလိုမျိုးကိစ္စတွေက မင်းတို့ငါတို့နားလည်နိုင်တဲ့ ကိစ္စမဟုတ်ဘူး .. ထိပ်ဆုံးကလူတွေပဲ နားလည်နိုင်တာ..” အကြီးအကဲ ကောင်းကင်ထက်သို့ နက်နဲစွာ ကြည့်လိုက်သည်။

“စီနီယာ .. စီနီယာတို့ ကန့်သတ်နယ်မြေကလူတွေက ဘာလို့ထွက်မလာကြတာလဲ .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုကလူတွေ တစ်ဖက်လောက လက်ထဲကျသွားပြီးတော့ ရက်ရက်စက်စက်အသတ်ခံနေရတာကို ကြည့်နေကြမှာလား .. စီနီယာတို့က ကြည့်ရက်ကြတယ်ပေါ့ ..”နောက်ဆုံးတော့ လူငယ်လေးတစ်ယောက်မှ မေးလိုက်သည်။

သူသည် ကန့်သတ်နယ်မြေများကို အတော်လေး မကျေမနပ်ဖြစ်နေခြင်းပင်။ သူတို့လည်း ဤလောက၌ နေထိုင်ခြင်းဖြစ်သော်လည်း ကျူးကျောသူများ ဝင်ရောက်လာသည်ကို သူတို့က အဘယ်ကြောင့် ထိုင်ကြည့်နေကြသနည်း.. သူတို့သည် တောတောင်နှင့်မြစ်များကို ကာကွယ်မည့်တာဝန်အား ယူမည့်ပုံမပေါ်။

ထိုမေးခွန်းကြားသည်နှင့် အကြီးအကဲသည် ပထမဆုံးအကြိမ်အဖြစ် အေးစက်စွာ ရယ်မောလိုက်လေသည်။ “လူငယ်လေး မင်းအတွေးလွန်နေပြီ .. မင်းတို့ ဘယ်တော့မှ နားလည်မှာမဟုတ်တဲ့ ကိစ္စတွေရှိတယ် .. တစ်ချို့ကန့်သတ်နယ်မြေတွေရဲ့ မူလဇစ်မြစ်တွေကို မင်းတို့ ဘယ်တော့မှ ခန့်မှန်းနိုင်မှာတောင် မဟုတ်ဘူး..”

အမ်..

အားလုံး အံ့အားသင့်သွားရသည်။

“စီနီယာ .. ရှင်းပြပေးပါ..”

“ကန့်သတ်နယ်မြေတွေက ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုနဲ့မဆိုင်ဘူး .. တစ်ချို့နယ်မြေတွေရဲ့ မူလဇစ်မြစ်က အရမ်းကို ရှေးကျပြီးတော့ သူတို့ရဲ့ နောက်ခံတွေလည်း မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတယ်..” အကြီးအကဲပြောလိုက်သည်။

ထို့နောက် သူသည် အေးစက်စွာ ရယ်မောလိုက်ကာ “ပြီးတော့ ကန့်သတ်နယ်မြေထဲက တစ်ချို့သက်ရှိတွေက ဒီလောကကြီးကို ကာကွယ်ပေးခဲ့တယ် .. ဒါပေမဲ့ နောက်ဆုံးတော့ .. ဟက်..”

သူဆက်မပြောတော့။ သို့သော်လည်း ဤသည်မှာ လူများစွာကိုအတွေးများသွားစေသည်ပင်။

အနီရောင်ကောင်းကင်မှ အဖြစ်အပျက်များကို ရှီဟောင်ချက်ချင်း တွေးမိသွားသည်။ ထိုအချိန်က သူ မူလရှေးဟောင်းမြေထဲသို့ ဝင်ရောက်ခဲ့ပြီး လုံးဝသီးသန့်ဖြစ်နေသည့် ထူးဆန်းသည့်ကမ္ဘာငယ်လေးကို သူတွေ့ခဲ့ရသည်။

ထိုနေရာတွင် ဖီးနှစ်ငယ်လေး၊ အဖြူရောင်အရိုးစုနှင့်အတူ အမျိုးသမီးတစ်ဦး၏အလောင်းရှိနေသည်။ သူမသည် ပြင်ပလောကနှင့် ကင်းကွာပြီး သီးသန့်နေလိုကြောင်း ပြောခဲ့သည်ပင်။

ယခင်က သူမသည် ကောင်းကင်ဘုံကိုးခုကို ကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် နောက်ပြန်ဆုတ်ခဲ့ကာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတော့။

“ဘာပဲဖြစ်ဖြစ် ဒီလောကက သတ္တဝါတွေ အားလုံးကုန်သွားတဲ့အထိ အသတ်ခံနေရတာကိုတော့ စီနီယာတို့ ကြည့်နေမှာမဟုတ်ဘူးလေ … ဟုတ်တယ်မလား..” ထိုလူ မကျေမနပ်ပြောလိုက်သည်။

“ဒါပေါ့ .. အရေးအကြီးဆုံး အကြောင်းပြချက်တစ်ခု ရှိသေးတယ်..” ထိုအကြီးအကဲပြောလိုက်သည်။ သူသည် လျှို့ဝှက်ချက်အနည်းငယ်ပြောပြရန်ပင် စိတ်မရှိတော့။

“ငါ့သခင်က ကောင်းကင်ဘုံရဲ့ ကြောက်စရာကောင်းတဲ့ ဆန်းကြယ်မှုတစ်ချို့ကို ကောက်ချက်ချနိုင်ခဲ့တယ် .. အဲဒါကြောင့် သူက သေမျိုးလောကရဲ့ ကံတရားတွေနဲ့ မစွန်းထင်းချင်တော့တာ .. တစ်ခြား ကန့်သတ်နယ်မြေတွေလည်း ဒီလိုမျိုးဖြစ်နေလိမ့်မယ်လို့ ငါယုံကြည်တယ် .. သူတို့လည်း ဝင်ပါချင်မှာမဟုတ်ဘူး..”

“ကောင်းကင်ရဲ့ ဘာထူးခြားဆန်းကြယ်မှုလဲ..” အားလုံး ထိတ်လန့်သွားရသည်။

“ငါ့ရဲ့ ပြိုင်ဘက်ကင်းတဲ့သခင်က ဒီဆန်းကြယ်မှုအတွက် သူ့ဆံပင်တစ်ချို့ ဖြူလာတဲ့အထိ နှစ်ပေါင်းများစွာ မလှုပ်မယှက် တရားထိုင်ခဲ့တယ်.. သူက စိုးရိမ်စိတ်နဲ့ တရားထိုင်နေရင်း စဉ်းစားနေခဲ့တာ” အကြီးအကဲ ပြောခဲ့သည်။

ဤသည်မှာ သူတို့ကို ပို၍ သိချင်စိတ်ပြင်းပြစေသည်။ ကန့်သတ်နယ်မြေမှ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ပင် ဤကဲ့သို့ဖြစ်နေသောကြောင့် ဤကိစ္စမှာ မည်မျှပင် ကြောက်စရာကောင်းသနည်း..

“အဲဒါက ဘာကြီးလဲ..” ထော်ဂုယုလုံ မနေနိုင်ပဲ မေးလိုက်ည်။

“နောင်နှစ်တွေမှာ သူတို့ထဲက တစ်ယောက်ယောက် တိုက်ခိုက်လိုက်တာနဲ့ သူတို့အားလုံး သေလိမ့်မယ် .. ဘယ်သူမှ အသက်ရှင်မှာမဟုတ်ဘူး..” အကြီးအကဲ မှုန်မှိုင်းစွာ ပြောလိုက်သည်။

အားလုံးဆွံ့အသွားကာ သူတို့ခန္ဓာကိုယ်များပင် အေးစက်တောင့်တင်းသွားရသည်။ ကန့်သတ်နယ်မြေက အရှင်တွေတောင် သေဆုံးသွားကြမှာလား .. သူတိုက်ခိုက်လာတာနဲ့ သူပျောက်ကွယ်သွားမှာလား..

“ကံတရားစွန်းထင်းသွားတာနဲ့ သေခြင်းတစ်ခုပဲရှိတော့မှာ..” အကြီးအကဲ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် အားလုံး ကျောချမ်းသွားကာ မသက်မသာခံစားလိုက်ရသည်။ အနာဂတ်က ဘယ်လိုမျိုးဖြစ်နေမှာလြ .. ခေတ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ ဒီလိုမျိုးပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်တွေတောင် အဆုံးသတ်တော့မှာလား .. ဤသည်မှာ ကြောက်စရာကောင်းလှသည်။

“ဘာလို့ဒီလိုမျိုးဖြစ်မှာလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်၏။

“ဒီခေတ်က ကုန်ဆုံးတော့မှာ .. ဒီခေတ်ပြီးရင် အမှောင်မိုက်ဆုံးခေတ်လာတော့ယ် .. ပြီးတော့ အဲဒီခေတ်က သမိုင်းကနေ ဖျောက်ခံရဖို့ကံပါလာပြီးသား .. အဲဒီခေတ်ကို နောက်လူတွေ မေ့သွားမှာ .. အဲဒီခေတ်မှာ သမိုင်းတစ်လျှောက် ကြောက်စရာကောင်း စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မယ် .. အဲဒီတိုက်ပွဲမှာ ခေတ်တစ်ခုတည်းက လူတွေပဲ ပါမှာမဟုတ်ဘူး .. အဲဒါက နောက်ဆုံးတိုက်ပွဲဖြစ်လိမ့်မယ်..”

အကြီးအကဲ၏အသက်ရှူသံမှာ အနည်းငယ် ကြမ်းတမ်းလာပြီး သူ၏ရင်ဘတ်လည်း နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ ဤအကြောင်းများကို ပြောနေသည့်အချိန်တွင် သူပင် စိတ်မလှုပ်ရှားပဲ မနေနိုင်။

“ဘာလို့လဲ .. ဘာဖြစ်လာမှာလဲ .. ဘာလို့ဒါတွေဖြစ်လာမှာလဲ..” ဤနေရာတွင်ရှိနေသည့်လူငယ်အားလုံး ရှုပ်ထွေးသွားရသည်။ ရှီဟောင်ပင်လျှင် အနည်းငယ် ထိတ်လန့်နေမိသည်။

“အဲဒီကြောက်စရာကောင်းတဲ့ မြင်ကွင်းကြောင့် ငါ့သခင် အရမ်းစိုးရိမ်နေခဲ့ရတာကို မှတ်မိသေးတယ် .. အဲဒီကိစ္စကြောင့် သူ့ရဲ့ဆံပင်တစ်ဝက်တောင်ဖြူသွားတယ် .. သူ့ကိုမေးတဲ့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တွေ ရှိနေပေမယ့် သူက တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တာ .. နောက်ဆုံးတော့ သူစကားတစ်ခွန်းတည်းပြောခဲ့တာ..”

“သူဘာပြောတာလဲ..”

“အဲဒါ .. ပြန်လာလိမ့်မယ်..”

ဒါက ဘာပြောချင်တာလဲ .. အားလုံး ငေးကြောင်သွားရသည်။

“ကန့်သတ်နယ်မြေက ပြိုင်ဘက်ကင်းသက်ရှိက နည်းနည်းလေး အသေးစိတ်ကျအောင် မပြောခဲ့ဘူးလား..” တစ်စုံတစ်ယောက်မှ တီးတိုးမေးလိုက်သည်။

“မပြောခဲ့ဘူး .. ငါ့သခင်က မရေအတွက်နိုင်တဲ့ မျိုးဆက်က ရန်သူတွေကို အနိုင်တိုက်နိုင်တယ် .. မိုးကောင်းကင်အောက်မှာရှိတဲ့အရာအားလုံးကို ပြားပြားဝပ်သွားအောင် လုပ်နိုင်တယ် .. သူဘာကိုမှ မကြောက်ခဲ့ဘူး .. ဒါပေမဲ့ အဲဒီအချိန်တုန်းက အမှန်တရားတစ်ချို့ကို သိပြီးတဲ့နောက်မှာ သူဆံပင်တွေတောင် ဖြူလာခဲ့တယ် .. ဒီကိစ္စက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာ မင်းတို့စဉ်းစားကြည့်လိုက်ကြ.. အဲဒီအချိန်ကတည်းက သူဒီအကြောင်းကိုထပ်မပြောတော့ဘူး..”

“အဲဒါက သေချာပေါက်ကို ကြောက်စရာအကောင်းဆုံး၊ အမှောင်မိုက်ဆုံးခေတ်ဖြစ်လာမှာ .. ဘယ်သူမှ ကိုယ့်ကိုကိုယ် အဆင့်လွန်လို့ မသတ်မှတ်ရဲလောက်‌အောင် သတ်ဖြတ်မှုတွေ ဖြစ်လာမှာ .. ဒဏ္ဍာရီလာ သတ်ဖြတ်ခြင်းဂိတ်တံခါးတွေ တစ်ပြိုင်နက်တည်းပေါ်လာပြီးတော့ ထာဝရသက်ရှိတွေ မရှိတော့လောက်အောင်ကို သတ်ခံလိုက်ရမှာ .. ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် ခေတ်ပေါင်းစုံက သက်ရှိတွေ ပေါ်လာလိမ့်မယ် .. ဒါပေမဲ့ ဒါတွေက အပေါယံလေးတွေပဲ ရှိသေးတယ်..” အကြီးအကဲသည် စိတ်လွတ်နေသည့်ပုံစံဖြင့် ရေရွတ်နေလေသည်။

အားလုံး ကြက်သီးထသွားကာ ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေသည်။ သူတို့ပိုသိချင်သေးသည်။ အကြီးအကဲ တစ်ခုခု ပြောလိုပြောငြားဖြင့် သူ့အား စိုက်ကြည့်နေလေသည်။

“အလင်းရောင်နည်းနည်းလေးတောင် မရှိဘူးလား.” တစ်စုံတစ်ယောက်မှ ဒေါသတကြီး မေးလိုက်သည်။

“နှစ်ပေါင်းများစွာကြာသွားတော့ ငါ့သခင် စိတ်တည်ငြိမ်သွားတယ် .. အဲဒီတုန်းက သူ စကားလုံးတစ်ချို့ ပြောခဲ့သေးတယ် – ‘တစ်ချိန်လုံး လူတစ်ယောက်တည်းက ဆုံးဖြတ်ခဲ့တာ’..” အကြီးအကဲ လေးနက်စွာ ပြောလိုက်သည်။

အပိုင်း ၁၆၂၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၃ – စုစည်းပွဲလေး

အားလုံး ဆွံ့အသွားကာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားကြသည်။

ယနေ့ သူတို့ကြားလိုက်ရသည့်အရာများမှာ ထိတ်လန့်စရာကောင်းလှသည်။ အကြီးအကဲ ပြောပြသည့်အချို့လျှို့ဝှက်ချက်များမှာ သူတို့တစ်ခါမှ မကြားဖူးသည့်အကြောင်းအရာများပင်။

အင်ပါယာဂိတ်မှ ရာထူးကြီးသည့်သူအချို့ ဤအကြောင်းများကို အနည်းငယ် သိလျှင်သိလိမ့်မည်။ သို့သော်လည်း သူတို့ဘယ်တုန်းကမှ မပြောဖူးခဲ့ကြ။ အဘယ်ကြောင့်ဆိုသော် ပြောလိုက်လည်း ဘာမှအကျိုးရှိမည်မဟုတ်။ ယခုပင်လျှင် စိုးရိမ်ထိတ်လန့်မှုများ ရရှိလာသည်သာ အဖတ်တင်သည်။

လူငယ်များစွာ၏အမူအရာမှာ စိတ်လွတ်နေသည့်ပုံပင်။ အနာဂတ်မှာ ကြမ်းတမ်းလွန်းလှပြီး အမှန်မဟုတ်နိုင်ဘူးဟု သူတို့ခံစားနေရသည်။

ကန့်သတ်နယ်မြေမှ သခင်များပင်လျှင် ပုန်းကွယ်နေကြရမည်။ ကံတရား ရိုက်ခတ်လာကာ သူတို့အသတ်ခံရမည်ကို စိုးရိမ်နေကြသည်။

လူအများစုမှာ ရင်ထဲ၌ တင်းကြပ်လာကာ အသက်ရှူရခက်ခဲလာသည်ဟု ခံစားလာရသည်။ အဲဒီနေ့ရောက်လာရင် သူတို့ဘယ်ရောက်နေမှာလြ .. သူတို့အသက်ရှင်နေဦးမှာလား ..‌ ခေတ်တစ်ခေတ်က ဘယ်လောက်မှောင်မိုက်နိုင်သလဲ..

“ငါတော်တော်များများကို မြင်ပြီးသွားပြီ .. အခု ပြန်ပြီးတော့ သတင်းပို့ရမယ့်အချိန်ရောက်ပြီ..” အကြီးအကဲ ပြောလိုက်သည်။ ထို့နောက် သူသည် ထိုမြေပုံကို မှတ်မိအောင်လုပ်လိုက်သည်။

ဤအရာမှာ အလွန်ထူးခြားလှသည်။ ဤသည်မှာ ကန့်သတ်နယ်မြေမှလူများ ရှာနေသည်နှင့် တစ်ပုံစံတည်းပင်။ သူ ဤသတင်းပြန်ယူသွားသည်နှင် အင်ပါယာဂိတ်သို့ တစ်စုံတစ်ယောက် ရောက်လာမည်လားဆိုသည်ကိုတော့ သူမပြောနိုင်။

“သွားဖို့အချိန်ရောက်ပြီ..”

သူ၏ခြေထောက်တစ်ဖက် မြေပေါ်သို့ ကျသွားသည်နှင့် အောက်ဘက်မှ အဖြူရောင်စွမ်းအင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုကြက်ဂတုံးမှာ နန်းတော်အပြင်ဘက်၌ စောင့်ဆိုင်းနေခြင်းပင်။

“စီနီယာ .. ခဏလောက်စောင့်ပေးပါဦး .. ကျွန်တာ်တို့ကို သေချာလိုက်ပို့ခွင့်ပေးပါ..” ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင် ချီဟုန်မှ ပြောလိုက်သည်။

အခြားသူများလည်း အလောတကြီး ရောက်လာကာ သူ့အား ခဏနေရန် ပြောလိုက်ကြသည်။ ဤအကြီးအကဲသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို တစ်ကြိမ်ထုတ်ပြခဲ့သော်လည်း သူသည် အတော်လေးပင် ဖော်ရွေလှကာ သူတို့ထင်ထားသည့်ပုံစံနှင့် ကွာခြားလှသည်ပင်။

သူတို့ သူ့ထံမှ လမ်းညွှန်မှုများ လိုချင်သေးသည်။

တစ်ချိန်တည်းမှာပင် အခြားသူများသည် သတင်းပို့ရန် ထွက်သွားကြလေ၏။ အင်ပါယာဂိတ်မှ ပုဂ္ဂိုလ်ကြီးများ ထွက်လာပြီး ဤအကြီးအကဲကို ဤနေရာ၌ ရက်အနည်းငယ်လောက်နေရန် ဆွဲထားနိုင်ဖို့ မျှော်လင့်နေကြသည်။

“တာအိုရောင်းရင်းတို့ မင်းတို့အားလုံး ထွက်လာဖို့ မလိုပါဘူး .. ဒီလူအိုကြီး သွားတော့မယ်..” အကြီးအကဲမှာ ဆုံးဖြတ်ချက်ပြတ်သားလှသည်။ ဘေးပတ်လည်၌ ပုဂ္ဂိုလ်ကြီးများရှိနေသည်ကို အာရုံခံမိသောကြောင့် သူဤကဲ့သို့သာ ပြောလိုက်သည်။

သူ ကြက်ဖကြီး၏ကျောထက်သို့ ခုန်တက်လိုက်ကာ ဤနေရာမှ ပျောက်ကွယ်သွားလေ၏။ မည်သူမှ သူ့အား မတားဆီးလိုက်နိုင်ပေ။

သူလည်း မြန်မြန်ရောက်လာခဲ့သလို လျင်မြန်စွာဖြင့်ပင် ပြန်ထွက်သွားသည်။

ကျောက်စိမ်းကျွန်းပေါ်မှ လူများမှာ တည်ငြိမ်ရန် ခက်ခဲနေကြသည်။

ကန့်သတ်နယ်မြေမှ တစ်စုံတစ်ယောက် ရောက်လာပြီး သူတို့နှင့် အချိန်အတော်ကြာသည်အထိ စကားပြောခဲ့သည်မှာ မမျှော်လင့်ထားသည့်အဖြစ်အပျက်ပင်။

“လူငယ်လေး .. လျှပ်စီးကန်ကို သေချာဂရုစိုက် .. မပျောက်စေနဲ့..” အရှေ့ဘက်မှ အကြီးအကဲ၏ သတိပေးသည့်အသံ ထွက်ပေါ်လာသည်။

တွေ့ဆုံပွဲမှာ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီ။ သူတို့ ဆွေးနွေးစရာ ဘာမှမရှိတော့။

အဓိကအကြောင်းရင်းမှာ ကန့်သတ်နယ်မြေမှ အကြီးအကဲ သူတို့ကို ပြောသွားသည့်အကြောင်းအရာများမှာ ထိတ်လန့်စရာကောင်းလှသည်။ သူတို့အစာကြေရန် အချိန်လိုအပ်သည်။ သူတို့လည်း သူတို့အကြီးအကဲများကို သတင်းသွားပို့ချင်ကြသည်။

“အဲဒါဆိုလည်း ငါတို့အားလုံး ဒီမှာပဲ လမ်းခွဲကြတာပေါ့ … တာအိုရောင်းရင်းတို့ စစ်မြေပြင်မှာ ပြန်တွေ့ကြမယ် .. အဲဒီအချိန်ကျရင် ဘယ်သူက ရန်သူတွေကို ပိုသတ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့..” တစ်စုံတစ်ယောက်မှ သတ္တိရှိရှိပြောလိုက်သည်။

“အခုက သီးသန့်ကျင့်ကြံဖို့ အချိန်ကျပြီ .. ငါတို့ကို အမှောင်နေ့ရက်တွေ စောင့်ကြိုနေမယ်ဆိုရင် အဲဒီနေ့မရောက်မချင်း ငါအသက်ရှင်သွားရမယ် .. စွမ်းအားချင်းယှဉ်ပြိုင်တာတွေမှာ ငါဝင်ပါတော့မှာမဟုတ်ဘူး .. ငါ အဲဒီခေတ်က ရက်စက်မှုနဲ့ တောက်ပမှုကိုပဲ ရင်ဆိုင်ချင်တယ် .. အဲဒီအချိန်ရောက်ရင် ပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်ဘယ်နှယောက် ထွက်လာမလဲဆိုတာ ကြည့်ကြတာပေါ့..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

တွေ့ဆုံပွဲမှာ ဤကဲ့သို့ပင် အဆုံးသတ်သွားကာ အားလုံး ထွက်ခွာသွားလိုက်ကြသည်။

“ရှီဟောင် ဒီမှာ သောက်ရအောင် .. ဟား ဟား .. လျှပ်စီးအတိဒုက္ခရည်ရဲ့ အရသာက အရမ်းကောင်းတယ် .. ငါတို့ ဗိုက်ပြည့်တဲ့အထိ သောက်ရအောင်..” ချောင်ယုရှင်းမှာ လုံးဝကို အရှက်တရားကင်းမဲ့လှသည်။

ရှီဟောင်ပြုံးပြကာ သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ ဤအကြောင်းစဉ်းစားနေသည့် အခြားယစ်ထုတ်နှစ်ကောင်လည်းရှိသေးသည်။ ဤသည်မှာ ယုန်ဖြူလေးနှင့် ပုရွက်ဆိတ်လေးပင်။

တစ်ချိန်တည်းမှာပင် လိပ်ပြာဧကရာဇ်လည်း သူ၏အတောင်ပံများကိုခတ်ကာ လှိုင်းအနည်းငယ် ပြုလုပ်လိုက်ပြီး သူလည်းသောက်ချင်ကြောင်း ပြသနေသည်ပင်။

“လိပ်ပြာဧကရာဇ် ထွက်လာတာက အောင်ပွဲခံဖို့ ထိုက်တန်တယ် .. သွားကြစို့..” ရှီဟောင်ပြောလိုက်သည်။

လိပ်ပြာဧကရာဇ်၏ စွမ်းအားများမှာ သူမထင်ထားသည့်အရာတစ်ခုမဟုတ်။ ဤသည်မှာ ပိုးကောင်ဧကရာဇ်ဖြစ်သောကြောင့် ပိုးကောင်အားလုံးကို အမိန့်ပေးနိုင်မည်ပင်။

“ဟား ဟား .. ကောင်းလိုက်တာ .. ငါတို့မကျေနပ်မချင်းသောက်ကြရအောင် .. ပြီးတော့ ငါအသီးအရွက်တွေ စားရတာကြိုက်တယ်..” ယုန်ဖြူလေး ရယ်မောလိုက်သည်။

“အင်းဟုတ်တယ် .. မင်းကိုယ်မင်း အခုထိ နားမလည်သေးဘူးလား .. မင်းက ရှီဟောင်သတ်ထားတဲ့ ဘုရင် ၁၀ ယောက်ကို တစ်ချိန်လုံး စိုက်ကြည့်နေတာ .. ငါတို့ကင်နေတုန်းပဲရှိသေးတယ် မင်းက ပါးစပ်တစ်ခုလုံး အဆီတွေဝေ့နေအောင် စားပြီးသွားပြီ .. အဲဒါတောင်မှ မင်းက သက်သက်လွတ်သမားပါလို့ ပြောရဲသေးတယ်ပေါ့..” ချောင်ယုရှင်း သူမအား ဖော်ပစ်လိုက်သည်။

ဖုန်း..

ယုန်ဖြူလေးသည် သူမလက်ထဲတွင်ရှိနေသည့် အိပ်ပျော်နေသည့် ချီလင်းလေးကို ဖက်တီးချောင်မျက်နှာထက်သို့ ပစ်လိုက်လေသည်။ ရလဒ်အနေဖြင့် စူးရှသည့်အော်သံနှစ်ခု တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

“နှမြောစရာကောင်းတာက လူတစ်ချို့ ပျောက်နေသေးတယ် .. ငါတို့ သူငယ်ချင်းဟောင်းတွေအားလုံး ဒီမှာရှိနေတာမဟုတ်ဘူး..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

“သူတို့ သီးသန့်ကျင့်ကြံနေကြတာ .. ဖိအားက တအားများလွန်းတော့ သူတို့ အဆင့်တက်ပြီးတော့ စွမ်းအားကြီးလာအောင်လုပ်ချင်နေကြတာ..” ချောင်ယုရှင်း ပြောလိုက်သည်။

စုန်းမ၊ ချောင်ယုရှင်း၊ နဂါးမိန်းမပျိုနှင့် အခြားသူများအားလုံး သီးသန့်ကျင့်ကြံနေကြသည်ပင်။ သူတို့ ဤလူများကို မတွေ့ရသည်မှာ အတော်ကြာနေလေပြီ။ သူတို့ အပြည့်စုံဆုံးအဆင့်သို့ ရောက်ပြီဟု ခံစားရသည်နှင့် သူတို့ ဂိတ်အပြင်ထွက်ပြီး အခွင့်အရေးများ ရှာဖွေကြမည်။

ဂိတ်အပြင်ဘက်တွင် ကြီးမားလှသည့် စစ်မြေပြင်ကြီးရှိသလို နတ်ဆေးတောင်တန်း၊ ထာဝရရှေးဟောင်းမြေများနှင့် အခြားနေရာများ ရှိကြသည်ပင်။ ထိုနေရာများမှာ အန္တရာယ်များသော်လည်း မယုံကြည်နိုင်သည့် အခွင့်အရေးကောင်းများ ရှိနေသည်ပင်။

“ဟီးဟီး .. ငါသိတယ် .. နင် အစ်မကြီးချင်းယီအကြောင်း စဉ်းစားနေတာ ဟုတ်တယ်မလား..” ယုန်ဖြူလေး၏အပြုံးမှာ နတ်ဆိုးဆန်လှသည်။ သူမသည် ကျောက်စိမ်းမှထွင်းထုထားသည့် အရုပ်လေးနှင့်တူသော်လည်း သူမ၏အပြုံးမှာ အနည်းငယ် ကျောချမ်းစရာကောင်းလှသည်။

“မင်းလို ကလေးမျိုးက ဘာသိမှာလဲ .. မင်းဘာတွေလျှောက်ပြောနေတာလဲ..” ရှီဟောင် သူမ၏ ငွေဖြူရောင်ဆံပင်များကို ရှုပ်ပွအောင် လုပ်လိုက်သည်။

“ကျောက်တုံးလေး .. ငါ နင်နဲ့သေတဲ့အထိ တိုက်မှာ..” ယုန်ဖြူလေး သူမ၏ လက်သည်းများကို ထုတ်လာသည်။

ချင်းယီ ယွဲ့ချန်နှင့်အတူ ဘိုးဘေးယဇ်ပုလ္လင်သို့ လိုက်သွားခြင်းဖြစ်ကြောင်း သူတို့ထံမှ သိလိုက်ရ၏။ ဤသည်မှာ သူ့အား တုန်လှုပ်သွားစေသည်။

သူတို့ ဘာလုပ်ကြမှာလဲ..

“အစ်မကြီးချင်းယီက ထူးခြားကြောင်း လူတော်တော်များများသိနေပြီ .. သူက အစိမ်းရောင်လမီးတောက်မျိုးစေ့နဲ့ ပေါင်းစည်းထားတာဆုတော့ သူက ထာဝရရှေးဟောင်းခေတ်က ထာဝရသက်ရှိချင်းယွဲ့နဲ့ ဆက်စပ်မှုရှိနေလိမ့်မယ်လို့ တစ်ချို့သူတွေ သံသယဝင်နေကြတယ်..” ယုန်ဖြူလေး ပြောလိုက်သည်။

ချောင်ယုရှင်းသည် ခေါင်းညိမ့်လိုက်ကာ “ဟုတ်တယ် .. ဒါပေမဲ့ မင်းစိတ်ပူစရာမလိုပါဘူး .. အကြီးအကဲအရှင် မုန့်ထျန်းကျန်းလည်း ဘိုးဘေးယဇ်ပုလ္လင်မှာရှိတယ် .. အဲဒီတော့ ချင်းယီ ဘာအန္တရာယ်မှ ဖြစ်မှာမဟုတ်ဘူး..”

ရှီဟောင် မျက်လုံးများ တောက်ပလာသော်လည်း သူဘာမှမပြောတော့။ သူ ချင်းယီ၏ လုံခြုံရေးကို တကယ်စိတ်မပူ။ ဘာပြဿနာမှမရှိဘူးဟု သူခံစားနေရသည်။

သူစိတ်ပူသည်မှာ ယွဲ့ချန်လည်း ထိုနေရာသို့သွားသည်ဆိုသည့်ကိစ္စပင်။ အဘယ်ကြောင့်ဆိုသော် ချင်းယီနှင့် ယွဲ့ချန်မှာ အစကတည်းက တစ်ယောက်တည်းပင်။ ဘိုးဘေးယဇ်ပုလ္လင်မှ အကြီးအကဲများ ဝင်စွက်ဖက်ပြီး သူတို့အား တစ်ခုတည်အဖြစ်ပေါင်းစည်းလိုက်လျှင်…

“စိတ်မပူပါနဲ့ .. အစ်မကြီးချင်းယီက ထာဝရသက်ရှိချင်းယွဲ့နဲ့ ဆက်စပ်နေတယ်လို့ ထင်နေကြတော့ ဘယ်သူမှ သူ့ကို ခက်ခဲအောင်လုပ်မှာမဟုတ်ဘူး.. သူ့ဘာသာသူ လိုက်သွားတာ..” ယုန်ဖြူလေး ပြောလိုက်သည်။

“အဲဒီလိုဖြစ်ဖို့ပဲ မျှော်လင့်တာပေါ့..” ရှီဟောင်ပြောလိုက်၏။

နောက်ဆုံးတွင် သူတို့ ကျောက်တုံးကလန်လူများစု ရှိနေသည့်နေရာသို့ ပြန်လာလိုက်သည်။ မီးပုံကြီးတစ်ခုဘေး၌ လူအချို့ ဝန်းရံနေပြီး အလွန်ရင်းနှီးကျွမ်းဝင်သည့်ပုံစံဖြင့် တာအိုမီးတောက်တစ်ခုကို ထိန်းချုပ်နေသည်။ ထို့နောက် သူတို့စတင် ချက်ပြုတ်ကြလေ၏။

“ဝိုး .. ဒါက တစ်ဖက်လောကက ဘုရင်ကလန်ထဲက ရွှေရောင်မိစ္ဆာငှက်လား .. အတောင်ပံက ငါ့ဟာပဲ .. ငါ့ဟာကို လာမလုကြနဲ့..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။ အတောင်ပံများကို ဆေးကြောပြီးသည်နှင့် သူမ ဂရုတစိုက် ကင်လိုက်လေသည်။ ထိုအတောင်ပံ ရွှေရောင်သန်းလာကာ အဆီများလည်း မီးပုံထဲသို့ ကျသွားကာ တဖျစ်ဖျစ်အသံများ ထွက်ပေါ်လာသည်။

“ဒါက ကင်းခြေများ .. သူ့ရဲ့ပုံစံက နည်းနည်းကြောက်ဖို့ကောင်းတယ် .. ဒါပေမဲ့ သူ့အခွံကို ဖယ်လိုက်ရင် သူ့ရဲ့အသားက ပုစွန်အသားနဲ့အတူတူပဲ..” ဖက်တီးချောင်သည် အတော်လေးရဲတင်းကာ ထိုအသားကို အိုးထဲသို့ ပစ်ထည့်လိုက်လေ၏။

“ဒီမှာ ဟဲဝူရှန်း ဒါမှမဟုတ် ဟဲကျီမင်မရှိတာ နှမြောစရာပဲ .. ငါသူတို့ကို တကယ်စားချင်တာ..” ပုရွက်ဆိတ်လေး အံကြိတ်၍ ပြောလိုက်သည်။

သူတို့ မီးပုံကို ဝိုင်းလိုက်ပြီး အရသာရှိသည်များကို စားသုံးနေကြသောကြောင့် လူမျိုးစုမှ ကလေးများ ရောက်လာကြသည်။

“ယူလိုက် .. အရမ်းလောဘမကြီးရဘူး .. မင်းတို့အားလုံးအတွက် ဒီအစားအသောက်တွေက အရမ်းပြင်းလွန်းတယ် .. မင်းတို့ အကြီးအကဲတွေဆီကို ယူသွားပေးပြီးတော့ ဖြည်းဖြည်းချင်းစားလို့ ပြောလိုက်..” ရှီဟောင်သတိပေးလိုက်သည်။

ကလေးများ ဤအသားကို စား၍မရ။

“ငါ လျှပ်စီးအတိဒုက္ခဝိုင် သောက်ချင်တယ်..” ပုံမှန်အားဖြင့် အိပ်ပျော်နေတတ်သည့် အဖြူရောင်ချီလင်းလေးသည် မျက်လုံးများပွင့်နေပြီး သားရေကျနေလေသည်။

လိပ်ပြာဧကရာဇ်လည်း ပျံသန်းလာကာ ဝိုင်ခွက်အနား အတောင်ပံများကို လှုပ်ခတ်လိုက်လေ၏။

“ကောင်းပြီ .. အတူတူသောက်ကြစို့..”

ရှီဟောင် ထိုအိုးကို ထုတ်လိုက်ပြီး ဤနေရာတွင်ရှိနေသည့်သူများကို ရက်ရောစွာပင် ဝေပေးလိုက်သည်။

“ငါလည်း အတိဒုက္ခကို ဖြတ်သန်းချင်တယ်..” ဤသည်မှာ လိပ်ပြာဧကရာဇ်နတ်စိတ်ဝိညာဉ်ပင်။ ထိုလိပ်ပြာလေးမှာ အလွန်ပင်ပျော်ရွှင်နေလေ၏။

“ဟူး .. ဒီကျောက်တုံးလေးက ဘယ်တော့မှ နိုးလာမှာလဲ…” ရှီဟောင် သူ၏ဆံပင်ပေါ်တွင်ရှိနေသည့် ထိုကျောက်တုံးလေးအား ပွတ်သပ်လိုက်သည်။

“ရှင် သူ့ဘေးနားမှာ လျှပ်စီးကန်ထားလိုက်ရင် ဒီကောင် သေချာပေါက် နိုးလာပြီးတော့ လျှပ်စီးကန်ကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဝါးစားသွားလိမ့်မယ်..” ဖက်တီးချောင်း ပြောလိုက်သည်။

သူ့ဘေးတွင်ရှိနေသည့် လိပ်ပြာဧကရာဇ်လည်း သဘောတူကြောင်း ဆက်တိုက်ပင် ခေါင်းညိမ့်နေလေ၏။

ရှီဟောင် ဆွံ့အသွားရသည်။ သူ့ဘေးနားတွင်ရှိနေသည့်သူများ တစ်ယောက်နှင့်တစ်ယောက် နားလည်နေသည်မှာ ကောင်းလှသည်။

“အခုတော့ ငါ လျှပ်စီးကန်ကို ဖျက်ဆီးလို့မရသေးဘူး .. ဒီကန်ကြီးက မာကျောပြီး မပျက်စီးနိုင်ဘူးဆိုတာ ယုံကြည်ပေမယ့် အာမခံချက်တော့မရှိဘူး.. ဒီကျောက်တုံးကခန့်မှန်းလို့မရဘူး..” ရှီဟောင် ပြောလိုက်သည်။

ဤလျှပ်စီးကန်လေးမှာ အလွန်အရေးကြီးသောကြောင့် သူဤကန်လေးကို အဆုံးရှုံးမခံနိုင်သေး။

“ဒီလျှပ်စီးကန်က ဘာတွေထူးဆန်းနေလဲဆိုတာ သိရဖို့ အကြီးအကဲအရှင် ပြန်လာတဲ့အထိ စောင့်ရတာ .. ဒီကန်ထဲမှာ နဂါးသုံးကောင်တကယ်ရှိနေတာလားဆိုတာ ကြည့်ကြတာပေါ့..” ယုန်ဖြူလေး ပြောလိုက်သည်။

ယခုအချိန်တွင် လျှပ်စီးကန်ကို ချိတ်ပိတ်ထားခြင်းဖြစ်ပြီး သူတို့ ပြန်မဖြည်နိုင်။ အကြီးအကဲအရှင် ပြန်ဖြည်ပေးမည်ကို သူတို့စောင့်ရမည်။

အမှန်တကယ်တော့ သူတို့အကြာကြီး စောင့်နေစရာမလို။ အကြီးအကဲအရှင် ဘိုးဘေးယဇ်ပုလ္လင်မှ ထွက်လာကာ ငါးရောင်စပ် နတ်လမ်းကြောင်းနှင့်အတူ ကျောက်တုံးကလန်လူမျိုးစုထံသို့ ရောက်လာသည်။

ဤလမ်းကြောင်း လီပေါင်းမည်မျှရှည်မှန်းမသိသော်လည်း အကြီးအကဲအရှင်မှာ ချက်ချင်းပင် ရောက်လာသည်။

“အကြီးအကဲအရှင်..” ရှီဟောင်နှင့်အခြားသူများအားလုံး အလောတကြီး မတ်တပ်ရပ်ကာ သူ့အား လေးလေးစားစားနှုတ်ဆက်လိုက်သည်။

“ငါ့ကို စိတ်ထဲမထားနဲ့ ထိုင်ကြ .. ငါ့ကို အပြင်လူလိုမျိုး ဒီလောက်ယဉ်ကျေးနေစရာမလိုဘူး..” အကြီးအကဲအရှင် ပြုံး၍ ပြောလိုက်သည်။ မြက်ခင်းပြင်ပေါ်တွင်ရှိနေသည့် လျှပ်စီးကန်ကို မြင်သည်နှင့် သူ၏လက်ကို ဝေ့ရမ်းလိုက်ကာ ထိုကန်ကြီး သူ့လက်ထဲသို့ ရောက်လာအောင် လုပ်လိုက်သည်။

ရွှီး..

ရောင်စုံတိမ်တိုက်များ ထွက်ပေါ်လာပြီး နတ်အလင်းများ ကောင်းကင်ထက်သို့ တက်သွားသည်။ သူ ချိတ်ပိတ်ထားသည်ကို ပြန်ဖြည်လိုက်လေပြီ။ တစ်ချိန်တည်းမှာပင် လျှပ်စီးကန်ထဲ၌ အခြားအလင်းတန်းတစ်ခုလည်း ရှိနေသည်။ ဤသည်မှာ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်ရှိ ‌ခေါင်းဖြတ်ဓားမှ ထွက်လာသည့် အလင်းတန်းပင်။

ယခုအချိန်တွင် သူ နောက်တစ်ကြိမ် လှုပ်ရှားလာကာ ထွက်ပြေးရန် ကြိုးစားလာသည်။

အကြီးအကဲအရှင် ပြိုင်ဘက်ကင်းသည့် နတ်ခွန်အားကို အသုံးပြုပြီး ထိုအလင်းတန်းအား ဖိနှိပ်ထားလိုက်သည်။

အကြီးအကဲအရှင် လျှပ်စီးကန်အောက်ခြေသို့ စိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် သက်ရှိသုံးကောင်နှင့်တူသည့် ပုံရိပ်များကို ရံဖန်ရံခါ တွေ့နေရသည်ပင်။

“လျှပ်စီးဝိညာဉ်တွေကို လွှတ်ပြီးတော့ လျှပ်စီးကန်ထဲ ပစ်ထည့်လိုက်..” အကြီးအကဲအရှင် ပြောလိုက်သည်။

“အာ..” ရှီဟောင်သာမက အခြားသူများပါ အံ့အားသင့်သွားရသည်။

အပိုင်း ၁၆၂၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၄ – အသက်ရှိနေသည့်တံဆိပ်

လျှပ်စီးဝိညာဉ်ကို လျှပ်စီးကန်ထဲ ထည့်ရမယ် .. အကြီးအကဲအရှင် ဘာလုပ်ချင်နေတာလဲ..

“ကန်အောက်ခြေမှာ ရှိနေတာတွေက သတ္တဝါအစစ်လား တံဆိပ်လားဆိုတာ စမ်းကြည့်ဖို့ .. လျှပ်စီးဝိညာဉ်နဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများကြီးရှိတယ် .. သူတို့က ကောင်းကင်အတိဒုက္ခထဲမှာ မွေးဖွားတာလို့ ပြောကြတယ် .. ဒီလျှပ်စီးကန်ကလည်း ကောင်းကင်အတိဒုက္ခကနေ ရလာတာဆိုတော့ သူတို့ကြားမှာ ဆက်သွယ်ချက်ရှိနေရမယ်..” အကြီးအကဲအရှင် တည်ငြိမ်စွာ ပြောလိုက်သည်။

လျှပ်စီးဝိညာဉ်မှာ ဤလောက၌ သုံးကောင်သာရှိပြီး သုံးကောင်စလုံး ရှီဟောင်လက်ထဲမှာပင်။ ဤအကောင်များကို ဝမ်မိသားစုမှ အားအင်စိုက်ထုတ်ပြီး ရထားခြင်းဖြစ်သော်လည်း ယခုတော့ ပိုင်ရှင်ပြောင်းသွားလေပြီ.

ရှီဟောင်သည် ဤပိုးကောင်သုံးကောင် သူ့အားနာခံလာအောင် မည်ကဲ့သို့ လုပ်ရမည်ကို တစ်ချိန်လုံး စဉ်းစားနေခဲ့ခြင်းပင်။ ယခု အကြီးအကဲအရှင် ရောက်လာပြီဖြစ်သောကြောင့် ဤသည်မှာ သူ၏လမ်းညွှန်မှုကို တောင်းခံရန် အချိန်ကောင်းပင်။

သို့သော်လည်း ထိုအကောင်များကို လျှပ်စီးကန်ထဲသို့ ပစ်ထည့်လိုက်ဟု အကြီးအကဲအရှင်မှ အရင်ဆုံးပြောလာလိမ့်မည်ဟု သူမထင်ထားခဲ့။

“ခဏ .. ကျွန်တော် လျှပ်စီးအတိဒုက္ခရည်တွေ နည်းနည်းလောက် ထုတ်လိုက်ဦးမယ်..” ရှီဟောင် ရေရွတ်လိုက်သည်။ ဤပိုးကောင်များကြောင့် အဖိုးတန်အရည်များ ကုန်သွားမည်ကို သူမလိုလား..

“ဟုတ်တယ် .. အဲဒီအကောင်တွေကို အဲဒီထဲ ထည့်ပြီးသွားရင် အဲဒီအရည်ကို ထပ်မသောက်တော့ဘူး .. အရမ်းညစ်ပတ်သွားပြီ..” ယုန်ဖြူလေးအလောတကြီး ခေါင်းညိမ့်လိုက်သည်။

အကြီးအကဲအရှင် ဘာမှမပြော။

လျှပ်စီးကန်ထဲမှ အရည်များကို အရိုးအိုးထဲသို့ ထည့်လိုက်သည်နှင့် သိပ်မကျန်တော့။

အရည်များမရှိတော့သော်လည်း ဤသည်မှာ ချောက်နက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းနေဆဲပင်။ ကန်အောက်ခြေ၌ ရှိနေသည့် နဂါးအစစ်များမှာ မှုန်ဝါးလှပြီးသေချာမမြင်ရ။

လျှပ်စီးဝိညာဉ်မှာ အော်ဟစ်နေလေသည်။ သို့သော်လည်း ရှီဟောင် ငွေရောင်တစ်ကောင်ကို ဖမ်းလိုက်ပြီး ကန်ထဲသို့ ပစ်ထည့်လိုက်သည်။

ထိတ်လန့်စရာကောင်းသည်မှာ ဝါးတူအရွယ်အစားရှိသည့် ‌လျှပ်စီးဝိညာဉ်သည် ရှီဟောင်လက်ထဲတွင် ဒေါသတကြီး အော်ဟစ်နေသော်လည်း လျှပ်စီးကန်ထဲသို့ ရောက်သွားသည်နှင့် ပျော်ရွှင်စွာပင် ဟစ်ကြွေးကခုန်နေလေသည်။

ထိုအကောင်ထံမှ မီးပွားများစွာ ထွက်လာပြီး သူသည် ကန်အောက်ခြေသို့ပင် ထိုးဆင်းသွားလေသည်။

အမ်..

အားလုံး ထိတ်လန့်သွားရ၏။ သူသည် သားကောင်ကို လိုက်ဖမ်းသကဲ့သို့ ထိုနဂါးများထံသို့ ပြေးဝင်သွားခြင်းပင်။

ရှီဟောင်၊ ဖက်တီးချောင်နှင့် ပုရွက်ဆိတ်လေးတို့အားလုံး ဆွံ့အသွားရသည်။ လျှပ်စီးဝိညာဉ်မည်မျှကြမ်းတမ်းသည်ကို သူတို့မသိသည်မဟုတ်။ သို့သော်လည်း ဤအကောင်သည် နဂါးအစစ်ကိုပင် တိုက်ခိုက်ရဲသည်လား..

“ငါ သံသယဝင်လာပြီး .. သူတို့တွေက နဂါးအစစ်ရော ဟုတ်ရဲ့လား .. လျှပ်စီးဝိညာဉ်တွေက ဒီအကောင်တွေကို စားချင်နေတယ် .. ဒါက အရမ်းထူးဆန်းတယ်..”

လျှပ်စီးကန်ထဲတွင် ရေများလွင့်စင်လာသည်။ လျှပ်စီးဝိညာဉ်သည် ရွှေရောင်အလင်းအဖြစ် ပြောင်းလဲကာ တစ်ခဏအတွင်းပျောက်သွားပြီး နဂါးအစစ်ထံသို့ တရှိန်ထိုးပြေးသွားလေသည်။

သို့သော် ထိတ်လန့်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ နဂါးပေါက်လေးသည် အစားခံလိုက်ရသည်မဟုတ်ပဲ လျှပ်စီးဝိညာဉ်နှင့်ပေါင်းစည်းသွားလေသည်။ သူတို့နှစ်ကောင်သည် တစ်ကောင်တည်းအဖြစ် ပေါင်းစည်းသွားကာ ထိုနေရာ၌ ကူးခတ်နေလေ၏။

ဤကဲ့သို့သော ရလဒ်မျိုးရလာသည့်အချိန်တွင် အားလုံး အနည်းငယ် စိတ်ပျက်ကာ ဒေါသထွက်သွားရသည်။

“ဒီလျှပ်စီးဝိညာဉ်က ဘယ်လိုလုပ် အဲဒီနဂါးနဲ့ ပေါင်းစည်းသွားရတာလဲ .. သူက နဂါးရဲ့ခန္ဓာကိုယ်နဲ့ အရိပ်လိုမျိုးဖြစ်နေပြီ” ချောင်ယုရှင်း ပြောလိုက်သည်။

“လျှပ်စီးဝိညာဉ်တွေက ခန္ဓာကိုယ်အစစ် မရသေးဘူး .. သူတို့ခန္ဓာကိုယ်က ပြောင်းလဲနေတုန်းပဲ .. မဟုတ်ရင်သူတို့က ဘာလို့ ဒီလောက်ရှားပါးနေမှာလဲ..” အကြီးအကဲအရှင် မုန့်ထျန်းကျန်း ပြောလိုက်သည်။

ရှီဟောင်နှင့် ချောင်ယုရှင်းတို့နှစ်ယောက်လုံး ဆွံ့အသွားရသည်။ တစ်ခဏခန့် စဉ်းစားပြီးနောက် သူတို့အလွန်ထိတ်လန့်သွားရသည်။

“စီနီယာ .. လျှပ်စီးဝိညာဉ်တွေဆိုတာ မရှိဘူးလို့တော့ မပြောနဲ့နော် .. ဒီလိုမျိုးသတ္တဝါတွေက သတ္တဝါတစ်ခုခုရဲ့ အထူးအခြေအနေအဆင့်လား…” သူတို့ အကြီးအကဲအရှင်ကို စိုက်ကြည့်ပြီး မေးလိုက်ကြသည်။

အထူးသဖြင့် ရှီဟောင်ပင်။ သူသည် ငွေရောင်နှင့်အနီရောင် လျှပ်စီးဝိညာဉ်များကို ကိုင်ပြီး သေချာလေ့လာလိုက်သည်။

လျှပ်စီးဝိညာဉ်နှစ်ကောင်သည် အော်ဟစ်ကာ ရုန်းကန်နေကြလေ၏။ သူတို့သည် မြွေနှင့်တူသော်လည်း သူတို့မတိုက်ရဲတာ ဘာမှမရှိ။ သူတို့သည် လျှပ်စီးအတိဒုက္ခကိုလည်းမကြောက်။

“သူတို့မှာသာ ဦးချိုနဲ့ ခြေတွေလက်တွေရှိလာရင် သူတို့က နဂါးအစစ်နဲ့မတူဘူးလား..” ချောင်ယုရှင်း ရေရွတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ရေနဂါးနှင့်သိပ်မကွာတော့။ သူတို့သေချာကြည့်လိုက်သည့်အချိန်တွင် ဤအကောင်များ၏ ခန္ဓာကိုယ်ထက်၌ နဂါးသင်္ကေတများစွာရှိနေသည်ပင်။

အားလုံး ဆွံ့အသွားရသည်။ ဒါက နဂါးအစစ်ရဲ့ ကြားအဆင့်တော့ မဟုတ်လောက်ဘူးမလား..

“အဲဒီလိုလား .. ငါတစ်ချက်လောက် ကြည့်မယ် .. ငါ သူတို့အရေခွံတွေကို ဆွဲဆုတ်ပစ်မယ်..” ပုရွက်ဆိတ်လေး အော်ဟစ်ကာ ရောက်ရှိလာလေသည်။

“ဒါက ခန့်မှန်းချက်ပဲ .. သူတို့အားလုံးက လျှပ်စီးအတိဒုက္ခကနေ လာတာဆိုတော့ သူတို့ကြားမှာ ဆက်နွှယ်ချက်တွေ ရှိမယ် .. ဒါက နဂါးအစစ်လေးတွေ မဟုတ်ဘူး .. နဂါးဖြစ်နိုင်တဲ့ သတ္တဝါလေးတွေပဲ..” အကြီးအကဲအရှင် ပြောလိုက်သည်။

သူပြောသည့်အတိုင်းဆိုလျှင် သက်ရှိအားလုံးသည် အဆင့်နိမ့်သည့်သားရဲဖြစ်စေ ရက်စက်သည့်သားရဲဖြစ်စေ သူတို့ အလွန်တိုးတက်ပြောင်းလဲသွားသည်နှင့် သူတို့ဖြစ်ချင်သည့်ပုံစံကို ရွေးချယ်၍ရသည်။ သူတို့ နဂါးအစစ်အဖြစ်လည်း အဆင့်တက်နိုင်သည်။

သူတို့ထဲတွင် အများစုမှာ မြွေနှင့် ရေနဂါးများဖြစ်ရန် ရွေးချယ်ကြသည်။ သာမန်အခြေအနေများအောက်တွင် သူတို့၏ရည်မှန်းချက်ကို နဂါးအစစ်အဖြစ်ပြောင်းလဲရန် သတ်မှတ်ထားကြသည်ပင်။

“တိုက်ဆိုင်လိုက်တာ .. လျှပ်စီးဝိညာဉ်သုံးခုရှိနေသလို လျှပ်စီးကန်ထဲမှာလည်း နဂါးတံဆိပ်သုံးခုရှိနေတယ်..” ယုန်ဖြူလေး ရေရွတ်လိုက်သည်။

“တာအိုကနေ တစ်ခု၊ တစ်ခုကနေနှစ်ခု၊ နှစ်ခုကနေ သုံးခု၊ သုံးခုကနေ ဘဝအားလုံးဆိုတဲ့စကားနောက်ကွယ်မှာ သူ့အကြောင်းပြချက်ရှိတယ်..” အကြီးအကဲအရှင်ခေါင်းညိမ့်လိုက်သည်။

သူသည် ဤနေရာ၌ သာမန်အကြီးအကဲတစ်ယောက်လို ပေါ့ပေါ့ပါးပါးပင် နေနေသည်။

“လျှပ်စီးဝိညာဉ် .. သူတို့တွေ နဂါးအစစ်အဖြစ် အဆင့်တက်ဖို့ အခွင့်အရေးရှိနေတာလား..” ရှီဟောင်၏မျက်လုံးများ အလွန်တောက်ပလာသည်။

“ဖြစ်နိုင်တယ် .. သူတို့တွေက မြွေတို့ ရေနဂါးတို့ထက်တောင် ပိုပြီးတော့ သင့်တော်တယ် .. ဒါပေမဲ့ သူတို့နဂါးအစစ်တော့ဖြစ်လာမှာမဟုတ်ဘူး … ဘာလို့လဲဆိုတော့ ဒီသတ္တဝါတွေက အစကတည်းက စွမ်းအားကြီးပြီးသားမလို့..” အကြီးအကဲအရှင်ပြောလိုက်သည်။

ကန်ထဲတွင်ရှိနေသည့် တံဆိပ်များမှာ နဂါးအစစ်အဖြစ် ပြောင်းလဲချင်သည့်သက်ရှိများအတွက်တော့ အဆင့်လွန်ရတနာများပင်။

အကြီးအကဲအရှင် ထပ်ခါတလဲလဲ စမ်းသပ်ပြီးနောက် ဤတံဆိပ်များမှာ နဂါးအစစ်မှ ချန်ထားခဲ့သည့်အရာများဖြစ်ကြောင်း ကောက်ချက်ချလိုက်နိုင်သည်။

“နဂါးအစစ်တွေဆိုတာက စွမ်းအားအကြီးဆုံးသက်ရှိတွေ .. သူတို့က မရေမတွက်နိုင်တဲ့ သားရဲတွေထဲမှာ နံပါတ်တစ်ချိတ်တယ် .. ဒီလူမျိုးစုက အရမ်းထူးခြားဆန်းကြယ်ပြီးတော့ အရေအတွက်လည်း အရမ်းနည်းတယ် .. ပြောရမယ်ဆိုရင် ခေတ်တစ်ခေတ်မှာ တစ်ကောင်၊ နှစ်ကောင်ရှိနေရင်ကို တော်တော်လေး အံ့ဩဖို့ကောင်းနေပြီ..” ချောင်ယုရှင်း ပြောလိုက်သည်။ သူသိထားသမျှအရာအားလုံးမှာ အရိုးစာအုပ်များနှင့် သူ့ဆရာပြောပြထားသည့်အရာများပင်။

“အဲဒါကြောင့် ဒီကလန်က အချိန်တစ်ခုထိ ရှင်းခံလိုက်ရပေမယ့် အဲဒီအဆင့်ထိရောက်အောင် ပြောင်းလဲနိုင်တဲ့ မြွေတွေ၊ ရေနဂါးတွေ ရှိနေသေးတာ..” ရှီဟောင်ပြောလိုက်သည်။

“ဒါက ဒါက တော်တော်လေးထူးဆန်းတယ် .. နောက်ဆုံးနဂါးအစစ်က ပျောက်သွားတာလား ဒါမှဟုတ် စစ်ပွဲမှာ ကျသွားတာလား .. ဒါမှမဟုတ် လျှပ်စီးအတိဒုက္ခရဲ့မူလဇစ်မြစ်ကို ပြန်သွားတာလား..” အကြီးအကဲအရှင် သူ့ဘာသာသူ စဉ်းစားလိုက်သည်။

“ဒီလောကမှာ နဂါးအစစ်ဥတွေ ကျန်ခဲ့တယ် .. အဲဒီဥတွေက ဖရိုဖရဲစွမ်းအင်တွေ ပြည့်နေတဲ့ ရှေးဟောင်းလှိုဏ်ဂူတွေထဲမှာ ရှိနေတာလို့ ငါဘာလို့ ကြားဖူးတာလဲ..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။

“နဂါးအစစ်က ထားခဲ့တဲ့ နဂါးဥတွေ ရှိရင်ရှိလောက်မှာ .. သူတို့သာ မွေးဖွားလာရင် ဒါက စွမ်းအားအကြီးဆုံး မျိုးနွယ်စုတစ်ခု ပေါ်လာတာပဲ .. ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာသွားပြီဆိုတော့ သူတို့ တစ်ခုခုဖြစ်သွားပြီး သူတို့ကို နောက်တစ်ခေါက် ပြန်မမြင်နိုင်တော့မှာစိုးမိတယ်…” အကြီးအကဲအရှင် သက်ပြင်းချလိုက်သည်။

ထို့နောက် သူသည် ရှီဟောင်ကို စိုက်ကြည့်လိုက်ကာ လျှပ်စီးဝိညာဉ်သုံးကောင်ကို သူ့ဘေး၌ ထားရမည်ဖြစ်ကြောင်း ပြောလိုက်သည်။ တစ်နေ့ သူတို့ နဂါးအစစ်အဖြစ်ပြောင်းလဲနိုင်မည့် အခွင့်အရေးရှိလာလျှင် ဤသည်မှာမယုံကြည်နိုင်စရာကောင်းလောက်အောင် ဖြစ်သွားလိမ့်မည်။

နဂါးအစစ်သာ အရွယ်ရောက်လာပါက ထာဝရဘုရင်များ ဖြစ်လာကြမည်ပင်။ ဤသည်မှာ သူတို့ဘာကြောင့် နံပါတ်တစ် လူမျိုးစု ဖြစ်နေသည်ကို သက်သေပြလိုက်ခြင်းပင်။

ဤလူမျိုးစုတွင် နဂါး ဒါဇင်ပေါင်းများစွာ မွေးဖွားခဲ့လျှင်ပင် အဆုံးသတ်၌ မမျှော်လင့်ထားသည့်အဖြစ်အပျက်များ ဖြစ်လာပြီး နဂါးတစ်ကောင်သာ အသက်ရှင်လိမ့်မည်။ အခြားအကောင်များမှာ အားနည်းလျှင်နည်းသွားမည်။ မဟုတ်လျှင်လည်းသေသွားလိမ့်မည်ဟု ပြောကြသည့်သူအချို့ရှိခဲ့သည်။

ထို့ကြောင့်ပင် ထိုအသက်ရှင်ကျန်ရစ်ခဲ့သည့် နဂါးတစ်ကောင်မှ နဂါးအစစ်ဟူသည့်ဂုဏ်ပုဒ်ကို ရရှိလာခဲ့ခြင်းပင်။

အစက သူတို့ကို နဂါးမျိုးနွယ်စုဟုသာ ခေါ်ခြင်းပင်။

ယခုတော့ အစစ်ဟူသည့်စကားလုံးကို ထပ်ပေါင်းထည့်လိုက်ပြီဖြစ်သည်။

လျှပ်စီးကန်တွင် နဂါးအစစ်၏ အဖိုးတန်ပညာနှင့် အခြားအရာများရှိနေမလားဟု အကြီးအကဲအရှင်အား ကြည့်ခိုင်းလိုက်သည်။ နဂါးအစစ်မှ ကျမ်းစာများနှင့် အခြားအရာများကိုထားရစ်ခဲ့ပါက မယုံကြည်နိုင်လောက်အောင်ဖြစ်သွားလိမ့်မည်။

သို့သော်လည်း အကြီးအကဲအရှင်သည် သေချာလေ့လာပြီးနောက် သက်ပြင်းသာ ချလိုက်သည်။ ထိုနေရာတွင် မည်သည့်ကျမ်းစာရှိမနေ။

“ဒါက ဒါကတော်တော်လေးကို ကြောက်ဖို့ကောင်းနေတုန်းပဲ .. ဒါကို နဂါးအစစ်လုပ်ထားတဲ့အပြင် သူ့မှာ ကောင်းကင်အတိဒုက္ခရဲ့ ထူးဆန်းမှုတွေလည်း ရှိနေတယ် .. ဒီတံဆိပ်သုံးခုမှာ အသက်အရင်းအမြစ်ပတဲ့ ဥပဒေသတစ်ချို့ရှိနေတယ်..” နောက်ဆုံးတွင် အကြီးအကဲအရှင်၏အမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်ကို သေချာလေ့လာဆန်းစစ်ကြည့်ပြီးနောက် ဤကဲ့သို့သော ကောက်ချက်မျိုးထွက်လာခြင်းပင်။

ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်။

သိထားရမည်မှာ မပျက်စီးနိုင်သည့်သူများနှင့် ထာဝရသက်ရှိများပင် ဤသည်ကို ရှာဖွေနေကြခြင်းပင်။

လက်ရှိလောကတွင် ဘာမှမရှိပဲ အသက်ကို မဖန်တီးနိုင်။

“ပြောရမယ်ဆိုရင် မြွေနဲ့ ရေနဂါးမဟုတ်တဲ့ တစ်ခြားသတ္တဝါတွေ ဒီတံဆိပ်ကိုရသွားရင် သူတို့လည်း နဂါးအစစ်အဖြစ် ပြောင်းလဲနိုင်တဲ့ အခွင့်အရေးရသွားမှာ .. သူတို့ နဂါးအစစ်ဖြစ်လာမှာ..” အကြီးအကဲအရှင် လေးနက်စွာ ပြောလိုက်သည်။

ရှီဟောင်နှင့် အခြားသူများ ထိတ်လန့်သွားရသည်။ ဤသည်မှာ ကောင်းကင်အတိဒုက္ခ၏ ဖျက်ဆီးခြင်းထဲမှ ဖြစ်ပေါ်လာသည့် ဘဝတစ်ခုပင်။

“ဒီလိုမျိုးပစ္စည်းက ထာဝရတာအိုကျမ်းစာထက်တော့ နိမ့်ကျမှာမဟုတ်ဘူး .. အဲဒီကျမ်းစာတွေထက်တောင် ပိုပြီးတော့ အံ့ဩဖို့ကောင်းရင် ကောင်းဦးမှာ .. ကန့်သတ်နယ်မြေကလူတွေ စိတ်လှုပ်ရှားသွားတာ အံ့ဩစရာမရှိတော့ပါဘူး .. ဒီကန်မှာ ဖန်တီးခြင်းတာအိုဥပဒေသတွေရှိနေတယ် .. ဒါကိုသာ နားလည်နိုင်ရင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားမှာ..” အကြီးအကဲအရှင် အလွန်လေးနက်နေသည်။

ရှီဟောင်သည် ဤပညာကိုနားလည်အောင်လုပ်ရန် အကြီးအကဲအရှင်အား ချက်ချင်းပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ရှိအဆင့်မှာ ဤကဲ့သို့သောအရာမျိုးနှင့် အလှမ်းဝေးသေးသည်။ အသက်ဖန်တီးခြင်း .. ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင်။

အဆင့်လွန်သက်ရှိများသာ ဤပညာကို လေ့လာနိုင်လိမ့်မည်။

“လျှပ်စီးဝိညာဉ်လည်း ဒီလိုမျိုးတံဆိပ်မျိုးကနေ မွေးဖွားလာတာဖြစ်လိမ့်မယ် .. ဒါပေမဲ့ သူတို့ရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်က အခုထိ မပြီးသေးဘူး..” ရှီဟောင် ရုတ်တရက်ပြောလိုက်သည်။

ဤသည်မှာ သူရုတ်တရက်ရလိုက်သည့်အတွေးပင်ဖြစ်သော်လည်း သူ့စကားကြောင့် အကြီးအကဲအရှင်ပင် ဆွံ့အသွားရသည်။ သူ၏အမူအရာလည်း ပြောင်းလဲသွားရသည်။

ထို့နောက် သူတို့ လျှပ်စီးဝိညာဉ်၏ မူလဝိညာဉ်များကို လေ့လာလိုက်ကြသည်။ သူတို့ သဲလွန်စအချို့နှင့်အတူ ဝမ်မိသားစု၏ ထူးခြားဆန်းကြယ်မှုအချို့ကို သိချင်သည်။ ကံမကောင်းစွာဖြင့်ပင် ဤလျှပ်စီးဝိညာဉ်သုံးကောင်မှ စာရွက်ဖြူကဲ့သို့ပင်။ အရေးကြီးသည့်အရာများ ဘာမှရှိမနေ။

သူတို့သည် ရဲရင့်ကြသော်လည်း ငယ်သေးသည်။

အခြား လျှပ်စီးဝိညာဉ်နှစ်ကောင်လည်း လျှပ်စီးကန်ထဲသို့ ပစ်ချခံလိုက်ရသည်။ ရှီဟောင် အကြီးအကဲအရှင်အား ကြည့်လိုက်ပြီးနောက် သူ့ကို ဤပစ္စည်းယူထားရန် ပြောလိုက်သည်။

သူ၏သဘောထားကို အကြီးအကဲအရှင် နားလည်သည်ပင်။ ရှီဟောင် ဤလျှပ်စီးကန်အား သူ့ကိုပေးရခြင်းမှာ သူ ဤသည်ကို လေ့လာပြီး သီးသန့်ကျင့်ကြံနိုင်အောင်ပင်။

လျှပ်စီးကန်တွင် ထူးခြားဆန်းကြယ်မှုများစွာ ပါဝင်နေသည်။

“လျှပ်စီးအတိဒုက္ခရဲ့ အရင်းအမြစ်က ဘယ်ကလဲဆိုတာ ငါသိချင်လာပြီ .. ဒါက တကယ်ကို ထူးခြားတယ်..” အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။

ထို့နောက် ယခုတစ်ကြိမ်တွင် ဝမ်မိသားစု အတော်လေး ပေးဆပ်လိုက်ရကြောင်း ရှီဟောင်အား ပြောပြလိုက်သည်။ မဟုတ်ပါက နဂါးငါးကောင် ဂိတ်အပြင်ဘက်သို့ အပို့ခံရပြီး သူတို့သေသည်အထိ တိုက်ခိုက်ရလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် လျှပ်စီးဝိညာဉ်များကို ထိုနဂါးငါးကောင်ထဲမှ တစ်ကောင်လွှတ်လိုက်ခြင်းပင်။

“သူတို့အပြစ်တွေကို ချေဖို့အတွက် ဝမ်မိသားစု မင်းကိုပေးလိုက်ရတဲ့သဘာဝကံကောင်းမှုက တော်တော်လေး ကောင်းတယ် .. ဒီနတ်အလင်းတန်းနဲ့ဆိုရင် မင်းရဲ့ခွန်အား တော်တော်လေး တိုးတက်သွားလောက်တယ်..” အကြီးအကဲအရှင် လျှပ်စီးကန်ထဲတွင်ရှိနေသည့် ထိုအလင်းတန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

ရှီဟောင်ကို ထိုအလင်းတန်းအား ဖိနှိပ်ခိုင်းဖို့ သူစီစဉ်ထားသည်။ ထိုသို့ပြုလုပ်ရန်အတွက် သူလည်းကူညီမည်ပင်။

အကြီးအကဲအရှင် သလင်းကျောက်တစ်ခုကို ထုတ်လိုက်သည်နှင့် အနီရောင်အလင်းများတောက်ပစွာထွက်ပေါ်လာသည်။ ဤသည်မှာ အနီရောင်နေလုံးလေးကဲ့သို့ တောက်ပနေသည်။

ဤသည်မှာ လသားကလေးအရွယ်လက်သီးအရွယ်အစားရှိသည့် သလင်းကျောက်ပင်။ ထိုထဲ၌ သွေးစိန်များထက်ပင် ကြည်လင်နေသည့် သွေးတစ်စက်ရှိနေသည်။

“ထာဝရသွေးလား..” ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။

“ဟုတ်တယ် .. ဒါပေမဲ့ ဒါက မင်းမြင်ဖူး၊ ကြားဖူးတဲ့သွေးတွေနဲ့သိပ်မတူဘူး .. ဒါက အသက်ရှင်နေတဲ့ထာဝရသက်ရှိရဲ့သွေး .. သေနေတဲ့သူရဲ့သွေးမဟုတ်ဘူး..” အကြီးအကဲအရှင်ပြောလိုက်သည်။

ဤသည်မှာ ထာဝရသက်ရှိအစစ် သူအသက်ရှင်စဉ်က ထုတ်ခဲ့သည့် သွေးပင်။ ထိုသွေးထဲမှ သေဆုံးခြင်းစွမ်းအင်ကို ဖယ်ထုတ်ပြီးသွားပြီဖြစ်ပြီး အထူးနည်းလမ်းများကို အသုံးပြုကာ ချိတ်ပိတ်ထားပြီး သွေးထဲမှ အသက်ဓာတ်ကိုထိန်းထားခြင်းပင်။ ဤသွေးမှာ ထာဝရသက်ရှိ၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသည့်သွေးနှင့်အတူတူပင်။

ယခင်က ရှီဟောင် ထာဝရသွေးများကို မြင်ဖူးသော်လည်း ဤသွေးစက်နှင့် လုံးဝခြားနားနေသည်ပင်။

“ဒါက ပြိုင်ဘက်ကင်းတဲ့ ထာဝရသက်ရှိအစစ်ဖြစ်တဲ့ ထာဝရဝမ်အဖေရဲ့သွေး .. ဒီအဖိုးတန်သွေးက သူအထွဋ်အထိပ်ရောက်နေတဲ့အချိန်က ထုတ်ထားတာ .. ဖျက်ဆီးနိုင်တဲ့စွမ်းအင်တွေအားလုံး ပြုပြင်ပြီးသွားပြီ .. သူ့ရဲ့ အသက်ဓာတ်ကိုလည်း ထိန်းသိမ်းထားတာ .. ဒါက အဖိုးမဖြတ်နိုင်တဲ့သွေး..”

ထို့နောက် အကြီးအကဲအရှင် လျှပ်စီးကန်ထဲမှ အလင်းတန်းကို ထုတ်ယူကာ သူ၏မှော်စွမ်းအားဖြင့် ဖိနှိပ်ထားလိုက်သည်။

“ဒါက ထာဝရသတ်ဖြတ်ခြင်းစင်မြင့်က ခေါင်းဖြတ်စက်က ထွက်လာတဲ့ နတ်အလင်းတန်း .. မင်း ဒီအလင်းတန်းကို မင်းရဲ့လက်ထဲ ဒါမှမဟုတ် တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ပေါင်းလိုက်ရင် မင်းတိုက်ခိုက်လိုက်တာနဲ့ မင်းကို ကျော်နိုင်တဲ့အရာ ရှိတော့မှာမဟုတ်ဘူး .. မင်းအားလုံးကို ဖြတ်တောက်ပစ်နိုင်လိမ့်မယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ရှီဟောင်မပြောနှင့် ချောင်ယုရှင်း၊ ယုန်ဖြူလေးနှင့် အခြားသူများပင် မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤအရာမှာ ထိတ်လန့်စရာကောင်းလှသည်။

ဤသည်မှာ လျှပ်စီးကန်ထက် မနိမ့်ကျပေ။

အပိုင်း ၁၆၂၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၅ – နတ်ဘုရားပြုပြင်ခြင်းအလင်း

အချို့လူများအမြင်တွင် ဤသည်မှာ လျှပ်စီးကန်ထက်ပင် ပို၍ အဖိုးတန်လိမ့်မည်။

သို့သော် ဤနတ်အလင်းတန်းကို မြင်လိုက်သည့်သူများမှာမူ မနာလိုဖြစ်ရုံသာ တတ်နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအလင်းတန်းမှာ သူတို့နှင့် အလှမ်းဝေးလှသည်။ ဟွမ်သာ ကျားပါးစပ်ထဲမှအစာကို လုယူရဲခြင်းပင်။

သလင်းကျောက်ထဲတွင်ရှိနေသည့် ထိုထာဝရသွေးစက်မှာ ကြည်လင်တောက်ပနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ ပြိုင်ဘက်ကင်းသည့်ရတနာဖြစ်ကြောင်း သိနိုင်သည်ပင်။

လျှပ်စီးကန်ထဲရှိ ထိုအလင်းတန်းမှာ ထူးခြားလှသည်။ အကြီးအကဲအရှင် သူ၏ပြိုင်ဘက်ကင်းသည့် မှော်စွမ်းအားဖြင့် ဖိနှိပ်ထားသော်လည်း ထိုအလင်းသည် ဆက်တိုက်ပင် ရုန်းကန်နေလေသည်။

ဤအလင်းတန်းမှာ အသက်ရှိနေသည့်ပုံပင်။ ဤသည်မှာ ကောင်းကင်အတိဒုက္ခဩ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်မှ ချန်ရစ်ထားခဲ့သည့်အလင်းတန်းတစ်ခုသာဖြစ်သောကြောင့် ဘယ်လိုလုပ် စိတ်ဝိညာဉ်ရှိနိုင်မည်နည်း..

ထိုအချိန်တွင် ထိုထာဝရသွေးနှင့် အလင်းတန်းတို့‌ ရောယှက်သွားကာ တောက်ပလာသည်။

“ဒါက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ..” ချောင်ယုရှင်း တံတွေးပင် စီးကျလာမတတ်ပင်။ သူစဉ်းစားလေလေ ပို၍ထိတ်လန့်လေလေပင်။ ဤပစ္စည်းနှစ်ခုလုံး အလွန်အံ့အားသင့်စရာကောင်းလှသည်။

“မင်းဘာလုပ်ဖို့ အစီအစဉ်ရှိလဲ .. မင်း ဒီပစ္စည်းနှစ်မျိုးကို ဘယ်လိုမျိုးပြုပြင်ချင်လဲ..” အကြီးအကဲအရှင် ရှီဟောင်အားမေးလိုက်သည်။ သူ၏ရည်ရွယ်ချက်များကို သူသိချင်သည်။

“ဒီသွေးစက်က ကျွန်တော့်ကို ဟင်းလင်းပြင်တာအိုနယ်ပယ်ကနေ အဆင့်တက်အောင် လုပ်ပေးနိုင်တယ် .. ဒါပေမဲ့ဒါက ကျွန်တော် လျှပ်စီးအတိဒုက္ခမှာတောင် လုပ်လို့ရတယ် .. ကျွန်တော် တမင်သက်သက်မလုပ်ခဲ့တာ … ကျွန်တော် အရင်ဆုံး ဂိတ်အပြင်ဘက်ထွက်ပြီး ကိုယ့်ကိုကိုယ် ထူးချွန်အောင်လုပ်ချင်တယ်” ရှီဟောင်မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ပြိးတော့ ဒီအလင်းတန်းကို ကျွန်တော့်ခန္ဓာကိုယ်ထဲကို ထည့်ချင်တယ် .. သူ့ကို ထက်ရှတဲ့လက်နက်တစ်ခုအဖြစ် ပြောင်းလိုက်မယ် .. ဒါပေမဲ့ ဒါက အရမ်းခက်ခဲတယ်..” ရှီဟောင် ထိုရုန်းကန်နေသည့် စွမ်းအင်အလင်းတန်းကို ကြည့်လိုက်သည်။

“ဒါကို လက်နက်တစ်ခုအဖြစ် ဘာလို့မလုပ်တာလဲ .. အဲဒါဆိုရင် နည်းနည်းလေး ပိုလွယ်လိမ့်မယ်..” အကြီးအကဲအရှင် အကြံပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ထံတွင် သူနှင့်အတူ တစ်ဆင့်ချင်း စွမ်းအားကြီးလာမည့် ဘဝရတနာမရှိသေးသည်ကို သူသတိပြုမိခဲ့သည်ပင်။

“ကျွန်တော့်မှာ လက်နက်တွေရှိတယ်..” ရှီဟောင် ရှင်းပြလိုက်သည်။ သူ့ထံတွင် ထာဝရဓား၊ စေတီလေး၊ နဂါးအကြေးခွံနှင့် အခြားအရာများရှိသည်။ အားလုံးမှာ ထူးခြားသည့်အရာများပင်။

သို့သော်လည်း လက်နက်များမှာ အပြင်ပစ္စည်းများသာဖြစ်သည်ဟု သူခံစားရသည်။ သူ ဤပစ္စည်းများကို ဆုံးရှုံးသွားလျှင်ဖြစ်စေ အခြားသူများမှ ယူသွားလျှင်ဖြစ်စေ သူ့အတွက် အလွန်အခြေအနေဆိုးရွားလိမ့်မည်။

လက်နက်လုပ်မည့်အစား သူ့ခန္ဓာကိုယ်ကို ပြုပြင်လိုက်ခြင်းက ပိုကောင်းလိမ့်မည်။ သူ၏ခန္ဓာကိုယ်ကို အဆင့်လွန်ရတနာနှင့်ယှဉ်နိုင်အောင် လုပ်မည်။

ထို့ကြောင့်ပင် သူ့ထံ၌ လောကကြီးကို တုန်လှုပ်စေနိုင်သည့် လက်နက်များရှိသော်လည်း သူ့ကိုယ်သူသာ အားကိုးနေခြင်းပင်။ ဤနည်းလမ်းဖြင့်ပင် နောင် သူဘယ်နေရာသွားသွား မည်သူ့ကိုမှ ကြောက်စရာလိုတော့မည်မဟုတ်တော့။

သူသာ လုံလောက်အောင်စွမ်းအားကြီးလာလျှင် အဖိုးတန်ပစ္စည်းများဖြစ်စေ လက်နက်ပုန်းများဖြစ်စေ အားလုံးကို လက်ဗလာဖြင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။

“လူတစ်ယောက်က ကိုယ့်လမ်းကိုကိုယ် ရွေးချယ်ရမှာပဲ .. လက်နက်မလိုတာလည်း ကောင်းပါတယ် .. တစ်နေ့ကျရင် မင်း မှော်ပစ္စည်းတွေကို လက်ဗလာနဲ့ ဖျက်ဆီးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်..” အကြီးအကဲအရှင်ပြောလိုက်သည်။

ထိုသို့သာဆိုလျှင် သိပ်မရှုပ်ထွေးတော့။ ရှီဟောင်၏လက်ရှိ မှော်ခွန်အားဖြင့် နတ်အလင်းတန်းကို ပြုပြင်ရန်မှာ မဖြစ်နိုင်သေး။

အဘယ်ကြောင့်ဆိုသော် ဤအလင်းတန်းသည် အကြီးအကဲများ၏ အဖိုးတန်ပစ္စည်းများကိုပင် ဖောက်ခွဲသွားသည်ကို အားလုံးတွေ့လိုက်ရသည်ပင်။ ထို့အပြင် သူသည် ကျွမ်းကျင်သူတစ်ယောက်၏ လက်ဝါးကိုပင် အပေါက်ကြီးဖြစ်အောင် လုပ်ခဲ့သေးသည်။

ဤထာဝရသွေးစက်မှာ ရှီဟောင် နတ်အလင်းတန်းနှင့်ပေါင်းစပ်ရန်အတွက် သင့်တော်သည်ဟု အကြီးအကဲအရှင်ခံစားလိုက်ရသည်။ ဤသွေးစက်ကိုသာသုံးလျှင် ရှီဟောင် အန္တရာယ်ကင်းလိမ့်မည်။

ဤသည်မှာ အကြီးအကဲအရှင်၏ အကူအညီလိုမည်ပင်။

“မင်း ခန္ဓာကိုယ်ဘယ်အစိတ်အပိုင်းနဲ့ ပေါင်းစည်းချင်လဲ..” အကြီးအကဲအရှင်မေးလိုက်သည်။

“မျက်လုံး..” ဖက်တီးချောင် အကြံပေးလိုက်သည်။

ရှီဟောင်မပြောနှင့် အကြီးအကဲအရှင်ပင် ခေါင်းခါလိုက်သည်။ ဤကဲ့သို့သော ရက်စက်သည့်အရာကို မျက်လုံးနှင့် ပေါင်းစည်းရန် မဖြစ်နိုင်။ ထို့အပြင် ရှီဟောင်သည် လက်ရှိအချိန်တွင် အားနည်းနေသေးသည်။

“မူလဝိညာဉ်..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။

“ဆူဆူညံညံ မလုပ်နဲ့တော့..” အကြီးအကဲအရှင် ဆက်မကြည့်နိုင်တော့။ ဤသည်မှာ နတ်စိတ်ဝိညာဉ်မဟုတ်သောကြောင့် သူ့ကို မူလဝိညာဉ်နှင့်ပေါင်းစည်းလိုက်လျှင် သိပ်အကျိုးများမည်မဟုတ်။ ဤအလင်းတန်းကို အရည်ကျိုသည့်အချိန်တွင် ရှီဟောင်၏အသိစိတ်ပင်လယ် ပျက်စီးသွားနိုင်သည်။

“မင်းနဖူးမှာ ဒေါင်လိုက်မျက်လုံးတစ်လုံးလုပ်လိုက် .. အဲဒါဆိုရင် မင်းကြည့်လိုက်တဲ့သူတိုင်းကို မင်းသတ်လို့ရပြီ..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။

“ထွက်သွားပြီး ဘေးဘက်ကပ်နေစမ်း..” အကြီးအကဲအရှင် မုန့်ထျန်းကျန်းပြောလိုက်၏။ ဤကလေးများသည် မစဉ်းစားပဲနှင့် လျှောက်ပြောနေကြသည်။

မျိုးနွယ်စုထဲမှ ကလေးများလည်း ခပ်ဝေးဝေးမှ ရပ်ကြည့်နေကြသည်။ အရွယ်ရောက်သည့်သူများပင် ထိတ်လန့်နေကြသည်ပင်။ ထိုထာဝရသွေးနှင့် လျှပ်စီးကန်မှာ ကြောက်စရာကောင်းလှသည်။ ထို့အပြင် အကြီးအကဲအရှင်မှာ လူများကို ကြောက်ရွံ့စေသည့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ပင်။

ထို့နောက် သူတို့အချိန်ဖြုန်းမနေကြတော့။

သူတို့ ကျောက်တုံးကလန်မျိုးနွယ်စု၏ တောင်တန်းထဲသို့ ဝင်သွားကာ တိတ်ဆိတ်သည့်တောင်ထိပ်တစ်ခုကို ရှာလိုက်သည်။ အကြီးအကဲအရှင်သည် ရှီဟောင်အား စောင့်ကြည့်ပေးနေကာ သူထိုအလင်းတန်းအား ပြုပြင်မည်ကို ကူညီပေးနေသည်။

ရှီဟောင် ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။ သူ ဤအလင်းတန်းကို အခြားမည်သည့်နေရာမှ မထည့်ချင်သောကြောင့် သူ၏လက်ချောင်းကိုသာ ရွေးချယ်လိုက်သည်။ ထို့အပြင် ဤအလင်းတန်းမှာ သိပ်မထူသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခြမ်းနှင့် ပေါင်းစည်းနိုင်မည်မဟုတ်။ ထို့အပြင် သူ၏လက်မောင်းတစ်ခုလုံးနှင့် ပေါင်းစည်းရန်အတွက်လည်း မလုံလောက်။

သူ၏ဘယ်လက်လက်ညှိုးကို ရွေးချယ်လိုက်သည်။ ဤသည်မှာ ဓားပညာများပြုလုပ်ရန်အတွက် အသင့်တော်ဆုံးလက်ချောင်းပင်။

တောင်ထိပ်မှာ ရှေးဟောင်းနွယ်ပင်များ ပြည့်နှက်နေပြီး ကြီးမားလှသည့် စပါးကြီးမြွေများစွာလည်း ရှိနေသည်။ သူတို့အားလုံးသည် ရှီဟောင်အား စိုက်ကြည့်နေကာ လျှာများကို တစ်လစ်တစ်လစ် လုပ်နေကြသည်။

သို့သော်လည်း ရှီဟောင်နှင့် အကြီးအကဲအရှင်တို့နှစ်ဦးလုံး တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် မြွေနဂါးအဖြစ်သို့ ပြောင်းလဲမည့်မြွေကြီးများအားလုံး ထွက်ပြေးသွားကြသည်။

ရှီဟောင် ထိုနေရာ၌ ထိုင်နေပြီး လျှပ်စီးကန်မှာ သူ့နံဘေး၌ ရှိနေသည်။

အကြီးအကဲအရှင် ဘေးဘက်၌ရပ်လိုက်ကာ သူ၏မှော်စွမ်းအားကို အနည်းငယ် ဖြေလျော့ပေးလိုက်သည်နှင့် ထိုအလင်းတန်းချက်ချင်း ပြေးထွက်လာကာ လေဟာနယ်ကို ထိုးဖောက်ပြီး ထွက်ပြေးရန် ကြိုးစားလာသည်။

ရှီဟောင် အရိုးစာသားများကို အသက်သွင်းလိုက်ပြီး ထိုအလင်းကို ဖိနှိပ်ရန် အဖိုးတန်ပညာများကို အသုံးပြုလိုက်သည်။ ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာတုန်ခါလာသည်။ ထိုအလင်းတန်းမှာ စွမ်းအားကြီးလှပြီး သူ၏မှော်စွမ်းအားကို ထိုးဖောက်ကာ သူ၏အသွေးအသားအား ထိုးဖောက်မတတ်ဖြစ်နေလေပြီ။

ဤသည်ကို မြင်သည်နှင့် အကြီးအကဲအရှင် သက်ပြင်းမချပဲ မနေနိုင်။ ဤအလင်းတန်းမှာ တကယ်ကို ထူးခြားလှသည်။ သူ ထိုအရာကို နောက်တစ်ကြိမ်ဖိနှိပ်လိုက်ကာ သူလှုပ်ရှားနိုင်အောင် နေရာအနည်းငယ် ပေးလိုက်သည်။

ထိုသို့ဆိုသော်လည်း ရှီဟောင် ထိုအလင်းတန်းကိုပြုပြင်ရန် ကြိုးစားသည်နှင့် သူသည် မကျေမနပ်ဖြစ်ကာ ကြောက်စရာကောင်းလောက်အောင် ပြန်ကန်ထွက်နေသည်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ ဤနတ်အလင်းတန်း အနည်းငယ် နူးညံ့လာသည်။ သူသည် အကြမ်းပတမ်းမလုပ်တော့ပဲ သူ့အနားသို့ ကပ်ခွင့်ပေးလာသည်။

သို့သော်လည်း ရှီဟောင် သူ၏လက်ချောင်းဖြင့် ထိုအလင်းတန်းအားထိတွေ့တော့မည့်အချိန်တွင် သူအလွန်နာကျင်သွားရသည်။

ထိုနတ်အလင်းတန်းတောက်ပလာကာ အနီရင့်ရောင်အလင်းများလည်း သွေးစွမ်းအင်ကဲ့သို့ ထွက်ပေါ်လာကာ သူ၏လက်ချောင်းကို ဆိုးဆိုးရွားရွား ပျက်စီးသွားအောင် လုပ်လိုက်သည်။ ဒဏ်ရာများမှာ သူ့အရိုးထိပင် ရောက်သွားလေ၏။

“စွမ်းအားကြီးလိုက်တာ..” ခပ်ဝေးဝေးတွင်ရှိနေသည့်‌ ချောင်ယုရှင်း သက်ပြင်းချ၍ ပြောလိုက်သည်။ ဤမြင်ကွင်းကို မြင်သည်နှင့် သူအေးစက်သွားရသည်။

သူတို့ အနည်းငယ် မနာလိုဖြစ်နေသော်လည်း ဤအလင်းကို ပြုပြင်သည်မှာ အားလုံးလုပ်နိုင်သည့်အရာမဟုတ်။

ရှီဟောင် သက်ပြင်းမချပဲ မနေနိုင်တော့။ သူသည် မပျက်စီးနိုင်သော ကျမ်းစာကိုကျင့်ကြံထားခြင်းဖြစ်သောကြောင့် သူ၏အသွေးအသားမှာ အတော်လေး စွမ်းအားကြီးနေလေပြီ။ သို့သော်လည်း ယခု သူ၏လက်ညှိုးမှာ အတော်လေးထိခိုက်သွားသည်ပင်။

သို့သော်လည်း သူအရှုံးပေးမည်မဟုတ်။ လမ်းတစ်ဝက်တွင် အရှုံးပေးစရာအကြောင်းမရှိ။ သူနောက်တစ်ကြိမ် ကြိုးစားလိုက်သည်။ သူ၏လက်ဝါးတောက်ပလာကာ ရွှေရောင်ခွန်ပန်လေးပေါ်လာ၏။ ထိုခွန်ပန်သည် ထိုနတ်အလင်းတန်းထံသို့ တရှိန်ထိုး ပြေးသွားလေသည်။

တစ်ချိန်တည်းမှာပင် သူ့နောက်မှ အစိမ်းရောင်အလင်းပေါ်လာသည်။ ထို့နောက် နတ်ချိန်းကြိုးများ ထွက်ပေါ်လာကာ ထိုအလင်းတန်းကို ရစ်ပတ်ပိတ်လှောင်လိုက်သည်။

ထို့နောက် ရှီဟောင်၏မျက်ခုံးကြား တောက်ပလာကာ လျှပ်စီးကန်ပုံစံတံဆိပ်လေး ပေါ်လာသည်။ ထိုတ့ဆိပ်မှ လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကာ ထိုလျှပ်စီးများအားလုံး သူ၏လက်ဝါးနှင့် လက်ချောင်းများတွင်စုစည်းသွားသည်။

ထို့နောက် သူ၏ရင်ဘတ်တောက်ပလာကာ မရေမတွက်နိုင်သည့် အချိန်အပိုင်းအစများ ကခုန်လာသည်။ ဤသည်မှာ ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည်ပင်။

ရှီဟောင် တတ်နိုင်သမျှ အကုန်လုံးကို အသုံးပြုလိုက်ပြီး သူ၏ပါးစပ်မှ ကျမ်းစာများကိုလည်း ရွတ်ဖတ်နေသည်။ ထာဝရတာအိုအော်ရာများ ပျံ့လွင့်လာကာ သူ၏ဦးခေါင်းထက်တွင် တာအိုပန်းပွင့်သုံးပွင့်ပေါ်လာသည်။ ထိုပန်းပွင့်များထဲတွင် ပြန်လည်ဝင်စားခြင်းတံဆိပ်များဖြင့် ဝန်းရံထားသည့် ပုံရိပ်လေးတစ်ခုလည်းရှိနေသည်။ ထိုပုံရိပ်လည်း ဤနတ်အလင်းတန်းကို ဖိနှိပ်ထားလေ၏။

ပညာအားလုံး၊ နတ်စွမ်းရည်အားလုံးအပြင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများလည်း ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ သင်္ကေတပေါင်းစုံ ဝန်းရံသွားသည်ပင်။ သူ နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ဟစ်ကြွေးလိုက်သည်နှင့် ကောင်းကင်ထက်သို့ အလင်းများတက်သွားသည်။

ဖူး..

ထိုသို့ဆိုသော်လည်း ရှီဟောင် ရှုံးနိမ့်နေဆဲပင်။ သူ၏လက်ချောင်းများ တစ်စစီဖြစ်သွားကာ အရိုးဖြူများပင် ပေါ်လာသည်။ ထိုအရိုးဖြူများ၌ အက်ကွဲကြောင်းများလည်း ပေါ်လာသည်။

ဤနတ်အလင်းတန်းမှာ မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။ သူတစ်ချက်လှုပ်ခါလိုက်သည်နှင့် ထိတွေ့ကိုင်တွယ်၍ရသည်ပစ္စည်းအားလုံး ပျက်စီးသွားသည်။

“ဒါက တကယ်ကို ပုံမှန်မဟုတ်တာပဲ..” ခပ်ဝေးဝေးတွင်ရှိနေသည့် ပုရွက်ဆိတ်လေးမှ ရေရွတ်လိုက်သည်။

လိပ်ပြာဧကရာဇ်လည်း သူ၏အတောင်ပံများကို လှုပ်ခတ်ကာ အနည်းငယ် ခေါင်းညိမ့်ပြပြီး သဘောတူလိုက်သည်။

“ငါတို့ ထာဝရသွေးကို သုံးရအောင်” အကြီးအကဲအရှင် ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်လုံလောက်အောင် မသန်မာသောကြောင့်မဟုတ်ပဲ ဤအလင်းတန်းမှ ထူးခြားလွန်းနေခြင်းပင်။ ဤအလင်းတန်းမှာ ဤလောကမှ ပစ္စည်းမဟုတ်။

“ဒါကထာဝရခေါင်းဖြတ်စက်က စွမ်းအင် .. စဉ်းစားကြည့်လိုက်လေ .. ခေါင်းဖြတ်စက်က မျိုးဆက်ပေါင်းများစွာက ကောင်းကင်သားတော်တွေကို သတ်ခဲ့တာ .. ဒီအလင်းတန်းက ဘယ်လောက်တောင် ထူးခြားမလဲ.. ဒါက ပြုပြင်လို့ မရလောက်ဘူး..” ဖက်တီးချောင် ပြောလိုက်၏။

သူပြောသည်မှာလည်း မှန်သည်။ ဤအလင်းတန်းမှာ ထူးခြားလှသည်။

ခွပ်..

ထိုသလင်းကျောက်မှ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး အနီရင့်ရောင်အလင်းတန်းတစ်ခု ချက်ချင်းထွက်ပေါ်လာကာ လောကကြီးတစ်ခုလုံး နတ်အော်ရာများ လွှမ်းခြုံသွားသည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ဤနေရာတစ်ခုလုံး ညနေခြင်းအလင်းများဖြင့် ပြည့်နှက်သွားလေသည်။

ရှီဟောင် လုံးဝမလှုပ်ရှားပဲ သလင်းကျောက်မှ အလင်းတန်းတစ်ခုကို သာဆွဲယူကာ သူ့လက်ချောင်းထဲ ထည့်လိုက်သည်။

ရွှီး..

ထိုနတ်အလင်းတန်းမှာ အလွန်ထိရှလွယ်လှသည်။ ထာဝရသွေးပေါ်လာသည်ကို အာရုံခံမိသည်နှင့် သူ ထိုသွေးထံသို့ ပြေးသွားလေသည်။

အားလုံး ဆွံ့အသွားရ၏။ သူ ထာဝရသက်ရှိကို သတ်တော့မှာလား..

အပိုင်း ၁၆၂၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၆ – ဂိတ်တံခါးမှ နောက်တစ်ကြိမ်ထွက်ခြင်း

ထာဝရသွေးကို သတ်တော့မှာလား.. ထိုအလင်းတန်းသည် ဓားအလင်းတန်းပုံစံသို့ ပြောင်းလဲကာ ထာဝရသွေးထံသို့ တရှိန်ထိုးပြေးသွားလေ၏။

သူသည် ဤသွေးကို ရှင်းပစ်ချင်နေသည့်ပုံစံဖြင့် ရိုက်ချလိုက်လေသည်။

သို့သော်လည်း ဤသွေးမှာ ထူးခြားလှသည်။ သူသည် ‘အသက်ရှိ’နေဆဲဖြစ်ကာ ထူးဆန်းသည့် အသက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ အလင်းတန်းဖြင့် ရိုက်ခံရသော်လည်း ပေါက်ကွဲမသွား။

ထိုအစား ရှီဟောင်၏လက်ချောင်းရိုးများ အလွန်နာကျင်သွားကာ ချက်ချင်း ကျိုးသွားသည်။ ဤသည်မှာ အားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်ပင်။

ထို့အပြင် သူ၏လက်ချောင်းများမှာ အမှုန့်ဖြစ်တော့မတတ်ကို ပျက်စီးသွားခြင်းပင်။

ကံကောင်းစွာဖြင့် ထိုအချိန်တွင် ထိုထာဝရသွေး တောက်ပလာကာ သူ့လက်အရိုးများထဲသို့ ဝင်ရောက်သွားပြီး သူ၏ဒဏ်ရာများကို ပြန်လည်ကောင်းမွန်သွားစေသည်။ ထို့အပြင် သူ၏ကျိုးနေသည့် အရိုးများလည်း လျင်မြန်စွာပင် ပြန်ဆက်သွားသည်။

ဤအဖြစ်အပျက်မှာ အလွန်လျင်မြန်လှသည်။ အနီရင့်ရောင်အလင်းတန်းတောက်ပလာလာပြီး ရှီဟောင်၏လက်မှာ အရင်အတိုင်း ပြန်ကောင်းသွားသည်။ သူ၏အရိုးများ ပြန်ကောင်းသွားရုံသာမက အသားများလည်း ပြန်တက်လာသည်။

“ဒီနတ်အလင်းတန်းက အရမ်းကြောက်ဖို့ကောင်းတာပဲ .. ဒါနဲ့ ဘယ်လိုပေါင်းရမှာလဲ..” ယုန်ဖြူလေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ထာဝရသွေးလည်း ကြောက်စရာကောင်းတယ် .. သူ့ရဲ့ သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေကို အရင်ထာဝရသက်ရှိက ဖယ်ပစ်ထားလို့သာ မဟုတ်ရင် သူလည်း အန္တရာယ်များတယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။

ဤသည်မှာ အမှန်တရားပင်။ ထာဝရသက်ရှိ၏ခန္ဓာကိုယ်မှ စီးဆင်းလာသည့် မပြုပြင်ရသေးသည့်သွေးဆိုပါက သွေးတစ်စက်တည်းဖြင့် ရှီဟောင်အဆင့်လူများကို ရှင်းလင်းပစ်နိုင်သည်။

သူ ဤသွေးစက်နှင့်ပေါင်းစည်းနိုင်ခြင်းမှာ ဤသွေးစက်မှ မကောင်းသည့်အရာအားလုံးကို ဖယ်ရှားထားပြီး ကောင်းသည့်အရာများသာ ကျန်ခဲ့သောကြောင့်ပင်။

ရွှီး..

နတ်အလင်းတန်း ပြန်ပေါ်လာကာ ထာဝရသွေးထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာသည်။

ခွပ်ဟူသည့်အသံနှင့်အတူ ရှီဟောင် ထိုသလင်းကျောက်ကို ဖျက်ဆီးလိုက်ကာ ထိုသွေးစက်ကို သူ၏ဘယ်ဖက်လက်ညှိုးပေါ်သို့ ကျစေလိုက်သည်။

ရွှီး..

ယခုတစ်ခေါက်တွင်တော့ ထိုနတ်အလင်းတန်း သူ၏လက်ချောင်းထံသို့ တရှိန်ထိုးပြေးဝင်လာကာ ထိုထာဝရသွေးနှင့်ပေါင်းစည်းသွားပြီး ပြင်းထန်စွာပင်တိုက်ခိုက်လာသည်။

တခွပ်ခွပ်အသံများအောက်တွင် ရှီဟောင်၏ အသွေးအသားများ ပျက်စီးသွားရုံသာမက သူ၏လက်ချောင်းရိုးများလည်း အက်ကွဲလာသည်။

ကံကောင်းစွာဖြင့် ထာဝရသွေးရှိနေသောကြောင့် ရှီဟောင်၏ဒဏ်ရာ ချက်ချင်းပြန်ကောင်းလာသည်။

နတ်အလင်းတန်းသည် သက်တံ့တစ်စင်းကဲ့သို့ ဝင်လိုက်ထွက်လိုက်လုပ်နေပြီး ရှီဟောင်၏လက်ချောင်းကို ဖျက်ဆီးနေလေသည်။ ထို့နောက် ထိုလက်ချောင်းသည် ထပ်ခါတလဲလဲ ပြန်လည်ကောင်းမွန်လာသည်။

“ငါ့သွားတွေတောင် နာလာသလိုပဲ..”

“ငါ့ဦးရေပြားတွေ ထုံကျဉ်နေပြီ..”

“ငါ့တစ်ကိုယ်လုံး ကြက်သီးတွေ ထနေပြီ..”

ချောင်ယုရှင်း၊ ပုရွက်ဆိတ်လေးနှင့် ယုန်ဖြူလေးတို့၏ မှတ်ချက်များပင်။ ကျင့်ကြံသည့်အချိန် ဤမျှနာကျင်ရသည်ကို သူတို့တစ်ခါမှ မတွေ့ဖူးခဲ့။ သူ၏လက်ချောင်းမှာ ပျက်စီးသွားလိုက် ပြန်ကောင်းလိုက်ဖြစ်နေသည်။

နောက်ဆုံးတွင်တော့ သူ၏လက်ချောင်းမှာ ထာဝရသက်ရှိတစ်ယောက်၏ လက်ချောင်းကဲ့သို့ တောက်ပလာသည်။ ဤအတော်အတွင်းတွင် ထိုနတ်အလင်းတန်းသည် ထာဝရသွေးသွေးအားဆက်တိုက် ထိုးနှက်ကာ ရောနှောနေသည်။ ထိုအလင်းတန်းသည် မူလကတည်းက အနီရင့်ရောင်ဖြစ်သော်လည်း ယခုအချိန်တွင် သွေးထဲစိမ်ထားသကဲ့သို့ ပို၍တောက်ပနေသည်။

ရှီဟောင်မှာ ထုံနေပြီဖြစ်သောကြောင့် နာကျင်မှုကိုပင် မခံစားနိုင်တော့။

“မရသေးဘူးလား .. ဒီအတိုင်းသာ ဆက်သွားရင် ငါဒီနတ်အလင်းတန်းကို ပြုပြင်နိုင်မှာမဟုတ်တော့ဘူး..” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။

ဤထာဝရသွေးစက် ရှိနေသောကြောင့်သာမဟုတ်ပါက သူ့ဘယ်လက်တစ်ခုလုံးမှာ ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးသွားလောက်လေပြီ။ ဤအလင်းတန်းမှာ ကြောက်စရာကောင်းလှပြီး သူမဖျက်ဆီးနိုင်သည့်အရာမရှိပေ။

“ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်ရဲ့ စွမ်းအင် ဖြစ်ထိုက်ပါပေတယ် .. ဘာမဆိုဖြတ်ပစ်နိုင်တယ် .. တကယ်ကို ထူးခြားတယ် .. တန်ဖိုးဖြတ်လို့မရတဲ့ အဆင့်လွန်ရတနာပဲ..

ရှီဟောင်ခေါင်းကိုက်လာသည်။ ဤအတိုင်းသာ ဆက်သွားလျှင် သူသည် အကြောင်းရင်းမရှိပဲ ကိုယ့်ကိုကိုယ်နှိပ်စက်သလို ဖြစ်နေလိမ့်မည်။ သူဘာမှလုပ်နိုင်မည်မဟုတ်။

အဓိကအကြောင်းရင်းမှာ သူ၏ကျင့်ကြံဆင့် အလွန်နိမ့်နေသည့်အချိန်တွင် ဤအလင်းတန်းမှာ အလွန်အဆင့်မြင့်သည့်အပြင် သေမျိုးလောကမှ စွမ်းအင်မဟုတ်။

အမှန်တကယ်တွင် သူ၏အဆင့်မှာ သေမျိုးလောက၌ သိပ်မနိမ့်ပေ။ သို့သော်လည်း သေမျိုးလောကမှ မဟုတ်သည့်အရာများနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူသည် လုံလောက်အောင် စွမ်းအားမကြီးသေး။

ဝုန်း..

နောက်ဆုံးတွင် အကြီးအကဲအရှင် လှုပ်ရှားလိုက်သည်။ သူသည် ထိုအလင်းတန်းကို ဖိနှိပ်ထားလိုက်ကာ ရှီဟောင်ကို စဉ်းစားရန် အချိန်ပေးလိုက်သည်။

“လျှပ်စီးကန် .. ငါ့အတွက်ပြုပြင်ပေး..” ရှီဟောင်အော်ဟစ်လိုက်သည်။

နောက်ဆုံးတွင် သူလျှပ်စီးများကိုသာ အသုံးပြုလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဤနတ်အလင်းတန်းမှာ ကောင်းကင်အတိဒုက္ခမှ ရရှိခဲ့ခြင်းဖြစ်သောကြောင့် သူတို့ကို လျှပ်စီးဖြင့် ခြိမ်းခြောက်နိုင်လိမ့်မည်။

သူ၏မျက်ခုံးနှစ်ခုကြား တောက်ပလာကာ သူ၏လက်ချောင်းတွင် လျှပ်စီးကန်လေးပေါ်လာသည်။ ထိုလျှပ်စီးကန်သည် နတ်အလင်းတန်းအား သိမ်းယူလိုက်ကာ စတင်ပြုပြင်လိုက်သည်။

သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် ထိုအလင်းတန်းသည် လျှပ်စီးကန်အားဖောက်ထွက်သွားကာ ပျံသန်းသွားလေသည်။ သူ့ကို ဖျက်ဆီးနိုင်မည့်နည်းလမ်းမရှိ။ ထို့နောက် ထိုနတ်အလင်းတန်းသည် ထာဝရသွေးအား ပြန်လည်တိုက်ခိုက်လာသည်။

“ဟမ် .. သူတစ်ဖြည်းဖြည်းနဲ့ တည်ငြိမ်လာပြီ..” အကြီးအကဲအရှင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် အချိန်ကြာလာသည်နှင့် ထိုအလင်းတန်းသည် အနီရောင်သွေးစက်နှင့်ပေါင်းစည်းသွားကာ သူတို့ကို ခွဲ၍မရတော့။

“သူက ထာဝရသွေးရဲ့ စွမ်းအင်ကို စုတ်ယူနေတာ ..” အကြီးအကဲအရှင် တိုးညှင်းစွာ ပြောလိုက်သည်။

ရှီဟောင် ဤသည်ကို တားဆီးရန် ကြိုးစားသော်လည်း အသုံးမဝင်ပေ။ ထာဝရသွေးလည်း ဤနတ်အလင်းတန်းကို စုတ်ယူနေသည်ပုံပင်။ သူတို့နှစ်ခုသည် တစ်ခုကိုတစ်ခု စုတ်ယူနေပြီး အတူတူရောသွားကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သို့သော်လည်း နောက်ဆုံးတွင် ထိုနတ်အလင်းတန်းသာ ဦးဆောင်သွားလေသည်။

ထိုအလင်းတန်းသည် နောက်ဆုံးတော့ ငြိမ်းချမ်းသွားလေပြီ။ ထာဝရသွေးထဲ၌ သိမ်းဆည်းထားသည့် နတ်အလင်းတန်းမှာ ရှီဟောင်၏လက်ညှိုးနှင့်ပေါင်းစပ်သွားလေသည်။

ဤအတောအတွင်းတွင် ရှီဟောင်၏လက်ညှိုးမှာ မရေမတွက်နိုင်အောင် ပျက်စီးခဲ့ရသည်ပင်။ ယခုတော့ ထိုလက်ချောင်း တောက်ပလာကာ ပြန်ကောင်းလာရန်အတွက် ထာဝရသွေးကို အားကိုးလိုက်သည်။

ရလဒ်အနေဖြင့် ထိုအလင်းတန်းသည် ရှီဟောင်၏ လက်ညှိုးနှင့်တစ်သားတည်း ဖြစ်သွားလေပြီ။

ရှီဟောင်သီးသန့်ကျင့်ကြံလိုက်သည်။ သူ ထိုနတ်အလင်းတန်းကို အောင်မြင်စွာ သိမ်းယူလိုက်နိုင်သည်ကို အတည်ပြုပြီးသွားသည်နှင့် နောက်ရက်သတ္တပတ်အနည်းငယ်ထိ ထိုအလင်းတန်းကို အားဖြည့်ကာ ပြုပြင်ပြီး သူ၏အစိတ်အပိုင်းတစ်ခုဖြစ်ရန် ပြုပြင်လိုက်သည်။

ဤလဝက်အတွင်းတွင် အကြီးအကဲအရှင်သည် ထွက်မသွားပဲ သူ၏ပြိုင်ဘက်ကင်းသည့်မှော်စွမ်းအားဖြင့် သူ့အား ကူညီပေးနေခဲ့သည်ပင်။ နောက်ဆုံးတွင် ထိုထာဝရသွေးစက်နှင့် နတ်အလင်းတန်းတို့ ပြိုကွဲသွားကာ ထူးဆန်းသည့်သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုသင်္ကေတများ တစ်တန်းပြီးတစ်တန်း သူ့လက်ညှိုးနှင့် အရိုးများထံသို့ ဝင်ရောက်သွားသည်။

“ငါ့ရဲ့တစ်ကိုယ်လုံးက သွေးနဲ့ အရိုးတွေကို ဒီလိုပုံစံမျိုးပြောင်းလိုက်ရင် ငါဘာကို ကြောက်နေစရာလိုတော့မှာလဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဤသည်မှာ ပြောင်းလဲမှုတစ်မျိုးပင်။ သူ၏လက်ချောင်းကို အနည်းငယ်လှုပ်ရမ်းလိုက်သည်နှင့် အဖိုးတန်ပစ္စည်းများကို ဖျက်ဆီးနိုင်သည့်စွမ်းအား ထွက်ပေါ်လာသည်။ သူ အားပင်မစိုက်လိုက်ရ။

ထို့အပြင် သူအားကုန်သုံးကာ မှော်စွမ်းအားများကို အစွမ်းကုန်သုံးလိုက်သည်နှင့် သူ၏လက်ညှိုးမှ အနီရင့်ရောင်နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် အားလုံးကိုဖျက်ဆီးပစ်နိုင်ပြီး သူ့ကိုတားနိုင်သည့်အရာမရှိ။

“ငါ့လက်ချောင်းကနေစပြီးတော့ ငါ့ရဲ့ခြေလက်တွေအားလုံးကို ပြောင်းလဲပစ်မယ် .. အဲဒီအချိန်ကျရင်ငါ့ရဲ့ခွန်အားက တော်တော်လေးကို တိုးလာမှာ..”

ထိုအချိန်ကျလျှင် သူ၏ခြေလက်များ လောကကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်လိမ့်မည်ဟု သူယုံကြည်သည်။

ရှီဟောင် နောက်ထပ်နှစ်လ သီးသန့်ကျင့်ကြံပြီး အရာအားလုံးကို သိပ်သည်းအောင် လုပ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူဘာမှမလိုအပ်တော့ကြောင်း သေချာသွားလေပြီ။ သူ ဂိတ်မှ ထွက်သွားရန်သာ လိုတော့သည်။ နတ်အလင်းတန်းနှင့် ထာဝရသွေးမှာ သူ၏ဘယ်ဘက်လက်ညှိုးနှင့် ခွဲ၍မရတော့။ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလေပြီ။

အတိအကျပြောရလျှင် ရှီဟောင်၏လက်ညှိုးမှာပြန်လည်မွေးဖွားလာသကဲ့သို့ ပြောင်းလဲသွားသည်ပင်။

“ဂိတ်ကို ဖြတ်ဖို့အချိန်ကျရင်..”

နောက်ဆုံးတွင်တော့ ရှီဟောင် ဂိတ်မှ ဖြတ်သွားလေပြီ။ သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ အဆင့်တက်တော့မည်။ သို့သော် ဤနေရာ၌မဟုတ်။ သူ စစ်မြေပြင်၌ ရန်သူသွေးများနှင့် ရေချိုးမည်။

သူ ဒဏ္ဍာရီလာ လျှိုု့ဝှက်နယ်မြေများသို့လည်း သွားကာ အခွင့်အရေးကောင်းများ ရှာဖွေချင်သေးသည်ပင်။

ရှီဟောင် သူ၏သူငယ်ချင်းဟောင်းများကိုပင် မနှုတ်ဆက်ပဲ ထွက်သွားလိုက်သည်။ ဒီတစ်ခေါက်တော့ သူဘာမှမရပဲနဲ့ ပြန်မလာဘူး..

“နတ်ဆေးတောင်တန်း၊ ကောင်းကင်သားရဲတောအုပ် .. ဒီနှစ်နေရာက ထူးဆန်းတဲ့ ရှေးဟောင်းမြေကို ဝန်းရံထားတာ .. ငါ အဲဒီနေရာတွေကိုလည်း လျှောက်သွားကြည့်ရမယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ယခုတစ်ခေါက်တွင်တော့ သူ မည်သူ့ကိုမှ မနှောက်ယှက်ပဲ တိုးတိုးတိတ်တိတ်သာ ထွက်သွားလိုက်သည်။ ထွက်ရမည့်နေ့ကို သိသည်နှင့် သူ တပ်သားများနောက် လိုက်သွားလိုက်သည်။

ယခုအချိန်တွင် ဂိတ်အပြင်ဘက်၌ လဝက်တစ်ကြိမ် တိုက်ပွဲများ ဖြစ်နေသည်ပင်။

တစ်ဖက်လောကမှ လူများကျူးကျော်ချင်နေကြသလို အင်ပါယာဂိတ်မှ စွမ်းအားကြီးသည့်သူများလည်း သူတို့တပ်သားများကို လေ့ကျင့်ချင်ကြသည်။ သူတို့ကို ရန်သူမည်မျှကြောက်စရာကောင်းသည်ကို အတွေ့အကြုံယူခိုင်းသလို စစ်ပွဲ၏ ရက်စက်မှုကိုလည်း တွေ့ကြုံခံစားစေလိုက်သည်။ သို့မှသာ တစ်နေ့ အင်ပါယာဂိတ်တွင် မမျှော်လင့်ထားသည့်အဖြစ်အပျက် ဖြစ်လာပါက ဖန်လှောင်အိမ်ထဲမှ ပန်းပွင့်လေးများ မဟုတ်ပဲ သံမဏိကဲ့သို့ ရဲရင့်သော စစ်သည်များ ရှိလာရန်ပင်။

ရှီဟောင် တစ်ကြိမ်ဖြတ်ဖူးသော်လည်း စစ်မြေပြင်သို့ ရောက်သည်နှင့် အဆုံးမရှိသည့် ကန္တာရကြီးနှင့် မရေမတွက်နိုင်သည့်အရိုးခြောက်များကို မြင်လိုက်ရပြီး သူမူးဝေနေဆဲပင်။

အဝေးမှကြည့်လိုက်လျှင် အလောင်းများ တစ်လောင်းပြီးတစ်လောင်း မြင်နေရမည်ပင်။ နေရာတိုင်း၌ စစ်ပွဲကြွေးကြော်သံများလည်း ကောင်းကင်ကြီးကို လှုပ်ခတ်နေသည်။

ယခုတစ်ခေါက်တွင်တော့ သူတို့နှစ်စုခွဲကာ တိုက်ခိုက်ကြခြင်းပင်။ အရင်ရောက်လာသည့်သူများမှာ တစ်နေ့လုံးနီးပါး တိုက်ခိုက်ပြီးသွားပြီဖြစ်ပြီး အရိုးစုများစွာ ချန်ရစ်ထားခဲ့လေပြီ။ ဤမြင်ကွင်းမှာ သည်းမခံနိုင်လောက်သည်အထိ ဆိုးရွားလှသည်။

“အမ် .. ဝမ်မိသားစုက နဂါးငါးကောင်လည်း လာတာလား .. သူတို့ဒီမှာ တိုက်နေကြတာလား..” ရှီဟောင် ထိတ်လန့်သွားရသည်။ သူသည် ခပ်‌ဝေးဝေးမှနေ၍ ဝမ်မိသားစု၏ စစ်အလံ လေနှင့်အတူ တဖျပ်ဖျပ်လွင့်နေသည်ကို တွေ့လိုက်ရခြင်းပင်။

ခဏကြာပြီးနောက် ဤသည်မှာ သူတို့အပြစ်ပေးခံရခြင်းဖြစ်ကြောင်း သိသွားရသည်။ နဂါးငါးကောင်သည် သူတို့နှင့်အဆင့်တူသည့် သတ္တဝါအချို့ကို သတ်ရမည်ဖြစ်သည်။ မဟုတ်ပါက သူတို့ပြန်ပေးဆပ်ရမည်ပင်။

အရာအားလုံးမှာ သူတို့ အင်ပါယာဂိတ်ထဲ၌ ရှီဟောင်ကို အန္တရာယ်ပေးရန် ကြိုးစားခဲ့သောကြောင့်ပင်။ သူတို့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့သောကြောင့် သူတို့ ဖြေရှင်းချက်တစ်ခုပေးရန် လိုအပ်သည်ပင်။

စစ်မြေပြင်တွင် ရှီဟောင် ခပ်ဝေးဝေးမှနေ၍သာ ကြည့်နေသည်။ ဝမ်မိသားစု နဂါးငါးကောင်မှ သတ္တဝါတစ်ချို့၏ အလောင်းများကို ဆွဲ၍ ပြန်လာသည့်အချိန်မှ သူ ထွက်လာခဲ့သည်။

သူသည် ဒုတိယအုပ်စုထဲ၌ပါဝင်နေခြင်းပင်။ ယခု သူတို့စစ်မြေပြင်ထဲသို့ ဝင်ရမည့်အလှည့်ရောက်လာလေပြီ။

“ဝမ်မိသားစုက နဂါးငါးကောင်က တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ .. သူတို့အခုလေးတင် ဘုရင်ကလန်က ထိပ်တန်းအဆင့်ကျွမ်းကျင်သူကို သတ်လိုက်တာ..” လူများမှာ သူတို့အချင်းချင်းဆွေးနွေးနေကြပြီး အလွန်ထိတ်လန့်နေကြသည်။

ဝမ်မိသားစုမှ နဂါးငါးကောင်ကို သူအကောင်းမမြင်နိုင်သော်လည်း ဤလူများမှာ အလွန်အားကောင်းကာ ကြောက်စရာကောင်းသည်ကို သူသိသည်ပင်။

“ငါ ဒီမှာ နည်းနည်းလောက်တိုက်မယ် .. ပြီးရင် နတ်ဆေးတောင်တန်းကိုသွားမယ် .. ခဏလောက်တော့ အင်ပါယာဂိတ်ကို ပြန်မလာတော့ဘူး..” ရှီဟောင်သူ့ကိုယ်သူ ပြောလိုက်သည်။

ထိုအချိန်တွင် အရှေ့ဘက်မှ ဟစ်ကြွေးသံတစ်သံ ထွက်လာသည်။ “ဟွမ်လာတာလား .. သူ့ကို ဒီနေရာကိုလေးဖက်ထောက်လာခိုင်းလိုက် .. ငါသူ့ကို လက်တစ်ဖက်တည်းနဲ့ သတ်ပြမယ် .. ငါ့ဘက်က ဘုရင်ကလန်က လူတွေကို သတ်ရဲတာ .. သူ့ကိုမြေမြှုပ်စရာမရှိအောင်ကို ငါ့လက်နဲ့ သတ်ပေးမယ်..”

“သူတို့ ဒီလိုမျိုးလုပ်ပြန်ပြီ .. ငါတို့ ထွက်လာတိုက်တဲ့အချိန်တိုင်း ဟွမ်ကို စိန်ခေါ်တဲ့သူ အမြဲတမ်းရှိနေတာ .. သူတို့ဘက်က လူငယ်မျိုးဆက်က ထိပ်ဆုံး ၁၀ ယောက်လာတယ်လို့ ကြားတယ် .. ဒါပေမဲ့ နှမြောစရာကောင်းတာက ဟွမ်က တစ်ခေါက်မှ ပေါ်မလာခဲ့ဘူး..”

“အင်ပါယာကလန်က လူတွေရော လာတာလား..” ရှီဟောင်မေးလိုက်သည်။

“လာတယ် .. သူတို့အရင်တုန်းက စစ်မြေပြင်ကို ရောက်လာပြီးတော့ ပြိုင်ဘက်တွေအားလုံးကို သတ်သွားတယ်လို့ ပြောတယ် .. ဘယ်သူမှ သူတို့ကို မယှဉ်နိုင်ဘူး..” တစ်စုံတစ်ယောက် ပြန်ဖြေလိုက်သည်။

“အဲဒီမြင်ကွင်းက‌ တော်တော်ကြောက်ဖို့ကောင်းတယ် .. သူက လူသတ်စက်လိုပဲ ခံစားချက်မရှိဘူး .. သူဖြတ်သွားတဲ့နေရာတိုင်း အလောင်းတွေ တောင်လိုပုံပြီးတော့ သွေးတွေလည်း မြစ်တွေကို စီးလာတာ .. ဘယ်သူမှသူ့ကို မတားနိုင်ခဲ့ဘူး..” ဘေးဘက်ရှိတစ်ယောက်မှ ဖြူလျော်စွာ ပြောလိုက်သည်။

“သူက ဘယ်ကျင့်ကြံဆင့်မှာ ရှိတာလဲ..” ရှီဟောင်မေးလိုက်သည်။

“ကိုယ်တိုင်ခစားခြင်းနယ်ပယ် .. ဒါပေမဲ့ သူက ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က စစ်သူရဲကိုတောင် သတ်သွားတာ .. ပြီးတော့ သတ်တာကလည်းတစ်ယောက်မကဘူး .. ဒီမိုးကောင်းကင်အောက်မှာ သူ့ကို ယှဉ်နိုင်တဲ့သူမရှိတဲ့ပုံစံမျိုးသတ်သွားတာ..” တစ်စုံတစ်ယောက်မှ ညှို့မှိုင်းစွာ ပြောလိုက်သည်။

“သူက အန်းလန်မျိုးဆက်လား ဒါမှမဟုတ် ရှုထော်မျိုးဆက်လား .. ဒါမှမဟုတ် တစ်ခြားရှေးဟောင်းမြေက ဧကရာဇ်ကလန်က လူငယ်လေးလား..” ရှီဟောင်မေးလိုက်သည်။

အပိုင်း ၁၆၂၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၇ – ကြီးမြတ်သောကျွမ်းကျင်သူ ၁၀ ဦး

“ငါမသိဘူး .. သူနာမည်မပြောသွားဘူး..” လူတစ်ယောက်မှ ပြန်ဖြေလိုက်သည်။

ဧကရာဇ်လူမျိုးစုမှလူငယ် ပေါ်လာသည့်အချိန်တွင် သူသည် စကားတစ်ခွန်းမှ မပြောပဲ သတ်ပဲသတ်နေခဲ့သည်ပင်။ သူသည် ရန်သူ‌အားလုံးကို ရှင်းပစ်ကာ တောင်လိုပုံသည့်အလောင်းများနှင့် မြစ်လိုစီးဆင်းနေသည့်သွေးစီးကြောင်းများကို ချန်ရစ်ထားခဲ့သည်။

ဤသည်မှာ ဧကရာဇ်လူမျိုးစုဖြစ်သောကြောင့် သူတို့နှစ်ပေါင်းမည်မျှကြာမှ ပေါ်လာမှန်းမသိနိုင်။ သူတို့တိုက်ခိုက်လိုက်သည်နှင့် သူတို့မျိုးဆက်မှ ရန်သူများအားလုံး ရှင်းခံလိုက်ရမည်ပင်။

သူတို့ အသက်ကြီးသည့်ပုဂ္ဂိုလ်တစ်ချို့ကိုပင် လွှမ်းမိုးနိုင်သည်ပင်။ သူသည် လက်ဗလာဖြင့် ရန်သူအားလုံးကို စုတ်ဖြဲပစ်ခဲ့သည်။

“သူဘယ်မှာလဲ..” ရှီဟောင်မေးလိုက်သည်။ ထိုသက်ရှိ ယခုတစ်ခေါက် လာလားဆိုသည်ကို သူသိချင်သည်။

“နောက်တစ်ခေါက်ကတော့ သူလာတယ် .. အခုတစ်ခေါက်တော့မသိဘူး .. စစ်မြေပြင်က အရမ်းကျယ်တာဆိုတော့ .. ဒီနေရာမှာတော့ သူ့ကိုမတွေ့သေးဘူး” ထိုလူမှ ပြောလိုက်သည်။

ယခုတစ်ခေါက်တွင် ရှီဟောင် သူ့ကိုယ်သူ ထူးချွန်လာအောင်၊ စစ်တိုက်ရအောင်ထွက်လာခြင်းပင်။ သို့သော်လည်း သူ့ကိုယ်သူ မဖော်ထုတ်ချင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အန္တရာယ်များလွန်းလှသည်။ တစ်ဖက်လောကမှ သတ္တဝါများစွာမှာ သူ့အားလိုက်ရှာနေခြင်းပင်။ သူ့ကိုတွေ့သည်နှင့် သူ့အား ပစ်မှတ်ထားကာ ရှင်းပစ်ကြမည်ပင်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောကမှ ကလန်များမှာ စစ်ပွဲများကို ကြိုက်နှစ်သက်သည့်သူများပင်။ သူတို့အားလုံး အလွန်ရဲရင့်ကာ စွမ်းအားကြီးကြသည်။ လူတစ်ယောက်တည်းမှ သူတို့အား ဆက်တိုက်အနိုင်ယူနေသည်ကို သူတို့သည်းမခံနိုင်။ ထို့ကြောင့် လူငယ်ကျွမ်းကျင်သူ တစ်ယောက်ယောက် ဟွမ်အား သတ်ပစ်ရန် မျှော်လင့်နေကြသည်။

ထို့အပြင် သူ့အား အားလုံးရှေ့၌ ရှင်းပစ်ရမည်။ သူတို့အမြဲတမ်းဖိနှိပ်နေခဲ့သည့် လောကမှ သတ္တဝါတစ်ယောက် သူတို့အား ဖိနှိပ်နေခြင်းကို သူတို့လက်မခံနိုင်။

“သူတို့က ဟွမ်ကို တစ်ချိန်လုံး လိုက်ရှာနေကြတာ .. သူတို့က အားလုံးရှေ့မှာ သူ့ကို အနိုင်ယူပြီးတော့ သူတို့ရဲ့ရှုံးနိမ့်မှုကို ပြန်ပြင်ချင်နေကြတာ .. တကယ်လို့ဟွမ်သာ ဒီနေရာကိုရောက်လာရင် သူသေချာပေါက် ပွဲကြီးပွဲကောင်းချရမှာပဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

ထို့အပြင် တစ်ဖက်လောကမှလူများ ဟွမ်ကိုစိန်ခေါ်ကြောင်း ကြေငြာချက် ထုတ်ပြန်ပြီးသွားပြီဖြစ်သည်။ သူတို့သည် သူနှင့် တိုက်ပွဲအစီအရင်အတွင်း မျှမျှတတတိုက်ခိုက်လိုကြသည်။ အခြားအဆင့်မှ သက်ရှိများဝင်ပါမည်မဟုတ်ပဲ လူငယ်များသာ တိုက်ခိုက်ကြမည်။

“အချိန်ကျရင်တစ်ဖက်လောကက လူငယ်ကျွမ်းကျင်သူ ၁၀ ယောက် သေချာပေါက် ပေါ်လာလိမ့်မယ် .. လုံခြုံရေးတွက် ဧကရာဇ်လူမျိုးစုတစ်ယောက်လည်း ရောက်လာလိမ့်မယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

အခြေအနေများကို သိလိုက်ရသည်နှင့် ရှီဟောင် တိတ်ဆိတ်သွားရသည်။

သူ ဤလူများကို ကျေးဇူးတင်စကားပြောလိုက်သော်လည်း သူမည်သူဖြစ်ကြောင်း မပြောပြခဲ့။ သူ တစ်ဖက်လောကမှ တပ်သားများကို တိုက်ခိုက်ရင်းဖြင့်ပင် ရှေ့တက်သွားခဲ့သည်။

ဤစစ်မြေပြင်တွင် ကောင်းကင်နတ်ဘုရားအဆင့်မှာ အနိမ့်ဆုံးပင်။ ထို့ကြောင့် ဤနေရာ၌ ရှိနေသည့် စစ်သားများမှာ သေချာရွေးချယ်ထားသည့် စစ်သားများပင်။

ထို့အပြင် ဟင်းလင်းပြင်တာအိုနယ်ပယ်နှင့် ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှ ကျွမ်းကျင်သူများမှာ အဓိကအင်အားပင်။ သူတို့အရေအတွက်မှာ ကောင်းကင်နတ်ဘုရားအဆင့်မှ ကျွမ်းကျင်သူများလောက် မများသော်လည်း သူတို့၏ခွန်အားမှာ ကောင်းမွန်လှပြီး စစ်ပွဲကိုလွှမ်းမိုးထားနိုင်သည်။

ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများမှာ ဦးဆောင်သူများပင်။ သူတို့သည် ကောင်းကင်မြိုသားရဲများပေါ်၌ ထိုင်၍ဖြစ်စေ ကောင်းကင်ထက်တွင် အုပ်မိုး၍ဖြစ်စေ သူတို့အဆင့် ပြိုင်ဘက်များနှင့် တိုက်ခိုက်နေကြသည်။ ဤအဆင့်ကျွမ်းကျင်သူများ သိပ်မရှိကြ။

အဆင့်လွန်သက်ရှိနယ်ပယ်မှ သူအချို့လည်း ရောက်လာကြကာ အမှောင်ထုထဲ၌ မျက်နှာချင်းဆိုင်နေကြသည်ပင်။ သို့သော် ပုံမှန်အားဖြင့် သူတို့လွယ်လွယ်ကူကူ မတိုက်ခိုက်ကြ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တစ်ဖက်မှ ကျွမ်းကျင်သူများ၏ ပစ်မှတ်ထားခြင်းခံရနိုင်သည်ပင်။ နှစ်ဘက်လုံး သတိကြီးကြီးဖြင့်သာ စောင့်ကြည့်နေကြသည်။

အတိဒုက္ခကို ဖြတ်ပြီးနောက် ရှီဟောင်၏ခွန်အား အတော်လေးတိုးလာသည်။ သူသည် ဟင်းလင်းပြင်တာအိုနယ်ပယ်၌သာ ရှိသေးသော်လည်း သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှ ကျွမ်းကျင်သူများကို သတ်နေနိုင်ပြီဖြစ်သည်။

အဆင့်လွန်သက်ရှိများပေါ်မလာကြ။ ကိုယ်တိုင်လွတ်မြောက်ခြင်းအဆင့်ကျင့်ကြံသူများ ကောင်းကင်ထက်၌ တိုက်ခိုက်နေသောကြောင့် ရှီဟောင် စစ်တပ်ကြီးကို ထိုးဖောက်သွားပြီး သူ့နောက်တွင် အရိုးဖြူများ၊ အလောင်းများ ပုံနေသည်ပင်။

ဝူး..

ထိုအချိန်တွင် ဆံပင်နီနှင့် မကောင်းဆိုးဝါး သူ့အား ပစ်မှတ်ထားလာည်။ ထိုအကောင်သည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်၌ ရောက်နေခြင်းဖြစ်သည်။ သူ့ထံတွင် မြွေကဲ့သို့သောခန္ဓာကိုယ်ရှိပြီး သွေးရောင်ဆံပင်ရှည်များရှိသည်။ သူ့ထံမှ လျှပ်စီးတန်း ထွက်ပေါ်လာလေသည်။

ဖူး..

သူ၏အမြှီးကို လွှဲရမ်းကာ ကောင်းကင်ဓားသွားတစ်လက်ကဲ့သို့ ကောင်းကင်အား ထက်ပိုင်းပိုင်းချလိုက်လေသည်။

ရှီဟောင် ဤသတ္တဝါအား လေ့လာလိုက်သည်။ ဤသတ္တဝါမှာ သာမန်သတ္တဝါမဟုတ်။ ကျွမ်းကျင်သူတစ်ယောက်ပင်။ ရှီဟောင် သူ၏ဘယ်လက်ကို မြှောက်လိုက်ပြီး ဓားပညာကို ဖန်တီးလိုက်သည်။ ထို့နောက် သူအရှေ့ဘက်သို့ ထက်ပိုင်းပိုင်းလိုက်သည်။

ရွှီး..

သူ၏လက်ချောင်းမှ အနီရင့်ရောင်အလင်းတန်းထွက်ပေါ်လာသည်။ ဤဓားအလင်းသည် သိပ်မပေါ်လွင်သော်လည်း အနီရင့်ရောင်ထာဝရဓားဖြင့် ပိုင်းဖြတ်လိုက်သကဲ့သို့ အလွန်ထက်ရှလှသည်။

ရှီဟောင် ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်မှ စွမ်းအင်အလင်းတန်းအား အသုံးပြုလိုက်ခြင်းပင်။ သူ ဤသတ္တဝါကြီးနှင့် မပြိုင်နိုင်ခြင်းမဟုတ်။ သူ ထိုစွမ်းအင်အား စမ်းသပ်ကြည့်လိုခြင်းပင်။

ထိုအလင်းတန်းကို ပစ်လွှတ်လိုက်သည့်တစ်ခဏ ရှီဟောင်ပင် တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအလင်းတန်း၏ စွမ်းအားစုတ်ယူမှုမှာ များပြားလွန်းလှပြီး သူ့မျက်နှာပင် ဖြူဖျော့သွားရသည်။

သိထားရမည်မှာ သူသည် အသက်ဓာတ်များ ပေါကြွယ်ဝသည့်သူပင်။ ယခုအချိန်သည် သူ့ဘဝ၏ အတောက်ပဆုံးအချိန်ပင်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များမှာ ကုန်သလောက်ကို ခမ်းခြောက်သွားခြင်းပင်။

သူ ကောင်းကင်နှင့်မြေကြီး စွမ်းအင်များကို စုတ်ယူကာ အားဖြည့်လိုက်သည်။ စစ်မြေပြင်၌ နတ်စွမ်းအားကုန်ခမ်းသွားခြင်းမှာ သေလောက်သည်ပင်။

ဝုန်း…

ထို ၁၀ ကျန်းရှည်သည့် မြွေအမြီး လေဟာနယ်ကို ထိုးခွဲလိုက်သည်။ သူ၏စွမ်းအားမှာ အံ့အားသင့်စရာကောင်းလှသည်ပင်။

သို့သော်လည်း အနီရင့်ရောင်အလင်းတန်း ထွက်ပေါ်လာပြီး သူ၏အမြီးနှင့်ထိမိသွားသည့်အချိန်တွင် ကြောက်စရာကောင်းသည့်အရာ ဖြစ်ပေါ်လာာသည်။ သူ၏အမြီးထူကြီးသည် တိတ်တဆိတ်ပင် ပြုတ်ကျသွားကာ သွေးများပန်းထွက်လာသည်။

တစ်ချိန်တည်းမှာပင် ထိုအနီရင့်ရောင်နတ်အလင်းတန်းသည် အရှေ့ဘက်သို့ ဆက်သွားလိုက်ပြီး ထိုမကောင်းဆိုးဝါးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ထိုအလင်းတန်းသည် သားရဲ၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်သွားလေ၏။

“အား..”မြွေခန္ဓာကိုယ်နှင့်မကောင်းဆိုးဝါး အော်ဟစ်လိုက်သည်။ ဖြစ်ပျက်သွားသည့်အဖြစ်အပျက်ကို သူမယုံကြည်နိုင်ဖြစ်နေသည်။ သူတို့ ယခုလေးတင်မှ တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်လိုက်ခြင်းဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်အောက်ပိုင်း ပျောက်သွားလေပြီ။

ရှီဟောင်လည်းတုန်လှုပ်သွားရသည်။ ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်၏ စွမ်းအင်မှာ ကြောက်စရာကောင်းလှသည်ပင်။

သို့သော်လည်း သူ၏စွမ်းအင်စားသုံးမှုမှာ များပြားလှသည်။ ဤအလင်းတန်းကို လွယ်လွယ်သုံး၍မရ။

ရှီဟောင် ထိုပြင်းထန်စွာ ဒဏ်ရာရရှိသွားသည့်သားရဲနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏လက်ဝါးထွက်လာသည်နှင့် ဖူးဟူသည့်အသံနှင့်အတူ သူ၏ခေါင်းဖြတ်ကိုဖယ်ရှားပစ်ကာ အဆုံးသတ်ပေးလိုက်သည်။

ကျွမ်းကျင်သူတစ်ယောက်မှာ ဤကဲ့သို့ပင်‌ သေဆုံးသွားလေပြီ.

ရှီဟောင် သူ့ဘေးပတ်လည်ကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။ သို့သော်လည်း ထိုအနီရောင်နတ်အလင်းတန်းကို မည်သူမှ သတိမထားမိကြ။ သူတို့ သူ့ကိုတွေ့ကြလျှင်ပင် သူတို့ အများကြီးတွေးနိုင်မည်မဟုတ်။

ဤသည်မှာ ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်မှ စွမ်းအင်ဖြစ်လိမ့်မည်ဟု မည်သူက သိမည်နည်း .. သူခွန်အားကြီးလှသည်ဟုသာ ထင်ကြလိမ့်မည်ပင်။

“ဒါက ဝှက်ဖဲပဲ .. ဒါကို လက်လွတ်စပယ် သုံးလို့မရဘူး..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

နောက်ဆုံးတွင် ရှီဟောင်အရှေ့ဘက်သို့ တစ်ဖြည်းဖြည်းချင်းတိုးသွားပြီး သူ့နာမည်အော်ခေါ်နေသည့်အနားသို့ ရောက်သွားသည်။ ထိုနေရာရှိ တိုက်ပွဲမှာ အလွန်ပြင်းထန်နေသည်ပင်။ အချို့လူများမှာ သေသည်အထိ တိုက်ခိုက်နေကြလေ၏။

ထိုလူများထဲတွင် အလွန်ကြမ်းတမ်းကာ သူတို့ဘက်မှ ကျင့်ကြံသူအချို့နှင့်တိုက်ခိုက်နေသည့် လူငယ်အချို့ရှိနေသည်။

ဝူး… ထိုနေရာ၌ ခြင်္သေ့နှင့်တူသည့် မကောင်းဆိုးဝါးတစ်ကောင်ရှိနေသည်။ သူ့တစ်ကိုယ်လုံး အကြေးခွံများဖုံးအုပ်နေကာ သူ၏ခန္ဓာကိုယ်ထက်တွင် ရွှေရောင်အရိုးအတက်များရှိနေသည်။ သူ၏ဘေးပတ်လည်မှ မြေပြင်တွင် ခြေလက်များ ဖုံးအုပ်နေသည်။ သူသည် သတ္တဝါပေါင်းများစွာကို သတ်ပြီးသွားလေပြီ။

“ဟွမ် ထွက်လာပြီလား .. ငါ့အစ်ကို သူ့ကို သတ်ဖို့လာနေပြီ..” သူအော်ဟစ်လိုက်ကာ လူတစ်ယောက်ကျောက်ကို တစ်ခါတည်း ဝါးမြိုပစ်လိုက်သည်။

ဘုရင်လူမျိုးစုဖြစ်သည့်အပြင် အလွန်စွမ်းအားကြီးသည့်ဘုရင်လူမျိုးစုပင်။ မည်သူမှ သူ၏ပြိုင်ဘက်မဖြစ်နိုင်။ သူသည် ဟင်းလင်းပြင်တာအိုအဆင့်နှင့် ကိုယ်တိုင်ခစားခြင်းအဆင့်အား သတ်နေခြင်းပင်။

သို့သော် ထိုသို့သတ်ရန်အတွက် သူလည်း ပြန်ပေးဆပ်နေရသည်ပင်။ သူ့တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေလေ၏။ ဤသွေးများမှာ သူ့ခန္ဓာကိုယ်မှသွေးများပါသလို ရန်သူ၏သွေးများလည်း ပါဝင်သည်။

သူ့၏ဘေးပတ်လည်တွင် သူနှင့်အတူ အင်ပါယာဂိတ်မှလူများကို တိုက်ခိုက်နေသည့်သူများလည်း ပါဝင်နေသည်ပင်။

“ဟွမ်လာရင် ခင်ဗျား သူ့ကို စိန်ခေါ်နိုင်မှာမို့လို့လား .. ခင်ဗျား အစောကြီးကတည်းက အသတ်ခံရပြီးလောက်နေပြီ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

ရှီဟောင်ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ စုဝေးပွဲမှ လူငယ်တစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့နာမည်ကို မသိသော်လည်း သူ့ကိုမှတ်မိသည်။

“အဲဒါဆိုရင် ငါမင်းကို အရင်သတ်မယ် .. ဟွမ် ထွက်လာတိုက်အောင် ဖိအားပေးမယ်..” ထိုခြင်္သေ့ကြီး ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ရွှေရောင်အကြေးခွံများ တောက်ပသွားကာ တချွမ်းချွမ်းအသံများ ထွက်ပေါ်လာသည်။

ရွှီး..

သူ၏လက်သည်းများကို အလွန်ကို ထက်ရှလှသည်။ သူ၏လက်ကို လွှဲရမ်းလိုက်သည်နှင့် လေဟာနယ်တွင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

ဒုန်း..

ထိုလူငယ်လေး သူ၏ဓားကို ဆွဲထုတ်ကာ ထိုအကောင်ကြီးနှင့်ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ဤခြင်္သေ့ကြီး၏ ခွန်အားမှာ တကယ်ကို ကောင်းမွန်လှသည်ဟု ပြော၍ရသည်။ အချက်ရေအနည်းငယ်သာ တိုက်ခိုက်ရသေးသော်လည်း အင်ပါယာဂိတ်မှ ထူးချွန်သည့် ဂျီးနီးယပ်စ်အဖြစ် နာမည်ကြီးသည့်လူငယ်လေးမှာ ထပ်ပြီးတောင့်မခံနိုင်တော့။

ဒုန်း ဟူသည့်အသံနှင့်အတူ သူ၏ဓားရှည်မှာ ခြင်္သေ့ကြီး၏ လက်သည်းအောက် အက်ကွဲသွားသည်။ ထို့အပြင် ဖူးဟူသည့်အသံနှင့်အတူ သွေးများ လွင့်စင်လာသည်။ သူ၏ညာဘက်ပုခုံးမှာ ပြုတ်ထွက်သွားမတတ်ပင်ဖြစ်သွားသည်။

ဝေါင်း..

တစ်ချိန်တည်းမှာပင် ထိုခြင်္သေ့ကြီး ကောင်းကင်ကြီး တုန်လှုပ်သွားသည်အထိ ဟစ်ကြွေးလိုက်သည်။ ဤသည်မှာ နာမည်ကြီးသည့် ခြင်္သေ့ဟစ်ကြွေးခြင်းနတ်စွမ်းရည်ပင်။ ထိုလူငယ်လေးသည် သွေးအန်သွားသည်အထိ တုန်လှုပ်သွားကာ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားလေ၏။ သူ၏မူလဝိညာဉ်ပင် ပြိုကွဲမတတ်ဖြစ်သွားသည်။

ဘေးပတ်လည်တွင်ရှိနေသည့် အင်ပါယာဂိတ်မှ လူငယ်ကျွမ်းကျင်သူအချို့ မြေပြင်ပေါ်သို့ လဲကျသွားသည်။ အချို့သူများမှာ သူတို့၏ ဒွါရ ၇ပေါက်မှ သွေးစီးကျလာကာ ထိုနေရာတွင်ပင် သေဆုံးသွားကြသည်။

ရှီဟောင်၏အကြည့်များ အေးစက်သွားရသည်။ သူသည် လက်မြှောက်ကာ ထိုနေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ ထိုလူငယ်လေးကို မသတ်ရန်အတွက် သူချက်ချင်းပင် တိုက်ခိုက်လိုက်သည်။

“သေချင်နေတဲ့ နောက်တစ်ယောက် ထပ်ရောက်လာတာလား..” ထိုရွှေရောင်ခြင်္သေ့ တီးတိုးပြောလိုက်သည်။ ထို့နောက် သူသည် ချက်ချင်းပင် ပါးစပ်ဟကာ ဟစ်ကြွေးလိုက်ပြီး ရှီဟောင်အားတိုက်ခိုက်လိုက်သည်။

ရှီဟောင် သူ၏ညာလက်ဝါးကို ဖြန့်လိုက်သည်နှင့် ထူထဲသည့်လျှပ်စီးတစ်တန်းထွက်ပေါ်လာကာ ပေါက်ကွဲသွားသည်။ ဤသည်မှာ ခြင်္သေ့ဟိန်းသံထက်ပင် ပိုအံ့အားသင့်စရာကောင်းပြီး စစ်မြေပြင်တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။

ဝုန်း..

ထိုခြင်္သေ့ကြီးသည် တစ်ကိုယ်လုံးသွေးများစိုရွှဲသွားပြီး သူ၏ရွှေရောင်အကြေးခွံများလည်းကွာကျသွားသည်။ သူ၏ခေါင်းလည်း မည်းနက်နေကာ မီးခိုးများထွက်နေသည်။ သူသည် အသတ်ခံရလုနီးပါး ဖြစ်သွားခြင်းပင်။

“မသေသေးဘူးလား .. မင်းရဲ့ အသက်ဓာတ်က တော်တော်လေး အားပြင်းတာပဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။

အားလုံးနားထဲတွင်တော့ ဤသည်မှာ မိုးခြိမ်းသံကဲ့သို့ပင်။ ဤမျှစွမ်းအားကြီးသည့် ခြင်္သေ့ကြီးပင် တစ်ချက်တည်းဖြင့် သေမလိုဖြစ်သွားသောကြောင့် ဤလူငယ်လေးမှာ ထူးခြားလှသည်ပင်။

“ငါ မင်းလမ်းကို ပို့ပေးမယ်..” ရှီဟောင် ပြောလိုက်သည်။ ထို့နောက် သူ၏လက်မှ လျှပ်စီးဓားတစ်လက်ပေါ်လာကာ ခြင်္သေ့၏ ဘိုးဘေးခုခံမှုပညာကို ထိုးဖောက်ကာ သူ၏ခေါင်းကို ဖယ်ရှားလိုက်လေသည်။

ဤသည်မှာ လျင်မြန်ရိုးရှင်းကာ ပြင်းထန်လှသည်။

ဘေးပတ်လည်မှလူများ ဆွံ့အသွားရ၏။ အထူးသဖြင့် အင်ပါယာဂိတ်မှ လူငယ်များပင်။ သူတို့တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ ဒီလူက ဘယ်သူလဲ .. သူသည် လက်တစ်ဖက်မြှောက်လိုက်ရုံဖြင့် ဘုရင်လူမျိုးစု ကျွမ်းကျင်သူအား သတ်လိုက်သည်။

“မကောင်းတော့ဘူး .. ခြင်္သေ့ဘုရင်ရဲ့ ညီလေး အသတ်ခံလိုက်ရပြီ..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။

“မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ရဲ့ ညီလေး စစ်ပွဲမှာ အသတ်ခံလိုက်ရပြီ .. မြန်မြန်သတင်းသွားပို့..” တစ်ဖက်လောကမှ သတ္တဝါအချို့ အော်ဟစ်လိုက်ကြသည်။ သေဆုံးသွားသည့် ခြင်္သေ့မှာ သာမန်အဆင့်အတန်းမဟုတ်သည်မှာ သေချာသည်။

“မြန်မြန်ထွက်သွားတော့ .. ဒါက ကြီးမြတ်တဲ့လူငယ်ကျွမ်းကျင်သူ ၁၀ ယောက်ထဲက မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ရဲ့ညီ .. သူ့ညီစစ်ပွဲထဲမှာ အသတ်ခံလိုက်ရတာကို သိတာနဲ့ သူသေချာပေါက် ဒီကိုလာမှာပဲ ..” သူကယ်လိုက်သည့် လူငယ်လေးမှ ပြောလိုက်သည်။

သူတို့အတွက်တော့ တစ်ဖက်လောကမှ ကြီးမြတ်သည့်ကျွမ်းကျင်သူ ၁၀ ယောက်မှာ အနိုင်ယူရန် မဖြစ်နိုင်သည့်သူများပင်။ သူတို့မျက်နှာချင်းတိုက်ခိုက်ရန် မဖြစ်နိုင်။ ပုန်းနေမှသာ အသက်ရှင်နိုင်လိမ့်မည်။

“ရတယ် .. မင်းတို့အားလုံး အရင်ထွက်သွားသင့်တယ်..” ရှီဟောင်ပြောလိုက်သည်။ သူသည် ကြီးမြတ်သည့်ကျွမ်းကျင်သူ ၁၀ ယောက်အတွက် ဤနေရာသို့ ရောက်လာခြင်းပင်။ သူဤလူများကို အနိုင်ယူကာ ထွက်ပြေးမည်။ သတ်ဖြတ်ကာ ထွက်သွားမည်။

သူနာမည်ကြီးရန် ရောက်လာခြင်းမဟုတ်။ ထို ကြီးမြတ်သည့်ကျွမ်းကျင်သူ ၁၀ ယောက်ဟု‌ခေါ်သည့်သူများကို သတ်ရန်လာခြင်းပင်။

ဝေါင်း .. ခြင်္သေ့ဟိန်းသံထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံး တုန်ခါသွားသည်။

ခပ်ဝေးဝေးတွင် တောင်ငယ်လေးတစ်လုံး အရွယ်အစားရှိသည့် သတ္တဝါတစ်ကောင် တရှိန်ထိုးပြေးလာနေသည်။ သူခြေချလိုက်သည်နှင့် ကန္တာရကြီး ပြင်းထန်စွာ တုန်ခါသွားကာ သဲများ၊ ဖုန်မှုန့်များလည်း လွင့်ပျံလာသည်။

“မင်းလာပြီဆိုမှတော့ မင်းနဲ့စတာပေါ့ .. ကြီးမြတ်တဲ့ကျွမ်းကျင်သူ ၁၀ ယောက်ကိုတစ်ယောက်ပြီးတစ်ယောက် အမဲလိုက်မယ်..” ရှီဟောင် အေးစက်စွာ ရယ်မောလိုက်သည်။

အပိုင်း ၁၆၂၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၈ – ပျက်စီးခြင်း

လေပြင်းများတိုက်ခတ်လာပြီး သဲနှင့်ကျောက်များ လွင့်ပျံတက်လာသည်။ ဤစစ်မြေပြင်၌ ရှိနေသည့် ကျွမ်းကျင်သူများမှာ မတ်မတ်မရပ်နိုင်တော့ပဲ လွင့်ထွက်သွားကြသည်။

အား.. သတ္တဝါများစွာ သနားစဖွယ် အော်ဟစ်လိုက်ကြသည်။

သူတို့ခန္ဓာကိုယ်များ တစ်စစီပေါက်ကွဲသွားကြသည်။ ဤအရာအားလုံးမှာ ဤစွမ်းအားပြင်းသည့်လေပြင်းကြောင့် ဖြစ်ပေါ်လာခြင်းပင်။

တောင်တစ်လုံးအရွယ်အစားရှိသည့် ရွှေရောင်ခြင်္သေ့ကြီး ပြေးလွှားနေသည်။ သူ၏အော်ရာထွက်ပေါ်လာကာ သူ့ဘေးနားမှ သတ္တဝါများကို ပြင်းထန်စွာ ဒဏ်ရာရရှိအောင် လုပ်နေလေသည်။

သူ့နာမည်အတိုင်းပင် သူ့ထံ၌ အလွန်နက်နဲလှသည့် အပြာရောင်မျက်လုံးများ ရှိနေသည်။ ယခုအချိန်တွင် မျက်လုံးများမှ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။

သူ့တစ်ကိုယ်လုံးကို ရွှေရောင်အကြေးခွံဖုံးအုပ်နေပြီး ရွှေရောင်အရိုးအတက်များလည်း ရှိနေသည်။ သူပြေးလာသည်နှင့် တောင်များနှင့်မြစ်များပင် တုန်ခါသွားရသည်။

ဒဏ္ဍာရီအရဆိုလျှင် ဤကလန် အာကာသ၌ တိုက်ခိုက်လျှင် အလွန်ကြောက်စရာကောင်းလှသည်ပင်။ သူတစ်ချက်ဟစ်ကြွေးလိုက်သည်နှင့် ကြယ်များပေါက်ကွဲသွားလိမ့်မည်။

“ဘယ်သူ ငါ့ညီလေးကို သတ်တာလဲ .. ငါမင်းရဲ့အရွတ်တွေကို ဆွဲထုတ်ပြီး အရေခွံခွာပစ်မယ် .. မင်းရဲ့ ရိုးတွင်ခြင်ဆီကိုလည်း တူးထုတ်ပစ်မယ်..” မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့မှ ဟစ်ကြွေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူရောက်လာသည်။ ကျင့်ကြံသူများစွာ ဒဏ်ရာရရှိသွားကာ လွင့်ပျံသွားကြ၏။ ထိုသူများထဲတွင် တစ်ဖက်လောကမှ သက်ရှိများလည်း ပါဝင်နေသည်ပင်။

မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ကြီး ဒေါသထွက်နေပြီး ရန်သူမိတ်ဆွေ မခွဲခြားနိုင်တော့။ သူတို့ဘက်မှ သတ္တဝါများပင် သွေးအန်ကာ လွင့်ထွက်သွားကြသည်။

“လူသား .. မင်းက ငါ့ညီလေးကိုသတ်တဲ့သူလား..”

“ဟုတ်တယ်..” ရှီဟောင် ပြန်ဖြေလိုက်သည်။

“ဝေါင်း..” အတည်ပြုချက်ရသည်နှင့် ခြင်္သေ့ဘုရင် ဒေါသတကြီး ဟစ်ကြွေးကာ သူ၏လက်သည်းများကို လွှဲရမ်းလိုက်သည်။

သူ၏လက်ကြီးမှာ ရှီဟောင်ရှိနေသည့် ကန္တာရကြီးကို ဖုံးအုပ်သွားသည်။

ရှီဟောင် အကြောက်တရားကင်းမဲ့နေဆဲပင်။ သူသည် သူ၏စွမ်းအားအကြီးဆုံး အဖိုးတန်ပညာများကို အသုံးမပြုပဲ မူလရှေးဟောင်းမှတ်တမ်းကိုသာ အသုံးပြုလိုက်သည်။

ပုတ်သိုးနေသည့်အရာကို အံ့အားသင့်ဖွယ်ဖြစ်အောင် ပြောင်းလဲခြင်း..

အရိုးစာသားများမှာ သိပ်သည်းလှပြီး ရွှေရောင်ခြင်္သေ့တစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ ဤသည်မှာ ရှီဟောင်၏တိုက်ခိုက်မှုပင်။ သူသည် ရက်စက်သည့်သားရဲတစ်ကောင်ပြုလုပ်ကာ တစ်ဖက်လူအား တိုက်ခိုက်လိုက်သည်။

“အရူး .. မင်းသေချင်နေတာပဲ..” မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ ဟစ်ကြွေးလိုက်သည်။ သူ၏လက်သည်းကြီး ကျရောက်လာသည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို အုပ်မိုးသွားသည်။

ဝုန်း..

ရှီဟောင်ပြုလုပ်ထားသည့် ရွှေရောင်ခြင်္သေ့ကြီးထံမှ ကြောက်စရာကောင်းသည့် နတ်ခွန်အားထွက်ပေါ်လာကာ ထိုနေရာ၌ ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပေါ်သွားသည်။

ဒုန်း..

ခြင်္သေ့ဘုရင်၏ ထက်ရှသည့်လက်သည်းများ ကျရောက်လာသည့်အချိန်တွင် မြေပြင်ပေါ်တွင်ရှိနေသည့်လူသားသည် သူ၏လက်ဝါးဖြင့် တားဆီးလိုက်သည်ကို သူတွေ့လိုက်ရသည်။ ထိုလူကို သတ်ဖို့မပြောနှင့် သူ့လက်ကိုပင် ဆက်ရွေ့၍မရတော့။

မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ ချက်ချင်းဆွံ့အသွားရသည်။ သူ စွမ်းအားကြီးသည်သူနှင့် တွေ့နေရပြီကို သိသောကြောင့် သူ၏ခန္ဓာကိုယ်ကို တစ်ကျန်းအရွယ်အစားထိ ကျုံ့လိုက်ကာ ရှီဟောင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ကြီးလွန်းလျှင် ကြောက်စရာကောင်းသည့်ပြိုင်ဘက်နှင့် ရင်ဆိုင်သည့်အချိန်တွင် အားနည်းချက်မျိုးစုံ ပေါ်သွားလိမ့်မည်။

“မင်းလိုမျိုး လူသားကျွမ်းကျင်သူ ဘယ်တုန်းက ပေါ်လာတာလဲ .. မင်းဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး .. မင်း သေရမယ် .. မင်းရဲ့သွေးကို သုံးပြီးတော့ ငါ့ညီလေးကို ယဇ်ပူဇော်ပစ်မယ်..” မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ အေးစက်စွာ ပြောလိုက်သည်။

“လူသားမျိုးနွယ်စု ကျွမ်းကျင်သူတွေ အများကြီးရှိတယ် .. ခင်ဗျားလိုလူမျိုး မကြားဖူးတဲ့သူတွေ အများကြီးရှိသေးတယ် .. ဒီနေ့ ကျုပ်ခင်ဗျားကို အရင်ဖြတ်ချပေးမယ်..” ရှီဟောင် ပြောလိုက်သည်။

“သတ်..”

မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ တရှိန်ထိုးပြေးဝင်လာသည်။ သူသည် ဘိုးဘေးပညာပေါင်းများစွာကို တစ်ပြိုက်နက်တည်း အသုံးပြုလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင် မီးတောက်များ ထွက်ပေါ်လာသည်။ သူပြေးလာသည်နှင့် ကန္တာရကြီးမှာ ချော်ရည်အဖြစ်ပြောင်းလဲသွားကာ လီပေါင်းထောင်ပေါင်းများစွာမှာ မီးတောက်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။

သိထားရမည်မှာ ဤသည်မှာ ရှေးယခင်ကတည်းက တည်ရှိနေခဲ့သည့် ရှေးဟောင်းစစ်မြေပြင်ပင်။ ဤကန္တာရကြီးကို ဖျက်ဆီးပစ်၍မရ။ သို့သော်လည်း ဤခြင်္သေ့ကြီး၏ တိုက်ခိုက်မှုအောက်တွင် ဤကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေပြီ။

ပူပြင်းလှသည့်အပူချိန်မှာ အရာအားလုံးကို လောင်ကျွမ်းသွားသည်။ သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် သတ္တဝါအချို့ နာကျင်စွာ အော်ဟစ်နေကြသည်။ သူတို့၏အသွေးအသားများ ခမ်းခြောက်သွားကာ ကျန်ခဲ့သည့်အရိုးများပင် ပြာမှုန့်များအဖြစ် လောင်ကျွမ်းသွားသည်။

ဤသည်မှာ သူ၏စွမ်းအားပင်။ ကောင်းကင်နတ်ဘုရားဖြစ်စေ ဟင်းလင်းပြင်တာအိုအဆင့်ဖြစ်စေ မည်သူမှ သူ့ကို မခုခံနိုင်။ ကိုယ်တိုင်ခစားခြင်းကျင့်ကြံသူများ၏ ခန္ဓာကိုယ်ပင် ခမ်းခြောက်သွားကာ မီးတောက်မတတ်ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ခြင်္သေ့ကြီးသည့် ပါးစပ်ဟလာကာ စွမ်းအင်လှိုင်းများထုတ်လွှတ်လာသည်။ ဤသည်မှာ ခြင်္သေ့ဟစ်ကြွေးခြင်းနတ်စွမ်းရည်ဖြစ်ပြီး သူ၏ညီလေးထက် အဆပေါင်းများစွာ ပို၍စွမ်းအားကြီးသည်ပင်။

ထို့အပြင် သူ၏လက်သည်းငါးချောင်းမှ နတ်အလင်းတန်းငါးခု ထွက်လာကာ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့်မြေအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤကဲသို့သော ဘိုးဘေးပညာများမှာ စွမ်းအားကြီးလှသည်။

ရှီဟောင်တည်ငြိမ်နေဆဲပင်။ သူသည် အရိုးရှင်းဆုံးနှင့် သာမန်အကျဆုံး နည်းလမ်းများကို အသုံးပြုကာ သူ၏ရန်သူကို ရင်ဆိုင်လိုက်သည်။ သူ မူလရှေးဟောင်းမှတ်တမ်းကိုသာ အသုံးပြုရသည့်အကြောင်းရင်းမှာ သူ့ကို ဤနေရာတွင်ရှိနေသည့် သူများမှတ်မိသွားမည်ကို မလိုချင်သောကြောင့်ပင်။

“ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး..” မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ ဟစ်ကြွေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူအသာစီးရနေသည်ဟု ယုံကြည်နေသောကြောင့်ပင်။ လူသားသည် မည်သည့်နတ်စွမ်းရည်မှ မသုံးလာသလို မည်သည့်လျှို့ဝှက်ပညာမှလည်း မသုံးလာ။

“အဲဒီလိုလား .. ခင်ဗျား စကားတွေကို နောင်တမရဖို့ မျှော်လင့်ပါတယ်..” ရှီဟောင် ပြန်ပြောလိုက်သည်။ ရုတ်တရက်ပင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းထွက်ပေါ်လာလေ၏။

ထို့အပြင် သူ၏လက်ဝါးနှင့် လက်ချောင်းများလည်း တောက်ပလာကာ မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းလိုက်သည်။

ဤကျမ်းစာနှစ်ခုနှင့်ဆိုလျှင် လုံလောက်သည်ထက် ပိုနေလေပြီ။ ရှီဟောင် ခွန်ပန်ပညာ၊ လျှပ်စီးဧကရာဇ်ပညာနှင့် အခြားပညာများကို အသုံးမပြုလျှင်ပင် ပြိုင်ဘက်ကင်းသည့်အင်အားကို ပြသရန် လုံလောက်လေပြီ။

လေနှင့်လျှပ်စီးများ ထွက်ပေါ်လာသည်။ ရှီဟောင် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ သူ၏လက်မောင်းတစ်ဝိုက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ခြင်္သေ့၏ နတ်စွမ်းအားလှိုင်းများကို ပျက်ပြယ်စေလိုက်သည်။

ဖုန်း..

ထို့အပြင် နောက်ဆုံး၌ ရှီဟောင် မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့၏ ရှေးဟောင်းခံစစ်ပညာကို ထိုးဖောက်လိုက်နိုင်ကာ သူ၏ခန္ဓာကိုယ်ထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ဒုန်း ဟူသည့်အသံနှင့်အတူ မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ နောက်ယိုင်သွားသည်။ သူ၏အရိုးများပင် ကျိုးသွားပြီဟု သူခံစားလိုက်ရသည်။

“ဟမ် .. ဒီလူငယ်လေးက ဘယ်သူလဲ .. သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေတာလဲ .. သူက ခြင်္သေ့ဘုရင်ကိုတောင် စိန်ခေါ်နိုင်တယ်..”

“မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ဆိုတာ ကြီးမြတ်တဲ့ လူငယ်ကျွမ်းကျင်သူ ၁၀ ယောက်ထဲမှာ နံပါတ် ၁၀ ချိတ်တဲ့သူ .. တောက်ပပြီးတော့ နာမည်ကြီးတဲ့ ဂျီးနီးယပ်စ်တစ်ယောက် .. ဒီနေ့တော့ သူရဲ့ပြိုင်ဘက်ကို တွေ့ပြီ..”

တစ်ဖက်လောကမှ သက်ရှိများ တီးတိုးပြောဆိုနေကြကာ အားလုံးအလွန်ထိတ်လန့်နေကြသည်။

ခြင်္သေ့ဘုရင် အလွန်ဒေါသထွက်သွားရသည်။ သူသည် ကြီးမြတ်သည့်လူငယ်ကျွမ်းကျင်သူ ၁၀ ယောက်ထဲမှ တစ်ယောက်ဖြစ်သော်လည်း ယနေ့တွင် သူသည် တစ်စုံတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ရောက်လာသည့်သူမှာ ဟွမ်သာဆိုလျှင်တော့ ဤသည်မှာ တစ်မျိုးပင်။ သို့သော်လည်း သူ ဤလူ၏ပုံစံဖြစ်စေ၊ တိုက်ခိုက်ပုံဖြစ်စေ၊ နည်းလမ်းဖြစ်စေ ဤသည်မှာ လုံးဝမတူညီပေ။

အဓိကအကြောင်းရင်းမှာ ရှီဟောင် ကျူးယွမ်ကလန်၏ ပြောင်းလဲခြင်း ၇၂ မျိုးကို အသုံးပြုကာ သူ့ပုံစံကို ပြောင်းထားသောကြောင့် သူ၏သွေးစွမ်းအင်နှင့် အခြားအရာများပင် မတူညီတော့။ သူ၏စိတ်နေသဘောထားလည်း ပြောင်းလဲသွားသောကြောင့် အခြားသူများ သူ့ကို မှတ်မိမည်မဟုတ်။

သို့သော်လည်း ဤခြင်္သေ့ဘုရင်မှာ တကယ်ကို အထင်ကြီးစရာကောင်းလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ အချက်ရေ တစ်ရာကျော် တိုက်ခိုက်ပြီးသွားလေပြီ။

အခြားသူများသာဆိုလျှင်တော့ ဤခြင်္သေ့ဘုရင်ကြီး၏ သတ်ဖြတ်ခြင်းကို ခံနေရလောက်လေပြီ။

သို့သော် ဤလူသားနှင့်ရင်ဆိုင်ရသည့်အချိန်တွင် သူဤလူသားကို မသတ်နိုင်သေး။ ဤလူသည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် သူ၏တိုက်ခိုက်မှုများကို ချေဖျက်နေသည်။

ရွှီး..

ထိုခြင်္သေ့ဘုရင်ကြီး ဒေါသထွက်လာသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အလင်းထွက်ပေါ်လာသည်။ သူ၏အကြေးခွံများခန္ဓာကိုယ်မှ ထွက်ခွာသွားကာ အလင်းမိုးအဖြစ်ပြောင်းလဲကာ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။

ရွှေရောင်အကြေးခွံမှ ဖြစ်ပေါ်လာသည့် အလင်းမိုးကြောင့် လေဟာနယ်ပင် ပျက်စီးသွားသောကြောင့် ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

ရှီဟောင် တည်ငြိမ်နေဆဲပင်။ သူသည် မပျက်စီးနိုင်သည့်ကျမ်းစာကို အသုံးပြုကာ သူ၏လက်မှ တံဆိပ်များကို ပြုလုပ်လိုက်သည်။ သူ့တစ်ကိုယ်လုံး မာကျောလာကာ တကယ်ကို မပျက်စီးနိုင်တော့။ သူ့ခန္ဓာကိုယ်ကို နတ်အလင်းလွှာတစ်ခု ဖုံးအုပ်သွားကာ ထိုအကြေးခွံများကို တားဆီးလိုက်သည်။

ဝုန်း..

ရုတ်တရက် သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာသည်။ သူ၏ ‘လည်ဆံမွေး’ ထွက်လာသည်။ ထိုလည်ဆံမွေးများမှာ ကြောက်စရာကောင်းသည့် အရိုးအတက်များဖြစ်ပြီး အားလုံး ရွှေရောင်စစ်လှံတံအဖြစ် ပြောင်းလဲသွားသည်။

“အကြေးခွံနဲ့ လည်ဆံမွေးတောင် ထွက်လာတာလား .. ခင်ဗျား အရင်တုန်းက ဒါကို ကြားဖူးလား .. အမွေးမရှိတဲ့ဖီးနှစ်က ကြက်တစ်ကောင်ထက်မပိုဘူးတဲ့ .. ခင်ဗျားကတော့ ကြောင်ကြီးတစ်ကောင်ဆိုတော့ ပိုပြီးတော့တောင် မြင်မကောင်းရှုမကောင်းဖြစ်နေသေးတယ်..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

သူသည် ထူးခြားသည့်နည်းလမ်းများကို အသုံးပြုကာ ထိုအကြေးခွံများအားလုံးကို ရှောင်ရှားလိုက်သည်။ ထို့အပြင် ထိုရွှေရောင်အရိုးလှံတံများကိုလည်း တစ်ခုပြီးတစ်ခု ရိုက်ချနေသည်။

သူသည် အရှေ့ဘက်သို့ တရှိန်ထိုးပြေးကာ ထို”မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ထံသို့ ဦးတည်သွားလိုက်သည်။

“ပေါင်းစည်းမယ်..” ထိုအချိန်တွင် ခြင်္သေ့ဘုရင်မှ တီးတိုးအော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများသည်လည်း ချောက်နက်ကြီးကဲ့သို့ နက်ရှိုင်းလာသည်။ သူသည် လူတစ်ယောက်၏ မူလဝိညာဉ်ကို စုတ်ယူတော့မတတ်ပင်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် နည်းလမ်းတစ်ခုပင်။ အဝေး၌ရှိနေသည့်သူများပင် ချက်ချင်းအံ့အားသင့်သွားပြီး မလှုပ်မယှက်ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အကျဉ်းကျခံလိုက်ရသကဲ့သို့ သူတို့ဝိညာဉ်များ တောင့်ခဲသွားသောကြောင့်ပင်။ သူတို့သည် ခြင်္သေ့ဘုရင်ကြီး၏ မျက်လုံးထဲသို့ စုတ်ယူခံရမလိုပင်။

“မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ ဤဘိုးဘေးပညာ အဆင့်မြင့်သည့်ရန်သူများ ဘယ်နှယောက် သတ်ခဲ့မှန်းပင်မသိတော့။ ဤပညာသည် ကျင့်ကြံဆင့်မြင့်သည့်ရန်သူများကိုပင် သတ်နိုင်သည်။

ရှီဟောင်၏ နဖူးရိုးနာကျင်လာကာ သူ၏မူလဝိညာဉ်လည်း နှေးကွေးလာသည်။ ဤသည်မှာ သူ့ကိုအတော်လေး ထိတ်လန့်သွားစေသည်။ သူ၏မူလဝိညာဉ်မှာ အလွန်စွမ်းအားကြီးနေပြီဖြစ်သော်လည်း ထိခိုက်ခံနေရဆဲပင်။

အခြားသူသာဆိုရင် သူတို့ရဲ့ နတ်စိတ်ဝိညာဉ်များ လုယူခံနေရပြီမလား .. သူတို့ရဲ့ သေခြင်းရှင်ခြင်းက သူများ လက်ခုပ်ထဲကရေ ဖြစ်သွားပြီမလား..

“ငါ မင်းကို ငါ့ညီလေးအတွက် အရှင်လတ်လတ် အရေခွံနွာပစ်မယ်..” “မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ ဟစ်ကြွေးလိုက်သည်။

“ခင်ဗျား အပျော်တွေ နည်းနည်းစောမနေဘူးလား..” ရှီဟောင်အေးစက်စွာ ရယ်မောလိုက်သည်။ သူသည်တစ်ခဏခန့်သာ နှေးကွေးသွားခြင်းဖြစ်ပြီး ချက်ချင်းပြန်ကောင်းသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူ၏မူလဝိညာဉ်မှာ စွမ်းအားကြီးသောကြောင့်ပင်။

ဝုန်း..

ရှီဟောင် မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းကာ သူ၏လက်သီးများကို ဝေ့ရမ်းလိုက်သည်။ သူ၏လက်သီးများမှာ နတ်သက်တံ့ကဲ့သို့ တောက်ပနေသည်ပင်။

“မင်း..” ခြင်္သေ့ဘုရင်ကြီး သူ၏ပြိုင်ဘက်ကို အလောတကြီး ရင်ဆိုင်လိုက်သည်။ သူခုခံနိုင်ရန်အတွက် တတ်နိုင်သမျှ ကြိုးစားလိုက်သည်။

သို့သော် ယခုတစ်ခေါက်တွင်တော့ ရှီဟောင် သူ၏နတ်ခွန်အား အားလုံးကို အသုံးပြုလိုက်ခြင်းပင်။ သူ၏ပထမလက်သီးပင်လျှင် သူ့အား သွေးအန်အောင်လုပ်နိုင်သည်ပင်။

ဝုန်း..

ဒုတိယလက်သီးချက် ကျရောက်လာသည့်အချိန်တွင် သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားသည်။

ရှီဟောင် သူ့နောက်သို့ ပြေးလိုက်သွားလိုက်သည်။ တတိယလက်သီးချက် ကျရောက်လာသည့်အချိန်တွင် ခြင်္သေ့ဘုရင် တစ်ကိုယ်လုံးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းသွားသည်။

စတုတ္ထလက်သီးချက် ကျရောက်လာသည့်အချိန်တွင်တော့ ခြင်္သေ့ဘုရင် အော်ဟစ်လာသည်။ ဤသည်မှာ ခြင်္သေ့ဟိန်းသံမဟုတ်ပဲ ကြောက်လန့်တကြားအော်ဟစ်လိုက်ခြင်းပင်။ ဤပြိုင်ဘက်မှာ ကြောက်စရာကောင်းလှသည်။

သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများ ပျက်စီးသွားပြီဖြစ်ပြီး တစ်စစီဖြစ်လုမတတ် ဖြစ်နေလေပြီ။

ရှီဟောင်၏ ပဉ္ဏမမြောက်လက်သီးချက် ကျရောက်လာသည့်အချိန်တွင် “မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ ဒေါသတကြီး ဟစ်ကြွေးလိုက်ကာ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏လက်တစ်စုံ ပေါက်ကွဲသွားသည်ပင်။

ဆဌမမြောက်လက်သီးချက် ကျရောက်လာသည့်အချိန်တွင်တော့ ခြင်္သေ့ဘုရင်စိတ်ဓာတ်ပျက်ပြားလာပြီး မခုခံနိုင်တော့။ သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားသည်ကိုသာ ကြည့်နေလိုက်ရသည်။

သူ၏မူလဝိညာဉ် ထွက်ပြေးချင်သော်လည်း ထိုလူငယ်လေး လက်ထဲ၌ ဖမ်းမိသွားသည်။ နောက်ဆုံးတွင်တော့ ထိုလူငယ်လေး သူ၏လက်ကို ဖိညှစ်လိုက်သည်နှင့် ခြင်္သေ့ဘုရင်ကြီး အသက်ဆုံးရှုံးသွားသည်။

သတ္တဝါများအားလုံး ဆွံ့အသွားရသည်။ နောက်ဆုံး ခြောက်ချက်မြောက် လက်သီးမှာ ခြင်္သေ့ဘုရင်ကြီး၏ အသက်ကို ယူသွားခြင်းပင်။

“ငါ့ဘက်က ခြင်္သေ့ဘုရင် တိုက်ပွဲထဲမှာ သေသွားပြီ..”

“ဘုရားရေ .. ငါတို့ရဲ့ ကြီးမြတ်တဲ့လူငယ်ကျွမ်းကျင်သူတစ်ယောက်က ဒီလိုပုံစံနဲ့ အသတ်ခံလိုက်ရတာလား..”

ဤနေရာမှာ ချက်ချင်း အုတ်အော်သောင်းတင်းဖြစ်လာသည်။

ရှီဟောင် ကမ္ဘာမြေကို လက်မများဖြစ် ပြောင်းခြင်းကို အသုံးပြုပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဤနေရာမှ ပျောက်ကွယ်သွားကာ စစ်မြေပြင်နှင့် အတော်ဝေးသည့်နေရာသို့ ရောက်သွားသည်။

သူသည် နာမည်တစ်ခုပင် မချန်ထားခဲ့ပဲ သာမန်လူသားတစ်ယောက်ကဲ့သို့ တိုက်ခိုက်ခဲ့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ကြီးမြတ်တဲ့ကျွမ်းကျင်သူတစ်ယောက် အသတ်ခံလိုက်ရပြီ .. ငါတို့ ဧကရာဇ်လူမျိုးစုကို တကယ်ဖိတ်ခေါ်ရတော့မှာလား .. ကောင်းကင်ဘုံကိုးခုဘက်က ကျင့်ကြံသူတွေက မောက်မာလွန်းတယ်..” တစ်စုံတစ်ယောက်မှ ဒေါသတကြီး ပြောလိုက်သည်။

အပိုင်း ၁၆၂၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၉ – ဘုရင်များအားလုံး ရောက်ရှိလာခြင်း

မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ဘုရင် တိုက်ပွဲ၌ အသတ်ခံလိုက်ရသောကြောင့် ဤနေရာမှာ အုတ်အော်သောင်းတင်းဖြစ်လာသည်။ တစ်ဖက်လောကမှ ကောင်းကင်သားတော် ဤကဲ့သို့ သေဆုံးသွားခြင်းဖြစ်သောကြောင့် ဤသည်ကို လက်ခံနိုင်ရန် တကယ်ကိုခက်ခဲလှသည်။

သူတို့ဤသည်ကို မယုံရဲဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ဘုရင်သည် သာမညောင်ညလူငယ်လေးတစ်ယောက်၏ လက်ထဲ၌သေဆုံးသွားခဲ့ရသည်ပင်။ သူတို့ သူ့နာမည်ကို တစ်ခါမှ မကြားဖူး။

လူတစ်စု ဒေါသတကြီး အော်ဟစ်ကာ တရှိန်ထိုး ပြေးလာကြသည်။ ထိုသူများထဲတွင် အသက်ကြီးသည့်သူများ၊ ကိုယ်တိုင်ခစားခြင်းအဆင့်၏ထိပ်ဆုံး၌ ရောက်နေသည့်သူများလည်း ပါဝင်သည်ပင်။

ထို့အပြင် ကောင်းကင်ထက်မှ ဒေါသတကြီး ဟစ်ကြွေးသံများပင် ထွက်ပေါ်လာသည်။ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျွမ်းကျင်သူများလည်း ဤအကြောင်းကို သိသွားကာ တရှိန်ထိုး ပြေးလာကြသည်။

ပဒူအုံကို တုတ်ဖြင့်ထိုးလိုက်သကဲ့သို့ တစ်ဖက်လောကမှာ အလွန်ဒေါသထွက်သွားကြရသည်။

သို့သော် အင်ပါယာဂိတ်ဘက်မှ စစ်သူရဲအချို့လည်း ကြောက်စရာကောင်းသည့် ပြိုင်ဘက်များကို တားဆီးရန် တရှိန်ထိုး ပြေးဆင်းလာကြသည်။

သူတို့သည် ရန်လိုသည့်ကလန်များပင်။ ယခု သူတို့ဘက်မှ လူတစ်ယောက်သေသွားခဲ့သည်။ ထို့အပြင် ထိုလူမှာ ဘုရင်လူမျိုးစုထဲမှဖြစ်ပြီး သူတို့၏လူငယ်မျိုးဆက်၏ အကောင်းဆုံး ၁၀ ယောက်ထဲမှ တစ်ယောက်ပင်ဖြစ်သောကြောင့် ဤသည်မှာ သူတို့အတွက် အရှက်ရစရာကောင်းလှသည်ပင်။

“သူ့ကိုရှာ .. ငါသူ့ကို သတ်မယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ဤနေရာ၌ ကြီးမြတ်သည့်ကျွမ်းကျင်သူ တစ်ယောက်မကရှိနေသည်ပင်။ သူတို့သည် အစက ဟွမ်အား ဝိုင်း၍သတ်ရန် စီစဉ်ထားကြသော်လည်း ယခုတော့ သူတို့တစ်ခါမှပင် မကြားဖူးသည့်သူမှ သူတို့ဘုရင်တစ်ယောက်ကို သတ်သွားသည်။

“ဒါကို သည်းမခံနိုင်ဘူး .. ဒီမျိုးဆက်ကလူတွေက ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ .. ဆက်တိုက်ကို ရှုံးနေတယ် .. ကြီးမြတ်တဲ့ကျွမ်းကျင်သူ ၁၀ ယောက်ထဲက တစ်ယောက်တောင် အသတ်ခံလိုက်ရပြီ..” သတ္တဝါတစ်ကောင် ဟစ်ကြွေးလိုက်သည်။

ခမ်းနားလှသည့် စစ်တပ်ကြီး ဒေါသတကြီး ပြေးဝင်လာကြသည်။ အဝေးမှကြည့်မည်ဆိုလျှင် ဤသည်မှာ ပင်လယ်လှိုင်းထနေသကဲ့သို့ပင်။ သို့သော်လည်း လွင့်စင်လာသည်မှာ ပင်လယ်ရေမှုန်များမဟုတ်ပဲ သွေးများပင်။

အရက်စက်ဆုံးတိုက်ပွဲတစ်ခု စတင်လာလေပြီ။

ဤနေရာတင်မဟုတ်။ မမြင်ရသည့် ကန္တာရ၏အတွင်းနက်ပိုင်း၌လည်း ထိုကဲ့သို့ပင်။ ဟစ်ကြွေးသံများမှာ ကောင်းကင်ထက်ထိပြည့်လျှံနေသည်။

သို့သော်လည်း ရှီဟောင်ကို ရှာဖွေရန်မှာ တကယ်ကို ခက်ခဲလှသည်။

အဓိကအကြောင်းရင်းမှာ သူ့အား မည်သူမှ သေသေချာချာမမှတ်မိကြ။ ထို့အပြင် သူသည် အကြိမ်ပေါင်းများစွာပင် သူ၏ပုံစံကို ပြောင်းလဲခဲ့ကာ လူအမျိုးမျိုးဖြစ်ခဲ့သည်ပင်။

ရှီဟောင် ပြိုင်ဘက်မျိုးစုံနှင့် တွေ့ခဲ့ရသည်။ သူ ဂိတ်မှ ထွက်လာသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း သူအလွန်ထိတ်လန့်နေဆဲပင်။ ယခုတိုက်ပွဲမှာ ပထမတစ်ခေါက်တိုက်ပွဲနှင့် အတော်လေး ခြားနားလှသည်ပင်။

ဤနေရာ၌ သတ္တဝါများစွာရှိနေပြီး အားလုံးမှာ တိုက်ခိုက်နေကြသည်။ နေရာတိုင်း၌ စစ်ပွဲကြွေးကြော်သံများ ကြားနေရသည်။ စွမ်းအားကြီးသည့်သူများမှာ တကယ်ကို စွမ်းအားကြီးကြသည်ပင်။ ဤနေရာတွင် လူများမှာ ကောက်ရုပ်အရုပ်လေးကဲ့သို့ပင် သတ်ခံနေရသည်။

ကောင်းကင်နတ်ဘုရားကျင့်ကြံသူများမှာ အနင်းခံကျင့်ကြံသူများ ဖြစ်လာသည်။

စစ်မြေပြင်တွင် သူတို့ အဆင့်အနိမ့်ဆုံးပင်။ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများစွာရှိသော်လည်း အသေအပျောက်အများဆုံးမှာ ထိုသူများပင်။

ဟင်းလင်းပြင်တာအိုနယ်ပယ်ကျင့်ကြံသူများသည် အပြင်လောကတွင် နယ်မြေတစ်ခုအား အုပ်စိုးနိုင်ပြီး သူတို့ကို ဂိုဏ်းခေါင်းဆောင်ဟုပင်သတ်မှတ်၍ရသည်။ သို့သော်လည်း ဤနေရာတွင် သူတို့သည် ကိုယ့်အသက်ကိုကိုယ် မကာကွယ်နိုင်ပဲ အလောင်းများတစ်လောင်းပြီးတစ်လောင်း လဲကျလာသည်။

ရှီဟောင် ရန်သူမည်မျှပင် ရှိနေပါစေ ဤနေရာနှင့် ယှဉ်နိုင်မည်မဟုတ်။ နာမည်ကြီးသည့်သူများလည်း မျက်စိတစ်မှိတ်အတွင်း ကျဆုံးနေကြသည်ပင်။

ယခုအချိန်တွင် ရှီဟောင် စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်ခြင်းတစ်မျိုးကို ခံစားလာရသည်။ ဤကန္တာရကြီး၌ အလောင်းဘယ်နှလောင်းပင် ရှိနေမည်နည်း..

ဤသည်မှာ မရေတွက်နိုင်လောက်အောင်ကိုပင် များပြားလှသည်။ ရန်သူဘက်မှ လူများရှိသကဲသို့ အင်ပါယာဂိတ်မှ ကျင့်ကြံသူများလည်း ပါဝင်သည်ပင်။ ခပ်ဝေးဝေးတွင်‌ သွေးလသည် အရှေ့ဘက်ကောင်းကင်ထက်၌ ချိတ်ဆွဲထားလေ၏။

ကန္တာရကြီးမှာ သွေးများစိုရွှဲနေလေပြီ။ ညှို့မှိုင်းလှသည့် ခရာမှုတ်သံများလည်း ကောင်းကင်ထက်မှ ပျံ့လွင့်လာသည်။ နှစ်ပေါင်းမည်မျှပင် ကြာသွားပါစေ ရှီဟောင် ဤမြင်ကွင်းကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်။ ဤမြင်ကွင်းမှာ သူ၏ဝိညာဉ်၌ပင် စွဲထင်နေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသည့်သူများမှာ များပြားလွန်းလှပြီး အားလုံးမှာ စွမ်းအားကြီးသည့် ကျင့်ကြံသူများပင်။ သူတို့သည် ဂျုံရိတ်သလို၊ သားသတ်သမား၏ဓားသွားအောက် ဖြတ်ခံလိုက်ရသလိုပင် သတ်ခံနေရသည်။

ဤကဲ့သို့သော သွေးလွှမ်းသည့်တိုက်ပွဲကို မကြုံဖူးပဲ ရက်စက်သည် ဆိုသည့်စကားကို ဘယ်လိုလုပ် နားလည်နိုင်မည်နည်း..

ဤသည်မှာ ရှီဟောင် လူသတ်သည့်ပထမဆုံးအကြိမ်မဟုတ်။ သို့သော်လည်း သူ့စိတ်ထဲ၌ တုန်ယင်နေဆဲပင်။ သူ ယခင်က တိုက်ခဲ့သည့်တိုက်ခိုက်မှုများမှာ အလွန်ငြိမ်းချမ်းလှသည်ဟု သူခံစားလာရသည်။ သူဘာမှ သိပ်စဉ်းစားနေစရာမလို။

ယခင်က သူရန်သူများနှင့်တိုက်ခိုက်သည့်အချိန်တွင် တစ်ယောက်ချင်းသာ တိုက်ခိုက်ခဲ့ရခြင်းပင်။ သို့သော်လည်း ယခုအချိန်တွင် သူသည်ဓားကိုလွှဲရမ်းကာ မရေမတွက်နိုင်သည့် ရန်သူများကို သတ်နေရသည်။

“သတ်…” သူဟစ်ကြွေးလိုက်သည်။

ဤနေရာတွင် ချပ်ဝတ်တန်ဆာများ အေးစက်စက်အလင်းဖြင့် တောက်ပနေကာ ရွှေရောင်လှံတံများလည်း ကျောချမ်းစရာကောင်းလှသည်။ ဒေါသတကြီး ဟစ်ကြွေးသံများလည်း အရက်စက်ဆုံး စစ်ပွဲသီချင်းကို ဖန်တီးနေသည်ပင်။

“စစ်မြေပြင်မှာ မတိုက်တဲ့သူတွေကို ယောက်ျားတွေလို့ သတ်မှတ်လို့မရဘုး..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ လက်နက်များစွာ စိုက်နေသည်ပင်။ သူ၏ရင်ဘတ်ကို ထုတ်ချင်းဖောက်နေသည့် လှံတံတစ်ခုရှိပြီး သူ၏ပုခုံးကာကို ဖောက်သွားသည့် မြှားများရှိနေသည်။ ဓားရှည်တစ်လက်လည်း သူ၏နောက်ကျောဘက်တွင် စိုက်နေသည်။ သတ္တုဓားတစ်လက်လည်း သူ၏ဝမ်းဗိုက်ကို ထိုးစိုက်နေသည်ပင်။

ထိုသို့ဆိုသော်လည်း သူသည် ရယ်မောနေသေးကာ အလွန်သူရဲကောင်းဆန်လှသည်။

“ငါ တိုက်ပွဲမှာ သေရမယ်ဆိုရင်တောင် တန်တယ် .. ငါ တစ်ဖက်လောကက ဟင်းလင်းပြင်တာအိုအဆင့်ကောင်တွေ ၁၀ ယောက်ကျော်တောင် သတ်ခဲ့တယ် .. ဟား ဟား..” သူ၏မျက်နှာကို မုတ်ဆိတ်မွေးများဖြင့်ဖုံးလွှမ်းနေပြီး သူလမ်းလျှောက်လိုက်တိုင်း ယိုင်နေသည်။

“နယ်ခြားစပ်ကို မလာတဲ့သူတွေက ယောက်ျားမဟုတ်ဘူး .. သတ္တိမရှိတဲ့ကောင်တွေ .. သာမန်စစ်မြေပြင်တစ်ခုက ဘာလုပ်လို့ရမှာလဲ .. နယ်ခြားစပ်ကမှ သူရဲကောင်းတွေ ထွက်ပေါ်လာတဲ့နေရာ..” အကြီးအကဲတစ်ယောက် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏မုတ်ဆိတ်မွေးများ ဖြူဆွတ်နေပြီး သွေးများအန်နေလေသည်။

သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ များပြားလှပြီး သူကြာကြာမတောင့်ခံနိုင်တော့သည်မှာ သေချာသည်။ သူ၏မျက်ခုံးကြား၌စိုက်နေသည့် မြှားတစ်စင်းပင်ရှိနေသေးသည်။ ကံကောင်းစွာဖြင့် ထိုမြှားသည် အထဲဘက်ထိသို့ မရောက်သေး။

ဤအကြီးအကဲသည် တစ်ဖက်လောကမှ သတ္တဝါများစွာကိုတိုက်ခိုက်ခဲ့သော်လည်း သူနတ်စွမ်းအားများ ကုန်ခမ်းနေပြီဖြစ်ပြီး ထိုအမျိုးသားကဲ့သို့ပင် တောင့်မခံနိုင်တော့။ သူတို့မကြာခင် သေရတော့မည်။

“နိမ့်ကျတဲ့ကောင်တွေ .. အရမ်းကိုခေါင်းမာနေတယ် .. မင်းက ငါတို့ဘက်က လူတွေအများကြီးကို သတ်ရဲတယ်ပေါ့ .. မင်းတို့ အစေခံမလုပ်ချင်ရင်လည်း သွားသေလိုက်တော့..”

ခပ်ဝေးဝေးမှ ခြောက်ကပ်နေသည့် အကြီးအကဲတစ်ယောက် ပျံသန်းလာကာ သူတို့ရှိနေသည့်ဘက်သို့ ရိုက်ချလိုက်သည်။ သူ၏လက်ဝါးအားမှာ အံ့အားသင့်စရာကောင်းလှ၏။ ထိုလက်ဝါးရိုက်ချက်ကြောင့် ကန္တာရပင် ပွင့်ထွက်သွားပြီး သဲများ လွင့်ပျံသွားသည်။

“ခွေးကောင်တွေ .. ဒီလူအိုကြီးက စိတ်ကျေနပ်တဲ့အထိ သတ်ပြီးသွားပြီ .. အဲဒီတော့ စစ်ပွဲမှာ သေသွားရရင်တောင် ငါကျေနပ်တယ် .. လာခဲ့လိုက်..” ထိုကြံ့ခိုင်သည့်အမျိုးသားမှ ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်နေရာအနှံ့၌ လက်နက်များ ထိုးစိုက်နေသည်ပင်။

ထိုအကြီးအကဲသည် ပါးစပ်အပြည့်သွေးအန်လိုက်ကာ ခါးသီးစွာ ရယ်မောလိုက်သည်။ “ဒီအဖိုးလည်း မင်းနဲ့အတူတူ သေတဲ့အထိတိုက်မယ်..”

“သူတို့ကိုသတ် .. တစ်ယောက်မှ အရှင်မထားနဲ့..”

အဝေးတစ်နေရာမှာ တစ်စုံတစ်ယောက် အော်ဟစ်လိုက်ကာ သူတို့ဘက်မှ လူများကို ချီတက်ရန် အမိန့်ပေးလိုက်သည်။ ကန္တာရကို ဖောက်ခွဲလိုက်သည့်အကြီးအကဲသည် ဤတိုက်ပွဲမှာ တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ချင်နေသည်။

“ဟမ် .. ဒါက သိုင်းပညာကောင်းကင်ဘုရင်ပဲ..”

“သူက ကြီးမြတ်တဲ့ကျွမ်းကျင်သူတွေထဲမှာ နံပါတ်လေးချိတ်တဲ့ သိုင်းပညာကောင်းကင်ဘုရင်လာပြီ..”

တစ်ဖက်လောကမှ သတ္တဝါများ အော်ဟစ်လာကြသည်။

ရှီဟောင် တိတ်တဆိတ်ဖြင့် အလောတကြီးရောက်လာကာ ခနဲ့လိုက်သည်။ “ခင်ဗျား ရောက်လာတာ အချိန်ကိုက်ပဲ .. ကျုပ် ခင်ဗျားကို လိုက်ရှာနေတာ .. ကျုပ်က ကြီးမြတ်တဲ့ကျွမ်းကျင်သူ ၁၀ ယောက် ဆိုတဲ့သူတွေအတွက် လာတာပဲ..”

သိုင်းပညာကောင်းကင်ဘုရင်ရှိနေသည့်နေရာကို သိသည်နှင့် သူအလောတကြီး ရောက်လာခြင်းပင်။ သူဤနေရာသို့ ရောက်လာသည့်အချိန်တွင် ထိုကြံ့ခိုင်သည့်အမျိုးသားနှင့် အကြီးအကဲတို့ အသတ်ခံရလုနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရခြင်းပင်။ သူ ဤလူများကို ကူညီရန် ဆုံးဖြတ်ကာ တရှိန်ထိုး ပေးလာလိုက်သည်။

“စစ်နတ်ဘုရားတောင် မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး .. သွားသေလိုက်တော့..” ကောင်းကင်ထက်တွင်ရှိနေသည့် အကြီးအကဲမှာ အော်ဟစ်လာသည်။

သူ၏လက်ဝါးဓားမှာ ကြောက်စရာကောင်းလှသည်။ သူတို့ကြား အတော်ဝေးသေးသော်လည်း ထိုလက်ဝါးမှ ဖိအားမှာ အမျိုးသားနှင့်အကြီဂအကဲအား သွေးအန်သွားစေသည်။ သူတို့ခန္ဓာကိုယ်ထဲမှ အရိုးများပင် ကျိုးမတတ်ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်မှအကြီးအကဲသည် ကိုယ်တိုင်ခစားခြင်းအဆင့်ကျွမ်းကျင်သူဖြစ်သော်လည်း သူတို့သည် တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်၌ လက်နက်များ စိုက်နေသည်ပင်။

“အဲဒါ ခင်ဗျား ပြောတာလေ .. စစ်နတ်ဘုရားရောက်လာရင်တောင် သူတို့ကို ကယ်လို့မရတော့ဘူးဟုတ်လား .. ခင်ဗျားကိုယ်ခင်ဗျား ထူးခြားတဲ့သူလို့ ထင်နေတာလား..” ရှီဟောင် ထိုသဲလှိုင်းရှေ့၌ ရပ်တန့်လိုက်ကာ ကောင်းကင်ထက်သို့ လက်သီးတစ်ချက် ထိုးလွှတ်လိုက်သည်။

ထိုလက်သီးချက်တွင် သူ၏ဒေါသတရားများ ပါနေသည်ပင်။ သွေးစွမ်းအင်များ ကောင်းကင်ထက်သို့ တက်သွားကာ သူသည် မပျက်စီးနိုင်သည့်ကျမ်းစာကို အဆုံးစွန်ထိ အသက်သွင်းထားသည်ပင်။

ဖုန်း..

ထိုအချိန်တွင် ကောင်းကင်ထက်မှ ညီးတွားသံ ထွက်ပေါ်လာသည်။ ထို့နောက် ထိုအကြီးအကဲ နောက်ယိုင်သွားကာ သူ၏ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုအကြီးအကဲ မျက်နှာပျက်သွားကာ သူ့နဖူးထက်တွင် ချွေးများဝေ့သီလာသည်။

အဘယ်ကြောင့်ဆိုသော် သူ့လက်သည် အက်ကွဲသံများထွက်ပေါ်လာပြီးနောက် ပေါက်ကွဲသွားသည်ပင်။

ထို့နောက် ထိတ်လန့်နေသည့်အကြည့်များအောက်မှာပင် မြေကြီးအောက်ဘက်မှ လက်ကြီးတစ်ဖက် ထွက်ပေါ်လာကာ သူ့ကို ဖုံးအုပ်သွားပြီး သူ့အားချက်ချင်း ဆွဲချသွားသည်။

“မင်း..” သူတုန်လှုပ်သွားရသည်။ သူသည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျွမ်းကျင်သူဖြစ်သောကြောင့် သူစွမ်းအားကြီးလှသော်လည်း ယခုအချိန်တွင် အခြားသူတစ်ဦး၏ ကန့်သတ်ခြင်းခံလိုက်ရကာ သူ၏မှော်စွမ်းအားများ ပျက်ပြယ်သွားသည်။

ခွပ်..

ရှီဟောင်သူ၏လည်ပင်းကို တစ်ချက်တည်းဖြင့် လိမ်ချိုးလိုက်သည်။ ထို့နောက် သူ၏မူလဝိညာဉ်ကို ဖောက်ခွဲပစ်ကာ ထိုနေရာတွင်ပင် သတ်ပစ်လိုက်သည်။

အားလုံး ဆွံ့အသွားရသည်။ ဒီလောက်စွမ်းအားကြီးတဲ့ သတ္တဝါက ဒီလောက်လွယ်လွယ်လေးနဲ့ အသတ်ခံလိုက်ရတာလား..

“မင်း လုပ်ရဲတယ်…” ထိုအချိန်တွင် သိုင်းပညာကောင်းကင်ဘုရင်ဝူဖုန်း ရောက်လာသည်။

သူ၏ငွေရောင်ဆံပင် ဝေ့ဝဲကျကာ သူ၏ သန်မာသည့်ခန္ဓာကိုယ်ထက်တွင် ငွေရောင်အလင်းလွှာတစ်လွှာ ဖုံးအုပ်နေသည်။ သူသည် ဤလောကထဲသို့ ဆင်းသက်လာသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

သူသည် ရှီဟောင်အား စိုက်ကြည့်နေလေသည်။

“ဟား ဟား..” ရှီဟောင် ရယ်မောလိုက်သည်။ ယခင်တစ်ခေါက်က သူဤလူနှင့် တိုက်ခိုက်ဖူးခဲ့သည်။ ထိုအချိန်တုန်းက ဤလူ အပေါ်ယံတွင်တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း ဒဏ်ရာရရှိသွားသည်ကို သူသိသည်။

ယခုအချိန်တွင် သူ ဟွမ်ဖြစ်ကြောင်း သိုင်းပညာကောင်းကင်ဘုရင်မသိ။ ထို့ကြောင့် သူပို၍ ဒေါသထွက်နေခြင်းပင်။ သူ့ရှေ့တွင် မည်သူမှ ရဲရဲတင်းတင်းမလုပ်ရဲကြ။

ယခင်တစ်ခေါက်က သူ ရှီဟောင်နှင့် တစ်ခဏ တိုက်ခိုက်ခဲ့ရသေးသည်။ သူတို့သည် စွမ်းအားအကြီးဆုံး ပညာများကို အသုံးပြုကာ အချက်ရေတစ်ရာကျော် တိုက်ခိုက်ခဲ့သည်။

နောက်ဆုံး သူစစ်မြေပြင်မှ ထွက်ခွာသွားသည့်အချိန်တွင် သူစတင်၍သွေးအန်လာသည်။ သူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ပင်။

ဤအချိန်တိုအတွင်း သူ သီးသန့်ကျင့်ကြံခဲ့သည်ပင်။ သူတစ်ဆင့်တက်သွားပြီဖြစ်ပြီး ထိုစစ်ပွဲမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ပင်။

မည်သို့ပင်ဖြစ်စေ သူသည် မသေမျိုးသက်ရှိအချို့၏ တပည့်တစ်ယောက်ဖြစ်သောကြောင့် ထိုရှုံးနိမ့်မှုမှာ သူ့အား အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်ပင်။

ယခုတစ်ခေါက်တော့ သူယုံကြည်ချက်အပြည့်ဖြင့် လာခြင်းပင်။ ဟွမ်ကို တွေ့လျှင်ပင် သူလက်စားချေကာ ယခင်တိုက်ပွဲ၏အရှက်ရမှုကို ဆေးကြောနိုင်လိမ့်မည်။

ယခုတစ်ခေါက် သူဟွမ်ကိုမတွေ့ရသေးပဲ ထူးခြားသောခွန်အားရှိသည့်လူသားတစ်ယောက်ကိုသာ တွေ့လိုက်ရသည်။ သူ၏ငွေရောင်မျက်ဆံများမှာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာကာ ပြတ်ပြတ်သားသားပင် တိုက်ခိုက်လိုက်သည်။

“ငါ မင်းကို အရင် ပို့ပေးလိုက်မယ် … ပြီးရင် ဟွမ်ကို သွားရှာမယ်..” သိုင်းပညာကောင်းကင်ဘုရင် အော်ဟစ်လို်ကသ်ည။

ထိုအခိုက်အတန့်တွင် ဘေးနားတွင်ရှိနေသည့် တစ်ဖက်လောကမှ သတ္တဝါများအားလုံး ကြွေးကြော်လာကြသည်။ သိုင်းပညာကောင်းကင်ဘုရင် မလွဲမသွေ အနိုင်ရရှိလိမ့်မည်ဟု သူတို့ယုံကြည်နေကြသည်ပင်။ အဆင့်တူသည့်သူနှင့် တိုက်ခိုက်ခြင်းဖြစ်သောကြောင့် သူရှုံးမည်မဟုတ်။

ရှီဟောင်၏နှုတ်ခမ်းများတွန့်ကွေးသွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူဘာမှမပြောပဲ အရှေ့ဘက်သို့သာ တရှိန်ထိုး ပြေးသွားလိုက်သည်။

သူ ဤလူကို ဤနေရာတွင်သတ်ပစ်မည်။

“ရောင်းရင်ဝူ .. ရောင်းရင်းဒီရောက်နေတာလား .. ဟား ဟား .. ဒီလူကို သတ်ပြီးရင် ဟွမ်ကို အတူတူသွားရှာရအောင်..” ထိုအချိန်တွင် တစ်ပုံစံတည်းတူသည့် သတ္တဝါနှစ်ကောင် ရောက်လာသည်။ သူတို့နှစ်ဦးလုံးတွင် လက်နှစ်စုံရှိပြီး ဆံပင်များသည်လည်း မြွေပွေးများကဲ့သို့ပင်။

သူတို့ တစ်ကိုယ်လုံး ရွှေရောင်အလင်းတောက်ပနေသည့်အပြင် သူတို့အနောက်ဘက်တွင် ရွှေရောင်အတောင်ပံတစ်စုံလည်း ရှိနေသည်။

“မြွေငှက်မွေးကလန်က အမွှာလည်း ရောက်လာပြီ..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။ ကြီးမြတ်သည့်ကျွမ်းကျင်သူ ၁၀ ယောက်ထဲမှ နောက်ထပ်နှစ်ယောက် ထပ်ရောက်လာလိမ့်မည်ဟု သူတို့မထင်ထားကြ။

သူတို့နှစ်ဦးမှာ အဆင့် ၇ နှင့် ၈ ရှိသည့် အမွှာညီအစ်ကိုပင်။ သူတို့ညီအစ်ကိုနှစ်ဦးလုံး ထိပ်တန်း ၁၀ ယောက်ထဲ၌ ပါနေသောကြောင့် ဤသည်မှာ ကလန်များစွာမှ လူငယ်များကို ကြောက်ရွံ့လေးစားသည့်စိတ်များ ဖြစ်ပေါ်လာစေသည်ပင်။

ရှီဟောင် ရယ်မောလိုက်၏။ သူ၏အပြုံးမှာ တစ်ဖြည်းဖြည်းပို၍ တောက်ပလာသည်။ “မင်းတို့အားလုံးက အရမ်းကိုသေချင်နေကြတာပဲ .. ငါ တစ်ခါတည်းနဲ့ ကြီးမြတ်တဲ့ကျွမ်းကျင်သူ တစ်ဝက်လောက်ကို ရှင်းနိုင်တော့မှာများလား..” ရှီဟောင်သူ့ကိုယ်သူ ပြောလိုက်သည်။

“မင်းဘာပြောလိုက်တဘ်..” အခြားသူများ မကြားနိုင်သော်လည်း တရှိန်ထိုးပြေးလာသည့် သိုင်းပညာကောင်းကင်ဘုရင်မှ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်ပင်။

“ငါပြောတာ မင်းတို့အားလုံး အတူတူတိုက်သင့်တယ် .. မဟုတ်ရင် အခွင့်အရေး နည်းနည်းလေးတောင် ရှိမှာမဟုတ်ဘူး..” ရှီဟောင် ကျယ်လောင်စွာ ရယ်မာလိုက်၏။ ထို့နောက် သူ၏မျက်လုံးများ အေးစက်လာသည်ပင်။

“ဝိုး .. အရမ်းတွေ စည်ကားနေပါလား .. ဒီဘုရင်လည်းလာပြီ..” ထိုအချိန်တွင် အခြားလူငယ်တစ်ယောက်လည်း အလောတကြီး ရောက်လာ၏။ ကြီးမြတ်သည့် လူငယ်ကျွမ်းကျင်သူ ၁၀ ယောက်ထဲမှ အခြားတစ်ယောက် ထပ်ရောက်လာလေပြီ။

အပိုင်း ၁၆၂၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၀ – ဘုရင်များအား သတ်ခြင်း

ဤသည်မှာ လူသားပုံစံဖြစ်သော်လည်း သေချာပေါက် လူသားမဟုတ်။ သူ၏မျက်နှာတစ်ဝိုက်တွင် မြူများဝေ့ဝဲနေကာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ထူထဲလှသည့်သွေးအလင်းတန်းရှိနေသည်။

“နွယ်ပင်စိမ်းဘုရင်လည်းလာပြီ..” တစ်ဖက်လောကမှ သတ္တဝါများအားလုံး ထိတ်လန့်သွားရသည်။ ဘုရင်များ တကယ်ကို စုဝေးလာကြသည်ပင်။

နွယ်ပင်စိမ်းဘုရင်မှာ လူငယ်မျိုးဆက်တွက် အဆင့်ငါး ချိတ်သည်ပင်။ သူသည် သိုင်းပညာကောင်းကင်ဘုရင်၏ အောက်တွင်ရှိနေပြီး အလွန်စွမ်းအားကြီးသည့် ကျွမ်းကျင်သူတစ်ယောက်ပင်။

ဤဘုရင်များဟွမ်ကို သတ်ရန်အတွက် စုဝေးလာကြသည်ကို သူတို့အားလုံး သိကြသည်ပင်။ သို့သော် ယနေ့ သူတို့ဟွမ်နှင့်မတွေ့ရသေး။

“ဟွမ် ရောက်မလာတာ နှမြောစရာပဲ .. မဟုတ်ရင် သူ အုတ်ဂူမရှိပဲနဲ့ကို သေသွားမှာ .. ဘုရင်တွေ အများကြီးရောက်နေတာ .. သူသာပေါ်လာရင် သူမြေလျှိုးမိုးပျံလို့တောင် ရမှာမဟုတ်ဘူး..” အနီးအနားမှ သတ္တဝါများမှာ အလွန်နှမြောစရာကောင်းသည်ဟု ခံစားနေရသည်။

“ဟူး .. သူတို့အားလုံး ဒီဘာမှမဟုတ်တဲ့သူကို သတ်ဖို့အတွက်နဲ့ စုဝေးရတာက ကြက်သတ်ဖို့ နွားသတ်ဓားကို သုံးနေရလိုပဲ .. ဒီဘာမှမဟုတ်တဲ့သူက ဘုရင်တွေကို ဆွဲဆောင်လိုက်သလို ဖြစ်သွားတယ်..” တစ်စုံတစ်ယောက်မှ ခေါင်းခါကာ ပြောလိုက်သည်။

“တကယ်တော့ သတ္တုကောင်းကောင်းလေးကို ဓားသွားပေါ်မှာပဲ သုံးသင့်တယ် .. ဒီလိုလူမျိုးကို ရှင်းဖို့အတွက်က သာမန်ဓားလေးနဲ့ မလောက်ဘူးလား..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ လှောင်ရယ်လိုက်သည်။

ရှီဟောင်လည်း ပြုံးနေလိုက်သည်။ ဤလူများပြောနေသည်ကို သူစိတ်ထဲထားမနေပဲ ဘုရင်လေးယောက်ကို စိုက်ကြည့်လိုက်သည်။ သူ ဒီလေးယောက်လုံးကို တစ်ခါတည်း ရှင်းပစ်လိုက်ရင် တစ်ဖက်လောကက လူတွေ ရူးသွားလောက်မလား..

ဤသည်မှာ ရှားပါးသည့်အခွင့်ရေးတစ်ခုဖြစ်သည်ဟု သူခံစားလိုက်ရသည်။ တစ်ဖက်လူက အမြဲတမ်း သူတို့သတ္တိရှိကြောင်း ပြချင်နေကြတာမလား .. အဲဒီတော့လည်း သူ ဘုရင် ၁၀ ယောက်ကို ဆက်တိုက်သတ်ပေးမယ် .. အဲဒါဆိုရင် သူတို့စိတ်တွေ ဘယ်လောက်တောင် ရိုက်ချိုးခံလိုက်ရမလဲ..

ဝုန်း..

သိုင်းပညာကောင်းကင်ဘုရင် ရှီဟောင်ထံသို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် မြွေကိုခြောက်ရန်မြက်ခင်ကို ရိုက်မနေပဲ တမင်သက်သက်အလျော့ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားဘုရင်သုံးယောက်ကိုလည်း သူမျက်ခြေမပြတ်ကြည့်နေလိုက်သည်။ သူ ဤလူများနှင့် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပင်။

ထို့ကြောင့် သူ သိုင်းပညာကောင်းကင်ဘုရင်၏ လက်ဝါးကို ရှောင်လိုက်သည်။

“သူ ဘယ်လောက်များသန်မာလဲဆိုတာ ငါသိချင်မိသေးတယ် .. ဒါပေမဲ့ သူက သိုင်းပညာကောင်းကင်ဘုရင်ရဲ့တိုက်ခိုက်မှုကို ရှောင်ဖို့ပဲ တတ်နိုင်တယ် .. တစ်ဖက်လောကက သတ္တဝါတွေက ဒီလောက်တောင် အားနည်းတယ်ဆိုတာ ငါအခုမှ သိတယ် .. သူတို့တွေက မျက်နှာချင်းဆိုင်တောင် မတိုက်ရဲဘူး..”

“ဒါပေါ့ သူမျက်နှာချင်းဆိုင်တိုက်ရဲမှာမဟုတ်ဘူး .. သူနဲ့ ရင်ဆိုင်နေရတဲ့သူက ဘယ်သူမို့လို့လဲ .. အဲဒါက ဝူဖုန်းလေ .. မသေမျိုးသက်ရှိတစ်ယောက်ရဲ့တပည့် .. ဘယ်သူက သူနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်မှာလဲ…” တစ်စုံတစ်ယောက်မှ ရွံရှာစွာ ပြောလိုက်သည်။

ဤနေရာ၌ ရှိနေသည့်သတ္တဝါများမှာ အလွန်မောက်မာလှသည်။ သူတို့သည် အင်ပါယာဂိတ်မှ သတ္တဝါများအား နှာခေါင်းရှံ့ကာ အထင်သေးနေကြသည်ပင်။

“ငါက ကျော်ကြားမှု နည်းနည်းလောက်ရှိတဲ့ မြင်းနက်တစ်ကောင်ကို သတ်ရတော့မယ်လို့ထင်နေတာ .. ကြည့်ရတာ မင်းက ကိုယ့်အသက်ကိုကိုယ် မလိုချင်တော့တဲ့ မြည်းတစ်ကောင်ထက် မပိုဘူးပဲ..” တစ်စုံတစ်ယောက်မှ လှောင်ပြောင်လိုက်သည်နှင့် ရယ်မောသံများ ဆူညံသွားသည်။

အင်ပါယာဂိတ်မှလူများ မျက်နှာပျက်သွားကြသော်လည်း သူတို့စွမ်းအားမဲ့သလိုသာ ခံစားနေကြရသည်။ မည်သူကများ တစ်ဖက်လောကမှဘုရင်များကိုတစ်ယောက်တည်း ရင်ဆိုင်နိုင်မည်နည်း .. ဤသည်မှာ မဖြစ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ ဤလူများမှာ ကြီးမြတ်သည့်ကျွမ်းကျင်သူ ၁၀ ယောက်ပင်။ သူတို့တစ်ယောက်စီတိုင်းတွင် လူများကို သတ်ဖြတ်နိုင်သည့်စွမ်းအားရှိပြီး သူတို့နှင့်ရွယ်တူများကို လွှမ်းမိုးနိုင်ကြသည်ပင်။

“သူ့ကိုသတ်..”

“သိုင်းပညာကောင်းကင်ဘုရင် သူ့ကို မြန်မြန်သတ်ပြီး အဆုံးသတ်ပေးလိုက်..”

တစ်ဖက်လောကမှ သက်ရှိများ ဆူညံစွာပင် ပြောလာကြသည်။

ဤသည်မှာ သူတို့ရှာနေသည့် ဟွမ်ဖြစ်မှန်း သူတို့မသိကြ။

“သတ်..”

သိုင်းပညာကောင်းကင်ဘုရင်အော်ဟစ်လိုက်ကာ သူ၏မျက်ခုံးကြားတွင်ရှိနေသည့် ငွေရောင်သင်္ကေတလေးတောက်ပလာကာ ငွေရောင်ဆံပင်များလည်း လွင့်ပျံလာသည်။ သူသည် သတ်ဖြတ်သည့်ပညာများအား အသုံးပြုလိုက်ခြင်းပင်။ ငွေဖြူရောင်ဖြစ်နေသည့် သူ၏ညာမျက်လုံးသည် ကောင်းကင်ဓားသွားအဖြစ် ပြောင်းလဲသွားကာ အရှေ့ဘက်သို့ တိုက်ခိုက်လာသည်။

ဓားအလင်းတန်းမှာ ကျန်းပေါင်း ထောင်ပေါင်းများစွာ ရှည်လျားသည်။ ဤဓားအလင်းတန်းဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ခွဲပစ်နိုင်သည်ပင်။

ဤသည်မှာ မသေမျိုးသက်ရှိမှ သူ့အားလက်ဆင့်ကမ်းပေးထားသည့်အရာပင်။ ဤသည်ကို မသေမျိုးကောင်းကင်ဓားသွားဟုခေါ်ပြီး ရန်သူအားလုံးကို ဖြတ်တောက်ပစ်နိုင်သည်ပင်။

အင်ပါယာဂိတ်မှ လူများအတွက်မူ ဤသည်မှာ ထာဝရတာအိုပညာပင်ဖြစ်သည်။

ရှီဟောင် အလွန်တည်ငြိမ်နေပြီး သူ၏နှုတ်ခမ်းထောင့်ပင် အနည်းငယ် ကွေးတက်ကာ အပြုံးတစ်ခုဖြစ်နေသည်။ တစ်ဖက်လူသည် နည်းလမ်းအဟောင်းကိုသာ အသုံးပြုလာခြင်းပင်။ သူယခင်တစ်ခေါက်ကလည်း ဤပညာကိုသာ အသုံးပြုလိုက်ခြင်းပင်။

ဤမသေမျိုးကောင်းကင်ဓားသွားမှာ တကယ်ကို ကြောက်စရာကောင်းလှသော်လည်း ရှီဟောင် သေချာပြင်ဆင်ပြီးသွားလေပြီ။ မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းလိုက်ကာ မူလရှေးဟောင်းမှတ်တမ်းမှ အရိုးစာသားများလည်း ထွက်ပေါ်လာသည်။ သူ၏လက်သီးမှာ ချက်ချင်းပင် တောက်ပလာလေ၏။

ဝုန်း..

သူ အရှေ့ဘက်သို့ ထိုးချလိုက်သည်။

ဒုန်း..

ဤရိုက်ချက်မှာ လျှပ်စီးကဲ့သို့ပင်။ သူတို့နှစ်ဦးကြားတွင် အလင်းတန်းပေါင်း တစ်သောင်းထွက်ပေါ်လာပြီး လေဟာနယ်ပျက်စီးသွားသည်။

“ဘာဖြစ်နေတာလဲ .. အဲဒီလူ မသေဘူးလား .. သူက ဘာလို့ သိုင်းပညာကောင်းကင်ဘုရင်ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်တာလဲ..” လူများစွာ ထိတ်လန့်တကြား ဖြစ်သွားရသည်။

ပိုဆိုးသည့်အရာများ ရောက်လာတော့မည်။ ရှီဟောင် ထိန်းချုပ်ခြင်းမရှိပဲ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လာသည်။ သူ ခွန်ပန်ပညာနှင့် အခြားအရာများကို အသုံးမပြုသော်လည်း အဖိုးတန်ပညာမျိုးစုံကို ပေါင်းစည်းကာ အသေသတ်နိုင်မည့်ရိုက်ချက်ကို ပြင်ဆင်ထားလိုက်သည်။

လျှပ်စီးဧကရာဇ်ပညာ၊ ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည်၊ မိုးမခနတ်ဘုရားပညာနှင့် အခြားပညာများ သူ၏ညာလက်တွင် စုစည်းသွားသည်။ သူ မှော်တံဆိပ်တစ်ခု ပြုလုပ်လိုက်ပြီး မပျက်စီးနိုင်သည့်ကျမ်းစာကို ထည့်သွင်းကာ ပစ်လွှတ်လိုက်သည်။

သူ ဒုက္ခရောက်နေပြီကို သိုင်းပညာကောင်းကင်ဘုရင် ချက်ချင်းသိလိုက်သည်။ ဤလူမှာ သူထင်ထားသည်ထက် များစွာကြောက်စရာကောင်းနေသည်။ ဤသည်မှာ စွမ်းအားကြီးသည့် ရန်သူပင်။

ရလဒ်နေဖြင့် သူ ရှေးဟောင်းကျမ်းစာတစ်ခုကို အသက်သွင်းလိုက်ပြီး မသေမျိုးကောင်းကင်ဓားကို အားဖြည့်လိုက်သည်။ ထို့အပြင် သူ၏မျက်ခုံးကြားမှ ငွေရောင်သင်္ကေတတောက်ပလာကာ သူ့တစ်ကိုယ်လုံး တောက်ပလာသည်။ သူ ဘိုးဘေးပညာများစွာကို ချက်ချင်း အသက်သွင်းလိုက်ကာ ကောင်းကင်ဓားသွားကို အားဖြည့်လိုက်သည်။

ယခင်တစ်ခေါက်ကဲ့သို့ပင် သူတို့နှစ်ဦးလုံး သင်ထားသမျှ အကုန်လုံးကို အသုံးပြုနေကြသည်။ အချက်ရေတစ်ထောင်ကို တစ်ချက်တည်းအဖြစ် ဖိနှိပ်လိုက်ကာ အနိုင်အရှုံးကို ဆုံးဖြတ်လိုက်သည်။

“ဘာဖြစ်နေတာလဲ .. သိုင်းပညာကောင်းကင်ဘုရင်က သူ့ရဲ့ပြိုင်ဘက်ကို တွေ့နေရတယ် .. သူ တကယ်ကို အားလုံးထုတ်သုံးနေရတာလား..” မြွေငှက်မွေးအမွှာဘုရင်နှစ်ယောက်ပင် ထိတ်လန့်သွားရသည်။

ဝုန်း..

ဤရိုက်ချက်မှာ အားလုံးမျှော်လင့်ထားသည်ထက် သာလွန်နေသည်ပင်။ အရာအားလုံး အလင်းဖြင့် အုပ်မိုးခံလိုက်ရသည်။ ထို့နောက် လေဟာနယ်ပေါက်ကွဲသွားကာ အမှောင်ထုထွက်ပေါ်လာကာ အားလုံးကို ဝါးမြိုသွားသည်။

အလွန်လင်းသွားလိုက် မင်ကဲ့သို့ မည်းမှောင်သွားလိုက်ဖြစ်နေသည်ပင်။

ဖူး..

သိုင်းပညာကောင်းကင်ဘုရင် ပါးစပ်အပြည့်သွေးအန်သွားကာ သူ့တစ်ကိုယ်လုံးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ သူသည် တစ်စစီဖြစ်တော့မတတ်ပင်။

တစ်ဖက်လောကမှ လူများဖြစ်စေ အင်ပါယာဂိတ်မှလူဖြစ်စေ အားလုံး ကြောင်အသွားရသည်။ အဆင့် ၄ ရှိတဲ့ သိုင်းပညာကောင်းကင်ဘုရင်က ရှုံးနိမ့်သွားပြီးတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်..

တစ်ချိန်တည်းမှာပင် ရှီဟောင်သည် လေဟာနယ်ပုံရိပ်အဖြစ်ပြောင်းလဲသွားကာ သူ့ကိုသတ်ရန် တရှိန်ထိုး ပြေးလာလေသည်။

သိုင်းပညာကောင်းကင်ဘုရင် ဒေါသတကြီး ဟစ်ကြွေးလိုက်ကာ အားကုန်သုံးလိုက်သည်။ သူ၏ပါးစပ်မှာ သွေးစွမ်းအင်ထုတ်လွှတ်ကာ သူ၏အသက်စွမ်းအင်ကို လောင်ကျွမ်းစေလိုက်သည်။ သူသည် ဘာကိုပဲပေးဆပ်ရပေးဆပ်ရ ရှီဟောင်အား ခုခံချင်သည်။ သူဤနေရာ၌ မသေချင်။

သူ ဟစ်ကြွေးချင်သော်လည်း ရှီဟောင်၏ ပြိုင်ဘက်ကင်းသည့် လက်သီးတံဆိပ်ရောက်ရှိလာသည်။

ဖုန်း..

သိုင်းပညာကောင်းကင်ဘုရင် တတ်နိုင်သမျှ အားလုံးလုပ်လိုက်သော်လည်း ထိုလက်သီးတံဆိပ်မှာ စွမ်းအားကြီးလှသည်။ ဤသည်မှာ တောင်တစ်လုံး ပြိုကျလာသကဲ့သို့ သူ့လက်မောင်းများ ကျိုးသွားသည်။ သူ့ပါးစပ်မှ သွေးများအန်ထွက်နေသောကြောင့် သူအော်ချင်ပင်လျှင် အော်၍မရတော့။

သူ နတ်စိတ်ဝိညာဉ်ကိုအသုံးပြုကာ အသံပို့လွှတ်ချင်သော်လည်း ရှီဟောင် အော်ဟစ်လိုက်သောကြောင့် သူ၏မူလဝိညာဉ်ကို လွင့်ပြယ်မတတ်ပင် ဖြစ်သွားသည်။ သူ၏အော်သံမှာ မိုးခြိမ်းသံကဲ့သို့ မြည်ဟီးနေသည်ပင်။

“သိုင်းပညာကောင်းကင်ဘုရင် တောင့်ထား..” ထိုအချိန်တွင် နွယ်ပင်စိမ်းဘုရင်နှင့် မြွေငှက်မွေးအမွှာဘုရင် နှစ်ယောက်သည် ကူညီပေးရန်အတွက် တရှိန်ထိုးပြေးလာကြသည်။ သူတို့အလွန်ထိတ်လန့်နေကြသည်ပင်။ သိုင်းပညာကောင်းကင်ဘုရင် ဤနေရာ၌ အသတ်ခံရမလိုဖြစ်သွားသည်ကို သူတို့မမျှော်လင့်ထား။

သို့သော်လည်း ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ ရှီဟောင်၏လက်ဝါးမှ သွေးများကြွတက်လာကာ မိုးခြိမ်းသံကဲ့သို့သော ဆူညံသံများလည်းထုတ်လွှတ်နေသည်။ တစ်ချိန်တည်းမှာပင် များပြားလှသည့်အလင်းများ ထွက်ပေါ်လာကာ သိုင်းပညာကောင်းကင်ဘုရင်အား ရိုက်ချလိုက်လေသည်။

အား..

သိုင်းပညာကောင်းကင်ဘုရင် အော်ဟစ်လိုက်သော်လည်း သူ့အသံ တိုးဖျော့သွားသည်။ ရှီဟောင်၏လက်သီးမှာ လေပြင်းနှင့်မိုးကြိုးပစ်ချနေသကဲ့သို့ ကျယ်လောင်လှသည်ပင်။

ဖူး..

သိုင်းပညာကောင်းကင်ဘုရင်၏လက်များ တစ်စစီပေါက်ကွဲသွားသည်။ ထို့အပြင် သူ၏လက်မောင်းများလည်း တစ်ဖြည်းဖြည်းချင်း သွေးမြူအဖြစ်ပြောင်းလဲပျက်စီးသွားသည်။

အဓိကအကြောင်းရင်းမှာ သူရှီဟောင်နှင့် အားကုန်တိုက်ခိုက်လိုက်သည့်အချိန်တွင် သူ၏အုတ်မြစ်ဒဏ်ရာရသွားပြီဖြစ်ပြီး သူ၏အကောင်းဆုံး တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားလေပြီ။ ယခုအချိန်တွင် သူသည် ရှီဟောင်၏ပြိုင်ဘက်မဟုတ်တော့။

ရှီဟောင် အေးစက်စွာ ရယ်မောလိုက်သည်။ သူ လက်သီးတံဆိပ်တစ်ခုကို ဖန်တီးလိုက်ကာ တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ သူသည် ပိုးစုန်းကြူးမီးတစ်ပွင့်စာအတွင်း သူတို့သုံးယောက်၏ တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်ကာ သူ၏လက်သီးများကို မြှောက်ပြီး ချက်ချင်းတိုက်ခိုက်လိုက်သည်။

ဝုန်း..

ယခုတစ်ခေါက်တွင်တော့ သိုင်းပညာကောင်းကင်ဘုရင် မျှော်လင့်ချက် ပျက်သုဉ်းသွားရသည်။ သူထွက်ပြေးလျှင် ဟွမ်သူ့နောက်လိုက်လာမည်ဖြစ်ပြီး သူ့အနောက်ဘက်တွင်ရှိနေသည့်ဘုရင်သုံးယောက်လည်း သူ့အားအချိန်မှီ ကူညီနိုင်မည်မဟုတ်တော့။

သူမပြေးလျှင်လည်း ဘုရင်သုံးယောက် ရောက်လာလျှင်ပင် ဟွမ်သူ့အားသတ်မည်ပင်။

“ငါ အကုန်လုံးကို စွန့်စားပစ်မယ်..” သူဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူသည် ထွက်မပြေးပဲ ရှီဟောင်ကို အချိန်ဆွဲနိုင်ရန် ကြိုးစာလိုက်သည်။ ထိုသို့သာဆိုလျှင် ဘုရင်သုံးယောက် အနောက်ဘက်မှ တိုက်ခိုက်နိုင်သည်ပင်။

သို့သော်လည်း သူစိတ်ပျက်ရန် ကံပါလာပြီးသားပင်။ ရှီဟောင်၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းကို အသုံးပြုကာ အရှေ့ဘက်သို့ တရှိန်ထိုးပြေးသွားလိုက်သည်။

ဖူး..

သိုင်းပညာကောင်းကင်ဘုရင် ခုခံနေသော်လည်း သူ၏ဘိုးဘေးပညာများမှာ ပျက်ပြယ်သွားသည်။ ထို့အပြင် ရှီဟောင်၏လက်သီးချက်ကြောင့် သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားလေသည်။

သိုင်းပညာကောင်းကင်ဘုရင် ကျသွားလေပြီ။ အားလုံးရှေ့တွင်ပင် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်အဆုံးသတ်သွားသည်။

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်။ အထူးသဖြင့် ရှီဟောင်အား လှောင်ပြောင်နေခဲ့သည့် တစ်ဖက်လောကမှလူများ တုန်ယင်သွားရသည်။ သူတို့အိပ်မက်ဆိုးတစ်ခုအား ကြုံတွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့၏ သိုင်းပညာကောင်းကင်ဘုရင် တိုက်ပွဲ၌ ကျဆုံးသွားလေပြီ။

“ချီးပဲ.. သူက မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ကို သတ်ခဲ့တဲ့သူပဲ..” မြွေငှက်မွေးအမွှာဘုရင်နှစ်ယောက်ထဲ တစ်ယောက်မှ အော်ဟစ်လိုက်သည်။

“အခု မင်းအလှည့်ပဲ..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။

ဝုန်း..

မြွေငှက်မွေးအမွှာဘုရင်၏ ဆံပင်အားလုံးမှာ မြွေပွေးများပင်။ သူတို့၏ဆံပင်ရှည်များမှာ ချက်ချင်းပင် လှုပ်ရှားလာသည်။

ထို့အပြင် သူတို့၏ကျောထက်တွင် ရွှေရောင်အတောင်ပံတစ်စုံလည်းရှိနေသည်။ သူတို့လှုပ်ရှားလိုက်သည်နှင့် ထိုရွှေရောင်အမွေးအတောင်များမှာ ဓားများကဲ့သို့ ကြောက်စရာ‌ကောင်းလှသည်။

ရွှီး…

တစ်ချိန်တည်းမှာပင် နွယ်ပင်စိမ်းဘုရင်လည်း သူ၏ခန္ဓာကိုယ်အစစ်ကို လှစ်ဟပြလာ၏။ ဤသည်မှာ နွယ်ပင်တစ်ပင်ပင်။ ယခုအချိန်တွင် အစိမ်းရောင်အလင်းများ တောက်ပနေကာ လေဟာနယ်ထဲ၌ စိမ်းရွှေရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ရှီဟောင်အား ရပ်ပတ်သွားတော့မည်။ ထို့အပြင် လှံတံများထက်ပင် ထက်ရှလှသည့် နွယ်ပင်များစွာ ပေါ်လာပြီး သူ့ကိုပင် ထိုးဖောက်သွားတော့မည်။

ဘုရင်သုံးယောက်သည် နားလည်မှုရယူကာ ရှီဟောင်အား အတူတူ တိုက်ခိုက်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ အလွန်ကြောက်စရာကောင်းသည်ကို သူတို့သိနေသောကြောင့်ပင်။ သူသည် သိုင်းပညာကောင်းကင်ဘုရင်ကိုပင် သတ်ခဲ့သောကြောင့် သူတို့သာ တစ်ယောက်တည်းရင်ဆိုင်လျှင် သေချာပေါက် သေသွားလိမ့်မည်။

အနီးအနားတွင်ရှိနေသည့် တစ်ဖက်လောကမှ သတ္တဝါများ ထိတ်လန့်သွားရသည်။ နံပါတ်လေး သိုင်းပညာကောင်းကင်ဘုရင် အသတ်ခံလိုက်ရကာ ယခု နံပါတ်ငါး နွယ်ပင်စိမ်းဘုရင်နှင့် နံပါတ် ၆ နှင့် ၇ မြွေငှက်မွေးအမွှာဘုရင်တို့ စုပေါင်းကာ လူတစ်ယောက်ကို တိုက်ခိုက်နေကြသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။

သူတို့အမြင်တွင် ကြီးမြတ်သည့်ကျွမ်းကျင်သူ ၁၀ ယောက်မှာ ပြိုင်ဘက်ကင်းသည့်သူများပင်။ အနည်းဆုံးတော့ လူငယ်မျိုးဆက်များထဲတွင် သူတို့ကို တားဆီးနိုင်သည့်သူမရှိ။ သူတို့ အင်ပါယာဂိတ်မှ လူငယ်ကျင့်ကြံသူအားလုံးကို ရှင်းပစ်နိုင်သင့်သည်။

သို့သော် ယနေ့တော့လူတစ်ယောက်ပေါ်လာကာ သူတို့သိထားသမျှကို ပြောင်းပြန်လှန်ပစ်လိုက်လေပြီ။ ဤလူသည် ဝူဖုန်းကို သတ်လိုက်သည့်အပြင် ယခု ဘုရင်သုံးယောက်ကို တစ်ယောက်တည်း တိုက်ခိုက်နေသည်။

ရှီဟောင် ထိန်းချုပ်မထားပဲ အားကုန်သုံးလိုက်သည်။မမျှော်လင့်ထားသည့်အရာများ ဖြစ်မလာရန် သူ ဤလူသုံးယောက်ကို အမြန်ဆုံးသတ်ချင်သည်။

ဖူး..

သူ မြွေငှက်မွေးအမွှာဘုရင်နှစ်ယောက်၏ ရွှေရောင်အတောင်ပံတစ်ခုကို ဆွဲကိုင်လိုက်သည်။ ဤသည်မှာ အစက ရပ်တန့်၍မရနိုင်သည့် နတ်အတောင်ပံများဖြစ်သော်လည်း ယခုတော့ ရှီဟောင်လက်ထဲတွင် ဆုတ်ဖြဲခံလိုက်ရလေပြီ။

“မင်း..” ထိုလူ ထိတ်လန့်တကြားအော်ဟစ်လိုက်ကာ သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ သူရှီဟောင်အား ပြန်လည်တိုက်ခိုက်ချင်သည်။

ဖူး..

ရလဒ်အနေဖြင့် ရှီဟောင် သူ့အတောင်ပံတစ်ခုလုံးကို စုတ်ဖြဲပစ်လိုက်ကာ သွေးများပန်းထွက်လာလေ၏။

အား..

သူ သနားစဖွယ်အော်ဟစ်လိုက်၏။ နာကျင်မှုမှာ သည်းမခံနိုင်လောက်အောင်ပင်။

“သတ်..” အခြား မြွေငှက်မွေးတစ်ကောင်မှ အော်ဟစ်ကာ တရှိန်ထိုးပြေးလာလေသည်။

နွယ်ပင်စိမ်းဘုရင်သည် စကားတစ်ခွန်းမှမပြောပဲ အားကုန်သုံးကာ တိုက်ခိုက်လာလေ၏။ ယခုအချိန်မှာ တစ်ကိုယ်ကောင်းဆန်ရမည့်အချိန်မဟုတ်။ အတူတူပူးပေါင်းတိုက်ခိုက်ရမည့်အချိန်ပင်။ မဟုတ်ပါက သူတို့အားလုံး သေသွားလိမ့်မည်။

“အတူတူတိုက်ကြစို့..” တစ်ဖက်လောကမှ အခြားသက်ရှိများလည်း အသိပြန်ဝင်လာကြကာ တိုက်ခိုက်လာကြသည်။

“ငါတို့လည်း တိုက်ခိုက်ကြမယ်..” ကောင်းကင်ဘုံကိုးခုမှ ကျင့်ကြံသူများလည်း ဤသည်ကို မြင်သည်နှင့် သူတို့သွေးများဆူပွက်လာကာ ဟစ်ကြွေးပြီး တရှိန်ထိုး ပြေးလာကြသည်။

“မင်းလမ်းမင်းသွားလို့ရပြီ..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။ ရှီဟောင်သည် ထိုမြွေငှက်မွေး၏ အတောင်ပံကို ဆုတ်ဖြဲပြီးသွားသည်နှင့် သူ၏လက်မောင်းတစ်ဖက်ကို ဆုတ်ကိုင်လိုက်လေသည်။

ရှီဟောင် လူတစ်ယောက်ကို ဖမ်းဆုတ်လိုက်သည်နှင့် ထိုလူ ဘယ်လိုလုပ် ဘာမှမဖြစ်ပဲ နေမည်နည်း..

ရလဒ်အနေဖြင့် ရှီဟောင် လက်ဗလာဖြင့်ပင် ထိုမြွေငှက်မွေးဘုရင်အား နှစ်ပိုင်းဆွဲဆုတ်ပစ်လိုက်ကာ သူ၏မူလဝိညာဉ်ကိုလည်း အဆုံးသတ်ပေးလိုက်သည်ပင်။

“အစ်ကို .. အား .. မဟုတ်ဘူး..” အခြားမြွေငှက်မွေးဘုရင်မှ ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။

“သတ်..” နွယ်ပင်စိမ်းဘုရင်လည်း အော်ဟစ်ကာ ကောင်းကင်ထက်ရှိနွယ်ပင်များ ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။

“မင်းတို့အားလုံး ကိုယ့်လမ်းကိုကိုယ်သွားလို့ရပြီ..” ရှီဟောင်မှာ အလွန်အေးစက်နေသည်ပင်။

သူ အခြားမြွေငှက်မွေးဘုရင်တစ်ယောက်၏ မျက်ခုံးကြားကို ဖောက်ခွဲပစ်လိုက်ကာ သူ့ဦးခေါင်းကို ကြေမွအောင်လုပ်ပစ်ပြီး ထိုနေရာ၌သာ သတ်ပစ်လိုက်သည်။

ထို့နောက် သူ မှော်တံဆိပ်တစ်ခုကို ပြုလုပ်ကာ နွယ်ပင်စိမ်းဘုရင်၏ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်လိုက်သည်။ ထိုဘုရင်၏ခန္ဓာကိုယ်တစ်ခုလုံးမှ နတ်ခွန်အားများ ထွက်ပေါ်လာကာ မီးတောက်များအဖြစ် လောင်ကျွမ်းသွားပြီး သူ၏မူလနွယ်ပင်စိမ်းခန္ဓာကိုယ် ဖြစ်သွားသည်။

ဖုန်း..

ရှီဟောင် မှော်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီးနောက် အရှေ့သို့ တရှိန်ထိုးပြေးဿွားကာ ရိုက်ချလိုက်သည်။ ထို နွယ်ပင်စိမ်းဘုရင်မှာ သွေးမြူအဖြစ် ပြောင်းလဲသွားပြီး လေထဲ၌ ပျောက်ကွယ်သွားလေ၏။

ဘုရင်အားလုံး အသတ်ခံလိုက်ရလေပြီ…

အားလုံးအေးခဲသွားရ၏။ ဤသည်မှာ အဖြစ်အပျက်ကြီးတစ်ခုပင်။ ဤလူသားကျွမ်းကျင်သူသည် ဘုရင်လေးယောက်ကို တစ်ခါတည်း သတ်ပစ်လိုက်သည်။ ဤသည်မှာ နယ်ခြားစပ်အား လှုပ်ခါသွားစေမည်ပင်။

သေဆုံးသွားသည့် မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ဘုရင်ကို ထည့်တွက်လျှင် ကျွမ်းကျင်သူငါးယောက် အသတ်ခံလိုက်ရခြင်းပင်။ ဤသည်မှာ လူတစ်ယောက်တည်းလားဆိုသည်ကို သူတို့ သံသယဝင်နိုင်သည်ပင်။

အပိုင်း ၁၆၃၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၁ – အမှောင်ထုနေ့ရက်

တစ်ဖက်လောကမှ မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ဘုရင်၊ သိုင်းပညာကောင်းကင်ဘုရင်၊ နွယ်ပင်စိမ်းဘုရင်နှင့် မြွေငှက်မွေးအမွှာဘုရင်တို့ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရလေသည်။

ဤနေရာမှာ လုံးဝ ဖရိုဖရဲဖြစ်နေလေပြီ။

ဝုန်း..

ကောင်းကင်ကြီးပြိုကျကာ ကမ္ဘာမြေကြီး အက်ကွဲသွားသည်။ ရှီဟောင်သည် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ကာ သူ့တစ်ကိုယ်လုံးမှာ လူသားပုံစံနဂါးအစစ်တစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ သူသွားသည့်လမ်းတစ်လျှောက် အလောင်းများ မြေကြီးပေါ်သို့ ပုံကျသွားသည်ပင်။

ခဏကြာပြီးသည့်နောက်တွင် ဤနေရာတစ်ခုလုံး သွေးများလွင့်စင်လာပြီး ကန္တာရတစ်ခုလုံးလည်း နီဲရဲသွားလေပြီ။ ရှီဟောင်သည် မည်သည့်သတ္တဝါကိုမှ အခွင့်အရေးမပေးခဲ့။

အစောပိုင်း၌ ဤလူများ ရှီဟောင်ကို လှောင်ပြောင်ခဲ့ကြသည်။ ဤလူမှာ သိုင်းပညာကောင်းကင်ဘုရင်အား စိန်ခေါ်ခဲ့သောကြောင့် ဤလူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အတိမ်အနက်ကို မသိသည့်သူဟု လှောင်ပြောင်ခဲ့ကြသည်။ သို့သော်လည်း ရလဒ်မှာ ဤကဲ့သို့ ဖြစ်သွားလေပြီ။

ရှီဟောင် ဝူဖုန်းကို သတ်ရုံသာမက အခြား လူငယ်ဘုရင်သုံးယောက်ကိုလည်း သတ်ခဲ့သည်။

ယခု ထွက်မပြေးနိုင်သည့်လူများမှာ ဤလူများပင်။ သူတို့အားလုံး ကြောက်ရွံ့နေကြလေပြီ။ သူတို့သည် စစ်ပွဲများကို ကြိုက်နှစ်သက်သည့်သူများဖြစ်သော်လည်း သူတို့နိုင်နိုင်ချေမရှိသည့် ရန်သူများနှင့်တွေ့လိုက်ရသည့်အချိန်တွင်တော့ သူတို့ကြောက်ရွံ့ကြသည်ပင်။

အနောက်ဘက်ရှိ အင်ပါယာဂိတ်မှ လူများသည် ဤသည်ကို ကြည့်ပြီး သွေးများတက်ကြွလာကြသည်။ သူတို့အတူတကွ အော်ဟစ်လာကာ တိုက်ခိုက်လာကြသည်။

“သတ်.. သူတို့အားလုံးကိုသတ် .. တစ်ယောက်မှ အရှင်မထားနဲ့..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။

တစ်ကိုယ်လုံး လက်နက်များထိုးစိုက်နေသည့် ကြံ့ခိုင်သည့်လူငယ်လေးနှင့် သွေးအန်သည့်လူအိုကြီးလည်း အသက်ဓာတ်အနည်းငယ်ပြည့်သွားပြီဖြစ်ပြီး သူတို့လည်း တရှိန်ထိုးပြေးလာကြသည်။

“ခင်ဗျားတို့အားလုံး နောက်ဆုတ် .. ဒီမှာမနေကြနဲ့ .. တစ်ဖက်လောကကနေ လက်စားချေဖို့လာတဲ့ လူတွေ ရောက်လာမှာ..” ရှီဟောင် အော်ဟစ်လိုက်ပြီး ဤလူများကို ဤနေရာ၌ မနေခိုင်းတော့။

ထို့အပြင် ယခုအချိန်တွင် သူ အဖိုးတန်ပညာမျိုးစုံကို ပေါင်းစည်းလိုက်ပြီး သူ့တစ်ကိုယ်လုံး တောက်ပလာသည်။

ဖူး ဖူး ဖူး..

အလောင်းများတစ်လောင်းပြီးတစ်လောင်း ပြုတ်ကျလာသည်။ အချို့သူများမှာ မျက်ခုံးကြား၌ ထိုးဖောက်ခံလိုက်ရပြီး နှစ်ပိုင်းပြတ်သွားသည်ပင်။ သူတို့အားလုံး လျင်မြန်စွာပင်သေဆုံးသွားကြသည်။

ရှီဟောင်ဖြတ်သွားသည့်နေရာတိုင်း၌ သွေးများလွင့်စင်လာပြီး ခေါင်းပြတ်များ၊ ခြေပြတ်လက်ပြတ်များ ကျလာသည်။

ရှီဟောင် တစ်ချက်တည်းဖြင့် သတ္တဝါ ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး အားလုံးမှာ စွမ်းအားကြီးသည့်သူများပင်။ သာမန်လူတစ်ယောက်မှမပါ။

အနောက်ဘက်မှကြည့်နေကြသည့်သူများလည်း ဆွံ့အသွားကြသည်ပင်။ အချိန်ဘယ်လောက်သာ ကြာသေးသနည်း .. သို့သော်လည်း ဤလူငယ်လေးသည် ဤကဲ့သို့သော အောင်မြင်မှုများ ရရှိလာလေပြီ။ သူသည် ငရဲမှလွတ်လာသည့် နတ်ဆိုးဘုရင်ကဲ့သို့ ပြိုင်ဘက်ကင်းသည့်ခွန်အားအား ပိုင်ဆိုင်ထားသည်ပင်။

“ငါတို့သွားပြီ…” အင်ပါယာဂိတ်မှ ကျင့်ကြံသူများလည်း ပြတ်သားသည်ပင်။ ရှီဟောင်ပြောသည်မှာ အမှန်ဖြစ်သည်ကို သူတို့သိသည်။ ယခု ဘုရင်များစွာ အသတ်ခံလိုက်ရသောကြောင့် ဤသတင်းမှာ ရာထူးကြီးသည့်သူများထံသို့ ရောက်သွားမည်ပင်။

ဤလူများ ထွက်သွားသည်ကို ကြည်ပြီးသည်နှင့် သူသည် ဂျုံပင်များကို ရိတ်သကဲ့သို့ သတ်ဖြတ်နေသည်။

သေခြင်းတရားကို မကြောက်သည့် တစ်ဖက်လောကမှ လူများပင် ကြောက်ရွံ့လာကြသည်။ သူအားလုံး ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားကြလေသည်။

ထို့နောက် သူ ထိုနေရာတွင် မနေတော့ပဲ ခပ်ဝေးဝေးသို့ ထွက်သွားလိုက်သည်။

လမ်းတစ်လျှောက်တွင် သူ၏ပုံစံကို ဆက်တိုက်ပြောင်းလဲခဲ့သည်။ သူသည် အလောင်းမှ ချပ်ဝတ်တန်ဆာများကိုပင် ယူဝတ်ခဲ့သည်အထိပင်။

သူသည် လူအုပ်ထဲတွင် ပုန်းနေကာ တိတ်တဆိတ်ပင် နေခဲ့သည်။

ကြီးမြတ်သည့်ကျွမ်းကျင်သူငါးယောက်ကို သတ်ပြီးနောက် သူ၏အဝတ်အစားဟောင်းများကိုလည်း စွန့်ပစ်ခဲ့သည်။ သူဘာသဲလွန်စမှ မချန်ရစ်ထားခဲ့။

“အား..” ဘုရင်အလောင်းများ ရှိနေသည့်နေရာတွင် လောကကြီးကို တုန်လှုပ်သွားစေနိုင်သည့် ဒေါသတကြီး ဟစ်ကြွေးသံကြီး ထွက်ပေါ်လာသည်။ ထိုနေရာသို့ တရှိန်ထိုးရောက်လာသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျွမ်းကျင်သူများ ရောက်ရှိလာသည်ပင်။

အခြားကျင့်ကြံဆင့်မှ ကျင့်ကြံသူများလည်း ဤနေရာသို့ ရောက်ရှိလာပြီဖြစ်သည်။

“ဘာဖြစ်ခဲ့တာလဲ ..ငါတို့က တစ်ရက်တည်းနဲ့ ကျွမ်းကျင်သူ ငါးယောက်ကို ဆုံးရှုံးလိုက်ရတာလား .. လေးယောက်ကို လူတစ်ယောက်တည်းက သတ်လိုက်တာ .. ကောင်းကင်ကြီး ပြောင်းလဲတော့မှာလား..”

“မျက်လုံးပြာရွှေရောင်အကြေးခွံခြင်္သေ့ဘုရင်ကိုလည်း သူပဲသတ်လိုက်တာလို့ထင်တယ် .. ဘာလို့လဲဆိုတော့ သူ့ကိုတိုက်ခိုက်ခဲ့တဲ့သူလည်း လူငယ်တစ်ယောက်ပဲ .. ဒါက အရမ်းကို ကြောက်ဖို့ကောင်းလွန်းတယ်..” အခြားလူတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ဤသည်မှာ သူတို့ကို အလွန်စိတ်ပျက်သွားစေသည်ပင်။ တစ်ဖက်လောကမှ လူများမှာ စစ်ပွဲများကို ကြိုက်နှစ်သက်သည့်သူများဖြစ်ပြီး ရန်လိုသည့်လူမျိုးစုများဖြစ်ကြသည်ပင်။ သို့သော်လည်း ယနေ့တော့ သူတို့ ပြင်းထန်လှသည့်ရိုက်ချက်တစ်ခုကို ကြုံတွေ့လိုက်ရသည်။

သူတို့အမြင်တွင် ဤသည်မှာ မကောင်းသည့်လက္ခဏာပင်။

“ဒီမျိုးဆက်မှာ အင်ပါယာဂိတ်က ထူးခြားတဲ့သူအများကြီး မွေးထုတ်လိုက်တာလား .. ဒါက ဖရိုဖရဲဖြစ်အောင် လုပ်လိမ့်မယ်လို့တော့ မပြောနဲ့နော်..”

အချို့လူများ စိုးရိမ်လာကြသည်။ အထူးသဖြင့် အရာအားလုံးကို ဖုံးအုပ်ထားသည့် ကောင်းကင်ချောက်နက်ကြီးအား မော့ကြည့်လိုက်သည့်အချိန်တွင် သူတို့ မသက်မသာခံစားလိုက်ရသည်။

ဤနှစ်များအတွင်းတွင် သူတို့ အင်ပါယာဂိတ်ကို ယခုထိ မသိမ်းနိုင်သေး။ ဤသည်မှာ သူတို့အား အတော်လေးစိုးရိမ်စေသည့် ကိစ္စပင်။ ထို့အပြင် ယခု ပြန်လည်တွန်းကန်လာသည့် လက္ခဏာများ တွေ့လိုက်ရသည့်အချိန်တွင် လူအချို့ စိုးရိမ်လာကြသည်ပင်။

“အဲဒီသက်ရှိတွေ နောက်တစ်ခေါက် ထပ်ဝင်ပါတာလား .. မဟုတ်ရင် အင်ပါယာဂိတ်မှာ ဘယ်လိုလုပ် ဒီလိုမျိုး ထူးချွန်တဲ့ ဂျီးနီးယပ်စ်တစ်ယောက်ရှိမှာလဲ … အဲဒီဟွမ်တစ်ယောက်ပဲ နည်းနည်းအသင့်အတင့်ရှိတာ .. တိုက်ခိုက်လိုက်တဲ့သူက အဲဒီသက်ရှိတွေရဲ့ မျိုးဆက်ဖြစ်လိမ့်မယ်လို့ ငါထင်တယ် .. အဲဒီနေရာက ပွင့်လာပြီးတော့ သူတို့နောက်တစ်ခေါက် ထွက်လာကြပြီလား..” စွမ်းအားကြီးသည့် ရှေးဟောင်းဘုရင်လူမျိုးစုတစ်ယောက် ရောက်လာကာ တီးတိုးပြောလိုက်သည်။ သူ၏စကားလုံးများမှာ အားလုံးကို ထိတ်လန့်သွားစေသည်။

“အဲဒီလိုနေရာမျိုး တကယ်ရှိတာလား .. အဲဒီနေရာတွေ ပွင့်လာရင် ဒီကိုရောက်လာမယ့်လူတွေရှိတာလား..” အခြား ရှေးဟောင်းဘုရင်မျိုးနွယ်စုမှ လူလည်း အနည်းငယ် သံသယဝင်လာသည်။

“အား .. ငါ့ဖုန်းအာလေး .. မင်းဘယ်လိုလုပ် သေသွားရတာလဲ..” ငွေရောင်ဆံပင်နှင့် လူလတ်ပိုင်းအမျိုးသားတစ်ယောက် တရှိန်ထိုး ပြေးလာကြသည်။ သူ၏မျက်လုံးများလည်း နီရဲနေသည်။ သူသည် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေသည်။

ဤသည်မှာ သိုင်းပညာကောင်းကင်ဘုရင်၏အဘိုး၊ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်အဆင့်ကျွမ်းကျင်သူပင်။ သူသည် သူတို့ကလန်မှ နာမည်ကြီးသည့် ပုဂ္ဂိုလ်ပင်။

ထို့အပြင် သူသည် ခေတ်တစ်ခေတ်ကို အုပ်စိုးသည့်သူဖြစ်ခဲ့ပြီး အင်ပါယာဂိတ်မှ ကျွမ်းကျင်သူ ဘယ်နှယောက်ကို သတ်ခဲ့မှန်းပင်မသိ။ သူသည် အင်ပါယာဂိတ်မှ စစ်သူရဲသုံးယောက်ကိုပင် သတ်ခဲ့သေးသည်။

ဤငွေရောင်ဆံပင်နှင့်လူမှာ အလွန်ကြောက်စရာကောင်းလှသည်။ သူ့မြေးကို သတ်သွားသည့်သူအား ဘာဖြစ်ဖြစ်တွေ့အောင်ရှာဟု အမိန့်ပေးလိုက်သည်။ သို့သော်လည်း ထိုလူကို ရှာရန်အတွက် ထိုလူ၏ပုံကို သိရန်လိုသည်ပင်။

ဝုန်း..

ကောင်းကင်ထက်မှ နေလုံးကြီး ကျဆင်းလာသကဲ့သို့ ရွှေရောင်အလင်းထွက်ပေါ်လာသည်။ ဤသည်မှာ တစ်ကိုယ်လုံး ရွှေရောင်သန်းနေသည့် မြွေငှက်မွေးပင်။ သူသည် လူသားပုံစံမဟုတ်ပဲ သူ၏မူလပုံစံဖြင့် ရောက်လာခြင်းပင်။ သူသည် ရွှေရောင်စပါးကြီးမြွေနှင့်တူသော်လည်း သူ့ကျောထက်တွင် ပန်အတောင်ပံရှိနေသည်။

“ငါကလေးလေးတွေ .. မင်းတို့နှစ်ယောက် ဒီမှာ အသတ်ခံလိုက်ရပြီ .. မင်းတို့နှစ်ယောက် ထိပ်ဆုံးရောက်လာမယ့်အချိန်ကို စောင့်ချင်ပေမယ့် မင်းတို့နှစ်ယောက် ဒီမှာ သေသွားပြီ .. ငါမင်းတို့အတွက် လက်စားချေပေးမယ်..”

ဤသည်မှာ မြွေငှက်မွေးအမွှာဘုရင်နှစ်ယောက်၏ ထူးခြားဆန်းကြယ်သည့်ဘိုးဘေးပင်။ သူသည်လည်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေသည့်သူပင်။ သူသည် ဤကန္တာရတွင် နာမည်ကြီးသည့်သူပင်။ အဘယ်ကြောင့်ဆိုသော် သူသည် အင်ပါယာဂိတ်မှကျင့်ကြံသူများစွာကို သတ်ခဲ့သည်ပင်။

တစ်ဖက်လောကမှ လူများ ရူးသွပ်လုမတတ်ဖြစ်နေကြလေပြီ။

ဤသည်မှာ လွန်ခဲ့သည့်တစ်နှစ်က အနီရောင်ကောင်းကင်နယ်စပ်၌ ဖြစ်ခဲ့သည့် အဖြစ်အပျက်ထက်ပင် ကြောက်စရာကောင်းသေးသည်။

ထိုအချိန်က ဟွမ်တစ်ယောက်တည်း ဘုရင်လူမျိုးစု ၁၀ ယောက်ကို သတ်ခဲ့သော်လည်း ထိုလူများထဲတွင် ကြီးမြတ်သည့်ကျွမ်းကျင်သူအဆင့်နှင့်ညီသည့်သူ တစ်ယောက်၊ နှစ်ယောက်သာရှိသည်။

ယခု ကောင်းကင်သားတော်ငါးယောက် တစ်ပြိုင်နက်တည်း အသတ်ခံလိုက်ရခြင်းပင်။ အသက်ကြီးသည့်ပုဂ္ဂိုလ်များပင် ထိတ်လန့်သွားရသည်အထိပင်။

တစ်ဖက်လောကမှ လူငယ်မျိုးဆက်များအတွက်တော့ ယနေ့မှာ အမှောင်နေ့စွဲတစ်ခုပင်။

ကြီးမြတ်သည့်ကျွမ်းကျင်သူများစွာ ဤနေရာ၌ စုဝေးလာကာ ဘုရင်ငါးယောက်၏ကလန်သားများလည်း အလောတကြီး ရောက်လာကြသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ကောင်းကင်ထက်သို့ လျှံတက်သွားကာ ဓားအလင်းတန်းများလည်း တစ်ခုပြီးတစ်ခု ကောင်းကင်ထက်သို့ တက်သွားကာ ကောင်းကင်ကြီးကို ကွဲအက်သွားစေသည်။

ဤနေရာမှာ ချက်ချင်းပင် ဖရိုဖရဲဖြစ်သွားသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် အင်ပါယာဂိတ်မှ ကျင့်ကြံသူများ ဤသည်ကို အလေးအနက်ရင်ဆိုင်နေကြသည်။ အထူးသဖြင့် စစ်သူရဲများပင်။ သူတို့အားလုံး အရှေ့၌ ရပ်တန့်ကြကာ တစ်ဖက်လောကကို သတိကြီးကြီးဖြင့် စောင့်ကြပ်နေကြသည်။

ထိုအချိန်တွင် အဆင့်လွန်သက်ရှိများ၏အော်ရာပင် ထွက်ပေါ်လာသည်။

“ခင်ဗျားတို့လောကက အရမ်းကို အားနည်းတာပဲ .. လူငယ်လေးတစ်ချို့ အသတ်ခံလိုက်ရတာကို ဒေါတသကြီးတွေ ဖြစ်နေကြတယ် .. အရှုံးကို ဘယ်လိုက်ခံရမလဲဆိုတာ မသိဘူးပဲ…” အင်ပါယာဂိတ်ဘက်ရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“ဘာကို စစ်ပွဲကြိုက်တဲ့လူမျိုးစုလဲ .. ဒီထက်မပိုဘူး .. သတ္တိရှိရင် အဆင့်လွန်လူငယ်သက်ရှိ တစ်ယောက်၊ နှစ်ယောက်ပို့လိုက်လေ .. သူတို့တွေလည်း အသတ်ခံရမှာပဲ .. မျိုးဆက်တူချင်းယှဉ်ရင် ခင်ဗျားအားလုံးက တော်တော်လေး လိုသေးတယ်..” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်သည်။

ဤစကားများကို ကြားလိုက်ရသည့်အချိန်တွင် တစ်ဖက်လောကမှ ကျွမ်းကျင်သူများ၏ မျက်လုံးများ လေးနက်သွားကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာကြသည်။

သူတို့ တရားခံကို သတ်ပစ်ချင်သော်လည်း ဤစကားလုံးများမှာ ကျိုးကြောင်းဆီလျော်သည်ကိုတော့ သူတို့ဝန်ခံရမည်။

“ဘိုးဘေးတို့ .. ရှေးဟောင်းနယ်မြေတွေကို သွားပြီးတော့ အဲဒီအင်ပါယာကလန်က လူတွေကို တိုက်ခိုက်ဖို့ ဖိတ်ခေါ်ပေးပါ .. လူငယ်တစ်ယောက်ထွက်လာရင်ကို အားလုံးကို အနိုင်ယူနိုင်ပြီ..” တစ်ဖက်လောကမှ လူငယ်များမှ ဤကဲ့သို့ တောင်းဆိုသည့်သူများ ထွက်ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ သူတို့သည် ရန်လိုသည့်လူမျိုးစုဖြစ်သောကြောင့် မျိုးဆက်တူသည့်အခြားလူငယ်များရှေ့တွင် လက်လျှော့အရှုံးပေးနိုင်မည်နည်း..

ယခင်က သူတို့ ဧကရာဇ်ကလန်မှလူများကို ထွက်မလာစေချင်။ အဘယ်ကြောင့်ဆိုသော် ထိုကလန်များမှ လူတစ်ယောက်ထွက်လာသည်နှင့် အခြားကလန်မှ လူငယ်များအားလုံး လေးစားစွာ ဦးညွှတ်ရမည်ဖြစ်ပြီး သူတို့ကို ရပ်တန့်နိုင်မည်မဟုတ်။

သို့သော် ယခုတော့ သူတို့ မတောင့်ခံနိုင်တော့။ ဧကရာဇ်ကလန်များကို လှုပ်ရှားစေချင်နေကလေပြီ။ သို့မှသာ သူတို့တစ်ဖက်လောကကို လုံးဝဖျက်ဆီးပစ်နိုင်မည်။ ဧကရာဇ်ကလန်မှ လူငယ်ကို အင်ပါယာဂိတ်မှ စွမ်းအားကြီးသည့် လူငယ်များအား နင်းချေခိုင်းစေချင်ကြသည်။

“ဧကရာဇ်ကလန်ကို ဒီလောကမှာ ပေါ်လာဖို့ တောင်းဆိုပေးပါ .. ဒါက လူငယ်မျိုးဆက်တွေနဲ့ဆိုင်တဲ့ တိုက်ပွဲ .. တစ်ယောက်ယောက်ထွက်လာပြီးတော့ အင်ပါယာဂိတ်က အဲဒီလူကို သတ်ပေးဖို့ မျှော်လင့်တယ်..”

တစ်ဖက်လောကမှ လူငယ်များ ဦးညွှတ်ကာ တောင်းဆိုလာကြလေသည်။

အပိုင်း ၁၆၃၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၂ – ခရီးရှည်ကြီး

ကန္တာရကြီးတွင် အော်ဟစ်သတ်ဖြတ်နေသည့်အသံများ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲလည်းဆက်လက်ဖြစ်ပွားနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် စစ်မြေပြင်မှာ ကျယ်ပြန့်လွန်းလှသည်ပင်။

သို့သော်လည်း ဤနေရာမှာ အနည်းငယ်ထူးဆန်းနေသည်။ တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်နေကြသည်ပင်။

“ဧကရာဇ်ကလန်ကလူတွေက ကိုယ်ဖိတ်ခေါ်တိုင်း ထွက်လာမယ့်သူတွေမဟုတ်ဘူး .. အချိန်ကျရင် သူတို့ဘာသာ ထွက်လာလိမ့်မယ်..” ရှေးဟောင်းဘုရင်ကလန်ကျွမ်းကျင်သူမှ ပြောလိုက်သည်။

ဧကရာဇ်ကလန်များမှာ လောကကြီးမှ သီးခြားခွဲနေကြပြီး ရှေးဟောင်းနယ်မြေများ၌ နေထိုင်နေကြခြင်းပင်။ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် တစ်ယောက်ထွက်လာလျှင်ပင် အတော်လေး မဆိုးပေ။

ရှီဟောင် အခြားနေရာသို့ မသွားတော့။ ဘုရင် ၁၀ ယောက်လုံး ထွက်လာလိမ့်မည်ဟု သူမထင်။ သူတို့ရောက်လာလျှင်ပင် သူမတိုက်ခိုက်ချင်တော့။ အဘယ်ကြောင့်ဆိုသော် သူသာ ထပ်တိုက်လျှင် သူ့ကို ချုံခိုကာ သတ်ချင်သည့်သူများ ပေါ်လာနိုင်သည်။

“ဧကရာဇ်ကလန်ကလူတွေ ထွက်မလာရင်တောင် အဲဒီလူငယ်လေးကို ဖိနှိပ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ် .. ကြီးမြတ်တဲ့ကျွမ်းကျင်သူ ၁၀ ယောက်ထဲက နံပါတ်တစ် ဒါမှမဟုတ် နံပါတ်နှစ်ကတော့ သူ့ကို ရှုံးမှာမဟုတ်ဘူး..” တစ်စုံတစ်ယောက် ပြောလိုက်သည်။

“ဟုတ်တယ် .. အစ်ကိုဟဲကျီမင်း သူ့ရဲ့တာအိုကို လေ့လာပြီးတော့ သီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီ .. မယုံကြည်နိုင်လောက်တဲ့ ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပြီးတော့ သူက ဘိုးဘေး ဟဲဝူရှန်းလိုမျိုး တောက်ပလာပြီ .. လူငယ်ကျွမ်းကျင်သူထဲက နံပါတ်တစ် အနေနဲ့ သူ့လမ်းကြောင်းမှာရှိတဲ့သူအားလုံးကို သေချာပေါက်အနိုင်ယူနိုင်မှာ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ဟဲကလန်နှင့်ပတ်သက်ပြီး သူ့ထံ၌ မေးခွန်းများ ရှိနေခဲ့သည်ပင်။ သူတို့မည်မျှပင် စွမ်းအားကြီးကြသနည်း .. သူတို့ ဘုရင်လူမျိုးစုထဲတွင် ပါဝင်မှန်း သူသိလိုက်ရလေပြီ။

ဟဲဝူရှန်း၏မျိုးဆက် ဟဲကျီမင်းမှာ ဘုရင်မျိုးနွယ်များထဲတွင် နံပါတ်တစ်ပင်။ ဤသည်မှာ အလွန်အံ့အားသင့်စရာကောင်းသည့်သူဟု ပြော၍ရသည်။

“သိထားရမှာက ဟဲဝူရှန်းက ဧကရာဇ်ကလန်တွေကိုတောင် အနိုင်ယူခဲ့ပြီးတော့ ပြိုင်ဘက်ကင်းသက်ရှိဖြစ်လာတာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

“ပြောရမယ်ဆိုရင် ဟဲမိသားစုက တကယ်ကို စွမ်းအားကြီးတယ် .. ဟဲဝူရှန်းသာ နောက်ထပ်ခြေလှမ်းတစ်ဝက်လောက် လှမ်းလိုက်ရင် သူက ဒီခေတ်က ဧကရာဇ်ကလန်အသစ်ဖြစ်လာနိုင်တယ်..”

သူတို့ဆွေးနွေးသည်များကို နားထောင်ပြီး ရှီဟောင်တုန်လှုပ်သွားရသည်။ သူ ဟဲကလန်ကို အထင်သေးခဲ့မိခြင်းပင်။ ဤကလန်မှာ ဧကရာဇ်ကလန်များနှင့် သိပ်မကွာတော့။

သို့သော် ဤကလန် ဧကရာဇ်ကလန်ဖြစ်မဖြစ်ဆိုသည်မှာ နောက်ပိုင်းမျိုးဆက်နှင့်မဆိုင်။ ဟဲဝူရှန်းနှင့်သာဆိုင်သည်။ သူအဆင့်တက်ကာ အန်းလန်၊ ရှုထော်တို့ကဲ့သို့သော ရှေးဟောင်းသက်ရှိများနှင့် အဆင့်အတူတူဖြစ်ရန်လိုအပ်သည်။

ယခု သူ ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။

“ဟဲကျီမင်သာ ဒီအတိုင်းဆက်ပြီး တိုးတက်သွားမယ်ဆိုရင် သူက သူ့ဘိုးဘေးရဲ့ စိတ်နေသဘောထားကို ပိုင်ဆိုင်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့နယ်ပယ်ကို ရောက်သွားမှာ .. သူ ဧကရာဇ်ကလန်တွေထက်တော့အားနည်းမှာမဟုတ်ဘူး..”

ဟဲကလန်အကြောင်း ပြောလိုက်သည်နှင့် လူငယ်များ တစ်ဖြည်းဖြည်းစိတ်လှုပ်ရှားလာကြပြီး ဟဲကျီမင်ကို ဖိတ်ခေါ်သင့်သည်ဟု ခံစားလိုက်ရသည်။ အင်ပါယာဂိတ်မှ ရွယ်တူများကို ရှင်းလင်းရန်အတွက် သူတစ်ယောက်တည်းနှင့် လုံလောက်ပြီထင်သည်။

သို့သော်လည်း အချို့သူများ စိုးရိမ်နေကြဆဲပင်။ ကောလဟာလများအရ အင်ပါယာဂိတ်ထဲတွင် ဟွမ်အပြင် ထူးဆန်းကာ စွမ်းအားကြီးသည့်တပ်ကူများ ရှိနေလောက်သည်။

သူတို့အမြင်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ သက်ရှိများမှာ ထိုမျှစွမ်းအားမကြီး။ လောကနှစ်ခုကြားမှ တိုက်ပွဲကို ဝင်နှောက်ယှက်ခဲ့ကြသည့် သတ္တဝါများ ပြန်ပေါ်လာပြီထင်သည်။

ဤသက်ရှိများ၏ မျိုးဆက်များ အင်ပါယာဂိတ်ထဲသို့ ဝင်သွားခဲ့သည်ဟု သူတို့ယုံကြည်သည်။ ထို့ကြောင့်ပင် အင်ပါယာဂိတ်မှထွက်လာသည့်သူများ ဤမျှစွမ်းအားကြီးနေခြင်းပင်။

ဟွမ်လည်း ထိုလူများ၏ မျိုးဆက်များထဲမှ တစ်ယောက်ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်အထိပင်။

“အဲဒီလူတွေ တကယ်ရှိတာလား .. ဒါက ကောလဟာလလို့ပဲ ပြောကြတာမဟုတ်ဘူးလား .. ဒါကို အတည်ပြုနိုင်မယ့်နည်းလမ်းမရှိဘူးဆို..” လူငယ်တစ်ယောက်မေးလိုက်သည်။

သို့သော်လည်း မည်သူမှ သူ့အား အလေးမထားကြ။

ဝူး.. ထိုအချိန်တွင် ခရာသံထွက်ပေါ်လာကာ တစ်ဖက်လောကမှ လူများကို နောက်ပြန်ဆုတ်ရန် ခေါ်နေကြသည်။ ယနေ့တိုက်ပွဲ အဆုံးသတ်သွားလေပြီ။

ဤသည်မှာ မူလက အလွန်ပြင်းထန်ကာ နှစ်ဘက်လုံး ဒေါသတကြီး ဖြစ်နေကြသည့်အခြေအနေဖြစ်ပြီး နှစ်ဘက်လုံး အဆုံးထိ တိုက်ခိုက်သွားကြမည်ပင်။ သို့သော် ယခုတော့ တစ်ဖက်လောကမှ လူများ နောက်ဆုတ်သွားသောကြောင့် အင်ပါယာဂိတ်မှလူများ သက်မချလိုက်ကြသည်။

“ဘုရင်ငါးယောက်ကို သတ်သွားတဲ့သူက တကယ်ပဲ ဘယ်သူလဲ .. တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ..” ကောင်းကင်ဘုံကိုးခုမှလူများ သူတို့အချင်းချင်း ဆွေးနွေးလာကြသည်။

“မင်း စဉ်းစားစရာလိုနေသေးလို့လား .. သေချာပေါက် ဟွမ်ပဲပေါ့..”

“မဟုတ်လောက်ပါဘူး .. ငါ ကောင်းကင်နားရွက်စွမ်းရည်ကို ကျင့်ကြံထားတယ် .. ထူးဆန်းတဲ့ရှေးဟောင်းမြေကနေ ငါတို့ အင်ပါယာဂိတ်ထဲကို ဝင်လာတဲ့ ကျင့်ကြံသူတစ်ယောက်အသံကြားလိုက်ရသလိုပဲ .. သူက ကန့်သတ်နယ်မြေက သက်ရှိလို့တော့ မပြောနဲ့နော်..”

..

ထိုနေ့မှာ မတည်ငြိမ်နိုင်သည့်နေ့တစ်နေ့ပင်။ နှစ်ဘက်လုံး စစ်မြေပြင်မှ ပြန်ဆုတ်ခွာလာခဲ့ကြပြီဖြစ်သော်လည်း နှစ်ဘက်လုံးမှာ သူတို့အချင်းချင်း ဆွေးနွေးနေကြဆဲပင်။

အမှန်တကယ်တွင် တစ်ဖက်လောကဘက်၌လည်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်ပင်။ ဟဲကျီမင်းသည် ဤသတင်းကို ကြားသည်နှင့် ဂိတ်မှ ချက်ချင်းထွက်ကာ တိုက်ခိုက်ချင်ခဲ့သည်။

ထို့အပြင် လူငယ်ကျွမ်းကျင်သူ ငါးယောက်သေဆုံးသွားရခြင်းမှာ ကလန်ငါးခုလုံးကို ဒေါသထွက်စေသည်ပင်။ သူတို့သည် ကျွမ်းကျင်သူများ လွှတ်ကာ နောက်တစ်ပွဲ၌ ထိုသတ်ခဲ့သည့်သူကို သတ်ရန် ပြင်ဆင်နေကြလေပြီ။

“ဟွမ် .. မင်းနောက်တစ်ပွဲမှာ ပေါ်လာဖို့ စောင့်နေမယ်..” အချို့လူများအော်ဟစ်လိုက်ကြသည်။

တိုက်ခိုက်လိုက်သည့်သူမှာ ဟွမ်ဖြစ်လိမ့်မည်ဟု သံသယဝင်နေကြသည့်သူအချို့ ရှိနေကြသည်ပင်။

လူအမျိုးမျိုးဖြစ်သောကြောင့် အမြင်အမျိုးမျိုးရှိကြသည်ပင်။ အချို့လူများမှာ ဤသည်မှာ အခြားတစ်ယောက်ဖြစ်လိမ့်မည်ဟု ခံစားနေကြသည်။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လောကမှလူများ မတည်ငြိမ်နိုင်တော့။ လူငယ်များ ပိုဆိုးသည်။ သူတို့သည် တစ်စုံတစ်ယောက်မှ အင်ပါယာမှ ထိုကောင်ကို သတ်ပစ်ရန် မျှော်လင့်နေကြသည်။

သို့သော်လည်း ဤအရာအားလုံးမှာ ရှီဟောင်နှင့် မသက်ဆိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ဧကရာဇ်မြို့သို့မပြန်ပဲ ကန္တာရကြီး၏ အခြားတစ်ဖက်သို့ ဦးတည်သွားသည်။ သူသည် မီးခိုးတန်းအဖြစ်သို့ ပြောင်းလဲသွားကာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

အဘယ်ကြောင့်ဆိုသော် တိုက်ပွဲကြီးအဆုံးသတ်သွားသည်နှင့် အလောင်းများစွာ ရှိနေသည်ပင်။ အချို့သူများမှာ အလောင်းများကို အခေါင်းထဲထည့်ပြီး အချို့သူများကို မြေမြှုပ်ပစ်လိုက်ကြသည်။ ဤနေရာမှာ အတော်လေးဆူညံနေသောကြောင့် ရှီဟောင်ကို တွေ့လျှင်ပင် မည်သူမှ သူ့အားအရေးလုပ်မည်မဟုတ်။

ထို့အပြင် သူ၏အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် သူ့ကို တွေ့နိုင်သည့်သူမရှိ။

သူသည် လျှပ်စီး၊ ခွန်ပန်အတောင်ပံ၊ ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်း ပညာရပ်သုံးမျိုးကို အသုံးပြုနေသောကြောင့် သူ၏အရှိန်မှာ မယုံကြည်နိုင်လောက်အောင် မြန်လွန်းလှသည်။

သို့သော်လည်း ဤကန္တာရကြီးမှာ ကျယ်ပြန့်လှသည်။ ရှီဟောင်၏အရှိန် မည်မျှပင် လျင်မြန်နေပါစေ လီပေါင်း ထောင်ပေါင်းများစွာ ဖြတ်သန်းလာပြီးသော်လည်း သူ စစ်မြေပြင်မှ မထွက်နိုင်သေး။

“အမ်..” ရုတ်တရက် သူထိတ်လန့်တကြား ဖြစ်သွားရ၏။ တစ်ခုခုတော့ မှားနေလေပြီ။ သူ အလိုက်ခံနေရတယ် .. သူ ဘယ်သူ့ကိုမှမမြင်ရသော်လည်း သူ့နောက်လိုက်နေသည့်သူရှိကြောင်း သူ့မသိစိတ်မှပြောနေသည်။

ဤနေရာတွင် စစ်သူရဲများမရှိသလို ဤနေရာကို ကာကွယ်နေသည့်အခြားသူများလည်းမရှိ။ လိုက်လာသည့်သူမှာ ရန်သူလားမိတ်ဆွေလားမသိနိုင်။ အန္တရာယ်များနိုင်ချေ ပိုများနေသည်ပင်။

သူ့နောက်လိုက်နေသည့်သူမှာ သေချာပေါက် မရိုးရှင်းပေ။

ထို့အပြင် ဤလူ ယခုအချိန်ထိ သူ့ကိုယ်သူ မပြခြင်းမှာ သူ့ထံတွင် မကောင်းသည့်ရည်ရွယ်ချက် ရှိနေသောကြောင့်ပင်။ မဟုတ်ပါက သူ့အား လာရောက်နှုတ်ဆက်မည်ပင်။

ဒါက တစ်ဖက်လောကကလူလား .. ဒါမှမဟုတ် အင်ပါယာဂိတ်ကလူလား..

ဤလူမှာ အင်ပါယာဂိတ်မှလူဖြစ်လိမ့်မည်ဟု ရှီဟောင်ခံစားရသည်။ သူသည် သူ၏စခန်းမှ ထွက်လာခြင်းဖြစ်သောကြောင့် သူ့နောက်လိုက်လာသည့်သူသည်လည်း အင်ပါယာဂိတ် စစ်တပ်မှပင် ဖြစ်လိမ့်မည်။

“ဒီလိုမျိုး မသက်မသာခံစားနေရတာက တကယ်မကောင်းဘူး .. သူ့မှာ သေချာပေါက် မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတယ်..” ရှီဟောင် သူ့အရှိန်ကိုတင်လိုက်သည်။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်လာသည်။

နောက်ဆုံးတော့ သူ ကန္တာရအစွန်သို့ ရောက်ရှိလာလေပြီ။ အရှေ့ဘက်တွင် စိမ်းလန်းစိုပြေပြီး သားရဲများဟစ်ကြွေးနေသည့် နေရာရှိနေသည်။ သူ ကန္တာရမှ ထွက်သွားတော့မည်။

ဝုန်း..

ထိုအချိန်တွင် အနောက်ဘက်မှ လက်ကြီးတစ်ဖက် ရောက်လာသည်။ ထိုလက်မှာ လျင်မြန်လှသည်။

ထိုမြေကြီးရောင်လက်ကြီးကြောင့် ကောင်းကင်ကြီးပင် ပျက်စီးသွားသည်။ ဤသည်မှာ ကိုယ်တိုင်လွတ်မြောက်ခြင်းအဆင့် စွမ်းအားကြီးသည့် ကျင့်ကြံသူပင်။ သူသည် ရှီဟောင်အား ဖိနှိပ်ကာ သတ်ပစ်ချင်နေသည်။

သူသည် ရှီဟောင်နောက် အမြဲတမ်းလိုက်နေခြင်းဖြစ်ပြီး ရှီဟောင်မည်သည့်နေရာသို့ သွားနေသည်ကို သိချင်နေခြင်းပင်။ သို့သော် ရှီဟောင် ကန္တာရမှ ထွက်ပြီး ထိုနယ်မြေသို့ ဝင်တော့မည်မှန်းတွေ့လိုက်ရသည့်အချိန်တွင် သူ၏အမူအရာ ချက်ချင်းပြောင်းလဲသွားကာ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

မဟုတ်ပါက သူရှီဟောင်ကို မှီတော့မည်မဟုတ်တော့။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ အလွန်ထူးဆန်းလှသည်။ မထင်မှတ်ထားသည့်အဖြစ်အပျက်များ ဖြစ်ရန် လွယ်ကူလွန်းလှသည်။

“ချိုးဖျက်မယ်..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ ရှီဟောင် ထာဝရဓားကို ထုတ်လိုက်သည်။ ဤဓားသည် သူခံစားရသည့်ဖိအားများလေ စွမ်းအားများ ပိုထွက်လာလေပင်။

ချွမ်း..

ထင်ထားသည့်အတိုင်းပင် ထိုဓားတောက်ပသည့်အလင်းများတောက်ပလာသည်။ အလင်းမိုးတစ်ခု ရွာကျလာကာ ဓားရိုးကို ဝန်းရံသွားသည်။

ဟမ်..

ထိုလက်ကြီးသည် တစ်ခဏခန့်တွေဝေသွားကာ အောက်ဘက်သို့ ရောက်လာတော့။ ထိုအစား သူသည် ထိုဓားအား လုယူချင်နေသည်။

သို့သော်လည်း ထိုအချိန်တွင် ကြောက်စရာကောင်းသည့်ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အရှေ့ဘက်တွင် တောင်တန်းတစ်ခုရှိပြီး အကိုင်းအခက်များဝေဆာသည့် သစ်ပင်ကြီးတစ်ပင်လည်း ရှိနေသည်။ ထိုအပင်မှ အကိုင်းအခက်များသည် ကောင်းကင်ထက်သို့ တက်သွားကာ ထိုလက်ကြီးကို ဝင်တိုက်ပစ်လိုက်လေသည်။

ဤသည်ကို မြင်သည်နှင့် ရှီဟောင် ထာဝရဓားကို ချက်ချင်းသိမ်းလိုက်သည်။ မမျှော်လင့်ထားသည့်အဖြစ်အပျက်များ ဖြစ်လာမည်ကို သူမလိုလား ..

အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ မလာခင်ကတည်းက ဤနေရာအကြောင်း သူလေ့လာထားပြီးသားပင်။ ဤကန့်သတ်နယ်မြေနှင့်ပတ်သက်သည့် အချို့အကြောင်းအရာများကို သိပြီးသားပင်။

“ကံဆိုးတာပဲ .. သွေးသံရှေးဟောင်းသစ်ပင်ကို လန့်အောင်လုပ်မိသွားတယ်…” လိုက်လာသည့်တစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

ဤသည်မှာ မယုံကြည်နိုင်လောက်သည့် ထူးခြားဆန်းကြယ်မှုများရှိနေသည့် နတ်ဆေးတောင်ကြောပင်။ တောင်ရှေ့တွင် ကောင်းကင်ကို ထိသည့်အထိ မြင့်မားလှသည့် ရှေးဟောင်းသစ်ပင်များစွာ ရှိနေသည်။ ထိုသစ်ပင်များမှာ ဤနေရာကို ကာကွယ်ပေးနေကြသည်ပင်။

သွေးသံရှေးဟောင်းသစ်ပင်များမှာ ပုံမှန်အားဖြင့် ဝိညာဉ်အသိစိတ်များရှိကာ အလွန်စွမ်းအားကြီးသည့် မျိုးနွယ်စုပင်။ ထို့အပြင် သူတို့တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်ပြီး ခေတ်တစ်ခေတ် ရောက်လုနီးပါပင်။

သို့သော်လည်း ဤသွေးသံရှေးဟောင်းသစ်ပင်ထံတွင် ဝိညာဉ်အသိစိတ်များမရှိပဲ မသိစိတ်တစ်မျိုးသာရှိသည်။ ဤသည်မှာ အသိဉာဏ်ရှိသည့် အခြားသွေးသံရှေးဟောင်းသစ်ပင်များနှင့် မတူပေ။

သို့သော်လည်း သူတို့စွမ်းအားနှင့်ပတ်သက်ပြီး သံသယဝင်စရာမလိုပေ။ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများပင် သူတို့နှင့် လက်လွတ်စပယ် ရင်မဆိုင်ရဲ..

ဝုန်း..

ထိုလက်ကြီး ပေါက်ကွဲသွားပြီး သွေးသံရှေးဟောင်းသစ်ပင်ထံမှ အနီရင့်ရောင်အလင်းတန်း ထွက်ပေါ်လာသည်။

ထိုလူသည် အရှေ့ဘက်၌ ရပ်နေကာ ရှီဟောင် တောင်ကြောထဲသို့ ဝင်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။ သူ ရှီဟောင်နောက်လိုက်မသွားရဲ။

အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ ကြောက်စရာကောင်းလှပြီး ထိုအထဲ၌ အဆင့်လွန်သက်ရှိများပင် သေဆုံးခဲ့ကြသည်။ သူလက်လွတ်စပယ်မလုပ်ရဲ။

အပိုင်း ၁၆၃၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၃ – နတ်ဆေးတောင်တန်း

ရှီဟောင် လျင်မြန်စွာပင် ဆက်သွားခဲ့သည်။ သူဤနေရာ၌ မရပ်တန့်နိုင်။ သွေးသံရှေးဟောင်းသစ်ပင်ကို အတော်လေးကျော်သွားမှသာ သူရပ်လိုက်သည်။

တောင်တန်းတွင် သစ်ပင်များများပြားလှပြီး ရှေးဟောင်းသစ်ပင်များလည်း မိုးထိုးနေသည်။ အချိန်နှင့်အမျှ သားရဲများ ဟစ်ကြွေးနေကာ ငှက်များလည်း အတောင်ပံများကို ဖြန့်ကျက်နေကာ ကောင်းကင်ထက်၌ ပျံသန်းနေသည်။

“သူက ဘယ်သူလဲ..” ရှီဟောင် ခပ်ဝေးဝေးသို့ စိုက်ကြည့်ပြီး ရက်စက်သည့်အမူအရာများ ဖြစ်လာသည်။ ဤလူမှာ အလွန်မှုန်ဝါးနေပြီး သူ့ပုံစံအစစ်ကို မြင်နိုင်ရန် ခက်ခဲလှသည်။ ဤလူသည် သူ့ပုံစံအား တမင်သက်သက် ဖုံးကွယ်ထားခြင်းပင်။

သေချာတာတစ်ခုကတော့ ဤသည်မှာ လူငယ်လေးမဟုတ်။ လူငယ်လေးသာဆိုလျှင် ဤကဲ့သို့သော ကျင့်ကြံဆင့်မျိုးမရှိနိုင်။ ဤလူမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ရောက်နေသည့် အလွန်စွမ်းအားကြီးသည့် ကျင့်ကြံဿူပင်။

ဤသည်မှာ အင်ပါယာဂိတ်မှ တစ်ယောက်ယောက်ဖြစ်လိမ့်မည်။ သူ၏အရှိန် မြန်နေပြီး သွေးသံရှေးဟောင်းသစ်ပင်၏ နှောက်ယှက်မှုကြောင့်သာမဟုတ်ပါက သူအရိုက်ခံလိုက်ရလောက်လေပြီ။

ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူမှာ မည်မျှပင် ကြောက်စရာကောင်းလှသနည်း .. သူသာ တကယ်ရိုက်မိသွားလျှင် ထိုနေရာ၌ ချက်ချင်း ပေါက်ကွဲသွားကာ သူအသက်ဆက်ရှင်ရန် ခက်ခဲလိမ့်မည်။

“အဲဒီသက်ရှိက ဘယ်ကလန်ကလဲ..” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။

တစ်ဖက်တည်းမှ လူမှ သူ့အား ဤကဲ့သို့ လုပ်လာသည်ကို သူသည်းမခံနိုင်။

“ခင်ဗျားဘယ်သူလဲ .. ခင်ဗျားဘာလို့ ကျုပ်ကို သတ်ချင်နေတာလဲ..” ရှီဟောင် တောင်ထိပ်မှနေ၍ အသံပို့လွှတ်လိုက်သည်။

“ညီလေး .. မင်းအတွေးလွန်နေပါပြီ .. မင်းအန္တရာယ်များမှာစိုးလို့၊ နတ်ဆေးတောင်ကြောထဲ အလောတကြီးပြေးဝင်သွားရင် မင်းအသက်ဆုံးရှုံးရမှာစိုးလို့ပါ .. အဲဒါကြောင့်ငါက မင်းကို ကူညီပေးချင်ရုံပါ..” အက်ကွဲသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏အသံအမှန်ကို သိနိုင်ရန် ခက်ခဲလှသည်။

ထိုလူသည် အရှေ့ဘက်၌ ရပ်နေဆဲဖြစ်ကာ သူ့ပုံစံမှာ ပို၍မှုန်ဝါးလာသည်။ သွေးသံရှေးဟောင်းသစ်ပင်ကို ကြောက်သောကြောင့်သူရှေ့ဆက်တိုးမလာရဲ။

ရှီဟောင်၏အကြည့်များအေးစက်လာကာ ဒေါသထွက်လာသည်။ ဤလူသည် သူ့အား သတ်ပစ်လိုခြင်းဖြစ်သော်လည်း ဤကဲ့သို့သော အကြောင်းပြချက် လာပေးနေသေးသည်။

“ခင်ဗျားရဲ့ကျင့်ကြံဆင့်နဲ့ ကျုပ်ကို သတ်ချင်နေရင်လဲ ဒီတိုင်းသာ ပြောလိုက် .. ဘာလို့ ဖုံးကွယ်နေသေးတာလဲ.. ခင်ဗျားက ကြောင်သူတော်ကြီးဆိုတာ ကျုပ်မြင်ပြီးသား..” ရှီဟောင်အေးစက်စွာ ပြောလိုကိ်သည်။

သူဤလူကို ရင်မဆိုင်သေး။ ယခုအချိန်တွင် သူ နတ်ဆေးတောင်တန်းထဲ၌ ပိတ်မိနေလေပြီ။ ထို့ကြောင့် သူတစ်ဖက်လူကို လှောင်ပြောင်ရုံသာတတ်နိုင်သည်။ ရှီဟောင် စိတ်ထဲ၌ သက်ပြင်းချလိုက်၏။ သူ၏ကျင့်ကြံဆင့်မှာ လုံလောက်အောင် မမြင့်သေး။ မဟုတ်ပါက သူဤလူကို ဖမ်းနိုင်မည်ပင်။

“ကောင်းပြီလေ .. ညီလေးက အထင်လွဲနေတယ်ဆိုမှတော့ ငါမင်းကို သတ်ဖို့လာတယ်လို့ ယူဆလိုက်ပေါ့ .. ဘာမှထူးမခြားနားသွားပါဘူး..” အရှေ့ဘက်တွင်ရှိနေသည့်ထိုလူမှာ ဤစကားကို ဒေါသမထွက်သည့်ပုံပင်။

“ငါ မင်းကို တစ်ခုတော့ သတိပေးလိုက်မယ် .. နတ်ဆေးတောင်တန်းက သာမန်နေရာမဟုတ်ဘူး .. ဆေးခူးဖို့သွားတဲ့သူတွေအားလုံး ၈၀ ရာခိုင်နှုန်းလောက်က ပြန်ထွက်မလာနိုင်ခဲ့ကြဘူးနော်..” ထိုလူ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။

“ကျုပ်အတွက် စိတ်ပူစရာမလိုပါဘူး .. ခင်ဗျား ကျုပ်ကို သတ်ချင်ရင် လာခဲ့လေ . ဒါပေမဲ့လည်း ခင်ဗျား အဲဒီသွေးသံရှေးဟောင်းသစ်ပင်တွေကို အနိုင်ယူနိုင်မှသာ .. မဟုတ်ရင်တော့ ကျုပ်မျက်စိရှေ့က ထွက်သွားလိုက်တော့..” ရှီဟောင်ပြောလိုက်သည်။

“ဟား ဟား .. မင်းမပျော်ဘူးဆိုတော့ ငါ မြန်မြန်ထွက်သွားလိုက်ပါ့မယ် .. အချိန်ကျမှာ မင်းကိုကယ်ဖို့ လူလွှတ်လိုက်မယ်..” ထိုသို့ပြောပြီးနောက် ထိုလူသည် ထူးထူးဆန်းဆန်းပင် နောက်ပြန်ဆုတ်သွားလေ၏။ လီပေါင်းမည်မျှ ဝေးမှန်းမသိသည့်နေရာမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထိုလူ ထိုလမ်းကြောင်းပေါ်သို့ တက်လိုက်သည်နှင့် ပျောက်ကွယ်သွားသည်။

ဤသည်မှာ သူ၏ကျင့်ကြံဆင့်နက်နဲပြီး ခွန်အားကြီးမားကြောင်း ပြသနေခြင်းပင်။ ရှီဟောင် ဤကဲ့သို့သောလူများ၏ ပြိုင်ဘက်ဖြစ်ရန် အလွန်ကွာဝေးနေသေးသည်။ တစ်ဖက်လူမှာ အဆင့်မြင့်လှပြီး သူ့ကိုဖိနှိပ်ရန် လုံလောက်သည်ပင်။

ရွှေရောင်အလင်း ပျောက်ကွယ်သွားမှသာ ရှီဟောင် တောင်ကြောထဲသို့ ဝင်သွားလိုက်သည်။

ထိုထူးဆန်းသည့်သူပြောသည်မှာ မှန်သည်။ ဤနတ်ဆေးတောင်တန်းမှာ အန္တရာယ်များသည့်နေရာပင်။ သာမန်လူများ ဤနေရာ၌ သေဆုံးသွားကြလိမ့်မည်ပင်။ အချိတိုင်း အသက်အန္တရာယ်ဆုံးရှုံးသွားနိုင်ပြီး နေရာတိုင်း၌ အန္တရာယ်များ ပြည့်နှက်နေသည်ပင်။

မဟုတ်ပါက ဤတောင်တန်းမှ ဆေးပင်များ ကုန်သွားလောက်လေပြီ။

နတ်ဆေးတောင်တန်းမှာ သူ့နာမည်အတိုင်းပင် ဤနေရာ၌ နတ်ဆေးပင်များရှိနေပြီး တစ်ပင်၊ နှစ်ပင်ထက် ပိုသည်ပင်။ မဟုတ်ပါက ဤကဲ့သို့သော နာမည်မျိုးရှိမည်မဟုတ်။

“ဒီနေရာက တကယ်ကို ကျယ်တာပဲ..” ရှီ‌ဟောင် အနည်းငယ် ဆွံ့အသွားရသည်။ သူ လီထောင်ပေါင်းများစွာ လျှောက်သွားနေပြီဖြစ်သော်လည်း သူယခုထိ အစွန်အဖျား၌သာ ရှိသေးသည်ဟု ခံစားရသည်။

နတ်ဆေးတောင်တန်းဆိုသည်မှာ ရှေးဟောင်းဆေးပင်များစွာရှိနေသည့် ထူးဆန်းသည့်မြေတစ်ခုဟုသာ သူထင်ထားခြင်းပင်။ ဤမျှကျယ်နေလိမ့်မည်ဟု မထင်ထားခဲ့။

“အပြင်ဘက်က ကန္တာရလောက်တော့ မကျယ်လောက်ဘူးမလား..” ရှီဟောင် အနည်းငယ် မူးနောက်လာရသည်။ ဤသို့သာဆိုလျှင် သူနတ်ဆေးပင်များကို မည်ကဲ့သို့ ခူးရတော့မည်နည်း..

သူဤနေရာကိုလာရသည့်အဓိကအကြောင်းရင်းမှာ နတ်ဆေးတောင်တန်း၊ ကောင်းကင်သားရဲတောအုပ်နှင့် ရှေးဟောင်းသင်္ချိုင်းမြေတို့ ဝန်းရံထားသည့် ထိုထူးဆန်းသည့်နေရာသို့ သွားလိုခြင်းပင်။

ဤသည်မှာ သားရဲအရေပြားတွင် မှတ်ထားသည့်နေရာဖြစ်ပြီး‌ ထိုနေရာတွင် ကောင်းကင်ဘုံကိုးခုရှိ ကန့်သတ်နယ်မြေများ၏ အရှင်ပင် လိုချင်သည့် သဘာဝကံကောင်းမှုရှိနေသည်။

သူသည် အစက ဤတောင်ကြီးကိုပတ်ကာ လျှို့ဝှက်မြေသို့သွားသည့် သင့်တော်သည့်လမ်းကြောင်းတစ်ခု ရှာဖွေလိုခြင်းပင်။ သို့သော် ထူးဆန်းသည့်သူတစ်ဦး၏ လိုက်လံဖမ်းဆီးခြင်းခံလိုက်ရသောကြောင့် ဤတောင်ထဲသို့ ဝင်လိုက်ရသည်။ ထိုသူ သူ့ကို ဘာမှမလုပ်နိုင်အောင် နတ်ဆေးတောင်အတွင်း၌ ပုန်းနေရုံသာ တတ်နိုင်တော့သည်။

ကံကောင်းစွာဖြင့် သူနည်းနည်းလမ်းလျှောက်ပြီးနောက် အတော်လေးကြီးမားလှသည့် တောင်တန်းကြီး၏ ထိပ်ဆုံးသို့ ရောက်သွားသည်။ သူကောင်းကင်မျက်လုံးဖွင့်ကြည့်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည့်အချိန်တွင် ဤတောင်တန်းမှာ ကန္တာရလောက်မကျယ်သည်ကို တွေ့လိုက်ရသည်။

ရွှီး..

ငှက်လေးတစ်ကောင် ပျံသန်းလာလေ၏။ ဤငှက်လေးမှာ လက်ဝါးအရွယ်အစားသာရှိသော်လည်း ရှီဟောင်အား တိုက်ခိုက်ရဲသည်ပင်။

အစပိုင်း၌ ရှီဟောင်သတိမပြုမိသေး။ သူ လက်ရမ်းလိုက်ပြီး ဖယ်ရှားလိုက်သည်။ သို့သော်လည်း သူ၏အမူအရာ ချက်ချင်းပြောင်းလဲသွားရသည်။ ဤသည်မှာ ကိုယ်တိုင်ခစားခြင်းအဆင့်ရှိသည့်ငှက်ပင်။ သူ၏တိုက်ခိုက်မှုလည်း အလွန်ရက်စက်လှသည်ပင်။

ဤငှက်လေး၏ ပုံစံမှာ အလွန်ထူးဆန်းလှသည်။ သူ့ထံတွင် ခြင်္သေ့ခေါင်းနှင့်ငှက်ကိုယ်ရှိပြီး သူ၏ခန္ဓာကိုယ်တွင် ရွှေရောင်အစင်းကြောင်းများရှိနေသည်။ သူတရှိန်ထိုးပြေးလာသည့်အချိန်တွင် လေဟာနယ် ပျက်စီးသွားသည်။

ဒုန်း..

ရှီဟောင် နည်းနည်းလေးမှပင် အေးအေးဆေးဆေးမနေရဲ။ သူ၏လက်သီးချက်ကြောင့် ဤငှက်လွင့်ထွက်သွားကာ ခပ်ဝေးဝေးရှိ တောင်ထိပ်နှင့် တိုက်မိသွားသည်။

ထိုတောင်ကြီး ပြိုကျသွားကာ အမှိုက်များ လွင့်စင်လာသည်။ ထိုငှက်အော်ရာမှာ ကြောက်စရာကောင်းလှသည်။ ထို့နောက် ထိုငှက် စူးရှစွာပင် အော်ဟစ်လိုက်သည်။

ထိုတစ်ခဏတွင် ခြင်္သေ့ခေါင်းနှင့် ငှက်ကိုယ်ရှိသည့် မကောင်းဆိုးဝါးလေးများထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ သူတို့သည် မိုးရွာကျသကဲ့သို့ ဤနေရာသို့ ဆင်းသက်လာသည်။

ရှီဟောင် ဦးရေပြားများ ထုံကျဉ်သွားရသည်။ ဒီရက်စက်တဲ့ငှက်တွေ ဒီလောက်တောင် များတာလား..

ကံကောင်းသွားသည်မှာ သူငှက်များအား‌ သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် ငှက်အားလုံး ကိုယ်တိုင်ခစားခြင်းနယ်ပယ်၌ ရောက်နေခြင်းမဟုတ်သည်ကို တွေ့လိုက်ရသည်။ မဟုတ်ပါက သူအသက်ရှူပေါက်ပင် ရှိမည်မဟုတ်။

ထိုသို့ဆိုသော်လည်း ဤသည်မှာ အလွန်အန္တရာယ်များနေဆဲပင်။ အဘယ်ကြောင့်ဆိုသော်ငှက်များမှာ များပြားလှသည်။ ဟင်းလင်းပြင်တာအိုနယ်ပယ်နှင့် ကိုယ်တိုင်ခစားခြင်းနယ်ပယ် နတ်ဆိုးငှက်များ ရောနှောနေခြင်းပင်။

ရှီဟောင် လျှပ်စီးဧကရာဇ်အဖိုးတန်ပညာကို အသုံးပြုကာ အစုလိုက်အပြုံလိုက် သတ်လိုက်သည်။ သူဤသို့မလုပ်ပါက ဤငှက်များ သူ့ကို ဝါးမြိုသွားလိမ့်မည်။

ထိုအခိုက်အတန့်တွင် ငှက်အမွေးများနေရာတိုင်း၌ လွင့်ပျံသွားကာ သွေးမိုးလည်း ရွာသွန်းလာသည်။ အချို့ငှက်အလောင်းများ တောင်ပေါ်သို့ ပြုတ်ကျလာသည်။

သို့သော် ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ခပ်ဝေးဝေးမှ နားကွဲလောက်သည့် အော်သံများ ကြားလိုက်ရသည်ပင်။ သူယုံကြည်နိုင်ရန် ခက်ခဲနေရသည်။ ဒါက ဘာမျိုးစိတ်လဲ..

ရှီဟောင် ချက်ချင်းပင် တစ်ဖက်လှည့်ကာ ထွက်သွားလိုက်သည်။ သူ ဤနေရာ၌ နေ၍မရ။ သူ ဤငှက်အားလုံးကို သတ်နိုင်မည်မဟုတ်။ သူသာ ဤနေရာ၌ ဆက်နေလျှင် သူအားကုန်ပြီး သေသွားလိမ့်မည်။

ထို့အပြင် သူ အေးစက်လှသည့် သတ်ဖြတ်ခြင်းအငွေ့အသက်ကို ခံစားလိုက်ရသည်။ ကောင်းကင်ထက်တွင် ဝမ်းပန်းတနည်းငိုကြွေးနေသည့် တစ်ကျန်းရှည်သည့် နတ်ဆိုးငှက်အသံ ထွက်ပေါ်လာသည်။ ဤသည်မှာ ယခင်ကငှက်နှင့်တူသော်လည်း ယခုငှက်က ပိုကြီးသည်။

“ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်..” ရှီဟောင် အမူအရာ ပြောင်းလဲသွားကာ သူချက်ချင်း ထွက်ပြေးသွားလိုက်သည်။ ဤနေရာမှာ မခန့်မှန်းနိုင်သည့်အန္တရာယ်များစွာ ရှိနေသည့် နေရာပင်။

ရွှီး..

ထို ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်နတ်ဆိုးငှက်ကြီး သူ့နောက်လိုက်လာမည်စိုးသောကြောင့် သူ မြေကြီးထဲသို့ တန်းပြီးပြေးဝင်သွားလိုက်သည်။

ဝုန်း..

သို့သော်လည်း သူကောင်းကင်ထက်မှ ထိုနတ်ဆိုးငှက်ကို အထင်သေးမိသွားလေပြီ။ ထိုငှက်သည် အတော်မြင့်သည့်နေရာ၌ ရှိနေသော်လည်း သူအတောင်ပံတစ်ချက် ခတ်လိုက်သည်နှင့် အနီးအနားတွင်ရှိနေသည့်တောင်များပြိုကျသွားသည်။ ဝုန်းဟူသည့်အသံနှင့်အတူ ကမ္ဘာမြေကြီးပင် ပျက်စီးသွားကာ အနက်ရောင်အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

ဤနေရာမှာ နတ်ဆေးတောင်တန်းဖြစ်သောကြောင့် ဤနေရာရှိ မြေကြီးမှာ အလွန်မာကျောလှပြီး တောင်များလည်း ခိုင်မာလှကာ ပျက်စီးနိုင်ရန် ခက်ခဲလှသည်။ သို့သော်လည်း သူဝင်လာသည်နှင့် ထိုတောင်များ ပြိုကျသွားလိမ့်မည်ဟု သူမထင်ထားခဲ့။

ရှီဟောင်၏အမူအရာ ပြောင်းလဲသွားရသည်။ ဤငှက်မှာ သူထင်ထားသည်ထက် ပို၍စွမ်းအားကြီးလှပြီး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှ ကျင့်ကြံသူများ မည်မျှကြောက်စရာကောင်းသည်ကို သူ့အားအမှတ်ရသွားစေသည်။

“အရမ်းမာကျောပြီးတော့ ပျက်စီးဖို့ ခက်ခဲတယ်လို့ နာမည်ကြီးတဲ့တောင်တွေတောင် ပြားချပ်သွားတယ် .. ဒီငှက်နဲ့ ထိပ်တိုက်ရင်ဆိုင်လို့မရဘူး..” ရှီဟောင် တီးတိုးပြောလိုက်သည်။ သူမြေကြီးထဲသို့ ရောက်သွားသည်နှင့် သူ ထွက်ပြေးသည့်နည်းလမ်းများကို အသုံးပြုကာ ခပ်ဝေးဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားလိုက်သည်။

သို့သော်လည်း ဤငှက်သည် မြေကြီးထဲသို့ပင် တိုးဝင်လာကာ သူ့နောက်လိုက်လာလေသည်။

လမ်းတစ်လျှောက်တွင် သူ့ရှေ့ပိတ်နေသည့်အရာအားလုံးမှာ သူအတောင်ပံခတ်လိုက်သည်နှင့် ပျက်စီးသွားလေ၏။ တောင်များ ပြိုကျသွားကာ မြေပြင်လည်း ပျက်စီးသွားသည်။ သူ၏စွမ်းအားကို ခုခံနိုင်သည့်အရာမရှိ။

ရှီဟောင်သည် အလွန်လျင်မြန်သော်လည်း သူ နယ်မြေအနေအထားနှင့် မရင်းနှီး။ မြေအောက်သို့ ရောက်သွားသည့်အချိန်တွင် သူ ထူးဆန်းသည့်နယ်မြေတစ်ခုသို့ ရောက်သွားကာ သူ၏အရှိန်လည်း ကန့်သတ်ခံလိုက်ရသည်။

ဝုန်း..

ထိုနတ်ဆိုးငှက် ချက်ချင်းပင် ရောက်ရှိလာသည်။ သူသည် သူ၏မျိုးဆက်များကိုခေါ်ကာ ရှီဟောင်အား ဝန်းရံလာလေ၏။

ဖူး..

ရှီဟောင်သွေးအန်သွားရသည်။ ထိုနတ်ဆိုးငှက်အတောင်ပံများကို ခတ်လိုက်သည်နှင့် မြေပြင်ကြီး ပျက်စီးသွားသည်။ သူ့ကို တိုက်ရိုက်ထိမှန်သွားခြင်းမဟုတ်သော်လည်း အကန့်အသတ်မရှိသည့်စွမ်းအင်လှိုင်းကြီးမှာ သူ့ကို လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။

“တကယ်ကို ရက်စက်တာပဲ…” ရှီဟောင် တစ်ဖက်လှည့်၍ ပြေးလိုက်သည်။ သူအနိုင်ရမည့်လမ်းမမြင်။ သူတို့နှစ်ဦးကြားမှာ ကွာခြားချက်မှာ ကြီးမားလှသည်။

သူ သက်ပြင်းချလိုက်သည်။ သူ နတ်ဆေးတောင်ကြောထဲသို့ ဝင်လိုက်သည်နှင့် သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

သူ့အနောက်ဘက်တွင် ထိုနတ်ဆိုးငှက် သူ့နောက်လိုက်နေဆဲပင်။

ရှီဟောင် ဦးရေပြားများပင် ထုံကျဉ်သွားရသည်။ သူ မြေအောက်ထဲမှ ထွက်လာကာ မြေပြင်ပေါ်သို့ ပြန်ရောက်လာသည်။ ထိုထူးဆန်းသည့်နယ်မြေ ချက်ချင်းပင် ပျောက်ကွယ်သွားကာ သူအမြန်ဆုံး ရွေ့လျား၍ရလေပြီ။

သူ တိတ်ဆိတ်သည့်နေရာသို့ ပြေးသွားလိုက်သည်။ ဤနေရာ၌ အပင်များမရှိပဲ အလွန်ခြောက်ကပ်နေသည်။ အလွန်လည်းတိတ်ဆိတ်နေသည်။

မြေပြင်ထက်တွင် ခြောက်ကပ်နေသည့်အရိုးအချို့ရှိနေပြီး တောက်ပနေသည့်အရိုးအချို့လည်း ရှိနေသည်။ ဤလူများမှာ သူတို့အသက်ရှင်စဉ်က နတ်စွမ်းရည်များ ပိုင်ဆိုင်ထားမည်မှာ စဉ်းစားစရာပင်မလို။

“အမ် .. မွှေးရနံ့လား..မွှေးလိုက်တာ .. အဝေးကနေတောင်မှ အပေါ်မြှောက်တက်တော့မယ်လို့ ခံစားနေရတယ်..” ရှီဟောင် ထိတ်လန့်သွားရသည်။

အရှေ့ဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် နတ်ဆေးပင်များ ထွက်ပြေးသွားသည်ကို သူတွေ့လိုက်ရသည်။ ဤသည်မှာ တစ်ပင်တည်းပင်က အုပ်စုလိုက်ကြီးပင်။

ဆေးပင်များမှာ ရွှေရောင်၊ ခရမ်းရောင်၊ အနီရောင်များနှင့် အရောင်စုံလှသည်။ ဤဆေးပင်များမှာ မြေအောက်ထဲမှ ပြေးနိုင်သော်လည်း မြေမျက်နှာပြင်မှ ပြေးနေခြင်းမှာ ထူးဆန်းလှသည်။

ဤကဲ့သို့သော ဆေးပင်များမှာ ဤနေရာရှိ ငြိမ်းချမ်းမှုနှင့် မကိုက်ညီလှ။

“ငါ နတ်ဆေးပင်နဲ့ တွေ့လိုက်ရတာ .. ပြီးတော့ တစ်ပင်တည်းမကဘူး .. အုပ်လိုက်ကြီး..” ရှီဟောင် အနည်းငယ် အံ့အားသင့်သွားရသည်။

ထိုအချိန်တွင် သူ့အနောက်ဘက်မှ နတ်ဆိုးငှက်လည်း ဤနေရာသို့ ရောက်လာသည်။ သို့သော်လည်း သူသည် တိုက်ခိုက်ခြင်းမရှိပဲ ပြန်လှည့်ပြန်သွားလေ၏။

ရှီဟောင် ထိတ်လန့်သွားရသည်။ ထိုနတ်ဆိုးငှက်သည် နောက်ဆုတ်သွားသော်လည်း အဝေးမှ စောင့်ကြည့်နေဆဲပင်။ သူ ဤနေရာသို့ ဝင်မလာရဲ။ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ..

သူ တစ်ခဏခန့် တွေဝေသွားရသည်။ မြေပြင်ထက်၌ အရိုးစုများစွာ စုပုံနေသည်။ အချို့အရိုးစုများမှာ ကောင်းကင်နတ်ဘုရားများပင်။ သို့သော် အများစုမှာ ဟင်းလင်းပြင်တာအိုနယ်ပယ်ကျင့်ကြံသူများပင်။ ဤလူများအပြင် ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူများလည်း ရှိနေသည်ပင်။

သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်အလောင်းကိုပင် တွေ့လိုက်ရသည်ပင်။ ဤသည်မှာ သူတို့သေဆုံးပြီးနောက် ထွက်လာသည့်အော်ရာပေါ်မူတည်ကာ ကောက်ချက်ချလိုက်ခြင်းပင်။

“ဒါက အန္တရာယ်များတဲ့နေရာရဲ့ အလယ်လား..” ရှီဟောင် တွေဝေသွားရသည်။

သူနောက်ပြန်ဆုတ်ချင်သော်လည်း အနောက်ဘက်တွင် ထိုနတ်ဆိုးငှက်ရှိနေသည်။

ယခုအချိန်တွင် သူရှေ့ဆက်သွားရန်သာ ရှိတော့သည်။

တစ်ချိန်တည်းမှာပင် သက်ရှိတစ်ယောက် နယ်ခြားစပ်မှ ထွက်လာပြီး ကန္တာရကိုဖြတ်ကာ ဤကုန်းမြေထဲသို့ ဝင်လာသည်။ ထို့နောက် တစ်ဖက်လောကထဲသို့ ဝင်သွားလိုက်လေသည်။

ဤသည်မှာ အင်ပါယာဂိတ်ဘက်မှ သက်ရှိပင်။ ယခု သူ တစ်ဖက်လောကသို့ ဦးတည်သွားနေသည်။

“ဝိုး .. ဒီနေရာက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ .. ကောင်းကင်နဲ့ကမ္ဘာမြေကြီး စွမ်းအင် များလွန်းတယ် .. ပြီးတော့ တာအိုတွေက ငါနဲ့ လိုက်လျောညီထွေဖြစ်နေတယ် .. ဟီး ဟီး .. ဒီနေရာက ငါနဲ့ကိုက်ညီတယ် .. ငါသူတို့နဲ့ နောက်တစ်ခေါက် ပြန်တွေ့ရဖို့ မျှော်လင့်မိတယ်..”

အပိုင်း ၁၆၃၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၄ – ထာဝရရွှေသက်ရှိ

ရှီဟောင်အထဲဘက်သို့ ပြန်ဝင်သွားလိုက်သည်။ ဤနေရာမှာ ခြောက်ကပ်သည့်နေရာတစ်ခုပင်။ ခပ်ဝေးဝေးမှ ထွက်လာသည့် အသက်ဓာတ်နှင့် အမွှေးနံ့မှလွဲလျှင် အပင်သိပ်မရှိ။ ဘေးပတ်လည်ရှိ အရာအားလုံးမှာ ခြောက်ကပ်နေကာ အထီးကျန်ဆန်လှသည်။

ခွပ်..

သူ၏ခြေထောက်အောက်တွင် အရိုးများ ပျက်စီးသွားသည်။ ဤသည်မှာ နတ်အရိုးများပင်။ အရိုးများမှာ အနည်းငယ် တောက်ပနေသေးသော်လည်း စတင်၍ ဆွေးမြည့်နေပြီဖြစ်ပြီး သာမန်အလေးချိန်ကိုပင် မခံနိုင်တော့။

ရှီဟောင် အလွန်သတိထားနေသည်။ ဤနေရာ၌ မည်ကဲ့သို့သော အန္တရာယ်မျိုးရှိမလဲ သူ မသိနိုင်။

အနောက်ဘက်တွင် ထိုငှက်ကြီးသည် ဤသေမင်းနယ်မြေကို ဝေ့ဝိုက်ကာ ပျံသန်းနေသည်။ သူ၏ တစ်ကျန်းရှည်သည့်ခန္ဓာကိုယ်မှ နတ်ဆိုးအလင်းလှိုင်းများ ထုတ်လွှတ်နေပြီး သူ၏မျက်လုံးများလည်း ရက်စက်လှသည်ပင်။ သူသည် ရှီဟောင်အား ဆက်တိုက်ပင် ကြည့်နေလေ၏။

နတ်ဆိုးငှက်သည် ဘာဖြစ်လာမည်ကို စောင့်ကြည့်နေခြင်းပင်။ သူသည် ရှီဟောင်အား တစ်ခုခုကို ထိခိုင်းစေချင်နေသည့်ပုံပင်။

ရှီဟောင် ထိုငှက်ကို နောက်လှည့်ကြည့်ပြီးနောက် အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။ သူ့ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် သူရှေ့ဆက်သွားရုံသာ တတ်နိုင်သည်။

နတ်ဆေးပင်များမှာ နေရာတိုင်း၌ ရှိနေပြီး ဆွဲဆောင်နိုင်လွန်းလှသည်။ ရှီဟောင် သူ၏ပစ်မှတ်ထံသို့ ဦးတည်သွားလိုက်သည်။

ဤနေရာတွင် မြက်တစ်ပင်မှ မပေါက်ပဲ မြေကြီးလည်း မာကျောလှကာ သွေးဖြင့်စိမ်ထားသကဲ့သို့ နီရဲနေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်တန်းမှာမူ စိမ်းစိုနေပြီး ထိုနတ်ဆေးပင်များမှာ ကလေးများကဲ့သို့ ပြေးလွှားဆော့ကစားနေကြသည်။

“ရွှေရောင်ဂျင်ဆင်းအရုပ်၊ ဖီးနှစ်ပျံဆေးပင်၊ နဂါးခွေပန်း..”

ရှီဟောင် တံတွေးပင် စီးကျလာတော့မည်။ ဤအပင်များနှင့် အတော်လေးဝေးသေးသော်လည်း သူ၏ကောင်းကင်မျက်လုံးများအောက်တွင် ဘာကိုမှ မဖုံးကွယ်နိုင်။

ဤသည်မှာ ရှေးဟောင်းမှတ်တမ်းများတွင် ရေးမှတ်ထားသကဲ့သို့ပင်။

“တစ်ပင်၊ နှစ်ပင်၊ သုံးပင်..”

ရှီဟောင် အကြမ်းဖျင်း ရေတွက်လိုက်သည်မှာပင် ကိုးပင်ရှိနေလေပြီ။ ဤအပင်များသည် မြေပြင်၌ လျှောက်ပြေးကစားနေသောကြောင့် ဘယ်နှပင်ရှိသလဲ ပြောနိုင်ရန် ခက်ခဲသည်။

သို့သော်လည်း ကိုးပင်ဆိုလျှင်ပင် အံ့အားသင့်စရာကောင်းနေလေပြီ။ နတ်ဆေးပင်ကိုးပင်က တစ်ခြားဘယ်နေရာမှာများ ရှိနိုင်လို့လဲ … တစ်ပင်တွေ့ဖို့တောင်မှ ရှာဖို့ခက်နေပြီ..

အဘယ်ကြောင့်ဆိုသော် နတ်ဆေးပင်သည် ကမ္ဘာမြေကြီးစွမ်းအင် အားလုံးကို စုတ်ယူလိုက်သောကြောင့် တစ်နေရာတည်း၌ နှစ်ပင် ရှိနိုင်ရန် မဖြစ်နိုင်။ သို့သော် ဤနေရာတွင်တော့မဟုတ်။

“ဒါက ဒီနတ်ဆေးတောင်တန်းရဲ့ တစ်နေရာပဲ ရှိသေးတယ် .. ဒီမှာ နတ်ဆေးပင်တွေ တစ်ရာကျော်လောက်ရှိတယ်လို့တော့ ငါ့ကို မပြောနဲ့နော်..” ရှီဟောင် သံသယဝင်လာသည်။ မဟုတ်ပါက အဘယ်ကြောင့် နတ်ဆေးတောင်တန်းဟု ခေါ်မည်နည်း..

ရှီဟောင် အရှေ့ဘက်သို့ ကုပ်ချောင်းကုပ်ချောင်းသွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆေးပင်များမှာ အသိဉာဏ်ရှိနေပြီဖြစ်ပြီး အန္တရာယ်ရှိသည်နှင့် ထွက်ပြေးသွားကြမည်ပင်။

နောက်ဆုံးတွင်တော့ သူ ဤနေရာ၏ အစွန်နားသို့ ရောက်လာသည်။ သူ စိမ်းစိုနေသည့်တောင်တန်းနားသို့ နီးကပ်လာနေပြီဖြစ်သော်လည်း ထိုနတ်ဆေးပင်များ သတိမထားမိသေး။ သူတို့ ဆော့ကစားနေဆဲပင်။

ရှီဟောင် အနည်းငယ်ပင် မူးနောက်လာရသည်။ အဘယ်ကြောင့်ဆိုသော် ဤနတ်ဆေးပင်များသည် ကလေးများကဲ့သို့ တခစ်ခစ်ရယ်မောကာ ခုန်ပေါက်နေကြသည်ပင်။

ရွှေရောင်ဂျင်ဆင်းပင်အိုကြီးမှာ တစ်ကိုယ်လုံး ရွှေရောင်တောက်ပနေပြီး အလွန်ဝကာ အသက်ကြီးနေပြီဖြစ်သည်။ သူ၏မျက်နှာထက်တွင် မုတ်ဆိတ်ဖြူများ ဖုံးအုပ်နေသည်။ သူ၏ဦးခေါင်းထက်တွင် မြက်နှင့် သစ်ရွက်များရှိသ်ည။ ဤသည်မှာ နှစ်ပေါင်းမည်မျှအသက်ရှင်နေခဲ့သည့် ဂျင်ဆင်းမှန်းပင်မသိတော့။

အခြားတစ်ဖက်တွင် သွေးကဲ့သို့ နီရဲနေသည့် ဖီးနှစ်ဆေးပင်ရှိသည်။ သူသည် ဖီးနှစ်တစ်ကောင် သူ၏အတောင်ပံများကို ဖြန့်ကျက်ထားသည်နှင့်တူသည်ပင်။ သူလှုပ်ရှားလိုက်သည်နှင့် နတ်အလင်းမိုး ရွာသွန်းလာသည်ပင်။ သူပြေးသွားသည့်အချိန်တွင် အလွန်လှပလှသည်။

သူ၏မွှေးရနံ့မှာလည်း အလွန်သင်းပျံ့လှသည်ပင်။

“ဒါက တကယ်ကို လူတစ်ယောက်ကို လောဘကြီးအောင်လုပ်နေတာပဲ..” ရှီဟောင်ပြောလိုက်သည်။ ထို့နောက် သူသည် ရုတ်တရက်အားထည့်ပြေးသည့်အပြင် နတ်ခွန်အားကိုလည်း အသုံးပြုလိုက်သည်။ သူဤအပင်များကိုဖမ်းမည်။

သူ ဤအဖိုးတန်တောင်မှ ဘယ်လိုလုပ် လက်ဗလာပြန်မည်နည်း..

သူ နတ်ဆေးပင်များကို ဖျက်ဆီးမည်မဟုတ်။ ထို့အပြင် သူတို့အမြစ်များကိုလည်း ဖျက်ဆီးမည်မဟုတ်။ သူ ဤဆေးပင်များလိုချင်လျှင်ပင် ကြက်ဥအတွက်နှင့် ကြက်မကို သတ်မည်မဟုတ်။ သူကိုယ်တိုင် ကြက်မွေးတာက ပိုကောင်းမည်ပင်။

ဒါပေမဲ့ သူက ဒီနတ်ဆေးပင်တွေကို ဖမ်းနိုင်ပါ့မလား ..

ရှီဟောင် အတော်လေး ယုံကြည်ချက်ရှိနေသည်ပင်။ သူ၏ခွန်အားနှင့်ဆိုလျှင် ဤဆေးပင်များကို ဖိနှိပ်နိုင်လိမ့်မည်။ ဤနတ်ဆေးပင်များ သူ့လက်ထဲသို့ ရောက်လာသည့်မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်သည်နှင့် သူ၏မျက်လုံးများ တောက်ပလာသည်။

သို့သော်လည်းထိုအချိန်တွင် ကြောက်စရာကောင်းသည့် ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာသည်။ ဤနယ်မြေသည် ရုတ်တရက်တောက်ပလာကာ အချိန်နှင့်လေဟာနယ်ကို လှည့်စားသည့် ထူးဆန်းသည့်နယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ထိုခြောက်ကပ်နေသည့် မြေကြီးမှ ကျောက်တောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ချော်ရည်များ စီးကျလာလေသည်။

မူး… နွားတစ်ကောင်၏အော်ဟစ်သံကြောင့် အထက်ကောင်းကင်နှင့် အောက်ဘက်မြေကြီးပင် တုန်ခါသွားကာ လေဟာနယ်လည်း ပျက်စီးသွားသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်သတ္တဝါပင်။

ရှီဟောင်ကဲ့သို့ စွမ်းအားကြီးသည့်သူပင် သူ၏ခန္ဓာကိုယ် တစ်စစီဖြစ်တော့မတတ်ပင်။ ဤကဲ့သို့သော အသံလှိုင်းမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှသည်။ ဤနွားထီးအော်သံမှာ ကျွမ်းကျင်သူတစ်ယောက် သေစေရန် လုံလောက်သည်။

ဤသည်မှာ ရွှေရောင်နွားထီးကြီးပင်။ နွားကြီးကို အသွေးအသားဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ နေလမ်းကြောင်းထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းပင်။ သူ့တစ်ကိုယ်လုံးမှာ မယုံကြည်နိုင်လောက်အောင် တောက်ပနေသည်။

“နေလမ်းကြောင်းထာဝရရွှေလား..” ရှီဟောင် အော်ဟစ်လိုက်ကာ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ သူ၏ဦးရေပြားများပင် ထုံကျဉ်လာရသည်အထိပင်။

အမှန်တကယ်တွင် ဤရွှေရောင်နွားထီးမှာ ထိုမျှသိပ်မကြီး။ တစ်ပေခန့်သာရှိသည်။ သို့သော်လည်း သူ၏စွမ်းအားမှာ ကြီးမားလှကာ ရွှေရောင်တောင်ကြီးတစ်လုံးကဲ့သို့ လေးလံလှသည်။

ဤလောကတွင် ဟင်းလင်းပြင်ထာဝရရွှေ၊ အမှောင်ထုထာဝရရွှေ၊ ၇ ရောင်စပ်ထာဝရရွှေနှင့် အခြား ပြိုင်ဘက်ကင်းသည့် ထာဝရပစ္စည်းများစွာရှိသည်။ နေလမ်းကြောင်းထာဝရရွှေမှာ ထိုရွှေများနှင့် အဆင့်တူသည်ပင်။ သို့သော်လည်း ဤနေရာ၌ ဤမျှကြီးမားသည့် ရွှေအပိုင်းအစရှိနေသည်။

သိထားရမည်မှာ လက်သီးအရွယ်အစား ထာဝရရွှေပင်လျှင် ခေါင်းကိုဆုံးရှုံးသွားရန် လုံလောက်နေပြီဖြစ်သည်။

ဤရွှေရောင်နွားထီးမှာ တစ်ပေခန့်ပင်ရှိသောကြောင့် ထာဝရသက်ရှိအစစ်ပင်လျှင် ပစ္စည်းများ ပြတ်လပ်မည်ကို စိတ်ပူစရာမလိုပဲ လက်နက်တစ်ခု ပြုလုပ်၍ရနေပြီဖြစ်သည်။

ရှီဟောင် လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်သော်လည်း ဤရွှေရောင်နွားထီးမှာ သူ့နောက်လိုက်နေဆဲပင်။ ထို့အပြင် သူ့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။

“သက်ရှိတစ်ကောင်လား..” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤသည်မှာလူလုပ်ရုပ်သေးရုပ်မဟုတ်ပဲ သက်ရှိအစစ်ဖြစ်နေသည်။

ထာဝရရွှေမှ အသိစိတ်ဝင်လာပြီး သက်ရှိတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ ရှိသည့်အရာပင်။

သို့သော် ယခုတော့ သူမြင်နေရလေပြီ။ ဤဿည်မှာ သေချာပေါက် ကြောက်စရာကောင်းသည့် သတ္တဝါကြီးပင်။

အမှန်တကယ်တွင် ရှီဟောင် ထာဝရရွှေသက်ရှိနှင့်ကြုံဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်မဟုတ်။ နောက်ဆုံးတစ်ခေါက်က သူသေချာမမြင်ရခင် ထွက်ပြေးသွားလိုက်သောကြောင့်ပင်။

စီရင်စုသုံးထောင်တွင် သူ ချီသော်လင်းနှင့်အတူ ရှေးဟောင်းဂူတစ်ခုထဲသို့ ဝင်ခဲ့ကာ ၇ ရောင်စပ် ထာဝရရွှေသက်ရှိက တွေ့ခဲ့ရသည်။

သို့သော် ထိုအချိန်က သူတို့အလျင်အမြန်ထွက်ပြေးလာခဲ့ကြပြီး ထိုထာဝရွှေသက်ရှိ အပြင်ဘက်လောကသို့ လိုက်မလာခဲ့။ မဟုတ်ပါက သူတို့သေသွားလောက်လေပြီ။

ယခုအခြေအနေမှာ မတူတော့။ ဤသက်ရှိသည် သူ့အားရန်လိုနေကာ သူ၏ဦးချိုဖြင့် သူ့အားပစ်မှတ်ထားနေသည်ပင်။

ရှီဟောင် ဆက်တိုက်ပင် နောက်ပြန်ဆုတ်နေသည်။ သူတစ်ခါဆုတ်တိုင်း လီပေါင်း ဘယ်လောက်ရောက်သွားမှန်းပင် မသိနိုင်တော့။ သို့သော်လည်း ဤရွှေရောင်နွားထီး၏ အရှိန်မှာ အလွန်လျင်မြန်လှသည်ပင်။

ဝုန်း..

ရွှေရောင်နွားထီးဟစ်ကြွေးလိုက်သည်နှင့် မြေကြီးပြိုကျသွားကာ ခပ်ဝေးဝေးရှိ တောင်များလည်း ပျက်စီးသွားသည်ပင်။

ရှီဟောင် ချက်ချင်း ပျံသန်းလိုက်သည်။ ယခုအချိန်တွင် သူဘယ်လိုလုပ် နတ်ဆေးပင်များ ခူးနိုင်တော့မည်နည်း.. သူ၏အသက်က အရေးအကြီးဆုံးပင်။

ဤရွှေရောင်နွားထီးသည် ခွန်အားကြီးမားလှသော်လည်း သူ၏အသိစိတ်မှာ ထိုမျှအားမကောင်းသေး။ အရွယ်ရောက်သည့်သတ္တဝါမဟုတ်သေး။

မဟုတ်ပါက ရှီဟောင် သေချာပေါက် သေသွားလောက်လေပြီ။

သူ၏အသိစိတ် မပြည့်စုံသေးသောကြောင့်လည်း သူ၏တိုက်ခိုက်နိုင်စွမ်းမှာ သိပ်အားမကောင်း။ သူ၏နယ်မြေနှင့် နတ်ဆေးပင်များကို ကာကွယ်ရန်အတွက်သာ ရှီဟောင်ကို သတ်ချင်နေခြင်းပင်။

သူ၏တိုက်ခိုက်နိုင်စွမ်းနှင့် နတ်စွမ်းရည်များသာ ကောင်းကင်ကို ဆန့်ကျင်နိုင်ပါက ရှီဟောင် အသက်ရှင်ခွင့်ပင် ရှိမည်မဟုတ်တော့။

ထိုသို့ဆိုသော်လည်း ဤအကောင်မှာ ကြောက်စရာကောင်းနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဤရွှေရောင်နွားထီး ရှိနေသည်မှာ အချိန်ကြာနေပြီဖြစ်သောကြောင့် သူ၏နတ်ခွန်အားမှာ ပင်လယ်တစ်စင်းကဲ့သို့ပင်။ သာမန်တိုက်ခိုက်မှုမှာ နည်းလမ်းမကျသော်လည်း နတ်ဘုရားများကို သတ်ရန်လုံလောက်သည်။

ဒုန်း.. ရှီဟောင်တစ်ခုခုလုပ်ရန် ကြိုးစားလိုက်သည်။ သူ ထိုရွှေရောင်နွားထီး၏ခန္ဓာကိုယ်ထက်သို့ အဖိုးတန်ပညာများကို ထုတ်လွှတ်လိုက်သည်။ သို့သော်လည်း ဤသည်မှာ အသုံးမဝင်။

ဤသည်မှာ ထာဝရရွှေခန္ဓာကိုယ်ဖြစ်ပြီး ဤလောကတွင် အမာကျောဆုံးအရာပင်။ ကမ္ဘာကြီး ပျက်စီးသွားလျှင်ပင် သူတို့ မပျက်စီးပဲရှိနေမည်ပင်။

ရှီဟောင် ခေါင်းကိုက်လာရ၏။ ရွှေရောင်နွားထီး ထိုနေရာ၌ ရပ်နေလျှင်ပင် အခြားသူများ သူ့ကို ဘာမှမလုပ်နိုင်။

“ငါ ဒီနတ်ဆေးပင်တွေအတွက် ပြန်လာခဲ့မယ် .. မင်း .. မင်းအခုတော့ နေနှင့်ဦး .. ငါလက်စားချေဖို့ ပြန်လာခဲ့မယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။

ထို့နောက် သူချက်ချင်း ပြေးသွားလိုက်လေသည်။

သို့သော်လည်း ဤနေလမ်းကြောင်းထာဝရရွှေနွားထီးမှာ တကယ်ကို အထင်ကြီးစရာကောင်းလှသည်။ သူသည် နတ်ခွန်အားများ စုစည်းလိုက်ကာ ရွှေရောင်လမ်းကြောင်းတစ်ခု ပြုလုပ်ပြီး ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာသည်။

ထိုရွှေရောင်လမ်းကြောင်းမှာ တံတားတစ်ခုကဲ့သို့ဖြစ်နေသည်။

“အဲဒီလမ်းကြောင်းဘက်ကို ထွက်ပြေး..” ရုတ်တရက် ရှီဟောင်အား လမ်းညွှန်လိုက်သည့် တစ်စုံတစ်ဦး ထွက်ပေါ်လာပြီး သူ့အား ဆွံ့အသွားစေသည်။ တစ်ချိန်တည်းမှာပင် သူထိတ်လန့်သွားရသည်။ အခု ဘယ်လို သတ္တဝါမျိုး ထွက်လာတာလဲ..

ခဏကြာပြီးနောက် သူတည်ငြိမ်သွား၏။ ဤသည်မှာ ရှေးဟောင်းသစ်ပင်တစ်ပင်ပင်။ ထိုအပင်မှ တောက်ပသည့်အလင်းများထုတ်လွှတ်နေသည်။ ဤသည်မှာ တောင်ကြောတွင် အမြစ်တွယ်နေသည့် ကောင်းကင်နတ်ဘုရားသစ်ပင်ပင်။

ဤလောကတွင် ကောင်းကင်နတ်ဘုရားသစ်ပင်လေးပင်ရှိကြောင်း ‘ထာဝရသက်ရှိကိုသယ်ဆောင်ထားသည့်လိပ်ဖြူ’ မှ ပြောဖူးသည်။ ထိုအပင်များမှာ အစက ခန္ဓာကိုယ်တစ်ခုတည်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်လေးခုအဖြစ် ကွဲသွားသည်ပင်။

ထိုအပင်လေးပင် ပြန်ပေါင်းစည်းသွားသည်နှင့် သူတို့၏ခန္ဓာကိုယ်အစစ် ပြန်ရရှိသွားမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် သူတို့ သက်ရှည်ဆေးပင်တစ်မျိုးအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ထိုသို့သာဆိုလျှင် သူတို့၏ဆေးစွမ်းမှာ ကောင်းကင်နတ်ဘုရားပင်လေးပင် ပေါင်းလိုက်သည်ထက် အဆပေါင်းများစွာ တိုးသွားမည်ပင်။

ထို့အပြင် သူတို့ သက်ရှည်ဆေးပင်ဖြစ်လာမည်ပင်။

သိထားရမည်မှာ သက်ရှည်ဆေးများမှာ အလွန်ရှားပါးလှသည်ပင်။ သစ်ပင်အမျိုးအစား သက်ရှည်ဆေးပင်များမှာ ပို၍ပင် ရှားပါးသေးသည်။

ရှီဟောင် ယခင်က ကောင်းကင်နတ်ဘုရားသစ်ပင်တစ်ပင်ကို ရရှိခဲ့ပြီး ထိုအပင်အား အလုံးစုံသက်ရှိမြေကြီးထဲ၌ စိုက်ပျိုးထားည်ပင်။ ထိုအပင်မှာ အသီးသီးလာပြီဖြစ်သော်လည်း ရှီဟောင် တစ်ခါမှ မခူးခဲ့။ အပင်လေးပင်မှ တစ်ပင်တည်းအဖြစ်ပေါင်းစည်းသွားပြီ ထာဝရသက်ရှည်သစ်ပင်ဖြစ်လာမည့်နေ့ကို စောင့်ဆိုင်းနေခြင်းပင်။

ထိုအချိန်ကျလျှင် ထိုအပင်မှ အသီးလည်း ထာတရသစ်သီးများ ဖြစ်သွားမည်ပင်။

ဤကဲ့သို့သော အသီးမှာ လူတစ်ယောက်အား ထာဝရတရားအား ရရှိစေနိုင်သည်ဟု ပြောကြသည်ပင်။

ဤသည်မှာ အခြားသက်ရှည်ဆေးပင်များထက် စွမ်းအားကြီးသောကြောင့် လေးပင်အဖြစ် ခွဲလိုက်ခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။

သို့သော် သက်သေတော့မရှိ။ ဤသည်မှာ သမိုင်းမှဆင်းသက်လာသည့် ဒဏ္ဍာရီတစ်ခုသာ။

ကောင်းကင်နတ်ဘုရားသစ်ပင် လမ်းညွှန်သည့်အတိုင်း ရှီဟောင်ပြေးလိုက်သည်။ နောက်ဆုံးတွင်တော့ ဤသစ်ပင်၏ လမ်းညွှန်မှုမှာ သူ့အား ကပ်ဆိုးကြီးမှာ ယာယီကယ်တင်နိုင်ကြောင်း သူတွေ့လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ရွှေရောင်နွားထီးမှာ ဆတ်ဆတ်ထိမခံဖြစ်နေပြီး သူ့နောက် ဆက်တိုက်လိုက်နေသည်ပင်။

ဤသုံးရက်အတွင်းတွင် ရှီဟောင် ခက်ခက်ခဲခဲထွက်ပြေးနေရပြီး အကြိမ်ပေါင်းများစွာ သေမလိုဖြစ်ခဲ့ကာ ပြင်းထန်သည့်ဒဏ်ရာများလည်း ရရှိခဲ့သည်။

ထိုအချိန်တွင် တစ်ဖက်လောက၌လည်း အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ခဲ့သည်ပင်။

“အင်ပါယာဂိတ်က လူတစ်ယောက်ရောက်လာပြီး ငါ့တို့ဘက်က ပုဂ္ဂိုလ်ကြီးတွေနဲ့ တွေ့ချင်နေတယ်ဟုတ်လား..” ဤသတင်းမှာ ဘုရင်ကလန်အချို့ကြား၌ စီးဆင်းသွားသည်။

တစ်ယောက်ယောက်က ဘက်ပြောင်းတော့မှာလား .. သူက ထာဝရဂိတ်ကို ဖွင့်ပေးမှာလား .. ဒါမှမဟုတ် တစ်ခြားတစ်ခုခုလား..

ခဏကြာပြီးနောက် လူငယ်မျိုးဆက်များကို စိတ်လှုပ်ရှားစေသည့် သတင်းများ ပို၍ထွက်ပေါ်လာသည်။ အထူးသဖြင့် ဟဲကျီမင်းကဲ့သို့သော ထိပ်ဆုံး၌ရောက်နေသည့် လူငယ်ကျွမ်းကျင်သူများပင်။ သူတို့အားလုံး အေးစက်ကာ ရက်စက်လှသည့် ရယ်သံများ ပြုလုပ်လာကြသည်။

“ဟွမ်က နတ်ဆေးတောင်ကြောထဲမှာ ပိတ်မိနေတယ်..”

ဤသည်မှာ နယ်ခြားစပ်ကို ဖြတ်လာသည့် သူမှ ပေးလိုက်သည့်သတင်းပင်။

“ငါတို့ရဲ့ အရှက်ရမှုတွေကို ဆေးကြောဖို့အတွက် လူငယ်မျိုးဆက်တွေကို လွှတ်လိုက် .. ငါတို့ နတ်ဆေးတောင်ကြောကို အတူတူသွားပြီးတော့ ဟွမ်ကို သတ်မယ် .. ဒီနေ့ကစပြီးတော့ အဲဒီလူ ဒီလောကမှာ ကြာကြာအသက်ရှင်နိုင်တော့မှာမဟုတ်ဘူး..”

“ဟား ဟား .. တစ်ယောက်ယောက်က ငါတို့ကို ဟွမ်ရှိနေတဲ့နေရာ လာပြောပြတယ်တဲ့ .. ဒါက တကယ်ကို ကောင်းတယ် .. ငါတို့ သူ့ကို သတ်မယ်..”

အပိုင်း ၁၆၃၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၃၅ – အန္တရာယ်များသော အခြေအနေ

တစ်ဖက်လောကမှာ တကယ်ကို ကျယ်ပြန့်လှသည်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုထက် အဆပေါင်းများစွာ ကျယ်ပြန့်လှသည်။ ထို့ကြောင့်လည်း သူတို့ထံ၌ သတ္တဝါများစွာရှိနေသလို စွမ်းအားကြီးသည့်သူလည်း များစွာရှိသည်။

ဝိညာဉ်စွမ်းအင်များပြားလှသလို ခြေချ၍မရသည့် လျှို့ဝှက်နယ်မြေများစွာလည်း ရှိသည်ပင်။ ထိုနေရာ၌ ဒဏ္ဍာလာပုဂ္ဂိုလ်များ နေထိုင်ကြသည်ပင်။ ထိုသူများ ခေတ်တစ်ဝက်ခန့် မလှုပ်မယှက်ဖြစ်နေကြသော်လည်း မည်သူမှ ထိုနယ်မြေများသို့ မကျူးကျော်ရဲ။

ဤသည်မှာ မသေမျိုးနယ်မြေပင်။ မြူများအုံ့ဆိုင်းနေသောကြောင့် ဤနေရာမှာ ထူးဆန်းကာ မြင့်မြတ်ပုံပေါ်နေသည်။ သို့သော်လည်း မီးခိုးရောင်မြူများ ထွက်နေသောကြောင့် ဤနေရာမှာ ထူးဆန်းရက်စက်သည့်ပုံပေါ်ပြီး ကြောက်စရာကောင်းသည့်အော်ရာအနည်းငယ်လည်း ရှိနေသည်။

“ဟား ဟား .. ကျွန်တော်တို့ တာအိုရောင်းရင်းရဲ့ ရိုးသားမှုကို လက်ခံရရှိခဲ့ပါတယ် .. ကျွန်တော်တို့အကြီးအကဲကိုယ်စား နှုတ်ဆက်လိုက်ပါတယ်..” စွမ်းအားကြီးသည့်သက်ရှိတစ်ယောက်ထွက်လာကာ လူသားပုံစံ သက်ရှိကို လိုက်ပို့လိုက်လေသည်။

“လိုက်ပို့စရာမလိုပါဘူး .. ကျွန်တော်အခု ပြန်သွားလိုက်ဦးမယ် .. ကျွန်တော် နယ်ခြားစပ်ကို ဖြတ်ရဦးမှာ..” ထိုလူမှ ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

“နောင်ကျရင် ကျွန်တော်တို့ အတူတူအလုပ်လုပ်ဖို့ အခွင့်အရေး‌တွေ ရှိလာဦးမှာပါ .. ဒီတံဆိပ်ပြားလေးကို သေချာသိမ်းထားပေးပါ .. ကျွန်တော်တို့ဘက်က ဗိုလ်ချုပ်တွေ တားရင် ဒါပြလိုက်ပါ .. ဒါက သခင်ဝူရဲ့ အမိန့်ပြားပါ..” ထိုသတ္တဝါမှ ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်..” လူသားပုံစံသက်ရှိမှ ထိုမည်းနက်နေသည့် တံဆိပ်ပြားကို လက်ခံယူလိုက်ကာ သေချာသိမ်းထားလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မသေမျိုးသက်ရှိမှပိုင်ဆိုင်သည့်တံဆိပ်ပြားပင်။

“တာအိုရောင်းရင်း ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး .. ကျွန်တော်တို့လောကနှစ်ခုက သေချာပေါက် ပေါင်းစည်းသွားမှာပါ .. အဲဒီအချိန်ကျရင် ကျွန်တော်တို့ တာအိုရောင်းရင်းနဲ့ ရောင်းရင်းရဲ့ ကလန်သားတွေကို မမေ့ပါဘူး..” တစ်ဖက်လောက သတ္တဝါမှ ထိုလူသားပုံစံသက်ရှိ၏ပုခုံးကို ပုတ်၍ ပြောလိုက်သည်။

အင်ပါယာဂိတ်မှ လူများသာ ဤအကြောင်းကို သိသွားပါက သူတို့သေချာပေါက် ထိတ်လန့်သွားကြရလိမ့်မည်ပင်။ သူတို့ဘက်မှ ကျင့်ကြံသူသည် တစ်ဖက်လောကသို့ သွားရုံသာမက ထိုဘက်မှ လူများနှင့်လည်း စကားပြောနေသေးသည်။

“ဒီတွေ့ဆုံမှုက ကျွန်တော်တို့ဘက်က ကောင်လေးတွေကို တော်တော်လေး ပျော်ရွှင်စေတယ် .. သူတို့အားလုံး ရူးမတတ်ကို ဖြစ်နေကြပြီ .. သူတို့တွေ ဟွမ်ကိုသတ်ဖို့အတွက် နတ်ဆေးပင်တောင်ကြောကို ထွက်သွားကြပြီ..” တစ်ဖက်လောကသက်ရှိမှ ပြောလိုက်သည်။

“သူတို့အတွက် ကိစ္စတွေ ချောချောမွေ့မွေ့နဲ့ ဟွမ်ခေါင်းကို ဖြစ်သွားဖို့ မျှော်လင့်ပါတယ် .. ဒါပေမဲ့ ဟွမ်ကို ရင်ဆိုင်ဖို့က မလွယ်တဲ့ကြောင်း အဲဒီလူငယ်လေးတွေကို သတိပေးရမယ် .. သူတို့တွေကို လက်လွတ်စပယ်မလုပ်ပါနဲ့လို့ ပြောလိုက်ပါဦး..” အင်ပါယာဂိတ်မှလူမှ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ အရင်မျိုးဆက်က ကောင်းကင်သားတော်တွေလည်း ပါသွားပါတယ် .. ဟက် .. အဲဒီဟွမ်လို့ခေါ်တဲ့လူငယ်လေး ပြဿနာရှာနေတာ တော်တော်ကြာနေပြီ .. ဒီတစ်ခေါက်တော့ သူ့ကို ဖြုတ်ချပစ်ရမယ်..” တစ်ဖက်လောကမှ သက်ရှိ၏အသံမှာ အေးစက်နေသည်။

အဘယ်ကြောင့်ဆိုသော် ဟွမ်သည် ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သူတို့၏လူငယ်ဂျီးနီးယပ်စ်များအား သတ်နေခဲ့သည်ပင်။ ဤသည်မှာ သူတို့လူငယ်ဘုရင်များကို သူ့အား မုန်းတီးစေသည်။

အချို့သူများမှာ သူ့အား ကြောက်ပင်ကြောက်နေသည်အထိပင်။

ထို့နောက် ရှေးဟောင်းသားရဲ ၁၈ ကောင်ဆွဲသည့် စစ်ရထားလုံး ပေါ်လာကာ ထိုလူကို နယ်ခြားစပ်သို့ ပြန်ပို့ပေးလိုက်သည်။ သူတို့သည် ဤလူအား အလွန်အရေးထားနေသည်ပင်။

“ဟွမ်သေတော့မယ် .. ပြပွဲကြည့်ဖို့ ဘယ်သူ နတ်ဆေးတောင်တန်းကို သွားချင်လဲ..”

ဤသတင်းမှာ တစ်ဖက်လောကမှ လူငယ်များကြားတွင် လျှို့ဝှက်ချက်တစ်ခုမဟုတ်တော့။ အားလုံး ဤအကြောင်းကို ဆွေးနွေးနေကြသည်ပင်။

“ငါတို့သွားတဲ့အချိန်ကျရင် အရမ်း‌နောက်ကျသွားမှာ စိုးရတယ် .. ဟွမ်က ခေါင်းဖြတ်ခံရပြီးလောက်ပြီ..”

“နတ်ဆေးတောင်ကြောမှာ ပစ္စည်းကောင်းတွေအများကြီးရှိတယ် .. ဒါပေမဲ့ အန္တရာယ်တွေလည်း အများကြီးပဲ .. အဲဒီနေရာက လူတွေဝင်သွားပြီး ဘယ်တော့မှ ပြန်ထွက်မလာနိုင်တဲ့နေရာပဲ .. ဟွမ်ကို သတ်ဖို့အတွက်နဲ့ ငါတို့ အဲဒီတောင်တန်းထဲ ဝင်ရမယ်လို့တော့ မပြောနဲ့နော်..”

“မင်း အတွေးလွန်နေပါပြီ .. ငါတို့ အပြင်ဘက်ကနေ ကြည့်မှာ .. အဲဒီနေရာကို အလောတကြီး ဝင်လို့မရဘူး …”

“ဒါပေမဲ့ သူက ထွက်မလာပဲ အထဲမှာ ပုန်းနေရင်ရော .. ငါတို့ဘာလုပ်ကြမလဲ..”

“အဲဒါဆိုရင် သူသေချင်နေလို့လဲ .. အထဲဘက်မှာရှိနေတဲ့သတ္တဝါတွေက သူ့ကို သေချာပေါက် အဆုံးသတ်ပစ်မှာပဲ .. သူအနှေးနဲ့အမြန် အပြင်ထွက်လာရမှာ .. ပြီးတော့ သူထွက်မလာရင်တောင်မှ ငါတို့ဘက်က သတ္တိရှိတဲ့သူတွေ အထဲဘက်သို့ မသွားရဲဘူးလို့ မင်းထင်နေတာလို့ မပြောနဲ့နော် .. အထဲဝင်ပြီးတော့ သူ့ကို အမဲလိုက်တဲ့သူတွေ ရှိမှာပဲ..”

တစ်ဖက်လောကမှ ဆွေးနွေးနေကြသည့်လူငယ်များ ရှိနေကြသော်လည်း ထိုနတ်ဆေးတောင်တန်းသို့ ထွက်သွားသည့်သူများလည်း ရှိနေသည်ပင်။

နတ်ဆေးတောင်တန်းမှာ အလွန်အန္တရာယ်များသည့်နေရာပင်။ အထဲဝင်သွားပြီး ဘာမှမထိပဲ ကောင်းကောင်းပုန်းနေနိုင်လျှင်တော့ အသက်ရှင်နိုင်ချေ ၈၀ ရာခိုင်နှုန်းရှိသည်ပင်။

သို့သော်လည်း သူတို့နတ်ဆေးပင်များကို မျက်စိကျသွားလျှင် သို့မဟုတ် ရှေးဟောင်းရတနာများကို ယူရန် ကြိုးစားလိုက်သည်နှင့် သူတို့မြေမြှုပ်စရာမလိုပဲ သေသွားကြမည်ပင်။

နတ်ဆေးတောင်တန်းမှာ ရှေးခေတ်ကတည်းက ရှိနေခဲ့သည့်နေရာတစ်ခုပင်။ ဤသည်မှာ နယ်ခြားစပ်၏ ကောင်းကင်သားရဲသစ်တော၊ ထာဝရအကြွင်းအကျန်၊ ဆုံးရှုံးခြင်းပင်လယ်နှင့် အခြားနေရာများကဲ့သို့ နာမည်ကြီးသည့်နေရာပင်။ ပြောရမည်ဆိုလျှင် ဤနေရာမှာ အန္တရာယ်အများဆုံးနေရာမဟုတ်သေး။ သူသည် အလွန်ထူးခြားဆန်းကြယ်နေဆဲပင်။

ဤရက်အနည်းငယ်အတွင်းတွင် တောင်တန်းကြီးမှာ မငြိမ်မသက်နိုင်ဖြစ်နေသည်။ နွားအော်သံများ ကောင်းကင်ကို တုန်ခါစေပြီး တောင်တန်းများလည်း ပျက်စီးလာသည်။

ရွှံ့အိုင်ထဲတွင် ရှီဟောင်တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေသည်။ သူ့ခန္ဓာကိုယ်မှာ တစ်စစီပြိုကွဲမတတ်ပင်။ သူ ဒုက္ခရောက်နေလေပြီ။ ဤရွှေရောင်နွားထီးမှာ သူမသေမချင်း လက်လျော့မည်မဟုတ်။

ထို့အပြင် ဤနွားထီးသည် မြန်လွန်းလှကာ သူ၏နတ်ခွန်အား၊ မှော်စွမ်းအားများလည်း ကြောက်စရာကောင်းလှသည်။

သူ၏အသိစိတ် အနည်းငယ် မှုန်မှိုင်းနေကာ အရွယ်မရောက်သေးသောကြောင့်သာမဟုတ်လျှင် ရှီဟောင် အစောကြီးကတည်းက သေနေလောက်လေပြီ။

ဤတစ်ပေခန့်ရှိသည့် ရွှေရောင်နွားထီးမှာ စွမ်းအားကြီးသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူထက်ပင် ကြောက်စရာကောင်းသည်ကို သူတွေ့လိုက်ရသည်။

သူသည် ဘေးပတ်လည်အရာများ၊ သက်ရှိများကို အကြိမ်ပေါင်းများစွာ ဖောက်ခွဲခဲ့ပြီး ဤသားရဲအာရုံလွဲအောင်လုပ်ခဲ့သည်။ ထိုသို့လုပ်ခဲ့သောကြောင့်လည်း သူသေဘေးမှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ခြင်းပင်။

သူခဏနာလးလိုက်ပြီး သူ့ဒဏ်ရာများကို ပြန်ကောင်းအောင်လုပ်ကာ နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လောကကြီးကို ဖုံးလွှမ်းနေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို သူနောက်တစ်ကြိမ် ခံစားလာရသည်။ ထိုရွှေရောင်နွားထီးကြီး ရောက်လာပြန်လေသည်။

ထို့ကြောင့် သူနောက်တစ်နေရာရွှေ့ရုံသာ တတ်နိုင်သည်။

ရွှီး..

ယခုတစ်ခေါက်တွင်တော့ ရှီဟောင် မြေပြင်ပေါ်၌ ရှာဖွေမနေတော့ပဲ မြေအော်ကထဲသို့ ဝင်သွားသည်။ သူသည် အစောပိုင်းမှ ထိုမိစ္ဆာငှက်များအား ရှာဖွေနေခြင်းပင်။

“တွေ့ပြီ..”

ရှီဟောင် ပျော်ရွှင်သွားရ၏။ အနောက်ဘက်မှ ဖိအားမှာ ကြီးမားလွန်းသောကြောင့် သူသွေးတစ်ပွက် အန်သွားရသည်။ ရွှေရောင်အလင်းတန်းတစ်ခု သူထံသို့ ပြေးလာနေသည်ကို သူတွေ့နေရလေပြီ။

ဤစွမ်းအင်လှိုင်းလေးဖြင့်ပင် ရှီဟောင် ယိုင်ကျသွားသည်အထိ တုန်လှုပ်သွားရပြီး ပါးစပ်အပြည့်သွေးအန်လာသည်။ သူတို့နှစ်ဦးကြားမှ စွမ်းအင်ကွာခြားချက်မှာ ကြီးမားလှသည်ပင်။

ကျွိ ကျွိ..

မြေအောက်တွင် တစ္ဆေအော်သံကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။ ဤသည်မှာ နတ်ဆိုးငှက်များစွာရှိနေသည့် မြေကြီးလှိုဏ်ဂူကြီးပင်။ ဤနေရာ၌ ငှက်များစွာရှိနေပြီး အများစုမှာ လက်ဝါးအရွယ်အစားပင်။

ရန်သူ ကျူးကျော်ဝင်ရောက်လာသည်ကို တွေ့သည်နှင့် သူတို့အားလုံး ထိတ်လန့်သွားရသည်။ သူတို့အားလုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်ကာ သူရှိနေသည့်ဘက်သို့ အတောင်ပံများကိုခတ်ပြီး တိုက်ခိုက်လာကြသည်။

အတွင်းပိုင်းတွင်ရှိနေသည့် ငှက်ကြီး၏မျက်လုံးများ မှေးကျဉ်းသွားရသည်။ ဤသည်မှာ ရှီဟောင်အား ရွှေရောင်နွားထီးနယ်မြေထဲသို့ ပို့လိုက်သည့် ထိုနတ်ဆိုးငှက်ကြီးပင်။

မူး..

နွားထီးအော်သံ ထွက်ပေါ်လာကာ မြေအောက်လောကကြီး ပျက်စီးသွားပြီး လှိုဏ်ဂူကြီး ပေါက်ကွဲသွားသည်။

ထိုအချိန်တွင် ငှက်ပေါင်းထောင်ပေါင်းများစွာလည်း ပေါက်ကွဲသွားကာ သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားလေသည်။

ထိုတစ်ကျန်းရှည်သည့် နတ်ဆိုးငှက်ကြီး၏မျက်လုံးများ အေးစက်လာသည်။ သူသည် ရှီဟောင်ကိုကြည့်လိုက်ပြီးနောက် စူးရှစွာ အော်ဟစ်ကာ အကောင်ပေါက်လေးများကို မြန်မြန်နောက်ဆုတ်စေလိုက်သည်။ သူ ဤရွှေရောင်နွားထီးကြီးနှင့် ရင်မဆိင်ရဲ။

ထိုသို့ ထွက်ပြေးသွားကြသော်လည်း နတ်ဆိုးငှက်များမှာ ပြင်းထန်စွာ ထိခိုက်နေဆဲပင်။ ရွှေရောင်နွားထီး၏ ဆက်တိုက်အော်ဟစ်နေသည့် အော်သံအောက်တွင် နတ်ဆိုးငှက်များ ထောင်ပေါင်းများစွာ ပေါက်ကွဲသွားကြသည်။

တစ်ကျန်းရှည်သည့် နတ်ဆိုးငှက်သည် ရှီဟောင်အား ချက်ချင်းပင် သတ်ချင်လာပြီး ရှီဟောင်ရှိနေသည့်ဘက်သို့ ပျံသန်းလာသည်။ သို့သော်လည်း ရှီဟောင် ကြောက်မနေတော့။ သူသည် ထိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည့်အပြင် ရွှေရောင်နွားထီးရှိနေသည့်ဘက်သို့ ပြေးသွားလိုက်သည်။

ထိုသို့ပြေးနေစဉ်အတောအတွင်းလည်း ရှီဟောင်၏ခန္ဓာကိုယ်မှာ ကြွေထည်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာသည်ပင်။

အရာအားလုံးမှာ ထိုရွှေရောင်နွားထီးမှ ရူးမလိုအော်ဟစ်နေသောကြောင့်ပင်။

ဖူး…

တစ်ကျန်းရှည်သည့် နတ်ဆိုးငှက်သည် ရွှေရောင်နွားထီး၏ခန္ဓာကိုယ်ထံသို့ နတ်အလင်းတစ်တန်း ထွေးထုတ်လိုက်သော်လည်း ထိုနွားထီးအား နည်းနည်းလေးမှပင် မထိခိုက်စေနိုင်။ သူ၏အမူအရာ ချက်ချင်း ပြောင်းလဲသွားကာ ဤနေရာမှ လျင်မြန်စွာ ထွက်ပြေးသွားလေသည်။

မူး…

နောက်ဆုံး ဟစ်ကြွေးသံထွက်ပေါ်လာပြီးနောက် မြေကြီးလှိုဏ်ဂူ ပြိုကျသွားကာ နတ်ဆိုးငှက်ထောင်ပေါင်းများစွာ သေဆုံးသွားကာ တစ်ချို့တစ်ဝက်သာ လွတ်မြောက်သွားနိုင်သည်။

ယခုအချိန်တွင် ရှီဟောင်လည်း ဒုက္ခရောက်နေလေပြီ။ ထိုရွှေရောင်နွားထီး၏ အော်ဟစ်သံကြောင့် သူ့ခန္ဓာကိုယ်မှ သွေးများဆက်တိုက် စီးကျနေပြီး တစ်ကိုယ်လုံး ပေါက်ကွဲတော့မတတ် ဖြစ်သွားလေပြီ။

နောက်ဆုံးတွင်တော့ သူထပ်မပြေးနိုင်တော့ပဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ဤသည်မှာ ရှီဟောင်လုံလောက်အောင် စွမ်းအားမကြီးသောကြောင့်မဟုတ်။ ဤရွှေရောင်နွားထီးကြီးက အရမ်းသန်မာနေခြင်းပင်။

ရှီဟောင်သက်ပြင်းချလိုက်၏။ သူတကယ်ပဲ ဒီနေရာမှာ သေရတော့မှာလား..

ထိုအချိန်တွင် တောင်ထဲသို့ အပြင်ဘက်မှ သတ္တဝါများစွာ ဝင်လာကြသည်။ သူတို့အားလုံးမှာ တစ်ဖက်လောကမှ လူများပင်။ သူတို့သည် ရှီဟောင်ကို အလယ်၌ ပိတ်ဖမ်းရန်အတွက် အရပ်မျက်နှာပေါင်းစုံမှ လာနေကြခြင်းပင္။

“ဟမ် ကြည့်လိုက်ဦး .. နတ်ဆေးတောင်တန်းကြီးက တကယ်ကို ဆူညံနေတယ် .. ဘာဖြစ်ခဲ့တာလဲ .. ဟွမ် အသက်ရှင်နေတုန်းလား..”

“သူ တောင်ထဲက နတ်ဘုရားတစ်မျိုးမျိုးကို ရန်စခဲ့လို့ အခု အသက်လုပြေးနေရမှာသေချာတယ် ..”

“ဟွမ် မင်းအသက်ရှင်နေတုန်းလား .. ငါတို့ရှေ့ကို မြန်မြန်လာပြီးတော့ ဦးညွှတ်လိုက်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ရှီဟောင် စိတ်လှုပ်ရှားသွားကာ ကိစ္စများစွာကို ချက်ချင်းတွေးမိသွားသည်။ တစ်ဖက်လောကက လူတွေ ဘာလို့ရောက်လာတာလဲ .. သူ့နောက်ကိုလိုက်ခဲ့တဲ့ အဲဒီ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျွမ်းကျင်သူက သူရှိတဲ့နေရာကို ပြောလိုက်တာလား..

“သူက ဘက်ပြောင်းသွားပြီးတော့ ငါရှိနေတဲ့နေရာကို တစ်ဖက်လောကကို ပြောလိုက်တာ..” ထိုအခိုက်အတန့်တွင် ရှီဟောင်စိတ်ထဲ၌ ကိစ္စမျိုးစုံ ပေါ်လာပြီး သူဒေါသထွက်လာရသည်။ အင်ပါယာဂိတ်မှလူများ တကယ်လွန်လွန်းသွားလေပြီ။ သူ့ကို သတ်ချင်နေသည့်အပြင် တစ်ဖက်လောကကို သတင်းပေးကာ သူတို့နှင့်ဆက်သွယ်ပေးသည်။

သူ့ခန္ဓာကိုယ် ချက်ချင်းပင် အေးစက်သွားရသည်။ တစ်ယောက်ယောက်က သူ့ကို ရောင်းစားလိုက်ပြီ .. သူတို့တွေ အင်ပါယာဂိတ်ကိုလည်း ရောင်းစားကြမှာလား..

ဤသည်မှာ သူတစ်ယောက်တည်းနှင့် သက်ဆိုင်သည့်ကိစ္စမဟုတ်။ ဤကိစ္စမှာ ကပ်ဆိုးကြီးတစ်ခုကို ဖန်တီးလာနိုင်သည်။ ဤသည်မှာ သူ၏ဦးရေပြားကိုပင် ထုံကျဉ်သွားစေသည်။ မကြာမီတွင် ကြောက်စရာကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည်။

“ဟွမ် မင်းအသက်ရှင်နေသေးလား … ငါတို့မင်းအလောင်းကို လာကောက်တာ..” တစ်ဖက်လောက ကျင့်ကြံသူတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သူသည် ရှီဟောင် ပိတ်မိနေပြီဟု ယုံကြည်နေသည်ပင်။

“တာအိုရောင်းရင်း .. ငါတို့တောင်ထဲရောက်ပြီး ဟွမ်ကိုတွေ့ပြီ .. သူ နတ်ဆေးပင် ၁၀ ပင်ကျော်တောင် ခူးပြီးသွားပြီ .. ငါတို့ကို ကူပြီး သူ့ကိုမြန်မြန်ဖမ်း..” ထိုအချိန်တွင် တောင်အထဲဘက်မှ ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။

“ဟမ် .. ငါတို့လူတွေ အထဲဘက် ရောက်သွားပြီလား .. ဘယ်သူက ဒီလောက် လက်လွတ်စပယ်လုပ်နေတာလဲ..” တစ်ဖက်လောကမှလူများ ထိတ်လန့်သွားရသည်။

“နတ်ဆေးပင် ၁၀ ပင်ကျော် .. ဒါက အရမ်းလန့်ဖို့ကောင်းတယ် .. ဟွမ်က တကယ်ကို ကံကောင်းတာပဲ .. သူဘယ်လိုလုပ် ရသွားတာလဲ .. သူ့ကို အဲဒီဆေးပင်တွေကိုစောင့်နေတဲ့ သတ္တဝါတွေက သတ်မသွားဘူးလား..” တစ်ဖက်လောကမှ လူငယ်ကျင့်ကြံသူများမှာ မယုံကြည်နိုင်ဖြစ်နေကြသည်။

“အမ် .. အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့နဲ့ ဂုကလန်ကလူတွေ ဒီမှာ မရှိဘူး .. သူတို့ အထဲရောက်သွားတာများလား..” တစ်စုံတစ်ဦးမှ တီးတိုးပြောလိုက်သည်။

အားလုံး ပင့်သက်ရှိုက်သွားရသည်။ ဤလူမျိုးစုများမှာ ထူးခြားသည့်လူမျိုးစုများပင်။ ဥပမာအားဖြင့် အကြောက်တရားကင်းမဲ့သည့် ခြင်္သေ့ကြီးသည် ယခင်က ကောင်းကင်ဘုံကိုးခု၏ ထာဝရဘုန်းကြီး သွေးမျိုးဆက်ပင်။ ဂုကလန်ဆိုသည်မှာလည်း ပို၍ပင် မရိုးရှင်းသေး။ သူတို့သည် ယခင်က ကောင်းကင်ဘုံကိုးခု၏ ရက်စက်သည့်သားရဲ ၁၀ မျိုးထဲ၌ ပါဝင်ခဲ့သည်ပင်။

“ဟဲကျီမင်းလိုလူမျိုးတစ်ယောက်ယောက်က ဝင်သွားတာထင်တယ်..” အခြားတစ်ယောက်မှ ပြောလိုက်သည်။

“အဲဒီမှာ နတ်ဆေးပင် ၁၀ ပင်ကျော်ရှိတာဆိုတော့ ဒါက ကံကောင်းမှုကြီးပဲ .. ငါတို့လည်း အထဲဘက်ကို လူလွှတ်ပြီးတော့ ကြည့်ခိုင်းသင့်တယ်…”

ရှားပါးသည့် ရှေးဟောင်းဆေးပင်များကြောင့် အားလုံး စိတ်လှုပ်ရှားသွားရသည်။ နတ်ဆေးပင်များမှာ တစ်ဖက်လောကတွင်ပင် အလွန်အဖိုးတန်သည်။ ဤအပင်များကို မသေမျိုုးသက်ရှိများ၏ ဆေးခင်များထဲ၌သာ စိုက်ပျိုးထားခြင်းပင်။ သာမန်ကျင့်ကြံသူများအတွက်တော့ သူတို့မျှော်ကြည့်ရုံသာ တတ်နိုင်သည်။

“အချိန်ဖြုန်းမနေနဲ့တော့ .. ငါတို့လည်း ဒါလိုချင်တယ်..” တစ်စုံတစ်ယောက်မှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အမှန်တကယ်တွင် ယခုအချိန်၌ တစ်ယောက်ယောက် အထဲရောက်နေရန်မှာ မဖြစ်နိုင်။ ရှီဟောင်သည် သွေးအိုင်ထဲ၌ လဲနေကာ သူလှုပ်ရှားနိုင်ရန်ပင် ခက်ခဲနေသည်။ စကားပြောလိုက်သည့်သူမှာ သူပင်။ သူသည် အခြားအသံတစ်ခုကို အသုံးပြုပြီး ပြောလိုက်ခြင်းဖြစ်သည်။

သိပ်မဝေးသည့်နေရာတွင် ထိုရွှေရောင်နွားထီးကြီး တစ်လှမ်းချင်း လျှောက်လာနေလေပြီ။

ချွမ်း..

ရှီဟောင် ထာဝရဓားကို ဆွဲထုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် တစ်ဖက်လောကမှ ကျင့်ကြံသူများ ရောက်လာမည်ကို သူတိတ်တဆိတ်စောင့်နေလိုက်သည်။

အပိုင်း ၁၆၃၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset