Switch Mode

Chapter – 1471 & 1485

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၁ – သာလွန်သော ခွန်အား

အားလုံးခေါင်းမော့ကာ ချောင်ယုရှင်း၏ ပုံရိပ်တစ်ဖြည်းဖြည်း သေးငယ်သွားသည်ကို ကြည့်လိုက်ကြသည်။ သူ၏ပုံရိပ်သည် နောက်ဆုံးတွင်တော့ အမည်းရောင်အစက်လေးဖြစ်ကာ ပျောက်ကွယ်သွားလေ၏။

ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။ ချောင်ယုရှင်းသည် စိတ်အာရုံတံဆိပ်ခတ်နှိပ်ခြင်းနှင့် အစီအရင်စီရင်ခြင်းကျင့်ကြံဆင့် နှစ်ခုလုံးတွင် အဆင့်တက်ပြီးသားဖြစ်ပြီး တတိယမြောက်သတ်ဖြတ်ခြင်းအစီအရင်ကို ရေးထိုးပြီးသွားပြီဖြစ်သည်။

သူ့ထံတွင် စွမ်းအားကြီးလှသည့် ဖျက်ဆီးခြင်းစွမ်းအားရှိနေသော်လည်း ယခုကဲ့သို့ ပျောက်ကွယ်သွားသောကြောင့် အားလုံး ဆွံ့အသွားရသည်။

“သူ သတိလစ်သွားပြီ..” စုန်းမ တီးတိုးပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ချောင်ယုရှင်း လွင့်ထွက်သွားသည့်အချိန်က သူမည်မျှစိတ်ဆင်းရဲနေသည်ကို အားလုံးတွေ့လိုက်ရသည်ပင်။ သူသည် လက်သီးချက်တစ်ချက်တည်းဖြင့် မျက်ဖြူလန်ကာ သတိလစ်သွားလေပြီ။

“တကယ်ရှက်ဖို့ ကောင်းလိုက်တာ..” ဖက်တီးလေး မသေနိုင်သည်ကိုသိသောကြောင့် ယုန်ဖြူလေးသည် ဘာမှ စာနာမနေပဲ ရယ်မောနေလေသည်။

ထိုအချိန်တွင် အားလုံး မြေပြင်ထက်ရှိ တရားခံကို ရှာဖွေလိုက်သည်။

ထို့နောက် အားလုံး ဆွံ့အသွားရ၏။

အချိန်အတော်ကြာသည်အထိ ဤနေရာမှာ လုံးဝတိတ်ဆိတ်နေသည်။ အားလုံးမှာ တစ္ဆေသရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်နေကြသည်။

ဤသည်မှာ မည်ကဲ့သို့သော သတ္တဝါမျိုးဖြစ်ကြောင်း အားလုံး သတိပြုမိသွားလေပြီ။ ဤသည်မှာ အလွန်မာနကြီးပုံပေါ်နေသည့် လက်ဆစ်တစ်ဆစ်စာ အရွယ်အစားရှိသည့်အကောင်ပင်။

ဤသည်မှာ ပုရွက်ဆိတ်တစ်ကောင်ပင်။ သူ၏ခန္ဓာကိုယ်မှာ ရွှေရောင်သန်းနေပြီး တစ်လက်မခန့်သာ ရှိသည်။

“ဖက်တီးက တကယ်ကို ဘာမှကို အသုံးမကျဘူးပဲ .. ငါတို့မျက်နှာပျက်အောင် လုပ်နေတာပဲ..” ယုန်ဖြူလေး ရှက်ရွံ့စွာဖြင့် သူမ မျက်နှာကိုကာ၍ ပြောလိုက်သည်။ သူတို့အားလုံး တကယ်ကို ဆွံ့အသွားရသည်။ ပုရွက်ဆိတ်လေးတစ်ကောင်က ဖက်တီးလေး သတိလစ်သွားအောင် ရိုက်လိုက်တာလား..

ဖက်တီးချောင် မည်သည့်နေရာသို့ကျသွားမှန်း မည်သူမှ မသိလိုက်ရ။ အနည်းဆုံးတော့ လီပေါင်း ဒါဇင်ပေါင်းများစွာသို့ ကျသွားမည်ပင်။

အားလုံးမှာ ဘာပြောရမှန်းပင် မသိတော့။ ဤမြင်ကွင်းမှာ အလွန်ရယ်စရာကောင်းနေသော်လည်း သူတို့မရယ်နိုင်ဖြစ်နေကြသည်။

“မင်းမယုံရင် ဒါရလဒ်ပဲ..” နတ်ကန်ဘေးတွင် ရောင်စုံအလင်းများ ထွက်ပေါ်နေပြီး‌ လေထဲ၌ ရေခိုးရေငွေ့များ အုံ့ဆိုင်းနေသည်။

ထိုရွှေရောင်ခန္ဓာကိုယ်မှာ သဲမှုန်ဖြင့် ပြုုလုပ်ထားသကဲ့သို့ မာကျောလှသည်။ သူ၏ခန္ဓာကိုယ်လေးသည် လူတစ်ယောက်ကဲ့သို့ မတ်မတ်ရပ်နေပြီး လက်ပိုက် ခေါင်းမော့ထားသည်။ ခြေထောက်တစ်ဖက်ကိုလည်း ရှေ့ထုတ်ထားသေးသည်ပင်။

“ဟားဟား..”

နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်သည် မအောင့်နိုင်ပဲ ရယ်မောလိုက်လေသည်။

ချောင်ယုရှင်းက ဒီ ‘ပဲစေ့’ ကြောင့် လွင့်ထွက်သွားတာလား .. ဒါက တကယ်ကို ရယ်စရာကောင်းလွန်းတယ် .. နောင်ကျရင် ဒီဖက်တီး ဘယ်လိုမျက်နှာပြတော့မလဲ .. သူ အရှက်မရှိ လျှောက်ပြောရဲဦးမှာလား..

“မင်း ဘာရယ်တာလဲ .. မင်းတို့မကျေနပ်ရင် မင်းတို့အားလုံး လာလို့ရတယ်” ထိုရွှေရောင်ပုရွက်ဆိတ်သည် လက်ဆန့်တန်း၍ ပြောလာသည်။ သူ၏လက်သည်လည်း လူသားလက်ကဲ့သို့ လက်ချောင်းငါးချောင်းရှိနေသည်။

ဤသည်မှာ သေချာပေါက် ဆန်းကြယ်သည့်ပုရွက်ဆိတ်ပင်။ သူသည် အလွန်သေးငယ်သော်လည်း လူသားနှင့်အနည်းငယ် ဆင်တူနေသည်။ သူသည် အားလုံးကို စိန်ခေါ်သကဲ့သို့ လက်ကို ဝေ့ရမ်းနေသည်။

သူ၏ ကလေးအသံနှင့် ခုန်ဆွခုန်ဆွလုပ်နေသည့် ပုံစံကို တွေ့လိုက်ရသည့်အချိန်တွင် ဤသည်မှာ အနည်းငယ် ရယ်စရာကောင်းလှသည်ဟု အားလုံးခံစားလိုက်ရသည်။

“ဒီကန်က မင်း ရေချိုးရင်သုံးတဲ့ကန်လို့ ပြောလိုက်တာလား..” ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်တစ်ယောက် မေးလိုက်သည်။

“ဟုတ်တယ်..” ဤပုရွက်ဆိတ် ခေါင်းညိမ့်လိုက်၏။ သူသည် ငယ်ရွယ်နုပျိုနေသည်မှာ သိသာလှသော်လည်း ရင့်ကျက်သည့်ပုံစံလုပ်နေသည်။ “ဒါက ဒီဘုရင်ကြီး ရေချိုးတဲ့နေရာပဲ .. မင်းတို့က ဘာမှလုပ်စရာမရှိလို့ ငါ့ရဲ့ ရေချိုးတဲ့ရေကို သောက်နေကြတာလား..”

ဒီကောင်ကတော့ ဖင်လေးကို ရိုက်ပေးဖို့ လိုနေတာပဲ .. အားလုံးသည် သူတို့ဖိနပ်များဖြင့် ပစ်ပေါက်ချင်နေကြသည်။

သာမန်ပုရွက်ဆိတ်သာဆိုလျှင်တော့ သူတို့ဖိနပ်အောက်တွင် ပိပြားသွားလိမ့်မည်ပင်။

“ငါ ဒီရေ မသောက်လိုက်ဘူး .. ကံကောင်းလို့ပေါ့…” ယုန်ဖြူလေး ပြောလိုက်သည်။ ဖုန်းဝူနှင့် အခြားသူများလည်း ပျော်ရွှင်နေကြရသည်ပင်။

အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများအနေဖြင့် သူတို့ထိန်းထိန်းသိမ်းသိမ်းနေရမည်ပင်။ သူတို့ ဤလူများနောက် ပြေးဆင်းကာ သွားသောက်စရာအကြောင်းမရှိ။

ရလဒ်အနေဖြင့် အချို့လူများသည် တိတ်တဆိတ်ပင် ပုရွက်ဆိတ်အား စိုက်ကြည့်လိုက်သည်။ ရှီဟောင်မှာမူ ဤပုရွက်ဆိတ်ကို မြင်ကတည်းက အလေးအနက်ထားနေသည်ပင်။

ချန်ကုန်းယန်၊ စုန်းမ၊ မိုတောင်နှင့် အခြားသူများလည်း သေချာလေ့လာနေကြသည်ပင်။

“ကောင်းကင်ဦးချိုပုရွက်ဆိတ်..” ရှီဟောင် တီးတိုးပြောလိုက်သည်။ အချိန်အတော်ကြာ လေ့လာပြီးနောက် သူကောက်ချက်ချလိုက်သည်။

ထိုစကားသံ ကြားလိုက်ရသည်နှင့် အားလုံး၏အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ ဒါက ဒီလိုမျိုး ထာဝရပုရွက်ဆိတ်လား .. ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ သူတို့တွေက မျိုးတုန်းသွားပြီ မဟုတ်ဘူးလား..

ဤမိုးကောင်းကင်အောက်တွင် မည်သူက သတ္တိအရှိဆုံးနှင့် ခွန်အားအကြီးဆုံးလဲဟုဆိုလျှင် ဤသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်ပင် ဖြစ်လိမ့်မည်။ ခွန်အားအရာဆိုလျှင် သူ့ကို ယှဉ်နိုင်သည့်သူမရှိ။

နဂါးအစစ်ပင်လျှင် သူ့လောက် ခွန်အားကြီးမည်မဟုတ်။ ဤသည်မှာ နာမည်သာမဟုတ် တကယ် အားကောင်းသည့်ပိုးကောင်မျိုးစုပင်။

သို့သော် ထာဝရရှေးဟောင်းခေတ်မှ ကောင်းကင်ဦးချိုပုရွက်ဆိတ်မှာ ယခုခေတ်မျိုးဆက်နှင့် ကွာသည်ပင်။ သူတို့အရွယ်ရောက်လာသည်နှင့် အနည်းဆုံးတော့ တစ်ကျန်းစာ အရွယ်အစားတော့ ရှိလာကြမည်ပင်။

သူတို့သည် လူသားပုံစံသို့လည်း ပြောင်းလဲနိုင်သည်ပင်။ ထိုအချိန်ကျလျှင်တော့ သူတို့ အလွန်ကြောက်စရာကောင်းသည့် သတ္တဝါများ ဖြစ်လာကြလိမ့်မည်။

သူတို့အရွယ်မရောက်ခင်မှာပင် တောင်ကြီးများကို အလွယ်တကူ ဖြိုချပစ်နိုင်ပြီး တောင်ကြောများကိုလည်း ကန်ထုတ်နိုင်သည်။

သေချာကြည့်လိုက်လျှင် သူ၏ဦးခေါင်းထက်၌ ဘုလေးတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပိုင်းပစ်လိုက်နိုင်သည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်၏ ‘ကောင်းကင်ဦးချို’ပင်။

ဤပုရွက်ဆိတ်မှာ ငယ်သေးသောကြောင့် ဦးချိုမှာ အပြည့်အဝ ထွက်မလာသေး။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ရှေးခေတ်က ရက်စက်တဲ့ သားရဲ ၁၀ မျိုးထဲက တစ်မျိုးက ဒီလောကမှာ ပေါ်လာတော့မှာလား..

အနောက်ဘက်မှ အဆင့်လွန်လူငယ်များအပါအဝင် အားလုံး၏ အမူအရာများ မသာမယာဖြစ်သွားကြ၏။ အဘယ်ကြောင့် ဤရှေးဟောင်းသားရဲများ၏ စိတ်နေစိတ်ထားမှာ အတော်လေး ဆိုးရွာလှသည်ပင်။

သို့သော်လည်း ရှီဟောင်၏မျက်လုံးမှ အစိမ်းရောင်အလင်းထွက်ပေါ်လာ၏။ ထိုရွှေရောင်ပုရွက်ဆိတ်လေးကို စိုက်ကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် သွားရေပင် စီးကျတော့မည်။

သူ့အတွက်တော့ ဤသည်မှာ ကံကောင်းမှုကြီးပင်။ သူအိပ်မက်ထဲမှာပင်လျှင် လိုချင်နေသည့် အရာကြီးပင်။ ဤသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်၏ ပြိုင်ဘက်ကင်းသည့် အဖိုးတန်ပညာကိုကိုယ်စားပြုခြင်းပင်။

သူသာ ဤပုရွက်ဆိတ်လေးကိုရလိုက်လျှင် သူ၏ခွန်အားလည်း အဆင့်တက်လာမည်ပင်။

အဘယ်ကြောင့်ဆိုသော် သူ၏အသွေးအသားမှာ အစကတည်းက အားကောင်းပြီးသားပင်။ သူသည် ခန္ဓာကိုယ်ကျင့်ကြံသူထက်ပင်ပို၍ ခန္ဓာကိုယ်ကျင့်ကြံသူဆန်နေလေပြီ။ သူသာ ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့် နတ်စွမ်းရည်ကို ရရှိသွားပါက ဤကောင်းကင်အောက်တွင် မည်သူက သူ့အား တားဆီးနိုင်တော့မည်နည်း..

တစ်ချိန်တည်းမှာပင် စီရင်စုသုံးထောင်၌ ထာဝရရှေးဟောင်းခေတ်အကြွင်းအကျန်နယ်မြေ ပွင့်သွားသည့်အချိန်၌ နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိသည် ကောင်းကင်ဦးချိုပုရွက်ဆိတ်၏အသိုက်ထဲမှ ထွက်လာခြင်းမဟုတ်လား .. သူသည် လူပေါင်းထောင်ပေါင်းများစွာကိုပင် သတ်ဖြတ်ခဲ့သေးသည်။

ဘယ်လိုလုပ် ဤနေရာ၌ တစ်ကောင်ရှိနေသနည်း.. ထို့အပြင် ဤအကောင်မှာ ငယ်သေးသည်။

ကြည့်ရသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အသိုက် တစ်ခုမက ရှိနေသည်ထင်သည်။ ဤနေရာမှာ အလွန်အရေးကြီးသည့် နေရာပင်။

ရှီဟောင် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိကို ဘယ်တုန်းကမှ အထင်မသေးခဲ့။ အဘယ်ကြောင့်ဆိုသော် ဤလူသည် ခွန်အားအဖိုးတန်ပညာကို အောင်မြင်စွာ ကျင့်ကြံပြီးသွားသည်ကို သူသိသည်။ ထို့အပြင် သူသည် ရှေးဟောင်းဦးချိုတစ်ခုပါ ရှိနေသည်။

ဝိညာဉ်တစ်သောင်းသင်္ကေတကြောင့်သာမဟုတ်ပါက ထိုအချိန်တုန်းက သူ ထိုထူးဆန်းသည့်ဦးချိုကြောင့် ပျက်စီးသွားလောက်လေပြီ။

“ပုရွက်ဆိတ်လေး .. မင်းမိဘတွေ ဘယ်မှာလဲ..” အမျိုးသမီး ကျင့်ကြံသူတစ်ယောက်မှ ပြုံး၍ မေးလိုက်သည်။

” ‘လေး’ ဆိုတဲ့စာလုံးကို ဖြုတ်လိုက် .. ငါ့ကို ဘုရင်လို့ခေါ် .. ဘုရင်တစ်ယောက်လုံး ဒီမှာရှိနေတာကို မင်းတို့က ငါ့ကိုအဆင့်ချပြီး ကလေးလိုဆက်ဆံရဲတယ်ပေါ့…” သူသည် လက်နောက်ပစ်ကာ သူ၏အသက်အရွယ်နှင့် အတွေ့အကြုံများကို ဂုဏ်ယူနေသည့်ပုံစံဖြင့် ပြောလိုက်သည်။

သို့သော် သူ၏အသံမှာ အလွန်ငယ်ရွယ်နုပျိုနဆဲပင်။ မည်သို့ပင်ကြည့်ကြည့် မရင့်ကျက်သေးမှန်း သိသာလှသည်။

“မင်းက အသက် ဘယ်လောက်မို့လို့လဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်၏။ ဤအကောင်မှာ အလွန်ကြောက်စရာကောင်းမှန်း သူတို့သိကြသော်လည်း ဤအကောင်မှာ အလွန်ငယ်သေးသောကြောင့် သူတို့ မလေးမစားပင် ပြောလိုက်ကြသည်။

“ဒီဘုရင် အသက်ရှင်လာတာ ခေတ်ကြီးတစ်ခေတ်တောင် မကတော့ဘူး .. ငါအသက်ဘယ်လောက်လဲ ပြောကြည့်လေ..” ပုရွက်ဆိတ်လေး အေးစက်စွာ ပြောလိုက်သည်။

“ဘာ..” အားလုံး ထိတ်လန့်သွားရ၏။

ဘာကိုခေတ်တစ်ခေတ်လဲ .. သူအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား .. နှစ်ပေါင်းဘယ်လောက်တောင် ရှိနေပြီလဲ .. ဒီလောကကြီးမှာ အဲဒီလောက် အသက်ကြီးတဲ့သူ မရှိနိုင်ဘူး..

ပြန်မွေးဖွားတဲ့ မကောင်းဆိုးဝါးအိုကြီးတွေ မဟုတ်ရင် ဘယ်လောက်ရှေးကျနိုင်မှာလဲ..

သို့သော် ဤသည်မှာ မဖြစ်နိုင်သည်တော့မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူတို့ကြားဖူးသည့် ဒဏ္ဍာရီအရဆိုလျှင် အချို့မကောင်းဆိုးဝါးအိုကြီးများသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်ကိုရယူပြီး သူတို့၏ ငယ်ရွယ်မှုကို ထိန်းနိုင်သည်ဟု ပြောကြသည်။

“ပဲစေ့ ဘယ်မှာလဲ..” ထိုအချိန်တွင် ချောင်ယုရှင်း ပြန်ပေါ်လာသည်။ သူ မြန်မြန်သတိလစ်သွားသော်လည်း မြန်မြန်ပြန်ကောင်းလာသည်ပင်။ သူ၏အခြေအနေမှာ အတော်လေးဆိုးဝါးနေသည်။ နွားရိုင်းတစ်ကောင် တက်နင်းခံထားရသလို အဝတ်အစားများ စုတ်ပြတ်နေကာ ဒဏ်ရာများလည်း မသက်သာလှ။

“ဒီဘုရင် ဒီမှာရှိနေတာ မင်းလိုမျိုးဖက်တီးတစ်ယောက်က ငါ့ကို လေးလေးစားစားနဲ့ ဦးမညွှတ်သေးဘူးလား..” ရွှေရောင်ပုရွက်ဆိတ်မှ မာနကြီးစွာ ပြောလိုက်သည်။

ချောင်ယုရှင်း ဒေါသထွက်သွားကာ သူ၏မျက်လုံးများ အစိမ်းရောင်ဖြစ်သွားသည်။ သူ၏နဖူးထက်၌ အကြောများထောင်ထလာသည်။ ပုရွက်ဆိတ်တစ်ကောင်ကြောင့် လွင့်ထွက်သွားသည်ဆိုသည်မှာ ရှက်စရာကောင်းလွန်းလှသည်။

“ဖက်တီး .. လျှောက်မလုပ်နဲ့ .. ဒါက ကောင်းကင်ဦးချိုပုရွက်ဆိတ် .. အဲဒီတော့ လွင့်ထွက်သွားတာက ရှက်စရာမဟုတ်ဘူး..” ရှီဟောင် သတိပေးလိုက်သည်။

“ကောင်းကင်ဦးချိုပုရွက်ဆိတ်ဟုတ်လား..” ချောင်ယုရှင်း၏အသံမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူ၏ဝကစ်နေသည့်မျက်နှာထက်၌ ပန်းတစ်ပွင့်ထက်ပင် တောက်ပနေသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

သူသည့် ကျလာသည့်တံတွေးများကို အမြန်သုတ်လိုက်ကာ ရှီဟောင်ပုခုံးကို ပုတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။ “အရမ်းကိုအားကောင်းတဲ့သွေး .. နောင်မှာငါတို့ ဒီလိုအဖိုးတန်သွေးမျိုးမရှားတော့ဘူးလို့ ပြောချင်တာမလား..”

အဟွတ် .. ရှီဟောင် ချောင်းဆိုးသွားကာ သူ့အားပါးစပ်ပိတ်ခိုင်းထားလိုက်သည်။

“ဟား ဟား..” ချောင်ယုရှင်းသည် စိတ်လွတ်ကိုယ်လွတ်ပင် ရယ်မောနေလေ၏။ သူသည် အမုန်းတရားများမရှိတော့ပဲ ထိုအစား အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေသည်။

အလေးအမြတ်ကျောင်းတွင် အလွန်အားကောင်းသည့်သွေး အနည်းငယ်ရှိသော်လည်း ကျင်းကျန်း၊ သူတော်စင်လေး၊ ချီဂုနှင့် အခြားသူများ ယူသွားကြသည်။ အခြားသူများမှာ တစ်စက်လေးပင် မရလိုက်ကြ။

ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူတို့ ပြန်လည်မွေးဖွားပြီး ပြောင်းလဲချင်လျှင် ရှားပါးပြီး အဖိုးတန်သည့်သွေးများအား လိုအပ်သည်ပင်။

“ဖက်တီး ..မင်း ဘာတွေကို တိုးတိုး တိုးတိုးနဲ့ ပြောနေတာလဲ .. မင်း အရိုက်ခံချင်လို့လား.. ငါ့ဆီက နောက်ထပ်လက်သီးတစ်ချက် ထပ်မစားချင်ရင် သတိထားနေ..” ရွှေရောင်ပုရွက်ဆိတ်လေး တုံးတိပင် ပြောလိုက်သည်။

ချောင်ယုရှင်း၏အမူအရာ အနည်းငယ် မည်းမှောင်သွားသည်။ သူခေါင်းငုံ့ကာ ထိုသတ္တဝါလေးကို ကြည့်လိုက်၏။ သူတို့အရွယ်အစားမှာ ကွာခြားလွန်းလှသည်ပင်။

ဒေါက် ဒေါက် ဒေါက် ..

ခြေသံများ ထွက်ပေါ်လာသည်။ အနက်ရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် မြို့စောင့်တပ်သားများ ရောက်လာကြသည်။

“ဒီမှာ ကံကောင်းမှုတွေရှိတယ် .. မင်းတို့အရည်အချင်းနဲ့ ယူသွားကြ .. ဒါပေမဲ့ အမွေအနှစ်အစစ်ကတော့ ဘုရင်ရဲ့မျိုးဆက်တွေထဲက အသန့်စင်ဆုံး ရှေးဟောင်းသွေးမျိုးဆက်ရှိတဲ့သူပဲ ရမယ်…”

တပ်သားတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

အားလုံး ချီလင်းလေးနှင့် ထိုရွှေရောင်ပုရွက်ဆိတ်လေးကို ကြည့်လိုက်သည်။ ထာဝရရှေးဟောင်းခေတ် သွေးမျိုးဆက်ဆိုသည်မှာ သူတို့ကို ရည်ရွယ်မှန်း အားလုံး ချက်ချင်းသိလိုက်ရသည်။

“စီနီယာ .. စီနီယာတို့အားလုံး မသေမျိုးသက်ရှိတွေလား..” ရှုထော် မေးလိုက်သည်။

အားလုံးလည်း သိချင်နေသောကြောင့် ဂရုတစိုက်နားထောင်လိုက်ကြသည်။

“ငါတို့က စစ်သားဟောင်းတွေ .. အရင်တုန်းက ကောင်းကင်ထိကို သွေးတွေ လွှမ်းမိုးသွားပြီးတော့ လောကကြီးတစ်ခုလုံး သုတ်သင်ခံလိုက်ရတယ် .. ငါတို့ရဲ့ စိတ်ဝိညာဉ်တွေ ဒီနေ့ထိရောက်အောင် ရုန်းကန်လာရတာ ..။ နောက်ဆုံး ကာကွယ်မှုအတွက် ငါတို့ခန္ဓာကိုယ်တွေကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပစ်လိုက်တာ..” သူတို့ထဲမှ တစ်ယောက် ပြောလိုက်သည်။

ထိုတစ်ခဏတွင် သူတို့သည် တိုက်ပွဲကြွေးကြော်သံများကို နောက်တစ်ကြိမ် ကြားလိုက်ရသလိုပင်။ အလောင်းများမှာ တောင်လိုပုံနေပြီး သွေးများလည်း မြစ်ကဲ့သို့ စီးဆင်းနေသည်။

စစ်သားဟောင်းများစွာသည် သူတို့ခန္ဓာကိုယ်ကို ဤနေရာထိရောက်အောင် တရွတ်တိုက်ဆွဲလာပြီးနောက် နောက်မီးတောက်လေးကို ကာကွယ်ရန်အတွက် ဤကဲ့သို့ ပြုလုပ်ခဲ့ကြခြင်းပင်။

“ငါတို့ အားကုန်စိုက်ထုတ်ပြီးတဲ့နောက်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ မျိုးဆက်ကို နိုးထလာအောင် လုပ်နိုင်ခဲ့တယ် .. သူက နှစ်ပေါင်း သန်းပေါင်းများစွာ အိပ်နေပြီးတော့မှ ဒီလောကမှာ ပြန်မွေးဖွားလာတာ..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။

ဤသည်ကို ကြားလိုက်ရသည်နှင့် အားလုံး သက်ပြင်းမချပဲ မနေနိုင်တော့။

“စီနီယာ .. ထာဝရရှေးဟောင်းခေတ်ရဲ့ သွေးမျိုးဆက်က အရေးကြီးပါတယ် .. ဒါပေမဲ့ ဒါက မျိုးဆက်တွေက ဘိုးဘေးတွေထက် နိမ့်ကျတယ်လို့ မဆိုလိုဘူးလေ ..နောင်လာမယ့်တိုက်ပွဲရဲ့ အဓိကအင်အားက ကျွန်မတို့ဖြစ်မှာပဲ .. အဲဒီတော့ စီနီယာတို့ ဘက်မလိုက်သင့်ဘူး .. ကျွန်မတို့ကိုလည်း အရေးအကြီးဆုံး အမွေတွေနဲ့ အခွင့်အရေးတွေ ပေးသင့်တယ်..” လန်ရှင်းမှ အခွင့်အရေးများအတွက် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

“ကောင်းပြီလေ .. မင်းတို့အားလုံး အခွင့်အရေးတစ်ခါရမယ် .. အဲဒီမူလအရင်းအမြစ်အိုးကို မနိုင်တဲ့သူကို ငါအသိအမှတ်ပြုပေးမယ်..” ဦးဆောင်လာသည့်တစ်ယောက်မှ သူ၏လက်ထဲတွင်ရှိနေသည့် စစ်ပုဆိန်ဖြင့် ညွှန်ပြလိုက်သည်။

ထိုနေရာတွင် ထာဝရစွမ်းအင်များ ထုတ်လွှတ်နေသည့် ကျောက်တောင်တစ်လုံးရှိနေသည်။

ထိုတောင်ထိပ်၌ အိုးတစ်လုံး ရှိနေသည်။ ဤအိုးမှာ သိပ်မခမ်းနားလှ။ သုံးပေခန့်သာ ရှိသည်။

“မူလရင်းမြစ်အိုး .. ငါ ဒါကို အရင်က ကြားဖူးသလိုပဲ..” လန်ရှင်း မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်သည်။

“ဒါက ထာဝရရှေးဟောင်းခေတ်က နံပါတ်တစ် ရတနာ .. မယုံကြည်နိုင်လောက်အောင် လေးတာ .. ဘာလို့လဲဆိုတော့ ဒါက ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ လက်နက်မလို့.. ဒီလက်နက်ကိုသုံးဖို့မပြောနဲ့ သာမန်လူတွေက ဒါကို မနိုင်မှာတောင်မဟုတ်ဘူး .. ဒါကိုထိလိုက်တာနဲ့ လွင့်ထွက်သွားလိမ့်မယ်..” ရှုထော်မှ ပြောလိုက်သည်။

“စမ်းကြည့်ချင်တဲ့သူရှိလား .. ဒါကို မနိုင်တာနဲ့ ငါအဲဒီလူကို အသိအမှတ်ပြုပေးမယ်..” စစ်သားဟောင်းတစ်ယောက်မှ‌ ပြောလိုက်သည်။ သူသည် ဝိညာဉ်မရှိသည့် ရုပ်သေးရုပ်ဖြစ်သောကြောင့် သူတို့ စက်ရုပ်နှင့်တူနေခြင်းပင်။

“ကျွန်တော်စမ်းကြည့်မယ်..” အဆင့်လွန်လူငယ်တစ်ယောက်မှ ပြောလိုက်သည်။

“ဟွမ် မင်းလည်းသွားသင့်တယ် .. မင်းမှာ ထူးခြားတဲ့ခွန်အားတွေရှိတယ်ဆိုတော့ မင်းအောင်မြင်လိမ့်မယ်လို့ ငါ ထင်တယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များအားလုံး သူ့အား စမ်းကြည့်နေစေချင်ကြသည်။

အပိုင်း ၁၄၇၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၂ – မူလရင်းမြစ်အိုးအား မခြင်း

အစိမ်းရောင်လင်းများ ဖြန့်ကျက်နေပြီး အံ့အားသင့်စရာကောင်းသည့် ခန္ဓာကိုယ်တည်ဆောက်ပုံရှိသည့်လူတစ်ယောက် လျှောက်သွားလေသည်။ သူ၏ခန္ဓာကိုယ်မှာ ကြာပန်းကဲ့သို့ ယိမ်းနွဲ့နေသည်။ သူမ၏ဘေးပတ်လည်၌ သစ်ရွက်များလည်း ကျနေသည်ပင်။

ထို့အပြင် အစေ့အချို့ ပေါ်လောပေါ်နေကာ လေဟာနယ်၌ အမြစ်တွယ်ပြီး နတ်နွယ်ပင်များ၊ အဖိုးတန်သစ်ပင်များနှင့် အခြားအပင်များအဖြစ် ကြီးထွားလာသည်။

ပထမဆုံး စမ်းသပ်သည့်သူမှာ အမျိုးသမီးတစ်ယောက်ပင်။ သူမ၏အဝတ်အစားမှာ အလွန်ရှည်လျားလှပြီးမြေပြင်ပေါ်၌ တရွတ်တိုက်နေသည်။ သူမ၏ခန္ဓာကိုယ်မှာ ယိမ်းနွဲ့နေပြီး အလွန်လှပလှသည်။

သူမထံတွင် အစိမ်းရောင်ဆံပင်များရှိနေပြီး ဖြူဖွေးသည့် အသားအရေလည်းရှိသည်။ သူမ၏မျက်လုံးများပင် အစိမ်းရောင်ပင်။ သူမသည် တောအုပ်အတွင်းပိုင်းမှ ထွက်လာသကဲ့သို့ပင်။

“သူမပဲ..” တစ်စုံတစ်ယောက်မှ သူမအား မှတ်မိသွားသည်။

“ဒီအမျိုးသမီးက ဘယ်သူလဲ..” သိုသိုသိပ်သိပ်နေသည့် အဆင့်လွန်လူငယ်အချို့ ရှိသောကြောင့် အများစုမှာ သူမအား မသိကြပေ။

“ဒီအမျိုးသမီးကို အသက်နတ်ဘုရားမလို့ခေါ်တယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ဒီလိုအဆင့်လွန်လူငယ်မျိုး ဘယ်တုန်းက ပေါ်လာဖူးလို့လဲ .. အားလုံး ဆွံ့အသွားရသည်။ သို့သော်လည်း သူမသည် ရှုထော်၊ လန်ရှန်းတို့နှင့်အတူ လျှောက်လာခြင်းပင်။

“သူက အခုတလောကမှ သီးသန့်ကျင့်ကြံတာကနေ ထွက်လာတဲ့သူ .. အစကတော့ လူတော်တော်များများ သူ့အကြောင်း မသိကြဘူး .. ဒါပေမဲ့ ထာဝရကျောင်းက အကြီးအကဲကိုယ်တိုင်ပြောထားတာ နတ်တာအိုခေတ်မှာဆိုရင် သူက အသက် နတ်ဘုရားမတောင်ဖြစ်နိုင်တယ်တဲ့ ..”

အားလုံး ဆွံ့အသွားရ၏။ ဒါက ဘယ်လောက်တောင် မြင့်လိုက်တဲ့မှတ်ချက်လဲ .. ဒီအမျိုးသမီးက ဘယ်လိုမျိုးစေ့မျိုးနဲ့‌ ပေါင်းထားတာလဲ..

လူများစွာမှာ ဤအကြောင်းကို တီးတိုးပြောနေကြလေသည်။

ဤအမျိုးသမီးသည် သက်ရှည်မိသားစုတစ်စုမှ လာခြင်းပင်။ သူမတို့ ကလန်တစ်ခုလုံးမှာ ထာဝရရှေးဟောင်းမျိုးဆက်များပင်။ သူတို့ ကလန်မှထာဝရသက်ရှိများ ထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် ထိုလူများသည် ယခုအချိန်၌ သေဆုံးသွားပြီဖြစ်ပြီး အရိုးများပင် ဆွေးနေလေပြီ။

ဤကဲ့သို့သောကလန်မှ လာသည့် အဆင့်လွန်အမျိုးသမီးကို ကြောက်ကြမည်ပင်။ ထို့အပြင် ထာဝရကျောင်းမှ အကြီးအကဲပေးသည့်မှတ်ချက်ကြောင့် သူမကို မကြောက်ပဲနေရန် ခက်ခဲလှသည်။

“သူ့နာမည်က လုဟုန်”

သူမ နာမည်ကြားသည်နှင့် သူမ မည်သည့်ကလန်ကဖြစ်မှန်း သိသွားကြသည်ပင်။ သူတို့သည် လူသားကလန်မဟုတ်။ သို့သော်လည်း လူသားပုံစံရှိသည်ပင်။ သူတို့၏မူလပုံစံကို မသိရ။ သူတို့သည် များပြားလှသည့် မှော်ခွန်အားကိုပိုင်ဆိုင်ထားပြီး လောကကြီးကို ဖိနှိပ်နိုင်သည့် နတ်ခွန်အားလည်း ပိုင်ဆိုင်ထားသည်။

လုဟုန်သည် ထိုကျောက်တောင်ထံသို့ ကျက်သရေရှိစွာ လျှောက်သွားလိုက်သည်။ သူမ မပျံသန်းရဲသောကြောင့် ခြေလျင် လျှောက်သွားနေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော နေရာမျိုးမှာ မည်ကဲ့သို့သော လက်လွတ်စပယ်အပြုအမူကိုမှ သည်းခံမည်မဟုတ်။ လေဟာနယ်ထဲ၌ အစီအရင်အချို့ရှိနေသည်ဟု ကောလဟာလများ ရှိနေသည်ပင်။ လက်လွတ်စပယ်ပြုမူလိုက်ပါက သေချာပေါက် အပြစ်ပေးခံရလိမ့်မည်။

“တစ်ခြားလောက ကျင့်ကြံသူမဟုတ်တဲ့သူတွေ ပျံသန်းလို့ ရတယ် .. ဒါပေမဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်ထုတ်လွှတ်တာကိုတော့ ခွင့်မပြုဘူး..” မြို့ဟောင်းကို ကာကွယ်နေသည့် စစ်သားတစ်ဦးမှ ပြောလိုက်သည်။

“နားလည်ပါပြီ..” လုဟုန်သည် ဟန်ဆောင်မနေတော့ပဲ လေထဲသို့ ပျံသန်းကာ ထိုကျောက်တောင်ထံသို့ သွားလိုက်သည်။

ဤစကားကို ကြားသည်နှင့် အားလုံးလည်း သူမနောက်ကို လိုက်သွားလိုက်ကြသည်။

သူတို့ရှေ့မှ တောင်ကြီးမှာ သိပ်မမြင့်သော်လည်း ထာဝရတာအိုတောင်တစ်လုံးကဲ့သို့ လူတစ်ယောက်ကို ကြည်ညိုသည့်ခံစားချက်များ ပေးနေသည်ပင်။

တောင်တစ်ဝက်တွင် ထာဝရစွမ်းအင်များ ထုတ်လွှတ်နေသည့် ဂူတစ်ခုရှိနေသည်။ သို့သော်လည်း ထိုနေရာကို ကာဆီးထားသည့်အရာတစ်ခုရှိနေသောကြောင့် မည်သူမှ ထိုဂူထဲသို့ ဝင်၍မရ။

အပြာရောင်လမ်းလေးမှာ တောင်ထိပ်သို့ ဦးတည်သွားသည်။ တောင်ထိပ်တွင် အဖြူရောင်မြူများထုတ်လွှတ်နေသည့် သုံးပေရှည်သည့်ရှေးဟောင်းအိုးတစ်လုံး ရှိနေ၏။ ထိုအိုးတွင် နေ၊ လနှင့် ကြယ်များပင် ရောင်ပြန်ဟပ်နေသည်။

ဤသည်မှာ ဤအိုးထဲ၌ စကြာဝဠာတစ်ခု ရှိနေသကဲ့သို့ပင်။

မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်ပျက်ခြင်းမရှိပဲ သူတို့အားလုံး တောင်ထိပ်ပေါ်သို့ ချောချောမွေ့မွေ့ရောက်သွားသည်။ သူတို့အားလုံး အလွန်စိတ်လှုပ်ရှားနေကြလေပြီ။

“မမယ်..” လုဟုန်လျှောက်သွားကာ အိုးလက်ကိုင်ကိုကိုင်၍ အိုးအား မလိုက်သည်။

သူမသည် နူးညံ့သည့်သူဟု ထင်ရသော်လည်း သူမ၏ခွန်အားမှာ တကယ်ကို ကောင်းမွန်လှသည်။ သူမ၏ လက်ချောင်းထိပ်ရှိ လေဟာနယ် ပျက်စီးသွားကာ ကြောက်စရာကောင်းသည့်အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။

သို့သော်လည်း သူမ ကျရှုံးသွားခဲ့သည်။ သူမ ကောင်းကင်ကြီးကို လွှမ်းမိုးနိုင်သည့် ခွန်အားကိုအသုံးပြုထားသော်လည်း သူမ ဤအိုးကို နည်းနည်းလေးရွှေ့ရန်ပင် ခက်ခဲနေသည်။

“ရွေ့မယ်..”

သူမ တီးတိုးအော်ဟစ်လိုက်ပြီး သူမတစ်ကိုယ်လုံး တောက်ပလာသည်။ အသက်ဓာတ်များလည်း ပင်လယ်တစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။ ထို့အပြင် ယခုတစ်ခေါက်တွင် သူမ အဖိုးတန်ပညာများကိုပါ အသုံးပြုလိုက်၏။ အရိုးစာသားမျိုးစုံ ရောယှက်သွားကာ နတ်စွမ်းရည်တစ်ခု ဖြစ်ပေါ်လာသည်။

သူ သက်ရှည်ကလန်ရဲ့ အဖိုးတန်ပညာတွေ သုံးတာတောင်မှ ဒီပစ္စည်းကို ရွေ့အောင် မလုပ်နိုင်တာလား..

ဝုန်း..

ဤနေရာ၌ ကျယ်လောင်လှသည့် ဆူညံသံကြီး ထွက်ပေါ်လာသည်။ လျှပ်စီးအလင်းတန်းမျိုးစုံ ထွက်ပေါ်လာပြီး အလွန်ကြောက်စရာကောင်းသည့်မြင်ကွင်း ဖြစ်ပေါ်လာသည်။ သူမသည် အသက်နတ်ဘုရားမဖြစ်သော်လည်း သူမ၏ အရိုင်းဆန်သည့်ဘက်ခြမ်း ရှိသေးသည်ပင်။

သို့သော်လည်း ထိုအိုးကြီးမှာ နည်းနည်းလေးမှပင် လှုပ်ရှားမလာ။

“ဒီအိုးကို နတ်စွမ်းရည်တွေ သုံးပြီး တိုက်ခိုက်တာက အသုံးမဝင်ဘး .. မင်း ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ မင်းရဲ့စွမ်းအားက နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြီးကျယ်ခမ်းနားခဲ့တဲ့ ဒီမှော်ပစ္စည်းကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား .. သူက ပညာတွေအားလုံးကို ချေဖျက်နိုင်တယ် .. မင်းရဲ့ ခွန်အားအစစ်ကို သုံးပြီးတော့ပဲ မလို့ရမှာ..” စစ်သားဟောာင်းတစ်ယောက်မှ ပြောလိုက်သည်။

အားလုံး နားလည်သွားရသည်။ ဤလက်နက်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ် အသုံးပြုသည့် လက်နက်ဖြစ်သောကြောင့် ဤလက်နက်ကို ကိုင်ဆောင်နိုင်ရန် ခွန်အားကြီးရမည်ပင်။ နတ်စွမ်းရည်များ၊ အဖိုးတန်ပညာများဖြင့် ဤအိုးကို မ,ရန် ကြိုးစားပါက ရှုံးနိမ့်မည်ပင်။

လုဟုန် အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း ရှုံးနိမ့်နေဆဲပင်။

“စီနီယာ .. ဒါက မမျှတဘူး .. ဒါက ထာဝရခေတ်ကလက်နက်.. ကျွန်မတို့မှာ စွမ်းရည်ပါရမီတွေရှိနေရင်တောင် ထာဝရတာအိုနယ်ပယ်မရောက်သေးဘူး .. အဲဒီတော့ ဒါကို ဘယ်လိုလုပ် မနိုင်မှာလဲ..” လုဟုန် လက်ခံနိုင်ရန် အနည်းငယ် ခက်ခဲနေသည်။

“မူလရင်းမြစ်အိုးအစစ်က မင်းတို့ထိလို့တောင် မရတဲ့ပစ္စည်း .. မဟုတ်ရင် မင်းတို့အားလုံး ပေါက်ကွဲသွားလောက်ပြီ .. ဒါကပုံရိပ်ယောင်လေးတစ်ခုပဲ..” စစ်သားဟောင်းတစ်ယောက် ပြောလိုက်သည်။

ထိုစကားကြားလိုက်ရသည့်အချိန်တွင် အားလုံး ဆွံ့အသွားရ၏။ ဒါက မူလရင်းမြစ်အိုးအစစ်မဟုတ်ဘူးလား..

ဤသည်မှာ အစစ်နှင့် ဘာမှမခြားပေ။

ကောင်းကင်ဦးချိုပုရွက်ဆိတ်၏ လက်နက်မှာ နှိုင်းယှဉ်၍မရ။ ဤသည်ကို ထာဝရရှေးဟောင်းခေတ်တိုက်ပွဲမှ သိမ်းဆည်းထားခြင်းပင်။ ဤသည်မှာ ကြောက်စရာအကောင်းဆုံး ထာဝရလက်နက်များထဲမှ တစ်ခုပင်။

အခြားအခွင့်အရေးများ မပြောနှင့် ဤလက်နက်ဤနေရာ၌ ရှိနေခြင်းပင်လျှင် အလွန်အံ့အားသင့်စရာ ကောင်းနေလေပြီ။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းရတနာပင်။

နောင် စစ်ပွဲအစစ်ရောက်လာလျှင် ဤနေရာသို့လာပြီး ဤလက်နက်အား နိုးထအောင်လုပ်နိုင်သည့်သူသည် ဤလက်နက်ဖြင့် တိုက်ခိုက်နိုင်မည်ပင်။

“ဒီလက်နက်က အဲဒီလောက် မလေးသလို ပေါ့လည်းမပါ့ဘူး .. ဒါက အရင်တုန်းက ကောင်းကင်ဦးချိုပုရွက်ဆိတ် ငယ်တုန်းက သုံးခဲ့တဲ့ အလေးချိန်ပဲ..” စစ်သားဟောင်းတစ်ယောက် ရှင်းပြလိုက်သည်။

အားလုံး အံ့အားတကြီး သက်ပြင်းချလိုက်ကြသည်။ အရက်စက်ဆုံး သားရဲ ၁၀ မျိုးထဲမှ တစ်မျိုး ဖြစ်ထိုက်ပါပေသည်။ သူငယ်ရွယ်စဉ်ကပင် ဤမျှ ကြောက်စရာကောင်းနေလေပြီ။

အဆင့်လွန်လူငယ် လုဟုန်သည် ကောင်းကင်ဦးချိုပုရွက်ဆိတ် ငယ်ရွယ်စဉ်အချိန်နှင့် မယှဉ်နိုင်သည်မှာ သိသာလှသည်။

“ငါက သူ့နဲ့ယှဉ်လို့မရဘူး..” သူမ စိတ်ပျက်စွာ ပြောလိုက်သည်။

အခြားအဆင့်လွန်လူငယ်များလည်း မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့အောင်မြင်ရန်အတွက်လည်း ခက်ခဲလိမ့်မည်ဟု ခံစားနေကြရသည်။

“ငါ စမ်းကြည့်မယ်..”

ထိုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်မှ ပြောလိုက်သည်။ သူ တည်ငြိမ်သွားပြီဖြစ်ပြီး သူ့တစ်ကိုယ်လုံးကို ခရမ်းရောင်စွမ်းအင်များ ရစ်သိုင်းနေသည်။ သူသည် ရှီဟောင်ကို တစ်ချက်ပင်မကြည့်ပဲ အိုးကို စတင်မလိုက်သည်။

“မမယ်..”

သူကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားကုန်သုံးလိုက်သည်။ ခရမ်းရောင်အလင်းများ လျှပ်စီးကဲ့သို့ ထွက်ပေါ်လာပြီး သူ၏အရိုးများမှ တဂွပ်ဂွပ်အသံများလည်း ထွက်ပေါ်လာသည်။ သို့သော်လည်း အဆုံးသတ်၌ သူကျရှုံးသွားဆဲပင်။

ထိုအိုးမှာ နေရာမှ နည်းနည်းလေးမျှပင် မရွေ့။

“နောက်တစ်ခေါက်..” ခရမ်းရောင်နေကောင်းကင်ဘုရင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်၏။ တောက်ပသည့် ခရမ်းရောင်မျိုးစေ့ ထွက်ပေါ်လာကာ ခရမ်းရောင်စွမ်းအင်မြူအဖြစ် ပြောင်းလဲသွားသည်။

ဖူး..

ထို့နောက် ထိတ်လန့်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားသည်။ ထိုခရမ်းရောင်စွမ်းအင် ပေါက်ကွဲထွက်သွားကာ ခရမ်းရောင်နေကောင်းကင်ဘုရင်လည်း သွေးအန်ကာ လွင့်ထွက်သွားသည်။

နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင်က သူ၏ပြည့်စုံသည့်မျိုးစေ့အား အလောတကြီး အသုံးပြုလိုက်သည့်အချိန်တွင် ပြင်းထန်သည့်တွန်းကန်အား ဖြစ်ပေါ်လာပြီး သူ့အား ဒဏ်ရာပြင်းထန်စွာ ရရှိသွားစေသည်။

“ငါ ရှုံးသွားပြီ..” ခရမ်းရောင်နေကောင်းကင်ဘုရင် သက်ပြင်းချကာ ဖြည်းညှင်းစွာပင် နောက်ဆုတ်သွားလိုက်သည်။

“စမ်းကြည့်ချင်တဲ့သူ ရှိသေးလား..” စစ်သားဟောင်းတစ်ယောက် မေးလိုက်သည်။

“ဒါက ငါ့ရဲ့လက်နက် .. ဘယ်သူရွှေ့နိုင်လဲ..” မြေပြင်ထက်မှ တစ်လက်မပင်မရှိသည့် ထိုပုရွက်ဆိတ်မှ နှုတ်ခမ်းများကို တွန့်ကွေး၍ ပြောလိုက်သည်။

“ကျွန်မ စမ်းကြည့်မယ်..” လန်ရှင်း လျှောက်လာသည်။ သူမ တစ်ကိုယ်လုံးတွင် အပြာရောင်အလင်း တောက်ပနေသည်။ သူမ အားကုန်သုံးလိုက်သောကြောင့် သူမမျက်နှာ ဖြူဖျော့လာသည်။ သို့သော်လည်း ဤအိုးကို နည်းနည်းလေးမှပင် မရွေ့လျားနိုင်။

ထို့နောက် ချောင်ယုရှင်းတို့ အခြားသူများသည် မယုံမကြည်ဖြစ်နေကြကာ တစ်ယောက်ပြီးတစ်ယောက် ကြိုးစားလာကြသည်။ သို့သော်လည်း နောက်ဆုံး၌ သူတို့မျက်နှာများ နီရဲလာကြကာ ရှုံးနိမ့်သွားကြသည်။

“ငါ စမ်းကြည့်မယ်..”

ရှုထော်မှ ပြောလိုက်သည်။ သူသည် ဖြေးညှင်းစွာပင် လျှောက်လာပြီး ဤအိုးကို မလိုက်သည်။ ထို့နောက် သူကျမ်းစာများကို ရွတ်ဆိုလိုက်သည်။

သူ၏ခန္ဓာကိုယ်၌ ရွှေရောင်အလင်းတောက်ပလာပြီး သူ၏အရေပြားမှာလည်း ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ပင်။

ဒုန်း..

ထိုအချိန်တွင် မူလရင်းမြစ်အိုးမှ တုန်ခါသည့်အသံထွက်ပေါ်လာ၏။

အားလုံး ထိတ်လန့်သွားရသည်။ ရှုထော်မှာ တကယ်ကို အထင်ကြီးစရာကောင်းလှသည်။ သူအိုးကို မနိုင်တော့မည်လား..

သို့သော်လည်း ဤသည်မှာ သူလုပ်နိုင်သမျှ အကုန်ပင်။ ရှုထော် လက်ပြန်ချလိုက်ပြီး ထပ်မကြိုးစားတော့။

“နှမြောစရာကောင်းလိုက်တာ .. မင်း ဘာလို့ ဆက်မလုပ်တော့တာလဲ .. မင်း အသံထွက်အောင်တောင် လုပ်နိုင်ပြီကို ဘာလို့ အရှုံးပေးလိုက်တာလဲ..” လူများစွာ နှမြောနေကြသည်။

“ငါ ကျရှုံးသွားပြီ..” ရှုထော်ခေါင်းခါကာ ဘာမှထပ်မပြောတော့။

ထို့နောက် ချီဂု လှုပ်ရှားလိုက်သည်။ ဤလူမှာ အလေးအမြတ်ကျောင်းမှ စကားနည်းသည့်သူပင်။

ဒုန်း..

အိုးကြီးမှ မိုးခြိမ်းသံကဲ့သို့သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

အားလုံး ထိတ်လန့်သွား၏။ သူသည် တကယ်ကို အားကောင်းလွန်းလှသည်။

သို့သော်လည်း ဤအိုးမှ အသံများသာထွက်လာသည်။ လှုပ်ရှားခြင်းမရှိ။

ချီဂုသက်ပြင်းချကာ ဘေးဘက်သို့ လျှောက်သွားပြီး သူ့အရှုံးကို ဝန်ခံလိုက်သည်။

ထို့နောက် အခြားအဆင့်လွန်လူငယ်နှစ်ယောက် လျှောက်လာသည်။ သို့သော်လည်း သူတို့လည်း ရှုံးနိမ့်သွားသည်။

ဤနေရာရှိ လူအားလုံး တိတ်ဆိတ်သွားသည်။ လက်ရှိမျိုးဆက်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ လူငယ်ဘဝကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလား..

ဤသည်မှာ လက်ရှိလောကသည် ထာဝရရှေးဟောင်းခေတ်ထက် နိမ့်ကျပြီး အနှေးနှင့်အမြန် ရှင်းလင်းခံရလိမ့်မည်ဟု ဆိုလိုခြင်းလား..

အခြားသူများမပြောနှင့် ထိုအဆင့်လွန်လူငယ်များပင် တိတ်ဆိတ်သွားကြသည်။

“စိတ်ပျက်ဖို့ မလိုပါဘူး.. ခွန်အားက အရာရာကို ဆုံးဖြတ်ပေးတာမဟုတ်ဘူး .. ကောင်းကင်ဦးချိုပုရွက်ဆိတ်က ခွန်အားတာအိုမှာ အကောင်းဆုံးဖြစ်နေတာ တစ်ခုပဲ .. ခွန်အားတစ်ခုတည်းနဲ့ အားကောင်းလား အားနည်းလားဆိုတာကို ဆုံးဖြတ်လို့မရဘူး .. ဥပမာအားဖြင့် နဂါးအစစ် အငယ်လေးတွေက ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ ခွန်အားကို မယှဉ်နိုင်ဘူး .. ဒါပေမဲ့ ဒါက သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ဆိုင်လို့လား .. သူတို့က သေချာပေါက်ကို အရက်စက်ဆုံး သားရဲ ၁၀ မျိုးထဲမှာ အစွမ်းထက်ဆုံးပဲ..” စစ်သားဟောင်းတစ်ယောက်မှ ပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် အားလုံး ပြန်လည်စိတ်ဓာတ် တက်ကြွလာသည်။ ဤသည်မှာလည်း ဟုတ်သည်ပင်။ စွမ်းအားကြီးသည့် နဂါးအစစ်သည် ခွန်အားအရာတွင် ကောင်းကင်ဦးချိုပုရွက်ဆိတ်နှင့် မယှဉ်နိုင်သော်လည်း သူတို့ရှုံးနိမ့်မည်မဟုတ်။

“ဒါက ငါသုံးဖို့ ဖြစ်လာတဲ့ လက်နက်ပဲ .. တစ်ခြားဘယ်သူမှ ရွေ့လို့မရဘူး..” ထိုရွှေရောင်ပုရွက်ဆိတ်လေး ရင်မော့ကာ ပြောလိုက်သည်။

ကံမကောင်းစွာဖြင့် သူ့ကိုကြည့်ရန်အတွက် အားလုံး ခေါင်းငုံ့နေရသည်။

“စမ်းကြည့်ချင်တဲ့သူ ရှိသေးလား..” စစ်သားဟောင်းကြီး နောက်ဆုံးတစ်ကြိမ် မေးလိုက်သည်။

ယခုအချိန်တွင်တော့ အားလုံး ရှီဟောင်အား ကြည့်လာကြသည်။

“မင်းက ပြည့်စုံတဲ့မျိုးစေ့နဲ့ မပေါင်းထားပေမယ့် မင်းက .. တော်တော်လေး သန်မာတယ် .. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” စစ်သားဟောင်းတစ်ယောက် မျက်မှောင်ကြုတ်ကာ အလွန်ရှုပ်ထွေးသွားရသည်။

“ကျွန်တော် စမ်းကြည့်မယ်..” ရှီဟောင် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူကျရှုံးလျှင်ပင် သူကြိုးစားကြည့်ရမည်။ သူနှင့် ကောင်းကင်ဦးချိုပုရွက်ဆိတ် အငယ်လေး မည်မျှကွာခြားသည်ကို ကြည့်ရမည်။

အကြည့်အားလုံး သူ့ထံသို့ ရောက်လာသည်။

“ထူးဆန်းတယ် .. မင်းမှာ ပြည့်စုံတဲ့မျိုးစေ့ တကယ်မရှိဘူး .. ဒါပေမဲ့ မင်းက ဘာလို့ ဒီလောက်တောင် ခွန်အားကြီးနေတာလဲ..” စစ်သားဟောင်းခေါင်းဆောင်မှ သူ့အား သေချာစစ်ဆေးနေသည်။

ဒုန်း..

ကြည်လင်လှသည့် သတ္တုသံ ထွက်ပေါ်လာသည်။ ရှီဟောင် မူလရင်းမြစ်အိုးကို ဆုတ်ကိုင်လိုက်ပြီးနောက် မ,ရန် အားထည့်လိုက်သည်။

“မမယ်..”

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားကုန်ထုတ်သုံးလိုက်သည်။

သူခန္ဓာကိုယ်မှာ သွယ်လျသော်လည်း အလွန်မာကျောသည်ပင်။ သူ၏ခန္ဓာကိုယ်မှ ကောင်းကင်ကို လွှမ်းမိုးသွားလောက်သည့် သွေးစွမ်းအင် ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အားလုံး နောက်ဆုတ်သွားကြသည်။

အားလုံး ဆွံ့အသွားရသည်။

ဝုန်း..

မူလရင်းမြစ်အိုး မြေပြင်ပေါ်မှ ကြွတက်လာသည်ပင်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဒီခေတ်မှာ အဲဒီလမ်းကြောင်းကို အောင်မြင်သွားတဲ့သူ ရှိသွားတာလား..” စစ်သားတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။

“ငါ့လက်နက် .. ငါ့လက်နက်ကို ဘယ်လိုလုပ် တစ်ခြားသူတစ်ယောက်က မ,နိုင်သွားတာလဲ..” ကောင်းကင်ဦးချိုပုရွက်ဆိတ် ထိတ်လန့်တကြား‌ အော်ဟစ်လိုက်သည်။

အပိုင်း ၁၄၇၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၃ – မပျက်စီးနိုင်သည့် ကျမ်းစာ

ရွှေရောင်ပုရွက်ဆိတ်လေး သူ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူ မြင်လိုက်ရသည့်အရာမှာ အမှန်တရားဆိုသည်ကို သိလိုက်ရသည့်အချိန်တွင် သူဆွံ့အသွားရသည်။ သူ အရွယ်မရောက်သေးသောကြောင့် သူ ဤအိုးကို မရွေ့နိုင်သေး။

သို့သော် သူ့ရှေ့မှ ဤလူမှ အိုးကို အရင်မလိုက်သည်။ ဤသည်မှာ သူ့အား ထိတ်လန့်ကာ စိတ်ရှုပ်သွားစေသည်။

“မင်း ဘာဖြစ်နေတာလဲ .. ငါ့လက်နက်ကို လာလုနေတာ ပျော်လား .. မင်းမယုံနိုင်ဘူးဆိုရင် လာခဲ့ .. ငါတို့ ချကြမယ်..” သူ ဒေါသတကြီး ပြောလိုက်သည်။

ယခုအချိန်တွင် အားလုံး ထိတ်လန့်နေကြသည်။
ဟွမ်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား .. ဤအဆင့်လွန်လူငယ်များအားလုံး ရှုံးနိမ့်သွားသည့်အချိန်တွင် သူက တစ်ချက်တည်းဖြင့် မ,နိုင်သည်။

သူ့ရဲ့နတ်ခွန်အားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ..

ခန္ဓာကိုယ်ပိုင်းဆိုရင် သူက ထိပ်ဆုံးသုံးယောက်ထဲမှာ ပါလောက်တယ် ဟုတ်တယ်မလား .. ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အလေးပေးသည့် အလေးအမြတ်ကျောင်းမှ ကျင်းကျန်း၊ သူတော်စင်လေးနှင့် အခြားသူများမှလွှဲလျှင် ထာဝရကျောင်းမှ ပြိုင်ဘက်ကင်းသည့်သူများပင်လျှင် ဤမျှအားကောင်းသည့် ခန္ဓာကိုယ် မရှိ။

“သူက ငါ့ရဲ့ထာဝရရှေးဟောင်းသွေးမျိုးဆက်အော်ရာတွေ ထုတ်လွှတ်နေတယ် .. ဒါပေမဲ့ သူက ပြည့်စုံတဲ့မျိုးစေ့နဲ့ မပေါင်းထားဘူးဆိုတော့ သူ ဒါကို ဘယ်လိုရထားတာလဲ..” စစ်သားဟောင်းတစ်ယောက် လေးနက်စွာ ပြောလိုက်သည်။

“မဖြစ်နိုင်တာ .. အဲဒီလမ်းက ဘယ်သူမှ မလျှောက်နိုင်တဲ့ ပျက်စီးနေတဲ့လမ်းပဲ .. အဲဒါက အားလုံး လက်လျော့ထားတဲ့လမ်းတစ်ခု ဖြစ်နေသင့်တာ..” စစ်သားဟောင်းခေါင်းဆောင်၏ မျက်လုံးများမှာ လေးနက်ကာ‌ အေးစက်နေသည်။

ချီဂုသည် လက်ရှိလောကနည်းလမ်းများကို ကျင့်ကြံသောကြောင့် သူ၏နတ်ခွန်အားများ ထူးခြားနေသည်။

သို့သော် ရှီဟောင်ဟုခေါ်သည့် ဤလူငယ်လေးသည် ထာဝရစွမ်းအင်အား အသုံးပြုခဲ့ခြင်းပင်။ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် သင်္ကေတများနှင့် သူ၏အသွေးအသားများထဲမှ ထွက်လာသည့် သင်္ကေတများအရ သူသည် ထာဝရရှေးဟောင်းသွေးမျိုးဆက် လမ်းအား လျှောက်နေသည်ပင်။

သို့သော် ဤလမ်းကြောင်းမှာ သူပြိုင်ဘက်ကင်းသည့်မျိုးစေ့များနှင့်သာ မပေါင်းစည်းနိုင်ပါက သူ ကောင်းကင်ဦးချိုပုရွက်ဆိတ်နှင့် ယှဉ်နိုင်စရာ အကြောင်းမရှိ။

“စီနီယာတို့ .. စီနီယာတို့ ထင်တာမှန်ပါတယ် .. ကျွန်တော့်ရဲ့ ဒီညီအစ်ကိုက အရမ်းကို အံ့ဩဖို့ကောင်းတယ် .. သူက စီနီယာတို့ ပြောတဲ့လမ်းကို လျှောက်ခဲ့တဲ့အပြင် အောင်မြင်သွားပါပြီ .. ရှေးကထက်ကို အဆင့်မြင့်သွားပါပြီ..” ဖက်တီးချောင်သည် သူကိုယ်တိုင် အောင်မြင်ထားသကဲ့သို့ ဝံ့ကြွားစွာပင် ပြောနေလေ၏။

ထို့အပြင် သူသည် ထာဝရကျောင်းမှ လူများကို လက်ညှိုးထိုးကာ သူတို့၏အကြီးအကဲများသည် အခြားသူများကို ကောင်းကောင်းအကဲမဖြတ်နိုင်သလို ရှီဟောင်ကို အဖိုးတန်မျိုးစေ့တစ်စေ့ပေးဖို့ကိုပင် ကပ်စေးကုပ်ခဲ့ပြီး သူ့အား ဤသေလမ်းသို့ တွန်းပို့ခဲ့ကြောင်း ပြောလိုက်လေသည်။

မြို့အပြင်ဘက်တွင်ရှိနေသည့် ဤမြင်ကွင်းများကို ကြည့်နေသည့် အကြီးအကဲများမှာ ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် သူတို့အရေပြားပူလာသလို ခံစားလိုက်ရသည်။

“မင်း .. ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးတာလား .. မင်းက သေမင်းစစ်ဆေးခြင်းကို ဖြတ်သန်းနိုင်ခဲ့တာလား..” စစ်သားဟောင်းတစ်ယောက် မျက်လုံးများ ပြူးကျယ်နေလေပြီ။

“ကံကောင်းပြီးတော့ အောင်မြင်ခဲ့တာပါ..” ရှီဟောင် ခေါင်းညိမ့်၍ ပြောလိုက်သည်။

ထိုအချိန်တွင် စစ်သားဟောင်းများစွာ တုန်လှုပ်သွားကာ ဘာပြောရမှန်းပင် မသိတော့။

ယခုအချိန်တွင် ရှီဟောင်ခေါင်းတစ်ခုလုံး ချွေးများစိုရွှဲနေသည်။ ဤအိုးမှာ တကယ်ကို လေးလှသည်။ သူ့လက်မောင်းများ ပြုတ်ထွက်တော့မလိုပင် ခံစားနေရသည်။ တောင်တစ်ခုလုံးတောက်ပလာကာ အနည်းငယ်တုန်ခါလာလေသည်။

အားလုံး ထိတ်လန့်သွားရ၏။ သူတို့ရပ်နေသည့် မြေပြင် မတည်ငြိမ်တော့သည်ကို အားလုံး ခံစားလိုက်ရသည်။

ဤနေရာမှာ ထာဝရတောင်ဖြစ်သောကြောင့် ထာဝရအစီအရင်များရှိနေသည်ပင်။ သို့သော်လည်း ဤတောင်ပင်လျှင် ဤကဲ့သို့ ဖြစ်နေသောကြောင့် ဤအိုးသည် မည်မျှပင် လေးသနည်း ..

ထို့အပြင် ဤသည်မှာ ပုံရိပ်ယောင်သာဖြစ်သည်။ အစစ်မဟုတ်သေး။

“မြန်မြန်ချလိုက်တော့ .. မင်းက လိုအပ်ချက်တွေ ကိုက်ညီနေပြီးသား…” စစ်သားဟောင်းခေါင်းဆောင်မှ အလောတကြီး ပြောလိုက်သည်။ ဤရှေးဟောင်းအိုးကြီးကြောင့် ရှီဟောင် ဒဏ်ရာရသွားမည်ကို စိုးရိမ်နေသည်ပင်။

စစ်သားဟောင်းများမှာ အသိပြန်ဝင်လာပြီဖြစ်ပြီး အားလုံးမှာ ရှီဟောင်အား ရှားပါးသည့်ရတနာတစ်ခုကဲ့သို့ ကြည့်နေကြသည်။

ရှီဟောင် အိုးကိုပြန်ချလိုက်သည်နှင့် တောင်တစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏လက်မောင်းလည်း အနည်းငယ် နာကျင်သွားရသည်။

သူသက်ပြင်းမချပဲ မနေနိုင်တော့။ ကောင်းကင်ဦးချိုပုရွက်ဆိတ်မှာ တကယ်ကို ထူးဆန်းလွန်းလှသည်။ ဤကဲ့သို့ လေးလံလှသည့်အရာကိုပင် လက်နက်အဖြစ် အသုံးပြုကြသည်။

သူပင်လျှင် ဤသည်ကို မရုံသာမနိုင်သည်။ သူကြိုက်သလို မဝေ့ရမ်းနိုင်။ ဤသည်ကို လက်နက်အဖြစ် အသုံးပြုရန်မှာ မဖြစ်နိုင်။

ရှီဟောင်သည် သူ့ကိုယ်သူ အားကောင်းသည့်သူဟု သတ်မှတ်ထားသော်လည်း ဤလူမျိုးစုကို တွေ့လိုက်ရသည့်အချိန်တွင် ‘ဒီကျယ်ပြောလှတဲ့ လောကကြီးမှာ မင်းထက် တော်တဲ့သူတွေ အမြဲတမ်းရှိနေတယ်’ ဟူသည့် စကားစုကို ပြန်စဉ်းစားမိသွားသည်။

ရှီဟောင်၏ မျက်နှာထက်မှ မကျေနပ်သည့်အမူအရာကို မြင်လိုက်ရသည့်အချိန်တွင် အားလုံး ဆွံ့အသွားရသည်။ သူ့အကြောင်း အားရပါးရ ပြောနေသည့်‌ ချောင်ယုရှင်းသည် သူ့အမူအရာအား တွေ့လိုက်သည်နှင့် ဘာပြောရမှန်းပင် မသိတော့။

အဆင့်လွန်လူငယ်များအားလုံး စိတ်ပျက်နေကြကာ ကြီးမားသည့်ဖိအားကို ခံစားနေရသည်။ ခန္ဓာကိုယ်ခွန်အားတွင် ဟွမ်မှ ဦးဆောင်နေသည်။ သူတို့သာ သူ့အား ကျော်တက်ကာ ဖိနှိပ်လိုက်ပါက တာအိုစွမ်းရည်ဖြင့်သာ ဖိနှိပ်နိုင်လိမ့်မည်။

ယခုအချိန်တွင် ထိုအစောင့်များအားလုံး ရှီဟောင်အားအဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုကဲ့သို့ စိုက်ကြည့်နေကြသည်။

ခေါင်းဆောင်သည် အလွန်တောင့်တင်းစွာ ရယ်မောလိုက်သည်။ “စိတ်ပျက်ဖို့ မလိုပါဘူး .. ကောင်းကင်ဦးချိုပုရွက်ဆိတ်က ခွန်အားအရာမှာဆိုရင် ဒီလောကမှာ နံပါတ်တစ်ပဲ..”

ရှီဟောင် ခေါင်းညိမ့်လိုက်သော်လည်း ဘာမှမပြောတော့။

“အမှန်တကယ်ဆို မင်းက အရမ်းကို အံ့အားသင့်ဖို့ကောင်းနေပြီ .. မင်းရဲ့အောင်မြင်မှုက အတိတ်နဲ့ပစ္စုပ္ပန်ကိုတောင် ကျော်လွန်နေပြီ … မင်းက ခန္ဓာကိုယ်ကျင့်ကြံတဲ့သူမဟုတ်လို့ .. မင်းအဲဒီလမ်းကိုလျှောက်ရင် မင်းသေချာပေါက် ကောင်းကင်ဦးချိုပုရွက်ဆိတ်ကို ယှဉ်နိုင်မှာ .. မင်းသူတို့ကို နိုင်ရင်နိုင်ဦးမှာ..” ခေါင်းဆောင်မှ ဆက်ပြောလိုက်သည်။

“စီနီယာ ဘာပြောတာလဲ .. သူက လူသားတစ်ယောက်လေ ဘယ်လိုလုပ် ကျွန်တော်တို့နဲ့ ယှဉ်နိုင်မှာလြ .. ကျွန်တော်ကြီးလာရင် ဒီအိုးကို အရုပ်လိုမျိုး ဝေ့ရမ်းပြီးဆော့မှာ..” ဘေးဘက်တွင်ရှိနေသည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်မှ မကျေမနပ်ပြောလိုက်သည်။

“ကျင်းလေး .. မင်းက ပြိုင်ဘက်ကင်းတယ် .. အရမ်းသန်မာတယ် .. နောင်ကျရင် မင်းက မင်းဘိုးဘေးတွေကို ကျော်တက်သွားမှာ သေချာတယ် .. ဒါပေမဲ့ ဒီလူသားကလည်း မရိုးရှင်းဘူး .. သူက အရမ်းအားကောင်းတယ် .. မင်းတို့လူမျိုးစုထက် အားနည်းမှာမဟုတ်ဘူး..” ခေါင်းဆောင် ပြောလိုက်သည်။
[AN: ကျင်း = ရွှေ]

ရှီဟောင်အား ဤကဲ့သို့ အမှတ်ပေးသည်ကို တွေ့လိုက်ရသည့်အချိန်တွင် အားလုံး အံ့အားသင့်သွားကြရသည်။ သူတို့သည် ဟွမ်အား တကယ်ကို အမှတ်မြင့်မြင့်ပေးထားပြီး ရက်စက်သည့်သားရဲ ၁၀ မျိုးထဲမှ ကောင်းကင်ဦးချိုပုရွက်ဆိတ်နှင့်ပင် တစ်တန်းတည်းထားထားသည်။

“ကျွန်တော် ခန္ဓာကိုယ်ပြုပြင်တဲ့ပညာတွေကိုလည်း နည်းနည်းလေ့လာဖူးပါတယ်..” ရှီဟောင် အမှန်အတိုင်း ပြောလိုက်သည်။ သူဤလမ်းကို မလျှောက်ဖူးသည်မဟုတ်။

“အိုး .. မင်း ဘာပညာတွေ လေ့လာဖူးတာလဲ..” အစောင့်ခေါင်းဆောင်မှ မေးလိုက်သည်။

“အရိုးပုံသွင်းခြင်းပညာ..” ရှီဟောင်ပြောလိုက်၏။ ဤသည်မှာ အကြီးအကဲအရှင်မှ သူ့အားလက်ဆင့်ကမ်းပေးလာသည့်ပညာပင်။ ဤပညာမှာ အလေးအမြတ်ကျောင်းမှ လာသည်ဟု ပြောသောကြောင့် နောက်ပိုင်းပညာများအတွက် သူအလေးအမြတ်ကျောင်းသို့ သွားရဦးမည်။

“ငါ တစ်ခါမှမကြားဖူးဘူး . ငါ့ကို နည်းနည်းလောက်‌ ပြောပြပေးလို့ရမလား..” ခေါင်းဆောင်က တည့်တိုးပင် ပြောလိုက်သည်။

သိထားရမည်မှာ ပညာအားလုံးမှာ အဖိုးတန်သည်။ ဘယ်လိုလုပ် အခြားသူအား လွယ်လွယ်ကူကူပေးမည်နည်း..

သို့သော်လည်း ရှီဟောင်သည် တွေဝေမနေပဲ သူ၏နတ်အသိစိတ်မှတစ်ဆင့် တိတ်တဆိတ်ပို့ပေးလိုက်သည်။

“ဒါက မဆိုးပါဘူး .. ဒါပေမဲ့ မလုံလောက်သေးဘူး .. ဒါက မပျက်စီးနိုင်တဲ့ပညာကနေ ပြန်ခွဲထားတဲ့ကျမ်းစာတစ်ခုပဲ .. ကျမ်းစာအစစ်နဲ့ ယှဉ်နိုင်ဖို့ အဝေးကြီးလိုသေးတယ်” ခေါင်းဆောင်မှ ပြောလိုက်သည်။

“ဘာ .. စီနီယာက မပျက်စီးနိုင်တဲ့ကျမ်းစာကို သိတယ်လား..” ရှီဟောင် ဘာမှမပြောခင် ဘေးဘက်ရှိ တစ်ယောက်ယောက်မှ အလောတကြီး မေးလိုက်သည်။

ဤသည်မှာ ချီဂုပင်။ သူသည် စကားနည်းသည့်ခေတ်ဟောင်းအကြီးအကဲပုံစံရှိသည့်သူပင်။ သို့သော် ယခုတော့ သူ၏အသက်ရှူနှုန်းများပင် မြန်ဆန်နေသည်။

အဘယ်ကြောင့်ဆိုသော် သူအလေးအမြတ်ကျောင်း၌ ရှိနေစဉ်က လူအချို့ ဤရှေးဟောင်းကျမ်းစာအကြောင်း ပြောဖူးကြသည်ပင်။

“ငါ အဲဒါကို နားမလည်ဘူး .. ပြီးတော့ ထာဝရရှေးဟောင်းခေတ်မှာ အဲဒါကို နားလည်တဲ့လူလည်း များများစားစား မရှိခဲ့ဘူး .. အရှင် ၂ ယောက်၊ ၃ ယောက်လောက်ပဲ အများဆုံး ဖတ်ဖူးတာ .. ငါတို့က အပေါ်ယံနည်းနည်းလောက်ပဲသိတာ..” ခေါင်းဆောင် အမှန်အတိုင်း ပြောပြလိုက်သည်။

“အရိုးပုံသွင်းခြင်းပညာနဲ့ မပျက်စီးနိုင်တဲ့ပညာက ဘယ်လောက်တောင် ကွာတာလဲ..” ရှီဟောင်မေးလိုက်သည်။

“အမှန်အတိုင်းပြောရမယ်ဆိုရင် မပျက်စီးနိုင်တဲ့ပညာနဲ့ယှဉ်ရင် မင်းရဲ့ဒီကျမ်းစာက အရမ်းကို ပေါ့လွန်းတယ် .. လုံလောက်အောင် မလေးနက်ဘူး” ခေါင်းဆောင်က ပြောလိုက်သည်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။ အရိုးပုံသွင်းခြင်းပညာမှာ အတော်လေး ထူးခြားသည်ဖြစ်သော်လည်း ဤကဲ့သို့သော မှတ်ချက်မျိုး ရရှိလိုက်သည်။

“ဒီလက်ရှိလောကရဲ့ ခန္ဓာကိုယ်ကျင့်ကြံတဲ့ ပညာတွေထဲမှာ မပျက်စီးနိုင်တဲ့ပညာကို ယှဉ်နိုင်တဲ့ပညာမရှိရင် ဒီခေတ်က အရင်ခေတ်ထက် နိမ့်ကျတယ် .. သေချာပေါက်ကို အန္တရာယ်များမှာ..” ခေါင်းဆောင် သက်ပြင်းချ၍ ပြောလိုက်သည်။

“အလေးအမြတ်ကျောင်းက စီနီယာတစ်ယောက် ဖန်တီးထားတာတော့ရှိတယ် .. ဒါပေမဲ့ ကျွန်တော့်ကျောင်းက အဲဒီပညာကို အတည်ပြုဖို့အတွက် မပျက်စီးနိုင်တဲ့ပညာကျမ်းစာကို လိုက်ရှာနေတုန်းပဲ..” ချီဂုမှ ပြောလိုက်သည်။

“မပျက်စီးနိုင်တဲ့ပညာကျမ်းစာက ထာဝရရှေးဟောင်းခေတ်မှာ စွမ်းအားအကြီးဆုံးကျမ်းစာတွေထဲက တစ်ခုလို့ ပြောလို့ရတယ် .. ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေအတွက်တော့ ဒါက ပြိုင်ဘက်ကင်းတဲ့ကျမ်းရင်းကြီးပဲ” စစ်သားဟောင်းတစ်ယောက် ပြောလိုက်သည်။

သူပြောသည့်အတိုင်းဆိုလျှင် မပျက်စီးနိုင်သည့်ကျမ်းစာကို အောင်မြင်စွာ ကျင့်ကြံနိုင်သွားသည်နှင့် နတ်အာရုံများ ပျက်စီးသွားကာ လွင့်ပြယ်သွားလျှင်ပင် ခန္ဓာကိုယ်က မပုပ်မသိုးပဲ တည်ရှိနေမည်ပင်။ မူလဝိညာဉ်ပျက်စီးသွားလျှင်ပင် အချိန်တစ်ခုကြာသည်နှင့် အသွေးအသားမှ နတ်ဝိညာဉ်တစ်ခုကို ပြန်လည်တည်ဆောက်မည်ဟူသော ကောလဟာလများပင် ရှိနေသည်ပင်။

ရာစုနှစ်ပေါင်းများစွာ ကြာသွား၍ ခန္ဓာကိုယ်မှ မူလဝိညာဉ်တစ်ခု ပြန်လည်ဖန်တီးလျှင်ပင် ခန္ဓာကိုယ်အသစ်ဖြစ်မည်မဟုတ်ပဲ ယခင်က မှတ်ဉာဏ်များရှိနေလိမ့်ဦးမည်ဟု တစ်စုံတစ်ယောက်မှ ပြောခဲ့သည်ပင်။

သူပြောသည့်အကြောင်းအရာများကို နားထောင်ပြီး အားလုံး ဆွံ့အသွားရသည်။

“ဒါက အလေးအမြတ်ကျောင်းက အဲဒီပြိုင်ဘက်ကင်းတဲ့ကျမ်းကြီးထက်တောင် ပိုပြီး အထင်ကြီးစရာကောင်းသေးတယ်..” သူတို့အားလုံး ချီးကျူးလိုက်ကြသည်။

“ကောလဟာလအတိုင်းဆိုရင် ဒါက အရင်ခေတ်မှာတောင် ထိပ်ဆုံးသုံးခုထဲ ပါလိမ့်မယ် .. ဒါပေမဲ့ တကယ် မပျက်စီးဘူးဆိုတာကိုတော့ သက်သေမပြနိုင်ခဲ့ဘူး..” ခေါင်းဆောင်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

သက်သေ မရှိသောကြောင့်ပင် ဤပညာ ထိပ်ဆုံးသုံးခုထဲ မဝင်ခဲ့ခြင်းပင်။

သူပြောပြီးသွားသည်နှင့် စစ်သားဟောင်းများသည် ရှီဟောင်အား မျှော်လင့်တကြီးဖြင့် ကြည့်လာကြသည်။ “မင်း ဒါကို ကျင့်ကြံခွင့်ရလို့ ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်ခဲ့ရင် ဒါက တကယ် မပျက်စီးနိုင်ဘူးလားဆိုတာကို မင်း သက်သေပြလို့ရပြီ ..” သူတို့ထဲမှ တစ်ယောက် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုသောကြောင့် သူ့ထံ၌ အလားအလာရှိသည်။ သူသာ မပျက်စီးနိုင်သည့်ကျမ်းကို ကျင့်ကြံလိုက်ပါက သူပို၍ ခရီးဝေးဝေးသွားနိုင်လိမ့်မည်။

“မပျက်စီးနိုင်တဲ့ကျမ်းစာက ဘယ်မှာလဲ..” ရှီဟောင် မေးလိုက်၏။ ရှီဟောင် ဤကျမ်းစာကို အလွန်လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။

အခြားသူများ၏ မျက်လုံးများလည်း တောက်ပလာသည်။ သူတို့သည် ခန္ဓာကိုယ်ကျင့်ကြံသည့်သူများမဟုတ်သော်လည်း သူတို့ခန္ဓာကိုယ်ကို ပြုပြင်ရန် လိုအပ်သေးသည်ပင်။

“ပျောက်သွားခဲ့ပြီ..” ခေါင်းဆောင် သက်ပြင်းချ၍ ပြောလိုက်သည်။

အားလုံးမှာ မျှော်လင့်ချက်တကြီးဖြင့် စိတ်လှုပ်ရှားခဲ့ကြသော်လည်း ဤကဲ့သို့သော အဖြေမျိုးကြားလိုက်ရသည့်အချိန်တွင် စိတ်ပျက်သွားကြသည်။

“ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်က ဒီအိုးကို မပဲမ,နိုင်တာ .. ဒါပေမဲ့ မပျက်စီးနိုင်တဲ့ကျမ်းစာကို ကျင့်ကြံပြီးတဲ့နောက်မှာ သူက လူငယ်အရွယ်ကတည်းက ဒီအိုးကို ထင်းချောင်းလိုမျိုး ဝေ့ရမ်းနိုင်တာ .. သူ့ရဲ့စွမ်းအားလည်း ပြိုင်ဘက်ကင်းဖြစ်သွားတယ်..” ခေါင်းဆောင်မှ ပြောလိုက်သည်။

ထို့ကြောင့်ပင် သူတို့ ရှီဟောင်အား အသိအမှတ်ပြုလိုက်ခြင်းပင်။ ဤအိုးကို မ,နိုင်သည်ဆိုသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ် မပျက်စီးနိုင်သည့်ကျမ်းစာကို မကျင့်ကြံစဉ်ကနှင့် အတူတူပင်။

“ဒါ မပျောက်သေးဘူး .. နောင်ကျရင် ကျွန်တော်လေ့လာရဦးမှာ..” ဘေးဘက်မှ ရွှေရောင်ပုရွက်ဆိတ်လေးမှ ပြောလိုက်သည်။

“ငါတို့ ဒီမြို့တစ်မြို့လုံးကို ရှာပြီးသွားပြီ .. ဒါပေမဲ့ ကောင်းကင်ဦးချိုပုရွက်ဆိတ် ကျင့်ကြံခဲ့တဲ့ မပျက်စီးနိုင်တဲ့ကျမ်းစာကို ရှာမတွေ့နိုင်ခဲ့ဘူး .. ဒါက တကယ်ကို နှမြောစရာကောင်းတယ်” ခေါင်းဆောင် သက်ပြင်းချလိုက်သည်။

အားလုံး စိတ်ပျက်သွားရ၏။ ဤကဲ့သို့ အရေးကြီးသည့်ကျမ်းစာ ပျောက်ဆုံးသွားခြင်းမှာ တကယ်ကို နှမြောစရာကောင်းလှသည်။

ရည်မှန်းချက်ရှိရုံဖြင့် မလုံလောက်ပေ။ ပညာအသစ်ကို ဖန်တီးခြင်း၊ လမ်းအသစ်ကို ဖောက်လုပ်ခြင်းဆိုသည်မှာ ဘိုးဘေးများ၏ အောင်မြင်မှုများအပေါ် အခြေခံခြင်းပင်။ အတွေ့အကြုံများလုံလောက်အောင် ရှိနေမှသာ ပို၍ကောင်းမွန်သည့် တာအိုအသိပညာများကို ဖန်တီးနိုင်လိမ့်မည်။

“ငါတို့ ခန့်မှန်းချက်အရဆိုရင် မပျက်စီးနိုင်တဲ့ကျမ်းစာ ရှိနိုင်တဲ့နေရာ သုံးနေရာပဲရှိတယ် .. ပထမနေရာက ဒီနေရာမှာ .. ကောင်းကင်ဦးချိုပုရွက်ဆိတ်မျိုးဆက်တွေ အရွယ်ရောက်လာတာနဲ့ ကျင့်ကြံနိုင်အောင်လို့ ဒီမှာထားခဲ့တာ .. ဒုတိယက အဲဒီရက်စက်တဲ့တိုက်ပွဲမှာ ပျောက်သွားတာ .. ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်က အဲဒီအချိန်တုန်းက ကောင်းကင်ကြီးပြိုကျသွားပြီး ကမ္ဘာမြေကြီး အက်ကွဲသွားတဲ့အထိ တိုက်ခိုက်ခဲ့ပြီးတော့ မသေမျိုးသက်ရှိ အများကြီးကို သတ်ခဲ့တယ် .. ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ် .. သူက သူ့ခန္ဓာကိုယ်က နောက်ဆုံးသွေးတစ်စက်ကျန်တဲ့အထိ တိုက်ခိုက်ခဲ့တယ် .. သူ့ခန္ဓာကိုယ်ပေါ်မှာ သယ်ထားတဲ့ပစ္စည်းအတော်များများ ပျက်စီးသွားခဲ့တယ် .. တတိယဖြစ်နိုင်ချေက ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုက ကန့်သတ်ထားတဲ့နေရာမှာ ကျသွားတာ..” ခေါင်းဆောင် လေးနက်စွာ ပြောလိုက်သည်။

ဤဖြစ်နိုင်ချေ သုံးခုတွင် ဘယ်တစ်ခုဖြစ်နိုင်သည်ဆိုသည်မှာ ပြောရန် ခက်ခဲလှသည်။

သို့သော်လည်း ဖြစ်နိုင်ချေတစ်ခုမှာ သူတို့မျက်စိရှေ့၌ ရှိနေသည်ပင်။ ဤနေရာ၌ ရှိနေသည်ဆိုပါက ဤစစ်သားဟောင်းများ ရှာမတွေ့နိုင်ခြင်းမှာ သူတို့လည်း ရှာမတွေ့နိုင်ဘူးဟု ဆိုလိုခြင်း မဟုတ်။

သူတို့ကဲ့သို့သော အပြင်လူများနှင့် ကံစပ်ပါက သူတို့ မပျက်စီးနိုင်သည့်ကျမ်းစာအား ရှာတွေ့နိုင်မည်ပင်။

အပိုင်း ၁၄၇၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၄ – သဘာဝကံကောင်းမှု ရှိနေသည့်နေရာ

မပျက်စီးနိုင်သည့်ကျမ်းစာတွင် မယုံကြည်နိုင်လောက်သည့် စွမ်းရည်များ ရှိနေသည်ပင်။

ဤပညာကို ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်သည်နှင့် အသွေးအသားမှာ ပညာအားလုံးကို ခုခံနိုင်လိမ့်မည်။ အခြားသူတစ်ယောက်ကြောင့် နတ်အသိစိတ် ပျက်စီးသွားလျှင်ပင် အသွေးအသားကြီး ပျက်စီးသွားမည်မဟုတ်။ နှစ်သန်းပေါင်းများစွာ ကြာပြီးသည့်နောက်တွင် မူလဝိညာဉ်အသစ် ဖြစ်လာမည်ပင်။

ဤသည်မှာ မည်မျှပင် အံ့အားသင့်စရာ ကောင်းလိုက်သနည်း..

အားလုံး တုန်လှုပ်သွားကြသည်ပင်။

“ရှီဟောင်က စစ်ဆေးမှုကို အောင်မြင်သွားတာဆိုတော့ စီနီယာတို့ သူ့ကို ဘယ်လိုဆုလာဘ်မျိုးပေးမှာလဲ..” ချောင်ယုရှင်း အလွန်အရေထူစွာ မေးလိုက်သည်။

“မင်း ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်ရဲ့ ဂူထဲကို ဝင်ခွင့်ရမယ် .. မင်း မပျက်စီးနိုင်တဲ့ကျမ်းစာကို ရှာတွေ့ရင်တော့လည်း မင်းကံပေါ့..” ခေါင်းဆောင်ပြောလိုက်သည်။ သူ ပြုံးချင်သော်လည်း သူသည် ရုပ်သေးရုပ်ဖြစ်သွားပြီဖြစ်သောကြောင့် သူ၏အမူအရာတောင့်တင်းနေသည်။

ဤကဲ့သို့သော ကတိမှာ အားလုံးကို မနာလိုဖြစ်သွားစေသည်။ သို့သော်လည်း အားလုံးနားလည်နိုင်သည်ပင်။ ဤသည်မှာ ဟွမ် သူ၏ကိုယ်ပိုင်အစွမ်းအစဖြင့် ရရှိလာသည့်အခွင့်အရေးပင်။

မည်သို့ပင်ဖြစ်စေ သူတို့အများစုမှာ ရှီဟောင်ခေါ်လာသည့်သူများပင်။

သို့သော်လည်း မနာလိုဖြစ်ကြသည့်သူအချို့ ရှိနေဆဲပင်။ ဥပမာအားဖြင့် ခရမ်းရောင်နေကောင်းကင်အရှင်၊ လန်ရှင်းနှင့် အခြားအဆင့်လွန်လူငယ်များပင်။ သို့သော်လည်း သူတို့ ဘာမှမတတ်နိုင်။

“ကျွန်တော် လူတွေကို ခေါ်သွားလို့ရလား..” ရှီဟောင် မေးလိုက်၏။

“မရဘူး..” ခေါင်းဆောင် တင်းကြပ်စွာ ငြင်းဆိုလိုက်သည်။

ဂူက ဘယ်မှာလဲ .. သူတို့ခြေထောက်အောက်မှာ ရှိနေတဲ့ ထာဝရတောင်လား..

ဤနေရာ၌ စုစုပေါင်း တောင်ကိုးလုံးရှိနေသည်ပင်။

“ကျေးဇူးပြုပြီး ဒီထာဝရတောင်ကနေ ဆင်းသွားပေးပါ .. မင်းတို့တွေ ဒီမှာ နေခွင့်မရှိဘူး..” စစ်သားဟောင်းတစ်ယောက်မှ ပြောလိုက်ကာ အားလုံးကို တောင်အောက်ဆင်းသည့်လမ်း ပြပေးလိုက်သည်။

“မင်းတို့တွေ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ဂူထဲဝင်လို့မရဘူးဆိုပေမယ့် တစ်ခြားနေရာတွေမှာ ဆေးပင်တွေ၊ နတ်ကျောက်တုံးတွေနဲ့ တစ်ခြားဟာတွေရှိသေးတယ် .. မင်းတို့အခွင့်အရေးပေါ်မူတည်ပြီးတော့ မင်းတို့အားလုံး ကြိုက်တာယူလို့ရတယ်…” ခေါင်းဆောင် ပြောလိုက်သည်။

ထိုစကားကြားလိုက်သည်နှင့် ရှီဟောင် ဘာမှမပြောပဲ လှည့်ထွက်သွားလိုက်သည်။

ရွှီး..

ရှီဟောင်သည် အလင်းတန်းလေးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ သူတို့ဝင်ခဲ့သည့် မြို့ဝင်ပေါက်နေရာသို့ ပြန်သွားလိုက်၏။

သူ ဘာသွားလုပ်သည်ကို သိသွားသည့်သူအချို့မှာ သူ့နောက်သို့ ချက်ချင်းလိုက်သွားကြသည်။ လန်ရှင်းနှင့် လုဟုန်ကဲ့သို့သော သက်ရှည်မိသားစုမှ နတ်သမီးများပင်လျှင် ချွင်းချက်မရှိ လိုက်သွားကြသည်။ သူဘာလုပ်ချင်နေသည်ကို သိသောကြောင့် သူ့နောက်မှ ထပ်ချပ်မကွာ လိုက်သွားကြသည်။

“ဝိညာဉ်လမ်းပြခြင်းကြာပန်း..” ချောင်ယုရှင်းလည်း အော်ဟစ်ကာ အားလုံးနှင့် လိုက်သွားလိုက်သည်။

သူတို့မြို့ထဲသို့ ဝင်လာသည့်အချိန်၌ နတ်ဆေးပင်သုံးပင်ပေါက်နေသည့် ကန်တစ်ကန်ကို တွေ့လိုက်သည်ပင်။

“မကောင်းတဲ့ကောင် .. မင်း ငါရေချိုးတဲ့နေရာကို ဖျက်ဆီးမလို့လား..” ရွှေရောင်ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် ရွှေရောင်အလင်းပုံရိပ်ယောင် ချန်ထားရစ်ကာ သူတို့နောက် ပြေးလိုက်သွားလိုက်သည်။

ဝုန်း..

ရှီဟောင်၏ နောက်ဘက်တွင် ခွန်ပန်အတောင်ပံတစ်စုံ လှုပ်ရှားနေပြီး လျှပ်စီးအလင်းတန်းများလည်း စီးဆင်းနေသည်။ သူ လျှပ်စီးဧကရာဇ်အဖိုးတန်ပညာကိုလည်း အသက်သွင်းလိုက်သည်။

ဤနေရာသို့ ပထမဆုံး ရောက်လာသည့်သူမှာ သူပင်။ သူသည် လက်မြှောက်ကို ထိုပန်းပင်များကို လှမ်းဖမ်းလိုက်သည်။

သူ့နောက်မှ အဆင့်လွန်လူငယ်လေးများ သူ့အားတိုက်ခိုက်လာကြသည်။ ဤဆေးပင်များသာ အခြားနတ်ဆေးပင်များသာဆိုပါက တစ်မျိုးပင်။ သို့သော်လည်း ဤသည်မှာ မူလဝိညာဉ်ကို ပြန်လည်တည်ဆောက်ပေးနိုင်သည့် ဝိညာဉ်လမ်းပြခြင်း ကြာပန်းပင်။

ဤအပင်တစ်ပင်ရှိခြင်းမှာ အသက်အပိုတစ်ချောင်းရှိသည်နှင့် အတူတူပင်။

ယခင်က ရှီဟောင် ဤဆေးပင်တစ်ပင်ရခဲ့သော်လည်း အကြီးအကဲအရှင် အရေးကြီးသည့်အချိန်၌ အကြီးအကဲအရှင်အား ပေးလိုက်ပြီဖြစ်သောကြောင့် သူနောက်ထပ် ရှာဖို့လိုသည်။

ဥုံ..

ရှုထော် အော်ဟစ်လိုက်သည်။ သူကဲ့သို့ သီးသန့်နေတတ်သည့်သူပင် တိုက်ခိုက်လာလေပြီ။ ဤသည်မှာ ရှေးဟောင်းဘုန်းကြီးမှ လက်ဆင့်ကမ်းလာခဲ့သည့် တာအိုအသံပင်။ ဤသည်မှာ မိုးခြိမ်းသံကဲ့သို့ပင် မြည်ဟီးနေလေ၏။

ဝုန်း..

ရှီဟောင်ရပ်နေသည့်နေရာ၌ လေဟာနယ်ပေါက်ကွဲလာသည်။ အရာအားလုံးကို ဖိနှိပ်နေသည့် သင်္ကေတများဖြင့် ဖန်တီးထားသည့် ၆ ကျန်းရွှေရောင်ခန္ဓာကိုယ်ရှိသည့် ရှေးဟောင်းဘုန်းကြီးကို တွေ့လိုက်ရသည်။

ရှေးဟောင်းဘုန်းကြီး၏ ရှေးဟောင်းစာလုံးများမှာ အနက်နဲဆုံးတာအိုအသံများ ထုတ်လွှတ်နိုင်သည်ဟု ပြောကြသည်ပင်။ ကြည့်ရသည်မှာ တကယ်ဟုတ်ဟန်တူသည်။

သို့သော်လည်း ရှီဟောင် မကြောက်။ သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်သည်နှင့် သူသည် နတ်အလင်းစက်ဝန်းကြားထဲ ရောက်သွားကာ ပညာအားလုံးကို ခုခံနိုင်သွားသည်။

တစ်ချိန်တည်းမှာပင် သူပြန်၍ တိုက်ခိုက်လိုက်သည်။ သူ၏ကောင်းကင်လမ်းကြောင်းကို အမှတ်လေးတစ်မှတ် ဖြစ်သွားသည်အထိ ဖိနှိပ်လိုက်ပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားအောင် လုပ်လိုက်သည်။

အလင်းမှုန်များ ကြယ်မြစ်ကဲ့သို့ ထွက်ပေါ်လာပြီး ရှုထော်ထံသို့ ဦးတည်သွားသည်။

ဤသည်မှာ နဂါးငွေ့တန်းဂလက်စီကြီး စီးဆင်းလာသကဲ့သို့ပင် ခမ်းနားကာ အံ့အားသင့်စရာ ကောင်းလှသည်။

မို…

ရှုထော် အော်ဟစ်လိုက်ကာ သူ၏လက်မှ မှော်တံဆိပ်များ ပြုလုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည်လည်း ထာဝရဘုန်းကြီးတစ်ပါးကဲ့သို့ဖြစ်သွားကာ ထိုင်နေသည့်ပုံစံဖြစ်သွားသည်။

ဝုန်း..

ရွှေရောင်လှိုင်းများ ထွက်ပေါ်လာပြီး ထိတွေ့ကိုင်တွယ်၍ရသည့် ဓားသွားနှင့်တူသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။ နေရာတိုင်း၌ နတ်အလင်းတန်းများ ထွက်ပေါ်လာသည်ပင်။

ရှီဟောင် သူ့အား နောက်ပြန်ဆုတ်အောင်လုပ်လိုက်ပြီး ဝိညာဉ်လမ်းပြခြင်းကြာပွင့်များကို ခူးလိုက်သည်။ သူ၏လှုပ်ရှားမှုများမှာ မြန်ဆန်လှသည်ပင်။ သူသည် ထိုသုံးပင်လုံးကိုခူးကာ ကျောက်စိမ်းဗူးထဲ၌ ထည့်သိမ်းထားလိုက်သည်။

သူ အမြစ်များကိုတော့ မထိခိုက်စေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အပင်များမှာ အဖိုးတန်လွန်းလှသည်။ ထို့ကြောင့် ဤအပင်များ၏ အရင်းအမြစ်ကို ထိခိုက်အောင် လုပ်၍မရ။

အခြားအဆင့်လွန်လူငယ်များမှာ လက်ခံနိုင်ရန် ခက်ခဲနေကြသည်။

အပြာရောင်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ပျံသန်းလာသည်။ ဤအလင်းတန်းများအားလုံးမှာ မြှားများပင်။ မြှားတစ်ခုစီမှာ ၁၀ လီအလျားရှိပြီး ထူထဲလှသည်။ ထိုမြားများသည် တိမ်များကို ပြိုကွဲစေပြီး လေဟာနယ်ကို ဖောက်ထွက်ကာ ရှီဟောင်ထံသို့ ဦးတည်လာလေ၏။

ဤသည်မှာ နတ်မြှားများပင်။ ဟင်းလင်းပြင်တာအိုနယ်ပယ်ကျွမ်းကျင်သူမှ ပြုလုပ်ထားသည့် နတ်မြှားများပင်။

လန်ရှင်းသည် သီးသန့်ဆန်ကာ ထာဝရနတ်သမီးနှင့်တူသော်လည်း သူမလက်များကို လှုပ်ရှားလိုက်သည့်အချိန်တွင် ဤသည်မှာ ကနေသကဲ့သို့ အံ့အားသင့်စရာကောင်းလှသည်။ သူမ၏ ဤတိုက်ခိုက်မှုမှာ ကြောက်စရာကောင်းလှသည်ပင်။

ဤမြှားအားလုံးမှာ လေးမှ ပစ်လွှတ်လိုက်ခြင်းမဟုတ်ပဲ သူမ ပစ်လိုက်ခြင်းပင်။ သူမလက်ကို လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်တွင် အပြာရောင်အလင်းများ ပြည့်နှက်သွားသည်။

ဤတိုက်ခိုက်မှုမှာ အလွန်ကြောက်စရာကောင်းလှသည်။ ကောင်းကင်နတ်ဘုရားအဆင့်ထက် ကျော်လွန်သည့် ကျွမ်းကျင်သူအချို့သာ ဤမြှားများကို တွေ့ပါက ထိတ်လန့်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤမြှားများကို ခုခံရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ဤမြှားများမှာ ဟင်းလင်းပြင်တာအိုအဆင့် ကျွမ်းကျင်သူများစွာကိုပင် သတ်ပစ်နိုင်သည်။

“ရှင်တို့အားလုံး သူ့ကို တားကြ .. ဝိညာဉ်လမ်းပြခြင်းကြာပန်းတွေကို လုယူကြ..” လန်ရှင်း အခြားအဆင့်လွန်လူငယ်များထံသို့ အသံပို့လွှတ်လိုက်သည်။

ဝိညာဉ်လမ်းပြခြင်းကြာပန်း တစ်ပင်မှာ အသက်အပိုတစ်ချောင်းနှင့် ညီမျှသောကြောင့် သူတို့ စွမ်းအားကြီးသည့်ဟွမ်အား ဆန့်ကျင်ရမည်ဆိုလျှင်ပင် သူတို့တွေဝေနေမည်မဟုတ်ပေ။ ထို့ကြောင့်ပင် သူမ အခြားသူများနှင့် လျှို့ဝှက်ပူးပေါင်းလိုက်ခြင်းပင်။

လူပေါင်းများစွာ လှုပ်ရှားလာကာ နတ်အလင်းများ ထုတ်လွှတ်လာသည်။ ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားသည့် ‌ကြောက်စရာကောင်းသည့် အလင်းပြင်ကြီးဖြစ်လာကာ ရှီဟောင်ထံသို့ နိမ့်ဆင်းလာသည်။

အားလုံး ထိတ်လန့်သွားရ၏။ အဆင့်လွန်လူငယ်တွေ ပေါင်းပြီးတော့ ရှီဟောင်ကို ဖိနှိပ်ဖို့ကြိုးစားနေကြပြီ။ အဖြစ်အပျက်များမှာ ရုတ်တရက်ဆန်လွန်းလှသည်။

စစ်သားဟောင်းများမှာ နှောက်ယှက်မည့်လက္ခဏာမပြပဲ ဘေးဘက်မှနေ၍ တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။

ခွပ်..

နဂါးအစစ်များ ပေါ်လာသကဲ့သို့ ကောင်းကင်ထက်၌ တောက်ပသည့် လျှပ်စစ်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ပေါ်လာကာ ရှီဟောင်ရှိနေသည့်နေရာ၌ စုဝေးသွားကြသည်။ ရှီဟောင် လျှပ်စီးဧကရာဇ်ပညာအား အသုံးပြုလိုက်ခြင်းမဟုတ်။

ထို့နောက် သူ၏ခန္ဓာကိုယ်ထဲ၌ ဂိတ်တံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာကာ သန့်စင်သည့်အလင်းများ ထွက်ပေါ်လာသည်။

ထို့နောက် သူသည် ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ကာ ကျမ်းစာများကို ရွတ်ဖတ်ပြီး မူလရှေးဟောင်းမှတ်တမ်းကို အသက်သွင်းလိုက်သည်။

ကောင်းကင်လမ်းကြောင်းမှာ နေမင်းကြီးကဲ့သို့ တောက်ပနေပြီး သူ့အား ဝန်းရံထားသည်။ အဆင့်လွန်လူငယ်များ ထုတ်လွှတ်လိုက်သည့် ပညာများမှာ သူ့အား ဘာမှမလုပ်နိုင်တော့။

အဘယ်ကြောင့်ဆိုသော် သူ၏ကောင်းကင်လမ်းကြောင်းကို မူလရှေးဟောင်းမှတ်တမ်းမှ အရိုးစာသားများဖုံးလွှမ်းသွားကာ ပြိုင်ဘက်ကင်းသည့် ချပ်ဝတ်တန်ဆာကဲ့သို့ ဖြစ်သွားသည်။

သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်တံခါးများမှာ ထုတ်လွှတ်သည့် သန့်စင်သည့်အလင်းများမှ စွမ်းအင်များ အဆက်မပြတ်ထွက်နေသည်ပင်။ သူသည် ထိတ်လန့်စရာကောင်းလှသည့် ပညာသုံးခုကို အသုံးပြုကာ သူတို့အားလုံး၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။

“မင်းတို့အားလုံး ဘာတွေ ရှိသေးလဲ .. အားလုံးသုံးလို့ရတယ်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

၁၀ လီကျော်ရှည်သည့် နတ်မြှားများမှာ ကြောက်စရာကောင်းလှသော်လည်း ကောင်းကင်လမ်းကြောင်းအပြင်ဘက်၌ ရပ်တန့်သွားသည်။

ထို့အပြင် ဤမြှားကြီးများအားလုံ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားလေသည်။

ကောင်းကင်လမ်းကြောင်း၊ မူလရှေးဟောင်းမှတ်တမ်းမှ အရိုးစာသား၊ သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်တံခါးများထဲမှ ထွက်လာသည့် သန့်စင်သည့်အလင်းများကို ပေါင်းစည်းကာ တိုက်ခိုက်မှုအားလုံးကို ချေဖျက်လိုက်သည်။

အားလုံး ဆွံ့အသွားရ၏။

အဆင့်လွန်လူငယ်များပင် ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော အရာများနှင့် ရင်ဆိုင်ရသည်မှာ ပြဿနာများလှသည်။

ရွှီး..

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီဟောင်ပျောက်ကွယ်သွားသည်။ ထို့နောက် လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်သည် ထိုအဆင့်လွန်လူငယ်များ၏ဘေး၌ ပေါ်လာလေ၏။

အားလုံး ဝေခွဲမရဖြစ်သွားသည်။ ဤသည်မှာ မည်မျှပင် အရိုင်းဆန်လှသနည်း .. လူတစ်ယောက်က အဆင့်လွန်လူငယ်အုပ်ထဲကို ဝင်သွားပြီးတော့ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်နေတယ်..

ယနေ့မှစပြီး ဟွမ်၏စွမ်းအားမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် ပဲ့တင်ထပ်နေမည်မှာ သေချာသည်။ သူသာ ကောင်းမွန်စွာ ကြီးပြင်းလာရလျှင် သူသည် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမည်ပင်။

ဒုန်း..

အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက် ဤလူများ လူစုကွဲသွားသည်။ ထို့နောက် ရှီဟောင် ကောင်းကင်ဦးချိုပုရွက်ဆိတ်အသိုက်ထဲသို့ လျှောက်သွားလေ၏။ မည်သူမှ သူ့ကို မတားကြတော့။ သူ့နောက်ဆက်လိုက်လည်း ဘာမှ အကျိုးရှိမည်မဟုတ်တော့။ အဘယ်ကြောင့်ဆိုသော် သူတို့ဝိညာဉ်လမ်းပြခြင်းကြာပန်းကို ရနိုင်စရာ အကြောင်းမရှိတော့။

“ခွေးကောင် .. မင်း ငါ့ရေချိုးကန်ကို ဖျက်ဆီးသွားတယ် .. ငါ့လက်သီးချက်ကို မြည်းကြည့်လိုက်..”

လေဟာနယ်ထဲတွင် ရွှေရောင်အလင်းပျောက်လေးတစ်ပျောက် ပေါ်လာပြီးနောက် လက်သီးတစ်ချက် ရောက်ရှိလာသည်။ ဤသည်မှာ နေလုံးလေးကဲ့သို့ ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။

ကျယ်လောင်လှသည့် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု လွင့်ထွက်သွားသည်။

“အား…” ရှည်လျားလှသည့် အော်သံကြီး ထွက်ပေါ်လာလေသည်။ ပုရွက်ဆိတ်လေး၏ လက်သီး ရှီဟောင်၏လက်သီးနှင့် ထိသွားသည်နှင့် ပုရွက်ဆိတ်လေး လွင့်ထွက်သွားသည်။

“ဟားဟား…” ချောင်ယုရှင်း ရယ်မောလိုက်သည်။ သူ၏ဒေါသအနည်းငယ် ပြေသွားလေပြီ။ “ပဲစေ့လေး .. မိုးကုပ်စက်ဝိုင်းထိရောက်အောင် အထိုးခံရတာ ဘယ်လိုခံစားရလဲ .. အဲဒီမှာနေပြီးတော့ ခဏလောက် ခေါင်းရှင်းနေလိုက်..”

ထာဝရတောင်ကိုးလုံးထဲတွင် ပဒူအုံအသိုက်ကဲ့သို့ ဂူတစ်ခုထက်ပိုရှိသည့် တောင်တစ်လုံးရှိသည်။

စစ်သားဟောင်းအချို့၏ ဦးဆောင်မှုနှင့်အတူ ရှီဟောင် ထိုတောင်သို့ ရောက်သွားသည်။

အခြားသူများလည်း သူနှင့် လိုက်လာကြသည်ပင်။ သို့သော် သူတို့ အထဲဆက်မသွားနိုင်ပဲ အပြင်ဘက်၌သာ ရပ်ကြည့်နေကြရသည်။ အဘယ်ကြောင့်ဆိုသော် အထဲဘက်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်၏ဂူပင်။

“ဒါတွေကို မင်းတို့ခွဲယူကြပြီးတော့ မင်းတို့ မူလဝိညာဉ်အားကောင်းအောင်လုပ်လိုက်..” ရှီဟောင် တစ်ဖက်လှည့်လိုက်ကာ ချန်ကုန်းယန်၊ ချောင်ယုရှင်းနှင့် အခြားသူများအား ကျောက်စိမ်းပုလင်းနှစ်ခု ပေးလိုက်သည်။

ဤပုလင်းနှစ်ခုထဲ၌ ဝိညာဉ်လမ်းပြခြင်းကြာပန်းနှစ်ပင် ရှိနေသည်ပင်။

တစ်ပင်ကိုတော့ သူ့အတွက် ချန်ထားသည်ပင်။

ထို့နောက် ရှီဟောင် တစ်ဖက်သို့လှည့်ကာ ဤဂူဘက်သို့ လျှောက်သွားလိုက်သည်။ ဤသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် နေထိုင်ခဲ့သည့် အလွန်အရေးကြီးသည့်နေရာပင်။

“အား .. ခွေးကောင် .. မင်း အဲဒီမှာ ရပ်လိုက်ရင် ပိုကောင်းလိမ့်မယ်..” အရှေ့ဘက်မှ ရွှေရောင်ပုရွက်ဆိတ်လေး အလောတကြီး ရောက်လာလေသည်။ “ဒါက ဘာစွမ်းရည်လဲ .. မင်းက ငါအရွယ်မရောက်သေးလို့ အနိုင်ကျင့်တာလား .. မင်းသတ္တိရှိရင် နောက်နှစ်နည်းနည်းလောက်ကြာရင် ငါနဲ့လာတိုက် .. ပြီးတော့ ငါ့မိသားစုတံခါးကို ဖြတ်မသွားနဲ့..” သူ ဆူညံစွာ ပြောလိုက်သည်။

ရှီဟောင် အပြုံးနုလေး ပြုံးလိုက်ကာ “မင်းမကျေနပ်ရင် ငါ့ဘေးနား တစ်ချိန်လုံး လိုက်နေလေ .. မင်းကြိုက်တဲ့အချိန် ငါနဲ့ချလို့ရတယ် .. မင်းသတ္တိရှိရင် လာခဲ့..”

“ခွေးကောင် .. မင်း ရပ်နေလိုက် .. ကောင်းပြီလေ .. ငါ နောင်ကျရင် မင်းကို ထပ်ပြီးတော့ စိန်ခေါ်မယ်..” ရွှေရောင်ပုရွက်ဆိတ်လေးသည် ဒေါသတကြီးဖြင့်ပင် အပေါ်ဘက်မှ ထိုးဆင်းလာလေသည်။

အားလုံး သက်ပြင်းချကာ မနာလိုဖြစ်သွားကြသည်။ သို့သော်လည်း သူတို့ ဘာမှမတတ်နိုင်။

ဤ ကောင်းကင်ဦးချိုပုရွက်ဆိတ်သည် ကြောက်စရာကောင်းသည့်နောက်ခံရှိသော်လည်း ဟွမ်နှင့် ရင်ဆိုင်လျှင် သူသည် ယုန်ဖြူလေးကဲ့သို့ သန့်စင်သည့်သူပင်။ သူ သေချာပေါက် ရှီဟောင် လက်ထဲသို့ ကျရောက်သွားမည်ပင်။

ကျောက်တောင်ထဲတွင် လှိုဏ်ဂူများမှာ ဝင်္ကပါကဲ့သို့ ရှုပ်ထွေးနေသည်။ မရေမတွက်နိုင်သည့် ဂူများ ချိတ်ဆက်နေပြီး အလွယ်တကူ လမ်းပျောက်သွားနိုင်သည်ပင်။

ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့ အထဲဘက်၌ လှည့်ပတ်ကြည့်နေကြသည်။ တစ်ရက်နှင့်တစ်ည ကြာပြီးမှသာ သူတို့နေရာစုံ ရောက်သွားသည်။ သို့သော်လည်း သူတို့ မပျက်စီးနိုင်သည့်ကျမ်းစာကို မတွေ့ခဲ့ကြ။

အဖိုးတန်သည့်ထာဝရပစ္စည်းအချို့ကိုတော့‌ တွေ့ခဲ့သည်ပင်။ သို့သော်လည်း ဤပစ္စည်းများမှာ လေးလံလှကာ ယူရန် ခက်ခဲလှသည်။

“ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ မျိုးဆက်အနေနဲ့ မင်းအတွက် ချန်ထားခဲ့တဲ့ မပျက်စီးနိုင်တဲ့ကျမ်းစာရှိတယ်ဆိုတာကို အကြွင်းမဲ့ယုံလား .. အဲ့ဒါက ဘယ်နေရာမှာ သိမ်းထားတာလဲ..” ရှီဟောင်မေးလိုက်သည်။

“ဘယ်မှာလဲဆိုတာသိရင် ငါ အစောကြီးကတည်းက ကျင့်ကြံပြီးပြီပေါ့..” ပုရွက်ဆိတ်လေး စိတ်ပျက်သည့်အသံဖြင့် ပြောလိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် သူသည် တစ်စုံတစ်ခုကို ကြောက်ရွံ့သကဲ့သို့ မျက်လုံးများ ပြူးကျယ်လာသည်။ “တစ်နေရာတော့ရှိတယ် .. မင်းငါနဲ့ အဲဒီကို လိုက်ရဲလား..”

ဂူအတွင်းပိုင်းတွင် ကျောက်နံရံတစ်ခုထံသို့ ဦးတည်သွားသည့် လမ်းတစ်ခုရှိနေသည်။ ပုရွက်ဆိတ်လေးသည် ထိုနေရာသို့ ရောက်သည်နှင့် ကျောက်နံရံကြီးကို သူ၏ဦးခေါင်းထက်တွင်ရှိနေသည့်ဘုနှင့်ထိလိုက်သည်။ ရွှေရောင်ဦးချိုလေး ပေါ်မလာသေးသော်လည်း ထိုကျောက်နံရံမှ တုံ့ပြန်မှုများရှိလာသည်။ ထို့နောက် ရှေးဟောင်းတံခါးတစ်ချပ် ပေါ်လာလေ၏။

“ဒါက ဘယ်လိုနေရာမျိုးလဲ ..” ထိုထဲသို့ ခြေချလိုက်သည်နှင့် ရှီဟောင် ထိတ်လန့်သွားကာ ကြက်သီးမွေးညှင်းများ ထောင်ထသွားရသည်။

အဘယ်ကြောင့်ဆိုသော် မြေပြင်ထက်၌ သွေးစီးကြောင်းများရှိနေသလို အကြေးခွံမျိုးစုံနှင့် အမွေးအတောင်မျိုးစုံလည်း ရှိနေသည်။ ဤနေရာ၌ ရပ်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။

ခဏကြာပြီးနောက် သူနားလည်သွားရသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသက်ရှိများ၏ သွေး၊ အကြေးခွံနှင့် အမွေးအတောင်များပင်။

ထို့အပြင် ရှုပ်ထွေးသည့်သင်္ကေတများရှိနေသည့် ရွှေရောင်ပုရွက်ဆိတ်ခြေထောက်တစ်ဖက်ကိုလည်း တွေ့လိုက်ရသည်။

ခဏကြာပြီးသည့်နောက်တွင် သူပို၍ ထိတ်လန့်လာရသည်။ အတောင်ပံများ၊ ထူးဆန်းသည့်ဦးချိုများနှင့် အရောင်မျိုးစုံရှိသည့်သွေးများကို ပိုတွေ့လာရသည်။ သူ့ခန္ဓာကိုယ်လည်း ဤနေရာ၌ပင် ပေါက်ကွဲသွားတော့မည်ဟု သူခံစားနေရသည်။

နောက်ဆုံးတွင်တော့ နေမင်းကြီးကဲ့သို့ ရွှေရောင်အလင်းတောက်ပနေသည့် ပုရွက်ဆိတ်ခေါင်းကို သူတွေ့လိုက်ရသည်။

“ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်လား..” ရှီဟောင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဒါက ဘယ်နေရာလဲ .. ဒါက ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ရန်သူတွေအများကြီးနဲ့အတူတူ နောက်ဆုံး သေသွားတဲ့နေရာလား..

အပိုင်း ၁၄၇၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၅ – ကောင်းကင်ဦးချိုပုရွက်ဆိတ်

မြေပြင်ပေါ်တွင်ရှိနေသည့် ခေါင်းနှင့်သွေးများကို တွေ့လိုက်ရသည့်အချိန်တွင် သူ့စိတ်ထဲ တုန်လှုပ်သွားရ၏။ အထူးသဖြင့် ယခုအချိန်တွင် သူ၏အရေပြားများ အက်ကွဲလာပြီး အရိုးများလည်း ကျိုးတော့မလိုပင် ခံစားနေရသည်။ ဤနေရာတွင် လူတစ်ယောက်၏ အသွေးအသားနှင့် အရိုးများကို တိုက်ခိုက်နေသည့် ကြောက်စရာကောင်းသည့် ဖိအားတစ်ခု ရှိနေသည်ပင်။

ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူဆိုသည်မှာ မည်ကဲ့သို့သောလူမျိုးကို ပြောသနည်း.. ဤသည်မှာ သူသေဆုံးပြီးသွားလျှင်ပင် သူ၏သွေး၊ သူ၏အရိုးများနှင့် သူ၏ဆံပင်များပင်လျှင် အခြားသူများကို သတ်နိုင်သည်အထိ စွမ်းအားကြီးသည့်သူများကို ခေါ်ဆိုခြင်းဖြစ်သည်။

ကြီးမားလှသည့် ခေါင်းကြီးကို မြင်လိုက်သည်နှင့်ရှီဟောင် တစ်ကိုယ်လုံး တုန်ယင်သွားကာ မလှုပ်နိုင်တော့။ သူ၏ခန္ဓာကိုယ် အက်ကွဲလာပြီး သွေးများစီးကျလာသည်။

“ဒါက တကယ်ပဲ .. ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်လား..” သူ့ကိုယ်သူ ရေရွတ်လိုက်၏။ သူ အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။

နှစ်ပေါင်း သန်းပေါင်းများစွာကြာသွားပြီဖြစ်သော်လည်း ထိုပုရွက်ဆိတ်ခေါင်းသည် ထာဝရရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပသည့် ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေဆဲပင်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်ဆိုတာ ပြိုင်ဘက်ကင်းတဲ့သက်ရှိလေ .. သူက ဘယ်လိုလုပ် ဒီလိုမျိုး ဆိုးဆိုးရွားရွားသေဆုံးခဲ့တာလဲ .. သူက နဂါးအစစ်ထက်တောင် ပိုအားကြီးတယ် .. အဲဒါတောင်မှ တစ်ယောက်ယောက်က သူ့ခေါင်းကို ဖြတ်ထားတယ်..

ခပ်ဝေးဝေးတွင်ရှိနေသည့် ရွှေရောင်သွေးများ၊ အကြေးခွံများ၊ အမွေးအတောင်များ၊ ဦးချိုများနှင့် အခြားအရာများကို ကြည့်လိုက်သည့်အချိန်တွင် သူပို၍ တုန်လှုပ်လာရသည်။

ထိုတိုက်ပွဲမှာ အလွန်ဆိုးရွားခဲ့လိမ့်မည်။

သူတို့က ဒီလောက်ထိတောင် တိုက်ကြတာလား .. ဒါက သူနဲ့အတူတူ ရန်သူတွေကိုပါ ဆွဲခေါ်ချသွားတဲ့ရလဒ်လား..

ဤနေရာတွင်ရှိနေသည့် သွေးများမှာ ထူးခြားသည့်သွေးများဖြစ်ပြီး အံ့အားသင့်စရာကောင်းလှသည့် ထာဝရစွမ်းအင်များပါဝင်နေသည်။ ဤသည်မှာ ကျင့်ကြံဆင့်မြင့်သူများ ချန်ရစ်ထားခဲ့သည့်သွေးများပင်။

“ဟေး .. အဲဒီအမူအရာက ဘာကြီးလဲ .. ငါ့လူအိုကြီးက ဒီလောက် သနားစရာကောင်းလို့လား..” ဘေးဘက်မှ ရွှေရောင်ပုရွက်ဆိတ်လေးမှ မကျေမနပ်အော်လိုက်သည်။

“ကျေးဇူးမသိတတ်တဲ့ကလေး .. မင်းရဲ့အကြီးအကဲ သေသွားတာကို မြင်တာတောင်မှ မင်းက နည်းနည်းလေးတောင် သတိမရဘူးလား..” ရှီဟောင် လက်ချောင်းနှစ်ချောင်းဖြင့် သူ့အား ကောက်မလိုက်သည်။

ရွှေရောင်ပုရွက်ဆိတ်လေး ဒေါသတကြီးဖြင့်ပင် ရုန်းကန်လာသည်။

အခြားသူများသာဆိုပါက မည်သူက သူ့အား လွယ်လွယ်ကူကူလေး ကောက်မနိုင်မည်နည်း .. သူ၏အရွယ်အစားကိုကြည့်ပြီး အထင်သေး၍မရ။ သူသည် လူတစ်ယောက်၏လက်ချောင်းများကိုပင် ချိုးပစ်နိုင်သည်။

သို့သော်လည်း ယခုတော့ သူ မရုန်းနိုင်ဖြစ်နေသည်မှာ ရှက်စရာကောင်းလှသည်။

“လွတ် .. အဲဒါက ငါ့လူအိုကြီးရဲ့ အလောင်းဆိုရင် ငါက ဘယ်လိုလုပ် ဝမ်းမနည်းပဲနေမှာလဲ..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။

ရှီဟောင် သူ့အား တစ်ခဏခန့်စိုက်ကြည့်ပြီးနောက် သူ့အား လွတ်ပေးလိုက်သည်။

ပုရွက်ဆိတ်လေးသည် ဒေါသတကြီးဖြင့်ပင် ရှီဟောင်အား အသားကုန် ထိုးလာလေသည်။ ရလဒ်အနေဖြင့် စွမ်းအားကြီးသည့်လေများ တိုက်ခတ်လာပြီး လေဟာနယ်လည်း အက်ကွဲလာသည်။ ဒီပဲစေ့အရွယ်အကောင်လေးက ဒီလောက်တောင် အားကြီးတာလား.. ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှသည်ပင်။

“ဒါက ငါ့လူအိုကြီးရဲ့ အရေခွံပဲ .. သူ့ရဲ့ခန္ဓာကိုယ်အစစ်မဟုတ်ဘူး..” ပုရွက်ဆိတ်လေးမှာ ဒေါသထွက်လွန်းသောကြောင့် တုန်ယင်နေလေပြီ။

ရှီဟောင် ထိတ်လန့်သွားရ၏။ ပုရွက်ဆိတ်တစ်ကောင်ကလည်း မြွေလိုမျိုး အရေခွံလဲလို့ရတာလား.. သူတကယ်ကို မသိခဲ့။

သို့သော်လည်း ဤသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်ပင်။ သာမန်ထူးဆန်းသည့်ပိုးကောင်လေးမဟုတ်သောကြောင့် ဤကဲ့သို့သော စွမ်းရည်မျိုးရှိနေနိုင်သည်ပင်။

သူ ခံစားနေရသည့် ပြင်းထန်လှသည့် နာကျင်မှုကို အံကြိတ်ကာ ထိုခေါင်းကို လှည့်ပတ်ကြည့်လိုက်သည်။ အထဲဘက်မှ ဘာမှမရှိပဲ အခွံအလွတ်ကြီးဖြစ်နေသည်ကို သူ ထိတ်လန့်စွာ တွေ့လိုက်ရသည်။

“ဒါက ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ ခန္ဓာကိုယ်အစစ်မဟုတ်ဘူးဆိုရင် အရှင်က ဘယ်မှာလဲ.” ရှီဟောင်မေးလိုက်သည်။

“သေသွားပြီ .. ခန္ဓာကိုယ်နဲ့ဝိညာဉ် နှစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီးတော့ မရှိတော့ဘူး..” ပုရွက်ဆိတ်လေး ရေရွတ်လိုက်သည်။ သူ ငိုကြွေးနေခြင်းမရှိသလို ဝမ်းနည်းပူဆွေးနေခြင်းလည်း မရှိ။ စိတ်ပျက်မှုနှင့် တိတ်ဆိတ်မှုသာ ရှိသည်။

ပုရွက်ဆိတ်လေး ပြောသည့်အတိုင်းဆိုလျှင် ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်သည် သူတစ်ယောက်တည်းဖြင့် ရန်သူအများကြီးကို ရင်ဆိုင်ခဲ့သည်။

သို့သော်လည်း အဆင့်မြင့်သည့် ကျင့်ကြံသူများစွာကို သတ်ပြီးသည့်နောက်တွင် သူရသည့်ဒဏ်ရာများလည်း ပြင်းထန်လှသည်။ နောက်ဆုံးတွင်တော့ သူ သေမင်းချောက်ကမ်းပါးကြီးထဲသို့ နှစ်မြှုပ်သွားခဲ့သည်။

“အရှင်က အရမ်းကို လေးစားဖို့ကောင်းတာပဲ .. ဒါပေမဲ့ နောက်ဆုံးတော့ သူတိုက်ပွဲထဲမှာ ကျဆုံးသွားခဲ့ရတယ်” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

ဤနေရာကို ကြည့်ခြင်းအားဖြင့် နောက်ဆုံးနေ့ရက်များ မည်ကဲ့သို့ဖြစ်ခဲ့သည်ကို အများကြီးတွေးစရာမလိုပဲ အတိတ်မှအကြောင်းများကို အများကြီးသိစရာမလိုပဲ သိနိုင်သည်ပင်။

“သူရဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို ဒီနေရာထိ ဆွဲလာပြီးတော့ ချက်ချင်းမသေပဲနဲ့ သူခေတ်အစပိုင်းထိ ရှင်နိုင်အောင် ရုန်းကန်ခဲ့တာ .. ပြီးတော့မှ ပြာမှုန့်အဖြစ် ပြောင်းသွားတာ” ပုရွက်ဆိတ်လေး နူးညံ့စွာ ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်အား အတော်လေး ထိတ်လန့်သွားစေသည်ပင်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်က ဒီခေတ်ထိ ရှိခဲ့တာလား..

သို့သော်လည်း ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်၏ သေဆုံးခြင်းမှာ သနားစရာကောင်းလှသည်။ သူသည် ချက်ချင်းသေဆုံးသွားခြင်းမဟုတ်ပဲ သူ၏ခန္ဓာကိုယ် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်တွင်မှာ ပြာအဖြစ် ပြောင်းလဲသွားခြင်းပင်။ သူ မည်မျှပင် ခံစားခဲ့ရမည်နည်း..

ဤသည်မှာ မပျက်စီးနိုင်သည့်ကျမ်းစာအား ကျင့်ကြံခဲ့သည့် ကျင့်ကြံသူပင်။

အဓိကအကြောင်းရင်းမှာ သူ၏ဒဏ်ရာများပြင်းထန်လွန်းလှသောကြောင့်ပင်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်ထံတွင် အလွန်စွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသည့်ခန္ဓာကိုယ်ရှိသော်လည်း အဆုံးတွင်တော့ ခန္ဓာကိုယ်ပင် မကျန်ခဲ့တော့။

မပျက်စီးနိုင်သည့်ကျမ်းစာ၏ ဒဏ္ဍာရီများအရဆိုလျှင် သူသည် ထိပ်ဆုံးအဆင့်သို့ရောက်အောင် မကျင့်ကြံခဲ့သည့်ပုံပင်။ မဟုတ်ပါက ဤကဲ့သို့ အဆုံးသတ်လိမ့်မည်မဟုတ်။

“တကယ်တမ်းက ငါ့လူအိုကြီးက နည်းနည်းလောက် အသက်ရှည်ရှည်နေလို့ရသေးတယ် .. သူ သေတဲ့အချိန်တုန်းကလောက် ခံစားရမှာမဟုတ်ဘူး .. ဒါပေမဲ့ ငါ့ကို ကယ်ဖို့အတွက် အဲဒီလိုမျိုးခံစားခဲ့ရတာ..” ပုရွက်ဆိတ်လေး မျက်ရည်များ ကျဆင်းလာသည်။

သူ ကျယ်လောင်စွာ ငိုကြွေးနေခြင်းမဟုတ်သော်လည်း ဤကဲ့သို့ ဝမ်းနည်းနေခြင်းမှာ ပို၍ဝမ်းနည်းပူဆွေးရသည်။

ထိုနှစ်က သူ့အမေ တိုက်ပွဲထဲ၌ အသတ်ခံခဲ့ရသည်။ သူ၏ညီအစ်ကိုမောင်နှမများလည်း သေဆုံးခဲ့ရသည်။ ထိုအချိန်တုန်းက သူ့အမေဗိုက်ထဲမှာရှိနေသည့် သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ပင်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်လူမျိုးစုမှာ သာမန်ပုရွက်ဆိတ်များနှင့် ကွာခြားသည်ပင်။ သူတို့၏ မွေးဖွားသည့်ပုံစံနှင့် အရွယ်ရောက်သည်ပုံစံလည်း လုံးဝကွဲပြားသည်။

ထို့ကြောင့်လည်း သူ အသက်ရှင်နိုင်ခဲ့ခြင်းပင်။ မဟုတ်ပါက သူပြာမှုန့်များ၊ မီးခိုးငွေ့များအဖြစ်သို့ ပြောင်းသွားလောက်လေပြီ။

ထိုသို့ဆိုသော်လည်း သူ့ကံကြမ္မာကို‌ ပြောင်းလဲရန်အတွက် သူ့အဖေသည် သူ၏နောက်ဆုံးစွမ်းအင်ကို အသုံးပြုခဲ့ရသည်။

“မင်း သူနဲ့ တွေ့လိုက်နိုင်လား..” ရှီဟောင်မေးလိုက်၏။

“မတွေ့လိုက်ရဘူး .. ငါဒီလောကကြီးထဲ ရောက်လာတဲ့အချိန်ကျတော့ သူ သေသွားတာကြာလှပြီ .. သူက သွေးအိုင်အဖြစ် ပြောင်းပြီးတော့ ပြာအဖြစ်လောင်ကျွမ်းသွားပြီ .. အားလုံးက အဲဒီစစ်သားဟောင်းတွေ ငါ့ကို ပြောပြတာ” ပုရွက်ဆိတ်လေး သူ၏မျက်ရည်များကို သုတ်၍ ပြောလိုက်သည်။

ရှီဟောင် ဤပုရွက်ဆိတ်လေးအား မည်ကဲ့သို့ နှစ်သိမ့်ပေးရမှန်းပင် မသိတော့။ သူ၏အဖေသည် စွမ်းအားကြီးလှသည်။ သူ့အဖေအား မတွေ့လိုက်နိုင်သော်လည်း ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်သည် သူ့အတွက် လုံလောက်အောင် လုပ်ပေးခဲ့သည်ပင်။ သူ၏ကိုယ်ပိုင်‌ သွေးစွမ်းအင်ကို အသုံးပြုကာ သူ့ကလေးအား အသက်ပြန်သွင်းခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှီဟောင် အနည်းငယ် ရှုပ်ထွေးနေမိသည်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်က ဒီခေတ်ထိတောင် အသက်ရှင်ခဲ့တာဆိုရင် သူကဘာလို့ မပျက်စီးနိုင်တဲ့ကျမ်းစာကို မချန်ခဲ့တာလဲ..

သူ၏သံသယကို ထုတ်ပြောလိုက်သည့်အချိန်တွင် ပုရွက်ဆိတ်လေး တစ်ခဏခန့် တွေးလိုက်သည်။ “အကြောင်းပြချက်က တစ်ခုပဲဖြစ်နိုင်တယ် .. အဲဒါက ငါကလုံလောက်အောင် မသန်မာသေးလို့ ငါအမွေမရသေးတာ..” ထို့နောက် သူပြောလိုက်သည်။

ထို့နောက် ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့ ဤနေရာအား အတူတကွ ရှာဖွေကြသည်။ မပျက်စီးနိုင်သည့်ကျမ်းစာ၏ ဆွဲဆောင်မှုမှာ ကြီးမားလွန်းလှသောကြောင့် ရှီဟောင်ပင်လျှင် မတည်ငြိမ်နိုင်တော့။

ရှီဟောင် သူ့ခန္ဓာကိုယ်မှ ခံစားနေရသည့် နာကျင်မှုများကို အံကြိတ်ကာ သည်းခံလိုက်သည်။

သူ မလေးစားပဲ မနေနိုင်တော့။ ကောင်းကင်ဦးချိုပုရွက်ဆိတ်၏အရေခွံပင်လျှင် ဤကဲ့သို့ဖြစ်နေလေပြီ။ သူ၏ခန္ဓာကိုယ်အစစ်သာ ဤနေရာ၌ ရှိနေပါက မည်မျှပင် ကြောက်စရာကောင်းမည်နည်း..

သို့သော်လည်း ဤဖိအားမှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် တစ်ယောက်တည်းကြောင့်မဟုတ်။ ဤနေရာ၌ရှိနေသည့် အခြားသတ္တဝါများ၏ သွေးများ၊ ပျက်စီးနေသည့်အရိုးများ၊ အမွေးအတောင်များ၊ ဦးချိုများနှင့် အခြားအရာများကြောင့်လည်းပါသည်။

ပြောရမည်ဆိုလျှင် ပုရွက်ဆိတ်လေးမှာ ထိုမျှမခံစားရ။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ ကောင်းကင်ဦးချိုပုရွက်ဆိတ်အော်ရာရှိနေသောကြောင့် ထိုအရေခွံများမှာ သူ့အား ကာကွယ်ပေးနေသည်ပင်။

“ဒါက ထာဝရတာအိုစွမ်းအားလား .. စွမ်းအားအများစုက ပျက်ပြယ်သွားပြီဆိုပေမယ့် ငါ့ကို တော်တော်လေး ထိခိုက်စေနေတုန်းပဲ..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

ဤကဲ့သို့ ဖြစ်နေရသည့် အဓိကအကြောင်းရင်းမှာ ဤနေရာတွင် သတ်ဖြတ်လိုသည့်စွမ်းအင်များ စုစည်းနေသည့် စိတ်ဝိညာဉ်အပိုင်းအစများ ရှိနေသောကြောင့်ပင်။ ဤနေရာမှာ ထိုမျှမငြိမ်းချမ်းပေ။ ထို့ကြောင့်လည်း သူ့ခန္ဓာကိုယ် ဒဏ်ရာရနေခြင်းပင်။

သူတို့ ဤနေရာ၏ ထောင့်တိုင်းကို ရှာဖွေခဲ့ကြသော်လည်း မပျက်စီးနိုင်သည့်ကျမ်းစာ၏ အရိပ်အယောင်ကိုပင် မမြင်ရ။ ရှီဟောင် ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲသော်လည်း သူဘာမှမတတ်နိုင်ပေ။

နောက်ဆုံးတွင်တော့ သူ ထိုဦးချိုများ၊ အမွေးအတောင်များနှင့် အခြားအရာများကိုသာ အာရုံစိုက်ထားလိုက်တော့သည်။ ဤအရာများကို လက်နက်အဖြစ် ပြောင်းလဲရန်အတွက် သူသိမ်းယူချင်သည်။

“မင်း အလောတကြီးမလုပ်ဖို့ငါအကြံပေးလိုက်မယ် .. ငါ့ခန္ဓာကိုယ်ကို ပုံသွင်းဖို့အတွက် ဒီဟာတွေအားလုံးကို စစ်သားဟောင်းတွေက အစီအရင်တွေနဲ့ ပြုပြင်ပြီးသွားပြီ .. ဘာလို့လဲဆိုတော့ ငါက မွေးရာပါချို့တဲ့မှုရှိနေတော့ သူတို့တွေကို သုံးပြီးတော့ အဲဒီချို့တဲ့မှုတွေကို ဖာထေးရတာ..” ပုရွက်ဆိတ်လေး ပြောလိုက်၏။

ရှီဟောင် ဆွံ့အသွားရ၏။ ဒီမှာ ပြိုင်ဘက်ကင်းတဲ့နတ်ပစ္စည်းတွေ အများကြီးရှိတာတောင်မှ ငါက တစ်ခုမှ မသုံးရဘူးလား..

“ဒီမှာ မကောင်းတဲ့စွမ်းအင်တွေပဲ ရှိတော့တာ .. သူတို့မှာ ဘာတန်ဖိုးမှ မရှိတော့ဘူး..” ထိုသို့ပြောပြီးသည်နှင့် သူသည် မီးခိုးရောင်အမွေးအရောင်တစ်ခုကို လက်ညှိုးထိုးလိုက်ကာ “ဒီတစ်ခုကတော့ သုံးလို့ရလောက်သေးတယ် .. မင်း သိမ်းထားလိုက်..”

ငှက်မွေးတစ်ခုလား..

သူ ထိုငှက်မွေးအား လှုပ်ရမ်းလိုက်သည့်အချိန်တွင် လေဟာနယ်အား ထိုးဖောက်သွားသည်ကို တွေ့လိုက်ရသည်။ သူ နတ်ခွန်အားကို အသက်သွင်းလိုက်သည့်အချိန်တွင် သူ၏စွမ်းအင်မှာ အစရှာမရအောင် ပျောက်သွား၏။ ဤငှက်မွေးသည် တောက်ပခြင်းမရှိသလို သင်္ကေတများ ထုတ်လွှတ်ခြင်းလည်းမရှိပေ။

“ထားလိုက်တော့ .. အခုတော့သိမ်းထားလိုက်တော့မယ် .. အရင်တုန်းကတည်းက ငါ ငှက်ငါးမျိုးယပ်တောင်ကို လုပ်ချင်နေတာ .. အချိန်ကျလာရင်တော့ ငါဒီတစ်ခုကို ပေါင်းထည့်လိုက်မယ် .. ဘာဖြစ်လာမလဲဆိုတာ အဲဒီအချိန်ကျမှ ကြည့်ကြတာပေါ့..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။

သူတို့ မပျက်စီးနိုင်သည့်ကျမ်းစာအား မရှာတွေ့နိုင်သည်မှာ ယုတ္တိမရှိဘူးဟု ရှီဟောင်ခံစားနေရသည်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်က ဘယ်လိုလုပ် သူ့သားအတွက် မစဉ်းစားပေးပဲ နေမှာလဲ..

“ဖြစ်နိုင်တာက ငါအရွယ်ရောက်လာပြီးတော့ လုံလောက်‌အောင် သန်မာလာတဲ့တစ်နေ့ကျရင် တံဆိပ်တစ်မျိုးမျိုးကို ဖွင့်ပြီးတော့ ကျမ်းစာအစစ်ကို ယူရမယ်ထင်တယ်..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။

“အချိန်မရှိတော့ဘူး .. မင်းမွေးလာတာက အရမ်းနောက်ကျနေပြီ .. ဒီအတိုင်း ဆက်သွားမယ်ဆိုရင် တစ်ဖက်လောကက စစ်တပ်ကြီး နောက်တစ်ခါ ထပ်ရောက်လာလိမ့်မယ် .. ငါတို့ တတ်နိုင်သမျှ မြန်မြန်စွမ်းအားကြီးအောင် လုပ်ဖို့လိုတယ်” ရှီဟောင် ပြောလိုက်၏။

တစ်ဖက်လောကအကြောင်း ပြောလိုက်သည့်အချိန်တွင် ပုရွက်ဆိတ်လေး၏ မျက်လုံးများမှာ ကြောက်စရာကောင်းလောက်အောင်ပင် နီရဲလာသည်။ သူ၏အဖေ၊ အမေနှင့် ညီအစ်ကိုမောင်နှမများအားလုံး စစ်ပွဲထဲ၌ သေဆုံးသွားခဲ့ရခြင်းပင်။

“မင်းကိုယ်မင်း ပိုပြီးတော့ သန်မာလာအောင် လုပ်နိုင်မယ့် နည်းလမ်းရှိလား .. ခန္ဓာကိုယ်ကို လှုံ့ဆော်တဲ့နည်းလမ်းမျိုး..” ရှီဟောင် အကြံပေးလိုက်သည်။

“ငါ အရင်တုန်းက စမ်းကြည့်ဖူးတယ် .. ဒါပေမဲ့ အဲဒီလိုမျိုးနည်းလမ်းတွေက အခုအချိန်မှာ ငါထိန်းချုပ်နိုင်တဲ့နည်းလမ်းတွေ မဟုတ်ဘူး .. ပြီးတော့ ဒီနေရာက အရမ်းကြောက်စရာကောင်းတဲ့နေရာဖြစ်သွားတာ အဲဒီစစ်သားဟောင်းကြီးတွေတောင်မှ ဒီနားကပ်မလာရဲတော့ဘူး .. ငါ အသိစိတ်လွတ်နေတဲ့အချိန်မှာ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ဘူး..” ပုရွက်ဆိတ်လေး စိတ်ပျက်စွာ ပြောလိုက်သည်။

“ကိစ္စမရှိဘူး .. နောက်တစ်ခေါက် ထပ်ကြိုးစားကြည့် .. ငါဒီနေရာကို ကာကွယ်ပေးထားမယ်..” ရှီဟောင် ပြောလိုက်သည်။

“မရဘူး .. မင်း တစ်စစီဖြစ်သွားလိမ့်မယ် .. စွမ်းအားအကြီးဆုံး အဆင့်လွန်သက်ရှိတွေနဲ့ တစ်ခြားသူတွေတောင် ဒီမှာနေလို့မရဘူး .. အရမ်းအန္တရာယ်များတယ် .. အဲဒီစစ်သားဟောင်းတွေက ရုပ်သေးရုပ်တွေ ဖြစ်သွားတော့ အရင်ကထက် စွမ်းအားနည်းသွားပြီ .. သူတို့ ဒီနေရာကို ကြည့်ပေးနိုင်မှာ မဟုတ်တော့ဘူး..”

“ငါ့ရဲ့ခန္ဓာကိုယ်အစစ် မနေဘူး .. နတ်အသိစိတ်တစ်မျှင်ပဲ ချန်ထားခဲ့မှာ .. အဲဒီအသိစိတ်ကို အဆင့်လွန်ရတနာတစ်ခုနဲ့ ချိတ်ထားလိုက်မယ် .. အဲဒါဆိုရင် အဆင်ပြေမှာပါ..” ရှီဟောင် ဆက်ပြောနေဆဲပင်။

သူ မူလရှေးဟောင်းမှတ်တမ်း၏ ဝိညာဉ်တစ်သောင်းသင်္ကေတကို ထုတ်လိုက်သည်။ ဤတောက်ပနေသည့် အရိုးဖြူသည် ကောင်းကင်ဦးချိုပုရွက်ဆိတ်၏ ဦးချိုဆေးရည်ကို တားဆီးနိုင်လိမ့်မည်။

အပြန်အလှန်ဆွေးနွေးပြီးသည့်နောက်တွင် ရှီဟောင်၏ ခန္ဓာကိုယ်အစစ်က နောက်ပြန်ဆုတ်သွားပြီး ဝိညာဉ်တစ်သောင်းသင်္ကေတထက်၌သာ မူလဝိညာဉ်တစ်မျှင်ကို ချန်ထားခဲ့လိုက်သည်။

ပုရွက်ဆိတ်လေး၏မျက်လုံးများ နီရဲလာပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာပင် ကြီးမားလာသည်။

ဝူး..

လောကကြီးကို တုန်လှုပ်စေနိုင်သည့် ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။ ယခင်က ပဲစေ့အရွယ်သာရှိသည့် ပုရွက်ဆိတ်လေးမှာ ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲသွားသည်။

တစ်ခဏအတွင်းမှာပင် သူသည် တောင်တစ်လုံးစာပမာဏ ကြီးမားလာသည်။ သူသည် ရွှေရောင်ဖြစ်နေဆဲပင်။

ဤကဲ့သို့သောာ စွမ်းအားမျိုးဖြင့်ပင်လျှင် သူသည် ရှုထော်၊ ချီဂူတို့နှင့် ယှဉ်နိုင်နေလေပြီ။

ဤသည်မှာ လက်ရှိပုရွက်ဆိတ်လေးသာဖြစ်ပြီး အရွယ်ရောက်လာသည့် ပုရွက်ဆိတ်မဟုတ်သေး။

ထို့နောက် မြေပြင်ထက်ရှိ ဦးခေါင်း သို့မဟုတ် ပြောရမည်ဆိုလျှင် မြေပြင်ထက်မှ အကြွင်းအကျန်များ ချက်ချင်းတုန်ခါလာကာ လောကကြီကို ခြုံလွှမ်းသွားနိုင်သည့် မပျက်စီးနိုင်သည့်အော်ရာကို ထုတ်လွှတ်လာသည်။

ထိုအချိန်တွင် အရိုးများ၊ သွေး၊ အမွေးအတောင်နှင့် အခြားအရာများအားလုံး ပေါက်ကွဲသွားသည်။

ရှီဟောင် ဆွံ့အသွားရ၏။ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ .. သိထားရမည်မှာ ဤအရာများအားလုံးမှာ ထာဝရတာအိုအကြွင်းအကျန်များပင်။ သို့သော်လည်း ယခုတော့အားလုံး ပျက်စီးသွားလေပြီ။

ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်၏ အကြွင်းအကျန်မှ ထွက်လာသည့် ရွှေရောင်လှိုင်းမှာ ပုရွက်ဆိတ်လေးအား မထိခိုက်စေသော်လည်း အခြားအရာများမှာ ထိုမျှကံမကောင်းပေ။

ဝိညာဉ်တစ်သောင်းသင်္ကေတ တောက်ပလာကာ ရှီဟောင်၏ မူလဝိညာဉ်ကို ကာကွယ်ပေးထားသောကြောင့်သာ။ မဟုတ်ပါက သူရှင်းလင်းခံလိုက်ရလောက်လေပြီ။

ထိုအချိန်တွင် အံ့အားသင့်စရာကောင်းသည့်မြင်ကွင်းတစ်ခုကို သူမြင်လိုက်ရသည်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်၏ အကြွင်းအကျန်များမှ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၏ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူသည် လေထဲ၌ မျောနေသည်ပင်။ သူသည် အရပ်ရှည်ကာ ရွှေရောင်ဆံပင်များလည်း ဖြန့်ချထားသည်။ သူ၏အကြည့်များမှာ လျှပ်စီးကဲ့သို့ စူးရှနေသည်။

ရှီဟောင် ဆံပင်မွေးများ ထောင်ထသွားပြီး သူမလှုပ်ရှားနိုင်တော့သလို ခံစားနေရသည်။ ဝိညာဉ်တစ်သောင်းသင်္ကေတ၏ ကာကွယ်မှုရှိနေသော်လည်း သူလဲကျသွားပြီး သူ၏နတ်အာရုံများလည်း အေးခဲသွားသည်။

ဒီပုံရိပ်က ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ..

သူက .. ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်ရဲ့ လူသားပုံစံဖြစ်မယ်ထင်တယ်..

ဤလူလတ်ပိုင်းအမျိုးသားမှာ အလွန်သူရဲကောင်းဆန်လှသည်ပင်။ သူ့ထံတွင် တောတောင်များနှင့်မြစ်များကို ဝါးမြိုနိုင်သည့်အော်ရာရှိနေပြီး သူသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုလုံးကို အုပ်စိုးသည့် တစ်ဦးတည်းသောဘုရင်ကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်မှာ ဖြောင့်တန်းနေပြီး စွမ်းအားကြီးလှသည်။

သူ၏မျက်လုံးတစ်စုံလည်း တောက်ပလှသည်။

ယခုအချိန်တွင် ပုရွက်ဆိတ်လေးသည် ရူးသွပ်စွာပင် အော်ဟစ်နေသည်။ သူ၏စိတ်ဝိညာဉ်အစစ်ကို ဆုံးရှုံးလိုက်ရပြီဖြစ်သောကြောင့် သူအချစ်ရဆုံးသူကို မမြင်နိုင်တော့။

ဤလူလတ်ပိုင်းအမျိုးသားသည် လေဟာနယ်ထဲ၌ ရပ်နေကာ သူ့ဘေးနားပတ်လည်တွင် ကျယ်ပြောလှသည့် အာကာသ ဟင်းလင်းပြင်ကြီး ရှိနေသည်။ ဤသည်မှာ ရှေးဟောင်းစကြာဝဠာတစ်ခု သူ့ပတ်လည်၌ လည်ပတ်နေသကဲ့သို့ပင်။

သူ၏ရွှေရောင်ဆံပင်များ ရွေ့လျားသွားသည်နှင့် သူ့အနောက်ဘက်၌ ရှိနေသည့် ကြယ်မြစ်များ တစ်ခုပြီးတစ်ခု မှေးမှိန်ကာ ပျက်စီးပျောက်ကွယ်သွားသည်။ ဤမြင်ကွင်းမှာ ရှီဟောင်အား အတော်လေး တုန်လှုပ်စေသည်ပင်။

ဒါက ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်လား .. သူအသက်ရှင်နေတုန်းက ဒီလောက်တောင် စွမ်းအားကြီးတာလား..

သူ၏ဆံပင်များ လှုပ်ရှားသွားသည်နှင့် အာကာသကြီးပျက်စီးသွားကာ သူမျက်တောင်ခတ်လိုက်တိုင်း နေများ ကြွေကျသွားသည်။

“ဒါက..” ရှီဟောင်မှာ သူမြင်နေရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေသည်။

ဤလူလတ်ပိုင်းအမျိုးသား၏ နတ်ခွန်အားမှာ ပြိုင်ဘက်ကင်းပင်။

“လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုန်းက ငါ မင်းကို တွေ့ခဲ့ဖူးတယ်..” ထိုအချိန်တွင် ထိုလူလတ်ပိုင်းအမျိုးသားမှ စကားပြောလိုက်သည်။

အပိုင်း ၁၄၇၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၆ – မှောင်မည်းသည့် အနာဂတ်

အရင်က တွေ့ဖူးတယ် .. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

တစ်ယောက်သည် လွန်ခဲ့သည့်နှစ်သန်းပေါင်းများစွာတွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီး အခြားတစ်ယောက်မှာ လက်ရှိလောက၌ နေနေသည့်သူပင်။ သူတို့ဘယ်လိုလုပ် တစ်ယောက်နှင့်တစ်ယောက် တွေ့နိုင်မည်နည်း..

ရှီဟောင် ဤသည်ကို ယုံရမလား မယုံရဘူးလား ခေတ္တတွေဝေသွားရသည်။

ဝုန်း..

ဘေးဘက်တွင်ရှိနေသည့် ရွှေရောင်ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။ သူသည် ယခုအချိန်တွင် သေးငယ်မနေပဲ တောင်တစ်လုံးအရွယ်အစား ရှိနေလေပြီ။ သူလှုပ်ရှားလိုက်တိုင်း လေဟာနယ်ကြီး အက်ကွဲလာသည်။

ကံကောင်းစွာဖြင့် သူ့အဖေ တံဆိပ်ပေါ်လာသည်ကို သူမသိ။ ယခုအချိန်၌ သူစိတ်လွတ်နေသည်ပင်။

ဤလူလတ်ပိုင်းအမျိုးသားသည် ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးကို ကြည့်လိုက်သည့်အချိန်တွင် သူ၏အကြည့်များ နူးညံ့လာသည်။ သူသည်တောတောင်နှင့်မြစ်များကို ဝါးမြိုနိုင်သည့်အော်ရာများကို ထုတ်လွှတ်ခြင်းမရှိတော့။

ဤသည်မှာ အဖေတစ်ယောက်၏ချစ်ခြင်းပင်။ သူ၏သားကို ကြည့်လိုက်သည့်အချိန်တွင် ပြိုင်ဘက်ကင်းသည့်ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်ပင်လျှင် နူးညံ့သည့်ဘက်ခြမ်းရှိသည်ပင်။

“ဘာဖြစ်ခဲ့လဲဆိုတာ ငါသိတယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူ ထာဝရစစ်မြေပြင်၌ အခွင့်အရေးများကို ရှာဖွေနေစဉ်က ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို သူမှတ်မိသွားသည်။ ထိုအချိန်တွင် အချိန်မြစ်ကြီးကိုဖြတ်ကာ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာမှ စွမ်းအားကြီးသည့်လူတစ်ယောက် သူ့အား လာတွေ့ခဲ့သည်။

အဖြူရောင်အမျိုးသမီးတစ်ယောက်ပေါ်လာပြီး ထိုတစ်ဖက်လောမှ ဘိုးဘေးကို ဖိအားပေး ပြန်ဆုတ်ခိုင်းသောကြောင့်သာမဟုတ်ပါက သူသေချာပေါက် အန္တရာယ်တွေ့နေလေပြီ။

ရှီဟောင်နှင့် အတော်ဝေးဝေးတွင်ရှိနေသည့် ထိုအမျိုးသမီးသည် ရှီဟောင်အား အတော်လေးစွဲထင်စေခဲ့သည်ပင်။ သို့သော်လည်း သူမ၏ ပုံပန်းသွင်ပြင်အစစ်ကိုတော့ သူ မတွေ့ခဲ့ရ။ သူမ၏မျက်နှာဖုံးကို ကြည့်၍သာ သူခွဲခြားခဲ့ခြင်းပင်။

အချိန်မြစ်ကို ဖြတ်ကျော်၍ ကြည့်နိုင်သည့်သူ နှစ်ယောက်ရှိနေသောကြောင့် ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်လည်း သူ့အား ဤကဲ့သို့ တွေ့နိုင်သည်ပင်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်မှာ ထိုမျိုးဆက်မှ စွမ်းအားအကြီးဆုံးသက်ရှိများထဲမှ တစ်ယောက်ပင်။

“စီနီယာက အနာဂတ်ကိုကျော်ပြီး ကျွန်တော့်ကို တွေ့တာလား..” ရှီဟောင်မေးလိုက်သည်။

“မင်းက သဘောပေါက်မြန်သားပဲ..” ကောင်းကင်ဦးချိုပုရွက်ဆိတ် ပြောလိုက်သည်။ ထို့နောက် အရှင်က သူ့အားလှည့်ကြည့်လာသည်။ ရွှေရောင်မျက်ဝန်းထဲတွင် နေ၊ လနှင့် ကြယ်များ ကြွေကျနေပြီး ထာဝရတာအိုသက်ရှိများလည်း တစ်ယောက်နှင့်တစ်ယောက် စုတ်ဖြဲနေသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းမှာ လောကကြီးပြိုကွဲသွားကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုအဖြစ် ပြောင်းလဲသွားသည့် မြင်ကွင်းပင်။

ဝုန်း..

ထိုအချိန်တွင် သူ့ထံသို့ ဦးတည်လာနေသည့် ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းတစ်ခုကို ရှီဟောင်ခံစားလိုက်ရသည်။ သူသည် ထာဝရရှေးဟောင်းခေတ်၏ နောက်ဆုံးနေ့ရက်များ၌ ရပ်နေသကဲ့သို့ပင်။

ရွှီး..

ထို့နောက် လောကကြီးကို တုန်လှုပ်စေနိုင်သည့် ဓားတစ်လက်ကို ရှီဟောင် တွေ့လိုက်ရသည်။ ထိုအစိမ်းရောင်ဓားသည် တောက်ပနေခြင်းမရှိ။ ထိုဓားသည် အာကာသကို ဖြတ်ကျော်ကာ သူ၏မျက်ခုံးကြားကို ထိုးဖောက်သွားသောကြောင့် သူ့အား ပြင်းထန်သည့်နာကျင်မှုကို ယူဆောင်လာပေးသည်။

“အား..” ရှီဟောင် အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ် အေးခဲသွားကာ ချွေးပြန်လာသည်။

ထို့နောက် ဤသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်၏ အတွေ့အကြုံများဖြစ်ကြောင်း သူသိလိုက်ရသည်။ သူတိုက်ခိုက်နေသည့်အချိန်တွင် တစ်စုံတစ်ယောက်မှ သူ့အား လုပ်ကြံခဲ့ကာ သူ့မျက်ခုံးကြားသို့ ဓားတစ်ချောင်းဖြင့် ထိုးခဲ့သည်။

ဤသည်မှာ သူပြိုင်ဘက်ကင်းသည့် စွမ်းအားကြီးသည့် ရန်သူများနှင့် တိုက်ခိုက်သည့်အချိန်တွင် သူ့အားပိုသတိထားရန် သတိပေးခြင်းပင်။

“အဲဒီလူက အသက်ရှင်နေတုန်းပဲ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ပြောလိုက်သည်။

ဤစကားများကို ကြားလိုက်သည်နှင့် တစ်ဖက်လူသည် သူ့အား မည်သူက ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ဖြစ်သည်ကို ပြောပြချင်နေခြင်းဖြစ်ကြောင်း သေချာသွားရသည်။

ဝုန်း..

ထို့နောက် ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်၏ မျက်ဝန်းထဲတွင် အနက်ရောင်အရိပ်ကြီး ပေါ်လာသည်။ သူ၏ကြီးမားလှသည့် လက်ကြီး ကောင်းကင်ကိုဖုံးအုပ်ထားကာ ဖိနှိပ်လာသည်။

သူအသက်ရှူကြပ်နေသလို ရှီဟောင်ခံစားလိုက်ရသည်။ သူမလှုပ်ရှားနိုင်တော့။

“အမ်..” ဤခံစားချက်မှာ အတော်လေး ရင်းနှီးနေသည်။

ဤသည်မှာ အချိန်မြစ်၏ အပေါ်ပိုင်းထိရောက်လာကာ သူ့အားသတ်ရန် ကြိုးစားခဲ့သည့်သူပင်။

ဤသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ရင်ဆိုင်ခဲ့ရသည့် သူတစ်ယောက်ဖြစ်မည်ထင်သည်။

ရွှီး..

မိုးကောင်းကင်ကို တုန်လှုပ်စေသည့် အလင်းတန်းတစ်ခု အာကာသကို ထိုးဖောက်လာသည်။ ဤသည်မှာ လှံတံတစ်ခုပင်။ သူ၏ရွှေရောင်လှံထိပ်ဖျားမှာ လူတစ်ယောက်ကို ဝိညာဉ်ကို ထိုးခွဲလုမတတ်ပင်။ သူ၏အလင်းတန်းမှာ မျက်လုံးကန်းလောက်သည်အထိပင်။

ဤသည်မှာ တစ်ဖက်လောကမှ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူသုံးယောက်ပင်။

ဤလှံတံမှာ မြန်လွန်းလှပြီး အရာအားလုံးကို ထိုးဖောက်သွားလေ၏။ ဖူးဟူသည့်အသံနှင့်အတူ သွေးများလွင့်စင်လာသည်။ ရှီဟောင်သည် သူ၏ရင်ဘတ်ကို ထိုးဖောက်သွားပြီး အရိုးများအားလုံးကို ချိုးသွားကာ သူ၏သွေးကြောများအားလုံးပင် ပျက်စီးသွားသလို ခံစားလိုက်ရသည်။ သတ်ဖြတ်လိုသည့်စွမ်းအင်များမှာ သူ၏ဝိညာဉ်သို့ ဦးတည်လာသည်။

ဤသည်မှာ လောကကြီးကို ပြိုကွဲစေသည့်လှံတံပင်။

ဤအရာများမှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်၏ အတွေ့အကြုံများပင်။

ဤလှံတံကို ရင်ဆိုင်ရသည်နှင့် ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ဒေါသတကြီးဟစ်ကြွေးခဲ့ပြီး မိုးကောင်းကင်ထက်ရှိ ကြယ်များစွာကို ကြွေစေခဲ့သည်။ ထို့နောက် ဤရန်သူကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

“မူလလောကကြီး ပျက်စီးသွားပြီး ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုအဖြစ် ပြောင်းသွားတာ ဒီလိုမျိုးကြောင့်ထင်တယ်” ရှီဟောင် အံ့အားတကြီး ပြောလိုက်သည်။

ထို့နောက် သူသတိလစ်သွားသကဲ့သို့ သူ့ရှေ့ရှိ မြင်ကွင်းအားလုံး မှောင်မဲသွားသည်။

ဤသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး စစ်မြေပြင်မှ ပြန်လည် ထွက်ခွာလာသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို သူသိသည်။

“ငါ မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ခဲ့တယ် .. မသေမျိုးသက်ရှိလို့ခေါ်တဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ခဲ့တယ် .. ဒါပေမဲ့ ဒီသက်ရှိသုံးယောက်က အရမ်းကို ကြောက်စရာကောင်းတယ် .. သူတို့သုံးယောက်လုံး အသက်ရှင်လွတ်မြောက်သွားကြတယ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်မှ ပြောလိုက်သည်။

ဤသည်မှာ တစ်ဖက်လောကမှ ကြောက်စရာအကောင်းဆုံးသူများပင်။ ယခုအချိန်တွင် ဤထက်ပိုစွမ်းအားကြီးသည့် ရန်သူရှိနေမလားတော့ သူ မသိတော့။ ထိုတိုက်ပွဲပြီးသည့်နောက် သူ့ဘဝတစ်ခြမ်းပျက်စီးခဲ့ရသည်။

သူသည် အစက ပြိုင်ဘက်ကင်းသည့်သူတစ်ယောက်ဖြစ်သော်လည်း ထိုတိုက်ပွဲပြီးသည့်နောက် သူ့ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိသွားသည်။

ဤသည်မှာ အလွန် တောက်ပကာ ခမ်းနားခဲ့သည့်တိုက်ပွဲဖြစ်မည်မှာ သေချာသည်။ သို့သော်လည်း ကမ္ဘာမြေသို့ ပြန်ရောက်လာသည့်အချိန်တွင် မှတ်တမ်းတင်ထားသည့်အရာများ သိပ်မရှိတော့။ နောက်ပိုင်းမျိုးဆက်များမှာ ဤတိုက်ပွဲအကြောင်း သိပ်မသိကြတော့။

“တစ်ခြားသူတွေ ဘယ်လိုပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ခဲ့ရလဲငါမသိဘူး .. ဒါပေမဲ့တစ်ဖက်လူက ငါ့ကိုတော့ တော်တော်လေး အလေးထားခဲ့တယ် .. လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ ကျွမ်းကျင်သူသုံးယောက်နဲ့အတူတူ မရေမတွက်နိုင်တဲ့ မသေမျိုးသက်ရှိတွေကို ခေါ်လာခဲ့တာ .. ဟက်..” ကောင်းကင်ဦးချိုပုရွက်ဆိတ် အေးစက်စွာ ရယ်မောလိုက်သည်။ သို့သော်လည်း နောက်ဆုံး၌ သူကျရှုံးခဲ့ရသောကြောင့် သူအနည်းငယ် ဝမ်းနည်းကာ မကျေမနပ်ဖြစ်မိသည်။

“မင်းခန္ဓာကိုယ်ကနေပြီးတော့ မင်းရဲ့လူငယ်ပုံရိပ်ကို ငါတွေ့ပြီးသွားပြီ .. မင်းက အဆုံးမဲ့တဲ့တာအိုကို လေ့လာပြီးတော့ စွမ်းအားအကြီးဆုံးလူတွေထက်ကို သာလွန်ခဲ့တယ် .. မင်းသာ ကောင်းကင်ဦးချိုပုရွက်ဆိတ်လူမျိုးစုဖြစ်ရင် ငါပိုပြီးပျော်မိမှာ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်ပြောလိုက်သည်။

“စီနီယာ .. စီနီယာ ဘာတွေကို မြင်ခဲ့ရတာလဲ..” ရှီဟောင် မေးလိုက်သည်။ အနာဂတ်မှာ မည်ကဲ့သို့ ဖြစ်နေမည်ကို သူ တကယ်သိချင်လှသည်။

“ငါ့ကလေးကို ကြည့်တဲ့အချိန်မှာ မင်းကိုလည်း မြင်ခဲ့တယ် .. သူက မင်းနဲ့အတူတူ သွေးလွှမ်းတဲ့တိုက်ပွဲတွေကို တိုက်ခိုက်နေခဲ့တာ .. စစ်ပွဲမီးတောက်တွေက ကောင်းကင်ဘုံကိုးခုလုံးကို လွှမ်းခြုံထားတာ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်၏ မျက်လုံးများ မီးတောက်ကဲ့သို့ လောင်ကျွမ်းလာသည်။

“နောက်ဆုံးမှာ ဘာဖြစ်သွားတာလဲ..”

“ငါ ရှင်းရှင်းလင်းလင်းမမြင်ရဘူး..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ခေါင်းခါ၍ ပြောလိုက်သည်။

“ဘာလို့ မမြင်ရတာလဲ..” ရှီဟောင် မယုံကြည်နိုင်ဖြစ်နေသည်။

“တိုက်ပွဲက သိပ်မဝေးတော့ဘူး .. ဒီတစ်ခေါက်တိုက်ပွဲက ငါတို့တုန်းကထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းတယ် .. လူတွေ အများကြီးပါလာမှာ .. ဒီလိုကိစ္စတွေ ဖြစ်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်ပြောလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ နောင်အနာဂတ်မှာ ဖြစ်လာမယ့်တိုက်ပွဲမှာ တစ်ခြားအရာတွေပါ ရှိနေတာလား.. ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခု ရှင်သန်နိုင်မယ့် နည်းလမ်းတစ်ခုလောက် ရှိမလား..

“သမိုင်းစကတည်းက တစ်ခါမှ မရှိဖူးတဲ့ အမှောင်မိုက်ဆုံးခေတ်ကြီး ရောက်လာတော့မယ် .. ဒါက ထာဝရရှေးဟောင်းခေတ်မှာ ငါတို့ကြုံတွေ့ခဲ့ရတာထက်ကို ပိုကြီးတယ် .. မင်းကိုယ်မင်း သေချာပြင်ဆင်ပြီးသွားပြီလား .. မင်းကြောက်နေပြီလား..” ကောင်းကင်ဦးချိုပုရွက်ဆိတ် အော်ဟစ်လိုက်သည်။

“ဘာကြောက်စရာရှိလို့လဲ .. သူတို့က ဘာတွေလဲဆိုတာတောင် ကျွန်တော်တို့ မသိရသေးဘူး .. သူတို့အားလုံး လာပါစေ..” ရှီ‌ဟောင် ပြောလိုက်သည်။

“ဘယ်သူမှ မင်းကို မကူညီနိုင်တဲ့တစ်နေ့ ရောက်လာမှာ .. ဘာအသံမှ မကျန်တော့ပဲ အသံတွေအားလုံး တိတ်ဆိတ်သွားတဲ့အထိ စစ်ပွဲမီးတောက်ကြီးက ဝါးမြိုသွားမှာ .. အဲဒီအချိန်ကျရင် မင်းရန်သူတွေကို ခုခံရဲမှာလား..”

“ကျွန်တော် ခုခံရဲတယ်..” ရှီဟောင် တွေဝေနေခြင်းမရှိပဲ ပြောလိုက်သည်။

“ကမ္ဘာကြီးက အကျယ်ကြီးပဲ ဒါပေမဲ့ မင်းက တစ်ယောက်တည်း .. ဒါက မင်းတစ်ယောက်တည်း တိုက်ရမယ့်တိုက်ပွဲ မင်းရဲ့သွေးတွေပဲစီးဆင်းနေမှာ .. မင်း လူငယ်ဘဝကနေ ဆံပင်တွေ ဖြူလာပြီးတော့ မင်းရဲ့သွေးစွမ်းအင်တွေ ခမ်းခြောက်သွားတဲ့အထိ မင်းတစ်ယောက်တည်း တိုက်နေရမှာ .. မင်းတိုက်ရဲလား..” ကောင်းကင်ဦးချိုပုရွက်ဆိတ် မေးလိုက်သည်။

“စီနီယာတွေ့ခဲ့တာတွေက ကျွန်တော့်ဘဝလား..” ရှီဟောင် တည်ငြိမ်စွာ မေးလိုက်သည်။

“ဒီမေးခွန်းကို မဖြေနိုင်ဘူး..” ကောင်းကင်ဦးချိုပုရွက်ဆိတ် ပြောလိုက်သည်။

“တစ်ခြားသူတွေကရော .. ဘာလို့ကျွန်တော်တစ်ယောက်တည်း ကျန်ရမှာလဲ..” ရှီဟောင် ကျယ်လောင်စွာ မေးလိုက်သည်။

“ငါ အဆုံးသတ်နှစ်ခုကို မြင်ခဲ့တယ် .. ဒါက နှစ်ခုထဲက တစ်ခုပဲ..” ကောင်းကင်ဦးချိုပုရွက်ဆိတ် ပြောလိုက်၏။

သူကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် သူ့ရှေ့မှ လူငယ်လေးကို တွေ့လိုက်ရသည်နှင့် ခံစားချက်များ ရှုပ်ထွေးသွားရသည်။ သူ့ခေတ်ထက်ပင် ပိုကြောက်စရာကောင်းသည့်အရာများကို တွေ့ကြုံရမည့် လူတစ်ယောက်ကို တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့။

“အခြေအနေတစ်ခုပဲ ရှိနိုင်မှာ .. နှစ်ခုဖြစ်စရာ အကြောင်း မရှိဘူး..” ရှီဟောင်ပြောလိုက်၏။

“ဘာလို့လဲဆိုတော့ ငါမြင်တာတွေက မရှင်းလင်းဘူး .. တစ်ချို့ဟာတွေက ထပ်နေတာ .. ငါမြင်ကွင်းနှစ်ခုကို မြင်ခဲ့တာ .. တစ်ခုက မင်းဟာ တစ်ခုက တစ်ခြားသူဟာ .. ငါ ဒါကို အခြေအနေနှစ်ခုလို့ပဲ မြင်နိုင်တာ.. ဘယ်ဟာက ဘယ်သူ့ဟာမှန်း မသိရဘူး..” ကောင်းကင်ဦးချိုပုရွက်ဆိတ် ရှင်းပြလိုက်သည်။

“ကျွန်တော် အနာဂတ်ကို မယုံကြည်ဘူး .. ကျွန်တော့်လက်သီးနှစ်လုံးက သူတို့ရဲ့ ကိုယ်ပိုင်အနာဂတ်ကို ဖောက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ် .. သူတို့တွေ တောက်ပတဲ့‌ လောကကြီးတစ်ခုကို ဖွင့်ကြလိမ့်မယ်..” ရှီဟောင် လက်သီးများကို တင်းတင်းကြပ်ကြပ်စုတ်၍ ခိုင်မာစွာ ပြောလိုက်သည်။

သူ ဤအနာဂတ်အကြောင်း ကြားနေရသည်မှာ တစ်ခါမကတော့။ သူ ဤသည်ကို လက်မခံနိုင်။ သူ၏ကိုယ်ပိုင်ခွန်အားကိုသာ ယုံကြည်သည်။ သူလောကကြီးကို ပြောင်းပြန်လှန်ကာ ထို’ရလဒ်’ကို ပြောင်းပစ်မည်။

“နောင်မှာ ဘယ်လိုရန်သူမျိုးတွေ ရှိမှာလဲ..” ရှီဟောင်မေးလိုက်၏။

“အများကြီးပဲ .. တစ်ချို့ ထာဝရရှေးဟောင်းခေတ်က မဟုတ်တဲ့သူတွေတောင် ပါလာလိမ့်မယ်.. သူတို့တွေက အစောကြီးကတည်းက ရှိနေကြတာ .. အခုတော့ သူတို့အားလုံး ထွက်လာလိမ့်မယ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်၏မျက်လုံးများမှာ မီးတုတ်များကဲ့သို့ တောက်ပနေသည်။

“ဥပမာအားဖြင့် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုရဲ့ ကာကွယ်သူ လူမျိုးစု .. သူတို့ခန္ဓာကိုယ်ထဲမှာ ဘာကြောင့် ရွှေရောင်သွေးရှိနေတာလဲ .. အဲဒီသွေးတွေ ဘယ်ကရောက်လာတာလဲ .. အချိန်ကျလာရင် အားလုံးရှင်းလင်းသွားလိမ့်မယ် .. သူတို့နဲ့ တစ်နေရာတည်းက လာတဲ့သူတွေလည်းရှိတယ်”

ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် သူ့အား လေးလေးနက်နက်သတိပေးလာသည်။ သူ ကောင်းကင်ဘုံမှ သက်တမ်း နှစ်ငါးရာလောက် ချေးငှားကာ ဤလူများနှင့် တိုက်ခိုက်ချင်မိသည်။

“အချိန်ကျလာရင် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ခုက အဲဒီလောက်မကျယ်မှန်း မင်းသိသွားလိမ့်မယ် .. တကယ့်စစ်မြေပြင်က အကန့်အသတ်မရှိလောက်အောင်ကို ကျယ်ပြောတယ် ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ပြောလိုက်သည်။

သူကျန်သည့်ကိစ္စများကို မပြောချင်တော့။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် ထိုအဆင့်ထိ မရောက်သေး။ ထိုအကြောင်းအရာများကို ယခုချိန်ပြောလိုက်လျှင် စိတ်ရှုပ်ရုံသာရှိလိမ့်မည်။

“ကျွန်တော် မပျက်စီးနိုင်တဲ့ကျမ်းစာကို လိုချင်တယ်..” နောက်ဆုံးတော့ ရှီဟောင်ပြောလိုက်သည်။

ဤကဲ့သို့ ကျမ်းစာများကို တိုက်ရိုက်တောင်းရဲသည့်သူ ဘယ်နှစ်ယောက်ရှိမည်နည်း..

“ကောင်းပြီလေ .. ဘယ်နေရာမှာ ရှာရမလဲဆိုတာ ငါမင်းကို ပြပေးမယ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် နာကျင်သည့်ပုံစံဖြင့် ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူအနာဂတ်၏ တစ်စိတ်တစ်ပိုင်းကို မြင်ခဲ့ရသောကြောင့် ဤနေရာမှ တစ်စုံတစ်ယောက်က ထွန်းပေါက်ပြီး အနိုင်ယူနိုင်ရန် မျှော်လင့်ထားသည်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ရှီဟောင်အား အလေးထားသောကြောင့် သူ အချိန်ဖြုန်းမနေတော့။

ရွှီး..

ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် လက်ညှိုးထိုးလိုက်သည်နှင့် ကြယ်တစ်စု ထွက်ပေါ်လာကာ ရှီဟောင် မျက်ခုံးကြားသို့ ဝင်ရောက်သွားသည်။

“အရင်တုန်းက ငါ ဒီပညာကို ကျင့်ကြံခဲ့တယ် .. ဒါပေမဲ့ ငါပြီးပြည့်စုံတဲ့အဆင့်ကို မရောက်ခဲ့ဘူး .. အဲဒါက ငါပြည့်စုံတဲ့ကျမ်းစာကို မရခဲ့လို့လည်း ဖြစ်နိုင်တယ် .. မင်း အဲဒီနေရာကိုသွားရင် ပြည့်စုံတဲ့ရှေးဟောင်းကျမ်းစာကို ရဖို့ မျှော်လင့်မိတယ် .. အဲဒါမှ ငါ့လိုမျိုး နောင်တရမနေမှာ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် သတိပေးလိုက်သည်။

အပိုင်း ၁၄၇၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၇ – အခွင့်အရေးတစ်ခုလုံး

ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် နောင်တရနေသည်မှာ သူ မပျက်စီးနိုင်သည့်ခန္ဓာကိုယ် မရလိုက်သောကြောင့်ပင်။ မဟုတ်ပါက သူဤကဲ့သို့‌သော အဆုံးသတ်မျိုးကြုံရလိမ့်မည်မဟုတ်။

သို့သော် သူပြီးပြည့်စုံသည့်အဆင့်ထိရောက်အောင် ကျင့်ကြံခဲ့လျှင်လည်း ထိုကဲ့သို့သော အကျိုးရလဒ်မျိုးရမရမှာ ပြောရန်ခက်သည်။

အသွေးအသား မည်မျှတိုက်ခိုက်ခံရပါစေ မပျက်စီးဘူးဆိုသည်မှာ ခန္ဓာကိုယ်သည် ထာဝရရွှေထက်ပင် မာကျောသည်ဟု ဆိုလိုခြင်းမလား..

ခန္ဓာကိုယ်အခွံကြီး မပျက်မစီးရှိနေပြီး ပညာအားလုံးကိုလည်း ခုခံနိုင်လိမ့်မည်။ ကြယ်များပင်ပျက်စီးသွားသော်လည်း ခန္ဓာကိုယ်ကတော့ ကမ္ဘာတည်သရွေ့ရှိနေမည်။

ခန္ဓာကိုယ်သည် ယခင်က ဝိညာဉ်အသိစိတ်များကို ပြန်လည်ဖန်တီးနိုင်သည့် ‘မူလရင်းမြစ်နေရာ’ ဖြစ်လာမည်။ ဤသည်မှာ လက်မခံနိုင်စရာကောင်းလောက်သည့် အလောင်းပြောင်းလဲခြင်းပင်။ သို့မဟုတ် မူလဝိညာဉ်ပြောင်းလဲခြင်းဟုပင် ပြောလိုက်သည်။

ရှီဟောင်စိတ်ထဲသို့ တံဆိပ်အချို့ ရောက်လာသည်။

ထိုအချိန်တွင်တော့ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ဘာကြောင့် မပျက်စီးနိုင်သည့်ကျမ်းစာအား တိုက်ရိုက်မပေးသည်ကို သူနားလည်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူရထားသည့် ကျမ်းစာမှာ မပြည့်စုံဘူးဟု ခံစားနေရသောကြောင့် နောင်လာသည့်မျိုးဆက်များအား သူတို့ဘာသာသူတို့ ရှာဖွေစေလိုခြင်းပင်။

အခွင့်အရေးရှိလျှင် ပြည့်စုံသည့် ရှေးဟောင်းကျမ်းစာကို သူ ရလိမ့်မည်ပင်။ ထိုအချိန်ကျလျှင် သူမှော်ဆန်သည့်ကိစ္စများကို တကယ်လုပ်နိုင်လောက်သည်။

ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ ဤရှေးဟောင်းကျမ်းစာမှာ ရှေးကျလွန်းလှသည်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်ပင်လျှင် မည်သူက စတင်ပြုလုပ်ခဲ့သည်ကို မသိရလောက်သည်အထိ ရှေးကျခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ထိုစကားလုံးများမှာ အလွန်ထူးခြားလှသည်။ လူတစ်ယောက်၏ တာအိုနားလည်မှု လုံလောက်အောင် လေးနက်သည်နှင့် မည်သည့်ခေတ်ပင်ဖြစ်ပါစေ သူတို့ဤစာလုံးများကို နားလည်လိမ့်မည်။

အရာအားလုံးကို တစ်ခုတည်းအဖြစ်ပြောင်းလဲခြင်း၊ မြစ်ပေါင်းတစ်ရာမှ ပင်လယ်ထဲသို့ စီးဝင်သွားခြင်း .. လမ်းများစွာသည် အဆုံးသို့ ရောက်သွားလျှင် ချိတ်ဆက်သွားမည်ပင်။ အဆုံး၌ စာလုံးများကို ဝေမျှသုံးကြလိမ့်မည်။

ဤသည်မှာ လက်မခံချင်စရာကောင်းသော်လည်း အမှန်တရားပင်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် သူ့အား ပြောပြသည့် အကြောင်းအရာအရဆိုလျှင် အားလုံး ပြောင်းလဲမှုများကို ကြုံတွေ့ရလိမ့်မည်။

“စီနီယာ .. ကျွန်တော်တို့ သူ့ကိုနှိုးပြီးတော့ စီနီယာနဲ့ တွေ့ခိုင်းသင့်လား..” ရှီဟောင် တည်ငြိမ်စွာ မေးလိုက်သည်။

“မလိုဘူး .. ငါက သေသွားပြီ .. ဒါက ဝိညာဉ်အပိုင်းအစ အကြွင်းအကျန်လေးပဲ .. သူ့ကို ထပ်ဝမ်းနည်းအောင် လုပ်မနေတော့ဘူး .. ငါ့ကလေးက အမြဲတမ်းငိုနေတဲ့ ကလေးမဖြစ်ရဘူး .. ငါသူ့ကို ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကြားမှာ မားမားမတ်မတ်ရပ်ပြီး ကောင်းကင်ရဲ့ထောက်တိုင်ကြီး ဖြစ်စေချင်တာ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ငြင်းဆိုလိုက်သည်။

ရှီဟောင် တိတ်ဆိတ်သွားရ၏။

“နှုတ်ဆက်ပါတယ် .. ဒီတစ်ခေါက်တွေ့ပြီးရင် ငါတို့ဘယ်တော့မှာ ပြန်တွေ့ရတော့မှာ မဟုတ်တော့ဘူး..” ထိုသို့ပြောပြီးနောက် ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်သည် အလင်းလုံးလေးအဖြစ်သို့ ပြောင်းလဲသွားကာ ဦးခေါင်းခွံထဲသို့ ဝင်သွားသည်။

ထိုရွှေရောင်ပုရွက်ဆိတ်ခေါင်း အရောင်မှိန်သွားကာ အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာသည်။ သူ နှစ်ပေါင်းမည်မျှသာ ဆက်လက်ရှိနေနိုင်မည်နည်း..

သူ၏ ဝိညာဉ်အပိုင်းအစကို ချန်ထားခဲ့ရန်အတွက်ပင် ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ပေးဆပ်ခဲ့ရပေလိမ့်မည်။

ဤသည်မှာ ရှီဟောင်အား စိတ်လှုပ်ရှားစေသည်။ အာကာသတစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့သူက ဘာလို့ စိတ်ဝိညာဉ်အပိုင်းအစလေးကို ချန်ထားခဲ့တာလဲ .. သူ မကျေနပ်ချက်တွေရှိသေးလို့များလား..

သူ့ဘာသာသူ တိတ်တဆိတ်စဉ်းစားပြီးနောက် ခေါင်းမော့လိုက်သည်။

“ထဖို့ အချိန်ရောက်ပြီ..” သူကျယ်လောင်စွာ အော်ဟစ်လိုက်ကာ ထိုပုရွက်ဆိတ်လေးကိုနှိုးလိုက်သည်။

တောင်တစ်လုံးအရွယ်အစားရှိသည့် ပုရွက်ဆိတ်၏ မျက်လုံးများနီရဲနေကာ သူဤနေရာသို့ သတိလက်လွတ် လျှောက်လာလေ၏။ သူ အရာအားလုံးကို ဖျက်ဆီးတော့မည်။

သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားသည်နှင့် လေဟာနယ်ကြီး ပျက်စီးသွားကာ အနက်ရောင်အက်ကွဲကြောင်းများ နေရာတိုင်း၌ ပေါ်လာသည်။

ဤသည်မှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်ပင်။ သူတို့အရွယ်မရောက်သေးသော်လည်း သူတို့တိုက်ခိုက်လိုက်သည်နှင့် ထူးခြားသည့်နတ်ခွန်အားများ ရှိနေမည်ပင်။

သူ့ထံ၌ အလားအလာများစွာ ရှိနေသည်မှာ သေချာသည်။ ဤသည်မှာ မသန့်စင်သည့်မျိုးဆက်မဟုတ်။ ရက်စက်သည့်သားရဲ ၁၀ မျိုး၏ နောင်လာနောက်သားအစစ်ပင်။ သူ၏ပါရမီများမှာ အတိတ်နှင့်ပစ္စုပ္ပန်ကို တုန်ခါစေနိုင်သည်ပင်။

ဝုန်း..

ကြီးမားလှသည့် ရွှေရောင်လက်ဝါးကြီး တစ်ချက် ကျရောက်လာသည်။ သူမနှိုးလာသေးပဲ ရှီဟောင်အား တိုက်ခိုက်နေခြင်းပင်။

ဖုန်း..

ရှီဟောင် လက်လွတ်စပယ် မလုပ်ရဲ။ သူ မူလရှေးဟောင်းမှတ်တမ်းကို အသက်သွင်းကာ သန့်စင်သည့်အလင်းများကို သူ့ပတ်လည်၌ ရစ်ပတ်စေလိုက်သည်။ ထို့နောက် သူလက်မြှောက်လိုက်ကာ သူနှင့်လက်သီးတစ်ချက် ဖလှယ်လိုက်သည်။

ဤနေရာ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် လေဟာနယ်ကို ပျက်စီးသွားစေရုံသာမက လူတစ်ယောက်၏ ဝိညာဉ်ကိုပင် တုန်ခါသွားစေနိုင်သည်။

“ဝိုး .. ဒါက နည်းနည်းလေး ပြဿနာရှိနေပြီ..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ခန္ဓာကိုယ်အစစ်မဟုတ်။ မူလဝိညာဉ်တံဆိပ်တစ်ခုသာ။ ထို့ကြောင့် သူ၏စွမ်းအားအကုန်လုံးကို အသုံးပြုရန် ခက်ခဲနေသည်။

ရွှီး..

သူ ဝိညာဉ်တစ်သောင်းသင်္ကေတကို အသက်သွင်းလိုက်ကာ ဤနေရာမှ ထွက်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ပြန်သွားလိုက်သည်။ ပုရွက်ဆိတ်လေး သူ့နောက်လိုက်လာမည်ကို အပြင်ဘက်၌ စောင့်နေလိုက်သည်။

သေချာပါသည်။ ပုရွက်ဆိတ်ကြီး သူ့နောက်သို့ လိုက်လာသည်ပင်။ သူထုတ်လွှတ်လိုက်သည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်အော်ရာမှာ ဂူအနားတွင်ရှိနေသည့် စစ်သားဟောင်းများကိုပင် ထိတ်လန့်သွားစေသည်။

ခွပ်..

ပုရွက်ဆိတ်လေး၏ ဦးချိုတောက်ပလာကာ အရာအားလုံးကို ဖျက်ဆီးလိုက်သည်။ ထာဝရမြူများ ထွက်ပေါ်လာသလို ပုံသဏ္ဍာန်များစွာလည်း ထွက်ပေါ်လာပြီး လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဤသည်မှာ အာကာသကြီးကို စုတ်ဖြဲပစ်သည့် ထာဝရဦးချိုများပင်။

ဒုန်းဟူသည့်အသံနှင့်အတူ ရှီဟောင်၏ခန္ဓာကိုယ်အစစ် တရှိန်ထိုး ပြေးလာသည်။ ယခုတစ်ခေါက်တော့ သူသည် ခွန်ပန်ပညာလက်သီးကို အသုံးပြုလိုက်ခြင်းပင်။

ပြင်းထန်သည့် ထိခတ်မှုပြီးသည့်နောက်တွင် ရှီဟောင် ပုရွက်ဆိတ်လေးကို ဖိနှိပ်လိုက်နိုင်သည်။ ထို့နောက် သူ၏ခွန်အားများကို ရှီဟောင် ပြုပြင်ပေးလိုက်သည်။ ပုရွက်ဆိတ်လေး တစ်ဖြည်းဖြည်းပြန်ကျုံ့သွားကာ သူ၏မူလအရွယ်အစား ပြန်ဖြစ်သွားသည်။

“ငါ ဘာဖြစ်သွားတာလဲ .. မင်း မပျက်စီးနိုင်တဲ့ကျမ်းစာကို ရှာတွေ့လိုက်လား..” သူနိုးလာသည်။

“ငါ သဲလွန်စတစ်ချို့ရပြီ .. ဒါပေမဲ့ အဲဒီကျမ်းစာက ဒီမှာ မဟုတ်ဘူး .. ငါတို့အပြင်ထွက်ရှာရမှာ .. မင်း ငါနဲ့လိုက်ခဲ့ချင်လား..” ရှီဟောင်မေးလိုက်၏။ သူ့အဖေအကြောင်း မပြောပြတော့။ သူ့ကိုပို၍ ဝမ်းမနည်းစေချင်တော့။

“ငါ့ကို မင်းနဲ့လိုက်ခဲ့ဖို့ လှည့်စားနေတာလား..” ပုရွက်ဆိတ်လေး၏ မျက်လုံးများတောက်ပနေကာ သူ၏မျက်နှာထက်၌ သံသယဝင်သည့်အကြည့်များ ရှိနေသည်ပင်။ သူ၏လှည့်ကွက်များအောက် ကျသွားမည်မဟုတ်ကြောင်း ပြောချင်နေခြင်းပင်။

“မင်းသဘောပဲ..” ရှီဟောင် လှည့်ထွက်သွားလိုက်၏။

“ခဏ .. မပျက်စီးနိုင်တဲ့ကျမ်းစာ ဘယ်မှာရှိလဲဆိုတာ မင်း တကယ်သိတယ်လို့တော့ ငါ့ကို မပြောနဲ့နော် .. ငါပြောမယ် .. ဒါက ငါ့မိသားစုရဲ့ကျမ်းစာ မင်းတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားလို့ မရဘူး..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။

“ငါနဲ့သာ လိုက်ခဲ့လိုက်စမ်းပါ .. မင်းက ငါမင်းကို ဒုက္ခပေးမှာ ကြောက်နေတာလား..” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

“ငါ ခဏ စဉ်းစားလိုက်ဦးမယ်..” ပုရွက်ဆိတ်လေး သူ့ကိုယ်သူ ပြောလိုက်သည်။ ဤနေရာ၌ ကြာကြာနေပါက ဘာအကျိုးမှ မရှိဘူးဟု သူခံစားနေရသည်။ စွမ်းအားကြီးသည့်သူများမှာ ဖန်လှောင်အိမ်ထဲ၌ ကြီးပြင်းကြသည်မဟုတ်။ နောင်အနာဂတ်တွင်ကိစ္စများ ဆိုးရွားလာမည်ဖြစ်ကြောင်း ထိုစစ်သားဟောင်းများ သူ့အား ပြောပြထားသည်ပင်။ သူသာ ယခု အပြင်ထွက်ပြီး အတွေ့အကြုံမယူလျှင် ထိုနေ့ရောက်လာသည့်အချိန်၌ သူဒုက္ခတွေ့လိမ့်မည်။

“ကောင်းပြီလေ .. ငါသွားမယ် .. အပြင်ဘက်လောကက စည်းစိမ်တွေက ဘယ်လိုလဲဆိုတာကြည့်ကြတာပေါ့ .. ဒီခေတ်ကြီးမှာ ဘာတွေများထူးခြားတာရှိလဲဆိုတာ ကြည့်ကြတာပေါ့ .. မဟုတ်ရင်လည်း ဒီခေတ်ကြီးက ပျက်စီးတော့မှာပဲကို..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။

သူတို့နှစ်ဦး ထွက်လာသည်နှင့် လူများစွာ၏ တောက်လောင်နေသည့်အကြည့်များ သူ့ထံသို့ ရောက်လာကြသည်။

“မင်း အဲဒီ မပျက်စီးနိုင်တဲ့ကျမ်းစာကို ရခဲ့လား..” ချောင်ယုရှင်း တံတွေးမြိုချပြီး ပြောလိုက်သည်။

ခဏကြာပြီးသည့်နောက် သူ ပြန်ပြင်ပြောလိုက်သည်။ “မင်းမရခဲ့ဘူးမလား .. အားလုံးပဲ စဉ်းစားနေတာ ရပ်လိုက်ကြတော့ .. ဒီကနေသာ ထွက်သွားလိုက်ကြ .. ငါတို့ကို ဒီလိုမျိုးလာကြည့်မနေနဲ့..”

အားလုံး သူတို့အား ဝိုင်းလာမည်စိုးသောကြောင့်ပင်။ မည်သို့ပင်ဖြစ်စေ ဤနေရာ၌ အဆင့်လွန်လူငယ်များစွာ ရှိနေသေးသည်။ သူတို့သာ တကယ်ပူးပေါင်းပြီး တိုက်ခိုက်ပါက သူတို့ ဘယ်လိုလုပ် ခုခံနိုင်မည်နည်း..

မည်သူမှ ဘာမှမပြောကြ။ လန်ရှင်း၊ လုဟုန်၊ ရှုထော်၊ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် အခြားသူများမှာ ရှီဟောင်နှင့် ပုရွက်ဆိတ်လေးကိုသာ ကြည့်နေကြသည်။ သူတို့နှစ်ဦး၏ မျက်နှာထက်မှ တစ်စုံတစ်ခုကို သိလိုနေကြသည်။

“ဘာမှဖုံးကွယ်စရာ မရှိဘူး .. ငါ ဂူထဲကနေ ကျမ်းစာ မရခဲ့ဘူး..” ရှီဟောင် တည့်တိုးပင် ပြောလိုက်သည်။

ထိုလူများ ဘာမှမပြောသလို ဘာအမူအရာမှလည်း မပြကြ။ သူတို့ ရှီဟောင်နှင့် ပုရွက်ဆိတ်လေးကိုသာ ကြည့်နေကြသည်။

ရှီဟောင်ဘေးတွင် ချောင်ယုရှင်း၊ စုန်းမ၊ ချန်ကုန်းယန်နှင့် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ ရှိနေသည်။

“ဒီလိုမျိုးလုပ်စရာမလိုဘူး ..”
ထို့နောက် သူတစ်ယောက်တည်း အရှေ့ဘက်သို့ လျှောက်လာကာ ထိုအဆင့်လွန်လူငယ်များရှေ့၌ ရပ်လိုက်သည်။ “ငါက ပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူ .. ငါဘာကိုမှ မဖုံးကွယ်ထားဘူး … မင်းတို့မယုံရင်လည်း ငါရလာတယ်လို့ မှတ်လိုက် .. ငါဒီမှာ ရပ်နေမယ် .. ဘယ်သူ ငါ့ကို စိန်ခေါ်ရဲလဲ..”

“မင်းဘာကို ဆိုလိုတာလဲ .. မင်းက ဒီမှာရှိတဲ့သူတွေအားလုံးရဲ့ ဂုဏ်သိက္ခာကို ရန်စချင်နေတာလား..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ဒါကို လက်မခံချင်ဘူးလား .. ဒါဆို ငါ့ဆီလာခဲ့လိုက်..” ရှီဟောင် ထိုပြောလိုက်သည့်သူကို လက်ညှိုးထိုးကာ သူ့အားစိန်ခေါ်ခြင်းကို လက်ခံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူလည်း စတင်တိုက်ခိုက်ရန် အရှေ့ဘက်သို့ တိုးသွားသည်။

“ထားလိုက်တော့ .. ငါတို့မင်းကို ယုံတယ်..” ရှုထော်မှ ပေါက်ကွဲလာတော့မည့် အခြေအနေကို ဖျန်ဖြေပေးလိုက်သည်။

“အစ်ကိုရှီ .. ဒီလိုမျိုးလုပ်စရာ လိုလို့လား .. တစ်နေ့ကျရင်ကျွန်မတို့ အတူတူ တိုက်ခိုက်ရမှာပဲလေ .. ကျွန်မတို့က ရန်သူတွေမှ မဟုတ်တာ.. ကျွန်မတို့ကြားမှာ ဒီလိုမျိုး လုပ်စရာမလိုပါဘူး..” လန်ရှင်း အပြုံးနုလေး ပြုံး၍ ပြောလိုက်သည်။

ရှီဟောင် ဘာမှမပြော။ သိပ်မကြာခင်ကပင် ဤလူများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သေးသည်။ သူတို့၏ သဘောထားပြောင်းလဲသွားသည်မှာ လျင်မြန်လွန်းလှသည်။ သို့သော် သူလည်း သူတို့နှင့် မတိုက်ခိုက်ချင်တော့။

“သွားမယ်..”

ရှီဟောင် လမ်းလျှောက်သွားလိုက်၏။ သူ့နောက်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ လိုက်ပါလာသည်။ ထိုအဆင့်လွန်လူငယ်တစ်ယောက်မှ သူ့နောက်သို့ လိုက်မလာကြ။

ဗွမ်း..

ခဏကြာပြီးသည့်နောက်တွင် လူတစ်စု ကန်ထဲသို့ ခုန်ချလိုက်ကြသည်။ ဤနေရာ၌ ရေခိုးရေငွေ့များ ပြည့်နှက်နေသည်ပင်။

“ဒါက ငါရေချိုးတဲ့နေရာ .. ဒီနေရာမှာ နတ်ဆေးပင်တစ်ချို့ရှိတယ်..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။ သူတို့ထဲတွင် ဤကဲ့သို့သော ‘သစ္စာဖောက်’မျိုးရှိနေသည့်အတွက် သူတို့အလွန်အကျိုးရှိမည်ပင်။

ကံမကောင်းစွာဖြင့်ပင် တောင်နှစ်တောင်သာပွင့်သည်။ တစ်တောင်မှာ သူတို့ဝင်ခဲ့သည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်နေထိုင်သည့်ဂူပင်။

နောက်တစ်တောင်မှာ ချီလင်းဖြူလေးသာ ဝင်ခွင့်ရှိသည့်‌ တောင်တစ်တောင်ပင်။

ဤစစ်သားဟောင်းများ အစောကြီးကတည်း ပြောပြီးသားပင်။ ချီလင်းအရှင်သည် ဤနေရာ၌ သူ၏နောင်လာနောက်သားအတွက် တစ်ခုခု ချန်ရစ်ထားခဲ့သည်။ ထိုပစ္စည်းကို အခြားသူများ လုယူခွင့်မရှိ။

ကျန်သည့်အခြား တောင် ၇ လုံးတွင် အချို့တောင်များမှာ အလွတ်ဖြစ်ပြီး အချို့တောင်များမှာ အနည်းငယ် ထူးဆန်းသည်။ တောင်ပတ်လည်တွင် ထာဝရတာအိုအစီအရင်များရှိနေပြီး မည်သူမှ အတင်းဝင်သွား၍မရ။

ထိုတောင် ၇ လုံးနှင့်ပတ်သက်ပြီး ဘာဖြစ်ခဲ့သည်ကို ဤစစ်သားဟောင်းများ ဘာမှမပြောကြ။ ဤလူများကို ထိုနေရာများသို့ သွားမရှာရန်သာ အကြံပြုကြလေသည်။

“ဟမ် .. ဒီနေရာက ရွှံ့ကန်က နည်းနည်းထူးဆန်းနေတယ် .. ဒါက အရေခွံလဲပေးနိုင်တယ် .. ဒါက ပြန်မွေးဖွားတဲ့ အတူတူလောက်ဖြစ်နေပြီ..” တစ်စုံတစ်ယောက်မှ အလွန်အံ့အားသင့်စရာကောင်းသည့် နေရာတစ်ခုကို ရှာတွေ့သွားသည်။

“အရင်တုန်းက ဒီနေရာမှာ သက်ရှည်ဆေးပင်တစ်ပင်နဲ့ တစ်ခြားနတ်ဆေးပင်မျိုးစုံ ပေါက်တယ် .. အရင်တုန်းက ဒီနေရာက ဆေးခင်းကြီး .. ဆေးပင်အများကြီးက ဒီနေရာမှပဲ သေသွားကြပြီးတော့ မြေဆီဩဇာဖြစ်လာတာ .. အဲဒါကြောင့်မို့လို့ မြေကြီးက ရွှံ့ဖြစ်သွားတာတောင်မှ အံ့ဩစရာကောင်းတဲ့အကျိုးကျေးဇူးတွေ ရှိနေတာ..” စစ်သားဟောင်းတစ်ယောက်မှ ပြောလိုက်သည်။

ထို့နောက် ချောင်ယုရှင်း၊ ကျန်းဂု၊ ထျန်းရီနှင့် အခြားသူများသည် သူတို့၏ပုံစံကိုပင် ဂရုမစိုက်တော့ပဲ ရွှံ့အိုင်ထဲသို့ ခုန်ဆင်းသွားကြသည်။

လူများစုမှာ ထိုနေရာတွင်ပင် အရေခွံအဟောင်းကွာကျလာကာ အရေပြားအသစ်ပေါ်လာသည်။

နောက်ဆုံးတွင်တော့ အမျိုးသမီးကျင့်ကြံသူအချို့ပင် ထိုနေရာသို့ ပြေးဝင်ကာ ခုန်ဆင်းသွားကြသည်။

ထို့အပြင် လန်ရှင်း၊ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် ဝမ်ရှီး၊ လုထော်၊ မင်းသမီးယောင်ယွဲ့တို့လည်း ထို့အတူပင်။ ဤနေရာမှာ လူများ တဖြည်းဖြည်းပြည့်လာသည်။

ရှီဟောင်လည်း စမ်းကြည့်လိုက်သည်။ သို့သော်လည်း သူ့အတွက် သိပ်အကျိုးမရှိသည်ကို တွေ့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤသုံးနှစ်အတွင်းတွင် သူ၏အသွေးအသားမှာ ထူးဆန်းသည့်အဆင့်သို့ရောက်အောင်ပင် ပြောင်းလဲခဲ့ပြီးသားပင်။

အားလုံး စိတ်လှုပ်ရှားစွာ ဟစ်ကြွေးနေကြသည့်အချိန်တွင် ရှီဟောင်သည် ကောင်းကင်နတ်ဘုရားကျောင်းမှ လူများအား စောင့်ရှောက်ပေးရန် စစ်သားဟောင်းအချို့အား မှာကြားပြီးနောက် ပုရွက်ဆိတ်လေးကိုခေါ်ကာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

“မင်းဘယ်သွားမလို့လဲ .. ငါတို့ မပျက်စီးနိုင်တဲ့ကျမ်းစာကို တကယ်ရနိုင်လား..” ပုရွက်ဆိတ်လေး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ငါတို့ သေချာပေါက်ရမှာ .. ပြီးတော့ ငါတို့ပြည့်စုံတဲ့ မပျက်စီးနိုင်တဲ့ကျမ်းစာတောင် ရနိုင်တယ် .. ဒါပေမဲ့ ဒါက အရမ်းလည်း အန္တရာယ်များလောက်တယ်..” ရှီဟောင် ပြန်ဖြေလိုက်သည်။

အပိုင်း ၁၄၇၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၈ – သာလွန်အောင် ကြိုးစားရန်

ရွှံ့အိုင်မျက်နှာပြင်ထက်၌ လူများစွာ ရှိနေသည်။ အများစုမှာ ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှလူများဖြစ်ပြီး ကောင်းကင်နတ်ဘုရားကျောင်းမှလူ အနည်းငယ်သာ ရှိသည်။

ယခုအချိန်တွင် ရှီဟောင် ပုရွက်ဆိတ်လေးကိုခေါ်ကာ မျက်နှာပြင်ထက်သို့ တက်လာလိုက်သည်နှင့် အားလုံး၏အာရုံကို ဆွဲဆောင်သွားသည်။ သူတို့အားလုံး ရွှံ့အိုင်ဝင်ပေါက်ကို စိုက်ကြည့်နေကြသည်ပင်။

သူမြေအောက်လှိုဏ်ဂူကနေ ဘာရလာတာလဲ .. ဤသည်မှာ လူများစွာ တွေးနေသည့်အရာပင်။ ပြီးတော့ သူကဘာလို့ အစောကြီးတက်လာတာလဲ .. တစ်ခြားသူတွေရော ..

“ဟွမ်က ပထမဆုံး ထွက်လာတဲ့သူပဲ .. သူ ပစ္စည်းကောင်းတွေ ရခဲ့တာလား .. ဒါမှမဟုတ် သူတစ်ခုခုကို ကြုံခဲ့ရလို့လား .. တစ်ခြားသူတွေလည်း အန္တရာယ်တွေ့နေတာလား..”

အချို့သူများ စိုးရိမ်စွာ ပြောလိုက်ကြသည်။ ကျောင်းသုံးကျောင်းမှ အချို့မကောင်းဆိုးဝါးအိုကြီးများ၏ အမူအရာများပင် လေးနက်လာသည်။ အောက်ဘက်သို့ ဆင်းသွားသည့် သက်ရှိရုပ်ကြွင်းအဆင့် ကျမ်းကျင်သူများစွာ ရှိသော်လည်း သူတို့ပြန်မလာကြသေး။

“အမ် .. သူက သူနဲ့အတူတူ သတ္တဝါတစ်ကောင်ခေါ်လာတယ်..” ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက် ပြောလိုက်သည်။ ရှီဟောင်၏ပုခုံးထက်ကို စိုက်ကြည့်လိုက်သည့်အချိန်တွင် သူ ရွှေရောင်အပျောက်လေးကို တွေ့လိုက်ရသည်။ သေချာမကြည့်ပါက မြင်ရမည်ပင်မဟုတ်။

သို့သော် သူတို့အဆင့်သို့ ရောက်နေသည့်သူများမှာ ရှင်းလင်းစွာ အာရုံခံနိုင်သည်ပင်။ ထိုသက်ရှိမှာ အလွန်သေးငယ်သော်လည်း သူ့ထံတွင် ကြောက်စရာကောင်းလှသည့် သွေးစွမ်းအင်ရှိနေသည်။ ထိုစွမ်းအင်သာ ပေါက်ကွဲထွက်လာသည်နှင့် အလွန်အံ့အားသင့်စရာ ကောင်းလိမ့်မည်။

“ပုရွက်ဆိတ်တစ်ကောင်..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက် ပြောလိုက်၏။ သူ၏မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာ ရှိနေသည်။ သူချက်ချင်းပင် အကြီးအကဲအရှင်ကို တွေးမိသွားသည်။

လွန်ခဲ့သည်နှစ်ပေါင်းများစွာက အကြီးအကဲအရှင်သည် ဤနေရာ၌ ထိုင်ကာ မွှေးပျံ့သည့်ဆေးပင်များကို ငါးစာအဖြစ်သုံးပြီး သတ္တဝါတစ်ကောင်ကို မျှားဖမ်းနေခဲ့သည်။ ဤသည်မှာ ဤအကောင်များလား..

“မဖြစ်နိုင်တာ .. အဲဒီသတ္တဝါက ပုရွက်ဆိတ်တစ်ကောင်လား..” ထိုအကြီးအကဲ တီးတိုးပြောလိုက်သည်။

သို့သော်လည်း အခြားသူများ ဤစကားကြားလိုက်ရသည့်အချိန်တွင် အမူအရာများ ပြောင်းလဲသွားကြသည်။ ဤသည်မှာ သူတို့ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင် ဤနေရာကို ကာကွယ်ပြီး တစ်နှစ်ပတ်လုံး ငါးမျှားနေသည်မှ လျှို့ဝှက်ချက်တစ်ခုမဟုတ်။ မြေအောက်လှိုဏ်ဂူတွင် အသက်ရှင်နေသည့်သတ္တဝါတစ်ကောင်ရှိမှန်း အားလုံးသိကြသည်ပင်။

ထိုတစ်ခဏတွင် အားလုံး၏အတွေးများ ကြမ်းတမ်းသွားကာ ဖြစ်နိုင်ချေများစွာကို စဉ်းစားမိသွားကြသည်။

ဤနေရာ၌ ရပ်နေနိုင်သည့်သူများအားလုံးမှာ ဂျီးနီးယပ်စ်များပင်။ တုံးအနေသည့်သူ တစ်ယောက်မှမပါသောကြောင့် ချက်ချင်းဆက်စပ်မိသွားကြသည်ပင်။

“ကောင်းကင်ဦးချိုပုရွက်ဆိတ်..”

နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှ ဤစကားလုံးများကို ပြောလိုက်သည်။

ဟုတ်ပါသည်။ ဤသည်မှာ လူအများစု ခန့်မှန်းလိုက်သည့် ခန့်မှန်းချက်ပင်။ ထာဝရဘုရင်တစ်ယောက်၏ ဂူထဲတွင် နေထိုင်သည့်သတ္တဝါက ဘယ်လိုလုပ် သာမန်သတ္တဝါဖြစ်နိုင်မည်နည်း..

ယခင်ကတည်းက အခုချိန်ထိ ပုရွက်ဆိတ်ပုံစံဖြစ်သော်လည်း ပြိုင်ဘက်ကင်းသည့် ခွန်အားပိုင်ဆိုင်ထားသည့်သူမှာ တစ်မျိုးတည်းသာရှိသည်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်..

“ဘုရားရေ..”

ဤသည်မှာ ထာဝရရှေးဟောင်းခေတ်မှ လူမျိုးစုပင်။ ဤသည်မှာ သားရဲ ၁၀ မျိုး၏ မျိုးဆက်ပင်။

ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေနိုင်သည့် သတင်းကြီးပင်။

ထိုအချိန်တွင် အားလုံး၏အာရုံမှာ ရှီဟောင်နှင့် သူ၏ပုခုံးထက်၌ရှိနေသည့် အကောင်လေးပင်။ ဤသည်မှာ မြေအောက်လှိုဏ်ဂူထဲသို့ ဝင်လိုက်ခြင်း၏ အကြီးမားဆုံး ဆုလာဘ်ပင်။ ဟွမ် မြန်မြန်ထွက်လာသည်မှာ အံ့ဩစရာမရှိတော့။

အခြားသူများမပြောနှင့် ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ အကြီးအကဲများပင်လျှင် ထိတ်လန့်သည့်အမူအရာများဖြစ်နေကြသည်။ သူတို့အားလုံး ကောင်းကင်ဦးချိုပုရွက်ဆိတ်ငယ်လေးအား စိုက်ကြည့်နေကြသည်။

ဤကဲ့သိုသော သတ္တဝါမျိုးမှာ မည်မျှပင် အဖိုးတန်ကြောင်း သူတို့ထက် မည်သူမှ ပိုမသိနိုင်။

ဤပုရွက်ဆိတ်လေး၏ တစ်ကိုယ်လုံး အဖိုးတန်သည်ပင်။ သူ၏မွေးရာပါ အဖိုးတန်ပညာမှာ လောကကြီးကို တုန်လှုပ်စေနိုင်ပြီး ပြိုင်ဘက်ကင်းပင်။

ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲမှ သွေးမှာ မကုန်ဆုံးနိုင်သည့်ရတနာကြီးပင်။ ထိုသွေးကိုသာ အသုံးပြုပြီး ခန္ဓာကိုယ် ပြောင်းလဲမှု ပြုလုပ်ပါက အကျိုးကျေးဇူးမှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်လိမ့်မည်။

ထာဝရကျောင်းမှ အဆင့်လွန်လူငယ်များထဲတွင် မည်သူက အဖိုးတန်သွေးကို မစိမ်ခဲ့ရသနည်း ..

အလေးအမြတ်ကျောင်းဆိုလျှင် ပြောစရာပင်မလိုတော့။ နဂါးနှလုံးသွေးနှင့် ကောင်းကင်ဦးချိုပုရွက်ဆိတ်၏ သွေးမှာ သူတို့ပေးနိုင်သည့်အကောင်းဆုံး အရာများပင်။

အလေးအမြတ်ကျောင်းတွင် လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည့် အဖိုးတန်သွေးမျိုးစုံရှိနေသောကြောင့်လည်း လက်ရှိလောကပညာကျင့်ကြံသူများအားလုံး တစ်ဆင့်ပြီးတစ်ဆင့် တက်လာကြခြင်းပင်။

ယခု ဟွမ် ကောင်းကင်ဦးချိုပုရွက်ဆိတ်တစ်ကောင်ကို ဖမ်းလာလေပြီ။ ဤအကောင်သည် ငယ်သေးသော်လည်း သူ့ဘေးနားထားကာ သူအရွယ်ရောက်လာအောင် လုပ်ပေးလိုက်သည်နှင့် သူသွေးများ လိုချင်သလောက် ရနေပြီမလား..

အားလုံး၏ မျက်လုံးများ နီရဲလာသည်။

လူငယ်များသာမက အချို့မကောင်းဆိုးဝါးအိုကြီးများ၏ အသက်ရှူသံများပင် ကြမ်းတမ်းလာသည်။

“ဒါက ကောင်းကင်ဦးချိုပုရွက်ဆိတ်လား..” နောက်ဆုံးတွင်တော့ ထာဝရကျောင်း အကြီးအကဲတစ်ယောက်မှ ရှီဟောင်အား မေးလိုက်သည်။

“ဟုတ်တယ် .. ဒီဘုရင်ကြီးပဲ..” ရှီဟောင် ပြန်မဖြေခင်မှာပင် ပုရွက်ဆိတ်လေးသည် လက်နောက်ပစ် ခေါင်းမော့ကာ ရင့်ကျက်သည့်ပုံစံလုပ်ကာ ပြန်ဖြေလိုက်သည်။

“တကယ်ကို .. သားရဲ ၁၀ မျိုးရဲ့ မျိုးဆက်လား..” အလေးအမြတ်ကျောင်းမှ မကောင်းဆိုးဝါးအိုကြီး၏အသံမှာ တုန်ယင်နေလေပြီ။

ထာဝရကျောင်းမှ အကြီးအကဲမှာ ဆံပင်များ ကျဲပါးနေပြီဖြစ်သော်လည်း သူ၏အသားအရေမှာ နှင်းဆီရောင်သန်းနေသေးသည်။ သူ၏မျက်လုံးနှစ်လုံးအပြင် မျက်ခုံးနှစ်ခုကြား၌ ဒေါင်လိုက်မျက်လုံးတစ်လုံးလည်း ရှိနေသည်။ သူသည် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲကို ကြည့်လိုက်ကာ “တာအိုရောင်းရင်း .. ဒါက ကောင်းကင်ဦးချိုပုရွက်ဆိတ်ပဲ .. ဒါက အရမ်းကို အရေးကြီးတဲ့သက်ရှိ .. သူ့ကို ငါတို့ ထာဝရကျောင်းကို ပို့သင့်တယ်”

ခပ်ဝေးဝေးတွင်ရပ်နေသည့် ရှီဟောင်သည် မြေပြင်ပေါ်သို့ တက်လာကတည်းက ဘေးလူတစ်ယောက်ကဲ့သို့ ရပ်နေခြင်းပင်။ သို့သော် ဤစကားကြားလိုက်သည်နှင့် သူ၏အမူအရာများ အေးခဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤအကြီးအကဲမှာ တည့်တိုးဆန်လွန်းလှသည်။ သူသည် ပုရွက်ဆိတ်လေးကိုတောင် အကောက်ကြံရဲနေလေပြီ။

ထို့အပြင် ဤမျက်လုံးသုံးလုံးနှင့်အကြီးအကဲသည် သူ့အား မမေးသလို၊ ပုရွက်ဆိတ်လေးကိုလည်း မမေး။ ထိုအစား ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများကိုသာ တိုက်ရိုက်မေးလိုက်ခြင်းပင်။

ဤသည်မှာ သူကဲ့သို့သော လူငယ်မျိုးဆက်ကို မျက်လုံးထဲ မထည့်သည့်သဘောပင်။

“ဒါက ကောင်းကင်ဦးချိုပုရွက်ဆိတ်အစစ်ဆိုရင် ငါတို့ ဆုံးဖြတ်ချက်ချပေးလို့မရဘူး .. ငါတို့ ဝင်ပြောပိုင်ခွင့်မရှိဘူး .. သူတို့ မင်းတို့နောက် လိုက်ချင်လားဆိုတာ မင်းတို့ ရှီဟောင် ဒါမှမဟုတ် ပုရွက်ဆိတ်လေးကို မေးသင့်တာ” ဒုတိယအကြီးအကဲ ထွက်လာကာတည်ငြိမ်စွာ ပြောလိုက်သည်။

“လူငယ်လေး … မင်း ငါ့ရဲ့ ထာဝရကျောင်းထဲ ဝင်ချင်လား..” မျက်လုံးသုံးလုံးနှင့် အကြီးအကဲသည် ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့အား ဖော်ရွေစွာ ကြည့်ကာ မေးလိုက်သည်။ သူသည် ပါဝင်သူနှစ်ယောက်၏ ခံစားချက်ကို လျစ်လျူရှုကာ တည့်တိုးဆန်သွားသည်ဟု စဉ်းစားမိသွားသည်။

“ကျွန်တော် မဝင်ချင်ဘူး..” ရှီဟောင် ပြတ်ပြတ်သားသားပင် ငြင်းလိုက်လေသည်။

ထိုအချိန်တွင် ထာဝရကျောင်းမှလူများ ခေါ်သွားမည်စိုးသောကြောင့် အလေးအမြတ်ကျောင်းမှလူများလည်း ထွက်လာသည်။

“မင်း သူတို့ကျောင်းကို မဝင်ရဘူး .. မင်းတစ်နေရာရာ ဝင်မယ်ဆိုရင်တောင် အဲဒါက ငါတို့ အလေးအမြတ်ကျောင်းပဲ ဖြစ်ရမယ်..” အလေးအမြတ်ကျောင်းမှ ဆံပင်ခရမ်းရောင်နှင့် အမျိုးသမီးအိုကြီးမှ ပြောလိုက်သည်။ သူမသည် အတော်လေး အသက်ကြီးနေပြီဖြစ်သော်လည်း သူမ၏ခရမ်းရောင်ဆံပင်များမှာ တောက်ပနေဆဲပင်။ သို့သော်လည်း သူမမျက်လုံးများကိုတော့ ဖုံးကွယ်ထား၍မရပေ။

“ကျွန်တော် စီနီယာတို့ကျောင်းကိုလည်း မဝင်ပါဘူး..” ရှီဟောင် တွေဝေနေခြင်းမရှိပဲ ပြောလိုက်သည်။

ဤနေရာရှိ လူများစွာ တိတ်ဆိတ်သွားကြ၏။ တစ်ယောက်မှ စကားမပြောကြတော့။

ဟွမ်က ဒီလောက်တောင် ပြတ်သားတာလား .. သူက ချက်ချင်းကို ငြင်းပစ်လိုက်တာ..

တစ်ချိန်တည်းမှာပင် ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများမှာ အလွန် တည့်တိုးဆန်လှသည်ဟု အားလုံး ခံစားလိုက်ရသည်။

ယခင်က အလေးအမြတ်ကျောင်းဖြစ်စေ၊ ထာဝရကျောင်းဖြစ်စေ ရှီဟောင်အား မည်သူမှ မခေါ်ခဲ့ကြ။ သူတို့ ရှီဟောင်အား ပြည့်စုံသည့်မျိုးစေ့မပေးချင်သလို အလွန်အားကောင်းသည့်သွေးလည်း မပေးချင်ခဲ့ကြ။

သို့သော် ယခုတော့ သူတို့ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဤကဲ့သို့သော တောင်းဆိုမှုမျိုး ပြုလုပ်လာသည်။

ရလဒ်အနေဖြင့် ရှီဟောင် သူတို့အား ငြင်းပစ်လိုက်သောကြောင့် သူတို့အခြေအနေမှာ အကျည်းတန်သွားရ၏။

အချို့သူများမှာ သူတို့ပါးကို ခပ်ပြင်းပြင်းအရိုက်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်အထိပင်။

“ဟွမ် .. မင်းက ဂျီးနီးယပ်စ်တစ်ယောက်ပါ .. မင်းသေချာ ပြန်စဉ်းစားသင့်တယ် .. မင်း ငါ့ရဲ့ထာဝရကျောင်းထဲ ဝင်သင့်တယ် .. အဲဒီနေရာမှာ မင်းအဆင့်တက်လို့ရပြီးတော့ မင်းရဲ့အောင်မြင်မှုတွေလည်း ပိုပြီးများပြားလာမှာ .. မင်းအတွက် လောကကြီးတစ်ခုကို ဖွင့်နိုင်သွားမှာ..” ထာဝရကျောင်းမှ မျက်လုံးသုံးလုံးနှင့်အကြီးအကဲမှ ပြုံး၍ ကြင်နာစွာ ပြောလိုက်သည်။

“မလိုပါဘူး .. ကျွန်တော် ကိုယ့်လမ်းကြောင်းကိုကိုယ် ရှင်းရှင်းလင်းလင်းသိတယ် .. ဒီသုံးနှစ်လုံး ကျွန်တော်အချိန်ဖြုန်းနေခဲ့တာမဟုတ်ဘူး .. ဒါက ကျွန်တော် ကိုယ့်အားကိုယ်ကိုးရင်တောင် အရှေ့ကို ဆက်သွားနိုင်မှာလို့ သက်သေပြလိုက်တာပဲ..” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်သည်။

ထာဝရကျောင်းမှ အချို့တပည့်များမှာ သူတို့အကြီးအကဲများကိုယ်စား ရှက်သွားရသည်။ အသက်ကြီးလာသည်နှင့် ကောက်ကျစ်ကာ ဉာဏ်များလာမည်ဖြစ်သော်လည်း ဤမှတော့ အရေမထူသင့်ပေ။ ဟုတ်သည်မလား..

“ဟွမ် .. မင်းရဲ့ခန္ဓာကိုယ်က မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်လို စွမ်းအားကြီးတယ်ကို ငါမြင်တယ် .. မင်း လက်ရှိလောကပညာတွေကိုကျင့်ကြံဖို့ အရမ်းသင့်တော်တယ် .. မင်း ငါ့ရဲ့ အလေးအမြတ်ကျောင်းကို ဝင်သင့်တယ် .. ဘာလို့လဲဆိုတော့ ငါတို့မှာ လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ကျမ်းစာဖြစ်တဲ့ အုပ်ချုပ်သူကျမ်းစာရှိတယ် .. ဒါက မင်းကို ဒီလမ်းရဲ့အဆုံးစွန်ထိကို ခေါ်သွားပေးလိမ့်မယ် .. မင်း ငါတို့ကျောင်းကိုဝင်ရင် မင်းကို အဲဒီစာ ဖတ်ခွင့်ပေးမယ် .. ဒါက မင်းကို အတောင်ပံပေါက်လာတဲ့ကျားလို၊ နဂါးဖြစ်သွားတဲ့ငါးတစ်ကောင်လို ဖြစ်သွားစေလိမ့်မယ်..” အလေးအမြတ်ကျောင်းမှ ဆံပင်ခရမ်းရောင်နှင့်အမျိုးသမီးအိုလည်း သူ့အားခေါ်နိုင်ရန် အကောင်းဆုံးကြိုးစားနေလေသည်။

“စီနီယာရဲ့ ကြင်နာမှုတွေအတွက် ကျေးဇူးတင်ပါတယ် .. အခုလက်ရှိ ကျွန်တော့်လမ်း မဆုံးသေးလို့ ကျွန်တော် စိတ်ပျံ့လို့မရသေးပါဘူး..” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်သည်။

အလေးအမြတ်ကျောင်းမှ ဂျီးနီးယပ်စ်များအားလုံး မျက်နှာပူသွားရသည်။ ဟွမ်၏ ငြင်းဆန်မှုမှာ တရားနည်းလမ်းကျသော်လည်း ရလဒ်မှာ အတူတူပင်။

“တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတာပဲ ။။ ဒီလောကက လူတွေက အရမ်းကို စိတ်အားထက်သန်နေကြတာပဲ .. တစ်ခြားသူတွေကို သူတို့နဲ့ပေါင်းဖို့ အော်ကြီးဟစ်ကျယ် မေးနေကြတယ် .. အဓိပ္ပာယ်မရှိလိုက်တာ..” ပုရွက်ဆိတ်လေး သည်းမခံနိုင်တော့ပဲ ထိုကဲ့သို့ ညည်းညူလိုက်သည်။

“ဟား ဟား .. ကောင်းကင်ဦးချိုပုရွက်ဆိတ်လူမျိုးစုက အကောင်လေး မင်းငါ့ရဲ့ အလေးအမြတ်ကျောင်းထဲကို ဝင်ချင်လား..” အမျိုးသမီးအိုကြီး မေးလိုက်သည်။

“မရဘူး .. လကျောက်စိမ်းယုန်က ချီလင်းလေးကိုခေါ်ပြီး မင်းတို့ရဲ့ အလေးအမြတ်ကျောင်းကို ဝင်ပြီးသွားပြီ .. ကောင်းကင်ဦးချိုပုရွက်ဆိတ်က ငါ့ကျောင်းကို ဝင်ရမယ်..” မျက်လုံးသုံးလုံးအကြီးအကဲမှ သူမအား တားဆီးလိုက်သည်။

“အဲဒီချီလင်းက..” ထိုအမျိုးသမီးအိုကြီး၏မျက်နှာမှာ ခါးသီးသွားသည်။ သူမ ထိုချီလင်းလေးကို လေ့လာချင်ခဲ့သော်လည်း သူမ ချီလင်းလေးထံမှ မည်သည့်လျှို့ဝှက်ချက်မှ မသိခဲ့ရ။ အဘယ်ကြောင့်ဆိုသော် ထိုအကောင်လေး၏ ခန္ဓာကိုယ်၌ အလွန်ကြောက်စရာကောင်းသည့် အဆီးအတားတစ်ခုရှိနေသည်။ ထိုအဆီးအတားကို ထိလိုက်သည်နှင့် အလွန်ကြောက်စရာကောင်းသည့် အရာများ ဖြစ်လာလိမ့်မည်။

“ကောင်းပြီ .. သွားကြစို့ .. ဒီလူတွေက အရမ်းပျင်းဖို့ကောင်းတယ်..” ပုရွက်ဆိတ်လေး ရှီဟောင်အား ပြောလိုက်သည်။ သူ၏အသံမှာ အလွန်နူးညံ့သော်လည်း အားလုံးနားထဲတွင်တော့ ဤသည်မှာ မိုးခြိမ်းသံကြီးကဲ့သို့ပင်။

“မရဘူး .. ကောင်းကင်ဦးချိုပုရွက်ဆိတ်က အရမ်းအရေးကြီးတယ် ..ဒါက သားရဲ ၁၀ မျိုးရဲ့ မျိုးဆက် .. သူ့ကို မမျှော်လင့်ထားတာတွေ ဖြစ်ခိုင်းလို့မရဘူး .. ငါတို့ သူ့ကို တင်းတင်းကြပ်ကြပ်ကာကွယ်ရမယ် .. ဟွမ်နဲ့လိုက်ပြီးတော့ စွန့်စားခွင့်မပြုနိုင်ဘူး .. သူ ဒီမှာ နေခဲ့ရမယ်..”

ထိုအချိန်တွင် သက်ရှည်မိသားစုမှ တစ်ယောက်ယောက်မှ ပြောလိုက်သည်။

ရှီဟောင် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ ဝမ်ရှီးမိသားစုမှ လူဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယခင်က သူတို့နှစ်ဖက်ကြား၌ ပြဿနာကြီးဖြစ်ထားပြီး ယခုကဲ့သို့ သူ့အား တားဆီးလာသည်မှာ သူ ကောင်းကင်ဦးချိုပုရွက်ဆိတ်၏‌သွေးနှင့် ပြိုင်ဘက်ကင်းသည့်နတ်ခွန်အား ရရှိသွားကာ ပြောင်းလဲသွားမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။

“ဒီလိုမျိုးဖြစ်သင့်တယ်လို့ ကျုပ်လည်း ခံစားရတယ် .. ကောင်းကင်ဦးချိုပုရွက်ဆိတ်က မျိုးတုန်းပြီလို့ ပြောလို့ရတယ် .. အခုတစ်ကောင်ပေါ်လာပြီဆိုတော့ ကျုပ်တို့ သေချာကာကွယ်ထားရမယ် .. သက်ရှည်မိသားစုတစ်စုဆိုလည်း မဆိုးဘူး..” လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်မှ ပြောလိုက်သည်။ ရှီဟောင် ဤလူအား မြင်သည်နှင့် သူ၏မျက်လုံးတွင် အေးစက်သည့် အလင်းတန်း ဖြတ်ပြေးသွား၏။

ဤသည်မှာ ယွမ်ချင်းပင်။ သူသည် ယခင်ကထက် အတော်လေး ငယ်ရွယ်သွားသည်။ ဤလူမှာ သူ ကောင်းကင်နတ်ဘုရားကျောင်းသို့ မဝင်နိုင်အောင် တားဆီးခဲ့သည့် အဓိကတရားခံတစ်ယောက်ပင်။

သို့သော် ရှီဟောင် သူ၏မြေးကို သတ်လိုက်ပြီဖြစ်သောကြောင့် လက်စားချေပြီးသွားပြီဟု ပြော၍ရသည်။

“မင်းပြောတာ မှန်တယ်လို့ ငါလည်းထင်တယ် .. ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ လုံခြုံရေးက အလေးထားရမယ့် ကိစ္စတစ်ခုပဲ .. သူပျောက်လို့မရဘူး .. သူနေခဲ့ရင် အကောင်းဆုံးပဲ ..” ထိုအချိန်တွင် အခြားအကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

သူသည်လည်း သက်ရှည်မိသားစုမှ လာသည်ပင်။ ဤလူမှာ လေကလန်မှပင်။

ရှီဟောင် မျက်လုံးများ အေးစက်လာ၏။ သူ ဤမိသားစုနှင့် ဆက်ဆံရေးကောင်းရန် မဖြစ်နိုင်။ ယွမ်ချင်း သူ့အား ထိုကဲ့သို့ လုပ်ခဲ့ခြင်းမှာ ဤမိသားစုမှ ခိုင်းစေသောကြောင့်ပင်။

လေကလန်နှင့် ကျောက်တုံးကလန်တို့၏ ဘိုးဘေးများကြားတွင် လျှို့ဝှက်ချက်တစ်ခုခုရှိလိမ့်မည်ဟု ရှီ‌ဟောင်ထင်သည်။ အပြစ်သားသွေးမျိုးဆက်နှင့် တစ်မျိုးမျိုးပတ်သက်နေလိမ့်မည်။ မဟုတ်ပါက သူတို့အဘယ်ကြောင့် သူ့အား ဤမျှအစောကြီး ပစ်မှတ်ထားမည်နည်း..

ဟက်..

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်း ဒုတိယအကြီးအကဲမှ အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်သည်။ သူသည် ထိုသူများအားလုံးကို မျက်လုံးဝေ့ကြည့်လိုက်ကာ “မင်းတို့အားလုံး အရမ်းစိတ်ပူလွန်းနေပါပြီ .. ငါ့ရဲ့ ထာဝရကျောင်းက ဟွမ်နဲ့ ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ လုံခြုံရေးကို အာမခံပေးဖို့ လုံလောက်ပါတယ်..”

“တာအိုရောင်းရင်း .. ငါတို့က အကောင်းနဲ့ပြောတာပါ … ဘာလို့လဲဆိုတော့ ဒီကိစ္စက အများနဲ့ သက်ဆိုင်တယ်လေ..”

“ဟုတ်တယ် .. ငါတို့ ပိုပြီး သတိထားရမယ်..”

လေကလန်နှင့် ဝမ်မိသားစုသည် သူတို့၏အမြင်များကို တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ သူတို့သည် သက်ရှည်မိသားစုများဖြစ်ကြသောကြောင့် သူတို့၏ စကားများမှာ ကြောက်စရာကောင်းလောက်သည့် လွှမ်းမိုးမှုများရှိနေသည်ပင်။ သူတို့သည် အကြီးဆုံးအင်အားများပင်။

“ထွက်သွားကြစမ်း .. မင်းတို့က ငါ့ရဲ့ ကောင်းကင်နတ်ဘုရားကျောင်းမှာ လက်ဝင်လျှိုရဲတယ်ပေါ့ .. မင်းတို့အားလုံးကို တစ်ခါတည်း အပိုင်းပိုင်း ပိုင်းပစ်မယ်..” ထိုအချိန်တွင် အေးစက်လှသည့် အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူ၏ အော်ရာမှာ ကြောက်စရာကောင်းလှသည်။

သက်ရှည်မိသားစုမှ လူများကို ဤကဲ့သို့ အော်ဟစ်ဆူပူလိုက်သောကြောင့် အခြားသူများ ဆွံ့အသွားရသည်။ တစ်ဖက်လူသည် သူတို့အား နည်းနည်းလေးမှပင် မျက်နှာသာမပေး။

“ဘယ်သူ အော်ရဲတာလဲ..” ဝမ်မိသားစုမှ လူမှာ ထိတ်လန့်ကာ ဒေါသထွက်သွားရသည်။

ဝုန်း..

ကောင်းကင်ထောက်တိုင်ကဲ့သို့ ဖြောင့်တန်းလှသည့် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ သူ၏အော်ရာမှာ တောတောင်နှင့်မြစ်များကိုပင် ဝါးမြိုပစ်နိုင်သည်။ သူသည် မီးခိုးရောင်အဝတ်အစားများဝတ်ဆင်ထားကာ အားလုံးကို မျက်နှာချင်းဆိုင်လိုက်လေ၏။

“အကြီးအကဲအရှင်..” ကောင်းကင်နတ်ဘုရားကျောင်းမှ လူများ ပျော်ရွှင်သွားရသည်။ သုံးနှစ်လုံး ပျောက်နေခဲ့သည့် အကြီးအကဲအရှင်လည်း ပြန်ရောက်လာလေပြီ။ ဤသည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် မည်သူ့ကိုမှ မကြောက်သည့် လူပင်။

“ဟားဟား .. အကြီးအကဲအရှင် ပြန်လာပြီ .. ဒါက ပျော်စရာကောင်းတဲ့ကိစ္စပဲ .. ကောင်းကင်ဦးချိုပုရွက်ဆိတ်ကို ကောင်းကင်နတ်ဘုရားကျောင်းမှာ ထားဖို့ ကျွန်တော် သဘောတူတယ်..” ထိုအချိန်တွင် သရဖူ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်မှ ရယ်မော၍ ပြောလိုက်သည်။

အားလုံး ထိတ်လန့်သွားရ၏။ ဤလူ၏ နောက်ခံမှာ ထူးခြားလှသည်။ သူသည် မသေမျိုးအင်ပါယာတရားရုံးတော်မှလူဖြစ်သလို သက်ရှည်မိသားစုမှလည်း ဖြစ်သည်။ ဤသည်မှာ မင်းသမီးယောင်ယွဲ့၏အဖေပင်။

ထို့နောက် လူအချို့ ချက်ချင်းပင် သဘောတူလာကြသည်။ သူတို့သည် အကြီးအကဲအရှင်အား လေးစားကြသည်ပင်။ ထိုထဲမှ အချို့လူများမှာ သက်ရှည်မိသားစုများမှပင်။

အပိုင်း ၁၄၇၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၉ – ထပ်တူညီစွာ ပြန်လည်တုံ့ပြန်ခြင်း

အကြီးအကဲအရှင်၏ အဝတ်အစားသည် လေနှင့်အတူ လွင့်မျောနေသည်။ သူ၏ပုံရိပ်သည် ရှည်လျားပိန်သွယ်နေသည်။ သူသည် ထိုနေရာ၌ တည်ငြိမ်စွာ ရပ်နေပြီး သူ၏ပုံစံမှာ ထိုမျှကြောက်စရာမကောင်းပေ။

သို့သော်လည်း ဤလူ၏ အော်ရာမှာ တောတောင်နှင့်မြစ်များကို ဝါးမြိုနိုင်သည်ဟု အားလုံးခံစားနေရသည်။ သူသည် သူတို့ ဒေါသထွက်အောင်လုပ်၍မရသည့်သူပင်။ မဟုတ်ပါက သူတို့ ဒုက္ခများသွားလိမ့်မည်။

အကြီးအကဲအရှင်၏ အမူအရာမှာ တည်ငြိမ်နေသည်။ သူသည် ပျော်ရွှင်ခြင်းလည်းမရှိသလို စိုးရိမ်နေခြင်းလည်းမရှိ။ သို့သော်လည်း ဤကဲ့သို့သော တိတ်ဆတ်မှုမှာ လူအချို့ကို တုန်ယင်သွားစေသည်ပင်။

“စီနီယာကိုး..” ဝမ်မိသားစုမှ အော်ဟစ်နေသည့်တစ်ယောက် ရှက်နေလေပြီ။ သူ အကြီးအကဲအရှင်အား မဆန့်ကျင်ရဲပေ။

သိပ်မကြာခင်က သူနှင့် သူ့ကလန်သားများသည် ရှီဟောင်ပေါ်တွင် မျက်စိကျနေပြီး ကောင်းကင်ဦးချိုပုရွက်ဆိတ်အား လက်လွဲစေလိုသေးသည်။ သို့သော်လည်း ဤအကြီးအကဲ ပြန်လာသည်ကို မြင်သည်နှင့် သူတို့အားလုံး လက်လွတ်လိုက်သည်။

ဤကဲ့သို့သောလူမျိုးကို ရင်ဆိုင်ရသည့်အချိန်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု၌ မကြောက်သည့်သူ ရှိမည်လား .. ကလန်မှ အသက်အကြီးဆုံးသူအချို့ကို ခေါ်ထုတ်ခဲ့လျှင်ပင် သူတို့ ကြောက်ရွံ့နေဦးမည်။ လက်ရှိအချိန်တွင် သေသလား ရှင်သလားမသိရသည့် ‘ဘိုးဘေး’ များကို ခေါ်ထုတ်လာမှသာ ဝမ်မိသားစု ယုံကြည်ချက် ရှိပေလိမ့်မည်။

အကြီးအကဲအရှင် သူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှမပြော။ ဝမ်မိသားစုမှာ ချက်ချင်းပင် စိတ်ထဲမှ တုန်လှုပ်သွားရသည်။

“မတွေ့တာကြာတော့ တာအိုအစ်ကိုကြီးရဲ့ ဝိညာဉ်က အရင်တုန်းကထက်တောင် ပိုပြီးတော့ သန်မာလာတယ်..” လေကလန်မှ အကြီးအကဲတစ်ယောက် ပြောလိုက်သည်။ သူ၏ အဆင့်အတန်းမှာ အလွန်မြင့်မားပြီး ဤကလန်ထဲတွင် စီနီယာပုဂ္ဂိုလ်တစ်ယောက်ပင်။

အကြီးအကဲအရှင် ခေါင်းသာငြိမ့်ပြလိုက်သည်။ ဤကလန်၏ လုပ်ရပ်များကို ရွံရှာသော်လည်း သူ ဤလူကို အရမ်းကြီး အေးတိအေးစက် လုပ်ပြ၍ မရ။ ဤလူ၏ နောက်ခံမှာ နိမ့်ကျသည်ဟု ပြော၍ မရ။

“အကြီးအကဲအရှင်က တပည့်ကောင်းတစ်ယောက်ကို မွေးမြူထားတာပဲ .. သူက အသက် သိပ်မကြီးပေမယ့် အရင်မျိုးဆက်က ထူးချွန်တဲ့သူတွေရဲ့အထက်မှာ ရောက်နေပြီ..” သက်ရှည်အင်ပါယာတရားရုံး၏ အုပ်ချုပ်သူ မင်းသမီးယောင်ယွဲ့အဖေမှ ပြောလိုက်သည်။

သူသည် နဂါးပုံ ကနုတ်ဖော်ထားသည့် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။ သူသည် သရဖူ တစ်ခုကိုလည်း ဝတ်ဆင်ထားကာ အလွန်ခံ့ညားလှသည်။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ကျင့်ကြံသူပင်။ သူက အသက်အလွန်ကြီးနေပြီဖြစ်သော်လည်း သူသည် လူလတ်ပိုင်းအမျိုးသားတစ်ဦးကဲ့သို့ ငယ်ရွယ်သေးသည်။

ဤသည်မှာ အဆင့်လွန်သက်ရှိဟူသည့် ရာထူးကို လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာကတည်းက ရထားသည်ကို အားလုံးသိကြသည်ပင်။ သူ၏ခွန်အားမှာ တိုင်းတာ၍မရလောက်အောင်ပင်။ သူသည် ဤကောင်းကင်ဘုံကိုးခုတွင် အာဏာအကြီးဆုံးသက်ရှိများထဲမှ တစ်ယောက်ပင်။

ကလန်၏ ယခင်ဧကရာဇ်သည် အနားယူသွားကာ အာဏာအတော်များများကို သူ့အားလွှဲပေးခဲ့ပြီး အရေးကြီးသည့် ကိစ္စများစွာကို‌ ဖြေရှင်းစေခဲ့သည်။

သက်ရှည်အင်ပါယာတရားရုံး၏ အုပ်ချုပ်သူလည်း ရောက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ ထို့အပြင် သူသည် အကြီးအကဲအရှင်အား သူ၏သဘောထားကို ပြသခဲ့သေးသည်။

သူတို့ ပူးပေါင်းတော့မှာလား..

အင်ပါယာတရားရုံးနှင့် ဝမ်မိသားစုမှာ မတည့်ကြပေ။ သူတို့သည် အမြဲတမ်း တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် မင်းသမီးယောင်ယွဲ့သည် ဝမ်ရှီးအား အမြဲတမ်းဆန့်ကျင်နေခြင်းပင်။

ဤသည်မှာ ဝမ်မိသားစုအား စိတ်ထဲ၌တုန်ယင်သွားစေကာ သတိထားသည့်အမူအရာများ ဖြစ်ပေါ်လာလေသည်။

“ဧကရာဇ်ရှုလာမယ်ဆိုတာသိရင် ကျွန်တော်တို့ ကောင်းကင်နတ်ဘုရားကျောင်းက ခမ်းနားတဲ့ကြိုဆိုမှုကို ပြင်ဆင်ထားတာပေါ့..” အကြီးအကဲအရှင် ပြုံး၍ ပြောလိုက်သည်။ သူ၏အမူအရာမှာ အရှေ့မှ နှစ်ယောက်ကို ဆက်ဆံသည့်ပုံနှင့် အတော်လေး ကွာခြားလှသည်။

ဤကွာခြားမှုမှာ ဝမ်မိသားစုကို ပို၍မသက်မသာဖြစ်လာစေသည်။

လေကလန်မှာ သိပ်မဆိုးပေ။ သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်းနှင့် အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့သည်ပင်။ ယခုတစ်ခေါက် ရှီဟောင်နှင့်ကိစ္စမှလွဲလျှင် သူတို့သည် အမြဲတမ်း သိုသိုသိပ်သိပ်နေခဲ့ကြသည်ပင်။

“ဟားဟား .. အကြီးအကဲအရှင်က ယဉ်ကျေးလွန်းနေပါပြီ .. အကြီးအကဲအရှင်က စီနီယာပါ .. ဒါက ဒီအငယ်ကို မထိုက်တန်တဲ့အာရုံစိုက်မှု ပေးတားနဲ့ တူမနေဘူးလား..” ရှုမင်ရွှမ်း ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။

ထို့နောက် အကြီးအကဲအရှင်အား လူများစွာ လာရောက်နှုတ်ဆက်ကြသည်။ ထိုအချိန်မှသာ သက်ရှည်မိသားစုအားလုံးနီးပါး သူတို့လူများကို ဤနေရာသို့ ပို့ထားသည်ကို ဂျီးနီးယပ်စ်များ ရှာတွေ့သွားသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းကင်နတ်ဘုရားကျောင်းအောက်၌ရှိနေသည့် ထာဝရဘုရင်စံအိမ်မှာ မည်မျှပင် အံ့အားသင့်စရာ ကောင်းသည်ကို သိနိုင်သည်။

ထို့အပြင် ယခု ရှီဟောင် ကောင်းကင်ဦးချိုပုရွက်ဆိတ်ကို ခေါ်လာသောကြောင့် ဂူမှာ မည်မျှထူးခြားသည်ကို သက်သေပြပြီးသား ဖြစ်သွားသည်။ ဤသည်မှာ သူတို့မျက်လုံးများကို နီရဲလာစေ၏။

သို့သော်လည်း အကြီးအကဲအရှင် ပြန်ရောက်လာသောကြောင့် ထိုသူများအားလုံး သူတို့စိတ်ကို ထိန်းချုပ်ထားရုံသာ တတ်နိုင်တော့သည်။

ဤကောင်းကင်ဘုံကိုးခုတွင် အကြီးအကဲအရှင်မှာ စွမ်းအားအကြီးဆုံးလူများထဲမှ တစ်ယောက်ပင်။

သူ အသက်ရှင်နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သူသည် ထာဝရတာအိုနယ်ပယ်သို့ ရောက်နေပြီး သက်ရှည်သက်ရှိနယ်ပယ်ထဲသို့ ခြေတစ်လှမ်းပင် ရောက်နေပြီဟု ခန့်မှန်းကြသည်အထိပင်။

ဤသို့သာဆိုလျှင် သူသည် ဤခေတ်၌ ထာဝရတရားကို ရရှိသွားသည့် ပထမဆုံးသူဖြစ်လိမ့်မည်။

ထာဝရကျောင်း၊ အလေးအမြတ်ကျောင်းနှင့် အချို့သက်ရှည်မိသားစုမှ အချို့သူများ သူနှင့် ပုခုံးချင်းယှဉ်နိုင်သည်ဟု ယုံကြည်ကြသည့်သူများစွာလည်း ရှိနေသည်ပင်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သည့် ဤကဲ့သို့သော သက်ရှိရုပ်ကြွင်းကို အလေးထားဆက်ဆံသင့်ပေသည်။ မည်သူမှ သူ့အား လက်လွတ်စပယ် မဆန့်ကျင်ရဲကြ။

“တူလေး .. မင်းက တော်တော်လေးကို အေးအေးဆေးဆေးဖြစ်နေတာပဲ .. ဒီမှာ လူများအောင်လို့ လာပေးတာလား..” အကြီးအကဲအရှင် ရှုမင်ရွှမ်းအား ပြောလိုက်သည်။

“ထာဝရဘုရင်ဂူ တကယ်ပေါ်လာတာလားဆိုတာ ကျွန်တော်ကိုယ်တိုင် လာကြည့်ဖို့လိုတယ်လေ .. ဒါက အရမ်းကို အံ့အားသင့်စရာကောင်းတာကိုး .. ထာဝရဘုရင်အမွေက အားလုံးအတွက် အရမ်းအရေးကြီးတယ်..” ရှုမင်ရွှမ်း တည်ငြိမ်စွာ ပြောလိုက်သည်။

ထို့နောက် သူသည် ခေါင်းစဉ်ကို ပြောင်းလိုက်ကာ “တကယ်တော့ ကျွန်တော် ဒီကိုလာတာ ထူးချွန်တဲ့လူငယ်လေးကို လာရှာဖို့ .. သူက ကျွန်တော့်ကလေးအတွက် တာအို လက်တွဲဖော် ဖြစ်လာနိုင်မလားဆိုတာ လာကြည့်တာပါ..”

ဝုန်း..

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ ဧကရာဇ်ရှု ဤမျှ တည့်တိုးဆန်လိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ ဒါက အရမ်းကိုပေါ့ပျက်ပျက်နိုင်လွန်းတယ်မလား .. သူက သူ့သမီးရဲ့လက်ထပ်ပွဲကို ဒီမှာ ဆုံးဖြတ်တော့မှာလား..

သက်ရှည်မိသားစုတစ်ခုရဲ့ ပုလဲလုံး၊ မသေမျိုးအင်ပါယာတရားရုံးရဲ့ မင်းသမီး .. ဤဂုဏ်ပုဒ်များမှာ ကြီးမားလှသည်ပင်။ သူမနှင့်လက်ထပ်ပြီး သူမ မိသားစုနှင့်သာ အတူနေရပါက နတ်ဆေးပင်များ၊ အဖိုးတန်ပညာရတနာများနှင့် အခြားအရာများအားလုံးကို ရနိုင်မည်မလား..

သိထားရမည်မှာ ဤအင်ပါယာတရားရုံးတော်သည် ရှေးခေတ်ကတည်းက ရှိနေခဲ့ခြင်းပင်။ သူတို့ထံမှ ထာဝရသက်ရှိများပင် ထွက်လာသေးသည်။

သူတို့နောက်ခံ မည်မျှထူးခြာကြောင်း မည်သူမှ မသိကြ။

“တူလေး .. မင်း ဟာသတွေ ပြောနေတာပဲ.. ဒီကိစ္စမျိုးက မင်း သမီးရဲ့ တစ်ဘဝလုံးနဲ့ သက်ဆိုင်တာ .. မင်းက ဘယ်လိုလုပ် ဒါကို လက်လွတ်စပယ်ပြောနေတာလဲ..” အကြီးအကဲအရှင် ပြောလိုက်သည်။

“ကျုပ်က ဒီအတိုင်း ပြောလိုက်ရုံပါပဲ .. အရေးကြီးတဲ့အပိုင်းကတော့ ကျုပ်သမီးနဲ့ပဲ ဆိုင်တာပါ .. ဒီမှာ လက်ရှိလောကရဲ့ အဆင့်လွန်လူငယ်တွေ အများကြီးရောက်နေတယ်ကြားလို့ အထူးချွန်ဆုံးတစ်ယောက်ကို ရွေးချင်တာပါ..” ရှုမင်ရွှမ်း ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။ ထို့နောက် သူ ရှီဟောင်အား ကြည့်လိုက်လေ၏။

“သူ မင်းကို သားမက်အဖြစ် ရွေးလိမ့်မယ်..”
ရှီဟောင်၏ ပုခုံးထက်တွင်ရှိနေသည့် ပုရွက်ဆိတ်လေးမှ ပြောလိုက်သည်။ သူသည် တစ်လက်မပင် မပြည့်သော်လည်း သူသည် လက်နောက်ပစ်ကာ အလွန်အရေးပါသည့်သူကဲ့သို့ လုပ်နေသည်။

အားလုံး တုန်လှုပ်သွားရသည်။ ရှုမင်ရွှမ်း၏ မျက်လုံးများမှာ တည့်တိုးဆန်လှသည်။ သူက ဟွမ်ကို နှစ်သက်နေတာများလား..

ဝမ်မိသားစုမှ လူများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။ သူတို့ ချွေးစေးများပင် ပြန်လာသည်။

သူတို့သည် ယခင်က ရှီဟောင်အား ကျွန်တစ်ယောက်အဖြစ် ဆက်ဆံခဲ့သည်။ သူ့ဦးခေါင်းထက်၌ စိန်ခေါင်းပတ် ဝတ်ဆင်ပေးကာ အသက်ကျောက်တုံးကို ရှာဖွေရန်အတွက် မူလရှေးဟောင်းမိုင်းတွင်းထဲသို့ပင် ပို့ခဲ့သေးသည်။

သူတို့သည် အချိန်အတော်ကြာသည်အထိ ရှီဟောင်အား အစေခံအဖြစ် မြင်ခဲ့သည်ပင်။ နောက်ပိုင်း သူ၏စွမ်းရည်များ ထူးခြားကြောင်း သိလိုက်ရသည့်အချိန်တွင်ပင် သူတို့ အနည်းငယ် မောက်မာကာ သူ့အား ဖိနှိပ်ခဲ့သေးသည်ပင်။

ထို့ကြောင့်ပင် သူတို့နှင့် ရှီဟောင်ကြား ပြဿနာတက်ခဲ့ကြခြင်းပင်။ သူသည် စိန်ခေါင်းပတ်ကို ဖျက်ဆီးခဲ့ပြီး ဝမ်ရှီးအား ဖမ်းကာ သူမကို တစ်ညသာ ဖိနှိပ်ထားခဲ့သည်။ ဤကိစ္စကို အသုံးပြုကာ သူ၏အရှက်ရမှုကို လက်စားချေခဲ့သည်။

နှစ်ဘက်လုံးမှာ ရန်သူများပင်။ ရှီဟောင်သာ ရှုမိသားစုထဲသို့ ဝင်သွားပါက ဤသည်မှာ ကျားကို အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။

ထိုသို့သာဖြစ်လာလျှင် အပြင်လောကမှ လူများသည် ဝမ်မိသားစုအား အမြင်မရှိသည့်သူဟု ပြောကြလိမ့်မည်။ သူတို့သည် ထူးခြားသည့်ဂျီးနီးယပ်စ်တစ်ယောက်ကို သူတို့ ပြိုင်ဘက်ဂိုဏ်းသို့ရောက်အောင် မောင်းထုတ်ခဲ့ကြသည်။ ထိုအချိန်ကျလျှင် ဝမ်မိသားစုမှာ ပျက်လုံးကြီးဖြစ်နေလိမ့်မည်။

“ကျွန်တော် ရှုမိသားစုရဲ့ ဉာဏ်ပညာကြီးမှုကို အမြဲတမ်း လေးစားနေခဲ့တာပါ .. ဟွမ်က အရင်တုန်းက ဝမ်မိသားစုအတွက် မိုင်းတူးပေးခဲ့ရသေးတယ် … ရှုမိသားစုက သူ့ကို အလေးထားနေတာလား .. ဒါက တော်တော်လေးကို ထူးခြားတဲ့စရိုက်ပဲ..”

ထိုအချိန်တွင် ဝမ်မိသားစုမှ လူငယ်တစ်ယောက်‌ ပြောလာ၏။ သူသည် ထာဝရကျောင်း၏ တပည့်တစ်ယောက်ပင်။ ယခု သူပြောလိုက်သည့်စကားများမှာ မရှင်းလင်းပေ။

အပေါ်ယံအားဖြင့် သူ ရှုမိသားစုအား ချီးကျူးနေသော်လည်း တကယ်တမ်းတွင် သူတို့အား လှောင်ပြောင်နေခြင်းပင်။ သူ၏စကားများထဲတွင် ရှီဟောင်သည် ယခင်က သူတို့မိသားစုအစေခံဖြစ်ခဲ့သည်ဟုဆိုကာ ရှီဟောင်ကို လှောင်ပြောင်နေသေးသည်ပင်။ ရှုမိသားစုမှ သူ့အား သားမက်အဖြစ်ရွေးလိုက်သောကြောင့် ဤသည်မှာ ရှုမိသားစုအတွက် အရှက်ရစရာ ဖြစ်နေသည်မလား..

ရှီဟောင်၏အမူအရာ ချက်ချင်းအေးစက်သွားသည်။ သူသည် ထိုလူငယ်ကိုကြည့်ကာ စကားတစ်ခွန်းသာ ပြောလိုက်သည်။ “မင်း သေချင်နေတာလား..”

ဤလူငယ်လေးမှာ မာနကြီးကာ မောက်မာသည့်သူဟု ပြော၍ရသည်။ မဟုတ်ပါက ဤအခြေအနေတွင် သူဘယ်လိုလုပ် ရှီဟောင်အား လှောင်ရယ်ရဲမည်နည်း .. ထို့အပြင် သူသည် သူသည် သက်ရှည်အင်ပါယာတရားရုံး ရှုမိသားကိုလည်း ဤမျှပွင့်ပွင့်လင်းလင်း လှောင်ပြောင်လိုက်သည်မလား..

“ဟွမ် .. မင်းက တော်တော်လေး ရဲတင်းနေပြီ .. မင်းကိုယ်မင်း ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို လွှမ်းမိုးနိုင်တဲ့သူတို့ ထင်နေတာလား .. မင်းလုပ်ချင်တာ လုပ်လို့ရမယ်လို့ ထင်နေတာလား…” ထိုလူငယ်လေး အမူအရာပျက်ယွင်းသွားကာ ပြောလိုက်သည်။

“မင်းက သေခြင်းနဲ့ရှင်ခြင်းကို မသိတဲ့သူပဲ .. ဒီလိုအခြေအနေမျိုးမှာ ငါ့ကို အရှက်ခွဲလိုက်ရလို့ မင်းကိုယ်မင်း သူရဲကောင်းဖြစ်သွားတယ်လို့ ထင်နေတာလား..” ရှီဟောင်အသံမှာ အေးစက်နေသည်။ ထို့နောက် သူချက်ချင်းပင် အရှေ့တက်လာလိုက်သည်။

ဝုန်း..

သူသည် အနည်းငယ်မျှပင်‌ တွေဝေမနေပဲ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

လူမျာစွာ ဆွံ့အသွားရ၏။ ဝမ်မိသားစုမှ စီနီယာများ ဤနေရာ၌ရှိနေသောကြောင့် ဘာပဲဖြစ်ဖြစ် ရှီဟောင် ဤကဲ့သို့လုပ်ရဲမည်မဟုတ်ဟု အားလုံးထင်နေကြခြင်းပင်။

အခြားသူများသာဆိုပါက တစ်ဖက်လူကို ပြန်ခံပြောပြီး ဝမ်မိသားစု ဂျီးနီးယပ်စ်မှ စတင်တိုက်ခိုက်လာအောင် ပြုလုပ်လိမ့်မည်။ ထိုသို့ဆိုလျှင် ‘ယဉ်ကျေးမှုမရှိဘူး’ ဟု ပြောခံရမည်မဟုတ်တော့။

“မင်း ငါ့ကို တိုက်ခိုက်ရဲတယ်လား..” ဝမ်မုန့်လုံ အော်ဟစ်လိုက်၏။ သူ၏မျက်လုံးမှ အေးစက်သည့်အလင်းများထုတ်လွှတ်နေသည်။ သူ ဒေါသထွက်သလို အနည်းငယ်လည်း ကြောက်ရွံ့နေမိသည်။

“မင်းကိုယ်မင်း ထူးခြားတဲ့သူလို့ ထင်နေတာလား..” ရှီဟောင်၏လက်သီးချက် ကျရောက်လာသည်။ စွမ်းအားပြင်းသည့်လေများလည်း တိုက်ခတ်လာပြီး လေဟာနယ်ကို စုတ်ဖြဲသွားသည်။ ဝမ်မိသားစုမှ ဂျီးနီးယပ်စ်များ သူအား ရင်မဆိုင်ရသေးခင်မှာပင် ဝမ်မုန့်လုံ၏ပါးစပ်ထဲမှ သွေးများစီးကျလာသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရှီဟောင် သူ၏စွမ်းအား ၁၂၀ ရာခိုင်နှုန်းကို အသုံးပြုထားခြင်းပင်။

“မင်းတစ်ယောက်တည်းမပြောနဲ့ .. ဝမ်မိသားစုက အတော်ဆုံးဂျီးနီးယပ်စ် ၁၀ ယောက် လွှတ်လိုက်ရင်တောင် ငါအားလုံးကို ရှင်းပစ်နိုင်တယ်..”

အားလုံးဆွံ့အသွားကာ ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားရသည်။

ဟွမ်သည် တစ်ဖက်လူအား တကယ်ပင် မျက်နှာသာမပေးပေ။ သူသည် ဝမ်မိသားစုရှေ့တွင်ပင် ဤကဲ့သို့ ပြောသေးသည်။ ဤသည်မှာ သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် အတူတူပင်။

“ဟားဟား .. တော်တော်လေး တည့်တိုးဆန်တာပဲ .. ဒီလိုပဲ ဖြစ်သင့်တယ် .. ဒါပေမဲ့ ဒီလူကို ရှင်းဖို့အတွက် ငါ့ကိုသာ လွှဲထားလိုက်..”

ရှုမင်ရွှမ်းမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ချက်ချင်းပင် သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ ရှီဟောင်ရှေ့တွင် ပေါ်လာကာ ဝမ်မိသားစုမှလူရှိနေသည့်ဘက်သို့ လက်ဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။

ဖြန်း..

ဤရိုက်သံမှာ ကျယ်လောင်ကာ ရှင်းလင်းလှသည်။ ဝမ်မုန့်လုံ ချက်ချင်းပင် သနားစဖွယ်အော်ဟစ်လိုက်သည်။ သူ၏အရိုးများကျိုးသွားပြီး သွားများလည်း ကျွတ်ထွက်လာသည်။

သူ့တစ်ကိုယ်လုံးလွင့်ထွက်သွားကာ ထိုနေရာ၌ပင် သတိလစ်သွားလေ၏။ သူ၏မူလဝိညာဉ်ပင် ပျက်စီးလုနီးပါးဖြစ်သွားသည်။

ဤသည်မှာ ဧကရာဇ်ရှု ထိန်းထားခြင်းပင်။ မဟုတ်ပါက သူ၏ခွန်အားနှင့်ဆိုလျှင် သူ၏လက်ညှိုးတစ်ချောင်းတည်းဖြင့် ဤလူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပျက်စီးသွားလိမ့်မည်။

“ရှုမင်ရွှမ်း .. မင်း လုပ်ရဲတယ်ပေါ့..” ဝမ်မိသားစုမှ အကြီးအကဲတစ်ယောက်‌ ဒေါသတကြီး ပြောလိုက်သည်။ သူ၏မျိုးဆက်ကို အားလုံးရှေ့၌ ရိုက်လိုက်ခြင်းမှာ သူတို့ကို မျက်နှာသာမပေးခြင်းပင်။ ဤသည်မှာ သူတို့အား အရှက်ခွဲခြင်းနှင့် အတူတူပင်..

“ငါက ဘာလို့ မလုပ်ရဲရမှာလဲ .. မင်းတို့ ဝမ်မိသားစုက တပည့်တွေကို မတင်းကြပ်ထားဘူးပဲ .. လူငယ်တွေကို ဒီလိုမျိုး စဉ်းစားဉာဏ်မရှိတဲ့မှတ်ချက်မျိုးတွေ ပြောခွင့်ပြုထားတာ .. ငါမင်းကို မေးပါရစေဦး .. ဒီလူငယ်လေး ပြောတဲ့စကားကြောင့်နဲ့ မင်းက ငါတို့ကလန်နှစ်ခုကြားက နှစ်တစ်သောင်းစစ်ပွဲကို စချင်လို့လား…” ရှုမင်ရွှမ်း ပြင်းထန်စွာ ပြောလိုက်သည်။

အစပိုင်းတွင် ဤကိစ္စမှာ ဤမျှမလေးနက်ဘူးဟု အားလုံးထင်ခဲ့ကြသည်။

သို့သော်လည်း ရှုမင်ရွှမ်း ဤကဲ့သို့ ပြောလိုက်သည်နှင့် ဤကိစ္စ၏ ပြင်းထန်မှုကို သူတို့အားလုံး ခံစား၍ရသွားသည်။

” မင်း .. ဟက်…”
ဝမ်မိသားစု အကြီးအကဲသည် ဒေါသထွက်နေသော်လည်း နောက်ဆုံး၌ အေးစက်စွာသာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏အင်္ကျီလက်ကို လွှဲရမ်းကာ နောက်ပြန်ဆုတ်သွားလေ၏။

အပိုင်း ၁၄၇၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၈၀ – မြောက်ဘက်သို့ ဦးတည်ခြင်း

“မင်း မဆိုးဘူး..” ရှုမင်ရွှမ်း လျှောက်လာကာ ရှီဟောင်၏ပုခုံးကို ပုတ်၍ ပြောလိုက်သည်။

ပုရွက်ဆိတ်လေးမှာ မြန်မြန်ရှောင်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလက်ဝါးသည် သူ့အား ရိုက်မိလုနီးပါးဖြစ်သွားသည်ပင်။ ဧကရာဇ်က သူ့အား တမင်သက်သက်ရိုက်ချချင်နေခြင်းဖြစ်သည်ဟုပင် သူသံသယဝင်သွားရသည်။

ရှုမင်ရွှမ်း၏ မည်းနက်နေသည့်ဆံပင်များမှာ ထူထဲလှသည်။ သူ၏မျက်လုံးထဲ၌ ကြယ်များ ကြွေကျနေပြီး သူ၏အော်ရာလည်း အံ့အားသင့်စရာ ကောင်းလှသည်။ သူသည် လူလတ်ပိုင်းအရွယ်နှင့်တူသော်လည်း သူ၏သွေးစွမ်းအင်မှာ များပြားလှသည်။ သူ၏ရွှေရောင်နဂါးဝတ်ရုံမှ တောက်ပသည့်အလင်းများထုတ်လွှတ်နေသည်။

“စီနီယာက ဉာဏ်ပညာကြီးမားပြီးတော့ ပြိုင်ဘက်ကင်းတဲ့သူရဲကောင်းပါ..” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မော၍ ချီးကျူးလိုက်သည်။

“ကောင်စုတ်လေး .. အခုပဲ ဒေါသထွက်နေပြီးတော့ တစ်ခြားသူကို ဘယ်လိုမြှောက်ရမယ်ဆိုတာလည်း သိတာလား..” ရှုမင်ရွှမ်းပြုံး၍ ပြောလိုက်သည်။

“ကျွန်တော်က အမှန်အတိုင်းပြောရုံပါ .. အရှင် အဲဒီ လောကကြီးအကြောင်းမသိတဲ့ကောင်ကို ရိုက်လိုက်တဲ့ပုံစံက အတော်လေးကို လွှမ်းမိုးမှုရှိတယ် .. ကျွန်တော်စိတ်လှုပ်ရှားသွားတာ..” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

လူများစွာ ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ ဝမ်မိသားစုမှာ အမုန်းကြီးမုန်းနေလေပြီ။ ဤသည်မှာ သူတို့မျက်နှာရှေ့ သူတို့ကို အရှက်ခွဲလိုက်ခြင်းပင်။ ဟွမ်က တကယ်ကို ဘာမှမကောင်းတဲ့ကောင်ပဲ ..

“ဝမ်မိသားစု .. အရမ်းလွန်မလာခင် မင်းတို့အားလုံး ရပ်တန့်လိုက်ဖို့ မျှော်လင့်တယ် .. လျှောက်ပြောလို့မရတဲ့ ကိစ္စတွေရှိတယ် .. ငါ့သမီးရဲ့ တာအို လက်တွဲဖော်အဖြစ် ဘယ်သူ့ကို ရွေးမလဲဆိုတာ ငါ မဆုံးဖြတ်ရသေးဘူး .. ငါရွေးပြီးသွားရင်တောင်မှ ဒါက မင်းတို့လှောင်ရယ်စရာကိစ္စမဟုတ်ဘူး” ရှုမင်ရွှမ်းပြောလိုက်သည်။

ထို့နောက် သူသည် ရှီဟောင်ပုခုံးထက်၌ ရှိနေသည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးကိုကြည့်ကာ ထူးဆန်းသည့်အမူအရာ ဖြစ်လာသည်။ “မင်းက ဘာလို့ ငါ့ကို အဲဒီလိုမျိုး မုန်းတီးနေတဲ့အကြည့်ကြီးနဲ့ လာကြည့်နေတာလဲ ..”

“ခင်‌ဗျား ဘာလုပ်ဖို့ ကြိုးစားခဲ့တာလဲ .. ခင်ဗျား အင်္ကျီလက်ထဲက အိမ်မြှောင်စုတ်ကိုထုတ်ပြီးတော့ ကျုပ်ကို ပြချင်နေတာလား .. ခင်ဗျား အဲဒီအိမ်မြှောင်ပေါ်မှာ တစ်ခုခုထားထားတယ်ဆိုရင်တောင် ခင်ဗျား ရွှေရောင်ပုရွက်ဆိတ်တစ်ကောင် ထပ်ပေါင်းထည့်ထားသင့်တယ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး ဒေါသတကြီး ပြောလိုက်သည်။

ဤစကားကိုကြားသည်နှင့် အားလုံး ရယ်မောလိုက်ကြသည်။ ရှုမင်ရွှမ်းပင် ဆွံ့အသွားရ၏။

ယခု အကြီးအကဲအရှင် ပြန်လာပြီဖြစ်သောကြောင့် မည်သူမှ လက်လွတ်စပယ် မလုပ်ရဲကြတော့။

စကားအနည်းငယ်‌ ပြောပြီးနောက် အကြီးအကဲအရှင်နှင့် ဧည့်သည်အချို့က တရားဝင်စီးပွားရေးကိစ္စများ ဆွေးနွေးသည့် ကြေးနန်းတော်ထဲသို့ ဝင်သွားလိုက်ကြသည်။

ယခုအချိန်တွင် ဂျီးနီးယပ်စ်အတော်များများ မြေအောက်လောကသို့ ဝင်သွားကြကာ အခွင့်အရေးကောင်းများ ရှာဖွေနေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ အန္တရာယ်မရှိကြောင်း ရှီဟောင် သူတို့အား ပြောပြလိုက်သည်ပင်။

“ရှီဟောင် .. မင်း လာခဲ့..” အကြီးအကဲအရှင် သူ့အား တိတ်တိတ်လေး ပြောလိုက်သည်။

ရှီဟောင်လည်း ထွက်သွားဖို့ လောမနေပေ။ အဘယ်ကြောင့်ဆိုသော် သူ့အား ဤနေရာ၌စောင့်နေရန် အကြီးအကဲအရှင် သူ့အား မှာထားသည်ပင်။

အကြီးအကဲအရှင်သည် ဧည့်သည်များနှင့် တစ်ခဏခန့် အဖော်ပြုပေးပြီးသည်နှင့် ထိုကြေးနန်းတော်ထဲမှ ပြန်ထွက်လာလိုက်သည်။ သူ ရှီဟောင်အား အနောက်ဘက်တောင်သို့ ခေါ်သွားလိုက်သည်။ ဤနေရာတွင် ကောင်းမွန်သည့်အိုးအိမ်အချို့နှင့် ရှေးဝါးပင်အချို့သာရှိသည်။ မည်သူမှ ဤနေရာသို့ မလာကြ။

“စီနီယာ .. စီနီယာ အဲဒီရှေးဟောင်းဂူထဲမှာ ဘာကောင်တွေ့ခဲ့တာလဲ..” ရှီဟောင်မေးလိုက်သည်။

ထိုရှေးဟောင်းမြေမှာ ထူးဆန်းလှသည်။ အကြီးအကဲအရှင်သည် များပြားလှသည့်အရိုးများထဲမှ မသေသေးသည့်သတ္တဝါတစ်ကောင်ကို တူးဖော်ရရှိခဲ့သည်ပင်။ ဤသည်မှာ အနည်းငယ် ကြောက်စရာကောင်းလှသည်ပင်။

သိထားရမည်မှာ ထိုနေရာမှာ အလွန်ထူးဆန်းလှပြီး အရိုးများမှာ ပြာမှုန့်များဖြစ်လုနီးပါပင်။ ဤအရိုးများအာလုံးမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ လောကကြီးကို တုန်လှုပ်စေနိုင်သည့် ကျွမ်းကျင်သူများပင်။

ဤအရိုးများအောက်၌ မြှုပ်နေသည့် သတ္တဝါမှာပို၍ပင် ရှေးကျလိမ့်မည်ပင်။

ဒီလောက်နှစ်တွေကြာတာတောင် သူက အသက်ရှင်နေသေးတာလား ..

ထို့အပြင် ဤသတ္တဝါသည် အလွန်အားနည်းသော်လည်း မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းသည်ကို ရှီဟောင် အာရုံခံမိလိုက်သည်ပင်။

သူသာ ပြန်ကောင်းလာနိုင်လျှင် မည်မျှပင် စွမ်းအားကြီးလာမည်နည်း..

“ဒီကိစ္စအတွက် ငါ မင်းကို‌ ခေါ်လိုက်တာပဲ .. ဒီကိစ္စကို မင်းပဲ သိပါစေ .. မင်း ဒါကို ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး..” အကြီးအကဲအရှင်၏အသံမှာ အလွန်လေးနက်နေသည်။

“မင်းတို့နှစ်ယောက် ဘာပြောနေကြတာလဲ.” ရှီဟောင် ပုခုံးပေါ်မှ ပုရွက်ဆိတ်လေး စိတ်ဝင်တစား မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင် ကာထားသောကြောင့် သူတစ်လုံးမှ မကြားရ။

ထို့နောက် အကြီးအကဲအရှင် ရှီဟောင်အား လက်စွပ်တစ်ကွင်းပေးလာသည်။ ဤလက်စွပ်သည် အလွန်သာမန်ဆန်ပြီး ရိုးရှင်းလှသည်။ အရောင်ပင် တောက်ပမနေပေ။ ဤလက်စွပ်ကို ဘာပစ္စည်းဖြင့် လုပ်ထားမှန်းမသိရ။ လက်စွပ်မှာ နေဗီပြာရောင်ပင်။

ဤသည်မှာ စိမ်းပြာရောင်ကျောက်တုံးတစ်တုံးမှ ထွင်းထားဟန်တူသည်။

ဒါက ဘာကြီးလဲ .. ရှီဟောင် အကြီးအကဲအရှင်အား ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ဒါကို မင်းလက်မှာ ဝတ်ထားလိုက် .. တစ်နေ့ကျရင်တော့ အသုံးဝင်လာလိမ့်မယ် .. ကျန်တာ မင်း မေးစရာမလိုဘူး .. မင်းမှတ်ထားရမှာက မြေအောက်က သတ္တဝါအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့..” အကြီးအကဲအရှင် နောက်တစ်ကြိမ် အလေးအနက်သတိပေးလာသည်။

အစပိုင်းတွင် ရှီဟောင် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်အသုံးပြုသည်မှာ အောင်မြင်သွားသောကြောင့် သူအလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားခဲ့သည်။

သို့သော်လည်း ထိုသတ္တဝါကြီးကို ရုတ်တရက်တူးမိသွားသည့်အချိန်တွင် အရာအားလုံး ရုတ်တရက်ပြောင်းလဲသွားသည်။ အကြီးအကဲအရှင် ဤကိစ္စအား အလွန်အလေးထားပြီး သူ့စိတ်ထဲ လေးလံနေသည်ပင်။

ထို့နောက် သူ မပျက်စီးနိုင်သည့်ကျမ်းစာကို သွားရှာရမည်ဖြစ်ကြောင်း ရှီ‌ဟောင် အကြီးအကဲအရှင်အား ပြောလိုက်သည်။ တစ်ဖက်လောကမှ သတ္တဝါများအချိန်မရွေး တိုက်ခိုက်လာနိုင်သောကြောင့် သူချက်ချင်း ထွက်ခွာကာ သူ့ကိုယ်သူ သန်မာလာအောင်လုပ်ရမည်ဖြစ်ကြောင်း ပြောလိုက်သည်။

“သွား .. ဒါပေမဲ့ နည်းနည်းလောက်ပိုပြီး ဂရုစိုက်ဦး..” အကြီးအကဲအရှင် သတိပေးလိုက်သည်။

“သွားကြစို့..” ထိုတောင်မှ ထွက်ခွာလာသည်နှင့် ပုရွက်ဆိတ်လေး ကြွေးကြော်လိုက်ကာ လတ်ဆတ်သည့်လေများကို တစ်ဝကြီး ရှူသွင်းလိုက်လေသည်။

အမှန်တကယ်တွင် ဤနေရာမှာ မြေအောက်နန်းတော်ထက်ပင် ဆိုးရွားသည်။ ထိုနေရာတွင် ပြင်းထန်သည့်ဝိညာဉ်စွမ်းအားများရှိနေသည်။ ထိုစွမ်းအားများထဲတွင် ထာဝရစွမ်းအင်ပင် ရောနေသေးသည်။

သို့သော်လည်း ပုရွက်ဆိတ်လေးအတွက်တော့ အပြင်လောကမှာ အသစ်အဆန်းဖြစ်နေပြီး မြေအောက်လောကကဲ့သို့ တိတ်ဆိတ်မနေပေ။

“ငါတို့ မပျက်စီးနိုင်တဲ့ကျမ်းစာကို ဘယ်မှာသွားရှာမှာလဲ..” ပုရွက်ဆိတ်လေး မေးလိုက်သည်။

“မြောက်ပင်လယ် တောအုပ်..” ရှီဟောင်ပြောလိုက်၏။ ဤသည်မှာ ယခင်ခေတ်ကတည်းက ရှိနေခဲ့သည့် အလွန်အရေးကြီးသည့်နေရာတစ်ခုပင်။ ဤသည်မှာ ပင်လယ်ထဲတွင်ရှိနေသည့် ကျောက်တုံးတောအုပ်ကြီးပင်။

ဤနေရာနှင့်ပတ်သက်သည့်ဒဏ္ဍာရီများစွာ ရှိနေသည်။

ယခုခေတ်တွင် အောင်မြင်မှုရှိသည့် သူများအားလုံး ထိုနေရာသို့သွားကာ တောင်ထိပ်များတွင် သူတို့၏နာမည်များကို ရေးထိုးကြလေသည်။

ဥပမာအားဖြင့် ခရမ်းရောင်နေကောင်းကင်ဘုရင်၊ လန်ရှင်းနှင့် အခြားသူတို့သည် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် ထိုနေရာသို့သွားကာ နတ်ချောက်ကမ်းပါးနံရံ၌ သူတို့နာမည်များကို ရေးထိုးကြသည်ဟု ပြောကြသည်။

အဆင့်လွန်လူငယ်တစ်ဝက်ကျော် ထိုနေရာ၌ နာမည်များရေးထွင်းပြီးသွားပြီဟု ပြောကြသည်။

ကံကောင်းသည်မှာ မြောက်ပင်လယ်သစ်တောသည် အနန္တကောင်းကင်တွင်ရှိနေသောကြောင့် ရှီဟောင် နယ်မြေများကို ဖြတ်သန်းရန် စိတ်ပူစရာမလိုတော့။

အနန္တကောင်းကင်မှာ အလွန်ကျယ်ပြောလှသည်။ မြို့ကြီးများစွာ ရှိနေပြီး တစ်မြို့နှင့်တစ်မြို့ကြားတွင် လီပေါင်းထောင်ပေါင်းများစွာ ကွာဝေးသည်။

အချို့နတ်မြို့များမှာ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကျယ်ဝန်းလှသည်။ မြို့ကြီးမှာ လီပေါင်းသန်းပေါင်းများစွာ ကျယ်ဝန်းလှသောကြောင့် ထိုမြို့များ၌ ကြီးမားလှသည့်ရွှေ့ပြောင်းခြင်းအစီအရင်များ တည်ဆောက်ထားရသည်။

ရှီ‌ဟောင် ဤအစီအရင်များကို အသုံးပြုကာ ရှေ့ဆက်သွားခဲ့သည်။ သူသည် မြောက်ဘက်သို့ ဦးတည်ကာ မြောက်ပင်လယ်ဘက်သို့ သွားလိုက်သည်။

ဤနယ်မြေကြီး ဘယ်လောက်ကျယ်သလဲဆိုသည်မှာ စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်။ သူ မရပ်မနားသွားနေသည်ပင် ရက်ပေါင်းအတော်ကြာမှသာ မြောက်ဘက်ပိုင်းနယ်မြေသို့ ရောက်လာသည်။

ဤနေရာမှာ တောရိုင်းကဲ့သို့ ဖြစ်နေသေးသည်။ ရှေးဟောင်းသားရဲမျိုးစုံ လှည့်ပတ်သွားလာနေပြီး ငှက်များလည်း အတောင်ပံများ ဖြန့်ကျက်ကာ ပျံသန်းနေကြသည်။ လူဝံများ ဟစ်ကြွေးနေပြီး ကျားများလည်း ဟိန်းနေကြသည်။

သူတို့ ပင်လယ်ရေလှိုင်းသံများ ကြားရပြီး မြောက်ပိုင်းပင်လယ်နားသို့ နီးနေပြီဖြစ်သော်လည်း ကမ်းခြေတစ်လျှောက်တွင် ကြီးမားသည့်သားရဲမျိုးစုံ လှည့်လည်သွားလာနေဆဲပင်။

ရှီဟောင် အံ့အားတကြီးသာ သက်ပြင်းချလိုက်သည်။ ဟင်းလင်းပြင်တာအိုနယ်ပယ်သို့ ရောက်မှသာ သူ တောတောင်များ၊ မြစ်များကြား၊ ကန်များကြား၌ လွတ်လွတ်လပ်လပ်သွားလာနိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သားရဲအတော်များများမှာ ဟင်းလင်းပြင်တာအိုနယ်ပယ်ပင်။

ယခင်ကသာဆိုလျှင်တော့ သူ ဤအကောင်များကို ရှောင်ရှားသွားရမည်ပင်။

သို့သော်လည်း ယခုအချိန်တွင် သူသည် ဂိုဏ်းခေါင်းဆောင်အဆင့်ဖြစ်နေပြီဖြစ်သောကြောင့် ပို၍ လွတ်လွတ်လပ်လပ်သွားလာ၍ ရလေပြီ။

သို့သော်လည်း ဤသည်မှာ အပြင်လောက၌ လွတ်လွတ်လပ်လပ်သွားလာသည်နှင့်တော့ မတူသေးပေ။ သူသေချာအာရုံစိုက်ရဦးမည်။ အဘယ်ကြောင့်ဆိုသော် ဤတောင်များ၏ အတွင်းပိုင်းထဲတွင် ရက်စက်သည့်သားရဲကြီးတစ်ကောင် ပုန်းအောင်းနေနိုင်သည်။

ချောက်နက်ကြီးထဲ၌ ပုန်းနေသည့် ရှေးဟောင်းရေနဂါးချိုု့ ရှိနေနိုင်သည်။ ဤကဲ့သို့သော သတ္တဝါများမှာ နှစ်ပေါင်း ရာပေါင်းများစွာ အသက်ရှင်နေခဲ့ပြီဖြစ်သောကြောင့် သူတို့၏ကျင့်ကြံဆင့်မှာလည်း နက်နဲလှသည်။

မြောက်ပိုင်းပင်လယ်မှာ အလွန်ပင် ကျယ်ပြောလှသည်။

သို့သော်လည်း ကမ်းစပ်၌ ရပ်လိုက်သည်နှင့် နှလုံးမတုန်ပဲ မနေနိုင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကြောက်စရာကောင်းလှသည်။

အရှေ့ဘက်သို့ကြည့်လိုက်လျှင် အနက်ရောင်မြူခိုးများ အုံ့ဆိုင်းနေသည့် ပင်လယ်ကြီးကို တွေ့ရလိမ့်မည်။ ဤမြောက်ပိုင်းပင်လယ်အနက်ပိုင်းသို့ ပို့ဆောင်ပေးသည့် ရွှေ့ပြောင်းခြင်းအစီအရင်များရှိသော်လည်း တစ်ခုမှ စိတ်မချရပေ။

ရှေးဟောင်းရွှေ့ပြောင်းခြင်းအစီအရင်များသည် နှစ်ပေါင်းများစွာကြာအောင် မပြုမပြင်ပဲ အသုံးပြုလာသောကြောင့် တစ်ခါတစ်ရံ ပြဿနာရှိတတ်သည်။ အချို့သူများသည် ပင်လယ်ပြင်ကြီးထဲသို့ ပို့ခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။

ရှီဟောင် ဤနေရာသို့ ရောက်လာရသည့်ရည်ရွယ်ချက်မှာ အခြားသူများနှင့်အတူတူပင်။ ‘မြေအောက်လောကသင်္ဘော’ကို စောင့်ရန်ပင်။ သင်္ဘောနာမည်မှာ ကြောက်စရာကောင်းသော်လည်း တကယ်တမ်းတော့ ထိုမျှကြောက်စရာမကောင်းပေ။

မြူထဲတွင် နေရာတိုင်း၌ သင်္ဘောများရှိနေသည်။ အချို့ရှေးဟောင်းသင်္ဘောများမှာ သူ့အလိုလိုပင် ရွေ့လျားနေကြသည်။ ထိုသင်္ဘောများ၏ထိပ်၌ နီရဲနေသည့်မီးအိမ်များ ချိတ်ဆွဲထားသည်ပင်။

ဤသည်မှာ အနည်းငယ် ကြောက်စရာကောင်းသော်လည်း ယခုအချိန်ထိတော့ အန္တရာယ်မဖြစ်သေးပေ။

ခဏကြာပြီးသည့်နောက် မြေအောက်လောကသင်္ဘောအချို့ ပေါ်လာသည်။ ဤသင်္ဘောထိပ်တွင်လည်း နီရဲနေသည့် သွေးရောင်မီးအိမ်များ တောက်ပနေသည်ပင်။

“ဒါက မြေအောက်လောကသင်္ဘောတွေလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

“တကယ် ကြောက်စရာကောင်းတာပဲ..” ပုရွက်ဆိတ်လေး ချွေးစေးများပင် ပြန်လာသည်။

“မင်း မသိဘူးလား .. ဒီသင်္ဘောတွေက ထာဝရရှေးဟောင်းခေတ်ကတည်းက ရှိနေတာ .. သူတို့တွေက ပျက်စီးမသွားဘူး .. သူတို့ ပင်လယ်မျက်နှာပြင်ပေါ်မှာ ပေါ်လာပြီးတော့ လူတွေကို ကမ်းခြေကနေ တစ်ခြားနေရာကို ခေါ်သွားပေးနိုင်တယ်..” ရှီဟောင် ပြောလိုက်၏။

“ငါ မသိဘူး .. သင်္ဘောတွေအကြောင်း ငါတစ်ခါမှ မကြားဖူးဘူး..” ပုရွက်ဆိတ်လေး ခေါင်းခါကာ ပြောလိုက်သည်။

အမှန်တကယ်တွင် ဤကဲ့သို့သော သင်္ဘောမျိုးအသုံးပြုကာ မြောက်ပိုင်းပင်လယ်အား ဖြတ်သန်းရမည်ဟု သိလိုက်ရသည့်အချိန်က သူလည်း ထိတ်လန့်ခဲ့သည်ပင်။

လှေတစ်စီး ကမ်းကပ်လာလေပြီ။ လှေမှာ သိပ်မကြီးသော်လည်း အလွန်မာကျောလှသည်။ လှေကိုယ်ထည်မှာ အနက်ရောင်ဖြစ်ပြီး အချိန်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လှေကိုယ်ထည်မှာ ပျက်စီးသွားခြင်းမရှိသေး။

ဒါက အရင်ခေတ်ကတည်းက မျောနေတဲ့ ရှေးဟောင်းသင်္ဘောရော ဟုတ်ရဲ့လား .. ရှီဟောင် ယုံကြည်နိုင်ရန် ခက်ခဲနေသည်။

ဤသင်္ဘောများကို သိမ်းယူပြီး လေ့လာခဲ့သည့် သူအချို့ရှိခဲ့သော်လည်း သူတို့ဘာမှ ရှာမတွေ့ခဲ့ကြ။

“သွားကြစို့ .. လှေပေါ်တက်ကြစို့..” ရှီဟောင် ပြောလိုက်သည်။

သူတို့ ပင်လယ်ပြင်ထဲသို့ ခရီးနှင်တော့မည်။ မြောက်ပိုင်းပင်လယ်အလယ်ပိုင်း၌ အတော်လေစည်ကားသည့်တစ်နေရာရှိသည်ဟု သူကြားဖူးသည်။ ကျင့်ကြံသူအချို့ ထိုနေရာ၌ နေကြသည်ပင်။

“အမ် .. ဒါက နည်းနည်းရင်းနှီးနေသလိုပဲ..” မြေအောက်လောကသင်္ဘောပေါ်သို့ တက်ပြီးသွားသည့်အချိန်တွင် ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။

ဒီလှေက ဘာလို့ ပိုပိုပြီး ရင်းနှီးလာတာလဲ .. သူတည်ငြိမ်နိုင်ရန် အနည်းငယ် ခက်ခဲနေသည်။

ရုတ်တရက် ရှီဟောင် မှတ်မိသွားသည်။ သူ အသက် ၁၀ နှစ်ခန့်က ပြိုင်ဘက်ကင်းသည့်အဖိုးတန်ပညာအတွက် တိုက်ခိုက်ရန် ပင်လယ်ထဲသို့ ရွက်လွင့်ကာ ခွန်ပန်အသိုက်သို့ သွားခဲ့သည်။ ထိုနေရာ၌ သူ ဤလှေများကို မြင်ဖူးခြင်းပင်။

သို့သော် ထိုအချိန်တုန်းက သူမြင်ခဲ့ရသည်မှာ တစ်ယောက်ယောက်ခေါက်ထားသည့် စက္ကူလှေများပင်။

ဤလှေပုံစံမှာ ထိုတုန်းက စက္ကူလှေနှင့် တစ်ပုံစံတည်းပင်။

သို့သော် ယခု လှေမှာတော့ စက္ကူမှ ပြောင်းထားခြင်းမဟုတ်သည်မှာ သေချာသည်။ သူလက်နှင့်ထိကြည့်လိုက်သည့်ချိန်တွင် အနည်းငယ် အေးစက်နေသည်ပင်။

“အရိုးလှေ..”

ဤလှေကို အရိုးတစ်မျိုးဖြင့် ထွင်းထားခြင်းပင်။ ဤလှေသည် ရေထဲသို့ နှစ်မြှုပ်သွားခြင်းမရှိပဲ အလွန်မာကျောလှသည်။

ရှီဟောင် စဉ်းစားနေသည့်အချိန်တွင် လှေသည် သူ့အလိုလို ရွေ့လျားသွားကာ မြောက်ပိုင်းပင်လယ်ထဲသို့ ထွက်ခွာသွားလေသည်။

ရှီဟောင် ထိုင်ချလိုက်ကာ လှေကိုယ်ထည်ကို အနည်းငယ် ရိုက်ကြည့်ပြီး သေချာလေ့လာလိုက်သည်။ ကောလဟာလတွေလိုမျိုး ဒီလှေက မြေအောက်လောကအုပ်ချုပ်သူတွေရဲ့ အရိုးတွေနဲ့ လုပ်ထားတာလား..

ရှီဟောင် ရုတ်တရက် ထိတ်လန့်တကြား မတ်တပ်ထရပ်လိုက်သည်။ လှေမျက်နှာပြင်မှ အနီရင့်ရောင်အရည်များ စီးကျလာသည်ကို သူတွေ့လိုက်ရသည်။

သွေး..

လှေကိုယ်ထည်မှ ရုတ်တရက် သွေးအနည်းငယ် စီးကျလာသည်။

သူ ထိုသွေးပေါ်သို့ လက်တင်ကြည့်လိုက်သည့်အချိန်တွင် သူ့လက်တစ်ခုလုံး အနီရင့်ရောင်ဖြစ်သွားသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

သူ .. ဒါကို တစ်ခါမှ မကြားဖူးဘူး .. တစ်ခြားသူတွေ ပင်လယ်ထဲ ထွက်ကြတဲ့အချိန်တုန်းက ဘာမှမဖြစ်ခဲ့ဖူးဘူး .. အားလုံး ချောချောမွေ့မွေ့ပဲ..

ရှီဟောင် ထိတ်လန့်သွားရ၏။ ဘာဖြစ်နေတာလဲ..

စက္ကူလှေခေါက်ခဲ့တဲ့ အမျိုးသမီးက တကယ်ပဲ ဒီပင်လယ်ထဲမှာလား .. ရှီဟောင် ခန့်မှန်းကြည့်လိုက်သည်။

ဤဖြစ်နိုင်ချေကို တွေးမိသွားသည့်အချိန်တွင် ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။

ထိုအမျိုးသမီးမှာ ထူးဆန်းလွန်းလှပြီး သူ့စိတ်ထဲ အတော်လေး စွဲထင်နေသည်ပင်။ သူသည် ခွန်ပန်ထက်ပင် ထိုအမျိုးသမီးကို ပို၍အာရုံစိုက်မိခဲ့သည်အထိပင်။ ဤသည်မှာ သူ မေ့ဖျောက်နိုင်ရန် ခက်ခဲသည့်အရာတစ်ခုပင်။

အပိုင်း ၁၄၈၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၈၁ – ငရဲပြည်

အနက်ရောင်မြူများကို မျက်စိတစ်ဆုံး မြင်နေရသည်။ မည်သည့်အသံမှ မကြားရပဲ မြေအောက်လောကသင်္ဘောကြီးမှာ သူ့အလိုလို ရွေ့လျားနေသည်။

ဤသည်မှာ အလွန်ထူးဆန်းလှသည်။ ရေစင်သည့်အသံပင် မကြားရသည်အထိ တိတ်ဆိတ်နေခြင်းပင်။ ဤမျှတိတ်ဆိတ်နေခြင်းမှာ အနည်းငယ် ကြောက်စရာကောင်းလှသည်။

တစ်ကျန်းခန့်ပင် မရှိသည့် အနက်ရောင်အရိုးလှေပေါ်တွင် ရှိနေသည့် ရှီဟောင်၏အမူအရာက လေးနက်နေသည်။ လှေကိုယ်ထည်ပေါ်မှ သွေးများကိုကြည့်ပြီးနောက် အသက်မဲ့နေသည့်ပင်လယ်ကြီးကို ကြည့်လိုက်သည်။

သူ မရေမရာဖြစ်နေသည်။ သူအခြားသူများကို အသေးစိတ်ကျကျ မမေးခဲ့ဖူးပေ။ ပင်လယ်ကြီး ဒီလိုမျိုးဖြစ်နေတာက ပုံမှန်ပဲလား..

အနည်းဆုံးတော့ လှေကိုယ်ထည်မှ သွေးများစီးကျလာခြင်းမှာ ပုံမှန်ဖြစ်မည်မဟုတ်။

“ငါ့ကိုယ်ပေါ်မှာ ဒီလိုမျိုးတုံ့ပြန်လာစေတဲ့ ပစ္စည်းတစ်ခုခုရှိနေတာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ မဟုတ်ပါက သူအဘယ်ကြောင့် ဤကဲ့သို့ ထူးဆန်းသည့်အခြေအနေမျိုးနှင့် ကြုံရမည်နည်း..

သူ အနည်းငယ် မသက်မသာ ခံစားနေရသည်။ မြေအောက်လောကသင်္ဘောကြီးက ရွေ့နေတုန်းဆိုတော့ သူတို့ မြောက်ပိုင်းပင်လယ်တောအုပ်ကို ဦးတည်နေတုန်းလား .. သူ မသေချာ။ တစ်ခုခုသာဖြစ်ပါက ဤအပြောကျယ်လှသည့် ပင်လယ်ကြီးတွင် ဖြေရှင်းရန် အလွန်ခက်ခဲသွားလိမ့်မည်။

“ဒါက ဘာအနံ့ကြီးလဲ .. ငါ ငါးညှီနံ့ရပေမယ့် အမွှေးနံ့ နည်းနည်းလေးလည်း ရနေတယ်..” ရှီဟောင် ပုခုံးထက်တွင်ရှိနေသည့် ပုရွက်ဆိတ်လေး ပြောလိုက်ပြီးနောက် သူ့ပုခုံးပေါ်မှ ခုန်ဆင်းသွားသည်။

ရှီဟောင် ဆွံ့အသွားရ၏။ ရက်စက်တဲ့ သားရဲ ၁၀ မျိုးရဲ့ မျိုးဆက်ရဲ့ တုံ့ပြန်မှုက ဘာလို့ မတူတာလဲ .. သူစိတ်ထဲ၌ စိုးရိမ်နေရသော်လည်း ဤကောင်ကတော့ ပေါ့ပါးလွတ်လပ်နေသည်။

“မင်း ဘာလို့ မစမ်းကြည့်လဲ..” ရှီဟောင် ယုတ်မာစွာ ပြောလိုက်သည်။

ပုရွက်ဆိတ်လေးသည် တစ်လက်မသာသာရှိသော်လည်း သူသည် လူတစ်ယောက်အရပ်နီးပါးရှိသည့် ကြေးအိုးကြီး ထုတ်လာသည်။ သူသည် ထူးခြားသည့်စွမ်းရည်များ ပိုင်ဆိုင်ထားပြီး ပစ္စည်းများစွာကို သိမ်းဆည်းနိုင်သည်ပင်။

“နည်းနည်းလောက်ပြင်မယ်..” သူ လက်ညှိုးထိုးပြလိုက်သည်။ လှေကိုယ်ထည်မှ စီးကျနေသည့် အနီရင့်ရောင်အရည်များ ကြေးအိုးထဲသို့ အနည်းငယ် ဖိတ်စင်သွားသည်။

“ထာဝရမီးတောက်ရဲ့ ခွန်အားနဲ့ မကောင်းတဲ့မိစ္ဆာတွေအားလုံးကို ပြုပြင်မယ်..” ပုရွက်ဆိတ်လေး ပြောလိုက်သည်နှင့် သူ့ပါးစပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာသည်။ ထိုအလင်းသည် မီးတောက်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုကြေးအိုးကို လောင်ကျွမ်းစေလေသည်။

သူ၏ခန္ဓာကိုယ်မှာ သေးငယ်သော်လည်း သူထုတ်လွှတ်လိုက်သည့် မီးတောက်မှာ ထူးခြားလှသည်။

ထို့နောက် ထိုကြေးအိုးသည် ချက်ချင်းပင် နီရဲလာကာ ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်လာသည်။

ဤအိုးမှာ အလွန်ထူးခြားလှသည်။ ယခုလေးတင် ကြေးစိမ်းရောင်ဖြစ်သော်လည်း ယခုတော့ ဖန်ကဲ့သို့ အကြည်ရောင်ဖြစ်နေလေပြီ။ အထဲဘက်၌ သင်္ကေတများစွာရှိနေသည်ကို မြင်နေရသည်။

ဤသည်မှာ ထာဝရရှေးဟောင်းတာအိုသင်္ကေတများပင်။ ဤသင်္ကေတများဖြင့် အိုး၏အတွင်းပိုင်းကို ဖွဲ့စည်းထားခြင်းပင်။

ဖူး..

ခဏကြာပြီးနောက် အိုးထဲမှ အနက်ရောင်မီးတောက်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ ပြင်းထန်လှသည့်အနံ့မှာ အန်ချင်စရာကောင်းလှသည်။

ရှီဟောင်နှင့်ပုရွက်ဆိတ်လေးတို့ နှစ်ယောက်လုံး နောက်ဆုတ်လိုက်ကြသည်။ အနက်ရောင်မီးခိုးများမှာ သိပ်မများသော်လည်း ထိုမီးခိုးတွင် အံ့အားသင့်စရာကောင်းလောက်သည့် တိုက်စားခြင်းစွမ်းအင်ရှိနေသည်။ ဘေးပတ်လည်မှ မြူများပင်လျှင် တဖျစ်ဖျစ်မြည်လာသည်။ ထို့အပြင် သူ့ထံ၌ ကြောက်စရာကောင်းသည့်စွမ်းအင်ရှိနေသေးသည်။ ဤမီးခိုးများ ထွက်လာသည်နှင့် ဘေးပတ်လည်မှ လေဟာနယ်ပင် အက်ကွဲလာသည်ပင်။

ရှီဟောင်မပြောနှင့် ပေါက်ကရတွေ ပြောနေခဲ့သည့်ပုရွက်ဆိတ်လေးပင် ဆွံ့အသွားရ၏။

“ထူးဆန်းလိုက်တာ .. ဒါက ကျိန်စာတိုက်ခံထားရတဲ့ သက်ရှည်သက်ရှိတစ်ယောက်ရဲ့သွေးလား..” ပုရွက်ဆိတ်လေး ရေရွတ်လိုက်သည်။

ရှီဟောင်မှာ သူ့ထက်ပင် ပို၍ ထိတ်လန့်နေသည်ပင်။ လှေကိုယ်ထည်ကနေ ထွက်လာတဲ့ သွေးနည်းနည်းလေးလောက်က ဒီလောက်တောင် စွမ်းအားကြီးတာလား..

ဤသည်မှာ အဆိပ်အကြွင်းအကျန်များပင်။ ယခင်ကဆိုလျှင် မည်ကဲ့သို့ ဖြစ်နေမည်နည်း.. တစ်စက်ပင်လျှင် ဤလောကရှိ ထိပ်တန်းပုဂ္ဂိုလ်များကိုပင် ရှင်းပစ်နိုင်မည်ထင်သည်။

အိုးထဲတွင် အရောင်တောက်နေသည့် သွေးတစ်စက်ရှိနေသေးသည်။ ဤသွေးတွင် အသက်အော်ရာမရှိတော့သော်လည်း အနည်းငယ် မွှေးပျံ့နေသေးသည်ပင်။

ဤသည်မှာ အဖိုးတန်သွေးပင်။

ဤသည်မှာ အလွန်အဖိုးတန်သည့်သွေးပင်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သောကြောင့် သူ၏စွမ်းအားများ လွင့်ပါးသွားဖြစ်သော်လည်း ဤမျှကျန်ခဲ့လျှင်ပင် မဆိုးပေ။

ရှီဟောင် ထိုသွေးစက်အား စိုက်ကြည့်လိုက်သည့်အချိန်တွင် ကြယ်များ တစ်ခုပြီးတစ်ခု ရွေ့လျားနေသည်ကို သူတွေ့လိုက်ရသည်။ ဤသည်မှာ အတိတ်၌ ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များပင်။ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာပြီး ကြယ်များလည်း တိုက်မိကာ ပေါက်ကွဲသွားကြလေသည်။

ပုရွက်ဆိတ်လေးလည်း စိတ်လှုပ်ရှားစွာဖြင့်ပင် ထိုသွေးစက်ထဲမှ မြင်ကွင်းများကို ငေးကြည့်နေလေသည်။

ဝုန်း..

ကျယ်လောင်လှသည့် ဆူညံသံ ထွက်လာပြီးနောက် သူတို့ ဟစ်ကြွေးသံတစ်သံ ကြားလိုက်ရသလိုပင်။ ဤသည်မှာ မျှော်လင့်ချက် ပျက်သုဉ်းနေသည့် အသံပင်။ ထို့နောက် ရွှေရောင်လှံတံတစ်စု အာကာသကို ထိုးဖောက်လာကာ ဖူးဟူသည့်အသံနှင့်အတူ ထိုသက်ရှိကို ထိုးဖောက်သွားသည်။

လေထဲ၌ သွေးတန်းတစ်တန်းပေါ်လာပြီး ကြယ်များထံသို့ လွင့်စင်သွားသည်။ ထိုသွေးမှာ ကြောက်စရာကောင်းသည့် အဆင့်လွန် မှော်ပစ္စည်းကဲ့သို့ ကြယ်ကြီးများလုံး တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားစေသည်။

ဤသည်မှာ သွေးစက်အနည်းငယ်သာ ဖြစ်သော်လည်း ရှေးကျကာ ကြီးမားလှသည့် ကြယ်များစွာကို ပေါက်ကွဲသွားစေလေပြီ။

“ဘုရားရေ .. စွမ်းအားကြီးလိုက်တာ .. ဒါက ငါ့အဖေထက်တော့ အားနည်းမှာမဟုတ်ဘူး .. ဟုတ်တယ်မလား..” ပုရွက်ဆိတ်လေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ရှီဟောင်လည်း အမူအရာ ပြောင်းလဲသွားကာ သူ့ကျောတစ်လျှောက် ကြက်သီးထလာရသည်။ ဒီတိုက်ပွဲက ဘယ်အဆင့်လဲ .. သက်ရှိတစ်ယောက်ပစ်ချခံလိုက်ရပြီး သွေးများ လွင့်စင်သွားသည်နှင့်ကြယ်ပေါင်းများစွာ ပျက်စီးသွားသည်။ ဤသည်မှာ ထိတ်လန့်စရာ ကောင်းလှသည်ပင်။

“ဒီသွေးတွေက နှစ်ပေါင်းဘယ်လောက် ရှိသွားပြီမှန်းတောင် မသိဘူး .. အဲဒါတောင်မှ အခုလိုမျိုး တံဆိပ်တွေ ကျန်နေသေးတယ် .. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို မှတ်ထားနိုင်တုန်းပဲ .. တကယ့်ကို မရိုးရှင်းဘူးပဲ..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။

ရှီဟောင် သူ့အား ထိုသွေးကို မြည်းကြည့်ရန် ပြောလိုက်သည်။

သူသည် ခေါင်းကိုခါရမ်းကာ “ငါ့ရဲ့ ခွန်အားလွန် သွေးထက် ဘယ်သွေးက ပိုပြီးတော့ စွမ်းအားကြီးနိုင်မှာလဲ .. နဂါးနှလုံးသွေးတောင်မှ ယှဉ်နိုင်မှာမဟုတ်ဘူး..”

“မင်းပြောတာမှန်တယ် .. အဲဒါဆို ငါ စမ်းကြည့်လိုက်မယ်.. ခွန်အားလွန်သွေးက ဘယ်လောက်ကောင်းလဲဆိုတာ စမ်းကြည့်တာပေါ့ .. အရင်က ငါတစ်ခါမှ မမြင်ဖူးသေးဘူး..” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

“ထွက်သွားလိုက် .. ငါ့ကို လာပြီးတော့ အကွက်ချချင်မနေနဲ့..” ပုရွက်ဆိတ်လေး သတိကြီးကြီးထားနေသည့်ပုံစံဖြင့် ပြောလိုက်သည်။

ရှီဟောင် ဤသွေးကို သေချာလေ့လာခဲ့သော်လည်း ကံမကောင်းစွာဖြင့်ပင် ဘာမှ ထပ်မသိရတော့။ ထိုသွေးသည် အရောင်မှိန်သွားကာ နောက်တစ်ကြိမ် ပြန်လည်တိတ်ဆိတ်သွားသည်။

အချိန်များ ကုန်ဆုံးသွားကာ သုံးရက်ပင် ကြာမြင့်နေလေပြီ။ မြူများမှာ ပို၍ ထူထပ်လာပြီး နောက်ဆုံးတွင်တော့ ကောင်းကင်မျက်လုံးပင် အလုပ်မလုပ်တော့။

သူတို့ ပင်လယ်အနက်ပိုင်းသို့ ရောက်လာလေပြီ။ သို့‌သော် ပင်လယ်မျက်နှာပြင်ပေါ်၌ အရိုးကြီးများ အချိန်နှင့်အမျှ ပေါ်လာနေသည်။

ဒါက ဘယ်လိုနေရာမျိုးကြီးလဲ .. တကယ်ထူးဆန်းလိုက်တာ..

သူကြားဖူးသလိုဆိုလျှင် မြေအောက်လောကလှေဖြတ်သန်းသွားရမည့်နေရာများထဲတွင် ဤကဲ့သို့သော နေရာမျိုး မပါ .. ဤနေရာမှာ သူတို့သွားရမည့်နေရာမဟုတ်။

ရေမျက်နှာပြင်ထက်၌ စက်ဝိုင်းခြမ်းပုံ အရိုးပေါ်လာ၏။ သေချာကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ အလွန်ကြီးမားလှသည့် ဦးခေါင်းခွံရိုးဖြစ်နေသည်။

“ဒီခေါင်းက ကြီးလွန်းတယ်မလား .. သူ အသက်ရှင်နေတုန်းက ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို သေချာပေါက် အထောက်အကူပြုနိုင်မှာ..” ပုရွက်ဆိတ်လေး အံ့အားတကြီး ပြောလိုက်သည်။

ရှီဟောင်၏အမူအရာ ညှို့မှိုင်းလာသည်။ သူသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို ဖြတ်ထားသည့် သေမင်းလှိုဏ်ဂူထဲသို့ ရောက်လာပြီး မြေအောက်လောကထဲသို့ ခေါ်ဆောင်သွားခံနေရသည်ဟု ခံစားနေရသည်။

မဟုတ်ပါက အဘယ်ကြောင့် ဤကဲ့သို့သော ကြောက်စရာကောင်းသည့်မြင်ကွင်းကို မြင်ရမည်နည်း။

အချိန်နှင့်အမျှ ကြီးမားလှသည့် လက်ရိုးများနှင့် အခြားအရာများကို မြင်တွေ့နေရသည်။

ထိုတိုက်ပွဲ မည်မျှပင် ပြင်းထန်ခဲ့သည်ကို စဉ်းစားကြည့်နိုင်သည်။ သေသွားသည့်သူများမှာ လောကကြီးအား တုန်လှုပ်စေနိုင်သည့်သူများပင်။

ဤနေရာ၌ အချိန်၏စွမ်းအားကို သူတို့ခံစားနေရသည်။ စွမ်းအားကြီးသည့်သူ များစွာရှိသော်လည်း သူတို့၏အဆုံးသတ်မှာ ဝမ်းနည်းစရာကောင်းလှသည်။

နှစ်သန်းပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူ မည်သည့်နေရာ၌ ရှိနေမည်ကို ရှီဟောင် သိချင်လာမိသည်။ သူလည်း ဒီလိုမျိုး အရိုးပုံကြီး ဖြစ်သွားမှာလား..

အနာဂတ်မှာ ဘယ်လိုဖြစ်နေမှာလဲ .. ယခုအချိန်တွင်တော့ သဲလွန်စများအရဆိုလျှင် အနာဂတ်လောကကြီး ပျက်စီးသွားမည်။ တစ်ဖက်လောကမှ သက်ရှိများ အင်အားအလုံးအရင်းဖြင့် ရောက်လာပြီး အမှောင်မိုက်ဆုံးအချိန်များ ရောက်ရှိလာမည်။

နောက်တစ်ခေတ် ပြန်စလျှင် ဤမျိုးဆက်မှ လူ ဘယ်နှယောက်သာ ရှင်သန်နိုင်မည်နည်း. သူတို့သည် သမိုင်းထဲက အမှုန်အမွှားလေးတွေ ဖြစ်သွားမှာလား..

အမှောင်မိုက်ဆုံး အချိန်ရောက်လာလျှင် သူ၏အနာဂတ် မည်ကဲ့သို့ဖြစ်နေမည်ကို သူ မသိတော့။

“အမ်..” ရှီ‌ဟောင် သူ့ဘာသာသူ စဉ်းစားနေသည့်အချိန်တွင် လှေကြီးသည် ပြင်းထန်စွာ တုန်ခါသွားကာ ဤနေရာမှ ထွက်သွားလေ၏။

ကောင်းကင်နှင့်ပင်လယ်ပြင် တစ်ရောင်တည်းဖြစ်သွားပြီး ချက်ချင်းပင် ကျယ်ပြောလာသည်။ ကောင်းကင်ကြီးမှာ အပြာရင့်ရောင်ဖြစ်နေပြီး ရေမျက်နှာပြင်နှင့် ထိစပ်နေသည်။ ဤသည်မှာ လှပလွန်းလှသောကြောင့် လူတစ်ယောက်ကို မူးမော်သွားစေသည်အထိပင်။

ဤနေရာတွင် မြူများ ရှိနေဆဲဖြစ်ပြီး သေခြင်းတရားအော်ရာများလည်း ဝန်းရံထားဆဲပင်။ သို့သော်လည်း ဤကဲ့သို့သော‌ ပြောင်းလဲမှုများ ရုတ်တရက်ဖြစ်လာသည်။

ပြောင်းလဲမှုများမှာ ကြီးမားလွန်းလှသည်ပင်။

“ငါတို့ ဘယ်နေရာကို ရောက်လာတာလဲ..” ပုရွက်ဆိတ်လေး ခေါင်းပြူကာ ဘေးပတ်လည်သို့ ကြည့်လိုက်သည်။

ပင်လယ်ပြင်မှာ ကျောက်စိမ်းကဲ့သို့ဖြစ်နေပြီး ကောင်းကင်ကြီးမျာ အပြာရောင်တောက်ပနေသည်။ ရေမျက်နှာပြင်မှာ သလင်းကျောက်ကဲ့သို့ တောက်ပနေပြီး ဝိညာဉ်စွမ်းအင်များလည်း ထွက်ပေါ်နေသည်။

ဤသည်မှာ သေချာပေါက် မြောက်ပိုင်းပင်လယ်တောအုပ်မဟုတ်။ ဤသည်မှာ ဒဏ္ဍာရီများနှင့်ကွာခြားနေသည်။ ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ယခုအချိန်တွင် သူ ဤအလှအပများကိုလည်း မခံစားနိုင်တော့။

ဤသွေးစီးကျနေသည့် လှေကပင်လျှင် ထူးဆန်းနေလေပြီ။ ဘာဖြစ်နေသည်ကို သူ မသိတော့။ သူ ကြုံတွေ့နေရသည်မှာ အခြားသူများ ကြုံတွေ့ခဲ့ရသည်နှင့် မတူတာတော့ သေချာသည်ပင်။

ယခုတစ်ခေါက်တွင်တော့ မြေအောက်လောကလှေကြီး အလွန်လျင်မြန်စွာ သွားနေသည်။ တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ရှီဟောင်တို့ မြူများပိတ်ဖုံးထားသည့်‌ နေရာတစ်ခုကို ရောက်လာသည်။

ဤနေရာမှာ အလွန်ကြောက်စရာကောင်းလှသည်။

ရေမျက်နှာပြင်ထက်တွင် ရွှေရောင်နေတစ်လုံး ရှိနေသည်။ ထိုနေမှ သန့်စင်ကာ မြင့်မြတ်သည့်အလင်းတန်းများ ထုတ်လွှတ်နေ၏။ ထိုနေထဲ၌ ရွှေရောင်ကျီးကန်းတစ်ကောင် အိပ်ပျော်နေသည်ကို တွေ့ရလိမ့်မည်ပင်။

ဤသည်မှာ ရှေးဟောင်းရွှေကျီးကန်းဖြင့် ဖန်တီးထားသည့် ရှေးဟောင်းနေမင်းကြီးပင်။ ဤနေရာတွင် သေဆုံးခြင်းစွမ်းအင်မရှိပဲ တောက်ပသည့်အလင်းများများသာရှိသည်။

ကောင်းကင်ထက်၌ တောင်ထိပ်များစွာ ရှိနေ၏။ သို့သော်လည်း အားလုံးမှာ ဇောက်ထိုးဖြစ်နေသည်။ ထိုတောင်များ၌ ပေါက်နေသည့် သစ်ပင်များလည်း ရှိသော်လည်း သစ်ပင်ထိပ်ဖျားများ အောက်ဘက် ပင်လယ်မျက်နှာပြင်ဘက်သို့ ဦးတည်နေသည်ပင်။

ငှက်များနှင့် သားရဲများရှိသော်လည်း အားလုံးသည် ဇောက်ထိုးပင် လမ်းလျှောက်နေကြသည်။

ဤသည်မှာ ဤနေရာနှင့် လုံးဝဆန့်ကျင်နေသည့် ပြောင်းပြန်လောကကြီးပင်။

ပုရွက်ဆိတ်လေး ဘေးပတ်လည်ကို ဆွံ့အစွာပင် ကြည့်နေလေ၏။ ဒါက ဘယ်လိုနေရာမျိုးလဲ..

ဝုန်း…

ရုတ်တရက် မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ဤသည်မှာ လေထဲမှ ရုတ်ချည်းထွက်ပေါ်လာခြင်းဖြစ်သည်။

မြေအောက်သင်္ဘောလှေသည် အရှိန်လျော့သွားကာ မိုးခြိမ်းသံများ ဆူညံနေသည့် နေရာထဲသို့ ဝင်ရောက်သွားလေသည်။

ထိုနေရာတွင် ကောင်းကင်နှင့် ပင်လယ်ပြင်ကို ချိတ်ဆက်ထားသည့် မီးတောင်တစ်လုံးနှင့်တူသည့် ဝဲကတော့တစ်ခု ရှိနေသည်။ ဤသည်မှာ ဇောက်ထိုးပင်လယ်မျက်လုံးနှင့်တူသည်။ ကံမကောင်းစွာဖြင့် ဤသည်မှာ လှည့်ပတ်မနေပဲ ပင်လယ်ကြမ်းပြင်မှ အရာအားလုံးကို စုတ်ယူနေသည်။

လျှပ်စီးအလင်းတန်းများလည်း မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ ဤသည်မှာ ‘လောကမျက်လုံး’ဟုပင် ခေါ်၍ရနိုင်လောက်သည်။

ဤရက်များတွင် သူတို့ဘာသံမှ မကြားခဲ့ရ။ ဤနေရာသို့ ရောက်လာမှသာ နားကန်းလောက်သည့်အသံများကို ကြားလာရခြင်းပင်။ ဤသည်မှာ လူတစ်ယောက်၏ မူလဝိညာဉ်ကိုပင် မတည်မငြိမ်ဖြစ်စေနိုင်လောက်သည့် ဆူညံသံကြီးပင်။

ပုရွက်ဆိတ်လေး မနေနိုင်တော့ပဲ အော်ဟစ်လိုက်သည်။ သူ၏ပုံစံမှာ အနည်းငယ် နာကျင်နေသည့်ပုံပင်။ သူပင် တောင့်မခံနိုင်တော့မတတ် ဖြစ်သွားသည်။

ရှီဟောင်၏မျက်ခုံးကြား အက်ကွဲလာသလို ခံစားနေရသည်။ သူ့အား ထိုးဖောက်နေသည့် ဓားတစ်လက်ရှိနေသလိုပင်။

“အဲဒါက ဘာကြီးလဲ..” ရှီဟောင် နာကျင်မှုကို သည်းခံကာ ထိုကောင်းကင်နှင့် ပင်လယ်ပြင်ကို ဆက်ထားသည့် ဝဲကတော့အား ကြည့်လိုက်သည်။ သူသေချာကြည့်လိုက်သည့်အချိန်တွင် ထိုနေရာ၌ အချိန်စွမ်းအားများ ပြင်းထန်လှကြောင်း သူ တွေ့လိုက်ရသည်။

“အချိန်စွမ်းအား .. ဒီလောက် ကြောက်စရာကောင်းတဲ့စွမ်းအားကိုတစ်ခါမှ မတွေ့ဖူးဘူး..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။

ဤဝဲကတော့ကိုသာ ထိမိသွားသည်နှင့် ကြောက်စရာကောင်းသည့်အရာများ သေချာပေါက် ဖြစ်လာမည်ပင်။ ဤကဲ့သို့သော အရာမျိုးပေါ်လာသည့်အကြိမ်အရေအတွက် နည်းပါးသော်လည်း ဤကဲ့သို့သောအရာပေါ်လာသည်နှင့် သေချာပေါက် ရှောင်သွားရမည်ပင်။

ထိုအချိန်တွင် ထိုဝဲကတော့မှ ကြောက်စရာကောင်းသည့်စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့အား စုတ်ယူလာသည်။

“မဟုတ်ဘူး..”

ပုရွက်ဆိတ်လေး အော်ဟစ်ကာ သူ၏မျက်နှာထက်တွင် အကြောက်တရားများ ပြည့်နှက်နေလေပြီ. သူ၏သွေးများ အေးခဲသွားတော့မည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ အခြေအနေ လုံးဝမကောင်းတော့။

“ငါ အတိတ်ကို ပြန်မသွားချင်ဘူး .. ဒီသောက်ဝဲကတော့က အချိန်စွမ်းအားနဲ့လုပ်ထားတာ .. ဒီထဲကျသွားတာနဲ့ ဘယ်ခေတ်ရောက်သွားမှန်းသိရမှာ မဟုတ်ဘူး .. ငါ မသေချင်သေးဘူး..”

အဘယ်ကြောင့်ဆိုသော် သူ့အဖေချန်ထားခဲ့သည့် မှတ်တမ်းများအရဆိုလျှင် လူတစ်ယောက်၏ ကျင့်ကြံဆင့် အရမ်းမမြင့်ပါက လမ်းတစ်ဝက်တွင်ပင် သေသွားကာ ‘ပြန်လည်ဝင်စားခြင်း’ ဖြစ်သွားမည်ပင်။

အပိုင်း ၁၄၈၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၈၂ – အချိန်လမ်းကြောင်း

ဝုန်း..

ထိုလျှပ်စီးမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူတို့ဘေးဘက်၌ ပေါက်ကွဲနေခြင်းဖြစ်ပြီး လေဟာနယ်ကိုပင် ပျက်စီးသွားစေသည်ပင်။ ဤသည်မှာ ကောင်းကင်အတိဒုက္ခထက်ပင် ကြောက်စရာကောင်းနေသေးသည်။

လျှပ်စီးတန်းတစ်ခုစီမှာ ကြယ်မြစ်တစ်စင်းကဲ့သို့ပင်။ ဤသည်မှာ တောက်ပလွန်းလှသောကြောင့် ကြည့်နေသည့်မျက်လုံးများပင် မျက်ရည်ပူများကျလာနိုင်သည်။

“ဒါက ဘယ်လိုနေရာကြီးလဲ .. ငါတို့ဘာလို့ ဒီရောက်လာတာလဲ..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး တုန်ယင်နေလေပြီ။

ရှီဟောင်လည်း ဦးရေပြားများပင် ထုံကျဉ်နေသည်ဟု ခံစားနေရသည်။ သူတို့ ထိုနေရာနားသို့ သွား၍မရ။ ဘေးပတ်လည်ပင်လျှင် ဤမျှကြောက်စရာကောင်းနေလေပြီ။ သူတို့သာ အထဲဝင်သွားပါက သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ပျက်စီးသွားလိမ့်မည်။

သို့သော်လည်း သူ ဤနေရာသို့ လာသည့်အချိန်တွင် သူ၏အသွေးအသားမှာ အလွန်စွမ်းအားကြီးနေသောကြောင့် ဤအရာများကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်ရှိနေသည်ပင်။

“အား .. မဟုတ်ဘူး..” ပုရွက်ဆိတ်လေး အော်ဟစ်ကာ သူ၏ကလန်မှ စွမ်းအားအကြီးဆုံးနတ်စွမ်းအင်ကို အသုံးပြုလိုက်သည်။ ထိုစွမ်းအားမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်ကာ လောကကြီးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သည်။

သို့သော်လည်း ဤနေရာ၌ တစ်ခုခုရှိနေသကဲ့သို့ သူတို့၏ခုခံမှုအားလုံးကို ချက်ချင်း ချေဖျက်ပစ်လေသည်။

လေဟာနယ်ပျက်ယွင်းနေပြီး အချိန်များလည်း နောက်ပြန်စီးဆင်းနေသည်။ အချိန်အပိုင်းအစများမှာ ပန်းပွင့်များကဲ့သို့တစ်ခုပြီးတစ်ခု ဖူးပွင့်လာကာ စွမ်းအားအားလုံးကို ချေဖျက်ပစ်လိုက်သည်။

ကံကောင်းစွာဖြင့် ထိုလျှပ်စီးအလင်းတန်းများသည် သူတို့ပေါ်သို့ ကျရောက်လာခြင်းမရှိ။ သူတို့ထံတွင်ထူးဆန်းသည့် စွမ်းအင်လှိုင်းတစ်ခု ရှိနေသည်ပုံပင်။

“မြန်မြန်တစ်ခုခုစဉ်းစားဦး .. မဟုတ်ရင် ငါတို့သေသွားလိမ့်မယ်..” ပုရွက်ဆိတ်လေး ထိတ်လန့်နေလေပြီ။ သူသည် ယခုထက်ထိ အရွယ်မရောက်သေး။ သူ မွေးပြီးကတည်းက ဤကဲ့သို့သော ထိတ်လန့်စရာကောင်းသည့်အဖြစ်အပျက်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သောကြောင့် သူ အသိစိတ်လွတ်တော့မတတ် ဖြစ်နေလေပြီ။

ရွှီး…

ရှီဟောင် ဘယ်လက်ကို‌ မြှောက်လိုက်သည်နှင့် သူ၏လက်ဝါးမှ နတ်ချိန်းကြိုးများစွာ ထွက်ပေါ်လာသည်။ ဤချိန်းကြိုးများမှာ ပင့်ကူအိမ်အမျှင်ကဲ့သို့ ခပ်ဝေးဝေးသို့ ထွက်သွားကာ ကျောက်ဆောင်တစ်ခုကို ရစ်ပတ်တော့မည်။

ဤသည်မှာ မိုးမခနတ်ဘုရားပညာပင်။ သို့သော်လည်း ကံဆိုးစွာဖြင့် ဤချိန်းကြိုးများ ဘာမှမလုပ်နိုင်။ လောကကြီးတစ်ခုလုံး ပျက်စီးသွားသကဲ့သို့ ထိုချိန်းကြိုးများ အရောင်မှိန်သွားကာ ထိုကျောက်တောင်ကို တစ်စစီဖြစ်အောင် လုပ်လိုက်လေသည်။

“ငါ လုပ်ကြည့်မယ်..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။ သူသည် ကလန်၏ အားကောင်းသည့်အဖိုးတန်ပညာများကို အသုံးပြုကာ လက်သီးများကို ဆက်တိုက်ပစ်သွင်းလိုက်သည်။ သူသည် ကန့်သတ်ထားသည့်အရာများနှင့် အရာအားလုံးကို ဖျက်ဆီးပစ်လိုခြင်းပင်။

ဖူး..

သူ ကန်ထွက်လာသည့်စွမ်းအားကို ခံစားလိုက်ရပြီး ပါးစပ်မှ သွေးအန်လာသည်။ လျှပ်စီးအလင်းတန်းများ ရုတ်တရက်ပေါ်လာပြီး သူတို့လှေပေါ်သို့ မပစ်ချသော်လည်း ကြောက်စရာကောင်းသည့်အော်ရာ ထွက်ပေါ်လာသည်ပင်။

“ချိုးဖျက်မယ်..”

ရှီဟောင်အော်ဟစ်လိုက်ကာ သူ၏ကိုယ်ပိုင်နတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။ သူ ပြန်လည်ဝင်စားခြင်းအဖိုးတန်ပညာကို အသုံးပြုလိုက်ခြင်းပင်။

သို့သော် သူ ဤစွမ်းအားမသုံးလျှင် ပိုကောင်းဦးမည်။ သူ အသက်သွင်းလိုက်သည်နှင့် သူတို့လှေပို၍ လျင်မြန်စွာ လှုပ်ရှားသွားပြီး ထိုဝဲကတော့ထံသို့ ပျံသန်းသွားလေသည်။

“ဘာဖြစ်နေတာလဲ .. တစ်ခြားသူတွေ မြေအောက်လောကလှေပေါ်တက်လိုက်တာနဲ့ မြောက်ပိုင်းပင်လယ်သစ်တောဆီကို တန်းရောက်သွားတာလေ .. ငါတို့က ဘာလို့ ဒီလောက်တောင် ကံဆိုးနေတာလဲ..” ပုရွက်ဆိတ်လေး သနားစဖွယ် အော်ဟစ်လိုက်သည်။

ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ရှီဟောင် ပြန်စဉ်းစားကြည့်လိုက်သည်။ မထင်မှတ်ထားသည့်ကိစ္စများ တစ်ခုမှ ဖြစ်လာခြင်း မရှိ။ သူတို့ အဘယ်ကြောင့် ဤမျှကံဆိုးသွားရသနည်း..

“မင်းက ကောင်းကင်ဦးချိုပုရွက်ဆိတ်မျိုးဆက်ဖြစ်နေလို့များလား .. အဲဒါကြောင့် သဘာဝဥပဒေသတစ်ခုခုကို သွားညှိပြီး ဒီလိုမျိုး အချိန်လမ်းကြောင်းဆီ ရောက်လာတာလား..” ရှီဟောင် ခန့်မှန်းလိုက်သည်။

“ငါနဲ့ ဘာဆိုင်လို့လဲ … မတူညီတဲ့သွေးမျိုးဆက်တွေအတွက် မတူညီတဲ့ သဘာဝဥပဒေသရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး .. ဒီအချိန်လမ်းကြောင်းကို လှုပ်နိုးလိုက်တဲ့ တားမြစ်ထားတဲ့ပစ္စည်းတစ်ခုခု သေချာပေါက် ရှိနေလို့ပဲ..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူလည်း ဤကဲ့သို့ စဉ်းစားမိသည်ပင်။ ဒါပေမဲ့ ပစ္စည်းတစ်ခုက ဒီလောက်ကြောက်စရာကောင်းတဲ့မြင်ကွင်းဖြစ်‌အောင် တကယ်လုပ်နိုင်မှာလား..

သေချာစဉ်းစားကြည့်မည်ဆိုလျှင် သူ့ထံ၌ ‘တားမြစ်ထားသည့်ပစ္စည်း’ အတော်များများရှိသည်ပင်။ ဘယ်တစ်ခုက ဤကဲ့သို့ဖြစ်လာစေသည်ဆိုသည်မှာ သိနိုင်ရန် ခက်ခဲလှသည်။

ပင်လယ်မှ လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။ ဤကဲ့သို့သော လှိုင်းလုံးကြီးမှာ ကောင်းကင်ကိုပင် ရိုက်ခတ်ကာ တိမ်များကိုပင် လွင့်ပြယ်သွားစေနိုင်၏။ ဤသည်မှာ ကြောက်စရာကောင်းလှသည်။

သို့သော်လည်း ဤသည်မှာ ကောင်းကင်ထက်မှ ဇောက်ထိုးဖြစ်နေသည့် တောင်ထိပ်များ၊ အပင်များကိုမူ မထိနိုင်သေး။

ရေမျက်နှာပြင်ထက်တွင်ရှိနေသည့် ရွှေရောင်ကျီးကန်းမှ ဖြစ်လာသည့် တောက်ပနေသည့်နေမင်းကြီးကိုသာ လွှမ်းမိုးသွားသည်။

“မြန်မြန် ငါ တောင့်မခံနိုင်တော့ဘူး..” ပုရွက်ဆိတ်လေးသည် သေးငယ်သော်လည်း သူ၏ဝိညာဉ်ခွန်အားမှာ အံ့အားသင့်စရာကောင်းလှသည်။ သို့သော် ယခုအချိန်တွင်တော့ သူ၏မျက်ခုံးကြားမှ သွေးစီးကျလာလေပြီ။

အချိန်လမ်းကြောင်းနှင့် နီးလာလေလေ ဖိအားမှာပို၍စွမ်းအားကြီးလာလေလေပင်။

ရှီဟောင်လည်း ထိတ်လန့်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ထိုကောင်းကင်ကို ထိစပ်နေသည့် အချိန်လမ်းကြောင်းနှင့် အတော်လေး နီးကပ်နေလေပြီ။ သူတို့သာ အထဲကျသွားလျှင် မည်သည့်နေရာသို့ ရောက်သွားမည်ကို ဘုရားသာ သိနိုင်လိမ့်မည်။

ဝုန်း..

မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ သူ ပထမဆုံး လျှပ်စီးဧကရာဇ် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည်။ စုတ်ပြတ်နေသည့် ချပ်ဝတ်တန်ဆာမှာ စတင်တောက်ပလာသည်။ ချပ်ဝတ်တန်ဆာမှာ အပေါက်များရှိနေသော်လည်း ယခုအချိန်တွင် ရှေးဟောင်းထာဝရ သက်ရှိတစ်ယောက် ပြန်ရှင်သန်လာသကဲ့သို့ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်.

“မင်း ဘယ်လိုနတ်ဆိုးချပ်ဝတ်တန်ဆာမျိုးကို ထုတ်လာတာလဲ .. ဒီချပ်ဝတ်တန်ဆာကြောင့် ဒီလိုမျိုး ဖြစ်လာတာလား..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။ ဤချပ်ဝတ်တန်ဆာသာ ကောင်းကင်ထက်မှ လျှပ်စီးအားလုံးကို စုတ်ယူလိုက်ပါက သူတို့ မီးသွေးခဲများအဖြစ် ပေါက်ကွဲသွားလိမ့်မည်။

ဤလျှပ်စီးမှာ ဟင်းလင်းပြင်တာအိုနယ်ပယ်ကို ကျော်လွန်သည်။ အဆင့်လွန်သက်ရှိများပင်လျှင် အချက်ခံရလိမ့်မည်။

သို့သော်လည်း လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာသည် တစ်ခဏခန့် တောက်ပပြီးသွားသည်နှင့် ပြန်လည်ငြိမ်သက်သွားသည်။ သူသည် အချိန်လမ်းကြောင်းအပေါ် တုံ့ပြန်ခြင်း မရှိ။

ရွှီး..

ထို့နောက် ရှီဟောင် ရှေးဟောင်းမူလမှတ်တမ်းကို ထုတ်ပြီး ဝိညာဉ်တစ်သောင်းသင်္ကေတကို လက်ထဲ၌ ကိုင်ထားလိုက်သည်။ တောက်ပသည့်အရိုးဖြူလေးမှာ အလွန်နူးညံ့လာသည်။ ဤအရိုးသည်သာမန်ပစ္စည်းမဟုတ်သော်လည်း ဤနေရာတွင်ဖြစ်နေသည့် ပုံမှန်မဟုတ်သည့် မြင်ကွင်းများကိုတုံ့ပြန်ခြင်းမရှိပေ။

ချွမ်း..

နောက်ဆုံးတွင်တော့ ရှီဟောင် ထာဝရဓားကို ထုတ်လိုက်သည်။ ဤဓားသည် အစက မည်သည့်အရောင်အဆင်းမှ မရှိပဲ သာမန်ဓားနှင့်တူသော်လည်း လျှပ်စီးအလင်းတန်းများကြားထဲ ရောက်သွားသည်နှင့် တချွမ်းချွမ်းအသံများ ထွက်ပေါ်လာသည်။ တောက်ပသည့်ဓားအလင်းတန်းမှာ ကောင်းကင်ပြင်ကြီးကိုပင် စုတ်ဖြဲပစ်တော့မတတ်ပင်။

ထာဝရဓားမှ သတ်ဖြတ်လိုသည့်စွမ်းအင် ထွက်ပေါ်လာသည်။ ဤဓားသည် ဘယ်တုန်းကမှ ဤကဲ့သို့ သွေးမဆာဖူးပေ။

ဝုန်း..

ဓားအလင်းတန်း အာကာသအပြင်ဘက်သို့ပင် ရောက်သွားသည်။ သူထုတ်လွှတ်လိုက်သည့်စွမ်းအင်မှာ သန့်စင်သည့်ဓားစွမ်းအင်မဟုတ်တော့ပေ။ ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ထောက်ပံ့ပေးနေသည့် တောင်ကြီးတစ်လုံးနှင့် ပိုတူနေသည်။

ရှီဟောင် ဆွံ့အသွားပြီးနောက် သူ့တစ်ကိုယ်လုံး အေးခဲသွားရသည်။ ဤဓား၏ သတ်ဖြတ်လိုသည့်အငွေ့အသက် ဤမျှပြင်းထန်လိမ့်မည်ဟု သူ မထင်ထားခဲ့။ ဒီဓားက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား..

သွေးမြူတစ်လှိုင်း ထွက်ပေါ်လာကာ ပင်လယ်ပြင်ကြီးကို ဝန်းရံသွားသည်။

သွေးနံ့ရလိုက်သည်နှင့် ရှီဟောင် နှာခေါင်းပင် ယားယံလာရသည်။

ဤသည်မှာ ထူးဆန်းလွန်းကာ ကြောက်စရာကောင်းလှသည်။

ဤဓားမှ ထုတ်လွှတ်သည့် အလင်းမိုးမှာ တောက်ပလွန်းလှသည်ပင်။ သို့သော် ရှီဟောင်ရှိနေသည့် သုံးပေပတ်လည်အပြင်၌မူ နေရာတိုင်း၌ နီရဲနေပြီး သွေးနံ့များပြည့်လျှံနေသည်။

“ဒါက ဘယ်လိုဓားမျိုးလဲ .. သူက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလဲ..” ပုရွက်ဆိတ်လေး ထိတ်လန့်နေသလို ကြောက်လည်း ကြောက်နေရသည်။ သူ အနည်းငယ်လည်း ဆွံ့အနေသည်ပင်။ ဒီကောင်သယ်လာတဲ့ပစ္စည်းတွေအားလုံးက ဘာလို့ ထူးဆန်းနေတာလဲ..

ဤဓားသည် ဤနေရာရှိ လျှို့ဝှက်အင်အားကို တောင့်ခံနိုင်သည်ပင်။ သူသည်အချိန်ကိုပင် ထိုးဖောက်ပစ်နေသည်။

သို့သော်လည်း ဤဓားသည်လည်း နောက်ဆုံး၌ ပြန်လည်တည်ငြိမ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အချိန်အပိုင်းအစနှင့် လျှပ်စီးများမှာ သူ့အားတုံ့ပြန်လာခြင်းမရှိ။

“ဒါမဟုတ်သေးဘူး .. တကယ်ပဲ ငါသယ်လာတဲ့ပစ္စည်းတစ်ခုခုကြောင့် ဟုတ်လို့လား..” ရှီဟောင် အတော်လေးစိတ်ပျက်လာသည်။

ထို့နောက် ရှီဟောင် တစ်ပေခန့်ရှိသည့် နဂါးအကြေးခွံကို ထုတ်လိုက်သည်။ ဤအကြေးခွံတွင် နဂါးစွမ်းအင်များ ရှိနေသည်။ ဤသည်မှာ သူ မကောင်းသည့်နမိတ်များကို မောင်းထုတ်ပြီးနောက် လေဟာနယ်ထဲရှိ သွေးရောင်ရှေးဟောင်းသင်္ဘောထဲ ရောက်သွားကာ ထိုသင်္ဘောမှ ရလာခြင်းပင်။

“နဂါးစွမ်းအင်..” ပုရွက်ဆိတ်လေး မျက်လုံးများ မှေးကျဉ်းသွားကာ သူ့စိတ်ထဲ တုန်လှုပ်သွားရသည်။

သို့သော်လည်း ဤပစ္စည်း မဟုတ်သေး။ ဤပစ္စည်းလည်း အချိန်စွမ်းအားကို မတည်ငြိမ်စေနိုင်သေး။

ထိုအချိန်တွင် ရှီဟောင် ပတ်ပတ်လည်၌ ပစ္စည်းများ ပျံ့ကြဲလာသည်။ သူထံ၌ ရှိနေသည့် ပစ္စည်းများအားလုံးကို စုပုံထားလိုက်လေသည်။

သို့သော်လည်း ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ စွမ်းအားကြီးသည့် အားတစ်ခု သူတို့အား အချိန်လမ်းကြောင်းထံသို့ ဆွဲသွားသည်။

ဤလမ်းကြောင်းနှင့် မထိရသေးသော်လည်း သူတို့ ကျောချမ်းလာလေပြီ။

အချိန်လှည့်ပတ်နေပြီး ဤထဲသို့ ကျသွားသည်နှင့် ဘယ်နေရာသို့ ရောက်သွားမည်ကို သူတို့မသိနိုင်။

အဘယ်ကြောင့် ဤကဲ့သို့သော ဂိတ်တံခါးမျိုး ပေါ်လာသည်ကို မည်သူမှ မရှင်းပြနိုင်သေး။ အဘယ်ကြောင့်ဆိုသော် ရှေးယခင်ကတည်းက ဤကဲ့သို့သော ဂိတ်တံခါးမျိုးပေါ်လာသည်မှာ ရှားပါးလှသည်။

ယခုအချိန်တွင်တော့ ရှီဟောင် ကြုံတွေ့နေလေပြီ။

“ဝါး .. မဟုတ်ဘူး .. ငါ မသေချင်သေးဘူး.. ငါ ကြီးတောင် မကြီးလာသေးဘူး .. ငါလက်လည်းမထပ်ရသေးဘူး .. ငါ့ကလန်အတွက် ပြိုင်ဘက်ကင်းတဲ့သွေးမျိးဆက်ကိုလည်း မချန်ထားရသေးဘူး .. ငါ့ကို ခေါ်မသွားပါနဲ့ ငါတို့ ကောင်းကင်ဦးချိုပုရွက်ဆိတ် မျိုးဆက်ပြတ်သွားလို့မရဘူး..” ပုရွက်ဆိတ်လေး ထိတ်လန့်တကြားပင် အော်ဟစ်ရုန်းကန်လိုက်သည်။

ရှီဟောင်လည်း ကြောက်လန့်နေသည်ပင်။ သူတို့မည်သည့်နေရာသို့ ရောက်သွားမည်ကို ဘုရားသာသိလိမ့်မည်။ သူတို့လူရိုင်းခေတ်ကို ရောက်သွားမလား .. ဒါမှမဟုတ် နောက်ဆုံးခေတ်ကိုရောက်သွားမလား .. ထိုသို့သာဆိုလျှင်တော့ ဝမ်းနည်းစရာ ကောင်းလိမ့်မည်ပင်။

ထိုအချိန်တွင် ရှီဟောင် ကိစ္စများစွာကို တွေးမိလာ၏။ ဒီလမ်းကြောင်းက ဘယ်လိုလုပ် ဖြစ်လာတာလဲ..

ဒါက လူလုပ်ထားတာလား .. ဒါမှမဟုတ် သဘာဝအတိုင်းဖြစ်လာတာလား .. ဒါကသာ လူလုပ်ဆိုရင် အဲဒီလူက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ .. ဒီလောကမှာ ဒီလိုမျိုး စွမ်းအားကြီးတဲ့သူ ဘယ်နှယောက်ရှိနိုင်လို့လဲ ..

ဒါက သူ့အလိုလိုဖြစ်လာတာဆိုရင် ဒီလိုမျိုးဖြစ်လာဖို့ ဘာတွေကိုက်ညီဖို့ လိုအပ်သကလဲ..

အား..

လူတစ်ယောက်နှင့် ပုရွက်ဆိတ်တစ်ကောင် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ လွင့်ထွက်သွားပြီဖြစ်ပြီး ထိုလျှပ်စီး၊ အချိန်စွမ်းအားတို့နှင့် ထိတော့မည်။

ဖုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားသည်။

ထိုအချိန်တွင် အလင်းများဖုံးလွှမ်းသွားကာ ဘာမှမမြင်ရတော့။

အံ့အားသင့်စရာကောင်းလောက်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

လမ်းကြောင်းသည် လျှပ်စီးကြောင့် နှစ်ပိုင်းကွဲသွားကာ ရှီဟောင်နှင့်ပုရွက်ဆိတ်လေးတို့ ထိုလမ်းကြောင်းထဲသို့ တည့်တည့်ကျသွားသည်။

ထိုအချိန်တွင် အချိန်၏တိုက်စားမှုကို သူတို့ခံစားလိုက်ရသည်။ သူတို့ခန္ဓာကိုယ်မှာ နှစ်ပေါင်းများစွာ အသက်ကြီးသွားသလိုပင်။ သူတို့ခန္ဓာကိုယ် ပင်ပန်းကာ လေးလံထိုင်းမှိုင်းလာသည်။

“ငါ အသက်ကြီးပြီး မသေချင်သေးဘူး .. ငါတို့ ရောက်လာပြီဆိုတော့ မြန်မြန်လုပ်ရအောင် .. ငါတို့ကို ပြန်ပို့ပေး..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။

ရှီဟောင်လည်း ဤအားကို ခုခံနေသည်ပင်။ သို့သော်လည်း သူ ပင်လယ်ထဲသို့ နှစ်မြှုပ်သွားသကဲ့သို့ ခံစားနေရသည်။ သူ၏စွမ်းအားမှာ အရာမထင်ပေ။

“မဟုတ်ဘူး…” သူတို့နှစ်ယောက်လုံး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။

ဒုန်း..

ထို့နောက် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး အလင်းတန်းတစ်ခု စီးဆင်းလာသည်။ အရာအားလုံး ပြောင်းပြန်စီးဆင်းသွားပြီး သူတို့ပြန်ငယ်သွားသလိုပင်။

တစ်ချိန်တည်းမှာပင် ရှီဟောင် မျက်လုံးများ ပြူးကျယ်သွားရ၏။ သိပ်မနီးမဝေးနေရာ၌ မျောနေသည့် စက္ကူလှေများစွာကို သူတွေ့လိုက်ရသည်။ ထိုလှေများပေါ်၌ စာလုံးများ ရေးထားသည်ပင်။

” ငါ တစ်ယောက်တည်းပဲ ကျန်တော့တာ..”

ဤသည်မှာ ရင်းနှီးသည့်စကားလုံးများနှင့် တူညီသည့်စက္ကူလှေများပင်။

အတောက်ပဆုံးအလင်းတန်းနှင့်အတူ လောကကြီးကို တုန်လှုပ်စေနိုင်သည့် လျှပ်စီးတန်းတစ်ခု ကျရောက်လာသည်။ ခပ်ဝေးဝေးတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုသူ၏ အဝတ်အနားစများ လေထဲ၌ လွင့်ပျံ့နေပြီး ပြိုင်ဘက်ကင်းသည့် ပုံစံတစ်မျိုးရှိနေသည်။ သူမ တစ်ဖြည်းဖြည်း နီးကပ်လာလေပြီ။

အပိုင်း ၁၄၈၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၈၃ – ခြေတစ်လှမ်း ခေတ်တစ်ခု

သိပ်မနီးပေမယ့် သိပ်မဝေးတဲ့နေရာမှာ သက်ရှိတစ်ယောက် ပေါ်လာတာလား..

သူမ၏ ခမ်းနားသည့်ပုံစံမှာ ပြိုင်ဘက်ကင်းပင်။ သူမ ဤနေရာသို့ ဝင်ရောက်လာပြီး အချိန်မှဖြစ်ပေါ်လာသည့် လမ်းကြောင်းနားသို့ တစ်ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

ထာဝရသက်ရှိဆိုတာဘာလဲ .. ရှီဟောင် မျက်လုံးထဲတွင်တော့ သူမသည် ထာဝရသက်ရှိပင်။

ဤအမျိုးသမီး၏ ဝတ်ရုံရှည်များ လှုပ်ခါနေကာ လေနှင့်အတူ မျောလွင့်နေသည်။ သူမ၏မည်းနက်နေသည့် ဆံပင်များလည်း လှုပ်ရမ်းနေသည်။

သူမသည် ဤသေမျိုးလောကနှင့် မသက်ဆိုင်သည့်သူပင်။ သူမ အဝတ်အစားများလှုပ်ခါသွားသည်နှင့် သူမသည် ကောင်းကင်ဘုံကိုးခုသို့ တက်တော့မလိုပင်။

သူမသည် အစပိုင်းတွင် သစ်တောဝိညာဉ်တစ်ခုနှင့်တူသော်လည်း သူမ နီးကပ်လာသည့်အချိန်တွင် ရှီဟောင်နှင့် ပုရွက်ဆိတ်လေး နှစ်ယောက်လုံး ထိတ်လန့်သွားရသည်။

ဤအမျိုးသမီး မျက်လုံးများလှုပ်ရှားလိုက်သည်နှင့် သူမသည် ပြန်လည်ဝင်စားခြင်းကို ဖြတ်သန်းခဲ့ရသကဲ့သို့ လေးနက်ကာ ထူးခြားလှသည်။ နူးညံ့သည့်ပုလဲလုံးလေးများနှင့် မတူသည့် စူးရှမှုတစ်မျိုးရှိနေသည်ပင်။

ထိုအချိန်တွင် ပုရွက်ဆိတ်လေး နှလုံးခုန်သံများ အလွန်လျင်မြန်လာသည်။ သူသည် အော်ဟစ်မိလုနီးပါးဖြစ်သွားသည်ပင်။

ဒီနေရာမှာ ဘာလို့ ဒီလိုအမျိုးသမီး ရှိနေတာလဲ .. သူမလက်မြှောက်လိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။

“ဒီအမျိုးသမီးက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေတာလဲ .. သူမ တိုက်ခိုက်တာကို ဘယ်တုန်းကမှ မမြင်ဖူးပေမယ့် သူမရဲ့နည်းလမ်းတွေက ကြောက်စရာကောင်းမယ်ဆိုတာ ငါ သိတယ် .. ဒီအချိန်လမ်းကြောင်းက သူ လုပ်ထားတာလို့တော့ ငါ့ကို မပြောနဲ့နော်..”

ပုရွက်ဆိတ်လေး၏အသံမှာ တုန်ယင်နေပြီး သူ့တစ်ကိုယ်လုံးလည်း ထိန်းချုပ်၍မရလောက်အောင် တုန်ယင်နေသည်ပင်။ သူ၏မူလဝိညာဉ်နှင့် အသွေးအသားမှာ သူမအား ကြောက်ရွံ့နေသည်ပင်။

အမှန်တကယ်တွင် ဤသည်မှာ ကောင်းမွန်သည့်ကိစ္စတစ်ခုဖြစ်သည်ဟု သတ်မှတ်၍ ရသည်ပင်။

ကောင်းကင်ဦးချိုပုရွက်ဆိတ်၏ ခွန်အားလွန်သွေးမရှိသည့် အခြားသက်ရှိဆိုပါက ဤအမျိုးသမီးအား ဦးညွတ်ရှိခိုးနေလောက်လေပြီ။

ထို့အပြင် ထိုအချိန်တွင် ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့သည် ပုံရိပ်ယောင်တစ်ခုအား မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ဧကရီတစ်ယောက်၏ နာမည်ကို ရွတ်ဆိုနေသည့် ဝတ်ပြုဆုတောင်းသံတစ်မျိုးကို ကြားလိုက်ရသောကြောင့်ပင်။

သူတို့မျက်စိရှေ့က အမျိုးသမီးက ဧကရီလား..

အချိန်မည်မျှကွာခြားနေမှန်းမသိသော်လည်း သူမခေတ်မှ လူများမှာ သူမကို မှတ်မိနေဆဲဖြစ်ပြီး အသံများပို့လွှတ်လာသည်။

ထာဝရရှေးဟောင်း၏ လျှို့ဝှက်သမိုင်းမှတ်တမ်းများတွင် အတည်မပြုထားရသေးသည့် ကောလဟာလတစ်ခု ရှိနေသည်ပင်။ လူတစ်ယောက်သည် ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး၏ သက်ရှိများကို ကယ်တင်ခဲ့ပါက ဤကဲ့သို့သော ဝတ်ပြုဆုတောင်းသံများ ကြားရမည်ပင်။

ထို့အပြင် အချိန်များစွာ ကွာခြားသွားပြီး သူမ၏အလောင်း အာကာသအတွင်းပိုင်းထဲသို့ ကျသွားလျှင်ပင် ဤအသံများမှာ သူမအလောင်းရှိနေသည့် နေရာကို ချိတ်ဆက်နိုင်သေးသည်ပင်။

ဒီအမျိုးသမီးက ဘာလုပ်ခဲ့တာလဲ .. သူမက ဘယ်သူလဲ .. သူမက တစ်လောကလုံးကို ကယ်တင်ခဲ့တာလား .. အဲဒါကြောင့်မို့လို့ သူမ ပတ်ပတ်လည်မှာ ဒီလိုမျိုး အသံမျိုး ထွက်နေတာလား..

ဒါက ခွဲခွာခြင်းအတွက် ဖြစ်လာတဲ့အသံတွေ မဟုတ်ဘူးလား .. ဒါပေမဲ့ သူမက အသက်ရှင်လျက် ရှိသေးတယ်လေ..

ဧကရီ..

ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့နှစ်ယောက်လုံး မရေမတွက်နိုင်သည့်လူများ၏ ဆုတောင်းဝတ်ပြုသံများ ကြားနေရသည်ပင်။

“သူ လာနေပြီ .. ဒီအလင်းလမ်းကြောင်းကို သူ လုပ်ထားတာလား..”

ဤသို့သာဆိုလျှင်တော့ ဤသည်မှာ မယုံကြည်ချင်စရာကောင်းလှသည်။ ဒါက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ..

အတိတ်၊ ပုစ္စုပ္ပန်၊ အနာဂတ်ကို လမ်းကြောင်းတစ်ခုတည်းအဖြစ် ပြုလုပ်ရန်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။

အတိအကျပြောရလျှင် ဤသည်မှာ အတုအယောင်ဆန်လွန်းလှသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မဖြစ်နိုင်ဘူးဟု အတိတ်မှလူများ ကောက်ချက်ချခဲ့ကြသည်။ ဤသို့ ပြုလုပ်ရန် ကြိုးစားလိုက်သည်နှင့် အားလုံး ပြောင်းပြန်ဖြစ်သွားကာ သက်ရှိအားလုံးလည်း ဖရိုဖရဲဖြစ်သွားလိမ့်မည်။

သီအိုရီအရဆိုလျှင်တော့ ဤသည်ကို မလုပ်နိုင်။

ဒါပေမဲ့ ဒီအဖြူရောင်အဝတ်အစားနဲ့ ဧကရီက ဘယ်လိုလုပ် လုပ်နိုင်တာလဲ .. သူက ဒီလိုမျိုးလမ်းကြောင်းကို လုပ်နိုင်ရလောက်တဲ့အထိ စွမ်းအားကြီးတာလား..

ဒါမှမဟုတ် သူက ကောင်းကင်နဲ့ကမ္ဘာမြေကြီးမှာ အပေါက်တစ်ပေါက်ရှာတွေ့သွားပြီးတော့ ကံကောင်းမှုနဲ့အခွင့်အရေး ပေါင်းသွားလို့ လုပ်လို့ရတာလား..

ဝုန်း..

ဧကရီမ အနားကပ်လာသည်နှင့် ပုံမှန်မဟုတ်သည့် မြင်ကွင်းများ ထွက်ပေါ်လာသည်။ သူမ စွမ်းအားကြီးသည့်သူများကို သတ်နေသည့်ပုံများ၊ သွေးမိုးများကျဆင်းလာသည့်ပုံများ ပေါ်လာသည်။ အလောင်းများလည်း နေရာတိုင်း၌ ပျံ့ကြဲနေသည်။

ပုရွက်ဆိတ်လေးမှာ အတော်လေး ကြောက်ရွံ့နေလေပြီ။ ဤအမျိုးသမီးသည် နတ်သမီးတစ်ပါးကဲ့သို့ နူးညံ့လာသည်ဟု ခံစားလိုက်ရသော်လည်း ယခုအချိန်တွင် သူမ၏ သတ်ဖြတ်သည့်ပုံစံများကို မြင်လိုက်ရသည်။

ထိုအချိန်တွင် အချိန်လမ်းကြောင်း မတည်မငြိမ်ဖြစ်လာကာ အက်ကွဲလုနီးပါးဖြစ်လာသည်။

“မကောင်းတော့ဘူး .. ငါတို့ အဆုံးသတ်တော့မယ်..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။ အချိန်လမ်းကြောင်း ပျက်စီးသွားသည်နှင့် သူတို့လည်း ပြာမှုန့်များ၊ မီးခိုးများအဖြစ် လွင့်ပြယ်သွားလိမ့်မည်။ သူတို့၏ မူလဝိညာဉ်ပင် ထာဝရပျောက်ကွယ်သွားမည်ပင်။

ရွှီး..

အဖြူရောင်အဝတ်အစားနှင့် အမျိုးသမီး လက်ညှိုးထိုးလိုက်သည်နှင့် လေထဲ၌ ထာဝရအလင်းများထွက်ပေါ်လာသည်။

“သူမပဲ..” ထိုအမျိုးသမီး လှုပ်ရှားလိုက်သည့်အချိန်တွင်တော့ ရှီဟောင်၏ သံသယများ ပို၍ခိုင်မာလာသည်။

အဖြူရောင်အဝတ်အစားနဲ့ ဧကရီ .. ဤလူမှာ ထာဝရစစ်မြေပြင်၌ သူ့အား ကယ်တင်ခဲ့သည့်သူပင်။

ရှီဟောင် သံသယဝင်ခဲ့သော်လည်း မယုံကြည်ရဲခဲ့။ ယခု တစ်ဖက်လူ လှုပ်ရှားလိုက်သည့်အချိန်မှသာ သူတကယ်နားလည်သွားခဲ့သည်။ ဤကဲ့သို့သော စွမ်းအားမျိုး၊ ဤကဲ့သို့သော ခံစားချက်မျိုးမှာ သူ့ဘဝတွင် ထိုတစ်ခါသာ ခံစားဖူးခဲ့သည်ပင်။

လေဟာနယ်ကြီး ချိုင့်ဝင်သွားကာ အချိန်လမ်းကြောင်းမှာ မတည်မငြိမ်ဖြစ်နေဆဲပင်။ အချိန်စွမ်းအားများပါတင်သည့် ဓားသွားများမှာ ရှီဟောင်နှင့် ပုရွက်ဆိတ်လေးတို့အား ရှင်းပစ်တော့မည်။

ထိုအချိန်တွင် သွေးရောင်လွှမ်းနေသည့် အနက်ရောင်စက္ကူလှေများ ငြင်သာစွာ မျောလာပြီး သူတို့နှစ်ယောက်ဘေးနားသို့ ရောက်ရှိလာသည်။ ထို့နောက် သွေးမှုန်များ ပေါ်လာကာ ဤနေရာကို ဖိနှိပ်လိုက်သည်။

ထိုအချိန်တွင် အချိန်အေးခဲသွားကာ လေဟာနယ်လည်း တည်ငြိမ်လာသည်။

စက္ကူလှေများသာဖြစ်သော်လည်း ဤအန္တရာယ်များသည့်အခြေအနေကို ချေဖျက်နိုင်သည့်အပြင် ရှီဟောင်တို့ကိုလည်း ကယ်တင်ပေးလိုက်နိုင်သည်။

နောက်ဆုံးတွင်တော့ သူတို့ သူမကို မြင်ရလေပြီ။ ထာဝရမြူများ ရှင်းလင်းသွားသော်လည်း သူမ မျက်နှာမှာ မှုန်ဝါးနေဆဲပင်။
ထာဝရဓားပုံစံ မှော်ပစ္စည်းတစ်ခုသည် မျက်နှာဖုံးပုံစံသို့ ပြောင်းသွားလိုက်၊ လက်စွပ်တစ်ကွင်းအဖြစ်သို့ ပြောင်းသွားလိုက်၊ နတ်ဆိုးအိုးတစ်လုံးအဖြစ်သို့ ပြောင်းသွားလိုက်ဖြင့် သူမ မျက်နှာရှေ့၌ ပြောင်းလဲနေသည်။

ထို့နောက် သူမ မျက်နှာထက်၌ ကြေးမျက်နှာဖုံးတစ်ခု ပေါ်လာသည်။ ထိုမျက်နှာဖုံးသည် အသက်ရှိနေသကဲ့သို့ သူမမျက်နှာအား ကပ်တွယ်လာသည်ပင်။

နောက်ဆုံးတွင်တော့ သူမ၏ မျက်နှာအစစ်အမှန်ကို သူ မမြင်ရတော့။ ထိုကြေးမျက်နှာဖုံးမှာ ထူးဆန်းလှသည်။ မျက်ရည်များကျနေသကဲ့သို့ ပြုံးလည်းပြုံးနေသည်။ ဤသည်မှာ မျက်စိဖမ်းစားနိုင်သကဲ့သို့ သူတို့အား တုန်လည်းတုန်လှုပ်စေသည်ပင်။

စက္ကူလှေတွေ ခေါက်ခဲ့တဲ့ အမျိုးသမီးက သူမလား..

ရှီဟောင် ဆွံ့အသွားပြီးနောက် အလွန်တုန်လှုပ်သွားရသည်။ ခွန်ပန်အသိုက်ဘေးတွင် အလင်းဂိတ်လေးတစ်ခုရှိခဲ့ပြီး ထိုဂိတ်တံခါးလေးမှ စက္ကူလှေများ အဆက်မပြတ်ထွက်လာခဲ့သည်။ အဲဒီစက္ကူလှေကို သူမ ခေါက်တာလား..

သူ့စိတ် အလွန်ရှုပ်ထွေးနေလေပြီ။ ဘာဖြစ်နေတာလဲ .. အချိန်မြစ်မှာ သူကိုကယ်ပေးခဲ့တာလဲ ဒီအမျိုးသမီးပဲ .. ရှီဟောင်မှာ အချိန်များပျောက်ဆုံးသွားသလိုပင် ခံစားလိုက်ရသည်။

အတိတ်မှာတုန်းက တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ..

“ထာဝရရှေးဟောင်းလျှို့ဝှက်မှတ်တမ်းတွေမှာ မယုံကြည်နိုင်စရာကောင်းတဲ့ ထူးဆန်းမှုတွေကို မှတ်တမ်းတင်ထားတာရှိတယ် .. ကြည့်ရတာ တစ်ယောက်ယောက်က အဲဒါကို လုပ်နိုင်ခဲ့တာထင်တယ် .. ဆုတောင်းဝတ်ပြုသံတွေကို သုံးပြီးတော့ ခန္ဓာကိုယ်အစစ် ဒါမှမဟုတ် အလောင်းကို ကာကွယ်ထားတာ .. ပြီးတော့ ပြန်ဝင်စားခဲ့တာ .. စိတ်နဲ့အလောင်းက ကွဲသွားပြီးတော့ ဟာလာဟင်းလင်းပြင်မှာ လှည့်ပတ်သွားလာခဲ့တာ..”

ပုရွက်ဆိတ်လေးမှာ အိပ်မက်မက်နေသကဲ့သို့ အဓိပ္ပာယ်မရှိသည့် ဤစကားများကို ပြောလိုက်လေသည်။

သူ့အဖေ သေချာအသေးစိတ်မရေးထားခဲ့သည့် အရာများကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“စီနီယာ .. ကျွန်တော်တို့နှစ်ယောက်ကို တွေ့ချင်လို့လား..” ရှီဟောင် တုန်ယင်နေသည့်အသံဖြင့် မေးလိုက်သည်။ သူအနည်းငယ် ရှုပ်ထွေးနေသည်ပင်။ ဘာလို့ ဒီလိုမျိုးဖြစ်လာတာလဲ..

သို့သော် ဤအမျိုးသမီးနှင့် သူ့ကြားတွင် ဆက်သွယ်မှုတစ်ခုခုရှိလိမ့်မည်ဟု ရှီဟောင်ခံစားနေရသည်။ မဟုတ်ပါက သူမ အဘယ်ကြောင့် သူ့အား လာကယ်မည်နည်း .. သို့မဟုတ် ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု သက်သက်လား..

သို့သော်လည်း နှစ်ကြိမ်ဆက်တိုက်‌ တွေ့နေသည်ဖြစ်သောကြောင့် ဤသည်မှာ သာမန်မဟုတ်နိုင်တော့။ ဤသည်မှာ တိုက်ဆိုင်မှုဟု ပြော၍မရတော့။

ဤအမျိုးသမီး ဘာမှမပြောပေ။ သူမ၏ လှပသည့်မျက်လုံးများသာ ပို၍လေးနက်လာသည်။

အကြောင်းပြချက်တစ်ချို့ကြောင့် ရှီဟောင် သူမ၏ခံစားချက်များကို ခံစားနိုင်သလိုပင်။ သူမ စိတ်ပျက်နေသည်။

“စီနီယာ လူမှားသွားတယ် ဟုတ်တယ်မလား .. စီနီယာရှာနေတာ ကျွန်တော့်မှာရှိတဲ့ ပစ္စည်းတစ်ခုခုထင်တယ်..” ရှီဟောင် ပြောလိုက်၏။

“ငါ အချိန်မှန်ကို ရောက်မလာဘူးပဲ…” ထိုအဖြူရောင်အဝတ်အစားနှင့် ဧကရီမှ ပြောလိုက်သည်။ သူမ၏အသံမှာ သဘာဝအသံနှင့်တူသော်လည်း လူတစ်ယောက်ကို တုန်လှုပ်စေနိုင်သည်ပင်။ အဘယ်ကြောင့်ဆိုသော် သူမအသံတွင် နောင်တတရားများ ပါဝင်နေသည်ပင်။

ထိုအချိန်တွင် ရှီဟောင်ပတ်လည်တွင်ရှိနေသည့် ပစ္စည်းများအားလုံး နောက်ပြန်ဆုတ်သွားသည်။ နောက်ဆုံးတွင်တော့ ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ သွေးတစ်စက် ထွက်ပေါ်လာသည်။ ထိုသွေးစက်ထဲတွင် လျှပ်စီးသံများကြားရပြီး စစ်ပွဲအော်သံများလည်း ကြားနေရသည်။

ရှီဟောင် ဆွံ့အသွားရ၏။ သူ ပစ္စည်းအားလုံးကို တွေးမိခဲ့သော်လည်း ဤသွေးစက်ကိုတော့ မျက်စိလျှမ်းသွားခဲ့သည်။

ယခင်က အလုံးစုံသက်ရှိအရင်းအမြစ်စွမ်းအင် စီးဆင်းနေသည့် ကိုးရောင်စပ် ထာဝရ ရွှေအလင်းဖုံးအုပ်နေသည့် အိုးတစ်လုံးရှိခဲ့သည်။ ထိုအိုးသည် အတိတ်မှအိုးမဟုတ်သလို လက်ရှိပစ္စုပ္ပန်နှင့်လည်း မသက်ဆိုင်ပေ။ ထိုအိုးသည် ရှီဟောင်ကို လာရှာခဲ့ပြီး ဤသွေးတစ်စက်အားပေးထားခဲ့သည်ပင်။

ပုရွက်ဆိတ်လေးမှာ အော်ဟစ်မိလုနီးပါးဖြစ်သွားသည်။ သူတို့ ဤလမ်းကြောင်းသို့ ရောက်လာခြင်းမှာ ဤသွေးစက်ကြောင့်လား..

“စီနီယာ ဒီသွေးစက်ကို ရှာနေတာလား..” ရှီဟောင်မေးလိုက်သည်။

အဖြူရောင်အဝတ်အစားနှင့် မိန်းမပျိုလေး၏ ဆံနွယ်များမှာ ရေတံခွန်ကဲ့သို့ပင် ဖြာကျနေသည်။ ထိုဆံပင်များလှုပ်ခါသွားသည်နှင့် ဆံပင်များကြား၌ ကြယ်များရှိနေသည်။

“လူမှန် ကံကြမ္မာမှန်တယ် .. တွေ့ဆုံတဲ့အချိန် မှားနေတာ..” သူမ သက်ပြင်းချ၍ ပြောလိုက်သည်။ သူမအသံတွင် နှစ်ပေါင်းများစွာ အထီးကျန်နေသည့် အငွေ့အသက်များလည်း ပါဝင်နေသည်ပင်။

ရှီဟောင် ထိတ်လန့်တကြား အော်ဟစ်လုနီးပါးပင် ဖြစ်သွားသည်။ သူမက သူ့ကို ရှာနေခဲ့တာ .. သူမ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ..

“ကျွန်တော် ဒီမှာ ရပ်နေပါတယ် .. စီနီယာ ပြောစရာရှိတာ ပြောပါ..” ရှီဟောင် ပြောလိုက်သည်။

“ရှင့်ကို အခုပြောလည်း အသုံးမဝင်ဘူး .. ရှင်က ရှင် မဟုတ်သေးဘူး .. အချိန်မှန် မဟုတ်သေးတော့ အားလုံး ပျက်စီးသွားလိမ့်မယ် .. နောက်ဆုံးမှာ ရှင်လည်း မူလနေရာကို ပြန်ပို့ခံရလိမ့်မယ်..” အဖြူရောင်အဝတ်အစားနှင့် ဧကရီမှာ စကားနည်းသည့်သူဖြစ်လိမ့်မည်။ သို့သော်လည်း ယခုအချိန်တွင်တော့ သူမ စကားအများကြီး ပြောနေသည်။

“ဘာလို့လဲ .. ကျွန်တော်တို့ကြားမှာ ခြေတစ်လှမ်းလောက်ပဲ ကွာတာပါ .. စီနီယာ မပြောနိုင်စရာ ဘာအကြောင်းရှိလို့လဲ .. ကျွန်တော် နားမလည်နိုင်တာ ဘာရှိလို့လဲ..” ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ကျွန်မတို့နှစ်ယောက်ကြားမှာ ခြေလှမ်းတစ်လှမ်းစာလောက်ပဲ ကွာတော့တာလို့ ထင်ရလိမ့်မယ် .. ဒါပေမဲ့ အဲဒီခြေတစ်လှမ်းကို လျှောက်ဖို့အတွက်ဆိုရင် ရှင် ခေတ်တစ်ခေတ်ကို ဖြတ်ရလိမ့်မယ် .. ရှင် ကိုယ့်ကိုကိုယ် သေချာပြင်ဆင်ပြီးပြီလား..” ဧကရီ မေးလိုက်သည်။

“ဘာ .. စီနီယာ ဘာပြောလိုက်တာ..” ရှီဟောင် မထိန်းနိုင်တော့ပဲ အော်ဟစ်လိုက်သည်။

“ခြေတစ်လှမ်းကို ခေတ်တစ်ခေတ် .. ရှင် အခု အဲဒီခြေလှမ်းကို လှမ်းနိုင်ပြီလား.. အခု လက်ရှိ ရှင်က ဒါကို လုပ်နိုင်မှာလား .. နောက်ဆုံးကျရင် အားလုံး ပျက်စီးသွားလိမ့်မယ် … ဘာသဲလွန်စမှ ကျန်ခဲ့မှာ မဟုတ်ဘူး .. ဘာကိုမှ မှတ်မိမှာ မဟုတ်ဘူး..”
ဧကရီ ပြောလိုက်သည်။

ထို့နောက် သူမ ဘာမှမပြောတော့ပဲ သူမခြေထောက်ကို မြှောက်လိုက်သည်။

ခြေတစ်လှမ်းကို ခေတ်တစ်ခေတ် ..
ဤစကားမှာ ပုရွက်ဆိတ်လေးအား အတော်လေး တုန်လှုပ်သွားစေသည်ပင်။ သူ့အဖေ မှတ်တမ်းတင်ထားသည့်အရာများမှာ ယုံကြည်စိတ်ချရသည်ဟု ခံစားလာရသည်။

အပိုင်း ၁၄၈၃ ပြီး၏။
( ဘာသာပြန်သူ မှတ်ချက်။ အချိန်အကြောင်း ကျနော်ရှင်းပြခဲ့ဖူးပေမဲ့ ထပ်မေးလာကြတာရှိလို့ ခုကြုံတုန်းလေး ပြောပြပေးပါ့မယ်။ ဒီ PS လေးထည့်ရတာကို နားလည်သဘောပေါက်မှုမြင့်မားတဲ့ ချိဖတို့ကဖြင့် နားလည်ပေးဖို့တော့ တောင်းဆိုပါတယ်။
” အချိန်က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုပြီး တစ်ပြေးညီ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။ အချိန်က တစ်ပြိုက်နက်တည်း ဖြစ်တည်ပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ အရာအားလုံးဟာ အတူတူသာ ဖြစ်ပျက်နေပါတယ်။ ဥပမာ ဥရောပ နဲ့ အာရှက အချိန် ၆နာရီခန့် အကြမ်းဖျဥ်း ကွာဟတယ်ဆိုပေမဲ့ အရာအားလုံးကျတော့ အတူတူပဲ တစ်ချိန်တည်း မှာ ဖြစ်ပျက်နေကြတာမျိုးပါ။ )
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၈၄ – မေ့လျော့သွားခြင်း

ခြေတစ်လှမ်းကို ခေတ်တစ်ခေတ် .. ဤသည်မှာ မည်မျှပင် ထိတ်လန့်စရာကောင်းလှသနည်း..

ဤသည်ကို တကယ်လုပ်ဖို့မဆိုထားနှင့် ဤကဲ့သို့သော ရဲရင့်ခြင်းပင်လျှင် လူတစ်ယောက်ကို မှင်တက်စေသည်ပင်။

ရှီဟောင်နှင့် ပုရွက်ဆိတ်လေး နှစ်ယောက်လုံး ထိတ်လန့်သွားရသည်။

“တစ်လှမ်းပဲမလား .. ကျွန်တော်အခု လှမ်းလိုက်မယ်..” အသိပြန်ဝင်လာသည့်အချိန်တွင် ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်ကာ အရှေ့ဘက်သို့ တက်လာသည်။

သို့သော်လည်း ထိုအချိန်တွင် ကြယ်များ လှုပ်ရှားလာပြီး အချိန်များထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှာ ပေါက်ကွဲမတတ်ပင် ဖြစ်သွားသည်။ သူ၏ဘေး၌ ပေါ်လာသည့် စက္ကူလှေများများ ထုတ်လွှတ်သည့် အလင်းမှုန်လေးများကြောင့်သာ မဟုတ်ပါက သူသေချာပေါက် အက်ကွဲသွားတော့မည်ပင်။

ဤသည်မှာ သူ့အား ထိတ်လန့်သွားစေ၏။ ခြေတစ်လှမ်းစာက ဘာလို့ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ..

ထို့နောက် သူခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် အဖြူရောင်အဝတ်အစားနှင့်အမျိုးသမီးမှာ တစ်ဖြည်းဖြည်း ပို၍မှုန်ဝါးလာသည်ကို တွေ့လိုက်ရသည်။ သူမသည် တစ်ဖြည်းဖြည်း အဝေးရောက်သွားလေပြီ။ သူတို့ကို ကြားတွင် ကြယ်ကောင်းကင်တစ်ခုခြားနေပြီး မရေမတွက်နိုင်သည့်နှစ်များ ကွာခြားနေသည်ပင်။ သူတို့ကို ခေတ်ကြီးတစ်ခေတ် ခြားထားသည်ပင်။

ဤသည်မှာ ပိုပြောသည်မဟုတ်။ သူတို့နှစ်ဦးကြား အတော်လေး ဝေးကွာနေသည်ပင်။

သူ ကြက်သီးပင်ထလာသည်။ ခြေတစ်လှမ်း၊ ခေတ်တစ်ခေတ် .. ဒီအမျိုးသမီးက ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ .. သူမမှာ ဘယ်လို အံ့အားသင့်စရာကောင်းတဲ့စွမ်းရည်တွေ ရှိနေတာလဲ..

ဒါပေမဲ့ သူမက သူ့ကိုရှာပြီး ဘာလုပ်ချင်တာလဲ..

ရှီဟောင် ထိုအိုးကို စဉ်းစားမိသွားသည်။ ထိုအိုးသည်လည်း သူ့ကို စစ်ပွဲထဲ ဝင်ပါပေးရန် အကူအညီတောင်းနေသည့်ပုံပင်။

ထိုသို့စဉ်းစားမိသည်နှင့် သူ ကြက်သီးမွေးညှင်းများပင် ထောင်ထလာသည်။ တိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်တာလဲ .. အဖြူရောင်အဝတ်အစားနှင့်ဧကရီတောင် အကူအညီလာတောင်းရတာလား ..

ဘယ်လိုရန်သူမျိုးက အဲဒီလောကကြီးကို ကျူးကျော်လာမှာလဲ..

ထိုအချိန်တွင် ဤလက်ရှိလောကကြီးကို သူ ပြန်စဉ်းစားမိသွားသည်။ ဤလောကကြီး၏ အမှောင်ဆုံးနေ့ရက်များ ရောက်လာတော့မည်ဟု ပြောထားသည်ပင်။ သူတို့ရင်ဆိုင်ရမည့်အရာမှာ တကယ်ကို ကြောက်စရာကောင်းလောက်မည်။ သူက ဘယ်လိုလုပ် တစ်ခြားကိစ္စတွေကို တွေးပူဖို့ အချိန်ရှိမှာလဲ..

ရှီဟောင် စိတ်လေးလံနေသည်။ သူတို့ လောကကြီးတစ်ခု ပျက်သွားသည်အထိ တိုက်ခိုက်ရမည်ထင်သည်။ ထို့အပြင် ဤဧကရီ၏ လောကကြီးသည်လည်း အခြေအနေမကောင်းတော့ဘူးထင်သည်။ ဒါက ကောင်းကင်ဘုံတွေပါတဲ့ တိုက်ပွဲလား .. ဒါမှမဟုတ် မတူညီတဲ့ခေတ်တွေပါတဲ့ တိုက်ပွဲလား..

ရန်သူက ဘယ်သူလဲ .. ရန်သူက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား..

သူ့ပုခုံးပေါ် ထမ်းထားရသည့်တာဝန်များ အလွန်များပြားနေကြောင်း သူ ရုတ်တရက် စဉ်းစားမိသွားသည်။ ဖိအားများမှာ များပြားလွန်းလှသောကြောင့် သူအသက်ရှူရ ခက်ခဲနေသည်အထိပင်။

ဤအရာအားလုံးမှာ ဒီရေကဲ့သို့ ရောက်လာခြင်းပင်။

ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ မစဉ်းစားဖူးခဲ့ပေ။ ရှီဟောင် သန်မာလာချင်သည်။ ပစ္စုပ္ပန်ဖြစ်စေ အနာဂတ်ဖြစ်စေ သူ ရန်သူများကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမည်ပင်။

သူ နည်းနည်းလေး အားနည်းသွားသည်နှင့် သူ သွေးချောင်းစီးသွားလိမ့်မည်။

အနာဂတ်မှာ သူ့အား နာကျင်မှုများ ယူလာပေးလိမ့်မည်ဟု သူ ခံစားနေရသည်။

သူမြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်စဉ်းစားမိသွားသည်။ သူသည် တောင်ထိပ်၌ တစ်ယောက်တည်း ရပ်နေပြီး လောကကြီးတစ်ခုလုံးလည်း ပျက်စီးနေသည်။ သူ့အနောက်တွင် လောင်ကျွမ်းကာ သေဆုံးနေသည့် မိုးမခသစ်ပင်ကြီးသာ ရှိသည်။

ဤသည်မှာ သူစီရင်စုသုံးထောင်တွင် ရှိစဉ်က မြင်ခဲ့ရသည့် အနာဂတ်၏ တစ်စိတ်တစ်ပိုင်းပင်။

ထို့အပြင် ဧကရီ သူ့အားကယ်သည့်အချိန်တုန်းကလည်း သူ၏အနာဂတ်မှာ ခါးသီးလိမ့်မည်ဟု ပြောခဲ့သည်ပင်။

သူချစ်ရသည့်သူများ၊ သူငယ်ချင်းများ၊ ရင်းနှီးကျွမ်းဝင်သူများအားလုံးကို မြေမြှုပ်ပေးရလိမ့်မည်။

“ပြောင်းလဲမယ်..” ရှီဟောင် အော်ဟစ်လိုက်၏။ သူအသိဝင်လာသည့်အချိန်တွင် သူ့တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး သူ့မျက်နှာလည်း ဖြူ‌ရော်နေသည်ကို တွေ့လိုက်ရသည်။

သူ အခုချက်ချင်းပင် မိုးကောင်းကင်အောက်မှ ပြိုင်ဘက်ကင်းသည့်သူ ဖြစ်ချင်လာမိသည်။

သို့သော်လည်း သူဘာမှ မတတ်နိုင်။ ယခုအချိန်တွင် သူ မြန်မြန်အင်အားကြီးလာအောင် လုပ်ရန်သာ တတ်နိုင်သည်။ သူ အရာအားလုံးကို ပြောင်းလဲပစ်မည်။

ထို့နောက် အသံတစ်ချို့ကို သူ ကြားလိုက်ရသည်။ ဧကရီမှ သူ့အား စကားပြောနေခြင်းပင်။ သို့သော်လည်း သူမ၏ပုံရိပ်မှာ တစ်ဖြည်းဖြည်း ‌ဝေးကွာသွားလေပြီ။

“ဘာလဲ .. ဘာလို့ ဒီလိုဖြစ်ရတာလဲ..” သူ အော်ဟစ်လိုက်သည်။

“နှမြောစရာပဲ .. အချိန်မှန် မဟုတ်သေးဘူး .. နောက်ဆုံးမှာ ခြေရာလက်ရာအားလုံး ပျက်စီးသွားလိမ့်မယ်..” သက်ပြင်းတစ်ချက်ချပြီးနောက် အဖြူရောင်အဝတ်အစားနှင့်အမျိုးသမီး မှုန်ဝါးသွားကာ လမ်းကြောင်းလည်း မတည်မငြိမ်ဖြစ်လာသည်။

ဖုန်း..

ထို့နောက် လောကကြီး ပျက်စီးသွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

ခွပ်..

ထို့နောက် အက်ကွဲသွားသည့်အသံတစ်ခုကို သူကြားလိုက်ရသည်။ အဖြူရောင်အဝတ်အစားနှင့်အမျိုးသမီး၏မျက်နှာထက်တွင် တပ်ဆင်ထားသည့် ကြေးမျက်နှာဖုံးတွင် အက်ကွဲကြောင်းပေါ်လာပြီး မျက်နှာဖုံး နှစ်ခြမ်းကွဲတော့မည်။

ဘာဖြစ်နေတာလဲ..

တစ်ချိန်တည်းမှာပင် ထိုမျက်နှာဖုံးအက်ကွဲကြောင်းမှ ထာဝရအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်နှင့် ထိသွားသည်။

ထို့နောက် ထာဝရမြူများလှုပ်ရှားလာသည်ကို သူ တွေ့လိုက်ရသည်။ ထိုအဖြူရောင်အဝတ်အစားနှင့်အမျိုးသမီး နောက်ယိုင်သွားကာ ထိုမျက်နှာဖုံး နှစ်ပိုင်းဖြစ်သွားပြီး ညကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။

ဝုန်း..

လောကကြီး တုန်ခါသွားကာ သူနှင့်ပုရွက်ဆိတ်လေးနှစ်ယောက်လုံး လွင့်ထွက်သွားကာ အချိန်လမ်းကြောင်းနှင့်ဝေးကွာသွားသည်။

သူမ ပေးဆပ်လိုက်ရတာ..

ရှီဟောင် အော်ငိုပစ်လိုက်ချင်သည်။ သူ့စိတ်ထဲသို့ လာထိသွားသည့် တံဆိပ်ကို ရေးထွင်းထားချင်သော်လည်း အချိန်လမ်းကြောင်းမှ ဆုတ်ခွာလာသည်နှင့် ထူးဆန်းသည့်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ လေဟာနယ်ထဲ၌ ပုံစံမရှိသည့် ဓားသွားရှိနေသကဲ့သို့ပင်။ ဤဓားသည် သူ့အား အညှာအတာမရှိ ထိုးနှက်လာသည်ပင်။

ရှီဟောင် ဤသည်ကို တားဆီးချင်သော်လည်း သူ၏ကြိုးစားမှုများအားလုံး ရှုံးနိမ့်သွားသည်။ သူ၏စိတ်ထဲမှ အချို့အရာများ ပျောက်ကွယ်သွားသည်။

ပျောက်သွားပြီ .. ဘာမှမကျန်တော့ဘူး..

“အား .. မဟုတ်ဘူး .. ငါ ဘာမေ့သွားတာလဲ..” ရှီ‌ဟောင် ဟစ်ကြွေးလိုက်သည်။

နောက်ဆုံးအချိန်တွင် ဧကရီ တစ်ခုခုပြောခဲ့လိမ့်မည်။ သို့သော်လည်း ယခုတော့ သူ မပြောခဲ့သလို ချက်ချင်း ပျောက်ကွယ်သွားလေပြီ။

ဧကရီ၏ပုံရိပ် သူ့စိတ်ထဲမှ ပျောက်ကွယ်သွားသည်အထိပင်။

ကောင်းကင်နှင့် ပင်လယ်ပြင်မှာ အပြာရောင်တောက်ပနေသည်။

ပင်လယ်ရေမျက်နှာပြင်မှာ ကြေးမုံကဲ့သို့ တည်ငြိမ်နေသည်။

အချိန်မည်မျှကြာသွားမှန်း မသိရသည့်အချိန်မှသာ ရှီဟောင် ပြန်နိုးလာသည်။ သူသည် ပုရွက်ဆိတ်လေးနှင့် အကြည့်ချင်းဖလှယ်လိုက်ကာ တစ်ခုခုကို ပြန်စဉ်းစားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ ခေါင်းကိုက်လာကာ သူ့မူလဝိညာဉ်ပျက်စီးသွားတော့မလို ခံစားနေရသည်။

“ငါတို့ အဖြူရောင်အဝတ်အစားနှင့်အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့တယ် .. သူ ငါ့ကို ဘာပြောခဲ့တာလဲ..” ရှီဟောင် မေးလိုက်၏။

“ဟုတ်တယ် .. ငါ့အဖေထက် အားမနည်းတဲ့ ကြောက်စရာကောင်းတဲ့ ထာဝရသက်ရှိတစ်ယောက်ကို ငါတို့ တွေ့ခဲ့တယ် .. သူက .. သူက မင်းကို ဘာပြောသွားတာလဲ..” ပုရွက်ဆိတ်လေးမှာ သူ၏မူလဝိညာဉ်အသိစိတ်များအားလုံး ချိန်ပိတ်ခံထားရသလို ခံစားလိုက်ရသည်။ ဘာဖြစ်ခဲ့သည်ကို သူ စဉ်းစား၍မရတော့။

ရှီဟောင် တိတ်ဆိတ်သွား၏။ ဧကရီက သူ့ကို ဘာသတင်း ပေးသွားတာလဲ..”

“နေရာမှန်၊ လူမှန်ပြီးတော့ အချိန်မှားနေတာလို့ ပြောသွားသလိုပဲ..” ပုရွက်ဆိတ်လေး အော်ပြောလိုက်သည်။

“ဟုတ်တယ် .. ငါလည်း အဲဒီလောက်ထိ မှတ်မိတယ် .. တစ်ခြား ဘာပြောသေးလဲ..”
အခြားအရာများကို ရှီဟောင် မမှတ်မိတော့။ ကြေးမျက်နှာဖုံး နှစ်ခြမ်းကွဲပြီး ထာဝရအလင်းတန်းတစ်ခု ထွက်လာသည်ကိုတော့ သူ ရေးရေးလေး မှတ်မိနေသေးသည်။

သူ ထိုင်ချလိုက်ကာ သူ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ သူ၏မူလဝိညာဉ်အပါအဝင် ခန္ဓာကိုယ်ကို တစ်လက်မ မကျန် စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း သူ စိတ်ပျက်သွားရ၏။ သူ ဘာမှမတွေ့ခဲ့ရ။

“ဒါက ငါ့အတွက် အရမ်းအရေးကြီးတယ် .. ငါ ဘာလို့ မမှတ်မိတာလဲ..” ရှီဟောင် သူ့ခေါင်းကို ဆုတ်ကိုင်ကာ အော်ဟစ်လိုက်သည်။

“မင်း ပြိုင်ဘက်ကင်းတဲ့ ခွန်အားတွေ ရတဲ့နေ့ကျရင် မင်းပြန်မှတ်မိလာလိမ့်မယ် .. မင်းခွန်အားကြီးနေသရွေ့ မင်းမလုပ်နိုင်တာ ဘာမှမရှိဘူး..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။

“အနာဂတ်ရဲ့ သေခြင်းရှင်ခြင်းနဲ့ သက်ဆိုင်တဲ့ အရမ်းအရေးကြီးတဲ့ အချက်အလက်တွေရှိတယ် .. ဒါပေမဲ့ ငါမမှတ်မိတော့ဘူး..” ရှီဟောင် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ “ဒီနေ့က အရေးကြီးတယ် .. ငါဒီနေ့ကို မှတ်ထားရမယ်.. ငါစွမ်းအားကြီးလာတဲ့နေ့ကျရင် ဒီနေ့ကို ပြန်လာရမယ် .. ကြေးမျက်နှာဖုံးအက်ကွဲကြောင်းကနေ ထွက်လာတဲ့ ထာဝရအလင်းတန်းက ငါ့အတွက် အရမ်းအရေးကြီးတယ်.. ဒါက သတိပေးတားမြစ်တာမျိုး ဖြစ်ရင်ဖြစ်လောက်မှာ..”

အနက်ရောင်အရိုးလှေ ဆက်လက်ရွေ့လျားလာကာ သူတို့ကို အပြာရင့်ရောင် ပင်လယ်ပြင်ကြီးမှ ခေါ်လာသည်။ လမ်းတစ်လျှောက်တွင် ကြီးမားလှသည့် အရိုးစုအကြွင်းအကျန်များစွာကို သူတို့ တွေ့ခဲ့ရသည်ပင်။

“တစ်နေ့ကျရင် ငါအားလုံးကို နားလည်လာလိမ့်မယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

သူ ဤအကြောင်း ထပ်မစဉ်းစားတော့။ သူတို့ ခရီးဆက်လာခဲ့ပြီး အနက်ရောင်မြူများလည်း တစ်ဖြည်းဖြည်း ကျဲပါးသွားလေပြီ။

ဤနေရာတွင်တော့ အရိုးများမရှိသလို သေဆုံးခြင်းစွမ်းအင်များလည်း မရှိတော့။ သားရဲကြီးများသာ ရေမျက်နှာပြင်ထက်သို့ ရံဖန်ရံခါ ပေါ်လာလေသည်။

မြောက်ပိုင်းပင်လယ်တောအုပ်အား ရောက်လာလေပြီ။

ပင်လယ်ကြီး အလွန်ကျယ်ပြောလှသလို ဤကျောက်တုံးသစ်တောကြီးလည်း ထိတ်လန့်စရာကောင်းသည်ပင်။

အရှေ့ဘက်သို့ ကြည့်လိုက်မည်ဆိုလျှင် ပင်လယ်ပြင်ထဲမှ ထွက်နေသည့် ကျောက်တုံးတိုင်ကြီးများကို တွေ့ရလိမ့်မည်။

ကျောက်တုံးကြီးဆိုသည်ထက် တောင်ဟုခေါ်လျှင် ပိုမှန်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကျောက်တုံးများမှာ ကြီးမားလွန်းလှသည်။

သို့သော်လည်း ဤကျောက်တုံးများမှာ တောင်ပုံစံမဟုတ်ပေ။ အားလုံးတွင် ပုံမှန်မဟုတ်သည့်ကျောက်တုံးများပင်။ အချို့ကျောက်တုံးများမှာ တိုင်လုံးများနှင့်တူပြီး အချို့မှာ ကောင်းကင်ကို ရွယ်ထားသည့်ဓားများကဲ့သို့ပင်။ အချို့သည်လည်း ပင်လယ်လဲ လဲနေသည့်ခရုကဲ့သို့ပင်။ ကျောက်တုံးများမှာ ကြီးမားလွန်းလှသောကြောင့် ပင်လယ်မျက်နှာပြင်ထက်မှပင် မြင်နေရလေပြီ။

ဤသည်မှာ မြောက်ပိုင်းပင်လယ်သစ်တောပင်။ ဤနေရာ၌ မနက်ခင်းနေရောင်ခြည်လေး လင်းလက်နေကာ ရွှေရောင်အလင်းများ တောက်ပနေသည်ပင်။

ဤနေရာမှာ အလွန်ကျယ်ပြောလှသည်။ တောအုပ်၏အတွင်းပိုင်းတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက တည်ထားသည့် မြို့ကြီးများစွာရှိနေသောကြောင့် ဤနေရာမှာ အေးစက်မနေပဲ လှုပ်ရှားသက်ဝင်နေသည်ပင်။

ဝုန်း..

သိပ်မဝေးသည့်နေရာ၌ ရှိနေသည့် တောင်ထိပ်တွင် လျှပ်စီးဝန်းရံနေပြီး အသံများလည်း ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုနေရာ၌ သင်္ကေတပေါင်းစုံလည်း‌ တောက်ပနေသည်ပင်။

ဤသည်မှာ ကြည်လင်တောက်ပနေသည့် တောင်ထိပ်တစ်ခုပင်။ ထိုတောင်ထိပ်ပေါ်၌ ရှေးယခင်ကလူများ ချန်ရစ်ထားသည့် တာအိုတံဆိပ်များရှိနေသည်။ ထိုတံဆိပ်များသည် တာအိုအားနားလည်နိုင်ပြီး အမြင့်ဆုံးသို့ ရောက်အောင် လုပ်ပေးနိုင်သည်ပင်။

အာ..

နေမီးတောက်စွမ်းအင်များ ထွက်ပေါ်လာကာ ရွှေရောင်ကျီးကန်းတစ်ကောင် အော်သံထွက်ပေါ်လာသည်။ ပိုဝေးသည့်နေရာ၌ရှိနေသည့် တိုင်လုံးကြီးပါ်၌ မီးအလင်းရောင်များ တောက်ပနေသည်။ ထိုအလင်းများကြားတွင် ရွှေရောင်ကျီးကန်းတစ်ကောင် အတောင်ပံများ ဖြန့်ကျက်နေသည်ကို မြင်နေရသည်ပင်။

ဤသည်မှာ ရှေးဟောင်းကျီးကန်းအလောင်းပင်။ ယခုတော့ နေလုံးအဖြစ် ပြောင်းသွားလေပြီ။ သို့သော် သူသည် အလွန်မြင့်သည့်တောင်ထိပ်၌ ရပ်နေသောကြောင့် ထိုနေရာလေးသည် တားမြစ်ထားသည့်နေရာကဲ့သို့ဖြစ်နေပြီး သာမန်လူများ အနားမကပ်နိုင်ကြ။

“အဲဒါက အဲဒီတောင်ထိပ်လား .. အရင်မျိုးဆက်က အဆင့်လွန်သက်ရှိတွေ သူတို့တံဆိပ်ချန်ထားခဲ့တဲ့နေရာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဤတောအုပ်ထဲတွင် ဤကဲ့သို့သော တောင်ထိပ်မျိုး မရှားပေ။

ထို့အပြင် ခရမ်းရောင်နေကောင်းကင်ဘုရင်၊ လန်ရှင်းနှင့် အခြားသူများသည် ဤနာမည်ကြီးသည့် တောင်ထိပ်၌ သူတို့နာမည်များကို အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သည်ပင်။

အချို့တောင်များမှာလည်း လူမတက်သည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာပင်ရှိနေသည်။ အချို့ဆိုလျှင် မည်သူမှ မတက်ဖူးသည်အထိပင်။

“မပျက်စီးနိုင်တဲ့ကျမ်းစာက ဒီမှာရှိတာလား..” ပုရွက်ဆိတ်လေး မျက်လုံးများ တောက်ပလာသည်။

အပိုင်း ၁၄၈၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၈၅ – တောင်ထိပ်

သူတို့ဦးတည်ရာသို့ ရောက်လာလေပြီ။ ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးမှာ စိတ်အလွန်တက်ကြွနေသည်။ သူ မပျက်စီးနိုင်သည့်ကျမ်းစာကို ယူပြီး မပျက်စီးနိုင်သည့်ခန္ဓာကိုယ်ရအောင် ကျင့်ကြံမည်။ သူ့အဖေ၏ ပြိုင်ဘက်ကင်းသည့် တောက်ပမှုကို ပြန်လည်ဖန်တီးမည်။

ထို့အပြင် သူ့အဖေ ချန်ရစ်ထားခဲ့သည့်စကားအရဆိုလျှင် ကျမ်းစာအစစ်မှာ ယခုထက်ထိ ပေါ်မလာသေး။ ကံစပ်သည့်သူများသာ ရရှိလိမ့်မည်။

“ငါ့အဖေထက် ကျော်ချင်ပြီးတော့ သမိုင်းတစ်လျှောက်လုံးမှာ စွမ်းအားအကြီးဆုံး ကောင်းကင်ဦးချိုပုရွက်ဆိတ် ဖြစ်ချင်တယ်..” ပုရွက်ဆိတ်လေး သူ့ရည်မှန်းချက်ကို ပြောပြလိုက်သည်။

တောအုပ်ကြီးကို မျက်စိတစ်ဆုံး မြင်နေရသည်။ ဤနေရာသည် ပင်လယ်ကြီးကို အစားထိုးကာ တောက်ပသည့် လျှို့ဝှက်လောကကြီး ဖြစ်လာသည်။

ရှီဟောင် တောင်ထိပ်သို့ ပျံသန်းသွားရန် ကြိုးစားလိုက်၏။ ထို ရွှေရောင်ကျီးကန်းအလောင်း ရှိနေသည်မှာ နှစ်ပေါင်းမည်မျှရှိနေပြီမှန်း မသိသော်လည်း ယခုထက်ထိ အလွန်ပူပြင်းနေဆဲပင်။

“အမ် .. ဖိအားက များလိုက်တာ..” ရှီဟောင် ထိတ်လန့်သွားရ၏။ အစက ကောလဟာလများမှာ ပိုလွန်းသည်ဟု သူထင်ခဲ့ခြင်းပင်။ သို့သော်လည်း တကယ်ပင်ဖြစ်မှန်း သူသိလိုက်ရပြီ။

ရွှီး..

မီးစွမ်းအင်တန်းတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းသွားကာ လေဟာနယ်ကို လောင်ကျွမ်းသွားစေသည်။ ဤသည်မှာ ဟင်းလင်းပြင်တာအိုနယ်ပယ် မှော်ပစ္စည်းထက်ပင် ပို၍စွမ်းအားကြီးသေးသည်။

ရှီဟောင် ထိုအလင်းတန်းကို ရှောင်ရှားလိုက်၏။ ထို့နောက် မျက်မှောင်ကြုတ်ကာ အပေါ်ဘက်ကို ဆက်တက်လိုက်သည်။ သူအမြင့်ဆုံးသို့ တက်ပြီး မည်မျှထူးခြားသည်ကို တစ်ချက်ကြည့်ချင်သည်။

မိုးကောင်းကင်တစ်ခုလုံး အနီရောင်အလင်းများ ပြည့်နှက်နေပြီး ကောင်းကင်မီးများ ဆင်းသက်လာသည်။ မီးတောက်များမှာ ပင်လယ်အပူချိန်ကိုပင် ချက်ချင်း မြင့်တက်လာစေသည်။ ခပ်ဝေးဝေးမှကြည့်လျှင် ရွှေရောင်သက်တံ့များကို မြင်ရလိမ့်မည်။

“ငါ ပူလို့သေတော့မှာပဲ..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။

“တက်မယ်..” ရှီဟောင် ဖိအားကို ခုခံလိုက်ပြီး သူ့လက်မှ တံဆိပ်များ ဖြစ်ပေါ်လာသည်။ သူသည် မီးအလင်းရောင်ကို တွန်းကန်ကာ ထိပ်ထိသွားသည့်လမ်းတစ်ခု ဖန်တီးလိုက်သည်။

ဝူး..

လေပြင်းများတိုက်ခတ်လာပြီး လေနှင့်အတူ မီးတောက်များလည်း ပါလာသည်။ မီးတောက်များမှာ ပူပြင်းလှသည်။

ရှီဟောင် သူ၏အင်္ကျီလက်ကို လှုပ်ရှားလိုက်ပြီး အင်္ကျီလက်အတွင်းမှလောကနတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။ ဤသည်မှာ အဖိုးတန်ပညာတစ်ခုမဟုတ်ပဲ သူ၏ကိုယ်ပိုင်တာအိုကို ပြုလုပ်ပြီးနောက် သူ အတုခိုးထားသည့် အကွာအဝေးတာအိုပညာပင်။

သို့သော်လည်း လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်စွမ်းရည်နှင့် ဤပညာအကြား ကွာခြားမှုတော့ ရှိနေသေးသည်ပင်။

ဝုန်း ဟူသည့်အသံနှင့်အတူ မီးတောက်များ သူ့အင်္ကျီထဲသို့ စုတ်ယူခံလိုက်ရသည်။ ထိုမီးတောက်များကို ပြုပြင်တော့မည်။ သို့သော်လည်း မီးတောက်များမှာ သူ၏အင်္ကျီလက်ထောင့်၌ လောင်ကျွမ်းနေဆဲပင်။

“ကိုင်တွယ်ဖို့ ခက်ခဲလိုက်တာ..” ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရ၏။

“ငြိမ်းသတ်မယ်..” ရှီဟောင် တီးတိုးအော်ဟစ်လိုက်သည်။ ထို့နောက် လက်ဝါးကြီးတစ်ဖက်ဖြင့် ထိုမီးတောက်အားလုံးကို ဖမ်းကာ လက်သီးလိုက်သည်။

ဖူး..

ယခုတစ်ကြိမ်တွင်တော့ ရွှေရောင်စီးကြောင်းများ နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး မီးတောက်လည်း ငြိမ်းသတ်သွားသည်။

သို့သော်လည်း ဤသည်မှာ အပေါ်ဘက်မှ သဘာဝဥပဒေသများကို ဒေါသထွက်အောင် လုပ်မိသွားသည်ထင်သည်။ ရွှေရောင်နတ်ချိန်းကြိုးများ ရောယှက်လာပြီး တောင်အောက်သို့ ဆင်းသက်လာသည်။

ရှီဟောင် တကယ် ထိတ်လန့်သွားရ၏။ သာမန်တောင်တစ်လုံးတောင်မှ ဒီလောက် ခက်ခဲတာလား ..

သူသည် တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ရှောင်ရှားလိုက်သည်။ သူ့နောက်၌ သူ၏ပုံရိပ်ယောင်များ ကျန်ခဲ့သည်ပင်။

ရလဒ်အနေဖြင့် သူရှိခဲ့သည့်နေရာတိုင်း၌ အပေါက်ကြီးဖြစ်သွားသည်။ မီးအလင်းရောင်များ ပျံ့ကြဲသွားကာ မြေအောက်မီးတောက်ကဲ့သို့ ဖြစ်လာပြီး ရှီဟောင်အား ဝိုင်းလာသည်။

နာမည်ကြီးသည့် တောင်ထိပ်ပေါ်၌ သူတို့နာမည်ရေးထိုးပြီးနောက် ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် လန်ရှင်းတို့ အဘယ်ကြောင့် ထိတ်လန့်နေခဲ့သည်ကို သူနားလည်သွားလေပြီ။

ဤကဲ့သို့သော တောင်ထိပ်မှာ တက်နိုင်ရန် ခက်ခဲလှသည်။

အခြားအဆင့်လွန်လူငယ်များ မပြောနှင့် သူကဲ့သို့ သန်မာသည့်သူအတွက်ပင်လျှင် ဤတိုက်ခိုက်မှုများကို ရှောင်ရှားရန် လိုအပ်သည်။

ရွှီး..

ရွှေရောင်မီးတောက်များသည် နေလုံးများကဲ့သို့ တောက်ပနေပြီး ရှီဟောင်နောက်သို့ လိုက်နေသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

မတူညီသည့်လူများအတွက် တိုက်ခိုက်မှုများလည်း တူညီမည်မဟုတ်။

ယခင်က ဤနေရာကို ကိုယ့်ကိုကိုယ် လေ့ကျင့်သည့်နေရာဟုလည်း ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် တောင်ထိပ်အားလုံး၌ ထူးဆန်းသည့်အစီအရင်များရှိနေသည်။ လူတစ်ယောက် မည်မျှပင် စွမ်းအားကြီးနေပါစေ ဤသစ်တောထဲသို့ ဝင်ကာ တောင်များကို စတက်လိုက်သည်နှင့် သူတို့ကျင့်ကြံဆင့်နှင့် ညီသည့် စွမ်းအားကြီးသည့် တိုက်ခိုက်မှုများကို ကြုံတွေ့ရမည်ပင်။

ညီသည်ဟုဆိုသော်လည်း ကျင့်ကြံဆင့်နယ်ပယ်တစ်ခုတည်းမဖြစ်နိုင်။ ကျင့်ကြံဆင့်ထက် ပိုပြင်းထန်သည့် တိုက်ခိုက်မှုများသာ ရောက်လာနိုင်သည်။

ထို့ကြောင့် အသက်ကြီးသည့်သူများပင် ဤနေရာသို့ ရောက်လာလျှင် လက်လွတ်စပယ်လုပ်၍ မရ။ သတိထားရသည်ပင်။

မီးတောက်ပေါင်း ထောင်ပေါင်းများစွာ ကျဆင်းလာကာ စမ်းချောင်းတစ်ခု ဖြစ်သွားပြီး ရှီဟောင်အား လောင်ကျွမ်းလာသည်။

“ထွက်သွားစမ်း..”

ရှီဟောင် ဟစ်ကြွေးလိုက်၏။ သူ မီးတောက်များကို ရှောင်ရှား၍မရဖြစ်နေသောကြောင့် တောင်အလယ်၌ ရပ်တန့်နေရသည်။ သူ ဤမီးတောက်များကို ကျော်ဖြတ်သွားရုံသာ တတ်နိုင်တော့သည်။

ဒုန်း..

ရှီဟောင် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီး ထိုမီးတောက်များကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဝုန်း..

ပထမမီးတောက်တစ်ခု ပျက်စီးသွားသည်နှင့် ကျန်သည့် မီးတောက်များသည် မီးပန်းကဲ့သို့ နေရာအနှံ့ လွင့်ပျံသွားလေ၏။

ဤသည်မှာ ကျန်သည့်မီးတောက်များ၏ ဒေါသတကြီး တိုက်ခိုက်မှုကို ဆွဲဆောင်သလိုသာ ဖြစ်သွားသည်။

ဝုန်း..

ရှီဟောင်၏လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ကျရောက်လာသည်။ ရွှေရောင်နေမင်းလေး ပေါက်ကွဲသွားတိုင်း ဤကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြင်းထန်စွာတုန်ခါသွားပြီး ကောင်းကင်ထိပင် ရောက်နိုင်သည့် နတ်မီးတောက်များ ထွက်ပေါ်လာသည်ပင်။

ခဏကြာပြီးနောက် ဤနေရာ၌ ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ဖြစ်ပေါ်လာသည်။

လီပေါင်း ရာပေါင်းများစွာနေ၍ပင် ဤမြင်ကွင်းကို မြင်နိုင်လိမ့်မည်။ ဤနေရာမှာ ကြယ်များ ဆက်တိုက်ပေါက်ကွဲနေသကဲ့သို့ အလွန်တောက်ပနေသည်။

“တစ်ယောက်ယောက် အမြင့်ဆုံးတောင်ကို တက်ဖို့ ကြိုးစားနေတယ် … ဘုရားရေ .. သတ္တိရှိလိုက်တာ .. သူက ထိပ်တိုက်ရင်ဆိုင်နေတာ .. သူ အသက်ရှင်နေရတာ ပင်ပန်းလို့လား..”

“ဘယ်သူက ဒီလောက် ရဲရဲတင်းတင်းလုပ်နေတာလဲ .. သူက ဒီတိုင်းပဲ ပြေးတက်သွားတာလား..”

ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာကာ ထိုနေရာသို့ ပြေးထွက်သွားသည့် အရိပ်များစွာ ထွက်ပေါ်လာ၏။ သူတို့အားလုံး အလွန်သိချင်နေကြသည်ပင်။ ဘယ်လို မကောင်းဆိုးဝါးမျိုးက ဒီလိုမျိုး ထိပ်တိုက်ရင်ဆိုင်ရဲတာလဲ..

တစ်နာရီကြာပြီးနောက် ရှီဟောင် ရပ်တန့်သွား၏။ သူ့တစ်ကိုယ်လုံး ချွေးများစိုရွှဲနေလေပြီ။ အသက်တစ်ရှိုက်စာအတွင်း လက်သီးဘယ်နှချက် ထိုးလိုက်ရမှန်းပင် မသိတော့။ အချက်ရေ တစ်သိန်း ကျော်လောက်သည်။ ရွှေရောင်နေမင်းလေးများအားလုံး ပေါက်ကွဲသွားလေပြီ။

သူခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် သူ့ဘေးနားပတ်လည်၌ လူများစွာ ရှိနေ၏။ အားလုံးမှာ လေထဲ၌ ရပ်တန့်နေကြပြီး သူ့အား သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေကြလေ၏။

“တော်တော် ဒုက္ခများတာပဲ .. ဒီတောင်ထိပ်ပေါ်တက်ဖို့က ဒီလောက်တောင် ခက်ခဲတာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

သို့သော် အားလုံးနားထဲတွင်တော့ ဤသည်မှာ ဟာသတစ်ခုနှင့် မခြားနားပေ။ ဒီလူက ဘယ်သူလဲ..

ထူးခြားသည့်နတ်စွမ်းရည်များကို ကျင့်ကြံထားသည့် ဤမျိုးဆက်မှ ထိပ်ဆုံးလူငယ် ၁၀ ယောက်ထဲ ပါဝင်သည့်သူမဟုတ်ပါက ဤတောင်ပေါ်သို့ တက်နိုင်ရန် အခွင့်အရေးမရှိပေ။

လူအများအမြင်တွင် ဤတောင်မှာ ပစ်မှား၍မရသည့် နတ်နယ်မြေပင်။

သို့သော်လည်း ဤလူငယ်လေးသည် အနည်းငယ်အားစိုက်ထုတ်လိုက်ရုံဖြင့် တက်နိုင်မည့်ပုံပင်။

“ဒီလူ ဘယ်သူလဲ..” တစ်ယောက်ယောက်မှ တီးတိုးပြောလိုက်၏။

“မြန်မြန်ဆက်တက် .. ငါပူလို့သေတော့မယ် .. အခုတောင် ချွေးတွေကို မိုးရေချိုးထားသလို ဖြစ်နေပြီ .. အချိန်မဖြုန်းနဲ့တော့..” ဤလူငယ်လေးနှင့် မလိုက်ဖက်သည့်အသံတစ်သံ ထွက်လာသောကြောင့် အားလုံး နောက်တစ်ကြိမ် ထိတ်လန့်သွားရသည်။

ဤသည်မှာ ပုရွက်ဆိတ်လေးပင်။ သူ ငြိမ်ငြိမ်ပင်မထိုင်နိုင်တော့။ သူ့ဘေးနားတွင် အပူတက်လာပြီး သည်းခံနိုင်ရန် အလွန်ခက်ခဲလှသည်။

ရှီဟောင်သူ့အား အရေးမစိုက်ပဲ သူ့ဘေးပတ်လည်ကို ဆန်းစစ်ကြည့်လိုက်သည်။ ဤတောင်ကို သာမန်အဆင့်လွန်လူငယ်များ မတက်နိုင်သည်ကို သူတွေ့လိုက်ရသည်။ ဤတောင်ကိုတက်ရန် ထာဝရစွမ်းအင်သုံးကြောင်းလိုအပ်သည်။ သို့မဟုတ် အလေးအမြတ်ကျောင်းတွင် ယခုလောက၏ပညာများ၌ ထိပ်ဆုံးသို့ ရောက်ရန် လိုအပ်သည်ပင်။

“သွားကြစို့..”

သူ အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ ယခုတစ်ခေါက်တွင်တော့ သူသည် ကျရောက်လာသည့် သဘာဝဥပဒေသအား လက်သီးဖြင့်ပင် ဆက်တိုက်ထိုးလိုက်သည်။

နောက်ဆုံးတွင် ဤတောင်တစ်ခုလုံး အလွန်ထိန်လင်းလာကာ မီးတောက်များလည်း ရေတံခွန်ကဲ့သို့ပင် ကျဆင်းလာသည်။

ရှီဟောင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ရေတံခွန်ကဲ့သို့ ကျဆင်းလာသည့် မီးတောက်များကို အားကုန်သုံးကာ ထိုးပစ်လိုက်၏။ ချွေးများမှာ မိုးရေချိုးထားသကဲ့သို့ စိုရွှဲနေပြီဖြစ်သော်လည်း နောက်ဆုံးတော့ သူထိပ်ဆုံးထိ ရောက်လာနိုင်ခဲ့သည်။

“သူ အောင်မြင်သွားပြီ .. ရွှေရောင်ကျီးကန်းတောင်ထိပ်ကို တစ်ယောက်ယောက်တက်နိုင်သွားပြီ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

နောက်ဆုံးတစ်ယောက် တက်ခဲ့သည်မှာ နှစ်ပေါင်း ငါးသောင်းကြာသွားလေပြီ။ နှစ်ပေါင်းများစွာ ကြာပြီဲးသည့်နောက် ဤတောင်ထိပ်၌ အခြားတစ်ယောက် ထပ်ရပ်လိမ့်မည်ဟု သူတို့မထင်ထားခဲ့။

သူတို့ရောက်သွားသည်နှင့် အလင်းမီးတောက်များအားလုံး ပျောက်ကွယ်သွားသည်။ ထိုနေရာ၌ ရှေးဟောင်းရွှေရောင်ကျီးကန်းတစ်ကောင်ရှိနေသည်။ ကျီးကန်းမှာ အသက်ဝင်လှပြီး အမွေးအတောင်များလည်း ရွှေရောင်ပင်။

ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် အသိအမြင်တစ်မျိုးကို ရရှိလိုက်၏။ ကျမ်းစာသံထွက်ပေါ်လာပြီး သူ့အား အလင်းဉာဏ်ပွင့်သွားအောင် လုပ်ပေးနေသကဲ့သို့ပင်။

သူချက်ချင်း ထိုင်ချလိုက်၏။ ဤသည်မှာ ဤတောင်ထိပ်သို့ ရောက်လာနိုင်သည့်အတွက် ရရှိသည့် ဆုလာဘ်များပင်။

မီးတာအိုကျမ်းစာသံများ ထွက်ပေါ်လာ၏။ ဤတောင်တစ်ခုလုံးလည်း ဝိညာဉ်စွမ်းအင်များ ပြည့်နှက်သွားသည်။ အောက်ဘက်တွင်ရှိနေသည့် လူများလည်း ထိတ်လန့်သွားကာ ကျမ်းစာသံများကို နားထောင်ရန်အတွက် တောင်ခြေတွင် ချက်ချင်းထိုင်ချလိုက်ကြသည်။

ရှီဟောင်၏စိတ်ထဲ၌ အသက်ကြီးကာ ရှေးကျသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုရွှေရောင်ကျီးကန်းအိုကြီးသည် တံဆိပ်များ ချန်ရစ်ထားခဲ့သည်ပင်။

သူသည် အဖိုးတန်ပညာများအကြောင်း ပြောခြင်းမဟုတ်သလို နတ်စွမ်းရည်အကြောင်း ပြောခြင်းလည်းမဟုတ်။ ကျင့်ကြံဆင့်နယ်ပယ်အမျိုးမျိုး၏ အသုံးဝင်ပုံကို ပြောပြနေခြင်းပင်။ အားလုံးမှာ အလွန်လေးနက်သည့်အမြင်များပင်။

ထို့အပြင် ဤသည်မှာ တိုက်ရိုက်သင်ကြားခြင်းမဟုတ်။ ရှီဟောင်အား အရင်စဉ်းစားခိုင်းပြီးမှ လမ်းညွှန်ပေးခြင်းပင်။ အသံပိုင်ရှင်မှာ အခြားသူများအား သူ့လမ်းသို့ မလိုက်စေလို။

တစ်နာရီကြာပြီးသည့်နောက် ကျမ်းစာသံ ရပ်တန့်သွား၏။ ရှီဟောင်မျက်လုံးများဖွင့်လိုက်သည့်အချိန်တွင် သူ၏တာအို တိုးတက်လာကြောင်း ထိတ်လန့်စွာ သိလိုက်ရသည်။ တကယ်ကို အများကြီး တိုးတက်လာတာပဲ..

ဤသည်မှာ တစ်နာရီသာ ကြာသော်လည်း သူ၏ကျင့်ကြံဆင့် တစ်ဆင့်တက်သွားလေပြီ။

“ငါ့မှာ မင်းကို ဝေမျှစရာ ကျမ်းစာတွေ မရှိဘူး .. တကယ်တမ်းတော့ ကျင့်ကြံဆင့်နယ်ပယ်တွေမှာ မင်းရဲ့အောင်မြင်မှုက ငါ့ထက်တောင် သာသေးတယ် .. ငါမင်းကို ဝေမျှနိုင်တာက ဒီဘဝရဲ့ အတွေ့အကြုံတွေပဲ..” ရွှေရောင်ကျီးကန်းပုံရိပ် တစ်ဖြည်းဖြည်း မှုန်ဝါးသွားကာ ထိုအသံလည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

သူ ဤသို့ ပြောလိုက်သော်လည်း ရှီဟောင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ပင်။

အခြားသူများမှာမူ စိတ်ပျက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤကျမ်းစာသံမှာ သူ့တို့အတွက် သိပ်ပြီး အသုံးမဝင်ပေ။ ထို့အပြင် ထိုအသံ အဆုံးသတ်သွားသည်မှာလည်း လျင်မြန်လွန်းလှသည်။

“ဘာဖြစ်တာလဲ .. တစ်နာရီပဲရှိသေးတာလေ .. ဘာလို့ အစောကြီး ပြီးသွားတာလဲ..” အချို့သူများ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေ ပြည့်စုံလေလေ ကျမ်းစာတွေကို နားထောင်တဲ့အချိန်က နည်းလေလေပဲတဲ့ .. ဒီလူက အရမ်းကို ကြောက်စရာကောင်းတာပဲ တစ်နာရီထဲနဲ့ ပြီးသွားတယ်..” တစ်စုံတစ်ယောက်မှ အမှန်တရားအား ရှင်းပြလိုက်သည်။

သူက တကယ်ပဲ ဘယ်သူလဲ..

ရှီဟောင်သည် ကောင်းကင်နတ်ဘုရားကျောင်းမှ ဤနေရာသို့ မရပ်မနားပဲ အလောတကြီးလာခဲ့သောကြောင့် သူနှင့်ပတ်သက်သည့် သတင်းများ မပျံ့သေး။ သူ့အား သိသည့်သူ သိပ်မရှိသေး။

“သူက နည်းနည်းတော့ ရင်းနှီးနေသလိုပဲ .. သူက .. ဟွမ်နဲ့တူသလိုပဲ..”

အစပိုင်းတွင် ဤလူ သံသယဝင်သည့်အသံနှင့်သာ ပြောနေခြင်းဖြစ်သော်လည်း ခဏကြာပြီးသည့်နောက်တွင်တော့ ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ သူ့ကို မှတ်မိသွားပြီဖြစ်သည်။

ရှီဟောင်ကို ယခင်က မြင်ဖူးသည့်သူများရှိနေသည်ပင်။

“တစ်ခုခုတော့မှားနေပြီ .. ဟွမ် ပျောက်သွားတာ မဟုတ်ဘူးလား .. သူက ပြိုင်ဘက်ကင်းတဲ့ရှေးဟောင်းမျိုးစေ့ကို မရလို့ အဆင့်နိမ့်သွားတာလေ .. ပြီးခဲ့တဲ့သုံးနှစ်လုံး သူ့သတင်းကို မကြားခဲ့ရတာ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“သံသယဝင်နေစရာမလိုဘူး .. ဒါက‌ သေချာပေါက် ဟွမ်ပဲ .. ငါသူ့ကို အရင်တုန်းက တွေ့ဖူးတယ်..”

ထို့နောက် မြောက်ပိုင်းပင်လယ်သစ်တောအတွင်းပိုင်းမှလူများ အလောတကြီး ရောက်လာကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်းမှ ကိစ္စများကို သိနေပြီး သတင်းများလည်း ရထားသည်ပင်။

သတင်းများ ပျံ့နှံ့သွားသည့်အချိန်တွင် ဤနေရာတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။

“ဘာ .. ခရမ်းရောင်နေကောင်းကင်ဘုရင်က သူ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့တာ ဟုတ်လား..”

ထို့နောက် ရှီဟောင်သည် ရပ်တန့်သွားခြင်းမရှိပဲ အခြားတောင်ထိပ်များသို့ ဆက်တက်လိုက်သည်။ သူသည် တစ်နေ့တည်းမှာပင် တောင်ကိုးလုံးတက်ပြီး စံချိန်ကို ချိုးဖောက်လိုက်သည်။

မြောက်ပိုင်းပင်လယ်တောအုပ်မှာ အုတ်အော်သောင်းတင်းဖြစ်နေလေပြီ။

ဟွမ် ဤနေရာသို့ ရောက်လာပြီး စံချိန်များကို ချိုးဖျက်နေလေပြီ။

လူဘယ်နှစ်ယောက်‌ ရောက်လာမှန်းပင် မသိရတော့။ ပင်လယ်အနက်ပိုင်းတွင်ရှိနေသည့် မြို့ကြီးမှလူများလည်း ကျမ်းစာသံများ နားထောင်ရန် အပြေးအလွှား ရောက်လာကြသည်။

ရှီဟောင် မျက်မှောင်ကြုတ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူရနေသည့်အကျိုးကျေးဇူးများမှာ တစ်ဖြည်းဖြည်း နည်းပါးလာသည်။ ကျမ်းစာအသံများမှာ သူ့အတွက် အကျိုးမရှိတော့။

“အကျိုးသက်ရောက်မှုတွေက ဘာလို့နည်းလာတာလဲ..” သူ သံသယဝင်လာသည်။ ထို့နောက် ဤနေရာတွင်ရှိနေသည့် မြို့ခံများကို သူမေးကြည့်လိုက်၏။

“ဟွမ် .. မင်း ဂျီးနီးယပ်စ်တစ်ယောက်ပဲ .. တစ်နေ့တည်းနဲ့ တောင်ကိုးလုံး တက်နိုင်တယ်ဆိုတာ လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ အဖြစ်အပျက်ပဲ .. ဒါပေမဲ့ တောင်တွေကို အဆင့်ခွဲထားသေးတယ် .. တစ်ချို့တောင်တွေက လူတွေမတက်တာ နှစ်ပေါင်း တစ်သောင်းကျော်လောက်ရှိနေပြီ .. တစ်ချို့တောင်တွေက နှစ်ပေါင်း တစ်သိန်းလောက်ရှိနေပြီ .. လူမတက်တာ နှစ်ပေါင်းတစ်သန်းလောက်ရှိနေတဲ့ တစ်ချို့တောင်တွေလည်းရှိတယ်..” တစ်စုံတစ်ယောက်မှ ရှင်းပြလိုက်၏။

“အမ်..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ခဏကြာပြီးနောက် သူနားလည်သွားလေပြီ။ မပျက်စီးနိုင်သည့်ကျမ်းစာ သဲလွန်စများမှာ လူမတက်တာ နှစ်ပေါင်းတစ်သန်းလောက်ရှိနေပြီဖြစ်သည့် တောင်များ၌ ရှိနေသည်မှာ သေချာသည်။

“ဒီတောင်တွေအပြင် ဒီမှာ နောက်ဆုံးပြုပြင်တဲ့နေရာလည်းရှိတယ်…” ထိုအကြီးအကဲမှ ဆက်ပြောလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားကာ ချက်ချင်းမေးလိုက်သည်။ “ဘယ်မှာလဲ..”

“အဲဒါက ကန့်သတ်နယ်မြေတစ်ခု .. မင်းသွားချင်တာ သေချာလား..” အကြီးအကဲ မျက်လုံးများ ပြူးကျယ်လာလေသည်။

အပိုင်း ၁၄၈၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset