Switch Mode

Chapter – 1531 & 1545

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၁ – နောက်တစ်ယောက်

သွေးများမှာ ထူပြစ်နေသည်။ ရွှေရောင်ကင်းခြေများခန္ဓာကိုယ်သည် လေဟာနယ်ထဲ၌ လှုပ်ရမ်းနေသည်။ သူ့ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားပြီး နာကျင်မှုမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။

ရွှီး..

သူ၏ခန္ဓာကိုယ်အပေါ်ပိုင်း ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်သော်လည်း သူ ပေးဆပ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ် နောက်တစ်ပိုင်း ပြုတ်ထွက်လာကာ အနာပေါ် အနာဆင့်သွားသည်။

အားလုံး ဆွံ့အနေကြရသည်။ ကျွမ်းကျင်သူနှစ်ယောက်က စတိုက်တာနဲ့ သူသေကိုယ်သေ တိုက်နေကြပြီ။

တိုက်ပွဲမှာ ဤမျှပြင်းထန်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. ထို့အပြင် အချိန်ခဏလေးအတွင်းမှာပင် ဓားခုတ်ကောင်ကင်းခြေများ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည်ပင်။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသောကြောင့် အားလုံးမှာ ယုံကြည်ရန် အနည်းငယ် ခက်ခဲနေသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဓားခုတ်ကောင်ကင်းခြေများရဲ့ခန္ဓာကိုယ်ကို တစ်ခြားတစ်ယောက်က ဆုတ်ဖြဲနေတယ် .. သူ့ခန္ဓာကိုယ်က မာကျောပြီးတော့ မပျက်စီးနိုင်ဘူးလို့ နာမည်ကြီးတာမဟုတ်ဘူးလား …” အနောက်ဘက်မှ လူငယ်ဘုရင်များ စိတ်လှုပ်ရှားနေကြကာ ပထမဆုံးအကြိမ်အဖြစ် သူတို့အမူအရာများ လေးနက်သွားသည်။

အခြားသူများမပြောနှင့် ဓားခုတ်ကောင်ကင်းခြေများကိုယ်တိုင်ပင်လျှင် မယုံကြည်နိုင်ဖြစ်နေသည်။ သူသည် သူ၏ခန္ဓာကိုယ်အား အလွန်ယုံကြည်သည့်သူပင်။ သူ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ ကျွမ်းကျင်သူများအား အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။ သို့သော်လည်း သူ ဤကဲ့သို့ ဖြစ်သွားလေပြီ။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများမှာမူ အော်ဟစ်ကြွေးကြော်နေကြလေပြီ။ သူတို့ အချိန်အကြာကြီး ဝမ်းနည်းနေခဲ့ရပြီး ယခုမှ အနိုင်ရလိုက်သောကြောင့် အားလုံး ကြွေးကြော်နေကြသည်ပင်။

“မင်း .. ငါ့ရဲ့တာအိုခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တယ် .. ငါတို့နှစ်ယောက်ကြားက ရန်ငြိုးတွေက သေတဲ့အထိ ဆုံးမှာ မဟုတ်တော့ဘူး..” ဓားခုတ်ကောင်ကင်းခြေများ ဒေါသတကြီး ပြောလိုက်သည်။

သူသည် ယခုလေးတင် သေမလိုဖြစ်ခဲ့ခြင်းပင်။ သူ၏ခန္ဓာကိုယ်တစ်ပိုင်းကို လွတ်အောင် ရုန်းလိုက်နိုင်သောကြောင့်သာမဟုတ်လျှင် သူဤလူငယ်လေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလောက်ပြီဖြစ်သည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ တစ်ယောက်ယောက်ကို ရှုံးနိမ့်လိမ့်မည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့။ ဤလူငယ်လေးမှာ ကြောက်စရာကောင်းလှသည်။

“အဲဒါဆိုရင်လည်း မင်းသေလို့ရပြီ..” ရှီဟောင် ပြန်ပြောလိုက်ကာ အရှေ့ဘက်သို့ တက်လာလိုက်သည်။ သူ၏အမူရာမှာ တည်ငြိမ်လှသည်ပင်။ သူသည် ဓားခုတ်ကောင်ကင်းခြေများထက်ပင် နတ်ဆိုးဘုရင်နှင့်ပိုတူနေသည်။

ဓားခုတ်ကောင်ကင်းခြေများ၏ အကြည့်များ လေးနက်နေသည်။ သူ့ထံတွင် အခြားရွေးချယ်စရာမရှိ။ ဤတိုက်ပွဲမှ ထွက်ပြေး၍ရမည်မဟုတ်။ ထာဝရလိပ်ခွံအပိုင်းအစ၏ စည်းမျဉ်းအရဆိုလျှင် တစ်ဖက်ဖက်သေဆုံးသွားမှ ပြီးဆုံးသည်ဟု သတ်မှတ်ခြင်းပင်။

“ငါ မင်းကို သတ်မယ်..”

ဓားခုတ်ကောင်ကင်းခြေများ သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုသလင်းကျောက်ထဲတွင် တောက်ပကာ နီရဲနေသည့် အရည်တစ်စက်ရှိနေသည်။ ဤသည်မှာ သူ့ဘိုးဘေး၏ သွေးစွမ်းအင်ပင်။

သူခေါင်းမော့ကာ ထိုသွေးစက်ကို သောက်လိုက်သည်နှင့် သူ၏ပျက်စီးနေသည့်ခန္ဓာကိုယ်မှာ လျင်မြန်စွာပင် ပြန်ကောင်းလာသည်။ ဤသည်မှာ အသွေးအသားကိုသာ ပြန်လည်တည်ဆောက်ခြင်းမဟုတ် သူ၏အသက်စွမ်းအင်ကိုလည်း ပြန်ဖြည့်ပေးသည်ပင်။ သူသည် လျင်မြန်စွာဖြင့်ပင် အကောင်းဆုံးအနေအထားသို့ ရောက်သွားသည်။

ရွှီး..

ဓားခုတ်ကောင်ကင်းခြေများ ရှီဟောင်အား အလွန်လျင်မြန်သည့်အရှိန်ဖြင့် တိုက်ခိုက်လာသည်။ သူသည် ရှီဟောင်အား မျက်နှာချင်းမဆိုင်တော့ပဲ သာမန်စစ်ပွဲတစ်ပွဲကိုသာ ပြုလုပ်တော့သည်။

သူတို့သာ နည်းလမ်းမျိုးစုံသုံးပြီးတိုက်လျှင် ဤလူငယ်လေး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်မည်မဟုတ်ဟု သူယုံကြည်သည်။ သူတို့တိုက်ပွဲမှာ အနည်းဆုံး အချက်ရေ ရာကျော်တော့ ရောက်မည်ပင်။

အစောပိုင်းက တိုက်ခိုက်မှုတွင် ပညာများမသုံးခဲ့ရ။

ယခုတော့ မတူတော့။ သူ၏တိုက်ပွဲစွမ်းရည်များကို အသုံးပြုကာ ရှီဟောင်အားရိုက်ချမည်။

သေချာပါသည်။ ဤဓားခုတ်ကောင်ကင်းခြေများမှာ ထူးခြားသည့်စွမ်းရည်များပိုင်ဆိုင်ထားပြီး သူ၏တိုက်ပွဲအသိအမြင်များမှာ အံ့အားသင့်စရာ ကောင်းလှသည်။ သူသည် အလင်းလုံးအဖြစ် ပြောင်းကာ ရှီဟောင်အား တိုက်ခိုက်နေသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူများမှာမူ နှလုံးခုန်သံများ မြန်ဆန်လာသည်။ မမျှော်လင့်ထားသည့်အဖြစ်အပျက်တစ်ခုခု ဖြစ်ပျက်သွားမည်ကို စိုးရိမ်နေကြသည်။

“ငါ မင်းကို နောက်ဘဝပို့ပေးမယ်..” ရှီဟောင် ဤစကားများသာ ပြောလိုက်သည်။ သူ၏ကျောထက်တွင် ခွန်ပန်အတောင်ပံ၊ သူ၏ခြေထောက်အောက်တွင် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းနတ်စွမ်းရည်ရှိသည်။ တစ်ချိန်တည်းမှာပင် သူလျှပ်စီးကိုလည်း အသုံးပြုလိုက်သည်။ ဤလျှို့ဝှက်ပညာသုံးခုသည် တစ်ခုနှင့်တစ်ခု တုံ့ပြန်လာကာ သူ၏အရှိန်လည်း မယုံကြည်နိုင်လောက်အောင် လျင်မြန်လာသည်။

ဒုန်း..

ဓားခုတ်ကောင်ကင်းခြေများအတွက် လက်ရှိရှီဟောင်မှာ ကြောက်စရာကောင်းလှသည်။ ရှီဟောင်သည် မရပ်မနားနိုင်သည့်လက်သီးချက်များဖြင့် သူ့ခန္ဓာကိုယ်အား ဆက်တိုက်ပင် ထိုးနှက်နေသည်။

ဤသည်မှာ သူတမင်သက်သက်လုပ်နေခြင်းပင်။

ရှီဟောင်၏ တိုက်ပွဲပညာများမှာ အလွန်မြင့်မားကြောင်း သူပြောနိုင်သည်။ သူသည် တစ်ဆင့်ချင်းတက်လာခြင်းဖြစ်သည်။ သူသည် မိသားစုမှ မရေမတွက်နိုင်သည့်အရင်းအမြစ်များဖြင့် ပျိုးထောင်ခံရသည့် ‘ကောင်းကင်သားတော်’ မဟုတ်။

သို့သော်လည်း ရှီဟောင်သည် အခြားပညာများကို အသုံးမပြုပဲစွမ်းအားအကြီးဆုံး လက်သီးတံဆိပ်များကိုသာ အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို ထိုးနှက်နေသည်။

“မင်း..” ဓားခုတ်ကောင်ကင်းခြေများ ဒေါသထွက်သွားရသည်။

ဤသည်မှာ တိုက်ပွဲနှင့်မတူတော့ပဲ အနိုင်ကျင့်သည်နှင့် ပိုတူနေသည်။ သူသည် ဟိုဘက်ပစ်ခံရလိုက်၊ ဒီဘက်ပစ်ခံရလိုက်ဖြစ်နေသ်ည။

ရှီဟောင် ဤကဲ့သို့ လုပ်နေရခြင်းမှာ တစ်အချက် သူ ဤအကောင်ကို စွမ်းအားအပြည့်ဖြင့် သတ်ချင်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူမပျက်စီးနိုင်သည့်ကျမ်းစာကို လေ့လာချင်သောကြောင့်ပင်။ သူ ထိုကျမ်းစာကို သူ၏လက်သီးတွင် အသက်သွင်းထားခြင်းဖြစ်သည်။ ဤသည်မှာ တကယ်ကိုပင် အံ့အားသင့်စရာကောင်းကြောင်း သူတွေ့လိုက်ရသည်။

ဝုန်း..

ဓားခုတ်ကောင်ကင်းခြေများ မပုန်းနိုင်တော့။ သူသည် ရှီဟောင်နှင့် ပြန်လည်တိုက်ခိုက်ရန် ဖိအားပေးခံနေရသည်။ သူ၏ဓားခုတ်ကောင်လက်များကို လွှဲရမ်းလိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး အဖြူရောင်ဓားအလင်း တောက်ပသွားကာ ဓားစွမ်းအင်များ လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဤသည်မှာလူများစွာ၏ အမူအရာကို ပြောင်းလဲသွားစေသည်ပင်။

ဒုန်း..

ကောင်းကင်ကြီး တုန်လှုပ်သွားစေနိုင်သည့် အသံများ ထွက်ပေါ်လာသည်။ ရှီဟောင် ထိုလက်များကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ချိုးဖျက်ပစ်လိုက်သည်။

ဖူး..

ဓားခုတ်ကောင်ကင်းခြေများ စိတ်ပျက်သွားရသည်။ ဤသည်မှာ သူ ခရမ်းရောင်နေကောင်းကင်ဘုရင်အား သတ်သည့်အချိန်တုန်းကလိုပင်။ ယခု တစ်ဖက်လူသည် ဤနည်းလမ်းအား အသုံးပြုကာ သူ့အား ပြန်လည်တိုက်ခိုက်လာသည်။

ဖူး..

ရှီဟောင်၏လက်သီးချက်တွင် တာအိုစွမ်းအင်များ ပါဝင်နေသည်ပင်။

ဓားခုတ်ကောင်ကင်းခြေများ၏ မျက်နှာထက်၌ ခါးသီးသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူနည်းနည်းလေးမှပင် လှုပ်၍မရတော့။ သူသည် ထိုနေရာ၌ ဖိနှိပ်ခံထားရကာ ကမ္ဘာမြေပေါ်သို့ ကြွေကျလာသည့် ဥက္ကာခဲသို့ သူ့ထံသို့ကျရောက်လာမည့်လက်သီးချက်ကို သူ့မျက်လုံးဖြင့် ကြည့်နေရသည်။

ဖူး..

ထိုလက်သီး သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ အဆစ်များစွာရှိနေသည့် ကင်းခြေများခန္ဓာကိုယ်မှာ ယခုတော့ ပေါက်ကွဲသွားကာ သွေးများနှင့် အစိတ်အပိုင်းများမှာ နေရာအနှံ့သို့ လွင့်စင်သွားသည်။

“အား.” ဓားခုတ်ကောင်ကင်းခြေများ အော်ဟစ်ကာ သူ၏မူလဝိညာဉ်ကို ကာကွယ်ရန် ကြိုးစားရုန်းကန်လိုက်သည်။

သို့သော် ရှီဟောင်၏ ညာလက်သီးတောက်ပလာကာ တောက်ပသည့်နတ်အလင်း ထွက်ပေါ်လာသည်။

ဖူး..

ဓားခုတ်ကောင်ကင်းခြေများ၏ ခေါင်းပေါက်ကွဲသွားကာ တစ်စစီဖြစ်သွား၏။ ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။

ဒီမျိုးဆက်ရဲ့ လူငယ်ဘုရင်တစ်ယောက် ဒီလိုပုံစံမျိုး အဆုံးသတ်သွားတာလား..

သေဆုံးသွားပြီ .. ကင်းခြေများ စစ်ပွဲထဲ၌ အသတ်ခံလိုက်ရလေပြီ။

စစ်မြေပြင်ကြီး တိတ်ဆိတ်သွားသည်။ တစ်ဖက်လောကမှ လူငယ်ဘုရင်များမှာ သတိကြီးကြီးဖြစ်သွားကာ ဤသည်ကို လက်မခံနိုင်ဖြစ်နေကြသည်။ သူတို့ဘက်မှ စွမ်းအားကြီးသည့် ဓားခုတ်ကောင်ကင်းခြေများ တကယ်ရှုံးနိမ့်သွားကာ အသတ်ခံလိုက်ရလေပြီ။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ ကောင်းကင်ကို တုန်ခါသွားစေသည့် အားပေးကြွေးကြော်သံများ ထွက်ပေါ်လာသည်။

“ကျေးဇူးတင်ပါတယ် ဟွမ်..” ခပ်ဝေးဝေးမှ ခရမ်းရောင်နေကောင်းကင်ဘုရင်၏ နောက်လိုက် ဒူးထောက်ထားပြီး မျက်ရည်များစီးကျနေလျက် ရှီဟောင်ရှိနေသည့်ဘက်သို့ ရှိခိုးလိုက်သည်။

အခြားသူများလည်း အော်ဟစ်နေကြကာ ဤနေရာမှာ ချက်ချင်းပင် ဆူညံသွားသည်။

စည်းမျဉ်းအရ ရှီဟောင် နောက်ပြန်ဆုတ်ရန် ရွေးချယ်နိုင်သည်ပင်။

သို့သော် သူသည် ထင်းရှူးပင်ကြီးတစ်ပင်ကဲ့သို့ စစ်မြေပြင်၌ မလှုပ်မယှက် ရပ်နေသည်။

“နောက်တစ်ယောက်..” ရှီဟောင်၏အေးစက်သည့်အသံမှာ စစ်မြေပြင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။

“ရှင် .. ရှင်က တော်တော်လေးကို ရဲတင်းတာပဲ..” မြွေယာ့ခ်ရှာ ဒေါသတကြီး ပြောလိုက်သည်။

“မင်း မကျေနပ်ရင် လာခဲ့လိုက်လေ .. ငါမင်းကို ဒီလိုပုံစံသတ်ပေးမယ်..” ရှီဟောင် တိုတိုတုတ်တုတ်သာ ပြောလိုက်သည်။ ထို့နောက် သူမြွေယာ့ခ်ရှာနှင့်အတူ ရွှေရောင်နတ်ဆိုးငှက်နှင့် ငွေရောင်ဆံပင်နှင့် အမျိုးသမီးတို့ကိုစိုက်ကြည့်လိုက်၏။ သူ ဤသုံးယောက်ကို သတ်ချင်သည်။

“ကျွန်မ မလာရဲဘူးလို့ ရှင်ထင်နေတာလား .. ကျွန်မ ရှင့်ကို လာသတ်မှာကို စောင့်နေလိုက်..” မြွေယာ့ခ်ရှာမှာ အလွန်ဒေါသကြီးသည့်သူပင်။ သူ့တစ်ကိုယ်လုံး ငွေရောင်အလင်းတောက်ပလာသည်။ အတောင်ပံတစ်စုံလည်း လှုပ်ခတ်သွားကာ ကောင်းကင်လေများ တိုက်ခတ်လာသည်။ ငွေရောင်အမြီသည် ဂျင်သန်းပေါင်းများစွာ လေးသည့် ကျောက်တုံးများကို တစ်စစီဖြစ်အောင် လုပ်လိုက်သည်။

“အဲဒါဆိုလာလိုက်လေ .. လာပြီး သေလိုက်တော့..” ရှီဟောင်ပြောလိုက်သည်။

သို့သော်လည်း ထာဝရလိပ်ခွံအပိုင်းအစ တောက်ပလာကာ သူ့အတွက် ပြိုင်ဘက်ကို ရွေးပြီးသွားပြီဖြစ်သည်။

ဤသည်မှာ လက် ၁၂ ဘက်ရှိပြီး ဦးခေါင်းထက်၌လည်း ဦးချိုတစ်စုံရှိနေသည့် ထူးဆန်းသည့်သတ္တဝါပင်။ သူ့ထံတွင် ဆိတ်မျက်နှာရှိပြီး ရွှေရောင်အမွေးများရှိသည်။ သူ၏ခန္ဓာကိုယ်မှာ အလွန်အံ့အားသင့်စရာကောင်းသည့် စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည်။

“သွားသေလိုက်တော့..” ထိုလူငယ်ဘုရင် ဟစ်ကြွေးကာ တရှိန်ထိုး ပြေးဝင်လာသည်။

သူ၏လက် ၁၂ ဘက်လုံးမှ တံဆိပ်များ ပြုလုပ်လာပြီး လျှို့ဝှက်ပညာများ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ဤနေရာတစ်ခုလုံး မှော်ခွန်အားဖြင့် လွှမ်းခြုံသွားသည်။

ဝုန်း..

ရှီဟောင်လည်း ပုန်းကွယ်မနေပဲ အထင်ကြီးစရာကောင်းလောက်သည့်နည်းလမ်းများဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

ထိုလျှို့ဝှက်ပညာများအားလုံး သူ့ကြောင့် ပျက်ပြယ်သွားကာ လက်သီးအလင်းတန်းများ ကောင်းကင်ကိုလွှမ်းခြုံသွားသည်။

“အဆုံးမရှိနတ်ဆိုးနံရံ .. ဖိနှိပ်မယ်..” ထိုသက်ရှိ၏အမူအရာ ပြောင်းလဲသွားကာ သူ၏မွေးရာပါ နတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။ သူမန္တန်တစ်ခုကို ရွတ်လိုက်သလို သူ၏လက် ၁၂ ချောင်းလည်း တံဆိပ်များပြုလုပ်ကာ အနက်ရောင်နတ်ဆိုးနံရံကြီးအား ဆင့်ခေါ်လိုက်သည်။ ထိုနံရံကြီးတွင် သွေးရာရှိနေပြီး မည်းနက်နေသည့်မျက်နှာပြင်တွင် သွေးစက်များရှိနေသည်။

နတ်ဆိုးနံရံကြီး ကျရောက်လာကာ ရှီဟောင်အား ဖိနှိပ်ပြီး သတ်ပစ်ရန် ကြိုးစားလိုက်သည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုရှိ သက်ရှည်မိသားစုမှ အကြီးအကဲအချို့ အေးခဲသွားရ၏။ ဤသည်မှာ သာမန်နတ်စွမ်းရည်မဟုတ်ပဲ ဘိုးဘေးပညာတစ်ခုပင်။

ဤနတ်ပညာမှာ ယခင်ကနှင့် မတူတော့။

ဤလူမျိုးစုသည် လျှို့ဝှက်ပညာတစ်ခုကို ပိုင်ဆိုင်ထားပြီး သူတို့ လူသတ်လေလေ ထိုလျှို့ဝှက်ပညာကြီး ပို၍ အားကောင်းလာလေလေပင်။ ထို့ကြောင့် သူတို့၏ မျိုးဆက်များမှာ တစ်ဖြည်းဖြည်း ပို၍ အထင်ကြီးစရာကောင်းလာသည်ပင်။

ယခုအချိန်တွင် အနက်ရောင်နတ်ဆိုးနံရံကြီးမှာ သွေးရောင်လွှမ်းနေပြီး သူတို့ဘိုးဘေးသတ်ခဲ့သည့် စွမ်းအားကြီးသည့်သူများ၏ သွေးများစွန်းပေနေသည်ပင်။

ဤသည်မှာ မျိုးဆက်အလိုက် သတ်ဖြတ်သည့်ပညာပင်။

သူတို့၏ နောက်ပိုင်းမျိုးဆက်များ ဤသည်ကို အသုံးပြုလိုပါက သူတို့ကိုယ်တိုင် ဤသည်ကို နားလည်အောင်လုပ်ပြီး အသက်သွင်းရမည်ပင်။

ဝုန်း..

သွေးများစေးကပ်နေသည့် နတ်ဆိုးနံရံကြီး ရှီဟောင်၏အပေါ်ဘက်မှ ကျလာသည်။

“တစ်ဖက်လောက မျိုးဆက်တွေလို့ခေါ်တဲ့လူတွေက ဒီလိုမျိုးလား .. ဘာမှလည်း မထူးခြားဘူး..” ရှီဟောင် ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ အဖိုးတန်ပညာများစွာ ထွက်ပေါ်လာသည်။

ရွှီး..

သူ့နောက်တွင် မိုးမခသစ်ကိုင်းများဖြင့် ပြုလုပ်ထားသည့် နတ်ချိန်းကြိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုချိန်းကြိုးများ နံရံကို ထိုး‌ဖောက်ရန် ကြိုးစားနေသည်။

ခွပ်..

လျှပ်စီးများ အဆုံးမရှိနိုင်အောင် ထွက်ပေါ်လာသည်။ ထို့နောက် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးမှ လျှပ်စစ်များ ထုတ်လွှတ်နေကာ ထိုနံရံကို တိုက်ခိုက်လိုက်သည်။

ထို့နောက် ခွန်ပန်ပေါ်လာသည်။ သူ၏အတောင်ပံများကို ဖြန့်ကျက်ထားကာ သူ၏ကျောထက်၌ နတ်ဆိုးနံရံကိုတင်ပြီး ပြောင်းပြန်လှန်ရန် ကြိုးစာလိုက်သည်။

..

အဖိုးတန်ပညာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် ဝုန်းဟူသည့်အသံနှင့်အတူ အနက်ရောင်နတ်ဆိုးနံရံကြီး အက်ကွဲလာသည်။ ထို့နောက် ပေါက်ကွဲသွားကာ သွေးမိုးရွာသွန်းလာသည်။ ထိုနံရံကြီးမှာ လုံးဝ ပျက်စီးသွားခြင်းပင်။

ဘိုးဘေးပညာ ရှုံးနိမ့်သွားသောကြောင့် ထိုလက် ၁၂ ချောင်းနှင့်သက်ရှိ၏မျက်နှာ ဖြူဖျော့သွားသည်။ ပါးစပ်အပြည့်သွေးအန်သွားကာ အနောက်ဘက်ယိုင်သွားသည်။ သူသည် ကြောက်စရာအကောင်းဆုံး တွန်းကန်အားကို ခံစားလိုက်ရခြင်းပင်။

ရှီဟောင် သူ့ကို အခွင့်အရေးမပေးပေ။ လက်သီးတံဆိပ်တစ်ခု ပြုလုပ်ကာ သူ့ထံသို့ တရှိန်ထိုး ထွက်သွားနေပြီဖြစ်သည်။ လက်သီးအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

“မင်း..” ထိုသက်ရှိ ထိတ်လန့်ကာ ဒေါသထွက်သွားရ၏။ တစ်ချိန်တည်းမှာပင် သူ ကြောက်ရွံ့လာသည်။ သူသည် ဤလူ၏ပြိုင်ဘက်မဟုတ်။ သူသေခြင်းတရားအော်ရာကို ခံစားလိုက်ရသည်။

ဖူး..

နောက်ဆုံးတွင် ရှီဟောင်၏လက်သီးချက် သူ့အား ထိုးဖောက်သွားသည်။ သူထိုလက်သီးချက်ကို မရပ်တန့်နိုင်ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးမိုးအဖြစ် ပေါက်ကွဲသွားကာ ကောင်းကင်ကြီးတစ်ခုလုံး နီရဲသွားသည်။

တစ်ဖက်လောကမှ ဒုတိယ လူငယ်ဘုရင် ကျရှုံးသွားလေပြီ။

ဤစစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားကာ အားလုံး ရှီဟောင်ကိုသာ ကြည့်နေကြသည်။

“နောက်တစ်ယောက်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ သူသည် သူ့စကားအတိုင်း အားလုံးကိုတစ်ယောက်တည်း တိုက်ခိုက်လိုခြင်းပင်။

“မင်း..” တစ်ဖက်မှ လူငယ်ဘုရင်များ ထိတ်လန့်ကာ ဒေါသထွက်သွားရသည်။

ရွှေရောင်နတ်ဆိုးငှက်၊ ငွေရောင်ဆံပင်နှင့် အမျိုးသမီး၊ မြွေယာ့ခ်ရှာနှင့် အခြားသူများအားလုံး စိတ်ထဲ၌ တုန်လှုပ်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူတို့အား စိုက်ကြည့်လိုက်သည်ပင်။

“မင်းတို့အားလုံး ပြေးလို့မလွတ်ပါဘူး .. ဒီမှာ လူ ၁၀ ယောက်ရှိတာဆိုတော့ မင်းတို့တစ်ယောက်ပြီးတစ်ယောက် လာလို့ရတယ် .. အားလုံးကို စာရင်းရှင်းမယ်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

အပိုင်း ၁၅၃၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၂ – အန်းလန်

တစ်ဖက်လောကမှ လူငယ်ဘုရင်များမှာ ဘယ်လိုလုပ် ဒေါသမထွက်ပဲနေမည်နည်း .. စစ်မြေပြင်ထက်မှ ထိုလူငယ်လေး နောက်တစ်ယောက်ဟု လွတ်လပ်ပေါ့ပါး ပြောလိုက်သည်ပင်။ သူက သူတို့ကို အထင်သေးနေတာလား..

သူတို့အတွက်တော့ ဤကဲ့သို့ အေးစက်စက်အပြုအမူမှာ သူတို့အား စော်ကားနေခြင်းပင်။ မည်သူက သူတို့အား ဤကဲ့သို့ လျစ်လျူရှုရဲခဲ့သနည်း… မည်သူက သူတို့အား အော်ဟစ်ရဲခဲ့သနည်း..

“ငါ သူ့ကိုသတ်မယ်..” မြွေယာ့ခ်ရှာ တီးတိုးပြောလိုက်ပြီး သူမ၏ခန္ဓာကိုယ်မှ ငွေရောင်အလင်းများ တောက်ပလာကာ သင်္တေကများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

တစ်ဖြည်းဖြည်းပိုကြောက်လာသည့် ရွှေရောင်နတ်ဆိုးငှက်မှလွဲလျှင် အခြားလူငယ်ဘုရင်များ၏ မျက်ဝန်းများမျ အေးစက်သည့်အလင်း ထုတ်လွှတ်နေသည်။ ဤလူမှာ ရဲတင်းလွန်းလှသည်။ သူတို့ သူ့အား မှတ်လောက်သားလောက်အောင် ပညာပေးပြီး သတ်ပစ်ရမည်။

မြေပြင်ထက်ရှိသွေးများ အလွန်ထူလပျစ်ဖြစ်နေလေပြီ။ နီရဲနေသည့်သွေးများတွင် ရွှေရောင်အလင်းလေးလည်းရှိနေသည်။ ဤသည်မှာ ယခုလေးတင် သေဆုံးသွားသည့် တစ်ဖက်လောက လူငယ်ဘုရင်များ၏ သွေးများပင်။

ထိုထူးဆန်းသည့်သူ သေဆုံးသွားပြီးသည့်နောက်တွင် သူ၏မူလပုံစံ ဖြစ်လာ၏။ သူသည် ရွှေရောင်ဆိတ်တစ်ကောင်ပင်။ သူ၏မျက်နှာ ဆိတ်ပုံစံဖြစ်နေသည်မှာ အံ့အားသင့်စရာမရှိတော့။ သူ၏ရွှေရောင်အမွေးများတောက်ပနေကာ အံ့အားသင့်စရာကောင်းသည့် သွေးစွမ်းအင်လည်း စီးဆင်းနေသည်ပင်။

သူ၏လက် ၁၂ ဘက်မှာ ဆိတ်ခြေထောက်များအဖြစ် ပြောင်းလဲသွားသည်။ ဤဆိတ်ခြေထောက်များမှာ မာကျောကာ စွမ်းအားကြီးလှသည်။

သို့သော် ယခုအချိန်တွင် ရှီဟောင်၏လက်သီးချက်ကြောင့် ထိုခြေထောက်များ တစ်စစီဖြစ်နေလေပြီ။ သူ၏ခန္ဓာကိုယ်သာ မြေပြင်ပေါ်၌ လဲကျနေသည်။

သူသည်လည်း ဓားခုတ်ကောင်ကင်းခြေများကဲ့သို့ပင်။ တိုက်ပွဲပြီးသည်နှင့် အသွေးအသားနှင့် သွေးများ နေရာအနှံ့လွင့်စင်သွားသည်။

“ငါ့အတွက် ဒီဆိတ်နဲ့ ဓားခုတ်ကောင်ကင်းခြေများကို သေချာလေး သိမ်းထားပေးဦး..” ရှီဟောင် အနောက်ဘက်တွင်ရှိနေသည့် ပုရွက်ဆိတ်လေးနှင့် ချောင်ယုရှင်းကို ပြောလိုက်သည်။

အားလုံး ဆွံ့အသွားကာ သူ၏သဘာဝကို ပြန်မှတ်မိသွားသည်။ သူဤအလောင်းများကို ဘာအတွက်ကြောင့် သိမ်းထားမည်ကို သိလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ပြောစရာစကားကင်းမဲ့သွားသည်။

“ငါ နင့်ကိုသတ်မယ်..” မြွေယာ့ခ်ရှာ ဟစ်ကြွေးလိုက်သည်။

“ငါသာ သွားခွင့်ရရင် ငါသူ့ကို သေချာပေါက် သတ်ပစ်မယ်..” အဖြူရောင်ဝတ်စုံနှင့် ဘုရင်မှ ပြောလိုက်သည်။ သူသည် အလွန်စွမ်းအားကြီးကာ ထိုနေရာတွင် ရပ်နေသည်။ သူ၏ဘေးပတ်လည်ရှိ လေဟာနယ်ပျက်စီးသွားကာ အချို့လူများ သူ့အား ကြောက်နေကြရသည်ပင်။

“ငါတို့ကို ခြိမ်းခြောက်ပြီး အထင်သေးရဲတဲ့သူ မရှိခဲ့ဖူးဘူး .. ဒီလူကို သတ်ပစ်လိုက်..” အခြားတစ်ယောက်မှ ပြောလိုက်သည်။

“နောက်တစ်ယောက်..” ရှီဟောင် အခြားစကားများမပြောပဲ ဤစကားသာ ပြောလိုက်သည်။ သူ၏အသံမှာ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။

ဤသည်မှာ တစ်ဖက်လောကမှ သက်ရှိများ၏အမူအရာများကို ပြောင်းလဲသွားစေသည်ပင်။ ထိုလူငယ်ဘုရင်လေးများ၏ မျက်ဝန်းမှ စူးရှသည့်အလင်းများ ထွက်ပေါ်လာကာ အချို့သူများ၏ ဆံပင်များ လွင့်ပျံသွားလေသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများအတွက်မူ သူတို့သည် ဂျင်ဆင်းစားလိုက်ရသကဲ့သို့ အလွန်သက်တောင့်သက်တာဖြစ်သွားသည်။

အစမှ ယခုအချိန်ထိ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူများသာ ဆက်တိုက်ရှုံးနိမ့်နေပြီး တစ်ယောက်ပြီးတစ်ယောက် သေခဲ့ရသည်။

ယခု ရှီဟောင် နှစ်ပွဲဆက်တိုက်အနိုင်ယူလိုက်သောကြောင့် အရာအားလုံး ပြောင်းလဲသွားကာ သူတို့၏ ညှို့မှိုင်းမှုများ ပျောက်ကွယ်သွားပြီး‌ သွေးများဆူပွက်လာသည်။

“ဟွမ် .. မင်းသူတို့ကို ကောင်းကောင်းသတ်လိုက်နိုင်တယ် .. မင်းက အရှုံးမရှိတဲ့သူ .. သူတို့အားလုံးကိုသတ် .. သေသွားတဲ့သူတွေအတွက် လက်စားချေပေး..”

..

ရှီဟောင် အရှေ့ဘက်သို့ စိုက်ကြည့်လိုက်၏။ သူအသတ်ချင်ဆုံးသူများမှာ မြွေယာ့ခ်ရှာ၊ ရွှေရောင်နတ်ဆိုးငှက်နှင့် ငွေရောင်ဆံပင်နှင့်အမျိုးသမီးပင်။

သူနှစ်ပွဲဆက်တိုက် အနိုင်ရရှိထားသော်လည်း ထိုနေရာ၌ ရပ်နေဆဲပင်။

“ဘယ်သူမှ ငါတို့ရှေ့မှာ ဒီလိုမျိုးမလုပ်ရဲဘူး .. သူ့လည်ပင်းကိုဖြတ်ပြီးသတ်ပစ်လိုက်..”

ထိုအဖြူရောင်ဝတ်စုံနှင့် လူငယ်လေးမှ နောက်တစ်ကြိမ် ပြောလာသည်။ သူသည် အလွန်အရပ်ရှည်ကာ သူထိုသို့ပြောလိုက်သည်နှင့် သူ့ဘေးပတ်လည်ရှိလူများ ခေါင်းညိမ့်ကာ ထောက်ခံလာသည်။

ထိုအချိန်တွင် ထာဝရလိပ်ခွံအပိုင်းအစ တောက်ပလာကာ ရှီဟောင်၏ပြိုင်ဘက်ကို ရွေးချယ်ပေးလာသည်။

အမ်..

အားလုံး ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုအပိုင်းအစသည် ထိုအဖြူရောင်ဝတ်စုံနှင့်လူငယ်လေးရှေ့သို့ ရောက်သွားခြင်းပ်င။

လူများစွာ သူ့အားကြည့်လာကာ အံ့အားသင့်သည့်အမူအရာဖြစ်သွားသည်။ သူ ဟွမ်နဲ့တိုက်ခိုက်ဖို့ တကယ်အခွင့်အရေး ရလိုက်တာပဲ..

“ကောင်းတယ် .. ကံတရားက ငါ့ဘက်မှာရှိနေတာပဲ .. ငါပြောလိုက်တာနဲ့ ငါ့ဆန္ဒကို ဖြည့်ဆည်းပေးတယ် .. ကောင်းကင်တောင်မှ ငါ့ကို အသိအမှတ်ပြုပေးတယ် .. သူက ဒီလူကို ဖိနှိပ်ပြီးတော့ သတ်ခိုင်းစေချင်နေတာပဲ..” အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေး အကြင်နာကင်းမဲ့စွာ ပြောလိုက်သည်။

ထို့နောက် ခြေလှမ်းကျယ်ကြီးများဖြင့် ထိုနေရာမှ ထွက်လာလေ၏။ သူ့တစ်ကိုယ်လုံး တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်နေသည်မှာ စစ်နတ်ဘုရားတစ်ပါး ပြန်လည်ရှင်သန်လာသကဲ့သို့ပင်။

“သူ့ကိုသတ်..”

ဤလူ လှုပ်ရှားလိုက်သည်နှင့် သူတို့ဘက်မှ လူငယ်အချို့ အော်ဟစ်လိုက်ကြသည်။ ရှီဟောင်အား စွမ်းအားအကြီးဆုံးနည်းလမ်းဖြင့် တိုက်ခိုက်ပြီး ပြိုင်ဘက်ကင်းသည့်ခွန်အားကို ပြသရန် ပြောလိုက်သည်။

ရှီဟောင် ဤလူ လျှောက်လာသည်ကို တည်ငြိမ်စွာပင် ကြည့်လိုက်သည်။

ဤလူငယ်လေးတွင် ဖုန်မှုန့်တစ်မှုန်မှပင် မရှိ။ သူ၏ခြေအိတ်ပင်လျှင် ဖြူဖွေးနေသည်။ သူသည် အလွန်လှပသည့်အမျိုးသားတစ်ဦးဟု ပြော၍ရသည်ပင်။

သူလမ်းလျှောက်လာသည်နှင့် သူ၏ခြေထောက်အောက်ရှိ မြေကြီးများ ပက်ကြားအက်သွားကာ တောင်များလည်း ပြိုကျသွားသည်။ ကျောက်တုံးကြီးများလွင့်ထွက်သွားကာ တိမ်များလည်း လွင့်စင်သွားသည်။

သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် အလွန်တောက်ပသည့် နတ်စက်ကွင်းတစ်ခု ရှိနေသည််။

“ငါနဲ့တွေ့တာ မင်းကံဆိုးတာပဲ .. ငါ မင်းကို သေခွင့်ပေးမယ်..” ထိုလူငယ်လေး ရှီဟောင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

ရွှီး..

ထိုလူငယ်လေးနှင့် သက်ဆိုင်သည့် လိပ်ခွံအပိုင်းအစ ရုတ်တရက်တောက်ပလာကာ သင်္ကေတအချို့ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်နှင့်သက်ဆိုင်သည့် လိပ်ခွံအပိုင်းအစလည်း တုန်ခါလာကာ ထူးဆန်းသည့်သင်္ကေတအချို့ ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုသင်္ကေတများမှာ တစ်ခဏအတွင်း ပြန်လည်ပျောက်ကွယ်သွားလေသည်။

“ဒါက ဘာပြောချင်တာလဲ..” ရှီဟောင် ရှုပ်ထွေးသွားသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို သူပထမဆုံးကြုံဖူးခြင်းပင်။

“အဲဒီစာလုံးတွေက ပြိုင်ဘက်ကင်းသက်ရှိတစ်ယောက်ရဲ့ မျိုးရိုးနာမည်..” တစ်ဖက်မှ လူအချို့ ထိတ်လန့်တကြား ပြောလိုက်သည်။

ဘာလို့ ဒီလိုမျိုးပေါ်လာတာလဲ..

လူငယ်အချို့ စိတ်ထဲ၌ တုန်လှုပ်သွားသွာ အားလုံး အလွန်ရှုပ်ထွေးသွားရသည်။

“ကျန်းဖုန်းအမေက ပြိုင်ဘက်ကင်းသက်ရှိရဲ့မျိုးဆက် .. ကျန်းဖုန်းရဲ့ခန္ဓာကိုယ်ထဲမှာ အဲဒီကလန်ရဲ့ သွေးအစစ်တစ်ချို့ ရှိနေတယ်..” ထိုအချိန်တွင် တစ်ဖက်လောက၏ အကြီးအကဲမှ ပြောလိုက်သည်။

အဖြူရောင်အဝတ်အစားနှင့် လူငယ်လေးနာမည်မှာ ကျန်းဖုန်းဖြစ်ပြီး သူ၏အမေမှာ အလွန်ကြောက်စရာကောင်းသည့် မိသားစုတစ်စုမှပင်။ သူတို့ဘက်မှ ကျွမ်းကျင်သူများပင် သူတို့အကြောင်း လက်လွတ်စပယ်မပြောရဲကြ။

အားလုံး တုန်လှုပ်သွားရ၏။ ဒါက ကျန်းဖုန်းခန္ဓာကိုယ်ထဲက သွေးအစစ်ကြောင့် ဖြစ်တာလား..

“အတိအကျပြောရရင် ကျန်းဖုန်း အမေဖက်က အဘွားမိသားစုဘက်ကသွေး .. အဲဒါကြောင့်မို့လို့ သူ့မှာ အဲဒီမိသားစုရဲ့ သွေးအစစ်ရဲ့ လေးပုံတစ်ပုံရှိနေတာ..” တစ်စုံတစ်ယောက်မှသက်ပြင်းချ၍ ပြောလိုက်သည်။

အခြားသူများမပြောနှင့် ရန်သူကို သတ်ဖြတ်ရန်သာ တွေးနေသည့် ရှီဟောင်ပင် ဆွံ့အသွားရသည်။ အဲဒါက ဘယ်လိုမိသားစုမျိုးလဲ .. တစ်ဖက်လောက သက်ရှိတွေတောင်မှ သူတို့ကို အဲဒီလောက်အလေးထားတာလား..

တစ်ချိန်တည်းမှာပင် ရှီဟောင်၏စိတ်တုန်ယင်သွားရသည်။ သူ၏လိပ်ခွံအပိုင်းအစတွင် ဤမိသားစုနာမည်ပေါ်လာခြင်းမှာ နောင်တွင် သူဤမိသားစုနှင့် ဆက်ဆံရမည်ဟု ဆိုလိုခြင်းလား..

အဘယ်ကြောင့်ဆိုသော် ထာဝရလိပ်ခွံအပိုင်းအစသည် ကံစပ်သည့်သူများကိုသာ စစ်မြေပြင်၌ တွဲဖက်အဖြစ် ရွေးချယ်ပေးခြင်းပင်။ ထိုထဲတွင် ‘ကလန်၏ကံတရားများ’လည်း ပါဝင်မည်ပင်။

“မင်းရဲ့ဇစ်မြစ်က သာမန်မဟုတ်ဘူးထင်တယ် .. မင်းက အရေးကြီးတဲ့သူတစ်ယောက်ယောက်လား..” ရှီဟောင် ဒဲ့တိုးပင် မေးလိုက်သည်။

“ငါ့မှာ အန်းလန်ကလန်သွေးအစစ်ရဲ့ လေးပုံတစ်ပုံရှိတယ်” ကျန်းဖုန်း အလွန်အေးစက်စွာ ပြောလိုက်သည်။

ဤလူမှာ မောက်မာသည့်သူဖြစ်ကြောင်း အားလုံးမြင်နိုင်သည်ပင်။ သူ၏မိသားစုနာမည်ဖြစ်သည့် အန်းလန်အား ပြောသည့်အချိန်တွင် သူ၏မျက်လုံးထဲ၌ တောက်ပသည့်အလင်းတန်းတစ်ခု တောက်ပသွားသည်ပင်။

“သွေးရဲ့ လေးပုံတစ်ပုံရှိတာနဲ့ မင်းဒီလိုမျိုးမောက်မာလို့ ရပြီပေါ့…” ရှီဟောင် လှောင်ရယ်လိုက်၏။ သူဤအခြေအနေကို အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။

“ရဲတင်းလိုက်တာ..” ကျန်းဖုန်းသာမက အနောက်ဘက်မှ အခြားသူများလည်း ရှီဟောင်အား ကျယ်လောင်စွာ အော်ဟစ်လာသည်။

ဤမိသားစုနာမည်တွင် အလွန်ထူးခြားသည့်ခွန်အားရှိနေသည်မှာ သေချာသည်။ ထို့ကြောင့်သာ စွမ်းအားကြီးသည့်ကလန်များ ဒေါသထွက်လာခြင်းပင်။

“အန်းလန်ကလန်က အဲဒီလောက်တောင် ထူးခြားတာလား .. အဲဒီလောက် အင်အားကြီးလို့လား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် သူ့စိတ်ထဲ တုန်လှုပ်သွားရသည်။ သူ အန်းလန်မိသားစုနာမည်အား ပြောလိုက်သည့်အချိန်တွင် ကောင်းကင်၌ ထိတ်လန့်စရာကောင်းလောက်သည့် သတ်ဖြတ်လိုသည့်စွမ်းအင်များ ပြည့်နှက်သွားသည်။

ဤသည်မှာ ရှီဟောင်အား ဆွံ့အသွားစေသည်။ သူ၏မျက်လုံးများ ပြူးကျယ်လာကာ ဤသည်ကို လက်မခံနိုင်သလို ခံစားလိုက်ရ၏။

သူလေဟာနယ်ထဲသို့ မော့ကြည့်လိုက်သည့်အချိန်တွင် ထိုနေရာ၌ သက်ရှိအားလုံးကို ထိုးဖောက်နိုင်လောက်သည့် ရွှေရောင်လှံတံတစ်ချောင်းရှိနေသည်။ ထိုလှံတံသည် အလင်းတန်းအနည်းငယ် ထုတ်လွှတ်နေကာ ယုတ်မာသော သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်မျိုး ရှိနေသည်။

မိသားစုနာမည်ပြောလိုက်ရုံဖြင့် ဤကဲ့သို့သော ပုံမှန်မဟုတ်သည့်မြင်ကွင်း ဖြစ်ပေါ်လာခြင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။

အခြားသက်ရှိမှ ဤမိသားစုနာမည်ကို ပြောလိုက်တိုင်း ဤကဲ့သို့သောမြင်ကွင်းမျိုးဖြစ်ပေါ်လာလိမ့်မည်ဟု သူခံစားလိုက်ရသည်။

“နာမည်အစစ်ရဲ့စွမ်းအား .. အဲဒီသက်ရှိက အသက်ရှင်နေတုန်းပဲ .. သူက ကောင်းကင်ကနေ စီးမိုးပြီးကြည့်နေတာ..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။ သူ၏အမူအရာမှာ အလွန်လေးနက်နေသည်ပင်။

“အဲဒါ ဘယ်သူလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်၏။

“အဲဒါက မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ကင်းသက်ရှိတစ်ယောက် .. သူ့မိသားစုနာမည်ပြောလိုက်တာက သူ့နာမည်ခေါ်လိုက်တာနဲ့အတူတူပဲ .. အဲဒီအချိန်ကျရင် သူ့လက်နက်နဲ့ သူ့ရဲ့စွမ်းအားတစ်ချို့ကို မြင်ရလိမ့်မယ်..” အကြီးအကဲအရှင်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

ထိုအချိန်တွင်တော့ အန်းလန်မျိုးရိုးနာမည်မှာ သာမန်မဟုတ်ကြောင်း ရှီဟောင်နားလည်သွားလေပြီ။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

သို့သော် သူ ထိုနာမည်အားပြောနေသည့်အချိန်တွင် ထိုမျှ အလေးထားနေခြင်းမဟုတ်။ သူသည် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးအားကြည့်ကာ “သွေးအစစ် လေးပုံတစ်ပုံပဲရှိတာ .. အဲဒီလောက် စိတ်ကြီးဝင်နေဖို့ လိုလို့လား..”

တစ်ဖက်လောကမှ သက်ရှိများ တိတ်ဆိတ်သွားကာ သူ့အား အေးစက်သည့်အမူအရာများဖြင့် ကြည့်လာသည်။

အန်းလန်မိသားစုနာမည်နှင့် လူအနည်းငယ်သာ ရှိသည်။ ထို့ကြောင့်လည်း ဤဝတ်စုံဖြူနှင့်လူ သွေးမျိုးဆက် လေးပုံတစ်ပုံရှိနေခြင်းပင်။

အန်းလန်မိသားစုနေထိုင်သည့် ရှေဂဟောင်းမြေတွင် ကလေးတစ်ယောက် ထွက်မလာသည်မှာ နှစ်ပေါင်းမည်မျှပင် ရှိနေပြီဖြစ်သနည်း..

“မင်း မသိနားမလည်လို့ ဒီလိုမျိုးပြောနေတာ .. ဒီမိသားစုနာမည်ရဲ့စွမ်းအားကို မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး .. မင်း ဒီလိုပြောလိုက်တဲ့အတွက် ပြန်ပေးဆပ်ရမယ်..” ကျန်းဖုန်း အေးစက်စွာ ပြောလိုက်သည်။

“အန်းလန်..” ရှီဟောင် သူ့ကိုယ်သူ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ ရွှေရောင်လှံတံ နောက်တစ်ကြိမ် ပေါ်လာပြီး ပုံမှန်မဟုတ်သည့် မြင်ကွင်းနောက်တစ်ကြိမ် ပြန်ဖြစ်လာသည်။

ဤလက်နက်မှာ ကြောက်စရာကောင်းလွန်းလှသလို ရှီဟောင်ကို တုန်လှုပ်သွားစေသည်ပင်။ ဤလှံတံမှာ သူယခင်က မြင်ဖူးခဲ့သကဲ့သို့ အလွန်ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။

အမ်.. ခဏကြာပြီးနောက် သူမည်သည့်နေရာ၌ မြင်ဖူးခဲ့မှန်း မှတ်မိသွားသည်။

သူ ကောင်းကင်နတ်ဘုရားကျောင်း၏ မြေအောက်လှိုဏ်ဂူထဲတွင် ပုရွက်ဆိတ်လေး၏ ဖခင်ချန်ထားခဲ့သည့် တံဆိပ်ကို တွေ့ခဲ့စဉ်အခါက ထိုလူလတ်ပိုင်းအမျိုးသား မသေမီက မြင်ကွင်းအချို့ကို သူမြင်ခဲ့ရသည်ပင်။

ထိုအချိန်က ပြိုင်ဘက်ကင်းနတ်ခွန်အားရှိသည့် ထိုလူသည် ပြိုင်ဘက်ကင်းသည့်သက်ရှိများနှင့် တိုက်ခိုက်ကာ ဒဏ်ရာရရှိခဲ့သည်။

ရှီဟောင် စိတ်ထဲ၌ စွဲထင်နေသည်မှာ နောက်ဆုံးတစ်ချက်တွင် အာကာသထဲမှ ရွှေရောင်လှံရှည်တစ်ခု ကျရောက်လာကာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားခြင်းပင်။

“ဒီလှံရှည်က .. အဲဒီလှံရှည်ပဲ..” ရှီဟောင်၏အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။

“အန်းလန်ကလန်က ဒီလိုစော်ကားမှုမျိုးကို သည်းခံနေမှာမဟုတ်ဘူး .. မင်းရဲ့မလေးစားတဲ့စိတ်ဓာတ်ကို သွေးနဲ့ပြန်ပေးဆပ်ရမယ် .. မင်း အပြစ်ကျေအောင် လုပ်ရမယ်..” ကျန်းဖုန်း အော်ဟစ်လိုက်သည်။

မိသားစုနာမည်ပြောရုံဖြင့် နာမည်အစစ်၏စွမ်းအားကို လှုံ့ဆော်နိုင်သည်မှာ မည်မျှပင် ကြောက်စရာကောင်းလှသနည်း.. ဤသည်မှာ တစ်ဖက်လောကမှ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ၏ စွမ်းအားပင်။

ထာဝရအရည်ဖျော်ခြင်းအိုး၏ပိုင်ရှင်သည်လည်း ဤစွမ်းအားအဆင့်ရှိသည့်သူဟု ပြောကြသည်။

“မင်းလိုမျိုး သွေးအစစ် လေးပုံတစ်ပုံရှိတဲ့ မင်းမပြောနဲ့ သန့်စင်တဲ့သွေးရှိတဲ့သူလာရင်တောင် သေချာပေါက် ငါ့လက်မှာ သေမှာပဲ” ဤသည်မှာ ရှီဟောင် ပြန်ပြောလိုက်သည့်စကားပင်။

“အရှက်မရှိ မျက်နှာပြောင်တိုက်တဲ့ကောင်..” ကျန်းဖုန်း ကြိမ်းမောင်းလိုက်သည်။ ‘သန့်စင်သည့်သွေး’ ဟုပြောလိုက်သည်မှာ သူ့အား သွေးနှောဟု လှောင်ပြောင်လိုက်ခြင်းမလား..
အပိုင်း ၁၅၃၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၃ – သွေးအစစ် ကျရှုံးခြင်း

ဝုန်း..

ကျန်းဖုန်း လမ်းလျှောက်ထွက်လာပြီး သူ၏အင်္ကျီမှာ ကောင်းကင်လေနှင့်အတူ လွင့်မျောနေသည်ပင်။ သူ၏အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် များပြားလှသည့်သတ်ဖြတ်လိုသည့်စွမ်းအင်များ ထွက်ပေါ်လာကာ ရှီဟောင်အားသတ်ရန် ကြိုးစားလာ၏။

သူသည် အလွန်မောက်မာသည့်သူပင်။ သူ၏အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် သူ၏အင်္ကျီလက်ထဲ ကြယ်ကောင်းကင်ကြီးရှိနေသကဲ့သို့ ကြယ်များတောက်ပလာသည်။

ဤတိုက်ခိုက်မှုကို ရှီဟောင် ထိပ်တိုက်ပင် ရင်ဆိုင်လိုက်သည်။ သူ၏လက်လှုပ်ရှားလိုက်သည်နှင့် အစိမ်းရောင်ကောင်းကင်ပန် သူ၏အတောင်ပံကိုဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ တက်သွားသကဲ့သို့ပင်။

အမှန်တကယ်လည်း ခွန်ပန်တစ်ကောင် သူ၏အတောင်ပံများကို ဖြန့်ကျက်လိုက်ခြင်းပင်။ သူ၏အတောင်ပံများမှာ ကောင်းကင်ကြီးကို ဖုံးအုပ်သွားလေသည်။ အာကာသထဲသို့ သွားကာ ကြယ်များကို ခြွေချနိုင်သည်အထိ စွမ်းအားကြီးလှသည်ပင်။

ရှီဟောင် ခွန်ပန်ပညာကို အသုံးပြုလိုက်ခြင်းပင်။ ထိုပညာ၏ သဘာဝဥပဒေသများမှာ လေးနက်လှကာ ကြယ်များပါနေသည့် အင်္ကျီလက်ကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်လေ၏။ ဤနေရာတစ်ခုလုံး အလင်းများ ဖုံးလွှမ်းသွားသည်။

“အမ်..” ကျန်းဖုန်း ထိတ်လန့်သွားရ၏။ သူ၏ခွန်အားမှာ သူနှင့် ရွယ်တူများအားလုံးကို အလွယ်တကူ အနိုင်ယူခဲ့သော်လည်း ယခုတော့ စတိုက်ကတည်းက သူ၏အင်္ကျီလက် ပျက်စီးသွားလေပြီ။

လိပ်ပြာများစွာ ပျံသန်းသွားသကဲ့သို့ သူ၏ပျက်စီးသွားသည့်အင်္ကျီလက် အပိုင်းပိုင်းဖြစ်သွားကာ ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။

ကျန်းဖုန်း၏အမူအရာ အေးစက်သွား၏။ သူသည် အလွန်ခန့်ညားသော်လည်း လူသားမဟုတ်။ သို့သော်လည်း သူမည်သူဖြစ်သည်ကို မည်သူမှ မသိကြ။

ယခုအချိန်တွင် သူ၏လက်တစ်ဖက် ပေါ်လာလေပြီ။ ထိုလက်တွင် ရွှေရောင်ဆူးချွန်ပုံများရှိနေ၏။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေပြီး ရှီဟောင်ပင် စိတ်ထဲမှ တုန်လှုက်သွားရသည်။ သူပိုပြီး သတိကြီးကြီးဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းဖုန်းတွင် အန်းလန်ကလန်၏ သွေးအစစ် လေးပုံတစ်ပုံရှိနေသောကြောင့် သူ့ထံတွင် ထူးဆန်းသည့်စွမ်းအားများ ရှိနေမည်ပင်။

“အန်းလန်ကလန်ကို ဒီလိုမျိုး မလေးမစားလုပ်ရင် မင်းပြန်ပေးဆပ်ရမယ်..” ကျန်းဖုန်း အေးစက်စွာ အော်ဟစ်လိုက်ပြီး တစ်လှမ်းချင်း လျှောက်လာသည်။ သူ၏ဘေးပတ်လည်ရှိ လေဟာနယ်ပျက်ယွင်းလာကာ အလွန်စူးရှသည့်အလင်းများ တောက်ပလာသည်။

ချွမ်း..

သေချာပါသည်။ ထိုအလင်းများသည် ရွှေရောင်လက်နက်များအဖြစ်သို့ ပြောင်းလဲသွားကြလေ၏။ ထိုအလင်းများအားလုံး လှံရှည်များအဖြစ်သို့ ပြောင်းလဲသွားကာ သတ်ဖြတ်လိုသည့်စွမ်းအင်များလည်း ထွက်ပေါ်လာသည်။

ရွှေရောင်လှံတံများမှာ ထောင်ပေါင်းမည်မျှရှိနေပြီမှန်းပင် မသိရ။

ယခုအချိန်တွင် ထိုလှံရှည်များအားလုံး အနည်းငယ် တုန်ယင်ကာ နားစူးလှသည့် သတ္တုသံများ ထွက်ပေါ်လာ၏။ ထိုလှံများအားလုံး ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။

သို့သော် ရှီဟောင်သည် အနည်းငယ်မျ ကြောက်ရွံ့ခြင်းမရှိပေ။ ထိုအစား အေးစက်စွာ ရယ်မောလိုက်ကာ “မင်းပါးစပ်ဟလိုက်တိုင်း အန်းလန်ကလန်အကြောင်း ပြောနေတာ .. မင်းကိုယ်မင်း အဲဒီကလန်သားများ ထင်နေတာလား .. မင်းရဲ့ မျိုးရိုးနာမည်က အန်းလန်တောင်မဟုတ်ဘူး .. အဲဒါကို မင်းက ဘာတွေများ ဂုဏ်ယူနေတာလဲ .. မင်းကဘာတွေများ စိတ်ကြီးဝင်နေတာလဲ .. မင်းကိုယ်မင်း အဖိုးတန်တယ်လို့ ထင်နေတာလား..”

“မင်းက ငါ့ကို ဒီလိုမျိုးပြောရဲတယ်.. အန်းလန်ကလန်ရဲ့စွမ်းအားက အမြဲတမ်းရှိနေမှာ .. မင်းဒီလိုပြောတဲ့အတွက် အသေဆိုးနဲ့သေရမယ်..” ကျန်းဖုန်း အော်ဟစ်လိုက်ကာ သူ၏ချောမောသည့်မျက်နှာလည်း မည်းမှောင်နေလေပြီ။

“မင်းက တစ်ခြားသူရဲ့နာမည်အောက်မှာ နေနေပြီးတော့ ကလန်ဘိုးဘေးရဲ့ ပြိုင်ဘက်ကင်းတဲ့ခွန်အားတွေကို မျှော်ကြည့်နေတယ် .. ငါမေးပါရစေဦး .. မင်းမှာ ဘာတွေရှိလဲ… ကျွမ်းကျင်သူအစစ်ဆိုတာ သူကိုယ်တိုင် ကလန်တစ်ခု တည်ထောင်နိုင်တယ် .. အန်းလန်နဲ့ယှဉ်နိုင်တဲ့ ကလန်တစ်ခု တည်ထောင်နိုင်ရမယ် .. မင်းကတော့ .. မလုံလောက်သေးဘူး..” ရှီ‌ဟောင် အေးစက်စွာ ပြောပြီး စတင်တိုက်ခိုက်လိုက်သည်။

ချွမ်း..

ကျန်းဖုန်း ဒေါသထွက်သွားသည်။ သူ၏ဘေးပတ်လည်မှ လှံရှည်ပေါင်း ထောင်ပေါင်းများစွာမှာ ရွှေရောင်နတ်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရှီဟောင်ထံသို့ ဦးတည်သွားသည်။

ဤကဲ့သို့သော မြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။

ဤသည်မှာ သာမန်လက်နက်မဟုတ်။ ဘိုးဘေးပညာများကို ပုံဖော်ထားသည့်လက်နက်ပင်ဖြစ်သည်။

ပညာတစ်ခုကို ပြိုင်ဘက်ကင်းသည့် ဘိုးဘေးတစ်ယောက် ဖန်တီးခဲ့ပါက ထိုမျိုးဆက်၏ နောက်ပိုင်းမျိုးဆက်များတွင် ထိုပညာပို၍ စွမ်းအားကြီးလာမည်ပင်။

ဟူး..

ရှီဟောင် ပါးစပ်ဟလိုက်ပြီး ကြယ်စမ်းချောင်းတစ်ခုကို ထွေးထုတ်လိုက်သည်။ သေချာကြည့်ပါက ဤသည်မှာ အဆုံးမရှိသည့် လျှပ်စီးများဖြစ်ကြောင်း တွေ့ရလိမ့်မည်။ သူသည် လျှပ်စီးဧကရာဇ်အဖိုးတန်ပညာဖြင့် တိုက်ခိုက်လိုက်ခြင်းပင်။

ရွှေရောင်လှံတံများ တုန်ခါလာကာ အများစုမှာ ထိုနေရာတွင်ပင် ပေါက်ကွဲသွားလေ၏။

သို့သော်လည်း ထိုးဖောက်လာသည့် လှံတံများစွာ ရှိနေသေးသည်ပင်။

ဝုန်း..

ရှီဟောင်၏ တစ်ခုတည်းသော ကောင်းကင်လမ်းကြောင်း ပေါ်လာသည်။ ရွှေရောင်လှံတံများသည် ထိုကောင်းကင်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားကာ လျင်မြန်စွာကျုံ့ဝင်သွားလေသည်။

“ကောင်းတယ်..”

“သူ့ကိုသတ်..”

တစ်ဖက်လောကမှ လူငယ်ဘုရင်များအော်ဟစ်လိုက်ကြသည်။ ဤမြင်ကွင်းကိုမြင်လိုက်သည်နှင့် လူများစွာ၏မျက်နှာထက်၌ အပြုံးများ ပေါ်လာသည်။

သို့သော်လည်း ကျယ်လောင်လှသည့်အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာကာ အံ့အားသင့်စရာကောင်းလှသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။ အားလုံးမှာ မျက်လုံးပိတ်လိုက်ကြရသည်။

ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းမှာ အဆုံးစွန်ထိ ကျုံ့သွားကာ ရုတ်တရက်‌ ပေါက်ကွဲထွက်လာခြင်းပင်။

ရွှေရောင်လှံတံများအားလုံး ပျက်စီးသွားလေ၏။

ကျန်းဖုန်း အတော်လေး ထိတ်လန့်သွားရကာ သူ၏နှုတ်ခမ်းထောင့်မှ သွေးစီးကျလာကာ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားလိုက်သည်။ ဒါက အန်းလန်ကလန်ရဲ့ ဘိုးဘေးပညာလေ … သူက ဒါကိုတောင် တားလိုက်နိုင်တာလား..

“အန်းလန်အစစ်ရောက်လာပြီး ငါနဲ့တိုက်ရင်တော့ စိတ်ဝင်စားဖို့ကောင်းမှာ .. မင်းကတော့ .. မလုံလောက်သေးဘူး..” ရှီဟောင် အရှေ့ဘက်သို့ လျှောက်လာလိုက်သည်။

ကျန်းဖုန်းမှာ လုံလောက်အောင် စွမ်းအားကြီးသော်လည်း ရှီဟောင် သူ့အား ဤကဲ့သို့ လှောင်ပြောင်လိုက်သောကြောင့် အန်းလန်သွေးအစစ်ရှိနေသည့် ဤလူငယ်ဘုရင် ဒေါသထွက်သွားရသည်။ သူသည် အော်ဟစ်လိုက်ကာ သူ၏အကောင်းဆုံးစွမ်းအားကို အသုံးပြုပြီး နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

ဖုန်း..

ရှီဟောင် အပေါ်ဘက်သို့ တက်သွားကာ အပေါ်ဘက်မှ ဆင်းလာသည်။

ဤသည်မှာ ဖုန်းကျန်းအား အလေးမထားဘူးဟု ဆိုလိုခြင်းပင်။ သူသည် အပေါ်စီးမှနေ၍ ဤလူငယ်လေးအား ဤကဲ့သို့ ဖိနှိပ်လာသည်ပင်။

“သတ်..”

ဖုန်းကျန်း မှော်တံဆိပ်များ ပြုလုပ်လိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ပြီးတစ်ချက် ထုတ်လွှတ်လာသည်။ ကောင်းကင်ကြီး တစ်ခုလုံး အလင်းတန်းများ ပြည့်နှက်သွားပြီး စွမ်းအားကြီးသည့်လှိုင်းများကဲ့သို့ ရှီဟောင်ထံသို့ ဦးတည်လာသည်။ ဤသည်မှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင် စွမ်းအားကြီးလှသည်။

သို့သော်လည်း ဤသည်မှာ ရှီဟောင်အား မရပ်တန့်စေနိုင်ပေ။ သူသည် လက်သီးချက်နှင့်အတူ အောက်ဘက်သို့ ဆင်းလာနေဆဲပင်။ သူဆင်းလာသည့် လေအရှိန်မှာ ထိုသင်္ကေတများကို တစ်စစီဖြစ်သွားစေသည်ပင်။

ဖုန်း..

ကျန်းဖုန်း စွမ်းအားအကြီးဆုံး လက်ဝါးချက်ကို ထုတ်လွှတ်လိုက်ပြီး ရှီဟောင်၏လက်သီးနှင့် ရင်ဆိုင်လိုက်သည်နှင့် သူတို့နှစ်ဦးကြား ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။

ဖူး..

ဤသည်မှာ ကျန်းဖုန်း၏ ယုံကြည်ချက်အား တိုက်စားသွားသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူ့လက်ကျိုးသွားကာ သွေးများလည်း စီးကျလာသည်။

သူနောက်ဆုတ်သွားကာ သူ့မျက်နှာလည်း အနည်းငယ် ဖြူဖျော့လာ၏။

သူ ဤရိုက်ချက်ကို ရှောင်၍ရသော်လည်း သူမရှောင်ချင်ခဲ့။ အဘယ်ကြောင့်ဆိုသော် သူ၏ပြိုင်ဘက်ကို သတ်ပစ်ချင်သောကြောင့်ပင်။

သို့သော်လည်း ရလဒ်မှာ အလွန်ခါးသီးလှသည်။ သူ၏ခန္ဓာကိုယ်မှာ သူ၏ပြိုင်ဘက်လောက် မသန်မာ။

“သတ်..”

ကျန်းဖုန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သွေးအလင်းများထွက်ပေါ်လာကာ သူ့လက်ပြန်ကောင်းသွားသည်။ သူတို့ကျင့်ကြံဆင့်သို့ ရောက်လျှင် ကျိုးသွားသည့် ခြေလက်များ သူ့အလိုလိုပြန်ကောင်းသွားနိုင်သည်ပင်။ ယခု သူ နတ်ဆေးလုံးတစ်လုံးပင် ထပ်သောက်ထားသေးသည်။

သူနောက်တစ်ကြိမ် ပြေးထွက်သွားလိုက်၏။

ပြင်းထန်လှသည့် တိုက်ပွဲနောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။ ကျန်းဖုန်းသည် အစောပိုင်း၌ ရှီဟောင်၏ တိုက်ခိုက်မှုများကို ထိပ်တိုက်ရင်မဆိုင်တော့ပဲ ရှောင်ရှားလိုက်သည်။

သို့သော်လည်း သူတို့ နောက်တစ်ကြိမ် ပြန်တိုက်ခိုက်ကြသည့်အချိန်တွင်တော့ သူသည် ရှောင်ရှားခြင်းမရှိတော့ပဲ သူ၏ညာလက်ကို ဝေ့ရမ်းကာ ရိုက်ချလိုက်သည်။

ရွီး..

လေထဲ၌ သင်္ကေတများ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး ကြောက်စရာကောင်းသည့်အော်ရာလှိုင်းတစ်ခု၏ လွှမ်းခြုံခြင်းခံလိုက်ရ၏။ ဤသည်မှာ လောကကြီး စတင်ပေါ်ပေါက်လာစဉ်က ရှေးဟောင်းသားရဲကြီး ဤလောကရှိ သက်ရှိများကို သတ်ချင်နေသလိုပင်။

ဤသင်္ကေတများမှာ ကျန်းဖုန်း၏လက်မောင်းပေါ်တွင်ရှိနေသည့် သင်္ကေတများပင်။ သူ၏လက်မောင်းပေါ်ရှိ ဆူးချွန်ပုံများမှာ တာအိုသင်္ကေတမျိုးစုံမှ ဖြစ်ပေါ်လာခြင်းပင်။ ယခုအချိန်တွင် ထိုသင်္ကေတများ သူ၏ခန္ဓာကိုယ်မှ ထွက်လာကာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ရှီဟောင်ထံသို့ ဦးတည်လာသည်။

ဤသည်မှာ ရှောင်၍မရနိုင်လောက်အောင် လျင်မြန်လွန်းလှသည်။

ထို့အပြင် ဤကဲ့သို့သော စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။ ဘေးပတ်လည်ရှိ အခြားသူများ၏ လက်နက်များမှ အသံများ ထွက်ပေါ်လာကာ ဦးညွှတ်ချင်နေသကဲ့သို့ တုန်ယင်လာသည်။

ကျန်းဖုန်း သူ၏လက်မောင်းပေါ်တွင်ရှိနေသည့် ပုံများဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်တော့မည်။

“အန်းလန်ကလန်က လူတိုင်းရဲ့ လက်မောင်းမှာ ရွှေရောင်ဆူးချွန်ပုံရှိတယ် .. ဒါက သဘာဝပုံတွေ .. သွေးမျိုးဆက်သန့်ရှင်းလေ စွမ်းအားကြီးလေ..” ထိုအချိန်တွင် တစ်ဖက်လောကမှ အကြီးအကဲ ပြောလိုက်သည်။

အခြေအနေမှာ အလွန်အန္တရာယ်များနေလေပြီ။

ရှီဟောင် နောက်တွင်ရှိနေသည့်လူများ ထိတ်လန့်တကြား အော်ဟစ်လာကာ သူတို့အမူအရာများ ဖြူဖျော့နေကြလေပြီ။ သူတို့ ခက်ခက်ခဲခဲရထားတဲ့ အောင်မြင်မှုက ဒီမှာပဲ အဆုံးသတ်တော့မှာလား .. ရှီဟောင်သာ ဤနေရာ၌ သေသွားလျှင် သူတို့ဆုံးရှုံးမှု ကြီးမားမည်ဖြစ်ပြီး အားလုံး၏ စိတ်ဓာတ်လည်း ရိုက်ချိုးခံရလိမ့်မည်။

ယခုအချိန်တွင် ရှီဟောင် စိတ်လေးလံလာသည်။ တစ်ဖက်လောက၏ ဘိုးဘေးပညာမှာ ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု သူမထင်ထားခဲ့။ ဤအရာများမှာ ကျန်းဖုန်းပိုင်ဆိုင်ထားသည့် အန်းလန်ကလန်၏သွေးများကြောင့်ပင်။

ရှီဟောင် အခြားအဖိုးတန်ပညာများကို အသုံးမပြု။ ယခုအချိန်တွင် သူ့စိတ်ထဲ၌ စကားလုံးနှစ်လုံးသာ ပေါ်လာသည်။ မပျက်စီးနိုင်တဲ့ကျမ်းစာ..

သူ အလွန်ရဲတင်းနေသည်။ တည်တည်ငြိမ်ငြိမ်ဖြင့် အနိုင်မလိုချင်ပဲ မပျက်စီးနိုင်သည့်ကျမ်းစာ၏ရလဒ်ကို သိချင်နေသည်။

ဤနေ့ရက်များတွင် သူ ဤကျမ်းစာများကိုတစ်ချိန်လုံး လေ့လာနေခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှု အနည်းငယ် ရထားပြီးလေပြီ။ အထူးသဖြင့် ဤပညာကို သူ၏လက်၌ အသုံးပြုလိုက်သည့်အချိန်တွင် အလွန်အံ့အားသင့်စရာကောင်းလှသည်။ သူ၏လက် မဖြတ်ကျော်နိုင်သည့်အရာမရှိ။

မပျက်စီးနိုင်သည့် ကျမ်းစာ၏ အဓိပ္ပာယ်အစစ်မှာ ရှီဟောင်၏လက်များ၌ ပေါ်လာလေပြီ။ သင်္ကေတများ ကောင်းကင်ထက်သို့ တက်သွားကာ လက်များမှာ နောက်ထပ်မတောက်ပနိုင်တော့လောက်အောင်ထိ တောက်ပလာသည်။

ချွမ်း..

အားလုံး ဆွံ့အသွားကာ သူတို့မျက်လုံးကို မယုံကြည်နိုင်ဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းဖုန်း၏လက်မောင်းမှ ဆူးချွန်ပုံများမှာ ရှီဟောင်၏ ဆုတ်ကိုင်ခြင်းခံလိုက်ရသည်။

“မြန်လိုက်တာ .. ဒါက ရှောင်ဖို့ အရမ်းခက်မှာ .. သူက လက်ဗလာနဲ့ ဆုတ်ကိုင်လိုက်တာ…” လူများစွာ အေးခဲသွားရသည်။

ပို၍ကြောက်စရာကောင်းသည်မှာ ရှီဟောင်၏လက်ချောင်းများကို ထိုးဖောက်သွားသည့် လှံတံများသည် ရှီဟောင်၏လက်ကို မထိုးဖောက်ပဲ တချွမ်းချွမ်းအသံများသာ ထွက်ပေါ်လာသည်။

ဝုန်း..

ရွှေရောင်လှံတံများ ကြီးမားလာကာ ပြိုင်ဘက်ကင်းသည့်စွမ်းအားကို ထုတ်လွှတ်လာသည်။

ကြောက်စရာကောင်းသည်မှာ ရှီဟောင်၏လက်များလည်း ထာဝရရွှေကဲ့သို့ အံ့အားသင့်စရာ ကောင်းလှသည်ပင်။ ထိုလက်များသည့် ရွှေရောင်လှံတံများကို ဆုတ်ကိုင်ထားကာ သူတို့ဘယ်လောက်ရုန်းရုန်း ရုန်းမရဖြစ်နေလေသည်။

ခွပ်..

နောက်ဆုံးတွင် ထိုရွှေရောင်လှံတံကြီး စတင်အက်ကွဲလာသည်။

ထို့နောက် ဖုန်းဟူသည့်အသံနှင့်အတူ ရွှေရောင်လှံရှည်ကြီးမှာ ရှီဟောင်ကြောင့် တစ်စစီဖြစ်သွားသည်။

အား… ကျန်းဖုန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏အသားအရေလည်း အလွန်ဖြူဖျော့နေလေပြီ။ သူ၏လက်မောင်းပေါ်တွင်ရှိနေသည့် ရွှေရောင်ဆူးချွန်ပုံလည်း ပျောက်သွားကာ သူ၏သွေးအစစ် ဖျက်ဆီးခံလိုက်ရလေသည်။

ရှီဟောင် ရပ်တန့်ခြင်းမရှိပဲ ဆက်လက်တိုက်ခိုက်လိုက်သည်။ သူ၏လက်တွင် မပျက်စီးနိုင်သည့်ကျမ်းစာသင်္ကေတများ ထွက်ပေါ်လာပြီး ကျန်းဖုန်းအား မရပ်မနားရိုက်လိုက်သည်။

ဖုန်း..

ကျန်းဖုန်း သူ့ကို မျက်နှာချင်းဆိုင် မတိုက်ချင်သော်လည်း သူ့ထံတွင် ရွေးချယ်စရာမရှိ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ လျင်မြန်လွန်းလှသောကြောင့် သူ မရှောင်နိုင်တော့။

ထိုရိုက်ချက်မှာ ကျန်းဖုန်းကို လက်မောင်းကိုထိသွားသည်။ သွေးမြူများ ဖြစ်ပေါ်လာကာ သူ၏ညာလက်ပျောက်သွားသည်။

ထို့နောက် ရှီဟောင် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ကာ ဆက်တိုက်ရိုက်လိုက်သည်။

ဓားခုတ်ကောင်ကင်းခြေများနှင့် လက် ၁၂ ဘက်ပါသည့်မကောင်းဆိုးဝါးတို့၏ သေဆုံးသည့်မြင်ကွင်း နောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။

ကျန်းဖုန်းလည်း သူတို့ကဲ့သို့ ဖြစ်သွားသည်ပင်။

ဖူး..

ရှီဟောင်၏ ပြိုင်ဘက်ကင်းသည့် လက်သီးခွန်အားအောက်တွင် သူလွင့်ထွက်သွားကာ သူ၏ခန္ဓာကိုယ်လည်း အပိုင်းပိုင်းဖြစ်သွားသည်။ သူသည် အားလုံးရှေ့တွင်ပင် အသတ်ခံလိုက်ရ၏။

ကျန်းဖုန်း သေသွားပြီ..

ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး တစ်ဖက်လောကမှ လူငယ်ဘုရင်များမှာ ဤတစ်ကြိမ်တော့ တကယ်ကို လန့်သွားခြင်းပင်။ အန်းလန်သွေးမျိုးဆက်ရှိသည့် ကျန်းဖုန်းပင် သေဆုံးသွားသောကြောင့် သူတို့ဆွံ့အသွားရသည်။

“ဒါက သွေးအစစ်ရှိတဲ့သူလား .. သူ့ထဲမှာ အန်လန်သွေးအစစ် လေးပုံတစ်ပုံရှိတယ်ဆိုတဲ့သူလား .. သူက ဒီထက်ဘာမှမပိုဘူး..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။

အန်းလန်မျိုးဆက် ဤကဲ့သို့ ဆိုးရွားစွာ သေဆုံးသွားသောကြောင့် အားလုံး စိတ်လေးလံသွားရသည်။

ဤတိုက်ခိုက်မှုကြောင့် နောင်တွင် သူ အန်းလန်ကလန်နှင့် ထိပ်တိုက်တွေ့ရတော့မည်ကို ရှီဟောင် အတည်ပြုလိုက်နိုင်သည်ပင်။ လိပ်ခွံအပိုင်းအစမှ ထိုကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်သွားသည်မှာ အံ့အားသင့်စရာမရှိတော့။ ဤသည်မှာ ကလန်အချို့၏ အနာဂတ်နှင့် သက်ဆိုင်နေသည်ပင်။

“ကျန်းဖုန်း တကယ်‌ သေသွားပြီ..”

တစ်ဖက်လောကမှ ကျင့်ကြံသူများ ယခုမှ အသိပြန်ဝင်သွားကြ၏။ ထို့နောက် လူများစွာ အော်ဟစ်လာကြသည်ပင်။

“နောက်တစ်ယောက်..”

ရှီဟောင်၏ ထူးမခြားနားသည့်အသံမှာ ဤစစ်မြေပြင်တစ်ခုလုံး၌ ပျံ့လွင့်သွားသည်။

အဆင့်လွန်လူငယ်နောက်တစ်ယောက်‌ သေသွားလေပြီ။ ရှီဟောင်က တကယ်ပဲ ဒီအတိုင်းဆက်တိုက်မလို့လား .. အားလုံး ရှီဟောင်ကို ကြည့်လိုက်ကြကာ သူ ဘုရင်အုပ်စုကို တကယ်သတ်တော့မည်ဟု ခံစားလိုက်ရသည်။

အပိုင်း ၁၅၃၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၄ – ပျော်ရွှင်ခြင်းသုံးဆ

ဤတစ်ခေါက် ‘နောက်တစ်ယောက်’မှာ တစ်ဖက်လောကမှ အဆင့်လွန်လူငယ်များအား မတူညီသည့်ခံစားချက်များ ပေးနေသည်ပင်။

ယခင်က ရှီဟောင် ‘နောက်တစ်ယောက်’ ဟု ပြောစဉ်က သူ သေချင်နေသည်ဟုပင် လူများစွာမှ လှောင်ရယ်ခဲ့ကြသည်။

သို့သော် ယခုတော့ သက်ရှိများမှာ ထိတ်လန့်တကြား ဖြစ်နေလေပြီ။ တိုက်ပွဲရလဒ်များမှာ သူတို့မျက်စိရှေ့တွင်ပင်။ အန်းလန်မျိုးဆက်ပင် သတ်ခံလိုက်ရသောကြောင့် မည်သူမှ သူ့ကို အထင်မသေးရဲတော့။

ဤသည်မှာ ဘုရင်အားလုံးကို သတ်ပစ်နိုင်သည့် ကြောက်စရာကောင်းသည့် အဆင့်လွန်လူငယ်လေးပင်။

“မုန်းစရာကောင်းလိုက်တာ .. ဒီပုရွက်ဆိတ်က ကောင်းကင်နဂါးတွေကို မြိုချင်နေတာလား .. အရှုံးသမားတွေရဲ့ မျိုးဆက်ထဲမှာထူးဆန်းတဲ့သူ ပေါ်လာတာလား..” မြွေယာ့ခ်ရှာမှာ ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေပြီး တစ်ဖက်လူအား သေးသိမ်အောင် ပြောလိုက်သည်။

သူမသည် ယခင်က ရှီဟောင်ကို သတ်ချင်နေခဲ့သော်လည်း ယခုတော့ ရှီဟောင်ကို နားလည်လာသည်ဟု ခံစားလိုက်ရသည်။

“သူ့ကို သတ်လိုက်တာကောင်းတယ်..”

“ဘာအန်းလန်သွေးအစစ်လဲ .. ဘာနာမည်အစစ်ရဲ့စွမ်းအားလဲ .. ဘာပြိုင်ဘက်ကင်းမိသားစုလဲ .. ဂျီနီးယပ်စ်လို့ ခေါ်တဲ့သူတွေက ဒီထက်မပိုပါဘူး .. သူလည်း ရှီဟောင်သတ်တာခံလိုက်ရတာပဲမလား..”

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများ ပျော်ရွှင်နေကြသည်ပင်။ သူတို့အားလုံး အော်ဟစ်ကြွေးကြော်နေကြသည်ပင်။ လူငယ်ကျင့်ကြံသူများ၏ မျက်နှာများလည်း တောက်ပနေသည်ပင်။ ဆက်တိုက်အနိုင်ရရှိမှုမှာ သူတို့စိတ်ဓာတ်အား ပြန်လည်တက်ကြွသွားစေသည်ပင်။

အဓိကအကြောင်းရင်းမှာ ယခင်က ရှုံးနိမ့်မှုများ သူတို့အား မွန်းကြပ်စေခဲ့သည်ပင်။ သူရဲကောင်းများ တစ်ယောက်ပြီးတစ်ယောက် ဆိုးရွားစွာ သေဆုံးခဲ့ကြပြီး ဤရှေးဟောင်းစစ်မြေပြင်၌ ကျရှုံးခဲ့ကြရသည်။ ဤသည်မှာ အားလုံး၏စိတ်ဓာတ်အား အတော်လေး ရိုက်ခတ်သွားခဲ့သည်ပင်။

ယခု ရှီဟောင် ထိုနေရာ၌ တစ်ယောက်တည်းရပ်ပြီး တစ်ဖက်လောကမှ သူရဲကောင်းသုံးဦးကို အနိုင်ယူနိုင်သွားလေပြီ။

“နောက်တစ်ယောက်ဟုတ်လား .. ငါတို့လောကက ကျင့်ကြံသူတွေကို ဒီလိုမျိုး အထင်သေးတဲ့သူ ပေါ်မလာတာ နှစ်ပေါင်းများစွာရှိနေပြီ .. ဒီနေ့ မင်းတို့အားလုံး ခေါင်းမထောင်နိုင်လောက်တဲ့အထိ သူက မင်းတို့အားလုံးကို တကယ်သတ်ပစ်မှာ .. မင်းတို့အားလုံး သူ့ကို ကြောက်နေကြပြီလား..

ချောက်နက်ကြီးဘေးမှ အမှောင်ထုထဲတွင် ရပ်နေသည့် ရှေးဟောင်းသက်ရှိရုပ်ကြွင်းမှ ပြောလိုက်သည်။ သူ၏စကားလုံးများမှာ အားလုံးအား တုန်လှုပ်သွားစေသည်ပင်။

သူ ဒေါသထွက်နေခြင်းမဟုတ်သော်လည်း ဤကဲ့သို့သော အေးစက်သည့်စကားလုံးများမှာ သူတို့အား ပို၍ပင် တုန်လှုပ်သွားစေသည်။

လူငယ်ဘုရင်များအားလုံး ရှက်ရွံ့သည့်အမူအရာများဖြစ်သွားကြသည်။ ဤလူသားကျင့်ကြံသူများနှင့် ရင်ဆိုင်သည့်အချိန်တွင် သူတို့ ပြန်ပြောရန်ပင် မေ့သွားခဲ့သည်။ ဤသည်မှာ သူတို့ကို သတ္တိနည်းသည်ဟု တကယ်ထင်သွားစေသည်။

“ဘာကြောက်စရာရှိလို့လဲ .. အရင်ကတည်းက အခုအချိန်ထိ ငါတို့လောကမှာ စွမ်းအားကြီးတဲ့သူရဲ‌ကောင်းတွေ ဘယ်နှယောက် ရှိခဲ့မှန်းတောင် မသိတော့ဘူး .. အဲဒီလူတွေအားလုံးက အတိတ်နဲ့ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့သူတွေ .. သူ့ရဲ့ပညာက အဲဒီသက်ရှိတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး..” တစ်ဖက်လောက လူငယ်ဘုရင်တစ်ယောက်မှ ကျယ်လောင်စွာပြောလိုက်သည်။

“သူ့ကိုသတ် .. သူက ထာဝရရှေးဟောင်းခေတ်က အရှုံးသမားတွေရဲ့ မျိုးဆက်ထက် ဘာမှမပိုဘူး .. သူတို့ရဲ့ ထာဝရသက်ရှိတွေတောင် အသတ်ခံခဲ့ရတာ .. သူတို့ဘိုးဘေးတွေက ငါတို့ခြေထောက်အောက် တွားသွားလျှောက်ရတဲ့အထိ အသတ်ခံခဲ့ရတာ .. မျိုးဆက်တစ်ယောက်အနေနဲ့ သူကဘာမှမဟုတ်ဘူး .. သူ့ရဲ့ဘိုးဘေးတွေကို လုပ်ခဲ့သလိုမျိုး သူ့ကို သတ်လိုက်.. ဒါပဲ..”

ကောင်းကင်ထက်သို့ ကြောက်စရာကောင်းသည့်စွမ်းအင်များ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသည်။ တစ်ဖက်လောကမှ လူငယ်ဘုရင်များမှာ အလွန်မောက်မာနေကြလေ၏။

ထို့အပြင် ထိုအုပ်စုထဲမှာ လူငယ်ဘုရင်နှစ်ယောက်မှာ သိသာထင်ရှားနေသည်။ သူတို့နှစ်ဦးလုံး ဖရိုဖရဲစွမ်းအင်များ ထုတ်လွှတ်နေကာ လူအုပ်ထဲ၌ ကွဲထွက်နေသည်။

ဤနှစ်ယောက်မှာ တစ်ချိန်လုံး ဘာမှမပြောပေ။ သူတို့မျက်လုံးထဲမှ အလင်းများထုတ်လွှတ်နေသည်။ သူတို့၏မျက်လုံးထဲတွင် စကြာဝဠာကြီးမှာ စိတ်ပျက်စရာကောင်းလာပြီး လောကကြီး ပျက်စီးသွားသည့်မြင်ကွင်းများလည်း အချိန်နှင့်အမျှ ထွက်ပေါ်လာသည်။

ဤလူများမှာ ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများပင်။

ရှီဟောင် သူတို့အား တစ်ချက်ကြည့်လိုက်သော်လည်း သူမကြောက်မိ။ သို့သော် ဤလူများ အန္တရာယ်ရှိသည်ကိုတော့ သူသိသည်။ ဤလူများမှာ မယုံကြည်နိုင်လောက်သည့် လူငယ်ရန်သူများ ဖြစ်လာနိုင်သည်။

ထာဝရလိပ်ခွံအပိုင်းအစများမှာ ချက်ချင်းတောက်ပမလာပဲ ရှီဟောင်အား ပြိုင်ဘက်မရွေးပေးသေး။

အဘယ်ကြောင့်ဆိုသော် သူသုံးပွဲဆက်တိုက် နိုင်ထားသောကြောင့် သူပြန်ဆုတ်၍ရသလို သူအားပြန်ပြည့်လာရန်အတွက် နား၍လည်း ရသည်ပင်။

ဤသည်မှာ ယခင်ထာဝရရှေးဟောင်းခေတ် စစ်ပွဲကတည်းက ချမှတ်ထားသည့်စည်းမျဉ်းပင်။

ဤသည်မှာ ထာဝရရှေးဟောင်းခေတ်မှ နောက်ဆုံးတိုက်ပွဲကိုတုပထားသည်ဟု ပြော၍ရသည်။

ယနေ့တိုက်ပွဲမှာ နောက်ဆုံးနေ့ရက်များ၏ လောကကြီးကို တုန်လှုပ်သွားစေနိုင်သည့် စစ်ပွဲလောက် မပြင်းထန်သော်လည်း ဤတိုက်ပွဲကြောင့် ရေရှည်အကျိုးသက်ရောက်မှုများ ရှိလာမည်ပင်။ အနိုင်အရှုံးမှာ ကလန်များ၏ ကံတရားများနှင့် ဆက်စပ်နေမည်ပင်။

တစ်ဖက်လောကမှ ဒေါသတကြီး ပြန်ပြောနေသည့်အချိန် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ အော်ဟစ်ကြွေးကြော်နေကြကာ နှစ်ဘက်လုံး ဆန့်ကျင်ဘက်ဖြစ်နေသည်။ ရှီဟောင် ထိုနှစ်ဘက်ကြားတွင်ရပ်နေကာ သူအားလုံး၏ အာရုံစိုက်ရာဖြစ်လာသည်။

“မင်းက ဘာလို့ဒီလောက်မောက်မာပြနေတာလဲ .. သူက ငါ့တို့ဘက်က လူငယ်ဘုရင်တွေအားလုံးနဲ့ ရင်ဆိုင်နိုင်မယ်လို့ တကယ်ထင်ယောင်ထင်မှားဖြစ်နေတာလား .. သူ သေချာပေါက် ဆိုးဆိုးရွားရွားသေရမှာပဲ .. သူ့ရဲ့မောက်မာမှုအတွက် ပြန်ပေးဆပ်ရမယ်..” လူငယ်ဘုရင်တစ်ဦး ပြောလိုက်သည်။

ရှီဟောင် ဆက်မတိုက်၍ရသော်လည်း သူသည် လှံတံတစ်ခုကဲ့သို့ ထိုနေရာ၌ မလှုပ်မယှက်ရပ်နေသည်။

“အရင်တုန်းက နေနဲ့လလိုမျိုး တောက်ပနေတယ်လို့ နာမည်ကြီးတဲ့ ထာဝရသက်ရှိတစ်စု ရှိခဲ့ဖူးတယ် .. ဒါပေမဲ့ ငါတို့လောကနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ နေနဲ့လလည်း ပြုတ်ကျသွားပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးလည်း ပျက်စီးသွားတယ် .. အဲဒီလူတွေလည်း ရှုံးသွားတယ် .. တစ်ချို့သူတွေကတော့ ကံကောင်းပြီး မသေခဲ့ဘူး .. ဒါပေမဲ့ သူတို့အကျဉ်းသားတွေဖြစ်နေတုန်းပဲ .. တစ်ချို့လူတွေက သူတို့ရဲ့စိတ်ဝိညာဉ်တွေ ရှင်းခံလိုက်ရပြီးတော့ အနာခံတတ်ဆုံးကျွန်တွေ ဖြစ်လာတာပဲ..” တစ်စုံတစ်ယောက်မှ ရှီဟောင်ကို အရှုံးသမား၏မျိုးဆက်ဟု လှောင်ရယ်လာသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ ကြွေးကြော်သံများ ရပ်တန့်သွားကာ အားလုံး၏မျက်လုံးများ ရေခဲတမျှအေးစက်လာကာ ထိုသူများအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဤသည်မှာ လွန်လွန်းသွားလေပြီ။ တစ်ဖက်လူသည် သူတို့ဘိုးဘေးများအား ထပ်ခါတလဲလဲ စော်ကားနေသည်ပင်။ သူတို့ဘိုးဘေး ဤကဲ့သို့ အစော်ကားခံနေရသည်ကို ကြည့်ရသည်မှာ သူတို့အတွက် သည်းခံနိုင်ရန် ခက်ခဲလှသည်။ သူတို့ ဘိုးဘေးများအတွက် တရားမျှတမှုလိုချင်မိသည်။

“အဲဒီလိုလား .. ထိပ်ဆုံးပုဂ္ဂိုလ်တွေဆိုတာက အစေခံတွေ ဖြစ်သွားတာလား ..” တစ်ဖက်မှ လူအချို့ မသိချင်ဟန်ဆောင်နေကြလေသည်။ “ဝိုး .. ငါမှတ်မိပြီ .. ငါ့မိသားစုက ဘိုးဘေးမှာ လမ်းလျှောက်နေတဲ့အလောင်းလိုမျိုး ကျွန်တစ်ယောက်ရှိတယ် .. သူက ဒီဘက်က လူတွေရဲ့ ဘိုးဘေးတွေ ဖြစ်နေတာလား..”

ဤစကားကို ကြားလိုက်ရသည်နှင့် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများ၏ မျက်လုံးများ နီရဲသွားကြရသည်။

“တောက်လောက်ပြီ…” ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည်းမခံနိုင်တော့။

“အရင်တုန်းက မင်းတို့ဘိုးဘေး စစ်ပွဲနိုင်ခဲ့တာ .. မင်းတို့နိုင်ခဲ့တာမဟုတ်ဘူး .. ငါ့လောကရဲ့ အရင်တုန်းက အရှက်ရခဲ့တဲ့ကိစ္စတွေကို အနှေးနဲ့အမြန် ပြန်ရှင်းမှာပဲ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“ဟား ဟား..” တစ်ဖက်မှ လူငယ်ဘုရင်အုပ်စု ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူတို့သည် သုံးပွဲဆက်တိုက် ရှုံးနိမ့်သွားခြင်းကြောင့် ခံစားလာရသည့် စိတ်ပျက်မှုနှင့် ဒေါသတရားကို‌ ဖြေဖျောက်ရန်အတွက် ဤကဲ့သို့ ပြောနေကြခြင်းပင်။

ရှီဟောင် ဘာမှမပြောပဲ ထိုင်ချလိုက်ကာ အိုးကြီးတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် နတ်စမ်းရေမှ ရေထည့်လိုက်ပြီး မီးမွှေလိုက်သည်။

သူ ဘာလုပ်မလို့လဲ .. အချို့လူများ ထိတ်လန့်သွားရသည်။

“စစ်ပွဲက သိမ်းရထားတဲ့ဟာတွေ ထုတ်လာခဲ့..” ရှီဟောင် ချောင်ယုရှင်းကို အော်ဟစ်လိုက်သည်။

သူဘာလုပ်တော့မည်ကို ချောင်ယုရှင်းနှင့်အခြားလူများ သိသွားရသည်။ သူတို့သည် ဓားခုတ်ကောင်ကင်းခြေများခန္ဓာကိုယ်နှင့် ရွှေရောင်ဆိတ်၏ ပျက်စီးနေသည့်ခန္ဓာကိုယ်ကို ထုတ်လာကြသည်။

ထို့အပြင် ရှီဟောင်ကိုယ်တိုင်လည်း ပျက်စီးသွားသည့် အန်းလန်ကလန်မျိုးဆက် ကျန်းဖုန်းကို သွားဆွဲလာလေသည်။

ကျန်းဖုန်း၏ မူလခန္ဓာကိုယ်မှာ ခြင်္သေ့ဖြူပင်။ သူသည် ကျောက်စိမ်းကဲ့သို့ တစ်ကိုယ်လုံး ဖြူဖွေးနေသည့် ခြင်္သေ့ဖြစ်သော်လည်း ယခုအချိန်တွင်တော့ သူ၏ခန္ဓာကိုယ်မှာ အခြားနှစ်ကောင်ကဲ့သို့ ပျက်စီးနေလေပြီ။

ရှီဟောင် ထိုနေရာ၌ ထိုင်ချလိုက်ကာ တစ်ယောက်တည်း လုပ်နေလိုက်သည်။ သူကျွမ်းကျင်သူသုံးယောက်၏ အသားများကို အရေခွံနွာကာ ဆေးကြောလိုက်သည်။ သူ၏လုပ်ဆောင်ချက်များမှာ အတွေ့အကြုံရှိနေသကဲ့သို့ ကျွမ်းကျင်လှသည်။

“မင်း ဘာလုပ်နေတာလဲ .. မင်းက ငါတို့လောကက လူငယ်ဘုရင်တွေကို စော်ကားနေတာလား..”

အခြားတစ်ဖက်မှ ကျင့်ကြံသူများ၏ လှောင်ပြောင်ရယ်မောသံများ၊ အေးစက်သည့်စကားလုံးများမှာ နောက်ဆုံးတော့ ရပ်တန့်သွားလေပြီ။ အချို့သူများမှာ ဆက်မကြည့်နိုင်တော့ပဲ အော်ဟစ်လိုက်ကြလေ၏။

“ဒါက ငါ တိုက်ပွဲမှာ ရတဲ့ပစ္စည်းတွေပဲလေ .. ငါဘာလုပ်လုပ် မင်းတို့နဲ့ ဘာဆိုင်လို့လဲ .. မင်းတို့ဒါကို ပြန်လိုချင်ရင် ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့နဲ့ အသက်မျိုးစေ့ကိုပေးလိုက်.. မဟုတ်ရင် ထွက်သွားလိုက်တော့..” ရှီဟောင် အေးစက်စွာ ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် သူဘာလုပ်ရမည်ကို အားလုံးသိသွားလေပြီ။

ဓားခုတ်ကောင်ကင်းခြေများ၊ ရွှေရောင်ဆိတ်နှင့် ကျန်းဖုန်းတို့မှာ အစားအစာအဖြစ် သတ်မှတ်ခံနေရသည်။ သူတို့အလောင်းကို သန့်ရှင်းပြီးသွားသည်နှင့် ရှီဟောင် အိုးထဲသို့ ပစ်ထည့်လိုက်လေသည်။

“မင်း သေချင်နေတာလား..” တစ်ဖက်မှလူများ ရူးမတတ် ဖြစ်နေလေပြီ။

တစ်ဖက်မှ ကြီးကျယ်ခမ်းနားသည့် လူငယ်ဘုရင်များကို အခြားတစ်ယောက်မှ အစားအစာအဖြစ် သတ်မှတ်နေသည်။ ထို့အပြင် သူသည် စစ်မြေပြင်ထဲ၌ပင် သန့်ရှင်းနေခဲ့သည်။ ဤသည်မှာ သူတို့အတွက် အလွန်ရှက်စရာကောင်းသည့်ကိစ္စပင်။

“မင်းပါးစပ်ပိတ်ထားလိုက် .. မင်းလက်မခံနိုင်ရင်လည်း မင်းလာခဲ့ပြီးတော့ မင်းအသက်ကိုပေးလိုက် .. အဲဒါဆိုရင် ငါစားဖို့ အသားနောက်တစ်မျိုးရတာပေါ့..” ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည် ရပ်တန့်မည့်ပုံမပေါ်။ အစားအစာများကို ဆက်လက်ပြင်ဆင်နေဆဲပင်။

အိုးထဲတွင် အသားသုံးမျိုးမှ တောက်ပသည့်အလင်းများ တောက်ပနေသည်ပင်။

အိုးအပြင်ဘက်တွင် ရှီဟောင် အခြားတာအိုမီးတောက်တစ်ခုကို ပြုလုပ်လိုက်ပြီး အသားများကို ကင်လိုက်လေသည်။ ဆိတ်ခြေထောက်ဖြစ်စေ၊ အခြားအကောင်နှစ်ကောင်၏အသားဖြစ်စေ အဆီများတစ်စက်စက်စီးကျလာသည်အထိ အကင်ခံလိုက်ရလေသည်။

သာမန်လူများမှာ လူငယ်ဘုရင်များ၏ အသားကို တာအိုမီးတောက်ဖြင့် ချက်စားမည်မဟုတ်။ ရှီဟောင်သာ ဤကဲ့သို့ လုပ်နေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ဤသို့ပြုလုပ်ရန်အတွက် အားကောင်းလှသည့် နတ်ခွန်အားများ လိုအပ်သည်ပင်။

“မင်း .. မင်းလိုမျိုးလုပ်ရဲတယ်ပေါ့..” တစ်ဖက်လောကမှ ထိုလူငယ်ဘုရင်များ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ ရှီဟောင်၏တုံ့ပြန်မှုများမှာ ရုတ်တရက်ဆန်လှသည်ပင်။

သူတို့သည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ ရှေးခေတ်လူများ သူတို့၏အကျဉ်းသားများ၊ ရုပ်သေးရုပ်ကျွန်များဖြစ်သွားသည်ဟု ပြောဆိုကာ အနိုင်ကျင့်ခဲ့သည်။ ထို့ကြောင့် ရှီဟောင် ဤသို့ ပြန်လုပ်ပြခြင်းပင်။

သူတို့တွေက ငါ့အစားအစာတွေပဲ .. ဤသည်မှာ ဤလူငယ်လေး ဆိုလိုချင်သည့်အဓိပ္ပာယ်ပင်။ သူဘာတွေးနေသည်ကို လူငယ်ဘုရင်များအားလုံး သိနေသည်ပင်။

တစ်ဖက်လူမှာ ဘာမှပြန်မပြောပဲ သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

“ကောင်းတယ်..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများ အော်ဟစ်လိုက်ကြသည်။

သူတို့ခန္ဓာကိုယ်ထဲရှိ သွေးများဆူပွက်နေသလို သူတို့ခံစားလိုက်ရသည်။ ရှီဟောင်၏လုပ်ရပ်ကြောင့် သူတို့အတော်လေး စိတ်သက်သာရာရသွားသည်ပင်။

ယခုအချိန်တွင် ရှီဟောင် မတိုက်ခိုက်သော်လည်း သူ၏လုပ်ရပ်မှာ စစ်ပွဲများ တိုက်သည်ထက် ပိုကောင်းသည်ဟု ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများ ခံစားလိုက်ရသည်။

“ငါစောင့်နေတယ် .. ဘယ်သူပဲလာလာ လာတဲ့သူကို ငါသတ်ပေးမယ်..” ရှီဟောင် ဤကဲ့သို့ ပြန်ပြောလိုက်သည်။

ထို့နောက် အသား၏မွှေးရနံ့များ သင်းပျံ့လာကာ စွမ်းအင်အလင်းတန်းများလည်း ထွက်ပေါ်လာသည်။ ဤလူငယ်ဘုရင်သုံးယောက်ထဲတွင် ရှိနေသည့် စွမ်းအင်များမှာ အလွန်အံ့အားသင့်စရာကောင်းသည်ဟု ပြော၍ရသည်။

ဤသည်မှာ ဂျင်ဆင်းအဆင့်ရှိသည့် နတ်ဆေးများပင်။

“ငါက ရည်မှန်းချက်တစ်ခုပဲရှိတဲ့လူတစ်ယောက် .. ငါ့ရည်မှန်းချက်က ဒီလောကက အရသာရှိတာတွေအားလုံးကို စားနိုင်ရမယ် .. ဒါက တစ်ဖက်လောကက အစားအစာတွေကို ပထမဆုံးစားဖူးတာပဲ .. ဝိုး .. ဒီအရသာက မဆိုးဘူး .. အရမ်းအရသာရှိတာပဲ..”

ရှီဟောင် စစ်မြေပြင်၌ တစ်ယောက်တည်း ရပ်နေကာ ရွှေရောင်အသားတုံးများကို စတင်စားသောက်လိုက်သည်။ အသားတုံးများတွင် ရောင်စုံအလင်းများ တောက်ပနေသည်ပင်။

“ငါမင်းကို သတ်မယ်..” တစ်ဖက်မှလူများ အော်ဟစ်လိုက်ကြသည်။ အများစုမှာ ဒေါသထွက်လွန်းသောကြောင့် သတိလစ်မတတ်ပင်။ ဤကဲ့သို့သော အရှက်ခွဲမှုမျိုးကိုသူတို့ယခင်က ဘယ်တုန်းကမှ မကြုံဖူးခဲ့။

“ဓားခုတ်ကောင်ကင်းခြေများ၊ ရွှေရောင်ဆိတ်နဲ့ အန်းလန်သွေးအစစ်ပါတဲ့ခြင်္သေ့ဖြူ .. ဒီသုံးကောင်လုံးက ကုန်းပေါ်က သတ္တဝါတွေ .. အခု ဒီအကောင်တွေကို အတူတူရောချက်ထားတာဆိုတော့ ငါဒီဟင်းကို နာမည်ပေးသင့်တယ် .. ပျော်ရွှင်ခြင်းသုံးဆဆိုရင် တော်တော်လေး သင့်တော်မယ်လို့ ခံစားရတယ်..”

ရှီဟောင် စားရင်းဖြင့်ပင် ပြောလိုက်သည်။ အသား၏မွှေးရနံ့မှာ လျှာကိုပင် အရည်ပျော်စေလောက်သည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများမှာ ဤစကားကိုကြားသည်နှင့် ပထမဆုံး ဆွံ့အသွားကြသည်။ ထို့နောက် ကျယ်လောင်စွာ ရယ်မောလိုက်ကြလေ၏။

“မင်းဒီနေ့ သေချာပေါက် ဆိုးဆိုးရွားရွားကိုသေရမယ် .. မင်းရဲ့ပြစ်မှုတွေကို မင်းရဲ့သွေးနဲ့ ပြန်ဆေးကြောပစ်မယ် ..” ထိုလူငယ်ဘုရင်များ ဟစ်ကြွေးလိုက်သည်။

“ဝိုင်ယူလာခဲ့..” ရှီဟောင် သူ့နောက်မှ လူများကို ဝိုင်တောင်းလိုက်သည်။

ရွှီး.

သက်ရှည်မိသားစုမှ အကြီးအကဲတစ်ယောက်ကိုယ်တိုင်ယူလာသည့် နတ်ဝိုင်အိုးတစ်လုံး လွင့်ပျံလာသည်။

ရှီဟောင် မတ်တပ်ရပ်လိုက်ပြီး အဆီးအတားကို ဖြေလိုက်ကာ ထိုဝိုင်အိုးကို ယူလိုက်သည်။ ထို့နောက် ပါးစပ်အပြည့်တစ်ငုံ သောက်လိုက်ကာ “ပျော်ရွှင်ခြင်းသုံးဆက အဆာပြေလောက်ပဲရှိသေးတယ် .. လာခဲ့ .. လာတဲ့သူအားလုံးကို ငါသတ်ပေးမယ် .. ငါ အသက် ၁၀ မျိုးလိုချင်တယ်..”

ဤရဲတင်းသည့်စကားလုံးများမှာ အနီရောင်ကောင်းကင်နယ်စပ်ကိုပင် တုန်ခါသွားစေသည်။ ရှီဟောင် တစ်ဖက်လောကမှ လူငယ်မျိုးဆက်အားလုံးကို သူတစ်ယောက်တည်း ရင်ဆိုင်တော့မည်။

အပိုင်း ၁၅၃၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၅ – ချော်ရည်ဘုရင်

“မင်းက သေဖို့သင့်တယ် .. မုန်းစရာကောင်းလိုက်တာ..” အချို့လူငယ်ဘုရင်များ မနေနိုင်တော့ပဲ ဟစ်အော်လိုက်ကြသည်။ ရှီဟောင်၏စကားကြောင့် ဒေါသထွက်ရသည်မှာ ဆံပင်များပင် ထောင်လာသည်အထိပင်။

သူတို့ မည်သည့်အချိန်က ဤကဲ့သို့ အနိုင်ကျင့်ခံရဖူးသနည်း .. သူတို့လောကသည် အားလုံး၏အထက်၌ ရှိနေပြီး ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများကို လွှမ်းမိုးနိုင်ခဲ့သည်။ ရှေးယခင်ကတည်းက သူတို့တိုက်ခိုက်သည့်အချိန်တိုင်း သူတို့သာ အနိုင်ရခဲ့သည်ပင်။ သို့သော် ယခုတော့ လူငယ်လေးတစ်ယောက်က သူတို့အား ဤကဲ့သို့ အရှက်ခွဲနေလေပြီ။

ဤလူငယ်လေးများမှာ သာမန်အားဖြင့် အားလုံးအထက်၌ ရှိနေသည်ပင်။ သို့သော်လည်း ယနေ့တော့ အစားအစာအဖြစ် သတ်မှတ်ခံလိုက်ရကာ အားလုံးရှေ့၌ ချက်စားခံလိုက်ရသည်။

ခွင့်မလွှတ်နိုင်ဆုံးမှာ သူသည် ဤဟင်းပွဲကိုပင် ‘ပျော်ရွှင်ခြင်းသုံးဆ’ ဟု နာမည်ပေးလိုက်သေးသည်။

ဤစကားလုံးနှစ်လုံး၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြီးမားလှသည်ပင်။ ဤ ‘ပျော်ရွှင်ခြင်းသုံးဆ’ စကားလုံးမှာ ကုန်းမြေအနှံ့သို့ ပျံ့နှံ့သွားနိုင်သည်။ ထိုကဲ့သို့ ပျံ့နှံ့သွားပြီး ကလန်အားလုံး သိသွားပါက ဤနာမည်မှာ သမိုင်းတွင်သွားမည်ပင်။

ထိုသို့စဉ်းစားမိလိုက်သည်နှင့် လူငယ်ဘုရင်များ မျက်နှာပျက်သွားကာ သူတို့အဆုတ်ပေါက်ကွဲထွက်တော့မတတ် ဒေါသထွက်လာရသည်။ သူတို့ ယခင်က ဤမျှအရှက်မကွဲဖူးပေ။ သို့သော်လည်း သူတို့လူငယ်သုံးဦး ဤနာမည်ပေးခံလိုက်ရကာ ဤသည်မှာ သေချာပေါက် ဟာသတစ်ခု ဖြစ်နေမည်ပင်။

တစ်ဖက်မှ အလွန်ဒေါသထွက်နေပြီး အခြားတစ်ဖက်မှာ ရယ်မောပျော်ရွှင်နေသည်။

တိုက်ပွဲစကတည်းက ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများမှာ တစ်ခါမှ ယခုကဲ့သို့ ပေါ့ပါးလွတ်လပ်မနေဖူးပေ။ ရှီဟောင် ဤ ‘ပျော်ရွှင်ခြင်းသုံးဆ’ အားစားသုံးနေသည်ကိုကြည့်ပြီး သူတို့အမူအရာများ အလွန်တောက်ပလာသည်။

“မင်း အသက်ရှည်ရှည်နေနိုင်မှာမဟုတ်ဘူး .. မင်းလုပ်နိုင်တုန်းလုပ်ထား .. မင်း မကြာခင်သေရမှာပဲ..” တစ်ဖက်မှ မြွေယာ့ခ်ရှာနှင့် အခြားသူများ သူ့အားအေးစက်စွာ ပြောလာသည်။

ရှီဟောင်သည် ထိုနေရာ၌ရပ်ကာ လက်တစ်ဖက်၌ ဝိုင်အိုးကိုကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် နူးညံ့သည့် ရွှေရောင်အသားကို ကိုင်ထားကာ ဝိုင်သောက်လိုက်၊ အသားစားလိုက် လုပ်နေသည်။

သူ ဤလူများကို ဘာမှပြောမနေတော့။ အဘယ်ကြောင့်ဆိုသော် ပြောသင့်သည့်စကားအားလုံးကို သူပြောပြီးသွားလေပြီ။

ယခုအချိန်တွင် သူသည် အလွန်တည်ငြိမ်နေကာ အသားမည်မျှအရသာရှိကြောင်း၊ သူယခင်က ဤကဲ့သို့သော အသားမျိုးကိုမစားဖူးသေးကြောင်း၊ ဤအသားများမှာ ဤလောကတွင် ထိပ်တန်းဝင်ကြောင်း ပြောနေလေ၏။

တစ်ဖက်မှလူများ သူ့အား ကျယ်လောင်စွာ ကျိန်ဆဲနေကာ၊ သူ့ကိုသတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်နေသော်လည်း ရှီဟောင် မကြားသလိုသာ လုပ်နေသည်။

“ဒီခြင်္သေ့ဖြူမှာ အန်းလန်ကလန်ရဲ့ သွေးအစစ်ပါနေတာဆိုတော့ အရသာကမဆိုးဘူး .. အနံ့လည်းတော်တော်လေးမွှေးတယ်..” ရှီဟောင် မှတ်ချက်ပေးလိုက်သည်။

ဤစကားလုံးများကြားသည်နှင့် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ တိတ်ဆိတ်သွားကာ တစ်ဖက်လောကမှလူများ ဒေါသထွက်ကာ ကြောက်လန့်သွားရသည်။ ဒီလူငယ်လေးက ဘယ်လောက်တောင်ရဲတင်းနေတာလဲ .. သူက အန်းလန်ကလန်ကို အဆုံးထိ ခုခံနေတော့မှာလား..

ဤနေရာတွင် အန်းလန်ကလန်၏ အခြားတိုက်ရိုက်မျိုးဆက်များ ရှိမနေသည်မှာ ဤလူငယ်လေး ကံကောင်းသွားသည်။ မဟုတ်ပါက ကြောက်စရာအကောင်းဆုံးအရာများ ဖြစ်နေလောက်လေပြီ။

တစ်ခဏခန့် ထိတ်လန့်ပြီးသည့်နောက် လူငယ်ဘုရင်များပို၍ဒေါသထွက်လာရသည်။ အန်းလန်ကလန်မှာ သူတို့အလေးအမြတ်ထားသည့်ကလန်ပင်။ သူတို့၏ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းကာကွယ်သူများလည်းဖြစ်သည်ပင်။ ကျင့်ကြံသူငယ်လေးတစ်ယောက်မှ ဤကဲ့သို့ စော်ကားနေသည်ကို သူတို့ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း..

အချို့သက်ရှိများ သူ့အား ဆူပူကြိမ်းမောင်းကာ မသာယာသည့်စကားလုံးများ ပြောနေသော်လည်း ရှီဟောင်သည် မကြားသည့်အတိုင်းပင်။ “ကျန်းဖုန်းက ခြင်္သေ့ဖြူဆိုတော့ အန်းလန်ကလန်က ဘယ်လိုပုံစံမျိးလဲ .. အန်းလန်ကလန်ကလည်း ပျော်ရွှင်ခြင်းသုံးဆရဲ့ ပါဝင်ပစ္စည်းပဲလို့တော့ ငါ့ကိုမပြောနဲ့နော်..”

လူများစွာမှာ မျက်နှာများရှုံ့မဲ့သွားကာ ဤသည်ကို သည်းမခံနိုင်ဖြစ်သွားကြ၏။ ဤစကားလုံးများမှာ ရဲတင်းလွန်းလှပြီး မည်သူမှ အန်းလန်ကလန်ကို ဤကဲ့သို့မစော်ကားရဲ။

“ဝိုး .. ဒီဓားခုတ်ကောင်ကင်းခြေများရဲ့အသားက မဆိုးဘူး .. အခွံခွာလိုက်တော့ အထဲက အသားလေးက ဖြူဖွေးနူးညံ့နေတာပဲ .. အရသာလည်း တော်တော်လေးကောင်းတယ် .. ဒီလိုမျိုးကင်းခြေများအသားက နဂါးနန်းတော်က နတ်ပုဇွန်ထက်တောင် စားကောင်းသေးတယ်..” ရှီဟောင် နောက်တစ်ကြိမ် မှတ်ချက်ပေးလိုက်သည်။

ဓားခုတ်ကောင်ကင်းခြေများမှလူအချို့ ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လာကြသည်။ သူတို့ ကင်းခြေများမဟုတ်။ အထက်တွင်ရှိနေသည့် ဘုရင်မျိုးနွယ်စုတစ်ခုပင်ဖြစ်စေ ကလန်ပေါင်း ထောင်ပေါင်းများစွာကို လွှမ်းမိုးထားနိုင်သည်။

ရှီဟောင် ဝိုင်ကို အလုပ်ကြီးကြီးသောက်လိုက်ကာ အရသာရှိသည့်အသားများကို စားရင်း သူ့ကိုယ်သူ ပြောလိုက်သည်။ “တစ်ဖက်လောကက အစားအစာကို ငါပထမဆုံးစားဖူးတာ .. ဒီအရသာက သေချာပေါက်ကို မမေ့နိုင်တဲ့အမှတ်တရလေးဖြစ်မှာလဲ .. ငါတကယ် ခံစားလို့ကောင်းနေတယ်..”

ထိုအချိန်တွင် ထာဝရလိပ်ခွံအပိုင်းအစ တောက်လာကာ လူငယ်ဘုရင်တစ်ယောက်၏ လက်ထဲသို့ ရောက်သွားသည်။

လိပ်ခွံမှ ရှီဟောင်အတွက် နောက်ထပ်ပြိုင်ဘက်တစ်ယောက်ကို ရွေးချယ်ပေးလိုက်လေပြီ။

ဤသည်မှာ တောက်ပနေသည့်သတ္တဝါဖြစ်ပြီး သူ့ထံမှ အနီရောင်အလင်းများ ကောင်းကင်ထက်သို့ တက်နေသည်။ သူ လျှောက်လာသည်နှင့် အောက်မှမြေကြီး ချော်ရည်အဖြစ် အရည်ပျော်သွားသည်။

“ချော်ရည်ဘုရင်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ဤသည်မှာ အလွန်စွမ်းအားကြီးသည့် လူငယ်ဘုရင်ဖြစ်ပြီး အခြားသက်ရှိများနှင့် မတူပေ။ အဘယ်ကြောင့်ဆိုသော် သူ့ကို ချော်ရည်များဖြင့်သာ ဖွဲ့စည်းထားပြီး အသွေးအသားများမရှိ။

ဤကဲ့သို့သော မျိုးစိတ်များမှာ ပင်လယ်အောက်တွင်ရှိနေသည့် မီးတောင်များမှဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြောကြသည်။ သူတို့သည် မီးကိုထိန်းချုပ်နိုင်ပြီး ယန်စွမ်းအင်များကိုလည်း စုတ်ယူနိုင်သည်။

ရှီဟောင် သူ့ကို တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်ကာ “မင်းတို့ဘက်မှ လူတစ်ယောက်မှမရှိတော့လို့ ဒီလိုထူးဆန်းတဲ့သူမျိုးကို လွှတ်လိုက်တာလား..”

ချောက်နက်ကြီးရှေ့ ရှေးဟောင်းသက်ရှိများအားလုံး ရှီဟောင်အား ဒေါသတကြီး စိုက်ကြည့်လာကြသည်။ သူသည် ပို၍ ပို၍ပင် မောက်မာလာပြီး မတိုက်ခိုက်ခင်ကတည်းက သူ၏ပြိုင်ဘက်ကို အထင်သေးနေသည်။

“မင်းလွန်လွန်းသွားပြီ … ငါတို့ဘက်က ဘုရင်တွေကို ဒီလိုမျိုးအထင်သေးနေတယ် .. မင်းကိုသုံးပြီးတော့ ယဇ်ပူဇော်ပစ်မယ်..” တစ်ဖက်လောက ကျင့်ကြံသူမှ အော်ဟစ်လိုက်သည်။

“မင်းတို့အားလုံး အထင်လွဲနေပြီ .. ငါက သူ့ခွန်အားကို အထင်သေးတာမဟုတ်ဘူး .. ဒါပေမဲ့ ဒီချော်ရည်ကလန်က လူတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက တော်တော်လေးကို ဆိုးရွားတယ် .. သူတို့ခန္ဓာကိုယ်မှာ ချော်ရည်တွေပဲရှိတာ .. အသားမရှိဘူး .. အဲဒီတော့ ငါက ဘာစားရမှာလဲ .. ငါက လေးခုမြောက်ပါဝင်ပစ္စည်းကိုစုပြီးတော့ လေးမျိုးစပ်အသားလုံးလုပ်မလို့ပါ..” ရှီဟောင်ရှင်းပြလိုက်၏။

သူ၏အသံမှာ မနှေးလွန်းမမြန်လွန်းပေ။ ဤကဲ့သို့သောလေသံမျိုးမှာ တစ်ဖက်လောက ကျင့်ကြံသူများကို ချက်ချင်းဒေါသထွက်သွားစေသည်ပင်။ သူတို့ ဒေါသထွက်လွန်းသောကြောင့် နှာခေါင်းမှ အငွေ့ထွက်မတတ်ပင်။ သူတို့ ရှီဟောင်ကို တစ်ချက်တည်းဖြင့် ညှစ်သတ်ပစ်ချင်မိသည်။

ဤကဲ့သို့သော ရှင်းပြမှုမျိုးမှာ သူတို့ဘုရင်အားလုံးကို အထင်သေးလိုက်ခြင်းပင်။ သူတို့အား အစားအစာအဖြစ်သာ သဘောထားကြောင်း ပြောလိုက်ခြင်းပင်။

“သတ်..”

ချော်ရည်ဘုရင် ဟစ်ကြွေးကာ ပြေးဝင်လာသည်။ သူသည် ပုံစံအတည်တကျမရှိနေပေ။ သူ၏လူသားခန္ဓာကိုယ်ကို အနီရောင်ကျားအဖြစ် ပြောင်းလဲလိုက်ကာ ပြေးဝင်လာသည်။

ဝုန်း…

ကမ္ဘာမြေကြီး အက်ကွဲသွားကာ ချော်ရည်များထွက်လာပြီး ကောင်းကင်ထိပင် ရောက်သွားသည်။

ဖူး..

လေဟာနယ်မှာ ချိုင့်ဝင်သွားသည်အထိ လောင်ကျွမ်းသွားကာ နီရဲနေသည့်အရည်များစီးဆင်းလာကာ အားလုံးကို ဖျက်ဆီးသွားသည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဒီမကောင်းဆိုးဝါးက တကယ်ကို နည်းလမ်းတစ်ချို့ရှိနေတာပဲ .. သူက တာအိုမီးတောက်ကိုတောင် ထိန်းချုပ်နိုင်တယ်..

သို့သော်လည်း သူမကြောက်။ သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ကာ ထိုနေရာ၌ ရပ်လိုက်သည်။ သူသည် ပညာအားလုံးကို ခုခံနိုင်သွားကာ နတ်အလင်းလည်းထွက်ပေါ်လာပြီး နတ်စက်ကွင်းတစ်ခုဖြစ်သွားသည်။

ဖုန်း..

ရှီဟောင် အရှိန်တင်ကာ ချော်ရည်ဘုရင်ထံသို့ ပြေးသွားလိုက်သည်။ သူ၏လက်ဝါးဖြင့် ထိုနီရဲနေသည့်ကျားကို ရိုက်ချလိုက်သည်။

ဒေါသထွက်နေသည့် ကျား ရုတ်တရက်ပျောက်ကွယ်သွားကာ အနီရောင်ချော်ရည်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖုံးလွှမ်းနေသည့်အနီရောင်အရည်များနှင့်အတူ ရောသွားသည်။ သူမည်သည့်နေရာ၌ ရှိနေမှန်းမသိရတော့။

“ဖျက်ဆီးမယ်..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူ၏လက်များ လှုပ်ရှားလာကာ လောကကြီးကို တုန်လှုပ်စေသည့်နတ်အလင်းထွက်ပေါ်လာသည်။ သူ မှော်ခွန်အားကိုအသုံးပြုကာ ချော်ရည်များကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

သို့သော် ကမ္ဘာမြေကြီးမှာ အရည်ပျော်ကျသွားပြီး ချော်ရည်ပင်လယ်ကြီး ဖြစ်နေပြီဖြစ်သည်။ အနီရောင်ချော်ရည်လှိုင်းများမှာ ကောင်းကင်ထိပင် ရောက်နေပြီဖြစ်ပြီး ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။

အားလုံး၏အမူအရာ ပြောင်းလဲသွားပြီး ရှီဟောင်ပင် ထိတ်လန့်သွားရသည်။ သူ ဤသတ္တဝါကို အထင်သေးမိသွားလေပြီ။ သူ၏နည်းလမ်းများမှာ တကယ်ကို ထူးခြားလှသည်။

ဖုန်း..

ရှီဟောင် ချော်ရည်ပင်လယ်ထဲသို့ အားအပြည့်ဖြင့် ထိုးချလိုက်သည်နှင့် ညည်းတွားသံ ထွက်ပေါ်လာသည်။

“ထွက်မလာသေးဘူးလား..” ရှီဟောင် အော်ဟစ်လိုက်၏။ သူ၏လက်ချောင်း ၁၀ ချောင်းလုံး လှုပ်ရှားသွားကာ လျှပ်စီးများ ထွက်ပေါ်လာပြီး ချော်ရည်ပင်လယ်ကြီးကို ပေါက်ကွဲစေလိုက်၏။ ချော်ရည်ပင်လယ်ကြီးပင် ခြောက်ခမ်းလုမတတ် ဖြစ်သွားသည်ပင်။

ရွှီး..

ရုတ်တရက် ကောင်းကင်ထက်တွင်ရှိနေသည့် နေလုံးကြီးမှ အံ့အားသင့်စရာကောင်းသည့် ယင်အလင်းတန်းတစ်ခု ပစ်လွှတ်လာကာ အရာအားလုံးကို အရည်ပျော်သွားစေသည်။

ချော်ရည်ဘုရင်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးနှင့်အတူ လိုက်လျောညီထွေဖြစ်အောင် လုပ်လိုက်ပြီး ယင်စွမ်းအားကို ဆင့်ခေါ်လိုက်ခြင်းပင်။

ဝုန်း..

ကံမကောင်းသည်မှာ သူ ရှီဟောင်နှင့်တွေ့သွားခြင်းပင်။ ရှီဟောင် ခွန်ပန်အဖိုးတန်ပညာကိုအသုံးပြုကာ အပေါ်ဘက်သို့ တရှိန်ထိုးတက်သွားလိုက်သည်။ သူ၏အတောင်ပံများမှာ တိမ်များကဲ့သို့ ကောင်းကင်ကြီး၌ ပြည့်သွားသည်။ သူ၏အတောင်ပံများဖြင့် ယင်စွမ်းအင်များကို ပျက်ပြယ်စေလိုက်သည်။

ဤတိုက်ပွဲမှာ အချိန်သိပ်မကြာသော်လည်း ရှီဟောင်အား အတော်လေးတုန်လှုပ်ရန် လုံလောက်လေပြီ။ သာမန်ပုံစံဖြစ်နေသည့် ဤချော်ရည်ဘုရင်မှာ ဤမျှပင် စွမ်းအားကြီးသည်လား..

ဖူး..

သို့သော်လည်း ချော်ရည်ဘုရင်မှာ သူ့ပြိုင်ဘက်မဟုတ်သေး။ သူသည် ချော်ရည်ပင်လယ်ထဲမှ ဆွဲထုတ်ခံလိုက်ရကာ ထိုနေရာတွင်ပင် အသတ်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါက်ကွဲသွားသည်နှင့် ချော်ရည်များအပြင် တောက်ပသည့်အလင်းအချို့လည်း ထွက်လာသည်။

ဤသက်ရှိမှာ ချော်ရည်တစ်ခုတည်းဖြင့် လုပ်ထားခြင်းမဟုတ်။ နတ်ကျောက်တုံးတစ်တုံးနှင့်အတူ အသားအနည်းငယ်လည်း ရှိနေသည်ပင်။

“ကြည့်ရတာ လေးမျိုးစပ်အသားလုံးရဲ့ အရသာက နည်းနည်းတော့ပေါ့သွားတော့မယ်ထင်တယ်..” ရှီဟောင်ပြောလိုက်၏။

တစ်ဖက်လောကမှ လူများ၏မျက်လုံးများ နီရဲလာသည်။ ဤသည်မှာ ချော်ရည်ကလန်၏ အသွေးအသားပင်။ ဤသည်မှာ မူလက ကျောက်တုံးဖြစ်နေပြီး နောက်မှ အသွေးအသားပြန်ဖြစ်သွားခြင်းပင်။ ဤသည်မှာအလွန်ကောင်းသည့် ဆေးဝါးတစ်လက်ပင်။

ဤကဲ့သို့ အသားအဖြစ်ပြောင်းသွားသည့် ကျောက်တုံးမှာ အချို့နတ်ဆေးပင်ထက်ပင် ပိုကောင်းလိမ်မ့ည်ဟု အချို့သူများ ယုံကြည်နေကြသည်ပင်။

တစ်ဖက်လောကမှ သတ္တဝါများ အော်ဟစ်လိုက်ကြ၏။ သူတို့ လေးပွဲဆက်တိုက်ရှုံးသွားလေပြီ။ ထို့အပြင် ဤလူများအားလုံးကို လူတစ်ယောက်တည်းမှ အနိုင်ယူသွားခြင်းဖြစ်သောကြောင့် သူတို့အားလုံး ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေကြသည်။

ရှီဟောင် ထိုဘက်သို့ ကြည့်လိုက်ကာ “မြွေယာ့ခ်ရှာ၊ ရွှေရောင်နတ်ဆိုးငှက် .. ငါအသတ်ချင်ဆုံးသူတွေက မင်းတို့တွေဆိုတာ မင်းတို့သိသင့်တယ် .. မင်းတို့ ထွက်လာပြီးတိုက်ရဲလား .. မင်းတို့နှစ်ယောက်လုံး အတူတူ ထွက်လာလို့ရတယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။

အားလုံး၏အမူအရာ ပြောင်းလဲသွားသည်။ လေးပွဲနိုင်ပြီးသွားသည့်နောက်တွင် သူ ဒဲ့တိုးပင် စိန်ခေါ်လိုက်လေသည်။

မြွေယာ့ခ်ရှာနှင့် ရွှေရောင်နတ်ဆိုးငှက်တို့နှစ်ယောက်လုံး ဆွံ့အသွားရသည်။ သူတို့ ဤစိန်ခေါ်မှုကို လက်မခံလျှင် သူတို့ခေါင်းငုံ့နေရလိမ့်မည်။ သို့သော်လည်း ဤလောကတွင် သူတို့မည်သည့်အချိန်မှ ခေါင်းပြန်မော့နိုင်တော့မည်နည်း..

အပိုင်း ၁၅၃၅ ပြီး၏။
သုခကမ္ဘာမှရှီဟောင်
အပိုင်း ၁၅၃၆ – ဆက်တိုက်သတ်ဖြတ်ခြင်း

မြွေယာ့ခ်ရှာမှာ ပထမဆုံး တိုက်ခိုက်ခဲ့သည့်သူပင်။ သူသည် မောက်မာကာ သူ၏ပြိုင်ဘက်ကို အထင်သေးခဲ့သည့်သူဖြစ်သည်။ သို့သော်လည်း သူ တကယ်ကို သန်မာပါသည်။ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့် ရွှမ်ခွန်ကို သူ ရက်ရက်စက်စက်ပင် သတ်ပစ်နိုင်ခဲ့သည်။

ထို့အပြင် မြွေယာ့ခ်ရှာသည် ဤလောကမျလူများကို ထပ်ခါတလဲလဲပင် အထင်သေးခဲ့ကာ ထပ်ခါတလဲလဲပင် စော်ကားခဲ့သည်။

ထို့ကြောင့်လည်း ရှီဟောင် သူ့အား သတ်ချင်နေခြင်းပင်။

ရွှေရောင်နတ်ဆိုးငှက်လူမျိုးစုမှာ အလွန်ကြောက်စရာကောင်းလှပြီး ယခင်ခေတ်က တိုက်ပွဲကို အတော်လေး ထိခိုက်စေခဲ့သည်ပင်။ ထို့ကြောင့်ပင် အဆုံးမရှိခြင်းထာဝရဘုရင်သည် သူ၏တာအိုခေါင်းလောင်းနှင့်အတူ တစ်ဖက်လောကသို့ ဝင်ရောက်ကာ ထိုကလန်ကို ရှင်းလင်းပစ်ခဲ့သည်။

သို့သော်လည်း ကံဆိုးစွာဖြင့် ပိုက်ကွန်ထဲမှ လွတ်သွားသည့်ငါးများ ရှိနေသေးသည်ပင်။ ယခု ဤကလန် ပြန်ပြီးနလန်ထူလာကာ နောက်တစ်ကြိမ် စွမ်းအားကြီးလာလေပြီ။ တိုက်ပွဲ နောက်တစ်ကြိမ် ဖြစ်ပွားသည်နှင့် သူတို့သည် သေချာပေါက်ပြဿနာကြီးတစ်ခု ဖြစ်လိမ့်မည်။

တစ်ဖက်မှ ရွှေရောင်ဆံပင်နှင့်မိန်းကလေးမှာ ထိုကလန်မှ လာခြင်းပင်။ သူမသည် လုဟုန်ကိုသတ်ကာ သူမ၏ အသက်မျိုးစေ့ကို ယူထားခဲ့သည်။ ထို့အပြင် ဤလောကတွင် တန်ဖိုးရှိသည့်သူမရှိတော့ပဲ သူမ၏တစ်ချက်စာကိုပင် မခံနိုင်ကြောင်း ပြောခဲ့သေးသည်။

ယခု ရှီဟောင် ဤသတ္တဝါနှစ်ကောင်ကို ပစ်မှတ်ထားလိုက်သည်။

“သူ လေးပွဲနိုင်သွားပြီ .. သူ တစ်ဝက်ရောက်တော့မယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

“မင်းကဘာတွေကြောက်နေတာလဲ .. ငါသူ့ကို ပညာသွားပြလိုက်မယ်..” မြွေယာ့ခ်ရှာ ဆုံးဖြတ်ချက်ချလိုက်၏။ အားလုံး၏အကြည့်ကို သူ သည်းမခံနိုင်တော့။ သူ ကြောက်ကြောက်နှင့်မသွားပဲနေနေလျှင် တစ်ဖက်လောက၌ သူခြေချစရာနေရာရှိတော့မည်မဟုတ်။

သို့သော်လည်း ထာဝရလိပ်ခွံအပိုင်းအစမှ အခြားလူတစ်ယောက်ကို ရွေးပြီးသွားလေပြီ။ ဤသည်မှာ ခေါင်းနှစ်လုံးရှိပြီး အရပ်ရှည်ကာ သန်မာသည့်လူပင်။

“မေထုန်ရာသီဘုရင်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ ဤကလန်မှလူများမှာ အလွန်ကြောက်စရာကောင်းလှပြီး သူ၏ခေါင်းနှစ်လုံးဖြင့် ပညာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ သူတို့ကို ကြောက်စရာကောင်းသည့်မှော်ကျင့်ကြံသူဟု သိကြသည်ပင်။

တိုက်ပွဲမှာ အလွန်ပြင်းထန်လှပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြားတွင် မှော်စွမ်းအားများ ထွက်ပေါ်လာသည်။ မေထုန်ရာသီဘုရင်၏ ခေါင်းနှစ်လုံးသည် တစ်ဖက်လောကမှ ရှေးဟောင်းမန္တန်များကို ရွတ်ဖတ်နေကာ ဤလောက၏ ဟန်ချက်ကိုပျက်ယွင်းအောင် လုပ်နေသည်။

“အမ်…” ခပ်ဝေးဝေးတွင်ရှိနေသည့် လန်ရှင်းနှင့် အခြားသူများ ထိတ်လန့်သွားရ၏။ သူတို့ခန္ဓာကိုယ်ထဲရှိ ပြည့်စုံသည့်မျိုးစေ့များ နှောက်ယှက်ခံလိုက်ရကာ အတော်လေး ထိခိုက်သွားသည်ပင်။

မေထုန်ရာသီဘုရင် ရွတ်ဖတ်နေသည့်မန္တန်မှာ တစ်ဖက်လောက နှစ်ပေါင်းများစွာ လေ့လာခြင်း၏ အသီးအပွင့်များပင်။

မေထုန်ရာသီဘုရင်သည် ရှီဟောင်ထံ၌ ရှေးဟောင်းမျိုးစေ့ရှိမရှိ စမ်းသပ်ကြည့်လိုက်ခြင်းပင်။

သို့သော်လည်းသူစိတ်ပျက်သွားခဲ့ရသည်။ သူဘာကိုမှ မတွေ့ခဲ့။ ထိုအချိန်တွင် သူသည် ရှီဟောင်၏တိုက်ခိုက်ခြင်းကို ခံနေရလေပြီ။

“အလင်းတန်းထဲ နှစ်မြှုပ်ပြီးတော့ အပြစ်တွေကို ဆေးကြောမယ်..”

“အမှောင်ထုက အဆုံးမဲ့တယ် .. လိုအင်ဆန္ဒတွေကလည်း အဆုံးမရှိဘူး..”

မေထုန်ရာသီဘုရင်၏ ခေါင်းနှစ်လုံးမှ လျှို့ဝှက်မန္တန်များကို ရွတ်ဖတ်လိုက်သည်နှင့် အလင်းနှင့်အမှောင် တစ်ပြိုင်နက်တည်း ဘေးချင်းယှဉ်ကာ ပေါ်လာသည်။

ဝုန်း..

ထိုအလင်းများနှင့်အတူ ဖျက်ဆီးခြင်းစွမ်းအင်များလည်း ထွက်ပေါ်လာကာ သူ၏လမ်းကြောင်းတွင်ရှိနေသည့်အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

စစ်ပွဲမှာ အလွန်အံ့အားသင့်စရာကောင်းလှပြီး ရှီဟောင်ကိုပင် ထိတ်လန့်သွားစေသည်။ ဤမေထုန်ရာသီဘုရင်မှာ အလွန်အားကောင်းလှသော်လည်း သူတို့၏တိုက်ခိုက်မှုကို သူတောင့်ခံနိုင်သေးသည်။

ထို့အပြင် သူ၏အရှိန်မှာ အလွန်လျင်မြန်လှပြီး သူ၏လက်သီးလည်း အားကောင်းလှသည်။ သူ၏လက်သီးသည် အလင်းနှင့်အမှောင်အလင်းပြင်ကို ဖောက်ခွဲသွားပြီး သူ၏ပြိုင်ဘက်ကို ရိုက်ခတ်သွားသည်။

မေထုန်ရာသီဘုရင် ပါးစပ်ဟကာ ဟစ်ကြွေးလိုက်သည်နှင့် သင်္ကေတမျိုးစုံနှင့် မန္တန်မျိုးစုံ ထွက်ပေါ်လာသည်။ အနက်ရောင်ဝဲကတော့ကြီး လျင်မြန်စွာ ဖြစ်ပေါ်လာပြီး ရှီဟောင်၏အသွေးအသားကို ဝါးမြိုတော့မည်။

သို့သော် သူတို့မျှော်လင့်ချက်များ ပျက်သုန်းသွားရ၏။ ထိုဝဲကတော့မှာ ရှီဟောင်၏ဖျက်ဆီးခြင်းခံလိုက်ရကာ သူ့ကိုလည်း မဝါးမြိုနိုင်တော့။

ဖုန်း..

ရှီဟောင် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုလက်သီးချက်မှာ မေထုန်ရာသီဘုရင်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် အတားအဆီးကိုဖြတ်ကျော်သွားကာ သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေ၏။

ဖူး..

သွေးမိုးရွာသွန်းသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လေဟာနယ်ထဲ၌ ပေါက်ကွဲသွားသည်။ သူ၏မူလဝိညာဉ်ထွက်ပြေးချင်နေသော်လည်း ရှီဟောင် ထိုဝိညာဉ်ကို ဆုတ်ကိုင်လိုက်ကာ လက်ညှစ်လိုက်သည်နှင့် နတ်အလင်းထွက်ပေါ်လာပြီး လုံးဝပျက်စီးသွားလေသည်။

ရှီဟောင် ငါးပွဲဆက်တိုက် အနိုင်ရသွားလေပြီ။

“မြွေယာ့ခ်ရှာ၊ ရွှေရော်ငနတ်ဆိုးငှက် .. မင်းတို့နှစ်ယောက် အခုကြောက်နေပြီလား .. မင်းတို့စကားနဲ့ပဲ ပြန်ပြောလိုက်မယ် .. မင်းတို့ဒူးထောက်တောင်းပန်ရင်တော့ ငါမင်းတို့ကို အသက်ရှင်ခွင့်ပေးလိုက်မယ်..” ရှီဟောင်ဟစ်ကြွေးလိုက်သည်။

“ရှင်ဖြစ်စေချင်တဲ့အတိုင်း ကျွန်မ ရှင်နဲ့တိုက်မယ်..” မြွေယာ့ခ်ရှာ အော်ဟစ်လိုက်သည်။ သူမ နောက်ဆုတ်နေ၍မရ။ သူမ တိုက်ရမည်။

မဟုတ်ပါက သူမဘယ်တော့မှ ခေါင်းထောင်နိုင်တော့မည်မဟုတ်။

သူမ ယခင်တစ်ပွဲနိုင်ထားသောကြောင့် ထာဝရလိပ်ခွံအပိုင်းအစမှ ရွေးချယ်ရန်မလိုတော့။ သူမ စစ်မြေပြင်ထဲ နောက်တစ်ကြိမ် ပြန်ဝင်၍ရသည်။

မြွေယာ့ခ်ရှာ သူမ၏ ကြီးမားလှသည့်ငွေရောင်အတောင်ပံများကိုခတ်၍ ပျံသန်းလာသည်။ သူမသည် ငရဲမှထွက်လာသည့်သူကဲ့သို့ ကြောက်စရာကောင်းသည့်အော်ရာတစ်ခုရှိနေသည်။

သူမသည် လူသားခန္ဓာကိုယ်နှင့် ခြေလက်လေးချောင်းရှိသည်။ သို့သော် သူမခေါင်းမှာ ငွေရောင်မြွေခေါင်းဖြစ်ပြီး သူမအနောက်ဘက်တွင် ငွေရောင်တောက်ပနေသည့်အမြီးရှိသည်။

ဤသည်မှာ အလွန်စွမ်းအားကြီးသည့်ကလန်ပင်။ သူမ၏အသွေးအသားမှာ အလွန်မာကျောကာ ချိုးဖျက်၍မရနိုင်‌သည့် ရွှေရောင်ခန္ဓာကိုယ်ကဲ့သို့ပင်။

ရွှမ်ခွန် သူနှင့်တိုက်စဉ်က သူတတ်နိုင်သမျှအားလုံး ထုတ်သုံးခဲ့သော်လည်း သူ ဤမြွေယာ့ခ်ရှာကို ဒဏ်ရာရအောင်မလုပ်နိုင်ခဲ့။ သူ၏ခန္ဓာကိုယ်သာ ပေါက်ကွဲသွားခဲ့သည်။

“အရင်ခေတ်တုန်းက ထာဝရသက်ရှိတွေ မရှားခဲ့ဘူး .. ဒါပေမဲ့ သူတို့တွေ ရှုံးခဲ့တာပဲ .. တစ်ချို့ဆိုရင် ကျွန်မနယ်မြေက အကြီးအကဲတွေရဲ့ အစေခံတောင်ဖြစ်နေတာ .. ကျွန်မကြားတာတော့ သူတို့တွေက ရှင်တို့ရဲ့ ဘိုးဘေးတွေတဲ့ .. ရှင် ပွဲနည်းနည်းလောက်နိုင်တာနဲ့ ကောင်းကင်ကြီးကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်လို့ ထင်နေတာလား .. လာခဲ့ .. ကျွန်မရှင့်ကို သတ်ပေးမယ်..” မြွေယာ့ခ်ရှာ၏ပါးစပ်မှာ အလွန်စက်ဆုပ်ဖွယ်ကောင်းလှသည်။ သူသည် ရှီဟောင်ဒေါသထွက်ကာ စိတ်မတည်ငြိမ်စေရန်အတွက် ချက်ချင်း ရန်စလိုက်လေသည်။

ရွှီး…

ရှီဟောင်၏ပုံရိပ်ယောင်များသာ အနောက်ဘက်တွင်ကျန်ခဲ့ပြီး ရှီဟောင် လှုပ်ရှားလာသည်။ နေလုံးကြီး ပေါက်ကွဲသွားသကဲ့သို့ နတ်အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။

“ဟွမ် ဒေါသထွက်နေပြီ..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

ရှီဟောင် တကယ်ကို ဒေါသထွက်နေခြင်းပင်။ မြွေယာ့ခ်ရှာသည် အတိတ်မှဖြစ်ရပ်များကို ထပ်ခါတလဲလဲပြောပြီး ယခင်ခေတ်မှလူများကို ထပ်ခါတလဲလဲစော်ကားနေသည်။ ထို့ကြောင့် သူလည်း ရိုင်းစိုင်းစွာ ပြုမုရတော့မည်။

ရွှီး…

ကောင်းကင်လေများတိုက်ခတ်လာ၏။ မြွေယာ့ခ်ရှာ၏ ငွေရောင်အတောင်ပံများမှာ အတော်လေး ကြောက်စရာကောင်းသည်ဟု ပြော၍ရသည်။ ထိုအတောင်ပံများ လှုပ်ခတ်လိုက်သည်နှင့် လေဟာနယ်ပျက်စီးသွားရုံသာမက လူအချို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သည့် နယ်မြေတစ်ခုလည်း ဖြစ်သွားသည်။

ရှီဟောင်လည်း အရှိန်အနည်းငယ် လျော့ကျသွားသည်ပင်။

နောက်ဆုံးတွင်တော့ သူသည် ရွှံ့အိုင်ထဲ ရောက်သွားသကဲ့သို့ လှုပ်ရှားရ ခက်ခဲလာသည်။

ရွှမ်ခွန်လည်း ဤကဲ့သို့ ပိတ်ခံထားရကာ အသတ်ခံလိုက်ရခြင်းပင်။

“ရှင်က အတော်လေး သန်မာလိမ့်မယ်လို့ ထင်ထားတာ .. ဒါပေမဲ့ ကြည့်ရတာ ကျွန်မ အတွေးလွန်သွားတာထင်တယ်..” မြွေယာ့ခ်ရှာ သူ၏အနီရောင်မြွေလျှာကိုထုတ်ပြီး တရွှီးရွှီးအသံများ လုပ်နေသည်။ သူ၏စွမ်းအားကို ရုတ်တရက် ထုတ်သုံးလာပြီး ရှီဟောင်ထံသို့ သင်္ကေတများစွာ ရောက်လာသည်။

ဝုန်း..

ရုတ်တရက်ပင် ရှီဟောင် လှုပ်ရှားလာကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ သူ၏လှုပ်ရှားမှုများလည်း အရှိန်မြန်လာသည်။ သူ မြွေယာ့ခ်ရှာအား လက်သီးဖြင့် ထိုးတော့မည်။

ကန့်သတ်သည့်အကျိုးသက်ရောက်မှုမှာ သူ့အတွက် အစပိုင်းခဏသာ သက်ရောက်ပြီး ပြန်လည်ပျက်ပြယ်သွားသည်ပင်။

ရွှီး..

မြွေယာ့ခ်ရှာ သူ၏အတောင်ပံများကို လှုပ်ရှားကာ ရှီဟောင်ထံသို့ ထိုးစိုက်လာသည်။ ကောင်းကင်ကြီး အက်ကွဲသွားကာ လောကကြီးလည်း နှစ်ခြမ်းကွဲသွားသလိုပင်။

သို့သော်လည်း ဖူးဟူသည့်အသံနှင့်အတူ ရှီဟောင်၏လက်သီးချက်မှာ သူ၏အတောင်ပံတစ်ခုကို ထိုးဖောက်သွားကာ သွေးများ ချက်ချင်းစီးကျလာသည်။

သူတို့ ယခုမှ စတင်တိုက်ခိုက်ခြင်းဖြစ်သော်လည်း မြွေယာ့ခ်ရှာ ဒဏ်ရာရနေလေပြီ။ သူမသည် ရှီဟောင်၏ ပြိုင်ဘက်မဟုတ်။

“သတ်..”

မြွေယာ့ခ်ရှာ ဟစ်ကြွေးလိုက်ကာ သူ့တစ်ကိုယ်လုံးတွင် ငွေရောင်အလင်းတောက်ပလာ၏။ ထို့အပြင် ကောင်းကင်ထက်သို့လည်း တောက်ပသည့်အလင်းတန်းများ တက်သွားကာ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ၏အနောက်ဘက်တွင်ရှိနေသည့် မြွေမြီးသည် ငွေရောင်စစ်လှံတံအဖြစ်သို့ တိတ်တဆိတ်ပြောင်းလဲသွားပြီး ရှီဟောင်၏ဦးခေါင်းထံသို့ ဦးတည်လာသည်။

ရွှမ်ခွန်လည်း ဤအမြီးကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းပင်။

ချွမ်..

ရှီဟောင် သူ၏ညာလက်ကိုမြှောက်လိုက်သည်နှင့် အလင်းများစွာ ထွက်ပေါ်လာသည်။ ထို့နောက် သူ ထိုလက်ကို လွှဲရမ်းလိုက်သည်။

ဖူး ဟူသည့်အသံနှင့်အတူ ရှီဟောင်၏ညာလက်မှာ ဓားသွားကဲ့သို့ အရှေ့ဘက်သို့ ခုတ်ပိုင်းလိုက်သည်။ သွေးများလွင့်စင်လာပြီး မြွေယာ့ခ်ရှာ နာကျင်စွာ အော်ဟစ်လိုက်သည်။

သူ၏ခန္ဓာကိုယ်ရှိ မြွေမြီးမှာ မပျက်စီးနိုင်သည့်နေရာပင်ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင်တော့ အခြားလူတစ်ယောက်၏ ရိုက်ချိုးခြင်းကို ခံလိုက်ရလေပြီ။ သူမ နာကျင်စွာ အော်ဟစ်လိုက်သလို သူမစိတ်ထဲတွင် မသက်သာမှုနှင့် အကြောက်တရားများ ရှိနေသည်ပင်။

အဓိကအကြောင်းရင်းမှာ ရှီဟောင်သည် မပျက်စီးနိုင်သည့်ကျမ်းစာကို တစ်ချိန်လုံး လေ့လာနေသောကြောင့် သူ၏လက်ကိုအသုံးပြုလိုက်သည်နှင့် အရာအားလုံးကျိုးပျက်သွားခြင်းပင်။

ဝူး..

မြွေယာ့ခ်ရှာ သူ၏အတောင်ပံများကို လှုပ်ခတ်လိုက်သည်နှင့် လျှပ်စီးများ ချက်ချင်း ထွက်ပေါ်လာသည်။ ဤသည်မှာ သူတို့ကလန်၏ လျှို့ဝှက်နက်နဲသည့်ပညာပင်။

ထို့အပြင် မြွေဦးခေါင်းလည်း အချိန်ဖြုန်းမနေပဲ မန္တန်များကို ရွတ်ဖတ်ကာ ရှီဟောင်အား ပြင်းထန်စွာ တိုက်ခိုက်လာသည်။

ဝုန်း..

ရှီဟောင် မြွေယာ့ခ်ရှာအား အေးစက်စွာပင် ကြည့်လိုက်သည်။ ထို့နောက် သူ၏စွမ်းအားများကို ထုတ်လိုက်ပြီး တရှိန်ထိုး ပြေးသွားလိုက်သည်။

ထိုမန္တန်များနှင့် အဆီးအတားများ အားလုံး ပျောက်ကွယ်သွားသည်။ ရှီဟောင်၏လက်သီးချက်မှာ အားလုံးကို ဖျက်ဆီးပစ်လိုက်ကာ မြွေယာ့ခ်ရှာ၏ခန္ဓာကိုယ်လည်း လွင့်ထွက်သွားကာ သွေးများအတန်းလိုက် စီးကျလာသည်။

သူ၏အတောင်ပံများမှာ လုံးဝစုတ်ပျက်သွားလေပြီ။

ဝူး..

မြွေယာ့ခ်ရှာ ဒေါသတကြီးအော်ဟစ်လိုက်ကာ ရှီဟောင်ကို ရင်ဆိုင်ရန် အားလုံး ထုတ်သုံးလိုက်သည်။

ဖူး..

အဆုံးသတ်မှာ သတ်မှတ်ထားပြီးသားပင်။ ရှီဟောင် မပျက်စီးနိုင်သည့်ကျမ်းစာကို အသုံးပြုလိုက်သည်နှင့် သူ၏လက်မှာ မယုံကြည်နိုင်အောင် မာကျောသွားကာ မြွေယာ့ခ်ရှာ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြစ်အောင် လုပ်လိုက်သည်။

“မင်းတို့ရဲ့ မောက်မာရိုင်းစိုင်းမှုတွေ ဘယ်ရောက်သွားပြီလဲ .. ထွက်လာခဲ့လေ..” ရှီဟောင် အော်ဟစ်လိုက်သည်။

ဖူး..

နောက်ဆုံးတွင် ရှီဟောင် လက်သီးတံဆိပ်တစ်ခု ပြုလုပ်လိုက်ပြီး သူ၏လက်သီးဖြင့် မြွေယာ့ခ်ရှာ၏ နဖူးရိုးကို ရိုက်ချိုးကာ သတ်ပစ်လိုက်သည်။

မြွေယာ့ခ်ရှာ ထိုကဲ့သို့ သေဆုံးသွားလေပြီ။

“ရွှေရောင်နတ်ဆိုးငှက် .. မင်း လာချင်သေးလား..” ရှီဟောင် အော်ဟစ်လိုက်၏။

ယခုအချိန်တွင် သူခြောက်ပွဲအနိုင်ရရှိသွားပြီဖြစ်ပြီး တစ်ဖက်လောကမှ လူငယ်ဘုရင်များ၏ စိတ်များလည်း မဲမှောင်လာလေပြီ။

“သတ်..”

ထိုရွှေရောင်ဆံပင်နှင့်အမျိုးသမီး ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာကာ တိုက်ခိုက်လာသည်။

ရှီဟောင်လည်း ယဉ်ကျေးမနေပေ။ သူသည် ပထမဆုံးရိုက်ချက်မှာပင် မပျက်စီးနိုင်သည့်ကျမ်းစာကို အသုံးပြုလိုက်သည်။ သူ၏လက်သီးတစ်ဝိုက်တွင် နတ်အလင်းများ တောက်ပလာလေ၏။

ဖူး..

ရလဒ်အနေဖြင့် ရွှေရောင်အတောင်ပံများ ညှိုးခြောက်သွားကာ လှပသည့်အမျိုးသမီးအဖြစ် ပုံစံပြောင်းထားသည့် ထိုနတ်ဆိုးငှက် ဒဏ်ရာရသွားသည်။

ဤအတိုင်းသာဆက်သွားလျှင် ရှီဟောင် တကယ်ကို အဆုံးထိ သတ်ဖြတ်သွားမည်ပင်။

အပိုင်း ၁၅၃၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၇ – ၇ ယောက်မြောက်

ရွှီး..

ရွှေရောင်နတ်ဆိုးငှက်သည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုရိုက်ချက်ပြီးသည့်နောက် သူလျင်မြန်စွာပင် ပြန်ဆုတ်သွားလေ၏။ ရှီဟောင်ကို စမ်းသပ်ပြီးသည့်နောက် သူအတော်လေး ထိခိုက်သွားရပြီး သူ၏ရွှေရောင်အမွေးအတောင်များလည်း ညှိုးခြောက်သွားသည်။

ထိုအမွေးအတောင်များမှာ သူ၏ခန္ဓာကိုယ်မှ ကျသွားခြင်းဖြစ်ပြီး တစ်ပင်စီတိုင်းမှာ ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။ မြေပြင်ပေါ်သို့ ကျသွားသည်နှင့် တချွမ်းချွမ်းအသံများထွက်ပေါ်လာကာ ဂျင်ပေါင်း သန်းပေါင်းများစွာလေးသည့် ကျောက်တုံးကြီးများပင် အက်ကွဲသွားသည်။

ရှီဟောင်သည် မရွေ့လျားနိုင်သည့် တာအိုတောင်ထိပ်ကြီးကဲ့သို့ စစ်မြေပြင်၌ ရပ်နေသည်။

ရွှေရောင်နတ်ဆိုးငှက်မှာ ရွှေရောင်ဆံပင်နှင့် အလွန်လှပကျက်သရေရှိသည့်အမျိုးသမီးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ၏ ဆံပင်ရှည်များမှာ နေမင်းကဲ့သို့ တောက်ပနေပြီး သူမ၏မျက်ဆံများပင် ရွှေရောင်ဖြစ်သည်။ ယခုအချိန်တွင် ထိုမျက်လုံးများတွင် ရောင်စုံနတ်အလင်းများ စီးဆင်နေသည်။

ဤအမျိုးသမီး သာမန်မဟုတ်သည်ကို ရှီဟောင်သိသည်။ သူသည် မြွေယာ့ခ်ရှာထက်ပင် ပို၍စွမ်းအားကြီးလိမ့်ဦးမည်။ ယခု သူမ သူ့အားအရင် စမ်းသပ်တိုက်ခိုက်လိုက်ခြင်းပင်။ ဤကဲ့သို့သော စမ်းသပ်မှုမှာ အလွန်ရဲတင်းလှသည်ပင်။

သာမန်သက်ရှိဆိုပါက ရှီဟောင်၏လက်သီးချက်ကြောင့် သေချာပေါက် ပေါက်ကွဲသွားပြီဖြစ်သည်။ မြွေယာ့ခ်ရှာပင် ရှီဟောင်၏လက်သီးချက်ကြောင့် တစ်စစီဖြစ်သွားခြင်းပင်။

ရွှေရောင်နတ်ဆိုးငှက်သည် ဒဏ်ရာ၇သွားသော်လည်း သူမ၏အသက်အန္တရာယ်ကို မထိခိုက်နိုင်။ သွေးအန်သွားရုံသာဖြစ်ပြီး ထိုထက်မဆိုးသွား။

“ဒီဘက်က အမြဲတမ်း ဖိနှိပ်ခံနေခဲ့ရတာ .. အခုတော့ လူထူးဆန်းတစ်ယောက် ပေါ်လာပြီ..” ရွှေရောင်နတ်ဆိုးငှက် ရှီဟောင်အား စိုက်ကြည့်ပြီး ပြောလိုက်သည်။ သူမမျက်လုံးမှာ ရွှေရောင်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်နေသည်ပင်။

အမှန်တကယ်တွင် ဤသည်မှာ တစ်ဖက်လောကမှသက်ရှိများအားလုံး တွေးနေသည့်အရာပင်။ သူတို့အမြင်တွင် ရှီဟောင်မှာ အလွန်စွမ်းအားကြီးသည့်သူဖြစ်ပြီး လူငယ်ဘုရင်အုပ်စုကို ရှင်းပစ်နိုင်သည်ပင်။ သူ့ကိုအနိုင်ယူရန် မဖြစ်နိုင်။

ဤသည်မှာ လူငယ်ဘုရင်များကို အလွန်မသက်မသာခံစားရစေသည်။ သူတို့အားလုံးမှာ သွေးဆာသည့် စစ်ဘီလူးလူမျိုးစုများဖြစ်ပြီး စွမ်းအားကြီးကာ အရှုံးမရှိသည့်သူများပင်။ သို့သော်လည်း ယခုတော့ သူတို့ဤဘက်၌ လူငယ်လေးတစ်ယောက်၏ တားဆီးခြင်းကို ခံနေရသည်။

ဟွမ်သည် ထိုနေရာ၌ရပ်နေကာ တစ်ယောက်တည်းဖြင့် ကျွမ်းကျင်သူ ခြောက်ယောက်ကို အနိုင်ယူပြီးသွားပြီဖြစ်သည်။ ဘုရင်ခြောက်ယောက်‌ သေဆုံးသွားခဲ့လေပြီ။

ရွှေရောင်နတ်ဆိုးငှက်သာ ရှုံးနိမ့်သွားလျှင် ဤသည်မှာ ၇ ယောက်မြောက်အနိုင်ရခြင်းပင်။

ရှုံးနိမ့်ခြင်းတွင်လည်း သေဆုံးခြင်းသာရှိသည်။ အခြားရွေးချယ်စရာမရှိ။

“လူသား .. မင်း ငါတို့ဘက်လာသင့်တယ် .. မင်း အဆုံးမရှိတဲ့ခမ်းနားမှုတွေ၊ အဆင့်တွေ ရမှာ .. မိန်းမလှလေးတွေ၊ ဘိုးဘေးပညာတွေ၊ သက်ရှည်ဆေးတွေ အားလုံးပေးမယ်..”

ရှီဟောင် ဆွံ့အသွားရ၏။ သူမ သူ့အား ဤနည်းလမ်းဖြင့် ချဉ်းကပ်လာလိမ့်မည်ဟု သူမထင်ထားခဲ့။

“မင်း ငါ့ကို ဒီလိုစကားလုံးတွေ ပြောခွင့်ရှိတယ်လို့ ထင်နေတာလား .. ငါ့အတွက်တော့ မင်းဒီထဲကို ဝင်လာကတည်းက မင်းကသေလူပဲ..” ရှီဟောင် အေးစက်စွာ ပြန်ပြောလိုက်သည်။

ရွှေရောင်ဆံပင်နှင့် မိန်းကလေးသည် အေးစက်စွာပင် ရယ်မောလိုက်ကာ “ရှင်က ရေတိုပဲမြင်တာ .. ရေရှည်ကိုမမြင်ဘူး .. ဘာပဲဖြစ်ဖြစ် ရှင်က အနှေးနဲ့အမြန် သေမှာပဲ .. ငါတို့လောကက စစ်တပ်ကြီးရောက်လာတာနဲ့ ဒီလောကမှာ ဘာကျန်မှာလဲ .. မင်းက သန်မာတယ် .. မင်းရဲ့ပါရမီတွေက ထူးခြားတယ် .. ငါတို့ဘက်က ဒဏ္ဍာရီလာလူငယ်တစ်ချို့နဲ့ ယှဉ်နိုင်တယ် .. ဒါပေမဲ့ အရင်ကတည်းက ပါရမီရှိတဲ့သတ္တဝါတွေ မရှားခဲ့ဘူး .. ပြီးတော့ ငါ့လောကက ဘိုးဘေးတွေက ဒီလောကက ဂျီးနီးယပ်စ်တွေကို သတ်ရတာ အကြိုက်ဆုံးပဲ .. စစ်ပွဲကြီးဖြစ်လာတာနဲ့ မင်းမြေမြှုပ်စရာမရှိပဲနဲ့ သေသွားမှာပဲ .. အခု ငါမင်းကို အသက်ရှင်ဖို့ လမ်းစပေးနေတာ .. မင်းကို အခွင့်အရေးတစ်ခု ပေးနေတာ..”

ရွှေရောင်နတ်ဆိုးငှက်၏ အသံမှာ သိပ်မကျယ်သော်လည်း ဤစစ်မြေပြင်တစ်ခုလုံးကို ပျံ့လွင့်သွားသည်။ သူသည် စကားပြောနေရင်းဖြင့် ရှုထော်၊ ချီဂု၊ ရှီယီနှင့် အခြားသူများကို ကြည့်သေးသည်ပင်။

ဤသည်မှာ အရှုံးပေးရန် သွယ်ဝိုက်ပြောနေခြင်းပင်။ သတိပေးခြင်းတစ်မျိုးဟုလည်း မှတ်ယူ၍ရသည်ပင်။

“ဟာသပဲ…” ရှီဟောင် အရှေ့ဘက်သို့ တစ်လှမ်းစီတက်လာသည်နှင့် မြေပြင်တစ်ခုလုံး ပြင်းထန်စွာတုန်ခါလာကာ မြေကြီးလည်း အက်ကွဲလာသည်။ အက်ကွဲကြောင်းများမှာ လီပေါင်းမည်မျှ ရှည်လျားမှန်းပင် မသိတော့။ စွမ်းအားကြီးသည့်အော်ရာကြောင့် ကောင်းကင်ထက်မှ တိမ်များပင် လွင့်ပြယ်သွားသည်။

“ငါ ဟာသပြောနေတယ်လို့ မင်းထင်နေတာလား .. ကြောက်စရာကောင်းတဲ့ ရလဒ်ကို သေချာစဉ်းစားကြည့် .. မင်းတို့လောက ငါတို့ကို တားဆီးနိုင်မှာမဟုတ်ဘူး .. သတ်ခံရဖို့ ကံပါလာပြီးသားပဲ .. မင်းသာ ငါတို့ဘက်မှာနေရင် မင်း ခမ်းနားတဲ့အောင်မြင်မှုတွေ ရလောက်တယ် .. အားလုံးရဲ့အထက်မှာ ရောက်နေပြီးတော့ မင်းကိုယ်တိုင် ဘုရင်ကလန်တစ်ခုကို တည်ထောင်နိုင်မှာ..” ရွှေရောင်နတ်ဆိုးငှက် ပြောလိုက်သည်။

ရှီဟောင် အေးစက်စွာ ရယ်မောနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူမထပ်ပြောလိုက်သည်။ “ရှင်တစ်ယောက်တည်းဖြစ်မှာမဟုတ်ပါဘူး .. ဘာလို့လဲဆိုတော့ အရင်တုန်းကလည်း အညံ့ခံတဲ့ ဂျီးနီးယပ်စ်တွေ ရှိခဲ့ဖူးတယ် .. သူတို့က ငါတို့လောကမှ ထိပ်ဆုံးအဆင့်ကလန်တွေ ဖြစ်သွားပြီ..”

“အဓိပ္ပာယ်မရှိတာတွေ..” ရှီဟောင် ဆူပူလိုက်သည်။ ရှေးခေတ်လူများမှာစစ်ပွဲ၌ အသတ်ခံရခြင်းဖြစ်ပြီး တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြ။ ဤလူများတွင် အနိုင်မခံမရှုံးမပေးသည့် ဝိညာဉ်ရှိပြီး ဤကဲ့သို့စော်ကားခြင်းကို ခွင့်မပြုနိုင်။

“ငါမင်းကို အမှန်အတိုင်းပြောပြနေတာ .. မင်းကို အသက်ရှင်နိုင်မယ့်လမ်းကြောင်း ပေးနေတာ .. ဘက်ပြောင်းသွားတဲ့ ဂျီးနီးယပ်စ်တွေ ရှိတာ မယုံရင် ရှင်တို့ဘက်မှာလည်း အဲဒါကို သက်သေပြနိုင်တဲ့ဟာရှိတယ် .. ဒီလောကမှာ ကျန်ခဲ့တဲ့သူတို့ရဲ့မျိုးဆက်တွေကို အပြစ်သားသွေးမျိုးဆက်လို့ခေါ်ကြတယ်..”

“မင်း ဘာပြောလိုက်တာ..” ရှီဟောင် မျက်ခုံးများ တစ်တန်းတည်းဖြစ်သွားပြီး ဖိအားများ ထုတ်လွှတ်လာသည်။ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးလည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များ ဖုံးလွှမ်းသွားလေ၏။

အနောက်တွင်ရှိနေသည့် ရှီယီနှင့် ချင်းဟောင်တို့၏မျက်ခုံးများလည်း တစ်တန်းတည်း ဖြစ်သွားသည်။

“ရှင်မယုံရင်လည်း ထားလိုက်ပါတော့ .. ငါတို့လောကက ပါရမီရှိတဲ့ဂျီးနီးယပ်စ်တွေကို အလေးထားဆုံးပဲ .. မင်းသာ ဘက်ပြောင်းလာရင် မင်းသေချာပေါက် နယ်မြေတစ်ခုကို အုပ်စိုးရမှာပဲ..” ရွှေရောင်နတ်ဆိုးငှက် အရှုံးမပေးပဲ ဆက်ပြောလိုက်သည်။

“မင်း စကားပြောတာ များနေပြီ …ငါမင်းကို မင်းလမ်းပို့ပေးမယ်..” ရှီဟောင် မျက်နှာပျက်သွားသလို သူ၏စိတ်လည်း မတည်ငြိမ်နိုင်တော့။

တစ်ချိန်တည်းမှာပင် သူ၏ဘိုးဘေးများ အပြစ်သားမဖြစ်နိုင်ဘူးဟု ရှီဟောင်ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်တုံးကလန်မှ လက်ဆင့်ကမ်းလာသည့် တံဆိပ်များမှ မြင်ကွင်းများကို သူမြင်ဖူးသည်။ ထိုဘိုးဘေးများသည် သူတို့သည် အပြစ်သားမဟုတ်ကြောင်း၊ သူတို့ထဲတွင် စီးဆင်းနေသည့်သွေးမှာ အပြစ်သားသွေးများမဟုတ်ကြောင်း၊ ဤသည်မှာ ခမ်းနားကြီးကျယ်မှုဖြစ်ကြောင်း၊ ပြိုင်ဘက်ကင်းသည့်စွမ်းအားဖြစ်ကြောင်း ကြွေးကြော်နေကြသည်ပင်။

ထို့အပြင် ကျောက်တုံးကလန်တွင် အပြစ်သားသွေးမရှိ။ ထိုသို့ဆိုလျှင် အပြစ်သားသွေးမျိုးဆက်အစစ် မည်သည့်နေရာရောက်နေသနည်း…

“ငါမင်းကို အခွင့်အရေးပေးတာကို မင်းက တန်ဖိုးထားရကောင်းမှန်းမသိဘူးပဲ..” ရွှေရောင်နတ်ဆိုးငှက်၏ မျက်လုံးများအေးစက်လာသည်။

“သတ်..”

ရှီဟောင် ယခင်ကထက်ပင်ပို၍ ကြမ်းတမ်းလာသည်။

ရွှီး..

ရွှေရောင်အမွေးအတောင်များ တစ်ခုပြီးတစ်ခု လွင့်ပျံလာကာ အားလုံးမှာ နတ်မြှားထက်ပင် ပို၍ကြောက်စရာကောင်းနေသည်။ ထိုအမွေးအတောင်များအားလုံး လေဟာနယ်ကိုထိုးဖောက်ကာ ရှီဟောင်ထံသို့ ဦးတည်လာသည်။

ဤသည်မှာ ရွှေရောင်နတ်ဆိုးငှက်၏ မွေးရာပါစွမ်းရည်ပင်။ အမွေးအတောင်များမှာ ကောင်းကင်မြှားကဲ့သို့ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသည်ပင်။

သူမ လုဟုန်နှင့်တိုက်ခိုက်စဉ်က သူမ ဤပညာကို အသုံးမပြုခဲ့။ သို့သော် ယခုတော့ ယခုမှစတင်တိုက်ခိုက်ခြင်းဖြစ်သော်လည်း သူမသည် တွေဝေမနေပဲ ထုတ်သုံးလိုက်သည်။

ရှီဟောင် လက်လှုပ်ရှားသွားသည်။ ထို့နောက် ထိုလက်ကို ပြင်းထန်စွာ လှုပ်ခါလိုက်သည်နှင့် လျှပ်စီးဝဲကတော့တစ်ခု ဖြစ်ပေါ်လာကာ မရေမတွက်နိုင်သည့်လျှပ်စီးများ ဝေ့ဝိုက်နေသည်။ ထိုဝဲကတော့သည် ပင်လယ်ကဲ့သို့ များပြားလှသည့် နတ်အမွေးအတောင်များအားလုံးကို ဝါးမြိုသွားသည်ပင်။

အစပိုင်းတွင် ဤနတ်မြှားများမှာ အလွန်ကြောက်စရာကောင်းလှပြီး နတ်မြှားတစ်ချောင်းမှာ ကျွမ်းကျင်သူတစ်ယောက်ကို သတ်ရန်လုံလောက်သည်။ ယခု ဤနတ်မြှား ထောင်ပေါင်းများစွာ စုစည်းသွားသည့်အချိန်တွင် စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင်ပင်။

ဤသည်မှာ သူမ အလွယ်တကူ ထုတ်မပြချင်သည့် သူမ၏ ဝှက်ဖဲပင်။

သို့သော်လည်း ယခုတော့ လျှပ်စီးဝဲကတော့များ ပေါ်လာကာ ဤဘိုးဘေးပညာကို ဖျက်ဆီးပစ်လိုက်သည်။ အမွေးအတောင် ထောင်ပေါင်းများစွာမှာ ဝဲကတော့များထဲသို့ ရောက်သွားကာ ပေါက်ကွဲသံများထွက်ပေါ်လာသည်။

ဖုန်း..

မရေမတွက်နိုင်သည့် ရွှေရောင်အမွေးအတောင်များ ကျိုးသွားကာ ကောင်းကင်ကြီးတစ်ခုလုံး ရွှေရောင်အမွေးအတောင်များ ပြည့်သွားသည်။ သွေးမိုးလည်း ရွာသွန်းလာသည်ပင်။ ရှီဟောင်သည် ဤစွမ်းအားကြီးသည့် တိုက်ခိုက်မှုအား ရပ်တန့်ရန်အတွက် လျှပ်စီးဧကရာဇ်အဖိုးတန်ပညာကို အသုံးပြုလိုက်ခြင်းပင်။

ဖူး..

ရွှေရောင်နတ်ဆိုးငှက် သွေးအန်ကာ နောက်ယိုင်သွားသည်။ ဤသည်မှာ သူမ အမွေးအတောင်များဖြစ်သောကြောင့် ဤအမွေးအတောင်များ ပျက်စီးသွားသည့်အချိန်တွင် သူမလည်း ဒဏ်ရာရသွားသည်ပင်။

ဂီး..

ရွှေရောင်နတ်ဆိုးငှက် အော်ဟစ်လိုက်ကာ သူမကလန်၏ နာမည်အကြီးဆုံး ဘိုးဘေးပညာကို အသုံးပြုလိုက်သည်။ နတ်ဆိုးငှက်အော်သံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်အောက်ရှိ လောကကြီး ဖရိုဖရဲဖြစ်သွားမည်ပင်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် ဘိုးဘေးပညာဖြစ်ပြီး စစ်မြေပြင်၌ အသုံးပြုရန် အသင့်တော်ဆုံးပင်။ ဤသည်မှာ ရန်သူများစွာကို တစ်ပြိုင်နက်တည်း သတ်ပစ်နိုင်သည်ပင်။

သူ၏နဖူးရိုးနာကျင်သွားရသည်။ သူ၏မူလဝိညာဉ်မှာ ထူးဆန်းသည့်စွမ်းအားတစ်ခု၏ တိုက်ခိုက်မှုကို ခံစားလိုက်ရသောကြောင့် ပြိုကွဲမတတ် ဖြစ်သွားသလိုပင်။ သူ၏ဝိညာဉ် တိုက်ခိုက်ခံလိုက်ရသောကြောင့် သူအသုံးပြုနေသည့် အဖိုးတန်ပညာနှင့် အခြားအရာများအားလုံး ရပ်တန့်သွားသည်။

ဂီး..

ရွှေရောင်နတ်ဆိုးငှက် ရပ်တန့်မသွားပဲ နောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။ ဤအသံမှာ အလွန်စူးရှလှပြီး ကြားရသည်မှာ အလွန်နားမချမ်းမြေ့စရာကောင်းလှပြီး တကယ်ကို ကြောက်စရာကောင်းလှသည်။ ဤသည်မှာ အာကာသအပြင်ဘက်မှ ကောင်းကင်ဓားတစ်လက် တရှိန်ထိုး ပြေးလာနေသလိုပင်။ ထိုဓားမှာ ရှီဟောင်၏နဖူးကို ထိုးဖောက်တော့မည်။

ဤဘိုးဘေးပညာမှာ အလွန်ကြောက်စရာကောင်းလှပြီး ခုခံရန် မဖြစ်နိုင်ပေ။

အသက်မျိုးစေ့ရှိကာ သာမန်လူများထက် အသက်စွမ်းအင်များပြားလှသည့် လုဟုန်ပင်လျှင် သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့။

အထူးသဖြင့် ထိုအချိန်တုန်းက ရွှေရောင်နတ်ဆိုးငှက် တစ်ကြိမ်လျှင်တစ်ခါသာ အော်သည်။ ယခုတော့ နှစ်ခါဆက်တိုက် အော်နေခြင်းပင်။

ဂီး ဂီး ဂီ..

ရွှေရောင်နတ်ဆိုးငှက်သည် နားစည်ကွဲလောက်သည့် အသံများကို ဆက်တိုက်ပင် ထုတ်လွှတ်နေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် လူငယ်များအားလုံး အမူအရာပြောင်းလဲသွားကာ လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။

ဤသည်မှာ ကြောက်စရာကောင်းလှသည်။ အသံမှာ မူလဝိညာဉ်ကို လောင်မြိုက်နေသလိုပင်။

လုဟုန်နှင့် တိုက်ခိုက်စဉ်က တစ်ကြိမ်လျှင် တစ်ခါသာ အော်သော်လည်း ယခုတော့ ငါးခါဆက်တိုက်ဖြစ်နေလေပြီ။

“သူကအားလုံးကို စွန့်စားနေတာ .. သူ့ရဲ့ အသက်စွမ်းအင်တွေ အားလုံးကို မတွန့်မဆုတ်ပဲ သုံးနေတာ..” တစ်ဖက်လောက အကြီးအကဲမှ ပြောလိုက်သည်။

ဂီး ဂီး ဂီး ဂီ..

ရွှေရောင်နတ်ဆိုးငှက် နောက်ထပ်လေးကြိမ် ထပ်အော်လိမ့်မည်ဟု မည်သူမှ မထင်ထားကြ .. နောက်ပိုင်းအော်သည့်အသံများမှာ ပို၍အလောကြီးနိုင်ပြီး ပို၍စွမ်းအားကြီးလှသည်။ ထို့အပြင် သူမ အော်လိုက်တိုင်း သွေးအန်နေသည်ပင်။

ကြောက်စရာကောင်းသည့်လှိုင်းများ မူလမြူနှင့် ပေါင်းစည်းသွားကာ ရှီဟောင်ပတ်လည်ကို ဝန်းရံသွားသည်။

“ပြီးပြီ .. ဟွမ်လို့ခေါ်တဲ့ အဲဒီလူထူးဆန်း သေချာပေါက် သေပြီ .. ကိုးခါဆက်တိုက်အော်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ .. ရွှေရောင်နတ်ဆိုးငှက် ဒီလိုမျိုး မလုပ်နိုင်တာ ဘယ်နှနှစ်တောင် ရှိနေပြီလဲ..” တစ်ဖက်လောကမှ လူငယ်များ ထိတ်လန့်သွားသလို လေးလည်းလေးစားသွားရသည်။

ပြောရမည်ဆိုလျှင် နတ်ဆိုးအော်သံတစ်ခု ပြုလုပ်ရခြင်းမှာ ရွှေရောင်နတ်ဆိုးငှက်အား စွမ်းအင်ကုန်ခမ်းစေသည်ပင်။ နောက်တစ်ကြိမ် ပြန်မသုံးမပြုခင် အချက်ပေါင်းရာကျော်ပြန်စောင့်ရသည်ပင်။

ရွှေရောင်နတ်ဆိုးငှက်အချို့ အကြိမ်အနည်းငယ် အော်နိုင်သော်လည်း သုံးကြိမ်ဆိုလျှင်ပင် သူတို့သွေးအန်နေလေပြီ။ လေးကြိမ်ဆိုလျှင် သူတို့အသက်အန္တရာယ်ရှိနေလေပြီ။ ကိုးကြိမ်ဆိုလျှင် ဘာဖြစ်နိုင်သည်ကို စဉ်းစားကြည့်နိုင်သည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အသက်ဓာတ်ခမ်းခြောက်ခြင်းပြဿနာတစ်ခုတည်းမဟုတ်။ မဖြစ်နိုင်သည့်ကိစ္စကြီးပင်။

သို့သော်လည်း ရွှေရောင်နတ်ဆိုးငှက် လုပ်နိုင်ခဲ့လေပြီ။

အော်သံကိုးကြိမ် .. ကောင်းကင်နှင့်မြေကြီး ပြိုကွဲလာကာ မူလမြူများလည်း အော်သံကိုးခုနှင့်အတူ ပေါင်းစည်းသွားကာ အားလုံးမှာ ရှီဟောင်ကို သတ်ရန်ကြိုးစားလာသည်။ သူဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း..

အဘယ်ကြောင့်ဆိုသော် ဒဏ္ဍာရီများအရ ကိုးကြိမ်ဆိုလျှင် အဆင့်တူသည့်ရန်သူများအားလုံး မလွဲမသွေ သေဆုံးသွားမည်ပင်။

ရှီဟောင်၏မျက်ခုံးကြားတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာကာ နီရဲနေသည့်သွေးအနည်းငယ် စီးဆင်းလာသည်။ သူ၏ခန္ဓာကိုယ်လည်း အတော်လေးတုန်ယင်နေကာ တစ်ကိုယ်လုံး ပေါက်ကွဲတော့မတတ်ပင် ခံစားနေရသည်။

ဝုန်း..

ရုတ်တရက် သူ့တစ်ကိုယ်လုံး တောက်ပလာသည်။ သူ ရွတ်လိုက်သည့် မူလရှေးဟောင်းမှတ်တမ်း သူ၏မူလဝိညာဉ်ကို ကာကွယ်ပေးကာ နဖူးရိုးကို ခုခံပေးလာသည်။ သေဆုံးခြင်းအော်ရာလည်း သူ့အဝေးမှ တွန်းထုတ်ခြင်း ခံလိုက်ရသည်။

အားလုံး ဆွံ့အသွားရ၏။ ဒါက‌ သေချာပေါက် သေရမယ့်အခြေအနေကို သူက ရပ်တန့်လိုက်နိုင်တာလား..

ရွှေရောင်နတ်ဆိုးငှက် စိတ်ပျက်သွားကာ ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေသည်။ သူမ များစွာ ပေးဆပ်ထားပြီး သူမဘဝတွင် တစ်ကြိမ်တည်းသာ ကိုးခါဆက်တိုက် အော်နိုင်သည်ပင်။ သို့သော်လည်း ဤသည်မှာလည်း တစ်ဖက်လူ၏ ချေဖျက်ခြင်းခံလိုက်ရသည်။

ရှီဟောင် မူလရှေးဟောင်းမှတ်တမ်းကို တိတ်တဆိတ်ပင် ရွတ်နေလိုက်သည်။ သူ၏ဘေးပတ်လည်တွင် အလင်းတန်းများတောက်ပလာသည်။ အထူးသဖြင့် သူ၏မျက်ခုံးကြားတွင်အလွန်တောက်ပလာသည်။ နောက်ဆုံးတွင် ထိုနီရဲနေသည့်သွေး ပျောက်ကွယ်သွားကာ သူ၏ဒဏ်ရာများလည်း ချက်ချင်း ပြန်လည်ကောင်းမွန်သွားသည်။

ရှီဟောင်၏မူလဝိညာဉ် အလွန်အားကောင်းကြောင်း အားလုံးသိလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူ ရွှေရောင်ဗောတိသီး၊ ဝိညာဉ်လမ်းပြခြင်းကြာပန်း၊ အဝါရောင်မြစ်ရေသစ်သီးတို့ကို စားသုံးပြီး မရေမတွက်နိုင်သည့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ပင်။ သူ၏မူလဝိညာဉ်ကို မူလရှေးဟောင်းမှတ်တမ်းနှင့် လျှပ်စီးဖြင့်လည်း သွေးထားခဲ့သည်ပင်။

“ငါ ဒါကို လက်မခံနိုင်ဘူး..” ရွှေရောင်နတ်ဆိုးငှက်၏ မျက်လုံးများ အရောင်မှေးမှိန်လာကာ သူမ၏အသက်ဓာတ် ပျောက်ကွယ်လာသည်။ သူမ၏ခန္ဓာကိုယ်မှာ အလွန်မောပန်းနေပြီဖြစ်ပြီး ပြန်လည်တုံ့ပြန်ရန် ခွန်အားမရှိတော့။

ယခုကဲ့သို့ တိုက်ခိုက်နိုင်ရန် သူမ မယုံကြည်နိုင်လောက်‌အောင် ပေးဆပ်ထားသည်ပင်။ သူမဘိုးဘေး သူမအားပေးထားသည့် သွေးအစစ်အားလုံး ကုန်သွားလေပြီ။ ယခုအချိန်တွင် သူမအသက်မှာ မုန်တိုင်းထဲမှ ဖယောင်းတိုင်မီးတောက်လေးကဲ့သို့ပင်။

“ငါ မင်းလမ်းကို ပို့ပေးမယ်..” ရှီဟောင်၏အသံမှာ အလွန်အေးစက်ကာ အညှာအတာကင်းမဲ့လှသည်။ သူ လက်ညှိုးထိုးလိုက်သည်နှင့် ဖူး ဟူသည့်အသံနှင့်အတူ ရွှေရောင်နတ်ဆိုးငှက်၏ မျက်လုံး ပြူးကျယ်သွားသည်။ သူမ၏မျက်ခုံးကြားတွင် လက်ညှိုးအရွယ်အစားအပေါက်တစ်ပေါက် ဖြစ်သွားပြီး သွေးများ ပန်းထွက်လာသည်။ ထို့နောက် သူမ မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူမ အလွန်လှပနေဆဲပင်။ ရွှေရောင်ဆံပင်မှာ သွေးများစွန်းပေနေပြီး အသားအရေလည်း ဖြူဖျော့နေသည်။ သို့သော်လည်း ယခုအချိန်တွင် သူမ အသက်ဓာတ်မရှိတော့။ အလောင်းတစ်လောင်းဖြစ်သွားလေပြီ။

“၇ ယောက်မြောက်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ သူတစ်ဖက်မှ ထိုဘုရင်များကို ကြည့်လိုက်၏။ သူ၏ခြေထောက်အောက်၌ လှပသည့်အလောင်းတစ်လောင်းရှိနေသည်ပင်။

အပိုင်း ၁၅၃၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၈ – တစ်ဖက်လောကအား စက်ဆုပ်ရွံရှာခြင်း

၇ ယောက်မြောက်..

ဤစကားလုံးသုံးလုံးမှာ အလွန်အေးစက်နေပြီး အလွန်လည်း ခံစားချက်ကင်းမဲ့နေကာ တစ်ဖက်လောကမှ ဘုရင်အားလုံးကို တုန်လှုပ်စေနိုင်သည်။

ထိုအခိုက်အတန့်တွင် မြက်တစ်ပင်မှမရှိသည့် ရှေးဟောင်းစစ်မြေပြင် တိတ်ဆိတ်သွားကာ အားလုံးမှာ ထာဝရစစ်ဘုရားကဲ့သို့ ဖြစ်‌နေသည့် ထိုလူငယ်လေးကို ကြည့်လိုက်သည်။

ဟွမ် လူငယ်ဘုရင် ၇ ယောက်ကို ဆက်တိုက်သတ်ခဲ့သောကြောင့် ကျန်နေသည့် ဘုရင်အားလုံးကို ထိတ်လန့်သွားစေသည်။

“မုန်းစရာကောင်းလိုက်တာ..” တစ်ဖက်လောကမှ လူများ လက်သီးများကို တင်းတင်ဆုတ်နေကြပြီး လက်ထိပ်များပင် ဖြူဖျော့နေပြီဖြစ်သည်။ သူတို့ တကယ်ကို ရှီဟောင်အား ချက်ချင်းသတ်ပစ်လိုက်ချင်သည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများပင်လျှင် ယခုတော့ ကြွေးကြော်ခြင်းမရှိသလို ဆူညံခြင်းလည်းမရှိတော့။

အစပိုင်း စိတ်လှုပ်ရှားနေပြီးနောက် သူတို့ တစ်ဖြည်းဖြည်းတည်ငြိမ်လာပြီး ရှီဟောင်အတွက် စိုးရိမ်လာသည်။

တစ်ဖက်လောကမှ ကျွမ်းကျင်သူမရှိဘူးလား .. မဖြစ်နိုင်တာ..

အဘယ်ကြောင့်ဆိုသော် ရှေးယခင်တိုက်ပွဲ၌ အံ့အားသင့်စရာကောင်းသည့် အောင်မြင်မှုများ ရရှိခဲ့သည့် ရှေးဟောင်းမိသားစုအချို့မှ လူငယ်အချိုု့ပါလာသည်ကို သက်ရှည်မိသားစုမှလူအချို့သိကြသည်ပင်။

ထိုလူများ၏ အောင်မြင်မှုများမှာ လက်ရှိခေတ်သာဆိုလျှင် မည်သူမှ ဖိနှိပ်နိုင်မည်မဟုတ်။ သူတို့သည် တာအိုကျောက်တိုင်များကဲ့သို့ အားလုံးကို ဖိချေပစ်လိုက်မည်ပင်။

ထိုလူများမှာ သူတို့ငယ်ရွယ်စဉ်ကတည်းက ကြယ်များကို ခူးဆွတ်နိုင်ပြီး၊ လကိုဖမ်းကာ ပင်လယ်လေးခုကိုလည်း ဝါးမြိုနိုင်ပြီဖြစ်သည်။ သူတို့သည် မကောင်းဆိုးဝါးများထဲမှ မကောင်းဆိုးဝါးများပင်။

အချိန်နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သောလည်း ထိုရှေးဟောင်းမိသားစုများမှာ ယခုအချိန်ထိ မကျဆင်းသွားပေ။ သူတို့၏နောက်ပိုင်းမျိုးဆက်များတွင်လည်း မကောင်းဆိုးဝါးများ ရှိနေသည်မှာ သေချာသည်။

“ဟွမ် .. ငါတို့မင်းကို ကျေးဇူးတင်ပါတယ် .. မင်း သတိထားဦး..” လုမိသားစုမှ လူအချို့ ပြောလိုက်သည်။

အသက်မျိုးစေ့ရှိသည့်လုဟုန်မှာ သူတို့အတွက် အလွန်အရေးပါသည့်သူပင်။ သူမ၏ တိုက်ခိုက်နိုင်စွမ်း သိပ်မကောင်းသော်လည်း သူမသည် ဘဝ၏အဓိပ္ပာယ်အစစ်အမှန်ကို နားလည်ထားပြီး သက်ရှည်သက်ရှိဖြစ်ရန် အခွင့်အရေးရှိသည့်သူပင်။ သို့သော်လည်း နောက်ဆုံးတော့ သူမ ရွှေရောင်နတ်ဆိုးငှက်လက်ထဲ၌ သေဆုံးသွားခဲ့ရသည်။

ယခု ရှီဟောင် ထိုငှက်ကို သတ်လိုက်ပြီဖြစ်သောကြောင့် ဤသည်မှာ သူတို့အတွက် လက်စားချေပေးပြီးသွားပြီဟု သတ်မှတ်၍ရသည်။

ယခုအချိန်တွင် တစ်ဖက်လောမှ သက်ရှိများ၏ ခံစားချက်များ အလွန်ရှုပ်ထွေးနေသည်။

ဟွမ်ဟုခေါ်သည့် ဤလူထူးဆန်းမှာ တကယ်ကို အနိုင်မယူနိုင်သည့်ရန်သူဖြစ်နိုင်သည်ဟု သူတို့စဉ်းစားမိသားသည်။ အနည်းဆုံးတော့ သူတို့လူငယ်မျိုးဆက်ထဲတွင်သူ့ကို ရင်ဆိုင်နိုင်မည့်သူ ရှားလိမ့်မည်။

“သူက အန်းလန်ကလန်က အဲဒီလူထက်တော့အားမနည်းလောက်ဘူး..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

အန်းလန်ကလန်မှာ တစ်ဖက်လောကတွင် ရှေးအကျဆုံးမိသားစုဖြစ်ပြီး မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးလှသည်ပင်။

“အန်းလန်ကလန်မှာ စွမ်းအားအကြီးဆုံးသွေးမျိုးဆက်နဲ့ အမွေဆက်ခံသူ တစ်ယောက်၊ နှစ်ယောက်လောက်ပဲရှိတာ.. အများဆုံး သုံးယောက်ထက်မပိုဘူး .. သူတို့တွေ ဒီခေတ်မှာ ပေါ်လာမှာလားမသိဘူး..”

ထိုလူများ တီးတိုးပြောနေကြလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုကလန်မှ လူများပေါ်လာပြီး ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို ရှင်းလင်းပစ်ရန် သူတို့မျှော်လင့်နေကြသည်ပင်။ ရှီဟောင်ကို ဖိနှိပ်ကာ သတ်ပစ်ရမည်။

စွမ်းရည်သိပ်မရှိသည့် အမျိုးသမီး ကလန်ထဲမှ လူတစ်ယောက်နှင့် လက်ထပ်လိုက်လျှင်ပင် ကျန်းဖုန်းကဲ့သို့သော ဂျီးနီးယပ်စ်များ ထွက်လာသည်ပင်။ သူသည် လူငယ်မျိုးဆက် ဘုရင်များထဲမှ တစ်ယောက်ဖြစ်လာသောကြောင့် အန်းလန်ကလန် မည်မျှ ကြောက်စရာကောင်းသည်ကို တွေ့နိုင်သည်။

အမှန်တကယ်တွင် ထိုကလန်မှ တိုက်ရိုက်သွေးမျိုးဆက်များ၊ ပြိုင်ဘက်ကင်းသည့် သွေးမျိုးဆက်အစစ်များသည် အပြင်လူနှင့် ဘယ်တော့မှ လက်ထပ်မည်မဟုတ်။

ကံမကောင်းစွာဖြင့် ထိုကလန်မှ လူများမှာ အလွန်နည်းပါးသောကြောင့် သူတို့၏ မျိုးဆက်ပွားနှုန်းကို ထိခိုက်စေသည်ပင်။

“နောက်တစ်ယောက်..”

စစ်မြေပြင် တည်ငြိမ်သွားသည့်အချိန်တွင် စစ်မြေပြင်ထဲမှ ထိုလူငယ်ပြောလိုက်သည်။

ယခုအချိန်တွင် လူများမှာ အရှက်ခွဲခံနေရသည်ဟု ခံစားနေရပြီး ရှုံးနိမ့်နေသောကြောင့်လည်း ဒေါသထွက်နေကြသည်ပင်။

သူသည် လူတစ်ယောက်တည်းသာဖြစ်သော်လည်း လူငယ်ဘုရင်များ၏လမ်းကို ပိတ်ရပ်နေသည်။ သူ့ကို တစ်ခုခုလုပ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား .. သူတို့ ပြန်သွားပြီးတော့ တစ်ယောက်ယောက်ကို သွားခေါ်လာရမှာလား..

ထို ‘နောက်တစ်ယောက်’ ဟူသည့်အသံမှာ နားကလောလှသည်။

ဤစာလုံးတွင် အေးစက်မှုနှင့်အတူ အုပ်ချုပ်သူတစ်ယောက်မှ သူတို့အား အထင်သေးရှုံ့ချနေသကဲ့သို့ပင်။

တစ်ဖက်လောကမှ လူငယ်ဘုရင်များ ဘယ်လိုလုပ် ဒေါသထွက်ကာ မရှက်ပဲနေမည်နည်း… အဘယ်ကြောင့်ဆိုသော် သမိုင်းစကတည်းက ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို အထင်သေးကာ အနိုင်ယူခဲ့သည့်သူများမှာ သူတို့ပင်။

သို့သော် ယခုတော့ အားလုံး ပြောင်းပြန်ဖြစ်သွားလေပြီ။

ဤလူအတွက်တော့ ဤကဲ့သို့သော စွမ်းအားမျိုးမှာ ကြီးကျယ်ခမ်းနားမှုတစ်မျိုးပင်။

နောက်ပိုင်း သူစစ်ပွဲထဲမှ သေသွားမည်ဆိုလျှင်ပင် ယခုအချိန်တွင် သူ ထိပ်ဆုံး၌ရောက်နေပြီး တစ်ဖက်လောကမှဘုရင်များပင် သူနှင့် ထိပ်တိုက်ရင်မဆိုင်ရဲကြ။

အနောက်ဘက်တွင်ရှိနေသည့် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများ မနာလိုဖြစ်ကာ‌ သွေးများဆူပွက်လာသည်။ ရှီဟောင်၏စွမ်းအားမှာ သူတို့အား စိတ်အားထက်သန်လာစေသည်ပင်။

ယခင်ကတည်းက ယခုအချိန်ထိ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ သတ္တဝါများမှာ အရိပ်တစ်ခု၏ ဝါးမြိုခြင်းခံနေရကာ ခြိမ်းခြောက်ခံနေရသည်။ သို့သော် လူငယ်တစ်ယောက် တစ်ဖက်လောကမှလူများ ခေါင်းမထောင်နိုင်လောက်အောင်အထိ အနိုင်ယူနေသောကြောင့် အားလုံး စိတ်လှုပ်ရှားလာကြသည်ပင်။

“မင်း မောက်မာလွန်းတယ်..” တစ်ဖက်လောမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

သို့သော်လည်း မည်သူမှ ထွက်မလာခဲ့။ ထာဝရလိပ်ခွံအပိုင်းအစလည်း တောက်ပမလာပဲ ရှီဟောင်အတွက် ပြိုင်ဘက်တစ်ယောက် မရွေးချယ်ပေးသေး။

အဘယ်ကြောင့်ဆိုသော် သုံးပွဲနိုင်တိုင်း သူ့အား စစ်မြေပြင်ထဲ၌ အနည်းငယ်နားခွင့်ပေးသည်ပင်။ ဤအတောအတွင်း သူအခြားပြိုင်ဘက်တစ်ယောက်ကို ရွေးချယ်ပေးဦးမည်မဟုတ်။

“ငါ ပျော်ရွှင်ခြင်းသုံးဆကို စားဖို့ပဲ အချိန်ရှိတာ .. လေးမျိုးစပ်အသားလုံးနဲ့ ငါးလွှာအသားတွေရှိသေးတယ် .. ဒါက တကယ်ကို ရွေးချယ်ရခက်တာပဲ .. ပစ္စည်းကောင်းတွေ အများကြီးရှိနေတော့ ငါဘယ်လို ရွေးချယ်ရမလဲ .. ငါ ဒါတွေအားလုံးကို ဘယ်လိုချက်သင့်လဲ .. ဝေခွဲမရတော့ဘူး..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

“မင်း .. မင်း ရိုင်းစိုင်းလွန်းတယ် .. တစ်ဒီနေ့ သေချာပေါက် ဆိုးဆိုးရွားရွားကို သေရလိမ့်မယ်..” တစ်ဖက်လောကမှ မနေနိုင်တော့ပဲ အော်ဟစ်လာကြသည်။

ဘာ ပျော်ရွှင်ခြင်းသုံးဆလဲ .. ဘာ လေးမျိုးစပ်အသားလုံးလဲ .. ဘာ ငါးလွှာအသားလဲ .. တစ်ခုမှ နာမည်ကောင်းမဟုတ်။ အားလုံးမှာ နိမ့်ကျလှပြီး သာမန်ဟင်းပွဲများပင်။ သူက ဘုရင်တွေကို တမင်သက်သက်တွေကို လှောင်ပြောင်ချင်တာလား..

မြေပြင်ထက်တွင် ရွှေရောင်ဆံပင်နှင့်အမျိုးသမီးမှာ ရွှေရောင်နတ်ငှက်အဖြစ်သို့ ပြောင်းလဲသွားပြီး မြွေယာ့ခ်ရှာ၏ ခန္ဓာကိုယ်လည်း အပိုင်းပိုင်းဖြစ်ကာ ရွှေရောင်အလင်းတောက်ပနေသည်။

ရှီဟောင် ထိုအပိုင်းအစများကို အေးဆေးကောက်ပြီး စားသောက်ရန် ပြင်ဆင်နေသည်။

စစ်မြေပြင်တစ်ခုလုံး လုံးဝတိတ်ဆိတ်သွား၏။ ဤသည်မှာ အလွန်ထူးဆန်းသည်ပင်။ တစ်ဖက်လောကမှ လူငယ်ဘုရင်များမှာ သူ့အား နီရဲနေသည့်မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။

“မင်းတို့အားလုံး ဝမ်းနည်းပြီးတော့ ကူကယ်ရာမဲ့သလို ခံစားနေရတယ်မလား…” ရှီဟောင် မတ်တပ်ရပ်ကာ သူတို့အား ကြည့်လိုက်သည်။ ထို့နောက် အေးစက်စွာ ရယ်မောလိုက်ကာ “ဒါက မင်းတို့တွေ ငါတို့ကို လုပ်ခဲ့တဲ့အရာတွေပဲ .. အရင်ခေတ်ကတည်းက ငါတို့ဒီလိုမျိုးခံစားခဲ့ရတာ .. အသက်ရှင်ရတာတောင် ပင်ပန်းတယ်လို့ ခံစားရတဲ့အထိ မင်းတို့ ဖိအားပေးခဲ့တာ .. ဒါပေမဲ့ ဒီနေ့ ငါ မင်းတို့လောက လူငယ် ၇ ယောက်ကိုပဲ သတ်ရသေးတာ .. မင်းတို့က ဒါကို သည်းမခံနိုင်တော့ဘူးလား .. သွေးတွေစွန်းနေတဲ့ မင်းတို့လက်ကိုကြည့်ပြီးတော့ မင်းတို့လုပ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက် .. ဒီနှစ်ပေါင်းများစွာအတွင်းမှာ မင်းတို့ မကောင်းမှုတွေ ဘယ်နှခုတောင် လုပ်ခဲ့ပြီးပြီလဲ..”

ရှီဟောင် စစ်မြေပြင်ထဲမှနေ၍ အသက်ကြီးသည့်မျိုးဆက်များအပါအဝင် တစ်ဖက်လောကမျ လူအားလုံးကို ပြောလိုက်၏။ သူအတော်လေး ဒေါသထွက်နေသည်ပင်။

“လူငယ်လေး မင်းက တော်တော်လေးသတ္တိရှိပေမယ့် မင်းဘာမှရမှာမဟုတ်ဘူး .. ကံတရားက ငါတို့နဲ့ ရှိနေတာ .. မင်းပဲဖြစ်ဖြစ် ထာဝရသက်ရှိအစစ်ပဲဖြစ်ဖြစ် အားလုံးက ဖုန်မှုန့်လေးဖြစ်သွားမှာပဲ..” လူလတ်ပိုင်းအမျိုးသားမှ အေးစက်စွာ ပြောလိုက်သည်။ လူငယ်လေးများ ဆက်တိုက်သေဆုံးနေသော်လည်း သူသည် ဒေါသထွက်ခြင်းမရှိပဲ ရှီဟောင်ကိုသာ အေးစက်စွာ စိုက်ကြည့်နေသည်။

“အဲဒါဆိုရင် ဘာမှပြောစရာမရှိတော့ဘူး .. ကျုပ် မျိုးဆက်တစ်ခုပြီးတစ်ခု သတ်ပစ်မယ် .. လူငယ်ကနေစပြီးတော့ ခင်ဗျားတို့ လူလတ်ပိုင်းတွေထိ သတ်မယ် .. ပြီးရင် လူသတ်သမားအစစ် အသက်ကြီးတဲ့မျိုးဆက်တွေလာမယ် ..‌ သွေးကြွေးကိုသွေးနဲ့ပြန်ဆပ်ရမယ် .. သတ်ဖြတ်ခြင်းကို သတ်ဖြတ်ခြင်းနဲ့ အဆုံးသတ်မယ် .. ခမ်းနားတဲ့အခြေအနေဟုတ်လား .. အဲဒီတော့ဘာဖြစ်လဲ .. ကျုပ်က စောင့်နေရမှာလား .. ကံတရားဟုတ်လား .. ကျုပ် ဂရုကိုမစိုက်တာ .. ကျုပ်ဖြုတ်ကျော်သွားဖို့ပဲလိုတယ်..” ရှီဟောင် ပြန်ဖြေလိုက်သည်။

“မင်းက ငါ့ကိုသတ်မလို့လား .. ပုရွတ်ဆိတ်လိုတည်ရှိမှုလေးကတောင် ဆူဆူညံညံ ဟောင်ရဲနေတာလား .. ငါ့လက်တစ်ဖက်တည်းနဲ့ မင်းကို သတ်ပစ်လို့တောင်ရတယ်..” လူလတ်ပိုင်းအမျိုးသားမှ အေးစက်စွာ ပြောလိုက်သည်။

”ကျပ်မပြည့်တဲ့သူ .. ခင်ဗျားလာလို့ ရလို့လား .. ခင်ဗျားလာလို့ရတဲ့အချိန်ထိစောင့်နေလိုက် .. အဲဒီအချိန်ကျရင် ကျုပ် လက်တစ်ဖက်တည်းနဲ့ ခင်ဗျားသေသွားအောင် လုပ်ပေးမယ်..” ရှီဟောင် အလွန်မောက်မာစွာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူများ၏ ခန့်မှန်းချက်အရဆိုလျှင် တစ်ဖက်လောကမှလူများ ရည်ရွယ်ချက်တစ်ခုခုရှိလိမ့်မည်။ ထို့ကြောင့် သူတို့ဘာမဆိုပေးဆပ်ကာ အနီရောင်ကောင်းကင်နယ်စပ်၌ အပေါက်တစ်ပေါက်ဖောက်ကာ ဖြတ်ကျော်လာခြင်းပင်။ သို့သော်လည်း သူတို့ နယ်ခြားနံရံနှင့် သဘာဝဥပဒေသ၏ တားဆီးခြင်းကို ခံနေရဆဲပင်။ သူတို့ တစ်ဖက်ထဲသို့ အများကြီး မဝင်နိုင်သေး။ နယ်စပ်၌သာ ရပ်တန့်နေရသည်။

“မင်းက ငါ့ကို ဝေဖန်ရဲတယ်ပေါ့..” လူလတ်ပိုင်းအမျိုးသား၏ မျက်ခုံးများ ဖြောင့်တန်းသွားကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ကိုပင် လွှမ်းခြုံသွားသည်။

“ခင်ဗျား နာမည်ပြော..” ရှီဟောင်ပြောလိုက်၏။

“မင်း လက်မခံနိုင်ဘူးလား .. မှတ်ထားလိုက် … ငါ့နာမည်က ချီဒယ်..”

“ကောင်းတယ် .. ကျုပ်မှတ်ထားလိုက်ပြီ .. ကျုပ်က ကိုယ့်စကားကိုကိုယ်တည်တဲ့သူ .. နောင်ကျရင် ကျုပ်လက်တစ်ဖက်တည်းနဲ့ ခင်ဗျားကို ဖျက်ဆီးပစ်မယ်..” ရှီဟောင် တိုက်ရိုက်ပင် ပြောလိုက်သည်။

“မင်း ..” ချီဒယ် ထိန်းမထားနိုင်တော့ပဲ ရှီဟောင်ကို သတ်ချင်သောကြောင့် ခြေလှမ်းကျဲများဖြင့် ထွက်လာလိုက်သည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ် လှုပ်ရမ်းသွားပြီး သူ၏လှုပ်ရှားမှုများလည်း ပုံမှန်မဟုတ်တော့။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူများ၏အမူအရာများ ပြောင်းလဲသွားသည်။ နယ်ခြားနံရံ၏ဖိနှိပ်ခြင်းခံနေရသောကြောင့် ဤသည်မှာ သူ အလွန်စွမ်းအားကြီးသည်ဟု ဆိုလိုခြင်းပင်။ လူတစ်ယောက် စွမ်းအားကြီးလေလေ ဖိနှိပ်မှုပိုများလေလေပင်။

“မင်းသေချင်နေတာလား..” ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲအရှင် မုန့်ထျန်းကျန်း ပြောလိုက်၏။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ လူလတ်ပိုင်းအမျိုးသားအား တုန်လှုပ်သွားစေသည်။ သူသည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ပြီး နောက်ပြန်လှည့်သွားသည်။

“အခုကစပြီးတော့ ငါတို့ မြန်မြန်လုပ်ကြတာပေါ့ .. အခု လူသုံးယောက်ကျန်သေးတယ် .. မင်းတို့သုံးယောက်ကို တစ်ခါတည်းလာခွင့်ပေးလိုက်မယ်..” ရှီဟောင်ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံးမှာ ဖုန်းကွယ်ထားတဲ့ရည်ရွယ်ချက်တွေရှိတယ်ဆိုတာ ကျုပ်သိတယ် … အဲဒီလှည့်ကွက်တွေအားလုံး ပေါ်လာမှာပဲ .. အဲဒီတော့ ခင်ဗျားတို့ မြန်မြန်လုပ်လိုက်ကြ .. ခင်ဗျားတို့လူငယ်တွေကို ဘာလို့ တစ်ယောက်ပြီးတစ်ယောက် အလကား သေခိုင်းနေမှာလဲ … ခင်ဗျားတို့ သူတို့ကို တကယ်သေစေချင်တယ်ဆိုရင် သူတို့တွေအားလုံးကိုတစ်ခါတည်းသာ လာခိုင်းလိုက် .. ကျုပ် သူတို့အားလုံးကို ရှင်းပေးလိုက်မယ်..” ရှီဟောင် အလွန်မယဉ်ကျေးစွာပင် ပြောလိုက်သည်။

အပိုင်း ၁၅၃၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၉ – ဖျက်ဆီးခြင်း

ဤအသံမှာ စွမ်းအားကြီးကာ အားအင်ပြည့်လှသည်။ လူငယ်ဘုရင်များအားလုံး ကြီးမားလှသည့်ဖိအားကို ခံစားလိုက်ရသည်။

“ငါမင်းကို သတ်ပစ်မယ်…”

“ငါမင်းကို သတ်ပစ်မှာ..”

လူများစွာ တစ်ချိန်တည်း အော်ဟစ်လိုက်ကြကာ တရှိန်ထိုးပြေးလာကြလေ၏။ ယခုတစ်ကြိမ်တော့ သူတို့သည်းခံနိုင်သည်ထက် ပိုသွားလေပြီ။ ဒေါသထွက်လွယ်သည့်မျိုးစိတ်များမှာ အရဲရင့်ဆုံးနှင့် အကြောက်တရားကင်းမဲ့ဆုံးပင်။

“မင်းတို့အားလုံးက ငါ ငါးလွှာအသားစားမယ့်အချိန်ကို နှောင့်နှေးအောင် လုပ်နေတာပဲ .. ကောင်းတယ် .. လာခဲ့လိုက်ကြ .. ခဏနေကျရင် ငါ ရတနာရှစ်မျိုးဟင်းစားမယ် .. အားဖြည့်စွပ်ပြုတ်စားမယ် .. ဒါမှမဟုတ် အကုန်လုံးကို‌ ရောချက်ပြီးစားပစ်မယ်,,” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။

ရွှီး..

ထိုအချိန်တွင် ထာဝရလိပ်ခွံအပိုင်းအစများ တောက်ပလာကာ အပိုင်းအစတစ်ခုမှာ တစ်ဖက်လောကမှ သတ္တဝါထံသို့ ပြေးသွားသည်။

လိပ်ခွံအပိုင်းအစများမှာ အလွန်ထူးဆန်းပြီး ဤလိပ်ခွံကိုရလိုက်သည်မှာ တစ်ခါတစ်ရံ ကလန်၏ ကံတရားနှင့် သက်ဆိုင်မည်ပင်။ ထို့ကြောင့် ဤလိပ်ခွံကို အားလုံးနှစ်သက်ကြပြီး မည်သူမှ အထင်မသေးရဲခြင်းပင်။

ယခုအချိန်တွင် လိပ်ခွံလှုပ်ရှားလာသောကြောင့် အားလုံး ရပ်တန့်သွားကြသည်။ လိပ်ခွံများမှာ ပျက်စီးနေပြီဖြစ်သော်လည်း သူတို့ ဤသည်ကို အလေးအနက်ထားနေဆဲဖြစ်ပြီး မလေးမစား မလုပ်ရဲကြ။

တစ်ဖက်လောကမှ သက်ရှိတစ်ယောက်ကို ရွေးချယ်လိုက်လေပြီ။ သူ၏ခန္ဓာကိုယ်မျာ သိပ်မကြီးသော်လည်း သူ၏သွင်ပြင်မှာ အလွန်ထူးဆန်းလှသည်။

ဤသည်မှာ မတ်တပ်ရပ်နေသည့်လိပ်ပင်။ သို့သော် သူထံ၌ လူသားခြေထောက်တစ်စုံရှိနေပြီး တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများစီးဆင်းနေ၏။ အထူးသဖြင့် သူ၏လိပ်ခွံမှာ ရွှေရောင်ဖြင့် အလွန်တောက်ပနေသည်။

ရွှေရောင်လိပ်ခွံပေါ်၌ ပုံများစွာရှိသည်။ ထိုပုံများအားလုံး ထူးဆန်းကာ ရှုပ်ထွေးလှကာ အလွန်လှပလှသည်။

သူ၏လက်များမှာ လိပ်လက်ကဲ့သို့ပင်။ ရွှေရောင်လက်သည်းများမှာ အလွန်ထက်ရှလှသည်။ သူ၏ဦးခေါင်းမှာမူလူငယ်တစ်ယောက်ပုံဖြစ်သော်လည်း လိပ်နဂါးတစ်ကောင်ပုံဖြစ်နေသည်။ သူ၏ရွှေရောင်ဆံပင်ရှည်ထဲမှ ဦးချိုကိုးခု ထိုးထွက်နေသည်။

ရွှေရောင်ချပ်ဝတ်တန်ဆာဘုရင်လူမျိုး..

အားလုံး စိတ်လှုပ်ရှားသွားကြရသည်။ တစ်ဖက်လောကမှ ကျင့်ကြံသူများလည်း ထူးဆန်းသည့်အမူအရာများဖြစ်သွားကြသည်။

“နတ်ဆိုးဂါး၊ လိပ်နက်နဲ့ တစ်ခြားဘုရင်လူမျိုးစုတွေ ရောထားတဲ့သွေးနှောမျိုးဆက်…”

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုဘက်ရှိ သက်ရှည်မိသားစုမှ အကြီးအကဲတစ်ယောက်ပြောလိုက်၏။ သူမျက်မှောင်မကြုတ်ပဲ မနေနိုင်တော့။

ထိုရွှေရောင်ချပ်ဝတ်တန်ဆာဘုရင်လူမျိုးဆိုသည်မှာ သွေးနှောထားသည့်လူမျိုးစုပင်။ သူတို့သည် စွမ်းအားကြီးကာ ကြောက်စရာကောင်းလှပြီး သူတို့ ခုခံနိုင်စွမ်းမှာလည်း လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည်။ သူတို့ ရှုံးရန် ခက်ခဲလှသည်ပင်။

တစ်ဖက်လောကမှ သတ္တဝါများမှာ ဤလူမျိုးစုကို ပို၍ပင် နားလည်သေးသည်။

လူငယ်ဘုရင်အချို့မှာ သူ့ကို ကြောက်ပင်ကြောက်ကြရသည်ပင်။ အန်းလန်ကလန်မှ ရှေးဟောင်းဘိုးဘေးသည် ညာလက်တွင် လှံတံတစ်ခုကိုင်ပြီး ဘယ်လက်တွင် ဒိုင်းကာတစ်ခုကိုကိုင်ကာ မရပ်မနားသတ်ဖြတ်ခဲ့သည်ဟု ပြောကြသည်။ သူ၏ဘယ်လက်တွင်ရှိနေသည့် ဒိုင်းကာမှာ ရွှေရောင်ချပ်ဝတ်တန်ဆာဘုရင်လူမျိုး၏ အခွံဖြစ်သည်ဟု ပြောကြသည်။ သို့သော် တကယ်ဟုတ်မဟုတ် မသိ။

ထိုကဲ့သို့သော ပြိုင်ဘက်ကင်းသည့်သူပင် ဤလူမျိုးစု၏ အခွံကိုစိတ်ဝင်စားခဲ့သောကြောင့် ဤလူမျိုးစု မည်မျှထူးခြားသည်ကို စဉ်းစားကြည့်နိုင်သည်။

“ကျန်တဲ့လူသုံးယောက် တစ်ခါတည်းလာလို့ ရတယ်လို့ ငါပြောထားတယ်လေ..” ရှီဟောင်ပြောလိုက်၏။

ဤသည်မှာ မောက်မာစွာ ပြောနေခြင်းမဟုတ်။ သူဤကဲ့သို့ လုပ်ရသည့်အကြောင်းရင်းရှိသည်။ သူသာ အောင်မြင်သွားလျှင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများ ယုံကြည်ချက် တိုးလာလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောကမှ လူများ၏ စွမ်းအားကို သူနားလည်သည်။ သူတို့ကို အနိုင်ယူရန်မဖြစ်နိုင်။ အနာဂတ်မှာ မည်မျှပင် မှောင်မဲနေမလဲ မသိနိုင်။ ယခုအချိန်တွင် သူတို့ဘက်မှလူများ ယုံကြည်ချက်အားကောင်းနေရန် လိုအပ်သည်။

“သတ်..”

ရွှေရောင်ချပ်ဝတ်တန်ဆာကလန်မှ လူငယ်ကျွမ်းကျင်သူလည်း ဒဲ့တိုးပင်။ ထိုစကားကိုကြားသည်နှင့် သူ့မျက်လုံးထဲ အေးစက်သည့်အလင်း ဖြတ်သန်းသွားကာ သတ်ဖြတ်လိုသည့်အငွေ့အသက်လည်း ထွက်ပေါ်လာသည်။ သူသည် ဘုရင်ဖြစ်သောကြောင့် သူ့ထံတွင်မာနရှိသည်။ သူ အခြားသူများနှင့် တိုက်ခိုက်မည်မဟုတ်။

ထိုသို့ဆိုလျှင် ရှီဟောင်လည်း သူ၏ခွန်အားကို ထိန်ချန်ထားမည်မဟုတ်။ သူ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ရွှီး..

ရွှေရောင်ချပ်ဝတ်တန်ဆာကလန်ကျွမ်းကျင်သူ၏ လက်သည်းများမှာ ထက်ရှလှသည်။ ထိုလိပ်နဂါးလက်သည်းမှာ လေဟာနယ်ကို စုတ်ဖြဲသွားကာ အာကာသကို ဖျက်ဆီးလိုက်သည့် ဥက္ကာခဲကြီး ရောက်လာသကဲ့သို့ အေးစက်သည့်အလင်းတန်းများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာသည်။

ဒုန်း..

ရှီဟောင်၏လက်ဝါး ထိုအေးစက်သည့်အလင်းတန်းကို ရိုက်ခတ်မိသွားကာ ကျယ်လောင်လှသည့်အသံကြီး ထွက်ပေါ်လာသည်။

ထိုအသံထွက်ပေါ်လာပြီးနောက် အေးစက်သည့်အလင်းများ နေရာအနှံ့ ပျံ့နှံ့သွားသည်။ ရွှေရောင်ချပ်ဝတ်တန်ဆာကလန်ကျွမ်းကျင်သူသည် ဆက်တိုက်ပင် တိုက်ခိုက်ကာ သူ၏လိပ်နဂါးလက်သည်းများဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဆုတ်ဖြဲနေသည်။

ခွပ်..

သို့သော်လည်း ရှီဟောင်သည် အရာအားလုံးကို တားဆီးနိုင်ရုံသာမက အရှေ့ဘက်သို့ပင် ပြေးလာသေးသည်။ သူနောက်ပြန်ဆုတ်စရာရုံကလွဲပြီး မတတ်နိုင်ခဲ့။ အဘယ်ကြောင့်ဆိုသော် သူအရှိန်အနည်းငယ်လျှော့လိုက်သည်နှင့် သူ၏ချွန်ထက်လှသည့်လက်သည်းတစ်ချောင်း ရှီဟောင်ကြောင့် ကွာကျသွားသည်။

ထိုလက်ပင် ကောက်ကွေးသွားကာ သွေးများစီးကျလာသည်။

ရွှေရောင်ချပ်ဝတ်တန်ဆာကလန်ကျွမ်းကျင်သူ ထိတ်လန့်သွားရ၏။ သူ့လက်သည်းများမှာမည်မျှပင် မာကျောလှသနည်း .. သို့သော်လည်း သူ၏လက်သည်းမှာ တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်ကို မခုခံနိုင်ခဲ့။ ပြိုင်ဘက်မှာ အထင်ကြီးစရာကောင်းလှသည်။

ဝူး..

ရွှေရောင်ချပ်ဝတ်တန်ဆာကလန်ကျွမ်းကျင်သူ ဟစ်ကြွေးလိုက်ကာ သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းများ တောက်ပလာသည်။ သူသည် သူ၏ဘိုးဘေးပညာကို အသုံးပြုကာ ရှီဟောင်အား ရိုက်ချလိုက်သည်။

ရှီဟောင် လက်ဝါးရိုက်ချက် ရိုက်လိုက်သော်လည်း သူ၏ပြိုင်ဘက်သည် ရုတ်တရက်ပင် တစ်ဖက်လှည့်သွားပြီး သူ၏ရွှေရောင်အခွံကိုသုံးပြီး ကာလိုက်သည်။ ဒုန်းဟူသည့်အသံထွက်ပေါ်လာကာ နတ်အလင်းများ တောက်လာသည်။ ရွှေရောင်ချပ်ဝတ်တန်ဆာကလန်လူငယ်ဘုရင်သည် သူ၏အမာကျောဆုံးအစိတ်အပိုင်းကို အသုံးပြုကာ ထိုရိုက်ချက်ကို တာဆီးလိုက်ခြင်းပင်။ ထို့နောက် ခေါင်းပြူလာကာ ရှီဟောင်ကို တိုက်ခိုက်လာသည်။ သူ၏ဆံပင်ရှည်များထဲတွင်ရှိနေသည့် ဦးချိုကိုးခုမှာ အလွန်ထက်ရှလှသည်။ ထိုဦးချိုများဖြင့် ရှီဟောင်၏ခန္ဓာကိုယ်ကို တိုက်ခိုက်လာလေသည်။

နတ်ဆိုးနဂါးဦးချို .. ရွှေရောင်ချပ်ဝတ်တန်ဆာကလန်သို့ လက်ဆင်းကမ်းပေးပြီးသည့်နောက်တွင် အခြားမျိုးစိတ်များနှင့် ရောနှောသွားသောကြောင့် ဤသည်မှာ နတ်ဆိုးနဂါးဦးချိုအစစ်ကဲ့သို့ မဖြစ်နိုင်တော့။ သို့သော်လည်း သူတို့သည် အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းအားကြီးနေဆဲပင်။

ရှီဟောင် သူ၏လက်ဝါးများမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ဤဦးချိုများမှာ အတော်လေး မာကျောလှသည်။ အခြားသူများသာဆိုပါက သူတို့လက်ဝါး ပျက်စီးသွားလောက်လေပြီ။

သူကဲ့သို့ စွမ်းအားကြီးကာ မာကျောသည့်ခန္ဓာကိုယ်ရှိသည့် သူပင်လျှင် အနီရောင်တံဆိပ်များစွာ ထွက်ပေါ်လာပြီး သူ၏အသွေးအသားမှာ ပေါက်ကွဲလုမတတ်ပင်။

“သတ်..”

ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏အော်ရာလည်း ချက်ချင်းထိုးတက်သွားသည်။ သူ၏နတ်ခွန်အားကို အသက်သွင်းလိုက်ကာ စွမ်းအားအကြီးဆုံး တိုက်ခိုက်စွမ်းရည်ကို အသုံးပြုလိုက်သည်။

ခွပ်..

သူ ရွှေရောင်ချပ်ဝတ်တန်ဆာကလန်လူငယ်ဘုရင်၏ဦးချိုတစ်ခုကို ဆုတ်ကိုင်ကာ ချိုးပစ်လိုက်သည်နှင့် သူ့ခေါင်းမှ သွေးများစီးကျလာသည်။

ဒုန်း..

ရှီဟောင်သည် ညှာတာခြင်းမရှိပဲ စွမ်းအားကြီးစွာ တိုက်ခိုက်နေသည်။ ရလဒ်အနေဖြင့် တစ်ခဏအတွင်းမှာပင် သူ ဦးချိုသုံးခုကျော် ချိုးပြီးသွားပြီဖြစ်ပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကလန်လူငယ်ဘုရင်အား လုံးဝထိတ်လန့်သွားစေသည်။ သူ့ထံတွင် ဦးချိုကိုးခု ရှိနေသောကြောင့်သာမဟုတ်ပါက သူ့ခေါင်းကြီး ပေါက်ကွဲသွားလောက်လေပြီ။

ရွှေရောင်ချပ်ဝတ်တန်ဆာကလန်လူငယ်ဘုရင် ကြောက်ရွံ့သွားကာ သူ့မျက်ဝန်းထဲ အေးစက်သည့်အလင်းများ ဖြတ်ပြေးသွားသည်။ သူသည် သူ၏ခြေလက်လေးဘက်လုံးကို အခွံထဲ ပြန်သိမ်းလိုက်ကာ စွမ်းအားအကြီးဆုံး ရှေးဟောင်းပညာကို အသုံးပြုလိုက်သည်။

ထို့နောက် သူ၏အခွံ လည်လာကာ တောက်ပသည့်သင်္ကေတများ ထုတ်လွှတ်လျက် ရှီဟောင်ထံသို့ ဦးတည်လာသည်။

ဤအခွံ၏ ခုခံနိုင်စွမ်းမှာ အံ့အားသင့်စရာကောင်းလှပြီး အဆင့်တူသည့်သူများ ချိုးဖျက်ရန် ခက်ခဲလှသည်။ သူ ဤအခွံကိုသုံးကာ တစ်ဖက်လူ အားကုန်သွားအောင်လုပ်ချင်သည်။

သို့သော် ဤသည်မှာ သူတိုက်ခိုက်မှုကို လက်လျော့လိုက်ပြီဟု ဆိုလိုခြင်းမဟုတ်။ ရွှေရောင်လိပ်ခွံကို သင်္ကေတများဖုံးအုပ်ထားကာ ကောင်းကင်ကို ထိုးဖောက်သွားသည့် တောက်ပသည့်အလင်းတန်းများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေသည်။

ဤသည်မှာ တိုက်ခိုက်မှုနှင့် ခုခံမှု နှစ်ခုလုံးပင်။

ဒုန်း ဒုန်း ဒုန်း..

ရှီဟောင် တိုက်ခိုက်လိုက်ပြီး ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ သို့သော်လည်း ဤရွှေရောင်လိပ်ခွံမှာ အလွန်မာကျောလှပြီး အကောင်းအတိုင်းပင်ရှိသေးသည်။ အထဲဘက်မှ ရွှေရောင်ချပ်ဝတ်တန်ဆာကလန်လူငယ်ဘုရင်၏ သွေးနှင့်ချီများ ထွက်လာပြီဖြစ်သော်လည်း လိပ်ခွံမှာ အချို့တစ်ခုထိတော့ ပျက်စီးသွားမည်မဟုတ်။

“ဟား ဟား ဟား .. အခွံထဲမှာ ခေါင်းဝှက်ထားတဲ့လိပ်ပါပဲ .. ဒါက တစ်ဖက်လောကက ဘုရင်လို့ခေါ်တဲ့ လူမျိုးစုလား .. မြင်မကောင်းရှုမကောင်းဖြစ်နေတာပဲ..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ တစ်စုံတစ်ယောက် ရယ်မော၍ ဟစ်ကြွေးလိုက်သည်။ ရွှေရောင်ချပ်ဝတ်တန်ဆာကလန်လူငယ်ဘုရင် ထွက်လာရန်အတွက် တမင်သက်သက်ရန်စလိုက်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် အချိန်ကြာလာလျှင် ရှီဟောင် သူ၏မှော်စွမ်းအားကို ဖြန်းတီးသလိုဖြစ်နေပြီး သူအန္တရာယ်ရှိသွားမည် စိုးသောကြောင့်ပင်။

“မင်းတို့ ဘာနားလည်လို့လဲ .. ဒါက ခုခံမှုကို ပိုပြီးအားပေးတဲ့ နတ်စွမ်းရည် .. မင်းတို့မှာ အစွမ်းအစရှိရင် အဲဒီလိပ်ခွံကို ချိုးဖျက်လိုက်လေ..” တစ်ဖက်လောကမှ တစ်စုံတစ်ယောက် ပြန်ပြောလာသည်။

“သတ်..”

စစ်မြေပြင်ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ရှီဟောင် မပျက်စီးနိုင်သည့်ကျမ်းစာကို အသုံးပြုလိုက်သည်။ သူ၏လက်နှစ်ဘက်လုံးတွင် ထူးဆန်းသည့်သင်္ကေတများ ရစ်ပတ်လာလေသည်။

ဒုန်း..

ယခုတစ်ကြိမ်တွင်တော့ ထိုရွှေရောင်လိပ်ခွံ ပြင်းထန်စွာ တုန်ခါသွားကာ အက်ကွဲကြောင်းများ ပေါ်လာသည်။

“မကောင်းတော့ဘူး..” ရွှေရောင်ချပ်ဝတ်တန်ဆာကလန်လူငယ်ဘုရင် ကြောက်ရွံ့လာသည်။ သူထပ်ပြီး တောင့်မခံနိုင်တော့။

ဒုန်း..

ထို့နောက် ထိုလိပ်ခွံကြီး ပြင်းထန်စွာ တုန်ခါလာသည်အထိ ရှီဟောင် ဆက်တိုက်ပင် ရိုက်ချလိုက်သည်။ သူရိုက်လိုက်တိုင်း အက်ကွဲကြောင်းများ ပိုကြီးလာသည်ပင်။

ခွပ်..

နောက်ဆုံးရိုက်ချက်တွင် ထိုလိပ်ခွံကြီး ရုတ်တရက်ပေါက်ကွဲသွားကာ သွေးများလွင့်စင်လာသည်။ အဆုံးသတ်မှာ ကျောက်တုံးထက်၌ ရေးထိုးထားပြီးသားပင်။

ရွှေရောင်ချပ်ဝတ်တန်ဆာကလန်လူငယ်ဘုရင်မှာ ရှီဟောင်၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီး မိစ္ဆာနဂါးနှင့် လိပ်နက်ရောထားသည့် မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားသည်။

“အစားကောင်းပဲ .. ဒါက ခွန်အားတိုးစေတဲ့အသားပဲ .. ငါ ရတနာရှစ်မျိုးဟင်းကို တကယ်မျှော်လင့်နေပြီ..” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

တစ်ဖက်လောကမှ လူများအားလုံး မျက်နှာပျက်သွားရသည်။ ဤတစ်ခေါက် ရှုံးနိမ့်မှုမှာ ပို၍ပင် ရှက်စရာကောင်းလှသည်။ လိပ်ခွံထဲ၌ ပုန်းနေခဲ့သော်လည်း ထိုလိပ်ခွံ ကွဲသွားကာ အသတ်ခံခဲ့ရသည်။

ထာဝရလိပ်ခွံအပိုင်းအစ တောက်ပလာကာ ရှီဟောင်၏ ကိုးယောက်မြောက်ပြိုင်ဘက်ကို ရွေးချယ်ပေးလာသည်။

ယခုအချိန်တွင်တော့ တစ်ဖက်လောမှ လူများသာမက ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုမှလူများလည်း စိတ်ဝင်တစား ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နောက်ဆုံးနှစ်ယောက်ထဲမှ တစ်ယောက်ပင်။

“သူပဲ..”

လူများစွာ လူငယ်လေးတစ်ယောက်ကို ကြည့်လာသည်။ သူသည် အလွန်ချောမောလှကာ သူ၏မျက်လုံးကြားတွင် အကြေးခွံတစ်ခု ရှိနေ၏။ ဤသည်မှလွဲလျှင် သူသည် လူသားတစ်ယောက်နှင့် သိပ်မကွာ။

ဤသည်မှာ ပထမဆုံးပေါ်လာသည့် လူငယ်ဘုရင်များထဲမှ တစ်ယောက်ပင်။ ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုနှင့်ရင်ဆိုင်ရန်အတွက် လူကြီးတစ်ယောက်၊ လူလတ်ပိုင်းတစ်ယောက်နှင့်အတူ ပေါ်လာခဲ့သည့်လူငယ်လေးပင်။

သူ၏မျက်ခုံးကြားမှ အကြေးခွံ တစ်ခါပွင့်လာကာ နတ်အလင်းတန်းတစ်ခု ထုတ်လွှတ်ပြီး ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုဘက်မှ လူငယ်များ၏ ခန္ဓာကိုယ်ထဲမှ ပြိုင်ဘက်ကင်းသည့်မျိုးစေ့များကို မြင်နိုင်ခဲ့သည်ပင်။

ရှီဟောင်၏မျက်လုံးများ အေးစက်သွားပြီး စွမ်းအားအကြီးဆုံး သတ်ဖြတ်လိုသည့်အငွေ့အသက်ကို ထုတ်လွှတ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤလူစကားပြောသည်ကို သူကြားဖူးသည်။ သူသည် တစ်ဖက်လောကမှ စကားပြောခြင်းမဟုတ်ပဲ ထာဝရရှေးဟောင်းခေတ်မှ စကားလုံးများကို ပြောလိုက်ခြင်းပင်။

ဤသည်မှာ ဤ လူ၏ ဘိုးဘေးသည် ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုမှလူဖြစ်သည်ဟု ဆိုလိုခြင်းပင်။ သူ၏ကလန်သားအားလုံးမှာ မိုတောင်ဘိုးဘေးများကဲ့သို့လား .. သို့မဟုတ် ဤသည်မှာ ရွှေရောင်နတ်ဆိုးငှက်ပြောလိုက်သည့် ဘက်ပြောင်းသွားသည့်ဂျီးနီးယပ်စ်များလား ..

“ငါသိချင်တာတစ်ခုပဲရှိတယ် .. မင်းရဲ့ဘိုးဘေးက ဘက်ပြောင်းသွားတဲ့ ဂျီးနီးယပ်စ်ထဲက တစ်ယောက်လား..”

“ဟုတ်တော့ရောဘာဖြစ်လဲ .. အခု ငါ့ကလန်က ထိပ်တန်းအဆင့် ဘုရင်ကလန်တစ်ခုဖြစ်နေပြီ .. စွမ်းအားက ဒီဘက်ခေတ်ကိုတောင် ပြောင်းပြန်လှန်ပစ်လို့ရတယ်..” ထိုလူငယ်လေးမှ တည်ငြိမ်စွာပြောလိုက်၏။

ဤစကားတစ်ခွန်းတည်းဖြင့် လုံလောက်သွားလေပြီ။

ရှီဟောင် ဘာမှမပြောချင်တော့။ သူအော်ဟစ်လိုက်ကာ သူ၏တိုက်ခိုက်လိုသည့်ဝိညာဉ်လည်း မယုံကြည်နိုင်လောက်သည့်အဆင့်ထိ တိုးလာပြီး ကောင်းကင်ထက်မှ တိမ်များပင် လွင့်ပြယ်သွားသည်။

ဤမျက်ခုံးကြားမှအကြေးခွံနှင့်လူငယ်မှာ တကယ်ကို အလွန်စွမ်းအားကြီးလှသည်။ သူသည် ရှီဟောင်နှင့် အချက်ရေ ၂၀၀ ကျော် တိုက်ခိုက်နိုင်ပြီး အခြားသူအားလုံးထက် ကြောက်စရာကောင်းလှသည်။

ရွှီး..

အထူးသဖြင့် သူ၏မျက်ခုံးကြားမှ အကြေးခွံပွင့်လာသည်နှင့် ကြောက်စရာကောင်းလှသည့် ဖျက်ဆီးခြင်းအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရှီဟောင်၏လက်ဝါးကိုပင် သွေးထွက်အောင် လုပ်လိုက်နိုင်သည်။

တိုက်ကွက် သုံးရာကျော်လာသည့်အချိန်တွင် ရှီဟောင်၏ဆံပင်များမှာ ဒေါသတကြီး ဖရိုဖရဲလွင့်ပျံနေသည်။ သူ နတ်စွမ်းရည်များကို တစ်ခုပြီးတစ်ခု အသုံးပြုကာ ပြိုုင်ဘက်၏ ခုခံမှုကို ချိုးဖောက်လိုက်သည်။

ဖူး..

ထိုလူ ပထမဆုံး သွေးအန်သွားသည်။ သူ၏လက်မောင်း ပေါက်ကွဲထွက်သွားပြီးနောက် သူ့ရင်ဘတ် ထိုးဖောက်ခံလိုက်ရသည်။ နောက်ဆုံး သူ၏ခန္ဓာကိုယ်တစ်ဝက် ပေါက်ကွဲသွားလေ၏။ နောက်ဆုံး သူ့ခေါင်းပင်လျှင် ရှီဟောင်၏ လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် သွေးမြူအဖြစ် ပြောင်းလဲသွားသည်။

ဘာမှမကျန်တော့။ ရှီဟောင် သူ၏အသွေးအသားများကို သွေးမြူအဖြစ် ပြောင်းလဲပစ်လိုက်လေ၏။

“မင်းလိုလူမျိုးကို ငါစားတောင်မစားချင်ဘူး .. မင်းက ချီးပုံပဲ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“နောက်ဆုံးတစ်ယောက်ပဲကျန်တော့တယ် … လာပြီးတော့ သေခြင်းတရားကို လက်ခံလိုက်တော့..” ရှီဟောင် တစ်ဖက်လောကကိုစိုက်ကြည့်လိုက်သည်။

သူသည် ဘုရင်ကိုးယောက်သတ်ပြီးသွားပြီဖြစ်ပြီး နောက်ဆုံးတစ်ယောက်သာ ကျန်တော့သည်။

ကမ္ဘာမြေကြီးကို လေအေးတစ်ခု တိုက်ခတ်သွားသည်။ တစ်ဖက်လောကမှ လူငယ်ဘုရင်များအားလုံး တိတ်ဆိတ်သွားသည်။ တစ်ဖက်လောကမှ လူငယ်လေးမှာ သူတို့ထင်ထားသည်ထက်ပင် နတ်ဆိုးဆန်နေသည်။ သူသည် ကျွမ်းကျင်သူကိုးယောက်ကို သတ်ခဲ့သော်လည်း မျက်မှောင်ပင် မကျုံ့ခဲ့။ သူသည် ကြောက်စရာကောင်းလောက်အောင်ပင် သန်မာလှသည်။

“နောက်တစ်ယောက်..” ရှီဟောင် အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် အပျက်အစီးများအောက်ဘက်၊ ချောက်နက်ကြီးထဲမှ ခြေသံများကြားလိုက်ရပြီး ရွှေရောင်အလင်းထွက်ပေါ်လာသည်။ ထိုအလင်းများ ပျံ့ကြဲသွားကာ ဤနေရာတစ်ခုလုံး တောက်ပသွားစေသည်။

ထို့နောက် တစ်ဖက်လောကကိုဖြတ်လျက် လူတစ်ယောက် လမ်းလျှောက်ထွက်လာသည်။

ဤသည်မှာ အသက်နှစ်ဆယ်လောက်ရှိသည့် လူငယ်လေးတစ်ယောက်ပင်။ သူသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ရွှေရောင်ဆံပင်များမှာ အလွန်ထူထဲကာ သူ၏ခြေသလုံးထိပင် ရှည်နေသည်။

သူ၏မျက်နှာမှာ ဓားဖြင့် ထွင်းထားသကဲ့သို့ ထောင့်ကျနေသည်။ သူသည် အလွန်ချောမောခန့်ညားသည်ဟု သတ်မှတ်၍မရသော်လည်း သူ၏အော်ရာမှာ ထူးခြားလှသည်။

သူ၏ရွှေရောင်မျက်ဆံထဲတွင် ကြက်ခြေခတ်အမှတ်အသားရှိနေသည်။ သူမျက်တောင်ခတ်လိုက်သည်နှင့် လေဟာနယ်ထဲတွင် ရွှေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးလည်းပေါ်လာသည်။

“ဟဲဝူရှန်း..” ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုဘက်မှ ပုရွက်ဆိတ်လေး မနေနိုင်တော့ပဲ အော်ဟစ်လိုက်သည်။

“အဲဒီလူလာပြီ .. သူ တကယ်လာပြီ .. ဟွမ်ကတော့ သေချာပေါက်ကို‌ သေပြီပဲ…” ပုရွက်ဆိတ်လေးကဲ့သို့ပင် တစ်ဖက်လောကမှ လူများလည်း အလွန်ထိတ်လန့်ကာ အော်ဟစ်နေကြသည်။ ထို့နောက် သူတို့၏အမူအရာများ ပြောင်းလဲသွားကာ အလွန်ပျော်ရွှင်သွားကြလေသည်။

အပိုင်း ၁၅၃၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၄၀ – မျိုးရိုးနာမည် ဟဲ

အမှောင်ထုထဲမှ ရွှေရောင်အလင်းထွက်ပေါ်လာသည်။ ထိုနေရာတွင် အလင်းများဝန်းရံနေသည့် ရှည်သွယ်သွယ်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ စစ်နတ်ဘုရားတစ်ပါး ဤလောကထဲသို့ ဆင်းသက်လာသကဲ့သို့ပင်။

တစ်ဖက်လောကမှ လူငယ်ဘုရင်များအားလုံး လေးစားစွာပင် ဦးညွှတ်လိုက်ကြလေ၏။ ဤသည်မှာ သူတို့ဘုရင်အား ကြိုဆိုလိုက်သကဲ့သို့ပင်ဖြစ်နေသောကြောင့် ဤမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလှသည်။

သိထားရမည်မှာ ဤလူငယ်ဂျီးနီးယပ်စ်များမှာ ကလန်မျိုးစုံမှ ဘုရင်များပင်။ သူတို့သည် မောက်မာလွန်းကြသောကြောင့် ဘယ်လိုလုပ် အခြားသူအား ဦးညွှတ်မည်နည်း .. သို့သော်လည်း ယခုတော့ ဤကဲ့သို့သော မြင်ကွင်းမျိုးဖြစ်လာလေပြီ။

အနီရောင်ကောင်းကင်မြို့မှာ ရှေးခေတ်မှလူများ၏အရိုးဖြင့် ဆောက်ထားခြင်းဖြစ်သော်လည်း ယခုတော့ပျက်စီးနေသည်။ ထိုအပျက်အစီးများအောက်တွင် အနက်ရောင်ချောက်နက်ကြီးဖြစ်နေသည်။

ထိုနေရာသည် အလွန်မည်းမှောင်နေပြီး လက်ထောင်ကြည့်လျှင် လက်ငါးချောင်းပင် မြင်ရမည်မဟုတ်။ ထိုနေရာ၌ရပ်နေသည့် သတ္တဝါများမှာ သူတို့၏ခန္ဓာကိုယ်အစစ်ကို မြင်ရရန်ပင် ခက်ခဲလှသည်။

သူ့ထံမှ တောက်ပသည့် အလင်းများ ထုတ်လွှတ်နေပြီး အမှောင်ထုထဲ၌ ထွက်ပေါ်လာသည်ပင်။

ဤသည်မှာ ကန္တရာထဲမှ အိုအေစစ်လေးကဲ့သို့ပင်။ သူသည် အစောပိုင်းမှ လူများနှင့် လုံးဝကွာခြားသည်ပင်။

“အရှင် .. ကျေးဇူးပြုပြီး အဲဒီအရှုံးသမားမျိုးဆက်ကို သတ်ပေးပါ..”

“အရှင်ရောက်လာပြီဆိုမှ‌တော့ စိတ်ပူစရာမလိုတော့ဘူး .. ဟွမ်ကို သတ်ဖို့လောက်က ပြဿနာရှိမှာမဟုတ်ဘူး..”

ဤသည်မှာ လူငယ်ဘုရင်များ၏ အတွေးပင်။ ရွှေရောင်ဆံပင်နှင့်အမျိုးသားသာ လှုပ်ရှားလိုက်သည်နှင့် ရှီဟောင်ကို သတ်နိုင်လိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။

အားလုံးမှာ ဤလူငယ်လေးအပေါ် မနာလိုခြင်းမရှိသလို သူနှင့်ယှဉ်ပြိုင်လိုခြင်းလည်းမရှိ။ ရိုသေကျိုးနွံခြင်းသာရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မည်မျှပင် လက်မှီဖို့ကြိုးစားပါစေ မမှီနိုင်သည့်တည်ရှိမှုတစ်ချို့ရှိသည်ကို သူတို့သိနေသည်ပင်။ သူတို့ကြားမှ ကွာခြားချက်မှာ ကြီးမားပြီးရင်း ကြီးမားလာလိမ့်မည်။

“ငါ မင်းကို သတ်မယ် .. မျိုးရိုးနာမည်ဟဲနဲ့တစ်ယောက် မင်းအသက်ကိုပေးလိုက်တော့..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ ပုရွက်ဆိတ်လေး ဒေါသတကြီးပြောလိုက်သည်။ သူ့တစ်ကိုယ်လုံး အလွန်တောက်ပသည့် နတ်အလင်းများ ထွက်ပေါ်နေသည်ပင်။ သူသည် အကောင်သေးသော်လည်း ယခုအချိန်တွင် သူ၏တိုက်ပွဲအငွေ့အသက်များမှာ ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားပြီး လောကကြီးတစ်ခုလုံးကို တုန်ယင်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ဒေါသအိုးပေါက်ကွဲသွားသောကြောင့်ပင်။ သူ ဤအခြေအနေသို့ ရောက်သွားတိုင်း သူ၏ခွန်အားမှာ ချက်ချင်းတိုးလာသည်ပင်။ သူပင် အဆပေါင်းများစွာကြီးလာသည်အထိပင်။

သို့သော် အကျိုးဆက်အနေဖြင့် သူ၏အသိစိတ်မှုန်ဝါးသွားပြီး တိုက်ပွဲပြီးသွားသည်နှင့် သူခြေကုန်လက်ပန်းကျသွားလိမ့်မည်။ သူ၏အသက်ဓာတ်ကုန်ခမ်းသွားသောကြောင့် သူ၏ခန္ဓာကိုယ်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး အဘယ်ကြောင့် ဤမျှဒေါသထွက်သွားသည်ကို ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများ နားမလည်နိုင်ဖြစ်နေကြသည်။ သူသည် မျက်လုံးများ ကျွတ်ထွက်မတတ် ဒေါသထွက်နေခြင်းပင်။

“အဲဒီလူ ဘယ်သူလဲဆိုတာ သူသိတယ် .. သူ့နာမည်ကိုတောင် ခေါ်လိုက်သေးတယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

သူ၏ညီအစ်ကိုများမှာ သတ်ခံရပြီးသည့်နောက်တွင် တစ်ဖက်လူ စီးတော်ယာဉ်၏ အစားစာအဖြစ်သွားကြောင်း ရှီဟောင်သာ သိသည်။

ဖုန်း..

ရှီဟောင် ပုရွက်ဆိတ်လေးကို ဆုတ်ကိုင်လိုက်ပြီး သူ့ကို တားဆီးလိုက်သည်။ ပုရွက်ဆိတ်လေး မည်ကဲ့သို့ ခံစားနေရသည်ကို သူသိသည်။ သူ၏ညီအစ်ကိုများကို သတ်သွားသည့်ရန်သူကို မြင်လိုက်ရလျှင် မည်သူက တည်ငြိမ်နိုင်မည်နည်း.. သတ္တိရှိသည့်သူများအားလုံး ခံစားချက်များ ပေါက်ကွဲထွက်လာမည်ပင်။

“ငါ့ကိုလွှတ် .. ငါရှိရင် သူမရှိရဘူး .. သူအသက်ရှင်နေရင် ငါမရှင်နိုင်ဘူး.. နောက်ဆုံးတော့ ငါဒီခွေးကောင်ကိုတွေ့ပြီ .. ငါသူ့ကို သတ်မယ် .. အား..” ပုရွက်ဆိတ်လေး တစ်ဖြည်းဖြည်း ခွန်အားကြီးလာသည်။

“ထလိုက်တော့ .. ဒါက သူမဟုတ်ဘူး..” ရှီဟောင် တာအိုအသံကို အသုံးပြုကာ သူ့နားနားလေး ကပ်အော်လိုက်သည်။

ဤသည်မှာ အလွန်အလုပ်ဖြစ်သွားသည်ပင်။ ဒေါသအိုးပေါက်ကွဲနေသည့် ပုရွက်ဆိတ်လေး လုံဝစိတ်လွတ်သွားကာ သူ၏မျက်လုံးများလည်း တစ်ဖြည်းဖြည်းတည်ငြိမ်လာသည်။ ရှီဟောင် သူ့မျက်ခုံးကြားကို လက်ညှိုးထိုးထားသည်နှင့် သူနောက်ဆုံးတော့ တည်ငြိမ်သွားသည်။

“မင်း ငါ့ကိုသိတာလား..”

အမှောင်ထုထဲမှ အမျိုးသားတစ်ယောက် လျှောက်လာသည်။ သူ၏ခြေထောက်အောက်တွင် ရွှေရောင်လမ်းကြောင်းတစ်ခု ပေါ်လာကာ အံ့အားသင့်စရာကောင်းသည့်စွမ်းအင်များလည်း ထွက်ပေါ်လာသည်။

ဤသည်မှာ အခြား လူငယ်ဘုရင်များနှင့်မတူပဲ ထူးခြားလှသည်။ သူသည် လောကကြီးကို အုပ်စိုးနေသည့် ဧကရာဇ်တစ်ဦးကဲ့သို့ပင်။

လေအေးများ တဝူးဝူး တိုက်ခတ်သွားသည်။ မှုန်မှိုင်းနေသည့် အနီရောင်ကောင်းကင်နယ်စပ်မှာ ပို၍လစ်လပ်သွားသည်။ တာအိုအသံများ၊ ကြယ်များ ရွေ့လျားနေသည့်အသံများလည်း ကြားနေရသည်။

ရွှေရောင်ဆံပင်ကို လေတိုက်ခတ်သွားသည်နှင့် သူ၏ဖြူဖွေးနေသည့် ပါးပြင်များ ပေါ်လာသည်။ သူသည် ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ပင်။ သူသည် ဟဲဝူရှန်းနှင့်တူသော်လည်း တစ်ယောက်တည်းမဟုတ်။

သူတို့နှစ်ဦး၏ ပုံစံတူသော်လည်း သေချာကြည့်လိုက်မည် ကွာခြားချက်များ ရှိနေဆဲပင်။

“သူက တူတယ် .. ဒါပေမဲ့ အဲဒီလူမဟုတ်ဘူး .. ဟဲဝူရှန်း ဘယ်မှာလဲ .. မင်းက သူနဲ့ဘာတော်တာလဲ..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။

“သူက ငါ့ရဲ့အဘိုး..” ထိုရွှေရောင်အမျိုးသား တည်ငြိမ်စွာပင် ပြောလိုက်သည်။ ပုရွက်ဆိတ်လေး သူ့အဖိုးနာမည်ကို ခေါ်ကာ အော်ဟစ်နေသော်လည်း သူဒေါသမထွက်။ ထိုအစား နူးညံ့သည့်အပြုံးတစ်ခုပင် ပြုံးလိုက်သေးသည်။

သူတို့ တကယ်ကို တူလွန်းသည်။ သူတို့ ယခင်က ဟဲဝူရှန်းကို တွေ့ခဲ့ရသကဲ့သို့ပင်။ သူ့ထံတွင် အလွန်ထူးခြားသည့်ပုံစံရှိနေပြီး သူသည် သေမျိုးလောကနှင့် အလွန်ဝေးကွာနေသလိုပင်။

သူ့ပတ်လည်တွင် သူ့ကိုယ်ပိုင်ကမ္ဘာရှိနေပြီး လူသားလောကနှင့် အလွန်ဝေးကွာနေသလိုပင်။

“ရဲတင်းလိုက်တာ .. ဘိုးဘေးဝူရှန်းက မင်းခေါ်ချင်တိုင်းခေါ်လို့ရတဲ့သူလို့ ထင်နေတာလား .. မသေမျိုးရဲ့ဂုဏ်သိက္ခာကို စော်ကားနေတာဆိုတော့ မင်းအတွက် သေခြင်းတရားပဲရှိတယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ထိုရွှေရောင်အမျိုးသားဘာမှမပြောသော်လည်း အခြားသူများ ငြိမ်ငြိမ်မနေနိုင်တော့။ လူငယ်ဘုရင်များသာမက လူလတ်ပိုင်းအရွယ်များပင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာသည်ပင်။

“အဲဒီတားမြစ်ထားတဲ့နာမည်က လက်လွတ်စပယ်ပြောလို့ရတဲ့နာမည်မဟုတ်ဘူး .. မင်းဒီလိုမျိုးပြောနေတာက မင်း ကိုယ့်ရဲ့ပျက်စီးရာပျက်စီးကြောင်းကို ရှာနေတာပဲ..” ငွေရောင်ဆံပင်နှင့်မိန်းမပျိုမှ ပြောလိုက်သည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူများအားလုံး စိတ်လှုပ်ရှားသွားရသည်။ တားမြစ်ထားတယ် .. အဲဒီသက်ရှိက ဘယ်အဆင့်ရှိတာလဲ .. သူက အဆင့်အမြင့်ဆုံးသက်ရှိဖြစ်လောက်မယ် ဟုတ်တယ်မလား..

ရှီဟောင်လည်း ဆွံ့အသွားရသည်ပင်။ သူယခင်က ဟဲဝူရှန်းနှင့်တွေ့ဖူးသောကြောင့် ဤသည်မှာ အတော်လေး ယုတ္တိမဆန်ဘူးဟု ခံစားရသည်။ သူ့အတွက်တော့ သူတို့တွေ့ခဲ့သည်မှာ ရက်အနည်းငယ်လောက်သာရှိသေးသည်။ သို့သော်လည်း သူတို့ကြားတွင် ခေတ်တစ်ခေတ် ကွာဟသွားသည်ပင်။

ဟုတ်သည်။ ခေတ်တစ်ခု ကုန်ဆုံးသွားလေပြီ။ ထိုလူမှာ ကြောက်စရာကောင်းလှသည်ပင်။ မည်သို့ပင်ဖြစ်စေ ထိုလူ သေချာပေါက် မသေမျိုးသက်ရှိဖြစ်သွားလောက်လေပြီ။ သူ့ကိုတားဆီးနိုင်မည့်သူ သိပ်မရှိလောက်။

ထိုသို့တွေးမိသည်နှင့် သူသက်ပြင်းချရုံသာ တတ်နိုင်သည်။

ပုရွက်ဆိတ်လေးလည်း မကျေမနပ်စိုက်ကြည့်ရုံသာ တတ်နိုင်တော့သည်။ သူလက်ခံလိုသည်ဖြစ်စေ လက်မခံလိုသည်ဖြစ်စေ သူ၏ညီအစ်ကိုများကို သတ်ခဲ့သည့်သူမှာ ပြိုင်ဘက်ကင်းသည့်သက်ရှိဖြစ်သွားလေပြီ။

“ဘာကို တားမြစ်ထားတဲ့သက်ရှိလဲ .. ငါ အနှေးနဲ့အမြန် သူ့ကိုသတ်ပစ်မှာ..” ပုရွက်ဆိတ်လေး ကျိန်ဆိုလိုက်သည်။

“မင်းပါးစပ်ကိုပိတ်ထားလိုက် .. မင်းလိုလူမျိုးက မသေမျိုးသက်ရှိကို စော်ကားရဲနေတာလား .. ပြီးတော့ အခု သခင်လေးလည်း တားမြစ်ထားတဲ့အဆင့်ကို ရောက်နေပြီ .. သူ့နာမည်အစစ်ကိုပြောလိုက်တာနဲ့ မင်းအပြစ်ပေးခံရမှာပဲ .. မင်းရဲ့ဝိညာဉ် ပျက်စီးသွားမယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

အားလုံး ထိတ်လန့်သွားပြီး ရှီဟောင်နှင့်ပုရွက်ဆိတ်လေးမှာ ပို၍ ဆွံ့အသွားရသည်။ ဟဲဝူရှန်းက အဲဒီအဆင့်တောင်ရောက်သွားပြီလား .. သူက အန်းလန်ကလန်က ဘိုးဘေးကို အမှီလိုက်ချင်နေတာလား ..

“ငါမယုံဘူး .. ဟဲဝူရှန်း .. ထွက်လာခဲ့..” ပုရွက်ဆိတ်လေး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူသည် ထပ်ခါတလဲလဲပင် အော်ဟစ်နေကာ သူ၏အသံလည်း ပဲ့တင်ထပ်နေသည်။

ယခုအချိန်တွင် တစ်ဖက်လောကမှလူများ ဒေါသထွက်နေကြလေပြီ။ ပြိုင်ဘက်ကင်းသက်ရှိနာမည်ကို ဤကဲ့သို့ ခေါ်နေခြင်းမှာ ခွင့်လွှတ်၍မရနိုင်သည့် စော်ကားမှုပင်။

“ဝိုး .. ဘိုးဘေးက တစ်ခုခုကို အာရုံခံမိသွားပြီ .. သူ့လက်နက်က ဝိညာဉ် နိုးထလာပြီ..” ထိုအချိန်တွင် ထိုရွှေရောင်ဆံပင်နှင့် အမျိုးသားတည်ငြိမ်စွာပင် ပြောလိုက်သည်။ သူသည် ဒေါသထွက်နေခြင်းမရှိ။

ရွှီး..

ကောင်းကင်နှင့်မြေပြင်ကြားတွင် ရဲဒင်းကြီးတစ်လက် ထွက်ပေါ်လာသည်။ သက်ရှိအားလုံးကို သတ်နိုင်သကဲ့သို့ သူ၏အဖြူရောင်ရဲဒင်းအလင်းတန်းမှာ အဆုံးမရှိအောင် တောက်ပနေသည်။ ထိုရဲဒင်းတွင် ဖရိုဖရဲစွမ်းအင်လည်း စီးဆင်းနေသည်ပင်။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။ ထိုရဲဒင်းသည် နေ၊ လနှင့်စကြာဝဠာကြီးကို ဖျက်ဆီးပစ်တော့မည်အလား ဤနေရာကို ဖိနှိပ်လာသည်။ ဤရဲဒင်းကြီးမှာ ကြောက်စရာကောင်းလှသည်။

အားလုံး အသက်ရှူသံများ အေးခဲသွားရသည်။ တစ်ဖက်လောကမှ လူများစွာ ဒူးထောက်ရှိခိုးလိုက်ကြသည်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှလူအားလုံး တုန်ယင်သွားရသည်။ ဤသည်မှာ ထိပ်တန်းသက်ရှိကြီးပင်။

“သူ အန်းလန်ကလန်ရဲ့ ရှေးဟောင်းဘိုးဘေးကိုမှီတော့မှာလား..” ထိုအချိန်တွင်ရှီဟောင်စိတ်ထဲ တုန်ယင်သွားရသည်။ အချိန်များစွာကုန်လွန်သွားပြီဖြစ်သောကြောင့် ဟဲဝူရှန်းမှာ မယုံကြည်နိုင်လောက်သည့်အဆင့်သို့ ရောက်နေလောက်လေပြီ။

ဤသည်မှာ အလွန်သာမန်ဖြစ်ကြောင်း ရှီဟောင်သိသည်။ ဟဲဝူရှန်း ဤအဆင့်မရောက်မှသာ ထူးဆန်းနေလိမ့်မည်။

ထိုနေ့က သူနှင့် ဟဲဝူရှန်း နှစ်လုံး ပျက်စီးသွားကာ သရေကျခဲ့သည်။ ယခု ခေတ်တစ်ခုပင် ကုန်ဆုံးသွားပြီဖြစ်သောကြောင့် သူက ဘယ်လိုလုပ် မတိုးတက်လာပဲနေမည်နည်း ..

သို့သော်လည်း အန်းလန်ကလန်ရှေးဟောင်းဘိုးဘေးနှင့် ယှဉ်လျှင်တော့ အနည်းငယ် လိုသေးသည်မှာ သိသာသည်။ သူ အန်းလန် မျိုးရိုးနာမည်ကိုပြောလိုက်စဉ်က ကောင်းကင်နှင့်မြေကြီးကို ရွှေရောင်လှံတံတစ်ခု ထိုးဖောက်လာသည်ပင်။

ကံကောင်းစွာဖြင့် သူတို့ ဤဘက်၌ ရှိနေသောကြောင့်သာ။ သူတို့သာ တစ်ဖက်လောက၌ ရှိနေပါက အန်းလန်ရှေးဟောင်းဘိုးဘေးနာမည်ပြောလိုက်ရုံဖြင့် သူတို့ ရက်ရက်စက်စက်အသတ်ခံရမည်ပင်။

ဟဲဝူရှန်းမှာ အလွန်သန်မာသော်လည်း သူကျင့်ကြံသည့်အချိန်မှာ ထိုရှေးဟောင်းဘိုးဘေးထက် နည်းနေသောကြောင့်လား သို့မဟုတ် အခြားအကြောင်းရင်းများကြောင့်လားမသိ။ သူ အနည်းငယ် လိုအပ်နေသေးသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူ့နာမည်သုံးကြိမ်ခေါ်ပြီးမှသာ သူ့လက်နက်ပေါ်လာသည်ပင်။

သက်ရှည်မိသားစုများမှာ အလွန်ထူးဆန်းလှသည်။ ထာဝရရှေးဟောင်းခေတ်တွင် လောကကြီးကို ဆန့်ကျင်နိုင်သည့် ဂျီးနီးယပ်စ်များ ပေါ်လာသည်ကို သိကြသောကြောင့် ဤဘက်မှ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် အဆင့်လွန်လူငယ်များကို သတ်ခဲ့ကြသည်။

ယခု သူဤမျှကြီးထွားလာသည်ကို သူတို့တွေ့သွားလေပြီ။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူများအတွက်တော့ သေချာပေါက် သတင်းကောင်းမဟုတ်ပေ။ ဟဲဝူရှန်းမှာ သူတို့အတွက် ကပ်ဆိုးကြီး ဖြစ်လာလေပြီ။

“သခင်လေး .. ကျေးဇူးပြုပြီးတော့ တိုက်ခိုက်ပေးပါ .. အဲဒီနိမ့်ကျတဲ့အစေခံကို သတ်ပေးပါ..” ငွေရောင်ဆံပင်နှင့်အမျိုးသမီး လျှောက်လာကာ လေးစားစွာ ပြောလိုက်သည်။

“လောစရာမလိုဘူး..” ရွှေရောင်ဆံပင်နှင့်အမျိုးသားသည် ရှီဟောင်ကို စိုက်ကြည့်နေပြီး သူ့မျက်နှာထက်တွင် နူးညံ့သည့်အပြုံးရှိနေသည်။ သူသည် အလွန်တည်ငြိမ်နေသည်ပင်။ ထို့နောက် စစ်မြေပြင်အခြားတစ်ဖက်ခြမ်းရှိလူများကို ကြည့်ကာ “ငါ ဒီကိုလာတာ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုကို ကြေငြာစရာတစ်ခုရှိလို့..”

အပိုင်း ၁၅၄၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၄၁ – နောက်ဆုံးတစ်ယောက်

“ဘာကိစ္စလဲ..” လူများစွာ ထိတ်လန့်သွားရသည်။ ဟဲမိသားစုရဲ့ လက်ရွေးစင်တပည့်က သတင်းပို့ဖို့အတွက်နဲ့ ဒီကိုလာခဲ့တာလား..

အနောက်ဘက်တွင်ရှိနေသည့် ရှေးဟောင်းသက်ရှိများအားလုံး တည်ငြိမ်နေကြသည်။ ဘာဖြစ်နေသည်ကို သူတို့သိနေသည်မှာ သေချာသည်။

“ငါတို့စောင့်ရဦးမယ်..” ဟဲကျီမင် နောက်လှည့်လိုက်ကာ ထိုမည်းနက်နေသည့် ချောက်ကြီးကို ပြောလိုက်သည်။

သေချာပေါက် တစ်ခုခုဖြစ်တော့မည်ပင်။ အချိန်တစ်ခုကြာဦးမည်ဆိုသော်လည်း စစ်ပွဲကတော့ သေချာပေါက် ဖြစ်လာမည်ကို အားလုံးသိသည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှလူများ စိုးရိမ်လာကြသည်။ တကယ်ပဲ ဘာတွေဖြစ်လာမှာလဲ .. သူတို့ဘက်က အခွင့်အရေးသာမည့်ဟာတော့မဟုတ်လောက်ပေ။

“သခင်လေး .. အခွင့်ကောင်းယူပြီး သူ့ကို သတ်လိုက်ပါ..” ငွေရောင်ဆံပင်နှင့်အမျိုးသမီး နောက်တစ်ကြိမ် ထပ်ပြောလာသည်။

“ငါကိုယ်တိုင် လုပ်ရလည်း ကိစ္စမရှိပါဘူး .. ဒါပေမဲ့ ကြည့်ရတာ ငါခြေတစ်လှမ်းနောက်ကျသွားပြီထင်တယ်..” ဟဲကျီမင် တစ်ခဏခန့် တွေဝေသွာသည်။ “ဒါပေမဲ့ ငါတို့ဘက်မှ ၁၀ ပွဲလုံးရှုံးသွားရင်လည်း အရမ်းဝမ်းနည်းစရာကောင်းသွားလိမ့်မယ်..” သူအနည်းငယ် ဝမ်းနည်းနေသလို ပြောလိုက်သည်။

“ဘာလို့လဲ .. ဘာလို့သခင်လေး တိုက်လို့မရတာလဲ..” ငွေရောင်ဆံပင်နှင့်အမျိုးသမီးမေးလိုက်သည်။

“ဘာလို့လဲဆိုတော့ အလောင်းအစားပွဲက စပြီးသွားပြီလေ .. ထာဝရလိပ်ခွံအပိုင်းအစတွေက ဒီမှာ ရှိနေတဲ့သူတွေထဲကပဲ ရွေးလို့ရတာ .. အဲဒီတော့ ငါစစ်မြေပြင်ထဲကို ဝင်လို့မရတော့ဘူး .. ဒါပေမဲ့ သူ ၁၀ ပွဲလုံးနိုင်သွားရင်တော့ ငါ တိုက်လိုက်ပါ့မယ်..” ဟဲကျီမင် ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ သူတို့ဤပြဿနာကို မေ့သွားကြခြင်းပင်။ လိပ်ခွံသည် အရှေ့ဆုံး၌ရှိနေသည့် သတ္တဝါများထဲမှ ရွေးချယ်နေခြင်းပင်။

“မင်းတို့အားလုံး ဘယ်လိုထင်လဲ..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲအရှင် မုန့်ထျန်းကျန်း အခြား သက်ရှည်မိသားစုများနှင့် ဆွေးနွေးနေခြင်းပင်။

“ပြောင်းလဲနိုင်တဲ့ တစ်ချို့ကိစ္စတွေရှိနေတယ် .. အခြေအနေက အဲဒီလောက် မကောင်းလောက်ဘူး..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ထာဝရအရိုးများဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းမြို့ဖြစ်သည့် အနီရောင်ကောင်းကင်နယ်စပ် ပျက်စီးသွားရခြင်းမှာ ထာဝရအရည်ဖျော်ခြင်းအိုးကြောင့်ပင်။ ထိုအိုးသည် ထာဝရသက်ရှိများကို ပြုပြင်ရန် ဖန်တီးထားသည့်အိုးဖြစ်ပြီး ကြောက်စရာကောင်းလှသည်။

ထိုအိုးကို ဟဲဝူရှန်း ပိုင်ဆိုင်ပြီး မပျက်စီးနိုင်သည့်တောင်ထိပ်အနား၌ ပေါ်လာကာ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများ၏ သွေးစွမ်းအင်များကို စုတ်ယူဖူးကြောင်း ရှီဟောင် အကြီးအကဲအရှင်အား ပြောပြဖူးသည်ပင်။

ယခု အနီရောင်ကောင်းကင်နယ်စပ်၌ ထပ်ပေါ်လာသောကြောင့် ဤသည်မှာ ဟဲမိသားစုနှင့် ဆက်စပ်လိမ့်မည်။ ဟဲဝူရှန်း ကိုယ်တိုင် ထိန်းချုပ်နေခြင်းပင် ဖြစ်နိုင်သည်။

ယခု ဟဲဝူရှန်း၏မျိုးဆက်ရောက်လာပြီး သူသတင်းတစ်ခု ကြေငြာစရာရှိကြောင်း ပြောခဲ့သည်။ ဤသည်မှာ ဤကလန်မှာ အဓိကလူအဖြစ်ပါနေကြောင်း သက်သေပြလိုက်ခြင်းပင်။

“မင်းကဘာလဲ .. ဟဲလေးလား .. ဘာလဲ .. မင်းဒီကိုလာခဲ့ .. မင်းရဲ့အဖိုးနဲ့တူတာနဲ့ပဲ မင်းကိုယ်မင်း ထူးခြားတဲ့ကျွမ်းကျင်သူလို့ ထင်နေတာလား .. ဒီကို လေးဖက်ထောက်လာခဲ့ .. ဒီဘုရင်ကို မင်းကို သတ်ပစ်မယ်..”

ပုရွက်ဆိတ်လေး တိတ်ဆိတ်မှုကို ဖြိုခွဲကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဟဲကျီမင်ကို စိန်ခေါ်လိုက်သည်။

အခြားတစ်ဖက်မှ လူငယ်ဘုရင်အချို့ သူ့အား ကြည့်လာကြသည်။ သူတို့ ကောင်းကင်ဦးချိုပုရွက်ဆိတ်အား အလေးထားသော်လည်း ယခုအချိန်တွင်တော့ သူ့သေလမ်းသူရှာနေသည်ဟု သူတို့ခံစားလိုက်ရသည်။

“ပုရွက်ဆိတ်လေး .. မင်းကလန်ရဲ့သွေးက အဖိုးအတန်ဆုံးပဲ .. ဆေးစွမ်းကောင်းတစ်လက်ပဲ .. သခင်လေးကို နှောက်ယှက်မနေနဲ့ .. မင်းငါနဲ့ပဲ တိုက်သင့်တယ်..” တစ်ဖက်မှသက်ရှိအချို့သည် သူအရွယ်မရောက်သေးသော်လည်း သူ့အား သတ်ချင်နေကြလေသည်။

“သူ့ကို သတ်ပစ်လိုက်တာက နှမြောစရာကောင်းလွန်းတယ် .. သူ့ကို အသက်ရှင်လျက်ဖမ်းပြီးတော့ ငါတို့ဘက်မှာ မွေးထားရမှာ .. အဲဒါဆိုရင် ငါတို့ သူ့ရဲ့ ခွန်အားလွန်သွေးတွေကို အကြာကြီး သုံးလို့ရတယ်..” သက်ရှိတစ်ယောက်မှ ရယ်မော၍ ပြောလိုက်သည်။

ရှီဟောင် အရှေ့ဘက်သို့ လျှောက်သွားကာ “မင်းတို့အားလုံးကို အထိန်းအကွပ်ကို မရှိတာပဲ .. မင်းတို့လူကိုးယောက်‌ သေသွားပြီ .. ဘယ်မှာလဲ ၁၀ ယောက်မြောက်..”

ဤစကားတစ်ခွန်းတည်းဖြင့် တစ်ဖက်မှလူများ တိတ်သွားသည်။ မည်သူမှ ပြန်မပြောကြတော့။ သူတို့ရှေ့မှ သွေးထွက်အောင်မှန်သည့်အမှန်တရားကြောင့် မည်သူမှ ရှီဟောင်ကို ခွန်းတုံ့မပြန်နိုင်တော့။

ဟဲကျီမင် ရောက်လာသော်လည်း သူဝင်ပြိုင်၍မရသေး။ သူ ထိုဟွမ်ဟုခေါ်သည့် လူငယ်လေးကို မသတ်နိုင်သေး။

“ထာဝရလိပ်ခွံက တစ်ဖက်လောကထဲ ရောက်သွားတော့ သူ့အရည်အသွေးတွေလည်း ပျောက်သွားပြီ .. သူက အခုထိ ၁၀ ယောက်မြောက်လူရဲ့ခေါင်းကို ယူမလာသေးဘူးလား..” ရှီဟောင်ပြောလိုက်သည်။

ဤစကားလုံးများမှာ အလွန်မောက်မာလွန်းသည်ပင်။ ဤသည်မှာ ၁၀ ယောက်မြောက်လူမှာ သေချာပေါက်သေမည်ဖြစ်ကြောင်း ပြောလိုက်ခြင်းပင်။

“ဒီသောက်ထာဝရလိပ်ခွံအပိုင်းအစက အရင်တုန်းက ငါ့လောကကပိုင်တာ .. သူက တကယ်ပဲ နတ်ဆိုးသဘာဝတွေရဲ့ အရောင်ဆိုးခံလိုက်ရပြီးတော့ တစ်ဖက်လောကရဲ့ဘက်တော်သား ဖြစ်သွားတာလား..” အချို့လူများ တီးတိုးပြောလိုက်သည်။

ပုရွက်ဆိတ်လေးမှာ လက်မခံနိုင်သေးပဲ ဟဲကျီမင်နှင့်တိုက်ခိုက်လိုကြောင်း အော်ဟစ်နေဆဲပင်။

“ငါသာမင်းနဲ့တကယ်တိုက်ရင် ငါမင်းကို အနိုင်ကျင့်သလို ဖြစ်သွားမှာပေါ့ .. မင်းက အခုထိ အရွယ်မရောက်သေးဘူး .. ငါလှုပ်ရှားမှုနည်းနည်းလောက်နဲ့ မင်းခေါင်းကို ဖြုတ်လိုက်လို့ရတယ်..” ဟဲကျီမင် တည်ငြိမ်စွာ ပြောလိုက်သည်။

ဤကဲ့သို့သောလေသံ. ဤကဲ့သို့သော အေးစက်မှု၊ ဤကဲ့သို့သောတည်ငြိမ်မှုမှာ အခြားသူတစ်ယောက်ထံတွင်သာ ထားလိုက်ပါက ဤသည်မှာ ကိုယ့်ကိုကိုယ် မော်ကြွားမှုတစ်မျိုးဖြစ်သွားလိမ့်မည်။ သို့သော်လည်း သူပြောလိုက်သည့်အချိန်တွင် ဤသည်မှာ အတော်လေးပုံမှန်ဖြစ်နေသည်။

ပုရွက်ဆိတ်လေး ဒေါသထွက်သွားရ၏။ သူ၏အသက်ကြောင့် ထပ်ခါတလဲလဲ အထင်သေးခံနေရသည်။ ဤအသက်ကြောင့် သူယခုထိ လက်စားမချေနိုင်သေး။ သို့သော်လည်း သူ အရွယ်မရောက်သေးကြောင်း သူကိုယ်တိုင်လည်း သိသည်ပင်။ သူ၏သွေးစွမ်းအင်မှာ ပြိုင်ဘက်ကင်းမဖြစ်သေး။ တကယ်ကို တစ်ဖက်လူ၏ပြိုင်ဘက်မဟုတ်သေး။

သို့သော်လည်း သူဒေါသထွက်နေသည်ပင်။ သူ့မောင်နှမများကို သတ်သွားသည့်သူ၏ မျိုးဆက်ကို တွေ့လိုက်ရသော်လည်း သူမတိုက်ခိုက်ရလျှင် သူကျေနပ်နိုင်မည်မဟုတ်။ သူ့နှလုံးသားကြီး မီးတောက်ကဲ့သို့ ပေါက်ကွဲထွက်သွားလိမ့်မည်။

“ငါ တိုက်လိုက်ရင်လည်း အတူတူပဲမဟုတ်ဘူးလား..” ရှီဟောင် သူ့အားနှစ်သိမ့်လိုက်သည်။

ရွှီး..

ထိုအချိန်တွင် ထာဝရလိပ်ခွံအပိုင်းအစများ အလွန်တောက်ပလာပြီး ဖရိုဖရဲစွမ်းအင်များ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။ လိပ်ခွံအပိုင်းအစတစ်ခု ပျံသန်းသွားကာ ငွေရောင်ဆံပင်နှင့်အမျိုးသမီးရှေ့၌ ရပ်တန့်သွားသည်။

ဤအမျိုးသမီးမှာ အလွန်လှပလှပြီး သူမ၏ဆံပင်မှာ တောက်ပနေပြီး ရေတံခွန်ကဲ့သို့ ဖြောင့်တန်းနေသည်ပင်။ သူ၏မျက်ဆံများလည်း ငွေရောင်ပင်။

တစ်ဖက်လောကမှ လူများထဲတွင် သူမသည် သေချာပေါက် ထူးထူးခြားခြားလှသည့်သူပင်။ အခြားသူများမှာ သူမကို မယှဉ်နိုင်။ အမှန်တကယ်တွင် တစ်ဖက်လောက၌ပင် သူမသည် အလွန်နာမည်ကြီးသည့်အမျိုးသမီးဖြစ်ပြီး အဆင့် ၁၀ အတွင်းဝင်သည့်သူပင်။

“အလှလေး ၁၀ ယောက်ထဲက တစ်ယောက်..” တစ်ဖက်မှလူများ တီးတိုးပြောလိုက်ပြီး မျက်လုံးများ တောက်ပလာကြသည်။

လှပသည့်သူများမှာ မည်သည့်နေရာရောက်ရောက် အားလုံး၏မျက်လုံးများကို ဆွဲဆောင်သွားမည်ပင်။ သူတို့မဖြစ်ချင်လျှင်ပင်မရ။

သို့သော် ယခုအချိန်တွင် ဤငွေရောင်ဆံပင်နှင့်အမျိုးသမီး၏ အမူအရာမှာ သိပ်မကောင်း။ သူမ ရှီဟောင်နှင့်တိုက်ခိုက်လျှင် သူမအနိုင်ရရန် ခက်ခဲမည်ကို သူမသိသည်။ သူမ၏ ကျင့်ကြံဆင့် အလွန်မြင့်သည်ဆိုသော်လည်း သူမ၏ အလှစာရင်းလောက် မြင့်သည်မဟုတ်။

သို့သော် ယခုအချိန်တွင် သူမကို အစားထိုးမည့်သူမရှိ။ သူမ စစ်မြေပြင်ထဲသို့ ဝင်သွားရမည်။

အဘယ်ကြောင့်ဆိုသော် ထာဝရလိပ်ခွံအပိုင်းအစမှာ ကလန်တစ်ခု၏ ကံတရားကို အကျိုးသက်ရောက်မှုရှိနိုင်သည်။ သူမသာ နောက်ပြန်ဆုတ်လိုက်လျှင် ထူးခြားသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်။

ထာဝရရှေးဟောင်းခေတ်မှ အလောင်းအစားတိုက်ပွဲတွင်လည်း ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်းပင်။

သာမန်လူများမှာ ဤထာဝရလိပ်ခွံအပိုင်းအစများအား ကြောက်ရွံ့ကြသည်ပင်။

“ငါမင်းကိုသိတယ် .. မင်းက ယင်းလင်လို့ခေါ်တဲ့တစ်ယောက် ဟုတ်တယ်မလား .. မင်းက ရှေးဟောင်းတောင်၊ ငွေဘုရင်ကလန်က လာတဲ့တစ်ယောက်..” ရှီဟောင် သူမ၏ အလွန်လှပသည့်မျက်နှာကိုကြည့်ကာ ထူးမခြားနားစွာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယင်းလင် ယခင်က တစ်ခေါက်ထွက်လာပြီး အလေးအမြတ်ကျောင်းမှ ဂျီးနီးယပ်စ်အား သတ်ခဲ့ဖူးသည်ပင်။

ယခင်က တိုက်ခိုက်ခဲ့သည့် လူငယ်ဘုရင်အားလုံးကို သူသတ်ပြီးသွားပြီဖြစ်သည်။ ယခု သူမသာ ကျန်တော့သည်။

“အမှန်တကယ်တော့ အစကတည်းက ထာဝရလိပ်ခွံအပိုင်းအစက ရွေးတာကို စောင့်နေစရာမလိုတော့တာ .. မင်း အစောကြီးကတည်းက ထွက်လာသင့်တာ .. မင်းအချိန်ဆွဲနေတာက မင်း သေရမှာကြောက်နေလို့များလား..” ရှီဟောင် အညှာအတာမဲ့စွာပင် ပြောလိုက်သည်။

တစ်ဖက်လူ၏ပုံပန်းသွင်ပြင်မှာ နတ်ဘုရားမကဲ့သို့ဖြစ်နေလည်း ရှီဟောင်မှာ ထူးမခြားနားပင်။ ဤအမျိုးသမီး အလေးအမြတ်ကျောင်းမှ တပည့်အား ရက်ရက်စက်စက်သတ်သွားသည့်မြင်ကွင်းကို သူမေ့မည်မဟုတ်။

သွေးများလွင့်စင်နေသော်လည်း သူမပြုံးနေဆဲပင်။ ထို့အပြင် သူမသည် သူမနာမည်ကိုပြောပြီး ကြီးမြတ်သည့်ရှေးဟောင်းတောင်မှ ငွေဘုရင်ကလန်မှလာကြောင်းလည်း ပြောခဲ့သေးသည်ပင်။ ဤသည်မှာသူမကို လက်စားချေချင်သည့်သူ သူမကိုလာရှာ၍ရကြောင်း ဆိုလိုခြင်းပင်။

သို့သော်လည်း ယခု ဟွမ်၏စွမ်းအားကို မြင်လိုက်ရသည့်အချိန်တွင် သူမ ကြောက်ရွံ့လာပြီး အချိန်အတော်ကြာသည်အထိ ထွက်မလာချင်ပေ။

“မင်းက အခုလေးတင် အဲဒီမျိုးရိုးနာမည်ဟဲနဲ့တစ်ယောက်ကို တိုက်ခိုက်ဖို့ ထပ်ခါတလဲလဲပြောနေတာ .. အဲဒါက မင်းငါ့ကို ကြောက်နေလို့လေ ဟုတ်တယ်မလား..” ရှီဟောင် သူမ ဒဏ်ရာကို ဆွလိုက်သည်။

“ရှင် .. ပါးစပ်ပိတ်ထား..” ယင်းလင် အော်ဟစ်လိုက်သည်။ သူမ၏လှပသည့်မျက်နှာမှာ အေးစက်နေပြီး တစ်ကိုယ်လုံး‌ တောင့်တင်းနေသည်။ သူမသည် ကျားသစ်မလေးတစ်ကောင်ကဲ့သို့ ရှီဟောင်အား အေးစက်မုန်းတီးစွာ စိုက်ကြည့်နေလေသည်။

“တိုက်ပွဲ ၁၀ ပွဲ၊ အောင်မြင်မှု ၁၀ ခု၊ အသား ၁၀ မျိုးစွပ်ပြုတ်..” ရှီဟောင်ပြောလိုက်၏။ ထို့နောက် သူခေါင်းမော့ကာ ထိုငွေရောင်ဆံပင်နှင့်အမျိုးသမီးကိုကြည့်လိုက်သည်။ သူသည် အစောကြီးကတည်းက သူမအား သေလူအဖြစ် သတ်မှတ်ထားခြင်းပင်။

“ငါ ဒီလိုပုံစံမျိုးကို မကြိုက်ဘူး .. ဒါက မောက်မာလွန်းတယ် .. လူတစ်ယောက်က ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းလို့ ပြောလို့မရဘူး .. မင်း နိုင်မယ်ဆိုတာ သေချာလို့လား..” ထိုအချိန်တွင် ဟဲကျီမင် ပြောလိုက်သည်။ သူ၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏လေသံမှာ ပို၍ပို၍ လေးနက်လာသည်။

“ငါ သေချာပေါက် ဒီတိုက်ပွဲကို နိုင်မှာ .. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ .. မင်းမကြိုက်တော့ရော ဘာလုပ်ရမှာလဲ..” ရှီဟောင် သူ့အား မျက်နှာသာမပေးပဲ ပြောလိုက်သည်။

“ယင်းလင် .. လာခဲ့ .. ငါမင်းကို လက်ဆောင်ပေးစရာရှိတယ်..” ဟဲကျီမင်း ထိုငွေရောင်ဆံပင်နှင့်အမျိုးသမီးကို ခေါ်လိုက်သည်။

ထိုစကားကို ကြားလိုက်သည်နှင့် ယင်းလင်အလွန်ပျော်ရွှင်သွားပြီး သူမ၏ လှပသည့်မျက်နှာထက်တွင် အပြုံးတစ်ခု ပွင့်ဖူးလာသည်။

သူမ ဟဲကျီမင်အနား အပြေးလေး ရောက်သွားလေ၏။ တစ်ဖက်လူထံတွင် သူမကို ကူညီနိုင်မည့် နည်းလမ်းကောင်းများ သေချာပေါက်ရှိနေမည်ကို သူမသိသည်။

ဟဲကျီမင်သည် အလွန်လေးနက်စွာဖြင့် ကျောက်စိမ်းပုလင်းလေးတစ်ခုကို ထုတ်လိုက်ကာ ဖွင့်လိုက်သည်။ အဖုံးဖွင့်လိုက်သည်နှင့် နတ်အလင်းများ ကောင်းကင်ကို ထိုးဖောက်သွားသည်။ စွမ်းအားလှိုင်းများမှာ ပြင်းထန်လွန်းလှသောကြောင့် ဘေးပတ်လည်တွင်ရှိနေသည့်သူများ အားနည်းစွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကြသည်။

သူ အရည်တစ်စက်ကို မြန်မြန်ထုတ်ကာ မြန်မြန်ပြန်ပိတ်လိုက်သည်။ ထို့နောက် အခြားပုလင်းထဲမှ အစက်လေးတစ်စက်နှင့်အတူ အခြားဆေးရည်များကို ရောပေါင်းထည့်လိုက်မှသာ ဖိအားကြီး ပျောက်ကွယ်သွားလေသည်။

“ရှေးဟောင်းဘိုးဘေးရဲ့ သွေးအစစ်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အထူးဆေးရည်တစ်မျိးသာ ရှေးဟောင်းဘိုးဘေး သွေးအစစ်၏ ကြောက်စရာကောင်းသည့်စွမ်းအားလှိုင်းကို ဖိနှိပ်နိုင်သည်ပင်။ မဟုတ်ပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပျက်စီးသွားလိမ့်မည်။

ဟဲကျီမင်သည် အလွန်လေးနက်စွာဖြင့် အထူးစုတ်တံတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ဆေးရည်နှင့်ရောနေသည့် နတ်ရည်ထဲသို့ နှစ်လိုက်ကာ ထိုအမျိုးသမီး၏လက်ဝါးတွင်း ‘သတ်’ ဟူသည်စကားလုံးကို ရေးလိုက်သည်။

အားလုံး၏အမူအရာ ပြောင်းလဲသွားရ၏။ ဤသည်မှာ အရေးကြီးသည့်ကိစ္စပင်။

‘သတ်’ ဟူသည့်စကားလုံးဖြစ်လာသည်နှင့် အလွန်ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ပျံ့နှံ့လာသည်။

“ရှီဟောင်ကို သတ်ဖို့အတွက် ဟဲဝူရှန်ရဲ့ သွေး တစ်စက်ရဲ့တစ်ဝက်နဲ့ ‘သတ်’ ဆိုတဲ့စကားလုံးကို ရေးလိုက်တာ..” အနောက်ဘက်ရှိ သက်ရှည်မိသားစုမှ အကြီးအကဲများ ပြောလိုက်သည်။

“သခင်လေးကို ကျေးဇူးအများကြီးတင်ပါတယ်..” ထိုငွေရောင်ဆံပင်နှင့်အမျိုးသမီး အလွန်ပျော်ရွှင်နေလေသည်။ ဤသည်မှာ သူမ အရာအားလုံဂကို သတ်ပစ်နိုင်သည့် တာအိုကျောက်တိုင်ကြီးကို ရလိုက်သကဲ့သို့ပင်။

ဟဲကျီမင် ထိုပုလင်းနှင့် စုတ်တံကိုပြန်သိမ်းလိုက်သည်။ ထို့နောက် ပြုံးလိုက်ကာ “မင်းက ငါတို့လောကက ထိပ်တန်းအလှလေး ၁၀ ယောက်ထဲက တစ်ယောက်ပဲလေ .. ဘယ်သူမှ ကျောက်စိမ်းပျက်စီးသွားပြီး အမွှေးနံ့တွေ ပျက်ပြယ်သွားမှာကို မလိုချင်ပါဘူး..”

ယင်းလင်၏ ကျောက်စိမ်းကဲ့သို့သော မျက်နှာထက်တွင် ရောင်စုံအလင်း ဖြတ်ပြေးသွားကာ ကျေးဇူးတင်ကြောင်း နောက်တစ်ကြိမ် ပြောလိုက်သည်။ ထို့နောက် သူမ ယုံကြည်ချက်ရှိစွာဖြင့်ပင် စစ်မြေပြင်ဘက်သို့ လျှောက်သွားလိုက်၏။

“သွေးစက်တစ်ဝက်နဲ့ အဲဒီ ‘သတ်’ ဆိုတဲ့စာလုံးက စကြာဝဠာကြီးကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်လို့ ထင်နေတာလား..” ရှီဟောင် သူမအား တည်ငြိမ်စွာပင် ကြည့်လိုက်သည်။

“ဘယ်သူက အမြဲတမ်းနိုင်မနေနိုင်သလို ဘယ်သူမှလည်း အမြဲတမ်း ရှုံးမနေနိုင်ဘူးဆိုတာ မင်းကိုပြောချင်တာပါ .. မင်းရဲ့အပြုအမူတွေကို ငါအရမ်း မကျေမနပ်ဖြစ်မိတယ်..” ဟဲကျီမင် ပြုံး၍ ပြောလိုက်သည်။

“အဲဒါဆိုရင် ငါမင်းကို ပြောလိုက်မယ် .. ဝက်ကျွေးဖို့ ဒီလိုသွေးမျိုးကို ငါယူလိုက်မယ်..” ရှီဟောင် အလွန် ဒဲ့တိုးပင်ပြောလိုက်သည်။

“သတ်..” လင်းယင်အော်ဟစ်လိုက်သည်။ “ကျွန်မတို့ဘက်ကို အနိုင်ကျင့်လို့မရကြောင်း၊ ရှေးခေတ်ဘိုးဘေးတွေကို ဂုဏ်သိက္ခာတွေကို စော်ကားလို့မရဘူးကြောင်း ရှင့်ကိုပြပေးမယ် .. ကျွန်မ ရှင့်ကို ဒီမှာပဲ သတ်ပစ်မှာ..”

“ခွေးလိုမျိုးဟောင်နေတယ် .. ဒီနေ့ မင်းတို့ဘက်က အကြံအစည်တွေအားလုံး ပျက်သွားအောင်လုပ်ပစ်မှာ..” ရှီဟောင်လည်း အချိန်ဖြုန်းမနေတော့ပဲ တိုက်ခိုက်လိုက်သည်။

အပိုင်း ၁၅၄၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၄၂ – စစ်ပွဲဆယ်ပွဲမှ အလုံးစုံအောင်မြင်မှု

မြင့်မြတ်သည့်ရှေးဟောင်းတောင် ငွေဘုရင်လူမျိုးစုမှ ယင်းလင်၏ ငွေရောင်ဆံပင်များ လွင့်မြောနေပြီး သူမ၏အဝတ်အစားများလည်း လေနှင့်အတူ လှုပ်ရမ်းနေသည်။ သူမ လေထဲမှ တရှိန်ထိုးပြေးလာကာ သူ့အား အရင်တိုက်ခိုက်လိုက်သည်။

ဤမှုန်မှိုင်းသည့်စစ်မြေပြင်တွင် သူမသည် သန့်စင်မြင့်မြတ်ပုံပေါ်ပြီး ထူးခြားသည့်အော်ရာလည်း ပိုင်ဆိုင်ထားသည်ပင်။ သူမသည် ထာဝရသက်ရှိအဆင့်သို့ တက်နေသကဲ့သို့ပင်။

သူမ၏အမူအရာမှာ တည်ငြိမ်နေသော်လည်း သူမမျက်လုံးထဲသို့ သေချာကြည့်လိုက်ပါက ထိုမျှတည်ငြိမ်နေသည်မဟုတ်ပဲ သတ်ဖြတ်လိုသည့်အငွေ့အသက်များရှိနေသည်ကို တွေ့ရလိမ့်မည်။ သူမ၏ငွေရောင်မျက်ဆံများ တောက်ပကာ လှုပ်ရှားနေသည်။ သူမ၏လက်မြှောက်လိုက်သည်နှင့် သူမ ရှေးဟောင်းနည်းလမ်းများစွာကို အသုံးပြုပြီးသွားလေပြီ။

ရှီဟောင်ကို သတ်ရန်အတွက် သူမ ဘာမှထိန်ချန်မထားပဲ အားလုံး ထုတ်သုံးလိုက်သည်။

ရွှီ..

ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ငွေရောင်ဖြစ်သွားပြီး ငွေရောင်အရည်များ စီးဆင်းလာသည်။ ကမ္ဘာမြေကြီး အရည်ပျော်သွားကာ လေဟာနယ်လည်း ပျက်စီးသွားသည်။

ဤသည်မှာ အားလုံးကို ငွေရောင်အဖြစ် ပြောင်းလဲနိုင်သည့် ငွေကလန်၏ စွမ်းရည်ပင်။ ဤသည်ကို သူတို့ ပြိုင်ဘက်ကို ပိတ်ပြီးသတ်ရန်အတွက် အသုံးပြုသည်ပင်။

ရှီဟောင် သူမဖြစ်ချင်သလို ဖြစ်ခွင့်ပြုမည်မဟုတ်။ သူလည်း ချက်ချင်းလှုပ်ရှားလိုက်သည်။ တစ်ဖက်လူကဲ့သို့ သူလည်းစတင်တိုက်ခိုက်လိုက်ကာ သူ၏လက်သီးတစ်လုံး ပို့လွှတ်လိုက်သည်။

ဖုန်း..

မာကျူရီများ လောင်းထည့်လိုက်သကဲ့သို့ ငွေရောင်အလင်းပေါက်ကွဲထွက်လာကာ ကောင်းကင်တစ်ခုလုံး ပြည့်လျှံသွားသည်။ နေရာတိုင်း၌ အဖြူရောင်လွင်ပြင်ကြီး ဖြစ်နေသည်ပင်။ ငွေရောင်အရည်များ ကောင်းကင်ကို ဖောက်ထွက်သွားသည့်အပြင် ပတ်လည်ရှိ နယ်မြေများကိုလည်း တိုက်စားသွားလေ၏။

“သတ်..”

ငွေရောင်ဆံပင်နှင့်အမျိုးသမီးသည် ကြောက်ရွံ့ခြင်းမရှိပဲ ‘သတ်’ ဟူသည့်စကားလုံးကို အော်ဟစ်ကာ သူ၏လက်ဝါးကို ဖွင့်လိုက်သည်။ ထိုနေရာတွင် နတ်အလင်း ကောင်းကင်ကို ထိုးဖောက်သွားကာ နေလုံးကိုပင် ထိုးဖောက်သွားသည်။

ထိုအလင်းသည် ရှီဟောင်ရှိသည့်ဘက်၌ တောက်ပနေသည်ပင်။ ဤသည်မှာ သူမလက်ထဲတွင် ဟဲကျီမင်ရေးထားသည့် ‘သတ်’ ဟူသည့်စာလုံးပင်။

ရွှီး..

ရှီဟောင်၏လှုပ်ရှားမှုများမှာ သရဲတစ်ကောင်ကဲ့သို့ ညင်သာလှသည်။ ဤသည်မှာ ရှေးဟောင်းဘိုးဘေး၏ သွေးဖြစ်သောကြောင့် သူ အရှေ့ဆက်တိုးမသွားပဲ ထိုတိုက်ခိုက်မှုကို ရှောင်လိုက်သည်။

သို့သော် သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ခြင်းလည်းမရှိ။ လျှပ်စီးဧကရာဇ်ပညာကို အသုံးပြုကာ ဘေးဘက်မှနေ၍ တရှိန်ထိုးပြေးသွားလိုက်သည်။ ထို့နောက် လျှပ်စီးတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး သူ့မျက်စိရှေ့မှ အရာအားလုံး မည်းတူးသွားသည်။

ခွပ်..

လျှပ်စီး၊ ငွေရောင်နှင့် ရွှေရောင်အလင်းတို့ ရောသွားကာ ရေတံခွန်တစ်ခုကဲ့သို့ စီးကျလာသည်။ ဘေးပတ်လည်ရှိ ကျောက်တောင်များမှာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားလေ၏။

ငွေရောင်ဆံပင်နှင့်အမျိုးသမီး၏ တုံ့ပြန်မှုများမှာ လျင်မြန်လှသည်။ သူမသည် လျှပ်စီးနှင့် ထိသွားမည်စိုးသောကြောင့် ရှီဟောင်နှင့် ထိပ်တိုက်တိုက်ခိုက်ခြင်းမရှိပဲ ရှောင်ရှားလိုက်သည်။

လျှပ်စီး၏ စွမ်းအားမှာ အံ့အားသင့်စရာကောင်းလှသည်ပင်။

ကမ္ဘာမြေကြီးမှာ လုံးဝမည်းတူးနေပြီဖြစ်ပြီး တောင်ပေါ်၌ မီးတောင်ပေါက်ဝတစ်ခု ပေါ်လာသကဲ့သို့ပင်။ အရာအားလုံး လျှပ်စီးအလင်းတန်းကြောင့် ပေါက်ကွဲသွားသည်ပင်။

ဖုန်း..

လျှပ်စီးတန်းတစ်ခုနှင့် ထိမိသွားသည်နှင့် ထိုအမျိုးသမီး၏ အင်္ကျီလက် ပေါက်ကွဲသွားကာ ပြာမှုန့်များအဖြစ် လောင်ကျွမ်းသွားလေ၏။ သူမ၏ တောက်ပသည့်ကျောက်စိမ်းလက် ပေါ်လာကာ သူမ၏အမူအရာလည်း ချက်ချင်း ပြောင်းလဲသွားသည်။

ရွှီး..

သူမ သတိလက်လွတ်မလုပ်ရဲတော့။ သူမထံ၌ ရှေးဟောင်းဘိုးဘေး၏ သွေးအစစ်ရှိနေသော်လည်း သူမ အလွယ်တကူ အနိုင်မရလောက်။ သူမ ချက်ချင်းပင် လက်ဝါးကို ဖွင့်လိုက်ပြီး ဆက်တိုက် တိုက်ခိုက်လိုက်သည်။

ရှေးဟောင်းဘိုးဘေး၏ သွေးအစစ်ကို တစ်ကြိမ်သာ အသုံးပြု၍ရသည်ကို သူမသိသည်။ သွေးစွမ်းအင်များ စီးဆင်းသွားသည်နှင့် ပြန်ပြည့်မလာနိုင်တော့။

သို့သော်လည်း သူမထံတွင် ရွေးချယ်စရာမရှိ။ ရှီဟောင်ကိုသာ အနားကပ်ခွင့်ပေးလိုက်သည်နှင့် သူမ မလွဲမသွေ သေသွားလိမ့်မည်။ စွမ်းအားကြီးသည့် ကျွမ်းကျင်သူ ကိုးယောက်‌ သေဆုံးသွားပြီဖြစ်ပြီး သူမသည် ထိုကိုးယောက်ထက် စွမ်းအားမကြီးနိုင်။

သူမ အမြင်တွင် ဟွမ်မှာ ကြီးမြတ်သည့်နတ်ဆိုးဘုရင်ပင်။ သူတို့လောကမှ ဘုရင်များထက်ပင် ကြောက်စရာကောင်းသည့်သူပင်။

ဝုန်း..

လေဟာနယ်ပေါက်ကွဲသွားခဲ့သည်။ ထို ‘သတ်’ ဟူသည့်စကားလုံး တောက်ပလာကာ သူ့ကို တားဆီးနိုင်သည့်အရာ ဘာမှမရှိ။

စစ်မြေပြင်နှင့် ခပ်ဝေးဝေးတွင် ရှိနေသည့် တောင်ကြီးများပင် ပျက်စီးသွားသည်ကို အားလုံးမြင်နိုင်သည်ပင်။

ငွေရောင်ဆံပင်နှင့်အမျိုးသမီးမှာ ရှီဟောင်ကို တတ်နိုင်သမျှ စောစောသတ်ချင်သောကြောင့် အားလုံး ထုတ်သုံးနေသည်။ ခန့်မှန်း၍မရနိုင်သည့် ကိစ္စများ ဖြစ်ပျက်လာမည်စိုးသောကြောင့် သူမ အချိန်မဆွဲရဲ။

အားလုံး မလန့်ပဲ မနေနိုင်တော့။ ဤသည်မှာ ရှေးဟောင်းဘိုးဘေး၏ သွေးစက်တစ်ဝက်သာဖြစ်သော်လည်း တောင်များပြိုကျသွားပြီး ပင်လယ်များ ခမ်းခြောက်သွားလောက်အောင်ထိ အဖျက်စွမ်းအားကြီးလှသည်။

ဤသွေးစက်သာ လူတစ်ယောက်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလျှင် မည်ကဲ့သို့ ဖြစ်သွားမည်နည်း.. ထိုသို့စဉ်းစားမိသွားသည်နှင့် အားလုံး အသက်ရှူသံများ ရပ်တန့်သွားရသည်။

ရှေးဟောင်းဘိုးဘေး၏ သွေးစက်တစ်ဝက်မှာ ဟင်းလင်းပြင်တာအိုနယ်ပယ်တကျင့်ကြံသူတစ်ယောက်အား လျင်မြန်စွာ ရှင်းပစ်နိုင်သည်မှာ သံသယဝင်စရာမလိုအောင်ပင်။

“ဟွမ် .. ရှင်အခု ကြောက်နေပြီလား . ဘာလို့ရှောင်နေတာလဲ .. ရှင်က သတ္တိရှိတဲ့သူရဲကောင်းဆိုရင် ကျွန်မနဲ့တိုက်လေ .. ကျွန်မ ရှင့်ကိုအထင်သေးရအောင် မလုပ်နဲ့..” ယင်းလင် အော်ဟစ်လိုက်၏။ ဤသွေးတစ်ဝက် ကုန်သွားသည့်အချိန်ထိ တစ်ဖက်လူကို မရိုက်နိုင်မည်ကို သူမ စတင် စိုးရိမ်နေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏အရှိန်မှာ လျင်မြန်လှသည်။ သူမကို ရှောင်နေရင်းဖြင့်ပင် လျှပ်စီးများဖြင့် တိုက်ခိုက်နေသောကြောင့် သူမသာ နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားသည်နှင့် သူမ အန္တရာယ်များသွားလိမ့်မည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများ၏ အမူအရာများ ပြောင်းလဲသွားသည်။ ဤအမျိုးသမီးမှာ အနည်းငယ် အရှက်တရားကင်းမဲ့လှသည်။ ရှေးဟောင်းဘိုးဘေး သွေးအစစ်ရသွားသည့်အချိန်တွင် သူမ၏ ကိုယ်ပိုင်ခွန်အားကိုပင် မသုံးတော့။ ဤသည်ကိုတောင် သူမက တစ်ဖက်လူအား ထိပ်တိုက်ရင်ဆိုင်ရန် ပြောရဲသေးသည်လား..

“ဟွမ် .. ရှင်က အရမ်းအသည်းငယ်တာပဲ .. ရှင် တိုက်ရဲလား မတိုက်ရဲဘူးလား..” ယင်းလင် တစ်ဖက်လူများ ထပ်ခါတလဲလဲ လှောင်ပြောလိုက်သည်။

“ဆူညံလိုက်တာ..” ရှီဟောင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ ဘိုးဘေး သွေးအစစ်၏ စွမ်းအား,အား လေ့လာနေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့ကျလျှင် သူဤသွေးများနှင့် သေချာပေါက် ရင်ဆိုင်ရမည်ပင်။ ယခုအချိန်မှာ ဤသွေးအကြောင်း လေ့လာရန် အချိန်ကောင်းပင်။

ရှီဟောင် သက်ပြင်းချလိုက်ရ၏။ ဤသွေးအစစ်ဟုခေါ်သည့်သွေးမှာ အလွန်ကြောက်စရာကောင်းလှသည်။ ဤသွေးကို ပိုင်ဆိုင်ထားသည့် ဟဲဝူရှန်းသာ ရောက်လာလျှင် မည်မျှ အံ့အားသင့်စရာကောင်းမည်နည်း..

ဟဲဝူရှန်း၏ တည်ရှိမှုနှင့်ဆိုလျှင် သူ့ထံမှ သွေးအစစ်အနည်းငယ် ထွက်လာသည်နှင့် အားလုံးကို သတ်ပစ်ရန် လုံလောက်လေပြီ။

“ယင်းလင် .. ငါမင်းကို သူ့ကို သတ်နိုင်မယ့် မန္တန်တစ်ခု ပေးမယ်..” ထိုအချိန်တွင် စစ်မြေပြင်အပြင်ဘက်တွင်ရှိနေသည့် ဟဲကျီမင်မှ ပြောလာသည်။

သူ မန္တန်တစ်ခုကို တီးတိုးရေရွတ်လိုက်ပြီး ယင်းလင်အား လက်ဆင့်ကမ်းလိုက်သည်။

“သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်..” ယင်းလင် ပျော်ရွင်သွားရသည်။ ဟဲမိသားစု၏ မန္တန်ဆိုသည်မှာ မည်ကဲ့သို့သော လျှို့ဝှက်နည်းလမ်းမျိုးဖြစ်သနည်း.. သူ၏စွမ်းအားမှာ သေချာပေါက် ထူးခြားမည်ပင်။

ထို့အပြင် ဤမန္တန်မှာ သူ၏လက်ဝါးတွင်ရှိနေသည့် သွေးစက်တစ်ဝက်နှင့် လုံးဝကိုက်ညီသည်ကို သူမတွေ့လိုက်ရသည်။ ဤသည်မှာ သူမအား သွေး၏စွမ်းအားကို အပြည့်အဝ အသုံးပြုခွင့်ပေးလိုက်သည်ပင်။

မန္တန်ရွတ်ပြီးသည်နှင့် ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာသည်။

ထို့နောက် သူမ၏လက်ဝါးမှာ မီးတောက်တစ်ခုကဲ့သို့ တောက်လောင်လာသည်။ ထို ‘သတ်’ ဟူသည့်စာလုံး ပျံ့လွင့်လာကာ ကောင်းကင်တစ်ခုလုံးကို တောက်ပသွားစေသည်။ ထိုစာလုံးသည် ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးသွားလေ၏။

ယခုတစ်ခေါက်တွင်တော့ ရှီဟောင် ဤစာလုံးကိုရှောင်ရန် မည်မျှပင် ကြိုးစားနေပါစေ သူ့နောက်သို့ လိုက်နေပြီး သူ့အား ထွက်ပြေးခွင့်မပေးတော့။

“ဟွမ် .. ရှင့်အသက်ကို ပေးလိုက်တော့..” ယင်လင် အော်ဟစ်လိုက်၏။ သူမမျက်နှာထက်တွင် အေးစက်သည့်အပြုံးတစ်ခု ရှိနေသည်ပင်။ သူမ နောက်ဆုံးတော့ အောင်မြင်နိုင်မည့် အရိပ်အယောင်အား မြင်လိုက်ရလေပြီ။

အားလုံး အမူအရာ ပြောင်းလဲသွားရသည်။

ထို ‘သတ်’ ဟူသည့် စကားလုံး၏အရှိန်မှာ လျင်မြန်လှကာ အရှေ့မှ ပြေးနေပြီးသားဖြစ်နေသည့် လျှပ်စီးများ ဝန်းရံထားသည့် ရှီဟောင်နောက်သို့ လိုက်နေသည်ပင်။

“ဟား ဟား .. သခင်လေးရဲ့ ပညာတွေက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ .. ကိုယ်တိုင်မတိုက်ပဲ တစ်ခြားသူကို တိုက်ခိုင်းတာတောင်မှ သူက ဟွမ်ကိုသတ်နိုင်တယ် .. သူက ဒီ ဂျီးနီးယပ်စ်လို့ခေါ်တဲ့သူကို သတ်နိုင်တော့မယ်..”

အခြားတစ်ဖက်မှ လူငယ်များ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဟဲကျီမင်၏ နည်းလမ်းများကို ချီးကျူးလိုက်သည်။

ယင်းလင်မှာ ပို၍ အံ့အားသင့်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှီဟောင်အား ခုခံနေခြင်းမဟုတ်တော့ပဲ သူမဘက်မှ အရင်ဆုံး တိုက်ခိုက်လိုက်နိုင်သည်ပင်။ သူမ မန္တန်ရွတ်လိုက်သည်နှင့် ထိုသွေးစက်မှာ ရန်သူအား သူ့အလိုလို တိုက်ခိုက်နိုင်သည်ပင်။

“ဟွမ် ရှင်ဘယ်သွားမလို့လဲ .. ဒီနေ့ ကျွန်မရှင့်ကို ဖျက်ဆီးပစ်မယ်..” ယင်းလင် အော်ဟစ်လိုက်သည်။

“မျက်နှာလှလှလေး ရှိတာနဲ့ပဲ အရှက်မရှိ လျှောက်ပြောရဲတယ်ပေါ့..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ ရှီဟောင် ရှေးဟောင်းဘိုးဘေးသွေးအစစ်ကို လေ့လာပြီးသွားပြီး ယခုအချိန်တွင် သူ၏စွမ်းအားကို အကြမ်းဖျင်း နားလည်သွားလေပြီ။

“ရှင် .. ကျွန်မကို‌ စော်ကားရဲတယ်..” ယင်းလင် ဒေါသထွက်လွန်းသောကြောင့် သူမ၏ လှပသည့်မျက်နှာလေးပင် နီရဲလာလေ၏။

သူမပါးစပ်မှ မိုးခြိမ်းသံကဲ့သို့သော မန္တန်ရွတ်ဖတ်သံများ ထွက်ပေါ်လာကာ သူမလက်ဝါးလည်း ရှီဟောင်ထံသို့ ချိန်ရွယ်ထားသည်။

ယခုတစ်ခေါက် ထို ‘သတ်’ ဟူသည့်စာလုံး ရှီဟောင်ရှေ့ ရောက်လာသည့်အချိန်တွင်တော့ သူ ထိန်းချုပ်မထားတော့။ ဒုန်းဟူသည့်အသံနှင့်အတူ ဓားတစ်လက် ပျံသန်းသွားကာ ရိုက်ချလိုက်သည်။

ထာဝရဓားသည် သူအားနည်းချင်သည့်အချိန် အားနည်းနိုင်သကဲ့သို့ သူသန်မာချင်သည့်အချိန်တွင်လည်း သန်မာနိုင်သည်ပင်။ ဤဓားသည် မပျက်စီးသည့်တောင်တွင် ထာဝရအရည်ကျိုအိုးဖြင့်ပင် ရင်ဆိုင်ခဲ့သည်။

ထို့ကြောင့် ရှီဟောင် စိတ်မပူခြင်းပင်။ တစ်ဖက်လူမှ ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းပစ္စည်းဖြင့် ရောက်လာလျှင်ပင် ထိုပစ္စည်းနှင့်ရင်ဆိုင်နိုင်ရန် သူယုံကြည်ချက်ရှိသည်။

ဖောက်..

တိုးညှင်းသည့် အသံတစ်သံထွက်ပေါ်လာပြီး ထို ‘သတ်’ ဟူသည့်စကားလုံးမှာ ထာဝရဓား၏ နှစ်ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။ ထို့နောက် လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားလေသည်။

“ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ..” ယင်းလင် ထိတ်လန့်တကြား‌ နောက်ပြန်ဆုတ်လိုက်သည်။

သို့သော်လည်း ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ ရှီဟောင် သတ်ဖြတ်လိုသည့်အငွေ့အသက်များထုတ်လွှတ်ပြီးသည်နှင့် ရန်သူကို အခွင့်အရေးပေးမည်မဟုတ်။ သူ၏လက်ထဲတွင်ရှိနေသည့်ဓားဖြင့် မိုးကောင်းကင်ကို နှစ်ပိုင်းပိုင်းလိုက်လေသည်။

အား.. ယင်းလင် စူးရှစွာ အော်ဟစ်လိုက်သည်။ သူမ အေးစက်သည့်အလင်းတန်းတစ်ခု ဖြတ်သွားသည်ကို မြင်လိုက်ရပြီးနောက် သူမ၏ လက်ကောက်ဝတ် အလွန်နာကျင်သွားရသည်။ သူမ ကြည့်လိုက်သည့်အချိန်တွင် သူမ၏လက်ဝါးမှာ ဖြတ်ခံလိုက်ရလေပြီ။

“မဟုတ်ဘူး..” ယင်းလင် ကြောက်ရွံ့သွားကာ လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်သည်။

ဓားအလင်းတန်း ပျောက်ကွယ်သွားကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတွင် ပြည့်နှက်နေသည့် အေးစက်သည့်ဓားစွမ်းအင်လည်း လုံးဝပျောက်ကွယ်သွား၏။ ဤနေရာမှာ နောက်တစ်ကြိမ် ပြန်လည်အေးချမ်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူ၏ဓားကို ပြန်ရုတ်သိမ်းလိုက်သောကြောင့်ပင်။ ရှီဟောင်သူမအား ကြည့်လိုက်ကာ “အခု မင်း သွေးစက်တစ်ဝက်ကို ဆုံးရှုံးသွားပြီ .. မင်းမှာ တစ်ခြားနည်းလမ်းတွေ ရှိသေးလား..”

“မလာနဲ့..” ယင်းလန် မျက်နှာပြောင်းလဲသွားသည်။ သူမ၏ ယခင်က မောက်မာမှုနှင့် အေးစက်မှုများမှာ အစရှာမရတော့။ ယခုအချိန်တွင် သူမထိတ်လန့်နေပြီဖြစ်သည်။

“ငါမင်းကို မင်းလမ်းကိုပို့ပေးလိုက်မယ်..” ရှီဟောင်၏လက်ချောင်းမှာ ဓားတစ်လက်ကဲ့သို့ပင်။

သူကလက်ညှိုးထိပ်မှ ဓားအလင်းထွက်ပေါ်လာပြီး ဖူးဟူသည့်အသံနှင့်အတူ ဓားအလင်းသည် လင်းယင်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် နတ်အလင်းအလွှာများကို ထိုးဖောက်သွားလေသည်။

“သခင်လေး .. ကျွန်မကိုကယ်ပါဦး..” ယင်းလင် အော်ဟစ်ကာ ဟဲကျီမင်ထံသို့ ပြေးသွားလိုက်သည်။

ဟဲကျီမင် မျက်မှောင်ကြုတ်ကာ သူ၏လက်ကိုမြှောက်လိုက်သည်။ သို့သော်လည်း သူ ထာဝရလိပ်ခွံအပိုင်းအစကို တစ်ချက်ကြည့်လိုက်သည့်အချိန်တွင် သူ ကြောက်ရွံ့သွားကာ ဤတိုက်ပွဲကို ဝင်မပါရဲတော့။ အဘယ်ကြောင့်ဆိုသော် ဤချပ်ဝတ်တန်ဆာနှင့်ပတ်သက်သည့် ကောလဟာလများစွာ ရှိနေသည်ပင်။

ဖူး..

ရှီဟောင် ယင်းလင်ခေါင်းကိုဖယ်ရှာလိုက်ပြီးနောက် သူမ၏မျက်ခုံးကြားသို့ သူ၏လက်ညှိုးဖြင့် ထိုးဖောက်လိုက်သည်။

အမှန်တကယ်တွင် ထိုလက်ဖြတ်ခံလိုက်ရပြီး သွေးစက်တစ်ဝက်ကို ဆုံးရှုံးလိုက်ရကတည်းက သူမ ထိတ်လန့်နေပြီး တိုက်ပွဲကိုလည်း ရှုံးနေပြီးသားပင်။

ဤတိုက်ပွဲကို မြင်လိုက်ရသည့်သူအားလုံး အလွန်တိတ်ဆိတ်သွားကြ၏။ ကျွမ်းကျင်သူ ၁၀ ယောက်လုံး သေဆုံးသွားပြီး တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့။

ထို့အပြင် ထိုလူများအားလုံးကို လူတစ်ယောက်တည်းမှ သတ်လိုက်ခြင်းပင်။

ဤကဲ့သို့သော အောင်မြင်မှုမှာ လူတစ်ယောက်ကို ပြောစရာစကားများ ဆွံ့အသွားစေသည်။

တစ်ဖက်လောကမှ အချို့လူများမှာ ရှုံးနိမ့်သည့်ခံစားချက်မျိုးခံစားနေရသည်။ သူတို့ ဤကဲ့သို့ မရှုံးနိမ့်သည်မှာ အချိန်မည်မျှပင် ရှိနေပြီနည်း..

ဤသည်မှာ သူတို့မျက်နှာများကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

ဟဲကျီမင် ရှီဟောင်ကို အာရုံစိုက်ထားပြီး သူ၏မျက်ဆံထဲမှ ကြက်ခြေခတ်အမှတ်အသားပေါ်လာသည်။

“ဘာလဲ .. ငါ့ကို သွေးစက်တစ်ဝက် လက်ဆောင်ပေးပြီးသွားတော့ ရှေးဟောင်းသွေး တစ်ပုလင်းလုံး ပေးမလို့လား .. အဲဒါဆိုရင် ငါလည်း အားနာမနေတော့ဘူး..” ထိုသို့ပြောပြီးနောက် ရှီဟောင် ကျောက်စိမ်းအိုးလေးတစ်ခုကို ထုတ်လိုက်ပြီး မြေပြင်ပေါ်မှ လက်ကို သိမ်းဆည်းလိုက်သည်။ “ဝက်ကျွေးရအောင် သိမ်းထားလိုက်မယ်..”

အပိုင်း ၁၅၄၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၄၃ – ကပ်ဆိုးကြီး

ချောက်နက်ကြီးအနားတွင်ရှိနေသည့် လူငယ်များအားလုံး ထိတ်လန့်ကာ ဒေါသထွက်သွားကာ သူတို့နဖူးထက်တွင် နတ်ဆိုးသင်္ကေတများ ထွက်ပေါ်လာလေသည်။ သူတို့သည် ရှီဟောင်အား အေးစက်စွာပင် စိုက်ကြည့်နေကြလေ၏။

ဝက်ကျွေးတယ်ဟုတ်လား .. ဤသည်မှာ ဘိုးဘေးဟဲဝူရှန်း၏ သွေးစက်တစ်ဝက်ပင်။ ဒီလူက တကယ်ကို ဘာမဆိုပြောရဲနေတာပဲ .. ဤနေရာတစ်ခုလုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များ လွှမ်းခြုံသွားလေ၏။

စစ်မြေပြင်၌ ရှိနေသည့် လူငယ်လေးမှာ တစ်ဖက်လောကအား စော်ကားနေခြင်းပင်။ ဟဲဝူရှန်းဆိုသည်မှာ သူတို့ဘိုးဘေးများပင် တွေ့ရန်မလွယ်ကူသည့်သူပင်။ မည်သူက သူ့အား ဤကဲ့သို့ စော်ကားပြောဆိုရဲမည်နည်း..

လူများစွာ ဟဲကျီမင်ကို ကြည့်လိုက်ပြီး သူတိုက်ခိုက်မည်ကို စောင့်နေကြသည်။

“မင်းက ငါတိုက်ခိုက်လာအောင် လုပ်နေတာပဲ” ဟဲကျီမင်၏အသံမှာ တည်ငြိမ်နေသည်။ သူ၏ နူးညံ့သည့်အပြုံးကို ပြန်လည်သိမ်းဆည်းလိုက်ပြီဖြစ်ပြီး ယခုအချိန်တွင် ပျော်ရွှင်မှုမရှိသလို စိုးရိမ်မှုလည်းမရှိ။ တည်ငြိမ်ကာ ခံစားချက်ကင်းမဲ့နေလေ၏။

“မင်းကိုယ်မင်း ထူးခြားတဲ့သူလို့ ထင်နေတာလား .. မင်းကိုယ်မင်း မျိုးဆက်တစ်ချို့ကို လွှမ်းမိုးနိုင်တဲ့ အဆင့်လွန်သက်ရှိလို့ထင်နေတာလား .. မင်းငါ့ကို ဝက်ကျွေးဖို့ မင်းဘိုးဘေးရဲ့သွေးပေးချင်တယ်ဆိုရင်တော့ ငါ တကယ်ကျေးဇူးတင်ပါတယ်..” ရှီဟောင်ပြောလိုက်သည်။

“ငါ့ကို ဒေါသတထွက်အောင်လုပ်တာက မင်းအတွက် အဆုံးသတ်ကောင်းတွေ ရလာမှာမဟုတ်ဘူး.. ” ဟဲကျီမင် ခြေလှမ်းကျယ်များဖြင့် လျှောက်လာသည်။ ရွှေရောင်အလင်းများ ချက်ချင်းထွက်ပေါ်လာကာ သူ၏ဆံပင်ရှည်များလည်း ရွှေရောင်ကြယ်စမ်းချောင်းကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၌ ဆူညံသံများ ထွက်ပေါ်လာသည်။ အနီရောင်ကောင်းကင်နယ်စပ်မှာ မူလရှေးဟောင်းနယ်မြေနားတွင် တည်ရှိနေခြင်းပင်။

ကျီဟဲမင်၏စွမ်းအားမှာ ကြောက်စရာကောင်းလှပြီး လူငယ်မျိုးဆက်များစွာကို ထိတ်လန့်သွားစေသည်။ သူတို့အားလုံး အသက်ပြင်းပြင်းရှူလိုက်ကြရ၏။ နောက်ဆုံးတော့ သူတို့ကြားမှ ကွာခြားချက်ကို သူတို့ကောင်းကောင်းနားလည်သွားလေပြီ။

“ဟဲမိသားစုကလူ ဖြစ်ထိုက်ပါပေတယ် .. အန်းလန်၊ ရှုထော်နဲ့ တစ်ခြားကလန်က လူတွေ ဘယ်လောက်တောင် ကြောက်စရာကောင်းမယ်ဆိုတာ စဉ်းစားကြည့်လို့ရတယ်.. အဲဒီရှေးဟောင်းမြေက လာတဲ့ ဂျီးနီးယပ်စ်တွေအကုန်လုံးက အသက်ရှင်နေတဲ့ တာအိုကျောက်တိုင်တွေပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းအသာချပြီး ပြောလိုက်သည်။

ရှီဟောင် အေးစက်စွာပင် ရယ်မောလိုက်ကာ “အဲဒီလိုလား .. ငါ အဲဒါကို စောင့်မျှော်နေပါ့မယ် .. ဟဲဝူရှန်း ငယ်တုန်းကနဲ့ မင်းယှဉ်နိုင်လား..”

ဟဲဝူရှန်းမှာ ထိုအချိန်တုန်းက အလွန်သန်မာခဲ့သည်ပင်။ ထာဝရရှေးဟောင်းခေတ်၏ နောက်ဆုံးနေ့ရက်၌ အဆင့်လွန်လူငယ်များအားလုံးကိုသတ်ရန်အတွက် သူတစ်ယောက်တည်း တာဝန်ယူခဲ့သည်။ သူသည် သတ္တဝါတစ်ကောင်ကိုစီးကာ သူ၏လမ်းကြောင်းတွင်ရှိနေသည့်သူအားလုံးကို အနိုင်ယူခဲ့ပြီး သူ၏လက်များလည်းသွေးများ ရွှဲနှစ်နေခဲ့သည်။

အခြားတစ်ဖက်တွင်တော့ သူသည် ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူပင်။

“ဘိုးဘေးတွေက အောင်မြင်မှုက ငါတို့လေးစားခဲ့ရတဲ့အရာပဲ .. ဒါပေမဲ့ နောက်ပိုင်းမျိုးဆက်တွေက အရင်မျိုးဆက်တွေထက်တော့ အားနည်းမှာမဟုတ်ဘူး .. မင်းစမ်းကြည့်ရင် သိလာလိမ့်မယ်..” ဟဲကျီမင်၏ စကားများ အေးစက်လာသည်။

ဟဲမိသားစု၏ ဘိုးဘေးမှာ တားမြစ်ထားသည့်သက်ရှိဖြစ်ပြီး အခြားသူများ၏ စော်ကားမှုကို သည်းမခံနိုင်သည့်သူပင်။ သူ့ကို မရိုမသေလုပ်သည့်သူအားလုံး ချွင်းချက်မရှိ အသတ်ခံရမည်ပင်။ မိသားစု၏ ခမ်းနားကြီးကျယ်မှုကိုထိန်းသိမ်းရမည်။

“လာခဲ့ … ငါလည်းစီးတော်ယာဉ်လိုချင်နေတာ .. မင်းရဲ့ ပုံစံအစစ်က ရွှေရောင်နတ်ကြိုးကြားဖြစ်လိမ့်မယ် ဟုတ်တယ်မလား .. ဒါက ငါ့အကြိုက်နဲ့ တော်တော်လေးကိုက်ညီတယ်..” ရှီဟောင်ပြောလိုက်သည်။ သူလည်း ယဉ်ကျေးမနေတော့။

တစ်ဖက်လူမှ ယင်းလင်အား သွေးစက်တစ်ဝက်ပေးကတည်းက သူတို့ရန်သူဖြစ်သွားကြလေပြီ။ ယဉ်ယဉ်ကျေးကျေးပြောနေ၍ ဘာမှထူးမည်မဟုတ်။

ဟဲဝူရှန်းနှင့်တိုက်ခိုက်ပြီးနောက် တစ်ဖက်လူမှာ အလွန်ကြောက်စရာကောင်းသည့် ရွှေရောင်ကြိုးကြာဖြစ်ကြောင်း သူသိခဲ့ရသည်။ ဤကဲ့သို့သော ကြိုးကြားမှာ သာမန်ကြိုးကြာမျိုးစိတ်များနှင့် ကွဲပြားမည်ပင်။

တစ်ဖက်မှ ချက်ချင်း ဆူညံသံများ ထွက်ပေါ်လာသည်။ ဟဲမိသားစုကလူကို စီးတော်ယာဉ်လုပ်ချင်တဲ့သူ တကယ်ရှိနေတယ် .. ဤသည်မှာ မောက်မာလွန်းလှသည်ပင်။

ဝုန်း..

ကောင်းကင်ကြီးပြိုကျကာ ကမ္ဘာမြေကြီး အက်ကွဲသွားသည်။

ဟဲကျီမင် လက်သီးတစ်ချက် ပို့လွှတ်လိုက်ခြင်းပင်။ နတ်အလင်းစီးဆင်းလာပြီး လောကကြီးတစ်ခုလုံး တုန်လှုပ်သွားကာ ရှေးဟောင်းစစ်မြေပြင် ပျက်စီးသွား၏။ ဤသည်မှာ စွမ်းအားကြီးလှကာ ယခုလေးတင် တိုက်ခိုက်လိုက်သည့် ကျွမ်းကျင်သူ ၁၀ ယောက်ထက် အပုံကြီး ပို၍ စွမ်းအားကြီးသည်ပင်။

သူသည် ထူးခြားသည့်ပုံစံတစ်မျိုးအား ပိုင်ဆိုင်ထားသည်ပင်။ သူ၏မျက်နှာမှာ ထူးမခြားနားသာဖြစ်သော်လည်း ထိုကဲ့သို့သော စိတ်ကြီးဝင်မှု၊ ထိုကဲ့သို့သော ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

လက်သီးတစ်ချက်ကပင်လျှင် ပြိုင်ဘက်ကင်းသည့် ခွန်အားကို ထုတ်ဖော်ပြသနေလေပြီ။

ဤသည်မှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုမှ လူများ၏ နှလုံးခုန်နှုန်းများကို လျင်မြန်သွားစေကာ သူတို့အမူအရာများလည်း လေးနက်လာသည်။ ဤသည်မှာ ဟဲမိသားစုမှလူသာရှိသေးသည်။ ပေါ်မလာသေးသည့် အန်းလန်၊ ရှုထော်နှင့် အခြားရှေးဟောင်းမိသားစုများ ရှိနေသေးသည်။ ထိုသတ္တဝါများမည်မျှကြောက်စရာကောင်းသည်ကို ဘုရားသာသိလိမ့်မည်။

ဒုန်း..

ရှီဟောင် လှုပ်ရှားလိုက်၏။ သူ လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်နှင့် တောက်ပသည့်အလင်း ထုတ်လွှတ်လာသည်။ သူ၏ညာလက်သီးမှာ လောင်ကျွမ်းနေသကဲ့သို့ နတ်မီးတောက်များ ထွက်ပေါ်နေသည်ပင်။

သူတို့ မျက်နှာချင်းဆိုင်ပင် တိုက်ခိုက်လိုက်ကြသည်။ သူတို့အဝေးမှနေ၍ တိုက်ခိုက်နေကြသောကြောင့် သူတို့ကြားမှ နေရာမှာ အလွန်တောက်ပနေပြီး ဘာမှကို မမြင်ရတော့ပေ။

ဒါက လူငယ်မျိုးဆက်တွေကြားက တိုက်ပွဲရော ဟုတ်သေးရဲ့လား .. အနောက်ဘက်မှ လူအိုများ စိတ်လှုပ်ရှားသွားကြရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် နတ်စွမ်းရည်များကို အသုံးပြုနေရုံသာမက ကြီးမြတ်သည့်တာအိုများလည်း ဖလှယ်နေကြသည်ပင်။

သူတို့နှစ်ဦးလုံးမှာ သူတို့၏ သက်ဆိုင်ရာ ပြိုင်ဘက်ကင်းသည့်တာအိုကို ကျင့်ကြံပြီးသွားပြီဖြစ်ပြီး သူတို့ကိုယ်ပိုင် ‘လမ်းကြောင်းများ’ ရှိသည်ပင်။

ပြင်းထန်သည့် ပေါက်ကွဲမှုနောက်တွင် ကောင်းကင်ကြီးမှာ မီးလောင်နေသကဲ့သို့ ရောင်စုံအလင်းများ ဖုံးလွှမ်းသွားသည်။ မြေပြင်၌ အပေါက်များဖြစ်နေပြီး တောင်များလည်း အမှုန့်များဖြစ်သွားလေသည်။

အလင်းများ‌ပျောက်ကွယ်သွားသည့်အချိန်တွင် လောကကြီးတစ်ခုလုံး ပျက်စီးသွားလေပြီ။ အထက်ကောင်းကင် နေရာတိုင်းတွင် အပေါက်များရှိနေပြီး အက်ကွဲကြောင်းများမှာ ယခုထက်ထိ ပြန်မပိတ်သေး။ မြေပြင်ထက်တွင်မူ ချော်ရည်များ ထွက်ပေါ်နေပြီး စစ်မြေပြင်ကြီးလည်း ချိုင့်ဝင်နေကာ မမှတ်မိနိုင်လောက်အောင် ပုံပျက်သွားလေပြီ။

စွမ်းအားကြီးသည့် လူငယ်ကျွမ်းကျင်သူနှစ်ဦးသည် သူတို့သက်ဆိုင်ရာဘက်တွင် ရပ်နေလေ၏။ မည်သူမှ ဒဏ်ရာရရှိခြင်းမရှိ။

“ငါ့ရဲ့ အသား ၁၀ မျိုးစွပ်ပြုတ် ပျက်စီးသွားတော့မလို့ပဲ..” ရှီဟောင် ပြောလိုက်သည်။ သူ ငွေရောင်အလင်းတောက်ပနေသည့် ကြီးမားလှသည့် သားရဲကြီးကို မြှောက်လိုက်သည်။ ဤသည်မှာ ယင်းလင်ပုံစံပြောင်းထားခြင်းပင်။

“ဒီနေ့ ငါ မင်းကိုသတ်မယ်..” ဟဲကျီမင် အော်ဟစ်ကာ လေဟာနယ်ထဲမှ လျှောက်လာသည်။

“မင်းရဲ့ဘိုးဘေး ဟဲဝူရှန်း ငယ်ငယ်တုန်းကဆိုရင်တောင် ငါ့ကို ဒီလိုမျိုးပြောဖို့ အရည်အချင်းမရှိဘူး..” ရှီဟောင်၏မျက်လုံးများမှာ ကြည်လင်ရှင်းလင်းနေသည်ပင်။ တိုက်ခိုက်မှုအစစ်ကို စတင်ရန်အတွက် ပြင်ဆင်ထားလိုက်သည်။

ရွှီး..

ဟဲကျီမင်၏ ညာလက်တောက်ပလာကာ ထူးဆန်းသည့်သင်္တေကများစွာ ဖုံးလွှမ်းသွားသည်။ ဤသည်မှာ ကြောက်စရာကောင်းလှပြီး လူများစွာကို တုန်ယင်သွားစေသည်ပင်။

အထူးသဖြင့် အခြားတစ်ဖက်မှ လူများပင်။ အချို့လူများမှာ မျက်လုံးများတောက်ပလာပြီး သေချာကြည့်လာကြလေ၏။ သူတို့ တစ်ခုတစ်လေမှ မလွတ်သွားချင်ကြပေ။

“မပျက်စီးနိုင်တဲ့ကျမ်းစာ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ တစ်ဖက်လူ မည်သည့်ကျမ်းစာအား အသက်သွင်းလိုက်သည်ကို ရှီဟောင်သိ၏။ ထင်ထားသည့်အတိုင်းပင် ဟဲဝူရှန်းသည် အမှားအယွင်းများပါသည့် ကျမ်းစာကိုယူသွားကာ ကျင့်ကြံခဲ့ခြင်းပင်။

သူ၏မျိုးဆက်ပင် ဤပညာကိုကျင့်ကြံသောကြောင့် သူတို့ ဤကျမ်းကာကို မည်မျှအလေးထားကြောင်း သိနိုင်သည်။

ရှီဟောင်လည်း ယခင်က ဤသင်္ကေတများကို အသုံးပြုခဲ့သောလည်း သူထုတ်ဖော်ပြသခြင်းမရှိခဲ့။ သင်္ကေတများကို သူ၏အသွေးအသားများထဲ၌ ဖုံးအုပ်ထားပြီး အခြားသူများကို မပြခဲ့။

“ဟဲကလန်ရဲ့ ခန္ဓာကိုယ်ပညာက ပြိုင်ဘက်ကင်းတယ် .. သူတို့ ငယ်ငယ်လေးကတည်းက သူတို့ကလန်သားတွေရဲ့ အသွေးအသားက မြင့်မြတ်တဲ့အဆင့်ကို ရောက်ပြီးသား .. ဒါက ကျမ်းစာတစ်မျိုးနဲ့ ဆက်စပ်နေတာ .. ဟဲကျီမင် အခု ဒီပညာကိုသုံးနေပြီ..” တစ်စုံတစ်ဦးမှ တီးတိုးပြောလိုက်သည်။

“ကောင်းကင်ကြီး ဘယ်လောက်မြင့်ပြီး ကမ္ဘာမြေကြီး ဘယ်လောက်နက်လဲဆိုတာ ငါ မင်းနားလည်အောင် လုပ်ပေးမယ် .. ဟဲကလန်က လူတွေက လှောင်ပြောင်လို့ရတဲ့သူတွေ မဟုတ်ဘူး..” ဟဲကျီမင် အေးစက်စွာ ပြောလိုက်ပြီး သူ့လက်ကိုမြှောက်လိုက်သည်။

မပျက်စီးနိုင်သည့်ကျမ်းစာမှာ အလွန်ကြောက်စရာကောင်းလှပြီး လူတစ်ယောက်၏ အသွေးအသားကို မာကျောကာ ဖျက်ဆီး၍မရနိုင်အောင် လုပ်ပေးနိုင်သည်။ ထိုအသွေးအသားသည် ကမ္ဘာကြီးနှင့်အတူ တည်ရှိနေမည်ပင်။ ဟဲကျီမင် စွမ်းအားအကြီးဆုံး ခန္ဓာကိုယ်ပညာကိုသုံးပြီး သူ့ရှေ့၌ လူငယ်လေးကို သတ်ရန် ကြိုးစားလိုက်သည်။

ရှီဟောင် ဤသည်ကို စိတ်ထဲထားမနေခဲ့။ အဘယ်ကြောင့်ဆိုသော် သူလည်း ဤကျမ်းစာကို ရထားသည်ပင်။ ထို့အပြင် သူ၏ကျမ်းစာမှာ ပို၍ပင် ပြည့်စုံသေးသည်။

ဝုန်း…

ထိုအချိန်တွင် အောက်ဘက်တွင်ရှိနေသည့် ချောက်နက်ကြီးမှ တုန်ခါမှုတစ်ခု ပျံ့လွင့်လာသည်။ ခရာသံနှင့်အတူ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် မြင်များ တရှိန်ထိုးပြေးထွက်လာကြသည်။

“နယ်ခြားစပ်က အရေးကြီးတဲ့ အဆီးအတား ပျက်စီးသွားပြီ .. အဲဒီတော့ ငါတို့အခု အနီရောင်ကောင်းကင်နေ ပြန်ဆုတ်ပြီး ရန်သူတွေကို သတ်လို့ရပြီ .. အခုက တကယ်ဖြတ်ဖို့အချိန်မဟုတ်သေးဘူး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်ကာ အနီရောင်ကောင်းကင်နယ်စပ်အား တုန်ခါသွားစေသည်။

ဤသည်မှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုလူများအတွက်တော့ နွေလယ်ခေါင် မိုးကြိုးပစ်ချခြင်းပင်။ သူတို့အားလုံး မျက်နှာများ ဖြူဖျော့သွားကြသည်။

“ဟား ဟား.. ဟားဟား .. ဟားဟား..” ဟဲကျီမင် သူ၏လက်ဝါးကို အောက်ချလိုက်ပြီး ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ “ငါတို့အောင်မြင်ပြီ .. ဒါက ငါကြေငြာချင်တဲ့သတင်းပဲ .. စီနီယာတို့ .. ကျွန်တော်တို့အခု ရန်သူတွေကို သွားသတ်လို့ရပြီ..”

ချောက်နက်ကြီးနားမှ ရှေးဟောင်းပုံရိပ်များအားလုံး ချောက်နက်ကြီးထဲသို့ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွားကြသည်။

နယ်ခြားစပ်က ဘယ်မှာလဲ.. ဤသည်မှာ စီရင်စုသုံးထောင်၏ အစွန်နားမှာပင်။

ထိုနေရာမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခု ထဲသို့ ဝင်ရန်အတွက် အရေးအကြီးဆုံးနေရာပင်။

အနီရောင်ကောင်းကင်နယ်စပ်မှာ တစ်ဖက်လူ ဟန်ဆောင်တိုက်ခိုက်သည့်နေရာတစ်ခုသာ။ အဘယ်ကြောင့်ဆိုသော် သူတို့ဤနေရာ၌ အောင်မြင်သွားလျှင်ပင် သူတို့ကို နယ်ခြားနံရံမှ တားဆီးနေသောကြောင့် အထဲဘက်ထိ ဝင်၍ရမည်မဟုတ်။

သို့သော်လည်း စီရင်စုသုံးထောင်မှာမူ မတူပေ။ ရှေးယခင်မှ အခုအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး နှစ်ဘက်မှာ ပေါင်းစည်းလုနီးပါးဖြစ်နေလေပြီ။ ထိုနေရာပျက်စီးသွားသည်နှင့် တစ်ဖက်လောကမှ တပ်သားများကျူးကျော်လာနိုင်ပြီး ရေရှည်တပ်စွဲထားနိုင်သည်ပင်။

တားမြစ်ထားသည့်အဆင့်ရှိသည့် သက်ရှိများစွာ ထိုနေရာ၌ စောင့်ကြပ်နေသောကြောင့်သာမဟုတ်ပါက နယ်ခြားစပ်မှာ အစောကြီးကတည်းက ပျက်စီးသွားလောက်လေပြီ။

“ငါတို့ နယ်ခြားစပ်ကို မကူညီနိုင်အောင်လို့ သူတို့တွေက ငါတို့ကို တမင်သက်သက် ဒီနေရာကို ဆွဲခေါ်လိုက်တာ..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုဘက်ရှိ တစ်စုံတစ်ယောက်မှ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ ဤကောင်းကင်နှင့်ကမ္ဘာမြေကြီးမှာ မလုံခြုံတော့။

သက်ရှည်မိသားစုမှ အကြီးအကဲများအားလုံး လေးနက်သည့်အမူအရာများဖြစ်နေကြကာ ဘာမှမပြောပဲ တိတ်ဆိတ်နေသည်။

“နယ်မြေ ၁၀ ခုသင်္ကေတနဲ့ ထာဝရဘုရင်အလောင်းပတ်တဲ့အဝတ်စနှစ်ခုလုံးက ဒီမှာရှိနေတာ … ငါတို့တွေက နယ်ခြားစပ်ကို ချက်ချင်းကူညီနိုင်မှာမဟုတ်ဘူး .. အခြေအနေတွေက သိပ်မကောင်းတော့ဘူး..” အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒါပေမဲ့ နယ်ခြားစပ်ဆိုတာ ဘယ်လိုနေရာမျိုးမို့လို့လဲ .. မင်းတို့အားလုံး သေချာနားလည်ထားသင့်တယ် .. သူတို့တွေ အခုထိ ဖောက်ဝင်လို့ မရလောက်သေးဘူး .. အခုချက်ချင်း တပ်ကူသွားကြမယ်..”

“သွားမယ် .. ငါတို့အခုချက်ချင်း ထွက်သွားကြမယ်..” အားလုံးလည်း သဘောတူလိုက်ကြ၏။ သူတို့အလွန်စိုးရိမ်နေလေပြီ။

သို့သော် ထာဝရကျောင်း၊ အလေးအမြတ်ကျောင်းနှင့် သက်ရှည်မိသားစုမှ အကြီးအကဲအချို့မှာ စိတ်မလှုပ်ရှားပဲ တည်ငြိမ်နေဆဲပင်။ “ဒီကိစ္စက နည်းနည်းထူးဆန်းနေတယ်..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်၏။

“ဟုတ်တယ် .. ဒီလိုမျိုး ခြိမ်းခြောက်မှုက အရမ်းကို သိသာမနေဘူးလား..” အခြားတစ်ယောက်မှ ခေါင်းညိမ့်လိုက်သည်။

“ငါတို့လမ်းလွှဲသွားအောင် လုပ်နေတာ .. သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်အစစ်က ဒီမှာပဲ ရှိနေလောက်သေးတယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

အကြီးအကဲများမှာ တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ မျက်လုံးများ‌ တောက်ပလာကြသည်။ သူတို့ အနီရောင်ကောင်းကင်နယ်မြေဘက် ကြည့်လိုက်ကြသည်။

အကြီးအကဲအရှင် မုန့်ထျန်းကျန်း တိုက်ရိုက်ပင် အသံပို့လွှတ်လိုက်သည်။ “ဘာဖြစ်နေတယ်ဆိုတာ ငါတို့အားလုံး ခန့်မှန်းမိသွားပြီ .. ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး .. ငါတို့ နယ်မြေ ၁၀ခုသင်္ကေတကို စီရင်စုသုံးထောင်က နယ်ခြားစပ်ကို ယူသွားရမယ် .. မဟုတ်ရင် အဲဒီမှာ ပြဿနာတက်လာနိုင်တယ် .. ငါတို့ ထာဝရဘုရင်အလောင်းပတ်တဲ့အဝတ်စကို ဒီမှာထားခဲ့မယ်..”

“ကြည့်ရတာ ကောလဟာလတွေက အမှန်တွေထင်တယ် .. တစ်ဖက်လောကအတွက်အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခုခုက ဒီအနီရောင်ကောင်းကင်နယ်စပ်မှာ ရှိနေတာ .. အဲဒါကြောင့် သူတို့က ကျူးကျော်ဖို့ကို မစောင့်နိုင်ပဲ ဖြစ်နေကြတာ..” တစ်စုံတစ်ယောက်မှ လေးနက်စွာ ပြောလိုက်သည်။

ယခင်က တစ်ဖက်လောကမှသက်ရှိများ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုကို ကျူးကျော်ကာ မရေမတွက်နိုင်သည့်သက်ရှိများကို သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် သူတို့ နောက်ဆုတ်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့ရသည်ပင်။

အနီရောင်ကောင်းကင်နယ်စပ်မှာ မခန့်မှန်းနိုင်သည့်အဖြစ်အပျက်များ ဖြစ်ခဲ့သည့်နေရာဟု ပြောကြသည်။ ဤနေရာတွင် ကိစ္စများစွာဖြစ်ပျက်ခဲ့ပြီး သူတို့ကို ပြန်ဆုတ်သွားရအောင် လုပ်ခဲ့သည်ပင်။

အနီရောင်ကောင်းကင်နယ်စပ်မှာ ထာဝရအရိုးများဖြင့် တည်‌ဆောက်ထားခြင်းပင်။ သာမန်လူက ဘယ်လိုလုပ် ဤကဲ့သို့ လုပ်နိုင်မည်နည်း..သူတို့ ဤအရိုးများအားလုံးကို ပြုပြင်ရန်မှမဖြစ်နိုင်။

ထို့အပြင် ထိုအချိန်က ဤဘက်မှ လူများအားလုံးနီးပါး ရှင်းလင်းခံလိုက်ရပြီဖြစ်ပြီး မြို့တစ်မြို့တည်ဆောက်ရန်အတွက် မည်သူမှ ဤနေရာသို့ မလာရဲတော့။ နောက်လူများ ဤနေရာကို လာရောက်ထိန်းချုပ်သည့်အချိန်တွင် ခန့်မှန်းချက်မျိုးစုံ ထွက်ခဲ့သည်ပင်။ အချို့အရာများမှာ ယခုအချိန်ထိ ထူးဆန်းသည့်ကိစ္စများ ဖြစ်နေဆဲပင်။

ယခု တစ်ဖက်လောကမှလူများ ဤနေရာသို့ နောက်တစ်ကြိမ် ချိုးဖောက်လာသောကြောင့် ဤနေရာတွင် သေချာပေါက် အရေးကြီးသည့်ပစ္စည်းရှိလောက်သည်ပင်။ သူတို့တစ်ခုခုကို ပြန်ပြင်ရန် ကြိုးစားနေကြသည်။

သူတို့ နယ်ခြားစပ်နှင့် အနီရောင်ကောင်းကင်နယ်စပ်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခြင်းမှာ သူတို့ရွေးချယ်စရာတစ်ခု ရှိရန် ဖြစ်လောက်မည်။

“ဘာပဲဖြစ်ဖြစ် ငါတို့ ဒီနေရာကိုပဲ အာရုံစိုက်ပြီး စီရင်စုသုံးထောင်က နယ်ခြားစပ်ကို လျစ်လျူရှုလို့မရဘူး .. မဟုတ်ရင် ငါတို့အမှားကြီး လုပ်မိသွားလိမ့်မယ် .. တစ်ဖက်လောက တပ်သားတွေ ကျူးကျော်လပြီး ငါတို့လောကကြီးကို ယူလိုက်တာနဲ့ ငါတို့ဘာပဲပြောပြော အရမ်းနောက်ကျသွားလိမ့်မယ်..” အလေးအမြတ်ကျောင်းမှ အကြီးအကဲအရှင် သတိပေးလိုက်သည်။

အပိုင်း ၁၅၄၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၄၄ – ထူးဆန်းမှု

စီရင်စုသုံးထောင်က နယ်ခြားစပ် အန္တရာယ်ရှိနေပြီ..

ဤစကားကိုကြားသည်နှင့် ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲသွားသည်။ သူ အထက်ကောင်းကင်ဘုံကိုးခု၌ ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေလေပြီ။ သူ၏အဖိုး၊ သူ့မိဘများ၊ ဟော့လင်းအာနှင့် သူ၏သူငယ်ချင်းဟောင်းများ နေကောင်းရဲ့လားဆိုသည်ကို သူသိချင်သည်။ သူ တကယ်ကို ပြန်သွားချင်မိသည်။

ယခုတစ်ခေါက်က အချိန်ကောင်းဖြစ်နိုင်သည်။ သူ စီရင်စုသုံးထောင်ကို ပြန်သွားပြီးတော့ သူနဲ့ရင်းနှီးတဲ့သူတွေကို ပြန်တွေ့နိုင်မလား..

သို့သော် သေချာစဉ်းစားပြီးသည့်နောက်တွင် သိပ်မျှော်လင့်ချက်မရှိဘူးဟု သူခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် နယ်ခြားစပ်မှာ အလွန်ဖရိုဖရဲဖြစ်နေပြီး သူသွားလျှင်ပင် သူသိပ်ကူညီနိုင်မည်မဟုတ်။ ထိုနေရာတွင် ယခုကဲ့သို့ ပြိုင်ပွဲလေး ရှိနေမည်မဟုတ်။ စစ်ပွဲအစစ်သာရှိလိမ့်မည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ပြန်သွားခွင့်တောင်းသည်မှာ သိပ်မကောင်း။

သူ နယ်ခြားစပ်သို့ မရောက်သေးသလို ထိုနေရာမှာ မည်ကဲ့သို့သော နေရာမျိုးဖြစ်သည်ကိုလည်း သူမသိသေး။ သို့သော်လည်း ယခုအချိန်တွင် ထိုနေရာ၌ အလောင်းများပုံနေပြီး သွေးနံ့များပြည့်နေမည်ကို သူခန့်မှန်းနိုင်သည်။

အရက်စက်ဆုံး တိုက်ပွဲမှာ စတင်နေလေပြီ။

“ဝူး ဝူး..” ခရာသံထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်မှ သတင်းပို့လာသည်။

“ဘိုးဘေးတို့ .. အခြေအနေမကောင်းတော့ပါဘူး .. နယ်ခြားစပ်က အန္တရာယ်များနေပါပြီ .. တစ်ဖက်လောကက တပ်သားတွေက အကျိုးဆက်ကို မကြောက်ပဲနဲ့ တိုက်လာကြပါတယ် .. သူတို့ ချိုးဖောက်ချင်နေကြပါတယ်..” ပြေးလာသည့်တစ်ယောက်မှာ သွေးများစိုရွှဲနေပြီး ကျယ်လောင်စွာပင် အော်ဟစ်ကာ တင်ပြလိုက်သည်။

ယခုတစ်ခေါက်တွင်တော့ တစ်ဖက်လောကမှလူများသည် အရာအားလုံးကို ပေးဆပ်ကာ မရေမတွက်နိုင်သည့်အလောင်းများကိုလည်း လျစ်လျူရှုကာ လမ်းတစ်ခု ဖောက်နေသည်ပင်။

“ဘာ .. နယ်ခြားစပ်အပြင်ဘက်က ချိတ်ပိတ်ထားတဲ့ ထူးဆန်းတဲ့မြို့ရော .. အဲဒီမြို့ပေါ်မလာဘူးလား..” သက်ရှည်မိသားစုများ အော်ဟစ်လိုက်ကြသည်။

“မပေါ်လာပါဘူး .. ဘယ်တုန်းကမှ ပေါ်မလာခဲ့ပါဘူး..” ရောက်လာသည့်တစ်ယောက်မှ အမှန်အတိုင်းပြောလိုက်သည်။

ရှီဟောင် တုန်လှုပ်သွားရသည်။ သူ ကျောက်တုံးကလန်မှ ဘိုးဘေးများနှင့် နယ်ခြားစပ်မှ ဘုရင် ၇ ယောက်အကြောင်းကို မတွေးပဲမနေနိုင်တော့။

“သွားမယ် .. နယ်မြေ ၁၀ ခုသင်္ကေတနဲ့ ဘိုးဘေးနဂါးဦးချိုခရာကို ယူပြီးတော့ နယ်ခြားစပ်ကို သွားကြမယ် .. ငါတို့အချိန်ဖြုန်းနေလို့မရဘူး..” အလေးအမြတ်ကျောင်းမှ အကြီးအကဲအရှင် ပြောလိုက်သည်။

ထို့နောက် သူတို့အခြားပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။ ဤနေရာတွင်ရှိနေသည့် လူ ၉၀ ရာခိုင်နှုန်း စီရင်စုသုံးထောင်ရှိ နယ်ခြားစပ်သို့ ထွက်သွားလိုက်ကြသည်။

ဤနေရာ၌ လူအချို့သာ ကျန်ခဲ့တော့သည်။ သို့သော်လည်း ဤနေရာကို ကြည့်ရမည့် စွမ်းအားကြီးသည့်ကျွမ်းကျင်သူတစ်ယောက်လိုအပ်သောကြောင့် အကြီးအကဲအရှင် မုန့်ထျန်းကျန်း ဤနေရာကို ခုခံနေခဲ့သည်။

ထို့အပြင် မမျှော်လင့်ထားသည့်အဖြစ်အပျက်များ ဖြစ်လာမည်စိုးသောကြောင့် ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စလည်း ဤနေရာ၌ ကျန်ခဲ့မည်ပင်။

“ဒီနေရာမှာ မသေမျိုးတစ်ယောက်ပေါ်လာပြီ .. သူက လက်တစ်ဖက်ပဲထွက်လို့ရတယ်ဆိုပေမယ့် သူ့မှာ ဘယ်လိုထူးဆန်းတဲ့နည်းလမ်းတွေရှိမလဲဆိုတာ ပြောဖို့ခက်တယ် .. ငါတို့ သူ့ကို ခုခံနိုင်ပါ့မလား ..” သက်ရှည်မိသားစု အကြီးအကဲတစ်ယောက်မှ အနည်းငယ်စိုးရိမ်နေသည်ပင်။

“စိတ်မပူနဲ့ .. သူတို့လာလို့ရရင် အစောကြီးကတည်းက လာနေလောက်ပြီ .. သူတို့ရပ်နေစရာအကြောင်းမရှိဘူး ..” အကြီးအကဲအရှင်မုန့်ထျန်းကျန်း သူတို့ကို အချိန်ဖြုန်းမနေပဲ ထွက်သွားခိုင်းလိုက်သည်။

ထိုကဲ့သို့ ဆုံးဖြတ်လိုက်ကာ အားလုံး ထွက်သွားလိုက်ကြသည်။

ခပ်ဝေးဝေးတွင် ကြီးမားလှသည့် ဂိတ်တံခါးတစ်ခု ပေါ်လာသည်ကို မြင်ရမည်ပင်။ ဤသည်မှာစီရင်စုသုံးထောင်သို့ တိုက်ရိုက်သွားမည့် အရိုးယဇ်ပုလ္လင်ကြီးပင်။

အနီရောင်ကောင်းကင်နယ်စပ်၌ စစ်သင်္ဘောများစွာရှိနေသော်လည်း ယခုအချိန်တွင် တိမ်များရွေ့လျားနေသကဲ့သို့ ထိုဂိတ်တံခါးထံသို့ ဦးတည်သွားကြလေ၏။

ဝူး ဝူး..

ဘိုးဘေးနဂါးဦးချိုခရာသံ ထွက်ပေါ်လာပြီး စစ်သင်္ဘော ထောင်ပေါင်းများစွာ ထိုစစ်မြေပြင်သို့ ဦးတည်သွားလိုက်ကြသည်။

သေဆုံးသွားရမည့် လူအချို့ရှိနေမည်မှာ သံသယဝင်စရာပင်မလို။ အများကြီးသေဆုံးသွားသည်လည်းဖြစ်နိုင်သည်။

ရှီဟောင် ပါးစပ်ဟပြီး ပြန်သွားခွင့်မတောင်းခဲ့။ သူ တကယ်သွားကြည့်ချင်သော်လည်း သူ၏ကိုယ်ရေးကိုယ်တာကိစ္စများကို ပြော၍မရကြောင်း သူသိသည်။

နေရာတိုင်းတွင် စစ်သင်္ဘောများ ပြည့်နှက်နေသည်။ အချို့သင်္ဘောများမှာ ကြယ်ထက်ပင်ကြီးသေးသည်။ ဤသင်္ဘောများမှာ သက်ရှည်မိသားစုများ၏ ပြိုင်ဘက်ကင်းသင်္ဘောများပင်။ ထိုသင်္ဘောများတွင် ထာဝရစွမ်းအင်များရှိနေပြီး ဤကဲ့သို့သော သင်္ဘောမျိုးမှာ လေဟာနယ်ကိုပင် ထိုးဖောက်နိုင်သည်ပင်။

ဆူညံသံများ ထွက်ပေါ်လာပြီး စစ်ပွဲကြွေးကြော်သံများလည်း အဆက်မပြတ်ထွက်ပေါ်လာသည်။

လူများပြည့်နေသည့် သင်္ဘောများ တစ်စင်းပြီးတစ်စင်း ထွက်ခွာသွားကာ စစ်ပွဲသီချင်းသီဆိုသံမှာ လောကကြီးကိုပင် တုန်လှုပ်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် ထွက်သွားသည်နှင့် သူတို့ဘယ်တော့မှ ပြန်မလာနိုင်တော့သည်ကို သူတို့သိနေသည်ပင်။ သူတို့ နယ်ခြားစပ်၌ သေသွားနိုင်သည်။ သို့သော် သူတို့၏ ဂုဏ်သိက္ခာမှ သူတို့အား တွန့်ဆုတ်ခွင့်မပေး။

“နောက်လှည့်ပြီးတော့ နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ကြ .. နှုတ်ဆက်ပါတယ်..”

အချို့လူများသည် ထိုဂိတ်တံခါးထဲသို့ ဝင်သွားလိုက်သည်နှင့် ရုတ်တရက် နောက်လှည့်ကြည့်လာကြသည်။ ဤသည်မှာ အနီရောင်ကောင်းကင်နယ်စပ်ဖြစ်ပြီး သူတို့မွေးရပ်မြေမဟုတ်သော်လည်း သူတို့နောက်ဆုံးအကြိမ် ကြည့်ချင်သေးသည်။

လူများစွာ ထွက်ခွာသွားလေပြီ။

နောက်ဆုံးတွင်တော့ ဤနေရာ တည်ငြိမ်သွားလေပြီ။ သူတို့ လူတစ်စု ချန်ထားခဲ့ပေးမည်ဟုဆိုသော်လည်း အကြီးအကဲအရှင် သူတို့အားလုံးကို ထွက်သွားခိုင်းလိုက်သည်။ ဤနေရာတွင် ကျန်ခဲ့သည်မှာ လူတစ်ထောင်ပင် မပြည့်တော့။

အများစုမှာ ကျောင်းသုံးကျောင်းမှ လူငယ်ကျင့်ကြံသူများပင်။

ရှီဟောင်၊ ရှုထော်၊ ချောင်ယုရှင်း၊ လန်ရှင်းနှင့် အခြားသူများအားလုံး နောက်တွင်ကျန်ခဲ့သည်။ ဤလူငယ်များမှာ အရွယ်မရောက်သေးသောကြောင့် နယ်ခြားစပ်သို့ ခေါ်သွား၍မရသေး။

သူတို့ဤနေရာသို့ ရောက်လာကြသည်မှာ ဗဟုသုတနှင့် အတွေ့အကြုံရရန်အတွက်ပင်။ ယခု သူတို့ ရည်မှန်းချက်ပြည့်သွားသည့်အပြင် သူတို့ ယှဉ်ပြိုင်မှုတစ်ခုပင် လုပ်ခဲ့ရသည်။

ယခုအချိန်တွင် ရှီဟောင် အတောက်ပဆုံးဖြစ်နေမည်မှာ သံသယဖြစ်စရာပင်မလို။ တိုက်ပွဲ ၁၀ ပွဲ၊ အောင်ပွဲ ၁၀ ပွဲ .. သူသည် ကောင်းကင်ဘုံကိုးခုကို ကိုယ်စားပြုကာ တစ်ဖက်လောကမှ လူငယ်ဘုရင်များကို သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ မယုံကြည်နိုင်လောက်‌အောင် ခမ်းနားကြီးကျယ်လှသည့် တိုက်ပွဲအောင်မြင်မှုပင်။

အခြားတစ်ဖက်မှ ကျင့်ကြံသူများလည်း ပြန်ဆုတ်သွားကြသည်။

“ဟက် .. ငါတို့ ဒီတစ်ခေါက် အခွင့်အရေးမရှိလိုက်ပေမယ့် နောက်တစ်ခေါက်ကျရင်တော့ ငါကိုယ်တိုင်မင်းကို သတ်ပစ်မယ်..” ဟဲကျီမင် ရှီဟောင်အား စိန်ခေါ်လိုက်သည်။

“မင်း ဒီမှာ နေခဲ့ရဲရင် ငါမင်းကို ဒီမှာပဲ သတ်ပေးမယ်..” ရှီဟောင်ပြောလိုက်သည်။

“ဟား ဟား .. ငါတို့နောက်တစ်ခေါက် တွေ့ရမယ့်အချိန်က သိပ်မလိုတော့ပါဘူး .. ငါစောင့်နေမယ် .. ဘယ်သူက ဘယ်သူ့ကိုသတ်မလဲဆိုတာ ကြည့်ကြတာပေါ့..” ဟဲကျီမင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းဝန်းရံကာ ပျောက်ကွယ်သွားလေ၏။

အနီရောင်ကောင်းကင်နယ်စပ်တွင် အပျက်အစီးများသာ ကျန်ခဲ့တော့သည်။ ထာဝရသက်ရှိအရိုးများဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းမြို့ကြီး ပျက်စီးသွားပြီး ဖုန်မှုန့်နှင့်အမှိုက်များသာ ကျန်ခဲ့တော့သည်။

ဤနေရာ တစ်ဖြည်းဖြည်းအေးစက်လာလေ၏။

သို့သော်လည်း အချိန်အတော်ကြာသည်အထိ ထိုချောက်နက်ကြီး ရှိနေဆဲဖြစ်ပြီး ပိတ်မသွားခဲ့။ ဤသည်မှာ လူတစ်ယောက်၏ ဝိညာဉ်အား စုတ်ယူဝါးမြိုနိုင်သကဲ့သို့ နက်မှောင်ကာ ကြောက်စရာကောင်းလှသည်။

စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သည့်လှုပ်ရှားမှုမှမရှိတော့။ အေးစက်သည့်လေများသာ တဝူးဝူးဖြင့် ရံဖန်ရံခါ တိုက်ခတ်သွားသည်။

အားလုံး တိတ်ဆိတ်နေကြ၏။ အနာဂတ်မှာ အလွန်ခက်ခဲတော့မည်ဖြစ်ပြီး သေခြင်းနှင့်ရှင်ခြင်းတရားများ လွန်ဆွဲနေတော့မည်ကို အားလုံးသိကြသည်ပင်။

ယနေ့မှစ၍ ငြိမ်းချမ်းမှုဟုခေါ်သောအရာမှာ ပျက်စီးသွားလေပြီ။ စစ်ကြီး ပြန်လည်အသက်ဝင်နေပြီဖြစ်ပြီး မကြာမီတွင် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး သတ်ဖြတ်ခြင်းနှင့်ပြည့်နှက်သွားတော့မည်။

သို့သော်လည်း နှစ်ဘက်ယှဉ်လိုက်လျှင် ကွာခြားချက်မှာ ကြီးမားလှသည်။ သူတို့ ဘာမျှော်လင့်ချက်မှ မရှိလောက်အောင် ကြီးမားလှသည်ပင်။ သူတို့ဘယ်လိုတိုက်ကြမှာလဲ .. သူတို့အတွက် မျှော်လင့်ချက်ရော ရှိသေးရဲ့လား..

ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် လုဟုန်တို့နှစ်ဦးလုံးမှာ ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းမျိုးစေ့များ ပိုင်ဆိုင်ထားသည့်သူများပင်။ သို့သော်လည်း သူတို့ပင် အသတ်ခံလိုက်ရသောကြောင့် အားလုံး စိတ်ပျက်သွားရသည်။

သူတို့စိတ်သက်သာရာရသွားသည်မှာ ရှီဟောင်တိုက်ခိုက်လိုက်ကာ အခြေအနေအား ပြောင်းပြန်လှန်ပစ်လိုက်သောကြောင့်ပင်။ သူတစ်ယောက်တည်းဖြင့် ကျွမ်းကျင်သူ ၁၀ ယောက်အား သတ်ခဲ့သည်ပင်။

“အကြီးအကဲအရှင် ကျွန်တော်တို့ ဘာမှမလုပ်ပဲနဲ့ ဒီမှာပဲ နေရမှာလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“သူတို့ ပြန်လာလိမ့်မယ်..” အကြီးအကဲအရှင် မုန့်ထျန်းကျန်း ပြန်ဖြေလိုက်သည်။ သူ၏မျက်လုံးမှာ ထိုချောက်နက်ကြီး၌ ကပ်နေသည်ပင်။

“တကယ်ကိုပျင်းစရာကောင်းတယ် .. မင်းတို့အားလုံး ထွက်သွားချင်ယောင်ဆောင်ပြီးတော့ ငါတို့ပြန်ပေါ်လာတော့မှ ပြန်တိုက်သင့်တာမဟုတ်ဘူးလား..” ချောက်နက်ကြီးထဲမှ အကြီးအကဲတစ်ယောက် ထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်ရှုံ့တွနေသည်။ သူသည် ယခုမှ မြေကြီးထဲမှ ထွက်လာသည့်အလောင်းနှင့်တူနေသည်။ သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ မြေကြီးထဲ၌ မြှုပ်နှံခံထားရသကဲ့သို့ပင်။

ဤသည်မှာ အစောပိုင်းက ဤနေရာ၌ ရပ်နေခဲ့သည့် စွမ်းအားအကြီးဆုံး သက်ရှိသုံးယောက်ထဲမှ တစ်ယောက်ပင်။

“ဒါက အဓိပ္ပာယ်မရှိဘူး .. မင်းတို့ကို သတ်ပြီးတော့ ရှင်းပစ်နိုင်ရင် ကျုပ် သတ်ပြီးသွားပြီ..” အကြီးအကဲအရှင် ပြောလိုက်သည်။

တစ်ဖက်လူများတွင် ဤနေရာကို ပစ်မှတ်ထားနေသည့် လျှို့ဝှက်ချက်ရှိလိမ့်မည်ဟု သက်ရှည်မိသားစုမှ အကြီးအကဲများနှင့် အခြားသူများ သိပြီးသားပင်။

သို့သော်လည်း သူတို့ထံတွင် ရွေးချယ်စရာမရှိ။ နယ်ခြားစပ်အခြေအနေမှာ ဆိုးရွားနေသည်။ ထို့ကြောင့် သူတို့လူအများစုကို ပို့လွှတ်လိုက်ရသည်။ တစ်ဖက်မှလူများသည် နှစ်နေရာခွဲတိုက်နေခြင်းပင်။ ဤနေရာမှ အကျိုးအမြတ်များရသည်ဖြစ်စေ၊ နယ်ခြားစပ်ကို ထိုးဖောက်လိုက်နိုင်သည်ဖြစ်စေ သူတို့ တစ်ခုမဟုတ် တစ်ခုကို လုပ်နိုင်သည်ပင်။

သူတို့ နှစ်နေရာ ခွဲတိုက်နေခြင်းမှာ တစ်နေရာမှ အောင်မြင်သွားလျှင် သူတို့အတွက် လုံလောက်နေသောကြောင့်ပင်။

“မင်းတို့အားလုံး သွားလို့ရပြီ .. ငါတို့ ဒီဘက်ကနေ ဖြတ်လာမှာမဟုတ်ဘူး .. ငါတို့ကို ဒီလောကက ငြင်းနေတုန်းပဲ ငါတို့ဖြတ်လာလို့မရဘူး..” ထိုရှေးဟောင်းပုံရိပ်မှ ပြောလိုက်သည်။

အကြီးအကဲအရှင်သည် ခေါင်းခါလိုက်ကာ ထိုသူအား ကြည့်လိုက်ပြီး “အဲဒီအစား ဒီနေရာမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးရှိနေလို့ မင်းတို့ အင်အားအများကြီး သုံးနေတာလဲဆိုတာ ပြောပြလိုက်ရင်ရော..”

“ရပါတယ် .. ငါတို့စကားနည်းနည်းလောက်ပြောလို့ရပါတယ် .. မင်းတို့ အဆုံးထိ ရှုပ်ထွေးမနေရအောင် မင်းတို့ကို အရင်တုန်းက အဖြစ်အပျက် နည်းနည်းလောက်‌ ပြောပြပေးမယ်..”ထိုရှေးဟောင်းပုံရိပ်မှ ပြောလိုက်သည်။

ဤသည်မှာ အချိန်အကြာကြီး အသက်ရှင်နေခဲ့ပြီဖြစ်သည့် ထူးခြားသည့်ကျွမ်းကျင်သူပင်။ သူ၏အဆင့်အတန်းမှာ အလွန်မြင့်ပြီး မသေမျိုးအဆင့်အောက်ရှိ စွမ်းအားအကြီးဆုံးသက်ရှိများထဲမှ တစ်ယောက်ပင်။

“ဒါပေမဲ့ စကားမပြောခင် ငါတို့ ကိစ္စတစ်ချို့ လုပ်ရဦးမယ် .. မဟုတ်ရင် ငါတို့ ဒီအခွင့်အရေးကို လွဲချော်သွားလိမ့်မယ်..” သူတည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် သူတစ်ဖက်သို့လှည့်လိုက်ကာ ချောက်နက်ကြီးကို လေးစားမှု ပြသလိုက်သည်။

သူသည် အလွန်လေးနက်နေလေသည်။ သူ ယဇ်ပုလ္လင်တစ်ခုကို ထုတ်လိုက်ပြီး စတေးမှုတစ်ခုကို ပြုလုပ်လိုက်၏။

သူ၏ဘေးပတ်လည်တွင် အားလုံး တိတ်ဆိတ်နေသည်။ ပုံရိပ်တစ်ရာကျော်ပေါ်လာပြီး အားလုံးမှာ သက်ရှိရုပ်ကြွင်းကဲ့သို့သော သက်ရှိပင်ဖြစ်ပြီးအားလုံး ကြောက်စရာကောင်းလှသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှလူများ တုန်လှုပ်သွားကာ ကြက်သီးများထလာရသည်။ ဤလူများမှာ အလွန်အထင်ကြီးစရာကောင်းသည့် ကျွမ်းကျင်သူများပင်။ သက်ရှည်မိသားစုမှ အကြီးအကဲအဆင့်များသာ ဤလူများကို ရင်ဆိုင်နိုင်လိမ့်မည်။ သို့သော် ထိုလူများ တစ်ချိန်တည်း ထွက်ခွာသွားလေပြီ။

တစ်ဖက်မှလူများ ဤနေရာကို မည်မျှအလေးထားသည်ကို သိနိုင်သည်။

ထိုလူများ ရှေးဟောင်းကျမ်းစာများကို တစ်ချိန်တည်းရွတ်ဖတ်လိုက်ကြ၏။ သူတို့၏အသံများမှာ ရှေးကျလှပြီး ခမ်းနားလှသည်။ ထို့နောက် တောင်နှင့်မြစ်များ တုန်ခါလာကာ ကောင်းကင်နှင့်မြေကြီးတွင် ပဲ့တင်ထပ်သွားသည်။

“သူတို့ဘာလုပ်နေကြတာလဲ..” သူ့တစ်ကိုယ်လုံးအေးခဲသွားတော့မည်ဟု ရှီဟောင်ခံစားနေရသည်။ တစ်ခုခုဖြစ်တော့မည်ဟုလည်းခံစားနေရသည်ပင်။

“တစ်ခုခုမှားနေတယ်..” အကြီးအကဲအရှင်၏ အမူအရာ လေးနက်နေသည်။

ရွှီး..

သူ ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စကို မြှောက်လိုက်ပြီးနောက် အစီအရင်အဆောင်တစ်ခုကဲ့သို့ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို အုပ်မိုးကာ ဤနေရာမှ လူအားလုံးကို ကာကွယ်ပေးလိုက်သည်။

အပိုင်း ၁၅၄၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၄၅ – ရှေးဟောင်းဘိုးဘေး ဝိညာဉ်

ကျမ်းစာသံမှာ အလွန်ကျယ်လောင်ကာ ထူးဆန်းလှသည်။ အစပိုင်းတွင် တာအိုအသံများရှိနေသောကြောင့် အနည်းငယ် အံ့အားသင့်စရာကောင်းနေသေးသည်။ သို့သော်လည်း တစ်ဖြည်းဖြည်းဖြင့် နက်နဲလာကာ ဤနေရာတစ်ခုလုံး ရက်စက်သည့်စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။

ဝူး..

လေပြင်းများ တိုက်ခတ်လာကာ ထိုချောက်နက်ကြီးထံသို့ ဦးတည်သွားသည်။ ထိုယဇ်ပုလ္လင်အနား၌ ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာလေ၏။

ထို့နောက် ထိုထူးဆန်းသည့် ယဇ်ပုလ္လင် ကောင်းကင်ထက်သို့ သူ့အလိုလိုလွင့်တက်သွားကာ ချောက်နက်ကြီးထက်၌ ရွေ့လျားနေသည်။

ထိုအခိုက်အတန့်တွင် အကြီးအကဲရာပေါင်းများစွာ လှုပ်ရှားသွားကာ အားလုံးမှာ ပူဇော်နေကြသည်ပင်။ ထို့နောက် သူတို့ ကျမ်းစာများကို ရွတ်ဖတ်ကာ တစ်ခုခုကို ဆင့်ခေါ်နေကြသည်။

“အကြီးအကဲအရှင် သူတို့ဘာလုပ်နေကြတာလဲ..” အခြေအနေများမှာ အလွန်ထူးဆန်းနေသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ ထို့အပြင် ဘေးပတ်ဝန်းကျင်လည်း တစ်ဖြည်းဖြည်း ပြောင်းလဲလာကာ အလွန်မှုန်မှိုင်းပြီး ကြောက်စရာကောင်းလာသည်။ သူတို့ငရဲထဲသို့ ဝင်နေရသကဲ့သို့ပင်။

ယခုအချိန်တွင် ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စသည် အဆောင်တစ်ခုကဲ့သို့ တောက်ပလာပြီး ဤနေရာကို ကာကွယ်ပေးထားသည်။ လေပြင်းများ ဒေါသတကြီး တိုက်ခတ်လာပြီး သွေးမိုးဖြစ်ပေါ်လာစေလေသည်။

“သူတို့တွေ ဝိညာဉ်လမ်းပြခြင်းကျမ်းစာကို ရွတ်နေကြတာ..” အကြီးအကဲအရှင်၏ အမူအရာ လေးနက်နေသည်။ အခြေအနေများမှာ သိပ်မဟုတ်သေး။ တစ်ဖက်လူက သက်ရှိတစ်ယောက်ယောက်ကို ပြန်ပြီးအသက်သွင်းချင်နေတာများလား..

ဤသို့လည်းမဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သေသည့်သူက သေပြီးသွားပြီဖြစ်သောကြောင့် ပြန်လည်ရှင်သန်လာစရာအကြောင်းမရှိ။

ထို့အပြင် နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်ပြီး သူတို့ကြားတွင် ခေတ်တစ်ခေတ်ပင် ကွာခြားသွားလေပြီ။ သေသည့်သူက ဘယ်လိုလုပ် ဤကဲ့သို့ ပြန်ရှင်လာမည်နည်း… ဤသည်မှာ မဖြစ်နိုင်။

ဤကဲ့သို့သော ကောင်းကင်ကို တွန်းလှန်နိုင်သည့် သက်ရှိမျိုးသာ ရှိပါက ဤသည်မှာ ကျင့်ကြံခြင်းသမိုင်းကို ပြောင်းပြန်လှန်ပစ်လိမ့်မည်ပင်။

“သူရဲကောင်းဝိညာဉ်…” အကြီးအကဲအရှင်၏ အမူအရာ အေးစက်သွဦး၏။ ထို့နောက် သူ၏မျက်လုံးများမှနတ်အလင်း ထွက်ပေါ်လာသည်။ သူ၏လက်ထဲတွင်ကိုင်ထားသည့် သွေးများစိုရွှဲနေသည့် စစ်အလံမှာ ယခုအချိန်တွင်တော့ ပြင်းထန်စွာ လွှဲရမ်းနေလေပြီ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ပုံရိပ်များစွာ ဤနေရာကို ဝန်းရံလာနေပြီဖြစ်သည်။ ဤပုံရိပ်များမှာ မှုန်ဝါးသော်လည်း သူတို့ ဤနေရာသို့ ပြေးလာကြကာ သူတို့၏ လက်သည်းများဖြင့် တိုက်ခိုက်လာကြသည်။ သူတို့အားလုံးမှာ အလွန်စွမ်းအားကြီးကြသည်ပင်။

သူရဲကောင်းဝိညာဉ်ဆိုသည်မှာ စစ်မြေပြင်ထဲ၌ ယခင်က သေဆုံးသွားခဲ့ပြီး သူတို့၏ဝိညာဉ်အပိုင်းအစများကို ချန်ရန်ထားခဲ့သည့် ကျင့်ကြံသူများပင်။

အဘယ်ကြောင့်ဆိုသော် အချို့သက်ရှိများမှာစွမ်းအားကြီးလွန်းလှသောကြောင့် သူတို့သေဆုံးသွားသော်လည်း တံဆိပ်အချို့ကို ချန်ရစ်ထားခဲ့နိုင်သည်ပင်။ ထိုတံဆိပ်များကို စစ်မြေပြင်မှ ယင်စွမ်းအင်များမှ အားဖြည့်နေသောကြောင့် သူတို့ကို အပြီးတိုင်ဖယ်ရှားပစ်ရန် ခက်ခဲလှသည်။

ယခု တစ်ဖက်လောကမှ အကြီးအကဲများမှာ သူရဲကောင်းဝိညာဉ်တစ်ခုကို ဆင့်ခေါ်နေကာ ထိုဝိညာဉ်အပိုင်းအစများအား စုစည်းနေခြင်းပင်။ သူတို့ဘာလုပ်ချင်နေကြတာလဲ..

အဘယ်ကြောင့်ဆိုသော် ဤဝိညာဉ်အပိုင်းအစများကို စုစည်းလိုက်လျှင်ပင် ပြန်လည်ပြိုကွဲသွားမည်ပင်။ သူတို့ပြန်ရှင်နိုင်စရာ အကြောင်းမရှိ။

လူတစ်ယောက်သေသွားလျှင် ထာဝရသေဆုံးသွားပြီဖြစ်သည်။

တစ်ဖက်လောကမှ လူများလည်း ဤစစ်မြေပြင်တွင် များစွာ ကျရှုံးခဲ့သည်ထင်သည်။ ဤနေရာမှာ ယခင်က အလွန်ဆိုးရွားခဲ့သည်ထင်သည်။

ဝူး..

အော်သံတစ်သံနှင့်အတူ မီးတောက်များ ထွက်ပေါ်လာပြီး ဤရှေးဟောင်းစစ်မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

စစ်မြေပြင်ပေါ်တွင် မတူညီသည့်နေရာများမှနေ၍ အလင်းတန်းရှစ်တန်း ထွက်ပေါ်နေသည်။ ထိုအလင်းများ စုစည်းလိုက်သည့်အချိန်တွင် အလွန်ထူးခြားကာ တောက်ပသည့်မီးတောက်ဖြစ်ပေါ်လာ၏။ ထိုမီးတောက်မှာ ချောက်နက်ကြီးထဲသို့ ဝင်သွားတော့မည်။

အမ်..

အကြီးအကဲအရှင် မုန့်ထျန်းကျန်း ထိတ်လန့်သွားရ၏။ ဒီသူရဲကောင်းဝိညာဉ်က အရမ်းကို သန့်စင်နေတယ် .. သူ့ရဲ့ဝိညာဉ်မီးတောက်လည်း ယန်စွမ်းအင်နဲ့ သန့်စင်နေတယ်။ ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ .. သူတကယ် ပြန်ပြီးတော့ အသက်ရှင်နိုင်တာများလား..

သိထားရမည်မှာ သာမန်သူရဲကောင်းဝိညာဉ်များမှာ ယင်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေသည်ပင်။

ဤသူရဲကောင်းဝိညာဉ်မှာ ယန်စွမ်းအင်တစ်ခုတည်းရှိနေရုံသာမက အလွန်လည်း မြင့်မြတ်လှသည်။ ဤသည်မှာ သူတို့ယခင်ကတစ်ခါမှ မမြင်ဖူးသည့်အရာပင်။

အကြီးအကဲအရှင် သူ၏လက်ထဲမှ ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စကို လွှဲရမ်းကာ ထိုမီးတောက်အား တိုက်ခိုက်လိုက်သည်။

ဤသည်မှာ အလွန်ထူးဆန်းသည့် သူရဲကောင်းဝိညာဉ်တစ်ခုကို ပံ့ပိုးပေးနေသည့် အလွန်စွမ်းအားကြီးသည့် သူရဲကောင်းဝိညာဉ်ရှစ်ခုပင်။ သူတို့အားလုံး တစ်ဖက်သို့ ပြန်သွားရန် ကြိုးစားနေခြင်းပင်။

“မင်းလုပ်ရဲတယ်..”

ယဇ်ပုလ္လင်ရှေ့တွင်ရှိနေသည့် ထိုအကြီးအကဲများ ဒေါသထွက်သွားကာ သူတို့အမူအရာများ ရုတ်တရက်ပြောင်းလဲသွားသည်။ ထို့နောက် ကောင်းကင်ကြီးကို လွှမ်းမိုးသွားသည့် စွမ်းအားလှိုင်တစ်ခု ထွက်ပေါ်လာကာ အိုးတစ်လုံး ထွက်ပေါ်လာသည်။ ထိုအိုးသည် ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စ၏ စွမ်းအားကို ရပ်တန့်လိုက်လေသည်။

ထာဝ၌အရည်ကျိုအိုး..

ထိုကြွင်းကျန်နေသည့် ဝိညာဉ်များအတွက် ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့် မှော်ပစ္စည်းကိုပင် အသုံးပြုနေသောကြောင့် တစ်ဖက်မှ ဤကိစ္စကို မည်မျှအလေးထားနေသည်ကို မြင်နိုင်သည်။

အကြီးအကဲအရှင် သူ၏လက်ကိုမြှောက်လိုက်ကာ ထိုအဝတ်စကို ပြန်သိမ်းလိုက်ပြီး ထိုမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေလိုက်သည်။

“ပြိုင်ဘက်ကင်းတဲ့ရှေးဟောင်းဘိုးဘေး လော့မိုအရှင်..”

ထိုအချိန်တွင် ယဇ်ပုလ္လင်ရှေ့တွင်ရှိနေသည့် ထိုအကြီးအကဲများ ဦးညွှတ်လိုက်ကြသည်။ အချို့သူများမှာ ပျော်လွန်း၍ မျက်ရည်ကျမတတ်ပင်။

ထိုယဇ်ပုလ္လင်ထက်တွင် မည်သည့်အချိန်က ပေါ်လာမှန်းမသိသည့် ပျက်စီးနေသည့်မျက်လုံးတစ်လုံးရှိနေသည်။ ထိုမျက်လုံးမှာ ခြောက်ကပ်နေပြီး အသက်ဓာတ်ကင်းမဲ့နေလေပြီ။

သို့သော်လည်း ယခုအချိန်တွင် ထိုဝိညာဉ်မီးတောက်ပြန်လာသည်နှင့် ထိုညှိုးခြောက်ကာ ပျက်စီးနေသည့် မျက်လုံးကြီး လှုပ်ရှားလာကာ အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။

ဝူးဟူသည့်အသံနှင့်အတူ ထိုမီးတောက် မျက်လုံးထဲသို့ ဝင်သွားကာ အနီရောင်ကောင်းကင်နယ်စပ်တွင်ရှိနေသည့် သူအားလုံးကို ထိတ်လန့်သွားစေနိုင်သည့် စွမ်းအင်လှိုင်းကို ထုတ်လွှတ်လာသည်။

ထိုကဲ့သို့သော အော်ရာမှာ စွမ်းအားကြီးလှပြီး ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို ရှင်းပစ်ကာ စကြာဝဠာကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်။

သို့သော်လည်းကံကောင်းစွာဖြင့် ထိုအော်ရာမှာ တစ်ခဏခန့်သာ ထွက်ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားသည်။ ယခုအချိန်တွင် ထိုမျက်လုံးသည် တစ်ဖြည်းဖြည်းကြီးမားလာကာ ချောက်နက်ကြီးထက်၌ ပေါ်လာပေါ်လာသည်။

နောက်ဆုံးတွင်တော့ ကျန်းပေါင်း ထောင်ပေါင်းများစွာ ရှည်လာပြီး တောင်ကြီးတစ်ကောင်ကဲ့သို့ပင် ခမ်းနားလာသည်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေ၏။

သူ၏အသက်ဓာတ်ကုန်ခမ်းသွားခြင်းမဟုတ်ပဲ၊ ပျက်စီးနေသည့်ဝိညာဉ်လေးတစ်ခုသာ ဝင်ရောက်သွားခြင်းမဟုတ်ပါက မည်မျှပင် ပိုကြီးလာကာ စွမ်းအားကြီးလာမည်နည်း.. ယခင်က သူမည်မျှပင် စွမ်းအားကြီးခဲ့သည်ကို မှန်းဆကြည့်နိုင်ရန်ပင် ခက်ခဲလှသည်။

“အရှင် လော့မို သူရဲကောင်းဝိညာဉ်ချန်ထားခဲ့တယ်ဆိုတာ အခုမှသိရတယ် .. ကျွန်တော်တို့ ဒီဝိညာဉ်ကို ရှာတွေ့နိုင်ပါပြီ..” လူတစ်စု စိတ်လှုပ်ရှားစွာဖြင့်ပင် ရှိခိုးနေကြလေသည်။

“ပျောက်ကွယ်သွားတော့မယ့် ပျက်စီးနေတဲ့ဝိညာဉ်လေးတစ်ခုပဲ .. ငါ့ကိုခေါ်လိုက်လည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး..”

ထိုပျက်စီးနေသည့် ဝိညာဉ်လေးမှ စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ သူမပြည့်စုံတော့သည်မှာသိသာည်။ သူသည် ယခင်ကလောက် မမာကျောတော့။ မဟုတ်ပါက သူဤလူများကို အဖက်လုပ်ပြီးပြန်ဖြေနေမည်မဟုတ်တော့။

ခပ်ဝေးဝေးတွင်ရှိနေသည့် အကြီးအကဲအရှင် ထိတ်လန့်သွားကာ ပထမဆုံးအကြိမ်အဖြစ် ခေါင်းကိုက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် လော့မိုဟူသည့်နာမည်ကို သူကြားဖူးသည်။ ဤသည်မှာ အန်းလန်နှင့် ရှုထော်တို့ထက် အားနည်းမည်မဟုတ်သည့် ပြိုင်ဘက်ကင်းရှေးဟောင်းဘိုးဘေးတစ်ယောက်ပင်။

ဤသည်မှာ လူများစွာကို ထိတ်လန့်သွားစေသည်။ အရင်တုန်းက ရှေးဟောင်ဘိုးဘေးတစ်ယောက် ဒီမှာ သေခဲ့တာလား .. သမိုင်းမှတ်တမ်းများတွင် ဤအကြောင်း မှတ်တမ်းတင်ထားခြင်းမရှိ။ အနည်းဆုံးတော့ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ အရိုးစာအုပ်များတွင် တစ်အုပ်မှ ဤအကြောင်း မှတ်တမ်းတင်ထားခြင်းမရှိ။

သူ့ကို ဘယ်သူသတ်ခဲ့တာလဲ..

“ရှေးဟောင်းဘိုးဘေး လော့မို .. ကျွန်တော်တို့ အရင်တုန်းက အဖြစ်အပျက်တစ်ချို့ကို သိချင်လို့ အရှင့်ကို ခေါ်လိုက်တာပါ .. အရင်တုန်းက တိုက်ခိုက်ခဲ့တဲ့သူတွေ ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ ကျွန်တော်တို့ သိချင်ပါတယ် .. ဘာလို့လဲဆိုတော့ သိပ်မကြာခင်မှာ ကျွန်တော်တို့ ဒီနေရာကို ချိုးဖောက်လာတော့မှာပါ .. ကျွန်တော်တို့ ဒီလောကကြီးကို သတ်ဖြတ်ပစ်တော့မှာပါ .. အဲဒါကြောင့် ကျွန်တော်တို့ ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်ပါတယ်..” အချို့သူများ ပြောလိုက်ကြသည်။

ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းဘိုးဘေး လော့မိုမှာ ဤနေရာ၌ တစ်ယောက်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဤနေရာ၌ကျရှုံးသွားခဲ့ရသည်ပင်။ ဤသည်မှာ အဖြစ်အပျက်ကြီးပင်။

ရှီဟောင်၊ ရှုထော်၊ ချောင်ယုရှန်းနှင့် အခြားသူများအားလုံးလည်း အလွန်ထိတ်လန့်နေသည်။

“ငါနဲ့ တိုက်ခဲ့တဲ့သူ သေသွားပြီ .. ငါနဲ့တိုက်ခိုက်ပြီးရင် ဘယ်သူမှ ငါ့လက်က မလွတ်နိုင်ဘူး..” ထိုမျက်လုံး ပြောလိုက်သည်။ ထိုသက်ရှိချန်ရစ်ထားခဲ့သည့် ဝိညာဉ်မှာ အလွန်အံ့အားသင့်စရာ ကောင်းလှသည်ပင်။ အတိတ်မှအဖြစ်အပျက်များကို မှတ်မိနေသေးသည်ပင်။

ရှီဟောင်နှင့်အခြားသူများသာမက အကြီးအကဲအရှင် မုန့်ထျန်းကျန်းပင် သက်ပြင်းချလိုက်၏။ ပြိုင်ဘက်ကင်းသက်ရှိဟုဆိုသည့်သူမှာ အလွန်ကြောက်စရာကောင်းလှသည်။

“ကျွန်တော်တို့ အားလုံးသိချင်ပါတယ် .. အရင်တုန်းက ဒီလိုမျိုးဖြစ်ခဲ့တဲ့ တစ်ခြားနေရာနှစ်ခု ရှိပါသေးတယ် .. အဲဒီတော့ ကျွန်တော်တို့ တိုက်ခိုက်တဲ့သူရဲ့ ပုံစံအတိအကျ သိချင်ပါတယ်..” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။

“အင်း အဲဒီလူတွေ ဘယ်ကလာလဲဆိုတာ မင်းတို့အားလုံး သိသင့်တယ် .. သူတို့တွေရဲ့ ရင်းမြစ်အကြောင်း သိချင်တာက သင့်တော်တယ်..” ထိုမျက်လုံးမှ နတ်စွမ်းအင်လှိုင်း ထုတ်လွှတ်လိုက်သည်။

ယဇ်ပုလ္လင်ရှေ့တွင်ရှိနေသည့် အကြီးအကဲများအားလုံး စိတ်လှုပ်ရှားသွားရ၏။ သူတို့နှင့် စကားပြောနေသည့်သူမှာ ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းဘိုးဘေးပင်။ သာမန်ဆိုလျှင် ဤလူများမှာ သူတို့ကို အာရုံစိုက်နေမည့်သူများ မဟုတ်။ သို့သော် ယခုတော့ သူတို့နှင့် စကားပြောနေသည်။

“ပြိုင်ဘက်ကင်းရှေးဟောင်းဘိုးဘေး .. ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ရှင်းပြပေးပါ..”

“ရှင်းရှင်းလင်းလင်းပြောပြလို့မရဘူး .. ဒီမှာ ချိတ်ပိတ်ထားတဲ့နယ်မြေတစ်ခုရှိကြောင်း အန်းလန်နဲ့ရှုထော်တို့ ကောက်ချက်ချနိုင်ပြီလို့ ငါယုံတယ် .. အဲဒီနယ်မြေက မတည်ငြိမ်ဘူး .. ဒီနေ့အထိလည်း ပွင့်နေနိုင်တယ် .. မင်းတို့အားလုံး မင်းတို့အတိတ်တွေထဲဝင်ပြီးတော့ အားလုံးကို ရှာကြည့်လိုက် .. ငါနှိုးလာတယ်ဆိုတာက ငါ့ပျောက်ကွယ်သွားတော့မယ်လို့ ဆိုလိုတာပဲ…” လော့မိုပြောလိုက်သည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ရှီဟောင်နှင့် အခြားသူများ တိတ်ဆိတ်နေကြပြီး တစ်လုံးမှဝင်မပြောကြ။ ဤသည်မှာ ထူးဆန်းလွန်းလှသည်။

အရင်တုန်းက ဒီလောကမှာ ပြိုင်ဘက်ကင်းခဲ့တဲ့ ရှေးဟောင်းသက်ရှိရဲ့ ပျက်စီးနေတဲ့ဝိညာဉ်က နိုးထလာတယ်..

“ကျွန်တော်တို့ ဖြတ်လာလို့မရပါဘူး .. အဲဒီတော့ အဲဒီနေရာကို ဖွင့်နိုင်မယ့်နည်းလမ်းမရှိပါဘူး..” ယဇ်ပုလ္လင်ရှေ့ရှိ အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

“ဟက် .. သေပြီးသားလူကိုတောင် အကွက်ချရဲသေးတယ် .. အန်းလန်နဲ့ ရှုထော်က တကယ်ကိုတစ်ခုခုပဲ…” လော့မို အေးစက်စွာ ရယ်မောလိုက်သည်။

ထို့နောက် သူသည် သက်ပြင်းချလိုက်ကာ “ငါ့မျိုးဆက်တွေ အဆင်ပြေရဲ့လား..”

“သူတို့အားလုံး ကောင်းပါတယ် .. လောကကြီးထဲက စွမ်းအားအကြီးဆုံးကလန်တစ်ခုအဖြစ် ရှိနေဆဲပါပဲ .. ဘယ်တော့မှ မကျဆင်းသွားပါဘူး .. ဘိုးဘေးရှုထော်က အမြဲတမ်းကာကွယ်ပေးပြီး ကူညီပေးခဲ့ပါတယ်..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။

“ကောင်းပြီလေ .. ငါအားနည်းနေပြီဆိုပေမယ့် အဲဒီနေရာကို ဖွင့်ဖို့က ဖြစ်နိုင်ပါသေးတယ် .. ငါ့နောက်ဆုံးအသက်ကို သုံးလိုက်တာပေါ့..” လော့မို ကိုယ့်ကိုကိုယ် လှောင်ရယ်ကာ ပြောလိုက်သည်။ သူ၏မျိုးဆက်များ ကာကွယ်ခံထားရပြီး ကူညီပေးခံနေရသည်ဆိုသည်မှာ သူတို့ကို အထင်သေးနေပြီး ခြိမ်းခြောက်ခံနေရကြောင်း သူနားလည်သည်။

“အရှင့်ကို ကျေးဇူးအများကြီး တင်ပါတယ် .. အရှင်ရှုထော်က အတိတ်က ဖြစ်ရပ်တစ်ချို့ကို လေ့လာပြီးတော့ အဲဒီစွမ်းအားကြီးတဲ့လက်နက်ကို ပြန်ပြင်ဖို့ တစ်ချို့အရာလေးတွေ လိုနေလို့ပါ..” အကြီးအကဲတစ်ယောက်ပြောလိုက်သည်။

“ငါ နားလည်ပြီ..” လော့မိုပြောလိုက်သည်။

ဤသည်မှာ ယခင်က ပြိုင်ဘက်ကင်းသက်ရှိတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင်တော့ ပျက်စီးနေသည့် မျက်လုံးတစ်လုံးနှင့် ဝိညာဉ်အပိုင်းအစအချို့သာရှိတော့သည်။ သူ့ထံတွင် တိုက်ခိုက်နိုင်စွမ်းမရှိတော့ပဲ အတိတ်မှအော်ရာတစ်ချို့သာ ပိုင်ဆိုင်ထားတော့သည်။

ဝုန်း..

ထိုသို့ဆိုသော်လည်း ထိုအော်ရာမှာ ပြိုင်ဘက်ကင်း ရှေးဟောင်းဘိုးဘေးတစ်ယောက် ပြန်လည်မွေးဖွားလာသကဲ့သို့ အံ့အားသင့်စရာကောင်းနေဆဲဖြစ်ပင်။

ထိုမျက်လုံး တောက်လာကာ သွေးများစီးကျလာသည်။ သွေးစက်တစ်စက်စီတိုင်းမှာ လေဟာနယ်ကို ပျက်စီးသွားအောင်ပင် လုပ်နိုင်သည်။ အချိန်ကို နှောက်ယှက်နိုင်သည်အထိပင်။

ထိုမျက်လုံး တစ်စစီဖြစ်သွားကာ ပျက်စီးနေသည့်ဝိညာဉ်လည်း ပျောက်ကွယ်သွားသည်။ သို့သော် ထိုဝိညာဉ်သည် ပုံသဏ္ဌာန်အချို့အဖြစ် ပြောင်းလဲသွားသည်။ ထိုပုံသဏ္ဌာန်များမှာ ကိုဩတြိနိတ်တစ်ခုကို ညွှန်ပြနေခြင်းဖြစ်သလို ထူးဆန်းသည့်တံဆိပ်တစ်ခုလည်းဖြစ်နေသည်။ ထို့နောက် ထိုတံဆိပ်သည် အနီရောင်ကောင်းကင်နယ်စပ်ဘက်သို့ ပျံသန်းသွားသည်။

နယ်စပ်ဆိုသည်မှာ မူလရှေးဟောင်းနယ်မြေပင်။

ဝုန်း..

ထိုမျက်လုံးမှ မသေမျိုးသက်ရှိ၏ သွေးများစီးကျလာပြီး ထိုသွေးများသည် ထိုပုံသဏ္ဌာန်များကို ရစ်ပတ်သွားကာ မူလရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်သွားသည်။ သူတို့နယ်မြေအချို့ကို ဖွင့်ကာ ချိတ်ပိတ်ထားသည့် ရှေးဟောင်းလောကကိုဖွင့်တော့မည်။

အပိုင်း ၁၅၄၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset