Switch Mode

Chapter – 244

အချုပ်အနှောင်အား ဖြတ်တောက်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၄ – အချုပ်အနှောင်အား ဖြတ်တောက်ခြင်း

ညအမှောင်ထဲတွင် တိမ်မည်းများ လကို ဖုံးလွှမ်းနေသောကြောင့် အောက်ဘက်ရှိ မြေပြင်မှာ မည်းမှောင်နေလေပြီ။

တောင်အတွင်းနက်ပိုင်းတွင် သစ်ပင်နှင့် သစ်ရွက်များမှာ သရဲကားများထဲမှ ဇာတ်ကွက်များကဲ့သို့ သူ့အလိုလိုလှုပ်နေသလိုပင်။

အချိန်ကြာလာသည်နှင့် ပို၍ မှောင်မည်းလာပြီး တောင်များကိုပင် မမြင်ရတော့။ ကိုယ့်လက်ကိုယ်ပင် မမြင်ရလောက်အောင် မည်းမှောင်လာလေ၏။

သားရဲများ၏ အော်ဟစ်သံကြောင့် တောအုပ်တစ်ခုလုံး တုန်ခါသွားသလို ငှက်များ၏အော်မြည်သံများလည်း ပဲ့တင်ထပ်နေသည်။

ထိုအသံများကြားတွင် လူသားတစ်ဦးအော်သံ ရုတ်တရက်ထွက်ပေါ်လာကာ သားရဲအော်သံများ၊ ငှက်အော်သံများကို လွှမ်းခြုံသွားပြီး တောင်တန်းတစ်ခုလုံး တုန်ခါသွားသည်။

ထိုအခိုက်အတန့်တွင် ငှက်များနှင့် သားရဲအားလုံး အသက်လု ထွက်ပြေးကြလေသည်။

ညအမှောင်ထဲတွင် ချော်ရည်ကဲ့သို့သော အနီရောင်အလင်း ထွက်ပေါ်လာသည်။

ထို့နောက် ထိုအလင်းထဲမှ အမျိုးသားတစ်ဦးပုံရိပ် ထွက်ပေါ်လာသည်။ သူ့နှလုံးသည် ပူပြင်းသည့်နေလုံးကဲ့သို့ နီရဲနေပြီး မချိမဆန့်နာကျင်မှုကို ခံစားနေရသကဲ့သို့ သူ့ခန္ဓာကိုယ်မှာ တစ်ချက်တစ်ချက် တွန့်သွားလေသည်။

“အား..”

“အား…”

သူ ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံး ချွေးများစီးကျနေပြီး ထိုချွေးများမှာ ချက်ချင်းပင် အငွေ့ပျံသွားကာ သူ့ဘေးပတ်လည်၌ အဖြူရောင်မြူခိုးလွှာတစ်လွှာ ဖြစ်ပေါ်လာစေသည်။

ဤလူမှာ ချူဖုန်းပင်။ ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ရန် ကြိုးစားနေသောကြောင့် ပြင်းထန်လှသည့် နာကျင်မှုကို ခံစားနေရသည်ပင်။

ဤသည်မှာ သူ ထင်ထားသည်ထက် ပိုခက်နေသေးသည်။ ဝတ်မှုန်အကူအညီမပါပဲ လှောင်အိမ်မှ ထိုးထွက်နိုင်ရန် ကြိုးစားခြင်းမှာ အန္တရာယ်များလှသည်။

သူ့နှလုံး တစ်စစီစုတ်ပြဲတော့မလိုပင် ခံစားနေရသည်။

သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေကာ ချွေးများစိုရွှဲနေသည်။ သူ၏အတွင်းအား အားလုံးကို နှလုံးကိုကာကွယ်ရန် ပို့ထားလိုက်ပြီး အချုပ်အနှောင်ကို တိုက်ခိုက်လိုက်သည်။

အချုပ်အနှောင်ဟုခေါ်သည့်အရာကို သာမန်မျက်လုံးဖြင့် မမြင်နိုင်သလို အဆင့်မြင့်နည်းပညာများဖြင့်လည်း မမြင်ရ။ အတွင်းအမြင်နှင့် နတ်အသိစိတ်ဖြင့်သာ မြင်နိုင်သည်။

ခုန်နေသည့်နှလုံးအပေါ်ဘက်တွင် ရွှေချိန်းကြိုးကဲ့သို့သော စွမ်းအင်များ လွှမ်းခြုံထားပြီး နှလုံး၏စွမ်းရည်အပြည့်အဝ မသုံးနိုင်အောင် ကန့်သတ်ထားသည်ပင်။

ထိုစွမ်းအင်ကို တိုက်ခိုက်လိုက်သည်နှင့် သတ္တုချင်းရိုက်ခတ်သကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။

သူ့နှလုံးမှ အနီရောင်အလင်းများ ပေါက်ကွဲထွက်လာပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ ထိုအလင်းမှာ တောက်ပလွန်းလှသောကြောင့် သူ့အရိုးများနှင့် အင်္ဂါများကို ခပ်ရေးရေးသာ မြင်ရတော့သည်။

ပြင်းထန်သည့် စွမ်းအင်များ စီးဝင်လာသည်နှင့် နှလုံးမှ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်ပင်။

ဖူး..

ချူဖုန်း ပါးစပ်အပြည့် သွေးအန်သွားရသည်။ သူ တိုက်ခိုက်နေစဉ် အောက်ဘက်ပိုင်းမှ အနွေးဓာတ်တစ်ခု ဆန်တက်လာသည်။ သူ ကြာကြာတောင့်မခံနိုင်တော့ပဲ သွေးများကြောင့် သူ့ပါးစပ်တစ်ခုလုံး ငန်နေလေပြီ။

ဒါက အရမ်းခက်တယ်…

ဝတ်မှုန်၏အကူအညီမပါပဲ အဆင့်တက်ခြင်းမှာ ခက်ခဲမှုကို ဆတိုးလိုက်သလိုပင်။ သူ အဆင့်တက်ရန်ကြိုးစားနေသည်မှာ အတော်လေး ကြာနေပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အကုန်လုံးကို အသုံးပြုနေခြင်းပင်။

မိုးလင်းခါနီးနေပြီဖြစ်သော်လည်း ကြယ်နှင့် လရောင်များ ရှိနေဆဲပင်။ တောတောင်မှာ တိတ်ဆိတ်နေပြီး အမှောင်ထုသာ ကြီးစိုးနေသည်။ သူ၏အော်သံကြောင့် သားရဲများပင် ထွက်ပြေးသွားကြပြီဖြစ်သည်။

သူ့ထံမှ အန္တရာယ်များသည့် ဘုရင်အဆင့်အော်ရာ ထုတ်လွှတ်နေသောကြောင့် ပိုးကောင်များနှင့် ပုရွက်ဆိတ်များပင် ပုန်းခိုနေကြလေပြီ။

“အား…”

သူ နောက်တစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ့လမ်းကြောင်း၌ ရှိနေသည့် တောအုပ်တစ်ခုလုံး တုန်ခါသွားကာ သစ်ရွက်ခြောက်များလည်း သစ်ပင်ထက်မှ ကြွေကျလာသည်။

သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူ လက်မလျော့နိုင်။ သူ အောင်မြင်ရန် ခြေတစ်လှမ်းလောက်သာ လိုတော့သည်။ သူ အောင်မြင်ရမည်။

သို့သော် ဤသည်မှာ အန္တရာယ်များလှသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မမြင်ရသည့် အချုပ်အနှောင်မှာ ချိုးဖျက်ရန် ခက်ခဲလှသည်။

“နှလုံးက အသက်ရင်းမြစ်ဖြစ်ပြီးတော့ အတွင်းအင်္ဂါငါးခု၊ အူသိမ်အူမ ခြောက်ခုရဲ့ အလယ်မှာ ရှိတာ.. သူက ကောင်းကင်ကနေလိုမျိုး အသန့်စင်ဆုံး ယန်စွမ်းအင်တွေ စုဝေးနေတဲ့နေရာပဲ”

တရုတ်ဆေးပညာမှ သီအိုရီတစ်ခုကို ချူဖုန်း အမှတ်ရသွားပြီး ဤသီအိုရီကို အသုံးပြုရန် ကြိုးစားလိုက်သည်။ ယခုတစ်ခေါက်တော့ သူ ဤအချုပ်အနှောင်ကို ချိုးဖျက်နိုင်လောက်သည်။

ဤအဆင့်မှာ သူ့အတွက် အလွန်အရေးကြီးပြီး အလွန်လည်း အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ ကိုယ့်အားကိုယ်ကိုးပြီး ပထမဆုံးအကြိမ် အဆင့်တက်ခြင်းပင်။

ထို့အပြင် သူ အဆင့်တက်မှရမည်။ အဘယ်ကြောင့်ဆိုသော် မကြာခင် သူ့ထံသို့ အင်အားကြီးသည့် ရန်သူများ ရောက်လာတော့မည်ဖြစ်ပြီး ထိုရန်သူများထဲတွင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများလည်း မရှား။

“နှလုံးမှာ စိတ်ဝိညာဉ်ရှိတယ် ဟုတ်တယ်မလား..” ချူဖုန်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူ့နဖူးထက်မှ ချွေးများသုတ်လိုက်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအင်များကို နှလုံးထံ ပို့လွှတ်လိုက်ပြီး နှလုံးနှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက် သူ၏အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။

ဝုန်း..

ယခုတစ်ခေါက် သူ ပို၍ နက်နက်နဲနဲ ခံစားမိသည်။ သူ့စိတ်ဝိညာဉ် နှလုံးအတွင်းနက်ပိုင်းသို့ ဝင်သွားသောကြောင့် ဗုံတီးကဲ့သို့ ဖြစ်နေသည့် သူ့နှလုံးခုန်သံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

တစ်ချိန်တည်းမှာပင် သူ့သွေးစွမ်းအင်များ ဆူပွက်လာပြီး ချော်ရည်ကဲ့သို့ တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။

ထိုနေရာမှ အသက်ဓာတ်မှာ ပြင်းထန်လှသည်။ ဤသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်များကို ထောက်ပံ့ပေးနေသည့် ရင်းမြစ်နေရာတစ်ခုပင်။

စိတ်ဝိညာဉ်စွမ်းအင်များမှာ ဆူပွက်နေသည့် သွေးနှင့် ရောနှောသွားတော့သည်။

ယန်စွမ်းအင်များမှာ မီးဖိုတစ်ခုကဲ့သို့ အဆမတန်များပြားလာပြီး သူ့နှလုံးတစ်ခုလုံးကို စိတ်ဝိညာဉ်စွမ်းအင်တစ်လွှာဖြင့် လွှမ်းခြုံလာသည်။ နှလုံးမှာ နေကဲ့သို့ တောက်ပနေလေပြီ။

ဝုန်း..

ချူဖုန်း စွမ်းအင်အားလုံးကို နှလုံးပေါ်ရှိ အချုပ်အနှောင်အား တိုက်ခိုက်ရာ၌ အသုံးပြုလိုက်သည်။ နှလုံးမှာ ပို၍ပင် တောက်ပလာကာ အနီရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထုတ်လွှတ်လာသည်။

သူ့ဝိညာဉ်စွမ်းအင်မှာ ပြင်းထန်လှသည့် ဖိအားကို ခံစားလိုက်ရသောကြောင့် တစ်ဖြည်းဖြည်း ကျုံ့လာသည်။

နောက်ဆုံးတွင် သူ့ဝိညာဉ်စွမ်းအင်သည် ဤ”နေမင်းကြီး”၏ တုန်ခါမှုကို မတောင့်ခံနိုင်တော့သဖြင့် ဝုန်းဟူသည့်အသံကျယ်ဖြင့် ပေါက်ကွဲသွားကာ သူ့ခြေလက်နှင့် အရိုးများထံသို့ စီးဆင်းသွားပြီး နောက်ဆုံး သူ့တစ်ကိုယ်လုံးအနှံ့သို့ ရောက်ရှိလာသည်။

ထို့နောက် နှလုံးစည်းချက်နှင့်အတူ စွမ်းအင်များကို ပြန်လည်လည်ပတ်စေကာ စုစည်းလိုက်သည်။

ထိုစက္ကန့်ပိုင်းအတွင်း ချူဖုန်း လုံးဝအံ့အားသင့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင်များထိုသို့ လည်ပတ်လိုက်သည်နှင့် သူ့ခွန်အားများ အလျင်အမြန် တိုးတက်လာသည်ပင်။

“နှလုံးက အသက်ရင်းမြစ်ဖြစ်ပြီးတော့ အတွင်းအင်္ဂါငါးခု၊ အူသိမ်အူမ ခြောက်ခုရဲ့ အလယ်မှာ ရှိတာ.. သူက ခန္ဓာကိုယ်ထဲက နေလုံးကြီး .. ဒီသီအိုရီက တကယ်မှန်တာပဲ..”

ချူဖုန်း ရုတ်တရက် အလင်းရသွားသည်။ သူ ရှေးဟောင်းတာအိုစာအုပ်များကို များများဖတ်သင့်သည်ဟု တွေးမိသွားသည်။ ထိုဗဟုသုတများမှာ ကျင့်ကြံခြင်း၌ အသုံးဝင်သည်ထင်သည်။

သူ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းပြီးနောက် နှလုံထံသို့ ပြန်ပို့သည်။ ထို့နောက် ထိုစွမ်းအင်များသည် သွေးကြောများမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပြန်လည်စီးဆင်းသွားပြီး သံသရာလည်နေခဲ့သည်။ ဤသည်မှာ စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်သည်ထက် ပို၍အကျိုးရှိသေးသည်။

ဝုန်း..

ဤကဲ့သို့ လုပ်နေရင်းဖြင့် သူအသုံးပြုနိုင်သည့် စွမ်းအင်ပမာဏ ပိုမိုများပြားလာသည်ကို သူ ခံစားလိုက်ရသည်။ ယခု သူ့တစ်ကိုယ်လုံး နီရဲနေလေပြီ။

သူ့စွမ်းအင်စီးဆင်းမှုကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်ပင်။ သူ့နှလုံးသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည့်အသက်ဓာတ်များအား ညှစ်ထုတ်ပေးနေသည့် မီးဖိုကြီးကဲ့သို့ပင်။

ချူဖုန်း အချုပ်အနှောင်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ ယခု သူ ယခင်ကထက် ပိုအင်အားကြီးနေပြီဖြစ်သောကြောင့် အောင်မြင်ချင် အောင်မြင်နိုင်သည်။

ဝုန်း..

သူ့နှလုံးမှာ နီရဲလာပြီး နောက်ဆုံး အနီရောင်အလင်းတန်းများ ထုတ်လွှတ်ကာ မှောင်မဲနေသည့် တောအုပ်ကြီးကို အနီရောင်အလင်းများဖြင့် လင်းထိန်သွားစေခဲ့သည်။

ဒုန်း..

ချူဖုန်း တိုက်ခိုက်နေရင်းဖြင့် သူ့နှလုံးခုန်သံမှာ ပို၍ကျယ်လောင်လာသည်။ ဆယ်မီတာအကွာမှပင် ကြားနိုင်လောက်လေပြီ။

နောက်ဆုံးတွင် ထိုအသံသည် စစ်ဗုံသံကဲ့သို့ပင် ဖြစ်လာသည်။

ဤသည်မှာ အံ့အားသင့်စရာ ကောင်းလှသည်။ သူပင်မက အနီးအနား၌ ရှိနေသည့်သူများပင် ထိုစွမ်းအားကြီးသည့်ဗုံသံကို ကြားရလိမ့်မည်ပင်။

သူ့နှလုံးတစ်ခါခုန်လိုက်တိုင်း မထင်မှတ်ထားလောက်အောင် များပြားသည့် အသက်ဓာတ်များ ထုတ်လွှတ်ပေးပြီး သူ့တစ်ကိုယ်လုံးကို အားအင်များဖြင့် လွှမ်းခြုံလာစေသည်။

ချူဖုန်း တစ်ကိုယ်လုံး နီရဲနေပြီး မွေးညှင်းပေါက်များမှ သွေးစွမ်းအင်များ စိမ့်ထွက်နေသည်။

ခွပ်..

ရုတ်တရက် ကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာကာ ချူဖုန်း တစ်ကိုယ်လုံး မထိန်းနိုင်လောက်အောင် တုန်ယင်လာသည်။

သူ့နှလုံးမှ အလင်းများ ပြန်မှိန်သွားကာ သူလည်း နောက်ယိုင်သွားပြီး ပါးစပ်မှ သွေးများစီးကျလာသည်။

သူ့ခန္ဓာကိုယ်ထဲမှ တစ်ခုခု ပြောင်းလဲသွားလေပြီ။

ခဏကြာပြီးနောက် သူ ခေါင်းမော့လိုက်သည်။ ထိုအချိန်တွင် သူ့မျက်လုံးမှ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

သူ့နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူ့နှုတ်ခမ်းထက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ တစ်ခုခု အက်ကွဲသွားသည့်အသံ ထွက်ပေါ်လာလေပြီ.

သူ့နှလုံးမှ နောက်ဆုံးအကြိမ် ပြင်းထန်စွာ လှုပ်ခါလိုက်သည်နှင့် ချိန်းကြိုးကြီး အက်ကွဲကာ ပြိုကွဲသွားလေ၏။

သူ အောင်မြင်သွားလေပြီ.. ချူဖုန်း ရယ်မောလိုက်၏။

သို့သော် သူ စိတ်အေးလက်အေး မဖြစ်သေး။ သူ့စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့အတွင်းပိုင်းအခြေအနေများကို လေ့လာလိုက်သည်။ ယခုအခြေအနေမျာ အလွန်အန္တရာယ်များလှသည်။ သူသည် နှလုံးကို မခံနိုင်လောက်သည်အထိ ဖိအားပေးခဲ့ခြင်းပင်။

နောက်ဆုံးအကြိမ်၌ သူသာ မအောင်မြင်လျှင် သူ့နှလုံး စုတ်ပြဲသွားကာ သူ့ဒဏ်ရာများ ပိုပြင်းထန်သွားလိမ့်မည်။

ကံကောင်းစွာဖြင့် သူ ဤမာကျောလှသည့် အချုပ်အနှောင်ကို ဖြတ်တောက်နိုင်ခဲ့သည်။

ရောင်စုံချိန်းကြိုးသည် နတ်အလင်းများထုတ်လွှတ်ကာ စတင်ပြိုကွဲလာသည်။ သူသည် လူ့ခန္ဓာကိုယ်ထဲမှ “နေလုံး”ကို ထပ်မံမထိန်းချုပ်နိုင်တော့။

ဝုန်း..

နောက်ဆုံးတွင် ချိန်းကြိုးသည် ဆူနာမီကဲ့သို့ ပေါက်ကွဲသွားကာ စွမ်းအင်တန်းအဖြစ် ပြောင်းလဲသွားလေ၏။ ထို့နောက်တွင်တော့ ထိုစွမ်းအင်များသည် သူ့အတွင်းအင်္ဂါများထံသို့ လျင်မြန်စွာ စီးဆင်းသွားသည်။

ထို့နောက် ထိုအလင်းများသည် သူ့ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားလေ၏။

ယခုအချိန်မှသာ သူ လုံးဝအောင်မြင်သွားသည်ဟု သတ်မှတ်၍ရသည်ပင်။ ချူဖုန်း သူ၏ငါးခုမြောက်အချုပ်အနှောင်ကို ဖြတ်တောက်ပြီး အဆင့်တက်သွားလေပြီ…

ထိုချိန်းကြိုးကို သန့်စင်သည့်စွမ်းအင်များဖြင့် ပြုလုပ်ထားခြင်းပင်။ ဤသည်ကို အချုပ်အနှောင်ဟု ခေါ်သော်လည်း ဤသည်မှာ နောက်တစ်ဆင့်တက်ရန်အတွက် အခြေခံအုတ်မြစ်လည်း ဟုတ်သည်ပင်။ ထိုချိန်းကြိုးပြိုကွဲသွားသည်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီသို့ စီးဆင်းသွားခဲ့သည်။

ရွှီး…

အနီရောင်အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။

ချူဖုန်းနှလုံးမှာ အဆပေါင်း မည်မျှမှန်းမသိအောင်ပင် သန်မာလာခဲ့သည်။

သူ့နှလုံးခုန်သံမှာ မကျယ်တော့။ သာမန်အတိုင်းသာ ပြန်ဖြစ်သွားပြီဖြစ်သော်လည်း သူ့ထဲ၌ ရှိနေသည့် စွမ်းအင်မှာတော့ ယခင်ကထက် ပိုများနေသည်။

သူ့နှလုံးတစ်ခုလုံးမှာ အနီရောင်စိန်ဖြင့် ထွင်းထုထားသကဲ့သို့ နီရဲတောက်ပနေလေပြီ။

နှလုံးမှ စွမ်းအင်များ တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားသည်နှင့် အဆင့်လွန်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ဝုန်း..

သူ့တစ်ကိုယ်လုံးမှ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေပြီး တောင်ပတ်လည်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ထဲရှိ သားရဲအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြလေ၏။

ဤသည်မှာ သက်ရှိအားလုံးကို အကျိုးသက်ရောက်မှုရှိသည့် ကြောက်စရာကောင်းသည့် စွမ်းအင်ပင်။

ထိုညတွင် ချူဖုန်း အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့သည်။ သူ့ခွန်အားတစ်ခုတည်းဖြင့် နှလုံးမှ ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်နိုင်ခဲ့လေပြီ။

အပိုင်း ၂၄၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset