ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၅ – ကျန်းရှီသို့ နောက်တစ်ကြိမ် ရောက်ရှိလာခြင်း
ချူဖုန်း၏မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး အောင်မြင်မှုအရသာကို ခံစားနေလိုက်သည်။
နတ်ဝတ်မှုန်၏အကူအညီမပါပဲ သူ အောင်မြင်သွားခဲ့လေပြီ။ သူ ကိုယ့်အားကိုယ်ကိုးကာ ငါးခုမြောက် အချုပ်အနှောင်ကို အောင်မြင်စွာ ဖြတ်တောက်လိုက်နိုင်လေပြီ။
သူ့ခွန်အားမှာ အဆင့်တစ်ခုထိ တိုးသွားကြောင်း သူ ခံစားနေရသည်ပင်။ သူ့ခန္ဓာကိုယ်နှင့် စိတ်စွမ်းအင်အားလုံး တိုးတက်လာသည်။
ယခုအချိန်တွင် သူ့နှလုံးခုန်နှုန်းမှာ သာမန်လူကဲ့သို့ ဖြစ်သွားပြီဖြစ်သော်လည်း နှလုံးထဲ၌ ရှိနေသည့် စွမ်းအင်များကို သူ နားလည်နေသည်ပင်။
ချူဖုန်း သူ့အတွင်းအမြင်အာရုံအား အသက်သွင်းလိုက်သည့်အချိန်တွင် သလင်းကျောက်ကဲ့သို့ နီရဲနေနေပြီး အနီရောင်အလင်းတန်းများ ရောယှက်နေသည့် နှလုံးကို တွေ့လိုက်ရသည်။
ဤသည်မှာ သူ့နတ်စွမ်းအင်၏ ရင်းမြစ်ပင်။
နှလုံးအိမ်သည် အဆုံးမရှိသည့်အသက်စွမ်းအင်များ သိုလှောင်ရာဌာနဖြစ်သည့်အပြင် အသန့်စင်ဆုံးယန်စွမ်းအင်များ တည်ရှိရာနေရာလည်းဖြစ်သည်။ နှလုံးမှာ တစ်ကိုယ်လုံးကို အားဖြည့်ပေးနေသည့် အသက်စွမ်းအင်များ ထုတ်ပေးနေသည့် နတ်မီးဖိုကြီးတစ်ခုနှင့်လည်း တူနေသည်။
ဝုန်း..
ချူဖုန်း လှုပ်ရှားလိုက်သည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း တောင်တစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားပြီး သူ ခုန်လိုက်သည်နှင့် ထိုနေရာ ပေါက်ကွဲသွားလေသည်။
သူ့အရှိန်မှာ အကန့်အသတ်မဲ့ပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူပျောက်ကွယ်သွားပြီး အဝေးမှ တောင်ထိပ်များ၊ ကျောက်တုံးကြီးများ ပေါက်ကွဲသွားလေသည်။ သူ့ကို မည်သည့်အရာမှ မတားဆီးနိုင်။
ချူဖုန်း သူ့လမ်း၌ ရှိနေသည့်အရာအားလုံးကို ဖြတ်တိုက်သွားကာ အဝေးသို့ သွားလိုက်သည်။
သူ ရပ်တန့်လိုက်သည့်အချိန်မှသာ ပေါက်ကွဲသံများကို ကြားလိုက်ရတော့သည်။
“ငါ အသံထက် ငါးဆခွဲပိုမြန်သွားပြီ” စမ်းသပ်မှုတစ်ချို့ ပြုလုပ်ပြီးနောက် ချူဖုန်း ကောက်ချက်ချလိုက်သည်။ သူ အတော်လေးလည်း အံ့အားသင့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူသိသလောက်ဆိုလျှင် ဤမျှလျင်မြန်သည့်သူမရှိ။
အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် အချို့ကျွမ်းကျင်သူများဆိုလျှင် ငါးဆဖြစ်ရန်အတွက်ပင် ကိုယ့်ကိုကိုယ် ဖိအားပေးနေရသည်ပင်။
ဤအလျင်နှုန်းနှင့်ဆိုလျှင် သူ ပစ်မှတ်ထားသည့် မည်သည့်သက်ရှိကိုမဆို လိုက်ဖမ်းနိုင်ပြီဖြစ်သည်။
“နဂါးနက်အိမ်ရှေ့စံမင်းသား .. ခင်ဗျားအချိန်စေ့ပြီ .. ခင်ဗျား ဘယ်ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့..” သူ ရေရွတ်လိုက်သည်။
သူတို့ နောက်တစ်ကြိမ် ပြန်တွေ့ကြလျှင် နဂါးနက်ကို သတ်နိုင်လိမ့်မည်ဟု ချူဖုန်း ယုံကြည်ချက်ရှိသည်။
ဝုန်း..
ချူဖုန်း ခုန်လိုက်သည်နှင့် မြေပြင်ကြီး ပေါက်ကွဲသွားသည်။ အမာကျောဆုံးကျောက်တုံးပင်လျှင် သူ့အားကို မခံနိုင်။
မီတာတစ်ထောင်မြင့်သည့် တောင်ထိပ်ပေါ်သို့ သူ ဝှစ်ခနဲ ရောက်သွားသည်။ သူ ပျံသန်းနေခြင်းမဟုတ်။ မြေပြင်ထက်မှ ခုန်လိုက်ခြင်းသာ။
ဤသည်မှာ မြင်လိုက်ရသည့် မည်သူ့ကိုမဆိုး ဆွံ့အသွားစေရန် လုံလောက်သည်ပင်။
ဤသည်မှာ သူအားအကုန် မထုတ်ရသေး။ သို့သော်လည်း တစ်ချက်ခုန်လိုက်ရုံဖြင့် ဤမျှအမြင့်သို့ ရောက်နေသည်မှာပင် ကြောက်စရာကောင်းနေလေပြီ။
ချူဖုန်းသည် မြှားတစ်စင်းကဲ့သို့ပင် ခြေလှမ်းတစ်လှမ်းတည်းဖြင့် တောင်ထိပ်ပေါ်မှနေ၍ မီတာတစ်ထောင်ဝေးသည့် အခြားတောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိသွားသည်။
ကျန်ခဲ့သည့် တောင်ထိပ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီးနောက် ဝုန်းကနဲ ပေါက်ကွဲသွားကာ ကျောက်တုံးများနှင့် အမှိုက်များ နေရာအနှံ့လွင့်စင်သွားသည်။ ထို့နောက်တွင်တော့ တောင်ထိပ်တစ်ခု ပျောက်ကွယ်သွားတော့လေ၏။
ရွှီး..
ချူဖုန်းထံမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ဤသည်မှာ အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ဓားပျံပင်။ ဓားပျံသည် လျှပ်စီးတစ်စင်းကဲ့သို့ ပျံထွက်သွားလေသည်။
ဝုန်း..
အနီရောင်အလင်းတန်းသည် သူ ရှိနေသည့် ကျောက်တောင်ကို ဖြတ်သွားပြီးနောက် မီတာပေါင်းတစ်ရာမြင့်သည့် တောင်ကို ထိုးဖောက်သွားလေသည်။ ဤမြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ဤသည်မှာ ဒဏ္ဍာရီလာစစ်ပွဲများတွင် ရှေးခတ်လူများ တောတောင်များ၊ မြစ်များအား ဖြတ်တောက်ပစ်သည့် မြင်ကွင်းနှင့်ပင် တူနေသည်။
ယခု သူ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်ပြီဟု ချူဖုန်း သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။ ထိုလူများထက်ပို၍ စွမ်းအားကြီးလျှင် ကြီးလိမ့်ဦးမည်။ ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်သူများကို သူ စိန်ခေါ်နိုင်လောက်အောင် လုံလောက်သည့် ယုံကြည်ချက် ရှိနေလေပြီ။
အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများသည် တစ်ကမ္ဘာလုံးကို အထက်စီးမှ ကြည့်နိုင်ပြီး အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့်သူများကိုပင် အလွယ်တကူ ဖိနှိပ်နိုင်သည်ဟု နွားဝါလေး သူ့ကို ပြောပြဖူးသည်။
သို့သော် ချူဖုန်း၏ခွန်အားမှာ အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများထက် ပိုသာသည်။ ဤသည်မှာ သူ အဆင့်တက်ရန်အတွက် ဝတ်မှုန်များ အသုံးပြုခဲ့သည့်အပြင် ယခု ငါးခုမြောက် အချုပ်အနှောင်ကို ကိုယ့်အားကိုယ်ကိုးပြီး ဖြတ်တောက်ခဲ့ခြင်းကြောင့်လည်း ဆိုင်လိမ့်မည်။
အခြားသူများမှာ အဆင့်တက်ရန်အတွက် သန္ဓေပြောင်းအသီးများကို အားကိုးနေရသည်ပင်။
ချူဖုန်း ဓားပျံကို ပြန်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို လေ့လာလိုက်သည်။ ယခုတစ်ခေါက် သူ မည်သည့်စွမ်းရည် ရရှိခဲ့သနည်း..
ပုံမှန်အားဖြင့် အချုပ်အနှောင်တစ်ခု ဖြတ်တောက်ပြီးတိုင်း မမျှော်လင့်ထားသည့် စွမ်းရည်တစ်မျိုး ရရှိမည်ပင်။
အဆင့်တက်ပြီးနောက် သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ တဟုန်ထိုးတိုးတက်လာသည်ကို သူ ခံစားမိသည်။
သူ့ကန်ချက်၊ လက်သီးထိုးချက်တိုင်းတွင် များပြားလှသည့်စွမ်းအင်များ ပါဝင်သည်။
“ငါ ဗာဂျာခွန်အားရပြီးတော့ င့ါခွန်အားတွေ အဆမတန် တိုးတက်လာတာလား..” ချူဖုန်း ရေရွတ်လိုက်သည်။
“နှလုံးက စွမ်းအင်အားလုံးရဲ့ ရင်းမြစ်ဆိုတော့ ဒီလိုမျိုး အင်အားတွေ တိုးတက်လာတာက ဖြစ်သင့်ပါတယ်”
သို့သော် ခဏကြာပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို သူခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် ခွန်အားကြီးမားလာသော်လည်း သူ ရရှိလာသည့် စွမ်းရည်မှာ ခွန်အားတစ်ခုတည်းမဟုတ်။
“ပြန်လည်ကောင်းမွန်ခြင်းလား..”
နောက်ဆုံးတွင်တော့ သူ ရရှိလိုက်သည့် စွမ်းရည်ကို ချူဖုန်း ရှာဖွေတွေ့ရှိသွားသည်။
အချုပ်အနှောင်အား အားကုန်တိုက်ခိုက်သည့်အချိန်က သူ သွေးအန်သွားကာ အနည်းငယ် ဒဏ်ရာရသွားခဲ့သည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ လုံးဝပြန်လည်ကောင်းမွန်သွားလေပြီ။ ဤသည်မှာ လျင်မြန်လွန်းလှသည်။
သူ ဓားပျံဖြင့် အရေပြားကို လှီးလိုက်သည်။ သူ၏တောက်ပနေသည့် အရေပြားကို လှီးဖြတ်ရန်အတွက် အလွန်ထက်ရှလှသည့် ဓားပျံပင် အားတစ်ခုကြောင့် နောက်ပြန်ကန်ထွက်သွားလေသည်။
စီးကျလာသည့် သွေးများကို ချူဖုန်း လျစ်လျူရှုလိုက်သည်။ ခဏကြာပြီးသည့်နောက်တွင်တော့ သူ့ဒဏ်ရာမှာ တိုးလျသည့်အသံများ ထွက်ပေါ်လာပြီး လျင်မြန်စွာပင် ပြန်လည်ကောင်းမွန်သွားသည်ကို သူတွေ့လိုက်ရသည်။ ခဏကြာပြီးသည့်နောက် ဒဏ်ရာမှာ လုံးဝပျောက်ကင်းသွားလေပြီ။
အမာရွတ်ပင် မကျန်တော့။
ခွပ်..
ချူဖုန်း ရေနဂါးလက်သီးဖြင့် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေ၏။
သို့သော် ခဏကြာပြီးနောက် ဒဏ်ရာမှ နာကျင်မှုများ ပျောက်ကွယ်သွားကာ သူ့ဒဏ်ရာလည်း ပြန်ကောင်းသွားသည်။
အထူးသဖြင့် သူ အသက်ရှူစည်းချက်ကို အသက်သွင်းပြီး ဤစွမ်းရည်အား ထောက်ပံ့သည့်အချိန်တွင် ပိုသိသာသည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် သူ့ဒဏ်ရာလည်း လုံဝပျောက်ကင်းသွားသည်။
“ကောင်းတယ်..”
ချူဖုန်း အလွန်ပျော်ရွှင်နေရသည်။ နှလုံးမှ အချုပ်အနှောင်ကို ဖြတ်တောက်လိုက်ခြင်းမှာ သူ့ကို ခွန်အားတိုးလာစေရုံသာမက ဤကဲ့သို့ ထူးဆန်းသည့်စွမ်းရည်ကိုပါ ရရှိစေခဲ့သည်။
ဤသည်မှာ ဒဏ္ဍာရီများတွင် ပြောကြသည့် ပြန်လည်ကောင်းမွန်သည့်စွမ်းရည်ဖြစ်လိမ့်မည်။
သေချာစမ်းသပ်ကြည့်ပြီးသည့်နောက်တွင် အရိုးထိခိုက်သည့်ဒဏ်ရာအပါအဝင် သူ့ခန္ဓာကိုယ်ထက်ရှိ မည်သည့်ဒဏ်ရာမဆို အလွယ်တကူ ပျောက်ကင်းနိုင်ကြောင်း သူ တွေ့ခဲ့ရသည်။ ပြန်လည်ကောင်းမွန်သည့်နှုန်းမှာ အခြားဘုရင်များထက် သာလွန်နေသည်ပင်။
ချူဖုန်း၏မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ သူလိုအပ်နေသည့် စွမ်းရည်ပင်။ ဤစွမ်းရည်မှာ တိုက်ပွဲတွင် သူ့အား အသက်ပေါင်းများစွာ အပိုဆောင်းထပ်ပေးနေလိမ့်မည်။
အထူးသဖြင့် အဆင့်တူသည့် ရန်သူအား တွေ့သည့်အချိန် သူ အသာစီးရနေမည်ပင်။
ယခု သူ့ကို ဘုရင်များ ဝိုင်းတိုက်ကြမည်ဆိုလျှင်ပင် သူ စိတ်ပူစရာမလိုတော့။ တိုက်ခိုက်မှုအားလုံးကို မရှောင်ရှားနိုင်လျှင်ပင် သူ့ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားမည်ဖြစ်သောကြောင့် ဤစွမ်းရည်ဖြင့် သူ့ရန်သူများကို သတ်နိုင်မည်ပင်။
“နှလုံးက အသက်ရင်းမြစ် ဆိုတဲ့စကားက တကယ်မှန်တာပဲ..”
ချူဖုန်း ကျေနပ်နေသည်။ သူ့ထံတွင် နတ်ခြေထောက်၊ လျှပ်စီး၊ လက်သီးပညာစသည့် သတ်ဖြတ်နိုင်သည့်စွမ်းရည်များ ရှိနေပြီး ယခု ပြန်လည်ကောင်းမွန်နိုင်သည့် စွမ်းရည်ပါ ရှိနေပြီဖြစ်သောကြောင့် သူ့ကို ယှဉ်နိုင်သည့်သူ ရှိမည်မဟုတ်တော့။
ဂွီး…
နောက်ဆုံး သူ့အစာအိမ် မြည်ဟီးလာသည်။ စွမ်းရည်အသစ်နှင့် ခန္ဓာကိုယ်အခြေအနေအား စစ်ဆေးခြင်းမှာ သူ့စွမ်းအင်များကို ကုန်ဆုံးသွားစေခဲ့သည်ပင်။
ဆာလောင်ခြင်းမှာ သူ အဆင့်တက်ပြီးတိုင်း ကြုံတွေ့ရသည့် ပြဿနာပင်။
မိုးခြိမ်းနေသကဲ့သို့ သူ့ဗိုက် မရပ်မနား မြည်ဟီးလာသည်။
ယခုအချိန်တွင် သာမန်အစားအစာများမှာ အသုံးမဝင်ကြောင်း သူသိသည်။ သူ့ဆာလောင်မှုကို ဖြည့်တင်းရန် စွမ်းအားမြင့်အစားအစာလိုအပ်သည်။
ထိုအချိန်တွင် သူ ဘုရင် ၁၀ ယောက်အား သတ်ခဲ့သည့်ညကို ပြန်အမှတ်ရမိသွားပြီး သူ အနည်းငယ် ဖြုန်းတီးခဲ့သည်ဟု ခံစားလိုက်ရသည်။ သူ အများကြီးသတ်ခဲ့သော်လည်း တစ်ကောင်မှ မစားလိုက်ရ။
“ငါ .. ကျန်းရှီကို သွားရမယ်..”
ချူဖုန်း သူ့ဗိုက်ကို ပွတ်လိုက်ပြီး သူ့အစာအိမ်မှ အချဉ်ရေများ သူ့ပါးစပ်ထဲထိ တက်လာသည်ကို ခံစားနေရသည်။
ရွှေရောင်လင်းတ၊ ရစ်ငှက်နှင့် သမင်ကြီးတို့ကို စဉ်းစားမိသွားသည့်အချိန်တွင် သွားရေများမှာ ထိန်းမရအောင် ကျလာတော့သည်။
ဝုန်း..
သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မီတာတစ်ထောင်ရောက်သွားကာ တောင်ထိပ်တစ်ခု ပျက်စီးသွားသည်။ ထို့နောက် သူသည် အရှေ့ဘက်သို့အသားကုန် ပြေးသွားလေတော့သည်။
သူသည် တစ်ညလုံး မရပ်မနားပင် ပြေးသွားခဲ့သည်။ သူ့ရန်သူများနှင့်တွေ့ပြီး မြန်မြန်ချက်စားချင်နေလေပြီ။
သူ လူသူမနေသည့် တောအုပ်ထဲ၌ ပြေးလွှားနေ၍သာ တော်တော့သည်။ မဟုတ်ပါက နောက်တစ်နေ့ ခေါင်းစည်းသတင်းများထဲ၌ ပါလာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူ့အရှိန်မှာ နာမည်ကြီး ကျွမ်းကျင်သူများအားလုံးထက် သာလွန်နေသည်ပင်။
သူ့သွေးများ ဆူပွက်လာပြီး ခန္ဓာကိုယ်ကန့်သတ်ချက်ကို ကျော်လွန်သွားသည့်အချိန်မှသာ သူ အရှိန်နည်းနည်းလျှော့လိုက်သည်။
နောက်ဆုံး နေထွက်လာသည့်အချိန်တွင် သူ ကျန်းရှီသို့ ရောက်သွားသည်။
ကျန်းရှီမှာ ယခုအချိန်တွင် နေရာအနှံ့မှ ကျွမ်းကျင်သူများ စုဝေးရာနေရာဖြစ်နေသည်။
ယခုတလောတွင် မရေမတွက်နိုင်သည့် ဘုရင်အဆင့် ကျွမ်းကျင်သူများ ကျန်းရှီ၌ ပေါ်လာကြသည်။
ထိုလူများ ပေါ်လာရသည့် အကြောင်းရင်းမှာ ချူဖုန်းကြောင့်ပင်။
ချူဖုန်းအကြောင်း စိတ်အဝင်စားဆုံးသူများမှာလည်း ထိုညတိုက်ပွဲတွင် ပါဝင်ခဲ့သည့်သူများပင်။ ချူဖုန်း ပြန်ရောက်လာပြီး သူတို့အား လက်စားချေမည်ကို ကြောက်ရွံ့နေကြသည်ပင်။
“အားလုံးလိုက်ရှာနေတာ ဒီလောက်တောင် ကြာနေပြီကို သူ ဘယ်မှာ သွားပုန်းနေတာလဲ..” တောအုပ်ထဲမှ ဘုရင်အချို့ တီးတိုးပြောနေကြခြင်းပင်။
“ဒါမှမဟုတ် သူ သေသွားတာများလား.. ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက သူ့ဒဏ်ရာက တော်တော်ပြင်းတယ်လေ .. သူ့နှလုံးက စုတ်ပြဲမတတ် ဖြစ်နေပြီးတော့ သူ့ရင်ဘတ်မှာလည်း ဟောင်းလောင်းပေါက်ကြီး ရှိနေတာ .. ဒီလိုဒဏ်ရာမျိုးနဲ့ဆိုရင် အသက်ရှင်ဖို့ မလွယ်လောက်ဘူး..”
ဤသည်မှာ ရစ်ငှက်ကြီးနှင့် သမင်ကြီးတို့ပင်။ ရစ်ငှက်မှာ အကောင်မသေး။ သူ့ခန္ဓာကိုယ်တွင် တောက်ပသည့် အမွေးအတောင်များ ရှိနေပြီး ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေသည်။ သမင်မှာ တုတ်ခိုင်ပြီး ကြွက်သားများ မာကျောနေသည်။
ဤနှစ်ယောက်မှာ ချူဖုန်းအား တိုက်ခိုက်သည့်ညက ကံကောင်းပြီး လွတ်မြောက်ခဲ့သည့်သူများပင်။
သို့သော် သူတို့ကံကောင်းမှုမှာ ယနေ့တွင် ကုန်ဆုံးသွားလေပြီ။ သူတို့ ဟူပိန်နယ်စပ်၌ ကင်းလှည့်နေသည်ကို ချူဖုန်းမှ ရှာဖွေတွေ့ရှိသွားလေပြီ။
ချူဖုန်း အဝေးရှိ တောအုပ်၌ ရပ်နေပြီး ဤဘုရင်နှစ်ယောက်ကို တွေ့ပြီးသွားပြီဖြစ်သည်။
“ပြန်ရောက်လာတာနဲ့ အစားအစာကောင်းလေးတွေကို တွေ့လိုက်ရတာ ကံကောင်းတာပဲ..” ချူဖုန်း သူ့တံတွေးများကို မထိန်းနိုင်တော့သလို သူ့မျက်လုံးများလည်း တောက်ပလာလေသည်။
အပိုင်း ၂၄၅ ပြီး၏။