သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၁ – မပျက်စီးနိုင်သော
“ကျွန်တော် ဟဲဝူရှန်းနဲ့ တကယ်တွေ့ခဲ့တာလား..” ရှီဟောင် ယုံကြည်နိုင်ရန် ခက်ခဲနေသည်။
“ဟုတ်တယ် ဒါပေမဲ့ မဟုတ်ဘူး..” ကျီးကန်းပြောလိုက်သည်။
အဲဒီလူက ဟဲဝူရှန်းရဲ့ ခွန်အားရှိတယ် .. ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်အစစ်မဟုတ်ဘူး … သူတို့ကို ခေတ်တစ်ခေတ်ခြားသွားပြီဆိုတာ့ ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်တွေ့နိုင်မှာလဲ..
သူတို့သာတွေ့ဆုံခဲ့လျှင် အကျိုးဆက်မှာ အလွန်ဆိုးရွားသွားမည်ပင်။
ဟဲဝူရှန်းသည် နှစ်ပေါင်းများစွာ ကျင့်ကြံထားသောကြောင့် သူတို့ဤလောက၌သာ တွေ့ကြပါက ရလဒ်မှာ မယုံကြည်နိုင်အောင်ဖြစ်သွားမည်ပင်။
ထို့ကြောင့် မပျက်စီးနိုင်သည့်ကျမ်းစာ လိုချင်လျှင် ဟဲဝူရှန်းအငယ်ကို မရှုံးမှဖြစ်မည်။ မဟုတ်ပါက ဘာမှအသုံးဝင်မည်မဟုတ်။
“ဘာလို့ အားလုံးက အရမ်းကို အစစ်အမှန်ဆန်လွန်းနေတာလဲ .. ဟဲဝူရှန်းကိုတောင် ပြန်ပြီးဖန်တီးနိုင်တယ်ဆိုတော့ ဒီနေရာက ဘယ်လိုနေရာလဲ..”
“ဒါက သမိုင်းရဲ့ပုံရိပ်ပဲ .. မင်း ဟဲဝူရှန်းနဲ့ တွေ့ခဲ့တယ်လို့ ပြောလို့ရသလို သူတစ်ခြားသူနဲ့တိုက်တာကို မင်းကြည့်ခဲ့ရတာလို့လည်း ပြောလို့ရတယ်..” ကျီးကန်းသက်ပြင်းချ၍ ပြောလိုက်သည်။
သူက ဘာလို့ ဒီလိုမျိုးပြောတာလဲ .. ရှီဟောင် ရှုပ်ထွေးသွားရသည်။
“ဘာလို့လဲဆိုတော့ ထာဝရရှေးဟောင်းခေတ်ရဲ့ နောက်ဆုံးအချိန် လောကကြီးတစ်ခုလုံး ရှုံးနိမ့်သွားတဲ့အချိန်မှာ လူငယ်လေးတစ်ယောက် စီးတော်ယာဉ်နဲ့ ရောက်လာပြီးတော့ သူ့အဖေကို လာရှာခဲ့ဖူးတယ် .. သူက ဒီမှာ ဟဲဝူရှန်းနဲ့တွေ့ခဲ့တာ..”
ထိုလူမှာ အလွန်စွမ်းအားကြီးလှပြီး သူတို့ဘက်မှ အကောင်းဆုံးသူပင်။ သူသည် သူတို့၏မျှော်လင့်ချက်ဖြစ်ပြီး ထိုသူအား ကြီးပြင်းလာစေချင်ခဲ့သည်။
“သူက သက်ရှည်မိသားစုထဲမှာ ပုန်းကွယ်နေခဲ့တာ .. ဒါပေမဲ့ ထာဝရရှေးဟောင်းခေတ်ရဲ့ နောက်ဆုံးကာလမှ သူတစ်ခုခုကို အာရုံခံနိုင်ခဲ့တယ် .. သူ့ခေါင်းကိုဓားနဲ့ အမွှန်းခံနေရသလို ခံစားနေခဲ့ရတယ် .. သူချစ်တဲ့သူတွေအားလုံး စစ်ပွဲထဲမှာ အသတ်ခံရပြီးတော့ တစ်မိသားစုလုံး သေသွားပြီဆိုတာ သူသိလိုက်ရတယ်..”
“သက်ရှည်မိသားစု..” ရှီဟောင် ထိတ်လန့်သွားရသည်။
“ဟုတ်တယ် .. သက်ရှည်မိသားစု .. သူတို့အသက်တွေက မင်း မထင်မှတ်လောက်အောင်ကို ကြီးတယ် .. ဒါပေမဲ့ တစ်ချို့မိသားစုတွေ ဘာကြောင့် ရှင်သန်နိုင်ခဲ့လဲဆိုတာ မင်းနားလည်မှာမဟုတ်ဘူး .. သက်ရှည်မိသားစုလို့ ခေါ်တဲ့သူတွေ ဟက် .. ဟားဟားဟား..” ထိုကျီးကန်းအိုကြီး၏ ရယ်သံမှာ နားစူးလှသည်ပင်။
သူ ဆက်မရယ်တော့ပဲ ထိုလူငယ်အကြောင်းကိုသာ ဆက်ပြောလိုက်သည်။
နောက်ဆုံးတိုက်ပွဲပြီးဆုံးသွားပြီး အရာအားလုံး အနည်းငယ် တည်ငြိမ်သွားသည့်အချိန်တွင် သူစစ်မြေပြင်သို့ ချက်ချင်းရောက်လာခဲ့ကာ သူချစ်ရသည့်သူများ၏ အလောင်းကို ရှာချင်ခဲ့သည်။ သို့သော်လည်း သူ ဟဲဝူရှန်းနှင့် တွေ့ခဲ့သည်ပင်။
ဟဲဝူရှန်းသည် ထာဝရအရည်ကျိုအိုးကို ကိုင်ကာ သွေးစွမ်းအင်များ စုဆောင်းနေခဲ့သည်။ သူသည် အစောကြီးကတည်းက ထွက်သွားရမည်ဖြစ်သော်လည်း တစ်ခုခုကို အာရုံခံမိသွားပြီး မပျက်စီးနိုင်သည့်ကျမ်းစာကို ရှာတွေ့ခဲ့သည်။ ထို့အပြင် အဆီးအတားကိုလည်း အောင်မြင်စွာ ဖြေနိုင်ခဲ့သည်ပင်။
ရလဒ်မှာ သိသာလှသည်ပင်။ ထိုလူငယ်လေး ရောက်လာကာ သူတို့နှစ်ဦး တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် နှစ်ယောက်ထဲမှ တစ်ယောက်ယောက် မသေမချင်း တိုက်ခိုက်ခဲ့ကြသည်ပင်။
နှမြောစရာကောင်းသည်မှာ ထိုလူငယ်လေးသည် ဟဲဝူရှန်း၏ပြိုင်ဘက်မဟုတ်ပဲ ရက်စက်စွာ သတ်ခံလိုက်ရသည်။
ရှီဟောင် ကြုံတွေ့လိုက်ရသည်မှာ ထို ဟဲဝူရှန်း ဖန်တီးခဲ့သည့် တံဆိပ်အချို့ပင်။
“ဟဲဝူရှန်း အသက်ရှင်နေတုန်းပဲ..” ကျီးကန်းပြောလိုက်သည်။ ဤစကားမှာ ရှီဟောင်၏စိတ်အား လေးလံသွားစေသည်ပင်။ ပုရွက်ဆိတ်လေးမှာ အသက်ရှူရပင် ခက်ခဲလာသည်။
သူ အခု ဘယ်ကျင့်ကြံဆင့်ကို ရောက်နေပြီလဲ .. သူနဲ့ယှဉ်နိုင်တဲ့သူရော ရှိသေးရဲ့လား..
“ငါတို့ ကြုံခဲ့ရတာက အစစ်အမှန်ဆန်လွန်းတယ် .. သူပြောတာတွေက အမှန်တွေလား … သူက ငါ့ရဲ့မောင်နှမတွေကို သတ်ခဲ့တာလား..” ပုရွက်ဆိတ်လေး အံကြိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ် .. သူက မင်းရဲ့ မောင်နှမတွေကို သတ်ခဲ့တာ..” ကျီးကန်း ပြောလိုက်သည်။
“ကျွန်တော် ရင်ဆိုင်ရတာက တံဆိပ်ချည်းပဲမဟုတ်ပဲနဲ့ အစစ်အမှန်လို့ ဘာလို့ခံစားနေရတာလဲ .. ဒါက ပြန်ဝင်စားခံလိုက်ရသလိုပဲ..” ရှီဟောင်ထံ၌ မေးခွန်းရှိနေဆဲပင်။
“ဒါကတော့ .. ငါလည်း သေချာမပြောနိုင်ဘူး .. ငါနားလည်သလောက်ဆိုရင်တော့ မင်းက တံဆိပ်နဲ့ပဲ တိုက်ခဲ့တာ .. ဒါပေမဲ့ ဒီတောင်ထိပ်က သာမန်တောင်မဟုတ်ဘူး .. သူ့ကို မပျက်စီးနိုင်တဲ့တောင်ထိပ်လို့ ခေါ်ကြတယ် .. သူက အချိန်လေဟာနယ်ရဲ့မျှချေကို ထိခိုက်စေပြီးတော့ မင်းတို့နှစ်ယောက်ကို ထာဝရရှေးဟောင်းခေတ်ရဲ့ နောက်ဆုံးအချိန်ကို ခေါ်သွားပြီး ဟဲဝူရှန်းနဲ့တွေ့အောင် လုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်..”
ရှီဟောင် သူ့လက်ဝါးတွင်ရှိနေသည့် ပြန်လည်ဝင်စားခြင်းတာအိုသင်္ကေတငါးခုကို ကြည့်လိုက်သည်။ ဘာဖြစ်ခဲ့သည်ဆိုသည်ကိုတော့ နောင် သူ ဟဲဝူရှန်းနှင့်တွေ့သည့်အချိန်မှသာ သိနိုင်လိမ့်မည်။
ထိုအချိန်ကျလျှင် ကျန်သည့် ပြန်လည်ဝင်စားခြင်းသင်္ကေတ လေးခု၏ လျှို့ဝှက်ချက်ကိုလည်း သူရှာဖွေနိုင်လိမ့်မည်။
“ဟဲဝူရှန်း .. မင်းက အရေခွံဟောင်းထဲမှာ ပုန်းနေတာပေါ့ .. မင်းအသက်ရှင်နေသေးတာလား .. ငါ သေချာပေါက် မင်းရဲ့ခေါင်းကို ငါ့လက်နှစ်ဘက်နဲ့ လိမ်ချိုးပစ်မယ်..” ပုရွက်ဆိတ်လေး အော်ဟစ်ကာ ကျိန်ဆိုလိုက်သည်။
သို့သော်လည်း သူနှင့်ရှီဟောင်နှစ်ယောက်လုံးမှာ စိတ်များ လေးလံနေသည်ပင်။
အဘယ်ကြောင့်ဆိုသော် ဟဲဝူရှန်းသာ တကယ်ရှိနေသေးလျှင် သူတို့အလွန်ဒုက္ခများမည်ပင်။ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်သောကြောင့် သူသည် သေချာပေါက် အလွန်ကြောက်စရာကောင်းသည့်သူ ဖြစ်လာမည်ပင်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုးခုပင် သူ့ခြေထောက်အောက်၌ တုန်ခါသွားလောက်သည်။
အချိန်..
သူ အချိန်လိုအပ်တယ် .. သူ ဟဲဝူရှန်းကို မီအောင်လုပ်ဖို့ လိုတယ်..
ရှီဟောင် အနည်းငယ် ခွန်အားမဲ့သွားရသည်။ သူ ဘယ်လိုလုပ်ရမလဲ .. နတ်တာအိုမှာ အမြင့်ဆုံးရောက်အောင် သူဘာတွေ လုပ်ရမလဲ ..
သူ့ထံ၌ အချိန်သိပ်မရှိတော့။ ထို့ကြောင့် သူ့ကိုယ်သူ အားကိုးရုံသာ တတ်နိုင်သည်။ အခြားသူများ အချိန်များစွာလိုအပ်သည့် လမ်းကြောင်းကို သူ အချိန်တိုအတွင်း ပြီးဆုံးအောင် လုပ်ရမည်ပင်။
“ကျွန်တော် မပျက်စီးနိုင်တဲ့ကျမ်းစာ လိုချင်တယ်..” ရှီဟောင် ပြောလိုက်သည်။ သူအချိန်ထပ်ဖြုန်းနေ၍ မရတော့။ သူထိုကျမ်းစာကိုယူပြီး သူ့ကိုယ်သူ အင်အားကြီးမားအောင် လုပ်ရမည်။ သူ့အတွက် အချိန်မှာ အလွန်အဖိုးတန်သည်ပင်။
“မပျက်စီးနိုင်တဲ့ကျမ်းစာ ဘယ်မှာလဲ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးလည်း မေးလိုက်သည်။ ဤသည်မှာ ဤနေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်ပင်။
“ဟဲဝူရှန်း ယူသွားပြီ..” ကျီးကန်း သက်ပြင်းချလိုက်သည်။
“ဘာ..” ပုရွက်ဆိတ်လေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ရှီဟောင် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုတ်လိုက်သည်။ ဤသည်မှာ ဆိုးရွားလွန်းလှသည်ပင်။ ရန်သူက တစ်ဖြည်းဖြည်း ပို၍ အင်အားကြီးလာသည်ပင်။
ပုရွက်ဆိတ်လေးသည် ဒေါသတကြီးဖြင့်ပင် အော်ဟစ်လိုက်ပြီး တောင်ထိပ်အား လက်သီးဖြင့် ထိုးလိုက်လေသည်။ သူဘယ်လိုလုပ် ဤသည်ကို လက်ခံနိုင်မည်နည်း..
“သူက မပျက်စီးနိုင်တဲ့ကျမ်းစာကို ယူသွားတယ် .. ဒီသတင်းထက် ဆိုးရွားတဲ့သတင်း မရှိတော့ဘူး..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။ ကျမ်းစာမရှိတော့ဘူးဆိုလျှင် အဘယ်ကြောင့် သူတို့အား စမ်းသပ်နေသေးသနည်း..
“ဟဲဝူရှန်း ကျမ်းစာတွေကို ယူသွားတယ်ဆိုပေမယ့် ဒါက ဒီမှာ မျိုးဆက်ပြတ်သွားပြီလို့ ဆိုလိုတာမဟုတ်ဘူးလေ..” ကျီးကန်းပြောလိုက်သည်။
“ခင်ဗျား ဘာပြောချင်တာလဲ..” ပုရွက်ဆိတ်လေး ချက်ချင်းမေးလိုက်သည်။
“မပျက်စီးနိုင်ဘူးဆိုတာ ဘာကိုပြောတာလဲ..” ကျီးကန်းမှာ အလွန်တည်ငြိမ်နေသည်ပင်။ “သူက လူတစ်ယောက်ရဲ့အသွေးအသားကို မပျက်စီးအောင် လုပ်ပေးနိုင်တယ် .. ခန္ဓာကိုယ်က ထာဝရရှိနေမှာ .. အဲဒီလိုမျိုးပဲ ထာဝရကျမ်းစာဆိုတာက ကျမ်းစာတွေ ထာဝရရှိနေမယ်လို့ ဆိုလိုတာပဲ..”
ရှီဟောင်နှင့်ပုရွက်ဆိတ်လေးတို့ ဆွံ့အသွားရသည်။
သူ ဘာပြောချင်တာလဲ..
“မပျက်စီးနိုင်တဲ့ကျမ်းစာအစစ်က ဒီမပျက်စီးနိုင်တဲ့တောင်ထိပ်မာ့ ထွင်းထားတာ..” ကြီးမားလှသည့် တောင်ကြီးကို လက်ညှိုးထိုးကာ ကျီးကန်းပြောလိုက်သည်။
ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည့် လျှို့ဝှက်ချက်ပင်။ မပျက်စီးနိုင်တဲ့ကျမ်းစာကို တောင်မှာ ထွင်းထားတယ် .. တစ်ယောက်ယောက်သာ မဖျက်ပစ်လျှင် ဤသည်မှာ မပျက်စီးနိုင်ပဲ ထာဝရတည်ရှိနေမည်ပင်။
အဆီးအတားကို ဖယ်ရှားပြီးနောက် တောင်ထိပ်၌ ပေါ်လာသည့် သားရဲအရေပြားမှာ ဤသင်္ကေတများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထိတွေ့ကိုင်တွယ်၍ရသည့် အရေပြားအစစ်မဟုတ်ပေ။
“မင်းတို့ ဒီကျမ်းစာကိုလိုချင်ရင် သူ့ရဲ့အသိအမှတ်ပြုမှုကို ရဖို့လိုအပ်တယ် .. ပြီးတော့ဒါကို လေ့လာဖို့အတွက် ‘ကျမ်းစာသော့’လည်း လိုတယ်..” ကျီးကန်းက ရှင်းပြလိုက်သည်။
ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့ ဆွံ့အသွားရသည်။ ဤသည်မှာ ဤမျှရှုပ်ထွေးလိမ့်မည်ဟု သူတို့မထင်ထားခဲ့။
သူတို့နှစ်ဦးလုံး သံသယဝင်လာရသည်။ ဒါကို ယူဖို့က ဒီလောက်တောင် ခက်ခဲတာလား .. ဟဲဝူရှန်းက မပျက်စီးနိုင်တဲ့ကျမ်းစာတွေကို ဘယ်လိုယူသွားတာလဲ..
ကျီးကန်း သက်ပြင်းချလိုက်သည်။ တစ်ဖက်လောကမှ လူများမှာ တကယ်ကို အားကောင်းကြသည်ပင်။ ယခင်က မသေမျိုးသက်ရှိအချို့ပါ ရောက်လာကြသည်။
“သူတို့တွေက အက်ကွဲကြောင်းတစ်ခု ရအောင်ဖွင့်ပြီးတော့ ကျမ်းစာအစစ်ကို ရသွားကြတာ..”
ဟဲဝူရှန်း ကျမ်းစာရသွားသည်နှင့် သူတို့သည် ဤတောင်ကြီးကို ဖျက်ဆီးခဲ့ကြသည်ပင်။
နောင်မျိုးဆက်များ ကျမ်းစာရမည်ကို သူတို့မလိုလားခဲ့..
“ဒါပေမဲ့ သူတို့က တစ်ဖက်လောကကလူတွေဆိုတော့ ဒီကျမ်းစာရဲ့ ကြောက်စရာကောင်းတဲ့သဘာဝအကြောင်းကို မသိခဲ့ဘူး .. အချိန်အများကြီးကြာပြီးတဲ့နောက်မှာ မပျက်စီးနိုင်တဲ့တောင် ပြန်ကောင်းလာတယ် .. သူ့ထဲမှာ ကျမ်းစာက နောက်တစ်ခေါက် ပြန်ပေါ်လာတာ..” ကျီးကန်းပြောလိုက်သည်။
ဒါက မပျက်စီးနိုင်တဲ့ကျမ်းစာလား .. ကျမ်းစာကိုယ်တိုင်ကိုက မပျက်စီးနိုင်ပဲ လောကကြီးနဲ့အတူတူ ရှိနေတာလား..
“ဟူး..” ပုရွက်ဆိတ်လေး သက်ပြင်းချလိုက်သည်။
သူ့အမြင်တွင်တော့ အခြေအနေမှာ အလွန်ဆိုးရွားနေသေးသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဟဲဝူရှန်းသည် သူတို့ထက်အရင် ရသွားပြီဖြစ်သောကြောင့် ယခုအချိန်တွင် အဆင့် ဘယ်နှစ်ဆင့်တောင် ရောက်နေမည်နည်း .. သူတို့လိုက်မှီသွားရင်တောင် အသုံးဝင်နိုင်မှာမို့လို့လား..
သို့သော်လည်း သူချက်ချင်းပင် အသိဝင်လာသည်။ “ခင်ဗျားပြောတာ တစ်ယောက်ယောက်သာ ဒါကိုအောင်မြင်သွားရင် မပျက်စီးနိုင်တဲ့ကျမ်းစာ ဒီနေရာကနေ ပျောက်သွားမယ်လို့ ပြောတာမလား..”
ကျမ်းစာ ဤနေရာ၌ရှိနေပြီး တောင်ထိပ်ကြီး ပြန်လည်ကောင်းမွန်လာခြင်းမှာ .. ဟဲဝူရှန်း မအောင်မြင်သေးဘူးဟု ဆိုလိုခြင်းပင်။
“သူ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး .. ဒီလမ်းဆုံးကို ရောက်နိုင်မှာမဟုတ်ဘူး .. ဘာလို့လဲဆိုတော့ အရင်တုန်းက ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်လိုပဲ သူလည်းဒါကို အပြည့်အဝ နားလည်အောင် လုပ်ဖို့ခက်လိမ့်မယ်..” ကျီးကန်း ပြောလိုက်သည်။
“ခင်ဗျား ဘာပြောချင်တာလဲ..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။
“ကျမ်းစာက မပြည့်စုံသေးဘူး .. မင်းတို့မြင်တဲ့အတိုင်းပဲ ဒီနေရာမှာ မပျက်စီးနိုင်တဲ့ကျမ်းစာ လေးခုပဲရှိတာ .. တကယ်တမ်းက ကျမ်းစာက ကိုးခုရှိတာ..” ကျီးကန်းရှင်းပြလိုက်သည်။
“အမ်..” ဤသည်မှာ ရှီဟောင်အား အံ့အားသင့်သွားစေသည်ပင်။
မပျက်စီးနိုင်တဲ့ကျမ်းစာက စုစုပေါင်းကိုးရွက်ရှိတာလား.. တစ်ဖက်လူသည် လေးရွက်သာရသွားသောကြောင့် သူပြည့်စုံအောင် ကျင့်ကြံနိုင်မည်မဟုတ်။
ကောင်းကင်ဦးချိုအရှင် သူ့တစ်ဘဝလုံး ဒါကို ပြည့်စုံအောင် မကျင့်ကြံနိုင်တာ မထူးဆန်းတော့ပါဘူး ..
“ကျန်တဲ့ ငါးရွက်က ဘယ်မှာရှိတာလဲ..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။
“သူတို့တွေက ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုက ကြောက်စရာအကောင်းဆုံး ကန့်သတ်ထားတဲ့နယ်မြေတွေမှာ ရှိတယ်လို့ ပြောကြတယ် .. ငါတို့လောကမှာတောင် ဒီအကြောင်းသိတဲ့သူ နှစ်ယောက်၊ သုံးယောက်ပဲရှိတာ..” ကျီးကန်းသက်ပြင်းချလိုက်သည်။
ဤလောကတွင် ခြေချ၍မရနိုင်သည့် ကြောက်စရာကောင်းသည့် ကန့်သတ်နယ်မြေများစွာရှိသည်ကို သူတို့နှစ်ဦးလုံး သိသည်။ သက်ရှည်မိသားစုများပင်လျှင် ထိုနေရာများကို ရှောင်ကြသည်။
“ဘယ် ကန့်သတ်နယ်မြေတွေလဲ .. ကျမ်းစာရဖို့ ငါတို့ ဘာလုပ်ရမလဲ..” ပုရွက်ဆိတ်လေး မေးလိုက်သည်။
“အဲဒီ ကန့်သတ်နယ်မြေတွေကို ဝင်ချင်ရင် အဲဒီနေရာတွေကို မလေ့လာခင် အသက်ရှင်နေဖို့လိုတယ် .. ကျန်တဲ့ငါးရွက်ကို မလေ့လာခင် ပထမဆုံးလေးရွက်ကို သေချာကျင့်ကြံရင် အကောင်းဆုံးပဲ..” ကျီးကန်းပြောလိုက်သည်။ သူသည် ပုရွက်ဆိတ်လေး၏ စိတ်အားထက်သန်မှုကို ရေအေးများ လောင်းချလိုက်လေ၏။
သို့သော်လည်း မပျက်စီးနိုင်သည့်တောင်ကို ဖွင့်ရန် ခက်ခဲလှသည်။ ‘ကျမ်းစာသော့’ လိုအပ်သည်ကို သူတို့သိပြီးသွားလေပြီ.
အဲဒါက ဘာကြီးလဲ .. ဘယ်လိုပုံစံရှိလဲ..
“မင်းတို့ စစ်ဆေးမှုကို ဖြတ်နိုင်ပြီဆိုတော့ မင်းတို့အရည်အချင်းက ဟဲဝူရှန်းထက် နိမ့်မှာမဟုတ်ဘူး .. မင်းတို့ ကျမ်းစာသော့ရရင် ရပြီ..” ကျီးကန်းပြောလိုက်သည်။
သူတို့နှစ်ဦးလုံး ဆွံ့အသွားရသည်။ သူတို့ ဤအကြောင်းကို တစ်ခါမှမကြားဖူး။ သူတို့ မည်သည့်နေရာ၌ သွားရှာရမည်နည်း..
သူတို့သည် ဟဲဝူရှန်း မဟုတ်။ သူတို့နောက်တွင် သူတို့ကို ကူညီပေးမည့် မသေမျိုးသက်ရှိများ မရှိ။
“မင်းတို့ကို ဒီနေရာကို ညွှန်းလိုက်တဲ့သူက ‘ကျမ်းစာသော့’ လိုကြောင်း သိမှာပဲ .. သူက မင်းတို့ကို ဒီအကြောင်း ဘာမှမပြောလိုက်ဘူးလား..” ကျီးကန်းအိုကြီး မျက်မှောင်ကြုတ်လိုက်သည်။
“ကျမ်းစာသော့က ဘယ်လိုပုံစံမျိုးရှိလဲ..” ရှီဟောင်မေးလိုက်သည်။
“အရိုးဖြူသော့ .. ကျောက်စိမ်းလိုမျိုး နူးညံ့ပြီးတော့ မပျက်စီးနိုင်တဲ့အရိုး..”
ထိုစကားကြားလိုက်ရသည်နှင့် ရှီဟောင်စိတ်လှုပ်ရှားသွားကာ သူ့ပိုင်ဆိုင်မှုများထဲမှ တောက်ပနေသည့် အဖြူရောင်အရိုးသော့ကို ထုတ်ယူလိုက်သည်။
“မင်းဆီမှာ ဒီပစ္စည်းရှိနေတာပဲ…” ကျီးကန်း အံ့အားတကြီး ပြောလိုက်သည်။
ကောင်းကင်ဦးချိုပုရွက်ဆိတ်သည် သူ့ထံ၌ ဤပစ္စည်းရှိကြောင်း အာရုံခံမိသောကြောင့် သူ့အား ဤနေရာသို့ ညွှန်းလိုက်သည်မှာ သေချာသည်။
ဤပစ္စည်းမှာ ထာဝရစစ်မြေပြင်မှ ရခဲ့သည့်ပစ္စည်းပင်။
ထိုအချိန်က သူရခဲ့သည့် အရိုးသော့မှာ ဤမျှအရေးကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့။ ထိုနေရာ၌ ဆွေးမြေ့နေသည့် လိပ်ပြာဧကရာဇ်ရှိနေသည်မှာ အံ့အားသင့်စရာ မရှိတော့။
ထိုသို့စဉ်းစားမိသည်နှင့် ယခုအချိန်ထိ အိပ်စက်နေသည့် လိပ်ပြာဧကရာဇ်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးအကြောင်းကို စဉ်းစားမိသွားသည်။
လိပ်ပြာဧကရာဇ်သည် ဆွေးမြေ့နေသည့် လိပ်ပြာဧကရာဇ်၏ တံဆိပ်များကို စုတ်ယူလိုက်သောကြောင့်ဖြစ်ပြီး နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာမူ အလုံးစုံမှော်ကျောက်တုံး၊ ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးနှင့် အခြား ကောင်းကင်ရတနာများအား စားသုံးထားသောကြောင့်ပင်။
“ကျမ်းစာသော့နဲ့ဆိုရင် မင်းတို့ မပျက်စီးနိုင်တဲ့ကျမ်းစာကို ယူလို့ရတယ်..” ကျီးကန်းအိုကြီး အလွန်သေချာစွာ ပြောလိုက်သည်။
အပိုင်း ၁၅၀၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၂ – ကျမ်းစာရရှိခြင်း
မပျက်စီးနိုင်သည့်ကျမ်းစာကို သူတို့ ယခု ယူ၍ ရလေပြီ။
ဤသတင်းထက် ကောင်းသည့်သတင်း မရှိနိုင်တော့။ ဤနေရာသို့ ရောက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များမှာ ရိုလာကိုစတာစီးနေရသကဲ့သို့ပင်။
“မုန်းစရာကောင်းတဲ့ ဟဲဝူရှန်း .. မင်း တောင်ကို ဖျက်ဆီးလိုက်တာနဲ့ပဲ ကျမ်းစာကို ဘယ်သူမှ မယူနိုင်တော့ဘူးလို့ ထင်နေတာလား .. မင်းကိုယ်မင်း ဘာထင်နေတာလဲ .. ငါ ဒီကျမ်းစာကို ကျင့်ကြံကြီးတဲ့အချိန်ထိ စောင့်နေလိုက် .. ငါမင်းနဲ့ အကြွေးရှင်းပစ်မယ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး အံကြိတ်ကာ ပြောလိုက်သည်။
ရှီဟောင်လည်း အလွန်ပျော်ရွှင်စွာဖြင့်ပင် သူ့လက်ထဲမှ အဖြူရောင်အရိုးသော့ကို ကြည့်လိုက်သည်။
အရာအားလုံး ဆုံးရှုံးလိုက်ရပြီဟု ထင်လိုက်သည့်အချိန်တွင် မျှော်လင့်ချက်ရောင်ခြည်လေး ပြန်သန်းလာသည်။
မပျက်စီးနိုင်သည့်ကျမ်းစာမှာ အလွန်အရေးကြီးလှပြီး ဤသည်မှာ သူလိုအပ်နေသည့်အရာပင်။ ဘာကြောင့်မှန်းမသိသော်လည်း သူ ဤကျမ်းစာကို အသုံးပြုကာ အတိဒုက္ခမျိုးစုံကို ဖြတ်ကျော်ရမည်ဟု ခံစားနေရသည်။
အနည်းဆုံးတော့ မည်သူမှ မလျှောက်ရသေးသည့် သူ၏ကိုယ်ပိုင်လမ်းကြောင်းတွင်တော့ ဤကျမ်းစာမှာ သူ၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်အထိ အရေးပါသည်ပင်။
သို့သော် သူ၏စိတ်လှုပ်ရှားမှုများ တည်ငြိမ်သွားသည်နှင့် ရှီဟောင် ဤကျီးကန်းကို စိုက်ကြည့်လိုက်သည်။
ဒီကျီးကန်းက ယုံကြည်ရလို့လား..
မထင်မှတ်ထားသည့်အရာတစ်ခုခုသာဖြစ်လာလျှင် အလွန်ကြောက်စရာကောင်းလိမ့်မည်ပင်။
ဤသည်မှာ ရှီဟောင် သံသယလွန်ကဲနေခြင်း မဟုတ်။ ဤကဲ့သို့သော အန္တရာယ်များသည့်နယ်မြေတွင် သာမန်ကျိုးကြောင်းဆီလျော်မှုဖြင့် ဆုံးဖြတ်ချက်ချ၍မရ။ သူသာ ရိုးရိုးအအဖြစ်နေလျှင် သူ ကောင်းကောင်းမြေမြှုပ်မခံရပဲ သေသွားလိမ့်မည်။
သို့သော်လည်း ကျီးကန်းသည် ဤကဲ့သို့ အကြည့်ခံရသည်ကို စိတ်မရှုပ်ပဲ သူ့အား ချီးကျူးလိုက်လေသည်။ “မင်းက စိတ်လှုပ်ရှားနေပေမယ့် မင်းမှာ သင့်တင့်လျောက်ပတ်တဲ့အာရုံခံမှု မပျောက်သေးဘူး .. ဒါက တပ်သားတစ်ယောက်ရှိသင့်တဲ့ အရာပဲ .. မဟုတ်ရင် မင်းဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ မင်းသေသွားလိမ့်မယ်”
ဤအကဲဖြတ်မှုမှာ သိပ်မဆိုးပေ။ သူ စိတ်ပူနေရသည်မှာ ဤခေတ်မှ လူများသည် စစ်ပွဲအစစ်ကို မကြုံဖူးသေး။ ထာဝရရှေးဟောင်းခေတ်၏ ရက်စက်မှုကို ဘယ်တော့မှ မမြင်ဖူးခဲ့။ သူတို့ ဖန်လှောင်အိမ်ထဲမှ ပန်းပွင့်လေးများ ဖြစ်နေမည်ကို သူ စိုးရိမ်ခဲ့ခြင်းပင်။
သို့သော် ယခုတော့ ကြည့်ရသည်မှာ အခြေအနေမှာ သူထင်ထားသည်ထက် ကောင်းမွန်သည်ထင်သည်။
“မင်း သွားစမ်းကြည့်လိုက် .. အရိုးဖြူသော့သုံးပြီးတော့ မပျက်စီးနိုင်တဲ့တောင်ကို ဖွင့်ဖို့ ကြိုးစားကြည့်လိုက်..”
ပထမတစ်ဆင့်မှာ အဆီးအတား၏ အပေါ်ဆုံးအလွှာကို ဖယ်ရှားရန်ပင်။
ယခုတစ်ခေါက်တော့ ရှီဟောင်နှင့်ပုရွက်ဆိတ်လေးတို့နှစ်ယောက်လုံး သတိကြီးကြီးဖြင့်ပင် တောင်နားသို့ ကပ်သွားလိုက်သည်။
ဝုန်း..
“မင်းဒီမှာ ရှိနေတာ တော်တော်လေးကြာနေပြီ .. ပြီးတော့ မင်း ဟဲဝူရှန်းကို မရှုံးခဲ့ဘူးဆိုတာ့ ဒီတောင်က အစောကြီးကတည်းက မင်းကို အသိအမှတ်ပြုနေပြီးသား .. အဲဒီတော့ မင်းသိပ်ခက်ခဲမှာတော့ မဟုတ်ဘူး..” ကျီးကန်း ခပ်ဝေးဝေးမှနေ၍ ပြောလိုက်သည်။
သေချာပါသည်။ ရှီဟောင် သော့ကိုသုံးလိုက်သည်နှင့် ဤတောင်ကြီးသည် သက်ရှိတစ်ကောင်ကဲ့သို့ အသက်ဝင်လာကာ အလင်းရောင်များ တောက်ပလာသည်။
ဤတောင်သည် ယခင်က မှုန်မှိုင်းကာ အလင်းရောင်မရှိပဲ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ ထာဝရသက်ရှိများ၏ သွေးများဖြင့် နီရဲနေသည်ပင်။
သို့သော် ယခုတော့ နူးညံ့သည့် မြက်ပင်အချို့ ပေါက်လာသလို နွယ်ပင်များလည်း ထွက်ပေါ်လာသည်။ ဤအပင်များမြေကြီးထဲမှ ထွက်လာခြင်းဖြစ်သော်လည်း ဤသည်မှာ ကျောက်နံရံထဲမှ ထွက်လာသည်ဟုပင် ပြော၍ရသည်။
ထို့နောက် တောင်တစ်ခုလုံးကို ရွှေရောင်အလင်းဖျော့လေးတစ်လွှာ လွှမ်းခြုံသွားသည်။
ထို့အပြင် အပင်အားလုံးလည်း ရွှေရောင်အပင်များကဲ့သို့ ပြောင်းလဲလာနေသည်။ ဤနေရာတစ်ခုလုံး တောက်ပလာပြီး အလင်းတန်းများမှာ ကောင်းကင်ထက်သို့ပင် တက်သွားသည်။
ဝုန်း..
တောင်ထိပ်မှ ကျမ်းစာသံများ ထွက်ပေါ်လာ၏။ အသံမှာ ကျယ်လောင်လွန်းလှသောကြောင့် နားကန်းနေသည့်သူများပင် ကြားနိုင်လောက်သည်။
ကျမ်းစာသံများမှာ မပျက်စီးနိုင်သည့်သက်ရှိတစ်ယောက်မှ ရွတ်ဆိုနေသကဲ့သို့ မြင့်မြတ်လှသည်။
ထို့နောက် တောင်ပေါ်တွင် ရွှေရောင်သားရဲအရေပြားချပ်များပေါ်လာကာ စာရွက်အဖြစ်သို့ ပြောင်းလဲသွားသည်။ မျက်နှာပြင်ထက်တွင် ကျမ်းစာများ ရှိနေသည်ပင်။
ဤစကားလုံးများမှာ ကြယ်များကဲ့သို့ တောက်ပနေသည်။ သူ ဤကျမ်းစာများကို ယူကာ ရှင်းရှင်းလင်းလင်းမြင်ရအောင် ကြည့်ချင်သော်လည်း သူ မလုပ်နိုင်။
ရွှေရောင်စာရွက် လေးရွက် ထိုနေရာ၌ရှိနေသည်။ သူ ထိုကျမ်းစာသံများ၏ အဓိပ္ပာယ်ကို သေချာနားမလည်။ အကြမ်းဖျင်းလောက်သာ နားလည်သည်ပင်။
ဤသည်မှာ မပျက်စီးနိုင်သည့်ကျမ်းစာပင်။
“ဖွင့်လိုက်..”
ရှီဟောင်အား အချိန်ဖြုန်းမနေရန် ကျီးကန်းသတိပေးလိုက်သည်။
ရှီဟောင်၏လက်ဝါးတောက်ပလာသည်။ သူ မှော်စွမ်းအားကို သုံးကာ အရိုးဖြူသော့ကို အသက်သွင်းလိုက်သည်။ ထိုအချိန်တွင် တောက်ပသည့်ရောင်စုံအလင်းတန်းများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။
ရွှီး..
အရိုးဖြူသော့သည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မပျက်စီးနိုင်သည့်တောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ခွပ်..
တောင်ကြီး အက်ကွဲလာကာ အတောက်ပဆုံး ရွှေရောင်အလင်းများ ထုတ်လွှတ်လာသည်။ ဤသည်မှာ ညအမှောင်ထဲ၌ ကြောက်စရာအကောင်းဆုံး မီးတောင်ကြီးတစ်ခု ပေါက်ကွဲလာသကဲ့သို့ပင်။
ထိုအချိန်တွင် နေ၊ လ၊ တောင်များနှင့် မြစ်များအားလုံး အရောင်မှိန်သွားသည်။ ရှေးဟောင်းတောင်ကြီးတစ်လုံးသာ ထူးဆန်းသည့်အော်ရာ ရစ်ပတ်နေသည်။
ဝုန်း..
နောက်ဆုံးတွင် တောင်ကြီးပြိုကျသွားကာ ကျောက်တုံးကြီးများ နေရာအနှံ့သို့ လွင့်စင်လာသည်။ ထိုတောင်ထဲတွင် ကျမ်းစာအစစ်ရှိနေသည်။ ရွှေရောင်တောက်ပနေသည့် စာရွက်လေးရွက် ရှိနေသည်ပင်။
“မပျက်စီးနိုင်တဲ့ကျမ်းစာ..” ပုရွက်ဆိတ်လေး၏ အသက်ရှူသံများပင် မြန်ဆန်နေလေပြီ။
ကျမ်းစာလေးခုတွင် စာလုံးများ ပြွတ်သိပ်နေသည်။ လူသားခန္ဓာကိုယ်ပုံစံသတ္တဝါပုံနှင့်တူသည့် ထူးဆန်းသည့် မျဉ်းလိုင်းများလည်း ရှိနေသည်ပင်။
သတ္တဝါများ အမြင့်ဆုံးကျင့်ကြံဆင့်သို့ ရောက်သည်နှင့် လူသားပုံစံရွေးချယ်ကြသည်မှာ အံ့ဩစရာမရှိတော့။ မပျက်စီးနိုင်သည့်ကျမ်းစာပင်လျှင် လူသားပုံစံသတ္တဝါများအတွက် ပြင်ဆင်ထားခြင်းပင်။
“မင်း ကျင့်ကြံမှာလား..” ရှီဟောင်မေးလိုက်သည်။
ပုရွက်ဆိတ်လေးသည် ခေါင်းမော့ကာ ယုံကြည်ချက်အပြည့်ဖြင့်ပင် ပြောလိုက်သည်။ “ငါကပုရွက်ဆိတ်အစစ်မှမဟုတ်တာ .. ငါက ကောင်းကင်ဦးချိုပုရွက်ဆိတ် .. ငါက အစကတည်းက လူသားပုံစံပဲ..”
ထိုသို့ပြောပြီးသည်နှင့် လက်နောက်ပစ်ကာ လျှို့ဝှက်နက်နဲသည့် ကျွမ်းကျင်သူတစ်ယောက်ပုံစံ ဖမ်းလိုက်လေသည်။
“အမ်..” ခပ်ဝေးဝေးတွင်ရှိနေသည့် ကျီးကန်း ရုတ်တရက်ထိတ်လန့်သွားသည်။ ထို့နောက် သူ ပျော်ရွှင်စွာပင် ပြောလိုက်လေသည်။ “ဒီတစ်ခေါက်က တော်တော်လေး ကောင်းတယ် .. ကျမ်းစာက တော်တော်လေးကိုပြည့်စုံတယ် .. မပျက်စီးဘူး..”
“ခင်ဗျား ဘာပြောချင်တာလဲ .. ကိုးရွက်လုံး ဒီမှာ ရှိနေတာလား..” ရှီဟောင်မေးလိုက်၏။
“မဟုတ်ဘူး..” ကျီးကန်း ခေါင်းခါလိုက်ကာ “ငါပြောတာက ဒီလေးရွက်က အတော်လေးကို ပြန်ကောင်းလာပြီ .. သူတို့မှာ ပျက်စီးမှုတွေ မရှိတော့ဘူး..”
ယခင်က ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်ဖြစ်စေ၊ ဟဲဝူရှန်းဖြစ်စေ .. သူတို့ရသွားသည့် လေးရွက်တွင် လိုအပ်ချက်များရှိနေသည်ပင်။ ဥပမာအားဖြင့် ထောင့်တစ်ထောင့်ပျောက်ဆုံးနေခြင်း၊ စာသားအချို့ ပျောက်ဆုံးနေခြင်းကဲ့သို့ပင်။
ကျမ်းစာ အပြည့်အဝ ပြန်မကောင်းနိုင်မည်ကို ကျီးကန်းစိုးရိမ်နေခြင်းပင်။ ယခု ဤမြင်ကွင်းကို မြင်လိုက်ရသောကြောင့် သူ စိတ်သက်သာရာရသွားလေပြီ။
ပုရွက်ဆိတ်လေးနှင့် ရှီဟောင်တို့ စိတ်လှုပ်ရှားကာ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်ကြသည်။
ရွှေရောင်စာရွက်များ တောင်ထိပ်၌ရှိနေပြီး သူ့ဘေးပတ်လည်တွင် နေ၊ လနှင့်ကြယ်များ လှည့်ပတ်နေသည်ပင်။
ဤသည်မှာ ကျမ်းစာနှင့်မတူပေ။ သားရဲအရေပြားတစ်ချပ်စီတိုင်းတွင် ကြယ်စမ်းချောင်းတစ်ခုစီပါနေသည်။ ဤသည်မှာ အခြားသူများအား အလွန်လေးလံလှသည့် ခံစားချက်များ ပေးနေသည်ပင်။
ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့ ဤကျမ်းစာကို ထိလိုက်သည့်အချိန်တွင် ဤကဲ့သို့ခံစားလိုက်ရသည်ပင်။ ဤစာရွက်များမှာ လေးလံလှသည်။
သူတို့နှစ်ဦး ထိတ်လန့်သွားရသည်။
“မမယ်..”
ပုရွက်ဆိတ်လေး အော်ဟစ်လိုက်ကာ ရွှေရောင်သားရဲအရေပြားကို မလိုက်သည်။ သူ့တစ်ကိုယ်လုံးမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်။
ဤပစ္စည်းမှာ အစစ်ပင်။
ဤသည်မှာ ပစ္စည်းပုံစံမဟုတ်ပဲ တံဆိပ်တစ်ခု ဖြစ်လိမ့်မည်ဟု သူတို့ထင်ခဲ့ကြခြင်းပင်။ သို့သော်လည်း ဤသည်မှာ ထိတွေ့ကိုင်တွယ်၍ရသည့်ပစ္စည်းဖြစ်နေသည်။
“ဒါက ဘာလို့ ဒီလောက်တောင် လေးလံနေတာလဲ .. ငါတို့အားကုန်သုံးနေတာတောင်မှ ဒီအချပ်တွေကို မရုံပဲမနိုင်တာ .. ငါတို့ တစ်ချပ်မှတောင် ယူသွားလို့ရမှာမဟုတ်ဘူး..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။
ကျီးကန်းမှာ ဆွံ့အသွားရသည်။ “မပျက်စီးနိုင်တဲ့ကျမ်းစာက လက်ဆင့်ကမ်းလို့ရတဲ့ ကျမ်းစာမဟုတ်ဘူး .. ဒါကို တကယ်ပဲ သားရဲအရေပြားနဲ့ လုပ်ထားတာလို့ ထင်နေတာလား .. မင်းတို့ ဒါကို မှတ်မိရင် လုံလောက်ပြီ .. အဲဒါဆိုရင် မင်းတို့ဒါကို ယူသွားနိုင်တာနဲ့ အတူတူပဲ..”
“ကောင်းပြီလေ အဲဒါဆိုလည်း..” ပုရွက်ဆိတ်လေးမှာ အနည်းငယ် မကျေမနပ်ဖြစ်နေသေးသည်ပင်။ သူသည် ယခင်က ဤအချပ်များကို သိမ်းဆည်းထားချင်နေခြင်းပင်။
လူတစ်ယောက်နှင့် ပုရွက်ဆိတ်တစ်ကောင် ထိုင်ချလိုက်ကာ စာလုံးများကို စတင်လေ့လာလိုက်ကြသည်။
“ဒါက ထာဝရရှေးဟောင်းခေတ်စာလုံးတွေမဟုတ်သလို ဒီခေတ်က စာလုံးတွေလည်းမဟုတ်ဘူး .. ဒါပေမဲ့ ငါ ဒီစာတွေကို ဖတ်နိုင်နေတယ်..” ရှီဟောင်၏အမူအရာမှာ လေးနက်နေသည်။
ဤသည်မှာ ပြိုင်ဘက်ကင်းသည့်ကျမ်းစာပင်။ ဤစာလုံးများမှာ တာအိုကိုပုံဖော်သည့်စကားလုံးများ ဖြစ်သောကြောင့် မည်သည့်ခေတ်မှလူမဆို ဤစာလုံးများအား နားလည်နိုင်သည်ပင်။
ဒါက ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်သလဲ..
ရွှေရောင်စာရွက်လေးရွက်ပေါ်တွင် စာလုံးများ ပြွတ်သိပ်နေသော်လည်း သူတို့ခေါင်းထဲ၌ စွဲစွဲမြဲမြဲမှတ်မိသွားပြီဖြစ်ပြီး ဘယ်တော့မှ မေ့မည်မဟုတ်တော့။
ထိုအချိန်တွင် ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ သားရဲအရေပြားလေးခု အရောင်မှိန်သွားကာ သူ့ဘေးနားတွင်ရှိနေသည့် နေ၊ လနှင့် ကြယ်များလည်း ပျောက်ကွယ်သွားတော့မည်။
ခဏကြာပြီးသည့်နောက်တွင် ရွှေရောင်သားရဲအရေပြား ၄ ချပ် ပျောက်ကွယ်သွားသည်။
“ပျောက်သွားပြီလား..” ပုရွက်ဆိတ်လေး အံ့အားသင့်သွားရသည်။
“ဟုတ်တယ် .. ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက် ဒါကို မှတ်မိပြီးသွားပြီမို့လို့ .. ဒါက မင်းတို့ရဲ့စိတ်ထဲမှာ အမြစ်တွယ်သွားပြီ .. နောက်နှစ်ပေါင်းများစွာကြာမှ မပျက်စီးနိုင်တဲ့ကျမ်းစာ ပြန်ပေါ်လာတော့မှာ..” ကျီးကန်းရှင်းပြလိုက်သည်။
သူတို့နှစ်ဦးလုံး ထူးဆန်းသွားရ၏။ ဤကျမ်းစာမှာ အပင်စိုက်သည်နှင့်တူနေသည်။ တစ်ခါရိတ်သိမ်းပြီးသွားသည်နှင့် နောက်ထပ် ထပ်ရိတ်သိမ်းရန် နောက်တစ်နှစ်ထိ စောင့်ရသည်ပင်။
သို့သော် ဤကျမ်းစာကိုသာ စောင့်လျှင် နှစ်သန်းပေါင်းများစွာ စောင့်ရမည်ပင်။ ခေတ်တစ်ခေတ်လုံး ကုန်သွားသည်အထိလည်း ဖြစ်နိုင်သည်ပင်။
ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့သည် အချိန်အတော်ကြာသည်အထိ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ပဲ ကျမ်းစာများကို လေ့လာနေလေ၏။
ကျီးကန်းက ချောင်းဟန့်လိုက်မှသာ သူတို့နိုးလာသည်။
“မပျက်စီးနိုင်တဲ့ကျမ်းစာက ဖျက်ဆီးလို့မရဘူးလို့ ပြောထားတာမလား .. တစ်ယောက်ယောက် ပြီးပြည့်စုံတဲ့အဆင့်ထိ မကျင့်ကြံပြီးသရွေ့ ဒီနေရာမှာ ရှိနေသင့်တယ်” ပုရွက်ဆိတ်လေး မကျေမနပ်ပြောလိုက်ပြီးနောက် ကျန်သည့် ငါးခု မည်သည့်နေရာ၌ ရှိနေသလဲဟု မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ဒါက အပေါ်ပိုင်းလေ .. အဲဒါကြောင့်မို့လို့ ကျမ်းစာ လေးရွက်ပဲရှိတာ..” ကျီးကန်း ပြန်ဖြေလိုက်သည်။
ထို့နောက် သူတို့အား သက်ပြင်းချစေသည့် တစ်စုံတစ်ခုအား ပြောလိုက်လေသည်။ မပျက်စီးနိုင်သည့်ကျမ်းစာတွင် အပိုင်းနှစ်ပိုင်းရှိပြီး အောက်ပိုင်းမှာ ‘မသေမျိုးနယ်မြေ’ ၌ ရှိနေခြင်းပင်။
ထိုနေရာသို့ သွားခြင်းမှာ ကိုယ့်ကိုကိုယ် သတ်သေခြင်းနှင့် အတူတူပင်။
နာမည်ကြားရုံဖြင့် ဤသည်မှာ သာမန်နေရာမဟုတ်ကြောင်း သိနိုင်သည်ပင်။ ဤသည်မှာ မသေဆုံးသည့် ရှေးဟောင်းမြေဖြစ်ပြီး များပြားလှသည့်ဒဏ္ဍာရီနှင့် လျှို့ဝှက်ချက်များ ရှိနေသည်ပင်။
“မင်းတို့နှစ်ယောက် နှစ်ပိုင်းလုံးကို ကျင့်ကြံနိုင်ပြီးတော့ ပြည့်စုံတဲ့အဆင့်ကို ရောက်တာနဲ့ မပျက်စီးနိုင်တဲ့ကျမ်းစာက နှစ်နေရာလုံးကနေ ပျောက်ကွယ်သွားမှာ .. ဘယ်တော့မှ ပြန်ပေါ်လာမှာမဟုတ်ဘူ..” ကျီးကန်း သတိပေးလိုက်သည်။
“မသေမျိုးနယ်မြေလို့ ခေါ်တဲ့နယ်မြေက သက်ရှည်မိသားစုက လူတွေတောင် ရှောင်ကြတယ်လို့ ကြားဖူးတယ် .. အဲဒီ ဒုတိယပိုင်းကို ငါက ဘယ်လိုလုပ် ရနိုင်တော့မှာလဲ..” ပုရွက်ဆိတ်လေး စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ဒုတိယပိုင်းရှိသေးသည်ဟု သူ့အဖေ မသိခဲ့။ ကျမ်းစာမှာ မပြည့်စုံသေးဘူးဟုသာ သံသယဝင်ခဲ့ခြင်းပင်။ မဟုတ်ပါက သူ့အဖေသည် ပြိုင်ဘက်ကင်းဖြစ်မည်ပင်။
“ပထမပိုင်းသာ သေချာကျင့်ကြံပါ .. မင်းတို့ အဆင့်လွန်သက်ရှိအဆင့်ထိရောက်အောင် ကျင့်ကြံရင် လုံလောက်ပြီ .. မင်းအဖေလည်း ပထမပိုင်းပဲ ကျင့်ကြံခဲ့တယ်ဆိုတာ မမေ့ပါနဲ့ .. သူတောင် သက်ရှည်နယ်ပယ်ထဲ ရောက်တော့မလို့ပဲ” ရှီဟောင် ပြောလိုက်သည်။ သူ့အား ဝါးနိုင်သည်ထက် ပိုမစားရန် ပြောလိုက်သည်။ အခြေခံအုတ်မြစ်ကောင်းရန်မှာ အရေးအကြီးဆုံးပင်။
အပိုင်း ၁၅၀၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၃ – ဆန်ကုန်မြေလေးကောင်
မပျက်စီးနိုင်သည့်ကျမ်းစာ ရသွားပြီ .. ဤသည်မှာ သူတို့ခရီး၏ပန်းတိုင်ဖြစ်သောကြောင့် သူတို့အလွန်ပျော်ရွင်နေကြသည်ပင်။
သို့သော်လည်း သူတို့အနည်းငယ် ဝမ်းနည်းနေသည်ပင်။ မပျက်စီးနိုင်သည့်ကျမ်းစာ၏ နောက်တစ်ပိုင်းမှာ ကန့်သတ်နယ်မြေဖြစ်သည့် မသေမျိုးနယ်မြေ၌ ရှိနေခြင်းပင်။ သူတို့ကျင့်ကြံဆင့်နှင့်ဆိုလျှင် ဒုတိယအပိုင်းကို အလောတကြီး ရှာစရာမလိုသေး။
ယခုအချိန်တွင် ပထမပိုင်းကို စိတ်နှစ်ပြီး လေ့ကျင့်လျှင် လုံလောက်လေပြီ။
“မင်းတို့ သွားသင့်ပြီ .. မြေအောက်မှာ ဖိနှိပ်ထားတဲ့ သတ်ဖြတ်လိုတဲ့စွမ်းအင်က အရမ်းပြင်းလွန်းတယ် .. ဒီမှာကြာကြာနေတာက မင်းတို့ခန္ဓာကိုယ်အတွက် မကောင်းဘူး” ကျီးကန်း သတိပေးလိုက်သည်။
ယခင်မြို့ခံများကို ဤနေရာ၌ မြှုပ်ထားခြင်းဖြစ်သည်။ သတ်ဖြတ်လိုသည့်စွမ်းအင်သည် ပုံမှန်အားဖြင့် ပေါ်မလာသော်လည်း အထူးအချိန်များ၌ ထွက်လာသည်ပင်။ ထိုအချိန်ကျလျှင် အဆင့်လွန်သက်ရှိများပင် အမူအရာများ ပြောင်းလဲသွားလိမ့်မည်။
“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်..” ရှီဟောင် လေးစားစွာ ဦးညွှတ်လိုက်ကာ သူ၏စစ်မှန်သည့်ကျေးဇူးတင်မှုကို ပြသလိုက်သည်။
“မင်း မပျက်စီးနိုင်တဲ့ကျမ်းစာကို အောင်အောင်မြင်မြင်ကျင့်ကြံပြီးတော့ အမြင့်ဆုံးအဆင့်ထိ ရောက်ဖို့မျှော်လင့်တယ်..” ကျီးကန်း ရှီဟောင်၏မျက်လုံးများကိုကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော် အောင်မြင်မှာပါ..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။
“တောင်က ဒီလိုမျိုးဖြစ်နေတာ .. ငါတို့ဒီတိုင်းပဲ ထွက်သွားတော့မှာလား..” ပုရွက်ဆိတ်လေး မေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့ဤနေရာမှ အကျိုးကျေးဇူးများ ရရှိခဲ့သည်ပင်။
“မင်းတို့ဘာမှလုပ်စမရာမလိုဘူး .. နောင်ကျရင် တစ်ဖက်ကလူတွေ ဒီနေရာရောက်လာလို့ ဒီမြင်ကွင်းကိုမြင်ရင် ဒါက သူတို့လုပ်ခဲ့တာလို့ ထင်သွားလိမ့်မယ်..” ကျီးကန်းသည် ထိုသို့ပြောပြီးနောက် အနက်ရောင်မီးခိုးအဖြစ် ပြောင်းသွားကာ ထိုကျောက်တုံးများကို ပြန်စီလိုက်လေသည်။
“စီနီယာ … နောက်မှတွေ့မယ်..” ရှီဟောင် လှည့်ထွက်သွားလိုက်သည်။
ဒါပေမဲ့ သူတို့နောက်တစ်ခေါက် တွေ့နိုင်ပါ့မလား .. အဘယ်ကြောင့်ဆိုသော် ဤကျီးကန်း မည်သည့်အရာဖြစ်သည်ကို သူ သိနေသည်ပင်။
ရွှီး..
သူတို့နောက်တွင် မီးခိုးများ ပြန်စုသွားကာ ကျီးကန်းတစ်ကောင် ပြန်ဖြစ်သွားသည်။ သို့သော်လည်း နောက်ဆုံးတွင် ဝုန်းဟူသည့်အသံနှင့် မျက်နှာများအဖြစ် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်။ ထိုမျက်နှာအားလုံးတွင် ဝမ်းနည်းမှုများ ရှိနေသည်ပင်။
နောက်ဆုံးတွင် ထိုမျက်နှာများ ပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုသည့်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး မြေကြီးထဲသို့ ဝင်သွားသည်။
သူတို့သည် စစ်ပွဲ၌ ကျရှုံးခဲ့သည့် သူရဲကောင်းဝိညာဉ်များပင်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း သူတို့ခံစားချက်များကို မချေဖျက်နိုင်သောကြောင့် သူတို့ဝိညာဉ်များလည်း ငြိမ်းသတ်ရန် ခက်ခဲနေသည်။
ဤသည်မှာ သနားစရာကောင်းသည့်လူအုပ်စု၊ အကြောက်တရားကင်းမဲ့သည့် သူရဲကောင်းဝိညာဉ်အုပ်စုပင်။ သူတို့သည် နောက်မျိုးဆက်များကို ထူးချွန်စေချင်ကာ သူတို့၏အတိတ်မှ အရှက်ရမှုများကို ချေဖျက်စေချင်သည်။ တစ်ဖက်မှရန်သူများကို အနိုင်ရစေချင်သည်။
တစ်ဖက်ရန်သူများသည် သူတို့၏ သန့်စင်သည့်မြေကို ဖျက်ဆီးခဲ့ကာ ဤလောကမှ မိသားစုများကို ရှင်းပစ်ခဲ့ကာ အားလုံးကို သတ်ပစ်ခဲ့သည်။
သူတို့ သေဆုံးပြီးသွားပြီဖြစ်သော်လည်း စိတ်ပျက်မှုများရှိနေသေးသည်ပင်။
ရှီဟောင် ခပ်ဝေးဝေးသို့ ရောက်သွားသည်အထိ ရှေးဟောင်းစစ်သီချင်းသံကိုကြားနေရဆဲပင်။ ထိုအသံမှာ အလွန်တိုးလျသော်လည်း ထိုအသံထဲမှ ဝမ်းနည်းပူဆွေးမှုကို သူခံစား၍ရနေဆဲပင်။
သူတို့အားလုံး အသတ်ခံခဲ့ရကာ သူတို့မိန်းမများနှင့်ကလေးများကို ကာကွယ်ပေးမည့်သူမရှိခဲ့။
တစ်ခဏအတွင်းမှာပင် ရှီဟောင် သွေးလွှမ်းနေသည့်မြေပြင်ကို တွေ့လိုက်ရသည်။ ကလန်အားလုံးမှ ယောက်ျားသားများအားလုံး တိုက်ခိုက်နေကြပြီး ဇနီးမယားများနှင့် ကလေးများမှာ ပူဆွေးစွာ ငိုကြွေးနေကြသည်။ သို့သော်လည်း နောက်ဆုံးတွင်သူတို့ရှုံးနိမ့်သွားကာ အားနည်းသည့်လူအိုကြီးများ၊ မိန်းမပျိုလေးများနှင့် ကလေးများပင်မကျန် အသတ်ခံခဲ့ရသည်။
ဤသည်မှာ ဝမ်းနည်းစရာကောင်းလှသည့် ထာဝရရှေးဟောင်းခေတ်မြင်ကွင်းပင်။
“ဒီလောကကို ဒီလိုဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး..” ရှီဟောင် သူ့စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။
“အမေ၊ အစ်ကိုတို့၊ အစ်မတို့ .. ကျွန်တော် အားလုံးကို သတိရတယ်..” ပုရွက်ဆိတ်လေး၏ မျက်လုံးများ နီရဲနေသည်။ သူသည် ခြေလှမ်းလှမ်းတိုင်း နောက်လှည့်ကြည့်နေသည်ပင်။ ဒီနေရာမှာ သူချစ်တဲ့သူတွေ အသတ်ခံခဲ့ရတာမလား..
“ကျွန်တော် ပိုသန်မာလာအောင်လုပ်မယ် .. တစ်ဖက်လောကကို သွားပြီးတော့ အားလုံးအတွက် လက်စားချေပေးမယ် .. ကျွန်တော် သေသွားမယ်ဆိုရင်တောင် အဖေ့လိုမျိုး နောက်ဆုံးသွေးတစ်စက်ကျန်တဲ့အထိ တိုက်သွားမယ် .. တစ်ဖက်က ကျွမ်းကျင်သူတွေ ကြောက်ဒူးတုန်တဲ့အထိ တိုက်ခိုက်မှာ..” ပုရွက်ဆိတ်လေး ကျိန်ဆိုလိုက်သည်။
လမ်းတစ်လျှောက်တွင် ထူးခြားသည့်မြင်ကွင်းများ ပေါ်မလာတော့။
သူတို့ ရှေးဟောင်းမြေမှ ထွက်လာကာ တောင်လမ်းကြောင်းအတိုင်း ထွက်လာလိုက်သည်။
“ဘုရားရေ .. ငါအမြင်မှားတာတော့ မဟုတ်ဘူးမလား .. ဒါက ဟွမ်ပဲ .. သူ အသက်ရှင်လျက် ပြန်ထွက်လာပြီ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
အပြင်ဘက်တွင်ရှိနေသည့် အချို့သူများသည် မပြန်ကြသေးပဲ သတင်းစောင့်နေကြခြင်းပင်။ အမှန်တကယ်တွင် ဤနေရာ၌ ရှိနေသည့် လူအရေအတွက်မှာ မနည်းလှ။ တောင်တစ်ဝိုက်လုံး လူများပြည့်နေခြင်းပင်။
မြောက်ပိုင်းပင်လယ်တောအုပ်တွင် မြို့ကြီးအချို့ရှိပြီး ထိုမြို့များတွင် နေထိုင်သူများ များပြားလှသည်။
ရှီဟောင် သေချာပေါက် သေသွားလိမ့်မည်ဟု ထင်နေကြသောကြောင့် လူအများစုမှာ အချိန်မဖြုန်းချင်သောကြောင့် ထွက်သွားကြလေပြီ။
သို့သော် ယခုတော့ ရှီဟောင် အသက်ရှင်လျက် ပြန်ထွက်လာလေပြီ။ ဤသည်မှာ မြောက်ပိုင်းပင်လယ်တစ်ခုလုံးကို တုန်လှုပ်စေမည့်သတင်းကြီးပင်။
ဤ နောက်ဆုံးပြုပြင်ခြင်းနယ်မြေမှ မည်သူမှ အသက်ရှင်လျက်ထွက်မလာဖူးပေ။
သို့သော် ယခုတော့ ဒဏ္ဍာရီကို ချိုးဖျက်လိုက်သည့်သူ ရှိနေလေပြီ။
ဝုန်း..
ဤနေရာမှာ ဆူညံပွက်လောရိုက်သွားပြီး သတင်းများလည်း နေရာအနှံ့ ပျံ့နှံ့သွားသည်။
“တစ်ယောက်ယောက် အသက်ရှင်လျက် ပြန်ထွက်လာတယ် .. ဟွမ်က တကယ်ကို ကောင်းကင်ကို တွန်းလှန်နိုင်တဲ့ဂျီးနီးယပ်စ်ပဲ..”
ရှီဟောင်ပင်လျှင် ကိုယ့်ကိုကိုယ် အံ့အားသင့်မိသည်ပင်။ သူ၏လက်ရှိ ကျင့်ကြံဆင့်နှင့်ညီသည့် ဟဲဝူရှန်းကို တွေ့ခဲ့ပြီး နှစ်ဦးလုံး ရှုံးနိမ့်သွားသည့် တိုက်ပွဲတစ်ပွဲ တိုက်ခဲ့ရသည်။ ထို့ကြောင့် အခြားသူများ ဝင်သွားလျှင်လည်း သူတို့ကျင့်ကြံဆင့်နှင့် ကိုက်ညီသည့် အန္တရာယ်များ ရင်ဆိုင်ရမည်မှာ သေချာသည်။
သူ ဟဲဝူရှန်းနှင့် တွေ့ခဲ့သောကြောင့် ထိုစွမ်းအားကြီးသည့်သူများသာ ဝင်သွားပါက သူတို့ မသေမျိုးတစ်ဝက်သက်ရှိနှင့် တွေ့ရမည်ပင်။
အပြန်လမ်းမှာ အလွန်ချောမွေ့နေပြီး မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်ပျက်ခြင်းမရှိ။
ရှေးဟောင်းအခေါင်းနှင့် မျက်လုံးပိတ်နေသည့် ရှေးဟောင်းအလောင်းက သူ့အား ထွက်ခွင့်ပေးလိုက်သည်ပင်။
နောက်ဆုံးတော့ သူတို့ အန္တရာယ်မြေမှ ထွက်လာနိုင်လေပြီ။ ရှီဟောင် ယခုမှ သက်မချနိုင်တော့သည်။
ဝူး..
ရုတ်တရက် လေပြင်းများ တိုက်ခတ်လာကာ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး မိုးများလည်း သည်းထန်စွာ ရွာသွန်းလာသည်။ ထိုမိုးသည် ကြီးမားလှသည့်တောင်ကြီးများကို ဖုံးလွှမ်းသွားလေ၏။
ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသောကြောင့် အားလုံး ထိတ်လန့်သွားသည်။
“မကောင်းတော့ဘူး .. အဲဒါက ဘယ်သူမှ မတက်တာ နှစ်သန်းပေါင်းများစွာကြာနေတဲ့တောင်က ပြောင်းလဲမှုတွေ ဖြစ်လာတာ .. တစ္ဆေက ထာဝရတရားကို ရသွားပြီ .. အဲဒါအစစ်.. သူတို့ပေါ်လာပြီ..”
တစ်စုံတစ်ယောက်၏ ထိတ်လန့်တကြား အော်သံကြောင့် ဤနေရာတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားကာ လူအများစုမှာ စတင်ထွက်ပြေးသွားကြသည်။
အဘယ်ကြောင့်ဆိုသော် အမှောင်ထုထဲတွင် မီးခိုးရောင်မြူများလည်း ပါဝင်လာသည်ပင်။
ဤသည်မှာ ထာဝရတရားရရှိသွားသည့်တစ္ဆေမဟုတ်သလို မည်သူမှ မတက်သည်မှာ နှစ်သန်းပေါင်းများစွာမှဖြစ်လာသည့် ပြောင်းလဲမှုမဟုတ်သည်ကို ရှီဟောင်သာသိသည်။ ဤသည်မှာ အခြားသက်ရှိများပင်။
ခဏကြာပြီးသည့်နောက်တွင် လေပြင်းများကြောင့် ရှီဟောင် အာကာသအပြင်ဘက်သို့ ရောက်သွားသည်။
သူထိုနေရာတွင် ရပ်နေပြီး အာကာသထဲရှိ ကြယ်များကို စိုက်ကြည့်လိုက်သည်။
“မင်းတို့ပဲ..” ရှီဟောင်၏အမူအရာ မသာမယာဖြစ်သွားရသည်။
အခြားတစ်ဖက်တွင် လူနှစ်ယောက်ရှိနေသည်။ အကြီးတစ်ယောက်နှင့် အငယ်တစ်ယောက်ပင်။ အသက်ကြီးသည့်သူကို သူမသိ။ ထိုသူသည် ဆံပင်များ ကျဲနေပြီး အသားအရေမှာ ဖြူဆွတ်နေသည်။ သူ့မျက်နှာတွင် အရေးအကြောင်းများ ပြည့်နေပြီး ပုပ်နံ့ရသည်အထိ အသက်ကြီးနေခြင်းပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤလူ ကြာကြာမနေရတော့မည်မှန်း ရှီဟောင်သိသည်။
လူငယ်လေးကို ရှီဟောင်သိသည်။ ဤလူမှာ သိပ်မကြာခင်က ကောင်းကင်နတ်ဘုရားကျောင်းတွင် သူနှင့်တိုက်ခဲ့သည့်သူပင်။ ဤလူသည် သွေးများအန်ကာ ထိုနေရာတွင်ပင် သေမလိုဖြစ်ခဲ့သည့် ဝမ်မုန့်လုံပင်။
ဤလူများမှာ ဝမ်ရှီး၏ကလန်သားများပင်။
“ငါတို့ လာရတဲ့အကြောင်းရင်းကို မင်းသိလိမ့်မယ်လို့ ငါထင်တယ်..” ဝမ်မုန့်လုံ၏ အမူအရာမှာ အေးစက်နေသည်။
ရှီဟောင်၏ စိတ်ထဲ အေးခဲသွားရ၏။ ဝမ်မိသားစုက လှုပ်ရှားရဲတယ်ပေါ့ .. သူတို့က သူ့ကို ဒီမှာ ရှင်းပစ်ဖို့ စီစဉ်ထားတာလား..
“မင်းတို့ ဝမ်မိသားစု ငါ့ကို မူလရှေးဟောင်းမိုင်းတွင်းထဲ အတင်းဝင်ခိုင်းခဲ့တာ .. ငါအဲဒီမှာ သေမလိုဖြစ်ခဲ့တာ .. ပြီးတော့ နောက်ပိုင်းကျတော့ မင်းတို့က ငါ့ကို အစေခံမျိုးဆက်ဆံခဲ့ပြီး ငါ့ကို တစ်ချိန်လုံး ဖိနှိပ်ဆန့်ကျင်နေခဲ့ကြတာ .. အခု ငါ့ကို သတ်ပစ်ချင်နေပြီလား..” ရှီဟောင်မေးလိုက်သည်။
“ဟက် ဟက် .. လူငယ်လေး မင်းက မဆိုးဘူး .. မင်းရဲ့အရည်အချင်းတွေကလည်း ထူးခြားတယ် .. မင်းက လေးစားခံထိုက်ပါတယ် … ဒါပေမဲ့လည်း ဒါကြောင့်ပဲ မင်းကို လူတွေကြောက်နေကြတာ .. မင်းကိုသာ ကြီးပြင်းခွင့်ပေးလိုက်ရင် ငါတို့ဝမ်မိသားစုအတွက် ကပ်ဆိုးတွေဖြစ်လာနိုင်တယ်” ထိုအကြီးအကဲ ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝက် သေဆုံးနေပြီဖြစ်ပြီး အချိန်မရွေး သေသွားနိုင်သည့် ခံစားပေးနေသော်လည်း သူ၏အသံမှာ လူတစ်ယောက်၏ သွေးနှင့်ချီကို ကြွတက်စေသည်ပင်။
“ကျုပ်ကို ဒီလိုမျိုးသတ်လိုက်ရင် အရမ်းလွန်လွန်းသွားပြီလို့ ခင်ဗျားတို့ မခံစားမိဘူးလား .. ပြီးတော့ ကောင်းကင်နတ်ဘုရားကျောင်းက အကြီးအကဲအရှင်သိတာနဲ့ ခင်ဗျားတို့ အသက်ရှင်နိုင်လိမ့်မယ်လို့ ထင်နေတာလား..” ရှီဟောင် သူတို့အား အေးစက်စွာ ကြည့်လိုက်သည်။
“ငါတို့ လုပ်တယ်ဆိုတာ ဘယ်သူသိမှာလဲ .. လူမတက်တာကြာတဲ့တောင်မှ ထူးဆန်းတဲ့ပြောင်းလဲမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ အားလုံးမြင်လိုက်ရတာပဲ .. အဲဒီပြောင်းလဲမှုကြောင့် မင်းပျောက်သွားတာလေ” ဝမ်မိသားစုအကြီးအကဲမှ ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျားတို့ နည်းလမ်းက အရမ်းကောင်းတယ်လို့ ထင်နေတာလား .. အကြီးအကဲအရှင်ရဲ့ ကျင့်ကြံခြင်းနဲ့ဆိုရင် သူသေချာပေါက် အားလုံးကိုသိမှာပဲ..” ရှီဟောင် ပြောလိုက်သည်။
“ငါ့ကလန်သားအတွက်၊ ငါတို့ရဲ့ အနာဂတ်အန္တရာယ်ကို ရှင်းထုတ်ပစ်ဖို့အတွက် အဲဒီလူအိုကြီး ရှာတွေ့သွားတော့ရော ဘာလုပ်လို့ရမှာလဲ .. အဲဒီအချိန်ကျရင် မင်းသေနေလောက်ပြီ .. သူက ငါ့တို့ ဝမ်မိသားစုနဲ့ တကယ်စစ်ပွဲတစ်ခု ဖန်တီးချင်တယ်လို့ ထင်နေတာလား..” ဝမ်မုန့်လုံ ခနဲ့လိုက်သည်။
“ငါသေသွားတာနဲ့ မင်းတို့ အသက်ရှည်ရှည်နေနိုင်မယ်လို့ ထင်နေတာလား..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။
“ငါ အစောကြီးကတည်းက သိပြီးသား .. မင်းကို ကောင်းကင်နတ်ဘုရားကျောင်းမှာ ရန်စတာက တမင်သက်သက်လုပ်ခဲ့တာ .. ငါ အမိန့်အတိုင်းလုပ်ခဲ့တာ .. အဲဒီမှာ ရန်စထားမှ မင်းကိုသတ်တာက ကျိုးကြောင်းဆီလျော်ပြီး တရားမျှတမှာပေါ့..” ဝမ်မုန့်လုံ၏ မျက်နှာမှာ ဖြူဖျော့နေသည်။ သူသည် ရှီဟောင်အား ဒေါသတကြီး စိုက်ကြည့်ကာ “ကောင်းကင်နတ်ဘုရားကျောင်းက လူအိုကြီး လူသိရှင်ကြား လုပ်ချင်တယ်ဆိုရင်လည်း ဒါက ငါမင်းကို ရန်ငြိုးကြောင့် သတ်လိုက်တာလို့ ပြောလို့ရတာပဲ .. အဲဒီအချိန်ကျရင် သူက ဝမ်မိသားစုနဲ့ ခွာပြဲဖြစ်မှာ မဟုတ်တော့ဘူး .. အများဆုံးမှ ငါ့ကို သတ်လိုက်ရုံပဲ..”
“ပြီးတော့ ဒီလူအိုကြီးကလည်း အသက်ရှင်ဖို့ နှစ်နည်းနည်းလောက်ပဲ ကျန်တော့တာဆိုတော့ ငါမင်းနဲ့အတူ သင်္ချိုင်းကို လိုက်ပေးဖို့ ဆန္ဒရှိတယ်..” ဝမ်မိသားစုမှ အကြီးအကဲ ရယ်မော၍ ပြောလိုက်သည်။
ရှီဟောင်၏အမူအရာ အလွန်အေးစက်လာသည်။ “ခင်ဗျားတို့က ကျုပ်ကို ဒီလောက်တောင် မုန်းနေကြတာလား .. ကျုပ်ကို ရှင်းပစ်ဖို့အတွက်နဲ့ အသေခံတော့မှာလား..”
“အစကတော့ ဒီလောက်မဟုတ်ပါဘူး .. ဒါပေမဲ့ မင်းတိုးတက်လာတာက မြန်လွန်းတယ် .. ဒီအတိုင်းသာ ဆက်သွားရင် တစ်နေ့ကျရင် မင်းက ဝမ်မိသားစုကို ခြိမ်းခြောက်လာနိုင်တယ် .. အဲဒီတော့ မင်းကို စောစောစီးစီးရှင်းထားတာ ပိုကောင်းတာပေါ့..” ထိုအကြီးအကဲမှ ပြုံး၍ ပြောလိုက်သည်။
သူသည် အလွန်ပွင့်လင်းစွာဖြင့်ပင် အနာဂတ်တွင် မမြင်ရသည့်အန္တရာယ်များဖြစ်လာမည်စိုးသောကြောင့် ရှီဟောင်အား ရှင်းပစ်မည်ဟုပင် ပြောနေသေးသည်။
ဤသည်မှာ သက်ရှည်မိသားစု ဝမ်ကလန်မှ ရှီဟောင်အား မည်မျှအလေးထားနေသည်မှာ သိသာသည်။ သူတို့သည် အစကတည်းက စွမ်းအားကြီးပြီးသားဖြစ်သော်လည်း ရှီဟောင်ကိုသတ်ရန်အတွက်နှင့် သူတို့ကလန်သားများကိုပင် စွန့်ပစ်ဖို့ ဝန်မလေးခဲ့ပေ။
“တစ်ဖက်လောကလူတွေ ကျူးကျော်လာတော့မှာ .. ပြီးတော့ ကျုပ်က မျိုးစေ့ကောင်းတစ်ခုပဲ .. ကျုပ်သာမသေရင် သူတို့ရောက်လာတဲ့အချိန်ကျ ကျုပ်ရဲ့အသုံးဝင်မှုကို ပြနိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟာသပဲ .. မင်း စွမ်းအားကြီးလာမှာစိုးလို့ကို ငါတို့မင်းကို သတ်တာလေ .. မင်းပိုပြီးအားကောင်းလာတာကို ငါတို့ ထိုင်ကြည့်နေမယ်လို့ ထင်နေတာလား..” ထိုအကြီးအကဲ ရယ်မောလိုက်သည်။
“ခင်ဗျား..” ရှီဟောင်၏မျက်နှာ အေးစက်သွားရသည်။ “သူတို့တွေက တစ်ဖက်လောကက ရန်သူတွေဆိုတာကိုတောင် ခင်ဗျား ထည့်မတွက်တော့ဘူးလား..”
“ကောင်းကင်ကြီးပြိုကျပြီးတော့ ကမ္ဘာမြေကြီး ချိုင့်ဝင်သွားရင်တောင် ဘာလို့ဂရုစိုက်နေရမှာလဲ .. လောကကြီးက ကျန်တဲ့သူတွေရဲ့ ကံဆိုးမှုက ငါတို့နဲ့ ဘာဆိုင်လို့လဲ .. ငါတို့ သက်ရှည်ဝမ်မိသားစု ဆက်ရှင်သန်နိုင်ရင် လုံလောက်ပြီ .. တစ်ဖက်လောကကလူတွေ ကျုးကျော်လာတော့ရော ငါတို့ဘာလုပ်ရမှာလဲ..” အကြီးအကဲ အေးစက်စွာ ရယ်မောလိုက်သည်။
“ခင်ဗျား ဘာပြောလိုက်တယ်..” ရှီဟောင် ဆူပူလိုက်သည်။
“လူငယ်လေး မင်းက ငယ်သေးတယ် .. သက်ရှည်မိသားစုတွေအားလုံး တစ်ဖက်ကရန်သူနဲ့ တိုက်မယ်လို့ ထင်နေတာလား .. သူတို့ သက်ရှည်မိသားစုအဖြစ် ရှိနိုင်တာ၊ ခေတ်ကြီးတစ်ခေတ်ကို လုံလုံခြုံခြုံဖြတ်သန်းလာနိုင်တာက သူတို့မှာ နည်းလမ်းတွေ ရှိနေလို့..” အကြီးအကဲသည် ထူးမခြားနားစွာ ပြောလိုက်သော်လည်း သူ၏စကားလုံးများမှာ ကြောက်စရာကောင်းလှသည်။
“ခင်ဗျား..” ရှီဟောင် ထိတ်လန့်ကာ ဒေါသထွက်သွားရသည်။ ဤလူအိုကြီးပြောသည့်စကားလုံးများမှာ ရှင်းလင်းလှသည်။ သူတို့အပြစ်ပေးခံရသင့်တယ်..
“ဝိုး .. မင်းက နောက်ဆုံးပြုပြင်မွမ်းမံခြင်းနယ်မြေကို သွားပြီးတော့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တာ.. မင်းလိုချင်တာရခဲ့တယ်မလား ..” အကြီးအကဲပြောလိုက်သည်။ ထို့နောက် သူသည် ရယ်မောကာ “အဲဒါပေးလိုက် .. ငါမင်းနဲ့အတူတူ မြှုပ်ပေးလိုက်မယ် .. ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး .. အဲဒီကံကောင်းမှုကြီးကို ငါတို့ဝမ်မိသားစုဆီ အရင်ယူသွားလိုက်ဦးမယ်..”
“လူအိုကြီး .. ခင်ဗျားတို့ ဝမ်မိသားစုက လူတွေက ဆန်ကုန်မြေလေးတွေပဲ..” ရှီဟောင် အံကြိတ်၍ ပြောလိုက်သည်။
အပိုင်း ၁၅၀၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၄ – မြွေကို တွင်းထဲမှ မျှားခေါ်ခြင်း
ရှီဟောင် တစ်ကိုယ်လုံး ပူနေပြီး သူ့မျက်နှာလည်း နီရဲနေလေပြီ။
ဝမ်မိသားစုက ဒီလိုမျိုးလုပ်ရဲတာလား..
သူတို့ သူ ငယ်ရွယ်စဉ် သတ်ဖို့ကြံစည်နေခြင်းကပင် အကြံကြီးလွန်းနေလေပြီ။ သူတို့သည် တစ်ဖက်လောကမှ ရန်သူများကို မတိုက်ခိုက်ရုံသာမက သူတို့နှင့်ပင် ဆက်သွယ်ဦးမည်။ ဤသည်မှာ ဆိုးဝါးကာ စက်ဆုပ်ဖွယ်ကောင်းလှသည်။
နောက်ဆုံးပြုပြင်ခြင်းနယ်မြေ၌ရှိနေစဉ်က သက်ရှည်မိသားစုများအကြောင်း ပြောသည့်အချိန်တွင် ကျီးကန်းမှ စူးစူးရှရှ ရယ်မောခဲ့သည်မှာ အံ့ဩစရာ မရှိတော့။
သက်ရှည်မိသားစုအားလုံးမှာ ခမ်းနားကြီးကျယ်ကာ တောက်ပလွန်းလှသည်ပင်။ သို့သော်လည်း သူတို့ထံတွင် ဤကဲ့သို့သော ဆိုးညစ်သည့်အတွေးမျိုးရှိနေသည်ဟု မည်သူက ထင်ထားမည်နည်း .. ဤသည်မှာ ကြောက်စရာကောင်းလှသည်။
“ဝိုး .. အရမ်းတွေ ဒေါသထွက်မနေပါနဲ့ … နည်းနည်းစိတ်လျော့ပါဦး..” အရေးအကြောင်းများပြည့်နေသည့်မျက်နှာသည် စိတ်ပျက်မှုအနည်းငယ်ပင် မရှိပဲ ပြုံးနေလေ၏။ ဆန်ကုန်မြေလေးဟု အဆဲခံလိုက်ရသော်လည်း သူအလွန်တည်ငြိမ်နေဆဲပင်။
” လူငယ်လေး မင်းက တကယ်ကို ရိုးရှင်းပြီးတော့ ရိုးသားတာပဲ .. ဒီလောကကြီးထဲမှာ အဖြူအမည်းပဲရှိတာမဟုတ်ဘူး .. အဖြူနဲ့အမည်းကြားက မီးခိုးရောင်မှာ လူတွေပိုများတာ .. ဒါက လောကကြီးရဲ့ အရောင်အစစ်အမှန်ပဲ”
“အသိုက်ကြီးမှောက်သွားရင် အသိုက်ထဲက ဥအားလုံး ပျက်စီးသွားမှာပဲ . ခင်ဗျားတို့မိသားစု ဆက်ရှိနိုင်မယ်လို့ ထင်နေတာလား .. ပြီးတော့တစ်ဖက်လောကက သတ္တဝါတွေက တကယ်ယုံကြည်လို့ရတယ်လို့ ထင်နေတာလား .. တစ်နေ့ကျရင် ခင်ဗျားတို့ ကိုယ့်ကိုကိုယ် ဖျက်ဆီးမိလိမ့်မယ်..” ရှီဟောင် ကြိမ်းမောင်းလိုက်သည်။
“မင်း အတွေးလွန်နေပါပြီ .. ဒီလောကကြီးက မင်းတွေးထားတာထက်ကို ပိုပြီးတော့ ရှုပ်ထွေးတယ် .. ဒီကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုမှာ သက်ရှည်မိသားစုက ငါတို့တစ်စုတည်း ရှိတာမဟုတ်ဘူး .. ပြီးတော့ အဲဒီသက်ရှည်မိသားစုတွေအားလုံးက ခက်ခက်ခဲခဲရုန်းကန်ခဲ့လို့ ရှင်သန်ခဲ့ရတာမဟုတ်ဘူး .. လောကကြီးက မင်း ထင်ထားတာထက်ကို ရှုပ်ထွေးတယ်” အကြီးအကဲပြုံး၍ ပြောလိုက်၏။ သို့သော် သူ့အပြုံးမှာ အခြားသူများအား အေးစက်သွားစေသည်ပင်။
“ဘာလို့ စကားတွေ အများကြီးပြောနေဦးမှာလဲ .. သူ့ကို ရှင်းလိုက်တော့ .. သူ့ကို အကုန်လုံး ပြောပြနေစရာမလိုဘူး..” ဝမ်မုန့်လုံ ပြောလိုက်သည်။ သူသည် ရှီဟောင်အား အလွန်မုန်းတီးနေသည်ပင်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင် အသတ်ခံလိုက်ရသည်နှင့် အချိန်တိုအတွင်း အခြားသူများမသိနိုင်သော်လည်း တစ်နေ့ကျလျှင်တော့ အဆင့်လွန်ပုဂ္ဂိုလ်များ ရှာတွေ့သွားမည်ပင်။ ထိုအချိန်ကျလျှင် သူ သေချာပေါက် သေရမည်ပင်။
ဤသည်မှာ ခက်ခဲကာ ကြမ်းတမ်းသည့် တာ၀န်ပင်။ ဤတာ၀န်ပြီးရန်အတွက် အသက်ကို စွန့်လွှတ်ရမည်ပင်။ ထို့ကြောင့် သူ ရှီဟောင်အား မုန်းတီးနေခြင်းပင်။ တစ်ဖက်လူကို သတ်ရန် စကြိုးစားသည့်သူမှာ သူတို့ဖြစ်သော်လည်း သူတို့သည် ရှီဟောင်အား အပြစ်တင်နေကြဆဲပင်။
“အခုထိကို မတိုးတက်သေးဘူး..” အကြီးအကဲ ဝမ်မုန့်လုံအား မကျေမနပ်ပြောလိုက်သည်။ ကလန်က အဘယ်ကြောင့် သူ့အား စတေးဖို့ ရွေးချယ်သည်ကို သူနားလည်သွားလေပြီ။
အကြီးအကဲမှာ သူ သေသေရှင်ရှင် သိပ်ဂရုမစိုက်တော့။ အဘယ်ကြောင့်ဆိုသော် သူ၏အချိန်ကုန်ခါနီးနေလေပြီ။ နောက်တစ်နှစ်အတွင်း သူတရားထိုင်ပြီး သေတော့မည်ပင်။
“ထုတ်လာခဲ့..” သူ ယဉ်ယဉ်ကျေးကျေး ပြောမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ တစ်ခုခုရခဲ့သည်မှာ သေချာနေသည်ပင်။
“တကယ်ကို မျက်နှာသာပေးလို့ မရဘူးပဲ .. ခင်ဗျားလိုမျိုး ညှီစော်နံနေတဲ့သူလည်း ရှိသေးတာလား .. ခင်ဗျားတို့ရဲ့ ရုပ်ဆိုးတဲ့လုပ်ရပ်တွေအားလုံးကို ဒီမျက်လုံးနှစ်လုံးနဲ့ မြင်လိုက်ရပြီ..” ပုရွက်ဆိတ်လေး ဒေါသတကြီး ပြောလိုက်သည်။
“ဟား ဟား .. ငါ မင်းကို မေ့တော့မလိုပဲ .. မင်းသာ မပြောရင် ငါမင်းကို ကျော်သွားတော့မှာ..” အကြီးအကဲ၏ အပြုံးမှာ အနည်းငယ် အေးစက်နေသည်ပင်။ သူသည် ရှီဟောင်ပုခုံးထက်တွင်ရှိနေသည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်အား စိုက်ကြည့်လိုက်ကာ “ရှားပါးပြီးတော့ အဖိုးတန်တဲ့မျိုးစိတ်ပဲ .. ခမ်းနားတဲ့ဒဏ္ဍာရီတွေရှိနေပြီးတော့ စွမ်းအားအကြီးဆုံး သွေးမျိုးဆက်တစ်ခုလို့ သတ်မှတ်ခံထားရတဲ့မျိုးစိတ် .. ခွန်အားလွန်သွေးက တကယ်ကို ကောင်းတာ .. မင်းက ရလိုက်တာက အတိုင်းထက်အလွန်ပဲ .. နောင်ကျရင် ငါ့ရဲ့ ဝမ်မိသားစုမှာ ပြိုင်ဘက်ကင်းတဲ့ အဖိုးတန်သွေးတွေကို ထုတ်ပေးနိုင်တဲ့ ကောင်းကင်ဦးချို ပုရွက်ဆိတ် ရှိတော့မှာ .. ငါတို့နောက်ပိုင်းမျိုးဆက်မှာ စွမ်းအားကြီးတဲ့သူ အများကြီး ပေါ်လာလိမ့်မယ်”
ဤလောဘကြီးသည့် စကားလုံးများကိုကြားသည်နှင့် ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးသည် တစ်ကိုယ်လုံးတုန်ယင်သွားသည်အထိ ဒေါသထွက်သွားရသည်။ ဤလူမှာ အရှက်ကင်းမဲ့လွန်းလှသည်ပင်။
“လူအိုကြီး .. ခင်ဗျား အိပ်မက်မက်နေလိုက် .. ထာဝရရှေးဟောင်းခေတ်က နောက်ဆုံးတိုက်ပွဲမှာ ဒီလောကကြီးပျက်စီးသွားရတာက ခင်ဗျားတို့လိုမျိုး လူတွေကြောင့်များလားလို့ ကျုပ်သိချင်လာပြီ .. လောဘတရားက ခင်ဗျားတို့အားလုံးကို ကိုယ်ကျင့်သိက္ခာကင်းမဲ့တဲ့လုပ်ရပ်တွေကို လုပ်စေနိုင်တာပဲ..” ပုရွက်ဆိတ်လေး မုန်းတီးစွာ ပြောလိုက်သည်။
“အရမ်းကို ရိုးရှင်းပြီးတော့ သန့်စင်လွန်းနေသေးတယ် .. ဒီခေါင်းစဉ်တွေက မင်းနဲ့မသင့်တော်ဘူး..” အကြီးအကဲသည် သူနှင့်မပြောတော့ပဲ ရှီဟောင်ဘက်လှည့်ကာ “မင်းက ကောင်းကင်နတ်ဘုရားကျောင်းက ထာဝရလှိုဏ်ဂူကနေ ပထမဆုံး ထွက်လာတဲ့သူပဲ .. ပြီးတော့ ထွက်လာတာနဲ့ မင်းက မြောက်ပိုင်းပင်လယ်ကို ချက်ချင်း အလောတကြီးထွက်သွားတာ .. အဲဒီတော့ ဒီမှာ ပိုပြီးအရေးကြီးတာ တစ်ခုခုရှိနေလို့ပဲ .. အဲဒီပစ္စည်းကို ပေးလိုက်”
ယခုအချိန်တွင်တော့ သူ ဘာကိုမှ ကွယ်ဝှက်မနေတော့။
“ထွက်သွားစမ်း..”
ရှီဟောင် ဤစကားများသာ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ အရှက်မဲ့လွန်းသည်ဟု သူခံစားလိုက်ရသည်။ ဤမိသားစုမှာ အတွင်းထဲမှကို ပုပ်သိုးနေလေပြီ။
ဤကဲ့သို့သော ကြောက်စရာကောင်းသည့် သက်ရှည်မိသားစုမှာ သူတို့၏ ကြီးကျယ်ခမ်းနားမှုနှင့် မထိုက်တန်။
“အကြီးအကဲအရှင်နဲ့ တစ်ခြားသူတွေပေါင်းပြီး ဘာလို့ ခင်ဗျားတို့ကို မရှင်းထုတ်ပစ်လဲဆိုတာ ကျုပ်တကယ်ကို နားမလည်နိုင်တော့ဘူး..” ရှီဟောင် သူ၏ဒေါသကို ချုပ်တည်းကာ ပြောလိုက်သည်။
“ငါပြောပြီးသားပဲလေ .. ဒီလောကကြီးမှာ အဖြူအမည်းပဲ ရှိတာမဟုတ်ဘူး .. မီးခိုးရောင်က ပိုများတယ် .. လူတစ်ယောက်က အရမ်းကို ဖြောင့်မတ်လွန်းနေရင် တစ်လောကလုံးက သူ့ကို သည်းခံနိုင်မှာမဟုတ်ဘူး..” ဤအကြီးအကဲ ထူးမခြားနားစွာပင်ပြောလိုက်သည်။ “တကယ်တမ်းတော့ မင်း အရမ်း အတွေးလွန်နေတာ .. အဲဒီအချိန်တုန်းက ငါ့တို့ တစ်ဖက်လောကနဲ့ မပူးပေါင်းခဲ့ဘူး … ငါတို့က အချက်အလက်နည်းနည်းလောက်ကို ဆွေးနွေးခဲ့ရုံပဲ”
သူပြောသည့်အတိုင်းဆိုလျှင် ဝမ်မိသာစုမှာ ထိုစည်းကို မကျော်သေး။
ရှီဟောင် ယခင်က ကြားဖူးသည်။ သက်ရှည်မိသားစုများသည် တစ်ယောက်နှင့်တစ်ယောက် ကူညီနိုင်ရန်အတွက် မပျက်စီးနိုင်သည့်စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ ဝမ်မိသားစုလည်း ဤကဲ့သို့သော ကလန်မျိုးဖြစ်လိမ့်မည်။
“တော်ပြီ .. ကျုပ်ခင်ဗျားရဲ့ ရုပ်ဆိုးဆိုးမျက်နှာကြီးကို ထပ်မမြင်ချင်တော့ဘူး…” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
“ခွေးကောင်လေ .. မင်းက ငါ့ထက်ပိုကြီးသလို လုပ်ချင်နေတာလား .. မင်းပိုင်သမျှအားလုံးကို ပေးလိုက် … မဟုတ်ရင် မင်းရှင်နေရတာထက် သေပါရစေတော့လို့ ဆုတောင်းနေရတဲ့ဘဝရောက်အောင် လုပ်ပေးလိုက်မယ်..” အကြီးအကဲ၏ စိတ်ရှည်မှုများ ကုန်ဆုံးသွားကာ သူဒေါသထွက်လာလေပြီ။
“အကြီးအကဲ အစကတည်းက ဒီလိုမျိုးပြောသင့်တာ .. သူ့ကိုယဉ်ကျေးနေတော့ရော ဘာထူးမှာလဲ .. သူ့ကို ချက်ချင်းသာဖိနှိပ်ပစ်လိုက် .. ကျွန်တော် သူ့မျက်နှာကို တက်နင်းချင်တယ် .. သူမြေကြီးပေါ် တွားသွားနေမယ့်ပုံစံကိုကြည့်ချင်တယ်” ဝမ်မု့န်လုံ ပြောလိုက်သည်။ သူသည် အောက်မေးရိုးကျိုးကြေသွားသည်အထိ အရိုက်ခံခဲ့ရသောကြောင့် တစ်ဖက်လူအား အမုန်းကြီးမုန်းနေခြင်းပင်။
ယခုတစ်ခေါက်တွင်တော့ နောင်ဖြစ်လာမည့်ကပ်ဆိုးကြီးကို ရှင်းလင်းရန်အတွက် သူအသေခံပေးရမည်ပင်။ ဤသည်မှာ သူ့အတွက် ကောင်းမွန်သည့်အဆုံးသတ်မဟုတ်သောကြောင့် သူဒေါသထွက်သည်ပင်။
အကြီးအကဲ၏အမူအရာ မှောင်မည်းသွားသည်။ သူသည် သတိကြီးကြီးဖြင့်ပင် အရှေ့တိုးသွားလိုက်သည်။ သူ ရှီဟောင်ကို ကြောက်သောကြောင့်မဟုတ်ပဲ ရှီဟောင်ထံ၌ ရှိနေသည့် ပစ္စည်းများ ပျက်စီးသွားမည်စိုးသောကြောင့်ပင်။
ဤပစ္စည်းများသာ ပြိုင်ဘက်ကင်းကျမ်းစာ၊ ရှေးဟောင်းတာအိုစာအုပ်နှင့် အခြားအရာများသာဖြစ်ပါက ဤလူငယ်လေး ကိုယ့်ကိုကိုယ် ဖောက်ခွဲပါက ဤပစ္စည်းများလည်း ပါသွားလိမ့်မည်။ ထိုသို့သာဆိုလျှင် သူတို့များစွာရှုံးဆုံးသွားရလိမ့်မည်။
ထို့ကြောင့်ပင် သူသည် ဤတစ်လျှောက်လုံး ရှီဟောင် တတ်နိုင်သမျှ စိတ်ငြိမ်သွားစေရန်အတွက် သူနှင့် စကားပြောနေခဲ့ခြင်းပင်။
သူ့စိတ်ထဲ၌ တိုက်ခိုက်ပြီးသွားလေပြီ။ ဤလေဟာနယ်ကြီး အရောင်မှေးမှိန်သွားပြီး မြူများလည်း ထွက်ပေါ်လာလေပြီ။
“ဟားဟား .. လူငယ်လေး တကယ်တော့ မင်းဂုဏ်သိက္ခာရှိရှိတဲ့ သေလို့ရပါတယ် .. အဲဒီပစ္စည်းတွေကိုသာပေးလိုက် ငါမင်းကို နှိပ်စက်မှာမဟုတ်ဘူး..” အကြီးအကဲ ပြုံး၍ ပြောလိုက်သည်။
“ကျုပ် ဘာရခဲ့လဲဆိုတာ ခင်ဗျားသိလို့လား .. မပျက်စီးနိုင်တဲ့ကျမ်းစာကို ရခဲ့တာ..” ရှီဟောင် ကျမ်းစာနာမည်အား ပြောလိုက်သည်။
လူအိုကြီးနှင့် လူငယ်နှစ်ဦးလုံး ဆွံ့အသွားရသည်။ ထို့နောက် သူတို့ တုန်ယင်လာကြသည်။ ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်ပင်။ ထို့နောက် သူတို့မျက်ုလုံးတွင် လောဘတရားများ လောင်ကျွမ်းလာလေ၏။
“အဲဒါကို ပေးလိုက်..” ဝမ်မုန့်လုံ အော်လိုက်သည်။
“အားလုံးပဲ ခင်ဗျားတို့ ထွက်မလာသေးဘူးဆိုရင် ဒီကျမ်းစာက ပိုင်ရှင်ပြောင်းတော့မှာနော် .. ဒါက ဝမ်မိသားစုကလန်ရဲ့ ကာကွယ်တဲ့ ပညာဖြစ်သွားလိမ့်မယ်..” ရှီဟောင် ခပ်ဝေးဝေးသို့ ကြည့်ပြီး အော်ဟစ်လိုက်သည်။
“အမ်..” အကြီးအကဲ ထိတ်လန့်တကြား ဖြစ်သွားသည်။ သို့သော် သူ ဘေးပတ်လည်ကို သေချာအာရုံခံကြည့်လိုက်သည့်အချိန်တွင် ဘာကိုမှ မတွေ့ရ။
“တကယ်ပဲ တစ်ယောက်မှ မရှိဘူးလား .. ခင်ဗျားတို့ ထွက်မလာရင် ကျမ်းစာက ပျောက်သွားတော့မှာနော်..” ရှီဟောင် ပြောလိုက်၏။ တကယ်တမ်းတွင် သူလည်း ဘာကိုမှ အာရုံခံ၍မရ။ သူအလောင်းအစားလုပ်လိုက်ခြင်းပင်။ ဝမ်မိသားစုမှလူများပင် ဤနေရာသို့လာရဲသောကြောင့် အခြားမိသားစုမှလူများလည်း ရှိနေမည်ပင်။
“ခွေးကောင်လေး .. မင်းလျှောက်ပြောနေတာတွေ ရပ်လိုက်ပြီးတော့ ကျမ်းစာကိုသာ မြန်မြန်ပေးလိုက် .. မဟုတ်ရင် မင်း အသက်ရှင်ရတာထက် သေချင်သွားလိမ့်မယ်..” ဝမ်မိသားစု အကြီးအကဲ၏ မျက်နှာဖုံး ကွာကျသွားလေပြီ.
“သေခြင်းနဲ့ရှင်ခြင်းရဲ့ ကွာခြားချက်ကို မသိတဲ့ကောင် .. မင်းကများ ငါတို့ကို လှည့်စားချင်နေသေးတယ် .. မင်းက နုပါသေးတယ် .. အခု မင်းကို ဘယ်သူကယ်နိုင်မှာလဲ..” ဝမ်မုန့်လုံ ခနဲ့လိုက်သည်။
လေဟာနယ်ကြီး ရုတ်တရက် အနည်းငယ် တုန်ယင်လာကာ တစ်စုံတစ်ယောက်သည် ဝမ်မိသားစု ပိတ်ထားသည့်လေဟာနယ်အား အတင်းတိုးဝင်လာနေလေပြီ။
ငွေရောင်ဝတ်စုံနှင့်လူတစ်ယောက် ပေါ်လာလေ၏။ သူ့တစ်ကိုယ်လုံး ငွေရောင်အလင်း ထုတ်လွှတ်နေကာ သူ့မျက်နှာကိုပင် ငွေရောင်မျက်နှာဖုံးတပ်ဆင်ထားလေ၏။ သူ့မျက်လုံးကိုပင် မမြင််ရတော့ပေ။ သူ၏အော်ရာမှာ စွမ်းအားကြီးလှသည်ပင်။
“မပျက်စီးနိုင်တဲ့ကျမ်းစာအတွက် ဒီတစ်ယောက်ကတော့ ငြိမ်ငြိမ် ထိုင်မနေနိုင်တော့ဘူး” ရုတ်တရက် အခြားတစ်နေရာမှ တစ်စုံတစ်ယောက် ထွက်ပေါ်လာလေသည်။ အနက်ရောင်မြူခိုးများ အုံ့ဆိုင်းနေသည့် လူတစ်ယောက် လမ်းလျှောက်ထွက်လာလေ၏။
ထို့နောက် အခြားအစိမ်းရောင်အလင်းလုံးလေးတစ်လုံးလည်း ထွက်လာလေ၏။
တစ်ခဏအတွင်းမှာပင် ကျွမ်းကျင်သူသုံးယောက် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ သို့သော် သူတို့သည် နယ်မြေတစ်ခုတည်းမှ လူများမဟုတ်။ အားလုံးမှာ မပျက်စီးနိုင်သည့်ကျမ်းစာအတွက် ရောက်လာကြခြင်းပင်။
ဝမ်မိသားစုအကြီးအကဲ၏ အမူအရာ မသာမယာဖြစ်လာသည်။ ကြောက်စရာကောင်းသည့် လူသုံးယောက် ဤနေရာ၌ ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့။ သူတို့၏တည်ရှိမှုကိုပင် သူ သတိမထားမိခဲ့ပေ။ သူ တကယ်ကို သတိလက်လွတ်ဖြစ်သွားခြင်းပင်။
“ငါ ကျမ်းစာကိုပဲ လိုချင်တာ ..လူ မလိုချင်ဘူး..” ငွေရောင်ချပ်ဝတ်တန်ဆာနှင့်တစ်ယောက်မှ ပြောလိုက်သည်။
“ငါရောပဲ..”
“ငါလည်းအတူတူပဲ..”
အခြားနှစ်ယောက်လည်း အတူတူပင်။ သူတို့သည် ကျမ်းစာအတွက် ထွက်လာကြခြင်းပင်။
“တာအိုရောင်းရင်းတို့ .. ဒီကိစ္စကို ငါတို့သေချာ ဆွေးနွေးလို့ရပါတယ်.. ငါတို့ကျမ်းစာကို လေးစုံပွားပြီးတော့ တစ်ယောက်တစ်စုံ ယူလို့ရပါတယ် .. ဒီလူကိုတော့ ငါ သတ်ရလိမ့်မယ်..” ဝမ်မိသားစု အကြီးအကဲမှ ပြောလိုက်သည်။
အခြား ကျွမ်းကျင်သူသုံးယောက်မှာ ဘာမှမပြောပဲ တိတ်နေလေ၏။
ဝမ်မိသားစုသည် စိတ်ထဲ၌ အော်ဟစ်ရယ်မောပြီးနေလေပြီ။ “အဲဒါဆိုရင်လည်း အဲဒီလို ဆုံးဖြတ်ကြတာပေါ့..”
သူသည် ရုတ်တရက်ပင် ရှီဟောင်ဘက်လှည့်လိုက်ကာ “ခွေးကောင်လေး .. မင်းက ငါ့ကိုပြဿနာတွေ ရှာပေးနေတယ် .. ငါမင်းကို လွယ်လွယ်လွတ်ပေးမှာ မဟုတ်ဘူး..”
“အကြီးအကဲရွှမ် … သူ့ကို ဖမ်းလိုက် .. ကျွန်တော် သူ့ကို နှိပ်စက်ချင်တယ်..” ဝမ်မုန့်လုံက ရှီဟောင်အား နင်းချေချင်နေသည်ပင်။
ရှီဟောင်မှာ တည်ငြိမ်နေဆဲပင်။ ဝမ်မိသားမှ လူအိုကြီးနှင့် လူငယ်လေးအား ဂရုမစိုက်တော့ပဲ အခြားကျွမ်းကျင်သူသုံးယောက်ကိုသာ စကားပြောလိုက်သည်။ “ယွမ်ချင်းလည်း လာလား .. သူ့ကို ဒီမှာ ရှိစေချင်တာ .. မဟုတ်ရင် ကျုပ် စိတ်ပျက်ရလိမ့်မယ်..”
အမ်…
အားလုံး ဆွံ့အသွားရသည်။ ထို့နောက် တစ်ခုခုမှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။ ဟွမ်က ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေတာလဲ .. သူ့မှာ နောက်ခံကောင်းကောင်းရှိနေသလိုမျိုးလုပ်နေတာ..
မကောင်းတော့ဘူး..
အခြေအနေ သိပ်မကောင်းတော့ဘူးဟု အားလုံးခံစားလိုက်ရသည်။
အပိုင်း ၁၅၀၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၅ – ဖြတ်မရသည့် စည်း
ဤသည်မှာ စိုးရိမ်စရာကောင်းသည့်အခြေအနေ၌ ရောက်နေသည့် လူငယ်လေးတစ်ယောက်ဖြစ်သော်လည်း သူ အလွန်တည်ငြိမ်နေသည်။
“မင်း ကြောက်လွန်းလို့ တုံးသွားတာလား .. မင်းဒီမှာ အရူးလုပ်နေရုံနဲ့ ငါ ဘာမှမလုပ်တော့ဘူးလို့ ထင်နေတာလား..” ဝမ်မုန့်လုံ ပြောလိုက်သည်။
သို့သော်လည်း ကျွမ်းကျင်သူသုံးယောက်နှင့် ဝမ်မိသားစုမှ အကြီးအကဲများအားလုံးမှာမူ တိတ်ဆိတ်နေကြကာ စိတ်ထဲ၌ မသက်မသာ ခံစားနေကြရသည်။ သူတို့ ဘေးပတ်လည်အား သေချာအာရုံခံကြည့်လိုက်သည်။
သို့သော်လည်း သူတို့ မည်သူ့ကိုမှ မတွေ့ရ။ တစ်ယောက်ယောက်ရောက်လာလျှင် သေချာပေါက် သူတို့ထက် ခွန်အားကြီးသည့်သူ ဖြစ်မည်ပင်။
“လူငယ်လေး တစ်ခြားသူတွေကို လှည့်စားရတာ ပျော်ဖို့ကောင်းလား..” ဝမ်မိသားစု အကြီးအကဲမှ အေးစက်စွာ ပြောလိုက်သည်။
“ခင်ဗျား ကြောက်နေလို့လား ..” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။ သူသည် သူတို့အားလုံးကို ဝေ့ကြည့်လိုက်လေ၏။
သို့သော်လည်း သူပုခုံးထက်တွင်ရှိနေသည့် ပုရွက်ဆိတ်လေးမှာမူ အလွန်စိုးရိမ်နေလေပြီ။ ရှီဟောင်၏ အဓိပ္ပာယ်မရှိသည့်စကားများမှာ ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု သူ ခံစားလာရသည်။
ဝမ်မိသားစု အကြီးအကဲ တီးတိုးအော်ဟစ်လိုက်သည်နှင့် သူ့ပါးစပ်မှ လှိုင်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ ရန်သူပုန်းခိုနေခြင်းရှိလားဆိုသည်ကို အာရုံခံနိုင်သည့် လင်းနို့သွေးမျိုးဆက်၏ နတ်စွမ်းရည်ပင်။
ခဏကြာပြီးနောက် သူ၏အမူအရာ အေးစက်နက်နဲလာသည်။ “ခွေးကောင်လေး .. မင်းက ငါတို့ကို ဒီလိုမျိုး လှည့်စားရဲတယ်ပေါ့ .. မင်းသေချင်နေတာလား..”
လူငယ်လေးတစ်ယောက်၏ အရူးလုပ်ခြင်းကို ခံလိုက်ရသောကြောင့် သူဒေါသထွက်သွားခြင်းပင်။ လင်းနို့သွေးမျိုးဆက်၏ နတ်စွမ်းရည်မှတစ်ဆင့် ဤအနီးတစ်ဝိုက်တွင် စွမ်းအားကြီးသည့်ကျွမ်းကျင်သူ မရှိသည်မှာ သေချာသည်။
ဤနတ်စွမ်းရည်ဖြင့်ပင် မရှာနိုင်ဘူးဆိုပါက ရောက်လာသည့်သူမှာ အလွန်ကြောက်စရာကောင်းသည်ပင်။
အခြားကျွမ်းကျင်သူသုံးယောက်မှာ ယခုမှပင် သက်မချနိုင်တော့သည်။ ဤနေရာသည် အာကာသအပြင်ဘက်ဖြစ်သောကြောင့် ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများ တကယ်ရောက်လာနိုင်သည်ပင်။
“လူငယ်လေး .. ငါမင်းကို အခွင့်အရေးတစ်ခုပေးခဲ့တယ် .. ဒါပေမဲ့ မင်းက အခွင့်အရေးယူရကောင်းမှန်းမသိပဲ ငါတို့ကို လှည့်စားခဲ့တယ် .. အခု မင်းအသက်ကို စွန့်လွှတ်လိုက်ဖို့ အချိန်ရောက်ပြီ..” ဝမ်မိသားစုအကြီးအကဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
သူလက်ဆန့်တန်းလိုက်ကာ ကြက်ပေါက်တစ်ကောင်ကဲ့သို့ ရှီဟောင်၏လည်ပင်းကို ဆုတ်ကိုင်ရန် လှမ်းလိုက်သည်။
“သောက်ခွေး..” ပုရွက်ဆိတ်လေး ဒေါသတကြီး အော်ဟစ်လိုက်သည်။ တရားမျှတမှုမရှိသည်ကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူတို့သည် နယ်မြေတစ်ခုတည်းမှ ကျင့်ကြံသူဖြစ်ကြသော်လည်း အချင်းချင်း သတ်ဖြတ်လိုနေကြသည်။
ဝမ်မိသားစု တစ်ဖက်မှလူများနှင့် ပူးပေါင်းခဲ့သည်ဟုပင် သူ သံသယဝင်လာရသည်။
“ဘာဂျီးနီးယပ်စ်လဲ .. ဘာ ပါရမီရှင်လဲ .. ဒီလူအိုကြီးက လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖုံးအုပ်ပစ်မယ် .. ဂျီးနီးယပ်စ်တစ်ယောက်ကို လည်ပင်းညှစ်သတ်ပစ်မယ် ..” ဝမ်မိသားစုအကြီးအကဲ အေးစက်စွာ ပြောလိုက်သည်။
ယခုအချိန်တွင်တော့ သူ၏အပြုအမူသည် အလွန်အေးစက်နေကာ လုံးဝရန်လိုနေလေပြီ။
“ဟား ဟား..” ဘေးဘက်တွင်ရှိနေသည့် ဝမ်မုန့်လုံသည် အလွန်ပျော်ရွှင်စွာပင် ရယ်မောနေလေ၏။
ရှီဟောင်သည် သက်ပြင်းချလိုက်ကာ “ခင်ဗျားတို့အားလုံးက ကျုပ်ကို ဖိအားပေးနေတာပဲ..”
“နတ်ဘုရားလိုဝတ်ထားပြီးတော့ မိစ္ဆာလိုလုပ်နေတယ်..” ထိုအချိန်တွင် ကျွမ်းကျင်သူသုံးယောက်ထဲမှ တစ်ယောက် တိတ်တိတ်မနေနိုင်တော့ပဲ ပြောလိုက်သည်။ သူသည် ရှီဟောင်၏စကားများကို မယုံကြည်ပေ။
ရှီဟောင် ရှေးဟောင်းကျောက်စိမ်းအပိုင်းအစလေးကိုသာ ထုတ်လိုက်သည်။ ထို့နောက် ထိုကျောက်စိမ်းမှ ရောင်စုံအလင်းများစွာ ထွက်ပေါ်လာသည်။ ထိုအလင်းများသည် အလွန်နူးညံ့သည့်အပြင် ဝိညာဉ်စွမ်းအားများလည်း ပါဝင်နေသည်။
“ထာဝရထောက်ပံ့ခြင်းကျောက်စိမ်း..” ထိုအချိန်တွင် ဝမ်မိသားစု အကြီးအကဲ၏ အမူအရာ ပြောင်းလဲသွားသည်။
သူ ဤကျောက်စိမ်းကို တစ်ခါမှမမြင်ဖူးသော်လည်း ဤကျောက်စိမ်း၏ ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူခန့်မှန်းနိုင်သည်။ ဤသည်မှာ ဝိညာဉ်ကို ထောက်ပံ့ကာ မူလဝိညာဉ်ကို ကာကွယ်နိုင်သည့် ဒဏ္ဍာရီလာ ရတနာတစ်ခုပင်။
ဤပစ္စည်းမှာ အလွန်အဖိုးတန်သည်ပင်။ စွမ်းအားကြီးသည့် အဆင့်လွန်သက်ရှိအချို့ပင် ဤပစ္စည်းကို မမြင်ဖူးကြ။
ဤကဲ့သို့သော ပစ္စည်းမှာ ဒဏ္ဍာရီတွင်သာ ရှိခဲ့ပြီး အရိုးစာအုပ်များတွင်သာ မှတ်တမ်းတင်ထားသည်ပင်။
အခြားကျွမ်းကျင်သူသုံးယောက်လည်း ချက်ချင်း အမူအရာ ပြောင်းလဲသွားသည်။ သူတို့ထဲမှ တစ်ယောက်မှာ ချက်ချင်း ထွက်ပြေးသွားချင်နေသည်အထိပင်။
“မင်း ရောက်လာပြီဆိုမှတော့ အလောတကြီး ထွက်သွားစရာမလိုပါဘူး..” တည်ငြိမ်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ထာဝရထောက်ပံ့ခြင်းကျောက်စိမ်း ပျက်စီးသွားကာ ရောင်စုံအလင်းများမှ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထာဝရလေများ တိုက်ခတ်နေပြီး အရိုးများတွင် တာအိုပါရှိနေသည်။ ဆံပင်ဖြူသော်လည်း ကျန်းမာသည့်အသားအရေရှိနေ၏။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲအရှင်။
ဝမ်မိသားစုအကြီးအကဲမှာ ကြောက်လွန်းသောကြောင့် သူ၏ဝိညာဉ်ပင် တုန်ခါနေလေပြီ။ ရှီဟောင်၏လည်ပင်းထံသို့ ဦးတည်နေသည့် သူ၏လက်ကြီးလည်း အားဖြင့် ရပ်တန့်ခြင်းခံလိုက်ရသည်။
ဤပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့။
ဘေးဘက်တွင်ရှိနေသည့် ဝမ်မုန့်လုံမှာ ပို၍ပင် ဆွံ့အသွားရသည်။ ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာလဲ .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုကို လွှမ်းမိုးနိုင်တဲ့ အကြီးအကဲက ဘယ်လိုလုပ် ရှီဟောင်ဘေးမှာ လိုက်လာတာလဲ..
ဖုန်း..
အကြီးအကဲသည် လက်မြှောက်လိုက်ကာ ဝမ်မိသားစုအကြီးအကဲ၏ လက်ကို ရိုက်ချလိုက်သည်။ ထိုလက်သည် ချက်ချင်းပင် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏စူးရှလှ၏ အော်သံကြီးလည်း ထွက်ပေါ်လာသည်။
ထို့နောက် အကြီးအကဲအရှင်သည် လက်လှည့်လိုက်ကာ သူ ရှီဟောင်အား လုပ်ချင်သည့်ပုံစံအတိုင်း ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ သူ၏လည်ပင်းကို ဆုတ်ကိုင်လိုက်သည်။
“မင်းတို့ ဝမ်မိသားစုတွေက တော်တော်လွန်နေပြီ..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်၏။ ယခုတစ်ခေါက်တွင်တော့ သူ တကယ် ဒေါသထွက်နေခြင်းပင်။
တစ်ချိန်တည်းမှာပင် သူအော်ဟစ်လိုက်သည်နှင့် ထွက်ပြေးရန် ကြိုးစားနေသည့် ကျွမ်းကျင်သူသုံးယောက် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူတို့အားလုံး ယိမ်းယိုင်နေကာ ဤနေရာမှ ထွက်မသွားနိုင်တော့။
“စီနီယာ..” သူတို့ထဲမှတစ်ယောက် တုန်ယင်သည့်အသံဖြင့် အော်လိုက်သည်။
အကြီးအကဲအရှင် ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ ဤသည်မှာ ခန္ဓာကိုယ်အစစ်မဟုတ်။ ဝိညာဉ်ကိုယ်ပွားပင်။ ဤဝိညာဉ်ကိုယ်ပွားသည် ရှီဟောင်အား ကာကွယ်ရန်အတွက် ထာဝရထောက်ပံ့ခြင်းကျောက်စိမ်းထဲမှ ပုန်းနေခဲ့ခြင်းပင်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် အကြီးအကဲအရှင် ရှီဟောင်အား မည်မျှအလေးထားသည်ကို သိနိုင်သည်။ သူက ဘယ်လောက်တောင် အဆင့်အတန်းမြင့်ပြီး မြင့်မြတ်တဲ့သူလဲ .. အခုတော့ သူက ဒီလူငယ်လေးအတွက် ဒီလောက်တောင် လုပ်ပေးနေတယ်..
ဝမ်မိသားစုအကြီးအကဲသည် သိပ်မကြာခင်က အလွန်တည်ငြိမ်နေပြီး အားလုံးမှာ သူ့လက်ခုပ်အတွင်း၌သာရှိသည်ဟု မှတ်ယူထားသော်လည်း ယခုတော့ သူ၏မျက်နှာ ဖြူဖျော့နေလေပြီ။ အကြီးအကဲအရှင်မှ သူ့အား မထားသောကြောင့် သူနည်းနည်းလေးမှပင် လှုပ်၍မရတော့။ သူတို့နှစ်ဦးကြားမှ ကွာခြားချက်မှာ ကြီးမားလှသည်။
ရှီဟောင် ဤလူများအား မကြောက်ပေ။ သူမြောက်ပိုင်းပင်လယ်သို့ ထွက်မလာခင်က အကြီးအကဲအရှင်နှင့် သီးသန့်ဆွေးနွေးခဲ့သည်ပင်။ အခြားသူများ သူ့အား ပစ်မှတ်ထားမည်ကို ကြောက်နေကြောင်း အကြီးအကဲအရှင်အား ပြောပြခဲ့သည်။ နောက်ဆုံးတွင် အကြီးအကဲအရှင်သည် သူ့အား ဤထာဝရထောက်ပံ့ခြင်းကျောက်စိမ်းအပိုင်းအစကို ပေးခဲ့ကာ ဤအရာသည်သူ့ကို ကာကွယ်ပေးလိမ့်မည်ဟု ပြောခဲ့သည်။
ဤထာဝရထောက်ပံ့ခြင်းကျောက်တုံးမှာ အလွန်ထူးခြားလှသည်ပင်။ ဤကျောက်စိမ်းထဲ၌ ဝိညာဉ်ကိုယ်ပွားတစ်ခုကို သိမ်းဆည်းထားနိုင်ပြီး အပြင်လောကမှလူများ ဤသည်ကို သတိပြုမိမည်မဟုတ်။
ရွှီး..
အကြီးအကဲအရှင် လက်ညှိုးထိုးလိုက်သည်နှင့် ကျွမ်းကျင်သူသုံးယောက်၏ ချပ်ဝတ်တန်ဆာ၊ မျက်နှာဖုံးနှင့် အခြားအရာများအားလုံး ပြာမှုန့်ဖြစ်သွားပြီး သူတို့၏ပုံစံအမှန်ပေါ်လာသည်။ သူတို့အားလုံးမှာ အသက်ကြီးကာ မီးခိုးရောင်ဆံပင်ရှိသည့် အသက်ကြီးသည့်မျိုးဆက်များပင်။
“နှမြောစရာပဲ .. ယွမ်ချင်းက ဒီမှာမရှိဘူး..” ရှီဟောင် သက်ပြင်းချလိုက်သည်။
သူသတိထားနေခဲ့သည့်သူမှာ ယွမ်ချင်းပင်။ သို့သော်လည်း ယွမ်ချင်းရောက်မလာပဲ ဝမ်မိသားစုမှ လူများ ရောက်လာလိမ့်မည်ဟု သူမထင်ထားခဲ့။
ကျန်သည့်သုံးယောက်ကိုမူ ရှီဟောင် မသိ။
“မင်းတို့ မိသားစုသုံးခုကလည်း လူတွေကိုလွှတ်လိုက်တာလား .. ဒါက ငါ့ကို တကယ်စိတ်ပျက်စေတာပဲ..” အကြီးအကဲအရှင် မျက်လုံးမှိတ်၍ ပြောလိုက်သည်။
“စီနီယာ .. ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ .. ကျွန်တော်တို့ ဟွမ်ကို အသက်အန္တရာယ်မပေးပါဘူး .. ကျွန်တော်တို့က သူ မြောက်ပိုင်းပင်လယ်ကနေ ဘာရခဲ့လဲဆိုတာပဲ သိချင်တာပါ..” သူတို့ထဲမှတစ်ယောက် အလောတကြီး ရှင်းပြလိုက်သည်။
ရှီဟောင် ကောင်းကင်နတ်ဘုရားကျောင်းအောက်ရှိ ထာဝရလှိုဏ်ဂူမှ ထွက်လာခြင်းမှာ သူတို့၏အာရုံစိုက်မှုကို ရရှိသွားသည်မှာ သေချာသည်။ သူတို့သည် လောဘတကြီးဖြင့် သူ့နောက်လိုက်လာကြခြင်းပင်။
အကြီးအကဲအရှင်သည် မျက်လုံးဖွင့်လိုက်ကာ “မင်းတို့အားလုံး ကိုယ့်အသက်ကိုကိုယ် အဆုံးသတ်လို့ရပြီ .. ငါဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးလိုက်မယ်..”
“ဘာ..” သူတို့သုံးယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူတို့အားလုံးမှာ သာမန်လူများမဟုတ်ကြ။ ရှေးကျကာ စွမ်းအားကြီးသည့်မိသားစုများမှာ ဆင်းသက်လာသည့်သူများပင်။
“မင်းတို့ ဖြတ်လို့မရတဲ့စည်းတွေရှိတယ် .. ငါမင်းတို့မိသားစုတွေနဲ့ ဆက်ဆံရေးမပြတ်ချင်ဘူး .. ဒါပေမဲ့ မင်းတို့လည်း မင်းတို့အပိုင်းကို လုပ်ရမယ် .. ငါ့ကိုဖြေရှင်းချက်ပေး..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။
သူတို့သုံးယောက်လုံး စိတ်ဓာတ်ကျသွားရသည်။ အကြီးအကဲအရှင်၏ ရည်ရွယ်ချက်ကို သူတို့နားလည်သည်။ ဤသည်မှာ မျောက်ကို သတိပေးရန်အတွက် ကြက်ပေါက်များကို သတ်လိုက်ခြင်းပင်။
သူတို့သုံးယောက်လုံးကို ကြီးမြတ်သည့်ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်၍ရသည်။ အထက် ကောင်းကင်ဘုံကိုးခုမှာပင် သူတို့အဆင့်အတန်း အလွန်မြင့်သည်ပင်။ သို့သော် ယခုတော့ သူတို့ဘဝ ဤနေရာ၌ အဆုံးသတ်တော့မည်။
“မင်းတို့ ကိုယ့်ဘာသာကိုယ် မလုပ်ချင်ဘူးလား..” အကြီးအကဲအရှင် မေးလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် ဖူး ဖူး ဖူး အသံ သုံးကြိမ်ထွက်ပေါ်လာသည်။ အကြီးအကဲအရှင်သည် နတ်ဓားတစ်လက် ပြုလုပ်လိုက်ပြီး သူတို့အား အလင်းမိုးဖြစ်အောင် ပြုလုပ်လိုက်ကာ ပြာမှုန့်များဖြစ် ပြောင်းလဲလိုက်ခြင်းပင်။
ဤသည်မှာ အညှာအတာမဲ့လွန်းသည်ပင်။
“ခင်ဗျား..” ဝမ်မိသားစုအကြီးအကဲ၏ အမူအရာ ဖြူဖျော့သွားကာ သူ၏အရေးအကြောင်းများပင် တုန်ခါလာသည်။
ဖုန်း..
အကြီးအကဲအရှင် လက်တစ်ဖက်လှည့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ပိုင်း ပြာမှုန့်ဖြစ်သွားသည်။ သူနှင့်စကားများများပြောစရာမလိုတော့ဘူးဟု ခံစားလိုက်ရသောကြောင့်ပင်။ သူခေါင်းတစ်လုံးသာ ကျန်တော့သော်လည်း မူလဝိညာဉ်မရှိတော့။
သူ အသတ်ခံလိုက်ရလေပြီ။
“အား..” ဝမ်မုန့်လုံ အလွန်ကြောက်ရွံ့နေပြီး သူ့တစ်ကိုယ်လုံး အေးစက်နေလေပြီ။ အကြီးအကဲအရှင်သည် ခမ်းနားကာ သီးသန့်နေတတ်သည့်သူဖြစ်သော်လည်း သူသည် မျက်တောင်တစ်ချက်မခတ်ပဲ ကျွမ်းကျင်သူလေးယောက်ကို သတ်လိုက်လေပြီ။
ရှီဟောင် အရှေ့ဘက်သို့ လျှောက်လာလိုက်သည်။ သူလက်သီးထိုးလိုက်သည်နှင့် စွမ်းအားကြီးသည့်လေများတိုက်ခတ်လာပြီး ကောင်းကင်ကြီးပင် တုန်ခါသွားသည်။
ဝမ်မုန့်လုံ သူ့ကိုယ်သူ ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူသည် ရှီဟောင်၏ပြိုင်ဘက်မဟုတ်သည်ကို သူသိသည်ပင်။ သူအသတ်ခံရသည်ကို သူကိုယ်တိုင် ပြန်ကြည့်ရတော့မည်။
ဖူးဟူသည့်အသံနှင့်အတူ ဒေါသတရားများပြည့်နေသည့် လက်သီးချက်ကြောင့် သူအပိုင်းပိုင်းအစစဖြစ်သွားသည်။ သူ့ရှေ့၌ ကာထားသည့်လက်မှာ ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားလေသည်။ သူ့အသက် ဤနေရာ၌ အဆုံးသတ်သွားပြီး ပျက်စီးနေသည့် အလောင်းတစ်လောင်းသာ ရှိတော့သည်။
“သွားမယ် .. ဝမ်မိသားစုကိုသွားမယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် အလင်းမြူများ သိပ်သည်းလာကာ ဝမ်မိသားစု၏ ပျက်စီးနေသည့်အလောင်းနှစ်လောင်းကို ဝန်းရံသွားသည်။ သူတို့ ဤအလောင်းများကို သူတို့ကလန်သို့ ယူသွားမည်။
“အကြီးအကဲအရှင်..” ရှီဟောင် တုန်လှုပ်သွားရသည်။ သူပါးစပ်ဟပြီး တစ်ခုခု ပြောလိုက်ချင်သည်။ အကြီးအကဲအရှင် သူ့အတွက် လုပ်ပေးသည်မှာ အတော်လေးများနေလေပြီ။ ယခု သူသည် ဝမ်မိသားစုကိုပင် ကျူးကျော်တော့မည်။
“ဘာမှပြောစရာမလိုဘူး .. တစ်ချို့လူတွေကို သူတို့ကျော်လို့မရတဲ့စည်း၊ သူတို့ထိလို့မရတဲ့သူရှိတယ်ဆိုတာ နားလည်အောင်လုပ်ပေးရမယ် ..” အကြီးအကဲအရှင် ပြတ်သားစွာ ပြောလိုက်သည်။
ဝူး..
ကောင်းကင်လေများ တိုက်ခတ်လာပြီး အကြီးအကဲအရှင်သည် ရှီဟောင်အားခေါ်ကာ ရှေးကျပြီး စွမ်းအားကြီးသည့်သက်ရှည်မိသားစုထံသို့ ဦးတည်သွားလေသည်။
ရှီဟောင် စိတ်လှုပ်ရှားလာကာ သူ၏သွေးများလည်း ဆူပွက်လာသည်။ အကြီးအကဲအရှင်က သူ့အတွက်နှင့် ဝမ်မိသားစုထံသို့ ဦးတည်သွားနေသည်။ သူသည် မသေမျိုးသက်ရှည်မိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်တော့မည်။
အပိုင်း ၁၅၀၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၆ – အကြီးအကဲအရှင်၏ ခွန်အား
လေပြင်းများ တိုက်ခတ်နေသည်။
အကြီးအကဲအရှင်သည် ပန်တစ်ကောင်ကဲ့သို့ အောက်ဘက်သို့ ထိုးဆင်းနေသည်။ သူလမ်းလျှောက်လိုက်လျှင် ခြေလှမ်းတစ်လှမ်းမှာ လီပေါင်းထောင်ပေါင်းများစွာသို့ ရောက်သွားသည်။ သူ၏အရှိန်မှာ မယုံကြည်နိုင်လောက်အောင်ပင် လျင်မြန်လှသည်။
ထို့အပြင် ဤသည်မှာ သူ၏အမြန်ဆုံးမဟုတ်သေး။ သူအရှိန်တင်နေဆဲပင်။ ဤသည်မှာ ရှီဟောင်အား တုန်လှုပ်သွားစေသည်ပင်။ အကြီးအကဲအရှင် အဘယ်ကြောင့် နံပါတ်တစ်ကျွမ်းကျင်သူဖြစ်နေသည်ကို သူ နားလည်သွားလေပြီ။
ဤကဲ့သို့သော အရှိန်သည် အချိန်ကိုနှောက်ယှက်နေသည်ပင်။ သူ၏ပတ်လည်၌ အချိန်အပိုင်းအစများ ပျံသန်းနေသည်။ နေ၊ လနှင့် ကြယ်များပင် လှုပ်ရှားနေသည်ပင်။
သူတို့သည် ပစ်မှတ်သို့ အလောတကြီး ဦးတည်နေကြခြင်းသာဖြစ်သော်လည်း ဤကဲ့သို့သော အံ့အားသင့်စရာကောင်းသည့် အဖြစ်အပျက်များ ဖြစ်နေလေပြီ။
အကြီးအကဲအရှင်သည် ရှီဟောင်အားခေါ်ကာ ဝမ်မိသားစုထံသို့သာ အလောတကြီး ဦးတည်သွားသည်။
ဝမ်မိသားစုသည် အနန္တကောင်းကင်၌သာ ရှိသောကြောင့် သူတို့ နယ်ခြားနံရံကို ဖြတ်စရာမလို။ ထို့ကြောင့်ပင် သူနှင့်အကြီးအကဲအရှင် အလျင်အမြန် ရောက်လာနိုင်ခြင်းပင်။
သာမန်လူများအတွက် ဤသည်မှာ အလွန်ခက်ခဲမည်ပင်။ အဘယ်ကြောင့်ဆိုသော် လမ်းကြောင်းမှာ လီပေါင်း သန်းရာပေါင်းများစွာရှိသည်ပင်။
ဝုန်း..
ခဏကြာပြီးသည့်နောက် အကြီးအကဲအရှင်သည် သူ၏အင်္ကျီလက်ကို ဝေ့ရမ်းကာ လေဟာနယ်ကို ဖျက်ဆီးလိုက်ပြီး ထိုထဲမှ ထွက်လာသည်။ သူတို့ ကမ္ဘာမြေပေါ်သို့ ရောက်လာလေပြီ။
ဤသည်မှာ လျင်မြန်လွန်းလှသည်။ ခရီးတိုလေးတစ်ခုဖြင့်ပင် သူတို့ အနန္တကောင်းကင်၏ အခြားတစ်ဖက်သို့ ရောက်လာလေပြီ။
ရှီဟောင် စိတ်ထဲ၌ ဆွံ့အနေမိသည်။ သူတစ်ယောက်တည်းသာသွားလျှင် ရွှေ့ပြောင်းခြင်းအစီအရင်ပေါင်းများစွာကို အသုံးပြုရမည်ပင်။ သူအလောတကြီး လာလျှင်ပင် ရက်ပေါင်းများစွာကြာသွားလိမ့်မည်။
အရှေ့ဘက်တွင် မြွေနဂါးများ ထွက်ပေါ်နေကာ တောင်များထဲ၌ ချီလင်းများ လဲလျောင်းနေသည်။ ဖီးနှစ်များလည်း ပျံသန်းနေကြကာ အံ့အားသင့်စရာကောင်းသည့်စွမ်းအင်များ ထွက်ပေါ်နေသည်။
မြွေနဂါးများမှာ နဂါးအစစ်မဟုတ်ပေ။ ဤသည်မှာ ကြီးမားသည့် တောင်များပင်။ တောင်များသည် တစ်လုံးနှင့်တစ်လုံးဆက်နေကာ အဖြူရောင်ထာဝရမြူများ ရစ်ဆိုင်းနေသောကြောင့် မြွေနဂါးများနှင့်တူနေသည်။
တောင်ထိပ်များမှာ ခရမ်းရောင်စွမ်းများ ထွက်ပေါ်နေကာ ချီလင်း လဲလျောင်းသည်နှင့် တူနေသည်။ နေရာတိုင်း၌ မြက်ပင်များပေါက်နေကာ ဤနေရာတစ်ခုလုံး အံ့အားသင့်စရာကောင်းသည့်ခံစားချက်များပေးနေသည်ပင်။
ဤသည်မှာ အနန္တကောင်းကင်၏ နာမည်အကြီးဆုံး တောင်ထိပ်များထဲမှ တစ်ခုပင်။ ဤတောင်ကို ဝမ်မိသားစုပိုင်ကာ သက်ရှည်ဝမ်နန်းတော်ဟုလည်း ခေါ်ကြသည်။
ယခင်က ဤနေရာ၌ သက်ရှည်မိသားစုများ ထွက်ပေါ်ခဲ့သည်။ ထာဝရရှေးဟောင်းခေတ်၌ ဤကလန်က ထိပ်ဆုံး၌ ရောက်ခဲ့ပြီး ယခုအချိန်ထိ ခမ်းနားကြီးကျယ်နေဆဲပင်။
အချိန်များစွာ ကြာသွားပြီဖြစ်သော်လည်း မည်သူမှ ဤနေရာ၌ ပြဿနာမရှာရဲကြ။ အခြားသက်ရှည်မိသားစုများပင်လျှင် သူတို့အား ရန်မစရဲပေ။
“ဘယ်သူလဲ..”
အကြီးအကဲအရှင်တို့ ရောက်လာသည်နှင့် အရှေ့ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။
ကျန်းတစ်ရာရှည်သည့် ခရမ်းရောင်လူဝံကြီးတစ်ကောင်ရောက်လာသည်။ သူ၏လက်ထဲတွင် စစ်လှံတံတစ်ခုကို ကိုင်ထားသည်။ သူရောက်လာသည်နှင့် မြေကြီးပင် တုန်ခါသွားသည်။
သူ၏ခရမ်းရောင်အမွေးများ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေသည်။ ဤသည်မှာ အလွန်ကြမ်းတမ်းသည့်မျိုးနွယ်စုပင်။
“ဘေးဖယ်..” အကြီးအကဲအရှင် ကြိမ်းမောင်းလိုက်သည်။
“ရဲတင်းလိုက်တာ .. ငါ့ရဲ့ဝမ်မိသားစုဆီကို ရောက်လာပြီးတော့ အထဲကို ကျူးကျော်ရဲသေးတာလား .. အသက်ရှင်နေရတာပင်ပန်းနေလို့လား..” ခရမ်းရောင်လူဝံကြီး အော်ဟစ်လိုက်သည်နှင့် ကျောက်တုံးများနှင့် အမှိုက်များ လေထဲသို့ မြှောက်တက်သွားသည်။ ကမ္ဘာမြေကြီး လှုပ်ရှားလာပြီး တောင်များပင် ယိမ်းယိုင်သွားသည်။
“ရဲတင်းတဲ့စကားတွေ .. ဒီနေရာနဲ့ ဝမ်မိသားစုနဲ့က လီရှစ်ရာဝေးသေးတယ် .. အဲဒါကို မင်းက ငါတို့ကို လာပြီးတော့ တားချင်နေတာလား..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။
သူဤနေရာသို့ ဆင်းလာရခြင်းမှာ တစ်ခုခုမှားယွင်းနေသည်ကို သိနေသောကြောင့်ပင်။ ဤနေရာတွင် အစီအရင်တစ်ခုရှိနေသည်။ ထိုအစီအရင်မှာ အလွန်ကြောက်စရာကောင်းလှပြီး အဆင့်လွန်ပုဂ္ဂိုလ်များဆက်မသွားနိုင်အောင် တားဆီးထားသည်။
“ဟားဟား..” ခရမ်းရောင်လူဝံကြီး ထူးဆန်းသည်ပုံစံဖြင့် ရယ်မောလိုက်သည်။ “ဝမ်မိသားစုရဲ့ လီတစ်ထောင်ပတ်လည်အတွင်းမှာ လေးစားသမှုနဲ့ လမ်းပဲလျှောက်ရမယ်ဆိုတာ အားလုံးသိတယ် .. ခင်ဗျားက ဒီလိုမျိုးစော်ကားရဲတယ်ပေါ့..”
“မောက်မာနေတဲ့မျောက်..” အကြီးအကဲအရှင် မျက်နှာပျက်သွားသည်။ သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုသည်နှင့် အလွန်စွမ်းအားကြီးသည့်လူဝံကြီး အော်ဟစ်ကာ ပါးစပ်ထဲမှ သွေးအန်လာသည်။ ထို့နောက်တွင် သူသည် လီပေါင်းထောင်ပေါင်းများစွာသို့ လွင့်ထွက်သွားလေသည်။
“ဘုရားရေ .. ဘယ်လို မကောင်းဆိုးဝါးကြီး ရောက်လာတာလဲ..” ဤသည်မှာ သူ လီပေါင်းများစွာဝေးသည့် ကျောက်တောင်နှင့် ရိုက်မိပြီး သတိမလစ်ခင် တွေးလိုက်မိသည့်နောက်ဆုံးအတွေးပင်။
လူဝံကြီးသည် ဟင်းလင်းပြင်တာအိုနယ်ပယ်၏ ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်ပြီး မကြာခင် အဆင့်တက်တော့မည်။ သို့သော်လည်း အကြီးအကဲအရှင်ရှေ့တွင် သူသည် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ လွင့်ထွက်သွား၏။ သူတို့က ဘယ်လောက်တောင်ကွာခြားနေတာလဲ..
လီရှစ်ရာအစီအရင်မှာ အလွန်အံ့အားသင့်စရာကောင်းလှသည်။
အကြီးအကဲအရှင်ပင်လျှင် အထဲဘက်သို့ ခြေချပြီးသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သေစေလောက်သည့် အစီအရင်ကြီးပင်။ သာမန်လူများသာဝင်လာက သေချာပေါက် သေသွားမည်ပင်။
အဆင့်လွန်သက်ရှိများပင်လျှင် ဤနေရာသို့ ရောက်သည်နှင့် တွေဝေသွားမည်ပင်။
အကြီးအကဲအရှင်သည် ရှီဟောင်အား အစီအရင်ထဲသို့ ခေါ်သွင်းပြီးသည်နှင့် ရှီဟောင်အား တစ်ခဏခန့် လေ့လာလိုက်သည်။ ထို့နောက် သူသည် အရှေ့ဘက်သို့ ဆက်လျှောက်သွားလိုက်လေ၏။
လေပြင်းများ တိုက်ခတ်လာသကဲ့သို့ ဂျင်ပေါင်း တစ်ထောင်ကျော်လေးသည့် ကျောက်တုံးများလည်း နေရာတိုင်း၌ လွင့်ပျံနေသည်။ ရှေးသစ်ပင်များလည်း အမြစ်မှကျွတ်ထွက်ကာ တိမ်ထိသို့ပင် ရောက်နေလေပြီ။
အကြီးအကဲအရှင် ဤနေရာအား တမင်သက်သက် ဖျက်ဆီးနေသည်မဟုတ်။ သို့သော်လည်း ဤနေရာမှာ အန္တရာယ်များသည့်နေရာဖြစ်သည်။ အစီအရင်ကို နားလည်ပြီး ဤနေရာအားချိုးဖျက်နိုင်မှသာ အထဲဘက်သို့ ဆက်ဝင်နိုင်မည်ပင်။
သူသည် တွေဝေမနေပဲ သူ့ရှေ့တွင်ရှိနေသမျှ အရာအားလုံးကို ဖျက်ဆီးလိုက်ကာ အရှေ့ဘက်သို့ ဆက်တိုးသွားလိုက်သည်။ သူ၏ခြေထောက်အောက်တွင် သင်္ကေတများစွာ ထွက်ပေါ်လာ၏။
ဝုန်း..
အကြီးအကဲအရှင် ဖြတ်လျှောက်လာသည်နှင့် အဆုံးမရှိသည့်လျှပ်စီးများ ထွက်ပေါ်လာပြီး ကောင်းကင်ကို ရိုက်ခတ်လာသည်။ ဤသည်မှာ နောက်ဆုံးအဆုံးအဖြတ်နေ့ ရောက်ရှိလာသကဲ့သို့ပင်။
သူ့နောက်တွင် မြေကြီးများ အက်ကွဲလာပြီး ချော်ရည်များ ကောင်းကင်ထက်သို့ လျှံတက်သွားသည်။
အစီအရင်မှာ အလွန်အံ့အားသင့်စရာကောင်းလှသည်။ အကြီးအကဲအရှင်ကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် တည်ငြိမ်စွာ ရှေ့မဆက်နိုင်ပဲ ဤကဲ့သို့သော မြင်ကွင်းများ ဖြစ်ပေါ်လာသည်။ သူသည် မှော်စွမ်းအားများကို အလွန်အကျွံ သုံးနေရခြင်းပင်။
သားရဲများစွာ ဟစ်ကြွေးနေပြီး ငှက်များလည်း စူးရှစွာ အော်နေကြသည်။
လီပေါင်းရှစ်ရာမှာ သာမန်လူများအတွက် အလွန်ဝေးသော်လည်း အကြီးအကဲအရှင်အတွက်မူ တစ်ခဏလေးနှင့် ဖြတ်နိုင်သည်ပင်။ သူ အစီအရင်အား အောင်မြင်စွာ ဖြတ်နိုင်သွားလေပြီ။
“ဘယ်သူက ဝမ်မိသားစုရဲ့ အင်အားကို ရန်စရဲတာလဲ..” ကောင်းကင်ထက်မှ အသံတစ်သံ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။. ထို့အပြင် စွမ်းအားကြီးသည့်လေများလည်း တိုက်ခတ်လာသည်ပင်။
လေများမှာ ပြင်းထန်လွန်းလှသောကြောင့် အောက်ဘက်ရှိတောင်များပင် တုန်ခါသွားသည်။ ဂျင်ပေါင်းတစ်သောင်းကျော်လေးသည့် ကျောက်တုံးများလည်း ဆန်စေ့ကဲ့သို့ လွင့်ထွက်သွားသည်။
အလွန်ကြီးမားသည့် ရွှေရောင်ခန္ဓာကိုယ်ရှိသည့် နတ်ငှက်တစ်ကောင် သူ၏အတောင်ပံများကို ခတ်လိုက်ခြင်းပင်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်ငှက်ဖြစ်ပြီး သူ၏မျက်လုံးမှ အေးစက်သည့်အလင်းတန်းများ ထုတ်လွှတ်နေသည်။
“ရွှေရောင်အတောင်ပံပန်..” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤသည်မှာ သာမန် ရွှေရောင်အတောင်ပံပန်မဟုတ်။ ဤအကောင်၏သွေးမျိုးဆက်မှာ အလွန်သန့်စင်လှသည်ပင်။ ထို့အပြင် သူ၏ကျင့်ကြံဆင့်မှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားလှသည်။
“ဒီအသက်အရွယ်နဲ့ အဆင့်လွန်သက်ရှိတစ်ဝက်ရောက်နေပြီဆိုတော့ မရိုးရှင်းဘူးပဲ..” အကြီးအကဲအရှင် ခေါင်းညိမ့်လိုက်သည်။
“ခင်ဗျား ဘယ်သူလဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး .. ဝမ်မိသားစုရဲ့ အရေးကြီးတဲ့နေရာတွေကို ကျူးကျော်လာတာက ပြင်းထန်တဲ့ပြစ်မှုပဲ .. ခင်ဗျား ကိုယ့်ခြေလက်ကို ကိုယ့်ဘာသာကိုယ် ချုပ်နှောင်ပြီးတော့ ခွင့်လွှတ်မှုကို တောင်းခံမလား .. ဒါမှမဟုတ် ခင်ဗျား ဝမ်မိသားစုရဲ့ အမျက်ဒေါသကို ခံယူမလား..” ရွှေရောင်အတောင်ပံပန်မှ အော်ဟစ်လိုက်သည်။
“ဒီ လီရှစ်ရာစာ တောင်နဲ့ချိုင့်ဝှမ်းတွေက ဘယ်တုန်းက ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှုဖြစ်သွားတာလဲ ..” အကြီးအကဲအရှင် ရွှေရောင်အတောင်ပံပန်ကို ကြည့်ပြီး ပြောလိုက်သည်။ “မင်းကျင့်ကြံဖို့ မလွယ်တာကို စဉ်းစားပေးလိုက်မယ် .. မင်းမြန်မြန်နောက်ပြန်ဆုတ်သွားလိုက်တော့ .. မင်းကိုယ်မင်း ပြဿနာအဖြစ်မခံနဲ့..”
ရွှေရောင်အတောင်ပံပန်သည် ဒေါသကြီးကာ အလွန်လွှမ်းမိုးလိုစိတ်ကြီးသည့်သူပင်။ ယခု တစ်စုံတစ်ယောက်မှ သူ့အား ဤကဲ့သို့ အထင်သေးလာသည့်အချိန်တွင် သူသည် ရွှေရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်ပြီး သူ၏လက်သည်းကြီးများကို ရှီဟောင်နှင့် အကြီးအကဲအရှင်ထံသို့ ဦးတည်လိုက်သည်။
ဝုန်း..
ဘေးပတ်လည်တွင်ရှိနေသည့် ကျောက်တုံးကြီးများသည် ဖိအားဒဏ်ကို မခံနိုင်ပဲ ပေါက်ကွဲသွားကြသည်။
ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။ ဒီနတ်ငှက် အရမ်းကြောက်ဖို့ကောင်းတာပဲ .. သူ၏စွမ်းအားမှာ လကိုပင် ပေါက်ကွဲသွားအောင် လုပ်နိုင်လောက်သ်ည။
သို့သော်လည်း အကြီးအကဲအရှင်မှာ အလွန်တည်ငြိမ်နေဆဲပင်။ သူသည် ထိုနေရာ၌ ရပ်နေကာ လီပေါင်းများစွာရှည်သည့် ရွှေရောင်အတောင်ပံပန်ကို ရင်ဆိုင်ရန်အတွက် သူ၏ညာလက်ကိုသာ ဆန့်တန်းလိုက်သည်။
ကောင်းကင်ထက်၌ ရွှေရောင်နတ်အလင်းတန်းများ ပြည့်နှက်သွားသည်။ ပန်သည် သူ၏ခွန်အားကို ပြသကာ တောင်များနှင့် မြစ်များ တုန်ခါသွားအောင် လုပ်လိုက်သည်။
ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။
သို့သော် ပို၍ ထိတ်လန့်စရာကောင်းသည့်တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။ လီပေါင်းများစွာ ရှည်လျားသည့် ပြိုင်ဘက်ကင်းပန်သည် အောက်ဆင်းလာသည်နှင့် တစ်ဖြည်းဖြည်း ကျုံ့သွားလေသည်။
အကြီးအကဲအရှင် လက်ဝါးထဲသို့ ရောက်သွားသည့်အချိန်တွင် သူသည် လက်တစ်ဝါးစာသာ ရှိတော့သည်။ သူသည် လက်ဝါးထဲ၌ ပိတ်ခံထားရပြီး သူအတောင်ပံများ ခတ်နေသော်လည်း မပျံသန်းနိုင်တော့။
သူ၏ခြေသည်းများနှင့် လက်ဝါးထိမိသွားသည့်အချိန်တွင် မီးပွားများ လွင့်စင်လာသည်။ နောက်ဆုံး သူ၏လက်သည်းခြေသည်းများမှ သွေးထွက်လာမှသာ သူနောက်ဆုတ်လိုက်ကာ ဘာမှမလုပ်ရဲတော့။
ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ ရွှေရောင်အတောင်ပံပန်က ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ … သို့သော်လည်း ဤသည်မှာ အကြီးအကဲအရှင်ရှေ့တွင် ဘာမှအသုံးမဝင်တော့။ သူသည် ဤကဲ့သို့ပင် ဖိနှိပ်ခံလိုက်ရသည်။
သို့သော် ဤငှက်က ဉာဏ်ကောင်းသည်ပင်။ သူသည် သွေးဆူလွယ်သော်လည်း ယခုအချိန်တွင် အရာအားလုံးကို နားလည်သွားလေပြီ။ ဤသည်မှာ သူ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် မြင်တွေ့နေကြလူများမဟုတ်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်သူပင်။
ယခင်ကတော့ သူသည် ဝမ်မိသားစုနာမည်ကိုသုံးကာ တစ်ဖက်လူကို ခြိမ်းခြောက်၍ရသည်။ သို့သော် ဤလူကတော့ ဝမ်မိသားစုကို မကြောက်သည့်ပုံပင်။
“မင်းရဲ့ဘိုးဘေး ခွန်ပန်က ဘယ်လောက်တောင်မှ ရဲရင့်ခဲ့သလဲ .. အခုတော့ ဒီအဆင့်ထိတောင် နိမ့်ကျသွားပြီလား .. တစ်ခြားမိသားစုတစ်ခုရဲ့ ခြံစောင့်ခွေးတောင် ဖြစ်သွားပြီပေါ့ .. သနားစရာကောင်းလိုက်တာ..” အကြီးအကဲအရှင် ပြောလိုက်သည်။ ထို့နောက် သူ၏လက်မှ အလင်းလေးထွက်ပေါ်လာသည်နှင့် ရွှေရောင်အတောင်ပံပန် ချက်ချင်း သတိလစ်သွားသည်။
“ဘယ်သူက ငါ့ရဲ့ဝမ်မိသားစုကို ကျူးကျော်တာလဲ..”
လီပေါင်း ဒါဇင်ပေါင်းများစွာဝေးသည့်နေရာတွင် ကြီးမားလှသည့် အဆောက်အဦးတစ်ခုရှိနေသည်။ ထိုကြီးမားလှသည့် အဆောက်အဦးရှေ့၌ လူတစ်ယောက်ထိုင်နေသည်ပင်။
ဝုန်း..
အကြီးအကဲအရှင် ဝမ်မုန့်လုံ၏ ပျက်စီးနေသည့် ခန္ဓာကိုယ်နှင့် သူတို့ကလန်အကြီးအကဲ၏ ခေါင်းကို ပစ်လွှတ်လိုက်သည်။ ထိုအလောင်းများသည် အလှဆင်ထားသည့်အမိုးခုံးကို တိုက်မိသွားကာ ထိုနေရာ ချက်ချင်းပျက်စီးသွားကာ လေထဲသို့ ဖုန်မှုန့်နှင့် အမှိုက်များ တက်လာသည်။
အပိုင်း ၁၅၀၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၇ – လောကကြီးကို တုန်လှုပ်စေသည့် ကျွမ်းကျင်သူ
အလှဆင်ထားသည့် မုခ်ဦးပျက်စီးသွားကာ ကျောက်တုံးကြီးများလိမ့်ဆင်းလာသည်။
ထိုနေရာတွင် ထိုင်နေသည့် ကျွမ်းကျင်သူ မတ်တပ်ရပ်လိုက်ကာ သူသည် အေးစက်နေသည့်မျက်လုံးများဖြင့် အကြီးအကဲအရှင်အား ကြည့်လိုက်သည်။ တစ်ယောက်ယောက်က ဒီလိုမျိုး မလေးမစားမလုပ်ရဲတာ ဘယ်နှစ်နှစ်တောင်ရှိနေပြီလဲ..
ဤနေရာသည် မည်သည့်နေရာဖြစ်သနည်း .. ဤသည်မှာ ဝမ်မိသားစု၊ သက်ရှည်မိသားစုပိုင်ဆိုင်သည့်နေရာပင်။ မည်သူကများ ဤကဲ့သို့ ပြုမူရဲမည်နည်း..
သို့သော် ယနေ့တွင်တော့ တစ်စုံတစ်ယောက်သည် ဦးခေါင်းတစ်ခုနှင့် ပျက်စီးနေသည့်အလောင်းတစ်လောင်းယူလာကာ ဝမ်မိသားစု၏ အလှဆင်ထားသည့် မုခ်ဦးထံသို့ ပစ်ထည့်လိုက်သည်။ ဤသည်မှာ သူတို့အား ရန်စလိုက်ခြင်းပင်။
“ခင်ဗျားက အရမ်းတွေ သန်မာနေတာလား .. ဒါပေမဲ့ ခင်ဗျား ကျုပ်ရဲ့ဝမ်မိသားစုကို ရန်စချင်နေတာဆိုရင်တော့ ခင်ဗျား ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသွားပြီ.. ခင်ဗျားက ကိုယ့်ဒုက္ခကိုကိုယ်ရှာနေတာပဲ..” ထိုလူပြောလိုက်သည်။ ဤသည်မှာ အရပ်ရှည်သည့် လူလတ်ပိုင်းအမျိုးသားတစ်ယောက်ပင်။
“နောက်ဆုံးတော့ သားရဲကောင်အစား လူရောက်လာပြီပဲ..” အကြီးအကဲအရှင်ပြောလိုက်သည်။ ထို့နောက် သူသည် ရှီဟောင်အားခေါ်ကာ ထိုအပျက်အစီးထံသို့ သွားလိုက်သည်။
သူတို့ရှိနေသည့်နေရာမှ ကြည့်မည်ဆိုလျှင် အဆုံးမရှိသည့် နဂါးစွမ်းအင်များကို တွေ့ရလိမ့်မည်။ တောင်တစ်လုံးစီတွင် များပြားလှသည့် ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသည်။
ဤတောင်တစ်လုံးစီတိုင်းမှာ အပြင်လောကတွင် အလွန်အဖိုးတန်သည့်တောင်များပင်။ သို့သော် ဤနေရာတွင်တော့ ဤကဲ့သို့သော တောင်မျိုး တစ်သောင်းကျော်ရှိနေသည်။
တောင်ထိပ်များတွင် ထာဝရမြူများ ရစ်ဆိုင်းနေသည်ပင်။
တောင်များမှာ မျက်စိတစ်ဆုံးမမြင်ရအောင်ပင်။ ငွေရောင်ရေတံခွန်များ စီးကျနေသလို မျောနေသည့်ကျွန်းများလည်း ရှိနေသည်။ ငှက်များနှင့် သားရဲများလည်း လှည့်လည်သွားလာနေကြသည်။ ဤသည်မှာ ထာဝရမိသားစု၏ သန့်စင်သည့်နယ်မြေပင်။
ဤသည်မှာ နာမည်ခံ ထာဝရမြေမဟုတ်။ ထာဝရမြေအစစ်ပင်။
အဘယ်ကြောင့်ဆိုသော် ထာဝရရှေးဟောင်းခေတ်တွင် ဤနေရာမှ သက်ရှည်သက်ရှိများ ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ ရှေးကတည်းကရှိနေခဲ့သည့် သူတို့၏ ထာဝရတာအို သန့်စင်သည့်နယ်မြေပင်။
အပြင်ဘက်လောကမှလူများ ဤကဲ့သို့သော သန့်စင်သည့်မြေမျိုးကို ရှာတွေ့လိုပါက သူတို့ မြေကြီးကို တူးကာ ရှေးမှလူများ ချန်ထားခဲ့သည့် ရှေးဟောင်းဂူများကို ဖွင့်နိုင်မှ ရှာတွေ့နိုင်လိမ့်မည်။
လူလတ်ပိုင်းအမျိုးသားမှ တိုက်ခိုက်လာသည်။ သူသည် ပြင်းထန်သည့်ရိုက်ချက်တစ်ခုအား ချက်ချင်း အသုံးပြုလိုက်သည်။ ဓားအလင်းများမှာ သက်တံ့ကဲ့သို့ ကောင်းကင်ထက်မှ တစ်စင်ပြီးတစ်စင်း ကျဆင်းလာသည်။ သူသည် အကြီးအကဲအရှင်အား သေအောင်လုပ်ချင်နေခြင်းပင်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ အလင်းတန်းများ ပေါ်လာလေ၏။
ဘုန်း..
ဤတိုက်ခိုက်မှုကို အကြီးအကဲအရှင် လက်တစ်ဖက်မြှောက်၍သာ ရင်ဆိုင်လိုက်သည်။ သူလက်မြှောက်လိုက်သည်နှင့် ဓားအလင်းများမှာ လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ အရောင်မှေးမှိန်လာကာ လျင်မြန်စွာ ငြိမ်းသတ်သွားသည်။
ထို့နောက် သူလက်ဆန့်တန်းလိုက်ကာ ထိုလူအား တစ်ချက်တည်းဖြင့် ဖမ်းဆီးလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းများကို ညင်သာစွာ စုတ်လိုက်သည်နှင့် ဤအလွန်စွမ်းအားကြီးသည့် ကျင့်ကြံသူသည် သွေးများစွာအန်လာကာ ထိုနေရာတွင်ပင် ပေါက်ကွဲလုမတတ်ဖြစ်ခဲ့သည်။
အကြီးအကဲအရှင် သူ့အားညှာတာကာ မြေပြင်ပေါ်သို့ ပြန်လွှတ်ပေးလိုက်သည်။
အနောက်ဘက်တွင်ရှိနေသည့် လူငယ်အချို့ ဤမြင်ကွင်းကိုမြင်သွားကာ အားလုံး တုန်လှုပ်သွားရသည်။ ဒီအကြီးအကဲက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ .. စွမ်းအားကြီးတဲ့ကျွမ်းကျင်သူတစ်ယောက်ကိုတောင် လက်တစ်ဖက်တည်းနဲ့ အနိုင်ယူလိုက်တာ..
သိထားရမည်မှာ ဤလူလတ်ပိုင်းအမျိုးသားသည် သူတို့စိတ်ထဲတွင် ဖယ်ရှား၍မရနိုင်သည့် တောင်ကြီးတစ်လုံးပင်။ သို့သော် ယခုတော့ သူသည် လွယ်လွယ်ကူကူပင် ရှုံးနိမ့်သွားလေပြီ။
“ရန်သူ တိုက်ခိုက်လာတယ်..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အမှန်တကယ်၌ သူတို့ ဘာမှမလုပ်လျှင်ပင် တောင်ဂိတ်တံခါး၌ ရှိနေသည့်သူများမှာ ဤမြင်ကွင်းကို မြင်ပြီးသွားပြီပင်။ သူတို့သည် စစ်ခရာမှုတ်လိုက်ပြီး အထဲဘက်သို့ သတင်းပို့လိုက်သည်။
အလှဆင်ထားသည့် မုခ်ဦးမှာ သတိပေးသည့်နေရာတစ်ခုထက် မပိုပေ။ ထိုမုခ်ဦးရှေ့တွင်မှ တောင်ဂိတ်တံခါးအစစ် ရှိနေခြင်းပင်။ အထဲဘက်သို့ သွားသည့်လမ်းကို ပိတ်ထားသည့် ခမ်းနားသည့်နန်းတော်ကြီးတစ်ခု ရှိနေသည်ပင်။
ဤနန်းတော်မှာ အလွန်ကြီးမားကာ ခမ်းနားလှသည်။ ဤသည်မှာ သတ္တုတစ်မျိုးဖြင့် လုပ်ထားသည်ပင်။ ထိုနန်းတော်ကြီးသည် ကောင်းကင်ထက်မှ ကြယ်များကဲ့သို့ ငွေဖြူရောင်အလင်းများ တောက်ပနေသည်။
“ကြယ်နန်းတော်..”
ဤသည်မှာ ဝမ်မိသားစု၏ အရေးပါသည့်နေရာပင်။
“ဘိုးဘေး .. ကိစ္စတွေက ဆိုးဝါးနေပါပြီ..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ သူသည် လူလတ်ပိုင်းအမျိုးသားနှင့်အတူ ဝမ်မုန့်လုံ၏ ပျက်စီးနေသည့်အလောင်းနှင့် အကြီးအကဲခေါင်းကို သယ်လာကာ ကြယ်နန်းတော်ထဲသို့ ဝင်လာသည်။
“မင်းက ဘာတွေ ထိတ်လန့်နေတာလဲ..” အကြီးအကဲ အော်ဟစ်လိုက်သည်။ “ဒါက ငါ့ကလန်က လူတွေလား..” သူမျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ဟုတ်ပါတယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ဝုန်းဟူသည့်အသံနှင့်အတူ အကြီးအကဲ မတ်တပ်ရပ်လိုက်သည်။ သူ၏မျက်လုံးများမှာ အေးစက်ကာ ကျောချမ်းစရာကောင်းလှသည်။ သူသည် ကြယ်နန်းတော်ထဲမှ ခြေတစ်လှမ်းတည်းဖြင့် ထွက်လာကာ အကြီးအကဲအရှင်နှင့် ရှီဟောင်တို့အား ကြည့်လိုက်သည်။
“မင်းတို့က ဘယ်သူတွေလဲ .. ငါ့ရဲ့ဝမ်မိသားစုက လူတွေကိုတောင် သတ်ရဲတာလား ..သွေးကိုသွေးနဲ့ ပြန်ပေးဆပ်ရမယ် ..”ဘိုးဘေးမှ ပြောလိုက်သည်။
“မျိုးဆက်ကိုးခုမြောက်ဘိုးဘေး .. ဒီလူငယ်လေးက … ဟွမ်ပဲ..” တစ်စုံတစ်ယောက်မှ ရှီဟောင်အားမှတ်မိသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် အကြောင်းအမျိုးမျိုးကြောင့် ကလန်မှ လူငယ်မျိုးဆက်အားလုံး သူ့ပုံကို မြင်ဖူးသည်ပင်။
ယခုအချိန်တွင် ရှီဟောင် အလွန်နာမည်ကြီးနေသည်ပင်။ ထို့အပြင် သူသည် သူတို့ကလန်၏ အစေခံအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဘဝကျောက်တုံးများကို ရှာဖွေရန်အတွက် မူလရှေးဟောင်းမိုင်းတွင်းသို့သွားရန် ဖိအားပေးခံခဲ့ရကာ အနှောက်အယှက်များစွာဖြစ်စေခဲ့သောကြောင့် သူတို့ သူ့အား မသိချင်လျှင်ပင် မရ။
“သူပဲ .. အဲဒီလူပါးဝတဲ့လူငယ်မလား..” ဝမ်မိသားစု၏ ကိုးဆက်မြောက်ဘိုးဘေး၏မျက်လုံးများ အေးစက်လာသည်။
“ဟုတ်ပါတယ် .. သူပဲ .. သူက ကျွန်တော်တို့ ဝမ်မိသားစုကို ထပ်ခါတလဲလဲ ဆန့်ကျင်ခဲ့တာ .. သူက ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက်ကို မသိတဲ့သူ .. ဘိုးဘေး .. ကျေးဇူးပြုပြီး သူ့ကို ဖမ်းလိုက်ပါ…” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ကိုးဆက်မြောက်ဘိုးဘေးမှာ အလွန်မောက်မာသည့်သူပင်။ သူသည် အလွန်အသက်ကြီးနေပြီဖြစ်သော်လည်း ရဲရင့်နေဆဲပင်။ သူသည် သူ့လူများအား အလွန်ကာကွယ်သည့်သူမျိုးပင်။
မှားလားမှန်လား သူဂရုမစိုက်။ သူ့ကလန်အကြောင်းသာသူသိသည်။ အကြောင်းပြချက်များကိုလည်း မေးနေမည်မဟုတ်။ ရှီဟောင်မှ ဝမ်မိသားစုအားဆန့်ကျင်နေသည်ဟု ကြားခဲ့သည့်အချိန်တွင် သူကိုယ်တိုင်ထွက်ပြီး ဤလူငယ်လေးကို သတ်စရာမလိုဘူးဟု တွက်ထားခဲ့သည်။ သို့သော် ယခု ဤလူငယ်လေးက သူကိုယ်တိုင် သူတို့တံခါးရှေ့ ရောက်လာသောကြောင့် သူညှာတာနေမည်မဟုတ်တော့။
“လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ အဲဒီလောက်တောင် ရက်စက်လှချည်လား .. မင်းက ငါ့ဝမ်မိသားစုက လူကိုတောင် သတ်ရဲတယ်ပေါ့ .. အဲဒါဆိုရင် မင်းလည်း အသက်ရှင်ဖို့ကို မေ့လိုက်တော့..” ဝမ်မိသားစု ကိုးဆက်မြောက်ဘိုးဘေးမှ အေးစက်စွာ ပြောလိုက်သည်။
“ကျွန်တော် သူတို့ကိုဘာလို့ သတ်ခဲ့သလဲဆိုတာ ခင်ဗျားဘာလို့ မမေးတာလဲ…” ရှီဟောင်မေးလိုက်သည်။
“မေးစရာမလိုဘူး .. မင်းဘက်မှာ လုံလောက်တဲ့အကြောင်းပြချက်ရှိနေရင်တောင်မှ မင်းငါ့ဝမ်မိသားစုကလူတွေကို လက်ညှိုးတစ်ချောင်းနဲ့ ထိတာနဲ့ သူတို့ဆံချည်မျှင်တစ်မျှင် ထိလိုက်တာနဲ့ ငါမင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး..” ဝမ်မိသားစု ကိုးဆက်မြောက်ဘိုးဘေးမှ မောက်မာစွာ ပြောလိုက်သည်။
“အဲဒီတော့ ဒါက သက်ရှည်ဝမ်မိသားစုပေါ့ .. တကယ်ကို ဗိုလ်ကျလွန်းတာပဲ..” ရှီဟောင် ဒေါသထွက်လာရသည်။
“ဝမ်မိသားစု .. မင်းတို့အားလုံးက တကယ်ကို တစ်ခုခုပဲ..” အကြီးအကဲအရှင်လည်း မျက်နှာပျက်သွားရသည်။ တစ်ဖက်လူမှာ စော်ကားမော်ကားနိုင်လှသည်။ သူသည် အခြားအကြောင်းပြချက်များကို ဂရုမစိုက်ပဲ သူ့ကလန်သားများ ထိခိုက်သည်ကိုသာ ကြည့်နေသည်။
“ဘာလဲ .. မင်းတို့က လက်မခံနိုင်ဘူးလား .. မင်းတို့လက်မခံနိုင်ရင်တောင် ဘာမှလုပ်လို့ရမှာမဟုတ်ဘူး .. မင်းက ငါ့ဝမ်မိသားစု ဒေါသထွက်အောင် လုပ်ရဲတယ်ဆိုတော့ မင်းတို့ သွေးနဲ့ပြန်ပေးဆပ်ရမယ်…” ကိုးဆက်မြောက်ဘိုးဘေး ပြောလိုက်သည်။
ထိုသို့ပြောနေရင်းဖြင့် သူ၏လက်ချောင်းများသည် ဓားသွားကဲ့သို့ ဖြစ်လာပြီး ရှီဟောင်အား ရိုက်ချလိုက်သည်။ ဤနေရာတစ်ခုလုံး ဆူညံသွားကာ ဓားအလင်းတန်းမှာ ကြောက်စရာကောင်းလှသည်။
ဤသည်မှာ အဆင့်လွန်သက်ရှိဓားစွမ်းအင်ပင်။ ဤကိုးဆက်မြောက်ဘိုးဘေးမှာ အလွန်စွမ်းအားကြီးလှပြီး သူသည် အဆင့်လွန်သက်ရှိအစစ်ဖြစ်ရန်အတွက် တစ်ဆင့်သာလိုတော့သည်။
သူကဲ့သို့ အဆင့်အလွန်မြင့်သည့်သူသည် ရှီဟောင်ကဲ့သို့သော လူငယ်မျိုးဆက်တစ်ယောက်အား ဤကဲ့သို့ တိုက်ခိုက်နေသည်မှာ အညှာအတာမဲ့လွန်းသည်ဟု ပြော၍ရသည်။ ဤသည်မှာ အလွန်အရှက်မရှိဘူးဟုပင် ပြော၍ရသည်။ ဤရိုက်ချက်သာ ရှီဟောင်ထံသို့ ရောက်ရှိသွားပါက ရှီဟောင် သေချာပေါက် သေသွားလိမ့်မည်။
ချွမ်း..
အကြီးအကဲအရှင် လှုပ်ရှားလိုက်သည်။ သူလက်ညှိုးထိုးလိုက်သည်နှင့် အဆင့်လွန်ဓားစွမ်းအင်အားလုံး ပျက်ပြယ်သွားသည်။ ထို့အပြင် သူ၏လက်ညှိုးမှစွမ်းအားသည် ရပ်တန့်မသွားပဲ လျင်မြန်စွာပင်ကြီးမားလာသည်။
“မင်း..” ကိုးဆက်မြောက်ဘိုးဘေး သတိကြီးကြီးဖြစ်သွားပြီး အလွန်လည်းဒေါသထွက်သွားလေ၏။
အကြီးအကဲအရှင်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လိမ့်မည်ဟု သူသိထားပြီးသားပင်။ သို့သော်လည်း သူ၏ကျင့်ကြံဆင့် ဤမျှကောင်းမွန်လိမ့်မည်ဟု သူမထင်ခဲ့။ သူသည် တစ်ဖက်လူအား သူနှင့် အဆင့်တူသည့်သူဟု ထင်သောကြောင့် လေးစားပေးပြီးသွားလေပြီ။ သို့သော်လည်း သူ့ထက် အဆင့်မြင့်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
အခြေအနေဆိုးနေသည်ကို ကိုးဆက်မြောက်ဘိုးဘေး ချက်ချင်းသိသွားတာ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။
သို့သော်လည်း အကြီးအကဲအရှင်မှာ တိုက်ခိုက်လိုက်ပြီဖြစ်သောကြောင့် အဘယ်ကြောင့် အကျိုးသက်ရောက်မှု မရှိပဲ နေမည်နည်း.. ထိုလက်ညှိုးသည် ကြီးမားလာကာ သူ၏ခန္ဓာကိုယ်ကို ရိုက်ချလာသည်။
ဖူး..
ကိုးဆက်မြောက်ဘိုးဘေး သွေးများစွာ အန်ထွက်လာသည်။ သူ၏အရိုးများလည်းကျိုးသွားကာ အရွတ်များလည်း ပျက်စီးသွားသည်။ သူကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။
ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်။ သူတို့ယခုမှ တွေ့ကြခြင်းဖြစ်သော်လည်း သူ ပြင်းထန်စွာ ဒဏ်ရာရရှိနေလေပြီ။
“မင်း အဆင့်လွန်သက်ရှိမဖြစ်သေးတာ မပြောနဲ့ .. မင်း အဆင့်လွန်သက်ရှိဖြစ်သွားရင်တောင် ငါ့ရှေ့မှာ မော်ကြွားနေရလောက်အောင် မင်းမှာ အရည်အချင်းမရှိသေးဘူး..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။
ဘေးပတ်လည်တွင်ရှိနေသည့်သူများမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်နေလေပြီ။ စွမ်းအားအကြီးဆုံးဆိုတဲ့ ကိုးဆက်မြောက်ဘိုးဘေးက ဒီလိုပုံစံမျိုးနဲ့ ရှုံးသွားတာလား .. သူတို့အခုမှ စတွေ့ကြတာလေ .. ဒါက အရမ်းကို လွယ်ကူလွန်းနေတယ် ဟုတ်တယ်မလား .. အားလုံးမှာသူတို့မြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။
“မင်း .. မင်းဘယ်သူလဲ..” ဝမ်မိသားစု ကိုးဆက်မြောက်ဘိုးဘေး ထိတ်လန့်သွားရသည်။ ပြိုင်ဘက်ကင်းသည်ပုဂ္ဂိုလ်တစ်ယောက် ရောက်လာသောကြောင့် အခြေအနေသိပ်မကောင်းတော့သည်ကို သူသိသည်ပင်။
သို့သော်လည်း သူသည် ဝမ်မိသားစုနာမည်ဖြင့် တစ်ဖက်လူအား ခြိမ်းခြောက်လိုသေးသည်ပင်။ “မင်းဘယ်သူပဲ ဖြစ်နေပါစေ ဒါက ဝမ်မိသားစု .. ငါတို့ သက်ရှည်ကလန်ရဲ့ ဂုဏ်သိက္ခာက ဒီလိုစော်ကားမှုမျိုးကို သည်းခံနေမှာမဟုတ်ဘူး..”
“သက်ရှည်မိသားစု ဂုဏ်သိက္ခာက .. စော်ကားမှုကို သည်းခံမှာမဟုတ်ဘူး .. ဟုတ်လား..” အကြီးအကဲအရှင်သူ့အား ကြည့်လိုက်သည်။
“ဝမ်မိသားစုက အမြဲတမ်း ထိပ်မှာ ရှိနေတာ .. သူတို့တွေက အောက်ဘက်သေမျိုးလောကနဲ့လဲ မရောခဲ့ဘူး .. သက်ရှည်အားလုံးကို ပုရွက်ဆိတ်လိုသဘောထားနေတာ .. ဒီနေ့တော့ ငါ မင်းတို့အားလုံးကို သင်ခန်းစာတစ်ခုပေးမယ်..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ကိုမြှောက်လိုက်သည်။ သူသည်လည်း လက်ချောင်းကို ဓားတစ်ဖက်အဖြစ် အသုံးပြုလိုက်ခြင်းပင်။
“အား .. မလုပ်နဲ့..” ကိုးဆက်မြောက်ဘိုးဘေး အော်ဟစ်ကာ သူ့မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်သွားသည်။
ဖူး..
ထိုဓားသည် လည်ပင်းအောက်ပိုင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်ကာ သွေးမြူဖြစ်အောင် လုပ်ပစ်လိုက်သည်။ ကျန်နေသည့်ခေါင်းလည်း တုန်ခါနေသည်ပင်။ သူ၏မူလဝိညာဉ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ပင်။
ဖုန်း..
တစ်ချိန်တည်းမှာပင် အကြီးအကဲအရှင် အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် ထိုခေါင်း ကြယ်နန်းတော်ထဲသို့ လွင့်ထွက်သွားသည်။
ဝုန်း..
ထိုနန်းတော် ပေါက်ကွဲသွားကာ မရေမတွက်နိုင်သည့် ငွေရောင်သတ္တုအပိုင်းအစများအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့သို့ လွင့်စင်သွားသည်။
ဤသည်မှာ လှိုင်းလုံးကြီးများဖြစ်ပေါ်လာသည်ပင်။ တောင်ဂိတ်မပြောနှင့် အတွင်းဘက်တွင်ရှိနေသည့် ဝမ်မိသားစုပင် ထိတ်လန့်သွားသည်။ ကောင်းကင်ထက်၌ ပုံရိပ်များစွာ ပေါ်လာပြီး ဤနေရာအား လာကြည့်ကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ များစွာ ထိခိုက်သွားစေသည်ပင်။
ဤကြယ်နန်းတော်မှာ ဤကလန်၏ ဂိတ်တံခါးပင်ဖြစ်ပြီး ဤသန့်စင်သည့်မြေထဲသို့ ဝင်ရသည့် ဝင်ပေါက်ပင်။ ယခုတော့ ဤနန်းတော်မှာ တစ်ယောက်ယောက်ကြောင့် ပေါက်ကွဲသွားလေပြီ။
သိထားရမည်မှာ ထာဝရရှေးဟောင်းခေတ် ပျက်စီးသွားပြီး ယခုခေတ် စတင်သည့်အချိန်ကတည်းက ဤကဲ့သို့သော အဖြစ်အပျက်မျိုး နှစ်ကြိမ်သာဖြစ်ဖူးသည်။ နှစ်ကြိမ်လုံးတွင် ဖရိုဖရဲဖြစ်သွားသည်ပင်။
ယခုတော့ တစ်ယောက်ယောက်ရောက်လာပြီး ဤကဲ့သို့ လုပ်ရဲနေလေပြီ။
“မင်း .. မင်း ဘယ်သူလဲ..” တစ်စုံတစ်ယောက်မှ တုန်ယင်နေသည့်အသံဖြင့် မေးလိုက်သည်။
ဝမ်မိသားစုမှ လူအများစုမှာ ဤနေရာမှ ထွက်ခဲလှသည်။ ဤသန့်စင်သည့်နယ်မြေတွင်သာ အမြဲတမ်း ကျင့်ကြံနေကြခြင်းပင်။ ထို့ကြောင့် သူတို့ အကြီးအကဲအရှင်အား တစ်ခါမှ မမြင်ဖူးကြ။
“ထာဝရဝမ်ကို ငါနဲ့တွေ့ဖို့ ထွက်လာခဲ့လို့ ပြောလိုက်..” အကြီးအကဲအရှင် အော်ဟစ်လိုက်သည်။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ဤနေရာတစ်ခုလုံး၌ မြည်ဟီးသွားသည်။ ဤသည်မှာ ထာဝရရှေးဟောင်းတာအိုနယ်မြေတစ်ခုလုံး တုန်ခါသွားသည်အထိပင်။
ထိုစကားကိုကြားလိုက်သည်နှင့် အားလုံး ဦးရေပြားများပင် ထုံကျဉ်သွားရသည်။ ဒါက ဘယ်သူလဲ .. သူက သူတို့ရဲ့ ဘိုးဘေးအရှင်ကိုတောင် ဒီလိုမျိုးခေါ်ရဲတယ်..
ထာဝရဝမ်ဆိုသည်မှာ မည်သူနည်း .. သူသည်လည်း ယခင်က ထာဝရတရားကို ရရှိခဲ့သည့်သူ၏ မြေးအရင်းဖြစ်သလို ဝမ်မိသားစု၏ ဘိုးဘေးအရှင်လည်းဖြစ်သည်။ သူ သီးသန့်ကျင့်ကြံနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး သူထွက်မလာသည်မှာ နှစ်ပေါင်းတစ်သောင်းကျော်ပင် ရှိနေလေပြီ။ သူ ယခုထိ အသက်ရှင်သေးရဲ့လားပင် မသိရ။
ခရမ်းရောင်နှင့်ရွှေရောင်ရောစပ်သည့်သရဖူကို ဝတ်ဆင်ထားပြီး လရောင်တာအိုဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ယောက် လျှောက်လာသည်။
သူ၏အော်ရာမှာ ထာဝရသက်ရှိတစ်ယောက် လောကထဲသို့ ရောက်လာသကဲ့သို့ ကြောက်စရာကောင်းလှသည်။
ထို့နောက် အခြားနေရာမှ လူတစ်ယောက် ထွက်လာသည်။ သူ၏ဆံပင်မှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး ခန္ဓာကိုယ်ကိုလည်း ထာဝရစွမ်းအင်ဖုံးလွှမ်းနေသည်.
ထို့နောက် ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသည့် တတိယမြောက်ပုံရိပ်ထွက်ပေါ်လာသည်။ သူ တစ်လှမ်းချင်းလျှောက်လာနေပြီး သူ၏ခြေဖဝါးအောက်တွင် နေ၊ လနှင့်ကြယ်များ ပေါ်လာသည်။
..
“အခြေအနေ သိပ်မကောင်းသလိုပဲ..” ရှီဟောင်၏ပုခုံးပေါ်တွင်ရှိနေသည့် ပုရွက်ဆိတ်လေးမှ ဇက်ကလေးပုကာ ပြောလိုက်သည်။ သူခေါင်းကိုက်လာကာ သူ့တစ်ကိုယ်လုံး အေးခဲနေလေပြီ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင် ထာဝရဝမ်ကို ခေါ်လိုက်ခြင်းဖြစ်သော်လည်း ထူးခြားသည့်ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေသည်။
ဤလူများအားလုံး၏ အော်ရာမှာ အလွန်ကြောက်စရာကောင်းလှသည်။
အပိုင်း ၁၅၀၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၈ – နဂါးကိုးကောင်
ဤလူသုံးယောက်လုံးတွင် နှင်းကဲ့သို့ ဖြူဖွေးနေသည့်ဆံပင်များရှိနေပြီး သူတို့၏အသားအရေသည်လည်း ကလေးတစ်ယောက်၏အသားအရေကဲ့သို့ ကြည်လင်တောက်ပနေသည်။
ဤသည်မှာ သေချာပေါက် သာမန်မဟုတ်ပေ။ သူတို့မျက်လုံးထဲမှ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် သူတို့အသက် အလွန်ကြီးနေပြီဖြစ်ကြောင်း သိနိုင်သော်လည်း သူတို့ခန္ဓာကိုယ်မှာ တောက်ပနေပြီး အသက်စွမ်းအင်များ ပြည့်နေသည်ပင်။
သူတို့၏ ကျင့်ကြံဆင့်မှာ မယုံကြည်နိုင်လောက်အောင်ပင်။
သူတို့သုံးယောက်လုံးမှာ သေချာပေါက် စွမ်းအားကြီးကာ မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းမည်ပင်။
ဤသည်မှာ အားလုံးမဟုတ်သေး။ လေအေးလေးတိုက်ခတ်လာကာ အနောက်ဘက်မှ နောက်တစ်ယောက် ထပ်ရောက်လာသည်။ ထိုလူသည် အရပ်ရှည်လှကာ သူ့မျက်ခုံးကြားတွင် တာအိုသင်္ကေတတစ်ခုရှိကာ တောက်ပနေသည်။ အခြားပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက် ရောက်လာလေပြီ။
ကျွမ်းကျင်သူ လေးယောက်လုံးသည် ထာဝရအလင်းများကြားတွင် နှစ်မြှုပ်နေကာ သူတို့သည် အတိဒုက္ခပေါင်းများစွာကို ဖြတ်သန်းလာသကဲ့သို့ပင်။
သူတို့၏အော်ရာမှာ ပုရွက်ဆိတ်လေးကို အသက်ရှူ ကြပ်သွားစေလောက်သည်အထိပင်။ ဤသည်မှာ သူတို့သဘာဝအတိုင်းထုတ်လွှတ်နေသည့် ထာဝရမြူသာရှိသေးသည်။
“မုန့်ထျန်းကျန်း..” ပထမဆုံးပေါ်လာသည့်သူမှ အော်ဟစ်လိုက်သည်။ သူ၏ဦးခေါင်းထက်တွင်ရှိနေသည့် ခရမ်းရွှေရောင်သရဖူ ထာဝရတာအိုခွန်အားတောက်ပလာသည်။ သူ၏မျက်လုံးများမှာ အချိန်ကိုဖြတ်သွားနိုင်သည့် ကြယ်စမ်းချောင်းကဲ့သို့ လေးနက်လှသည်။
သူ့အသံတွင် နတ်ဆိုးသဘာဝများ ပါ၀င်နေသည်။ ဤလူသည် ထာဝရတာအိုစွမ်းအင်ပြည့်နေသကဲ့သို့ပင်။ သူ၏အော်သံလေးပင်လျှင် လူတစ်ယောက်၏ ဝိညာဉ်ကို ပြိုကွဲသွားစေလိုပင်။
အကြီးအကဲအရှင်၏ခန္ဓာကိုယ် တောက်ပလာကာ ထိုအသံလှိုင်းကို ဖယ်ရှားပစ်လိုက်သည်။
ရှီဟောင်နှင့်ပုရွက်ဆိတ်လေးတို့၏ အမူအရာ ပြောင်းလဲသွားသည်။ တစ်ခဏလေးမှာပင် အကြီးအကဲအရှင်သည် တစ်ဖက်လူနှင့် တစ်ချက်တိုက်မိသွားလေပြီ။ သာမန်လူသာဆိုပါက သူတို့၏ မူလဝိညာဉ်ပျက်စီးသွားမည်ပင်။
ဤအဆင့်တိုက်ပွဲမှာ တကယ်ကို အံ့အားသင့်စရာကောင်းလှသည်ပင်။ ဟင်းလင်းပြင် တာအိုနယ်ပယ်မှ လူများမှာ သူတို့အား ပါးစပ်အဟောင်းသားဖြင့် ကြည့်ရုံသာ တတ်နိုင်တော့သည်။
“မုန့်ထျန်းကျန်း .. မင်းက အရမ်းသန်မာတာ ငါ သိတယ် .. ဒါပေမဲ့ မင်း ဒီနေရာလာပြီးတော့ ငါ့ရဲ့ဝမ်မိသားစုကို ဆိုးဆိုးရွားရွားတွေ လုပ်နေမယ်ဆိုရင်တော့ မင်းတစ်ယောက်တည်းနဲ့ မလုံလောက်သေးဘူး..” ထိုရွှေရောင်ဝတ်စုံနှင့်လူ လျှောက်လာသည်။
သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပွင့်လာသည့်အချိန်မှ ရောက်လာသည့်သူကဲ့သို့ သူလမ်းလျှောက်လိုက်တိုင်း သူ့ပုံရိပ် ပျောက်ကွယ်သွားသည်။ လေထဲ၌ ပြိုင်ဘက်ကင်းသည့်အော်ရာရှိနေပြီး ရောင်စုံအလင်းများလည်း တောက်ပနေသည်ပင်။ ဤသည်မှာ သူတို့ကို ဦးညွှတ်ချင်စိတ်ပင် ဖြစ်ပေါ်လာလေသည်။
ဤအဆင့်သို့ ရောက်သည်နှင့် သူတို့၏ခွန်အားမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်လာမည်ပင်။
ထို့အပြင် သူ၏ရွှေရောင်ဝတ်ရုံတွင် နေ၊ လနှင့်ကြယ်များ ကနုတ်ထိုးထားသည်ပင်။ သူလှုပ်ရှားလိုက်သည်နှင့် ကြယ်များပင် လှုပ်ရှားလာသည်။
အကြီးအကဲအရှင်၏နာမည်မှာ မုန့်ထျန်းကျန်းဟုခေါ်မှန်း ရှီဟောင်ယခုမှ သိတော့သည်။ ဤလောကတွင် ဤနာမည်ကို သိသည့်သူ သိပ်မရှိပေ။
“ဝမ်တ၊ ဝမ်အဲ့ .. မင်းတို့က တကယ်တစ်ခုခုပဲ .. မင်းတို့က ငါ့ကိုဟောင်ရဲတယ်ပေါ့..” အကြီးအကဲအရှင် တည်ငြိမ်စွာပင် ပြောလိုက်ပြီး သူ့ရှေ့မှ လူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
[TN: တ= အကြီး၊ အဲ့= ဒုတိယ]
ဝမ်တ၊ ဝမ်အဲ့ ..။ ဒီလူတွေက ဘယ်သူလဲ .. ရှီဟောင် အနည်းငယ် တွေဝေသွားရသည်။ သူတို့တွေက ဝမ်မိသားစုက နံပါတ်တစ်နဲ့နံပါတ်နှစ်လား..
“မုန့်ထျန်းကျန်း .. ခင်ဗျားရဲ့အောင်မြင်မှုတွေက တကယ်ခမ်းနားပါတယ် .. ခင်ဗျားက အချိန်အတော်ကြာတဲ့အထိ လွှမ်းမိုးနိုင်ခဲ့တယ် .. ဒါပေမဲ့ ပါရမီရှိတဲ့သူတွေက အမြဲတမ်း ထွက်ပေါ်လာမှာပဲ .. နှစ်ပေါင်း ထောင်ပေါင်းများစွာ ကုန်သွားပြီ .. ခင်ဗျားရဲ့ခေတ်ကုန်သွားပြီ .. ကျုပ်တို့ဝမ်မိသားစုဆီလာပြီးတော့ ဒီလိုမျိုးရန်စနေတာ .. ဒီကိစ္စကို မခွင့်လွှတ်နိုင်ဘူး..”
ဝမ်တ ပြောလိုက်သည်။ သူ၏လရောင်ဝတ်စုံ လှုပ်ခတ်သွားသည်နှင့် စွမ်းအားကြီးသည့်လေပြင်းများ တိုက်ခတ်လာသည်။ သူ၏ထောင်လွှားမှုအောက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး ဆူညံသံများဖြင့် တုန်ခါလာကာ တောင်များနှင့် မြစ်များလည်း မရပ်မနား တုန်ခါလာသည်။
ဤသည်မှာ မည်မျှပင် စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းဖြစ်သနည်း .. သူ၏လှုပ်ရှားမှုတိုင်းမှာ လောကကြီး၏ တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည်ပင်။
“ကျုပ်တို့ညီအစ်ကိုအားလုံး ထိပ်ဆုံးကို ရောက်နေပြီ .. ကျုပ်တို့နှစ်ယောက်တည်းနဲ့ ခင်ဗျားကိုရင်ဆိုင်ရင်တောင် ခင်ဗျားထက် အားနည်းမှာမဟုတ်ဘူး .. ခင်ဗျား ကျုပ်ရဲ့ ဝမ်မိသားစုရှေ့မှာ ရဲရဲတင်းတင်းလုပ်ချင်နေတုန်းပဲလား .. ဒီနေ့ ခင်ဗျား ထွက်သွားလို့ရမှာမဟုတ်ဘူး..” ဝမ်အဲ့ ထူးမခြားနားစွာပင် ပြောလိုက်သည်။
“မင်းတို့အားလုံးက မင်းတို့ကျင့်ကြံခြင်းမှာ အောင်မြင်မှုတစ်ချို့ ရထားလို့ ထိပ်ဆုံးထိရောက်ပြီလို့ ထင်နေကြတာမလား.. မင်းတို့ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို လွှမ်းမိုးပြီးတော့ ဘယ်သူ့ကိုမဆို အနိုင်ယူလို့ရတယ်လို့ ထင်နေကြတာလား..” အကြီးအကဲအရှင် မေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီနေ့ ခင်ဗျား ရောက်လာပြီဆိုမှတော့ ခင်ဗျား ထွက်သွားဖို့ မစဉ်းစားနဲ့တော့..” ဝမ်အဲ့ အေးစက်စွာ ပြောလိုက်သည်။ သူသည် အာကာသအလယ်၌ ရပ်နေသကဲ့သို့ ကြယ်စမ်းချောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာကာ သူ့ဘေးပတ်လည်ဝိုင်းလာသည်။
“မင်းတို့ ကျင့်ကြံဆင့်တွေ တက်လာတာနဲ့ အရင်ကထက် စိတ်ကြီးဝင်လာတာပဲ .. အရင်တုန်းက မင်းတို့အားလုံး ငါ့ရှေ့မှာ ဒီလိုမျိုးလုပ်ရဲမှာမဟုတ်ဘူး..” အကြီးအကဲအရှင် ထူးမခြားနားစွာပင် ပြောလိုက်သည်။
“ဟက်..” ဝမ်တ နှာခေါင်းရှုံ့လိုက်သည်။
” ခင်ဗျား လူငယ်လေးတစ်ယောက်အတွက် ရောက်လာတယ်ဆိုတာ ကျုပ်သိပြီးသားပဲ .. ခင်ဗျားက သူ့ဒေါသ ပေါက်ကွဲလို့ရအောင် ကူညီပေးပြီးတော့ သူက ကျုပ်တို့ထိလို့မရတဲ့သူဆိုတာကို သတိပေးမလို့မဟုတ်လား .. အဲဒါဆိုရင်လည်း ကျုပ်အခု တစ်ခါတည်း ပြောလိုက်မယ် .. ကျုပ်တို့ ဒီလူငယ်လေးကို သေချာပေါက်သတ်မှာ .. ကျုပ်တို့ အခုမသတ်ရင်တောင် သူ့ကိုချိုးနှိမ်ထားရမှာပဲ .. သူ ပြဿနာထပ်ရှာလာမှာကို ကျုပ်တို့ဝမ်မိသားစုက သည်းခံနေမှာမဟုတ်ဘူး..”
“မုန့်ထျန်းကျန်း .. ခင်ဗျား သူ့ကို ခေါ်ပြီး ကျုပ်တို့ဆီရောက်လာတာ ကွက်တိပဲ..” အနောက်ဘက်မှ အသံနှစ်သံ ထွက်ပေါ်လာသည်။
“ဝမ်စန်း၊ ဝမ်စစ် အရင်တုန်းက မင်းတို့ သိုသိုသိပ်သိပ်နေခဲ့ကြတာပါ .. အခု ငါ့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်းတွေ လုပ်နေတယ်ဆိုတော့ ကြည့်ရတာ မင်းတို့နှစ်ယောက် တော်တော်လေး တိုးတက်လာကြတယ်ထင်တယ်” အကြီးအကဲအရှင်၏ အသံတွင် လှောင်ရယ်မှု ပါဝင်နေတော့သည်။
[TN: စန်း = သုံး၊ စစ် = လေး]
ခပ်ဝေးဝေးတွင်ရှိနေသည့် သူများအားလုံး ဆွံ့အသွားရသည်။ ထို့နောက် ဝမ်မိသားစုဝင်များအားလုံး တုန်လှုပ်သွားရသည်။ ဝမ်တနှင့် ဝမ်အဲ့နာမည်ကြားလိုက်ရသည့်အချိန်တွင် သူတို့အနည်းငယ် ရှုပ်ထွေးနေသေးသော်လည်း ဝမ်စန်းနှင့် ဝမ်စစ် နာမည်ကြားလိုက်ရသည့်အချိန်တွင် ဤလူများ မည်သူဖြစ်ကြောင်း သိသွားကြလေပြီ။
ဤလူများမှာ ဝမ်မိသားစု၏ ဘိုးဘေးများပင်။ သူတို့အကြောင်း မကြားရသည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာရှိနေပြီ ဖြစ်သည်။ ဝမ်မိသားစုတွင် ဤအကြီးအကဲများ ရှိသေးရဲ့လားပင် သူတို့မသိခဲ့။ ယနေ့တော့ သူတို့လေးယောက်လုံး ပေါ်လာလေပြီ။
သူတို့သည် ထာဝရဝမ်၏ကလေးများပင်။
ထာဝရဝမ်မှာ ထာဝရသက်ရှိတစ်ယောက်၏မြေးပင်။ ယခုခေတ်၌ ဝမ်မိသားစု ဤကဲ့သို့ နာမည်ကြီးနေခြင်းမှာ သူ၏အောင်မြင်မှုကြောင့်ပင်။ သူနာမည်ကြီးသည့် အခြားအကြောင်းအရာတစ်ခုမှာ သူ့ထံ၌ တစ်ယောက်ထက်တစ်ယောက်ပိုပြီး အထင်ကြီးစရာကောင်းလှသည့် ကလေး ကိုးယောက်ရှိနေသောကြောင့်ပင်။ သူ၏ကလေးများကို နဂါးကိုးကောင်ဟု ခေါ်ကြသည်ပင်။
ဤသည်မှာ ရှားပါးလှသည့်ကိစ္စပင်။ ထိုအချိန်တုန်းက ဤကိစ္စမှာ အခြားသက်ရှည်မိသားစုများအား အတော်လေး လှုပ်ခတ်ခဲ့သည်ပင်။
ထို့ကြောင့်ပင်လည်း ဝမ်မိသားစု ဘာမဆိုလုပ်ရဲနေခြင်းပင်။ နဂါးကိုးကောင် အရွယ်ရောက်လာသည်နှင့် သူတို့ ဝမ်မိသားစု၏ ‘နောက်ခံ’ ဖြစ်လာသည်။ ဤလူကိုးယောက်ပေါ်လာသည်နှင့် လှိုင်းထလာမည်ဖြစ်ပြီး သူတို့ရှေ့တွင်ရှိသည့်အရာအားလုံးကို ရှင်းလင်းပစ်လိမ့်မည်။
ဤလူကိုးယောက်မှာ အရွယ်ရောက်လာပြီဖြစ်ပြီး ဤလောကတွင် စွမ်းအားအကြီးဆုံးကျွမ်းကျင်သူများ ဖြစ်လာလေပြီ။ သူတို့သည်အတိတ်မှ ရှေးအကျဆုံးလူများကိုပင် မှီလာလေပြီ။ ထို့ကြောင့်လည်း ယနေ့ သူတို့ ဤကဲ့သို့ ဝံ့ကြွားနေခြင်းပင်။
သူတို့သည် အကြီးအကဲအရှင်အား စိန်ခေါ်ရဲနေသေးသည်။
“တကယ် ဘိုးဘေး လေးယောက်ပဲ .. သူတို့တွေ ပေါ်လာပြီ..”
“ရန်သူက ဘယ်သူလဲဆိုတာ ဘာလို့ဂရုစိုက်နေတော့မှာလဲ .. ဘိုးဘေးတွေ ပေါ်လာတာနဲ့ သူတို့တွေ လွယ်လွယ်လေးနဲ့ ဖိနှိပ်နိုင်မှာပဲ..”
..
ဤနေရာတွင် ရှိနေသည့်သူများ သူတို့အချင်းချင်း ဆွေးနွေးနေကြကာ စိတ်လှုပ်ရှားမှုများမှာ ဆူညံသံများအဖြစ် ပြောင်းလဲသွားသည်။
သူတို့ ဆွေးနွေးနေသည့်အသံများမှတစ်ဆင့် ဤလူလေးယောက် မည်သူဖြစ်သည်ကို ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့ သိသွားရသည်။ ဤသည်မှာ သူတို့အား ချက်ချင်းပင် ကြက်သီးထသွားစေသည်ပင်။
ဤကျွမ်းကျင်သူ လေးယောက်မှာ ကြောက်စရာကောင်းလှသည်။
“မုန့်ထျန်းကျန်း တစ်ခြားသူတွေ ခင်ဗျားကို ကြောက်ရင်ကြောက်လိမ့်မယ် .. ဒါပေမဲ့ ဝမ်မိသားစုက မကြောက်ဘူး .. ခင်ဗျားက ကျုပ်တို့ဆီကို လာလည်ရဲတယ်ဆိုမှတော့ ခင်ဗျားပေးဆပ်ရမှာပေါ့..” ဝမ်စစ် အော်ပြောလိုက်သည်။
သူတို့ထံတွင် နာမည်အရင်းများရှိသော်လည်း အားလုံးမှာ သူတို့၏အဆင့်များကိုသာသုံးပြီး ခေါ်ကြသည်။
“ငါဒီကိုလာတာ ဖြေရှင်းချက်တောင်းဖို့လာတာ .. မင်းတို့ကို ခြိမ်းခြောက်ဖို့မဟုတ်ဘူး..” အကြီးအကဲအရှင် ထူးမခြားနားစွာပင် ပြောလိုက်သည်။
“ဟက် .. ကျုပ်စမ်းကြည့်ရအောင် .. နှစ်တွေအတော်ကြာနေပြီဆိုတော့ ကျုပ် ခင်ဗျားနဲ့ တိုက်ချင်နေတာ” ဝမ်တ ပြောလိုက်သည်။ သူ၏အဖြူရောင်တာအိုဝတ်စုံမှ ကောင်းကင်လေပြင်းများ ပြုလုပ်နေသည်ပင်။ ထို့နောက် သူလျင်မြန်စွာပင် လှုပ်ရှားလာသည်။
မြူဆိုင်းလာပြီး သူ၏မူလနေရာမှ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ကြီးလည်း ပြင်းထန်စွာပင် တုန်ခါလာသည်။ သူသည် လျှပ်စီးတန်းအဖြစ် ပြောင်းလဲကာ အကြီးအကဲအရှင်အား တိုက်ခိုက်လာလေ၏။
သူသည် လျင်မြန်လွန်းကာ ကြောက်စရာကောင်းလှသည်။
“ဘုရားရေ ကောင်းကင်ကြီး ပေါက်ကွဲထွက်သွားပြီ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
သူတို့နှစ်ဦးကြားတွင် အလင်းတန်းတစ်ခု ထွက်လာကာ အာကာသအပြင်ဘက်သို့ တရှိန်ထိုး ထွက်သွားသည်။
ဝုန်း..
သိပ်မကြာမီမှာပင် သူတို့၏ နတ်စွမ်းရည်များကြောင့် ကြယ်များကြွေကျလာလေသည်။
ဤသည်မှာ ဝမ်တ၏တိုက်ခိုက်မှုပင်။ သူသည် လက်တစ်ဖက်ဖြင့် ကြယ်တစ်လုံးကို ယူလိုက်ပြီး အလင်းစက်ဝန်းအဖြစ် ပြောင်းလဲကာ အကြီးအကဲအရှင်ထံသို့ ပစ်လွှတ်လိုက်သည်။
သူ၏ခွန်အားမှာ မယုံကြည်နိုင်စရာ ကောင်းလှသည်ပင်။
သို့သော်လည်း အကြီးအကဲအရှင် သူ့အားမကြောက်။ သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် ကြွေကျလာသည့်ကြယ်များအားလုံး ပေါက်ကွဲသွားသည်။ သို့သော်လည်း ကြောက်စရာကောင်းသည့်စွမ်းအင်အကုန်လုံးမှာ သူ့အင်္ကျီလက်ဖြင့် စုတ်ယူခြင်းခံလိုက်ရသည်။
သူတို့နှစ်ဦး ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပင်။ ထို့နောက် ကျယ်လောင်ရှင်းလင်းလှသည့် ဖူးဟူသည့်အသံ ထွက်ပေါ်လာသည်။
အားလုံးမှာ ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ရလဒ်တစ်ခု သေချာပေါက်ရလာလေပြီ။ သို့သော် မည်သူအနိုင်ရပြီး မည်သူရှုံးသွားလဲ မသိ။ အချိန်သိပ်မကြာသေးသော်လည်း သူတို့တိုက်ခိုက်နေသည်မှာ အချက်ပေါင်း တစ်ထောင်လောက်ရှိနေမည်မှာ သေချာသည်။
အဖြူရောင်ထာဝရမြူများ ရှင်းလင်းသွားသည့်အချိန်တွင် အကြီးအကဲအရှင်သည် ထိုနေရာ၌သာ တည်ငြိမ်စွာ ရပ်နေပြီး အခြားတစ်ဖက်တွင်ရှိနေသည့် ဝမ်တမှာမူ သူ၏မျက်လုံးထဲမှ မီးတောက်များ ထွက်မတတ်ပင်။
အဘယ်ကြောင့်ဆိုသော် သူ့မျက်နှာထက်၌ လက်ဝါးရာကြီး ရှိနေသည်ပင်။ သူသည် အစကတည်းက နှင်းကဲ့သို့ ဖြူဖွေးနေသည့်သူဖြစ်သောကြောင့် ယခုအချိန်တွင် သူ၏မျက်နှာမှာ လက်ဝါးရာ နီရဲနေလေ၏။
ဤမြင်ကွင်းမှာ ဝမ်အဲ့နှင့် အခြားသူများကို ထိတ်လန့်သွားစေသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီး သူတို့လည်း ဤလောက၏ စွမ်းအားအကြီးဆုံးသူများဖြစ်လာသော်လည်း ယခုအချိန်ထိ အကြီးအကဲအရှင်အား မယှဉ်နိုင်ပဲဖြစ်နေလိမ့်ဟု သူတို့မထင်ထားခဲ့။
“မုန့်ထျန်းကျန်း .. ခင်ဗျား .. ကောင်းတယ် ကောင်းတယ် ကောင်းတယ် .. ဒီနေ့ ဒီကိစ္စ ဒီမှာတင်မပြီးသေးဘူး..” ဝမ်တ ဒေါသတကြီး ပြောလိုက်ပြီး သူ၏ဆံပင်ဖြူများပင် ထောင်ထနေလေပြီ။
“ဒီကိစ္စက အစကတည်းက မပြီးသေးတာ .. ငါ ဒီကိုလာတာ ဒီလူငယ်လေးအတွက် ဖြေရှင်းချက်တောင်းဖို့လာတာ .. မင်းတို့အားလုံး သူ့ကို မတောင်းပန်တဲ့အပြင် ငါ့ကိုပါ တိုက်ခိုက်ကြသေးတယ် .. ငါတို့ကြားမှာ ဘာရင်းနှီးမှုမှ ရှိတော့မှာမဟုတ်ဘူး..” အကြီးအကဲအရှင် အေးစက်စွာပင် ပြောလိုက်သည်။
“မုန့်ထျန်းကျန်း .. ခင်ဗျားက တကယ်ကို သန်မာပါတယ် .. ဒါပေမဲ့ ကျုပ်တို့က ညီအစ်ကို ကိုးယောက်ရှိတာ .. ဒီမှာ လူနည်းနည်းပဲရှိပေမယ့် ခင်ဗျားကို ဖိနှိပ်ပစ်ဖို့အတွက် လုံလောက်တယ်..” ဝမ်အဲ့ ပြောလိုက်သည်။
“အဲဒီလိုလား .. အဲဒါဆိုရင်လည်း ကြည့်ရအောင်လေ .. နဂါးကိုးကောင်လုံးထွက်လာရင် ကောင်းကင်နဲ့မြေကြီး ဖရိုဖရဲဖြစ်သွားမလားလို့ .. မင်းတို့တွေ ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုကို ရှင်းပစ်နိုင်မလားလို့ ကြည့်ကြတာပေါ့..” အကြီးအကဲအရှင် အေးစက်စွာပင် ပြန်ပြောလိုက်သည်။
“လူအိုကြီး .. ခင်ဗျား အရမ်းစိတ်ကြီးဝင်လွန်းနေပြီ .. ကျုပ်တို့ညီအစ်ကိုကိုးယောက် ပေါင်းလိုက်ရင် ခင်ဗျားမပြောနဲ့ ကောင်းကင်ကြီးကိုတောင် ပြောင်းပြန်လှန်ပစ်လို့ရတယ် ..”
“ဟား ဟား..” အကြီးအကဲအရှင် ရယ်မောလိုက်သည်။ ထို့နောက် သူ၏အမူအရာ လေးနက်သွားကာ “အဲဒါဆိုရင်လည်း လာလေ .. နဂါးကိုးကောင် .. မင်းတို့တွေ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ကြည့်ကြတာပေါ့ .. အကုန်လုံးအတူတူလာခဲ့လိုက်ကြ..”
“လူအိုကြီး .. ခင်ဗျားက သေချင်နေတာပဲ..” ဝမ်စစ် အလွန်အေးစက်သည့်အသံနှင့် ပြောလိုက်သည်။
ဝမ်မိသားစုထံမှ သွေးစွမ်းအင်ငါးခု တစ်ချိန်တည်းထွက်ပေါ်လာကာ အချက်ပြမီးခိုးကဲသို့ ကောင်းကင်ထက်သို့ တက်သွားပြီး ဤလောကကြီးကို တုန်ခါသွားစေသည်။
“မင်းတို့ အပြုအမူတွေ ဆင်ခြင်စမ်း..” ထိုအချိန်တွင် ပြတ်တောင်းသည့်အသံတစ်သံ ထွက်ပေါ်လာပြီး ထိုသွေးစွမ်းအင်ငါးကြောင်းအား ရပ်တန့်သွားစေသည်။ ထို့နောက် ကြောက်စရာကောင်းသည့်အော်ရာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
“အစ်ကို ထျန်းကျန်း လာလည်တာကို မင်းတို့က ဘာလို့ ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်းတွေ လုပ်နေတာလဲ..” အလွန်အသက်ကြီးသည့်အသံတစ်သံ ထွက်ပေါ်လာသည့်အပြင် ငွေဖြူရောင်သွေးစွမ်းအင်တစ်ကြောင်းလည်း စီးဆင်းလာကာ အာကာသအပြင်ဘက်သို့ တက်သွားသည်။
ထို့နောက် ထိုစွမ်းအင်သည် တာအိုပန်းပွင့်များအဖြစ် ပြောင်းလဲသွားကာ ကြယ်စွမ်းအင်များကို စုတ်ယူလိုက်ပြီးနောက် အသံထွက်လာသည့်နေရာသို့ ပြန်ဝင်သွားလေသည်။
“ထာဝရဝမ် .. မင်း အသက်ရှင်နေသေးတုန်းလား .. တရားထိုင်ပြီး သေမသွားသေးဘူးပေါ့..” အကြီးအကဲအရှင်၏ အမူအရာမှာ လေးနက်နေသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ဖိအားကို ခံစားလိုက်ရသည်ပင်။
ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့နှစ်ယောက်လုံး ဆွံ့အသွားရသည်။ ဒါက ဘယ်လိုကျင့်ကြံခြင်းမျိုးလည်း .. အာကာသအပြင်ဘက်မှာ တာအိုပန်းပွင့်တွေ ပွင့်လာပြီးတော့ ကြယ်စွမ်းအင်တွေကို စုတ်ယူတယ် .. ပြီးတော့ သူ့အတွက် ပြန်ယူလာပေးတယ်..
ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်ပင်။
“အဖေ .. အဖေ ..။ ဘာလို့ ကျွန်တော်တို့ကို မတိုက်ခိုင်းတာလဲ..” ဝမ်စစ် မေးလိုက်သည်။
“ဧည့်သည်ကို အထဲခေါ်ခဲ့လိုက်..” ထာဝရဝမ်၏အသံ ထွက်ပေါ်လာသည်။
ဝမ်တ၊ ဝမ်အဲ့နှင့် အခြားသူများအားလုံး ဤဆုံးဖြတ်ချက်ကို မလွန်ဆန်ရဲကြ။ သူတို့အားလုံးသည် ပျက်ယွင်းနေသည်မျက်နှာဖြင့်ပင် ဤနေရာမှ ထွက်ခွာသွားကြသည်။
“ငါတို့ .. တကယ် အထဲဝင်ရမှာလား..” ပုရွက်ဆိတ်လေးမှာ လည်ချောင်းပင် ချောက်ကပ်နေလေပြီ။ ဤနေရာမှာ နဂါးသိုက်ထက်ပင် ကြောက်စရာကောင်းလှသောကြောင့် သူ အထဲ မဝင်ချင်။
“ငါတို့ ဖြေရှင်းချက်တောင်းဖို့အတွက် လာခဲ့တာ .. အဲဒီတော့ ငါတို့အထဲဝင်ရမယ်..” အကြီးအကဲအရှင် တည်ငြိမ်စွာ ပြောလိုက်သည်။
သူတို့ ထာဝရဝမ်နှင့် နဂါးကိုးကောင်အား ရင်ဆိုင်ကြရတော့မည်။
ဤသည်မှာ အလွန်အန္တရာယ်များမည်ကို ရှီဟောင်သိသည်။ အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်သည်ပင်။ သို့သော်လည်း အကြီးအကဲအရှင်သည် မရပ်တန့်ပဲ ဖြေရှင်းချက်တစ်ခု တောင်းခံရန် ဆုံးဖြတ်ထားခြင်းပင်။ ဤသည်မှာ သူ့အတွက် နောင်လာမည့်အန္တရာယ်များကို ရှင်းလင်းပေးခြင်းပင်။
သူတို့သာ သက်ရှည်မိသားစုတစ်ခုကို နောက်ပြန်ဆုတ်အောင် လုပ်နိုင်ပါက ဤသတင်းမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်။
အပိုင်း ၁၅၀၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၀၉ – ဝမ်မိသားစု နောက်ခံ
ထာဝရဝမ် .. လူအများစု သိပ်မပြောချင်သည့်နာမည်..
ယခင်က သူ့ကြောင့် စွမ်းအားကြီးသည့်သူများစွာ ခေါင်းကိုက်ခဲ့ရသည်။ သူနှင့်ယှဉ်လျှင် သူရဲကောင်း ဂျီးနီးယပ်စ်များစွာမှာ လရောင်နှင့်ယှဉ်သည့် ပိုးစုန်းကြူးလေးများကဲ့သို့ပင်။
အဘယ်ကြောင့်ဆိုသော် သူသည် ထာဝရမျိုးစေ့ဖြစ်သည်ဟူသော ကောလဟာလများရှိကြသည်ပင်။ သူသည် ချိတ်ပိတ်ခံထားရကာ ထာဝရမိသားစုတစ်စုမှ ထိန်းသိမ်းထားသည့် သက်ရှိတစ်ယောက်ဖြစ်လောက်သည်။
ထို့အပြင် သေဆုံးသွားခဲ့ကြသည့် ကျွမ်းကျင်သူများ ပြောခဲ့ကြသည်မှာ ထာဝရဝမ်မှာ ဤခေတ်မှ မဟုတ်လောက်ပေ။ သူသည် ထာဝရသက်ရှိအစစ် ချိတ်ပိတ်ထားခဲ့သည့်မျိုးဆက်ပင်။ ကပ်ဆိုးကြီး ပြီးဆုံးသွားကာ အခြေအနေတည်ငြိမ်သွားမှ သူ့အား မွေးဖွားစေခဲ့ခြင်းပင်။ ထို့ကြောင့်သာ သူသည် မိုးကောင်းကင်အောက်မှ လူအားလုံးကို ရှင်းပစ်ကာ ကလန်ကို အတောက်ပဆုံး ဖြစ်စေခဲ့သည်ပင်။
ဤကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားသောကြောင့်သာ မဟုတ်ပါက သူ ထာဝရတရားရရှိသွားလောက်လေပြီ။
သူသည် ရှေးခေတ်မှ ယခုအချိန်ထိ အသက်ရှင်နေသည့် စွမ်းအားရှင်ကြီးပင်။
သူအသက်ရှင်နေသရွေ့ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု ပေါ်ကျရောက်နေသည့် ဖိအားတစ်မျိုးရှိနေမည်ပင်။
ဝမ်တနှင့် အခြားသူများ ရပ်တန့်စေပြီး အကြီးအကဲအရှင်အား အထဲဘက်သို့ ဖိတ်ခေါ်ရန် အသံပို့လွှတ်လိုက်သည့်သူမှာလည်း ဤလူပင်။
ရှေးယခင်မှ ယခုအချိန်ထိ မသေဆုံးပဲ တည်ရှိနေသည့်သူမှ အကြီးအကဲအရှင်အား ဤကဲ့သို့ ဆက်ဆံနေသောအခါ အခြားသူများ၏အမူအရာ ညှို့မှိုင်းသွားရသည်။
သူပေါ်လာပြီး တစ်ဖက်လူကို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်လျှင်ပင် ဤသည်မှာ သူတို့နယ်မြေအတွင်းဖြစ်သောကြောင့် သူတို့လက်ခံနိုင်သေးသည်။
သို့သော်လည်း သူသည် အလွန်တည်ငြိမ်နေကာ အကြီးအကဲအရှင်တို့အား ထာဝရရှေးဟောင်းမြေအတွင်းသို့ ဝင်ရန်ပင် ဖိတ်ကြားလိုက်သေးသည်။
သူတို့ သွားရမှာလား မသွားရဘူးလား .. အကြီးအကဲအရှင်အား သွားရန် ပြောပြီးသွားပြီဖြစ်သော်လည်း သူ့အမြင်တွင် ဤသည်မှာ အလွန်လေးနက်သည့် ပြဿနာဖြစ်သည်ဟု ရှီဟောင် ခံစားမိသည်။
သူတို့မဝင်လျှင် ဤသည်မှာ အကြီးအကဲအရှင် ယုံကြည်ချက်မရှိရာ ရောက်သွားမည်ဖြစ်သည်။ သို့သော် သူတို့ဝင်သွားလျှင်လည်း ဤသည်မှာ လုံးဝမတူညီသည့်အခြေအနေတစ်ခု ဖြစ်သွားမည်ပင်။ ဤနေရာသည် ထာဝရသက်ရှိများကို မွေးထုတ်ပေးရာ နေရာဖြစ်သောကြောင့် အစီအရင်များ မည်မျှပင် ရှိမည်နည်း .. သူတို့ သက်ရှည်သက်ရှိများ၏ ဖိနှိပ်ခြင်းခံရနိုင်သည်။
ပြောရမည်ဆိုလျှင် ဤနေရာမှာ နဂါးအိုင်ထက်ပင် ပို၍ ကြောက်စရာကောင်းသေးသည်။ ကျင့်ကြံဆင့် ညီသည့် အကြီးအကဲအရှင်ကဲ့သို့သော သူပင်လျှင် ဤကဲ့သို့ ခြေတစ်လှမ်းချလိုက်သည်နှင့် အလွန်အန္တရာယ်များလိမ့်မည်။
ထို့ကြောင့်ပင် အကြီးအကဲအရှင်သည် သူကိုယ်တိုင် ဝင်မသွားပဲ ထာဝရဝမ်အားထွက်လာရန် အသံပို့လွှတ်လိုက်ခြင်းပင်။
အကြီးအကဲအရှေ့ဘက်သို့ တစ်လှမ်းချင်း လျှောက်သွားနေလေပြီ။ သူလမ်းလျှောက်လိုက်တိုင်း တာအိုပန်းပွင့်တစ်ပွင့် ပေါ်လာသည်ပင်။
အပြင်ဘက်မှကြည့်မည်ဆိုလျှင် ဤသည်မှာ သက်ရှည်မိသားစု နေထိုင်သည့် သန့်စင်သည့်မြေပြင်။
သို့သော် အထဲဘက်သို့ လျှောက်လာသည်နှင့် ဤသည်မှာ အဆုံးမရှိသည့်တောင်များနှင့် ပိုတူနေသည်။
ဤနေရာတွင် ဝိညာဉ်တောင်ပေါင်း တစ်သောင်းကျော်ရှိပြီး တောင်တစ်လုံးစီတိုင်းတွင် တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည်။ မှုန်မှိုင်းသည့် စွမ်းအင်များလည်း ဤနေရာကို ရစ်ပတ်နေသည်။ ဤသည်မှာ သူတို့အိပ်မက်ထဲသို့ ရောက်လာသကဲ့သို့ပင်။
တောင်တစ်လုံးစီတိုင်း၌ အဆောက်အဦးတစ်လုံး၊ ကြေးနန်းတော် သို့မဟုတ် နတ်ရွှေဖြင့် ပြုလုပ်ထားသည့် ကျောက်တိုင်ကြီးများ ရှိနေသည်ပင်။ ထိုအရာများတွင်လည်း ရှုပ်ထွေးကာ နားလည်ရန်ခက်ခဲလှသည့် သင်္ကေတများ ရှိနေသည်။
ရှီဟောင် မျက်မှောင်ကြုတ်မိသွားသည်။ ဒါက ဘာတွေလဲ .. ဤသည်မှာ ထာဝရရှေးဟောင်းခေတ် စာလုံးများပင်။
ယခင်ကတည်းက ယခုအချိန်ထိ ဤစာလုံးများ ပျက်ပြယ်မသွားသေးပေ။ အချိန်ပြောင်းလဲသွားသည့်အော်ရာများကို သူ ခံစား၍ရသည်ပင်။
ဤအရာများမှာ နည်းနည်းလေးမျှပင် မပျက်စီးသေး။
ဤသည်မှာ မပျက်စီးနိုင်သည့်တာအိုသင်္ကေတများ ရေးထိုးထားသည့်မပျက်စီးနိုင်သည့်အဆောက်အဦးများပင်။ ဤအဆောက်အဦးများမှာ လူနေထိုင်ရုံသာမက ဤသည်မှာ သူတို့အောင်မြင်မှုကို မှတ်တမ်းတင်ထားခြင်းလည်းဖြစ်သည်။
ဤသည်မှာ အစီအရင်တစ်ခုပင်။
ဤတောင်တစ်သောင်းကျော်ထက်တွင်ရှိနေသည့် အဆောက်အဦးများ၊ ကြေးနန်းတော်များနှင့် သတ္တုကျောက်တိုင်ကြီးများမှာ မျိုးဆက် ၁၀ ခုတိုင်အောင် မပျက်စီးသေးသည့် အစီအရင်အဆောင်များပင်။
“ဂါး..” ကြီးမားလှသည့်ခန္ဓာကိုယ်ရှိသည့် အနက်ရောင်ဟုန် ဟစ်ကြွေးလိုက်သည်။ သူသည် ငါးရောင်စပ်နတ်သမင်နောက်လိုက်ပြီး တောင်ကြားထဲမှ ထွက်လာခြင်းပင်။
ဤအနက်ရောင်ဟုန်မှာ သေချာပေါက် စွမ်းအားကြီးသည်ပင်။ ရှီဟောင် ချက်ချင်းပင် လေးနက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤအကောင်မှာ သွေးသန့်သည့်ဟုန်ပင်။ သူ၏သွေးမျိုးဆက်မှာ မြင့်မြတ်လှသည်။
သို့သော် ယခုအချိန်တွင် သူသည် ဤတောင်များထဲ၌ မွေးမြူခံထားရကာ သာမန်တိုက်ပွဲသားရဲအဖြစ် ဆက်ဆံခံနေရသည်။ ခြံစောင့်သားရဲအဖြစ် ဆက်ဆံခံနေရသည်ဟုပင် ပြော၍ရသည်။
ထို့အပြင် ဤငါးရောင်စပ်နတ်သမင်များလည်း သာမန်သတ္တဝါများ မဟုတ်ပေ။
ဤကဲ့သို့သော ရတနာမျိုးနှင့် ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ သူတို့အား ဆွံ့အသွားစေသည်ပင်။
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဤသည်မှာ သူတို့ ဤနေရာသို့ ဝင်ခါစတွင် တွေ့ရသည့်မြင်ကွင်းပင်။ သူတို့ အထဲဝင်သွားသည်နှင့် ရှီဟောင် သူ၏အရေပြားများပင် ထုံကျဉ်လာသည်။ နေရာတိုင်း၌ အလွန်စွမ်းအားကြီးသည့် သတ္တဝါများရှိနေသည်။ အချို့မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်နေခဲ့သည့် ရှေးဟောင်းသားရဲများပင်။
ထင်ရှူးပင်တစ်ပင်အောက်ရှိ ကျောက်တုံးကြီးပေါ်၌ တရားထိုင်နေသည့် အဖြူရောင်လူဝံအိုကြီးကို တွေ့လိုက်ရသည့်အချိန်တွင် အကြီးအကဲအရှင်ပင်လျှင် ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ ဤလူဝံကြီးကို မှတ်မိသည်ပင်။
“ဟက် .. ဒီလမ်းကို စောင့်ကြပ်ဖို့ ရှေးဟောင်းသားရဲကြီးတစ်ကောင်ကိုတောင် ဖမ်းထားနိုင်တာပဲ ..” အကြီးအကဲအရှင် ပြောလိုက်ခြင်းပင်။
လူဝံအိုကြီးသည် အနည်းငယ်ခေါင်းမော့လာကာ မွှေးပျံ့သည့် လက်ဖက်ရည်တစ်ငုံသောက်ပြီး အကြီးအကဲအရှင်အား ခေါင်းညိမ့်ပြလိုက်သည်။ သို့သော် ဘာမှတော့မပြော။
တောင်များနှင့် မြစ်များမှာ ခမ်းနားလှသည်။ သူတို့ ဝိညာဉ်တောင်များကို ဖြတ်သန်းသွားသည့်အချိန်တွင် ရှီဟောင် တိတ်ဆိတ်နေပြီး ဘာမှမပြောခဲ့။ သက်ရှည်မိသားစု မည်မျှ အံ့အားသင့်စရာကောင်းသည်ကို သူပထမဆုံးအကြိမ် ခံစားမိခြင်းပင်။
သက်ရှည်မိသားစုတစ်စုသာ စစ်ပွဲထဲ ဝင်ပါ,ပါက ကောင်းကင်ကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကြီး သေချာပေါက် ဖရိုဖရဲဖြစ်သွားမည်ပင်။
နီရဲနေသည့် တောင်ကြောတစ်ခုကို ဖြတ်သန်းလာသည့်အချိန်တွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ဤသည်မှာ ရွှေရောင်ကျီးကန်းအုပ်ကြီးပင်။ ဤသည်မှာ သူတို့အားလုံးအား ဆွံ့အသွားစေသည်ပင်။
ဤကဲ့သို့သော သက်ရှိမျိုး အသက်ရှင်နေခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်ပြီး တစ်ကောင်စီတိုင်းမှာ အန္တရာယ်များသည့် သတ္တဝါများပင်။
“ဟူး .. အဲဒီနှစ်က ရွှေရောင်ကျီးကန်းကိုလည်း ဝမ်မိသားစုက သိမ်းသွင်းလိုက်တာလား .. မင်းတို့တွေက ငါမြင်ဖို့အတွက် ဒါတွေကို ဒီမှာထားထားတာလား..” အကြီးအကဲအရှင် သက်ပြင်းချလိုက်သည်။
အမွေးအတောင်များအားလုံး ကျွတ်ကျမတတ်ဖြစ်နေသည့် ရွှေရောင်ကျီးကန်းအိုကြီးတစ်ကောင်ကို သူတွေ့လိုက်ရသည်။ သူသည် တောင်ထိပ်တစ်ခုပေါ်၌ ဒီအတိုင်း ရပ်နေခြင်းဖြစ်သော်လည်း သူထုတ်လွှတ်သည့်အော်ရာမှာ အလွန်စွမ်းအားကြီးလှသည်။
“အကြီးအကဲအရှင် .. ဒီတောင်ထိပ်တွေပေါ်မှာ ရှိနေတဲ့ ကျောက်တိုင်တွေ၊ ကြေးနန်းတော်တွေနဲ့ တစ်ခြားပစ္စည်းတွေအားလုံးက အစီအရင်အဆောင်တွေပဲ .. အရှင် မစိုးရိမ်ဘူးလား..” ရှီဟောင် သတိပေးလိုက်သည်။
“ငါတို့ ဒီကိုရောက်နေပြီဆိုမှတော့ ပေါ့ပေါ့ပါးပါးပဲ နေကြတာပေါ့..” ရှီဟောင် ပြောလိုက်သည်။
ဤသည်ကို ထာဝရမိသားစုနေထိုင်သည့်နေရာဟု ပြောမည့်အစား ထာဝရရှေးဟောင်းခေတ်မှ ကျန်ခဲ့သည့် ကမ္ဘာငယ်လေးဟုပင် ပြောနိုင်သည်။
သူတို့ ရောက်လာပြီ .. သူတို့ရှေ့ရှိ မူလမြူများ ပျောက်ကွယ်သွားကာ ကြီးမားလှသည့်နဂါးများအဖြစ်သို့ ပြောင်းလဲသွားသည်။ နဂါးများသည် ကောင်းကင်ကြီးကိုပင် ထိနေလေပြီ။
နဂါးပေါင်း ထောင်ပေါင်းများစွာသည် ခမ်းနားသည့်ရှေးဟောင်းနန်းတော်တစ်ခုအား ကာကွယ်နေကြခြင်းပင်။ ဤနန်းတော်ကို ကျောက်များဖြင့် ပြုလုပ်ထားကာ မိုးနှင့်လေကြောင့် အစက်အပြောက်များ ဖြစ်နေလေပြီ။
ဝမ်တ၊ ဝမ်အဲ့နှင့် အခြားသူများအားလုံး ဤနေရာသို့ ရောက်နေပြီဖြစ်ပြီး သူတို့အား အေးစက်စွာပင် မျက်နှာချင်းဆိုင်လာသည်။ သူတို့သည် ထိုရှေးဟောင်းနန်းတော်ရှေ့တွင် ရပ်နေပြီး အကြီးအကဲအရှင်အား ကြည့်နေကြလေ၏။
“အဲဒီတော့ ဒါက ဝမ်မိသားစုရဲ့ နာမည်ကြီး ဘိုးဘေးနန်းတော်လား..” အကြီးအကဲအရှင် သက်ပြင်းအသာချ၍ သေချာကြည့်လိုက်သည်။
မီးခိုးရောင်ကျောက်တုံးနှင့် အညိုရောင်အုပ်မိုးကြွပ်များမှာ ရိုးရှင်းလှသည်ပင်။
အချို့လူများ ပြောကြသည်မှာ ဤနေရာမှာ ဝမ်မိသားစု၏ အစောဆုံးဘိုးဘေးမှ သူ ထာဝရတရားမရမှီ၌ သူ သီးသန့်ကျင့်ကြံရန် ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု ပြောကြသည်။ ဤသည်မှာ ဖြစ်နိုင်သည်ပင်။ မဟုတ်ပါက သူထာဝရတရားရပြီးမှ ဆောက်လုပ်ထားသည်ဆိုလျှင် ဤသည်ပင်ပို၍ ကြောက်စရာကောင်းနေလိမ့်မည်။ ဤနန်းတော်တစ်ခုတည်းပင်လျှင် ဤလောကကြီးထဲရှိ အဆင့်လွန်ရတနာများစွာထက် သာသွားလိမ့်မည်။
ထိုအချိန်တွင် နန်းတော်ထဲမှ လူငါးယောက်ထွက်လာသည်။ သူတို့အားလုံးသည် ထိတ်လန့်စရာကောင်းသည့် ထာဝရခွန်အားများ ထုတ်လွှတ်နေသည်ပင်။ သူတို့အထက်မှ အနီရောင်သရဖူဆောင်းထားသည့် ကြိုးကြာတစ်ကောင် ပျံသန်းသွားကာ တာအိုပန်းပွင့်ဖြတ်များ ကြဲချသွားသည်။
ဤသည်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားငါးယောက်ပင်။ သူတို့၏ မီးခိုးရောင်ဆံပင်များတွင် အဖြူရောင်အနည်းငယ် ရှိနေလေပြီ။ သူတို့၏ သွေးစွမ်းအင်မှာ ဝမ်တနှင့် ဝမ်အဲ့တို့ လေးယောက်ထက်ပင် ပို၍ ကြောက်စရာကောင်းသေးသည်။
ဤလူများမှာ နဂါးကိုးကောင်ဟုခေါ်သည့်သူများဖြစ်မည်ကို ရှီဟောင်သိလိုက်သည်။
ဤငါးယောက်ထဲတွင် နောက်ဆုံးတစ်ယောက်မှာ ကြောက်စရာအကောင်းဆုံးပင်။ သူ၏ဆံပင်များတွင် အဖြူတစ်ချောင်းမှမပါပဲ မီးခိုးရောင်များသာ။ သူသည် သုံးဆယ်ကျော်သာ ရှိသေးသည့်ပုံပင်။
ဝမ်ကျို..
[TN: ကျို=ကိုး]
ဤသည်မှာ ရှီဟောင် ကောက်ချက်ချလိုက်ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစုမှ လူများဆွေးနွေးနေကြသည့်အချိန်တုန်းက ဝမ်မိသားစုတွင် သားကိုးယောက်ရှိပြီး တစ်ယောက်ထက်တစ်ယောက် ပို၍ စွမ်းအားကြီးကြောင်း သူသိထားသည်ပင်။ အငယ်များမှာ ပို၍စွမ်းအားကြီးကြသည်ပင်။
အထူးသဖြင့် နောက်ဆုံးတစ်ယောက်မှာ ကောင်းကင်၏ကောင်းချီး ပေးခံထားရသည့်သူပင်။ သူ ဤလောက၌ လျှောက်သွားနေခဲ့သည့် နှစ်တစ်သိန်းလုံးတွင် သူနှင့်ယှဉ်နိုင်သည့်ရန်သူကို မတွေ့ခဲ့ရပေ။
နဂါးကိုးကောင် အတူတူရပ်နေသည်ကို ရှီဟောင် ပထမဆုံးမြင်ဖူးခြင်းပင်။ သူတို့ကိုးယောက်သာ အတူတူတိုက်ခိုက်ပါက ဤမိုးကောင်းကင်အောက်တွင် သူတို့ကို ယှဉ်နိုင်မည့်ပြိုင်ဘက်ရှိမည်မဟုတ်ဟု ပြောကြသည်။
ဤသည်မှာ ဝမ်မိသားစု အခြားသူများအပေါ်၌ ရှိနေနိုင်ခြင်း၏ အကြောင်းရင်းတစ်ခုပင်။
“စီနီယာ မုန့်ထျန်းကျန်း .. စီနီယာက တကယ်ကို လေးစားဖို့ကောင်းပါတယ် … ထာဝရတာအိုမှာ ကျရှုံးခဲ့ပေမယ့်လည်း မသေခဲ့ဘူး .. တကယ်ကို ဒီလောကကြီးရဲ့ အရှင်ဖြစ်ထိုက်ပါတယ် .. ဒါပေမဲ့ ကျွန်တော်တို့အားလုံး အသက်ကြီးလာတဲ့အချိန်ဆိုတာ ရှိမှာပဲ .. အခုက အရင်ခေတ်မဟုတ်တော့ဘူး .. အခု စီနီယာက အသက်ကြီးနေရုံတင်မကဘူး စီနီယာရဲ့ သွေးစွမ်းအင်လည်း အရင်ကလောက် မများတော့ဘူး .. ပြီးတော့ ဒီခေတ်မှာ စွမ်းအားကြီးသည့်သူအသစ်တွေ ထွက်ပေါ်လာပြီ .. စီနီယာပိုင်ဆိုင်ခဲ့တဲ့ ခမ်းနားကြီးကျယ်မှုက အဆုံးသတ်သွားပြီ” ဝမ်မိသားစု ဝမ်ခြောက်မှ တိုက်ရိုက်ပြောလိုက်သည်။ အခြေအနေမှာ တိုက်ပွဲသို့ ဦးတည်နေသည်ပင်။
“အစ်ကိုခြောက် .. အစ်ကိုက စီနီယာမုန့်ထျန်းကျန်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး .. ကျွန်တော်တိုက်မယ်..”
ထိုအချိန်တွင် နံပါတ် ၇ မှ လျှောက်လာလေသည်။ သူ၏ဦးခေါင်းထက်၌ ဆံပင်ဖြူ အနည်းငယ် ရှိနေသည်ပင်။
ဤသည်မှာ နဂါးကိုးကောင်ထဲ၌ တတိယမြောက်စွမ်းအားအကြီးဆုံးသူပင်။
ဤသည်မှာ သူတို့ခွန်အားကို ပြသခြင်းပင်။ ထာဝရဝမ်ပင် အကြီးအကဲအရှင်အား အထဲဘက်သို့ ဖိတ်ခေါ်လိုက်ပြီဖြစ်သော်လည်း သူတို့ ဤကိစ္စကို လက်မလွတ်နိုင်သေး။ အကြီးအကဲအရှင်အား စိန်ခေါ်နေသေးသည်။
“ထာဝရဝမ် .. မင်း ဘယ်အချိန်မှ ထွက်လာမှာလဲ..” အကြီးအကဲအရှင် ပြောလိုက်သည်။
“ဟားဟား .. တာအိုရောင်းရင်းက တောင်းဆိုမှတော့ ငါက ကိုယ်ထင်ပြရတာပေါ့ .. ဒါပေမဲ့ ရောင်းရင်းက ငါ့တို့ ဝမ်မိသားစုကို နည်းနည်းလေး အထင်သေးနေတာပဲ .. ကိုယ်ပွားနဲ့ပဲ လာတာပေါ့ .. ကျုပ်ကလေးတွေတောင်မှ ခင်ဗျားကို စိန်ခေါ်ဖို့ အရည်အချင်းရှိတယ်..”
ထိုစကားကိုကြားလိုက်ရသည်နှင့် ဝမ်မိသားစုမှ နဂါးကိုးကောင်၏ အမူအရာများ ပြောင်းလဲသွားသည်။ ဤသည်မှာ ဝိညာဉ်ကိုယ်ပွားတစ်ခုဖြစ်မှန်း မည်သူမှ မသိခဲ့ကြ။
ဝမ်မိသားစု၏ ရှစ်ယောက်နှင့် ကိုးယောက်မြောက်သားများသာ တည်ငြိမ်နေသည်။ အထူးသဖြင့် ကိုးယောက်မြောက်သားပင်။
ကိုးယောက်မြောက်သားမှာ အလွန်ကြောက်စရာကောင်းလှသည်။
သူ၏မျက်လုံးထဲတွင် အာကာသများပြောင်းလဲနေသည့်မြင်ကွင်းနှင့် ကြယ်များမှေးမှိန်သွားသည့်မြင်ကွင်းများ မြင်နေရသည်ပင်။ ထို့အပြင် သူ့မျက်လုံးကို ဖြတ်သွားသည့် အလင်းတန်းတစ်ခုလည်းရှိနေသည်ပင်။
ရွှီး..
ကောင်းကင်ကြီး ကွဲအက်သွားကာ ပုံရိပ်တစ်ခု ပေါ်လာ၏။ ဤသည်မှာ အကြီးအကဲအရှင်၏ ခန္ဓာကိုယ်အစစ်ပင်။
သူ့ရဲ့ခန္ဓာကိုယ်အစစ်က ဝမ်မိသားစုဆီကို တကယ်ရောက်လာပြီ..
ရွှီးဟူသည့်အသံနှင့်အတူ သူ၏ဝိညာဉ်ကိုယ်ပွား ပျောက်ကွယ်သွားကာ သူနှင့်တစ်ယောက်တည်းဖြစ်သွားသည်။
“သူငယ်ချင်းဟောင်းတွေ ပြန်တွေ့ရတာက တကယ်ကို ပျော်စရာကောင်းတဲ့ကိစ္စပဲ..” ထိုအချိန်တွင် ထာဝရဝမ်၏အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
ဖရိုဖရဲစွမ်းအင်များ လွှမ်းခြုံနေသည့် နန်းတော်ကြီးထဲမှ လူငယ်တစ်ယောက် လမ်းလျှောက်ထွက်လာသည်။ သူ၏နှုတ်ခမ်းများနီရဲနေပြီး သွားများလည်း ဖြူဖွေးနေကာ တကယ်ကို ငယ်လွန်းလှသည်ပင်။
ဤစကားများမှာ သူ့ပါးစပ်မှ ထွက်လာခြင်းပင်။ ဒါက ထာဝရ ဝမ်လား..
ရှီဟောင် ဆွံ့အသွားသလို စိတ်ထဲ၌ ထိတ်လန့်သွားရသည်။ ဤသည်မှာ သူထင်ထားသည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှင့် လုံးဝကွာခြားသည်ပင်။
အပိုင်း ၁၅၀၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၁၀ – ထာဝရဝမ်
ထာဝရဝမ်ဆိုသည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို လွှမ်းမိုးနိုင်သည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူအဖြစ် နာမည်ကြီးသည့်သူပင်။ သို့သော်လည်း သူတို့ရှေ့၌ ပေါ်လာသည်မှာ ငယ်ရွယ်မှုများ ပြည့်နေသည့် လူငယ်လေးတစ်ယောက်ပင်။
ရှီဟောင် ဆွံ့အသွားကာ သူမြင်ရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နတ်စွမ်းရည်များဖြင့် ငယ်အောင်ပြုလုပ်ထားခြင်းမဟုတ်ပဲ များပြားလှသည့်သွေးစွမ်းအင်များနှင့် လူငယ်တစ်ယော်က်ဖြစ်သည်ကို သူ၏ကောင်းကင်မျက်လုံးမှတစ်ဆင့် မြင်လိုက်ရသည်ပင်။
အသွေးအသားဖြစ်စေ၊ အရိုးများဖြစ်စေ အားလုံးမှာ အသက် ၁၈ နှစ်အရွယ် လူငယ်လေး၏ နုပျိုမှုများရှိနေသည်ပင်။
ပုရွက်ဆိတ်လေးမှာ မေးရိုးအောက်ပြုတ်ကျမတတ်ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် သေချာစဉ်းစားကြည့်လိုက်သည်နှင့် သူတို့စိတ်ထဲ အေးခဲသွားရသည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ဖြစ်နေခြင်းမှာ ထာဝရဝမ်ထံတွင် ဒုတိယအသက်ရှိနေသောကြောင့် ဖြစ်နိုင်သည်။ ဤသည်မှာ ကြောက်စရာကောင်းလှသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြောင်းလဲသွားပြီးသည့်နောက်တွင် ဤလောကမှ ထာဝရတည်ရှိနေသည့်အရာ မရှိတော့။ ကျင့်ကြံသူအားလုံး တစ်နေ့တွင် သေဆုံးသွားမည်ပင်။ မည်မျှပင် အံ့အားသင့်စရာကောင်းသည့် နတ်စွမ်းရည်ရှိနေပါစေ ထာဝရတရားကို ရရှိထားခြင်းမဟုတ်ပါက နောက်ဆုံး၌ ပျက်စီးသွားမည်ပင်။
စွမ်းအားကြီးသည့် ကျင့်ကြံသူများ နှစ်တစ်သန်းနေနိုင်သော်လည်း တစ်နေ့ကျလျှင်တော့ သူတို့အသက်ဓာတ်များ ခမ်းခြောက်သွားမည်ပင်။
ထာဝရဝမ်က ဘယ်နှနှစ်တောင် နေပြီးသွားပြီလဲ .. နှစ်တစ်သန်းကျော်လောက်ပြီဖြစ်သော်လည်း သူသည် ယခုမှ ဘဝခရီးစတင်မည့်လူငယ်လေးကဲ့သို့ပင်။
သူသည် အလွန်ငယ်သေးပြီး သူ၏ကြွက်သားများ၊ အရိုးများ၊ သွေးကြောနှင့် အခြားအရာများအားလုံးတွင် အသက်စွမ်းအားများ ပြည့်နှက်နေဆဲပင်။
ဒုတိယအသက်ရှိသည့်သူများမှာ အလွန်ရှားပါးသည်ဟု ပြောကြသည်ပင်။ ရှေးခေတ်မှ ယခုအချိန်ထိ ဤဒုတိယအသက်ကို ရခဲ့သည့်သူများမှာ သိပ်မများလှ။ ဤသည်မှာ ဒဏ္ဍာရီထဲ၌သာ ရှိသည်ပင်။
ယခု ထာဝရဝမ် အောင်မြင်သွားလေပြီ။
“မင်းက အရင်ကထက်တောင် ပိုငယ်သွားပြီ .. နောက်နှစ်တစ်သန်းကြာရင် မင်းကလေးတစ်ယောက်ဖြစ်သွားမှာလား..” အကြီးအကဲအရှင် စိတ်လှုပ်ရှားသွားသည်။ ဤသည်မှာ လှောင်ပြောင်ခြင်းမဟုတ်ပဲ အံ့အားတကြီး ပြောလိုက်ခြင်းပင်။
သူတို့အသက်အရွယ်သို့ ရောက်သည်နှင့် သူတို့လိုချင်ကြသည်မှာ အခြားဘဝတစ်ခုပင်။ အရေခွံဟောင်းကို ခွာချကာ လူငယ်လေးတစ်ဦး၏ နုပျိုမှုကို ရလိုကြသည်။
သို့သော်လည်း ဤသည်မှာ အခွင့်အရေးပေါ်မူတည်နေသည့်အရာတစ်ခုပင်။ အင်အားကြီးနေရုံဖြင့် ဤအရာကို မရနိုင်။ အချို့ ကျင့်ကြံဆင့်နိမ့်သည့်သူများမှာ ဤကိစ္စတွင် ပို၍တိုးတက်ကြသည်ပင်။
“စိတ်အခြေအနေကောင်းရင် ဘဝကြီးက နုပျိုနေမှာပဲ” ထာဝရဝမ် အနည်းငယ် ရယ်မော၍ ပြောလိုက်သည်။
သူ၏မည်းနက်နေသည့် ဆံနွယ်များမှာ ကြေးမုံကဲ့သို့ပင် တောက်ပနေသည်။ သူ၏မျက်လုံးများလည်း သလင်းကျောက်ကဲ့သို့ ကြည်ရှင်းနေသည်။
သူပြုံးလိုက်လျှင် သွားဖြူဖြူလေးများ ပေါ်လာပြီး ဤသည်မှာ မနက်ခင်းနေရောင်ခြည်ဖြာကျလာသကဲ့သို့ပင်။
ဤသည်မှာ ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့အား ဆွံ့အသွားစေသည်။ နဂါးကိုးကောင်နှင့်ယှဉ်လျှင် မည်သူက လူငယ်၊ မည်သူက လူကြီးပင် မသိတော့။
“ညီအစ်ကိုထျန်းကျန်း .. မင်းက ဒီနှစ်တွေမှာ ကိုယ်နဲ့စိတ်ကို ပင်ပန်းအောင် လုပ်နေတာပဲ..” ထာဝရဝမ်ပြုံး၍ ပြောလိုက်သည်။
သူ၏အပြုံးမှာ ရောင်စုံအလင်းလုံးကဲ့သို့ တောက်ပလွန်းသည်ပင်။
သို့သော်လည်း ထိုအပြုံးကြောင့် ရှီဟောင်နှင့်ပုရွက်ဆိတ်လေးတို့ ချွေးစေးပင်ပြန်လာရသည်။ သူ့အတွက်တော့ ဤလူငယ်လေးမှာ အလွန်ကြောက်စရာကောင်းသည်ပင်။
သူသည် တောက်ပကာ အလင်းရောင်များဖြာထွက်နေသော်လည်း မည်သူမှ ပေါ့ပေါ့တန်တန်မတွေးရဲ။ အဘယ်ကြောင့်ဆိုသော် သူသည် ထာဝရဝမ်ပင်။
“နည်းနည်းလိုပါသေးတယ် .. မပြည့်စုံသေးဘူး .. အသံက အိုနေတုန်းပဲ..” အကြီးအကဲအရှင် ရုတ်တရက်ပြောလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ထာဝရဝမ်သည် သူ၏အပြုံးကို ဖယ်ရှားလိုက်သည်။ “ဟုတ်တယ် .. ငါ့ပြောင်းလဲမှုလည်း လုံလောက်အောင် မပြည့်စုံသေးဘူး .. ငါ့ရဲ့နတ်အမြုတေမှာ အနာအဆာတွေရှိတုန်းပဲ .. ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟာက ဖုံးကွယ်ထားလို့မရဘူး ..ဒါပေမဲ့ ငါလည်း အဲဒါကို မဖုံးကွယ်ချင်ပါဘူး..”
အမှန်တကယ်တွင် သူတို့လေ့လာနေသည့် တာအိုအမြုတေ ပြောင်းလဲခြင်း၏ အဓိကအပိုင်းမှာ မူလဝိညာဉ်ပြောင်းလဲခြင်းပင်။
တရားထိုင်ရင်းသေသွားကြသည်မှာ သူတို့၏ မူလဝိညာဉ်ပျက်စီးသွားသောကြောင့်ပင်။
မဟုတ်ပါက ဤမျှစွမ်းအားကြီးသည့်သူတစ်ယောက် အခြားသူတစ်ယောက်ကို ခန္ဓာကိုယ်ကို ယူလိုက်၍ရသည်ပင်။
“ကြည့်ရတာ ဒီကောင်းကင်နဲ့ကမ္ဘာမြေကြီးက အဲဒီလောက် မရက်စက်သေးဘူးထင်တယ် .. အဲဒါကြောင့် ငါအလောတကြီး မလုပ်သေးတာ..” ထာဝရဝမ် ခေါင်းခါကာ ပြောလိုက်၏။
“မင်းက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ .. တစ်ခုခုကို ကောက်ချက်ချနိုင်ပြီပေါ့…” အကြီးအကဲအရှင်၏အမူအရာ လေးနက်သွားသည်။
သူလည်း အမှန်တရားအချို့ကို နားလည်သွားသည်မှာ သေချာသည်။ မဟုတ်ပါက ဤကဲ့သို့သော တုံ့ပြန်မှုမျိုးဖြစ်လာမည်မဟုတ်။
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်နေသည့်ပုံမပေါ်ပေ။ သူတို့နှစ်ယောက်မှာ စကားပြောရသည်မှာ အလွန်ကြာသည့် သူငယ်ချင်းဟောင်းနှစ်ဦးကဲ့သို့ပင်။
“မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေသာ ဖြစ်မလာရင် ဒီလောကကြီးက အရမ်းဆိုးရွားသွားမှာဆိုတာ မင်းရောပါရော သိနေတာပဲ .. ဒါက တကယ်ကို ပျက်စီးတဲ့ခေတ် ရောက်သွားမှာ..” ထာဝရဝမ် ပြောလိုက်သည်။
“အဲဒီလောက်လည်း မဆိုးလောက်ပါဘူး .. ငါတို့ အတော်ဆုံး ကျင့်ကြံသူတစ်အုပ်စုလောက်ကို လေ့ကျင့်ပေးလို့ရနိုင်လောက်တယ် .. ပြီးတော့ ဒီလောကကြီးရဲ့ အသက်ဓာတ်က မကုန်ဆုံးနိုင်အောင် ရှိနေတာလေ .. သူတို့အတွက် အမြဲတမ်း ကျင့်ကြံခြင်းစွမ်းအင်တွေ ရှိနေမှာပဲ..” အကြီးအကဲအရှင်ပြောလိုက်သည်။
“အဲဒီနေ့ တကယ်ရောက်လာရင် လောကကြီး ခြောက်သွေ့သွားပြီးတော့ မသေဆုံးနိုင်တဲ့အရာတွေလည်း လုံးဝပျောက်ကွယ်သွားမှာ .. ပတ်ဝန်းကျင်ကလည်း အရမ်းကို စက်ဆုပ်စရာကောင်းသွားမှာ .. အဲဒီအချိန်ကျရင် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ နှစ်တစ်သောင်းထက် ပိုနေရရင်ကို တော်တော်လေး အံ့ဩစရာဖြစ်နေပြီ..” ထာဝရဝမ် အလွန်လေးနက်စွာ ပြောလိုက်သည်။
ထို့အပြင် သူနားလည်သလောက်ဆိုလျှင် အကျိုးဆက်များမှာ ပို၍ဆိုးရွားမည်ပင်။ ထိုအချိန်ကျလျှင် ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူတစ်ယောက်ပေါ်လာသည်နှင့် သူသည် ‘အခွင့်အရေး’ကို နှစ်ပေါင်း ထောင်ပေါင်းများစွာ လိုက်ရှာရမည်ဖြစ်ပြီး အခြားသူများ သူ့အဆင့်သို့ မရောက်နိုင်အောင်လည်း ဖိနှိပ်ထားမည်ပင်။
“ပိုရက်စက်ပြီး ပိုခက်ခဲလေလေ လူတွေ ပိုလုပ်ချင်လေလေပဲ .. ငါသာ အဲဒီခေတ်မှာ မွေးခဲ့ရင် ငါ ဒုတိယအသက်ရအောင် ကိုယ့်ကိုကိုယ် တွန်းအာားပေးခဲ့မှာ သေချာတယ်.. အခုလိုမျိုးဖြစ်နေမှာမဟုတ်ဘူး..” ထာဝရဝမ် နောင်တကြီးစွာ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် မသေမျိုးအရာများနည်းပါးသွားပြီဖြစ်သော်လည်း အနည်းငယ် ရှိနေဆဲပင်။ ဒုတိယအသက်ကို စတင်ကျင့်ကြံသည်နှင့် ထိုအရာများ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားနိုင်သည်ပင်။
ထို့ကြောင့်လည်း ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သည့် တုံ့ပြန်မှုများဖြစ်လာခြင်းပင်။ ဤသည်မှာ ပြန်ဆုတ်ရန်လမ်းမရှိပေ။
“တာအိုရောင်းရင် .. မင်း ငါ့ရဲ့ဝမ်မိသားစုထဲ ဒီလိုမျိုးဝင်လာတာက ငါ့ကိုတော်တော်လေး ဒုက္ခများစေတယ် .. မင်းက လူငယ်လေးတစ်ယောက်အတွက်နဲ့ ငါတို့မိသားစုနဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်တော့မလို့လား..”
လေထုအခြေအနေ ပြောင်းလဲသွားလေပြီ။
“ဒါက ငါ့ရဲ့အနီးကပ်တပည့်ဖြစ်မှန်းတစ်လောကလုံး သိကြတယ် .. ဒါက ထာဝရဝမ်ရဲ့ နဂါးကိုးကောင်လိုမျိုး ငါ့ရဲ့မျိုးဆက်ပဲ .. လူတစ်ယောက်က ဒါကိုသိရက်နဲ့ သူတို့ကို အန္တရာယ်ပေးချင်နေတုန်းပဲဆိုရင် မင်းဘယ်လိုလုပ်မလဲ..” အကြီးအကဲအရှင်၏အသံမှာ အားအင်ပြည့်ဝနေသည်။
ရှီဟောင်၏မျက်လုံးများ ပူတက်လာသည်။ အကြီးအကဲအရှင်၏ စကားများမှာ သူ့အား စိတ်လှုပ်ရှားသွားစေသည်ပင်။ သို့သော် ယခုတော့ သူဘာမှမကူညီနိုင်သေး။ နောင် သူခွန်အားကြီးလာမှ အကြီးအကဲအရှင်၏ ကြင်နာမှုအား ပြန်ပေးဆပ်မည်။ ရန်သူအားလုံးကိုရှင်းပစ်ကာ တစ်ဖက်လောကကို စိန်ခေါ်ပစ်မည်။
ဝမ်မိသားစုမှ နဂါးကိုးကောင် ဤကိစ္စကို မကြားချင်သောကြောင့် သူတို့မျက်လုံးများ အေးစက်သွားကြသည်။
“အဖေ .. ကျွန်တော် မုန့်ထျန်းကျန်းကို တိုက်ချင်တယ်..” ဝမ်မိသားစု ၈ ယောက်မြောက်သားမှ ပြောလိုက်သည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်ကျွမ်းကျင်သူဖြစ်ပြီး ဝမ်ကျိုထက် တစ်ဆင့်သာနိမ့်သည်။
“တာအိုရောင်းရင်းက သူတို့ကို လမ်းညွှန်ပေးချင်လို့လား .. ရှစ်ကြီးနဲ့ ကိုးကြီး .. မင်းကြိုက်တဲ့သူကို ရွေးလိုက်” ထာဝရဝမ် ပြုံး၍ ပြောလိုက်သည်။
“ဝမ်ကျိုက အထင်ကြီးစရာကောင်းပါတယ် .. သူက ကောင်းကင်ရဲ့ကောင်းချီးပေးခံထားရတာ .. သူက နောင်ကျရင် မင်းထက်တောင် ပိုပြီးတော့ သန်မာလာဦးမှာ..” အကြီးအကဲအရှင် တွန့်တိုခြင်းမရှိပဲ ချီးကျူးလိုက်သည်။
ထို့နောက် သူသည် လေသံပြောင်းကာ “သူတို့မရင့်ကျက်သေးတဲ့အချိန်မှာ ငါနဲ့ ယှဉ်ခိုင်းဖို့က မင်းသေချာရဲ့လား .. ငါတိုက်ပြီဆိုရင် ငါလျှော့တိုက်မှာမဟုတ်ဘူးနော်..”
“ခင်ဗျားဘာပြောတာ..” နဂါးကိုးကောင်ထဲမှ လူအချို့ မကျေမနပ်ဖြစ်သွားကြသည်။ ဤစကားများမှာ သူတို့အား ခြိမ်းခြောက်သလို ဖြစ်နေသောကြောင့် သူတို့ ဤစကားကို လက်မခံနိုင်။
“ငါက အမှန်အတိုင်းပြောတာပါ..” အကြီးအကဲအရှင် တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒီလိုဆိုရင်လည်း ငါ့ကလေး ကိုးယောက်လုံး အတူတူတိုက်ရင်ရော..” ထာဝရဝမ်သည် ပြုံးနေသော်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်ပင်။
အကြီးအကဲအရှင်၏ အမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤနဂါးကိုးကောင်ပေါင်းစည်းလိုက်သည်နှင့် သူတို့သည် လောကကြီးထဲ၌ ပြိုင်ဘက်ကင်းပင်ဖြစ်ကြောင်း ကောလဟာလများရှိနေသည်ပင်။
သူကိုယ်တိုင် ပြိုင်ဘက်ကင်းသည်ကျွမ်းကျင်သူဖြစ်သော်လည်း ကောလဟာလများအရဆိုလျှင် မည်သူအနိုင်ရရှိမလဲဆိုသည်မှာ ခန့်မှန်းရန် ခက်ခဲသည်။
“မင်းဒီလိုမျိုး လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား .. ငါတိုက်ရင် ထိန်းချုပ်နိုင်ဖို့ ခက်ခဲလိမ့်မယ် .. ငါ နဂါးတစ်ကောင်၊ နှစ်ကောင်လောက်ကို မတော်တဆ သတ်မိသွားရင် မင်း မကျေမနပ်မဖြစ်ဘူးမလား..” အကြီးအကဲအရှင် မေးလိုက်သည်။
ရွှီး..
နဂါးအချို့ လှုပ်ရှားလာကာ အကြီးအကဲအရှင်အား ဝိုင်လာကြသည်။
“မင်း ငါ့ကိုသတ်ချင်နေတာလား .. ဒါပေမဲ့ မင်းအောင်မြင်ပါ့မလား..” အကြီးအကဲအရှင် ထာဝရဝမ်အား ကြည့်လိုက်သည်။
“ငါ့ကလေးကိုးယောက် အတူတူလှုပ်ရှားရင် သူတို့က တော်တော်လေး ပြိုင်ဘက်ကင်းမယ်ဆိုတာ ငါယုံကြည်တယ် .. ငါပါထပ်ပေါင်းထည့်လိုက်ရင်တော့ မင်းအရာအားလုံးကို စတေးပြီး ထွက်ပြေးချင်ရင်တောင် မင်းမအောင်မြင်လောက်ဘူး..” ထာဝရဝမ် ထူးမခြားနားစွာပင် ပြောလိုက်သည်။
“ငါဘာလို့လာလဲသိလား .. ငါ ဖြေရှင်းချက်တစ်ခုတောင်းဖို့၊ သတ်ဖို့ပဲ..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။ သူနည်းနည်းလေးမှပင် မကြောက်။
“အိုး .. မင်းမှာ ငါတို့နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိတယ်ပေါ့..” ထာဝရဝမ် မေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူနှင့် မုန့်ထျန်းကျန်းမှာ ထာဝရပြိုင်ဘက်များပင်။ မည်သူ အနိုင်ရမည်မှာ ပြောရန်ခက်သည်။ သို့သော်လည်း နဂါးကိုးကောင်ကို ပေါင်းထည့်လိုက်မည်ဆိုလျှင် ဤသည်မှာ သူတို့နယ်မြေဖြစ်သောကြောင့် သူတို့ သေချာပေါက်ပင် အကြီးအကဲအရှင်အား ဖိနှိပ်ကာ သတ်နိုင်လိမ့်မည်။
“မင်း ငါနဲ့တစ်ယောက်ချင်းတိုက်ချင်ရင် ငါအဖော်လုပ်ပေးလို့ရတယ် .. ငါတို့ခွန်အားနဲ့စကားပြောကြတာပေါ့..” အကြီးအကဲအရှင် ပြောလိုက်သည်။ ထို့နောက် သူသည် ခဏရပ်လိုက်ကာ “မင်းတို့တွေအားလုံး ပေါင်းပြီးတော့ ငါ့ကို သတ်ချင်နေတယ်ဆိုရင်တော့ မင်းတို့စိတ်ပျက်သွားရလိမ့်မယ် .. ဒါက ထာဝရမိသားစုရဲ့ သန့်စင်တဲ့မြေဆိုရင်တောင် ငါအားလုံးကို ဖြိုဖျက်ပစ်မှာပဲ..”
ရွှီး..
စာလိပ်တစ်ခု ပွင့်သွားကာ ကောင်းကင်ထက်သို့ ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲအရှင်အား ဝိုင်းရံထားသည့် နဂါးအချို့လည်း နောက်ပြန်လွင့်ထွက်သွားကာ တစ်ယောက်ဆိုလျှင် ထိုနေရာ၌ပင် သွေးအန်သွားလေ၏။
လေထဲ၌ ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ပျံ့နှံ့လာသည်။ လောကကြီးပင် နောက်တစ်ကြိမ် ပွင့်လာသလိုပင်။
“နယ်မြေ၁၀ခုသင်္ကေတ..” ထာဝရဝမ် မျက်လုံးများမှေးကျဉ်းသွားကာ အနည်းငယ် သက်ပြင်းချလိုက်သည်။
ဤသည်မှာ အစီအရင်များစွာဖြင့် ကာကွယ်ထားသည့် ထာဝရမိသားစု၏ သန့်စင်သည့်နယ်မြေဖြစ်သော်လည်း သူ၏အမူအရာများ လေးနက်သွားရသည်။ တစ်ချိန်တည်းမှာပင် သူစိုးလည်းစိုးရိမ်လာသည်။
နယ်မြေ၁၀ခုသင်္ကေတဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း.. ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်ကဲ့သို့ အဆင့်လွန်ရတနာပင်။ ထာဝရရှေးဟောင်းခေတ်စစ်ပွဲ၌ ဤအရာသည် တစ်ဖက်လောကမှ သက်ရှိများကို ဒေါသတကြီး ဟစ်အော်သည်အထိ ဖြစ်စေခဲ့သည်။ ဤသင်္ကေတကြောင့် သူတို့ဘက်မှ မရေမတွက်နိုင်သည့်လူများ သေဆုံးခဲ့ကြသည်ပင်။
ပို၍အရေးကြီးသည်မှာ ဤနေရာမှာ ဝမ်မိသားစု၏ သန့်စင်သည့်မြေ၊ ဝမ်မိသားစု အခြေချရာ နေရာပင်။ တစ်ခုခုသာဖြစ်သွားပါက ဆုံးရှုံးရမည်မှာ သူ၏မျိုးဆက်များပင်။ ဤနေရာ၌ သွေးချောင်းစီးသွားနိုင်ပြီး ကျွမ်းကျင်သူများစွာ သေဆုံးသွားလိမ့်မည်။
သူ၏ကလေးကိုးယောက်ထဲမှ အချို့ သေဆုံးသွားနိုင်သည်အထိပင်။
အပိုင်း ၁၅၁၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၁၁ – ဆန့်ကျင်ခြင်း
ထာဝရဝမ်သည် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင်တော့ အလောတကြီး မလုပ်ရဲ။
အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင်လက်ထဲ၌ ရှိနေသည့် သင်္ကေတမှာ ကြောက်စရာကောင်းလှသည်။ တောင်များနှင့်မြစ်များမှာ ခမ်းနားလှပြီး ကြယ်များလည်း ရွေ့လျားနေသည်။ အရာအားလုံးမှာ လုံးဝအစစ်အမှန်ပင်။ ဤသည်မှာ အဆင့်လွန်ရတနာတစ်ခုပင်။
ချွမ်း..
နဂါးအော်သံ သို့မဟုတ် ကျားဟိန်းသံကဲ့သို့သော အသံလေး ထွက်ပေါ်လာကာ ထာဝရဝမ်၏ မျက်ခုံးကြားမှ ထာဝရအလင်းတောက်ပနေသည့် စစ်ရဲဒင်းတစ်ခု ထွက်ပေါ်လာသည်။
သူ၏ နဖူးကို မည်သူမှ ထိုးခွဲလိုက်ခြင်းမဟုတ်။ သူဖန်တီးထားသည့်လက်နက် သူ့အလိုလိုပေါ်လာခြင်းပင်။
စစ်ရဲဒင်းသည့် သုံးလက်မသာရှိသော်လည်း ထာဝရအလင်းတောက်ပနေကာ သတ်ဖြတ်လိုသည့်စွမ်းအင်များလည်း စီးဆင်းနေသည်။ ဤသည်မှာ ကြောက်စရာကောင်းသည့်လက်နက်တစ်ခုပင်။
ဤလက်နက်တွင် ထာဝရစွမ်းအင်ရှိနေသောကြောင့် ဤသည်မှာ ထာဝရလက်နက်ပင်။ သို့သော်လည်း ဤလက်နက်မှ သတ်ဖြတ်လိုသည့်စွမ်းအင်များ ထုတ်လွှတ်သောကြောင့် ဤသည်မှာ နတ်ဘုရားသတ်သည့်လက်နက်တစ်ခု ဖြစ်သွားသည်။
ရှီဟောင်စိတ်ထဲ တုန်လှုပ်သွားရ၏။ ဤအော်ရာမှာ ကျောချမ်းစရာကောင်းလှပြီး ထွက်ပေါ်လာသည့်အလင်းအနည်းငယ်မှာ လေဟာနယ်ကို ထိုးဖောက်နေသည်။
အထူးသဖြင့် ထာဝရဝမ်သည် ကောင်းကင်ထက်သို့ မျက်နှာမူထားသောကြောင့် စစ်ရဲဒင်းမှထွက်သည့်အလင်းသည် ကောင်းကင်ကိုဖောက်ပြီး အာကာသအပြင်ဘက်တွင်ရှိနေသည့် ကြယ်များကို ထိုးဖောက်သွားသည်။ ကြယ်များစွာမှာ မီးရှူးမီးပန်းကဲ့သို့ ပေါက်ကွဲသွားသည်။
“ဒါက..” ပုရွက်ဆိတ်လေး၏မျက်နှာ မသာမယာဖြစ်သွားသည်။
ထာဝရဝမ်သည် သူ၏ဘိုးဘေးချန်ထားခဲ့သည့် ကလန်၏ အဆင့်လွန်ရတနာအား အသုံးပြုလိုက်ခြင်းပင်။ အာကာသအပြင်ဘက်မှ ကြယ်များကိုပင် အလွယ်တကူ ပေါက်ကွဲစေနိုင်သောကြောင့် ဤလက်နက်မှာ မည်မျှပင် ကြောက်စရာကောင်းသနည်း..
ဤသည်မှာ အကြီးအကဲအရှင်လက်ထဲတွင်ရှိနေသည့် နယ်မြေ ၁၀ ခုသင်္ကေတမအား ပြန်လည်တုံ့ပြန်လိုက်ခြင်းပင်။
“မင်းက အဲဒါနဲ့ ငါ့ကိုတိုက်ချင်တာလား .. ကိစ္စမရှိဘူး..” အကြီးအကဲအရှင်ပြုံး၍ ပြောလိုက်သည်။
ယခုအချိန်တွင် သူသည် စိတ်လှုပ်ရှားခြင်းမရှိပဲ တည်ငြိမ်နေလေ၏။ ထို့နောက် သူ့လက်ထဲမှ နယ်မြေ ၁၀ ခုသင်္ကေတမှ တရွှီးရွှီးအသံများ ထွက်ပေါ်လာပြီး စတင်ရွေ့လျားလာသည်။ ဘေးပတ်လည်ရှိ လေဟာနယ်မှာ ချက်ချင်းပျက်စီးသွားသည်။
ထိုအချိန်တွင် ရှေးဟောင်းကျောက်တုံးနန်းတော်ကြီး တောက်ပလာကာ အသံများထွက်ပေါ်လာပြီဂ ထိုအားကို ကာကွယ်လိုက်သည်။
“မုန့်ထျန်းကျန်း .. ခင်ဗျားလုပ်ရဲတယ်လား..” နဂါးကိုးကောင်သာ ထိတ်လန့်သွားသည်မဟုတ်။ ထာဝရဝမ်ပင် သူ့အားစိုက်ကြည့်လာပြီး အနည်းငယ် ကြောက်ရွံ့သွားသည်ပင်။
အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းနန်းတော်မှာ ကလန်မှ ထာဝရသက်ရှိ သီးသန့်ကျင့်ကြံသည့်နေရာဖြစ်ပြီး သူတို့၏ ဘိုးဘေးနန်းတော်ပင်။ သူတို့ ဤနန်းတော်ကို အပျက်စီးမခံနိုင်။ ဤသည်မှာ သူတို့၏ သင်္ကေတပင်။
သို့သော် ဤနန်းတော်မှာ တကယ်ကို သာမန်မဟုတ်ပေ။ သူ့အလိုလိုတောက်ပလာကာ နယ်မြေ ၁၀ ခုသင်္ကေတ၏စွမ်းအားကို သူ့ဘာသာသူ ချိုးဖျက်သွားလေ၏။
ဤသည်မှာ ကလန်ဘိုးဘေး၏ သီးသန့်ကျင့်ကြံသည့်နေရာဖြစ်ထိုက်သည်ပင်။
“ငါက ဘာလို့ မလုပ်ရဲရမှာပဲ .. မင်းတို့ ငါ့တပည့်ကို အနိုင်ကျင့်လို့ရပြီးတော့ ငါက အကြွေးပြန်လာတောင်းလို့မရဘူးလား..” အကြီးအကဲအရှင် အားပြင်းစွာပင် ပြောလိုက်သည်။
ထာဝရဝမ်၏မျက်လုံးများအေးစက်သွားကာ ယခင်က အပြုံးများ ပျောက်ကွယ်သွားသည်။ သူထုတ်လွှတ်သည့် တိုက်ပွဲအငွေ့အသက်များမှာ ပြင်းထန်လှပြီး သူအချိန်မရွေး တိုက်ခိုက်တော့မည်။
အစောပိုင်းက သူတို့နှစ်ဦးသည် သူငယ်ချင်းဟောင်းများကဲ့သိ့ ပြုံးနေကြသော်လည်း ယခုအချိန်တွင်တော့ သူတို့၏ ဆက်ဆံရေးအစစ်အမှန်ကို ထုတ်ပြလာကြလေပြီ။
ဝုန်း..
အလင်းတန်းများစွာ ထွက်ပေါ်လာပြီး ဝမ်မိသားစုရှေးဟောင်းမြေတစ်ခုလုံး တောက်ပလာသည်။ ဤနေရာ၌ရှိနေသည့် တောင်တစ်သောင်းမှာ ရှေ့နောက်လွှဲရမ်းကာ အရှုပ်ထွေးဆုံး အစီအရင်ကြီး ဖြစ်လာသည်။
ဤသည်မှာ ထာဝရအစီအရင်ပင်။ ဤအစီအရင်မျာ ပျက်စီးကာ မပြည့်စုံတော့သော်လည်း ဤသည်မှာ ကြောက်စရာကောင်းနေဆဲပင်။
ဘိုးဘေးနန်းတော်မှာ သင်္ကေတမျိုးစုံ၏ ရစ်ပတ်ခြင်းခံလိုက်ရကာ အရင်ကာကွယ်ခံလိုက်ရသည်။
“မင်းက ငါ့ကို တွန့်အားပေးနေတာပဲ .. ငါ့ကလေးကို ဒဏ်ရာရအောင်လုပ်တယ်ဆိုတော့ ဒီနေ့ မင်းကို ဖိနှိပ်ပစ်မယ်..” ထာဝရဝမ်မှ အေးစက်စွာ ပြောလိုက်သည်။
သူ၏အမူအရာမှာ လုံးဝပြောင်းလဲသွားလေပြီ။ သူသည် ချောမောကာ မျက်လုံးများကြည်လင်နေသော်လည်း နတ်ဆိုးဘုရင်တစ်ပါး ပြန်လည်ရှင်သန်လာသကဲ့သို့ အလွန်ကြောက်စရာကောင်းသည့်ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်ပင်။
“အဲဒီလိုလား .. ကြည့်ရတာ မင်းက မင်းရဲ့ကလေးတစ်ချို့ကို စွန့်ပစ်ဖို့ စီစဉ်ထားတဲ့ပုံပဲ .. ကောင်းပြီလေ .. ငါလည်း ခြေလက်လေ့ကျင့်ခန်းလေး နည်းနည်းလောက်ပြန်လုပ်ရတာပေါ့ .. သေချာတိုက်ဖို့ ပြင်ဆင်ထားလိုက်..”
အကြီးအကဲအရှင်၏ အသံမှာ အေးစက်နေသည်။ တစ်ချိန်တည်းမှာပင် သူ့ကိုဗဟိုပြုပြီး အေးစက်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်သည် အရာအားလုံးကို ဖုံးလွှမ်းသွားလေ၏။
လီတစ်သိန်းပတ်လည်တွင်ရှိနေသည့် သက်ရှိအားလုံး တုန်ယင်သွားရသည်။ ငှက်များနှင့် သားရဲများသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြကာ လျင်မြန်စွာ ဒူးထောက်လိုက်ပြီး သူရှိနေသည့်ဘက်သို့ ကန်တော့လာသည်။
ဤသည်မှာ ဝမ်မိသားစု၏အစီအရင်ကို ဖြတ်ကာဖြစ်လာသည့်အကျိုးရလဒ်ပင်။ မဟုတ်ပါက မယုံကြည်နိုင်စရာကောင်းသည့်ကိစ္စများ ဖြစ်လာမည်ပင်။
လက်တစ်ဖက်ကိုမြှောက်လိုက်ရုံဖြင့် ကြယ်များနှင့် လကို ခူးဆွတ်နိုင်သည်ဆိုသည်မှာ ဒဏ္ဍာရီတစ်ခုမဟုတ်။ တကယ်လုပ်နိုင်သည်ပင်။ အကြီးအကဲအရှင်သည် ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့် နတ်ခွန်အားရှိသည့်သူပင်။
ယခုအချိန်တွင် ဝမ်တ၊ ဝမ်အဲ့နှင့် အခြားသူများ၏အမူအရာများ အရုပ်ဆိုးလာသည်။ ယခုအချိန်တွင် သူတို့သည် အကြီးအကဲအရှင်၏ပြိုင်ဘက်မဟုတ်ကြောင်း ခံစားလိုက်ရသည်။ အစောပိုင်းက သူတို့အလွန်ရန်လိုမိသွားသည်။
အလွန်မောက်မာသည့် ဝမ်မိသားစုမှ ရှစ်ကြီးပင် မျက်မှောင်ကြုတ်နေလေ၏။ သူသည် အကြီးအကဲအရှင်အား စိန်ခေါ်ချင်ခဲ့သော်လည်း ယခု ဤစွမ်းအားကို မြင်ပြီးသည့်နောက်တွင် သူသည် ပြိုင်ဘက်မဟုတ်ကြောင်း သိလိုက်ရလေပြီ။
သုံးဆယ်ပတ်လည်လောက်ရှိသည့် ဝမ်ကျိုသာလျှင် တည်ငြိမ်နေလေ၏။
“အဖေ .. ကျွန်တော့်ကို စစ်ရဲဒင်းငှားပါ .. ကျွန်တော် သူနဲ့တိုက်ချင်တယ်..” ဝမ်ကျိုမှ ပြောလိုက်သည်။
သူ၏အသံမှာ သိပ်မကျယ်သော်လည်း ခံ့ညားလှသည်ပင်။ သူသည် နောင်အနာဂတ်တွင် အရှင်သခင်တစ်ယောက်ဖြစ်လာမည်မှာ သေချာသည်ပင်။
“မရဘူး … ငါတို့ဒီနေ့ဘာကိုမှ အဆုံးရှုံးမခံနိုင်ဘူး … မင်းတို့ကိုးယောက် အတူတူတိုက်ကြ .. ငါလည်းတိုက်မယ် .. သူ့ကိုဖမ်းလိုက် .. အစီအရင်နဲ့ ဘိုးဘေးလက်နက်နဲ့ဆိုရင် သူထွက်ပြေးနိုင်မှာမဟုတ်ဘူး..” ထာဝရဝမ်ပြောလိုက်သည်။
အကြီးအကဲအရှင် အလွန်ကြောက်စရာကောင်းသည်ကို သူသိသည်ပင်။ သူတို့သာ နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားသည်နှင့် ကပ်ဆိုးကြီးဖြစ်သွားလိမ့်မည်။
ထာဝရဝမ် ဆွံ့အသွားရသည်။ သူသည် ယခင်ခေတ်၌ ချိတ်ပိတ်ထားသည့်ထာဝရအမြုတစ်ခုဖြစ်လိမ့်မည်ဟု အပြင်လောကမှ သံသယဝင်နေကြသော်လည်း သူသည် အကြီးအကဲအရှင်အား မဖိနှိပ်နိုင်သေး။
သူ ယခင်က အကြီးအကဲအရှင်နှင့် နှစ်ကြိမ်တိုက်ခိုက်သေးသည်။ နှစ်ကြိမ်လုံး သရေဖြင့် နောက်ပြန်ဆုတ်ခဲ့ရသည်ပင်။
“ကောင်းပြီလေ … ငါတို့သူ့ကို အတူတူသတ်ကြတာပေါ့ .. ဒီလူအိုကြီးက ငါ့တို့တံခါးဝရှေ့ထိကို ရောက်လာရဲတယ်ဆိုတော့ ငါတို့ဝမ်မိသားစုဂုဏ်သိက္ခာက စောက်ကားလို့မရတဲ့အရာတစ်ခုဆိုတာ သူသိအောင် လုပ်ပေးကြတာပေါ့..” ဝမ်တ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူအနည်းငယ် ကြောက်နေသောကြောင့်ပင်။ ဤလူအိုကြီးမှာ ယခင်ကကဲ့သို့ သူ့အား ဖိအားပေးနေဆဲပင်။
“မင်းပြောတာမှန်တယ် .. ဒါက ရှားပါးတဲ့အခွင့်အရေးကြီးပဲ .. သူက ငါတို့ကို လာလည်တယ်ဆိုမှတော့ နောင်ဖြစ်လာမယ့်ပြဿနာတွေကို ရှင်းဖို့အတွက် သူ့ကိုရှင်းကြတာပေါ့..” ဝမ်အဲ့ပြောလိုက်သည်။
ဝုန်း..
မြေပြင်ထက်တွင် သင်္ကေတများ တစ်ခုပြီးတစ်ခု တောက်ပလာကာ လေဟာနယ်ထဲ ရစ်သိုင်းလာသည်။
ဤသည်မှာ ဝမ်မိသားစုဘိုးဘေးမှ ထွင်းထားခဲ့သည့် ထာဝရတာအိုမှော်အစီအရင်ပင်။ ယခုအချိန်တွင် ဤနေရာတစ်ခုလုံး ရွှေရောင်ဓားဖြင့် ပြည့်နှက်သွားပြီး အကြီးအကဲအရှင်အား ဝန်းရံသွားသည်။
ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့နှစ်ယောက်လုံး အသက်ရှူကြပ်စေသည့်ဖိအားကို ခံစားလိုက်ရသည်။
သူတို့ကို ကာကွယ်ရန် အကြီးအကဲအရှင် ထုတ်လွှတ်ထားသည့် အလင်းတန်းများကြောင့်သာမဟုတ်ပါက သူတို့ ဤကောင်းကင်ခွန်အားကို ခုခံနိုင်ရန် ခက်ခဲလိမ့်မည်။
“မုန့်ထျန်းကျန်း .. မင်းက အရမ်းကို စိတ်ကြီးဝင်နေတာပဲ .. မင်းက ငါ့ကိုတောင် ဖိအားပေးရဲတယ်ပေါ့..” ထာဝရဝမ် အေးစက်စွာ ပြောလိုက်သည်။
သူ၏မျက်ခုံးကြားမှာ စစ်ရဲဒင်းတစ်လက်မစီထွက်လာကာ ပြိုင်ဘက်ကင်းထာဝရလက်နက်တစ်ခုဖြစ်တော့မည်။
ဤကလန်သည် ဖရိုဖရဲရှင်းလင်းခြင်းပညာအား ပိုင်ဆိုင်ထားသည်ပင်။ ဤသည်မှာ ရှေးယခင်ကစွမ်းအားအကြီးဆုံး ဓားတာအိုပညာဖြစ်သော်လည်း သူတို့၏ ဘိုးဘေးလက်နက်မှာ စစ်ရဲဒင်းတစ်ခုဖြစ်နေသောကြောင့် သေချာပေါက် လျှို့ဝှက်ချက်အချို့ရှိနေမည်ပင်။
“မင်း ကိုယ့်ကိုကိုယ် ယုံကြည်ချက် လွန်ကဲနေပြီ..” အကြီးအကဲအရှင် ပြောလိုက်သည်။ သူ့နားတွင် သွေးစိုရွှဲနေသည့် အဝတ်စုတ်တစ်ခုပေါ်လာသည်။ ထိုအဝတ်စုတ်ပေါ်လာသည်နှင့် ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းတစ်ခု ပေါ်လာသည်။
ဒါက ဘာကြီးလဲ..
ဝမ်တ၊ ဝမ်အဲ့နှင့် အခြားသူများမပြောနှင့် ရှီဟောင်ပင်လျှင် ခေါင်းထဲ၌ တဒုတ်ဒုတ်မြည်လာသည်။ ဤသွေးရွှဲနေသည့် အဝတ်စမှာ အလောင်းများကို ရစ်ပတ်ရန် သုံးသည့်အဝတ်စကဲ့သို့ပင်။ သူ့မှာဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားရှိနေတာလြ..
အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစုအစီအရင်မှ ထုတ်လွှတ်သည့် အလင်းတန်းအားလုံး ချေဖျက်ခံလိုက်ရသည်ပင်။
“ဘာ .. မင်းမှာ ရှုမိသားစုက အစီအရင်အဆောင်ရှိနေတာလား..” ထာဝရဝမ်၏အမူအရာ ပြောင်းလဲသွားကာ သူအလွန်ထိတ်လန့်သွားရသည်။
“အဲဒါက အရင်တုန်းက စစ်အစီအရင်အဆောင်လား .. ထာဝရဘုရင်အလောင်းအဝတ်အစား..” ဝမ်တ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏အမူအရာမှာ အလွန်မသာမယာဖြစ်သွားသည်ပင်။
“ရှုမိသားစုက ဘာလို့ မင်းကိုဒီလိုပစ္စည်းမျိုး ပေးလိုက်တာလဲ .. ဒါက သူတို့ရဲ့ အသက်သွေးကြောပဲ .. တစ်ယောက်ယောက်က ဒါကိုသုံးပြီးတော့ သူတို့ကို တိုက်ခိုက်လာမှာမကြောက်ဘူးလား..” ထာဝရဝမ် သက်ပြင်းချလိုက်၏။ ဤကိစ္စမှာ လေးနက်လှပြီး သူခန့်မှန်းထားသည်ထက် ကျော်လွန်သွားလေပြီ။
ရှုမိသားစုဆိုသည်မှာ သက်ရှည်အင်ပါယာတရားရုံး ရှုမိသားစုပင်။
မင်းသမီးယောင်ယွဲ့သည် ထိုမိသားစုမှ လာခြင်းဖြစ်ပြီး သူ့အဖေ ရှုမင်ရွှမ်းသည် ကလန်၏ အင်ပါယာအရှင်ပင်။
ထိုအဝတ်စနာမည်ကြားသည်နှင့် ရှီဟောင် ချက်ချင်း ခေါင်းကိုက်သွားရသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်၌ ပုန်းခိုနေသည့် ကြောက်စရာကောင်းသည့်အော်ရာတစ်ခုကို သူအာရုံခံမိသည်ပင်။
ဤအဝတ်စတွင် ထိတ်လန့်စရာကောင်းသည့် ဇစ်မြစ်ရှိနေမည်ကို သူသိသည်။ ဤသည်မှာ သွေးများ၊ မျက်ရည်များပြည့်နေသည့် အတိတ်မှ အဖြစ်အပျက်များနှင့်ပင် ဆက်စပ်နိုင်သည်။
အပိုင်း ၁၅၁၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၁၂ – ထာဝရရှေးဟောင်းခေတ်အဆောင်
ရှုမိသားစု၏ အဆင့်လွန်ရတနာမှာ အဝတ်စုတ်ပင်။ ဤသည်မှာ ထာဝရဝမ်၏အမူအရာကို လေးနက်သွားစေသည်ပင်။ ဝမ်တ၊ ဝမ်အဲ့နှင့် အခြားသူအချို့ အလွန်ထိတ်လန့်သွားရသည်ပင်။
ရှီဟောင် ဦးရေပြားများပင် ထုံကျဉ်လာသည်။ ထိုအဝတ်အပိုင်းအစမှ အဆုံးမရှိသည့် စစ်ပွဲဟစ်ကြွေးသံများကို သူကြားနေရသည်ပင်။
အကြီးအကဲအရှင်ထံ၌ ရှိနေသည့် ထိုအဝတ်စမှာ ဟောင်းနွမ်းစုတ်ပြတ်နေပြီး မျက်နှာပြင်၌ အပေါက်အချို့ရှိနေလေပြီ။ ဤသည်မှာ တစ်စစီဖြစ်တော့မည့်ပုံပင်။
ဤသည်မှာ အဆောင်တစ်ခုဖြစ်မှန်း သိနိုင်ရန် ခက်ခဲလှသည်။ ထိုအဝတ်စပေါ်၌ သွေးမျိုးစုံရှိနေသည်။
“အရင်က ထာဝရရှေးဟောင်းခေတ်ရဲ့ နောက်ဆုံးတိုက်ပွဲမှာတုန်းက ဒါက ထာဝရသက်ရှိတစ်ယောက်ကိုင်ခဲ့တဲ့ အောင်လံတံခွန်ပဲ .. သူက ကလန်ပေါင်းစုံကို ဦးဆောင်ပြီးတော့ တစ်ဖက်က ရန်သူတွေကို ရင်ဆိုင်ခဲ့တာ..” ထာဝရဝမ် သူ့ကိုယ်သူ ပြောလိုက်သည်။
“ဟုတ်တယ် .. အဲဒီအောင်လံတံခွန်ပဲ..” အကြီးအကဲအရှင် ပြောလိုက်သည်။
ဤစစ်အလှံမှာ ယခင်က အောင်လံတံခွန်တစ်ခု၊ သင်္ကေတတစ်ခုသာဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ လုံးဝကွဲပြားသွားသည်။ ထိုတိုက်ပွဲတွင် ထာဝရဘုရင်များသေဆုံးခဲ့ပြီး အလောင်းများကို ချည်နှောင်ရန်အတွက် ဤအဝတ်စကို အသုံးပြုခဲ့သည်ပင်။
ထို့အပြင် ထာဝရဘုရင်တစ်ယောက်တည်းမဟုတ်၊ နှစ်ယောက်ပင်။
ထာဝရဘုရင်နှစ်ယောက်၏ သွေးစွမ်းအင်များ ဤအောင်လံတံခွန်ထဲသို့ မလွဲမသွေ နှစ်ဝင်သွားမည်ပင်။
ဤအဝတ်စမှာ အဖိုးတန်ချည်များကို အသုံးပြုထားသောကြောင့် အလွန်မာကျောသည်ပင်။ ယခု ထာဝရဘုရင်များ၏ အခြေခံအကျဆုံး သွေးစွမ်းအင်များနှင့် ပေါင်းစည်းလိုက်သည့်အချိန်တွင် ဤသည်မှာ ပို၍ ထူးခြားလာသည်။
ထို့နောက်တွင် ဤအဝတ်စ၌ ဝိညာဉ်စွမ်းအင်ရှိလာသည်။
နောက်ပိုင်းတွင် ဤအဝတ်စ ရှုမိသားစုလက်ထဲသို့ ရောက်သွားပြီး ပြန်လည်ပြုပြင်ပြီးသည့်နောက်တွင် ဤသည်မှာ ထာဝရတာအိုအစီအရင်ရေးထိုးထားသည့် အဆင့်လွန်ရတနာတစ်ခုဖြစ်လာခဲ့သည်။
ဤမြင်ကွင်းကို စောင့်ကြည့်နေကြသည့် ခပ်ဝေးဝေးမှ ဝမ်မိသားစုတပည့်များမှာ ဤစကားကိုကြားလိုက်သည်နှင့် အားလုံး ထိတ်လန့်သွားရသည်။
ရှီဟောင်ပင် တုန်လှုပ်သွားရသည်ပင်။ ဒါက ဘာကြီးလဲ..
ဤသည်မှာ ယခင်စစ်ပွဲ၏ စစ်ပွဲအောင်လံတံခွန်ပင်။ ဤသည်မှာ တောင်တစ်လုံးကဲ့သို့ လေးလံလှသည်။
စစ်ပွဲအော်ဟစ်သံများ အဆက်မပြတ်ကြားနေရသည်မှာ အံ့ဩစရာမရှိတော့။
တစ်ဖက်လောကနှင့် နောက်တစ်ကြိမ် ပြန်လည်ရင်ဆိုင်ရသည့်အချိန်သို့ ရောက်လာပါက ဤအောင်လံတံခွန်မှာ နောက်တစ်ကြိမ် ဝေ့ရမ်းအတွက် အကောင်းဆုံးအောင်လံတံခွန်ပင်။ ယခင်စစ်ပွဲမှ စစ်ပွဲဝိညာဉ်များ သူတို့နှင့်အတူ ရှိနေလိမ့်မည်။
“ရှုမိသားစုက ဒီအဆောင်နဲ့ တကယ်ခွဲချင်တယ်ပေါ့…” ထာဝရဝမ်ပြောလိုက်သည်။
ဝမ်မိသားစုနှင့် ရှုမိသားစုမှာ ရန်သူဟောင်းများပင်။
ထို့အပြင် သူတို့ကလန်နှစ်ခုကြားမှ သဘောထားကွဲလွဲမှုများမှာ ထာဝရရှေးဟောင်းခေတ်မှ အစပြုခဲ့သည်ပင်။
သူတို့နှစ်ဦးလုံးမှာ သက်ရှည်မိသားစုများဖြစ်သောကြောင့် သူတို့ကြားမှ အမုန်းတရားမှာ အလွန်ရှည်ကြာနေပြီဖြစ်သည်။
“အဲဒါက စုတ်ပြဲနေသည့် အဆောင်လေးပဲမဟုတ်ဘူး .. ဒါက ဘာများထူးခြားနေလို့လဲ..” တိုက်ပွဲကို စောင့်ကြည့်နေသည့် ဝမ်မိသားစုမှ ကျွမ်းကျင်သူတစ်ယောက် တီးတိုးပြောလိုက်သည်။ သူသည် ဤအဆောင်အား သိပ်အလေးမထားပေ။
“စက်..” အကြီးအကဲအရှင် နှာခေါင်းရှုံ့လိုက်သည်နှင့် ထိုလူပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားလေ၏။
“မင်း..” နဂါးကိုးကောင်၏အမူအရာ ပြောင်းလဲသွားလေ၏။
“မုန့်ထျန်းကျန်း .. ခင်ဗျားက စော်ကားလွန်းနေပြီ..” ဝမ်အဲ့ အော်ဟစ်လိုက်သည်။
“ဝမ်မိသားစုက အရင်တုန်းကအတိုင်းပဲ .. ထာဝရရှေးဟောင်းခေတ်ရဲ့ နောက်ဆုံးတိုက်ပွဲကို အခုထိ အလေးမထားသေးဘူး .. ထာဝရဘုရင်တွေရဲ့ အလောင်းတွေကိုရစ်ပတ်ခဲ့တဲ့ အလေးအမြတ်ပစ္စည်းကိုတောင် မလေးမစားလုပ်ရဲတယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
ယခုတစ်ခေါက်တွင်တော့ ထာဝရဝမ်ဘာမှမပြောတော့။
ဤအဆောင် မည်မျှ အရေးပါသည်ကို ထာဝရဝမ်သိသည်။ အကြီးအကဲအရှင်ကဲ့သို့သော လူမျိုးအတွက်တော့ ဤသည်မှာ နယ်မြေ ၁၀ ခုသင်္ကေတထက်ပင် ပို၍တန်ဖိုးကြီးသည့် အလေးအမြတ်ထားရသည့်ပစ္စည်းပင်။
ထို့ကြောင့်ပင် ထာဝရဝမ် ဘာမှပြန်မပြောခြင်းပင်။ မဟုတ်ပါက တစ်ဖက်လူ ပို၍ပေါက်ကွဲလာနိုင်သည်။
“အခြေအနေ သိပ်မကောင်းတော့ဘူး..” ဝမ်ကျိုမှ ဒေါသထွက်နေသည့် သူ၏အခြားညီအစ်ကိုများကို အသံပို့လွှတ်လိုက်သည်။
“ဒီရှေးအဆောင်တစ်ခုတည်းအားကိုးပြီးတော့ ငါတို့ ဝမ်မိသားစုကို ရင်ဆိုင်နိုင်မယ်ဆိုတာ ငါမယုံဘူး..” ဝမ်တ အေးစက်စွာပင်ပြောလိုက်သည်။
“တကယ်ကို နည်းနည်းဒုက္ခများနေတာ .. ဒီအဆောင်က အစီအရင်ဖြစ်သလို လက်နက်ဆိုလည်းဟုတ်တယ် .. အခု ဒီပစ္စည်းပေါ်လာတော့ ငါ့ဝမ်မိသားစုရဲ့ ထာဝရတာအိုအစီအရင်လည်း အလုပ်မလုပ်နိုင်တော့ဘူး .. ရှုမိသားစု ဒီလောက်ရက်ရောလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. ဒီလိုပစ္စည်းမျိုးကိုတောင် ငှားပေးရဲတယ်..” ထာဝရဝမ် သူ၏သားကိုးယောက်ကို တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်။
“ဒါက .. ကျွန်တော်တို့ သူ့ကိုဘာမှ မလုပ်နိုင်တော့ဘူးလား..” ဝမ်အဲ့ ဤသည်ကို လက်မခံနိုင်ဖြစ်နေသည်။
“ထာဝရဘုရင်တွေကို ပတ်ထားတဲ့အဝတ် .. ဒါကို အဆင့်လွန်ရတနာဖြစ်အောင် ပြုပြင်ပြီးတဲ့နောက်မှာ အရမ်း စွမ်းအားကြီးသွားပြီ .. ငါတို့ အစီအရင်တွေကို လမ်းလျှောက်သလို ဖြတ်မလျှောက်နိုင်ဘူးဆိုပေမယ့် အဲဒီလိုနီးနီးပဲ .. သူ လေပေါ်ကနေ ဖြတ်သွားနိုင်တယ် .. ပြီးတော့ နယ်မြေ ၁၀ ခုသင်္ကေတနဲ့ဆိုရင် မုန့်ထျန်းကျန်းက ငါ့တို့ရှေးဟောင်းနယ်မြေ တော်တော်လေးပျက်စီးသွားအောင် လုပ်နိုင်တယ်..” ထာဝရဝမ် ပြောလိုက်သည်။
သူတို့ အကြီးအကဲအရှင်အား ဖိနှိပ်ကာ သတ်ပစ်ချင်လျှင် ဝမ်မိသားစုမှ များစွာပေးဆပ်ရမည်ပင်။
“ဒီလူအိုကြီး .. ကျွန်တော် သူ့ကို ချက်ချင်းသတ်ပစ်ချင်တာ .. သူကျွန်တော်တို့ ကလန်ရဲ့ သန့်စင်တဲ့နယ်မြေထဲ ကျူးကျော်လာကာကို ကျွန်တော်တို့က ဘာမှမလုပ်နိုင်ပဲနဲ့ သူပြန်ထွက်သွားတာကိုပဲ ကြည့်နေရမှာလား..” ဝမ်တ ဒေါသတကြီး ပြောလိုက်သည်။
ထာဝရဝမ်၏ အမူအရာမှာ အလွန်မည်းမှောင်နေသည်ပင်။ အချိန်တစ်ခုကြာမှသာ သူဆုံးဖြတ်ချက်တစ်ခု ချလိုက်နိုင်သည့်ပုံပင်။ သူသည် အကြီးအကဲအရှင်အားကြည့်လိုက်ကာ “ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့ .. ငါဒီကိစ္စကို ဆက်မလိုက်တော့ဘူး .. ဘာလို့လဲဆိုတော့ ငါဒီအဆောင်ကို အရမ်းလေးစားလို့ .. ငါ ဒီအဆောင်ကို မတိုက်ခိုက်ချင်ဘူး..”
ဤစကားကြားလိုက်သည့်အချိန်တွင် အကြီးအကဲအရှင်သည် ရယ်မောလိုက်ကာ “မင်းက ဒီစစ်အဆောင်ကို လေးစားတယ်ဟုတ်လား .. မင်းတို့ ဝမ်မိသားစုက အဲဒီစစ်ပွဲကို အသိအမှတ်တောင် ပြုရဲ့လား .. မင်းလိုလူမျိုးက ဒီအဆောင်ကို အလေးအမြတ်ပစ္စည်းလို့ ခံစားရတာလား..”
ထို့နောက် အကြီးအကဲအရှင်၏ အမူအရာ အေးစက်သွားကာ “မင်းက ဒီကိစ္စကို ဆက်မလိုက်တော့ဘူးဆိုတော့ ငါတို့ကို လွတ်ပေးလိုက်တယ်ဆိုတဲ့ သဘောပေါ့ .. ဒါပေမဲ့ ငါဒီကိစ္စကို ဆက်လိုက်ချင် သေးတယ် .. ငါဒီနေ့လာတာ ဖြေရှင်းချက် လာတောင်းတာ..”
“ခင်ဗျား .. မုန့်ထျန်းကျန်း .. ခင်ဗျား မလွန်လာနဲ့ .. ကျုပ်တို့ ဝမ်မိသားစုက စေတနာထားပြီးပြောခဲ့တာ .. ခင်ဗျားတို့က ဒီနေရာကို ဘယ်လိုနေရာမှတ်နေတာလဲ..” ဝမ်အဲ့ အော်ဟစ်လိုက်သည်။
“ငါ ဖြေရှင်းချက်တစ်ခု ရမယ့်နေရာ” အကြီးအကဲအရှင် အေးစက်စွာပင် ပြန်ပြောလိုက်သည်။ သူ၏မျက်လုံးမှ အလင်းတန်းနှစ်ခု ထွက်လာကာ ဝမ်မိသားစုမှ နှစ်ကြီးကို စိုက်ကြည့်နေလေသည်။
“မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ..” ထာဝရဝမ် မေးလိုက်သည်။
“လွယ်လွယ်လေးပါ .. မင်းရဲ့ မျိုးဆက်တွေကို မင်းထိန်းချုပ်ထား .. ရှီဟောင်ကို နောက်ထပ်ပစ်မှတ်မထားတော့ပါဘူးလို့ ကျိန်ပြ..” အကြီးအကဲအရှင် ပြောလိုက်သည်။
“ခင်ဗျား .. ခင်ဗျားက ကျုပ်အဖေကို ကျိန်ဆိုခိုင်းနေတာလား..” ဝမ်တ ဒေါသထွက်လာကာ သူ၏ခန္ဓာကိုယ်မှ ထာဝရမြူ ထွက်ပေါ်လာသည်။ “ပုရွက်ဆိတ်တစ်ကောင်အတွက်နဲ့ ခင်ဗျားလွန်လွန်းသွားပြီ .. ခင်ဗျားက ကျုပ်အဖေကိုတောင် ဂတိတစ်ခု ပေးခိုင်းနေတာလား .. ဒီလိုလုပ်ရအောင် ခင်ဗျားမှာ ဘာအရည်အချင်းရှိနေလို့လဲ..”
“မင်းကိုယ်မင်း အရမ်းထူးခြားတယ်လို့ ထင်နေတာလား .. ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းက နည်းနည်းလောက် သတိထားမိရုံလောက်ပဲ .. အချိန်တစ်ခုကြာပြီးရင် ရှီဟောင်က မင်းထက်ပိုပြီးတော့ စွမ်းအားကြီးလာလိမ့်မယ်..”အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ ထာဝရဝမ်ရဲ့ သားတွေဖြစ်သလို သူက ငါ့ရဲ့တပည့် .. ငါအခု ကြေငြာလိုက်မယ် .. ဝမ်မိသားစုက ရှီဟောင်ကို နောက်တစ်ခေါက် အန္တရာယ်ပေးတာနဲ့ ငါ နဂါးကိုးကောင်ကို လက်ရှောင်နေမှာမဟုတ်ဘူး .. တစ်ကောင်တွေ့ရင် တစ်ကောင်သတ်မယ် .. နှစ်ကောင်တွေ့ရင် နှစ်ကောင်သတ်မယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
ဤစကားသံမှာ ဤရှေးဟောင်းမြေတစ်ခုလုံး၌ ပဲ့တင်သွားလေ၏။ လီပေါင်းထောင်ပေါင်းများစွာအတွင်းမှ သက်ရှိများ ဤစကားသံအား ကြားရမည်ပင်။
သူက ဘယ်သူလဲ .. သူက ဝမ်မိသားစုကိုတောင် ခြိမ်းခြောက်နေတယ်..
“တာအိုရောင်းရင်း .. မင်းစည်းကျော်နေပြီ..” ထာဝရဝမ် ပြောလိုက်သည်။
“ဒီတစ်ခေါက် ငါ မုန့်ထျန်းကျန် ပြောတဲ့စကားလုံးတိုင်းက သံလိုပဲ စွဲနေရမယ် .. မင်းတို့ ဝမ်မိသားစုက နောက်တစ်ခေါက် စည်းကျော်လာတာနဲ့ နဂါးကိုးကောင်ထဲက တစ်ချို့ သေချာပေါက် သေရမယ်..” အကြီးအကဲအရှင်၏ စကားလုံးများမှာ မိုးခြိမ်းသံကဲ့သို့ပင်။
“သူက မုန့်ထျန်းကျန်းပဲ..”
“ကောင်းကင်နတ်ဘုရားကျောင်းက အကြီးအကဲအရှင်..”
“သူက ဟွမ်အတွက် တိုက်ခိုက်နေတာ .. သူက ငါတို့ ဘိုးဘေးအရှင်ကိုတောင် ခြိမ်းခြောက်နေတာ..”
လေထုမှာ အလွန်တင်းမာနေပြီး အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သည်ပင်။
“ဒါလေးအတွက်နဲ့ ခင်ဗျားက ကျုပ်တို့ဝမ်မိသားစုထဲကို ကျူးကျော်လာတာလား .. ခင်ဗျားဘာလို့ စာတစ်စောင်ရေးပြီး အကြောင်းမကြားတာလဲ..” ထာဝရဝမ် ပြောလိုက်သည်။
“အဖေ..” ဝမ်တ သူ့ဒေါသကို မထိန်းချုပ်နိုင်တော့။ သူ့အဖေ သတ္တိနည်းလွန်းသည်ဟု သူခံစားလိုက်ရသည်။
“ငါ့ရဲ့ခန္ဓာကိုယ်အစစ်လာတာတောင်မှ မင်းက ငါ့ကို ဖိနှိပ်ချင်နေသေးတယ်လေ .. အဲဒီတော့ စာလေးတစ်စောင်နဲ့ အလုပ်ဖြစ်မှာလား..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။
“ကျုပ်အခုတလော ပညာအသစ်တွေရထားတယ် .. ကျုပ်တို့ နည်းနည်းလောက်စမ်းကြည့်ရအောင် .. တကယ်လို့ ကျုပ်ရှုံးရင် ခင်ဗျားဖြစ်ချင်တဲ့အတိုင်း ဖြစ်ရမယ်..” ထာဝရဝမ်ပြောလိုက်သည်။
“ကောင်းပြီလေ .. ဒါပေမဲ့ နောက်တစ်ခုရှိသေးတယ် .. မင်းတို့ တန်ဖိုးတစ်ခုတော့ ပြန်ပေးဆပ်ရမယ် .. ဒီတစ်ခေါက် မင်း ငါ့တပည့်ကို အန္တရာယ်ပေးထားတာ ..အဲဒီတော့ ငါဒါကို ဒီအတိုင်း လက်မလျော့နိုင်ဘူး..” အကြီးအကဲအရှင်ပြောလိုက်၏။
“မင်း ဘာထပ်လိုချင်သေးတာလဲ..” ထာဝရဝမ် အေးစက်စွာ ပြောလိုက်သည်။
သူ ထိန်းချုပ်နိုင်ရန် အနည်းငယ် ခက်ခဲနေလေပြီ။ အလောင်းပတ်သည့်အဝတ်နှင့် နယ်မြေ ၁၀ ခုသင်္ကေတနှင့်အတူ သူ့သားများ၏ အန္တရာယ်ကြောင့်သာမဟုတ်ပါက သူအစောကြီးကတည်းက တိုက်ခိုက်ပြီးနေလေပြီ။
“မင်းဘာလိုချင်လဲ..” အကြီးအကဲအရှင် ရှီဟောင်အားမေးလိုက်သည်။
“ကျွန်တော် .. ဖရိုဖရဲရှင်းလင်းခြင်းပညာကို လေ့လာချင်တယ်..” ရှီဟောင်ပြောလိုက်သည်။
ဤစကားကိုကြားသည်နှင့် ဝမ်မိသားစုမှလူများ ဒေါသထွက်လာကြသည်။
ထာဝရဝမ်၏ နှုတ်ခမ်းထောင့်စွန်းပင် ကွေးတက်သွားရသည်။
ဝမ်တ၊ ဝမ်အဲ့နှင့် အခြားသူများ ပို၍ ဒေါသထွက်သွားကြသည်ပင်။ လူငယ်လေးတစ်ယောက်က သူတို့ရဲ့ ဂိုဏ်းက ကာကွယ်ထားတဲ့ကျမ်းစာကို တောင်းနေတာလား..
ဖရိုဖရဲရှင်းလင်းခြင်းပညာဆိုသည်မှာ အထက်တွင်ရှိနေသည့် ပညာတစ်ခုပင်။ ဤသည်မှာ စွမ်းအားအကြီးဆုံးဓားပညာသုံးမျိုးထဲမှ တစ်မျိုးပင်။
“ဒါတော့ မရဘူး..” ထာဝရဝမ် အေးစက်စွာ ပြောလိုက်သည်။
“မရဘူးလား..” ရှီဟောင် ဝမ်းနည်းသွားရသည်။
အကြီးအကဲအရှင် အနည်းငယ် ဆွံ့အသွားရ၏။ ဒါက ဝမ်မိသားစုရဲ့အသက်ကို တောင်းလိုက်တာနဲ့ မတူဘူးလား .. သူတို့သာ တကယ်တောင်းပါက ထာဝရဝမ်မှာ သူတို့နှင့် သူသေကိုယ်သေ တိုက်ခိုက်မည်ပင်။
“မင်း တစ်ခြားဟာ ပြောင်းတောင်းသင့်တယ် .. ထားလိုက်တော့ .. ငါပဲမင်းအစား ဆုံးဖြတ်ပေးလိုက်မယ် .. မင်းကို တစ်ခုခုစဉ်းစားကူပေးမယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။ ရှီဟောင် မဖြစ်နိုင်သည့်အရာများကို တောင်းဆိုမည်စိုးသောကြောင့် သူအလောတကြီးပင် ပြောလိုက်လေ၏။
အကြီးအကဲအရှင် ထာဝရဝမ်နှင့် ဆွေးနွေးပြီးနောက် သူတို့နှစ်ဦး တိုက်ခိုက်ကြသည်။
သူတို့ နယ်မြေ ၁၀ ခုသင်္ကေတ၊ စစ်ရဲဒင်းနှင့်အခြားအရာများမသုံးကြ။ သူတို့၏ ခွန်အားအစစ်အမှန်၊ လက်ဗလာဖြင့်သာ တိုက်ခိုက်ကြခြင်းပင်။
“အခုတလော ငါ အသိအမြင်အသစ်တွေ ရထားတာ .. မင်း ဂရုစိုက်နေလိုက်..” ထာဝရဝမ် အေးစက်စွာ ပြောလိုက်သည်။
အားလုံး ထိတ်လန့်သွားကြ၏။ ပြိုင်ဘက်ကင်းသည့် မှော်ခွန်အားလှိုင်းများကြောင့် သွေးပုံအဖြစ် ပြောင်းသွားမည်ကို ကြောက်နေကြသလို တစ်ချိန်တည်းမှာပင် သူတို့ဘယ်လိုပြိုင်ဘက်ကင်းသည့် ပညာမျိုးအား အသုံးပြုမည်ကို သိချင်နေကြသည်။
သို့သော်လည်း အားလုံးစိတ်ပျက်သွားရ၏။
ထာဝရဝမ်သည် နတ်ခွန်အားလှိုင်းများ ထုတ်လွှတ်ခြင်းမရှိသလို သဘာဝဥပဒေသများကို ထုတ်လွှတ်ခြင်းလည်းမရှိ။ သူ၏အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် သူ၏ညာလက်သည် ကြိုးကြာပါးစပ်ဖြစ်သွားကာ အကြီးအကဲအရှင်အား ထိုးဖောက်လာသည်။
ဒါက ဘာကြီးလဲ .. ဒါက ဒဏ္ဍာရီလာ နတ်စွမ်းရည်မှ မဟုတ်တာ..
သို့သော်လည်း အကြီးအကဲအရှင်၏ တုံ့ပြန်မှုမှာ အားလုံးထင်ထားသည်နှင့် ကွာခြားနေသည်ပင်။ သူသည် အလွန်ပင် လေးနက်လာ၏။ သူသည်ပြိုင်ဘက်ကို စိုက်ကြည့်ပြီးနောက် သူ၏ညာခြေထောက် တစ်ဖြည်းဖြည်း လှုပ်ရှားလာသည်။ သူသည် လွှဲရမ်းနေသည့် ကျားအမြှီးကဲ့သို့ပင် ကြိုးကြာပါးစပ်အား ကန်လိုက်သည်။
“ဒါက..”
အားလုံး ဆွံ့အသွားရ၏။ သူတို့တွေက ထိပ်ဆုံးမှာရှိတဲ့သူတွေ မဟုတ်ဘူးလား .. သူတို့ရဲ့နည်းလမ်းတွေက ဘာလို့ သာမန်ဆန်နေတာလဲ .. စွမ်းအင်လှိုင်းတောင် မရှိဘူး ..
ထို့နောက် ထာဝရဝမ်သည် ဝိညာဉ်လူဝံတစ်ကောင်ကဲ့သို့ သူ၏လက်များကို လှုပ်ရှားလိုက်ပြီး လက်သီးတစ်လုံး ပစ်သွင်းလာသည်။
“အဖေ ဘာလုပ်နေတာလဲ .. သူက ဘာလို့ ဖရိုဖရဲရှင်းလင်းခြင်းပညာနဲ့ အနိုင်မယူလိုက်တာလဲ..” ဝမ်တ တီးတိုးပြောလိုက်သည်။
ဝမ်ကျို၏အမူအရာမှာ လေးနက်နေပြီး သူသည် ဤနှစ်ယောက်ကိုကြည့်ကာ အသက်ရှူရပ်တန့်တော့မတတ်ပင်။ သူသည် အသိအမြင်များတိုးပွားလာသည်ပင်။ “သူတို့တွေက ရှုပ်ထွေးတာကို ရိုးရှင်းအောင် လုပ်နေတာ .. တာအိုတစ်သောင်းကို တစ်ချက်တည်းဖြစ်အောင် ပြောင်းလဲနေတာ .. ပြိုင်ဘက်ကင်းပညာတွေနဲ့ ယှဉ်လို့ရတယ်..” သူတီးတိုးပြောလိုက်သည်။
“ကြည့်ရတာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် အဖေက သားရဲ ၁၀ မျိုးရဲ့ သတ်ဖြတ်တဲ့ပညာတွေအများကြီးကို တစ်ချက်တည်းအဖြစ် ပြောင်းထားတာ .. မင်းပြောကြည့် ဒါက အန္တရာယ်များလား မများဘူးလား..” ဝမ်ကျိုပြောလိုက်သည်။
ထို့နောက် သူပါးစပ်ပိတ်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက် သုံးချက်ထိ ပြီးသွားလေပြီ။
“ဒီတိုက်ခိုက်မှုမျိုးက ဘာစွမ်းအားမှမရှိဘူးလို့ ငါခံစားရတယ်..” ဝမ်တ ရှုပ်ထွေးသွားရသည်။
သို့သော်လည်း သူ၏အမူအရာ ချက်ချင်းပြောင်းလဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့အနောက်မှတောင် အက်ကွဲကြောင်းများထင်လာပြီး ချက်ချင်းပေါက်ကွဲသွားသည်ပင်။
သူမပြောနှင့် ဝမ်မိသားစုမှ အခြားလူများလည်း အမူအရာများ ပြောင်းလဲသွားသည်။ ဒီတောင်ကြီးက ဘယ်လိုလုပ် အက်ကွဲသွားတာလဲ..
သိထားရမည်မှာ ဤရှေးဟောင်းနယ်မြေတွင်ရှိနေသည့် တောင်အားလုံးတွင် ထာဝရသင်္ကေတများရှိနေသည်ပင်။ ယခုတော့ .. တောင်တစ်လုံး ပြိုသွားလေပြီ။
ထာဝရဝမ်နှင့် အကြီးအကဲအရှင်တို့၏ ယှဉ်ပြိုင်မှုမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှသည်ကို အားလုံး နားလည်သွားရသည်။
အပိုင်း ၁၅၁၂ ပြီး၏။
သုခကမ္ဘာမှရှီဟောင်
အပိုင်း ၁၅၁၃ – ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ
ထာဝရဝမ် လေထဲသို့ ခုန်တက်လိုက်သည်။ သူသည် လင်းယုန်ပေါက်တစ်ကောင် သူ၏အတောင်ပံများကို ဖြန့်ကျက်လိုက်သကဲ့သို့ပင်။ ထို့နောက် သူသည် အကြီးအကဲအရှင်ထံသို့ ပစ်ဝင်သွားလေ၏။
အလင်းမရှိသလို တာအိုသင်္ကေတများလည်း ထွက်ပေါ်လာခြင်းမရှိ။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူများ တိုက်ခိုက်နေသည်နှင့် လုံးဝမတူပေ။
အကြီးအကဲအရှင် ဘေးဘက်သို့ ရွှေ့လိုက်သည်။ သူ၏ညာလက်မှာ မြွေတစ်ကောင်ကဲ့သို့ဖြစ်သွားပြီး ကောင်းကင်ထက်တွင်ရှိနေသည့် သိမ်းငှက်ထံသို့ ဦးတည်သွားသည်။ ဤသည်မှာ စပါးကြီးမြွေတစ်ကောင်မှ လအားဝါးမြိုနေသကဲ့သို့ပင်။
ဖုန်း..
သူတို့နှစ်ဦး ထိခတ်သွားပီဲး ဆူညံသံများထွက်ပေါ်လာသည်။ ကောင်းကင်ကြီး ပြိုကွဲမသွားပေ။ သူတို့ခန္ဓာကိုယ်ချင်း ထိသွားသည့်နေရာမှသာ ထူးဆန်းသည့်အသံများ ထွက်ပေါ်လာခြင်းပင်။
ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် အသက်ရှူသံများ ရပ်တန့်သွားမတတ်ပင်။ သူ အရာအားလုံးကို သေချာကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ ဤတိုက်ခိုက်မှု၏ လျှို့ဝှက်နက်နဲမှုကို သူမသိသေး။ သူနားလည်ချင်သည်။
ရွှီး..
နောက်ဆုံးတွင်တော့ သူကိစ္စအချို့ကို နားလည်သွားလေပြီ။ ကျွမ်းကျင်သူနှစ်ယောက်၏ ဘေးပတ်လည်တွင်ရှိနေသည့် ပျက်စီးသွားသည့် လေဟာနယ်များ ပြန်လည်ပေါင်းစည်းသွားသည်။ အပ်နှင့်တူသည့် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည်။
ကျွမ်းကျင်သူနှစ်ယောက်၏ စွမ်းအင်မှာ ကြောက်စရာကောင်းသည်ပင်။ သို့သော်လည်း သူတို့သည် အပြင်ဘက်သို့ မထွက်စေပဲ ထိုအစား လေဟာနယ်၏စွမ်းအားကိုသာ စုတ်ယူလိုက်သည်။ အပ်နှင့်တူသည့် အလင်းတန်းများမှာ လောကကြီး၏ ထုတ်ယူထားသည့်စွမ်းအင်များ ဖြစ်လောက်မည်။
ဒါက .. မယုံကြည်နိုင်လောက်အောင်ပဲ..
ဤနှစ်ယောက် မထိန်းချုပ်ပဲ တိုက်ခိုက်ပါက နေ၊ လနှင့် ကြယ်များပင် ပေါက်ကွဲထွက်သွားလိမ့်မည်ဟု ရှီဟောင်ခံစားနေရသည်။ သူတို့ အာကာသကြီးကိုပင် စုတ်ဖြဲပစ်နိုင်လောက်သည်။
ယခု သူတို့ကိုယ်သူတို့ ထိန်းချုပ်နေသောကြောင့်သာ။
ရှီဟောင် ဤသည်ကို မမြင်နိုင်ခြင်းမှာ သူ၏အရည်အချင်းမလုံလောက်သောကြောင့်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဝမ်တ၊ ဝမ်အဲ့နှင့် အခြားသူများပင် နားမလည်ကြ။
နဂါးကိုးကောင်မှ ရှေးခေတ်မှ ယခုအချိန်ထိ အသက်ရှင်လာခဲ့ကြသည့်သူများဖြစ်ပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံထားသည့်သူများပင်။
ရှစ်ကြီးနှင့်ကိုးကြီးသာ ဤပြိုင်ဘက်ကင်းသည့်သူနှစ်ယောက်၏ တိုက်ခိုက်မှုကို မြင်နိုင်ခြင်းပင်။
“ထာဝရသဘာဝဥပဒေသအစစ်ကို ပေါင်းစည်းပြီးတော့ ရှုပ်ထွေးတာကို ရိုးရှင်းတဲ့ပုံစံ ပြောင်းလိုက်တယ် .. ကောင်းကင်ရဲ့ ထူးဆန်းနက်နဲမှုကို လှုပ်ရှားမှုအနည်းငယ်အဖြစ် ပြောင်းလိုက်တယ် .. ဒီလိုမျိုးစွမ်းရည်၊ ဒီလိုမျိုးကျင့်ကြံဆင့်က တကယ်ကို အလှမ်းဝေးလွန်းတယ်..” ရှစ်ကြီးမှ သက်ပြင်းချ၍ ပြောလိုက်သည်။
ဝမ်တ မျက်မှောင်ကြုတ်လိုက်၏။ သူစကားပြောတော့မည့်အချိန်တွင် ဒုတိယမြောက် ထာဝရတာအိုတောင် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
“ဘုရားရေ .. ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နိုင်မှာလဲ .. ဒါတွေက ငါ့ကလန်က ထာဝရတာအိုအကြွင်းအကျန်တွေလေ .. ပြိုင်ဘက်ကင်းအစီအရင်ရဲ့ အစိတ်အပိုင်းတွေ .. ဘယ်လိုလုပ် ပြိုကျသွားတာလဲ..”
ဝမ်မိသားစုမှ လူငယ်များနှင့် အကြီးအကဲအချို့ စိုးရိမ်လာကြသည်။ ဤသည်မှာယခင်က တစ်ခါမှ မဖြစ်ဖူးခဲ့သည့်အရာပင်။ ဒီလိုမျိုးဖြစ်လာဖို့ ရန်သူက ဘယ်လောက်တောင်စွမ်းအားကြီးနေတာလဲ..
“အဲဒီလူအိုကြီးက ဘာလို့ အဲဒီလောက်တောင် စွမ်းအားကြီးနေတာလဲ .. ငါတို့ သူ့ကို ချက်ချင်းရှင်းပစ်ရမယ် .. မဟုတ်ရင် ငါတို့လမ်းကိုပိတ်နေတဲ့ တောင်ကြီးတစ်လုံးရှိနေမှာ..” ဝမ်တ တီးတိုးပြောလိုက်သည်။
အကြီးအကဲအရှင် ခံစစ်မှ တိုက်စစ်သို့ ပြောင်းလိုက်သည်။ သူသည် ငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ တက်သွားပြီး ထာဝရဝမ်အား တိုက်ခိုက်လာသည်။
ယခင်ကကဲ့သို့ မည်ကဲ့သို့သော ဆူပူမှုမှဖြစ်မလာသော်လည်း အားလုံးမှာ ဖိအားတစ်ခုကို ခံစားလိုက်ရကာ အသက်ရှူကြပ်လာသည်။
ဝေါင်း..
ထာဝရဝမ် ကျားတစ်ကောင်းကဲ့သို့ အော်ဟစ်လိုက်သည်။ ထို့နောက် မူလကျားတစ်ကောင်ပေါ်လာပြီး သူ၏လက်သည်းများကို ဝေ့ရမ်းလာလေ၏။
တစ်ချိန်တည်းမှာပင် အကြီးအကဲအရှင်၏ ရိုးရှင်းသည့်ပုံစံလည်း ပြောင်းလဲလာသည်။ သူ့ရှေ့တွင် မူလမြူဖြင့် ဖန်တီးထားသည့်ငှက်ကြီးတစ်ကောင်ရှိနေသည်။ ထိုငှက် အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
“မကောင်းတော့ဘူး .. သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘူး .. ဒါက နောက်ဆုံးရိုက်ချက်ဖြစ်သလို ကြောက်စရာအကောင်းဆုံးဖြစ်မှာ..” ဝမ်ကျိုပြောလိုက်သည်။
သူ အစီအရင်ကို အသက်သွင်းလိုက်သည်။ တောင်များအားလုံး တုံ့ပြန်လာကာ ဤနေရာကို ကာကွယ်ပေးလိုက်သည်။
ထိုအချိန်တွင် ကျွမ်းကျင်သူနှစ်ယောက်၏စွမ်းအားကြောင့် ကောင်းကင်ကြီး တုန်ခါလာသည်။
ရွှီး..
ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူနှစ်ယောက်၏ အလင်းကြောင့် ကောင်းကင်ထက်မှနေပင် အရောင်မှိန်သွားသည်။ ကြယ်ကောင်းကင်ကြီး ပေါ်လာကာ ကြယ်များလည်း ကြွေကျတော့မတတ် တုန်ခါလာသည်။
ဝေါင်း..
သူတို့ တကယ်ကို မထိန်းထားနိုင်တော့။ သူတို့ ကောင်းကင်ထက်သို့ ဆက်တိုက်ပင် တက်သွားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကျားတစ်ကောင်နှင့် ငှက်တစ်ကောင်တိုက်ခိုက်ကာ မူလအလင်းတန်းများ တောက်ပလာစေသည်။
ဝုန်း..
အာကာသအပြင်ဘက်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ အက်ကွဲကြောင်းတစ်ခုမျာ လီပေါင်းထောင်ပေါင်းများစွာ ရှည်လျားလှသည်ပင်။
ကျွမ်းကျင်သူနှစ်ယောက်မှာ ချက်ချင်းပင် အာကာသအပြင်ဘက်သို့ ရောက်သွားကြ၏။
ထာဝရဝမ်သည် ကြီးမားလှသည့် ကြယ်တစ်တန်းကို လက်ဖြင့်ဖမ်းဆုတ်လိုက်ကာ လက်နက်အဖြစ် ပြုလုပ်လိုက်ပြီး အကြီးအကဲအရှင်ထံသို့ ပစ်လွှတ်လိုက်သည်။
ဖုန်း..
အကြီးအကဲအရှင်၏ အင်္ကျီလက်ကြောင့် ကြယ်အချို့ ပေါက်ကွဲထွက်သွားကာ ကြယ်ရောင်များ လွင့်စင်လာသည်။ ထို့နောက် သူသည် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ကာ ထာဝရဝမ်၏ရင်ဘတ်သို့ ပစ်လွှတ်လိုက်သည်။
အား..
ထာဝရဝမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ့ဘေးပတ်လည်ရှိ ကြယ်များ ပေါက်ကွဲသွားသည်။ သူ၏မျက်ခုံးကြား တောက်ပလာကာ အနက်ရောင်ရှေးဟောင်းဓားတစ်လက်ထွက်လာပြီး အကြီးအကဲအရှင်အား တိုက်ခိုက်လာသည်။
ဖရိုဖရဲရှင်းလင်းခြင်းပညာ .. မူလဝိညာဉ်ဓား..
အကြီးအကဲအရှင်၏ အမူအရာ လေးနက်သွားရသည်။ သူ၏လက်သီးတံဆိပ်များတစ်ခုနှင့်တစ်ခု ထပ်လာကာ ပို၍စွမ်းအားကြီးလာသည်။
ထို့အပြင် အကြီးအကဲအရှင်၏ လက်များလှုပ်ရှားလာကာ ပြောင်းလဲခြင်းကိုးမျိုးကိုလည်း အသုံးပြုလိုက်သည်။ လက်သီးအလင်းတန်းများမှာ ကြယ်ပင်လယ်ကဲ့သို့ ထွက်ပေါ်လာ၏။ အားလုံးမှာ ထိုမူလဝိညာဉ်ဓားတစ်ခုတည်းကိုသာ တိုက်ခိုက်နေခြင်းပင်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အကြီးအကဲအရှင် မည်မျှ လေးနက်နေသည်ကို သိနိုင်သည်ပင်။ သူသည် သူ၏စွမ်းအားအားလုံးကို ထိုဓားပေါ်၌ အာရုံစိုက်ထားသည်ပင်။
ရွှီး..
သူတို့နှစ်ဦး ခုန်ထွက်လိုက်ကာ အာကာသအတွင်းပိုင်းသို့ ဝင်သွားလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဤရိုက်ချက်၏ စွမ်းအားမှာ ပြင်းထန်လှသောကြောင့် အကျိုးဆက်များကို ခန့်မှန်းနိုင်ရန် ခက်ခဲလိမ့်မည်။
ဖုန်း..
မရေမတွက်နိုင်သည့် သင်္ကေတများ ပေါက်ကွဲထွက်သွားသည်။ မူလဝိညာဉ်ဓားသသည် အကြီးအကဲအရှင်၏ ပြောင်းလဲခြင်းကိုးမျိုးလက်သီးတံဆိပ်နှင့် ထိမိသွားကာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
ကြယ်များလောင်ကျွမ်းကာ ဤအာကာသကြီးလည်း အက်ကွဲသွားသည်။ နောက်ဆုံးတွင် ကြယ်အလင်းများ အရောင်မှိန်သွားပြီး အရာအားလုံး ငြိမ်းသတ်သွားသည်။ ဤနေရာလည်း မှောင်မဲသွားသည်ပင်။
အခြားသူများသာ ဤမြင်ကွင်းကိုတွေ့သွားပါက ထိတ်လန့်သွားလိမ့်မည်ပင်။ အာကာသထဲတွင်ဖြစ်ခဲ့သည့် ပြင်းထန်လှသည့်တိုက်ပွဲမှာ သေမျိုးလောကမှ ကျင့်ကြံသူများ ထင်ထားသည်ထက် ပို၍ ကြောက်စရာကောင်းသည်ပင်။
“ဘာဖြစ်သွားပြီလဲ..” ဝမ်မိသားစု ရှေးဟောင်းမြေမှ လူတစ်စုမှာ အလွန်ပင် စိုးရိမ်နေကြသည်။
ဤတိုက်ပွဲရလဒ်မှာ အကျိုးသက်ရောက်မှု အလွန်များမည်ပင်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်မှသေဆုံးသွားသည်နှင့် ထိုသေဆုံးသွားသည့်သူ၏ မျိုးဆက်နှင့်အမွေများကို ကာကွယ်နိုင်မည်မဟုတ်တော့။
“သူ့ကိုအရင်ဖမ်း .. ဒီမှာဖြစ်နေတဲ့ကိစ္စတွေအားလုံးက သူ့ကြောင့်ဖြစ်တာ..” ထိုအချိန်တွင် ဝမ်တ ကောက်ပြောလာသည်။
သူ ရှီဟောင်အား စိုက်ကြည့်နေကာ သူ့အားအရင်ဖမ်းရန် ဆုံးဖြတ်လိုက်သည်။ အကြီးအကဲအရှင် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဤသည်မှာ သူတို့အပေးအယူလုပ်နိုင်သည့် သုံ့ပန်းဖြစ်လာနိုင်သည်ပင်။
ဝမ်ကျို ခေါင်းခါလိုက်ကာ ဝမ်တအား ရှီဟောင်ကိုကြည့်ရန် အချက်ပြလိုက်သည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင်လွှမ်းနေသည့် အဝတ်အပိုင်းအစတစ်ခုရှိနေသည်။ မျက်နှာပြင်ထက်၌ အပေါက်များလည်း ရှိနေသည်ပင်။
ဤသည်မှာ ထာဝရရှေးဟောင်းခေတ်စစ်ပွဲ၌ ထာဝရဘုရင်နှစ်ယောက်ကို ပတ်ခဲ့သည့် လူသေပတ်သည့်အဝတ်ပင်။
ရှီဟောင် ထူးဆန်းသည့်ခံစားချက် ခံစားနေရသည်။ သူ ကျယ်ပြောလှသည့်စစ်မြေပြင်၌ ရပ်နေပြီး လောကကြီးကို တုန်လှုပ်စေလောက်သည့် စစ်ပွဲကြွေးကြော်သံများ ကြားနေရသကဲ့သို့ပင်။ ကောင်းကင်ထက်မှ စွမ်းအားကြီး သတ္တဝါများ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကာ မြေကြီးလည်း သွေးရောင်လွှမ်းနေလေပြီ။ အလောင်းများမှာ တောင်လိုပင် ပုံနေလေပြီ။
ဤသည်မှာ ဆိုးရွားလှသည့်မြင်ကွင်းပင်။ ကောင်းကင်ကြီး ငိုကြွေးနေသကဲ့သို့ ရှေးခေတ်လူများ၏ သွေးများစီးကျလာသည်။ ဤစစ်အလံသည် အရာအားလုံးကို မြင်တွေ့ခဲ့ရပြီး ထိုစစ်သားများ၏ သွေးများစွန်းပေခဲ့သည်ပင်။ သူသည် မကျေနပ်မှုများ၊ ဝမ်းနည်းမှုများကို ဝိညာဉ်တစ်ခုအဖြစ် စုစည်းလိုက်သည်။
“ဒီစစ်အဆောင်က သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိနေတာ .. အဲဒီလူအိုကြီး ထွက်မသွားခင်က သူ့ခန္ဓာကိုယ်ပေါ် ထားလိုက်တာ .. ဒါပေမဲ့ ဒါက အသုံးမဝင်ဘူးလို့ ငါထင်တယ် .. အဲဒါက ငါတို့ကို တားနိုင်မှာမို့လို့လား .. ပြီးတော့ သူက အရွယ်မရောက်သေးတဲ့ လူငယ်လေးတစ်ယောက်ပဲလေ..” ဝမ်တ အေးစက်စွာ ပြောလိုက်သည်။
သူအရှေ့တက်လာကာ ထိုစစ်အဆောင်ကို ယူရန် ကြိုးစားလိုက်သည်။
သို့သော်လည်း အံ့အားသင့်စရာကောင်းသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ထိုစစ်အဆောင်လှုပ်ရှားလာကာ ဒေါသတကြီးဟစ်ကြွေးသံတစ်ခု ထုတ်လွှတ်လာသည်။ ဝမ်တ လွင့်ထွက်သွားကာ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
“အဲဒီလူအိုကြီးက အသက်စွမ်းအင်နည်းနည်းထားခဲ့တာ..” ဝမ်တ မုန်းတီးစွာ ပြောလိုက်သည်။
“ကောင်စုတ်လေး .. မင်းနောက်မှာ မုန့်ထျန်းကျန်းရှိနေတာနဲ့ပဲ အရာအားလုံး အဆင်ပြေသွားမယ်လို့ ထင်နေတာလား .. ငါတို့ ဝမ်မိသားစုသတ်ချင်နေတဲ့သူက ဘယ်တုန်းကမှ အသက်မရှင်ခဲ့ဖူးဘူး .. မင်းလိုမျိုးပုရွက်ဆိတ်လေးကတော့ ငါတို့ ဖိချေပစ်လိုက်ရုံပဲ .. ပြီးတော့ မုန့်ထျန်းကျန်းက ကောင်းကောင်းကြီးရှုံးနေလောက်ပြီ .. သူဘာမှပြောနိုင်မှာမဟုတ်တော့ဘူး .. အဲဒီအချိန်ကျရင် မင်းလည်း အရမ်းကို သနားစရာကောင်းတဲ့ပုံစံနဲ့ အဆုံးသတ်သွားမှာပဲ..”
ဝမ်တ အေးစက်စွာ ပြောလိုက်သည်။ ထို့အပြင် သူသည် အခြားညီအစ်ကိုများကိုလည်း ခေါ်ကာ ရှီဟောင်၏ကိုယ်ပေါ်တွင်ရှိနေသည့် ထာဝရဘုရင်အလောင်းအဝတ်စကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
ရွှီး..
ကောင်းကင်ထက်မှ နတ်သက်တံ့အလင်းတန်းတစ်ခု ကျရောက်လာပြီး ရှီဟောင်ဘေးသိုု့ ရောက်ရှိလာသည်။
တစ်ချိန်တည်းမှာပင် ထာဝရဝမ်လည်း ရောက်ရှိလာကာ နဂါးကိုးကောင်ရှေ့တွင် ရပ်လိုက်သည်။
သူတို့နှစ်ဦးလုံး တိတ်ဆိတ်နေကြသည်။ တိုက်ပွဲအဆုံးသတ်သွားလေပြီ။ ဤသည်မှာ သူတို့ပြောထားသည့် နှစ်ချက်၊ သုံးချက်ထက်တော့ ပိုသွားသည်ပင်။
“ငါတို့ သရေနဲ့ပဲ ရပ်လိုက်ကြတာပေါ့..” ထာဝရဝမ် ပြောလိုက်သည်။
“ကောင်းပြီလေ .. ဒါပေမဲ့ ပြောထားတဲ့ဟာတွေတော့ မပြောင်းလဲဘူး .. ငါအရင်ကပြောထားသလိုပဲ မင်းလုပ်ပေးရမယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
“အဖေ..” ဝမ်တနှင့် အခြားသူများ အရှေ့တက်လာကြသည်။ တစ်ခြားလူ သူတို့အိမ်ထဲ ကျူးကျော်လာတာကို သူတို့ဒီတိုင်း အရှုံးပေးရတော့မှာလား..
“ဒီနေ့ကစပြီးတော့ မင်းတို့အားလုံး ဒီလူငယ်လေးနဲ့ တိုက်ခိုက်ခွင့်မရှိဘူး..” ထာဝရဝမ်ပြောလိုက်သည်။ ထို့နောက် သူသည် ဘာမှထပ်မပြောတော့ပဲ လှည့်ထွက်သွားလေသည်။
“ပါးစပ်နဲ့ပြောတဲ့စကားတွေက ဘာအဓိပ္ပာယ်မှမရှိဘူး .. အမိန့်စာရေးပေးပါ .. ပြီးတော့ ငါ ဝမ်မိသားစု ထာဝရမြေကနေ တောင်းထားတဲ့ အထူးဆေးပင်တွေရော .. တစ်ပင်မှ မလျော့ရင် ပိုကောင်းလိမ့်မယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
“ခင်ဗျား လွန်လွန်းသွားပြီ..” ထာဝရဝမ် အော်ဟစ်လိုက်သည်။
“မင်းတို့ပဲ ငါ့တပည့်ကို အနိုင်ကျင့်လို့ရတာလား .. ငါက မင်းတို့ဆီကို လာလည်လို့မရဘူးလား..” အကြီးအကဲအရှင်၏အသံမှာ အေးစက်နေသည်။
“မင်းတို့အားလုံးနောက်ဆုတ်..” ထာဝရဝမ် ကြိမ်းမောင်းလိုက်ကာ လက်ရှိမိသားစုခေါင်းဆောင်ကို ထွက်လာစေပြီး အမိန့်စာတစ်ခု ရေးစေသည်။ ကလန်မှလူများ အကြီးအကဲအရှင်၏လူကို အကြောင်းပြချက်မရှိ စတင်တိုက်ခိုက်၍မရကြောင်း ရေးစေလိုက်သည်။
အားလုံး ထိတ်လန့်သွားရ၏။ ထာဝရဝမ်က သဘောတူလိုက်တာလား..
ဤသတင်းသာပျံ့သွားလျှင် အနန္တကောင်းကင်ကြီးတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားမည်ပင်။
အပိုင်း ၁၅၁၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၁၄ – ကြီးမားသည့်ဆူပူမှု
ဝမ်မိသားစု၏ မိသားစုခေါင်းဆောင်သည် အနည်းငယ်တွေဝေနေကာ သူ့နားကိုပင် သူမယုံကြည်နိုင်ဖြစ်နေသည်။ သူက ဒီလိုမျိုး အမိန့်စာကို တကယ်ရေးရမှာလား.. သူ့မိသားစုက ဒီလိုအခြေအနေမျိုးကို သဘောတူရတော့မှာလား..
အမိန့်စာ၏ အဓိပ္ပာယ်မှာ သူတို့ဝမ်မိသားစုသည် ရှီဟောင်အား ခက်ခဲအောင်မလုပ်တော့ပဲ သူတို့ကြားမှ အမုန်းတရားကို အဆုံးသတ်လိုက်မည်ဖြစ်ကြောင်း တစ်လောကလုံး သိအောင် ကြေငြာခြင်းပင်။
သူတို့နှစ်ဘက်လုံး ရန်ငြိုးများကို ချေလိုက်ကြပြီး ယခုမှစ အေးအေးချမ်းချမ်းနေကြတော့မည်ဟု ထင်ကြမည်ပင်။ သို့သော် အတွင်းသတင်းမှာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိမည်မဟုတ်။ လျင်မြန်စွာ ပျံ့သွားမည်ပင်။ ထိုအချိန်ကျလျှင် ဤအမိန့်စာမှာ ဝမ်မိသားစုအား အတော်လေး ရုပ်ဆိုးစေမည်ပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မုန့်ထျန်းကျန်း သူတို့အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ဝမ်မိသားစုအား ဤအမိန့်စာ ရေးခိုင်းလိုက်ခြင်းပင်။ ဤသည်မှာ ဆူပူမှုများ ဖြစ်လာမည်ပင်။
လက်ရှိမျိုးဆက်၏ ဝမ်မိသားစုအရှင်အတွက်မူ ဤသည်မှာ အရှက်ကွဲခြင်းတစ်မျိုးပင်။ ဤကဲ့သို့သော အမိန့်စာမျိုးရေးရန် ဖိအားပေးခံရသည်မှာ ရှက်စရာကောင်းလှသည်။
ယခင်ကတည်းက ယခုအချိန်ထိ မည်သူကမှ ဝမ်မိသားစုအား ဘာလုပ်ပါဟု အမိန့်မပေးဖူးသေး။
ဤအမိန့်စာသာ ပျံ့သွားလျှင် အပြင်လောကသည် ဝမ်မိသားစုအား သံသယမျက်လုံးဖြင့် ကြည့်လာမည်ပင်။
“ဒါက တကယ်ကို ရှက်ဖို့ကောင်းတာပဲ .. ဒါက ဒီမျိုးဆက်ရဲ့ မိသားစုအရှင်ဖြစ်တဲ့ ငါ့ကို အရှက်ရစေရုံတင်မကဘူး ဝမ်မိသားစုကိုပါ အရှက်ရစေတယ် .. ငါတို့က ဘယ်လိုလုပ် ဒီလိုမျိုး အားနည်းမှုမျိုးကို ပြနိုင်မှာလဲ…” ဝမ်မိသားစုအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။
ယခုအချိန်တွင် အကြီးအကဲအရှင်သည် ရှီဟောင်အားခေါ်ကာ ဝမ်မိသားစု နတ်ဆေးခင်းထဲသို့သွားပြီး ထာဝရကွပ်မျက်ခြင်းမြက်ပင်များစွာကို ခူးယူနေကြလေပြီ။ သူတို့အနောက်ဘက်တွင်ဖြစ်ပျက်နေသည့် ကိစ္စများကို သူတို့အာရုံမစိုက်တော့။ ဝမ်မိသားစု အမိန့်စာရေးပြီး တစ်လောကလုံး ဖြန့်မည့်အချိန်ကိုသာ စောင့်နေလိုက်သည်။
ခရမ်းရောင်ကျောက်တုံးကြီးများ တစ်ခုပေါ်တစ်ခုဆင့်ကာရှိနေသည်။ ကျောက်တုံးများမှာ စားပွဲအရွယ်အစားမှ ၁၀ မီတာကျော်ရှည်သည့်ကျောက်တုံးများထိ အရွယ်အစားအမျိုးမျိုးပင်။ ဤသည်မှာ တောက်ပနေသည့် ခရမ်းရောင်ကျောက်တုံးသစ်တောကြီးပင်။ သို့သော်လည်း ဤသည်မှာ ဝမ်မိသားစု၏ ထာဝရဆေးခင်းကြီးဖြစ်ကြောင်း အကြီးအကဲအရှင်မှ ပြောနေသည်။
ဒီနေရာမှာ ဘာကွင်းပြင်မှမရှိတာကို နတ်ဆေးပင်တွေက ဘယ်လိုပေါက်နိုင်မှာလဲ..
ခဏကြာပြီးသည့်နောက်တွင် ဤရှားပါးသည့်ဆေးပင်များကို အဘယ်ကြောင့် ဝမ်မိသားစုများသာ ပိုင်ဆိုင်ထားသည်ကို ရှီဟောင် နားလည်သွားရသည်။ ဤနေရာ၏အတွင်းဘက်သို့ ဝင်လာပြီးသည့်နောက်တွင် ခရမ်းရောင်ကျောက်တုံးကြီးများတွင် အမြစ်တွယ်နေသည့် နတ်ဆေးပင် ၇ ပင် ၈ ပင်ခန့်ကို သူတွေ့လိုက်ရသည်။
“ဒါက ခရမ်းရောင်စံအိမ်ဆေးပင် .. အပြင်ဘက်လောကမှ ရှာလို့မတွေ့နိုင်တဲ့ ရှားပါးနတ်ဆေးပင်” အကြီးအကဲအရှင် ရှင်းပြလိုက်သည်။ ဤဆေးပင်သည် လူတစ်ယောက်၏ မူလဝိညာဉ်ကို အားကောင်းစေနိုင်သည်ပင်။
နာမည်ကြားရုံဖြင့်ပင် ဤဆေးပင်မည်မျှရှားပါးသည်ကို သိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်စံအိမ်ဆိုသည်မှာ မူလဝိညာဉ်ရှိနေသည့်နေရာပင်။ ဤနေရာကိုသာ အားကောင်းအောင်လုပ်နိုင်ပါက ကပ်ဆိုးများမှ ကာကွယ်နိုင်သွားမည်ပင်။
“ဒီနေရာရဲ့ မူလဇစ်မြစ်က ထူးဆန်းတယ် .. မင်း ဒီခရမ်းရောင်ကျောက်တုံးတွေကို သာမန်ကျောက်တုံးတွေလို့ ထင်ပြီး အထင်မသေးနဲ့ .. ဒါက ထာဝရကျွမ်းကျင်သူတစ်ယောက်ရဲ့ ခရမ်းရောင်စံအိမ်ပျက်စီးသွားတဲ့အချိန်က ကျန်ခဲ့တဲ့ ကျောက်တုံးတွေလို့ ပြောကြတယ်” အကြီးအကဲအရှင် သူ့အား အသေးစိတ်အချက်အလက်များကို ပြောပြခဲ့သည်။
ဤသည်မှာ ရှီဟောင်အား ထိတ်လန့်သွားစေသည်ပင်။ ထာဝရကျွမ်းကျင်သူတစ်ယောက်ရဲ့ ခရမ်းရောင်စံအိမ်အပိုင်းအစလား .. ယခုအချိန်တွင် သူ မြေပြင်ပေါ်ရှိ ကျောက်အစအနအားလုံးကိုပင် သယ်သွားလိုက်ချင်သည်။ ဤသည်မှာ အဖိုးမဖြတ်နိုင်သည့် ရတနာများပင်။
အဲဒါကြောင့် သူတို့ ခရမ်းရောင်စံအိမ်ဆေးပင်တွေ ထွက်လာတာ မထူးဆန်းတော့ပါဘူး..
“နှမြောစရာကောင်းတာက အချိန်ရဲ့တိုက်စားမှုအောက်မှာ အကောင်းဆုံးအရာရဲ့စွမ်းအင်တွေတောင် ပျက်ပြယ်သွားတယ် .. မင်းအခု ဆေးပင် ၇ ပင် ၈ ပင်လောက်ပဲ တွေ့တော့တာမလား .. အရင်တုန်းက ဒီထက်ပိုများတယ် .. ပြီးတော့ ရှေးခေတ်အစပိုင်းတုန်းက ဒီနေရာမှာ ထာဝရဆေးပင်တစ်ပင်ဖြစ်တဲ့ ခရမ်းရောင်စံအိမ်သက်ရှည်ဆေးပင် ပေါက်ခဲ့သေးတယ်…” အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။
ရှီဟောင် သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်တော့။ ဝမ်မိသားစု၏နောက်ခံမှာ တကယ်ကို ကောင်းမွန်လှသည်။
အကြီးအကဲအရှင် ခရမ်းရောင်စံအိမ်ဆေးပင်တစ်ပင်သာ ခူးလိုက်သည်။
သူပြောသည့်အတိုင်းဆိုလျှင် ဆေးပင်တစ်ဝက်ဆိုလျှင်ပင် လုံလောက်လေပြီ။ အများကြီးစားလျှင်လည်း အကျိုးမရှိ။
ဤဆေးပင်ကိုသာ ရတနာရှစ်သွယ်ယူနီကွန်း၊ အခြားအရာများနှင့် ပေါင်စပ်လိုက်ပါက သူ၏ဆေးစွမ်းကို လူများစာ ခံစားနိုင်မည်ပင်။
“ဝမ်မိသားစုမှာ ဖရိုဖရဲရှင်းလင်းခြင်းပညာရှိတယ် .. အဲဒီပညာက မူလဝိညာဉ်ကို ဓားဖြစ်အောင် ကျင့်တာဆိုတော့ ဒီဆေးပင်ကသူတို့အတွက် အရမ်းအဖိုးတန်တယ်”
ဤသည်မှာ ဝမ်မိသားစု၏ အသက်သွေးကြောပင်။ အကြီးအကဲအရှင်သာ နောက်တစ်ပင်ခူးပါက ထာဝရဝမ် ငြိမ်ငြိမ်ထိုင်နေမည်မဟုတ်တော့။
ခရမ်းရောင်စံအိမ်ဆေးပင်တစ်ပင် ပေါက်လာရန် နှစ်ထောင်ပေါင်းများစွာ လိုအပ်သည်ပင်။
ထို့နောက် အကြီးအကဲအရှင် ရှီဟောင်အား အခြားဆေးခင်းတစ်ခုသို့ ခေါ်သွားလိုက်သည်။ ထိုနေရာ၌ သူတို့အခြားနတ်ဆေးပင်များစွာ ခူးခဲ့ကြသည်။
နှစ်မျိုးလုံးမှာ နတ်ဆေးပင်များဖြစ်သော်လည်း ဝမ်မိသားစုအတွက်တော့ အခြားဆေးပင်များမှာ ခရမ်းရောင်စံအိမ်ဆေးပင်အား မယှဉ်နိုင်ပေ။ အခြားနတ်ဆေးပင်များမှာ အစားထိုး၍ရသော်လည်း ခရမ်းရောင်စံအိမ်ဆေးပင်ကတော့မရပေ။
“ဒီဆေးပင်တွေက အပြင်လောကမှာ ရှာတွေ့ဖို့ ခက်တယ် .. ဝမ်မိသားစုရဲ့ ဆေးခင်က တော်တော်စုံတာပဲ .. ငါဒီမှာ ကြာကြာနေရလည်း စိတ်ဆိုးမှာမဟုတ်ဘူး..” အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။
ဆေးခင်းစောင့်သည့်အကြီးအကဲများမှာ ဤစကားကြားလိုက်သည်နှင့် မျက်နှာများ မဲမှောင်သွားကြသည်။ သို့သော်လည်း သူတို့ဘာမှမပြောရဲ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင်နှင့်ယှဉ်လျှင် သူတို့၏ခွန်အားဟုခေါ်သည့်အရာမှာ မပြောပြပလောက်ပေ။
“အဲဒါက ဘာကြီးလဲ..” ဆေးခင်များမှာ နေရာတစ်ခုအား ဝိုင်းထားသည်ကို သူတွေ့လိုက်ရသည်။
“အဲဒါက ဝမ်မိသားစုရဲ့ သက်ရှည်ဆေးပင်ဥယျာဉ် .. သူက နတ်ဆေးခင်းတွေ အားလုံးရဲ့အလယ်မှာရှိတာ .. ထာဝရဝမ်ကလွဲရင် အဲဒီထဲကို ဘယ်သူမှ ခြေလှမ်းတစ်ဝက်တောင်လှမ်းလို့မရဘူး..” အကြီးအကဲအရှင် ပြောလိုက်၏။
“သူတို့မိသားစုမှာ သက်ရှည်ဆေးခင်းရှိတာလား..” ရှီဟောင် ဆွံ့အသွားရသည်။
“အဲဒါက ခြောက်နေတဲ့ ဆေးမြစ်လေးပါ .. ထာဝရရှေးဟောင်းခေတ်မှာ တွေ့ပြီးတော့ အခုအချိန်ထိ စိုက်ထားခဲ့တာ ..နတ်ရေပူစမ်းတွေ၊ ဝိညာဉ်ဆေးရည်တွေ ဘယ်နှမျိုးတောင် လောင်းပြီးပြီလဲမသိဘူး .. ဒါပေမဲ့ အဲဒီအပင်က အခုထိပြန်မရှင်သေးဘူး”
သို့သော်လည်း ဆေးမြစ်မှာ ခြောက်မနေတော့ပဲ ပြန်ကောင်းလာသည့်လက္ခဏာများ ပြသနေသည်ပင်။ နောင်တွင် အပင်ပြန်ရှင်လာနိုင်သည်ပင်။
ရှီဟောင် ဆွံ့အသွားရ၏။ ဤသည်မှာ သက်ရှည်မိသားစု ဖြစ်ထိုက်သည်ပင်။
“အမိန့်စာ ပြီးပြီလား..”
သူတို့ ဝမ်မိသားစု ဘိုးဘေးနန်းတော်သို့ ပြန်ရောက်သည်နှင့် အကြီးအကဲအရှင် တိုက်ရိုက်မေးလိုက်သည်။ ဤသည်မှာလူများကို ဒေါသထွက်သွားစေသော်လည်း သူတို့သည် သူ့အား ပြန်မပြောရဲသကဲ့သို့ ဆန့်လည်းမဆန့်ကျင်ရဲ။
ထာဝရဝမ်သည် ထွက်သွားကာ သီးသန့်ကျင့်ကြံနေပြီဖြစ်သည်။ သူ ဤကိစ္စအား မရေးမစိုက်တော့။
နဂါးအချို့ရောက်လာကြသော်လည်း သူတို့၏အမူအရာမှာ မကြည်မသာဖြစ်နေကြသည်ပင်။ သူတို့သည် လက်သီးကို တင်းကြပ်နေအောင် ဆုတ်ထားကြလေ၏။
“ကောင်းပြီ .. ငါရေးလိုက်မယ်..” မိသားစုအရှင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ နဂါးကိုးကောင်ပင် ဘာမှမပြောသောကြောင့် သူငြင်းဆန်နေလည်း အသုံးဝင်မည်မဟုတ်ပေ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ငါဒါကို ဆန့်ကျင်တယ်.. ထာဝရရှေးဟောင်းခေတ်တိုက်ပွဲကို ကြုံခဲ့ရတာတောင်မှ ငါ့ရဲ့ဝမ်မိသားစုက ပျက်စီးမသွားခဲ့ဘူး .. မုန့်ထျန်းကျန်း ဖိအားပေးရုံနဲ့ ငါတို့က ဘာလို့ နောက်ပြန်ဆုတ်ပေးရမှာလဲ.. ငါတို့လည်း ပြန်တိုက်ရမယ်..”
ထိုအချိန်တွင် ဆံပင်ဖြူနှင့် အကြီးအကဲတစ်ယောက်လျှောက်လာသည်။ သူဝမ်တကိုကြည့်လိုက်၏။ ဤသည်မှာ ဝမ်တ၏မြေးပင်။
“ခင်ဗျားမိသားစုရဲ့ဘိုးဘေးကတောင် ပြောပြီးသွားပြီ ခင်ဗျားက တားချင်နေသေးတာလား..” အကြီးအကဲအရှင် ရယ်မော၍ ပြောလိုက်သည်။
“ငါဆန့်ကျင်တယ် .. ဒီအမိန့်စာကို မရေးရဘူး..” ထိုအကြီးအကဲ မိသားစုခေါင်းဆောင်အား စိုက်ကြည့်၍ ပြောလိုက်သည်။
ဝမ်တ တစ်ခုခုပြောချင်သော်လည်း သူဘာမှမပြောနိုင်တော့။ သူသည် ခပ်ဝေးဝေးတွင်ရှိနေသည့် ရှီဟောင်ကိုကြည့်ပြီးနောက် အကြီးအကဲအရှင်အား ကြည့်လိုက်သည်။
“နောင်လာမယ့်ပြဿနာတွေကိုရှင်းခိုင်းလိုက်တာငါပဲ .. အခုလည်း အတူတူပဲ .. ငါတို့ရဲ့အားနည်းချက်ကို အပြင်လူကို ပြလို့မရဘူး..” ထိုဆံပင်ဖြူနှင့် အကြီးအကဲမှ ပြောလိုက်သည်။
“အိုး .. ခင်ဗျားက အပြင်လူတွေကို တော်တော်လေး တင်းမာတာပဲ .. အဲဒါဆိုရင် ကျုပ်မေးပါရစေ .. ဒီတစ်ခေါက် ကျုပ်တပည့် တိုက်ခိုက်ခံရတာက ခင်ဗျား အမိန့်ပေးလိုက်တာလား..” အကြီးအကဲအရှင်၏ အမူအရာ အနည်းငယ် အေးစက်လာသည်။
ဆံပင်ဖြူနှင့်အကြီးအကဲသည် တစ်ကျန်းနီးပါး အရပ်မြင့်ပြီး ထိုမျှအသက်ကြီးပုံမပေါ်သေး။ သူသည် ဘာကိုမှမကြောက်ပဲ အေးစက်စွာပင် ပြောလိုက်သည်။ “သူက အားနည်းလွန်းနေသေးတယ် .. ငါအာရုံစိုက်ရလောက်အောင် မထိုက်တန်သေးဘူး .. သူရှိနေတဲ့နေရာကို ကြားလိုက်လို့ နောင်လာမယ့်ကပ်ဆိုးကြီးကို ငါတို့ဒီအတိုင်းကြည့်မနေသင့်ဘူးလို့ပဲ ပြောလိုက်တာ..”
“ဒါက ဒီကိစ္စက ခင်ဗျားနဲ့အများကြီး သက်ဆိုင်တယ်လို့ ဆိုလိုတာပဲ .. ဒါတွေအားလုံး ခင်ဗျားကြောင့်ဖြစ်လာတာလား..” အကြီးအကဲအရှင် ပြင်းထန်စွာ ပြောလိုက်သည်။
“ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ .. ငါ့ဝမ်မိသားစုဆုံးဖြတ်ချက်ကို အပြင်လူကဘာမို့လို့ လာပြီးတော့ ဝင်စွက်ဖက်နေတာလဲ .. မင်းရဲ့နတ်စွမ်းရည်က ပြိုင်ဘက်ကင်းဆိုရင်တောင် ငါ့ရဲ့သက်ရှည်မိသားစုမှ မင်းစွမ်းရည်တွေကို ပြသဖို့ ခက်ခဲတယ်..”
ဆံပင်ဖြူနှင့်အကြီးအကဲ ပြောလိုက်၏။ သူ၏မျက်လုံးများလည်း တောက်ပနေသည်ပင်။ သူသည် မိသားစုခေါင်းဆောင်နေရာအား လိုချင်နေခြင်းဖြစ်ပြီး ယခုတော့ အခွင့်အရေးပေါ်လာလေပြီ။
ယခုအချိန်တွင် လက်ရှိမိသားစုခေါင်းဆောင်သည် ရှက်စရာကောင်းသည့်အမိန့်စာကို ရေးရမည်ပင်။ သူသာ ကန့်ကွက်ပြီး အကွက်ရွှေ့လိုက်လျှင် သူ တစ်ဖက်လူနေရာအစားထိုးရန် အခွင့်ကောင်းပေါ်လာမည်ပင်။
“ဝမ်တ .. မင်းမှာ အတော်လေးကောင်းတဲ့မြေးလေး ရှိနေတာပဲ..” အကြီးအကဲအရှင် အေးစက်စွာ ရယ်မောလိုက်သည်။
“မုန့်ထျန်းကျန်း .. မင်းဘာလုပ်မလို့လဲ..” ဝမ်တ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မင်းတို့ဝမ်မိသားစု ငါ့တပည့်ကိုထိရင် ငါနဂါးကိုးကောင်ကနေစမယ်လို့ ပြောထားပြီးသား .. ငါ တစ်ကောင်ချင်းစီကို အမဲလိုက်သွားမှာ .. ငါ ညှာတာနေမှာမဟုတ်ဘူး .. ဒါပေမဲ့ ငါတို့သဘောတူညီမှုလုပ်ပြီးသွားပြီဆိုတော့ ငါအတင်းမလုပ်ဖို့ ဆုံးဖြတ်လိုက်တာ .. ဒါပေမဲ့ အခုတော့ ငါ့တပည့်ကို အန္တရာယ်ပေးနေတဲ့ အဓိကတရားခံက ငါ့ရှေ့မှာ ပေါ်လာပြီ .. အဲဒီတော့ ငါဖြေရှင်းချက်လိုချင်တာပေါ့..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။
အကြီးအကဲအရှင် ဤကဲ့သို့ပြောလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။
ထိုဆံပင်ဖြူနှင့် အကြီးအကဲသည် ရုတ်တရက်ပင် ယုံကြည်ချက်ပျောက်ဆုံးသွားရ၏။ သူလွန်သွားပြီဟုလည်း စဉ်းစားမိလိုက်သည်ပင်။
“မင်း .. မင်းဘာလုပ်ချင်လို့လဲ .. ဒါက ဝမ်မိသားစု .. မသေမျိုးသက်ရှည်မိသားစု..” သူကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ၏အားနည်းမှုကို ဖုံးကွယ်လိုက်သည်။
ဖြန်း..
ထိုအချိန်တွင် အကြီးအကဲအရှင်လှုပ်ရှားလိုက်သည်။ ဤသည်ကို မြင်သည်နှင့် ဝမ်တ တရှိန်ထိုးပြေးလာကာ လက်ဝါးချင်းဖလှယ်လိုက်သည်။ သို့သော်လည်း သူနောက်ယိုင်သွားပြီး အကြီးအကဲအရှင်အား မတားဆီးနိုင်ခဲ့
ဖူး..
ထို့နောက် ဆံပင်ဖြူနှင့်အကြီးအကဲ၏ ဦးနှောက်သည် ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားကာ ထိုနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည်။
“ငါ .. မုန့်ထျန်းကျန်းကို လွယ်လွယ်လေးနဲ့ အနိုင်ကျင့်လို့ရမယ်လို့ ထင်မနေနဲ့ .. လူငယ်မျိုးဆက်တွေ နည်းနည်းလောက် ဆူဆူညံညံဟောင်နေရင် ငါသည်းခံပေးလို့ရတယ် .. ဒါပေမဲ့ ငါ့တပည့်ကို ထပ်ခါတလဲလဲ သတ်ဖို့ကြိုးစားနေတယ်ဆိုရင်တော့ ငါသည်းခံနေမှာမဟုတ်ဘူး..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။
“မင်း..” ဝမ်တ ဒေါသထွက်သွားသည်ပင်။ သူ့မြေး သူ့ရှေ့၌ အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူဘယ်လိုလုပ် သည်းခံနိုင်မည်နည်း.. သို့သော်လည်း အကြီးအကဲအရှင်၏ ရက်စက်သည့်အသွင်အပြင်ကို တွေ့လိုက်ရသည့်အချိန်တွင် သူပြန်မပြောနိုင်တော့။
“ငါတို့သွားပြီ..” အကြီးအကဲအရှင်ပြောလိုက်သည်။ ထို့နောက် သူသည် ရှီဟောင်ကိုခေါ်ကာ လက်ဝေ့ရမ်းလိုက်ပြီး ထိုအမိန့်စာကိုယူပြီး ပြန်ထွက်သွားလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစု၏ လက်ရှိမိသားစုခေါင်းဆောင်မှ အမိန့်စာကို ရေးပြီးသွားလေပြီ။
ခဏကြာပြီးသည့်နောက်တွင် အကြီးအကဲအရှင် ဝမ်မိသားစုမှ ထွက်ခွာသွားပြီး သက်ရှည်ရှေးဟောင်းမြေမှ ပျောက်ကွယ်သွားသည်။
“မုန့်ထျန်းကျန်း .. လူအိုကြီး .. ကျုပ်နဲ့ခင်ဗျားနဲ့ မပြီးသေးဘူး..” ဝမ်တ ဟစ်ကြွေးလိုက်သည်။
အကြီးအကဲအရှင် ရှီဟောင်အား ခပ်ဝေးဝေးသို့ခေါ်လာလိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် အမိန့်စာအား ကောင်းကင်နတ်ဘုရားကျောင်းနှင့် ချိတ်ဆက်နေသည့် ဂိုဏ်းတစ်ဂိုဏ်းသို့ ပစ်ပေးလိုက်ပြီဖြစ်သည်။
ရလဒ်အနေဖြင့် အမိန့်စာပါ အကြောင်းအရာမှာ အနန္တကောင်းကင်တစ်ခုလုံး၌ လျင်မြန်စွာ ပျံ့နှံ့သွားကာ အားလုံးသိသွားသည်။
“ဘာ.. ဝမ်မိသားစုက ဒီလိုမျိုးပဲ ခေါင်းငုံ့လိုက်တာလား .. စစ်လက်နက်တွေကို ကျောက်စိမ်းတွေ ပိုးချည်တွေနဲ့ လဲတာလား..”
လူများစွာမှာ သူတို့မြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။
ထို့အပြင် လူများစွာသည် ဤသတင်းကို သူတို့အဆက်အသွယ်များဖြင့် အတည်ပြုခဲ့ကြသည်ပင်။ နောက်ဆုံးတွင် အကြီးအကဲအရှင်ကိုယ်တိုင် ဝမ်မိသားစုထံသို့ သွားလည်ခဲ့ပြီး ထာဝရဝမ်နှင့်ပင် တိုက်ခိုက်ခဲ့ကြောင်း အားလုံးသိသွားရသည်။
ဤသတင်းမှာ အနန္တကောင်းကင်သာမက အခြားနယ်မြေများသို့လည်း ပျံ့နှံ့သွားသည်ပင်။
အနည်းဆုံးတော့ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင်ရှိနေသည့် သက်ရှည်မိသားစုအချို့ ဤအကြောင်းကို သိသွားကြလေပြီ။ ဘာဖြစ်ခဲ့သည်ကို ရှေးဟောင်းဂိုဏ်းအချို့သိသွားကြသည်ပင်။ ဟွမ်သည် အကြီးအကဲအရှင်၏ တပည့်ဖြစ်ပြီး သူတို့အနိုင်ကျင့်၍ရသည့်သူမဟုတ်။
ဤသည်မှာ အလွန်ကြီးမားသည့်အဖြစ်အပျက်ကြီးပင်။ မုန့်ထျန်းကျန်းက လူငယ်လေးတစ်ယောက်အတွက်နဲ့ သက်ရှည်မိသားစုတစ်ခုစီကိုသွားခဲ့တယ် .. သူက တိုက်ခိုက်ဖို့လည်း တွေဝေမနေခဲ့ဘူး .. ပြီးတော့ အရမ်းကြောက်စရာကောင်းတဲ့စာတစ်စောင်ကိုလည်း ထုတ်ပြန်ခိုင်းသေးတယ်..
“အဲဒီလူငယ်လေးကို ထိလို့မရဘူး ..ကြည့်ရတာ မုန့်ထျန်းကျန်းက သူ့ကိုတော်တော်လေး မျှော်လင့်ထားတာထင်တယ် .. အခုချိန်တော့ သူ့ကိုထိတဲ့သူ သေမှာပဲ..”
“ဒါက သတိပေးတာ .. အဲဒီလူငယ်လေး ဟွမ်ကို အထင်သေးလို့မရသလို ရန်စလို့လည်းမရဘူး .. မဟုတ်ရင် မုန့်ထျန်းကျန်းနဲ့ တွေ့သွားလိမ့်မယ်”
ဤသည်မှာ သက်ရှည်မိသားစုများတွင် အရေးပါသည့်သူအချို့ပြောသည့်စကားဝိုင်းပင်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤကိစ္စမည်မျှ အကျိုးသက်ရောက်မှုရှိသည်ကို သိနိုင်သည်ပင်။
အထက် ကောင်းကင်ဘုံကိုးခုတွင် အချို့ရှေးဟောင်းဂိုဏ်းများမှာ လက်လွယ်စပယ်မလုပ်ရန် သူတို့ဂိုဏ်းသားများအား သတိပေးထားသည်ပင်။
မုန်တိုင်းကြီးတစ်ခုတိုက်ခတ်နေသည့်အချိန်တွင် ပို၍ကြီးမားသည့်မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုရှိ စွမ်းအားကြီးသည့်ကလန်များမှာ ဤသည်ကို သတိမပြုမိကြသေးပေ။
တစ်ဖက်လောကနှင့် ဆက်စပ်နေသည့်နယ်စပ်တွင် နှစ်ပေါင်းများစွာ ချိတ်ပိတ်နေသည့် အတားအဆီးတစ်ခုမှ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် ကျယ်လောင်လှသည့်ဆူညံသံနှင့်အတူ ပေါက်ကွဲသွားလေသည်။
အပိုင်း ၁၅၁၄ ပြီး၏။
သုခကမ္ဘာမှရှီဟောင်
အပိုင်း ၁၅၁၅ – နယ်ခြားစပ် အရေးပေါ်
ဝမ်မိသားစုထုတ်ပြန်လိုက်သည့် အမိန့်စာမှာ အားလုံးကို တုန်လှုပ်သွားစေသည်။
သို့သော် ယခုတစ်ခေါက်တွင်တော့ ယခင်အခေါက်များနှင့်မတူတော့။ ဤသည်မှာ ဝမ်မိသားစု၏ခွန်အားကို ပြသသည့် အမိန့်စာမဟုတ်တော့။
အကြီးအကဲအရှင်နှင့် ထာဝရဝမ်၏တိုက်ပွဲမှာ လောကကြီးကို တုန်လှုပ်သွားစေသည်။
ဟွမ်၏နာမည်လည်း ကလန်အားလုံးသို့ ပျံ့နှံ့သွားကာ နေရာတိုင်းကို လှုပ်ခတ်သွားစေခဲ့သည်။ သူ့အား ရန်မစရန် သူတို့တပည့်အားလုံကိုလည်း တင်းကြပ်စွာ သတိပေးခဲ့ကြသည်။
မိသားစုကြီးများအားလုံးသည် သူတို့ရှီဟောင်အား ဆန့်ကျင်မည်မဟုတ်ကြောင်း ပြောခဲ့ကြသည်။
“ဒါက တကယ်ကိုပဲ..” ချောင်ယုရှင်း ဆွံ့အသွားရသည်။ ဤသတင်းကြားလိုက်ရသည့်အချိန်တွင် သူ သတင်းအတုလားအစစ်လား သံသယဝင်ခဲ့သေးသည်ပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အတော်လေး ဆူဆူပူပူဖြစ်သွားသည်ပင်။ ဟွမ်အတွက်နဲ့ အကြီးအကဲအရှင်က သက်ရှည်မိသားစုနဲ့ တိုက်ခိုက်ခဲ့တယ်..
လူငယ်များ မနာလိုဖြစ်သွားကြသည်။ ကောင်းကင်နတ်ဘုရားကျောင်း၏ နံပါတ်တစ်ကျွမ်းကျင်သူ၊ ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုတွင် စွမ်းအားအကြီးဆုံးကျွမ်းကျင်သူများထဲမှတစ်ယောက်ဖြစ်သည့် မုန့်ထျန်းကျန်း ဤပုံစံဖြင့် သူ့တပည့်အား ကာကွယ်ခဲ့သောကြောင့် မည်သူက သူ့အား ရန်စရဲတော့မည်နည်း..
ဤကဲ့သို့သော သခင်မျိုးရှိနေလျှင် ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုတွင် လွတ်လွတ်လပ်လပ်သွားလာ၍ရလေပြီ။
“ဝမ်မိသားစုနဲ့ တန်တယ် .. ဒီလိုမျိုးပဲဖြစ်သင့်တာ .. သူတို့က သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေရဲ့ အရှင်သခင်လို့ ထင်နေကြတာ .. သူတို့တွေက တစ်ခြားလူရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တယ်လို့ ထင်နေကြတာလား .. ဒီတစ်ခေါက် အကြီးအကဲအရှင် သူတို့ကို ပညာပေးလိုက်တာ အရမ်းပျော်ဖို့ကောင်းတာပဲ..” လူအချို့ မှတ်ချက်ပေးလိုက်ကြသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ လူများမှာ စိတ်လှုပ်ရှားနေကြသည်ပင်။
မြေအောက်ထာဝရလှိုဏ်ဂူ လေ့လာခြင်းလည်း အဆုံးသတ်သွားလေပြီ။ ခရမ်းရောင်နေကောင်းကင်ဘုရင်၊ လန်ရှင်း၊ ချီဂု၊ ရှုထော်နှင့် အခြားသူများလည်း ထွက်လာကြလေပြီ။
အားလုံးဆွေးနွေးနေသည့်အသံများကိုကြားသည်နှင့် ဝမ်ရှီး၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမ ချက်ချင်းပင် ပြန်ပြေးသွားချင်မိသည်။
မင်းသမီးယောင်ယွဲ့ကတော့ ပျော်ရွှင်နေသည်ပင်။
မင်းသမီးယောင်ယွဲ့၏အဖေမှာ ရှုမင်ရွှမ်းပင်။ ယခုတစ်ခေါက်တွင် ရှုမိသားစုမှ အကြီးအကဲအရှင်အား ထာဝရရှေးဟောင်းစစ်အဆောင် ငှားပေးခဲ့သောကြောင့် ဤသည်မှာ မဟာမိတ်ပူးပေါင်းခြင်းပင်။ အကြီးအကဲအရှင်သည် ဝမ်မိသားစု ဘိုးဘေးနယ်မြေထဲသို့ ကျူးကျော်ခဲ့ပြီး အလောင်းပတ်သည့်အဝတ်၏ စွမ်းအားကို ပြသခဲ့သောကြောင့် ဤသည်မှာ တစ်ယောက်ကိုတစ်ယောက် ကူညီပြီး သူတို့၏ ရန်သူဟောင်းကို ဖိနှိပ်သည်ဟုလည်း ပြော၍ရသည်။
“နတ်သမီးဝမ်ရှီး .. စိုးရိမ်စရာမလိုပါဘူး .. ထာဝရဝမ်ဘိုးဘေးက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ .. ဒီတစ်ခေါက် သူသေချာပေါက် မရှုံးပါဘူး..” တစ်စုံတစ်ယောက်မှ ဝမ်ရှီးအား နှစ်သိမ့်လိုက်သည်။
အလေးအမြတ်ကျောင်းမှ လူအချို့လည်း ရောက်လာကာ ကျင်းကျန်းလည်း သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာတော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ထိုအချိန်ကျလျှင် သူ ဟွမ်နှင့် တိုက်ခိုက်လိမ့်မည်။
ကျင်းကျန်းမှာ ကောင်းကင်ဘုံ၏သားတော်ဟု သတ်မှတ်ထားသည့်သူပင်။ သူသည် လက်ရှိလောကလမ်းကြောင်းတွင် သူ့ရှေ့မှ လူအားလုံးကို ကျော်တက်သွားလေပြီ။
သို့သော် အခြားသူများ မည်မျှပင် နှစ်သိမ့်နေပါစေ အားလုံးမှာ အနည်းငယ်စိတ်လေးလံနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုထားသောကြောင့်ပင်။ သမိုင်းကြောင်းတစ်လျှောက်တွင် သူသည် ဤလမ်းကိုအောင်မြင်သည့် ပထမဆုံးလူပင်။
“ဟွမ်က ရှေးဟောင်းပညာကိုကျင့်ကြ့တာ .. စီနီယာအစ်ကိုကျင်းကျန်းက လက်ရှိလောကပညာကိုကျင့်ကြံတာ .. ဘယ်သူက အားနည်းပြီး ဘယ်သူက အားကြီးတယ်ဆိုတာကတော့ သူတို့တွေ တိုက်ပြီးရင် ငါတို့ သိမှာပဲ”
“ပြီးတော့ ငါကြားတာ သူကအခုမှ ဒီအဆင့်ကို ရောက်ပြီးတာ .. တည်ငြိမ်အောင်လုပ်ဖို့အတွက် သူအချိန်လိုသေးတယ် .. အဆင့်လွန်လူငယ်ကြားထဲမှာတောင် သူ နံပါတ်သုံး မချိတ်လောက်ဘူး..” အချို့လူ ပြောလိုက်သည်။ သူတို့သည် အလေးအမြတ်ကျောင်းမှ ကျင်းကျန်းအား အတော်လေး အလေးထားကြသည်ပင်။
“သူတို့ ပညာဖလှယ်ကြဖို့ နေ့တစ်နေ့လောက် သတ်မှတ်လိုက်ကြရင်ရော .. ဟွမ်ကို ဆက်သွယ်ဖို့ ကျွန်မကူညီပေးမယ် .. ရှင်တို့က ကျင်းကျန်းကို ဖိတ်လိုက်ပေါ့..” မင်းသမီးယောင်ယွဲ့ပြုံး၍ ပြောလိုက်သည်။
အလေးအမြတ်ကျောင်းမှလူအားလုံး သူမအား ကြည့်လာကြသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ခရမ်းရောင်နေကောင်းကင်ဘုရင် တိတ်ဆိတ်နေသည်။ သူသည် ယခင်က အားလုံး၏ အာရုံစိုက်ရာဖြစ်ပြီး ဤမျိုးဆက်တွင် နံပါတ်တစ် စွမ်းအားအကြီးဆုံးကျွမ်းကျင်သူဟု နာမည်ကြီးသည်ပင်။ သို့သော်လည်း ဟွမ်နှင့်တိုက်ခိုက်ပြီးသည့်နောက်တွင် သူ၏နံပါတ်တစ်နေရာ ပျောက်သွားလေပြီ။
ရှုထော်၊ ချီဂုနှင့် အခြားသူများသာ တော်သေးသည်ဟု ပြော၍ရသည်။ သူတို့ ရှီဟောင်နှင့် တိုက်ခိုက်ခဲ့ကြသော်လည်း သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြခြင်းမဟုတ်။
“ဘယ်အချိန်ရှိနေပြီလဲ .. မင်းတို့က ဒီအကြောင်းတွေပြောလို့မပြီးသေးဘူးလား .. မင်းတို့အားလုံး ကိုယ့်ကျင့်ကြံဆင့်တိုးအောင်သာ အာရုံစိုက်ကြ .. တစ်ဖက်လောကက သတ္တဝါတွေက အချိန်မရွေး ရောက်လာနိုင်တယ်..” ထာဝရကျောင်း အကြီးအကဲတစ်ယောက်မှ ဆူလိုက်သည်။
ထိုအချိန်တွင် လေများတိုက်ခတ်လာကာ အကြီးအကဲအရှင် ရှီဟောင်နှင့်အတူ ပြန်ရောက်လာသည်။
အမှန်တကယ်တွင် သူတို့ လွန်ခဲ့သည့်နှစ်ရက်ကတည်းက ပြန်ရောက်နေခဲ့ခြင်းပင်။ လမ်းတစ်လျှောက်၌ ခရမ်းရောင်စံအိမ်ဆေးပင်ကို ပြုပြင်မွမ်းမံရန် နတ်ဆေးပင်များ ရှိနေသောကြောင့် ယခုမှ ရောက်လာခြင်းပင်။ ထိုဆေးပင်ကို မွမ်းမံရန် အခြားဆေးပင်များစွာလိုအပ်သည်ပင်။
ကံမကောင်းစွာဖြင့ သူတို့အားလုံးမစုနိုင်သေး။ အချို့နတ်ဆေးပင်များမှာ ရှားပါးလှပြီး အကြီးအကဲအရှင်ကဲ့သို့ စွမ်းအားကြီးသည့် သူ အန္တရာယ်များသည့်နေရာများစွာသို့ သွားခဲ့သော်လည်း မရှာနိုင်ခဲ့။
သို့သော်လည်း သူတို့အလျင်လိုစရာတော့မလို။ ခရမ်းရောင်စံအိမ်ဆေးပင်သည် လူတစ်ယောက်၏ မူလဝိညာဉ်ကို အားကောင်းစေပြီး အဘယ်အချိန်စားစား ရလဒ်အတူတူဖြစ်နေမည်ပင်။ ရှီဟောင်သီးသန့်ကျင့်ကြံပြီး အဆင့်တက်ထားသည်မှာ မကြာသေးသောကြောင့် သူချက်ချင်း အဆင့်တက်စရာမလိုသေး။
“အကြီးအကဲအရှင်..” လူများစွာ အော်ဟစ်ကာ အရိုအသေပေးလာကြသည်။
ရှီဟောင်လည်း လူဝိုင်းခံနေရသည်ပင်။ ယုန်ဖြူလေး၊ ချန်ကုန်းယန်၊ ဖုန်းဝူနှင့် အခြားသူများအားလုံး အလွန်ပျော်ရွှင်နေကြသည်ပင်။ ယခုအချိန်တွင် သူ့အားအန္တရာယ်ပေးရဲမည့်သူမရှိတော့။
“ဟေး ဟေး ဟေး မင်းတို့အားလုံး သတိထားဦး .. သူ့ပုခုံးကိုပုတ်နေတာ ရပ်လိုက်တော့ .. ဒီဘုရင်ဒီမှာရှိနေတာ မင်းတို့အားလုံးရဲ့ မလေးစားတဲ့အပြုအမူတွေကို ပြန်ရုတ်သိမ်းလိုက်..” ရှီဟောင်ပုခုံးထက်တွင်ရှိနေသည့် ပုရွက်ဆိတ်လေး မကျေမနပ်ပြောကာ ထိုလက်ကြီးများကို ရှောင်ရှားလိုက်သည်။
ရှီဟောင် ရယ်မောလိုက်၏။ ယခုတစ်ခေါက်ဖြစ်သွားသည့် ကိစ္စမှာ အတော်လေးကြီးမားသွားသည်ပင်။ ရှီဟောင် စိတ်ရင်းဖြင့်ပင် အကြီးအကဲအရှင်အား ကျေးဇူးတင်မိသည်။
ယခုအချိန်တွင် သူအနည်းငယ် ရှုပ်ထွေးနေရသေးသည်။ ထာဝရဝမ်က ဒီလောက်ထိစွမ်းအားကြီးတာကို သူကဘာလို့ အပေးအယူလုပ်နေသေးတာလဲ..
ထိုအချိန်၌ အကြီးအကဲအရှင်၏ အမူအရာမှာ လေးနက်နေသည်ပင်။ သူသည် သက်ပြင်းချကာ ထာဝရဝမ်သည် အလွန်ထက်မြက်လွန်းသည်။ သူသည် တစ်ခုခုကို သတိပြုမိသောကြောင့် ဤကိစ္စကြောင့်် မုန်တိုင်းထဲဝင်မပါလိုခြင်းဖြစ်သည်ဟု ပြောခဲ့သည်။
ထိုတိုက်ပွဲမှာ ထာဝရဝမ်အား သီးသန့်ကျင့်ကြံရန် အကြောင်းပြချက်တစ်ခု ဖြစ်သွားစေမည်ပင်။ သူနောက်တစ်ခေါက် ထပ်ထွက်လာတော့မည်မဟုတ်။
“အားလုံး ဒီမှာရှိနေတာဆိုတော့ ကျောင်းသုံးကျောင်းပေါင်းမယ့် ထာဝရနယ်မြေကို ဘယ်နေရာလုပ်မလဲဆိုတာ ဆွေးနွေးကြရင်ရော..” အလေးအမြတ်ကျောင်းမှ လူအိုကြီးတစ်ဦး ပြောလိုက်သည်။
ဤသည်မှာ ရုတ်တရက်ဆုံးဖြတ်ချက် ချလိုက်ခြင်းမဟုတ်။ ယခင်ကတည်းက ပြောထားပြီးသားပင်။ ထာဝရကျောင်း၊ အလေးအမြတ်ကျောင်းနှင့် ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများ ပညာဖလှယ်နိုင်ရန်၊ အချင်းချင်း ပြောဆိုဆက်သွယ်နိုင်ရန်၊ ပို၍ခွန်အားကြီးလာစေရန် ကျောင်းသုံးကျောင်းလုံး ပေါင်းစည်းကြမည်ပင်။
အဓိကအကြောင်းရင်းမှာ ထာဝရမိသားစုတာအိုများနေထိုင်ရာ နယ်မြေအချို့ကို သူတို့ တူးဖော်ရရှိထားသောကြောင့်ပင်။ ထိုထဲမှ အရင်းအမြစ်များကို အသုံးပြုကာ ကျောင်းသုံးကျောင်းမှ ကျောင်းသားများကို ပျိုးထောင်နိုင်သည်။
ယခင်က အကြီးအကဲအရှင် ရှီဟောင်အား ခေါ်သွားသောကြောင့်ပင်။ ယခု အရေးကြီးသည့်ပုဂ္ဂိုလ်ပြန်ရောက်လာပြီဖြစ်သောကြောင့် အားလုံး သူ၏အမြင်ကို မေးမြန်းကြခြင်းပင်။
ဤကိစ္စကြောင့်လည်း အကြီးအကဲအတော်များများ ရောက်နေကြသည်ပင်။
ထို့အပြင် သူတို့ အကြီးအကဲအရှင်နှင့် ထာဝရဝမ်ကြားမှ တိုက်ပွဲအသေးစိတ်ကိုလည်း သိချင်ကြသေးသည်။
“ရှေးဟောင်းမြေတွေ အကုန်လုံးကို အရမ်းကို အံ့အားသင့်စရာကောင်းတယ် .. အားလုံးက ထာဝရသက်ရှိအစစ်တွေရဲ့ လှိုဏ်ဂူတွေပဲ .. သူတို့အားလုံးကို တူးဖော်ပြီးတော့ တစ်နေရာတည်းကိုစုလိုက်ရင် မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အဖိုးတန်မြေဖြစ်လာမှာ..” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။
“ခင်ဗျားက အဲဒီလှိုဏ်ဂူတွေအားလုံးကို ဖယ်ပြီးတော့ ပြန်ပေါင်းချင်တာလား .. ဒါက အရမ်းခက်ခဲလွန်းတယ် .. ဒါက ထာဝရသက်ရှိအစစ်ရဲ့လှိုဏ်ဂူတွေဆိုတော့ ကြောက်စရာကောင်းတဲ့ အစီအရင်ပေါင်းစုံ ရှိနေမှာပဲ..” တစ်စုံတစ်ယောက်မှ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
အားလုံးမှာ သူတို့ဘာလုပ်ကြမည်၊ ကျောင်းအား မည်သည့်နေရာ၌ တည်ထောင်မည်ကို အချင်းချင်း ဆွေးနွေးနေကြလေ၏။
ထိုအချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ အလွန်ထိတ်လန့်စရာကောင်းသည့် စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ လေဟာနယ်ပေါက်ကွဲသွားကာ စုတ်ပြတ်နေသည့် စစ်သင်္ဘောတစ်စင်းထွက်လာသည်။ ထိုသင်္ဘောတွင် သွေးမြူနှင့်အတူ ကြောက်စရာကောင်းသည့် မိစ္ဆာစွမ်းအင်များ ရှိနေသည်။
“ဘယ်သူက ကောင်းကင်နတ်ဘုရားကျောင်းကို ကျူးကျော်ရဲတာလဲ..” အကြီးအကဲတစ်ဦးမှ အော်ဟစ်လိုက်သည်။
အကြီးအကဲအရှင် လက်ဝေ့ရမ်းလိုက်ကာ သူ့အား ဆက်မပြောရန် တားဆီးလိုက်သည်။ သူသည် ထိုကြေးစစ်သင်္ဘောကိုကြည့်ကာ သူ၏အမူအရာမှာ အလွန်လေးနက်နေသည်။
ထိုအချိန်တွင် အားလုံး ထိတ်လန့်သွားကြသည်။ ကောင်းကင်ထက်သို့ မော့ကြည့်ပြီး ထိုသွေးဖုံးလွှမ်းနေသည့် သင်္ဘောကြီးကို စိုက်ကြည့်ကြသည်။
ဘာဖြစ်တာလဲ .. ပျက်စီးနေတဲ့ ဒီသင်္ဘောကြီးက ဘာလို့ ဒီနေရာကို လာတာလဲ .. ထိုသင်္ဘောမျက်နှာပြင်မှ သွေးများ တစ်စက်စက် စီးကျနေသည်ပင်။
“ဒီသင်္ဘောက နယ်ခြားစပ်ကနေ လာတာ..” အကြီးအကဲအရှင်၏ အမူအရာမှာ လေးနက်နေသည်။ ဤစကားကိုကြားလိုက်သည်နှင့် အားလုံး အေးခဲသွားရသည်။
ဤသင်္ဘောပုံစံမှာ နယ်စပ်မှသင်္ဘောပုံစံပင်။ ထို့အပြင် သင်္ဘောမျက်နှာပြင်ထက်တွင် စစ်အဆောင်တံဆိပ်လည်းရှိနေသည်ပင်။ ဤသည်မှာ သွေးများစီးကျနေသည့် အလံပင်။
ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုတွင် မည်သူမှ ဤသင်္ကေတကို မသုံးရ။ နယ်ခြားစပ်တွင်သာ သုံးရသည်။
သင်္ဘောကြီးသည် ရောက်လာသည်နှင့် လှုပ်ရှားမှုမရှိတော့ပဲ အလွန်တည်ငြိမ် တိတ်ဆိတ်နေသည်။
ရွှီး..
အကြီးအကဲအရှင် လေထဲသို့ တရှိန်ထိုးတက်သွားသည်နှင့် အခြားအကြီးအကဲများလည်း အလောတကြီး လိုက်သွားကြသည်။
“ထတော့..” အကြီးအကဲအရှင် သင်္ဘောပေါ်သို့ တက်သွားသည်နှင့် ခန္ဓာကိုယ်တစ်ဝက်သာ ကျန်တော့သည့် သတိလစ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို တွေ့လိုက်ရသည်။
အကြီးအကဲအရှင် သူ၏နတ်ခွန်အားကို ပြန်ဖြည့်ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖြေးညှင်းစွာ လှုပ်နှိုးလိုက်သည်။
“မကောင်းတော့ဘူး .. မထိုးဖောက်နိုင်တဲ့ဂိတ်ပျက်သွားပြီ .. တစ်ဖက်က စွမ်းအားကြီးတဲ့သူတွေ ပေါ်လာပြီ..” လူလတ်ပိုင်းအမျိုးသားမှ အော်ဟစ်လိုက်သည်။ သူသည် အလွန်အားနည်းနေသော်လည်း သူ၏အသံမှာ အလွန်ကျယ်လောင်လှကာ ကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
“ဘာ..”
မရေမတွက်နိုင်သည့် ထိတ်လန့်တကြား အော်သံများ ထွက်ပေါ်လာသည်။ ထို့နောက် အားလုံး ဦးရေပြားများပင် ထုံကျဉ်သွားကာ ချွေးစေးပြန်လာသည်။ ဤနေရာတစ်ခုလုံးလည်း ချက်ချင်းဆူညံသွားသည်။
ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့်သတင်းပင်။
ဝမ်းနည်းစရာကောင်းသည့်သတင်းဟုလည်း ပြောနိုင်သည်ပင်။
ဤသတင်းထက် ကြောက်စရာကောင်းသည့်သတင်း မရှိတော့။ အားလုံး စိုးရိမ်နေသည့်အရာ ဖြစ်လာလေပြီ။
တစ်နေ့ကျလျှင် တစ်ဖက်လောကမှ သတ္တဝါများ ရောက်လာပြီး ဤလောကကြီးအား နောက်တစ်ကြိမ် သတ်ဖြတ်ပစ်မည်ကို အားလုံးသိကြသည်ပင်။ ထိုအချိန်ကျလျှင် ဤလောကကြီး ဖရိုဖရဲဖြစ်သွားကာ သွေးများလည်းပင်လယ်ကဲ့သို့ စီးဆင်းနေလိမ့်မည်။
ထိုနေ့က ယနေ့ဖြစ်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။
သူတို့၏ ပြင်ဆင်မှုမပြီးသေးသော်လည်း တစ်ဖက်လောကမှ သတ္တဝါများ ရောက်လာလေပြီ။
အားလုံး စိတ်ထဲ တုန်ယင်သွားရသည်။ ကြည့်ရတာ .. အဆိုးရွားဆုံးအချိန်တွေ စပြီထင်တယ်..
အပိုင်း ၁၅၁၅ ပြီး၏။