သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၆ – ဂျီးနီးယပ်စ်များ၏ ယှဉ်ပြိုင်မှု
အလေးအမြတ်ကျောင်းမှ ကျွမ်းကျင်သူငါးယောက် ရှုံးနိမ့်သွားလေပြီ။ သူတို့၏သွေးများက ကောင်းကင်ကို နီရဲသွားစေသည်အထိ အရိုက်ခံလိုက်ရကာ ဆိုးရွားစွာ အဆုံးသတ်ခဲ့သည်ပင်။
အရိုးဖြူဗူးသီးပေါ်၌ ရှိနေသည့်သူများမှာ တိတ်ဆိတ်သွားရသည်။ ယခု မည်သူက သွားတိုက်တော့မည်နည်း.. ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် သူနှင့်ယှဉ်နိုင်သည့်သူ မရှိတော့။
ဝမ်ရှီး၏ လှပလှသည့်ဆံနွယ်များက ခါးထက်သို့ ဝဲကနေပြီး သူမ မျက်လုံးများမှာ လေးနက်နေသည်။ ရှီဟောင် မည်မျှပင် စွမ်းအားကြီးကြောင်းကို သူမ နောက်တစ်ကြိမ်စဉ်းစားမိသွားသည်။ စွမ်းအားကြီးသည့် အလေးအမြတ်ကျောင်း၌ပင်လျှင် သူ့အား ဖိနှိပ်နိုင်သည့်သူ မရှိ။
သူမ အနည်းငယ် ဖိအားများနေရသည်။ ဟွမ်သည် ယခုထက်ထိ အရွယ်မရောက်သေးပေ။ သို့သော်လည်း ယခုအချိန်၌ပင် သူသည် ဤမျှစွမ်းအားကြီးနေလေပြီ။ နောင်ကျလျှင် မည်ကဲ့သို့ဖြစ်လာမည်နည်း..
သူမ ပထမဆုံး စိုးရိမ်မိသွားသည်မှာ သူမ မိသားစုပင်။ ယခု သူတို့ ဤလူငယ်လေးကိုး ရန်စမိသွားပြီဖြစ်သောကြောင့် သူတို့အနာဂတ် မည်ကဲ့သို့ဖြစ်လာမည်နည်း.. တစ်နေ့ကျရင် သူက ဝမ်မိသားစုက လူတွေကို ခြိမ်းခြောက်နိုင်တဲ့သူ ဖြစ်လာမှာလား..
ထာဝရကျောင်းမှ လူများလည်း ဆွံ့အနေကြသည်။ ယုဝူတိသည် သူ၏ ငရဲကြီးကိုးထပ်အိုပုံစံ ပြောင်းလိုက်သော်လည်း ရှီဟောင်အား အနိုင်မယူနိုင်ခဲ့ပေ။
ကောင်းကင်ဘုရင်လေးကဲ့သို့သော ကောင်းကင်နတ်ဘုရားအဆင့် ကျော်လွန်နေသည့်သူ တိုက်ခိုက်မှသာလျှင် ကွင်းပြင်ထက်မှ လူငယ်လေးကို ဖြုတ်ချနိုင်လိမ့်မည်။
ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ နံပါတ်တစ် .. အားလုံး ဤအကြောင်းကို တိတ်တဆိတ်တွေးလိုက်ကြသည်။ ယနေ့ တိုက်ပွဲမှာ ဟွမ်အား မြှင့်တင်ပေးလိုက်နိုင်သည်ပင်။
သို့သော်လည်း သူ့ကို ဤဂုဏ်ပုဒ်ပေးခြင်းမှာ မဆီလျော်သည့်ကိစ္စတစ်ခုတော့ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးရှေ့တွင် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ကျောင်းနှစ်ကျောင်းလုံးမှ သူ့အား အမှီမလိုက်နိုင်တော့။
“ဟွမ်က ဒီလောက်သတ္တိရှိလိမ့်မယ်လို့ မထင်ထားဘူး .. သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကလည်း မယှဉ်နိုင်လောက်အောင်ပဲ..” မင်းသမီးယောင်ယွဲ့ သက်ပြင်းချ၍ ပြောလိုက်သည်။
တံတားပေါ်၌ရှိနေသည့် ထာဝရကျောင်းမှလူများမှာ ဤစကားကို မကြားချင်ကြ။ သူတို့ပါးစပ်ဟကာ တစ်ခုခုပြောရန်ကြံလိုက်သော်လည်း သူတို့ ဘာပြန်ပြောရမည်နည်း.. မည်သို့ပင်ဖြစ်စေ အားလုံး တိုက်ပွဲရလဒ်တွေကို မြင်လိုက်တာပဲလေ..
တစ်ခဏတာ တိတ်ဆိတ်ပြီးသွားသည့်နောက်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ လူများဆူညံလာသည်။
ဟွမ်တွင် ကြောက်စရာကောင်းလောက်သည့် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားမှန်း ဤကျောင်းမှ ကျောင်းသားများသိထားကြသော်လည်း သူ နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျောင်းနှစ်ကျောင်းမှာ စွမ်းအားကြီးလှသည်။
အားလုံး ရှီဟောင်ကို လေးစားသည့်စိတ်များ ပေါ်လာကြသည်။ တစ်ချိန်တည်းမှာပင် လူများစွာသည် ကျောင်းနှစ်ကျောင်းကိုကြည့်ကာ အနည်းငယ် ရှုပ်ထွေးသွားကြကာ သူတို့၏ မူလ လေးစားယုံကြည်မှုများ မရှိကြတော့။
“ဟားဟား … မင်းတို့အားလုံး ဘာတွေးနေကြတာလဲ .. ထာဝရကျောင်းက ဘယ်လောက်များ ထူးခြားနေလို့လဲ .. မင်းတို့အားလုံး ဘာပြောခဲ့တာ .. ငရဲကြီးကိုးထပ်အိုက ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ နံပါတ်တစ်ဖြစ်ပြီးတော့ သူက ဟွမ်ကို ဖိနှိပ်ပစ်မယ် .. ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူးဆို .. အခု သူ ဟွမ်ကို ရှုံးသွားတာပဲမလား .. ထာဝရကျောင်း .. ခင်ဗျားတို့ မရှက်ကြဘူးလား .. ဟား ဟား .. ဟွမ်က ငါ့ရဲ့ညီအစ်ကိုပဲ..”
ဖက်တီးလေး ချောင်ယုရှင်းသည် ထာဝရကျောင်းမှ လူများအား အလွန်ရဲတင်းစွာပင် လှောင်ရယ်လိုက်လေ၏။
“အားရား .. ရှင် ဘာလို့ ငရဲကြီးရှစ်ထပ်အိုကို လွှတ်ပေးလိုက်တာလဲ .. ကျွန်မ သူ့ကို တကယ်မြည်းကြည့်ချင်နေတာ .. ကျွန်မတို့ သူ့ကို ချက်စားရင် အရမ်းအရသာရှိမှာသေချာတယ် .. ဒါက ရက်စက်တဲ့သားရဲရဲ့ မျိုးဆက်ပဲလေ .. ဒီလောကကြီးမှာ ဒီလိုမျိုး ဘယ်နှကောင်ရှိသေးလို့လဲ..” ယုန်ဖြူလေး သက်ပြင်းချ၍ ပြောလိုက်သည်။
အားလုံးမှာ ငိုရမလား ရယ်ရမလားပင် မသိကြတော့။ ချင်းယီ၊ ဂုကျင်းယွမ်နှင့် အခြားသူများအားလုံးမှာမူ ပြုံးနေကြသည်။
ထာဝရကျောင်းမှလူများသည်တော့ ဒေါသထွက်နေကြသည်ပင်။ ဒါက ဘယ်လိုစကားမျိုးလဲ … သူတို့ အနာပေါ်ကို တမင်သက်သက် ဆားဖြူးနေတာပဲ..
အလေးအမြတ်ကျောင်းမှ လူများမှာ ရယ်ချင်သော်လည်း သူတို့လူလည်း ရှုံးနိမ့်သွားခဲ့ကြောင်း ပြန်စဉ်းစားမိသွားသည့်အချိန်တွင် သူတို့နှုတ်ခမ်းများ တွန့်လိမ်သွားရသည်။ ထိုအပြုံးများမှာ ငိုသည်ထက်ပင် ရုပ်ဆိုးနေသေးသည်။
ကြည့်ရတာ ရယ်နိုင်တဲ့သူက ကောင်းကင်နတ်ဘုရားကျောင်းက လူတွေပဲ ရှိတာထင်တယ်…
“တက်လာချင်တဲ့သူ ရှိသေးလား..” ရှီဟောင် မေးလိုက်၏။
မည်သူမှ တက်သွားခြင်းမရှိပဲ အားလုံး တိတ်ဆိတ်နေသည်။
ခပ်ဝေးဝေးတွင် အမုန်းတရားများ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံ တောက်ပနေသည်ကို ရှီဟောင် ရုတ်တရက် အာရုံခံမိလိုက်သည်။
ယွမ်ချင်း..
တကယ်ကို ယွမ်ချင်းပင်။ သူသည် မကောင်းဆိုးဝါးအိုကြီးတစ်ယောက်၏ ဘေး၌ ရိုရိုးကျိုးကျိုး ရပ်နေခြင်းပင်။ သို့သော်လည်း ရှီဟောင်အား ကြည့်လိုက်သည့်အချိန်တွင် သူ၏အကြည့်များမှာ ကြင်နာတတ်သည့်အကြည့်များ မဟုတ်တော့။
ရှီဟောင်သည် ရေငွေ့တစ်ခုဖြင့် တိုက်ခိုက်ခံလိုက်ရသလို ကြက်သီးထလာသည်။ သူ၏မွေးညင်းများပင် ထောင်ထလာသည်။
သူ ဤလူကို တစ်ချက်တည်းဖြင့် ရိုက်ချချင်မိသော်လည်း သူသည် ဤလူ၏ ပြိုင်ဘက် မဟုတ်မှန်း သူ သိနေသည်ပင်။ တစ်ဖက်လူမှာ အဆင့်လွန်သက်ရှိဖြစ်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။
ယွမ်ချင်းသည် သူ့အား သွားများပေါ်လာသည်အထိ ပြုံးပြကာ ခေါင်းငြိမ့်ပြနေလေ၏။ ယခုအချိန်တွင် သူ၏ပုံစံမှာ နေရောင်ကဲ့သို့ နွေးထွေးကာ အလွန်ဖော်ရွေနေသည့်ပုံပင်။
အနည်းဆုံးတော့ အားလုံးမှာ သူသည် ရှီဟောင်၏ခွန်အားကို လေးစားနေသည်ဟု ထင်သွားကြပေလိမ့်မည်။
ယွမ်ချင်းသည် ဤနေရာ၌ ကြာကြာမနေပဲ ပြန်လှည့်ထွက်သွားသည်။ သူသည် ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများနှင့် အလေးအမြတ်ကျောင်းမှ အကြီးအကဲများနှင့် စကားအနည်းငယ် ပြောပြီးနောက် လေးစားစွာပင် ပြန်ဆုတ်သွားလေ၏။
ယွမ်ချင်းသည် ကျောင်းနှစ်ကျောင်းလုံးသို့ ဝင်ခဲ့သည်ဟု သူ ကြားဖူးသည်ပင်။ သူသည် ထိုကျောင်းများ၌ပညာသင်ကြားရန် အရည်အချင်း မလုံလောက်သော်လည်း သူသည် ရာထူးကြီးသည့်သူအချို့နှင့် သိကျွမ်းခဲ့သည်။ ကြည့်ရသည်မှာ ထိုကောလဟာလများမှာ အမှန်ဖြစ်နေပုံပင်။
ဤသည်မှာ ရှီဟောင်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူ ကျောင်းနှစ်ကျောင်းကိုဝင်ရင် ယွမ်ချင်း ဆင်ထားတဲ့ထောင်ချောက်တွေက သူ့ကို ထိခိုက်စေမှာလား..
ကျင့်ကြံခြင်းမှာ မလွယ်ကူပေ။ သူ ယနေ့ ဤနေရာထိ ရောက်လာနိုင်ခြင်းမှာ သူ စစ်ဆေးခြင်းများစွာကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့သောကြောင့်ပင်။ တစ်ခြားသူ၏ လုပ်ကြံမှုကြောင့် ကျင့်ကြံရင်းနှင့် သူ မသေချင်။
ယွမ်ချင်း ထွက်သွားသည်ကိုကြည့်ပြီး သူ၏မျက်နှာထက်၌ လေးနက်သည့်အမူအရာ ပေါ်လာသည်။ ဒီလူ ဒီကို ဘာရည်ရွယ်ချက်နဲ့လာတာလဲ .. သူ့ကို သတိလာပေးတာလား..
“ဟားဟား .. မင်းတို့အားလုံးက ငါတို့ကို အလျော့ပေးထားတာပဲ .. ငါ့ရဲ့ ကောင်းကင်နတ်ဘုရားကျောင်းကို အနိုင်ပေးလိုက်တယ်..”
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက် ရယ်မော၍ ပြောလိုက်သည်။
အခြားကျောင်းနှစ်ခုမှ အကြီးအကဲများသည် မရိုးသားစွာပင် ပြုံးလိုက်ကာ တစ်ယောက်ပြီးတစ်ယောက် စကားပြောလာကြသည်။
“ကောင်းကင်နတ်ဘုရားကျောင်းက မဆိုးပါဘူး .. မျိုးစေ့ကောင်းလေးတွေ ရှိနေတာပဲ .. ဒီလိုမျိုး အတော်ဆုံးလူတွေ ကျုပ်ကျောင်းထဲကို ဝင်လာတာနဲ့ သူတို့တွေ သေချာပေါက် တောက်ပလာကြမှာ..”
“ဒီလို လူငယ်မျိုးက ကျုပ်ကျောင်းရဲ့ တိုးတက်မှုအတွက် အသင့်တော်ဆုံးပဲ .. သူက နောင်ကျရင် ပိုတောက်ပလာပြီးတော့ ကျုပ်ကျောင်းဂုဏ်တက်အောင် လုပ်ပေးမှာ”
ကျောင်းနှစ်ကျောင်းမှ လူအိုကြီးများသည် ပျော်ရွှင်စွာပင် ရယ်မောပြောဆိုနေကြလေ၏။
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများမှာ မရယ်နိုင်တော့ပေ။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းကို ကလေးထိန်းကျောင်းအဖြစ် သတ်မှတ်လိုက်ခြင်းပင်။ မျိုးစေ့ကောင်းကို ယူသွားကာ အခြားသူတစ်ဦး၏ ဥယျာဉ်၌ သွားစိုက်ပျိုးတော့မည်။
ဤသည်မှာ အခြားသူတစ်ယောက်၏ မင်္ဂလာပွဲဝတ်စုံကို လုပ်ပေးရသည်နှင့်အတူတူပင်။ ပျော်ရွှင်စရာ ဘာမှမရှိ။
“ဂျင်လေး .. အဲဒါက ဘာအမူအရာကြီးလဲ .. ကျုပ်ရဲ့ ထာဝရကျောင်းက မျိုးစေ့ကောင်းတွေအတွက် ပိုသင့်တော်တာ မင်းတို့အားလုံး နားလည်သင့်တယ် ..” အခြားမကောင်းဆိုးဝါးအိုကြီးသည် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက်၏ပုခုံးကိုပုတ်ကာ ‘ဂျင်လေး’ ဟုပင် ပြောလိုက်သေးသည်။
“သူတို့က ဘာလို့ ထာဝရကျောင်းကို သွားရမှာလဲ .. အလေးအမြတ်ကျောင်းက အကောင်းဆုံးလမ်းကြောင်းပဲ .. လက်ရှိလောကနည်းလမ်းတွေက ရှေးဟောင်းနည်းလမ်းတွေထက် သာတယ်..” အလေးအမြတ်ကျောင်းမှ မကောင်းဆိုးဝါးအိုကြီးက ခေါင်းခါကာ ပြောလိုက်သည်။
“မင်း ဘာတွေ ပြောနေတာလဲ .. မင်းက ငါ့ရဲ့ ထာဝရကျောင်းနဲ့ တစ်ပွဲတစ်လမ်း စမ်းချင်နေတာများလား..” ထာဝရကျောင်းမှ အကြီးအကဲ ရယ်မော၍ ပြောလိုက်သည်။
“ကျုပ်တို့က ဘာလို့ မလုပ်ရဲရမှာလဲ..”
ကျောင်းနှစ်ကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများသည် တစ်ယောက်နှင့်တစ်ယောက် စကားများလေ့မရှိသော်လည်း သူတို့၏ အပြုံးများနောက်ကွယ်တွင် ယှဉ်ပြိုင်လိုမှုများ ရှိနေသည်ပင်။ သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များအတွက်နှင့် တိုက်ခိုက်ကြတော့မည်။
ရှီဟောင်၏ ခွန်အား ပြသမှုကြောင့် ကောင်းကင်နတ်ဘုရားကျောင်းတွင်လည်း မျိုးကောင်းမျိုးသန့်များရှိနေသည်ကို သိသွားကြလေပြီ။
ထိုအချိန်တွင် တစ်စုံတစ်ယောက် ရောက်ရှိလာကာ အကြီးအကဲများ နားနားကပ်ကာ အချို့အသေးစိတ်အချက်အလက်များကို ပြောပြလိုက်ကြလေ၏။
“ဟွမ် .. ဟွမ်လိုမျိုး တစ်ခြားသူတွေ ရှိသေးတယ်ဟုတ်လား..”
“ဟုတ်ပါတယ် .. သူတို့တွေ အရင်တုန်းက စီရင်စုသုံးထောင်မှာ ဟွမ်နဲ့ တိုက်ခိုက်ခဲ့ကြသေးတယ် .. ဒါပေမဲ့ အနိုင်အရှုံး မကွဲလိုက်ဘူး .. ကောင်းကင်နတ်ဘုရားကျောင်းမှာတော့ သူတို့တစ်ခေါက်မှ မတိုက်ကြသေးဘူး..” တစ်စုံတစ်ယောက်မှ သတင်းပို့လိုက်၏။ ဤသည်မှာ သရဖူ ၁၀ ခု ဘုရင်နှင့် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိတို့ကို ဆိုလိုခြင်းပင်။
ထို့အပြင် လောကသစ်ပင်အပင်ပေါက်ရှိသည့်သူတစ်ယောက်လည်း ရှိသည်ဟု အခြားတစ်ယောက်မှ ပြောလာသောကြောင့် မကောင်းဆိုးဝါးအိုကြီးများ စိတ်ဝင်စားလာကြသည်။
ခဏကြာပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်ထံ၌ ပြီးပြည့်စုံသည့် ယင်ယန်မျိုးစေ့ ရှိကြောင်း တစ်စုံတစ်ယောက်မှ လာပြောလေသည်။
“တာအိုကာကွယ်သူ မျိုးဆက်တစ်ယောက်လည်း ရှိတယ်”
“မရိုးရှင်းဘူးပဲ .. ငါတို့ အမြင်လျှမ်းသွားတယ် .. ငါတို့ ကောင်းကင်နတ်ဘုရားကျောင်းကို အထင်သေးမိသွားတယ်.. ဒီကျောင်းက အလေးပေးခံရဖို့ ထိုက်တန်တယ်..” မကောင်းဆိုးဝါးအိုကြီးများ သက်ပြင်းချ၍ ပြောလိုက်သည်။
ရှီဟောင် ပြိုင်ကွင်းပေါ်မှ ခုန်ချလိုက်သည်နှင့် ချင်းယီ၊ ချောင်ယုရှင်းနှင့် အခြားသူများ သူ့ကို ကြိုဆိုကြသည်။ သူတို့သည် ရှီဟောင်၏ အောင်မြင်မှုများကို ပျော်ရွှင်စွာပင် ဆင်နွှဲနေကြသည်။ စုန်းမပင် ရောက်လာလေ၏။
တစ်စုံတစ်ယောက် ရှီဟောင်အား လာရှာကာ သူ့အား ထာဝရကျောင်းထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
ရှီဟောင် တံတားပေါ်သို့ ကြည့်လိုက်သည်။ များစွာမှာ မကျေမနပ်ဖြစ်နေကြသော်လည်း ကောင်းကင်ဘုရင်လေးသည် သူ့အား ပြုံးပြကာ ခေါင်းညိမ့်ပြနေလေ၏။
မင်းသမီးယောင်ယွဲ့လည်း သူ့ဘက်လှည့်ကာ ခေါင်းငြိမ့်ပြပြီး သူ၏ဂုဏ်ပြုမှုကို ဖော်ပြလိုက်သည်။
ထာဝရကျောင်းမှ သူ့အား ဘာထောက်ပံ့ပေးနိုင်သလဲဆိုသည်ကို သိချင်သေးသောကြောင့် ရှီဟောင် ချက်ချင်း ဆုံးဖြတ်ချက် မချလိုက်။ သူတို့ သူ့အား ပြီးပြည့်စုံသည့်ရှေးဟောင်းမျိုးစေ့ ပေးနိုင်လားဆိုသည်ကို သူ သိချင်သည်။
အလေးအမြတ်ကျောင်းမှ လူများလည်း ရောက်လာကာ သူတို့ကျောင်းထဲဝင်ရန် လေးလေးစားစားပင် ပြောလာလေ၏။
ခပ်ဝေးဝေးတွင်ရှိနေသည့် ဝမ်ရှီး၏ အမူအရာ ပြောင်းလဲသွားရသည်။ ရှီဟောင် ဤအဆင့်ထိ ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အလေးအမြတ်ကျောင်းမှ အကြီးအကဲတစ်ယောက် သူ့အား ဖိတ်ခေါ်နေလေပြီ။ ယခုအချိန်တွင် သူမ မသက်မသာခံစားနေရသည်။ သူမ အလေးအမြတ်ကျောင်းသို့ ဝင်ရမလား .. သို့မဟုတ် ထာဝရကျောင်းသို့ ဝင်ရမည်လား..
သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ လုထော်၊ ရွှမ်ခွန်နှင့် အခြားသူများလည်း ဝန်းရံခံလိုက်ရသည်။ သူတို့နှစ်ဦးကိုလည်း ကျောင်းနှစ်ကျောင်းမှ လုနေကြလေပြီ။
ရှီဟောင် ခေါ်လာသည့် တစ်ဖက်လောကမှ ကျွမ်းကျင်သူ မိုတောင်ပင်လျှင် ကျောင်းနှစ်ကျောင်း၏ ပစ်မှတ်ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံမှ သတင်းများမှာ အလွန်အဖိုးတန်မည်ပင်။
ထို့အပြင် ချင်းယီသည်လည်း အစိမ်းရောင်လနှင့် ပေါင်းစည်းထားသောကြောင့် အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ ထာဝရကျောင်းမှ လူများသည် သူမအား သူတို့ကျောင်းထဲသို့ ခေါ်ရန် အသည်းအသန်ပင် ကြိုးစားနေကြသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ အလွန်ပင် လှုပ်ရှားသက်ဝင်လာသည်။
ရှီဟောင်သည် နောက်တစ်ကြိမ် ဆွဲခေါ်ခံလိုက်ရပြီး အတော်လေး သီးသန့်ဆန်သည့်နေရာသို့ ခေါ်သွားခံလိုက်ရသည်။ သို့သော် ဤနေရာ၌လည်း လူအတော်များနေသေး၏။ ကျောင်းနှစ်ကျောင်းလုံးမှ စွမ်းအားကြီးသည့်ပုဂ္ဂိုလ်များ ရောက်နေကြသည်။
တစ်ချိန်တည်းမှာပင် ဒုတိယအကြီးအကဲလည်း ရောက်လာကာ ရှီဟောင်၏ အနာဂတ်အစီအစဉ်များ ချမှတ်ရာတွင် ကူညီပေးနေသည်။
“ကျွန်တော် ထာဝရကျောင်းကိုဝင်ရင် ကျွန်တော် ဘယ်လို ရှေးဟောင်းမျိုးစေ့မျိုး ရမှာလဲဆိုတာ ကျွန်တော် သိချင်တယ် .. ပြီးပြည့်စုံတဲ့ မျိုးစေ့ကို ရမှာလား..” ရှီဟောင် တိုက်ရိုက်ပင် ပြောလိုက်သည်။ ဤသည်မှာ သူ အသိချင်နေဆုံးအရာပင်။
“စိတ်မပူပါနဲ့ လူငယ်လေး .. မင်းကို ပြည့်စုံတဲ့ မျိုးစေ့ မပေးရင် မင်းရဲ့အရည်အချင်းတွေကို ဖြုန်းတီးရာ ဖြစ်သွားမှာ မဟုတ်ဘူးလား .. မင်းကို အကောင်းဆုံးတွေပဲ ပေးမှာ .. မင်းရဲ့ကျင့်ကြံခြင်းကို အမြင့်ဆုံးရောက်အောင် လုပ်ပေးမယ်..” အကြီးအကဲတစ်ယောက် သူ၏ရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်သည်။
အဟွတ်.. ကောင်းကင်နတ်ဘုရားကျောင်းမှ ဒုတိယအကြီးအကဲသည် ချောင်းဟန့်လိုက်ပြီးနောက် လေးနက်စွာပင် သတိပေးလာသည်။
” ထာဝရကျောင်းက ရှေးဟောင်းမျိုးစေ့တွေက တစ်ခြားသူတွေအတွက် စီစဉ်ထားပြီးသားဆိုတာကို ကျုပ်ဘာလို့ မှတ်မိနေပါလိမ့်..”
ဤသည်မှာ ထာဝရကျောင်းမှ စကားကို ယုံကြည်မှုလျော့ကျစေသည့် စကားဖြစ်သလို ရှီဟောင်ကို အကောင်းဆုံးမျိုးစေ့ရအောင် ကူညီပေးသည့်စကားလည်းဖြစ်သည်။
“ထာဝရကျောင်းက လူအိုကြီးတွေ .. ခင်ဗျားတို့ တစ်ခြားသူတွေကို မလှည့်စားသင့်ဘူး .. ရှေးဟောင်းမျိုးစေ့တွေအကုန်လုံးက ကောင်းကင်ဘုရင်လေးနဲ့ တစ်ခြားသူတွေအတွက် ခွဲပြီးသွားပြီ .. ဒီလူငယ်လေး မင်းတို့ကျောင်းကို လိုက်သွားရင်တောင် သူ့အတွက် ပြိုင်ဘက်ကင်း အဖိုးတန်မျိုးစေ့ ရှိတော့မှာ မဟုတ်ဘူး .. အဲဒါက သူ့ကို ထိခိုက်စေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား ..” အလေးအမြတ်ကျောင်းမှ လူအိုတစ်ယောက် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ သူသည် ရေနှစ်နေသည့်သူကို ဝါးကူထိုးလိုက်ခြင်းပင်။
“အဓိပ္ပာယ်မရှိတာ .. မသုံးရသေးတဲ့ အဖိုးတန်မျိုးစေ့တွေ ရှိသေးတယ် .. အဲဒီထဲက တစ်ခုကို ကောင်းကင်နတ်ဘုရားကျောင်းက အကောင်းဆုံးတပည့်ကို ပေးမှာ..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး ဒေါသတကြီး ပြောလိုက်သည်။
“ကျုပ်ကြားတာတော့ အဲဒီမျိုးစေ့က ကောင်းကင်နတ်ဘုရားကျောင်းက လူတွေလက်ထဲရောက်မှာဆိုပေမယ့် အဲဒီမျိုးစေ့ကို သက်ရှည်မိသားစုက ကလေးတစ်ယောက်ကို ပေးဖို့ စီစဉ်ပြီးသားဆို..”
ဒုတိယအကြီးအကဲမှ ဖြတ်ပြောလိုက်သည်။
ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး၏မျက်နှာမှာ နီတစ်လှည့်စိမ်းတစ်လှည့်ဖြစ်သွားကာ “ကျုပ် နည်းလမ်းရှာလိုက်ပါ့မယ် .. ထာဝရကျောင်းကို ဆက်သွယ်ပြီးတော့ ပြီးပြည့်စုံတဲ့မျိုးစေ့တစ်ခု စီစဉ်ထားပေးဖို့ ပြောလိုက်မယ်”
“နောက်ဆုံးတော့လည်း အဲဒီမျိုးစေ့တွေအားလုံးက ပိုင်ရှင်ရှိနေတာပဲ .. ခင်ဗျား ဆုံးဖြတ်ချက်ချခွင့်မရှိသလို ဘာမှလည်း ပြောင်းလဲနိုင်မှာမဟုတ်ဘူး .. နောက်ထပ်တစ်ခု ရှာလိုက်မယ်ဟုတ်လား .. ဒါက ပြောတာတော့လွယ်တာပေါ့ .. တစ်ခုကို သေချာပေါက်ရှာတွေ့ပါမယ်လို့ ခင်ဗျားအာမခံနိုင်လို့လား..”
အလေးအမြတ်ကျောင်းမှ လူအိုကြီး လှောင်ရယ်လိုက်သည်။ ထို့နောက် ရှီဟောင်အား ကြည့်လိုက်ကာ “ကလေး .. ဒီထာဝရကျောင်းကို မသွားရလဲ ဘာမှမဖြစ်ဘူး .. ကိစ္စအတော်များများက သူတို့ဆုံးဖြတ်ထားပြီးသား ကိစ္စတွေ .. မင်းအဲဒီကိုသွားရင် မင်းတစ်ခြားသူတွေကို နိုင်,နိုင်မှာမဟုတ်ဘူး..”
အပိုင်း ၁၄၂၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၇ – ရွေးချယ်မှု
“ခင်ဗျား..”
ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး၏ အမူအရာ သိပ်မကောင်းတော့ပေ။ သူ၏မျက်လုံးမှ အဖြူရောင်လျှပ်စီးအလင်းတန်းနှစ်ခု ထွက်လာသလိုပင်။ သို့သော်လည်း သူ ဘာပြန်ပြောနိုင်မည်နည်း.. ထိုပြိုင်ဘက်ကင်းသည့်မျိုးစေ့များမှာ အခြားသူများအား ပေးမည်ဟု ကတိပေးပြီးသားပင်။ သူတို့စကားပြန်နုတ်၍ မရတော့။
အမှန်တကယ်၌ အချို့သူများမှာ မျိုးစေ့များနှင့် ပေါင်းပင် ပေါင်းစပ်ပြီးသွားလေပြီ။
“လူအိုကြီး .. ခင်ဗျားသေချာစဉ်းစား .. ခင်ဗျား ဒီလိုမျိုးလုပ်နေတာက သူတို့ကို မြေတောင်မြှောက်ပေးတာလား .. သူတို့အချိန်တွေကို ဖြုန်းနေတာလား..” အလေးအမြတ်ကျောင်းမှ အကြီးအကဲသည် ဒဏ်ရာပေါ်သို့ နောက်တစ်ကြိမ် ထပ်လှီးချလိုက်သည်။
“အဲဒီတော့ မင်းပြောချင်တာက သူက ငါ့ရဲ့ ထာဝရကျောင်းကို မလာရင် မင်းရဲ့ အလေးအမြတ်ကျောင်းကို သွားရမှာလား.. ” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး အေးစက်စွာပင် ရယ်မောလိုက်သည်။ သူသည် တစ်ဖက်လူ၏ အားနည်းချက်ကို နင်းချေလိုက်လေသည်။ “လက်ရှိလောကရဲ့နည်းလမ်းတွေကို ကျင့်ကြံတာက ပြိုင်ဘက်ကင်းတဲ့ ထာဝရရတနာမျိုးစုံ လိုအပ်တယ် .. မင်း မင်းရဲ့ ထာဝရဆေးတွေကို ခွဲပေးချင်လို့လား .. အဲဒီပစ္စည်းတွေက တစ်ခြားသူတွေကို ပေးပြီးသွားပြီ ဟုတ်တယ်မလား .. ပြီးတော့ နဂါးအစစ်နှလုံးသွေးကို မင်း လူတစ်ချို့ကို ပေးလိုက်ပြီမလား .. ကောင်းကင်ဖီးနှစ်ရဲ့ ပြန်မွေးဖွားတဲ့စွမ်းအင်ကိုလည်း တစ်ခြားသူ ယူပြီးသွားပြီ .. တစ်ခြားပစ္စည်းတွေလည်း သူများကို ပေးနိုင်စရာအကြောင်း မရှိဘူး..”
ဤစကားများမှာ ရှီဟောင်ကို အလွန်ထိတ်လန့်သွားစေရုံသာမက ကောင်းကင်နတ်ဘုရားကျောင်းမှ ဒုတိယအကြီးအကဲကိုပင် တုန်လှုပ်သွားစေသည်။ အလေးအမြတ်ကျောင်း၏ နောက်ခံမှာ တကယ်ကို အံ့အားသင့်စရာ ကောင်းလှသည်။
နဂါးအစစ်၏ နှလုံးသွေး၊ ဖီးနှစ်ပြန်လည်မွေးဖွားပြီးနောက်ရလာသည့် သွေးစွမ်းအင်၊ ကောင်းကင်ဦးချိုပုရွက်ဆိတ်၏ ခွန်အားသွေး .. ဤအရာများမှာ သာမန်သွေးများ မဟုတ်ပေ။
နဂါးတစ်ကောင်တွင် နှလုံးသွေး ဘယ်နှစက်ရှိနိုင်မည်နည်း..
“ကျုပ်ရဲ့ အလေးအမြတ်ကျောင်းမှာ အရင်းအမြစ်တွေ အများကြီးရှိတယ် .. ကောင်းကင်ရတနာတွေလည်း မရေမတွက်နိုင်အောင်ရှိတယ် .. ကောင်းကင်ဘုံကိုးခုက သဘာဝကံကောင်းမှုတွေကို စုစည်းထားတာ .. ရှီဟောင်ရဲ့ဝေစုလည်း ပျောက်သွားမှာမဟုတ်ဘူး..” အလေးအမြတ်ကျောင်းမှ အကြီးအကဲက သူ့ရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။
“ဟား ဟား .. မင်းက မင်းရဲ့ကျောင်းတစ်ကျောင်းလုံးအတွက် ဆုံးဖြတ်ချက် ချနိုင်တာလား.. အဲဒီပစ္စည်းတွေက အစောကြီးကတည်းက တစ်ခြားသူတွေအတွက် စီစဉ်ထားပြီးသားဆိုတာ ငါ မသိဘူးများ ထင်နေတာလား..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ရှီဟောင် တိတ်ဆိတ်သွားရ၏။ ကျောင်းနှစ်ကျောင်းမှာ ထိုမျှမရိုးရှင်းပေ။ နှစ်ဘက်လုံးတွင် အဖိုးတန်ပစ္စည်းများရှိနေသော်လည်း မည်သည့်ကျောင်းမှ သူ့အား အာမခံချက် မပေးနိုင်ပေ။
“မင်းတို့အားလုံး သိတဲ့အတိုင်းပဲ ဒီကလေးရဲ့ ပါရမီတွေက ထူးခြားတယ် .. ဒါပေမဲ့ သူက ထာဝရကျောင်း ဒါမှမဟုတ် အလေးအမြတ်ကျောင်းကို ဝင်ပြီးတော့မှ ဘာမှမရဘူးဆိုရင် သူက ဘာလို့ သွားနေဦးမှာလဲ .. ကျမ်းစာတွေအတွက်ကတော့ ငါတို့လည်း သူ့အတွက် ရှာပေးနိုင်တယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ ဒုတိယအကြီးအကဲသည် ရှီဟောင် ကောင်းကင်ရတနာများရရန် ကူပြောလိုက်သည်။
“စိတ်မပူပါနဲ့ .. အလေးအမြတ်ကျောင်းမှာ ရှီဟောင်ကို လက်ဆောင်ပေးဖို့ ကောင်းကင်ဦးချို ပုရွက်ဆိတ်ရဲ့ ခွန်အားသွေး ရှိဦးမှာပါ .. သူက အစကတည်းက ခန္ဓာကိုယ်ကျင့်ကြံသူနဲ့ တူတာပဲ .. အဲဒီတော့ ဒီသွေးကိုသာ ရသွားရင် သူက တဟုန်းဟုန်း ထွန်းေတာက်လာမှာ..” အလေးအမြတ်ကျောင်းမှ အကြီးအကဲ ပြုံး၍ ပြောလိုက်သည်။
“မင်းလက်လျော့လိုက်တာ ပိုကောင်းတယ် .. ဒီလိုမျိုးသွေးက အရမ်းအဖိုးတန်တယ်ဆိုတာ ငါအစောကြီးကတည်းက သိပြီးသား .. အဲဒါကို သိမ်းထားတယ်ဆိုတာ မဖြစ်နိုင်ဘူး .. သေချာပေါက် တစ်ခြားသူတွေအတွက် သတ်မှတ်ထားပြီးသားဖြစ်မှာပဲ .. မင်းရဲ့အစီအစဉ်က ပြန်သွားပြီးတော့ နည်းနည်းလောက် စကားပြောရုံပဲ .. ဒီလိုလုပ်တာ အဓိပ္ပာယ်ရှိရဲ့လား..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး လှောင်ရယ်လိုက်သည်။
“စီနီယာတွေက သူတို့ရဲ့ ရိုးသားမှုကို ပြသဖို့ပဲ လိုအပ်တာ .. ရှီဟောင် သွားမယ့်နေရာတိုင်းကို ကျုပ်က လေလံပစ်တဲ့သူကိုင်တဲ့ တူလိုမျိုး လုပ်ပေးမှာ..” ကောင်းကင်နတ်ဘုရားကျောင်းမှ ဒုတိယအကြီးအကဲ ပြောလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ လူများသည် အရိုးယဇ်ပုလ္လင်လေးကို ထုတ်ကာ စတင်ကမ်းလှမ်းလာသည်။
အရိုးဖြူယဇ်ပုလ္လင်လေး တောက်ပလာကာ မှုန်ဝါးလာသည်။ သူတို့ရေးထားသည့် အရိုးစာအုပ်များကို ယဇ်ပုလ္လင်ထက်သို့ တင်လိုက်ကာ အဖြေရလာရန် စောင့်နေကြသည်။ ဤသည်မှာ ဝေးကွာသည့် အကွာအဝေးများကို ဆက်သွယ်သည့် နည်းလမ်းတစ်မျိုးပင်။
သူတို့အချိန်အတော်ကြာအောင် စောင့်နေရပြီး ရှီဟောင်ရှိနေသည့်နေရာမှာ တိတ်ဆိတ်နေသည်။
ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်း၌ လှုပ်ရှားသက်ဝင်နေသည်။ ပါရမီရှိသည့် တပည့်အချို့သည် ဝန်းရံခံနေရကာ ကျောင်းနှစ်ကျောင်းမှ ကျင့်ကြံသူများသည် ထိုသူများကို ခေါ်နိုင်ရန် ကြိုးစားနေကြသည်။
“တာအိုကို ရပြီးတော့ ထာဝရသက်ရှိဖြစ်လာတယ်ဆိုတာက ကျင့်ကြံခြင်းရဲ့ အမြင့်ဆုံးနယ်ပယ်ပဲ .. အဲဒါက ကျင့်ကြံသူအားလုံးရဲ့ ပန်းတိုင်ပဲ .. မင်း ထာဝရကျောင်းကို မရွေးချယ်ရင် မင်းဘဝရဲ့အကြီးမားဆုံး နောင်တဖြစ်သွားလိမ့်မယ်..” ဤသည်မှာ ထာဝရကျောင်းမှလူများ သူတို့ကျောင်းကို ကြေငြာခြင်းပင်။
“ထာဝရရှေးဟောင်းခေတ်တောင် ပျက်စီးသွားပြီ .. ဒါတင် လုံလောက်နေပြီ .. အဲဒီနည်းလမ်းတွေက နောက်ကျကျန်နေခဲ့ပြီ .. အဲဒီစာအုပ်ပုံအဟောင်းကြီးတွေလည်း လေးမြတ်တဲ့ကျမ်းစာတွေအဖြစ် မသတ်မှတ်ထိုက်တော့ဘူး..” အလေးအမြတ်ကျောင်းမှ လူများ ရယ်မော၍ ပြောလိုက်သည်။ ထို့အပြင် လက်ရှိလောက၏ နည်းလမ်းများကို ရွေးချယ်ခြင်းသာ တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း သူတို့အား ဖိအားပေးနေလေသည်။
ကျောင်းနှစ်ကျောင်းသည် ထိုဂျီးနီးယပ်စ်များအတွက် တိုက်ခိုက်လာကြလေ၏။
ခဏကြာသည့်ပြီးနောက်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှလူများ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ အမှန်တကယ်တွင် သူတို့သည် အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသားပင်။
သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ လုထော်နှင့် အခြားသူများ ထာဝရကျောင်းကို ရွေးချယ်ကြပြီး နျင်ချွမ်း၊ ဝမ်ရှီးနှင့် အခြားသူများက အလေးအမြတ်ကျောင်းကို ရွေးချယ်ကြည်။
ဝမ်ရှီးသည် မူလက ထာဝရကျောင်းသို့သွားရန် စီစဉ်ထားသော်လည်း သူမ မိသားစု၏ တိုက်တွန်းမှုကြောင့် အလေးအမြတ်ကျောင်းကိုသာ ရွေးချယ်လိုက်ရသည်။ ထိုနေရာတွင် သူမ အမျိုးသားဖြစ်လာမည့်သူ ရှိနေသည် မဟုတ်ပေလော။
“ငါ့ကို ခေါ်ဖို့ကြိုးစားမနေကြနဲ့တော့ .. ငါ ထာဝရကျောင်းကို သွားစရာအကြောင်း မရှိဘူး .. ငါ အလေးအမြတ်ကျောင်းကို သွားမယ်လို့ အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသား..” ဖက်တီးလေး ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
ထာဝရကျောင်းမှလူများမှာ ဒေါသထွက်လွန်းသောကြောင့် နားထဲမှ မီးခိုးများပင် ထွက်မတတ်ပင်။ ရှီဟောင် ငရဲကြီးကိုးထပ်အိုနှင့် တိုက်ခိုက်သည့်အချိန်တုန်းကလည်း သူ စကားကောင်းကောင်း မပြောခဲ့။ သူတို့က အဘယ်ကြောင့် သူ့အား ဖိတ်ခေါ်ရမည်နည်း..
“မင်းဖြစ်ချင်တာတွေ ပြောမနေပါနဲ့..” ထာဝရကျောင်းမှ လူငယ်တစ်ယောက် မကျေမနပ်ပြောလိုက်သည်။
“မင်းတို့က ငါ့ကိုဖိတ်ဖို့လာတာမဟုတ်ဘူးဆိုရင် ဘာလို့လာတာလဲ..” ချောင်ယုရှင်း လေသံမြင့်မြင့်ဖြင့်ပင် မေးလိုက်သည်။
“ငါတို့က ဒီနတ်သမီးလေးကို ဖိတ်ခေါ်ဖို့လာတာ..” ထာဝရကျောင်းမှလူများ လကျောက်စိမ်းယုန်ကို ကြည့်လိုက်ကြသည်။
“ဘာ .. ဒီယုန်က ငရဲကြီးရှစ်ထပ်အိုအသားကို စားမယ်လို့တောင် ပြောခဲ့တာလေ .. သူက ချက်စားရမလား .. ကင်စားရမလားလို့တောင် ပြောခဲ့သေးတာ .. မင်းတို့က သူ့ကိုလိုချင်တာလား..” ချောင်ယုရှင်း သူမအား ဖော်လိုက်သည်။
ထာဝရကျောင်းမှ လူများ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ သူတို့ ဤမိန်းကလေးကိုဖိတ်ခေါ်လိုခြင်းမဟုတ်။ သူမ လက်ထဲတွင်ရှိနေသည့် သန့်စင်သည့်ချီလင်းလေးကြောင့် သူတို့ အရဲတင်းကာ ရောက်လာကြခြင်းပင်။
ထို့အပြင် သူတို့နောက်၌ မကောင်းဆိုးဝါးအိုကြီးတစ်ယောက် ကိုယ်တိုင် အလောတကြီး လိုက်လာလေသည်။
“ကျွန်မရဲ့ချီလင်းလေးက နတ်ဆေးပင်တွေ စားရတာ ကြိုက်တယ် .. ၁၀ ရက်ကိုဆေးပင်တစ်ပင်စားတယ် .. ရှင်တို့မှာ လုံလုံလောက်လောက်ရှိလို့လား..” ယုန်ဖြူလေး ရယ်မော၍ ပြောလိုက်သည်။
သူက နတ်ဆေးပင်ကို မုန်လာဥများ မှတ်နေတာလား .. အားလုံး မကျေမနပ်ဖြစ်သွားကြသည်။
သို့သော် လူအိုကြီးသည် ပြုံးလိုက်ကာ “ငါတို့တွေ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာလို့ရပါတယ်..”
“လူငယ်လေး .. မင်းငါ့ရဲ့ အလေးအမြတ်ကျောင်းထဲ ဝင်ချင်လား..” အကြီးအကဲတစ်ယောက် ရောက်လာကာ ချောင်ယုရှင်းနှင့် အခြားသူများကို လာရောက်ဖိတ်ခေါ်လေသည်။
“ဝင်ချင်တာပေါ့…” ဖက်တီးလေးသည် ချက်ချင်းပင် ခုန်ပေါက်သွားလိုက်လေသည်။ ဤသည်မှာ ထာဝရကျောင်းမှလူများ သူ့ကို ရိုက်ပစ်ချင်သည်အထိ ဒေါသထွက်သွားစေလေ၏။
ခဏကြာပြီးသည့်နောက် ကောင်းကင်နတ်ဘုရားကျောင်း တည်ငြိမ်သွားသည်။ လူများစွာမှာ ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။
“ရှီဟောင် မင်း ထာဝရကျောင်းကို သွားမှာလား.. မင်းက အခုလေးတင် ငရဲကြီးရှစ်ထပ်အိုကို အနိုင်ယူထားတာ .. မင်း ကောင်းကင်ဘုရင်လေးနဲ့လဲ တိုက်ရဦးမှာပဲ .. မင်း အဲဒီကိုသွားရင် သူတို့မင်းကို ခက်ခဲအောင်လုပ်လိမ့်မယ်..” ချောင်ယုရှင်း အပြေးလေး ရောက်လာကာ သူ့အားအလေးအမြတ်ကျောင်းသို့ဝင်ရန် ပြောလာသည်။
ထို့နောက် သူ၏သူငယ်ချင်းဟောင်းအားလုံးပေါ်လာသည်။ ချင်းယီမှလွဲလျှင် ကျန်သည့်သူများမှာ အလေးအမြတ်ကျောင်းသို့သွားမည်ပင်။
“ငါ တစ်ခြားသတင်းတွေကို စောင့်နေတာ..” ရှီဟောင် ပြန်ပြောလိုက်သည်။ ကျောင်းနှစ်ကျောင်းမှ သူ့အား မည်ကဲ့သို့ ဆက်ဆံမည်ကို သူ ကြည့်ချင်သေးသးည်။
ခဏကြာပြီးသည့်နောက်တွင် ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး ပြန်ရောက်လာသည်။ သူ၏အသားအရေမှာ သိပ်မကောင်းပဲ မျက်မှောင်လည်းကြုတ်ထားသည်။ သူသည် ပါးစပ်ဟလိုက်သော်လည်း ပြောရန် ခက်ခဲနေသည်။
“စီနီယာ .. စိတ်ထဲရှိတာ ပြောလိုက်ပါ..” သူ၏တွေဝေနေမှုကို ရှီဟောင် မြင်နေရသည်ပင်။
“ရှေးဟောင်းမျိုးစေ့တွေအားလုံးက သတ်မှတ်ပြီးသားဖြစ်နေတယ် .. မျိုးစေ့တစ်စေ့က ကောင်းကင်နတ်ဘုရားကျောင်းကို ပေးမှာဆိုပေမယ့် အဲဒါက အရင်တုန်းက ထာဝရကျောင်းကို ကူညီပေးတဲ့ သက်ရှည်မိသားစုတစ်စုကို ကျေးဇူးပြန်ဆပ်ဖို့ပဲ..” မကောင်းဆိုးဝါးအိုကြီး သက်ပြင်းချ၍ ပြောလိုက်သည်။
ထို့နောက် သူ အလျင်အမြန်ပင် ထပ်ပြောလိုက်သည်။ “ဒါပေမဲ့ စိတ်မပူပါနဲ့ .. ရှေးဟောင်းမျိုးစေ့ အသစ်တစ်စေ့ကို ရတာနဲ့သေချာပေါက် မင်းအတွက် ဖြစ်စေရမယ်”
ရှီဟောင် ဘာမှမပြောပဲ ခေါင်းသာခါလိုက်သည်။
ချောင်းယုရှင်းနှင့် အခြားသူများသည် မကျေမနပ်ဖြင့်ပင် ရှီဟောင်အတွက် ပြောလာကြသည်။
“သူ ငရဲကြီးရှစ်ထပ်အိုကို အနိုင်ယူခဲ့တယ်ဆိုတာ စီနီယာတို့အားလုံးလည်း မြင်တာပဲ .. ဒီလိုမျိုးပါရမီရှိတဲ့သူ ဘယ်နှယောက်များ ရှိနိုင်လို့လဲ .. သူ့လိုလူမျိုးတောင်မှ ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းမျိုးစေ့တစ်စေ့ မရနိုင်ဘူးလား .. အဲဒါဆိုရင် ဘယ်သူက ထိုက်တန်တာလဲ .. ဒီလိုကျောင်းမျိုးက မသွားတာနဲ့အတူတူပဲ .. မတရားလိုက်တာ..”
အခြားသူများလည်း စိတ်ပျက်နေကြသည်။ ထာဝရကျောင်းသည် သူတို့တပည့်များအတွက် မတရားလွန်းရာကျသည်ဟု သူတို့ခံစားနေရသည်။
“အလေးအမြတ်ကျောင်းကိုလာခဲ့ … မင်း သွားစရာနေရာမရှိတာ မဟုတ်ဘူး..” သူတို့အားလုံး အော်ဟစ်လိုက်သည်။
ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ ရှက်နေကြရသည်။ သို့သော်လည်း အထက်မှလူများမှာ သဘောမတူကြပေ။ ထိုမျိုးစေ့များကို ခွဲဝေပြီးသွားပြီဖြစ်ပြီး ပြန်ပြောင်း၍မရတော့ကြောင်း ပြောခဲ့သည်။
ရှီဟောင် သက်ပြင်းချလိုက်၏။ ထာဝရကျောင်းမှာ ပါရမီရှိသည့်သူများ ရှိနေသည့်နေရာပင်။ ကောင်းကင်ဘုရင်လေးကဲ့သို့သော လူများ တစ်ယောက်၊နှစ်ယောက်မျှသာ မဟုတ်။ ထို့ကြောင့်ပင် မကောင်းဆိုးဝါးအိုကြီးများ သူတို့အစီအစဉ်ကို မပြောင်းလဲခြင်းပင်။
ခဏကြာပြီးသည်နောက် အလေးအမြတ်ကျောင်းမှ အကြီးအကဲလည်း ရှက်ရွံ့စွာ ပြန်ရောက်လာလေသည်။ “ကျုပ်ခြေတစ်လှမ်း နောက်ကျသွားတယ် .. သွေးအစစ်တွေအားလုံးက ခွဲဝေပြီးသွားပြီ..”
ယခုတစ်ခေါက်တွင်တော့ ဖက်တီးလေးနှင့် အခြားသူများ ပို၍ မကျေမနပ်ဖြစ်သွားကြသည်။ “အကြီးအကဲ .. အဲဒါဆိုရင် ကျွန်တော်တို့ အလေးအမြတ်ကျောင်းကိုသွားတာက ဘာထူးဦးမှာလဲ .. ပစ္စည်းကောင်းတွေကို ခွဲဝေပြီးသွားပြီဆိုတော့ အဲဒီမှာ ပညာသင်တာက ဘာအဓိပ္ပာယ်ရှိဦးမှာလဲ..”
“ငါတို့ မင်းတို့ရဲ့ရိုးတွင်ချင်ဆီတွေကို သန့်ရှင်းပေးပြီးတော့ သွေးကြောတွေကို သန့်စင်ပေးနိုင်တယ် .. မင်းရဲ့အတွင်းရတနာတွေကိုလည်း ဖွင့်ပေးနိုင်တယ် .. ထာဝရသွေးတွေ ထပ်ရလာရင် မင်းတို့ရဲ့တာအိုအုတ်မြတ်အခြေခိုင်အောင် လုပ်ပေးနိုင်တယ်..” အကြီးအကဲတစ်ယောက် ကျိန်ဆိုလိုက်သည်။
ဤလူအုပ်ကြီးမှာ မကျေမနပ်ဖြစ်နေဆဲပင်။
“စိတ်မပူနဲ့ .. အချိန်ကျလာရင် မင်းတို့ကို ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းစာသားတွေအားလုံးကို ကြည့်ခွင့်ပေးမယ် .. ဒါကို အလျော်ပေးတယ်လို့ သဘောထားလိုက်ပေါ့..” အလေးအမြတ်ကျောင်းမှ လူအိုကြီးက ကတိပေးလိုက်သည်။ သူသည် ယုန်ဖြူလေး၊ ချောင်ယုရှင်းနှင့်အခြားသူများကို အလေးထားရုံသာမက သူတို့မှတစ်ဆင့် ရှီဟောင်အား ခေါ်ယူလိုခြင်းပင်။
“အဲဒါဆိုရင် ဒီလိုလုပ်ရအောင် .. ရှီဟောင်က ကောင်းကင်နတ်ဘုရားကျောင်းမှာပဲ နေခဲ့လိုက် .. လူတစ်ယောက်ရဲ့ တာအိုအုတ်မြစ်ကို အခြေခိုင်အောင်လုပ်ဖို့ဆိုရင် ကျုပ်ရဲ့ကျောင်းက လုပ်ပေးနိုင်သေးတယ်..” ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။
ဤသည်မှာ အလေးအမြတ်ကျောင်းနှင့် ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ၏ အမူအရာကို ပြောင်းလဲသွားစေသည်။ ဒုတိယအကြီးအကဲ ဝင်ရောက်နှောက်ယှက်လိမ့်မည်ဟု သူတို့ မထင်ထားကြ။
“ကောင်းပြီလေ .. အဲဒါဆိုရင် ကျွန်တော် ကောင်းကင်နတ်ဘုရားကျောင်းမှာပဲ နေခဲ့တော့မယ်..”
ရှီဟောင်ပြုံး၍ ပြောလိုက်သည်။
“လူငယ်လေး ..မင်းသေချာစဉ်းစား .. ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှာ ထာဝရတရားကိုကျင့်ကြံဖို့အတွက် ထာဝရကျောင်းက အသင့်တော်ဆုံးပဲ..”
“လူငယ်လေး .. အလေးအမြတ်ကျောင်းမှာလည်း လှိုဏ်ဂူတွေအများကြီးရှိသလို မရေမတွက်နိုင်တဲ့ နတ်ရတနာတွေရှိတယ် .. လျှိုု့ဝှက်စာသားတွေတောင် ရှိတယ် .. အဲဒီနေရာက မင်း ဆက်ပြီးလေ့လာဖို့ လိုအပ်တဲ့နေရာပဲ..”
ကျောင်းနှစ်ကျောင်းမှ အကြီးအကဲ အလောတကြီးပင် ပြောလာကြသည်။
“ထားလိုက်ပါတော့ .. အဲဒီနေရာမှာ ဂျီးနီးယပ်စ်တွေပြည့်နေတာ .. ကျွန်တော်မရှိလို့ ဘာထူးခြားသွားမှာမို့လို့လဲ .. ကျွန်တော် ကောင်းကင်နတ်ဘုရားကျောင်းမှာပဲ နေခဲ့တော့မယ်..” ရှီဟောင် သူတို့စိတ်ပျက်သွားအောင် ပြောလိုက်သည်။
သူ တကယ်ကို ဤကဲ့သို့ခံစားနေရသည်။ ဤကျောင်းနှစ်ကျောင်းတွင် ဂျီးနီးယပ်စ်များစွာရှိနေသောကြောင့် သူ့ကို ထောက်ပံ့ပေးရန် ခက်ခဲလိမ့်မည်။ သူ့အား သိပ်ပြီး အလေးထားနိုင်မည် မဟုတ်။ ထို့ကြောင့် သူ ဤကျောင်း၌သာ နေခဲ့တော့မည်။
“အခုတော့ ငါ့ရဲ့ ကောင်းကင်နတ်ဘုရားကျောင်းမှာပဲ နေလိုက်ဦးပေါ့ .. ဒီမှာ ကျုပ်တို့သူ့ကို သင်ပေးနိုင်တာ ဘာမှမရှိတော့ဘူးဆိုရင်တော့ ကျုပ်တို့သူ့ကို ခင်ဗျားတို့ရဲ့ကျောင်းတွေ ဆီကို လွှတ်လိုက်ပါ့မယ်..” ဒုတိယအကြီးအကဲ ပြောလိုက်သည်။
“ဟုတ်သားပဲ .. ကျုပ်ကျောင်းက လူကြီးတစ်ချို့ပြောတာ နောင်နှစ်နည်းနည်းကြာရင် ကျောင်းသုံးကျောင်းလုံးကို ပြိုင်ဘက်ကင်းတဲ့ထာဝရကမ္ဘာမြေတစ်ခုကို ရွှေ့ကြမယ်တဲ့ .. အဲဒီအချိန်ကျရင် ကျုပ်တို့တွေ တွေ့ဖို့အတွက် ပိုလွယ်သွားမှာပဲ..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
ဤသတင်းမှာ ချောင်းယုရှင်း၊ ဂုကျင်းယွမ်၊ ဖုန်းဝူနှင့်အခြားသူများအား အံ့အားသင့်သွားစေသည်။
“ဟုတ်တယ်..” အလေးအမြတ်ကျောင်းမှ အကြီးအကဲလည်း ခေါင်းညိမ့်လိုက်သည်။
အခြားသူများထွက်သွားတော့မည့်အချိန်တွင် ရှီဟောင် သူ့သူငယ်ချင်းဟောင်းများကို ကျောင်းပေါက်ဝထိ လိုက်ပို့ကာ သူတို့ကို စိတ်ရင်းဖြင့် ဆုတောင်းပေးလိုက်သည်။
ကမ္ဘာကြီး ဖရိုဖရဲဖြစ်လာတော့မည်ဖြစ်ပြီး ဤသည်မှာ နောက်ဆုံးအကြိမ် ငြိမ်းချမ်းနေခြင်း ဖြစ်နိုင်သည်။ သူတို့ထံတွင် အချိန် သိပ်မရှိတော့။ ယခုအချိန်မှာ အရေးကြီးလှသည်။ သူတို့မြန်မြန် ကြီးပြင်းလာအောင် လုပ်ရမည်။
ကောင်းကင်နတ်ဘုရားကျောင်းကြီး တိတ်ဆိတ်သွားသည်။ ရှီဟောင်သည် မနှေးမမြန်ဖြင့်ပင် ကျောက်ခင်းလမ်းလေးအတိုင်း လျှောက်လာပြီး သူ၏ နည်းလမ်းများနှင့် အနာဂတ်လမ်းကြောင်းအကြောင်းကို စဉ်းစားနေလိုက်သည်။
ခရမ်းရောင်ဝါးရုံတောထဲမှ ပုံရိပ်တစ်ခု ထွက်လာသည်။ အကြီးအကဲအရှင်၏ ခန္ဓာကိုယ်အစစ် ပေါ်လာလေပြီ။
“မင်း ဒီကနေ ရှေ့ဆက်လျှောက်မယ့်လမ်းကို စဉ်းစားဖို့ ငါ မင်းကို အချိန် ၁၀ ရက်ပေးမယ် .. မင်း သေချာစဉ်းစားပြီးသွားရင် ငါ့ကို လာရှာလိုက်..” ထိုသို့ပြောပြီးနောက် အကြီးအကဲအရှင် ပျောက်ကွယ်သွားသည်။
သူက ပေါ်လာခဲလှသည်။ သူသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင်ရှိနေသည့် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက်ပင်။ ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများပင်လျှင် သူ့အား ကြောက်ရွံ့ကြရသည်။
ရှီဟောင် ထိုင်ချလိုက်ကာ သူ့ဘာသာသူ စဉ်းစားလိုက်သည်။ ထို့နောက် သူ ပစ္စည်းအချို့ကို ထုတ်ယူလိုက်သည်။
ဤသည်မှာ သူစီရင်စုသုံးထောင်မှ ယူလာခဲ့သည့် ရှေးဟောင်းအခေါင်းပင်။ ဤအခေါင်းကြီးထဲ၌ ချိတ်ပိတ်ထားသည့် ကျောက်စိမ်းစာအုပ်တစ်အုပ်ရှိနေသည်။ ဤသည်မှာ သူ ထာဝရရှေးဟောင်းခေတ်အကြွင်းအကျန်များမှ ရခဲ့သည့်အရာတစ်ခုပင်။
ထို့နောက် သူအရိုးစာအုပ်ကို ထုတ်လိုက်သည်။ ဤစာအုပ်မှာ အလွန်ထူးဆန်းလှသည်။ ဤသည်မှာ စီရင်စုသုံးထောင်တွင် ဂျီးနီးယပ်စ်များနှင့် တိုက်ခိုက်ခဲ့သည့်အချိန်က ထာဝရရှေးဟောင်းမြေအတွင်းပိုင်းဆုံးမှ ရခဲ့သည့်အရာပင်။ ဤသည်မှာ အခေါင်းထဲတွင်ရှိနေသည့် ကျောက်စိမ်းစာအုပ်ထက်ပင် ပို၍ အဖိုးတန်လောက်သည်။
ထို့နောက် ရှီဟောင်၏ခန္ဓာကိုယ် အနည်းငယ်တောက်ပလာကာ မျိုးစေ့တစ်စေ့ ပေါ်လာသည်။ ထိုမျိုးစေ့သည် ကြီးရာမှ သေးသွားသည်။ ဤသည်မှာ မျိုးစေ့ပုံပင် မဟုတ်တော့။ အစေ့ကို ဖရိုဖရဲစွမ်းအင်များ ဝန်းရံထားကာ ထူးဆန်းသည့်စွမ်းအင်အလင်းများလည်း တောက်ပနေသည်။
ဤမျိုးစေ့တွင် အရွယ်မရောက်လာသေးသည့် ထာဝရရတနာတစ်ခု ရှိသေးသည်။ ဤသည်မှာ သူ အာကာသကလန်၏ ရှေးဟောင်းမိုင်းတွင်းမှ ရခဲ့သည့်အရာပင်။
ဤပစ္စည်းများမှာ ရှီဟောင်အတွက် အလွန်အရေးကြီးသည်။ ဤသည်မှာ သူ၏အနာဂတ်လမ်းကြောင်းနှင့်ပင် ဆက်စပ်နေနိုင်သည်။
အပိုင်း ၁၄၂၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၈ – ခန္ဓာကိုယ်အား မျိုးစေ့အဖြစ် အသုံးပြုခြင်း
ခရမ်းရောင်ဝါးရုံတောမှာ အလွန်အေးချမ်းလှသည်။ ရှီဟောင်ကို နှောက်ယှက်မည့်သူ မရှိ။ ဝါးပင်တစ်ပင်စီတိုင်းသည် တောက်ပနေကာ သစ်ရွက်များလည်း နူးညံ့လှသည်။
ရှီဟောင် တိတ်ဆိတ်စွာပင် တရားထိုင်နေပြီး သူ့ရှေ့မှ အရာများကို လေ့လာကြည့်လိုက်သည်။ ဒီနေ့ကစပြီးတော့ ငါ ဘယ်လမ်းကြောင်းကို ဆက်လျှောက်ရမှာလဲ.. သူ့ကိုယ်သူ လေးလေးနက်နက်စဉ်းစားလိုက်သည်။
ဒီပစ္စည်းတွေနဲ့ သူ ရှေးဟောင်းလမ်းကြောင်းကို လိုက်လို့ရမလား..
ဤထူးဆန်းသည့်မျိုးစေ့ မည်သည့်ပုံစံဖြစ်မည်ကို သူမသိ။ ဤထဲတွင် ဘာရှိနေသည်ကိုပင် သူ မသိပေ။ ဤသည်မှာ ထာဝရရွှေ သို့မဟုတ် တစ်ခုခုဖြစ်လိမ့်မည်ဟုသာ ချီသော်လင်း ပြောခဲ့ခြင်းပင်။
ပြောရမည်ဆိုလျှင် သူ့ထံ၌ အခြားရွေးချယ်စရာများ ရှိသေးသည်။ လက်ရှိလောက၏နည်းလမ်းများလည်း သူ့ကို စောင့်ကြိုနေသည်ပင်။
သူသည် ကောင်းကင်လမ်းကြောင်းကို တစ်ခုတည်းဖြစ်အောင် ကျင့်ကြံနိုင်ခဲ့ကာ ရှေးခေတ်မှလူများထက် သာလွန်ခဲ့သည်။ သူသာ ပြီးပြည့်စုံသည့်မျိုးစေ့ရလျှင် ရှေးဟောင်းပညာများကို ပစ်ပယ်ပြီး လက်ရှိလောကလမ်းကြောင်းအတိုင်း ဆက်လျှောက်၍ရသည်။
သို့သော်လည်း ရှီဟောင် ရှေးဟောင်းနည်းလမ်းများကို မစွန့်ပစ်နိုင်ဖြစ်နေသည်။ သူ ရှေးဟောင်းနည်းလမ်းများကို အရင်ကျင့်ကြံပြီးမှ လက်ရှိလောက၏ နည်းလမ်းများကို လေ့ကျင့်မည်။ နှစ်ဘက်လုံးကို ကိုးကားကာ သူ၏ကျင့်ကြံခြင်းကို တိုးတက်အောင်လုပ်မည်။
သူသည် အလွန်ရည်မှန်းချက်ကြီးသည့်သူပင်။ ဤသည်မှာ သူ စိတ်ကြီးဝင်နေသောကြောင့်မဟုတ်သလို သူ့ကိုယ်သူ ယုံကြည်ချက်လွန်ကဲနေသောကြောင့်လည်း မဟုတ်။ ဤသို့လုပ်ရန် သူ ဖိအားပေးခံနေရခြင်းပင်။ တစ်ဖက်လောကမှ လူများမှာ သန်မာလှသည်။ သူတို့သည် ထာဝရရှေးဟောင်းခေတ်တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ကြသလို ထာဝရသက်ရှိများကိုပင် သတ်ခဲ့ကြသည်။
သူတို့ကို တိုက်ခိုက်ရန်အတွက် ပို၍စွမ်းအားကြီးရန် လိုအပ်ကြောင်း သူ့အား နားလည်စေသည်။
ရှီဟောင် စွမ်းအားအကြီးဆုံးလူ ဖြစ်လာပြီး ထိပ်ဆုံး၌ ရပ်နေချင်သည်။ ထိုမှသာ သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်။
သူ ရှင်းခံလိုက်ရမည့် မြေစာပင်လေး မဖြစ်ချင်။ သူက သမိုင်း၏ပြာမှုန့်လေးများ မဖြစ်ချင်ပေ။ သူ ဆက်လက်ရှင်သန်ပြီး သူချစ်ရသည့်သူများနှင့် သူငယ်ချင်းများကို ကာကွယ်ပေးချင်သည်။
ဖြစ်နိုင်လျှင် သူ လောကကြီးကို ပြောင်းပြန်လှန်ပစ်လိုက်ချင်သည်။ သမိုင်းကို ပြောင်းလဲပစ်ချင်သည်။ ဤကမ္ဘာကြီးကို မပျက်စီးစေပဲ အောင်မြင်မှုကြီး ရလိုက်စေချင်သည်။
ရှီဟောင်က ကျမ်းစာ၊ ထာဝရတည်ရှိနေမည့်ဓား၊ မူလရှေးဟောင်းမှတ်တမ်းနှင့် အခြားအရာများကို ပြန်သိမ်းထားလိုက်ကာ ထိုမျိုးစေ့တစ်ခုတည်းသာ ချန်ထားလိုက်သည်။ ထိုမျိုးစေ့မှာ ကြီးလိုက်သေးလိုက် ပြောင်းလဲနေဆဲပင်။
ဤမျိုးစေ့မှာ မတည်ငြိမ်သေးသလို သူ၏အဆင့်ကိုလည်း မသိရသေး။ သူ ဒါကို မျိုးစေ့အဖြစ်သုံးလို့ကော ရရဲ့လား..သူအမြဲ ရှုပ်ထွေးနေခဲ့ရသည်။
“ငါ လက်ရှိလောကရဲ့ နည်းလမ်းတွေကို အရင်ကျင့်ကြံပြီးတော့မှ ရှေးဟောင်းနည်းလမ်းတွေကို လေ့ကျင့်သင့်လား ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သင့်တော်သည့်မျိုးစေ့သာမရှိပါက ဤသည်မှာ တစ်ခုတည်းသော ရွေးချယ်မှုပင်။
သို့သော် လက်ရှိလောကနည်းလမ်းကို ကျင့်ကြံလျှင် အဆင့်တက်ရန်အတွက် ကောင်းကင်ပစ္စည်းမျိုးစုံ လိုအပ်သည်။ သူ ကောင်းကင်လမ်းကြောင်းကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်သည့်အချိန်က မိုးမခနတ်ဘုရား၏စွမ်းအင် ရောက်ရှိလာပြီး သူ့အားကူညီပေးခဲ့ခြင်းကို သူ မှတ်မိသေးသည်။
ယခုလည်း ထိုသို့ပင်။ အလေးအမြတ်ကျောင်းမှလူများ၏ ပြောစကားများအရ နဂါးနှလုံးသွေး၊ ကောင်းကင်ဦးချိုပုရွက်ဆိတ်၏သွေးတို့၏ အကူအညီရလျှင် အကောင်းဆုံးပင်။
ကောင်းကင်နတ်ဘုရားကျောင်း၌ ထိုအရာများရှိသလား..
ကျောင်းမှ မသန့်စင်သည့် ဖီးနှစ်သွေးရှိသည်ကို ရှီဟောင် သိသည်။ သို့သော်လည်း ထိုသွေးများအားလုံးကို ခွဲဝေပြီးသွားလေပြီ။
သူသည် အချိန် ၁၀ ရက်လုံး သုံး မနေပဲ အကြီးအကဲအရှင်အား သွားရှာလိုက်သည်။ သူ အချိန်မဖြုန်းချင်။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် စက္ကန့်တိုင်းမှာ အရေးကြီးနေသည်ပင်။
အကြီးအကဲအရှင်နေသည့် နေရာမှာ အလွန်ရိုးရှင်းလှသည်။ ဤသည်မှာ ဝိညာဉ်တောင်တစ်လုံးမဟုတ်သလို ဆေးပင်များပြည့်နေသည့် ပန်းခင်ကြီးလည်းမဟုတ်ပဲ ရွှံ့တောကြီးပင်။
ထိုနေရာတွင် တဲအိမ်လေးတစ်လုံးရှိနေသည်။ ထိုတဲအိမ်မှာ ရိုးရှင်းလှပြီ တာအိုအော်ရာများ မရှိသလို ထာဝရစွမ်းအင်များလည်း မရှိပေ။
တဲအိမ်ဘေး ပတ်ပတ်လည်တွင် တစ်ခုနှင့်တစ်ခု ဆက်မနေသည့် ရွှံအိုင်အနည်းငယ် ရှိနေသည်။ ထိုအိုင်များထဲတွင် ရေချိုငါးလေးနှင့် နဂါးငါးလေးများ ရံဖန်ရံခါ ပေါ်လာတတ်သည်။
အကြီးအကဲအရှင်သည် လျှော်ပင်ဖြင့်ရက်လုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး အညိုရောင်ကျောက်တုံးကြီးပေါ်၌ ထိုင်နေသည်။ သူ၏လက်ထဲတွင် ဝါးပစ္စည်းတစ်ခုရှိနေသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်သက်တောင့်သက်သာဖြစ်နေသည့်ပုံပင်။
ရှီဟောင် သူ့ကို မနှောက်ယှက်ပဲ တိတ်တိတ်လေးသာ စောင့်နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ငါးစာကို တစ်စုံတစ်ခု လာဟပ်နေပြီဖြစ်ကြောင်း သူတွေ့လိုက်ရသည်။
ငါးစာမှာ အတော်လေး ကောင်းမွန်လှသည့် မြင့်မြတ်ဆေးပင်တစ်ပင်ပင်။ ရေအောက်တွင်ရှိနေသောကြောင့်သာမဟုတ်ပါက ဆေး၏မွှေးရနံ့များ သင်းပျံ့နေလောက်သည်။
ဤသည်မှာ ရှီဟောင်အား ထိတ်လန့်သွားစေ၏။ အကြီးအကဲအရှင် ဘာမျှားနေတာလဲ .. သူက ဘာလို့ မြင့်မြတ်ဆေးပင်ကိုတောင် ငါးစာအဖြစ်သုံးနေတာလဲ.. ဤသည်မှာ ပိုလွန်းလှသည်။
ငါးမျှားတံ ညွှတ်ကျသွားသောကြောင့် တစ်စုံတစ်ခုမှ ကိုက်နေသည်မှာ သေချာသည်။ အကြီးအကဲအရှင် ငါးမျှားတံကို ဆွဲလိုက်သည်နှင့် သတ္တဝါတစ်ကောင် ခုန်ထွက်လာသည်။ ထိုသတ္တဝါသည် မြင့်မြတ်ဆေးပင်အား မလွှတ်တမ်းခဲထားလေ၏။
ဤသည်မှာ တစ်ပေခန့်ရှိသည့် အဖြူရောင်လိပ်လေးပင်။ သူ၏အခွံမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီးထူးဆန်းလှသည်။ သို့သော်လည်း သူ၏ဖြူဖွေးနေသည့်ခေါင်းမှာ ကျားခေါင်းဖြစ်နေသည်။
သူ၏အမြီးမှာ တစ်မီတာခန့်ရှည်ပြီး မြွေအမြီးကဲ့သို့ဖြစ်နေသည်။
ဒါက လိပ်တောင် ဟုတ်သေးရဲ့လား ..
ရှီဟောင် တစ်ခုခုကို စဉ်းစားမိသွားကာ သူ၏မျက်လုံးများ တောက်ပလာသည်။ “ဒါက .. ရတနာရှစ်သွယ်လိပ်လား…”
“ဟုတ်တယ် အဲဒီကောင်ပဲ .. ငါ့ရဲ့ငါးမျှားချင်စိတ်ကို ဖျက်ဆီးနေတဲ့ကောင်..” အကြီးအကဲအရှင် ပြုံး၍ ပြောလိုက်သည်။ ထို့နောက် ထိုလိပ်ကို ရွှံ့အိုင်ထဲသို့ ပြန်ထည့်ပေးလိုက်လေသည်။
“ရတနာရှစ်သွယ်လိပ်က အရမ်းကောင်းတဲ့ဆေးပဲ..” ရှီဟောင် သူ၏တံတွေးများကို သုတ်ကာ ပြောလိုက်သည်။ ဤသည်မှာ အလွန်အဖိုးတန်ပြီး အရသာအရှိဆုံး အရာတစ်ခုပင်။
ထို့အပြင် ဤလိပ်ထံမှ သွေးများပြန်ပြည့်စေသည့် အစွမ်းရှိသည်။ လူတစ်ယောက် သွေးစွမ်းအင် ခြောက်ခမ်းသွားသည်နှင့် ဤသည်ကို ဆေးအဖြစ်သုံး၍ရသည်ပင်။
ဤသည်မှာ အသက်ကြီးသည့် ကျင့်ကြံသူများ ခေါင်းခဲနေရသည့်ကိစ္စပင်။ မည်သူမှ အချိန် စွမ်းအားကို မခုခံနိုင်ကြ။ တစ်နေ့ကျလျှင် သူတို့သွေးစွမ်းအင်ခြောက်ခမ်းသွားကာ ခန္ဓာကိုယ်များလည်း ညှိုးရော်သွားမည်ပင်။ ဤရတနာရှစ်သွယ်လိပ်သည် သူတို့၏ အသက်ကြီးမှုကို လျော့ချပေးနိုင်သည်။
ဤကဲ့သို့သော သတ္တဝါမျိုး ရွှံအိုင်ထဲ၌ ရှိနေလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့။ အကြီးအကဲအရှင် မြင့်မြတ်ဆေးပင်ကိုသုံးကာ မျှားနေသည်မှာ အံ့ဩစရာ မရှိတော့။
ဒါပေမဲ့ အကြီးအကဲအရှင်က မိပြီးတော့မှ ဘာလို့ ပြန်လွှတ်ပေးတာလဲ..
“ငါမျှားတာက အဲဒီလိပ်မဟုတ်ဘူး .. ဂူတစ်ခုထဲက သတ္တဝါတစ်ကောင် .. ဒါပေမဲ့ အဲဒီအကောင်က တော်တော်လေး ဉာဏ်များတယ် .. ငါ မျှားနေတာ နှစ်ပေါင်းများစွာရှိနေပြီ အခုထိ ငါးစာကို လာမစားသေးဘူး..” အကြီးအကဲအရှင်သည် ရှီဟောင်၏အတွေးများကို ဖောက်ထွင်းမြင်နိုင်ပြီး ပြောလိုက်သည်။
ရှီဟောင် အံ့အားသင့်သွားရ၏။ ရတနာရှစ်သွယ်လိပ်ထက်တောင် ရှားပါးတဲ့ဟာလား .. အဲဒါက ဘာကြီးလဲ..
ထို့နောက် ကောင်းကင်နတ်ဘုရားကျောင်းသို့ ရောက်လာပြီးနောက် ကြားခဲ့ရသည့် ကောလဟာလတစ်ချိုု့ကို သူ ပြန်စဉ်းစားမိသွားသည်။ ကျောင်းတစ်ခုလုံးသည် သမိုင်းနယ်မြေတွင် တည်ရှိနေပြီး အောက်ဘက်တွင် မတူးဖော်ရသေးသည့် ထာဝရလှိုဏ်ဂူများရှိနေသေးသည်။
ထိုသို့စဉ်းစားမိသွားသည်နှင့် သူအနည်းငယ် နားလည်သွားရသည်။ ဤရွှံ့အိုင်သည်လည်း ထာဝရလှိုဏ်ဂူတစ်ခုနှင့် ဆက်သွယ်နေလိမ့်မည်။
ဤသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင်၏ စွမ်းရည်နှင့်ဆိုလျှင် သူ ငါးစာချဖို့ လိုနေဦးမည်လား .. သူ့ဘာသာသူပင် သွားယူလိုက်ပေလိမ့်မည်။
“မင်းလာတာ တော်တော်မြန်တာပဲ .. မင်းအနာဂတ်လမ်းကြောင်းနဲ့ပတ်သတ်ပြီး စဉ်းစားပြီးသွားပြီလား..” အကြီးအကဲအရှင် မေးလိုက်သည်။
“ဟုတ်ကဲ့..”
ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ “ရှေးဟောင်းနည်းလမ်းပဲဖြစ်ဖြစ် အခုလက်ရှိနည်းလမ်းပဲဖြစ်ဖြစ် ကျွန်တော်နှစ်ခုလုံးကို သင်ချင်ပါတယ်..” ရှီဟောင် အလွန်လေးနက်စွာ ပြောလိုက်သည်။
အကြီးအကဲအရှင်၏ မျက်လုံးမှ အလင်းတန်း တောက်ပလာကာ ရှီဟောင်အား ပထမဆုံးအကြိမ်အဖြစ် လှည့်ကြည့်လာသည်။
ထိုအချိန်တွင် ရှီဟောင်သည် လူပြည်မှ ငရဲပြည်သို့ ရောက်သွားသလို ခံစားလိုက်ရသည်။
အကြီးအကဲအရှင် ကြည့်သည်ကိုခံလိုက်ရသည်နှင့် သူ၏သွေးများ အေးခဲသွားပြီး သူ့စိတ်လည်း ဗလာသက်သက်ဖြစ်သွားသည်။
“မင်းက တော်တော်လေး လောဘကြီးတာပဲ..” အကြီးအကဲအရှင်၏ အသံမှာ တည်ငြိမ်လှသည်။
“ဘာလို့လဲဆိုတော့ ဒီခေတ်ကြီး နောက်တစ်ကြိမ် ပျက်စီးသွားဦးမယ်ဆိုတာ ကျွန်တော်သိနေတယ် .. သက်ရှိတွေအားလုံး သေဆုံးကုန်မှာ ..ကျွန်တော် ဒါကို လက်မခံနိုင်ဘူး .. အကြီးအကဲအရှင်လည်း လက်ခံနိုင်မှာ မဟုတ်ဘူး .. ဒီကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှာရှိတဲ့ ဘယ်သူက ဒီလိုကံတရားကြီးကို လက်လျော့အရှုံးပေးချင်မှာမဟုတ်ဘူး .. ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ့်ကိုကိုယ်ပြုပြင်ဖို့ပဲ .. ကျွန်တော် ပိုပြီးတော့ စွမ်းအားကြီးတဲ့သူဖြစ်ချင်တယ် .. အရာအားလုံးကို ပြောင်းလဲပစ်ချင်တယ်..”
သူ၏အကြောင်းပြချက်ကို ခိုင်မာစွာပြောလိုက်သည်။ တစ်ဖက်လောကမှ သက်ရှိများကို မကြောက်ရလောက်အောင်အထိ သူ သန်မာချင်သည်။
“ရှေးဟောင်းနည်းလမ်းတွေကို ကျင့်ကြံဖို့က တာအိုမျိုးစေ့လိုအပ်တယ် .. မင်းမှာ ဒီလိုမျိုးစွမ်းရည်တွေရှိလျက်နဲ့ ပြီးပြည့်စုံတဲ့ရှေးဟောင်းမျိုးစေ့မရှိတာ နှမြောစရာပဲ..” အကြီးအကဲအရှင် သူ၏ပြဿနာကို ထောက်ပြလိုက်သ်ည။
“ကျောင်းက ကျွန်တော့်ကို နေခဲ့ခိုင်းတာက ကျွန်တော့်ကို မျိုးစေ့ကူရှာပေးမယ်လို့ ကျွန်တော်က ထင်နေတာ..” ရှီဟောင် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
သူ တကယ်ကို ဤကဲ့သို့ ထင်နေခဲ့ခြင်းပင်။ အထူးသဖြင့် အကြီးအကဲအရှင် ယခု ငါးမျှားနေသည်ကိုတွေ့လိုက်ရသည့်အချိန်တွင် သူဖွင့်ဖို့ ထာဝရဂူတစ်ခုရှိနေလိမ့်မည်ဟု သူထင်ထားခဲ့ခြင်းပင်။
“မြေအောက်မှာ ဂူတစ်ခုတော့ရှိတယ် .. ဒါပေမဲ့ အဲဒီမှာ ပြီးပြည့်စုံတဲ့ မျိုးစေ့မရှိလောက်ဘူး .. အဲဒီက ပစ္စည်းတွေက ရှာပါးပစ္စည်းတွေ .. ထာဝရရှေးဟောင်းခေတ်မှာတောင် ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်..” အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။
“ကျွန်တော့်မှာ မျိုးစေ့တစ်ခုရှိပါတယ် .. ဒါပေမဲ့ အဲဒီမျိုးစေ့က ကျွန်တော့်အတွက် သင့်တော်ရဲ့လားဆိုတာတော့ မသိဘူး..” ရှီဟောင် ဖရိုဖရဲစွမ်းအင်များ ရစ်သိုင်းနေသည့် အစေ့တစ်စေ့ကို ထုတ်လိုက်သည်။
“ဟမ် .. ဒီအစေ့က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ .. သူက ပုံစံတောင်မကျသေးဘူး .. ကြီးထွားတဲ့အဆင့်မှာပဲ ရှိသေးတာ .. သူ့မှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကံကောင်းမှုတွေရှိနေတယ်..” အကြီးအကဲအရှင်၏ မျက်လုံးများမှာ ချက်ချင်းပင် အလွန်လေးနက်လာသည်။
“အကြီးအကဲအရှင် ဒီမျိုးစေ့ကို ဘယ်လိုထင်ပါသလဲ..” ရှီဟောင် လမ်းညွှန်မှု တောင်းခံလိုက်သည်။
“ဒါက မရိုးရှင်းဘူး … အရမ်းအဖိုးတန်တယ် .. ဒါပေမဲ့ သူက အခုမှ ကြီးထွားတုန်း .. ဘယ်အချိန်ထိ စောင့်ရမလဲဆိုတာ မသိနိုင်ဘူး..” အကြီးအကဲအရှင် ပြောလိုက်သည်။
ထို့အပြင် ဤမျိုးစေ့ကိုမည်သည့်နေရာမှ ရခဲ့သလဲဟု သူ အရင် မေးလိုက်လေသည်။
ရှီဟောင် လေးစားစွာပင် ပြန်ဖြေပြီးနောက် ဆက်ပြောလိုက်သည်။ “အရင်တုန်းက ကျွန်တော် ဒီမျိုးစေ့ အရွယ်ရောက်လာအောင် မစောင့်ပဲနဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျွန်တော့်ခန္ဓာကိုယ်နဲ့ချိတ်ဆက်ပြီးတော့ သူ့ကို ကျွန်တော့်ခန္ဓာကိုယ်ထဲ ပေါင်းထည့်ဖို့ကြိုးစားဖူးတယ်..”
“မင်းက တော်တော်လေး ဖန်တီးနိုင်စွမ်းရှိတာပဲ .. ဒါက ငါမင်းကိုပဲ လက်ဆင့်ကမ်းပေးချင်တဲ့ တာအို လိုက်ဖက်ခြင်းပညာနဲ့တူတယ် .. အဲဒီပညာက တကယ် အောင်မြင်လောက်တယ်..” အကြီးအကဲအရှင်၏ မျက်ဝန်းမှ စူးရှသည့် နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“အမ်..” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤသည်မှာ သူယခင်က တွေးဖူးသည့်နည်းလမ်းတစ်ခုသာဖြစ်သည်။ ဘယ်ကစလုပ်ရမှန်းတောင် သူ မသိသေး။
“ဒီကောင်းကင်နဲ့ ကမ္ဘာမြေကြီးမှာ ပြိုင်ဘက်ကင်းတဲ့အဖိုးတန်မျိုးစေ့ ဘယ်နှခုများရှိလို့လဲ .. လက်ချိုးရေလို့တောင်ရတယ် .. ထာဝရကျောင်းမှာ အဲဒီလောက်အများကြီးရှိနေတာကလည်း သူတို့က အရင်ခေတ်ကတည်းက တမင်သက်သက် ချိတ်ပတ်ပြီး သိမ်းဆည်းထားကြတာ .. မဟုတ်ရင် တစ်ခုကိုတောင်ရှာတွေ့ဖို့ခက်လိမ့်မယ်..” အကြီးအကဲအရှင်ပြောလိုက်သည်။
သူသည် ပြီးပြည့်စုံသည့် မျိုးစေ့တစ်ခုကို ရှာဖွေရန်အတွက် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို လှည့်ပတ်သွားလာခဲ့သည်။ သို့သော်လည်း သူကျရှုံးခဲ့ရသည်။
နယ်မြေသင်္ချိုုင်း၌ ရှိသည်ဆိုသောကြောင့် သူ ထိုနေရာသို့ သွားခဲ့သော်လည်း အလုံးစုံတာအိုသစ်ပင်၊ ကောင်းကင်မျိုးစေ့နှင့် အခြားအရာများအားလုံးကို ကာကွယ်နေသည့်သူများရှိနေပြီး ထိ၍မရပေ။
ထို့ကြောင့်ပင် အကြီးအကဲအရှင်သည် မရေမတွက်နိုင်သည့် ရှေးဟောင်းစာသားများကို လှန်လှောပြီး ဘိုးဘေးများချန်ထားခဲ့သည့် အတွေ့အကြုံနှင့် ဗဟုသုတများကို ရှာဖွေကာ အခြားနည်းလမ်းတစ်ခု စမ်းသပ်လိုခဲ့သည်။
နောက်ဆုံး၌ သူတစ်စုံတစ်ခု ရခဲ့သော်လည်း ထိုလမ်းကြောင်းမှာ ဖြတ်ချခံလိုက်ရသည်။
“ပြီးပြည့်စုံတဲ့ တာအိုမျိုးစေ့မရှိရင် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးပြီးတော့ ကိုယ့်ကိုကိုယ်ပြုပြင်လိုက်…” အကြီးအကဲအရှင်မှ ပြောလိုက်၏။
ဤအကြံမှာ အလွန်ထိတ်လန့်စရာကောင်းလွန်းလှသည်။ ပြင်ပမှပစ္စည်းများကို မသုံးပဲ ခန္ဓာကိုယ်ကို တာအိုမျိုးစေ့အဖြစ်တိုက်ရိုက် အသုံးပြုကာ ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ခြင်းပင်။
ဒါကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ.. ယင် ယန် မျိုးစေ့၊ လောကသစ်ပင်အပင်ပေါက်၊ ဖြစ်တည်စအာကာသမျိုးစေ့တို့ကို အသုံးပြုခြင်းမှာ ဤအရာများမှာ ပြစ်ချက်ကင်းပြီး တာအိုနှင့် ဆက်သွယ်ချက်ရှိနေသောကြောင့်ပင်။
ထိုကဲ့သို့သော မျိုးစေ့များနှင့် ပေါင်းစပ်မှသာလျှင် တာအိုနှင့် လိုက်လျောညီထွေဖြစ်ကာ ပြိုင်ဘက်ကင်းလိမ့်မည်။
ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုသည်မှာ လွယ်ကူသည်ထင်ရသော်လည်း အလုပ်ဖြစ်မည်လား.. သူက ဖြစ်တည်စအာကာသမျိုးစေ့ထက် ကျော်နိုင်ပါ့မလား .. ကောင်းကင်မျိုးစေ့ထက် ပိုပြီးတော့ စွမ်းအားကြီးနိုင်ပါ့မလား..
“ထာဝရရှေးဟောင်းခေတ်မှာရော အောင်မြင်တဲ့သူတွေရှိဖူးလား..” ရှီဟောင်မေးလိုက်၏။
“သူတို့အားလုံး ရှုံးနိမ့်ခဲ့ကြတယ်..” အကြီးအကဲအရှင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
အပိုင်း ၁၄၂၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၉ – လျှောက်ရမည့် လမ်း
ဤသည်မှာ ပျက်စီးနေသည့် လမ်းတစ်ခုဖြစ်ပြီး သူရဲကောင်းများ ပြန်မလာနိုင်ခဲ့။ ထူးခြားသည့်သူများစွာ ထွက်ပေါ်ခဲ့သည့် ထိုခေတ်ကြီးတွင် ထူးချွန်သည့် သူရဲကောင်းများသည် သူတို့လမ်းကြောင်းများပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြရသည်။
လူများစွာ သေဆုံးခဲ့ကြရပြီး အသက်ရှင်ကျန်ခဲ့သည့်သူများလည်း တစ်ခြမ်းလုံးပျက်စီးသွားကာ တိတ်တဆိတ်ပင် ထွက်ခွာသွားကြသည်။ အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့်စကားအတိုင်းပြောရမည်ဆိုလျှင် ဤသည်မှာ ထာဝရစွမ်းအင်များ ရစ်ဆိုင်းနေသည့် ချောက်နက်ကြီးနှင့်တူသည်။ ဤချောက်နက်ကြီးသည် ဂျီးနီးယပ်စ်များကို တစ်ယောက်ပြီးတစ်ယောက် ဖိတ်ခေါ်နေခဲ့သော်လည်း အဆုံးတွင် အားလုံး ထိုချောက်နက်ကြီးထဲသို့ အဆုံးမဲ့ကျသွားခဲ့ရသည်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဤလမ်းကြောင်းမှာ အန္တရာယ်များလှသည်။ သူ အောင်မြင်ပါ့မလား..
“အရင်ခေတ်တုန်းက ပြီးပြည့်စုံတဲ့ မျိုးစေ့ ဘယ်နှစ်ခုကိုများ တွေ့ခဲ့လို့လဲ .. အရင်တုန်းကနေ အခုအချိန်ထိ တွေ့ခဲ့သမျှ မျိုးစေ့က ရေတွက်လို့ရတယ် .. လွှမ်းမိုးနိုင်တဲ့ ပါရမီရှိတဲ့သူတွေက ပေါင်းစည်းဖို့အတွက် တာအိုမျိုးစေ့ မရှိခဲ့ဘူး .. ဒါပေမဲ့ သူတို့ ဒီတိုင်းလည်း ရပ်မနေချင်တာကြောင့် ပျက်စီးနေတဲ့လမ်းကို လျှောက်ဖို့ပဲ တတ်နိုင်ခဲ့တာ..” အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။
ရှီဟောင် သူ့ကိုယ်သူ စဉ်းစားနေလိုက်သည်။ ထိုလူများမည်ကဲ့သို့ ခံစားရမည်ကို သူ နားလည်သည်။ ထိုလူများသည် သူကဲ့သို့ပင် သူတို့ကံကြမ္မာကို လက်မခံနိုင်ခဲ့ကြ။ သူတို့သည် သာမန်ကျင့်ကြံသူ မဖြစ်ချင်။ စွမ်းအားအကြီးဆုံး ရှေးဟောင်းမျိုးစေ့နှင့် ပေါင်းစည်းလိုကြသည်။
“သူတို့မှာ ယင်ယန်မျိုးစေ့၊ တာအိုအလုံးစုံသစ်ပင်နဲ့ တစ်ခြားအရာတွေ မရှိလို့ပဲ .. မင်းရော ဒီလမ်းကြောင်းကို လျှောက်ချင်လား..” အကြီးအကဲအရှင် မေးလိုက်၏။
ဤလမ်းကြောင်းမှ အလွန်ခက်ခဲလှပြီး အချိန်မရွေး သေသွားနိုင်သည်။ ဤသည်မှာ ပြီးပြည့်စုံသည့်တာအိုမျိုးစေ့မရှိသည့်သူများသာ ရွေးချယ်နိုင်သည့်နည်းလမ်းပင်။ လူတစ်ယောက်သည် သာမန်မဖြစ်ချင်ပါက အန္တရာယ်များကို ရဲရဲရင့်ရင့်ရင်ဆိုင်ကာ ရှေ့ဆက်တိုးရမည်ပင်။
“ကျွန်တော် ဒီလမ်းကို လျှောက်ချင်ပါတယ်..”
ရှီဟောင် ဆုံးဖြတ်ချက် ချလိုက်သည်။
သာမည ညောင်ညလူဖြစ်မည့်အစား သူ့အသက်ကိုသာ စွန့်စားလိုက်မည်။ သူသေသွားလျှင်လည်း သေသွား၍ပင်။ သူသာ အသက်ရှင်လျှင် သူသည် ပိုးအိမ်ထဲမှ ထွက်လာသည့်လိပ်ပြာဖြစ်သွားမည်ပင်။
ကမ္ဘာကြီး မည်သည့်နေရာသို့ ဦးတည်နေသည်ကို သူသိသလို အနာဂတ်မှာ မည်မျှရက်စက်မည်ကိုလည်း သူသိသည်။ ထို့ကြောင့်ပင် သူ သေမှာ ကြောက် မနေတော့။
ထို့အပြင် အကြီးအကဲအရှင်မှာ သူ့အား သေလမ်းလျှောက်ခိုင်းမည်မဟုတ်ဟု သူ ယုံကြည်သည်။ သူ့ထံ၌ ယုံကြည်ချက်ရှိနေသောကြောင့်သာ မဟုတ်ပါက အဘယ်ကြောင့် သူ့ကို ကောင်းကင်နတ်ဘုရားကျောင်း၌ နေခဲ့ခိုင်းမည်နည်း…
“ကောင်းတယ် .. မင်းက ဆုံးဖြတ်ချက်ချပြီးသွားပြီ၊ ဒီလမ်းကို လျှောက်ရဲတယ်ဆိုတော့ ငါလည်း စိတ်ချသွားပြီ .. မင်းဆုံးဖြတ်ချက်မပြတ်သားမှာကို ငါ ကြောက်နေတာ .. မင်းရဲ့ ဆုံးရှုံးမှုတွေ နစ်နာမှုတွေကို မင်း တွေးနေမှာ ငါ စိုးရိမ်နေတာ..” အကြီးအကဲအရှင် ပြောလိုက်သည်။
သူ၏မျက်လုံးများ တောက်ပလာကာ မျက်လုံးထဲ၌ ချီးကျူးမှုလည်း ရှိနေသည်ပင်။
” လမ်းကြောင်းမရှိတော့ရင် ငါတို့ လမ်းကြောင်းတစ်ခု ထွင်ပြီးတော့ ရှေးကလူတွေထက် ကျော်သွားအောင် လုပ်မယ် .. မဟုတ်ရင် ငါတို့ တစ်ဖက်လောကကို ဘယ်လိုလုပ် နိုင်,နိုင်မှာလဲ..”
ယခင်မှ ဗဟုသုတများသည် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြသည်။ နောက်ဆုံးတွင်တော့ ဤလမ်းကြောင်း၏ နောက်ပိုင်းအဆင့်များ၌ နည်းလမ်းများစွာရှိလာခဲ့ပြီး ခန္ဓာကိုယ်ကို တာအိုမျိုးစေ့အဖြစ်သုံး၍ရကြောင်း သက်သေပြလာခဲ့သည်။
အကြီးအကဲအရှင်သည် ယခင်က ထာဝရလှိုဏ်ဂူများကို တစ်ခုမက ဖွင့်ခဲ့သည်။ ကောင်းကင်နတ်ဘုရားကျောင်း ဤအဆင့်ထိ ရောက်နိုင်ခဲ့ခြင်းမှာ သူစုဆောင်းထားခဲ့သည့် ဤအရင်းအမြစ်များကြောင့်ပင်။
ထို့ကြောင့်ပင် သူသည် ရှေးဟောင်းအရိုးစာသားအချို့ကို ရရှိခဲ့ပြီး အချို့ကျောက်စိမ်းစာအုပ်များတွင် မယုံကြည်နိုင်လောက်သည့် ကျင့်ကြံခြင်းနည်းလမ်းများကို မှတ်တမ်းတင်ထားသည်။ ဤနည်းလမ်းများမှာ အလွန်ထူးဆန်းလှသည်။
အကြီးအကဲအရှင်သည် ခန္ဓာကိုယ်အား မျိုးစေ့အဖြစ်ပြောင်းလဲသည်နှင့်ဆိုင်သည့် ဗဟုသုတနှင့် အတွေ့အကြုံများကို ရှာဖွေနေခဲ့ပြီး လက်ရှိလောကတွင်ရှိနေသည့် အခြား ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများနှင့်လည်း ဆွေးနွေးခဲ့ကြသည်။
အထူးသဖြင့် ရှီဟောင်ထံမှ ထူးဆန်းသည့်မျိုးစေ့ကို တွေ့လိုက်ရသည့်အချိန်တွင် သူ၏မျှော်လင့်ချက်များ ပို၍ခိုင်မာလာသည်။
“ဒီစာအုပ်တွေ ယူသွားကြည့်လိုက်..” အကြီးအကဲအရှင် သူ့အား ကျောက်စိမ်းစာအုပ်ပုံတစ်ပုံ ပေးလိုက်သည်။ ဤသည်မှာ ထာဝရရှေးဟောင်းဘာသာစကားဖြင့် ရေးထားသည့်မှတ်တမ်းများပင်။
ရှီဟောင် ချက်ချင်းပင် ထိုင်ချလိုက်ပြီး ထိုစာအုပ်များကို လေ့လာလိုက်သည်။ ထိုထဲတွင် ရေးထားသည်မှာ လျှိုု့ဝှက်စာများမဟုတ်ပဲ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခြင်းနည်းလမ်းမျိုးစုံပင်။ ထို့အပြင် အာရုံစိုက်ရမည့် အခြားကိစ္စများလည်း ပါဝင်သည်။
“ဒီစာအုပ်တွေက အဲဒီနည်းလမ်းတွေကို မိတ်ဆက်ပေးရုံပဲ .. မင်း ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် တကယ်သုံးပြီးတော့ ဂိုဏ်းခေါင်းဆောင်အဆင့် ရချင်တယ်ဆိုရင် ကြည့်ရမယ့် တစ်ခြားကျောက်စိမ်းကျမ်းစာတွေရှိတယ်..” အကြီးအကဲအရှင် လေးနက်စွာ ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားအဆင့်ကို ကျော်ဖြတ်ရန် ထိုမျှမလွယ်ကူပေ။ အထူးသဖြင့် ရှီဟောင်ကဲ့သို့ ပုံမှန်မဟုတ်သည့်လမ်းကြောင်းလျှောက်သည့်သူမှာ ပို၍ပင် သတိထားရမည်။ ဤသည်မှာ အသက်ရှင်နိုင်ချေ ၁၀ ရာခိုင်နှုန်းသာရှိသည်။
“ဒါက မင်းကြည့်ရမယ့်စာအုပ်တွေ .. ဒါတွေက ခန့်မှန်းချေလောက်ပဲ ပြောပြနိုင်မှာ .. မင်းအချက်အလက်တွေ အကုန်လုံး ကိုက်ညီသွားပြီဆိုရင် မင်း ကျင့်ကြံဆင့်နယ်ပယ်အဆင့်တက်တာ၊ ကိုယ့်ကိုကိုယ်ပြုပြင်တာတွေကို လေ့လာပြီးတော့ ဂိုဏ်းခေါင်းဆောင်အဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာလို့ရပြီ”
ရှီဟောင် ထိုစာအုပ်များကို သေချာဖတ်လိုက်ပြီး အရာအားလုံးကို လေးလေးနက်နက် စဉ်းစားလိုက်သည်။ ဤလမ်း မည်မျှခက်ခဲသည်ကိုတော့ သူ အကြမ်းဖျင်းသိသွားလေပြီ။
သို့သော်လည်း သူ မကြောက်ချေ။ သူ အနည်းငယ်ပင် ပျော်နေသည်အထိပင်။ အဘယ်ကြောင့်ဆိုသော် သူထာဝရစွမ်းအင်ကျင့်ကြံသည့်အချိန်ကလည်း သူ အခြားသူများနှင့်မတူသည့် အခက်ခဲဆုံးလမ်းကြောင်းအား ရွေးချယ်ခဲ့သည်ပင်။ ယခုတစ်ခေါက်သည် သူပြောင်းလဲရန် အခွင့်ကောင်းကြီးဖြစ်လိမ့်မည်။
သို့သော်လည်း သူ ဤပျက်စီးနေသည့် လမ်းကြောင်း၏ အဆုံးသတ်ကိုရောက်လျှင်တော့ သူအားကိုးရမည့်အရာ ဘာမှရှိတော့မည် မဟုတ်ပေ။
ဤပျက်စီးနေသည့်လမ်းကြောင်း၏ နောက်ပိုင်းသို့ ရောက်လာလျှင် ထူးဆန်းကာ ကြောက်စရာကောင်းသည့်အရာများ ဖြစ်လာနိုင်ကြောင်း အကြီးအကဲအရှင်မှ သူ့အား သတိပေးပြီးသားပင်။ လူတစ်ယောက်နှင့်တစ်ယောက် တွေ့ကြုံရသည်မှာ တူမည်မဟုတ်။
ဥပမာအားဖြင့် အရေးကြီးသည့်အချိုးအကွေ့တစ်ခုတွင် လူတစ်ယောက်သည် မီးဖိုကြီးတစ်ခု ရုတ်တရက်ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြားရှိ အရာအားလုံးအား ပြုပြင်သွားသည်ကို မြင်ခဲ့ရသည်။ အချို့လူများမှာ မရေမတွက်နိုင်သည့် အမွေးအတောင်များကို တွေ့ခဲ့ရပြီး အချို့သူများမှာ သူတို့အား စိုက်ကြည့်နေသော အလွန်ကြီးမားသည့်မျက်လုံးတစ်စုံအား တွေ့ခဲ့ကြရသည်။
ဤအခိုက်အတန့်မှာ ရှင်းပြ၍ မရနိုင်လောက်အောင်ပင် အလွန်ထူးဆန်းလှသည်။
ရှီဟောင် ထိုစာအုပ်ပုံကို အချိန်သုံးရက်ယူကာ သေချာဖတ်ရှုလိုက်သည်။ ထို့နောက် အချိန်အတော်ကြာသည်အထိ သူ၏မျက်လုံးများကို ပိတ်လိုက်သည်။ ထို့နောက်တွင်တော့ သူအရာအားလုံးကို နားလည်သွားပြီဖြစ်ကြောင်း အကြီးအကဲအရှင်အား ပြောလိုက်သည်။
“မင်းရဲ့စိတ်နဲ့ခန္ဓာကိုယ်က အဆင့်သင့်ဖြစ်နေပြီ .. ဒါပေမဲ့ မမျှော်လင့်ထားတဲ့အရာတွေအတွက် ပြင်ဆင်ထားတာ အကောင်းဆုံးပဲ .. မင်းကျရှုံးသွားတာနဲ့ မင်းရဲ့ခန္ဓာကိုယ်နဲ့တာအိုနှစ်ခုလုံး ပျက်စီးသွားလိမ့်မယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
“ကျွန်တော် မကြောက်ဘူး..” ရှီဟောင်ပြောလိုက်သည်။
“အင်း .. ပြင်ဆင်စရာတွေ ရှိသေးတယ်..” အကြီးအကဲအရှင် ပြောလိုက်၏။
“ဘာလိုအပ်တာလဲ..”
“ကောင်းကင်ပစ္စည်းမျိုးစုံ လိုအပ်တယ် .. မင်းရှုံးနိမ့်သွားရင် သူတို့က မင်းအသက်ကို ကယ်နိုင်လိမ့်မယ် .. မင်းအောင်မြင်သွားရင် အဲဒီပစ္စည်းတွေကိုသုံးပြီး နောက်တစ်ဆင့် ထပ်တက်လို့ရတယ်” အကြီးအကဲအရှင် လေးနက်စွာ ပြောလိုက်သည်။
သူပြောနေသည့် ကောင်းကင်ပစ္စည်းဆိုသည်မှာ အလွန်ရှားပါးသည့်ပစ္စည်းများပင်။ ပစ္စည်းအချို့ကို ကြားလိုက်ရုံဖြင့် ရှီဟောင်၏မျက်နှာ အစိမ်းရောင်ပြောင်းသွားသည်။
ထိုအရာများမှာ ရှာတွေ့နိုင်ရန် ခက်ခဲလှသည်။
“နေနတ်ဘုရားနွယ်ပင်၊ ကောင်းကင်နတ်ဘုရားသစ်ပင်၊ ပြန်လည်မွေးဖွားခြင်းမြက်၊ နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်..” အကြီးအကဲအရှင်သည် ကောင်းကင်ရတနာ ၁၀ ခုကျော်ကို တရစပ်ပင် ပြောလိုက်သည်။
ရှီဟောင်၏အသားအရေ ဖြူဖျော့သွားရသည်။ ဤပစ္စည်းများမှာ နတ်အဆင့်ပစ္စည်းများပင်။ သူဒီပစ္စည်းတွေကို ဘယ်မှာသွားရှာရမှာလဲ ..
ဤပစ္စည်းများအပြင် ဆေးပင်များ၊ သတ္တုများနှင့် အခြားအရာများစွာ ရှိသေးသည်။
“ကျွန်တော့်မှာ ဝိညာဉ်လမ်းပြခြင်း ကြာပန်း၊ ကောင်းကင်နတ်ဘုရားသစ်ပင်နဲ့ ပြန်လည်မွေးဖွားခြင်းမြက်ပင်ရှိတယ်..” ရှီဟောင် ကိုယ့်ကိုကိုယ် အားတင်းကာ ပြောလိုက်သည်။
အကြီးအကဲအရှင် အလွန်ထိတ်လန့်သွားရ၏။ ရှီဟောင်တောင် ဒီပစ္စည်းတွေကို ရှာနိုင်တာလား .. သူတကယ် မထင်ထားခဲ့။
“ဒီပစ္စည်းတွေ ယူလာနိုင်တာကပဲ မဆိုးလှဘူး .. စိတ်မပူပါနဲ့ .. ကောင်းကင်နတ်ဘုရားသစ်ပင်က အရွက်နဲ့အကိုင်းနည်းနည်းလောက်ပဲလိုတာ .. အမြစ်ကို ထိခိုက်မှာ မဟုတ်ဘူး..” အကြီးအကဲအရှင် ပြောလိုက်သည်။
ထို့အပြင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး စွမ်းအားအများစုကို စုစည်းပြီးသွားပြီဖြစ်ကြောင်း ရှီဟောင်အား ပြောလာသည်။ ယခုအချိန်တွင် သူသည် အချို့ပစ္စည်းများအား ကိုယ်တိုင်ရှာရန်သာ လိုတော့သည်။
“ဘာတွေ လိုနေသေးတာလဲ..” ရှီဟောင်မေးလိုက်သည်။
“နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင် .. ဝါးဆစ်အနည်းဆုံး ၂၀ ရှိတဲ့ ဝါးပင်လိုတယ်..” အကြီးအကဲအရှင်က နတ်ဝါးပင်အကြောင်း ပြောလိုက်သည်။
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်မှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည့်ဝါးပင်ပင်။ နှစ်ငါးရာတွင် တစ်ဆစ်ပေါက်လာပြီး အနည်းဆုံး အဆစ် ၂၀ ဆိုလျှင်တော့ နှစ်ပေါင်း တစ်သောင်းသက်တမ်းရှိသည့် ဝါးပင်အိုကြီးဖြစ်လိမ့်မည်။ ဤဝါးပင်မှာ ဤကဲ့သို့သော အပင်အိုကြီးမပြောနှင့် အပင်ပေါက်ပင် ရှာဖွေရန် ခက်ခဲလှသည်။
“အဝါရောင်မြစ်သစ်သီး .. ယင်စွမ်းအင်အရမ်းများတဲ့နေရာမှာ အနည်းဆုံး နှစ်ပေါင်းကိုးထောင်ရှိနေတဲ့ အသီး..” အကြီးအကဲအရှင် အခြားတစ်မျိုးနာမည်ကို ပြောလိုက်သည်။
ဤသည်မှာ ဒဏ္ဍာရီလာသစ်သီးပင်။ လူများစွာမှာ ဤသစ်သီးရှိနေသည်ဟုပင် မထင်ကြတော့။ ထို့ကြောင့် ဤအသီးကို ရှာတွေ့နိုင်ရန် မည်မျှခက်ခဲသည်ကို စဉ်းစားကြည့်နိုင်သည်။
“ဒီနှစ်ခုကိုပဲ မင်းကိုယ်တိုင်ရှာလိုက် .. ကျန်တဲ့ဟာတွေကိုတော့ ငါမင်းကို ကူပြီးစုစည်းပေးလို့ရတယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်သည်နှင့် ရှီဟောင် အသက်ပြင်းပြင်းရှူလိုက်သည်။ ဤအကူအညီမှာ ကြီးမားလွန်းလှသည်ပင်။ လိုအပ်သည့်ပစ္စည်းများအားလုံးမှာ ရှားပါးလှပြီး ထိုထဲမှ ပစ္စည်းတစ်ခုကပင်လျှင် လူတစ်ယောက်ကို ရူးသွားအောင် လုပ်နိုင်သည်ပင်။
“အကြီးအကဲအရှင်ကို ကျေးဇူးအများကြီးတင်ပါတယ်..” ရှီဟောင် လေးစားစွာ ပြောလိုက်သည်။
“နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်နဲ့ အဝါရောင်မြစ်သစ်သီးက တစ်နေရာတည်းမှာရှိတယ်လို့ ပြောကြတယ် .. မင်းနေရာတွေ အများကြီး ရှာနေစရာမလိုဘူး..” အကြီးအကဲအရှင် နေရာတစ်နေရာကို ပြောလိုက်လေသည်။
ဤသည်မှာ ရှီဟောင်အား အလွန်ထိတ်လန့်သွားစေသည်ပင်။ အကြီးအကဲအရှင်က ဘယ်နေရာမှာရှိနေလဲဆိုတာ သိနေတာပဲ … ဘာလို့သူကိုယ်တိုင် သွားမယူသွားတလဲ ..
“အဲဒါက မတူညီတဲ့နေရာ .. မင်းအဲဒီနေရာကို သွားရင် အဆင့်တက်ဖို့ ပြင်ဆင်ပြီလို့ သတ်မှတ်လို့ရတယ် .. မင်းရဲ့ပထမဆုံးအဆင့်ကို အဲဒီမှာ လုပ်လိုက် .. အဲဒီက ရှေးဟောင်းမြေကို သုံးပြီးတော့ မင်းရဲ့အသွေးအသားတွေကို ပြုပြင်လိုက်၊ မင်းရဲ့မူလဝိညာဉ်ကို အားကောင်းအောင်လုပ်လိုက် .. မင်းရဲ့ကျင့်ကြံခြင်းက အဲဒီကနေ စမယ်..” အကြီးအကဲအရှင်၏အမူအရာမှာ လေးနက်နေသည်။
“နားလည်ပါပြီ..” ရှီဟောင် ပြောလိုက်သည်။
ဤကောင်းကင်ရတနာများအားလုံးကို ရသွားပါက ရှီဟောင် အကျိုးကျေးဇူးနှစ်ဆ ရသွားမည်ပင်။ သူအာမခံချက်တစ်မျိုးလည်း ရရှိသွားမည်ပင်။ သူရှုံးနိမ့်သွားလျှင်လည်း သူ အသက်ရှင်နိုင်သေးသည်။
“ငါ မကျရှုံးဘူး .. ငါ သေချာပေါက် ရှေးက လူတွေထက်ကို ကျော်ပြီးတော့ ပျက်စီးနေတဲ့လမ်းကို ဆက်လျှောက်မယ် .. ပြိုင်ဘက်ကင်းတဲ့လမ်းကို လျှောက်မယ်..” ရှီဟောင် သူ၏ယုံကြည်ချက်ကို တိုးမြှင့်လိုက်သည်။
“မင်း ယုံကြည်ချက်ရှိတာ ကောင်းတယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ကြီးကို မော့ကြည့်ပြီး သူငယ်ငယ်တုန်းက အဖြစ်အပျက်များကို ပြန်စဉ်းစားမိသွားသည်။
“ငါ့ရဲ့ကံဆိုးမှုအတိုင်း မဖြစ်စေနဲ့..” ထို့နောက် အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။
“ဘာကြီးကိုလဲ..” ရှီဟောင် မျက်လုံးများပင် ပြူးကျယ်သွားရသည်။
အကြီးအကဲလည်း ဒီလမ်းကို လျှောက်ခဲ့သေးတာလား .. သူ .. ရှုံးနိမ့်ခဲ့တာလား..
သို့သော်လည်း ဤသည်မှာ သေဆုံးခြင်း သို့မဟုတ် ပျက်စီးသွားသည့်ရှုံးနိမ့်ခြင်းမျိုး မဟုတ်လောက်။ အကြီးအကဲအရှင်သည် ပြိုင်ဘက်ကင်းသည့် ပုဂ္ဂိုလ်ဖြစ်နေဆဲပင်။
“ငါ ဒီနေ့လိုမျိုး အောင်မြင်မှုရနေတာက ငါအခွင့်အရေးတစ်ခု ရခဲ့လို့ပဲ .. မဟုတ်ရင် အရင်တုန်းက သူတွေလိုမျိုး သေသွားလောက်ပြီ..” အကြီးအကဲအရှင်မှာ အနည်းငယ်စိတ်ပျက်ကာ ဒေါသထွက်နေသလိုပင်။
နောက်ဆုံးတော့ အကြီးအကဲအရှင် သူ့အား အဘယ်ကြောင့် သူ့အား ဤလမ်းကို လျှောက်စေချင်နေသည်ကို သူ နားလည်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင်ကိုယ်တိုင် ဤလမ်းကို လျှောက်ခဲ့ပြီးသွားပြီဖြစ်ပြီး ဤလမ်းအား လေးလေးနက်နက်နားလည်နေသည်ပင်။ ရှေးခေတ်မှလူများ၏ မှတ်တမ်းများအပြင် သူ၏ကိုယ်ပိုင်အတွေ့အကြုံလည်း သူ့အား လက်ဆင့်ကမ်းနိုင်သည်။
“တာအိုလိုက်လျောညီထွေဖြစ်စေခြင်းပန်းပွင့်ကို ရှာမတွေ့နိုင်တာ နှမြောစရာပဲ . မဟုတ်ရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး..” အကြီးအကဲအရှင် သက်ပြင်းချလိုက်သည်။
“တာအိုလိုက်လျောညီထွေဖြစ်စေခြင်းပန်းပွင့်ဟုတ်လား .. အဲဒါက ဘာကြီးလဲ..” ရှီဟောင် ရှုပ်ထွေးစွာ မေးလိုက်သည်။
“အဲဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အံ့အားသင့်ဖွယ် ပန်းပွင့်တစ်ပွင့် .. ဒါက သက်ရှည်အပင်မဟုတ်ဘူး .. ဒါပေမယ့် ပိုပြီးတော့တောင် အဖိုးတန်သေးတယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။
တာအိုလိုက်လျောညီထွေဖြစ်စေခြင်းပန်းပွင့်ဆိုသည်မှာ ရှေးခေတ်မှ ဧကရာဇ်များ၊ ထာဝရတာအိုပညာရှင်များမှ ပြုလုပ်ထားခဲ့သည့် အရာတစ်ခုပင်။ ဤပန်းသည် လူတစ်ယောက်အား တာအိုနှင့်တစ်သားတည်းဖြစ်သွားစေပြီး ပြိုင်ဘက်ကင်းသည့် တာအိုအသီးအပွင့်များအား ရရှိစေနိုင်သည်။ ရှေးယခင်ကတည်းက တစ်ပင်သာ ရှိခဲ့ဖူးသည်။
ရှီဟောင်သည် ခန္ဓာကိုယ်အား မျိုးစေ့အဖြစ် အသုံးပြုမည်ဖြစ်သောကြောင့် သူသာ ဤကဲ့သို့သော ပန်းပွင့်မျိုး စားသုံးရလျှင် သူသည် ချွင်းချက်မရှိ အောင်မြင်နိုင်မည်ပင်။
သူရှုံးနိမ့်ခဲ့လျှင်ပင် ဤပန်းပွင်သာရှိထားပါက သူအသက်တစ်မျှင်ကျန်နေသေးသရွေ့ သူချက်ချင်း ပြန်ရှင်လာနိုင်ပြီး အောင်မြင်သွားနိုင်သည်ပင်။
အပိုင်း ၁၄၂၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၀ – ပန်းတိုင်
တာအိုလိုက်လျာညီထွေဖြစ်စေခြင်းပန်းပွင့်သည် ကောင်းကင်ကြီးအား ဆန့်ကျင်နိုင်လောက်သည့် ခွန်အားပိုင်ဆိုင်ထားသည့် အံ့အားသင့်ဖွယ် အပင်တစ်ပင် ဖြစ်၏။
ဤအပင်သည် ကလန်တစ်ခု၏ ဧကရာဇ်များ သို့မဟုတ် ထာဝရသက်ရှိများအပေါ်တွင်ပင် အကျိုးသက်ရောက်မှုရှိသောကြောင့် ဤအပင် မည်မျှအဖိုးတန်သည်ကို သိနိုင်သည်။ သို့သော်လည်း ရှေးခေတ်မှ ယခုအချိန်ထိ တစ်ပင်တည်းသာ တွေ့ဖူးသေးသည်။
ဤအပင်ကို စာအုပ်များတွင်သာ မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး မည်သူမှ တွေ့မြင်ဖူးခြင်း မရှိပေ။ ယခင်ခေတ်မှ ထာဝရသက်ရှိတစ်ယောက် ဤအပင်၏ အံ့အားသင့်ဖွယ်ရာများကို ပြောပြ၍သာ ဤလောက၌ ဤပန်းရှိကြောင်း သိရခြင်းပင်။
” အဲ့ဒီပန်း ဘယ်မှာရှိလဲဆိုတာ သဲလွန်စနည်းနည်းလေးတောင် မရှိဘူးလား..” ရှီဟောင်မေးလိုက်၏။ သူ ထိုပန်းကို မျှော်လင့်ထားသောကြောင့် ပန်းအကြောင်း နည်းနည်း ထပ်သိချင်သေးသည်။
“အရင်တုန်းက ဒီပန်းကိုရှာဖို့ကြိုးစားတဲ့ ဧကရာဇ်အရှင်တွေ ရှိခဲ့ဖူးတယ် .. ဒါပေမဲ့ ထာဝရအစစ်တွေသာ သေသွားတယ် ဒီပန်းကို ဘယ်သူမှ မတွေ့လိုက်ဘူး .. ပြောကြတာတော့ ကမ္ဘာကြီး စဖြစ်လာကတည်းက လူ နှစ်ယောက်၊ သုံးယောက်လောက်ပဲ ဒီပန်းပွင့်ကို စားနိုင်ခဲ့ကြတာတဲ့..” အကြီးအကဲအရှင် ပြောလိုက်သည်။
ဤသည်မှာ သက်ရှည်ဆေးပင်များထက်ပင် အဖိုးတန်မှန်း အားလုံးသိကြသည်။ သို့သော်လည်း မည်သူမှ မရနိုင်ခဲ့။ ဝေးဝေးမှနေ၍သာ ငေးကြည့်နိုင်ခဲ့သည်။
သို့သော် အကြီးအကဲအရှင် ဘာမှမရခဲ့သည်တော့မဟုတ်။ ရှေးခေတ်မှ စာများအားလုံးကို လေ့လာပြီးသည့်နောက်တွင် ထာဝရရှေးဟောင်းကျောက်တုံးတစ်တုံး ပေါ်၌ ထွင်းထားသည့်စာမှ သဲလွန်စအချို့ရခဲ့သည်။
“ထာဝရတရားရဲ့ လမ်းတစ်ဝက် .. မြေအောက် ကိုးလွှာမှာ သူ့ရဲ့ ခြေရာလက်ရာတွေ ရှိတယ်..” ဤသည်မှာ အကြီးအကဲအရှင်ရခဲ့သည့် ပျက်စီးနေသည့်မှတ်တမ်းပင်။
ဤသည်မှာ အလွန်ဆန့်ကျင်ဘက်ဖြစ်နေသည့် အရာနှစ်ခုပင်။ ထာဝရတရား၏လမ်းတစ်ဝက်ဆိုသည်မှာ လေးမြတ်ခြင်းဖြစ်သင့်သည်။ မြေအောက်ကိုးလွှာက အဘယ်ကြောင့်ပါဝင်လာသနည်း ..
သို့သော် သူတစ်ခု သေချာသည်မှာ ထိုနေရာသည် သေချာပေါက် အလွန်အန္တရာယ်များသည့်နေရာဖြစ်လိမ့်မည်။ မဟုတ်ပါက ရှေးကလူများ ဘာသဲလွန်စမှမချန်ထားပဲ ခူးသွားလောက်လေပြီ။
ဤသည်မှာ ယုတ္တိမရှိလွန်းလှသောကြောင့် သူတို့ ဤအကြောင်းကို ဆက်မဆွေးနွေးကြတော့။ တာအိုလိုက်လျောညီထွေဖြစ်ခြင်းပန်းပွင့်ကို ရှာတွေ့နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ဒါကို သေချာမှတ်ထား..” အကြီးအကဲအရှင် သူ့အား နည်းလမ်းတစ်ခု ပေးလာသည်။ ဤသည်မှာ ပဲပင်ပေါက်ကဲ့သို့သော စာလုံးများ များစွာရှိနေသည့် အရိုးစာသားတစ်ခုပင်။
“အရိုးပုံသွင်းခြင်းနည်းလမ်း..” ရှီဟောင် အံ့အားသင့်သွားရ၏။ ဤသည်မှာ သူ၏အရိုးများကို ပို၍သန်မာလာအောင် ပြုလုပ်သည့်နည်းလမ်းပင်။ သူ၏အရိုးများကို ပို၍သန်မာလာစေပြီး သူ၏အတွင်း ရတနာသိုက်ကို ဖွင့်နိုင်လိမ့်မည်။
“ဒီနည်းလမ်းကို အထင်မသေးနဲ့ .. ဒါက ခန္ဓာကိုယ်ကျင့်ကြံသူတွေဆီကနေ ရထားတဲ့ အလျှို့ဝှက်အနက်နဲဆုံး မိတ်ဆက်အပိုင်းပဲ..” အကြီးအကဲအရှင် လေးနက်စွာ ပြောသည်။
“အာ .. ဒါက လမ်းညွှန်တဲ့ အပိုင်းလား..” ရှီဟောင် နှုတ်ခမ်းတွန့်ကွေးသွားသာ ထိုစာအုပ်ကို ကြည့်လိုက်သည်။ သူကိုယ်တိုင်က ခန္ဓာကိုယ်ကျင့်ကြံသူဟု သတ်မှတ်၍ရနေပြီဖြစ်သောကြောင့် သူက ဤကဲ့သို့သော လမ်းညွှန်မှုမျိုး လိုအပ်ဦးမည်လား..
“မင်းမှာ ကောင်းမွန်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံရှိလို့ ဒီအဆင့်ထိ ရောက်လာနိုင်တာ .. မင်း သေချာ နည်းစနစ်တကျ လေ့ကျင်ထားတာမဟုတ်ဘူး .. ဒီနည်းလမ်းနဲ့ဆိုရင် မင်းရဲ့ခန္ဓာကိုယ် ပိုပြီးတော့ သန်မာလာလိမ့်မယ်..” အကြီးအကဲအရှင် သတိပေးလိုက်သည်။
ထို့အပြင် ဤမိတ်ဆက်အပိုင်းဆိုသည်မှာ ကောင်းကင်နတ်ုရားအဆင့်နှင့်သာ သက်ဆိုင်ပြီး သာမန်ကျင့်ကြံသူများ ကျင့်ကြံ၍ရသည့် အရာ မဟုတ်။
ယခုတစ်ခေါက်တွင်တော့ ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ ဤအစပိုင်းပင် ဤကဲ့သို့ဖြစ်နေလျှင် ကျန်သည့်အပိုင်းများကို မည်မျှပင် အံ့အားသင့်စရာ ကောင်းနေမည်နည်း…
“မင်း အဆုံးစွန်ထိ အဆင့်တက်တဲ့အချိန်ကျရင် ကျန်နေသေးတဲ့အပိုင်းတွေကို အလေးအမြတ်ကျောင်းဆီကနေ တောင်းလို့ရတယ် .. ဒါက ဂိုဏ်းခေါင်းဆောင်အဆင့်နဲ့အထက်က လူတွေပဲ ကျင့်ကြံလို့ရတာ..” အကြီးအကဲအရှင် ပြောလိုက်သည်။
ယခုတစ်ခေါက်တွင် ရှီဟောင်သည် ထာဝရရှေးဟောင်းနည်းလမ်းများကို အာရုံစိုက်ထားခြင်းဖြစ်သောကြောင့် အလေးအမြတ်ကျောင်းနှင့် အခြားနည်းလမ်းများကို သိပ်ပြီးအာရုံမထားပေ။ သူ ဤပညာကို ကျင့်ကြံသည်မှာလည်း နောင်လာမည့် စစ်ဆေးမှုများအတွက် သူ၏အရိုးများကို ပိုသန်မာအောင် လုပ်ထားရန်ပင်။
ရှီဟောင် ဤနည်းလမ်းကို နှစ်ရက်လေ့လာပြီး သူ့နှလုံးသားထဲ၌ သေချာမှတ်သားထားလိုက်သည်။ ထို့အပြင် သူ အခြားအသိအမြင်များလည်း ရရှိလာသည်။
ထို့နောက် အကြီးအကဲအရှင် သူ့အား အခြားတစ်ခုပေးလာခဲ့၏။ ဤသည်မှာ ရွှေရောင်အရိုးတစ်ခုပင်။ ဤအရိုးပေါ်၌လည်း ထာဝရရှေးဟောင်းခေတ်မှ စာလုံးများနှင့် ရေးသားထားသည့် နည်းလမ်းတစ်ခု ရှိနေသည်။
“စိတ်လေ့ကျင့်ခြင်းနည်းလမ်း..” ရှီဟောင် အလွန်ပျော်ရွှင်သွားရသည်။ ဤသည်မှာ မူလဝိညာဉ်ကို မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း ပြောထားသည့် အလွန်ရှားပါးကာ အဖိုးတန်သည့်ပစ္စည်းတစ်ခုပင်။ လက်ရှိလောက၌ ရှာတွေ့ရန် မလွယ်ကူပေ။
“ခန္ဓာကိုယ် စွမ်းအားကြီးရုံတင်မကဘူး မူလဝိညာဉ်ကို ပိုပြီးတော့တောင် သန်မာဖို့လိုသေးတယ် .. မဟုတ်ရင် သေရေးရှင်ရေးတွေ့တဲ့အချိန်ကျရင် မင်းကိုယ်မင်း ဆုံးရှုံးလိုက်ရပြီးတော့ သေဆုံးသွားလိမ့်မယ်..” အကြီးအကဲအရှင် သတိပေးလိုက်၏။
ဤနည်းလမ်းမှ မပြည့်စုံသေးပေ။ သို့သော် ကောင်းကင်နတ်ဘုရားအဆင့်အတွက် လုံလောက်သည်။
ထို့အပြင် သူသီးသန့်ကျင့်ကြံခြင်းမှ ထွက်သည်နှင့် ကျန်သည့်အပိုင်းကို ထာဝရကျောင်း၌ သွားရှာနိုင်ကြောင်း သူ့အား ပြောခဲ့သည်။
၁၀ ရက်ကြာပြီးသည့်နောက်တွင် ရှီဟောင် လျှို့ဝှက်နေရာတစ်ခုသို့ တစ်ယောက်တည်း ဦးတည်သွားလိုက်သည်။ သူ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်နှင့် အဝါရောင်မြစ်သစ်သီးတို့ကို သွားရှာမည်။ သူနှင့်အတူ အကြီးအကဲအရှင် လိုက်ပါလာမည်မဟုတ်။
ဤသည်မှာ စစ်ဆေးခြင်းတစ်မျိုးဖြစ်သည်ကို ရှီဟောင်သိသည်။ သူသာ လိုအပ်သည့် နတ်ဆေးပင်များကိုပင် မရှာနိုင်ပါက တာအိုကျင့်ကြံခြင်းအကြောင်းကို စကားထဲ ထည့်ပြောနေစရာမလိုတော့။
အနန္တကောင်းကင် .. ဤသည်မှာ အလွန်ကျယ်ပြောလှသည့် နေရာတစ်ခု။
ကောင်းကင်နတ်ဘုရားကျောင်း အနန္တကောင်းကင်၌ တည်ရှိနေခြင်းဖြစ်သလို လျှို့ဝှက်နေရာလည်း ဤအနန္တကောင်းကင်၌သာ ရှိသည်။ သူသာ အခြားနေရာများကို သွားရမည်ဆိုပါက ဤသည်မှာ အလွန်ဝေးကွာလိမ့်မည်။
ထာဝရတောင်ပို့ .. ဤသည်မှာ အကြီးအကဲအရှင် ညွှန်းလိုက်သည့်နေရာ .. ဤနေရာသည် လီပေါင်းမည်မျှမှန်း မသိနိုင်လောက်အောင်ပင် ကျောင်းနှင့်ဝေးကွာလွန်းလှသည်။
ရှီဟောင် ကျောင်းမှ ထွက်ခွာလာခဲ့လိုက်၏။ ဤသည်မှာ ဤအနန္တကောင်းကင်သို့ ရောက်လာပြီးနောက် သူ၏ပထမဆုံး အနည်းငယ် စိတ်အေးလက်အေးသွားရသည့်ခရီးပင်။ သူသည် မြို့ကြီးများ တစ်မြို့ပြီးတစ်မြို့ ဖြတ်သန်းသွားကာ ထိုမြို့များမှ အစီအရင်များကို အသုံးပြုပြီး လေဟာနယ်ကို ဖြတ်သန်းသွားလာလိုက်သည်။
အကြီးအကဲအရှင်သည် သူ့အား ကျောင်းမှ ယဇ်ပုလ္လင်အား အသုံးပြုခွင့်မပေးချေ။ ထိုအစား သူ အနန္တကောင်းကင်နှင့်ရင်းနှီသွားစေရန် သူ့ကို ကိုယ်တိုင် လျှောက်သွားခိုင်းလေသည်။
“မကြာခင်မှာ တိုက်ပွဲက ရောက်လာတော့မယ် .. ငါ ဒီတောတောင်တွေ မြစ်တွေနဲ့ ရင်းနှီးအောင် မလုပ်ထားရင်၊ မြေမျက်နှာသွင်ပြင်တွေကို နားလည်အောင် မလုပ်ထားရင် ငါ့အတွက် အတော်လေး ဆိုးလိမ့်မယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
လမ်းတစ်လျှောက်တွင် သူသည် အရိုးပုံသွင်းခြင်းပညာနှင့် စိတ်လေ့ကျင့်ခြင်းပညာကို လေ့ကျင့်သွားသည်။ သူသည် ပန်းတိုင်သို့ ရောက်ရန် အလောကြီးမနေ။ ဤနည်းလမ်းနှစ်ခုကို ကျေညက်နေအောင် လုပ်ထားမှသာ အသုံးဝင်လိမ့်မည်။
“ဒြပ်စင်ငါးမျိုး သိုးသားခပတ်.. အရမ်းကောင်းတဲ့ အားဖြည့် အစားအစာနော်..”
“ရေနဂါးအစာသွပ်ပေါက်စီ .. အရမ်းကို တန်ပြီး စားကောင်းတဲ့ပေါက်စီတွေရမယ်..”
မြို့ကြီးတစ်မြို့ထဲ၌ အလွန်လှုပ်ရှားသက်ဝင်နေသည်ကို ရှီဟောင် တွေ့လိုက်ရသည်။ သူ ဤကဲ့သို့သော လောကမျိုးနှင့် ကင်းကွာနေသည်မှာ အတော်ကြာနေလေပြီ။ သူ ကောင်းကင်ဘုံကိုးခုသို့ ရောက်ကတည်းက ကျောင်းနှင့် သမိုင်းဝင်နယ်မြေများ၌သာ သွားလာနေခဲ့ရသည်။
သူ ဤမြို့၌ ရက်ပေါင်းများစွာ နေပြီး လီပေါင်း ထောင်ကျော်ခန့်သာ ဝေးတော့သည့် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရန် ပြင်ဆင်နေလိုက်သည်။
ဤနေရာ၌ တောတောင်၊ မြစ်ချောင်းများ ပေါများလှပြီး မျက်စိတစ်ဆုံး ကျယ်ဝန်းလှသည်။ ဤနေရာသို့ ရောက်လာသည်နှင့် ရှီဟောင်သည် ပင်လယ်ထဲသို့ ကျသွားသည့် သစ်ရွက်တစ်ရွက်ကဲ့သို့ပင် ခံစားလိုက်ရသည်။
သူ ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်လိုက်ပြီးနောက် နေရာတစ်ခုဆီသို့သွားရန် လမ်းညွှန်ပြခိုင်းလိုက်သည်။
ဤသည်မှာ အကြီးအကဲအရှင် သူ့အား ပေးလိုက်သည့် ကျောက်စိမ်းပြားလေးပင်။ ဤပစ္စည်းဖြင့်သာ လမ်းမပြပါက သူ ထိုနေရာကို ရှာတွေ့နိုင်မည် မဟုတ်။ မကောင်းဆိုးဝါးအိုကြီး အနည်းငယ်သာ ဤနေရာကို သိကြသည်ဟု ပြောကြသည်။
ထိုကျောက်စိမ်းပြားနောက် လိုက်လာပြီး နောက်ဆုံးတွင်တော့ သူ၏ပန်းတိုင်သို့ ရောက်လာလေ၏။ တောင်သည် မည်မျှမြင့်မှန်း မသိသော်လည်း တောင်ထိပ်ဖျားမှာ တိမ်နှင့်ပင် ထိနေလေပြီ။ ထိုတောင်ပေါ်၌ စာလုံးနှစ်လုံး ထွင်းထုထားသည်။ ဤသည်မှာ ထာဝရတောင်ပို့ဟူ၍ပင်။
ဤတောင်မှာ မျက်စိဖမ်းစားနိုင်လွန်းလှသည်။
သို့သော် ရှီဟောင် ကျောက်စိမ်းပြားလေးကို ဖယ်လိုက်သည်နှင့် ဤတောင် သူ့မျက်စိရှေ့၌ ပေါ်လာမည်မဟုတ်။ ဤနေရာ၌ တောင်ရှိမှန်းပင် မသိပဲ သူ ဒီတိုင်းဖြတ်သွားမိမည်ပင်။
ဤသည်မှာ ရှီဟောင်ကို အလွန်ထိတ်လန့်သွားစေသည်။ ဒီတောင်က ထိတွေ့ကိုင်တွယ်လို့ရတဲ့တောင်လား .. ပုံရိပ်ယောင်တောင်လား .. သူက ဘာလို့ ကျောက်စိမ်းပြားကို ကိုင်ထားမှ တောင်ကို ထိလို့ရတာလဲ..
“တောင်ကြီးက လေဟာနယ်ထဲမှာ ပုန်းကွယ်နေတာ .. ထူးဆန်းတဲ့ အစီအရင်သင်္ကေတတွေပါတဲ့ ကျောက်စိမ်းပြားကိုကိုင်ထားမှ ဒါကို ထိလို့ရတာ ..”ရှီဟောင် သူ့ကိုယ်သူ စဉ်းစားကြည့်လိုက်သည်။
“ဒီတောင်ပေါ်တက်လိုက်ရင် ကံပါတဲ့သူပဲ ဘုရားကျောင်းကို မြင်လိမ့်မယ် .. အဲဒီဘုရားကျောင်းကနေတစ်ဆင့် ထာတရတောင်ပို့ထဲကို ဝင်ရမှာ..” အကြီးအကဲအရှင် ပြောလိုက်သည့်စကားကို ရှီဟောင် ပြန်ရွတ်လိုက်သည်။
သူ တောင်ပေါ်တက်သွားလိုက်သည်။ သူ တောင်ပေါ်သို့ စတက်သည်နှင့် သူ၏မျက်လုံးရှေ့ရှိ အရာအားလုံး ရှေ့နောက် လွှဲရမ်းနေသည်။ သူသည် ကြယ်များစွာ သူ့အား တစ်ခုပြီးတစ်ခု ရိုက်ခတ်လာသကဲ့သို့ ကြီးမားသည့် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။
ရှီဟောင် သွေးအန်ချင်လာသည်ဟု ခံစားလိုက်ရသည်။ မမြင်ရသည့် ထာဝရတောင်ကြီးတစ်လုံး သူ့အား ရိုက်ခတ်လာသကဲ့သို့ ကန့်သတ်ခြင်းခံလိုက်ရသည်။ သူသည် အသက်ရှူဖို့ပင် ခက်ခဲလာသည်။
သူသည် ခက်ခက်ခဲခဲဖြင့်ပင် ခြေလှမ်းများကို ရှေ့ဆက်လှမ်းလိုက်သည်။
တောင်တက်လမ်းတွင် လှေကားထစ်များရှိနေပြီး လှေကားထစ် တစ်ထစ်မှာ တစ်ကျန်းမြင့်သည်။ သူသည် တစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ပြီး အဆင့်ပေါင်းများစွာ တက်ပြီးသည့်နောက်တွင် သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
နောက်ဆုံးတွင်တော့ သူသည် သူ၏ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်ကာ ထာဝရစွမ်းအင်သုံးကြောင်းကိုလည်း ထုတ်လွှတ်လိုက်၏။ ထိုအခါမှသာ သူတစ်ဆင့်ချင်းစီ ဆက်တက်နိုင်တော့သည်။
ရှီဟောင်သည် လဝက်လုံး တစ်ရက်မှ မနားပဲ တက်ခဲ့သည်။ သူသည် လှေကားထစ်များကို တိတ်တဆိတ်ပင် ရေတွက်ထားပြီး ယခုအချိန်တွင် ကိုးထောင့်ကိုးရာဆင့် ရှိနေလေပြီ။
“ကျန်းတစ်သောင်းမြင့်တယ်..” သူ သက်ပြင်းချလိုက်၏။ ဤသည်မှာ မြင့်မားလွန်းလှသည်။ သူ၏အရိုးများပင် ကျိုးတော့မည်ဟု သူခံစားနေရသည်။
ဟုတ်ပါသည်။ သူ လဝက်ကြာ တက်ခဲ့သောကြောင့် သူ၏အရိုးများ၌ အက်ကွဲကြောင်းများ ပေါ်လာလေပြီ။
“အရိုးပုံသွင်းခြင်းပညာ .. ဟက်..” ရှီဟောင် တစ်ခုခုကို စဉ်းစားမိသွားသည်။ သူအရိုးတွေ ကျိုးတော့မယ် .. တောင်ထိပ်ရောက်တဲ့အချိန်ကျရင် သူ ခဏလောက် နားရမလား..
နောက်ဆုံးတွင်တော့ သူတောင်ထိပ်သို့ ရောက်လာလေပြီ။ ဤသည်မှာ ကျန်းတစ်သောင်း ကွက်တိပင်။ ပိုလည်းမပို လျော့လည်းမလျော့။
ရှီဟောင် တောင်ထိပ်သို့ ရောက်သည်နှင့် ရွှေရောင်အလင်းများ ဖြာကျလာသည်ကို ရှီဟောင် ခံစားလိုက်ရသည်။ အရှေ့ဘက်မှ နေမင်းကြီး ထွက်လာလေပြီ။ သေချာကြည့်မည်ဆိုလျှင် ဤသည်မှာ ကောင်းကင်၌ ရွေ့လျားသွားလာနေသည့် ရွှေရောင်ကျီးကန်း၏အလောင်းပင်။ ယန်စွမ်းအင်များ များပြားစွာ ထွက်ပေါ်နေပြီး မီးခိုးများလည်း ထွက်နေသည်။
သူသည် နေထွက်ချိန်နှင့် တည့်တည့်တိုးသွားခြင်းပင်။
တစ်ခဏအတွင်းမှာပင် တောင်အောက်၌ ရှိနေသည့်အရာအားလုံးမှာ ပင်လယ်မျက်နှာပြင်ကဲ့သို့ ဖြစ်သွားပြီး အလွန်လှပလှသည်။
ဒုန်း..
အဝါရောင်ခေါင်းလောင်းသံကြီး မြည်ဟီးလာလေ၏။ အသံမှာ ကျယ်လောင်လွန်းလှသောကြောင့် နားကန်းနေသည့်သူများပင် ကြားရနိုင်လောက်သည်။
ခေါင်းလောင်းသံမှာ ရွှေရောင်ဖုံးလွှမ်းနေသည့်တိမ်များကြားမှ ထွက်လာခြင်းပင်။
အရှေ့ဘက်၌ ရွှေရောင်အုတ်များဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဘုရားကျောင်းတစ်ခု ရှိနေသည်။ ဤဘုရားကျောင်းသည် နံနက်ခင်း ရောင်စုံအလင်းများကြားတွင် နှစ်မြှုပ်နေကာ အလွန်သပ္ပာယ်လှသည်။
ရှီဟောင် ကိုယ်နှင့်စိတ် နှစ်ခုလုံး ပေါ့ပါးလွတ်လပ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ ရက်ပေါင်းများစွာ မအိပ်မစားပဲ နေလာခဲ့ရပြီးနောက် ရုတ်တရက် အနားယူလိုက်ရသကဲ့သို့ပင်။ ရွှေရောင်အလင်းတန်းများ ဖြန့်ကျက်နေကာ အလင်းနှင့်အတူ ခေါင်းလောင်းသံလည်း ထွက်ပေါ်လာသောကြောင့် သူအတောင်ပံပေါက်ပြီး ထာဝရတရားထဲသို့ သက်ဆင်းတော့မလိုပင်။
ဤသည်မှာ မျောနေသည့် ဘုရားကျောင်းတစ်ခုပင်။
ဘုရားကျောင်းရှေ့၌ လူများစွာ ထိုင်နေပြီး တရားထိုင်နေကြလေသည်။ ဤလူများအားလုံး တာအိုများအား လေ့လာနေခြင်းပင်။
ဒီမှာ ဒီလောက်လူအများကြီး ရှိနေတာလား .. ရှီဟောင် ထိတ်လန့်သွားရသည်။
ဤနေရာတွင် လူငယ်များရော၊ လူကြီးများရော ရှိသည်။ အချို့သူများသည် ဆံထုံးထဲ၌ အရိုးဆံထိုးကို ထိုးထားပြီး သားရဲအရေခွံများကို အဝတ်အစားအဖြစ် ဝတ်ဆင်ထားကြသည်။ သူတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းကိုမူ လှစ်ဟပြသထားလေ၏။ အချို့သူများမှာမူ ထာဝရရွှေဖြင့် ပြုလုပ်ထားသည့် စစ်အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ထိုချပ်ဝတ်တန်ဆာများမှ ထာဝရအလင်းများ ထုတ်လွှတ်နေသောကြောင့် သူတို့အား အလွန်မြင့်မြတ်သည့်ပုံ ပေါ်စေသည်။
ဤသည်မှာ သာမန်လူများ မဟုတ်ကြပေ။ အယောက်စီတိုင်း၌ သူတို့အား လေးစားစေသည့် အော်ရာတစ်မျိုးရှိနေသည်ပင်။
ရှီဟောင် အသက်ရှူသံများ အေးခဲသွားရ၏။ သူ၏အဆင့်အတန်းမှာ ဤနေရာ၌ ရပ်ရလောက်အောင် မထိုက်တန်ဘူးဟု သူ့အား ခံစားရစေသည်။ ဒါက ဘယ်လိုသတ္တဝါမျိုးတွေလဲ..
ဤလူများ၏ နောက်ကျောဘက်တွင် လေးကြီးများ သို့မဟုတ် စစ်ပွဲလှံတံများနှင့် လက်ထဲတွင် အခြားစွမ်းအားကြီးသည့် လက်နက်များ ရှိနေသည်။ အားလုံးမှာ ပြိုင်ဘက်ကင်း စစ်နတ်ဘုရားများကဲ့သို့ပင်။
ဤလူများမှာ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့်တူသည်။
ရှီဟောင်၏နောက်ဘက်၌ နတ်စက်ဝန်းတစ်ခု ပေါ်လာကာ ထာဝရမြူများရှိနေသည့် ရှေးဟောင်းမီးတောက်တစ်ခုလည်း တိတ်တဆိတ်ထွက်ပေါ်လာ၏။ ထိုမီးတောက်သည် ဤလူများကို ပုံစံကို စတင်မှတ်သားကာ တာအိုတံဆိပ်မျိုးစုံကိုလည်း ရေးထွင်းလာသည်။
အပိုင်း ၁၄၃၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၁ – စစ်နတ်ဘုရား အမှတ်တံဆိပ်
ရှီဟောင်၏ ဝိညာဉ်အမြင်အာရုံများမှာ စူးရှလှသည်။ သူ့နောက်၌ နတ်စက်ဝန်းတစ်ခု ပေါ်လာသည်ကို သူချက်ချင်းသိလိုက်သည်ပင်။
သူတို့အားလုံး တာအိုများ၊ ပြိုင်ဘက်ကင်းသည့်တံဆိပ်များကို ကိုယ်စားပြုခြင်းပင်။ သူတို့သည် ဘုရားကျောင်းရှေ့၌ မန္တန်များရွတ်ကာ သီဆိုနေကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ၌ ဤနေရာတွင် အချိန်အတော်ကြာနေခဲ့ကာ တာအိုလေ့လာခဲ့သည့်လူတစ်စု ရှိခဲ့၏။
ရှီဟောင် တစ်ခုခုကို အာရုံခံမိသွားသောကြောင့် တောင်၏ဖိအားကို သည်းခံကာ အရှေ့ဘက်သို့ ဆက်လျှောက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲမှ အရိုးပေါင်း နှစ်ရာကျော်မှာ တဂျွတ်ဂျွတ်အသံများ မြည်နေလေပြီ။
သို့သော် သူသည် ရပ်တန့်မနေပဲ ဖြေးဖြေးမှန်မှန်ဖြင့်ပင် လျှောက်လာလိုက်သည်။ အမိုးနှင့် နံရံအားလုံးကို ရွှေဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းဘုရားကျောင်းရှေ့သို့ သူရောက်လာလေပြီ။
ထို့နောက် ရှီဟောင် ထိုလူအုပ်နောက်တွင် ထိုင်လိုက်သည်။ ထိုလူအုပ်နှင့် အတော်လေး ဝေးနေသေးသော်လည်း ဤသည်မှာ သူ၏နောက်ဆုံးလုပ်နိုင်စွမ်းပင်။
ဤသည်မှာ သူ့အား ထိတ်လန့်သွားစေသည်။ ဒီသတ္တဝါတွေက ဘယ်လိုသတ္တဝါမျိုးတွေလဲ .. သူတို့ချန်ထားခဲ့တဲ့ တံဆိပ်တွေတောင်မှ ဒီလောက်တောင် စွမ်းအားကြီးတယ် .. သူ့လိုမျိုး ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ နံပါတ်တစ် ဖြစ်နေတဲ့သူတောင် သူတို့နဲ့ ရောပြီး ဝင်ထိုင်လို့မရဘူး..
ခွပ်..
ရှီဟောင် ထိုင်ချလိုက်သည်နှင့် သူ၏ညာခြေထောက် ကျိုးသွားသည်။ သူတရားစထိုင်လိုက်သည်နှင့် နတ်ဆိုးနှင့် နတ်ဘုရားများ၏ ကျမ်းစာရွတ်သည့်အသံများကို ကြားလိုက်ရသည်။ သူ၏အရိုးများမှာလည်း အရိုက်ခံနေရသကဲ့သို့ တဒုန်းဒုန်းအသံများ ထွက်ပေါ်နေသည်။
နာကျင်မှု .. သည်းမခံနိုင်လောက်တဲ့ နာကျင်မှု..
ဖုန်း..
ရှီဟောင် တစ်ကိုယ်လုံး တုန်ခါသွားရသည်။
သူသည် အပြင်းထန်ဆုံး ရိုက်ချက်တစ်ခုအား ခံလိုက်ရသကဲ့သို့ သူ့တစ်ကိုယ်လုံး ပုံပျက်လာသည်။ သူ၏အရိုးများမှာ သူ့ခန္ဓာကိုယ်ကို မထောက်ထားနိုင်တော့။ သူ့တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ လဲကျတော့မည်။
သူ၏အဆစ်များလည်း စတင်ပြိုကွဲလာသည်။
ထိုအချိန်တွင် သူ့တစ်ကိုယ်လုံးရှိ အရိုးများ အက်ကွဲပြီးနောက် ကျိုးပဲ့လာသည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည့် ဖွံ့ဖြိုးမှုကြီးပင်။
သို့သော်လည်း ရှီဟောင်သည် သူ၏ခန္ဓာကိုယ်အား အတင်းတောင့်ခံထားလိုက်သည်။ ကျိုးပဲ့သွားသည့် အရိုးများကို ပြန့်ကျဲမသွားစေပဲ အားသုံးကာ ပြန်ဆက်ထားလိုက်သည်။
သူနာကျင်နေရသော်လည်း သူသည် ယခင်တုန်းကထက် ပို၍ အဆင့်တက်လာလေပြီ။ သူထိုင်ချလိုက်ကတည်းက ဤသည်ကို သတိပြုမိသည်ပင်။ နာကျင်မှုမှာ သည်းမခံနိုင်လောက်အောင် ဖြစ်နေသော်လည်း သူ့စိတ်ထဲ၌ ကျေနပ်နေမိသည်။
သူ ထိုကျမ်းစာသံများကို လေ့လာခွင့်ရခဲ့ပြီး အဆင့်လွန်နတ်အသံများကို ကြားခွင့်ရခဲ့ရသည်။ သူ၏အရိုးများမှာ အကြိမ်ပေါင်း တစ်ရာကျော် ပြုပြင်ခံထားရသကဲ့သို့ ပေါက်ကွဲထွက်လာသည်။
အကြီးအကဲအရှင် သူ့အား ဤနေရာသို့ လာခိုင်းခြင်းမှာ ပို၍လေးနက်သည့် အကြောင်းပြချက်ရှိမည်ကို သူသိသည်။ ဤသည်မှာ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်နှင့် အဝါရောင်မြစ်သစ်သီးတစ်ခုတည်းအတွက်မဟုတ်။ ဤကဲ့သို့သော ရက်စက်သည့် ပြောင်းလဲမှုအတွက်လည်း ပါဝင်သည်ပင်။
ဤရှေးဟောင်းလူအုပ်ကြီးသည် တာအိုများကို လေ့လာဆန်းစစ်ကာ ကျမ်းစာများကို နားလည်အောင် လုပ်နေပြီး သူတို့ခန္ဓာကိုယ်များကို အရောင်တင်နေခြင်းပင်။ သူလည်း ဤလူအုပ်ထဲ ဝင်ပါလိုက်သောကြောင့် သူ့ခန္ဓာကိုယ်လည်း စတင်တုံ့ပြန်လာခြင်း ဖြစ်၏။
သာမန်လူသာ ဝင်လိုက်ပါက သူတို့၏ခန္ဓာကိုယ် စုတ်ပြဲသွားကာ အရိုးများလည်း တစ်စစီဖြစ်သွားလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ချုပ်ငြိမ်းသွားလိမ့်မည်ပင်။
သို့သော်လည်း ရှီဟောင်၏ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံနိုင်သည့် ခန္ဓာကိုယ်မှာမူ ဤနာကျင်မှုကို သည်းခံနိုင်စေပြီး သူ့အား အသိအမြင်များ ရရှိစေသည်။
ဖုန်း..
အရိုးကျိုးအက်သည့်အသံများကို တစ်သံပြီးတစ်သံ ကြားနေရသည်။
သူ၏စိတ်ခွန်အားမှာ ဤနာကျင်မှုကို တောင့်ခံနိုင်သော်လည်း သူ့ခန္ဓာကိုယ်၏အလိုအလျောက်တုံ့ပြန်မှုလည်း ရှိနေသေးသည်ပင်။ သူ့ခေါင်းတစ်ခုလုံး ချွေးများစိုရွှဲနေလေပြီ။
ယခုအချိန်တွင် ဘုရားကျောင်းမှ အုတ်များနှင့် အမိုးများ တောက်ပနေသည်။
ထိုင်နေကြသည့် အမျိုးသား၊ အမျိုးသမီးများ၊ လူငယ်များနှင့် လူကြီးများမှာ ပို၍ပင် ခံ့ညားလာသည်။ ဤသည်မှာလွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာမှ ချန်ထားခဲ့သည့် ရုပ်ကြွင်းများဖြစ်သော်လည်း ယခုအချိန်တွင် အစစ်ကဲ့သို့ပင် အသက်ဝင်လွန်းလှသည်။
ရွှေရောင်စွမ်းအင်များသည် ရေလှိုင်းတစ်ခုကဲ့သို့ပင် ရှီဟောင်ထံသို့ စီးဆင်းလာပြီး သူ့အား ဖုံးလွှမ်းပစ်လိုက်လေ၏။ သူသည် အပြင်လူမဟုတ်တော့ပဲ ဤနေရာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သွားလေပြီ။
ထိုအချိန်တွင် သူခံစားနေရသည့် နာကျင်မှုများမှာ ပို၍ပြင်းထန်လာသည်။ တာအိုချိန်းကြိုးများသည် လွှသွားများကဲ့သို့ပင် သူ၏အရိုးများကို ဖျက်ဆီးလာသည်။
သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများ ပို၍ ကျိုးကြေလာသည်ပင်။
ရွှေရောင်ရိုးတွင်းခြင်ဆီ စီးဆင်းလာကာ သူ၏သဘာဝကို အပြည့်အဝ ပြသနေလေသည်။
သို့သော်လည်း နာကျင်မှုမှာ အထွတ်အထိပ်သို့ ရောက်နေလေပြီ။ ရှီဟောင်၏တုန်ယင်နေသည့် ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားကာ သူ၏တွန့်လိမ်ရှုံ့မဲ့နေသည့် မျက်နှာလည်း တည်ငြိမ်သွားသည်။
သူ နောက်ဆုံး စိတ်အေးသွားသည်အထိ ဤကဲ့သို့သာ ဆက်ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်သည် အသွေးအသားအားကို ဖိနှိပ်နိုင်သွားလေပြီ။
သူသည် ဤလူအုပ်များနှင့် တစ်စုတည်းဖြစ်သွားပြီဟု ပို၍ခံစားလာရသည်။ သူနှင့် ဤလူအုပ်များကြား၌ ကွာခြားချက်များ မရှိတော့ပေ။
နတ်အရိုးများကို ကျိုးကြေစေပြီးနောက် ပြန်လည်တည်ဆောက်ပြီးသွားလေပြီ။
ရှီဟောင် အကြီးအကဲအရှင်ထံမှ သင်ယူခဲ့သည့် ‘အရိုးပုံသွင်းခြင်းပညာ’မှာ သူ့အလိုလို အသက်ဝင်လာလေတော့၏။ ဤသည်မှာ သံမဏိတစ်ခုကို အကြိမ်ပေါင်းများစွာ မီးတိုက်ပြီး တူဖြင့် အကြိမ်တစ်ထောင် ထုနှက်ထားသကဲ့သို့ပင်။
ဝူး..
ကျယ်လောင်လှသည့် ဆူညံသံကြီး ထွက်ပေါ်လာကာ သင်္ဘောကြီးတစ်စင်း ခုတ်မောင်းလာသည်။ ထိုသင်္ဘောသည် တောင်ခြေမှ တောင်ထိပ်သို့ တက်လာပြီးနောက် ဤနေရာ၌ ရပ်တန့်သွားလေသည်။
“ငါ့တို့ ကံကောင်းတာပဲ .. ရှေးဟောင်းအမှတ်အသားတွေ ပြန်ပေါ်လာပြီ .. မင်းတို့အားလုံး တိတ်တိတ်လေး လေ့လာကြ .. ဒါက မင်းတို့ကို ကံကောင်းမှုကြီးတွေ ယူလာပေးမှာ..”
သင်္ဘောပေါ်ရှိ လူတစ်ယောက်မှ ဝမ်းသာစွာ ပြောလိုက်သည်။ ဤသည်မှာ မီးခိုးရောင်ဆံပင်နှင့် အကြီးအကဲတစ်ယောက်ပင်။
သင်္ဘောပေါ်၌ လူငယ်နှင့် မိန်းမပျိုများစွာ ရှိနေပြီး သူတို့အားလုံးထံ၌ ထူးခြားသည့်သွင်ပြင်များ ရှိကြသည်ပင်။
သို့သော်လည်း လူအချို့သာ သင်္ဘောပေါ်မှ ဆင်းလာနိုင်သည်။ အခြားသူများ ဆင်းလာရန် ကြိုးစားလိုက်သည်နှင့် သူတို့ခန္ဓာကိုယ်နေရာအနှံ့မှ သွေးများစီးကျလာသည်။
“ဟမ် .. ထာဝရစွမ်းအင် သုံးကြောင်း ကျင့်ကြံထားတဲ့သူပဲ ဒီတောင်ရဲ့ဖိအားကို ခုခံနိုင်တာ..” အကြီးအကဲတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။
သူလက်ဝေ့ရမ်းလိုက်သည်နှင့် အားလုံး အဖြူရောင်အရိုးသင်္ကေတတစ်ခုစီ ရသွားကြသည်။ ဖိအားမှာ ချက်ချင်းပင် လျော့နည်းသွားကာ သူတို့အားလုံး သင်္ဘောပေါ်မှ ဆင်းနိုင်သွားကြသည်။
သူတို့အားလုံး ရွှေရောင်ရှေးဟောင်းဘုရားကျောင်းနှင့် စစ်နတ်ဘုရားကဲ့သို့သော ရုပ်တုပေါင်းများစွာကို တိတ်တဆိတ်ပင်ကြည့်ကာ လေ့လာလိုက်သည်။
ခဏကြာပြီးသည့်နောက် သူတို့အားလုံး တရားထိုင်လိုက်ကာ သဘာဝဥပဒေသများကို လေ့လာလိုက်သည်။
သို့သော်လည်း မည်သူမှ အလောတကြီး ကပ်မသွားရဲကြ။ အဘယ်ကြောင့်ဆိုသော် ဖိအားမှာ ကြီးမားလွန်းလှသလို ရွှေရောင်အလင်းများအောက်၌ နှစ်မြှုပ်နေသည့် ရှီဟောင်ကိုလည်း သူတို့သတိမပြုမိကြ။
နေ့တစ်ဝက်ကြာမှသာ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူများ နာကျင်မှုကို အံတုကာ လမ်းဆက်လျှောက်လာနိုင်ကြသည်။ ထိုအချိန်မှသာ ရှီဟောင်ကို ဝန်းရံထားသည့် ရွှေရောင်မြူများကိုတွေ့ကာ သူတို့ အံ့အားသင့်သွားရသည်။
“ငါတို့က ဘာလို့ ကောင်းကင်နတ်ဘုရားကျောင်းက အဲဒီလူကို လာတွေ့ရတာလဲ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤသည်မှာ အခြားသူများ၏ အာရုံကို ဆွဲဆောင်သွားနိုင်သည်ပင်။ သင်္ဘောပေါ်မှ အကြီးအကဲပင် ထိတ်လန့်သွားလေသည်။
“သူက ငရဲကြီးကိုးထပ်အိုကို အနိုင်ယူခဲ့တဲ့ ဟွမ် မဟုတ်ဘူးလား.” လူအချိုု့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤသည်မှာ ထာဝရကျောင်းမှ လူများပင်။ သူတို့ ရှီဟောင်ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မထင်ထားကြ။ ထိုအကြီးအကဲများပင်လျှင် ရှီဟောင်အား သတိမပြုမိပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ထိုစစ်နတ်ဘုရားများနှင့် တစ်သားတည်းဖြစ်သွားပြီး သူတို့အော်ရာလည်း အတူတူပင်။
တပည့်ငယ်လေးများမှာ ဤသည်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။ “မဖြစ်နိုင်တာ .. သူက ဘယ်လိုလုပ် ဒီရှေးဟောင်းဘုရားကျောင်းထိရောက်အောင် တက်လာနိုင်ခဲ့တာလဲ .. ဒီတောင်က ကန့်သတ်ထားတဲ့နယ်မြေမဟုတ်ဘူးလား .. ဒီပေါ်တက်လာတဲ့သူတွေရဲ့ ခန္ဓာကိုယ်စုတ်ပြတ်သွားပြီး အရိုးတွေလည်း ကျိုးသွားမှာ မဟုတ်ဘူးလား..”
“ဒါတွေအားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းပေါင်းများစွာက စစ်နတ်ဘုရားတွေ .. ဘုရားရေ .. ဟွမ်က သူတို့ထဲကတစ်ယောက် ပြန်ဝင်စားပြီးတော့ ဒီလောကမှာ ပြန်ပေါ်လာတာများလား .. အဲဒါကြောင့်မို့လို့ သူ ဒီလောက်ထိ စွမ်းအားကြီးနေတာ အံ့ဩစရာမရှိတော့ပါဘူး..”
ဤလူများမှာ အခြားအရာတစ်ခုကို ယုံကြည်သွားကြလေပြီ။
သူတို့ကို ဦးဆောင်ခေါ်လာသည့် အကြီးအကဲမှ သက်ပြင်းချလိုက်သည်။ သူရှီဟောင်အား စိုက်ကြည့်လိုက်သည့်အချိန်၌ ဤသည်မှာ တကယ်ရှီဟောင်ဖြစ်နေသည်ကို သူသိလိုက်ရသည်။ သူ ဤလူငယ်လေး၏ ပါရမီကို မလန့်ပဲ မနေနိုင်တော့။
“ငါ့ရဲ့ ထာဝရကျောင်းက ကောင်းကင်ဘုရင်လေးလိုမျိုး လူအနည်းစုလောက်ပဲ ဒီနေရာကို ကပ်ရဲတာ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အားလုံးတည်ငြိမ်သွားသည့်အချိန်တွင် အခြားသင်္ဘောတစ်စင်းရောက်လာသည်။ ဤသည်မှာ အလေးအမြတ်ကျောင်းမှ လူများပင်။ ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် နောက်တစ်ကြိမ် ဆူညံလာသည်။
“သူလား..” ဝမ်ရှီး အတော်လေးထိတ်လန့်သွားရသည်။
“ဟား ဟား .. သူက ရှီဟောင်ပဲ..” ချောင်ယုရှင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
ကျောင်းနှစ်ကျောင်းမှ ရှီဟောင်သိသည့်သူအားလုံး ဤနေရာသို့ ရောက်လာကြခြင်း မဟုတ်။ အချို့သူများမှာ သီးသန့်ကျင့်ကြံနေကြကာ အချို့သူများမှာ အဖိုးတန်မျိုးစေ့များနှင့် ပေါင်းစည်းနေလေပြီ။
“ဒီလူလည်း ဒီကိုလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. သူက ကျောင်းနှစ်ကျောင်းလုံးကို မဝင်တာတောင်မှ ဒီကို လာနိုင်တုန်းပဲ..” အချို့လူများ၏ မျက်လုံးများ အရောင်တောက်လာသည်။
ကောင်းကင်နတ်ဘုရားနယ်ပယ်မှ လူများအတွက်တော့ ရှီဟောင်မှာ ယှဉ်၍မရနိုင်သည့် နတ်ဆိုးဘုရင်ပင်။
ကျောင်းနှစ်ကျောင်းမှ တပည့်များ ဤနေရာသို့ ရောက်လာကြခြင်းမှာ သူတို့ကို ဦးဆောင်လာသည့် အကြီးအကဲများရှိနေသောကြောင့်ပင်။ လူအများစုမှာ သူတို့ကိုယ်တိုင် တောင်ထိပ်သို့ မတက်နိုင်။ အဖိုးတန်သင်္ဘောကို အားကိုး၍ ရောက်လာကြခြင်းပင်။
ဤနေရာတွင် ကံကောင်းမှုများစွာရှိသလို အခွင့်အရေးများစွာလည်း ရှိသည်။ တပည့်များ တစ်ခုခုရလိုရငြားဖြင့် အကြီးအကဲများ သူတို့တပည့်အား ခေါ်လာကြခြင်းပင်။
ရှီဟောင်ကို တွေ့လိုက်ရသည်နှင့် သူတို့၏အမူအရာများ ရှုပ်ထွေးသွားကြသည်။ အချို့လူများမှာ သူ့အား မလိုမုန်းတီးနေကြသည်။ အချိုု့လူများသည်လည်း သူ၏ပါရမီကို လေးစားနေကြ၏။ သူ့ကို ကြောက်ရွံ့နေသည့် အချို့လူများလည်း ရှိနေကြသည်ပင်။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် အချို့လူများ ဖိအားကို မခံနိုင်တော့ပဲ ထရပ်လိုက်ကြသည်။ အကြီးအကဲများ သူတို့ကို ပေးထားသည့် အရိုးဖြူသင်္ကေတဖြင့်ပင်လျှင် သူတို့ကြာကြာ မနေနိုင်ကြ။
“ကောင်းပြီ .. လေဟာနယ်တံတားကနေပြီးတော့ မင်းတို့ ထာဝရတောင်ပို့ကို ဝင်ရမယ် .. မင်းတို့တစ်ခုခုရနိုင်မလားဆိုတာ ကြည့်ကြတာပေါ့.. အထဲမှာ အခွင့်အရေးတွေ အများကြီးရှိတယ်..” ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
လူများစွာ ထရပ်လိုက်ကြ၏။ ဤစစ်နတ်ဘုရားကျောင်းမှာ သူတို့ခုခံနိုင်သည့်အရာတစ်ခု မဟုတ်ပေ။
၄ ရက်ကြာပြီးသည့်နောက်တွင် လူ ၈၀ ရာခိုင်နှုန်းခန့် ထွက်သွားကြလေပြီ။ လူအချို့သာ ဆက်ထိုင်နေခဲ့ကြသည်။
ရှီဟောင် မျက်လုံးများ ပွင့်လာလေပြီ။ သူ၏အရိုးအားလုံး တာအိုချိန်းကြိုးများကြောင့် ပျက်စီးသွားပြီးနောက် ယာယီပြန်ပေါင်းသွားသည်။ ရွှေရောင်အလင်းတောက်ပလာကာ အရိုးများ ဖြူဖွေးတောက်ပလာသည်။
ဤ ၁၀ ရက်လုံးမှာ သူသည် ငရဲ၌ ကျင့်ကြံနေရသကဲ့သို့ပင်။ နောက်ပိုင်း၌ သူ၏အသွေးအသားများ ငရဲရောက်သွားသော်လည်း သူ၏ဝိညာဉ်အဆင့်တက်လာသည်ပင်။
ရှီဟောင် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ ထိတ်လန့်သည့်ပုံစံ ဖြစ်သွားသည်။ သူ့ဘေးနားပတ်လည်၌ သူ သိနေသည့်သူအချို့ရှိနေသည်။ မင်းသမီးယောင်ယွဲ့ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေကာ တောင့်ခံထားလေသည်။
“ရှင်က တကယ်ကို မာကျောတာပဲ .. ဒီလောက် အကြာကြီး သည်းခံနိုင်တယ်ပေါ့..” မင်းသမီးယောင်ယွဲ့ အံကြိတ်၍ ပြောလိုက်သည်။ သူမ၏မျက်နှာမှာ ဖြူဖျော့နေလေပြီ။ သူမသည် တာအိုမျိုးစေ့များနှင့် ချက်ချင်းမပေါင်းစပ်သေးပဲ ဤနေရာသို့ အရင်ရောက်လာသည့် အဆင့်လွန်လူငယ်များထဲမှ တစ်ယောက်ပင်။
“ငါတို့ တွေ့ကြပြန်ပြီ..” ရှီဟောင်ပြုံး၍ ပြောလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် သူမတ်တပ်ရပ်လိုက်ပြီးနောက် အရှေ့ဘက်သို့ ဆက်လျှောက်သွားလိုက်သည်။
“လူငယ်လေး .. မင်းက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ..” ကျောင်းနှစ်ကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ ချီးကျူးလိုက်သည်။
“စီနီယာတို့နဲ့ကျွန်တော် အရင်က တွေ့ဖူးပါတယ်..” ရှီဟောင် သူတို့အား အရိုအသေပေး၍ ပြောလိုက်သည်။
“ကောင်းကင်ဘုရင်လေးနဲ့တစ်ခြားသူတွေ ဒီနေရာကို လာပြီးတော့ သူတို့အသွေးအသားကို ပြုပြင်ခဲ့ကြသေးတယ် .. ဒါပေမဲ့ ဒီလောကမှာ ဘယ်သူမှ မလုပ်နိုင်တော့ဘူးလို့ ယုံကြည်ထားကြတာ .. ကြည့်ရတာ ငါတို့မှားသွားတဲ့ပုံပဲ..” သူတို့ထဲမှ တစ်ယောက် သက်ပြင်းချလိုက်သည်။
“မင်း ရှေ့ဆက်သွားသင့်တယ် .. အခု မင်းရဲ့တာအိုအရိုးတွေကို ရိုက်ဖွင့်ထားတာဆိုတော့ အရိုးတွေ ပြန်မပိတ်ခင် နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ဆေးရည်ကို ရှာဖို့အတွက် အချိန်ကောင်းပဲ .. ပြောလို့မရဘူး .. မင်း ရှေးအကျဆုံး ဆေးပင်ကို ရှာတွေ့ပြီးတော့ မင်းခန္ဓာကိုယ်ကို ပြောင်းလဲလို့ ရရင်ရမှာ” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။
ရှီဟောင် သူတို့အား နှုတ်ဆက်ကာ ဤနေရာမှ ထွက်လာလိုက်သည်။
ဤတောင်ထိပ်၌ ထိုဘုရားကျောင်းအပြင် လေဟာနယ်ထဲသို့ ဦးတည်သွားသည့် လမ်းလေးတစ်လမ်းရှိသေးသည်။
ဤသည်မှာ လေဟာနယ် နတ်တံတားပင်။
ဤသည်မှာ လမ်းခင်းကျောက်များဖြင့် လေဟာနယ်ထဲ၌ ဆောက်လုပ်ထားသည့် တံတားလေးပင်။
သို့သော်လည်း ဤနေရာ၌ ရပ်နေသည့် လူများစွာ ရှိနေသည်။ သူတို့အားလုံး စိတ်ဖောက်ပြန် နေကြလေပြီ။ အချို့မှာ ရယ်မောနေကြပြီး အချို့မှာ အော်ဟစ်ကာ ငိုကြွေးနေကြသည်။ အားလုံးမှာ ကျောင်းနှစ်ကျောင်းမှ ကျင့်ကြံသူများပင်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူ ခံစားချက်မျိုးစုံကို ခံစားနေရသည်။ ယခင်ခေတ်မှ သူရဲကောင်းများ ချန်ထားခဲ့သည့် အပိုင်းအစများသည် လက်ရှိလောက ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ သူတို့ရူးသွပ်သွားအောင် လုပ်နေခြင်းပင်။
အပိုင်း ၁၄၃၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၂ – မြေပြင်ထက်၌ လမ်းလျှောက်သည်ဟု ခံစားရခြင်း
ဤလမ်းကြောင်းမှာ ဤတောင်များနှင့် ချိတ်ဆက်ထားသည့် တံတားလေးနှင့်တူနေသည်။
တောင်ကိုယ်ထည်မှ စီးဆင်းသွားသည့် ငွေရောင်ရေတံခွန်လေးတစ်ခုလည်း ရှိနေကာ ဤနေရာမှာ အလွန်လှပလှသည်။ ဤနေရာမှာ မျက်စိတစ်ဆုံး မမြင်နိုင်လောက်အောင်ပင် ကျယ်ပြောလွန်းလှသည်။ ပို၍အရေးကြီးသည်မှာ ဤနေရာသည် မြေပြင်ထက်၌ ရှိနေခြင်းမဟုတ်ပဲ ကောင်းကင်ထက်၌ ရှိနေခြင်းပင်။ ထို့ကြောင့် ဤကဲ့သို့သော သန့်စင်သည့်တောင်ပို့မှာ ပို၍ပင် ထူးခြားဆန်းကြယ်နေသည်။
“အား..” လမ်းတစ်လျှောက်တွင် လူများစွာသည် ခေါင်းကိုအုပ်ကိုင်ကာ အော်ဟစ်နေကြသည်။ အချို့သူများမှာ မြေပြင်ထက်၌ပင် လူးလိမ့်နေလေပြီ။
“ဟားဟား .. ငါ ထာဝရရှေးဟောင်းခေတ်က နံပါတ်တစ်ကျမ်းစာ ရခဲ့ပြီ .. ငါက မိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတဲ့သူ ဖြစ်တော့မှာ..” တစ်စုံတစ်ယောက်မှ ရယ်မောပြီး အော်ဟစ်နေလေသည်။ သူသည် ရယ်လွန်းသောကြောင့် မျက်ရည်များပင် ကျတော့မည်။
လေဟာနယ်ထဲ၌ အလင်းများ စီးဆင်းနေကြသည်။ ဤသည်မှာ သူရဲကောင်းဝိညာဉ်များ ချန်ရစ်ထားခဲ့သည့် တံဆိပ်များပင်။ ဤတံဆိပ်များသည် ကျောင်းသားများ၏ မူလဝိညာဉ်ကို ကျူးကျော် တိုက်ခိုက်နေခြင်းပင်။
သို့သော် အချိန်ကြာလာသည်နှင့် ဤတံဆိပ်များ ပြန်လည်ထွက်ခွာသွားမည်ပင်။ ဤလူများအား တကယ်ဖျက်ဆီးပစ်မည် မဟုတ်။ ထို့ကြောင့်ပင် ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများသည် သူတို့တပည့်များအား ဤနေရာသို့ စေလွှတ်ရဲခြင်းပင်။
အချို့လူများ ပြန်လည်နိုးထလာကာ ပြန်ကောင်းလာလိမ့်မည်။ သို့သော် အခြားသူရဲကောင်းဝိညာဉ်တံဆိပ်တစ်ခု တွယ်ကပ်လာသည့်အချိန် သူတို့တောင့်မခံနိုင်ပါက သူတို့နောက်တစ်ကြိမ် ရူးသွပ်သွားလိမ့်မည်။
အချို့သူများသည်လည်း ဤတံဆိပ်များမှာ အကျိုးကျေးဇူးများ ရရှိသည်ပင်။ သူရဲကောင်းဝိညာဉ်အပိုင်းအစများသည် ပြိုင်ဘက်ကင်းသည့် သူရဲကောင်းများ ချန်ရစ်ထားခဲ့ခြင်းဖြစ်သောကြောင့် ဤအပိုင်းအစများတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် ပညာများ ရှိနေသည်။ ကံကောင်းပါက သူရဲကောင်းဝိညာဉ်၏ အသိအမှတ်ပြုမှုကို ရရှိနိုင်ကာ ထိတ်လန့်စရာကောင်းလောက်သည့် အမွေများဆက်ခံရနိုင်လိမ့်မည်။
သို့သော် ဤကဲ့သို့သော ကံကောင်းသည့်သူမျိုး အလွန်ရှားပါးသည်သာ။ အဘယ်ကြောင့်ဆိုသော် ဤဝိညာဉ်အပိုင်းအစများမှာ အလွန်ပျက်စီးနေပြီဖြစ်သည်။
“မင်းက ဟွမ်လား..” လမ်းပေါ်၌ ခေါင်းရှင်းသွားသည့်အချို့လူများ ရှိနေသည်။ ရှီဟောင်သည် ထိခိုက်ခြင်းမရှိပဲ ဤလမ်းပေါ်၌ လျှောက်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး အတော်လေး တုန်လှုပ်သွားရသည်။ ဒီလူရဲ့စိတ်စွမ်းအားက ဘယ်လောက်တောင် အားကောင်းတာလဲ..
ရှီဟောင် ရှေ့ဆက်လျှောက်လာခဲ့သည်။ သူ့အား လာရောက်ကပ်ညှိသည့် သူရဲကောင်းဝိညာဉ်များရှိသော်လည်း သူ၏စွမ်းအားကြီးလှသည့် သွေးစွမ်းအင်ကြောင့် လွင့်ထွက်သွားကြလေသည်။
သူအရိုးများ ပွင့်နေကာ ရွှေရောင်ရိုးတွင်းခြင်ဆီလည်း သူ၏ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေပြီး အလွန်ကြောက်စရာကောင်းသည့်အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။ သူအနေဖြင့် ဤသည်ကို ဖုံးကွယ်ထားချင်လျှင်ပင် မရ။
အချို့ သူရဲကောင်းဝိညာဉ်များမှာ အလွန်စွမ်းအားကြီးလှသည်။ သူတို့သည် ထိတွေ့၍ရသည့်ခန္ဓာကိုယ်များကိုပင် ဖန်တီးနိုင်တော့မည်ပင်။
ရှီဟောင်၏ ရွှေရောင်ရိုးတွင်းခြင်ဆီများကြောင့် သူတို့ဤနေရာသို့ ရောက်လာကြခြင်းပင်။ သူတို့သည်လည်း ယခင်က ဤကဲ့သို့သော သွေးစွမ်းအင်မျိုးရှိကာ ပြိုင်ဘက်ကင်းသည့်သူများ ဖြစ်သောကြောင့် ယခင်က မှတ်ဉာဏ်များ ပြန်ရောက်လာသကဲ့သို့ပင်။
ချွမ်း..
ရှီဟောင် ထာဝရတည်ရှိနေမည့်ဓားကို ဆွဲထုတ်လိုက်သည်။ ဤဓားသည် အလွန်ထူးဆန်းလှပြီး သူတစ်ချက်လွှဲရမ်းလိုက်သည်နှင့် စွမ်းအားကြီးသည့် သူရဲကောင်းဝိညာဉ်ကို နှစ်ပိုင်းပြတ်သွားစေသည်။ ဝိညာဉ်များမှာ သူ့အား မချဉ်းကပ်ရဲကြတော့။
ဤဓား မည်မျှ ထူးဆန်းသည်ကို သူ ယခင်က သိပြီးသားပင်။ သို့သော်လည်း ဤမျှထိ လုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့။ ဤဓားသည် ဤကဲ့သို့သော သူရဲကောင်းဝိညာဉ်များကိုပင် နောက်ဆုတ်စေနိုင်သည်။
ဒုန်း..
ထိုအချိန်တွင် သူရဲကောင်းဝိညာဉ်တစ်ခုသည် ရုတ်တရက်ပင် နတ်ဓားအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုဓားသည်လည်း ငါးရောင်စပ်အလင်းဖြင့် တောက်ပနေသည်။ ထိုဓားသည် ရှီဟောင်၏ မျက်ခုံးကြားနေရာသို့ ဦးတည်လာနေလေသည်။
ရလဒ်အနေဖြင့် ရှီဟောင်၏နဖူးထက်မှ သွေးစီးကျလာသည်။ သူ၏ဦးခေါင်းခွံမှာ ဟက်တက်ကွဲတော့မတတ်ပင်။ သူ တစ်ခုခုမလုပ်လျှင် သူလည်း အဖမ်းခံလိုက်ရကာ သူ၏ခန္ဓာကိုယ်ကို သူရဲကောင်းဝိညာဉ်က ကျုးကျော်လာလိမ့်မည်။
တစ်ခုခုမှားသွားသည်နှင့် သူသည်လည်း အခြားသူများကဲ့သို့ အချိန်ကြာမြင့်စွာ ပျောက်ကွယ်သွားလိမ့်မည်။
သို့သော်လည်း ထာဝရဓားသည် နောက်တစ်ကြိမ်လွှဲရမ်းလာကာ ထိုဝိညာဉ်ကို ကြောက်လန့်တကြား အော်ဟစ်အောင် ပြုလုပ်လိုက်လေသည်။
“ဒီဓား .. ဒီဓားက ဘယ်လိုလုပ် ဒီလောကမှာ ရှိနေသေးတာလဲ..”
သူ၏အော်သံကို ရှီဟောင်လည်း ကြားလိုက်ရသောကြောင့် သူ့အား အတော်လေး တုန်လှုပ်သွားစေသည်။
“ဝိညာဉ်နိုးထနေပြီးတော့ အရင်က မှတ်ဉာဏ်တွေလည်းရှိနေတဲ့ သူရဲကောင်းဝိညာဉ်လား..” ရှီဟောင် ဆံပင်မွေးများပင် ထောင်ထသွားရသည်။ ထို့နောက် သူ၏သွေးများ ထကြွလာကာ ထိုသူရဲကောင်းဝိညာဉ်ကို လက်ဖြင့် ဖမ်းလိုက်သည်။
ကံမကောင်းစွာဖြင့် ထိုဝိညာဉ် ထွက်ပြေးလွတ်မြောက်သွားသည်။ ထို့အပြင် နောက်ဆုံးအချိန်၌ ထိုဓားသည် သက်ရှိပုံစံ ပြန်ဖြစ်သွားသည်။ သူ၏မျက်လုံးများမှာ ခံစားချက်ကင်းမဲ့နေပြီး အသက်ဓာတ်မရှိတော့ပေ။
ဤသည်မှာ လူသားပုံစံဖြစ်သော်လည်း အတော်လေး ပျက်စီးနေလေပြီ။ ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံသာ ကျန်တော့သည်ပင်။
နောက်ဆုံးတွင်တော့ အသိစိတ်ပြန်ကပ်လာာသည့် လူများ ပိုများလာသည်။
“အဲဒါက .. ရှီဟောင်ပဲ..”
ရှီဟောင်ကို တွေ့သည်နှင့် သူတို့အမူအရာများ ပြောင်းလဲသွားကြသည်။
“သူက ဘာမှမဖြစ်ဘူး .. ဓားတစ်ချောင်းနဲ့ သူရဲကောင်းဝိညာဉ်တွေ အားလုံးကို လွင့်ထွက်သွားအောင် လုပ်နေတာ..” တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်သည်။
လမ်းတစ်လျှောက်၌ ရှီဟောင် သူ၏မိတ်ဆွေဟောင်းများ တွေ့ခဲ့သော်လည်း သူတို့အား မနှောက်ယှက်တော့။ အဘယ်ကြောင့်ဆိုသော် ထိုလူများသည် လမ်းထက်၌ ထိုင်ကာ သူရဲကောင်းဝိညာဉ်များကို တိုက်ခိုက်နေသည်ပင်။
သူ့ကို ရန်လိုသည့်သူများကို တွေ့သည့်အချိန်တွင်တော့ သူသည် ဒုတိယအကြည့်စွန့်ကြဲဖို့ပင် မသထာပဲ ရှေ့ဆက် လျှောက်သွားလိုက်သည်။
နောက်ဆုံးတွင်တော့ သူ တောင်ဂိတ်တံခါးသို့ ရောက်လာလေပြီ။ သူ ထာဝရတောင်ပို့အတွင်းပိုင်းထဲသို့ ဝင်တော့မည်။ ဤနေရာ၌ ထူးဆန်းသည့်တံခါးတစ်ခု ရှိနေလေ၏။
ကျောက်တောင်နှစ်လုံးသည် တံခါးများအလား ဤနေရာကို စောင့်ကြပ်ပေးနေသည်။
သူ့ကို အစိမ်းရောင်ဝါးပင်များ ဝန်းရံထားသည်။ ဤဝါးပင်များအားလုံး အလွန်တောက်ပနေကြသည်။
ကံမကောင်းစွာဖြင့်ပင် ဤသည်မှာ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်များမဟုတ်။
ဤလောက၌ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်များမှာ ရှားပါးလှပြီး အလွန်အဖိုးတန်လှသည်။ ဤသည်မှာ နတ်ဆိုးဝိညာဉ်များကို ရှင်းထုတ်ပေးနိုင်သည်၊ ကျိန်စာမျိုးကို ခုခံနိုင်သည်။ အဆိပ်ရှိသည့်အရာဝတ္တုများကို ခုခံနိုင်သည်။ ဤဝါးပင်သည် လူသားခန္ဓာကိုယ်ကို အာဟာရပေးနိုင်ပြီး ပညာပေါင်းစုံ ကျူးကျော်လာခြင်းမှ ကာကွယ်ပေးနိုင်သည်။
တောင်ဂိတ်တံခါး၌ လူတစ်စု ရပ်နေပြီး သူတို့တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေသည်။ သူတို့ တောင်ဂိတ်တံခါးထဲသို့ ဝင်ချင်သော်လည်း မဝင်နိုင်သေးပေ။
ဤလူများထဲတွင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့် အဆင့်လွန်လူငယ်များလည်း မရှားပေ။
ဤလူများသည် ရှီဟောင်အား တွေ့လိုက်သည်နှင့် သတိကြီးကြီးဖြစ်သွားကြသည်။ အချို့သူများမှာ သိပ်မကြာခင်အချိန်တုန်းက သူ့အား ရန်စခဲ့ပြီး အချို့မှာ တိုက်ပင် တိုက်ခိုက်ခဲ့ကြသေးသည်။
“ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ..” ရှီဟောင်လျှောက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ဤနေရာမှာ အလွန်အံ့အားသင့်စရာကောင်းသည်ကို သူခံစားရသည်။ သူတို့ ရွှံ့အိုင်တစ်ခုထဲသို့ ဖြတ်နေရသလို ရှေ့ဆက်မသွားနိုင်ဖြစ်နေကြသည်။
သူ့စကားကိုကြားသည်နှင့် သူတို့အားလုံး ငေးကြောင်သွားရသည်။ ထို့နောက် သူတို့မျက်နှာများ နီရဲလာလေ၏။ ရှီဟောင်သည် သူတို့အား မျက်စိထဲပင် မထည့်ပဲ သူ့လမ်းအား ပိတ်ရပ်နေသည့်သူများအဖြစ်သာ သတ်မှတ်ထားခြင်းပင်။
သို့သော်လည်း သူတို့သည် ဤနေရာသို့ ခက်ခက်ခဲခဲ ရောက်လာရခြင်းပင်။ နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားသည်နှင့် သူတို့အားလုံး ဤနေရာမှ လွင့်ထွက်သွားကြမည်ပင်။
ရှီဟောင် ဤနယ်မြေ၏ ခွန်အားကို ယခုမှခံစားလိုက်ရသောကြောင့် မျက်မှောင်ကြုတ်မိသွားသည်။ ဤလေဟာနယ်မှာ သူ့အား တစ်စစီ စွဲဖြဲပစ်တော့မတတ်ပင်။ အထူးသဖြင့် သူ့အရိုးများမှာ လက်ရှိတွင် ကွဲအက်နေသောကြောင့် ယခုဆိုလျှင် တဂျွတ်ဂျွတ်အသံများပါ ထွက်လာလေပြီ။
သို့သော်လည်း သူတောင့်ခံထားသည်။ သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။ ထို့အပြင် သူသည် ကောင်းကင်လမ်းကြောင်းကိုလည်း အသက်သွင်းလိုက်ကာ အရှေ့သို့ ဆက်သွားလိုက်၏။
“ဘေးဖယ်..” ရှီဟောင် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် တောင်ကြားလမ်းလေးမှာ ကျဉ်းမြောင်းလှပြီး ဤလူများအားလုံး လမ်းပိတ်ရပ်ထားကြခြင်းပင်။
နောက်ဆုံးတွင်တော့ ရှီဟောင် တည်ငြိမ်စွာဖြင့် ရှေ့ဆက်သွားနေသည်ကို သူတို့ ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။ သူတို့အားလုံး အရှက်ရမိသွားသည်။
နောက်ပိုင်းတွင် ရှီဟောင် ရင်းနှီးနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။
ဝမ်ရှီး၏အဝတ်အစားများမှာ နှင်းထက်ပင် ပို၍ ဖြူဖွေးနေပြီး သူမ၏ခြေထောက်များလည်း တုန်ယင်နေသည်။ သူမသည် လဲကျမတတ် ဤနယ်မြေ၏ဖိအားကို ခံစားနေရသည်။
သူမ အရှေ့မှ လျှောက်နေခြင်းပင်။ ယခုအချိန်တွင် သူမအနောက်ဘက်မှ အလွန်ရင်းနှီးနေသည့် အော်ရာတစ်ခုကို သူမ အာရုံခံစားမိလိုက်သည်။ ထို့နောက် ဤသည်မှာ ရှီဟောင် မှီလာခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။
ထိုအချိန်တွင် သူမ လုပ်ကြံခံရမည်ကို စိုးရိမ်လာသည်။ ရှီဟောင်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်၍မရကြောင်း ယခု ဝမ်ရှီး နားလည်သွားလေပြီ။
လမ်းမှာ ကျဉ်းမြောင်းလွန်းလှသည်။ ရှီဟောင်လည်း မထိခိုက်ပဲ မနေပေ။ သူ၏အသက်ရှူသံများ မြန်ဆန်နေပြီး သူ့ပါးစပ်မှ ထွက်လာသည့် လေများမှာလည်း နဂါးအစစ်တစ်ကောင် နှာမှုတ်လိုက်သကဲ့သို့ အပူငွေ့များ ပြည့်နေသည်။
ထိုအချိန်တွင် ဝမ်ရှီး၏ နောက်ကျောဘက်မှ ကြက်သီးမွေးညင်းများ ထောင်ထသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူမတစ်ကိုယ်လုံးကို မသက်မသာဖြစ်စေသည့် အပူငွေ့ကို ခံစားလိုက်ရသောကြောင့်ပင်။ ဤသည်မှာ ကသိကအောက်နိုင်လွန်းလှသည်။
ရှီဟောင် ရပ်တန့်လိုက်သည်။ ရှီဟောင်သည် ဘာမှမပြောပဲ သူနှင့် သုံးပေခန့်သာ ဝေးတော့သည့် လှပသည့် နောက်ကျောပုံရိပ်လေးကို တိတ်တဆိတ်သာ ရပ်ကြည့်နေလေသည်။
သူ မတိုက်ခိုက်ပေ။ အဘယ်ကြောင့်ဆိုသော် အပြင်ဘက်၌ မကောင်းဆိုးဝါးအိုကြီးများ ရှိနေသေးသည်။ တစ်ခုခုသာဖြစ်သွားပါက သူလည်း ပြေးလွတ်မည်မဟုတ်။
ထို့အပြင် ယခု သူ တကယ် မတိုက်ခိုက်ချင်။ သူ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ကိုသာ ရှာချင်သည်။ သို့မှသာ သူ၏ကျင့်ကြံခြင်းကို စတင်၍ရမည်ပင်။
ဝမ်ရှီး အလွန်စိတ်လှုပ်ရှားနေကာ သူမတစ်ကိုယ်လုံး တောင့်တင်းနေပြီး တောက်ပလာသည်။ သူမသည် အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ပင်။
“မင်း လျှောက်မှာလား မလျှောက်ဘူးလား..” ရှီဟောင် ရုတ်တရက်စကားပြောလိုက်သောကြောင့် သူမခန္ဓာကိုယ် အတော်လေး တုန်ယင်သွားရသည်။
ဝမ်ရှီး ရှက်မိသွားသည်။ တစ်ဖက်လူသည် သူမအား အရေးပင်မစိုက်ပေ။ သူမသာ အကြောင်းရင်းမရှိပဲ စိတ်လှုပ်ရှားနေခြင်းပင်။
သူမ ဘာမှမပြောပဲ သူမ၏ နီရဲနေသည့်နှုတ်ခမ်းကိုကိုက်ကာ ခြေထောက်များကို ခက်ခက်ခဲခဲ ရွှေ့လိုက်သည်။ သူမ ဘေးဘက်တွင် ရှိနေသည့် ကျောက်နံရံဘက်သို့ ကပ်ကာ လမ်းဖယ်ပေးလိုက်သည်။ သို့သော်လည်း သူမသည် လဲကျလုမတတ်ဖြစ်သွားပြီး သူမနှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလာသည်။
ဤနယ်မြေမှာ စွမ်းအားကြီးလှသည်ပင်။
ရှီဟောင်၏ ခြေလှမ်းများမှာ စည်းချက်ကျနေသည်ပင်။ သူသည် အနည်းငယ်မှ တွန့်ဆုတ်မနေပဲ ရှေ့ဆက်သွားလိုက်သည်။
“မရီး .. အဲဒီလူက တော်တော်ကြောက်ဖို့ကောင်းတယ် .. နောင်ကျရင် သူက အစ်ကိုကြီးရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်တယ် .. အဲဒီတော့ အခု ကျွန်တော်တို့ သူ့ကို ရန်မစမိအောင်နေတာ အကောင်းဆုံးပဲ..” ရှီဟောင် အတော်ဝေးဝေးရောက်သွားမှသာ အလေးအမြတ်ကျောင်းမှ တစ်စုံတစ်ယောက် အသံပို့လွှတ်လာလေသည်။
ဝုန်း..
ထိုအချိန်တွင် ဤလမ်းကြောင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။ ရှီဟောင် သူ၏လက်သီးကို ဝေ့ရမ်းလိုက်ပြီး ရွှေရောင်အဆီးအတားတစ်ခုအား ဖြိုခွဲပစ်လိုက်သည်ကို သူတို့တွေ့လိုက်ရသည်။ သူသည် တောင်ဂိတ်တံခါးကို ဖြတ်ကာ အထဲသို့ ဝင်သွားလေပြီ။
ဤသည်မှာ ထိတွေ့၍ရသည့် ရောင်စုံအလင်းများဖြင့် ပြုလုပ်ထားသည့် ရွှေရောင်နတ်ဂိတ်တံခါးတစ်ခုပင်။
အချိန်အတော်ကြာမှသာ အားလုံး ဤနေရာသို့ ခက်ခက်ခဲခဲ ရောက်လာကြသည်။ သူတို့ ထိုအလင်းအဆီးအတားကြီးအား ရိုက်ရန်ကြိုးစားလိုက်သော်လည်း အားလုံး ရှုံးနိမ့်သွားကြရသည်။ အချို့သူများဆိုလျှင် ပါးစပ်မှ သွေးအန်လာကြလေသည်။
“သူက ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ .. သူ လက်သီးတစ်ချက်တည်းနဲ့ ဖွင့်လိုက်တာ မဟုတ်ဘူးလား..”
“မယုံနိုင်စရာ ကောင်းလိုက်တာ..”
“သူ့ရဲ့ ထာဝရစွမ်းအင်သုံးကြောင်းက သူကိုယ်တိုင် ကျင့်ကြံထားတာထင်တယ် .. စီနီယာတွေ အထူးနည်းလမ်းတွေနဲ့ ဖန်တီးပေးထားတာမဟုတ်ဘူး”
ရှီဟောင်မှာ မြေပြင်ပေါ်၌ လမ်းလျှောက်နေသည့် အတိုင်းပင်။ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများပင်လျှင် ဆွံ့အသွားရသည်။
ဟွမ်က နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်အား ရရှိသွားမည်ကို အားလုံးသိနေကြသည်။
ရွှေရောင်အဆီးအတားကို ဖြတ်ပြီးသွားသည်နှင့် ရှီဟောင် ရပ်တန့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ထူးဆန်းသည့်အော်ရာတစ်ခုအား ခံစားလိုက်ရသောကြောင့်ပင်။ ရောင်စုံနတ်အလင်းများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ထိုအလင်းများ ဝင်ရောက်လာသည်နှင့် ရှီဟောင် တစ်ကိုယ်လုံး နွေးထွေးသွားကာ အလွန်သက်တောင့်သက်သာဖြစ်သွားရသည်။
ဒီနေရာမှာ သေချာပေါက် ရတနာတွေ ရှိနေတယ်..
သူသည် ပျော်ရွှင်မှုနှင့် စိုးရိမ်မှုနှစ်ခုလုံးကို ခံစားနေရသည်။
ထို့နောက် သူ ထာဝရတောင်ပို့ထဲသို့ ဆက်ဝင်သွားကာ သူ၏ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်အား စတင်ရှာဖွေလိုက်သည်။
ဝူး..
ကျောက်တောင်တစ်ခုပေါ်မှ ထူးဆန်းသည့် ငှက်တစ်ကောင်ပျံသန်းလာသည်။ ဤငှက်သည် စွမ်းအားကြီးလှကာ သားရဲတစ်ကောင်၏ ဟစ်ကြွေးသံအား ပြုလုပ်နိုင်လေသည်။ ထိုငှက်သည် ရှီဟောင်၏ မူလဝိညာဉ်ထံသို့ ဦးတည်လာနေခြင်းပင်။
“တော်တော်လေး ပြည့်စုံနေသေးတဲ့ သူရဲကောင်းဝိညာဉ်လား..”
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤဝိညာဉ်သည် အခြေအနေကောင်းရုံသာမက ယခင်ဘဝမှ မှတ်ဉာဏ်လည်း ရှိနေသည့်ပုံပင်။
သူသည် လက်ထဲ၌ ထာဝရတည်ရှိနေမည့်ဓားကိုကိုင်ကာ ထိုငှက်ကို ရွယ်ထားလိုက်သည်။
ဝူး..
လေပြင်းများ တိုက်ခတ်လာကာ ထိုငှက်လေထဲ၌ ရပ်တန့်သွားသည်။ သူသည် ထာဝရတည်ရှိနေမည့်ဓားအား စိုက်ကြည့်နေပြီး ရှေ့ဆက်တိုးမလာခဲ့။
ရွှီး..
ရှီဟောင် ဓားကို လွှဲရမ်းလိုက်သည်နှင့် ထိုငှက် ချက်ချင်း ပျံပြေးသွားသည်။
“ဒါက တကယ် ထူးဆန်းတာပဲ..” ရှီဟောင် သူ့ကိုယ်သူ ပြေလိုက်သည်။
ထို့နောက် အသက်ကြီးကြီးလူတစ်ယောက်သည် လက်ထဲ၌ ဆေးဂေါ်ပြားကို ကိုင်ပြီး လျှောက်လာသည်။ “တစ်ယောက်ယောက် ရောက်လာပြီပဲ .. ဒီက အခွင့်အရေးကောင်းအားလုံးကို မင်းပိုင်ဆိုင်သွားပြီ..”
“အဘိုးက..” ရှီဟောင် ထိတ်လန့်သွားရ၏။
ဤနေရာတွင် လယ်သမားအိုကြီးတစ်ယောက် ပေါ်လာပြီး သူ့အား စကားပြောနေသည်။ ဤသည်မှာ အနည်းငယ် ထူးဆန်းနေသည်ပင်။
“ကျုပ်က အရင်တုန်းက လူတစ်ယောက် ကျောက်နံရံမှာ ရေးဆွဲခဲ့တဲ့ပုံလေးတစ်ခုပါပဲ .. နှစ်တွေကြာလာတော့ ဝိညာဉ်စွမ်းအားနည်းနည်းလေး ရလာတာပါ .. ကျုပ်က ဒီနေရာကို ကာကွယ်ပြီးတော့ နောင်လာမယ့်မျိုးဆက်တွေကို လမ်းညွှန်ပေးဖို့ တာဝန်ရှိတာပါ..” လယ်သမားအိုကြီးက ပြောလိုက်သည်။
ရှီဟောင် ဆွံ့အသွားကာ စိတ်ထဲ၌ တုန်လှုပ်သွားမိသည်။ ဒါကို ဘယ်သူ ဆွဲခဲ့တာလဲ .. ထိုလူမှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် စွမ်းအားရှိနေသည်မှာ သေချာသည်။ မဟုတ်ပါက ပုံတစ်ခုက ဘယ်လိုလုပ် အသက်ဝင်လာမည်နည်း..
“ကျွန်တော် စီနီယာဆီက အကူအညီတစ်ချို့ တောင်းရတော့မှာပါပဲ..” ရှီဟောင် လေးစားစွာ ပြောလိုက်သည်။
“မင်း ရှေ့ဆက်သွားရင် မင်းခံစားရမယ့်ဖိအားက မင်းရဲ့ကျင့်ကြံဆင့်ကိုလိုက်ပြီး ကွဲသွားလိမ့်မယ် .. အဲဒါက အရမ်းအန္တရာယ်များတယ် .. မင်း ဆက်သွားချင်သေးလား..”
“ကျွန်တော် ရှေ့ဆက်သွားမယ်..” ရှီဟောင် တွေဝေခြင်းမရှိပဲ ပြောလိုက်သည်။ ထို့အပြင် ဤနေရာ၌ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ရှိလားဟုလည်း သူမေးခဲ့သေးသည်။
“နည်းနည်းတော့ ရှိတယ် .. အသက်အကြီးဆုံးအပင်ကို တစ်ခြားသူတွေ မတွေ့သေးဘူး..” လယ်သမားအိုကြီး ပြောလိုက်သည်။
ရှီဟောင် ထိုလယ်သမားအိုကြီးအား မေးခွန်းအနည်းငယ် မေးပြီးနောက် ရှေ့ဆက်လာခဲ့လိုက်သည်။
မည်မျှကြာသွားမှန်း မသိသည့်အချိန်မှသာ သူ၏အရှေ့၌ ကျောက်တောင်တစ်တောင်ကို တွေ့လိုက်ရသည်။ ထိုတောင်ထိပ်ပေါ်၌ ဖြူဖွေးနေသည့် သစ်ပင်ပင်စည်ကြီးတစ်ခု ရှိနေသည်။ ပင်စည်၏အကျယ်မှာ ရေကရားအိုးအကျယ်ရှိသည်။ ထိုပင်စည်မှ အဖြူရောင်အလင်းများထုတ်လွှတ်နေလေသည်။
ဝုန်း..
မူလဖရိုဖရဲအလင်းများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဆက်တိုက်ပင် ပေါက်ကွဲထွက်လာသည်။
မြင်ကွင်းမှာ အေးချမ်းနေရာမှ ပြင်းထန်လာသည်။ ရှီဟောင် မျက်လုံးများပင် ပြူးကျယ်သွားရသည်။ ဒါက ဘယ်လိုအပင်မျိုးလဲ .. မူလဖရိုဖရဲလျှပ်စီးကိုတောင် ဆင့်ခေါ်နိုင်တယ်..
“ဟမ် .. ပေါ်လာပြီ .. ရှေးအကျဆုံး နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင် ပေါ်လာပြီ..” လယ်သမားအိုကြီး ထိတ်လန့်သွားရသည်။
အပိုင်း ၁၄၃၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၃ – အဆင့်တက်ခြင်း
ဤဝါးပင်မှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးကြည်လင်နေကာ ဖောက်ထွင်းမြင်ရလုနီးပါးပင်။ ရောင်စုံအလင်းများလည်းထုတ်လွှတ်နေလေ၏။ လျှပ်စီးအလင်းတန်းများလည်း ဝေ့ဝဲနေကာ ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်နေသည်။
ဝါးပင်တစ်ပင်က ဤကဲ့သို့ ဖြစ်နိုင်လိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့ပေ။
“ကြည့်ရတာ မဝေးဘူးဆိုပေမယ့် မင်း ဒီအပင်နား ရောက်နိုင်မလား မရောက်နိုင်ဘူးလားတော့ မသေချာဘူး .. ငါ ရှေ့ဆက်မသွားရဲတော့ဘူး..” လယ်သမားအိုကြီး ပြောလိုက်သည်။ စကားပြောရင်းဖြင့်ပင် သူသည် အနောက်ဆုတ်သွားကာ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ကျောက်တုံးတစ်ခုထဲသို့ ဝင်ရောက်သွားကာ ပုံလေးတစ်ခု ဖြစ်သွားသည်။
ရှီဟောင် တစ်ခဏခန့် ရပ်တန့်လိုက်ပြီးနောက် ဆုံးဖြတ်ချက် ပြတ်သွားစွာ ဆက်လျှောက်သွားလိုက်သ်ည။ သူသည် နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်အတွက် ရောက်လာခြင်းပင်။ ယခု သူ့ရှေ့၌ ထိုဝါးပင်ကို မြင်နေရသောကြောင့် သူ ဘယ်လိုလုပ် လက်လျော့နိုင်မည်နည်း..
ရွှီး…
သွေးများ တစ်စက်စက်ကျနေသည့် စစ်လှံတံတစ်ခု လေဟာနယ်ကို ဖောက်ထွက်ကာ ရှီဟောင်ထံသို့ ဦးတည်လာသည်။ ဤကဲ့သို့သော ခွန်အား၊ ဤကဲ့သို့သော သတ်ဖြတ်လိုသည့်စွမ်းအင်များမှာ လူတစ်ယောက်၏ ဝိညာဉ်ကိုပင် တောင့်ခဲသွားစေနိုင်၏။
စွမ်းအားကြီးသည့် ရှီဟောင်ပင်လျှင် သတိအနေအထားဖြစ်သွားသည်။ သတ်ဖြတ်လိုသည့် စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ကို တိုက်စားလာကာ သူ၏ခန္ဓာကိုယ်ကို သူ မထိန်းချုပ်နိုင်တော့။
အား..
ရှီဟောင် ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူ၏မူလဝိညာဉ်တောက်လောင်နေသကဲ့သို့ သူ၏မျက်ခုံးကြားမှ တောက်ပလာသည်။ စွမ်းအားများလည်း ဆက်တိုက်ထွက်လာကာ နောက်ဆုံးတွင် ရွှေရောင်ပင်လယ်ကြီးကဲ့သို့ ဖြစ်သွားသည်။
ဤသည်မှာ ဝိညာဉ်ချင်း တိုက်ခိုက်နေကြခြင်းပင်။
သူ အချုပ်အနှောင်မှ လွတ်သွားသည်နှင့် အသက်ပြင်းပြင်းရှူလိုက်ကာ သူထာဝရတည်ရှိနေမည့်ထာဝရဓားကို ဆွဲထုတ်လိုက်သည်။
ဒုန်း..
ဓားသွားနှင့် ထိုစစ်လှံတံထိသွားသည်နှင့် လက်နက်နှစ်ခုကြားတွင် ရောင်စုံအလင်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ ကြယ်ကြီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် ရှီဟောင်၏ခန္ဓာကိုယ် တုန်ယင်သွားရ၏။ ဤစစ်လှံတံ၏ စွမ်းအား အတော်လေး ကျဆင်းသွားသည်ဟု သူ ခံစားရသည်။ မဟုတ်ပါက ဤသည်မှာ ကြယ်များကိုပင် ခြွေချနိုင်လောက်သည်။
ညည်းတွားသံနှင့်အတူ သွေးစီးကျနေသည့် စစ်လှံတံသည် လင်းနို့တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ အနောက်ဘက်သို့ ပျံပြေးသွားသည်။ ဤသည်မှာလည်း သူရဲကောင်းဝိညာဉ်တစ်ခုပင်ဖြစ်သည်။
ဘာဖြစ်နေသည်ကို ရှီဟောင်နားလည်သွားလေပြီ။ ဤသည်မှာ စွမ်းအားကြီးသည့် ဝိညာဉ်ဖြစ်သော်လည်း သူ၏လက်ထဲတွင်ရှိနေသည့် ဓားကို ကြောက်သောကြောင့် ပျံပြေးသွားခြင်းပင်။
လမ်းတစ်လျှောက်တွင်ရှိခဲ့သည့် သတ္တဝါများလည်း ထာဝရဓားကို တွေ့သည်နှင့် မကပ်လာရဲကြတော့ပေ။
သို့သော်လည်း ဤလင်းနို့ကတော့ သူ့အား တိုက်ခိုက်ရဲသည်။
ဤလင်းနို့သည် သွေးကဲ့သို့ နီရဲနေကာ သူ၏မျက်လုံးများမှာ ရွှေရောင်ပင်။ ယခုအချိန်တွင် သူသည် ရုတ်တရက်ကြီးလာပြီး ကြောက်စရာကောင်းသည့် အသံလှိုင်းများကို ရှီဟောင်ထံသို့ ပို့လွှတ်လာသည်။
ဝုန်း..
ထာဝရဓားတောက်ပလာကာ အလင်းမိုး ရွာသွန်းလာသည်။ လေထဲ၌ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး ထိုအသံလှိုင်းများကို တားဆီးလိုက်သည်။ ဓားသွားပေါ်၌ လူရိပ်တစ်ခုလည်း ထွက်ပေါ်လာသည်။
ဝုန်း..
နောက်ဆုံးတွင်တော့ တောက်ပလှသည့် အလင်းပြင်ကြီး ထွက်ပေါ်လာကာ ထိုလင်းနို့သည် စူးကနဲအော်ကာ ပျံသန်းသွားကာ ထပ်ပေါ်မလာတော့ပေ။
ဤနေရာမှာ ပြန်လည်တိတ်ဆိတ်သွားသည်။ ရှီဟောင်၏ အသက်ရှူသံများ မြန်ဆန်နေကာ ရင်ဘတ်လည်း နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူ၏မျက်ခုံးကြားတွင် အက်ကွဲကြောင်းလေးတစ်ခု ဖြစ်နေပြီး သွေးများလည်းစီးကျနေသည်။ သူ့တစ်ကိုယ်လုံး အေးခဲသွားပြီး သူသေတော့မည်ဟု ခံစားလိုက်ရသည်။
ဤနေရာမှာ အလွန်အန္တရာယ်များလှသည်။
သူကြုံတွေ့လိုက်ရသည်မှာ ပုံရိပ်ယောင်တစ်ခု မဟုတ်။ ထိုသူရဲကောင်းဝိညာဉ်သည် အပြင်ဘက်မှ ဝိညာည်များနှင့် ကွာခြားသည်ပင်။ သူရောက်လာသည်နှင့် သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် စွမ်းအင်များ ထွက်ပေါ်လာသည်။ ထာဝရဓားမှ ဖိနှိပ်ထားသောကြောင့်သာမဟုတ်ပါက ရှီဟောင် အန္တရာယ်များနေလေပြီ။
အဘယ်ကြောင့်ဆိုသော် ဤလင်းနို့သည် သူ၏ခန္ဓာကိုယ်ကို ယူသွားကာ သူ၏မူလဝိညာဉ်ကိုပင် အစားထိုးပစ်လိုက်နိုင်သည်။
နှစ်ပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲ .. သူရဲကောင်းဝိညာဉ်တွေက ဘာလို့ဒီလိုမျိုး စွမ်းအားကြီးနေသေးတာလဲ .. သူတို့ အရင်တုန်းက မှတ်ဉာဏ်တွေ ပြန်ရနေတာများလား..
သူ၏စိတ်ထဲ တုန်လှုပ်လာသည်အထိ ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲနေသည်။ အဘယ်ကြောင့်ဆိုသော် ဤအခြေအနေမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း အလွန်အန္တရာယ်များလှသည်။ ဤလင်းနို့မှာ အတော်လေး စွမ်းအားကြီးလှသည်။
“အရင်တုန်းက ဒီကိုလာခဲ့ဖူးတဲ့ သူတွေရှိမှာပဲ .. သူတို့တွေက ကောင်းကင်နတ်ဘုရားတွေဆိုရင်တောင်မှ ဒီလို သေရေးရှင်ရေးအခြေအနေကနေ ဘယ်လိုလွတ်မြောက်ခဲ့ကြတာလဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူ၏ဓားကို အနည်းငယ် လွှဲခါရမ်းလိုက်သည်။ သူ့ထံ၌ ဤပစ္စည်းသာရှိမနေပါက ရလဒ်မှာ လုံးဝကွဲပြားသွားလိမ့်မည်။ ဤနေရာသို့ လာခဲ့သည့် ကောင်းကင်နတ်ဘုရားများသည်လည်း သူတို့အားကိုးရသည့် လက်နက်တစ်ခုခုပါလိမ့်မည်ဟု သူယုံကြည်သည်။
“ခုနက အဘိုးကြီးပြောတာ ဝင်လာတဲ့သူ စွမ်းအားကြီးလေလေ ရင်ဆိုင်ရတဲ့ဖိအား များလေလေပဲတဲ့” ရှီဟောင်၏မျက်ဝန်းမှ အလင်းများ တောက်ပလာသည်။
ထို့နောက် သူခရီးဆက်ခဲ့လိုက်သည်။
“အမ် .. ဘာလို့ဒီလောက်တောင် ဝေးနေတာလဲ..” ရှီဟောင် ရှုပ်ထွေးသွားရသည်။ သူ အဖြူရောင်ဝါးပင်ကို မြင်နေရသော်လည်း သူ ဘယ်လောက်သွားသွား နီး မသွားပေ။
သူ၏အရှိန်မှာ အလွန်လျင်မြန်လှသည်ကို သိထားရမည်ပင်။
တစ်နာရီကြာပြီးသည့်နောက်တွင်တော့ ရှီဟောင် လီပေါင်းမည်မျှသွားခဲ့မှန်းပင် မသိတော့။ ထိုအချိန်မှသာ သူ ဤတောင်ခြေနားသို့ ရောက်လာသည်။
ရှီဟောင်နှင့် ထိုတောင်ကြားတွင် အပင်တစ်ပင်မှမရှိသည့် လွင်ပြင်တီးခေါင်တစ်ခု ခြားနေသည်။
ဝူး..
ရှီဟောင်၏ဦးရေပြားကို ထုံကျဉ်စေသည့် တစ်စုံတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ သူဤနေရာသို့ ခြေတစ်လှမ်းချလိုက်သည်နှင့် မရေမတွက်နိုင်သည့် သူရဲကောင်းဝိညာဉ်များ ထွက်ပေါ်လာသည်။ ဤသည်မှာ အကောင်ရေ တစ်သောင်းကျော်ပင် ရှိလိမ့်မည်။ ထိုဝိညာဉ်များအားလုံး ရှီဟောင်ထံသို့ ဦးတည်လာကြသည်။
အလင်းမျိုးစုံ ထွက်ပေါ်လာ၏။ နဂါးစာကလေး၊ နတ်ဆိုးလူဝံ၊ ပင့်ကူ၊ လင်းနို့နှင့် အခြားစွမ်းအားကြီးးသည့် သတ္တဝါမျိုးစုံ တစ်ချိန်တည်းပေါ်လာသည်။ ဤသတ္တဝါအားလုံးမှာ ပျက်စီးကာ မပြည့်စုံတော့သည့် သူရဲကောင်းဝိညာဉ်များပင်။
ရွှီး..
ထိုအချိန်တွင် ထာဝရဓား လှုပ်ခါလာကာ အဆုံးမရှိသည့် နတ်အလင်းတန်းများကို ထုတ်လွှတ်လာသည်။
ရှီဟောင်၏ဦးခေါင်းခွံမှာ ဘယ်နှပိုင်းမှန်း မသိအောင်ပင် ကျိုးကြေနေပြီဖြစ်သည်။ သို့သော်လည်း သူ၏မူလဝိညာဉ် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်မသွားပေ။ မရေမတွက်နိုင်သည့် သူရဲကောင်းဝိညာဉ်များသည် ရှီဟောင်၏ခန္ဓာကိုယ်ကို ရယူရန် တရှိန်ထိုး ပြေးလာနေကြလေ၏။
ဖူး..
ထာဝရဓားက ထိုသူရဲကောင်းဝိညာဉ်များ၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွားသည်။ အချို့သူများသည် စူးရှစွာပင် အော်ဟစ်ကာ ပြန်လှည့်ပြေးသွားကြသည်။ အချို့သူများမှာ ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။ တစ်ချို့ သေရမှာ မကြောက်သည့်သူများမှာ သူထံသို့ တရှိန်ထိုး ပြေးလာနေဆဲပင်။
ဝုန်း..
ရှီဟောင် မျက်နှာပြင်ထက်၌ သံချေးတက်နေသည့် စုတ်ပြတ်နေသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည်။ ထိုဝတ်စုံမှ လျှပ်စီးအလင်းတန်း သန်းပေါင်းများစွာ ထွက်ပေါ်လာသည်။
သို့သော်လည်း ရှီဟောင် ဤသူရဲကောင်းဝိညာဉ်များကြား နှစ်မြှုပ်သွားဆဲပင်။ ဤနေရာမှာ ဆူညံပွက်လောရိုက်နေလေ၏။
အတိတ်တုန်းက ဘာဖြစ်ခဲ့သလဲ မသိ။ ဤနေရာ၌ မရေမတွက်နိုင်သည့် သူရဲကောင်းဝိညာဉ်များ ရှိနေသည်။ စစ်ပွဲ၌ သတ္တဝါပေါင်းများစွာ သေဆုံးသွားခဲ့ကြ၏။ ကျန်ခဲ့သည့် ဝိညာဉ်အပိုင်းအစများသည် ဒေါသထွက်နေကြပြီး အရာအားလုံးကို စုတ်ဖြဲပစ်ချင်နေကြသည်။
ဤသူရဲကောင်းဝိညာဉ်များမှာ အပြင်ဘက်မှ သူရဲကောင်းဝိညာဉ်များနှင့်တစ်ခြားစီပင်။
ဖုန်း..
သွေးများမှာ မိုးကဲ့သို့ပင် ရွာသွန်းကျလာသည်။ ရှီဟောင်၏ အသွေးအသားပေါက်ကွဲလုနီးပါးဖြစ်နေပြီး အရိုးများပင် ပေါ်နေလေပြီ။
ရွှီး..
ရှီဟောင် နောက်ပြန်ဆုတ်သွားရသည်။ ထာဝရဓားအလင်းတန်းသည် သူ့ဘေးပတ်လည်ကိုဖုံးလွှမ်းသွားပြီး ဓားရိုးပင်လျှင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်နေလေပြီ။
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ကို ယူရန်မှာ ဤမျှခက်ခဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ ဤသတ္တဝါများ ထွက်ပြေးသွားသည်ကို ရှီဟောင်သတိပြုမိသွားသည်။ ဤဓားသွား တုန်ခါလာပြီးနောက် အရာအားလုံး ပြန်လည်တည်ငြိမ်သွားသည်။
ရှီဟောင်တစ်ကိုယ်လုံး စုတ်ပြတ်နေပြီး သွေးများစိုရွှဲနေလေပြီ။ သူသည် ဘာမှမမှတ်မိနိုင်လောက်အောင် ခေါင်းထဲ၌ ဗလာသက်သက်ဖြစ်နေသည်။
“ပြီးသွားပြီလား..”
သူမတ်တပ်ထရပ်လိုက်ပြီး အရှေ့ဘက်သို့ ဆက်လျှောက်လာလိုက်သည်။
ဝုန်း..
သူ၏ခြေထောက်အောက်မှ ကျောက်တုံးကြီးတစ်ခု ပေါက်ကွဲထွက်သွားပြီး ဖောက်ထွင်းမြင်ရလုနီးပါး လူတစ်ယောက် ထွက်ပေါ်လာသည်။ ထို့နောက် သူ့ပေါ်သို့ နေရောင်ထိုးကျသွားကာ အလင်းတန်းများထွက်ပေါ်လာလေသည်။
“စိန်မျိုးစု..”
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ စိန်ဖြင့် ပြုလုပ်ထားသည့် သတ္တဝါတစ်မျိုးပင်။ အလွန်ရှားပါးသော်လည်း အလွန်မာကျောသည့် လူမျိုးစုတစ်စုပင်။ သို့သော်လည်း သူတို့သည် အစောကြီးကတည်းက အခြားသူများ၏ ရုပ်သေးရုပ်ဖြစ်သွားလေပြီ။
စက္ကန့်ဝက်အတွင်းမှာပင် ဤစိန်သက်ရှိမှ သဘာဝဥပဒေသခွန်အားများ ထွက်ပေါ်လာသည်။ ဤသည်မှာ ဤလောကကြီးတစ်ခုလုံး ငြိမ်းသတ်သွားတော့မလိုပင်။
သို့သော်လည်း ဤနေရာ၌ အခြားသဘာဝဥပဒေသတစ်မျိုးပေါ်လာကာ ထိုစိန်သက်ရှိကို ချက်ချင်းဖိနှိပ်လိုက်သည်။ သဘာဝဥပဒေသများ ကန့်သတ်ခံလိုက်ရပြီးနောက် တစ်ဖြည်းဖြည်း နည်းပါးသွားသည်။
“ဖိနှိပ်မယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ လယ်သမားအိုကြီးပြောသည့် စကားများကို သူပြန်သတိရမိသွားသည်။ ဤနေရာသည် ကျူးကျော်လာသည့်သူများကို သေချာပေါက်ဖိနှိပ်လိမ့်မည်ဆိုသော်လည်း မျှော်လင့်ချက်ရှိသေးသည်။ စိန်သက်ရှိ၏ ကျင့်ကြံဆင့်မှာ ကောင်းကင်နတ်ဘုရားနယ်ပယ်ထက် ပိုမြင့်သော်လည်း စိတ်ပျက်လက်ပျက်ဖြစ်သွားရလောက်အောင်ထိတော့ မဟုတ်။
ဝုန်း..
ဤသည်မှာ တိုက်ပွဲကြီးတစ်ခုပင်။ စိန်လူမျိုးစု၏ ခန္ဓာကိုယ်မှာ အလွန်စွမ်းအားကြီးလှသည်။ ရှီဟောင်မှာ တစ်စစီဖြစ်တော့မလိုပင် ခံစားနေရသည်။
ရှီဟောင်သည် ရွှေရောင်ရှေးဟောင်းဘုရားကျောင်းမှ ရခဲ့သည့် အရိုးဒဏ်ရာများပင် ပြန်မကောင်းသေးသောကြောင့် ဤသည်မှာ သူ့အတွက် သေစေနိုင်လောက်သည့် ထိခိုက်မှုကြီးပင်။
ဖုန်း..
စိန်လူမျိုးစု ရုပ်သေးရုပ်မှာ စွမ်းအားကြီးကာ ရဲတင်းလှသည်။
သွေးများလွင့်စင်လာကာ အရိုးအပိုင်းအစများ လွင့်စင်ထွက်လာသည်။ ဆေးပင်ခူးခြင်းမှာ ဤမျှအန္တရာယ်များလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့။ သူ ငရဲသို့ ရောက်နေသကဲ့သို့ပင်။
ဝုန်း..
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် ရှီဟောင်၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ဖြစ်လုနီးပါးပင်။ မြေပြင်၌ သွေးများ စိုရွှဲနေကာ အရိုးအပိုင်းအစများ ပြန့်ကျဲနေသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ ထိုစိန်သက်ရှိကြီး တစ်စစီဖြစ်သွားသည်။
“ငါနိုင်သွားတာလား…” ရှီဟောင်၏ အသက်ရှူသံများ ပြင်းထန်နေပြီး သူ့တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့်ပင်။ မြေပြင်ထက်၌ ပျံ့ကြဲနေသည့် အရိုးအပိုင်းအစများ သူ့ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာကာ ပြန်ဆက်သွားသည်။
သူတစ်ခါမှ ဤမျှခါးခါးသီးသီး မတိုက်ဖူးပေ။ သူသည် နာမည်ကြီးသည့် ဂျီးနီးယပ်စ်များနှင့် တိုက်ခိုက်နေခြင်းမဟုတ်ပဲ ထာဝရရှေးဟောင်းခေတ်မှ ကျန်ရစ်နေသည့် ရုပ်သေးရုပ်နှင့် တိုက်ခိုက်ခြင်းဖြစ်နေသောကြောင့် သူ့အားခံစားချက်များ ရှုပ်ထွေးစေသည်။
ထို့နောက် ရှီဟောင် တောင်ပေါ်သို့ တက်သွားလိုက်သည်။
သူလှည့်ကြည့်လိုက်သည့်အချိန်တွင် စိန်ရုပ်သေးရုပ်လေးသည် အကောင်းတိုင်းပြန်ဖြစ်သွားကာ ကြီးမားလှသည့် ကျောက်တုံးကြီးတစ်ခုနှင့် ပေါင်းစည်းသွားပြီး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
သူ၏အသက်ရှူသံများ အေးခဲသွားရ၏။
ရှီဟောင် တောင်ထိပ်သို့ ရောက်လာသည့်အချိန်တွင် လျှပ်စီးအများစု ပျောက်ကွယ်သွားပြီဖြစ်ပြီး ဖရိုဖရဲမြူများသာ ကျန်ရစ်တော့သည်။ ထိုမြူသည် နတ်ဆိုးစောင့်ကြပ်နေသည့်နတ်ဝါးပင်ကို ရစ်သိုင်းနေလေ၏။
ဤဝါးပင်သည် ကောင်းကင်ကြီးကိုပင် ထိနေပြီး ရေကရားတစ်လုံးကဲ့သို့ ထူထဲလှသည်။ ဤအပင်သည် အလွန်တောက်ပနေကာ နတ်အော်ရာများလည်း ထွက်ပေါ်နေ၏။ ဤသည်မှာ လူတစ်ယောက်ကို သူတို့၏နိမ့်ကျမှုအတွက်ပင် အရှက်ရသွားစေနိုင်လောက်သည်အထိပင်။
“စကြာဝဠာကြီးကို ပြောင်းပြန်လှန်မယ်..” ဤနေရာ၌ ဤစကားလုံးများသာရှိသည်။ ဒီစာလုံးက ဒီဝါးပင်ကို ဖော်ပြဖို့ သုံးတာလား..
ရှီဟောင် လုံးဝတိတ်ဆိတ်နေသည်။
ချွမ်း..
သူ့ကို စောင့်ကြိုနေသည့် နောက်ဆုံးစစ်ဆေးမှုကြီးတစ်ခု ရှိနေသေးသည်။ မည်းနက်နေသည့် လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်၌ တာအိုခြေရာလက်ရာများရှိနေပြီး မာကျောလှသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ယောက်အား ကြောက်ရွံ့သွားစေသည်ပင်။
“အမှောင်ထုထာဝရရွှေလား..” ရှီဟောင် ထိတ်လန့်သွားရ၏။ သူ၏ခန္ဓာကိုယ်တွင် မသန့်စင်မှုများ အနည်းငယ်မျှပင် ရှိမနေပဲ အမှောင်ထုထာဝရရွှေဖြင့်သာ ပြုလုပ်ထားသည်။
ဒါက အရမ်းကိုကြွားဝါလွန်းအားကြီးသွားပြီ .. ဘယ်သူက ဒီလိုမျိုး သွန်းလုပ်ခဲ့တာလဲ..
ခဏကြာပြီးသည့်နောက်တွင် သူနားလည်လာရသည်။ ဤသည်မှာ ယခင်က ပြိုင်ဘက်ကင်းသည့် သတ္တဝါတစ်ဦးပင်။ သို့သော်လည်း သူသည် အခြားသူတစ်ယောက်၏ သိမ်းပိုက်ခြင်းခံလိုက်ရကာ သူ့ဘဝအဆုံးသတ်သွားရ၏။ ထို့နောက်တွင်တော့ ရုပ်သေးရုပ်လေးအဖြစ် အတင်းပြုပြင်ခံလိုက်ရသည်ပင်။
ဤသည်မှာ ရုပ်သေးရုပ်တစ်ရုပ်သာ။
ဝုန်း…
လူသားပုံစံ အမှောင်ထုထာဝရရွှေသည် ကောင်းကင်ထက်သို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ကာ အာကာသအပြင်ဘက်တွင်ရှိနေသည့် ကြယ်များကို ပေါက်ကွဲသွားစေလေ၏။ ကြယ်အပိုင်းအစများမှာ သူတို့ထံသို့ ဦးတည်လွင့်စင်လာလေသည်။
ရှီဟောင် တစ်ကိုယ်လုံး တောင့်ခံသွားရ၏။
ဒါကဘယ်လိုစွမ်းအားမျိုးလဲ .. သူက ဒါကို ဘယ်လို ခုခံရမှာလဲ..
သို့သော်လည်း ဤနေရာ၌ ထူးဆန်းသည့် အစီအရင်တစ်ခု အသက်ဝင်လာခဲ့ကာ ဤသက်ရှိအား ဖိနှိပ်လိုက်သည်။ ဤလူသားပုံစံ အမှောင်ထုထာဝရရွှေ၏ခွန်အား အတော်လေး ယုတ်လျော့သွားကာ နောက်ဆုံးတွင်တော့ သူ၏ခွန်အားမှာ ကောင်းကင်နတ်ဘုရားတစ်ယောက်ထက် သိပ်မပိုတော့။
“ဒီလိုမျိုးဖြစ်ပြန်ပြီလား..” ရှီဟောင်စိတ်ထဲ တုန်လှုပ်သွားရသည်။
“ငါ အရင်တုန်းက မသေမျိုးတစ်ယောက်နဲ့အတူတူ တစ်ဖက်လောက က လာခဲ့တာ .. ဒါပေမဲ့ ဒီမှာ သေပြီးတော့ အဆုံးသတ်သွားခဲ့ရတယ်..” လူသားပုံစံ အမှောင်ထု ထာဝရရွှေမှ သူ၏နတ်စိတ်စွမ်းအင်အနည်းငယ်ကို ထုတ်လွှတ်လိုက်၏။
ရှီဟောင် ဆွံ့အသွားရ၏။ ဒါက အရင်တုန်းက ဒီလောကကို ကျူးကျော်ခဲ့တဲ့ မသေမျိုးသက်ရှိလား .. သူ့မှာ ဘယ်လိုပုံပြင်မျိုးတွေ ရှိနေတာလဲ..
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ဘေးတွင် ခရမ်းရောင်တောက်ပနေသည့် ကျောက်တုံးကြီးတစ်တုံး ရှိနေသည်။ ထိုကျောက်တုံးပေါ်တွင် အလွန်ကြောက်စရာကောင်းသည့် သတ္တဝါတစ်ကောင်ရှိနေသည်။ သူသည် အချိန်များကို ဖြတ်သန်းပြီး ရောက်လာသကဲ့သို့ပင်။
သူသည် ဝမ်းသာနေလား ဝမ်းနည်းလားပင် မသိရ။ သူသည် ထိုကျောက်တုံးပေါ်၌ ထိုင်နေလေသည်။ “ဟာသပဲ .. ငါက မသေမျိုးဖြစ်နေတာတောင်မှ မကောင်းတဲ့နမိတ်ကို ကျော်ဖြတ်နိုင်ဖို့အတွက် နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်လို့ ခေါ်တဲ့အပင်ကို ရှာဖို့အတွက် ဒီကိုလာနေရတယ် .. တစ်ခြားသူတွေ သိသွားရင် သူတို့တွေငါ့အကြောင်းကို ဟာသလို့ သတ်မှတ်မလား .. ဒါမှမဟုတ် မထူးခြားတဲ့ကိစ္စအဖြစ် သတ်မှတ်မလား..”
“ငါကိုယ်တိုင်က ထူးဆန်းပြီး မကောင်းတဲ့နမိတ်ပဲလေ .. ငါကဘာကို ချိုးဖျက်ရမှာလဲ..” နောက်ဆုံးတွင်တော့ ထိုလူ ရူးသွပ်သွားကာ ကျယ်လောင်စွာ အော်ဟစ်လာသည်။ ထို့နောက်တွင်တော့ သူ့ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းပင် လွင့်ပြယ်သွားလေသည်။
ရှီဟောင် ထိုခရမ်းရောင်ကျောက်တုံးအား အသိစိတ်လွတ်စွာ ကြည့်နေမိသည်။ အရင်တုန်းက ဘာဖြစ်ခဲ့တာလဲ .. သူ့ကိုကြည့်ရတာ တစ်ခုခုကို ရလိုက်သလိုပဲ..
ဝါးပင်၏ အချို့အဆစ်များတွင် အပေါက်တစ်ပေါက်ရှိနေသည်။ ထိုအပေါက်မှ အဖြူရောင်အရည်များ စီးကျနေလေ၏။ ဤအရည်များသည် နတ်ရေကန်လေးဖြစ်သွားအောင် စုစည်းသွားလေ၏။
အပိုင်း ၁၄၃၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၄ – တစ်ခုတည်းသော လမ်းကြောင်း
ရေကရားအကျယ်ရှိသည့် ဝါးပင်ကိုယ်ထည်သာမက အရွက်များပင် နှင်းကဲ့သို့ ဖြူဖွေးနေခြင်းပင်။ နတ်အလင်းတန်းများလည်း လင်းလက်စွာ တောက်ပနေသည်။ ဤအပင်သည် အခြားဝါးပင်များကဲ့သို့ ဖြောင့်တန်းနေခြင်းမဟုတ်ပဲ နဂါးပေါက်လေး၏ ဦးချိုကဲ့သို့ ကွေးကောက်နေသည်။
ဤအပင်၏ အမြစ်နားတွင် အဖြူရောင်ရေကန်လေးတစ်ကန်ရှိနေသည်။
သို့သော်လည်း ဤအရာများသည် ရှီဟောင်အား အရူးအမူး ဖြစ်မသွားစေပေ။ ထိုအစား သူ၏ခန္ဓာကိုယ် အေးစက်လာသည်။ အဲဒီခရမ်းရောင် ရှေးဟောင်းရုပ်က သူ့ကို ဘာပြောချင်နေတာလဲ..
ဤမသေမျိုးသက်ရှိ၏ အော်သံတွင် မလိုလားမှုများ ရှိနေပြီး ဒေါသတစ်မျိုးပင် ရှိနေသည်။ သူက ထူးဆန်းပြီး မကောင်းတဲ့နမိတ်တွေကို ချေဖျက်ဖို့ နည်းလမ်းရှာနေတာလား .. ဤသည်မှာ အနည်းငယ် ရယ်စရာကောင်းနေ၏။
အဘယ်ကြောင့်ဆိုသော် သူ၏ဟစ်ကြွေးသံအရဆိုလျှင် သူသည် ဖရိုဖရဲဖြစ်ရခြင်း၏ အရင်းအမြစ်ဖြစ်ကာ အမှောင်ထုလာသည့်နေရာပင်။ သို့သော်လည်း သူက ဤသည်ကို ချေဖျက်ချင်နေသည်။
ရှီဟောင် တွေးလေလေ ချွေးစေးများ ပြန်လာပြီး ဆံပင်မွေးများ ထောင်ထလာသည်။ သူ၏ခေါင်းမှ ခြေဖျားထိ ကြက်သီးထလာရသည်။ ထိုတစ်ခဏတွင် သူ ကိစ္စများစွာကို ပြန်တွေးမိသွားသည်။
ဝုန်း..
ထိုလူသားပုံစံ အမှောင်ထုထာဝရရွှေ လျှောက်လာသည်။ သူ့တစ်ကိုယ်လုံးမှ နတ်သတ္တုရောင်စုံအလင်းများနှင့်အတူ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာ၏။
သူ တိုက်ခိုက်တော့မည်။ သူ့ထံ၌ ဤနေရာကို ကာကွယ်နေရသည့် ရည်ရွယ်ချက်တစ်ခုသာရှိသည်။ ကျူးကျော်လာသူအားလုံးကို ရပ်တန့်ရမည်။
ဤသည်မှာ မသေမျိုးသက်ရှိနောက်လိုက်လာသည့် တစ်ဖက်လောကမှ အစေခံတစ်ဦးပင်။ သူ၏သခင်သည် ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် စွမ်းအားကြီးသောကြောင့် သူလည်း ကြောက်စရာကောင်းမည်ပင်။
သို့သော်လည်း သူသည် ဤနေရာ၌ အဆုံးသတ်သွားကာ ရုပ်သေးရုပ် လုပ်ခံလိုက်ရသည်။
ဒီနေရာက ဘယ်လိုနေရာမျိုးလဲ ..
ချွမ်း..
ရှီဟောင် ထာဝရဓားကို ထုတ်လိုက်ကာ သူနှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ဤနေရာတွင်ရှိနေသည့် သဘာဝဥပဒေသကြောင့် တစ်ဖက်လူ၏ ကျင့်ကြံဆင့်မှာ အတော်လေး လျော့ကျသွားသည်ပင်။
“ဒါက ခန္ဓာကိုယ်ချင်း တိုက်ခိုက်တဲ့တိုက်ပွဲ .. တစ်ခြားပစ္စည်းတွေ မသုံးနဲ့..” ထိုလူသားပုံစံအမှောင်ထုထာဝရရွှေမှ အသံထွက်လာသည်။ သူ၏အသံမှာ စက်ရုပ်အသံကဲ့သို့ တောင့်တင်းနေသည်။ ဤသည်မှာ ရုပ်သေးရုပ်၏ လက္ခဏာနှင့် ကိုက်ညီပါပေသည်။
ရှီဟောင် ဆွံ့အသွားရ၏။ ရှီဟောင် သူ၏ထာဝရဓားကို ပြန်မသိမ်းလိုက်သည့်အချိန်တွင် တစ်ဖက်လူ၏ ကျင့်ကြံဆင့် ပြန်မြင့်လာကာ သူ၏ဦးခေါင်းခွံမှ နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် ကောင်းကင်ကို ဖောက်ထွက်သွားကာ နေ၊ လနှင့် ကြယ်များကိုပင် ပစ်ချလိုက်လေသည်။
ရှီဟောင် အသက်ရှူသံများ အေးခဲသွားကာ တိတ်ဆိတ်စွာဖြင့်ပင် ဓားအား ပြန်သိမ်းလိုက်သည်။ မဟုတ်ပါက တစ်ဖက်လူ၏ ကျင့်ကြံဆင့် ပြန်လွတ်သွားနိုင်သည်။ ထိုသို့ဆိုလျှင် သူ့အတွက် မျှော်လင့်ချက်ပင် ရှိတော့မည်မဟုတ်တော့။
ဒါက စမ်းသပ်မှုတစ်မျိုးလား .. ရှီဟောင် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သူသည် အစောကြီးကတည်းက ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီးဖြစ်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ အရိုးများလည်း အက်ကွဲနေပြီ။ ပျက်စီးနေသည့် အရိုးများကြားမှ ရွှေရောင်ရိုးတွင်းခြင်ဆီများ စီးဆင်းနေပြီဖြစ်သောကြောင့် သူမည်ကဲ့သို့သော အခြေအနေမျိုး ရောက်နေသည်ကို စဉ်းစားကြည့်နိုင်သည်။ သူ ဒီလိုပုံစံမျိုးနဲ့ ဒီလိုပြိုင်ဘက်မျိုးကို တိုက်နိုင်ပါ့မလား..
“အဲဒါဆိုရင်လည်း ငါ့ဆီလာခဲ့လိုက်တော့..” ရှီဟောင် ဟစ်ကြွေးလိုက်၏။ သူ၏ဆံပင်များ လွင့်ပျံနေကာ မျက်လုံးများလည်း ကောင်းကင်ဓားသွားများကဲသို့ စူးရှလာ၏။
ဝုန်း..
ဤသည်မှာ ဥက္ကာခဲနှစ်ခု တိုက်မိသွားသကဲ့သို့ပင်။ လူသားပုံစံအမှောင်ထုထာဝရရွှေသည်လည်း မည်သည့်လှည့်ကွက်မှ မသုံးပဲ သူ့စွမ်းအားများကို ထုတ်သုံးလာသည်။
နေရာအနှံ့တွင် သွေးများလွင့်စင်လာပြီး ရှီဟောင်၏အရိုးအပိုင်းအစများလည်း ပျံ့ကြဲလာသည်။
ဤသည်မှာ ထာဝရလက်နက်များပြုလုပ်ရန် ရှားပါးသည့်ရတနာတစ်ခုဖြစ်သည့် အမှောင်ထု ထာဝရရွှေပင်။ ဤကဲ့သို့သော လူသားပုံစံဖြင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အချိန်တွင် ပို၍မာကျောသည့်ခန္ဓာကိုယ်ရှိသည့်သူအတွက်ပင် လွယ်ကူမည်မဟုတ်။
ထို့ကြောင့် ရှီဟောင် ရှုံးနိမ့်သွားသည်ပင်။ အသွေးအသားက ဘယ်လိုလုပ် ထာဝရရွှေအား ယှဉ်နိုင်မည်နည်း..
ရှီဟောင် နောက်ဆုတ်လိုက်ပြီး ဤလူသားပုံစံအမှောင်ထုထာဝရရွှေကို ကြည့်လိုက်၏။
ဤစစ်ဆေးမှုမှာ ထူးဆန်းလွန်းလှသည်။ မည်သူက ဤသည်ကို ဖြတ်ကျော်နိုင်မည်နည်း..
ခန္ဓာကိုယ်ချင်းယှဉ်လျှင် ထာဝရရွှေမှာ သေချာပေါက် အသွေးအသားများထက် စွမ်းအားကြီးမည်ပင်။ သူသည် စွမ်းအားအကြီးဆုံး ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်မည်ဆိုလျှင်ပင် သူ၏ပြိုင်ဘက်မဟုတ်သေး။
ကျင့်ကြံဆင့်အရ ကြည့်မည်ဆိုလျှင်လည်း တစ်ဖက်လူသည် သူ့ထက် ကျင့်ကြံဆင့်တစ်ဝက် မြင့်နေသည်။ ကွာခြားမှုမှာ ကြီးမားလွန်းလှသည်။
နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်က အရှေ့မှာ မြင်နေရပြီ။ ဒါပေမဲ့ သူ့လမ်းကို ဒီလိုလူမျိုးက လာပိတ်ရပ်နေတယ် … သူ ဘယ်လိုဖြတ်သွားရမှာလဲ ..
“သတ်..” ရှီဟောင်၏အကြည့်များမှာ ပို၍အားပြင်းလာသည်။ သူ ဤနေရာမှာ မသေချင်သေး။
ထိုအချိန်တွင် သူ၏ဝိညာဉ်စွမ်းအင်အားလုံး ထွက်ပေါ်လာကာ နတ်အာရုံများလည်း ဆူပွက်လာသည်။ အသွေးအသားများလည်းတောက်ပလာသည်။ သူသည် ယခုအချိန်တွင် ထာဝရရွှေလူသားနှင့် သိပ်မကွာတော့။ သူသည် အဖိုးတန်ပညာအားလုံးကို အသုံးပြုကာ ဤစွမ်းအားကြီးသည့် ရန်သူထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ဝုန်း..
ခွန်ပန်ပညာမှာ တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။
နတ်ခွန်သည် မျက်စိကန်းစေလောက်သည့် အလင်းထုတ်လွှတ်ကာ ထာဝရရွှေလူသားထံသို့ ဦးတည်သွားလိုက်သည်။
သို့သော် တစ်ဖက်လူထံတွင်လည်း ပြိုင်ဘက်ကင်းသည့် ပညာများရှိနေသည်ပင်။ ထိုသူ၏စွမ်းအားကြီးသည့် ခန္ဓာကိုယ်နှင့် ပေါင်းလိုက်လျှင် ဤသည်မှာ ရှီဟောင်အတွက် အလွန်ခက်ခဲလှသည်။
“ဟက် .. ငါက ဒီစစ်ဆေးမှုလေးကိုတောင် မဖြတ်နိုင်ရင် ငါက ဘယ်လိုလုပ် ရှေးကလူတွေထက်ကို ကျော်နိုင်မှာလဲ .. ဘယ်လိုလုပ် ငါ့ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးနိုင်မှာလဲ..” ရှီဟောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ ထာဝရရွှေလူသားနှင့် ပြင်းထန်စွာပင် တိုက်ခိုက်လိုက်သည်။ သွေးများစိုရွှဲနေသည့် ခွန်ပန်တစ်ကောင် အထက်ကောင်းကင်နှင့် အောက်ဘက်ငရဲမှနေ၍ ဘက်ပေါင်းစုံ တိုက်ခိုက်နေသည်ကို တွေ့ရမည်ပင်။
ထာဝရရွှေလူသားမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။ အစပိုင်း၌ ကျင့်ကြံဆင့်တစ်ဝက်သာ ကွာခြားသော်လည်း နောက်ဆုံးတွင် တစ်ဆင့်လုံးနီးပါး ကွာခြားသွားလေပြီ။
ဤတစ်ခေါက် ဆေးပင်ရှာသည့်ခရီးတွင် မထင်မှတ်ထားသည့်ကိစ္စများစွာ ဖြစ်လာခဲ့သည်။ ပထမဆုံး စစ်နတ်ဘုရားအမှတ်အသားများကို တွေ့ခဲ့ရပြီး ယခုတော့ သေလမ်းကို လျှောက်နေရသည်။
ရှီဟောင်၏ ခန္ဓာကိုယ်ထဲမှ ထာဝရစွမ်းအင်ထွက်ပေါ်လာကာ ရှီဟောင်၏လက်သီးကို ရစ်ပတ်လာသည်။ သူသည် ထိုလက်သီးဖြင့်ပင် ထာဝရရွှေလူသားအား ထိုးနှက်လိုက်သည်။
ရွှီး..
သို့သော် ထိုအချိန်တွင် ထာဝရရွှေလူသား၏လက်သီးလည်း တောက်ပလာကာ ထာဝရအလင်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။
ဒါက ဘာကြီးလဲ ..
ထို ထာဝရရွှေလူသားမှ ထွက်လာသည့် ထာဝရစွမ်းအင်များမှာ ရှီဟောင်ကို ဖုံးလွှမ်းသွားတော့မတတ်ပင်။
ဤသည်မှာ အခါးသီးဆုံး တိုက်ပွဲတစ်ခုပင်။ ရှီဟောင်၏လက်သီးမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာပြီး သွေးများလွင့်စင်ထွက်လာသည်။ သူ့တစ်ကိုယ်လုံးလည်း အလွန်နာကျင်လာသည်။
ကျင့်ကြံဆင့်တွင် တစ်ဖက်လူသည် သူ့ထက်အဆင့်မြင့်သလို ထာဝရတာအိုအော်ရာတွင်လည်း တစ်ဖက်လူက သူ့ထပ်ပို၍ သိပ်သည်းသည်။ ခန္ဓာကိုယ်ချင်းလည်း မယှဉ်နိုင်လောက်အောင်ပင်။
မည်သို့ပင် နှိုင်းယှဉ်ကြည့်ပါစေ ဤသည်မှာ အဆင့်မတူသည့် တိုက်ပွဲတစ်ခုပင်။ အနည်းငယ်မှ တရားမျှတမှုမရှိ။
“လျှပ်စီးဧကရာဇ်လျှို့ဝှက်ပညာ..” ရှီဟောင် လျှပ်စီးကို အသက်သွင်းလိုက်ကာ ထိုသတ္တုလူသားထံသို့ အဆုံးမရှိသည့် လျှပ်စီးများ ပစ်လွှတ်လိုက်သည်။
ဤသည်မှာ အတော်လေး အလုပ်ဖြစ်သွားသည်ပင်။ တစ်ဖက်လူ၏ ထာဝရရွှေခန္ဓာကိုယ်မှာ အရည်ပျော်တော့မည့်ပုံစံဖြင့် စတင်ပုံပျက်လာသည်။
သို့သော်လည်း လျှပ်စီးများ ပျောက်ကွယ်သွားသည်နှင့် သူ၏ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်သွားကာ ထာဝရရွှေခန္ဓာကိုယ် ပြန်ဖြစ်သွားသည်။
“သူ ဒဏ်ရာရထားတာလား..”
ရှီဟောင် သဲလွန်စအချို့ကို သတိပြုမိသွားကာ သူ၏မျက်လုံးများ အရောင်တောက်ပလာသည်။ သူသည် လျှပ်စီးများကို အဆက်မပြတ်ပင် ထုတ်လွှတ်လိုက်လေ၏။
“ထာဝရရွှေက တစ်ဖြည်းဖြည်းနဲ့ ခုခံလာနိုင်ပြီး လျှပ်စီးတွေကို မကြောက်တော့ဘူးလား..” ရှီဟောင်ထိတ်လန့်သွားရသည်။
နောက်ဆုံးတွင် ထိုသက်ရှိမှဖြစ်လာသည့် သတ္တုရည်များ နေရာအနှံ့သို့ ပျံ့ကြဲသွားသည်။ သို့သော် ထိုသတ္တုရည်များသည် သူ့အား တိုက်ခိုက်နေဆဲပင်။ ယခုတော့ ပို၍ပင် ကြောက်ဖို့ကောင်းလာသည်။
ဤသည်မှာ လူသားပုံစံမဟုတ်တော့သော်လည်း တိုက်ခိုက်နိုင်ဆဲပင်။
“သတ်..”
ရှီဟောင် အော်ဟစ်ကာ ပြန်လည်ဝင်စားခြင်း နတ်စွမ်းရည်၊ သူ၏ကိုယ်ပိုင် အဆင့်လွန် စွမ်းရည်များကို အသုံးပြုလိုက်သည်။ သူသည် ရူးမတတ်ပင် ဤထာဝရရွှေသတ္တဝါကြီးနှင့် တိုက်ခိုက်နေသည်။
ရှီဟောင် ရှိသမျှအားလုံးကို ထုတ်သုံးကာ တိုက်ခိုက်နေခြင်းပင်။ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှာ ပို၍ဆိုးရွားလာသည်။
“ကိုယ့်ကိုကိုယ် ဖိနှိပ်ဖို့ တိုက်ပွဲတစ်ခု..” ဤနေရာ၌ ခံစားချက်ကင်းမဲ့သည့်အသံတစ်သံ ထွက်ပေါ်လာ၏။ ဤသည်မှာ သဘာဝဥပဒေသတစ်ခုဖြစ်သလို ဤနေရာကို ကာကွယ်နေသည့် စွမ်းအားတစ်ခုပင်။
ထိုအသံသည် ဤနေရာ၌ရှိနေသည့် ရုပ်သေးရုပ်အားလုံးကို အမိန့်ပေးနိုင်သည်။
သူက အားနည်းတဲ့သူအနေနဲ့ အားကြီးတဲ့သူကို အနိုင်ယူရမှာလား .. ရှီဟောင်၏ အဖိုးတန်ပညာများအားလုံး ထွက်ပေါ်လာသည်။ သူ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကို အသုံးပြုနေသည်မှာပင် ဘယ်နှစ်ကြိမ်မှန်း မသိတော့။ သို့သော်လည်း ထိုသတ္တဝါကို သူ မသတ်နိုင်သေး။
“ဒါက မျှော်လင့်ခြင်းစစ်ပွဲ … စိတ်ပျက်ခြင်းစစ်ပွဲမဟုတ်ဘူး .. မင်းရဲ့ရှေ့ကလူထက် ပိုသာမှ ဒီနေရာကနေ ထွက်သွားနိုင်မယ်..”
ရှီဟောင် ထိုအသံကို ထပ်ကြားလိုက်ရသည်။ သူ၏စကားလုံးများမှာ ရှီဟောင်၏ နှလုံးခုန်နှုန်းများကို မြန်ဆန်လာစေသည်။
“ထာဝရရှေးဟောင်းခေတ်က ပျက်စီးသွားပြီ .. ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး..” ထိုရှေးဟောင်းအသံတွင် ဝမ်းနည်းမှုတစ်မျိုး ရှိနေသည်ပင်။
ဤစစ်ဆေးမှုကိုပင် မဖြတ်သန်းနိုင်ပါက မျှော်လင့်ချက် မရှိတော့ပေ. သူတို့ တစ်ဖက်လောကမှ သတ္တဝါများကို တားဆီးနိုင်မည်မဟုတ်။ ဤစစ်ဆေးမှုကို ဖြတ်ကျော်နိုင်မှသာလျှင် တစ်ခုခုဖြစ်လာရန် အခွင့်အရေးရှိလိမ့်မည်။
နောက်ဆုံးတွင်တော့ ရှီဟောင် လုံးဝရူးသွပ်သွားလေပြီ။ ထာဝရဓားများကဲ့သို့ သူ၏ခန္ဓာကိုယ်မှ အဖိုးတန်ပညာမျိုးစုံ တစ်ခုပြီးတစ်ခု လွင့်ပျံလာသည်။
အပြင်လောက၌သာ ဆိုပါက ဤမြင်ကွင်းကို မြင်ပြီး အားလုံး ထိတ်လန့်သွားလိမ့်မည်။
ဤအသက်အရွယ်၊ ဤအဆင့်တွင် ရှီဟောင်သည် လောကကြီးကို တုန်လှုပ်စေနိုင်သည့် တိုက်ခိုက်စွမ်းရည်အား ပိုင်ဆိုင်ထားသည်ပင်။ ဤခေတ်တွင် မည်သူက ဤကဲ့သို့သော ခွန်အားမျိုး ပိုင်ဆိုင်ထားမည်နည်း..
သို့သော် ဤနေရာတွင်တော့ သူသည် ခုခံနေရသည့်ဘက်မှပင်။ သူသည် ထာဝရရွှေလူကြောင့် အကြိမ်ပေါင်းများစွာ သေမလိုဖြစ်ခဲ့ရသည်။
“အမ်..”
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်အောက်ခြေတွင်ရှိနေသည့် ကန်လေး၏ဘေးတွင် ထာဝရရှေးဟောင်းခေတ်စာလုံးများဖြင့် ရေးသားထားသည့် မှုန်ဝါးဝါးစာတန်းလေးတစ်ခုကို သူ မြင်လိုက်ရသည်။
“ဒီလောက .. မျှော်လင့်ခြင်းမြေလို့ ခေါ်တဲ့နေရာ၊ ပုန်းကွယ်နေတဲ့ စွမ်းအားတွေထဲကတစ်ခု .. ငါဒီမှာ ရှိနေတယ် .. ငါ့မှာ နတ်ဆိုးစောင့်ကြပ်တဲ့နတ်ဝါးပင်ရဲ့ အရည်တွေရှိတယ်”
ထို့နောက် အလွန်ထူးဆန်းကာ ဆန်းကြယ်လှသည့် အခြားတံဆိပ်တစ်ခု ရှိနေသည်။ ဤသည်မှာ တစ်ဖက်လောကမှ ဧကရာဇ်ကလန်၏ အမှတ်တံဆိပ်ပင်။
ရှီဟောင်၏မျက်လုံးများ ချက်ချင်း အရောင်တောက်လာသည်။ ဤသည်မှာ လူငယ်လေးတစ်ယောက် ချန်ရစ်ထားခဲ့သည့်အရာပင်။ ထိုတံဆိပ်များမှတစ်ဆင့် ချန်ရစ်ထားခဲ့သည့်သူကို သူမြင်နေရသည်။ ထိုထဲတွင် မြင်ကွင်းအပိုင်းအစများ ရှိနေသည်။
ဤနေရာ၌ အောင်မြင်သွားကာ နတ်ရေကန်မှ ရေဖြင့် သူ၏ခန္ဓာကိုယ်အား ပြုပြင်သွားသည့်သူ ရှိနေသည်။
ရှီဟောင် ခေါင်းမာ့ကာ ထိုနတ်ဝါးပင်ကို ကြည့်လိုက်သည်။ ထိုဝါးပင်မှ အရည်များစီးကျနေသည်။ ဤသည်မှာ ထိုလူလုပ်သွားခြင်းဖြစ်လောက်မည်။
“တစ်ဖက်လောကကလာတဲ့ ကျွမ်းကျင်သူတစ်ယောက် အောင်မြင်ခဲ့တယ်..” ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။ ကောင်းကင်ကို တွန်းလှန်နိုင်သည့်သူများရှိခဲ့သော်လည်း ဤသည်မှာ တစ်ဖက်လောကမှလူ ဖြစ်နေသည်။
သို့သော် ထိုကျောက်တုံးပေါ်၌ ထွင်းထုထားသည့် စာလုံးများမှာ အပြည့်မဟုတ်သည်ကို သူတွေ့လိုက်ရသည်။ နောက်ဆုံးစုတ်ချက်များမှာ အလွန်နမော်နမဲ့ဆန်လွန်းလှသည်။ တစ်ဖက်လူသည် သေဘေးမှ ကပ်သီးလေးလွတ်ကာ အောင်မြင်သွားသည်မှာ သေချာသည်။
“ငါလည်း အောင်မြင်ရမယ်..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။
ထိုအချိန်တွင် သူ၏ကောင်းကင်လမ်းကြောင်းပေါ်၌ အဖိုးတန်ပညာမျိုးစုံသည် သူ့အလိုလို ရေးထိုးသွားကြလေသည်။ နောက်ဆုံးတွင် ကောင်းကင်လမ်းကြောင်းသည် နေလုံးလေးတစ်လုံးကဲ့သို့ သူ၏ချက်ထဲသို့ ပြန်ဆုတ်သွားလေသည်။ ဤသည်မှာ အလင်းပင်လယ်ကဲ့သို့ တောက်ပသည့် အလင်းများ ထုတ်လွှတ်နေသည်ပင်။
“အမ်..”
ရှီဟောင် အနည်းငယ် စိတ်လွတ်သွားကာ စိတ်ပျံ့လွင့်သွားရသည်။ ပညာများအားလုံး သူ့နှလုံးကို ဖြတ်သန်းစီးဆင်းသွားသည်။
“သေခြင်းနဲ့ရှင်ခြင်းကြားမှာ လှည့်ပတ်သွားလာနေတယ် .. ငါ မျှော်လင့်ချက်ရှိပြီ..” ရှီဟောင် ပြောလိုက်သည်။
ဝုန်း..
ဖိနှိပ်ခံထားရသည့် ထိုအလင်းလုံးသည် ချက်ချင်းပေါက်ကွဲထွက်လာကာ စက်ဝန်းတစ်ခု ဖြစ်သွားသည်။ ထိုစက်ဝန်းသည် ထာဝရရွှေလူသားထံသို့ ဦးတည်သွားကာ ထိုသက်ရှိအား တစ်စစီဖြစ်အောင် လုပ်လိုက်လေသည်။
“ငါ့လမ်းကြောင်း၊ ငါ့တာအို .. ဒါက ငါစလျှောက်ရမယ့်လမ်းကြောင်းပဲ..” ရှီဟောင် အသိအမြင်အသစ်တစ်မျိုး ရသွားသည်။ သူ၏မျက်လုံးထဲမှ အလင်းများမှာ ပို၍တောက်ပလာသည်။
ထာဝရရွှေလူသား မြေပြင်ပေါ်သို့ လဲကျသွားလေပြီ။
ရှီဟောင် ထိုရေကန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူထိုကန်ထဲသို့ ဝင်ချင်သည်။ သို့သော် သူ့စိတ်ထဲ တွေးနေမိသည်မှာ သူယခုလေးတင်မှသိခဲ့ရသည့် အသိအမြင်တစ်ခုပင်။
ရှီဟောင် စိတ်လွတ်နေမိသည်။ သူသည် သူနှင့်သက်ဆိုင်သည့်တာအိုကို လေ့လာနေသည်ဟု ခံစားနေရသည်။
အပိုင်း ၁၄၃၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၅ – နတ်ဝါးရုံကန်ထဲတွင် တာအိုလေ့လာခြင်း
ရှီဟောင် မှော်ဆန်သည့်အခြေအနေတစ်ခုထဲသို့ ရောက်နေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် စက်ဝန်းကို သူလေ့လာလိုက်သည်။ သေခြင်းတရားနှင့်ကြုံလိုက်ရသည်နှင့် သူ၏ခန္ဓာကိုယ်ထဲ ပုန်းကွယ်နေသည့် အရည်အချင်းများ ထွက်ပေါ်လာပြီး တာအိုကို သူချက်ချင်းနားလည်သွားရသည်။
သူ၏ ဤကမ္ဘာသစ်ထဲ၌ အတွေးများ လှည့်လည်နေသည်။ သူသည် လျှို့ဝှက်နက်နဲလှသည့် အရာများကို လေ့လာနေသည်။
သို့သော်လည်း သူ၏ခြေလှမ်းများမှာ ရပ်တန့်မသွားပဲ ထို နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးထံသို့ ဦးတည်နေဆဲပင်။ သူ၏စိတ်ကို လန်းဆန်းသွားစေသည့် မွှေးရနံ့များကို သူရလိုက်သည်။
ယခုအချိန်တွင် သူသည် ကောင်းကင်လမ်းကြောင်းကို သူ၏ဝမ်းဗိုက်ဆီသို့ ပြန်ဖိနှိပ်ထားလိုက်သည်။ ထိုနေရာတွင် နတ်စက်ဝန်းတစ်ခု ဖြစ်ပေါ်နေကာ သေခြင်းနှင့်ရှင်ခြင်း၏ ထူးခြားဆန်းကြယ်မှုများ တောက်ပနေသည်။
သေခြင်းနှင့်ရှင်ခြင်းစက်ဝန်းတစ်ခု ဖြစ်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ထဲ၌ ထိန်းချုပ်ထားလိုက်ခြင်းပင်။
အက်ကွဲရာများဖြင့် မြေပြင်ထက်၌ လဲကျနေသည့် ထာဝရရွှေလူသား နောက်တစ်ကြိမ် ပြန်ထလာသည်။ သူ၏ဒဏ်ရာများကို ကုသပြီးသွားပြီဖြစ်ပြီး အနက်ရောင်အလင်းတောက်ပနေသည်။
သူ၏မျက်လုံးများအေးစက်လှပြီး လူသားခံစားချက်များ မရှိတော့ပေ။ ဤသည်မှာ သူပထမဆုံးအကြိမ်အဖြစ် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခြင်းပင်။ သို့သော်လည်း သူရှုံးနိမ့်သွားသည်တော့မဟုတ်။ သူ ရှီဟောင်ထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားလေ၏။
ယခုအချိန်မှာ ရှီဟောင်အတွက် အရေးကြီးသည့်အချိန်ပင်။ သူသာ နှောက်ယှက်ခံလိုက်ရလျှင် သူ၏ဉာဏ်အလင်းရရှိမှု ဖြတ်တောက်ခံရလိမ့်မည်။
ဒုန်း…
ထိုထာဝရရွှေလူသား၏ မည်းနက်နေသည့် လက်သီးတွင် တစ်ဖက်လောက၏စွမ်းအားများ ပါဝင်နေသည်။ သူသည် ထူးခြားသည့် နတ်စွမ်းရည်များကို အသုံးပြုပြီး ရှီဟောင်အား ရက်စက်စွာပင် တိုက်ခိုက်လာသည်။
ရှီဟောင်တစ်ခုခုကို အာရုံခံမိသွားသည်။ သူ၏အရိုးစာသားများ ထွက်ပေါ်လာလေ၏။ အထူးသဖြင့် သူ၏ဝမ်းဗိုက်ပိုင်းတွင်ရှိနေသည့် နတ်စက်ဝန်းပင်။ ထိုစက်ဝန်းမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ ရှီဟောင် ဤအခြေအနေမှ ပြန်မထွက်သေးပဲ ဉာဏ်အလင်းရရှိမှုတွင် စိတ်နှစ်ထားဆဲပင်။
ယခင်ကအတိုင်းပင် ကောင်းကင်လမ်းကြောင်းသည် အလွန်သေးငယ်လာကာ ပို၍ တောက်ပလာသည်။
ထို့နောက် ထိုစက်ဝန်းမှ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။
ထို့အပြင် ရှီဟောင် ဟစ်ကြွေးလိုက်ကာ ထိုထာဝရရွှေသက်ရှိထံသို့ သူကိုယ်တိုင် တရှိန်ထိုး ပြေးသွားလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ထိုထာဝရရွှေလူသားနှင့် တိုက်မိသွားကာ ထိုလူသားကို လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။
ဤသည်မှာ အဆက်မပြတ် အလင်းပွင့်နေခြင်းပင်။ သူသည် သူ၏ခန္ဓာကိုယ်ထဲမှ ရတနာသိုက်ကိုဖွင့်ကာ စွမ်းအားများ စီးဆင်းစေလိုက်သည်။
ရှီဟောင်သည် တာအိုလေ့လာခြင်း၌ စိတ်နှစ်နေသည်ပင်။ သူသည် အသိစိတ်တစ်ဝက်ဖြင့်သာ တိုက်ခိုက်နေခြင်းပင်။
သူသာ ဤအသိအမြင်အားလုံးကို နားလည်သွားကာ အချိန်မရွေး ထုတ်သုံးနိုင်လျှင် မည်မျှကြောက်စရာကောင်းလိမ့်မည်နည်း..
ထို့အပြင် သူသာ ဤအသိအမြင်မှ လမ်းကြောင်းတစ်ခု ဖွင့်နိုင်ပါက မယုံကြည်နိုင်စရာကောင်းလောက်သည့် အရာများဖြစ်လာမည်ပင်။ သူနှင့်ကိုက်ညီသည့် လမ်းကြောင်းမှာ စွမ်းအားအကြီးဆုံးတာအိုပင်။
ထာဝရရွှေလူသား လွင့်ထွက်သွားကာ အက်ကွဲကြောင်းများ ပြန်ပေါ်လာသည်။ ယခုတစ်ခေါက်တွင်တော့ သူနောက်တစ်ကြိမ် မတိုက်ခိုက်လာပေ။ ထိုအစား သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ တောက်ပလာကာ ဤနေရာမှ ပျောက်ကွယ်သွားလေသည်။
ရှီဟောင် ပြင်းပြင်းထန်ထန်ပင် စဉ်းစားနေသည်။ သူသည် ယခုလေးတင် လမ်းကြောင်းအသစ်တစ်ခုအား တွေ့ခဲ့ခြင်းပင်။
ဤသည်မှာ အလွန်ထူးဆန်းလှသည်။ သူသည် ယခုလေးတင် ထာဝရွှေလူသားနှင့် သူသေကိုယ်သေ တိုက်ခိုက်နေခြင်းဖြစ်ပြီး သေမလိုပင် ဖြစ်သွားခဲ့သည်။
သို့သော် ယခုတွင်တော့ သူအရာအားလုံး နားလည်သွားလေပြီ။ သူသည် အဆင့်လွန် ဉာဏ်ပညာတစ်ခုအား ရရှိသွားသကဲ့သို့ပင်။
ဤအရာများအားလုံးမှာ ရုတ်တရက်ပေါ်လာခြင်းပင်။
ကောင်းကင်လမ်းကြောင်းသည် ပို၍သေးလာကာ သူ၏ဝမ်းဗိုက်ထဲသို့ ဝင်သွားလေ၏။ ထို့နောက်တွင် အမှတ်လေးတစ်မှတ်၊ မျိုးစေ့လေးတစ်မှုန်ဖြစ်သွားကာ ရွှေရောင်ထာဝရဆေးလုံးနှင့် တူလာသည်။
ရှီဟောင် ထိုကောင်းကင်လမ်းကြောင်းပေါ်၌ အရိုးစာသားနှင် အဖိုးတန်ပညာမျိုးစုံ၏ သဘာဝဥပဒေသများကို ရေးထွင်းလိုက်သည်။ ထို့နောက် သူ၏ဗိုက်မှ အဆုံးမရှိသည့် အလင်းများ ထွက်ပေါ်လာသည်ပင်။
သို့သော် ထာဝရဆေးလုံးတစ်ဝိုက်တွင် သေဆုံးခြင်းစွမ်းအင်များလည်း ရှိနေသည်။ သူ့ဘေးနားရှိနေသည့် လောကကြီးတွင် ငြိမ်းချမ်းမြင့်မြတ်ခြင်းနှင့်အတူ ပျက်ဆီးခြင်းအော်ရာလည်း ရှိနေသည်။
ရှီဟောင် ဤသေဆုံးခြင်းသည့်စွမ်းအင်ကို ချေဖျက်ချင်သော်လည်း ပို၍ပင် ထူထပ်လာသည်ကို သူတွေ့လိုက်ရသည်။
“နည်းနည်း နိမ့်နေသေးလို့ထင်တယ်..” ရှီဟောင် သတိလက်လွတ်ပင် သူ့ကိုယ်သူ ပြောလိုက်၏။ ဤသေဆုံးခြင်းစွမ်းအင်များကို အတင်းဖယ်ရှားလိုက်ခြင်းမှာ ကောင်းသည့်ကိစ္စမဟုတ်လောက်။
ရှီဟောင်သည် သေဆုံးခြင်းစွမ်းအင်ကို မဖယ်ရှားတော့ပဲ သူတို့စိတ်ကြိုက် လှည့်လှည်သွားလာခွင့်ပေးလိုက်သည်။ ထိုသေဆုံးခြင်းစွမ်းအင်များသည် တောက်ပနေသည့် ‘ထာဝရဆေးလုံး’အား ရစ်ပတ်နေကာ သူ၏ကျိန်စာစွမ်းအင်များကို ခံစားနေစေလေသည်။
ဤကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် သဘာဝအတိုင်း အဆုံးသတ်တစ်နေ့ ရှိသည်ပင်။ အမဲရှိလျှင် အဖြူရှိပြီး ယင်ရှိလျှင် ယန် ရှိပေမည်။ အမြဲတမ်း ဆန့်ကျင်ဘက်အရာများရှိနေမည်ဖြစ်ပြီး မည်သည့်အရာမှာ အမြဲတမ်း မှန်ကန်မနေနိုင်ပေ။ သူသည် စိတ်လွတ်ကာ စိတ်ရှုပ်ထွေးနေသည့်အချိန်မှာပင် ဤကဲ့သို့သော အတွေ့အကြုံမျိုးရလိုက်ကာ အသိဉာဏ်တိုးလာသည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်နှင့် သူ ကောင်းကင်နှင့်ကမ္ဘာကြီးအားမြင်နေရသကဲ့သို့ပင်။
ရှီဟောင်သည် သေဆုံးခြင်းစွမ်းအင်အား ထိုရွှေရောင်ဆေးလုံးထံသို့ ရစ်ပတ်ခွင့်ပြုလိုက်သည်။ ထိုဆေးလုံးမှာ သူ၏ကောင်းကင်လမ်းကြောင်းအား ချုံ့လိုက်၍ ရလာခြင်းပင်။
ဝုန်း..
သေဆုံးခြင်းစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာကာ ထိုဆေးလုံးထဲသို့ ဝင်ရောက်လာသည်။
ဖူး..
ရှီဟောင် သွေးအန်သွားရ၏။ သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါလာပြီး သူ၏ဗိုက်လည်း ပေါက်ကွဲလုနီးပါးဖြစ်လာသည်။ သူသည် ပျက်စီးသွားရန်အတွက် ခြေလှမ်းတစ်ဝက်ခန့်သာ လိုတော့သည်။ သူ၏ခန္ဓာကိုယ်နှင့် တာအိုမှာ ဤကဲ့သို့ပင် ငြိမ်းသတ်သွားတော့မည်။
သူ၏ခန္ဓာကိုယ်ထက်၌ အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာပြီး နေရာတိုင်းမှ သွေးများစီးကျလာသည်။ သူဒဏ်ရာပြင်းထန်စွာ ရရှိသွားလေပြီ။
ထိုအချိန်မှ သူ နိုးထလာ၏။ သူ သေမလို ဖြစ်သွားတာလား..
သူ၏မျက်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် သူသည် ကန်ထဲသို့ လျှောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဖြူဖွေးသန့်စင်လှသည့် အရည်များမှ ရောင်စုံအလင်းတန်းတစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
သူဗိုက်ထဲရှိ ထိုဒဏ်ရာများ လျင်မြန်စွာ သက်သာပျောက်ကင်းသွားသည်။
ထို့အပြင် ကျိုးပဲ့ပျက်စီးသွားသည့် အရိုးများလည်း စည်းချက်ကျကျ ရွေ့လျားလာလေသည်။ ဤသည်မှာ စစ်ပွဲသီချင်း သီဆိုနေသကဲ့သို့ ဤနေရာ၌ ပဲ့တင်မြည်ဟီးနေသည်။
ဤကန်ထဲသို့ ဝင်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သည့် ပြောင်းလဲမှုများဖြစ်ပေါ်လာသည်မှာ သေချာသည်။ အကောင်းဘက်သို့ ပြောင်းလဲသွားခြင်းပင်။
သို့သော် သူသည် ထိုပြောင်းလဲမှုများအားလုံးကို လျစ်လျူရှုလိုက်ပြီး ယခုလေးတင် ခံစားခဲ့ရသည့် တာအိုနားလည်ခြင်းထံသို့ ပြန်သွားလိုက်သည်။
သူသည် ဤအခြေအနေကို အခွင့်ကောင်းယူကာ ထိုခံစားချက်ကို ပြန်ခံစားချင်သည်။ သူ့တစ်ဘဝလုံးကို အကျိုးသက်ရောက်နိုင်သည့် ဤတာအိုနားလည်ခြင်းအား သူမလွဲချော်ချင်။
ရှီဟောင် ထိုအကြောင်းအရာကို နောက်တစ်ကြိမ် သေချာစဉ်းစားကာ သူ၏ကောင်းကင်လမ်းကြောင်းကို ပြန်ကန့်သတ်ရန် ကြိုးစားလိုက်သည်။ ထိုခံစားချက် သူ့ထံသို့ ပြန်ရောက်လာလေပြီ။
ထို့နောက် ထိုကောင်းကင်စွမ်းအား နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းစွမ်းအင်နှစ်ခုလုံး ထွက်ပေါ်လာသည်။
“သေဆုံးခြင်းစွမ်းအင်ကို မဖြတ်ပစ်ဘူး..”
ရှီဟောင်မှာ အိပ်မက်ယောင်နေသည့်သူကဲ့သို့ပင်။ သူသည် ကောင်းကင်လမ်းကြောင်းအား ဖိနှိပ်လိုက် ထုတ်လွှတ်လိုက်ဖြင့် ပုံစံများစွာ စမ်းသပ်နေခဲ့သည်။ ယင်နှင့်ယန်နှစ်ခုလုံး ရှိနေခြင်းကသာလျှင် နည်းလမ်းအမှန်ဖြစ်ကြောင်း သူနားလည်သည်။ ထို့ကြောင့်ပင် သူသည် သေဆုံးခြင်းစွမ်းအင်များအား သူ့ခန္ဓာကိုယ်ထဲ၌လှည့်လည်သွားလာခွင့် ပြုထားခြင်းပင်။
ဤသည်မှာ ဂြိုလ်တစ်ခု နေမင်းကြီးကို လှည့်ပတ်သွားနေသကဲ့သို့ ပို၍လျင်မြန်လာသည်။ နောက်ဆုံးတွင်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြောက်စရာကောင်းသည့်စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။
သို့သော်လည်း သူနောက်တစ်ကြိမ် ဒဏ်ရာပြင်းထန်စွာ ရရှိသွား၏။ လှည့်ပတ်နေသည့် သေဆုံးခြင်းစွမ်းအင်နှင့် ထိုဆေးလုံး၏စွမ်းအားမှာ အလွန် အားကောင်းလှသည်။ ထိုစွမ်းအင်နှစ်ခုလုံး ညီမျှနေသော်လည်း အသွေးအသားမှာမူ ထိုစွမ်းအင်များနှင့် မျှချေမညီပေ။
သေဆုံးခြင်းစွမ်းအင်သည် ထိုမျိုးစေ့အနားတွင် ဓားသွားတစ်ခုကဲ့သို့ လည့်ပတ်သွားလာနေပြီး သူ၏အသွေးအသားများအား ထိုးဖောက်နေသည်။ ဤသည်မှာ သူ၏ဝမ်းဗိုက်အား ပြင်းထန်စွာ ဒဏ်ရာရရှိစေသည်ပင်။
ကံကောင်းစွာဖြင့်ပင် သူသည် နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်အောက်တွင် ရှိနေပြီး အဖိုးတန်အရည်ထဲတွင် စိတ်ထားသောကြောင့်သာ မဟုတ်ပါက သူသည် သေချာပေါက်ပင် အန္တရာယ်များနေလောက်လေပြီ။
“ယင်နဲ့ယန်က မျှတနေရမယ် .. ငါ့ခန္ဓာကိုယ်ထဲက လောကကြီးလည်း ငြိမ်းချမ်းဖို့ လိုအပ်တယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
သူသည် သေဆုံးခြင်းစွမ်းအင်ကို ဖိနှိပ်လိုက်ကာ သူ၏ဝမ်းဗိုက်အတွင်းပိုင်း၌ ပိတ်ထားလိုက်သည်။ ထို့နောက် ‘ထာဝရဆေးလုံး’ ကို ပြန်ထုတ်လိုက်ကာ အသက်စွမ်းအင်ထုတ်လွှတ်စေလိုက်သည်။ ထိုအသက်စွမ်းအင်ဖြင့်ပင် သေဆုံးခြင်းစွမ်းအင်အား ချိတ်ပိတ်ထားလိုက်လေသည်။
သူ ထပ်ခါတလဲလဲ စမ်းသပ်နေခဲ့သည်။ ထာဝရမျိုးစေ့မှာ ဆက်တိုက်ပင် ပေါက်ကွဲနေကာ ယင်နှင့်ယန်စွမ်းအင်များ ထွက်ပေါ်လာသည်။
ရှီဟောင်သည် အလွန်အေးစက်နေသလို အလွန်လည်းတိတ်ဆိတ်နေ၏။ သူ၏ခံစားချက်များအားလုံး အေးခဲသွားသကဲ့သို့ပင်။ စကားတစ်လုံးမှ မပြောပဲ သူ၏ခန္ဓာကိုယ်ထဲမှ လောက၏ ပြောင်းလဲမှုများကိုသာ တိတ်ဆိတ်စွာ လေ့လာနေလိုက်သည်။ ယခုအချိန်တွင် သူသည် အလွန်လေးနက်နေပြီး ပို၍လည်း ခံစားချက်ကင်းမဲ့လာသည်။
သူသည် အချိန်များပင် ပျောက်နေလေပြီ။
အချိန်ရပ်တန့်နေသည်ဟု ထင်ရသလို နှစ်သန်းပေါင်းများစွာ ကုန်ဆုံးသွားပြီဟုလည်း ခံစားနေရသည်။ သူ့အတွက်တော့ အချိန်ကုန်သွားသည်ဖြစ်စေ ရပ်တန့်နေသည်ဖြစ်စေ အဓိပ္ပာယ်မရှိတော့။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်မှာ သူ့ခန္ဓာကိုယ်ထဲရှိ လောကကြီးထဲသို့ အလည်သွားနေလေပြီ။
သူသည် သူ၏ဝမ်းဗိုက်ထဲမှ ဖြစ်ပျက်နေသည့် ပြောင်းလဲမှုများကိုကြည့်ကာ ပျော်ရွှင်ခြင်းမရှိသလို ဝမ်းနည်းခြင်းလည်း မရှိ။ ခံစားချက်များ တည်ငြိမ်နေသည်။
နောက်ဆုံးတွင်တော့ ဤနေရာမှာ တိတ်ဆိတ်သွားသည်။ အသက်စွမ်းအင်နှင့် သေဆုံးခြင်းစွမ်းအင်တို့ ညီမျှသွားကာ ယင်ယန်ပုံသဏ္ဌာန် ဖြစ်လာသည်။
ထို့နောက် နောက်တစ်ကြိမ် ပြန်လည်လွင့်ပြယ်သွားပြန်သည်။
“ထိတွေ့လို့ရတဲ့ တာအို၊ ထိတွေ့လို့မရတဲ့ တာအို .. ဒီလောကမှာ မြင်နိုင်တဲ့ ယင် ယန်ပုံသဏ္ဌာန်ဆိုတာ မရှိဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ထိုကဲ့သို့သော ပုံစံမျိုး မရှိ။ ဤသည်မှာ တာအိုအကျဉ်းချုပ်ပင်။
ရှီဟောင် နိုးထလာသည်နှင့် ဤတာအို ပျက်ပြယ်သွားသည်။ သေဆုံးခြင်းစွမ်းအင်သည် မင်ကဲ့သို့ မည်းနက်နေသလို အသက်စွမ်းအင်သည်လည်း အသက်စမ်းချောင်းလေးဖြစ်ကာ အပြင်ဘက်သို့ စီးဆင်လာကာ သေဆုံးခြင်းပင်လယ်နှင့် ရောနှောသွားသည်။
ဝုန်း..
သို့သော်လည်း တစ်ချက်တွေးလိုက်သည်နှင့် အသက်နှင့် သေဆုံးခြင်းစွမ်းအင်တို့သည် ထိတွေ့ကိုင်တွယ်၍ရသည့် ယင်နှင့်ယန်ပုံသဏ္ဌာန်ဖြစ်လာသည်။
ကောင်းကင်ကြီး တုန်ခါလာကာ အဆုံးမရှိသည့် လျှပ်စီးများ ထွက်ပေါ်လာပြီး ရှီဟောင်၏ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည်။
သူ လမ်းကြောင်း အစစ်အမှန်တွေ့သွားပြီဟု ခံစားနေရသည်။ ဤသည်မှာ သူ့အား ထိတ်လန့်သွားစေသလို ပျော်လည်းပျော်ရွှင်သွားစေသည်။ ဤသည်မှာ လုံးဝစနစ်အသစ်ပင်။
ဤသည်မှာ အစပိုင်းသာရှိသေးသည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကိုသာ တွေ့သေးသည်။ သူ ဖွင့်ရန်ကျန်နေသေးသည့် အခြားရတနာသိုက်များစွာ ရှိနေလိမ့်ဦးမည်။
သို့သော်လည်း ယခုအချိန်တွင်တော့ သူ ဤအကြောင်းကို စဉ်းစားချိန်မရှိသေး။
အဘယ်ကြောင့်ဆိုသော် လျှပ်စီးတန်းကြီး ရုတ်တရက်ထွက်ပေါ်လာကာ သူ့ထံသို့ ပစ်ချလာသောကြောင့်ပင်။ သူယခင်က ဤမျှကြောက်စရာကောင်းသည့် လျှပ်စီးကို မမြင်ဖူးသေး။
ဤသည်မှာ ရုတ်တရက်ပေါ်လာသည့် ကောင်းကင်အပြစ်ပေးခြင်းပင်။ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်မှ လျှပ်စီးပေါင်းများစွာကို တားဆီးပေးထားသော်လည်း သူ့ထံသို့ ကျရောက်လာနေဆဲပင်။
ရှီဟောင် မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူထာဝရစွမ်းအင်ကျင့်ကြံပြီး ကောင်းကင်အတိဒုက္ခအား ရင်ဆိုင်သည့်အချိန်ကပင်လျှင် လျှပ်စီးများမှာ ဤလျှပ်စီးများလောက် မဆိုးပေ။
ဤသည်မှာ အစသာရှိသေးသည်။ နောက်ပိုင်းလာမည့်လျှပ်စီးများမှာ ဤထက်ပို၍ ကြောက်စရာကောင်းလာမည်ပင်။ သူ့အား ပြာမှုန့်ပင် ဖြစ်သွားစေလောက်သည်။
“ငါ ဉာဏ်အလင်းပွင့်သွားပြီးတော့ အဲဒီလမ်းကို လျှောက်ချင်လို့ ကောင်းကင် အဆုံးအဖြတ်ကို ဆင့်ခေါ်သလို ဖြစ်သွားတာလား..” ရှီဟောင် သတိကြီးကြီးဖြစ်သွားရသည်။
အသက်ဘေးအန္တရာယ်ကြုံနေရသော်လည်း ရှီဟောင်၏မျက်လုံးများ တောက်ပလာသည်။ ဤလောကထဲသို့ လျှပ်စီးအတိဒုက္ခကျရောက်လာပြီး ရှီဟောင်အား တားဆီးရန် ကြိုးစားလာခြင်းမှာ သူစဉ်းစားမိသည့် လမ်းကြောင်း ထူးခြားသည်ဟု ဆိုလိုခြင်းပင်။
ဤသည်မှာ သူ ထာဝရစွမ်းအင်ကျင့်ကြံတုန်းကထက် ပို၍သိသာနေလိမ့်မည်။ မဟုတ်ပါက ဤကဲ့သို့ ဖြစ်စရာအကြောင်းမရှိ။
“ငါ့လမ်းကြောင်းပဲ..”
ရှီဟောင် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်၏။ နောက်တစ်ခဏတွင် သူ၏အသွေးအသားများ စုတ်ပြတ်သတ်သွားပြီး သူ၏သွေးများ နေရာတိုင်း၌ လွင့်စင်သွားမည်ဖြစ်သော်လည်း သူ မပျော်ပဲ မနေနိုင်ပေ။
သူ့အရိုးများမှာ ယခုမှ ပြန်ဆက်သွားခြင်းဖြစ်သော်လည်း ယခု ဖရိုဖရဲစွမ်းအင်များပါဝင်သည့် လျှပ်စီးကြောင့် သူ့အရိုးများအားလုံး နောက်တစ်ကြိမ် ပြန်ပျံ့ကြဲသွားသည်။
သူ၏ခန္ဓာကိုယ်ကို လျှပ်စီးအလင်းတန်း ဖောက်ထွက်သွားကာ သူ၏ခန္ဓာကိုယ်၌ အရှေ့မှအနောက်ထိ မြင်နေရသည့် အပေါက်များပင် ဖြစ်ပေါ်လာသည်အထိပင်။
ယခုအချိန်တွင် ရှီဟောင် မကြောက်သလို စိတ်ပျက်သွားခြင်းလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ် လျှပ်စီးများကြောင့် အပေါက်များဖြစ်သွားလေလေ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်မှ စီးကျလာသည့် အဖြူရောင်အရည်များ ပိုများလာသည်ကို သူတွေ့လိုက်ရသောကြောင့်ပင်။ ထိုအရည်များသည် နူးညံ့စွာဖြင့်ပင် သူ့အရေပြားပေါ်သို့ စီးကျလာသည်။
သူ၏ခန္ဓာကိုယ် နောက်တစ်ကြိမ် ပြောင်းလဲသွားလေပြီ။
ဝါးပင်မှ ထွက်လာသည့်အရည်များသည် ရှီဟောင်၏အရိုးများထဲသို့ ဝင်သွားကာ သူ၏ခန္ဓာကိုယ်ကို ပို၍သန်မာလာအောင် ပြုလုပ်ပေးနေသည်။
အပိုင်း ၁၄၃၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၆ – ရက်စက်သော ပြောင်းလဲခြင်း
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်၏ တောက်ပသည့်အရည်ဖြူများကို သူ၏အရိုးအပိုင်းအစများမှ စုတ်ယူလိုက်ကာ ရိုးတွင်ခြင်ဆီနှင့် ပေါင်းစည်းလိုက်သည်။ သူ၏အရိုးများမှာ အံ့အားသင့်စရာကောင်းလှသည့် အသက်အော်ရာတစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုကြီးပင်။
ကောင်းကင်ထက်တွင်ရှိနေသည့် လျှပ်စီးများမှာ ထူးဆန်းလှသည်။ ပုံစံမျိုးစုံဖြင့် တရစပ်ပင် ကျဆင်းလာကြသည်။
ထို့အပြင် လျှပ်စီးများသည် ပို၍အားကောင်းလာသည်။ ဤသည်မှာ အန္တရာယ်များခြင်း၏ လက္ခဏာများပင်။
လျှပ်စီးတန်းတစ်ခု ရှီဟောင် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် သူ၏ခန္ဓာကိုယ်ထက်၌ အရှေ့အနောက် ထုတ်ချင်းပေါက်သွားသည့် အပေါက်တစ်ပေါက် ဖြစ်လာသည်။ ထိုအပေါက်မှ သွေးများလည်း များစွာ စီးကျလာ၏။
ရှီဟောင် အလွန်အန္တရာယ်များနေလေပြီ။ သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများမှာ အချိန်နှင့်အမျှ တဂျွတ်ဂျွတ်မြည်နေလေသည်။
ဝါးပင်၏အရည်မှာ အားပြန်ဖြည့်ကာ သူ၏ခန္ဓာကိုယ်ကို ပြုပြင်နေသောကြောင့်သာမဟုတ်ပါက ရှီဟောင်၏ခန္ဓာကိုယ်မှာ မမှတ်မိတော့လောက်အောင်ပင် စုတ်ပြတ်နေလောက်လေပြီ။
ဤကဲ့သို့သော ကောင်းကင်အပြစ်ပေးမှုမှာ လူတစ်ယောက်၏ တည်ရှိမှုကို ဖျက်ဆီးပစ်ချင်ခြင်းပင်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားတစ်ယောက် ခုခံနိုင်သည့်အရာတစ်ခု မဟုတ်။ ဤသည်မှာ ကောင်းကင်ကြီး ဒေါသထွက်နေပြီး အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေသလိုပင်။
ရှီဟောင်သည် နာကျင်မှုကို သည်းခံနေရသည်။ သူ၏ခန္ဓာကိုယ် တစ်လက်မစီတိုင်း ဟက်တက်ကွဲနေပြီး သွေးများလည်း အဆက်မပြတ် ထွက်နေသည်။
ဤသည်မှာ နာကျင်လှသည်။ ရှီဟောင်ကဲ့သို့ စိတ်ခွန်အား မြင့်မားသည့်သူပင်လျှင် သူ၏မျက်စိရှေ့ရှိ မြင်ကွင်းများ မှောင်မဲလာပြီး ဤနေရာ၌ သတိလစ်လုနီးပါး ဖြစ်နေလေပြီ။
ရွှီး..
အခြား လျှပ်စီးတန်းတစ်ခု ကျရောက်လာကာ သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သူ အဖိုးတန်ပညာမျိုးစုံကို အသုံးပြုကာ စွမ်းအားအကြီးဆုံး ခုခံမှုပြုလုပ်ထားသော်လည်း ဤသည်မှာ မလုံလောက်သေးပေ။
ဒါတွေအားလုံးက သူ မတူညီတဲ့ နည်းလမ်းတစ်ခုကို ဖန်တီးချင်လို့ ဖြစ်လာတာလား..
အရိုးစာအုပ်များထဲမှ မှတ်တမ်းအရဆိုလျှင် လောကကြီး၏ ဟန်ချက်ကို ပျက်စီးအောင်လုပ်မည့်အရာ ပေါ်လာတိုင်း ထိုအရာသည် လျှပ်စီးအတိဒုက္ခကို မလွဲမသွေ ခံစားရမည်ဖြစ်ပြီး ကောင်းကင်အပြစ်ပေးမှုကို ခံရမည်ပင်။
ထူးခြားသည့် ကျင့်ကြံသူများ အဆင့်တက်သည့်အချိန်တွင် ဤကဲ့သို့သော အဖြစ်များ ဖြစ်လာသည်ပင်။ ဤသည်မှာ လောကကြီးသည် ဤလူများအား ကြောက်ရွံ့နေသောကြောင့် စစ်ဆေးမှု ပြုလုပ်လိုက်ခြင်းပင်။
ယခု ရှီဟောင်သည် ကျင့်ကြံခြင်း၏ အခြားလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သောကြောင့် ဤသည်မှာ ပို၍ဆိုးမည်ပင်။
ဖူး..
ရှီဟောင် ညည်းတွားလိုက်၏။ အဘယ်ကြောင့်ဆိုသော် အနီရောင်လျှပ်စီးတန်းတစ်ခု ကျရောက်လာပြီး သူ၏ပုခုံးအား ပျက်စီးသွားစေသည်။ သူ၏ပုခုံးရိုးကျိုးသွားကာ ရွှေရောင်ရိုးတွင်းခြင်ဆီများ အပြင်ဘက်သို့ စီးကျလာသည်။
ဤသည်မှာ သာမန်နာကျင်မှုမျိုး မဟုတ်ပေ။ ဤလျှပ်စီးများနှင့်အတူ သေမင်းလည်း တစ်လှမ်းချင်း ရောက်လာလေပြီ။ ဤအတိုင်းသာ ဆက်သွားလျှင် ရှီဟောင် သေချာပေါက် သေသွားလိမ့်မည်။
တရွှီးရွှီအသံနှင့်အတူ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်က ယိုင်ထိုးလာသည်။ ဝါးရွက်များလည်း တောက်ပလာကာ ချောင်းငယ်လေးများ စီးဆင်းသကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။
ဖရိုဖရဲစွမ်းအင်နှင့် ထူးခြားသည့် ရောင်စုံအလင်းများ နေရာတိုင်း၌ ရှိနေသည်။ လျှပ်စီးသည် ကောင်းကင်ထက်မှ ကျရောက်လာခြင်းဖြစ်သောကြောင့် သူလည်း စက်ကွင်းမလွတ်ပဲ လျှပ်စီးအား ခုခံနေရသည်။
သို့သော် ဤဝါးပင်မှာ လျှပ်စီးဖြင့် မကြာခဏအပစ်ခံနေရသည်မှာ သိသာလှသည်။ သူသည် လျှပ်စစ်ကိုပင် ခုခံနိုင်နေပြီဖြစ်သည်။
ယခု ဤအပင်သည် လျှပ်စီးအား ခုခံကာ ရှီဟောင်အား အတော်လေး ကူညီပေးနေသည်။ မဟုတ်ပါက သူလဲကျသွားလောက်လေပြီ။
ဖူး..
ရှီဟောင်၏ ရင်ဘတ်ထံသို့ ပစ်ချခံလိုက်ရကာ သူ၏ရင်ဘတ်ရိုး တစ်ချောင်းပြီးတစ်ချောင်း ကျိုးသွားသည်။ သူသည် လက်ရှိအချိန်တွင် သူ့ဘဝ၏ အခက်ခဲဆုံး စစ်ဆေးမှုအား ဖြတ်သန်းနေရခြင်းပင်။
နောက်ဆုံးတွင်တော့ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်လည်း သူ့အတွက် လျှပ်စီးများကို မခုခံပေးနိုင်တော့။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးများသည် အပေါ်ဘက်မှ လာခြင်းမဟုတ်ပဲ ဘေးပတ်လည်ပေါင်းစုံမှ လာနေသောကြောင့်ပင်။
ရှီဟောင်၏ ခန္ဓာကိုယ် မည်းတူးသွားပြီး သူ၏အရိုးများလည်း တစ်စစီဖြစ်သွားသည်။ သူ၏ရိုးတွင်းခြင်ဆီပင်လျှင် ခမ်းခြောက်မတတ် ဖြစ်သွားသည်။
ဝါးပင်မှ ထွက်လာသည့် အရည်လည်း လျှပ်စီးများဖြင့် ရိုက်ချခံရပြီး ဘေးဘက်ပင် လွင့်စင်သွားသေးသည်။ အံ့အားသင့်စရာကောင်းသည်မှာ ထိုအရည်များသည် အငွေ့ပျံသွားခြင်းမရှိပေ။
ဤအရည်ကြောင့်သာ ရှီဟောင် အသက်ရှင်နေနိုင်ခြင်းပင်။
“ငါ ပြောင်းလဲဖို့ လိုအပ်တယ် .. ငါသေလို့ မရဘူး..” ရှီဟောင်သည် သူ၏ခန္ဓာကိုယ် ခမ်းခြောက်မတတ် ပစ်ချခံနေရသော်လည်း သူ၏စိတ်ဆန္ဒှမှာ မြဲမြံနေဆဲဖြစ်ပြီး ခေါင်းလည်း ရှင်းလင်းနေဆဲပင်။
လျှပ်စီးကို လျှပ်စီးဖြင့် တိုက်ရန်အတွက် သူ လျှပ်စီးဧကရာဇ် အဖိုးတန်ပညာကို အသုံးပြုလိုက်သည်။ ထို့နောက် ခွန်ပန်ပညာကို အသုံးပြုကာ ထိုလျှပ်စီးအားနည်းသွားအောင် လုပ်လိုက်သည်။ ထို့အပြင် လျှပ်စစ်စက်ဝန်းကို ချေဖျက်ရန်အတွက် ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။
သို့သော်လည်း သူသည် အချိန်တိုင်းပင် သေမင်း၏ အရိပ်ထဲသို့ ကျရောက်နေဆဲပင်။
လျှပ်စီးသည် သူ၏အရိုးကို ရိုက်ချလိုက်ပြီး အသွေးအသားကို ဖောက်ထွက်သွားသည်။
သူ၏ခန္ဓာကိုယ်ထဲ၌ လျှပ်စစ်များ စီးဆင်းလာကာ တကျစ်ကျစ်အသံများ ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန်နားစူးလှသလို အလွန်လည်း ကြောက်စရာကောင်းလှသည်။ သူ၏အသွေးအသားနှင့် အရိုးများလည်း မည်းတူးနေလေပြီ။
သေဆုံးခြင်းစွမ်းအင်များ ပိုများလာပြီး နာကျင်မှုမှာ သည်းခံနိုင်ရန် ခက်ခဲလာသည်။ ရှီဟောင် အချိန်မရွေး သေသွားနိုင်သည်ပင်။
ရှီဟောင် သူ၏ဝမ်းဗိုက်ကို ဆန်းစစ်ကြည့်လိုက်သည်။ ကောင်းကင်လမ်းကြောင်းမှာ စုစည်းနေဆဲဖြစ်ပြီး သေဆုံးခြင်းစွမ်းအင်နှင့် အသက်စွမ်းအင်တို့ အတူရှိနေသည်။
ရှီဟောင် အတော်လေး စိတ်လှုပ်ရှားသွားရသည်။ သူသည် နတ်ဝါးပင်မှ အသက်စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်အောင် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လျှပ်စီးများ သူ့ထံသို့ ကျရောက်လာသည်ကို လက်ခံလိုက်ကာ သေဆုံးခြင်းစွမ်းအင်ကို ဖန်တီးလိုက်သည်။ ထို့နောက် ထိုစွမ်းအင်အားလုံးကို သူ့ဝမ်းဗိုက်ထံသို့ ပို့လိုက်သည်။
သူ စွန့်စားလိုက်၏။ သူတစ်ချက်မှားသွားသည်နှင့် သူ၏ခန္ဓာကိုယ်ကြီး ပေါက်ကွဲထွက်သွားမည်ပင်။
ဤသည်မှာ မယုံကြည်နိုင်လောက်သည့် ကောင်းကင်အပြစ်ပေးခြင်းဖြစ်သည့် လျှပ်စီးအတိဒုက္ခပင်။ သူသည် လျှပ်စီးများကိုပင် ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သောကြောင့် ဤသည်မှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံသည်နှင့် အတူတူပင်။
ဝုန်း..
ဆန့်ကျင်ဘက်ဖြစ်သည့် သေခြင်းနှင့်ရှင်ခြင်း၊ ယင်နှင့်ယန် စွမ်းအင်နှစ်ခု ဝေ့ဝဲလာကာ နောက်ဆုံးတွင် သူ၏ဗိုက်ထဲ၌ ယင် ယန်ပုံ ဖြစ်လာသည်။
လျှပ်စီးများ အဆက်မပြတ် ရောက်လာသည်။ ရှီဟောင်၏ ခန္ဓာကိုယ်ရှုံ့တွနေပြီဖြစ်ပြီး သူ၏အရိုးများစွာလည်း ကျိုးကြေနေလေပြီ။ သူသည် လျှပ်စီးများကို သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်စေလိုက်ကာ ယင် ယန်သင်္ကေတထဲသို့ ပေါင်းထည့်လိုက်သည်။
ရှီဟောင်သည် လျှပ်စီးအား ချေဖျက်ကာ သေဆုံးခြင်းစွမ်းအင်အား ရှင်သန်ခြင်းစွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ သေခြင်းနှင့်ရှင်ခြင်းကို ပြောင်းပြန်လှန်ခြင်းဖြင့် ကောင်းကင်အား ခုခံနေခြင်းပင်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းစွမ်းအင်ကြားမှ မျဉ်းကြောင်းလေးကို မြင်လာရသည်အထိပင်။
ဤနေရာ၌ ယင်နှင့်ယန် စွမ်းအင်များကို ပြောင်းလဲနိုင်သည်။ စွမ်းအင်တစ်ခုသည် အခြားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အခြားတစ်ဖက်သို့ ကူးပြောင်းသွားနိုင်သည်ပင်။
သူသည် လျှပ်စီးများကို စတင်စုတ်ယူကာ ဤနေရာ၌ ပြောင်းလဲလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ လမ်းကြောင်းတစ်ခုဖြစ်လာကာ အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ပင်။
“တကယ် အောင်မြင်သွားမှာလား..” ရှီဟောင် မျက်လုံးများ တောက်ပလာသည်။
သို့သော်လည်း ဤသည်မှာ အလွန်အန္တရာယ်များနေဆဲပင်။ ဤသည်မှာ ကနဦးစမ်းသပ်ချက်သာရှိသေးသည်။ သေဘေးမှ လွတ်ရန် အဝေးကြီးလိုသေးသည်။ ဆန့်ကျင်ဘက်အနေဖြင့် အခြေအနေများမှာ ပို၍ မတိုးသာမလှုပ်သာဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူတစ်ချက်မှားသွားသည်နှင့် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မည်။
ဖုန်း..
သေချာပါသည်။ ယင်နှင့်ယန် မျှချေ မညီတော့။ ဤသည်မှာ ကောင်းကင်၏ ခွန်အားဖြစ်သောကြောင့် အောင်မြင်စွာ ထိန်းချုပ်ရန်မှာ မဖြစ်နိုင်။ လျှပ်စီးကြောင့်ဖြစ်ပေါ်လာသည့် ယင်နှင့်ယန်ကြား မျဉ်းလေး ပျက်စီးသွားလေပြီ။
ထိုအချိန်တွင် ရှီဟောင်ဝမ်းဗိုက်၌ ရှိနေသည့် ယင်ယန်တာအိုသင်္ကေတမှာ ပေါက်ကွဲတော့မလို ဖြစ်သွားသည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ထိုနေရာသာ ပေါက်ကွဲသွားသည်နှင့် ရှီဟောင်၏ကောင်းကင်လမ်းကြောင်းလည်း ပျက်စီးသွားမည်ပင်။ ထို့နောက် သူ့ဘဝတစ်ခြမ်းလည်း ပျက်စီးသွားလိမ့်မည်။
သူ ဤစွမ်းအားကို လျင်မြန်စွာ ဖိနှိပ်ပြီး ချေဖျက်လိုက်သည်။ ထို့နောက် အဆုံးမရှိသည့် လျှပ်စီးအလင်းတန်းများကို သည်းခံရန်အတွက် သူ၏အသွေးအသားကို အသုံးပြုလိုက်သည်။ သူ ကောင်းကင်အတိဒုက္ခအား ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းဖြစ်သောကြောင့် ပြင်းထန်သော ဒဏ်ရာများရလာည်။
သို့သော်လည်း သူ ရွေးချယ်စရာ မရှိချေ။
ရှီဟောင် အစွမ်းကုန် ကြိုးစားနေသည်။ သူ၏ခန္ဓာကိုယ်၌ အပေါက်များ ပြည့်ကာ စုတ်ပြတ်နေပြီဖြစ်သည်။ အချို့အရိုးအပိုင်းအစများ ကန်ထဲသို့ လွင့်စင်ကျသွားသော်လည်း သူတောင့်ခံထားဆဲပင်။
သူ အသက်ရှူနေသေးသရွေ့ သူအရှုံးပေးမည်မဟုတ်။
ယင်နှင့်ယန်မျှချေမှာ ယခုချက်ချင်း အလုပ်လုပ်မည်မဟုတ်။ သို့သော်လည်း လျှပ်စီးအား ဤကဲ့သို့ ရင်ဆိုင်နေခြင်းမှာလည်း အချိန်အကြာကြီးခံမည်မဟုတ်။ ဤအတိုင်းသာ ဆက်သွားလျှင် သူသေချာပေါက် သေသွားလိမ့်မည်။
ကောင်းကင်လမ်းကြောင်း ကြီးလာကာ သူ့အား ကာကွယ်ပေးလာသည်။ သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် လျှပ်စီးကြောင့် ချိုင့်ဝင်သွားကာ ပျက်စီးသွားသည်။
ထိုအချိန်တွင် သူ မိုးမခနတ်ဘုရားကို တွေးမိသွားသည်။ သူက လျှပ်စီးတွေ ဘယ်လောက်တောင် ပစ်ချခံရလို့ ပင်စည်တစ်ဝက်ပဲ ကျန်တော့တာလဲ..
“ငါ မိုးမခနတ်ဘုရားလိုမျိုး အဆုံးသတ်သွားမှာလား ..” ယခုအချိန်တွင် သူ့ထံ၌ အမြစ်ရှိမနေသောကြောင့် သူသေသွားရုံသာ။
“ငါ ဒီအတိဒုက္ခကို ဘယ်လိုဖြတ်ကျော်ရမလဲ..” ရှီဟောင် ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူတကယ်ကို ဘာနည်းလမ်းမှ မစဉ်းစားနိုင်တော့။
သူ၏ဝိညာဉ်စွမ်းအင် အားနည်းနေပြီး ဤအခြေအနေကို ပြောင်းပြန်လှန်ပစ်ရန်အတွက် သူစွမ်းအားမဲ့နေသည်။
“ငါ ဒါကို ရအောင် ဖြတ်သန်းရမယ်..” နောက်ဆုံးတွင်တော့ ရှီဟောင်၏မျက်လုံးများ တောက်ပလာသည်။ မိုးခြိမ်းသံကို လွှမ်းမိုးသွားသည်အထိ သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူသည် ဤလျှပ်စီးကို မဖြတ်ကျော်နိုင်ဘူးဟု ယုံကြည်ထားသောကြောင့် လျှပ်စီးကို အမြဲတမ်း ရှောင်ရှားကာ ချေဖျက်ချင်ခဲ့သည်။ ရလဒ်အနေခြင့် သူရှုံးနိမ့်ခဲ့ရသည်။
“ဖြေရှင်းလို့မရတဲ့ လျှပ်စီးဆိုတာ မရှိဘူး .. လျှပ်စီးတွေလည်း ရှုံးနိမ့်နိုင်တယ်…”
သူအော်ဟစ်လိုက်ကာ စိတ်အားတက်ကြွလာအောင် လုပ်လိုက်သည်။
နောက်ဆုံးတွင်တော့ သူသည် စွမ်းအားအကြီးဆုံး အခြေအနေသို့ ပြန်ရောက်လာသည်။
ရှီဟောင် ဤလျှပ်စီးအတိဒုက္ခကို အနိုင်ယူရန်သာ အာရုံစိုက်ထားလိုက်သည်။ သူ ဤလျှပ်စီးများကို သည်းခံမနေတော့ပေ။ လျှပ်စီးအတိဒုက္ခကို ထူးခြားသည့်အရာတစ်ခုအဖြစ် မသတ်မှတ်တော့။
သူ ထာဝရစွမ်းအင်ကျင့်ကြံသည့်အချိန်ကလည်း ကောင်းကင်အတိဒုက္ခအား အနိုင်ယူနိုင်ခဲ့သည်ပင်။
ရှီဟောင်၏ခန္ဓာကိုယ် စုတ်ပြတ်နေသော်လည်း သူ၏စိတ်ဆန္ဒမှာ အလွန်အားကောင်းနေသည်ပင်။ ခမ်းခြောက်နေသည့် ခန္ဓာကိုယ်မှ သွေးများနောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
သူ၏မည်းတူးနေသည့် အသွေးအသားနှင့် အရိုးတွင် လှည့်ပတ်သွားနေသည့် တောက်ပသည့် သင်္ကေတတစ်မျိုးကို မြင်တွေ့လာရသည်။ တောက်ပနေသည့် သွေးတစ်မျိုးလည်း ရှိနေသေးသည်။
ဤသည်မှာ အဆင့်လွန်သွေးနှင့် သူ၏တတိယမြောက် အဆင့်လွန်သင်္ကေတတို့ ပေါ်လာခြင်းပင်။
သူ၏စွမ်းအားများလည်း တိုးလာသည်။ ထိုသွေးတွင် ပိုးအိမ်ကို ဖောက်ထွက်ကာ လိပ်ပြာတစ်ကောင်ဖြစ်လာစေမည့် ထူးဆန်းသည့် စွမ်းအားရှိနေသလိုပင်။
ဤသည်မှာ အချိန်ခဏလေးသာ အသက်ဝင်နိုင်သော်လည်း ဤသည်မှာပင် ကောင်းမွန်လွန်းလှလေပြီ။
သူ၏အော်ရာပြောင်းလဲသွားရုံသာမက သူ၏စုတ်ပြတ်နေသည့် ခန္ဓာကိုယ်လည်း ပြောင်းလဲမှုများဖြစ်လာပြီး ပို၍သန်မာလာသည်။
သူ၏အသက်စွမ်းအင်နှင့် အခြားအရာများအားလုံး သာမန်အခြေအနေထက် ကျော်လွန်သွားလေပြီ။
ရှီဟောင်သည် လျှပ်စီးများကို ခုခံနေရုံသာမက လျှပ်စီးများကို သူ့ခန္ဓာကိုယ်ထဲသို့လည်း စီးဆင်းစေလိုက်သည်။ သူသည် အရိုးပုံသွင်းခြင်းပညာကို အသုံးပြုကာ သူ၏အရိုးများကို ထုဆစ်လိုက်သည်။
လွင့်ထွက်သွားသည့် အရိုးများလည်း သူ့ခန္ဓာကိုယ်ထံသို့ ပြန်လွင့်လာကာ ထူးဆန်းသည့်အသံများ ထွက်ပေါ်လာသည်။
နောက်ဆုံးတွင်တော့ ထိုအရိုးများအားလုံး ပြန်ဆက်သွားကာ သူ့တစ်ကိုယ်လုံး လျှပ်စီးအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။
ဤသည်မှာ အလွန်ရက်စက်လှသည့် အတွေ့အကြုံပင်။ အရိုးအပိုင်းအစများအားလုံး ပျံ့ကြဲသွားပြီးနောက် နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ကြောင့် ပြန်လည်ကောင်းမွန်လာသည်။
သူ ငရဲကျနေသကဲ့သို့ပင် ခံစားနေရသည်။
ဤနေရာသည် လျှပ်စီးအလင်းတန်းများ၊ သွေးရောင်အလင်းတန်းများဖြင့် ကြောက်စရာကောင်းနေသော်လည်း သူ့ခန္ဓာကိုယ်အား ခုခံပေးထားသည့် များပြားလှသည့် အသက်ဓာတ်များလည်း ရှိနေသည်ပင်။
“မိုးကြိုးနဲ့ လျှပ်စီးတွေ .. မင်းတို့တွေက ငါ့ခန္ဓာကိုယ်ကို ပုံသွင်းဖို့အတွက်သုံးတဲ့ သာမန်မီးထက် ဘာမှမပိုဘူး..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။
နောက်ဆုံးတွင်တော့ သူ၏ စုတ်ပြတ်နေသည့် ခန္ဓာကိုယ် ပြန်ကောင်းလာသည့်နှုန်းမှာ လျှပ်စီးအလင်းတန်းကြောင့် ပျက်စီးသွားသည့်နှုန်းထက် ပိုမြန်နေသည်။ သူသည် လျှပ်စီးအား အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ပြုပြင်နေသည်။
ရှီဟောင် အသက်ပြင်းပြင်းရှူလိုက်ကာ လျှပ်စီးတစ်ခုကို စုတ်ယူလိုက်သည်။ ထိုလျှပ်စီးအားလုံးကို သူ့အရိုးထဲသို့ ထည့်လိုက်ကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေလိုက်သည်။ သူသည် အရိုးပုံသွင်းခြင်းပညာကို အသုံးပြုလိုက်ကာ ထိုလျှပ်စီးများကို ပြုပြင်လိုက်သည်။
ယခုတော့ သူ ရောင်ခြည်လေး မြင်နေရပြီ။
နောက်ဆုံးတွင်တော့ သူ၏ရိုးတွင်းခြင်ဆီသည် ရွှေရောင်မှ အနီရောင်သို့ ပြောင်းလဲသွားပြီး အသက်ဓာတ်များ ပြည့်ဝနေသည်။ သူ၏အရိုးများသည်လည်း တစ်ဖြည်းဖြည်းချင်း တောက်ပလာသည်။ သူ၏အရိုးများသည် အကြိမ်ပေါင်းများစွာ ပြုပြင်ခံလိုက်ရသည်ပင်။ အက်ကွဲကြောင်းများအားလုံး ပြန်ပိတ်သွားကာ စတင်ကောင်းမွန်လာနေလေပြီ။ ထို့အပြင် သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် အမှုန်များလည်း ရှိနေသေးသည်။
နောက်ဆုံးတွင်တော့ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်မှ ထွက်လာသည့် အရည်များမှာ ရှီဟောင်အား မကျေနပ်စေနိုင်တော့။ သူ ထာဝရဓားကို ထုတ်လိုက်ကာ ဝါးပင်၏ အထူဆုံး ဝါးဆစ်၌နောက်ထပ် အပေါက်လေးတစ်ပေါက် ထပ်ဖောက်လိုက်၏။
အရည်များ စီးကျလာပြီးနောက် ရှီဟောင်၏အသွေးအသားနှင့် ပေါင်းစည်းသွားလေသည်။
ရှီဟောင် ပို၍သန်မာလာကာ သူ၏အရိုးများလည်း ယခင်ကထက် အဆပေါင်းများစွာ ပို၍သန်မာလာသည်။
နောက်ဆုံးတွင်တော့ လျှပ်စစ်များ အားနည်းလာကာ လျှပ်စီးအတိဒုက္ခလည်း ပျောက်ကွယ်သွားတော့မည်။ ရှီဟောင်သည် ထိုလျှပ်စီးများကို အလွတ်မပေးပဲ ပါးစပ်ဟကာ စုတ်ယူလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုလျှပ်စီးတွင် ဖျက်ဆီးခြင်းစွမ်းအင်အပြင် အံ့အားသင့်စရာကောင်းသည့် အသက်ဓာတ်ရှိနေသည်ကို သူသိခဲ့ရသည်။ ဤအသက်ဓာတ်သည် နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်နှင့် ပေါင်းစည်းသွားကာ အကျိုးသက်ရောက်မှု ပိုကြီးသွားသည်ပင်။
အချိန်မည်မျှ ကြာသွားမှန်းမသိသည့်အချိန်မှသာ လျှပ်စီးအလင်းတန်းများ ပျောက်ကွယ်သွားကာ ဤနေရာမှာ နောက်တစ်ကြိမ် တည်ငြိမ်သွားသည်။
အပိုင်း ၁၄၃၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၇ – ရွှင်လန်းတက်ကြွသော ဘဝ
ဤနေရာမှာ အလွန်တိတ်ဆိတ်နေသည်။ ဖြူဖွေးနေသည့် နတ်ရေကန်လည်း ခမ်းခြောက်သွားလေပြီ။ ရှီဟောင်သည် အချိန်အတော်ကြာသည်အထိ ထိုနေရာ၌ မလှုပ်မယှက် ရပ်နေခဲ့သည်။
သူ၏အသားအရေမှာ အသစ်ပြန်ဖြစ်လာပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေလေပြီ။ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ကြောင့် သူ၏အသားအရေ ပို၍တောက်ပကာ စိုပြေလာသည်။
အကြီးမားဆုံး အကျိုးအမြတ်မှာ သူ၏အရိုးများ ပြောင်းလဲသွားခြင်းပင်။ သူသည် ပိုးအိမ်ထဲမှ ထွက်လာသည့် လိပ်ပြာတစ်ကောင်ကဲ့သို့ သူ၏ဘဝတစ်ဆင့်မြင့်သွားခြင်းပင်။ သူသည် ခန္ဓာကိုယ်ကျင့်ကြံသူမဟုတ်သော်လည်း ပို၍သန်မာနေလေပြီ။
ရှီဟောင် ထိုနေရာ၌ထိုင်ကာ သူ၏အတွေ့အကြုံကို ပြန်စဉ်းစားနေလိုက်သည်။ သူသည် ယခုလေးတင် သေမလိုဖြစ်ခဲ့ခြင်းပင်။ သူ၏အရိုးများအားလုံး ပေါက်ကွဲထွက်သွားကာ အလွန်အန္တရာယ်များလှသည်။
သူ ယခင်က ဤမျှအန္တရာယ်များသည့် အခြေအနေကို မကြုံဖူးခဲ့ပေ။ သို့သော်လည်း နောက်ဆုံးတော့ သူအောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။
ရှီဟောင် မတ်တပ်ထရပ်လိုက်၏။ သူသည် ကလေးတစ်ယောက်၏ အသားအရေကဲ့သို့ပင် ခံစားနေရသည်။
“တကယ် ဒီလိုမျိုးအော်ရာလား..”
ရှီဟောင် ဆွံ့အသွားရ၏။ သူသည် တကယ်ကိုပင် ယခင်ကနှင့် မတူတော့ပေ။ ဤသည်မှာ အမြင်မှားခြင်းမဟုတ်ပေ။ သူသည် ဤနေရာ၌ ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်နေသည်။
အသက်အားလုံးစတင်ဖြစ်တည်သည့် အော်ရာ .. အဖိုးအတန်ဆုံး အသက်ဓာတ်..
အဘယ်ကြောင့်ဆိုသော် အရာအားလုံးစတင်မွေးဖွားလာသည့်အချိန်တွင် အခြေခံအကျဆုံး အသက်ဓာတ်များ ပါသည်။ ဤအသက်ဓာတ်များကိုသာ စုလိုက်ပါက လူသားခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိမည်ပင်။
ဥပမာအားဖြင့် ကျင့်ကြံသူများသည် နေထွက်လာသည့်အချိန်၌ ပေါ်လာသည့် ရောင်စုံအလင်းကိုကြိုဆိုကြသည်။ မနက်ခင်းနေရောင်ခြည်၏ ပထမဆုံးအလင်းတန်းကို စုစည်းကြသည်။ တာအိုကျင့်ကြံရန်အတွက် ရောင်စုံအလင်းကို စုတ်ယူကြသည်။ ဤနည်းဖြင့် အသက်ရှည်သည့်ဘဝများအား ရရှိကြသည်ပင်။
သတ္တဝါများ လူ့လောကထဲသို့ ရောက်လာသည့်အချိန်တွင် မွေးရာပါလျှို့ဝှက်စွမ်းအားမျိုးစုံကို ပိုင်ဆိုင်ထားကြသည်။ သေမျိုးလောကထဲ၌ အရွယ်ရောက်လာကြသည်နှင့် ထိုစွမ်းအားများ တစ်ဖြည်းဖြည်းချင်း ကုန်ဆုံးသွားမည်ပင်။
လက်ရှိတွင် ရှီဟောင်သည် မွေးကင်းစကလေးကဲ့သို့ သန့်စင်နေသည်။ သူ့အတွက်တော့ ဤသည်မှာ အလွန်အဖိုးတန်လှသည်။
ရှီဟောင် သူ၏လက်သီးများကိုလွှဲရမ်းလိုက်သည်နှင့် ဆူညံသည့် မိုးခြိမ်းသံများဖြစ်ပေါ်လာသည်။ ဤသည်မှာ သူနတ်ခွန်အားပင် မသုံးသေး။
ယခုအချိန်တွင် ရှီဟောင်သည် ထိတ်လန့်စရာကောင်းလောက်အောင် စွမ်းအားကြီးနေပြီဖြစ်သည်။ သူလက်သီးတစ်ချက် ထိုးလိုက်သည်နှင့် ကောင်းကင်နတ်ဘုရားတစ်ယောက် ချက်ချင်းသေဆုံးသွားရန် လုံလောက်လေပြီ။
“အမ် .. ငါ့ခန္ဓာကိုယ်မှာ ထူးခြားတဲ့ အော်ရာတစ်မျိုးရှိနေတယ် .. ဒီလိုစွမ်းအားမျိုးက နားလည်ဖို့ ခက်ခဲပေမယ့် တကယ်ရှိတယ်..”
ရှီဟောင်၏မျက်လုံးမှ အလင်းတန်းနှစ်ခု ထွက်လာသည်။ ထိုအော်ရာမှာ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရှီဟောင်ခံစားနေရသည်။
ဤသည်မှာ သူ၏အရေပြား အသစ်ဖြစ်သွားသောကြောင့် ဤကဲ့သို့သော အော်ရာမျိုးရှိလာသည်ဟု သူထင်လိုက်ခြင်းပင်။ သို့သော်လည်း ဤသည်မှာ သူ၏အသွေးအသား၊ အရိုးများနှင့် ရိုးတွင်းခြင်ဆီတွင် ပြည့်နှက်နေသည့် သန့်စင်သည့်စွမ်းအင်များပင်။
ရှီဟောင် တစ်ခဏခန့်တော့ ဤစွမ်းအင်ကို မည်ကဲ့သို့ သုံးစွဲရမလဲမသိဖြစ်သွားသည်။ သူ ဤအော်ရာကို နေရာရွှေ့ရန် ကြိုးစားကြည့်လိုက်သော်လည်း ဤသည်မှာ သူ၏ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းဖြစ်နေပြီး ရွှေ့၍မရသည်ကို တွေ့လိုက်ရသည်။
“ထူးဆန်းတဲ့ အော်ရာတစ်ခု .. ဒါက ခုခံလို့မရနိုင်တဲ့ ထူးဆန်းတဲ့အားတစ်ခုများလား..” ရှီဟောင် ရုတ်တရက် နားလည်သွားရသည်။
တစ်ဖက်လောကမှ အခြားသူများ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်အား လာရှာခြင်းမှာလည်း ဤကဲ့သို့သော လျှို့ဝှက်ခွန်အားမျိုးကို လာရှာသည်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဤနတ်ဝါးပင်၏ ဆေးစွမ်းကို ရှာဖွေခြင်းလည်း ဖြစ်နိုင်သည်။
ဤစွမ်းအားကိုမည်ကဲ့သို့ သုံးရမည်ကို သူမသိသေးသော်လည်း သူအထင်မသေးမိ။ ဤသည်မှာ နောင်အနာဂတ်တွင် အလွန်အကျိုးများလိမ့်မည်ဟု သူခံစားနေရသည်။
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်၏ စွမ်းအားကို ခံယူပြီးသည့်နောက် သူ၏အသွေးအသားများသည် ထိုကဲ့သို့သော ကျိန်စာစွမ်းအားကို ခုခံနိုင်သွားလေပြီ။
ရှီဟောင် ကျောက်စိမ်းအိုးလေးကို ထုတ်လိုက်ကာ ကန်ထဲ၌ ကျန်နေသေးသည့် အရည်များကို သိမ်းလိုက်သည်။ ထို့နောက် ကျောက်စိမ်းကရားအိုးတစ်လုံးကို ထုတ်ကာ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင် အပေါက်မှထွက်လာသည့် အဖြူရောင်အရည်များကို ဖြည့်လိုက်လေသည်။
ဤမွှေးပျံ့လှသည့် အရည်မှာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလှသည်။ ဤအရည်တစ်စက်ဖြင့်ပင် အခြားလူများ မျက်လုံးနီရဲသွားအောင် ပြုလုပ်နိုင်သည်ပင်။
ရှီဟောင်သည် ဤနတ်ရေကန်၏ ရေတစ်ဝက်ကိုပင် ဖြုန်းတီးခဲ့သေးသည်။ အခြားသူများသာသိသွားပါက သူ့ထံသို့ အဆဲမိုးများ ရွာသွန်းလာမည်ပင်။
ရှေးဟောင်းဝါးပင်ကြီးသည် လေထဲ၌ ရှေ့နောက် ယိမ်းခါနေသည်။
ရှီဟောင်အနည်းငယ် ရှုပ်ထွေးနေရသည်။ နှစ်တွေ ဒီလောက်ထိကြာလာတာတောင်မှ ဒီဝါးပင်က အခုထိ ဝိညာဉ်စွမ်းအင်မရှိသေးဘူးလား .. ဤသည်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။
သို့သော်လည်း သူ ဤအကြောင်း များများစားစားတွေးမနေတော့ပဲ ရှေ့ဆက်လျှောက်လာလိုက်သည်။ သူ အဝါရောင်မြစ်ရေသစ်သီးကို ခူးချင်သေးသည်။ ဤသည်မှာ ဤခရီး၏ ရည်ရွယ်ချက်ပင်။
နတ်ဝါးပင်နှင့် ဝေးသည့်နေရာ၌ တောင်များ မြင့်လိုက် နိမ့်လိုက်ဖြစ်နေသည်။ ထာဝရသက်ရှိ၏ အမိမြေကဲ့သို့ အဖြူရောင်မြူများလည်း ရစ်ဆိုင်းနေသည်။ ထာဝရတောင်ပို့ဟူသည့် နာမည်မှာ ဤနေရာနှင့် လိုက်ဖက်ညီလှသည်။
အဝါရောင်မြစ်ရေသစ်သီးဆိုသည့် နာမည်မှာ မြေအောက်တွင် ရှိနေသည့် အဝါရောင်မြစ်ဘေးတွင် ပေါက်သည့်အပင်အလား အနည်းငယ် ကြောက်စရာကောင်းနေသည်။ သို့သော်လည်း ရှီဟောင်လာသည့် လမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော ညှို့မှိုင်းသည့်အော်ရာမျိုး မတွေ့ခဲ့ရ။
ထိုအစား ဤလမ်း၌ ထာဝရစွမ်းအင်ရှိနေပြီး ရေလည်းနတ်အလင်း တောက်ပနေသည်။ ဤသည်မှာ သူထင်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ပင်။
သူ ဤနေရာသို့ လာသည့်လမ်းတွင် နူးညံ့သည့် ရွှေရောင်အလင်းတန်းများ တောက်ပနေသည့် မြစ်လေးတစ်စင်းကို တွေ့ခဲ့ရသည်။ ဒါက အဝါရောင်မြစ်လား..
ရှီဟောင် ဤမြစ်ကြောင်းတစ်လျှောက် လိုက်လာလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင် ပြောသည့်စကားအရဆိုလျှင် အဝါရောင်မြစ်ရေသစ်သီးသည် ဤမြစ်၏အဆုံး၌ ရှိနေသည်ပင်။
နတ်အော်ရာမှာ ပို၍သိပ်သည်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး စပွင့်လာသည့်အချိန်သို့ ရောက်နေသည်ဟုပင် ခံစားလိုက်ရသည်။ မြက်ပင်တစ်ပင်တိုင်း၊ သစ်ပင်တစ်ပင်တိုင်းနှင့် သာမန်ကျောက်တောင်များ၌ပင် ဝိညာဉ်စွမ်းအား ရှိနေသလိုပင်။
အချို့အပင်များမှာ ရောင်စုံအလင်းများ ထုတ်လွှတ်နေသည်။ အချို့တောင်ပို့များလည်း ရောင်စုံအလင်းများ ဝေ့ဝဲနေကြသည်။
အထူးသဖြင့် အရှေ့ဘက်၌ မီးတောက်များစွာ ထွက်ပေါ်နေသည်။ ထိုနေရာမှာ အတောက်ပဆုံးပင်။ သို့သော်လည်း သေချာကြည့်လိုက်မည်ဆိုပါက ဤသည်မှာ မီးတောက်မဟုတ်ပဲ အလင်းသာ။ သို့သော်လည်း အလင်းများမှာ အလွန်ထူထဲလှသောကြောင့် သေချာမကြည့်လျှင် မီးတောက်နှင့်တူနေသည်။
“စွမ်းအားကြီးလိုက်တဲ့ အော်ရာ..” ရှီဟောင် အံ့အားတကြီး ပြောလိုက်၏။ ထိုနေရာ၌ အံ့အားသင့်စရာ တစ်ခုခုရှိနေလိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။ ထာဝရသစ်သီးပင် ရှိနေနိုင်သည်။
ရှီဟောင် စိတ်လှုပ်ရှားနေမိသည်။ ဘာရှိနေသလဲဆိုသည်ကို သူအလွန်သိချင်နေပြီ။
..
အပြင်ဘက်လောကတွင် စွမ်းအားကြီးသည့် ဂျီးနီးယပ်စ်အနည်းငယ် တောင်ဂိတ်တံခါး၌ စုဝေးနေကြသည်။ သို့သော်လည်း သူတို့သည် နယ်ခြားနံရံတစ်ခု၏ တားဆီးခြင်းခံရကာ အထဲမဝင်နိုင် ဖြစ်နေကြသည်။ အထဲဘက်၌ တစ်ခုခုဖြစ်သွားသည်ကို သူတို့ခံစားနေရသည်။ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး နတ်အပြစ်ဒဏ်လည်း အဆုံးမရှိ ထွက်ပေါ်လာသည်။ စွမ်းအားကြီးလှသည့် စွမ်းအင်ကို နယ်ခြားနံရံခြား၍ပင် ခံစားနေရသည်။
တစ်ယောက်ယောက်က ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်နေတာလား.. ဤသည်မှာ သူတို့ခေါင်းထဲ ပထမဆုံးဝင်လာသည့်အတွေးပင်။
ဘယ်သူ ဝင်သွားတာလဲ .. ဟွမ်တစ်ယောက်တည်းပဲ ရှိတာ .. သူတို့ ဝန်မခံချင်သော်လည်း ဤလူမှာ သူတို့ထက် ခွန်အားကြီးသည်ကိုတော့ သူတို့ဝန်ခံရမည်ပင်။
“ဟွမ် .. သူ တကယ်ပဲ ဘာတွေ လုပ်နေတာလဲ .. ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းနေတာ သူလား..” အလေးအမြတ်ကျောင်းမှ ဂျီးနီးယပ်စ်တစ်ယောက် ပြောလိုက်သည်။
ဤနေရာတွင်ရှိနေသည့်လူများ တိတ်ဆိတ်သွားရသည်။ သူတို့ထုတ်မပြောချင်သော်လည်း ဤသည်မှာ ရှီဟောင် လုပ်လိုက်ခြင်းဖြစ်သည်ကို သူတို့အားလုံး သိနေသည်ပင်။
“ဖရိုဖရဲကြီး ဖြစ်သွားတာပဲ .. ဒါက ဟွမ်ကြောင့်ဖြစ်တာသေချာတယ် ဟုတ်တယ်မလား..” အဖြူရောင်အဝတ်အစားနှင့်အမျိုးသမီး ကျက်သရေရှိစွာပင် လျှောက်လာသည်။ ထို့နောက် သူမ အပြုံးနုနုလေး ပြုံးလိုက်ကာ “ဟမ် .. ရှင်တို့အားလုံး အစောကြီးကတည်းက ရောက်လာကြတာ မဟုတ်ဘူးလား .. ဘာလို့ ဟွမ်ကို အရင်ဝင်ခိုင်းပြီးတော့ ဒီမှာ ရပ်နေကြတာလဲ ..”
သူမသည် ဝမ်ရှီးကို ကြည့်ကာ တမင်သက်သက်ပင် ရန်စလိုက်သည်။ သူမသည် အစက ထိတ်လန့်သည့်အမူအရာ လုပ်ပြီးနောက် ပြုံးလာလေသည်။
ဝမ်ရှီး မျက်နှာတည်ငြိမ်နေသော်လည်း သူမ၏မျက်ဝန်းထဲ၌ နတ်အလင်း ဖြတ်ပြေးသွားသည်။ ဤသည်မှာ သူမ စိတ် ဤမျှ မတည်ငြိမ်ကြောင်း ပြသလိုက်ခြင်းပင်။ သူမသည် မင်းသမီးယောင်ယွဲ့ကို ဘာမှပြန်မပြောပဲ တစ်ချက်သာ ကြည့်လိုက်သည်။
ဝုန်း..
ထိုအချိန်တွင် တောင်ဂိတ်တံခါးမှ ကျယ်လောင်သည့် ဆူညံသံတစ်ခု ထွက်ပေါ်လာကာ ဂျီးနီးယပ်စ်အားလုံး၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ ဟွမ် ဘာလုပ်နေတာလဲ .. ဟွမ် တစ်ယောက်တည်း အခွင့်အရေးအားလုံး ယူသွားမည်စိုးသောကြောင့် သူတို့အားလုံး သိချင်နေကြလေပြီ။
“ပူးပေါင်းကြစို့ .. ငါတို့ မြန်မြန်ဝင်ဖို့လိုတယ်..” သူတို့ထဲမှ တစ်ယောက် ပြောလိုက်သည်။ ဤနေရာသို့ ရောက်လာနိုင်သည့်သူများမှာ ဂျီးနီးယပ်စ်ထဲမှ ဂျီးနီးယပ်စ်များပင်။
သို့သော်လည်း ယခုတော့ သူတို့၏ မလိုမုန်းထားမှုများကို ဘေးချိတ်ထားတာ ပူးပေါင်းမှ ရတော့မည်။ မဟုတ်ပါက သူတို့ အထဲဝင်နိုင်တော့မည်မဟုတ်တော့။
..
ထာဝရတောင်ပို့အတွင်းပိုင်း၌ ရှိနေသည့် ရှီဟောင်သည် လမ်းလျှောက်လာရင်းဖြင့် ရှေးကျသည့် ကျောက်တံတားတစ်ခုကို တွေ့လိုက်ရသည်။ ထိုတံတားမှာ လေ၏တိုက်စားမှုကြောင့် ပြိုကျတော့မလို ဖြစ်နေလေပြီ။
ဤတံတားကြီးသည် ရွှေရောင်မြစ်ပေါ်၌ တည်ရှိနေခြင်းပင်။ ရှီဟောင် ထိုတံတားကိုကူးကာ ကမ်းခြေဘက်သို့ လာခဲ့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တောက်ပနေသည့်အလင်းများမှာ အရှေ့ဘက်တွင်ရှိနေသည့် တောင်ကြားမှ လာသည်ကို သူတွေ့လိုက်ရသောကြောင့်ပင်။
သူ တစ်ဖက်ကမ်းသို့ ရောက်သည်နှင့် တံတားကြီး ပြိုကျသွားကာ တဗွမ်းဗွမ်းအသံများ ထွက်ပေါ်လာသည်။ အသံမှာ ကျယ်လောင်လှသောကြောင့် ရှီဟောင်ကိုပင် ထိတ်လန့်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ဤမြစ်မှာ သိပ်မကျယ်သလို သိပ်လည်းမနက်ပေ။ အဘယ်ကြောင့် ဤမျှကျယ်လောင်သည့်အသံ ထွက်ပေါ်လာသနည်း..
ရှီဟောင် နောက်လှည့်ကြည့်လိုက်သော်လည်း ဤနေရာတွင် ရပ်မနေပဲ အရှေ့ဘက်သို့ ဆက်လာလိုက်သည်။ နောက်ဆုံးတွင်တော့ တောင်များဝန်းရံနေသည့် လျှိုမြောင်တစ်ခုကို တွေ့လိုက်ရလေပြီ။
“ဒါက..” ရှီဟောင် မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ်လည်း တုန်ယင်လာသည်။ သူ မတည်ငြိမ်နိုင်တော့။
ဤနေရာ၌ ထာဝရသစ်သီး သို့မဟုတ် သက်ရှည်ဆေးပင်များရှိလိမ့်မည်ဟု သူထင်ထားခဲ့ခြင်းပင်။ သို့သော် ယခုတော့ သူထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။
ဤနေရာမှာ အလွန်ငြိမ်းချမ်းလှသည်။ ထိုမီးတောက်များမှာ ရောင်စုံအလင်းများ စုဝေးကာ ဖြစ်ပေါ်လာခြင်းပင်။ ထိုအလင်းများသည် ဆေးပင်ကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ အလောင်းများကြောင့် ဖြစ်ပေါ်လာခြင်းပင်။
လျှိုမြောင်ထဲတွင် အလောင်း ၅ ခု၊ ၆ ခုခန့် ဘေးချင်းကပ်ရှိနေကြသည်။ ထိုအလောင်းများမှာ ကြီးမားလှပြီး လျှိုမြောင်တစ်ခုလုံးကိုပင်ပြည့်နှက်သွားစေသည်။ အချို့မှာ ကြယ်များကိုစားသုံးသည့်သားရဲများဖြစ်သော်လည်း အချို့မှာ လူသားပုံစံများပင်။
အချို့အလောင်းများမှာ ပုပ်သိုးနေပြီဖြစ်သော်လည်း တူညီသည့်အချက်မှာ သူတို့အားလုံး မြင့်မြတ်ကာ ငြိမ်းချမ်းလှသည်။ သူတို့သည် အလောင်းများဖြစ်သော်လည်း မှုန်မှိုင်းသည့်အော်ရာမရှိသလို ရက်စက်သည့်အော်ရာလည်း ရှိမနေပေ။
ပုပ်ဆွေးနေသည့် အလောင်းများပင်လျှင် အလင်းမိုးတစ်ခုကို ဖန်တီးနေလေသည်။ အနံ့နံခြင်းလည်း မရှိပေ။
ဒါက ထာဝရသက်ရှိအလောင်းတော့ မဟုတ်လောက်ဘူးမလား .. ရှီဟောင် အတော်လေး ထိတ်လန့်နေရသည်။ အဘယ်ကြောင့်ဆိုသော် ထာဝရသက်ရှိမဟုတ်လျှင် သူတို့သေဆုံးပြီးနောက် အဘယ်ကြောင့် ဤမျှလင်းထိန်နေမည်နည်း..
ဤသည်မှာ တစ်ဖက်လောကမှ မသေမျိုးသက်ရှိများပင် ဖြစ်နိုင်သည်။
ရှီဟောင် ဤသည်ကို သေချာလေ့လာကြည့်ချင်သော်လည်း ဤနေရာ၌ စွမ်းအားလှိုင်းတစ်ခု ရှိနေသည်။ ထိုစွမ်းအားလှိုင်းသည် အလင်းအတားအဆီးတစ်ခုကို ဖန်တီးကာ ဤနေရာကို ဖုံးအုပ်ထားပြီး သူ မဝင်နိုင်အောင် တားဆီးထားသည်ပင်။
ရှီဟောင် လျှို့ဝှက်ရတနာများကို အသုံးပြုကာ အတင်းဝင်ရောက်ရန် ကြိုးစားလိုက်သော်လည်း လက်နက်များသည် ထိုအလင်းနှင့် ထိသွားသည်နှင့် ပျက်စီးသည့် သတ္တုအပိုင်းအစများ ဖြစ်သွားလေသည်။
ဤသည်မှာ ကောင်းကင်နတ်ဘုရားအဆင့် လက်နက်ဖြစ်သောကြောင့် ဤသည်မှာ ကောင်းကင်နတ်ဘုရားတစ်ယောက် အထဲဘက်သို့ အားသုံးဝင်ရောက်ပါက ဤကဲ့သို့ ဖြစ်သွားမည်ဟု ဆိုလိုခြင်းပင်။
အခြား ကောင်းကင်နတ်ဘုရားများအား ဖိနှိပ်နိုင်သည့် ရှီဟောင်ပင်လျှင် အမူအရာ ပြောင်းလဲသွားရသည်။ သူအထဲသို့ ဝင်နိုင်မည်မဟုတ်သည်ကို သူ သိနေသည်။
ထို့နောက် ပြတ်သားစွာပင် သူ ဤနေရာမှ လှည့်ထွက်သွားလိုက်သည်။
ရွှေရောင်စမ်းချောင်းလေး၏ အဆုံးတွင် အံ့အားသင့်စရာကောင်းသည့် အလင်းထွက်ပေါ်လာ၏။ ထိုနေရာ၌ အပင်သုံးပင်ရှိနေသည်။ အပင်သုံးပင်လုံးမှာ လူတစ်ယောက် အရပ်သာသာ,သာ ရှိသည်။ ဤအပင်အားလုံးသည် အပင်နှင့်တူသော်လည်း အပင်မဟုတ် ပန်းပွင့်နှင့်တူသော်လည်း ပန်းပွင့်လည်း မဟုတ်ချေ။
အပင်တစ်ပင်စီတိုင်းမှာ ရွှေဖြင့် ထွင်းထုထားသကဲ့သို့ တောက်ပလှသည်။
ထိုအပင်ထဲမှ တစ်ပင်တွင် ဇီးသီးကဲ့သို့သော အသီးများရှိနေသည်။ ဇီးသီးနှင့် အရွယ်အစားတူသော်လည်း ဤအသီးများမှာ ရွှေရောင်ဖြစ်ပြီး အလင်းရောင်များ တောက်ပနေသည်ပင်။
“ဒါတွေက အဝါရောင်မြစ်ရေသစ်သီးလား..” ရှီဟောင် ဆွံ့အသွားရ၏။ ကိစ္စများမှာ မထင်မှတ်ထားလောက်အောင်ပင် ချောမွေ့နေသည်။ သူ ဤနေရာသို့လာသည့် လမ်းတစ်လျှောက် မည်သည့်အတားအဆီးမှ မကြုံခဲ့ရ။
အပိုင်း ၁၄၃၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၈ – အဝါရောင်မြစ်များ
ရွှေရောင်အသီးများမှာ ဇီးသီးပုံစံဖြစ်သော်လည်း ယခုအချိန်တွင် နေလုံးလေးကဲ့သို့ တောက်ပနေသည်။
သင်းပျံ့လာသည့် မွှေးရနံ့များမှာ လူတစ်ယောက်၏ စိတ်နှင့်ကိုယ်ကို လွင့်သွားစေနိုင်သည်ပင်။
အသီးတစ်လုံး ခူးရန် သစ်ကိုင်းအား ထိလိုက်သည့်အချိန်တွင် သူ့လက်မောင်းပေါ်သို့ တောက်ပသည့် အလင်းမိုး ရွာသွန်းကျလာသည်။
ရုတ်တရက် ကျောချမ်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရကာ သူ၏ကြက်သီးမွေးညှင်းများပင် ထောင်ထသွားရသည်။ သူလျင်မြန်စွာ နောက်ဆုတ်လိုက်သည်နှင့် သူ၏လက်မောင်းပေါ်တွင် သင်္ကေတမျိုးစုံ ထွက်ပေါ်လာသည်။
ဤနေရာသည် အစက အလွန်မွှေးကြိုင်ကာ အေးချမ်းသည့်နေရာတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် ကြောက်စရာကောင်းသည့် အန္တရာယ်တစ်ခုကို သူသတိပြုမိသွားသည်။
သူ အိပ်မက်နယ်မြေထဲသို့ ရုတ်တရက်ရောက်သွားသကဲ့သို့ ရေခိုးရေငွေ့များ သူထံသို့ ချဉ်းကပ်လာသည်။ ထိုရေခိုးရေငွေ့များသည် ပါးစပ်ဟကာ ချွန်ထက်သည့်အစွယ်များကို လှစ်ဟပြလာသည်။ သူ့အား ဝါးမြိုပစ်ပြီး ကောင်းကင်မှ ငရဲသို့ ဆွဲချချင်နေခြင်းပင်။
ရှီဟောင်၏ တုံ့ပြန်မှု မြန်ဆန်လှသော်လည်း လေဟာနယ်ကို ထိုးဖောက်လာသည့် ရွှေရောင်အလင်းအနည်းငယ် ရှိနေဆဲပင်။ ထိုအလင်းများသည် သူ့ခန္ဓာကိုယ်အား စတင်စုတ်ဖြဲပစ်လာသည်။
ဒုန်း..
နားစည်ကွဲလောက်သည့် သတ္တုချင်း ထိခတ်မိသည့်အသံ ထွက်ပေါ်လာသည်။ ရွှေရောင်ပိုးကောင်များစွာသည် သင်္ကေတမျိုးစုံနှင့် တိုက်ခိုက်နေပြီး ရှီဟောင်၏ခန္ဓာကိုယ်အား ကိုက်စားနေကြသောကြောင့် မီးပွားများလည်း နေရာအနှံ့သို့ လွင့်စင်ထွက်လာသည်။
အဖိုးတန်ပညာများ၏ သင်္ကေတများမှ ဖြစ်ပေါ်လာသည့် အလင်းပြင်ကြီးကို ဤပိုးကောင်များ ကိုက်ဖြတ်နေကြသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ရှီဟောင် အသုံးပြုနေသည့် အဖိုးတန်ပညာများထဲတွင် မည်သည့်ပညာက လောကကြီးကို မတုန်လှုပ်စေနိုင်သနည်း..
သင်္ကေတများအားလုံး ကိုက်ခံလိုက်ရသော်လည်း သူတို့အား နှေးသွားအောင် ပြုလုပ်လိုက်နိုင်သည်။ ရှီဟောင် သူ၏ ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ပြီး ၁၀ ကျန်းအကွာ၌ ရပ်ကာ အခြေအနေကို လေ့လာလိုက်သည်။
ထိုနေရာတွင် ပေတစ်ဝက်ခန့်ရှိသည့် ပိုးကောင်လေးကောင်ရှိနေသည်။ အားလုံးမှာ အဝါရောင်များပင်။ သူတို့မလှုပ်ရှားလျှင် အဝါရောင်မြစ်ရေသစ်သီး အကိုင်းများနှင့် ပုံစံအတူတူပင်။ သူတို့က အလွန်တူလွန်းလှသည်ပင်။ ယခုအချိန်တွင် သူတို့ထံ၌ အသက်အော်ရာမရှိပဲ ရက်စက်သည့်စွမ်းအင်များသာ ရှိနေသည်။
သူ အဝါရောင်မြစ်ရေသစ်သီးပင်မှ ခွာလာသည်နှင့် ထိုပိုးကောင်လေးကောင်သည် သူတို့၏ ဖောက်ထွင်းမြင်နိုင်သည့် အတောင်ပံများကို ဖြန့်ကျက်ကာ ဖြူဖွေးနေသည့် အစွယ်များကို လှစ်ဟပြကာ တကျီကျီအော်ဟစ်လာသည်။
ရွှီး..
သူတို့က မြန်လွန်းလှသည်။ သူတို့၏အတောင်ပံများသည် လေဟာနယ်ကို ဖြတ်တောက်ပစ်နိုင်ကာ တရှိန်ထိုး ပြေးလာနိုင်သည်။ သူတို့သည် ရှီဟောင်ထံသို့ ရွှေရောင်မြူလုံးများကို ပစ်လွှတ်လာလေ၏။
ဤကဲ့သို့သော မြူမှာ လေဟာနယ်ကို တိုက်စားသွားနိုင်သည်။ သူတို့၏ သွားများမှာ ပို၍ထက်ရှပြီး ကောင်းကင်နတ်ဘုရားများ၏ အရိုးများကိုပင် ကိုက်နိုင်သည်။ သူတို့သည် ဂိုဏ်းခေါင်းဆောင်များ၏ ခန္ဓာကိုယ်ကိုပင် ဒဏ်ရာရစေနိုင်သည်အထိပင်။
ဤပိုးကောင်လေးကောင်ထံ၌ မတူညီသည့် တိုက်ခိုက်ပုံ တိုက်ခိုက်နည်းများရှိနေသည်ပင်။ သူတို့သည် အလင်းတန်း လေးခုအဖြစ် ပြောင်းလဲသွားကာ ရှီဟောင်အား အပေါ်နှင့်အောက် နှစ်ဘက်လုံး ညှပ်တိုက်နေကြသည်။
ရှီဟောင်၏ အမူအရာ ပြောင်းလဲသွားရ၏။ သူ၏အဖိုးတန်ပညာများကို သူတို့ ကိုက်လိုက်သည့်အချိန်တိုင်း လေဟာနယ်ကြီး ပြိုကွဲသွားသည်။ သူ၏ကောင်းကင်လမ်းကြောင်းပင် စတင်ပုံပျက်လာနေလေပြီ။
ဤသည်မှာ ပိုးကောင်အချို့သာ ဖြစ်သော်လည်း ထူးခြားသည့်နေရာတွင်ရှိနေသည့် အရာများလည်း ထူးခြားကြမည်ပင်။
သို့သော် ပို၍ဗဟုသုတရှိသည့် သူအချို့သာ ဤနေရာ၌ ရှိနေပါက ဤသည်ကို ပိုးကောင်လေးဟု ပြောမည် မဟုတ်ပေ။ ဤသည်မှာ ဒဏ္ဍာရီလာ အဝါရောင်မြစ်ပိုးကောင်ပင်။ သူတို့သည် မြေအောက်ကိုးထပ်၌ မွေးဖွားခြင်းဖြစ်ပြီး ရှေးကတည်းက ပိုးကောင်ကြီး ၁၀ မျိုးထဲမှ တစ်မျိုးအဖြစ် သတ်မှတ်ထားကြသည်။
ဤပိုးကောင်များမှာ ထာဝရပိုးကောင် ဖြစ်လာနိုင်ချေ ရှိသည်။
သို့သော်လည်း ဤပိုးကောင်များသည် ကြောက်စရာကောင်းသည့်နေရာ၌ မွေးဖွားလာခြင်းမဟုတ်ပဲ နတ်ဆေးပင်အနား၌ မွေးဖွားလာခြင်းပင်။ ထို့ကြောင့် သူတို့ကို မျိုးကွဲတစ်မျိုးဟု သတ်မှတ်၍ ရသည်။ ဤနေရာ၌ အလောင်းများ ရှိနေသော်လည်း အားလုံးမှာထာဝရသက်ရှိအလောင်းများဖြစ်ကာ အံ့အားသင့်စရာကောင်းလောက်သည့် အသက်အော်ရာလည်း ရှိနေသေးသည်။ ထို့အော်ရာများကြောင့်လည်း ဤပိုးကောင်များ အနည်းငယ် ကွဲပြားနေခြင်းပင်။ သူတို့သာ မလှုပ်မယှက်ဆက်နေနေပါက သူတို့ထံ၌လည်း မြင့်မြတ်သည့်အော်ရာ ရှိလာနိုင်သည်။
ရွှီး..
ရွှေရောင်အလင်းတန်းလေးခု ရောက်လာပြန်သည်။ သူတို့၏အော်သံများမှာ ပိုးကောင်အော်သံနှင့်ပင် မတူတော့ပဲ ဝိညာဉ်များ ဟစ်ကြွေးသည့်အသံနှင့် ပိုတူနေလေပြီ။
ရှီဟောင် တိုက်ခိုက်လာသည်နှင့် မိုးမခသစ်ကိုင်းများ ထွက်ပေါ်လာသည်။ ဤသစ်ကိုင်းများမှာ အရိုးစာသားများမှ ဖြစ်ပေါ်လာခြင်းပင်။
ဒုန်း..
ဤနေရာ၌ နတ်အလင်းလုံးတစ်ခု ထွက်ပေါ်လာကာ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးလည်း ထွက်ပေါ်လာ၏။
အဝါရောင်မြစ်ပိုးကောင်များကို မသိသည့်ဆိုလျှင် ဤမြင်ကွင်းကိုမြင်ကာ ဆွံ့အသွားလိမ့်မည်။ ဤသည်မှာ ပိုးကောင်အနည်းငယ်သာ ဖြစ်သော်လည်း လွှမ်းမိုးနိုင်လှသည်ပင်။
ရွှေရောင်သစ်ကိုင်းများသည် ပိုးကောင်များနှင့် ဆက်တိုက်ပင် တိုက်ခိုက်လာသည်။ သူတို့၏ ယခင်က အံ့အားသင့်စရာကောင်းသည့် အော်ရာများ ပျောက်ကွယ်သွားပြီဖြစ်ပြီး ယခုအချိန်တွင် ငရဲအော်ရာသာ ရှိတော့သည်။
ဝုန်း..
သစ်ကိုင်းတစ်ခု ပိုးကောင်တစ်ကောင်အား လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ ထိုပိုးကောင်သည် ရွှေရောင်မြစ်ရေထဲသို့ ကျသွားသောကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာကာ အလင်းမြူများလည်း ထွက်ပေါ်လာသည်။
ကျန်သည့်သုံးကောင်သည် အော်ဟစ်လိုက်ကြကာ ပို၍ပင် ရက်စက်လာလေပြီ။
ဝုန်း..
ရှီဟောင် ခွန်ပန်ပညာကိုအသုံးပြုလိုက်သည်။ သူတံဆိပ်များ ပြုလုပ်လိုက်သည်နှင့် နတ်ငှက်များ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကာ လေဟာနယ်ကို စုတ်ဖြဲပစ်ကာ ဤပိုးကောင်သုံးကောင်ထံသို့ ပြေးဝင်သွားကြသည်။ ဤသည်မှာ ပိုးကောင်သုံးကောင်ကို သွေးရူးသွေးတန်း ဖြစ်သွားစေသည်ပင်။
အဖိုးတန်ပညာများစွာကို အသုံးပြုပြီးသည့်နောက် ဤပိုးကောင်များကို ရင်ဆိုင်ရန်အတွက် ခွန်ပန်ပညာသာ အသင့်တော်ဆုံးဖြစ်သည်ကို ရှီဟောင် သိလိုက်ရသည်။ ဤသည်မှာ ငှက်မှ ပိုးကောင်များကို ဖိနှိပ်နိုင်သည့်သဘာဝကြောင့်လည်းပါသည်ပင်။
ပိုးကောင်များမှ အလင်းများထုတ်လွှတ်လာကာ သူတို့ခန္ဓာကိုယ်အရွယ်အစားလည်း ကြီးမားလာသည်။ နောက်ဆုံးတွင်တော့ သူတို့သည် ပင့်ကူများကဲ့သို့ ပါးစပ်ဟကာ အဖြူရောင်ပိုးချည်မျှင်များကို ပစ်လွှတ်ကာ ရှီဟောင်အား ချည်နှောင်ရန် ကြိုးစားလာကြသည်။
သူတို့သည် ကောင်းကင်ထက်တွင်ရှိနေသည့် ခွန်ပန်နတ်ငှက်များကိုလည်း ဝန်းရံလိုက်ကြလေ၏။
ဖုန်း..
ရှီဟောင် ပင့်ကူအိမ်ကို တစ်ချက်တည်းဖြင့် ဆုတ်ကိုင်လိုက်ကာ ဆွဲဖြဲပစ်ရန် ကြိုးစားလိုက်သည်။ သို့သော် ပင့်ကူအိမ်များမှာ မာကျောလှပြီး စုတ်ဖြဲပစ်ရန် ခက်ခဲလှသည်ကို သူတွေ့လိုက်ရသည်။ သူအော်ဟစ်ကာ အားကုန်ဆွဲဖြဲလိုက်သော်လည်း နှစ်ကြောင်းသာ စုတ်ဖြဲပစ်လိုက်နိုင်သည်။
ရွှီး..
ရှီဟောင် လျှပ်စီးဧကရာဇ်ပညာများကို အသုံးပြုလိုက်ကာ ဤပိုးကောင်သုံးကောင် ပေါက်ကွဲထွက်သွားအောင် လုပ်လိုက်သည်။
ထို့အပြင် ခွန်ပန်ပညာကိုလည်း အသုံးပြုနေဆဲပင်။ ခွန်ပန်နှစ်ငှက်များ တစ်ကောင်ပြီးတစ်ကောင် ဖမ်းခံလိုက်ရသည့်အချိန်တွင်တော့ သူလက်လျော့်လိုက်ကာ အရိုးစာသားများဖြင့်သာ တိုက်ခိုက်လိုက်တော့သည်။
ရှီဟောင် တကယ်အံ့အားသင့်နေရပြီ။ သူအတော်လေး တိုက်ခိုက်ပြီးနေပြီဖြစ်သော်လည်း ဤအကောင်များကို ယခုထိ မသတ်နိုင်သေး။
ရွှီး..
ရုတ်တရက်ပင် ရွှေရောင်မြစ်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု တရှိန်ထိုး ထွက်လာကာ ရှီဟောင်အား ခြုံခိုတိုက်ခိုက်လာသည်။ ဤသည်မှာ ရှီဟောင် အစောပိုင်းက မြစ်ထဲသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည့် ပိုးကောင်ဖြစ်ပြီး သူ၏ဝမ်းဗိုက်ကို ဦးတည်တိုက်ခိုက်လာခြင်းပင်။
ရှီဟောင်၏မျက်လုံးများ အေးခဲသွားရ၏။ သူ၏ ကောင်းကင်လမ်းကြောင်းကို ဗိုက်၌ စုစည်းလိုက်ပြီး ထိုပိုးကောင်ကို ဝင်ခွင့်ပေးလိုက်၏။ ထို့နောက် သူ၏ကောင်းကင်လမ်းကြောင်းကို သူပေါက်ကွဲစေလိုက်လေသည်။
သူတာအိုလေ့လာစဉ်က သိလိုက်ရသည့်အချက်မှာ ထိုအမှတ်လေး ပေါက်ကွဲသွားသည်နှင့် မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းသည့် စွမ်းအားများ ထွက်လာသည် ဆိုသည်ကိုပင်။
သေချာပါသည်။ ထိုပိုးကောင်သည် ပြေးဝင်လာသည်နှင့် ထိုအမှတ်လေး ပေါက်ကွဲသွားသည့်အချိန်နှင့် တည့်တည့်တိုးသွားသည်။ ထိုပိုးကောင်လေးကို အလယ်၌ထားကာ ယင်နှင့်ယန်စွမ်းအင်များ ထိခတ်လာကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
ဖူး..
ဤပိုးကောင်၏ အသွေးအသားများ တစ်စစီဖြစ်သွားလေပြီ။ ဤသည်မှာ အဝါရောင်မြစ်ပိုးကောင်ကို ပထမဆုံးအကြိမ် သတ်လိုက်နိုင်ခြင်းပင်။
ဤသည်မှာ အခြားပိုးကောင်သုံးကောင်ကို သတိကြီးကြီး ဖြစ်သွားစေသည်ပင်။
သူတို့သည် ပုံစံပြန်ပြောင်းလိုက်ကာ စူးရှစွာ အော်ဟစ်လာကြသည်။ သူတို့၏ ပင့်ကူအိမ်များကို အသုံးပြုကာ ရှီဟောင်၏အဖိုးတန်ပညာများကို ရပ်တန့်စေလိုက်ပြီး သူတို့ကိုယ်တိုင်ကမူ ရှီဟောင်၏ခန္ဓာကိုယ်၌ အပေါက်ဖြစ်သွားအောင် တရှိန်ထိုး ပြေးလာနေကြလေ၏။
ရှီဟောင်၏မျက်ခုံးအလယ်မှ ထာဝရဓားတစ်ချောင်းထွက်လာကာ လျင်မြန်စွာပင် အရွယ်အစားကြီးမားလာသည်။ ထိုဓားသည် နဖူးထံသို့ ဦးတည်လာနေသည့် ပိုးကောင်အား နှစ်ပိုင်းပိုင်းချပစ်လိုက်လေ၏။
ဤသည်မှာ ထာဝရားပင်။ သူယခင်က ဤဓားကို ထိုနေရာသို့ ရွေ့ထားခြင်းဖြစ်ပြီး ယခုတော့ အသုံးဝင်သွားလေပြီ။
ကျန်သည့် ပိုးကောင်နှစ်ကောင် ထိတ်လန့်သွားကြသည်။ သူတို့အဖော်နှစ်ကောင် တစ်ကောင်ပြီးတစ်ကောင် အသတ်ခံနေရသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့ထဲမှ တစ်ကောင် တွေဝေလာကာ သူ၏တိုက်ခိုက်မှုများလည်း နှေးကွေးလာသည်။
အခြားတစ်ကောင်သည် သူ၏နှလုံးထံသို့ ဦးတည်လာနေလေသည်။ ထိုအကောင်သည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ချက်ချင်းပင် ရောက်ချလာသည်။
ဖုန်း..
ရှီဟောင်၏လက်များမှာ လျှပ်စီးအလျင်ကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာသည်။ ထိုပိုးကောင်ကို ဆုတ်ကိုင်လိုက်သည်နှင့် တချွမ်ချွမ်အသံများ ထွက်ပေါ်လာပြီး မီးပွားများ နေရာအနှံ့သို့ လွင့်စင်သွားသည်။
ဤပိုးကောင်သည် အော်ဟစ်ကာ ရှီဟောာင်၏အသွေးအသားများကို ကိုက်ခဲလာသည်။
ရှီဟောင်၏လက်မှ သွေးများစီးကျလာပြီး အရိုးကိုက်သည့်အသံများလည်း ထွက်ပေါ်လာ၏။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
ဖူး..
အလင်းတစ်ခု ထွက်ပေါ်လာကာ ရှီဟောင် လက်ဖြန့်လိုက်သည်နှင့် ရွှံဗွက်လေးတစ်ခု ကျလာ၏။ ဤသည်မှာ ရှီဟောင်လက်ထဲတွင်ရှိနေခဲ့သည့် ပိုးကောင်ပင်။
ဤပိုးကောင် သူ၏အသွေးအသားထဲသို့ ဝင်သွားသည့်အချိန်တွင် သူ့အရိုး၏ တားဆီးခြင်းကို ခံလိုက်ရကာ ရှေ့ဆက်မတိုးနိုင်တော့။ ထို့နောက် သွေးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရှီဟောင်သည် နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို သန့်စင်ကာ အရိုးများကိုလည်း ပြုပြင်ထားသောကြောင့် သူ၏အရိုးများမှာ မယုံကြည်နိုင်လောက်အောင် မာကျောနေလေပြီ။ မဟုတ်ပါက ထင်မှတ်မထားသည့်တစ်ခုခု ဖြစ်ပျက်သွားမည်ပင်။
ထို့အပြင် အဝါရောင်မြစ်ပိုးကောင်များထံတွင်ရှိနေသည့် အဆိပ်များလည်း ရှီဟောင်ကို အကျိုးသက်ရောက်မှု မရှိတော့ပေ။
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်သည် ကျိန်စာများ၊ အဆိပ်များ အပါအဝင် ထူးဆန်းကာ ရက်စက်သည့်အရာအားလုံးကို ဖယ်ရှားပေးနိုင်သည်ပင်။
ရှီဟောင်၏ အရေပြား ထိုးဖောက်ခံလိုက်ရသောကြောင့် သွေးများစီးကျလာပြီး ထိုဝါးပင်အနံ့လည်း ထွက်လာသည်ပင်။ ထိုအနံ့မှာ ဤပိုးကောင်အား တုန်လှုပ်သွားစေနိုင်သည်ပင်။
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင် အော်ရာ ..
ရှီဟောင် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ထိုပိုးကောင်ကို ဖမ်းလိုက်သည်။ သူသေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် ဤပိုးကောင်မှာ နတ်ပိုးကောင်ဖြစ်နေသည်။
“လိပ်ပြာဧကရာဇ်နိုးလာရင် ဒီပိုးကောင်ကို အမိန့်ပေးလို့ ရလောက်လား..” ရှီဟောင် တွေဝေနေမိသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူ့အား အလွတ်မပေးတော့ပဲ သူ့ခန္ဓာကိုယ်အား ဖျစ်ညှစ်ပစ်လိုက်တော့သည်။
ဖူး..
ထို့အပြင် သူသည် ထာဝရဓားကိုမြှောက်ကို ထိုအကောင်အား နှစ်ပိုင်းခုတ်ပစ်လိုက်လေသည်။
ဤနေရာမှာ နောက်တစ်ကြိမ် တည်ငြိမ်သွားလေပြီ။ ရှီဟောင် သေချာလေ့လာကြည့်လိုက်သော်လည်း အဝါရောင်မြစ်ပိုးကောင်များကို ထပ်မတွေ့ရတော့။ ငှက်ပျောသီးနှင့်တူသည့် အပင်သုံးပင်ကိုသာ တွေ့တော့သည်။
ပထမအပင်တွင် အသီး မရှိ။ ပင်စည်သာရှိသည်။ ဤအဝါရောင်မြစ်ပိုးကောင်များ စားလိုက်သည်မှာ သေချာသည်။
ဒုတိယအပင်တွင် သုံးလုံးရှိပြီး တတိယအပင်တွင် ငါးလုံးရှိသည်။ အသီးများအားလုံး ရွှေရောင်အလင်းတောက်ပနေကာ မွှေးရနံ့များလည်း ကြိုင်သင်းနေသည်။
ရှီဟောင် ဘေးပတ်ဝန်းကျင်ကို သေချာရှာဖွေလိုက်ပြီး အန္တရာယ်မရှိတာ သေချာမှ ရွှေရောင်အသီးတစ်လုံးကို ခူးလိုက်သည်။ ထိုအသီးအား လေ့လာပြီးသွားသည်နှင့် သူ စားရန် ပြင်လိုက်သည်။
“ဒါက အဝါရောင်မြစ်နဲ့ဆိုင်တာလား..””
ဤအသီးမှာ မြင့်မြတ်လွန်းလှပြီး သူ၏စိတ်ကို စိတ်လက်ပေါ့ပါးသွားစေသည်။ မည်သည့်မကောင်းသည့်အရာကိုမှ သူ မတွေးမိတော့ပေ။
ဤသည်မှာ ပြီးပြည့်စုံသည့်အရာဖြစ်ပြီး မြေအောက်လောက၊ အဝါရောင်မြစ်များနှင့် သက်ဆိုင်ခြင်း မရှိပေ။
ပြောရမည်ဆိုလျှင် ဤသည်မှာ နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ထက်ပင် ပိုငြိမ်းချမ်းသေးသည်။
ရှီဟောင် စိတ်တည်ငြိမ်သွားကာ အသီးကို စစားလိုက်သည်။ ထိုအသီး သူ့ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် သူ၏အသွေးအသား တစ်လက်မစီတိုင်းကို မွှေးပျံ့သည့် ရနံ့များ လွှမ်းခြုံလာသည်။ သူ့တစ်ကိုယ်လုံးမှ မွေးပျံ့သည့်ရနံ့လည်း ထုတ်လွှတ်နေသည်။
ထို့အပြင် နတ်အလင်းများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သူ၏နဖူးထက်သို့ စုစည်းသွားကြလေသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ မရေမတွက်နိုင်သည့် အလင်းတန်းများသည် သူ၏နဖူးအတွင်းပိုင်းကို ဖုံးအုပ်ထားကာ သူ၏အသိစိတ်ပင်လယ်ထံသို့ ဦးတည်သွားနေကြခြင်းပင်။ သူ၏မူလဝိညာဉ် စွမ်းအားတိုးလာသည်ပင်။
သူသည် အခွင့်အရေးကို လက်လွတ်မခံပဲ စိတ်ပြုပြင်ခြင်းပညာကို ချက်ချင်း အသုံးပြုလိုက်သည်။
အဝါရောင်မြစ်သစ်သီးသည် သူ၏မူလဝိညာဉ်ထက်၌ မယုံကြည်နိုင်လောက်သည့် အကျိုးသက်ရောက်မှုများ ရှိနေသည်။ သူ၏မျက်ခုံးကြားတွင် တောက်ပနေသည့် ပုံရိပ်သေးသေးလေးတစ်ခု ပေါ်လာသည်ကို တွေ့နိုင်သည်ပင်။ ထိုပုံရိပ်လေး၏ ပါးစပ်မှ ကျမ်းစာများကို ရွတ်ဆိုနေပြီး သူ၏ခန္ဓာကိုယ်မှာ ပို၍အားကောင်းလာသည်။
အပိုင်း ၁၄၃၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၃၉ – အပြည့်အဝ နားလည်ခြင်း
ဤပုံရိပ်လေးမှာ ထိုမျှ မကြီးပေ။ သူ၏နဖူးရိုးရှေ့၌ ထိုင်နေကာ သူ၏ပုံပန်းသွင်ပြင်မှာ ရှီဟောင်နှင့်တစ်ပုံစံတည်းပင်။ သို့သော်လည်း သူသည် ရှီဟောင်ထက် ပို၍ တည်ကြည်ခံညားသည်။
သူ၏ပါးစပ်မှ ကျမ်းစာများထွက်လာသည်နှင့် ဖရိုဖရဲစွမ်းအင်နှင့်အတူ အလင်းတန်းများ တစ်တန်းပြီးတစ်တန်းထွက်လာသည်။
ထို့နောက် ထာဝရစွမ်းအင်သုံးကြောင်း ထွက်လာပြီး ထိုလက်သီးအရွယ်အစား ပုံရိပ်လေးကို လှည့်ပတ်လာသည်။
ရှီဟောင် အံ့အားသင့်နေရ၏။ စိတ်ပြုပြင်ခြင်းပညာသည် သူ့အလိုလို အလုပ်လုပ်လာကာ သူ၏မူလဝိညာဉ်အား ပုံသွင်းပေးနေသည်။ အဝါရောင်မြစ်သစ်သီး၏ စွမ်းအားများကို သူ၏မူလဝိညာဉ်စွမ်းအားတိုးလာအောင် ပို့ဆောင်ပေးနေလေသည်။
ကျမ်းစာများမှာ ထူးဆန်းလှသည်။ မူလရှေးဟောင်းမှတ်တမ်းမှ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းထိပင်။ ထို့နောက် စာလုံးများ ပေါ်လာကာ ထိုပုံရိပ်လေး၏ ခန္ဓာကိုယ်ထက်၌ ရေးထိုးသွားလေ၏။
ရှီဟောင် မှော်ဆန်သည့်ပြောင်းလဲမှုကြီးကို ကြုံတွေ့နေရသည်။ သူတာအိုဈာဉ်ဝင်နေခြင်းဖြစ်သည်ဟု ခံစားနေရသည်။ လျှို့ဝှက်ဆန်းကြယ်မှုများအားလုံး သူ့စိတ်ထဲ၌ ပေါ်လာကာ သူ၏နားလည်မှုများလည်း ယခင်ကထက် ပိုလေးနက်လာလေပြီ။
သူသိထားသည်ဟု ထင်ခဲ့သည့်အရာများမှာ ပို၍လေးနက်သည်အထိ ဆက်သွားနိုင်ကြောင်း သူတွေ့ခဲ့ရသည်။ ယခုအချိန်တွင် သူ၏မူလဝိညာဉ်အဆင့်တက်နေပြီး သူ၏နားလည်မှုလည်း အဆင့်တက်လာသည်ပင်။
ဤသည်မှာ ကံကောင်းမှုကြီးပင်။ အဝါရောင်မြစ်သစ်သီးတစ်လုံးသာဖြစ်သော်လည်း ဤကဲ့သို့သော ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုကြီး ဖြစ်စေနိုင်သည်။
ထိုအချိန်တွင် စိတ်ပြုပြင်ခြင်းပညာ ရုတ်တရက် ရပ်တန့်သွားလေသည်။ သို့သော်လည်း ထိုပုံရိပ်လေးသည် သူ၏အသိစိတ်ကို အခြေခံကာ ကျမ်းစာများကို ရွတ်နေဆဲပင်။
ရှီဟောင်လည်း လှုပ်ရှားခြင်းမရှိပေ။ လက်သီးအရွယ်အစားပုံရိပ်လေးအဖြစ်သို့ ပြောင်းလဲသွားသည့် သူ၏မူလဝိညာဉ်သာလျှင် ထိုနေရာ၌ ထိုင်နေလေသည်။ အမှန်တကယ်တွင် ဤသည်မှာလည်း သူပင်။ သူကိုယ်တိုင်က ကျမ်းစာမျိုးစုံအား ရွတ်ဖတ်နေခြင်းပင်။
ရှီဟောင်သည် ပြန်လည်မွေးဖွားခြင်းကို တွေ့ကြုံနေရသကဲ့သို့ ထူးခြားကာ ဖော်ပြ၍မရနိုင်သည့် အခြေအနေတစ်ခုသို့ ရောက်နေသည်။ သူ၏အခြားတစ်ယောက်သည် ပုံရိပ်ယောင်ထဲမှ ထွက်လာကာ ဤလောက၌ အခြေချတော့မည်။
မူလရှေးဟောင်းမှတ်တမ်း၏ အဓိပ္ပာယ်အမျိုးမျိုး ထွက်ပေါ်လာကာ အလွန်ရှင်းလင်းလာသည်။ ယခင်က သူဤအရာများကို ကြိုးကြိုးစားစားလေ့လာခဲ့သော်လည်း သူ၏ကျင့်ကြံဆင့် မြင့်လာသည့်အခါမှ သူနားလည်ခဲ့ခြင်းပင်။
သူ ယခင်က ဤပညာကို ကျွမ်းကျင်ပြီဟု ထင်ထားခဲ့သော်လည်း ယခုတော့ ကြည့်ရသည်မှာ သူလိုသေးသည်ထင်သည်။ ယခုအချိန်မှသာ အရာအားလုံး ချိတ်ဆက်သွားပြီး ဤကျမ်းစာကို သူအပြည့်အဝ နားလည်သွားခြင်းပင်။
မူလရှေးဟောင်းမှတ်တမ်းမှာ အဖိုးတန်ပညာတစ်ခု မဟုတ်သလို ကောင်းကင်ပညာတစ်ခုလည်း မဟုတ်။ ဤသည်မှာ ဤလောကကြီး၏ ရိုးရှင်းကာ ရှေးကျသည့်နည်းလမ်းတစ်ခုဖြစ်သည့် မူလစည်းမျဉ်းစည်းကမ်းများပင်။ ဤသည်ကိုပိုင်နိုင်သွားသည်နှင့် စကြာဝဠာကြီး၏ စွမ်းအင်များနှင့် နီးစပ်သွားမည်ပင်။
ရှုပ်ထွေးမှုများအားလုံးကို သူရှင်းလင်းလိုက်နိုင်ပြီး လျှို့ဝှက်ချက်များကိုလည်း သာမန်အရာများဖြစ်အောင် လုပ်လိုက်နိုင်သည်။
သူနက်နက်နဲနဲနားလည်လာသည်နှင့် ရှီဟောင်သည် အလင်းတစ်ခုအား ရုတ်တရက်တွေ့လိုက်ရသလိုပင်။ သူသင်ယူခဲ့သည့်အရာအားလုံးကို လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုအရာများလည်း အနည်းငယ် ကွဲပြားနေသည်ကို သူတွေ့လိုက်ရသည်။
“အဖိုးအတန်ဆုံး ကျမ်းစာ .. တန်ဖိုးအကြီးမားဆုံးအရာတွေက ငါ့ဘေးနားမှာ အမြဲတမ်းရှိနေခဲ့တာပဲ .. ငါကပဲ နားမလည်နိုင် ဖြစ်နေခဲ့တာ..”
သူတစ်ယောက်တည်းမဟုတ်။ ဤလောကတွင် မူလမှတ်တမ်း၏ အဓိပ္ပာယ်အစစ်ကို မည်သူမှ သိမည်မဟုတ်။
ယခုတော့ ယိုယွင်းနေသည့်အရာကို အံ့အားသင့်စရာကောင်းသည့်အရာဖြစ်အောင် ပြောင်းလဲသည်ဆိုသည့် စကားကို သူနားလည်သွားပြီ။ အရိုးရှင်းဆုံး အရိုးစာသားများပင်လျှင် ထူးဆန်းသည့်နတ်စွမ်းရည်များ ဖန်တီးနိုင်ပြီး သာမန်အဖိုးတန်ပညာသည်လည်း တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။
အသုံးမဝင်သည့် သင်္ကေတမရှိသလို အားနည်းသည့်အဖိုးတန်ပညာမရှိပေ။ သူတို့အမှန်တကယ် တောက်ပလာမည့်နေ့ကို မရောက်သေးသည်သာ။
မူလရှေးဟောင်းမှတ်တမ်းသည် ခွန်ပန်ပညာ၊ လျှပ်စီးဧကရာဇ်ပညာနှင့် အခြားအရာများကို ငြင်းဆိုခြင်းမရှိ။ ထိုအစား ဤတာအိုပညာများကို ပို၍အင်အားကြီးအောင် ပြုလုပ်ပေးလိုက်သည်။
“ငါ ပိုပြီး သန်မာလာပြီ..”
ယခုအချိန်တွင် သူပိုပြီး နားလည်လာပြီဟု ရှီဟောင် ခံစားလိုက်ရသည်။
ယခင်က သူသည် မာနကြီးကာ စိတ်ကြီးဝင်နေသည့် လူငယ်တစ်ယောက်ပင်။ ကောင်းကင်နတ်ဘုရားနယ်ပယ်၌ သူသာလျှင် စွမ်းအားအကြီးဆုံး တစ်ဦးတည်းသောသူအဖြစ် သတ်မှတ်ထားခြင်းပင်။
သို့သော်လည်း ယခုတော့ သူ အလွန်မောက်မာခဲ့ကြောင်း သူ သိလာရသည်။ သူသည် ယခင်ခေတ်မှ ယခုအချိန်တည်ရှိနေခဲ့သည့် စွမ်းအားအကြီးဆုံးသူများထဲမှ တစ်ယောက်သာဖြစ်သည်ကို သူ နားလည်လိုက်သည်။
ထို့အပြင် ဤကဲ့သို့သော အဓိပ္ပာယ်အစစ်ကို သိသွားသည့်သူများမှာ သူတစ်ယောက်တည်းမဟုတ်သည်ကို သူ ယုံကြည်သည်။ မူလရှေးဟောင်းမှတ်တမ်းမှ နားလည်သွားခြင်းမဟုတ်လျှင်ပင် အခြားနည်းလမ်းများလည်း ရှိလိမ့်မည်ပင်။
ရှီဟောင်အတွက်တော့ မူလရှေးဟောင်းမှတ်တမ်းမှာ ပြိုင်ဘက်ကင်းသည့်စာအုပ်တစ်ခုမဟုတ်ပဲ သူ၏စိတ်အတွင်းပိုင်းကို လှုပ်နိုးနိုင်သည့် အသုံးအဝင်ဆုံး ကျမ်းစာများပင်။
အရာအားလုံးမှာ ရုတ်တရက်ကြီး ဖြစ်သွားခြင်းပင်။ အဝါရောင်မြစ်သစ်သီးကို စားပြီးသွားသည်နှင့် သူ၏မူလဝိညာဉ်ပို၍ စွမ်းအားကြီးလာကာ ကျမ်းစာများကို စတင်ရွတ်ဖတ်လာသည်။
အဝါရောင်မြစ်သစ်သီးမှာ အဓိကအရာမဟုတ်ပေ။ ဤသည်မှာ လှုံ့ဆော်ပေးသည့်အရာတစ်ခုသာ။ သူသာ ဤအခွင့်အရေးမရှိခဲ့လျှင်လည်း အနှေးနှင့်အမြန် သူ့ကိုလှုံ့ဆော်သည့်အခြားအရာများ ရှိလာမည်ပင်။
ယခု သူ၏နားလည်မှု စောသွားရုံသာ။
မူလဝိညာဉ်သည် တာအိုကို လေ့လာကာ ထိုလက်သီးအရွယ်အစားခန္ဓာကိုယ်လေး၌ သင်္ကေတများ တစ်ခုပြီးတစ်ခု ရေးထိုးလာသည်။
မူလရှေးဟောင်းမှတ်တမ်းကို နားလည်သွားသည်နှင့် သူ လျှပ်စီးဧကရာဇ်အဖိုးတန်ပညာ၊ တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းနှင့် အခြားပညာများကို စတင်လိုက်သည်။ ဤသည်မှာ ဤပညာများကို နောက်တစ်ကြိမ် ပြန်လေ့လာခြင်းပင်။
“ဆင်တူ ပြန်လည်မွေးဖွားခြင်း..” နောက်ဆုံးတွင်တော့ ရှီဟောင် သူတကယ် ပြန်လည်ဝင်စားနေသလို ခံစားလိုက်ရသည်။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ သူ၏မူလဝိညာဉ်အနားတွင် ရစ်ပတ်နေသည့် ထာဝရစွမ်းအင်သုံးကြောင်း သူ၏ဦးခေါင်းထက်သို့ ရောက်လာကာ တာအိုပန်းပွင့်များ ဖြစ်လာသည်။ ထိုထဲမှ ပန်းပွင့်တစ်ပွင့်တွင် ထိုင်ကာ ကျမ်းစာများကို ရွတ်ဖတ်နေသည့် သက်ရှိတစ်ယောက်ရှိနေသည်။ ထိုသက်ရှိအနားတွင် အချိန်အပိုင်းအစများလည်း ဝေ့ဝဲနေသည်။ သူသည် ဤလောကနှင့် သက်ဆိုင်သူ မဟုတ်သလို အနာဂတ်မှ ရောက်လာခြင်းလည်းမဟုတ်။ လွန်ခဲ့သည့်အတိတ်တွင် ရှိနေသည့်သူပင်။
ထိုတစ်ယောက်မှာ အတိတ်တွင် နေထိုင်ခဲ့သည့်သူပင်ဖြစ်သည်။
ယခုအချိန်မှ သူနှင့် ဆက်သွယ်နိုင်ခြင်းပင်။ သူသည် ဤလောကမှ ပညာအားလုံးကို လေ့လာပြီးသွားသလို ခံစားနေရသည်။ ထိုခံစားချက်မှာ ထိုပုံရိပ်လေးမှ လာနေခြင်းပင်။
ဤသက်ရှိသည် အားလုံးအထက်တွင်ရှိနေပြီး ယခုလက်ရှိ သူ့လောကကြီးကိုပင် အထင်သေးနေသကဲ့သို့ပင်။ သူ၏မျက်လုံးများလည်း ပွင့်လာလေပြီ။
သူသည် ဖော်ပြရန် ခက်ခဲသည့် ခံစားမှုတစ်ခုကို ခံစားနေရသည်။ ကြောက်ရွံ့ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ကို တစ်ပြိုင်နက်တည်း ခံစားနေရသည်။
“ပြန်ဝင်စားတယ်ဆိုတာ မရှိဘူး .. အဲဒါက ဘဝရဲ့သဘာဝကို ပြောင်းလဲလိုက်ရုံပဲ..” ရှီဟောင်သည် ယခုအချိန် ပြန်လည်ဝင်စားခြင်းကို မယုံကြည်နိုင်သေး။ ဖြစ်ပျက်နေသည့် အရာများကို ရှင်းပြရန် သူနားလည်သည်များကို အသုံးပြုနေလိုက်သည်။
ထိုတာအိုပန်းပွင့်ပေါ်၌ ရှိနေသည့် သက်ရှိသည် သူ၏မူလဝိညာဉ်နှင့် ဆက်သွယ်လာပြီး အဆုံးမရှိသည့် ထူးဆန်းနက်နဲမှုများကို ခံစားနေသည္။ သူသည် လောကကြီး၏ ပြောင်းလဲမှုများကို အာရုံခံနေလေ၏။
ရှီဟောင်၏ မူလဝိညာဉ်တွင် ကျမ်းစာမျိုးစုံ တက်လိုက်ဆင်းလိုက် ဖြစ်နေသည်။
သို့သော်လည်း နောက်ဆုံးတွင်တော့ မူလရှေးဟောင်းမှတ်တမ်းသာ ကျန်ခဲ့ပြီးကျန်သည့်အရာများအားလုံး မှုန်ဝါးသွားသည်။
မူလရှေးဟောင်းမှတ်တမ်းသည် အရှုပ်ထွေးဆုံးသင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားကာ ပန်းပွင့်ပေါ်တွင်ရှိနေသည့် သတ္တဝါထံသို့ ဦးတည်သွားလေသည်။
ထိုသင်္ကေတများသည် ထိုသက်ရှိ၏ခန္ဓာကိုယ်ထက်၌ ရေးထိုးသွားလေ၏။
ထို့နောက် အခြားနတ်စွမ်းရည်များ၏ သဘာဝဥပဒေသများလည်း တောက်ပလာသည်။ သူတို့သည် မူလဝိညာဉ်ထက်တွင် စတင်ရေးထိုးလာကြလေသည်။
“အမ်..” ရှီဟောင် ထိတ်လန့်သွားရ၏။ ရှီဟောင် အသိပြန်ဝင်လာလေပြီ။
ဤသည်မှာ အံ့အားသင့်ဖွယ်ကောင်းသည့် ပြောင်းလဲမှုကြီးပင်။ တစ်ခုသည် အတိတ်မှဖြစ်ပြီး တစ်ခုမှာ လက်ရှိလောက၌ ရှိနေသည့်သက်ရှိပင်။
ပြီးတော့ အဲဒီကျမ်းစာတွေကလည်း သပ်သပ် အရွေးခံရတာလား..
သူတစ်ခုခုကို သိလိုက်သည်ဟု ခံစားရသလို တစ်ခုခုကို ကျော်သွားသည်ဟုလည်း ခံစားနေရသည်။ ကံမကောင်းစွာဖြင့်ပင် ယခု သူ နိုးထလာပြီဖြစ်သောကြောင့် အရာအားလုံး အဆုံးသတ်သွားကာ ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားလေပြီ။
ဤကဲ့သို့သော အခြေအနေမျိုး ဘယ်အချိန်မှ ပြန်ဖြစ်မည်ကို မသိနိုင်ပေ။
ယခုတစ်ခေါက် သူ၏အကြီးမားဆုံး အကျိုးအမြတ်မှာ မူလရှေးဟောင်းမှတ်တမ်းအား အပြည့်အဝ နားလည်သွားခြင်းပင်။ ဤသည်မှာ အရာအားလုံး၏ အရင်းအမြစ်ပင်။
“တစ်ခြား တာအိုပန်းပွင့်နှစ်ပွင့်က ဘယ်အချိန်မှ သတ္တဝါရှိလာမှာလဲ .. အဲဒီအချိန်ကျရင် ငါအားလုံးကို ရှင်းလင်းသွားပြီးတော့ အောင်မြင်သွားလောက်တယ်…” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
ဤသည်မှာ မပြီးပြည့်စုံသေးပဲ တိုးတက်မှုအဆင့်၌သာ ရှိနေသေးသည်ဟု ရှီဟောင်ခံစားနေရသည်။ မူလရှေးဟောင်းမှတ်တမ်းနှင့် အတိတ်တွင်ရှိနေသည့်သတ္တဝါတို့ကြား နားလည်မှုတစ်ခုခု ရသွားသလိုပင်။
အခြားပညာများနှင့် တာအိုပန်းပွင့်များမှာ မပြည့်စုံသေး။
ယခု ကျမ်းစာသံများ ရပ်တန့်သွားကာ စိတ်ပြုပြင်းခြင်းပညာလည်း အလုပ်လုပ်လာသည်။ သူသည် အဝါရောင်မြစ်သစ်သီး၏ စွမ်းရည်များကို စုတ်ယူကာ မူလဝိညာဉ်ကို အားဖြည့်ပေးနေသည်။
နတ်ဆိုးစောင့်ကြပ်သည့်နတ်ဝါးပင်ကကဲ့သို့ပင်။ ရှီဟောင်၏ အကြီးမားဆုံး အကျိုးအမြတ်မှာ ဆေးစွမ်းပင်မကပဲ ထူးခြားသည့်အမြင်ပင်။
“ငါပိုပြီး သန်မာလာပြီ..”
သူ၏ပညာများအား နားလည်နိုင်စွမ်းပို၍အားကောင်းလာသည်ကို ရှီဟောင်ခံစားနေရသည်။
သူသာ ယခုချိန် ထွက်သွားပြီး ကောင်းကင်နတ်ဘုရားအဆင့်မှာ အခြားသူများကို တိုက်ခိုက်ပါက လုံးဝအန္တရာယ်မရှိနိုင်တော့ပေ။ သူတကယ်ကိုပင် အပြင်ထွက်ကာ သူ၏စွမ်းအားကို စမ်းချင်မိသည်။
သို့သော် သူထွက်၍မရသေး။
ထို့နောက် အဝါရောင်မြစ်သစ်သီး၏ အစွမ်းများ အာနိသင်ပြလာသည်။ သူ၏မူလဝိညာဉ် စတင်ပြောင်းလဲလာလေပြီ.
အချိန်မည်မျှ ကြာသွားမှန်းပင် မသိလိုက်။ သူ၏စိတ်မှာ မှုန်မှိုင်းနေကာ သူ အိပ်ပျော်သွားသလို ခံစားနေရသည်။ သူ၏မူလဝိညာဉ်မှာ ပို၍အားကောင်းလာလေပြီ။
သို့သော်လည်း နက်ရှိုင်းလှသည့် အေးစက်မှုတစ်ခုကြောင့် သူချက်ချင်း နိုးလာသည်။
သူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သေဆုံးခြင်းစွမ်းအင်ရှိနေသည့် အဝါရောင်မြစ်ကို သူတွေ့လိုက်ရသည်။
သူ၏ဘေးပတ်လည်၌ အရိုးများ သန်းပေါင်းများစွာ ရှိနေသည်။ အရိုးအားလုံးမှာ ခြောက်သွေ့နေပြီဖြစ်ပြီး အမှုန့်ဖြစ်တော့မည်ပင်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဘာဖြစ်သွားတာလဲ .. ဒါက ဘယ်နေရာလဲ..”
“အဝါရောင်မြစ်သစ်သီး..”
ထိုအချိန်တွင် သူတစ်ခုခုကို နားလည်သွားရသည်။ ဤအသီး ဘာကြောင့် ဤနာမည်ရှိနေသည်ကို သူချက်ချင်းစဉ်းစားမိသွားသည်။
အဝါရောင်မြစ်သည် ယခင်က ရောင်စုံအလင်းများထုတ်လွှတ်ကာ အလွန်တောက်ပနေသည်ပင်။ သို့သော်လည်း သူသည် အလင်းဘက်ခြမ်းသာကြည့်ခဲ့ပြီး အမှောင်ဘက်ခြမ်းကို ကြည့်ရန် မေ့လျော့ခဲ့သည်။
ဤအဝါရောင်မြစ်၏ အဆုံးတွင် ကြီးမားလှသည့် ချောက်ကမ်းပါးကြီးတစ်ခု ရှိနေသည်။ ထိုချောက်ကမ်းပါးအောက်၌ မီးတောင်ကြီးတစ်ခု ရှိနေသည်။
မြစ်ရေများသည် ထိုထဲသို့ စီးကျသွားခြင်းပင်။ ထိုထဲသို့ စီးကျသွားသည်နှင့် မည်သည့်အော်ရာကိုမှ မခံစားရတော့။
ဒါက မြေအောက်လောကလား .. အထဲဘက်မှာ ဘာတွေ ရှိနေတာလဲ.. ရှီဟောင်က နတ်ဆိုးနှင့် နတ်ဘုရားများစွာ၏ ဟစ်ကြွေးသံများကို ကြားလိုက်ရသလိုပင်။
ဤသည်မှာ အလွန်ထူးဆန်းလှသည်။ ဤမြစ်၏အဆုံးမှာ မူလက သူနှင့်အလွန်ဝေးကွာလှသော်လည်း ယခုတော့ သူချောက်ကမ်းပါးတစ်ခုနှင့် အတူ သေမင်းခံတွင်းဝမီးတောင်ထဲတွင်ရှိနေသည့် မြေအောက်လောကကိုပင် မြင်နေရလေပြီ။
အပိုင်း ၁၄၃၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၄၀ – မြေအောက်လောက
အဝါရောင်မြစ်သည် အဆုံးမရှိသည့် မြေအောက်လောကထဲသို့ စီးဝင်သွားသည်ပင်။
သူ အိပ်မက်မက်နေတာလား .. ဒါမှမဟုတ် ဒီထူးဆန်းတဲ့နေရာကြီးကို အတင်းပို့ခံလိုက်ရတာလား..
မြေပြင်၌ အရိုးပေါင်း သန်းပေါင်းများစွာ ရှိနေသည်။ လေပြေလေးတစ်ချက် တိုက်ခတ်သွားသည်နှင့် အရိုးပြာမှုန့်များမှာ ဖုန်မှုန့်ကဲ့သို့ပင် နေရာအနှံ့လွင့်စင်သွားသည်။
ဤနေရာတွင် မည်သည့်သက်ရှိမှ မရှိပေ။
ဤသည်မှာ အတုလား အစစ်လား သိရရန်အတွက် ရှီဟောင် သူ့ကိုယ်သူ ဆိတ်ကြည့်လိုက်သည်။ နာကျင်မှု ခံစားလိုက်ရသောကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။
သူက ငရဲနား ရောက်နေတာလား..
ရှီဟောင် လုံးဝဆွံ့အသွားရသည်။ သိပ်မကြာခင်က သူသည် သန့်စင်ကာ မြင့်မြတ်သည့်နေရာ၌ ရှိနေသေးသော်လည်း ယခုတော့ သေဆုံးခြင်းစွမ်းအင်ပြည့်နှက်နေသည့် လူသူကင်းမဲ့သည့်နေရာသို့ ရောက်နေလေပြီ။
သူမြေပြင်ထက်ရှိ အရိုးတစ်ခုကို အသာလေးကန်လိုက်သည့်အချိန်တွင် လေထဲသို့ လွင့်ထွက်သွားကာ ပေါက်ကွဲသွားလေ၏။ ဤအရိုးများမှာ ကန်ချက်ကို မခံနိုင်ပဲ အဖြူရောင်အရိုးမှုန့်များ ဖြစ်သွားကြသည်။
ရှီဟောင် စိတ်ရှုပ်ထွေးသွားရ၏။
ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ .. အဝါရောင်မြစ်သစ်သီးက ဒီလိုမျိုး တစ်ခြားလောကတစ်ခုကို ပို့နိုင်တဲ့ စွမ်းအားလည်း ရှိတာလား..
ဤနေရာကို အဆုံးထိရောက်အောင် စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်ပြီး အရှေ့ဘက်သို့ ဆက်လျှောက်လာလိုက်သည်။ ခွန်ပန်အတောင်ပံများ လှုပ်ရှားနေကာ လျှပ်စီးပညာကိုလည်း သူအသက်သွင်းထားလိုက်သည်။ သူသည် ကောင်းကင်ထက်မှ ကင်းလှည့်နေသည့် နတ်သက်ရှိတစ်ယောက်ကဲ့သို့ ကောင်းကင်ထက်ကို ဖြတ်သွားလိုက်သည်။
“အမ်..”
သူ့အား စုတ်ယူနေသည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသောကြောင့် ရှီဟောင် ထိတ်လန့်သွားရသည်။ ထိုစွမ်းအားကို ခုခံရန် အနည်းငယ် ခက်ခဲနေသည်။
ရှီဟောင် အလောတကြီးပင် နောက်ပြန်ဆုတ်လိုက်၏။ လုံလောက်အောင် ဝေးသွားတော့သည့်အချိန်မှ ကောင်းကင်မျက်လုံးကို အသုံးပြုလိုက်ကာ မီးတောင်တွင်းဝကို စစ်ဆေးကြည့်လိုက်သည်။
ထိုနေရာမှ ကြောက်စရာကောင်းသည့် အော်သံကြီးများ ထွက်ပေါ်နေသည်။ ခန္ဓာကိုယ်မှ သွေးများစီးကျနေပြီး သံကြိုးများဖြင့် ခတ်ခံထားရသည့် နတ်ဆိုးများနှင့် နတ်ဘုရားများကို တွေ့လိုက်ရ၏။ သူတို့ အော်ဟစ်ရုန်းကန်နေကြလေသည်။
မုန်းတီးခြင်းဝိညာဉ်များလည်း တစ်ကောင်ပြီးတစ်ကောင် ပေါ်လာသည်။ သူတို့ခန္ဓာကိုယ်ကို အရိုးဖြူများဖြင့် ပြုလုပ်ထားပြီး ထိုအရိုးဖြူများတွင် အသားစအနည်းငယ်လည်းကပ်နေသည်။ သူတို့၏ပုံပန်းသွင်ပြင်မှာ ကြောက်စရာကောင်းလှသည်ပင်။ သူတို့သည် မတရားခံခဲ့ရသကဲ့သို့ အော်ဟစ်ကာ ရုန်းကန်နေကြသည်။
ထို့အပြင် ချော်ရည်များလည်း ထွက်ပေါ်လာပြီး မိစ္ဆာဝိညာဉ်များသည် ထိုချော်ရည်ထဲသို့ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျသွားလေသည်။ ထိုဝိညာဉ်များသည် မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားကာ ပျောက်ဆုံးသွားလေ၏။
ရှီဟောင် အေးခဲသွားကာ ဆက်တိုက်ပင် နောက်ဆုတ်မိသွားသည်။ သူ အမှန်ကို နားမလည်နိုင်သေး။ သူကဘာလို့ ဒီကို ရောက်လာတာလဲ..
ရုတ်တရက် မီးတောင်ပေါက်ဝကြီးတစ်ခု ပေါ်လာကာ မြေအောက်လောကမှ အရာများ လွင့်စင်ထွက်လာသည်။ ဤသည်မှာ ချော်ရည်များမဟုတ်ပဲ အရိုးဖြူများနှင့် မုန်းတီးခြင်းဝိညာဉ်များပင်။ ကောင်းကင်ကြီးတစ်ခုလုံး ယင်မြူခိုးများနှင့် ပြည့်နှက်နေကာ တစ္ဆေများလည်း အော်ဟစ်လာကြသည်။ လောကကြီးတစ်ခုလုံးကိုလည်း အရိုးဖြူများ ဖုံးလွှမ်းသွားလေပြီ။
“ဘုရားရေ..” ရှီဟောင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အရိုးဖြူများ နေရာတိုင်း၌ရှိနေပြီး သေဆုံးခြင်းစွမ်းအင်များလည်း ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည်။ မရေမတွက်နိုင်သည့် မုန်းတီးခြင်းဝိညာဉ်များလည်း တရှိန်ထိုး ပြေးထွက်လာကြသည်ပင်။
မကောင်းသည့်ခံစားချက်တစ်ခုကို သူ ခံစားလိုက်ရသည်။ ထို့နောက် လောကကြီးတစ်ခုလုံး တုန်ခါလာသည်ဟု သူ ခံစားလိုက်ရသည်။ စကြာဝဠာကြီး ပြောင်းပြန်လှန်တော့မတတ် ဖြစ်နေလေပြီ။
ဝူး..
မီးတောင်ပေါက်ဝအတွင်းမှာ တဝူးဝူးအသံများ ထွက်ပေါ်လာကာ ယင်စွမ်းအင်များလည်း ကောင်းကင်ထက်သို့ တက်လာသည်။ ထို့နောက် သွေးစွမ်းအင်များ ထွက်ပေါ်လာကာ အနက်ရောင်မြူခိုးများလည်း ပျံ့လွင့်လာသည်။
“မဟုတ်ဘူး..”
ရှီဟောင် အော်ဟစ်လိုက်၏။ သူ မည်မျှပင် ခုခံနေပါစေ အသုံးမဝင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်မှာ ထိုစွမ်းအား၏ ဆွဲယူခြင်းခံလိုက်ရကာ မီးတောင်တွင်းဝထဲသို့ ရောက်သွားသည်။
ကမ္ဘာကြီး၏ တစ်ဖက်ခြမ်း၌ မြင့်မားလှသည့် တောင်များစွာ ရှိသော်လည်း ယခုအချိန်တွင် ထိုတောင်များသည် ဖုန်မှုန့်များကဲ့သို့ ဤမီးတောင်တွင်းဝကြီးထံသို့ ဦးတည်လာနေကြသည်။
ဤတောင်များအပြင် အရိုးအကြွင်းအကျန်များ၊ ကျောက်တောင်များနှင့် အခြားအရာများလည်း ဤမြေအောက်လောကထဲသို့ ဆွဲစုပ်ခံလိုက်ရသည်။
ဤသည်မျာ တွင်းနက်ကြီးကဲ့သို့ အရာအားလုံးကို ဝါးမြိုပစ်နေသည်ပင်။
ရှီဟောင်လည်း ဤအားကို မလွန်ဆန်နိုင်ပဲ မှောင်မည်းနေသည့် မြေအောက်လောကထဲသို့ ရောက်သွားသည်။
ဝုန်း..
သူသည် ကျောက်တုံးများ၊ အရိုးဖြူများ၊ တောင်ကြီးများနှင့်အတူ အောက်ဘက်သို့ ကျလာသည်။ ထိုအရာများသည် သူ့ခန္ဓာကိုယ်အား ဆက်တိုက်ပင် ရိုက်ခတ်လာကြသည်။ သာမန်လူသာဆိုပါက အသားပုံကြီး ဖြစ်သွားလောက်လေပြီ။
ရှီဟောင် ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ပြီး ထိုအရာများ သူ့ပေါ်သို့ မကျလာအောင် သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ သို့သော်လည်း တောင်များမှာ ဥက္ကာခဲများ ကြွေကျလာသကဲ့သို့ အပေါ်ဘက်မှ ကျလာနေဆဲပင်။
ဤသည်မှာ သူ့အား အတော်လေး ဖိအားများစေသည်။ ကောင်းကင်နတ်ဘုရားလည်း အားကုန်တတ်သည်ပင်။
ကံကောင်းစွာဖြင့် ရှီဟောင် ဤအရာများအားလုံးကို ခုခံရန် လုံလောက်အောင် သန်မာနေသေးသည်။ ကျောက်တောင်ကြီးများ ထောင်ပေါင်းများစွာ ကျလာသော်လည်း သူ၏ခန္ဓာကိုယ်ပတ်လည်တွင် သင်္ကေတများ တောက်ပလာပြီး တောင်များမှာ အမှုန့်များ ဖြစ်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် အချို့ကျောက်တောင်ကြီးများသည် နီရဲနေသည့် ချော်ရည်ထဲသို့ ပြုတ်ကျသွားကာ အချို့မှာ ချက်ချင်းပင် ပြာမှုန့်များဖြစ်သွားကြသည်။
ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရ၏။ ဒါက ဘယ်လိုနေရာကြီးလဲ .. နေရာတိုင်း၌ အရာဝတ္ထုအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ချော်ရည်များ ရှိနေသည်။
နတ်ဆိုးနတ်ဘုရားအချို့ကိုလည်း သူ တွေ့ခဲ့ရသည်။ ထို နတ်ဆိုးနတ်ဘုရားများသည် ကောင်းကင်ထက်မှ ပြုတ်ကျလာသည့် ကျောက်တုံးကြီးများနှင့် တိုက်မိသွားကာ ချော်ရည်ထဲသို့ ပြုတ်ကျသွားကြသည်။ ထိုသက်ရှိများမှာ သနားစဖွယ် အော်ဟစ်လိုက်ကြပြီး မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားလေ၏။
နောက်ဆုံးတွင်တော့ ဤနေရာက အနည်းငယ် ငြိမ်းချမ်းသွားလေပြီ။ ဘာမှ ထပ်ကျမလာတော့သဖြင့် မြေအောက်မြင်ကွင်းကို သူ ရှင်းရှင်းလင်းလင်း မြင်ရလေပြီ။
ဤနေရာမှာ ကျယ်ပြောလှပြီး အရိုးဖြူများမှ ဖြစ်တည်လာသည့် ကျွန်းများလည်း ချော်ရည်မျက်နှာပြင်ထက်၌ တစ်ခုပြီးတစ်ခု ပေါလောပေါ်နေသည်။ ရှေးကျသည့် အနက်ရောင်နန်းတော်များလည်း တစ်ခုပြီးတစ်ခု ပေါ်လာကာ ထိုနန်းတော်များထဲတွင် နတ်ဆိုးနတ်ဘုရားများ၊ ဒေါသထွက်နေသည့်ဝိညာဉ်များ စသည့်သက်ရှိများ ဝင်ထွက်သွားလာနေကြသည်။
ဤအရာများအပြင် ချော်ရည်မျက်နှာပြင်ထက်၌ ပေါလောပေါ်နေသည့် တိုက်ကြီးအချို့လည်း ရှိသေးသည်။ ထိုတိုက်ကြီးများ၏ မျက်နှာပြင်ထက်၌ အပေါက်များ ရှိနေသည်။ အရိုးဖြူကျွန်းများသည် မကြာခဏဆိုသလို ချော်ရည်ထဲသို့ နှစ်မြှုပ်သွားပြီး အနက်ရောင်တိုက်အချို့လည်း ပြာမှုန့်များအဖြစ်သို့ ပြိုကွဲသွားကြသည်။
နတ်ဆိုးနတ်ဘုရားများ ဝမ်းနည်းတကြီး အော်ဟစ်ကြကာ မရေအတွက်နိုင်သည့် မုန်းတီးခြင်းဝိညာဉ်များလည်း အော်ဟစ်ရုန်းကန်နေကြသည်။ ချော်ရည်ထဲမှ လက်ဖြူဖြူလေးများ ထွက်လာသော်လည်း ထိုလက်များမှာ ချက်ချင်းပင် အရည်ပျော်သွားကြသည်။
ဤနေရာမှာ ငရဲမှလွဲ၍ မဖြစ်နိုင်တော့။
ချော်ရည်ထဲ၌ ကျောက်တိုင်လုံးကြီးများ တစ်တိုင်ပြီးတစ်တိုင်ပေါ်လာသည်။ ကျောက်တိုင်မျက်နှာပြင်ထက်၌ နှိပ်စက်ခံနေရသည့် နတ်ဘုရားများနှင့် နတ်ဆိုးများစွာ ရှိနေသည်။ အချို့မှာ မီးများဖြင့် လောင်မြိုက်ခံနေရပြီး အချို့မှာ နတ်ဓားများဖြင့် ထိုးသွင်းခြင်းခံနေရသည်။
အချို့သူများမှာ လျှာဖြတ်ခံထားရပြီး အချို့သူများမှာ ခေါင်းဖြတ်ခံထားရသည်။ သို့သော်လည်း ထိုသူများမှာ မသေသေးပဲ ရုန်းကန်နေဆဲပင်။
ဤနေရာ၌ ကြောက်စရာကောင်းသည့် ကိစ္စမျိုးစုံ ဖြစ်ပေါ်နေသည်။ သူ၏ဦးရေပြားများ ထုံကျဉ်နေသည်ဟု ခံစားလိုက်ရပြီး သူ့မျက်လုံးကိုပင် သူ မယုံကြည်နိုင်တော့။ ဒါတွေအားလုံးက အစစ်အမှန်တွေလား .. ဒီလိုမျိုး ထူးဆန်းတဲ့နေရာမျိုး ရှိသေးတာလား.. ဤသည်မှာ တကယ်ကို ဆိုးရွားလွန်းလှသည်။
ဝုန်း..
ရုတ်တရက်ပင် ချော်ရည်ပင်လယ်အတွင်းပိုင်းမှ ရွှေရောင်နန်းတော်တစ်ခု ထွက်ပေါ်လာပြီး တောက်ပသည့်အလင်းနှင့်အတူ ထာဝရတာအိုအော်ရာလည်း ထွက်ပေါ်လာသည်။ ထိုနေရာတွင် ခန္ဓာကိုယ်ကို သံကြိုးငါးခုဖြင့် ခတ်ခံထားရသည့် ထာဝရမြူများ ရစ်သိုင်းနေသည့် သက်ရှိတစ်ယောက်ရှိနေသည်။ သူ၏ခြေလက်အားလုံး ခတ်ခံထားရကာ လေထဲ၌ ဖမ်းခံထားရခြင်းပင်။
ရှီဟောင် ထာဝရတာအို စွမ်းအားကို ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်သည်။
သို့သော် နောက်ထပ်ဖြစ်လာသည့် မြင်ကွင်းမှာ သူ့အား ထိတ်လန့်သွားစေသည်။ ထိုသတ္တုချိန်းကြိုးငါးခုသည် ငါးရောင်စပ် ထာဝရရွှေအဖြစ်သို့ ပြောင်းလဲသွားကာ ဤလူကို တင်းတင်းဆွဲထားလေ၏။
“အား..” ထိုသက်ရှိ သနားစဖွယ် အော်ဟစ်လိုက်ကာ ထာဝရမြူများလည်း ထွက်ပေါ်လာသည်။ သူ လွတ်မြောက်ချင်နေသည်။
ရလဒ်အနေဖြင့် သွေးတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်၌ သွေးအလင်းတစ်ခု ထွက်ပေါ်လာသည်။ ချိန်းကြိုးများ အလွန်တင်းသွားကာ သူ၏ခြေလက်နှင့် ဦးခေါင်းကို တစ်စစီဖြစ်အောင် ဆွဲစုတ်ပစ်လိုက်သည်။
“ဒါက ထာဝရသက်ရှိတစ်ယောက်လား..”
ရှီဟောင် ထိတ်လန့်တကြား ဖြစ်သွားရသည်။ စွမ်းအားကြီးသည့် ထာဝရတာအိုအော်ရာတစ်ခုကို သူ သေချာအာရုံခံမိလိုက်သော်လည်း ဤသက်ရှိ၏ခန္ဓာကိုယ်မှာ စုတ်ပြဲသွားဆဲပင်။
လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည့် ဟစ်ကြွေးသံနှင့်အတူ ထိုသက်ရှိ၊ ရွှေရောင်နန်းတော်နှင့် ငါးရောင်စပ် ထာဝရရွှေတို့ ချော်ရည်ထဲသို့ ပြုတ်ကျသွားသည်။
ထိုအချိန်၌ အလွန်ပြင်းထန်လှသည့် သွေးညှီနံ့ကြီး ထွက်ပေါ်လာလေသည်။
သူ ဒေါသတကြီး အော်ဟစ်နေသော်လည်း သူ ဘာမှ မပြောင်းလဲနိုင်ပေ။ သူ ချော်ရည်ပင်လယ်ထဲသို့ ကျရောက်သွားကာ သူ၏တောက်ပနေသည့် ခန္ဓာကိုယ်လည်း မည်းတူးလာကာ ထာဝရစွမ်းအင်များ အားနည်းသွားပြီး သေဆုံးခြင်းစွမ်းအင်များ ပိုများလာသည်။
နောက်ဆုံးတွင်တော့ သူ ချော်ရည်ထဲသို့ လုံးဝနှစ်မြှုပ်သွားကာ ပူစီဖောင်းလေးများသာ ထွက်လာတော့သည်။ ခဏကြာပြီးသည့်နောက်တွင် ကောင်းကင်ကြီးတစ်ခုလုံး အနက်ရောင်မြူများ ဖုံးလွှမ်းသွားလေ၏။
သူက ဒီလိုမျိုးနဲ့ပဲ သေသွားတာလား ..ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်တစ်ကိုယ်လုံး အေးခဲသွားရသည်။
သူက ဘာလို့ ဒီလိုမြင်ကွင်းမျိုးကို မြင်နေရတာလဲ .. အရာအားလုံးမှာ ရုတ်တရက်ဆန်လွန်းလှပြီး လူတစ်ယောက်အား တစ်ကိုယ်လုံး တုန်ယင်စေသည်အထိ ကြောက်စရာကောင်းလှသည်။ သူမြင်နေရသည့်အရာများကို အစစ်ဟု ရှီဟောင် မယုံကြည်။
“ဒါက အစစ်ဆိုတာ ငါ မယုံဘူး..” ရှီဟောင် အော်ဟစ်လိုက်၏။
ဝုန်းဟူသည့်အသံနှင့်အတူ အရိုးဖြူများဖြင့် ပြုလုပ်ထားသည့် ကျွန်းတစ်ကျွန်း ချော်ရည်ထဲမှ ထွက်ပေါ်လာသည်။ ချော်ရည်များ စီးသွားသည်နှင့် ထိုကျွန်းမှ သံကြိုးများစွာ ပေါ်လာကာ သူ့အား ချက်ချင်း ချုပ်နှောင်ပစ်လိုက်သည်။
ရှီဟောင် ပြင်းထန်စွာ ရုန်းကန်လိုက်သော်လည်း မလွတ်မြောက်နိုင်။ သူသည် ထိုထာဝရတာအိုသက်ရှိကဲ့သို့ ဤနေရာ၌ ချည်ခံလိုက်ရလေပြီ။ သူ၏ခြေလက်များနှင့် ဦးခေါင်းကို မြင်းငါးကောင်မှ ဆွဲနေသကဲ့သို့ပင်။
ရှီဟောင်၏ ခြေလက် လေးဖက်နှင့် လည်ပင်းကို အေးစက်နေသည့် ချိန်းကြိုးများဖြင့် အချည်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ တင်းကြပ်နေသည်အထိ ဆွဲခံနေရသည်။
သူ့ခန္ဓာကိုယ်က ဒီမှာပဲ တစ်စစီဖြစ်တော့မှာလား..
သိပ်မကြာခင်က သူ၏လမ်းကြောင်းကို နားလည်သွားကာ အခွင့်အရေးကောင်းများလည်း ရရှိခဲ့သောကြောင့် ရှီဟောင် စိတ်အားတက်ကြွနေသေးသည်။ သို့သော်လည်း ယခုတော့ သူ ဤငရဲ၌ သေရတော့မည်။
အစက ဤသည်မှာ အစစ်အမှန်မဟုတ်ဘူးဟု သူယုံကြည်နေသော်လည်း ထိုအေးစက်နေသည့်ချိန်းကြိုးများ သူ့အား လာရောက်ရစ်ပတ်သည့်အချိန်တွင်တော့ ဤသည်မှာ အစစ်အမှန်ဆန်လွန်းသွားလေပြီ။
“ငရဲ စီရင်ချက်..”
ချော်ရည်ပင်လယ်အတွင်းပိုင်းမှ အေးစက်စက်အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် ချိန်းကြိုးများ တင်းသွားကာ သူ၏ခန္ဓာကိုယ်အား စတင်စုတ်ဖြဲပစ်လာသည်။
ဖူး..
ရှီဟောင် အော်ဟစ်လိုက်သည်။ အရိုးများထိကို ထိုးဖောက်နေသည့် နာကျင်မှုတစ်ခုကို ရှီဟောင် ခံစားလိုက်ရသည်။ သူအော်ဟစ်လိုက်ကာ သူ့ရှေ့၌ သွေးအလင်းရောင်လည်း ထွက်ပေါ်လာသည်ပင်။
နောက်ဆုံးတွင်တော့ သူ့ခေါင်းပြုတ်ထွက်သွားပြီး သူ၏ခြေလက် လေးဖက်လုံးလည်း တစ်စစီဖြစ်သွားသည်ကို သူတွေ့လိုက်ရသည်။
ဤသည်မှာ သည်းမခံနိုင်လောက်သည့် နာကျင်မှုဖြစ်သလို သူ အရှက်လည်း ရနေမိသည်။ သူက ဘာလို့ ဒီလိုမျိုး သေသွားရတာလဲ..
သူ့ကို ဘယ်သူက ဒီလိုမျိုးဆက်ဆံနေတာလဲ .. ရှီဟောင် ဤသည်ကို လက်မခံနိုင်။
သို့သော်လည်း သူ ဘာပြောင်းလဲနိုင်မည်နည်း.. သူ မပြောနှင့် ထာဝရသက်ရှိအစစ်ပင် တစ်စစီ စုတ်ပြဲသွားခြင်းပင်။
“ငါ ဒါကို လက်မခံနိုင်ဘူး..” ရှီဟောင် ရူးသွပ်နေသည့် နတ်ဆိုးတစ်ယောက်ကဲ့သို့ပင် ဟစ်ကြွေးလိုက်သည်။
သူ၏ခြေလက်လေးဖက်နှင့်ခေါင်းသည် အရိုးဖြူကျွန်းနှင့်အတူ ချော်ရည်ထဲသို့ နှစ်မြှုပ်သွားလေ၏။ ပူပြင်းလှသည့် အပူရှိန်သည် သူ့ခန္ဓာကိုယ်အားလောင်ကျွမ်းသွားကာ သူ၏အသွေးအသားများလည်း ခမ်းခြောက်သွားလေပြီ။ ဒီချော်ရည်တွေက နတ်ဘုရားတွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်..
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်၏အသွေးအသားများ ပျောက်ကွယ်သွားကာ အရိုးဖြူများသာ ကျန်တော့သည်။
“ဟက် ဟား ဟား..”
ထိုအချိန်တွင် ရှီဟောင်သည် ဝမ်းမနည်းသလို ဒေါသလည်း ထွက်မနေပဲ နူးညံ့သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူ ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
“ဒါက အစစ်ဆိုတာ ကျုပ်မယုံဘူး .. ဒါက တော်တော်လေးရှင်းလင်းပေမယ့်၊ အတုလားအစစ်လား ခွဲဖို့ခက်ပေမယ့် ဒါက စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ ပြဇာတ်လေးပဲဆိုတာ ကျုပ်သိတယ် .. ဒါက ကျုပ်ရဲ့အသိစိတ်ထဲမှာ ဖြစ်နေတဲ့ဟာ” ရှီဟောင် ချက်ချင်းပင် တည်ငြိမ်သွားသည်။
“ဘယ်လိုနှိပ်စက်မှုမျိုးတွေ ရှိသေးလဲ .. လာလေ..” ရှီဟောင် အော်ဟစ်လိုက်၏။
ထို့နောက် ထာဝရဓားတစ်လက် ထွက်ပေါ်လာပြီး တောက်ပသည့်အလင်းလည်း ထုတ်လွှတ်လာသည်။ ထိုဓားသည် သူ၏မျက်ခုံးကြားကို ထိုးဖောက်သွားကာ သူ၏မူလဝိညာဉ်ကို ထိုနေရာတွင်ပင် ချိတ်ဆွဲပစ်လိုက်လေ၏။ သူ့မျက်စိရှေ့မှ အရာအားလုံး မှောင်မဲသွားလေပြီ။
“အဝါရောင်မြစ်သစ်သီးက တကယ်က်ို မရိုးရှင်းဘူးပဲ .. သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ် .. ငါက အဝါရောင်မြစ်ဘေး၊ မြေအောက်လောကမှာ ရောက်နေပြီးတော့ တကယ် သေတော့မယ်လို့ ခံစားရအောင် လုပ်နိုင်တယ်..” အမှောင်ထုထဲ၌ ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
“ဟုတ်သားပဲ .. အနာကျင်ရဆုံးနဲ့ အကြမ်းတမ်းဆုံး နှိပ်စက်မှုက မူလဝိညာဉ် သန်မာအောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ .. ဒါက အဝါရောင်မြစ်သစ်သီးလို့ ခေါ်တာလား .. ငါဆီ လာခဲ့စမ်းပါ..”
ရှီဟောင် အော်ဟစ်လိုက်၏။ သူ ယခု ကြုံတွေ့နေရသည့်အရာများမှာ အစစ်အမှန်မဟုတ်ဘူးဟု သူယုံကြည်သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲအရှင် သူ့အား ဤအကြောင်းများ မပြောလိုက်ပေ။ အဝါရောင်မြစ်သစ်သီးသည် သူ၏မူလဝိညာဉ်အား အားကောင်းအောင်လုပ်နိုင်သည်ဟုသာ ပြောခဲ့သည်။ ယခု သူ၏နာကျင်မှုများမှာ အသိအမြင်တစ်ချို့ ရနေလေပြီ။ ဤအတွေ့အကြုံအားလုံးမှာ အစစ်အမှန်မဟုတ်ဘူးဟု သူ ယုံကြည်သည်။
“ငါ ပိုပြီး သန်မာလာချင်တယ် .. ငါ့ဆီ လာခဲ့စမ်းပါ..” သူ အော်ဟစ်လိုက်၏။
အပိုင်း ၁၄၄၀ ပြီး၏။