Switch Mode

Chapter – 10

မျှော်လင့်ချက်

Chapter – 10 မျှော်လင့်ချက်

နေမင်းက မိုးကုတ်စက်ပိုင်းကိုကျော်လွန်ပြီး ထွက်ခွာလာပြီးမှသာ ကျောက်ဟိုင် စိတ်သက်သာရာရတော့သည်။ သူ့အနေနဲ့ အခြားလောကတစ်ခုမှာ နေထွက်တာကို ပထမဆုံးမြင်ရတဲ့အချိန်မို့ စိတ်အေးချမ်းလာရသလို သူရဲကောင်းဆန်သည့် ခံစားချက်ကိုလည်း ပေးသည်။ ထို့ကြောင့် မထိန်းနိုင်ဘဲ ပြောထွက်ထားခြင်းဖြစ်သည်။

ထိုအချိန်မှသာ အောက်ဘက်တွင် ဂရင်းတို့ရှိနေသည်ကို ကျောက်ဟိုင် သတိထားမိသည်။ ဂရင်းတို့ရဲ့နောက်ဘက်တွင်တော့ သေချာစွာစိစစ်ရွေးချယ်ထားတဲ့ အစေခံတစ်ရာကိုမြင်ရသည်။ ယောင်္ကျားငါးဆယ်၊မိန်းမငါးဆယ်ဖြစ်ပေမယ့် အကုန်လုံးက ထောင်ထောင်မောင်းမောင်းတွေဖြစ်ကြသည်။ သေချာလေ့ကျင့်ခံထားရမှန်းသိသာလှကာ အ၀တ်အစားတွေမှာလည်း သပ်သပ်ရပ်ရပ်နှင့်ဖြစ်သည်။ ယောင်္ကျားတွေရဲ့နှဖူးက အမှတ်ကိုသာ ကျောက်ဟိုင်သေချာမြင်ရသည်။ နဂါးရိုင်းတစ်ကောင်က လက်သည်းနဲ့အစွယ်ကို တမင်သိသိသာသာထုတ်ဖော်ပြထားတဲ့ပုံစံဖြစ်သည်။ ထိုသည်ကား ဘူတကလန်ရဲ့တိုက်ပွဲဝင်ချီကို အ၇င်းပြုပြီးအမှတ်အသားတစ်ခုဖြစ်လာခဲ့ခြင်းပင်။

ကျောက်ဟိုင် သူတို့ကိုကြည့်နေမှန်းသိလိုက်တဲ့ဂ၇င်းက ခေါင်းကိုညွှတ်ကာ

“ သခင်လေး ဘူတကလန်ရဲ့ထွန်းတောက်မှုက နယ်မြေတစ်ခုလုံးကို လွှမ်းမိုးလာနိုင်မှာပါ။ ကျွန်တော်တို့ကို အမိန့်တစ်ချက်သာပေးလိုက်ပါ”

သူထိုသို့ ပြောပြီးတာနဲ့ သူ့နောက်က အစေခံတွေအားလုံး မြေကြီးတွင် ကုန်းလိုက်ကာ ဦးခေါင်းကို မြေကြီးနဲ့တိုက်ထားကြသည်။ ကျောက်ဟိုင်ကို မော့ပင်မကြည့်ရဲတော့ပေ။

အရင်ကမ္ဘာမှာဆိုရင် ကျောက်ဟိုင်က ဘာမှမသိတဲ့ လူတစ်ယောက်သာဖြစ်သည်မို့ အခုလိုအခြေအနေနဲ့ကြုံ၇တဲ့အခါ ဘာပြောရမယ်မှန်းမသိတော့ဘဲ ကြောင်တောင်တောင်သာရပ်နေမိတော့သည်။

စိတ်ပြန်တည်ငြိမ်ဖို့ အချိန်အတော်ကြာပေးပြီးနောက်တွင်တော့ အခုထိ ခေါင်းတွေငုံ့ထားလျက်သားရှိသေးတဲ့ ဂရင်းနဲ့တခြားသူတွေကို ကြည့်လိုက်သည်။

“ အဘိုးဂရင်း အားလုံးပဲထကြပါခင်မျာ၊ အားလုံး ဒီနေရာကိုရောက်လာကြပြီးပြီပဲ၊ ဘာမှမရှိတဲ့ဒီလိုနေရာကို ရောက်လာခဲ့ကြပြီးပြီ၊ မြေဆီလွှာလည်း မကောင်းဘူး၊ ဒေသမကောင်းတဲ့ တောင်တွေမှာနေရတယ်၊ အိုဟောင်းနေတဲ့ရဲတိုက်မှာ နေရတယ် ၊ ကျွန်တော်တို့က ဘူတကလန်ကလူတွေဖြစ်လို့ ဒီကိုရောက်လာတဲ့လူတွေကလည်း ဘူတကလန်ရဲ့လက်အောက်ခံတွေဖြစ်သွားကြပြီ။ ဘူတကလန်က မင်းတို့ကိုလိုအပ်တယ်။ ဘူတကလန်တည်ရှိနေသမျှ မင်းတို့လည်း တည်ရှိမယ်။ ဘူတကလန် ပျောက်ကွယ်သွားရင်တော့ မင်းတို့လည်းပျောက်ကွယ်သွားမှာပဲ။ ငါတို့မှာ ဘာမှမ၇ှိပေမယ့် လက်နှစ်ဖက်၇ှိသေးတာပဲ မဟုတ်ဘူးလား။ မင်းတို့ကတော့ထင်လိမ့်မယ် ငါတို့ဘူတကလန်အခြေအနေကောင်းတာမကောင်းတာက မင်းတို့နဲ့မသက်ဆိုင်ဘူးလို့ တွေးကြလိမ့်မယ်။ ဘာလို့ဆို ငါတို့ဘယ်လိုအခြေအနေဖြစ်ဖြစ် မင်းတို့က အစေခံတွေပဲဖြစ်နေမှာကိုး။ ဒါပေမယ့် မင်းတို့သာကောင်းကောင်းလုပ်မယ်ဆိုရင် မင်းတို့ရဲ့မျိုးဆက်တွေက အစေခံအဖြစ်ကနေ လွတ်မြောက်ခွင့်ရကြလိမ့်မယ်။ မင်းတို့သာ ကောင်းကောင်းအလုပ်ကြိုးစားရင် မင်းတို့ကို စစ်သည်တွေအဖြစ်၊ မှော်ပညာသည်တွေအဖြစ် အဆင့်တိုးမြင့်ပေးမယ်။ ကျွန်တော်က မင်းတို့ကို ဆုလဒ်တွေချီးမြင့်ပြီး မျိုးဆက်တွေအတွက် အောင်မြင်မှုတွေရရှိအောင် အခွင့်အရေးပေးမယ်။ မင်းတို့လည်း အထက်တန်းလွှာတွေဖြစ်လာနိုင်ဖို့အခွင့်အရေးရှိတယ်။ ဒါကြောင့် ကောင်းကောင်းအလုပ်ကြိုးစားဖို့ပဲငါတောင်းဆိုတယ်။ မင်းတို့သာကောင်းကောင်းလုပ်ရင် ငါကလည်းကတိတည်စေရမယ် ငါ့ရဲ့ဘူတကလန်ရဲ့ဂုဏ်သိက္ခာနဲ့ရင်းပြီး ကတိပေးတယ်။”

ကျောက်ဟိုင်ရဲ့စကားတွေက အားလုံးကိုအံ့အားသင့်သွားစေခဲ့သည်။အာ့ဆုကုန်းမြေကြီးထဲမှာ ဘယ်အထက်တန်းလွှာတွေကမှ အစေခံတွေကိုသာမန်လူတွေအဖြစ် လွတ်မြောက်ခွင့်ပေးတယ်ဆိုတာမျိုးမ၇ှိခဲ့ဖူးဘူး။ မင်းက အစေခံဆိုရင် မင်းရဲ့မျိုးဆက်တွေလည်း အစေခံဘဲ။

ဒါ့အပြင် ကျောက်ဟိုင်က သာမန်ကာလျှံကာပြောခဲ့တာဆိုရင် ဒီအစေခံတွေက ယုံကြည်မှာမဟုတ်ဘူး။ သို့ပေမယ့် ကျောက်ဟိုင်ရဲ့ ကလန်ရဲ့ဂုဏ်သိက္ခာနဲ့ကိုတိုင်တည်ခဲ့တာမို့ သူတို့ယုံကြည်လို့ရသည်ပေ။ အကြောင်းမှာ အာ့ဆုကုန်းမြေက ဘယ်အထက်တန်းလွှာကမှ အလကားနေကျိန်ပြောနေတာမဟုတ်လို့ပဲ။ အထူးသဖြင့် ကိုယ့်ကလန်ရဲ့ဂုဏ်သိက္ခာနဲ့တိုင်တည်ပြီးကျိန်တာမျိုးတွေပေါ့။ ဒါက အထက်တန်းလွှာတွေရဲ့မူဝါဒပဲ ။ တစ်ယောက်က ထိုသို့ကျိန်လိုက်တယ်ဆိုရင် ထိုသူက သေချာပေါက် ကတိကိုတည်လိမ့်မယ်လို့ဆိုလိုသည်။ ဒါကြောင့် ကျောက်ဟိုက်က ကျိန်ဆိုခဲ့လေတော့ တစ်နေ့မှာ သေချာပေါက် သူပြောခဲ့တာတွေကို တည်ပေးလိမ့်မယ်။

အစေခံတွေ အလိုချင်ဆုံးက သာမန်လူသားတွေဘ၀ကို ပြန်ရဖို့ပဲ။ သူတို့တွေ လွတ်လပ်မှုလိုချင်တယ်။ အလုပ်တွေလုပ်ပြီး လစာတွေလိုချင်တယ်။ ဒါပေမယ့် အထက်တန်းလွှာတွေရဲ့ ကျွန်ပြုခံခဲ့ရတယ်။ သူတို့မှာ အာဏာမှရိဘူး။ တိုက်ပွဲဝင်ချီဆိုတာကိုလည်းမသိဘူး။ မှော်ပညာလည်းမတတ်ဘူး။ ဒါကြောင့် ဘယ်လိုမှပြန်ခုခံနိုင်စွမ်းမ၇ှိဘဲနဲ့ တစ်သက်လုံး ပေးဆပ်ဖို့ဖြစ်လာရတယ်။ဒါပေမယ့် အခုတော့ ကျောက်ဟိုင်ရဲ့စကားတွေက သူတို့ကို မျှော်လင့်ချက်တွေရလာစေတယ်။

သူတို့လုပ်ဖို့လိုတာက အလုပ်ကိုသေချာကြိုးစားဖို့ပဲ။ သူတို့အတွက်တာဝန်က အလုပ်လို့ပဲဆိုပေမယ့် အခုတော့ ကျောက်ဟိုင်ကပြောလာတယ်။ အလုပ်ကိုသာသေချာလုပ်ရင်လွတ်မြောက်စေရမယ်လို့ကတိပေးနေတယ်။ သူတို့တွေမှာ အိပ်မက်များမက်နေတာလားလို့ထင်မိလာတယ်။

ဂရင်းနှင့်အခြားသူတွေကတော့ ကျောက်ဟိုင်ကို ပါးစပ်အဟောင်းသားနဲ့ကြည့်နေကြသည်။ ကျောက်ဟိုင်အခုလိုမျိုး ထပြောလိမ့်မယ်လို့ ထင်ထားခဲ့ကြတာမှမဟုတ်ဘဲ။ သို့ပေမယ့် ဂရင်းကတော့ သဘောမတူချင်ပေ။ အာ့ဆုကုန်းမြေမှာ အစေခံတွေကို လွတ်လပ်ခွင့်ပေးတယ်ဆိုတာမျိုးကို ဘယ်တုန်းက ကြားဖူးကြလို့လဲ။

ခဏနေ အထဲဝင်ပြီးတော့မှ သခင်လေးနဲ့တိုင်ပင်ရမယ်။

ကျောက်ဟိုင်လည်း အောက်ကိုငုံ့ကြည့်ရင်း သူ့စကားတွေက ထိရောက်မှုရှိတယ်ဆိုတာကို နားလည်လိုက်တော ခေါင်းငြိမ့်လိုက်သည်။ အေဒင့်မှတ်ဥာဏ်တွေအရ ဒီအာ့ဆုကုန်းမြေက အစေခံတွေရဲ့ အနေအထားကိုသူနားလည်တယ်။ အခုလိုပြောလိုက်တဲ့စကားတွေက သူတို့အတွက် တွန်းအားဖြစ်စေလိမ့်မယ်။

လူတစ်ယောက်က လုပ်ချင်တဲ့စိတ်သာရှိရင် မမျှော်လင့်ထားတာတွေကိုတောင် လုပ်နိုင်စွမ်းရှိကြတယ်။ အခုကျောက်ဟိုင်က သူတို့လိုအပ်တာကိုပေးလိုက်ပြီမို့လို့ ဒီအစေခံတွေရဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့ရတော့မှာဖြစ်သည်။

သူကျေနပ်စွာငုံ့ကြည့်နေရင်း စကားကိုဆက်သည်။

“ မင်းတို့တွေ နည်းလမ်းတွေအများကြီးသုံးနိုင်တယ်။ ငါတို့ဘူတကလန်အကျိုးအတွက် သင့်လျော်တဲ့နည်းလမ်းတဲ့။ ငါတို့ရှင်သန်ဖို့ လိုအပ်တဲ့နည်းလမ်းကောင်းတွေ၊ တတ်မြောက်ထားတဲ့အရာတွေ၊ အကြံဥာဏ်တွေရှိရင် ဂရင်းကိုမင်းတို့ပြောနိုင်တယ်။ ငါက ဒါကိုမှတ်သားထားမယ်။ မင်းတို့လုပ်ပေးနိုင်သလောက်အပေါ် မူတည်ပြီး မင်းတို့ကို သာမန်လူအဖြစ် သတ်မှတ်ပေးမယ်။ ဒါတွေမလုပ်နိုင်ရင်လည်းရတယ်။ ငါတို့ခိုင်းတာကိုကြိုးကြိုးစားစားလုပ်ဖို့ပဲလိုတယ်။ ငါကအားလုံးကိုမှတ်ထားမယ်။ ပြီးရင် သတ်မှတ်ချက်ပြည့်မှီရင် မင်းတို့ကို သာမန်လူအဖြစ် သတ်မှတ်ပေးမယ်။ မင်းတို့ရဲ့မျိုးဆက်တွေက ဘူတမိသားစုရဲ့ ကလေးတွေဖြစ်လာလိမ့်မယ်”

အစေခံတွေမှာ ပိုပြီးတော့သာ အားအင်တွေပြည့်ဝလာလေရင်း ကျောက်ဟိုင်ကို နတ်ဘုရားတစ်ပါးကိုသက်ရှိထင်ရှားမြင်ရတဲ့အလား ကြည့်နေကြတော့သည်။ ဒီလိုမျိုးကြင်နာသနားပြီး ငဲ့ညှာတတ်တာက နတ်ဘုရားတွေပဲဖြစ်နိုင်သည်မဟုတ်လား။

သူတို့တွေရဲ့ကိုယ်ကိုဝန်းရံထားတဲ့လေထုတောင် တစ်စုံတစ်ခုထူးခြားသွားတယ်ထင်ရပြီး အစေခံတွေအားလုံးရှေ့ရပ်နေတဲ့ ဂရင်းလို အဆင့်ရှစ်စစ်သညတစ်ယောက်တောင် ကြောက်ရွံ့မှုကို ခံစားမိသလိုဖြစ်လာသည်။

ဂရင်းနောက်လှည့်ကြည့်တဲ့အခါ အရင်နဲ့မတူ ကွဲပြားနေတဲ့အစေခံတွေကိုမြင်ရသည်။ သူတို့ အရင်ကဆိုရင် သေလူတွေလိုမျိုး၊ စက်ရုပ်တွေလိုမျိုးသာနေကြပြီး အခုလို တက်ကြွရွှင်လန်းနေတာမျိုးမဟုတ်ပေ။ အရင်ကပုံစံက ဆားမပါတဲ့ ဟင်းတစ်ခွက်နဲ့တူသည်။

ဂရင်းခေါင်းရမ်းလိုက်ဖြစ်သည်။ အစေခံတစ်ရာက ဘူတကလန်ကိုတိုးတက်အောင် ဘယ်လိုလုပ်နိုင်မှာလဲ။

သို့သော် ထိုအစေခံတွေရဲ့ တက်ကြွတဲ့အမူအယာတွေနဲ့ ဆုံးဖြတ်ချက်ပြတ်သားပုံရတဲ့ မျက်နှာတွေကိုမြင်ပြီးနောက်မှာတော့ ကျောက်ဟိုင်ကို သဘောတကျကြည့်လိုက်မိလေသည်။

အစေခံတစ်ရာလုံးက စိတ်အားထက်သန်စွာနဲ့ တက်တက်ကြွကြွ အလုပ်လုပ်ကြမယ်ဆိုရင် တစ်ခုခုတော့ ပြောင်းလဲတာမျိုးဖြစ်နိုင်လေသည်။ ဂရင်းတွေးမိလိုက်သည်၊ သူတို့ဘူတကလန်က တကယ်ပဲ တိုးတက်တော့မှာလား……..

ကျောက်ဟိုင်လည်း ဒီအခြေအနေကိုမြင်တော့ ပြုံးလိုက်သည်။

“ ကောင်းပြီ လောလောဆယ်တော့ ဒီရိက္ခာတွေကို မျိုးတူရာစုထားလိုက်ပါ။ မနက်ဖန်ကျမှ မင်းတို့အတွက်အလုပ်သစ်တွေလာလိမ့်မယ်”

အစေခံတွေအကုန် ညီညီညာညာပြန်ဖြေကြပြီး အလုပ်လုပ်ဖို့ ထွက်သွားကြသည်ပေ။

ကျောက်ဟိုင်လည်း အောက်ကိုဖြေးညှင်းစွာဆင်းလာလိုက်ပြီး ဂရင်းနားသွားလိုက်သည်။

“ အဘိုး ဂရင်း အထဲကိုဝင်ရအောင်။ကျွန်တော်ပြောချင်တာရှိတယ်”

ကျောက်ဟိုင် ထိုသို့ပြောပြီးတာနဲ နောက်ပြန်လှည့်ကာ ရဲတိုက်ထဲဝင်လာခဲ့လိုက်သည်။ သူ့ရဲ့နောက်ကျောက်ိုကြည့်ပြီး နောက်ကလိုက်ဝင်လာတဲ့ မယ်ရင်းနဲ့ဂရင်းတို့က အတွေးနက်နေကြသည်။ အရင်က အေဒင်ထက် အခုအေဒင်က ဘူတကလန်ကိုတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ သူတို့ယုံကြည်လာကြသည်။

ညစာစားခန်းမကိုရောက်တော့ သူစားပြီးသား မုန်လာဥဖြူကိုထုတ်ပြီး ဂရင်းကိုပြလိုက်သည်။

“ အဘိုး ဂရင်း ဒါဘာလဲသိလား”

သို့သော် ဂရင်းပြန်မဖြေပေ။ သူ့ကိုကြောင်အကသာကြည့်နေသည်။ ဂရင်းဘာကြောင့်ဒီလိုကြည့်ရလဲ သူနားလည်သည်။

သူက ရုတ်တရက်ထုတ်ပြီး ပေးလိုက်သည်မဟုတ်လား။

အာ့ဆုကုန်းမြေတွင် နေရာလပ်မှော်ပညာဆိုတာ တည်ရှိသည်။ ထိုစွမ်းအားကိုထုတ်သုံးနိုင်တာက နေရာလပ်မှော်ပညာရှင်တွေသာရှိ၏။ နေရာလပ်မှော်ပညာရှင်တစ်ယောက်ဖြစ်ဖို့ အရမ်းကိုခက်ခဲတဲ့အပြင် လိုအပ်ချက်တွေ၊ လုပ်ဆောင်ရတာတွေက ကြမ်းတမ်းရက်စက်လွန်းတာမို့ သင်ယူသည့်သူရှားပေသည်။ ထိုမှော်ပညာအပြင် နေရာလပ်စွမ်းအားသုံး လက်နက်တွေလည်းရှိသေးသည်။ ထိုလက်နက်တွေထဲတွင် သိုလှောင်လို့ရတဲ့နေရာအကျယ်အ၀န်းပါရှိ၏။ သို့သော် ထိုနေရာလပ်ပစ္စည်းတွေကို သုံးနိုင်ဖို့အတွက် တိုက်ပွဲဝင်ချီ သို့မဟုတ် မှော်စွမ်းအင်လိုအပ်သည်။ သာမန်လူတစ်ယောက်ဆိုရင်တော့ ထိုပစ္စည်းတွေကို သုံးနိုင်ခြင်းမ၇ှိပေ။

“ အဘိုးဂရင်း ဒါကိုကြည့်ကြည့်ပါ။ ဘာလဲဆိုတာ သိလား”

သို့သော်ကျောက်ဟိုင်ပြောတာကိုဖြေရမယ့်အစား ဂရင်းက စိတ်လှုပ်ရှားစွာထရပ်ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်

“ သခင်လေး သခင်လေး အခု..အခု…”

ကျောက်ဟိုင် လက်ကိုဝေ့ရမ်းလိုက်သည်။

“ ဘာရယ်မဟုတ်ပါဘူး ကျွန်တော် မတော်တဆ စွမ်းရည်နည်းနည်းရလာတာပါ။ အဘိုးပဲသိထားနော် အပြင်ကိုမပြန့်စေနဲ့ဦး။ ဒါနဲ့ ဒါ ဘာလဲအဘိုးသိလား”

***

Comment

Leave a Reply

Options

not work with dark mode
Reset