သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၆ – တည်ထောင်ခြင်း
ရှီဟောင် သူ၏ဗိုက်တွင်ရှိနေသည့် အမှတ်လေးကို ဖောက်ခွဲရန် ပြင်လိုက်သည်။ သူ၏ဂိတ်တံခါးများတွင်ရှိနေသည့် စွမ်းအားများကို ထုတ်လွှတ်ကာ ဤနေရာ၌ရှိနေသည့် ကောင်းကင်နှင့်မြေကြီးကို ခွဲပစ်ရန် ကြိုးစားလိုက်သည်။
သူ၏ဘေးပတ်လည်တွင်ရှိနေသည့် ရွှေရောင်လမ်းကြောင်းများ၌ ဧကရာဇ်လူမျိုးစုမှ ကျွမ်းကျင်သူများ ရပ်နေကြကာ သူတို့၏လက်နက်များကို ကိုင်မြှောက်ထားကြလေသည်။ ထို့နောက် ရှီဟောင်ကိုသတ်ရန် တံဆိပ်များကို ပြုလုပ်လိုက်သည်။
“ဖွင့်မယ်..” ရှီဟောင်ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ အမှတ်တစ်ခုလေးဖြစ်အောင်အထိ ဖိနှိပ်ထားသည့် ကောင်းကင်လမ်းကြောင်းကို လောင်ကျွမ်းစေလိုက်ကာ သူ၏ဗိုက်ထဲရှိ ဂိတ်တံခါးများစွာကို ဖွင့်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဤကဲ့သို့ ပြုလုပ်သည်မှာ အန္တရာယ်များလှသည်။ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ဝုန်း..
ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ရှီဟောင်၏ဗိုက်မှ နတ်အလင်းများစွာ ထွက်ပေါ်လာသည်။ ထိုအလင်းများမှာ တောက်ပလွန်းလှသောကြောင့် တည့်တည့်ပင် ကြည့်၍မရ။
အထူးသဖြင့် မယုံကြည်နိုင်လောက်သည့် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို စုတ်ဖြဲပစ်ပြီး အချိန်နှင့် လေဟာနယ်၏ တည်ငြိမ်မှုကို ထိခိုက်သွားသည်။
ဤမျှထိ ပြင်းထန်လိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ အခြားသူများသာဆိုလျှင် တစ်ဆင့်ချင်းစီသာလုပ်မည်ဖြစ်သော်လည်း ရှီဟောင်ကတော့ သူ့ဘဝနှင့် လောင်းကြေးထပ်နေသည်။
တစ်ခုခုမှားသွားသည်နှင့် ရှီဟောင်ဆိုသည်မှာ ရှိတော့မည်မဟုတ်တော့။
ရွှီး..
သူ့ဘေးပတ်လည်ရှိ လူများတိုက်ခိုက်လာကြသည်။ သူတို့သည် ဘိုးဘေးပညာများကို အသုံးပြုကာ ရှီဟောင်၏တောက်ပနေသည့် အလင်းလုံးကို ဖျက်ဆီးရန် ကြိုးစားနေကြသည်။
လူငယ်တစ်ယောက်သည် သူ၏လက်ထဲတွင်ရှိနေသည့် မည်းနက်နေသည့်လှံတံဖြင့် ထိုအလင်းလုံးအားထိုးပစ်ကာ ရှီဟောင်အားဆုံးသတ်ပစ်ချင်နေသည်။
ဧကရာဇ်ကလန်မှ လူများအားလုံး၏ အမူအရာများ လေးနက်နေကာ အားကုန်သုံးနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တစ်ခုခုကို အာရုံခံမိနေသည်။ ရှီဟောင် ထိုအဆင့်ကို အောင်မြင်သွား၍မဖြစ်။
ဝုန်း..
ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပျက်စီးသွားကာ မိုးများလည်းရွာသွန်းလာသလို အနီရောင်သက်တံ့တစ်ခုလည်းဖြစ်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သွေးများပင်။ ဤနေရာ၌ ကောင်းကင်ကြီး ငိုကြွေးနေလေပြီ။
ထို့အပြင် ကောင်းကင်ထက်၌ နတ်ဆိုးနှင့်နတ်ဘုရားများ၏ အလောင်းများ ပေါ်လာသည်။ အချို့အလောင်းများမှာထာဝရသက်ရှိအလောင်းများပင် ဖြစ်လောက်သေးသည်။
ဤမြင်ကွင်းမှာထိတ်လန့်စရာကောင်းလှပြီး အားလုံး၏ဦးရေပြားကို ထုံကျဉ်သွားစေသည်။
ဟွမ် သူ့ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်တာနဲ့ ဘာလို့ ထူးဆန်းတဲ့မြင်ကွင်းတွေ အများကြီး ပေါ်လာတာလဲ..
“ဒါတွေအားလုံးက ပုံမှန်မဟုတ်တဲ့မြင်ကွင်းတွေ မဟုတ်ဘူး .. တစ်ချို့ဟာက အစစ်တွေ .. တစ်ချို့အလောင်းတွေက ထာဝရအုတ်ဂူထဲက ရုန်းကန်ထွက်လာကြတာ .. သူတို့ကို ထူးဆန်းတဲ့စွမ်းအားတစ်ခုက ခေါ်လာတာ .. ဒါက အတိတ်နဲ့ပစ္စုပ္ပန်ကို တုန်လှုပ်စေတဲ့ကိစ္စလို့ ခေါ်တယ်.. ရှေးခေတ်ကလူတွေတောင် နိုးထလာရတယ်..”
ဤလူများမှာ သေဆုံးပြီးသားပင်။ အချို့သူများမှာ မသေမျိုးခန္ဓာကိုယ်များဖြစ်ပြီး အချို့မှာ အလွန်စွမ်းအားကြီးသည့်ခန္ဓာကိုယ်များပင်။ သို့သော် သူတို့သည် ကောင်းကင်နှင့်လူသားမျိုးနွယ်၏ ဆက်သွယ်မှုကြောင့် လောကကြီးထဲ၌ ပေါ်လာရသည်။
“ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့အသိအမှတ်ပြုမှုလား ဒါမှမဟုတ် သူတို့ရဲ့ရန်လိုမှုလား.. ဘာပဲဖြစ်ဖြစ် ဒါက ခမ်းနားတဲ့အောင်မြင်မှုပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ရလဒ်အနေဖြင့် အားလုံးတုန်လှုပ်သွားကြရကာ ဘာမှမပြောနိုင်တော့။ လူအချို့သာ တီးတိုးရေရွတ်နေကြသည်။
ရှီဟောင်ရပ်နေသည့်နေရာမှာ အလွန်တောက်ပနေဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်အစစ်ကို မြင်နိုင်ရန် ခက်ခဲလှသည်။
အလင်းလွှာတစ်ခု ပေါ်လာကာ သူ၏ခန္ဓာကိုယ်ထဲမှ မြစ်တစ်စင်းကဲ့သို့သော နတ်ခွန်အားများထွက်ပေါ်လာသည်။ သူ၏အော်ရာမှာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည်။
ဧကရာဇ်လူမျိုးစုများ၏ တိုက်ခိုက်မှုများ ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအမှတ်လေး ပေါက်ကွဲလာသည့်အချိန်တွင် ဂိတ်တံခါးများမှ ထွက်လာသည့်စွမ်းအင်များမှာ သူတို့၏ ဘိုးဘေးပညာများ၊ လက်နက်များနှင့် တိုက်ခိုက်နေသည်ပင်။
ဤသည်မှာ စွမ်းအားကြီးသည့် တိုက်ခိုက်မှုပင်။
ရှီဟောင်မှာ အလွန်အခြေအနေဆိုးနေလေပြီ။ သူ၏အသွေးအသားများ ပျက်စီးလုနီးပါးဖြစ်နေပြီး အရိုးအားလုံးကျိုးသွားကာ သူ၏ဗိုက်မှ သွေးများစီးကျလာသည်။ အလင်းများတစ်ခုပြီးတစ်ခု ပေါက်ကွဲလာပြီးနောက် သူ အသက်ကုန်လုနီးပါးဖြစ်နေလေပြီ။
ဂိတ်တံခါးများကို စွန့်စွန့်စားစားဖွင့်ခြင်းမှာ ပြင်းထန်လွန်းလှသည်ပင်။
သူ လုံလောက်သည့် ပြင်ဆင်မှုပြုလုပ်ပြီးသွားပြီဖြစ်သည်။ ခွန်ပန်ပညာ၊ မိုးမခနတ်ဘုရားဘုရာနှင့် လျှပ်စီးဧကရာဇ်ပညာများကို ပေါင်းစည်းပြီး ယင်ယန်သင်္ကေတပြုလုပ်ခြင်းမှာ သူ၏ခန္ဓာကိုယ်ကို ခုခံကာကွယ်ရန်အတွက်ပင်။
သို့သော်လည်း ဤကဲ့သို့ ဂိတ်တံခါးများအား အတင်းဖွင့်နေခြင်းမှာ ကြောက်စရာကောင်းနေဆဲပင်။
အရိုးစာသားများ ရောယှက်ကာ ယင်ယန်သင်္ကေတထွက်ပေါ်လာပြီး ထိုကြောက်စရာကောင်းသည့် စွမ်းအားကို ဖိနှိပ်ကာ သူ၏အခြေအနေကို ထိန်းညှိပေးသည်။
တစ်ချိန်တည်းမှာပင် ထာဝရကျမ်းစာအသက်ဝင်လာကာ ထာဝရစွမ်းအင်သုံးကြောင်း ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကိုပြုပြင်လာသည်။ အထူးသဖြင့် သူ၏ဝမ်းဗိုက်ပိုင်းပင်။
တစ်ဖြည်းဖြည်း အခြေအနေဆိုးရွားလာပြီး မီးတောက်အဖြစ် ပေါက်ကွဲထွက်သွားမည့် သူ၏ခန္ဓာကိုယ်အခြေအနေမှာ တစ်ဖြည်းဖြည်းချင်းပင် ပြန်ကောင်းလာနေသည်။
“သူ မသေဘူးလား..”ဧကရာဇ်လူမျိုးစုလူငယ်များ ဆွံ့အသွားကာ အလွန်ထိတ်လန့်သွားရသည်။ သူတို့နောက်ဆုံးပေါင်းတိုက်တာက ဘယ်လောက်တောင်မှစွမ်းအားကြီးလိုက်သလဲ .. ဤသည်မှာ အသေသတ်သည့်ရိုက်ချက်ဟု ပြော၍ရသော်လည်း သူတို့နောက်တစ်ကြိမ် ရှုံးနိမ့်သွားသည်။
“ငါ့ပန်းတိုင်ကို ရောက်အောင်ကူညီပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်..” ရှီဟောင် ပြုံး၍ပြောလိုက်သည်။ သူ၏ပါးစပ်မှ သွေးများစီးကျနေကာ သူ၏ခန္ဓာကိုယ်လည်း အလွန်စုတ်ပြတ်နေကာ အရိုးဖြူများပင် မြင်နေရလေပြီ။
သို့သော်လည်း သူ၏အပြုံးမှာ တောက်ပလှကာ တကယ်ကို စစ်မှန်သည့်အပြုံးပင်။ အဘယ်ကြောင့်ဆိုသော် သူအသက်ရှင်နေဆဲဖြစ်သောကြောင့် သူအောင်မြင်လာတော့မည်ကို သူသိသည်။
သူ ဧကရာဇ်လူမျိုးစု လူငယ်များအား ကျေးဇူးတင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဘိုးဘေးပညာများ၊ လက်နက်များနှင့် အလင်းအတားအဆီးကို ကျော်ဖြတ်ကာ ရောက်လာသည့် တိုက်ခိုက်မှုများကြောင့် သူအောင်မြင်သွားရခြင်းပင်။
စစ်လှံတံများ၊ ရဲဒင်းများနှင့် အခြားအရာများ သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်လာပြီး ဂိတ်တံခါးများဖြင့် ထိသွားသည်နှင့် သူတို့၏ ဖျက်ဆီးသည့်စွမ်းအားများကို ချက်ချင်း ပေါက်ကွဲထွက်လာစေသည်။
ဧကရာဇ်လူမျိုးစုမှ လူငယ်များ၏ မျက်ဆံများ ကျုံ့သွားရသည်။ မည်းနက်နေသည့်လှံတံများ ကျိုးသွားကာ ရဲဒင်းများလည်း ပျက်စီးသွားသည်။ ထို့အပြင် တွန်းကန်တတ်သည့် ဘိုးဘေးပညာများမှ များပြားလှသည့် စွမ်းအင်များ ပြောင်းပြန်စီးဆင်းလာသည်။
ရှီဟောင်အတွက် အစောပိုင်းကအခြေအနေမှာ အလွန်အန္တရာယ်များလှသည်။ သူတို့၏တိုက်ခိုက်မှုကို အသုံးပြုလိုက်သောကြောင့်သာမက အဖိုးတန်ပညာသုံးခုပေါင်းထားသည့် နတ်သင်္ကေတနှင့် ထာဝရစွမ်းအင်မှာ သူ့ကို ကယ်ရန် မလုံလောက်ပေ။
စွမ်းအားကြီးသည့် ပြောင်းလဲမှုအောက် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားကာ ပြာပုံပင် ဖြစ်သွားနိုင်ငသည်။
အပြင်ဘက်နှင့် အတွင်းဘက်နှစ်ခုလုံး နှိုးဆွခံလိုက်ရသည့်အပြင် သူ့အတွက် ဖျက်ဆီးမှုတစ်ချို့ကို ခံယူပေးလိုက်သောကြောင့် အန္တရာယ်များသည့် အခြေအနေမှသူလွတ်မြောက်လာခြင်းပင်။
ဝုန်း..
ရှီဟောင်၏ဝမ်းဗိုက် တောက်ပလာကာ ဂိတ်တံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာကာ ရောယှက်သွားသည်။ ထိုဂိတ်များမှာ အသက်ဓာတ်များ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ် လျင်မြန်စွာ ပြန်လည်ကောင်းမွန်သွားသည်။
သို့သော်လည်း တစ်ခဏအကြာတွင် ထူးဆန်းသည့်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဂိတ်တံခါးများမှာ သေဆုံးခြင်းစွမ်းအင်များလည်း ထွက်ပေါ်လာကာ ထူထဲလှသည့်မီးခိုးများဖြစ် ပြောင်းလဲသွားသည်။ ထိုမီးခိုးများမှာ သူ့ခန္ဓာကိုယ်ကို တိုက်စားကာ သူ့အသက်ဓာတ်ကို ဖျက်ဆီးပစ်နေသည်။
“အမ်.. ဘာဖြစ်နေတာလဲ..” အားလုံး ထိတ်လန့်သွားရ၏။ ဘာလို့ သေဆုံးခြင်းစွမ်းအင်ရှိနေတာလဲ ..
သေချာကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ ဂိတ်တံခါးအချို့မှ ထုတ်လွှတ်နေခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု ဆက်သွားကာ သေဆုံးခြင်းပင်လယ်ဖြစ်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကံကောင်းသွားသည်မှာ အချို့ဂိတ်များမှ တောက်ပသည့်အရည်များ ထွက်လာကာ သေဆုံးခြင်းစွမ်းအင်အား ခုခံလာသည်။
ခဏကြာပြီးနောက် အားလုံးနားလည်သွားကာ အသက်ရှူသံများပင် အေးခဲသွားရ၏။ ဒါတွေက ခန္ဓာကိုယ်ထဲက လျှို့ဝှက်ချက်တွေလား..
လူသားခန္ဓာကိုယ်မှာ အမြဲတမ်း မျှချေညီမျှနေမည်ပင်။ အသက်ဓာတ်ရှိနေသောကြောင့် သေဆုံခြင်းစွမ်းအင်များလည်း ရှိနေသည်ပင်။ ရှီဟောင် သူ၏ဝမ်းဗိုက်ထဲတွင်ရှိနေသည့် ပြန်လည်ဝင်စားခြင်းပင်လယ်ကို ဖွင့်လိုက်သည်။ ထိုထဲတွင် အသက်နှင့်သေဆုံးခြင်းနှစ်မျိုးလုံး ရှိနေသည်။
ဂိတ်တံခါးများစွာမှာ တစ်ခုနှင့်တစ်ခုဆက်သွားကာ တံတားကဲ့သို့သော ဥမင်လှိုဏ်ခေါင်းတစ်ခု ဖြစ်လာသည်။
ရှီဟောင်၏ဗိုက်ထဲတွင်ရှိနေသည့် ပြန်လည်ဝင်စားခြင်းပင်လယ်ဟုခေါ်သည့်အရာမှာ ပြောင်းလဲနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ဂိတ်တံခါးအားလုံး ပွင့်သွားလျှင် လူသားခန္ဓာကိုယ်၌ ထူးခြားသည့်ပြောင်းလဲမှုတစ်ခု ဖြစ်လာမည်ပင်။
ဤသည်မှာ ပြောင်းလဲခြင်းတစ်မျိုး ဟု ပြော၍ရသည်။ အတိအကျပြောရမည်ဆိုလျှင် ဤသည်မှာ ပြန်လည်မွေးဖွားခြင်းပင်။ သို့သော်လည်းထိုတစ်နေရာတည်းအတွက်သာ။
လေထဲ၌ ထာဝရစွမ်းအင် လွင့်ပျံ့လာကာ သူ့ဒဏ်ရာများကို ကုသလာသည်။
သေဆုံးခြင်းစွမ်းအင်မှ ဖြစ်လာသည့် ပင်လယ်နှင့် နတ်စက်ဝန်းမှ ဖြစ်လာသည့်ပြန်လည်ဝင်စားခြင်းတို့နှစ်ခု ရောနှောသွားကာ တာအိုသင်္ကေတတစ်ခုဖြစ်လာသည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း အတူတကွ လှည့်ပတ်နေကာ မျှချေဖြစ်နေသည်။
“အဲဒါက ဘာကြီးလဲ.. သူ ဘယ်လိုလုပ် ဒါကို ရသွားတာလဲ..” လူများ အလွန်ထိတ်လန့်နေကြရသည်။
သူတို့ ဤလောက၌ ပထမဆုံးအကြိမ်အဖြစ် ပေါ်လာသည့် ပြန်လည်ဝင်စားခြင်းပင်လယ်ကို ကြည့်ချင်သော်လည်း ကြည့်၍မရ။ ထိုနေရာတွင် ထာဝရစွမ်းအင်များ ဖုံးအုပ်နေကာ မူလရှေးဟောင်းမြူများလည်း ထွက်ပေါ်လာသည်။
ထို့အပြင် ရှီဟောင်၏ပျက်စီးနေသည့်ခန္ဓာကိုယ်နှင့် ဝမ်းဗိုက် ပြန်လည်ကောင်းမွန်သွားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ် လျင်မြန်စွာ ပြန်ကောင်းလာသည်။
“အဲဒီမှာ ဘာရှိနေတာလဲ .. ဘာဖြစ်နေတာလဲ..” ကျင်းကျန်းပင်လျှင် မျက်မှောင်ကြုတ်လာလေ၏။
“ဒီလူငယ်လေးရဲ့ အသက်ဓာတ်က ပြင်းလွန်းတယ် .. သူကဘာလို့ မသေသေးတာလဲ… သူက ဘာလို့ အသက်ရှင်နိုင်နေသေးတာလဲ..” ဝမ်ရှီးအဘိုး အံကြိတ်၍ ပြောလိုက်သည်။ ရှီဟောင် ထပ်ခါတလဲလဲ ဖြတ်သန်းအောင်မြင်နိုင်သည်ကို သူလက်မခံနိုင်ဖြစ်နေသည်။
ထို့အပြင် ယခုတစ်ခေါက် သူအကျိုးကျေးဇူးများစွာ ရရှိသွားသည့်ပုံပင်။ ဟွမ်သာ ဤအတိုင်းဆက်သွားလျှင် သူမည်မျှထိ ရောက်သွားမည်ကို ဘုရားသာသိလိမ့်မည်။
“သူ စနစ်တစ်ခုကို တည်ဆောက်နိုင်တယ်ဆိုတာကို ငါမယုံဘူး .. သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ …သူ့ရှေ့က လူအားလုံးကို ကျော်တက်နိုင်မယ်လို့ ထင်နေတာလား..” ကျင်းကျန်းအဘိုးလည်း ပြောလာသည်။
“သေဆုံးခြင်းစွမ်းအင်က သူ့ကို တိုက်စားမသွားဘူးလား..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ရှီဟောင်၏လမ်းကြောင်းမှာ အလွန်ကြောက်စရာကောင်းသည်ကို အားလုံးသိနေကြသည်ပင်။ သူသည် ခန္ဓာကိုယ်၏ အနက်နဲဆုံး ဆန်းကြယ်မှုများကို ဖော်ထုတ်ကာ သူ့အသွေးအသားထဲမှ အလားအလာအားလုံးကို ဖော်ထုတ်လိုက်ခြင်းပင်။
သေဆုံးခြင်းစွမ်းအင်ရှိနေသော်လည်း သူသည် ရှင်သန်ခြင်းစွမ်းအင်နှင့် မျှတနေအောင် လုပ်ထားနိုင်သည်။
ဒီတိုက်ပွဲမှာ သူ့ရဲ့အဖျက်စွမ်းအားက ဘယ်လောက်တောင် ရှိမလဲ..
ထို့အပြင် ထိုပြန်လည်ဝင်စားခြင်းပင်လယ်မှာ အမိမြေဖြစ်လာပြီး အရာအားလုံးစတင်ရာ မြေ ဖြစ်လာလေပြီ။
နောင်ကျလျှင် ဤနေရာ၌ မည်မျှပင် တိုးတက်ပြောင်းလဲမည်ကို စဉ်းစားကြည့်နိုင်သည်။
ရှီဟောင်၏ခန္ဓာကိုယ်ထဲ၌ မရေမတွက်နိုင်သည့်ဂိတ်တံခါးများ ဆက်သွယ်သွားကာ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုအဖြစ် ပုံဖော်သွားသည်ကို လူအချို့မြင်လိုက်ရသည်ပင်။
စဉ်းစားကြည့်လေလေ သူတို့ထိတ်လန့်လာလေလေပင်။ သူ ဤလမ်းအတိုင်းသာ ဆက်သွားလျှင် သူ၏အောင်မြင်မှုများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်လိမ့်မည်။
ဤသည်မှာအစသာရှိသေးသော်လည်း သူ၏ဖော်ထုတ်မှုကို စောင့်နေသည့် လျှို့ဝှက်နက်နဲမှုများ ရှိနေလေပြီ။
ဘာဖြစ်နေသည်ကို သိချင်ကြသော်လည်း သူတို့ထိုနေရာကို မမြင်နိုင်ကြပေ။ သူတို့တစ်ချက်သာ ကြည့်လိုက်ရသောကြောင့် နက်နဲမှုများကို သေချာနားမလည်နိုင်ကြ။
ဧကရာဇ်လူမျိုးစုမှ လူငယ်လေးများလည်း ဘာဖြစ်နေသည်ကို သိချင်သောကြောင့် မည်သူမှ မတိုက်ခိုက်ကြပဲ ရှီဟောင်အား လေ့လာနေကြသည်။
ရုတ်တရက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါလာကာ အံ့အားသင့်စရာကောင်းသည့်မြင်ကွင်းမျိုးစုံ ပေါ်လာလေ၏။ များပြားလှသည့် အလင်းများစွာ ပေါ်လာပြီးနောက် ထာဝရအလင်းများလည်း ထွက်ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖုံးအုပ်သွားသည်။
ထို့နောက် နတ်စတေးခြင်းအသံများလည်း ထွက်ပေါ်လာ၏။ ဤသည်မှာ အုတ်ဂူထဲမှ ထွက်လာသည့် ရှေးဟောင်းအလောင်းများကို သူတို့အုတ်ဂူများထံသို့ ပြန်သွားရန် နှစ်သိမ့်နေသလိုပင်။
ထို့အပြင် ကောင်းကင်ထက်မှ ကြယ်များလျင်မြန်စွာ ရွေ့လျားနေကာ ထာဝရတာအိုဝိညာဉ်အစစ်မျိုးစုံပေါ်လာသည်။ နဂါးထွက်ပေါ်လာပုံ၊ ဖီးနှစ်အော်သံများမှာ အံ့အားသင့်စရာကောင်းလှသည်။
ထိုအချိန်တွင် မြေပြင်နှင့် လေဟာနယ်ထဲ၌ ရွှေရောင်အဆင်းရှိသည့် တာအိုနတ်ကြာပန်းများ ပြည့်နှက်သွားသည်။ ဆေးပင်နှင့် အခြားအပင်များလည်းရှိနေပြီး ဤနေရာကို ထာဝရမြေကြီးကဲ့သို့ ဖြစ်အောင် လုပ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်ကို ပြန်ခေါ်သွားချင်နေသကဲ့သို့ ကောင်းကင်ထက်မှ နတ်တံတားများပေါ်လာသည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် ပုံမှန်မဟုတ်သည့် မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသောကြောင့် အားလုံးမှာ ဆွံ့အနေကြလေပြီ။
ဒါတွေအားလုံးက … ရှီဟောင် အဲဒီအဆင့်ကို တက်ပြီးတော့ သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းကို ဖန်တီးခဲ့တဲ့အတွက်ကြောင့်လား..
“သတ်..”
ဧကရာဇ်လူမျိုးစုလူငယ်တစ်ယောက် အော်ဟစ်လိုက်သည်နှင့် အားလုံး တိုက်ခိုက်လာကြသည်။ သူတို့ ရှီဟောင်ကို အခွင့်အရေးထပ်မပေးနိုင်တော့။
“ငါလည်းတိုက်ချင်နေတာ .. အခု တိုက်ပွဲက ဘယ်လိုဖြစ်သွားမလဲဆိုတာ စမ်းကြည့်ကြတာပေါ့..” ရှီဟောင်ပြောလိုက်သည်။
သူ ပြန်လည်ဝင်စားခြင်းပင်လယ်ကို ဖန်တီးလိုက်နိုင်သောကြောင့် ဤသည်မှာ တာအိုအုတ်မြစ်တစ်ခုအား အခြေချလိုက်နိုင်သည်နှင့်တူသည်။
ဂိတ်တံခါးများစွာ တစ်ပြိုင်နက်တည်းပွင့်လာကာ စွမ်းအားမှာလည်း မယုံကြည်နိုင်လောက်အောင်ပင်။
သူရထားသည့် လမ်းကြောင်းနှင့်ပညာများနှင့်တူ သူ၏နက်နဲသည့်ကျင့်ကြံဆင့်ကို ပေါင်းလိုက်သည့်အချိန်တွင်တော့ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်စရာကောင်းလှသည်။
သို့သော်လည်း သူတို့နောက်တစ်ခေါက် မတိုက်မီမှာပင် ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်ထက်တွင် လျှပ်စီးတစ်ခုနှင့်အတူ တစ်စုံတစ်ခု ပြုတ်ကျလာသည်။ ထိုအရာတွင် ထာဝရစွမ်းအင်ရှိနေပြီး မပျက်စီးနိုင်သည့်ထာဝရအလင်းလည်း ထုတ်လွှတ်နေသည်။
အပိုင်း ၁၆၀၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၇ – ထာဝရသတ်ဖြတ်ခြင်းစင်မြင့်
ကောင်းကင်ထက်မှ တစ်စုံတစ်ခု ကျလာသည်။ ထို့အပြင် ထိုတစ်စုံတစ်ခုမှာ အလွန်ထူးခြားလှကာ တောက်ပသည့်အလင်းတန်းများစွာကိုလည်း ထုတ်လွှတ်လာသည်။ ဤသည်မှာ ကောင်းကင်ရတနာတစ်ခု ဤလောကကြီးထဲသို့ကျလာသကဲ့သို့ပင်။
သို့သော်လည်း ထိုအရာကို တွေ့လိုက်ရသည့်အချိန်တွင် ရှီဟောင်တစ်ကိုယ်လုံး အေးခဲသွားပြီး ကြက်သီးများထလာသည်။ သူ ဤအရာကို ယခင်က မြင်ဖူးသည်။
သူယခင် အတိဒုက္ခကို ရင်ဆိုင်စဉ်က ဤအရာကို မြင်ဖူးသည်။ သို့သော်လည်း သူတစ်ခါမှ မထိဖူးခဲ့။ ခပ်ဝေးဝေးမှသာ ကြည့်နေခဲ့သည်။ ယခုတော့ ထိုအရာမှာ သူ့ဘက်သို့ ဦးတည်လာနေလေပြီ.
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်..
ထိုတာအိုစင်္ကြံတွင် ခေါင်းဖြတ်စက်တစ်လုံးရှိနေသည်။ အဝေးမှကြည့်လျှင် မင်္ဂလာရှိလှသော်လည်း အနီးကပ်ကြည့်လျှင် ကြောက်စရာကောင်းလှပြီး တစ်ကိုယ်လုံးကို တောင့်တင်းသွားစေနိုင်သည်။
ဤစင်္ကြံပေါ်လာပြီး တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားသည်နှင့် ဤသည်မှာ ထိုလူ သေချာပေါက် သေမည်ဟု ဆိုလိုခြင်းပင်။ ဤသည်မှာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်ပစ္စည်းများရထားသည့်သူများကို သတ်ရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်ဟု ပြောကြသည်။
“ငါနားလည်ပြီ .. ဟွမ်က သူ့ရဲ့ကိုယ်ပိုင်တာအိုလမ်းကြောင်းကို ဖန်တီးလိုက်တော့ သူက ဒဏ္ဍာရီလာ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကို နှိုးဆွသလို ဖြစ်သွားတာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
အဝေးတွင်ရှိနေသည့်သူများပင် ဦးရေပြားများ ထုံကျဉ်သွားရသည်။ ဤပစ္စည်းမှာ သမိုင်းမှတ်တမ်းများ၌သာ ရှိပြီး လျှပ်စီးအတိဒုက္ခထက်ပင် ကြောက်စရာကောင်းသေးသည်။ ခေါင်းဖြတ်စက်ကျလာသည်နှင့် လူတစ်ယောက်ကို နောက်ဘဝသို့ ပို့ပေးလိမ့်မည်။
ဤအကြောင်းများ ရေးထားသည့် အရိုးစာအုပ်များရှိနေသောကြောင့် အားလုံး ဤအကြောင်းသိနေခြင်းပင်။
ယခု သူတို့ဤပစ္စည်းအစစ်ကို မြင်နေရလေပြီ။
ကောင်းကင်အတိဒုက္ခပင်လျှင် အသက်ရှင်နိုင်ချေရှိသေးသည်။ သို့သော်လည်း ဤကဲ့သို့သောပစ္စည်းမျိုး ပေါ်လာသည်နှင့် အသက်ရှင်ရန် မဖြစ်နိုင်တော့။
ပြောရမည်ဆိုလျှင် ဤပစ္စည်းလည်း ကောင်းကင်အတိဒုက္ခပင်။
“ဒါက .. ကျိုးကြောင်းဆီလျော်မှုရော ရှိသေးရဲ့လား .. သူက လူကို အသက်ရှင်ခွင့်တောင်မပေးတော့ဘူးလား .. သောက်ခွေးပဲ..” ချောင်ယုရှင်း မဆဲပဲ မနေနိုင်တော့။
အခြားရှုထောင့်မှ ကြည့်မည်ဆိုလျှင် ရှီဟောင် ယနေ့ အသက်ရှင်သည်ဖြစ်စေ သေဆုံးသွားသည်ဖြစ်စေ သူသည် သမိုင်း၌ မှတ်တမ်းတင်ခံရကာ နာမည်ကြီးသည့်သူ ဖြစ်လာမည်ပင်။
အဘယ်ကြောင့်ဆိုသော် ယခုခေတ်မပြောနှင့် ယခင်ခေတ်ကပင်လျှင် လူဘယ်လောက်များများကများ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကို ရန်စနိုင်သနည်း..
“သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခဖြစ်နေတဲ့အပြင် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်နဲ့ဆိုတော့ .. ဒါက သေချာပေါက်ကို သတ်နေတာပဲ..” အားလုံး သက်ပြင်းချလိုက်ကြသည်။
“ကောင်းတယ် .. ဒီလိုဓားမျိုးကျလာပြီဆိုတော့ ပြဿနာအားလုံး အဆုံးသတ်သွားပြီ .. ငါတို့ ထပ်ပြီး စိတ်ပူစရာမလိုတော့ဘူး..” ကျင်းကျန်းအဘိုး သူ့ကိုယ်သူ အေးစက်စွာ ပြောလိုက်သည်။
“လောကကြီးက မတရားဘူး .. ဘာလို့ အခက်အခဲတွေ အများကြီးရှိနေတာလဲ..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။
“အသက်ရှင်အောင်လုပ်..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် ရှီဟောင်ထံသို့ ထာဝရဓားကို ပြန်ပစ်ပေးလိုက်သည်။
ဤဓားမှ ထူးဆန်းသည့်ပြောင်းလဲမှုများကို နှိုးဆွသလို ဖြစ်သွားမည်စိုးသောကြောင့် အတိဒုက္ခကို ရင်မဆိုင်မှီက ရှီဟောင် သူ့အား ပေးထားခဲ့ခြင်းပင်။
ရှီဟောင်သက်ပြင်းချကာ ဓားကိုလက်ခံလိုက်သည်။ သို့သော်လည်း သူသည် ဓားကို ပြန်ပစ်ပေးလိုက်ကာ “ငါပြန်မလာနိုင်ခဲ့ရင် ဒါက မင်းဟာပဲ..”
အဘယ်ကြောင့်ဆိုသော် ဤအခြေအနေတွင် ဤဓား သူ့ကို မကူညီနိုင်သည်ကို သူသိသည်။ ဤသည်မှာ ကောင်းကင်အတိဒုက္ခပင်။ ဤအရာကို ရှောင်ပြေး၍မရ။ ဤအရာကိုဖြတ်ကျော်ရန် သူ့ကိုယ်သူသာ အားကိုးရမည်။
ထိုအချိန်တွင် လူများစွာ အော်ဟစ်လာကာ သူ့ထံသို့ အသံပို့လွှတ်လာကြသည်။ သို့သော်လည်း သူသည် လောကကြီးမှ ကင်းကွာနေသကဲ့သို့ ထိုအသံများအားလုံးကို လျစ်လျူရှုလိုက်သည်။
ဘယ်လိုပြန်တိုက်ခိုက်ရမည်ကို သူစဉ်းစားနေခြင်းပင်။
ဧကရာဇ်လူမျိုးစုများ၏ ပူးပေါင်းတိုက်ခိုက်မှုပင်လျှင် သူ့အတွက် ကပ်ဆိုးကြီးဖြစ်နေလေပြီ။ ကြောက်စရာအကောင်းဆုံးအရာကြီး သူ့ဆီထပ်ရောက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
ဝုန်း..
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကြီး ရောက်လာလေပြီ။ ဤနေရာနှင့် မနီးမဝေးသည့်နေရာ၌ ရပ်တန့်သွားကာ အောက်ဘက်ရှိအရာအားလုံးကို ချိတ်ပိတ်လိုက်သည်။
တာအိုစင်္ကြံမှာ သိပ်မကြီးပေ။ ရှေးကျကာ ရိုးရှင်းသည်။ ထာဝရအလင်းများကို ပြန်ရုတ်သိမ်းလိုက်သည့်အချိန်တွင် သူ၏သံကြေးတက်နေသည့်ကိုယ်ထည်ပေါ်လာသည်။ ဤသည်မှာ လျှပ်စီးဖြင့် ပြုလုပ်ထားသည်နှင့်မတူပဲ ကျောက်တုံးစင်္ကြံအစစ်နှင့်တူသည်။
ခေါင်းဖြတ်စက်တွင် အနီရင့်ရောင်အလင်းတစ်မျိုးရှိနေ၏။ ဤသည်မှာ အဆင့်လွန်သွေးများကို သောက်သုံးထားသကဲ့သို့ပင်။ သူ့ထံ၌ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ရှိနေသည်။
ဧကရာဇ်လူမျိုးစုများမှာ ဘာလုပ်ရမှန်းမသိတော့ပဲ ထိုနေရာ၌ရပ်ကာ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကိုသာ စိုက်ကြည့်နေကြသည်။
ခွပ်..
တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ပေါ်ရှိ ထိုခေါင်းဖြတ်စက်ကြီး လှုပ်ရှားလာသည်။ ထိုခေါင်းဖြတ်စက်မှ ထွက်ပေါ်လာသည့် သတ္တုသံမှာ ကြည့်နေသည့် ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။
ချွမ်း..
ခေါင်းဖြတ်စက်ကြီး တုန်ခါလာကာ နားကွဲလောက်သည့် သတ္တုကြိတ်သံများနှင့်အတူ တစ်ဖြည်းဖြည်းပွင့်လာသည်။ အနီရင့်ရောင်ဓားသွားမှာ တစ်ဖြည်းဖြည်း အပေါ်သို့ တက်သွားလေပြီ။
ဝုန်း..
ခေါင်းဖြတ်စက်ကြီး လုံလောက်အောင်မြင့်တက်သွားသည့်အချိန်တွင် ဓားသွားတစ်ခုလုံး တောက်ပကာ ထာဝရစွမ်းအင်များကို ထုတ်လွှတ်လာသည်။ ထိုနတ်အလင်းတန်းမှာ နေကိုပင် မှေးမှိန်သွားစေသည်။
“သူ လှုပ်ရှားနေပြီ .. ခေါင်းဖြတ်သတ်တော့မယ်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်တွင် လူတစ်ယောက် ချက်ချင်းပိတ်လှောင်ခံလိုက်ရသည်။ ထို့နောက် ခွပ်ဟူသည့်အသံနှင့်အတူ ထာဝရဓားကျလာကာ ထိုသက်ရှိကို နှစ်ပိုင်းပိုင်းပစ်လိုက်သည်။
ဝုန်း..
မိုးခြိမ်းသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး လျှပ်စီးများ ပြည့်နှက်သွားသည်။
သေဆုံးသွားသည့်သူမှာ ရှီဟောင်မဟုတ်။ ဧကရာဇ်လူမျိုးစုမှ လူငယ်တစ်ယောက်ပင်။ ဤသည်မှာ မမျှော်လင့်ထားသည့်အဖြစ်အပျက်ပင်။ ခေါင်းဖြတ်စက်သည် ရှီဟောင်မှ စတင်ခြင်းမဟုတ်ပဲ ကောင်းကင်အတိဒုက္ခမှ ဖန်တီးထားသည့် ထိုပုဂ္ဂိုလ်များမှ စတင်လိုက်ခြင်းပင်။
ဤသည်မှာ အားလုံးထင်မထားသည့်အရာပင်။ အဲဒီဧကရာဇ်လူမျိုးစုက ကောင်းကင်အတိဒုက္ခက ဖန်တီးထားတာမဟုတ်ဘူးလား .. အခုက ဘာလို့ သူတို့ကို ဖျက်ဆီးနေတာလဲ..
ထို့နောက် ဘေးပတ်လည်တွင်ရှိနေသည့် ဧကရာဇ်လူမျိုးစု လူငယ်အားလုံး ထိန်းချုပ်ခံလိုက်ရကာ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ပေါ်သို့ ရောက်သွားကြသည်။ သူတို့၏အဆုံးသတ်ကို ခန့်မှန်းရန် လွယ်ကူလှသည်ပင်။
ခေါင်းများတစ်လုံးပြီးတစ်လုံး ပြုတ်ကျလာသည်။ ဤသည်မှာ သာမန်နေရာမဟုတ်။ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ပင်။ ခေါင်းများသာ ပြုတ်ကျလာသော်လည်း ထိုခေါင်းထဲတွင်ရှိနေသည့် မူလဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရလေပြီ။
ဤမြင်ကွင်းမှာ အားလုံးကို ကြောက်ရွံ့သွားစေသည်။ ထိုသူများမှာ ရုန်းပင် မရုန်းနိုင်ကြပေ။
သူတို့ ဤအရာကို မည်ကဲ့သို့ ခုခံကြမည်နည်း.. ထာဝရသတ်ဖြတ်ခြင်းစင်မြင့်မှာ အားကောင်းလွန်းလှသည်။ ဤသည်မှာ သူတို့ကျင့်ကြံဆင့်ထက် များစွာမြင့်လှသည်ပင်။
“ရှီဟောင်…”
ချောင်ယုရှင်း အော်ဟစ်လိုက်သည်။ သူတကယ်ကို စိုးရိမ်နေခြင်းဖြစ်သော်လည်း သူဘာမှမလုပ်နိုင်။
“မဟုတ်ဘူး..” ပုရွက်ဆိတ်လေးနှင့် ယုန်ဖြူလေးတို့လည်း အော်ဟစ်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယခု ရှီဟောင်၏အလှည့်ပင်။ သူ့ကို အလင်းတန်းတစ်ခုမှ ပိတ်လှောင်ထားကာ သူမလှုပ်နိုင်တော့။
ထာဝရအလင်းများမှာ ချိန်းကြိုးများကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေပြီး သူ့အား ထိုထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်သို့ ခေါ်ဆောင်သွားကာ နီရဲနေသည့် ခေါင်းဖြတ်စက်အောက် ထားထားလိုက်သည်။
“ငါဘာလို့ ရုတ်တရက်ကြီး ဘဝကြီးက ပိုပြီးတောက်ပလာတယ်လို့ ခံစားနေရတာပါလိမ့်..” ဝမ်ရှီးအဘိုး တီးတိုးပြောလိုက်၏။ သူ၏မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေသည်ပင်။
အဘယ်ကြောင့်ဆိုသော် ဟွမ်လုပ်ပြခဲ့သည့်အရာများမှာ သူ့အား မသက်မသာခံစားရစေသည်။ သူ့ကိုသာ ဆက်လက်ရှင်သန်ခွင့်ပေးထားပါက ဟွမ် မည်သည့်အဆင့်ထိပင် ရောက်သွားမည်နည်း..
ယခု ဟွမ် ထိုထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်၌ သေသွားလျှင် ဝမ်မိသားစုအတွက် အကောင်းဆုံးပင်။ သူဘာမှစိတ်ပူနေစရာမလိုတော့။
ရှီဟောင် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်၌ လဲနေရသည်။ ထိုအချိန်တွင် ခေါင်းဖြတ်စက်မှ တောက်ပသည့်အလင်းတန်းများနှင့်အတူ ထာဝရမြူများ ထွက်ပေါ်လာသည်။ ထို့နောက် ကြောက်စရာကောင်းလှသည့် သတ္တုကြိတ်သည့်အသံ ထွက်ပေါ်လာလေသည်။
“မဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သူ ဤသည်ကို မကြည့်နိုင်တော့။
သို့သော်လည်း သူတို့ဘာမှ မတတ်နိုင်။
ပုရွက်ဆိတ်လေ၊ ယုန်ဖြူလေးနှင့် ချောင်ယုရှင်းတို့ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်လာကြရသည်။
“ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကို မြင်နိုင်တာက ဘဝရဲ့ကံကောင်းခြင်းလို့ ပြောလို့ရတယ်..” ကျင်းကျန်းအဘိုး သူ၏မုတ်ဆိတ်မွေးများကို သပ်လျှက် ပြောလိုက်သည်။
သူပြောသည်ကို လူအချို့သာ ကြားလိုက်ရသည်ပင်။
ဝုန်း..
ထာဝရအလင်းထွက်ပေါ်လာကာ သွေးများစင်ထွက်လာသည်။ ထိုခေါင်းဖြတ်စက်မှ သွေးတန်းတစ်တန်းလွင့်စင်သွားသည်ကို အားလုံးမြင်လိုက်ရသည်။
စွမ်းအားအကြီးဆုံး သွေးများကို မြည်းစမ်းရမှသာ ခေါင်းဖြတ်စက်ကြီး ဤသို့ တောက်ပလာသည်ကို အားလုံးသိကြသည်ပင်။ ခေါင်းဖြတ်စက်ကြီး အနီရင့်ရောင်ဖြစ်နေရခြင်းမှာ သူသည် ပြိုင်ဘက်ကင်းသည့် ကောင်းကင်သားတော်အားလုံးကို သတ်ထားသောကြောင့်ပင်။
“မလုပ်နဲ့ .. ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ..” လူအချို့အော်ဟစ်လိုက်ကြ၏။ ထိုလူများထဲတွင် အင်ပါယာဂိတ်မှ လူများလည်း ပါဝင်သည်ပင်။
သူတို့သည် ခွန်အားကြီးသည့်သူများကို လေးစားကြသည်။ ရှီဟောင် အနီရောင်နယ်စပ်ကောင်းကင်၌ ဘုရင် ၁၀ ယောက်ကို တစ်ယောက်တည်းသတ်ခဲ့သည်ဟု သိကတည်းက သူတို့ရှီဟောင်အား အလွန်လေးစားခဲ့ကြခြင်းပင်။
ထို့အပြင် အစောပိုင်း၌ သူသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကိုဖြတ်ကာ ဧကရာဇ်လူမျိုးစုများနှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီး သူ၏ကိုယ်ပိုင်လမ်းကြောင်းပေါ် ရောက်သွားနိုင်သည်ကို မြင်ခဲ့ရသောကြောင့် သူတို့ သူ့အား ပို၍လေးစားမိသည်။
ယခု သူသေသွားသည်ကို မြင်လိုက်သည့်အချိန်တွင် သူတို့အားလုံး တုန်လှုပ်သွားရသည်ပင်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို သူတို့မမြင်ချင်။
“ဟက် .. နောက်ဆုံးတော့ သေသွားပြီ .. အရာအားလုံး အဆုံးသတ်ဖို့ အချိန်ရောက်ပြီ..” ဝမ်ရှီး အဘိုးမှ ပြောလိုက်သည်။
ချွမ်း..
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်တွင် ထာဝရအလင်းပျောက်ကွယ်သွားကာ သွေးအလင်းတန်းလည်း ပျောက်ကွယ်သွားသည်။ ခေါင်းဖြတ်စက်လည်း တောက်ပခြင်းမရှိတော့။
ယခု သူတို့အားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်ပင်။
“မဟုတ်ဘူး .. ရှီဟောင် .. မင်းဘယ်လိုလုပ် သေနိုင်မှာလဲ..”
“ဟွမ်..”
ယုန်ဖြူလေးနှင့် ပုရွက်ဆိတ်လေးတို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်တွင် အလောင်းတစ်လောင်းနှင့် ခေါင်းတစ်လုံးရှိနေသည်။ ထိုခေါင်းမှ ရွှေရောင်အလင်းဖျော့လေး ထွက်နေသည်။
ဟွမ်က ဒီလိုပုံစံနဲ့ သေသွားပြီလား .. ဤသည်မှာ အစစ်အမှန်မဟုတ်ပဲ အိပ်မက် သို့မဟုတ် ပုံရိပ်ယောင်သာ ဖြစ်လိမ့်မည်ဟု အားလုံး ခံစားနေရသည်။
“ထာဝရသတ်ဖြတ်ခြင်းစင်မြင့် .. ဘယ်သူက ဒီလိုအရာမျိုးကို ဖြတ်ကျော်နိုင်မှာလဲ..” ထော်ဂုယုလုံ သက်ပြင်းချ၍ ပြောလိုက်သည်။
ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင်၊ ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်နှင့် အခြားသူများလည်း သက်ပြင်းချနေကြသည်ပင်။
“ဟား ဟား..” ဝမ်မိသားစုမှ လူများသည် တိတ်တဆိတ်ပင် ရယ်မောနေကြလေ၏။
ကျင်းမိသားစုမှ လူများ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကြလေသည်။
ဖုန်း..
ရုတ်တရက် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်တွင်ရှိနေသည့် ခေါင်းပြတ်နေသည့်အလောင်းတစ်လောင်း မတ်တပ်ထရပ်လာကာ သူ့ခေါင်းသူ ပြန်ကောက်တပ်လာသည်။ ထိုအပြင် မြေပြင်ထက်၌ရှိနေသည့် သွေးစွမ်းအင်များလည်း ပြောင်းပြန်စီးဆင်းကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။
“အာ .. ဘာဖြစ်နေတာလဲ..”
“ဘုရားရေ .. ဟွမ် မသေသေးဘူး .. သူ ဖြတ်ကျော်နိုင်ခဲ့ပြီ .. သူ ဘယ်လိုလုပ်လိုက်တာလဲ..”
အချို့သူများထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ဟွမ် ထိုခေါင်းဖြတ်စက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး သူ၏မူလဝိညာဉ်လည်း ပျက်စီးမသွား။
အားလုံး မယုံကြည်နိုင်ဖြစ်နေကြသည်။ သူမည်ကဲ့သို့ အသက်ရှင်လာသည်ကို သူတို့ မမှန်းဆနိုင်ဖြစ်နေကြသည်။
အပိုင်း ၁၆၀၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၈ – ပြန်လည်ရှင်သန်လာခြင်း၏ လျှို့ဝှက်ချက်
ဟွမ် မတ်တပ်ထရပ်လိုက်၏။ သူ၏လက်ထဲတွင် သွေးတစ်စက်စက်ကျနေသည့် ခေါင်းကိုကိုင်ထားကာ လည်ပင်းတွင် ပြန်တပ်လိုက်သည်။ စွမ်းအင်များ နေရာအနှံ့စီးဆင်းသွားကာ ရောင်စုံနတ်အလင်းများလည်း ထွက်ပေါ်လာသည်။
သူ၏လည်ပင်းတွင်ရှိနေသည့် ဒဏ်ရာ ပျောက်သွားကာ အရောင်ဖျော့နေသည့်သူ့မျက်နှာလည်း ပြန်လည်တောက်ပလာသည်။ သူ၏မျက်လုံးများပင် လျင်မြန်စွာ အသက်ဝင်လာသည်။
ဤသည်မှာ အလွန်ထူးဆန်းလှသည်။ သူသေသွားပြီဖြစ်သော်လည်း သူ၏အသက်ဓာတ် နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာသည်။
သိထားရမည်မှာ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်သည် ခန္ဓာကိုယ်ကို ထိခိုက်ရုံသာမက မူလဝိညာဉ်ကိုလည်း ဖျက်ဆီးပစ်ခြင်းပင်။ သို့သော်လည်း ယခုအချိန်တွင် ရှီဟောင်မှာ အကောင်းအတိုင်းပင်။ သူခေါင်းပြတ်သွားသော်လည် သူ၏ဝိညာဉ်ရှိနေဆဲပင်။
မြေပြင်မှ သွေးစွမ်းအင်များလည်း သူ၏မွေးညှင်းပေါက်များမှတစ်စင့် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်သည် ဝိညာဉ်လွင့်နေသည့်သူလိုမဟုတ်တော့ပဲ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ လျှပ်စီးအတိဒုက္ခကြောင့် မည်းတူးနေသည့်ဒဏ်ရာများပင် ပြန်လည်ကောင်းမွန်သွားသည်။
“ငါမယုံဘူး..” ဝမ်ရှီးအဘိုး အံကြိတ်ကာ ဤသည်ကို လက်မခံနိုင်ဖြစ်နေသည်။
ကျင်းကျန်းအဘိုး၏အမူအရာလည်းအေးစက်နေသည်။ သူလည်း ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေသည်။ ကျင်းမိသားစုနှင့် ဝမ်မိသားစုသည် ထိမ်းမြားခြင်းဖြင့် ပေါင်းစည်းထားသောကြောင့် သူတို့ ဟွမ်အားအကြိမ်ပေါင်းများစွာ ဆန့်ကျင်ခဲ့သောကြောင့် သူတို့ဤရလဒ်ကို မမြင်ချင်။
“ကောင်းလိုက်တာ .. သူ ဖြတ်ကျော်နိုင်ခဲ့ပြီ .. သူ အသက်ရှင်နေသေးတယ်..” ချောင်ယုရှင်း ကျယ်လောင်စွာ ရယ်မာလိုက်သည်။
ယုန်ဖြူလေးနှင့် ပုရွက်ဆိတ်လေးတို့လည်း အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေကြသည်ပင်။ သူတို့ ရှီဟောင်၏အလောင်းကို ကောက်ရလိမ့်မည်ဟု ထင်ထားခြင်းပင်။ သူကပ်ဆိုးကြီးကို ဖြတ်ကျော်နိုင်မည်ဟု မထင်ထားခဲ့။
အခြားသူများလည်း အံ့အားတကြီး ဟစ်ကြွေးနေကြသည်ပင်။
ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင်ချီဟုန်သည် သက်ပြင်းချလိုက်ကာ “ဟွမ်က တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ .. သူက ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကိုတောင် ဖြတ်ကျော်နိုင်တယ် .. ဒါက မြင်တွေ့နိုင်ဖို့ခက်ခဲတဲ့ အဖြစ်အပျက်ပဲ .. ကောင်းကင်ကိုတွန်းလှန်နိုင်တဲ့ စွမ်းရည်ရှိတဲ့သူ ပီသပါပေတယ်..”
“သူက တကယ်ကို တစ်ခြားသူတွေကို လေးစားအောင်လုပ်နိုင်တာပဲ .. သူက သေခြင်းနဲ့ရှင်ခြင်းကိုတောင် ခုခံနိုင်တယ် .. သူ ဘယ်လိုနည်းလမ်းတွေကိုများ သုံးလိုက်တာလဲ..” သက်ရှည်မိသားစုဆက်ခံသူ ထော်ဂုယုလုံမှ ပြောလိုက်သည်။
ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်လည်း ရှုပ်ထွေးနေကြသည်ပင်။ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကိုတွေ့ပြီး ဘယ်သူကများ အသက်ရှင်လာနိုင်လို့လဲ .. သမိုင်းထဲမှာ ဒီလိုမျိုးအောင်မြင်ဖူးတဲသူ ရှိတာလား .. သူတို့မသိ .. ဟွမ်က ဘယ်လိုလုပ်ခဲ့တာလဲ..
ဤနေရာ၌ ဆူညံသံများ ထွက်ပေါ်လာကာ အားလုံးမှာ ဟွမ် မည်ကဲ့သို့အသက်ရှင်ခဲ့သည်ကို သိချင်နေကြသည်ပင်။
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ပေါ်တွင်ရှိနေသည့် ရှီဟောင် မလှုပ်မယှက်ရပ်နေသည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် တောက်ပနေ၏။ သူသည် လက်ဝါးကိုဖြန့်ကာ သူ့လက်ဝါးပေါ်၌ရှိနေသည့် တာအိုတံဆိပ်များကို အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ပြောင်းလဲမှုများမှာ ရပ်တန့်မသွားသေး။
“ဟမ် .. မြန်မြန်ကြည့် .. သူ့ခေါင်းပေါ်မှာတာအိုပန်းပွင့်သုံးပွင့် ပေါ်လာပြီ .. အဲဒီပန်းတွေမှာ သက်ရှိတစ်ယောက်စီ ရှိနေတယ်..”
အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
ရှီဟောင်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်ကတည်းက တာအိုပန်းပွင့်သုံးပွင့်အား ရရှိခဲ့ခြင်းပင်။
အထူးသဖြင့် တာအိုပန်းပွင့်များပွင့်လာသည့်အချိန်တွင် ပန်းပွင့်ထဲ၌ ထိုင်နေသည့် သက်ရှိတစ်ယောက်ရှိနေသည်။ ထိုသက်ရှိကို ဖရိုဖရဲစွမ်းအင်နှင့် ထာဝရမြူများ ရစ်သိုင်းထားသောကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရ။
ဤသည်မှာ သူနှင့်တစ်ထပ်တည်းတူသည့်သတ္တဝါများဖြစ်ကြောင်း ရှီဟောင်သာသိသည်။
ထို့အပြင် ဤသက်ရှိများမှာ အတော်လေး ထူးခြားကြသည်။ သူတို့သည် စကားပြောခြင်းမရှိသလို လှုပ်ရှားခြင်းလည်းမရှိ။ သူတို့သည် ယခုခေတ်မှမဟုတ်ပဲ လွန်ခဲ့သည်နှစ်ပေါင်းများစွာကတည်းက ထိုင်နေသကဲ့သို့ပင်။
ဤနှစ်များအတွင်းတွင် ရှီဟောင် ဤသက်ရှိများကို သေချာမလေ့လာခဲ့သကဲ့သို့ သူတို့ထံမှ တိုက်ခိုက်နိုင်သည့်ခွန်အားကိုလည်း မရရှိခဲ့။
ထို့အပြင် သူ ထာဝရတာအိုကျမ်းစာကို ကျင့်ကြံသည့်အချိန်တွင် သူ၏ကျင့်ကြံခြင်းများမှာ အမြစ်မရှိသည့်ရေမှော်လေးများကဲ့သို့ ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။ ထာဝရစွမ်းအင်များရှိနေသော်လည်း သူ၏ခန္ဓာကိုယ်ထဲ၌ အမြစ်တွယ်နေခြင်းမဟုတ်။
ထို့ကြောင့် သူ ထာဝရစွမ်းအင်သုံးကြောင်းကို ပျက်ပြယ်စေလိုက်ကာ သူ၏အသွေးအသား၊ အတွင်းအင်္ဂါများနှင့် အရိုးများတွင် အမြစ်တွယ်စေလိုက်ခြင်းပင်။
ထိုအချိန်က ဤသက်ရှိများလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဤသည်မှာ ပျောက်ကွယ်သွားခြင်းမဟုတ်ပဲ သူ့ခန္ဓာကိုယ်ထောင့်တစ်နေရာ၌ ရှိနေမည်ကို သူသိသည်။
ယခုတစ်ခေါက်တွင်တော့ အသက်ရှင်နိုင်ရန် သူနည်းလမ်းမျိုးစုံ သုံးခဲ့သည်။ မိုးမခနတ်ဘုရား၏နည်းလမ်းကို အသုံးပြုကာ သူ၏မူလဝိညာဉ်ကို မိုးမခနတ်ဘုရားထံ၌ အပ်နှံထားခဲ့သည်။ သူသည် ပြန်လည်ဝင်စားခြင်းပင်လယ်၏အသက်စွမ်းအားကိုပင် အသုံးပြုခဲ့သေးသည်။
သို့သော်လည်း ဤအရာများမှာ အသုံးမဝင်သည်ကို သူတွေ့လိုက်ရသည်။
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ထက်တွင် ထိုလူသတ်စက်မှ ဓားသွား သူ့လည်ပင်းပေါ်သို့ ကျလာကာ သူ၏ခေါင်းကို ဖယ်ရှားပစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရှီဟောင်သက်ပြင်းချလိုက်မိသည်။ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ကို တွေ့လိုက်ရသောကြောင့် သူသေဆုံးတော့မည်။ ဤဘဝမှာ ဤနေရာ၌ပင် အဆုံးသတ်သွားတော့မည်။
သို့သော် အဆုံး၌ မယုံကြည်နိုင်လောက်သည့်အရာများ ဖြစ်ပေါ်လာသည်။ ထို တာအိုပန်းပွင့်ထဲတွင် ထိုင်နေသည့် သက်ရှိ သူ့အလိုလိုပေါ်လာသည်။
ထိုသက်ရှိသည် သူယာယီနေထိုင်သည့် ပြန်လည်ဝင်စားခြင်းပင်လယ်မှ တရှိန်ထိုးထွက်လာကာ သူ၏မူလဝိညာဉ်နှင့်ပေါင်းစည်းသွားပြီး ထိုခေါင်းဖြတ်စက်၏အနီရင့်ရောင်အလင်းကို ခုခံလာသည်။
ထိုအနီရင့်ရောင်အလင်းမှာ အစက သူ၏ဝိညာဉ်ကို မလွဲမသွေ ဖျက်ဆီးပစ်မည်ပင်။ သို့သော်လည်း ယခုတော့ ရပ်တန့်သွားလေပြီ။
ထိုအချိန်တွင် ထိုထူးဆန်းသည့်သက်ရှိမှ သူ့အစား သေဆုံးသွားပြီး ပျောက်ကွယ်သွားတော့မည်ကို သူတွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူ ရှုံးနိမ့်သွားသည်ဟု ခံစားလိုက်ရကာ ထိုသေဆုံးမှုအား အော်ဟစ်ကာ တားဆီးချင်မိသည်။ သို့သော်လည်း သူဘာမှမလုပ်နိုင်။
ဤတာအိုအသီးအပွင့်မှာ သူ့အတွက် အလွန်အရေးကြီးပြီး သူဤသည်ကို ဆုံးရှုံးခံ၍မရသည်ကို သူသိသည်။ ယခု ထိုသက်ရှိ သူ့အစားသေဆုံးသွားလေပြီ။ သူ ဤသည်ကို လက်မခံနိုင်။
နောက်ဆုံးတွင်တော့ သူအသက်ရှင်ခဲ့လေပြီ။
သို့သော် နောက်ဆုံးအခိုက်အတန့်တွင် တံဆိပ်တစ်ခု ထိုသက်ရှိထံသို့ ပျံသန်းသွားကာ ပျက်ပြယ်တော့မည့် သူ၏ပုံရိပ်ကို တည်ငြိမ်သွားအောင် လုပ်ပေးလိုက်သည်ကို တွေ့လိုက်ရသည်။ သူသည် သတ်ဖြတ်သည့်အလင်းကို ခုခံကာ အသက်ရှင်နိုင်ခဲ့သည်။
ရှီဟောင် သူ၏ခေါင်းပေါ်တွင်ရှိနေသည့် တာအိုပန်းပွင့်များနှင့်အတူ ထိုပန်းပွင့်များထဲတွင်ထိုင်နေသည့် သက်ရှိများကို သေချာလေ့လာလိုက်သည်။
ထို့နောက် သူ၏ညာလက်ဝါးကို သူပြန်ကြည့်လိုက်သည်။
ထိုနေရာ၌ တံဆိပ်တစ်ခု ပျောက်သွားပြီဖြစ်ပြီး လေးခုသာ ကျန်တော့သည်။
ရှီဟောင်၏ ယခင်က ပြန်လည်ဝင်စားသလို ခံစားခဲ့ရသည့် အတွေ့အကြုံများမှာ သူ၏လက်ဝါးတွင် ပြန်လည်ဝင်စားခြင်းတံဆိပ်ငါးခု ထားခဲ့သည်ပင်။ နောက်ဆုံးတစ်ခုမှာ မပျက်စီးနိုင်သည့်တောင်မှ ရရှိခဲ့ခြင်းပင်။
ထိုအချိန်က သူသည် ထိုတောင်၌ ရန်သူတစ်ယောက်နှင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကာ နောက်ဆုံးတွင် နှစ်ဦးလုံး သေဆုံးခဲ့ရသည်။
ထိုအချိန်၌ ငါးခုမြောက် ပြန်လည်ဝင်စားခြင်းသင်္ကေတအား ရရှိခဲ့ခြင်းပင်။
ယခုတော့ တံဆိပ်တစ်ခု ပျောက်ကွယ်သွားကာ လေးခုသာကျန်တော့သည်။
တာအိုပန်းပွင့်ထဲတွင် ထိုင်နေသည့်သက်ရှိမှာ ဖရိုဖရဲစွမ်းအင်နှင့် ထာဝရမြူများ ရစ်သိုင်းထားသော်လည်း သူရှင်းရှင်းလင်းလင်း မြင်နေရဆဲပင်။
သို့သော်လည်း ဤသည်မှာ သူနှင့်မတူတော့။ သူ၏ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် ရေးထိုးထားသည့် သင်္ကေတများမှာ ပို၍ပင် ထူးခြားသေးသည်။
သံခြေချင်းကဲ့သို့ သတ္တုကွင်းတံဆိပ်တစ်ခု သူ၏ခန္ဓာကိုယ်ကို ချည်နှောင်ထားသည်။ ထိုတံဆိပ်သည် သူ့ကို မလှုပ်ရှားအောင် ကန့်သတ်ထားသည်ပင်။
ဤသည်မှာ ရှီဟောင်ကို တုန်လှုပ်သွားစေသည်။
ဤသက်ရှိ သူ့အစား အသေခံလိုက်သော်လည်း ထိုတံဆိပ်မှ ဤသက်ရှိပျက်ပြယ်မသွားအောင် တားဆီးပေးခဲ့သည်။ တံဆိပ်မှာ ထိုသက်ရှိ ပျောက်ပြယ်မသွားအောင် ဖိနှိပ်ထားခြင်းပင်။
အချိန်အတော်ကြာသွားသော်လည်း ရှီဟောင် ဘာမှမပြောသေး။ သူ၏အမူအရာမှာ ဆက်တိုက်ပင် ပြောင်းလဲနေသည်။ ဤကိစ္စမှာ အလွန်ထူးဆန်းလှသည်ပင်။
ဝုန်း..
ထာဝရသတ်ဖြတ်ခြင်းစင်မြင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပျက်ပြယ်သွားသည်။ ထိုအလင်းတန်းနှင့်အတူ လျှပ်စီးအတန်းလည်း ရောက်လာသည်။
ယခုအချိန်တွင်တော့ လျှပ်စီးများမှာ သူ့ကိုထိခိုက်အောင် မလုပ်နိုင်တော့။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို ဖြတ်သန်းပြီး သေခါနီးအခြေအနေများကို ကြုံတွေ့ခဲ့ရပြီး သူလုံလောက်အောင် ခံစားပြီးသွားပြီပင်။
ကောင်းကင်အတိဒုက္ခမှာ အဆုံးသတ်သွားလေပြီ။
ကောင်းကင်ထက်၌ ကန်လေးတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုကန်ထဲမှ တောက်ပသည့်အရည်များ စီးကျနေလေ၏။ ထိုအရည်များမှာ မွှေးကြိုင်ပြီး သူ၏စိတ်ကို လန်းဆန်းစေသည်။ ရှီဟောင် ထိုအရည်များကို လက်ဖြင့် လက်ခံလိုက်ကာ သောက်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောက်ပသည့်အလင်းရောင်များထွက်ပေါ်လာသည်။
ထိုကန်လေးမှ သူရှိနေသည့်ဘက်သို့ အရည်များ ဆက်တိုက်စီးဆင်းနေသည်။
ရှီဟောင်၏မျက်လုံးမှ အလင်းများ တောက်ပလာသည်။ သူသည် ထိုအရည်များကို အလောတကြီး ယူမနေပဲ ထိုင်ချလိုက်ကာ သူ့ပါးစပ်ကို ဟထားလိုက်သည်။ ထို့နောက် အလုပ်ကြီးကြီး မြိုချလိုက်လေ၏။
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှာ အလွန်တောက်ပနေပြီး သူ၏ဒဏ်ရာများလည်း ပျောက်ကွယ်သွားလေပြီ။ သူ၏ကျိုးသွားသည့်အရိုးများပင် ချက်ချင်းပြန်ဆက်သွားလေပြီ။
“လျှပ်စီးအတိဒုက္ခရည် … ဒါက သဘာဝကံကောင်းမှုကြီးလဲ..” လူများစွာမှ ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ သူတို့မျက်နှာထက်တွင် မနာလိုမှုများ ပြည့်နှက်လာသည်။ ဤသည်မှာ ဒဏ္ဍာရီလာအဆင့်အလွန်အရည်ပင်။ ဤအရည်ကို သောက်လိုက်သည်နှင့် ခန္ဓာကိုယ်အတွက် အလွန်အကျိုးများမည်ပင်။
အထူးသဖြင့် ဤသည်မှာ သမိုင်းတစ်လျှောက်တွင် စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခပင်။ ထို့ကြောင့် ပေါ်လာသည့် လျှပ်စီးအတိဒုက္ခရည်လည်း ပို၍ အံ့အားသင့်စရာကောင်းမည်ပင်။ လူငယ်မျိုးဆက်များအတွက် ဤသည်မှာ ထိတ်လန့်စရာကောင်းလောက်သည့် ကံကောင်းမှုကြီးပင်။
ယခုအချိန်တွင် ထိုအရေသည် လျှပ်စီးကန်ထဲမှ စီးကျလာကာ ရှီဟောင်ပါးစပ်ထဲသို့ တန်းဝင်သွားသည်။
သန့်စင်ကာ လှပလှသည့် လကျောက်စိမ်းယုန်ဖြူပင်လျှင် သူ၏အသွင်အပြင်ကို ဂရုစိုက်မနေပဲ သူ၏ပါးစပ်ကို သုတ်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် သူမတံတွေးများ အပြင်ဘက်သို့ စီးကျလာတော့မည်။
“မင်းပြန်လာရင် ငါ့ကိုတစ်ခွက်တိုက်..” ချောင်ယုရှင်းသည် အော်ပင်အော်လိုက်လေ၏။
အဝေးတွင်ရှိနေသည့် လူများမှာ မျက်လုံးများ နီရဲလာကာ သူ့အစား ထိုအရည်များကို လိုချင်လာကြလေ၏။
ထိုထဲတွင် ကျင်းကျန်းအဘိုးနှင့် အခြားသူများ အပါအဝင်ပင်။ သူတို့ မျက်လုံးများနီရဲလာကာ ဤသည်ကို လက်မခံနိုင်ဖြစ်နေကြသည်။ ဟွမ်သည် မသေသည့်အပြင် ဤအရည်ကြောင့် ပို၍စွမ်းအားကြီးလာလေပြီ..”
“ငါမယုံဘူး .. ဘာလို့ အခုထိ အကြောင်းမပြန်သေးတာလဲ..” ဝမ်ရှီးအဘိုး သူ့ကိုယ်သူ ပြောလိုက်သည်။ သူ၏ ခြောက်ကပ်နေသည့် လက်သီးများကို တင်းတင်းဆုတ်လိုက်ကာ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက် ရေးရေးလေး ပေါ်လာလေသည်။
သူ၏အင်္ကျီလက်များ တိတ်တဆိတ်လှုပ်ရှားသွားကာ ပစ္စည်းတစ်ခု လေဟာနယ်ကို ထိုးဖောက်သွားသည်။ ဤသည်ကို မည်သူမှ သတိမထားမိလိုက်ကြ။
“အမ် .. တစ်ခုခုထွက်သွားပြီ..” ဝမ်ရှီးအဘိုး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဟွမ် .. လူတစ်ယောက်ကို ခြေရာလက်ရာမကျန်ပဲသတ်တယ်တာက ဘယ်လိုမျိုးလဲဆိုတာ ငါမင်းကို ပြပေးမယ် .. ငါမင်းရဲ့ တာအိုအသီးအပွင့်တွေကို ဖျက်ဆီးပစ်ပြီးတော့ မင်းကို တစ်စစီလုပ်ပစ်မယ်..” သူအေးစက်စွာ ပြောလိုက်သည်။
အပိုင်း ၁၆၀၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၉ – လျှပ်စီးဝိညာဉ်
ဝမ်မိသားစုမှ ကျွမ်းကျင်သူများမှာ ရှီဟောင်အား ဆန့်ကျင်ကြသောကြောင့် သူစွမ်းအားကြီးလာမည်ကို သူတို့သည်းမခံနိုင်။
ဝမ်မိသားစုမှ နဂါးငါးကောင်မှာ ရှီဟောင်ကြောင့် အင်ပါယာဂိတ်သို့ နှင်လွှတ်ခံရခြင်းဖြစ်သောကြောင့် သူတို့ ရှီဟောင်အား အမုန်းကြီးမုန်းနေကြသည်ပင်။ မမျှော်လင့်ထားသည့်အဖြစ်အပျက်တစ်ခုခု ဖြစ်ပျက်ခြင်းမရှိပါက သူတို့ ဤနေရာမှ ထွက်ခွာရမည်မဟုတ်ပဲ ဤနေရာ၌သာ သေဆုံးသွားလိမ့်မည်။
ထို့ကြောင့် အင်ပါယာဂိတ်ရှိ ဝမ်မိသားစုမှ လူများသည် ကောင်းကင်ဘုံကိုးခုရှိလူများထက် ရှီဟောင်အားပို၍မုန်းတီးနေခြင်းပင်။
ရှီဟောင် အတိဒုက္ခကို ဖြတ်သန်းပြီးနောက် ဝမ်ရှိးအဘိုး ပထမဆုံးလုပ်သည့်အရာမှာ အင်ပါယာဂိတ်မှ အရေးကြီးသည့်သူများနှင့် ဆက်သွယ်ခြင်းပင်။ နဂါးငါးကောင်လည်း ဤအကြောင်းကို သိသွားသည်ပင်။
ဝမ်ရှီးအဘိုး သူ၏အင်္ကျီလက်ကို ဝေ့ရမ်းပြီး သေချာအနီးကပ် လေ့လာလိုက်သည်။ ဤသည်မှာ ကျောက်ဗူးလေးတစ်ခုဖြစ်ပြီး ထိုဗူးထက်တွင် သူ့အားတုန်လှုပ်သွားစေသည့် စာလုံးအချို့ ရေးထိုးထားသည်။
ဤသည်မှာ ဝမ်တလက်ဆင့်ကမ်းပေးခဲ့သည့် အလေးအမြတ်ပစ္စည်းတစ်ခုပင်။
“ဘုရားရေ .. လောကကြီးမှာ ဒီလိုမျိုးပစ္စည်းလည်းရှိသေးတာလား .. ဒီလိုမျိုးသတ္တဝါလည်းရှိသေးတာလား..” ဝမ်ရှီးအဘိုးစိတ်ထဲတွင် ကြောက်ရွံ့သွားရသည်။ ထို့နောက် သူချက်ချင်းပင် ပျော်ရွှင်သွားလေသည်။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ပစ္စည်းမျိုးကို အသုံးပြုကာ ရှီဟောင်အား သတ်မည်ဖြစ်သောကြောင့် သူ၏လုံခြုံရေးကို စိတ်ပူစရာမလိုတော့။ ထို့အပြင် ဤအရာသာ သေချာကျင့်ကြံပြီး သေချာအသုံးပြုနိုင်လျှင် ဤသည်မှာ ဝမ်မိသားစု၏ ပြိုင်ဘက်ကင်းသည့်အစေခံဖြစ်လာနိုင်သည်။
သို့သော်လည်း သူစိတ်မလှုပ်ရှားပဲ မနေနိုင်။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ ရှားပါးလွန်းလှသည်ပင်။ သူ၏လက်ချောင်းများပင် တုန်ယင်နေလေပြီ။
“တာအိုရောင်းရင်း .. ဘာဖြစ်နေတာလဲ..” ကျင်းကျန်းမေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏လက် အနည်းငယ် တုန်ယင်နေပြီး အင်္ကျီလက်များ လှုပ်ရှားနေသည်ကို သူတွေ့လိုက်ရသည်ပင်။
“အဟွတ် .. ဘာမှမဟုတ်ပါဘူး .. ဟွမ် ပျက်စီးတော့မယ်ဆိုတာ တွေးမိတော့ ကျုပ်အရမ်းပျော်လို့ပါ..” ဝမ်ရှီးအဘိုးမှာ သူ၏ပျော်ရွှင်မှုကို ဖုံးကွယ်မထားပေ။ သူ၏မျက်နှာထက်၌လည်းအပြုံးတစ်ခု ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် သူ၏လက်ထဲတွင်ရှိနေသည့် ပစ္စည်းသည် ကောင်းကင်အတိဒုက္ခကို နှောက်ယှက်နိုင်ကာ ရှီဟောင်၏တာအိုကို ဝင်ရောက်စွက်ဖက်နိုင်သည်။
ကောင်းကင်အတိဒုက္ခမှာ အပြီးဆုံးသေး။ ပြီးခါနီးနေပြီဆိုသော်လည်း ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှာ ပျောက်ကွယ်မသွားသေး။ ဤအရာကိုသာ လွှတ်လိုက်ပါက ထိတ်လန့်စရာကောင်းလောက်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ပင်။
လျှပ်စီးဝိညာဉ်မှာ ဒဏ္ဍာရီလာဝိညာဉ်တစ်ခုဖြစ်ပြီး ယခင်က တစ်ခါမှ မမြင်ဖူးခဲ့။ ဤကဲ့သို့သော အရာမျိုးရှိလိမ့်မည်ဟု သူမထင်ထားခဲ့။
သို့သော် ဝမ်ရှီးအဘိုး ယခုလေးတင်ရခဲ့သည့် ကျောက်ဗူးလေးပေါ်တွင် စာလုံးအချို့ရေးထားသည်။ ထိုဗူးထဲတွင် လျှပ်စီးဝိညာဉ် ရှိနေခြင်းပင်။
ဤအရာမှာ လျှပ်စီးအတိဒုက္ခထဲတွင်မွေးဖွားခဲ့သည်ဟု ပြောကြသည်။ သူသည် လျှပ်စီးအလင်းတန်းများကို ဝါးမြိုပစ်နိုင်ကာ ကောင်းကင်အတိဒုက္ခကိုပင် ဝါးမြိုပစ်နိုင်သည့်အထိပင်။ ထို့ကြောင့် ဤကဲ့သို့သောအရာမျိုးရှိလိမ့်မည်ဟု မည်သူမှ မယုံကြည်ခဲ့ခြင်းပင်။
သာမန်လူများမပြောနှင့် အဆင့်လွန်သက်ရှိများပင် ဤကဲ့သို့သောအရာမျိုးရှိသည်ကို မယုံကြည်ကြ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မဖြစ်နိုင်သည့်အရာပင်။
ကောင်းကင်အတိဒုက္ခမှာမည်ကဲ့သို့သော အရာဖြစ်သနည်း.. ဤသည်မှာ ကောင်းကင်၏ခွန်အားဖြစ်ပြီး အတိဒုက္ခဖြစ်တည်သည့်အချိန်လည်း တိုတောင်းလှသည်ပင်။ ထိုအချိန်တိုလေးအတွင်းတွင် မည်ကဲ့သို့သော သက်ရှိမျိုးဖြစ်လာနိုင်မည်နည်း..
သို့သော်လည်း ယခုအချိန်တွင် ဝမ်ရှီးအဘိုးထံ၌ တစ်ခုရှိနေလေပြီ။ ဝမ်တ မစဉ်းစားပဲ ပြောမည်မဟုတ်ဟု သူယုံကြည်သည်။ ဘိုးဘေးတစ်ယောက်က ဘယ်လိုလုပ် သူ့စကားကို ချိုးဖောက်မည်နည်း..
ဤသည်မှာ ဝမ်မိသားစု၏ ပထမဆုံးနဂါးပင်။
ဝမ်တနှင့်ပတ်သက်သည့် ဒဏ္ဍာရီတစ်ခုကို သူတွေးမိသွားသည်။
ယခင်က ဝမ်တ လောကအနှံ့ လျှောက်သွားခဲ့ပြီး ယခင်ခေတ်မှ ကျန်ခဲ့သည့် ချိတ်ပိတ်ထားသည့်လျှို့ဝှက်လောကတစ်ခုထဲသို့ ဝင်သွားခဲ့သည်။ သူ ထိုနေရာ၌ သေမလိုဖြစ်ခဲ့သည်။ ထာဝရဝမ်မှ သိသွားကာ သူ့အား ထာဝရစစ်ရဲဒင်းဖြင့် ကယ်နိုင်ခဲ့ခြင်းပင်။
ထိုရောတွင် အဆုံးမရှိသည့် လျှပ်စီးများရှိနေသည်ဟု ပြောလေသည်။ ဒီလျှပ်စီးဝိညာဉ်ကို အဲဒီက ထုတ်လာတာများလား..
အရိုးစာအုပ်များအရဆိုလျှင်တော့ ဤကဲ့သို့သော သက်ရှိမှာ လျှပ်စီးများထဲ၌ မွေးဖွားမည်ပင်။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးမှာ သူ၏အစားအစာပင်။
“ဟား ဟား .. ငါတို့က မင်း နောက်ဘဝကူးမှာကို စောင့်နေတာ..” ဝမ်ရှီးအဘိုးပြောလိုက်သည်။
အထက် ကောင်းကင်ဘုံကိုးခုတွင် ရှီဟောင် ခြေချိတ်ထိုင်နေပြီး သူ့တစ်ကိုယ်လုံး အလင်းတန်းများ တောက်ပနေသည်။ သူသည် ကျလာသည့် လျှပ်စီးအတိဒုက္ခရည်များကို သောက်ပြီး အကျိုးကျေးဇူးများစွာ ရရှိနေသည်။
သူသည် အရေခွံအဟောင်းလဲကာ ကျောက်စိမ်းကဲ့သို့သော အရေခွံအသစ် ရလာသည်ဟု ပြော၍ရသည်။ သူ၏ဆံပင်များပင် ကျွတ်ကျလာပြီး တောက်ပကာ မည်းနက်နေသည့်ဆံပင်အသစ် ပြန်ပေါ်လာသည်။
ယခုအချိန်တွင် လျှပ်စီးအလင်းတန်းများမှာ သူ့အား မထိခိုက်နိုင်တော့။
ရှီဟောင် ကောင်းကင်ထက်တွင်ရှိနေသည့် လျှပ်စီးကန်အား ကြည့်လိုက်သည်။ ထိုလျှပ်စီးကန်မှာ အလွန်ဝေးနေသောကြောင့် ထိုကန်အား တရှိန်ထိုးပြေးကာ သိမ်းယူနိုင်မည့် အခွင့်အရေးအား စောင့်နေခြင်းပင်။
ကောင်းကင်အတိဒုက္ခမှာ အနည်းငယ် ထူးဆန်းနေသည်ဟု သူ ရုတ်တရက်ခံစားမိလိုက်သည်။ ကောင်းကင်အတိဒုက္ခမှာ ပြီးသည့်ပုံမပေါ်သော်လည်း အရည်များစီးကျလာသည့် လျှပ်စီးကန်ပေါ်လာလေပြီ။ တစ်ခုခုတော့ မှားနေလေပြီ။
“အမ် .. ကောင်းကင်ဘုံနောက်မှာ ကောင်းကင်ရှိနေတယ် .. ဒါက စကားပုံသက်သက်မဟုတ်ပဲ တကယ်ရှိနေတာပဲ..” ရှီဟောင် ရုတ်တရက်တစ်ခုခုကို စဉ်းစားမိသွားသည်။
ကောင်းကင်ဘုံကိုးခုအထက်တွင် လျှပ်စီးအလင်းတန်းများအပြင် တိမ်များကြား၌ အလွန်မှုန်ဝါးနေသည့် ကောင်းကင်တစ်ခုရှိနေသည်ကို သူတွေ့လိုက်ရသည်။ ထိုနေရာမှာ မှုန်ဝါးလှသောကြောင့် သူ၏ကောင်းကင်မျက်လုံးဖြင့် မကြည့်လျှင် မမြင်ရပေ။
“လျှပ်စီးကန်နှစ်ခု .. ငါပထမဆုံး တွေ့ဖူးတာပဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူ တစ်ခုခုစဉ်းစားမိသွားကာ ဘာဖြစ်တော့မည်ကို သူချက်ချင်း နားလည်သွားရသည်။
၁၀ခုမြောက်ကောင်းကင်ဘုံအထက်၌ လျှပ်စီးကန်လေးတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုကန်လေးသည် တစ်ပေပတ်လည်ခန့်သာရှိပြီး အထဲဘက်တွင် မူလရှေးဟောင်းမြူနှင့် ထာဝရစွမ်းအင်များရှိနေသည်။
ကောင်းကင်ဘုံကိုးခုမှ လျှပ်စီးကန်မှာ ထိုလျှပ်စီးကန်နှင့် ဆက်စပ်နေသည်ပင်။
“ကိုးလွှာမြောက်ကောင်းကင်ဘုံမှာရှိတဲ့အရာတွေက ၁၀ လွှာမှာရှိတဲ့အရာတွေလောက် မကောင်းဘူး .. သူက ငါ့ကိုလှည့်စားချင်နေသေးတယ် .. ဆုတောင်းလေ..” ရှီဟောင် ခနဲ့လိုက်သည်။
သူ ဤအကြောင်းကို သေချာမတွေး။ ၁၀ လွှာမြောက် ကောင်းကင်ဘုံရှိနေသည်ကို သိပြီးနောက် သူကျေနပ်သွားရသည်။
“ငါနားလည်ပြီ .. ကိုးလွှာမြောက်ကောင်းကင်ဘုံရဲ့ လျှပ်စီးအတိဒုက္ခရည်က အရောတွေ .. သူက ၁၀ လွှာမြောက် ကောင်းကင်ဘုံက စီးကျလာတာ..” ထိုကန်နှစ်ခုမှာ အထက်အောက်ရှိနေသောကြောင့် သူ ဤကဲ့သို့ ကောက်ချက်ချလိုက်သည်။
လျှပ်စီးအတိဒုက္ခမပြီးသေးသောကြောင့် လျှပ်စီးကန်များလည်း ပျောက်ကွယ်သွားဦးမည်မဟုတ်။ သူနည်းနည်းလေးမှ စိတ်မပူမိ။ သူ ဤကန်နှစ်ခုလုံး လိုချင်သည်။
ရွှီး..
သူ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားကာ ဒုတိယမြောက်ကန်ရှေ့တွင် ချက်ချင်းပေါ်လာသည်။ ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ထိုအရည်များကို သောက်နေခြင်းမဟုတ်ပဲ အဖိုးတန်အရည်များကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို ဆေးကြောနေခြင်းပင်။
ပိုကောင်းသည့် လျှပ်စီးအတိဒုက္ခရည်များရှိသေးသည်ကို သိလိုက်ရသောကြောင့် သူနှမြောမနေပဲ ဤအရည်များဖြင့် သူ၏ခန္ဓာကိုယ်ကို သန့်စင်လိုက်သည်။
သေချာပါသည်။ ဤကန်မှာ သူ့အားငြင်းပယ်ခြင်းမရှိ။
ယခု ရှီဟောင် ရွေးချယ်စရာ ပေါ်လာလေပြီ။ လျှပ်စီးအတိဒုက္ခ၏ အန္တရာယ်အများဆုံး အပိုင်းပြီးသွားပြီဖြစ်သောကြောင့် ယခုအချိန်မှာ အကျိုးအမြတ်များကို ရိတ်သိမ်းရမည့်အချိန်ပင်။ သူဆက်သွားသင့်လား ဒါမှမဟုတ် အားလုံးကို သိပ်သည်းအောင် အရင်လုပ်သင့်လား…
ဤအတိဒုက္ခကို ဖြတ်သန်းပြီးနောက်တွင် သူသည် အဆင့်တက်ကာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ သွား၍ရပြီဖြစ်သည်။
ဤအသက်အရွယ်ဖြင့် ဤကျင့်ကြံဆင့်ရောက်သွားသည့်သတင်းသာ ပျံ့သွားလျှင် သေဆုံးသွားသည့်သူများပင် ထိတ်လန့်သွားလိမ့်မည်။
သူ့အသက်အရွယ်တွင် မည်သူမှ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ မရောက်နိုင်သေး။ အနည်းဆုံးတော့ ယခုခေတ်တွင် မည်သည့်လူငယ်မှ ဤအရာကို မလုပ်နိုင်သေး။
ဤသည်မှာ အနည်းငယ် လျင်မြန်လွန်းသည်ဟု သူပင်ခံစားနေရသည်။
ဟင်းလင်းပြင်တာအိုနယ်ပယ်ထဲသို့ ဝင်ရောက်ရန် သူသည် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်အသုံးပြုကာ သုံးနှစ် သီးသန့်ကျင့်ကြံခဲ့သည်။ ယခု တစ်နှစ်သာကုန်သေးသည်။ သူနောက်တစ်ကြိမ် အဆင့်တက်တော့မည်။ ဤသည်မှာ အခြားသူများအား ဆွံ့အသွားစေမည်ပင်။
ဤတစ်နှစ်အတွင်းတွင်လည်း သူအများကြီး မတိုက်ခိုက်ရသေး။ အဘယ်ကြောင့်ဆိုသော် ဤတစ်နှစ်အတွင်းတွင် နယ်ခြားစပ်ကို လာရန်အတွက် အခြားသူများနှင့် အုပ်စုဖွဲ့ကာ နယ်ခြားစပ်၏ လျှို့ဝှက်ချက်များနှင့် အခြားအရာများကို သင်ယူခဲ့ရသည်။
“ဒါက မြန်လွန်းတယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သေချာစဉ်းစားပြီးသည့်နောက် သူအနည်းငယ် အခြေကျအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ထာဝရကျမ်းစာကို တစ်နှစ်သာ ကျင့်ကြံရသေးသည်။ သူ၏ခန္ဓာကိုယ်ကို ချိန်ညှိနေဆဲဖြစ်ပြီး ထာဝရစွမ်းအင်များလည်း သူ့ခန္ဓာကိုယ်ထဲ၌ အမြစ်တွယ်ခါစသာရှိသေးသည်။ သူသာ အလောတကြီးဖြင့် နောက်တစ်ဆင့်တက်ပါက အနည်းငယ် မတည်မငြိမ်ဖြစ်သွားလောက်သည်။
“ငါ့ကို တစ်ယောက်ယောက်က ဖိအားပေးမလားဆိုတာ စောင့်ကြည့်ကြတာပေါ့ .. တိုက်ပွဲပတ်ဝန်းကျင်က သိပ်ပြီးတော့ မဆိုးရင် ငါ့ရဲ့တာအိုအုတ်မြစ်ကို အခြေခိုင်အောင် အရင်လုပ်မယ် .. ဘာပဲဖြစ်ဖြစ် ငါကြိုက်တဲ့အချိန် အဆင့်တက်လို့ရတာပဲ..” ရှီဟောင် ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် လျှပ်စီးကန်ထဲ၌ ထိုင်နေလျက်ဖြင့် ထာဝရတာအိုကျမ်းစာကို အသက်သွင်းလိုက်သည်။ ဤနေရာတွင်ရှိနေသည့် သဘာဝကံကောင်းမှုများဖြင့် သူ့ကိုယ်သူ ပြုပြင်ကာ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသည့် ထာဝရစွမ်းအင်သုံးကြောင်းကို အားဖြည့်ရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင် တာအိုပန်းပွင့်သုံးပွင့်ကို နောက်တစ်ကြိမ် ပျက်ပြယ်စေလိုက်သည်။ ထိုပန်းပွင့်ထဲတွင်ရှိနေသည့် ထူးဆန်းသည့်သက်ရှိမှာ သူ၏ ပြန်လည်ဝင်စားခြင်းပင်လယ်ထဲ၌ အိပ်နေလေပြီ။
ထာဝရစွမ်းအင်များ ပျက်ပြယ်သွားသည်နှင့် သူ၏ရိုးတွင်းချဉ်ဆီနှင့် အတွင်းအင်္ဂါများထဲသို့ ဝင်ရောက်သွားကာ သူ၏ခန္ဓာကိုယ်နှင့် ရောနှောသွားသည်။
ဝုန်း..
ထာဝရတာအိုကျမ်းစာများကို အသက်သွင်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှာ အဆုံးမရှိသည့်တွင်းကြီးကဲ့သို့ လျှပ်စီးအတိဒုက္ခရည်များကို စုတ်ယူသွားကာ သူ၏ထာဝရစွမ်းအင်ကို အားဖြည့်လာသည်။
သူ၏ ပြန်လည်ဝင်စားခြင်းပင်လယ်လည်း ရုတ်တရက်လှုပ်ရှားလာသည်။ ပြန်လည်ဝင်စားခြင်းပင်လယ်ထဲရှိ ကံကြမ္ဘာဘီးလုံးလည်း လျှပ်စီးအတိဒုက္ခရည်များကို စုတ်ယူလာသည်။
ထို့အပြင် ထိုအခိုက်အတန့်တွင် ပြန်လည်ဝင်စားခြင်းပင်လယ်၏ ‘ပင်လယ်’ ကြီးလည်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူလည်း လျှပ်စီးအလင်းတန်းများကို ဝါးမြိုကာ လျှပ်စီး၏ဖျက်ဆီးနိုင်စွမ်းကို စုတ်ယူလိုက်သည်.
ဤကဲ့သို့သော ပြောင်းလဲမှုမှာ ထိတ်လန့်စရာကောင်းလှသည်။ များပြားလှသည့် လျှပ်စီးများမှာ သူ့အတွက် အားဖြစ်လာသည်။ သူ၏လမ်းကြောင်းမည်မျှ ထူးခြားသည်ကို သူနားလည်သွားလေပြီ။
သူ ထာဝရရှေးဟောင်းအဖိုးတန်ကျမ်းစာ၊ လက်ရှိလောကအရိုးစာသားများအပြင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်စွမ်းရည်အချို့ကိုလည်း ပိုင်ဆိုင်ထားသည်ပင်။ သို့သော်လည်း ဤအရာများမှာ အခြားသူများ ဖန်တီးခဲ့ခြင်းပင်။
‘ကိုယ်ပိုင်ဆိုင်တဲ့အရာက အကောင်းဆုံးပဲ’ ဆိုသည့် ဆိုရိုးစကားတစ်ခု ရှိနေသည်ပင်။
သူ၏ကိုယ်ပိုင်လမ်းကြောင်းကို ဖန်တီးနိုင်ပြီဖြစ်သည်။
ထိုအချိန်တွင် ပြန်လည်ဝင်စားခြင်းပင်လယ်သည် လျှပ်စီးအလင်းတန်းနှင့် လျှပ်စီးအတိဒုက္ခရည်များကို ဝါးမြိုကာ ရှီဟောင်၏ဝမ်းဗိုက်ထဲတွင် အဆင့်တက်လာသည်။ ခမ်းနားလှသည့် ကျမ်းစာဖတ်သည့်အသံများလည်း ထွက်ပေါ်လာသည်။
ယခုအချိန်တွင် ရှီဟောင်၏ အသွေးအသားနှင့် ရိုးတွင်ခြင်ဆီမှ ထာဝရစွမ်းအင်များ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ပြန်လည်ဝင်စားခြင်းပင်လယ်သည် စုတ်ယူပြီးသွားသည်နှင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်း ဝင်ရိုးစွန်းမှ နူးညံ့သည့်အလင်းတန်းများ ထုတ်လွှတ်လာပြီး သူ့ခန္ဓာကိုယ်အား အားဖြည့်ပေးနေသည်ပင်။
ထာဝရစွမ်းအင်မှာ သူ၏ရိုးတွင်းခြင်ဆီနှင့် အတွင်းအင်္ဂါများတွင် အမြစ်တွယ်နေလေပြီ။ ဤခံစားချက်မှာ စစ်မှန်လွန်းလှသည်။
ရှီဟောင်ပျော်ရွှင်နေမိ၏။ သူသည် ထိုနေရာ၌ တည်ငြိမ်စွာထိုင်ပြီး လျှပ်စီးအတိဒုက္ခကို ဝါးမြိုကာ ကန်ထဲတွင်ရှိနေသည့် အဖိုးတန်အရည်များကို စုတ်ယူကာ သူ့ကိုယ်သူ အားကောင်းအောင် လုပ်လိုက်သည်။
ကောင်းကင်အတိဒုက္ခ ဆက်တိုက်ကျဆင်းလာသော်လည်း ထိုလျှပ်စီးများမှာ သူ့ကို ထိခိုက်အောင်မလုပ်နိုင်တော့။ ထိုအစား သူအဆင့်တက်အောင် ကူညီပေးနေသည်။
ရှီဟောင်မျက်လုံးမှိတ်လိုက်ကာ သူ့ကိုယ်သူ နှစ်မြှုပ်ထားလိုက်သည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ဝမ်ရှိးအဘိုးဆွံ့အသွားသည်။ ထို့နောက် သူ ထိတ်လန့်ကာ ဒေါသထွက်လာသည်။ သူပို၍သန်မာကာ အကျိုးကျေးဇူးများစွာ ရရှိနေသည်ကို အပြင်လူများပင် ရှင်းရှင်းလင်းလင်းမြင်နေရသည်ပင်။
“အချန်ကျပြီ .. မင်း သီးသန့်ကျင့်ကြံနေတုန်း မင်းဘဝကို ယူပေးမယ်..” သူ အံကြိတ်၍ ပြောလိုက်သည်။
ခွပ်..
သူ ကျောက်တုံးသေတ္တာကို ဖွင့်ကာ သတ္တဝါသုံးကောင်ကို လွှတ်လိုက်သည်။
ထိုတစ်ခဏတွင် လေဟာနယ် ပျက်စီးသွားသည်။ ထို့နောက် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
လျှပ်စီးဝိညာဉ်သုံးကောင်မှာ ထမင်းစာတူအရွယ်အစားရှိပြီး မြွေနှင့်တူသည်။ သူတို့ခန္ဓာကိုယ်တွင် လျှပ်စစ်အလင်းတန်များ စီးဆင်းနေသည်။ တစ်ကောင်မှာ ငွေဖြူရောင်ဖြစ်ပြီး တစ်ကောင်ရွှေရောင်၊ တစ်ကောင်မှ အနီရင့်ရောင်ပင်။ မည်သူမှ သတိမထားမိခင်မှာပင် သူတို့ လေဟာနယ်ကို ထိုးဖောက်ကာ လျှပ်စီးထဲသို့ ဝင်ရောက်သွားသည်။
ထို့နောက် သူတို့ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။
အနီရင့်ရောင်တစ်ကောင်မှ အကြမ်းကြုတ်ဆုံးပင်။ လျှပ်စီးထဲမှ လျှပ်စီးကန်ကိုတွေ့သည်နှင့် သူ၏မျက်လုံးများအရောင်တောက်လာသည်။ သူသည် သွေးနီရောင်လျှပ်စီးအဖြစ် ပြောင်းလဲသွားကာ ထိုနေရာသို့ ဦးတည်သွားလိုက်သည်။
သူ ရှီဟောင်ကိုသတ်ကာ သူ၏ကံကောင်းမှုကို လုယူချင်သည်။
ချွမ်း..
သို့သော်လည်း သူထိုနားသို့ကပ်သွားသည်နှင့် လျှပ်စီးတစ်တန်းကျရောက်လာကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသည်။ ထို့နောက် မီးပွားများနေရာအနှံ့ လွင့်စင်သွားလေသည်။
ရှီဟောင် ရုတ်တရက်မျက်လုံးဖွင့်လိုက်ကာ ထိုနေရာဘက်သို့ ကြည့်လိုက်သည်။ သူသတိအနေအထားဖြစ်နေသော်လည်း သံသယဝင်နေဆဲပင်။ ကောင်းကင်အတိဒုက္ခထဲမှာ အထဲဝင်ပြီးတော့ နှောက်ယှက်နိုင်တဲ့ သတ္တဝါတွေ ရှိနေတာလား..
ယခုသွေးရောင် တွားသွားသတ္တဝါတစ်ကောင်ကို တွေ့လိုက်ရသောကြောင့် သူအလွန်ထိတ်လန့်သွားရသည်။
“ဘယ်သူ ငါ့ကို အန္တရာယ်ပေးချင်တာလဲ .. ဒီကိစ္စ ဒီမှာမပြီးသေးဘူး..” ရှီဟောင် ဒေါသထွက်နေလေပြီ။ ဤသည်မှာ သူ၏အရေးကြီးနေသည့်အချိန်တွင် တစ်စုံတစ်ယောက်မှ သူ၏တာအိုအသီးအပွင့်များကို ဖျက်ဆီးပစ်ချင်နေခြင်းပင်။ ဤကိစ္စထက် မုန်းစရာကောင်းသည့်ကိစ္စမရှိနိုင်တော့။
အပိုင်း ၁၆၀၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၀ – ပြန်လည်အလည်သွားခြင်း
လျှပ်စီးဝိညာဉ်များမှာ သန်ကောင်များကဲ့သို့ပင်ဖြစ်ပြီး ထမင်းစားတူ အရွယ်အစားရှိသည်။ သေချာမကြည့်ပါက ဤသည်မှာ မြွေနှင့်တူနေသည်ပင်။ ရောက်လာသည့်တစ်ကောင်မှ သွေးကဲ့သို့ နီရဲနေသည့်အကောင်ပင်။
ရှီဟောင် ဤသတ္တဝါကို မသိသော်လည်း ဤသည်မှာ အလွန်အန္တာယ်များလိမ့်မည်ဟု သူခံစားနေရသည်။
မဟုတ်ပါက ကောင်းကင်အတိဒုက္ခ ထိမှန်သည်နှင့် သူ၏ခန္ဓာကိုယ် အပိုင်းပိုင်းအစစဖြစ်သွားလိမ့်မည်။ ဘယ်လိုလုပ် သူ့ကို အေးစက်စက်ကြည့်နေနိုင်ဦးမည်နည်း..
“မင်းက ဒီလိုမျိုး လုပ်ရဲတယ်ပေါ့..”
ရှီဟောင်၏အသက်ရှူသံများ မြန်ဆန်လာသည်။ သူဒေါသထွက်နေသလို ထိတ်လည်းထိတ်လန့်နေမိသည်။ သူ အတိဒုက္ခ ဖြတ်သန်းနေသည့်အချိန် ထူးဆန်းသည့်သတ္တဝါတစ်ကောင်ပေါ်လာကာ သူ့အား အန္တရာယ်ပေးလိုခြင်းမှာ ရက်စက်လှသည်။
လျှပ်စီးပင်လယ်ထွက်ပေါ်လာကာ လျှပ်စီးများတစ်တန်းပြီးတစ်တန်း ထွက်လာသည်။ ဤနေရာရှိ ဆူညံသံများမှာ နားစည်ကွဲလောက်သည်။ ဤလျှပ်စီးကန်နား၌ ဖြစ်နေသည့်အဖြစ်အပျက်ကို မည်သူမှမသိကြ။
အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ လျှပ်စစ်စက်ဝန်းများ ပြည့်နှက်နေပြီး အလွန်တောက်ပနေသည်။ ကောင်းကင်မျက်လုံးများကို အသုံးပြုလျှင်ပင် မျက်လုံးများ နာကျင်သွားရလိမ့်မည်။
သို့သော်လည်း တစ်ခုခုဖြစ်နေသည်ကိုတော့ သူတို့သိနေသည်ပင်။
“ဘာဖြစ်နေတာလဲ.. ဟွမ်ကိုကြည့်ရတာ ဒေါသထွက်နေသလိုပဲ..”
အားလုံး ထိတ်လန့်သွားရသည်။ အဓိကအကြောင်းရင်းမှာ ထိုလျှပ်စီးဝိညာဉ်မှာ သေးငယ်လွန်းလှပြီး သူကိုယ်တိုင်က လျှပ်စီးတန်းနှင့်တူနေသောကြောင့် သူလှုပ်ရှားသွားလျှင်ပင် မသိနိုင်။
ယခုအချိန်တွင် သူသည် မြွေတစ်ကောင်ကဲ့သို့ ခေါင်းမော့ကာ ပါးစပ်ဟပြီး သူ့အစွယ်များကို လှစ်ဟပြသလာသည်။ သူသည် လျှပ်စီးများကို တိုက်ရိုက်ပင် ဝါးမြိုပစ်လိုက်လေသည်။
လျှပ်စီးအတိဒုက္ခမှာ သူ့အား မထိခိုက်နိုင်ပေ။ သူသည် လျှပ်စီးများကို အစားအစာကဲ့သို့ လောဘတကြီးပင် စားနေသည်။
သို့သော်လည်း သူအလိုချင်ဆုံးမှာ ရှီဟောင်ရှိနေသည့် ရိုးရှင်းကာ ရှေးကျသည့်ရေကန်ပင်။ လျှပ်စီးဝိညာဉ်ဖြစ်သောကြောင့် ထိုရေကန် မည်မျှ အကျိုးကျေးဇူးများသည်ကို သူသိသည်ပင်။
ရွှီး..
ထိုအနီရင့်ရောင်လျှပ်စီး လှုပ်ရှားကာ ရှီဟောင်အား တိုက်ခိုက်လာသည်။
သူသည် မူလက သတ္တုကဲ့သို့ အနီရင့်ရောင်တောက်ပနေပြီး လူများကို အာရုံဆွဲဆောင်နိုင်ခြင်းမရှိ။ သို့သော် သူတိုက်ခိုက်လိုက်သည်နှင့် အရာအားလုံး ပြောင်းလဲသွားသည်။
ထိုသတ္တဝါသည် နတ်စိန်ကဲ့သို့ နီရဲတောက်ပလာပြီး ထာဝရလှံတံကဲ့သို့ ဖြောင့်တန်းလာသည်။
ရွှီး..
သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် လေဟာနယ်ကို ထိုးဖောက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးကန်ဘေးသို့ ရောက်ရှိလာသည်။ သူသည် ရှီဟောင်၏မျက်ခုံးကြားထဲသို့ ဝင်ကာ သူ၏မူလဝိညာဉ်အား ဖျက်ဆီးပြီး သူ့အားတစ်ချက်တည်းဖြင့် သတ်ပစ်ချင်နေသည်။
လျှပ်စီးဝိညာဉ်မှာ လူမဆန်သည့်သတ္တဝါပင်။
ရှီဟောင်၏တုံ့ပြန်မှုမှာ လျင်မြန်လွန်းလှသည်။ သူ၏ခေါင်းကို လှည့်လိုက်ကာ မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းလိုက်သည်။ သူ၏ လက်ချောင်းနှစ်ချောင်းသည် ရေနဂါးအကြေးခွံကပ်ကြေးကဲ့သို့ ရွှေရောင်တောက်ပလာကာ ထိုလျှပ်စီးဝိညာဉ်ထံသို့ ဦးတည်သွားသည်။
သို့သော်လည်း ထိုအချိန်တွင် ကောင်းကင်ထက်မှ လျှပ်စီးတစ်တန်း ကျရောက်လာသည်။ ထိုလျှပ်စီးသည် သိပ်မထူသော်လည်း သူ့ထံတွင် မူလရှေးဟောင်းစွမ်းအင်များအတူ ပါလာကာ အလွန်ကြောက်စရာကောင်းလှသည်ပင်။
ဒုန်း..
ထိုအချိန်တွင် မီးပွားများ နေရာအနှံ့သို့ လွင့်စင်သွားသည်။ ထိုသတ္တဝါ လျှပ်စီးဖြင့် ပစ်ချခံလိုက်ရကာ သူ၏ဖြောင့်တန်းနေသည့်ခန္ဓာကိုယ် တုန်ယင်သွားကာ ချက်ချင်းပင် လွင့်စင်သွားသည်။ သူသည် သွေးရောင်ထာဝရလှံတံအဖြစ် ထိန်းမထားနိုင်တော့။
လျှပ်စီးဝိညာဉ် အလွန်ထိတ်လန့်သွားကာ တီးတိုးအော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမကြောက်ဆုံးအရာမှာ လျှပ်စီးပင်။ ကောင်းကင်အတိဒုက္ခသည်ပုံမှန်အားဖြင့် သူ့အား အန္တရာယ်မပေးနိုင်သော်လည်း ယခုတော့ သူ၏ခန္ဓာကိုယ် သွေးထွက်ကာ ဒဏ်ရာရနေလေပြီ။
ရွှီ..
ထိုသွေးနီရောင်လျှပ်စီးဝိညာဉ် နောက်တစ်ကြိမ် လှုပ်ရှားလာသည်။ သူသည် လျှပ်စီးရေကန်ထဲသို့ ဝင်ကာ လျှပ်စီးအတိဒုက္ခရည်ကိုယူပြီး ရှီဟောင်အားသတ်ပစ်ချင်နေခြင်းပင်။
ဒုန်း..
အခြားလျှပ်စီးအလင်းတန်းတစ်ခု ကျရောက်လာသည်။ ယခုတစ်ခေါက်တွင်တော့ ဖရိုဖရဲစွမ်းအင်များပါဝင်နေသည့် ငွေရောင်လျှပ်စီးတန်းပင်။ ဤလျှပ်စီးတန်းမှာ ပို၍ပင် ကြောက်စရာကောင်းသည်။ လျှပ်စီးဝိညာဉ် ပြောင်းပြန်လှန်သွားသည် လွင့်ထွက်သွားကာ သူ၏ခန္ဓာကိုယ်နေရာအနှံ့မှ သွေးများလွင်စင်ထွက်လာသည်။ သူ၏နတ်အရေပြားပင် ထိခိုက်သွားကာ မည်းတူးသည်အထိ လောင်ကျွမ်းသွားသည်။
ဤသည်မှာ သူ့အား ထိတ်လန့်စေသည်ပင်။ သူသည် ယခင်က ကောင်းကင်အတိဒုက္ခကြောင့် တစ်ခါမှ မထိခိုက်ဖူးဘူးပေ။
ဤသည်မှာ လက်မခံနိုင်စရာပင်။ သူတကယ်ကို လျှပ်စီးကန်နား ကပ်၍မရ။ ရှီဟောင်ဘာမှမလုပ်လျှင်ပင် သူ ထိုကန်နားသို့ ကပ်၍မရ။
“အဲဒါကဘာကြီးလဲ .. သူက လျှပ်စီးထဲမှာတောင်သွားနိုင်ပြီးတော့ စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခကိုတောင် ခုခံနိုင်တာလား .. ဒါက အရမ်းကို လန့်ဖို့ကောင်းတာပဲ .. သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ .. သူက ဟွမ်နဲ့တောင် ယှဉ်နိုင်တာလား..”
ထိုအခိုက်အတန့်တွင် ထူးဆန်းသည့်တစ်ခုခုကို အားလုံးတွေ့သွားလေပြီ။ အဲဒါက သက်ရှိသတ္တဝါလား ဒါမှမဟုတ် လျှပ်စီးကြောင့်ဖြစ်လာတာလား .. သူက ရှီဟောင်နဲ့ လျှပ်စီးကန်ကို လုနေတာ..
ဝုန်း..
ကောင်းကင်ထက်မှ လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်းကျရောက်လာကာ လျှပ်စီးဝိညာဉ်၏ခန္ဓာကိုယ်ကို လွင့်ထွက်သွားစေသည်။ သူ ပစ်မှတ်ထားခံနေရခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှီဟောင်၏ အတိဒုက္ခ ပြီးသွားပြီဟု သတ်မှတ်၍ရသည်။ သူသည် ကောင်းကင်အတိဒုက္ခ၏ အသိအမှတ်ပြုမှုကို ရရှိပြီးသားပင်။
လျှပ်စီးဝိညာဉ်သည် ရုတ်တရက်ပြေးထွက်လာကာ လျှပ်စီးကန်အား လုရန်ကြိုးစားသောကြောင့် ပြင်းထန်စွာ တိုက်ခိုက်ခံရမည်ပင်။ ကောင်းကင်အတိဒုက္ခသည် ကျူးကျော်သူအား ထိုနေရာတွင်ပင် ဖိနှိပ်ပစ်လိုက်သည်။
ယခုအချိန်တွင် လျှပ်စီးဝိညာဉ် ထိတ်လန့်နေလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤကောင်းကင်အတိဒုက္ခသည် သူ့အား အန္တရာယ်ပေးနိုင်သည်။ သူသာ ဆက်တိုက်နေလျှင် သူဤနေရာ၌ သေသွားလိမ့်မည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ဝမ်ရှီးအဘိုး ဆွံ့အသွားရသည်။ လျှပ်စီးဝိညာဉ်တောင် ရှီဟောင်ကို ထိခိုက်အောင် မလုပ်နိုင်ဘူးလား..
ထို့အပြင် လျှပ်စီးဝိညာဉ်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဤကောင်းကင်အတိဒုက္ခမည်မျှ ကြောက်စရာကောင်းသည်ကို သူနားလည်သည်။ လျှပ်စီးဝိညာဉ်ပင် ဤသည်ကို မကိုင်တွယ်နိုင်သော်လည်း ဟွမ်ကတော့ လုပ်နိုင်ခဲ့သည်ပင်။
ဟွမ်ရဲ့ လျှပ်စီးကို ခုခံနိုင်စွမ်းက လျှပ်စီးဝိညာဉ်ထက်တောင် ပိုကောင်းနေတယ် .. ဤသည်မှာ မည်မျှပင် ထိတ်လန့်စရာကောင်းလိုက်သနည်း…
“ကျိုးကြောင်းဆီလျော်မှုရော ရှိသေးရဲ့လား.. သူကဘာလို့ ချက်ချင်းမသေသွားရတာလဲ..” ဝမ်ရှီးအဘိုး သူ့ကိုယ်သူ ပြောလိုက်သည်။
“ငါလည်း သူဒီမှာသေသွားစေဖို့ မျှော်လင့်နေတာ” ကျင်းကျန်းအဖိုး ခေါင်းညိမ့်လိုက်သည်။
ကံမကောင်းစွာဖြင့် သူတို့ဆန္ဒများ မပြည့်နိုင်တော့။ ယခုအချိန်တွင် ရှီဟောင် လျှပ်စီးကန်ထဲမှ ထွက်လာကာ လျှပ်စီးဝိညာဉ်ထံသို့ ဦးတည်လာသည်။
ဤသတ္တဝါမှာ သူ့အားအတော်လေး ထိတ်လန့်သွားစေသည်ပင်။ ဤကောင်းကင်အတိဒုက္ခ မည်မျှ စွမ်းအားကြီးသည်ကို သူ့အပြင် မည်သူမှ ပိုမသိနိုင်။ သို့သော်လည်း ဤမြွေကဲ့သို့သော သတ္တဝါမှာ ယခုထိ မသေသေးပဲ ဤသည်ကို တောင့်ခံနိုင်နေသည်။
ရွှီး..
ရှီဟောင် ထွက်လာသည်ကို မြင်သည်နှင့် လျှပ်စီးဝိညာဉ်၏မျက်ဝန်းများ တောက်ပလာသည်။ လျှပ်စီးကန်၏အကာအကွယ်မရှိလျှင် သူဤလူကို သတ်နိုင်လိမ့်မည်ဟု သူခံစားနေရသည်။ သူ သွေးလှံတံအဖြစ်သို့ ပြောင်းလဲသွားကာ နောက်တစ်ကြိမ် ပြေးထွက်သွားသည်။
ဒုန်း..
သူ ရှီဟောင်၏လက်ဝါးနှင့် ထိမိသွားသည်နှင့် သတ္တုချောင်းနှစ်ခု တိုက်မိသွားသကဲ့သို့ နားကွဲလောက်သည့်ဆူညံသံ ထွက်ပေါ်လာ၏။ ဤသည်မှာ ရှီဟောင် ထိတ်လန့်သွားစေ၏။ ဤပိုးကောင်မှာ သူထင်ထားသည်ထက် ပို၍ စွမ်းအားကြီးနေသည်။
လျှပ်စီးဝိညာဉ်လည်း ဆွံ့အနေပြီး အနည်းငယ်ပင် မူးဝေနေသည်။
ရှီဟောင်၏မျက်လုံးများ အေးစက်လာသည်။ သူသည် မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းလိုက်ကာ နဂါးတစ်ကောင်ဖမ်းသကဲ့သို့ ထိုအကောင်ထံသို့ လက်လှမ်းလိုက်သည်။
အနီရင့်ရောင် လျှပ်စီးဝိညာဉ်သည် ဒေါသတကြီးဖြင့်ပင် ဆက်တိုက်အော်ဟစ်နေကာ သူ့အဖော်များကိုခေါ်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ရှီဟောင်သည် ဤအကောင်ကို ပိုးကောင်တစ်ကောင်ကဲ့သို့ သဘောမထားပဲ ရန်သူအစစ်ကဲ့သို့ အားအပြည့်ဖြင့်တိုက်ခိုက်လိုက်သည်။
တောက်ပသည့်မီးပွားများ လွင့်စင်ထွက်လာသည်။ ရှီဟောင် အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် ဤပိုးကောင်လေးကို ဖိနှိပ်လိုက်နိုင်သည်။ သူ၏လက်များမှာ ကပ်ကြေးများကဲ့သို့ပင်။ သူသည် ဤလျှပ်စီးဝိညာဉ်ကို နှစ်ပိုင်းဖြတ်မိလုနီးပါးပင်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ဝမ်မိသားစုမှလူများ တုန်လှုပ်သွားရသည်။ ဒီလူငယ်လေးက ဘယ်လောက်တောင်ကြောက်စရာကောင်းနေတာလဲ .. လျှပ်စီးဝိညာဉ်ကို ဒီလောက်လွယ်လွယ်နဲ့ ဖိနှိပ်လိုက်နိုင်တာလား..
လျှပ်စီးဝိညာဉ်ကို ဤအခြေအနေထိရောက်အောင် မည်ကဲ့သို့ မွေးမြူခဲ့ရသည်ကို ဝမ်မိသားစုမှ အထက်လူကြီးများအားလုံးသိသည်။ သို့သော်လည်း ယခုအချိန်တွင်တော့ ဤအကောင်မှာ သုံ့ပြန်ဖြစ်သွားလေပြီ။
လျှပ်စီးဝိညာဉ်သည် အခြားလူတစ်ယောက်၏ ကံကောင်းမှုများကို လုယူရုံသာမက သူ ပို၍သန်မာချင်လျှင် သူ ကောင်းကင်အတိဒုက္ခလိုအပ်သလို လျှပ်စီးကန်ထဲမှ အဖိုးတန်ရေလည်းလိုအပ်သည်။
ယခင်က သူသည် အခြားသူများ၏ တာအိုအသီးအပွင့်များအား လုယူခဲ့သည်ပင်။
ယခု ရှီဟောင် အတိဒုက္ခကို ဖြတ်သန်းပြီး ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ အဆင့်တက်နိုင်တော့မည်။ သို့သော်လည်း လျှပ်စီးဝိညာဉ်များသာ သူ၏အခွင့်အရေးများကို လုယူသွားပါက အဆင့်တက်သွားမည့်သူမှာ ဤနတ်ပိုးကောင်သုံးကောင်ပင်။
“မဟုတ်ဘူး .. လျှပ်စီးဝိညာဉ်တွေ သူ့လက်ထဲကျသွားလို့မဖြစ်ဘူး..” ဝမ်မိသားစုမှလူများ အံကြိတ်၍ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးဝိညာဉ်များမှာ ရှားပါးအဖိုးတန်လှသည်။ တစ်လောကလုံးတွင် ဤသုံးကောင်တည်းသာ ရှိနိုင်သည်။
သူတို့ကိုသာ သေချာပြုစုပျိုးထောင်လျှင် ပြိုင်ဘက်ကင်းသည့် သက်ရှိများဖြစ်လာနိုင်သည်။
သူတို့ ပိုးကောင်ဧကရာဇ်ဖြစ်လာနိုင်သည်ဟုပင် ပြော၍ရသည်။
အနီရင့်ရောင် လျှပ်စီးဝိညာဉ်မှာ အော်ဟစ်ရုန်းကန်နေလေသည်။
ဝုန်း..
ရုတ်တရက် လောကကြီးကို တုန်လှုပ်စေနိုင်သည့် လျှပ်စီးတန်းကျရောက်လာကာ ပုံရိပ်နှစ်ခု ပေါ်လာသည်။ တစ်ခုမှာ ရွှေရောင်၊ တစ်ခုမှာ ငွေရောင်ပင်။ ထို့အပြင် သူတို့နှင့်အတူ မဆုံးနိုင်သည့် စစ်တပ်ကြီးပါ ပါလာသည်။
အားလုံး ထိတ်လန့်သွားရသည်။ ထူးဆန်းသည့်ပိုးကောင်နှစ်ကောင်သည် လျှပ်စီးဖြင့်ဖန်တီးထားသည့်သတ္တဝါများကို အမိန့်ပေးကာ ရှီဟောင်အား တိုက်ခိုက်လာကြသည်။
ဤသည်မှာ ထူးဆန်းလှသည်ပင်။ အတိဒုက္ခက ပြီးသွားပြီမဟုတ်ဘူးလား .. ဘာလို့ ဒီကိစ္စတွေ ပေါ်လာတာလဲ..
ဤလျှပ်စီးဝိညာဉ်များမှာ လျှပ်စီးဖြင့် ဖန်တီးထားခြင်းမဟုတ်ပဲ အသက်ရှိသည့်သတ္တဝါဖြစ်မှန်း သူတို့မသိသေးကြ။ အဘယ်ကြောင့်ဆိုသော် မည်သူမှ သူတို့အား လျှပ်စီးဝိညာဉ်အဖြစ် မသိထားသောကြောင့်ပင်။
ဝုန်း..
ရှီဟောင် သတ္တိရှိရှိဖြင့်ပင် ရှေ့တိုးသွားလိုက်သည်။ ယခု သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပြီး ထိပ်ဆုံးအခြေအနေသို့ ရောက်နေလေပြီ။ ထို့ကြောင့် သူတစ်ခါသတ်ဖူးသည့်သတ္တဝါများကို ကြောက်နေမည်မဟုတ်။
ဧကရာဇ်လူမျိုးစုများ မပါသရွေ့ လျှပ်စီးအတိဒုက္ခမှာ သူ့အား အန္တရာယ်မပေးနိုင်တော့။
“မင်းတို့နှစ်ကောင် ဒီကိုလာခဲ့ .. မင်းတို့က ထွက်ပြေးချင်နေတာလား .. မင်းတို့လွတ်လမ်းမရှိတော့ဘူး..” ရှီဟောင် အော်ဟစ်လိုက်သည်။
သူသည် ထိုလျှပ်စီးဝိညာဉ်နှစ်ကောင်အား ပြင်းထန်စွာပင် တိုက်ခိုက်လိုက်သည်။ ထိုနှစ်ကောင်သည် စစ်တပ်ကြီးခေါ်လာလျှင်ပင် ရှီဟောင်အား ဘာမှမလုပ်နိုင်။ သူတို့အသက်လုပြေးကြလေ၏။
“ကောင်းတယ် .. မင်းတို့အားလုံး လမ်းပြကြ..” ရှီဟောင် အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
သူ လျှပ်စီးအလင်းတန်းများနှင့်အတူ သူတို့နောက်မှ လိုက်သွားလိုက်သည်။ ထိုပိုးကောင်နှစ်ကောင်မှာ မည်မျှပင် မြန်ပါစေ ရှီဟောင်ကို မျက်ခြေမဖြတ်နိုင်။
ရွှီး..
လျှပ်စီးအလင်းတန်းများ ဝန်းရံနေသည့် ရှီဟောင်သည် ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်နှင့် လီပေါင်းများစွာ ဖြတ်ကျော်သွားကာ ဝမ်ရှီး၊ ကျင်းကျန်းနှင့် အခြားသူများရှေ့ ရောက်သွားသည်။
“ဟွမ် .. ရှင်ဘာလိုချင်တာလဲ..” ဝမ်ရှီး မေးလိုက်သည်။
“ထွက်သွားစမ်း..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ သူသည် ဝမ်ရှီးအား မကြည့်ပဲ သူ့ဘေးမှ အကြီးအကဲအား ကြည့်လိုက်သည်။ လျှပ်စီးဝိညာဉ်နှစ်ကောင်မှာ သူ့ခန္ဓာကိုယ်၌ ရှိနေသည်ဟု သူခံစားရသည်။
“ရဲတင်းလိုက်တာ..” ကျင်းကျန်းအော်ဟစ်လိုက်ကာ ရှေ့တစ်လှမ်းတိုးလာပြီး လက်တစ်ဖက်ထုတ်လိုက်သည်။ ထိုလက်တွင် အဖြူရောင်မြူများ ရစ်သိုင်းနေကာ သူရိုက်ပစ်ရန် အသင့်ပင်။
“ခင်ဗျားလည်းထွက်သွား .. မဟုတ်ရင် ခင်ဗျားကို ဒီနေရာမှာတင် သတ်ပစ်မယ်..” ရှီဟောင် အေးစက်စွာ အော်ဟစ်လိုက်သည်။
အပိုင်း ၁၆၁၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၁ – ဒေါသတကြီး သတ်ဖြတ်ခြင်း
ယခုအချိန်တွင် ရှီဟောင် ဒေါသများဖြင့် ပြည့်နှက်နေလေပြီ။
ပိုးကောင်နှစ်ကောင် ဝမ်ရှီးအဘိုးနောက်၌ ပုန်းနေသည်ဟု သိလိုက်ရသည့်အချိန်တွင် သူ၏သတ်ဖြတ်လိုသည့်ဒေါသတရားများ ကောင်းကင်ထက်သို့ လျှံတက်လာသည်။ ထင်ထားသည့်အတိုင်း ဤသည်မှာ ဝမ်မိသားစု လုပ်လိုက်ခြင်းပင်။ သူ အတိဒုက္ခဖြစ်နေစဉ် သူတို့ သူ့အား အန္တရာယ်ပေးချင်နေသည်။
ရန်သူမှာ ဤကဲ့သို့ပင် လှုပ်ရှားနေပြီဖြစ်သောကြောင့် ဘာမှပြောစရာမရှိတော့။ သူ့ဒေါသကို သူမထိန်းနိုင်တော့..
ဘာဝမ်ရှီး၊ ဘာကျင်းကျန်းလဲ .. သူ့လမ်းလာပိတ်တဲ့သူအကုန်လုံးကို သတ်ပစ်မယ် ..
သူလက်မြှောက်ကာ တံဆိပ်များ စတင်ပြုလုပ်လိုက်သည်။ သူ ဝမ်ရှီးနှင့် ကျင်းကျန်းတို့ကို တိုက်ခိုက်မည်။ ဂျီးနီးယပ်စ်များကို သတ်ဖြတ်ခြင်းမှာ ဝမ်မိသားစု လုပ်ရတာကြိုက်သည့်အလုပ်ပင်မဟုတ်လား.. ထို့ကြောင့် သူဤနေရာ၌ သူတို့ကို ပြသပေးမည်။
အထူးသဖြင့် ကျင်းကျန်း သူအား တိုက်ခိုက်လာသည်။ သူသည် လက်ဝါးရိုက်ချက်တစ်ချက် ပို့လွှတ်ကာ သူ့အားတိုက်ခိုက်လာသောကြောင့် သူလည်း ယဉ်ကျေးနေစရာမလိုတော့။
“ကျန်းအာ .. အခုပြန်ဆုတ်..” ကျင်းကျန်းအဘိုး အသိပြန်ဝင်လာကာ သူ့အား နောက်ပြန်ဆွဲလိုက်သည်။
“အဘိုး .. ဘာလို့ဒီလိုလုပ်တာလဲ..” ကျင်းကျန်း မရပ်တန့်ချင်။ သူဆက်လက်တိုက်ခိုက်လိုသေးသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က မည်သူ့မှ သူ့အား ဤကဲ့သို့ မပြောရဲ။ ဟွမ်သည် သူ့အား အလေးမထားပဲ ထွက်သွားလျှင်ထွက်သွား မထွက်သွားလျှင် သတ်ပစ်မည်ဟုပင် ပြောခဲ့သည်။
ဤသည်မှာ မည်မျှပင် မောက်မာလှသနည်း.. ကျင်းကျန်းမပြောနှင့် အခြားသူများပင် ဆွံ့အသွားရသည်။
ခမ်းနားကြီးကျယ်လှသည့် ကျင်းကျန်း၊ ကောင်းကင်သားတော်အဖြစ် နာမည်ကြီးသည့် ကျင်းကျန်းမှာ အခြားသူတစ်ယောက်၏ ဆူပူခြင်းကို ခံလိုက်ရသည်။ ထိုအချိန်တွင် သူ့အဘိုးသည် သူ့အား တားမြစ်ကာ ဆက်မတိုက်ခိုင်းပဲ ပြန်ဆုတ်ခိုင်းလိုက်သည်။ ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။
“ရှီဟောင် ဘာဖြစ်လို့လဲ..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။ ကိစ္စကြီးတစ်ခုခုဖြစ်သွားသည်ကို သူသိသည်။ မဟုတ်ပါက ရှီဟောင်အဘယ်ကြောင့် လျှပ်စီးကန်ထဲမှ တရှိန်ထိုးထွက်လာကာ ဝမ်မိသားစုရှေ့သို့ ရောက်လာမည်နည်း..
“သူတို့တွေ ထူးဆန်းတဲ့ပိုးကောင်တစ်မျိုးထုတ်ပြီးတော့ ငါ့ကို အန္တရာယ်ပေးဖို့လုပ်တယ်..” ရှီဟောင် မှုန်မှိုင်းနေသည့်အသံဖြင့် ပြောလိုက်သည်။
“ဘာ..” လူများစွာ ဆွံ့အသွားရသည်။
ရှီဟောင် ချောင်ယုရှင်းကို ပြန်ဖြေရင်းဖြင့် အားလုံးကို ထုတ်ဖော်ပြောလိုက်သည်။
ဤကောင်းကင်အတိဒုက္ခမှာ အလွန်ကြီးမားလှသောကြောင့် ပုဂ္ဂိုလ်ကြီးအချို့၏ အာရုံကို ဆွဲဆောင်လိုက်နိုင်မည်ပင်။
ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှ လူများကိုတားဆီးနိုင်သည့် ပုဂ္ဂိုလ်ကြီးများရှိနေသရွေ့ ရှီဟောင်စိတ်မပူ။ ကျန်သည့်သူများကို သူတည်ငြိမ်စွာ ရင်ဆိုင်နိုင်သည်။ သူ့ကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားသည့်သူများ ပြန်ပေးဆပ်ရမည်။
“လွန်လွန်းလိုက်တာ .. ဟွမ် ကောင်းကင်အတိဒုက္ခ ဖြတ်သန်းနေတဲ့အချိန်မှာ သူ့ကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားတာလား .. ခင်ဗျားတို့အားလုံးက လုံးဝကို ရူးနေတာပဲ .. ဟွမ်က ရန်သူတွေကိုသတ်ပြီးတော့ သူ့ရဲ့ဂုဏ်သတင်းကို ရလာတာ .. ခင်ဗျားတို့က သူသေအောင် အန္တရာယ်ပေးချင်နေကြတာလား..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။ ပြဿနာများပိုကြီးလာအောင် လုပ်ရမည်ကို သူမကြောက်။
“ခင်ဗျားတို့မှာ အရှက်ရော ရှိသေးရဲ့လား..” ကောင်းကင်ဦးချိုပုရွက်ဆိတ် အော်ဟစ်လိုက်သည်။
ယုန်ဖြူလေးလည်း ဆက်တိုက်ပင် အော်ဟစ်ဆူပူကာ ဘေးဘက်မှ ကျွမ်းကျင်သူအားလုံးကို ထိတ်လန့်သွားအောင် လုပ်လိုက်သည်။
အခြားသူများသည်လည်း ဤသည်မှာလွန်လွန်းသည်ဟု ခံစားရသည်ပင်။ သူတို့နှစ်ဦးကြား၌ ရန်ငြိုးများ ရှိနေလျှင်ပင် သူ့ကို ဤကဲ့သို့ အန္တရာယ်မပေးသင့်။
ယခုအချိန်တွင် သူတို့ခွန်အားများကို တစ်ဖက်လောကမှ ရန်သူများအား ဦးတည်သင့်သော်လည်း ယခုတော့ ကိုယ့်ဘက်မှ အဆင့်လွန်လူငယ်အား သေကြောင်းကြံနေသည့် တစ်စုံတစ်ယောက် ရှိနေသည်။
“မင်း လာမစွပ်စွဲနဲ့..” ဝမ်ရှီးအဘိုး အော်ဟစ်လိုက်၏။ သူ၏အမူအရာမှာ အလွန်အေးစက်နေသည်ပင်။ သူသေရမည်ဆိုလျှင်ပင် သူဝန်ခံ၍မရ။ မဟုတ်ပါက သူအဆုံးသတ်သွားလိမ့်မည်။
အမှန်တကယ်၌ အခြေအနေမကောင်းသည်ကို သူလည်းသိသည်ပင်။ ယနေ့တွင် သူ သေသည်ထက်ဆိုးသည့်တစ်ခုခုကို ကြုံတွေ့ရမည်ကို သူသိပြီးသားပင်။
“လူအိုကြီး .. ခင်ဗျားက ကျုပ်ကို အန္တရာယ်ပေးဖို့ ကြိုးစားပြီးမှ အခု ကျုပ်က ခင်ဗျားကို မှားယွင်းပြီးစွပ်စွဲနေပါတယ်လို့ ကျုပ်ကို လာပြီး အပြစ်တင်နေတာလား..” ရှီဟောင် အေးစက်စွာ အော်ဟစ်ပြီး ရှေ့တိုးလာသည်။
“ဟွမ် .. မင်းမလွန်လာရင်ကောင်းမယ်..” အနောက်ဘက်မှ ကျင်းကျန်း ညှို့မှိုင်းစွာ ပြောလိုက်သည်။
“ထွက်သွားစမ်း.. ဘေးဘက်မှာ လိမ်လိမ်မာမာလေးရပ်နေ .. မင်းအဘိုး မင်းကိုတားလိုက်လို့ မဟုတ်ရင် ငါသေချာပေါက် မင်းကို သတ်ပြီးသွားပြီ..” ရှီဟောင်ပြောလိုက်သည်။ ယခုအချိန်တွင် သူ ဝမ်မိသားစုအား အလွန်မုန်းနေသောကြောင့် ကျင်းကျန်းပြောသည်ကို နားထောင်ဖို့စိတ်မပါသေး။
ဝမ်ရှီးတစ်ခုခုပြောချင်သော်လည်း သူမအဘိုး၏တားဆီးခြင်းခံလိုက်ရသည်။ သူမကို ဤနေရာမှ ချက်ချင်းထွက်သွားရန် တိတ်တဆိတ်ပြောလာလေ၏။
“ဟွမ် .. မင်း တစ်ခြားသူတွေကို စွပ်စွဲပြီးတော့ ငါ့ဝမ်မိသားစုပေါ်ကို မကောင်းတဲ့ရေတွေ လောင်းချချင်ရင်တောင် မင်းဒီလိုမျိုး အလောတကြီးလုပ်စရာမလိုဘူးလေ ဟုတ်တယ်မလား .. မင်း လုံးဝအောင်မြင်ပြီးသွားတော့မှ လုပ်သင့်တယ်” ဝမ်ရှီးအဘိုးမှာ အလွန်တည်ငြိမ်နေသည့်ပုံပင်။
ဤသည်မှာ ခြိမ်းခြောက်ခြင်းတစ်ဝက် တရားမျှတကြောင်းပြသမှုတစ်ဝက်ပင်။ ယခုအချိန်တွင် သူဦးညွှတ်ကာ သူ၏အမှားကို ဝန်ခံမည်မဟုတ်။ သူအဆုံးထိ တွယ်ကပ်နေရမည်။
သူ၏ကလန်သားများ သူ့အတွက် ထွက်လာမည်မဟုတ်ပဲ သူ့အား စွန့်ပစ်တော့မည်ကိုလည်း သူသိသည်။
တစ်ချိန်တည်းမှာပင် စွမ်းအားကြီးသည့်ကလန်သားအချို့မှာ ထိုကျောက်တုံးသေတ္တာကို ပြန်ယူရန်အတွက် လျှို့ဝှက်ပညာများကိုသုံးလာကြသည်။ ထိုလျှပ်စီးပိုးကောင်များကို အပြင်ဘက်တွင် ဆုံးရှုံးလိုက်ရ၍မဖြစ်။
ဝုန်း..
ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ မှော်စွမ်းအားများ လှုပ်ခါလာသည်။ ထိုကျောက်တုံးသေတ္တာအား တိတ်တဆိတ်သယ်ရန် ကြိုးစားနေသည့် မှော်စွမ်းအား ပျက်ပြယ်သွားလေသည်။
ဝမ်မိသားစု၏အထက်လူကြီးများကို တားဆီးရန် တစ်ယောက်ယောက် လှုပ်ရှားလိုက်သည်မှာ သိသာသည်။
ယခုအချိန်တွင် တစ်ယောက်ယောက်ရောက်လာပြီး ထိုကျောက်တုံးသေတ္တာများကို အတင်းလုယူရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့။
ယခုအချိန်တွင် ဤလျှပ်စီးဝိညာဉ်များမှာ ဝမ်မိသားစုမှ ပိုင်ဆိုင်ကြောင်း ဝန်ခံရဲသည်နှင့် အခြားကျွမ်းကျင်သူများရောက်လာကာ သူတို့အား မှတ်လောက်သားလောက်အောင် လုပ်ပေးကြမည်ပင်။
“မကောင်းဆိုးဝါးအိုကြီး .. ခင်ဗျား ခြေထောက်တစ်ဖက်က သင်္ချိုင်းကုန်းကို လှမ်းနေပြီ .. အဲဒါတောင်မှ ခင်ဗျားက မျက်နှာသာမလိုချင်သေးဘူးလား..” ရှီဟောင်မေးလိုက်သည်။
သူသည် အရှေ့ဘက်သို့ ခြေလှမ်းကျယ်ကြီးဖြင့်လာလိုက်ကာ အော်ဟစ်လိုက်သည်။ “အခုချက်ချင်း ဒီကိုထွက်လာခဲ့..” သူ ထိုလျှပ်စီးဝိညာဉ်နှစ်ကောင်ကို ဖိအားပေးလိုက်သည်။
“ကျောက်တုံးသေတ္တာကို ဖွင့်ပြီးတော့ လျှပ်စီးဝိညာဉ်တွေကို သွားခိုင်းလိုက်..” တစ်စုံတစ်ယောက်မှ အသံပို့လွှတ်လာသည်။
ဝမ်ရှီးအဘိုး၏အမူအရာ ဖြူဖျော့သွားသည်။ သူ့ကလန်သားများ သူ့ကို စွန့်ပစ်လိုက်ပြီဖြစ်ကြောင်း သူသိလိုက်လေပြီ။ ယခု သူ့မျှော်လင့်ချက်များ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေပြီ။ သို့သော်လည်း ပြောသည့်အတိုင်း လုပ်ရဦးမည်ပင်။
ရွှီး..
ရုတ်တရက် ငွေရောင်နှင့် ရွှေရောင်လျှပ်စီးတန်းနှစ်ခု ထွက်ပေါ်လာကာ တရှိန်ထိုးပြေးသွားကြသည်။
“မင်းတို့က ထွက်ပြေးချင်နေတာလား .. အဲဒီလောက်မလွယ်ဘူး..”
ရှီဟောင်အော်ဟစ်လိုက်သည်။ သူ ထိုလျှပ်စီးသတ္တဝါများကိုကြည့်ပြီး ဤအကောင်များမှာ အလွန်စွမ်းအားကြီးသည်ဟု သူခံစားလိုက်ရသည်။ သူတို့ကိုသာ ကောင်းကောင်းမွေးမြူလျှင် ထိပ်ဆုံးအဆင့်စစ်ပွဲအစေခံများဖြစ်လာလိမ့်မည်။
“လူငယ်လေး .. မင်းက သူများတွေကို အရမ်းအနိုင်ကျင့်လွန်းတာပဲ .. မင်းက ဒီထူးဆန်းတဲ့ပိုးကောင်တွေကို ငါ့ဆီမောင်းချလာပြီးတော့ ငါ့ကို စွပ်စွဲနေတယ် .. ဒီလူအိုကြီး ဝန်မခံနိုင်ဘူး .. ငါမင်းနဲ့ အဆုံးထိ တိုက်ခိုက်သွားမှာ..” ဝမ်ရှီးအဘိုး အော်ဟစ်လိုက်သည်။ သူသည် ရှီဟောင်အား တားဆီးကာ လျှပ်စီးဝိညာဉ်နှစ်ကောင် ထွက်ပြေးဖို့အချိန်ရအောင် လုပ်ပေးလိုခြင်းပင်။
“သေနာအိုကြီး .. ခင်ဗျားလောက်အရှက်မရှိတဲ့သူကို မမြင်ဖူးဘူး..” ရှီဟောင် လက်သီးတစ်လုံး ပစ်သွင်းကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို အက်ကွဲသွားစေလိုက်သည်။ သူသည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ မရောက်သေးသော်လည်း ထိုအဆင့်၌ရောက်နေသည့် သတ္တဝါများထက်တော့ အားနည်းမည်မဟုတ်။
ဝမ်ရှီးအဘိုးမှာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျွမ်းကျင်သူဖြစ်သော်လည်း ယခုအချိန်တွင် ရှီဟောင်အား ရှုံးသွားဆဲပင်။ ရှီဟောင်၏လက်သီးချက်ကြောင့် သူအနောက်သို့လွင့်ထွက်ကာ သွေးအန်သွားလေသည်။
“လူငယ်လေး .. မင်း တစ်ခြားသူတွေကို အနိုင်ကျင့်တာ မလွန်လွန်းဘူးလား .. ခွင့်လွှတ်ပေးလို့ရရင် ခွင့်လွှတ်ပေးလိုက်ပါ..” ကျင်းကျန်းအဘိုး ပြောလိုက်သည်။ ရှီဟောင် ကောင်းကင်ထက်သို့ ပြေးတက်သွားသည့်အချိန်ကို သူအခွင့်ကောင်းယူကာ ဝမ်ရှီးအဘိုးအား ကာကွယ်ပေးလိုက်သည်။
ရှီဟောင် သူ၏လက်သီးချက်ကြောင့် ဝမ်ရှီးအဘိုး ဘာဖြစ်သွားသည်ကို သူမသိ။ သူ လျှပ်စီးများထုတ်လွှတ်ကာ ထိုလျှပ်စီးဝိညာဉ်နှစ်ကောင်နောက်သို့ လိုက်လိုက်သည်။
ဤတိုက်ပွဲမှာလူများစွာကို ထိတ်လန့်သွားစေသည်။
“ဒါက ဒဏ္ဍာရီလာ လျှပ်စီးဝိညာဉ်များလား..” ဧကရာဇ်မြို့တွင် လျှပ်စီးဝိညာဉ်အား မှတ်မိသွားသည့် မကောင်းဆိုးဝါးအိုကြီးအချို့ ပေါ်လာလေပြီ။
ဝမ်မိသားစုမှလူများ သက်ပြင်းချလိုက်သည်။ ဤနတ်ပိုးကောင်နှစ်ကောင် ဝမ်မိသားစုထံသို့ ပြန်လာနိုင်မည်မဟုတ်မှန်း သူတို့သိလိုက်ရလေပြီ။ လျှပ်စီးဝိညာဉ်ဟူသည့်စကားနှစ်လုံးပင်လျှင် ဤနေရာ၌ရှိနေသည့် စွမ်းအားကြီးသည့်ပုဂ္ဂိုလ်များကို တုန်လှုပ်သွားစေသည်။ မုန့်ထျန်းကျန်းပင် ထွက်လာလိမ့်မည်ဟု သူတို့ယုံကြည်သည်။
ရွှီး..
ရှီဟောင် တစ်ကောင်ဖမ်းမိသွားလေပြီ။ နောက်တစ်ကောင်မှာ ထွက်ပြေးနေဆဲပင်။
ထိုအချိန်တွင် လက်ကြီးတစ်ဖက် ရုတ်တရက်ရောက်လာပြီး ထိုပိုးကောင်အား ဖမ်းရန် ကြိုးစားလာသည်။
ဖုန်း..
ရုတ်တရက် အလင်းဖျော့လေးတစ်ခုပေါ်လာသည်။ တစ်စုံတစ်ယောက်သည် လက်ညှိုးထိုးလိုက်ကာ ထိုလက်ဝါးကြီးအား ပေါက်ကွဲသွားစေလိုက်သည်။
“ဒီနတ်ပိုးကောင်တွေက ဟွမ်ရဲ့ အတိဒုက္ခကြောင့်ပေါ်လာတာဆိုတော့ သူတို့ကို ဖိနှိပ်မယ့်သူက ဟွမ်ပဲဖြစ်သင့်တယ်..” ပုဂ္ဂိုလ်ကြီးတစ်ယောက် ဆုံးဖြတ်ချက် ချလိုက်သည်။
လျှပ်စီးဝိညာဉ်ကို ဝင်လုချင်နေသည့် တစ်ယောက်မှာ သက်ပြင်းချပြီး နောက်ဆုတ်ရုံသာ တတ်နိုင်တော့သည်။
“ဟမ် .. ဒါလှုပ်လာပြီ..” ထိုအချိန်တွင် ယုန်ဖြူလေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူတို့အား အပ်ထားသည့်ပစ္စည်းများထဲမှ ပိုးအိမ်တစ်ခု လှုပ်ရှားလာသည်ပင်။
ထို့အပြင် ထိုပိုးအိမ် လျင်မြန်စွာ အက်ကွဲလာကာ ရွှေရောင်အလင်းများ ပွင့်အံထွက်လာသည်။ ထို့နောက် ပိုးအိမ်ထဲမှ သတ္တဝါတစ်ကောင် ထွက်လာသည်။
လိပ်ပြာဧကရာဇ် လောကကြီးထဲ၌ ပြန်ပေါ်လာလေပြီ။
တစ်ခါအိပ်လိုက်သည်နှင့် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည်ပင်။
သူ ယနေ့ နိုးထလာလိမ့်မည်ဟု ရှီဟောင်ပင် မထင်ထားခဲ့။
“ငါ့ကို လွှဲပေးလိုက်..” လိပ်ပြာဧကရာဇ် အသံပို့လွှတ်လိုက်သည်။
ရွှီး
လိပ်ပြာဧကရာဇ်မှာ လျင်မြန်လွန်းလှသည်။ သူ၏အတောင်ပံများကို ဖြန့်လိုက်သည်နှင့် ရွှေရောင်နေမင်းကြီး ထွက်ပေါ်လာသကဲ့သို့ပင်။ သူသည် အခြား လျှပ်စီးဝိညာဉ်ကို မှီအောင်လိုက်ကာ ရှီဟောင်ထံသို့ မောင်းလိုက်သည်။
ခွပ်..
ထိုလျှပ်စီးဝိညာဉ် လျှပ်စီးထုတ်လွှတ်ကာ တိုက်ခိုက်သော်လည်း လိပ်ပြာဧကရာဇ် သူ၏အတောင်ပံများကို တစ်ချက်ခါလိုက်သည်နှင့် ထိုလျှပ်စီးအားလုံး ပျက်ပြယ်သွားသည်။
ဒါက ဘယ်လိုသတ္တဝါမျိုးလဲ .. သူက လျှပ်စီးဝိညာဉ်နဲ့တောင် တိုက်ခိုက်နိုင်တာလား .. အားလုံး ဆွံ့အသွားရသည်။
ရှီဟောင်လည်း ဆွံ့အသွားရသည်။ လိပ်ပြာဧကရာဇ်မည်မျှစွမ်းအားကြီးသည်ကို သိချင်သောကြောင့် ရွှေရောင်နှင့်ငွေရောင် လျှပ်စီးဝိညာဉ်နှစ်ကောင်လုံးအား သူ့ထံသို့ လွှတ်ပေးလိုက်သည်။
လျှပ်စီးဝိညာဉ်နှစ်ကောင် ဒေါသထွက်နေကြသည်။ သူတို့သည် မောက်မာကာ မာနကြီးသည့်သူများပင်။ သို့သော်လည်း ဤကဲ့သို့ အထင်သေးခံနေရသဖြင့် သူတို့ လျှပ်စီးများဖြင့် တိုက်ခိုက်လာကြလေသည်။
ဝုန်း..
သို့သော်လည်း ပို၍ကြောက်စရာကောင်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ လိပ်ပြာဧကရာဇ် သူ၏အတောင်ပံများကို လှုပ်ခတ်လိုက်သည်နှင့် လေဟာနယ် ပြိုကွဲသွားကာ ထိုလျှပ်စီးဝိညာဉ်၏ တိုက်ခိုက်မှုများမှာ သူ့အား အန္တရာယ်မပေးနိုင်တော့။
ရွှီး..
ထိုလျှပ်စီးဝိညာဉ် ရုတ်တရက် အရှိန်မြင့်ကာ လိပ်ပြာဧကရာဇ်ထံသို့ ပြေးဝင်လာကြသည်။ သူတို့သည် ပါးစပ်ဟကာ သူတို့၏ ချွန်ထက်နေသည့်အစွယ်များဖြင့် လိပ်ပြာဧကရာဇ်အား ကိုက်ရန် ကြိုးစားလာကြသည်။
ထိုလိပ်ပြာဧကရာဇ်မှာ နူးညံ့ကာ လှပပြည့်စုံသည်ဟု ထင်ရသော်လည်း သူ၏နတ်ခွန်အားများ ပြသလိုက်သည့်အချိန်တွင် အလွန်ထိတ်လန့်စရာကောင်းလှသည်။
ချွမ်း..
သူ၏ရွှေရောင်အတောင်ပံများဖြင့် ရိုက်ချလိုက်သည်နှင့် အတောင်ပံတစ်ဖက်ကိုတစ်ကောင်နှုန်းဖြင့် ရိုက်မိသွားကာ ဆူညံသံများ ထွက်ပေါ်လာသည်။
အားလုံး အနည်းငယ် ဆွံ့အသွားရသည်။ လိပ်ပြာတစ်ကောင်က လျှပ်စီးဝိညာဉ်နှစ်ကောင်ကို ဖိနှိပ်ပြီးတော့ အနိုင်ယူလိုက်တာလား..
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင် စိတ်အေးသွားရသည်။ ထို့နောက် သူ ဝမ်ရှီးအဘိုးထံသို့ တရှိန်ထိုး ပြေးသွားလေသည်။
“လူအိုကြီး အခု ကျုပ်တို့နှစ်ယောက်ကြားက စာရင်းရှင်းဖို့ အချိန်ရောက်ပြီ .. ခင်ဗျားတို့ ဝမ်မိသားစုက ဒီလိုမျိုးပဲ လုပ်တာလား ဟင်.. ကျုပ်ကိုရှင်းဖို့အတွက်နဲ့ ခင်ဗျားတို့က မျက်နှာမလိုချင်တော့ဘူးပေါ့ .. ခင်ဗျားတို့က ဘာမဆို လုပ်ရဲနေတော့တာပဲ..” သူအော်ဟစ်လိုက်သည်။
“လူငယ်လေး .. မင်းငါ့ရဲ့ ဝမ်မိသားစုကို ဆက်ပြီး သွားပုတ်လေလွင့်ပြောနေမယ်ဆိုရင် ငါ့ကလန်က မင်းကိုမယဉ်ကျေးတဲ့အတွက် အပြစ်မတင်နဲ့..” ဝမ်ရှီးအဘိုးအော်ဟစ်လိုက်သည်။ သူသည် စိတ်ထဲ၌ အားနည်းနေသော်လည်း သန်မာချင်ယောင်ဆောင်နေသေးသည်။
“လူငယ်လေး .. မင်းအရမ်းလွန်မလာနဲ့..” ကျင်းကျန်းအဘိုးလည်း ပြောလိုက်သည်။
“အားလုံးလုပ်ပြီးသွားတာတောင်မှ ခင်ဗျားတို့အားလုံး ဝန်မခံရဲသေးဘူး .. အဲဒီတော့ ဝမ်မိသားစုဆိုတာ ဒီထက်မပိုဘူးပဲ .. ခင်ဗျားတို့က ယဉ်ယဉ်ကျေးကျေးလုပ်မှာမဟုတ်တဲ့အကြောင်း ခင်ဗျားတို့အားလုံး ပြောပြီးသွားပြီ .. အဲဒါကို ဘာလို့ လွန်လွန်းတာတွေ မလွန်တာတွေ ပြောနေသေးလဲ .. ဘာက မယဉ်ကျေးတဲ့အပြုအမူလဲဆိုတာ ကျုပ်ပြပေးမယ် .. အရင်ဆုံး ခေါင်းနှစ်လုံးကို အရင်ဖြတ်ပြမယ်..” ရှီဟောင်ပြောလိုက်သည်။
သူထိန်းချုပ်မနေပဲ တိုက်ခိုက်လိုက်သည်။ သူ လျှပ်စီးအလင်းတန်းပြုလုပ်ကာ ဝမ်ရှီးအဘိုးထံသို့ တရှိန်ထိုးပြေးကာ တိုက်ခိုက်လိုက်သည်။ ဤလူမှာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှ ကျွမ်းကျင်သူဖြစ်သော်လည်း ယခု သူဘာကိုမှ မကြောက်တော့။
ဝုန်း..
သူ၏ယခုလက်ရှိ တိုက်ခိုက်နိုင်စွမ်းမပြောနှင့် ကောင်းကင်အတိဒုက္ခ လျှပ်စီးအလင်းတန်းပင်လျှင် ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှ ကျွမ်းကျင်သူများကို အမူအရာပြောင်းလဲသွားစေရန် လုံလောက်သည်။
“မင်း..” ဝမ်ရှီးအဘိုးသည် သူ့ကိုယ်သူ ကာကွယ်ရန်ကြိုးစားသော်လည်း ချက်ချင်းဒဏ်ရာရသွားကာ သွေးအန်သွားဆဲပင်။
“ရပ်လိုက်..” ကျင်းကျန်းအဘိုးအော်ဟစ်ကာ သူ့ကို တားရန် ကြိုးစားလာသည်။
“ကျုပ် ခင်ဗျားနဲ့ စာရင်းမရှင်းရသေးဘူး .. အဲဒါကို ခင်ဗျားက ဝင်ပါရဲတယ်ပေါ့ .. ခင်ဗျားလည်း လာခဲ့လိုက်လို့ရတယ်..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူ၏လက်ကို လွှဲရမ်းလိုက်သည်နှင့် ကြယ်မြစ်ကဲ့သို့သော လျှပ်စီးအလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ထိုလူကို လွင့်ထွက်သွားစေလေ၏။
“မင်း လုပ်ရဲတယ်လား..” ခပ်ဝေးဝေးတွင်ရှိနေသည့် ကျင်းကျန်း ဒေါသထွက်သွားရသည်။ သူသည် တစ်ချိန်လုံး သည်းခံနေရခြင်းပင်။ ရှီဟောင် သူ့ကျင်းမိသားစုမှ ကလန်အကြီးအကဲအားတိုက်ခိုက်သည်ကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူပေါက်ကွဲထွက်လာသည်။
“ပြန်လာခဲ့..” ခပ်ဝေးဝေးမှ ကျင်းကျန်းအား တားဆီးသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
ဝုန်း..
ထိုအချိန်တွင် ရှီဟောင်သည် အကြီးအကဲနှစ်ဦးအား တိုက်ခိုက်ရန်အတွက် အားကုန်ထုတ်သုံးလိုက်သည်။ သူသည် အသာစီးရနေသည့်အပြင် အကြီးအကဲနှစ်ဦးကို သွေးအန်အောင်လည်း လုပ်လိုက်နိုင်သည်။
“လူငယ်လေး မင်း..” ဝမ်ရှီးအဘိုး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဒုန်း..
လျှပ်စီးအလင်းတန်းပါဝင်သည့် အခြားလက်သီးချက်တစ်ချက် ကျရောက်လာသည့်အချိန်တွင်တော့ ဝမ်ရှီးအဘိုး ထပ်မတောင့်ခံနိုင်တော့။ သူ၏ခန္ဓာကိုယ်မှာ ကြွေထည်ကဲ့သို့ ကွဲအက်လာသည်။
“ခင်ဗျား ကျုပ်ကိုဘာလို့ အန္တရာယ်ပေးချင်တာလဲဆိုတာ ဒီမှာပြောလိုက် .. အဲဒါဆိုရင် ကျုပ်ခင်ဗျားအသက်ကို ချမ်းသာပေးမယ်..” ရှီဟောင်ပြောလိုက်သည်။
“မင်း .. အိပ်မက်မက်နေလိုက်..” ဝမ်ရှီးအဘိုး သူ့မိသားစုကို သစ္စာမဖောက်ရဲ။
“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း ခင်ဗျားလမ်းကို ပို့ပေးလိုက်မယ်..” ရှီဟောင် မှော်တံဆိပ်တစ်ခု ပြုလုပ်လိုက်ကာ အောက်ဘက်သို့ ဖိချလိုက်သည်။
တစ်ဖက်လူက မပြောချင်ဘူးဆိုမှတော့ သူ့ကို သတ်ပေးရတာပေါ့..
ဖူး..
သွေးအလင်းရောင်တစ်တန်း ထွက်ပေါ်လာကာ ဝမ်ရှီးအဘိုး ထိုနေရာတွင်ပင် အသတ်ခံလိုက်ရပြီး ပေါက်ကွဲသွားသည်။
“ပြီးတော့ ခင်ဗျား .. ခင်ဗျားကိုမေးဖို့တော့ ကျုပ်ပျင်းသွားပြီ .. အဲဒီတော့ ခင်ဗျားလမ်းကိုပဲ ပို့ပေးလိုက်မယ်..” ရှီဟောင် ကျင်းကျန်းအဖိုးကို ပြောလိုက်သည်။
ကြောက်စရာကောင်းလှသည့် လက်သီးအလင်းတန်းအောက်တွင် ကျင်းကျန်းအဘိုးလည်း ကျယ်လောင်စွာ အော်ဟစ်ပြီး ကောင်းကင်တစ်ခုလုံး နီရဲသွားသည်။
“မင်း လုပ်ရဲတယ်..” ခပ်ဝေးဝေးတွင်ရှိနေသည့် ကျင်းကျန်းမျက်လုံးများ နီရဲနေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ဝမ်ရှီး၏မျက်နှာထက်တွင်လည်း ထိတ်လန့်မှုများ ပြည့်နေသည်။
အပိုင်း ၁၆၁၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၂ – စွမ်းအားကြီးသူများ စုဝေးခြင်း
ကိုယ်တိုင်ခစားခြင်းနယ်ပယ်မှ ကျွမ်းကျင်သူနှစ်ယောက် လျင်မြန်စွာပင် အသတ်ခံခဲ့ရသည်။ ဤသည်မှာ ကျောက်စိမ်းကျွန်းပေါ်တွင်ရှိနေသည့်သူအားလုံးအား ဆံပင်မွေးများပင် ထောင်ထသွားစေသည်။ ဟွမ်က ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ..
“ရှင်..” ဝမ်ရှီး ရှီဟောင်အားလက်ညှိုးထိုးကာ ဘာမှမပြောနိုင်တော့။ သူမ၏အဘိုးမှာ အလွန်စွမ်းအားကြီးသော်လည်း ဟွမ်သည် သူ့အား သတ်ပစ်မည်ပြောကာ သူပြောသည့်အတိုင်း သန့်သန့်ရှင်းရှင်းပင် သတ်ပစ်ခဲ့သည်။
“ငါ မင်းကို သတ်မယ်..” ကျင်းကျန်းအော်ဟစ်လိုက်၏။ သူ၏ဆံပင်ရှည်များ လွင့်ပျံနေကာ မျက်လုံးများလည်း နီရဲနေသည်။ သူပါးစပ်ဟလိုက်သည်နှင့် အရိုးစာသားများ အတန်းလိုက်ထွက်ပေါ်လာကာ ရှီဟောင်ထံသို့ ဦးတည်လာသည်။
ဤသည်မှာ နေနှင့်လကိုပင် ရိုက်ချနိုင်သည့် မူလရှေးဟောင်းစွမ်းအင်များနှင့် ရောယှက်နေသည့် မွေးရာပါ ကြယ်ခွန်အားပင်။ ဤအရိုးစာသားများသည် ကြယ်များကို ခြွေချနိုင်သည့်အပြင် အာကာသကိုလည်း စုတ်ဖြဲပစ်နိုင်သည်ပင်။
“ပြန်လာခဲ့..”ရုတ်တရက် အနောက်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။ ထို့အပြင် အကွာအဝေးဂိတ်တစ်ခု ထွက်ပေါ်လာကာ ထိုဂိတ်မှ အပြာရောင်လက်ကြီးတစ်ဖက်ထွက်လာကာ ကျင်းကျန်းအား ဆွဲခေါ်သွားလေသည်။
အားလုံး ဆွံ့အသွားရ၏။ ကျင်းကျန်း ရှီဟောင်နှင့် သူသေကိုယ်သေ တိုက်ခိုက်လိမ့်မည်ဟု ထင်နေကြခြင်းပင်။ ဤကဲ့သို့ ဆွဲခေါ်ခံလိုက်ရမည်ဟု မထင်ထားကြ။ ဆွဲခေါ်သည့်သူမှာ ကျင်းမိသားစုမှ တစ်ယောက်ယောက်ဖြစ်မည်မှန်း ပြောစရာပင်မလို။
အားလုံး စိတ်သက်သာရာရသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ အာရုံစိုက်နေသည့် ပုဂ္ဂိုလ်ကြီးများ သေချာပေါက် ရှိနေသည်ပင်။ ယခု အခြေအနေများမှာ အလွန်ရှုပ်ထွေးနေလေပြီ။ ကျင်းမိသားစုမှာ ဤကိစ္စမှ ယာယီနှုတ်ထွက်သွားချင်နေပြီဖြစ်သည်။
သူတို့ကလန်မှ ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်သည့်အတွက် ရှီဟောင်အား မည်ကဲ့သို့ လုပ်မည်ကို သူတို့နောက်မှ ဆုံးဖြတ်ကြလိမ့်မည်။
အနည်းဆုံးတော့ ပို၍ဆုံးရှုံးမှုများသည်မှာ ဝမ်မိသားစုပင်။ လျှပ်စီးဝိညာဉ် သုံးကောင်ကို ဆုံးရှုံးလိုက်ရသောကြောင့် သူတို့သည် ကျင်းမိသားစုထက် ပို၍ ကံဆိုးသွားကြရသည်။
ဤအကောင်များမှာ အဖိုးတန်လှပြီး ဤလောက၌ တွေ့မြင်နိုင်ရန် ခက်ခဲလှသည်။
လက်ရှိလောကတွင် လျှပ်စီးဝိညာဉ်ကဲ့သို့သော သက်ရှိမျိုးရှိနေကြောင်းကို အဆင့်လွန်ပုဂ္ဂိုလ်များပင် မယုံကြည်ကြတော့။ ယခု ဤသတ္တဝါများမှာ သက်ရှိဥပမာများပင်ဖြစ်သောကြောင့် သူတို့ ဘယ်လိုလုပ် မလန့်ပဲနေမည်နည်း..
ဤသည်မှာ သေချာပေါက် ကိစ္စကြီးပင်။
ထို့အပြင် အဓိကလူတစ်ယောက်ဖြစ်သည့် ရှီဟောင်မှ ဤလျှပ်စီးဝိညာဉ်ကို ရသွားသောကြောင့် အားလုံးပို၍ ထိတ်လန့်သွားရသည်။
“ဟွမ်က သန်မာလွန်းတယ် .. ငါသူ့ကို အစောကြီးကတည်းက အမှတ်မြင့်မြင့်ပေးမိပြီထင်နေတာ .. အခု သူက ငါထင်ထားတာထက်ကို ပိုပြီးတော့ သန်မာနေတယ်..”
လျှပ်စီးဝိညာဉ်မှာ ပြိုင်ဘက်ကင်းသည့်သတ္တဝါများအဖြစ် နာမည်ကြီးသည့် သတ္တဝါများဖြစ်သော်လည်း ယခုတော့ ရှုံးသွားလေပြီ။ ထို့အပြင် လျှပ်စီးဝိညာဉ်မှာ သုံးကောင်ပင်ပေါ်လာသည်။
“ဝမ်မိသားစုနဲ့ ကျင်းမိသားစုက ကျွမ်းကျင်သူ နှစ်ယောက်ကို လွယ်လွယ်လေးနဲ့ပဲ သတ်လိုက်တာ .. ဟွမ်က တကယ် အရမ်းမြန်လွန်းတယ်..”
“ကျင်းကျန်းရော ဘယ်လိုလဲ .. မင်းက လက်ရှိလောကပညာမှာ နံပါတ်တစ်လို့ ပြောခဲ့တာမလား .. မင်းဘာလို့ ထွက်သွားတာလဲ .. မင်း သတ္တိရှိရင် ဟွမ်နဲ့ ထွက်တိုက်လိုက်..” တစ်စုံတစ်ယောက်မှ အော်ဟစ်ကာ ဆူပူအောင်လုပ်လိုက်သည်။
အစပိုင်း ထိတ်လန့်သွားပြီးနောက် သူတို့အသိပြန်ဝင်လာသည့်အချိန်တွင် အချို့လူငယ်ကျင့်ကြံသူများ ရှီဟောင်ဘက်ပါလာကာ ဝမ်မိသားစု၏ လုပ်ရပ်များကို အထင်သေးလိုက်ကြသည်။ ကျင်းမိသားစုကိုလည်း သူတို့ အကောင်းမမြင်ကြတော့။
အထူးသဖြင့် ရှီဟောင် အတိဒုက္ခအား ဖြတ်သန်းနေသည့်အချိန်တွင် သူတို့ ဤကဲ့သို့ ကြောက်စရာကောင်းသည့် သတ္တဝါများကို လွှတ်ခဲ့သည်။ သူတို့သည် သူ၏မှော်ခန္ဓာကိုယ်ကို အန္တရာယ်ပေးကာ သူ၏တာအိုအသီးအပွင့်အား လုယူချင်ခဲ့သည်။
ယခု သတင်းများပျံ့သွားသည့်အချိန်တွင်တော့ လျှပ်စီးဝိညာဉ်မှာ မည်ကဲ့သို့သော သတ္တဝါများဖြစ်သည်ကို အားလုံးသိသွားလေပြီ။ သူတို့သည် ထိတ်လန့်ကာ ကြောက်ရွံ့လာကြရသည်။
ထမင်းစားတူအရွယ်အစားရှိသည့် ပိုးကောင်သုံးကောင်မှာ လျှပ်စီးများကို ဝါးမြိုကာ လူတစ်ယောက်၏ တာအိုအသီးအပွင့်များအား ထိခိုက်စေနိုင်သည်။ သူတို့သည် ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းကာ ပို၍စွမ်းအားကြီးလာကြသလို သူတို့ လျှပ်စီအတိဒုက္ခရည်အား စားသုံးရန် လိုအပ်လေသည်။
“နတ်သမီးဝမ်ရှီး .. နတ်သမီးရဲ့ ဝမ်မိသားစုက အရမ်းလွန်လွန်းသွားပြီလေ ဟုတ်တယ်မလား..” တစ်စုံတစ်ယောက်မှ ဝမ်ရှီးအား ဆူပူလိုက်သည်။
သူမ၏မျက်နှာ ဖြူဖျော့နေကာ ရှီဟောင်၏တိုက်ခိုက်နိုင်စွမ်းနှင့် သူမ၏အဘိုးသေဆုံးမှုမှာ သူမအား တုန်လှုပ်သွားစေသည်ပင်။ ယခုအချိန်တွင် သူမ အနည်းငယ်စိတ်လွတ်နေခြင်းဖြစ်ပြီး ထိုလူစကားကို ကြားမှသာ သူမမျက်လုံးများ အသက်ပြန်ဝင်လာသည်။
“ဒီကိစ္စပေါ်မှာ လူတွေက မှတ်ချက်အမျိုးမျိုးပေးကြမှာပါပဲ..” ထိုအချိန်တွင် အကွာအဝေးဂိတ်တစ်ခု ပေါ်လာကာ အရိုးစာသားများတစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာလေ၏။ ထို့နောက် ဝမ်ရှီးအားခေါ်ဆောင်သွားလေသည်။
ဝမ်မိသားစုမှလူများ ကျွမ်းကျင်သူများ ထပ်မလွှတ်တော့။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သောအခြေအနေမျိုးတွင် သူတို့သာ လှုပ်ရှားလိုက်ပါက အင်ပါယာဂိတ်မှ ထူးခြားသည့်ပုဂ္ဂိုလ်များကို ရန်စသလို ဖြစ်သွားမည်ပင်။
ဥပမာအားဖြင့် အကြီးအကဲအရှင် မုန့်ထျန်းကျန်း ထွက်လာကာ ဝမ်မိသားစုမှ နဂါးငါးကောင်အား တိုက်ခိုက်နိုင်သည်အထိပင်။
လျှပ်စီးဝိညာဉ် သုံးကောင်ပိုင်ရှင်ပြောင်းသွားပြီဆိုသည်ကို အားလုံးမြင်နေရသည်ပင်။ ဝမ်မိသားစုမှ ဤအကောင်များကို ပြန်မယူနိုင်တော့။
“ဒါက တကယ် သေလောက်အောင် နာကျင်ရတာပဲ..” ဝမ်မိသားစုမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ သို့သော်လည်း အခြားသူများ ကြားသွားမည်စိုးသောကြောင့် သူ၏အသံမှာ အလွန်တိုးလျလှသည်ပင်။
အဘယ်ကြောင့်ဆိုသော် သူတို့ပြိုင်ဘက်ကင်းသည့် သတ္တဝါများအား ဆုံးရှုံးလိုက်ရသည်ပင်။
ထိုအချိန်တွင် ခပ်ဝေးဝေး၌ရှိနေသည့် တိုက်ပွဲမှာ ပြင်းထန်နေလေပြီ။ လိပ်ပြာဧကရာဇ် သတ္တဝါနှစ်ကောင်နှင့် တိုက်ခိုက်နေသည်။
သူ၏အတောင်ပံများကို ငြင်သာစွာ လှုပ်ခတ်လိုက်သည်နှင့် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ အက်ကွဲကြောင်းများမှာ ရှည်လျားလှသောကြောင့် ကောင်းကင်ကြီးပင် ပြိုကျလုမတတ်ပင်။
“ဒီကောင်က ရှေးဟောင်းလိပ်ပြာဧကရာဇ်တစ်ကောင်ရဲ့ စွမ်းအားတွေကို စုတ်ယူထားပြီးတော့ နှစ်ပေါင်းများစွာပြောင်းလဲနေခဲ့တာ .. သူရလိုက်တဲ့ အကျိုးကျေးဇူးတွေက တော်တော်လေး မနည်းဘူးပဲ..” ချောင်ယုရှင်း သက်ပြင်းချလိုက်သည်။
သူ ဤကိစ္စကိုသိနေသော်လည်း သူထိတ်လန့်နေဆဲပင်။
ရှေးဟောင်းလိပ်ပြာဧကရာဇ်တစ်ကောင် နေထိုင်သည့် ဂူထဲတွင် ရှီဟောင် ရှေးဟောင်း သော့တစ်ခုကို ရခဲ့သည်။ ထိုသော့ကြောင့်လည်း မြောက်ပိုင်းပင်လယ်ရှိ မပျက်စီးသည့်တောင်တွင်မှ မပျက်စီးနိုင်သည့်ကျမ်းစာအား ရရှိခဲ့ခြင်းပင်။
ပြန်စဉ်းစားကြည့်မည်ဆိုလျှင် လိပ်ပြာဧကရာဇ်တစ်ပါး နေထိုင်သည့်ဂူထဲ၌ ဤကဲ့သို့သော ပစ္စည်းမျိုးရှိနေသည်မှာ အကြောင်းပြချက်တစ်ခု ရှိလိမ့်မည်ပင်။
ယခုအချိန်တွင် လိပ်ပြာဧကရာဇ်မှာ အနည်းငယ် ဒေါသထွက်နေလေပြီ။ အစောပိုင်း၌ လျှပ်စီးဝိညာဉ်နှစ်ကောင်ကို သူ၏အတောင်ပံများဖြင့် ဖျက်ဆီးကာ အသာစီးရနေခဲ့သော်လည်း သူတို့ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု သူ မထင်ခဲ့။ သူတို့သည် ယခုအချိန်ထိ အလျော့ပေးခြင်းမရှိပဲ အားကုန်သုံးကာ တိုက်ခိုက်နေဆဲပင်။
ချွမ်း..
လိပ်ပြာဧကရာဇ်မှာ နူးညံ့ကာ ပေါ့ပါးစွာ ကခုန်နေသည်ဟု ထင်ရသော်လည်း သူ၏စွမ်းအားမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူ၏ရွှေရောင်အတောင်ပံများဖြင့် ထိုးချလိုက်သည်နှင့် နေရာတိုင်း၌ မီးပွားများ လွင့်စင်သွားပြီး ငွေရောင်လျှပ်စီးဝိညာဉ်၏ခန္ဓာကိုယ်ပေါ်တွင် ကြောက်စရာကောင်းသည့် ဒဏ်ရာများဖြစ်ပေါ်လာသည်။ သူ၏အသွေးအသား ပျက်စီးသွားကာ သွေးများစီးကျလာသည်။
လျှပ်စီးဝိညာဉ်၏ခန္ဓာကိုယ်များမှာ မကျိုးပျက်နိုင်ပေ။ ရှီဟောင်မှလွဲလျှင် အခြားသူများ သူတို့ကို ဒဏ်ရာရအောင်လုပ်ဖိုဆိုသည်မှာ ခက်ခဲလှသည်။ ယခု လိပ်ပြာဧကရာဇ်မှ သူတို့အား ဒဏ်ရာရအောင် လုပ်နိုင်သွားလေပြီ။
ဝုန်း..
ထိုရွှေရောင်လျှပ်စီးဝိညာဉ်မှ ကူညီပေးလာ၏။ ဖရိုဖရဲစွမ်းနှင့် ထာဝရမြူတစ်ကြောင်းပါဝင်နေသည့် ရွှေရောင်လျှပ်စီးတစ်ခု သူ၏ပါးစပ်မှ ထွက်ပေါ်လာသည်။ ဤသည်မှာ ကြည့်နေကြသည့်သူအားလုံးကို ထိတ်လန့်သွားစေသည်ပင်။
“ဒါက အသွေးအသားထဲမှာ ပေါင်းစပ်ထားတဲ့ ထာဝရမြူ .. ပါးစပ်အပြည့် သွေးတွေပါတဲ့လျှပ်စီးပဲ .. ဒီလိုမျိုးသတ္တဝါက .. အရမ်းကြောက်ဖို့ကောင်းတယ်.. သူ့မှာ ထာဝရတာအိုခွန်အားလည်း ရှိနေတာလား..” လူအချို့ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
သေချာပါသည်။ လျှပ်စီးဝိညာဉ်၏ သွေးပါဝင်သည့်လျှပ်စီးမှာ ပို၍စွမ်းအားကြီးသည်ပင်။ သူသည် လိပ်ပြာဧကရာဇ်အား ဘေးဘက်သို့ တွန်းပို့လိုက်ကာ ငွေရောင်လျှပ်စီးဝိညာဉ်အား ကယ်တင်လိုက်နိုင်သည်။
လျှပ်စီးဝိညာဉ်နှစ်ကောင် ဒေါသတကြီး အော်ဟစ်လာကြသည်။ သူတို့နှစ်ဦးလုံး ရွှေရောင်နှင့်ငွေရောင်နတ်အလင်းတန်းအဖြစ်များသို့ ပြောင်းလဲသွားကာ လိပ်ပြာဧကရာဇ်နှင့် ပြင်းထန်စွာ တိုက်ခိုက်လာသည်။
ဤတိုက်ပွဲမှာ ပြင်းထန်လှပြီး အားလုံး၏အာရုံအား ဆွဲဆောင်သွားသည်။
ဒါက ဘယ်လိုလိပ်ပြာမျိုးလဲ .. သူက ဘာလို့ ဒီလောက်တောင် အံ့ဩဖို့ ကောင်းနေတာလဲ.. လူများစွာ သံသယဝင်လာကြသည်။
လူအချို့မှ လိပ်ပြာဧကရာဇ်နာမည်ပြောလာသော်လည်း ဤအကြောင်းသိသည့်သူမှာ နည်းပါးလှသည်။ သူ၏အတိတ်မှ အောင်မြင်မှုများအကြောင်းကို သိပ်မသိကြ။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လိပ်ပြာမှာ ရှားပါးလှကာ ရှေးခေတ်အချိန်၌ တစ်ခါသာ ပေါ်လာသည်။ ထို့အပြင် သူသည် အဆင့်နိမ့်နယ်မြေသို့ ဝင်သွားခြင်းဖြစ်သောကြောင့် သူနှင့်ပတ်သက်သည့်မှတ်တမ်းများ ရှားပါးလှသည်။
“သူက ကာကွယ်သူတွေလိုမျိး ဒီလောကကမဟုတ်ပဲနဲ့ ပိုပြီးရှေးကျတဲ့နေရာက လာတာလည်း ဖြစ်နိုင်တယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု၏ ကာကွယ်သူများဖြစ်သည့် တုဂုယွမ်၏ ဘိုးဘေးများမှာ ဤလောကမှ မဟုတ်ပဲ အခြားနေရာတစ်ခုမှဖြစ်လိမ့်မည်ဟု အားလုံးသံသယဝင်နေကြသည်ပင်။
ချွမ်း..
လိပ်ပြာအတောင်ပံတစ်စုံမှာ ရွှေရောင်တောက်ပနေ၏။ နောက်ဆုံးတွင်တော့ သူအသာစီးပြန်ရသွားကာ ထိုလျှပ်စီးဝိညာဉ်များကို လွှမ်းမိုးနိုင်သွားသည်။
အားလုံး ဆွံ့အသွားရသလို လန့်လည်း လန့်သွားရသည်။ ဒီလိပ်ပြာဧကရာဇ်က ဒီလောက်တောင်စွမ်းအားကြီးတာလား .. သူက ပြိုင်ဘက်ကင်းတဲ့ လျှပ်စီးဝိညာဉ်ကိုတောင် ဖိနှိပ်နိုင်တယ်…
“ဒါက .. ” လူများစွာ ထိတ်လန့်သွားကြပြီး သူတို့ခံစားချက်ကို မည်ကဲ့သို့ ဖော်ပြရမည်မှန်းပင် မသိတော့။
“လျှပ်စီးဝိညာဉ်တွေ ဖမ်းခံလိုက်ရပြီ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အချက်ရေ လေးရာကျော်ရောက်လာသည့်အချိန်တွင် လိပ်ပြာဧကရာဇ် လျှပ်စီးဝိညာဉ်နှစ်ကောင်အား ဖမ်းလိုက်နိုင်သည်။ တစ်ကောင်ကို အတောင်ပံတစ်ဖက်စီဖြင့် ဖိနှိပ်ထားကာ သူတို့မလှုပ်နိုင်တော့။
ရှီဟောင် လျှပ်စီးအတိဒုက္ခမှ ပြုံး၍ လျှောက်လာကာ ဤလျှပ်စီးဝိညာဉ်နှစ်ကောင်ကို သူကိုယ်တိုင် ချိတ်ပိတ်လိုက်သည်။ ဤနှစ်ကောင်ကိုလည်း အစောပိုင်းမှတစ်ကောင်နှင့်အတူ သိမ်းထားလိုက်သည်။
သူ ဤအကောင်များကိုမသတ်။ သူတို့ အလွန်အသုံးဝင်လိမ့်မည်ဟု သူခံစားနေရသည်ပင်။
ဤကဲ့သို့ ဖြစ်ပျက်သွားသောကြောင့် ဤနေရာ၌ရှိနေသည့်သူများ မတည်ငြိမ်နိုင်တော့။ ဤနေရာတွင် ဆူညံသံများ ပေါက်ကွဲထွက်လာကြသည်။ အားလုံးမှာ ဤအကြောင်းကို စိတ်ပါဝင်စားစွာဖြင့်ပင် ဆွေးနွေးနေကြလေ၏။
သို့သော်လည်း ရှီဟောင် ဤကိစ္စများကို အာရုံစိုက်မနေပဲ လျှပ်စီးကန်ထဲ၌ ထိုင်ကာ မကုန်သေးသည့် လျှပ်စီးအတိဒုက္ခရည်များကို အသုံးပြုလိုက်သည်။
ထို့နောက် သူ ၁၀ လွှာမြောက် ကောင်းကင်ဘုံသို့ သွားကာ နောက်ဆုံး လျှပ်စီးကန်အစစ်ကို ရယူလိုက်သည်။
“တစ်ခြား လျှပ်စီးကန်တစ်ခု ရှိသေးတယ်..” ဤသည်ကိုတွေ့လိုက်ရသည်နှင့် လူငယ်အချို့ မူးဝေလာရသည်။
အပေါ်ဘက်တွင် နတ်အလင်းဖြင့် ဖန်တီးထားသည့် အလွှာတစ်ခု ရှိနေသည်ပင်။ ထိုနေရာရှိ လျှပ်စီးများမှာ မကြမ်းတမ်းပဲ အလွန်နူးညံ့နေသည်။
သို့သော်လည်း ရှီဟောင် ထိုကောင်းကင်ဘုံထဲသို့ ဝင်သွားကာ လျှပ်စီးကန်အား ရယူရန် ကြိုးစားလိုက်သည်နှင့် လျှပ်စီးများထွက်ပေါ်လာကာ မိုးခြိမ်းသံများ မြည်ဟီးလာ၏။ လေပြင်းများလည်း တိုက်ခိုက်လာသည်။
ရှီဟောင် ထိုအရာအားလုံးကို သူ၏ခွန်အားဖြင့် ခုခံကာ အလွန်လျင်မြန်သည့်အရှိန်ဖြင့် လျှပ်စီးကန်ထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ဤကန်မှာ အလွန်သေးငယ်လှပြီး တစ်ပေပတ်လည်သာရှိသည်။ သို့သော်လည်း ထိုကန်ထဲ၌ ရှိနေသည့်အရည်မှာ အောက်ဘက်တွင်ရှိနေသည့် လျှပ်စီးကန်မှ အရည်များထက် အဆပေါင်းမည်မျှ စွမ်းအားကြီးမှန်းပင်မသိ။
သူဘာမှမပြောပဲ အရိုးအိုးတစ်ခုကို ထုတ်ကာ ထိုအရည်များကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ မမျှော်လင့်ထားသည့်အဖြစ်အပျက် တစ်ခုခုဖြစ်လာမည်စိုးသောကြောင့် သူအချိန်မဖြုန်းရဲ။
ဤအရည်မှာ ပတ္တမြားကဲ့သို့ နီရဲတောက်ပနေသည်။ ဤသည်မှာ ကောင်းကင်နှင့်မြေကြီး သွေးစွမ်းအင်နှင့်လည်း တူနေသည်ပင်။ ဤအရည်များမှာ အဖိုးမဖြတ်နိုင်လောက်အောင်ပင်။
တစ်ချိန်တည်းမှာပင် ဤကန်မှာ အလွန်ရိုးရှင်းကာ ရှေးကျလှသည်။ သူလက်နှင့်ထိကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ လျှပ်စီးဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ ရှေးဟောင်းကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းပင်။
“ဒီအရည်က အစစ်ဆိုတော့ ဒီကန်ကရော အစစ်များလား.. ငါ ဒီကန်ကို ယူသွားလို့ရလောက်လား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ဤလျှပ်စီးကန်မှာ ယခင်က လျှပ်စီးကန်များနှင့် မတူညီပေ။ ဤသည်မှာ အစစ်အမှန်ဆန်လှပြီး ကျောက်တုံးမှာ မာကျောကာ ရှေးဟောင်းအော်ရာဖြင့် ပြည့်နေသည်။ ဤကျောက်တွင် ထာဝရတာအိုစွမ်းအင်တစ်မျိုးလည်း ရှိနေသည်။
“ငါ ဒါကို ရွှေ့လိုက်မယ် .. ငါနဲ့သာ လိုက်ခဲ့တော့…”
ရှီဟောင် သူ၏နတ်စွမ်းရည်များကို အသုံးပြုကာ အားထုတ်လိုက်သည်။ သူ ဤကန်ကို သူ၏မှော်ပစ္စည်းသိုလှောင်အိမ်ထဲ၌ ထည့်ထားကာ နောက်မှ လေ့လာရမည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်သူများအားလုံး ဆွံ့အသွားရသည်။ ဟွမ်က ဘယ်လောက်တောင် လောဘကြီးနေတာလဲ.. လျှပ်စီးအတိဒုက္ခရည်ကို ယူတာက ထားပါတော့ .. သူက ကန်ကိုတောင် ယူသွားချင်နေတာလား..
အပိုင်း ၁၆၁၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၃ – အလွန် လက်လွတ်စပယ်နိုင်မှု
ခွပ်..
လျှပ်စီးတန်းပေါင်းကိုးထောင် တစ်ပြိုင်နက်တည်း ကျလာကာ ရှီဟောင်၏ခန္ဓာကိုယ် ဆတ်ခနဲ ဆန်ခနဲ့တွန့်သွားသည်အထိ ပေါက်ကွဲလာလေသည်။ အချို့နေရာများမှာ အတော်လေး ဆိုးဝါးနေပြီဖြစ်ပြီး အရိုးများပင် မြင်နေရလေပြီ။
၁၀ လွှာမြောက်ကောင်းကင်ဘုံ၌ရှိနေသည့် လျှပ်စီးများမှာ အလွန်ငြိမ်းချမ်းလှသည်ပင်။ သူ လျှပ်စီးအတိဒုက္ခရည်များကို ယူဖို့ ကြိုးစားလျှင်ပင် ဤကဲ့သို့ မဖြစ်သင့်။ ဤသည်မှာ သူလျှပ်စီးကန်ကို ယူသွားဖို့ ကြိုးစားလိုက်သောကြောင့်ပင်။
“ဖယ်မယ်..”
ရှီဟောင် သူ၏နတ်စွမ်းရည်များကို အသုံးပြုလိုက်သည်။ သူ၏ပြန်လည်ဝင်စားခြင်းပင်လယ် တောက်ပလာသည့်အပြင် သူ ခွန်ပန်ပညာ၊ မိုးမခနတ်ဘုရားပညာများနှင့် အခြားအရာများကိုလည်း အသက်သွင်းလိုက်သည်။ ဤရှေးဟောင်းကန်ကို ရရန်အတွက် သူအားလုံး စွန့်စွားမည်ပင်။
အားလုံးမှာ ဘာပြောရမှန်းမသိရလောက်အောင် ဆွံ့အသွားရသည်။
“ဟွမ်က အစောလေးကတင် ဝမ်မိသားစုနဲ့ ကျင်းမိသားစုက အကြီးအကဲတွေကို သတ်ထားတာ .. ဒါပေမဲ့ သူက အခု လျှပ်စီးကန်ကို ခိုးဖို့ကြိုးစားနေတယ် .. ဒါက တစ်ခုခုတော့ မှားနေသလိုပဲ..” လှပသည့်မိန်းမပျိုလေးတစ်ဦးမှ တီးတိုးရေရွတ်လိုက်သည်။
“ဟေး ဟွမ် .. နင်ဘာလုပ်နေတာလြ .. နင် ဒီလိုမျိုးလုပ်လို့မရဘူးလေ .. ဒါက နည်းနည်းရှက်ဖို့ကောင်းတယ်..” ယုန်ဖြူလေး သူ့အစား ရှက်နေရသည်။ ဤသည်မှာ လက်လွတ်စပယ်နိုင်လွန်းသည်ပင်။
“လျှပ်စီးကန်က လျှပ်စီးကနေ ဖြစ်လာတာ .. အစစ်မဟုတ်ဘူး .. လျှပ်စီးအတိဒုက္ခရည်ကမှ ရှားပါးတဲ့ ကောင်းကင်ရတနာအစစ် .. မင်းအဲဒီအရည်တွေ ယူလာလို့ရတယ်..” သူမသိဘူးထင်၍ ပုရွက်ဆိတ်လေးမှ ပြောလိုက်သည်။
“မင်းတို့အားလုံး ငါ့ကို ပြောစရာမလိုဘူး .. ငါဘာလုပ်နေလဲဆိုတာ ငါသိတယ်..” ရှီဟောင် ပြောလိုက်၏။ ဤသည်မှာ လျှပ်စီးကန်အစစ်ဆိုသည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူမျိုးစုံစမ်းသပ်သော်လည်း မှားယွင်းနေသည်ဟု မခံစားရသေး။
ကန်ကိုယူနေရင်းဖြင့်လည်း အရိုးအိုးကို အသုံးပြုကာ လျှပ်စီးအတိဒုက္ခရည်အား သိမ်းဆည်းလိုက်သည်။ သူဘာမှမရလိုက်ပဲဖြစ်သွားမည်စိုးသောကြောင့်ပင်။
သေချာပါသည်။ ယခင်ကကဲ့သို့ သူ လျှပ်စီးအတိဒုက္ခရည်တစ်ဝက်ကိုသာ ယူသွားနိုင်သည်။
သို့သော် ထိုအချိန်တွင် လျှပ်စီးကန်လေး လှုပ်ရှားလာကာ ထွက်ပြေးတော့မည်။
ကောင်းကင်အတိဒုက္ခ ပြီးဆုံးတော့မည်ဖြစ်သော်လည်း လျှပ်စီးများမှာ သူ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု၌ ရင်ဆိုင်ခဲ့ရသည့် လျှပ်စီးများထက် ပို၍ပင် ကြောက်စရာကောင်းလာသည်။ သူ့တစ်ကိုယ်လုံးလည်း မည်းတူးသွားပြီဖြစ်သည်။
“ထတော့..” ရှီဟောင် အကောင်းဆုံးကြိုးစားနေဆဲပင်။
ထို့နောက် လေဟာနယ်ကြီး တုန်ခါသွားသည်ကို သူခံစားလိုက်ရပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ ထို့အပြင် လျှပ်စီးတန်းများ ပို၍သိပ်သည်းလာကာ ကောင်းကင်အတိဒုက္ခတစ်ခုလုံးမှာ ထိုအက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့မည်။
“ချိတ်ပိတ်မယ်..”
ရှီဟောင် အော်ဟစ်လိုက်ကာ ရှိသမျှအကုန် ထုတ်သုံးလိုက်သည်။ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာ အသက်ဝင်လာပြီး မပျက်စီးနိုင်သည့်ကျမ်းစာသံ ထွက်ပေါ်လာကာ မူလရှေးဟောင်းမှတ်တမ်းလည်း အသက်ဝင်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ပြန်လည်ဝင်စားခြင်းပင်လယ်လည်း တောက်ပလာကာ ဤကန်ကို ဖိနှိပ်လာသည်။
ထိုအချိန်တွင် ထိုလျှပ်စီးကန်သည် သူ့ကိုလည်း ဆွဲခေါ်သွားကာ ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားတော့မည်။
“မြန်မြန်ရပ်လိုက် .. မင်းဝင်သွားရင် မင်းသေချာပေါက် သေသွားမှာ..” ချောင်ယုရှင်းကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လူများစွာလည်း ထိတ်လန့်လာကြသည်ပင်။
ဤသည်မှာ ကောလဟာလများကြောင့်ပင်။ လျှပ်စီးအတိဒုက္ခ၏ ရင်းမြစ်ကို တွေ့သွားသည်နှင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ဖျက်ဆီးခံရလိမ့်မည်။ မည်သူမှ ချွင်းချက်မဖြစ်ခဲ့။
ရှေးယခင်ကတည်းက မူလနယ်မြေသို့ သွားပြီး အသက်ရှင်လျက်ပြန်ရောက်လာသည့်သူမရှိသေး။
လျှပ်စီးအတိဒုက္ခမှာ မိုးတိမ်များမှ ဖန်တီးခြင်းမဟုတ်ပဲ အထက်ကောင်းကင်မှ ရုတ်တရက်ကျရောက်လာခြင်းပင်။ သို့သော်လည်း အရာရာတိုင်းတွင် မူလဇစ်မြစ်များရှိသည်ပင်။ ယခု ရှီဟောင် ထိုအက်ကွဲကြောင်းထဲသို့ ဝင်တော့မည်ဖြစ်သောကြောင့် ဤသည်မှာ အခြားသူများအား ဖြူလျော်သွားစေသည်ပင်။
“ကပ်စေးနဲတဲ့ကောင် ဒီကိုပြန်လာခဲ့..” ထိုအချိန်တွင် အကြီးအကဲအရှင် မုန့်ထျန်းကျန်းပင် ထိတ်လန့်လာသည်။
ဒီကောင်စုတ်က ရဲတင်းလွန်းတယ် .. အသက်ကြီးသည့်မျိုးဆက်မှ ပုဂ္ဂိုလ်များစွာ အလောတကြီး ရောက်လာကြပြီး ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူတို့အားလုံး ဆွံ့အသွားရသည်။ ဤမျှသတ္တိကောင်းသည့်သူကို သူမတွေ့ဖူးသေး။
ဒီကောာင်ဘာလုပ်ချင်တောလဲ.. လျှပ်စီးအတိဒုက္ခရည်တစ်ဝက် ရထားတာတောင်မှ မလုံလောက်သေးဘူးလား .. သူက ဒီကန်လေးကိုလည်း လိုချင်နေတာလား .. သူတို့အားလုံးသည် သူ့ကိုကြည့်ကာ ဘယ်လိုအကဲဖြတ်ရမလဲပင်မသိတော့။
ဒါက ကောင်းကင်ကို တွန်းလှန်နိုင်တဲ့ ဂျီးနီးယပ်စ်လား ဒါမှမဟုတ် အရှက်မရှိတဲ့အပြင် နမော်နမဲ့နိုင်လွန်းတဲ့ကောင်လား..
“ကျွန်တော် နောက်ဆုံးတစ်ခေါက် ကြိုးစားပါရစေ..” ရှီဟောင် ပြန်ဖြေလိုက်သည်။ သူယခုအချိန်ထိ အရှုံးမပေးသေး။
ကောင်းကင်ထက်တွင် ထူးဆန်းသည့်အက်ကွဲကြောင်းအချို့ ပေါ်လာသည်။ ထိုအထဲတွင် လျှပ်စီးအလင်းတန်းများစုဝေးနေလေသည်။ ယခုအချိန်တွင်တော့ အားလုံး အနည်းငယ် ထိတ်လန့်တုန်လှုပ်နေကြလေပြီ။
ဤသည်မှာ ယခင်က မဖြစ်ဖူးခဲ့။ အတိအကျပြောရမည်ဆိုလျှင် မည်သူမှ မမြင်ဖူးခဲ့။ ဒဏ္ဍာရီများသာ ကြားဖူးခဲ့သည်။ ကောင်းကင်အတိဒုက္ခမှာ တကယ် အရင်းအမြစ်တစ်ခု ရှိနေတယ်..
ကောင်းကင်အတိဒုက္ခမှာ ရုတ်တရက်ပေါ်လာခြင်းဖြစ်သည်ဟု အားလုံးယုံကြည်ခဲ့ကြသည်ပင်။ သို့သော်လည်း ဤသည်မှာ ထူးဆန်းသည့်နယ်မြေတစ်ခု၌ စုစည်းထားခြင်းဖြစ်ကြောင်း အားလုံးတွေ့လိုက်ရလေပြီ။
“ကပ်စေးနဲတဲ့ကောင် .. မင်းအသက်ကို မလိုချင်တော့ဘူးလား .. အခုချက်ချင်းရပ်လိုက်..” အကြီးအကဲအရှင် ဆူပူလိုက်သည်။
ရှီဟောင်နောက်ဆုံးအကြိမ် ကြိုးစားလိုက်သည့်အချိန်တွင် ပျက်ပြယ်သွားတော့မည့် လျှပ်စီးအတိဒုက္ခသည် ကမ္ဘာမြေကြီးကို နောက်တစ်ကြိမ်လွှမ်းခြုံလာကာ သူ့ထံသို့ ပေါက်ကွဲထွက်လာသည်။
အရောင်မျိုးစုံတောက်ပနေသည့် ကောင်းကင်ထက်မှ ထိုထူးဆန်းသည့်အက်ကွဲကြောင်းများမှာ တစ်ဖြည်းဖြည်းချင်း ပြန်ပိတ်သွားလေပြီ။
“နေခဲ့…”
ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏ပြန်လည်ဝင်စားခြင်းပင်လယ်မှ အလင်းတန်းများ ထွက်ပေါ်လာကာ ထိုလျှပ်စီးကန်ကို ချက်ချင်း သိမ်းဆည်းလိုက်လေသည်။
အမ်..
အားလုံး ဆွံ့အသွားရ၏။ သူအောင်မြင်သွားတာလား .. သူ အဲဒီတစ်ပေပတ်လည်ကန်လေးကို ရလိုက်နိုင်တာလား.. အဲဒါက သူ့ဗိုက်ထဲပျောက်သွားတာ..
သို့သော်လည်း ဤသည်မှာ သူပျားတူအုံကို တုတ်ဖြင့် ထိုးလိုက်သကဲ့သို့ပင်။ အမှောင်ထုထဲတွင် တောက်ပသည့်အလင်းများနှင့်အတူရှိနေသည့် အက်ကွဲကြောင်းများမှ လျှပ်စီးအလင်းတန်း ထောင်ပေါင်းများစွာ ထွက်လာသည်။ ထိုလျှပ်စီးများအားလုံးမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြောက်စရာကောင်းလှသည်ပင်။
ယခုအချိန်တွင် ရှီဟောင် ပုန်းစရာနေရာမရှိတော့။ သူ၏ဆံပင်များ ထောင်ထသွားကာ တစ်ကိုယ်လုံး မည်းတူးသွားလေ၏။ ထို့နောက် သူလဲကျသွားလေသည်။
သူ၏ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းသည့် လျှပ်စီးတန်းများစွာ၏ ဖောက်ခွဲခြင်းခံလိုက်ရကာ သူ့ခန္ဓာကိုယ်တွင် အပေါက်များတစ်ပေါက်ပြီးတစ်ပေါက် ပေါ်လာသည်။
အပေါက်ကြီးမှာ မည်းတူးတော့မည်ဖြစ်သည့် သူ၏နှလုံးကိုပင် မြင်နေရသည်။
“မင်း ရှုံးသွားပြီလား..” ရှီဟောင် ချက်ချင်းကြီးသေသွားမည်ကို အကြီးအကဲအရှင် စိတ်ပူနေမိသည်။
အဘယ်ကြောင့်ဆိုသော် ဤလျှပ်စီးအတိဒုက္ခမှာ ယခင်ကထက် ပို၍ ကြောက်စရာကောင်းသည်ပင်။ လျှပ်စီးများမှာ ယခင်ကထက်ပိုတောက်ပနေပြီး အသက်ရှိအားလုံးကို ဖျက်ဆီးတော့မည့်ပုံစံပင်။
ရှီဟောင် လျှပ်စီးကန်ကို လုယူသောကြောင့် ကောင်းကင်မှ ဒေါသထွက်သွားကာ လျှပ်စီးများကို ဆက်တိုက်ပင် ပစ်ချလာသည်။
ရှီဟောင် နာကျင်မှုကို အံကြိတ်သည်းခံကာ ထိုနေရာ၌ တောင့်ခံထားလိုက်သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ် မည်းတူးသွားသည်အထိ ပေါက်ကွဲသွားပြီး သူလဲကျတော့မည်။
ထိုအချိန်တွင် ထာဝရသတ်ဖြတ်ခြင်းစင်မြင့် နောက်တစ်ကြိမ် ဖြစ်ပေါ်လာကာ သူ့အား ဤနေရာ၌ သတ်တော့မည်။
အားလုံး ဆွံ့အသွားရသည်။ ဒီလူက တကယ် ပြဿနာရှာလိုက်တာပဲ..
ရှေးခေတ်ကတည်းက ထာဝရသတ်ဖြတ်ခြင်းစင်မြင့် ဘယ်နှကြိမ်များ ပေါ်လာဖူးသနည်း.. သို့သော် ယနေ့တော့ လျှပ်စီးအတိဒုက္ခတစ်ခုတည်းတွင် နှစ်ကြိမ်ပင် ပေါ်လာသည်။ ရှင်သန်ခြင်းနတ်ဘုရား သူ့အား အသက်မရှင်စေချင်တော့ဘူးထင်သည်။
လျှပ်စီးများ ဆက်တိုက်ကျရောက်နေသော်လည်း ထိုအက်ကွဲကြောင်းများမှာ ယခုထိ ပိတ်နေဆဲပင်ဖြစ်ပြီး ဤသည်မှာ ရှီဟောင်၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
အက်ကွဲကြောင်းမှာ တစ်ဖြည်းဖြည်းသေးလာပြီး ခဏနေလျှင် လုံးဝပိတ်သွားတော့မည်။
သို့သော်လည်း လျှပ်စီးမှာ သူ့အား ရန်ငြိုးရန်စရှိနေသကဲ့သို့ သူ့ထံသို့ ပြင်းထန်စွာပင် ကျရောက်လာသည်။
“မရဘူး .. ငါ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်နဲ့ တစ်ခါတွေ့ပြီးပြီ .. မင်းထပ်ပေါ်မလာနဲ့တော့ .. ငါတို့ နောက်တစ်ခေါက်မှ တွေ့လို့ရတယ် .. တကယ်တော့ ငါတို့ဘယ်တော့မှ မတွေ့ရင် အကောင်းဆုံးပဲ..” ရှီဟောင် အော်ဟစ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် ထာဝရသတ်ဖြတ်ခြင်းစင်မြင့် တစ်ဖြည်းဖြည်းချင်း ပုံပေါ်လာကာ ထိုအနီရင့်ရောင်ဓားကြီးကို ရှင်းရှင်းလင်းလင်း မြင်ရတော့မည်။
ဝုန်း..
လျှပ်စီးတန်းများ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ လျှပ်စီးတန်းတစ်ခုစီတိုင်း၌ မူလရှေးဟောင်းစွမ်းအင်များ ပါဝင်နေသည်။ ဤသည်မှာ ကြောက်စရာကောင်းလှသည်ပင်။ သူ၏ခန္ဓာကိုယ် ဆိုးဆိုးရွားရွားပုံပျက်သွားသည်အထိ ရှီဟောင် ဖောက်ခွဲခံလိုက်ရကာ သူ့အရိုးများပင် ပေါ်လာသည်။
သူ ရယ်မောကာ ဟာသလုပ်နေသော်လည်း သူ့အခြေအနေမှာ တကယ်ကို အန္တရာယ်များလှသည်။
အကြီးအကဲအရှင် မုန့်ထျန်းကျန်းပင် စိုးရိမ်နေပြီဖြစ်သည်။ သို့သော်လည်း အပြင်လူများ ဝင်နှောက်ယှက်၍မရ။ ဤသည်ကို မရပ်တန့်နိုင်။
“မင်း တောင့်မခံနိုင်တော့ရင် အဲဒီကန်ကို ပြန်ပေးလိုက်..” ဖက်တီးချောင် အော်ဟစ်လိုက်သည်။
“ကန်အစုတ်အပြတ်လေးပဲမဟုတ်ဘူးလား .. မြန်မြန်လွင့်ပစ်လိုက်တော့..” ယုန်ဖြူလေးနှင့် ပုရွက်ဆိတ်လေးတို့ အော်ဟစ်လိုက်သည်။
လိပ်ပြာဧကရာဇ်လည်း သူ၏အတောင်ပံများကို ခတ်ပြီး သူသဘောတူကြောင်း ပြသသည်။ ယခုအချိန်တွင် လူတစ်ယောက်၏အသက်သာ အရေးအကြီးဆုံးဖြစ်သည်။ ဤကန်လေးအတွက်နှင့် စွန့်စားရန် မထိုက်တန်။
ဝုန်း..
နောက်ဆုံးအရေးကြီးသည့်အချိန်တွင် လျှပ်စီးများသည် သူ၏ဦးခေါင်းကိုပင် ခွဲပစ်လိုက်လေသည်။
အခြားသူများသာဆိုလျှင် သူတို့အစောကြီးကတည်းက သေသွားလောက်လေပြီ။
ရှီဟောင် မပျက်စီးနိုင်သည့်ကျမ်းစာကို အဆုံးစွန်ထိ အသုံးပြုနေသည့်အပြင် မူလရှေးဟောင်းမှတ်တမ်းကိုအသုံးပြုပြီး လျှပ်စီးအတိဒုက္ခအား ရပ်တန့်ရန် ကြိုးစားနေသည်။
သူ၏ ပြန်လည်ဝင်စားခြင်းပင်လယ်တောက်ပလာကာ ထိုလျှပ်စီးကန်ကို သိမ်းဆည်းသွားသည်။ ထိုပင်လယ်သည် ဆက်တိုက်တောက်ပနေသော်လည်း ထိုလျှပ်စီးကန်ကို စွန့်ပစ်ခြင်းမရှိပေ။ နောက်ဆုံးတော့ သူ ထိုကန်ကို ဖိနှိပ်လိုက်နိုင်လေပြီ။
“မင်း .. တကယ်ပေါ်လာတော့မှာလား..” ရှီဟောင် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ပေါ်မှ ခေါင်းဖြတ်စက်ကို ကြည့်ကာ အနည်းငယ် ကြောက်ရွံ့သွားမိသည်။
“အမ်…” သူခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် နောက်ဆုံးအက်ကွဲကြောင်းများလည်း ပိတ်သွားလေပြီ။ ထိုအက်ကွဲကြောင်းမှ ထွက်လာသည့် လျှပ်စီးများလည်း နည်းသွားလေပြီ။
ချွမ်း..
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ပေါ်၌ အနီရင့်ရောင် ခေါင်းဖြတ်စက် အပြည့်အဝ ပုံပေါ်လာလေပြီ။ သူသည် အေးစက်သည့်အလင်းများကို ထုတ်လွှတ်ကာ ရှီဟောင်အား နောက်တစ်ကြိမ် ခေါင်းဖြတ်ပစ်တော့မည်။
ယခုအချိန်တွင် ရှီဟောင် မတတ်သာပဲ ဆုံးဖြတ်ချက်ချရတော့မည်။ သူ အဲဒီကန်ကို ရဖို့ ဆက်ကြိုးစားနေရမလား..
“အက်ကွဲကြောင်း ပိတ်သွားပြီ .. အချိန်စေ့သွားပြီ..” တစ်စုံတစ်ယောက်မှ ရုတ်တရက် အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ပေါ်ရှိ ခေါင်းဖြတ်စက်မှာ တောက်ပသည့် အနီရောင်အလင်းများထုတ်လွှတ်လာလေသည်။ သို့သော်လည်း နောက်ဆုံးတွင် သူ ကောင်းကင်ထက်သို့ တရှိန်ထိုးပြေးသွားကာ အက်ကွဲကြောင်းထဲသို့ ဝင်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ ထွက်ခွာရမည့်အချိန် ရောက်နေလေပြီ.
ခွန်ပ..
အက်ကွဲကြောင်းပိတ်သွားကာ အပြင်ဘက်တွင် လျှပ်စီးတန်းများစွာကျန်ခဲ့သည်။ ထို့အပြင် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်မှ ခေါင်းဖြတ်စက်သည်လည်း သူထွက်မသွားခင် စွမ်းအင်တန်းတစ်တန်း ချန်ရစ်ခဲ့လေသည်။
“ငါ့အတွက်နေခဲ့..”
ရှီဟောင် ဟစ်ကြွေးလိုက်သည်။ အားလုံး၏မျက်စိရှေ့တွင်ပင် သူသည်ပါးစပ်ဟကာ ကျန်နေသည့် လျှပ်စီးအလင်းတန်းများကို မြိုချလိုက်လေ၏။
ထို့အပြင် သူ၏ဝမ်းဗိုက်လည်း တောက်ပလာကာ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်မှ ခေါင်းဖြတ်စက် ထုတ်လွှတ်ခဲ့သည့် အလင်းများကို သိမ်းယူရန် လျှပ်စီးကန်ကို လွှတ်လိုက်သည်။
သူ ထိုအလင်းများကို သိမ်းဆည်းထားရမည်။ သူ ဓားတစ်လက်ပြုလုပ်ရန်အတွက်ဖြစ်စေ၊ သူ့ခန္ဓာကိုယ်ကို ပြုပြင်ရန်အတွက်ဖြစ်စေ ထိုအလင်းမှာ အလွန်အသုံးဝင်လိမ့်မည်။ အနာဂတ်တွင် အရာအားလုံးကို ဖြတ်တောက်ရန် သူ ထိုအလင်းကို သုံး၍ရသည်။
ထိုအချိန်တွင် အကြီးအကဲတစ်စု ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာကြသည်။ သူတို့အားလုံးမှာ မျက်လုံးများနီရဲနေကြကာ သူတို့၏ပစ်မှတ်ကာ ထိုလျှပ်စီးကန်ပင်။
အဘယ်ကြောင့်ဆိုသော် ဤအရာမှာ ရှားပါးလှသည်။ ယခင်ခေတ်မှ ယခုအချိန်ထိ မည်သူမှ ဤကဲ့သို့မလုပ်ဖူးခဲ့။
“တစ်ချက်လောက် ကြည့်ရအောင် .. ဒါက ဘယ်လိုပစ္စည်းမျိုးလဲ .. ဘယ်လိုလုပ် လျှပ်စီးနဲ့လုပ်တာမဟုတ်ပဲနဲ့ ပစ္စည်းအစစ်တစ်ခု ရှိနေတာလဲ..”
“ငါ နည်းနည်းလောက် အရင်လေ့လာဦးမယ် .. ဒီပစ္စည်းက ဘယ်လောက်တောင် ထူးဆန်းလဲဆိုတာ ကြည့်ရအောင်..”
အကြီးအကဲတစ်စုမှာ ရူးသွပ်သွားကြလေပြီ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လုနီးပါးပင်ဖြစ်နေလေပြီ။ ဤအရာကို ပထမဆုံး လေ့လာနိုင်ရန်အတွက် သူ့ထက်ငါ အလုအယက်ဖြစ်နေကြသည်။
လျှပ်စီးဝိညာဉ်ကဲ့သို့သော သတ္တဝါနှင့်ယှဉ်လျှင် ဤလျှပ်စီးကန်မှာ သူတို့ကိုပို၍ဆွဲဆောင်နိုင်သည်။ သူတို့ ထိုလျှပ်စီးဝိညာဉ်ကောင်ကိုပင် ခဏမေ့သွားလေပြီ။ လျှပ်စီးကန်ကို ရအောင်ယူခဲ့သည်မှာ ယခင်ခေတ်မှ ယခုအချိန်ထိ ရှီဟောင် ပထမဆုံးပင်။
အပိုင်း ၁၆၁၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၄ – ဈေးဆစ်ခြင်း
“မဆူနဲ့ မြန်မြန်လမ်းဖယ်ပေး.. ကျွန်တော်မပြီးသေးဘူး .. အရေးအကြီးဆုံးအရာ လွတ်သွားတော့မယ်..”
ရှီဟောင် ရှုပ်ပွနေသည့်ဆံပင်များဖြင့်ပင် အကြီးအကဲတစ်ယောက်ကို ဘေးဘက်သို့ တွန်းပစ်လိုက်လေ၏။ သူ ယဉ်ကျေးမနေတော့ပေ။ ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်ပင်။
သို့သော် ယခုအချိန်တွင် ရှီဟောင်တကယ်ကို စိုးရိမ်နေခြင်းဖြစ်ပြီး သူ၏အမူအရာ လေးနက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူပစ်မှတ်ထားနေသည့် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်မှ ခေါင်းဖြတ်စက်ချန်ခဲ့သည့်အလင်းနောက်ကို သူလိုက်ရမည်။
ဤအလင်းကို သူ၏ခန္ဓာကိုယ်ဖြင့် လက်လွတ်စပယ်မထိရဲ။ မည်သို့ပင်ဖြစ်စေ ယခင်က ဤအလင်းတန်းကြောင့် သူခေါင်းပြတ်ခဲ့ရခြင်းပင်။
သူ၏လုံခြုံရေးအတွက် သူ လျှပ်စီးကန်ကို အသုံးပြုလိုက်သည်။ ဤအရာနှစ်ခုလုံးမှာ လျှပ်စီးအတိဒုက္ခတွင်ပေါ်လာခြင်းဖြစ်သောကြောင့် သူတို့တစ်ခုနှင့်တစ်ခု မဆန့်ကျင်လောက်။ ထို့အပြင် သူယခင်က စမ်းသပ်ကြည့်ခဲ့ဖူးသည်။ ဤလျှပ်စီးကန်မှာ အတော်လေးပင် မာကျောလှသည်။
“ခွေးကောင်လေး .. ဒါက ဘာအပြုအမူလဲ..” ထိုအကြီးအကဲ ရှီဟောင်အား စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူဒေါသမထွက်။ သူ၏မျက်လုံးများ ပြူးကျယ်နေသော်လည်း သူ၏မျက်နှာထက်တွင်ရှိနေသည့်အပြုံးမှာ အတော်လေး နူးညံ့လှသည်။
ရွှီး..
ထိုအလင်းတန်းမှာ လျင်မြန်လွန်းလှသည်။
သူဖြတ်သွားသည့်နေရာတိုင်း၌ အချိန်များ ရပ်တန့်သွားသလိုပင်။
ရွှီး..
အကြီးအကဲတစ်ယောက် လှုပ်ရှားလာကာ သူ့အား ကူညီပေးလာသည်။
သို့သော်လည်း ထိုအလင်းတန်းမှာ အသိဉာဏ်ရှိနေသကဲ့သို့ ဦးတည်ချက်ပြောင်းလဲသွားလေ၏။
“ဟမ် .. နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းတာပဲ .. ဒီအလင်းတန်းမှာ ဝိညာဉ်ရှိနေတယ်လို့တော့ မပြောနဲ့နော်..” အခြားအကြီးအကဲတစ်ဦးလည်း လှုပ်ရှားလိုက်၏။ အဘယ်ကြောင့်ဆိုသော် အလင်းတန်းမှာ သူ့ထံသို့ ဦးတည်လာနေခြင်းပင်။
“ဒါက အကောင်းဆုံးပစ္စည်းပဲ .. ဒါလည်း လျှပ်စီးအတိဒုက္ခကလာတာပဲ .. ငါထင်တာမမှားရင်တော့ ဒါက ထာဝရသတ်ဖြတ်ခြင်းစင်မြင့်က ခေါင်းဖြတ်စက်က ကျန်ခဲ့တဲ့ဟာပဲ..” အခြားလူတစ်ယောက်လည်း မျက်လုံးများ တောက်ပလာကာ အလွန်စိတ်ဝင်စားလာသည်။
“ဒါက လျှပ်စီးကန်ထက် ပိုပြီးတော့ အဖိုးတန်လောက်တယ် .. ရပ်လိုက် .. သူ့ကို ထွက်မပြေးစေနဲ့..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
အကြီးအကဲအုပ်စုလည်း ထိုအလင်းနောက်သို့ လိုက်ဖမ်းကြလေသည်။
ဤလူအိုကြီးများ သူ့အား လမ်းပိတ်ရပ်နေသည်ဟု သူအပြစ်တင်ခဲ့သေးသည်။ သို့သော် ယခုတော့ သူစိတ်အေးသွားလေပြီ။ ဤလူအုပ်ကြီးမှာ စွမ်းအားကြီးလှသောကြောင့် ဤလူများသာရှိနေလျှင် ထိုအလင်းတန်း လွတ်မြောက်နိုင်မည်မဟုတ်တော့။
“သတိထား..”
တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအလင်းတန်းသည် လေဟာနယ်ကို ထိုးဖောက်ကာ ဤနေရာမှ လွတ်မြောက်သွားတော့မည်။ သူလွတ်သွားသည်နှင့် နောက်တစ်ကြိမ် ပြန်ဖမ်းရန် ခက်ခဲလိမ့်မည်။
“ထွက်လာခဲ့..” မီးခိုးရောင်ဆံပင်နှင့် အသက်ကြီးကြီးအမျိုးသမီးတစ်ယောက် အော်ဟစ်လိုက်သည်။ သူမ၏လက်ညှိုးမှ ငွေရောင်အလင်းဖျော့လေး ထွက်ပေါ်လာသည်။ ထို့အပြင် ထိုလက်သည် တစ်ဖြည်းဖြည်းကြီးလာကာ အရှေ့ဘက်သို့ ရိုက်ချလိုက်လေသည်။
ဝုန်းဟူသည့်အသံနှင့်အတူ ထိုနေရာတွင်ရှိနေသည့် ကောင်းကင်တစ်စစီဖြစ်သွားကာ ထိုအလင်းတန်းလည်း မထွက်ပြေးနိုင်တော့။
“ဒါက တော်တော်လေးကို ချော်နေတာပဲ .. ငါ့အတွက်သိမ်းပေး..” အခြားအကြီးအကဲတစ်ယောက် အော်ဟစ်လိုက်သည်။ သူသည် အဝါရောင်တောက်နေသည့် ရွှေရောင်ဗူးသီးခြောက်ကို ထုတ်ကာ အဖုံးကို ဖွင့်လိုက်သည်။ သူထိုအလင်းတန်းကို သိမ်းယူတော့မည်။
ဤဗူးသီးခြောက်၏ ဇစ်မြစ်မှာ အလွန်ထူးခြားလှပြီး ငါးရောင်စပ်နတ်အလင်းလည်းရှိနေသည်။ ထိုငါးရောင်ထဲတွင် ရွှေရောင်မှာ အဓိကအရောင်ပင်။ ဗူးသီးခြောက်၏ထိပ်ဝ၌ ဝဲကတော့တစ်ခု ပေါ်လာလေသည်။
ဤသည်မှာ အလွန်စွမ်းအားကြီးသည့် အဖိုးတန်ပစ္စည်းပင်။ နောက်ဆုံးတွင် ကောင်းကင်ကို ထိုးဖောက်ကာ ထွက်ပြေးချင်နေသည့် ထိုအလင်းတန်း စုတ်ယူခံလိုက်ရသည်။
“ဟား ဟား … သူဖမ်းခံလိုက်ရပြီ..” ထိုအကြီးအကဲ ရယ်မောလိုက်ည်။
သို့သော်လည်း သူဗူးသီးခြောက် အဖုံးကိုပြန်ပိတ်လိုက်သည်နှင့် ထိုဗူးသီးခြောက် ပြင်းထန်စွာ တုန်ခါလာသည်။ နောက်ဆုံးတွင် ခွပ်ဟူသည့်အသံနှင့်အတူ ထိုအလင်းတန်း ဗူးသီးခြောက်အောက်ခြေမှ ပြန်ထွက်လာလေသည်။
“ငါ့ရတနာလေး..” ထိုအကြီးအကဲအော်ဟစ်လိုက်ကာ သူ့မျက်နှာလည်း စိမ်းလာသည်။
ဗူးသီးခြောက်အောက်ခြေ၌ အပေါက်ဖြစ်သွားကာ ထိုအလင်းတန်း ထွက်ပြေးသွားလေသည်။ ဤဗူးသီးခြောက်မှာ သူ့အား မရပ်တန့်နိုင်။
“ဒီကောင်က တော်တော်လေးကို ကြမ်းတာပဲ .. ငါစမ်းကြည့်မယ်..” အကြီးအကဲများအားလုံး သူတို့၏ အဖိုးတန်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်လာကာ ထိုအလင်းတန်းကို တိုက်ခိုက်လာကြသည်။
နောက်ဆုံးတွင် ထိတ်လန့်စရာကောင်းသည့်တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအလင်းတန်းမှာ စူးရှလှကာ ရှေးဟောင်းဒိုင်းကာများကို ချိုးဖောက်ကာ နတ်လှံတံများကို ဖျက်ဆီးပစ်သည်။ သူသည် ပိုက်ကွန်ကြီးကိုပင် ဖောက်ထွက်သွားလေ၏။
ပို၍ကြောက်စရာကောင်းသည်မှာ သူဒေါသထွက်လာသည့်အချိန်တွင် အကြီးအကဲတစ်ဦး၏ လက်ဝါးကို ဖောက်ထွက်သွားကာ ထိုလက်ဝါး၌ အပေါက်ကြီး ကျန်ခဲ့လေသည်။
ဤအလင်းတန်းမှာ အလွန်ကြမ်းတမ်းလှပြီး မည်သူမှ သူ့ကို မတားဆီးနိုင်။
“ဒါက အရမ်းကို ထူးခြားတာပဲ .. ဒါက တကယ်ပဲ ဘာကြီးလဲ .. သူက အလင်းတန်းတစ်ခုပဲ မဟုတ်ဘူးလား..” ယခုအချိန်တွင် အားလုံး ဤအလင်းတန်းအား အနီးကပ် ကြည့်နေကြသည်။
ဝုန်း..
ရုတ်တရက် ကောင်းကင်ထက်မှ အနက်ရောင်လက်ကြီးတစ်ဖက် ထွက်လာကာ အားလုံးကို ဖုံးအုပ်သွားသည်။ ဤလက်ကြီးမျာ အင်ပါယာဂိတ်မှလူများကို အသက်ရှူကြပ်စေကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။
“ဘာကြီးလဲ..” အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်သ်ည။ ဤစွမ်းအားမှာ ကြောက်စရာကောင်းလှပြီးမည်သူမှ မခုခံနိုင်ကြ။ အကြီးအကဲများပင် မျက်နှာများ ဖြူဖျော့လာသည်။
“အဲဒါက ဘိုးဘေးယဇ်ပုလ္လင်ကလာတာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ သူများများစားစားလည်း မပြောရဲ။
ဘိုးဘေးယဇ်ပုလ္လင်မှာ ထူးခြားသည့်နေရာပင်။ ထိုနေရာမှာ သမိုင်းတွင် သေဆုံးသွားခဲ့သည့် စစ်နတ်ဘုရားများအား အထွဋ်အမြတ်ထားသည့်နေရာဖြစ်သည့်အပြင် ပြိုင်ဘက်ကင်းသည့်ပုဂ္ဂိုလ်များစွာ သီးသန့်ကျင့်ကြံသည့်နေရာလည်းဖြစ်သည်။ ထိုသူများမှာ အင်ပါယာဂိတ်၏ ကာကွယ်သူများပင်။
ဤ အနက်ရောင်လက်ကြီးမှာ သီးသန့်ကျင့်ကြံသည့် ပြိုင်ဘက်ကင်းသက်ရှိမှ လှုပ်ရှားလိုက်ခြင်းဖြစ်သည်မှာ သိသာသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်များပင် ဤအလင်းတန်းကို အလေးထားသောကြောင့် ဤအလင်းတန်းမှာ မည်မျှပင် ထူးခြားကြောင်း သိနိုင်သည်။
“အလင်းစွမ်းအင်က နည်းနည်းလေးပဲရှိတာ .. ခွဲပေးဖို့ မလောက်ဘူး .. ဒီလူငယ်လေးအတွက် ချန်ထားပေးလိုက်ရင် အကောင်းဆုံးပဲ.. “ထိုအချိန်တွင် အကြီးအကဲအရှင် မုန့်ထျန်းကျန်း၏ခန္ဓာကိုယ်အစစ် ပေါ်လာသည်။
“ချိတ်ပိတ်မယ်..” သူ အော်ဟစ်လိုက်သည်။ သူလက်ညှိုးထိုးလိုက်သည်နှင့် မှော်စွမ်းအားမှာ နီရဲနေသည့်ချော်ရည်များကဲ့သို့ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းမှာ ချက်ချင်း ကန့်သတ်ခံလိုက်ရကာ လှုပ်ရှား၍မရတော့။ အကြီးအကဲအရှင်၏ နတ်ခွန်အားမှာ ပြိုင်ဘက်ကင်းပင်။ ယခု သူလှုပ်ရှားလိုက်သည်နှင့် အရာအားလုံးမှာ ရိုးရှင်းသွားသည်။
ရွှီး…
အကြီးအကဲအရှင် သူ၏လက်များကို လှုပ်ရှားလိုက်ကာ လျှပ်စီးကန်ကို ယူလိုက်သည်။ ထို့နောက် ထိုကန်ဖြင့် ဤအလင်းတန်းကို ဖိနှိပ်ကာ သိမ်းဆည်းလိုက်သည်။ ယခုမှ ဤကိစ္စပြီးပြတ်သွားသည်။
ထိုအနက်ရောင်လက်ကြီးမှာ တစ်ခဏခန့် တွေဝေနေသော်လည်း နောက်ဆုံးတွင် တိတ်တဆိတ်ပင် ပြန်လည်ဆုတ်ခွာသွားကာ ဘိုးဘေးယဇ်ပုလ္လင်ထဲ၌ ပျောက်ကွယ်သွားသည်။
လူများစွာ ထိတ်လန့်သွားကြသော်လည်း ဘိုးဘေးယဇ်ပုလ္လင်နှင့်ပတ်သက်ပြီး သူတို့သိပ်မပြောရဲကြ။
တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက်မှသာ တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။
“ဒါက ထာဝရသတ်ဖြတ်ခြင်းစင်မြင့်ရဲ့ စွမ်းအင်တော့မဟုတ်လောက်ဘူးမလား..”
“အဲဒီ ခေါင်းဖြတ်စက်က နတ်ဘုရားတွေ၊ ထာဝရသက်ရှိတွေကိုသတ်ထားတာ .. အဲဒီတော့ သူ့ဆီကနေ ထွက်လာတဲ့ အလင်းတန်းကလည်း သေချာပေါက် ထူးခြားမှာပဲ .. ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ .. သူက လျှပ်စီးကန်နဲ့ အဆင့်အတူတူလောက်ပဲ..”
အကြီးအကဲများအားလုံး စိတ်လှုပ်ရှားသွားကြရသည်။
သို့သော်လည်း ဤနေရာတွင် အကြီးအကဲအရှင်နှင့် ရာထူးချင်းယှဉ်နိုင်သည့်သူ သိပ်မရှိ။ သူ့ရှေ့တွင် မည်သူမှ လက်လွတ်စပယ်မလုပ်ရဲကြပေ။
“ညီလေး .. ဒီလျှပ်စီးကန်က အဲဒီလောက်လည်း သိပ်မသေးပါဘူး .. မင်းငါ့ကို တစ်ပိုင်းလောက် ရောင်းပေးရင်ရော..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“ဒါ ကြီးတယ်လို့ ဘယ်သူပြောတာလဲ .. ဒါက တစ်ပေပတ်လည်တောင်မရှိဘူး ..” ရှီဟောင်သည် တကယ်ပင် သိုက်တူးသမားနှင့်တူနေသည်။ သူ၏မျက်လုံးများတောက်ပလာကာ “ဒီကန်လေး ဒီထက်ကြီးရင်ကောင်းမယ်..”
“ကျုပ်တော့ ဒါက သေးတယ်လို့ မထင်ပါဘူး.. မင်း ငါနဲ့အလဲအလှယ်လုပ်မလား .. ငါမင်းကို ရှားပါးတဲ့ နတ်ပစ္စည်းတစ်ခုပေးမယ် .. မင်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က မှော်ပစ္စည်းတွေကိုလည်း စိတ်ကြိုက်ရွေးလို့ရတယ်..” လူအိုကြီးတစ်ယောက်မှ ပြုံး၍ ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ရှီဟောင်ဘာမှမပြောနိုင်ခင်မှာပင် အခြားသူများအားလုံး ဤလူအိုကြီးကို ဝေဖန်လာကြသည်။
“ခင်ဗျားက အင်ပါယာဂိတ်က ထာဝရတာအိုမိသားစုဖြစ်တဲ့ ဝေ့မိသားစုကနေ လာတာလေ … ခင်ဗျားက အရမ်းဆင်းရဲနေတဲ့ပုံစံ လုပ်ရဲတယ်ပေါ့..”
ဝေ့မိသားစုသည် ထော်ဂုယုလုံမိသားစုကဲ့သို့ အင်ပါယာဂိတ်ရှိ သက်ရှည်မိသားစုသုံးစုမှ တစ်စုပင်။ ဝေ့မိသားစု၌ ဖီးနှစ်လေးကောင်ရှိနေသည်ပင်။
“အများကြီးပြောနေစရာမလိုဘူး .. ငါ အမှောင်ထုထာဝရရွှေတစ်ပိုင်းပေးမယ်..” အကြီးအကဲတစ်ယောက်ပြောလိုက်သည်။ သူသည် ချက်ချင်းပင်ထိတ်လန့်စရာကောင်းသည့် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လိုက်သည်။
အားလုံး ထိတ်လန့်သွားကာ ဤနေရာ တစ်ခဏခန့် တိတ်ဆိတ်သွားသည်။ ထာဝရရွှေဆိုသည်မှာ မည်ကဲ့သို့သော ပစ္စည်းမျိုးဖြစ်သနည်း.. ဤရွှေဖြင့် ထာဝရတာအိုမှော်လက်နက်များ ပြုလုပ်နိုင်ပြီး ဤလောကတွင် ရှားပါးလှသည်။
သာမန်လူများထံတွင် ဘယ်လိုလုပ် ဤကဲ့သို့သော ပစ္စည်းမျိုးရှိမည်နည်း..
“ဒါပေမဲ့ ငါ့မှာ လက်မအရွယ်အစားလောက်လေးပဲရှိတာ .. လက်နက်တစ်ခုကို လုပ်ဖို့ ဒီရွှေတွေ စုဖို့က အရမ်းခက်ခဲတယ်ဆိုတာ မင်းတို့အားလုံးသိပါတယ် ..” ထိုအကြီးအကဲပြောလိုက်သည်။
အားလုံး ခေါင်းညိမ့်လိုက်ကြ၏။ ဤသည်မှာ အမှန်တရားပင်။
သို့သော်လည်း ဤသည်မှာ ထော်ဂုမိသားစုမှ လူဖြစ်ကြောင်း မှတ်မိသွားသည့်အချိန်တွင် အားလုံး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထာဝရတာအိုမိသားစုသာ ဤကဲ့သို့သော အမှောင်ထုထာဝရရွှေကို ထုတ်ပေးနိုင်လိမ့်မည်။
“ငါ့အမှားကို ဝန်ခံပါတယ် .. ညီလေး ငါမင်းကို ထာဝရရွှေတစ်ပိုင်းပေးမယ် .. သူ့ထက်နည်းနည်းပိုကြီးတဲ့တစ်ပိုင်း..” ဝေ့မိသားစုမှ အကြီးအကဲတောင်းပန်လိုက်သည်။ သူ လျှပ်စီးကန်ကို လိုချင်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းများ ထူးခြားလှသည်။ ဤသည်မှာ လျှပ်စီးအတိဒုက္ခမှ ပေါ်လာသည့်ပစ္စည်းပင်။ ဟွမ်ကဲ့သို့သောလူထူးဆန်းသာ ဤပစ္စည်းကို ယူရဲလိမ့်မည်။
ကျောက်တုံးတစ်တုံးမှ ဖြတ်ထားသည့် လျှပ်စီးကန်ကို သူတို့ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။
ဤသည်ကို တစ်စုံတစ်ယောက်မှ ဖြတ်လိုက်သည်ဆိုလျှင် ပို၍ပင် ထူးဆန်းသွားလေပြီ။ ဤကန်တွင် ဆန်းကြယ်မှုများနှင့် သတင်းအချက်အလက်များစွာ ပါနေလိမ့်မည်။ ထို့ကြောင့်ပင် အားလုံး ဤကန်ကို လိုချင်နေခြင်းပင်။
အထူးသဖြင့် သက်ရှည်မိသားစုများပင်။ သူတို့ ဤပစ္စည်းကို သုတေသနလုပ်ချင်သည်။
ထာဝရသတ်ဖြတ်ခြင်းစင်မြင့်မှ ထွက်လာသည့်အလင်းတန်းကိုလည်း သူတို့သေလောက်အောင်လိုချင်မိသည်။ သို့သော် သူတို့မပြောရဲကြ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင် မုန့်ထျန်းကျန်း ဤအလင်းတန်းကို မျက်စိကျနေသည်ဟု သူတို့ခံစားနေရသောကြောင့်ပင်။
“ငါ အဆင့်လွန်သက်ရှိရဲ့မှော်ပစ္စည်းပေးမယ်..” အခြားလူတစ်ယောက်မှ ဈေးဆိုလာသည်။
ထိုအဆင့်လွန်သက်ရှိမှော်ပစ္စည်းဆိုသည်မှာ အကြီးအကဲအရှင်နှင့် ထာဝရဝမ်တို့အဆင့်ရှိသည့် လူမှ သူတို့တစ်ဘဝလုံး ဂရုတစိုက်ဖြင့် ဖန်တီးထားသည့် အဖိုးတန်ပစ္စည်းပင်။ ထိုပုဂ္ဂိုလ်များသည် တစ်ဘဝလုံးတွင် တစ်ခုသာ ဖန်တီးနိုင်လိမ့်မည်။
မဟုတ်ပါက ထိုပစ္စည်းမှာ စွမ်းအားကြီးသည့်မှော်ပစ္စည်းသာဖြစ်လာလိမ့်မည်။ အဆင့်လွန်သက်ရှိပစ္စည်းဖြစ်လာမည်မဟုတ်။
ဤအဆင့်ရှိသည့်ပစ္စည်းများမှာ အလွန်စွမ်းအားကြီးလှသည်။ ဤပစ္စည်းကို အပြည့်အဝ အသက်သွင်းလိုက်သည်နှင့် အဆင့်လွန်သက်ရှိတစ်ယောက် ပေါ်လာသည်နှင့်အတူတူပင်။ ဤလောကတွင် ဤကဲ့သို့သော ပစ္စည်းမျိုး သိပ်မရှိ။
ထို့အပြင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင်သာ ပြောင်းလဲသွားလျှင် ဤပစ္စည်းမှာ ထာဝရလက်နက်အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ပင်။
“စီနီယာတို့ .. ကျွန်တော် ဒီပစ္စည်းကို တကယ်မလဲနိုင်လို့ပါ..” ရှီဟောင်ခေါင်းခါကာ ပြောလိုက်၏။ ထိုရတနာများမှာ အလွန်ဆွဲဆောင်မှုရှိသော်လည်း သူလျှပ်စီးကန်ကို ထုတ်မပေးနိုင်။
သူ ဤပစ္စည်းကို သူကိုယ်တိုင်လေ့လာချင်သေးသည်။ ဤပစ္စည်း၏ ဇစ်မြစ်မှာ သေချာပေါက် ထူးခြားမည်ပင်။
“ငါ အပိုင်းသေးသေးလေးပဲ လိုချင်တာ .. လျှပ်စီးကန်တစ်ခုလုံး မလိုဘူး..” တစ်စုံတစ်ယောက်မှ တစ်ဆင့်လျှော့ကာ တောင်းဆိုလိုက်သည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် လူငယ်များ ဆွံ့အသွားရသည်။ ဟွမ်က ဘယ်လိုကံကောင်းမှုကို ရထားတာလဲ .. အကြီးအကဲတွေတောင်မှ သူ့ကို ရက်ရက်ရောရောပေးနေတယ် .. ဤသည်မှာ လျှပ်စီးအတိဒုက္ခရည်နှင့် ထိုအလင်းတန်းမပါသေး။ လျှပ်စီးကန်တစ်ခုတည်းသာရှိသေးသည်။
အားလုံး မနာလိုမဖြစ်ပဲ မနေနိုင်တော့။ သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံး ဟင်းလင်းပြင်တာအိုနယ်ပယ်ကောင်းကင်အတိဒုက္ခအား ဖြတ်သန်းပြီးနောက် ဟွမ်ရလာသည့် အကျိုးအမြတ်များမှာ များပြားလှသည်။
“ဒီလိုဆိုရင်ရော .. ငါ့ကလန်ကို နှစ်ဝက် လေ့လာခွင့်ပေး .. အဲဒါဆိုရင် ဒီထာဝရရွှေအပိုင်းက မင်းဟာပဲ..” အကြီးအကဲတစ်ယောက် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
ရှီဟောင် ဒုက္ခများသွားရသည်။ သို့သော်လည်း နောက်ဆုံးတော့ သူသဘောမတူနိုင်ခဲ့ပေ။ “ဒီလိုဆိုရင်ရော .. အားလုံးပဲ ကျွန်တော်တောင်းဆိုစရာတစ်ခုရှိတယ် .. စီနီယာတို့ ကျွန်တော့်ကို ကူညီချင်ရင် ကျွန်တော် ဒါကို အားလုံးကိုပေးလိုက်မယ်..”
ထိုစကားကိုကြားသည်နှင့် အားလုံး ဆွံ့အသွားရသည်။ ဒီကောင်က ရေချိုငါးထက်တောင် ပိုချော်နေသေးတယ် .. သူက ဤပစ္စည်းကို ဘယ်လိုလုပ် ပျော်ပျော်ရွှင်ရွှင်ဖြင့် လက်လွှဲပေးမည်နည်း..
အကြီးအကဲများမပြောနှင့် လူငယ်များပင် သူ့ကိုမယုံကြ။
“မင်းဘာအကူအညီလိုချင်တာလဲ..” အကြီးအကဲတစ်ယောက်မေးလိုက်သည်။
“ကျွန်တော်က စားရတာကို ကြိုက်တဲ့သူ .. စားနေရတာက ဘဝရဲ့ ကောင်းချီးတစ်ခုပဲ .. ဘယ်လောက်စားစား မကျေနပ်နိုင်ဘူးဖြစ်နေတယ်..” ရှီဟောင် အရှက်တရားကင်းမဲ့စွာပင် ပြောုလိက်သည်။
အားလုံး သံသယဝင်လာကြသည်။ ဒါက အားလုံးရဲ့အကူအညီနဲ့ ဘာဆိုင်လို့လဲ..
“ဝမ်မိသားစုမှာ နဂါးကိုးကောင်ရှိတယ် .. အဲဒီထဲက ငါးကောင်က ထာဝရဂိတ်မှာ ရှိတယ် .. ကျွန်တော့်ကို နဂါးအသား နည်းနည်းလောက် ယူလာပေးနိုင်တဲ့သူကို ကျွန်တော် ဒီလျှပ်စီးကန်ပေးမယ်” ရှီဟောင် ဒဲ့တိုးပင် ပြောလိုက်သည်။
အားလုံးဆွံ့အသွားရသည်။
“နဂါးငါးကောင်က တော်တော်လေးကို ကြမ်းမယ့်ပုံပဲ .. ဒါပေမဲ့ ဒီမှာ ကျွန်တော်တို့ လူတွေ အများကြီးရှိနေတာ .. ကျွန်တော်တို့ အတူတူသွားရင် ကျွန်တော် နဂါးအသားမစားရပဲနေမှာမဟုတ်ဘူး .. အားလုံးသွားရင် ကျွန်တော် ဒီလျှပ်စီးကန်ကိုပေးမယ်..” ရှီဟောင် စည်းရုံးသိမ်းသွင်းလိုက်သည်။
အပိုင်း ၁၆၁၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၅ – ရပ်တည်ချက်
ဟွမ် ဝမ်မိသားစုမှနဂါးငါးကောင်ကို သတ်ချင်သည်။ ထို့အပြင် သူသည် ဤအကြောင်းကို ကွယ်ဝှက်မထားပဲ အားလုံးရှေ့တွင် ဖွင့်ပြောခဲ့သည်။ ဤသည်မှာ ရှီဟောင် သူ၏ဆုံးဖြတ်ချက်ကို ချပြသည်ဟု ပြောမည့်အစား သူ၏သဘောထားကို ပြောသည်ဆိုလျှင် ပိုမှန်လိမ့်မည်။
ယခုတစ်ခေါက်တွင် ဝမ်မိသားစု တကယ်လွန်လွန်းခဲ့သည်။ သူတို့သည် လျှပ်စီးဝိညာဉ်ကောင်များကိုပင် လွှတ်ကာ ရှီဟောင်အား ထိခိုက်အောင် လုပ်ခဲ့သည်။
ရှီဟောင်၏အာရုံများ စူးရှလွန်းလှသောကြောင့် အချိန်မှီကြိုသိလိုက်ရသောကြောင့်ပင်။ မဟုတ်ပါက သူပြင်းထန်စွာ ဒဏ်ရာရရှိသွားလောက်လေပြီ။
ဝမ်မိသားစုသည် တိုက်ပွဲများကိုပင် ထည့်မတွက်ပဲ သူ့အား အကြိမ်ပေါင်းများစွာ လုပ်ကြံခဲ့သည်။ အင်ပါယာဂိတ်အပြင်ဘက်၌ ရန်သူများမရေမတွက်နိုင်အောင်ရှိနေသော်လည်း သူတို့သည် ကိုယ်ကျိုးအတွက် သူ့အား ရှင်းပစ်ချင်နေဆဲပင်။
ယခုတစ်ခေါက်တော့ ရှီဟောင်တကယ်ကို ဒေါသထွက်သွားရခြင်းပင်။
ယခု သူပွင့်ပွင့်လင်းလင်းပြောလိုက်ခြင်းမှာ နဂါးငါးကောင်ကို သွားသတ်မည့်တစ်ယောက်ယောက်ပေါ်လာပါစေလို့ မျှော်လင့်နေခြင်းမဟုတ်ပဲ ဝမ်မိသားစုမျက်နှာအား ဖြတ်ရိုက်လိုသောကြောင့် ကြေငြာလိုက်ရခြင်းပင်။
ဝမ်မိသားစုမှ ဖုံးကွယ်ချင်နေသောကြောင့် သူ အားလုံးသိအောင် ဖော်ထုတ်ပစ်လိုက်ချင်သည်။
အဘယ်ကြောင့်ဆိုသော် လျှပ်စီးဝိညာဉ်ကောင်များမှာ ဝမ်မိသားစုပိုင်ဆိုင်ခြင်းဖြစ်ကြောင်း အင်ပါယာဂိတ်မှလူအားလုံး သိနေသည်မဟုတ်။ အများစုမှာ သူ ဤကဲ့သို့သော သတ္တဝါမျိုးကို ဖမ်းလိုက်နိုင်သောကြောင့် မနာလိုဖြစ်နေကြခြင်းပင်။
အကြီးအကဲများမှာ အလွန်ကို့ယိုးကားယားဖြစ်နေကြလေပြီ။ သူတို့ ဝမ်မိသားစုအား အထင်မကြီးသော်လည်း သူတို့ကို ယခုချက်ချင်း နဂါးငါးကောင်ကို သတ်ရန်မဖြစ်နိုင်။
ဝမ်မိသားစုမှာ အလွန်စွမ်းအားကြီးသည့်မိသားစုပင်။ သူတို့သာ တရှိန်ထိုးဝင်သွားလျှင် ဤသည်မှာ ဝမ်မိသားစုကို စစ်ကြေငြာလိုက်သည်နှင့်အတူတူပင်ဖြစ်သွားလိမ့်မည်။
ဝမ်မိသားစုတွင် မုန့်ထျန်းကျန်းနှင့် ယှဉ်နိုင်သည့် ထာဝရဝမ်ရှိသည်။ ထို့အပြင် သူသည် ထာဝရတရားကို ရရှိရန် ခြေလှမ်းတစ်ဝက်သာလိုတော့သည်။ သူမှော်စွမ်းအားလည်း ပြိုင်ဘက်ကင်းပင်။
ပတ်ဝန်းကျင်ပြောင်းလဲသွားသောကြောင့်သာမဟုတ်ပါက သူ ထာဝရသက်ရှိအစစ်ဖြစ်နေလောက်လေပြီ။
ဝမ်မိသားစုမှာ နဂါးငါးကောင်အပြင် ထာဝရဝမ်ကိုယ်တိုင်လွှတ်လိုက်သည့် လက်ရွေးစင်တပ်သား တစ်သိန်းလည်းပါလာသည်။ အင်ပါယာဂိတ်၌ နဂိုကတည်းကရှိနေသည့် ဝမ်မိသားစုမှ စစ်သားများနှင့်ပေါင်းလိုက်လျှင် ဤသည်မှာ အထင်သေး၍မရသည့်အင်အားပင်။
“ညီလေး … ဒီကိစ္စက ငါတို့စိတ်မြန်လက်မြန် မလုပ်ရင် အကောင်းဆုံးပဲ..”
“ဟုတ်တယ် .. မင်းခံရတယ်ဆိုတာ ငါတို့သိပါတယ် .. ဒါပေမဲ့ အခုအချိန်မှာ ရှုပ်ထွေးအောင်မလုပ်တာ အကောင်းဆုံးပဲ..”
အချို့သူများ အကြံပေးလိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ အင်ပါယာဂိတ်၌ အချင်းချင်းတိုက်ခိုက်ခွင့်မပြုထားပေ။
သို့သော်လည်း ဝမ်မိသားစု သေချာပေါက်ပေးဆပ်ရမည်ကို အားလုံးသိသည်။ မဟုတ်ပါက ဤကိစ္စအဆုံးသတ်မည်မဟုတ်။ အနည်းဆုံးတော့ မုန့်ထျန်းကျန်း သဘောတူမည်မဟုတ်။
“ဝမ်မိသားစုက အရမ်းလွန်လွန်းသွားပြီ .. သူတို့က ကျွန်တော့်ကို ထပ်ခါတလဲလဲ အန္တရာယ်ပေးနေတာ .. ဒီအတိုင်းသာ ဆက်သွားရင် အနှေးနဲ့အမြန် ကျွန်တော်အသတ်ခံရလိမ့်မယ် .. ဘာလို့သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလို့မရတာလဲ..” ရှီဟောင် ဒေါသတကြီး ပြောလိုက်သည်။
သူ ဤအတွက် ရှင်းပြချက်တစ်ခုလိုသလို အာမခံချက်တစ်ခုလည်းလိုအပ်သည်။ မဟုတ်ပါက ဤကဲ့သို့ ချောင်းတိုက်သည့်ကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်မည်မဟုတ်။
“ဟုတ်တယ် .. ဝမ်မိသားစုက အရှက်မရှိလွန်းတယ် .. ထပ်ခါတလဲလဲ တိုက်ခိုက်နေတာ .. ကျွန်တော့်အမြင်တော့ သူတို့အားလုံးကို ရှင်းပစ်သင်တယ် .. သူတို့ကို ဒီကမ္ဘာကြီးကနေ ရှင်းပစ်ရမှာ..” ချောင်ယုရှင်းလည်း ပြောလိုက်သည်။ သူသည် အစကတည်းက ရှီဟောင်ဘက်တွင်ရှိနေပြီးသားဖြစ်သောကြောင့် ဝမ်မိသားစုအား ဆန့်ကျင်သလို ဖြစ်သွားမည်ကို သူမကြောက်။
“ဝမ်မိသားစုက နဂါးငါးကောင် အင်ပါယာဂိတ်ကို လာတာက သူတို့ အင်အားဖြည့်ပေးချင်လို့မဟုတ်ဘူး .. သူတို့အမှားကြီးလုပ်လို့ .. သူတို့ဟွမ်ကို သတ်ဖို့ကြိုးစားခဲ့လို့ ဒီနေရာကို နှယ်နှင်ဒဏ်ပေးခံရတာ .. အခု သူတို့ နောက်ထပ်အမှားတစ်ခု ထပ်လုပ်ပြန်ပြီ .. အဲဒီတော့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်..” ယုန်ဖြူလေးနှင့် ပုရွက်ဆိတ်လေးလည်း ပြင်းထန်စွာ ပြောလိုက်သည်။
“ဝမ်မိသားစု သူများတွေကို အနိုင်ကျင့်တာက သည်းမခံနိုင်လောက်အောင်ပဲ .. သူက ကျုပ်ကို ထပ်ခါတလဲလဲ အန္တရာယ်ပေးဖို့ ကြိုးစားခဲ့တယ် .. တာအိုပညာရှင်တို့ ဒီကလန်က အင်ပါယာဂိတ်အပြင်ဘက် ရန်သူတွေကို တိုက်ခိုက်တဲ့အချိန်မှာ အင်အားတစ်ခုဖြစ်လာမယ်လို့ထင်လား .. သူတို့က သူတို့ကိုယ်ကျိုးအတွက် ရဲဒင်းတွေကို ကိုင်ထားကြတာ .. ဒီလိုမိသားစုမျိုးက တစ်ခြားသူတွေ သူတို့ကို ကြောက်အောင်ပဲ လုပ်တတ်တာ .. အရေးကြီးတဲ့အချိန်ကျရင် သူတို့က ပြဿနာကြီးတစ်ခုဖြစ်လာလိမ့်မယ်..” ရှီဟောင်လေးနက်စွာ ပြောလိုက်သည်။
ပြဿနာများပိုကြီးသွားမည်ကို သူမကြောက်။ သူဤကဲ့သို့လုပ်နေရခြင်းမှာ ဝမ်မိသားစုကို ခေါင်းစခြေဆုံး လောင်ကျွမ်းသွားအောင်ပင်။
ကလန်တစ်ခုလုံး အမြစ်ပြတ်သွားလောက်အောင်ထိတော့ သူမမျှော်လင့်ထား။ ဤသည်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။
“ရဲတင်းလိုက်တာ .. မင်းလိုမျိုးလူငယ်လေးက ငါ့ဝမ်မိသားစုကို စော်ကြားရဲတယ် .. မင်းမှာ ဘာသက်သေရှိလို့လဲ .. ပြီးတော့ မင်း ငါတို့ကလန်က အကြီးအကဲတစ်ယောက်ကို အကြောင်းပြချက်မရှိပဲ သတ်ခဲ့သေးတယ် .. ငါတို့ အဲဒီကိစ္စကိုတောင် မင်းနဲ့ မရှင်းရသေးဘူး .. အဲဒါတောင်မှ မင်းက နောက်တစ်ပွဲ ထပ်တိုက်ချင်နေပြီလား .. ငါမင်းကို အသက်ရှင်ခွင့်မပေးနိုင်ဘူး..”
ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လာသည်။ ထိုသူသည် မိုးကုပ်စက်ဝန်း၌ ရပ်နေကာ သူ့အနားတွင် မူလရှေးဟောင်းမြူများလည်း ထွက်ပေါ်နေ၏။ ဤသည်မှာ သေချာပေါက် အလွန်စွမ်းအားကြီးသည့်ကျွမ်းကျင်သူပင်။
မုန့်ထျန်းကျန်း ဤနေရာ၌ရှိနေသောကြောင့် သူတကယ်မလာရဲ။ ရှီဟောင်၏ စကားများကိုချေပပြီးတော့သာ သူ၏ဒေါသကို ပြသချင်နေခြင်းပင်။
ထိုစကားကိုကြားလိုက်ရသည်နှင့် ရှီဟောင်မျက်ခုံးများ ဖြောင့်တန်းသွားရသည်။ သူ ထိခိုက်သွားတော့မတတ်ဖြစ်ခဲ့သော်လည်း တစ်ဖက်လူမှ သူ့အား လာအပြစ်တင်နေသည်။
“ခင်ဗျားတို့ အရှက်မရှိဘူးလား..” ရှီဟောင်အော်ဟစ်လိုက်သည်။
“တကယ်ကို အရှက်မရှိတာပဲ .. ဒီလိုမျိုးလုပ်ပြီးတာတောင်မှ သူများကိုလာပြီးတော့ အပြစ်တင်ချင်နေတုန်းပဲ..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
“ရဲတင်းလိုက်တာ .. ဝမ်မိသားစုက ဘယ်တုန်းက မင်းတို့အားလုံး စော်ကား စွပ်စွဲလို့ရတဲ့မိသားစု ဖြစ်သွားတာလဲ..” တစ်ဖက်မှ လူအော်ဟစ်လိုက်သည်။
အမှန်တကယ်တွင် ဝမ်မိသားစုသည် တကယ်ကို ဒေါသထွက်နေခြင်းပင်။ သူတို့ ရှီဟောင်ကို ထိခိုက်အောင်လုပ်ခဲ့သော်လည်း ရှီဟောင်မသေသည့်အပြင် ကံကောင်းမှုများကို ရရှိသွားခဲ့သည်။
လျှပ်စီးရေကန်ဖြစ်စေ၊ ထိုထူးဆန်းသည့်အလင်းတန်းဖြစ်စေ နှစ်ခုလုံးမှာ ဝမ်မိသားစုကို မျက်လုံးများနီရဲသွားစေသည်ပင်။ သူတို့သည် တစ်ဖက်လူအား ကူညီပေးလိုက်သလိုဖြစ်သွားသည်ပင်။
သူတို့ကိုပို၍စိတ်တိုစေသည်မှာ လျှပ်စီးဝိညာဉ်များကို ဆုံးရှုံးလိုက်ရခြင်းပင်။ ဤသည်မှာ သူတို့ကလန်၏ ဝှက်ဖဲတစ်ခုပင်။ ဤအကောင်များကို သေချာပြုစုပျိုးထောင်လိုက်ပါက ပြိုင်ဘက်ကင်းသည့် စစ်နတ်ဘုရားသုံးပါးဖြစ်လာနိုင်သည်။
ကံမကောင်းစွာဖြင့် ဟွမ်အား လုပ်ကြံခြင်းရှုံးနိမ့်သွားသွားသည့်အချိန်တွင် ထိုအကောင်များမှာ သူ့လက်နက်ဖြစ်သွားသည်။ နောင်ကျလျှင် ဤအကောင်များကိုအသုံးပြုပြီး ဝမ်မိသားစုအား ရင်ဆိုင်နိုင်သည်။ ထို့ကြောင့် သူတို့ကဘယ်လိုလုပ် ဒေါသမထွက်ပဲနေမည်နည်း..
“မင်းတို့အားလုံးက ပိုပြီးတော့ ကျိုးကြောင်းမဆီလျော်လာကြတော့တာပဲ .. ဘယ်သူက ရဲတင်းနေတာလဲ..” အကြီးအကဲအရှင် မုန့်ထျန်းကျန်းပြောလိုက်သည်။ သူ၏မျက်နှာလည်း အေးခဲနေလေ၏။ ထို့အပြင် သူသည် လက်ကြီးတစ်ဖက်ဖြင့် ထိုအရှေ့ဘက်သို့ အုပ်မိုးပစ်လိုက်သည်။
“အား မဟုတ်ဘူး..” ထိုနေရာ၌ လူသုံးယောက်ရှိနေသည်ပင်။ သူတို့အားလုံး ကြောက်လန့်တကြား ထွက်ပြေးသွားကြလေသည်။
မုန့်ထျန်းကျန်းဆိုသည်မှာ မည်သူနည်း .. သူသည် ထာဝရဝမ်နှင့်အဆင့်တူသည့်သူပင်ဖြစ်သည်။ ဤလောက၌ မည်သူကများ သူ့ကို ဆန့်ကျင်နိုင်မည်နည်း..
သူတို့သည် ခပ်ဝေးဝေး၌သာ ရပ်နေခြင်းဖြစ်ပြီး တိုက်ခိုက်လိုခြင်းမရှိ။ သို့သော်လည်း သူတို့စကား နည်းနည်းလောက် ပြန်ပြောလိုက်သည်နှင့် မုန့်ထျန်းကျန်း၏ မကျေနပ်ခြင်းကို နှိုးဆွသလိုဖြစ်သွားလိမ့်မည်ဟု သူတို့မထင်ထားကြ။
ကောင်းကင်ကို လက်ကြီးတစ်ဖက် အုပ်မိုးသွားသည်။ အင်ပါယာဂိတ်တွင်ရှိနေသည့် လူများစွာ အသက်ရှူရပ်သွားကာ ကျွမ်းကျင်သူများစွာ မြေပြင်ပေါ်သို့ တုန်ယင်စွာ လဲကျသွားကြလေသည်။
အကြီးအကဲအရှင် လှုပ်ရှားလိုက်လျှင် မည်သူမှ သူ့ကို မတားဆီးနိုင်။
ဖူး..
ထိုသုံးယောက်သည် လက်ကြီးဖြင့် အုပ်မိုးခံလိုက်ရကာ သူတို့ခန္ဓာကိုယ်ထဲရှိ အရိုးများ တဂျွတ်ဂျွတ်မြည်လာလေသည်။
ဤသည်မှာ အကြီးအကဲအရှင် ငဲ့ညှာပေးထားသည်ပင်။ သူ အားနည်းနည်းလေး ထပ်ထည့်လိုက်သည်နှင့် ထိုသုံးယောက်လုံး သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားလိမ့်မည်။
“သူတို့အားလုံးကို သေဆုံးခြင်းထောင်ထဲထည့်ထားလိုက် .. သူတို့အပြစ်တွေကို ချေဖို့အတွက် စစ်မြေပြင်ကို လွှတ်ပြီး ရန်သူတွေကို သတ်ခိုင်းလိုက်..” အကြီးအကဲအရှင် အမိန့်ပေးလိုက်သည်နှင့် တစ်စုံတစ်ယောက် ချက်ချင်းထွက်လာကာ သူတို့အားလုံးကို အကျဉ်းထောင်သို့ ခေါ်သွားလေသည်။
“မုန့်ထျန်းကျန်း .. ခင်ဗျား သူများတွေကို အနိုင်ကျင့်တာ လွန်လွန်းသွားပြီ..” ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။ ထိုအသံမှာ ဝမ်မိသားစုနေထိုင်သည့်အဆောက်အဦးမှ ထွက်ပေါ်လာခြင်းပင်။ ထိုနေရာနှင့်အလွန်ဝေးကွာသော်လည်း အသံကိုကြားနေရဆဲပင်။
“တစ်ခြားသူတွေကို အနိုင်ကျင့်တယ်ဟုတ်လား .. မင်းတို့က ဒီစကားပြောရဲသေးတယ်ပေါ့ .. အခုက စာရင်းရှင်းဖို့အချိန်ကောင်းပဲ..” မုန့်ထျန်းကျန်း၏အမူအရာမှာ လေးနက်နေသည်။
ရှီဟောင် ‘ခန္ဓာကိုယ်ကိုမျိုးစေ့အဖြစ်သုံးခြင်း’ လမ်း လျှောက်ခဲ့သည်ကို သူကိုယ်တိုင်တွေ့ခဲ့ခြင်းပင္။ မည်သို့ပင်ဖြစ်စေ သူ့အား တရားမျှတမှုယူပေးရမည်ပင်။
ဝုန်း..
ကောင်းကင်ထက်၌ လက်ကြီးတစ်ဖက်ပေါ်လာသည်။ အားလုံးရှေ့တွင်ပင် အကြီးအကဲလှုပ်ရှားလိုက်သည်။ သူ၏လက်သည် ကောင်းကင်ကြီးအား ဖြတ်ကျော်ကာ ဝမ်မိသားစုထံသို့ ဦးတည်ွားသည်။
ဖုန်း..
လမ်းတစ်လျှောက်တွင် ပုဂ္ဂိုလ်အချို့ မြေပြင်ပေါ်သို့ လဲကျသွားကာ သွေးအလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
“တာအိုရောင်းရင်း .. ဒေါသလျှော့ပါဦး..” ထိုအချိန်တွင် ဘိုးဘေးယဇ်ပုလ္လင်မှ အသက်ကြီးသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့အပြင် ငါးရောင်စပ်နတ်အလင်းတစ်ခု ဤနေရာသို့ ရောက်ရှိလာလေသည်။
ငါးရောင်စပ်နတ်အလင်းလမ်းကြောင်းပေါ်တွင် ရှေးဟောင်းသားရဲများဆွဲသည့် ရှေးဟောင်းစစ်ရထားလုံးတစ်လုံးပေါ်လာသည်။ ထိုရထားလုံးကို နောက်လိုက်နှစ်ယောက်မှ မောင်းနေခြင်းပင်။ သူတို့သည် ဤနေရာသို့ ရောက်လာသည်နှင့် ရထားလုံးပေါ်မှ အလျင်အမြန်ဆင်းလိုက်ကာ အကြီးအကဲအရှင်အား အရိုအသေပေးပြီးနောက် သူ့အား ရထားလုံးပေါ်သို့ ဖိတ်ခေါ်လိုက်သည်။
“တာအိုရောင်းရင်း .. ငါတို့ စကားအရင်ပြောကြရအောင်ပါ.. ငါတို့ ရောင်းရင်းကို ကျေနပ်အောင်လုပ်ပေးမှာပါ … မတိုက်ခိုက်ပါနဲ့ဦး..” ထိုဘိုးဘေးယဇ်ပုလ္လင်ဘက်မှ အလောကြီးသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
“ကောင်းပြီလေ .. ကျုပ်ခင်ဗျားတို့ကို မျက်နှာသာပေးလိုက်မယ်..” မုန့်ထျန်းကျန်း ပြောလိုက်သည်။ သူစစ်ရထားလုံးပေါ်သို့ တက်လိုက်ကာ ငါးရောင်စပ်နတ်အလင်းလမ်းကြောင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သူထွက်မသွားခင် ရှီဟောင်အား လျှပ်စီးကန် ပြန်ပေးလိုက်ကာ သူချိတ်ပိတ်ထားလိုက်ပြီဖြစ်သောကြောင့် ထိုအလင်းတန်း ထွက်ပြေးသွားမည်ကို စိတ်ပူစရာမလိုတော့ကြောင်းလည်း ပြောလိုက်သည်။
ယခုတော့ မုန်တိုင်းကြီးမှာ ယာယီတည်ငြိမ်သွားလေပြီ။
ဝမ်မိသားစုမှ အထိမနာပဲ ဤကိစ္စပြီးသွားမည်မဟုတ်ကြောင်း လူအတော်များများသိသည်ပင်။
အကြီးအကဲအရှင်ထွက်သွားမှ အားလုံး သက်မချနိုင်တော့သည်။ မဟုတ်ပါက ဤသည်မှာ တောင်ကြီးတစ်လုံးဖြင့် ဖိထားသကဲ့သို့ အားလုံးကို တုန်ယင်စေသည်ပင်။
ထို့အပြင် ဤသည်မှာ အကြီးအကဲအရှင် အားလျှော့ထားသည်ပင်။ သူသာ သူ့စိတ်ကြိုက် လုပ်လိုက်ပါက အားလုံး မြေပြင်ပေါ်၌ တွားသွားရလိမ့်မည်။
ယခုအချိန်တွင် အကြီးအကဲတစ်အုပ်စုပင်မက ချောင်ယုရှင်း၊ ယုန်ဖြူလေးနှင့် အခြားသူများအားလုံး အော်ဟစ်ကာ ရှီဟောင်ထံသို့ ပြေးလာကြသည်။
“ငါ့ကိုပြဦး .. လျှပ်စီးကန်ဆိုတာ ဘယ်လိုမျိုးလဲ..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။
ရှီဟောင်ကို ဝိုင်းနေကြကာ လျှပ်စီးကန်အား လေ့လာချင်နေကြသည်။
ဒုန်း..
အကြီးအကဲတစ်ယောက်သည် စိတ်မရှည်တော့ပဲ လျှပ်စီးကန်၏တစ်ပိုင်းကို ဖဲ့ယူချင်သောကြောင့် မောက်မာစွာဖြင့်လျှပ်စီးကန်အား ရိုက်ချလိုက်လေသည်။ သို့သော်လည်း အဆုံးသတ်တွင် သူ၏လက်မောင်း ထုံကျဉ်သွားပြီး သူ၏လက်မနှင့်လက်ညှိုးကြားတွင် ဟက်တက်ကွဲသွားသည်။ သို့သော် လျှပ်စီးကန်ကတော့ ကျိုးပဲ့မသွား။
ထို့အပြင် ထိုသို့ရိုက်လိုက်သောကြောင့် စွမ်းအားကြီးသည့် လျှပ်စီးအလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ သူ့တစ်ကိုယ်လုံး မည်းတူးသွားသည်အထိ လောင်ကျွမ်းသွားကာ သူ့ဆံပင်များလည်း ထိုးထောင်လာသည်။
ထိုလူအိုကြီးသည် သူ့မျက်နှာထက်ရှိ အနက်ရောင်ပြာမှုန့်များကို သုတ်ပစ်လိုက်သည်။ သို့သော်လည်း သူသည်စိတ်ပျက်မသွားပဲ ရယ်မောနေလေ၏။ “ဒီပစ္စည်းက တကယ်ကို အံ့အားသင့်ဖို့ကောင်းတာပဲ .. ငါ့ကို နည်းနည်းလောက် လေ့လာခွင့်ပေးပါ..”
ထိုအချိန်တွင် ရှီဟောင်လည်း ဤကန်အား သေချာလေ့လာနေသည်ပင်။ ဒါက တကယ်ပဲ ကျောက်တုံးတစ်မျိုးကနေ ထွင်းထုထားတာလား..
“ခဏ .. ဒီကန်ထဲမှာ တစ်ခုခုရှိနေတယ်လို့ ငါဘာလို့ခံစားနေရတာလဲ..” ရုတ်တရက် အကြီးအကဲတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူသည် ရှီဟောင်အား လျှပ်စီးကန်ကို ကိုင်ခိုင်းထားကာ ကန်ထဲသို့ သူသေချာကြည့်လိုုက်သည်။ တောက်ပနေသည့် လျှပ်စီးအတိဒုက္ခအပြင် ထိုထဲ၌ တစ်ခုခုကို မြင်လိုက်ရသလိုပင်။
“ဟမ် .. အထဲဘက်မှာ အသက်ရှင်နေတဲ့ အကောင်တစ်ကောင်ရှိနေတယ်..” တစ်စုံတစ်ယောက်မှ ဆွံ့အစွာ ပြောလိုက်သည်။
“သူက လျှပ်စီးကန်နံရံကနေ လာတာထင်တယ် .. ဘုရားရေ .. ဒီထဲမှာ နဂါးအစစ်တွေ အများကြီး ကူးခတ်နေတာကိုမြင်လိုက်ရသလိုပဲ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဟေး ဟေး ဟေး စီနီယာတို့ လမ်းဖယ်ကြပါဦး .. ဒီလိုမျိုး ဝိုင်းမနေကြနဲ့ .. ကျွန်တော်တို့လည်း ကြည့်ဦးမယ်..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
“လျှပ်စီးအတိဒုက္ခရည် တစ်ခွက်စီလောက်သောက်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ် .. ကျွန်တော်တို့ ထိုင်ပြီးတော့ အေးဆေးလေ့လာရအောင်..” ရှီဟောင် သူ၏ထိတ်လန့်မှုကို ထိန်းချုပ်ကာ ပြောလိုက်သည်။
အပိုင်း ၁၆၁၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၆ – နဂါးသုံးကောင်
“တကယ်လား .. မင်းငါတို့ကို လျှပ်စီးအတိဒုက္ခရည်သောက်ဖို့ တကယ်ဖိတ်တာလား..” လူငယ်လေးများမှာ သူတို့လည်ချောင်း ချောက်ကပ်သွားပြီး သူတို့အသံများပင် တုန်ယင်နေသည်ဟု ခံစားလိုက်ရသည်။
လျှပ်စီးအတိဒုက္ခရည်ဆိုသည်မှာ မည်ကဲ့သို့သောအရာမျိုးဖြစ်သနည်း.. ဤသည်မှာ ဤလောက၌ ရှားပါးလွန်းလှသောကြောင့် မည်သူကများ ဤပစ္စည်းကို အခြားသူများနှင့်ဝေမျှမည်နည်း..
“ဟုတ်တယ် .. ဒါပေမဲ့ ဒီမှာလူအများကြီးရှိနေတာဆိုတော့ အားလုံးကို တစ်ခွက်စီ မပေးနိုင်လောက်ဘူး .. အဲဒီတော့ ဝိုင်ထဲထည့်ပြီးတော့ပဲ အားလုံးမြည်းဖို့ ခေါ်ရတော့မယ်..” ရှီဟောင်ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ရှိနေသည့်သူများမှာ အတော်ဆုံးလူငယ်ကျွမ်းကျင်သူများသာဖြစ်သော်လည်း အရေအတွက်မှာ မနည်းလှ။ သူသာ အားလုံးကို တစ်ခွက်စီပေးလိုက်လျှင် သိပ်ကျန်တော့မည်မဟုတ်။
သူ့ထံမှ ပြတ်သားသည့်တုံ့ပြန်မှုကို ရလိုက်သည့်အချိန်တွင် ဤနေရာ၌ ဆူညံသံများ ထွက်ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် လျှပ်စီးအတိဒုက္ခရည်မှာ အလွန်အဖိုးတန်လှသည်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုလုံး၌ ရှာကြည့်လျှင်ပင် ဤအရည်ကိုသောက်ဖူးသည့်သူများများစားစားရှိမည်မဟုတ်။ ဤခေတ်တွင် လျှပ်စီးအတိဒုက္ခမရှိတော့။ လျှပ်စီးအတိဒုက္ခကို အတင်းလုပ်ယူပါက ဤသည်မှာ အဆပေါင်းများစွာ ပို၍ခက်ခဲသွားမည်ပင်။
လက်ရှိလောကတွင် လျှပ်စီးအတိဒုက္ခကို နိုးဆွရဲသည့်သူ သိပ်မရှိတော့။
ထို့ကြောင့် လျှပ်စီးအတိဒုက္ခရည်ဆိုသည်မှာ ဤလောကတွင် အရှားပါးဆုံးအရာတစ်ခုဖြစ်လာပြီး စွမ်းအားအကြီးဆုံးဂိုဏ်းမှ အမွေဆက်ခံသူများပင်လျှင် ဤသည်ကို မသောက်ဖူးခဲ့။
အထူးသဖြင့် ရှီဟောင် ရင်ဆိုင်ခဲ့သည့် လျှပ်စီးအတိဒုက္ခမှာ ဟင်းလင်းပြင်တာအိုနယ်ပယ်တွင် စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခဖြစ်ကြောင်း စဉ်းစားမိသွားသည့်အချိန်တွင် သူတို့ပို၍ စိတ်လှုပ်ရှားလာကြသည်။ ထိုလျှပ်စီးအတိဒုက္ခမှ ရလာသည့် လျှပ်စီးအတိဒုက္ခရည်မှာ သေချာပေါက် အလွန်ကောင်းမွန်လိမ့်မည်ပင်။
“ငါတကယ်ကို မစောင့်နိုင်တော့ဘူး .. လျှပ်စီးအတိဒုက္ခရည်က ဘယ်လိုအရသာမျိုးလဲဆိုတာ ငါအရမ်းစမ်းကြည့်ချင်နေပြီ .. အစ်ကိုဟွမ်ကို ဂုဏ်သရေရှိခုံမှာ မြန်မြန်ထိုင်ခိုင်းလိုက် .. မြန်မြန်..” ဝိုင်သောက်ရသည်ကိုနှစ်သက်သည့် လူငယ်အချို့ ပျော်ရွှင်လာကြသည်။ ဤသည်မှာ လျှပ်စီးကန်ထဲ၌ သတ္တဝါရှိနေသည်ကိုပင် သူတို့မေ့လျော့သွားသည်။
အကြီးအကဲများထဲ၌လည်း ဝိုင်နှစ်သက်သည့်သူများ ရှိသည်ပင်။ သို့သော်လည်း လူငယ်များနှင့် ဝိုင်လုသောက်ရမည်မှာ ရှက်စရာကောင်းလွန်းလှသည်ဟု ခံစားရသောကြောင့် သူတို့ဘာမှမတုံ့ပြန်ကြ။ သို့သော်လည်း အချို့အရေထူသည့်အကြီးအကဲအချို့မှာ ရှီဟောင်ကို ဝိုင်တောင်းသောက်ကြသည်ပင်။
“ကလေး ငါက တော်တော်လေးငယ်သေးတယ် .. ငါ့နှလုံးသားက အမြဲတမ်း ၁၈ နှစ်မှာပဲရှိတာ .. အသက်ဓာတ်တွေ ပြည့်နေတုန်းပဲ..” ဤသည်မှာ ရှီဟောင်ကဲ့သို့ အရေထူသည့်အကြီးအကဲတစ်ယောက်ပင်။
“ဟားဟား ..” အားလုံး ရယ်မောလိုက်ကြ၏။
ရှီဟောင် ချိတ်ပိတ်ထားသည့် လျှပ်စီးကန်ကို မထိပဲ အရိုးအိုးတစ်ခုကိုသာ ထုတ်လိုက်သည်။ လျှပ်စီးကန်မရမည်စိုးသောကြောင့် သူသည် ဤအိုးထဲ၌ လျှပ်စီးအတိဒုက္ခရည်တစ်ဝက်ကို သိမ်းထားခဲ့သည်ပင်။
သူ့ကိုယ်သူအတွက် တစ်ခွက်လောင်းထည့်ကာ သောက်လိုက်သည်။ ထို့နောက် သူ ထိတ်လန့်သည့်အမူအရာ ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲ၌ နွေးထွေးသည့်လှိုင်းတစ်လှိုင်းပျံ့လွင့်သွားသည်ကို သူခံစားလိုက်ရသည်။ သူ၏သွေးများလည်း ဆူပွက်လာသည်ပင်။
ဤလျှပ်စီးအတိဒုက္ခရည်မှာ ထူးခြားလှသည်။ ရှီဟောင်ထိတ်လန့်သွားရ၏။ ဤသည်မှာ ယခင်က သူရဖူးသည့် လျှပ်စီးအတိဒုက္ခရည်အားလုံးထက် သာလွန်သည်။
သူ၏ကျင့်ကြံဆင့်တိုးလာသောကြောင့် အဖိုးတန်အရည်၏ အရည်အသွေးတက်လာခြင်းမဟုတ်။ သူယခုတစ်ခေါက် ကြုံလိုက်ရသည့် အတိဒုက္ခမှာထူးခြားသောကြောင့် လျှပ်စီးအတိဒုက္ခရည်လည်း ထူးခြားနေခြင်းပင်။
ထို့နောက် ရှီဟောင်၏ပျက်စီးနေသည့်ခန္ဓာကိုယ် တောက်ပလာပြီး အရိုးများပင်မြင်နေရသည့်ဒဏ်ရာများ၊ ပြတ်ရှရာများနှင့် သူ့ရင်ဘတ်ရှိ အပေါက်ကြီးလည်း ကောင်းမွန်လာသည်။
တစ်ချိန်တည်းမှာပင် သူ၏ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများနှင့် နားရွက်များအားလုံးမှ ရောင်စုံအလင်းများ ထွက်ပေါ်လာသည်။ ဤစွမ်းအင်အလင်းများမှာ တောက်ပလွန်းလှသည်။
အားလုံး ဆွံ့အသွားပြီးနောက် ပျော်ရွှင်လာကြသည်။
“အားကောင်းလိုက်တာ .. ဒီလျှပ်စီးအတိဒုက္ခရည်က ငါထင်ထားတာထက်ကို ပိုပြီးတော့ အဖိုးတန်တယ် .. ဒီလောက်ဆိုးရွားနေတဲ့ ဟွမ်ရဲ့ဒဏ်ရာတွေတောင် ချက်ချင်းပျောက်သွားတယ်.. ဒါက ရှားပါးတဲ့ ကြီးမြတ်တဲ့ဆေးပဲ..”
ကြီးမြတ်သည့်ဆေးဟု ခေါ်နိုင်သည့်အရာများမှာ ဤလောက၌ သိပ်မရှိ။ ဤသည်မှာ အလွန်ချီးကျူးလိုက်ခြင်းပင်။
လျှပ်စီးအတိဒုက္ခရည်တွင် မည်ကဲ့သို့သော စွမ်းရည်မျိုးရှိသည်ကို သိပြီးသည့်နောက်တွင် ရှီဟောင် စုဝေးနေသည့်နေရာသို့ လျှောက်သွားလိုက်ကာ ရှေးဟောင်းနန်းတော်တစ်ခုထဲသို့ ဝင်ရောက်သွားလိုက်သည်။ ထို့နောက် သူကိုယ်တိုင် ခွက်တိုင်းနည်းနည်းစီလောင်းထည့်ပြီး ဝိုင်အကောင်းစားအချို့ကို ထပ်ထည့်လိုက်သည်။
ဤနေရာတစ်ခုလုံး အရောင်တောက်ပသွားကာ နန်းတော်ကြီးတစ်ခုလုံး နတ်ဘုံနတ်နန်းကဲ့သိုု့ပင်။
“တာအိုရောင်းရင်းတို့ .. ကျွန်တော်အများကြီး မပြောချင်တော့ပါဘူး .. နောင်ကျရင် ကျွန်တော်တို့ အင်ပါယာဂိတ်အပြင်ဘက်မှ ပုခုံးချင်းယှဉ်ပြီး သွေးတွေစိုရွှဲတဲ့အထိ ရန်သူနဲ့ တိုက်ခိုက်ရမှာ .. အားလုံးကို အတူတူသောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်..” ရှီဟောင်ပြောလိုက်သည်။
လူများစွာ သူတို့ခွက်ကို မြှောက်လိုက်ကြကာ အနံ့သာခံလိုက်ကြသည်။ သူတို့အလွန်တွန့်ဆုတ်နေမိသည်။ ဤသည်မှာ သူတို့အသက်ကိုကယ်နိုင်သည့်ပစ္စည်းကောင်းပင်။ ဒါကို ဒီလိုမျိုးသောက်လိုက်တာက အရမ်းဖြုန်းတီးရာ ရောက်လွန်းသွားပြီလေ ဟုတ်တယ်မလား..
“သောက်လိုက်ပါ .. မြည်းကြည့်လိုက် .. ဒါက အသက်စွမ်းအားရဲ့ အခြေခံအကျဆုံးအသက်သွေးကြောဖြစ်လာမှာ .. မင်းတို့ဒါကို သောက်ပြီးတော့ အသွေးအသားထဲမှာ သိမ်းထားလို့ရတယ် .. မင်းတို့ အသက်ဓာတ်ပိုပြီးအားကောင်းလာတဲ့အချိန်၊ မင်းတို့အသက်အန္တရာယ်ရှိတဲ့အချိန် ဒါက မင်းတို့ကို ပြဿနာတစ်ချို့ ဖြေရှင်းပေးနိုင်လိမ့်မယ်..” အကြီးအကဲတစ်ဦး ပြောလိုက်သည်။
“အကောင်းဆုံးဝိုင်ပဲ .. အရသာက အံ့ဩဖို့ကောင်းတယ်..” အရင်ဆုံးသောက်လိုက်သည့်သူမှာ ချောင်ယုရှင်းပင်။ သူနောက်ထပ် သောက်ရမလား မသောက်ရတော့ဘူးလားဆိုသည်ကို စိုးရိမ်ခြင်းမရှိ။ နောက်မှ ရှီဟောင်နှင့် သီးသန့်ထပ်သောက်မည့်အချိန်ကို သူစောင့်ဆိုင်းနေမည်ပင်။
ဤသည်ကိုမြင်သည်နှင့် လူအုပ်ကြီးလည်း သူတို့ ခွက်မြှောက်လိုက်ကြသည်။ သို့သော် နည်းနည်းသောက်ကာ အရသာခံပြီးနောက် သူတို့အားလုံး ထိတ်လန့်သွား၇သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နတ်ဆေးပင်တစ်ပင် စားလိုက်ရသကဲ့သို့ သူတို့မွေးညှင်းပေါက်များ တောက်ပလာသည်ပင်။
“ဟား ဟား .. ဒါက အကောင်းဆုံးဝိုင်ပဲ .. ဝိုင်နဲ့ဆိုရင် အမြည်းကောင်းကောင်းလည်းရှိသင့်တာပေါ့ .. ကျွန်တော့်မှာ နတ်တစ်ဝက်သစ်သီးတွေ အများကြီးရှိတယ် .. အားလုံးပဲ မြည်းကြည့်လို့ရပါတယ်..” ထော်ဂုယုလုံပြောလိုက်သည်။
“ဒီလူအိုကြီးက မင်းတို့တွေကို အခွင့်ကောင်းမယူချင်ဘူး .. ငါမင်းတို့အားလုံးကို တစ်ဖက်လောက သတ္တဝါတွေရဲ့ အသားခြောက်တွေ မြည်းခိုင်းမယ် .. သူတို့အရသာ အရမ်းကို ကောင်းတာ..” အကြီးအကဲတစ်ယောက်ပြောလိုက်သည်။
ရှီဟောင်လည်း တောက်ပနေသည့် သတ္တဝါအချို့ကို ထုတ်လာသည်။ အားလုံးမှာ အလွန်ရှားပါးလှကာ ဤလောကမှာ သတ္တဝါများမဟုတ်ကြ။
လူအုပ်ကြီး ချက်ချင်းပင် အလန့်တကြား အော်ဟစ်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တစ်ဖက်လောကမှ ဘုရင်လူမျိုးစုများပင်။
“ဒါက ရောင်းရင်းဟွမ် အနီရောင်ကောင်းကင်နယ်စပ်မှာ သတ်ခဲ့တဲ့ ဘုရင်၁၀ယောက်လား..”
“ဟုတ်တယ်..” ရှီဟောင်ခေါင်းညိမ့်လိုက်သည်။
အားလုံး မျက်လုံးများတောက်ပလာသည်။ ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင် ချီဟုန်ပင်လျှင် ရယ်မောကာ “အရင်တုန်းက တစ်ဖက်လောကက ဘုရင်လူမျိုးစုအသားတွေကို စားဖူးပေမယ့် ဒီလောက်မများဘူး .. ဒီနေ့တော့ ဗိုက်ပြည်တဲ့အထိ စားတော့မယ်..”
သူသည် အင်ပါယာဂိတ်မှ ထာဝရတာအိုမိသားစု၏တပည့်ပင်။ သူတို့မိသားစုသည် ယခင်က တစ်ဖက်လော၏ ဘုရင်အဆင့်သက်ရှိများကို အမဲလိုက်ဖူးသည်။ ထို့ကြောင့်သူလည်း ကံကောင်းစွာဖြင့် အနည်းငယ် မြည်းကြည့်ဖူးခဲ့သည်ပင်။
လေထုမှာ ချက်ချင်းပင် လှုပ်ရှားသက်ဝင်လာသည်။ တစ်ဖက်လောကမှ ဘုရင်လူမျိုးစုများ၏ အသားများကို စားရတော့မည်ဖြစ်သောကြောင့် အားလုံး စိတ်လှုပ်ရှားကာ ပျော်ရွှင်လာကြသည်။
“ခင်ဗျားတို့ ကြိုက်သလောက်စားကြ .. ဝိုင်တွေသောက်ကြ .. နောင်ကျရင် ကျုပ်တို့ စစ်မြေပြင်မှာ ရန်သူတွေကို သတ်ကြမယ်..”
“ငါလည်း လက်ဆောင်ပေးမယ် .. ငါ ငါ့အဖိုးတိတ်တိတ်လေးမွေးထားတဲ့ ရတနာသုံးသွယ်ကြက်နှစ်ကောင် ခိုးလာတာ..” လူငယ်တစ်ယောက် ရယ်မော၍ ပြောလိုက်သည်။ သူသည် အင်ပါယာဂိတ်ရှိ ရှေးဟောင်းမိသားစုမှ လာခြင်းပင်။
“ခွေးကောင်လေး .. မင်းခိုးရဲတယ်လား..” သူ့ကလန်မှ အကြီးအကဲလည်း လူအုပ်ထဲ၌ ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. သူလည်း အကြီးအကဲအုပ်စုနှင့်အတူ လျှပ်စီးကန်အား လေ့လာနေခြင်းပင်။
“အဲဒါဆိုရင်လည်း တစ်ကောင်ပဲ ခိုးတော့မယ်..” ထိုလူငယ်လေး တီးတိုးပြောလိုက်သည်။
ဟား ဟား..
အားလုံး ရယ်မောလိုက်ကြသည်။
ဤနေရာမှာ အလွန်သက်တောင့်သက်သာဖြစ်လှသည်ပင်။
ခဏကြာပြီးနောက် တစ်စုံတစ်ယောက်မှ တာအိုမီးတောက်တစ်ခုကို ပြုလုပ်ကာ ဘုရင်လူမျိုးစုများ၏ တောက်ပနေသည့်အသားများကို ကင်လိုက်သည်။ အချို့အသားများမှာ ရွှေရောင်သန်းနေပြီး အချို့အသားများမှာ ကျောက်စိမ်းကဲ့သို့ ဖြူဆွတ်နေသည်။ ထိုအသားများအားလုံးတွင် ထူးခြားသည့် အမွှေးနံ့များ ထုတ်လွှတ်နေသည်။
အစောပိုင်းမှ တင်းမာနေသည့်လေထုမှာ အစအနရှာမရအောင်ပင် ပျောက်ကွယ်သွားလေပြီ။ အားလုံးသည် နန်းတော်ထဲ၌ ထိုင်ကာ အချင်းချင်းစနောက်ပြီး အစားအစာကောင်းများကို ခံစားနေကြသည်။
ရှီဟောင် သက်ပြင်းလေးချလိုက်သည်။ ဤကဲ့သို့သော ပေါ့ပါးငြိမ်းချမ်းမှုမှာ မည်မျှကြာနိုင်မည်ကို သူမသိ။ လအနည်းငယ်လား၊ နှစ်အနည်းငယ်လား ဒါမှမဟုတ် နှစ်တစ်ရာလား.. အင်ပါယာဂိတ်အပြင်ဘက်တွင် သွေးများမြစ်ကဲ့သို့စီးဆင်းပြီး အလောင်းများလည်း တောင်လိုပုံလာဦးမည်ပင်။ သူတို့နောက်တစ်ခေါက် ပြန်လည်တွေ့ဆုံကြလျှင် လူဘယ်နှယောက်အသတ်ခံရမည်ကို သူမသိ။
ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ပြန်တွေ့ကြလျှင် ဤလူများထဲမှ တစ်ဝက်မှာ သေဆုံးသွားလောက်လေပြီ။
ဤသည်မှာ ပြောင်းလဲ၍မရသည့်အမှန်တရားတစ်ခုပင်။
“တာအိုရောင်းရင်းလေး .. ဒီပစ္စည်းက တော်တော်လေး အထင်ကြီးဖို့ကောင်းတယ် .. ဒါက ငါ့တို့ရဲ့ဗဟုသုတွေထက်ကျော်လွန်နေတယ် .. ငါ့အမြင်တော့ ဒါကို ဘိုးဘေးယဇ်ပုလ္လင်မှာရှိတဲ့ အရှင်တွေကို တစ်ချက်လောက်ကြည့်ခိုင်းရင် ကောင်းမယ်လို့ ထင်တယ်..”
အကြီးအကဲတစ်စုမှာ လျှပ်စီးအတိဒုက္ခရည်ကိုပင် မသောက်ပဲ လျှပ်စီးကန်အား လေ့လာနေကြသည်။ ယခုအချိန်တွင် သူတို့ထဲမှ အချို့သူများ နောက်ဆုံးကောက်ချက်ချလိုက်ကြပြီဖြစ်သည်။ သူတို့ခေါင်းမော့လာသည့်အချိန်တွင် သူတို့၏အမူအရာများ လေးနက်နေသည်။
ဤအရာကို လေ့လာပြီးနောက် သူတို့ထိတ်လန့်လာရသည်။
“ဒီထဲမှာ နဂါးသုံးကောင်ရှိနေသလိုပဲ..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။
“ဘာ..” အနည်းငယ်မူးနေသည့် လူငယ်များပင် ချက်ချင်း အမူးပြေသွားကြသည်။ နဂါးသုံးကောင်ဟုတ်လား..
“ရှေးကျတဲ့ ကျောက်တုံးနဲ့လုပ်ထားတဲ့ ဒီလျှပ်စီးကန်ကတောင် ငါ့တို့ရဲ့ဗဟုသုတတွေထက် ကျော်လွန်သွားပြီ .. ဒါပေမဲ့ ဒီထဲမှာ အရည်တွေထဲကူးခတ်နေတဲ့ နဂါးအစစ်လေးသုံးကောင်ရှိနေတယ် .. ငါတို့ တကယ်ကို ဆွံ့အသွားရတယ်..” အကြီးအကဲအရှင် အမှန်အတိုင်းပြောလိုက်သည်။
သူတို့တကယ်ကို ဆွံ့အသွားရခြင်းပင်။ သေချာလေ့လာပြီးသည့်နောက်တွင် ထိုကန်ထဲမှ နဂါးခွန်အားများ ထွက်လာသည်ကို သူတို့သေချာခံစားမိသည်။ သတ္တဝါသုံးကောင်မှာ ထိုအရည်ထဲ၌ ပေါ်လိုက်ပျောက်လိုက် ကူးခတ်နေကြသည်။
ဤသည်မှာ နဂါးအစစ်များနှင့် တစ်ပုံစံတည်းပင်။
“ခင်ဗျားဘာပြောနေတာလဲ .. နဂါးအစစ်ဟုတ်လား .. ကျုပ်ကိုပေး .. ကျုပ်သူတို့ကိုတစ်ချက်လောက် ရိုက်ရမယ်..” ပုရွက်ဆိတ်လေး မူးဝေစွာ ပြောလိုက်သည်။ သူ၏ကလန်မှာ နဂါးအစစ်များနှင့် ပြိုင်ဘက်ပင်။
ရှီဟောင် ထိုလျှပ်စီးကန်ကို အချိန်အတော်ကြာစိုက်ကြည့်လိုက်သည်။ ဤလျှပ်စီးကန်မှာ တကယ်ကို ထူးခြားလှသည်။ ဤကန်သည် သိပ်မနက်သော်လည်း အထဲဘက်သို့ ငုံ့ကြည့်လိုက်လျှင် ဤသည်မှာ ချောက်နက်ကြီးကဲ့သို့ အလွန်နက်လှသည်။
ကောင်းကင်မျက်လုံးဖြင့် ကြည့်လျှင်ပင် အဆုံးကိုမမြင်နိုင်။
ထိုကန်ထဲတွင် နဂါးငယ်လေးသုံးကောင် ကူးခတ်ကာ အချင်းချင်း ဆော့ကစားနေသည်ကို မြင်တွေ့နိုင်သည်ပင်။
“နဂါးအစစ်လူမျိုးစုမှာ ဘယ်လိုဇစ်မြစ်မျိုးရှိလဲဆိုတာ ငါသံသယဝင်လာပြီ..” အကြီးအကဲတစ်ယောက်ပြောလိုက်သည်။
“အရှင် မမှားတာသေချာလား .. အဲဒါတွေက တကယ်ပဲ နဂါးအစစ်တွေလား..”
လူငယ်လေးတစ်ယောက် တီးတိုးမေးလိုက်သည်။
ဤသည်ကိုသာ သက်သေပြနိုင်လျှင် ဤသည်မှာ လောကကြီးကို တုန်လှုပ်သွားစေမည့်ကိစ္စကြီးပင်။ နဂါးအစစ်သုံးကောင်တစ်ပြိုင်နက်တည်းပေါ်လာခြင်းမှာ ကြောက်စရာကောင်းလှသည်။
သူလုယူခဲ့တဲ့ လျှပ်စီးကန်ထဲမှာ ဒီလို လောကကြီးကို တွန်းလှန်နိုင်တဲ့အရာမျိုးရှိနေတယ်…
အပိုင်း ၁၆၁၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၇ – ထူးဆန်းသည့်ပစ္စည်း
“ငါတို့တစ်ကောင်လောက် ဖမ်းပြီး ချက်စားကြရင်ရော..” ပုရွက်ဆိတ်လေး ရေရွတ်လိုက်၏။ သူသည် လုံးဝကို မူးနေလေပြီ။
သို့သော်လည်း ရှီဟောင်တကယ်ကို စိတ်လှုပ်ရှားသွားရသည်။ သူ အရာအားလုံးနီးပါးစားဖူးသော်လည်း နဂါးအသားမစားဖူးသေး။ ယခု သူ့ရှေ့သို့ အခွင့်အရေးကြီး ရောက်လာလေပြီ။
ထို့အပြင် လျှပ်စီးကန်ထဲ၌ သုံးကောင်ပင်ရှိနေသည်။
သို့သော် ဤသည်မှာ သူတွေးကြည့်ရုံသာ တတ်နိုင်သည်။ ဤသည်မှာ မဖြစ်နိုင်မှန်းသူသိသည်။ သူသာ နဂါးအသားစားရဲလျှင် သူမစားခင် အင်ပါယာဂိတ်တွင်ရှိနေသည့် အကြီးအကဲများသူ့အားအရင်စားသွားလိမ့်မည်။
နဂါးအစစ်မှာ ရက်စက်သည့်သားရဲ ၁၀ မျိုးတွင် နံပါတ်တစ်ချိတ်သည်ပင်။ သူတို့မျိုးဆက်များသာ ကျန်ခဲ့ပါက သေချာကာကွယ်ကာ စောင့်ရှောက်ရမည်ပင်။
တစ်ချိန်တည်းမှာပင် အကြီးအကဲအရှင် လျှပ်စီးကန်ပေါ်တွင် အဆီးအတားတစ်ခုလုပ်ခဲ့သည်။ ဖြစ်နိုင်သည်မှာ တစ်ခုခုထူးဆန်းနေမှန်း သူအစောကြီးကတည်းက သိနေပြီးသားဖြစ်ပြီး အခြားသူများ လက်လွတ်စပယ်လုပ်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်နိုင်သည်။
ယခုတော့ သူတို့ ထိုနဂါးများကို မျှားချင်လျှင်ပင် မဖြစ်နိုင်တော့။
ယခုအချိန်တွင် အားလုံး ကို့ယို့ကားယားခံစားနေရသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့် တိုက်ခိုက်နိုင်စွမ်းရှိသည့် နဂါးအစစ်များပင်။ သူတို့ရှေ့၌ ဤနဂါးများကို မျှားနိုင်မည့်အခွင့်ရေးရှိနေလေပြီ။
အားလုံး ရှီဟောင်ကို ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်လာကြသည်။ ဒီကောင်က ဘယ်လောက်တောင် ထူးဆန်းတာလဲ .. သူက ကောင်းကင်အတိဒုက္ခကနေ လျှပ်စီးကန်ကို ခိုးလာခဲ့တာ .. နောက်ဆုံးတော့ သူက နဂါးပေါက်သုံးကောင်ကိုပါ ရသွားတယ်..
ထိုအခိုက်အတန့်တွင် အားလုံး စိတ်ထဲ၌ အော်ဟစ်နေကြရုံသာ တတ်နိုင်တော့သည်။
လျှပ်စီးကန်မှာ တကယ်ကို ရှားပါးကာ ထူးခြားလှသည်ပင်။ နဂါးအစစ်များကိုတွေ့ချင်သောကြောင့် အားလုံး အပြေးလေးရောက်လာကြလေသည်။
သို့သော်လည်း ဤသည်မှာ နဂါးသိုက်အစစ် ဟုတ်သလား မဟုတ်ဘူးလားဆိုသည်ကို မည်သူမှ အတည်မပြုနိုင်။
လျှပ်စီးကန်မှာသေးငယ်လှသော်လည်း ဤကန်ထဲ၌ လောကတစ်ခု ရှိမနေဘူးဟု မည်သူပြောနိုင်မည်နည်း..
ခဏကြာပြီးသည့်နောက်တွင် ဤလျှပ်စီးကန်မှာ အားလုံး၏အာရုံစိုက်ရာဖြစ်လာသည်။ သို့သော်လည်း သူတို့မည်မျှပင် ဆွေးနွေးနေပါစေ ရလဒ်တစ်ခုရလာမည်မဟုတ်။
ဤပစ္စည်းကို မုန့်ထျန်းကျန်းကဲ့သို့သော အဆင့်လွန်သက်ရှိများအား လေ့လာခိုင်းသင့်သည်ဟု အားလုံးခံစားလိုက်ရသည်။ ထိုအဆင့်ရှိသည့်သူသာလျှင် အမှန်တရားကို နားလည်လိမ့်မည်။
“ဝိုး … အဲဒီအလင်းတန်းက တော်တော်လေးကို လိမ်မာနေပါလား..” ရှီဟောင်၏ အာရုံစိုက်ရာမှာ အခြားသူများနှင့်မတူပေ။ သူသည် လျှပ်စီးကန်ထဲရှိ ထိုအလင်းတန်းကို ကြည့်နေခြင်းပင်။
ထိုအလင်းတန်းသည် တည်ငြိမ်သွားသည်နှင့် ခေါင်းဖြတ်စက်ကဲ့သို့ နီရဲသည့်အရောင်ဖြစ်လာသည်။ သူသည် ထိုနေရာ၌သာ ငြိမ်ငြိမ်လေးရှိနေသည်။
သူ ဒီနတ်အလင်းတန်းကို ဘယ်လိုသုံးရမလဲ .. လက်နက်တစ်ခုလုပ်သင့်လား ဒါမှမဟုတ် သူ့အသွေးအသားနဲ့ ပေါင်းစည်းရမှာလား.. ရှီဟောင် သူ့ကိုယ်သူ စဉ်းစားလိုက်သည်။
အပြင်ပစ္စည်းများကို သူတကယ် ပိုင်ဆိုင်ရသည်ဟု သူမခံစားရ။ လက်နက်များမှာ သူ့ကို သက်တောင့်သက်သာမဖြစ်စေပေ။ ထိုနတ်အလင်းတန်းကို သူ့ခန္ဓာကိုယ်ထဲသို့ မည်ကဲ့သို့ပေါင်းစည်းရမည်ကိုသာ သူစဉ်းစားလိုက်သည်။
သူ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းသာ ဤအနီရောင်အလင်းတန်း၏စွမ်းအားရှိနေလျှင် ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်လိမ့်မည်ပင်။
နေ့တစ်ဝက်ကြာ ဆွေးနွေးပြီးသည့်နောက်တွင် ဤနေရာမှာ မဆူညံတော့။ အားလုံး အနည်းငယ် ပါးစပ်ခြောက်ကာ တည်ငြိမ်သွားကြသည်။ လျှပ်စီးကန်နှင့်သက်ဆိုင်သည့်ကိစ္စများကို အဆင့်လွန်သက်ရှိများကိုသာ လွှဲထားလိုက်တော့မည်။
အကြီးအကဲအုပ်စု ထွက်သွားသည့်အချိန်တွင် ဤတွေ့ဆုံပွဲမှာ မူလဦးတည်ချက်သို့ ပြန်ရောက်သွားသည်။
နောက်ဆုံးတွင်တော့ ဤသည်မှာ လူငယ်မျိုးဆက်များ၏ တွေ့ဆုံပွဲပြန်ဖြစ်သွားလေပြီ။
“ဒီနေ့တကယ်ကို အတွေ့အကြုံနဲ့ ဗဟုသုတတွေအများကြီးရခဲ့တယ် .. ရောင်းရင်းဟွမ်က တကယ်ကို ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့သူပဲ .. လျှပ်စီးကန်ကိုတောင်ယူနိုင်တယ် .. ကျွန်တော်တို့ခံစားရတဲ့ခံစားချက်ကိုဖော်ပြနိုင်တာ လေးစားတယ် ဆိုတဲ့စကားလုံးတစ်ခုပဲရှိတယ်..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
“ဒီတစ်ခေါက် ငါ တစ်ဖက်လောကကနေ ထူးဆန်းတဲ့ပစ္စည်းတစ်ခု ရလာတယ် .. ဒီတွေ့ဆုံပွဲမှာ အားလုံးကိုပြဖို့ယူလာခဲ့တာ .. ဒါက ဘာလဲဆိုတာသိလားလို့ အားလုံ ကြည့်လိုက်ကြပါ .. အစပိုင်းက ရောင်းရင်းဟွမ်က အားလုံးရဲ့အာရုံကို သိမ်းယူသွားတာဆိုတော့ ဒါကို ထုတ်မပြလိုက်တာ..” ဝိညာဉ်ငါးခု စစ်ရထားလုံးပိုင်ရှင်မှ ပြောလိုက်သည်။
ဤပွဲမှာ လူငယ်များတာအိုဆွေးနွေးမည့်ပွဲပင်။ အချို့လူများမှာ ထူးဆန်းသည့်ပစ္စည်းများကို ယူလာခဲ့ကြသည်ပင်။
“အိုး .. ဒါက ဘယ်လိုထူးဆန်းတဲ့ပစ္စည်းမျိုးမို့လို့ ရောင်းရင်းချီ ဒီလောက်အလေးထားနေတာလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ရှုထော်၊ ကောင်းကင်ဘုရင်လေး၊ ထော်ဂုယုလုံနှင့် အခြားသက်ရှည်မိသားစုမှလူများပင် အံ့အားသင့်ကာ သူရှိနေသည့်ဘက်သို့ ကြည့်လာကြသည်။
“ဒါက ဘိုးဘေးယဇ်ပုလ္လင်က ဘိုးဘေးတစ်ယောက် ဂိတ်အပြင်ဘက်မှာ တိုက်ခိုက်ရင်းနဲ့ရလာတဲ့ပစ္စည်း..” ချီဟုန် ပြောလိုက်သည်။
ထိုစကားကြားလိုက်ရသည်နှင့် အားလုံးအေးခဲသွားရသည်။
သူပြောသည့်ဘိုးဘေးဆိုသည်မှာ ယခု ဘိုးဘေးယဇ်ပုလ္လင်၌ ရှိနေသည့် အဆင့်လွန်သက်ရှိများပင်။ ထိုနေရာ၌ တစ်ချိန်လုံး သီးသန့်ကျင့်ကြံနေသည့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်အချို့ ရှိကြသည်ပင်။
သူတို့ဤလောက၌ တစ်ခါမှ ပေါ်မလာတော့ဘူးဟု အားလုံးထင်နေကြခြင်းပင်။ သို့သော်လည်း အမှန်တကယ်တော့ သူတို့သည် ဂိတ်အပြင်သို့ထွက်ကာ စစ်တပ်ကြီးကို တိတ်တဆိတ်ကာကွယ်ပေးနေသည်ပင်။ လိုအပ်လာပါက တစ်ဖက်လောကမှ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ကြမည်ပင်။
ချီဟုန်၏ ဝိညာဉ်ငါးခုစစ်ရထားလုံးမှာ ပြိုင်ဘက်ကင်းသက်ရှိတစ်ယောက်၏ ပစ္စည်းပင်။ သူသည် ထိုပြိုင်ဘက်ကင်းသက်ရှိနှင့် ဆရာတပည့်ဆက်ဆံရေးမရှိသော်လည်း ထိုသူသည် သူ့အာ ပညာများ လက်ဆင့်ကမ်းပေးနေသည်ပင်။
သူ့အတွက်တော့ ထိုပြိုင်ဘက်ကင်းသက်ရှိထံမှ တစ်စုံတစ်ခုရသည်ဆိုသည်မှာ ထူးဆန်းသည့်အရာတစ်ခုမဟုတ်။
“အဲဒါက ဘာကြီးလဲ..”
သူ ကျောက်သေတ္တာတစ်ခုကို အလေးအနက်ဖွင့်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သည့်အမူအရာဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသေတ္တာပွင့်သွားသည်နှင့် တောက်ပလှသည့် ရောင်စုံအလင်းများ ထွက်ပေါ်လာသည်။
အလင်းမှာ စူးရှလှသောကြောင့် သူတို့တည့်တည့်ကြည့်၍ပင်မရ။
ထိုအရာသည် အလေးချိန်မရှိသကဲ့သို့ လေထဲ၌ မြှောက်တက်နေသည်။
ဒါက ဘာကြီးလဲ.. အားလုံး ထိတ်လန့်သွားရသည်။
လူအချို့ သူတို့၏ကောင်းကင်မျက်လုံးများကို အသက်သွင်းကာ စိုက်ကြည့်လိုက်ကြသည်။ ဤသည်မှာ ရွှေရောင်တောက်ပနေသည့်အရာတစ်ခုပင်။
ထို့အပြင် သူ့ထံမှ စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းတစ်ခုစိမ့်ထွက်နေသည်။ ထိုစွမ်းအင်လှိုင်းတွင် အသက်ဓာတ်ပါဝင်နေပြီး အားလုံးကို အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။
ဤသည်မှာ လျှပ်စီးအတိဒုက္ခရည်နှင့် မယှဉ်နိုင်သော်လည်း သာမန်ဝိညာဉ်ပစ္စည်းများထက်တော့ သေချာပေါက်ကောင်းသည်ပင်။ သူ၏အသက်စွမ်းအင်မှာ သန့်စင်လွန်းလှသည်။
အချို့လူများ ထိကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ ကျောက်စိမ်းကဲ့သို့ အလွန်နူးညံ့နေသည်။
ဤသည်မှာ ချီဟုန် ထုတ်ယူလာသည့်ပစ္စည်းပင်။
“ဒါက မူလရှေးဟောင်းမိုင်းက ဒဏ္ဍာရီလာ အသက်ကျောက်တုံးနဲ့မတူဘူး .. အဲဒီပစ္စည်းနဲ့ယှဉ်လို့မရဘူးဆိုပေမယ့် ဒါလည်း အရမ်းကိုရှားပါးတဲ့ အဖိုးတန်ပစ္စည်းပဲ..” တစ်စုံတစ်ယောက်မှ မှတ်ချက်ပေးလိုက်သည်။
“ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာ .. အပိုင်းသေးသေးလေးဖဲ့လိုက်ရင် အဲဒီအပိုင်းလေးက ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားပြီး ခန္ဓာကိုယ်ကို အသန့်စင်ဆုံး စွမ်းအင်ဖြစ်အောင် ပြုပြင်ပေးနိုင်တယ် .. တစ်ဝက်လောက် ကျင့်ကြံလိုက်တာနဲ့ အကျိုးကျေးဇူး ၂ ဆရစေတယ်..” ချီဟုန်ပြောလိုက်သည်။
ဤသည်ကို ကြားလိုက်ရသည်နှင့် လူများစွာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤသည်မှာ သေချာပေါက် ကောင်းသည့်အရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဂိတ်အပြင်ဘက်၌ တွေ့ခဲ့ရသည့် တစ်ဖက်လောကမှ ပစ္စည်းပင်။
“တစ်ဖက်လောကက ဒီလိုပစ္စည်းမျိုးအများကြီး တူးဖော်နိုင်ရင် သူတို့ရဲ့ကျင့်ကြံဆင့်က ငါတို့ထက် အများကြီးသာမှာပဲ..” တစ်စုံတစ်ယောက်မှ ပြဿနာကို ဒဲ့တိုးပင် ပြောလိုက်သည်။
“ဒီထက်ပိုကြောက်စရာကောင်းတဲ့ ဟာတွေအများကြီးရှိသေးတယ်..” ချီဟုန် ပြောလိုက်သည်။
သူ့ဆရာသည် ဤလောက၏ အဆင့်လွန်သက်ရှိဖြစ်သောကြောင့် သူရထားသည်မှာ ထူးဆန်းသည့်ကျောက်တုံးအချို့သာမက အရည်အနည်းငယ်ရှိနေသည့် ကျောက်စိမ်းတစ်အိုးလည်းရှိသေးသည်။
“ဒီရွှေရောင်ဖျော့အရည်လေးက ပိုပြီးတော့ ကြောက်စရာကောင်းသေးတယ် .. သူ့မှာ သက်ရှည်ဆေးစွမ်းတွေရှိနေတယ် .. ဒါက ဒီကျောက်တုံးရဲ့ အတူတူပဲ .. ဒါပေမဲ့ ဒါက အခဲမဖြစ်သေးဘူး အရည်ပဲရှိသေးတယ်..” ချီဟုန်ပြောလိုက်သည်။
“ဒါက ဘယ်လိုအသုံးဝင်တာလဲ .. သူ့ကို မြိုချလိုက်လို့ရလား…” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
“ရတယ် .. ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက ဒါကို ချိတ်ပိတ်ဖို့အတွက်သုံးတာ..” ချီဟုန် ပြောလိုက်သည်။
ပြိုင်ဘက်ကင်းသည့်သက်ရှိသည် ဤရွှေရောင်အရည်ကို သာမန်ပုရွက်ဆိတ်ပေါ်သို့ ချကြည့်ခဲ့သေးသည်။ ထိုအချိန်က ထိုရွှေရောင်အရည်သည် ကျောက်တုံးအဖြစ်ပြောင်းလဲသွားကာ ထိုပုရွက်ဆိတ်လည်း ထိုထဲ၌ ထာဝရပိတ်မိသွားသည်။
သို့သော်လည်း ထိုပုရွက်ဆိတ်မသေသေးကြောင်း သူတို့ခံစား၍ရသည်ပင်။
မျိုးဆက်ပေါင်းတစ်သောင်းကုန်ဆုံးသွားသော်လည်း ထိုပုရွက်ဆိတ်မှာ ထိုအတိုင်းရှိနေဆဲပင်။ နောက်ပိုင်း ထိုအဆင့်လွန်မျိုးဆက် ထိုကျောက်တုံးအား ခွဲလိုက်သည့်အချိန်တွင် ထိုပုရွက်ဆိတ်မှာ အသက်ရှင်လျက်ရှိနေဆဲပင်။ သူ့ကို ချိတ်ပိတ်ထားသည့်ပုံစံအတိုင်းရှိသေးသည်ပင်။
အားလုံးထိတ်လန့်သွားရသည်။
“တစ်ခြားစီနီယာတွေရော သိကြလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
“ဒါပေါ့ .. အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေက ဟိုးအရင်ကတည်းက ဒါကို ဆွေးနွေးခဲ့ကြတာ .. ပြီးတော့ သူတို့က ဒါကို အမြဲတမ်းလေ့လာနေခဲ့ကြတာ .. သူတို့တွေက အရင်တုန်းက စစ်ဆေးမေးမြန်းဖို့အတွက် တစ်ဖက်လောကက သက်ရှိတစ်ယောက်ကိုတောင်ဖမ်းခဲ့သေးတယ်..” ချီဟုန် ပြောလိုက်သည်။
ဤသည်မှာ တစ်စုံတစ်ခုအား အဆုံးစွန်ထိ ချိတ်ပိတ်ထားနိုင်သည်မှာ သေချာသည်။ သူတို့ဤအကြောင်းစဉ်းစားလေလေ ဤသည်မှာ လောကကြီးကို ပြောင်းလဲနိုင်လေလေဟု ခံစားရလေလေပင်။
“တစ်ဖက်လောကက ဘယ်လိုလုပ် ဒါကို ရှာတွေ့သွားတာလဲ .. ဒါမှမဟုတ် ဒါက သူတို့ဆီမှာ အမြဲတမ်းရှိနေတဲ့ဟာလား .. ဒါက သူတို့ခွန်အားရဲ့ အရင်းအမြစ်လား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
အရည်မပြောနှင့် ကျောက်တုံးပင်လျှင် လူတစ်ယောက်၏ ကျင့်ကြံသည့်အဆင့်ကို လျင်မြန်စွာ တိုးတက်လာစေသည်။ ထိုကျောက်တုံးထဲတွင်ရှိနေသည့် စွမ်းအင်မှာ သန့်စင်လှသည်။
“တစ်ဖက်လောကက သက်ရှိတွေကို စစ်မေးတဲ့အချိန်က စွမ်းအားကြီးတဲ့ဘုရင်ကလန်တစ်ချို့ပဲ ဒီအကြောင်းကို သိတာတဲ့ .. သူတို့ထဲက တစ်ယောက်ပြောတာက ဒါကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတွေ့ခဲ့တာတဲ့ .. သူတို့ မိုင်းတွင်းတစ်ခုထဲက တူးဖော်ခဲ့ရတာတဲ့ .. တစ်ခြားတစ်ယောက်ပြောတာကျတော့ ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အရင်းအမြစ်တဲ့ .. ဒါက အမြဲတမ်းရှိနေခဲ့တာ .. ကြောက်စရာကောင်းတဲ့ဆိုရိုးစကားတစ်ခု ရှိသေးတယ်..”
ကြောက်စရာကောင်းသည့်စကားပုံဟု ပြောလိုက်သည့်အချိန်တွင် ချီဟုန်၏အမူအရာ အနည်းငယ်ရုပ်ဆိုးသွားသည်။
အားလုံး သူ့အား ပြောရန် နိုးဆော်လိုက်ကြသည်။
“အန်းလန်၊ ရှုထော်နဲ့ တစ်ခြားသူတွေ ရှေးဟောင်းသင်္ချိုင်းတစ်ခုကို တူးဖော်ရခဲ့ကြတယ် .. သူတို့ထက် ကျင့်ကြံဆင့်မြင့်တဲ့ မသေမျိုးဧကရာဇ်တစ်ယောက်နဲ့ဆိုင်တဲ့ မှတ်တမ်းတွေကို တွေ့ခဲ့ကြတာလို့ ပြောကြတယ်..”
ဤသည်မှာ အန်းလန်၊ ရှုထော်နှင့် အခြားသူများအားလုံး အမြဲတမ်းလေ့လာနေခဲ့ကြခြင်း၏ အကြောင်းပြချက်ပင်။ ထိုကဲ့သို့သော သက်ရှိမျိုးတကယ်ရှိမရှိကို သူတို့သိချင်ကြသည်။
တစ်ဖက်လောကမှ သုံ့ပန်း ပြောပုံအရဆိုလျှင် ရှုထော်သည် ထိုရှေးဟောင်းအဆင့်လွန်ပုဂ္ဂိုလ်၏ လျှို့ဝှက်ချက်ကို လေ့လာရင်းဖြင့် ထိုထူးဆန်းသည့်ကျောက်တုံးကို တွေ့ခဲ့ခြင်းဖြစ်သည်ဟုကပင်။ ထိုကျောက်တုံးကို ကြောက်စရာကောင်းသည့် ရှေးဟောင်းသင်္ချိုင်းမြေတစ်ခုမှ ဆက်တိုက်တူးဖော်ရရှိခဲ့ခြင်းပင်။
ဤအကြောင်းကို ကြားသည်နှင့် အားလုံး ဆွံ့အသွားရ၏။
အဲဒီထူးဆန်းတဲ့ ကျောက်တုံးကို အန်းလန်နဲ့ ရှုထော်တို့ ရှေးဟောင်းသင်္ချိုင်းမြေကို တူးဖော်ပြီး ရလာတဲ့ပစ္စည်းတဲ့လား..
ရှေးဟောင်းသင်္ချိုင်းမြေများမှာ အန္တရာယ်များလှပြီး မသေမျိုးသက်ရှိများပင် အလောတကြီး ခြေမချရဲကြ။ အဘယ်ကြောင့်ဆိုသော် အချို့အန္တရာယ်များနှင့် လျှိုု့ဝှက်ချက်များမှာ မြေအောက်၌ နှစ်မြှုပ်နေကြသည်ပင်။
“တာအိုရောင်းရင်းတို့ .. နောင်ကျ ဂိတ်အပြင်ဘက်ထွက်လို့ စစ်မြေပြင်မှာ ဒီလိုပစ္စည်းမျိုးတွေ့ရင် သတိထားကြပါ.. သူတို့ ဒါတွေကို သုံးလောက်တယ်..” ချီဟုန်ပြောလိုက်သည်။
သူတို့အချင်းချင်း ဤကိစ္စကို ဆွေးနွေးကြပြီး မည်သူမှ မတည်ငြိမ်နိုင်တော့။
အချိန်အတော်ကြာမှသာ ထော်ဂုယုလု့ တစ်စုံတစ်ခု ထုတ်လာကာ အားလုံး၏အာရုံကို လွှဲပြောင်းယူလိုက်သည်။ ဤသည်မှာ သားရဲအရေခွံတစ်မျိုးဖြင့် ပြုလုပ်ထားသည့် မြေပုံတစ်ခုပင်။
ဤမြေပုံမှာ အချိန်၏တိုက်စားမှုကြောင့် စုတ်ပြဲနေပြီဖြစ်သည်။
ထော်ဂုယုလုံသည် ထိုမြေပုံကို ဂရုတစိုက်ဖြင့်ပင် စားပွဲပေါ်သို့ ဖြန့်ခင်းလိုက်သည်။ “အားလုံးပဲ ဒီမြေပုံက ဂိတ်အပြင်ဘက်က လျှို့ဝှက်ချက်တွေနဲ့ ဆက်စပ်နေတာ .. အဲဒီထဲမှာ သဘာဝကံကောင်းမှုတွေလည်းပါတယ်..”
နယ်ခြားစပ်အပြင်ဘက်ရှိ လောကကြီးမှာ အကန့်အသတ်မရှိ ကျယ်ပြောလှသည်ကို အားလုံးသိသည်ပင်။ ထိုနေရာတွင် ကောင်းကင်သားရဲတောအုပ်၊ နတ်ဆေးပင်တောင်၊ ဆုံးရှုံးခြင်းပင်လယ်၊ ထာဝရရှေးဟောင်းမြေနှင့် ရှေးဟောင်းသင်္ချိုင်းမြေများပင် ရှိသည်။
ထိုနေရာများတွင် သဘာဝကံကောင်းမှုများရှိနေသည်ပင်။
ယခု ထော်ဂုယုလုံထုတ်ပြသည့်မြေပုံသည်လည်း စစ်မြေပြင်မှ ရခဲ့ခြင်းပင်။ ယခင်က တစ်ဖက်လောကမှလူများ ဤမြေပုံကိုင်ကာ တစ်ခုခုကို ရှာဖွေခဲ့ကြသည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်ပင်။
“ဒီမြေပုံကြောင့် ကျုပ် ကောင်းကင်ဘုံကိုးခုက ရှေးဟောင်းကန့်သတ်နယ်မြေတွေကို ဖိတ်စာတွေပို့ခဲ့တာ .. သူတို့ဆီက တုံ့ပြန်မှုလည်းရခဲ့တယ်..” ထော်ဂုယုလုံ ပြောလိုက်သည်။
ယခုတစ်ခေါက် အားလုံး ထိတ်လန့်သွားပြီးနောက် အုတ်အော်သောင်းတင်းဖြစ်သွားသည်။
အပိုင်း ၁၆၁၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၈ – ကန့်သတ်နယ်မြေမှ ဧည့်သည်
ကောင်းကင်ဘုံကိုးခုရှိ ထူးဆန်းသည့်ကန့်သတ်နယ်မြေများမှာ အမြဲတမ်းတိတ်ဆိတ်ငြိမ်သက်နေခဲ့သည့်နေရာများပင်။ ခေတ်ပေါင်းရာပေါင်းများစွာ ကုန်လွန်သွားပြီး ထာဝရရှေးဟောင်းခေတ် ပျောက်ကွယ်သွားသည်နှင့် သူတို့ သေမျိုးလောကကိစ္စများတွင် ဝင်မပါတော့။ သူတို့အပြင်လောကနှင့် လုံးဝအဆက်အသွယ်မလုပ်တော့။
သူတို့ ထိုကန့်သတ်နယ်မြေများမှာ တစ်ခါမှ အပြင်ဘက်သို့ မထွက်ခဲ့ကြ။ ခေတ်ပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း သူတို့တိတ်ဆိတ်နေဆဲပင်။
သို့သော်လည်း ထိုကန့်သတ်နယ်မြေများ၌ နေထိုင်သည့်သက်ရှိများရှိနေမည်ကိုတော့ အားလုံးသိထားသည်ပင်။ သို့သော် နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သောကြောင့် ထိုထဲ၌ နေထိုင်သည့်သတ္တဝါများမှာ မည်သည့်မျိုးနွယ်စုမှဖြစ်မှန်း မည်သူမှ မသိကြတော့။ သူတို့မည်မျှ သန်မာကြသည်ကိုလည်းမသိတော့။
လောကကြီးအတွက်တော့ ထိုနယ်မြေများမှာ ထူးဆန်းလှပြီး သူတို့သည် ကမ္ဘာနှစ်ခုမှ လူများကဲ့သို့ပင်။
ယနေ့ ထော်ဂုယုလုံ၏ မိတ်ဆက်စကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့ဘယ်လိုလုပ် မလန့်ပဲနေမည်နည်း…
“အဲဒီနေရာက သက်ရှိတွေရောလာမှာလား .. သူတို့တွေ အင်ပါယာဂိတ်ကို ရောက်လာကြပြီလား..” လူငယ်ကျင့်ကြံသူတစ်ယောက်မေးလိုက်သည်။ သူ၏အသံမှာ သိပ်မကျယ်သော်လည်း အားလုံးမှာ သူ့အသံကို အာရုံစိုက်နေကြသည်။
“လာရင်လာနိုင်တယ် .. ဘာလို့လဲဆိုတော့ သူတို့ ဒီမြေပုံကို တော်တော်လေး စိတ်ဝင်စားနေကြတာ..” ထော်ဂုယုလုံပြောလိုက်သည်။
“မင်းသူတို့ကို ကန့်သတ်နယ်မြေမှာ တွေ့ခဲ့တာလား .. သူတို့က ဘယ်လိုလူမျိုးစုတွေလဲ..” သရဖူ ၁၀ ခုဘုရင်ပင် မနေနိုင်ပဲ ပြောလိုက်သည်။
“ဖိတ်စာပို့လိုက်တဲ့သူတွေ သူတို့နဲ့ မတွေ့ခဲ့ရဘူး .. သူတို့တုံ့ပြန်မှုကိုပဲ ရခဲ့တာ..” ထော်ဂုယုလုံ ပြောလိုက်သည်။
ဤသည်မှာ အတော်လေးထူးဆန်းသည့်ကိစ္စပင်။ ယခင်က ကန့်သတ်နယ်မြေအပြင်ဘက်၌ သူတို့မည်မျှပင် စတေးပါစေ၊ ဆုတောင်းပါစေ၊ ရှိခိုးကိုးကွယ်ပါစေ သူတို့ကို အာရုံစိုက်ဖို့မပြောနှင့် မည်သည့်သက်ရှိမှ ပေါ်မလာခဲ့။
ထို့အပြင် ကန့်သတ်နယ်မြေထဲသို့ ဝင်သွားလိုက်သည်နှင့် အချိန်မရွေး အန္တရာယ်ပေါ်လာနိုင်ကာ အချိန်မရွေး အသတ်ခံလိုက်ရနိုင်သည်။
ယခုတစ်ခေါက်တွင် သတင်းပို့သည့်သူမှာ ဘေးကင်းစွာ ဝင်သွားနိုင်ရုံသာမက တုံ့ပြန်မှုပင် ရခဲ့သည်။ ဤသည်မှာ အလွန်ရှားပါးသည့်အဖြစ်အပျက်ပင်။
သားရဲအရေပြားကို ဖြန့်ခင်းလိုက်သည်နှင့် အားလုံး သေချာလေ့လာလိုက်ကြသည်။ ဤသည်မှာ အလွန်စုတ်ပြတ်နေပြီဖြစ်သော်လည်း တောင်များ၊ မြစ်များနှင့် လမ်းကြောင်းများကိုတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်ဆဲပင်။
ဤမြေပုံကို တွေ့လိုက်ရသည်နှင့် အားလုံး စိတ်လေးလံသွားရသည်။ ဤနေရာမှာ သေချာပေါက် အန္တရာယ်များပြီးချဉ်းကပ်၍မရသည့်နေရာပင်။
“ဒါက ကောင်းကင်သားရဲတောအုပ်၊ ရှေးဟောင်းသင်္ချိုင်းမြေနဲ့ နတ်ဆေးပင်သွေးကြောကြားပဲ .. ငါတို့ဘယ်လိုဝင်ကြရမှာလဲ.. ဝင်သွားတာနဲ့ သေချာပေါက်သေမှာပဲ..” တစ်စုံတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။
ဤနေရာနှင့် ကန့်သတ်နယ်မြေမှာ ဘာကွာသနည်း.. အလောတကြီးဝင်လိုက်သည်နှင့် ကိုယ့်သင်္ချိုင်းဖြစ်သွားလိမ့်မည်။
“မဟုတ်ဘူး .. အားလုံးပဲ ဒီနေရာကိုကြည့်ကြ .. ဒါက လုံးဝပိတ်နေတာမဟုတ်ဘူး..” ထော်ဂုယုလုံ ထောက်ပြလိုက်သည်။
“ဒါပေမဲ့ ဒီမှာ တစ်ပိုင်းပျောက်နေတယ် .. အရေးကြီးတဲ့အပိုင်းတစ်ချို့ပျောက်နေတယ်လို့ ငါခံစားရတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ပျက်စီးနေသည့်နေရာမှာ အလွန်အရေးကြီးသည့်နေရာဖြစ်ကြောင်း အားလုံးတွေ့နေရသည်ပင်။ ယခုပင်လျှင် အနက်ရောင်ဦးခွံတစ်ဝက် ကျန်နေသေးသည်။
ဤသည်မှာ အလွန်အန္တရာယ်များသည်ဟု ဆိုလိုခြင်းပင်။
ထိုနေရာတွင် ဖော်ပြချက်တစ်ချို့ရှိနေလိမ့်မည်ဟု အားလုံးခံစားနေရသည်။ သို့သော်လည်း ယခု ထိုအပိုင်းပျောက်နေသည်။
အဘယ်ကြောင့်ဆိုသော် ပျောက်နေသည့်အပိုင်းမှာ မသေးလှပေ။ ထိုအပိုင်းထဲတွင် အန္တရာယ်အမှတ်အသားများ ပါနေလောက်သည်။
ပို၍အရေးကြီးသည်မှာ ဤမြေပုံပေါ်တွင်ရှိနေသည့် မြှားအမှတ်အသားများမှာ ထိုပျက်စီးသွားသည့်နေရာကို ညွှန်ပြနေခြင်းပင်။
“လာနောက်နေတာလား .. ပျောက်နေတဲ့အမှတ်အသားတွေ အများကြီးပဲ .. ဒါက တကယ်ကို အရမ်းအန္တရာယ်များတယ်..”
“တစ်ခုခုတော့မှားနေတယ် .. ကြည့်လိုက် .. ကောင်းကင်သားရဲတောအုပ်၊ ရှေးဟောင်းသင်္ချိုင်းမြေနဲ့ နတ်ဆေးတောင်ကြောကို ထိုးပြထားတဲ့မြှားတွေက ဘာလို့နည်းနည်းပဲ ရှိတာလဲ ..”
အားလုံးထိုမြေပုံကို သေချာကြည့်ကာ အလွတ်မှတ်မိအောင်လုပ်လိုက်သည်။
“အထက်လူကြီးတွေ ဒါကို အချိန်အတော်ကြာအောင် လေ့လာခဲပြီးပြီ .. ပြီးတော့ အဲဒီနေရာတွေကို သွားစစ်ဆေးဖို့ ကျွမ်းကျင်သူတွေကိုလည်း လွတ်ခဲ့တယ် .. ဒါပေမဲ့ အဲဒီလူတွေ ဘယ်တော့မှ ပြန်ရောက်မလာခဲ့ကြဘူး..” ထော်ဂုယုလုံပြောလိုက်၏။
ဤသည်မှာ အားလုံးကို အေးခဲသွားစေသည်ပင်။ အဆင့်မြင့်ပုဂ္ဂိုလ်များ လွှတ်လိုက်သည့်သူများမှာ သေချာပေါက် ကျွမ်းကျင်သူများဖြစ်မည်ပင်။ သို့သော်လည်း သူတို့အားလုံး ပျောက်သွားခဲ့ရသည်။ ဤသည်မှာ သာမန်မဟုတ်။
သူတို့ ငယ်သေးသည်။ သူတို့ထံ၌ အရည်အချင်းများရှိသော်လည်း ဤသည်မှာ သူတို့ယခု ထွက်သွားသင့်သည်ဟု ဆိုလိုခြင်းမဟုတ်။
“ငါတို့တွေ နောက်ဆုံးနေရာနဲ့ပတ်သက်ပြီး တကယ်ဘာမှမသိကြဘူးလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
“ငါတို့မသိဘူး .. ဒီသားရဲအရေပြားပေါ်က မြေပုံက တော်တော်လေး ပျက်စီးနေပြီ .. ဒီအရေးကြီးတဲ့နေရာတွေနဲ့ ပတ်သက်လို့ ဘာမှတ်တမ်း၊ ဘာဖော်ပြချက်မှမရှိဘူး..” ထော်ဂုယုလုံပြောလိုက်သည်။
ဤသားရဲအရေပြားမြေပုံမှာ အလွန်အရေးကြီးကြောင်း သေချာမစဉ်းကြည့်လျှင်ပင် သိနိုင်သည်။ မဟုတ်ပါက တစ်ဖက်မှလူများ လူလွှတ်ပြီး ရှာခိုင်းမည်မဟုတ်။ အင်ပါယာဂိတ်မှ ကျွမ်းကျင်သူများနှင့် မတော်တဆတွေ့သွားသောကြောင့်သာ သူတို့ဤကိစ္စသိရခြင်းပင်။ မဟုတ်ပါက သိရမည်မဟုတ်။
“အမ် .. ဘာဖြစ်တာလဲ..”
ရုတ်တရက် အားလုံး ခပ်ဝေးဝေးမှ ဖရိုဖရဲဖြစ်နေသည့်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။
ဤနေရာမှာ ကျောက်စိမ်းကန်ထဲမှ ကျွန်းဖြစ်ပြီး ဖိတ်စာပါသည့်သူများသာ တက်လာနိုင်သည်။ ကမ်းခြေတစ်ဝိုက်တွင် ကျွန်းပေါ်သို့ တက်ခွင့်မရသည့်သူများမှာ ရှိနေသည်ပင်။ သူတို့အားလုံးမှာ ခပ်ဝေးဝေးမှ ကြည့်ရုံသာ တတ်နိုင်သည်။
အုတ်အော်သောင်းတင်းဖြစ်လာသည့်သူများမှာလည်း သူတို့ပင်။
“ကန့်သတ်နယ်မြေက တစ်ယောက်ယောက်လာနေပြီ..” တစ်စုံတစ်ယောက်မှ အော်ဟစ်ကာ နန်းတော်ထဲသို့ ပြေးဝင်သွားပြီး သတင်းပေးလိုက်ည်။ ဤလူမှာ လူငယ်သူရဲကောင်းများအားလုံးကို ထိတ်လန့်သွားစေကာ အားလုံးမတ်တပ်ထရပ်လိုက်သည်။
ကန့်သတ်နယ်မြေက လူတွေ တကယ်လာတယ် .. ဤသည်မှာ ထိတ်လန့်စရာကောင်းသည့်သတင်းပင်။
သူတို့သည် အထူးဖိတ်စာများကို ကိုင်ထားသောကြောင့် သူတို့ အင်ပါယာဂိတ်ကိုဖြတ်ကာ ဤနေရာသို့ တန်းရောက်လာနိုင်ခြင်းပင်။
“ကန့်သတ်နယ်မြေတစ်ခုတည်းက သက်ရှိလား..”
“ဟုတ်တယ်..”
ကန့်သတ်နယ်မြေတစ်ခုတည်းမှဆိုသော်လည်း ဤသည်မှာ အားလုံးကို ထိတ်လန့်နေစေဆဲပင်။ လူများစွာနန်းတော်မှ ထွက်လာပြီး အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။ ဤသည်မှာ ထိုသူတို့အား ကြိုဆိုလိုက်ခြင်းဖြစ်သော်လည်း တကယ်တမ်းတွင် ကန့်သတ်နယ်မြေမှ ဧည့်သည်များမှာ ဘယ်လိုပုံဖြစ်သည်ကို သူတို့သိချင်နေသောကြောင့်ပင်။
မည်ကဲ့သို့သောလူမျိုးစုကများ လောကကြီးနှင့် အဆက်အသွယ်ဖြတ်ပြီးနေနိုင်သည်ကို အားလုံးသိချင်နေကြသည်။
ကျောက်စိမ်းကန်ပေါ်တွင် ရေလှိုင်းလေးများကို ဖြတ်၍လာသည့် သက်ရှိများရှိနေသည်။ အားလုံး ထိုသူများကို အာရုံစိုက်နေကြသည်ပင်။
နောက်ဆုံးတော့ သူတို့ကိုတွေ့လိုက်ရလေပြီ။
လူများမှာ ပါးစပ်ပင်မဟနိုင်တော့ပဲ ထိုအရပ်ဘက်သို့သာ စိုက်ကြည့်လိုက်ကြသည်။
သူတို့အားလုံး ဆွံ့အနေကြကာ သူတို့ခံစားချက်များကို ဖော်ပြရန် ခက်ခဲနေသည်။
အဘယ်ကြောင့်ဆိုသော် ကန့်သတ်နယ်မြေမှလာသည့်ဧည့်သည်များမှာ သူတို့ထင်ထားသည်နှင့် လုံးဝကွဲပြားသည်ပင်။
အားလုံးသိထားသည်မှာ ကန့်သတ်နယ်မြေမှ သက်ရှိများမှာ သူရဲကောင်းဆန်ကာ ထူးခြားပြီး ကြောက်စရာကောင်းသည့်သူများပင်။ သို့သော်လည်း သူတို့ရှေ့မှ သတ္တဝါကိုကြည့်ပြီး သူတို့ဘာပြောရမည်မှန်းပင်မသိတော့။
ဤသည်မှာ သူရဲကောင်းဆန်သည့်နတ်ဘုရားမဟုတ်သလို လှပသည့်နတ်သမီးလေးလည်းမဟုတ်။ ကြက်ဖကြီးတစ်ကောင်ပင်။
ထို့အပြင် ဤသည်မှာ အိုမင်းနေသည့် ကြက်ဖကြီးပင်။ ဤကြက်ဖကြီးသည် ကျန်းပေါင်းများစွာ မြင့်မားပြီး သူ့အမွေးအတော်များများ ကျွတ်ကျသွားပြီဖြစ်ပြီး ဂတုံဖြစ်လုနီးပါးပင်။
သို့သော်လည်း သူ၏အမောက်မှာ မီးတောက်တစ်ခုကဲ့သို့ နီရဲနေသည်။
သူ၏အတောင်ပံများတွင် အမွေးများမရှိတော့ပဲ အသွေးအသားများကိုပင် မြင်နေရသည်။ သူ့ခန္ဓာကိုယ်လည်း အချို့နေရာတွင် အကွက်လိုက်ဖြစ်နေသည်ပင်။
ထို့ကြောင့် အားလုံး ဆွံ့အနေခြင်းပင်။ ဤသည်မှာ သူတို့သိသမျှအရာအားလုံးကို ပြောင်းလဲပစ်လိုက်သည်ပင်။ ဒါက ကန့်သတ်နယ်မြေက ထွက်လာတဲ့ သက်ရှိလား ..
ကြက်ဖအိုကြီး၏မျက်လုံးမှာ နောက်ကျနေပြီး သူ၏လှုပ်ရှားမှုများလည်း နှေးကွေးနေသည်။ ထို့ကြောင့်လည်း သူသည် အချိန်အတော်ကြာသည်အထိ ကျွန်းပေါ်သို့ မတက်နိုင်ခြင်းပင်။
“ကြက်ကြီး အကြီးကြီးပဲ .. အရင်ခေတ်ကတည်းက ကြက်ဆိုတော့ သူ့မှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအင်တွေရှိနေမှာပဲ .. သူ့ကိုသာ ချက်စားလို့ကတော့ အရသာက သေချာပေါက် ဆိုးမှာမဟုတ်ဘူး…” ရှီဟောင် ချောင်ယုရှင်းအား ပြောလိုက်သည်။
သို့သော် ဤသည်မှာ သူ၏နတ်စိတ်ဝိညာဉ်ဖြင့် ပြောလိုက်ခြင်းပင်။ မဟုတ်ပါက ဘေးပတ်လည်ရှိလူများအားလုံး ကြောက်ရွံ့သွားကြလိမ့်မည်။ ဤသည်မှာ သိက္ခာကျလွန်းသည်ပင်။ မည်သူကများ ကန့်သတ်နယ်မြေမှ သတ္တဝါများကို အာခံရဲမည်နည်း..
“ကျွန်တော်တို့ ထွက်မလာတဲ့အတွက် စီနီယာကပဲ ခွင့်လွှတ်ပေးပါ..” ထော်ဂုယုလုံ ပြောလိုက်သည်။ သူသည် ဖိတ်စာပို့လိုက်သည့်သူဖြစ်သောကြောင့် သူအလွန်ယဉ်ကျေးနေသည်ပင်။
သို့သော်လည်း ကြက်ဖအိုကြီးမှာ မည်သည့်အမူအရာမှမပြ။ နှေးတိနှေးကွေးသာ လုပ်နေသည်။
“စီနီယာ..” ထော်ဂုယုလုံ ကျယ်လောင်စွာ အော်ဟစ်လိုက်သ်ည။
တစ်ချိန်တည်းမှာပင် ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင် ချီဟုန်လည်း စကားပြောလာပြီး ထော်ဂုယုလုံ၏ ကို့ယိုးကားယားအခြေအနေကို ဖြေဖျောက်ပေးလိုက်သည်။
ကန့်သတ်နယ်မြေများမှာ ထူးခြားပြီး အားလုံးအထက်တွင်ရှိနေသော်လည်း ဤမျှ မမောက်မာသင့်။ သူတို့သည် ရှေးဟောင်းသားရဲအရေပြားမြေပုံအတွက်ကြောင့် အင်ပါယာဂိတ်ထဲသို့ ဝင်လာခြင်းဖြစ်သောကြောင့် ဤကဲ့သို့သောအပြုအမူမှာ နည်းနည်းလွန်သွားလေပြီ။
အဟွတ်..
ထိုအချိန်တွင် ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာသည်။ အထိုအသံမှာ ကြက်ဖကြီးထံမှ ထွက်လာခြင်းမဟုတ်။ သူ့ကျောပေါ်မှ ထွက်လာခြင်းပင်။
သူ၏ကျောထက်တွင် ဆံပင်များကျဲပါးနေပြီး မျက်လုံးများမှုန်မှိုင်းနေသည့် အကြီးအကဲတစ်ယောက်ရှိနေသည်။ “အဲဒီတော့ ငါတို့ ရောက်လာပြီလား..”
သူသည် ယခင်ခေတ်မှ ထာဝရရှေးဟောင်းခေတ်ဘာသာစကားကို အသုံးပြုလိုက်ခြင်းပင်။
သို့သော် ခဏကြာပြီးသည့်နောက် သူလက်ရှိလောကဘာသာစကားဖြင့် ပြန်ပြောလာသည်။ သူသည် လူငယ်အားလုံးကိုကြည့်ကာ ပြုံးလိုက်ပြီးနောက် “လူငယ်လေးတို့ မကြောက်ကြပါနဲ့..”
“ငါ့ရဲ့ ဒီစီးတော်ယာဉ်က အရင်က တိုက်ပွဲကြောင့် သူ့ရဲ့ အာရုံငါးပါးပျောက်သွားတာ .. အဲဒီတော့ သူက မင်းတို့ပြောတာကို မကြားရဘူး .. သူက မောက်မာလို့ ပြန်မပြောတာမဟုတ်ပါဘူး..” သူရှင်းပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမတ်တပ်ရပ်ကာ သူ၏ခန္ဓာကိုယ်အစစ်ကို ပြသလာသည်။
အားလုံး ဆွံ့အသွားရ၏။ သူတို့သည် သူ၏သားရဲကို အဓိကလူအဖြစ် မှားယွင်းသတ်မှတ်မိသွားခြင်းပင်။ သို့သော် ဤလူလည်း အနည်းငယ် ထူးဆန်းနေသည်ပင်။
ဤသည်မှာ သုံးပေပင်မပြည့်သည့် လူပုလေးပင်။ သူသည် ကလေးတစ်ယောက်အရပ်သာရှိသော်လည်း အလွန်အသက်ကြီးနေလေပြီ။ သူ၏ဆံပင်များမှာ မြက်ခြောက်ကဲ့သို့ ဝါဝင်းနေသည်။
သူ၏မျက်နှာတွင် အရေးအကြောင်းများ ရှိနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်အသက်ကြီးကြောင်း သိနိုင်သည်။ သို့သော်လည်း သူ၏မျက်လုံးများမှာ ထူးဆန်းလှသည်။ အဖြူရောင်မျက်သားမရှိသကဲ့သို့ မျက်ဆံလည်းမရှိ။ ရွှေရောင်တစ်မျိုးတည်းသာရှိနေသည်။
သုံးပေမပြည့်တဲ့အရပ်နဲ့ အဝါရောင်ဆံပင်၊ ရွှေရောင်မျက်လုံးတွေရှိတဲ့သူက ဘယ်လိုလူမျိုးစုလဲ..
ထို့အပြင် သူသည် ထူးဆန်းသည့်သားရဲကြီးကိုလည်း စီးထားသေးသည်။
ရွှီးဟူသည့်အသံနှင့်အတူ သူ ကြက်ဖအိုကြီးပေါ်မှ ခုန်ချကာ မြေကြီးပေါ်တွင် ပေါလောမျောသွားသည်။
ထိုအချိန်မှသာ သူ၏ဘယ်ဘက်ဘောင်းဘီထဲ၌ ဟောင်းလောင်းဖြစ်နေသည်ကို အားလုံး သတိပြုမိသွားသည်။ သူ၏ဘယ်ဘက်ဒူးမရှိ။ ဤသည်မှာ ပို၍ပင် ထိတ်လန့်စရာကောင်းသည်ပင်။ ဤအဆင့်နှင့်ဆိုလျှင် သူတို့၏ ခြေလက်များ အသစ်ပြန်ဖြစ်ရန်မှာ ခက်ခဲသည့်ကိစ္စမဟုတ်။ သူကအဘယ်ကြောင့် ခြေထောက်တစ်ဖက်ပြတ်နေသနည်း..
သူသည် အားလုံးတွေးနေသည့်ကိစ္စကို နားလည်နေသည့်အလား ထာဝရရှေးဟောင်းခေတ်ဘာသာစကားဖြင့် အရင်ပြောမိသွားလေသည်။ ထို့နောက် လက်ရှိလောကဘာသာစကားကိုပြန်ပြောင်းပြောလေ၏။ “ဒါက ငါ့ရန်သူ ဖြတ်သွားတာ..”
ထိုသို့ပြောနေရင်းဖြင့် သူ၏ဘောင်းဘီကိုမကာ အထဲဘက်ကို လှစ်ဟပြလိုက်သည်။
သူ၏ဘယ်ဘက်ခြေထောက်မှာ ဒူးမှ ဖြတ်ခံထားရခြင်းပင်။ ထို့အပြင် ထိုနေရာတွင် ကြောက်စရာကောင်းသည့် အပြာရောင်သွေးစီးကြောင်းများရှိနေဆဲပင်။
အပြာရောင်သွေးမှာ လူသားသွေးမဟုတ်။ အနည်းဆုံးတော့ ဤလူမှာ လူသားစစ်စစ်မဟုတ်။
ထိုဒဏ်ရာမှာ အလွန်ပြတ်သားနေသည်။ ဤသည်မှာ ချွန်ထက်သည့်လက်နက်တစ်ခုခုဖြင့် ဖြတ်ခံထားရသကဲ့သို့ပင်။ အရိုးများ၊ အသွေးအသားများ၊ သွေးကြောများနှင့် အခြားအရာများကိုပင် မြင်နေရသည်။ ထိုနေရာမှ သွေးများလည်း စီးကျနေဆဲပင်။
“စီနီယာ ဒီကိုလာတုန်းက လမ်းမှာ တိုက်ခံလိုက်ရတာလား..” ထော်ဂုယုလုံ မေးလိုက်သည်။
ဤဒဏ်ရာမှာ လုံးဝအသစ်စက်စက်ကြီးပင်ဖြစ်ပြီး ယခုထိ မပျောက်သေး။
“မဟုတ်ဘူး .. ဒါက အဲဒီနှစ်တုန်းက တိုက်ပွဲမှာ ရလာတာ .. အဲဒီတိုက်ပွဲဖြစ်ခဲ့တာ နှစ်ပေါင်း ၁၅ သိန်းတောင် ကြာသွားပြီ..” ထိုအကြီးအကဲမှာ အနည်းငယ် အာရုံပျံ့သွားသည့်ပုံပင်။ နောက်ဆုံးတွင်တော့ သူခေါင်းခါလိုက်လေ၏။
သို့သော်လည်း အားလုံး၏နားထဲတွင်တော့ ဤသည်မှာ သာမန်စကားစုမဟုတ်။ ဤသည်မှာ မိုးကြိုးပစ်လိုက်သကဲ့သို့ အားလုံးကို တုန်လှုပ်သွားစေသည်။
အပိုင်း ၁၆၁၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၁၉ – ကန့်သတ်နယ်မြေ သားမက်
အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် နှစ်ပေါင်း တစ်သန်းထိ အသက်ရှင်နိုင်သည့်သက်ရှိ အများကြီးမရှိပေ။ အားလုံးမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများပင်။ လက်ရှိလောကတွင် အသက်ရှည်နိုင်သည့် မသေမျိုးသက်ရှိများရှိသော်လည်း ဤသည်မှာ အဆုံးမရှိခြင်းတော့မဟုတ်ပေ။
သတ္တဝါများအားလုံး တစ်နေ့သေရမည်ပင်။ စောသည်နှင့် နောက်ကျသည်သာ ကွာလိမ့်မည်။ သူတို့သာ ထာဝရတရားကို မရခဲ့လျှင် အသက်ကြီးသည်နှင့် သေဆုံးသွားမည်ပင်။
ထာဝရဝမ်နှင့် မုန့်ထျန်းကျန်းတို့အဆင့်ရောက်နေသည့် ပြိုင်ဘက်ကင်းအဆင့်လွန်သက်ရှိများပင်လျှင် တစ်နေ့ သူတို့အသက်ဓာတ်များ ခမ်းခြောက်ကာ ဘဝနေဝင်ချိန်သို့ ရောက်သွားမည်ပင်။
ဤသုံးပေခန့်သာရှိသည့် အကြီးအကဲမှာ အလွန်စွမ်းအားကြီးသည့် ကျွမ်းကျင်သူပင်။ သူသည် နှစ်ပေါင်း ၁၅ သိန်းကျော်ထိ အသက်ရှင်နေခဲ့သည်ပင်။
ထို့အပြင် ပို၍အရေးကြီးသည်မှာ လွန်ခဲ့သည့်နှစ် ၁၅ သိန်းက ရရှိခဲ့သည့်ဒဏ်ရာမှာ ယခုအချိန်ထိ မပျောက်ကင်းသေး။ သူ၏ခြေထောက်မှာ ပြန်မကောင်းသေးပေ။
သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့သည့်သူမှာ ပြိုင်ဘက်ကင်းသည့်နတ်ခွန်အားများ ရှိနေသည်မှာ သေချာသည်။
ဤအကြီးအကဲကို ဒဏ်ရာရအောင်လုပ်လိုက်သည့်သူမှာ ဤအကြီးအကဲထက် ကျင့်ကြံဆင့်မြင့်မည်မှာ သိသာလှသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာသည်အထိ သူ၏ဒဏ်ရာ ပြန်ကောင်းမလာသေးခြင်းပင်။
“စီနီယာ .. ဒီဒဏ်ရာကို ကုသဖို့နည်းလမ်းမရှိဘူးလား..” ရှုထော်မေးလိုက်သည်။
“ရှေးဟောင်းဘုန်းကြီးအမွေဆက်ခံသူ..” ထိုအကြီးအကဲသည် ရှုထော်ကို တစ်ချက်ကြည့်လိုက်ပြီး ဤကဲ့သို့ ပြောလိုက်လေသည်။ ဤသည်ကို ကြည့်ချင်းအားဖြင့် သူ၏အမြင်အာရုံ မည်မျှစူးရှထက်မြက်သည်ကိုသိနိုင်သည်။
“တစ်ချို့သူတွေက အရမ်းသန်မာလွန်းတယ် .. သူတို့အသက်ရှင်နေသရွေ့ သူတို့လွှမ်းမိုးမှုတွေက အဆုံးမရှိအောင်ရှိနေမှာပဲ .. ဒီဒဏ်ရာတွေကို ကုသဖို့က ငါ့အတွက် တော်တော်လေး ခက်ခဲတယ်..” ထိုအကြီးအကဲ တည်ငြိမ်စွာ ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသည်နှင့် အားလုံးအေးခဲသွားရသည်။ သူ့ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူက ဒီလောကကြီးမှာ ရှိနေသေးတာလား .. သူက ဘယ်လောက်တောင် အားကောင်းနေပြီလဲ..
“ငါ့ဆရာက ငါ့ကိုကူညီပေးဖို့ နည်းလမ်းရှိတယ် .. ဒါပေမဲ့ ငါကိုယ်တိုင် ဒုတိယအသက်ကိုရရင်အကောင်းဆုံးပဲလို့ သူငါ့ကို အကြံပေးခဲ့တယ် .. ကံမကောင်းစွာနဲ့ ဒီလူအိုကြီးရဲ့ သင်ယူနိုင်စွမ်းက နှေးကွေးလွန်းတယ် … ဘဝရဲ့နောက်ပိုင်းကို ရောက်နေပြီဆိုပေမယ့် ပြန်လည်ဝင်စားခြင်းကို မလုပ်နိုင်သေးဘူး.. ဟူး..” သူ သက်ပြင်းချ၍ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ငါက သေတော့မှာ .. အသက်တွေသိပ်မကျန်တော့ဘူး .. ဒီဒဏ်ရာကို ဒီတိုင်းထားလိုက်ပြီးတော့ ခမ်းနားကြီးကျယ်တဲ့ အမာရွတ်အဖြစ်ပဲ သတ်မှတ်လိုက်တော့မယ် .. ဒီဒဏ်ရာက သေရာပါမှာပဲ .. ဘာပဲဖြစ်ဖြစ် ဒီဒဏ်ရာကို အဲဒီသက်ရှိပေးခဲ့တာပဲလေ..” ထိုအကြီးအကဲ ပြောလိုက်သည်။
အားလုံး ဆွံ့အသွားရ၏။ ဒဏ်ရာကိုတောင် ခမ်းနားကြီးကျယ်တဲ့အမာရွတ်အဖြစ်သတ်မှတ်တာလား .. ဒါက ကြွားတာလား…
“ဟား ဟား .. ဒီလူအိုကြီးမှာ သူ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမရှိပါဘူး .. သူပုံမှန်အတိုင်းပဲ လှုပ်ရှားလိုက်တာနဲ့ ငါ့ရဲ့ခြေထောက်ပျောက်သွားတယ် .. ငါ့ဆရာတောင်မှ အဲဒီသက်ရှိကို အဆုံးမရှိအောင်ကြောက်ရတယ်..” ထိုအကြီးအကဲ ဆက်လက်ရှင်းပြလိုက်သည်။
အားလုံးဘာများ ပြောနိုင်တော့မည်နည်း.. ကောင်းကင်ဘုံကိုးခုမှ ကန့်သတ်နယ်မြေ၏ အရှင်တစ်ယောက်ပင် ဤကဲ့သို့ ကြောက်ရွံ့နေရသောကြောင့် ထိုသတ္တဝါမှာ မည်မျှပင် စွမ်းအားကြီးသနည်း..
“အစက ကန့်သတ်နယ်မြေက အရှင်သခင်လေးတစ်ယောက်တည်း လာဦးမလို့ .. ဒါပေမဲ့ သူက အတိဒုက္ခကို ရင်ဆိုင်ရတော့မှာဆိုတော့ ထွက်လာဖို့အချိန်ကောင်းမဟုတ်တော့ဘူး .. အဲဒါကြောင့် ဒီလူအိုကြီးက သူ့အစားလာလိုက်တာပါ..” ထိုအကြီးအကဲပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသည်နှင့် အားလုံး ထူးဆန်းသည့်အမူအရာဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ် ယခုလေးတင် အတိတ်နှင့်ပုစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် အတိဒုက္ခအား ဖြတ်သန်းခဲ့ခြင်းပင်။
“ဟူး .. မင်းတို့အားလုံးရဲ့ ငယ်ရွယ်နုပျိုမှုတွေ တွေ့လိုက်ရတော့ ငါ့ရဲ့သခင်လေးကို ပြန်စဉ်းစားမိသွားတယ် .. ဒီလူအိုကြီးက တကယ်ကို မနာလိုဖြစ်မိတယ် ..အချိန်တွေ နောက်ပြန်ဆုတ်လို့ရရင်ကောင်းမယ်..” အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။
အားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ ဤသည်မှာ ကန့်သတ်နယ်မြေက ဧည့်သည်ဖြစ်သော်လည်း သူသည် အထက်စီးမဆန်ပဲ အားလုံးနှင့် ပေါ့ပေါ့ပါးပါးပင် စကားပြောနေသည်။ ဤသည်မှာ အနည်းငယ် မယုံကြည်နိုင်စရာကောင်းလှသည်။
အဘယ်ကြောင့်ဆိုသော် အားလုံးအမြင်တွင် ကန့်သတ်နယ်မြေဆိုသည်မှာ အခြားနေရာများထက် ကြောက်စရာကောင်းသည့်နေရာများပင်။ ထိုနယ်မြေထဲသို့ လက်လွတ်စပယ် ကျူးကျော်သွားလိုက်သည်နှင့် သူတို့ အသက်ရှင်နိုင်ရန် ခက်ခဲသွားလိမ့်မည်။
သူတို့ရှေ့တွင်ရှိနေသည့် အကြီးအကဲမှာ ဖော်ရွေလှပြီး နည်းနည်းလေးမှပင် မောက်မာခြင်းမရှိ။
အားလုံး အကြီးအကဲကို ကျွန်းပေါ်သို့ ဖိတ်ခေါ်ကာ ရှေးဟောင်းနန်းတော်သို့ ခေါ်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် အကြီးအကဲသည် နှာခေါင်းတရှုံ့ရှုံ့လုပ်လိုက်ပြီးနောက် အလွန်ထိတ်လန့်သည့်လေသံဖြင့် ပြောလိုက်သည်။ “ငါ ကောင်းကင်အတိဒုက္ခအနံ့ရနေတယ် .. ကပ်ဆိုးကြီးပြီးသွားတဲ့ အော်ရာပဲ..”
အားလုံး ထူးဆန်းသည့်အမူအရာဖြစ်သွားကာ တစ်စုံတစ်ယောက်မှ အတိဒုက္ခကို ဖြတ်သန်းခဲ့ကြောင်း ပြောပြလိုက်သည်။
“လျှပ်စီးအတိဒုက္ခက မသေးဘူး .. အရမ်းကို ကြောက်စရာကောင်းတဲ့ အတိဒုက္ခပဲ..” အကြီးအကဲ မျက်မှောင်ကြုတ်ကာ လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
ရှီဟောင် ဘာမှမပြောပဲ လူအုပ်နောက်မှသာ လိုက်လာလိုက်သည်။
“စီနီယာ .. လျှပ်စီးအတိဒုက္ခက ပစ္စည်းတွေ ထုတ်တယ်လို့ အရင်ကကြားဖူးလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။ အကြီးအကဲမှာ ကန့်သတ်နယ်မြေမှလာခြင်းဖြစ်သောကြောင့် သူတို့ ဤအကြီးအကဲထံမှ သင်ချင်ယူချင်ကြသည်ပင်။
“အရင်က ကြားဖူးတယ် .. လျှပ်စီးအတိဒုက္ခမှာ ပြိုင်ဘက်ကင်းတဲ့ရတနာတွေရှိတယ် .. အဲဒါက မင်း အဲဒီပစ္စည်းတွေ ယူနိုင်လား မယူနိုင်ဘူးလား ဆိုတဲ့အပေါ် မူတည်လိမ့်မယ်..” အကြီးအကဲ ပြုံး၍ ပြောလိုက်သည်။
“ဘာ…” လူငယ်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး အားလုံး တုန်လှုပ်သွားကြရသည်။
ကန့်သတ်နယ်မြေမှာလာသည့် သက်ရှိများမှာ တကယ်ကို သာမန်မဟုတ်ကြ။ လျှောက်မေးလိုက်သည့်မေးခွန်းတစ်ခုကိုပင် ဤကဲ့သို့ ပြန်ဖြေနိုင်သည်။ သူတို့သည် အပြင်လောကမှလူများထက်ပင် ပိုသိသေးသည်။
“အဲဒါက ဘယ်လိုပစ္စည်းမျိုးလဲဆိုတာ ကျွန်တော်တို့ကို ပြောပြပေးလို့ရမလား..” နောက်တစ်ယောက်မှ တစ်ဆင့်ထပ်မေးလိုက်သည်။
“ဒီလူအိုကြီးအဆင့်နဲ့ အဲဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့နယ်မြေတွေကို ခြေချဖို့ မဖြစ်နိုင်ဘူး .. တကယ်တော့ အရင်ကတည်းကနေ အခုထက်ထိ သတ္တဝါဘယ်လောက်များများက အဲဒီအဆင့်ကို ခြေချနိုင်ခဲ့လို့လဲ..” ထိုအကြီးအကဲ ပြုံး၍ ပြောလိုက်သည်။
“ငါ့သခင်ကတော့ တစ်ချို့ထူးဆန်းမှုတွေကို သိလောက်တယ် .. ဒါပေမဲ့ ငါဘယ်တုန်းကမှ မမေးခဲ့ဘူး .. ဘာလို့လဲဆိုတော့ ငါ ကိုယ့်ကိုကိုယ် နားလည်တယ် .. ငါမထင်မှတ်ပဲ ကြားလိုက်ရတာတော့ရှိတယ် .. လူတစ်ယောက် အတိဒုက္ခကို ဖြတ်သန်းတုန်းက သူ့ နတ်ကျောက်တုံးတစ်တုံးနဲ့ ရိုက်ခံလိုက်ရတယ် .. အဲဒီနတ်ကျောက်တုံးက ချက်ချင်းအရည်ပျော်ကျသွားတာ .. အဲဒီလူ သေမလိုဖြစ်ခဲ့ပေမယ့် အသက်ရှင်နိုင်ခဲ့တယ် .. နောက်တော့ သူက အဲဒီနတ်ကျောက်တုံးကို ပြိုင်ဘက်ကင်းတဲ့ အဆင့်လွန်ရတနာဖြစ်အောင် လုပ်လိုက်တာ..” သူ သိထားသည်များကို ဆက်ရှင်းပြလိုက်သည်။
ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်။ လျှပ်စီးအတိဒုက္ခအတွင်း ကျလာသည့်ကျောက်တုံးမှာ လျှပ်စီးများထက်ပင် ပို၍ကြောက်စရာကောင်းကာ ထိုသူ သေမလိုပင်ဖြစ်သွားခဲ့သည်တဲ့လား .. ဤသည်မှာ ထူးဆန်းလှသည်။
သို့သော်လည်း ရှီဟောင်၏အတွေ့အကြုံကို စဉ်းစားကြည့်လိုက်သည့်အချိန်တွင် ရှီဟောင်၏အဖြစ်အပျက်မှာ ပို၍ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူသည် အတိဒုက္ခမှ လျှပ်စီးကန်ကို လုယူခဲ့ခြင်းပင်။
ဤကဲ့သို့ လုပ်ရဲသည့်သူမှာ ရှီဟောင်တစ်ယောက်တည်းသာ ရှိလိမ့်မည်ဟု အားလုံး ခံစားလိုက်ရသည်။
သူတို့ ဤအကြောင်းဆက်မပြောကြတော့။ ရှီဟောင် တိတ်ဆိတ်နေသောကြောင့် သူတို့ သူ့ကို မဖော်ထုတ်ချင်ကြ။ သူဘာစဉ်းစားနေလဲ သူတို့မသိနိုင်ပေ။
“စီနီယာ .. ကန့်သတ်နယ်မြေမှာ ဘယ်လိုဇစ်မြစ်မျိုးရှိတာလဲ .. ဒီနယ်မြေတွေကို ဘယ်ခေတ်မှာ တည်ထောင်ခဲ့တာလဲ..” ဝေ့မိသားစုမှ မိန်းမပျိုတစ်ယောက် မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် အကြီးအကဲမှာ တစ်ချိန်လုံး ပြုံးနေပြီး ရင်းရင်းနှီးနှီးနေနေသောကြောင့် သူတို့ အန္တရာယ်ရှိသည်ဟု မခံစားရ။ သူတို့ ဤသည်ကို အခွင့်ကောင်းယူကာ ထူးဆန်းမှုအကြောင်းပိုသိနိုင်ရန် မေးလိုက်ခြင်းပင်။
“ဒီလူအိုကြီးလည်း မသိဘူး .. ငါ မပြောနိုင်ဘူး..” သူခေါင်းခါကာ ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
သူပြော၍ရသည့်အရာများရှိသော်လည်း အချို့အရာများကို သူပြော၍မရသည်မှာ သေချာသည်ပင်။
“စီနီယာ .. ရှေးကတည်းက ကန့်သတ်နယ်မြေထဲကို မတော်တဆရောက်သွားတဲ့ သတ္တဝါတွေ ရှိတယ် .. သူတို့အားလုံးက ပြန်ထွက်မလာကြပဲနဲ့ ပျောက်သွားကြတာ .. အဲဒီထဲမှာ ထူးခြားတဲ့သူတွေလည်းပါတယ် .. သူတို့တွေက .. ကန့်သတ်နယ်မြေထဲမှာ အသက်ရှင်နေတုန်းလား..” ချီဟုန်မှ မေးလိုက်သည်။
“သူတို့တွေ သေသွားပြီ … သူတို့ခန္ဓာကိုယ်နဲ့ ဝိညာဉ်နှစ်ခုလုံး ချုပ်ငြိမ်းသွားပြီ..” အကြီးအကဲမှာ ပြုံးနေဆဲပင်။
ထိုအခိုက်အတန့်တွင် အားလုံးကျောချမ်းသွားရသည်။ ဤအကြီးအကဲ ရင်းနှီးဖော်ရွေနေသည့်အတွက် သူတို့အထင်မှားသွားခြင်းပင်။ ကန့်သတ်နယ်မြေမှ သက်ရှိများမှာ နောက်ဆုံးတော့ ကြောက်စရာကောင်းကြသည်ပင်။
ယခင်က သူအလွန်နှစ်လိုဖွယ်ကောင်းသည်ကို မြင်လိုက်ရသောကြောင့် ကန့်သတ်နယ်မြေထဲတွင် ပျောက်သွားသည့်သူများ အသတ်မခံရပဲ အသက်ရှင်နေလိမ့်ဦးမည်ဟု သူတို့ထင်လိုက်ခြင်းပင်။
သို့သော်လည်း ဤသည်မှာ သူတို့ဖြစ်ချင်သည့်ဆန္ဒတစ်ခုသာဖြစ်ကြောင်း အားလုံးသိလိုက်ရသည်။
သူပြုံးနေသော်လည်း ဤသည်မှာ သူ့ထံတွင် ရက်စက်မှုများမရှိတော့ဘူးဟု ဆိုလိုခြင်းမဟုတ်။
“ဝိုး .. အဲဒီတော့ ဒါက အဲဒီမြေပုံလား .. ဒါက တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ .. ကောင်းကင်သားရဲသစ်တော၊ ရှေးဟောင်းသင်္ချိုင်းမြေနဲ့ နတ်ဆေးပင်သွေးကြောကြားမှာ ရှိနေတာ .. အဲဒီမှာ ပုန်းကွယ်နေတဲ့ သဘာဝကံကောင်းမှု ရှိနေမှာ သေချာတယ်..”
အကြီးအကဲ စားပွဲဘေးရောက်သွားပြီး ထို ရှေးဟောင်းသားရဲအရေပြားကို သေချာလေ့လာပြီးနောက် ဤကဲ့သို့ ပြောလိုက်သည်။ သူသည် ခေါင်းငြိမ့်ကာ ချီးကျူးလိုက်လေသည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဤအကြီးအကဲကို ကြည့်ရသည်မှာ အင်ပါယာဂိတ်အပြင်ဘက်မှ လောကကြီးနှင့် ရင်းနှီးနေသလိုပင်။
ကံမကောင်းစွာဖြင့် အင်ပါယာဂိတ်သည် ဤနေရာကို ကာကွယ်ပေးထားသောကြောင့် ဖီးနှစ်အစစ်ပင် မဖြတ်သန်းနိုင်။ လောကကြီးနှစ်ခုက ဆိုးရွားနေတာကို သူက ဘယ်လိုသွားခဲ့တာလဲ .. သူ အရင်က နယ်ခြားစပ်ကနေ ထွက်သွားဖူးတာလား..
“စီနီယာ ဒီနေရာတွေကို သွားဖူးတာလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
အကြီးအကဲဘာမှပြန်မပြောသော်လည်း သူ၏မျက်နှာထက်ရှိ အပြုံးမှာ အနည်းငယ်အေးခဲသွားသည်။ သူသည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ အနည်းငယ်စိတ်လွတ်နေသည်။
အချိန်အတော်ကြာမှသာ သူအသိပြန်ဝင်လာသည်။ “ဝိုး .. ဒီနေရာက သခင်လေး အဲဒီနှစ်က ရှာခဲ့တဲ့နေရာများလား .. အဲဒီတုန်းက သဲလွန်စတွေ ပြတ်သွားတော့ သူမရှာနိုင်တော့ဘူး ဖြစ်သွားခဲ့တာ..”
ဤစကားလုံးများမှာ အနည်းငယ် ကြောက်စရာကောင်းလှသည်။
ကောင်းကင်ဘုံကိုးခုမှာရှိတဲ့ ကန့်သတ်နယ်မြေတစ်ခုရဲ့ အရှင်က ဒီနေရာကို ရှာနေတာလား .. ဤသည်မှာ အလွန်ထိတ်လန့်စရာ ကောင်းလှသည်ပင်။ အဲဒီနေရာမှာ ဘယ်လိုသဘာဝကံကောင်းမှုမျိုး ရှိနေလို့ အဲဒီအဆင့်က ပုဂ္ဂိုလ်တွေတောင် ထွက်ရှာကြတာလဲ..
ထို့အပြင် တစ်ဖက်လောကမှ လူများလည်း ထိုနေရာကို ရှာဖွေနေကြခြင်းပင်။
အချိန်အတော်ကြာ လေ့လာပြီးတော့မှသာ ထိုအကြီးအကဲ၏ အေးစက်မှုများ ပျောက်ကွယ်သွားကာ နောက်တစ်ဖန် ဖော်ဖော်ရွေရွေ ပြုံးလာသည်။
ထို့နောက် သူသည် အားလုံးကို ကြည့်လိုက်ကာ “လျှပ်စီးအတိဒုက္ခက ကျန်ခဲ့တဲ့ အော်ရာက များပြားလွန်းတယ် .. ဒါက တကယ်ကို အံ့အားသင့်ဖို့ကောင်းတယ် .. ဘယ်တာအိုရောင်းရင်းကများ အတိဒုက္ခကို ဖြတ်ခဲ့တာများလဲ .. တကယ်ကို မရိုးရှင်းဘူးပဲ..”
ယခုအချိန်တွင်တော့ ရှီဟောင်ဘာမှမပြော၍မရတော့။ အကြီးအကဲမေးနေသည်မှာ တစ်ခါမကတော့။
“ကျွန်တော်ပါ..” ရှီဟောင် လျှောက်လာလိုက်၏။ သူ၏မျက်နှာထက်တွင် အန္တရာယ်မရှိသည့်အပြုံးတစ်ခု ရှိနေသည်ပင်။
“သူရဲကောင်းလူငယ်လေး .. ထာဝရစစ်စွမ်းရည်တွေ ရှိနေတာပဲ…” အကြီးအကဲအရှင် ဆက်တိုက်ပင် ချီးကျူးလိုက်သည်။ ရှီဟောင်အား ဤကဲ့သို့ အကဲဖြတ်လိုက်ခြင်းမှာ အပေါ်ယံချီးကျူးခြင်းလား စိတ်ထဲမှလာသည့်ချီးကျူးခြင်းလား မသိနိုင်။
အမှန်တကယ်တွင် ရှီဟောင် ကန့်သတ်နယ်မြေမှ လူများနှင့် မဆက်ဆံချင်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမှုအချို့ဖြစ်ပေါ်လာပြီး သူ့ကို ဤလူများ ပစ်မှတ်ထားလာမည်ကို စိုးရိမ်နေသည်ပင်။
သို့သော် ယခုတော့ သူရွေးချယ်စရာမရှိတော့။ တစ်ဖက်လူ ရောက်လာသည့်အပြင် သူ့ကို တစ်ကြိမ်ထက်ပိုမေးနေသောကြောင့် သူသာ ယခုထွက်မသွားလျှင် တစ်ဖက်လူ အနှေးနှင့်အမြန် သိသွားမည်ပင်။
ထိုအစား သူတိုက်ရိုက်သာ ထွက်လာလိုက်သည်။ ထို့အပြင် လျှပ်စီးကန်နှင့်ပတ်သက်၍လည်း သူမေးချင်သေးသည်။
တစ်ဖက်လူမှာ လျှပ်စီးအတိဒုက္ခအခြေအနေကို မေးချင်နေသောကြောင့် သူရှောင်လွဲချင်လျှင်ပင် ရမည်မဟုတ်။ သူဖုံးကွယ်ချင်လျှင်ပင် အခြားသူများ သူ့ကို ပြောမည်ပင်။ ဥပမာအားဖြင့် ဝမ်မိသားစုပင်။
သူတို့နှစ်ဘက်လုံး ယဉ်ယဉ်ကျေးကျေး ပြုမူနေကြသည်ပင်။ အကြီးအကဲသည် အတိဒုက္ခအကြောင်းအား တိုက်ရိုက်ပင် မေးလာခဲ့သည်။ သူသည် ဖော်ဖော်ရွေရွေ ဖြစ်နေသော်လည်း တကယ်တော့ ထိတ်လန့်နေသည်ပင်။ ဤခေတ်မှာ ယခင်ခေတ်ကထက် ပိုနိမ့်ကျပြီး အတိဒုက္ခဖြတ်သန်းခြင်းမျိုးလည်း မရှိသင့်တော့။ သို့သော်လည်း တစ်စုံတစ်ယောက်သည် ဟင်းလင်းပြင်တာအိုနယ်ပယ်ဖြင့် အတိဒုက္ခကို ရင်ဆိုင်ရဲသည်။ ဤသည်မှာ သေချာပေါက် အံ့အားသင့်စရာကောင်းသည်ပင်။
ရှီဟောင်လည်း အားလုံး အမှန်အတိုင်းပင် ပြောလိုက်သည်။
“မင်းက အဲဒီလိုမျိုး စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းနိုင်ခဲ့တာလား..” ပထမဆုံးအကြိမ်အဖြစ် ထိုအကြီးအကဲ၏အမူအရာ ပြောင်းလဲသွားသည်။ သူ မတည်ငြိမ်နိုင်တော့။ သူသည် ရှီဟောင်အား ဆက်တိုက်ပင် စိုက်ကြည့်နေလေသည်။
“စီနီယာ ဒီပစ္စည်းအကြောင်းများ သိမလား..” ရှီဟောင် ဘာမှဖုံးကွယ်မနေပဲ လျှပ်စီးကန်ကို ထုတ်ယူလာသည်။
ဝမ်မိသားစုနှင့် အခြားသူများ ဖော်ထုတ်မည်ကို ခံမည့်အစား ကန့်သတ်နယ်မြေမှ လူများနှင့် ရင်းနှီးအောင် အရင်လုပ်လိုက်မည်ပင်။
“ဒါက ဘာကြီးလဲ .. မင်း ဒါကို ဘယ်ကနေ ရတာလဲ..” ထိုအကြီးအကဲအမူအရာ လေးနက်သွားသည်။
“လျှပ်စီးကန်ပါ .. ကျွန်တော် ကောင်းကင်အတိဒုက္ခကနေ ယူထားတာပါ..” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။
“ဘာ..” အကြီးအကဲ ပထမဆုံးအကြိမ်အဖြစ် ဟန်ချက်ပျက်သွားလေသည်။ သူ၏ခြေထောက်တစ်ဖက် မြေပြင်ပေါ်သို့ ကျလာကာ ရှီဟောင်ရှေ့သို့ ရွှီးခနဲ ရောက်လာကာ သူ့အားတစ်ချက်တည်း ဆုပ်ကိုင်လိုက်လေသည်။
“စီနီယာ .. ဘာဖြစ်လို့လဲ..” ရှီဟောင်မေးလိုက်သည်။
“မင်း .. မင်းပြောတာ တကယ်လား..” သူ၏အသံမှာ တုန်ယင်နေသည်။
“ဟုတ်ပါတယ်..” ရှီဟောင်ခေါင်းညိမ့်လိုက်၏။ အားလုံးလည်း ပြုံးနေသည်ပင်။
“မင်းက တကယ်ကို လူထူးဆန်းပဲ..” အကြီးအကဲ ရှီဟောင်အား အကဲဖြတ်လိုက်သည့်စကားမှာ အားလုံးကို ဆွံ့အသွားစေသည်။
သို့သော် အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေသည့် ဖြစ်ရပ်တစ်ခု ချက်ချင်းဖြစ်လာသည်။ သူသည် လျှပ်စီးကန်အား စိတ်ဝင်တစားကြည့်ပြီးနောက် ရှီဟောင်လက်ကိုဆွဲကာ “လူငယ်လေး .. မင်းကိုကြည့်ရတာ အသက်လည်း အဲဒီလောက်မကြီးသေးပါဘူး .. မင်းက သူရဲကောင်းဆန်သလို ကြင်နာပြီးတော့ ရိုးသားတယ်..”
“စီနီယာ .. ပြောစရာတစ်ခုခုရှိရင် ပြောလိုက်ပါ..” ရှီဟောင် ကြက်သီးထလာသည်။
“ဒီလိုပါ .. ငါ့မိသားစုက မမလေးက အခုထိ လက်မထပ်ရသေးဘူး .. သူက ပန်းလိုမျိုးနူးညံ့ပြီး လပြည့်ဝန်းလိုမျက်နှာလေးရှိတယ် .. နတ်မွှေးရနံ့လည်းရှိတယ် .. ငါတို့ သူ့အတွက် လက်တွဲဖော်ရွေးပေးဖို့ ပြင်နေကြတာ .. မင်းက တော်တော်လေးတော်တယ်လို့ ငါထင်တယ် .. ငါတို့ ကန့်သတ်နယ်မြေကိုလာပြီးတော့ ငါတို့မိသားစုနဲ့ အတူတူလာနေဖို့ သင့်တော်တယ်…” အကြီးအကဲ ပြောလိုက်သည်။
အားလုံး ထိတ်လန့်သွားရသည်။ ဘာဖြစ်နေတာလဲ .. သူတို့ နားကြားမှားသွားတာလား ..
ရှီဟောင်ပင် တစ်ခဏခန့် ဆွံ့အသွားရသည်။
အကြီးအကဲ လျှပ်စီးကန်ကို ကိုင်ထားပြီး သူ၏မျက်လုံးများ တောက်ပနေသည်။ သူသည် ထိတ်လန့်သောကြောင့် လက်များပင် တုန်လာသည်။ သူသည် ထိုလျှပ်စီးကန်ကို ထပ်ခါတလဲလဲကြည့်ပြီးနောက် ရှီဟောင်အား ပြန်ကြည့်ကာ “လူငယ်လေး မင်းဘယ်လိုထင်လဲ..”
အပိုင်း ၁၆၁၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၂၀ – ထောင်မြင် ရာစွန့်
“ကျွန်တော် ထင်တာတော့..” ရှီဟောင်သည် သတ္တုနံရံကဲ့သို့ မျက်နှာအရေထူသည့်သူပင်။ ဤကဲ့သို့ မေးခံလိုက်ရသည့်အချိန်တွင် သူသည် ရှက်ရွံ့မသွားသည့်အပြင် ‘မဆိုးပါဘူး’ ဟု ပြောမိတော့မတတ်ပင်။ သို့သော်လည်း သူ့ကိုယ်သူ တားဆီးလိုက်ကာ “စီနီယာတို့က ဘယ်လိုမျိုးနွယ်စုလဲ .. မဟုတ်မှ..” သူ ရဲတောက်နေသည့် ကြက်ဖကြီးကို ကြည့်ပြီး ပြောလိုက်သည်။
ဤသည်မှာ သူတမင်သက်သက်လုပ်လိုက်ခြင်းပင်။ ကောင်းကင်ဘုံကိုးခုမှ ကန့်သတ်နယ်မြေများ၏ မူရင်းဇစ်မြစ်အကြောင်းကို သူသိချင်သည်။ သူတို့ ဘာမျိုးနွယ်စုဖြစ်သည်ကို သူသိချင်သည်။
“ဟား ဟား..” အကြီးအကဲသည် တစ်ချိန်လုံးပြုံးနေသည်ပင်။ သူသည် သုံးပေခန့်သာရှည်ပြီး မြေပြင်ပေါ်၌ ခြေထောက်တစ်ဖက် ထောက်ရပ်နေသည်။ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် လေထဲသို့ တက်သွားကာ ရှီဟောင်နှင့်အရပ်အတူတူဖြစ်သွားသည်။ သူသည် ရှီဟောင်ပုခုံးအားပုတ်ကာ “လူငယ်လေး .. ငါမင်းကို အထင်ကြီးတယ် .. မင်း ငါ့ကလန်ရဲ့သားမက်ဖြစ်လာတာနဲ့ တစ်လောကလုံး ပျက်စီးသွားရင်တောင် မင်းဘေးကင်းနေလိမ့်မယ်”
ဤတုန်ယင်နေည့် လူအကြီးအကဲမှာ အတွေ့အကြုံပြည့်ဝသည်မှာ သေချာသည်။ သူသည် စိတ်ထဲ၌ တုန်လှုပ်နေသော်လည်း အခြေအနေကို ထိန်းချုပ်နိုင်ဆဲပင်။ ကန့်သတ်နယ်မြေ၏ လျှို့ဝှက်ချက်များကို တစ်ခုမှ ပေါက်ကြားမသွားစေရ။
“စိတ်မပူပါနဲ့ .. အရှင့်ရဲ့လူမျိုးစုက ဒီလောကမှာ အမြင့်မြတ်ဆုံးပဲ .. မင်း ငါတို့မိသားစုထဲ ဝင်လာနိုင်ရင် မင်းရဲ့ပါရမီက မျိုးဆက်တစ်သောင်းထိ ကျော်သွားရင်တောင် မင်းမှားနေတယ်လို့ ခံစားရမှာမဟုတ်ဘူး … အဲဒီအစား မင်းဂုဏ်ယူနေမှာ..” အကြီးအကဲမှ ပြုံး၍ ပြောလိုက်သည်။
အနီးအနားတွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်သွားရသည်။ ဒီကန့်သတ်နယ်မြေက သတို့သားလောင်းရွေးနေတာ .. သူတို့က ဟွမ်ကို ဒီအတိုင်းပဲ ရွေးတော့မှာလား..
အထူးသဖြင့် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု ပြားချပ်သွားလျှင်ပင် ကန့်သတ်နယ်မြေကို ထိခိုက်နိုင်မည်မဟုတ်ဟု ပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် သူတို့ပိုထိတ်လန့်သွားရသည်။
သူသာ ထိုမိသားစုနှင့် လက်ထပ်လိုက်လျှင် နောင်လာမည့်စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပြီးသား ဖြစ်သွားလေပြီ။
ဤအကြောင်းကို စဉ်းစားမိသွားသည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြရသည်။ သို့သော်လည်း သူတို့သက်ပြင်းချရုံသာ တတ်နိုင်သည်။ ဧည့်သည်မှာ ဟွမ်ကို ရွေးထားခြင်းဖြစ်ပြီး သူတို့နှင့်ဘာမှမဆိုင်။
ထို့အပြင် သူတို့ ဤအခွင့်အရေးအတွက် တိုက်ခိုက်ရန်လည်း အရည်အချင်းမပြည့်မီ။
ကန့်သတ်နယ်မြေဆိုသည်မှာ မည်ကဲ့သို့သော နေရာမျိုးဖြစ်သနည်း.. နဂါးအစစ်ရေကန်များ၊ ကျားဂူများရှိနေကာ ဝင်ပြီးပြန်ထွက်၍မရသည့်နေရာပင်။ မည်သူကများ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရဲမည်နည်း.. သာမန်ကျင့်ကြံသူများကို သူတို့အရေးလုပ်နေမည်မဟုတ်။
ကန့်သတ်နယ်မြေမှ ကျွမ်းကျင်သူများအမြင်တွင် ဤလောကမှ သက်ရှိများမှာ ပုရွက်ဆိတ်လေးများကဲ့သို့ပင်။
ထိုနယ်မြေများထဲ၌ ရှိနေသည့်သူများမှာ အလွန်ထိတ်လန့်စရာကောင်းပြီး လောကကြီးတစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်သည်ဟု ပြောကြသည်။ တစ်ဖက်လောကမှ သတ္တဝါများပင် သူတို့အား ကြောက်ကြသည်ဟု ပြောကြသည်။ ထို့ကြောင့် သူတို့ ယနေ့ထိ ဆက်လက်ရှိနေနိုင်ခြင်းပင်။
ယခင်က ဤလောကကြီး ဖရိုဖရဲဖြစ်ခဲ့သည့်အချိန်တွင် သူတို့သာ ဘာမှမဖြစ်ပဲ ရှိနေခြင်းပင်။
တစ်ဖက်လောကမှလူများ မျှော်လင့်ချက်မဲ့စွာ ပြန်ဆုတ်သွားရခြင်းမှာ သူတို့ကန့်သတ်နယ်မြေမှ လူများကို ရန်စမိသောကြောင့်ဟုလည်း ပြောကြသည်။
အကြီးအကဲသည် သူ၏လက်များကို ပွတ်သပ်လိုက်ကာ “ပြဿနာက ငါ့တို့မမလေးက အရမ်းကိုထူးခြားတဲ့သူဆိုတော့ သူက နည်းနည်းလေး မောက်မာတယ် .. ကလန်က စီစဉ်မှုတွေကို သူနာခံမှာမဟုတ်ဘူး .. သခင်တောင် ဘာမှမလုပ်နိုင်ဘူး .. အစေခံအိုကြီးအနေနဲ့ ငါက သခင်ကို မင်းရဲ့အကြောင်း အကြောင်းကြားပေးရုံပဲ တတ်နိုင်တယ် .. ကျန်တာကတော့ မမလေးကိုယ်တိုင် ရွေးချယ်မှာ..”
“စီနီယာ .. ဒီကိစ္စက .. ကျွန်တော် ဝန်ခံစရာရှိပါတယ် .. အရင်တုန်းက ကျွန်တော် တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…” ရှီဟောင် သူ၏လက်ချောင်းများဖြင့် ရေတွက်နေလေသည်။
“မင်း ဘာတွေ ရေတွက်နေတာလဲ..” အကြီးအကဲ ရှုပ်ထွေးသွားရသည်။
“ဇနီးတွေ..” ရှီဟောင် ပြန်ဖြေလိုက်၏။
ပထမဆုံးအကြိမ်အဖြစ် အကြီးအကဲ၏အမူအရာ တောင့်တင်းသွားသည်။ သူသည် အားတင်းပြီးပြုံးလိုက်ကာ “မင်းဘာပြောချင်နေတာလဲ..”
“ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာ ဇနီးတွေအများကြီး ရှိပြီးသားပါ .. စီနီယာရဲ့ မမလေးက ကျွန်တော့်ကို လက်ထပ်ချင်ပါ့မလား..” ရှီဟောင်သည် အတော်လေး ဒုက္ခရောက်နေသည့်ပုံဖြင့် ပြောလိုက်လေသည်။
သူ၏ ရိုးရှင်းကာ ရိုးသားသည့်သွင်ပြင်ကို မြင်လိုက်ရသည့်အချိန်တွင် အားလုံးဆွံ့အသွားရသည်။ သူက ကန့်သတ်နယ်မြေက ဧည့်သည်ရှေ့မှာ ဒီလောက်တောင် ပါးနပ်မှုမရှိတာလား .. သူက ကန့်သတ်နယ်မြေက ကောင်းကင်မိန်းမပျိုကို ကိုယ်လုပ်တော်အဖြစ် သတ်မှတ်နေတာလား..
ဟွမ်အကြောင်းသိသည့်သူများမှာမူ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ ဟွမ်သည် အဓိပ္ပာယ်မရှိသည့်အရာများ လျှောက်ပြောနေခြင်းပင်။ သူသည် လက်ပင်မထပ်ရသေးသောကြောင့် ဘယ်လိုလုပ် ဇနီးအများကြီး ရှိမည်နည်း…
သို့သော် အတွင်းကျကျသိသည့်သူအချို့၏ အမူအရာများလည်း ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ကန့်သတ်နယ်မြေနှင့် လက်ထပ်လိုက်သည်ဆိုသည်မှာ အရာအားလုံးကို လက်လျော့ပေးလိုက်သည်နှင့် အတူတူပင်။ ထို့အပြင် သူသည် ကန့်သတ်နယ်မြေထဲ၌ နေသွားရမည်ပင်။
ကန့်သတ်နယ်မြေထဲတွင် မည်ကဲ့သို့သော လွတ်လပ်မှုမျိုးရှိမည်နည်း.. တောတောင်၊ မြစ်များထဲ၌ ဘယ်လိုလုပ် ကိုယ့်စိတ်ကြိုက်အော်ဟစ်နိုင်မည်နည်း.. ထို့အပြင် သူသာ ထိုနေရာမှသခင်နှင့် မျက်နှာချင်းဆိုင်ရလျှင် သူကြောက်ဒူးတုန်နေလောက်သည်။
သို့သော် သက်ပြင်းချလိုက်သည့်သူများ ပိုများနေသည်ပင်။ ဟွမ်က ဒီအခွင့်အရေးကို အလေးမထားတတ်ဘူး .. သူ့ရှေ့မှာ အခွင့်အရေးကောင်းကြီး ရောက်နေပြီကို..
အဟွတ် .. အကြီးအကဲသည် ချောင်းဟန့်လိုက်ကာ လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။ “လူငယ်လေး .. ငါ့ရဲ့ကမ်းလှမ်းချက်ကို ပြန်စဉ်းစားကြည့်ပါဦး .. ဒီလိုမျိုး အလောတကြီး မရှောင်လိုက်ပါနဲ့..”
သူ အသက်ရှင်နေထိုင်လာခဲ့သည်မှာ အတော်ကြာနေပြီဖြစ်ပြီး သူ၏မျက်ခုံးမွှေးများနှင့် မျက်တောင်မွှေးများပင်မရှိတော့။ ထို့ကြောင့် ရှီဟောင်၏ ရည်ရွယ်ချက်ကို သူဘယ်လိုလုပ် မသိပဲနေမည်နည်း.. ထို့ကြောင့် ရှီဟောင်လက်ထပ်ပြီးသွားပြီဟုဆိုခြင်းကို သူမယုံ။
ထို့နောက် သူသည် မျက်ခုံးပင့်လိုက်ကာ “ဒါပေမဲ့ ဒါလည်းအဆင်ပြေပါတယ် .. ငါ့မိသားစုက မမလေးက မာနကြီးပြီးတော့ မောက်မာတယ် .. မင်းကို သားမက်အဖြစ်ရွေးဖို့ သခင့်ကို တိုက်ရိုက်သွားပြောလိုက်ရင် မမလေး လက်မခံလောက်ဘူး .. မင်းမှာ အမြင်ကောင်းတွေရှိနေပြီးတော့ ရေရှည်ကြည့်တတ်တဲ့လူ .. မင်းက ကန့်သတ်နယ်မြေထဲကို လက်ထပ်ပြီးမဝင်ချင်ဘူးလို့ ပြောလိုက်ရင်ရော .. ဘယ်သူပြောနိုင်မလဲ .. မမလေးက မင်းကို ဒေါသထွက်ပြီး အာရုံစိုက်လာနိုင်တယ် .. အဲဒီအချိန်ကျရင် အခွင့်အရေးကောင်းမျိုးစုံ ပေါ်လာနိုင်တာပဲ..”
ဤသည်ကို ကြားလိုက်ရသည်နှင့် အကြီးအကဲအုပ်စု ဆွံ့အသွားရသည်။ ဒီအကြီးအကဲ စဉ်းစားက တော်တော်ဝေးသွားပြီမဟုတ်ဘူးလား..
“စီနီယာ .. ဒါက ဘယ်လိုလုပ် အလုပ်ဖြစ်နိုင်မှာလဲ .. အပြင်လူကို ကူညီဖို့အတွက် စီနီယာတို့မိသားစုက မမလေးကို လှည့်စားရမှာ .. သူသာသိသွားရင် စီနီယာကို အရှင်လတ်လတ် အရေခွံဆုတ်မှာမသိဘူးလား…” ရှီဟောင်ပြောလိုက်သည်။
အကြီးအကဲသည် ရုတ်တရက်ပင် သတိကြီးကြီဖြစ်သွားကာ “ဟမ် .. လူငယ်လေး မင်းတမင်သက်သက် ဝေ့လည်ကြောင်ပတ်လည်နေတာလား .. မင်း တန်းပြီးတော့ သဘောမတူတာက မင်းမှာ တစ်ခြားအတွေးရှိနေလို့လား .. စကားပုံက ဘာပါလိမ့်… ရာစွန့်…”
“ထောင်မြင်ရာစွန့်..” ချောင်ယုရှင်းမှ ကူညီပေးလိုက်သည်။
“ဟုတ်တယ် .. ဒါပဲ..” အကြီးအကဲသည် ရှီဟောင်အား အပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် “လူငယ်လေး .. မင်းကတကယ်ကို အထင်ကြီးစရာကောင်းတယ် .. ဒီလိုမျိုးကိစ္စတွေမှာ တော်တော်လေးကျွမ်းကျင်တာပဲ … ငါတောင်အရူးလုပ်ခံရတော့မလို့..”
ရှီဟောင် ဆွံ့အသွားရ၏။ ဒီအကြီးအကဲက သူ့ကိုလာလှောင်နေတာလား ဒါမှမဟုတ် သူက ထောင်မြင်ရာစွန့်တဲ့သူလို့ တကယ်ထင်နေတာလား..
“ဒါပေမဲ့ မကောင်းတဲ့ကောင်ဆိုတော့ ဒီလိုပဲပေါ့ .. မင်းက တကယ်ကို မရိုးသားဘူးပဲ .. ငါ့မိသားစုက သခင်က နာခံပြီးတော့ ရိုးသားတဲ့သားမက်လိုချင်တာ .. မင်းက မမလေးရဲ့ အာရုံစိုက်မှုရမယ်ဆိုရင်တောင် ငါ့သခင်က အမြင်စူးရှတယ် .. သူတစ်ချက်ရိုက်တာနဲ့ မင်းသေသွားမှာ..” အကြီးအကဲပြောလိုက်သည်။
“စီနီယာ .. စီနီယာအတွေးလွန်နေပါပြီ .. ဘယ်လိုများဆက်စပ်လိုက်တာလဲ.. ” ရှီဟောင် မျက်လုံးလှန်ကြည့်လိုက်သည်။
“စီနီယာ .. စီနီယာရဲ့မမလေးကို ကျွန်တော့်ကို ထည့်စဉ်းစားပေးဖို့ ပြောလို့ရပါတယ် .. ဖက်တီးလေးတွေဆိုတာက ရိုးဖြောင့်တဲ့သူတွေ .. အရိုးသားဆုံးနဲ့ အစစ်မှန်ဆုံးပဲ .. ကျွန်တော်က ချောင်ယုရှင်းလို့ ခေါ်ပါတယ်..” ချောင်ယုရှင်းသည် တောက်ပစွာပင် ပြုံးကာ ထွက်လာလေ၏။
“ဖက်တီးချောင် .. မင်းက အရမ်းကို အရှက်မရှိတာပဲ..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။
ယုန်ဖြူလေးလည်း အားကုန်ပင် ခေါင်းခါရမ်းလိုက်လေ၏။
“ငါမသေချင်ဘူး .. ငါ့ကိုတစ်ယောက်ယောက်က နှစ်ပေါင်းများစွာ မြေမြှုပ်ပစ်မှာကို မလိုချင်ဘူး .. ငါပြန်ပေါ်လာတဲ့အချိန်ကျရင် မင်းတို့အားလုံး ဘယ်ရောက်နေမှာလဲ .. ဘယ်သူမှ မရှိတော့ရင်ရော .. ဒီလိုမျိုးတွေးကြည့်လိုက်တာနဲ့ကို ငါငိုချင်လာတယ်…” ချောင်ယုရှင်း နီရဲနေသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။
သူသည် သရုပ်ဆောင်ကာ ကန့်သတ်နယ်မြေမှ ဧည့်သည်ကို အရူးလုပ်နေခြင်းဖြစ်သော်လည်း တကယ်ကို အနည်းငယ်ဝမ်းနည်းနေသည်ပင်။ အချိန်များစွာကြာပြီးနောက် သူပြန်နိုးထလာသည့်အချိန်တွင် အားလုံးသေဆုံးသွားပြီး ဤလောကကြီး၌ မည်သူမှ မရှိတော့မည်ကို သူမလိုချင်။
သူ၏ဆရာကို သူအတော်လေး လေးစားသည်။ သူဟောကိန်းထုတ်သည့်အရာအားလုံးမှာ မှန်သည်ပင်။ ဤသည်မှာ သူ့စိတ်ထဲ၌ တောင်ကြီးတစ်တောင်ကဲ့သို့ အမြဲတမ်း လေးလံနေခဲ့ခြင်းပင်။
အခြားလူများလည်း နှောက်ယှက်လာသည့်အချိန်တွင် အကြီးအကဲ ဤလက်ထပ်သည့်ခေါင်းစဉ်ကို ခဏရပ်တန့်ထားလိုက်သည်။
သူသည် လျှပ်စီးကန်ကို သေချာစိုက်ကြည့်ပြီးနောက် သူ၏မျက်လုံးများမှာ ရွှေရောင်နေမင်းများကဲ့သို့ တောက်ပလာသည်။ သူသည် ထခုန်လုနီးပါးပင်ဖြစ်သွားသည်။
“လူငယ်လေး .. မင်း ဒီလျှပ်စီးကန်ကို ငါ့မိသားစုသခင်ကြီးက လက်ဆောင်ပေးရင် မင်းအရမ်းကို ပျော်ရွှင်ရမယ်လို့ ငါအာမခံတယ် .. အချိန်ကျလာရင် မင်းအတွက် အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်..” အကြီးအကဲ ပြောလိုက်သည်။
“ရပါတယ် .. ကိစ္စမရှိပါဘူး .. ကျွန်တော့်ကို နည်းနည်းလောက် လေ့လာခွင့်ပေးပါ .. ပြီးရင် ကျွန်တော် ဒီကန်ထဲက နဂါးသုံးကောင်ကို ကင်စားလိုက်ပြီး ဒီကန်ကို ပေးလိုက်ပါ့မယ်..” ရှီဟောင် ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
“မင်းဘာပြောတယ် .. ကင်စားမယ်ဟုတ်လား .. ငါ မင်းချီးထွက်တဲ့အထိ ရိုက်ပစ်မယ်..” ပထမဆုံးအကြိမ်အဖြစ် အကြီးအကဲ သူ့ကို စိုက်ကြည့်လာပြီးနောက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
“ဒါက ကျွန်တော့်ဟာ..” ရှီဟောင် သူ့ထံမှ လျှပ်စီးကန်ကို ပြန်ယူလိုက်သည်ပင်။
“လူငယ်လေး မင်းလက်လွတ်စပယ်မလုပ်ဖို့ ငါမင်းကို တကယ် အကြံပေးချင်တယ် .. ဒီကန်က အဖိုးဖြတ်လို့မရဘူး .. မင်းသူတို့ကို တကယ်ချက်စာလိုက်ရင် မင်း ကောင်းကင်ရဲ့အပြစ်ဒဏ်ကို ချက်ချင်းခံစားရလိမ့်မယ်..” အကြီးအကဲ အံကြိတ်၍ ပြောလိုက်သည်။
“ဒါနဲ့ ဘာလုပ်လို့ရမှာလဲ .. ကျွန်တော့်ကို နည်းနည်းပြောပြ .. အဲဒါဆိုရင် ကျွန်တော် ပြန်စဉ်းစားပေးမယ်” ရှီဟောင်ပြောလိုက်သည်။
“ငါက ထူးဆန်းမှုတွေကို သိပ်နားမလည်ဘူး .. ဒါပေမဲ့ ငါ့သခင်ကြီးကတော့ သေချာပေါက် သိလိမ့်မယ် .. အဲဒါကြောင့် မင်းကို ကန့်သတ်နယ်မြေကို တစ်ခေါက်လောက် လာလည်ဖို့ အကြံပေးနေတာ” အကြီးအကဲ ပြောလိုက်သည်။
“ဒါက ခွေးကို ပေါင်မုန်နဲ့မျှားတာနဲ့ မတူဘူးလား .. ကျွန်တော် ဝင်သွားပြီးရင် ပြန်ထွက်လာနိုင်မှာမဟုတ်တော့ဘူး..” ရှီဟောင် နှုတ်ခမ်းများကို တွန့်ကွေးပြီး ပြောလိုက်သည်။
“ဟေ့ကောင် .. မင်းဘာပြောတာလဲ..” အကြီးအကဲ သူ့အား ဒေါသတကြီး ကြည့်လိုက်သည်။
“ဒါက ဘာလဲဆိုတာ စီနီယာ တကယ်မသိတာလား..” ရှီဟောင် သူ့ကို မယုံ။ ဤအကြီးအကဲသည် လျှပ်စီးကန်ကို မြင်လိုက်သည်နှင့် မျက်လုံးများအရောင်တောက်လာသည်ပင်။
“ဒီပစ္စည်းက ငါကောလဟာလနည်းနည်းလောက်ပဲ ကြားဖူးတာ .. ဒါပေမဲ့ ဒီပစ္စည်းက မယုံကြည်နိုင်လောက်တဲ့နေရာက လာတာ .. ကန့်သတ်နယ်မြေက လူတွေတောင် ဒီပစ္စည်းအတွက်နဲ့ တိုက်ခိုက်ကြလိမ့်မယ် .. ပြီးတော့ ဒါက နဂါးအစစ်ရဲ့အသိုက် .. သူတို့က လေဟာနယ်ထဲကို ပစ်ခံလိုက်ရတာ .. ပြောရမယ်ဆိုရင် ဒီပစ္စည်းရဲ့တန်ဖိုးက မယုံကြည်နိုင်လောက်အောင်ပဲ..” အကြီးအကဲ သူ့အားအနည်းငယ် ပြောပြလိုက်သည်။
“ကောင်းပြီလေ .. ကျွန်တော် အခုလောလောဆယ်တော့ မချက်စားတော့ဘူး…” ရှီဟောင်ပြောလိုက်၏။
ထိုအကြီးအကဲမျက်နှာ ရှုံ့မဲ့သွားရသည်။
“အမ် ..ဒါက..” အကြီးအကဲသည် ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင် ချီဟုန် ထုတ်ထားသည့်ကျောက်တုံးအား ရုတ်တရက်တွေ့သွားလေသည်။
“ဒီနေရာမှာ သက်ရှည်အော်ရာတစ်ချို့ရှိနေတာ .. လက်စသပ်တော့ ဒီလိုမျိုးအသက်ဓာတ်တွေအများကြီးရှိတဲ့ ပစ္စည်းရှိနေတာလား .. အထင်ကြီးစရာပဲ…”
အပိုင်း ၁၆၂၀ ပြီး၏။