သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၁ – ပြန်လည်ဝင်စားခြင်းတံဆိပ်များ လေးခု
အမှောင်ထုထဲတွင် ရှီဟောင် သူ၏ခေါင်း၊ ကြွက်သားနှင့် ခြေလက်လေးဖက်လုံး တစ်စစီဖြစ်သွားပြီး ချော်ရည်ထဲသို့ ပြုတ်ကျသွားကာ သူ၏အရိုးများသာ ကျန်တော့သည်အထိ လောင်ကျွမ်းခံနေရသလို ရှီဟောင် ခံစားနေရသည်။ နာကျင်မှုမှာ မခံနိုင်လောက်အောင်ပင်။
သို့သော်လည်း ဤသည်မှာ တကယ်ဖြစ်နေသည့်အရာမဟုတ်ဘူးဟု သူ အခိုင်အမာယုံကြည်ထားဆဲပင်။
ဘာမြေအောက်လောကလဲ .. ထာဝရသက်ရှိအစစ်ရဲ့ ခန္ဓာကိုယ် တစ်စစီဖြစ်သွားတယ်ဟုတ်လား .. အားလုံးက အတုအယောင်တွေ..
သူသည် တစ်နေရာတည်း၌ ရပ်နေခြင်းဖြစ်ပြီး မတူညီသည့် ဝိညာဉ်လောကတစ်ခုထဲသို့ ရောက်သွားသည်ဟု ရှီဟောင် ခိုင်မာစွာ ယုံကြည်ထားသည်။ အဝါရောင်မြစ်ရေသစ်သီး၏ ဆေးအစွမ်းများကိုတော့ သူအတော်လေး ထိတ်လန့်မိသွားသည်ပင်။
အဘယ်ကြောင့်ဆိုသော် အရာအားလုံးမှာ အစစ်အမှန်ဆန်လွန်းလှပြီး မြင်ကွင်းများမှာလည်းပြစ်ချက်မရှိပေ။
ဤအိပ်မက်ဆိုးမှ နိုးထလာရန်အတွက် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤသည်မှာ သူ့စိတ်သန်မာလာအောင် ကြုံကိုကြုံရမည့်အတိဒုက္ခတစ်ခု ဖြစ်သော်လည်း သူ ဤကဲ့သို့ ပိတ်မမိနေချင်။ သူကသာ စတင်လုပ်ချင်သည်။
ဤနေရာတစ်ခုလုံး မှောင်မဲနေပြီး ရှီဟောင်၏စိတ်မှာ တစ်ဖြည်းဖြည်း မှုန်ဝါးလာလေပြီ။
“ဒါတွေ အားလုံးက အတုအယောင်တွေပဲ .. မင်းကဘာလို့ အခုထိ မနိုးသေးတာလဲ..” ရှီဟောင် သူ့ကိုယ်သူ အော်ဟစ်လိုက်သည်။
သို့သော်လည်း သူပါးစပ်ဟလိုက်သည်နှင့် ချော်ရည်များ သူ့ပါးစပ်ထဲသို့ ဝင်လာသည်။ ထို့နောက် သူ၏လည်ချောင်းမှ ပြန်ထွက်သွားလေ၏။ သူ့ထံ၌ အသွေးအသားများ မရှိတော့ပဲ ဦးခေါင်းခွံနှင့် ခြေလက်လေးဖက်မှ အရိုးများသာ ချော်ရည်ထဲ၌ မျောနေသည်ဟု ခံစားနေရသည်။
ဒါက ဘာလို့ ဒီလောက်တောင် အစစ်အမှန်ဆန်နေရတာလဲ .. သူကဘာလို့ အခုထိ မနိုးလာသေးတာလဲ..
ရှီဟောင် နိုးလာရန် နည်းလမ်းမျိုးစုံဖြင့် ထပ်ခါတလဲလဲ ကြိုးစားနေသော်လည်း သူ၏စိတ်သာ ပို၍မှုန်ဝါးလာသည်။
“ဒါက အလုပ်မဖြစ်သေးဘူး .. ငါသာ ဒီလိုမျိုး အမှောင်ထုထဲကျသွားရင် ငါ နောက်တစ်ခါ ပြန်နိုးလာနိုင်ပါ့မလား..” ရှီဟောင် အနည်းငယ် ကြောက်ရွံ့လာမိသည်။
ယခုတစ်ခေါက် သူ ကြုံတွေ့နေရသည်များမှာ ထူးဆန်းလှသည်။ သူ ဒီချော်ရည်ပင်လယ်ထဲ ကျသွားရင် မမျှော်လင့်ထားတာ တစ်ခုခုဖြစ်လာမှာလား..
ဤသည်မှာ အိပ်မက်တစ်ခုဖြစ်သော်လည်း သူ ဤနေရာ၌ ထိခိုက်မိသွားလျှင် သူ၏ကျင့်ကြံခြင်းကို ထိခိုက်မည်လား..
“ဟာသပဲ .. ဒါက တကယ့်ငရဲအစစ်ပဲ .. အဝါရောင်မြစ်ရေသစ်သီးက လောကနှစ်ခုကို ချိတ်ဆက်ပေးနိုင်တယ် .. အဲဒီအသီးထဲမှာ လေဟာနယ်ကို ဖွင့်ပြီးတော့ နေရာရွှေ့နိုင်တဲ့ သင်္ကေတတွေရှိတယ် .. အဲဒါကြောင့်မို့လို့ မင်းကို မြေအောက်လောကထဲ ဆွဲခေါ်လာနိုင်တာ”
အမှောင်ထုထဲမှ ဤကဲ့သို့အေးစက်လှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒါကို ဘာလို့ အဝါရောင်မြစ်ရေသစ်သီးလို့ ခေါ်တာလဲသိလား .. ဘာလို့လဲဆိုတော့ သူ့မှာ ငရဲရဲ့ တည်နေရာရှိနေလို့ပဲ .. သူက နယ်ခြားဂိတ်တံခါးကို ဖွင့်ပြီးတော့ မင်းကို မြေအောက်လောကကို ခေါ်လာနိုင်တယ် .. မင်းဒီမှာသေသွားရင် မင်းရဲ့အသက်ဆုံးရှုံးသွားပြီ .. မင်းသာ အသက်ရှင်နိုင်ရင် မင်းရဲ့စိတ် အားကောင်းလာမယ်..”
ထိုလူသည် ပျော်ရွှင်နေခြင်းမရှိသလို စိုးရိမ်နေခြင်းလည်း မရှိ။
ရှီဟောင် ရှုပ်ထွေးသွားရ၏။ သူ၏စိတ်ခွန်အားမှာ အတော်လေး ကောင်းမွန်သော်လည်း ယခုအချိန်တွင် နာကျင်မှုများမှာ သည်းမခံနိုင်လောက်အောင်ပင်။ သူ၏ခန္ဓာကိုယ်သည် ချိန်းကြိုးကြောင့် စုတ်ပြဲသွားကာ နတ်ဘုရားများနှင့်နတ်ဆိုးများကိုပင် လောင်ကျွမ်းသွားစေနိုင်သည့် ချော်ရည်များလည်း သူ့ပေါ်သို့လောင်းကျလာသည်။
သူ သံသယ ဝင်လာရ၏။ ဒါက အဝါရောင်မြစ်ရေသစ်သီးလုပ်ထားတဲ့ အိပ်မက်မဟုတ်ဘူးလား .. ဒါက တကယ့်အစစ်လား .. အဲဒီအသီးက သင်္ကေတတွေက တကယ်ပဲ လေဟာနယ်ထဲမှာ ဂိတ်တစ်ခုကို ဖွင့်နိုင်တာလား..
ရှီဟောင် ကြောက်ရွံ့လာရသည်။
သို့သော်လည်း သူ သိပ်မယုံကြည်သေး။
သူ ယခု အသိစိတ်လွတ်၍ မရသေး။ အတုဖြစ်စေ အစစ်အမှန်ဖြစ်စေ သူခေါင်းရှင်းနေမှသာ သူ့အတွက် အကျိုးရှိလိမ့်မည်။ မဟုတ်ပါက သူ ပြဿနာတက်သွားလိမ့်မည်။
ဖူး..
ထို့နောက် သူ၏အရိုးများ တစ်စစီဖြစ်သွားပြီး လုံးဝလောင်ကျွမ်းသွားသည်ကို ခံစားလိုက်ရသည်။ သူ၏မူလဝိညာဉ်လည်း အပိုင်းပိုင်းအစစဖြစ်သွားကာ လျင်မြန်စွာဖြင့်ပင် အရောင်မှိန်သွားလေသည်။
“ဒါက ဘာလို့ အစစ်လို့ ခံစားနေရတာလဲ .. ငါသေတော့မှာလား…” ဤသည်မှာ အစစ်ဖြစ်သည်ဟု ရှီဟောင် ယခုထက်ထိ မယုံကြည်သေး။ သို့သော် သူ၏မူလဝိညာဉ်အက်ကွဲသွားသောကြောင့် ခံစားနေရသည့် နာကျင်မှုမှာ အစစ်အမှန်ဆန်လွန်းလှသည်။
နောက်ဆုံးတွင်တော့ သူတောင့်မခံနိုင်တော့။ အဆုံးမရှိသည့် အမှောင်ထုများ သူ့အားဝန်းရံသွားကာ ဝိညာဉ်အသိစိတ်လည်းပျံ့လွင့်လာသည်။ သူ၏တည်ရှိမှု ပျောက်ကွယ်သွားတော့မည်ဟု ရှီဟောင် ခံစားနေရသည်။
ယခုအချိန်တွင် သူ ဘာကိုမှ မစဉ်းစားနိုင်တော့။ သူတကယ်ကို တောင့်မခံနိုင်တော့ပေ။
နောက်ဆုံးတွင်တော့ ဝုန်းဟူသည့်အသံထွက်ပေါ်လာကာ သူ၏အသိစိတ် ပျောက်ဆုံးသွားသည်။ ဤနေရာကို အမှောင်ထုဝါးမြိုသွားလေပြီ။
“ထူးဆန်းလိုက်တာ..” နောက်ဆုံးအခိုက်အတန့်တွင် ရှီဟောင် အားနည်းသည့်အသိစိတ်လေးကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ အတုအယောင်ဟုဆိုသော်လည်း အစစ်အမှန်ဆန်လွန်းသည်။
အစစ်သာဆိုပါက သူ တကယ် သေသွားလေပြီ။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်သည့်အချိန်မှသာ ချော်ရည်ထဲမှ အရိုးဖြူကျွန်း ထွက်ပေါ်လာသည်။ ဤသည်မှာ နှစ်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ မီးစုန်းအနည်းငယ် တောက်လောင်လာသည်။
ထိုအလင်းတန်းမှ ဝိညာဉ်မီးတောက်တစ်ခု ထွက်ပေါ်လာ၏။
“ငါ ဘယ်သူလဲ..” ထိုဝိညာဉ်မီးတောက်မှ အသံထွက်လာသည်။
ထို့နောက် သူအနက်ရောင်ဓားတစ်လက်၊ စုတ်ပြတ်နေသည့်အရိုးစုနှင့် သံကြေးတက်နေသည့် လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာကို တွေ့လိုက်ရသည်။ ဤအရာများကို သူ အလွန်ရင်းနှီးနေသည်။
“ဒါတွေကိုကြည့်လိုက်တဲ့အချိန်မှာ ငါ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ကြုံလိုက်ရသလို ခံစားလိုက်ရတယ်” ထိုဝိညာဉ်မီးတောက် တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူသည် တစ်ခုခုကို ပြန်အမှတ်ရရန် ကြိုးစားနေရင်းဖြင့် အလွန်နာကျင်နေသကဲ့သို့ အော်ဟစ်လာသည်။
ထိုကဲ့သို့ပင် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့သည်။ ဤအရိုးဖြူပေါ်၌ ဝိညာဉ်မီးတောက်အချို့ ထွက်ပေါ်လာပြီးနောက် နောက်တစ်ကြိမ် ပြန်ငြိမ်းသတ်သွားသည်။ မီးတောက်တစ်ခုသာ ထူးခြားစွာဖြင့် ဓား၊ ချပ်ဝတ်တန်ဆာနှင့် အခြားအရာများကို လှည့်ပတ်သွားလာနေသည်။
ထိုနေ့တွင်တော့ သူ ဤပစ္စည်းများမှ မှတ်ဉာဏ်အသစ်ကို ရရှိလိုက်သည်။ အရိုးအပိုင်းအစနှစ်ခုမှာ ထူးခြားနေသည်ကို သူတွေ့လိုက်ရသည်။
“မူလရှေးဟောင်းမှတ်တမ်း .. ဝိညာဉ်တစ်သောင်းသင်္ကေတ..”
သူ ဤနာမည်နှစ်ခုကို ခက်ခက်ခဲခဲဖြင့် စဉ်းစားလိုက်ရသည်။ ထို့နောက် သူ မလိုလားမှုနှင့် စိတ်ပျက်မှုကို ခံစားလိုက်ရသည်။
“ငါက ဟွမ်လို့ခေါ်တဲ့လူ ငါက ကောင်းကင်ဧကရာဇ်တစ်ယောက် .. ဒါမှမဟုတ် ငါက ရှီဟောင်လား..” သူ့ကိုယ်သူ စကားပြောနေလေ၏။
သို့သော်လည်း သူ အသေးစိတ် မမှတ်မိ။
သူသည် ထိုကဲ့သို့ပင် နေ့ရက်တိုင်း၌ ပြင်းပြင်းထန်ထန်စဉ်းစားနေခဲ့သည်။ မပျက်စီးသေးသည့် ဤပစ္စည်းများကို မျက်နှာချင်းဆိုင်လိုက်လျှင် မှတ်ဉာဏ်အချို့ ပေါ်လာကာ ဝိညာဉ်အလင်း အပိုင်းအစများလည်း တောက်ပလာသည်။
အချိန်များတစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာသည်။ ဤနေရာတွင် အချိန်မှာတန်ဖိုးမရှိဆုံး အရာပင်။
တစ်ခဏအတွင်းမှာပင် ဆယ်စုနှစ်များစွာ ကုန်ဆုံးသွားလေပြီ။ ၄င်းဝိညာဉ်မီးတောက်လေးသည် ထိုပစ္စည်းများအနား၌သာ တဝဲဝဲလည်လည်ဖြစ်နေပြီး ကိစ္စများစွာကို ပို၍မှတ်မိလာလေပြီ။ သူ၏အတိတ်မှာ တစ်ဖြည်းဖြည်းချင်း ပို၍ရှင်းလင်းလာလေပြီ။
“ငါက ရှီဟောင် .. ငါက အဝါရောင်မြစ်ရေသစ်သီးကိုစားပြီးတော့ မြေအောက်လောကထဲ ရောက်လာတာ .. ဒါပေမဲ့ ငါက ဒါကို မဖြတ်ကျော်နိုင်ပဲနဲ့ ဒီမှာ သေသွားတာ..”
အမှန်တရားအား သိလိုက်ရသည့်အချိန်တွင် သူ၏ဝိညာဉ် ဆွံ့အသွားရသည်။
သူသည် အမျက်ဒေါသဝိညာဉ်ကဲ့သို့ အော်ဟစ်လိုက်သည်။ သူ့အော်သံမှာ ဤနေရာ၌ အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေခဲ့သည်။
သူ့ဘဝ၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်မှတ်မိသွားသည့်အချိန်တွင် သူ လက်မခံနိုင်ဖြစ်ရသလို နောင်တလည်းရမိသည်။ သူက တကယ် ဒီလိုမျိုး သေသွားတာလား .. သူနဲ့ ရင်းနှီးတဲ့သူတွေနဲ့ ကွဲကွာသွားပြီးတော့ ဒီမှာပဲ တိတ်တိတ်လေး မြှုပ်ခံလိုက်ရတာလား..
“ဒါက အစစ်အမှန် မဟုတ်ဘူး..” သူ ဟစ်ကြွေးလိုက်သည်။
အချိန်များမှာ ဆက်လက်စီးဆင်းနေဆဲပင်။ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသည်မှာ ရာစုနှစ်တစ်ခုပင် ကုန်ဆုံးသွားသည်ဟု သူ ခံစားနေရသည်။ ထိုအချိန်မှသာ သူ၏ဒဏ်ရာရနေသည့်နှလုံးသား တည်ငြိမ်သွားသည်။
“အချိန်က အဆိုးမရဘူး .. နှစ်တစ်ရာတောင် ကုန်သွားပြီ .. ငါ့အတွေ့အကြုံတွေက အစစ်အမှန်လား..” သူ၏စိတ်အတွင်းပိုင်း၌ ရှိနေသည့် နောက်ဆုံးမျှော်လင့်ချက်လည်း မရှိတော့။ နှစ်တစ်ရာပင် ကုန်ဆုံးသွားပြီဖြစ်သောကြောင့် သူ ဘာပြောနိုင်တော့မည်နည်း.. ဤသည်မှာ ရက်စက်လွန်းလှသည်။
“ငါ လူသားလောကကို ပြန်သွားပြီးတော့ ငါချစ်ရတဲ့သူတွေကို တွေ့ချင်တယ် .. ငါနဲ့နီးကပ်ခဲ့တဲ့သူတွေကို တွေ့ချင်သေးတယ်..” ထိုဝိညာဉ်မီးတောက်မှ စွမ်းအားကြီးသည့်စွမ်းအင်လှိုင်း ထွက်ပေါ်လာသည်။
“မင်းရဲ့စိတ်ဆန္ဒက လုံလောက်အောင် စွမ်းအားကြီးရင် မင်းပြန်ဝင်စားဖို့ ဖြစ်နိုင်တယ်..” ချော်ရည်ပင်လယ်ထဲမှ နှလုံးသားမရှိသည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ခဏကြာပြီးသည့်နောက်တွင် ချော်ရည်ထဲမှ ပြန်လည်ဝင်စားခြင်းစွမ်းအားများ ပြည့်နေသည့်စက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုစက်ဝန်းတွင် ပြန်လည်ဝင်စားရန်လိုအပ်နေသည့် လောကကို ပြသထားသည်။
ရွှီးဟူသည့်အသံနှင့်အတူ ထိုဝိညာဉ်မီးတောက်သည် ထိုစက်ဝန်းထဲသို့ စုတ်ယူခံလိုက်ရကာ ဖွင့်ထားသည့်တွင်းနက်ကြီးထဲသို့ ရောက်သွားလေသည်။
ယခင်ခေတ်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ သူ့စိတ်ထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်။ သူ့၏စိတ်ထဲသို့ အချို့လူများ၏မျက်နှာများ ဝင်ရောက်လာခဲ့သည်။
ရှီဟောင် သက်ပြင်းချလိုက်၏။ သူ ဒီဘဝကို ဒီလိုပဲ အဆုံးသတ်သွားခဲ့တာလား .. သူဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေသည်။
“အပြင်လောကက ဘယ်လိုမျိုးလဲ .. ငါ အဲဒီလောကကို တစ်ချက်လောက် သွားကြည့်ချင်တယ် .. ဒီလူတွေ ဘယ်လိုနေကြလဲဆိုတာ သိချင်မိသား..”
ထိုတွင်းနက်ကြီး၏ စုတ်ယူခြင်းခံလိုက်ရပြီးနောက် သူသည် သန့်စင်သည့်ဝိညာဉ်အသိစိတ်ဖြစ်သွားပြီး ပြန်လည်ဝင်စားရန်အတွက် အပြင်ဘက်သို့ ပို့ခံလိုက်ရသည်။
သူသည် မမွေးဖွားရသေးပဲ မိခင်ဗိုက်ထဲတွင်သာရှိနေသေးသည့် ကလေးငယ်လေးဖြစ်နေသည်ဟု ခံစားနေရသည်။ သူသည် လောကကြီး၏ သဘာဝစွမ်းအင်ဖြင့် ပြုစုခံနေရပြီး သေမျိုးလောက၏ နောက်ကျိသည့်စွမ်းအင်များကို မစုတ်ယူသေး။
“မှတ်ဉာဏ်တွေ ပြန်ရနေတဲ့အချိန်မှာ ပြန်ဝင်စားတာလား..”
ရှီဟောင် သူ့ကိုယ်သူ စဉ်းစားလိုက်သည်။ သူ ကျင့်ကြံခဲ့သည့် မူလရှေးဟောင်းမှတ်တမ်း၊ မိုးမခနတ်ဘုရားပညာနှင့် အခြားအရာများအားလုံးကို အသက်သွင်းကာ ဤလောကကြီး၏ သဘာဝစွမ်းအင်များကို စုတ်ယူနေသည်။
သူသည် ဤပညာများကို အသုံးပြုကာ သူ့ကိုယ်သူ အားကောင်းအောင်လုပ်ပြီး သူ့အမေကို အားဖြည့်ပေးလိုခြင်းပင်။ သို့သော်လည်း ဤသည်မှာ အလွန်ခက်ခဲသည်ကို သူ တွေ့လိုက်ရသည်။
“အဝါရောင်မြစ်ရေသစ်သီးက .. တကယ်ကို ထူးဆန်းတာပဲ..”
အချိန်မည်မျှကြာသွားမှန်း မသိသော်လည်း သူမွေးဖွားလာရမည့်အချိန်သို့ ရောက်လာလေပြီ။ ထိုအချိန်တွင် သူတစ်ခုခုကို နားလည်သွားသကဲ့သို့ ရုတ်တရက် ဉာဏ်အလင်းပွင့်လာသည်။ ဤကဲ့သို့သော ပြန်လည်ဝင်စားခြင်းမျိုးမရှိဘူးဟု သူ အခိုင်အမာ ယုံကြည်ထားသည်။
“နှစ်ပေါင်းတစ်ရာ ဘယ်လိုကုန်သွားလဲမသိပေမယ့်၊ အားလုံးက အသက်ဝင်ပေမယ့်၊ ငါ့စိတ်တောင်မှ အတုနဲ့အစစ် မခွဲနိုင်တော့ပေမယ့် ဒါက အိပ်မက်တစ်ခုဆိုတာ ငါယုံကြည်နေတုန်းပဲ .. ငါကြုံတွေ့နေရတာတွေက အစစ်အမှန် မဟုတ်ဘူး .. ငါက ဟွမ် .. ငါက ရှီဟောင် .. ငါ နိုးထချင်ပြီ..”
ကံမကောင်းစွာဖြင့်ပင် သူ မျှော်လင့်ထားသည့် ‘နိုးထလာခြင်း’မျိုး မရှိခဲ့။ ဤနှစ်များတွင် သူသည် လူသားမျိုးနွယ်တစ်ယောက်အနေဖြင့် ကြီးပြင်းခဲ့သည်။ ဤလောကတွင် စွမ်းအင်များ များများစားစားမရှိပေ။ လောကကြီး၏ နောက်ဆုံးနေ့ရက်များသို့ ရောက်နေလေပြီ။
သူ့မိခင် ဝမ်းထဲ၌ ရခဲ့သည့်စွမ်းအင်များသာ အသုံးဝင်သည်။ သူ မွေးဖွားလာပြီးသည့်နောက်တွင် စွမ်းအင်များ နောက်ထပ် ထပ်ရရန် ခက်ခဲသွားသည်ပင်။
နောက်ဆုံးတွင်တော့ သူသည် အသက် ၁၆၀ ကျော်ရှိသွားပြီး အသက်ကြီးသည့်သူတစ်ဦး ဖြစ်သွားလေပြီ။ သို့သော်လည်း ဤဆုတ်ကပ်တွင် ကျင့်ကြံခြင်းကို ခွင့်မပြုတော့။
ထို့နောက် ရှီဟောင် နောက်တစ်ကြိမ် ပြန်လည်ဝင်စားကာ အခြားနေရာတစ်ခုသို့ ရောက်သွားသည်။
ဤအတောအတွင်း၌ သူသည် အချိန်အတော်များများ၌ တိတ်ဆိတ်နေခဲ့ကာ စကားတစ်ခွန်းမှပင် မပြောခဲ့။
သူ မြေအောက်လောကသို့ နောက်တစ်ကြိမ် ပြန်ရောက်လာသည့်အချိန်တွင် ခံစားချက်ကင်းမဲ့သည့်အသံကို နောက်တစ်ကြိမ် ပြန်ကြားလိုက်ရသည်။ “အကြိမ်ပေါင်းများစွာ ပြန်ဝင်စားပြီးတော့ မင်းဘယ်လိုနှစ်သက်စရာကောင်းတဲ့ မှတ်ဉာဏ်တွေ ရခဲ့သလဲ..”
“အဝါရောင်မြစ်ရေသစ်သီး .. ခင်ဗျားက တော်တော်လေးကို ထူးဆန်းတာပဲ..” ရှီဟောင် ဤစကားကိုသာ ပြောလိုက်သည်။
နောက်ဆုံးတွင်တော့ ဤလောကကြီး ဖရိုဖရဲဖြစ်သွားကာ ချော်ရည်များ ထွက်ပေါ်လာပြီး ရှီဟောင်အား ဤငရဲမှ အပြင်ဘက်သို့ ပို့လွှတ်လိုက်သည်။
ရှီဟောင် နိုးလာလေပြီ။ ယခုအချိန်တွင် သူသည် ရွှေရောင်သစ်ပင်သုံးပင်ရှေ့၌ ရပ်နေခြင်းဖြစ်၏။ ထိုအပင်များ၌ အဝါရောင်မြစ်ရေသစ်သီးများ ရှိနေသည်။
“အိပ်မက်ကြီးပဲ…” ရှီဟောင် လေးစားစွာ သက်ပြင်းချလိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ ပျော်ရွှင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏မူလဝိညာဉ် ပို၍ အားကောင်းလာလေပြီ။
ကောင်းကင်နတ်ဘုရားအဆင့်မှာ ဘယ်သူက ဒီလို မူလဝိညာဉ်မျိုး ရှိနိုင်မှာလဲ.. သူ အတော်လေး ကျေနပ်သွားရသည်။
သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူ၏မျက်လုံးမှ နတ်အလင်းထွက်ပေါ်လာသည်။ သူ၏မျက်လုံးများ မှေးကျဉ်းသွားကာ သူ၏အသက်ရှူသံများလည်း မြန်ဆန်လာသည်။
သူခေါင်းငုံ့လိုက်သည့်အချိန်တွင် သူ၏လက်ဝါးထက်၌ သင်္ကေလေး လေးခုရှိနေသည်ကို သူတွေ့လိုက်ရသည်။ ဤသင်္ကေတများမှာ သေးငယ်သော်လည်း အစစ်အမှန်ပင်။ သင်္ကေတလေးခုမှာ ပြန်လည်ဝင်စားခြင်းသင်္ကေတများပင်။
“ဘာဖြစ်နေတာလဲ..” ရှီဟောင် အော်ဟစ်လိုက်၏။
ဤတံဆိပ်များမှာ သူ ပြန်လည်ဝင်စားခဲ့သည့် မြေများတွင် ရေးထိုးထားသည့်သင်္ကေတများနှင့် အတူတူပင်။
ယခု သူ၏လက်ဝါးအလယ်၌ လေးခုရှိနေသည်။ ထိုလက်တွေ့ဆန်လှသည့် အိပ်မက်ထဲတွင်လည်း သူ လေးကြိမ် ပြန်လည်ဝင်စားခဲ့သည်ပင်။
ယခုခေတ်မှ မှတ်တမ်းများနှင့် ထာဝရရှေးဟောင်းခေတ်မှ ကျောက်စိမ်းကောင်းကင်စာအုပ်များတွင် ဤအကြောင်းရှင်းပြချက် အနည်းငယ် ရှိသည်။ ပြန်လည်ဝင်စားခြင်းရှိသည်ဟု ပြောကြသည့်လူများရှိနေသည်ပင်။ သို့သော်လည်း ဤသည်မှာ လူတိုင်းလုပ်၍ရသည့်အရာမဟုတ်။ ရွေးချယ်ခံရသည့် ကောင်းကင်ပါရမီရှင်များသာ ပြန်လည်ဝင်စားရန် အခွင့်အရေးရှိသည်။ ထိုသူများမှာ ပြန်လည်ဝင်စားခြင်းတံဆိပ်ရှိသည့်သူများပင်။
သို့သော်လည်း လူအနည်းစုသာ ဤတံဆိပ်များကို ထွင်းထုနိုင်ကြသည်။
အပိုင်း ၁၄၄၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၂ – သူရဲကောင်းဝိညာဉ်များ ထာဝရအနားယူရာနေရာ
သူ၏လက်ဖဝါးအလယ်တွင်ရှိနေသည့် တံဆိပ်များမှာ သိပ်မကြီးပေ။ သို့သော်လည်း ညကောင်းကင်ယံကဲ့သို့ အလွန်ရှုပ်ထွေးလှသည်။ ဤသည်မှာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းစက်ဝန်းများ ချုံ့ထားသည်နှင့်လည်း တူသည်ပင်။
ပြန်လည်ဝင်စားခြင်းသင်္ကေတ လေးခု .. အားလုံးမှာ အလွန်မှုန်ဝါးနေသော်လည်း အစစ်အမှန်များပင်။
ရှီဟောင် ဆွံ့အသွားရ၏။
ဘာဖြစ်နေတာလဲ .. သူတွေ့ကြုံခဲ့ရတာတွေက အစစ်လား .. ဒါပေမဲ့ သူက ဘာလို့ ဒီမှာ အကောင်းအတိုင်းရှိနေတာလဲ .. သူ့ခန္ဓာကိုယ်က ဘာလို့ ဘာမှမပြောင်းလဲတာလဲ..
ထိုအခိုက်အတန့်တွင် သူ ကိစ္စများစွာကို တွေးမိသွားသည်။
သူ ဒုတိယမြောက်ထာဝရစွမ်းအင် ကျင့်ကြံစဉ်ကလည်း သူ၏ခန္ဓာကိုယ်နှင့်တာအို ပျက်စီးသွားခဲ့သည်ကို သူ အမှတ်ရမိလိုက်သည်။ သူ၏မူလဝိညာဉ် သူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ အမှောင်ထုလှောင်အိမ်ထဲသို့ ရောက်သွားခဲ့သည်။ ထိုနေရာတွင် ပိတ်မိနေသည့် မူလဝိညာဉ်များစွာကိုပင် သူတွေ့ခဲ့ရသေးသည်။
ထိုအမှောင်ထုနယ်မြေ၌ ပြန်လည်ဝင်စားခြင်းကိုပင် သူတွေ့ခဲ့ရသေးသည်။
“ခန္ဓာကိုယ်ကို ပြန်ရောက်လာတဲ့အချိန်၊ အာရုံစိုက်နိုင်တဲ့အချိန်က ဘဝပြန်ဝင်စားတဲ့အချိန်ပဲ..” ရှီဟောင် တီးတိုးပြောလိုက်သည်။
ပြန်လည်ဝင်စားခြင်းဆိုသည်မှာ အလွန်လေးနက်သည့် ခေါင်းစဉ်တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မဖြေရှင်နိုင်သေးသည့် ပြဿနာတစ်ခုပင်။
သာမန်လူတစ်ယောက်အတွက် စိတ်ရှုပ်ထွေးရန် လွယ်ကူပေသည်။ အချို့လူများမှာ သဘာဝလွန်ဖြစ်ရပ်များကို ယုံကြည်ကြသည်။ ကောင်းကင်နှင့်ငရဲရှိနေပြီး ယခင်ဘဝဆိုတာလည်း ရှိနေသည်ဟု ယုံကြည်ကြသည်။ သို့သော်လည်း ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဤကဲ့သို့သော အရာများကို ယုံကြည်နိုင်မည်နည်း..
လူတစ်ယောက်သည် စွမ်းအားကြီးလာလေလေ သူတို့ကိုယ်သူတို့ကို ပို၍ယုံကြည်လာလေလေပင်။ ထိုကောင်းကင်ဘုံ၊ နတ်နန်းဟု ခေါ်သည့်အရာများကို မယုံကြည်တော့။ ကျင့်ကြံသူများသည် လောကကြီးကို ဆန့်ကျင်ကာ၊ ကိုယ့်ကံကြမ္မာကိုကိုယ် လှည့်စားကာ လျှောက်လှမ်းနေကြသည့်သူများပင်။
မဟုတ်ပါက ကျင့်ကြံသူများ ဘယ်လိုလုပ် အသက်ရှည်မည်နည်း .. ဘယ်လိုလုပ် သာမန်လူများထက် ပို၍ ရှည်ကြာစွာ နေနိုင်မည်နည်း..
သို့သော်လည်း ခေတ်ပေါင်းများစွာ ကုန်လွန်သွားသော်လည်း မည်သူမှ ပြန်လည်ဝင်စားခြင်း၏ အဓိပ္ပာယ်အစစ်အမှန်ကို မသတ်မှတ်နိုင်ကြသေး။ ဤအရာ တကယ်ရှိသလား မရှိဘူးလား မသိနိုင်ကြသေးပေ။
မရှိဘူးဟု ပြောပြန်လျှင်လည်း ချင်းယီကဲ့သို့ ဝိညာဉ်မျိုးစေ့အဖြစ် ပြန်လည်ရှင်သန်လာသည့်သူများရှိသည်။ သူကဲ့သို့ ပြန်လည်ဝင်စားခြင်းတံဆိပ်ပေါ်လာသူများရှိသည်။
ရှိသည်ဟု ဆိုပြန်လျှင်လည်း တိကျသည့်သက်သေ မရှိ။ တစ်စုံတစ်ယောက်သည် ရှေးခေတ်များတွင် သေဆုံးခဲ့သည့်သူတစ်ဦးဦး ဝင်စားခြင်းဖြစ်ကြောင်း မည်သူက တိတိကျကျပြောနိုင်မည်နည်း..
ပြန်လည်ဝင်စားသည်ဆိုသည်မှာ မူလဝိညာဉ် ခန္ဓာကိုယ်မှ ထွက်သွားပြီး ဘာမှမရှိသည့်လေဟာနယ်ထဲသို့ ရောက်သွားသည့်အချိန်အပိုင်းအခြားကို ပြောခြင်းဖြစ်မည် ထင်သည်။
ရှီဟောင် ဤအကြောင်းကို စဉ်းစားနေမိသည်။
အချိန်မည်မျှကြာသွားမှန်း မသိသည့်အချိန်မှသာလျှင် သူသည် ခေါင်းမော့ကာ ဤတိတ်ဆိတ်နေသည့် အခြေအနေမှ နိုးထလာနိုင်သည်။
“အခု ငါ ခဏစိတ်လွတ်သွားတဲ့အချိန်၊ ငါ့စိတ် မတည်ငြိမ်တုန်းက ငါအခုတွေ့ကြုံခဲ့ရတဲ့ အရာတွေအားလုံးက အရင်တုန်းက ဖြစ်ဖူးပြီးသားတွေလို့ ခံစားနေရတယ် .. ဒါလည်း ပြန်ဝင်စားတာလို့ ခေါ်တာလား..” ရှီဟောင် သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။
တစ်ခါတစ်ရံ သူ ယခု လုပ်နေသည့်အရာအားလုံးမှာ ယခင်က လုပ်ပြီးသားဟု ခံစားနေရသည်။ ဒါလည်း ပြန်ဝင်စားခြင်းတစ်မျိုးပဲလား..
သူ ခေါင်းခါလိုက်၏။ ယခုအချိန်သည် သူ ဤထူးခြားဆန်းကြယ်သည့်အကြောင်းအရာကို လေ့လာရမည့်အချိန် မဟုတ်။ ဤသည်မှာ ထာဝရသက်ရှိအစစ်များသာ ခြေချခွင့်ရှိသည့်နယ်ပယ်ပင်။ သူ ဤလောက၌ အချိန်အကြာကြီး ရှိနိုင်သည့်အချိန်ကျမှ ဤသေခြင်းနှင့်ရှင်ခြင်းကို ပြန်လေ့လာတော့မည်။
ယခုအချိန်တွင် သူလုပ်ရန်လိုအပ်သည်မှာ ပို၍သန်မာလာအောင်ပင်။
“မူလဝိညာဉ်ခွန်အားက တကယ်ကို အံ့အားသင့်ဖို့ကောင်းတာပဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူကိုယ်တိုင်ပင်လျှင် အံ့အားသင့်နေရသည်။ သာမန်ကောင်းကင်နတ်ဘုရားတစ်ယောက်၏ မူလဝိညာဉ်က ဘယ်လိုလုပ် ဤမျှကြောက်စရာကောင်းနိုင်မည်နည်း..
ရှီဟောင် ထိုနေရာ၌သာ မလှုပ်မယှက်ရပ်နေသည်။ သူ၏မျက်ခုံးကြားမှ တောက်ပလာကာ သူ၏နဖူးရိုးမှ ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာပြီး နတ်အလင်းတန်း ထောင်ပေါင်းများစွာလည်း ထွက်ပေါ်လာသည်။
ဤပုံရိပ်လေးသည် သူ၏မျက်ခုံးရှေ့၌ ရှိနေခြင်းပင်။
ဤလက်သီးအရွယ်အစား မူလဝိညာဉ်၏ ခန္ဓာကိုယ်အပြင်ဘက်တွင် အရိုးစာသားမျိုးစုံ သိပ်သည်းစွာ ထွက်ပေါ်လာကာ ချပ်ဝတ်တန်ဆာတစ်ခုဖြစ်လာပြီး သူ့အား ကာကွယ်ပေးထားသည်။
“မူလရှေးဟောင်းမှတ်တမ်း”
ဤအရိုးစာသားများမှာ မူလရှေးဟောင်းမှတ်တမ်း၏ သင်္ကေတများပင်။ ယခုတော့ ဤစာသားများသည် သူ၏မူလဝိညာဉ်နှင့် တစ်သားတည်းဖြစ်သွားလေပြီ။
မူလဝိညာဉ် သူ့ခေါင်းထဲသို့ ပြန်ဝင်သွားသည်။ ယခုအချိန်သည် သူ၏အသက်စွမ်းအင်မှာ အမြင့်ဆုံးပင်။
သူ၏ခန္ဓာကိုယ်ဖြစ်စေ မူလဝိညာဉ်ဖြစ်စေ အမြင့်ဆုံးဖြစ်နေလေပြီ။ ငရဲကြီးကိုးထပ်အိုနှင့် ထပ်တွေ့လျှင် သူဤမျှ ခက်ခက်ခဲခဲတိုက်ခိုက်ရမည် မဟုတ်ကြောင်း သူ့ကိုယ်သူ ယုံကြည်သည်။
ရှီဟောင် အိုးအဖြူလေးကို ထုတ်လိုက်ကာ ကျန်နေသေးသည့် အဝါရောင်မြစ်ရေသစ်သီးကို သိမ်းဆည်းလိုက်သည်။ ပထမအပင်တွင် အဝါရောင်မြစ်ပိုးကောင်များ စားလိုက်ပြီဖြစ်သောကြောင့် တစ်လုံးမှ မရှိတော့။ ဒုတိယအပင်တွင် သုံးလုံးရှိသေးသော်လည်း သူတစ်လုံးစားလိုက်ပြီဖြစ်သည်။ တတိယအပင်၌ ငါးလုံးရှိနေသည်။
အသီး ၇ လုံးမှာ မွှေးကြိုင်နေသော်လည်း အလွန်အန္တရာယ်များလှသည်။ သူတစ်လုံးစားလိုက်ရုံဖြင့် ပြန်လည်ဝင်စားခြင်းကို ကြုံရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
တစ်ချက်မှားသွားသည်နှင့် မနိုးထလာနိုင်ပဲ ဖြစ်သွားလိမ့်မည်ပင်။
ထိုအတွေ့အကြုံက အတုလား အစစ်လားဆိုသည်ကို ရှီဟောင်ပင် သံသယဝင်နေဆဲပင်။
သူ နောက်ထပ်တစ်လုံး ထပ်မစားတော့။ အဘယ်ကြောင့်ဆိုသော် တစ်လုံးစားလျှင် လုံလောက်ပြီဖြစ်ပြီး နောက်တစ်လုံးထပ်စားလျှင် မည်သည့်အကျိုးရလဒ်မှ ရှိမည်မဟုတ်ကြောင်း အကြီးအကဲအရှင်မှ ပြောလိုက်သည်ပင်။
“ကျန်တဲ့ ၇ လုံးကို တစ်ခြားသူတွေကို ပေးလို့ရတယ် .. ဒါပေမဲ့ ငါသူတို့တွေကို သေချာစောင့်ကြည့်ရမယ် .. မဟုတ်ရင် ပြဿနာတက်သွားနိုင်တယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်ပြီးနောက် ဤနေရာမှ လှည့်ထွက်သွားလိုက်သည်။
သူ ဤအပင်များကို မတူးယူတော့။ အဘယ်ကြောင့်ဆိုသော် အဝါရောင်မြစ်ရေသစ်သီးပင်များသည် ယင်စွမ်းအင်အလွန်များပြားသည့်နေရာ၌သာ ရှင်သန်နိုင်ကြောင်း သူကြားဖူးသည်ပင်။
ယင်စွမ်းအင်များစွာရှိနေသည့် နေရာဆိုသည်မှာ အလောင်းများစွာရှိနေသည့်နေရာကို ဆိုလိုခြင်းပင်။
ဤနေရာတွင်ရှိနေသည့် အရိုးများမှာ သာမန်အရိုးများမဟုတ်။ ထာဝရသက်ရှိ၏အလောင်းများ ဖြစ်လောက်သည်။
“ဒီနေရာပဲဖြစ်ဖြစ် လျှိုမြောင်အတွင်းပိုင်းမှာပဲဖြစ်ဖြစ် ထာဝရသက်ရှိဆီကနေ ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေ အများကြီးပဲ .. ငါ့ရဲ့လက်ရှိစွမ်းရည်နဲ့ဆိုရင် သူတို့ဆီကို ချဉ်းကပ်ဖို့က အရမ်းခက်ခဲလွန်းတယ်..” ရှီဟောင်ပြောလိုက်၏။
မဟုတ်ပါက သူ သင်္ချိုင်းဖောက်သည့်သူဖြစ်ရန်လည်း ဝန်လေးနေမည် မဟုတ်။
သူလာသည့်လမ်းအတိုင်း အနည်းငယ် ပြန်သွားပြီးနောက် လမ်းကြောင်းပြောင်းလိုက်ကာ အခြားအခွင့်အရေးများ ရှိမလားဟု ရှာဖွေလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာမှာ ထာဝရတောင်ပို့ဟုခေါ်သည့် နေရာပင်။
ခဏကြာပြီးသည့်နောက်တွင် ကျောက်တုံးသစ်တောတစ်ခုရှေ့သို့ သူရောက်လာသည်။ အချို့ကျောက်တုံးများမှာ ကောင်းကင်ထက်သို့ ညွှန်နေသည့် ကောင်းကင်ဓားပုံစံဖြစ်ပြီး အချို့မှာ ကျွဲများနှင့်တူသည်။ အချို့ကျောက်တုံးများသည် အတောင်ပံများကို ဖြန့်ကျက်ထားသည့် ခွန်ပန်နှင့်တူသည်ပင်။
ထို့အပြင် ဤနေရာ၌ ထာဝရမြူတန်းများလည်း ရှိနေပြီး လူများအား ဆွဲဆောင်နေသည်။
ရှီဟောင် သူ၏ခံစားချက်နောက်လိုက်ကာ ကျောက်တောထဲသို့ ဝင်လာလိုက်သည်။ သူ ကျောက်တုံးသစ်တော၏ အနက်ပိုင်းသို့ ရောက်လာသည်နှင့် သိပ်မမြင့်သည့် ကျောက်တောင်တစ်ခုကို တွေ့လိုက်ရသည်။
“ဟမ် .. ဟိုလယ်သမားပဲလား..”
သူ ယခင်က မြင်လိုက်သည့် လယ်သမားအိုကြီးကို ရှီဟောင်တွေ့လိုက်ရသည်။ သို့သော်လည်း ယခုတစ်ခေါက်တွင်တော့ သူသည် တာအိုအသံတစ်မျိုးမျိုးကို နားထောင်နေသကဲ့သို့ သူ့အား ဘာမှမပြောပေ။
ထိုတာအိုအသံကို ရှီဟောင်လည်း ကြားနေရသည်။ ဤနေရာ၌ ကျမ်းစာရွတ်သည့်အသံလှိုင်းများ ရှိနေသည်။
ထို့အပြင် ဤသည်မှာ တစ်ယောက်တည်း ရွတ်နေခြင်းမဟုတ်။ အသံများ ရှုပ်ထွေးနေပြီး အတော်လေး ဆူညံနေသည်။ တောင်တစ်ခုလုံးကိုလည်း တောက်ပသည့်အလင်းတန်းများ လွှမ်းခြုံထားသည်။
ရှီဟောင် ထိုတောင်ထိပ်ပေါ်သို့ တက်သွားလိုက်ပြီး တောင်နောက်ကို ကြည့်လိုက်သည်နှင့် သူ၏ဦးရေပြားများ ထုံကျဉ်သွားကာ သူ့ခန္ဓာကိုယ်လည်း ချက်ချင်းပင် နောက်ဆုတ်လာလေသည်။
တောင်နောက်ဘက်တွင် ယင်မြူများအုံ့ဆိုင်းကာ မှုန်မှိုင်းနေသလို ထာဝရမြူများလည်း တစ်တန်းပြီးတစ်တန်း ရောယှက်နေသည်။ ထိုနေရာတွင် တစ္ဆေသရဲကဲ့သို့သော ပုံရိပ်များရှိနေသည်။ ဤသည်မှာ သတ္တဝါမျိုးစုံပင်။
အမှောင်ထုထဲ၌ သူတို့ အော်ဟစ်နေကြသည်။
တစ်ချိန်တည်းမှာပင် ထူးခြားသည့်သတ္တဝါအချို့လည်း ထိုနေရာ၌ ထိုင်နေကာ ကျမ်းစာများကို ရွတ်ဖတ်နေသည်။ ဤသတ္တဝါများ အနားတွင် သူတို့နောက်သို့လိုက်ကြသည့်သူများလည်း ရှိသည်ပင်။ ဤလူများလည်း ထိုင်နေကြကာ ကျမ်းစာများ၏ အဓိပ္ပာယ်ကို လေ့လာနေကြသည်။
သူရဲကောင်းဝိညာဉ်တွေ..
ဤနေရာ၌ သူရဲကောင်းဝိညာဉ်များစွာ ရှိနေသည်။ ဤနေရာမှာ အလောင်းပင်လယ်တစ်ခုကဲ့သို့ပင်။
သူရဲကောင်းဝိညာဉ်အတော်များများမှာ ပျက်စီးနေပြီဖြစ်ပြီး စွမ်းအားကြီးသည့် ဝိညာဉ်များသာ ထိုင်ကာ ကျမ်းစာ ရွတ်နေခြင်းပင်။ သို့သော် ကျမ်းစာ ရွတ်သည်ဟု ပြောမည့်အစား နတ်စွမ်းရည်များ ပြသနေသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ သူတို့သည် လက်အောက်ငယ်သားများအား စုစည်းနေခြင်းပင်။
“သူတို့တွေက တော်တော်လေးကို စွမ်းအားကြီးတာပဲ..” ရှီဟောင် အတော်လေး လှုပ်ရှားသွားရသည်။ ဤသူရဲကောင်းဝိညာဉ်များသာ လွတ်သွားလျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးပင် အရောင်ပြောင်းသွားလိမ့်မည်။
“သေချာကြည့် .. တစ်ချို့ သူရဲကောင်းဝိညာဉ်တွေက ယင်စွမ်းအင်တွေ မရှိတော့ဘူး ရွှေရောင်တွေဖြစ်သွားပြီ .. သူတို့တွေ အသက်ရှင်တုန်းကထက်တော့ အားမနည်းဘူး..” ရှီဟောင် ဘေးတွင် ပေါ်လာသည့် လယ်သမားအိုကြီးမှ ပြောလိုက်သည်။
ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်၏။ ထင်ထားသည့်အတိုင်းပင် ယင်မြူများကြားထဲ၌ သူရဲကောင်းဝိညာဉ်များအနီး၌ စုဝေးနေသည့် ရွှေရောင်အလင်း အစက်အပြောက်များရှိနေသည်။
ဤသည်မှာ သူ့အားအတော်လေးစိတ်လှုပ်ရှားစေကာ သူ့ဝိညာဉ်ပင် တောင့်ခံသွားရသည်။ ဤသက်ရှိများမှာထင်မထားလောက်အောင်ပင် စွမ်းအားကြီးလွန်းလှသည်။ သူတို့ထံ၌ သေဆုံးခြင်းစွမ်းအင်မဟုတ်ပဲ ထာဝရတာအိုအော်ရာရှိနေသည်။
“ဒီသူရဲကောင်းဝိညာဉ်တွေက အရမ်းကို စွမ်းအားကြီးတယ် .. သူတို့သာ ဒီနေရာကနေ ထွက်သွားရင် ဘယ်သူက သူတို့ကို တားနိုင်မှာလဲ..” ရှီဟောင် ချွေးစေးများပင် ပြန်လာရသည်။ ရွှေရောင်အလင်းရှိသည့် သူရဲကောင်းဝိညာဉ်များမပြောနှင့် ဆိုးဆိုးရွားရွားပျက်စီးနေသည့် သူရဲကောင်းဝိညာဉ်များ ထွက်ပြေးသွားလျှင်ပင် သူတို့ကို အနိုင်ယူရန် ခက်ခဲလိမ့်မည်ပင်။ ရှီဟောင် ဤနေရာ၌ သေသွားရုံတင်သာမက ဤလောကကြီးတစ်ခုလုံးပါ ဖရိုဖရဲဖြစ်သွားလိမ့်မည်။
“ဒီနေရာက ထာဝရတောင်ပို့လို့ခေါ်တယ် .. ဒါပေမဲ့ တကယ်တမ်းတော့ ရှေးဟောင်းသင်္ချိုင်းတစ်ခုပဲ .. စစ်ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာ သတ္တဝါတွေတော်တော်များများကို ဒီမှာ မြှုပ်ထားခဲ့တာ .. ဒီထဲမှာ ထာဝရသက်ရှိတွေလည်း မရှားဘူး .. တစ်ချို့သက်ရှိတွေက သူရဲကောင်းဝိညာဉ်တွေ ဖြစ်သွားတာ … ဒါပေမဲ့ မင်း စိတ်ပူစရာမလိုဘူး .. ဒီမှာ အဆီးအတားတွေရှိနေတော့ ယာယီတော့ သူတို့လွတ်နိုင်မှာမဟုတ်ဘူး..”
ရှီဟောင် ကောင်းကင်ထက်သို့ ထပ်တက်လိုက်သည့်အချိန်တွင် တောင်၏အခြားတစ်ဖက်၌ အဝါရောင် ပြောင်းနေပြီဖြစ်သည့် စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။ ထိုစာရွက်ပေါ်၌ ‘အဆီးအတား’ ဟူသည့် ထာဝရရှေးဟောင်းစာလုံးတစ်လုံးရှိနေသည်။
ဤသည်မှာ ရှေးခေတ်ပုံစံ စာရွက်တစ်ရွက်ပင်။ မိုးများလေများကြောင့် ဝါကြင်နေပြီဖြစ်သော်လည်း ဤမျှစွမ်းအားကြီးနေသေးသည်။ များပြားလှသည့် သူရဲကောင်းဝိညာဉ်များ တစ်လှမ်းမှ မထွက်နိုင်အောင် ဖိနှိပ်ထားနိုင်ဆဲပင်။
“ငါအမှတ်မမှားဘူးဆိုရင် ဒီနောက်ပိုင်းမျိုးဆက်တွေထဲမှာ ကံပါတဲ့လူတွေက အဆီးအတားကို ဖြေနိုင်ပြီးတော့ ဒီသူရဲကောင်းဝိညာဉ်တွေကို စစ်ပွဲဆီ ခေါ်သွားလို့ရတယ်တဲ့ .. ဒါပေမဲ့ သတိတော့ထားရမယ် .. တစ်ခုခုမှားသွားတာနဲ့ ရန်သူနဲ့မိတ်ဆွေ မကွဲပြားပဲ ဖြစ်သွားလိမ့်မယ် .. သူရဲကောင်းဝိညာဉ်တွေက အစကတည်းက လောကကြီးကို ဒုက္ခပေးချင်တဲ့ ဝိညာဉ်တွေ”
ဤလယ်သမားအိုကြီးသည် တစ်စုံတစ်ယောက်မှ ကျောက်နံရံထက်တွင် ထွင်းထုထားခဲ့သည့်ပုံပင်။ နောက်ပိုင်းတွင်မှ ဝိညာဉ်အသိဉာဏ်များရလာပြီး အတိတ်မှအဖြစ်အပျက်များကို နားလည်လာနိုင်ခြင်းပင်။
ရှီဟောင် ထိုနေရာ၌သာ ငေးမောပြီး ရပ်နေမိသည်။
“ပြီးတော့ ဒီကို ရောက်လာတဲ့သူတွေကို ပြောဖို့ မှာထားတဲ့အသံတစ်သံကိုလည်း ငါကြားလိုက်ရသေးသလိုပဲ .. ဒီရှေးဟောင်းမြေအောက်မှာ အိပ်ပျော်နေတဲ့ ပိုပြီးကြောက်စရာကောင်းတဲ့ အဆင့်လွန်သက်ရှိတစ်ယောက် ရှိတယ်တဲ့..” လယ်သမားအိုကြီးမှ ပြောလိုက်သည်။
ရှီဟောင် မယုံကြည်နိုင်စွာပင် သူ့အား လှည့်ကြည့်လိုက်သည်။
“သူက သူရဲကောင်းဝိညာဉ်တွေကြားထဲမှာ ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူဖြစ်တယ်လို့ ပြောကြတယ်.. သူက ထာဝရရှေးဟောင်းခေတ်မှာ အဆင့်လွန်သူရဲကောင်းဝိညာဉ်ဖြစ်နေပြီ .. သူ့ရဲ့အရင်တုန်းက ခန္ဓာကိုယ်က မယုံကြည်နိုင်လောက်အောင် ရှေးကျတယ်တဲ့..” ဤနေရာ၌ရှိနေသည့် သူရဲကောင်းဝိညာဉ်များမှာ နှစ်ဖက်ဓားသွားများဖြစ်ကြောင်း လယ်သမားအိုကြီးမှ သူ့အား ပြောပြနေသည်။
“ကျွန်တော် မှတ်ထားပါ့မယ်..” ရှီဟောင် ပြောလိုက်သည်။ သူသာ ရွေးချယ်စရာရှိလျှင် ဤနေရာသို့ လာမည်မဟုတ်။ သို့သော်လည်း သူရွေးချယ်စရာမရှိတော့သည့် တစ်နေ့ကျလျှင်တော့ ဤနေရာသို့ လာပြီး ဤအဆီးအတားကို ဖယ်ပစ်ရမည်ပင်။
ရှီဟောင် ထိုဆူညံနေသည့် ကျမ်းစာသံများကို ဆက်နားထောင်မနေတော့ပဲ လှည့်ထွက်လာခဲ့လိုက်သည်။
“နှုတ်ဆက်ပါတယ် .. ကျွန်တော် သွားပြီး ကျင့်ကြံတော့မယ် .. ကျွန်တော်က ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးပြီး ကျင့်ကြံမှာ .. ကျွန်တော်အောင်မြင်မှ ရမယ်.” ရှီဟောင် ထာဝရတောင်ပို့မှ ထွက်လာကာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ပြန်သွားလိုက်သည်။
အပိုင်း ၁၄၄၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၃ – ဖရိုဖရဲခေတ်များ
သူ၏အပြန်ခရီးမှာ အလွန်ချောမွေ့နေသည်ပင်။ လမ်းတစ်လျှောက်တွင် ရှီဟောင် ရွှမ်ခွန်၊ ယောင်ယွဲ့နှင့် အခြား စွမ်းအားကြီးသည့် ကျင့်ကြံသူများကို တွေ့ခဲ့ရသေးသည်။
“သူပြန်လာပြီလား .. အချိန်အများကြီးကျန်သေးတာကို .. သူ နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ကို ရသွားပြီလို့တော့ ငါ့ကိုမပြောနဲ့နော်..” ထာဝရကျောင်းမှ ဂျီးနီးယပ်စ်တစ်ယောက် တီးတိုးပြောလိုက်သည်။
အခြားသူများလည်း သူ့အားလှည့်ကြည့်လာကာ ရတက်မအေးနိုင်ဖြစ်နေကြသည်။ သူတို့ အားကုန်သုံးကာ ယခုမှ တောင်ဂိတ်တံခါးကို ဖွင့်နိုင်ခြင်းဖြစ်သော်လည်း တစ်ဖက်လူမှာ လွယ်လွယ်ကူကူပင် ပြန်ထွက်လာလေပြီ။
“တာအိုရောင်းရင်း မင်းဘာတွေများရခဲ့လဲ..” အလေးအမြတ်ကျောင်းမှ တစ်စုံတစ်ယောက်မှ ပြုံး၍မေးလိုက်သည်။
“နည်းနည်းပါ..” ရှီဟောင် ထိုသူအား ကြည့်၍ ပြောလိုက်သည်။
“နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ကို ရှင် တကယ်တွေ့ခဲ့တယ်လို့ ကျွန်မကို မပြောနဲ့နော်..” မင်းသမီးယောင်ယွဲ့၏မျက်လုံးများ အရောင်တောက်နေလေသည်။
ရှီဟောင် ဘာမှမပြောပဲ ပြုံးပြုလိုက်သည်။ သို့သော်လည်း ဤသည်မှာ အားလုံးကို ပို၍သံသယဝင်သွားစေသည်ပင်။
“နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ကို တွေ့ခဲ့ရုံသာမက ဒီဝါးပင်ကို ရပါရခဲ့တယ်လို့ ငါ့ကိုမပြောနဲ့နော်..” ထာဝရကျောင်းမှ လူငယ်တစ်ယောက် လေးနက်သည့်အမူအရာဖြင့်မေးလိုက်သည်။
ရှီဟောင် ဘာမှပြန်မဖြေပဲ လှည့်ထွက်သွားလိုက်သည်။ သူ၏အတွေ့အကြုံများကို သူတို့အား ပြောပြနေဖို့မလို။
“ရပ်လိုက်..” လျစ်လျူရှုခံလိုက်ရသောကြောင့် ထာဝရကျောင်းမှ ထိုလူငယ် ဒေါသထွက်ကာ အော်ဟစ်လာလေသည်။
ရှီဟောင် သူ့အား အရေးမလုပ်ပဲ ရှေ့ဆက်လျှောက်သွားလိုက်သည်။
ရွှီး..
ထိုလူငယ်လေး လက်မြှောက်လိုက်သည်နှင့် သူ၏လက်ဝါးမှ ဓားစွမ်းအင်တစ်ကြောင်း ထွက်ပေါ်လာသည်။ ထိုစွမ်းအင်တွင် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေအော်ရာများရှိကာ ငါးရောင်ကွဲသွားသည်။ ဤသည်မှာ ရှေးဟောင်းနတ်စွမ်းရည်တစ်မျိုးဖြစ်သည့် ဒြပ်စင်ငါးခု နတ်ဓားပင်။
သို့သော်လည်း ဓားစွမ်းအင်သည် ရှီဟောင်ထံသို့ ကျရောက်သွားခြင်းမဟုတ်ပဲ ဘေးဘက်မှ ကျောက်တုံးကြီးကိုသာ ထိမိသွားသည်။ ထိုကျောက်တုံးကြီးသည် နှစ်ပိုင်းကွဲသွားပြီးနောက် အမှုန့်များဖြစ်သွားလေသည်။
“ဒါက ဘာကိုဆိုလိုတာလဲ..” ရှီဟောင် သူ့အား လှည့်ကြည့်လာကာ ထူးမခြားနားစွာပင် မေးလိုက်သည်။
အားလုံး ထိတ်ခနဲဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ အောင်မြင်မှုများမှာ အံ့အားသင့်စရာကောင်းလှသည်။ ငရဲကြီးရှစ်ထပ်အိုကို အနိုင်ယူပြီးသည့်နောက် သူသည် ကောင်းကင်နတ်ဘုရားအဆင့်၌ နံပါတ်တစ် ဖြစ်သွားလေပြီ။ လူ ဘယ်နှယောက်လောက်ကများ သူ့အား ရန်စရဲမည်နည်း..
“တာအိုရောင်းရင်း အထင်မလွဲပါနဲ့ .. ဒီတာအိုညီအစ်ကိုက နည်းနည်း တည့်တိုးဆန်လို့ပါ .. သူ နည်းနည်းဒေါသထွက်သွားလို့ပါ..” ထာဝရကျောင်းမှ တစ်စုံတစ်ယောက်မှ အလျင်အမြန်ရှင်းပြလာသည်။
ထိုလူငယ်လေးလည်း သတိဝင်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားရသည်။
ဤဟွမ်သည် ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းနှစ်ခုလုံးကို ဝင်နိုင်သော်လည်း ဤကျောင်းနှစ်ခုမှ အကြီးအကဲများ သူ့အား အကျိုးအမြတ် လုံလုံလောက်လောက်မပေးနိုင်သောကြောင့် သူ ကျောင်းနှစ်ကျောင်းလုံး မဝင်သေးခြင်းပင်။
ဤကဲ့သို့သော သူများကို သူ ရန်စမရဲ။ သူ့ရှေ့တွင် စကားကိုပင် မဆင်မခြင် မပြောရဲ။
ထို့ကြောင့်ပင် ဤလူငယ်လေးသည် အသိဝင်လာသည်နှင့် ကြောက်ရွံ့လာခြင်းပင်။
ရွှီး…
ရှီဟောင်လှုပ်ရှားလိုက်သည်။ အလွန်လျင်မြန်လှသည့် ဓားအလင်းတန်းတစ်ခု ထွက်လာကာ ထိုလူငယ်လေး၏ ရွှေရောင်ဆံထိုးကို ထိသွားလေသည်။
“မင်း..” ထိုလူငယ်လေး၏မျက်နှာ ဖြူဖျော့သွားသည်။ သူ တစ်ခုခု ပြောလိုက်ချင်သော်လည်း သူ့ဘေးမှလူမှ သူ့လက်မောင်းအား ဆုတ်ကိုင်လာသောကြောင့် သူ့ပါးစပ်ကို ပြန်ပိတ်လိုက်ရသည်။
“တစ်ခြားသူတွေကို ဓားနဲ့လိုက်ရွယ်မနေနဲ့ .. မဟုတ်ရင် မင်း ကျုပ်ကို စစ်ကြေငြာနေတာလို့ ကျုပ်အထင်မှားသွားလိမ့်မယ်..” ရှီဟောင် သူ့အားတစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် တစ်ဖက်လှည့်ကာ ထွက်သွားလိုက်သည်။
ဤလူအုပ်ကြီးမှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားကြသည်။ ဟွမ်၏ပုံစံမှာ မပြောင်းလဲသေး။ သူသည် ကျောင်းနှစ်ကျောင်း၏ ဂုဏ်သတင်းကိုလည်းထည့်တွက်နေမည်မဟုတ်။ သူ့ကိုရန်လာစပါက ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများ၏ တိုက်ရိုက်တပည့်များဖြစ်နေလျှင်ပင် သူ ထိုသူတို့ကို သင်ခန်းစာ ပေးမည်ပင်။
“မင်း ဒီမှာပဲ ရပ်လိုက်သင့်ပြီ .. သူ မင်းကို ဘာမှမလုပ်သွားတာပဲ တော်တော်ကောင်းနေပြီ..” ဘေးဘက်မှ တစ်စုံတစ်ယောက်မှ အကြံပေးလိုက်သည်။
ထိုလူငယ်လေးမျက်နှာ ဖြူဖျော့သွားရသည်။ သူ အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်၏။ သူ၏ဒေါသတရားကို ပြသရဲသော်လည်း စကားတော့ မပြောရဲ။ သူ၏ထာဝရစွမ်းအင် သုံးကြောင်းသည် သက်ရှည်မိသားစုမှ အကြီးအကဲများ အားကုန်သုံးကာ ပြုလုပ်ထားပေးခြင်းဖြစ်သော်လည်း မည်သို့ပင်ဆိုစေ သူသည် ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် သူတစ်ဦးပင်။ သို့သော်လည်း ယခုတော့ သူ၏ဂုဏ်သိက္ခာမှာ ယခုကဲ့သို့ နင်းချေခံလိုက်ရလေပြီ။
“ပြီးပြည့်စုံတဲ့မျိုးစေ့မရှိရင် သူ့ရဲ့အနာဂတ် တောက်ပနေလိမ့်ဦးမယ်လို့ ငါ မယုံဘူး..” ထိုလူငယ်လေး နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
ယခုအချိန်တွင် ဟွမ်က ပြီးပြည့်စုံသည့် ရှေးဟောင်းမျိုးစေ့လိုအပ်နေကြောင်း အားလုံးသိနေသည်ပင်။ သို့သော်လည်း ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများ သူ့အတွက် တစ်ခုပင် မပေးနိုင်ခဲ့။ သူသာ သာမန်မျိုးစေ့တစ်ခုနှင့်ပေါင်းစည်းလိုက်ပါက သူ၏အနာဂတ်အောင်မြင်မှုမှာ အကန့်အသတ်နှင့်ဖြစ်သွားလိမ့်မည်။ သူလည်းထိုမျှ အာရုံစိုက်ခံရတော့မည်မဟုတ်။
“မင်းဘယ်လောက်ပဲ မောက်မာနေပါစေ ဒါက ကောင်းကင်နတ်ဘုရားအဆင့်အတွက်ပဲဖြစ်လိမ့်မယ် .. ငါမင်းကို ဂိုဏ်းခေါင်းဆောင်အဆင့်မှာ စောင့်နေမယ် .. ငါတို့ပြန်တွေ့တဲ့အချိန်ကျရင် မင်းက ဘာတွေနဲ့ မောက်မာဦးမလဲဆိုတာ ကြည့်ကြတာပေါ့..” ထိုလူငယ်လေး၏အသံမှာ အလွန်အေးစက်နေသည်ပင်။
ဤသည်မှာလည်း ရှီဟောင် တောင်ဂိတ်တံခါးမှ ထွက်ခွာသွားပြီး အတော်ဝေးဝေးသို့ ရောက်သွားပြီဖြစ်သောကြောင့် သူပြောရဲခြင်းပင်။
သို့သော် အခြားသူများလည်း ခေါင်းညိမ့်လိုက်သည်။ ယင်ယန်မျိုးစေ့၊ လောကသစ်ပင်အပင်ပေါက်နှင့် အခြားမျိုးစေ့များမပြောနှင့်။ ဤမျိုးစေ့များထက် အနည်းငယ် အဆင့်နိမ့်သည့် တာအိုမျိုးစေ့ကိုပင် ရှီဟောင် မရှာနိုင်ခဲ့။ သူက ထိပ်တန်းပုဂ္ဂိုလ်များနှင့် ယှဉ်လိုလျှင် သူ့အတွက် အလွန်ခက်ခဲမည်ပင်။
ကောင်းကင်လေးဘုရင်တို့မှာ ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းမျိုးစေ့များနှင့် ပေါင်းစည်းပြီးသားပင်။ သူတို့သည် ယခုအချိန်တွင် ပို၍စွမ်းအားကြီးလာပြီဖြစ်ပြီး ဤမိုးကောင်းကင်အောက်တွင် သူတို့နှင့် ရင်ဆိုင်နိုင်သည့်သူ မရှိတော့။
“သူ သက်ရှည်မိသားစုတစ်စုစုကို မရွေးလိုက်တာ နှမြောစရာပဲ .. မဟုတ်ရင် သူ အဲဒီမိသားစုဝင်တစ်ယောက် ဖြစ်လာနိုင်သေးတယ်..” ဝမ်ရှီးလည်း ပြောလိုက်သည်။
“ပြောလို့မရဘူးလေ .. ကောင်းကင်နတ်ဘုရားကျောင်းမှာလည်း ရှေးဟောင်းမျိုးစေ့တစ်စေ့ ရှိနေမှာပေါ့..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
“အရင်တုန်းကတည်းကနေ အခုအချိန်ထိ ပြီးပြည့်စုံတဲ့မျိုးစေ့တွေ ပေါ်လာတာ နည်းနည်းပဲရှိတယ် … ရှေးဟောင်းမျိုးစေ့တွေက တစ်ခုပြီးတစ်ခု တူးဖော်ပြီးသွားပြီ .. သူက ဘယ်မှာသွားရှာတော့မှာလဲ .. တကယ်ကို နှမြောစရာကောင်းတာပဲ..” မင်းသမီးယောင်ယွဲ့လည်း ပြောလိုက်သည်။
ယခုအချိန်တွင် ရှီဟောင်၏လမ်းကြောင်း အလွန်ကြမ်းတမ်းလိမ့်မည်ဟု အားလုံးယုံကြည်နေကြသည်ပင်။ ယခုအချိန်တွင် သူ၏ ယခင်က တောက်ပမှုများအားလုံး ဆုံးရှုံးသွားပြီး သူ၏အနာဂတ်မှ အံ့အားသင့်ဖွယ်ကိစ္စများလည်း မရှိနိုင်တော့။
“သူ နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ရသွားရင်တောင်မှ သူ့အတွက် အရမ်းအသုံးဝင်မှာမဟုတ်ဘူး .. သူက စွမ်းအားအကြီးဆုံး ရွှေရောင်ခန္ဓာကိုယ် ဖြစ်လာရင်တောင်မှ သူက ထာဝရရှေးဟောင်းပညာလေးတစ်ခုကိုတောင် ခံနိုင်မှာမဟုတ်ဘူး .. ပြီးပြည့်စုံတဲ့ထာဝရမျိုးစေ့နဲ့ ပေါင်းစည်းထားတဲ့သူတွေမှာ ခန္ဓာကိုယ်ပညာတွေအားလုံကို ဖျက်ဆီးနိုင်မယ့် ပြိုင်ဘက်ကင်းတဲ့တာအိုပညာတွေရှိမှာပဲ” တစ်စုံံတစ်ယောက်မှ နှာခေါင်းရှုံ့၍ပြောလိုက်သည်။
ရှီဟောင်၏အနာဂတ် ကောင်းမွန်လိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ သူ့အား ကြောက်နေကြသော်လည်း ကောင်းကင်နတ်ဘုရားအဆင့်ကို ကျော်လွန်သွားသည်နှင့် အားလုံး ပြောင်းလဲသွားလိမ့်မည်။
“ငါတို့သွားမယ်..” သူတို့ရှေ့ဆက်လျှောက်လာလိုက်ကြသည်။
သူပြန်လာသည့် လမ်းတစ်လျှောက်တွင် မိတ်ဆွေဟောင်းများကို တွေ့ခဲ့ရသည်။ ချောင်ယုရှင်းမှာ သက်တောင့်သက်သာအဖြစ်ဆုံး ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။ သူရဲကောင်းဝိညာဉ်များ၏ တိုက်ခိုက်မှုမှ နိုးထလာသည်နှင့် သူသည် ထိုစစ်ပွဲဝိညာဉ်များကို အရင်လိုက်ရှာကာ သူတို့ထံမှ ခိုးယူရန် ကြိုးစားလိုက်လေသည်။
သူသည် ထူးဆန်းသည့်နည်းလမ်းတစ်ခုကို အသုံးပြုကာ သူရဲကောင်းဝိညာဉ်များ၏ မှတ်ဉာဏ်များကို ရှာဖွေကာ သူတို့ထံမှ ရှေးဟောင်းနည်းလမ်းများကို သင်ယူလိုက်သည်။
“အဲဒီတော့ ဒါက အဝါရောင်မြစ်သစ်သီးလား..” ရှီဟောင်၏ အတွေ့အကြုံများကို နားထောင်ပြီးသည့်နောက်တွင် သူ ဤအသီးကို မစားရဲတော့။
သူ ဤအသီးကို ဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။ အလေးအမြတ်ကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများကို မေးမည်။ သို့မဟုတ် အဆင့်နိမ့်နယ်မြေမှ သူ၏ဆရာကို မေးပြီးမှသာ စားတော့မည်။
“ငါ စားမယ်..” လကျောက်စိမ်းယုန်လည်း ဤနေရာ၌ ရှိနေသည်။ သူမသည် သူတို့အစောပိုင်းမှ ပြောနေကြသည့်စကားများကို မကြားလိုက်ပဲ ဤသည်မှာ နတ်သစ်သီးတစ်လုံးသာဖြစ်လိမ့်မည်ဟု ထင်နေခြင်းပင်။ ထို့ကြောင့်ပင် သူမသည် ထိုအသီးကို ယူလိုက်ပြီးပါးစပ်အပြည့် တစ်ကိုက်ကိုက်စားလိုက်လေသည်။
“ဒါက တကယ်ကို အရသာရှိတယ် .. ငါက အသီးအရွက်တွေ စားရတာ အကြိုက်ဆုံးပဲ..” ယုန်ဖြူလေး ပြူးကျယ်နေသည့်မျက်လုံးများဖြင့် ပြောလိုက်သည်။ သူမ၏မျက်နှာထက်၌ ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
သို့သော်လည်း သူမသည် ချက်ချင်းပင် အသိစိတ်လွတ်သွားကာ မလှုပ်ရှားတော့ပေ။
“သူ့ရဲ့ အသိစိတ်က ဘယ်ရောက်သွားတာလဲ .. ဘာလို့ ပျောက်သွားတာလဲ..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
သူမလက်ထဲမှ ချီလင်းလေးလည်း တဝူးဝူးအော်ငိုနေလေပြီ။ မူလဝိညာဉ်ပင် ပျောက်သွားသောကြောင့် ဤသည်မှာ လူတစ်ယောက် သေသွားသည်နှင့် အတူတူပင်။
“ပြင်းထန်လိုက်တာ..”
ရှီဟောင်၏ အမူအရာမှာ လေးနက်နေသည်။ ဤသည်မှာ အဝါရောင်မြစ်သစ်သီးကိုစားပြီးနောက် လူတစ်ယောက် ပြောင်းလဲသွားခြင်းကို ရှီဟောင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
လေဟာနယ်၏ ထောင့်တစ်နေရာ စုတ်ပြဲသွားသည်ကို သူအာရုံခံမိလိုက်သည်ပင်။ သို့သော် သူမြင်လိုက်သည်မှာ အတုလားအစစ်လား သူ မကွဲပြား။
မည်သို့ပင်ဖြစ်စေ ယုန်ဖြူလေး၏ မူလဝိညာဉ်ပျောက်ကွယ်သွားပြီဖြစ်သည်။
“အဝါရောင်မြစ်သစ်သီးက ပြန်ဝင်စားအောင် လုပ်ပေးနိုင်တာများလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူနှင့် ချောင်ယုရှင်း ဤနေရာကို စောင့်ကြပ်နေကြပြီး ခြေတစ်လှမ်းပင် မခွာရဲကြ။ တစ်ခုခုဖြစ်သွားမည်စိုးသောကြောင့် သူတို့ ယုန်ဖြူလေးအား မထိရဲလောက်သည်အထိပင်။
ထိုပုံစံအတိုင်း တစ်နေ့နှင့်တစ်ည ကုန်ဆုံးသွားသည်။ လကျောက်စိမ်းယုန်သည် ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် မိန်းမပျိုလေးကဲ့သို့ လှပလှသည်။
နောက်ဆုံးတွင် ညနေပိုင်းခန့်၌ ယန်စွမ်းအင်များ အကောင်းဆုံးဖြစ်လာကာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ခဲ့သည်။
ဤနေရာကို အမှောင်ထုများ လွှမ်းမိုးလာပြီး လကျောက်စိမ်းယုန်၏ ခန္ဓာကိုယ် တစ်ဖြည်းဖြည်း မှုန်ဝါးလာကာ ပျောက်ကွယ်သွားလေသည်။
ရှီဟောင်နှင့် ချောင်ယုရှင်းတို့ တားဆီးရန် ကြိုးစားလိုက်သော်လည်း အလွန်နောက်ကျသွားလေပြီ။ သူတို့ကို ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု တွန်းထုတ်လိုက်ပြီး ယုန်ဖြူလေးလည်း ပျောက်ကွယ်သွားသည်။
“သူဘယ်ရောက်သွားတာလဲ..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် အမှောင်ထု ပျောက်ကွယ်သွားကာ ယုန်ဖြူလေး၏ လှပသည့်ခန္ဓာကိုယ်သည် မူလနေရာ၌ ပြန်ပေါ်လာသည်။ ထို့အပြင် သူမမျက်တောင်လေးများ လှုပ်ခတ်လာပြီး မျက်လုံးများပွင့်လာသည်။
သူမသည် အလွန်ရှုပ်ထွေးနေသည့်သူပုံပေါ်ကာ ထိုနေရာ၌ ရပ်နေပြီး ဘာလုပ်ရမှန်းမသိသည့်ပုံပင်။
“ထတော့..” ရှီဟောင် သူမ အသိပြန်ဝင်လာအောင် အော်ခေါ်လိုက်သည်။
“မင်း ဘာကြုံခဲ့ရတာလဲ .. မင်း ဘာတွေ့ခဲ့တာလဲ..” ချောင်းယုရှင်း ချက်ချင်းမေးလိုက်သည်။
ယုန်ဖြူလေးသည် သူမရှေ့မှ သူတို့နှစ်ယောက်ကိုကြည့်ကာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသေးသည်။ သူမ ကြုံတွေ့လိုက်ရသည့်အရာများမှာ သူမအား အတော်လေး ထိတ်လန့်သွားစေသည်ပင်။ ထို့နောက် သူမသည် တဝူးဝူးတဝါးဝါး စတင်ငိုကြွေးလာသည်။
” ငါ သေလောက်အောင် လန့်သွားတာ .. စက်ဝန်းစုတ်ကြီးတစ်ခု ပေါ်လာပြီး ငါ့ကို ပြန်မွေးဖွားခြင်းဆီ ပို့လိုက်တာ .. အရမ်းထူးဆန်းတယ် .. ငါ .. ငါဘာလို့ ဘာမှမမှတ်မိတာလဲ .. ငါရေးရေးလေးတွေပဲ မှတ်မိတယ်”
ရှီဟောင် သူမ လက်တစ်ဖက်ကို ဆွဲယူလိုက်ပြီး ပြန်လည်ဝင်စားခြင်းသင်္ကေတရှိမရှိ စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း ဟာလာဟင်းလင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ကိုယ့်ကိုကိုယ် ဆန်းစစ်ကြည့်လိုက် .. တစ်နေရာရာမှာ သင်္ကေတတွေ ထပ်တိုးလာသေးလား..” ရှီဟောင်ပြောလိုက်၏။
“ဒီမှာ..”
သူမ အဝတ်ကိုဆွဲကာ ခြေသလုံးအား လှန်ပြလိုက်သည်။ သူမ၏ခြေထောက်လေးမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသန်စင်နေပြီး ထိုနေရာ၌ နေလောင်သကဲ့သို့ အမာရွတ်လေးတစ်ခု ရှိနေသည်။
“ဘယ်သူ ငါ့ကို လုပ်ကြံတာလဲ .. ဘယ်သူက ငါ့အလှကို ဖျက်ဆီးချင်နေတာလဲ..” ယုန်ဖြူလေး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ တစ်ခုခုနှင့် ပြင်းပြင်းထန်ထန်ပွတ်မိထားသကဲ့သို့ ဖြစ်နေသည့် ဒဏ်ရာတစ်ခုပင်။ ထို့ကြောင့် ဤနေရာ၌ ပြန်လည်ဝင်စားခြင်းသင်္ကေတရှိမရှိ မသိနိုင်ဖြစ်နေခြင်းပင်။ ထိုနေရာ၌ ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု ရှိနေပြီး အရာအားလုံးအား ဖယ်ရှားပစ်နေသည်။
“မင်း တကယ်ပဲ ဘာတွေကြုံတွေ့ခဲ့ရတာလဲ..” ရှီဟောင် မေးလိုက်၏။
“ငါ ပြန်ဝင်စားတာကို ကြုံခဲ့တာထင်တယ် .. ပြန်ဝင်စားနေတဲ့အချိန်တုန်းက ငါမှတ်မိတာက ထာဝရရွှေမျိုးစုံနဲ့ လုပ်ထားတဲ့အိုးတစ်လုံးကို တွေ့ခဲ့တယ် .. အိုးကြီးက အရောင် ၉ ရောင်တောက်ပနေတာ .. အဲဒီအိုးကနေ အလုံးစုံသက်ရှိစွမ်းအင်တွေလည်း စီးကျနေသေးသည်။ အိုးထဲမှာ သွေးတွေပြည့်ပြီးအောက်ကို စီးကျနေသေးတယ် .. သူက လေဟာနယ်နဲ့ အချိန်အချုပ်အနှောင်ကို ချိုးဖျက်ပြီး လာခဲ့တာ .. ငါ မြင်ကွင်းတစ်ချို့ကိုလည်း မြင်ခဲ့ရသလိုပဲ … မြင်ကွင်းအားလုံးက စစ်ပွဲတွေ .. မယုံကြည်နိုင်လောက်အောင်ကို ကြောက်စရာကောင်းတာ .. ပြီးတော့ အဲဒီအိုးထဲမှာ ရင်းနှီးနေတဲ့ မှုန်ဝါးဝါးအရိပ်တစ်ခုကိုလည်း တွေ့ခဲ့သလိုပဲ .. ငါတစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားမိပေမယ့် ဘယ်မှာမြင်ဖူးခဲ့လဲဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေတယ်..”
ယုန်ဖြူလေးသည် အားလုံးကို တရစပ်ပြောသွားလေ၏။ ယုန်ဖြူလေး ကြုံခဲ့ရသည့် ပြန်လည်ဝင်စားခြင်းမှာ သူတွေ့ကြုံခဲ့ရသည်နှင့် အနည်းငယ် ကွာခြားနေသည်ပင်။
သူမ မြင်ခဲ့ရသည်ဆိုသည့်အိုးမှာ ရှီဟောင်အား တုန်လှုပ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အတိတ်နှင့်ပစ္စုပ္ပန်မှ အိုး မဟုတ်သည်ကို သူသိသည်ပင်။
“ငါ့ကို နတ်စိတ်ကနေပြီးတော့ အားလုံးကို ပြန်ပြပေး .. ငါ တစ်ချက်လောက် ကြည့်ကြည့်မယ်..” ရှီဟောင်ပြောလိုက်သည်။ ယုန်ဖြူလေး၏ တွေ့ကြုံခဲ့သည်များကို သူ ကြည့်ချင်သည်။
အပိုင်း ၁၄၄၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၄ – အာရုံစိုက်ခံရခြင်း
ဝုန်း..
ဤသည်မှာ အလွန်ကြီးမားသည့် အိုးကြီးတစ်အိုးပင်။ ဖရိဖရဲစွမ်းအင်များလည်း ထွက်ပေါ်နေပြီး ဤအိုးမှာ အလွန်ဇောက်နက်သည့်ပုံပေါ်စေသည်။
ဟုတ်ပါသည်။ သူ့ထဲတွင် ကြယ်စမ်းချောင်းမျိုးစုံနှင့် ကြယ်များတောက်ပနေသည်။
“ဒီအိုးက..” ရှီဟောင်၏မျက်လုံးမှ နတ်အလင်း ထွက်ပေါ်လာသည်။ ဤသည်မှာ ယုန်ဖြူလေး၏ နတ်အသိစိတ်မှတစ်ဆင့် သူ မြင်နေရသည့်အရာများပင်။
ဤအိုးမှာ သူယခင်က မြင်ခဲ့ဖူးသည့်အိုးပင်။ သို့သော်လည်း ယခုတော့ ဤအိုးက ပို၍အံ့အားသင့်စရာကောင်းနေသည်။ သူ၏မူလပုံစံကို ပြသထားပြီး အဆုံးမရှိသည့် ကြယ်များကို ဝါးမြိုပစ်တော့မလိုပင်။
ဤအိုးကို မြင်လိုက်ရသည့်အချိန်တိုင်း ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲလှသည်။ သူတို့နှစ်ဦးကြား၌ ထူးဆန်းသည့်အရာတစ်ခုခုဖြစ်လာလိမ့်မည်ဟု သူအမြဲတမ်း ခံစားနေရသည်။
“အဲဒီအမျိုးသမီး..”
ထိုအိုးအနောက်တွင် ပုံစံထူးခြားလှသည့် အဖြူရောင်အဝတ်အစားနှင့်အမျိုးသမီးတစ်ယောက်ကို သူတွေ့လိုက်ရသည်။ လက်ရှိတွင် သူမ၏ လက်များမှာတံဆိပ်များဖြစ်ပေါ်နေပြီး ဤအိုးကြီးအား ရိုက်နှက်နေသည်။
သူမ၏ခန္ဓာကိုယ်မှာ အနည်းငယ် မှုန်ဝါးနေပြီး သူမ၏မျက်နှာထက်တွင် မျက်ရည်များနှင့် သွေးစီးကြောင်းများ ရှိနေသည်။
“သူမပဲ..”
ရှီဟောင် ကောင်းကင်နတ်ဘုရားကျောင်းမှ လူများနှင့် ထာဝရစစ်မြေပြင်သို့ လိုက်ခဲ့စဉ်အခါက ထူးဆန်းသည့်နယ်မြေတစ်ခုသို့ ရောက်သွားခဲ့သေးသည်။ ထိုနေရာတွင် လက်ရှိလောကမှ ဂျီးနီးယပ်စ်များကို သတ်ချင်နေသည့် အတိတ်မှစွမ်းအားကြီးသည့်သူတစ်ယောက်ကို သူတို့ကြုံတွေ့ခဲ့ရသေးသည်။ သို့သော် နောက်ဆုံးတွင်တော့ အလွန်လှပလှသည့်အမျိုးသမီးတစ်ယောက် အချိန်မြစ်အောက်ပိုင်းမှ တိုက်ခိုက်လိုက်သောကြောင့် ထိုသူ ရပ်တန့်သွားသည်။
ဤသည်မှာ ဤအိုးနောက်တွင်ရှိနေသည့် အမျိုးသမီးပင်။
“ဟမ် .. တစ်ခြားသူတွေလည်း ရှိသေးတယ်..”
အခြားမှုန်ဝါးဝါးပုံရိပ်သုံးခုကို သူ တွေ့လိုက်ရ၏။ အားလုံးမှာ အမျိုးသားများပင်။ သူတို့ထဲမှ တစ်ယောက်သည် ခေါင်းလောင်းပေါ်၌ ရပ်နေပြီး အသံလှိုင်းများ ထုတ်လွှတ်နေသည်။ အချိန်လှိုင်းများထွက်ပေါ်လာကာ ထိုအိုးထဲသို့ ဝင်ရောက်သွားလေ၏။
သူတို့သည် ဤအိုးကြီး မြန်မြန်ရောက်လာအောင် လုပ်နေကြခြင်းပင်။
ဝုန်း..
နောက်ဆုံးရိုက်ချက်တွင်တော့ အိုးကြီး ပျောက်ကွယ်သွားကာ ယုန်ဖြူလေး နိုးလာသည်။
ယုန်ဖြူလေး၏ အသိစိတ်မှတစ်ဆင့် အိုးထဲတွင်ရှိနေသည့်အမျိုးသမီးကို သူ မတွေ့လိုက်ရ။ ထိုအစား အိုးအား တိုက်ခိုက်နေသည့်သူများကိုသာ တွေ့လိုက်ရသည်။ ဤသည်မှာ ထူးဆန်းလွန်းလှပြီး ရှင်းရှင်းလင်းလင်းရှင်းပြနိုင်ရန် ခက်ခဲလှသည်။
ဤသည်မှာ ယုန်ဖြူလေး၏ အသိစိတ်မှ သိမ်းထားသည့်မှတ်ဉာဏ်ဖြစ်သောကြောင့် ရှီဟောင် မြင်လိုက်ရသည်မှာ သူမဘက်မှအမြင်ပင်။
“ဒါက အဓိပ္ပာယ်မရှိဘူး ..” ယုန်ဖြူလေး ထူးဆန်းစွာ အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ပြောနေသည့်အရာများမှာ သူမမြင်ခဲ့ရသည်နှင့် မတူပေ။
“နည်းနည်းလောက် ထပ်စဉ်းစားကြည့်.. မင်းတစ်ခြား ဘာတွေကို မြင်ခဲ့ကြားခဲ့သေးလဲ…” ရှီဟောင်မေးလိုက်သည်။ ဤကိစ္စမှာ သာမန်မဟုတ်နိုင်။ ကြည့်သည့်သူနှစ်ယောက်က မတူညီသည့်အရာများကို မြင်နေရသည်ပင်။
“ငါ အားလုံး မေ့သွားပြီ..” ယုန်ဖြူလေး ရှက်ရွံ့မိသည်။ သူမ ဘာကြုံခဲ့ရသည်ကို သူမအားလုံး မေ့သွားလေပြီ။ သူမ၏ မူလဝိညာဉ်သည် ပြန်လည်ဝင်စားခြင်းနှင့်ဆင်တူသည့် ပြောင်းလဲမှုကြီးအား ကြုံခဲ့ရသော်လည်း သူမဘာမှ မမှတ်မိနိုင်တော့။
“နည်းနည်းလောက် ထပ်စဉ်းစားကြည့်ပါဦး..” ရှီဟောင်၏အမူအရာမှာ လေးနက်နေသည်။
“အသံတစ်ချို့ကြားရတယ် .. ပြီးတော့ ဒီအိုးကြီးလွင့်ထွက်လာတယ် .. အိုးကြီးတောက်ပလာပြီးတော့ ဆူညံသံတစ်ချို့ ထွက်လာတယ် .. အဲဒါက လောကကြီး အဆုံးကနေ ထွက်လာတဲ့အသံလိုမျိုး .. အဲဒါက..” ယုန်ဖြူလေး မှတ်မိနိုင်အောင် အကောင်းဆုံးကြိုးစားနေသည်။ သူမသည် သူမ၏အသိစိတ်၏ အနက်ရှိုင်းဆုံးအလွှာများအား စူးစမ်းရှာဖွေနေခြင်းပင်။
“ငါနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေသလိုပဲ .. သူတို့ပြောတာ မရေမတွက်နိုင်တဲ့ အလောင်းတွေအောက်မှာ မြှုပ်ခံထားရတဲ့ တစ်ယောက်ယောက်ရှိတယ်တဲ့ .. သူက အဆုံးမရှိတဲ့ နယ်မြေတွေကို ဖြတ်ကျော်ခဲ့တယ်၊ အမှောင်ထုနယ်မြေကိုလည်း တစ်ယောက်တည်းဖြတ်ကျော်ခဲ့တယ် .. သူက မကောင်းတဲ့နမိတ်ပုံရိပ်တွေကို ပျက်ပြယ်စေခဲ့ပြီးတော့ အထီးကျန်စွာနဲ့ပဲ တစ်ယောက်တည်း သွေးသံရဲရဲတိုက်ပွဲဝင်နေခဲ့တယ် .. သူတို့တွေက အဲဒီလူအကြောင်းကို သိချင်နေကြတာ..”
ထိုသို့ပြောပြီးသည်နှင့် ယုန်ဖြူလေး ရုတ်တရက် ထငိုလာလေသည်။ “ငါတစ်ချို့တစ်လေကို မှတ်မိသင့်တယ် .. အဲဒီတုန်းက အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုခုကို ငါကြားခဲ့ရတယ် .. အခုတော့ .. ငါ ရေးရေးလေးတောင် မမှတ်မိတော့ဘူး..”
သူမ မှတ်မိရန် ကြိုးစားလေလေ ပို၍ ဆိုးလာလေလေပင်။ နောက်ဆုံးတွင်တော့ အရာအားလုံးကို တိမ်ဖုံးသွားကာ သူမ ဘာမှမမြင်နိုင်တော့။
ရှီဟောင် သူမအသိစိတ်ပင်လယ်ထဲသို့ ဝင်ကာ ထိုအတွေ့အကြုံများကို လေ့လာရန် ကြိုးစားလိုက်သော်လည်း အသုံးမဝင်ခဲ့။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ မြူများဖုံးလွှမ်းနေပြီး အချိန်စွမ်းအားများလည်း ရှိနေသည်။
ချောင်ယုရှင်းလည်း ရှီဟောင်အား ကူညီရန် ကြိုးစားလိုက်သည်။
“ထားလိုက်ပါတော့..” ရှီဟောင် ခေါင်းခါလိုက်၏။ “စကြာဝဠာကြီး ပြောင်းပြန်လှန်သွားပြီး ယင်နဲ့ယန် စွမ်းအင်တွေ ဖောက်ပြားသွားတဲ့အချိန်ကျရင် ဒီအမှတ်တံဆိပ်တွေက ရှိနေတော့မှာမဟုတ်ဘူး .. ငါတို့ သူတို့တွေကို ရှာနိုင်မှာမဟုတ်ဘူး”
ပို၍အရေးကြီးသည်မှာ ဤတံဆိပ်များသည် အချိန်နောက်ပြန်လာနေခြင်းဖြစ်သောကြောင့် ကြာကြာမခံနိုင်ခြင်းပင်။
“မင်းတို့နှစ်ယောက်လုံး ထာဝရတောင်ပို့ထဲကို ဝင်မှာလား..” ရှီဟောင်မေးလိုက်သည်။
“ထားလိုက်ပါတော့ … အခွင့်အရေးတွေအကုန်လုံးကို မင်းယူလိုက်ပြီဆိုတော့ ငါတို့က ဝင်ပြီး ဘာလုပ်ရမှာလဲ..” ချောင်ယုရှင်းမှ အလွန်အရေထူလှသည်ပင်။
ရှီဟောင် သူတို့အား နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်၏ အဖိုးတန်အရည် နည်းနည်းပေးလိုက်ကာ ချောင်ယုရှင်းအား အဝါရောင်မြစ်သစ်သီးတစ်လုံး ပေးလိုက်၏။ ထို့နောက် သူတို့အတူတူ ပြန်လာခဲ့လိုက်ကြသည်။ ပြန်လာစဉ်တွင် ချန်ကုန်းယန်နှင့် အခြားသူများကို တွေ့လိုက်ရသောကြောင့် သူတို့ကိုလည်း နတ်အရည် အနည်းငယ်စီ ပေးခဲ့သေးသည်။
“အဲဒါ ဟွမ်ပဲ..”
သူတို့ ထာဝရတောင်ပို့မှ ထွက်လာပြီး တောင်ထိပ်သို့ ရောက်သွားသည်နှင့် လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။
ယခုအချိန်တွင် တောင်ထိပ်၌ရှိနေသည့် ရှေးဟောင်းဘုရားကျောင်း ပျောက်ကွယ်သွားပြီဖြစ်ပြီး စစ်နတ်ဘုရားများ၏ တံဆိပ်များလည်း အစရှာ၍ပင် မရတော့။
“လူငယ်လေး .. မင်း ငါ့ရဲ့ထာဝရကျောင်းကိုလာဖို့ တကယ်မစဉ်းစားတော့ဘူးလား .. အဲဒီနေရာက မင်းပြောင်းလဲမှုတွေ လုပ်လို့ရတဲ့ သဘာဝကံကောင်းမှုတွေရှိနေတဲ့ နေရာတစ်ခုနော်” ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
“ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ရှေးဟောင်းမျိုးစေ့ရှိမနေရင် ကျွန်တော် သွားလည်း ဘာအဓိပ္ပာယ်မှ မရှိဘူး” ရှီဟောင် ပြန်ဖြေလိုက်၏။
“အဲဒါဆိုရင် ငါ့ရဲ့ အလေးအမြတ်ကျောင်းကို လာခဲ့” အလေးအမြတ်ကျောင်းမှ မကောင်းဆိုးဝါးအိုကြီးတစ်ယောက် ခေါ်လိုက်သည်။
ရှီဟောင် ပြုံး၍သာ နေလိုက်သည်။ သူ ခါးသီးနေသလို ကူကယ်ရာမဲ့သလိုလည်း ခံစားလိုက်ရသည်။
ဤကျောင်းနှစ်ကျောင်းမှ အရင်းအမြစ်များကို သူတို့ကျောင်း၌ မွေးမြူသည့် ဂျီးနီးယပ်စ်များအတွက် ခွဲဝေပြီးသွားပြီဖြစ်သောကြောင့် သူ့အတွက် ဘာမှမရှိတော့။ သူသွားလျှင်ပင် သူ့အတွက် ဘာအရင်းအမြစ်မှ မရနိုင်တော့။
“စီနီယာတို့ နှုတ်ဆက်ပါတယ်..” ရှီဟောင် တွေဝေနေခြင်းမရှိပဲ တောင်အောက်သို့ ပြေးဆင်းသွားလိုက်၏။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်ပင်။
“အထင်ကြီးစရာကောင်းလိုက်တာ .. ဒီတောင်က လှေကားထစ်ပေါင်း တစ်သိန်းရှိပြီးတော့ သူ့ရဲ့ဖိအားက ကောင်းကင်နတ်ဘုရားတွေကိုတောင် သေအောင်လုပ်နိုင်တယ် .. အဲဒါက သူက ဒီလိုမျိုးပေါ့ပေါ့ပါးပါးလေးပဲ ဆင်းသွားတာ .. သူ့ရဲ့ခန္ဓာကိုယ်က ဘယ်လောက်တောင်စွမ်းအားကြီးနေတာလဲ..” မကောင်းဆိုးဝါးအိုကြီး ပြောလိုက်သည်။
သူတို့ငယ်ရွယ်စဉ်က ဤကဲ့သို့သော စွမ်းရည်မျိုးမရှိသည်မှာ သေချာသည်။
အချို့လူများမှာ နှမြောနေကြသည်ပင်။ သူတို့သာ ဤကဲ့သို့သော ဂျီးနီးယပ်စ်မျိုးကို ဤကဲ့သို့ လွင့်ကြွေသွားစေပါက အလွန်နှမြောစရာကောင်းနေမည်မလား..
“ဆုံးဖြတ်ချက်ချခဲ့တဲ့ အဲဒီလူတွေ နောင်ရတနေလိမ့်မယ်.. ဟွမ်က သူတို့ပြုစုပျိုးထောင်ထားတဲ့သူတွေထက် ပိုပြီးတော့ အထင်ကြီးစရာကောင်းလိမ့်မယ်ဆိုတာ ငါပြောရဲတယ်..” မကောင်းဆိုးဝါးအိုကြီးမှ ပြောလိုက်သည်။
ရှီဟောင် တောင်ပေါ်သို့ တက်ရန်အတွက် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ပြန်ဆင်းသည့်အချိန်တွင်တော့ လေပြေလေးအလား တစ်ခဏအတွင်း ရောက်သွားလေပြီ။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်၏ အရည်အစွမ်းနှင့် ထိုနေရာတွင် လေ့လာခဲ့ရသည့်တာအိုကြောင့် သူ၏ခန္ဓာကိုယ် ပို၍သန်မာလာခဲ့သည်။ တောင်မှထုတ်လွှတ်သည့် သင်္ကေတနှင့်ဖိအားများမှာ သူ့အပေါ် အကျိုးသက်ရောက်ခြင်း မရှိတော့။
ရှီဟောင် ကောင်းကင်နတ်ဘုရားကျောင်းသို့ တန်းသွားလိုက်သည်။
တောင်ထိပ်ပေါ်၌ လူတစ်စု သူတို့အချင်းချင်း ဆွေးနွေးနေကြလေသည်။
လူငယ်ဂျီးနီးယပ်စ်အချို့ တေင်ထိပ်သို့ ပြန်လာနေပြီဖြစ်သည်။
“ဟူး .. နှမြောစရာကောင်းလိုက်တာ .. ရှေးအကျဆုံး နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင် မပြောနဲ့ သာမန်ဆေးပင်လေးတစ်ပင်တောင် မတွေ့ခဲ့ရဘူး..”
“ထားလိုက်တော့ .. အဲဒီမှာ နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင် နည်းနည်းပဲရှိတာ .. အသက်အငယ်ဆုံးက နှစ်ပေါင်း ထောင်ပေါင်းများစွာရှိနေပြီ.. သာမန် နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ဆိုတာ မရှိဘူး”
“ဟွမ်က ရှေးအကျဆုံး နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ကို ရသွားတာလား.. တကယ်ကို မယုံကြည်နိုင်လောက်အောင်ပဲ .. ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ ကံကောင်းမှုကြီးလဲ .. အရင်တုန်းကတည်းက အခုချိန်ထိ အဲဒီဝါးပင်ကို မြင်ဖူးတဲ့သူ သိပ်မရှိဘူးတဲ့”
သူတို့အားလုံး နှမြောနေကြသကဲ့သို့ ရှီဟောင်ကိုလည်း မနာလိုဖြစ်နေကြသည်ပင်။
“ကိစ္စမရှိဘူး .. ဟွမ်က ရှေးအကျဆုံး နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ကို ရသွားလည်း ဘာဖြစ်လဲ .. သူက ကောင်းကင်နတ်ဘုရားအဆင့်မှာ ပြိုင်ဘက်ကင်းနေတယ်ဆိုပေမယ့် ဒါက အမြဲတမ်း ဒီအတိုင်းပဲဖြစ်သွားမယ်လို့ ဆိုလိုတာမှမဟုတ်တာ .. နောက်တစ်ဆင့်မှာ စွမ်းအားအကြီးဆုံးဖြစ်ချင်ရင် အဖိုးတန်မျိုးစေ့လိုအပ်တယ် .. သူ့မှာရှိလို့လား..”
“မင်းပြောတာမှန်တယ် .. နောင်ကျရင် သူက ဦးဆောင်သူဖြစ်တော့မှာမဟုတ်ဘူး .. ပြီးပြည့်စုံတဲ့ ကောင်းကင်မျိုးစေ့မရှိပဲနဲ့ သူက ထူးခြားနိုင်တော့မှာမဟုတ်ဘူး..”
“ဂိုဏ်းခေါင်းဆောင်တွေ အချင်းချင်းယှဉ်ပြိုင်ကြတဲ့အချိန်မှာ သူ့နာမည်ပျောက်သွားလိမ့်မယ် .. အဆုံးသတ်က ဆုံးဖြတ်ထားပြီးသားပဲ..”
“ဟက် .. နောက်တစ်ဆင့်ကျရင် သူတစ်ခြားသူတွေကို အထင်သေးနိုင်ဦးမလား ကြည့်ကြသေးတာပေါ့ .. သူ သူများကို အထင်မသေးနိုင်ရင် အခုကတည်းက နှိမ့်နှိမ့်ချချ နေထားသင့်တယ် .. မဟုတ်ရင် သူ့ကိုလက်စားချေချင်တဲ့သူတွေ အများကြီး ရှိနေလိမ့်မယ်”
လူများစွာမှ ခနဲ့လိုက်ကြသည်။
ရှီဟောင်မှာ ခပ်ဝေးဝေးသို့ပင် ရောက်နေလေပြီ။ သူ့ကိုလှောင်ရယ်ရန် စောင့်နေကြမည့်လူများရှိကြောင်း သူရှည်ရှည်ဝေးဝေးပင် တွေးကြည့်စရာမလို။
“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးမယ် .. အရာအားလုံးကို သိပ်မကြာခင်မှာ စတော့မယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင်တော့ ရှီဟောင် ကောင်းကင်နတ်ဘုရားကျောင်းသို့ ပြန်ရောက်လာလေပြီ။
ထူးချွန်သည့်သူများ ထာဝရကျောင်း သို့မဟုတ် အလေးအမြတ်ကျောင်းကို ဝင်သွားသောကြောင့် ကျောင်းမှာ ပို၍တိတ်ဆိတ်သွားသည်။ ထိုကျောင်းများသို့ ဝင်ခွင့်မရသည့် ကျောင်းသားများသာ ကျန်ခဲ့ကြခြင်းပင်။
လူများများစားစား မကျန်ခဲ့သောကြောင့် ကျောင်းမှာ အတော်လေး တိတ်ဆိတ်ကာ လူသူကင်းမဲ့နေသည်ပင်။
“မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ..” အကြီးအကဲအရှင် သူ၏ အောင်မြင်မှုအား အသိအမှတ်ပြုပေးလေသည်။
ဝိညာဉ်တောင်အောက်တစ်ခု၌ အကြီးအကဲအရှင်သည် ရှီဟောင်အတွက် ဆေးကန်များစွာကို ပြင်ဆင်ပေးပြီးသွားလေပြီ။ သူသည် အရာအားလုံးကိုကိုယ်တိုင်စီစဉ်နေခြင်းပင်။ သူ၏ဘေးပတ်လည်၌ ဆေးကြိုနေသည့် အိုးကြီးအချို့ရှိနေသည်။
ဆေး၏မွှေးရနံ့လည်း သင်းပျံ့နေသည်ပင်။
“အချိန်ဘယ်လောက်ကြာမလဲဆိုတာတော့ မပြောနိုင်ဘူး .. အနည်းဆုံး လနည်းနည်းလောက်ကြာပြီးတော့ အကြာဆုံးက ၁၀ နှစ်ကျော်လောက် ဖြစ်နိုင်တယ်..” အကြီးအကဲအရှင် အလွန်လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူအားလုံး ပြင်ဆင်ပြီးသွားပြီဖြစ်သောကြောင့် ယခု အဆင့်တက်ချင်နေပြီ။
ရှီဟောင် နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်နှင့် အဝါရောင်မြစ်သစ်သီးကို ထုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲ ဆေးဖော်စပ်လျှင် ဤအရာများ လိုအပ်လိမ့်မည်။
“မင်း ဘယ်လိုခံစားရလဲ .. အပြင်ဘက်က လူတွေက မင်း တာအိုမျိုးစေ့နဲ့ဘယ်လိုပေါင်းစပ်မလဲ .. မင်း ဒီအဆင့်ကို ဘယ်လိုဖြတ်ကျော်မလဲဆိုတာ အာရုံစိုက်ပြီး စောင့်ကြည့်နေကြတာ..” အကြီးအကဲအရှင် လေးနက်သည့်အသံဖြင့် ပြောလိုက်၏။
ဤသည်မှာ အမှန်တရားပင်။ ရှီဟောင် သီးသန့်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားသည်နှင့် ကျောင်းမှ လျှို့ဝှက်ထားချင်လျှင်ပင် လျှို့ဝှက်ထားနိုင်ရန် ခက်ခဲလိမ့်မည်။ ကျောင်းတွင် ကျန်ခဲ့သည့်တပည့်များက သတင်းပေါက်ကြားသွားအောင် လုပ်မည်ပင်။
အမှန်တကယ်တွင် ရှီဟောင် စတင်ပြင်ဆင်ကတည်းက သတင်း ပျံ့နေပြီးသားပင်။
သက်ရှိမိသားစုများနှင့် ကျောင်းနှစ်ကျောင်းမှ ဂျီးနီးယပ်စ်များ သတင်းရပြီးသားပင်။
“ဟွမ်က သီးသန့်ကျင့်ကြံတော့မယ် .. ဝိုး .. သူ ဘယ်လို ထွက်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့..”
“သူက ကောင်းကင်နတ်ဘုရားအဆင့်မှာတော့ ပြိုင်ဘက်ကင်းနေတယ် .. ဒါပေမဲ့ နောက်တစ်ဆင့်မှာရော .. သူ ဒီအဆင့်ကနေ ဘယ်လိုဆက်သွားမှာလဲ..”
“ဟက် … နောက်ဆုံးတော့ သူ စပြီး ကျင့်ကြံနေပြီ .. ဒါက သူ့ရဲ့စတင်နိမ့်ကျခြင်းဖြစ်မလား ဒါမှမဟုတ် သူ့ရဲ့ ရုတ်တရက်အောင်မြင်မှုဖြစ်မလား .. ငါတို့ စောင့်ကြည့်ကြတာပေါ့..”
အပိုင်း ၁၄၄၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၅ – ပြောင်းလဲခြင်းလမ်းကြောင်း
ရှီဟောင် သီးသန့်ကျင့်ကြံခြင်းသို့ မဝင်သေးသော်လည်း အားလုံး၏ အာရုံစိုက်မှုကို ရရှိနေလေပြီ။
“မင်း သီးသန့်ကျင့်ကြံပြီးတော့ ပြန်ထွက်လာမယ့်အချိန်ကို စောင့်နေမယ် .. ကျင့်ကြံရင်းနဲ့တော့ သေမသွားနဲ့ဦးနော် .. တစ်ခြားလူတစ်ယောက် လက်တစ်ဖက်တည်း မြှောက်လိုက်ရုံနဲ့ ရှုံးသွားတဲ့ခံစားချက်ကို မင်းကို ခံစားခိုင်းရဦးမယ်..” တစ်စုံတစ်ယောက်မှ အံကြိတ်၍ ပြောလိုက်သည်။
“ဟွမ် .. မင်းမှာ ပြိုင်ဘက်ကင်းရှေးဟောင်းမျိုးစေ့ မရှိသလို လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ ကောင်းကင်ဦးချိုပုရွက်ဆိတ်သွေးလည်း မရှိဘူး .. မင်းက ဘာနဲ့လုပ်မှာလဲ.. မင်းရဲ့ ခမ်းနားကြီးကျယ်မှုကြီးကို ထိန်းထားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့..”
“ဟားဟား .. နောက်ဆုံးတော့ ငါစောင့်နေတဲ့နေ့လေး ရောက်လာပြီ … ကောင်းကင်နတ်ဘုရားအဆင့်ကို ဖြတ်ကျော်ပြီးလို့ ဂိုဏ်းခေါင်းဆောင်အဆင့်ရောက်တာနဲ့ ဘယ်သူက နောက်ဆုံးရယ်နိုင်တဲ့သူဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ .. ငါကတော့ စောင့်တောင်မစောင့်နိုင်တော့ဘူး..”
ရှီဟောင်ကို ရန်လိုနေကြသည့်သူများအားလုံးမှာ ယခုအချိန်တွင် ရလဒ်ကို စောင့်ဆိုင်းနေကြသည်။ ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှီဟောင်အား ယှဉ်နိုင်မည့်သူ မရှိသဖြင့် နောက်တစ်ဆင့်တွင် အလှည့်အပြောင်းလေး ဖြစ်လာရန် မျှော်လင့်နေကြခြင်းပင်။
အမှန်တကယ်တွင် လူများစွာ စိတ်ဝင်စားနေကြသည်ပင်။ ဟွမ်သည် ပြိုင်ဘက်ကင်းသည့် ကောင်းကင်မျိုးစေ့မရှိပဲ အဘယ်ကြောင့် အဆင့်တက်ရဲသနည်း .. ဤသည်မှာ သူ့လမ်းကြောင်းသူ ဖျက်ဆီးခြင်းနှင့် တူနေမည်ပင်မဟုတ်လား..
ပစ်ပြီးသားမြှားကို ပြန်ယူ၍မရတော့။ ဆုံးဖြတ်ချက်ချလိုက်သည်နှင့် ပြန်လှည့်စရာလမ်းမရှိတော့။ သူအောင်မြင်နိုင်သည်။ ကျရှုံးနိုင်သည်။ သေပင်သေသွားနိုင်သည်။
“ရှီဟောင် ရှင် ဘယ်လိုလမ်းမျိုးကို ရွေးချယ်လိုက်တာလဲ .. ရှင် အားလုံး အဆင်ပြေနေဖို့ မျှော်လင့်တယ်..”
ချင်းယီကဲ့သို့သော သူ့အား စိတ်ပူနေသည့်သူများ ရှိသေးသည်ပင်။ ရှီဟောင် သီးသန့်ကျင့်ကြံခြင်းသို့ ဝင်သွားသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။ ရှေးဟောင်းမျိုးစေ့မရှိပဲနဲ့ သူ ဘယ်လိုဆက်လုပ်မှာလဲ..
“သူ မသေလောက်ပါဘူး .. သူက အမြဲတမ်း စိတ်နောက်ရင်နောက် မနောက်ရင် အိပ်နေတတ်တဲ့ ငါ့ဆရာပြောတဲ့ သူနဲ့အရမ်းဆင်တယ်လို့ ငါ ခံစားနေရတယ်..” ချောင်ယုရှင်း တီးတိုးပြောလိုက်သည်။
အပြင်ဘက်လောကမှ လူများ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသော်လည်း ကောင်းကင်နတ်ဘုရားကျောင်းမှာမူ အလွန်တိတ်ဆိတ်နေသည်။
ရှီဟောင် သူ၏ပြင်ဆင်မှုများ ပြုလုပ်ပြီးသွားလေပြီ။ သူ၏ခန္ဓာကိုယ် တစ်လက်မစီတိုင်းမှ ရောင်စုံအလင်းများ တောက်ပနေသည်။
သူ၏မူလဝိညာဉ်၏ ကြယ်ဝလှသည့် အသက်ဓာတ်များသည် ငွေရောင်ဓားသွားလေးတစ်ခု ဖြစ်လာသည်။ ထိုအလင်းသည် သူ၏မျက်ခုံးကြားမှ ထွက်လာခြင်းပင်။ ဤဝိညာဉ်မီးတောက်သည် နောက်ဆုံးတွင်တော့ ပုံရိပ်လေးတစ်ခု ဖြစ်သွားလေသည်။
“မင်းရဲ့ မူလဝိညာဉ်ကနေ ထွက်လာတဲ့ မီးတောက်တောင်မှ ဒီလိုမျိုးဖြစ်နေပြီ .. မင်း တစ်ခြား မူလဝိညာဉ်ကိုတောင် လုပ်လို့ရနေပြီ..” အကြီးအကဲအရှင်မှ ထိတ်လန့်တကြား ပြောလိုက်သည်။
ထိုအချိန်တွင် မြေပြင်ထက်၌ ရှိနေသည့် ဆေးကန်ပေါင်းများစွာမှ လှိုင်းများထွက်ပေါ်လာသည်။ ဤကန်များထဲ၌ ရှိနေသည်မှာ ရှားပါးသည့်နတ်ဆေးပင်များပင်။
“ပထမဆုံးကန်ထဲကို အရင်ဝင်လိုက်..” အကြီးအကဲအရှင် ပြောလိုက်သည်။
ရှီဟောင် ထိုကန်ထဲသို့ ထိုင်ချလိုက်သည်။ ဆေးရည်များမှာ သူ၏ခန္ဓာကိုယ် တုန်ယင်သွားစေသည်အထိပင်။ ဤသည်မှာ သာမန်အပူမဟုတ်။ သံများကို အရည်ကြိုနိုင်လောက်သည့်အပူပင်။
သူ၏လက်ရှိခန္ဓာကိုယ်မှာ ချွန်ထက်လှသည့် နတ်လက်နက်များပင် ထိုးဖောက်ရန် ခက်ခဲသည့်ခန္ဓာကိုယ်ပင်။
“ဒါက ထာဝရသွေးကြယ် သဲ..” ရှီဟောင် အနည်းငယ် မူးဝေနေလေပြီ။
ဤသည်မှာ သာမန်ဆေးရည်မဟုတ်ပေ။ သဲတစ်မျိုးအရည်ပျော်ပြီး ရလာသည့်အရည်ပင်။ ဤသည်မှာ ချော်ရည်များထက်ပင် အပူချိန်များသေးသည်။
ဤကဲ့သို့သော ကြယ်သဲများမှာ အလွန်ရှားပါးသည်ဟု ပြောကြသည်။ တိုက်ပွဲထဲ၌ အသတ်ခံရသည့် ထာဝရသက်ရှိများ၏သွေးများ အာကာသ၌ လွင့်စင်သွားပြီးသည့်နောက်တွင် ကြယ်အပိုင်းအစအချို့ အနီရောင်ဖြစ်သွားကြသည်။ အချိန်ကြာလာသည်နှင့်အမျှ စွမ်းရည်အနည်းငယ်သာ ကျန်တော့ပြီး တောက်ပသည့်သဲမှုန်လေးများ ဖြစ်သွားကြသည်။
ဤသဲများသည် အကြီးအကဲလုပ်ထားသည့် ခရမ်းရောင်အိုးထဲ၌ အရည်ပျော်နေလေပြီ။ ယခုအချိန်တွင် ဤအရည်များကို ရှီဟောင်၏ ဦးခေါင်းထက်မှ လောင်းချနေခြင်းပင်။
သာမန်နတ်ဘုရားဆိုပါက သူတို့ လောင်ကျွမ်းသွားကာ အရိုးများသာ ကျန်ခဲ့လိမ့်မည်။
ဤတောက်ပနေသည့်သဲများသည် အရည်ပျော်သွားသည်နှင့် နီရဲနေသည့် အရောင်များထုတ်လွှတ်ကာ ထာဝရသက်ရှိတစ်ယောက်၏ သွေးကဲ့သို့ပင် စီးဆင်းလာသည်။
သွေးညှီနံ့နှင့်အတူ အမွှေးနံ့ အနည်းငယ်ပင် ရနေသေးသည်။
“ကြည့်ရတာ ကောလဟာလတွေက တကယ်မှန်တယ်ထင်တယ် .. ဒီသဲတွေက ထာဝရသက်ရှိတွေရဲ့ သွေးထဲမှာ စိမ်ထားပြီးတော့ ဖြစ်လာတာ..” အကြီးအကဲအရှင် သူ့ကိုယ်သူ ပြောလိုက်သည်။
ရှီဟောင် အံကြိတ်လိုက်သည်။ ဤခံစားချက်မှာ တကယ်ကို မကောင်းလှ။ ချော်ရည်ထက် အဆပေါင်းများစွာပူသည့်အရည်ကို ဦးခေါင်းထက်မှ လောင်းချခံနေရခြင်းမှာ ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့် တူနေသည်ပင်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှီဟောင်၏ခန္ဓာကိုယ် မည်မျှသန်မာသည်ကို သိနိုင်သည်။ သူ၏ခန္ဓာကိုယ်မှာ အရည်ပျော်ကျမသွားသေးပဲ တောက်ပနေဆဲပင်ဖြစ်ပြီး ထာဝရသွေးကြယ်သဲမှ စွမ်းအင်များကို စုတ်ယူနေသည်။
“ဒါသာ တကယ့် ထာဝရသွေးအစစ်ဆိုရင် မင်းခန္ဓာကိုယ် ချက်ချင်း သွေးအိုင်အဖြစ် ပြောင်းသွားလောက်ပြီ .. ဘာမှကို ကျန်မှာမဟုတ်ဘူး .. ကံကောင်းစွာနဲ့ ဒါက ကြယ်သဲအဖြစ် ပြောင်းလဲပြီးသွားတဲ့အပြင် နှစ်ပေါင်းများစွာ ပြောင်းလဲခံခဲ့ရတာဆိုတော့ သူ့ထဲမှာရှိတဲ့ သတ်ဖြတ်ခြင်းစွမ်းအင်တွေ ကုန်သွားပြီး စွမ်းအင်နည်းနည်းပဲ ကျန်တော့တာ .. အဲဒါကြောင့်မို့လို့ မင်းအခုလိုမျိုး သုံးနေနိုင်တာ။
အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။ ဤကဲ့သို့သော ပစ္စည်းမျိုးမှာ ရှားပါးလှသည်။ ဤသည်ကို သုံးပြီးလျှင် ကုန်သွားလေပြီ။ ဤလောကကြီးထဲ၌ သိပ်မကျန်တော့။
ဤသည်မှာ အတော်လေးအံ့အားသင့်စရာ ကောင်းသည်ပင်။ ကြယ်နီသဲမှုန်များသည် ဆေးများနှင့် ရောနှောသွားသော်လည်း အခြားဆေးများကို မထိခိုက်စေသည့်အပြင် ဆေးများကို ပို၍ပင် မွှေးကြိုင်နေစေသည်။
ရှီဟောင် သံသယဝင်လာရသည်။ သူနာကျင်နေသည်မှာ ပူပြင်းလှသည့်အပူချိန်ကြောင့်လား သို့မဟုတ် ဤသွေးတွင်ကျန်နေသေးသည့် စွမ်းအင်အနည်းငယ်ကြောင့်လား..
သူ နာကျင်မှုကို သည်းခံနေလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ဓားများဖြင့် အပိုင်းပိုင်းဖြတ်ခံရသကဲ့သို့ ဖြစ်နေလေပြီ။ နောက်ဆုံးတွင်တော့ အကြီးအကဲသည် ဓားတစ်ချောင်းထုတ်လာပြီး ရှီဟောင်အား တကယ် ခုတ်လာလေသည်။
ရှီဟောင်မျက်နှာ ပြောင်းလဲသွားရ၏။ အကြီးအကဲအရှင်မှာ ဘယ်လိုနည်းလမ်းမျိုးတွေ ရှိနေတာလဲ .. ဒီဓားသာ သူ့ခန္ဓာကိုယ်ပေါ်ရောက်လာရင် သူ့ရဲ့ ခန္ဓာကိုယ်နဲ့တာအိုနှစ်ခုလုံး မပျက်စီးသွားလောက်ဘူးလား..
“စိတ်မပူပါနဲ့ .. ငါ့အားကို ငါသေချာထိန်းချုပ်ပါ့မယ် .. အရိုးပြုပြင်ခြင်းပညာကို မြန်မြန်သုံးလိုက်.” အကြီးအကဲအရှင် သတိပေးလိုက်သည်။
ဖူး..
နာကျင်မှုဟုခေါ်သည့်အရာ သူ့အရိုးများထဲသို့ ဝင်ရောက်လာသည်ကို ရှီဟောင်ခံစားလိုက်ရသည်။ အကြီးအကဲအရှင်၏ဓားသွား သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် အဆုံးမရှိသည့်ဓားစွမ်းအင်များလည်း ငွေရောင်မြစ်တစ်စင်းကဲ့သို့ အပေါ်ဘက်မှ စီးကျလာသည်။ သို့သော်လည်း ဓားစွမ်းအင်သည် သူ၏အရေပြားကို မထိခိုက်ပဲ အရိုးကိုသာ ထိခိုက်ခြင်းပင်။
ဤကဲ့သို့သော ခွန်အားထိန်းချုပ်နိုင်စွမ်းမှာ အံ့အားသင့်စရာ ကောင်းလှသည်ပင်။
ချက်ချင်းပင် ရှီဟောင်ထံမှ ညည်းတွားသံ ထွက်ပေါ်လာသည်။ သူ၏အရိုးဘယ်နှချောင်း ကျိုးသွားမှန်းပင် မသိတော့။ သိပ်မကြာခင်က မိစ္ဆာစောင့်ကြပ်သည့်နတ်ဝါးပင်ကြောင့် ရခဲ့သည့် ဒဏ်ရာများ ပြန်ပေါ်လာခဲ့သည်။
“ငါ မင်းရဲ့အောင်မြင်မှုတွေကို ဆန်းစစ်နေတာ .. မင်း ထာဝရတောင်ကနေ ရခဲ့တာတွေက လုံလောက်မှုရှိမရှိ ကြည့်ရအောင်..” အကြီးအကဲအရှင်ပြောလိုက်သည်။
သူက မပြည့်စုံသေးဘူးလား .. သူ မလိုချင်လျှင်ပင် ကောင်းကင်နတ်ဘုရားသစ်ပင်၏အရွက်များ၊ ရတနာရှစ်သွယ် ယူနီကွန်း၊ မသေနိုင်သော သွေးကြယ်သဲများကို အသုံးပြုကာ သူ့ခန္ဓာကိုယ်အား သန့်စင်ပြီး ပို၍မာကျောလာအောင် ပြုလုပ်မည်ပင်။
ရှီဟောင်၏ဝေဒနာသည် ယခုမှ စတင်ခဲ့ခြင်းပင်။ သူ့ခန္ဓာကိုယ်ကိုမှာ နောက်တစ်ကြိမ် ပြန်လည် ပြုပြင်ခံနေသည်။ ပထမတွင် သူ ဘာမှ အသံမထွက်သော်လည်း နောက်ပိုင်းတွင် အကြီးအကဲအရှင်သည် ဓားစွမ်းအင်ဖြင့် သူ့၏ ရိုးတွင်းခြင်ဆီများ၊ ကြွက်သားများနှင့် သွေးပြန်ကြောတွေကို အကြိမ်တစ်ရာကျော် ဖျက်ဆီးပစ်လိုက် ဆေးရည်များက သန့်စင်ပေးလိုက် နောက်ဆုံးတွင်တော့ သူ မထိန်းနိုင်တော့ဘဲ အသံတိုးတိုးလေး ထွက်လာသည်။
ဤသည်မှာ ၁၀ ရက် ကြာမြင့်ခဲ့သည်။
ထို့နောက် အကြီးအကဲအရှင်သည် သူ့အား အိုးတစ်လုံးထဲ၌ ထိုင်စေပြီး သူ့ကိုယ်မှ မိစ္ဆာစောင့်ကြပ်သည့်နတ်ဝါးသစ်ပင်အရည်အချို့ကို ဖယ်ရှားပစ်လိုက်သည်။ တစ်နေ့နှင့်တစ်ည ကြာပြီးသည့်နောက်တွင် ရှီဟောင်သည် နဂါးတစ်ကောင်၏ဝိညာဉ်နှင့် ကျားတစ်ကောင်၏ခွန်အား ရရှိနေသည်ဟု ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ ယခင်ကထက် ပို၍သန်မာလာလေပြီ။
ဒါက ကောင်းကင်နတ်ဘုရားတစ်ယောက်ကို ဂိုဏ်းခေါင်းဆောင်နဲ့ တိုက်ခိုက်ခွင့်ပြုလိုက်တာလား .. ရှီဟောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်။ သူသည် ယခုအချိန်၌ ကောင်းကင်ဘုံနတ်ဘုရားနယ်ပယ်၌ ရှိနေဆဲဖြစ်သော်လည်း ပို၍စွမ်းအားကြီးသော ပြိုင်ဘက်ကို စိန်ခေါ်နိုင်ပြီဟု ခံစားရသည်။
“ဒုတိယဆေးကန်ကိုဝင်လိုက်တော့” အကြီးအကဲအရှင်သည် သူ့အား အသက်ရှုခွင့်ပင် မပေးတော့ပဲ တောက်ပနေသည့် ဒုတိယရေကန်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုကန်မှ အဖြူရောင်မြူမှုန်များ ထွက်ပေါ်နေသည်ပင်။
ရှီဟောင် ထိုထဲသို့ ဝင်လိုက်သည်နှင့် သူ့ဆံပင်မွေးများ ထောင်ထသွားရသည်။
ထိုကန်ထဲ၌ ဆေးဖက်ဝင်ပစ္စည်း အမျိုးအစားများစွာရှိရုံသာမက ပိုးမွှားအမျိုးအစားအားလုံးပါရှိနေသည်။ ဤပိုးကောင်များအားလုံးမှ စွန့်ပစ်နယ်မြေတွင်ရှိနေသည့် အလွန်အဆိပ်ပြင်းသော အကောင်များပင်။
အဖြူရောင်အခိုးအငွေ့အောက်တွင်ရှိနေသည့် ထိုအရည်များသည် တောက်ပနေသော်လည်း ဤသည်မှာ အလွန်ကြောက်စရာကောင်းကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်ပင်။ ဤပိုးကောင်များပြည့်နေသည့် ကန်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
တစ်ချိန်တည်းမှာပင် နံဘေး၌ ပွက်ပွက်ဆူနေသော အိုးတစ်လုံးရှိနေသည်။ ထိုအိုးအတွင်းမှ အရည်များသည် အဆက်မပြတ်ပင် အပြင်ဘက်သို့ စင်ထွက်လာနေလေ၏။ ထိုအိုးအတွင်း၌ ပို၍ပင် ရှားပါးသည့် နတ်ပိုးကောင်အမျိုးမျိုးရှိနေကာ အချို့မှာ အသက်ရှင်နေဆဲဖြစ်ပြီး ဘုရားအိုးဖြင့် သန့်စင်ရန် လိုအပ်သေးသည်။
ရှီဟောင် ဦးရေပြားများပင် ထုံကျဉ်သွားသော်လည်း သူ တိတ်တဆိတ် ရှိနေဆဲပင်။
ထို့နောက် အကြီးအကဲသည် သူ့ခန္ဓာကိုယ်ထက်သို့ ပိုးကောင်များနှင့်အရည်အားလုံးကို လောင်းချလိုက်သည်။
“အကောင်တွေက အသက်ရှင်နေတုန်းပဲ..”
အိုးကြီးထဲသို့ လောင်းထည့်လိုက်သော ပိုးကောင်များထဲတွင်တစ်ကောင်မှ မသေသေးသည်ကို ရှီဟောင် ခံစား၍ရသည်။ ထိုအကောင်အားလုံးသည် သူ့ခန္ဓာကိုယ်၌ ကပ်တွယ်ကာ သူ့အား စတင် ကိုက်ဝါးလာကြသည်။
ကင်းမြီးကောက်ဖြူများသည် မျက်လုံးဖွင့်လိုက်ကာ သူတို့၏အမြီးများဖြင့် ထိုးဖောက်ဝင်ရောက် လာကြသည်။ သူတို့၏အမြီးများသည် နတ်လက်နက်များထက်ပင် ပို၍မာကျောပြီး ကြောက်စရာကောင်းလှသည်။
“မခုခံနဲ့ .. သူတို့ဖောက်ဝင်ပါစေ .. မင်း သူတို့ကို လုံးဝ မသတ်နဲ့.. ဒါတွေက ရှားပါးပြီး အဖိုးတန်တဲ့ ကင်းမြီးကောက်ဖြူတွေ .. အဆင့်မြင့်တဲ့ရှားပါးသတ္တဝါတွေ” အကြီးအကဲအရှင်မှ အော်ပြောလိုက်သည်။
ရှီဟောင် ဆွံ့အသွားရသည်။ သူ ဤကင်းမြီးကောက်များနှင့် နေသားကျအောင်နေပြီး သူတို့မှ သူ့အား ထိုးဆိတ်လာသည်ကို ခုခံနေရမည်။
ထို့နောက် ရှီဟောင် သူ့တစ်ကိုယ်လုံးကို ချက်ချင်း ဖြေလျော့လိုက်သည်။ မဟုတ်ပါက သူ ဤကျောက်စိမ်းကင်းမြီးကောက်ဖြူများကို သတ်ပစ်မိနိုင်သည်။ ဤကင်းမြီးကောက်ထဲမှ အကောင်အချိုု့ နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း၊ ကောင်းကင်နတ်ဘုရားအဆင့် ရောက်နေပြီဖြစ်သည့် ရှီဟောင်၏အသွေးအသားကြောင့် ၎င်းတို့ ပေါက်ကွဲထွက်သွားနိုင်သည်။
“အား…” ရှီဟောင် စူးရှစွာ အော်ဟစ်လိုက်သည်။
ဤကင်းမြီးကောက်များမှာ အလွန်အဆိပ်ပြင်းလှသည်။ သူ့မျက်လုံးများမှလွဲလျှင် သူ့တစ်ကိုယ်လုံး ကင်းမြီးကောက်ဖြူများဖြင့် ဖုံးလွှမ်းသွားပြီဖြစ်ပြီး သူ့အရေပြားကို ကင်းမြီးကောက်အမြီး ဘယ်နှကောင် ထိုးဖောက်နေသည်ကိုပင် မသိနိုင်တော့။
အဓိကအချက်မှာ နာကျင်မှုပင်။ ဤသည်မှာ သာမန် ကောင်းကင်နတ်ဘုရားကို သတ်ပစ်ရန် လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအကောင်များသည် နတ်ဘုရားအဆင့်ရှိသည့် ပိုးကောင်များဖြစ်သောကြောင့် ဤပိုးကောင်များစွာကို စုပေါင်းထားလိုက်လျှင် အလွန်ကြောက်စရာကောင်းမည်ပင်။
ခဏကြာပြီးနောက် ကင်းမြီးကောက်ဖြူများသည် ရှီဟောင်၏သွေးကြောင့် အဖြူရောင်ကနေ အနီရောင်ပြောင်းလဲသွားသည်။ နောက်ဆုံးတွင်တော့ အဆိပ်ရှိသည့်သွေးများအားလုံး ရှီဟောင်ကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။
အား..
အဆုံး၌ သူ အော်ဟစ်လိုက်သည်။ ဤကဲ့သို့ များပြားလှစွာသည့် ကင်းမြီးကောက်အမြီးများဖြင့် ထိုးနှက်ခံနေရခြင်းမှာ ခံနိုင်ရန် ခက်ခဲလွန်းလှသည် ။ အဆိပ်ရှိသည့်သွေးများ ပြန်ရောက်လာသည်နှင့် သူ၏အသွေးအသားနှင့် အတွင်းအင်္ဂါအားလုံးကို လှိုက်စားနေတော့သည်။
တစ်ရက်နှင့်တစ်ည ကုန်လွန်သွားပြီးသည့်နောက်တွင် ဤဒုက္ခ အဆုံးသတ်သွားလေပြီ။ ကောင်းကင်ကင်းမြီးကောက်အားလုံးသည် သေဆုံးသွားကြကာ အဆိပ်များလည်း ပျက်ပြယ်သွားသည်။
သို့သော် ချက်ချင်းပင် ရှီဟောင်သည် သူ့ရှေ့မှ ကမ္ဘာကြီး မှောင်မိုက်သွားသည်ကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်အတောင်ပံများရှိသည့် များပြားလှသော ကင်းခြေများ,များ ပေါ်လာသောကြောင့်ပင်။ သူတို့သည် အိုးကြီးတစ်လုံးထဲမှ သူ့ခန္ဓာကိုယ်ပေါ်သို့ သွန်ချခံလိုက်ရခြင်းပင်။
ကင်းခြေများ အများအပြား သူ၏ခန္ဓာကိုယ် တစ်လက်မတိုင်း၌ တွားသွားသဖြင့် ရှီဟောင် အေးခဲသွားရသည်။ ထို့နောက် ပြင်းထန်လှသည့် နာကျင်မှုများ ပြန်လည်ရှောက်ရှိလာသည်။
“အကြီးအကဲ ခန္ဓာကိုယ်ကို ဒီလိုမျိုး ပြုပြင်ဖို့ လိုအပ်လို့လား…” သူ လဲကျတော့မည်ဟု ရှီဟောင် ခံစားနေရသည်။
လိုအပ်တာပေါ့ .. ကြွက်သားတွေ၊ အရိုးတွေနဲ့ အရေပြားတွေက ဒီလိုမပြင်းထန်တဲ့ နည်းလမ်းအားလုံး လိုအပ်တယ် .. အတိဒုက္ခမျိုးစုံကို တွေ့ကြုံပြီးမှ မင်းက ဂျီးနီးယပ်စ် ဟုတ်မဟုတ်ဆိုတာ သိနိုင်မှာ .. နောင်အနာဂတ်မှာ ဖန်လုံအိမ်ထဲက အပင်ပေါက်တွေကို မလိုအပ်ဘူး .. လက်တွေ့က ဒီထက် အဆတစ်သောင်း ပိုဆိုးလိမ့်မည်” အကြီးအကဲအရှင် အလွန်အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ရှီဟောင်သည် ဆယ်ရက်နှင့် ဆယ်ညလုံး ကြောက်စရာအကောင်းဆုံး အဆိပ်ရှိသည့်အင်းဆက် ၁၀ မျိုးဖြင့် နှိပ်စက်ညှဉ်းပန်းခံခဲ့ရကာ အသက်နှင့်သေခြင်းကြား အသက်လုခဲ့ရသည်။ နောက်ဆုံးတွင် သူသည် နတ်ရေထဲ၌ စိမ်ပြီး သူ၏အသွေးအသားများကို ပြန်လည်ကောင်းမွန်လာစေခဲ့သည်။
သက်ရောက်မှုများမှာ အံ့အားသင့်စရာ ကောင်းသည်ပင်။ ဤအဆိပ်ရှိသောပိုးကောင်ဆယ်မျိုးသည် အစကတည်းက ဤလောက အံ့အားသင့်စရာကောင်းသည့် ရတနာများပင်။ ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် အမြင့်ဆုံးအဆင့် ‘ကောင်းကင်ဘုံပစ္စည်းများ’ ပင်။ ယခု ဤပိုးကောင်များကို နတ်ဆေးအမျိုးအစားမျိုးစုံနှင့် တွဲစပ်လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်း အံ့ဩဖွယ်အကျိုးသက်ရောက်မှုများကို ရခဲ့သည်ပင်။
အကြီးအကဲ.. ကျွန်တော် ဘယ်အချိန်မှာ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးလို့ရမှာလဲ။” ရှီဟောင်သည် လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်ပြီးပြီဟု ခံစားရပြီး အချိန်မရွေး ပြောင်းလဲ၍ရပြီဟု ခံစားနေရသည်။
“မင်းအခု လုပ်နေပြီလေ .. မင်း အရေးကြီးတဲ့ အဆင့်ကို မလုပ်သေးပေမယ့် မင်း လမ်းကြောင်းပေါ် ရောက်နေပြီ .. ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးချင်ရင် ဘက်ပေါင်းစုံမှာ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီးတော့ ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ စွမ်းအားအကြီးဆုံးဖြစ်လာဖို့ လိုအပ်တယ် … မဟုတ်ရင် ဘယ်လိုလုပ် အောင်မြင်ဖို့ မျှော်လင့်ချက်ရှိတော့မှာလဲ..”အကြီးအကဲအရှင်သည် အလွန်လေးနက်စွာ ပြောလိုက်သည်။
…
ဤရက်နှစ်ဆယ်အတွင်းတွင် ပြင်ပလောက၌ အံ့အားသင့်စရာကောင်းသည့် အဖြစ်အပျက်တစ်ချို့ ဖြစ်ပျက်ခဲ့သည်။
“သတင်းထူးကြီး .. ထာဝရကျောင်းက ထူးခြားတဲ့ဂျီးနီးယပ်စ်တစ်ယောက် ပြီးပြည့်စုံတဲ့ ရှေးဟောင်းမျိုးစေ့များနဲ့ ပေါင်းစပ်ပြီးတော့ ပိုပြီး အဆင့်မြင့်တဲ့ဇီဝအဆင့် ပြန်လည်မွေးဖွားခြင်းကိုလုပ်နိုင်ခဲ့တယ် .. သူအောင်မြင်သွားပြီးတော့ သူ့ရဲ့ပြောင်းလဲမှုကလည်း အပြစ်အနာအဆာတစ်ခုမှမရှိဘူးလို့ ပြောလို့ရတယ် ..”
“ဝိုး .. မြင့်မြတ်တဲ့ကျောင်းမှာလည်း ကောင်းကင်ဘုံဦးချို ပုရွက်ဆိတ်ရဲ့ ခွန်အားသွေး၊ ဖီးနစ်ရဲ့ ပြန်လည်မွေးဖွားခြင်း စွမ်းအင်သွေးတွေနဲ့ အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့တဲ့သူ ရှိတယ် .. ဒါ့အပြင် သူက ရှေးကလူတွေကို ကျော်လွန်ပြီးတော့ ကောင်းကင်လမ်းကြောင်း ဆယ်ခုကိုလည်း တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့တယ် .. ပြီးတော့ မူလဖရိုဖရဲသတ်ဖြတ်ခြင်းအစီအရင်တစ်ခုကိုလည်း သူ့ခန္ဓာကိုယ်မှာ ရေးထိုးနိုင်ခဲ့တယ်..”
ပြင်ပလောကတွင် ထိတ်လန့်ဖွယ်ရာ သတင်းအချို့ ထွက်ပေါ်လာသည်။ လူများသည် ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ကာ ပို၍ကြီးမားသော နယ်ပယ်တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
ဟွမ် ဘာလုပ်နေလဲ .. အားလုံး သူ၏သတင်းအား စောင့်မျှော်နေကြလေသည်။
အချို့ လူများ နှာခေါင်းရှုံ့လိုက်ကြ၏။ ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်မျိုးစေ့မရှိပဲနဲ့ သူက ဒီလူတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ .. သူက ရှုံးဖို့ ကံပါလာပြီးသားပဲ..
အပိုင်း ၁၄၄၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၆ – ပြုပြင်မှုပေါင်း ထောင်ပေါင်းများစွာ
တစ်လကုန်လွန်သွားသော်လည်း ဟွမ် နှင့်ပတ်သက်သည့် သတင်းများ ထွက်မလာသေး။ သူ သီးသန့်ကျင့်ကြံခြင်းမှ ထွက်မလာသေးပေ။
နှစ်လ.. ကောင်းကင်နတ်ဘုရားကျောင်း၌ အစီအရင်ကြီးတစ်ခု ဖုံးလွှမ်းနေကာ မည်သည့်ပြောင်းလဲမှုမှ မရှိသေး။
ပြင်ပလောက၌ ရှိနေသည့် လူအချို့၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်နေကြလေပြီ။ သူတို့သည် မပြုံးဘဲ မနေနိုင်ကြ။ ဟွမ် ဒုက္ခရောက်နေပုံရသည်ဟု သူတို့ခံစားနေရပြီး အောင်မြင်နိုင်ချေထက် ကျရှုံးနိုင်ခြေ ပိုများသည်ဟု ခံစားနေရသည်။
နှစ်လကျော်သွားပေမယ့် သီးသန့်ကျင့်ကြံတာကနေ ထွက်မလာဘူး .. သူ ဘာလုပ်နေတာလဲ .. သူ ကလေး မွေးနေတာလား ..ဟားဟား!”
“ထာဝရကျောင်းမှ ပြိုင်ဘက်ကင်းတဲ့မျိုးစေ့ရထားတဲ့ လူတွေရှိတယ် .. ဒီလူတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ပြီးမွေးဖွားလာကြတယ်.. ဟွမ်မှာက ပြီးပြည့်စုံတဲ့မျိုးစေ့မရှိပေမယ့် သူက အခုထိ ထွက်မလာသေးဘူး .. အရမ်းတွေ ကြိုးစားနေတုန်းပဲ .. ဒါက တကယ်ကို ရယ်စရာကောင်းတာပဲ..”
နှစ်လကုန်လွန်သွားပြီဖြစ်သော်လည်း ရှီဟောင်၏သတင်းထွက်မလာသေးသော်လည်း အချို့လူများ သူ့အား လှောင်ရယ်လာကြသည်။
ဤကဲ့သို့သော သီးသန့်ကျင့်ကြံခြင်းကြာရှည်နေခြင်းမှာ သူကျရှုံးသွားခြင်းဖြစ်သောကြောင့်ဟု လူအများစုက ယုံကြည်နေကြသည်။
သုံးလကုန်လွန်သွားလေပြီ။ ယခုထိ ရှီဟောင်၏သတင်းအစအန မရသေး။ ကောင်းကင်နတ်ဘုရားကျောင်းအတွင်းပိုင်းရှိ အကြီးအကဲအရှင် နေနေသည့်နေရာ၌ ပေါင်းပင်များပင် အလွန်ရှည်နေလေပြီ။ ဝိညာဉ်စွမ်းအင်များကြောင့် အပင်များ အလွန်ရှင်သန်နေကြပြီး လူတစ်ရပ်စာလောက်ပင် ရှိနေလေပြီ။
အနေရာမှာ လူသူကင်းမဲ့သည့်နေရာနှင့်ပင် တူလေပြီ။
အကြီးအကဲအရှင်သည် မည်သူမှ မလာရန် အမိန့်ထုတ်ထားသောကြောင့် မည်သူမှ မချဉ်းကပ်ရဲကြ။
“ဟွမ်က ကျော်ဖြတ်နိုင်ပါ့မလား..”
“သူက သာမန်လူတွေထက် အားကောင်းရင်ကောင်းလိမ့်မယ် .. ဒါမပမဲ့ သင့်တော်တဲ့မျိုးစေ့မရှိပဲနဲ့ သူ အဲဒီထူးခြားတဲ့သူတွေကို ယှဉ်နိုင်မှာမဟုတ်ဘူး”
“သူ ကျောင်းနှစ်ကျောင်းက အကြီးအကဲတွေကို မဆွဲဆောင်နိုင်တာ နှမြောစရာပဲ .. သူက ကျရှုံးဖို့ကို ကံပါလာတာ .. နောင်ကျရင် သူက ငါတို့ထက် ခွန်အားကြီးရင် ကြီးလိမ့်မယ် .. သာမန်လူတွေထက် ပိုကောင်းရင်ကောင်းလိမ့်မယ် .. ဒါပေမဲ့ သူက အဲဒီကျောင်းနှစ်ကျောင်းက ဂျီးနီးယပ်စ်တွေနဲ့ ယှဉ်ဖို့ အရည်အချင်းမရှိတော့ဘူး..”
ကောင်းကင်နတ်ဘုရားကျောင်းမှ လူများပင်လျှင် ဤကဲ့သို့ ထင်နေကြပြီဖြစ်သောကြောင့် အပြင်လောကမှလူများဆိုလျှင် ပြောစရာပင်မလိုတော့။ သူတို့၏မျက်နှာထက်၌ အပြုံးများ ဖုံးလွှမ်းနေလေပြီ။
“ဟား ဟား .. ငါတို့ သူပြန်ပေါ်လာမယ့်နေ့ကို စောင့်နေတာ .. ဟွမ် ပြန်ပေါ်လာမယ့်တစ်နေ့ကို ငါတကယ် မျှော်လင့်မိတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အားလုံး ခန့်မှန်း ပြောဆိုနေကြသည့်အချိန်တွင် ရှီဟောင် ဆက်လက်ကျင့်ကြံနေဆဲပင်။
ဝိညာဉ်တောင်တစ်လုံး အောက်ခြေ၌ ရှိနေသည့် ရှီဟောင်သည် ဆေးကန်ဘယ်နှကန်ထဲ စိမ်ပြီးသွားပြီလဲဆိုတာတောင် မသိတော့။ သူသည် နှိပ်စက်မှုမျိုးစုံကို သည်းခံနေကာ သူ၏ခန္ဓာကိုယ်အား ဆက်တိုက်ပင် ပြောင်းလဲနေစေခဲ့သည်။ ဆေးရည်များမှ အဆိပ်ရည်များထိ စိမ်ခဲ့ကာ သူ၏ခန္ဓာကိုယ်ကို ဓားများဖြင့်လည်း ထိုးစိုက်ခံခဲ့ရသည်။
ဥပမာအားဖြင့် အကြီးအကဲအရှင်သည် ယခင်က သူ့အား ကြေးလှံတံတစ်ခုဖြင့် ထိုးစိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို အပေါက်များ ဖြစ်စေခဲ့သည်။
ထို့နောက် သူ ဆေးရည်ထဲ ပြန်စိမ်ခဲ့သည်။ ဤအတောအတွင်း၌ ရှီဟောင်သည် ပြင်းထန်လှသည့် နာကျင်မှုကို သည်းခံကာ အရိုးပြုပြင်ခြင်းပညာကို အသုံးပြုကာ ငရဲကျနေသကဲ့သို့ ကျင့်ကြံခဲ့ရသည်။
အကြီးအကဲအရှင် ပြောစကားအရဆိုလျှင် ရှီဟောင်တို့မျိုးဆက်သည် ကိစ္စများစွာကို ကြုံတွေ့ပြီးပြီဟု ထင်ရသော်လည်း တကယ်တမ်းတွင် များစွာလိုအပ်နေသေးသည်။ သူတို့ခံစားခဲ့ရသည့် အတိဒုက္ခများ၊ နှိပ်စက်မှုများမှာ အကန့်အသတ်ဖြင့်သာ။ သူတို့သည် ဖန်လှောင်အိမ်ထဲမှ ပန်းပွင့်လေးများနှင့် ပိုတူသည်ပင်။
အကြီးအကဲအရှင် သူ့အား အကြောင်းမဲ့သက်သက် ညှင်းပန်းနှိပ်စက်နေခြင်း မဟုတ်။ သူ၏ကြွက်သားများ၊ အရိုးများနှင့် အရေပြားများကို ပြုပြင်ကာ သူ့အား ဖျက်ဆီး၍မရနိုင်သည့် ဗာဂျရာ ရွှေရောင်ခန္ဓာကိုယ်ကြီးဖြစ်အောင် လုပ်ပေးနေခြင်းပင်။
“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်နဲ့ သုံးချင်တယ်ဆိုရင် ပြီးပြည့်စုံတဲ့ခန္ဓာကိုယ် မရှိပဲနဲ့တော့ ကိုယ့်ကိုကိုယ် အရူးလုပ်မနေနဲ့တော့ .. လမ်းတစ်ဝက်မှာပင် မင်းခန္ဓာကိုယ်က သူ့အလိုလို ပေါက်ကွဲသွားလိမ့်မယ်”
ဤအတောအတွင်းတွင် ရှီဟောင်သည် နတ်တောင်များနှင့် ကိုင်ပေါက်ခံရသလို ဓားပေါင်းတစ်သောင်းဖြင့်လည်း ခုတ်ထစ်ခံခဲ့ရသည်။
ထို့အပြင် အကြီးအကဲအရှင်သည် သူ့အား အရိုးပြုပြင်ခြင်းပညာကိုလည်း အဆက်မပြတ် အသက်သွင်းစေခဲ့သည်။ ရှီဟောင်၏ စွမ်းအားကြီးလှသည့် စိတ်စွမ်းအားပင် ပြိုလဲလုမတတ်ဖြစ်ခဲသည်။
သို့သော်လည်း ရှီဟောင် အတွန့်တက်ခြင်းမရှိသလို ညည်းတွားခြင်းလည်းမရှိ။ သူလမ်းကို အဆုံးထိ ဆက်လျှောက်မည်။
ဤကဲ့သို့သော နာကျင်ခံစားမှုများမှာ နောင်တွင်ဖြစ်လာမည့် ပြောင်းလဲမှုကြီးများအတွက်ဟု အကြီးအကဲအရှင် သူ့အားပြောခဲ့သည်။
အကြီးအကဲအရှင်လည်း ယခင်က ဤလမ်းကို လျှောက်ခဲ့သည်ပင်။ သို့သော်လည်း သူရှုံးနိမ့်သွားခဲ့ရသောကြောင့် ရှီဟောင်၏ခန္ဓာကိုယ်အား အကြိမ် တစ်ထောင်၊ တစ်သောင်း ပြုပြင်ကာ အဖိုးတန်သည့် သတ္တုတစ်ခုဖြစ်ရန် ပုံသွင်းနေခြင်းပင်။ သူ ထာဝရရွှေအပိုင်းအစတစ်ခုကို အရောင်တင်ချင်သည်။ သူအောင်မြင်ချင်သည်။
သုံးလအတောအတွင်းတွင် ရှီဟောင်သည် ခန္ဓာကိုယ် နှိပ်စက်ခြင်းမှ ပို၍ အန္တရာယ်များသည့် စိတ်လေ့ကျင့်ခြင်းသို့ ရောက်သွားလေပြီ။
အကြီးအကဲအရှင်သည် သူ၏မူလဝိညာဉ်အား ဆက်တိုက်ပင် ဖိအားပေးကာ သူ၏အရည်အချင်းများ ထွက်လာအောင် ပြုလုပ်ပေးနေသည်။
“ဒုတိယ မူလဝိညာဉ်..”
အကြီးအကဲအရှင်သည် သူ့အား ဒုတိယမြောက် မူလဝိညာဉ်ရရန် ပြုလုပ်ပေးနေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူ၏မူလဝိညာဉ်မှာ အလွန်စွမ်းအားကြီးနေပြီဖြစ်ပြီး အခြား ကောင်းကင်နတ်ဘုရားများထက် သာလွန်နေလေပြီ။
ငွေရောင်ဝိညာဉ်မီးတောက်များ ထွက်ပေါ်လာပြီး ရှီဟောင်၏ ဒုတိယမြောက်မူလဝိညာဉ်သည် တစ်ဖြည်းဖြည်း အသက်ဝင်လာသည်။ ဤသည်မှာ နည်းနည်းသေးနေရုံသာရှိသည်။ ရှီဟောင်၏ပထမမူလဝိညာဉ်နှင့် တစ်ပုံစံတည်းပင်။
“ဒါက..” အကြီးအကဲအရှင် ထိတ်လန့်သွားရသည်။ သူသည် ဤလူငယ်လေးနှင့် တစ်ခုခုစမ်းသပ်ကြည့်ချင်ခဲ့သော်လည်း အောင်မြင်လိမ့်မည်ဟု မထင်ထားခဲ့။
ယခုအချိန်တွင် ရှီဟောင် အလွန်ထူးဆန်းသည့် အာရုံတစ်ခုကို ခံစားနေရသည်။ သူက နှစ်ယောက်ဖြစ်နေပြီး အခြားစိတ်တစ်ခုမှာ အခြားအရာများအား လုပ်နိုင်သည်။ ဤသည်မှာ အလွန်ထူးဆန်းသော်လည်း အံ့အားသင့်စရာကောင်းလှသည်ပင်။ ဤသည်မှာ သမာရိုးကျမဟုတ်သည့် ပြန်လည်မွေးဖွားခြင်းဟု ပြော၍ရသည်ပင်။
ဒါနဲ့ဆိုရင် သူ ကိစ္စတွေ အများကြီး လုပ်လို့ရတယ်မလား..
သို့သော်လည်း အကြီးအကဲပြောလိုက်သည့်စကားများမှာ သူ့အတွေးများအား တစ်စစီဖြစ်သွားစေသည်။
“တာအိုက အရိုးရှင်းဆုံးပုံစံကို ပြန်သွားရမယ် .. ဘာကို ဝိညာဉ်ကိုယ်ပွားလဲ .. ဘာကို ရုပ်သေးရုပ် မူလဝိညာဉ်လဲ .. ဘာကို တိုင်းတာလို့မရတဲ့ခန္ဓာကိုယ်သုံးခုလဲ .. ဒါတွေအားလုံးက နည်းလမ်းအမှားတွေ .. ဒါတွေက ခဏတာ အောင်မြင်မှုတွေပဲ .. နောက်ဆုံးကျရင် သူတို့တွေအားလုံး ပျက်စီးသွားပြီးတော့ မူရင်းဇစ်မြစ်တစ်ခုပဲ ကျန်ခဲ့မှာ”
ဒုတိယမြောက် မူလဝိဉာဉ်၊ ခန္ဓာကိုယ် ကိုယ်ပွားများနှင့် အခြားအရာများမှယ ကျင့်ကြံခြင်းလမ်းကြောင်းမှ နည်းလမ်းများပင်။ လျှောက်လှမ်းရမည့် ပြိုင်ဘက်ကင်းလမ်းများ မဟုတ်။
“ဒီကောင်းကင်နဲ့ ကမ္ဘာမြေကြီးမှာ မွေးဖွားလာကတည်းက ငါတို့က ဒီလောကကြီးရဲ့ အစိတ်အပိုင်းဖြစ်နေပြီ .. ငါတို့လုပ်ရမှာက ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့ပဲ .. မြေပေါ်မှာ ခြေထောက်ဆွဲဖို့မဟုတ်သလို ငါတို့ခန္ဓာကိုယ်မှာ ခြေလက်အပိုတွေ၊ ဝိညာဉ်အပိုတွေ ထည့်ဖို့မဟုတ်ဘူး..” အကြီးအကဲအရှင် အလွန်ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
သူသည် စွမ်းအားအကြီးဆုံး ရှေးဟောင်းထာဝရသက်ရှိအဆင့် မဟုတ်သေးသောကြောင့် သူပြောသည်မှာ အမှားတစ်ချို့ပါနိုင်သော်လည်း အပိုင်းအများစုမှာ အမှန်တရားများပင်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်၏ ဒုတိယမြောက်မူလဝိညာဉ်သည် နတ်မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ပထမမူလဝိညာဉ်အား လောင်ကျွမ်းပေးနေကာ ထိုပထမမူလဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။
ဒုတိယမြောက်မူလဝိညာဉ်သည် ပထမမူလဝိညာဉ်အား ပို၍အားကောင်းအောင် လုပ်ပေးလိုက်ခြင်းပင်။
ဤကဲ့သို့ ဒုတိယမြောက် မူလဝိညာဉ်ကို ဖန်တီးပြီးနောက် တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းနိုင်ခြင်းမှာ အတော်လေးထူးချွန်နေပြီဟု ပြော၍ရသည်။
မူလဝိညာဉ်အား သံတုံးတစ်တုံးကဲ့သို့ သဘောထားကာ အဆက်မပြတ်ထုရိုက်ပြီး မသန့်စင်သည့်အညစ်အကြေးများအား ဖယ်ရှားပစ်နေခြင်းပင်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေး။ အစသာရှိသေးသည်။
“စိတ်ပြုပြင်ခြင်းပညာက ထာဝရကျောင်းကနေ စလာတာ .. သူတို့ကျောင်းက ထူးခြားနဲ့ပါရမီရှင်တွေလည်း ဒီလိုပြောင်းလဲမှုမျိုးကို လုပ်ရမှာပဲ .. မင်းကတော့ ပိုကောင်းအောင် ပိုပြီးလုပ်ရမယ်..” အကြီးအကဲအရှင် သတိပေးလိုက်သည်။
နောက်ဆုံးတွင် အကြီးအကဲအရှင်သည် ထာဝရကျောင်းမှ လျှို့ဝှက်ပညာများသာမက ပို၍စွမ်းအားကြီးသည့် အခြားရှေးဟောင်းပညာအချို့ကိုလည်း ရှီဟောာင်အား ပေးလိုက်သည်။
သူသည် ရှီဟောင်၏မူလဝိညာဉ်အား လက်နက်တစ်ခုဖြစ်အောင် ပြုလုပ်ခိုင်းလိုက်သည်။ ဤသည်မှာ အလွန်အန္တရာယ်များသော်လည်း သူ၏စိတ်စွမ်းအား အတော်လေး တိုးတက်လာမည်ပင်။
ကျရှုံးသွားလျှင် ထိုနေရာတွင်ပင် ချက်ချင်းသေဆုံးသွားကာ အသိစိတ်မရှိတော့သည့် ခန္ဓာကိုယ်အခွံကြီးသာ ကျန်ခဲ့လိမ့်မည်။ သို့သော်လည်း သူတို့အား အောင်မြင်သွားပါက သူတို့၏ အသက်စွမ်းအင် တစ်ဖြည်းဖြည်းချင်း အားကောင်းလာလိမ့်မည်။
ပထမတွင် အဓိကမူလဝိညာဉ် ရှိနေဆဲဖြစ်ပြီး မူလဝိညာဉ်စွမ်းအားမှ ဖြစ်လာသည့် လက်နက်ကိုကိုင်ထားကာ ဝေ့ရမ်းနေသည်။
သို့သော်လည်း နောက်ပိုင်းတွင် အဓိကမူလဝိညာဉ်ပင် ပျောက်ကွယ်သွားကာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ရွှေရောင်စစ်လှံတံတစ်ခု ဖြစ်သွားသည်။ ကောင်းကင်ဓားသွားတစ်ခု ဖြစ်သွားသည်။
“ဒါက ဖရိုဖရဲ ရှင်းလင်းခြင်းပညာ မဟုတ်ဘူးလား..” ရှီဟောင် တုန်ယင်နေသည့်အသံဖြင့် မေးလိုက်သည်။
“ဒါက ပျက်စီးနေတဲ့ ဓားပညာပဲ .. မင်းဒါကို သုံးပြီး တိုက်ဖိုက်ဖို့အတွက်ကတော့ အတော်လေးလိုသေးတယ် .. ဒီလိုမျိုး ထူးခြားတဲ့ပညာက ထာဝရရှေးဟောင်းခေတ်မှာတောင်မှ နားလည်ဖို့ခက်ခဲတယ် .. ဒါကို လိုချင်ရင် အရမ်းခက်ခဲလိမ့်မယ်..”
ရှီဟောင်၏မူလဝိညာဉ်သည် ပို၍ပင် သန့်စင်လာကာ စွမ်းအားကြီးလာသည်။
ဤသည်မှာ ရန်သူ၏ မူလဝိညာဉ်ကို ဖျက်ဆီးရန် ပြုလုပ်သည့် ဝိညာဉ်လက်နက်ပင်။
“မင်းရဲ့ခန္ဓာကိုယ်က အရမ်းစွမ်းအားကြီးပြီးတော့ နတ်လက်နက်တွေနဲ့ ယှဉ်လို့ရနေပြီ .. အဲဒီတော့ မင်းရဲ့မူလဝိညာဉ်လည်း ဒီလိုမျိုးဖြစ်နေရမယ် .. ဝိညာဉ်လက်နက်တွေကို ရင်ဆိုင်နိုင်ရမယ်..”
တစ်ဖက်လောကတွင် အလွန်ကြောက်စရာကောင်းသည့် ဝိညာဉ်လက်နက်များရှိကြောင်း အကြီးအကဲအရှင် သူ့အား ပြောပြခဲ့သည်။ ထာဝရရှေးဟောင်းခေတ်၏ နောက်ဆုံးနေ့ရက်များ၌ ရှုံးခဲ့ရခြင်းမှာ တစ်ဖက်လောကမှ ဝိညာဉ်လက်နက်များစွာ အသုံးပြုခဲ့သောကြောင့်ပင်။
ထိုလက်နက်များထဲတွင် ထာဝရသက်ရှိအစစ်များကိုပင် ရိုက်ချနိုင်သည့် ပြိုင်ဘက်ကင်းသည့် ဝိညာဉ်လက်နက်အချို့ပင် ပါနေသည်။
ဤသည်ကို ကြားပြီးနောက် ရှီဟောာင်တောင့်ခဲသွားရသည်။ တစ်ခဏခန့် တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူသည် အကြီးအကဲအရှင်အား ရွှေရောင်လက်နက်တစ်ခုကိုသုံးကာ သူ၏မူလဝိညာဉ်အား ဆက်တိုက် တိုက်ခိုက်စေခဲ့သည်။ သူသည် သူ၏မူလဝိညာဉ်တစ်ခုတည်းဖြင့်သာ ဗလာသက်သက်ခုခံခဲ့သည်။
“ကြည့်ရတာ ဖရိုဖရဲရှင်းလင်းခြင်းပညာက ငါထင်ထားတာထက်ကို ပိုပြီးတော့ အဖိုးတန်တယ်ထင်တယ် .. တစ်နေ့ကျရင် ငါ့ရဲ့ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ရုံသာမက ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ မကြောက်ရတဲ့အထိ ငါ့ရဲ့မူလဝိညာဉ် စွမ်းအားကြီးနေအောင် ကျင့်ကြံမယ်..”
ဖရိုဖရဲ ရှင်းလင်းခြင်းပညာသည် မူလဝိညာဉ်ကို လက်နက်တစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ လမ်းကြောင်းတွင် ရှိနေသည့် အရာအားလုံးကို ရှင်းလင်းပစ်နိုင်သောကြောင့် သူ၏ မူလဝိညာဉ်ကိုလည်း အားကောင်းစေနိုင်မည်ပင်။
လေးလ ကုန်လွန်သွားလေပြီ။ ရှီဟောင် သီးသန့်ကျင့်ကြံခြင်းမှ ထွက်မလာသေး။
ငါးလ ကုန်ဆုံးသွားခဲ့လေပြီ။ ကောင်းကင်နတ်ဘုရားကျောင်းမှာ တိတ်ဆိတ်နေဆဲ။
နှစ်ဝက်ကုန်ဆုံးသွားလေပြီ။ အပြင်လောကမှ အချို့လူများ ခေါင်းခါလိုက်ကြသည်။
“ဝိုး .. ထာဝရကျောင်းက ဂျီးနီးယပ်စ် လေးယောက် ထွက်လာပြီ .. အလေးအမြတ်ကျောင်းက စွမ်းအားအကြီးဆုံးသူတစ်ချို့လည်း ပေါ်လာပြီ .. ဟွမ်က ဘယ်မှာလဲ .. ဟား ဟား..” အချို့လူများ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အဲဒီအဆင့်လွန်လူငယ်လေးတွေက ပြီးပြည့်စုံတဲ့မျိုးစေ့ရှိတာတောင်မှ သူတို့ အချိန် သိပ်မယူကြဘူး .. ဟွမ်ကတော့ အခုထိကို ထွက်မလာချင်သေးဘူး .. သူက တကယ်ကို ရှက်နေတာပဲ ဟား ဟား..”
အချို့လူများမှာ အေးစက်စွာပင် ရယ်မောလိုက်ကြကာ သူတို့၏ လှောင်ပြောင်လိုမှုကို ဖုံးကွယ်မထားနိုင်ကြတော့။
အပိုင်း ၁၄၄၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၇ – ကောင်းကင်ဘုံကိုးခုအား လေများတိုက်ခတ်လာခြင်း
ခြောက်လကြာသည့် နှိပ်စက်မှုကြီး .. ရှီဟောင်သည် ကောင်းကင်နတ်ဘုရားအဆင့်၌ကျင့်ကြံခြင်းမဟုတ်တော့ပဲ ဂိုဏ်းခေါင်းဆောင်အဆင့်၌ ကျင့်ကြံနေခြင်းပင်။
အကြီးအကဲအရှင်မှာ ကြမ်းတမ်းလွန်းလှပြီး သူ၏ပုံမှန် ဖော်ရွေသည့်ပုံစံနှင့် ကွာခြားလွန်းလှသည်။ သူ နည်းနည်းလေး မကျေနပ်သည်နှင့် အစမှ ပြန်လုပ်ခိုင်းသည်ပင်။
ရွှီး..
အေးစက်လှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်ရှိနေသည့် အပြာရင့်ရောင်ဝိညာဉ်လက်နက်တစ်ခု ရှီဟောင်၏ မူလဝိညာဉ်ထံသို့ ရိုက်ခတ်လာသည်။
အပြင်လူများသာ ရှိနေပါက သူတို့၏အမူအရာများ သေချာပေါက် ပြောင်းလဲသွားလိမ့်မည်။
အပြာရောင်စစ်လှံတံမှ ထွက်လာသည့် အလင်းများမှာ တောတောင်များနှင့် မြစ်များကိုပင် လင်းထိန်သွားစေသည်။ သာမန် ကောင်းကင်နတ်ဘုရားများက ဘယ်လိုလုပ် ဤသည်ကို ခုခံနိုင်မည်နည်း .. ဂိုဏ်းခေါင်းဆောင်များပင် ဖြူဖျော့သွားလိမ့်မည်။
ဤသည်ကို တိုးတက်အောင် လုပ်နေခြင်းဟု တွေးမည်မဟုတ်ပဲ သတ်ဖြတ်နေခြင်းဟု တွေးလိုက်မည်ပင်။
ထိုအချိန်တွင် ရှီဟောင်၏မျက်ခုံးကြားမှ ထိုလက်သီးအရွယ်အစားပုံရိပ်လေး ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားပြီး ထိုလက်နက်အားစတင်ရင်ဆိုင်လိုက်သည်။
သူ ပထမဆုံးလက်သီးတံဆိပ်ကိုပြုလုပ်လိုက်ကာ ဘေးဘက်သို့ ရှောင်တိမ်းသွားလိုက်သည်။ တံဆိပ်နှင့် ထိုလှံတံတို့ ထိသွားသည်နှင့် ကျယ်လောင်လှသည့် ဒုန်းကနဲအသံ ထွက်ပေါ်လာကာ မီးပွားများလည်း လွင့်ထွက်လာသည်ပင်။
ထိုပုံရိပ်လေးသည် ရိုးရှင်းလှသော်လည်း အရေးကြီးသည့်အချိန်တွင် သူ၏စွမ်းရည်များအား ပြသနိုင်သည်ပင်။ ဤရိုက်ချက်သည် တုန်လှုပ်စရာကောင်းလှပြီး မထင်မှတ်စွာဖြင့်ပင် သူသည် လက်ဗလာဖြင့် ဝိညာဉ်လက်နက်အား ခုခံလိုက်နိုင်သည်။
ရှီဟောင် အချိန်အကြာကြီး သီးသန့်ကျင့်ကြံပြီးသွားပြီဖြစ်သည်။ ယခုအချိန်မှာ သူ၏စွမ်းရည်များကို သက်သေပြရမည့်အချိန်ပင်။
ဝုန်းဟူသည့်အသံနှင့်အတူ ထိုဝိညာဉ်လက်နက်လွင့်ထွက်သွားသည်။
“မဆိုးဘူး..” အကြီးအကဲအရှင် ခေါင်းညိမ့်လိုက်၏။
ဤသည်မှာ မဆိုးဘူးထက် အများကြီး သာသည်ပင်။ အခြားသူများသာဆိုပါက အပြာရောင်လှံတံကို လွင့်ထွက်သွားအောင် လုပ်ဖို့မပြောနှင့် ထိုလှံတံနှင့် ထိမိလိုက်သည်နှင့် သူတို့ပြာအဖြစ် ပျံ့ကြဲသွားမည်ပင်။ ဤလက်နက်အား ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လက်နက်များမှာ မူလဝိညာဉ်များကို သတ်ဖြတ်ရန်အတွက် အထူးပြုလုပ်ထားသည့် လက်နက်များပင်။
“သွား..” အကြီးအကဲအရှင် ပြောလိုက်သည်။ သူပြောလိုက်သည်နှင့် တောက်ပလှသည့် ဓားရှည်တစ်ချောင်းထွက်ပေါ်လာသည်။ ထိုဓား၏ တောက်ပမှုမှာ နေလုံးကြီးကို အရောင်မှိန်သွားစေသည်အထိပင်။
ဤသည်မှာ အခြားဝိညာဉ်လက်နက်တစ်ခုပင်။ ဤတောက်ပသည့်ဓားရှည်သည် လေဟာနယ်ကို ထိုးဖောက်ကာ သူ၏စိတ်ကို ဖြတ်တောက်ရန် ကြိုးစားလာသည်။
ရှီဟောင်၏မူလဝိညာဉ်မှာ လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ သူ၏ဝိညာဉ်သည် နတ်ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤဓားသည် မည်သည့်အလင်းတန်းမှ မရှိသော်လည်း ကြောက်စရာကောင်းလောက်အောင် မာကျောလှသည်။ ထိုဓားသည် အရှေ့ဘက်သို့ တရှိန်ထိုးပြေးသွားကာ ထိုဝိညာဉ်လက်နက်အား ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
ယခုအချိန်၌ အကြီးအကဲအရှင်ပင် အနည်းငယ် စိုးရိမ်သွားရ၏။ ဤသည်မှာ အန္တရာယ်များလွန်းလှသည်။ တစ်ခုခုမှားယွင်းသွားသည်နှင့် ရှီဟောင်၏ မူလဝိညာဉ်လုံးဝပျက်စီးသွားလိမ့်မည်။
ဒုန်း..
စူးရှကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်လာသည်။
“ကောင်းတယ် .. အရမ်းကောင်းတယ် .. အကောင်းဆုံးပဲ..” တစ်ချိန်လုံး လေးနက်နေခဲ့သည့် အကြီးအကဲအရှင်ပင်လျှင် သူ့အား သုံးကြိမ်ချီးကျူးလိုက်သည်။ ရက်ပေါင်းများစွာ ခါးခါးသီးသီးကျင့်ကြံပြီးသည့်နောက်တွင်တော့ သူတို့ရလဒ်များ ရလာလေပြီ။
ရွှီး..
နောက်ဆုံးတွင် ခရမ်းရောင်တောက်ပနေသည့် ဓားတစ်လက် ကောင်းကင်ကို ဖြတ်သန်းလာသော်လည်း ဆက်လက်ရွေ့လျားမလာတော့ပေ။ ထိုနတ်ဓားသည်လည်း လက်သီးအရွယ်ပုံရိပ်လေးသို့ ပြန်ပြောင်းသွားသည်။
ရွှီးဟူသည့်အသံနှင့်အတူ ရှီဟောင်၏ မူလဝိညာဉ် သူ့ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာသည်။ ပြီးပြည့်စုံသည် ဖရိုဖရဲရှင်းလင်းခြင်းပညာကို မရလိုက်သောကြောင့် သူအနည်းငယ် ဝမ်းနည်းမိသည်။ ပျက်စီးနေသည့်ပညာမှာ သူ၏မူလဝိညာဉ်ကို လေ့ကျင့်ပေးရုံသာ တတ်နိုင်ပြီး ပြိုင်ဘက်ကင်းသည့် တိုက်ခိုက်မှုတစ်ခုကို မဖန်တီးနိုင်။
ရှီဟောင်၏ခန္ဓာကိုယ်မှာ အချိုးစား ကျလှသည်။ သူ၏ရှည်လျားသွယ်လျပြီး ကျန်းမာကာ ချောမောခန့်ညားသည့်သူပင်။ ဤသည်ပင်လျှင် လူသားပုံစံနတ်လက်နက်တစ်ခု ဖြစ်နေလေပြီ။
အဘယ်ကြောင့်ဆိုသော် သူ၏လက်ရှိခန္ဓာကိုယ်သည် ကောင်းကင်နတ်ဘုရားအဆင့်မှော်လက်နက်များကို ဖျက်ဆီးပစ်နိုင်ပြီး ဂိုဏ်းခေါင်းဆောင်အဆင့် အဖိုးတန်ရတနာများနှင့် ရင်ဆိုင်နိုင်လေပြီ။
သူ၏ပြင်ဆင်မှုများ ပြီးဆုံးသွားလေပြီ။ သူသည် ရတနာရှစ်သွယ်ယူနီကွန်း၊ ကောင်းကင်နတ်ဘုရားသစ်ပင်၊ ဝိညာဉ်လမ်းပြခြင်းကြာပန်း၊ မိစ္ဆာစောင့်ကြပ်သည့်နတ်ဝါးပင်၊ အဝါရောင်မြစ်သစ်သီးနှင့် အခြား ကောင်းကင်ပစ္စည်းများအားလုံးကို စုတ်ယူပြီး ပြည့်စုံသည့်အနေအထားသို့ ရောက်သွားလေပြီ။
“ငါ့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ မင်းက ငါမြင်ဖူးသမျှ ကောင်းကင်နတ်ဘုရားထဲမှာ စွမ်းအားအကြီးဆုံး ကောင်းကင်နတ်ဘုရားပဲ” အကြီးအကဲအရှင် သူ့အား ချီးကျူးလိုက်သည်။
သူပျော်ရွှင်နေသလို အနည်းငယ် စိတ်ရှုပ်ကာ ခါးသီးနေမိသည်။
အဘယ်ကြောင့်ဆိုသော် သူသည် သူမျှော်မှန်းထားသလောက် စွမ်းအားကြီးသည့် တပည့်တစ်ယောက်ကို ပျိုးထောင်နိုင်ခဲ့သည်။ သူသည် ကောင်းကင်နတ်ဘုရားအဆင့်ထက်ပင် ကျော်လွန်နေလေပြီ။
တစ်ချိန်တည်းမှာပင် သူ့အကြောင်းကို သူပြန်တွေးမိသွား၏။ သူ ဤလမ်းကို လျှောက်လှမ်းစဉ်က ဆူးငြောင့်ခလုတ် များပြားလှပြီး သူ၏ခန္ဓာကိုယ်နှင့်တာအို ပျက်စီးမလို ဖြစ်ခဲ့ရသည်။
သူ အောင်မြင်ခြင်းမှာ ယခု နောက်ဆုံးအဆင့်ပေါ်၌ မူတည်နေလေပြီ။
“ကျွန်တော့်ကို လုပ်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ် စီနီယာ..” ရှီဟောင် သူ၏စိတ်ရင်းဖြင့် ပြောလိုက်သည်။ အကြီးအကဲအရှင်သည် နတ်ပိုးကောင်မျိုးစုံ၊ အဖိုးတန်ပညာမျိုးစုံကို တွန့်တိုခြင်းမရှိပဲ သူ့အတွက် အသုံးပြုပေးခဲ့သည်။ ထို့အပြင် နှစ်ဝက်တစ်ဝက်လုံးကို သူ၏ခန္ဓာကိုယ်နှင့် နတ်အာရုံ လေ့ကျင့်ရန် အချိန်ပေးခဲ့သည်ပင်။
“မင်းရဲ့ လက်ရှိခန္ဓာကိုယ်က ငါ့တုန်းကထက် ပိုကောင်းတယ် .. မင်းက ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ ပြိုင်ဘက်ကင်းဖြစ်နေပြီ .. မင်းရဲ့အောင်မြင်နိုင်ချေက ငါ့ထက်ပိုများတယ်..” အကြီးအကဲအရှင် ပြောလိုက်၏။
“ပြီးတော့ မင်းမှာ အခုထိကြီးထွားနေဆဲဖြစ်တဲ့ ထူးဆန်းတဲ့မျိုးစေ့တစ်စေ့လည်းရှိသေးတယ် .. မင်းအဲဒါကို သုံးလိုက်ရင် မင်းရဲ့အောင်မြင်နိုင်ချေက ပိုများလာမှာပဲ..” သူထပ်ပြောလိုက်၏။
ရှီဟောင် သူ၏ပြင်ဆင်မှုများအားလုံး ပြီးဆုံးသွားလေပြီ။ ယခု နောက်ဆုံးအဆင့်သာ ကျန်တော့သည်။
သို့သော်လည်း သူက ဘယ်လိုလုပ် ထိုထူးဆန်းသည့်မျိုးစေ့ထဲသို့ ဝင်နိုင်မည်နည်း..
ဤမျိုးစေ့သည် မထင်မရှားမှုန်ဝါးနေကာ မြူများ ဝန်းရံနေသည်။ ထိုမျိုးစေ့မှ ရှေးအကျဆုံးအော်ရာလည်း ထုတ်လွှတ်နေသည်။ ထိုမျိုးစေ့မှ တာအိုတစ်သောင်းအသံများလည်း ကြားနေရသည်ပင်။
သူ ဤမျိုးစေ့ကို မီးစီရင်စုအနားတွင်ရှိနေသည့် အာကာသကလန်မိုင်းတွင်းမှ ရခဲ့ခြင်းပင်။
ဤမျိုးစေ့၏ အရွယ်အစားမှာ ဆက်တိုက်ပြောင်းလဲနေဆဲပင်။
“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးမယ် .. မင်းသေချာပေါက်ကို အောင်မြင်မှာ..” အကြီးအကဲအရှင် ပြောလိုက်သည်။ ရှီဟောင်အား အားပေးလိုက်သလို သူ့ကိုယ်သူလည်း အားပေးလိုက်သည်။
ဤသည်မှာ သူဂရုတစိုက် ပြုစုလာသည့် တစ်ဦးတည်းသော တပည့်ဖြစ်သလို သူ၏မျှော်လင့်ချက်အားလုံး စုပုံထားသည့် တပည့်လည်းဖြစ်သည်။
“ငါတို့မှာ ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းမျိုးစေ့မရှိတော့ ပြီးပြည့်စုံတဲ့ပေါင်းစည်းမှုလို့ ခေါ်တဲ့ဟာကို မလုပ်နိုင်တော့ဘူး .. အဲဒီလိုဆိုမှတော့ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးပြီးတော့ ကောင်းကင်နဲ့မြေကြီးကို ပြန်ဖွဲ့စည်းမယ် .. အားလုံးရဲ့ အထက်မှာ ရှိနိုင်အောင်လုပ်မယ်..” အကြီးအကဲအရှင်၏မျက်လုံးမှ အလင်းတန်းများ တောက်ပနေသည်။
“နားလည်ပါပြီ..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။
“အခုကစပြီး တစ်ခုတည်းသော ပြဿနာက မင်းဒီအစေ့ထဲကို ဝင်ဖို့ပဲ .. မင်းရဲ့လေ့လာမှုကိုပဲ အာရုံစိုက် .. မင်းရဲ့တာအိုလမ်းကြောင်းကို အတည်ပြု၊ ပညာတွေကို ပြန်လေ့လာ .. အပြင်လောကက ကိစ္စတွေကို စိတ်မပူနဲ့..” အကြီးအကဲအရှင် ပြောလိုက်သည်။
ထို့နောက် အကြီးအကဲအရှင်သည် ရှီဟောင်ထံမှ ထာဝရဓားကို ယူလိုက်ကာ သူ၏နတ်ခွန်အားများ ပေါင်းထည့်လိုက်သည်။ ထိုဓားသည် နေနှင့်လကိုပင် အရောင်မှိန်သွားလောက်စေသည်အထိ တောက်ပလာသည်။
သူထိုဓားကို လွှဲရမ်းလိုက်သည်နှင့် ရှီဟောင်၏နှလုံးသွေးတစ်တန်းစီးဆင်းလာသည်။ ထို့နောက် အရွယ်အစားမျိုးစုံ ပြောင်းလဲနေသည့်ထိုမျိုးစေ့ ကွဲသွားကာ အဆုံးမရှိသည့်တာအိုသံများလည်း ထွက်ပေါ်လာသည်။
သူသည် ရှီဟောင်၏နှလုံးသွေးအနည်းငယ်ကို ထုတ်ယူပြီး ယဇ်ပူဇော်လိုက်ခြင်းပင်။
ရလဒ်အနေဖြင့် ထိုမျိုးစေ့ ဤအတိုင်း ဟက်တက်ကွဲသွားလေပြီ။
ရှီဟောင် တွေဝေမနေပဲ ထိုမျိုးစေ့ထဲသို့ ချက်ချင်းခုန်ဆင်းလိုက်သည်။ သူသည် ထိုမျိုးစေ့ထဲတွင် ကြီးထွားနေသည့် ပြိုင်ဘက်ကင်းသည့်နတ်မျိုးစေ့ ဖြစ်သွားလေပြီ။
အခက်ခဲဆုံးအဆင့် ရောက်လာလေပြီ။ ဤမျိုးစေ့ကို ဘယ်လိုပြန်ပိတ်မည်နည်း..
အမှန်တကယ်တွင် ဓားဖြင့် ဤအစေ့ကို ဖွင့်လိုက်သည်နှင့် သူ့အထဲတွင်ရှိနေသည့် အချင်းထွက်ပေါ်လာပြီး တစ်ဖြည်းဖြည်းချင်း အရောင်မှိန်သွားလေပြီ။
“ဒါက ငါ ကောင်းကင်ပြုပြင်ခြင်းတာအိုကနေ ရလာခဲ့တဲ့ ကောင်းကင်ပြုပြင်ခြင်းဆေး .. ဒါနဲ့ ဒီအချင်းကို ပိတ်လိုက်လို့ရတယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
ထိုစကားကိုကြားသည်နှင့် ရှီဟောင် တုန်လှုပ်သွားရသည်။
အဆင့်နိမ့်နယ်မြေတွင် ကောင်းကင်ပြုပြင်ခြင်းအဆောက်အဦးရှိပြီး စီရင်စုသုံးထောင်၌ ကောင်းကင်ပြုပြင်ခြင်းဂိုဏ်းရှိသည်။ ဤကောင်းကင်ဘုံကိုးခု၌ ကောင်းကင်ပြုပြင်ခြင်းတာအိုရှိနေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံကိုးခု၌ ကောင်းကင်ခစားခြင်းတာအိုရှိနေသည်။
အဆောက်အဦးမှဂိုဏ်း၊ ဂိုဏ်းမှတာအို ဤသည်မှာနာမည်သာ ကွဲသွားသည်ပင်။
ကောင်းကင်ပြုပြင်ခြင်းတာအိုတွင် သက်ရှည်ဆေးတစ်မျိုးရှိသည်ဟု ကောင်းကင်ဘုံကိုးခု၌ ဒဏ္ဍာရီတစ်ခု ရှိနေသည်ပင်။ ဤသည်ဟု ဆေးဟု ခေါ်၍မရလောက်၊ ထာဝရကျောက်တုံး၊ ထာဝရသတ္တုဟု ခေါ်ရလောက်မည်။
ယခု အကြီးအကဲအရှင် ယူလာသည်မှာလည်း ဤထာဝရကျောက်တုံး၏ တစ်ပိုင်းတစ်စပင်။
တောက်ပသည့်အရည်များ စီးကျလာသည်ကို ရှီဟောင်တွေ့လိုက်ရပြီး ထိုဖြတ်ခံထားရသည့် နေရာကို စေ့ပိတ်သွားစေကာ သူ့အား အထဲ၌ ပိတ်ထားလိုက်လေသည်။
ဤအစေ့ကိုပိတ်နိုင်သည့် အခြားနည်းလမ်းများလည်း ရှိသေးသော်လည်း ဤသည်မှာ ဤအစေ့၏စွမ်းအင်ကို ပမာဏတစ်ခုထိတော့ ဆုံးရှုံးစေမည်ပင်။ သို့သော်လည်း ဤနည်းအတိုင်းဆိုလျှင် ဘာမှဆုံးရှုံးမည်မဟုတ်။
“အခုကစပြီးတော့ ငါ အစေ့ကိုမြေကြီးထဲ ထည့်လိုက်ပြီ .. မင်းပြန်ထွက်လာမယ့်အချိန်ကို ငါစောင့်နေမယ်..” ဤသည်မှာ သူ့အတွက် အကြီးအကဲအရှင်၏ နောက်ဆုံးစကားများပင်။
ထို့နောက် ရှီဟောင်ဘာမှ မကြားရတော့။ သူ၏ပြောင်းလဲမှုများ စတင်တော့မည်။ အနိုင်အရှုံးကို ဤနေရာ၌ ဆုံးဖြတ်ပေးမည်ပင်။
အပြင်ဘက်လောက၌ အုတ်အော်သောင်းတင်းဖြစ်နေလေပြီ။
အထူးသဖြင့် နှစ်ဝက်ကျော်သွားပြီဖြစ်သော်လည်း သူပေါ်မလာသေးသောကြောင့် ပို၍ဆူညံလာကြသည်။
ရှစ်လ ကုန်လွန်သွားပြီဖြစ်သော်လည်း ရှီဟောင်၏အရိပ်အယောင်ကို မမြင်ရသေး။
ကိုးလ ကုန်လွန်သွားပြီ။ ရှီဟောင်ကို မမြင်ရသေး။
တစ်နှစ် ကုန်ဆုံးသွားပြီ။ ဟွမ် ပျောက်ကွယ်သွားပြီထင်သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲအရှင်၏ နေရာတွင် မြက်ရိုင်းများ ပေါက်နေပြီး နွယ်ပင်များလည်း ထူထပ်စွာ ပေါက်ရောက်နေသည်။
“ဝိုး .. သရဖူ ၁၀ ခုဘုရင် ထျန်းကျီ လောကသစ်ပင်အပင်ပေါက်နဲ့ ပေါင်းဖို့ ၁၂ လတောင်အချိန်ယူရတယ် .. သူ သီးသန့်ကျင့်ကြံတာကနေ ထွက်လာတဲ့နေ့က ကောင်းကင်ပေါ်မှာ သစ်ပင်ကြီးတစ်ပင် ပေါ်လာပြီးတော့ ပုံမှန်မဟုတ်တဲ့ မြင်ကွင်းတွေလည်း ပေါ်လာတာ..”
ထိုနေ့တွင် အားလုံးကို ထိတ်လန့်သွားစေသည့် သတင်းတစ်ခု ပေါ်လာခဲ့သည်။
သရဖူ ၁၀ ခုဘုရင်၏နာမည်မှာ ထျန်းကျီဟုခေါ်သည်ပင်။ သူသည် အချိန်အကြာကြီးသီးသန့်ကျင့်ကြံနေခဲ့ပြီး ယခုမှ ပေါ်လာခြင်းပင်။
ထိုနေ့တွင် ပုံမှန်မဟုတ်သည့် မြင်ကွင်းမျိုးစုံ ပေါ်လာခဲ့သည်။ ထာဝရကျောင်းတွင် မြေကြီးထဲမှ နတ်ရေကန်တစ်ခု ပေါ်လာပြီး ကောင်းကင်ထက်မှ ချိုမြိန်သည့်ဆီးနှင်းများ ကျဆင်းလာသည်။ တာအိုရွှေကြာပန်းများလည်း လေဟာနယ်ထဲ၌ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာသည်။ နဂါးအစစ်များပင် ပေါ်လာပြီး သူကျင့်ကြံသည့်နေရာ၌ ရစ်ပတ်နေကြသည်။ တာအိုအသံများလည်း ထိုနေရာ၌ ပဲ့တင်ထပ်နေလေသည်။
လောကသစ်ပင်သည် မည်မျှပင် အံ့အားသင့်စရာကောင်းသည့်အရာဖြစ်သနည်း .. ထာဝရသက်ရှိအစစ်များပင်လျှင် ဤအပင်ကို တွေ့သည်နှင့် ဆွံ့အသွားကြလိမ့်မည်။ သို့သော်လည်း သူသည် ကံကောင်းစွာဖြင့် သူ့ကိုယ်နှင့် ပေါင်းစည်းခွင့်ရခဲ့သည်။ ဤသည်မှာ ပြစ်ချက်မရှိသည့် ပြောင်းလဲခြင်းဟု ပြော၍ရသည်ပင်။
သူ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည့်နေ့တွင် နဂါးလက်သီးတစ်ခု ကောင်းကင်ကို စုတ်ဖြဲခဲ့လေသည်။
ရက်အနည်းငယ် ကြာပြီးသည့်နောက် အခြားကိစ္စတစ်ခု ပေါ်လာခဲ့သည်။
ထာဝရကျောင်းတွင် အရှေ့ဘက်မှ ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်လာသည်။ ခရမ်းရောင်စွမ်းအင်များစွာသည် ကောင်းကင်ထက်သို့ လွင့်ပျံနေသလို မြေကြီးထဲသို့လည်း စိမ့်ဝင်နေသည်။ ဤစွမ်းအင်များသည် လီပေါင်း သုံးသောင်းထိပင် ပျံ့နှံ့နေလေ၏။
“ဘုရားရေ .. ဒါက ဘယ်လိုတောင် အံ့ဩစရာကောင်းတဲ့ မြင်ကွင်းကြီးလဲ .. ဘယ်သူ သီးသန့်ကျင့်ကြံတာကနေ ထွက်လာတာလဲ .. ဘာလို့ ဒီလောက်ထိ ကြီးကျယ်ခမ်းနားနေတာလဲ..”
“ဒါ ဘာလဲဆိုတာ ငါသိတယ် .. ဒါက ခရမ်းရောင်စွမ်းအင်မြူတွေ .. ဒါက ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းရှေးဟောင်းမျိုးစေ့တစ်ခုပဲ .. အရင် ထာဝရရှေးဟောင်းခေတ်တုန်းက ဒီမျိုးစေ့ကို ပြီးပြည့်စုံတဲ့အဖိုးတန်မျိုးစေ့လို့ ခေါ်ကြတာ .. အခု ဒီလောကကြီးမှာ သူနောက်တစ်ခေါက် ထပ်ပေါ်လာပြီ..”
ထာဝရကျောင်းမှ လူတစ်ယောက် ခရမ်းရောင်မြူမျိုးစေ့နှင့် အောင်မြင်စွာ ပေါင်းစည်းသွားနိုင်ပြီဖြစ်ကြောင်း အားလုံးသိလိုက်သည်။
အခြားဂျီးနီးယပ်စ်တစ်ယောက် ပေါ်လာလေပြီ။
ဤကဲ့သို့သော ပြိုင်ဘက်ကင်း ရှေးဟောင်းမျိုးစေ့နှင့် အောင်မြင်စွာ ပေါင်းစပ်နိုင်သည့်သူများသည် သူတို့၏ဘဝ၌ အဆုံးမရှိသည့် ကြီးကျယ်ခမ်းနားမှုများ ရရှိမည်ဖြစ်သည်ဟု ကောလဟာလများရှိနေသည်ပင်။ အခြားသူများ သူ့ကို ရင်ဆိုင်နိုင်ရန်အတွက် ခက်ခဲလှလိမ့်မည်။
ကြီးကျယ်ခမ်းနားသည့် ကာလသို့ ရောက်ရှိလာလေပြီ။
အပိုင်း ၁၄၄၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၈ – နွေဦးမှာ အပင်များစိုက်ပျိုးသည့်ရာသီပင်
ဤသည်မှာ ခေတ်ကြီးတစ်ခု၏ နောက်ဆုံးနေ့ရက်များဖြစ်သော်လည်း ရွှေရောင်နေ့ရက်များဖြစ်သည်ပင်။
လောကသစ်ပင် အပင်ပေါက်က တစ်ယောက်ယောက်နဲ့ ပေါင်းစည်းသွားပြီ .. ဒါက ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ..
ထို့နောက် ခရမ်းရောင်စွမ်းအင်မျိုးစေ့လည်း ပေါ်လာသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်မျိုးစေ့တစ်ခုပင်။ အရှေ့ဘက်မှ ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်နေခြင်းမှာ နတ်ခွန်အားကို ရောင်ပြန်ဟပ်နေခြင်းပင်။
“သိထားရမှာက ထာဝရသက်ရှိတွေ ရှိခဲ့တဲ့ ခေတ်မှာတောင်မှ ဒါက ပြည့်စုံတဲ့မျိုးစေ့တစ်ခုပဲ .. ဒါက သက်ရှည်တဲ့သက်ရှိတွေကို ထိတ်လန့်စေနိုင်တုန်းပဲ..”
သာမန်တာအိုကျင့်ကြံသူများဖြစ်စေ၊ မသေမျိုးမိသားစုများဖြစ်စေ အားလုံး ဤအကြောင်းကို ဆွေးနွေးနေကြသည်။
ဤသည်မှာ အစပိုင်းသာရှိသေးသည်ဟု အားလုံး ခံစားနေရသည်။ လောကကို တုန်လှုပ်စေနိုင်မည့် ဂျီးနီးယပ်စ်များ တစ်ယောက်ပြီတစ်ယောက် ပေါ်လာဦးမည်ပင်။ ရှေးဟောင်းမျိုးစေ့အားလုံး ဤလောက၌ တစ်စုတစ်စည်းတည်း ဖြစ်သွားမည်ထင်သည်။
“ပြီးပြည့်စုံတဲ့ ရှေးဟောင်းမျိုးစေ့တွေအားလုံး ပေါ်လာပြီ .. ဘယ်သူက ဒီမိုးကောင်ကင်အောက်မှာ နံပါတ်တစ်လဲ .. ဘယ်သူက တကယ်ပြိုင်ဘက်ကင်းတာလဲ .. ဘယ်သူက သူတို့စွမ်းအားတွေကို ပြသနိုင်မလဲ .. အရင်ခေတ်တုန်းက အရွယ်မရောက်သေးခင် ညှိုးရော်သွားတဲ့ မျိုးစေ့တစ်ချို့ရှိခဲ့ပေမယ့် ဒီလောကမှာတော့ သူတို့တွေ တောက်ပနိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်..”
အားလုံးသည် အဆင့်လွန်လူငယ်များကြားမှ တိုက်ခိုက်မှုကို မျှော်လင့်စောင့်စားနေကြလေသည်။
“ကောင်းကင်ထက်မှာ ကြယ်တွေ တစ်လုံးပြီးတစ်လုံး ပေါ်လာတာကို မြင်ချင်မိတယ် .. သူတို့တွေ ဖြတ်တိုက်မိသွားတာနဲ့ မီးပွားတွေ ပွင့်ထွက်လာလိမ့်မယ် .. ဒါပေမဲ့ ကပ်ဆိုးကြီး ရောက်လာတဲ့နေ့ကျရင်တော့ ရန်သူတွေကို အားလုံးစုပေါင်းတိုက်ခိုက်ရမယ်..”
ခမ်းနားကြီးကျယ်သည့် ခေတ်ကြီးတစ်ခေတ်ကို မြင်ချင်သည့်သူများ ရှိနေကြသည်ပင်။
ဤခေတ်ကြီး ပျက်စီးသွားမည်ကို မြင်ချင်သည့်သူ ရှိမည်မဟုတ်။
ယခင်စစ်ပွဲ၌ ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခု အတော်လေး အထိနာခဲ့ရသည်။ လောကကြီးတစ်ခုလုံး ပျက်စီးသွားကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ယခု သူတို့အခြေအနေများကို ပြောင်းလဲနိုင်မည့် မျှော်လင့်ချက်ရှိနေလေပြီ။
ဤသည်မှာ အလွန်ခက်ခဲမှန်း၊ အောင်မြင်ရန် မဖြစ်နိုင်မှန်း သိနေကြသော်လည်း သူတို့မျှော်လင့်ချက် ထားနေသေးသည်ပင်။
“ဘယ်သူက ဒီကောင်းကင်အောက်မှာ နံပါတ်တစ်လဲ .. ဘယ်ရှေးဟောင်းမျိုးစေ့က စွမ်းအားအကြီးဆုံးလဲဆိုတာ ခဏနေကျရင် သိရတော့မယ်…”
ဤသည်မှာ လူများစွာ တွေးနေသည့်အရာပင်။ နာမည်ကြီးသည့်သူများနှင့် ရှေးဟောင်းပုဂ္ဂိုလ်အချို့ပင် မည်သည့်မျိုးစေ့က ပြိုင်ဘက်ကင်းသည့်မျိုးစေ့ဟု ခေါ်ထိုက်သလဲ ဆိုသည်ကို သိချင်နေကြသည်။
…
အပြင်ဘက်လောက၌ ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းမျိုးစေ့များအား အံ့အားသင့်နေကြသည့်အချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှာ တိတ်ဆိတ်နေဆဲပင်။
အမှန်တကယ်တွင် ရှီဟောင် ဤနေရာ၌ မရှိတော့။ အကြီးအကဲအရှင်မှ သူ့အား တိတ်တဆိတ်ခေါ်သွားလေပြီ။
“နွေဦးရာသီမှာ မျိုးစေ့ချပြီးတော့ ဆောင်းဦးရာသီမှာ ရိတ်သိမ်းရတယ်..” ဤသည်မှာ အကြီးအကဲအရှင် ပြောလိုက်သည်ပင်။
သူသည် ရှီဟောင်အား မြေကြီးထဲ၌ မြှုပ်ထားပြီး သူ့အားမနှောက်ယှက်တော့။
ဤနေရာသည် ကောင်းကင်နတ်ဘုရားကျောင်းမဟုတ်။ များပြားလှသည့် မြေကြီးစွမ်းအင်များသည် အရည်များကဲ့သို့ပင်။
ဤနေရာမှာ အနန္တကောင်းကင်၌ပင် မဟုတ်တော့။ ကောင်းကင်ဘုံကိုးခုထဲမှ တစ်ခုဖြစ်သည့် သန့်ရှင်းသောဆန်းကြယ်မှုကောင်းကင်ပင်။
ဤသည်မှာ ဘာမှမမြင်ရသည့် ရှေးဟောင်းမြေတစ်ခုပင်။ နေရာတိုင်း၌ မြေကြီးစွမ်းအင်များသာ ရှိသည်။ ဤသည်မှာ သားရဲကြီးများ လှုပ်ရှားသွားလာပြီး ကောင်းကင်ထက်သို့ အဝါရောင်သဲများလွင့်စင်လာသလိုပင်။
ယခု အကြီးအကဲအရှင် ရှီဟောင်အား ဤနေရာသို့ ခေါ်လာကာ သူ့အား မြေမြှုပ်ထားခြင်းမှာ ဤကဲ့သို့သော မြေကြီးစွမ်းအင်ဖြင့် သူ့အား အားဖြည့်ပေးလိုသောကြောင့်ပင်။
ရှီဟောင်သည် တကယ်ကို အစေ့တစ်စေ့ဖြစ်နေပြီး မြေကြီးထဲ၌ စိုက်ပျိုးခံထားရသည်။ သူအညှောင့်ပေါက်ကာ အပင်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်ပင်။
ထိုထူးဆန်းသည့်မျိုးစေ့သည် အားဖြည့်ခံနေရကာ အသံတစ်မျိုးကို ထုတ်လွှတ်နေသည်။
ကျင့်ကြံသူများနားထဲ၌ ဤသည်မှာ ထာဝရတာအိုအသံနှင့်တူနေသည်။ ရှေးအကျဆုံးကျမ်းစာသံများ ကောင်းကင်ထက်မှ ထွက်ပေါ်နေသကဲ့သို့ပင်။ ဤအသံမှာ ကျယ်လောင်လွန်းလှသောကြောင့် နားလေးနေသည့်သူများပင် ကြားနိုင်လိမ့်မည်။ ဤသည်မှာ လူတစ်ယောက်အား တာအိုလေ့လာနိုင်အောင်လည်း လုပ်ပေးနေသည်ပင်။
ဤသည်မှာ ဤမျိုးစေ့၏ အဖိုးအတန်ဆုံးအပိုင်းပင်။ သူသည် ကောင်းကင်ဘုံများနှင့် ဆက်သွယ်ကာ လောကကြီးနှင့် လိုက်လျောညီထွေဖြစ်နေသည်။
ယခုအချိန်တွင် ဤနေရာ၌ သဘာဝဥပဒေသမျိုးစုံ စုဝေးနေကြသည်။
သဘာဝဥပဒေသများ တစ်တန်းပြီးတစ်တန်း၊ ချိန်းကြိုးများတစ်ခုပြီဲးတစ်ခု ထွက်ပေါ်လာကာ ဤအချင်းကို ရစ်ပတ်ထားသည်။ မြင်ရသည့်အရာများနှင့် မမြင်ရသည့်အရာများအားလုံး ချိတ်ဆက်သွားကာ ပိုးအိမ်တစ်ခုကဲ့သို့ ဖြစ်နေလေပြီ။ ဤသည်မှာ ဤအစေ့၏ အပြင်ဘက်အခွံ၌ ဖြစ်နေသည့်အရာပင်။
အထူးသဖြင့် ဤကဲ့သို့သော မြေကြီးစွမ်းအင်များပြားလှသည့် နေရာ၌ မြှုပ်ခံလိုက်ရသည့်အချိန်တွင် အကျိုးသက်ရောက်မှုများမှာ ပို၍ရှင်းလင်းလာသည်။
ရှီဟောင် ဤကဲ့သို့သောအရာမျိုးနှင့် မရင်းနှီးပေ။ သူ ဤမျိုးစေ့ကို အသုံးပြုကာ ထာဝရစွမ်းအင်ကျင့်ကြံ၍ရကြောင်း ချီသော်လင်း သူ့အား ပြောခဲ့ဖူးသော်လည်း သူတစ်ခါမှ မသုံးဖူးခဲ့။
ရှီဟောင် ဤသဘာဝဥပဒေသများထဲ၌ ရစ်ပတ်ခံထားရသည်။ ယခုတော့ သူဤလောကကြီး၏ သဘာဝတရားကို မြင်လာလေပြီ။
သူသသည် မိုးရေများကို အငမ်းမရစုတ်ယူနေသည့် သဲကန္တာရကဲ့သို့ပင်။ အရာအားလုံးကို လေ့လာနေကာ ပြန်လည်သုံးသပ်နေသည်။
သူသည် ကြီးမြတ်သည့်တာအိုနှင့် နီးစပ်နေလေပြီ။ ဤသည်မှာ ကောင်းကင်နတ်ဘုရားအဆင့်ကို ဖြတ်ကျော်ချင်လျှင် လိုအပ်သည့်အရာတစ်ခုပင်။
ကြီးမြတ်သည့်တာအိုနှင့် ပေါင်းစည်းနိုင်သွားပါက သူတို့တစ်ဘဝလုံးစာအတွက် အကျိုးကျေးဇူးများ ရရှိသွားမည်ပင်။
ဤသည်မှာ ဂျီးနီးယပ်စ်များမှ ပြီးပြည့်စုံသည့်ရှေးဟောင်းမျိုးစေ့အား ရှာဖွေချင်ရသည့် အကြောင်းရင်းပင်။ ပြီးပြည့်စုံသည့် တာအိုမျိုးစေ့တွင် ဤလောကကြီး အကြောင်းများစွာပါရှိသည်။ ဤမျိုးစေ့များနှင့်သာ ပေါင်းစပ်နိုင်ပါက ဤလောကကြီး၏ ပညာများစွာကို မြင်တွေ့သွားကာ အဓိပ္ပာယ်အစစ်ကို လေ့လာနိုင်လိမ့်မည်။
ဤသည်မှာ ပြီးပြည့်စုံသည့်တာအိုမျိုးစေ့အား ရှာဖွေချင်ရသည့် အကြောင်းရင်းပင်။ သူတို့သည် မျိုးစေ့ကို အသုံးပြုကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အမှန်တရားများအား နားလည်လိုသောကြောင့်ပင်။
ထို့အပြင် ထိုကဲ့သို့သော မျိုးစေ့မှာ သာမန်တာအိုမျိုးစေ့များနှင့် မတူပေ။ ထိုမျိုးစေ့နှင့် ပေါင်းစပ်လိုက်နိုင်သည်နှင့် ဤသည်မှာ တစ်သက်စာ ဖြစ်သွားလိမ့်မည်။ အခြားမျိုးစေ့များကဲ့သို့ တစ်ခဏသာ သိလိုက်ခြင်းမဟုတ်။
ထာဝရပေါင်းစည်းခြင်းဆိုသည်မှာ လူတစ်ယောက်သည် လောကကြီးနှင့်ပေါင်းစပ်ရန် အခွင့်အရေးများစွာ ရလိမ့်မည်ဟု ဆိုလိုခြင်းပင်။ ကျင့်ကြံခြင်းလမ်းကြောင်းတွင် ဆက်တိုက်ပင် တိုးတက်ပြောင်းလဲလာလိမ့်မည်။
သို့သော် ရှီဟောင်ထံတွင် ဤကဲ့သို့သော မျိုးစေ့မရှိသောကြောင့် သူတစ်ခြားလမ်းတစ်ခု လိုအပ်သည်။ယခု သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အချင်းမှ သဘာဝဥပဒေမျိုးစုံကို မြင်နေရပြီး အကြောင်းအရာများစွာကိုလည်း နားလည်နေလေပြီ။
“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးမယ် .. ငါ အပြင်ဘက်လောကကြီးက မျိုးစေ့နဲ့ မပေါင်းပဲနဲ့ ငါ့ခန္ဓာကိုယ်ကိုသုံးပြီးတော့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ချိတ်ဆက်မယ် .. အဲဒါဆိုရင် ဆန်းကြယ်မှုအားလုံးရဲ့ အဓိပ္ပာယ်ကို ငါသိနိုင်လိမ့်မယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူသည် ကျမ်းစာသံများထြမှ အရာအားလုံးကို လေ့လာလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးခြင်း၏ သီအိုရီအရ လူတစ်ယောက်သည် သူ၏အသွေးအသားထဲတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အခြေခံအကျဆုံး တာအိုစည်းမျဉ်းများကို မှတ်ထားရမည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို လေ့လာပြီး သူ၏ခန္ဓာကိုယ်အတွင်း၌ရှိသည့် လောကကြီးကို အသက်သွင်းရမည်။
ပြီးပြည့်စုံသည့် မျိုးစေ့ကို အသုံးပြုလျှင် ဘာပဲဖြစ်ဖြစ် ဤလောကကြီးကို မှီခိုနေရဦးမည်ပင်။
ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုလိုက်လျှင်မူ ဤသည်မှာ အာကာသအောက် နေနေခြင်းမဟုတ်တော့ပဲ အာကာသနှင့် အဆင့်တစ်ခုတည်းဖြစ်သွားလိမ့်မည်။
ဟုတ်ပါသည်။ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးခြင်းဆိုသည်မှာ ကိုယ့်ကိုကိုယ် အာကာသနှင့် အဆင့်တစ်ခုတည်းအဖြစ် သတ်မှတ်လိုက်ခြင်းပင်။ လောကကြီးကို လေ့လာခြင်းဖြင့် ကိုယ့်ကိုကိုယ် အသက်သွင်းရမည်ပင်။
ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခြင်းတွင် ပြင်အရာဝတ္ထုများ မလိုအပ်ပေ။ ထိုအစား ကိုယ့်ကိုယ်ထဲ၌ ထာဝရဂိတ်တံခါးများ ရှိလာမည်ပင်။
ဤလမ်းကြောင်း၏ အဆုံးကို ရောက်သည်နှင့် စွမ်းအားကြီးခြင်းမကြီးခြင်းသည် ခန္ဓာကိုယ်အရွယ်အစားနှင့်မဆိုင်တော့။ လူသားခန္ဓာကိုယ်သည် ကြယ်နှင့်ယှဉ်လျှင် ဖုန်မှုန့်တစ်မှုန့်စာ ပမာဏသာရှိသော်လည်း အာကာသတစ်ခုလုံးအား စုတ်ဖြဲပစ်နိုင်သည်ပင်။
“အရင်ခေတ်တုန်းက ငါ့တို့ရှုံးနိမ့်ခဲ့ရတာက ငါတို့ဘက်မှာ ပြိုင်ဘက်ကင်းတဲ့ရှေးဟောင်းမျိုးစေ့ နည်းနည်းပဲရှိလို့ .. တစ်ဖက်လောကက မသေမျိုးသက်ရှိတွေ ဝင်လာတဲ့အချိန်မှာ သူတို့တွေ လိုက်လျောညီထွေ မဖြစ်နိုင်တော့ဘူး.. ”
အကြီးအကဲ၏ အချို့စကားသံများ သူ့နားထဲသို့ ဝင်ရောက်လာသည်။
တစ်ဖက်လောကမှ သက်ရှိများနှင့် အစပိုင်းရင်ဆိုင်သည့်အချိန်တွင် သူတို့သည် ထိုလူများ၏ ပြိုင်ဘက်မဟုတ်သော်လည်း ကွာခြားမှု သိသိသာသာမရှိပေ။ အဓိကအကြောင်းရင်းမှာ တစ်ဖက်လောက၌ မသေမျိုးနယ်ပယ်ဂိတ်တံခါးများ ပွင့်နေလေပြီ။ နယ်မြေနှစ်ခု ပေါင်းစည်းလိုက်သည့်အချိန်တွင် ထိုနယ်မြေမှ မူလစွမ်းအင်များ ထွက်ပေါ်လာပြီး ဤလောကမှ စွမ်းအားကြီးသည့်သူများကို မသက်မသာခံစားရစေခဲသည်။
အလွန်စွမ်းအားကြီးသည့်သူများပင်လျှင် တာအိုများ မငြိမ်မသက်ဖြစ်လာသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြောင်းလဲသွားသည့်အချိန်၌ သူတို့ လိုက်လျောညီထွေ မဖြစ်နိုင်တော့။
အဘယ်ကြောင့်ဆိုသော် သူတို့သည် တာအိုနှင့်ပေါင်းစည်းထားပြီး ဤကောင်းကင်နှင့်လောကကြီးနှင့် တစ်သားတည်းဖြစ်နေခြင်းပင်။
“နောက်ပိုင်းမှာ ပညာတွေဖန်တီးပြီးတော့ ဒီအခြေအနေကို ကျော်လွှားနိုင်တယ်ဆိုပေမယ့် ပြီးပြည့်စုံတဲ့ မျိုးစေ့ရှိတာက ပြစ်ချက်မရှိတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလို့ .. အဲဒါကြောင့်မို့လို့ တစ်ချို့သူတွေက ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် ကျင့်ကြံတဲ့လမ်းကို ရွေးချယ်လာကြတာ..” ရှီဟောင်၏စိတ်ထဲ အကြီးအကဲအရှင်၏ စကားများ ပဲ့တင်ထပ်လာသ်။
ကောင်းကင်၏ကန့်သတ်မှုများကို လေ့လာပြီး စကြာဝဠာကြီး၏ စွမ်းရည်များကို ကြည့်ရှုကာ ခန္ဓာကိုယ်ထဲ၌ ထာဝရဂိတ်တံခါးများ တစ်ခုပြီးတစ်ခု ပွင့်အောင်လုပ်ရန်မှာ ရှီဟောင် လုပ်ရမည့်အရာများပင်။
သို့သော်လည်း ဤသည်မှာ အလွန်အန္တရာယ်များလှသည်ပင်။
ပထမအချက်အနေဖြင့် ပြီးပြည့်စုံသည့် မျိုးစေ့မရှိပဲနှင့် လောကကြီး၏ ထူးခြားဆန်းကြယ်မှုများကို ဤကဲ့သို့ ခိုးကြည့်နေခြင်းမှာ ကောင်းကင်မှ ခွင့်ပြုထားသည့်အရာတစ်ခုမဟုတ်။
ရှေးဟောင်းမျိုးစေ့များမှာ ဤလောကမှ သက်ရှိများအတွက် ဤလောကကြီး ချန်ထားပေးခဲ့သည့် အခွင့်အရေးများပင်။ ဤသည်မှာ လောကကြီး၏စွမ်းရည်များကို လေ့လာနိုင်မည့်အခွင့်အရေးကြီးပင်။
ယခု ရှီဟောင်လုပ်နေသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးအချင်းထဲ၌ ပုန်းကာ ထူးဆန်းမှုများကို ခိုးယူခြင်းနှင့်တူနေသည်။ ဤသည်မှာ အပြစ်တစ်ခုဟု သတ်မှတ်၍ရသည်။ ဤသည်မှာ ကောင်းကင်ကြီးကို ဒေါသထွက်အောင်လုပ်သည်ဟု သတ်မှတ်၍ရသည်။ အပြစ်ပေးရန်အတွက် သဘာဝဥပဒေသများ ကျရောက်လာလိမ့်မည်။
သို့သော်လည်း ရှီဟောင်သည် အပြစ်ပေးခြင်းဟုခေါ်သည့်အရာများကို ယုံကြည်သည့်သူမဟုတ်။
သူ ဤလမ်းကြောင်းကို စတင်လိုက်သည်နှင့် အန္တရာယ်ကြုံလိုက်ရလေပြီ။
အချင်းထဲ၌ နေနေသည့်အချိန်မှာပင် သဘာဝဥပဒေသများစွာ သယ်ဆောင်လာသည့် ထူးဆန်းသည့်စွမ်းအားလှိုင်းတစ်ခု သူ့ထံသို့ ဦးတည်လာနေသည်။
“ဒါက ဘာကြီးလဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။
ဤမျိုးစေ့မှာ ကြီးလိုက်သေးလိုက်ဖြစ်နေပြီး အကြီးဆုံးအရွယ်ဆိုလျှင်ပင် တစ်ကျန်းထက်မပိုပေ။
သို့သော်လည်း အထဲဘက်၌ ဤမျှ ကျယ်ဝန်းလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဤနေရာသ် လူပေါင်းတစ်ရာကျော်ပင် ဆံ့လောက်သည်။
ထာဝရမြူများ ရစ်ဆိုင်းလာပြီး မြင့်မြတ်သည့်အော်ရာလည်း ပို၍သိပ်သည်းလာသည်။ ဤနေရာတွင် သက်ရှိများ၏ အော်ရာများရှိနေပြီး ယခုအချိန်တွင် သူ့အား သတ်ချင်နေသည်ကို ရှီဟောင် ထိတ်လန့်စွာ တွေ့ခဲ့ရသည်။
စီရင်စုသုံးထောင်တွင် ရှိနေစဉ်အခါက ဤအစေ့ထဲတွင် ထာဝရရွှေတစ်မျိုးပါဝင်လိမ့်မည်ဟု ချီသော်လင်း သူ့အား ပြောခဲ့သည်။ ဤမျိုးစေ့ကို အသုံးပြုကာ ပြိုင်ဘက်ကင်းသည့်ထာဝရလက်နက်တစ်ခု ပြုလုပ်၍ရလိမ့်မည်ဟု သူ့အား ပြောခဲ့သည်။
အကြီးအကဲအရှင်သည်လည်း ဤသည်မှာ ထာဝရတာအိုပစ္စည်းတစ်ခုခုဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော် ရှီဟောင် ယခု ဤအစေ့ထဲ ရောက်သည့်အချိန်တွင် ဤသည်မှာ စွမ်းအားကြီးသည့် သက်ရှိတစ်ကောင်ဖြစ်ကြောင်း သိလိုက်ရသည်။
ရှီဟောင်သည် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် ပြောင်းလဲလိုခြင်းဖြစ်သော်လည်း ချက်ချင်းပင် ကောင်းကင်၏အပြစ်ပေးခြင်းကို ခံခဲ့ရသည်။
“ဒါက..” ထာဝရအလင်းတန်းတစ်ခု ဖြတ်သွားသည့်အချိန်တွင် အထဲဘက်၌ရှိနေသည့်သက်ရှိကို ရှီဟောင်မြင်လိုက်ရသည်။
ဤသည်မှာ ပုခုံးထက်၌ ဆံပင်များ ဖြန့်ချထားသည့် အမျိုးသမီးတစ်ဦးပင်။ သူမသည် ပြီးပြည့်စုံကာ သူမ၏အလှတရားမှာ ပြစ်ချက်ကင်းလှသည်။ လက်ရှိတွင် သူမသည် လေဟာနယ်ထဲ၌ ထိုင်နေခြင်းဖြစ်ပြီး ရုတ်တရက်ပင် မျက်လုံးများ ပွင့်လာသည်။
အပိုင်း ၁၄၄၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၉ – နောက်ခေတ်တစ်ခု၌ တွေ့ဆုံခြင်း
အစေ့ထဲ၌ အလွန်လှပကာ ကျက်သရေရှိလှသည့် အမျိုးသမီးတစ်ယောက် တကယ်ရှိနေသည်။
ရှီဟောင် တကယ်ကို အံ့အားသင့်သွားရသည်။ ဤမျှလှပသည့် အလှလေးတွေ့ဖို့မဆိုထားနှင့် အမျိုးသမီးတစ်ယောက်ကို တွေ့ရလိမ့်မည်ဟုပင် ရှီဟောင် မထင်ထားခဲ့။
သတ်ဖြတ်လိုသည့်အငွေ့အသက် ထုတ်လွှတ်ပြီး သူ့အား ဖျက်ဆီးချင်နေသည့်သူမှာ ဤအမျိုးသမီးပင်။
ထိုနေရာမှာ ပို၍ရှင်းလင်းလာကာ ထိုအမျိုးသမီး၏ခန္ဓာကိုယ်အစစ် ပေါ်လာသည်။
သူမသည် လေဟာနယ်ထဲ၌ ထိုင်နေခြင်းဖြစ်ပြီး သူမ၏မျက်လုံးများမှာ လျှပ်စီးများကဲ့သို့ပင်။
ဤအမျိုးသမီးမှာ ရှီဟောင်တွေ့ခဲ့ဖူးသည့် အမျိုးသမီးအားလုံးနှင့် ခြားနားနေသည်။ သူမ၏မျက်လုံးများမှာ ဝိုင်းစက်နေသော်လည်း နူးညံ့မနေပေ။ ဤသည်မှာ ဓားအလင်းတန်းများရှိနေသည့် ထာဝရကန်နှစ်ကန်ကဲ့သို့ပင်။
ဤကဲ့သို့သော လေးနက်သည့် နတ်အလင်းများမှာ ခေတ်တစ်ခေတ်၏ စွမ်းအားကြီးသည့်သူများကိုပင် ခေါင်းငုံ့သွားစေလိမ့်မည်။ ဤကဲ့သို့သော အလင်းတန်းများအောက်တွင် သူတို့ကိုယ်သူတို့ သိမ်ငယ်သွားလိမ့်မည်။
သူမ၏နဖူးမှာ ကျယ်ပြန့်နေပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်။ သူမ၏နှာတံမှာ ဖြောင့်စင်းနေသည်။ သူမ၏နှုတ်ခမ်းများမှာ ချယ်ရီသီးကဲ့သို့ စိုရဲနေပြီး သွားများလည်း ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်။
သူမ ထိုင်နေခြင်းဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်မှာ ရှည်လျားသွယ်လျလှကာ ကောက်ကြောင်းများလည်း အံ့အားသင့်စရာ ကောင်းလှသည်။ သူမ မတ်တပ်ရပ်လိုက်သည်နှင့် သာမန်ယောက်ျားလေးများထက် ခေါင်းတစ်လုံး ပိုရှည်နေမည်ပင်။
ယခုအချိန်တွင် သူမ လေဟာနယ်ထဲ၌ ထရပ်နေပြီဖြစ်ပြီး ဖရိုဖရဲစွမ်းအင်များကို အဝတ်အစားအဖြစ် သူမခန္ဓာကိုယ်အား လွှမ်းခြုံထားသည်။ အဖြူရောင်မြူများသည် အရေးကြီးသည့်နေရာများအား ဖုံးအုပ်ထားသည်။
သူမ၏ခရမ်းရောင်ဆံပင်မှာ ခါးထိ ဝဲကျနေပြီး အချို့ဆံပင်များ အရှေ့ဘက်သို့ ကျနေကာ သူမ၏မြင့်မောက်သည့် ရင်သားများကို ဖုံးအုပ်ထားသည်။ သူမ၏ခြေတံတစ်စုံလည်း ရှည်လျားသွယ်လျနေသည်ပင်။
ရှီဟောင်ကဲ့သို့ အလှလေးများစွာကို မြင်တွေ့ဖူးသည့် ရှီဟောင်ပင်လျှင် ယခုအချိန်၌ ထိတ်လန့်သည့်အမူအရာ ဖြစ်နေလေပြီ။ ဤအမျိုးသမီးမှာ အစစ်အမှန်မဆန်လောက်အောက်ပင် လှပနေသည်။
“ရှင့်လိုမျိုးလူက အပြစ်ပေးခံရသင့်တယ်..” သူမ နတ်အာရုံမှ အသံပို့လွှတ်လာသည်။ သူမသည် အပြင်လောကသို့ တစ်ခါမှ မထွက်ဖူးသောကြောင့် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု၏ ဘာသာစကားကို မသိသေး။
သို့သော်လည်း သူမထံ၌ ကိုယ်ပိုင်အတွေးအခေါ်နှင့် ဝိညာဉ်ရှိနေသည်။ သူမ၏ခံစားချက်ကို မည်ကဲ့သို့ ဖော်ပြရမည်ကို သူမသိသည်။ ဤသည်မှာ မွေးကတည်းက တတ်လာခြင်းဖြစ်ပြီး မသင်ယူပဲ အရာအားလုံးကို တတ်မြောက်နေခြင်းပင်။
ရှီဟောင် အစက ထိတ်လန့်နေသော်လည်း ယခုတော့ တည်ငြိမ်လာလေပြီ။
သူ အစေ့တစ်စေ့ထဲကို ဝင်ခဲ့ပြီး သက်ရှိတစ်ယောက်ကို တွေ့ခဲ့ရတယ် .. ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် သတင်းကြီးပင်။
သူဤကဲ့သို့သော ကောလဟာလများကြားဖူးသော်လည်း ယခုတော့ ကိုယ်တိုင်ကြုံတွေ့နေရလေပြီ။
ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှ ပြုစုပျိုးထောင်နေသည့် ထာဝရသက်ရှိကို သူယခုတော့ မတော်တဆ တွေ့မိသွားလေပြီ။
ထို့အပြင် သူသည် သူမအား ပျိုးထောင်နေသည့် လောကကြီးထဲသို့ ဤကဲ့သို့ ဝင်လာသောကြောင့် ဤသည်မှာ ကျူးကျော်ဝင်ရောက်ပြီး သူမ၏အရာအားလုံးအား လုယူသည်နှင့် အတူတူပင်။
ယခုတော့ သူတို့ဘယ်လိုမှ မသင့်မြတ်နိုင်တော့။ တစ်ဖက်သေမှ ဤကိစ္စကြီး အဆုံးသတ်လိမ့်မည်။
“တောင်းပန်ပါတယ်” ရှီဟောင် တည်ငြိမ်သွားပြီးသည့်နောက် ပထမဆုံးလုပ်သည့်အရာမှာ တစ်ဖက်လူအား သွားရောက်တိုက်ခိုက်ခြင်းမဟုတ်ပဲ စိတ်ရင်းဖြင့် တောင်းပန်ခြင်းပင်။
သူသာ ဤအမျိုးသမီးနေရာမှာဆိုလျှင် ပို၍ဒေါသထွက်နေမည်ပင်။
“ဒီစကားပြောလိုက်ရုံနဲ့ အားလုံး အဆင်ပြေသွားမယ်လို့ ရှင်ထင်နေတာလား..” အမျိုးသမီး ပြောလိုက်၏။ သူမ၏အသံမှာ သာယာနာပျော်ဖွယ်ကောင်းလှပြီး သဘာဝအသံများနှင့်ပင် တူနေသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် နတ်အာရုံ အသုံးပြုလိုက်ခြင်းမဟုတ်ပဲ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု၏ ဘာသာစကားအား အသုံးပြုကာ စကားပြောလိုက်ခြင်းပင်။
“ကောင်းကင်အောက်မှာ မွေးဖွားပြီးတော့ လောကကြီးမှာ ကြီးပြင်းလာတယ် .. ရှင်ဝင်လာကတည်းက လောကကြီးအကြောင် ကျွန်မအများကြီး သိသွားပြီ..” ထိုအမျိုးသမီး အလွန်အေးစက်စွာ ပြောလိုက်သည်။
“မင်း ဒီမှာ သီးသန့်ကျင့်ကြံနေလိမ့်မယ်လို့ မထင်ထားဘူး .. ဒါက ထာဝရရွှေဒါမှမဟုတ် တစ်ခုခုရှိနေတဲ့ အံ့အားသင့်စရာကောင်းတဲ့မျိုးစေ့လို့ ထင်ထားတာ” ရှီဟောင် ပြောလိုက်သည်။ သို့သော်လည်း ဘယ်လောက်ရှင်းပြရှင်းပြ သိပ်ထူးမည်မဟုတ်ဘူးဟု သူခံစားနေရသည်။
သို့သော်လည်း သူဤသတ္တဝါအား အပြစ်ပြုမိလိုက်သည်ဆိုသည်မှာ တစ်ဖက်လူ သူ့အား သတ်မည်ကို ခွင့်ပြုလိုက်မည်ဟု ဆိုလိုခြင်းမဟုတ်။ သူကိုယ်သူ ကာကွယ်မည်ပင်။ သေဖို့အတွက် ထိုင်စောင့်နေမည်မဟုတ်။
“ရှင်က ကျွန်မကိုတောင် စတိုက်မလို့လား..” ထိုအမျိုးသမီး မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။
“ကျွန်တော် မင်းကို အရင်ဆုံး စတိုက်မှာ မဟုတ်ဘူး .. ဒါပေမဲ့ သေဖို့လည်း ထိုင်စောင့်နေမှာ မဟုတ်ဘူး..” ရှီဟောင် ပြောလိုက်၏။
ထို့နောက် သူမသည် သူ့ထက် ကျင့်ကြံဆင့်မြင့်ကြောင်း ရှီဟောင် အတည်ပြုလိုက်နိုင်သည်။ သို့သော် မည်မျှမြင့်သည်ဆိုသည်မှာတော့ ရှီဟောင် တိုင်းတာနိုင်သည့် အရာတစ်ခုမဟုတ်။
ကျင့်ကြံခြင်းအရဆိုလျှင်တော့ သူမသည် အလွန်ကြောက်စရာကောင်းသည့်သူပင်။
ဒဏ္ဍာရီအရပင်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ပြုစုပျိုးထောင်ခြင်းခံရသည့် ဝိညာဉ်တစ်ခု၊ ကမ္ဘာမြေကြီးမှ မွေးဖွားလာသည့် ထာဝရဗဟိုချက်မှာ အဆင့်လွန်သက်ရှိအားလုံးကို ကျော်လွန်ကာ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမည်ပင်။
အဘယ်ကြောင့် သူတို့ကို ထာဝရဗဟိုချက်များဟု ခေါ်သနည်း .. အဘယ်ကြောင့်ဆိုသော် သူတို့မွေးဖွားလာသည်နှင့် ထာဝရတရားကို ချက်ချင်းရရှိသွားမည်ဖြစ်သောကြောင့်ပင်။
အချို့သူများသည် သူတို့ကိုယ်သူတို့ ကောင်းကင်သားတော်များဟု ပြောကြသည်။ သူတို့စတင်သည့် စမှတ်မှာ အားလုံးထက်မြင့်ပြီး အားလုံး ထက်စွမ်းအားကြီးသည်ပင်။
သို့သော် ဤကဲ့သို့သော ထာဝရဗဟိုချက်မှာ ရှေးခေတ်မှာပင် တွေ့နိုင်ရန် ရှားပါးလှသည်။ သူတို့ပေါ်လာသည်နှင့် လေပြင်းများတိုက်ခတ်လာပြီး လောကကြီဲးလည်း အရောင်အဆင်းကင်းမဲ့သွားလိမ့်မည်။ ဤလူများကို တားဆီးနိုင်ရန် ခက်ခဲလှသည်။
သို့သော်လည်း ဤကဲ့သို့သော မွေးဖွားမှုများမှာ အလွန်နှေးကွေးသည်ပင်။ နှစ်ပေါင်းသန်းပေါင်းများစွာ ကြာမြင့်သည်။
နှစ်ပေါင်း ဆယ်သန်းကြာပြီးလျှင် ထာဝရဗဟိုချက်တစ်ခု မွေးဖွားလာမည်ဖြစ်ကြောင်း ထာဝရရှေးဟောင်းခေတ်တွင် မှတ်တမ်းတင်ထားခဲ့ဖူးသည်။ ဤသတ္တဝါကြီး လောကကြီးထဲသို့ ထွက်ပေါ်လာသည်နှင့် ထာဝရတရားကို ရရှိလိမ့်မည်ပင်။
သို့သော် ဤသက်ရှိများတွင် အားနည်းချက်တစ်ခု ရှိသည်။ ဤသည်မှာ သူတို့မွေးဖွားနေချိန် နှောက်ယှက်ခံလိုက်ရသည်နှင့် သူတို့၏ကြီးထွားမှု ရပ်တန့်သွားလိမ့်မည်။
ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး အချင်း ဖွင့်ဟခံလိုက်ရသည်နှင့် သူမ၏ကြီးထွားမှု ရပ်တန့်သွားကာ သူမ၏ထာဝရတာအိုစွမ်းအင်များ အဆင့်တက်ရန်လည်း မျှော်လင့်၍ရမည်မဟုတ်တော့။
ရွှီ…
ထိုအမျိုးသမီး လှုပ်ရှားလိုက်သည်။ သူမလက်ကို ဝေ့ရမ်းလိုက်သည်နှင့် မှော်တံဆိပ်တစ်ခု ဖြစ်လာကာ ဤနေရာတွင်ရှိနေသည့် အရာအားလုံး ပြောင်းလဲသွားသည်။
ရှီဟောင်၏အမူအရာ ချက်ချင်းပြောင်းလဲသွားရ၏။ ဤအမျိုးသမီးမှာ မယုံကြည်နိုင်လောက်အောင်ပင် စွမ်းအားကြီးလှသည်။ သူမ သာမန်အတိုင်းပြုလုပ်လိုက်သည့် မှော်တံဆိပ်တစ်ခုပင်လျှင် ဤမျှစွမ်းအားကြီးနေလေပြီ။
ဤနေရာသို့ ရောက်လာသည့်သူများမှာ အဆင့်လွန်လူသားများသာမဟုတ်ပါက သူတို့သေချာပေါက် သေသွားလိမ့်မည်ဟု ရှီဟောင်ခံစားနေရသည်။
သေချာပါသည်။ သူမခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် အရာအားလုံး မှုန်ဝါးသွားကာ လေဟာနယ်ကြီး အက်ကွဲသွားသည်။
ခဏကြာပြီးသည့်နောက်တွင် သူမ မှော်တံဆိပ်အား ပျက်ပြယ်စေလိုက်သည်။ ဤအစေ့ မပျက်စီးသွားစေရန်အတွက် သူမအထူးဂရုစိုက်နေရသည်။ မဟုတ်ပါက သူမ မျှော်လင့်ချက်များအားလုံး ပျက်စီးသွားလိမ့်မည်။
ယခု သူမစမ်းသပ်လိုက်ခြင်းသာ။
ရှီဟောင် သံသယဝင်လာရသည်။ ဒီသက်ရှိက ပြုစုပျိုးထောင်ခံထားရတာ ကြာလှပြီလား .. သူက လောကကြီးထဲသို့ ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလား.. ထိုသို့သာဆိုလျှင် သူမ၏ကျင့်ကြံဆင့်များမှာ တိုင်းတာ၍ မရနိုင်လောက်အောင်ပင် ဖြစ်လိမ့်မည်။
ရွှီး..
ထိုအမျိူးသမီး၏မျက်လုံးများ တောက်ပလာကာ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ လေဟာနယ်ကို တုန်ခါသွားစေသည်။ ထို့နောက် ဤနေရာသည် ကန့်သတ်ခံလိုက်ရကာ အရာအားလုံး ရပ်တန့်သွားသည်။
အချိန်ပင် ရပ်တန့်သွားသလိုပင်။
ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ ဤအခိုက်အတန့်လေးတစ်ခဏအတွင်းမှာပင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီဟု ရှီဟောင် ခံစားနေရသည်။
သူခုခံနေလျှင်ပင် အသုံးမဝင်ဘူးဟု ရှီဟောင်ခံစားနေရသည်။ အကြီးအကဲအရှင် ဝင်မပါလျှင် ဘာမျှော်လင့်ချက်မှ ရှိမည်မဟုတ်တော့။
သို့သော် အကြီးအကဲအရှင်သည် အပြင်ဘက်၌ ရှိနေခြင်းဖြစ်ပြီး အထဲဘက်မှ ဖြစ်ပျက်နေသည်ကို သိနိုင်မည်မဟုတ်။ ဤထူးဆန်းသည့်အစေ့မှာ အထဲဘက်သို့ ဖောက်ထွင်းမမြင်နိုင်ပေ။ မဟုတ်ပါက သူဤမျှလောက် လုပ်နေမည်မဟုတ်ပေ။
ကောင်းကင်နတ်ဘုရားနယ်ပယ်နှင့် ထာဝရဗဟိုချက်အား ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိ။
လေဟာနယ်သည် လျင်မြန်စွာပင် တည်ငြိမ်သွားကာ သဘာဝဥပဒေသများလည်း ပျောက်ကွယ်သွားသည်။ ထိုအမျိူးသမီးမျက်ဝန်းတွင်ရှိနေသည့် ရောင်စုံအလင်းများလည်း တည်ငြိမ်သွားသည်ပင်။
“ဒီအစေ့ကို ပြန်ပိတ်ဖို့ ဘယ်လို ပစ္စည်းမျိုးကို သုံးလိုက်တာလဲ..” သူမ မေးလိုက်သည်။ ဤသည်မှာ သူမတစ်ချိန်လုံး သိချင်နေသည့် မေးခွန်းပင်။
“ကောင်းကင်ပြုပြင်ခြင်းတာအိုကနေ ရလာတဲ့ ကောင်းကင်ပြုပြင်ခြင်းပစ္စည်းပါ .. ဒါကို သက်ရှည်ဆေးလို့လည်း သတ်မှတ်လို့ရတယ် .. ဒါက ကျောက်တုံးတစ်ခုလည်း ဖြစ်နိုင်တယ် .. ဘယ်လိုပစ္စည်းမျိုးလဲဆိုတာတော့ သိပ်မရှင်းဘူး” ရှီဟောင်ပြန်ဖြေလိုက်သော်လည်း စိတ်ထဲ၌ ထိတ်လန့်နေသည်ပင်။
“ထပ်ရှိသေးလား..” ထိုအမျိူးသမီး၏ မျက်ဝန်းများမှာ နေလုံးထက်ပင် တောက်ပနေလေသည်။
“ရှိတယ်” ရှီဟောင်ပြတ်သွားစွာ ပြောလိုက်၏။
“ဒါဆိုလည်း ကောင်းပြီလေ .. ရှင် ကျင့်ကြံဖို့အတွက် ဒီကောင်းကင်နဲ့ကမ္ဘာမြေကြီးအချင်းကို ငှားပေးလိုက်မယ် .. ဒါပေမဲ့ ရှင် ကျင့်ကြံပြီးလို့ ထွက်သွားတာနဲ့ .. ကောင်းကင်ပြုပြင်ခြင်းဆေးကိုသုံးပြီးတော့ ဒီအစေ့ရဲ့ အဆီးအတားကို ပြန်ဖယ်ပေးပါ .. ရှင် ဒါလုပ်ပေးနိုင်မလား..” သူမသည် ရှီဟောင်အား ခြိမ်းခြောက်ခြင်းမရှိပဲ ဆွေးနွေးသည့်လေသံဖြင့် ပြောနေခြင်းပင်။
သူမနှင့် ရင်ဆိုင်ရန် ဤမျှလွယ်ကူလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့။ သူမက ဒီလောက်တောင် နူးညံ့တာလား..
“ကျွန်တော် လုပ်နိုင်ပါတယ်..” ရှီဟောင် ခိုင်မာစွာ ပြောလိုက်သည်။
“ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဥပဒေသတွေကို လေ့လာတုန်းက ကပ်ဆိုးကြီးရောက်လာတော့မယ်ဆိုတာ ကျွန်မ အာရုံခံမိတယ် .. ဒါက ဒီလောက် မြန်မြန်ရောက်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး..” ထိုအမျိုးသမီး သူ့ကိုယ်သူ ပြောလိုက်သည်။
ဤသည်မှာ ဤအစေ့ အပြင်လောကနှင့် တုံ့ပြန်လိုက်ခြင်း၏ အကျိုးရလဒ်ပင်။
ထို့နောက် သူမ လက်မြှောက်လိုက်သည်နှင့် သူမ၏ခရမ်းရောင်ဆံပင်များ လွင့်သွားကာ လှပသည့်မျက်နှာတစ်ခု ပေါ်လာသည်။ သူမ တစ်ကိုယ်လုံး တောက်ပလာပြီး သူမမျက်ခုံးကြား အက်ကွဲလာကာ ဒေါင်လိုက်မျက်လုံးတစ်လုံး ေါပ်လာသည်။
သူမ၏ဘေးပတ်လည်၌ သင်္ကေတမျိုးစုံ ထွက်ပေါ်လာသည်။ ဤသည်မှာ တာအိုများမှ ရလာသည့်သင်္ကေတများပင်။ ထိုသင်္ကေတများ ရှီဟောင်အား ဝန်းရံလာကာ ကျမ်းစာသံများလည်း ထွက်ပေါ်လာလေ၏။
အချိန်အပိုင်းအစများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ထူးဆန်းသည့်မြင်ကွင်းများလည်း တစ်ခုပြီးတစ်ခု ဖြတ်သန်းစီးဆင်းသွားသည်။ ဤသည်မှာ အိပ်မက်မက်နေသကဲ့သို့ပင်။
ရှီဟောင် ဆွံ့အသွားရ၏။ ဤအမျိုးသမီးသည် သူ၏အနာဂတ်၊ သူ၏ကံကြမ္မာအား လေ့လာနေခြင်းပင်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်ပညာများပင်။
“ဒီလောကကြီးရဲ့ မြင်ကွင်းတွေကို ရှင့်ခန္ဓာကိုယ်ကနေ ကျွန်မမြင်ပြီးသွားပြီ .. သွေးတွေက ကောင်းကင်ထိ လွင့်စင်နေပြီးတော့ အရိုးတွေလည်း တောင်လိုပုံနေတယ် .. ဒီလောကကြီးမှာ ရက်စက်သတ်ဖြတ်မှုတွေ ပြည့်နှက်နေပြီးတော့ လောကကြီးလည်း ပျက်စီးသွားမယ် .. ငါ ဒီလောကထဲကို လာခဲ့ရင် တစ်ခြားစွမ်းအားကြီးတဲ့သူတွေလိုမျိုး အမှောင်ထုထဲ ကျသွားလိမ့်မယ်”
သူမကိုယ်သူမ တီးတိုးရေရွတ်နေခြင်းပင်။
“ကျွန်တော်တို့ လောကကြီးထဲကိုလာရင် ခင်ဗျားက ထာဝရသက်ရှိဖြစ်သွားမှာ .. ခင်ဗျားက သေဦးမှာလား..” ရှီဟောင် တုန်လှုပ်သွားရသည်။
“ထာဝရသက်ရှိတွေတောင်မှ မလုံလောက်ဘူး .. ဒါက အရမ်းကြောက်စရာကောင်းလွန်းတယ် .. သမိုင်းက အမှောင်မိုက်ဆုံးအချိန် ရောက်လာပြီ .. ဒီလှိုင်းကြီးကို ဘယ်သူမှ တားဆီးနိုင်မှာမဟုတ်ဘူး” ထိုအမျိူးသမီး တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် သူမဘေးမှမြင်ကွင်း ပျောက်ကွယ်သွားကာ ထိုသင်္ကေတများလည်း ပျောက်ကွယ်သွားသည်။
“ဒါက ကောင်းကင်ရဲ့ဆန္ဒပဲ .. ရှင်က ကျွန်မရဲ့ ကောင်းကင်နဲ့မြေကြီးအချင်းမှာ လာပြီးကျင့်ကြံတာဆိုတော့ အချိန်ကျလာရင် ရှင်က ကျွန်မအစား ကပ်ဆိုးကြီးကို ရင်ဆိုင်ရမယ်..” ထိုအမျိူးသမီး တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားအစားတိုက်ခိုက်ရရင် ပြဿနာမရှိပါဘူး…” ရှီဟောင် ပြောလိုက်သည်။
“ကျွန်မ ဒီခေတ်မှာ ပေါ်လာမှာမဟုတ်ဘူး .. ရှင်အသက်ရှင်နိုင်ရင် နောက်တစ်ခေတ်မှာ တွေ့ကြတာပေါ့..” ထိုအမျိူးသမီး ဤကဲ့သို့ ပြောလိုက်သည်။
“ကောင်းပြီလေ .. ကျွန်တော်တို့ နောက်တစ်ခေတ်မှာ တွေ့ကြမယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူ၏အမူအရာမှာ အလွန်လေးနက်နေသည်ပင်။ သူအသက်ဆက်ရှင်ရမည်ဖြစ်ကြောင်း သူ့စိတ်ထဲ၌ ဟစ်ကြွေးနေမိသည်။ သူသေလို့မရသေးဘူး .. လူပေါင်းများစွာရဲ့ ကံကြမ္မာကို သူပြောင်းလဲပေးရဦးမယ်..
ထို့နောက် ထိုအမျိုးသမီး ဘေးဘက်သို့ ဖယ်လိုက်ကာ သူ့အား အလယ်အကျဆုံးနေရာအား ပေးလိုက်သည်။ ထိုနေရာ၌ အလွန်ချောမွေ့ကာ ရှေးကျလှသည့် ကျောက်ဖျာတစ်ချပ်ရှိနေသည်။ သေချာမကြည့်ပါက မျက်စိလျှမ်းသွားနိုင်သည်ပင်။
သူမ ဘေးဘက်သို့ လျှောက်သွားလိုက်ပြီး ရှီဟောင်အား ထိုနေရာ၌ ထိုင်ခိုင်းလိုက်သည်။
ထိုနေရာသို့ ထိုင်ချလိုက်သည်နှင့် ရှီဟောင် ထိတ်လန့်သွားရသည်။ ဤချောမွေ့သည့် ကျောက်ဖျာလေးသည် သုံးပေခန့်သာရှိသော်လည်း ထူးဆန်းကာ နက်နဲသည့် သင်္ကေတမျိုးစုံရှိနေသည်။
ဤသည်မှာ ဤတာအိုမျိုးစေ့၏ အနှစ်သာရပင်။
သူထိုင်ချလိုက်သည်နှင့် အဆုံးမရှိသည့် ကောင်းကင်တာအိုများ နေရာအနှံ့မှ ထွက်ပေါ်လာပြီး ရှီဟောင်အား ဖုံးလွှမ်းသွားသည်။ ထူးဆန်းသည့် ကျမ်းစာသံတစ်သံလည်း ထွက်ပေါ်လာကာ သူ့အား တုန်လှုပ်သွားစေလေ၏။
အပိုင်း ၁၄၄၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၀ – အစေ့ထဲတွင် တာအိုလေ့လာခြင်း
ဤသည်မှာ တကယ်ထူးဆန်းလှသည်။ သူဤအလယ်သို့ ရောက်သွားသည်နှင့် အရာအားလုံး မတူညီတော့။ ကျမ်းစာသံများမှာ လှိုင်းလုံးများကဲ့သို့ ရောက်ရှိလာသည်။
အသံများမှာ ကျယ်လောင်လွန်းလှသောကြောင့် နားကန်းနေသည့်သူများပင် ကြားနိုင်လိမ့်မည်။
ရှီဟောင်သည် ကောင်းကင်သဘာဝဥပဒေသ၏ ဖုံးလွှမ်းခြင်းခံထားရပြီး သူ၏စိတ်တွင်လည်း များပြားလှသည့် အသိဉာဏ်များ ဝင်ရောက်လာသည်။
ဤနေရာတွင် သူသည် မိုးရေရကာ နေရောင်ခြည်ရသွားသည့် ညှိုးရော်နေသည့်အပင်လေးတစ်ပင်ကဲ့သို့ပင်။
ဤသည်မှာ သူလိုအပ်နေသည့်အရာပင်။ ဇီဝအဆင့် ပြောင်းလဲရမည်ပင်။
ကျင့်ကြံခြင်းလမ်းကြောင်းဆိုသည်မှာ ဇီဝအဆင့် တိုးတက်ပြောင်းလဲအောင်လုပ်ကာ အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် လုပ်ရန်ပင်။
ဤသည်မှာ ကျင့်ကြံသူများအားလုံး၏ နောက်ဆုံးပန်းတိုင်ပင်။
ရှီဟောင် တာအိုကိုလေ့လာနေသည့်အချိန်တွင် အပြည့်အဝ အာရုံစိုက်နေခြင်းမဟုတ်ပဲ စိတ်ထဲမှ စိတ်လှုပ်ရှားနေသည်ပင်။
ဝုန်း…
ကောင်းကင်ထက်မှ လိုက်ကာကြီးတစ်ခု ကျဆင်းလာသည်။
နတ်ချိန်းကြိုးများမှာ ရေတံခွန်ကဲ့သို့ စီးဆင်းကျလာလေ၏။ ဤကဲ့သို့သော ခမ်းနားသည့်မြင်ကွင်းမျိုးကို သူ့တစ်ဘဝလုံး မေ့နိုင်မည်မဟုတ်တော့။
ဤသည်မှာ ပြောင်းလဲခြင်းအစသာရှိသေးသည်။ သူသည် တာအိုသင်္ကေတတစ်သောင်းကို ဘာမှမသိပဲနဲ့ ရေးထိုးနေခြင်းမဟုတ်ပဲ ဤသင်္ကေတများကို သူ၏ခန္ဓာကိုယ်အတွင်းရှိ လောကကြီးနှင့် နှိုင်းယှဉ်လေ့လာပြီးမှ ရေးထိုးခြင်းပင်။
“ဖုန်မှုန့်တစ်မှုန်က ပင်လယ်ကြီးကို ပြည့်စေနိုင်တယ် .. မြက်ပင်တစ်ပင်က နေ၊ လနဲ့ ကြယ်တွေကို ရိုက်ချပစ်နိုင်တယ်..”
ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ဤသည်မှာ သူ၏အခြေခံအကျဆုံးနားလည်မှုပင်။
လူသားခန္ဓာကိုယ်မှာ ဖုန်မှုန့်ကဲ့သို့ပင်။ ဤသည်မှာ မထင်ရှားလှသော်လည်း ခန္ဓာကိုယ်ထဲမှ ရတနာများကို ရှာဖွေနိုင်သည်နှင့် သူသည် ပြိုင်ဘက်ကင်းသည့်သူတစ်ယောက် ဖြစ်လာလိမ့်မည်။
ရှီဟောင်သည် များပြားလှစွာသော နတ်ချိန်းကြိုးများဖြင့် ချည်နှောင်ခံထားရကာ ထာဝရကျောက်တိုင်တစ်ခု အဖြစ် ပြောင်းလဲနေလေပြီ။
ဤသည်မှာ နှိုင်းယှဉ်လေ့လာသည့်ပုံစံမျိုးပင်။
လောကကြီးနှင့် အတူယှဉ်တွဲရှိလိုလျှင် ကျိုးကြောင်းမသိပဲ အတုခိုး၍မရ။ တကယ်အသိအမြင်ရမှသာ ခန္ဓာကိုယ်ထဲမှ ထာဝရဂိတ်တံခါးများကို ဖွင့်နိုင်လိမ့်မည်။
သဘာဝချိန်းကြိုးများမှာ အလွန်လှပလှသည်။ ဤသည်မှာ ဖီးနှစ်၏ အမြီးမှ အမွေးကဲ့သို့ နူးညံ့လှသည်။ ချိန်းကြိုးများမှာ တောက်ပနေသောကြောင့် မျက်လုံးများ မဖွင့်နိုင်သည်အထိပင်။
ရှီဟောင် ဤချိန်းကြိုးများကို သူ့လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဤသည်မှာ သူဤကျောက်ဖျာပေါ်၌ ထိုင်လိုက်ခြင်းကြောင့် ဤကဲ့သို့ ဖြစ်ပေါ်လာခြင်းပင်။
သူသည် ကောင်းကင်ကြီး၏ အသိအမှတ်ပြုမှုကို ရရှိသွားလေပြီ။ သူသည် ယခုအချိန်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအချင်းမှ ပြုစုပျိုးထောင်သည့် ထာဝရဗဟိုချက်ပင်။
အခြေခံအကျဆုံးနှင့် ရှေးအကျဆုံး သဘာဝဥပဒေသများအားလုံး သူ့ရှေ့၌ ပေါ်လာပြီး ယခုအချိန်တွင် ဘာလျှို့ဝှက်ချက်မှ မရှိတော့။
သူ၏မျက်လုံးများ ကြည်လင်တောက်ပလာသည်။
ဤသည်မှာ အဖိုးတန်ပညာမဟုတ်သလို နတ်စွမ်းရည်လည်း မဟုတ်ပေ။ အခြေခံအကျဆုံးနှင့် အရိုးရှင်းဆုံး သဘာဝဥပဒေသများပင်။ သို့သော်လည်း ဤအရာများကို ပေါင်းစပ်လိုက်သည်နှင့် အရှုပ်ထွေးဆုံးသော လျှို့ဝှက်ဆန်းကြယ်မှုများ ဖြစ်လာမည်ပင်။
မူလရှေးဟောင်းမှတ်တမ်းနှင့် အနည်းငယ် ဆင်တူသည့်အရာများကို ရလိုက်သောကြောင့် ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။
ထို့နောက် သူထိတ်လန့်သွားရ၏။ ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ .. သူ မူလရှေးဟောင်းမှတ်တမ်းကို လေ့လာသည့်အချိန်တိုင်း သူလုံးဝနားလည်သွားပြီဟု ခံစားရသည်။ သို့သော် သူနောက်တစ်ခေါက် ပြန်ကြည့်လိုက်လျှင် သူမသိသေးသည့်အရာများစွာ ထပ်ထွက်လာပြန်သည်။
ဟုတ်ပါသည်။ သူယခု မူလရှေးဟောင်းမှတ်တမ်းမှ အသိအမြင်များ ထပ်မံရရှိလာသည်။
ထိုအချိန်တွင် သူ၏မူလဝိညာဉ်တောက်ပလာသည်။ မူလရှေးဟောင်းမှတ်တမ်းမှ ရခဲ့သည့် သင်္ကေတများသည် ချပ်ဝတ်တန်ဆာတစ်ခုကဲ့သို့ သူ့အာ ဖုံးလွှမ်းနေခြင်းပင်။ ယခု ထိုသင်္ကေတများ ပြန်လည်တုံ့ပြန်လာလေသည်။
ထို့နောက် ကောင်းကင်၏သဘာဝဥပဒေသနှင့် အဆုံးမရှိသည့် ချိန်းကြိုးများ ကျရောက်လာသည်။ ထိုအရာများသည် နတ်ဓားများကဲ့သို့ တောက်ပနေပြီး သူ၏မူလဝိဉာဉ်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ထိုအရာများသည် မူလရှေးဟောင်းမှတ်တမ်းမှ သင်္ကေတများထံသို့ ဦးတည်သွားလေသည်။
ထိုအရာများနှင့် သင်္ကေတများကြား အလင်းများ ဆက်တိုက်တောက်ပလာပြီးနောက် တစ်ခုကိုတစ်ခု အတည်ပြုလိုက်နိုင်သွားကြသည်။
“အံ့ဩစရာပဲ..”
ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်ကသည်။ ဤသည်မှာ သူလိုအပ်နေသည့်အရာပင်။ သူ ရှေးအကျဆုံး ထူးဆန်းနက်နဲမှုများကို နားလည်ချင်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ သဘာဝတရားကို နားလည်ချင်သည်။
ယခုအချိန်တွင် မူလရှေးဟောင်းမှတ်တမ်းသည် အရိုးရှင်းဆုံး သဘာဝဥပဒေသကို တုံ့ပြန်နေပြီး သူ့အား ပို၍ ရှင်းရှင်းလင်းလင်း နက်နက်နဲနဲ နားလည်လာစေသည်ပင်။
ထို့နောက် သူ၏မူဝိညာဉ်တောက်ပလာသည်။ မူလဝိညာဉ်၏ မျက်နှာြပင်ကို မူလရှေးဟောင်းမှတ်တမ်း၏ကျမ်းစာများ ဖုံးလွှမ်းနေကာ စာလုံးများလည်း တစ်လုံးပြီးတစ်လုံး တောက်ပလာသည်။
ထို့နောက် ကောင်းကင်ဥပဒေသများနှင့် နတ်ချိန်းကြိုးများ ကြွေမွတော့မည့်ပုံ ဖြစ်လာသည်။
ရှီဟောင် ဤနူးညံ့သည့် သဘာဝဥပဒေသများကို ထိကြည့်ကာ သေချာအာရုံခံကြည့်လိုက်သည်။ ထို့နောက် သူဤအရာများကို ဖြိုခွဲရန် ကြိုးစားလိုက်၏။
သူအောင်မြင်ခဲ့သည်။ နတ်ချိန်းကြိုးများ တစ်ခုပြီးတစ်ခု ပြိုကွဲသွားကာ ရွှေရောင်အမှုန်လေးများ ဖြစ်သွားကြသည်။
ရှီဟောင် အတော်လေး တုန်လှုပ်သွားရသည်။ သူသည် ဤမျှနီးကပ်နေသည့် အကွာအဝေးမှ ဤလောကကြီး၏ သဘာဝအား လေ့လာလိုခြင်းပင်။
ခပ်ဝေးဝေးထောာင့်တွင်ရှိနေသည့် အမျိုးသမီးသည် တိတ်ဆိတ်စွာပင် စောင့်ကြည့်နေလိုက်သည်။ ပထမတော့ သူမ တည်ငြိမ်နေသေးသော်လည်း နောက်ပိုင်းတွင် အံ့အားသင့်ရာမှ ထိတ်လန့်လာလေသည်။
ဤမျှငယ်ရွယ်သည့် လူငယ်လေးသည် လောကကြီး၏စွမ်းအင်နှင့် ဤမျှမြန်မြန်ဆန်ဆန် ထတွေ့လိမ့်မည်ဟု သူမ မထင်ထားခဲ့။
ရှီဟောင်သည် အရူးအမူးဖြစ်နေသော်လည်း ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားသေးသည်။ သူသည် ဤနတ်ချိန်းကြိုးများမှ ပြိုကွဲလာသည့် ရွှေရောင်အမှုန်များကို လေ့လာနေသည်။
ရှီဟောင် သူ၏နတ်စိတ်စွမ်းအားကို အသုံးပြုကာ ဤအမှုန်များကို နောက်တစ်ကြိမ် ပြန်ဆက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏အာရုံမစိုက်မှုကြောင့် ထိုအမှုန်များ တစ်ခုနှင့်တစ်ခု ထိခတ်သွားကာ ကြောက်စရာကောင်းသည့် အကျိုးဆက်များ ဖြစ်ပေါ်လာသည်။ လေဟာနယ်ကြီး ပြိုကွဲလာပြီးနောက် ပျက်စီးသွားလေသည်။
ထိုအမျိုးသမီး သတိအနေအထားဖြစ်သွားသည်။ ဤနေရသာ ပျက်စီးသွားပါက သူမလမ်းကြောင်းလည်း အဆုံးသတ်သွားလိမ့်မည်။
သို့သော် ကပ်ဆိုကြီး ရောက်မလာခဲ့။ ရှီဟောင်ထိုင်နေသည့် ကျောက်ဖျာတောက်ပလာပြီး ရိုးရှင်းကာ ရှေးကျသည့် ပုံသဏ္ဌာန်များ ထွက်ပေါ်လာကာ အရာအားလုံးကို ရပ်တန့်စေလိုက်သည်။
ဤကျောက်ဖျာသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအချင်း၏ အလယ်၌ရှိနေကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး ဆုံမှတ်မှ ဖြစ်ပေါ်လာသည့် ပစ္စည်းသောကြောင့် အရာအားလုံးကို တည်ငြိမ်သွားအောင် လုပ်နိုင်သည်။ သူသည် မည်သည့်အပြစ်ဒဏ်မှ မရသကဲ့သို့ ကာပင်ကာကွယ်ပေးနိုင်သည်။
“ပြန်တွန်းကန်တာ မရှိသလို ကောင်းကင်က အပြစ်ပေးတာလည်းမရှိဘူး..” ရှီဟောင် သူ့စိတ်ထဲမှ ပြောလိုက်သည်။
ဤသည်မှာ ချောမွေ့နေသကဲ့သို့ ရှီဟောင်စိတ်ထဲ၌ မသက်မသာလည်းခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် ယခု သူသည် ကောင်းကင်၏ထူးဆန်းမှုအား ခိုးယူနေခြင်းပင်။ ကြီးမြတ်သည့်တာအိုမှ ဤသည်ကို သည်းခံမည်မဟုတ်။ သူအပြစ်ဒဏ်ခံရမည်ပင်။
သူ ယခုငြိမ်းချမ်းနေခြင်းမှာ သူသည် အခြားလူတစ်ဦး၏အသိုက်ကို လုယူထားသောကြောင့်ပင်။ ထို့ကြောင့် ကောင်းကင်၏အပြစ်ပေးမှုကို ယာယီရှောင်တိမ်းနေနိုင်ခြင်းပင်။
သူအပြင်ထွက်သွားသည်နှင့် အန္တရာယ်ရှိလာမည်ပင်။
အချိန်များမှာ ကုန်မှန်းမသိ ကုန်သွားနေသည်ပင်။ အချိန်ဘယ်လောက်ကြာသွားပြီလဲဆိုသည်ကိုပင် သူမသိတော့။ သူသည် ထိုနေရာ၌ ထိုင်ကာ တာအိုများကို ရှာဖွေနေသည်။
ရှီဟောင်သည် တစ်ဖြည်းဖြည်းဖြင့် အခြားအရာများအားလုံးကို မေ့လျော့သွားကာ သူ၏အာရုံအားလုံးမှာ တာအိုဥပဒေသပင်လယ်ထဲ၌သာ နှစ်မြှုပ်သွားသည်။
ဤနေရာ၌ ကျမ်းစာသံများလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။ သဘာဝဥပဒေသများသည် အလင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ရေအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်အား ဝန်းရံလာလေသည်။
ရှီဟောင်၏ မူလဝိညာဉ်မှာ အလွန်တောက်ပနေလေပြီ။ မူလရှေးဟောင်းမှတ်တမ်းမှလည်း အသံများ ထွက်ပေါ်နေသည်။
ကျမ်းစာမှ အသံများထွက်ပေါ်လာသည်နှင့် ကောင်းကင်၏သဘာဝဥပဒေသလည်း ပြန်လည်တုံ့ပြန်လာသည်။ ရွှေရောင်အမှုန်များမှာ ချက်ချင်းကြီးလာသလိုပင်။
ထို့နောက် ရှီဟောင် ထိုအမှုန်များကို နေရာချလိုက်သည်။ ထင်မှတ်မထားစွာဖြင့်ပင် ဤအမှုန်များသည် ကြယ်စမ်းချောင်းတစ်ခု ဖြစ်လာလေ၏။ ထိုတစ်ခဏတွင် သူ၏ခန္ဓာကိုယ်လည်း တုန်ခါသွားသလို သူခံစားလိုက်ရသည်။
ဝုန်း..
သူ၏ခန္ဓာကိုယ်အတွင်းမှ ထာဝရဂိတ်တံခါးများ ပွင့်လာသည်သလို ရှီဟောင် ခံစားလိုက်ရသည်။ ထိုအမှုန်များလည်း စတင်တုန်ခါလာလေသည်။
ရှီဟောင် မူလရှေးဟောင်းမှတ်တမ်းအတိုင်း ထိုအမှုန်များကို ပြန်လည်စုစည်းလိုက်သည်။ ထို့နောက် မိုးမခနတ်ဘုရား၏ပညာကို အသုံးပြုလိုက်၏။ သူသည် အဖိုးတန်ပညာများကို တိုက်ရိုက်အသုံးပြုခြင်းမဟုတ်ပဲ သူကိုယ်တိုင် သဘာဝဥပဒေသများ ဖန်တီးကာ အဖိုးတန်ပညာများ အသက်သွင်းနေခြင်းပင်။
ရလဒ်အနေဖြင့် သူအံ့အားသင့်စရာကောင်းသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ အခြေခံအကျဆုံး အရာများသည် အရှုပ်ထွေးဆုံးနှင့် စွမ်းအားအကြီးဆုံး နတ်စွမ်းရည်များအား တည်ဆောက်နိုင်သည်ပင်။ ထိုသို့ လုပ်လိုက်သောကြောင့် သူပို၍ နားလည်လာနိုင်သည်ပင်။
ထို့နောက် အခြား အဖိုးတန်ပညာများကိုလည်း ဤကဲသို့ ထပ်ခါထပ်ခါ ပြုလုပ်လိုက်သည်။
နောက်ဆုံးတွင်တော့ မူလရှေးဟောင်းမှတ်တမ်း၏ တုံ့ပြန်မှုကြောင့် ထိုတောက်ပနေသည့် ရွှေရောင်အမှုန်များ ထပ်မံပြိုကွဲသွားကာ ကောင်းကင်မျက်လုံးဖြင့်ပင် မမြင်နိုင်တော့။
သို့သော်လည်း ရှီဟောင် တာအိုနှလုံးသားဖြင့် ကြည့်လိုက်သည့်အချိန်တွင်မူ တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို မြင်နိုင်ခဲ့သည်။ အားလုံးမှာ သူ၏အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာသည်ပင်။
ရှီဟောင်သည် ယခုအချိန်တွင် အရာအားလုံးကို မေ့လျော့နေလေပြီ။ သူသည် အရက်မူးနေသကဲ့သို့ပင်ဖြစ်နေသည်။
ဝုန်း..
ရုတ်တရက်ပင် ရွှေရောင်တူကြီးတစ်ခု ကျရောက်လာကာ ရှီဟောင်၏ခန္ဓာကိုယ်အား ထုနှက်လာာသည်။ သူသွေးအန်သွားကာ တစ်စစီဖြစ်မလိုဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့်ပင် သူ ကျောက်ဖျာပေါ်မှ လွင့်ထွက်မသွားခဲ့။
သူချက်ချင်းပင် ခေါင်းရှင်းသွားရ၏။ ဘာဖြစ်သွားတာလဲ .. လောကကြီးရဲ့ အပြစ်ပေးမှု စတင်ပြီလား..
သို့သော် ဤသည်မှာ မဖြစ်နိုင်ပေ။
ရှီဟောင် ခေါင်းငုံ့ကြည့်လိုက်သည့်အချိန်တွင် သူ့အောက်မှ ကျောက်ဖျာကြီး တောက်ပနေသည်။ ကျောက်ဖျာမှ အကာအကွယ်အလွှာတစ်ခု ထွက်ပေါ်လာကာ သူ့အား ကာကွယ်ပေးလိုက်သောကြောင့်သာ။ မဟုတ်ပါက သူ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းဖြစ်နေလောက်လေပြီ။
“ငါက နတ်ချိန်းကြိုးတွေကို စိတ်ဝင်တစား လေ့လာနေတာ .. အဲဒီရွှေရောင်အမှုန်လေးတွေကို လေ့လာပြီးတော့ စိတ်လွတ်နေတာ .. အတိအကျပြောရရင် ငါက တာအို တာအိုနားလည်ခြင်းကို မျက်စိလျှမ်းနေတာ..”
ရှီဟောင် နိုးထလာကာ ရုတ်တရက် အလင်းတစ်ခုကို တွေ့လိုက်ရသည်။
သူထောင့်တစ်နေရာကို အာရုံစိုက်နေသည့်အချိန်၌ ကောင်းကင်ကြီးတစ်ခုလုံးကို လွတ်သွားနိုင်သည်ပင်။
ဤထူးဆန်းသည့်အစေ့ထဲတွင်ရှိနေသည့် ရှီဟောင်သည် ဖျက်ဆီး၍မရနိုင်သည့် သူ၏ခန္ဓာကိုယ်ကို ပို၍သန်မာလာအောင်လုပ်ပြီး တာအို၏အသီးအပွင့်များကို ခံစားနေသည်။
ဤသည်မှာ သူ့တစ်ဘဝလုံးကို အကျိုးသက်ရောက်မှုရှိနိုင်သည့် ပြန်လည်မွေးဖွားခြင်းခရီးစဉ်ပင်။
အပိုင်း ၁၄၅၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၁ – အတွင်းပိုင်း တာအို
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏တာအိုမှာ ကျယ်ပြန့်လှသည်။
ဤသည်မှာ ပုံစံမရှိ၊ ထိတွေ့ကိုင်တွယ်၍ မရသည့်အရာတစ်ခုပင်။
ထို့နောက် စွမ်းအားကြီးလှသည့် စွမ်းအင်လှိုင်းတစ်ခု ကျရောက်လာကာ လောကကြီးကို တုန်လှုပ်သွားစေပြီး ရှီဟောင်၏ ဇီဝဗဟိုချက်ကိုလည်း တုန်ခါသွားစေသည်။ သူ၏ဝိညာဉ်ပင်ပြိုကွဲသွားမတတ်ပင်။ အောက်ဘက်မှ ကျောက်ဖျာကြီး သူ့ကို ကာကွယ်ပေးထားသောကြောင့်သာ မဟုတ်ပါက ရှီဟောင် ပြာမှုန့်ဖြစ်သွားလောက်လေပြီ။
သူ၏နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်လိုက်ပြီး လေဟာနယ်ထဲသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် အလင်းမိုးတစ်ခုရှိနေသ်ည။
ခမ်းနားတဲ့စွမ်းအား .. ကြီးမြတ်တဲ့တာအို..
ရှီဟောင် မျက်လုံးပိတ်လိုက်သည်။ ထိုအမှုန်များအား လေ့လာနေသည်ကို ခေတ္တရပ်တန့်လိုက်ပြီး သူ၏အာရုံများကို ထိုအရိုးရှင်းဆုံး ‘တာအို’ ထံသာ ပို့ထားလိုက်သည်။
ဤတာအိုဟုခေါ်သည့်အရာမှာ လုံးဝ အကျဉ်းချုပ်ဖြစ်နေသည့်အရာတစ်ခုပင်။
ဤအရာကို ဖန်တီးချင်သည်ဆိုပါက အဆုံးမရှိသည့် သဘာဝဥပဒေသချိန်းကြိုးများစွာကို အသုံးပြုရမည်ပင်။ ဤချိန်းကြိုးများသည် တစ်ခုနှင့်တစ်ခု ထိရောက်မှုရှိနေကြသည်ပင်။
ဤသည်ကို ပုံတူကူးချင်လျှင်ပင် မဖြစ်နိုင်ပေ။
လောကကြီး၏ ထောင့်တစ်နေရာကို အစိုးရသည့် သတ္တဝါများပင်လျှင် တာအိုအားလုံးကို နားလည်မည်မဟုတ်။ တစ်ပိုင်းတစ်စသာ နားလည်လိမ့်မည်။
တာအိုအားလုံးကိုသာ နားလည်သွားပါက ထာဝရတရားကိုသာ ရရှိမည်မဟုတ် ကောင်းကင်ဘုံအထက်သို့ပင် တက်သွားနိုင်လောက်သည်။
ထာဝရသက်ရှိများပင်လျှင် တာအိုအားလုံးကို နားလည်လိမ့်မည်မဟုတ်ဟု ရှီဟောင်သံသယဝင်မိသည်။
“ကောင်းကင်တာအိုလို့ခေါ်တဲ့အရာတွေက အကန့်အသတ်မရှိတဲ့တာအိုတွေ၊ မရေမတွက်နိုင်တဲ့ တာအိုအမျိုးအစားတွေကို ပြောတာမလား .. အဲဒါဆိုရင် ငါက ဘယ်လိုလုပ် အားလုံးကိုနားလည်နိုင်မှာလဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ခပ်ဝေးဝေးတွင် ရှိနေသည့် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးမှာ ထိတ်လန့်နေရသည်။ ဒီလူငယ်လေးရဲ့ ကျင့်ကြံဆင့်က ဒီလောက် မမြင့်သေးတာတောင်မှ သူက ဒီနယ်ပယ်ထဲကို ခြေချတော့မှာလား..
ခဏကြာပြီးနောက် ရှီဟောင် ခေါင်းခါလိုက်၏။ သူတစ်ခုခုကို နားလည်သွားလေပြီ။ ကောင်းကင်တာအိုဟုခေါ်သည့်အရာမှာ အတိအကျရှိသည်။
တာအို .. တာအိုဆိုသည်မှာ တစ်ခုသာရှိသည်။ ဤတာအိုကို အမျိုးအစားများစွာ ခွဲနေစရာမလို။ ဤသည်မှာ မှားယွင်းနေသည့် အယူအဆပင်။
ကျင့်ကြံဆင့်မြင့်သည့် ကျင့်ကြံသူများအားလုံး တာအိုဆိုသည်မှာ ပုံစံမရှိကြောင်း သိရမည်ကို သူနားလည်သည်။ ဤသည်မှာ ဖမ်းဆုတ်ကာ ရွှေ့ပြောင်းနိုင်သည့်အရာတစ်ခုမဟုတ်။
သို့သော်လည်း အားလုံးသည် တာအိုအား လေ့လာသည့်အချိန်တွင် တာအိုဥပဒေသ၏ အပိုင်းအစလေးတစ်ခုကို အမှတ်မထင် ဖယ်ရှားလိုက်ကာ ဤသည်ကို တာအိုတစ်မျိုးအဖြစ် သတ်မှတ်လိုက်ကြသည်။
ဤပုံစံမျိုးဖြင့် တာအိုမျိုးစုံ ပေါ်လာခြင်းပင်။ ဘာကို တာအိုသုံးထောင်လဲ၊ ဘာကို ကောင်းကင်တာအိုတစ်သောင်းလဲ၊ ဘာကိုမြင့်မြတ်တဲ့တာအိုဆယ်မျိုးလဲ ..
အရာအားလုံးမှာ ဘာမှမရှိခြင်းမှာ စတင်ခဲ့သည်။ ထို့နောက် တစ်စုံတစ်ခုမှ ဘာမှမရှိခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်ပင်။
တာအိုမှာ ပုံစံမရှိ။ တာအိုကို အတိအကျပုံဖော်၍မရ။
ရှီဟောင် နားလည်သွားလေပြီ။ တာအိုသုံးထောင်၊ ကောင်းကင်တာအိုတစ်သောင်းဟုခေါ်သည့်အရာများမှာ ဥပဒေသများသာ။ တာအိုဟုခေါ်၍မရ။ ဤအရာများမှာ ရှေးကမျိုးဆက်များ တာအိုတံဆိပ်ကို ခွဲပိုင်းလိုက်သည့်အရာများသာ။
ထိုဥပဒေသအားလုံးကို အတူတကွ ပေါင်းစည်းလိုက်မှသာ ‘တာအို’ အစစ်အမှန်ကို သိနိုင်လောက်မည်။
“ငါလည်း ငါ့အရှေ့က လူတွေလိုမျိုး တာအိုဥပဒေသ ထောင်ပေါင်းများစွာကို အရင်နားလည်အောင်လုပ်ပြီးမှ သူတို့ကို ပြန်ပေါင်းလိုက်ရမလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူဤအစေ့ထဲသို့ ဝင်ခဲ့ခြင်းမှာ ကောင်းကင်ဥပဒေသနှင့် ထိတွေ့ပြီး သူတို့ကို နားလည်အောင် လေ့လာရန်ပင်။
ရှီဟောင် လက်ဆန့်လိုက်ကာ ကျဆင်းလာသည့် ဥပဒေသနှင့်အခြားအရာများကို သူ၏လက်ချောင်းထိပ်များ၌ ရစ်ပတ်ခွင့်ပြုလိုက်သည်။ သူက ဒါတွေကို ဘယ်လိုပေါင်းစည်းရမလဲ..
အချိန်များမှာ ဆက်လက်ရွေ့လျားနေဆဲပင်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်..
ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊ ဖြစ်နိုင်သည်မှာ ရက်ပေါင်း ရာကျော်သွားသည့်နောက်တွင်သာ ရှီဟောင် အသိပြန်ဝင်လာသည်။ သူ့အတွက်တော့ ဤသည်မှာ တစ်ခဏလေးလိုပင်။
တာအို၏ ခွန်အားကို သိနိုင်ရန်အတွက် သူဥပဒေသအားလုံးကို ဆက်လိုက်သည်။ သို့သော်လည်း ဤသည်မှာ သိပ်မလုပ်မဖြစ်ပေ။ သူ ‘စွမ်းအား’ တစ်မျိုးကို ပြသနိုင်ခဲ့သော်လည်း ဤသည်မှာ တာအို၏ တစ်စိတ်တစ်ပိုင်းသာရှိသေးသည်။ သူ ဤအရာကို အပြည့်အဝနားလည်သွားပြီဖြစ်သော်လည်း ဤသည်မှာ ရှေးဟောင်းတာအို၏ တံဆိပ်များထဲမှ တစ်ခုသာ ရှိသေးသည်။
“ငါတို့ မြင်နိုင်တဲ့အရာ၊ ငါတို့ကြုံတွေ့ခဲ့ရတဲ့ အရာတွေကိုပဲ ရှင်းပြနိုင်တယ် .. နာမည်ပေးနိုင်တယ် .. ငါတို့မကြုံတွေ့ဖူးတဲ့အရာတွေကို ဖော်ပြဖို့ ခက်ခဲလွန်းတယ် .. အားလုံးက ဒီလောကရဲ့ သဘာဝတွေပဲ .. ဒါတွေကို အတင်းလုပ်ယူလို့မရဘူး .. သူ့ဘာသာသူ ဖြစ်ပျက်နေမှာ..”
ရှီဟောင် သက်ပြင်းချလိုက်သည်။
သူ တာအိုသုံးထောင်၊ အတိအကျပြောရလျှင် သဘာဝဥပဒေသသုံးထောင်ကို လေ့လာခဲ့သော်လည်း ဤသည်မှာ မလုံလောက်သေးပေ။ ဤသည်မှာ သူ့ရှေ့မှလူများ ပုံဖော်ရန်ကြိုးစားခဲ့သည့် တာအိုပုံစံများသာ။
ရန်သူများမှာ မည်မျှပင် ကြောက်စရာကောင်းမည်နည်း .. သူတို့သည် ဘိုးဘေးများထက် သေချာပေါက် ခွန်အားကြီးမည်ပင်။ မဟုတ်ပါက သူတို့အဘယ်ကြောင့် ရှုံးနိမ့်ခဲ့မည်နည်း..
“ကောင်းကင်ရဲ့တာအိုတစ်သောင်းကို ဖိနှိပ်ဖို့ဆိုတာက နည်းနည်းရူးမိုက်တဲ့ အကြံဖြစ်နေမလား .. ဒါပေမဲ့ အနည်းဆုံးတော့ ဒါက နည်းနည်း သူရဲကောင်းဆန်နေတာပဲ..” ရှီဟောင် သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။
သဘာဝဥပဒေအားလုံး၏ အထက်၌ရှိနေမှသာ ကြီးမြတ်သည့်တာအိုကို အပြည့်အဝ လေ့လာနိုင်လိမ့်မည်ကို ရှီဟောင်သိသည်။ သို့သော်လည်း လက်တွေ့၌ ဤသည်မှာ သိပ်ပြီး အဓိပ္ပာယ်မရှိပေ။
“တာအို..”
ရှီဟောင်ထိုင်ချကာ ကျောက်ဖျာကိုကိုင်ထားလိုက်သည်။ သူ အပြင်ဘက်တွင် တတ်နိုင်သမျှ ရှာဖွေလေ့လာပြီးသွားလေပြီ။ ကြည့်ရသည်မှာ ယခု သူ့ခန္ဓာကိုယ်အတွင်းပိုင်းကို လေ့လာဆန်းစစ်ရမည်ထင်သည်။
“တာအို .. ပုံစံမရှိဘူး .. တိကျတဲ့ရှင်းလင်းချက်မရှိဘူး .. မြက်တစ်ပင်၊ သစ်ပင်တစ်ပင်ကစ ဒီလောကကြီးမှာ ရှိနေတဲ့အရာအားလုံးက တာအိုဥပဒေသတွေအောက်မှာ ရှိနေတာ..”
ထို့နောက် ရှီဟောင် သူ့ခန္ဓာကိုယ်ကို လောကကြီးတစ်ခုအဖြစ် သတ်မှတ်ကာ လေ့လာဆန်းစစ်လိုက်သည်။
“ငါက ခန္ဓာကိုယ်၊ ငါက လောကတစ်ခုပဲ .. ငါ့ဝိညာဉ်၊ ငါ့သွေး၊ ငါ့ကိုယ်တွင်းအင်္ဂါတွေအားလုံးက တာအိုတွေပဲ .. အရာအားလုံးက ဘာမှမရှိတဲ့ ဗလာသက်သက်ကနေ စတင်ခဲ့ပြီးတော့ တစ်စုံတစ်ခု ဖြစ်လာခဲ့တယ် .. ပြီးတော့ တစ်စုံတစ်ခုကနေ ဘာမှမရှိခြင်းကို ပြန်ရောက်သွားတယ် .. ဒါက ဝိရောဓိဖြစ်နေတာမဟုတ်ဘူးလား..”
ရှီဟောင် သူ၏ခန္ဓာကိုယ်ကြီးကို လောကကြီးနှင့် ဘေးချင်းယှဉ်ကာ လေ့လာတော့မည်ပင်။
“ငါ့ခန္ဓာကိုယ်က စကြာဝဠာကြီးပဲ .. ဒါက ကြယ်အစုအဝေးနဲ့ယှဉ်ရင် ဖုန်မှုန့်လိုမျိုး မထင်ရှားဘူးဆိုပေမယ့် ငါ့စိတ်က ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ တာအိုပဲ”
ရှီဟောင်၏ဆံပင်များ ပြန့်ကျဲနေကာ မျက်လုံးများလည်း တောက်ပနေသည်။
“ဒါက ငါ့ရဲ့တာအိုလေ့လာခြင်းရဲ့ အနှစ်သာရပဲ .. ငါ အစောကြီးကတည်းက ဒီလိုမျိုးတွေးခဲ့တာ .. အဲဒါကြောင့်မို့လို့ ဒီလိုပုံစံမျိုးပဲ ဆက်သွားတော့မယ် .. ကောင်းကင်ဥပဒေသတွေကို ခန္ဓာကိုယ်ထဲ ပို့ပြီးတော့ တာအိုကို အတည်ပြုမယ် .. နှစ်ခုကို နှိုင်းယှဉ်မယ် .. အဲဒါမှ ငါ့ခန္ဓာကိုယ်ထဲက တာအိုကို မြင်ပြီးတော့ နားလည်နိုင်လာမှာ”
“ငါရှာနေတာ တာအိုအစစ်အမှန်ပဲ..”
အာကာသကို ကိုယ်စားပြုသည့် ရှေးကျကာ ရိုးရှင်းသည့်တာအိုတစ်ခုရှိသည်ကို သူသိသည်။ သို့သော်လည်း ထိုကဲ့သို့သော စွမ်းအားမျိုးကို ရရှိရန်မှာ မဖြစ်နိုင်သောကြောင့် သူ့ခန္ဓာကိုယ်ထဲမှာသာ ရှာဖွေနိုင်တော့မည်။
ဝုန်း..
ကျောက်ဖျာကြီး တုန်ခါသွားသည်။ ရှီဟောင် တကယ်ကို ထိုအတိုင်း ဆက်လက်လေ့လာနေသည်။ ဤသည်မှာ အလွန်အန္တရာယ်များလှသည်ပင်။ နတ်ဥပဒေသအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ပို့လိုက်ကာ ထိုဥပဒေသများကို ပြောင်းလဲပြီးနောက် နှိုင်းယှဉ်ကာ လေ့လာနေခြင်းပင်။
သဘာဝဥပဒေသများသည် ကြယ်စမ်းချောင်းများကဲ့သို့ တောက်ပနေကာ သူ့ခန္ဓာကိုယ်ကို တစ်တန်းပြီးတစ်တန်း ဖုံးလွှမ်းနေသည်။ ဤအလင်းတန်းများမှာ များပြားလှသောကြောင့် သူ့အား ပေါက်ကွဲစေတော့မတတ်ပင်။
ကျောက်ဖျာမှ သူ့အား ကာကွယ်ပေးနေသောကြောင့်သာမဟုတ်ပါက သူပျက်စီးသွားလောက်လေပြီ။
သူ၏ အသွေးအသားများ ပျက်စီးသွားပြီးနောက် နတ်ချိန်းကြိုးမျိုးစုံလည်း ပြောင်းလဲသွားသည်။ ထို့နောက် ကျောက်ဖျာ၏ စွမ်းအားကြောင့် သူ့အသွေးအသားများ လျင်မြန်စွာ ကောင်းမွန်သွားသည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသလို အလွန်လည်း ရက်စက်လှသည်။ သို့သော် ဤသည်မှာ အလွန်ခမ်းနားလှသည်ပင်။
ရှီဟောင် သွေးများစီးကျလာပြီး သူ၏ခြေလက်လေးခုထံသို့ သဘာဝဥပဒေသများ ဆင်းသက်သွားကြသည်။ ထိုတာအိုဥပဒေသများ ပျံ့နှံ့သွားကာ သူ၏ခန္ဓာကိုယ်မှ ကြွက်သားများနှင့် သွေးကြောများအား လှုပ်ခါသွားသည်။
သူ၏အရိုးများမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာလေ၏။
အချိန်မည်မျှကြာသွားမှန်း မသိရသည့်အချိန်မှသာ ရှီဟောင် နိုးလာခဲ့သည်။ သူသည် မီးသွေးခဲဖြစ်လုနီးပါး လောင်ကျွမ်းနေလေပြီ။
“ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးတွေ၊ သွေးတွေ၊ အသွေးအသားတွေက အတွင်းတာအိုတွေလား..” ရှီဟောင်၏မျက်နှာ ဖြူဖျော့နေသည်။
အခြားသူများကြားလျှင်တော့ ဤသည်မှာ အလွန်ရယ်စရာကောင်းသည့်ဟာသတစ်ခု ဖြစ်နေလိမ့်မည်။
“တာအိုက ပုံစံမရှိဘူး .. ဒါက ပုံစံမျိုးစုံရှိနိုင်သလို ဘာမှမရှိတာလဲ ဖြစ်နိုင်တယ်…” ရှီဟောင်၏မျက်လုံးများ တစ်ဖြည်းဖြည်း တောက်ပလာသည်။
“ဟုတ်တယ် .. တာအိုက ငါ့ခန္ဓာကိုယ်ထဲမှာပဲ .. ဒါက ငါဖြစ်ချင်တာဘာမဆို ဖြစ်နိုင်တယ်” ရှီဟောင် အလွန်လေးနက်စွာ ပြောလိုက်သည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် လှပသည့်အမျိုးသမီး ထိတ်လန့်နေရသည်။ ဒီလူငယ်လေး ရူးသွားပြီလား .. ငါသူ့ကိုသွားကူပေးရမလား..
“ငါမရူးသေးဘူး .. ဒီလမ်းကြောင်းပဲ ဟုတ်တယ် .. ကိုယ့်ခန္ဓာကိုယ်ထဲမှာ တာအိုကို ရှာဖွေတာ .. ဖုန်မှုန့်လေးတစ်မှုန်က ပင်လယ်ကြီးကို ဖြည့်လိုက်နိုင်တယ် .. ငါ့ခန္ဓာကိုယ်က ဘာမှမသိသာတဲ့အရာတစ်ခုဆိုပေမယ့် စကြာဝဠာကြီးရဲ့တာအိုကို ဖွင့်ဟနိုင်တယ်..”
ထို့နောက် ရှီဟောင် လှုပ်ရှားခြင်းမရှိပဲ တိတ်ဆိတ်သွားသည်။ ကောင်းကင်ထက်မှ ဆင်းသက်လာသည့် ကောင်းကင်ဥပဒေသများသည် သူ့အနား၌ လှည့်ပတ်သွားလာနေဆဲပင်။
သူ၏ကိုယ်ပိုင်ပုံစံဖြင့် စကြာဝဠာကြီးကို ယှဉ်နိုင်ရန် သူ၏ခန္ဓာကိုယ်အတွင်းရှိ တာအိုသည် အပြင်လောကရှိ ပြိုင်ဘက်ကင်းသည့်တာအိုနှင့် တူနေရမည်ပင်။
သူပထမဆုံး နတ်ချိန်းကြိုး၏အစိတ်အပိုင်းဖြစ်သည့် ရွှေရောင်အမှုန်လေးများကို အရင်နားလည်အောင်လုပ်သည်။ ထို့နောက်မှ ခမ်းနားသည့်တာအိုအား လေ့လာခြင်းပင်။ ရှီဟောင် ဤသည်ကို စိတ်နှစ်၍ လေ့လာလိုက်သည်။
သူသည် ယခုအချိန်၌ သေလူကဲ့သို့ပင် ဖြစ်နေလေပြီ။
အချိန်မည်မျှကြာသွားမှန်းမသိလိုက်သည့်အချိန်မှသာ ဤသဘာဝဥပဒေသချိန်းကြိုးများ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပင့်ကူအိမ်တစ်ခုကဲ့သို့ ဖြစ်လာသည်။
ဥပဒေသများအားလုံး ကုန်ဆုံးသွားသည့်အချိန်တွင် ဤဥပဒေသများ ပိုးအိမ်တစ်ခုကဲ့သို့ ဖြစ်သွားသည်။ ဤပိုးအိမ်မှာ ရိုးရှင်းလှပြီး တောက်ပမှုလည်းရှိမနေပေ။ ရှီဟောင် ထိုထဲမှ ကန့်သတ်ခံလိုက်ရသည်။
“ငါ့ရဲ့ခန္ဓာကိုယ်ကို ကောင်းကင်နဲ့မြေကြီးအဖြစ်သုံးမယ် … အတွင်းပိုင်းက တာအိုတွေပဲ..”
ပိုးအိမ်အတွင်းမှ အလွန်တည်ငြိမ်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ဤအသံမှာ တည်ငြိမ်နေသော်လည်း ထိုအမျိုးသမီးအား တုန်လှုပ်သွားစေကာ ချွေးစေးများပင် ပြန်လာစေသည်။ တစ်ခုခုဖြစ်တော့မည်ဟု သူမခံစားနေရသည်။
ဝုန်း..
ထို့နောက် မီးတောက်များ ထွက်ပေါ်လာသည်။ ဤသည်မှာ လက်သီးအရွယ်အစားသာဖြစ်ပြီး ပထမဆုံး ကြေးမုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ များပြားလှသည့် ထူးခြားနက်နဲမှုများကို ပြသပြီးနောက် ထာဝရမီးတောက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမီးတောက်များသည် ပိုးအိမ်အား စတင်လောင်ကျွမ်းလာလေသည်။
အချိန်များမှာ မျိုးဆက်ပေါင်း တစ်ထောင် ဖြတ်ကျော်သွားသကဲ့သို့ပင်။
ထိုမီးတောက်သည် ပိုးအိမ်ကို လောင်ကျွမ်းနေပြီး ကျမ်းစာသံများလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။ ပိုးအိမ်မှ ‘ပိုးချည်မျှင်’ သည် ရှီဟောင်အား တင်းကြပ်သထက်တင်းကြပ်အောင် ရစ်ပတ်လာပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတွင်တော့ ဤနေရာတစ်ခုလုံး မည်းတူးသွားကာ ပိုးအိမ်လည်း ဖျက်ဆီးခံလိုက်ရသည်။
“တာအိုပိုးအိမ်လား..” ထိုအမျိုးသမီး ထိတ်လန့်သွားရ၏။
ဤလူငယ်လေး ရူးသွပ်နေသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ သူက လုံးဝကို ရူးသွားတာလား .. ဒီလိုမျိုးတောင် လုပ်ရဲတာလား ..
သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူမ အသက်ရှူသံများ အေးခဲသွားရသည်။ ထိုမည်းတူးနေသည့် ပိုးအိမ်ထဲမှ သူ၏ခန္ဓာကိုယ် တစ်ပိုင်းတစ ထွက်ပေါ်လာသည်။ ဤသည်မှာ အရောင်တောက်ပနေခြင်းမဟုတ်သော်လည်း ပြာမှုန့်များ ဖြစ်နေသည်လည်းမဟုတ်။ ဤလူငယ်အောင်မြင်သွားပြီဟု သူမခံစားနေရသည်။
အပိုင်း ၁၄၅၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၂ – အစေ့ ပြီးဆုံးသွားခြင်း
ပျက်စီးနေသည့်ပိုးအိမ် တစ်ဖြည်းဖြည်း ကွာကျလာကာ ထူးဆန်းသည့်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုထဲမှ ထွက်လာသည့်လူ၏ အသားအရေမှာ မှိန်ဖျော့နေသည်။ သူသည် လူသားခန္ဓာကိုယ်နှင့်ပင် မတူတော့ပဲ ပစ္စည်းတစ်ခုနှင့် တူနေသည်။
ဝုန်း..
မည်းတူးနေသည့် ပိုးအိမ်မှာ ရုတ်တရက်ပင် အလွန်တောက်ပလာသည်။
မီးတောက်များ ပိုးအိမ်အား လောင်ကျွမ်းနေသည့်အချိန်ကပင်လျှင် ဤမျှတောက်ပခြင်းမရှိ။ ယခုတော့ အလွန်ကို တောက်ပနေလေပြီ။
တစ်ချိန်တည်းမှာပင် ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ဤသည်မှာ ကောင်းကင်ဥပဒေသများ ပျက်စီးခြင်းကို ကိုယ်စားပြုနေခြင်းပင်။ ရှီဟောင် ဤသည်ကို ဘယ်လိုရင်ဆိုင်မည်နည်း..
ထိုလှပသည့်အမျိုးသမီး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ရှီဟောင် အောင်မြင်တော့မည်ဟု ထင်လိုက်သည့်အချိန်တွင် ထင်မှတ်မထားပဲ ဤကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
ရှီဟောင် သေချာပေါက် ဒုက္ခများနေလေပြီ။
သူ၏အရောင်မှိန်နေသည့် အသားအရေ မီးတောက်လာကာ အလွန်တောက်ပလာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မီးတိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထိုပိုးအိမ်နှင့်အတူ လောင်ကျွမ်းနေခြင်းပင်။
ဤသည်မှာ ကောင်းကင်တာအိုတစ်သောင်းမှ ဖြစ်ပေါ်လာသည့် ကြောက်စရာအကောင်းဆုံး တာအိုမီးတောက်တစ်ခုပင်။
ဤသည်မှာ အရာအားလုံးကို ပြာဖြစ်အောင် လောင်ကျွမ်းပစ်နိုင်သည်ပင်။
ဤကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် တာအိုတစ်ခုသာရှိသည်။ သို့သော်လည်း ဤသည်ကို သဘာဝဥပဒေအဖြစ် ထောင်ပေါင်းများစွာ ကွဲထွက်သွားသည်။ ဤမီးတောက်မှာ ထိုဥပဒေသများမှ ဖြစ်ပေါ်လာသည့် မီးတောက်ပင်။
ရှီဟောင်၏ခန္ဓာကိုယ်တွင် အပေါက်များပြည့်နေသော်လည်း သွေးတစ်စက်မှ မရှိတော့ပေ။ နေရာတိုင်း၌ ဒဏ်ရာများသာရှိနေပြီး အလွန်မည်းနက်နေလေပြီ။
ဤသည်မှာ ပျက်စီးနေသည့် မီးသွေးခဲတစ်ခုကဲ့သို့ပင်။
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ အချိန်မရွေး ငြိမ်းသတ်သွားနိုင်လေပြီ။
ရှီဟောင် သက်ပြင်းချလိုက်၏။ ချောချောမွေ့မွေ့မဖြစ်နိုင်သည်ကို သူသိသည်။ ဤမျှလွယ်လွယ်ကူကူအောင်မြင်သွားပါက သူ့ရှေ့တွင် အောင်မြင်ခဲ့သည့်သူများရှိမည်ပင်။ သို့သော် ယခုတော့ မည်သူမှ မအောင်မြင်သေး။
တစ်ချိန်တည်းမှာပင် သိပ်မဝေးသည့် နေရာ၌ရှိနေသည့် လက်သီးအရွယ်အစား ထူးဆန်းသည့်မီးဘောလုံးသည် ဆက်တိုက်ပင် ခုန်ပေါက်နေသည်။ ထိုမီးဘောလုံးကို ထာဝရစွမ်းအင် ဝန်းရံနေကာ မြူများလည်း အုံ့ဆိုင်းနေသောကြောင့် ဤသည်မှာ အလွန်ထူးဆန်းလှသည်။
ဤသည်မှာ ထာဝရမီးတောက်တစ်မျိုးဖြစ်လိမ့်မည်ဟု ရှီဟောင်ထင်ခဲ့သည်။
သို့သော် ယခုတော့ သူအရာမှာ ဘာမှန်း သူသေချာမသိတော့။ ဤမီးဘောလုံးသည် ကြေးမုံတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်ပြီး အနက်နဲဆုံးတာအိုကို ပြသနိုင်သည်။ သူသည် အရာအားလုံးကို လောင်ကျွမ်းနိုင်သည့် မီးတောက်တစ်ခုပင် ဖြစ်နိုင်သေးသည်။
သူသည် ယခုလေးတင် သဘာဝဥပဒေသများဖြင့် ဖန်တီးထားသည့် ပိုးအိမ်ကို လောင်ကျွမ်းစေလိုက်ခြင်းပင်။
ယခုတော့ သူငြိမ်သက်သွားလေပြီ။ သူသည် ရလဒ်ကိုသာ တိတ်တဆိတ်စောင့်ကြည့်နေသလိုပင်။
ရှီဟောင် အသက်အန္တရာယ်ရှိနေလေပြီ။ သူသည် မီးစာကုန်ခမ်းသွားသည်အထိ လောင်ကျွမ်းနေသည့် မီးအိမ်တစ်လုံးကဲ့သိုပင်။ သူ၏အရေပြား ခြောက်သွေ့နေပြီဖြစ်ပြီး အရိုးများလည်း အက်ကွဲတော့မည်။ သူ၏လောင်ကျွမ်းနေသည့်ခန္ဓာကိုယ်မှ တကျီကျီအသံများပင် ထုတ်လွှတ်နေသည်။
သိပ်မဝေးသည့်နေရာ၌ ရှိနေသည့် အမျိုးသမီးသည် သူ့အား ရပ်တန့်ကာ ကူညီပေးချင်သော်လည်း သူအကူအညီလိုအပ်သလား မလိုအပ်ဘူးလားဆိုသည်ကို သူမ မသိ။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် အသက်ရှင်နေဆဲဖြစ်ကာ တာအိုအား လေ့လာနေဆဲပင်။
ဤလူငယ်လေး ရူးသွပ်သွားတော့မည်ဟု သူမ ခံစားနေရသည်။
ရှီဟောင်သည် တကယ်ကို တာအိုလေ့လာနေခြင်းပင်။ သူ၏အသိစိတ်များ ရှုပ်ထွေးနေသော်လည်း သူသည် ကိစ္စများစွာကို တွေးတောနေဆဲပင်။ အတိတ်မှ အဖြစ်အပျက်များလည်း သူ့ခေါင်းထဲသို့တစ်ခုပြီးတစ်ခု ရောက်လာသည်။
သူထာဝရစွမ်းအင် ကျင့်ကြံစဉ်ကလည်း သူသည် တာအိုမီးတောက်များဖြင့် လောင်ကျွမ်းခံခဲ့ရသည်။
ယခုလည်း သူသည် တာအိုမီးတောက်တစ်သောင်းဖြင့် အချက်ခံနေရသည်။
သူသည် အရာအားလုံးကို လောဘတကြီး လေ့လာနေသော်လည်း တစ်ဖက်တွင် သူ၏အသက် ဆုံးရှုံးရလုနီး ဖြစ်နေလေပြီ။
ရှီဟောင်၏ခန္ဓာကိုယ်မှာ အရိုးစုကို အရေပြားတစ်လွှာဖြင့် ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေလေပြီ။
သို့သော်လည်း သူမသေသေး။ သူ၏ခန္ဓာကိုယ်ထဲတွင် တာအိုတစ်သောင်းမီးတောက်များ၏ လှိုက်စားမှုကို တားဆီးနေသည့် ခုခံမှုတစ်မျိုးရှိနေသည်။
ဝုန်း..
သို့သော်လည်း ထိုအချိန်တွင် မီးတောက်များမှာ ပို၍ပြင်းထန်လာကာ ပို၍တောက်ပလာသည်။
ဤကဲ့သိုသော စွမ်းအားမျိုးကို ခုခံရန် မဖြစ်နိုင်။ ရှီဟောင် အချိန်မရွေး ပြာမှုန့်ဖြစ်သွားနိုင်သည်။
ကျောက်ဖျာကြီး တောက်ပနေကာ သူ့အား အစွမ်းကုန် ကာကွယ်ပေးနေသော်လည်း ယခင်ကလောက် အကျိုးသက်ရောက်မှုမရှိတော့။ ရှီဟောင် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။
ဝုန်း..
နောက်ဆုံးတွင် ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ ရှင်းလင်းသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဤအလင်းတန်းသည် ဂိတ်ပေါက်တစ်ခုမှ ထွက်ပေါ်လာခြင်းပင်။
သူ၏ ခန္ဓာကိုယ်ရတနာသိုက်ကို သူဖွင့်နိုင်ခဲ့လေပြီ။ လူသားခန္ဓာကိုယ်၌ ဂိတ်ပေါက်များစွာ ရှိနိုင်သည်။ ယခု သူ ထိုဂိတ်ပေါက်များကို စတင်တူးဖော်နေလေပြီ။
ဤသည်မှာ အတွင်းတာအိုဟု ခေါ်သည့်အရာပင်။
ဖုန်မှုန့်လေးတစ်ခုက ပင်လယ်ကြီးကိုပြည့်သွားစေနိုင်တယ် .. ဤသည်မှာ ဤအဓိပ္ပာယ်ပင်။ လူသားခန္ဓာကိုယ်သည် စကြာဝဠာကြီးနှင့် မယှဉ်နိုင်သော်လည်း ခန္ဓာကိုယ်ထဲမှ ‘ဂိတ်တံခါးများ’ ပွင့်သွားသည်နှင့် ထိုလူ တကယ်ကို အဆင့်မြင့်သွားနိုင်သည်ပင်။
ဝုန်း..
ကောင်းကင်မီးတောက်တစ်သောင်းသည် ထူးဆန်းသည့်ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်အား ထုနှက်လာသည်။
တစ်ချိန်တည်းမှာပင် ရှီဟောင်၏ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများ စုစည်းသွားကာ ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာကာ ပြင်ပလောကမှ ခွန်အားကို ခုခံနေသည်။
“ဒါက..” သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် အမျိုးသမီးအလွန် ထိတ်လန့်သွားရသည်။ ဤအလင်းများမှာ ဂိတ်တံခါးများမှ ထွက်ပေါ်လာခြင်းပင်။
တစ်ခဏအတွင်းမှာပင် ရှီဟောင်၏ခန္ဓာကိုယ်၌ တာအိုဂိတ်တံခါးများစွာ ပေါ်လာသည်။
ရှီဟောင် အတော်လေး စိတ်လှုပ်ရှားသွားရ၏။ ဤသည်မှာ အတွင်းတာအို .. လူသားခန္ဓာကိုယ်၏စွမ်းအားပင်။ သူဒီလမ်းကြောင်းကို သက်သေပြလိုက်နိုင်ပြီ..
ထင်ထားသည့်အတိုင်းပင် လူသားခန္ဓာကိုယ်သည် စကြာဝဠာကြီးနှင့်အပြိုင်တည်ရှိနိုင်သည်။ အတွင်းတာအိုသည် အပြင်ဘက်မှ ကြီးမြတ်သောတာအိုနှင့် ပုခုံးချင်းယှဉ်နိုင်သည်ပင်။ အရေးကြီးသည့်အချက်မှာ ဤကဲ့သို့ဖြစ်အောင် မည်ကဲ့သို့ လုပ်ရမလဲဆိုသည်ပင်။
ဝုန်း..
သူ၏ခန္ဓာကိုယ် အပြင်ဘက်တွင် ကောင်းကင်မီးတောက်တစ်သောင်းလုံး ပေါ်လာကာ သူ့အားဖိနှိပ်လာသည်။ နောက်ဆုံးတွင်တော့ ဤမီးတောက်များသည် ယင်ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်၏ကြွက်သွားများနှင့် အရိုးများ ကွေးသွားသည်အထိ ဖိနှိပ်လာသည်။
ထိုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်ထဲ၌ တောက်ပသည့်အလင်းထွက်ပေါ်လာကာ ယန်ငါးအဖြစ်သို့ ပြောင်းလဲသွားကာ တရှိန်ထိုး ပြေးထွက်လာလေသည်။
“ဒါက..” ထိုအမျိုးသမီးမျက်လုံးများ ပြူးကျယ်သွားရသည်။ ဒါက ဒီလူငယ်ရဲ့ လမ်းကြောင်းများလား..
ဤသည်မှာ သူမအား အလွန်ထိတ်လန့်သွားစေသည်ပင်။
စကြာဝဠာကြီး၏ တာအိုကျရောက်လာကာ ဤလူနှင့် သူ၏အတွင်းတာအိုတို့နှင့် ပေါင်းစည်းသွားကာ ဤကဲ့သို့ ယင်ယန်သင်္ကေတ ထွက်ပေါ်လာခြင်းပင်။
ဤယင်ယန်သင်္ကေတဆွဲပြီး လောကကြီး၏ နက်နဲသည့်အကြောင်းအရာများကို ရှင်းပြသည်ဆိုလျှင် တစ်မျိုးပေ။
ယခုအချိန်တွင် ဤလူငယ်လေးသည် သေမလိုဖြစ်နေသောကြောင့် သူဤအခြေအနေရောက်အောင် တမင်သက်သက်လုပ်နေခြင်းမဟုတ်လောက်။ ဤသည်မှာ သူ့အလိုလိုဖြစ်လာခြင်းပင်။
ဤကဲ့သိုသော နာကျင်မှု၊ နှိပ်စက်မှု၊ အတွေ့အကြုံများမှာ ယခုတော့ ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့်တာအိုသင်္ကေတ ဖြစ်သွားလေပြီ။
ယခုအချိန်တွင် အားလုံး ရပ်တန့်သွားလေပြီ။ အချိန်နှင့် လေဟာနယ်ပင် ရပ်တန့်သွားလေပြီ။
ဤကဲ့သို့သော ရပ်တန့်မှုမျိုးမှာ သူ့အား ဟာတာတာဖြစ်သွားစေသည်ပင်။
ရွှီး..
နောက်ဆုံးတွင်တော့ တည်ငြိမ်မှုကြီး ပျက်စီးသွားသည်။ အားလုံးမှာ မူလအတိုင်း ပြန်ဖြစ်သွားသည်။ ရှီဟောင်၏ခန္ဓာကိုယ် စုတ်ပြတ်နေပြီး ထိုအလင်းများအားလုံးလည်း ရှီဟောင်၏ခန္ဓာကိုယ်အနှံ့သို့ ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်မီးတောက်တစ်သောင်းလည်း ငြိမ်းသတ်ကာ ပျောက်ကွယ်သွားလေသည်။
“ဒါက ရှင့်လမ်းကြောင်းလား..” ထိုအမျိုးသမီး တုန်ယင်သည့်အသံဖြင့်မေးလိုက်သည်။
“မဟုတ်ဘူး..” ရှီဟောင်ငြင်းလိုက်၏။ ဤသည်မှာ သူ၏ခရီးအဆုံးသတ်မဟုတ်ပေ။ သူ၏ခရီး၌ တွေ့ရသည့် တိုက်ဆိုင်မှုတစ်ခုသာ။
စကြာဝဠာကြီးမှာ သူမဟုတ်သလို သူသည် အာကာသ၏တစ်စိတ်တစ်ပိုင်း မဖြစ်ချင်။ တစ်နေ့ကျလျှင်တော့ သူထွက်သွားမည်ပင်။
သူ့ကိုယ်သူသာ သူအားကိုးသည်။ သူ၏ခန္ဓာကိုယ်၊ သူ၏ဝိညာဉ်ကိုသာ သူအားကိုးသည်။ သူ့ကိုယ်သူပို၍သန်မာအောင် လုပ်မှသာ သူ့ထံသို့လာသမျှအရာအားလုံးကို သူရင်ဆိုင်နိုင်မည်ပင်။
ဝုန်း..
သူ၏ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ကြီးပြိုကျကာ ကမ္ဘာမြေကြီး အက်ကွဲနေသကဲ့သို့ပင်။ ထာဝရဂိတ်တံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာသည်။
သူ ထိုအလင်းများအောက်တွင် နှစ်မြှုပ်နေလေသည်။
“ငါလုပ်ချင်ရင် ဒီလိုသင်္ကေတတွေ အများကြီး လုပ်လို့ရတယ်..” ရှီဟောင်ပြောလိုက်သည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းထဲနှင့် အပြင်ဘက်တွင် ယင်ယန်သင်္ကေတများစွာ ထွက်ပေါ်လာလေ၏။
အချို့သင်္ကေတများသည် ကြီးမားလာကာ သူ၏ခန္ဓာကိုယ်အပြင်ဘက်ကို ရစ်သိုင်းလာလေ၏။
သို့သော် နောက်ဆုံးတွင်တော့ ထိုသင်္ကေတများအားလုံး ပျက်ပြယ်သွားသည်။
သူ အတွင်းတာအိုဟုခေါ်သည့် သူ၏တာအိုကို ရှင်းပြရန်အတွက် ဤကဲ့သို့သော သင်္ကေတမျိုး အသုံးပြုရန် မလိုအပ်ပေ။
လောကကြီး အေးခဲသွားကာ အချိန်ရပ်တန့်သွားသည့်အချိန်က သူသည် နှစ်ပေါင်း သန်းပေါင်းများစွာကို ဖြတ်သန်းလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ အသိအမြင်များ တိုးပွားလာပြီး သူ၏ခန္ဓာကိုယ်ထဲ၌ ‘ဂိတ်’များစွာ ဖွင့်နိုင်ခဲ့သည်ပင်။
“ဂိတ်တံခါးတွေ .. ပွင့်တဲ့အချိန်က .. အကန့်အသတ်နဲ့ဖြစ်လိမ့်မယ် .. ဘာလို့လဲဆိုတော့ .. မင်း အဲဒီအဆင့်ကို မရောက်သေးလို့”
ထိုအချိန်တွင် ပြတ်တောင်းပြတ်တောင်းအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ ရှေးကျကာ မောပန်းသည့်အသံပေါက်နေပြီး သေဆုံးခြင်းအော်ရာလည်း ရှိနေသည်။
ဤသည်မှာ လက်သီးအရွယ်အစားမီးတောက်ပင်။ ဤမီးတောက်သည် သိပ်မကြီးသော်လည်း မရေမတွက်နိုင်သည့် သက်ရှိများ တိုက်ခိုက်နေသည်ကို သူမြင်လိုက်ရသည်။
သတ္တဝါပေါင်း သန်းပေါင်းများစွာ ဟစ်ကြွေးနေကာ တိုက်ခိုက်နေကြသည်။
ဝုန်း..
နောက်ဆုံးတွင်တော့ အရာအားလုံး တည်ငြိမ်သွားကာ သူ့နားထဲမှ အသံလည်း ပျောက်ကွယ်သွားသည်။ ထိုမီးတောက်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
“ဒီမီးတောက်က တကယ်ပဲ ဘာမီးတောက်လဲ..” ရှီဟောင်၏အသ့မှာ ခါးသီးနေသည်။
ထို့နောက် ရှီဟောင် သူ့ခန္ဓာကိုယ်ထဲသို့ ဆန်းစစ်ကြည့်လိုက်သည်။ ဂိတ်တံခါးများသည် အလွန်တောက်ပနေကာ သူ့အတွက် တာအိုဥပဒေသများအား ပြသပေးနေသည်။
ဤသည်မှာ သူ၏တာအို .. အတွင်းတာအိုပင်။
သို့သော် ယခုအချိန်တွင် သူသည် ဂိုဏ်းခေါင်းဆောင်အဆင့်သို့ ရောက်အောင် အဆင့်တက်လိုခြင်းဖြစ်သည်။ ထို့ကြောင့် ဤဂိတ်တံခါးများ ပေါ်လာသည်မှာ ယာယီသာဖြစ်လိမ့်မည်။ နောင်ကျလျှင် ဤဂိတ်များ တကယ်ပေါ်လာအောင် လုပ်ရမည်။
“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတာ .. ဒါက တကယ်ကို ငါထင်ထားသလိုပါလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ဤသည်မှာ အကြီးအကဲအရှင် သူ့အား လက်ဆင့်ကမ်းထားသည်နှင့် အတူတူပင်။
စကြာဝဠာကြီး၏ တာအိုကို ရှာဖွေခြင်းမဟုတ်ပဲ သူ၏အတွင်းတာအိုကို ရှာဖွေခြင်းမှာ သူ၏လမ်းကြောင်းပင်။
ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခြင်းမှာ ခန္ဓာကိုယ်ထဲ၌ ဂိတ်တံခါးများ ဖွင့်ခြင်းပင်။
သူ၏ခန္ဓာကိုယ်ထဲမှ ဂိတ်တံခါးများမှာ အပြည့်အဝ မပွင့်သေးပေ။ ထိုတံခါးများ တစ်ဖြည်းဖြည်းချင်း ပြန်ပိတ်သွားကာ အက်ကွဲကြောင်းလေးသာ ကျန်တော့သည်။
ထို့နောက် အလင်းလေးများစုစည်းသွားကာ အစေ့တစ်စေ့ ဖြစ်လာသည်။ ဤအစေ့သည် သူ၏ခန္ဓာကိုယ်၌ ဖြစ်တည်လာပြီး လောကကြီး၏ အသိအမှတ်ပြုမှုကို ရရှိသွားလေပြီ။ ဤသည်မှာ ကောင်းကင်မျိုးစေ့ပင်။
ဤကဲ့သို့သော မျိုးစေ့မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဥပဒေသများစွာ၏ ကောင်းချီးကို ရရှိထားသည်ပင်။
ယခု သူပြုလုပ်လိုက်သည့်အစေ့မှာ သူကိုယ်တိုင်ပင်။ နောင်ကျလျှင် သူအားကိုးရမည့်အရာမှာ သူ့ကိုယ်သူပင်ဖြစ်လိမ့်မည်။
အပိုင်း ၁၄၅၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၃ – ကောင်းကင်အား လှည့်စားခြင်း
အစေ့မှာ ပြီးပြည့်စုံသွားလေပြီ။
ရှီဟောင်၏ခန္ဓာကိုယ်ထဲ၌ ထွက်ပေါ်လာသည့် ဂိတ်တံခါးများစွာမှာ အားလုံး မပိတ်သေးပေ။ အက်ကွဲကြောင်းလေးကျန်နေသေးသည်။ ထိုအက်ကွဲကြောင်းမှ ထွက်လာသည့် အလင်းများသည် အစေ့တစ်စေ့အဖြစ်သို့ ပေါင်းစုံသွားခြင်းပင်။
ဤသည်မှာ အလွန်မှော်ဆန်လှသည်ပင်။
ဤဂိတ်တံခါးများသည် တာအိုကျမ်းစာများနှင့်လည်း တူနေသည်။ သူတို့သည် မပျက်စီးနိုင်သည့် ရှေးဟောင်းမြေတစ်ခုနှင့် ချိတ်ဆက်နေသကဲ့သို့ပင်။ ရှီဟောင် ဤဂိတ်တံခါးများကို ဖွင့်ပြီး အနောက်ဘက်၌ ဘာရှိနေသလဲဆိုသည်ကို ကြည့်ချင်လှသည်။
သို့သော် ယခုတော့ မဖြစ်နိုင်သေး။
“အသွေးအသားစွမ်းအင်..” ခပ်ဝေးဝေးတွင်ရှိနေသည့် အမျိုးသမီး သူ့ကိုယ်သူ ပြောလိုက်သည်။ သူမ အတော်လေး ထိတ်လန့်နေသည်ပင်။ သူက ဒီလိုမျိုးနဲ့ပဲ အောင်မြင်သွားတာလား..
သူမ ထူးခြားဆန်းကြယ်မှုတစ်ခုအား မြင်ခဲ့ရသည်ပင်။
တစ်ခဏခန့် ငြိမ်းချမ်းသွားသည့် အချိန်လေးတွင် သူမစိတ်ထဲသို့ လျှပ်စီးတန်းတစ်ခု ဖြတ်သွားသကဲ့သို့ပင်။ ဝုန်းဟူသည့် ကျယ်လောင်သည့်အသံနှင့်အတူ သူမဝိညာဉ်လည်း တုန်ခါသွားရသည်။
ယခင်က မရှိခဲ့ဖူးသည့် လမ်းတစ်ခုကို ယခု သူမရှေ့၌ လူတစ်ယောက် လျှောက်နေလေပြီ။
ရှီဟောင် ပျော်ရွှင်ခြင်းလည်းမရှိသလို စိုးရိမ်ခြင်းလည်းမရှိ။ သူ၏မျက်လုံးများကို မှိတ်လိုက်ကာ တိတ်တဆိတ်စစ်ဆေးကြည့်လိုက်သည်။ ဤအတွေ့အကြုံမှာ အန္တရာယ်များလှသည်ပင်။ ချောချောမွေ့မွေ့ပြီးသွားသည်ဟု ထင်ရသော်လည်း တစ်ခုခုမှားလိုက်သည်နှင့် သူမီးတောက်များကြား အဆုံးသတ်သွားမည်ပင်။
ထို့အပြင် ယခုအချိန်ထိ သူမတည်ငြိမ်နိုင်သေး။ သူမသက်မသာခံစားနေရဆဲပင်။
ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ..
သူ ဤအစေ့ကို သေချာနားလည်ချင်သည်။ သူ၏တာအိုသည် ယခုမှ စတင်ပုံပေါ်လာခြင်းပင်။ သူ၏ခန္ဓာကိုယ်အတွင်းပိုင်း၌ အစေ့တစ်စေ့ ရှိနေသည်။ ထိုမျိုးစေ့မှ အလင်းထုတ်လွှတ်နေကာ သူ၏အသွေးအသား၊ ဝိညာဉ်နှင့်ပေါင်းစည်းသွားသည်။
ရှီဟောင်၏အသိစိတ်၏ ခိုင်းစေမှုကြောင့် ထိုမျိုးစေ့တောက်ပလာကာ ဂိတ်တံခါးများမှ စွမ်းအင်များ လွှဲပြောင်းပေးလာကြသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ထွက်ပေါ်လာပြီး ရှင်းလင်းသည့် အလင်းများဖြင့် ပြည့်နှက်သွားလေသည်။
ဤခံစားချက်မှာ အလွန်အံ့အားသင့်စရာ ကောင်းလှသည်။ သူခေါင်းမော့ကာ ကောင်းကင်ထက်သို့ ဟစ်ကြွေးချင်နေမိသည်။ သူသည် ကြယ်များကို ခူးဆွတ်နိုင်သည်အထိ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး အလွန်စွမ်းအားကြီးနေလေပြီ။
သို့သော်လည်း သူအနည်းငယ် စိတ်မသက်မသာ ခံစားနေရဆဲပင်။ အပြည့်အဝ စိတ်မအေးနိုင်သေး။ ရှီဟောင်မျက်လုံးဖွင့်လိုက်သည်နှင့် မျက်လုံးထဲ၌ အလင်းများ ဝေ့လှည်နေသည်။ သူ့ကိုယ်သူ ပို၍သန်မာအောင် လုပ်ချင်သည်။
ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခြင်းမှာ ချွင်းချက်မရှိ အောင်မြင်သွားလေပြီ။ သူသာ ဤသည်ကို သူ၏ကိုယ်ပိုင်အဖိုးတန်ပညာ၊ ကောင်းကင်ပညာတို့နှင့်သာ တွဲသုံးလိုက်ပါက ပို၍အံ့အားသင့်စရာကောင်းလာမည်ပင်။
“ငါ ဘယ်ကနေ စရမလဲ..”
ရှီဟောင် တွေဝေနေမိသည်။ သူ့ရဲ့တိုက်ခိုက်တဲ့စွမ်းအားကို အရင်မြှင့်တင်ရမလား .. ဒါမှမဟုတ် သူ့ရဲ့ခုခံမှုအားကို မြှင့်တင်ရမလား..
ခဏကြာပြီးသည့်နောက် သူဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏မသိစိတ်အရ မိုးမခနတ်ဘုရားပညာကို အရင်ရွေးချယ်လိုက်သည်။
သူ၏အရေပြားများ တင်းနေပြီး ပို၍ မသက်မသာခံစားလာရသည်။
ဤကဲ့သို့သော အတွေ့အကြုံမှာ ထူးဆန်းလွန်းလှသည်။ ဒါက ခန္ဓာကိုယ်ကနေ သတိပေးတာလား .. ရှီဟောင် ထိတ်လန့်သွားရသည်။ ခန္ဓာကိုယ်ထဲ၌ ဂိတ်တံခါးများ ဖွင့်လိုက်နိုင်သည်နှင့် သူ၏အသွေးအသားများလည်း ပို၍ထူးဆန်းလာသည်။
မိုးမခနတ်ဘုရားပညာသည် အသက်စွမ်းအင်ကို အသားပေး လေ့ကျင့်ခြင်းပင်။
ထိုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်မှ နတ်ချိန်းကြိုးများ သန်းပေါင်းများစွာ ထွက်လာကာ ထိုအစေ့လည်း တောက်ပလာသည်။ ထိုအစေ့သည် နတ်ချိန်းကြိုးများဖြင့် ထိတွေ့မိသွားသည်နှင့် တစ်ခုနှင့်တစ်ခု တုံ့ပြန်လာလေသည်။
ဤရွှေရောင်ချိန်းကြိုးများအား လေ့လာလိုက်သည့်အချိန်တွင် ရှီဟောင်၏မျက်လုံးများ အလွန်လေးနက်သွားရသည်။ သူသည် သဘာဝတရားအားလုံးကို မြင်လိုက်ရသကဲ့သို့ပင်။
ထိုချိန်းကြိုးများကို အစေ့မှ ထွက်လာသည့်အလင်းများဖြင့် သူကျစ်လိုက်သည်။ ဤသည်မှာ ရွှေရောင်ဖြစ်နေဆဲဖြစ်သော်လည်း အနည်းငယ် ပြောင်းလဲသွားလေပြီ။ ပုံသဏ္ဌာန်များ ပြောင်းလဲသွားသည်။
ဤသည်မှာ မိုးမခနတ်ဘုရား၏ ပညာကို ပြန်လည်ဖွဲ့စည်းနေခြင်းပင်။ သူသည် ဤပညာအား အခြေခံအကျဆုံးအဆင့်မှ လေ့လာနေခြင်းပင်။
ဤသည်မှာ အလွန်အံ့အားသင့်စရာ ကောင်းလှပြီး လောကကြီးကို တုန်လှုပ်စေနိုင်သည်ဟုပင် ပြော၍ရသည်။
ယခုအချိန်တွင် သူ့တစ်ကိုယ်လုံးမှ တောက်ပသည့်အလင်းထုတ်လွှတ်နေသည်။ ထို့နောက် တစ်ခဏအတွင်းမှာပင် အရာအားလုံး မှုန်ဝါးပျောက်ကွယ်သွားသည်။
သူသည် အစေ့တစ်စေ့ သယ်ဆောင်ထားသည့် မိုးမခကြောင်မြှီးပန်းအဖြစ် ပြောင်းသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူမြေပြင်ထက်သို့ ဆင်းသက်လာသည်။
အစပိုင်း၌ ဤနေရာ၌ အလွန်ခမ်းခြောက်နေကာ ရေလည်းမရှိ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ဤအစေ့မှာ သေမလိုဖြစ်လာသည်။ ဤအစေ့မှာ သူကိုယ်တိုင်ပင်။
နောက်ဆုံးတွင်တော့ မြူခိုးအနည်းငယ် ကျဆင်းလာလေ၏။ ထိုမြူခိုးများကို အငမ်းမရ စုတ်ယူပြီးသည်နှင့် သူ့ထံတွင် ကြောက်စရာကောင်းလောက်သည့် အသက်ဓာတ်များ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် အမြစ်များထွက်လာကာ အပင်ပေါက်လာ၏။
“စွမ်းအားကြီးလိုက်တာ..”
ရှီဟောင်၏ခန္ဓာကိုယ်အစစ်လည်း မနေနိုင်ပဲ အသံများထွက်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုအပင်သည် နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူ့အား ဖုံးအုပ်ထားသည့် ကျောက်တုံးကြီးများကိုပင် ဖောက်ထွက်သွားကာ အက်ကွဲကြောင်းများမှ ရှင်သန်လာသည်ပင်။
ဤသည်မှာ အသက်စွမ်းအားပင်။ ဤသည်မှာ နူးညံ့ကာ အားနည်းသည်ဟု ထင်ရသော်လည်း သူမွေးဖွားလာသည်နှင့် အကြမ်းတမ်းဆုံးစွမ်းအင်များ ပါဝင်သည်ပင်။
ယခင်ကလည်း လမ်းဘေးကျောက်များကြားမှ ပေါက်လာသည့် မြက်ပင်များအား သူမြင်ဖူးသည်ပင်။
သို့သော် ယခု တာအိုလေ့လာနေသည့်အချိန်တွင် သူ၏အမြင်များမှာ ပို၍နက်နဲလာသည်။
မွေးခါစအော်ရာမှာ များပြားကာ အကန့်အသတ်မရှိလောက်အောင်ပင်။
ထို့နောက် အပင်ပေါက်လေးသည် ပို၍သန်မာကာ ပို၍ကျန်းမာလာသည်။ လေဒဏ်မိုးဒဏ်များကြောင့် သူပို၍ အင်အားကြီးလာသည်။
နောက်ဆုံးတွင်တော့ ဤအပင်သည် ကမ္ဘာမြေကြီးကို အုပ်မိုးသွားကာ ကောင်းကင်ကိုပင် ထိလာသည်။ သစ်ပင်ထိပ်ကို မိုးကြိုးပစ်လိုက်သောကြောင့် အပင်တစ်ပင်လုံး နီရဲသွားသည်။
သို့သော်လည်း ထိုအပင် အသက်ရှင်နေဆဲပင်။
သစ်ပင်၌ ဝိညာဉ်စွမ်းအားရှိလာသည်။ ဤသည်မှာ အစကတည်းက အသက်ရှိသည့် အပင်တစ်ပင်ဖြစ်သောကြောင့် ဝိညာဉ်ရှိလာမည်ပင်။ သို့သော်လည်း ဤသည်မှာ အခြားအပင်များနှင့်မတူသောကြောင့် ကောင်းကင်၏အပြစ်ဒဏ်ခံခဲ့ရသည်။
အထက်ကောင်းကင်ဘုံကိုးခုမှ လျှပ်စီးအတိဒုက္ခကျရောက်လာပြီး သူ့အား ပြာမှုန့်များ ဖြစ်သွားစေသည်။ နှစ်ပေါင်းမည်မျှကြာသွားမှန်း မသိရသည့်အချိန်မှသာ သူပြန်လည်အသက်ရှင်လာကာ နောက်တစ်ကြိမ် အပင်ပေါက်လာသည်။
ထို့နောက် သူပို၍သန်မာလာပြီး အသက်စွမ်းအင်များ ထွက်ပေါ်လာသည်။
ဒါတွေက မိုးမခနတ်ဘုရား ကြုံတွေရတာတွေလား ..
ထို့နောက် ရှီဟောင်ပို၍ နက်နက်နဲနဲလေ့လာလိုက်သည်။ မိုးမခသစ်ပင် လျှပ်စီးကြောင့် ဘယ်နှကြိမ် ပျက်စီးသွားပြီလဲဆိုသည်ကိုပင် သူမမှတ်မိနိုင်တော့။ နောက်ဆုံးတွင်တော့ ထာဝရဓားနှင့် အခြားအရာများအား ရင်ဆိုင်နိုင်သည့်အခြေအနေထိသို့ ရောက်လာသည်။
နောက်ပိုင်းတွင် သူသည် ဂါးဒီးယန်းဝိညာဉ်၏ စွမ်းအား၊ ထာဝရတာအိုအော်ရာများရှိလာသည်။
“ထာဝရရှေးဟောင်းခေတ်မှာ မိုးမခနတ်ဘုရား ဘာဖြစ်ခဲ့လဲဆိုတာ ငါသိချင်တယ် .. ပြီးတော့ သူက ဘာလို့ ကျောက်တုံးကျေးရွာကို ဆင်းခဲ့တာလဲဆိုတာ သိချင်တယ်”
ကံမကောင်းစွာဖြင့်ပင် အသက်တံဆိပ်မှာ ရှုပ်ထွေးလွန်းလှသည်။ သူသည် အဖိုးတန်ပညာများ၏ မူလဇစ်မြစ်ကို သိအောင်လုပ်နိုင်သော်လည်း အချို့အရာများကို ရှင်းရှင်းလင်းလင်းမမြင်ရ။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်သည့်အချိန်တွင် ရှီဟောင်သည် အသက်အော်ရာပင်လယ်ထဲ၌ နှစ်မြှုပ်နေပြီး သူ့အား အစိမ်းရောင်အလင်းတန်းများ ရစ်ပတ်နေကာ သူ့ခန္ဓာကိုယ်မှလည်း ရွှေရောင်အလင်းထုတ်လွှတ်နေသည်။ အရောင်နှစ်ခုမှာ ရောယှက်နေသည်ပင်။
နောက်ဆုံးတွင်တော့ ရှီဟောင် နိုးထလာသည်။ သူ၏အတွင်းတာအိုကို အသုံးပြုကာ မိုးမခနတ်ဘုရား၏ ပညာများအား ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ သူအဆင့်မည်မျှရောက်ခဲ့သည်ကိုတော့ သူမသိနိုင်။
“ရှင်သွားသင့်ပြီ .. ရှင့်ခန္ဓာကိုယ်ထဲမှာ အစေ့ရှိနေပြီဆိုတော့ ရှင်ဘယ်မှာနေနေ လေ့လာလို့ရပြီ .. ရှင် ကျွန်မနေရာမှာ ရှိနေဖို့ မလိုတော့ဘူး..” သိပ်မဝေးသည့် နေရာ၌ ရှိနေသည့် အမျိုးသမီးမှ အော်ဟစ်လိုက်သည်။
ရှီဟောင် ခေါင်းညိမ့်ကာ မတ်တပ်ထရပ်လိုက်သည်။ ဘုန်းဟူသည့်အသံနှင့် သူ့ကိုယ်ပေါ်မှ ပိုးအိမ်အခွံအနည်းငယ် ပြုတ်ကျကာ ပျောက်ကွယ်သွားသည်။
“ငါသွားသင့်နေပြီ .. လနည်းနည်းလောက် ကြာနေပြီထင်တယ် .. ဒါမှမဟုတ် နှစ်ချီနေပြီလား..” ရှီဟောင် မသိ။ သူကျင့်ကြံလိုက်လျှင် အခြားအရာများအားလုံးကို မေ့သွားလေပြီ။
“အမ်..”
ရှီဟောင် ထိတ်လန့်သွားရသည်။ သူ၏ကြက်သီးမွေးညှင်းများ ထလာသည်။ သူမတ်တပ်ထရပ်လိုက်သည်နှင့် သူယခင်က ခံစားနေရသည့် မသက်မသာခံစားနေရမှုများ အစစ်ဖြစ်လာသည်။
ရွီး..
ဓားအလင်းတန်းတစ်ခု အထက်မှနေ၍ သူ့ဦးခေါင်းသို့ ဦးတည်လာနေလေသည်။
ဒီတိုက်ခိုက်မှုက ဘယ်ကနေ ရောက်လာတာလဲ .. ဤသည်မှာ ဤအမျိုးသမီးထံမှမဟုတ်။ အဘယ်ကြောင့်ဆိုသော် သူမလည်း ထိတ်လန့်နေသည်ပင်။
ချွမ်း..
ရှီဟောင် ပါးစပ်ဟလိုက်သည်နှင့် ရှင်းလင်းသည့်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ သူ့ထဲတွင်ရှိနေသည့် အစေ့မှ ထွက်လာသည့်အလင်းတန်းပင်။ ထိုအလင်းတန်း ဓားအလင်းတန်းနှင့် ထိခတ်သွားသည်နှင့် မီးပွားများ အနေရာအနှံ့သို့ လွင့်ထွက်သွားသည်။
“အားကောင်းလိုက်တာ..”
ရှီဟောင် စိတ်ထဲတုန်လှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုဓားအလင်းတန်းသည် ထက်ရှလှပြီး ကောင်းကင်နတ်ဘုရားတစ်အုပ်စု၏ ခေါင်းကိုပင် ဖြတ်နိုင်လိမ့်မည်။
ဒုန်း..
ထို့နောက် ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။ ခေါင်းလောင်းများစွာ တစ်ချိန်တည်း ထွက်ပေါ်လာပြီး ခေါင်းလောင်းတန်းကြီး ဖြစ်သွားသည်။ အသံလှိုင်းများ ထွက်ပေါ်လာပြီး ဤနေရာကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖောက်ခွဲတော့မည့်ပုံပင်။
ဤသည်မှာ ကြောက်စရာကောင်းလှသည်။ ဤသည်မှာ နတ်ဆိုးနှင့် နတ်ဘုရားများကိုပင် ရှင်းလင်းပစ်နိုင်သည်ပင်။
ဒါက ဘာကြီးလဲ..
“လောကအပြစ်ဒဏ်…”
ရှီဟောင် သိသွားပြီ။ သူခံစားနေရသည့် မသက်မသာဖြစ်နေသည့် ခံစားချက်များမှာ ဤအရာမှ လာနေခြင်းပင်။
သူ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အချင်းထဲသို့ ဝင်ထိုင်လိုက်သည့်အချိန်တွင် မည်သည့်တန်ပြန်တိုက်ခိုက်မှုကိုမှ မခံစားခဲ့ရ။ ဤအမျိုးသမီးသည်လည်း ဘာမှမဖြစ်သောကြောင့် သူ၏ကျင့်ကြံခြင်း ချောမွေ့သည်ဟု ထင်လိုက်ခြင်းပင်။
သို့သော်လည်း အဆုံးသတ်၌ ဒေါသတကြီး စောင့်နေသည့်အရာရှိလိမ့်မည်ဟု သူမထင်ထားခဲ့။
ဖြူဖွေးတောက်ပနေသည့် ဓားအလင်းတန်းများစွာ ထွက်ပေါ်လာသည်။
ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး နတ်စေတီများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ လက်နက်အားလုံး အပေါ်ဘက်မှ ကျဆင်းလာပြီး ရှီဟောင်အား ဖိနှိပ်လာကြသည်။
ဤသည်မှာ ယခင်က တစ်ခါမှမဖြစ်ဖူးခဲ့သည့် ကပ်ဆိုးကြီးပင်။
ထိုအမျိုးသမီးလည်း ဆွံ့အနေသည်ပင်။ သူမပင်လျှင် ဤကဲ့သို့သော အဆုံးသတ်မျိုးကို ကြိုမမြင်ခဲ့။
ယခု ဘာမျှော်လင့်ချက်မှ မရှိတော့။ အဘယ်ကြောင့်ဆိုသော် ဤလက်နက်များထဲမှ တစ်ခုပင်လျှင် စွမ်းအားကြီးသည့် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို ဖျက်ဆီးပစ်ရန် လုံလောက်သည်ပင်။
ရှီဟောင် အခြားသူများ၏ အသိုက်ကို လုယူလိုက်သောကြောင့် ဤသည်မှာ ကောင်းကင်၏အပြစ်ဒဏ်ပင်။
ဤနည်းလမ်းမှာ အစကတည်းက ကောင်းကင်ကို ဆန့်ကျင်သည့်နည်းလမ်းပင်။ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးသည့် ကျင့်ကြံသူများ ရှုံးနိမ့်ရခြင်းမှာ ဤအရာကြောင့်ပင်။ ထိုလူများအားလုံး ကောင်းကင်၏အပြစ်ဒဏ်ကြောင့် သေဆုံးခဲ့ကြရခြင်းပင်။
ယခုမှ အစေ့လေးသာ ဖြစ်သော်လည်း ဤကဲ့သို့သော အရာမျိုး ရောက်လာလေပြီ။
ဝုန်း..
ထိုကျောက်ဖျာပင်လျှင် ရှီဟောင်အား မကာကွယ်ပေးတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူထပ်မတောင့်ခံနိုင်တော့။ သူသာ ရှီဟောင်ကို ဆက်ကာကွယ်ပေးနေမည်ဆိုလျှင် သူလည်း ဖျက်ဆီးခံရလိမ့်မည်။
နတ်စေတီများ၊ ခေါင်းလောင်းများ၊ ကောင်းကင်ဓားသွားများနှင့် ထာဝရဓားများ နေရာတိုင်း၌ ရှိနေကာ ရှီဟောင်အား ဖုံးအုပ်ထားသည်။ ဤအရာများကို ရှောင်ရှားရန် နည်းလမ်းမရှိသလို နောက်ပြန်ဆုတ်မည့်လမ်းလည်း မရှိတော့။ သူဤအရာများကို ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။
လျှပ်စီးအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုအမျိုးသမီး ဆွံ့အနေရသည်။ ဤသည်မှာ သူမ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအချင်းကိုလည်း ဖျက်ဆီးပစ်တော့မည်။ ဤအရာသာ ပျက်စီးသွားပါက သူမလမ်းလည်း ပြတ်တောက်သွားမည်ပင်။ ထို့ကြောင့် သူမ မျက်နှာလည်း နှင်းကဲ့သို့ ဖြူဖွေးနေလေပြီ။
ရှီဟောင်သည် ဤမျှစွမ်းအားကြီးနေသော်လည်း သူ၏အသွေးအသားများ တစ်စစီဖြစ်သွားသည်အထိ ချက်ချင်းပေါက်ကွဲသွားသည်။ လေဟာနယ်လည်း သွေးရောင်လွှမ်းသွားသည်ပင်။
ကံကောင်းသည်မှာ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ကာ ဂိုဏ်းခေါင်းဆောင်အဆင့်သို့ ရောက်နေလေပြီ။
ရှီဟောင် နောက်တစ်ဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ဤသည်ကို မခုခံနိုင်သေး။
တာအိုကျင့်ကြံသည့်သူတစ်ယောက်အတွက်တော့ ဤသည်မှာ အတော်လေး ရိုက်ချက်ပြင်းသည့် ကိစ္စပင်။ သူစွမ်းအားအကြီးဆုံးဟု ယုံကြည်နေသည့်အချိန်တွင် သူဖျက်ဆီးခံရတော့မည်။
ဤလက်နက်များအားလုံးမှာ လျှပ်စီးများဖြင့် ပြုလုပ်ထားခြင်းပင်။
နောက်ဆုံးတွင်တော့ လျှပ်စီးများသည် ဂိုဏ်းခေါင်းဆောင်တစ်ယောက် သည်းခံနိုင်သည့်အဆင့်ထက် ပိုလာသည်။ ပို၍မြင့်သည့် ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်သွားကာ ရှီဟောင်အား ဖိနှိပ်လာသည်။ ဤသည်မှာ ခုခံရန် မဖြစ်နိုင်တော့။
ထိုအမျိုးသမီး သက်ပြင်းချလိုက်၏။ ဤလူငယ်တော့ အဆုံးသတ်တော့မည်။ ယခုအချိန်ထိ ကျင့်ကြံဆင့်တစ်ဆင့်မြင့်သည့် လျှပ်စီးကို ခုခံနိုင်သည့် သူအား သူမ မတွေ့ဖူးသေး။
လျှပ်စီးစွမ်းအားမှာ ကျင့်ကြံဆင့်တစ်ဆင့်ထက်မက ကွာနေသည့်ပုံပင်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံများ ဒေါသထွက်နေလေပြီ။ စကြာဝဠာကြီးမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေလေပြီ။ သူတို့သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ သဘာဝဥပဒေသများကို ခိုးယူသွားကာ သူတို့၏ ကန့်သတ်မှုအား လေးစားမှုမရှိသည့် ဤလူ၏ အသက်ကိုရှင်းလင်းပစ်ချင်နေလေပြီ။
ဖုန်း..
မယုံကြည်နိုင်စရာကောင်းလောက်သည့် နတ်ခွန်အားကြောင့် ရှီဟောင် ပေါက်ကွဲထွက်သွားသည်။ သူ၏ခန္ဓာကိုယ် ပျက်ဆီးသွားလေပြီ။ ဤမြင်ကွင်းမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။
နောက်ဆုံးတော့ သူပျက်စီးသွားတော့မှာလား..
ဤလူငယ်လေးသည် ရှိသမျှအားလုံးဖြင့် ခါးခါးသီးသီး ခုခံနေသော်လည်း သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားဆဲပင်။ ပြာမှုန့်များနှင့် သွေးမိုးသာ ကျန်တော့သည်။
သို့သော်လည်း ကောင်းကင်နှင့်ကမ္ဘာမြေကြီးအတိဒုက္ခမှာ ဤမျှနှင့် ရပ်တန့်မသွား။ ဆက်တိုက်ကျရောက်လာနေဆဲပင်။
ထိုအမျိုးသမီး ထိတ်လန့်သွားရသည်။ လောကကြီးက နောက်ဆုံးရိုက်ချက်ပြီးသွားတာတောင်မှ ရပ်တန့်မသွားဘူး .. သူ့ရဲ့ကျင့်ကြံတဲ့နယ်မြေကိုလည်း ဖျက်ဆီးပစ်တော့မှာလား..
ဤအမျိုးသမီးသည် အစက ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှ ပြုစုပျိုးထောင်ခဲ့သည့် သန့်စင်သည့်ဝိညာဉ်ပင်။ အခုတော့ သူမ စွန့်ပစ်ခံရတော့မှာလား.. ဤသည်မှာ သူမအား ထိတ်လန့်သွားစေသည်။
သူမ ခုခံချင်သော်လည်း သူမ လျှပ်စီးများကို ပို၍နှိုးဆွလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်သည်။ လျှပ်စီးအတိဒုက္ခသာ ရောက်လာပါက သူမပြာဖြစ်သွားလိမ့်မည်။ ဘာမှ ကျန်ခဲ့မည်မဟုတ်။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ လျှပ်စီးများ ပျောက်ကွယ်သွားပြီး ဤနေရာလည်း နောက်တစ်ကြိမ် အေးချမ်းလာသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးအချင်း အကောင်းတိုင်းရှိနေသေးမှသာ သူမစိတ်သက်သာရာရသွားသည်။
“ဟွမ်..” ရုတ်တရက်ပင် ထိုပြာများကို သူမအာရုံစိုက်မိသွားသည်။
ထိုပြာများထဲတွင် ကြည်လင်နေသည့် အလင်းလုံးလေး ထွက်ပေါ်လာသည်။ ဤသည်မှာ အစေ့တစ်စေ့ပင်။ ထိုအစေ့သည် တစ်ဖြည်းဖြည်း မြှင့်တက်လာကာ သွေးစွမ်းအင်နှင့် မူလဝိညာဉ်ကို ရစ်သိုင်းသွားလေ၏။
ကောင်းကင်ကို လှည့်စားတာ..
ထိုအမျိုးသမီး၏အသက်ရှူသံများ မြန်လာသည်။ ဤသည်မှာ ကောင်းကင်ဘုံအား အရူးလုပ်ခြင်းပင်။ သူအရူးလုပ်နိုင်ခဲ့သည်။
ထိုအစေ့သည် အမြစ်ပေါက်ပြီး အပင်ပေါက်လာကာ တစ်ဖြည်းဖြည်း ပြောင်းလဲလာသည်။ သူသည် ပြာမှုန်များထဲမှ ပြန်လည်ရှင်သန်လာခြင်းပင်။ ရှီဟောင်၏ မူလဝိညာဉ်သည် ထိုသွေးအိုင်ထဲမှ ရုန်းကန်လာကာ သူ၏ခန္ဓာကိုယ် ပြန်လည်ဖြစ်ပေါ်လာသည်။
ကောင်းကင်နတ်ဘုရားအဆင့်တွင်ပင် ခြေလက်များ ပြန်လည်ကြီးထွားလာနိုင်သောကြောင့် ခန္ဓာကိုယ် ပြန်လည်ဖန်တီးရန်မှာ အဆင့်ပိုမြင့်သည့်ကျင့်ကြံဆင့်တွင် ပြဿနာတစ်ခု မဟုတ်ပေ။
အထူးသဖြင့် ရှီဟောင်သည် သူ၏အတွင်းတာအိုကို အသုံးပြုကာ မိုးမခနတ်ဘုရား၏ ပညာများကို လေးလေးနက်နက်နားလည်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် သူ၏ကျင့်ကြံဆင့်ထက် သာလွန်သည့် လျှပ်စီးကြားတွင်ပင် အသက်ရှင်နိုင်ခဲ့ခြင်းပင်။
ဤသည်မှာ ပုံတူကူး၍မရနိုင်သည့် ထူးခြားဆန်းကြယ်မှုပင်။
ကျင့်ကြံဆင့်တစ်ဆင့်ပိုမြင့်သည့် ကောင်းကင်အပြစ်ပေးမှုအား အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့်သူ မရှိဖူးသေးပေ။
ရှီဟောင် သက်မချလိုက်သည်။ မိုးမခနတ်ဘုရား ကျောက်တုံးကျေးရွာကို ရောက်လာတဲ့အချိန်တုန်းကလည်း ဒီလိုမျိုး လုပ်ခဲ့တာထင်တယ် .. ကပ်ဆိုးကြီးကို ခံစားရပြီးနောက် အသက်ပြန်ရှင်သန်လာခြင်းပင်ဖြစ်ရမည်။
ယခုတော့ ဤကဲ့သို့သော အခြေအနေမျိုး သူလည်း ကြုံတွေ့လိုက်ရလေပြီ။ အပြစ်ပေးမှုအား ရှောင်လွဲ၍မရသော်လည်း သူအသက်ရှင်နိုင်ခဲ့သည်ပင်။
ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခြင်း၏ အကျိုးရလဒ်အား သူခံစားနေရလေပြီ။
“ကျေးဇူးတင်ပါတယ်..” ရှီဟောင် ထိုအမျိုးသမီးအား စိတ်ရင်းဖြင့် ကျေးဇူးတင်လိုက်သည်။
ထို့နောက် သူဤနေရာမှ ထွက်ခွာသွားလိုက်သည်။
သူ ဤနေရာ၌ ကျင့်ကြံနေသည်မှာ ဘယ်လောက်ကြာသွားပြီလဲ သူမသိတော့။ အပြင်ဘက်လောက ဂျီးနီးယပ်စ်တွေ ဆူညံနေလောက်ပြီ ဟုတ်တယ်မလား .. ယခု အပြင်ထွက်ရန် အချိန်ကျလေပြီ။
အပိုင်း ၁၄၅၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၄ – မီး လှိုဏ်ဂူ
“ရှင့်ကတိကို မမေ့နဲ့..” အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအမျိုးသမီး မတ်တပ်ထရပ်လိုက်ကာ ကျောက်ဖျာပေါ် ပြန်ထိုင်လိုက်သည်။ သူမအနားတွင် တောက်ပသည့်အလင်းများ ရစ်ဆိုင်းနေသည်ပင်။ ကောင်းကင်၏သဘာဝဥပဒေများလည်း နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာကာ သူမအား ဝန်းရံလာသောကြောင့် သူမသည် နတ်သမီးတစ်ပါးကဲ့သို့ပင်။
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူ ဤအမျိုးသမီးအား အလွန်ကျေးဇူးတင်နေသည်ပင်။ သူမသာ သူ့အား တိုက်ခိုက်ခဲ့ပါက သူ ဤကဲ့သို့သော ဆုလာဘ်များ ရရှိလာမည်မဟုတ်။ သူသေနေလောက်လေပြီ။
“စိတ်မပူပါနဲ့..” ထိုသို့ပြောပြီး ဤအမျိုးသမီးအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
ဤထူးဆန်းသည့်မျိုးစေ့ အက်ကွဲကာ ပွင့်ဟလာသည်။ အပြင်လောကမှ အလင်းနှင့်အတူ စွမ်းအားကြီးလှသည့် ကမ္ဘာမြေကြီးဝိညာဉ်စွမ်းအင်များလည်း ဝင်ရောက်လာလေ၏။
ရှီဟောင် ဆွံ့အသွားရ၏။ အကြီးအကဲအရှင် ဤကဲ့သို့သော နေရာမျိုးအား ရှာတွေ့ထားသည်လား.. ဤနေရာမှ စွမ်းအင်များသည် အစေ့ထဲတွင်ရှိနေသည့် စွမ်းအင်များထက် လျော့မည်မဟုတ်။
ရွှီးဟူသည့်အသံနှင့်အတူ သူအပြင်လောကသို့ ရောက်ရှိလာသည်။
ထို့နောက် သူခံစားလိုက်ရသည်မှာ ပူပြင်းလှသည့်အပူရှိန်ပင်။ ပြင်းထန်လှသည့် နာကျင်မှုတစ်ခုလည်း သူ့ခန္ဓာကိုယ်ထက်သို့ ရောက်ရှိလာသည်။
သူသည် တကယ်ကို မီးတောက်အလင်းထဲ ရောက်နေခြင်းပင်။ နေရာတိုင်း၌ ယန်စွမ်းအားများသာရှိနေသည်။ သူနေလုံးကြီးထဲမှား ရောက်နေသလားဟုပင် ရှီဟောင် သံသယဝင်လာသည်။
ဒါက ဘယ်လိုနေရာမျိုးလဲ..
အကြီးအကဲအရှင် သူ့အား ပြောခဲ့သည့်စကားကို သူမှတ်မိနေသေးသည်။ ပထမဆုံး သွားရမည့်နေရာမှာ မြေကြီးစွမ်းအင်ရှိနေသည့် နေရာပင်။ သူ့အား မြေအောက်ထဲသို့ မြှုပ်ခဲ့ခြင်းပင်။ သူက ဘာလို့ မီးလှိုဏ်ဂူတစ်ခုထဲ ရောက်နေတာလဲ..
ရှီဟောင်၏ဆံပင်များပင် လောင်ကျွမ်းလုမတတ်ပင်။ သူ၏အရေပြားလည်း အလွန်ပူလောင်နေသည်ပင်။ ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။ သူသည် ဂိုဏ်းခေါင်းဆောင်အဆင့်ရောက်နေပြီဖြစ်သော်လည်း သူသည် မီးတောက်များကြောင့် ဒဏ်ရာရနေသည်။
ခဏကြာပြီးသည့်နောက်တွင် သူဘယ်ရောက်နေလဲ သိသွားလေပြီ။ သူသည် အလွန်ကျယ်ပြန့်ကာ နက်ရှိုင်းလှသည့် ရှေးဟောင်းလှိုဏ်ဂူတစ်ခုထဲ၌ ရောက်ရှိနေခြင်းပင်။ ဂူတစ်ခုလုံး တောက်ပသည့် အနီရောင်အလင်းများဖြင့် ပြည့်နေသည်။
သူသာ ကောင်းကင်နတ်ဘုရားနယ်ပယ်၌သာ ရှိသေးပါက သူသေချာပေါက် ပြာမှုန့်များ ဖြစ်သွားလောက်လေပြီ။ ယခုတောင်မှ သူတောင့်ခံနိုင်ရုံသာ။
ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ သာမန်ဂိုဏ်းခေါင်းဆောင်တစ်ယောက်သာဆိုပါက သေချာပေါက် သေသွားလောက်လေပြီ။
သူ၏ခန္ဓာကိုယ်ထဲမှ အစေ့တစ်စေ့ တောက်ပလာပြီး သူခြေလက်လေးဘက်မှ အရိုးများသို့ ကြည်လင်သည့်အလင်းများ ဖြန့်ကျက်ပေးလိုက်သည်။ ဤသည်မှာ သူ၏အတွင်းတာအို စွမ်းအားပြသခြင်းပင်။
သူ့တစ်ကိုယ်လုံး လန်းဆန်းသည့်ခံစားချက် ခံစားလိုက်ရသည်။ ရှီဟောင်၏အသွေးအသားနှင့် အရိုးများ တစ်ပြိုင်တည်း လှုပ်ခါသွားကာ သူသည် နာကျင်မှုကို မခံစားရတော့။
ဤရှေးဟောင်းဂူကြီးမှာ နက်ရှိုင်းလှသည်။
သေချာကြည့်မည်ဆိုပါက မြေအနေအထားမှာ ရှုပ်ထွေးလှ၏။ သိပ်မဝေးသည့် နေရာတွင် လမ်းခွဲများမှာ ပင့်ကူအိမ်ကဲ့သို့ ရောယှက်နေသည်။ ဤသည်မှာ မြေအောက်နန်းတော်တစ်ခုပင်။
“အကြီးအကဲအရှင်..”
ရှီဟောင် အနည်းငယ် စိုးရိမ်စွာ အော်ခေါ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမျိုးစေ့ထဲမှ အမျိုးသမီးအား သူဂတိပေးထားတာ ရှိသေးသည်။ ထို့ကြောင့် သူမ စိတ်ပျက်သွားအောင် မလုပ်ချင်။
“ဒီမှာ..” ဂူအတွင်းပိုင်းမှ တစ်စုံတစ်ယောက် အသံပြန်ပေးလိုက်သည်။
ဆုတောင်းဖျာထက်တွင်ရှိနေသည့် မှုန်ဝါးဝါးပုံရိပ်တစ်ခု မျက်လုံးပွင့်လာသည်။ ဤလူသည် မီးတောက်များအားလုံးကို ဟန့်တားနိုင်လေ၏။ ဤသည်မှာ အကြီးအကဲအရှင်ပင်။
“ကလေး .. မင်း .. အောင်မြင်သွားတာလား..”
တောင်တစ်လုံး ပြိုကျလာလျှင်ပင် တုန်လှုပ်မည်မဟုတ်သည့် အကြီးအကဲအရှင်သည် သူ့အား တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ကြည့်နေသည်။ သူ ရှီဟောင်လက်မောင်းအား ချက်ချင်း ဖမ်းဆုတ်လိုက်လေသည်။
အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် သူ၏အသံမှာ တုန်ယင်လေသည်။ သူသည် အော်ဟစ်ပစ်လိုက်ချင်နေသည်အထိပင်။
“ကျွန်တော် အောင်မြင်သွားပြီ..” ရှီဟောင် ကျယ်လောင်စွာပင် ပြောလိုက်သည်။ သူ၏အပျော်များကို ဖုံးကွယ်မထားပဲ အကြီးအကဲအရှင်နှင့် ဝေမျှလိုက်သည်။
“ဟား ဟား..” အကြီးအကဲအရှင်၏ အော်သံမှာ ဂူတစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး ဂူကြီးပင် ပြိုကျလုမတတ်ပင်။ ကျောက်တုံးကြီးများ အောက်ဘက်သို့ လိမ့်ကျလာကြသည်အထိပင်
တစ်ချိန်တည်းမှာပင် နီရဲနေသည့်အလင်းများ လျှံတက်လာသည်။ ဤအလင်းများသည် ကျောက်နံရံများကိုပင် နီရဲသွားသည်အထိ လောင်ကျွမ်းနေသည်။ နံရံများမှာ အရည်ပျော်မတတ်ပင်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤကျောက်တုံးကို သူသိသည်။ ဤသည်မှာ ပြုပြင်ရန် ခက်ခဲလှပြီး နေလုံးထဲသို့ ပစ်ထည့်လိုက်လျှင်ပင် မပျက်စီးနိုင်သည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအံ့ဖွယ်ကျောက်တုံးပင်။ ဤသည်မှာ မြင်တွေ့နိုင်ရန် ခဲယဉ်းလှသည့် နတ်ပစ္စည်းတစ်မျိုးပင်။
ဤကျောက်တုံးများ ဘာမှမဖြစ်သည်မှာ အံ့အားသင့်စရာမရှိတော့။
“အောင်မြင်တဲ့သူ ရှိသွားပြီ .. ဒီနေ့ကို သမိုင်းထဲမှာ မှတ်တမ်းတင်ထားရမယ်..” အကြီးအကဲအရှင်၏ရင်ဘတ် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သူ၏မျက်နှာလည်း နီရဲနေသည်။ သူ၏ခံစားချက်များကို ဖော်ပြရန် ခက်ခဲလှသည်။
ယခင်က သူသည် အလွန်ထူးချွန်သည့် သူတစ်ယောက်ပင်။ သို့သော်လည်း သူဤလမ်းကို လျှောက်ခဲ့သည့်အတွက် သူသေမလိုဖြစ်သွားခဲ့သည်။ အခွင့်အရေးကောင်းများရှိနေသောကြောင့်သာ သူအသက်ဆက်ရှင်နိုင်ခဲ့ခြင်းပင်။
သူ့ရှေ့တွင် သူ့နောက်တွင်လည်း ထူးချွန်သည့်သူများစွာရှိခဲ့သည်။ သို့သော် သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် ကျရှုံးသွားခဲ့ကြသည်။
ဤလမ်းမှာ ကြမ်းတမ်းကာ ခက်ခဲလှသည်။ ပါရမီရှိလေလေ ဤသည်ကို လက်မခံနိုင်လေလေပင်။ သို့သော်လည်း နောက်ဆုံးတွင်တော့ မကျေမနပ်ဖြင့်ပင် သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ပျက်စီးသွားရသည်။
ထာဝရကျောင်းကဲ့သို့သော စွမ်းအားကြီးသည့်ကျောင်းပင်လျှင် ဤနည်းလမ်းကို သေလမ်းအဖြစ် သတ်မှတ်ထားကာ လိုက်လျော့လိုက်ပြီဖြစ်သည်။ သူတို့တပည့်များအား ဤပညာမကျင့်ကြံရန် တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်ပင်။ သို့သော် ယခုတော့ အကြီးအကဲအရှင် အောင်မြင်သည့်တစ်ယောက်ကို ရွေးချယ်နိုင်သွားပြီ။
ဝူး..
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ဆံပင်များသည် မြွေကဲ့သို့ပင် လေဟာနယ်ကို ထိုးဖောက်နေလေသည်။ ထို့နောက် သူသည် အူလှိုက်သည်းလှိုက်ပင် ရယ်မောနေလေသည်။ သူ၏မျက်လုံး၌ မျက်ရည်စများပင် စီးဆင်းလာသည်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်..” ယခုအချိန်တွင် ရှီဟောင်သည် သူ၏အိပ်မက်အား အကောင်အထည်ဖော်လိုက်နိုင်လေပြီ။
“စီနီယာ .. ကျွန်တော် စီနီယာရဲ့ အကူအညီတောင်းချင်ပါတယ်..” ရှီဟောင်လည်း ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေသော်လည်း သူအချိန်ဆွဲနေ၍ မရ။
“ဘာဖြစ်လို့လဲ .. မင်းရဲ့ကျင့်ကြံခြင်းမှာ ပြဿနာတစ်ခုခုရှိလို့လား..” အကြီးအကဲအရှင် လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤလမ်းမှာ ခက်ခဲလှကာ အချိန်မရွေး သေဆုံးသွားနိုင်သည်ပင်။
“မဟုတ်ပါဘူး .. ဒီအစေ့က ပျက်စီးနေတဲ့ အက်ကွဲကြောင်းကို ပိတ်ဖို့ ကောင်းကင်ပြုပြင်ခြင်းဆေးကို လိုချင်တာပါ” ရှီဟောင် အလျင်အမြန် ပြောလိုက်သည်။
အကြီးအကဲအရှင် ဆွံ့အသွားကာ အထဲဘက်သို့ ချောင်းကြည့်ရန် လုပ်လိုက်သည်။
“မလုပ်နဲ့..” ရှီဟောင်သူ့အား တားဆီးလိုက်သည်။ ကောင်းကင်ပြုပြင်ခြင်းပစ္စည်းထပ်ရှိသေးလားဟုသာ မေးလိုက်သည်။
အကြီးအကဲအရှင် စိတ်ထဲ၌ နာကျင်သွားရသည်။ ဤပစ္စည်းမှာ သက်ရှည်ဆေးပင်များနှင့် ယှဉ်နိုင်လောက်အောင်ပင် အဖိုးတန်လှသည်။ ဤပစ္စည်းကို ကောင်းကင်နှင့်ကမ္ဘာမြေကြီးအဖိုးတန်ကျမ်းစာဖြင့်ပင် မလဲနိုင်။ သူတို့လိုလူအတွက် ဤသည်မှာ အသက်ကယ်ပစ္စည်းပင်။
“အထဲဘက်မှ လူတစ်ယောက်ရှိနေတယ်..” ရှီဟောင် ဒဲ့တိုးပင် ပြောလိုက်၏။
“ဘာ..” အကြီးအကဲအရှင် ထိတ်လန့်သွားရ၏။ ဤသည်မှာ သူမထင်ထားသည့်အရာပင်။
“ဒါက တကယ်ကိုပဲ..” အကြီးအကဲအရှင်မှာ ဘာပြောရမှန်းပင် မသိတော့။
ဝုန်း..
ရုတ်တရက်ပင် ဂူအတွင်းပိုင်းမှ အသံတစ်သံ ထွက်ပေါ်လာကာ အပူလှိုင်းတစ်ခုလည်း ထွက်ပေါ်လာ၏။ ဤသည်မှာ အပူဒဏ်ခံနိုင်သည့် ဤအံ့အားသင့်ဖွယ် ကျောက်တုံးများကိုပင် အရည်ပျော်ကျသွားစေသည်။
နီရဲနေသည့် ချော်ရည်များ စီးဆင်းလာကာ ဂူအတွင်းပိုင်းမှ ဖျော့တော့နေသည့်ငှက်အော်သံ ထွက်ပေါ်လာသည်။
အကြီးအကဲအရှင်၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် ရှီဟောင်ကိုပင် လျစ်လျူရှုလိုက်ကာ ဂူအတွင်းပိုင်းသို့ ပြေးဝင်သွားလိုက်သည်။
“အကြီးအကဲအရှင်..” ရှီဟောင် အော်ခေါ်လိုက်သည်။
“ရော့ ယူလိုက်..” အကြီးအကဲအရှင် ကျောက်စိမ်းပုလင်းလေးတစ်ခုကို ပစ်ပေးလာသည်။ ထိုပုလင်းထဲတွင် ကောင်းကင်ပြုပြင်ခြင်းဆေးရှိနေသည်ပင်။
သူ ယခင်က စိတ်ထဲ၌ နာကျင်နေသော်လည်း ယခုတော့ ဤကိစ္စကို စိတ်ပူနေဖို့အချိန်မရှိတော့။ ဂူထဲ၌ ဘာဖြစ်နေသည်ကို သူသွားကြည့်ရမည်။
ရွှီး ဟူသည့်အသံနှင့်အတူ အကြီးအကဲအရှင် ဤနေရာမှ ပျောက်ကွယ်သွားသည်။
ရှီဟောင်လည်း တွေဝေမနေပဲ ကောင်းကင်ပြုပြင်ခြင်းဆေး အနည်းငယ်ကို ထုတ်ယူကာ အက်ကွဲကြောင်းပေါ်သို့ တင်လိုက်သည်။ ထို့နောက် အစေ့မှာ လျင်မြန်စွာပင် ပြန်ပိတ်သွားလေ၏။
သူအောင်မြင်သွားပြီ..
သိထားရမည်မှာ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးအချင်းပင်။ ဤအရာကို ဖွင့်လိုက်သည်နှင့် ဤသည်မှာ အထဲဘက်မှ သက်ရှိ အရွယ်ရောက်လာပြီဟု ဆိုလိုခြင်းပင်။ ဤအစေ့အမြှေးပါးနှင့် အခြားအရာများ ပျက်စီးသွားကာ မူလပုံစံ ပြန်ဖြစ်နိုင်မည်မဟုတ်တော့။
သို့သော် ယခုတော့ လုံးဝပြန်ကောင်းသွားလေပြီ။ ကောင်းကင်ပြုပြင်ခြင်းဆေးမှာ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည်ပင်။
ထို့နောက် ရှီဟောင် ဤအစေ့ကိုသိမ်းထားလိုက်သည်။ မည်သူမှ မသိသည့်နေရာတွင် ဤအစေ့ကို မြှုပ်ပေးမည်ဟု သူမအား ဂတိပေးခဲ့သည်ပင်။ သို့မှသာ ဤအမျိုးသမီး နောက်တစ်ခေတ်တွင် ပေါ်လာနိုင်လိမ့်မည်။
အူး..
ရှေးဟောင်းဂူအတွင်းပိုင်းမှ အရေပြားများကိုပင် ထုံကျဉ်သွားစေလောက်သည့် အူသံတစ်သံ ထွက်ပေါ်လာသည်။ ရှီဟောင်ပင် ကြက်သီးထသွားရ၏။
ဒါက ဘယ်လိုနေရာမျိုးလဲ .. ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ .. သူ တကယ်ကို တည်ငြိမ်နိုင်ရန် ခက်ခဲနေသည်။ ထို့နောက် ထာဝရဓားကို ထုတ်လိုက်ပြီး ဂူထဲသို့ တရှိန်ထိုး ပြေးဝင်သွားလိုက်သည်။
ရှေးဟောင်းဂူကြီးမှာ မှောင်မဲနေပြီး မီးတောက်များသာ ရှိသည်။
မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်မှာ အရိုးဖြူများပင်။ ဤသည်မှာ အနည်းငယ် ကြောက်စရာကောင်းလှသည်။ ဤသတ္တဝါများ အသက်ရှင်စဉ်က သူတို့၏ ကျင့်ကြံဆင့်မှာ ဂိုဏ်းခေါင်းဆောင်အဆင့်ထက်ပင် ကျော်လွန်ကာ အလွန်စွမ်းအားကြီးလိမ့်မည်။ ယခုအချိန်ထိ သူတို့၏အရိုးများ တောက်ပနေဆဲပင်။
ခဏကြာပြီးနောက် ရှီဟောင် အကြီးအကဲအရှင်အား တွေ့လိုက်ရ၏။ အကြီးအကဲအရှင်သည် အရိုးပြာများပြည့်နေသည့် တွင်းကြီးတစ်တွင်းအား တူးနေခြင်းပင်။
ထိုနေရာတွင် ဆွေးနေသည့်အရိုးများစွာ ရှိနေသည်။
အကြီးအကဲအရှင်သည် ရံဖန်ရံခါ ကြောက်စရာကောင်းသည့် လက်သည်းများ၊ ဦးခေါင်းခွံများနှင့် အခြားအရာများကို တူးထုတ်လာသည်။ အချို့မှာ နဂါးလက်သည်း၊ ချီလင်းဦးခေါင်းရိုးများနှင့် တူနေသည်။
ရှီဟောင် ထိတ်လန့်သွားကာ သူ့တစ်ကိုယ်လုံး အေးခဲသွားရသည်။
“ဒီမီးလှိုဏ်ဂူမှာ စွမ်းအားကြီးတဲ့ မီးစွမ်းအားတွေရှိတယ် .. မင်း ကျင့်ကြံရင်းနဲ့ စွမ်းအားတွေ ခမ်းခြောက်သွားမှာစိုးလို့ ငါအစေ့ကို ဒီယူလာခဲ့တာ..” အကြီးအကဲအရှင် ပြောလိုက်သည်။
“ဒါက အရင်တုန်းက ဧကရာဇ်ဘုရင်တစ်ယောက် နေခဲ့တဲ့နေရာ .. ဒီနေရာမှာ လူတွေ အများကြီး သေထားတာ .. ထာဝရသက်ရှိအစစ်တွေတောင် ဖျက်ဆီးခံရတယ်..” သူ၏အမူအရာမှာ ပို၍ လေးနက်လာသည်။
မီးတာအိုနဲ့ ဧကရာဇ်ဘုရင်တစ်ယောက်လား .. ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။ ကလန်တစ်ခု၏ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူသည် သူတို့ကိုယ်သူတို့ ဧကရာဇ်ဟု ခေါ်နိုင်ကြောင်း သူသိထားသည်ပင်။
ခဏကြာပြီးသည့်နောက်တွင် အကြီးအကဲအရှင်၏ ခန္ဓာကိုယ် တုန်ယင်သွားရ၏။ အရိုးပြာများထဲမှ သူတူးဖော်ရလိုက်သည့်အရာကို မယုံကြည်နိုင်ဖြစ်နေလေသည်။
ရှီဟောင်၏အသက်ရှူသံများ အေးခဲသွားရ၏။ သူအလန့်တကြားပင် နောက်ပြန်ဆုတ်လိုက်သည်။
ဤသည်မှာ လူသားပုံစံ သတ္တဝါပင်။ သူ့တစ်ကိုယ်လုံး မည်းတူးနေပြီး သူ့အရိုးပေါ်၌ ရှိနေသည့် အရေပြားသာမရှိလျှင် ဤသည်မှာ အရိုးစုပင်။
ထို့အပြင် သူ၏နောက်ကျောဘက်၌ အတောင်ပံတစ်စုံရှိနေသည်။ နေရာအတော်များများ မည်းတူးနေပြီဖြစ်သော်လည်း အချို့နေရာများ၌ ရွှေရောင်အလင်းများ စီးဆင်းနေဆဲပင်။
ဒါက ဘာသတ္တဝါလဲ..
သူ၏မျက်လုံးများမှာ ဟောက်ပက်ဖြစ်နေသည်။ ဤသည်မှာ အရိုးစုနှင့် ပိုတူနေသော်လည်း ယခုအချိန်တွင် ပါးစပ်ဟကာ တစ်ခုခုကို ပြောနေသောကြောင့် အပေါ်သွားနှင့် အောက်သွားရိုက်မိသည့် တဂွက်ဂွက်အသံများသာ ထွက်နေသည်။
ဤမြင်ကွင်းမှာ လန့်စရာကောင်းလှသည်။ အကြီးအကဲအရှင်က အရိုးပြာပုံအောက်ကနေ အရေပြားရှိနေသေးတဲ့ အရိုးစုတစ်ခုကို တွေ့ခဲ့တယ် .. ပြီးတော့ ဒါက အသက်ရှင်နေတုန်းပဲ..
“အံ့ဩစရာကောင်းတယ် .. ဒီလှိုဏ်ဂူမှာ အသက်ရှင်နေသေးတဲ့ ပြိုင်ဘက်ကင်းသတ္တဝါတွေ ရှိနေသေးတယ်..” အကြီးအကဲအရှင် တုန်ယင်စွာ ပြောလိုက်သည်။
“စီနီယာ..” ရှီဟောင် အော်ဟစ်လိုက်၏။
ဝုန်း..
ထိုအားနည်းသည့် သက်ရှိသည် အသက်စွမ်းအင်နည်းနေပြီဖြစ်သော်လည်း ရွှေရောင်အလင်းထုတ်လွှတ်နေသည့် အတောင်ပံများကို လှုပ်ခါလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီး ဟက်တက်ကွဲသွားကာ ဤမြေအောက်ဂူလည်း ပြင်းထန်စွာ တုန်ခါသွားသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဒီသတ္တဝါက ဒီလောက်တောင် စွမ်းအားကြီးတာလား..
“ဒါက အဲဒီဧကရာဇ်ဘုရင်များလား..”
“ကောင်းကင်နတ်ဘုရားကျောင်းကို တတ်နိုင်သမျှ မြန်မြန်ပြန်သွား .. ဒီကကိစ္စတွေကို စိတ်မပူနဲ့ .. မင်းဒီမှာ နေနေရင် အန္တရာယ်များလွန်းတယ် .. ပြီးတော့ မင်းဘာမှ သိပ်ပြီးတော့ အကူအညီပေးနိုင်မှာမဟုတ်ဘူး..” အကြီးအကဲအရှင် ထိုအတောင်ပံများကို ရှောင်ပြီး ပြောလိုက်သည်။
“အဲဒါဆိုရင်စီနီယာရော..” ရှီဟောင်မေးလိုက်သည်။
“ငါ့ကိုစိတ်မပူနဲ့ .. ငါအန္တရာယ်မရှိဘူး..” အကြီးအကဲအရှင်၏ အမူအရာမှာ လေးနက်နေသည်။ ဤနေရာအကြောင်း မည်သူ့ကိုမှ မပြောရန်လည်း ရှီဟောင်အား ပြောလိုက်သည်။
ထို့အပြင် သူတို့ အနန္တကောင်းကင်သို့ ပြန်ရောက်နေပြီဖြစ်သောကြောင့် သူပြန်၍မရမည်ကိုလည်း စိတ်ပူစရာမရှိ။
ရှီဟောင် ကူကယ်ရာမဲ့စွာဖြင့်ပင် ထိုရှေးဟောင်းဂူမှ ထွက်လာလိုက်သည်။
ဝူး..
လေပြင်းများတိုက်ခတ်နေသည်။ ရှီဟောင် ကောင်းကင်ထက်သို့ တက်သွားလိုက်ကာ ကောင်းကင်နတ်ဘုရားကျောင်းသို့ အလျင်အမြန် ပြန်သွားလိုက်သည်။
အပြင်ဘက်လောကတွင် နှစ်နှစ်ခွဲကြာသွားလေပြီ။ ဤအတောအတွင်းတွင် ကောင်းကင်ဘုံကိုးခုမှာ အလွန်တောက်ပနေသည်ဟု ပြော၍ရသည်။ အဘယ်ကြောင့်ဆိုသော် ဂျီးနီးယပ်စ်များစွာ ထွက်ပေါ်လာကာ သမိုင်းတွင် မှတ်တမ်းတင်ရလောက်အောင် တောက်ပလာခြင်းပင်။
ဤနှစ်အနည်းငယ်အတွင်း ပြိုင်ဘက်ကင်းသည့် သူရဲကောင်းများ ပြီးပြည့်စုံသည့် မျိုးစေ့များနှင့် ပေါင်းစည်းသွားကြသည်ပင်။ ထို့အပြင် သူတို့အားလုံးသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် ပုံမှန်မဟုတ်သည့် မြင်ကွင်းများ ဖြစ်ပေါ်စေခဲ့သည်ပင်။
အပိုင်း ၁၄၅၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၅ – ဂုဏ်ယူရမည့်လူများ များစွာ ထွက်ပေါ်လာခြင်း
တောင်တောင်နှင့်မြစ်များကို သန့်ရှင်းလတ်ဆတ်သည့် လေများ တိုက်ခတ်သွားသည်။
ရှီဟောင်သည် လေအလျင်ကဲ့သို့ပင် ရွေ့လျားနေသည်။ သူသည် ကျယ်ပြောလှသည့်ပင်လယ်များ၊ အဆုံးမရှိသည့် ရွှေရောင်သဲကန္တရာများကို ကျော်ဖြတ်ကာ တောတောင်များကိုလည်း ဖြတ်သန်းသွားခဲ့သည်။
အနန္တကောင်းကင်မှာ ကောင်းကင်ဘုံကိုးခုတွင် အတော်လေးနာမည်ကြီးသည်ပင်။ ဤသည်မှာ အဆုံးအစမရှိလောက်အောက်ပင် အလွန်ကျယ်ပြောလှသည်။
အရှေ့ဘက်တွင်ရှိနေသည့် နီရဲနေသည့်တောင်များမှာ ပင်လယ်ထဲမှ ပင်လယ်ကျောက်တန်းများကဲ့သို့ပင် နီရဲတောက်ပနေသည်။ ဤသည်မှာ သေချာပေါက် နတ်မြေပင်။
တောင်သည် ကြည်လင်တောက်ပနေကာ ဖောက်ထွင်းမြင်ရမတတ် ဖြစ်နေသော်လည်း အပင်များစွာ ရှိနေဆဲပင်။ အားလုံးမှာ ဝိညာဉ်ဆေးပင်များပင်။ တောင်အက်ကွဲကြောင်းများကြားတွင် ပေါက်နေသည့် ဆေးပင်များစွာလည်း ရှိနေသေးသည်။
ထို့အပြင် အနည်းငယ် နီရဲနေသည့် မီးခိုးငွေ့များလည်း ရှိနေသည်။ ထိုမီးခိုးငွေ့နှင့် တောင်များ ပေါင်းစည်းလိုက်သည့်အချိန်တွင် အလွန်ခမ်းနားသည့်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ရှီဟောင် ဤနေရာ၌ ခေတ္တရပ်တန့်လိုက်သည်။
ဤနေရာ၌ ကျင့်ကြံသူအချို့ရှိနေသည်။ အားလုံးမှာ သွားလိုက်လာလိုက် လုပ်နေကြသောကြောင့် အတော်လေး စည်ကားနေသည်။ အသက်ကြီးသည့်ကျင့်ကြံသူအချို့လည်း တိမ်များကိုကြည့်ကာ အနာဂတ်အား ခန့်မှန်းနေကြသည်။ မြေအောက်ဝိညာဉ်အပင်များကို စူးစမ်းလေ့လာနေကြသည်။
ရှီဟောင် ဤတောင်ပေါ်သို့ ဆင်းသက်လာပြီးနောက် ဘာဖြစ်နေသည်ကို လူအချို့အား မေးလိုက်သည်။
“ခင်ဗျား မကြားမိဘူးလား .. အခု ထာဝရကျောင်းက အရမ်းကို ကျော်ကြားနေပြီးတော့ အလေးအမြတ်ကျောင်းကလည်း အထွဋ်အထိပ်ကို ရောက်နေပြီ … သူတို့ကျောင်းနှစ်ကျောင်းလုံး အထင်ကြီးစရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ချို့ကို မွေးထုတ်နိုင်ခဲ့တယ် .. ဒါက သူတို့လူတွေ … သူတို့တွေ ထာဝရဂူကို ရှာဖို့လာခဲ့တာ” တစ်စုံတစ်ယောက်မှ ပြန်ဖြေလိုက်သည်။
ရှီဟောင်ထိတ်လန့်သွားရ၏။ ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းနှစ်ခုလုံးမှာ သန့်စင်သည့်မြေများဖြစ်ပြီး လောကီရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် ကျောင်းများပင်။ သူတို့သည် ဤကောင်းကင်အောက်၌ ဝိညာဉ်စွမ်းအင် အများပြားဆုံးရှိနေသည့် နေရာများပင်။ ထာဝရလှိုဏ်ဂူတွေကို လာရှာဖို့လိုသေးလို့လား..
ခဏကြာပြီးသည့်နောက်တွင် အခြားသူများမှ သူ့အားရှင်းပြလာသောကြောင့် သူအခြေအနေများကို ပိုနားလည်လာသည်။
“အခုအချိန်မှာ ထာဝရကျောင်းနဲ့ အလေးအမြတ်ကျောင်းက သူတို့ရဲ့ အထွဋ်အထိပ်ကို ရောက်နေပြီ .. ဒါပေမဲ့ ကျောင်းနှစ်ကျောင်းက မကျေနပ်သေးဘူး.. သူတို့တွေ ပေါင်းစည်းဖို့ကို ပြင်ဆင်နေကြတာ .. နောင်ဖြစ်လာမယ့်ကပ်ဆိုးကြီးကို ရင်ဆိုင်ဖို့အတွက် ကျောင်းနှစ်ကျောင်းကတပည့်တွေကို ဆက်ဆံရေး ပိုကောင်းအောင် လုပ်ချင်နေကြတာ .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ပြောင်းလဲမှုကို ခုခံဖို့ ပြင်ဆင်နေကြတာ..”
ရှီဟောင် တစ်ခဏခန့် ဆွံ့အသွားရသည်။ ဤသည်မှာ သတင်းထူးတော့မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားကျောင်း၌ တပည့်များ လာရောက်ရွေးချယ်စဉ်အခါက နောင်တွင် ကျောင်းသုံးကျောင်းလုံးကို ပေါင်းစည်းမည်ဟု သူတို့ပြောခဲ့ကြသည်ပင်။
ကျောင်းသုံးကျောင်း၏ ဘိုးဘေးမြေအကုန်လုံးကို မပြီးရွေ့မည်ဖြစ်သောကြောင့် ကျောင်းများ၏ ထာဝရဂူများလည်း ပါသွားမည်ပင်။
ထိုအချိန်ကျလျှင် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များ အလွန် ထူထပ်လာမည်ဖြစ်ပြီး လွင့်ပါးတော့မည်မဟုတ်။ ဤသည်မှာ ကောင်းကင်ဘုံကိုးခုတွင် အံ့အားသင့်စရာအကောင်းဆုံး ကျင့်ကြံမြေဖြစ်သွားမည်ပင်။
“သူတို့ ဒီနေရာကို ရွေးလိုက်ကြတာလား..” ရှီဟောင် ထပ်မေးလိုက်၏။
“ဒါက ဖြစ်နိုင်တဲ့နေရာတွေထဲက တစ်ခုပဲ .. သူတို့မဆုံးဖြတ်ရသေးဘူး .. အခြားနေရာတွေလည်း အများကြီးရှိသေးတယ် .. အခု သူတို့ စီစစ်ရွေးချယ်နေကြတာ”
ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းများသည် သူတို့ အံ့အားသင့်စရာအကောင်းဆုံး ထာဝရအရင်းအမြစ်များ ရှိနိုင်သည့်နေရာကို ရွေးချယ်နေကြခြင်းပင်။ အမှန်တကယ်တွင် ထိုမကောင်းဆိုးဝါးအိုကြီးများ ဒဏ္ဍာရီလာ ထာဝရသက်ရှိများ နေထိုင်ခဲ့သည့်နေရာများကို ရှာတွေနေကြောင်း ကောလဟာလများ ထွက်နေပြီးသားပင်။
များစွာ လေ့လာဆန်းစစ်ပြီးသည့်နောက် အကြမ်းဖျင်းနေရာများကို သူတို့သိခဲ့ရသည်။ သူတို့ ထာဝရတာအိုရှေးဟောင်းမြေပေါ်၌ ဆောက်လုပ်ကြမည်ပင်။
“ဝိုး .. သူတို့သာ ထာဝရဘုရင်တစ်ယောက်ရဲ့ နယ်မြေကို ရှာတွေ့သွားလို့ကတော့ မယုံနိုင်စရာပဲ .. သူတို့တွေ ထာဝရဘုရင်ရဲ့ အမွေတွေကို ရသွားနိုင်တယ်..”
“ရှူး .. လျှောက်မပြောနဲ့ .. ဒါက တရားဝင်ကြေငြာရသေးတာမဟုတ်ဘူး .. သတိထားဦး မဟုတ်ရင် ကျောင်းက အကြီးအကဲတွေ အပြစ်ပေးတာ ခံနေရဦးမယ်..” တစ်စုံတစ်ယောက်မှ ထိုလူအား တားမြစ်လိုက်သည်။
ဤသည်မှာ ရှီဟောင်အား ထိတ်လန့်သွားစေသည်။ ဒီမကောင်းဆိုးဝါးအိုကြီးတွေ ရှာနေတဲ့ ဒဏ္ဍာရီနယ်မြေဆိုတာက ထာဝရဘုရင်ရဲ့လျှို့ဝှက် နယ်မြေတွေလား..
ယခင်ကတည်းက ယခုအချိန်ထိ ထာဝရဘုရင် ဘယ်နှယောက်များ ရှိခဲ့သနည်း..
ထာဝရရှေးဟောင်းခေတ်၌ပင်လျှင် သက်ရှိသက်ရှိများမှာ အလွန်ရှားပါးလှပြီး လက်ချိုးရေ၍ပင် ရသည်။
သို့သော်လည်း ယခုတော့ သူတို့က ထာဝရဘုရင်တစ်ယောက်၏ လျှို့ဝှက်နယ်မြေကို တူးဖော်ချင်နေသည်တဲ့လား..
ဤသည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် အကြီးကျယ်ဆုံးအဖြစ်အပျက်တစ်ခု ဖြစ်မည်ပင်။
သိပ်မဝေးသည့် အရှေ့ဘက်မှ ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်လာသည်။ ဤစွမ်းအင်များသည် ရေတံခွန်ကဲ့သို့ ကောင်းကင်ထက်မှ စီးဆင်းလာပြီး တောင်တစ်ခုလုံးကိုပင် ခရမ်းရောင်ဖြစ်အောင် ပြောင်းလဲပစ်လိုက်သည်။
ဒီလူက ဘယ်သူလဲ .. ရှီဟောင်ထိတ်လန့်သွားရသည်။
“ဒါက .. ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ နောက်လိုက်ဖြစ်လောက်မယ် .. သူက ဒီမှာ ထာဝရဂူလာရွေးနေတာလ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်၏။ သူသည် တစ်ခုခုကို ကြောက်ရွံ့နေသည့်ပုံပင်။
ထာဝရကျောင်းမှ ဂျီးနီးယပ်စ်အချို့သည် တောင်ကြောများမှ ဂူများကို ရယူရန်အတွက် သူတို့နောက်လိုက်များကို လွှတ်ထားကြောင်း သူတို့ပြောစကားများမှ ရှီဟောင်သိလိုက်ရသည်။
ဤနေရာကို ရွေးချယ်လိုက်သည်နှင့် ဝိညာဉ်စွမ်းအားအများဆုံးရှိသည့်နေရာကို ဤဂျီးနီးယပ်စ်များ ရရှိမည်ပင်။
ခရမ်းရောင်နေကောင်းကင်ဘုရင်က အဲဒီလောက်နာမည်ကြီးတာလား .. သူဤနာမည်ကို တစ်ခါမှ မကြားဖူးသေး။ ထာဝရကျောင်းတွင် ငရဲကြီးရှစ်ထပ်အိုနှင့် ကောင်းကင်ဘုရင်လေးကိုသာ သူသိသည်။ ကျန်သည့်သူများကို သူမသိ။
ခရမ်းရောင်စွမ်းအင်များသည် ပဝါကဲ့သို့ပင် တောင်တောင်များကို လွှမ်းခြုံထားသည်။ အားလုံးကို ဦးညွှတ်ကာ အရိုအသေပေးအောင် လုပ်ခိုင်းနေသည့် ထူးခြားသည့်စွမ်းအင်လည်းရှိနေသည်။
ဒါက တကယ် နောက်လိုက်လား .. ရှီဟောင် အနည်းငယ် ထိတ်လန့်သွားမိသည်။ ဒါက ဂိုဏ်းခေါင်းဆောင်အဆင့်လောက်တောင် ရှိနေပြီမလား..
“ဒီ နောက်လိုက်က တကယ်ကို .. ကျီစယ်တတ်တာပဲ..” တစ်စုံတစ်ယောက်သည် နှာခေါင်းရှုံ့ကာ မကောင်းသည့်အရာတစ်ခုခု ပြောလိုက်ချင်သော်လည်း သူ့စကားလုံးများကို ပြန်မြိုသိပ်လိုက်သည်။
“တာအိုရောင်းရင်း .. စကားကို လက်လွတ်စပယ်မပြောနဲ့ … ပြီးတော့ သူ့ကိုလည်း ရန်မစနဲ့ .. သူက ငယ်တယ်ဆိုပေမယ့် သူက ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ အလိုလိုက်ခံရပြီးတော့ ကြီးပြင်းလာတာ .. အခု သူထွက်လာတော့မှာဆိုတော့ ဒီလိုမျိုး ခွန်အားပြသတာက ပုံမှန်ပါပဲ..” ကောင်းကင်နတ်ဘုရားအိုကြီးတစ်ယောက် ပြောလိုက်သည်။
ရှီဟောင် မနေနိုင်တော့ပဲ ထိုခရမ်းရောင်နေကောင်းကင်ဘုရင်မှာ မည်သူဖြစ်သလဲဟု မေးလိုက်သည်။ သူ့ရဲ့ နောက်လိုက်ကိုတောင်မှ ဒီလောက် ကြောက်နေကြတာလား..
အချို့လူများသည် သူ့အား လူထူးဆန်းတစ်ယောက်ကဲ့သို့ ကြည့်လာကြသည်။
“ဒီတာအိုရောင်းရင်းက နှစ်ပေါင်းများစွာ သီးသန့်ကျင့်ကြံနေပြီး လောကကြီးထဲကို ထွက်မလာတော့ ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ ခမ်းနားမှုကို မကြားဖူးဘူးဖြစ်နေတာပါ..”
ခဏကြာပြီးသည့်နောက်တွင် ဤခရမ်းရောင်နေကောင်းကင်ဘုရင် မည်မျှပင် အထင်ကြီးစရာကောင်းသည်ကို ရှီဟောင်သိလိုက်ရသည်။ ဤလူများသည် သူ့အကြောင်းပြောနေသည့်အချိန်တွင်ပင် ရိုသေကျိုးနွံ့မှုများ အပြည့်ပင်။
ခရမ်းရောင်နေကောင်းကင်ဘုရင်သည် သက်ရှည်မိသားစုတစ်စု၌ မွေးဖွားခဲ့ခြင်းပင်။ ထိုနေရာကို ခရမ်းရောင်စံအိမ်ဟု ခေါ်ကြသည်။ ဤသည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် စွမ်းအားအကြီးဆုံး ရှေးဟောင်းမြေများထဲမှ တစ်ခုပင်။
ဤကလန်သည် ရှေးခေတ်ကတည်းက အခြေတည်လာခြင်းပင်။ ယခင်က သူတို့ထံ၌ ပြိုင်ဘက်ကင်းသည့် အောင်မြင်မှုများရှိကာ ကောင်းကင်ထက်မှ နေကဲ့သို့ ခမ်းနားကြီးကျယ်လှသည်။
ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ထိုမျှ အသက်မကြီးသေးပေ။ သူမွေးဖွားလာသည့်အချိန်၌ သူတို့၏ ဘိုးဘွားမြေတွင် ပုံမှန်မဟုတ်သည့် မြင်ကွင်းများစွာ ထွက်ပေါ်လာခဲ့သည်။ ဥပမာအားဖြင့် နတ်သားရဲများနှင့် ထာဝရငှက်များအားလုံး ဟစ်ကြွေးလာကြသည်။
ထို့အပြင် ကောင်းကင်ထက်မှ ကောင်းကင်နေမင်းကြီးလည်း ဆင်းသက်လာသည်ပင်။
နောက်ဆုံး၌ ထိုနေမင်းကြီးသည် တစ်ဖြည်းဖြည်းသေးငယ်သွားကာ သူတို့စံအိမ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် ခရမ်းရောင်နေကောင်းကင်ဘုရင် မွေးဖွားလာသည်။
ဤဒဏ္ဍာရီတွင် ထူးခြားဆန်းကြယ်မှုများ ပြည့်နှက်နေသည်ပင်။ မယုံကြည်ကြသည့် လူများစွာ ရှိသော်လည်း အချို့သူများသည် သူတို့ထံ၌ သက်သေများရှိသည်ဟု ပြောနေကြသည်။ ဤသည်မှာ ထာဝရတာအိုဆရာတစ်ယောက် ပြန်ဝင်စားခြင်းဖြစ်သည်ဟု သူတို့ ယုံကြည်နေကြသည်။
ထို့အပြင် သူမွေးလာကတည်းက သူ့အား ထာဝရကျောင်းသို့ ပို့ဆောင်ခဲ့သည်။ သူသည် ကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ၏ လမ်းညွှန်သင်ကြားပြသမှုကို ရရှိခဲ့သည်။ သူ့မိသားစုမှ အကောင်းဆုံးအရင်းအမြစ်များအပြင် ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ၏ ရှားပါးသည့် ဆေးပင်များစွာနှင့် အခြားအရာများစွာကိုလည်း ရရှိခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ နတ်ဆေးမျိုးစုံနှင့် စိမ်ခဲ့ရသည်ပင်။ သူကလေးဘဝကတည်းက ချိုးဖျက်၍မရနိုင်သည့် ခရမ်းရောင်ခန္ဓာကိုယ်အား ကျင့်ကြံပြီးသွားပြီဟု ပြောကြသည်ပင်။
ထို့အပြင် ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ ထာဝရစံအိမ်အား တူးဖော်ရရှိသည့်အချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်ငယ်လေးလည်း ထိုနေရာ၌ ရှိနေခဲ့သည်။ ထိုအဆောက်အဦးထဲမှ ခရမ်းရောင်မျိုးစေ့တစ်ခု လွင့်ပျံလာကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ဟု ပြောကြသည်။
“အဲဒါက ဘယ်လိုမျိုးစေ့မျိုးလဲ သိလား .. အဲဒါက ခရမ်းရောင်မြူစွမ်းအင်မျိုးစေ့ … ဒါက ရှေးခေတ်တွေမှာတောင် တွေ့နိုင်ဖို့ ခဲယဉ်တဲ့ပြိုင်ဘက်ကင်း အဖိုးတန်မျိုးစေ့ .. ထာဝရရှေးဟောင်းခေတ်မှာ သူ့ရဲ့ဂုဏ်သတင်းက အရမ်းကြီးတယ် .. ဒီမျိုးစေ့နဲ့ ပေါင်းနိုင်တာနဲ့ ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုကို လွှမ်းမိုးနိုင်လိမ့်မယ် .. ဒါက ပြိုင်ဘက်ကင်းတဲ့ မျိုးစေ့ပဲ..”
တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။ အခြားသူများမှာ မနာလိုသည့်ပုံစံ ဖြစ်လာကြသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် ပတ်သက်သည့် ဒဏ္ဍာရီမျိုးးစုံ ကြားဖူးသော်လည်း ဤလူမှာ ထူးခြားလွန်းသည်ဟု သူတို့ခံစားနေရဆဲပင်။ သူသည် ကောင်းကင်၏ ကောင်းချီးကို ရရှိထားသည့် ကောင်းကင်သားတော်ပင်။
သူ၏တိုက်ခိုက်နိုင်စွမ်းမှာလည်း ယှဉ်၍မရအောင်ပင်။ ယခုအချိန်တွင် ခရမ်းရောင်မြူစွမ်းအင်မျိုးစေ့နှင့် ပေါင်းစည်းပြီးသွားပြီး အတော်လေး တည်ငြိမ်နေလေပြီ။ သူသီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည့်နေ့တွင် လီပေါင်း သုံးသောင်းတွင် ခရမ်းရောင်စွမ်းအင်များ ပျံ့နှံ့သွားသည်။
ဤကဲ့သို့သော အံ့အားသင့်စရာကောင်းသည့် ဖြစ်စဉ်မှာ မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်ထက် ပို၍ လေးနက်သေးသည်။
“မင်းတို့အားလုံး မြောက်ဘက်ပင်လယ်တောအုပ်ကို သိကြတယ်မလား .. စွမ်းအားကြီးတဲ့သူတွေ အဲဒီမှာ သူတို့နာမည်တွေကို ရေးထွင်းလို့ရတယ်လေ .. ခရမ်းရောင်နေကောင်းကင်ဘုရင် အဲဒီကို သွားပြီးတော သူ့နာမည်ရေးလိုက်တဲ့အချိန်တုန်းက သူ့နာမည်က ကိုးရက်လုံးကို တောက်ပနေတာ..”
ဤစကားများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် ဆွံ့အသွားရသည်။ ဤလူ၏ ဘဝလမ်းကြောင်းမှာ တောက်ပလွန်းလှသည်။
ယခင်က ခရမ်းရောင်နေကောင်းကင်ဘုရင်သည် အမြဲတမ်း သီးသန့်ကျင့်ကြံနေသောကြောင့် သူ့ကိုသိသည့်သူ သိပ်မရှိခြင်းပင်။ သူထွက်လာသည်နှင့် လူအားလုံး သူ့အကြောင်းမေးလာကြသည်ပင်။
ခရမ်းရောင်နေကောင်းကင်ဘုရင်၏ နောက်လိုက် အဘယ်ကြောင့် ဤမျှရဲတင်းနေသည်ကို ရှီဟောင် သိသွားလေပြီ။ ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ကျမ်းစာမျိုးစုံ ဖတ်ရှုရသည်ကို ကြိုက်နှစ်သက်ပြီး သူ့အနားတွင်အမြဲတမ်းရှိနေသည်မှာ ဤနောက်လိုက်ပင်။ ထို့ကြောင့် ဤနောက်လိုက်၏ ကျင့်ကြံဆင့်မှာ အတော်လေး တိုးတက်လာကာ အခြားကလန်မှ ထူးချွန်သည့်သူများကိုပင် ကျော်တက်သွားသည်။
ဝုန်း..
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ နီရဲနေသည့်တောင်ထိပ်ကိုပင် တုန်လှုပ်သွားစေသည်။
တစ်ယောက်ယောက်မှ ခရမ်းရောင်နေကောင်းကင်ဘုရင်၏ နောက်လိုက်နှင့် တိုက်ခိုက်နေသည်။ နံနက်ခင်းနေရောင်ခြည်ပေါက်ကွဲထွက်လာသလို၊ လေဟာနယ်ထဲ၌ ချော်ရည်များစီးဆင်းလာသလို အနီရောင်အလင်းများ ထွက်ပေါ်လာသည်။
“ဟမ်.. အဲဒီလူက ဘယ်သူလဲ .. သူက ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ နောက်လိုက်ကို တိုက်ခိုက်ရဲတာလား .. သူ့ကိုဖိနှိပ်ဖို့ ကြိုးစားနေတာလား..”
အားလုံး ထိတ်လန့်သွားရသည်။
“ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့လူကို ထိရဲတဲ့သူ ရှိတယ်ပေါ့ .. အဲဒီလူက ဘယ်သူလဲ..”
“အဲဒီအနီရောင်အလင်းတန်းကြီးက လက်တံဆိပ်တစ်ခုနဲ့တူတယ်..” တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ ပြူးကျယ်လာလေသည်။ “ငါနားလည်ပြီ .. သူ ဒီနောက်လိုက်ကို တိုက်ရဲတာ အံ့ဩစရာမရှိတော့ပါဘူး..”
“ဒါက ကြီးမြတ်တဲ့ရှုထော်ရဲ့နောက်လိုက်ပဲ … အဲဒီတော့ သူက ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ လူတွေကို ကြောက်မှာမဟုတ်ဘူး .. ဘာလို့လဲဆိုတော့ အစကတည်းက သူတို့ထဲမှာ ဘယ်သူက ပိုပြီးစွမ်းအားကြီးလဲဆိုတာ ပြောဖို့ခက်တယ်”
ရှီဟောင် တိတ်ဆိတ်နေမိသည်။ ကြည့်ရသည်မှာ သူသီးသန့်ကျင့်ကြံစဉ်က သူတစ်ခါမှ မကြားဖူးသည့် အထင်ကြီးစရာကောင်းသည့်ပုဂ္ဂိုလ်အနည်းငယ် ပေါ်လာသည်ထင်သည်။
ထိုကြီးမြတ်သည့်ရှုထော်လည်း သေချာပေါက် အထင်ကြီးစရာကောင်းသည့်သူဖြစ်ရမည်။ မဟုတ်ပါက သူ ဘယ်လိုလုပ် ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် နှိုင်းယှဉ်နိုင်မည်နည်း..
သူ့ဘေးမှ လူများကို သူထပ်မေးလိုက်သည်။
“ကြီးမြတ်တဲ့ရှုထော်က တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့သူပဲ .. သူရဲ့အောင်မြင်မှုတွေကို မထင်ထားလောက်အောင်ကိုပဲ .. နောက်ကျရင် သူက သေချာပေါက်ကို ထာဝရသက်ရှိဖြစ်လာမှာ..” တစ်စုံတစ်ယောက်မှ ချီးကျူးလိုက်သည်။
ဒီလိုမျိုးလည်း ရှိသေးတာလား .. ရှီဟောင် သိပ်မယုံကြည်။ ဤလောက၌ သက်ရှည်သက်၇ှိများ မရှိတော့ပေ။
“ခင်ဗျား ‘ဘုန်းကြီး’ အမျိုးအစား ကျင့်ကြံသူတွေကိုသိလား..” ထိုလူ တီးတိုးပြောလိုက်သည်။
“သိတယ်..” ဤကဲ့သို့သော ကျင့်ကြံသူများမှာ ထာဝရရှေးဟောင်းခေတ်ကတည်းက ရှိခဲ့ပြီး သူတို့သည် အလွန်စွမ်းအားကြီးသည့်သူများပင်။
သို့သော်လည်း ထိုကဲ့သို့သော ရှေးဟောင်းထာဝရသက်ရှိများမှာ ရှင်းခံလိုက်ရကာ ဤလက်ရှိလောကတွင် မတွေ့နိုင်တော့။
“ကြီးမြတ်တဲ့ရှုထော်က တစ်ခြားလူတွေလို မဟုတ်ဘူး .. သူက ပြီးပြည့်စုံတဲ့ မျိုးစေ့နဲ့ ပေါင်းစည်းပြီးသွားပြီ .. သူက သမိုင်းဝင်နယ်မြေမှာ ရှေးဟောင်းဘုန်းကြီးတစ်ယောက်ရဲ့ ပြာမှုန့်ကို တွေ့ခဲ့တာ .. အခု သူတို့နှစ်ယောက် ပေါင်းစည်းပြီးသွားပြီ..”
ထာဝရကျောင်း၌ ပြန့်နေသည့် ကောလဟာလများအရဆိုလျှင် ထိုရှေးဟောင်းဘုန်းကြီး၏ပြာမှုန့်တွင် ကြောက်စရာကောင်းသည့် စွမ်းအားများပါရှိနေပြီး ဤသည်မှာ ထိုဘုန်းကြီး၏အသက်ကို စုချုံ့ထားသည့်အရာဟုပင် ပြောကြသည်။
ထာဝရသက်ရှိအဆင့် ဘုန်းကြီးတစ်ပါး၏ ပြာမှာ ကြီးမြတ်သည့်ရှုထော်နှင့် လုံးဝပေါင်းစည်းပြီးသွားပြီဖြစ်သည်။ သူသည် ထာဝရဘုန်းကြီးတစ်ပါး၏ အမွေများကို ရရှိလိုက်ပြီး သူ၏ခွန်အားမှာ လေးနက်ကာ တိုင်းတာ၍မရနိုင်တော့လောက်အောင်ပင်။
ဤပြာများမှာ ပြီးပြည့်စုံသည့် မျိုးစေ့တစ်စေ့ထက်တော့ အဆင့်မနိမ့်ပေ။ တရားထိုင်ပြီး သေဆုံးသွားကြသည့် ရှေးဟောင်းဘုန်းကြီးများတွင် အံ့အားသင့်ငစရာကောင်းလောက်သည့် ဇစ်မြစ်များရှိသည်ဟု ပြောကြသည်။
ရှီဟောင် အံ့အားသင့်စွာဖြင့်ပင် ကောင်းကင်နတ်ဘုရားကျောင်းသို့ ဆက်သွားလိုက်သည်။ အပြင်လောကမှာ ဤမျှပြောင်းလဲသွားလိမ့်မည်ဟု သူမထင်ထားခဲ့။
ခဏကြာပြီးသည့်နောက် သူ ကောင်းကင်နတ်ဘုရားကျောင်းသို့ ပြန်ရောက်လာခဲ့သည်။ ဤနေရာ၌ ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ လူများဖြင့် စည်ကားနေသည်ကို ရှီဟောင်တွေ့လိုက်ရသည်။
အားလုံးမှာ မည်သူကစွမ်းအားအကြီးဆုံးလဲဆိုသည်ကို ဆွေးနွေးနေကြခြင်းပင်။
ဘာလို့ ဒီလောက်စည်ကားနေတာလဲ .. ရှီဟောင် အနည်းငယ် ရှုပ်ထွေးသွားရသည်။
ထို့နောက် ကောင်းကင်နတ်ဘုရားကျောင်း၏ အောက်ဘက်တွင် မဖွင့်ရသေးသည့် ထာဝရလှိုဏ်ဂူတစ်ခု ရှိနေကြောင်း သူတို့ပြောစကားများအရ သိလိုက်ရသည်။ ယခု ကျောင်းသုံးကျောင်းမှ ပူးပေါင်းကာ ထိုဂူအားဖွင့်မည်ပင်။
ထို့ကြောင့်ပင် ကံကောင်းမှုများကို ခွဲဝေယူရန်အတွက် ကျောင်းနှစ်ကျောင်းမှ ဂျီးနီးယပ်စ်များ ရောက်လာကြခြင်းပင်။
“ဟူး .. နှမြောစရာကောင်းလိုက်တာ .. ဒါက ငါတို့ကောင်းကင်နတ်ဘုရားကျောင်းရဲ့ ရှေးဟောင်းဂူဆိုပေမယ့် ဒီကျောင်းနှစ်ကျောင်းက ဂျီးနီးယပ်စ်တွေနဲ့ ယှဉ်နိုင်မယ့်သူ မရှိဘူး … နောက်ဆုံးတော့ ငါတို့က သူများမင်္ဂလာပွဲအတွက် ဝတ်စုံချုပ်ပေးရတဲ့သူတွေပဲ .. ဒါက လက်ခံနိုင်ဖို့ တကယ်ကို ခက်ခဲလွန်းတယ်..” တစ်စုံတစ်ယောက်မှ စိတ်ပျက်စွာ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားကျောင်းမှ ထူးချွန်သည့်သူများအားလုံးကို ကျောင်းနှစ်ကျောင်းမှ ခေါ်ယူသွားပြီဖြစ်သောကြောင့် ကောင်းကင်နတ်ဘုရားကျောင်းမှာ ကျဆင်းနေလေပြီ။ ကျန်နေသည့်သူများသည်လည်း နှိုင်းယှဉ်၍မရသည့်သူများပင်။
အပိုင်း ၁၄၅၅ ပြီး၏။