သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၁ – ကြမ်းတမ်းကာ အရိုင်းဆန်သော
ဤသည်မှာ ပြင်းထန်လှသည့် တိုက်ပွဲကြီးပင်။ တစ်ဖက်မှာ ဟွမ်ဖြစ်ပြီး တစ်ဖက်မှာ ဧကရာဇ်ကလန်မှ ထူးချွန်သည့်ပါရမီရှင်ပင်။ တစ်ယောက်ယောက်မသေလျှင် သို့မဟုတ် ကောင်းကင်ကြီးပြိုကျပြီး ကမ္ဘာမြေကြီး အရောင်မှိန် မသွားမချင်း သူတို့ရပ်တန့်ကြမည်မဟုတ်။
အမွေးနီသတ္တဝါမှာ ယုံကြည်ချက်အပြည့်ဖြင့်ပင်။ သူသည် နားကို လက်ဖြင့်ကလော်လိုက်ကာ “ငါ မင်းပြောတာကို သေချာမကြားလိုက်ရဘူး .. နောက်တစ်ခေါက် ပြန်ပြောပါဦး..”
အားလုံးရှေ့တွင် ဤကဲ့သို့ နားကလောနေခြင်းမှာ ရှီဟောင်အား လုံးဝအလေးမထားဘူးဟု ဆိုလိုခြင်းပင်။ ဤသည်မှာ အရှက်ခွဲခြင်းနှင့် လှောင်ပြောင်ခြင်းတစ်မျိုးပင်။
“ခင်ဗျားကို သတ်မယ်..” ထိုသို့ပြောပြီးသည်နှင့် ရှီဟောင် စတင်လှုပ်ရှားလာသည်။ သူသည် အမွေးနီသတ္တဝါနှင့် အတော်လေး နီးကပ်နေပြီဖြစ်ပြီး သူ့နားသို့ ရောက်တော့မည်။
“အရူးကောင် … ငါ မင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ပေမယ့် မင်းက အခွင့်အရေးကို ဆုတ်ကိုင်ရမှန်း မသိဘူးပဲ … မင်းက ဒါကို ထပ်ပြောရဲသေးတယ် .. အဲဒါဆိုရင်လည်း မင်းလမ်းမင်းသွားလိုက်တော့..” အမွေးနီသတ္တဝါမှ ရန်လိုလာလေသည်။ သူ၏ညာလက်က လှုပ်ရှားလာပြီး ကြီးမားလှသည့် လက်ဝါးကြီးဖြင့် ရိုက်လာလေ၏။
ကျွမ်းကျင်သူသုံးယောက်အား ဆက်တိုက် အနိုင်ယူပြီးသည့်နောက်တွင် အမွေးနီသတ္တဝါသည် ဤလူများကိုပို၍ အထင်သေးလာသည်။ သူသည် ရှီဟောင်မျက်နှာကို တန်းရိုက်လိုက်ခြင်းမှာ အရှက်ခွဲလိုက်ခြင်းပင်။
ရှီဟောင်၏မျက်လုံးများ လေးနက်လာပြီး သူသည် ယခင်ကကဲ့သို့ သူ၏အော်ရာကို ထိန်းချုပ်ထားဆဲပင်။ သူခန္ဓာကိုယ်မှာ မိုးမခသစ်ပင်ကဲ့သို့ လေထဲ၌ ယိမ်းနွဲ့၍ ထိုလက်ဝါးကို ရှောင်ရှားလိုက်သည်။
ရွှီး..
အမွေးနီသတ္တဝါ၏ လက်သည် လေထဲတွင် အကွေးတစ်ခုပုံစံ ဆွဲလိုက်လေ၏။ ထိုအကွေးတွင် တာအိုသင်္ကေတများပါဝင်နေပြီး အောက်ဘက်သို့ နောက်တစ်ကြိမ် ဖိနှိပ်လာသည်။
ဤသည်မှာ လက်ဝါးထဲမှ လောကတစ်ခုနှင့်အတူတူပင်ဖြစ်ပြီး နတ်စွမ်းရည်တစ်မျိုးလည်းဖြစ်သည်ပင်။
“ငါ ကိုယ်တိုင်လာသတ်ဖို့ စောင့်နေသေးတာလား .. မင်းမှာ အသိဉာဏ်ရှိရင် ကိုယ့်ဘာသာကိုယ်လုပ်လိုက်တော့ … ငါ စိတ်မရှည်တော့ဘူး .. ငါ့အချိန်ကို မဖြုန်းနဲ့..” အမွေးနီသတ္တဝါမှ ပြောလိုက်သည်။
ရှီဟောင်မပြောနှင့် ဘေးမှကြည့်နေသည့်သူများပင်လျှင် အံကြိတ်သွားကြသည်။ ဤကောင်မှာ ရမ်းကားလှသည်။
ဝုန်း..
ထိုအချိန်တွင် ရှီဟောင်သည် သူ၏ကိုယ်ပိုင်ရတနာများအားလုံးကို ထုတ်သုံးလိုက်သည်။
ကောင်းကင်လမ်းကြောင်း ထွက်ပေါ်လာကာ သူ့အား ဝန်းရံသွားချိန်မှာ သူသည် နေလုံးတစ်လုံးဖြင့် ဝန်းရံခံထားရသကဲ့သို့ပင်။
ထိုအချိန်တွင် တုဂုယွမ်ပင်လျှင် ရှီဟောင်အား သူ၏သွေးမျိုးဆက်မှ လူတစ်ယောက်ဟု အမှတ်မှားတော့မလို့ပင်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှီဟောင်၏ ခေါင်းစခြေဆုံး အလင်းများဝန်းရံထားသည်။ တောက်ပလွန်းသောကြောင့် သူသည် ရွှေဖြင့် ထွင်းထုထားသကဲ့သို့ပင်။ သူသည် ရွှေရောင်သွေးစီးဆင်းနေသည့်သူကဲ့သို့ ခေါင်းစခြေဆုံး ရွှေရောင်တောက်ပနေသည်။
ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းပေါ်လာသည်နှင့် ထိုလမ်းကြောင်း တစ်ဖြည်းဖြည်း ကျယ်ပြန့်လာကာ အမွေးနီသတ္တဝါကိုပင် ဖုံးလုနီးပါးဖြစ်သွားသည်။
“မင်း..” အမွေးနီသတ္တဝါသည် ထိုအချိန်မှ ထိတ်လန့်သွားရသည်။ သူသည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရကာ သူ၏ခန္ဓာကိုယ်ပေါ်မှ အမွေးနီများပင် ထောင်ထသွားရသည်။
သူသည် နတ်စွမ်းရည်မျိုးစုံကို အသုံးပြုလိုက်ပြီး တာအိုသင်္ကေတများလည်း သိပ်သည်းစွာ ထွက်ပေါ်လာသည်။
သို့သော် သူ့အား ထိတ်လန့်သွားစေသည်မှာ သူ၏မှော်စွမ်းအားများ ပျံ့ကြဲသွားကာ နတ်စွမ်းရည်လည်း ပြိုပျက်သွားသည်။
မှော်စွမ်းအား ခုခံနိုင်စွမ်း..
ယခုတစ်ခေါက်တွင်တော့ ရှီဟောင် တကယ် ဒေါသထွက်နေပြီဖြစ်သောကြောင့် ရက်စက်သည့်နည်းလမ်းများအားလုံးကို ချက်ချင်းအသုံးပြုလိုက်သည်။ ဤအမွေးနီသတ္တဝါ၏ စကားများနှင့် လုပ်ရပ်များမှာ လွန်လွန်းလှသည်။
ရှီဟောင်သည် ယခင်က တမင်သက်သက် အရာအားလုံးကို ဖုံးကွယ်ထားခြင်းဖြစ်ပြီး ယခုမှ အားလုံးထုတ်ပြလိုက်သည်။ ရှီဟောင်သည် ဤအမွေးနီသတ္တဝါအား အလစ်အငိုက် တိုက်ခိုက်နိုင်သည်ပင်။
“မင်းရဲ့နတ်စွမ်းရည်က ငါ့နယ်မြေက ဧကရာဇ်ကလန်တစ်ချို့ရဲ့ မွေးရာပါစွမ်းရည်တွေပဲ..” သူ အော်ဟစ်လိုက်ကာ တတ်နိုင်သမျှ ခုခံလိုက်လေသည်။
တစ်ဖက်လောကတွင် ဤပညာကိုအားကိုးကာ လွှမ်းမိုးနေသည့် ဧကရာဇ်ကလန်တစ်ခုရှိသည်ပင်။ ဤသည်မှာ သူတို့ကလန်ကို ကာကွယ်သည့်ပညာဖြစ်ပြီး ဤအကြောင်းဆွေးနွေးလိုက်သည်နှင့် ကျွမ်းကျင်သူများအားလုံးကို မျက်နှာအမူအရာပြောင်းသွားစေလောက်သည့် ပညာပင်။
ဤအကြောင်းကို လူအချို့သိပြီးသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်က မိုတောင်အား ဖမ်းဆီးခဲ့ကာ ကောင်းကင်နတ်ဘုရားကျောင်းမှ လူများရှေ့၌ မေးခဲ့သည်ပင်။
အမွေးနီသတ္တဝါမှာ ရှီဟောင်၏ ဂုဏ်သတင်းများကို မသိသောကြောင့် ယခုမှ ထိတ်လန့်သွားရခြင်း ဖြစ်သည်။
ဝုန်း..
ခွန်ပန်လက်သီးထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် ရွှေရောင်နတ်အမွေးအတောင်များ ပြည့်နှက်သွားသည်။
အမွေးနီသတ္တဝါမှာ မျက်လုံးများပြူးကျယ်သွားကာ နည်းနည်းလေးမျှပင် လက်လွတ်စပယ် မနေရဲတော့။ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်အားလုံးကို စုစည်းကာ ခုခံလိုက်သည်။ နတ်စွမ်းရည်များ အသုံးမဝင်တော့သည်ကို သိလိုက်ရသောကြောင့် သူ့ခန္ဓာကိုယ်ခွန်အားကို အားကိုးရုံသာရှိတော့သည်။
ဝုန်း..
ဆူညံသံများမှာ နားစည်ကွဲလောက်သည်။
ကောင်းကင်ထက်တွင် ခွန်ပန်သင်္ကေတများ ပြည့်နှက်သွားပြီး သူ၏လက်သီးကို တားဆီးလိုက်သည်။ သူ၏ကောင်းကင်လမ်းကြောင်းလည်း တောက်ပလာကာ သူ့ခန္ဓာကိုယ်ကို တားဆီးလိုက်သည်။
အမွေးနီသတ္တဝါ ဒေါသတကြီး အော်ဟစ်လိုက်၏။ ဤခံစားချက်ကြီးမှာ ဆိုးရွားလှသည်။ သူတို့ယခုမှ တိုက်ခိုက်ခြင်းဖြစ်သော်လည်း သူ၏မှော်စွမ်းအားများ ပျက်ပြယ်သွားကာ သူ၏ခန္ဓာကိုယ်လည်း ပိတ်ခံထားရသည်။
ဒုန်း..
ရှီဟောင်၏လက်သီးချက်သည် ထိုအမွေးနီသတ္တဝါ၏ မျက်နှာထက်သို့ စွမ်းအားပြင်းစွာ ရောက်ရှိလာသည်။
အမွေးနီသတ္တဝါမပြောနှင့် ရပ်ကြည့်နေသည့်သူများပင်လျှင် သူ့အစား နာကျင်သွားရသည်။ လက်သီးချက်မှာပြင်းထန်လှပြီး သူ၏မေးရိုးပင် အထဲဘက်သို့ ချိုင့်ဝင်တော့မည်။
ဖူး..
အမွေးနီသတ္တဝါ သွေးများ အန်ထွက်လာသည်။ သူ၏မျက်နှာတစ်ခြမ်းမှာ အလွန်နာကျင်နေရသည်မှာ သည်းမခံနိုင်လောက်သည်အထိပင်။ သူတစ်ခါမှ ဤကဲ့သို့ မကြုံဖူးပေ။ အားလုံးရှေ့တွင် သူ့မျက်နှာ ထိုးခံလိုက်ရလေပြီ။
အား..
သူ၏ဦးခေါင်းထက်မှ ဆံပင်နီများ ထောင်ထနေပြီး မျက်လုံးမှ ငွေရောင်အလင်းတန်း ထွက်ပေါ်လာသည်။
သူ တကယ်ကို ဒေါသထွက်နေခြင်းပင်။ ဤသည်မှာ အရှက်ခွဲခံရခြင်းပင်။ ဧကရာဇ်ကလန်တစ်ခု၏ ကြီးကျယ်ခမ်းနားသည့် ပါရမီရှင်မှာ မျက်နှာအထိုးခံလိုက်ရသည်။ ဤသည်မှာ တစ်ခါမှ မဖြစ်ဖူးသည့်ကိစ္စပင်။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် သူများမှာလည်း ယခုမှ သက်မချနိုင်တော့သည်။
“ခင်ဗျား ဘာတွေ လျှောက်အော်နေတာလဲ..”
ရှီဟောင် ဆူပူလိုက်ကာ နောက်ထပ်လက်သီးတစ်ချက် ရောက်လာသည်။ ယခုတစ်ခေါက်တော့ ခွန်ပန်လက်သီးမဟုတ်ပဲ လျှပ်စီးများပါဝင်နေသည်။ သူ၏လက်သီးမှ လျှပ်စီးအလင်းတန်းများ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။
ဖုန်း..
ဤလက်သီးချက်မှာ အမွေးနီသတ္တဝါကို တံခါးနှင့်ပင် ရိုက်မိသွားစေပြီး သူ့အား မူးဝေသွားစေသည်အထိပင်။
သူ၏မျက်နှာမှ သွေးများစီးကျလာပြီး ခေါင်းကြီးပင် ချိုင့်ဝင်သွားလေပြီ။ နာကျင်မှုမှာ သူ့မျက်လုံးများကိုပင် နီရဲသွားစေသည်။
သို့သော် သူ ဘာလုပ်နိုင်မည်နည်း.. သူ၏နတ်စွမ်းရည်များ ဆုံးရှုံးသွားသည့်အပြင် သူသည် ကောင်းကင်လမ်းကြောင်းထဲတွင် ဖမ်းခံထားရသည်။ သူလှုပ်နိုင်သေးသည်ဆိုသော်လည်း အန္တရာယ်အများဆုံးအခြေအနေသို့ ရောက်နေလေပြီ။
တဖုန်းဖုန်းအသံများ ဆက်တိုက်ပင် ထွက်ပေါ်လာသည်။ ရှီဟောင်၏လက်သီးမှာ သူ့မျက်နှာကိုသာ ဝဲနေ၏။ ထိုလက်သီးချက်တွင် လျှပ်စီးများလည်း ပါဝင်နေသည်။
ထိုအမွေးနီသတ္တဝါ၏ ဦးခေါင်းမှာ လျှပ်စစ်အလင်းတန်းများကြောင့် မဲတူးနေပြီဖြစ်ပြီး တူးနံ့ပင်ရနေလေပြီ။
အမွေးနီသတ္တဝါမှာ ထိုနေရာတွင်ပင် သတိလစ်လုနီးပါးဖြစ်နေလေပြီ။ သူ တစ်ခါမှ ဤကဲ့သို့ အရှက်မကွဲဖူးခဲ့။
ထို့အပြင် ဤလူသည် သူ ယခင်က အထင်သေးခဲ့သည့်သူပင်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဤလူ၏ ရက်ရက်စက်စက်ထိုးနှက်ခြင်းကို ခံနေရလေပြီ။
အမွေးနီသတ္တဝါမှာ ရူးမတတ်ပင် ဖြစ်နေလေပြီ။
သို့သော် ပို၍ထိတ်လန့်နေသည်မှာ ကြည့်နေကြသည့်သူများပင်။
ဟွမ် မည်မျှ စွမ်းအားကြီးသည်ကို ကောင်းကင်နတ်ဘုရားကျောင်းမှ လူများ သိကြသော်လည်း ဤသည်မှာ သူတို့ထင်ထားသည်ထက် ကျော်လွန်နေသည်။ ဒါက အရမ်းကို စွမ်းအားကြီးလွန်းသွားပြီ ဟုတ်ပြီလား..
အားလုံးအမြင်တွင် ဤသည်မှာ တစ်ဖက်လောက ဧကရာဇ်ကလန်မှ ထူးချွန်သည့်သူပင်။ ရှီဟောင် စွမ်းအားကြီးသည်ဆိုလျှင်ပင် ရှီဟောင် များစွာပေးဆပ်ရမည်ဖြစ်ပြီး သူ မနိုင်လောက်ဘူးဟု ထင်နေကြခြင်းပင်။
သို့သော်လည်း ယခုတော့ လုံးဝကွဲပြားသွားလေပြီ။
သူတို့ဤမျှကြမ်းတမ်းသည့်သူကို တစ်ခါမှ မမြင်ဖူးခဲ့။ တစ်ဖက်လောက ဧကရာဇ်ကလန်မှ လူကို ရင်ဆိုင်နေရသော်လည်း ရှီဟောင်သည် ကြမ်းတမ်းကာ အရိုင်းဆန်နေဆဲပင်။ သူသည် ကြက်တစ်ကောင်ကိုကိုင်ထားသကဲ့သို့ ပြင်းထန်စွာ ရိုက်နှက်နေခြင်းပင်။
ဖူး..
ရှီဟောင်၏ တတိယလက်သီးချက်မှာ ထိုအမွေးနီသတ္တဝါကြီး၏ ပါးစပ်နှင့်နှာခေါင်းမှ သွေးများစီးကျလာအောင် လုပ်လိုက်လေသည်။
“ခင်ဗျား ဒီလောက်အရေထူလိမ့်မယ်လို့ မထင်ထားဘူး .. အရိုက်ခံတဲ့နေရာမှာ တော်တော်လေး တော်တာပဲ..” ရှီဟောင် လှောင်ရယ်လိုက်သည်။
အမှန်တကယ်တွင် သူ အနည်းငယ် လန့်နေခြင်းပင်။ သာမန်လူသာဆိုပါက သူတို့ဦးနှောက်များ ပေါက်ကွဲထွက်သွားလောက်လေပြီ။
သို့သော်လည်း ဤအမွေးနီသတ္တဝါသည် ဤကဲ့သို့သာဖြစ်နေပြီး အသက်ရှင်နေသေးသည်။
ကြည့်နေကြသည့်သူများလည်း ယခုမှသာ အသိပြန်ဝင်လာကြကာ အမွေးနီသတ္တဝါ မည်မျှပင် ကြောက်စရာကောင်းကြောင်း စဉ်းစားမိသွားသည်။ သူတို့သာ ယခုကဲ့သို့ ရုတ်တရက်ပိတ်ခံလိုက်ရပါက တစ်ချက်တည်းဖြင့် တစ်ပိုင်းပိုင်းဖြစ်သွားလောက်လေပြီ။
“အရေထူတဲ့ကောင်..” ရှီဟောင် လှောင်ပြောင်လိုက်ပြီး သူ့လက်သီးကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်။
ဒုန်း..
ယခုတစ်ခေါက်တွင် အားပြင်းလှကာ နတ်စွမ်းရည်သင်္ကေတများပါပင် ပါဝင်နေ၏။ ဤလက်သီးချက်မှာ သူ၏နှာခေါင်းရိုးကို ကျိုးသွားစေသည်။
အား..
အမွေးနီသတ္တဝါ အော်ဟစ်လိုက်ကာ မျက်ရည်များနှင့် နှာရည်များကျလာသည်။ သူ မည်မျှပင် စွမ်းအားကြီးပါစေ သူ မတောင့်ခံနိုင်တော။ သူ၏နှာခေါင်းမှာ အလွန်နာကျင်နေလေပြီ။
ဖူး..
ထို့နောက် သူ၏သွားများ လွင့်ထွက်လာသည်။ သူ၏ချွန်ထက်နေသည့်သွားများကို ဆုံးရှုံးလိုက်ရလေပြီ။
“ငါ မင်းကို သတ်မယ်…”
အမွေးနီသတ္တဝါ အော်ဟစ်လိုက်သည်။ သူ၏သွေးစွမ်းအင်များအားလုံး ထွက်ပေါ်လာပြီး မူလဝိညာဉ်လည်း တောက်ပလာသည်။ သူ၏ပါးစပ်မှလည်း ရှေးဟောင်းကျမ်းစာတစ်မျိုးကို ရွတ်နေသေးသည်။
ဝုန်း..
ရှီဟောင် သူ၏မူလဝိညာဉ်ကို ဖြတ်ချရန်အတွက် နောက်တစ်ကြိမ် ထိုးနှက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏မှော်စွမ်းအားခုခံနိုင်စွမ်း အချိန်ကုန်တော့မည်ကို သူ ခံစားနေရသောကြောင့်ပင်။ တစ်ဖက်လူ၏ ကျမ်းစာများမှာ ထူးဆန်းလှသည်။ သူ အချုပ်အနှောင်များမှ လွတ်တော့မည်။
သူသာ အလစ်အငိုက် မတိုက်ခိုက်လျှင် ဤတိုက်ပွဲမှာ အလွန်ပြင်းထန်လိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။ ဤကဲ့သို့ တစ်ဖက်သက်တိုက်ခိုက်မှုဖြစ်မည် မဟုတ်။
ရွှီး..
ထိုအချိန်တွင် ရှီဟောင်သည် ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ သူ၏နဖူးထက်သို့ လွှဲရမ်းလိုက်သည်။ သူ ဤလူအား ချက်ချင်းအဆုံးသတ်ပစ်ချင်နေခြင်းပင်။
ဤသည်မှာ ထာဝရတည်ရှိနေမည့်ထာဝရဓားပင်။ ဤဓားမှ အလင်းတန်းများထွက်လာကာ ကမ္ဘာမြေကြီးကိုပင် ဖုံးလွှမ်းသွားသည်။
ဖူး..
ထိုအမွေးနီသတ္တဝါ၏ မျက်ခုံးကြားပွင့်သွားသော်လည်း ဓားဖျားမှာ ရပ်တန့်ခြင်းခံလိုက်ရသည်။ သူ၏နဖူးမှ ငါးရောင်စပ်ဒိုင်းကာ တစ်ခု ထွက်ပေါ်လာလေ၏။
ချွမ်း..
ဒိုင်းကာမှ အရောင်မှိန်သွားကာ မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။ နောက်ဆုံးတွင်တော့ ဒိုင်းကာကြီး ကွဲထွက်သွားလေသည်။
ထာဝရတည်ရှိနေမည့် ထာဝရဓားသည် တုန်ခါလာကာ ထိုဒိုင်းကာမှ ငါးရောင်စပ်စွမ်းအင်ကို စုတ်ယူလိုက်သည်။ ဤဒိုင်းကာမှာ ထာဝရရွှေဖြင့် ပြုလုပ်ထားသည့် အဖိုးတန်ပစ္စည်းပင်။
ဤကဲ့သို့ သေရေးရှင်ရေး ရင်ဆိုင်လိုက်ရသည့်အချိန်တွင် အမွေးနီသတ္တဝါ ရုန်းကန်လာသည်။
ရွှီး..
သို့သော်လည်း ယခုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်ထဲ၌ စစ်ဘုရင်တစ်ယောက် ဝင်နေသကဲ့သို့ သူ့အား အနည်းငယ်မှ အခွင့်အရေး မပေးပေ။ ဓားအလင်းတန်းမှာ သက်တံ့ကဲ့သို့ပင် ထွက်ပေါ်လာပြီး တစ်လောကလုံးကို လင်းလက်သွားစေသည်။
အမွေးနီသတ္တဝါမှာ အလွန်စွမ်းအားကြီးသော်လည်း ဤကဲ့သို့ ပြင်းထန်သည့် ရိုက်ချက်ကို ကြုံလိုက်ရသည့်အချိန်တွင် သူ၏မျက်ခုံးကြားမှာ ဟက်တက်ကွဲသွားသည်။ ဒိုင်းကာဖြင့် ကာကွယ်ခံလိုက်ရသော်လည်း သူ၏မူလဝိညာဉ်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားဆဲပင်။
ယခုအချိန်တွင် သူသည် မတိုက်ခိုက်နိုင်တော့ပဲ ခံစစ်အနေအထားသို့ ရောက်သွားလေပြီ။
ဖူး..
ရှီဟောင် ရဲတင်းစွာပင် ရှေ့တိုးသွားလိုက်သည်။ ဓားစွမ်းအင်များ ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင်တော့ ဓားအလင်းတန်းတစ်ခုသည် သူ၏လည်ပင်းကို ဖြတ်သွားကာ သူ့ခေါင်းပြတ်လုနီးပါးဖြစ်သွားသည်။
အမွေးနီသတ္တဝါသည် လက်တစ်ဖက်ဖြင့် လည်ပင်းကိုကိုင်ကာ နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် ဖုန်းဟူသည့်အသံနှင့်အတူ ကျောက်နံရံကြီးနှင့် တိုက်မိသွားလေသည်။
ရွှေရောင်ကြာပွင့်များ ထွက်ပေါ်လာကာ တုဂုယွမ်လည်း ကျောက်နံရံထဲသို့ ဝင်သွားလိုက်သည်။ ရှီဟောင်သည် ဓားကို လွှဲရမ်းကာ ထိုနံရံကို ထိုးလိုက်သည်။ ရလဒ်အနေဖြင့် သူလည်း ထိုဂိတ်တံခါးထဲသို့ ရောက်သွားလေ၏။
သရဖူ ၁၀ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် အခြားသူများသည် အနည်းငယ်တွေဝေနေကြသော်လည်း နောက်ဆုံးတွင်တော့ အားလုံး ပြေးဝင်သွားလိုက်ကြသည်။
“သွားမယ် .. ငါတို့လည်းဝင်မယ်..” လူများ ပို၍များလာကာ အားလုံး ထိုထဲသို့ ဝင်သွားရန် ရွေးချယ်လိုက်ကြသည်။
အပိုင်း ၁၄၁၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၂ – တာအို အဖိုးတန် ကရား
တောင်ဂိတ်တံခါးတွင် တံခါးတစ်ချပ်ရှိနေသည်။ ဤသည်မှာ တံခါးအစစ်မဟုတ်ပဲ နံရံထက်၌ ထွင်းထုထားခြင်းပင်။ သို့သော်လည်း ယခုအချိန်တွင်တော့ အားလုံး ဝင်၍ရနေလေပြီ။
ကျောက်နံရံထက်တွင် ရွှေရောင်သွေးများစီးဆင်းနေလေ၏။ ဤသည်မှာ တုဂုယွမ်၏သွေးပင်။ သူ၏သွေးဖြင့် ဤချိတ်ပိတ်ထားသည့်ဂိတ်တံခါးကို ဖွင့်လိုက်ခြင်းပင်။
အားလုံးမှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြင့် ဝင်သင့် မဝင်သင့် စဉ်းစားနေကြလေ၏။
“အကြီးအကဲတွေကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက် .. ငါတို့ အရင်ဝင်သွားတော့မယ်..”
“အထဲမှာ အန္တရာယ်ရှိနိုင်တယ် .. ဒါက ချိတ်ပိတ်ထားတဲ့ဧကရာဇ်ကလန်နယ်မြေ .. ဝင်သွားပြီးရင် ငါတို့ ပြန်ထွက်မလာနိုင်တော့တာလည်း ဖြစ်နိုင်တယ်..”
ဤနေရာမှာ ဆူညံနေသည်။ အချို့လူများ နောက်ပြန်ဆုတ်သွားကြကာ အကြီးအကဲများကို သတင်းပို့ရန်အတွက် ပြန်ထွက်သွားလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကြီးမားသည့်ဆုံးဖြတ်ချက်ကြီးပင်။ အတော်များများမှာ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ဖြစ်နေကြသည်။
စွန့်စားချင်သည့်သူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်သွားလိုက်ကြသည်။
ဤသည်မှာ သီးခြားနယ်မြေကြီးဖြစ်ပြီး အဆုံးသတ်ကိုပင် မမြင်ရ။ မြူများဆုံ့ဆိုင်းနေကာ တိမ်များမှာ မြေကြီးကိုပင် ထိတော့မည်။
“ခင်ဗျားက ဘယ်သွားချင်နေတာလဲ..”
ရှီဟောင် အော်ဟစ်လိုက်ကာ ဤလောကထဲသို့ ပြေးဝင်လာလိုက်သည်။ သူသည် ယခုထိ အဆုံးမသတ်သေးပဲ ထို အမွေးနီသတ္တဝါနောက်သို့ ပြေးလိုက်နေဆဲပင်။
သွေးများလွင့်စင်လာသည်။ အမွေးနီနှင့်သတ္တဝါသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီဖြစ်ပြီး သူ၏လည်ပင်းမှာလည်းပြုတ်ကျလုနီးပါးပင်။ ယခု သူ၏ရင်ဘတ်ပင် ပေါက်ထွက်နေလေပြီ။
“ငါ ပြန်ကောင်းလာတဲ့အချိန်ထိ စောင့်နေလိုက် .. ငါသေချာပေါက် ပြန်လာပြီးတော့ မင်းဝိညာဉ်ကို ဆွဲထုတ်ပစ်မယ် ..ပြီးရင် မင်းဝိညာဉ်ကို နှစ်ပေါင်း တစ်ရာလောက်ထိကို ပြုပြင်ပစ်မယ်..”
အမွေးနီနှင့်သတ္တဝါ အေးစက်စွာ အော်ဟစ်လိုက်သည်။ သူသည် အနီရောင်လေပွေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ဤနေရာမှ ပြေးထွက်သွားလေ၏။
ရှီဟောင်သည် သူ့အား အလွတ်ပေးရန် စိတ်ကူး မရှိပေ။ သူ့နောက် နီးကပ်စွာပင် လိုက်သွားလိုက်လေ၏။ သူ၏လက်ထဲရှိ ထာဝရတည်ရှိနေသည့် ထာဝရဓားမှ ဓားအလင်းတန်းထွက်ပေါ်လာပြီး ထိုအမွေးနီနှင့်သတ္တဝါကို ဒဏ်ရာ ထပ်ပေးလိုက်ပြန်သည်။
ဤအေးစက်နေသည့် ကုန်းမြေကြီးမှာ နေရောင် မရှိ။ မှုန်မှိုင်းနေသည့် ဟာလာဟင်းလင်းပြင်ကြီးပင်။ အနက်ရောင်မြူများ ဝေ့ဝဲနေသောကြောင့် ဤသည်မှာ နတ်ဆိုးနယ်မြေနှင့်ပင် တူနေသည်။
အမွေးနီနှင့်သတ္တဝါမှာ အလွန်မုန်းတီးနေသည်။ စစချင်းရှုံးနိမ့်သွားသောကြောင့်သာမဟုတ်ပါက သူအဘယ်ကြောင့် ဤမျှ အခြေအနေ ဆိုးရွားသွားမည်နည်း.. သူ့ကို ဤကဲ့သို့လိုက်ဖမ်းရဲသည့် လူငယ်မျိုးဆက် မရှိဖူးပေ။ သို့သော်လည်း သူသည် ဘာမှမလုပ်နိုင်ပဲ အသက်လုပြေးနေရသည်ပင်။
သူသည် ရှီဟောင်၏ဝိညာဉ်ကို ဆွဲထုတ်ကာ နှိပ်စက်မည်ဖြစ်ကြောင်း အော်ဟစ်နေလေသည်။
ဤသည်မှာ အလွန်စွမ်းအားကြီးသည့်သူဖြစ်ကြောင်း ရှီဟောင် သိသည်။ သူသာ ဤသတ္တဝါနှင့်သေချာတိုက်ခိုက်ပါက လွယ်ကူမည် မဟုတ်ပေ။ သို့သော်လည်း သူ ဤသတ္တဝါနှင့် အချိန်မဖြုန်းချင်။ သူ့ကို ယခု သတ်၍ရလျှင် သတ်ပစ်ချင်သည်။
အမွေးနီနှင့်သတ္တဝါ၏ လည်ပင်းက တောက်ပလာကာ ဒဏ်ရာမှာ ပြန်ပိတ်သွားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် သင်္ကေတများကို ချက်ချင်းဖယ်ရှားပစ်ရန်တော့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ မရပ်ရဲသေး။
နောက်မှလိုက်ဝင်လာသည့်သူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့အားလုံး ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များဖြစ်ကြသော်လည်း သူတို့ကြားမှ ကွာခြားချက်မှာ ကြီးမားလှသည်။
“ဟွမ်က တကယ်ကို အထင်ကြီးစရာကောင်းတာပဲ ..” လူအချို့က အထင်ကြီးစွာ သက်ပြင်းချလိုက်ကြသည်။ သူတို့ ရှီဟောင်အား မယှဉ်နိုင်သောကြောင့် သက်ပြင်းချရုံသာ တတ်နိုင်သည်။
အမွေးနီနှင့်သတ္တဝါသည် ပုံရိပ်ယောင်များ ချန်ရစ်ခဲ့ကာ လျင်မြန်စွာပင် ပြေးနေလေ၏။ ထို့နောက်တွင် သူသည် မြူဆိုင်းနေသည့် နယ်မြေထဲသို့ ဝင်ရောက်သွားလေ၏။
ရွှီး..
ရှီဟောင် ချက်ချင်းရပ်တန့်လိုက်သည်။ သူ နည်းနည်းလေးမှပင် ရှေ့ဆက်မသွားတော့။
ခဏကြာပြီးသည့်နောက်တွင် သူ့နောက်မှ လိုက်လာသည့်သူများလည်း သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသည်။
အရှေ့ဘက်တွင် မြူများအလွန်ထူလှပြီး ထူးဆန်းသည့်ခံစားချက်လည်း ခံစားနေရသည်။
ဤနေရာတွင် တောင်များရှိနေပြီး အားလုံးမှာ မြူများဖြင့် ဖုံးလွှမ်းနေသည်။
သူတို့လာခဲ့သည့်နေရာတောက်လျှောက်မှာ ဘာမှမရှိသည့် ကွင်းပြင်ကြီးဖြစ်သောကြောင့် ယခု တောင်တန်းများကို မြင်လိုက်ရသည့်အချိန်တွင် လူများစွာမှာ နေသားမကျသေး။ ဤသည်မှာ ရုတ်တရက် ပေါ်လာသလိုပင်။
ဤနေရာမှာ အားလုံးကို လှုပ်ခတ်သွားစေသည်။ ဤနေရာတွင် ပြိုင်ဘက်ကင်းသည့် နတ်ဆိုးဘုရင်တစ်ယောက် အိပ်နေပြီး အချိန်မရွေး ထွက်လာတော့မည့်ပုံပင်။
ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ပြီး ဤနေရာကို သေချာလေ့လာလိုက်သည်။ ဤနေရာတွင် တစ်ခုခုမှားယွင်းနေသည်ကို သူတွေ့လိုက်ရသည်။ တောင်အတွင်းပိုင်၌ သင်္ကေတများ ထွက်ပေါ်လာကာ တောက်ပလှသည့် ရောင်စုံနတ်အလင်းတန်းများလည်း ထွက်ပေါ်လာသည်။
ယခုအချိန်တွင် အခြားသူများလည်း ရောက်လာလေပြီ။ တုဂုယွမ်၏အမူအရာလည်း လေးနက်နေ၏။ သူဝင်ချင်သည့်ပုံပေါက်သော်လည်း သူလည်း တွေဝေနေသည်။
ရှီဟောင် လေထဲသို့ တက်လိုက်ပြီး အပေါ်စီးမှ ကြည့်လိုက်သည်။
သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိ၊ ဝမ်ရှီး၊ လုထော်နှင့် အခြားသူများလည်း ထိုကဲ့သို့ပင်။ ဤနေရာကို သေချာကြည့်နေကြသည်။
“ဒါက..”
ကောင်းကင်မျက်လုံးရှိနေသည့် သူများမှာ တောင်နယ်မြေအတွင်းပိုင်းသို့ ကြည့်လိုက်ကြသည်။ ထိုနယ်မြေထဲမှ တစ်နေရာတွင် တောင်များစွာမှာ ရှေးဟောင်းကုန်းမြေတစ်ခုအား ဝန်းရံနေသည်ကို တွေ့လိုက်ရသည်။
ထိုနေရာတွင် တောင်တစ်တောင်မှ ဖြစ်ပေါ်လာသကဲ့သို့သော အဖိုးတန်ကရားတစ်ခု ရှိနေသည်။ ထိုကရားသည် ဤတောင်များ၏ အလယ်၌ ရှိနေခြင်းပင်။
ထိုကရားမှ သင်္ကေတများနှင့် အလင်းများထုတ်လွှတ်နေကာ ကြောက်စရာကောင်းသည့်အော်ရာလည်း ထိုကရားမှ ထွက်နေခြင်းပင်။ ဤသည်မှာ ချိတ်ပိတ်ထားသည့် ဧကရာဇ်ကလန်ဖြစ်ကြောင်း မည်သူမှ သိပ်မစဉ်းစားလိုက်ရ။
“ငါတို့ နယ်မြေသင်္ချိုင်းကို ဝင်တုန်းက ငါတို့ကို စကားလာပြောတဲ့ တစ်ဖက်လောကက ဧကရာဇ်ကလန်ကျွမ်းကျင်သူတစ်ယောက်ရှိခဲ့တယ် .. သူက ဒီမှာ ရှိနေတာများလား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်၏။ သူ ဝင်လာတာ မှားသွားပြီဟုပင် ခံစားနေရသည်။
“မဟုတ်လောက်ဘူး .. ဒီနေရာက စွမ်းအားကြီးတဲ့သူတွေကို ဝင်ခွင့်မပြုဘူး .. ဒါက ပိုက်ကွန်ကြီးနဲ့ ငါးဖမ်းသလိုပဲ .. သူတို့က ငါးအကြီးကြီးတွေကို ပစ်မှတ်ထားပြီး ငါးသေးသေးလေးတွေကို လွတ်လွတ်လပ်လပ် ဖြတ်သန်းခွင့်ပြုထားတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ မည်သို့ပင်ဖြစ်စေ ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများ ဝင်၍မရခဲ့ပေ။
အမွေးနီနှင့်သတ္တဝါသည် ထိုအဖိုးတန်ကရားရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် သူသည် တစ်ဖက်သို့လှည့်လာပြီး အားလုံးအား မုန်းတီးစွာ ကြည့်နေလေသည်။ အတိအကျပြောရလျှင် ရှီဟောင်အား ကြည့်နေခြင်းပင်။
ထို့နောက်တွင် သူသည် ဘာစကားမှမပြောပဲ ထိုင်ချကာ သူ့ဒဏ်ရာများကို ကုသလိုက်လေသည်။
“တုဂုယွမ် ပျောက်သွားပြီ..” ရုတ်တရက်ပင် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“သူ့ကို ဘာလို့ မတားကြတာလဲ .. ငါတို့သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာမဟုတ်ဘူးလား ..” လူများစွာ မှာ အမူအရာ ပြောင်းလဲသွားပြီး အားလုံးမှာ မကောင်းသည့်ခံစားချက် ခံစားနေရသည်။
“သူက လျှို့ဝှက်နည်းလမ်းတစ်ခုကို သုံးပြီးတော့ လေဟာနယ်ကနေ ထွက်သွားတာ .. ငါတို့ သူ့ကို ဖမ်းထားလို့ မရဘူး..”
ထို့နောက် အားလုံး ဒေါသထွက်လာကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ တုဂုယွမ်အား တွေ့လိုက်ရလေပြီ။ သူသည် အမွေးနီနှင့်သတ္တဝါရှေ့ သိပ်မဝေးသည့်နေရာ၌ ရှိနေခြင်းပင်။
“သူက အဆီးအတားကို ဖျက်ပစ်ချင်နေတာ…” အားလုံး၏ အပြုအမူ ပြောင်းလဲသွားသည်။
“တုဂုယွမ် .. ခင်ဗျား သေချာစဉ်းစား .. ဒီအဆီးအတား ပျက်စီးသွားပြီး မသေမျိုး မကောင်းဆိုးဝါးကြီး ထွက်လာတာနဲ့ မင်းလည်းသေသွားလိမ့်မယ် .. သူတို့နဲ့အတူတူအလုပ်လုပ်တာက ကျားကို အိမ်ထဲခေါ်သွင်းတာနဲ့ အတူတူပဲ..”
ရှီဟောင် အော်ဟစ်လိုက်သည်။ အခြေအနေမှာ အလွန်အန္တရာယ်များနေလေပြီ။ အဆီးအတားသာ တကယ်ပျက်စီးသွားပါက ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် ကပ်ဆိုးကြီးဖြစ်လာလိမ့်မည်။
“ငါ သူ့ကို မထွက်ခိုင်းဘူး .. ငါက အဖြေတစ်ခုပဲ လိုချင်တာ..” တုဂုယွမ် ရှီဟောင်ထံသို့ သီးသန့် အသံပို့လွှတ်လိုက်သည်။
တုဂုယွမ် သူ၏လက်ကောက်ဝတ်ကို လှီးလိုက်သည်နှင့် ထိုအဖိုးတန်ကရားပေါ်သို့ ရွှေရောင်သွေးများစီးကျသွားသည်။ သွေးများစီးကျသွားသည်နှင့် တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဤလောကကြီးတစ်ခုလုံး လင်းထိန်သွားသည်။
ထိုအဖိုးတန်ကရားသည် ကျောက်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး တောင်တစ်လုံးခန့်အမြင့် ရှိသည်။
ဤသည်မှာ အဖိုးတန်ကရားတစ်ခုဖြစ်သကဲ့သို့ မီးဖိုတစ်ခုလည်းဖြစ်သည်။ ဤနေရာတွင် တစ်ဖက်လောကမှ သက်ရှိအချို့ကို ချိတ်ပိတ်ထားသည့်နေရာပင်။ ဤလူများအား ဆေးအဖြစ်သို့ ပြောင်းလဲချင်နေခြင်းပင်။ နှစ်ပေါင်းများစွာကြာသွားပြီဖြစ်သောကြောင့် ရလဒ်များမှာ ဘယ်လိုဖြစ်နေပြီလဲ မသိတော့။
“ဟက် .. ဒီ အဖိုးတန်ကရားနဲ့ယှဉ်ရင် တုဂုယွမ်ရဲ့ သွေးက မလောက်သေးဘူး … သူ့တစ်ကိုယ်လုံးက သွေးတွေ ကုန်သွားရင်တောင် ဒီကရားကို သန့်ရှင်းနိုင်မှာမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ စိတ်သက်သာစွာ ပြောလိုက်သည်။
“ကရားအိုးထဲမှာ အသက်ရှင်နေတဲ့ လူတွေရှိသေးတာလား.. ကျုပ်က တံဆိပ်ကို ပြန်ဖြေပေးဖို့လာတာ .. ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်ကို ကိစ္စတစ်ချို့ ပြောပြဖို့လိုတယ်..” တုဂုယွမ် အဖိုးတန်ကရားအိုးထဲမှ သက်ရှိများကို ပြောလိုက်သည်။
“အဲဒီအဖိုးတန်ကရားထဲမှ ကောင်းကင်မျိုးစေ့ရှိလား..” ထာဝရကျောင်းမှ အဆင့်လွန် လူငယ်လေး ပြောလိုက်သည်။
“အထဲမှာရှိလိမ့်မယ်လို့ ငါ ပြောရဲတယ် .. ဒါက တာအိုမီးဖိုကြီး..” တစ်စုံတစ်ယောက်သည် ကောလဟာလများကို ယုံကြည်နေပြီး ထိုထဲတွင် ကောင်းကင်မျိုးစေ့ရှိလိမ့်မည်ဟု ယုံကြည်နေသည်။
သို့သော်လည်း အချို့လူများမှာ စိုးရိမ်နေကြသည်။ ထိုအိုးထဲမှ သက်ရှိများ ဆေးလုံးအဖြစ်သို့ ပြောင်းသွားလျှင် ကိစ္စမရှိပေ။ သို့သော်လည်း ထိုသို့မဟုတ်ပါက ပြဿနာကြီးလိမ့်မည်။
တစ်ဖက်လောကမှ စစ်တပ်များပင် လာစရာ မလိုလောက်တော့။ ဤထဲတွင် ချိတ်ပိတ်ခံထားရသည့် ဧကရာဇ်ကလန်ဖြင့်ပင် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို ရှင်းပစ်ရန် လုံလောက်သည်။
တုဂုယွမ်၏ သွေးမှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော်လည်း အဆီးအတားကို ဖြေရလောက်အောင်အထိတော့ မလုံလောက်သေးပေ။
“ခင်ဗျားရဲ့ ဘိုးဘေးတွေ အသက်ရှင်နေသေးတယ်ဆိုတာ သေချာလို့လား .. ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိတာလဲ..” တုဂုယွမ် အမွေးနီနှင့်သတ္တဝါအား မေးလိုက်သည်။
“တစ်ချို့သေသွားပြီဆိုပေမယ့် အသက်ရှင်နေသေးတဲ့သူတွေ ရှိသေးတယ် .. မဟုတ်ရင် ငါ ဘယ်လိုလုပ် အပြင်ထွက်လာနိုင်မှာလဲ..” အမွေးနီနှင့်သတ္တဝါ ပြောလိုက်သည်။
“ခင်ဗျား ဘယ်လိုလုပ် အပြင်ထွက်လာတာလဲ..” တုဂုယွမ် သူ့မေးခွန်းအား ဆက်မေးလိုက်သည်။’
“သူတို့ရဲ့ နတ်ခွန်အားနဲ့ ပို့လိုက်တာပေါ့ .. ဒီနေရာက စည်းမျဉ်းက အတူတူပဲ .. ငါးကြီးတွေကိုဖမ်းပြီး ငါးလေးတွေကို လွှတ်ပေးတယ် .. ငါ့ရဲ့ကျင့်ကြံဆင့်က အနိမ့်ဆုံး၊ အားအနည်းဆုံးဆိုတော့ ငါ အသက်ရှင်လျက် ထွက်လာနိုင်တာ..” အမွေးနီနှင့်သတ္တဝါ အကြောင်းရင်းကို ပြောလိုက်သည်။
“ခင်ဗျားက ဘာလို့ ကောင်းကင်မျိုးစေ့ကို မသုံးတာလဲ..” တုဂုယွမ် အခြားမေးခွန်း ထပ်မေးလိုက်သည်။
“မင်းရဲ့ ရွှေရောင်သွေး နည်းနည်းလောက်ကို ကရားထဲထည့်ပြီး ကိုယ့်ဘာသာကိုယ်ကြည့်လိုက်..” အမွေးနီနှင့်သတ္တဝါ ဒေါသထွက်နေသည့်ပုံစံဖြင့် ပြောလိုက်သည်။
ကရားထဲသို့ ရွှေရောင်သွေးစက်အနည်းငယ်ထည့်လိုက်သည်နှင့် ထာဝရအလင်းများ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများလည်း ဆူညံလာသည်။ ဓားစွမ်းအင်များလည်း ကောင်းကင်ထက်သို့ လွင့်တက်သွားပြီး ကောင်းကင်အား ဖြတ်ပစ်လေသည်။
ကရားအိုးထိပ်တွင် ပုလင်းလေးဖြင့် ပိတ်ထားသည်ပင်။
“ကောင်းကင်မျိုးစေ့က အဲဒီပုလင်းလေးထဲမှာ .. မင်းလိုချင်တဲ့ သက်သေရဖို့ အဲဒီပုလင်းကို သုံးလို့ရတယ်..” အမွေးနီနှင့်သတ္တဝါ ပြောလိုက်သည်။
သူသည် ဘာကိုမှ ဖုံးကွယ်မထားပဲ အပြင်ဘက်လောကမှ လူများကြားသွားစေရန်အတွက် တမင်သက်သက် ကျယ်ကျယ်ပြောလိုက်ခြင်းပင်။ အားလုံး၏ခွန်အားကို အသုံးပြုပြီး ထိုပုလင်းကို ယူသွားစေလိုခြင်းပင်။
အားလုံး အသက်ရှူသံများ အေးခဲသွားရသည်။ ဒီကောင်းကင်မျိုးစေ့က ဘယ်လောက်တောင် ထူးဆန်းလွန်းတာလဲ .. အဲဒါက ဒီနေရာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေတယ်..
“ဒီလောက် သွေးနည်းနည်းနဲ့ မလောက်ဘူး .. မင်းရဲ့ရွှေရောင်သွေးအပြင် တစ်ခြားသွေးလည်း လိုသေးတယ်..” အမွေးနီနှင့်သတ္တဝါ တုဂုယွမ်အားပြောလိုက်သည်။
“ဘာလိုတာလဲ..” တုဂုယွမ် ပြောလိုက်၏။
“ပထမဆုံး မင်းသွေးကိုသုံးပြီးတော့ တောင်တွေကို အသက်သွင်းရမယ်..” အမွေးနီနှင့်သတ္တဝါ သူ့ဘေးပတ်လည်တွင်ရှိနေသည့် တောင်များကို လက်ညှိုးထိုးလိုက်သည်။ ဤတောင်များမှာ အလွန်ကြီးမားလှသည်။
ရွှေရောင်အလင်းမှုန်လေးများ ကျလာသည်။ ဤသည်မှာ သိပ်မများသော်လည်း အလွန်တောက်ပလှသည်။
“ဝူး..” ထိုအချိန်တွင် တစ္ဆေသရဲတစ်သောင်း ဟစ်ကြွေးနေသကဲ့သို့ပင်။ ဤအသံမှာ ဝမ်းနည်းဖွယ်ကောင်းလှသည်။
ဤနေရာတွင်ရှိနေသည့် တောင်များအားလုံး တုန်ခါလာကာ တောင်ထိပ်တွင် အပင်တစ်မျိုးထွက်လာသည်။
“ဝူး..” တောင်တစ်လုံးတွင် တစ်ပင်နှုန်းပေါက်လာခြင်းပင်။ နောက်ဆုံးတွင် ဤအပင်များသည် သစ်ပင်ကြီးများဖြစ်လာကာ ပန်းပွင့်များလည်း ဖူးပွင့်လာသည်။ ပန်းပွင့်တစ်ပွင့်စီတိုင်း၌ သက်ရှိတစ်ယောက်ရှိနေပြီး ထိုပန်းပွင့်ထဲမှ ရုန်းထွက်နေသကဲ့သို့ အော်ဟစ်နေလေသည်။
ဘာဖြစ်နေတာလဲ..
တောင်အပြင်ဘက်တွင်ရှိနေသည့်သူအားလုံး ထိတ်လန့်သွားကာ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကြသည်။ သူတို့ခန္ဓာကိုယ်မှာ အေးစက်မှုကြောင့် တုန်ယင်လာကြသည်။ ဤကဲ့သို့သော အော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။ ဤညည်းတွားသံများမှာ ဆံပင်မွေးများပင် ထောင်ထသွားကြသည်။
တုဂုယွမ် သွေးအနည်းငယ်သာ ပျံ့နှံ့သွားခြင်းဖြစ်သော်လည်း တောင်ထိပ်တိုင်းကို တောက်ပသွားစေကာ ဤကဲ့သို့သော ကြောက်စရာကောင်းသည့် သက်ရှိများ ပေါ်လာစေသည်။ ဘာလို့ ဒီလိုမျိုးဖြစ်လာတာလဲ..
ရေတံခွန်တစ်ခုအလား ကောင်းကင်ထက်မှ ဝိညာဉ်စွမ်းအင်များ စီးကျလာသည်ကို အားလုံးခံစားလိုက်ရသည်။ ထိုစွမ်းအင်များသည် ဤတောင်များထံသို့ ဦးတည်သွားကာ ထိုအပင်များထဲသို့ ဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် ပန်းပွင့်ထဲမှ သတ္တဝါများအားလုံး မတ်တပ်ရပ်လာကာ သူတို့၏ ခန္ဓာကိုယ်အစစ်လည်း ပေါ်လာသည်။ သူတို့အားလုံး မျက်လုံးပွင့်လာကာ ကောင်းကင်ထက်သို့ ကြည့်လိုက်ကြလေသည်။
“ငါတစ်ခါမှ ဒီလိုမျိုးမမြင်ဖူးဘူး .. သူတို့တွေက တစ်ခြားလောကက သက်ရှိတွေ .. သူတို့တွေက တစ်ဖက် စစ်တပ်က ချိတ်ပိတ်ခံထားရတဲ့သူတွေလား .. မကောင်းတာ့ဘူး..”
အားလုံး၏ ကျောထက်တွင် ကြက်သီးထသွားရသည်။ သူတို့တကယ်ကို မကောင်းသည့်ခံစားချက်ကြီး ရနေသည်ပင်။
ရုတ်တရက်ပင် သူတို့အားလုံး လှုပ်ရှားလာကြသည်။ သူတို့အားလုံး ပန်းပွင့်ထဲမှ ခုန်ထွက်လာကြပြီး လက်ထဲတွင် စစ်လှံတံများ၊ ရဲဒင်းများအား ကိုင်ထားကြသည်။ သူတို့၏အော်သံများမှာ ကောင်းကင်ကိုပင် လှုပ်ခတ်သွားလေသည်။
အပိုင်း ၁၄၁၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၃ – သမိုင်းတစ်ပတ် ပြန်လည် အသက်ဝင်လာခြင်း
တောင်တစ်လုံး၌ သစ်ပင်တစ်ပင်ရှိနေသည်။
အပင်တစ်ပင်တိုင်းမှာ ကြီးမားလှပြီး တစ်ပင်စီတိုင်း၌ ပန်းပွင့်ကြီးတစ်ပွင့်ရှိနေသည်။ ထိုပန်းပွင့်ထဲတွင် သတ္တဝါတစ်ကောင်ရှိနေသည်။ ယခုအချိန်တွင် ဤသတ္တဝါများအားလုံး အော်ဟစ်ကာ ထွက်ပြေးလာကြလေသည်။
ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှပြီး ထူးဆန်းလှသည်။ ထိုသတ္တဝါများ၏ ခန္ဓာကိုယ်မှာ အားကောင်းသန်မာလှပြီး နတ်လူဝံကြီးများ ခုန်ထွက်လာကြသကဲ့သို့ပင်။ သူတို့ထွက်လာသည်နှင့် တောင်ကြီးတစ်ခုလုံး ပြည့်သွားလေသည်။
ဤသတ္တဝါများ၏ပုံစံများမှာ မတူညီကြပေ။ နတ်ပိုးကောင်များ၊ အတောင်ပံတစ်ရာငှက်များ၊ အရေခွံမရှိသည့် တစ္ဆေနဂါးများပါဝင်သည်။ အားလုံးမှာ ကြောက်စရာကောင်းကာ ရက်စက်သည့်သတ္တဝါများပင်။
ထိုသတ္တဝါထဲမှ တစ်ဝက်မှာ လူသားပုံစံဖြစ်ပြီး နတ်လက်နက်များ၊ ချွန်ထက်သည့်လက်နက်များ ကိုင်ထားကြသည်။ သူတို့ ကောင်းကင်ကိုဖြတ်သန်းသွားသည်မှာ ဥက္ကာခဲတစ်လုံး ရွေ့လျားနေသကဲ့သို့ပင်။
ဤနေရာမှာ ချက်ချင်းပင် ဖရိုဖရဲဖြစ်သွားတော့သည်။
မြေပြင်ကြီး ချက်ချင်းပေါက်ကွဲသွားသည်။ ဤကဲ့သို့သော စွမ်းအားမှာ အားလုံးကို ဆွံ့အသွားစေနိုင်သည်ပင်။ သူတို့ဒါကို ဘယ်လိုတိုက်ခိုက်ရမှာလဲ .. ဤလူများမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုကို တိုက်ခိုက်ရန် လုံလောက်သည်ပင်။
“သတ်..”
သူတို့ သေဖို့ရာ ထိုင်စောင့်မနေနိုင်။ သူတို့သေရမည်ဆိုလျှင်ပင် သူတို့အသံကိုကြားရအောင် လုပ်ရမည်ပင်။ သူတို့၏ စွမ်းအားအကောင်းဆုံး တိုက်ပွဲဝိညာဉ်ကိုပြသရမည်။
ဝုန်း..
အားလုံး မျှော်လင့်ချက်ကင်းမဲ့နေသည့်အချိန်တွင် လေဟာနယ်ထဲ၌ တောက်ပသည့်နတ်အလင်းတန်းများထွက်ပေါ်လာလေသည်။
ဤသည်မှာ အလွန်ပင် မှုန်ဝါးနေပြီဖြစ်သည့် ထာဝရလက်နက်ပင်။ ဤသည်မှာ ရဲဒင်းတစ်ခုနှင့်တူသော်လည်း စစ်လှံတံတစ်ခုနှင့်လည်း တူနေသည်။ ထိုလက်နက်မှ နတ်အလင်းများထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ သက်ရှိများအားလုံးကို ရိုက်ချလိုက်လေသည်။
အားလုံးမှာ သူတို့မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။
ဒီရိုက်ချက်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. ရိုက်ချက်တစ်ချက်တည်းနဲ့ လောကကြီးကို တုန်လှုပ်စေနိုင်လောက်အောင် စွမ်းအားကြီးတဲ့ ရှေးဟောင်းသက်ရှိတွေကို ရိုက်ချပစ်နိုင်တယ်..
“ဒါက အဖိုးတန် တာအို ကရားအိုးပဲ..” မင်းသမီးယောင်ယွဲ့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထို ထာဝရလက်နက်ဆိုသည်မှာ တာအိုကရားအိုး၏ကိုယ်ထည်မှ ထုတ်လွှတ်လိုက်ခြင်းပင်။
ထိုအချိန်တွင် တောင်များ ယိမ်းယိုင်လာကာ အပင်များအားလုံးလည် ထိုရိုက်ချက်ကို ခံစားလိုက်ရသည်။ ကြောက်စရာကောင်းသည့် ပန်းပွင့်များလည်း တစ်ပွင့်ပြီးတစ်ပွင့် ပျက်စီးသွားသည်ပင်။
ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ရိုက်ချက်တစ်ချက်တည်းဖြင့် အားလုံးပုံမှန်အတိုင်း ပြန်ဖြစ်သွားသောကြောင့် သူတို့မယုံကြည်နိုင်ဖြစ်နေကြသည်။
“ဝူး..” သတ္တဝါများစွာ အော်ဟစ်လိုက်ကြ၏။ အချို့အကောင်များမှာ မသေသွားသောကြောင့် မြေပြင်ပေါ်သို့ ကျသွားသည်နှင့် သူတို့ ပို၍ စိတ်တိုလာကြသည်။
တာအိုကရားအိုးကြီး နောက်တစ်ကြိမ် လှုပ်ရှားလာကာ အခြားတံဆိပ်တစ်မျိုး ထပ်ပြုလုပ်လာသည်။ ဤသည်မှာ ထာဝရဓားတစ်လက်ပင်။ ဓားသည် လျှပ်စီးအလား လေဟာနယ်ကို ဖြတ်သွားပြီးနောက် ထိုသူအားလုံးကို ခုတ်ချလိုက်လေ၏။
“ဒါ အစစ်အမှန်လား .. ငါ ဘာလို့ အိပ်မက်မက်နေတယ်လို့ ခံစားနေရတာလဲ..” လုထော် သူ့ကိုယ်သူ ပြောလိုက်သည်။ ဤကဲ့သို့ခံစားနေရသည်မှာ သူတစ်ယောက်တည်း မဟုတ်။ ရှီဟောင်နှင့် အခြားသူများလည်း ဤကဲ့သို့ ခံစားနေရသည်ပင်။
“သတ်..”
ဟစ်ကြွေးသံများ ကောင်းကင်ထက်သို့ ပျံ့လွင့်လာသည်။ မြေပြင်ထက်တွင် မသေဆုံးသေးသည့် သက်ရှိများစွာ ရှိနေဆဲပင်။ ထို ထာဝရလက်နက်ကို ခုခံရန်အတွက် ကောင်းကင်ထက်သို့ တက်သွားလိုက်ကြလေသည်။
သတ္တဝါများမှာ ပို၍များလာသလိုပင်။ ဘာလို့ သူတို့သတ်ခံရလေလေ ပိုများလာလေလေဖြစ်နေတာလဲ..
ဤသည်မှာ ပုံမှန်မဟုတ်ကြောင်း အားလုံး စဉ်းစားမိသွားသည်။ ရာသီဥတုပင် ပြောင်းလဲလာလေပြီ။ တိမ်မဲများနိမ့်ဆင်းလာကာ မိုးရွာသွန်းလာပြီး လေပြင်းများလည်း တိုက်ခတ်လာသည်။ မိုးကြိုးများလည်း ပစ်ချလာသည်။
သို့သော်လည်း ဤအရာအားလုံးမှာ တစ်ခဏတာပင်။
လေဟာနယ်မှာ သူ့အလိုလိုပေါက်ကွဲသွားပြီး အခြားနယ်မြေတစ်ခုသို့ ရောက်သွားသလိုပင်။
“ဒါက ထာဝရရှေးဟောင်းခေတ်က မြင်ကွင်းတွေ ပြန်ပေါ်လာတာ ဖြစ်လောက်မယ် .. ငါတို့ အခု မြင်နေရတာက လက်ရှိဖြစ်နေတာမဟုတ်ဘူး .. ကောင်းကင်မျက်လုံးတောင်မှ တားဆီးခံထားရတယ်..”
နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ တီးတိုးပြောလိုက်သည်။
“ဒါက ပုံရိပ်ယောင်လို့လည်း ပြောမရဘူး .. ဒါက ပြန်ပေါ်လာတဲ့ တံဆိပ်အစစ်တွေပဲ .. အားလုံးက တောင်တွေမှာ ထွင်းထားတဲ့ ဒီရှေးဟောင်းမြေမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပဲ..” ထာဝရကျောင်းမှ စွမ်းအားကြီးသည့် ကျင့်ကြံသူတစ်ယောက်မှ ပြောလိုက်သည်။
“အချိန်စွမ်းအား..” ထိုအချိန်တွင် သရဖူ ၁၀ ခုဘုရင် ပြောလိုက်ကာ သူ၏လက်ထဲတွင်ရှိနေသည့် လောကသစ်ပင်အပင်ပေါက်ကို လွှဲရမ်းလိုက်သည်။
အခြားသူများလည်း တစ်ခုခုကို အာရုံခံမိသွားကာ ချက်ချင်းနောက်ပြန်ဆုတ်သွားလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အချိန်အော်ရာ ထွက်ပေါ်လာပြီး အချိန်အပိုင်းအစများလည်း ထွက်ပေါ်လာကာ ဤနေရာကို ဖျက်ဆီးနေသည်ပင်။
“ဒါက .. ကြောက်စရာကောင်းလိုက်တာ .. သူက ငါတို့ကို သမိုင်းကြောင်းထဲ ခေါ်သွားမလို့လား..”
“ဒီလိုမျိုးကိုး..”
အားလုံး ဖြူဖျော့သွားကာ နောက်ဆုံးတွင်တော့ သဲလွန်စအချို့ကို တွေ့သွားလေပြီ။
ဤသည်မှာ သမိုင်းနောက်တစ်ကြိမ် ပြန်လှည့်လာသည်ဟု ပြော၍ရသည်။ ဤသည်မှာ လေဟာနယ်တွင် မှားယွင်းသွားကာ အချိန်ပြန်လည်ဝင်စားခြင်းအပိုင်းအစတစ်ခုကို ဖွင့်မိသွားကာ သူတို့အားဝန်းရံပြီး ဆွဲထည့်လိုက်ခြင်းဟုလည်း ပြော၍ရသည်။
သူတို့ဝင်သွားလိုက်သည်နှင့် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် ခက်ခဲလိမ့်မည်။
“ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကြီးလဲ .. အချိန် ပြန်လည်ဝင်စားခြင်းထောင်ချောက်တစ်ခု လုပ်ပြီးတော့ ငါတို့ကို ဝိုင်းထားတာ .. ငါတို့သာ အဲဒီထောင်ချောက်ထဲကျသွားရင် ငါတို့ဘာများ လုပ်နိုင်တော့မှာလဲ..”
ဤသတ္တဝါများ၊ ဤအပင်များအားလုံးမှာ ရှေးဟောင်းတံဆိပ်များပင်။ ဤအရာများအားလုံးသာ သူတို့ကို ဝန်းရံလိုက်ပါက အတိတ်မှ တိုက်ပွဲကြီး ပြန်ဖြစ်လာလိမ့်မည်။
သူတို့၏လက်ရှိကျင့်ကြံဆင့်မှာ သူတို့၏ ပြိုင်ဘက်မဟုတ်ပေ။ သူတို့သာ ဝင်သွားလျှင် အသက်တစ်ချက်ရှိုက်စာပင် ခံမည် မဟုတ်။ ချက်ချင်းသေသွားလိမ့်မည်။
“အရင်တုန်းက တံဆိပ်တွေသုံးပြီးတော့ ငါတို့ကို သတ်ဖို့ကြိုးစားတယ် .. ဒီလိုနည်းလမ်းမျိုးက မယုံကြည်နိုင်လောက်အောင်ပဲ..”
ဤသည်မှာ အစစ်လည်းဟုတ်သလို အတုလည်းဟုတ်သည်။ ဤနေရာတည်ငြိမ်သွားသည့်အချိန်တွင် တောင်များမှ အနက်ရောင်မီးခိုးများ ထွက်ပေါ်လာပြီး အားလုံးအပျက်အစီးများပြန်ဖြစ်သွားကာ သူတို့၏ မူလပုံစံ ပြန်ပေါ်လာသည်။
ဤသည်မှာ ယခင်က တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သည်များပင်။
“မြန်မြန်နောက်ဆုတ်..”
တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုတောင်များ ပြိုကျလာကာ မြေပြင်ထက်၌ သစ်ပင်ကြီးတစ်ပင်ပေါ်လာသည်။ ဤသည်မှာ အဓိကအပင်ကြီးဟုပင် ပြော၍ရသည်။ အမြစ်များမှာ ထိုတောင်များအားလုံးကို ချိတ်ဆက်နေခြင်းပင်။
သိပ်မကြာခင်က သူတို့ သမိုင်း၏အမှတ်အသားများကို မြင်ခဲ့ရသည်။ တောင်တစ်လုံးစီတိုင်း၌ သစ်ပင်တစ်ပင်ရှိနေသည်။ ဤအပင်များအားလုံးမှာ အဓိကအမြစ်များမှ ဆင့်ပွားဖြစ်သွားသည့် အပင်များပင်။
ရှေးယခင်က မရေမတွက်နိုင်သည့် သတ္တဝါများဖန်တီးခဲ့သော်လည်း ယခုတော့ အမြစ်သာကျန်တော့သည်။
ဤသည်မှာ တစ်ဖက်လောကမှ ထူးခြားသည့်အရာပင်။
ရွှီး..
ထိုသစ်ပင်မြစ်သည် မြေအောက်မှ ထွက်လာကာ ထိုတာအိုကရားအိုးအား ရစ်ပတ်သွားသည်။
အဖိုးတန်ကရားအိုး တောက်ပလာကာ ထိုအမြစ်ကြီးကို လောင်ကျွမ်းစေလိုက်ပြီးနောက် အချို့နေရာများမှ ချက်ချင်းပဲ မဲတူးကာ ပြုတ်ကျသွားလေ၏။
အဖိုးတန်ကရားကြီးသည် လှုပ်ခါနေသည်ပင်။ အထဲဘက်ရှိ သတ္တဝါနှိုးထလာပြီး သူ၏နတ်စိတ်ဝိညာဉ်ကို ထုတ်လွှတ်ကာ အားလုံးထံသို့ အသံပို့လွှတ်လိုက်သည်။
“အဓိကအပင်က အသိုက်ကို စိမ်ဖို့အတွက် ငါ ထူးခြားတဲ့သွေးတွေလိုတယ် .. နောင်ကျရင် မင်းတို့အားလုံးကို မသေမျိုးဖြစ်အောင်လုပ်ပေးမယ်..”
သူတို့ကို သွေးဆောင်ဖျားယောင်းခြင်းဖြစ်သော်လည်း ဤကဲ့သိုသော နတ်ဆိုးအသံမျိုးဖြင့် ပြောနေသေးသည်။
အချို့လူများမှာ မျက်နှာပျက်ယွင်းသွားကြလေသည်။ ဤကဲ့သို့သော ညှို့ယူဖမ်းစားသည့်အသံကို ခုခံရန် ခက်ခဲလှသည်။ လူအချို့မှာ သူတို့လက်ကောက်ဝတ်များကို လှီးကာ သွေးပူဇော်ရန် ပြင်လိုက်ကြသည်။
ဤသည်မှာ ဆိုးရွားလွန်းလှသည်။
မိခင်အဓိကအမြစ်ကြီးသည် ဆက်လက်ရစ်တွယ်လာဆဲပင်။ အချို့နေရာများမှာ မည်းတူးကာ ပြာကျသွားပြီဖြစ်သော်လည်း အချို့နေရာများမှာ ကြီးထွားလာကာ တောင်များထဲမှ ထွက်လာလေသည်။ ထိုအဖိုးတန်သွေးများကို သောက်သုံးလိုသောကြောင့် အမြစ်များ က လက်တံဆန့်လာကြသည်။
သို့သော်လည်း သူ၏ကန့်သတ်ချက်သို့ ရောက်နေလေပြီ။ သူဆက်သွားသည်နှင့် ဖုန်းကနဲ ပေါက်ကွဲကာ ပြာဖြစ်သွားလိမ့်မည်။
“ငါ့ကို မင်းတို့အားလုံးရဲ့ အဖိုးအတန်ဆုံး သွေးတွေပေး..” ဤသည်မှာ တာအိုကရားထဲမှ ထွက်လာသည့်အသံပင်။
မိခင်အဓိကအမြစ်ကြီးမှာ သူ၏အသိုက်အတွက် သွေးများ ရှာဖွေနေခြင်းပင်။ ထိုအသံတွင် ငြင်းဆန်၍ မရနိုင်သည့် စွမ်းအားများပါဝင်နေသည်။ လူများစွာမှာ ထိုအသံကို မခုခံနိုင်တော့ပဲ ထိုတောင်ထံသို့ ဦးတည်သွားနေကြသည်။
“ဘာလို့ ဒီလောက်ထိ လွန်လွန်ကျူးကျူးတွေ လုပ်နေတာလဲ..”
ထိုအချိန်တွင် အသက်ကြီးသည့်အသံတစ်သံ ထွက်ပေါ်လာကာ အားလုံးကို လှုပ်နှိုးလိုက်သည်။ ထိုသူများအားလုံး ချက်ချင်း ရပ်တန့်သွားကြသည်ပင်။
တာအိုကရားက တောက်ပလာကာ အချို့ပုံစံများမှာ ရှင်းလင်းလာသည်။ မထင်မှတ်ထားသည်မှာ ဤသည်မှာ လူသားတစ်ယောက်ပုံစံဖြစ်နေပြီး ယခုအချိန်တွင် တစ်ဖြည်းဖြည်းချင်း ကြည်လင်လာလေပြီ။ ထို့နောက် ထိုလူသည် ကရားမျက်နှာပြင်ထက်မှ လမ်းလျှောက်ထွက်လာလေ၏။
ဤသည်မှာ မူလက ထွင်းထုထားသည့်ပုံစံတစ်ခုသာဖြစ်သော်လည်း ယခုတော့ လွတ်မြောက်လာနိုင်လေပြီ။ သူ၏လက်ထဲတွင်ရှိနေသည့် ဓားဖြင့် မိခင်အဓိကအမြစ်ကို ခုတ်ချပစ်လိုက်လေသည်။ အနီရောင်အလင်းများ ထွက်ပေါ်လာကာ အမြစ်များစွာမှာ အနက်ရောင်ပြာများ ဖြစ်သွားလေသည်။
“ခင်ဗျားသေသွားပြီ မဟုတ်ဘူးလား .. ခင်ဗျားမှာ ဘယ်လိုလုပ် အမြင်အာရုံတွေ ကျန်နေသေးတာလဲ..” အဖိုးတန်ကရားထဲမှ ချိတ်ပိတ်ခံထားရသည့် သတ္တဝါကြီးက ဒေါသတကြီးအော်ဟစ်လိုက်ကာ ဤသည်ကို လက်မခံနိုင်ဖြစ်နေသည်။ သူသည် လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ အလွန်အားနည်းနေပြီဖြစ်ပြီး အချိန်မရွေး ငြိမ်းသတ်သွားနိုင်သည်ပင်။
“အရင်တုန်းက ငါ့ရဲ့တပ်သားတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရတယ် .. မိခင်အမြစ်တစ်ခု ကျန်ခဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး .. အမြစ်တစ်ချို့ အသက်ရှင်ပြီးတော့ မင်းက ဒီအထိတောင် ပြန်ကောင်းလာပြီပေါ့ .. ငါလည်း စိတ်ဝိညာဉ်တစ်ခု ချန်ထားခဲ့တာကြောင့်သာ မဟုတ်ရင် မင်းက ကောင်းကင်ကြီးကို ဆန့်ကျင်ပြီးနေလောက်ပြီ..” ထိုလူသားပုံစံသက်ရှိမှ ပြောလိုက်သည်။
ဝုန်း..
သူ၏ပုံရိပ်မှာ လောင်ကျွမ်းမလို ဖြစ်နေလေပြီ။ သူ၏လက်ထဲရှိ ဓားကို လွှဲရမ်းလိုက်သည်နှင့် အဆုံးမရှိသည့် မီးတောက်များထွက်ပေါ်လာကာ ထိုမိခင်အမြစ်ကြီးကို လွှမ်းခြုံသွားသည်။
“မဟုတ်ဘူး..”
အထဲဘက်မှ သတ္တဝါကြီး ရုန်းကန်လာကာ တာအိုကရားကြီးလည်း ပြင်းထန်စွာ တုန်ခါလာသည်။ ဤသည်မှာ သူ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်ပင်။ ဤအမြစ်သာ သွေးမျိုးစုံ သောက်သုံးလိုက်ရသည်နှင့် ပြန်မွေးဖွားလာနိုင်ပြီး သူလည်း ဤနေရာမှ လွတ်မြောက်မည်ပင်။
ယခုတော့ သူ့မျှော်လင့်ချက်ကြီး ပျက်စီးသွားလေပြီ။
“အခု မင်း ပျောက်ကွယ်သွားဖို့ အချိန်ရောက်ပြီ .. မင်းတို့အားလုံးက ကောင်းကင်မျိုးစေ့ကို အာဟာရပြုဖို့အတွက်ပဲ ဖြစ်လာရမှာ .. မင်းတို့တွေက သူ့ကို အရွယ်ရောက်လာအောင် လုပ်ပေးရမယ်..”
ထိုလူသားပုံစံသက်ရှိမှ ပြောလိုက်သည်။
ထိုစကားကိုကြားသည်နှင့် ဤနေရာတွင်ရှိနေသည့်သူများ တုန်လှုပ်သွားရသည်။ ဧကရာဇ်ကလန်သည် မည်မျှပင် စွမ်းအားကြီးသနည်း .. သို့သော်လည်း သူတို့သည် မျိုးစေ့တစ်စေ့အတွက် မြေဩဇာဖြစ်သွားပြီလား.. ဒီလိုမျိုး မြေဩဇာတွေ လိုအပ်ရလောက်အောင် ဒီကောင်းကင်မျိုးစေ့က ဘာကြီးလဲ .. ဒါက လူသားတွေ ထိန်းချုပ်နိုင်တဲ့အရာလား..
အားလုံးစိတ်ထဲတွင် သံသယဝင်လာကြသည်။ ထူးဆန်းသည့်အရာတစ်ခုခု သေချာပေါက် ဖြစ်ပျက်နေသည်ဟု ခံစားလိုက်ရသည်။ ဤသည်မှာ သူတို့ယခင်က ခန့်မှန်းထားသည်နှင့် ကွာခြားသည်ပင်။
“ဘိုးဘေး..” အမွေးနီနှင့်သတ္တဝါအော်ဟစ်လိုက်သည်။
ဘေးဘက်တွင်ရှိနေသည့် တုဂုယွမ်၏ အမူအရာလည်း လေးနက်နေသည်ပင်။ သူ ဘာတွေးနေလဲ မသိနိုင်ပေ။
ထိုလူသားပုံစံ သက်ရှိမှာ တစ်ဖြည်းဖြည်းချင်း မှုန်ဝါးလာသည်။ သူသည် ဤနှစ်ယောက်အား အာရုံစိုက်မနေပေ။ သူသည် ‘အားနည်း’ သည့် သတ္တဝါများအား လျစ်လျူရှုထားလေ၏။
“မင်းက .. ဘယ်သူလဲ .. မင်းက ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကလူ မဟုတ်ဘူး.. မင်း ဘယ်သူလဲ..” ကရားအတွင်းမှ ဧကရာဇ်ကလန် ကျွမ်းကျင်သူ အားနည်းစွာ အော်မေးလိုက်သည်။
ယခင်တုန်းက သူ့ကို ချိတ်ပိတ်ခဲ့သည့်သူမှာလည်း ဤလူပင်။ သို့သော်လည်း သူ့ကို ချိတ်ပိတ်ရန်အတွက် ဤလူ အသက်ပေးခဲ့ရသည်ပင်။
“ဒီကောင်းကင်မျိုးစေ့ကို တစ်ယောက်ယောက် လာရိတ်သိမ်းလိမ့်မယ် .. ဒါက ခင်ဗျား စိတ်ပူရမယ့်ကိစ္စမဟုတ်ဘူး..” ထိုသက်ရှိက ထူးမခြားနားပင် ပြောလိုက်သည်။
“ခင်ဗျားက အဲဒီရှေးဟောင်းလမ်းကြောင်းကနေ ရောက်လာတဲ့သူလား..” တုဂုယွမ် တုန်ယင်နေသည့်အသံဖြင့် မေးလိုက်သည်။
“ဒါက မင်းတို့အားလုံးနဲ့ ဘာမှမဆိုင်ဘူး .. ဒီခေတ်ကြီးက အဆုံးသတ်ကိုရောက်တော့မှာ .. ဖျက်ဆီးခံရတော့မှာ .. မင်းတို့အားလုံး သွားတိုက်သင့်နေပြီ .. ဒီမှာရှိနေတဲ့ အခွင့်အရေးက မင်းတို့အားလုံးအတွက် မလုံလောက်ဘူး..” ထိုသက်ရှိမှ အေးစက်စွာပင် ပြောလိုက်သည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် ရှီဟောင်၊ ဝမ်ရှီး၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် ကျန်သည့်သူများအားလုံး၏ အမူအရာများ ပျက်ယွင်းသွားရသည်။
“ကျွန်တော့်ရဲ့ ဘိုးဘေးတွေက တကယ်ပဲ ဘယ်အခန်းကဏ္ဍကနေ ပါခဲ့တာလဲ..” တုဂုယွမ် အော်ဟစ်လိုက်၏။ သူ၏စိတ်ထဲ၌ ခံစားချက်များ ရှုပ်ထွေးနေသည်ပင်။
ယခင်ခေတ်က ရွှေရောင်သွေးရှိသည့်သူများသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခု၏ ကာကွယ်သူများဖြစ်ခဲ့သည်။ သူတို့သည် စစ်ပွဲထဲတွင် သွေးများဖြင့် ပေးဆပ်ခဲ့ကြသည်။
ယခု တုဂုယွမ် သိလိုက်ရသည်မှာ သူ၏သွေးမှာ အနက်ရောင်သို့ ပြောင်းလဲနိုင်သည်။ ဤသည်ကိုလည်း သူ့မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းပင်။
သူ မူလရှေးဟောင်းမိုင်းတွင်းသို့သွားကာ အနက်ရောင်သွေးများ လွင့်စင်ထွက်လာအောင် လုပ်ခဲ့သေးသည်။ ထိုနေရာတွင် သူသိခဲ့သမျှအရာအားလုံးကို ပြောင်းပြန်လှန်ပစ်သည့် အချိုု့အရာများကိုလည်း တွေ့ခဲ့ရသည်။
သို့သော်လည်း မူလရှေးဟောင်းမိုင်းတွင်း အတွင်းပိုင်းထဲသို့ ဆက်ဝင်ရန် ယုံကြည်ချက်မရှိသောကြောင့် သူ့ထံတွင် ခန့်မှန်းချက်များသာ ရှိသည်။
ယခု ဤလူလာခဲ့သည့်နေရာမှာ သူ့ဘိုးဘေးနှင့်တူလိမ့်မည်ကို သူတွေ့ခဲ့ရသည်။ ထို့ကြောင့်ပင် သူအဖြေလိုချင်နေသည့် မေးခွန်းများကို အော်ဟစ်မေးမြန်းနေခြင်းပင်။
“သေမျိုးလောကထဲကို ရောက်လာပြီးတဲ့နောက်မှာ မင်း သိပ်အများကြီး မစဉ်းစားသင့်တော့ဘူး .. ရှောင်လွဲလို့မရတဲ့ အတိဒုက္ခကြီးရောက်လာမှာကိုသာ စောင့်နေသင့်တယ်..”
ထိုသက်ရှိ၏ ခန္ဓာကိုယ်မှာ တစ်ဖြည်းဖြည်းမှုန်မှိုင်းလာသည်။ သူသည် အဖိုးတန်ကရားအိုးထဲသို့ ပြန်သွားရန် တစ်ဖက်လှည့်သွားလေသည်။
အပိုင်း ၁၄၁၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၄ – တာအို အလုံးစုံ သစ်ပင်
“ကျွန်တော် အကြီးအကဲရဲ့ လမ်းညွှန်မှုကို တောင်းခံချင်ပါတယ်..” တုဂုယွမ် ပိုသိချင်သေးသော်လည်း ထိုသတ္တဝါသည် တာအိုကရားအိုးထံသို့ လှည့်ပြန်ရန် ခြေတစ်လှမ်းလှမ်းလိုက်လေပြီ။
ကောင်းကင်မျိုးစေ့ကို ဘယ်သူ့အတွက် ပြင်ဆင်နေတာလဲ .. တစ်စုံတစ်ယောက်အတွက်နဲ့ ဒီလိုမျိုး ပျိုးထောင်နေတာလား.. ဤသည်မှာ အနည်းငယ်တော့ ကြောက်ဖို့ကောင်းသည်ပင်။
ဤဂျီးနီးယပ်စ်အုပ်စုမှာ ဤမျိုးစေ့အား လိုချင်နေကြသည်။
“ဒီကောင်းကင်မျိုးစေ့ကို ကျွန်တော်တို့က ဘာလို့ ယူလို့မရရမှာလဲ..” လုထော် မေးလိုက်သည်။
အခြားလူများလည်း ဤအတွေး ရှိနေသည်။ ယောင်ယွဲ့၊ ဝမ်ရှီးနှင့် ထာဝရကျောင်းမှ ကျောင်းသားများမှာ မျက်လုံးများတောက်ပနေပြီး လောကသစ်ပင် အပင်ပေါက်ရှိသည့် သရဖူ ၁၀ ခုဘုရင်ပင်လျှင် တည်ငြိမ်နိုင်ရန် ခက်ခဲနေသည်။
ရှီဟောင် ကောင်းကင်မျက်လုံးကိုဖွင့်ကာ ထိုတာအိုကရားကို ကြည့်လိုက်သည်။
အေးစက်သည့်နှာခေါင်းရှုံ့သံထွက်ပေါ်လာပြီး ထိုလူသည် နောက်လှည့်လာကာ သူတို့အား နောက်ဆုံးတစ်ခေါက် အေးစက်စွာ ကြည့်လိုက်သည်။
“မင်းတို့ရဲ့ အတွေးတွေကို ပြန်သိမ်းလိုက်တော့ .. ဒါက မင်းတို့လုပ်နိုင်စွမ်းနဲ့ ရနိုင်တဲ့ မျိုးစေ့မဟုတ်ဘူး .. မင်းတို့အားလုံး ကိုယ့်စည်းကိုယ်သိပြီးတော့ ဒီသေမျိုးလောကမှာ ကောင်းကောင်းရှင်သန်ကြ..”
သူသည် အားလုံးကို ထူးမခြားနားစွာပင် ဝေ့ကြည့်လိုက်သည်။ ဤသည်မှာ ဂျီးနီးယပ်စ်များကို မကျေမနပ်ဖြစ်သွားစေသည်။
နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ရှီဟောင်နှင့် အခြားသူများမှာ မည်သူက လူငယ်များကြားမှ ဘုရင်ဖြစ်မနေသနည်း.. သူတို့၏ ပါရမီများမှာ လောကကြီးကို ကိုင်လှုပ်နိုင်သည်။ သို့သော်လည်း ဤလူသည် သူတို့အား နည်းနည်းလေးမှပင် ဂရုမစိုက်ပေ။
သူ၏ရည်ရွယ်ချက်မှာ ရှင်းသည်။ ဤလူများသည် ကောင်းကင်မျိုးစေ့ကို ရလောက်အောင် မထိုက်တန်။
သူတို့ အရည်အချင်းက မပြည့်စုံသေးလို့လား .. ဒါမှမဟုတ် သူတို့ အဆင့်အတန်းမမြင့်လို့လား .. အားလုံး မသက်မသာ ခံစားနေကြရသည်။
“မင်းတို့အားလုံး .. နောက်ဆုတ်လိုက်ကြ..” ထိုလူ အေးစက်စွာ ပြောလိုက်သည်။ ထိုသို့ပြောပြီးသည်နှင့် သူသည် တာအိုကရားထဲသို့ ပြန်ဝင်သွားကာ မထင်ရှားသည့်ရုပ်ပုံလေး ဖြစ်သွားလေသည်။
ထို့အပြင် သူ ဘယ်တော့မှ ထွက်မလာနိုင်လောက်တော့။ ထိုတံဆိပ်မှာ အလွန်ပျက်စီးနေပြီဖြစ်သည်။
တာအိုကရားအိုးပေါ်တွင်ရှိနေသည့် ထိုမိခင်အမြစ်ကြီးလည်း ပြာမှုန့်အဖြစ် လောင်ကျွမ်းသွားပြီဖြစ်ပြီး နည်းနည်းလေးမှပင် မကျန်တော့။
“ဒါကို တကယ် လက်မခံနိုင်ဘူး .. ငါတို့က ဘာလို့ အရှုံးပေးရမှာလဲ .. ငါတို့ ဒီထိတောင် ရောက်လာပြီးပြီ .. အဲဒါကို အခုမှ ဒါက တစ်ယောက်ယောက်အတွက် ပြင်ဆင်ထားတာလို့ ငါတို့ကို လာပြောနေတယ် .. သူက ငါတို့ကို ဒီလိုမျိုးတောင် ဆက်ဆံသွားသေးတယ်..” ထာဝရကျောင်းမှ ကျွမ်းကျင်သူတစ်ယောက် ဒေါသတကြီး ပြောလိုက်သည်။
“မင်း ဒါကို ယူဖို့ နည်းလမ်းရှိလား..” အခြားတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
အချို့လူများ တိတ်ဆိတ်သွားသည်။ ဤတာအိုကရားအိုးမှာ ကြောက်စရာကောင်းလှသည်။ အထဲဘက်တွင် တစ်ဖက်လောကမှ ဧကရာဇ်ကလန်ကျွမ်းကျင်သူကို ပိတ်ထားသောကြောင့် သူတို့ အတင်းလုပ်၍မရ။ မဟုတ်ပါက ကပ်ဆိုးကြီးဖြစ်သွားလိမ့်မည်။
“ထားလိုက်တော့ .. ဒီမျိုးစေ့က တစ်ယောက်ယောက်အတွက် နှစ်ပေါင်းများစွာ ပျိုးထောင်လာတာ .. ဒီလူရဲ့အစီအစဉ်က တကယ်ကို ခမ်းနားတယ် .. ဒီလိုမျိုးမိသားစုနဲ့ စွမ်းအားမျိုးရှိနေရင် သေချာပေါက် ငါတို့ရန်စလို့ရတဲ့သူဖြစ်မှာ မဟုတ်ဘူး..” အခြားတစ်ယောက်မှ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။
“ဘယ်မိသားစုက သခင်လေးလဲ မသိဘူး .. ဒါက ဖန်လုံအိမ်ထဲမှာကြီးပြင်းလာတဲ့ သခင်လေးလို့တော့ မပြောနဲ့နော် .. တစ်နေ့နေ့ကျရင်တော့ သူနဲ့ တွေ့ရဖို့ မျှော်လင့်တယ်..” တစ်စုံတစ်ယောက်မှ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
လူများစွာ ခေါင်းခါရမ်းလိုက်ကြ၏။ ဤကဲ့သို့သော အင်အားမှာ သူတို့ ရန်စ၍ရသည့် အရာမဟုတ်။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ သေမျိုးလောက၏ အစွန်းအထင်းမခံရသေးသည့်နေရာဖြစ်ကြောင်း ထိုလူသားပုံစံ သတ္တဝါမှ ပြောပြီးသွားလေပြီ။ ကာကွယ်သူမျိုးဆက် လာသည့် နေရာနှင့် တစ်နေရာတည်းပင် ဖြစ်နိုင်သည်။
တုဂုယွမ်သည် ဘာစကားမှ မပြောပဲ တာအိုကရားအိုးကိုသာ စိုက်ကြည့်နေသည်။
“အမွေးနီကောင် .. ခင်ဗျား ဒီကိုလာခဲ့..” ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကို ထိုအမွေးနီနှင့်သတ္တဝါထံသို့ ပစ်မှတ်ထားကာ အော်ဟစ်လိုက်သည်။
အမွေးနီနှင့်သတ္တဝါမှာ တစ်ဖက်လောက ဧကရာဇ်ကလန်၏ ထူးချွန်သည့်ပါရမီရှင်ပင်။ ဤကဲ့သို့ အော်ခံလိုက်ရသည့်အချိန်တွင် သူ၏မျက်ခုံးများပင် ဖြောင့်တန်းသွားသည်အထိ ဒေါသထွက်သွားလေသည်။ သူသာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသောကြောင့်သာ မဟုတ်ပါက သူ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးသွားလောက်လေပြီ။
“ငါ မင်းရဲ့ဝိညာဉ်ကို စားပစ်မှာ..” သူ အံကြိတ်၍ ပြောလိုက်သည်။
“သွားသေလိုက်တော့..” ရှီဟောင် အဝေးမှနေ၍ လျှပ်စီးဧကရာဇ်ပညာများဖြင့် တိုက်ခိုက်လိုက်သည်။ သူကိုယ်တိုင် မလှုပ်ရှားသော်လည်း လျှပ်စီးပင်လယ်ကို သယ်ဆောင်ထားသည့် အနက်ရောင်တိမ်တိုက်တစ်ခုကို ပို့လွှတ်လိုက်ကာ ပြင်းထန်စွာပင် တိုက်ခိုက်လိုက်သည်။
ခွပ်..
လျှပ်စစ်အလင်းတန်းများ လေဟာနယ်ကို ထိုးခွဲသွားကာ အောက်ဘက်သို့ ပစ်ချလိုက်သည်။
“ချီးပဲ .. ငါ ဒီတစ်ခေါက် မသေရင် မင်းကို အနှေးနဲ့အမြန် လာရှာမယ်..” ထိုအမွေးနီနှင့်သတ္တဝါသည် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီးနောက် တစ်ဖက်လှည့်ကာ အဖိုးတန်ကရားအိုးထဲသို့ ခုန်ဆင်းသွားလေသည်။
အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် တစ်ခြား လမ်း မရှိတော့။ ဤနေရာတွင် လူငယ်ဂျီးနီးယပ်စ်များစွာရှိနေသည်။ သူယခင်က ဤလူများကို ရက်စက်စွာ တိုက်ခိုက်ခဲ့သောကြောင့် ဤလူများ သူ့အား အလွတ်ပေးမည်မဟုတ်။
ရွှီး..
တာအိုကရားအိုးမှ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ့အား ရစ်ပတ်သွားလေသည်။ ထို့နောက် ဤအမွေးနီနှင့်သတ္တဝါ ချက်ချင်းပျောက်ကွယ်သွားသည်။
“ကိုယ့်ကိုကိုယ် သတ်သေချင်နေတာလား .. ခင်ဗျား ချက်ချင်း ပြာမှုန့်ဖြစ်သွားပြီး မီးခိုးငွေ့အဖြစ်နဲ့ ပျောက်သွားလိမ့်မယ်..” တစ်စုံတစ်ယောက်မှ ခနဲ့လိုက်သည်။
တာအိုအဖိုးတန်ကရားအိုးထဲမှ ပြန်ထွက်လာနိုင်ရန်မှာ မလွယ်ကူပေ။ ယခုတော့ သူကိုယ်တိုင် ထောင်ချောက်ထဲ ဝင်သွားလေပြီ။ ဤသည်မှာ သေလမ်းရှာခြင်းနှင့် အတူတူပင်။
ဤနေရာမှာ နောက်တစ်ကြိမ် ငြိမ်းချမ်းသွားသည်။ မြေပြင်ထက်တွင် အပင်များ၏ ပြာမှုန့်များပျံ့ကြဲနေသည်။ တာအိုကရားအိုးမှာ ကျောက်တောင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
တုဂုယွမ်သည် ထိုနေရာတွင်ပင် အချိန်အတော်ကြာသည်အထိ မလှုပ်မယှက် ရပ်နေလေ၏။
အခြားသူများလည်း တိတ်ဆိတ်နေကြသည်။ ဤနေရာအထိ ရောက်လာပြီးမှ ဘာမှမရလိုက်သည်ကို လက်မခံနိုင်ဖြစ်နေကြသည်။
“တုဂုယွမ်က တစ်ဖက်လောကက သက်ရှိနဲ့ ပူးပေါင်းခဲ့တယ်..” အချိန်အတော်ကြာမှသာ လူတစ်ယောက်က ဤကဲ့သို့ ပြောလိုက်သည်။
“ထားလိုက်တော့ .. သူက ကာကွယ်သူ မျိုးဆက်လေ .. အဲဒီတော့ သူ့ကို တကယ်သတ်လိုက်ရင် ပြဿနာကြီးဖြစ်သွားလိမ့်မယ် .. သူ ဘာလုပ်ခဲ့တယ်ဆိုတာ အကြီးအကဲတွေကိုသာ ပြောပြလိုက် .. အကြီးအကဲတွေ သူနဲ့ ရှင်းလိမ့်မယ်..” တစ်စုံတစ်ယောက်မှ ထိုလူအား တားဆီးလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် သူတို့အုပ်စု ဤနေရာမှ ထွက်ခွာသွားလိုက်ကြသည်။
ထို့နောက် အပြင်ဘက်တွင် သူတို့နောက်တစ်ကြိမ် ရှာဖွေလိုက်ကြကာ နတ်ဆေးပင်များ၊ ဝိညာဉ်ဆေးပင်များကို ခူးယူလိုက်ကြသည်။ သူတို့ ပစ္စည်းကောင်းတစ်ချို့ရခဲ့သော်လည်း သိပ်မကောင်းပေ။ အဘယ်ကြောင့်ဆိုသော် ကျန်နေသည့် နတ်ဆေးပင်အချိုု့မှာ အစောကြီးတကည်းက ထွက်ပြေးသွားလေပြီ။
သူတို့အပြင်ပြန်ရောက်ပြီး အကြီးအကဲများနှင့် တွေ့သည်နှင့် ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။ ထိုမကောင်းဆိုးဝါးအိုကြီး၏ အမူအရာမှာ အလွန်ပျက်ယွင်းသွားသည်။
“ဒီနေရာမှာ ဖြစ်နေတဲ့ ဒီလိုမျိုးထူးဆန်းမှုတွေက ကောင်းကင်မျိုးစေ့တစ်စေ့ကို ပျိုးထောင်ဖို့အတွက်လား ..” အကြီးအကဲ တစ်ယောက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
အကြီးအကဲများလည်း ထိတ်လန့်နေကြသည်။ ဤမျှ နှစ်ပေါင်းများစွာ ပျိုးထောင်ခံထားရသောကြောင့် ထိုကောင်းကင်မျိုးစေ့မှာ မည်မျှပင် စွမ်းအားကြီးနေပြီဖြစ်သနည်း..
သူတို့ ယုံကြည်ချက်များလည်း ပျောက်ဆုံးလာရသည်။
“ကိစ္စမရှိဘူး .. စွမ်းအားအကြီးဆုံး ကောင်းကင်မျိုးစေ့က ပြိုင်ဘက်ကင်းတဲ့သက်ရှိတစ်ယောက်ကို မဖန်တီးနိုင်ဘူး .. မင်းတို့ထဲက တစ်ချို့ အားလုံးထက် သာလွန်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့လူဖြစ်လာလိမ့်မယ်လို့ ငါယုံကြည်တယ် .. အဲဒီနေ့ကျရင် မင်းတို့အားလုံး မပြည့်စုံတဲ့မျိုးစေ့ကို သုံးပြီးတော့ အဲဒီကောင်းကင်မျိုးစေ့ သုံးထားတဲ့သူကို တိုက်ခိုက်အနိုင်ယူရမယ် .. အဲဒီလိုမျိုး အနိုင်ယူနိုင်တဲ့လူကိုမှ အဆင့်လွန်သက်ရှိလို့ ခေါ်နိုင်တာ..” အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။
ဤသည်မှာ ဂျီးနီးယပ်စ်များကို နှစ်သိမ့်သည့်စကားဖြစ်သလို သူတို့အား အားပေးနေသည့်စကားလည်းဖြစ်သည်။ သို့သော်လည်း ဤစကားမှာ တကယ်အလုပ်ဖြစ်သွားသည်။ လူအချို့၏ သွေးများတောက်လောင်လာပြီး ယုံကြည်ချက်များ ပြန်ရှိလာသည်။
“မင်းတို့အားလုံး ပြည့်စုံတဲ့ ကောင်းကင်မျိုးစေ့ ရှာနိုင်ဖို့အခွင့်အရေးလည်းရှိသေးတယ် .. အခုလက်ရှိမှာ လောကသစ်ပင်အပင်ပေါက်ကို ရထားတဲ့သူတစ်ယောက်ရှိတယ် .. နောင်ကျရင် တစ်ခြားလူတွေလည်း ပစ္စည်းကောင်းတွေ ရမှာပဲ..”
လောကသစ်ပင် အပင်ပေါက်ရှိနေသည့်သူမှာ သရဖူ ၁၀ ခုဘုရင်ပင်။
“သွားမယ်..”
ထို့နောက် သူတို့ ဤရှေးဟောင်းမြေမှ ပြန်ထွက်လာကြသည်။
ကောင်းကင်နတ်ဘုရားကျောင်းနှင့် ထာဝရကျောင်းမှ လူခွဲလိုက်ကြကာ ဒြပ်စင်ငါးခုတိုက်တွင် မျိုးစေ့များကို အသည်းအသန်လိုက်ရှာနေကြသည်။
ရှီဟောင်လည်း ချင်းယီနှင့်အတူ ဆက်တိုက်ရှာဖွေနေခဲ့သည်။ သူတို့သည် ထူးဆန်းသည့်နယ်မြေများ တစ်ခုပြီးတစ်ခုသို့ သွားရောက်ခဲ့ကြပြီး မျိုးစေ့များစွာကို တွေ့ခဲ့ကြသည်။ သူတို့သည် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီး ဒြပ်စင်ငါးမျိုးစလုံးကို တွေ့ခဲ့ရသည်။
မတူညီသည့် ဒြပ်စင်ငါးမျိုးမျိုးစေ့ကို ရရှိခြင်းမှာ ဒြပ်စင်ငါးမျိုးထာဝရမျိုးစေ့ကို ရရှိလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ခြင်းပေ။ သို့သော်လည်း ဤသည်မှာ သူတို့မည်မျှပင် အံ့အားသင့်စရာကောင်းကြောင်း သက်သေပြနိုင်ဆဲပင်။
ရက်ပေါင်းများစွာကြာပြီးသည့်နောက်တွင် လူများစွာ စိတ်လှုပ်ရှားလာကြသည်။ ဤဒြပ်စင် ငါးခု ဂြိုလ်တွင် ဒြပ်စင်ငါးမျိုးစွမ်းအင် ပြင်းထန်လွန်းလှသောကြောင့် ရှားပါးသည့် အဖိုးတန်မျိုးစေ့များ ရရှိခဲ့သည့်အပြင် အချို့သူများမှာ ဒြပ်စင်ငါးမျိုးပစ္စည်းများနှင့် အခြားအရာများပင် ရရှိခဲ့သည်။
သို့သော်လည်း လုထော်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် အခြားသူများအတွက်မူ ဤသည်မှာ ထိုမျှမဆွဲဆောင်နိုင်ပေ။ သူတို့သည် ပြီးပြည့်စုံသည့် မျိုးစေ့အား လိုချင်နေခြင်းပင်။
ဝုန်း..
ထိုနေ့တွင် မြေပြင်ကြီး လှုပ်ခတ်လာကာ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားသည်။
“လောကတစ်ဝက်သစ်ပင် ထွက်သွားတော့မယ်..” အကြီးအကဲတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အားလုံးကို အသိပေးလိုက်သည်။
ရွှေရောင်သစ်ပင်ကြီး လှုပ်ရှားလာပြီး နေအလင်းတန်းများလည်း ကောင်းကင်ထက်သို့ တက်လာသည်။ သစ်ရွက်တစ်ရွက်စီတိုင်းတွင် နေ၊ လနှင့် ကြယ်များ ရှိနေသည်။
သူ၏ဘေးပတ်လည်တွင် ဖရိုဖရဲစွမ်းအင်များ ပို၍အားကောင်းလာသည်။ ဒြပ်စင်ငါးမျိုးစွမ်းအင်မှာ သူ့ကို ပို၍ အဆင့်တက်သွားစေပြီး သူသည် လောကသစ်ပင်အစစ်ဖြစ်ရန် နီးကပ်နေလေပြီ။
“သွားကြစို့ .. ငါတို့ သူ့နောက် လိုက်ကြမယ် .. သူသွားချင်နေတဲ့ နေရာတွေအားလုံးက ထူးခြားတဲ့ မြင့်မြတ်နယ်မြေတွေပဲ..” ဒုတိယအကြီးအကဲ ပြောလိုက်၏။
ထာဝရကျောင်းမှ သင်္ဘောကြီးလည်း ထွက်သွားလေပြီ။ သူတို့လည်း သူနှင့် အကြံတူပင်။
ရွှေရောင်သစ်ပင်ကြီးသည် သူ၏အမြစ်ကို ဖယ်ရှားလိုက်ပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ကာ ခပ်ဝေးဝေးသို့ တရှိန်ထိုး ပြေးသွားလေ၏။
ထင်ထားသည့်အတိုင်းပင် နောက်ထပ်ရပ်တန့်သည့်နေရာမှာ အံ့အားသင့်စရာကောင်းသည့်နေရာတစ်ခုပင်။ ဤနေရာမှာ ငြိမ်းချမ်းလှပြီး အရာအားလုံးကို တာအိုသင်္ကေတတဖြင့် ဖန်တီးထားခြင်းပင်။
ဤနေရာသို့ ရောက်လာသည်နှင့် သူတို့တုန်လှုပ်သွားရသည်။ ဤသည်မှာ သန့်စင်သည့်မြေတစ်ခု မဟုတ်ပဲ လောကကြီး၏ သဘာဝဥပဒေသဖြင့် ဖန်တီးထားခြင်းပင်။
“သဘာဝ တာအိုမျိုးစေ့..”
တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အပင်ပေါ်၌ အသီးများစွာရှိနေသည့် အပင်တစ်ပင်ကို သူတို့တွေ့လိုက်ရသည်။ ထိုအသီးအားလုံးမှာ သဘာဝတာအိုဖြင့် ဖန်တီးထားခြင်းပင်။
“နှမြောစရာပဲ .. ဒါက အလုံးစုံတာအိုသစ်ပင်မဟုတ်ဘူး .. အလုံးစုံတာအိုသစ်ပင်သာဆိုရင် ဒါက ဖြစ်တည်စ အာကာသမျိုးစေ့နဲ့ ယှဉ်လို့ရတယ် .. လောကသစ်ပင်အပင်ပေါက်ထက်လည်း နိမ့်ကျမှာ မဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
အလုံးစုံတာအိုသစ်ပင်ဟုခေါ်သည့် အသီးသစ်ပင်တစ်ပင်ရှိသည်။ ထိုအပင် အသီးသီးလျှင် အသီးပေါင်း တစ်သောင်းကျော်သည်။ ထိုအသီးများမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ သဘာဝဥပဒေသများ ဝင်စားခြင်းပင်။
ဤကဲ့သို့သော သစ်ပင်မျိုးကို ရလိုက်သည်နှင့် ပြောစရာမလိုအောင်ပင် ကောင်းကင်ကြီးအား ဆန့်ကျင်နိုင်မည်ပင်။
ကံမကောင်းစွာဖြင့်ပင် အလုံးစုံတာအိုသစ်ပင်မှာ ဒဏ္ဍာရီထဲတွင်သာရှိနေပြီး မည်သူမှ မမြင်ဖူးပေ။
သူတို့မျက်စိရှေ့တွင်ရှိနေသည့် အသီးများစွာနှင့် အပင်ကို တွေ့နေရသည်မှာပင် အလွန်အံ့အားသင့်စရာကောင်းနေလေပြီ။ အားလုံး ထိုအပင်ထံသို့ ပြေးသွားကာ အသီးများကို ခူးယူလိုက်ကြသည်။
သူတို့ ဤနေရာ၌ ရက်ပေါင်း ၂၀ ကျော် ရပ်တန့်လိုက်ကြကာ နေရာအနှံ့ ရှာဖွေလိုက်ကြသည်။ အဆုံးမရှိသည့် တာအိုစွမ်းအင်များကို အာရုံခံမိသောကြောင့် ဤနေရာတွင် အလုံးစုံတာအိုသစ်ပင် တကယ်ရှိနေလိမ့်မည်ဟု အချို့အကြီးအကဲများ သံသယဝင်နေကြသည်ပင်။
“တွေ့ပြီ .. အနောက်ဘက်မှာ ပေါလောပေါ်နေတဲ့ ကျွန်းတစ်ခုရှိတယ် .. အဲဒီနေရာက လေဟာနယ် အက်ကွဲကြောင်းကနေ စွမ်းအင်တွေ တွေ့နေရပြီးတော့ အသီးတွေလည်း အများကြီးရှိတယ်..”
ထိုနေ့တွင် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ဤသည်ကို လူများစွာ တွေ့လိုက်ရပြီဖြစ်သောကြောင့် လျှို့ဝှက်ချက်အဖြစ် ထားနိုင်မည်မဟုတ်တော့။ သတင်းများမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားသည်။
အားလုံး အနောက်ဘက်သို့ ဦးတည်သွားကြလေ၏။
သဘာဝဥပဒေသများစွာပေါ်တွင် တင်နေသည့် ကျွန်းတစ်ကျွန်းရှိနေသည်။ လျှပ်စီးများ စီးဆင်းနေကာ ယင်စွမ်းအင်များလည်း လေထဲ၌ ပျံ့နှံ့နေသည်။ ယန်စွမ်းအင်မီးတောက်များလည်း ထွက်ပေါ်နေသည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ထိုနေရာတွင် မည်သည့်တာအိုမှ သက်ရောက်ခြင်းမရှိပဲ ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှ သဘာဝဥပဒေသများ၏ ငြင်းပယ်ခြင်းကို ခံနေရသည်။
ထိုကျွန်း၏အလယ်တွင် အလွန်ပုံမှန်မဟုတ်သည်ကို တွေ့နေရသည်။ ထိုနေရာတွင် အပင်တစ်ပင်ရှိနေသကဲ့သို့ လေဟာနယ်အက်ကွဲကြောင်းထဲမှ တွေ့နေရသည်။
အသီးများပြည့်နေသည့် သစ်ပင်တစ်ပင်။ သူ၏ပုံစံမှာ ပြောင်းလဲလာနေလေပြီ။
“ဒါက အစတုန်းက လက်ဖက်ပင်တစ်ပင်ဖြစ်မယ်ထင်တယ် … ဒါပေမဲ့ တာအိုသစ်သီးတွေ ပြည့်နေပြီ .. ဒါက အလုံးစုံတာအိုသစ်ပင်အစစ်လို့တော့ ငါ့ကို မပြောနဲ့နော်..” တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်သည်။ ဤသည်မှာ အလျင်စလိုကြည့်လိုက်ခြင်းဖြစ်သော်လည်း ဤအပင်၌ အသီးများ ထောင်ပေါင်းများစွာရှိနေသည်ကို ခံစား၍ရသည်ပင်။
“အမ်..” ဒုတိယအကြီးအကဲ ရုတ်တရက် ထိတ်လန့်သွား၏။ အဘယ်ကြောင့်ဆိုသော် ပို၍ အံ့အားသင့်စရာကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသောကြောင့်ပင်။
“အဲဒီမှာ တစ်ယောက်ယောက်ရှိနေတယ်..”
ထိုအက်ကွဲကြောင်းထဲတွင် အလုံးစုံတာအိုသစ်ပင်နှင့် သိပ်မဝေးသည့်နေရာ၌ ရှေးဟောင်းသက်ရှိတစ်ယောက်ထိုင်နေသည်။ သူ့ခန္ဓာကိုယ်ကို နတ်ချိန်းကြိုးများ ဖုံးလွှမ်းထားပြီး သူ့ပုခုံးကို ထိုးဖောက်နေသည့် ချိန်းကြိုးများပင် ရှိနေသေးသည်။ သူ့အား ဤနေရာ၌ ဖမ်းဆီးထားခြင်းပင်။
အပိုင်း ၁၄၁၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၅ – ခရီး အဆုံးသတ်
ထိုကျွန်းကို လျှပ်စီးကန်တစ်ကန်မှ ကာကွယ်ပေးထားကာ ယင်နှင့်ယန်စွမ်းအင်များလည်း ပူးတွဲတည်ရှိနေသည်။
သစ်ပင်ကြီးသည် အက်ကွဲကြောင်း၏ အလယ်ဗဟို၌ရှိနေပြီး သစ်ကိုင်းများ၌ သစ်သီးများ ပြွတ်သိပ်နေသည်။ သစ်ပင်မှ ထာဝရတာအိုသံတစ်သံကိုလည်း ကြားနေရသည်။ ဤသည်မှာ ကျမ်းစာရွတ်ဖတ်သည့်အသံနှင့်တူသော်လည်း ဆုတောင်းသံနှင့်လည်း တူနေသည်။
ဤမြင်ကွင်းမှာ ထူးဆန်းလှပြီး သူတို့အာရုံမစိုက်ပဲ နေနိုင်မည် မဟုတ်ပေ။
“တစ် နှစ် …”
တစ်စုံတစ်ယောက်သည် သစ်ပင်ထက်မှ အသီးများကို တုန်ယင်စွာပင် ရေတွက်နေလေ၏။ သူ့ကိုကြည့်ရသည်မှာ ထိုအပင်ထက်ရှိ အသီးများကို တကယ်ရေတွက်ချင်နေသည့်ပုံပင်။
သစ်ပင်ပင်စည်မှာ နဂါးအိုကြီးတစ်ကောင် လဲလျောင်းနေသကဲ့သို့ပင်။ သစ်ပင်အခေါက်သည်လည်း အကြေးခွံများနှင့် တူနေသည်။ အားလုံးမှာ သဘာဝဥပဒေသများဖြင့် ဖန်တီးထားခြင်းပင်။ အသီးအရောင်များလည်း မတူညီကြပေ။
“ဒါက တကယ်ကို အသီးပေါင်း တစ်သောင်းကျော်ရှိတယ်..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။
ဤသည်မှာ အလုံးစုံတာအိုသစ်ပင် .. ပြီးပြည့်စုံသည့် ထာဝရမျိုးစေ့ပင်။ ဤသည်မှာ ကျင့်ကြံသူတစ်ယောက်နှင့် ပေါင်းစည်းနိုင်ကာ အပြည့်စုံဆုံး ပြောင်းလဲမှုကြီး ဖြစ်နိုင်သည် မဟုတ်လော။
သို့သော်လည်း ထိုကျွန်းပေါ်သို့ တက်ရန်ကြိုးစားနေသည့်လူများစွာရှိနေသော်လည်း မည်သူမှ အနားမကပ်နိုင်ကြ။
ဘေးပတ်လည်တွင် လျှပ်စီးရေကန်များ တစ်ခုပြီးတစ်ခု ရှိနေသည်။ ဤရေကန်များသည် သဘာဝနတ်ချိန်းကြိုးများမပြောနှင့် ကောင်းကင်နတ်ဘုရားများကိုပင် အလွယ်တကူ ပေါက်ကွဲသွားအောင် လုပ်နိုင်သည်။
“သဘာဝဥပဒေသတွေက ထိန်းချုပ်လို့ရတယ် .. ဒါပေမဲ့ အဲဒီလူ အသက်ပြန်ရှင်လာမှာကိုပဲ ငါ စိတ်ပူတာ” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက်သည် သတ္တုချိန်းကြိုးများဖြင့် အချည်ခံထားရသည့် ထိုလူကို ကြည့်ပြီး ပြောလိုက်သည်။
ဒီလူက ဘယ်သူလဲ .. သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သံကြေးတက်နေတဲ့ ချိန်းကြိုးတွေတောင် ရှိနေတယ်..
ဒီလူက အသက်ပြန်ရှင်လာလိမ့်မယ်လို့ သူတို့ ဘာလို့ ခံစားနေရတာလဲ..
ထိုမည်းနက်နေသည့် ချိန်းကြိုးများမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်နေပြီကို အားလုံးခံစားနိုင်သည်။ ဤချိန်းကြိုးတွင် အမှောင်ထု ထာဝရရွှေများ ပါဝင်နေလောက်သော်လည်း ဤချိန်းကြိုးပင် သံကြေးတက်နေပြီဖြစ်သောကြောင့် ဤချိန်းကြိုးမည်မျှရှေးကျသည်ကို သိနိုင်သည်။
ထာဝရရွှေသံကြေးတက်သည်ဆိုသည်မှာ ယခုခေတ်တွင် မြင်နိုင်ရန် ရှားပါးလှသည့် အရာတစ်ခုပင်။ ဤသတ္တဝါသည် ထာဝရရှေးဟောင်းခေတ်မှ ဖြစ်လောက်သည်။
ဤသည်မှာ ဤလူ မည်မျှ ကြောက်စရာကောင်းကြောင်း သက်သေပြလိုက်သည့်အချက်ပင်။ သူသည် ခေတ်တစ်ခုလုံး အသက်ရှင်နေခဲ့၏။ ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်းလိုက်သနည်း..
အကြီးအကဲတစ်ယောက်သည် လျှို့ဝှက်ရတနာတစ်ခုကို အသုံးပြုကာ အနီးကပ်သွားရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအဖိုးတန်ပစ္စည်းသည် သတ္တုရည်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
ရွှီး.
ထိုအချိန်တွင် ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများလည်း ပေါ်လာကာ သူတို့နှစ်ဦး ပူးပေါင်းပြီး လျှပ်စီးရေကန်ကို ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် သံကြိုးများ ခတ်ခံထားရသည့် သတ္တဝါကြီးသည် ရုတ်တရက်ပင် ခေါင်းမော့လာသည်။ မျက်လုံးများလည်း ပွင့်လာကာ အားလုံးကို အေးစက်စွာ ကြည့်လိုက်လေ၏။
“အလုံးစုံတာအိုသစ်ပင်က မင်းတို့ရနိုင်တဲ့ပစ္စည်းမဟုတ်ဘူး .. ထွက်သွားလိုက်တော့..” သူက အေးစက်စွာ ပြောလိုက်သည်။
“သူ .. အသက်ရှင်နေတုန်းပဲ..” လူများစွာမှာ ရေခဲအိမ်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့အသက်ရှင်နေလိမ့်ဦးမည်ဟု သံသယဝင်နေခဲ့ကြသော်လည်း ယခုကိုယ်တိုင်တွေ့လိုက်ရသည့်အချိန်တွင် ထိတ်လန့်သွားကြရသည်ပင်။
နှစ်ပေါင်းများစွာ ဒီမှာ ပိတ်ခံထားရတာတောင်မှ သူမသေသေးဘူး .. သူ့မှာ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ..
ပို၍ အရေးကြီးသည်မှာ သူသည် အလုံးစုံတာအိုသစ်ပင်အား စောင့်ရှောက်နေခြင်းပင်။ သူက ဘယ်သူ့အတွက် စောင့်ရှောက်နေတာလဲ..
“ငါတို့ ဒီနေရာကို ရှာတွေ့နိုင်တယ်ဆိုတာက ငါတို့မှာ အခွင့်အရေးရှိသေးတယ်လို့ ဆိုလိုတာပဲ .. အဲဒါတောင်မှ ငါတို့ ဒါကို မယူနိုင်ဘူးလား .. အဲဒါဆိုရင် ဘယ်သူက ယူနိုင်မှာလဲ..” ကျင့်ကြံသူတစ်ယောက် အော်ဟစ်လိုက်သည်။
“ကောင်းကင်တာအိုမျိုးစေ့ ရင့်မှည့်လာတဲ့အချိန်ကျရင် ဒီမျိုးစေ့အတွက် ရောက်လာတဲ့သူရှိလိမ့်မယ် .. မင်းတို့အားလုံး ဒီမျိုးစေ့ကို မေ့လိုက်တော့..”
သူက အလွန်အေးစက်စွာ ပြောလိုက်သည်။
ဤသည်မှာ တာအိုအဖိုးတန်ကရားအိုးထဲမှ ထွက်လာသည့် လူသားပုံစံသတ္တဝါ၏လေသံနှင့် အတူတူပင်။
ထိုသို့စဉ်းစားမိသည်နှင့် အားလုံး တုန်လှုပ်သွားရသည်။ လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်က ဒီနေရာကို စောင့်ရှောက်နေတာလား..
သို့သော်လည်း သူသည် ချိန်းကြိုးများဖြင့် ချည်ခံထားရကာ အကျဉ်းသားတစ်ယောက်နှင့်တူနေသည်။
“စီနီယာ .. အလုံးစုံတာအိုသစ်ပင်က ဒီမှာ ရှိနေတာ .. ဒါပေမဲ့ ဒီအပင်ကို ဘယ်သူမှ မယူနိုင်ဘူး .. စီနီယာ ကျွန်တော်တို့ကို အနီးကပ်ကြည့်ခွင့် ပေးနိုင်မလား..” ငယ်ရွယ်သည့် ကျင့်ကြံသူတစ်ယောက်မှ သူ၏သတ္တိများကို စုစည်းကာ မေးလိုက်သည်။
“မင်းတို့အားလုံးက ဒီအပင်ကို ကြည့်ရလောက်အောင် အရည်အချင်း မရှိဘူး..” ထိုလူ အေးစက်စွာ ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်ထက်၌ရှိနေသည့် ချိန်းကြိုးများသည် သူ၏စကားနှင့်အတူ လှုပ်ရှားနေကာ ဆူညံသံများ ထွက်ပေါ်လာသည်။
ဤစကားမှာ အားလုံးကို စိတ်ပျက်သွားစေသည်ပင်။
“ကျွန်တော် ဒီစီနီယာရဲ့ နာမည်ကို သိခွင့်ရှိမလား..” အခြားတစ်ယောက်မှ ပြောလိုက်၏။
“မင်းတို့ အခုထိ ပြန်ထွက်မသွားသေးဘူးလား .. အဲဒါဆိုရင်တော့ မင်းတို့အားလုံး သေလိုက်တော့..” ထိုလူ၏အသံမှာ အေးစက်လှ၏။ သူသည် စကားပြောနေရင်းဖြင့်ပင် ရုန်းကန်နေသောကြောင့် သူ၏ခန္ဓာကိုယ်မှ သွေးများစီးဆင်းလာသည်။
အချို့သူများမှာ အခွင့်အရေးရှိပြီဟု ထင်လိုက်သောကြောင့် မျက်လုံးများ တောက်ပလာလေသည်။ သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူတို့အမူအရာများ ဖြူဖျော့သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသွေးများသည် လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သည်ပင်။
ထို့နောက် သူ ပါးစပ်ဟလိုက်သည်နှင့် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ထက်ရှိ ကြယ်တစ်လုံးကို ဖြုတ်ချပစ်လိုက်လေသည်။
သူ၏ပါးစပ်မှ ထွက်လာသည့် ဓားအလင်းတန်းတစ်ခုပင်လျှင် ကြယ်များကို ကြွေအောင်လုပ်နိုင်သောကြောင့် ဤကဲ့သို့သော စွမ်းအားမှာ အားလုံးကို ကြောက်ရွံ့သွားစေသည်ပင်။ လူအများစုမှ ဤနေရာ၌ ဆက်မနေရဲတော့ပဲ နာခံစွာပင် သူတို့စည်းထဲ ပြန်နေလိုက်သည်။
ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ ပြန်မဆုတ်သေးသလို ကောင်းကင်နတ်ဘုရားကျောင်းမှ ဒုတိယအကြီးအကဲလည်း လက်မလျော့ချင်သေး။ အားလုံးကြိုးစားကြည့်ချင်ကြသေးသည်။ မည်သို့ပင်ဖြစ်စေ ဤလူမှာ ချိန်းကြိုးများဖြင့် ဖမ်းဆီးခံထားရသည်ပင်။
ထို့နောက် အေးစက်သည့် နှာခေါင်းရှုံ့သံနှင့်အတူ ထိုလူထံမှ ပုံစံမရှိသည့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုစွမ်းအားလှိုင်းသည် ကျွန်းကိုပင် အက်ကွဲသွားအောင် လုပ်လိုက်သည်။ အလုံးစုံ တာအိုသစ်ပင် ပေါက်နေသည့် မြေကြီးလည်း လေဟာနယ်နှင့်အတူ အက်ကွဲသွားကာ ထိုမြေအောက်တွင် မြှုပ်နှံထာသည့် အလောင်းအချို့ပေါ်လာသည်။
“ဘုရားရေ .. မူလရှေးဟောင်းခေတ်မှာ သူ့အလိုလို ဖြစ်လာတဲ့ နတ်ဆိုးနဲ့ နတ်ဘုရားတွေအားလုံး အလောင်းတွေ ပြောင်းသွားပြီ..”
မြေကြီးထဲတွင်ရှိနေသည့် အရာများကို တွေ့လိုက်ရသည်။ ဤကဲ့သို့သော သက်ရှိများပင် မြေကြီးအောက် မြှုပ်ခံထားရခြင်းမှာ ဤနေရာမှာ မည်မျှအန္တရာယ်များသည်ကို ပြသနေခြင်းပင်။
“သူတို့အားလုံး အလုံးစုံတာအိုသစ်ပင်ကြောင့် သေသွားတာ..” အကျဉ်းချခံထားရသည့်သက်ရှိမှ ပြောလိုက်သည်။
“ငါတို့ သွားမယ်…” ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများ ချက်ချင်း ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရိုးစုများ မည်မျှကြောက်စရာကောင်းသည်ကို သူတို့သိနေကြသောကြောင့်ပင်။
အားလုံး တိတ်ဆိတ်နေကြသည်။ လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ မျိုးစေ့နှစ်ခုက ဘယ်လိုလုပ်ပြီး နယ်မြေသင်္ချိုင်းမှာ တစ်ခုပြီးတစ်ခု ပေါ်လာတာလဲ..
ကောင်းကင်မျိုးစေ့ဖြစ်စေ အလုံးစုံတာအိုသစ်ပင်ဖြစ်စေ နှစ်ခုလုံးမှာ တန်ဖိုးမဖြတ်နိုင်သည့်အရာများပင်။ နှစ်ခုလုံးကို ကာကွယ်နေသည့်လူများရှိနေသည်။
သူတို့အတော်ဝေးဝေးရောက်သွားသည့်အချိန်တွင် တစ်စုံတစ်ယောက်မှ မနေနိုင်ပဲ ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက အလုံးစုံတာအိုသစ်ပင်လေ .. ဒဏ္ဍာရီတွေထဲမှာရှိတဲ့အရာလေ .. ငါတို့ဒါကို မြင်လိုက်ရတာတောင်မှ မယူလိုက်နိုင်ဘူး..”
“နယ်မြေသင်္ချိုင်းက တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ .. ဒီလိုမျိုးတွေတောင် ရှိနေတယ်..”
ကျောင်းသားများ သူတို့အချင်းချင်းဆွေးနွေးနေကြသည့်အချိန်တွင် အကြီးအကဲများမှာ စိတ်ပျက်သည့်အမူအရာများဖြစ်နေကြသည်။
“ဒီလူက သေတော့မှာ .. အသက်က မျှင်မျှင်လေးပဲ ကျန်တော့တာ .. သူက လျှို့ဝှက်နည်းလမ်းတစ်ခုကို သုံးပြီးတော့ အမြဲတမ်းအိပ်နေတာ .. အရေးကြီးတဲ့အချိန်ကျမှ သူ နိုးလာတာ .. သူက အသက်ရှိနေတဲ့အလောင်းလို့ ပြောလို့ရတယ်..” ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
သို့သော်လည်း မည်သူက ထိုနေရာသို့ သွားရဲသနည်း.. ထိုလူ သေတော့မည်ဆိုလျှင်ပင် အချိန်တစ်ခုတော့ နေရဦးမည်ပင်။ သူတို့သာ တကယ်တိုက်ခိုက်ကြမည်ဆိုလျှင် ထာဝရကျောင်းမှ အကြီးအကဲများကိုပင် ခေါင်းကိုက်စေနိုင်လိမ့်မည်။ သူတို့ ထိပ်တိုက် မတိုက်ခိုက်ရဲကြ။
ရှီဟောင် သက်ပြင်းချလိုက်ပြီး အလွန်လည်း နောင်တရမိသည်။ ဤသည်မှာ သူ့ကို စိတ်လှုပ်ရှားစေနိုင်သည့် ဒုတိယမျိုးစေ့ဖြစ်သော်လည်း သူ လွဲချော်သွားပြန်လေပြီ။
“ဒီသစ်ပင်နဲ့ နည်းနည်းရင်းနှီးနေတယ်လို့ ခံစားရတယ် .. ဒါပေမဲ့ ဘာလို့ အဲဒီလိုခံစားနေရမှန်း မသိဘူး..” ချင်းယီ သူ့အား အသံပို့လွှတ်လိုက်သည်။
ဤသည်မှာ အစိမ်းရောင် လ မီးတောက်ကြောင့် ဖြစ်မည်ကို ရှီဟောင် သိသည်ပင်။ ထိုမီးတောက်ကြောင့် သူမ လျှို့ဝှက်ချက်များစွာကို နားလည်မည်ပင်။
အားလုံးသည် ဤနေရာတွင် အချိန်တစ်ခုကြာအောင် ရပ်တန့်ကာ နေရာတိုင်းတွင် လှည့်ပတ်ရှာလိုက်သည်။ သူတို့ သဘာဝဥပဒေသများဖြင့် ဖန်တီးထားသည့် သစ်ပင်များ၊ အသီးများနှင့် အခြားအရာများစွာကို တွေ့ခဲ့ရသည်။
ထို ရွှေရောင်သစ်ပင်ကြီး သူ၏အမြစ်ကိုနှုတ်ကာ ဤနေရာမှ ထွက်သွားရန် ပြင်ဆင်နေသောကြောင့် သူတို့လည်း လိုက်သွားရန် ပြင်ဆင်လိုက်သည်။
သို့သော် ယခုတစ်ခေါက်တွင်တော့ ပြဿနာကြီး ပေါ်လာလေပြီ။ လောကသစ်ပင်ကြီးသည် ရုတ်တရက်ပင် ပျောက်ကွယ်သွားကာ စစ်သင်္ဘောနှစ်စင်း သူ့နောက် လိုက်မလာအောင် တားဆီးလိုက်လေသည်။
“ဒီသစ်ပင်ရဲ့ ပြောင်းလဲမှုက ပိုပြီးတော့ ရင့်ကျက်လာပြီ .. သူ့မှာ အသိစိတ်ရှိနေပြီ .. သူ ငါတို့ကို ထပ်လိုက်ခိုင်းတော့မှာ မဟုတ်ဘူး..”
အကြီးအကဲများ စိတ်ပျက်၊ ဒေါသထွက်စွာ သက်ပြင်းချလိုက်ကြသည်။ သူတို့ အခွင့်အရေးကောင်းများ ထပ်မရနိုင်တော့။
အခြားသူများမှာ နောက်ထပ်နေရာတစ်ခုတွင် ပြီးပြည့်စုံသည့်မျိုးစေ့တစ်စေ့ ထပ်ရှိနေမလားဟု သိချင်နေကြလေသည်။
သီအိုရီအရဆိုလျှင်တော့ နောက်ထပ်တစ်ခု ပေါ်လာရန် မဖြစ်နိုင်ပေ။ သူတို့ နှစ်ခုကို မြင်နိုင်သည်မှာပင် အတော်လေးကံကောင်းနေလေပြီ။
သို့သော်လည်း လောကတစ်ဝက်သစ်ပင် ရပ်တန့်သည့်နေရာတိုင်းမှာ ထူးခြားလှသည်။ သူရပ်တန့်သည့်နေရာနှစ်ခုလုံး ပြီးပြည့်စုံသည့် ထာဝရမျိုးစေ့ရှိနေခြင်းမှာ တိုက်ဆိုင်သည်ထက် ပိုသွားလေပြီ။
ထို့ကြောင့်ပင် နောက်ထပ်တစ်နေရာတွင်လည်း ကောင်းကင်အား တုန်လှုပ်စေနိုင်သည့်အရာရှိလိမ့်မည်ဟု ခန့်မှန်းနေကြခြင်းပင်။
“အခုက စပြီးတော့ ငါတို့ ကိုယ့်အားကိုယ်ကိုးပြီးတော့ သွားရတော့မှာဆိုတော့ အန္တရာယ်အစစ်တွေ ရောက်လာပြီ..” ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲမှ ပြောလိုက်သည်။
သေချာပါသည်။ သိပ်မကြာခင်မှာပင် သူတို့ ပျက်စီးနေသည့်မြေတစ်ခုပေါ်သို့ မတော်တဆ ရောက်ရှိသွားသည်။ ထိုနေရာတွင် ပျက်စီးနေသည့် ကြယ်များ နေရာတိုင်း၌ ရှိနေသည့်အပြင် ပျက်စီးနေသည့် အလောင်းများလည်း ရှိနေသည်။ သွေးများလည်း လေဟာနယ်ထဲ၌ ပေါလောပေါ်နေသည်ပင်။
တစ်စုံတစ်ယောက်မှ ငွေရောင်သွေးအား သိမ်းရန် ကြိုးစားလိုက်သည့်အချိန်တွင် သူ့ထံမှ သနားစဖွယ်အော်သံ ထွက်ပေါ်လာသည်။ သူ၏မှော်ပစ္စည်း အရည်ပျော်သွားသလို သူကိုယ်တိုင်လည်း သွေးအိုင်အဖြစ် ပြောင်းလဲသွားသည်။
“လျှောက်မလုပ်ကြနဲ့ .. ဒီပစ္စည်းတွေမှာ ဝိညာဉ်စွမ်းအား မရှိတော့ဘူး .. သေဆုံးခြင်းစွမ်းအင်နဲ့ ပျက်စီးခြင်းပဲ ရှိတော့တာ..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ဤနေရာမှာ အတော်လေး ကျယ်ဝန်းလှသည်။ သူတို့အလောင်းများစွာကို တွေ့ခဲ့ရသည်။ အလောင်းအားလုံးမှာ ပျက်စီးနေပြီး အချို့အလောင်းများဆိုလျှင် ကြယ်များထက်ပင် ကြီးသေးသည်။
ဤနေရာတွင် မည်ကဲ့သို့သော တိုက်ပွဲမျိုးဖြစ်ခဲ့သနည်း..
“သွေးမျိုးစေ့..”
တစ်စုံတစ်ယောက်မှ အံ့အားတကြီး အော်ဟစ်လိုက်ကာ ဤနေရာတွင်ရှိနေသည့် သွေးမျိုးစေ့ကို သိမ်းယူလိုက်သည်။
သွေးမျိုးစေ့မှာ တစ်ခု၊ နှစ်ခု မကပေ။ လူ ၁၀ ယောက်ကျော် ရသွားလေပြီ။
ပြိုင်ဘက်ကင်းသည့် နတ်ဘုရားများနှင့် နတ်ဆိုးများ သေဆုံးသွားသည့်အချိန်တွင် သူတို့၏ သွေးစွမ်းအင်များသည် ပျောက်ကွယ်မသွားပဲ သွေးမျိုးစေ့အဖြစ်သို့ ပြောင်းလဲသွားသည်ပင်။
ဤမျိုးစေ့များကို ယူရသည်မှာ အလွန်အန္တရာယ်များလှသည်။ ထိုသို့သိမ်းယူရင်း လူသုံးယောက် မတော်မတ သေဆုံးသွားလေပြီ။ သူတို့သည် အလောင်းစွမ်းအင်ဖြင့် ဝါးမြိုခြင်းခံလိုက်ရပြီးနောက် ချက်ချင်းပင် ပုတ်သိုးကာ သေဆုံးသွားကြလေသည်။
ထို့နောက် သူတို့ အရှေ့ဘက် ဆက်လာခဲ့ကြကာ အဆောက်အဦးများစွာရှိနေသည့် နေရာသို့ ဝင်လာခဲ့ကြ၏။ ဤနေရာတွင် အရိပ်များစွာရှိနေသည်ကို သူတို့သတိပြုမိလိုက်သည်။
“ဒီမှာ သူရဲကောင်းဝိညာဉ်မျိုးစေ့တွေ ရှိနေတယ် .. ရှေးခေတ်က ကျွမ်းကျင်သူတွေရဲ့ ကျန်ခဲ့တဲ့ဝိညာဉ်အပိုင်းအစတွေက စွမ်းအားတွေရပြီးတော့ မျိုးစေ့အဖြစ် ပြောင်းသွားတာ..” အကြီးအကဲ တစ်ယောက် ပြောလိုက်သည်။
ဤမျိုးစေ့များမှာ ဝိညာဉ်များနှင့် ဆက်စပ်သည်ဟု ပြော၍ရသည်။ အားလုံးမှာ ဝိညာဉ်တာအိုမျိုးစေ့များပင်။
ရက်ပေါင်းများစွာ ကြာပြီးနောက် သူတို့ ဤနေရာမှ ထွက်လာခဲ့ကြသည်။ သူတို့ နေရာအနှံ့ရှာဖွေကြပြီးနောက် နောက်ဆုံးတွင် တောက်ပနေသည့် ရေကန်တစ်ကန်ရှေ့သို့ ရောက်လာသည်။ ဤကန်တွင် အားပြင်းလှသည့် အချိန်စွမ်းအားကို သူတို့ခံစားနေရသည်။
“ဒီမှာ အချိန်မျိုးစေ့ရှိတယ် .. ဒါက အရမ်းကိုရှားပါးပြီး အဖိုးတန်တဲ့မျိုးစေ့ … မင်းတို့ ရနိုင် မရနိုင်ကတော့ မင်းတို့ ကံပေါ်မူတည်မှာပဲ.. “အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ပလုံ..
ကျောင်းသားတစ်ယောက်သည် မြစ်ရေ၏ ဆွဲယူခြင်းကို ခံလိုက်ရပြီး အကြီးအကဲများပင် သူ့အား ကယ်တင်ချိန် မရလိုက် .. သူသည် အချိန်ထဲနှစ်မြှုပ်သွားကာ လျင်မြန်စွာပင် အိုမင်းရင့်ရော်သွားကာ အပိုင်းပိုင်းဖြစ်သွားလေသည်။
ကျန်သည့်နေရာများမှာ အကြီးအကဲများ ရောက်ဖူးသည့် နေရာများပင်။ အန္တရာယ်များသော်လည်း သူတို့အားလုံး အသတ်ခံရလောက်အောင်ထိတော့ မဟုတ်။
လအနည်းငယ်ကြာပြီးသည့်နောက်တွင် သူတို့ခရီးအဆုံးသတ်သွားလေပြီ။ သူတို့ ရှေ့ဆက်မသွားရဲတော့။
သူတို့သာ ရှေ့ဆက်သွားလျှင် အကြီးအကဲများပင် သေဆုံးသွားနိုင်လောက်သည်။
ဤအတောအတွင်း အတွင်းတွင် သူတို့ အသက်ရှင်နေသည့် သတ္တဝါများနှင့်ပင် တွေ့ခဲ့ရသေးသည်။ အထူးသဖြင့် ချိတ်ပိတ်ခံထားရသည့် ရှေးခေတ်မှ ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများပင်။ ဤလူများသည် သူတို့ပုံရိပ်ယောင်များကို ထုတ်လွှတ်ကာ ပြဿနာဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။
စစ်သင်္ဘောပေါ်မှ ခရာသံထွက်လာကာ အားလုံးကို ပြန်ခေါ်လိုက်သည်။ သင်္ဘောကြီးသည် နတ်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ နယ်မြေသင်္ချိုင်းမှ ထွက်ပြီး ကောင်းကင်နတ်ဘုရားကျောင်းသို့ ပြန်လည်ဦးတည်သွားလိုက်သည်။
အပိုင်း ၁၄၁၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၆ – ရှေ့ဆက်သွားရမယ့်လမ်းက ဘယ်မှာလဲ
နယ်မြေသင်္ချိုင်း .. ပျက်စီးကာ သီးသန့်တည်ရှိနေသည့် နေရာတစ်ခု..
ကြယ်များမှာ အရောင်ကင်းမဲ့နေပြီး တိုက်ကြီးပေါင်းများစွာ၊ ကမ္ဘာငယ်လေးပေါင်းများစွာလည်း ရှိနေသည်။
ငွေရောင်စစ်သင်္ဘောကြီး၏ အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူတို့ ယခု ကျောင်းသို့ ပြန်သွားနေလေပြီ။
ဝုန်း..
ရုတ်တရက်ပင် လက်တစ်ဖက်ပေါ်လာကာ သင်္ဘောကြီးအား ရိုက်ချလိုက်သည်။
ထိုလက်ကြီးမှာ မင်ကဲ့သို့ မည်းနက်နေပြီး ကောင်းကင်ကြီးကို ဖုံးလွှမ်းထားသည်။ ထိုလက်ကြီးသည် သင်္ဘောအား ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းပင်။
“မကောင်းတော့ဘူး .. တိုက်ခိုက်တဲ့သူ ရှိနေတယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများမပြောနှင့် အကြီးအကဲများပင် အော်ဟစ်လိုက်ကြသည်။ ဤကဲ့သို့သော ဖိအားမျိုးမှာ ကြောက်စရာကောင်းလွန်းလှသည်။
ဤလက်ကြီးရှေ့တွင် သူတို့တစ်ဦးစီ၏ ခွန်အားမှာ ဘာမှမဟုတ်တော့။ ဤလူသည် ကြယ်များကိုပင် ခူးချွေနိုင်ကာ လကိုပင် ဖမ်းနိုင်ပြီး နေကိုလည်း စုတ်ဖြဲပစ်နိုင်သည်။
ငွေရောင်စစ်သင်္ဘောကြီး ရမ်းလာကာ ပျက်စီးမလိုဖြစ်လာသည်။ အရိုးစာသားများနှင့် ဤနေရာတွင်ရှိနေသည့် စွမ်းအားကြီးသည့် အစီအရင်များကြောင့်သာမဟုတ်ပါက လှေကြီးမှာ ပြာမှုန့်ဖြစ်သွားလောက်လေပြီ။
“တက်မယ်..” ဒုတိယအကြီးအကဲ အော်ဟစ်လိုက်သည်။ ဖရိုဖရဲစွမ်းအင်များ စီးဆင်းနေသည့် အဖိုးတန်ပုံသဏ္ဌာန်တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုပုံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုလက်ကြီးကို တားဆီးလိုက်သည်။
ဖုန်း..
လက်ကြီးမှာ အဖိုးတန် ပုံစံကြောင့် ရပ်တန့်သွားပြီး ဖရိုဖရဲစွမ်းအင်များမှာ နေရာအနှံ့သို့ လွင့်ပျံ့သွားသည်။ ပျက်စီးနေသည့် ကြယ်များနှင့် လွင့်မျောနေသည့်တိုက်များအားလုံး လျင်မြန်စွာပင် အက်ကွဲလာသည်။ ကျယ်လောင်လှသည့် ပေါက်ကွဲသံနှင့်အတူ ဤနေရာမှာ နတ်အလင်းဖြင့် ခြုံလွှမ်းခြင်းခံလိုက်ရသည်။
ဤသည်မှာ အားလုံးကို ခြေထောက်များပင် တုန်စေသည့် ပျက်စီးမှုကြီးပင်။
အားလုံးမှာ ဘာမှမမြင်နိုင်တော့။ စစ်သင်္ဘောကြီးမှာ အချိန်မရွေး ပေါက်ကွဲသွားတော့မလို အက်ကွဲသံများ ထွက်ပေါ်လာသည်။
“နှမြောစရာပဲ..” ထိုအသံမှာ နောင်တအပြည့်ဖြင့်ပင်။ ဤသည်မှာ ရှေးဟောင်းသက်ရှိဖြစ်ပြီး ထိုလက်မှာ သူ၏ပုံရိပ်ယောင်ပင်။ သူ ငွေရောင်စစ်သင်္ဘောကို မဖမ်းနိုင်သော်လည်း နောက်တစ်ကြိမ် တိုက်ခိုက်ရန်မှာ သူ့အတွက် ခက်ခဲလွန်းလှသည်။
နယ်မြေ ၁၀ ခုသင်္ကေတ .. ဤသည်မှာ ကောင်းကင်နှင့်မြေကြီးရှုံ့အိတ်ကို ရင်ဆိုင်နိုင်သည့် ထာဝရတာအိုလျှို့ဝှက်ရတနာပင်။ အကြီးအကဲသည် ထိုပစ္စည်းကိုအသုံးပြုကာ ခုခံလိုက်ခြင်းပင်။
မဟုတ်ပါက သူတို့အားလုံး ဤနေရာတွင် သေနေလောက်လေပြီ။
စစ်သင်္ဘောကြီးမှာ လေးကြိုးမှ လွတ်လိုက်သည့် မြှားတစ်ချောင်းကဲ့သို့ပင် ခပ်ဝေးဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ဒုတိယအကြီးအကဲသည် နယ်မြေ ၁၀ ခု သင်္ကေတကို ပြန်သိမ်းလိုက်ပြီး သူ၏အမူအရာလည်း ညှို့မှိုင်းနေသည်ပင်။
“အဲဒီလူလား..”
ယခင်က သူတို့နယ်မြေသင်္ချိုင်းသို့ ဝင်စဉ်က ကြောက်စရာကောင်းသည့် မှုန်ဝါးဝါးပုံရိပ်လေးကို မြင်ခဲ့ကြသေးသည်။ ထိုလူမှာ သူတို့အားလုံးအား ရန်လိုနေခဲ့ခြင်းပင်။
“သူက ချိတ်ပိတ်ခံထားရတာ .. ဒါက သူ့ရဲ့ပုံရိပ်ယောင်ပဲ..”
ဤသည်မှာ ပုံရိပ်ယောင်သာဖြစ်သော်လည်း စွမ်းအားကြီးလွန်းလှပြီး အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
သူ ချိတ်ပိတ်ထားသည့် နေရာကို ဖြတ်လာမိကြောင်း သူတို့ ယခုမှ သိသွားခြင်းပင်။
“သူလည်း ဒီမှာ ချိတ်ပိတ်ခံထားရတဲ့ တစ်ဖက်လောက ဧကရာဇ်ကလန်က တစ်ယောက်ယောက်လို့ ငါ့ကို မပြောနဲ့နော်..”
စစ်သင်္ဘောကြီးသည် နယ်မြေသင်္ချိုင်းမှ ထွက်လာကာ သူ၏အရှိန်မှာ ပို၍လျင်မြန်လာသည်။ အကြီးအကဲများ အရိုးယဇ်ပုလ္လင်ကို အသက်သွင်းလိုက်သည်နှင့် စစ်သင်္ဘောကြီးသည် လေဟာနယ်ကို ထိုးဖောက်ကာ ဤလောကမှ ထွက်သွားသည်။
ဝုန်း..
ကောင်းကင်နတ်ဘုရားကျောင်းအလယ်တွင် ငွေရောင်စစ်သင်္ဘောကြီးက တောက်ပနေသည်။ အန္တရာယ်များစွာ တွေ့ကြုံပြီးသည့်နောက်တွင်တော့ သူတို့ လုံခြုံသည့်နေရာသို့ ပြန်ရောက်လာလေပြီ။
ယခု တစ်ခေါက် ခရီး၏ ဆုလာဘ်အဖြစ် သူတို့ တာအိုမျိုးစေ့မျိုးစုံကို ကိုယ်တိုင်ရယူနိုင်ခဲ့သော်လည်း ဆုံးရှုံးမှုများ ရှိသေးသည်ပင်။
စွမ်းအားကြီးသည့်သူအချို့ သေဆုံးသွားခဲ့ကြရသည်။ သိထားရမည်မှာ ဤလူများအားလုံးသည် ဂျီးနီးယပ်စ်များထဲမှ လက်ရွေးစင်များပင်။ မဟုတ်ပါက သူတို့ ရှေးဟောင်းပညာလမ်းကြောင်းကို လျှောက်ရဲမည်လား။
“ယုမင် သေသွားပြီ .. ဟော့မုန့် ပျောက်သွားပြီ..” နာမည်များတစ်ခုပြီးတစ်ခု ရွတ်နေသောကြောင့် အသက်ရှင်လျက် ပြန်လာရသည်မှာ မလွယ်ကူကြောင်း အားလုံးသိသွားရသည်။
အထူးသဖြင့် ကောင်းကင်နတ်ဘုရားကျောင်းမြေပေါ်သို့ ခြေချလိုက်သည်နှင့် ဤခံစားချက်မှာ ပို၍ရှင်းလင်းလာမည်ပင်။ အသက်ရှင်ရခြင်းထက် မည်သည့်အရာကမှ ပိုမကောင်းနိုင်။
ကျောင်းထဲတွင် နတ်တောင်များ တစ်လုံးပြီးတစ်လုံး ဆင့်နေကာ ငွေရောင်ရေတံခွန်များလည်း စီးကျနေသည်။ ဤသည်မှာ ငြိမ်းချမ်းကာ အန္တရာယ်များကင်းဝေးပြီး ငြိမ်းချမ်းသည့်နယ်မြေပင်။ ဤနေရာသည် အားလုံး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို အလွန်ပင် သက်တောင့်သက်သာဖြစ်စေသည်။
“မင်းတို့ ဒီလိုမျိုး သန့်စင်တဲ့မြေကို ထိန်းထားချင်ရင် နောင်ကျရင် ဒီမြေကိုကာကွယ်ဖို့အတွက် မင်းတို့ တိုက်ခိုက်ရမယ် .. မင်းတို့ရဲ့မျိုးဆက်တွေကို မီးတောက်နဲ့သွေးတွေကို မကြုံတွေ့စေချင်ရင် တစ်ခုတည်းသောနည်းလမ်းက မင်းတို့အားလုံး တိုက်ခိုက်ပြီး လောကကြီးကို ငြိမ်းချမ်းအောင် လုပ် .. ရက်စက်တဲ့ရန်သူတွေအားလုံးကို အနိုင်ယူ ပစ်..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
“အခု မင်းတို့ တစ်ဒါဇင်လောက်ပဲ သေသေးတာ .. ဒါက နောင်ကျရင်ဖြစ်လာမယ့် တိုက်ပွဲနဲ့ယှဉ်ရင် အသေးအမွှားပဲ ရှိသေးတယ် .. အဲဒီအချိန်ကျရင် တကယ့်ခါးသီးမှုက ဘာလဲဆိုတာ မင်းတို့နားလည်သွားလိမ့်မယ် .. အသက်ရှင်နိုင်ဖို့အတွက် မင်းတို့အားလုံး အကောင်းဆုံးကြိုးစားရမယ် .. မင်းတို့ရဲ့ကံတရားကို ဖမ်းဆုတ်ရမယ် .. မဟုတ်ရင် အရာအားလုံး ပြာမှုန့်ဖြစ်သွားလိမ့်မယ်..” အကြီးအကဲမှ လေးနက်စွာ ပြောလိုက်သည်။
သူတို့ အမှန်တရားပြောနေခြင်းဖြစ်ကြောင်း အားလုံး သိကြသည်ပင်။
“အခု မင်းတို့အားလုံး မျိုးစေ့တွေ ရလာပြီဆိုတော့ ငါတို့ သီးသန့်ကျင့်ကြံတဲ့ကာလ စတင်မယ် .. အခုကစပြီး မင်းတို့ရဲ့ပြောင်းလဲခြင်းကို စတင်တော့ .. အမြင့်ဆုံးအဆင့်ထိ ရောက်ဖို့ ရည်မှန်းချက်ထားကြ..”
“မျိုးစေ့တွေ ရပြီဆိုတော့ အခု ပေါင်းစည်းလို့ရပြီ .. မင်းတို့အားလုံး အခု ထာဝရတာအို ရှေးဟောင်းကျမ်းစာကို ကျင့်ကြံလို့ ရပြီ..”
အားလုံး စိတ်လှုပ်ရှားသွားကြရ၏။ အားလုံး အဆင့်မြန်မြန်တက်ကာ ခမ်းနားလှသည့် လမ်းများကို လျှောက်ချင်နေလေပြီ။ အဘယ်ကြောင့်ဆိုသော် အချိန်မှာ နီးကပ်နေပြီဖြစ်သောကြောင့် သူတို့အတွက် အခွင့်အရေး သိပ်မရှိတော့။
“ပြီးပြည့်စုံတဲ့မျိုးစေ့ကို မတွေ့ခဲ့ရတာ နှမြောစရာပဲ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းနှင့် အဆင့်လွန်လူငယ်တစ်ယောက် ပြောလိုက်ခြင်းပင်။
ရှီဟောင်လည်း ဤအကြောင်းတွေးနေခြင်းပင်။ ယခုတစ်ခေါက်တွင် သူသည်ပြီးပြည့်စုံသည့် မျိုးစေ့ကို မရလိုက်နိုင်ခြင်းကြောင့် ကူကယ်ရာမဲ့နေရသည်။
“တစ်ယောက်ယောက်က လောကသစ်ပင်အပင်ပေါက်ရလိုက်ပြီးတော့ တစ်ခြားတစ်ယောက်က ယင်ယန်မျိုးစေ့ကို ရလိုက်တယ်ဆိုတော့ ဒါက အရမ်းကောင်းတယ်လို့ သတ်မှတ်လို့ရနေပြီ..” ဒုတိယအကြီးအကဲ ပြောလိုက်သည်။
ထိုစကားကိုကြားသည်နှင့် အားလုံး သက်ပြင်းချလိုက်ကြကာ သူတို့အချင်းချင်းဆွေးနွေးလာကြသဖြင့် ဤနေရာမှာ ဆူညံသွားရသည်။ ယင်ယန်မျိုးစေ့ကို ရလိုက်တဲ့သူရှိတာလား..
ယင်နှင့် ယန်ပြောင်းလဲခြင်းမှာ လျှို့ဝှက်ဆန်းကြယ်လှသည်။ အရာအားလုံး၌ ယင်၊ယန် သဘောတရားရှိသည်ပင်။ ဤသည်မှာ တာအို၏အစွန်းနှစ်ဖက်ပင်။
ယင်ယန်မျိုးစေ့ .. ဤသည်မှာ ယင်ယန်လဲလှယ်ခြင်းအသီးအပွင့်ပင်။ ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှ ပျိုးထောင်ထားသည့် မျိုးစေ့တစ်ခုပင်။ ယခင်က ဤမျိုးစေ့ကို မည်သူမှ မမြင်ဖူးပေ။ ယခုတော့ ဤမျိုးစေ့ကို တစ်ယောက်ယောက်ရသွားလေပြီလား..
အားလုံးမှာ ထိုလူ မည်သူဖြစ်နိုင်သည်ကို ခန့်မှန်းနေကြလေသည်။
ရှီဟောင် သက်ပြင်းချပြီး စိတ်ထဲ၌ စိတ်ပျက်လက်ပျက်ဖြစ်နေရသည်။ သူ ဤအတိုင်း ဆက်မသွားချင်။ မဟုတ်ပါက သူ့တစ်ဘဝလုံးကို ထိခိုက်သွားလိမ့်မည်။ သူ ကောင်းကင်မျိုးစေ့ကို လိုချင်သည်။
လူအုပ်ကွဲသွားသည်နှင့် ရှီဟောင် ဒုတိယအကြီးအကဲထံသို့ လျှောက်သွားကာ လမ်းညွှန်မှု တောင်းခံလိုက်သည်။ “လူတစ်ယောက်က မျိုးစေ့တစ်စေ့ထက် ပိုပြီးတော့ သုံးလို့ရလား..”
“ဒါက သေလမ်းပဲ .. အဲဒီလိုမျိုးလုပ်လို့ မရဘူး .. အရင်တုန်းက ကြိုးစားခဲ့ဖူးတဲ့သူတွေ ရှိခဲ့ဖူးတယ်..” ဒုတိယအကြီးအကဲ ခေါင်းခါလိုက်သည်။ ဤလူငယ်လေး ဘာကိုဆိုလိုချင်သည်ကို သူ သိသည်။ သူသည် မျိုးစေ့များစွာကို အသုံးပြုကာ သူ၏စွမ်းရည်ကို သာလွန်အောင် လုပ်လိုခြင်းပင်။
ကံမကောင်းစွာဖြင့်ပင် ပြိုင်ဘက်ကင်းသည့် အဖိုးတန်မျိုးစေ့များမှာ အရေအတွက် အနည်းငယ်သာ ရှိသည်။ ဤလူငယ်လေး တစ်ခုမှ မရလိုက်နိုင်သည်မှာ နှမြောစရာကောင်းလှသည်။
“တကယ်ပဲ တစ်ခြားအခွင့်အရေးတွေ မရှိတော့ဘူးလား..” ရှီဟောင် မေးလိုက်၏။ မျိုးစေ့ မရှိသောကြောင့် ပြိုင်ဘက်ကင်းသည့်တာအိုကို မရလိုက်ပါက ဤသည်မှာ အလွန်နှမြောစရာကောင်းလိမ့်မည်။
သူသည် ပြင်ဆင်မှုများ ပြုလုပ်ပြီးသွားပြီဖြစ်ပြီး သူ့ထံတွင် အလားအလာများရှိနေသည်ဟုလည်း သူယုံကြည်သည်။ သိုသော်လည်း သူ့လမ်းမှာပိတ်နေလေပြီ။
နောင်လာမည့်တိုက်ပွဲမှာ ရက်စက်မည်မှန်း သူနားလည်သည်။ သွေးများပြည့်နှက်နေပြီး နေရာတိုင်းတွင် သေဆုံးနေသည့် ကျင့်ကြံသူများ ရှိလိမ့်မည်။ သူက တစ်ခြားသူတွေ ထိပ်ဆုံးရောက်တာကိုပဲ ကြည့်နေရမှာလား။
လူတစ်ယောက်သည် စွမ်းအားအကြီးဆုံး ဖြစ်မလာပါက အခြားသူများကိုသာ ကြည့်နေရလိမ့်မည်။ သေခြင်းရှင်ခြင်းသည်လည်း အခြားသူများ၏ အနိုင်အရှုံးပေါ် မူတည်သွားလိမ့်မည်။ သူ ဤကဲ့သို့သော ရလဒ်မျိုးကို လက်မခံနိုင်။
“ဒါက ရှေးလူကြီးတွေ လျှောက်ခဲ့တဲ့လမ်း .. ရှေးကလူတွေ တီထွင်ခဲ့တဲ့ တာအိုပညာတွေ .. ဘယ်သူက နောက်ဆုံးပန်းတိုင်ကို ပြောနိုင်မှာလဲ .. စွမ်းအားအကြီးဆုံး တာအိုမျိုးစေ့ကို မရတာနဲ့ မင်းက စွမ်းအားအကြီးဆုံးလမ်းကို ရွေးလို့မရဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ..” ဒုတိယအကြီးအကဲ နှစ်သိမ့်လိုက်သည်။
“လက်ရှိလောကပညာလိုပဲပေါ့ .. အားလုံးက အဆုံးသတ် ထိပ်ဆုံးကို ရောက်နေပြီလို့ ထင်နေတဲ့အချိန်မှာ အလေးအမြတ်ကျောင်း ပေါ်လာတာပဲမလား..” ဒုတိယအကြီးအကဲ ထပ်ပြောလိုက်သည်။
ရှီဟောင် တိတ်ဆိတ်ပင် ထွက်ခွာသွားလိုက်သည်။ လမ်းတွင် ချင်းယီနှင့်တွေ့ကာ သူမလည်း သူနှင့်အတူ လျှောက်လာလိုက်သည်။
” မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..”
သူတို့နောက်မှ ဒုတိယအကြီးအကဲသည် တစ်ခုခုကို စဉ်းစားမိသွားကာ ပြောလိုက်သည်။
“နည်းလမ်းတစ်ချို့ ရှိလောက်တယ် .. ထာဝရကျောင်းမှာ သူတို့ ဝှက်ထားတဲ့ ပြိုင်ဘက်ကင်းအဖိုးတန်မျိုးစေ့တစ်ခု ရှိလောက်တယ်..”
“အမ်..” ရှီဟောင် နောက်လှည့်လာကာ ဒုတိယအကြီးအကဲအားကြည့်လိုက်သည်။
“စွမ်းအားကြီးတဲ့ မျိုးစေ့အစစ် .. ဖျက်ဆီးပစ်ဖို့ခက်ခဲပြီး မြေမြှုပ်ပစ်ဖို့ ခက်ခဲတဲ့မျိုးစေ့ .. အရင်တုန်းက လူတစ်ယောက်နဲ့ ပေါင်းစည်းသွားဖူးပေမယ့် အဲဒီလူ သေသွားတော့ အဲဒီမျိုးစေ့က နောက်တစ်ခေါက် ပြန်ပေါ်လာသေးတယ်..” ဒုတိယအကြီးအကဲ ပြောလိုက်သည်။
သူ၏ခန့်မှန်းချက်အရဆိုလျှင် ထာဝရကျောင်းသည် ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့် ‘ရှေးဟောင်းမျိုးစေ့’ အား သိမ်းထားမည်ပင်။
“နည်းလမ်းရှိလောက်ပါသေးတယ်..” ချင်းယီသည် ပြုံးလိုက်ကာ မျိုးစေ့နှင့် ပေါင်းစည်းရန် အလျင်မလိုဖို့ ပြောလိုက်သည်။
“အဲဒါက တစ်ခြားတစ်ယောက်ရဲ့ မျိုးစေ့လေ ..သူတို့က အကြောင်းအရင်းမရှိပဲနဲ့ ဘယ်လိုလုပ် ကျွန်တော့်ကို ပေးမှာလဲ..” ရှီဟောင် ပြောလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထာဝရကျောင်းမှ တပည့်များမှာ ထိုမကောင်းဆိုးဝါးအိုကြီးများ ကိုယ်တိုင်သင်ကြားပေးသည့်သူများဖြစ်သည်ကို သူ သိသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းကဲ့သို့ ထာဝရစွမ်းအင်ရှိသည့်သူအားလုံးကို ခေါ်ယူထားခြင်း မဟုတ်ပေ။ သူတို့ထံတွင် သိမ်းဆည်းထားသည့် အဖိုးတန်မျိုးစေ့များ ရှိသည်ဆိုလျှင်ပင် သူတို့တပည့်များအား လက်ဆင့်ကမ်း ပေးပြီးနေလောက်လေပြီ။
“မဟုတ်ဘူး .. မင်းက လုံလောက်အောင် ထူးချွန်နေရင် အဲဒီမကောင်းဆိုးဝါးအိုကြီးတွေက မင်းကို ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းမျိုးစေ့ကို လက်ဆောင်ပေးမှာပဲ..” ဒုတိယအကြီးအကဲ ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူတစ်ခဏခန့် ရပ်တန့်လိုက်သည်။ သူစဉ်းစားကြည့်လေလေ ထိုသို့ဖြစ်နိုင်ချေ ပိုများလေလေဟု ခံစားလိုက်ရသည်။
ထို့နောက် ဒုတိယအကြီးအကဲသည် ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် အဆင့်လွန်လူငယ်များအား တာအိုမျိုးစေ့များနှင့် မပေါင်းစည်းသေးပဲ အခြားအခွင့်အရေးကောင်းများကို စောင့်ဆိုင်းရန် ပြောလိုက်သည်။
ထာဝရကျောင်းတွင်သာ တကယ်ပြီးပြည့်စုံသည့် မျိုးစေ့ရှိနေသည်ဆိုပါက ပြိုင်ပွဲမှာ သေချာပေါက် ပြင်းထန်မည်ပင်။ တရားမျှတစေရန်အတွက် အားလုံးကို အခွင့်အရေးတစ်ခု ထပ်ပေးမည်။ ထို့ကြောင့် အလားအလာရှိသည့်သူအားလုံးကို အသိပေးလိုက်လေသည်။
ဝမ်ရှီး၊ လုထော်၊ ယောင်ယွဲ့နှင့် အခြားသူများမှာ အစက မကျေမနပ်ဖြစ်နေကြသော်လည်း ဤကောလဟာလကို ကြားလိုက်သည်နှင့် စိတ်လှုပ်ရှားသွားကာ အခွင့်အရေးအသစ် ရောက်လာမည်ကို စောင့်နေလိုက်သည်။
အမှန်တကယ်တွင် ထာဝရကျောင်းမှ လူများမှာ သူတို့ထင်ထားသည်ထက်ကိုပို၍ မြန်နေသည်ပင်။ နောက်နှစ်ရက်ကြာပြီးသည့်နောက် သူတို့ရောက်လာကြသည်။
“မျိုးစေ့နဲ့ ပေါင်းစည်းနေကြတဲ့သူတွေအားလုံး အခု ရပ်တန့်လိုက်ပါ..” ကောင်းကင်ထက်မှ ဤကဲ့သို့သော အသံထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုရားကျောင်းကို တုန်ခါသွားစေသည်။
နေလုံးကြီးကို ကာထားသည့်လူတစ်ယောက် ရှိနေသည်။
ဤသည်မှာ စစ်သင်္ဘောမဟုတ်သလို သာမန်တိုက်ခိုက်သည့်မှော်ပစ္စည်းလည်း မဟုတ်ပေ။ ဤသည်မှာ ကြယ်တစ်လုံးပင်။ ဤသည်မှာ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်ဟု ထင်ရကာ အလွန်ကြီးမားလှသည်။
အားလုံး ဆွံ့အသွားရ၏။ ကြယ်တစ်လုံးကို မှော်သင်္ဘောအနေဖြင့် အသုံးပြုခြင်းမှာ တကယ်ကို ထိတ်လန့်စရာကောင်းလွန်းလှသည်။
ထိုကျောက်တုံးကြယ်အတွင်း၌ မရေမတွက်နိုင်လောက်သည့် သင်္ကေတများရှိနေမည်မှာ သေချာသည်။ ဤသည်မှာ အဖိုးတန်ပစ္စည်းများထက်ပင် ပို၍ကြောက်စရာကောင်းနေလိမ့်မည်ပင်။
ထာဝရကျောင်းမှ လူများသည် သူတို့၏ လက်ရွေးစင်တပည့်များအားခေါ်ကာ ကောင်းကင်နတ်ဘုရားကျောင်းသို့ အလည်ရောက်လာလေပြီ။
တစ်နေ့တည်းတွင်ပင် အလေးအမြတ်ကျောင်းမှ လူများလည်း စွမ်းအားအကြီးဆုံး တပည့်တစ်စုကို ခေါ်ပြီး ရောက်လာကြလေ၏။
ကျောင်းနှစ်ကျောင်းမှ သူရဲကောင်းများ ရောက်လာပြီး ကောင်းကင်နတ်ဘုရားကျောင်းမှ လူများနှင့် ယှဉ်ပြိုင်လိမ့်မည်ဟု ကောလဟာလများရှိနေပြီးသားပင်။ သို့သော်လည်း တစ်နေ့တည်း ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ..”
“ထာဝရကျောင်းက ကောင်းကင်ဘုရင်လေး လာတယ်..”
“အလေးအမြတ်ကျောင်းက သူတော်စင်လေးလည်း ရောက်လာတယ်..”
ကျောင်းနှစ်ကျောင်းမှ လူများရောက်လာသည်နှင့် ဤကဲ့သို့သော သတင်းများ ပျံ့နေလေပြီ။ ထင်ထားသည့်အတိုင်းပင် စွမ်းအားအကြီးဆုံးတပည့်များအားလုံး ရောက်လာကြခြင်းပင်။
အပိုင်း ၁၄၁၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၇ – ကြမ်းကြုတ်သော သဘောထား
ကျောင်းနှစ်ကျောင်းမှ လက်ရွေးစင်တပည့်များ ကောင်းကင်နတ်ဘုရားကျောင်းသို့ ရောက်ရှိနေလေပြီ။ ဤသည်မှာ ပညာဖလှယ်ပွဲဟုခေါ်သည့် အရာအတွက်ပင်။
ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းမှ ထူးချွန်သည့်ပါရမီရှင်များကို ရွေးချယ်ရန်အတွက် သူတို့လုပ်ရမည့်အရာပင်။ သူတို့သည် စွမ်းအားအကြီးဆုံး အလားအလာအကောင်းဆုံးသူများကို ခေါ်ယူသွားကြမည်။
“ကျောင်းနှစ်ကျောင်းကလူတွေ ရောက်လာတာ မြန်လွန်းတယ် .. သူတို့တွေ တပည့်ရွေးဖို့အတွက် ရောက်လာတာဆိုရင် ငါတို့ ဘာရထားတယ်ဆိုတာ သူတို့ကို သေချာပြရမယ်..”
“ငါ ချောချောမွေ့မွေ့ အောင်မြင်သွားပြီးတော့ ထာဝရကျောင်းကို ဝင်ချင်တယ်..”
ကောင်းကင်နတ်ဘုရားကျောင်း၌ အုတ်အော်သောင်းတင်းဖြစ်နေသည်။ တပည့်အချို့မှာ အလွန်စိတ်လှုပ်ရှားနေကြပြီး ဤအကြောင်းကို တက်ကြွစွာပင် ဆွေးနွေးနေကြ၏။ သူတို့အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း အားလုံးသိကြသည်ပင်။
“ကြည့်ရတာ ငါတို့အချိန်မှီရောက်လာတယ်ထင်တယ် .. အဲဒီတပည့်တွေ မျိုးစေ့တွေနဲ့ မပေါင်းစည်းရသေးဘူးမလား..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးသည် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများနှင့် အဓိကခန်းမ၌ တွေ့ဆုံနေခြင်းပင်။
ထာဝရကျောင်းသည် ကောင်းကင်နတ်ဘုရားကျောင်းထက် အနည်းငယ် နောက်ကျမှ ပြန်ရောက်လာခြင်းပင်။ ကောင်းကင်နတ်ဘုရားကျောင်း ပြန်သွားပြီဖြစ်ကြောင်း သိသည်နှင့် သူတို့ ဤနေရာသို့ ချက်ချင်းထွက်လာခဲ့ကြခြင်းပင်။
“သိပ်မနောက်ကျသေးပါဘူး .. စွမ်းအားအကြီးဆုံးသူတွေ အခုထိ မပေါင်းစည်းရသေးဘူး .. အားလုံးက နောက်ဆုံးအခွင့်အရေးကို စောင့်ဆိုင်းနေကြတာ..” ဒုတိယအကြီးအကဲလည်း ရယ်မော၍ ပြန်ဖြေလိုက်သည်။
သူထင်ထားသည့်အတိုင်းပင် ထာဝရကျောင်း၌ သိမ်းထားသည့် ရှေးဟောင်းမျိုးစေ့များရှိနေသည်။ ဤသည်မှာ ရှီဟောင်၊ လုထော်နှင့် အခြားသူများအတွက် အခွင့်အရေးကောင်းပင်။
“အဲဒါဆိုရင်လည်း ကောင်းတာပေါ့ .. မဟုတ်ရင် အစားအစာကောင်းကို တွေ့နေရပြီး မမြည်းလိုက်ရဘူးဆိုရင် အရမ်းဝမ်းနည်းစရာ ကောင်းလိမ့်မယ်..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး ပြုံး၍ ပြောလိုက်သည်။
“စွမ်းအားအကြီးဆုံးမျိုးစေ့ ဘယ်နှစ်ခုရှိတာလဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက် မေးလိုက်သည်။ ဤသည်မှာ သူတို့အသိချင်ဆုံးအရာပင်။ ဤသည်မှာ ထာဝရကျောင်း၏အင်အားကိုလည်း သူတို့ပို၍ နားလည်သွားနိုင်သည်ပင်။
“ခင်ဗျားတို့အားလုံးကို စိတ်မပျက်စေရပါဘူး .. အရင်ခေတ်က ထာဝရဂူထဲကနေ တစ်ခုထက်ပိုတဲ့ မျိုးစေ့တွေ တူးဖော်ရထားတယ် .. ဒါပေမဲ့ ဒါကို ပြန်ပြင်ဖို့လိုနေတယ်..” မကောင်းဆိုးဝါးအိုကြီး ပြောလိုက်သည်။ သူ၏ဆံပင်များမှာ ဖြူဖွေးနေသော်လည်း ရွှေရောင်တောက်ပနေသလိုပင်။ သူသည် အသက်ကြီးနေပြီဖြစ်သော်လည်း သူ၏သွေးစွမ်းအင်များ ပေါများလှကာ မျက်လုံးများလည်း လျှပ်စီးများကဲ့သို့ပင်။
“အမ်..” ဒုတိယအကြီးအကဲ အနည်းငယ် ဆွံ့အသွားရသည်။ သူ၏လက်ထဲမှ ခွက်ကိုချလိုက်ပြီး ဤသည်မှာ ထိုမျှ မရိုးရှင်းမှန်း ခံစားနေရသည်။
“ပြန်ပြင်ဖို့လိုတယ်ဆိုတာက..” ကောင်းကင်နတ်ဘုရားကျောင်းမှ အခြားအကြီးအကဲ မေးလိုက်သည်။
“မျိုးစေ့တွေက အဖိုးတန်သွေးထဲစိမ်ဖို့ လိုသေးတယ် .. အဲဒါမှ သူက အရင်တုန်းကအတိုင်း ပြန်ဖြစ်ပြီး စွမ်းအားအကြီးဆုံး ဖြစ်လာနိုင်မှာ .. ဒီလောကကြီးမှာ အပြည့်စုံဆုံးမျိုးစေ့ဖြစ်လာမှာ..” ထိုမကောင်းဆိုးဝါးအိုကြီး ပြောလိုက်၏။
အားလုံး ဆွံ့အသွားရသည်။ ကိစ္စများမှာ တကယ်ကို မရိုးရှင်းပေ။ ထာဝရကျောင်းမှလူများသည် စွမ်းအားအကြီးဆုံး မျိုးစေ့များကို လက်ဆောင်ပေးရန်သာမက တစ်ခြားရည်ရွယ်ချက်များလည်း ရှိနေသေးသည်ပင်။
သူပြောသည့် သွေးဆိုသည်မှာ ကလန်အမျိုးမျိုးမှ စွမ်းအားအကြီးဆုံးဂျီးနီးယပ်စ် သွေးမျိုးဆက်များကို ဆိုလိုခြင်းဖြစ်ကြောင်း သူတို့အားလုံးသိသည်ပင်။ နောက်တစ်ဆင့် ပြောရမည်ဆိုလျှင် ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူ၏သွေးများ ဖြစ်လောက်မည်။
ခန်းမထဲရှိ လေထုမှာ အနည်းငယ် လေးလံလာသည်။ ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများ၏ အပြုံးများပျောက်ကွယ်သွားကာ သူတို့အမူအရာများ လေးနက်လာသည်။ သူတို့တွေက ကောင်းကင်နတ်ဘုရားကျောင်းက ကျောင်းသားတွေကို လာကူညီတာလား .. လာပြီးတော့ အသုံးချတာလား..
“ကိစ္စတွေက ဒီလိုမျိုးဆိုတာ ကျုပ် အခုမှသိတယ် .. ထာဝရကျောင်းမှာ ထူးချွန်တဲ့သူတွေ အများကြီးရှိတာပဲ .. ဥပမာအားဖြင့် ကောင်းကင်ဘုရင်လေးလို လူမျိုးတွေ ရှိနေတာပဲ .. အဲဒီတော့ သူတို့က အဆင့်လွန်မျိုးစေ့တစ်ခုကို လက်ဆောင်ပေးချင်ပါ့မလား .. ခင်ဗျားတို့အားလုံး အဲဒီမျိုးစေ့တွေကို ထာဝရကျောင်းက ကျောင်းသားတွေအတွက် သိမ်းထားတာကမှ ပိုဖြစ်နိုင်သေးတယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက် အေးစက်စွာ ပြောလိုက်သည်။
သူတို့အားလုံး မကောင်းသည့်ခံစားချက်များ ခံစားလာရသည်။ တစ်ဖက်လူသည် ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း မဟုတ်ပေ။ သူတို့သည် ထူးခြားသည့်အဖိုးတန်သွေးများအတွက် ရောက်လာခြင်းပင်။ ရရှိလာသည့် နောက်ဆုံး ‘ရှေးဟောင်းမျိုးစေ့’ အား မည်သူ့ကို ပေးမည်မှန်း မသိရသေး။
“တာအိုရောင်းရင်း .. ခင်ဗျား အတွေးလွန်နေပါပြီ .. ရှေးဟောင်းမျိုးစေ့ အနည်းဆုံးတစ်ခုတော့ ကောင်းကင်နတ်ဘုရားကျောင်းက ဂျီးနီးယပ်စ်တွေ လက်ထဲရောက်စေရမယ်လို့ ကျုပ် ကတိပေးပါတယ်..” ထာဝရကျောင်းမှ အခြားမကောင်းဆိုဝါးအိုကြီး ပြောလိုက်သည်။
သူ့ထံတွင် ခရမ်းရောင်ဆံပင်များ ရှိနေသည်။ ဆံပင်များသည် အကုန်လုံး ကျွတ်လုနီးပါး ကျဲတဲနေပြီဖြစ်သော်လည်း ခရမ်းရောင်တောက်ပနေဆဲပင်။
ထို့အပြင် သူ့ခန္ဓာကိုယ်မှာ အတော်လေး အသက်ကြီးနေပြီဖြစ်သော်လည်း သူ့မျက်နှာမှာ အနီရောင်သန်းနေသေးသည်။ ဤသည်မှာ ကလေးတစ်ယောက်၏ အသားအရေကဲ့သို့ပင်။
“စီနီယာ ကျီယင်းက ဒီလိုမျိုးပြောနေမှတော့ ထာဝရကျောင်းက ပြောပြီးသားစကား ပြန်ရုတ်သိမ်းသွားမှာကို စိတ်မပူတော့ပါဘူး..” ကောင်းကင်နတ်ဘုရားကျောင်းမှ စတုတ္ထအကြီးအကဲ ပြောလိုက်သည်။ သူ၏အမူအရာမှာ အတော်လေး ကောင်းမွန်လာလေပြီ။
“စွမ်းအားအကြီးဆုံး ရှေးဟောင်းမျိုးစေ့ကို ပြန်ပြင်ဖို့လိုနေတာလား .. ဒါက ကောင်းကင်က ရှင်းပစ်ဖို့ခက်ပြီး မြေကြီးမှာလည်း မြေမြှုပ်ပစ်ဖို့ ခက်ခဲတယ်မလား..” ဒုတိယအကြီးအကဲ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ဤကဲ့သို့သောမျိုးစေ့မျိုးမှာ ယင်ယန်မျိုးစေ့၊ ဖြစ်တည်စအာကာသမျိုးစေ့ကဲ့သို့ ပြည့်စုံသည်ပင်။
“ဒါကတော့ ထာဝရရှေးဟောင်းခေတ်က စစ်ပွဲကြီး ခါးသီးလွန်းတာကိုပဲ အပြစ်တင်ရတော့မယ် .. အရင်ခေတ်က ပိုင်ရှင်က စစ်ပွဲထဲမှာ အပိုင်းပိုင်းပေါက်ကွဲပြီးတော့ ကျရှုံးသွားတာ .. အရမ်းကို ပြင်းထန်တဲ့ ဒဏ်ရာကို ရခဲ့တာ … နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ မျိုးစေ့က သူ့ဘာသာသူပြန်ဖြစ်လာတာကပဲ တော်တော်ကောင်းနေပါပြီ..” ဆံပင်ဖြူနှင့် မကောင်းဆိုးဝါးအိုကြီးမှ ပြောလိုက်သည်။
သူသည် ရွှေဖြူလူဝံကြီးပင်။ ထို့ကြောင့် သူ ယခု အသက်ကြီးသွားသော်လည်း သူသည် သွေးစွမ်းအင်များ ပြည့်ဝနေဆဲဖြစ်သည်။
သူတို့သည် ရှေးဟောင်းကျမ်းစာများစွာကို လေ့လာခဲ့ပြီး ဤစွမ်းအားကြီးသည့် ရှေးဟောင်းမျိုးစေ့ကို အားဖြည့်ရန်အတွက် များစွာသော ကောင်းကင်နှင့်မြေကြီးဝိညာဉ်စွမ်းအားကို စုစည်းခဲ့ကြသည်။ ယခု သူတို့ အဖိုးတန်သွေး အနည်းငယ်သာ လိုတော့သည်ပင်။
“နဂါးသွေးနဲ့ ဖီးနှစ်သွေးရှိရင် အကောင်းဆုံးပဲ .. မရှိရင် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့ အဆင့်လွန်လူငယ်တွေရဲ့ သွေးလည်း မဆိုးဘူး .. အဲဒါကြောင့်မို့လို့ ကောင်းကင်နတ်ဘုရားကျောင်းကို အကူအညီတောင်းချင်လို့ ဒီကိုလာခဲ့တာပါ..” ကျီယင်းအမည်ရှိ ခရမ်းရောင်ဆံပင်ကျဲကျဲနှင့် မကောင်းဆိုးဝါးအိုကြီးမှ ပြောလိုက်သည်။
“ထာဝရကျောင်းမှာ ရှေးဟောင်းမျိုးစေ့က အတိအကျဘယ်နှစ်ခုရှိတာလဲ..” ဒုတိယအကြီးအကဲမေးလိုက်၏။
“စိတ်မပူပါနဲ့ .. တစ်ခုထက် ပိုပါတယ် .. ကောင်းကင်နတ်ဘုရားကျောင်းလည်း မျိုးစေ့တွေကို ရမှာပါ..” ရွှေဖြူလူဝံကြီးမှ ပြောလိုက်သည်။
“အများကြီးရှိတယ်ဆိုရင် ကျုပ်တို့ကျောင်းကို ဘာလို့တစ်ခုတည်းပေးမှာလဲ .. ဒါက ကပ်စေးမကုပ်လွန်းဘူးလား .. ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကျောင်းမှာ ထာဝရ တာအို ဆက်ခံသူတွေ အများကြီးရှိနေတာလေ…” ဒုတိယအကြီးအကဲမှ နောက်တစ်ဆင့် ထပ်ပြောလိုက်သည်။
“အရမ်းမနည်းပါဘူး .. ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ ထာဝရကျောင်းမှာ ထူးခြားတဲ့ဂျီးနီးယပ်စ်တွေ ပိုများတယ်..” မကောင်းဆိုးဝါးအိုကြီးကျီယင်းမှ ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။ ထာဝရကျောင်းမှ ဂျီးနီးယပ်စ်များမှာ ဤမကောင်းဆိုးဝါးအိုကြီးများ ကိုယ်တိုင်သင်ပြပေးသည့် တပည့်များပင်။ ထို့ကြောင့် သူတို့လည်း ဤတပည့်များအား အလွန်အလေးထားသည်။
“ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက ပြောင်းလဲလာပြီ .. စီနီယာတို့ကို အမြင်ကျယ်ကျယ်ထားဖို့ တောင်းဆိုချင်ပါတယ် .. ရှေးဟောင်းမျိုးစေ့တွေကို အလားအလာအကောင်းဆုံး တပည့်တွေကိုပေးမှ နောင်ကျရင် သူတို့အကောင်းဆုံးရလဒ်တွေကို ပြသနိုင်လိမ့်မယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ ပဉ္စမအကြီးအကဲ က အလွန်ပွင့်လင်းစွာပင် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ .. ကျုပ်တို့ရဲ့ လောဘအတွက်နဲ့ ဒီလိုမျိုး မလုပ်ပါဘူး .. အကောင်းဆုံးတိုက်ခိုက်ရည်နဲ့ အလားအလာရှိတဲ့သူတွေကို ငါတို့ရွေးချယ်မှာပါ..” ရွှေဖြူလူဝံကြီးမှ ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းများ တိတ်ဆိတ်သွားရသည်။ သူ ဤသည်ကို စကားအဖြစ်ပြောခြင်းလား တကယ်ပြောခြင်းလားဆိုသည်ကို သူတို့မသိတော့။
နည်းနည်းကြာကြာလေး ပြောပြီးသည်နှင့် သူတို့ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများမှာ အလေးအမြတ်ကျောင်းမှ လူများနှင့်လည်း ဆွေးနွေးရဦးမည်ပင်။
ယခုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှာ ပို၍ လှုပ်ရှားသက်ဝင်လာသည်။ တပည့်များအားလုံး သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာကြကာ ကောင်းကင်ထက်တွင်ရှိနေသည့် ကြယ်ကြီးကို ကြည့်နေကြသည်။
“ထာဝရကျောင်းက လူတွေက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ .. အာကာသကို ဖြတ်ဖို့အတွက်တောင် ကြယ်ကို မှော်ပစ္စည်းအဖြစ်သုံးကြတယ် .. တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..” လူများစွာမှာ ထိတ်လန့်နေကြသည်။
ကြယ်ကြီးကို ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး အသွင်အပြင်မှာ ရိုးရှင်းကာ ရှေးကျလှသည်။ ထိုကြယ်ကြီးသည် ကောင်းကင်နတ်ဘုရားကျောင်း အထက်၌ မျောနေပြီး သူ၏မျက်နှာပြင်မှ ဖရိုဖရဲစွမ်းအင်လည်း ထုတ်လွှတ်နေသည်။
အခြားနေရာတစ်ခုတွင် အရိုးဖြူမှော်ပစ္စည်းကြီးရှိနေသည်။ ဤသည်မှာလည်း ကြီးမားလှသည်။ ဤသည်မှာ အလေးအမြတ်ကျောင်းမှ မှော်ပစ္စည်းပင်။၄င်းက မည်သည့်သက်ရှိ၏အရိုးဖြင့် ပြုလုပ်ထားမှန်းမသိသော်လည်း ကြယ်တစ်လုံးထက်တော့ မသေးပေ။
ကောင်းကင်နတ်ဘုရားကျောင်းမှလူများမှာ ဤမှော်ပစ္စည်းနှစ်ခုကို တွေ့လိုက်သည်နှင့် သူတို့ကံကြမ္မာကိုဆုံးဖြတ်ပေးမည့် အချိန်အခါ ရောက်လာတော့မည်ဖြစ်ကြောင်း သိလိုက်ကြသည်။
“ကျောင်းနှစ်ကျောင်းက လက်ရွေးစင်တပည့်တွေ ပါလာတယ်မဟုတ်ဘူးလား .. သူတို့က ဘာလို့ မဆင်းလာကြသေးတာလဲ..”
“ငါ ဒီအခွင့်အရေးကို အမိအရဆုတ်ကိုင်ရမယ် .. လွဲချော်လို့မရဘူး .. ငါးတစ်ကောင်အဖြစ်ကနေ နဂါးတစ်ကောင်ဖြစ်စေမယ့် အခွင့်အရေးက ငါ့ရှေ့ကို ရောက်လာပြီ..”
အချို့လူများသည် ကောင်းကင်ထက်သို့ကြည့်ကာ သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။
လုထော်၊ ဝမ်ရှီးနှင့် အခြားသူများပင်လျှင် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာကြသည်။ မင်းသမီးယောင်ယွဲ့နှင့် လူအချို့မှာ ထိုယာဉ်များထံသို့ သွားကာ ကျောင်းနှစ်ကျောင်းမှ ကျွမ်းကျင်သူများထံသို့ သွားလည်ကြလေ၏။
ယောင်ယွဲ့၊ ဝမ်ရှီးနှင့် အခြားသူများအတွက်မူ ထို ခမ်းနားသည့် မှော်ပစ္စည်းနှစ်ခုထဲသို့ ဝင်သွားသည်မှာ ကိစ္စကြီး မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့မှာ သက်ရှည်မိသားစုများမှပင်။ သူတို့ကလန်တွင် ထိုကျောင်းများထဲသို့ ဝင်ရောက်ခဲ့သည့်သူများ ရှိနေသည်ပင်။
ထင်ထားသည့်အတိုင်းပင် ထာဝရသီချင်းသံများ ထွက်ပေါ်လာပြီး ရောင်စုံအလင်းများ ထွက်ပေါ်လာသည်။ ကြယ်ကိုယ်ထည်တွင် တံခါးပေါက်တစ်ခု ပေါ်လာသည့်အပြင် လမ်းကြောင်းတစ်ခုလည်း ပေါ်လာပြီး ဧည့်သည်များကို လက်ခံလိုက်သည်။
ယောင်ယွဲ့ကို အထဲဝင်ခွင့်ပြုလိုက်ကြပြီ..
အခြားတစ်ဖက်တွင်ရှိနေသည့် အရိုးမှော်ပစ္စည်းလည်း ထာဝရအလင်း တောက်ပလာကာ အသံများ ထွက်ပေါ်လာသည်။ ဗူးသီးအပေါက်ဝတွင် အဟတစ်ခု ပေါ်လာကာ ဝမ်ရှီးလည်း ဝင်ခွင့်ရလိုက်သည်။
ဝမ်မိသားစုသည် သက်ရှည်မိသားစုတစ်ခုနှင့် အဆက်အသွယ်ရှိနေသည်ကို လူများစွာ သိနေကြသည်။ ထိုကလန်မှ ထူးခြားသည့် ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီး ထိုသူမှာ အလေးအမြတ်ကျောင်းသားဖြစ်သွားကာ ယခု ဤအရိုးယာဉ်ပေါ်၌ တည်ရှိနေသည်။
“တာအိုရောင်းရင်းတို့ ဒီကို ရောက်လာပြီဆိုမှတော့ ထွက်လာခဲ့ပြီး ကျွန်တော်တို့နဲ့ တွေ့ပါလား .. ကျွန်တော်တို့ကို အိမ်ရှင်အနေနဲ့ ကောင်းကောင်းဧည့်ခံခွင့်ပြုပေးပါ..” အောက်မှ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အချို့သူများလည်း ဤကဲ့သို့ ပြောနေကြသည်ပင်။ အားလုံးသည် ဤကျောင်းနှစ်ကျောင်းမှ လက်ရွေးစင်များနှင့် ဆက်ဆံရေး ကောင်းမွန်လိုကြသည်။
ရှီဟောင်လည်း ရောက်လာသည်။ သို့သော်လည်း သူဘာမှ မပြောပဲ တိတ်တဆိတ်သာ စောင့်ကြည့်နေလိုက်သည်။ အချို့ကျောင်းသားများမှာ ရှီဟောင်အား ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် နယ်မြေသင်္ချိုင်း၌ ရှီဟောင် ထာဝရကျောင်းမှ ကျွမ်းကျင်သူအချို့အား အနိုင်ယူလိုက်သည်ကို အားလုံးသိထားကြသည်။
ထို့အပြင် ဟွမ်နှင့် ဝမ်ရှီးတို့ကြားတွင် ရန်ငြိုးရန်စများလည်း ရှိနေသည်။ ယခု မကောင်းဆိုးဝါးအိုကြီးများပင် ပြိုင်ဘက်ကင်းသည့် ကောင်းကင်ပါရမီရှင်ဟု ချီးကျူးကြသည့် ဝမ်ရှီးနှင့်စေ့စပ်ထားသည့်သူ ရောက်လာလေပြီ။
“ဟွမ်တော့ ပြဿနာတက်ပြီ .. ယွမ်ချင်းက သူ့ကို ကျောင်းနှစ်ကျောင်းလုံးထဲ မဝင်နိုင်အောင် လုပ်မှာပဲ..” အချို့လူများ တီးတိုးပြောလိုက်ကြသည်။
ဝုန်း..
ထိုအချိန်တွင် ကြယ်ကြီး၏ ကိုယ်ထည်တောက်ပလာကာ ရွှေရောင်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာကာ သက်ရှိများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
“ကောင်းကင်နတ်ဘုရားကျောင်းမှာ ဟွမ်ဆိုတဲ့လူ ရှိလား..” ရွှေရောင်လမ်းကြောင်းပေါ်မှ လူတစ်ယောက် အော်ဟစ်လိုက်သည်။
ထင်ထားသည့်အတိုင်း ပြဿနာများ ရောက်လာလေပြီ။ ထာဝရကျောင်းမှလူများ ဤမျှ တည့်တိုးဆန်လိမ့်မည်ဟု သူတို့ မထင်ထားကြ။
ထိုရွှေရောင်လမ်းကြောင်းပေါ်၌ ပုံရိပ်အနည်းငယ် ပေါ်လာပြီး အောက်ဘက်မှ ကောင်းကင်နတ်ဘုရားကျောင်း ဂျီးနီးယပ်စ်များကို စီးမိုးကြည့်နေလေသည်။
ရှီဟောင် သူတို့အား အရေးမစိုက်ပဲ ဘေးဘက်မှနေ၍သာ တိတ်တဆိတ် ကြည့်နေလိုက်သည်။
“တကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ အနက်ကို မသိဘူးပဲ .. နယ်မြေသင်္ချိုင်းမှာတုန်းက ဟွမ်လို့ခေါ်တဲ့သူက ငါ့ရဲ့ ထာဝရကျောင်းက ကျင့်ကြံသူတွေကို တိုက်ခိုက်ရဲတယ် .. သူက ဝူတိုင်ကိုတောင် အရှက်ခွဲခဲ့ပြီးတော့ သူ့ရဲ့အပြာရောင်ချပ်ဝတ်တန်ဆာကိုတောင် လုယူသွားခဲ့တယ် .. အဲဒီလူ ဒီမှာ ရှိသလား မရှိဘူးလား..”
ထိုရွှေရောင်လမ်းကြောင်းပေါ်မှ ဆူပူသည့်အသံ နောက်တစ်သံ ထွက်ပေါ်လာသည်။
“ခွေးတစ်ကောင်ကို ရိုက်ရင် ခွေးပိုင်ရှင်နဲ့ ရင်ဆိုင်ရမှာပဲ .. အဲဒီအပြာရောင်ချပ်ဝတ်တန်ဆာက ကောင်းကင်ဘုရင်လေးပိုင်တဲ့ပစ္စည်းဆိုတာ မင်းသိသင့်တယ် .. အဲဒါကို လုယူသွားရလောက်အောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ .. ဟွမ် မင်း ချပ်ဝတ်တန်ဆာကို မြန်မြန်ပြန်ပေး မင်းအပြစ်တွေကို ဝန်ခံလိုက်တာ ကောင်းမယ်..” ဤပြစ်တင်ရှုံ့ချမှုမှာ ပြင်းထန်လှသည်။
“မင်းရဲ့ အပြစ်တွေကို မြန်မြန်ဝန်ခံလိုက်..” အခြားသူများလည်း ဟစ်ကြွေးလာကြသည်။
ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များလည်း ရှီဟောင်ကို ကြည့်လာကြသည်။
အပိုင်း ၁၄၁၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၈ – မကောင်းဆိုးဝါးကို ခြုံခိုတိုက်ခိုက်ခြင်း
သူတို့ ဟွမ်အား ပစ်မှတ်ထားကြလေပြီ။
ဤသည်မှာ သိသာထင်ရှားလွန်းလှသည်။
ကြယ်ကိုယ်ထည်မှ ဖြစ်လာသည့် ရွှေရောင်လမ်းကြောင်းပေါ်တွင် လူ ၁၀ ယောက် ဘေးချင်းကပ်ရပ်နေကြကာ ဟွမ်အား ပြောဆိုနေကြသည်။ ဤသည်မှာ သူတို့သည် သာမန်စစ်သားတစ်ယောက်ကို အထင်သေးနိမ့်ချနေသကဲ့သို့ သူတို့စိတ်ကြိုက်ပြောဆိုနေကြလေသည်။
ကောင်းကင်ဘုရင်လေးဟု ခေါ်သည့်သူမှာမူ ဆင်းမလာသေး။ သူ၏အဆင့်အတန်းကြောင့်လား .. ဤကိစ္စကို ဂရုမစိုက်သောကြောင့်လား မသိနိုင်ပေ။
လေထုမှာ အနည်းငယ် တင်းမာလာပြီး လူများစွာ အလွန်စိတ်လှုပ်ရှားလာကြသည်။ ယခုအချိန်တွင် ဟွမ်သည် သာမန်လူမဟုတ်တော့။ သူ မည်မျှထူးခြားကြောင်းကို သက်သေပြပြီးသွားလေပြီ။ သို့သော်လည်း သူသည် ယခုအချိန်၌ အေးစက်စွာပင် ဆူပူခံနေရပြီး တစ်ဖက်လူမျက်လုံးထဲတွင် အလေးထားခံရမနေပေ။
“ဟွမ် .. မင်းကြားလား မကြားဘူးလား.. မင်းရဲ့ အပြစ်တွေကို မြန်မြန် ဝန်မခံသေးဘူးလား .. ဒါမှမဟုတ် ငါတို့မင်းကို ဖော်ထုတ်မယ့်အချိန်ထိကို စောင့်နေတာလား .. မင်း အပြာရောင်ချပ်ဝတ်တန်ဆာကို မြန်မြန်ပေးလိုက်တာ ပိုကောင်းမယ်..”
စုစုပေါင်း လူ ၁၀ ယောက်ထက် ကျော်သွားလေပြီ။ သူတို့တစ်ယောက်စီတိုင်းမှာ ထူးခြားသည့်ကျွမ်းကျင်သူများဖြစ်ပြီး သူတို့ခန္ဓာကိုယ်ပတ်လည်တွင် ထာဝရစွမ်းအင်များ ရစ်ပတ်နေသည်။
ရှီဟောင်၏အမူအရာမှာ အေးစက်နေသည်။ သူသည် ဘာစကားမှ မပြောပဲ ထိုနေရာ၌ ရပ်နေဆဲပင်။
ချင်းယီ လျှောက်လာကာ သူနှင့်အတူ ရပ်လိုက်သည်။ သူ ရှီဟောင်အား အလွန်စိုးရိမ်နေမိသည်။ ထာဝရကျောင်းမှ ကျွမ်းကျင်သူများမှာ ရန်လိုသည့်ပုံစံဖြင့် ရောက်လာကြသောကြောင့် သူတို့ကြားတွင် ခင်မင်ရင်းနှီးမှု မရှိနိုင်။ ဤသည်မှာ စွမ်းအားကြီးသည့်သူများကြားမှ ပြိုင်ပွဲတစ်ခု ဖြစ်မည်ပင်။
ချောင်ယုရှင်း၊ ဂုချင်းယွမ်၊ စုန်းမနှင့် ရှီဟောင်နှင့်သိသည့်အခြားသူများသည် လက်ရှိလောကနည်းလမ်းကို ရွေးချယ်သောကြောင့် သူတို့နှင့် လူကွဲသွားခဲ့ကြသည်။ ရှေးဟောင်းနည်းလမ်းကျင့်ကြံသည့်သူများ နယ်မြေသင်္ချိုင်းသို့ သွားသကဲ့သို့ သူတို့သည်လည်း သူတို့ကိုယ်ပိုင် အခွင့်အရေးကောင်းများကို ရှာဖွေနေပြီး ယခုထိ ပြန်မရောက်သေး။
ယခု ကောင်းကင်နတ်ဘုရားကျောင်းထဲ၌ ရှီဟောင်ကို ကူညီနိုင်မည့်သူ သိပ်မရှိ။
မိုတောင် လျင်မြန်စွာ လျှောက်လာသည်။ သူသည် သူ့စကားအတိုင်း ရှီဟောင်နောက်သို့ တစ်ချိန်လုံး လိုက်နေခဲ့ပြီး ယခုလည်း ရှီဟောင်အနားတွင် လာရပ်နေသည်။
အားလုံး ထိတ်လန့်သွားရ၏။ ယခုအချိန်တွင် ရှီဟောင် ပြဿနာတက်နေခြင်းဖြစ်သော်လည်း သူနှင့်အတူ ရပ်တည်ရဲသည့်သူများ ရှိသေးသည်လား..
ရှီဟောင် ဘေး၌ ရပ်လိုက်ခြင်းမှာ ထာဝရကျောင်းမှလူများကို ဆန့်ကျင်လိုက်ခြင်းနှင့် အတူတူပင်။ သူတို့ ထာဝရကျောင်းကို ဝင်လိုလျှင် ဤလုပ်ရပ်မှာ သူတို့၏အခွင့်အရေးကို သေချာပေါက် ထိခိုက်နိုင်မည်ပင်။
ကောင်းကင်ထက်တွင်ရှိနေသည့် သူများထဲတွင် ရှီဟောင်ကို မှတ်မိနေသည့်သူများ ရှိနေသည်ပင်။
“ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်ကို မသိတဲ့သူအချို့ ရှိနေတာပဲ .. လေးစားမှုဆိုတာ နားမလည်သလို ပွင့်လင်းမှုလည်း မရှိကြဘူး .. သူနဲ့အတူတူ ရပ်နေကြတဲ့သူတွေ ရှင်တို့ ထာဝရကျောင်းကို မဝင်ချင်တော့ဘူးလား..” အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။ သူမသည် ငွေရောင်ဆံပင်ရှည်များရှိပြီး သူမမျက်နှာလည်း လှပလှသည်။
“မင်းတို့နှစ်ယောက် တော်တော်လေး တုံးအတာပဲ .. မင်းတို့နှစ်ယောက်က သူနားမှာ သွားရပ်ပြီးတော့ ထာဝရကျောင်းကို ဝင်ဖို့ အိပ်မက်မက်နေသေးတာလား .. မင်းတို့အားလုံး ထာဝရကျောင်းကို ဝင်ပြီးတော့ ပညာဆက်မသင်ချင်တော့ဘူးလား .. အခု အရှုံးပေးတော့မှာလား .. မင်းတို့ရဲ့ အရည်အချင်းတွေအားလုံးကို လွှင့်ပစ်တော့မှာလား..” အခြား အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ခရမ်းရောင်ဆံပင်များသည် သူ၏ပုခုံးထက်သို့ ကျနေသည်ပင်။
ဤစကားများမှာ တည့်တိုးဆန်လှသည်။
ရှီဟောင်မျက်နှာ ပျက်သွားရ၏။ ဤလူများမှာ လွန်လွန်းလှသည်။ သူတို့ကိုယ်သူတို့ ထာဝရကျောင်းက မကောင်းဆိုးဝါးအိုကြီးတွေလို့ ထင်နေတာလား .. တစ်ခြားသူရဲ့ဘဝကို သူတို့ကြိုက်သလို လာဝေဖန်နေတာလား..
“မင်းတို့အားလုံး ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီ..” နောက်ဆုံးတော့ ရှီဟောင်ပြောလာလေပြီ။ သူသည် ဤလူများအား တည်ငြိမ်စွာပင် ကြည့်နေလေ၏။
သူ စကားအများကြီးမပြောသော်လည်း သူထံ၌ စွမ်းအားကြီးသည့် အော်ရာတစ်မျိုးရှိနေသည်ပင်။ သူသည် အလွန်တည်ငြိမ်တိတ်ဆိတ်နေပြီး တစ်ချိန်တည်းမှာပင် လူများအား ကြက်သီးများထသွားစေသည်။
“ဟွမ် .. ရှင်က ကျွန်မတို့ ဂုဏ်သိက္ခာကို စိန်ခေါ်နေတာပဲ .. ရှင့်အမှားတွေကို ဝန်မခံသေးဘူးလား .. ဒီကိုလျှောက်လာပြီးတော့ ရှင့် မကောင်းမှုတွေကို ဝန်ခံလိုက် .. ဒါမှမဟုတ် ရှင် ပုန်ကန်ချင်နေတာလို့တော့ မပြောနဲ့နော်..” ငွေရောင်ဆံပင်နှင့် အမျိုးသမီးမှ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
“မင်းတို့မှာ ဘာဂုဏ်သိက္ခာတွေ ရှိနေလို့လဲ .. မင်းတို့မှာ ထူးခြားတာရှိလို့လား .. ငါ့ကိုလာပြီးတော့ အမှားကိုဝန်ခံပြီးတော့ အပြစ်ခံယူခိုင်းနေသေးတယ် .. တကယ်ကို ရယ်စရာကောင်းတာပဲ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ သူသည် အော်ဟစ်ပြောဆိုနေခြင်းမဟုတ်သလို တစ်ဖက်အဖွဲ့ကို ဆူပူကြိမ်းမောင်းနေခြင်းလည်း မဟုတ်။ သို့သော် သူ့စကားများမှာ တစ်ဖက်လူအား ဆွေ့ဆွေ့ခုန်သွားစေလေသည်။
ထိုကဲ့သို့ ပြောခံလိုက်ရသောကြောင့် ထိုငွေရောင်ဆံပင်နှင့်မိန်းမပျိုလေး၏ မျက်နှာနီရဲသွားလေသည်။
” ရှင်က သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို မသိဘူးပဲ..” သူမ ဒေါသတကြီး ပြောလိုက်သည်။
“လူတစ်ယောက်အနေနဲ့ လေးစားတတ်တဲ့နှလုံးသား ရှိဖို့လိုအပ်တယ်..” သူမဘေးမှ ခရမ်းရောင်ဆံပင်နှင့် အမျိုးသား ပြောလိုက်သည်။
“ရှင်တို့အားလုံး ထာဝရကျောင်းကို ဝင်ခွင့်ရမှာမဟုတ်ဘူး..” ငွေရောင်ဆံပင်နှင့် အမျိုးသမီးသည် ရှီဟောင်၊ ချင်းယီနှင့် မိုတောင်တို့အား ကြည့်ပြီး ပြောလိုက်သည်။
“ဟာသပဲ .. မင်းတို့တွေက ထာဝရကျောင်းကို ထိန်းချုပ်နိုင်တာလား .. မင်းတို့က အရာအားလုံးကို ဆုံးဖြတ်နိုင်တယ်လို့ ထင်နေကြတာလား .. မင်းတို့မှာ တပည့်အသစ်တွေကို လက်ခံခွင့်၊ ငြင်းပယ်ခွင့်တွေ ရှိနေတာလား .. မင်းတို့အားလုံးက အရမ်းကို ခေါင်းမာကြတာပဲ..” ရှီဟောင် ပြောလိုက်သည်။
ဘေးပတ်လည်တွင်ရှိနေသည့်သူများအားလုံး ခန္ဓာကိုယ်ပင် တုန်ယင်သွားရသည်။
ဟွမ်က တကယ်ကို အကြောက်အလန့် မရှိတာပဲ .. တစ်ဖက်လူကို ပြန်ပြီးတော့ ပြင်းပြင်းထန်ထန်တုံ့ပြန်နေတယ် .. သူနောက်ပြန်ဆုတ်မယ့်ပုံလည်း မပေါ်ဘူး..
ထာဝရကျောင်းမှ အရေးကြီးသည်တပည့်များကို ရန်မစချင်သောကြောင့် အားလုံး တိတ်ဆိတ်နေကြလေသည်။
“ကျွန်မတို့ဝင်ချင်ရင် ရှင်တို့တားလို့ ရမှာမဟုတ်ဘူး..” ချင်းယီ ပြောလိုက်၏။
အပေါ်ဘက်မှ ရယ်သံများ ထွက်လာလေသည်။ ထိုအမျိုးသားနှင့် အမျိုးသမီးသာမက အခြားသူများလည်း ရယ်မောနေကြသည်။
ဘာဖြစ်နေသည်ကို ကောင်းကင်နတ်ဘုရားကျောင်းမှလူများ နားလည်သွားလေပြီ။ ဤလူများ၏ အဆင့်အတန်းများမှာ သာမန်ဖြစ်မည် မဟုတ်။ ဤလူများမှာ မကောင်းဆိုးဝါးအိုကြီးများ၏ နောက်ဆုံးတပည့်ဖြစ်သောကြောင့် သူတို့သည် ကျောင်းသားရွေးချယ်ပွဲအား အတိုင်းအတာတစ်ခုထိတော့ ဝင်ရောက်စွက်ဖက်နိုင်မည်ပင်။
ရှီဟောင် ဘာမှမပြောတော့ပဲ သူတို့အား အေးစက်စွာပင် ရင်ဆိုင်နေလိုက်သည်။
“ဘာလဲ .. လက်မခံနိုင်ဘူးလား..”
လေထဲမှ ထိုအမျိုးသမီး အလွန်ပေါ့ပါးလွတ်လပ်စွာပင် ရယ်မောနေလေ၏။
” ရှင်တို့ လက်မခံနိုင်ရင်တောင် ဘာမှပြောင်းလဲမှာမဟုတ်ဘူး .. ထာဝရကျောင်းက တပည့်တွေကို အနိုင်ကျင့်ခဲ့ပြီးတော့ ရှင်သုံးဖို့အတွက် အရည်အချင်းမပြည့်မီတဲ့ အဖိုးတန်ချပ်ဝတ်တန်ဆာကိုလည်း ယူထားသေးတယ် .. ထာဝရကျောင်းက တံခါးတွေက ရှင်တို့အတွက် ဖွင့်ပေးမှာမဟုတ်ဘူး..”
သူမသည် လှပသည့်အမျိုးသမီးဟု ပြော၍ရသည်။ သူမ၏ငွေရောင်ဆံပင်များ တောက်ပနေပြီး ဖီးနှစ်မျက်လုံးများလည်း သွယ်တန်းနေသည်။ သို့သော်လည်း သူမ၏အမူအရာများမှာ အလွန်မောက်မာလွန်းလှပြီး အခြားသူများ သူမအား လေးစားနိုင်ရန် ခက်ခဲလှသည်။
“မင်း တိတ်တိတ်လေးနေလိုက်တာနဲ့ပဲ ပြီးသွားမယ်လို့ ထင်နေတာလား.. ငါတို့ပြောတာ ကြားလားမကြားဘူးလား .. မင်းရဲ့အပြစ်တွေကို လာဝန်ခံလိုက်လို့ ငါတို့ပြောနေတယ်နော်..” ထိုအမျိုးသား အော်ဟစ်လိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှာ ချက်ချင်းပင် အလွန်တိတ်ဆိတ်သွားရသည်။ အောက်ဘက်တွင်ရှိနေသည့် တပည့်များမှာ ဤအဖြစ်အပျက်အား အာရုံစိုက်ထားကြသည်။ ရှီဟောင် ရှုံးတော့မည်မှန်း သူတို့သိနေကြသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူ မည်ကဲ့သို့ပင် တုံ့ပြန်နေပါစေ သူက အားနည်းသည့်ဘက်တွင်သာ။
သူ၏အားနည်းမှုကိုသာ ပြလိုက်လျှင် ယနေ့မှစ သူက မည်သည့်မျက်နှာဖြင့် နေရမည်နည်း.. သို့သော်လည်း ဤအတိုင်းသာ ဆက်လက်ဆန့်ကျင်နေပြီး ကျောင်းထဲသို့ဝင်သွားမည်ဆိုပါက သူသည် အကြောင်းရင်းမရှိပဲ ကျောင်းအား ဆန့်ကျင်သလိုဖြစ်နေလိမ့်မည်။
“ဘာလဲ .. ရှင် ဘာမှ ပြောစရာမရှိတော့ဘူးလား..” အပေါ်ဘက်မှ ထိုငွေရောင်ဆံပင်နှင့်အမျိုးသမီး ရယ်မော၍ ပြောလိုက်သည်။ ရှီဟောင် ဘာမှမပြောသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူ ကြောက်သွားသည်ဟု သူမ ထင်လိုက်ခြင်းပင်။
“မင်းတို့အားလုံးက ငါ အဖက်လုပ်ဖို့တောင် မတန်ဘူး..” ရှီဟောင် သူတို့ကို ဘာမှမပြောတော့ပဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
“ရှင်..”
ငွေရောင်ဆံပင်နှင့် အမျိုးသမီးမှာ ထိတ်လန့်ကာ ဒေါသထွက်သွားရဿည်။ သူမ တစ်ဖက်လူ၏ လုပ်ရပ်ကို သည်းမခံနိုင်ဖြစ်နေသည်။ တစ်ဖက်လူသည် သူ့အား ကျယ်ကျယ်လောင်လောင်ဖြင့် ဆူပူနေခြင်းမဟုတ်သော်လည်း ဤကဲ့သို့သော တုံ့ပြန်မှုမှာ သူမအား ပို၍ ဒေါသထွက်စေသည်ပင်။
ရှီဟောင် သူတို့ကို တကယ် ဘာမှမပြောချင်တော့။ ပြောစရာလည်း မလိုပေ။ ဤလူများ အင်အားသုံးလာမည်ဆိုပါက သူလည်း ထိပ်တိုက်ရင်ဆိုင်လိုက်မည်ပင်။
“ဟွမ် .. မင်းဒီကို လာခဲ့စမ်း..” ခရမ်းရောင်ဆံပင်နှင့် အမျိုးသားမှ ပြောလိုက်သည်။ သူသည်လည်း အရှက်ခွဲခံလိုက်ရသောကြောင့် ကျယ်လောင်စွာပင် အော်ဟစ်လိုက်လေသည်။
အောက်ဘက်တွင်ရှိနေသည့်သူများမှာ တစ်သံမှပင် မထွက်ရဲတော့။ တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်ကို သူတို့သိသည်။ ဟွမ်၏ ပုံစံနှင့်ဆိုလျှင် သူ ဤသည်ကို သေချာပေါက် သည်းခံမည် မဟုတ်။
“မင်းတို့အားလုံး ဟောင်ဖို့ပဲ တတ်တာလား .. မင်းတို့သေချင်ရင် ဆင်းလာခဲ့လိုက်..” ရှီဟောင် ရုတ်တရက်ပင် တစ်ဖက်လှည့်လာကာ ပြောလိုက်၏။ သူ ယခု ဒေါသထွက်နေပြီဖြစ်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်နေလေပြီ။
‘ဟောင်သည်’ ဆိုသည့်စကားလုံးမှာ အပေါ်ဘက်တွင်ရှိနေသည့်သူအားလုံး၏ အမူအရာကို ပြောင်းလဲသွားစေသည်။ ဤသည်မှာ တိရစ္ဆာန်အသံကို ဖော်ပြရန် သုံးသည့်အသုံးအနှုန်းပင်။ ဟွမ်က သူတို့ကို ဒီလိုမျိုး အရှက်ခွဲရဲတယ်။
“သူ့ကို ဖမ်း..” ခရမ်းရောင်ဆံပင်နှင့်အမျိုးသားမှ အော်ဟစ်လိုက်သည်။ သူသည် အရှေ့တက်လာကာ စတင်တိုက်ခိုက်လာသည်။ ရွှေရောင်လမ်းကြောင်းသည် ယခင်က ထာဝရနယ်မြေမှ လာသကဲ့သို့ ကြည်လင်တောက်ပနေသော်လည်း ယခုအချိန်တွင် သတ်ဖြတ်လိုသည့်စွမ်းအင်များ ပါဝင်လာသည်။ အပေါ်ဘက်တွင်ရှိနေသည့် လူတစ်ဒါဇင်ကျော်လောက်မှာ အဖိုးတန်ကရားများ၊ နတ်ဆိုးကျည်ပွေ့များနှင့် နတ်ထီးများကို ဝေ့ရမ်းကာ ရှီဟောင်ထံသို့ အတူတကွ ပြေးလာကြလေ၏။
အားလုံး ထိတ်လန့်သွားကြရသည်။ ဤလူများ၏ မှော်ပစ္စည်းများမှာ ခံ့ညားလှသည်ပင်။ ဤပစ္စည်းများအားလုံးတွင် အော်ရာများရှိနေပြီး သူတို့ဝိညာဉ်များနှင့် တုံ့ပြန်နေကြလေသည်။
အရှေ့ဆုံးမှ လာနေသည်မှာ အမျိုးသားနှင့် အမျိုးသမီးစုံတွဲပင်။ ခရမ်းရောင်ဆံပင်နှင့် အမျိုးသားသည် နတ်ဆိုးကျည်ပွေ့အား ကောင်းကင်ထက်သို့ မွှေ့ရမ်းလိုက်ပြီး ခရမ်းရောင်အလင်းများ ထုတ်လွှတ်လိုက်သည်။ ထို့နောက် ထိုအလင်းများ အောက်ဘက်သို့ ဆင်းသက်လာကြလေသည်။ လေဟာနယ်ပေါက်ကွဲသွားကာ နတ်တာအိုသံများလည်း နားကွဲလောက်အောင် ထွက်လာသည်။
ငွေရောင်ဆံပင်နှင့် အမျိုးသမီး၏မျက်နှာမှာ အတော်လေး လှပသော်လည်း ယခုအချိန်တွင် အနည်းငယ် အေးစက်နေသည်။ သူမသည် ငွေရောင်အလင်းတန်းစီးဆင်းနေသည့် အဖိုးတန်ကရားကိုကိုင်ကာ ရှီဟောင်ထံသို့ ပစ်လွှတ်လိုက်လေသည်။
ဤတိုက်ခိုက်မှုများတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပါဝင်နေ၏။ အားလုံး အတူတကွ တိုက်ခိုက်လိုက်ကြသည်။
“ဗာဂျရာ နတ်ဆိုးပျက်စီးခြင်းအစီအရင်…” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အားလုံး တုန်လှုပ်သွားကာ ထာဝရကျောင်း၏ စွမ်းအားကို သက်ပြင်းချလိုက်ကြသည်။ သူတို့ယခုမှ တိုက်ခိုက်ကြခြင်းဖြစ်သော်လည်း ရှေးဟောင်းခေတ်မှ နာမည်ကြီးအစီအရင်ကို အသုံးပြုနေလေပြီ။
“မင်းတို့အားလုံး ဒီလောက် ရဲရဲတင်းတင်းလုပ်နေရဲတာ အံ့ဩစရာမရှိတော့ပါဘူး..” ရှီဟောင် တီးတိုးပြောလိုက်သည်။ သူတို့အားလုံး ဤကဲ့သို့ ပေါင်းစည်းတိုက်ခိုက်ကြသည့်အချိန်တွင် သူတို့သည် လူငယ်မျိုးဆက်မှ ကျွမ်းကျင်သူအား တကယ်ဖိနှိပ်နိုင်သည်ပင်။
သို့သော်လည်း သူ စိတ်ထဲ သိပ်မထည့်။ သူသည် ယခင်က နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် အချိန်အတော်ကြာသည်အထိ ပူးပူးကပ်ကပ်နေခဲ့သောကြောင့် ဤအစီအရင်များအကြောင်းကို သူအနည်းငယ် သိထားသည်ပင်။ သူ၏ပြိုင်ဘက်ကင်းသည့် တိုက်ခိုက်နိုင်စွမ်းနှင့်ဆိုလျှင် သူ ဘာကိုမှ မကြောက်။
သို့သော်လည်း သူ ဤအစီအရင်ကို ချိုးဖောက်ရန်အတွက်ရန်မူ အနည်းငယ် ဒုက္ခများလိမ့်မည်။
သို့သော်လည်း ရှီဟောင် သူတို့နှင့် သူသေကိုယ်သေ မတိုက်ခိုက်ချင်။ သူအနိုင်ရသွားလျှင်ပင် သူ့အတွက် ကောင်းမည် မဟုတ်။
ဝုန်း..
ထိုအချိန်တွင် ရှီဟောင်၏အော်ရာ ပေါက်ကွဲထွက်လာသည်။ သူသည် ချောက်နက်ကြီးထဲမှ ထွက်လာသည့် နဂါးအစစ်ကဲ့သို့ပင်။
သွေးစွမ်းအင်များမှာ ပင်လယ်တစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။ ရှီဟောင် သူ၏အဆင့်လွန်အဖိုးတန်ပညာများဖြစ်သည့် ကောင်းကင်ကပ်ဆိုးအလင်း၊ ပြန်လည်ဝင်စားခြင်းနှင့် ယခုထက်ထိ မပြည့်စုံသေးသည့် တတိယမြောက် အဖိုးတန်ပညာများကို အသုံးပြုလိုက်ခြင်းပင်။ ထိုအဖိုးတန်ပညာသုံးမျိုးလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပြီး စွမ်းအားသုံးခုလည်း တစ်ခုတည်းအဖြစ် ပေါင်းသွားသည်။
သူသည် သူ၏အဆင့်လွန်ပညာသုံးမျိုးကို သုံးခဲသော်လည်း ယနေ့တော့ ဤပညာများကို တန်းသုံးလိုက်လေပြီ။
လူတစ်ယောက်တည်းဖြင့် အဆင့်လွန် နတ်စွမ်းရည်သုံးမျိုးပင်။
ဝုန်း..
ကောင်းကင်နှင့် ကမ္ဘာမြေကြီး ဖရိုဖရဲဖြစ်လာကာ ဤနတ်စွမ်းအားလှိုင်းတစ်ခုတည်းဖြင့်ပင် လောကကြီး ပြိုလဲကျသွားတော့မတတ်ပင်။
ရှီဟောင်၏ တိုက်ခိုက်မှုမှာ အဆင့်လွန်လူငယ်တစ်ယောက်နှင့် ရင်ဆိုင်ရန် လုံလောက်သည်။
ဤသည်မှာ တစ်ချက်တည်းဖြင့် ရလဒ်ထွက်လာနိုင်သည့် တိုက်ခိုက်မှုပင်။
ရှီဟောင် မကျရှုံးခဲ့။ တောက်ပသည့်အလင်းနှင့်အတူ အဆင့်လွန်နတ်စွမ်းရည်သုံးမျိုး ထွက်ပေါ်လာပြီး တစ်ဖက်လူ၏ ဗာဂျရာ နတ်ဆိုးဖျက်ဆီးခြင်းအစီအရင်အား ဖျက်ဆီးပစ်လိုက်ကာ ထိုလူများ၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားအောင် ပြုလုပ်လိုက်လေသည်။ သူတို့ပါးစပ်များမှ သွေးများလည်း အန်လာသည်။
အား..
သူတို့ထဲမှ တစ်ယောက် သနားစဖွယ် အော်ဟစ်လိုက်ကာ သူ့ခန္ဓာကိုယ်လည်း လွင့်ထွက်သွား၏။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းလမ်းကြောင်းလည်း ပျက်ပြယ်လုနီးပါး ဝေ့ရမ်းသွားသည်။
ဖုန်း..
ရှီဟောင် အရှေ့ဘက်သို့ တရှိန်ထိုးပြေးသွားကာ ထိုအမျိုးသားနှင့် အမျိုးသမီးစုံတွဲကို လေထဲသို့ မြှောက်လိုက်သည်။ ထို့နောက် သူသည် ပုံရိပ်ယောင် တစ်တန်းချန်ရစ်ထားကာ သူ၏မူလနေရာသို့ ပြန်ရောက်လာလေသည်။
ကောင်းကင်ထက်တွင် နတ်စွမ်းအားမျိုးစုံ စီးဆင်းနေပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာသော်လည်း မြေပြင်မှာမူ ခဏကြာပြီးသည့်နောက်တွင် ပြန်လည်တည်ငြိမ်သွားသည်။
“ဒါက မင်းတို့ပြောတဲ့ ဂုဏ်သိက္ခာလား..”
ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။ ဖုန်းဟူသည့်အသံနှင့်အတူ ရှီဟောင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသားကို မြေပြင်ထက်သို့ ပစ်ပေါက်လိုက်ပြီး သူ့မျက်နှာပေါ်သို့ တက်နင်းလိုက်လေသည်။
“မင်း .. မဟုတ်ဘူး..” ထိုအမျိုးသား အော်ဟစ်လိုက်သည်။ အားလုံးရှေ့၌ အရှက်ခွဲခံလိုက်ရခြင်းမှာ သူအသတ်ခံလိုက်ရသည်ထက်ပင် ပိုဆိုးသေးသည်။
“မင်း ဘာတွေ ဆူညံနေတာလဲ..”
ရှီဟောင်သည် ခြေထောက်မြှောက်လိုက်ပြီး သူ့မျက်နှာပေါ်သို့ နင်းချလိုက်သည်။ ချောမောခန့်ညားသည်ဟု သတ်မှတ်၍ရသည့် မျက်နှာမှာ ချက်ချင်းပင် ပုံပျက်သွားသည်။ သူ၏နှာခေါင်းရိုးချိုင့်ဝင်သွားပြီး သွားများလည်း ကျွတ်ထွက်လာသည်။
“ရှင် .. ကျွန်မတို့ကို ဒီလိုမျိုးဆက်ဆံနေတာကို ခွင့်မပြုနိုင်ဘူး” ရှီဟောင်လက်ထဲတွင်ရှိနေသည့် ငွေရောင်ဆံပင်နှင့် အမျိုးသမီး အော်ဟစ်လိုက်သည်။
“ငါ လုပ်လို့မရဘူးလား..” ရှီဟောင် သူမအား အေးစက်စွာ ကြည့်ပြီးနောက် သူ၏အခြားလက်တစ်ဖက်ကို လွှဲရမ်းလိုက်သည်။
ဖြန်း..
ကျယ်လောင်လှသည့် အသံထွက်ပေါ်လာကာ ထိုအမျိုးသမီး၏ မျက်နှာက ယောင်ယမ်းလာသည်။ သူမ မြေပြင်ပေါ်သို့ လွင့်ထွက်သွားကာ ပါးစပ်နှင့် နှာခေါင်းမှလည်းသွေးများ စီးကျလာသည်။
အပိုင်း ၁၄၁၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၉ – ကောင်းကင်ဘုရင်လေး
လုံးဝ တိတ်ဆိတ်နေသည်။ ဤ မြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူတို့အားလုံး ဆွံ့အသွားရသည်။ သူ၏အနာဂတ်မှာ စိုးရိမ်စရာဖြစ်နေသော်လည်း သူသည် စွမ်းအားကြီးစွာ ပြန်လည်တိုက်ခိုက်နေဆဲပင်။
ဤလူများမှာ ထာဝရကျောင်းမှ တပည့်များဖြစ်သော်လည်း ရှီဟောင်သည် သူ တိုက်ခိုက်မည်ဟု ပြောပြီးသည်နှင့် သူတို့အား ရိုက်ချလိုက်သည်ပင်။ သူ၏ရည်ရွယ်ချက်မှာ အနည်းငယ်မျှပင် မယိမ်းယိုင်သွားပေ။
လူများစွာ ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်တော့။ ဖမ်းခံလိုက်ရသည့်နှစ်ယောက်လည်း ဆွံ့အနေသည်ပင်။
“ဟွမ် .. ရှင် ကျွန်မကို ရိုက်လိုက်တာလား..”
ထိုငွေရောင်ဆံပင်နှင့်အမျိုးသမီး စူးရှစွာ အော်ဟစ်လိုက်သည်။ ထိုရိုက်ချက်မှာ သူမ မျက်နှာထက်သို့ ရောက်လာခြင်းဖြစ်ပြီး နာကျင်မှုမှာ သူမအရိုးထဲသို့ပင်စိမ့်ဝင်လာသည်။ ယခုအချိန်တွင် သူမမျက်နှာမှာ လုံးဝရောင်ကိုင်းနေလေပြီ။ သူမ၏ ဖီးနှစ်မျက်လုံးများကိုပင် မမြင်ရတော့။
ရှီဟောင် အရှေ့သို့ လျှောက်လာကာ သူမအား ဖုန်းကနဲ ကန်လိုက်လေသည်။
“အား .. ဘယ်သူ ငါ့အစား သူ့ကို သတ်ပေးမလဲ..”
ထိုငွေရောင်ဆံပင်နှင့်အမျိုးသမီး အော်ဟစ်လိုက်သည်။ သူမသည် ထာဝရကျောင်းတွင် စွမ်းအားကြီးသည့်သူတစ်ယောက်၏မျိုးဆက်ပင်။ ထို့ကြောင့် သူမ ဘယ်တုန်းကများ ဤကဲ့သို့ ခံရဖူးသနည်း ..
ဒုန်း..
တစ်ယောက်ယောက်မှ ဗုံတီးလိုက်သကဲ့သို့ ကျယ်လောင်လှသည့်အသံ ထွက်ပေါ်လာပြီး ဤနေရာမှာ ဆက်တိုက်တုန်ခါသွားသည်။ ဤသည်မှာ အားလုံး၏ သွေးနှင့်ချီစွမ်းအင်ကို ထွက်ပေါ်လာစေကာ သူတို့သတိလစ်မလိုပင် ဖြစ်သွားကြသည်။
ထို ခရမ်းရောင်ဆံပင်နှင့် အမျိုးသား တိုက်ခိုက်လိုက်ခြင်းပင်။ သူသည် ယခုလေးတင် ရှီဟောင်၏ ပစ်ပေါက်ခြင်းကို ခံလိုက်ရကာ သူ၏နှာခေါင်းရိုးကျိုးသွားပြီး ချိုင့်ဝင်သွားသည်။ ယခု ထိုအမျိုးသမီး၏ အော်သံကို ကြားလိုက်သည်နှင့် သူ တိတ်တဆိတ် လှုပ်ရှားလိုက်သည်။
ခရမ်းရောင်နတ်ဆိုးကျည်ပွေ့မှ အဆုံးမရှိသည့် အလင်းများ ထွက်ပေါ်လာသည်။ ထိုကျည်ပွေ့မှ ထွက်လာသည့် စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။ ထိုစွမ်းအားသည် လေဟာနယ်ကို ပျက်စီးစေပြီး ရှီဟောင်ထံသို့ ဦးတည်သွားသည်။
ဤနတ်ဆိုးကျည်ပွေ့မှာ ကောင်းကင်နတ်ဘုရားများကိုပင် သတ်နိုင်သည့် လက်နက်တစ်ခုပင်။ ဤသည်မှာ လူသတ်လက်နက်တစ်ခုဖြစ်ပြီး နတ်ဆိုးဖျက်ဆီးခြင်းနတ်လက်နက်ဟုပင် ပြော၍ရသည်။
ထိုကျည်ပွေ့ကို ဗဟိုပြုကာ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်လှိုင်းနှင့် ထိတွေ့သည့်အရာအားလုံး ပျက်စီးသွားသည်ပင်။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် လူအချို့ သနားစဖွယ် အော်ဟစ်လိုက်ကြသည်။ ထိုကျည်ပွေ့မှ ထွက်လာသည့် စွမ်းအင်လှိုင်းမှာ သူတို့ကို လွင့်ထွက်သွားစေကာ သွေးအန်သွားစေ၏။ သူတို့ သေမလိုပင် ဖြစ်သွားကြသည်။
သို့သော် တိုက်ပွဲအလယ်တွင်ရှိနေသည့် ရှီဟောင်မှာမူ မတုန်မလှုပ်ရပ်နေဆဲပင်။ သူ့ဘေးပတ်လည်တွင် ရောင်စုံနတ်အလင်းရှိနေသည်။
သူ၏ပုံစံမှာ ခမ်းနားကြီးကျယ်လှသည်။ “အမှားကနေ သင်ယူနိုင်တဲ့ ဦးနှောက်လေးတောင် မရှိဘူးပဲ…” ရှီဟောင် ထိုလူအား ကြည့်ကာ ပြောလိုက်သည်။
လူများစွာ တုန်ယင်သွားရသည်။ ဤကဲ့သို့သော ရိုက်ချက်မျိုးတွင်ပင် သူသည် အန္တရာယ်ကင်းနေဆဲပင်။
“ဒါက ကောင်းကင်လမ်းကြောင်းတစ်ခုလား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ကောင်းကင်နတ်ဘုရားကျောင်းမှ လူများမှာ သူ၏စွမ်းရည်များအကြောင်းကို သိပြီးသားပင်။
ကောင်းကင်လမ်းကြောင်းသည် နေမင်းကြီးကဲ့သို့ တောက်ပနေပြီး ရှီဟောင်အား ကာကွယ်ပေးထားသည်ပင်။ နတ်ဆိုးကျည်ပွေ့ဖြင့် မည်မျှပင် ရိုက်ချနေပါစေ ဤသည်မှာ ရှီဟောင်အား အနည်းငယ်မျှပင် ဒဏ်ရာမရရှိစေပေ။
ဖုန်း..
ရှီဟောင် ခြေထောက်စောင့်ချလိုက်သည်။ ထိုခရမ်းရောင်ဆံပင်နှင့်အမျိုးသားသည် ထိုခြေထောက်ကို မရှောင်လိုက်နိုင်ပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်တစ်ဝက်ကို အနိုင်နိုင်ထိန်းထားပြီးမှ ဤရိုက်ချက်ကို ရိုက်လိုက်နိုင်ခြင်းပင်။ ယခုတော့ သူသည် ရှီဟောင်၏ခြေထောက်အောက်၌ ပုံကျသွားလေပြီ။
ဖူး.
သူ ပါးစပ်အပြည့် သွေးအန်သွားရသည်။ ထိုခြေထောက်ကန်ချက်မှာ တောင်တစ်လုံးဖြင့် ဖိခံလိုက်ရသကဲ့သို့ပင်။
ခွပ်…
ထို့နောက် သူ၏ရင်ဘတ်မှ အရိုးများကျိုးသွားသည်ကို သူ ခံစားလိုက်ရသည်။ နာကျင်မှုမှာ သူ့မျက်နှာကိုပင် ပျက်ယွင်းသွားစေသည်အထိပင်။
“ဟွမ် .. မင်း ထာဝရကျောင်းထဲ ဝင်ချင်သေးရဲ့လား..” သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူသည် ဤသည်ကို အသုံးပြုကာ ရှီဟောင်အား တားဆီးလိုခြင်းပင်။ မဟုတ်ပါက သူ့တစ်ကိုယ်လုံး ကျိုးကြေတော့မည်ဟု သူ ခံစားနေရသည်။
ဒုန်း..
ထို့နောက် သူ့လက်ပြေလျော့သွားသည်ဟု ခံစားလိုက်ရကာ နတ်ဆိုးကျည်ပွေ့လည်း အရောင်မှိန်သွားသည်။ ထိုကျည်ပွေ့သည် ပုံပျက်သွားသည်အထိ ခြေထောက်တစ်ဖက်ဖြင့် တက်နင်းခံလိုက်ရကာ အရိုးစာသားများစွာလည်း ပျောက်ကွယ်သွားလေပြီ။
ဤသည်မှာ သူ့အား အလွန်ထိတ်လန့်သွားစေသည်။ သူ့ရှေ့က လူငယ်လေးက ဘယ်လောက်တောင်မှ စွမ်းအားကြီးတာလဲ … သူက ခြေထောက်တစ်ဖက်တည်းနဲ့ နတ်လက်နက်တစ်ခုကို ဖျက်ဆီးပစ်လိုက်တာ…
နတ်ဆိုးကျည်ပွေ့ အက်ကွဲလာကာ သူ့ထံတွင်ရှိရမည့် နတ်ခွန်အားများလည်း မရှိတော့။
ထို့နောက် ဖုန်းဟူသည့်အသံနှင့် အတူ ထိုခရမ်းရောင်ဆံပင်နှင့်အမျိုးသား လွင့်ထွက်သွားအောင် ကန်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲမှ တဂွပ်ဂွပ်အသံများ ထွက်ပေါ်လာပြီး သူ့အရိုး ဘယ်နှစ်ချောင်းကျိုးသွားမှန်းပင် မသိတော့။
တစ်ချိန်တည်းမှာပင် ရှီဟောင်သည် ထိုအမျိုးသမီးထံသို့ လျှောက်လာကာ သူမ လွင့်ထွက်သွားသည်အထိ ကန်ထည့်လိုက်လေ၏။ သူ၏ အပြုအမူများမှာ အညှာအတာကင်းမဲ့လှသည်။
ဤအဖြစ်အပျက်များ မြန်ဆန်လွန်းလှသည်မှာ အားလုံး တုံ့ပြန်ချိန် မရလိုက်နိုင်အောင်ပင်။
အား..
ငွေရောင်ဆံပင်နှင့်အမျိုးသမီး နာကျင်စွာ အော်ဟစ်လိုက်သည်။ ဤနေရာမှာ ထာဝရကျောင်းမဟုတ်ကြောင်း၊ သူမကို ကာကွယ်ပေးမည့်သူမရှိကြောင်း သူမ နောက်ဆုံးတော့ နားလည်သွားလေပြီ။ ထို့ကြောင့်ပင် သူမ ရှေ့မှလူသည် စိတ်ထင်တိုင်း လုပ်ရဲနေခြင်းပင်။
သူမ ထိုအဖိုးတန်ကရားကို အသက်သွင်းလိုက်ပြီး သူမကိုယ်သူမ ကာကွယ်ရန် အားလုံး လုပ်နိုင်သည်။
” စီနီယာအစ်ကို .. ကျွန်မကို မြန်မြန်ကယ်ပါ..” သူမ ရှီဟောင်အား စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
ရှီဟောင်သည် သနားညှာတာမှု မရှိ။ သူလက်ညှိုးထိုးလိုက်သည်နှင့် လေနှင့်လျှပ်စီးများ ထွက်ပေါ်လာကာ နားစည်ကွဲလောက်သည့် ဆူညံသံလည်း ထွက်ပေါ်လာသည်။
ခွပ်..
အဖိုးတန်ကရားအိုး ပေါက်ကွဲသွားကာ ဤနေရာတစ်ခုလုံး လင်းထိန်သွားသည်။ ကရားအိုးအပိုင်းအစများလည်း နေရာအနှံ့သို့ ပျံ့ကြဲသွားသည်။
လူများစွာ ငေးကြောင်သွားရသည်။ ဤသည်မှာ တာအိုပုံများပါရှိသည့် အဖိုးတန်ကရားအိုပင်။ သို့သော်လည်း ဤကရားအိုးသည် ဟွမ်၏ လက်ညှိုးတစ်ချောင်းဖြင့် ဖျက်ဆီးခံလိုက်ရလေပြီ။ ဤသည်မှာ အနည်းငယ် ထိတ်လန့်စရာကောင်းနေသည်ပင်။
ထိုအမျိုးသမီး စူးရှစွာပင် အော်ဟစ်လိုက်သည်။ အဖိုးတန်ကရားအိုးမှ လွင့်ထွက်လာသည့် အပိုင်းအစများကြောင့် သူခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်နှက်နေလေပြီ။ နေရာတိုင်းတွင် သွေးများစီးကျနေပြီး သူမလှုပ်ပင် မလှုပ်နိုင်တော့။ နာကျင်စွာ ညည်းတွားရုံသာ တတ်နိုင်တော့သည်။
“ရပ်လိုက်..”
ရွှေရောင်လမ်းကြောင်းပေါ်မှ လွင့်ထွက်သွားသည့်သူများ အော်ဟစ်လိုက်သည်။ သူတို့အားလုံးသည် မှော်လက်နက်များကိုင်ထားကာ ရှီဟောင်အား ရပ်တန့်ချင်နေကြသည်။
ရှီဟောင် တစ်ဖက်သို့ လှည့်လိုက်သော်လည်း သူ ထပ်မတိုက်တော့။ အဘယ်ကြောင့်ဆိုသော် သူ ဤလူများကို တကယ်မသတ်ချင်။ သူသာ သတ်လိုက်လျှင် ထိုမကောင်းဆိုးဝါးအိုကြီးများ သူ့အပြုအမူကို သဘောတူမည် မဟုတ်။ သူ ဤနှစ်ယောက်ကို သင်ခန်းစာ လုံလုံလောက်လောက် ပေးပြီးသွားလေပြီ။
ဤနေရာမှာ တစ်ခဏတိတ်ဆိတ်သွားပြီးနောက် ဆူညံသံများ ထွက်ပေါ်လာသည်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများမှာ ဖုံးကွယ်ချင်လျှင်ပင် ဖုံးကွယ်၍ မရနိုင်ပေ။ ရှီဟောင် ဤမျှစွမ်းအားကြီးလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။
“ထာဝရကျောင်းက လူတွေက ဒီလောက်ပဲ လုပ်နိုင်တာလား..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ဤစကားများမှာ မီးထဲသို့ လောင်စာလောင်းထည့်လိုက်သည်နှင့် အတူတူပင်။ အသံလာရာနေရာကို ရှာကြသော်လည်း သူတို့ ဘာမှရှာမတွေ့ကြ။
အချို့လူများသည် အရိုးဖြူဗူးသီးကို ကြည့်လိုက်ကြသည်။ ဤသည်မှာ အလေးအမြတ်ကျောင်း၏ ယာဉ်ပင်။ သူတို့ထဲမှ တစ်ယောက် ပြောလိုက်ခြင်းဖြစ်မည်ဟု သူတို့သံသယဝင်လာကြသည်။
သို့သော်လည်း ထိုလူ၏ ရည်ရွယ်ချက်အောင်မြင်သွားသည်ပင်။ ထိုစကားကိုကြားသည်နှင့် ထာဝရကျောင်းမှလူများ မျက်နှာပျက်သွားရသည်။ ဤလူ၏ ရည်ရွယ်ချက် မရိုးရှင်းမှန်း သိကြသော်လည်း သူတို့ တိုက်ခိုက်ချင်နေဆဲပင်။
အမှန်တကယ်တွင် တစ်ယောက်မှ မပြောလျှင်ပင် ဤကဲ့သို့ ဟွမ်၏ဖိနှိပ်ခြင်းခံရသည်ကို မြင်ပြီးသည့်နောက်တွင် ထာဝရကျောင်းမှ ကျွမ်းကျင်သူများ တိတ်ဆိတ်နေမည်မဟုတ်။
ကြယ်ကြီးရွေ့လျားလာကာ ဒီရေနှင့်တူသည့် အသံလှိုင်းများ ထုတ်လွှတ်လာသည်။ ထို့အပြင် ကြောက်စရာကောင်းသည့် နယ်မြေတစ်ခုကို ဖန်တီးလိုက်ကာ ကောင်းကင်ကြီးအား ထိန်းချုပ်ထားလေသည်။ ခပ်ဝေးဝေးတွင် ပျံသန်းနေသည့်ငှက်များပင် ရပ်တန့်သွားလေပြီ။
ဤနယ်မြေမှာ စွမ်းအားကြီးလှသောကြောင့် အားလုံး၏ အမူအရာပြောင်းလဲသွားရသည်။
ကြယ်ကိုယ်ထည်တွင် ဂိတ်တံခါးတစ်ခု ပေါ်လာကာ သက်တံ့ရောင်တံတားတစ်စင်း ထွက်လာသည်။ ထိုနတ်တံတားမှ လူအချို့ ထွက်လာကြသည်။
“မင်းက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အနက်ကို တကယ် မသိဘူးပဲ .. ကောင်းကင်ဘုရင်လေးရဲ့ ဂုဏ်သိက္ခာကို မင်းက ထပ်ခါတလဲလဲစော်ကားခဲ့တယ် .. အခု ကောင်းကင်ဘုရင်ကိုယ်တိုင်လာပြီ .. မင်းဘယ်လိုပြဿနာရှာနိုင်ဦးမလဲဆိုတာ ကြည့်ကြတာပေါ့..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
ကြယ်ကိုယ်ထည်မှ လူများစွာ လမ်းလျှာက်ထွက်လာသည်။ ဤလူများအားလုံးမှာ ထာဝရကျောင်းမှ လူငယ်ဂျီးနီးယပ်စ်များပင်။ ထာဝရကျောင်းသည်လည်း ဤအကြောင်းစဉ်းစားမိသောကြောင့် လူ တော်တော်များများခေါ်လာသည်ကို တွေ့နိုင်သည်ပင်။
“ကောင်းကင်ဘုရင်လေး ပေါ်လာပြီ..”
အောက်ဘက်တွင်ရှိနေသည့် လူများစွာ ထိတ်လန့်သွားရသည်။ အဓိကလူကြီး ရောက်လာလေပြီ။
သူ ရှီဟောင်နဲ့ တိုက်ခိုက်တော့မှာလား..
ဤသည်မှာ သူ၏ ရွယ်တူအားလုံးကို ဖိနှိပ်နိုင်သည့် ထူးခြားသည့်ပါရမီရှင်ဟု ပြောကြသည်ပင်။ သူနှင့်ယှဉ်နိုင်သည့် ပြိုင်ဘက်မရှိသေး။ ထို့ကြောင့် သူ့အား ကောင်းကင်ဘုရင်ဟု ခေါ်ခြင်းမှာ သူ့အသက်အရွယ်ကြောင့်မဟုတ်ပေ။
ဤနာမည်တစ်ခုတည်းဖြင့်ပင်လျှင် အရာအားလုံးကို ရှင်းပြရန် လုံလောက်လေပြီ။
အားလုံး ထို ၇ ရောင် သက်တံ့တံတားနှင့် ထိုလူများကို ကြည့်လိုက်သည်။ ကောင်းကင်ဘုရင်လေးအစစ်၏ ပုံပန်းသွင်ပြင်အစစ်ကို သူတို့အားလုံး သိချင်နေကြသည်။ သူသည် မည်မျှပင် ထူးခြားသည့်သူဖြစ်သနည်း..
ထိုနေရာတွင် အမျိုးသား၊ အမျိုးသမီး အယောက် ၄၀ ခန့်ရှိသည်။ အားလုံးထံ၌ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်။
သူတို့ထဲတွင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့်သူမှာ တစ်ယောက်၊ နှစ်ယောက် မကပေ။ အချို့သူများမှာ ဦးခေါင်းထက်၌ ပွင့်နေသည့် တာအိုပန်းပွင့်များပင် ရှိနေကြသည်။
သူတို့အလယ်တွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပနေသည့် အသားအရေရှိသည့် အမျိုးသားတစ်ဦး ရပ်နေသည်။ သူ၏ခန္ဓာကိုယ်မှ ထာဝရမြူများ ပျံ့လွင့်နေလေသည်။
သူ့ဦးခေါင်းထက်တွင် ပိုးချည်မျှင်နှင့်တူသည့် ရေပြာရောင် ဆံပင်ရှိနေသည်။ သူသည် အပြုံးတစ်ခုကို အမြဲတမ်းတပ်ဆင်ထားကာ အလွန်တည်ငြိမ်ပြီး အေးချမ်းသည့်ပုံပေါ်သည်။
သူ၏မျက်လုံးများမှာ မသန့်စင်မှုမရှိပဲ ကြည်လင်လှသည်။ ထိုမျက်လုံးမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဤလူမှာ အလွန်ထူးခြားလှသည်။ သူသည် လူသားလောကမှ ကျင့်ကြံသူနှင့် မတူပဲ ထာဝရတပ်သားတစ်ယောက်နှင့် တူနေသည်။ သာမန်လူသားများရှင်းပြရန် ခက်ခဲလှသည့် အော်ရာတစ်မျိုးလည်းရှိနေသည်။
“နတ်ဘုရားလိုမျိုးထူးခြားပြီးတော့ သူ့ရဲ့ စိတ်နေစိတ်ထားကလည်း ကြမ်းတမ်းမှုမရှိဘူး.. ဒီလိုလူမျိုးက ရှေးခေတ်မှာတောင် တွေ့ရဖို့ခဲတယ်..”
“သူက တကယ်ကို ထာဝရသက်ရှိရဲ့ သားတော်နဲ့တူတယ်..”
တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။ ဤကဲ့သို့သော အော်ရာနှင့် ပုံစံမျိုးမှာ သမိုင်းတွင်မှတ်တမ်းတင်ထားသည့် ထာဝရတာအိုသက်ရှိများ၏ ကလေးများနှင့် တူသည်ပင်။
ဤကဲ့သို့သော လူမျိုး၏ အောင်မြင်မှုမှာ တိုင်းတာ၍ မရနိုင်လောက်အောင်ပင်။ ထင်မှတ်မထားသည့်အရာများသာ မဖြစ်လာပါက သူသည် သေချာပေါက် ထာဝရသက်ရှိ ဖြစ်လာပေလိမ့်မည်။ မသေမျိုးဖြစ်သွားပါက သူ၏ခွန်အားမှာ အတိတ်နှင့် ပစ္စုပ္ပန်နှစ်ခုလုံးကို ကိုင်လှုပ်နိုင်မည် မဟုတ်ပါလော။
“ကျုပ်က သူ့ပြိုင်ဘက်မဟုတ်ဘူး..” ဘေးဘက်တွင် ရှိနေသည့် မိုတောင်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
ဤလူထံမှ ထွက်နေသည့် အော်ရာမှာ သူ့ကို ခြိမ်းခြောက်နေသည်ဟု သူ ခံစားနေရသည်။ ဤကဲ့သို့သော ခံစားချက်ကို မိုတောင် ရင်းနှီးနေသည်။ ဤကဲ့သို့သောလူမျိုးနှင့် သူ ယခင်က ဆုံဖူးသည်ပင်။
“မင်းက ယုံကြည်ချက်မရှိလိုက်တာ..” ရှီဟောင် သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
မိုတောင်ခေါင်းခါလိုက်ကာ သူ့ပုံစံမှာ အနည်းငယ် ခါးသီးနေသည်။ ဤကဲ့သို့သောလူမျိုးကို သူတွေ့ဖူးခဲ့ကြောင်း သူ ရှီဟောင်အား ပြောပြချင်မိသည်။
“သူက ထာဝရတရားကို ရဖို့ အဝေးကြီးလိုသေးတယ် .. ဒါပေမဲ့ သူ့မှာ ထာဝရအစစ်တွေရဲ့ အော်ရာရှိနေတယ် .. ဒါက ကျုပ်သိဖူးတဲ့လူနဲ့အတူတူပဲ .. အဲဒါကြောင့်မို့လို့ သူက ကျုပ်ပြိုင်ဘက်မဟုတ်မှန်း ကျုပ်သိနေတာ..” မိုတောင် ပြောလိုက်သည်။
ရှီဟောင် သူ့ကို လှည့်ကြည့်လိုက်ပြီး ခဏကြာပြီးသည့်နောက် သူ ထိုလူကို ခန့်မှန်းလိုက်သည်။
” မင်းအစ်မမှာလည်း ဒီလိုမျိုး ထာဝရတာအိုပုံစံရှိနေတာလား..”
“ဟုတ်တယ်..” မိုတောင် ပြန်ဖြေလိုက်သည်။ သူတို့သည် တစ်ဖက်လောကတွင် အဆင့်လွန်သက်ရှိအတွဲတစ်တွဲဖြစ်သော်လည်း သူ့အစ်မ၏ တောက်ပမှုအောက်တွင် အဆင့်လွန်သက်ရှိဖြစ်သည့်သူမှာ ဘာမှမထူးခြားတော့။
သူ့အစ်မသည် ပြိုင်ဘက်ကင်းသည့်သူအစစ် ဖြစ်သည်ကို အားလုံးသိကြသည်ပင်။ ထို့ကြောင့်လည်း သူမအား ပြုစုပျိုးထောင်ရန်အတွက် မသေမျိုးသက်ရှိများ ခေါ်သွားကြခြင်းပင်။
“ကျုပ်ရဲ့ အပြာရောင်ချပ်ဝတ်တန်ဆာကို ယူထားတုန်းမှာ မင်း အကျိုးအမြတ်တွေ ရခဲ့လား..”
လေထဲတွင်ရှိနေသည့် ကောင်းကင်ဘုရင်လေး ပြောလိုက်သည်။ သူ၏အသံတွင် ချစ်စရာကောင်းမှုတစ်မျိုး ရှိနေသည်ပင်။ ဤသည်မှာ ဆောင်းဦးရာသီတွင် ရောက်နေသကဲ့သို့ မငြိမ်မသက်ဖြစ်နေသည့် သူတို့စိတ်များကို တည်ငြိမ်သွားစေသည်။
“ကောင်းကင်ဘုရင်လေး ဖြစ်ထိုက်ပါတယ် .. ဒီလိုမျိုး ထူးခြားတဲ့ပုံစံရှိနေတယ် .. သူ့ရဲ့လှုပ်ရှားမှုတိုင်းမှာ ထာဝရတာအိုပါနေတယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ အချို့မိန်းမပျိုလေးများ၏ မျက်လုံးများ အရောင်တောက်လာလေသည်။
“သူက တကယ်ကို အရိုးစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ သားတော်အစစ်တွေလိုပဲ .. ဒီလိုလူမျိုးက သက်ရှည်လူသားဖြစ်ဖို့အတွက် ကံပါလာပြီးသား .. သူက သေမျိုးလောကထဲမှာ ကြာကြာနေတော့မှာမဟုတ်ဘူး..”
ကောင်းကင်ဘုရင်လေးပေါ်လာသည်နှင့် အားလုံး၏အာရုံမှာ သူ့ထံသို့ ရောက်ရှိသွားကာ သူ့အား အမှတ်များ ပေးနေကြလေသည်။
“အကျိုးကျေးဇူးတစ်ချို့ ရှိပါတယ်..” ရှီဟောင် ထိုကြည့်ကောင်းလှသည့် လူငယ်လေးကိုကြည့်ကာ ပြန်ပြောလိုက်သည်။
မင်းသမီးယောင်ယွဲ့သည် ထာဝရကျောင်းမှလူများနှင့် ရင်းနှီးပြီး ယခုအချိန်တွင် ကောင်းကင်ဘုရင်လေးဘေး၌ ရပ်နေလေ၏။
အပိုင်း ၁၄၁၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၀ – သည်းခံနိုင်မှု ကျော်လွန်ခြင်း
ရောင်စုံအလင်းများဖြင့် ဖန်တီးထားသည့် တံတားပေါ်တွင်ရပ်နေသည့် ထိုလူများမှာ ထာဝရသက်ရှိများကဲ့သို့ပင်။
ကောင်းကင်ဘုရင်လေးမှာ ထာဝရအစစ် ပြန်လည်ဝင်စားသကဲ့သို့ပင်။ သူ၏တည်ရှိမှုတစ်ခုတည်းဖြင့်ပင် ဤနေရာကို ထာဝရခံစားချက်ဖြင့် ပြည့်နှက်သွားစေသည်။
ဤကဲ့သို့သော ပုံစံမှာ ရှေးခေတ်များတွင်ပင်လျှင် တွေ့နိုင်ရန် ခက်ခဲလှသည်။
သူ၏ဘေးဘက်တွင်ရှိနေသည့်သူများထဲတွင်လည်း သာမန်ဆန်သည့်သူတစ်ယောက်မှ မပါပေ။ အချို့သူများမှာ ထာဝရစွမ်းအင်သုံးကြောင်း ရှိနေသည်။
အမျိုးသားများမှာ ကြော့ရှင်းနေပြီး အမျိုးသမီးများလည်း ကျက်သရေရှိလှသည်။ သူတို့အားလုံးမှ နတ်အလင်းများထွက်နေပြီး မြူများနှင့် ရစ်ဆိုင်းနေသည်ပင်။
ထိုနေရာတွင်ရပ်နေသည့် မင်းသမီးယောင်ယွဲ့လည်း သူတို့ထက် မနိမ့်ကျပေ။ ကောင်းကင်ဘုရင်လေး ဘေးနားတွင် ရပ်လိုက်သည့်အချိန်၌ သူမ ပို၍ ထူးခြားလာကာ ပန်းချီကားလိပ်ထဲမှ ထွက်လာသည့် နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်လာသည်။
“ဟွမ် .. မင်းက ကြွားဝါချင်နေသေးတာလား.. ကောင်းကင်ဘုရင်လေးကိုယ်တိုင်ရောက်လာတာတောင် မင်းက အပြာရောင်ချပ်ဝတ်တန်ဆာကို ပြန်မပေးသေးဘူးလား..” ထိုတံတားပေါ်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
ဤလူများသည် စကားမပြောသည့်အချိန်တွင် သန့်စင်မြင့်မြတ်သော်လည်း သူတို့စကားပြောလိုက်သည်နှင့် မာနကြီးသည့်ပုံစံဖြစ်သွားသည်။ သူတို့သည် ရှီဟောင်အား အော်ဟစ်ကာ အပြာရောင်ချပ်ဝတ်တန်ဆာ ပြန်ပေးရန် ပြောနေလေသည်။
အဓိကလူပေါ်လာပြီဖြစ်ပြီး ရှီဟောင်ကို ပြောဆိုမည့်နောက်လိုက်တစ်စုလည်း ပါလာသည်။ အခြေအနေမှာ အလွန်တင်းမာနေလေပြီ။
အားလုံးရှီဟောင်ကို ကြည့်လိုက်ကြသည်။ ကောင်းကင်ဘုရင်လေး ကိုယ်တိုင်ရောက်လာပြီဆိုတော့ သူ ဘယ်လိုလုပ်တော့မှာလဲ..
အချို့လူများသည်လည်း ရှီဟောင် ဒုက္ခရောက်နေသည်ကို ပျော်ရွှင်နေကြကာ ဟွမ် ရှုံးနိမ့်သွားသည်ကို ကြည့်ချင်နေလေသည်။
“နောက်ဆုံးတော့ သူ သတ္တုပြားကြီးကို ကန်မိသွားပြီ .. ကောင်းကင်ဘုရင်လေးပိုင်တဲ့ပစ္စည်းကို ယူဖို့က အဲဒီလောက် လွယ်မှာမို့လို့လား .. ဟွမ် ရဲရဲတင်းတင်းမလုပ်ရဲဘူးလို့ ငါယုံကြည်တယ် .. ဒီတစ်ခေါက်တော့ သူသေချာပေါက်ကို အရှုံးပေးလိမ့်မယ်..”
ကောင်းကင်နတ်ဘုရားကျောင်းမှ တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။ သူသည် ယခင်က ရှီဟောင် အနိုင်ယူဖူးသည့်သူဖြစ်မည်မှာ သေချာသည်။
“ဒီချပ်ဝတ်တန်ဆာကို ရန်သူလက်ထဲကနေ အနိုင်ရလာတာ .. ခင်ဗျားရဲ့ ခြိမ်းခြောက်မှုက အလုပ်ဖြစ်မယ်လို့ ထင်နေတောလား..” ရှီဟောင် ပြန်ဖြေလိုက်သည်။
“ရဲတင်းလိုက်တာ .. အဲဒါက ကောင်းကင်ဘုရင်လေးရဲ့ စစ်ချပ်ဝတ်တန်ဆာ .. အရင်တုန်းက ဝူတိုင်ကို ငှားပဲငှားပေးလိုက်တာ .. အဲဒါကို မင်းက ယူထားရဲတယ်လား .. ဒီပစ္စည်းကို မင်း မပိုင်ဘူး..” သူတို့ထဲမှ တစ်ယောက်မှ အော်ဟစ်လိုက်သည်။
“ဒီချပ်ဝတ်တန်ဆာက ငါ ရန်သူနဲ့တိုက်ပြီးတော့ ဂုဏ်သိက္ခာရှိရှိ ရထားတဲ့ ပစ္စည်း .. မင်းတို့အားလုံး ခြိမ်းခြောက်တာနဲ့ ပြန်ပေးလိုက်ရင် ငါ့ရဲ့ ကိုယ့်ကိုကိုယ် လေးစားမှုက ဘယ်ရောက်သွားမလဲ..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ရိုင်းစိုင်းလိုက်တာ .. မင်းက အမှားကို ဝန်မခံသေးဘူးလား .. ဒါက ကောင်းကင်ဘုရင်လေးရဲ့ ချပ်ဝတ်တန်ဆာဖြစ်မှန်းသိနေတာတောင်မှ ပြန်ပေးဖို့ ငြင်းရဲတာလား..” အပေါ်ဘက်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။
ရှီဟောင် မျက်မှောင်ကြုတ်လိုက်ကာ “တော်လောက်ပြီ .. တစ်ခြားသူတွေကို ရဲတင်းတယ်၊ ရိုင်းစိုင်းတယ်လို့ လာပြောနေရအောင် ခင်ဗျားတို့က ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ .. ခင်ဗျားတို့က ဘာမို့လို့ ကျုပ်ကို ဒီလိုမျိုး လာပြောနေတာလဲ..”
တစ်ခဏခန့် ရပ်တန့်ပြီးနောက် သူ ဆက်ပြောလိုက်သည်။
” ဒီချပ်ဝတ်တန်ဆာကို ဝတ်ပြီးတော့ ဝူတိုင်က ရိုင်းရိုင်းစိုင်းစိုင်းလုပ်ပြီးတော့ ငါ့ကို သတ်ဖို့ကြိုးစားခဲ့တယ် .. သူရှုံးသွားတော့ ဒီချပ်ဝတ်တန်ဆာကျန်ခဲ့တယ် .. အဲဒါကို ခင်ဗျားက ကျုပ်ကို ခင်ဗျားတို့ရဲ့ အစေခံလိုမျိုး ရိုရိုကျိုးကျိုး လာပေးစေချင်နေတာလား.. ခွေးစကားတွေ..”
အားလုံး ဆွံ့အသွားရသည်။ ရှီဟောင်သည် တည်ငြိမ်စွာ ပြောနေရင်းဖြင့် ရုတ်တရက်ကြီး ဤကဲ့သို့ပေါက်ကွဲလာလိမ့်မည်ဟု သူတို့မထင်ထားကြ။
ကောင်းကင်နတ်ဘုရားကျောင်းမှ လူများလည်း အံ့အားသင့်သွားရသည်။ ဟွမ်က ကောင်းကင်ဘုရင်လေးကို ဒီမှာစိန်ခေါ်မှာလား .. ဒါပေမဲ့ ကောင်းကင်ဘုရင်လေးက တာအိုမျိုးစေ့နဲ့ ပေါင်းပြီးသွားပြီးတော့ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးနေပြီ .. ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ..
“မင်းက ငါတို့ကို ဆန့်ကျင်ရဲတာလား..” တံတားပေါ်မှ တစ်စုံတစ်ယောက် ထပ်အော်လိုက်သည်။
“ခင်ဗျားတို့က ကိုယ့်ကိုကိုယ် အရမ်းထူးခြားတယ်လို့ ထင်နေတာလား .. ကျုပ်ကို ဒီလိုမျိုး မလေးမစား ဆက်ဆံနေကြတာ .. ခင်ဗျားတို့သတ္တိရှိရင် လာခဲ့လိုက်…” ရှီဟောင်ပြတ်သားစွာ ပြောလိုက်သည်။ အချို့ကိစ္စများတွင်တော့ သူ လျှော့ပေး၍မရပေ။ အဘယ်ကြောင့်ဆိုသော် သူ ယခုအရှုံးပေးလိုက်လျှင်ပင် သူ ငြိမ်းချမ်းမှုကို ပြန်ရမည်မဟုတ်။
ထို့အပြင် ရှီဟောင်သည် သူ၏အသက်အတွက်နှင့် ဂုဏ်သိက္ခာကို စွန့်လွှတ်မည့်သူ မဟုတ်။
ဝုန်း..
ထိုအချိန်တွင် ကောင်းကင်ထက်မှ အလင်းတန်း ၁၀ တန်းကျော် ဆင်းသက်လာသည်။ ဤသည်မှာ ဤရိုင်းစိုင်းကာ ကြမ်းတမ်းသည့် ဟွမ်အား ဖိနှိပ်မည့် နတ်စွမ်းရည်များပင်။
ရှီဟောင်၏လက်များမှာ ဖီးနှစ်အတောင်ပံများကဲ့သို့ လှုပ်ခတ်သွားသည်။ သူသည် လက်ခါလိုက်ကာ ထိုအဖိုးတန်ပညာများကို ဖယ်ရှားလိုက်၏။ သူ မူလရှေးဟောင်းမှတ်တမ်း၏ အရိုးစာသားများအား အသုံးပြုလိုက်ခြင်းပင်။
“အမ် .. မူလရှေးဟောင်းမှတ်တမ်း .. သူ့မှာ နည်းလမ်းတစ်ချို့ ရှိနေတယ်ထင်တယ်..” အပေါ်ဘက်မှ တစ်စုံတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
မူလရှေးဟောင်းမှတ်တမ်း၏ ပထမပိုင်းမှာ ထူးဆန်းသည့်အရာမဟုတ်ပေ။ ဂိုဏ်းအချို့တွင်လည်း ရှိနေသည်ပင်။ ထို့အပြင် သူတို့သည် ထာဝရကျောင်းမှ ဖြစ်သောကြောင့် သူတို့ထံတွင် ဤကဲ့သို့သော ပျက်စီးနေသည့်အရိုးစာများ ရှိနေမည်ပင်။
သို့သော် မူလရှေးဟောင်းမှတ်တမ်းမှ အရိုးစာသားများကို အသုံးပြုကာ တစ်ခုခုဖြစ်အောင် လုပ်နိုင်သည့်သူများမှာ ရှားပါးလှသည်။ ပုံမှန်အားဖြင့် ဂိုဏ်းခေါင်းဆောင်နှင့် ထိုထက်အဆင့်မြင့်သည့်သူများသာ လုပ်နိုင်လိမ့်မည်။
ကောင်းကင်ဘုရင်လေးပင်လျှင် အံ့အားသင့်သည့်ပုံစံဖြစ်သွားကာ ရှီဟောင်အား လေးနက်စွာ ကြည့်နေလေသည်။
“ဟက် .. ရှေးက ပညာလေးတစ်ခုပဲကို ဘာမှမထူးခြားဘူး .. ဒါကို သင်ဖူးတာ သူတစ်ယောက်တည်း မကဘူး..”
ဤကိစ္စကို အလေးမထားသလို တစ်ယောက်ယောက်မှ ပြောလိုက်သည်။
“ဟွမ် .. မင်းရဲ့မကောင်းမှုတွေကို ဝန်ခံဖို့ နောက်ဆုံးအခွင့်အရေးတစ်ခါရှိသေးတယ်.. ငါတို့မင်းကို ခွင့်လွှတ်လို့ရသေးတယ်..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးမှာ ငွေရောင်အလင်းတန်း ဝဲလည်နေသည်။
“တကယ်ကို အရှက်မရှိတာပဲ .. တစ်ခြားသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အသက်တွေကို ဝေဖန်နေရအောင် ခင်ဗျားတို့က ဘာမို့လို့လဲ .. ဒါက ကျုပ်နဲ့ ထာဝရကျောင်းကလူတွေကြားမှာ ဖြစ်ခဲ့တဲ့ အငြင်းပွားမှုလေးတစ်ခုပဲ .. အဲဒါကို ခင်ဗျားတို့က ကျုပ်ကို ဒီလိုမျိုး ပြင်းပြင်းထန်ထန်လာဝေဖန်နေတယ် .. ကျုပ်မှာ ခင်ဗျားတို့နဲ့ရှင်းဖို့ အချိန်မရှိဘူး .. ထွက်သွားလိုက်တော့..” ရှီဟောင် စိတ်ရှုပ်လာသည်။
တစ်ဖက်လူသည် သူ့အား ထပ်ခါတလဲလဲ လာလာရှုပ်နေပြီး သူတို့၏စကားလုံးများမှာ ရိုင်းစိုင်းလှသည်။ သူဒေါသထွက်လာပြီဖြစ်သည်။
“လမ်းမှားကို ဆက်လျှောက်ချင်နေတာပဲ … ဒီနေတော့ ငါတို့မင်းကို အနိုင်ယူမယ်..” အပေါ်ဘက်မှ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“အဓိကလူတောင်မှ ဘာမှသိပ်မပြောတာ .. ခင်ဗျားတို့က ခင်ဗျားတို့သစ္စာရှိကြောင်းကို ပြဖို့အတွက်နဲ့ ဒီလိုမျိုး အလောတကြီး ပြောနေကြတယ် .. တစ်ခြားသူတွေ ခင်ဗျားတို့ကို လှောင်မှာ မကြောက်ဘူးလား .. ခင်ဗျားတို့ကို အစေခံဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်မိကြလိမ့်မယ်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
“အရှက်မရှိလိုက်တာ..” အပေါ်ဘက်မှ တစ်စုံတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ဘုရင်လေးမှ သူတို့အား ဆက်မပြောရန် လက်ကာပြလိုက်သည်။ သူ၏မျက်လုံးများမှာ နေရောင်ခြည်ကဲ့သို့ နွေးထွေးနူးညံ့လှသည်။
“အပြာရောင်ချပ်ဝတ်တန်ဆာက အမြဲတမ်း ကျုပ်ဘေးမှာ တစ်ချိန်လုံး ရှိနေတဲ့အရာပါ … ဒါက တစ်ဖက်လောကနဲ့ တိုက်တဲ့အချိန်မှာ သုံးမယ့်ပစ္စည်းပါ .. အဲဒီတော့ ဒီပစ္စည်းပျောက်လို့ မရဘူး..” သူ၏သဘောထားကို ပြောလိုက်လေသည်။
“အဲဒါဆိုရင်လည်း တိုက်လေ.. ခင်ဗျားတို့တွေ ကျုပ်ကို ဒီလိုမျိုးဖိအားပေးပြီး ပြန်တောင်းနေရင်တော့ မဖြစ်နိုင်ဘူး..” ရှီဟောင် ခေါင်းမော့ကာ အေးစက်စွာပင် ပြောလိုက်သည်။
သူသာ သူ၏အားနည်းချက်ကို ပြသလိုက်လျှင် သူ့ကို အထင်သေးလာကြလိမ့်မည်။ ပြီးပြည့်စုံသည် တာအိုမျိုးစေ့နှင့် ပေါင်းပြီးသွားသည့် ဤကောင်းကင်ဘုရင်လေးဟုခေါ်သည့်သူပင်လျှင် ချပ်ဝတ်တန်ဆာကို ပြန်လိုချင်ပါက တိုက်ခိုက်ရမည်။
“ဟား ဟား .. ငါ နားကြားမမှားဘူးမလား.. သူက ကောင်းကင်ဘုရင်လေးကို တကယ်စိန်ခေါ်နေတယ် .. သူ့ကိုယ်သူ ဘာထင်နေတာလဲ .. ပြိုင်ဘက်ကင်းတဲ့ သွေးမျိုးဆက် လေးခုထဲက တစ်ခုလို့ ထင်နေတာလား.. .. တကယ်ဟာသပဲ..”
“မင်းက ကောင်းကင်ဘုရင်လေးကို စိန်ခေါ်ရဲတယ်ပေါ့ .. မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ .. မင်းက ဒီအခွင့်အရေးကိုသုံးပြီးတော့ နာမည်ကြီးအောင် လုပ်ချင်နေတာလား..”
တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထာဝရကျောင်းမှလူများမှာ သူသည် ကြက်ဥဖြင့် ကျောက်တုံးအား ပစ်ပေါက်သည်ဟု ခံစားနေကြရသည်။
“မလိုအပ်တာတွေ မပြောနဲ့..” ကောင်းကင်ဘုရင်လေး သူတို့အား တားဆီးလိုက်သည်။
သူသည် ဂုဏ်သိက္ခာရှိသည့်သူဖြစ်သည်မှာ သိသာလှသည်။ သူသည် တစ်ချိန်လုံး ပြုံးနေကာ သူ၏အသံမှာ သိပ်မကျယ်လှသော်လည်း လှောင်ရယ်နေသည့်သူများအားလုံး ရပ်တန့်သွားကာ ပါးစပ်ပိတ်သွားကြလေသည်။
“မင်းနဲ့ ဝူတိုင်ကြားမှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့တာကို ကျုပ်သိပါတယ် .. အဲဒါကြောင့်မို့လို့လဲ ရောင်းရင်း ဒီချပ်ဝတ်တန်ဆာကို ရခဲ့တာ .. ဒါကို ရန်လိုပြီးတော့ ပြန်တောင်းနေရင် ရောင်းရင်း သေချာပေါက် ကျေနပ်မှာမဟုတ်ဘူး .. ဒါပေမဲ့ ကျုပ် ဒီချပ်ဝတ်တန်ဆာကို ပြန်ယူမှရမှာ .. ဒါကို တစ်ခြားသူတွေနဲ့ မထားနိုင်ဘူး .. အဲဒီတော့ ကျုပ်ကို ခွင့်လွှတ်ပေးပါ..” ကောင်းကင်ဘုရင်လေး ပြောလိုက်သည်။ သူသည် တည်ငြိမ်နေသော်လည်း ပြောပြ၍မရနိုင်သည့် လွှမ်းမိုးမှုများ ရှိနေသည်ပင်။
သူသည် ကျက်သရေရှိသည့်သူဖြစ်သော်လည်း သူသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ပြန်မဆုတ်တတ်သည့်သူပင်။ သူပြောသည့်ကိစ္စများကို သူလုပ်မည်ပင်။
သူ့ထံတွင် ကြေးမုံကဲ့သို့ တောက်ပနေသည့် အပြာရောင်ဆံပင်ရှည်များရှိသည်။ သူ၏မျက်နှာမှာ နှင်းကဲ့သို့ ဖြူဖွေးတောက်ပနေပြီး မျက်လုံးများလည်း လေးနက်လှသည်။ ဤလောကကြီးတွင် ထာဝရသက်ရှိအစစ် ပေါ်လာသကဲ့သို့ လေထဲ၌ မြူများလည်း ရစ်ဆိုင်းနေသည်။
“စကားနဲ့ပြောနေရင် အသုံးမဝင်ဘူး .. ခင်ဗျား ဘာလုပ်ချင်တာလဲ … တိုက်ချင်တာလား..” ရှီဟောင်မေးလိုက်သည်။
“ကျုပ် တစ်ခြားသူတွေကို အားသုံးပြီးတော့ မဖိနှိပ်ချင်ဘူး .. အခု ကျုပ်က တာအိုမျိုးစေ့နဲ့ ပေါင်းစည်းပြီးသွားပြီ .. ကျုပ် ရောင်းရင်းကို အနိုင်ယူလိုက်ရင်တောင် ရောင်းရင်း အရှုံးကို လက်ခံမှာမဟုတ်ဘူး .. အဲဒီတော့ သိမ်မွေ့တဲ့တိုက်ပွဲတစ်ခုနဲ့ တိုက်ကြရင်ရော .. ကျုပ်ရောင်းရင်းကို အခွင့်အရေးတစ်ခုပေးမယ်..” ကောင်းကင်ဘုရင်လေး ပြုံး၍ပြောလိုက်သည်။
အားလုံး ထိတ်လန့်သွားရသည်။ သူသည် ရှီဟောင်နှင့် ရင်ဆိုင်သည့်အချိန်တွင် လုံးဝတည်ငြိမ်နေပြီး သူ၏ခွန်အားဖြင့် တစ်ဖက်လူကို ဖိနှိပ်နိုင်ကြောင်းလည်း သူသိနေသည်။
အားလုံး ကောင်းကင်ထက်သို့ မော့ကြည့်ပြီး အသက်အောင့်ထားကြသည်။ သူ မည်ကဲ့သို့သော တိုက်ပွဲမျိုး တိုက်ခိုက်ချင်နေသည်ကို အားလုံးသိချင်နေကြသည်။
“ကျုပ်တို့တွေ ရှေးကလူတွေ ထားခဲ့တဲ့ ထာဝရတာအိုပဟေဠိတစ်ချို့ကို ဖြေရှင်းကြမယ် .. ကျုပ်တို့တစ်ခုခု ရလိုက်တာနဲ့ ဒါက အားလုံးရဲ့တာအိုအတွက် အကျိုးရှိမယ့်ဟာကို ကျုပ်တို့ ရလိုက်တာပဲ..” ကောင်းကင်ဘုရင်လေး၏ အပြုံးမှာ တောက်ပနေသည်။
အားလုံး သက်ပြင်းချလိုက်သည်။ ရှေးမှလူများ ချန်ထားခဲ့သည့် ပဟေဠိအများစုမှာ နားမလည်နိုင်ပေ။ မည်သူမှ အဖြေကို မသိရသေး။ သို့သော်လည်း သူက ဤပညာရပ်တွင် ပြိုင်ချင်နေသည်။
ဤလူမှာ လူများအား ပို၍ ထိတ်လန့်သွားစေသည်။ သူ့ကိုလေးစားမှုများလည်း ပိုတိုးလာလေ၏။
“ရောင်းရင်းက ဒီလိုမျိုး ယှဉ်ပြိုင်ရတာ မကြိုက်ဘူးဆိုရင် ကျုပ်တို့ တစ်ခြားနည်းလမ်းနဲ့ ယှဉ်လို့ရသေးတယ် .. ကျုပ်ဒီမှာပဲရပ်နေပြီးတော့ ကျုပ်ကိုယ်ကျုပ် ထာဝရအလင်းနဲ့ ကာကွယ်ထားမယ် .. ရောင်းရင်း ကျုပ်ကို ကြိုက်သလောက်တိုက်လို့ရတယ် .. ရောင်းရင်း ကျုပ်ကို လှုပ်ရှားအောင် လုပ်နိုင်ရင် ကျုပ်ရှုံးတယ်လို့ သတ်မှတ်လိုက်မယ်..” ကောင်းကင်ဘုရင်လေး ထပ်ပြောလိုက်သည်။
အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားရသည်။
သူက ဒီလိုမျိုးတောင် လုပ်ရဲတာလား။
ထိုနေရာတွင် ရပ်နေပြီး စွမ်အားကြီးသည့်သူတစ်ယောက်၏ တိုက်ခိုက်မှုအား ပြန်မတုံ့ပြန်ဘူးဆိုသည်မှာ သူ မည်မျှယုံကြည်ချက်ရှိသည်ကို ပြသနေခြင်းပင်။
ရှီဟောင်၏မျက်လုံးများ အေးစက်သွားရသည်။ တစ်ဖက်လူမှာ ဤမျှစိတ်ကြီးဝင်နေသည်။ သူ ဤလောကကြီးကို လွှမ်းမိုးနိုင်မည်ဟု တကယ်ထင်နေသည်လား.. သူ့ကိုယ်သူ အားလုံးအထက်၌ ရှိနေသည်ဟု ထင်နေသည်လား။
သူ တိုက်ခိုက်လိုက်ပြီး အနိုင်ရလိုက်လျှင်ပင် သူ့ထံ၌ မည်ကဲ့သို့သော ကြီးကျယ်ခမ်းနားမှုများ ရရှိလာမည်နည်း.. သူ တစ်ဖက်လူအား လှုပ်ရှားနိုင်အောင်လုပ်နိုင်ပြီး အနိုင်ရလိုက်လျှင်ပင် သူသည် ကောင်းကင်ဘုရင်လေးကို ပိုကြည့်ကောင်းအောင် လုပ်ပေးလိုက်သည့် ဇာတ်ပို့သာဖြစ်လိမ့်မည်။
တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ကာကွယ်သည့် ထာဝရအလင်းဆိုသည်မှာလည်း လျှို့ဝှက်ဆန်းကြယ်သည့် ပညာအားလုံး၏ ကာကွယ်မှုကို ပေါင်းစည်းထားခြင်းဖြစ်လောက်မည်။
“ခင်ဗျားတိုက်ချင်ရင် လာတိုက်လိုက် .. ကျုပ်က တိုက်ခိုက်ဖို့ ပိုလိုလားတယ် .. ဘာလို့ ရှောင်ဖို့ လိုနေမှာလဲ .. ဒါမှမဟုတ် တစ်ခုခုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလား..” ရှီဟောင် ပြောလိုက်သည်။ တစ်ခြားသူကို ထောက်ပံ့ပေးရသည့် ဟာသဇာတ်ကောင်တစ်ခု မဖြစ်ချင်။
ဤလူသည် တာအိုမျိုးစေ့နှင့် ပေါင်းစည်းပြီးသွားပြီဖြစ်ပြီး အလွန်စွမ်းအားကြီးနေပြီဖြစ်သော်လည်း သူခေါင်းမငုံ့ချင်ပေ။
“ရောင်းရင်းမှာ မာနတရားနဲ့ ပြည့်ဝတဲ့ နှလုံးသားရှိပေမယ့် ကျုပ်နဲ့ တိုက်ခိုက်ဖို့က နည်းနည်းမသင့်တော်ဘူး.. ရောင်းရင်းရဲ့ ကျင့်ကြံတဲ့နှစ်တွေက နည်းနေသေးတယ်..” ကောင်းကင်ဘုရင်လေး တည်ငြိမ်စွာ ပြောလိုက်သည်။
အားလုံး ဆွံ့အသွားရ၏။ ကောင်းကင်ဘုရင်လေးသည်လည်း လူငယ်လေးတစ်ယောက်ပင်ဖြစ်သည်ပင်။
“ရှီဟောင် ရှင်ဒီကိစ္စကို ဒီတိုင်းထားလိုက်သင့်တယ် .. ဆွေးနွေးလို့ရတဲ့ ကိစ္စရှိရင် ကျွန်မတို့ ထိုင်ပြီး ဆွေးနွေးသင့်တယ်.. တိုက်ခိုက်နေဖို့ မလိုပါဘူး..” မင်းသမီးယောင်ယွဲ့မှ ဝင်ပြောလိုက်သည်။ သူမသည်လည်း ထာဝရကျောင်းမှ လူများနှင့်အတူ တံတားပေါ်၌ ရပ်နေခြင်းပင်။
ရှီဟောင်အား အကြံပေးပြီးနောက် ယောင်ယွဲ့ ကောင်းကင်ဘုရင်လေးထံသို့ လှည့်လိုက်သည်။ သူတို့နှစ်ဦး ရပ်နေသည်မှာ အတော်လေးနီးကပ်လှသည်ပင်။ “ကောင်းကင်ဘုရင်လေး နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ် .. ဒါက နားလည်မှုလွဲတာပါ .. ကျွန်မတို့ စကားပြောကြလို့ရပါတယ်..”
“ဒါက နောက်ကျလွန်းသွားမှာ စိုးရတယ်.” ဘေးဘက်ရှိ တစ်စုံတစ်ယောက်မှ ရှီဟောင်အား မုန်းတီးစွာ ပြောလိုက်သည်။
“အခု ဒီအဆင့်ထိတောင် ရောက်လာပြီဆိုတော့ သူ့မှာ တွန့်ဆုတ်ခွင့် ရှိနေလို့လား .. ဒီကိုလာပြီးတော့ မင်းအပြစ်ဒဏ်ကို လက်ခံလိုက်တော့..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
“ခင်ဗျားတို့အားလုံး အတွေးလွန်နေပြီ…” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ သူသည် ကောင်းကင်ဘုရင်လေးအား ကြည့်လိုက်ကာ “ခင်ဗျားက ဒါကို မသင့်တော်ဘူးထင်ပြီး သင့်တော်တဲ့တိုက်ပွဲတစ်ခု လိုချင်တာဆိုတော့ ငါတို့ နတ်ဘုရားအဆင့် စင်မြင့်မှာ တွေ့ကြတာပေါ့ .. အဲဒီမှာ တိုက်ခိုက်ကြမယ်..”
“နတ်ဘုရားအဆင့် စင်မြင့် ဟုတ်လား..” အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ဟွမ်မှာ မပြောင်းလဲသေးပေ။ သူသည် ရဲတင်းနေဆဲပင်။
အပိုင်း ၁၄၂၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၁ – ကောင်းကင်နတ်ဘုရားများကြားမှ နံပါတ်တစ်
နတ်ဘုရားအဆင့်စင်မြင့်မှာ ရိုးရှင်းသည့်အရာတစ်ခု မဟုတ်။ ဤသည်မှာ ကောင်းကင်ထက်၌ မျောနေသည့်အရာတစ်ခုဖြစ်ပြီး ကြည့်ရှုသူများမှာ ဘေးဘက်မှ ကြည့်ရသည်။
ဤသည်မှာ သူသေကိုယ်သေ တိုက်ပွဲအတွက် သုံးသည့်ပြိုင်ကွင်းပင်။ တစ်ချိန်တည်းမှာပင် ကန့်သတ်ချက်မျိုးစုံ ထား၍ရသည်။
ပြိုင်ဘက်များကြားမှ ကွာခြားချက်နှင့် အခြေအနေပေါ်မူတည်ပြီး အသက်ဝင်လာသည့်ကန့်သတ်ချက်များ ကွဲပြားသွားသည်ပင်။
ထိုထဲမှ နာမည်အကြီးဆုံး ကန့်သတ်ချက်မှာ တူညီသည့် ကျင့်ကြံဆင့်၌သာ တိုက်ခိုက်ရခြင်းဖြစ်သည်။ ထိပ်ဆုံးသို့ရောက်အောင် ကြိုးစားနေသည့်သူများကို တူညီသည့်ကျင့်ကြံဆင့်၌ တိုက်ခိုက်ခွင့်ပြုသည်ပင်။
ရှီဟောင် ဤနတ်ဘုရားအဆင့် ကွင်းပြင်ကို ရွေးချယ်ရခြင်းမှာ သူသည် ထိပ်ဆုံးရောက်နေသည့်သူများ၏ တိုက်ပွဲကို တွေ့ကြုံချင်သောကြောင့်ပင်။ သူတို့နှစ်ဦးသည် တူညီသည့်ကျင့်ကြံဆင့်တွင် အပြင်းအထန် တိုက်ခိုက်ကြမည်။
ကောင်းကင်ဘုရင်လေးသည် ပြီးပြည့်စုံသည့် အဖိုးတန်မျိုးစေ့နှင့် ပေါင်းစည်းပြီးသွားပြီဖြစ်ပြီး ယခုအချိန်တွင် သူ၏ကျင့်ကြံဆင့်မှာ တိုင်းတာ၍မရလောက်အောင် လေးနက်လှသည်။
သူသည် တကယ့်တိုက်ပွဲကြီးကို တိုက်ခိုက်မည်မဟုတ်ပဲ အခြားသိမ်မွေ့သည့် တိုက်ပွဲသာ တိုက်မည်ဟု ပြောလိုက်ခြင်းမှာ ရှီဟောင်အား ‘စဉ်းစား’ ပေးလိုက်ခြင်းပင်။
ရှီဟောင် ထို’စဉ်းစားပေး’ မှုကို မလိုအပ်ပေ။ သို့သော်လည်း တစ်ဖက်လူသည် ဤသည်မှာ မသင့်တော်သလို သူ၏ခွန်အားမှာ အလွန်ကောင်းမွန်သည်ဟု ခံစားနေရသောကြောင့် သူတို့ နတ်ဘုရားအဆင့်ပြိုင်ကွင်းတွင် တူညီသည့်ကျင့်ကြံဆင့်၌ တိုက်ခိုက်ရုံသာ ရှိတော့သည်။
“ဒါက မဆီလျော်ဘူး .. ကောင်းကင်ဘုရင်လေးက ဘယ်လိုလူမို့လို့လဲ .. သူက ဘာလို့ မင်းနဲ့ နတ်ဘုရားအဆင့်ပြိုင်ကွင်းမှာ လိုက်တိုက်ပေးရမှာလဲ .. ဒါက ကလေးကစားနေတာနဲ့ အတူတူပဲ..”
“ဟုတ်တယ် .. ကျောင်းက အကြီးအကဲတွေ လူငယ်မျိုးဆက်တွေနဲ့ ဒီလိုမျိုး တိုက်တာ မင်း မြင်ဖူးလို့လား..”
ချက်ချင်းငြင်းဆန်သည့်လူများ ရှိလာသည်။ သူတို့ ဤအခြေအနေများကို လက်မခံလိုက်ကြ။ ကောင်းကင်ဘုရင်လေးမှာ အမြင့်တွင်ရှိနေသည့်သူဖြစ်သောကြောင့် သူက အဘယ်ကြောင့် သူ၏ကိုယ်ပိုင်ခြေလက်များကို ချည်နှောင်မည်နည်း..
ရှီဟောင် ဘာမှမပြောပဲ ထိုနေရာတွင်သာ တည်ငြိမ်စွာ ရပ်နေလိုက်သည်။ တိုက်ခိုက်မည့်နည်းလမ်းကို သူအကြံပေးပြီးသွားလေပြီ။ တစ်ဖက်လူ လက်ခံ မခံကတော့ သူနှင့်မဆိုင်တော့။
ကောင်းကင်နတ်ဘုရားကျောင်းမှလူများလည်း ဆူညံလာကြ၏။ ဟွမ်သည် ဤမျှရဲတင်းကာ ကောင်းကင်ဘုရင်လေးကို စိန်ခေါ်လိမ့်မည်ဟု မထင်ထားကြ။ ထို့အပြင် သူက တူညီသည့်ကျင့်ကြံဆင့်၌ တိုက်ခိုက်ချင်နေသေးသည်။ သို့သော်လည်း သူတို့ဤတိုက်ပွဲကို သိချင်လှသည်ပင်။
ကောင်းကင်ဘုရင်လေး မည်မျှသူရဲကောင်းဆန်ကြောင်း သူတို့ကြားထားသည်။
“ဟွမ်က ရိုးရှင်းတဲ့သူ မဟုတ်ဘူး .. သူ ပေါ်လာတဲ့အချိန်ကစပြီး ဒီအချိန်ထိ သူ့ရဲ့စွမ်းအားကို ပြသနေခဲ့ပြီးတော့ သူနဲ့ကျင့်ကြံဆင့်တူတဲ့သူတွေထဲမှာ သူ့ကို နိုင်တဲ့သူ မရှိသေးဘူး..”
“ဟုတ်တယ် .. စဉ်းစားကြည့်ရင် ဟွမ်က တစ်ခါမှ မရှုံးဖူးခဲ့ဘူး ..”
အားလုံး ဆူညံလာကြသည်။ အချို့သူများမှာ သူတို့တွေးနေသည်များကို ပွင့်ပွင့်လင်းလင်းပင် ဖော်ပြလာကြသည်။ အချို့သူများသည်လည်း ကောင်းကင်ဘုရင်လေးကို ဆွပေးရန်အတွက် တမင်သက်သက်အံ့အားသင့်ဟန် ဟန်ဆောင်နေကြသည်ပင်။
“ကျုပ် ဒီလိုတိုက်ပွဲမျိုးကို တကယ်တိုက်ချင်ပါတယ် .. ဒါပေမဲ့ နှမြောစရာကောင်းတာက ဒီနေ့တော့ ရောင်းရင်းနဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်သေးဘူး” ကောင်းကင်ဘုရင်လေး ပြောလိုက်သည်။ သူ ငြင်းလိုက်သောကြောင့် ဤသည်မှာ သူ့ပုံစံနှင့် မကိုက်ညီပေ။
ကောင်းကင်ဘုရင်လေးက ကြောက်နေတာများလား .. မဖြစ်နိုင်တာ..
ကောင်းကင်ဘုရင်လေး တိုက်ခိုက်ရန် ကြောက်ရွံ့နေလိမ့်မည်ဟု ထာဝရကျောင်းမှလူများ မယုံကြည်ပေ။ သူသည် မာနကြီးကာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင်ရှိနေသည့် စိန်ခေါ်သည့်သူအားလုံးကို ရင်ဆိုင်ရဲသည်။
“ကျုပ်က အခုမှ တာအိုမျိုးစေ့နဲ့ ပေါင်းပြီးသွားတာ .. အောင်မြင်ခဲ့တယ်ဆိုပေမယ့် ဒါက အရမ်းမတည်ငြိမ်သေးဘူး .. အချိန်လိုနေသေးတယ်..” ကောင်းကင်ဘုရင်လေး ပြုံး၍ ပြောလိုက်သည်။ “ကျုပ်က ကံကောင်းပြီးတော့ ပြိုင်ဘက်ကင်းတဲ့ အဖိုးတန်မျိုးစေ့ကို ရခဲ့တယ် .. ဒါပေမဲ့ ဒီမျိုးစေ့ မတည်ငြိမ်ခင်မှာ ကျုပ် အခွင့်အရေးတစ်ခုရှိရင်တောင် အဲဒါက အခွင့်အရေးဖြစ်မှာမဟုတ်ဘူး ကပ်ဆိုးကြီးပဲဖြစ်မှာ..”
ဒီစကားက ဘာဆိုလိုချင်တာလဲ .. အားလုံး ထိတ်လန့်သွားရသည်။
“ဒါက ပြီးပြည့်စုံတဲ့ မျိုးစေ့တစ်စေ့ဖြစ်လို့ ဒါ မတည်ငြိမ်ခင် ဘယ်အဟန့်အတားကမှ အလုပ်ဖြစ်မှာမဟုတ်ဘူး .. နတ်ဘုရားအဆင့်ပြိုင်ကွင်းတောင်မှ ကျုပ်ကို မဖိနှိပ်နိုင်ဘူး … အဲဒီတော့ အခုချိန်မှာ ရောင်းရင်းနဲ့ အဆင့်အတူတူ တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်..” ကောင်းကင်ဘုရင်လေး ပြောလိုက်သည်။
အားလုံး ထိတ်လန့်သွားကာ ဆူညံသံများ ထွက်ပေါ်လာသည်။ ဒီကောင်းကင်ဘုရင်လေးက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. နတ်ဘုရားအဆင့်ပြိုင်ကွင်းတောင် သူ့ကို မဖိနှိပ်နိုင်ဘူးလား .. အထူးကန့်သတ်ချက်တောင်မှ သူ့အတွက် အလုပ်မဖြစ်ဘူလား..
“တကယ်ကို ပြိုင်ဘက်ကင်းတာပဲ..”
“ပြိုင်ဘက်ကင်းတယ်ဆိုတာ ဘာကိုပြောတာလဲ .. ဒီလိုမျိုး ကန့်သတ်ချက်တောင် မဖိနှိပ်နိုင်တဲ့လူကိုပြောတာ..”
ကောင်းကင်နတ်ဘုရားကျောင်းမှလူများ မထိတ်လန့်ပဲ မနေနိုင်။
ထာဝရကျောင်းမှလူများသည်လည်း ဤကိစ္စကို ပထမဆုံးကြားဖူးခြင်းပင်။ ယခုအချိန်တွင် အားလုံး ထိတ်လန့်နေကြကာ သူ၏နောက်လိုက်များမှာ သူ့အား ချီးကျူးလာကြလေသည်။
တံတားပေါ်တွင်ရပ်နေသည့် မင်းသမီးယောင်ယွဲ့ပင်လျှင် ဤအလွန်တောက်ပသည့်သူရဲကောင်းကိုကြည့်ကာ သူ၏မျက်လုံးများ တောက်ပလာလေ၏။
“ကောင်းကင်ဘုရင်လေးက တကယ်ကို ထူးခြားတာပဲ .. တကယ်ကို အတိတ်ကလူတွေထက်ကို ကျော်လွန်ပြီးတော့ ပစ္စုပ္ပန်ကာလကို တောက်ပစေတဲ့သူပဲ … ဒီ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို လွှမ်းမိုးနိုင်လောက်တယ် .. အရင်ကတည်းကနေ အခုအချိန်ထိ ရှင့်ကို ယှဉ်နိုင်တဲ့သူ မရှိသေးဘူး..” မင်းသမီးယောင်ယွဲ့ ချီးကျူးလိုက်သည်။
“သူ ကောင်းကင်ဘုရင်ဆိုတဲ့ နာမည်ကို ရထားတာက သူ့မှာ ဒီလိုမျိုးစွမ်းအားရှိနေလို့ပဲ .. နတ်ဘုရားအဆင့်ပြိုင်ကွင်းတောင် သူ့ကို မကန့်သတ်နိုင်ဘူး..” တံတားပေါ်မှ အခြားသူများ ဂုဏ်ယူစွာပင် ပြောလိုက်သည်။
“ပြိုင်ဘက်ကင်းတယ်ဆိုတာ ဒီလိုမျိုးကို ပြောတာ .. တစ်ခြားသူတွေ ဖိနှိပ်ဖို့ ကြိုးစားရင်တောင်မှ ဖိနှိပ်နိုင်မှာမဟုတ်ဘူး..” ထာဝရကျောင်းမှ တပည့်များစွာမှာ သူ့အားကိုးကွယ်တော့မတတ်ပင်။
ထိုစကားကိုကြားသည်နှင့် ရှီဟောင်အနည်းငယ် လှုပ်ရှားသွားရသည်။ သူဒေါသထွက်ခြင်းမဟုတ်သလို ကြောက်ရွံ့သွားခြင်းလည်းမဟုတ်။ သူ့မျက်လုံးများ ပို၍လေးနက်လာသည်။
“ဘာလဲ .. ဟွမ် .. မင်းအခုတော့ ကြောက်နေပြီလား.. မင်းအခု ကောင်းကင်ဘုရင်လေးထက် ဘယ်လောက်နိမ့်ကျလဲဆိုတာ သိပြီလား..” တစ်စုံတစ်ယောက်မှ မောက်မာစွာ ပြောလိုက်သည်။
“တကယ်ကို ကောင်းကင်နဲ့မြေကြီးလို ကွာခြားတာပဲ .. တစ်ခြားသူတွေထက် ထူးကဲတယ်ဆိုတာ ဘာကိုပြောတာလဲ .. အဲဒါက ဒီလိုမျိုး ပြယုဂ်အစစ်ကို ပြောတာပဲ..”
တံတားပေါ်မှ လူများ ကျယ်လောင်စွာပင် အော်ဟစ်နေကြပြီး အချို့လူများမှာ ရှီဟောင်အား လှောင်ရယ်နေကြလေသည်။
“ငါ ဒါကို အရင်တုန်းက မကြုံဖူးတာမှ မဟုတ်တာ..” ရှီဟောင် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူသည် ထိုစကားများကို ခံစားမနေပေ။
အဘယ်ကြောင့်ဆိုသော် သူ ဤသည်ကို ယခင်ကကြုံဖူးသည်ပင်။ နှစ်ထပ်မျက်လုံးအသုံးပြုသူနှင့် အဆင့်နိမ့်နယ်မြေ၌ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း နတ်ဘုရားအဆင့်ပြိုင်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည်ပင်။ ထိုအချိန်တုန်းက ထိုပြိုင်ကွင်းမှာ လုံးဝပျက်စီးသွားခဲ့၏။
ပျက်စီးမှုမှာ ယာယီသာဖြစ်သော်လည်း ထိုတုန်းကတော့ သူ တကယ်ကို ထိုကဲ့သို့သော ကိစ္စမျိုး ကြုံခဲ့ရသည်ပင်။
“သူ ဘာတွေ ပြောနေတာလဲ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။
“သူက .. နတ်ဘုရားအဆင့်ပြိုင်ကွင်းက သူ့ကို မဖိနှိပ်နိုင်တဲ့ အချိန်မျိုးကို သူကြုံတွေ့ဖူးခဲ့တဲ့ပုံပဲ..” အချိုု့လူများ ချက်ချင်း အံ့အားသင့်သွားရသည်။
ဤသည်ကို ယုံကြည့်သည့်သူ သိပ်မရှိပေ။ အထူးသဖြင့် ထာဝရကျောင်းမှ လူများသည် သူတို့နှုတ်ခမ်းများကို တွန့်ကွေးလာကြလေသည်။
ထိုအချိန်တွင် မင်းသမီးယောင်ယွဲ့ နောက်တစ်ကြိမ် အကြံပေးလာလေ၏။
“ ကောင်းကင်ဘုရင်လေး .. အခု ရှင် တိုက်ခိုက်ဖို့အတွက် မသင့်တော်ဘူးဆိုတော့ ထိုင်ပြီး စကားပြောရအောင်လေ .. လက်နဲ့ဖြေရှင်းစရာ မလိုပါဘူး..”
“ရပါတယ် .. ငါတို့ သူ့ကို အခွင့်အရေးတစ်ခါ ပေးလို့ရပါတယ်” ကောင်းကင်ဘုရင်လေး ပြုံး၍ ပြောလိုက်သည်။ ယခုအချိန်တွင် သူ၏ ကျင့်ကြံဆင့်နယ်ပယ်မှာ တစ်ကယ် တစ်ဆင့်မြင့်နေပြီဖြစ်သည်။ သူ ထာဝရမျိုးစေ့နှင့် ပေါင်းစည်းပြီးနောက်တွင် သူ၏အခြေအနေသိပ်မတည်ငြိမ်သေးသော်လည်း သူသည် ဂိုဏ်းခေါင်းဆောင်ဖြစ်သွားလေပြီ။
“ကောင်းကင်ဘုရင် .. သူ့ကို ခွင့်မလွှတ်ပါနဲ့ .. တိုက်ခိုက်ပေးပါ.” အချို့လူများ အော်ဟစ်လိုက်ကြသည်။
နယ်မြေသင်္ချိုင်းတွင် ထာဝရကျောင်းမှ လူများ အရှုံးကြီးရှုံးခဲ့သည်ပင်။ သူတို့အားလုံးကို ရှီဟောင်တစ်ယောက်တည်း အနိုင်ယူခဲ့ခြင်းပင်။ သူတို့အားလုံးသည် သူတို့ဒေါသကို ဖွင့်ဖောက်ပစ်ချင်သောကြောင့် ကောင်းကင်ဘုရင်လေး သူ့အား တိုက်ခိုက်ရန် မျှော်လင့်နေကြသည်ပင်။
အချို့လူများမှာ နတ်ဘုရားအဆင့်ပြိုင်ကွင်းတွင် တိုက်မည်ဆိုသည်ကိုပင် လက်မခံချင်ကြ။ သူ၏ ဂိုဏ်းခေါင်းဆောင်အဆင့် ခွန်အားဖြင့် ရှီဟောင်အား တစ်ခါတည်းသတ်ပစ်သင့်သည် ယုံကြည်နေကြသည်။
“ယုဝူတိ လာလား..” ကောင်းကင်ဘုရင်လေးက မေးလိုက်သည်။
[AN: ယု – စကြာဝဠာ၊ ဝူတိ – ပြိုင်ဘက်ကင်း]
သူ ဤနာမည်ကို ပြောလာလိမ့်မည်ဟု မထင်ထားသောကြောင့် ထာဝရကျောင်းမှလူများ ကြောင်အသွားရသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ လူများမှာ ပို၍ ဆွံ့အသွားကြသည်ပင်။ ဤသည်မှာ ထူးဆန်းသည့်နာမည်ပင်။ လူတစ်ယောက်က ကိုယ့်နာမည်ကိုကိုယ် စကြာစဠာမှာ ပြိုင်ဘက်ကင်းတယ်လို့ မှည့်ရဲတယ်လား .. ဤသည်မှာ အနည်းငယ် စိတ်ကြီးဝင်လွန်းသွားလေပြီ။
“သူလာတယ် … ဒါပေမဲ့ သူ ငါတို့ပျံသန်းခြင်းမှော်ပစ္စည်းနဲ့ လာတာမဟုတ်ဘူး .. တစ်ခြား အဖိုးတန်ပစ္စည်းနဲ့လာတာ..” တစ်စုံတစ်ယောက်မှ သတိကြီးကြီးထားပြီး ပြောလိုက်သည်။
“ဝူတိက ဒီကိုရောက်တာတောင် ဘာလို့ ထွက်မလာတာလဲ .. သူ ဟွမ်နဲ့ တိုက်လို့ရတယ်..” ကောင်းကင်ဘုရင်လေးပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှလူများ ရှုပ်ထွေးသွားရသည်။ ဒီလူက ဘယ်သူလဲ .. သူက ကောင်းကင်ဘုရင်လေးကို ကိုယ်စားပြုပြီး တိုက်ခိုက်နိုင်တာလား..
“အဲဒီ ယုဝူတိဆိုတာ ဘယ်သူလဲ..” ကောင်းကင်ဘုရင်လေး ဘေးတွင်ရှိနေသည့် မင်းသမီးယောင်ယွဲ့မှ မေးလိုက်သည်။ သူမလည်း အတော်လေး ထိတ်လန့်သွားသည်ပင်။
“ကောင်းကင်နတ်ဘုရားအဆင့်မှာ စွမ်းအားအကြီးဆုံးလူ ဖြစ်လောက်တယ်..” ကောင်းကင်ဘုရင်လေး ပြောလိုက်သည်။
“ထာဝရကျောင်းမှ ဒီလိုလူမျိုးရှိတာလား..” မင်းသမီးယောင်ယွဲ့ အံ့အားသင့်သွားရသည်။
“ဒါပေါ့ .. ငါတို့ ထာဝရကျောင်းမှာ အရည်အချင်းရှိတဲ့သူတွေပဲ ရှိတာ .. ငါတို့က ဘယ်နေရာသွားသွား အားလုံးကို လွှမ်းမိုးနိုင်တဲ့ သူရဲကောင်းတွေ .. ငါတို့မှာ ကောင်းကင်ဘုရင်ပဲရှိတာမဟုတ်ဘူး .. တစ်ခြား ပြိုင်ဘက်ကင်းတဲ့ပါရမီရှင်တွေလည်း ရှိသေးတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
“ကိုယ့်ကိုကိုယ် တပ်ထားတဲ့ ဂုဏ်လား..” ကောင်းကင်နတ်ဘုရားကျောင်းမှ လူအချို့ နှာခေါင်းရှုံ့လိုက်သည်။
“ယုဝူတီက အရမ်းအင်အားကြီးတယ်လို့ ကျုပ်အာမခံပေးနိုင်ပါတယ် .. သူ့ကို အနိုင်ယူနိုင်တဲ့သူက ကောင်းကင်နတ်ဘုရားတွေထဲမှာ နံပါတ်တစ်ဖြစ်မှာပဲ..” ကောင်းကင်ဘုရင်လေး ပြောလိုက်၏။
ကောင်းကင်နတ်ဘုရားကျောင်းမှလူများအားလုံး ဆွံ့အသွားရသည်။ အချို့လူများသည် ထိုယုဝူတီဟုခေါ်သည့်သူအကြောင်းကို မေးလာကြသည်။
“ထာဝရကျောင်းက အကြီးအကဲအရှင်ရဲ့ နောက်ဆုံးတပည့် .. အကြီးအကဲအရှင်က သူ့တစ်ဘဝလုံးမှာ တပည့်နှစ်ယောက်ပဲ လက်ခံခဲ့တာ .. ယုဝူတိက သူတို့ထဲက တစ်ယောက်..”
“သူ့ကို ဒုတိယကောင်းကင်ဘုရင်လေးလို့ပြောကြတာ .. ဂိုဏ်းခေါင်းဆောင်အဆင့်အောက်မှာ သူ့က စွမ်းအားအကြီးဆုံးလူပဲ..”
ခဏကြာပြီးသည်နောက် သတင်းများပျံ့သွားသည်။ ထာဝရကျောင်းက လူတွေက အရမ်းကို စိတ်ကြီးဝင်နေကြတယ် .. ထာဝရကျောင်းက ကောင်းကင်နတ်ဘုရားတွေကြားထဲ နံပါတ်တစ်ဖြစ်နေတဲ့သူက ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှာလည်း နံပါတ်တစ်ဖြစ်လိမ့်မယ်လို့ သူတို့ယုံကြည်နေကြတယ်..
လေထဲတွင် လှေငယ်လေးတစ်စင်း ရောက်လာသည်။ ထိုလှေပေါ်တွင် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ပါလာသည်။ လှေငယ်လေးကို ဖရိုဖရဲစွမ်းအင်များ ဝန်းရံနေကာ ကမ္ဘာဦးအစမှ ရောက်လာသကဲ့သို့ပင်။
အဘယ်ကြောင့်ဆိုသော် ဤလှေရွေ့လျားလိုက်သည်နှင့် လေဟာနယ် အက်ကွဲလာပြီး မြင်ကွင်းများမှာလည်း အံ့အားသင့်စရာ ကောင်းလာသည်။
“ဝူတိ .. မင်းလာပြီလား..” ကောင်းကင်ဘုရင်လေး ပြုံး၍ ကြိုဆိုလိုက်သည်။ ထို့နောက် သူ အားလုံးအား မိတ်ဆက်ပေးလိုက်လေသည်။ “ဝူတိက ကျုပ်ကောင်းကင်နတ်ဘုရားအဆင့်မှာတုန်းက ကျုပ်ထက် အားမနည်းတဲ့သူပဲ..”
ဤကဲ့သို့သော မိတ်ဆက်မှုမျိုးမှာ အားလုံးကို အလွန်ထိတ်လန့်သွားစေသည်။ ယုဝူတိက ဒီလောက်တောင် စွမ်းအားကြီးတာလား..
“ယုဝူတိက ဒီမိုးကောင်းကင်အောက်က ကောင်းကင်နတ်ဘုရားတွေထဲမှာ နံပါတ်တစ်ပဲ..” ထာဝရကျောင်းမှ လူများ ထပ်ပြောလိုက်သည်။
“ရောင်းရင်း ဝူတိကို အနိုင်ယူနိုင်ရင် ကျုပ် ဒီအပြာရောင်ချပ်ဝတ်တန်ဆာကို ရောင်းရင်းကို ခဏငှားပေးလိုက်မယ် .. ရောင်းရင်း တာအိုမျိုးစေ့နဲ့ ပေါင်းစည်းပြီးသွားတဲ့အချိန်ကျရင် အနိုင်ရတဲ့သူက ဒီချပ်ဝတ်တန်ဆာကို ရလိမ့်မယ်..” ကောင်းကင်ဘုရင်လေး ပြောလိုက်သည်။
ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေသည်ပင်။
“သူက တကယ် နံပါတ်တစ်လား..”
ရှီဟောင်၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ပေါ်လာသည်။
“ဟုတ်တယ် .. မင်း ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှာ ပတ်ရှာရင်တောင် ကောင်းကင်နတ်ဘုရားအဆင့်မှာ သူနဲ့ယှဉ်နိုင်တဲ့သူကို တွေ့ဖို့ခက်ခဲလိမ့်မယ်..” ထာဝရကျောင်းမှ လူများ သူ့အား ပြန်ပြောလိုက်သည်။
ဤစကားကြားလိုက်သည်နှင့် အားလုံး စိတ်လှုပ်ရှားသွားရသည်။ ဤကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းသည့်သူဖြစ်ကြောင်း ပြောရဲသည့်သူ ဘယ်နှယောက် ရှိနိုင်မည်နည်း..
ယခု သူတို့ရှေ့တွင် ထာဝရကျောင်းမှ လူအားလုံး အသိအမှတ်ပြုထားသည့် သူတစ်ယောက်ရှိနေလေပြီ။ ကောင်းကင်ဘုရင်လေးပင် သူ့အား အတော်လေး ချီးကျူးနေသည်ပင်။
“ကောင်းပြီလေ .. အဲဒါဆိုရင် ခဏနေကျရင် ကောင်းကင်နတ်ဘုရားအဆင့်မှာ နံပါတ်တစ်ဆိုတဲ့နေရာမှာ ကျုပ်ဖြစ်သွားလိမ့်မယ်..” ရှီဟောင် ပြောလိုက်သည်။
ထိုအချိန်တွင် အရိုးဖြူဗူးသီး တောက်ပလာကာ ထာဝရမြူများ ထွက်ပေါ်လာသည်။ ဗူးသီးပေါက်ဝ ပွင့်လာကာ အလင်းဂိတ်တံခါးတစ်ခု ပေါ်လာပြီး လူတစ်စု လမ်းလျှောက်ထွက်လာသည်။
အလေးအမြတ်ကျောင်းမှ လူများလည်း တိတ်ဆိတ်မနေပဲ ထွက်လာကြလေပြီ။
စုစုပေါင်း ၄၀၊ ၅၀ ခန့်ရှိကာ အားလုံးထံမှ သွေးစွမ်းအင် ထွက်ပေါ်လာသည်။ ဤသည်မှာ ထာဝရကျောင်းမှ လူများနှင့် အနည်းငယ် ကွဲပြားသည်ပင်။
သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူတို့၏ အော်ရာများကို ပြန်ထိန်းချုပ်လိုက်ကာ သူတို့ပုံရိပ်များလည်း မှုန်ဝါးလာသည်။
ဝမ်ရှီးလည်း ထိုနေရာ၌ ရှိနေသည်ပင်။
“တောင်တွေမှာ ကျားမရှိရင် မျောက်တွေတောင်မှ ဘုရင်ဖြစ်ချင်နေကြတာ..” အလေးအမြတ်ကျောင်းမှ တစ်စုံတစ်ယောက် ရယ်မော၍ ပြောလိုက်သည်။
“ခင်ဗျား ဘာပြောချင်တာလဲ .. ခင်ဗျား ဘယ်သူ့ကို ရည်ရွယ်နေတာလဲ..” ထာဝရကျောင်းမှ လူများ ဒေါသတကြီး ပြောလာကြသည်။
“လက်ရှိလောကပညာ ကျင့်ကြံနေကြတဲ့သူတွေ တော်တော်များများက သိုသိုသိပ်သိပ်နေကြတာကို ထည့်မပြောရင်တောင် ရှေးဟောင်းပညာကျင့်ကြံတဲ့သူတွေထဲမှာ မင်းတို့ ထာဝရကျောင်းက ဘယ်သူမှ ကောင်းကင်နတ်ဘုရားအဆင့်မှာ နံပါတ် တစ် ဆိုတဲ့နေရာ မရဘူး..” အလေးအမြတ်ကျောင်းမှ ပြောလိုက်သည်။
“ခင်ဗျား ဒါကို လက်မခံနိုင်ရင်လည်း လာခဲ့လေ .. နတ်ဘုရားအဆင့်ပြိုင်ကွင်းမှာ သွား တိုက်ခိုက်ကြမယ် .. ကောင်းကင်နတ်ဘုရားအဆင့်မှာ ဘယ်သူက နံပါတ်တစ်လဲဆိုတာ ကြည့်ကြတာပေါ့ .. အလေးအမြတ်ကျောင်းက ကြိုက်တဲ့သူ လွှတ်လိုက်လို့ရတယ်..” ထာဝရကျောင်းမှ လူများ အေးစက်စွာ ပြောလိုက်သည်။
လေထုမှာ ချက်ချင်း တင်းမာသွားသည်။ ကျောင်းနှစ်ကျောင်းမှာ အစကတည်းက ဆန့်ကျင်ဘက် ရပ်နေကြသည့်သူများပင်။
“မင်းတို့အားလုံးက ဒီလိုဖြစ်ချင်နေတာဆိုရင်တော့ တိုက်ကြတာပေါ့ … ငါတို့ ဒီတစ်ခေါက် ကောင်းကင်နတ်ဘုရားကျောင်းကို လာတယ်ဆိုတာကလည်း ပညာဖလှယ်ဖို့ပဲ..” အလေးအမြတ်ကျောင်းမှ ပြောလိုက်သည်။
“ကောင်းကင်ဘုရင်လေး .. ခင်ဗျားလည်း လာတိုက်ပါလား .. ကျုပ်တို့ ကောင်းကင်နတ်ဘုရားအဆင့်မှာ တိုက်ကြတာပေါ့..” အလေးအမြတ်ကျောင်းမှ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“ဘာလို့ မတိုက်ရမှာလဲ .. ကျုပ်လည်းကျုပ်ကို နိုင်အောင်တိုက်နိုင်မယ့်သူကို ရှာနေတာပဲ..” ကောင်းကင်ဘုရင်လေး ထူးမခြားနားစွာပင် ပြောလိုက်သည်။
“ဟက် .. ကျုပ်က အမှန်ကို ပြောပြတာပါ .. အရင်တုန်းက ပျောက်သွားတဲ့သူတစ်ချို့ ရှိခဲ့ဖူးတယ် .. သူတို့လည်း ထာဝရစွမ်းအင်ကို ကျင့်ကြံတာပဲ .. သူက ကျုပ်တို့ အလေးအမြတ်ကျောင်းက အဆင့်လွန်တွေမပြောနဲ့ ကောင်းကင်နတ်ဘုရားအဆင့်က မင်းတို့တွေအားလုံးကို အနိုင်ယူနိုင်တယ်..” အလေးအမြတ်ကျောင်းမှလူများ အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
“လာခဲ့ .. လာခဲ့ .. လာခဲ့ .. ငါတို့တိုက်ကြတာပေါ့..” နှစ်ဘက်လုံးမှ ဒေါသထွက်လာပြီး တိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ဝုန်း..
လေထဲ၌ အလွန်ကြီးမားလှသည့် ပြိုင်ကွင်းတစ်ခု ပေါ်လာသည်။ ဤသည်မှာ ခမ်းနားလှကာ ထာဝရမြူများလည်း ရစ်ဆိုင်းနေသည်။
လှုံ့ဆော်ပေးနေသည့် မကောင်းဆိုးဝါးအိုကြီး အချို့ရှိနေသည်မှာ သေချာသည်။ သူတို့သည် ကွင်းပြင်တစ်ခုကိုပင် ချက်ချင်း ထုတ်ယူလာကြကာ တိုက်ခိုက်ခွင့်ပြုလိုက်သည်။
ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ပြိုင်ကွင်းပေါ်၌ လူတစ်ယောက်ပေါ်လာသည်။ ဤသည်မှာ ရှီဟောင်ပင်။ သူ့ကို တစ်စုံတစ်ယောက်မှ ထိုနေရာသို့ ပို့လိုက်ခြင်းပင်။ သူဘာမှ မပြောရသေးခင်မှာပင် သူသည် စိန်ခေါ်သည့်သူအဖြစ် ဖိအားပေးခံလိုက်ရလေပြီ။
“ကောင်းကင်နတ်ဘုရားအဆင့်မှာ ဘယ်သူက နံပါတ်တစ်လဲဆိုတာကို ဆုံးဖြတ်မယ့် တိုက်ပွဲ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ပြိုင်ကွင်းထက်၌ အရိုးစာသားများ ထွက်ပေါ်လာပြီး နောက်ဆုံး စာတန်းတစ်ခု ဖြစ်ပေါ်လာသည်။
မကောင်းဆိုးဝါးအိုကြီးများသည် ဤတိုက်ပွဲကို အသုံးပြုကာ ကောင်းကင်နတ်ဘုရားတွင် မည်သူက နံပါတ်တစ်ဖြစ်မည်ကို သိလိုကြခြင်းပင်။
အပိုင်း ၁၄၂၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၂ – မညီမျှခြင်း
ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ ဤမကောင်းဆိုးဝါအိုကြီးများပင်လျှင် တားဆီးခြင်းမရှိပဲ အားလုံးအား ‘ပညာဖလှယ်’ ခွင့်ပြုလိုက်ကာ ဤကဲ့သို့သော တိုက်ပွဲကို ဖန်တီးလိုက်သည်။
ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ နံပါတ်တစ် .. ဤကဲ့သို့သော တိုက်ပွဲကို ဤပြိုင်ကွင်းပေါ်၌ ပြုလုပ်မည်။
ဤသည်မှာ ကျောင်းသုံးကျောင်း၏ အင်အားကိုပြသမည့် တိုက်ပွဲဖြစ်ကြောင်း အားလုံးသိကြသည်ပင်။
ရှီဟောင်မှာ ဤပြိုင်ကွင်းပေါ်သို့ ပထမဆုံး ပို့ခံလိုက်ရသည့်သူဖြစ်သောကြောင့် အားလုံး၏ အာရုံစိုက်ရာဖြစ်လာသည်။ သူနှင့်ကောင်းကင်ဘုရင်လေးတို့ကြားမှ မီးပွားလေးမှာ တိုက်ခိုက်ဖို့ ဖြစ်လာလေပြီ။
သူ ဤပေါ်သို့ ရောက်လာပြီဖြစ်သောကြောင့် သူပြေး၍မရတော့။ သို့သော် ပြေးဖို့လည်း မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အစကတည်းက ဤတိုက်ပွဲဖြင့် အရာအားလုံးကို ဆုံးဖြတ်မည်ဟု စီစဉ်ထားပြီးသားပင်။
“တကယ်ကို စိတ်ကြီးဝင်နေတာပဲ .. သူက ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ နံပါတ်တစ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရချင်လို့ အရင်ဆုံး တက်သွားတာလား .. ဒါပေမဲ့ ငါ့အမြင်တော့ သူ မြန်မြန်ပဲ ပြန်ဆင်းလာရလိမ့်မယ်..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
“ငါတို့ထာဝရကျောင်းကလူတွေ မသွားရသေးတာတောင် သူက စိတ်မရှည်တော့ဘူး .. တကယ်ကို ရဲတင်းနေတာပဲ..” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်သည်။
ရှီဟောင်သည် ထိုလူများအား အေးစက်စွာပင် ကြည့်လိုက်သည်။ သူ ဤလူများ၏စကားများကိုစိတ်ထဲ ထည့်မနေတော့။ သူ၏ခွန်အားဖြင့်သာ စကားပြောမည်။
ပြိုင်ကွင်းကြီးမှ ရှေးကျသည့်ခံစားမှုအား ရရှိနေသည်။ ဤပြိုင်ကွင်းရှိနေသည်မှာ နှစ်ပေါင်း မည်မျှရှိနေပြီမှန်း မသိနိုင်တော့။ ဤသည်မှာ အလွန်ကြီးမားလှပြီး သူတို့စိတ်ကြိုက် တိုက်ခိုက်ရန် လုံလောက်သည်ပင်။
ဤသည်ကို ပြိုင်ကွင်းတစ်ခုဟု ခေါ်သည်ထက် မျောလွှင့်နေသည့် တိုက်တစ်ခုဟုခေါ်သည်က ပိုသင့်တော်လိမ့်မည်။ မြေပြင်ကိုလည်း ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းပင်။ မျက်နှာပြင်ထက်တွင် ရှုပ်ထွေးလှသည့် အစင်းကြားများရှိနေသည်။
ဤသည်မှာ တာအိုသင်္ကေတေများပင်။ ဤကျောက်တုံးများသည် မျက်နှာပြင်ထက်၌ ဤသင်္ကေတများထွင်းထုထားသည့် သာမန်ကျောက်တုံးဖြစ်သော်လည်း အလွန်မာကျောနေလေပြီ။
ပြိုင်ကွင်းကြီး ပျက်စီးသွားမည်ကို သူတို့ စိတ်ပူစရာမလို။ တိုက်ပွဲကွင်းပြင်ကြီး မတည်မငြိမ်ဖြစ်မည်ကိုလည်း စိုးရိမ်စရာ မလို။ အားလုံး အစွမ်းကုန် တိုက်ခိုက်၍ ရသည်။ ဤသည်မှာ ရှေးခေတ်မှ စွမ်းအားကြီးသည့်သူများ ပြုလုပ်ခဲ့သည့် စစ်မြေပြင်ဖြစ်သောကြောင့် မပျက်စီးနိုင်ပေ။
“သတိထား..” အောက်ဘက်မှ ချင်းယီ အသံပို့လွှတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် အလွန်ခက်ခဲသည့်ပြိုင်ဘက်များနှင့် တွေ့ဆုံရတော့မည်ကို သူမ သိသည်ပင်။ တိုက်ပွဲများမှာ အလွန်အန္တရာယ်များလိမ့်မည်။
မျက်လုံးအားလုံးမှာ သူ့ကိုသာ ဦးတည်နေကြသည်။
“ကျွန်မတို့ ဒီအခြေအနေကို ရောက်သွားပြီ .. ကျောင်းသုံးကျောင်းက ဒီမှာ တိုက်ပွဲကြီးတစ်ခု တိုက်ကြတော့မယ်..” မင်းသမီး ယောင်ယွဲ့၏ လှပသည့်မျက်လုံးများသည် ပြိုင်ကွင်းကိုကြည့်ကာ တောက်နေလေ၏။ သူမသည် သူတို့အား မတိုက်ခိုက်ရန် ဖျောင်းဖျမနေတော့ပေ။
အခြားတစ်ဖက်တွင်ရှိနေသည့် တောက်ပနေသည့် ဗူးသီးကြီး အထက်တွင်မူ လူများစွာဘေးချင်းယှဉ်ရပ်နေကြသည်။ သူတို့အားလုံးမှာ အံ့အားသင့်စရာကောင်းသည့်သူများဖြစ်ပြီး တာအိုနှင့် ဟန်ချက်ညီနေလေပြီ။ သူတို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် ပျောက်ကွယ်သွားတော့မလိုပင်။
ဝမ်ရှီးလည်း ထိုနေရာတွင် ရပ်နေလေသည်။ သူမသည် ဂုဏ်သရေရှိ ဧည့်သည်အဖြစ် ဆက်ဆံခံနေရသည်။
“ဒီလူငယ်က အရင်တုန်းက ဝမ်မိသားစုနဲ့ စကားများခဲ့တဲ့သူလား..” တစ်စုံတစ်ယောက်မှ မေးလိုက်၏။
“ဟုတ်တယ် သူပဲ..” ဝမ်ရှီး ခေါင်းညိမ့်၍ ပြောလိုက်သည်။
“မရီး စိတ်အေးလက်အေးနဲ့ ကျုပ်တိုက်မယ့်အချိန်ကိုသာ စောင့်နေလိုက်ပါ .. ကျုပ်သူ့ကို သေချာပေါက် အနိုင်ယူပြမယ် .. သူလုပ်ခဲ့တဲ့ အနှောက်အယှက်တွေအားလုံး မြန်မြန်ပဲ ပျောက်သွားလိမ့်မယ်..” သူတို့ထဲမှ တစ်ယောက် ပြောလိုက်သည်။
ဝမ်ရှီး အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏မျက်နှာထက်တွင် သတိပေးသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမအား ဤကဲ့သို့ ခေါ်သည်ကို သူမ မကြိုက်။
“မရီးနဲ့ အဲဒီစီနီယာအစ်ကို စေ့စပ်ထားတာ ကြာပြီလေ .. အဲဒါကြောင့်မို့လို့ ဒီလိုမျိုးခေါ်တာ မမှားပါဘူး..” ထိုလူမှ ရယ်မော၍ ပြောလိုက်သည်။
“ခဏနေရင် ကျုပ်တို့လူတွေ တက်သွားပြီးတော့ သူ့ကို အနိုင်ယူလိမ့်မယ် .. ကျုပ်တို့ အလေးအမြတ်ကျောင်းက လူတွေက အဆုံးစွန်တဲ့လမ်းကြောင်းကို လျှောက်တဲ့သူတွေ .. အတော်ဆုံးပြိုင်ဘက်တွေအားလုံးက ကျုပ်တို့ကို သွေးပေးမယ့် ကျောက်တုံးတွေ ဖြစ်လာလိမ့်မယ်..” တစ်စုံတစ်ယောက်မှ ပြုံး၍ ပြောလိုက်သည်။
ဤကဲ့သို့ ခေါ်ခံရသည်ကို မကြိုက်သော်လည်း သူမ သူတို့ကို သတိပေးလိုက်သည်။
” ဟွမ်က တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ပါရမီရှင် .. သူနဲ့ရွယ်တူတွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ ရှားတယ် .. သူ့ကို အထင်သေးတဲ့သူတွေအားလုံး ကောင်းကောင်းလေး ပြန်ပေးဆပ်ရလိမ့်မယ်..”
နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့်တူသည့် မှုန်ဝါးဝါးပုံရိပ်လေးတစ်ခု ထွက်ပေါ်လေသည်။
“မရီး အတွေးလွန်နေပါပြီ .. ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ ဘယ်သူက နံပါတ်တစ်လဲဆိုတာ ကျုပ်တို့ ပြပေးလိုက်ပါ့မယ်..”
“ဟုတ်တယ်.. ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ နံပါတ်တစ်ဖြစ်တဲ့သူက သေချာပေါက် ကျုပ်တို့ အလေးအမြတ်ကျောင်းက အဆင့်လွန်လူငယ်တစ်ယောက်ဖြစ်လိမ့်မယ်..” အခြားတစ်ယောက်မှ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ပြိုင်ကွင်းပေါ်၌ ရှီဟောင် တစ်ယောက်တည်း ရပ်နေပြီး ဘာစကားမှ မပြောပေ။
“ဝူတိ .. မင်း တိုက်ချင်လား..” ကောင်းကင်ဘုရင်လေး မေးလိုက်သည်။ သစ်ရွက်လှေလေးပေါ်တွင်ရှိနေသည့် လူငယ်လေးအား သူကြည့်လိုက်သည်။ ဤလူမှာ သူစိုးရိမ်ပေးရလောက်အောင် ထိုက်တန်သည်ပင်။
“ရပါတယ်..”
ယူဝူတိ ခေါင်းငြိမ့်လိုက်ကာ လှုပ်ရှားလိုက်သည်။ သူသည် လေဟာနယ်ကို ထိုးဖောက်ကာ ထိုလှေလေးပေါ်မှ ပျောက်သွားကာ ကြီးမားလှသည့် ပြိုင်ကွင်းပေါ်၌ ပေါ်လာသည်။
သူသည် မီးခိုးရောင် အဝတ်အစားဝတ်ဆင်ထားပြီး သူခန္ဓာကိုယ် အရွယ်အစားမှာ အလယ်အလတ်ပင်။ သူ၏ပုံပန်းသွင်ပြင်မှာ သာမန်ပင်ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှ ထာဝရစွမ်းအင်များ ဖြန့်ကျက်လာသောကြောင့် သူသည် အလွန်အန္တရာယ်များသည့်ပုံပင်။
ထာဝရစွမ်းအင်ကျင့်ကြံသည့်သူအချို့ မျက်နှာ မည်းမှောင်သွားလေ၏။ ချောမောမနေခြင်းပင်လျှင် သူ၏ထူးခြားသည့်အချက်ဖြစ်သွားသည်။ ယုဝူတိ၏ ခန္ဓာကိုယ်မှာ အလွန်မာကျောလှပြီး သူသာ ထာဝရစွမ်းအင်များကို သိမ်းထားလျှင် သာမန်လူတစ်ယောက်နှင့် ဘာမှမခြားနားပေ။
သို့သော်လည်း ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်သူမှန်း ရှီဟောင် သိသည်။ သူ၏ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေသည်ပင်။
“စီနီယာအစ်ကိုယု .. ကျွန်တော်တို့ကို အစ်ကို့ရဲ့ ထာဝရတာအိုအောင်မြင်မှုတွေကို ပြသပေးပါ .. သူ့ကို မြန်မြန်ရိုက်ချလိုက်..”
“ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ နံပါတ်တစ်ဆိုတဲ့နေရာက သူစိတ်ကူးရဲတဲ့နေရာလား .. ဘယ်သူက ယုဝူတိကို ယှဉ်နိုင်မှာလဲ .. ကောင်းကင်နတ်ဘုရားကျောင်းက ဟွမ်တောင်မှ သူ့ပြိုင်ဘက်မဟုတ်သေးဘူး..”
“စီနီယာအစ်ကိုယု .. တိုက်ပွဲကို မြန်မြန်အဆုံးသတ်လိုက်ပါ..”
ထာဝရကျောင်းမှလူများ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူတို့သည် ယုဝူတိအား အလွန်ယုံကြည်ထားကြပြီး မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်မလာနိုင်ဘူးဟု ခံစားနေကြရသည်။ သူတို့အမြင်တွင် ရှီဟောင်အား အနိုင်ယူရန်မှာ အချိန်တစ်ခုသာ လိုအပ်လိမ့်မည်။
အချို့သူများမှာ လောင်းကြေးစားကြေးပင် လုပ်နေကြလေပြီ။ ယုဝူတိက ရှီဟောင်အား ဘယ်နှစ်ချက်ဖြင့် အနိုင်ယူမည်ကို ခန့်မှန်းနေကြလေ၏။
အနည်းငယ် အသားညိုသည့် ယုဝူတိ၏ မျက်လုံးမှ ငွေရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည် ငွေရောင်ဖီးနှစ်နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်တစ်ခုလုံး ငွေရောင်မီးတောက်များ ပြည့်နှက်သွားလေ၏။
အားလုံး သတိကြီးကြီးဖြစ်သွားရသည်။ ဒီနှစ်ယောက်က စကားတစ်ခွန်းမှ မပြောပဲ စတိုက်နေကြပြီ..
ဝုယူတိ မျက်လုံးဖွင့်လိုက်သည်နှင့် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် မြင်ကွင်း ဖြစ်ပေါ်လာလေပြီ။
“ကောင်းကင်ဖီးနှစ်စွမ်းအား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ရှီဟောင် အလွန်ကြောက်စရာကောင်းသည့် ပြိုင်ဘက်ကို ရင်ဆိုင်နေရမှန်း ကောင်းကင်နတ်ဘုရားကျောင်းမှ လူများ သိသွားကြသည်။ သူ၏ပြိုင်ဘက်သည် ရှေးဟောင်း ကောင်းကင်ဖီးနှစ်၏စွမ်းအားကို မျက်လုံးထဲ၌ ထည့်ထားသောကြောင့် ဤသည်မှာ သူ၏ခန္ဓာကိုယ်သည် ပို၍ကြောက်စရာကောင်းမည်ဖြစ်ကြောင်း ဆိုလိုခြင်းပင်။
ဒုန်း..
လေဟာနယ်ထဲမှ မိုးကြိုးတစ်ခု ထွက်ပေါ်လာပြီး အားလုံးကို တုန်လှုပ်သွားစေသည်။
ရှီဟောင် လက်ညှိုးထိုးကာ တိုက်ခိုက်လိုက်သည်။ အလွန်တောက်ပသည့် ရွှေရောင်နတ်ချိန်းကြိုးနှစ်ခုသည် လျှပ်စီးကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းသွားသည်။ ဤသည်မှာ မိုးမခနတ်ဘုရား၏ အဖိုးတန်ပညာပင်။ သစ်ကိုင်းနှစ်ကိုင်းသည် ယုဝူတိ၏ မျက်လုံးထံသို့ ဦးတည်သွားနေသည့်အပြင် ရွှေရောင်သစ်ရွက်များလည်း မိုးရွာသကဲ့သို့ နေရာတိုင်း၌ ကျဆင်းလာကာ ငွေရောင်မီးတောက်များပေါက် ကျဆင်းလာသည်။
ဒုန်း..
ယုဝူတိ၏ မျက်လုံးရှေ့တွင် သင်္ကေတများစွာ ထွက်ပေါ်လာပြီး အဖြူရောင် ကောင်းကင်ဖီးနှစ်ဖြစ်လာသည်။ သူ၏အတောင်ပံများကို ခတ်လိုက်သည်နှင့် ရွှေရောင်သစ်ကိုင်းနှစ်ခု ရပ်တန့်သွားကာ နေရာတိုင်း၌ မီးပွားများ လွင့်စင်ထွက်လာသည်။
“ဝုယူတိ .. သူ့ကို သတ်…” ထာဝရကျောင်းမှလူများ အော်ဟစ်လိုက်ကြသည်။
ကြည့်နေကြသည့် သူများအားလုံး အော်ဟစ်လာကြကာ ဤနေရာတစ်ခုလုံး အလွန်ဆူညံကာ လှုပ်ရှားသက်ဝင်လာသည်။
“ဘယ်သူက ဆူဆူညံညံနဲ့ ငါတို့ ကောင်းကင်နတ်ဘုရားကျောင်းကို လာနှောက်ယှက်နေတာလဲ..” ထိုအချိန်တွင် ခပ်ဝေးဝေးမှ အလင်းတစ်ခု ထွက်ပေါ်လာကာ ကြီးမားလှသည့် သင်္ဘောကြီးတစ်ခု ဤနေရာသို့ ရောက်ရှိလာသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ လက်ရှိလောကပညာကို သင်ယူသည့်သူများ ပြန်ရောက်လာကြလေပြီ။ သူတို့သည် နယ်မြေသင်္ချိုင်းကို ဦးတည်သွားခြင်းမဟုတ်ပေ။ ပြန်လည်မွေးဖွားနိုင်မည့်အခွင့်အရေးကို ရှာဖွေရန်အတွက် အခြား ထာဝရမြေတစ်ခုသို့ သွားခြင်းပင်။
“ဘာ.. ကျောင်းနှစ်ကျောင်းကလူတွေက ရှီဟောင်ကို စိန်ခေါ်နေတာလား..” စစ်သင်္ဘောပေါ်မှလူများ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ချောင်ယုရှင်း၊ ယုန်ဖြူလေး၊ ချောင်ကုန်းယွမ်၊ နဂါးမိန်းမပျိုကဲ့သို့သော ရှီဟောင်နှင့် ရင်းနှီးသည့်သူများ ရှိသည်။ သူတို့အားလုံးမှာ အဆင့်နိမ့်နယ်မြေမှ လူများပင်။
ရှီဟောင်နှင့် ယခင်က တိုက်ခိုက်ဖူးခဲ့သည့်သူများပင်လျှင် ယခုတော့ သူတို့ကြားမှ အမုန်းတရားများအား လွှတ်ချထားခဲ့၏။
ရှီဟောင်ကို အမြဲတမ်းဆန့်ကျင်နေသည့် နှစ်ထပ်မျက်လုံး ရှီယီပင်လျှင် ကောင်းကင်ဘုရင်လေးနှင့် အခြားသူများအား အေးစက်စွာ ကြည့်လိုက်သည်။
“ရှီဟောင် မင်းနိုင်အောင်လုပ် .. အဲဒါက ငွေရောင်ကောင်းကင်ဖီးနှစ်လား .. သူ့အတောင်ပံတွေကို ချိုးပစ်ပြီးတော့ အသားကင်စားဖို့ ခေါ်လာလိုက် .. ငါတို့ အရသာရှိတာလေးတွေ စားရအောင်..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
ဖက်တီးလေးသည် လက်ရှိလောကပညာများကို ကျင့်ကြံသည့်သူဖြစ်သောကြောင့် ထာဝရကျောင်းသို့ ဝင်မည် မဟုတ်။ ထို့ကြောင့်ပင် သူသည် ထာဝရကျောင်းမှလူများ ဒေါသထွက်ကာ သူ့အား သေအောင်ရိုက်ပစ်ချင်လောက်သည်အထိ ပြောဆိုနေလေ၏။
“ဝါးဟားဟား .. ကြက်တောင်ပံကင်က အကောင်းဆုံးပဲ .. ငါ အရမ်းစားချင်နေပြီ..” ယုန်ဖြူလေး၏ ပတ္တမြားကဲ့သို့သော မျက်လုံးများမှာ ပြူးကျယ်နေလေပြီ။
“ဟေး ယုန်ဖြူလေး .. မင်းက သက်သက်လွတ်စားတာ မဟုတ်ဘူးလား..” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်သည်။
“သွားသေလိုက်လေ .. ရော့ … ငါ ပစ်ပေးလိုက်မယ်..” ယုန်ဖြူလေးသည် ထိုလူများထံသို့ ချီလင်းလေးကို စတင်ပစ်လိုက်လေပြီ။
ကျောင်းနှစ်ကျောင်းမှ လူများသည် ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် မူးဝေသွားသလိုပင် ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ချီလင်းအစစ်ဖြစ်မှန်း အတော်များများ သိနေကြသည်ပင်။
“ဘုရားရေ..” အချို့လူများထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အရက်စက်ဆုံးသားရဲ ၁၀ မျိုးထဲက တစ်မျိုးဖြစ်တဲ့ ဒီချီလင်းလေးက အခုတော့ သဲအိတ်တစ်အိတ်လို အပစ်ခံနေရတယ် .. ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းမှလူများကိုပင် တစ်ခဏခန့် အသိစိတ်လွတ်သွားစေသည်။
“အစ်ကိုရှီ .. အစ်ကို အဲဒီကောင်းကင်ဖီးနှစ်ကိုနိုင်ရင် ကျွန်တော့်ကို သူ့ရဲ့နတ်ငှက်မွေးတွေပေး .. ကျွန်တော် အဖိုးတန်ယင်တောင်တစ်ခုလုပ်ဖို့ စီစဉ်နေတာ..”
ဤလူအုပ်ကြီးသည် ရောက်လာသည်နှင့် ထိန်းချုပ်ထားခြင်းမရှိပဲ ပြောလိုက်သည်။ သူတို့၏ပန်းတိုင်မှာ အလေးအမြတ်ကျောင်းဖြစ်သောကြောင့် ထာဝရကျောင်းမှလူများကို ကြောက်စရာ မလိုပေ။
ဝုန်း ..
ယူဝူတိ ဖီးနှစ်အစစ်အဖိုးတန်ပညာကို အသက်သွင်းလိုက်သည်။ သူ၏လက်များ လှုပ်ရှားလာကာ ကောင်းကင်ကိုဖုံးလွှမ်းသွားသည့် ငွေရောင်မီးတောက်များ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် အချိန်များပင် ရပ်တန့်သွားသည့်အလား။ အားလုံး ပါးစပ်ပိတ်သွားကြကာ ကြွေးကြော်သံများလည်း ပျောက်ကွယ်သွားသည်။
သူတို့အားလုံး ဤလောကကြီးကို တုန်လှုပ်စေနိုင်သည့် ရိုက်ချက်ကြီးအား အာရုံစိုက်ကြည့်နေလိုက်ကြသည်။
နာမည်ကြီးသည့် ကောင်းကင်ဖီးနှစ်၏ နတ်စွမ်းရည်များ ထွက်ပေါ်လာလေပြီ။
ရှီဟောင်သည် သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ကောင်းကင်ထက်သို့ တက်သွားလိုက်သည်။ ခွန်ပန်တစ်ကောင် ထွက်ပေါ်လာသည်။ သူ၏ရွှေရောင်ခန္ဓာကိုယ်ထက်၌ အနက်ရောင်သင်္ကေတများ ရှိနေကာ ယင်နှင့်ယန်စွမ်းအင်များ စီးဆင်းနေသည်။
ဝုန်း..
သူတို့နှစ်ဦး တိုက်ခိုက်ကြသည်နှင့် ပင်လယ်လှိုင်းများ ကမ်းခြေကို လာရိုက်သကဲ့သို့ ကျောက်သားများလည်း တိမ်ပေါ်သို့ပင် လွင့်စင်သွားသည်။ နတ်ခွန်အားနှင့် မြင့်မြတ်အလင်းများလည်း နေရာတိုင်း၌ ထွက်ပေါ်လာသည်။
အားလုံး၏ မျက်လုံးများ နာကျင်လာကာ ဖွင့်ပင်မဖွင့်နိုင်တော့။ အချို့သူများဆိုလျှင် မျက်လုံးမှ သွေးများစီးကျလာသည်။ ယခုတစ်ခေါက် တိုက်ခိုက်မှုမှာ ပြင်းထန်လှသည်။
ဖီးနှစ်အော်သံမှာ ကောင်းကင်ဘုံကိုးခုကိုပင် တုန်ခါသွားစေသည်။
ခွန်ပန်၏ ဟစ်ကြွေးသံမှ လီပေါင်းကိုးသောင်းကို ပျံ့လွင့်နေသည်။
ရက်စက်သည့်ငှက်နှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေကြသောကြောင့် ကြောက်စရာကောင်းသည့် မြင်ကွင်းများ ဖြစ်ပေါ်လာသည်။ သူတို့ ထာဝရရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။
ဒုန်း..
ယူဝူတိနောက်၌ နတ်အမွေးအတောင်ကိုးခု ထွက်ပေါ်လာသည်။ ဤအမွေးအတောင်အားလုံးမှာ တောက်ပကာ လှပလှပြီး သူ့ထံ၌ အံ့အားသင့်စရာကောင်းသည့် စွမ်းအင်တစ်မျိုးလည်း ရှိနေသည်။ ဤအမွေးအတောင်များသည် ရှင်သန်ခြင်းကို နောက်တစ်ခေါက် ခွင့်ပြုသကဲ့သို့ အသွေးအသားနှင့်အရိုးများကို အသစ်တစ်ဖန်ဖြစ်စေကာ အသက်စွမ်းအင်များလည်း နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
ဤသည်မှာ ဖီးနှစ်တစ်ကောင်၏ ပြန်လည်မွေးဖွားနိုင်သည့် စွမ်းအားပင်။ သို့သော်လည်း ယခုတော့ အားလုံးပြောင်းလဲသွားလေပြီ။ နတ်အမွေးအတောင်ကိုးခုသည် ရောင်စုံအလင်းများမှ မင်ကဲ့သို့ မည်းနက်နေသည့်အရောင်ပြောင်းသွားသည်။ ထို့နောက် သေစေနိုင်လောက်သည့်စွမ်းအင်များ ရှိနေသည့် ဓားနက်ကိုးခုအဖြစ် ပြောင်းလဲသွားလေသည်။
သေဆုံးခြင်းနှင့် ရှင်သန်ခြင်း ပြောင်းလဲသွားလေပြီ။ ပြန်လည်မွေးဖွားနိုင်သည့် စွမ်းအားမှာ သေဆုံးခြင်းစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။ ဖီးနှစ်သတ်ဖြတ်ခြင်းဓားကိုးလက်မှာ နေကိုဖြတ်သွားသည့် သက်တံ့များကဲ့သို့ ငြင်သာစွာ ရောက်ရှိလာသည်။
ချွမ်း..
ရှီဟောင် လျှပ်စီးပင်လယ်ထဲ၌ ရပ်နေပြီး သူ့ဘေးပတ်လည်တွင် နတ်လက်နက်ကိုးမျိုးရှိနေသည်။ ရွှေရောင်တာအိုခေါင်းလောင်း၊ အစိမ်းရောင်ထာဝရစေတီ၊ ခရမ်းရောင်ဗူးသီး၊ အနီရောင်ပါကွာနှင့် အခြားလက်နက်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်ပင်။
ဒုန်း..
သူတို့နှစ်ဦးကြားတွင် နတ်ခွန်အားများ ထွက်ပေါ်လာပြီး သဘာဝဥပဒေသများလည်း ပင့်ကူအိမ်များကဲ့သို့ ထွက်ပေါ်လာသည်။
တစ်ယောက်သည် လျှပ်စီးဧကရာဇ် ပြန်မွေးဖွားသကဲ့သို့ လျှပ်စီးထဲ၌ နှစ်မြှုပ်နေပြီး ကျန်သည့်တစ်ယောက်မှာ ရှေးဟောင်းကောင်းကင်ဖီးနှစ်အဖြစ်သို့ ပြောင်းသွားလေပြီ။
တစ်ခါတစ်ရံတွင် လျှပ်စီးဧကရာဇ်သည် ကောင်းကင်ဖီးနှစ်အား စီးတော်ယာဉ်ကဲ့သို့ သူ၏ကျောထက်၌ စီးနေပြီး တစ်ခါတစ်ရံတွင် ကောင်းကင်ဖီးနှစ်သည် လျှပ်စီးကြားမှလူကို သူ၏လက်သည်းများဖြင့် ကုတ်လိုက်သည်။
ဤသည်မှာ ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် နံပါတ်တစ်ဟူသည့် ဂုဏ်ပုဒ်အတွက် တိုက်ခိုက်ကြသည့် တိုက်ပွဲပင်။ ပြိုင်ကွင်းပေါ်မှ လူနှစ်ယောက်သည် ပြင်းထန်စွာပင် တိုက်ခိုက်နေကြသည်။ သူတို့တစ်ယောက်စီ၏ခွန်အားမှာ သူတို့အသက်အရွယ်တွင် အခြားသူများထက် ကျော်လွန်နေပြီး အတိတ်နှင့် လက်ရှိပစ္စုပ္ပန်တွင် မြင်တွေ့နိုင်ရန် ရှားပါးလှသည်။
အပိုင်း ၁၄၂၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၃ – ထိပ်ဆုံး၌ ရင်ဆိုင်တိုက်ခိုက်ခြင်း
ဖီးနှစ်အော်သံများ ထွက်ပေါ်လာသည်။ ထိုတောက်ပသည့် ကောင်းကင်ဖီးနှစ်သည် လေထဲ၌ တုန်ခါနေကာ မီးတောက်များကို ထုတ်လွှတ်နေလေ၏။ သူသည် ရက်စက်သည့် တိုက်ခိုက်မှုများကို ဆက်တိုက်ပင် ပြုလုပ်လာသည်။
ရှီဟောင်၏ခန္ဓာကိုယ် တစ်ဖက် တစ်ချက်စီတိုင်းမှ လျှပ်စစ်အလင်းတန်းများ ထွက်လာပြီး နောက်ဆုံးတွင် လျှပ်စီးပင်လယ်ကြီး ဖြစ်သွားသည်။ လျှပ်စီးများသည် ပင်လယ်ကမ်းခြေအား လာရောက်ရိုက်ခတ်သည့် လှိုင်းများကဲ့သို့ ထိုမီးတောက်များကို တိုက်ခိုက်နေသည်။
သူတို့နှစ်ဦးသည် ကောင်းကင်မှ မြေပြင်၊ မြေပြင်မှ တိမ်တိုက်များထိ တိုက်ခိုက်နေကြပြီး အချိန်နှင့်အမျှ သွေးများလည်း လွင့်စင်ထွက်လာသည်။
သူတို့နှစ်ဦးလုံး သွေးများစိုရွှဲနေပြီဖြစ်ပြီး တိုက်ပွဲမှာ အလွန်ပြင်းထန်လှသည်။
ဤသည်မှာ ရှီဟောင် ကြုံဖူးသည့် ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်ပင်။ သူ အစွမ်းကုန် ထုတ်သုံးနေသော်လည်း သူ ဒဏ်ရာရသွားဆဲပင်။ သူ၏ခန္ဓာကိုယ်၌ ပြတ်ရှရာများရှိနေသည်။
သူ၏အသွေးအသားများမှာ နတ်ရွှေကဲ့သို့ မာကျောလှသည်ကို သိထားရမည်။ သာမန်မှော်ပစ္စည်းများ သူ့ခန္ဓာကိုယ်နှင့် ထိသွားပါက ထိုပစ္စည်းများသာ ပျက်စီးသွားလိမ့်မည်။ သို့သော် ယခုတော့ သူ့ခန္ဓာကိုယ်၌ ဒဏ်ရာရရှိနေလေပြီ။
ရှီဟောင်သည် ယခုအချိန်တွင် သူ၏ခန္ဓာကိုယ် အတွင်းရတနာသိုက် ပွင့်သွားပြီဖြစ်ပြီး အကောင်းဆုံး ခန္ဓာကိုယ်ကျင့်ကြံသူနှင့် ဘာမှမခြားတော့ပေ။ သို့သော်လည်း တစ်ဖက်လူ၏ ချွန်ထက်လှသည့် လက်သည်းများအောက်တွင် သွေးများစီးကျနေဆဲပင်။
ကောင်းကင်ဖီးနှစ်၏လက်သည်းများမှာ ကြောက်စရာကောင်းလှသည်။ ထိုလက်သည်းများအောက်တွင် ကောင်းကင်ကြီးပင် တိုဖူးကဲ့သို့ ပျက်စီးသွားသည်။
သူတို့နားရှိ လေဟာနယ်မှာ ဆက်တိုက်ပင် ပေါက်ကွဲနေသည်။
သာမန်လူတစ်ယောက်သာ ဤနေရာသို့ လျှောက်လာပါက ထိုလက်သည်းချက်တစ်ချက်အောက်တွင် အပိုင်းပိုင်းဖြစ်သွားလိမ့်မည်။
အားလုံး ဆွံ့အသွားရသည်။ ဟွမ်ကဲ့သို့သော အလွန်စွမ်းအားကြီးသည့်သူပင်လျှင် ဒဏ်ရာ ရနေသောကြောင့် ဤသည်မှာ ထိတ်လန့်စရာကောင်းသည့်မြင်ကွင်းပင်။ ကောင်းကင်နတ်ဘုရားကျောင်းမှလူများ အမူအရာ မည်းမှောင်လာသည်။ ထာဝရကျောင်းမှာ တကယ်ကို လေးနက်လှပြီး တိုင်းတာ၍ မရနိုင်ဘူးဟု သူတို့ခံစားလာရသည်။
သို့သော် ယူဝူတိလည်း ဒဏ်ရာရနေပြီဖြစ်ကြောင်း အားလုံး သတိပြုမိသည်။ သူ၏မျက်နှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများကို တင်းကြပ်စွာ စေ့ထားသည်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးတစ်တန်းစီးကျနေသည်။
သူသည် သွေးအန်ထွက်မလာအောင် ထိန်းထားခြင်းပင်။
ဝုန်း..
ရှီဟောင်သည် လျှပ်စီးပင်လယ်၏ အုပ်စိုးသူဖြစ်လာသည်။ သူ၏လက်သီးချက်များမှာ တစ်ချက်ထက်တစ်ချက် ပို၍ ပြင်းထန်ကာ ကြောက်စရာကောင်းလာသည်။ သူသည် ကောင်းကင်ဖီးနှစ်၏လက်သည်းများအား ထိပ်တိုက်ပင် ရင်ဆိုင်နေသည်။ သူ၏ခန္ဓာကိုယ်မှ သွေးများစီးကျနေသော်လည်း သူသည် စွမ်းအားကြီးနေဆဲပင်။
ဖူး..
နောက်ဆုံးတွင်တော့ ယုဝူတိ မထိန်းထားနိုင်တော့။ သူ၏ပါးစပ်မှ သွေးအပြည့်အန်သွားသည်အထိ လျှပ်စီးလက်သီးဖြင့် ရိုက်ချခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပင် ရှေ့နောက် ယိမ်းယိုင်နေလေပြီ။
“သတ်..”
ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ လေဟာနယ်ကို တုန်ခါသွားစေသည်။ သူ၏လက်သီးချက်သည်လည်း နတ်တူနှစ်ခုကဲ့သို့ ပို၍ တောက်ပလာသည်။
ဖူး..
ယုဝူတိ မဖိနှိပ်ထားနိုင်တော့။ သူသည် ငါးကြိမ်ဆက်တိုက်သွေးအန်သွားကာ ကောင်းကင်တစ်ခုလုံးကို နီရဲသွားစေသည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်၌ လက်သည်းရာငါးခု ပေါ်လာသည်။ ထိုထဲမှတစ်ခုမှာ အရိုးကို မြင်ရလုနီးပါးဖြစ်ပြီး အရိုး၏အဖြူရောင်အစွန်းလေးကိုပင် မြင်နေရလေပြီ။
သူတို့နှစ်ဦးလုံး၏ ဒဏ်ရာများမှာ သိပ်မသေးပေ။ ထိုရိုက်ချက်တွင် နှစ်ဘက်လုံး မည်သူမှ မနိုင်ဘူးဟု ပြော၍ရသည်။
သူတို့သည် အချက်ပေါင်း သုံးရာကျော် တိုက်ခိုက်ပြီးသွားပြီဖြစ်သည်။
ရွှီး..
ယုဝူတိကိုယ်မှ သတ်ဖြတ်လိုသည့် စွမ်းအင်များ ပျောက်ကွယ်သွားကာ တောက်ပသည့်မီးတောက်များ ထွက်ပေါ်လာသည်။ ပြန်လည်မွေးဖွားခြင်းစွမ်းအား ထွက်ပေါ်လာကာ သူ၏ဒဏ်ရာများကို လျင်မြန်စွာ သက်သာပျောက်ကင်းသွားစေသည်။ သူ အန်ထုတ်လိုက်သည့် သွေးစွမ်းအင်များသည် သူ၏အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားလေသည်။
ဤမြင်ကွင်းမှာ အားလုံးအား ငေးကြောင်သွားစေသည်။ သူအသက်တစ်ရှိုက်ရှူလိုက်သည်နှင့် သူ၏သွေးစွမ်းအင်များ နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာလေပြီ။
သူ့ကို ဘယ်လိုသတ်ရမှာလဲ .. သူတို့က ဘယ်လို သူသေကိုယ်သေ တိုက်ရမှာလဲ..
ကောင်းကင်ဖီးနှစ်လျှို့ဝှက်ပညာကို ပိုင်ဆိုင်ထားသည့် ယုဝူတိကို အနိုင်ယူ၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူဒဏ်ရာရသွားလျှင်ပင် ချက်ချင်းပြန်ကောင်းလာနိုင်ပြီး အကောင်းဆုံးအခြေအနေကို အမြဲတမ်းထိန်းထားနိုင်သည်ပင်။
သူ၏ပြိုင်ဘက်ဖြစ်လာသည့် သူအားလုံးမှာ ခေါင်းကိုက်ရလိမ့်မည်ပင်။
ဝူး..
ရွှေရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အားလုံး၏ ထိတ်လန့်နေသည့် မျက်လုံးများအောက်တွင် ရှီဟောင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူ၏ဦးခေါင်းထက်တွင် တစ်ပေခန့်ရှည်သည့် မိုးမခသစ်ပင် ပေါ်လာသည်။ ထိုသစ်ပင်မှာ ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ပင်။ ယခုအချိန်တွင် ထိုသစ်ပင်သည် ကောင်းကင်ဘုံကိုးခုမှ စွမ်းအင်များကို စုတ်ယူနေပြီး လျင်မြန်စွာပင် ကြီးထားလာသည်။
“အမ်..” လူအချို့ မျက်လုံးများပင် ပြူးကျယ်လာရသည်။
တစ်ပေခန့်ရှည်သည့် သစ်ပင်သည် အထက်ကောင်းကင်နှင့် အောက်မြေကြီးမှ စွမ်းအင်များကို စုတ်ယူနေသည်။ သစ်ပင်မြစ်များသည် ရှီဟောင်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကာ သူ၏ဒဏ်ရာများကို ချက်ချင်း ပြန်လည်ကောင်းမွန်သွားစေသည်။
ဤသည်မှာ မိုးမခနတ်ဘုရားပညာ၏ မွေးရာပါစွမ်းရည်ပင်။ ဤသစ်ပင်သည် ရွှေရောင်ချိန်းကြိုးများကို ထုတ်နိုင်ရုံသာမက ဒဏ်ရာများကိုလည်း ကုသပေးနိုင်သည်။
အမှန်တကယ်တွင် ရှီဟောင် ဤအဖိုးတန်ပညာကို ပထမဆုံးအကြိမ် လေ့လာသည့်အချိန်က သူ သိခဲ့သည့် အဓိပ္ပာယ်မှာ အသက်ဖြစ်သည်။ ဤသည်ကို အသုံးပြုကာ ဤကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ သက်ရှည်ဒြပ်စင်များကို နားလည်ခဲ့သည်။
သို့သော်လည်း သူသည် အမြဲတမ်း တိုက်ခိုက်နေရခြင်းဖြစ်သောကြောင့် တိုက်ခိုက်သည့်စွမ်းရည်ကိုသာ ပို၍သုံးဖြစ်သည်။
အားလုံး ဆွံ့အသွားရသည်။ သူတို့နှစ်ဦးသည် သွေးစွမ်းအင်များ ကုန်ဆုံးသွားသည်အထိ တိုက်ခိုက်ပြီးသွားကြပြီဖြစ်သော်လည်း ယခုတော့ နှစ်ယောက်လုံး စွမ်းအားများ ပြည့်လာပြန်လေပြီ။
“ပြောင်းလဲခြင်းကိုးမျိုး ကောင်းကင်ပညာ..”
ထိုအချိန်တွင် ယုဝူတိ တီးတိုးဟစ်ကြွေးလိုက်ကာ ကောင်းကင်ပညာတစ်မျိုးကို အသုံးပြုလိုက်သည်။
ဤကဲ့သို့သော တီးတိုးဟစ်ကြွေးသံမှာ မန္တန်ရွတ်သည်နှင့် အတူတူပင်။ ကောင်းကင်ပညာ၏ လျှို့ဝှက်ခွန်အားကို အားဖြည့်ပေးကာ ပညာကို ပို၍စွမ်းအားကြီးလာအောင် ပြုလုပ်ပေးသည်ပင်။
ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး ကိုးကြိမ်လှည့်သွားပြီး လောကတစ်ခုလုံး ပြောင်းပြန်လှန်သွားသည်။
လူအချို့ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ဒါက မျိုးဆက်ပြတ်သွားတဲ့ ဒဏ္ဍာရီလာ ကောင်းကင်ပညာမဟုတ်ဘူးလား .. ဒါကို တစ်ဖက်လောကက ယူသွားတာမဟုတ်ဘူးလား .. ဤပညာကို နောက်တစ်ကြိမ် ပြန်မြင်ရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
အားလုံး သက်ပြင်းချကာ ထာဝရကျောင်းအား လေးစားမိသွားသည်။ သူတို့သည် အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်သွားခဲ့သည့် ပြိုင်ဘက်ကင်းကောင်းကင်ပညာကိုပင် ပြန်ရအောင် ယူထားနိုင်ခဲ့သည်။
ယခုအချိန်တွင် လူအများစု၏ ထာဝရကျောင်းသို့ ဝင်မည့် ရည်မှန်းချက်မှာ ပို၍ခိုင်မာသွားခဲ့လေပြီ။
ထိုပြောင်းလဲခြင်းကိုးမျိုးဆိုသည်မှာ သက်ရှိအားလုံးကို ချိတ်ပိတ်ထားပြီး အသက်အားလုံးကို ငြိမ်းသတ်နိုင်သည့် ပညာတစ်ခုပင်။
ယခုအချိန်တွင် ရှီဟောင်သည် မုန်တိုင်းထန်သည့် ပင်လယ်ပြင်ထဲမှ လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေလေပြီ။ သူသည် အချိန်ရွေး မှောက်သွားနိုင်သလို အချိန်မရွေး ပေါက်ကွဲသွားနိုင်သည်။ သူ့တစ်ကိုယ်လုံး ချိတ်ပိတ်ခံထားရပြီးဖြစ်ပြီး ဖယ်ရှားခံရတောမ့ည်။
ချင်းယီ၊ ဂုကျင်းယွမ်၊ ယုန်ဖြူလေးနှင့် အခြားသူများ၏ အမူအရာ ပြောင်းလဲသွားသည်။ ပြောင်းလဲမှုများမှာ မြန်ဆန်လွန်းလှသည်။
“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း..”
ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်သွားကာ အထဲဘက်တွင် ပိတ်မိနေသည့် ရှီဟောင် အော်ဟစ်လိုက်ကာ သူ၏ကောင်းကင်ပညာကို ပြသလိုက်သည်။ လေဟာနယ်ထဲ၌ ထူးဆန်းသည့် ဂိတ်ပေါက်ဝခြောက်ခု ပေါ်လာလေသည်။
ဝုန်း..
ဤလောကကြီးမှာ အပိုင်းပိုင်းဖြစ်အောင် ဆွဲဆုတ်ခံလိုက်ရသကဲ့သို့ပင်။ ဖျက်ဆီးလိုသည့်စွမ်းအင်များအားလုံး ထိုထူးဆန်းသည့်ဂိတ်ပေါက်ဝခြောက်ခုထဲသို့ စီးဆင်းသွားသည်။
ထို့နောက် ရှီဟောင်၏လက်များ လှုပ်ရှားသွားသည်။ သူ၏လက်ပုံစံ ခြောက်မျိုးမှာ အလွန်ရှုပ်ထွေးလှကာ ဆက်တိုက်ပင် ပြောင်းလဲနေသည်။ ထို့နောက် သူလက်ခါလိုက်သည်နှင့် မှော်တံဆိပ်တစ်ခု ယုဝူတိထံသို့ ဦးတည်သွားလေသည်။
ထိုအချိန်တွင် ထူးဆန်းသည့် ဂိတ်ပေါက်ခြောက်ခုမှ စုတ်ယူထားသည့် လျှို့ဝှက်ခွန်အားများအားလုံး ပြောင်းပြန်စီးဆင်းသွားကာ ပြောင်းလဲခြင်းကိုးမျိုးကောင်းကင်ပညာကို ပြသနေသည့် ယုဝူတိထံသို့ ဦးတည်သွားသည်။
လူအများစု၏ အမူအရာပြောင်းလဲသွားကာ တုန်လှုပ်သွားကြရသည်။ သူက ပြောင်းလဲခြင်းကိုးမျိုး ကောင်းကင်ပညာကို လွယ်လွယ်လေး အနိုင်ယူလိုက်တာလား။
“ဒါက တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းပဲ..”
တစ်စုံတစ်ယောက်မှ သက်ပြင်းချလိုက်သည်။ တိတ်တဆိတ်စောင့်ကြည့်နေကြသည့်မကောင်းဆိုးဝါးအိုကြီးများပင် စိတ်လှုပ်ရှားသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းကောင်းကင်ပညာသည် အလွန်နာမည်ကြီးလှပြီး ရှေးကျသည့် သမိုင်းကြောင်းလည်း ရှိနေသည်ပင်။
ထာဝရရှေးဟောင်းခေတ်မှ တိုက်ပွဲတွင် ဤပညာအသုံးပြုသည့်သူသည် ကောင်းကင်ဘုံကိုးခု သွေးများနီရဲသွားပြီး ကမ္ဘာမြေ ၁၀ ခု အရောင်ပြောင်းသွားသည်အထိ တစ်ဖက်လောကမှ ကျွမ်းကျင်သူများကို ကြက်သွန်မြိတ်ကဲ့သို့ပင် လှီးဖြတ်ပစ်ခဲ့သည်။
ယခင်က ရှေးဟောင်းနယ်မြေမှ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုအဖြစ်သို့ ပေါက်ကွဲထွက်သွားရခြင်းမှာ တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းခွန်အားနှင့် သက်ဆိုင်သည်ဟု ပြောကြသည်ပင်။
ယုဝူတိသည် ဤတိုက်ခိုက်မှုကို ရပ်တန့်ရန်အတွက် ကောင်းကင်ပညာကို နောက်တစ်ကြိမ် အသုံးပြုလိုက်ရသည်။ “ချိုးဖျက်မယ်..” သူ၏ခန္ဓာကိုယ်က နောက်ဘက်သို့ ယိုင်သွားပြီးနောက် အော်ဟစ်လိုက်သည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြောင်းလဲနေခြင်း ရပ်တန့်သွားကာ လျှို့ဝှက်ခွန်အားလည်း ပျက်ပြယ်သွားသည်။
“ဒါက ပထမပြောင်းလဲမှုပဲရှိသေးတယ် .. ရှစ်ခုကျန်သေးတယ် .. တစ်ခါလှည့်တိုင်း ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့စွမ်းအားက ပိုများလာလိမ့်မယ် .. မင်း ဒါကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..” ယုဝူတိ အေးစက်စွာ ပြောလိုက်သည်။
သူသည် သာမန်ခန္ဓာကိုယ်တည်ဆောက်ပုံရှိသော်လည်း ယခုအချိန်တွင် သူသည် စစ်နတ်ဘုရားကဲ့သို့ ပြိုင်ဘက်ကင်းသည့် ဟိတ်ဟန်များ ရှိနေသည်ပင်။
“ဒုတိယမြောက် ပြောင်းလဲခြင်းလား..” ရှီဟောင် တီးတိုးပြောလိုက်ပြီး သူ၏မျက်လုံးများမှာ ပို၍ကြည်လင်တောက်ပလာသည်။
” တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းမှာလည်း တစ်ခြားအကွဲလေးတွေ အများကြီး ရှိသေးတယ်..”
သူ၏လက်နှစ်ဖက်သည် ဆက်တိုက်ပင် ပုံစံမျိုးစုံကို ပြုလုပ်နေလေ၏။ ထိုအချိန်တွင် လူသားမျိုးနွယ်စု၏ကံကြမ္မာပေါ်လာသည်။ ဤသည်မှာ လူတစ်ယောက်အား ပြန်လည်ဝင်စားခိုင်းတော့မည့်ပုံစံပင်။
တာအိုဂိတ်ခြောက်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ ဝဲကတော့တစ်ခု ဖြစ်သွားသည်။ ထိုဝဲကတော့သည် ယုဝူတိအား စုတ်ယူပြီး သူ့အား သေခြင်းနှင့်ရှင်ခြင်း ပြန်လည်ဝင်စားခြင်းကို ပြုလုပ်ခိုင်းတော့မည်။
ဤသည်မှာ မှုန်ဝါးနေသည့် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်ပြီး ဤနယ်မြေပိုင်ရှင်ပင်လျှင် ဤကဲ့သို့သော ပြန်လည်ဝင်စားခြင်းမျိုး ရှိမရှိကို မသေချာတော့ပေ။
“အဆင့်လွန်ခန်းမရဲ့မျိုးဆက်ကို သူ ရှာတွေ့သွားပြီ … သူက ဒါကိုရဖို့ ကံပါလာတာလား..”
ဤသည်မှာ စီရင်စုသုံးထောင်မှလာသည့် ကျင့်ကြံသူများ ပြောလိုက်ကြခြင်းပင်။ ဤလူများ အလွန်ပင် ထိတ်လန့်နေကြလေ၏။
လူနှစ်ယောက်သည် အမြင့်ဆုံးအနေအထားထိ တိုက်ခိုက်နေကြသည်။
သူတို့နှစ်ဦးတွင် နတ်ခွန်အားများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သည့် သဘာဝဥပဒေသများလည်း ထွက်ပေါ်လာကာ နတ်ချိန်းကြိုးများသည်လည်း ပင့်ကူအိမ်ကဲ့သို့ သွယ်ယှက်လာသည်။
သူတို့နှစ်ဦးသည် ရှေးဟောင်း ကောင်းကင်ပညာများကို အသက်သွင်းကာ ဆက်တိုက်ပင် တိုက်ခိုက်နေကြသည်။ နောက်ဆုံးတွင်တော့ သူတို့သည် သစ်ရွက်များ၊ ငှက်များနှင့်သားရဲများဖြစ်သွားကြသည်။ ထို့နောက် အရာအားလုံး ထပ်မံပြောင်းလဲသွားကြပြန်လေသည်။
ရှီဟောင်သည် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်း၏ သဘာဝဥပဒေသများထဲ၌ ဈာဉ်ဝင်သွားပြီဖြစ်သလို ယုဝူတိသည်လည်း သူ၏ပြောင်းလဲခြင်းကိုးမျိုးလောကထဲ၌ နှစ်ဝင်သွားလေပြီ။ ထို့ကြောင့် သူတို့သည် သစ်ရွက်များ၊ ငှက်များနှင့် သားရဲများအဖြစ် ဆက်တိုက်ပင် ပြောင်းလဲနေကြသည်။
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များ ထိုးဖောက်ခံနေရပြီး ပြန်လည်မွေးဖွားခြင်းစွမ်းအားနှင့် မိုးမခနတ်ဘုရား၏ လျှို့ဝှက်ပညာများကို အသုံးပြုကာ ပြန်လည်ကောင်းမွန်အောင် လုပ်နေကြသည်ပင်။ မဟုတ်ပါက သူတို့နှစ်ယောက်လုံး ဤနေရာ၌ မြေမြှုပ်ပြီးသား ဖြစ်နေလောက်လေပြီ။
“ဒါ အစစ်လား .. သူတို့က ပြန်ဝင်စားခြင်း၊ သေဆုံးခြင်းနဲ့ ပြန်မွေးဖွားခြင်းထဲ ရောက်နေတာလား..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။
“ဒါက ပုံမှန်မဟုတ်တဲ့ မြင်ကွင်းတစ်ခုပဲ တကယ်ဖြစ်နေတာ မဟုတ်ဘူး .. ဒါပေမဲ့ သူတို့ခန္ဓာကိုယ်က ပြင်းထန်တဲ့ဒဏ်ရာတွေကို ထပ်ခါတလဲလဲရနေတာ .. သူတို့အသွေးအသားတွေတောင် ပြိုကွဲသွားတော့မတတ် ဖြစ်နေပြီ..” အခြေအနေကို နားလည်သည့်လူတစ်ယောက်မှ ပြောလိုက်သည်။
ကျယ်လောင်လှသည့် ဆူညံသံကြီးနောက်တွင် သူတို့လူပြန်ကွဲသွားကြသည်။ သူတို့နှစ်ဦးလုံး ခန္ဓာကိုယ်တွင် သွေးများဖုံးလွှမ်း ေနလေပြီ။
ထို့နောက် ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ အားလုံးသည် ထိုပြိုင်ကွင်းကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေကြလေသည်။
ဝူး..
ယုဝူတိသည် ရုတ်တရက်ပင် ကောင်းကင်ထက်သို့ မော့ပြီး အော်ဟစ်လိုက်ကာ သူ၏ဆံပင်များလည်း ထောင်ထသွားသည်။ သူ၏ခန္ဓာကိုယ်သည်လည်း ရှေးဟောင်းသားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ၏ပုံစံမှာ လုံးဝပြောင်းလဲသွားလေပြီ။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် အော်ရာလည်း အလွန်ပင် ကြောက်စရာကောင်းလှသောကြောင့် လူတစ်ယောက်ကို အတော်လေး တုန်လှုပ်သွားစေနိုင်သည်။
ဤသည်မှာ ရက်စက်သည့် သားရဲတစ်ကောင်ပင်။ သူ၏ဦးခေါင်းမှာ ဝံပုလွေခေါင်းနှင့်တူသော်လည်း ဦးခေါင်းထက်တွင် ကြီးမားလှသည့် မီးခိုးရောင်ဦးချိုတစ်စုံရှိနေသည်။ ထို့အပြင် သူ၏မျက်ခုံးကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံးလည်း ရှိနေသေးသည်။
သူ၏ခန္ဓာကိုယ်ကို အနက်ရောင်အကြေးခွံများ ဖုံးလွှမ်းနေသည်။ ဤအကြေးခွံများမှာ အေးစက်လှပြီး အနက်ရောင်ရွှေကဲ့သို့ တောက်ပနေသည်။ ထိုအကြေးခွံများကြားမှ မီတာတစ်ဝက်ခန့်ရှည်သည့် အနီရောင်အမွေးရှည်များ ထွက်ကျနေသည်။
သူ၏နောက်ပိုင်းတွင် အမြှီးကိုးခုရှိနေပြီး အမြှီးတစ်ခုစီ၏ ထိပ်၌ နဂါးခေါင်းနှင့်တူသည့် ရက်စက်သည့်သားရဲခေါင်းများ ရှိနေသည်။
“ငရဲကြီးကိုးထပ်အို..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဒဏ္ဍာရီလာ ရက်စက်တဲ့ သတ္တဝါ ၁၀ မျိုးထဲက တစ်မျိုး.” အားလုံး အုတ်အော်သောင်းတင်းပင် အော်ဟစ်လိုက်ကြသည်။
အပိုင်း ၁၄၂၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၄ – ငရဲကြီးကိုးထပ်အို
ကြမ်းကြုတ်သည့်သတ္တဝါကြီးကိုးမျိုးထဲမှ တစ်မျိုးဖြစ်သည့် ငရဲကြီးကိုးထပ်အို..
ဝူး..
သူ ဟစ်ကြွေးလိုက်ပြီးနောက် ရှီဟောင်ထံသို့ ခုန်ဝင်သွားလေ၏။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။
ရှီဟောင်၏ လက်ချောင်းငါးချောင်းမှ ဒြပ်စင်ငါးမျိုးနတ်အလင်းများ ထွက်ပေါ်လာကာ ထိုကြောက်စရာကောင်းကာ ထူးဆန်းသည့်သတ္တဝါကြီးထံသို့ ဦးတည်သွားလေသည်။
ဖုန်း..
ဤသည်မှာ ကြောက်စရာကောင်းသည့် ငရဲကြီးကိုးထပ်အိုပင်။ သူ၏မီတာတစ်ဝက်ခန့်ရှည်သည့် အနီရောင်အမွေးများထောင်ထသွားပြီး ထိုလျှပ်စီးအလင်းတန်းများကို ပျက်ပြယ်စေလိုက်လေသည်။
လျှပ်စီးမှာ အပြစ်ဒဏ်ပေးသည့်အချိန်တွင် အသုံးပြုကာ ရင်ဆိုင်ရအခက်ခဲဆုံး အရာတစ်ခုပင်။ သို့သော်လည်း ဤသက်ရှိသည် ဤလျှပ်စီးအား အလွယ်တကူပင် ချေဖျက်သွားသည်။
ဤသည်မှာ ငရဲကြီးကိုးထပ်အို ဖြစ်ထိုက်ပါပေသည်။
“ဝူး..” သူ ဟစ်ကြွေးလိုက်သည်နှင့် တောတောင်နှင့်မြစ်များ လှုပ်ခါသွားသည်။ ပြိုင်ကွင်းပင်လျှင် ကောင်းကင်မှ ပြုတ်ကျမတတ် လှုပ်ခါသွားသည်။
သူပါးစပ်ဟလိုက်သည်နှင့် သူ၏ဖြူဖွေးနေသည့်သွားများမှာ ဓားမြောင်များတစ်ချောင်းပြီးတစ်ချောင်း ပေါ်လာသကဲ့သို့ပင်။ ထို့အပြင် သူ၏ဝံပုလွေပါးစပ်မှ အစိမ်းရောင်လှိုင်းများထွက်ပေါ်လာကာ လေဟာနယ်ကို ပျက်စီးသွားစေသည်။
ဤဟစ်ကြွေးသံမှာ ခြင်္သေ့သံ သို့မဟုတ် ကျွဲရိုင်းအော်သံထက်ပင် ပို၍ စွမ်းအားကြီးသေးသည်။ ပြိုင်ကွင်းအပြင်ဘက်တွင်ရှိနေသည့် သူများပင်လျှင် နားထဲမှ သွေးများ စီးကျလာသည်။ သူတို့သည် သတိလစ်မတတ်ပင် ဖြစ်သွားကြသည်။
ဤသည်ပင်လျှင် ပြိုင်ကွင်း၏ အကာအကွယ်သင်္ကေတများကို ဖြတ်ကျော်ကာ ရောက်လာခြင်းပင်။ မဟုတ်ပါက အကျိုးဆက်မှာ အလွန်ပင် ဆိုးရွားသွားလိမ့်မည်။
ဒုန်း..
ရှီဟောင်လည်း လျှပ်စီးဧကရာဇ်လျှို့ဝှက်ပညာ၏ မန္တန်များကို အသုံးပြုလိုက်သည်။ သူ၏ပါးစပ်မှ လျှပ်စီးအလင်းတန်းနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ ငွေရောင်လှိုင်းများလည်း ပျံ့လွင့်လာသည်။ ထိုအသံလှိုင်းသည် အို၏ ဟစ်ကြွေးသံနှင့် တိုက်သွားကာ သူတို့နှစ်ဦးကြား ကြီးမားလှသည့် ပေါက်ကွဲမှုကြီး ဖြစ်လာသည်။
အသံလှိုင်းရိုက်ခတ်မှုမှာ အချိန်အတော်ကြာပြီး တစ်လောကလုံး ဆူညံသွားရသည်။
ထိုအချိန်တွင် ရှီဟောင်သည် နဂါးအစစ်တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်သို့ တက်လာကာ ခွန်ပန်လက်သီးတံဆိပ်ကို ပြုလုပ်လိုက်ပြီး ငရဲကြီးကိုးထပ်အိုအား အရင်တိုက်ခိုက်လိုက်သည်။
ထိုလက်သီးချက်များမှာ နေလုံးလေး နှစ်လုံးကဲ့သို့ပင် အလွန်တောက်ပနေသည်။
ငရဲကြီးကိုးထပ်အို ဟစ်ကြွေးလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်အမွေးများသည် အပ်များကဲ့သို့ ထောင်ထသွားကာ သူ၏ဦးခေါင်းထက်ရှိ ကြီးမားလှသည့် ဦးချိုတစ်စုံလည်း အလင်းတန်းများ တောက်ပလာသည်။ ထို့နောက် သူသည် ရှီဟောင်ထံသို့ ခုန်ဝင်သွားလိုက်လေသည်။
ဒုန်း..
ရှီဟောင်၏လက်သီး ထိုဦးချိုထံသို့ ကျရောက်သွားကာ ကြယ်များ တစ်လုံးပြီးတစ်လုံး ကြွေကျသကဲ့သို့ မီးပွားများ နေရာအနှံ့သို့ လွင့်စင်သွားသည်။
ရှီဟောင် သူ၏လက်ချောင်းများ အလွန်နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ ဤဦးချိုများမှာ အလွန်မာကျောလှသည်။ သူ၏လက်သီးမှ သွေးများစီးကျလာလေပြီ။ ဤသည်မှာ သူ၏လက်သီးဒဏ်ရာရသည့် ပထမဆုံးအကြိမ်ပင်။
ငရဲကြီးကိုးထပ်အို အော်လိုက်ကာ သူ၏ခန္ဓာကိုယ် တုန်ခါသွားသော်လည်း သူ၏ဦးချိုများမှာ ဘာမှ မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ့ခန္ဓာကိုယ်တွင် အမာကျောဆုံး အစိတ်အပိုင်းပင်။ သို့သော်လည်း သူ၏ခန္ဓာကိုယ် နောက်ယိုင်သွားဆဲပင်။ ခွန်ပန်လက်သီးနှင့် ထိုးခံလိုက်ရသောကြောင့် ဒဏ်ရာမရဘူးဆိုသည်မှာ မဖြစ်နိုင်။
ရွှီး..
သွေးများပြောင်းပြန်စီးဆင်းသွားကာ ရှီဟောင်လက်သီးမှ ဒဏ်ရာ ပြန်ကောင်းသွားသည်။ သူ၏အရိုးဒဏ်ရာရသွားခြင်း မဟုတ်ပေ။
ငရဲကြီးကိုးထပ်အို၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ရှီဟောင်၏လက်အရိုးများ မကျိုးသွားသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူ ပို၍ ပြင်းထန်လာသည်။ သူသည် ကောင်းကင်ထက်သို့ မော့၍ဟစ်ကြွေးလိုက်ကာ ရှီဟောင်ထံသို့ နောက်တစ်ကြိမ် ခုန်အုပ်လာသည်။
ရွှီး..
ရှီဟောင်ဘေးပတ်ပတ်လည် ကောင်းကင်၌ ရွှေရောင်အမွေးအတောင်များ ပြည့်နှက်သွားသည်။ ထိုအမွေးအတောင်များသည် နတ်ဓားများအဖြစ်သို့ ပြောင်းလဲသွားကာ ငရဲကြီးကိုးထပ်အိုကို ထိုးခွဲသွားသည်။ ထို့အပြင် လက်သီးနှစ်ခုမှ ရွှေရောင်ဝဲကတော့နှစ်ခု ဖြစ်လာသည်။ ဤသည်မှာ ခွန်ပန်ပညာမှ ရွှေရောင်ဝဲကတော့လှိုင်းပညာပင်။ ဤဝဲကတော့များသည် ထိုဦးချိုနှစ်ခုအား စုတ်ယူရန် ကြိုုးစားနေကြလေ၏။
ချွမ်း..
မီးပွားများ နေရာအနှံ့သို့ လွင့်စင်သွားသည်။ ငရဲကြီးကိုးထပ်အို၏ အနက်ရောင်အကြေးခွံများ တောက်ပလာကာ အနက်ရောင်အလင်းအတားအဆီးတစ်ခု ဖြစ်သွားပြီး ထိုရွှေရောင်အမွေးအတောင်ဓားများကို တားဆီးလိုက်သည်။
ဝူး..
ထို့အပြင် သူ၏အနောက်ဘက်တွင်ရှိနေသည့် အမြီးကိုးချောင်းမှာ ကင်းမြီးကောက်မြီးကဲ့သို့ အလွန်လျင်မြန်လှစွာ ထိုးစိုက်လာသည်။ ဤအမြီးများမှာ ကင်းမြီးကောက်မြီးများထက် ပို၍ ကြောက်စရာကောင်းသည်ပင်။ အဘယ်ကြောင့်ဆိုသော် အမြီးတစ်ခုစီ၌ နဂါးခေါင်းတစ်လုံးစီ ရှိနေသည်ပင်။
ယခုအချိန်တွင် နဂါးခေါင်းကိုးခုလုံး ပါးစပ်ဟကာ ချွန်ထက်လှသည့်သွားများကို လှစ်ဟပြကာ ရှီဟောင်အား ကိုက်ခဲလာသည်။
ဤသည်မှာ မြန်လွန်းလှသည့်အပြင် သူတို့နှစ်ဦးကြားတွင် အကွာအဝေးအနည်းငယ်သာရှိသောကြောင့် သူ မရှောင်နိုင်ပေ။
ရှီဟောင် အော်ဟစ်ကာ သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်သည်။ နဂါးဦးခေါင်းကိုးခုသည် တဖုန်းဖုန်းအသံထွက်အောင် ကောင်းကင်လမ်းကြောင်း အလင်းပြင်အား ကိုက်နေသည်။
နဂါးအော်သံများ ထွက်ပေါ်လာပြီး ဘေးပတ်လည်မှ လေဟာနယ်လည်း ပျက်စီးသွားသည်။
“ဒါက တကယ်ကို ငရဲကြီးကိုးထပ်အိုပဲ .. ဘုရားရေ .. သူ့အမြီးမှာရှိတဲ့ အမြီးကိုးချောင်းက အလှပြရုံသက်သက်ပဲ မဟုတ်ဘူး .. သူက ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်သူကိုတောင် စုတ်ယူနိုင်တယ်..” တစ်စုံတစ်ဘောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဤနဂါးအမြီးကိုးခု ပေါ်လာသည်နှင့် နဂါးကိုးကောင်၏စွမ်းအားပေါ်လာသကဲ့သို့ပင်ဖြစ်သည်ဟု ပြောကြသည်။ ဤနဂါးခေါင်းများသည် ကြယ်များကိုပင် စုတ်ယူနိုင်ကာ ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများကို စားသုံးနိုင်သည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤအမြီးများပေါ်တွင်ရှိနေသည့် နဂါးခေါင်းများမှာ ကြောက်စရာကောင်းလှသည်။ ဤခေါင်းများသည် သူ၏ကောင်းကင်လမ်းကြောင်းကိုပင် စုတ်ဖြဲပစ်နိုင်၏။ ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ဖူးသည့်အရာတစ်ခုပင်။
ကောင်းကင်လမ်းကြောင်း၏ အကာအကွယ် မရှိသည့် အခြားသူများသာဆိုပါက သူတို့၏ခန္ဓာကိုယ် အစိတ်အပိုင်း ကိုးနေရာသို့ ကွဲသွားလောက်ပြီဟု ရှီဟောင် ယုံကြည်သည်။
ငရဲကြီးကိုးထပ်အို ဤမျှစွမ်းအားကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့။
သို့သော်လည်း ဤသည်မှာ ယခင်ခေတ်မှ ရက်စက်သည့်သတ္တဝါမဟုတ်ပဲ သူ၏မျိုးဆက်သာ။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် လုထော်၊ ယောင်ယွဲ့နှင့် အခြားသူများ၏အမူအရာ ပြောင်းလဲသွားသည်။ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မည့်အရာတစ်ခုခုသာ ရှိမနေပါက ငရဲကြီးကိုးထပ်အို၏ နတ်စွမ်းရည်ကို ခုံရန် အလွန်ခက်ခဲလှမည်ပင်။
ငရဲကြီးကိုးထပ်အိုမှာ စွမ်းအားကြီးလှသည်။
“ယုဝူတိက တကယ်တော့ ငရဲကြီးကိုးထပ်အိုလား .. တကယ် မထင်ထားခဲ့ဘူး..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
ရှီဟောင် ခန္ဓာကိုယ်မှ ကောင်းကင်လမ်းကြောင်းတောက်ပလာကာ နေလုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားသည်။ သူ ခေါင်းကိုးလုံးကို ယာယီတားဆီးလိုက်နိုင်လေပြီ။
“သတ်..”
ရှီဟောင် ခွန်ပန်၏ အလွန်လျင်မြန်သည့်အရှိန်ကို အသုံးပြုလိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်၌ လျှပ်စီးများလည်း ဖြစ်ပေါ်လာသည်။ သူသည် ငရဲကြီးကိုးထပ်အိုကို ပတ်ကာ တိုက်ခိုက်နေခြင်းပင်။
ငရဲကြီးကိုးထပ်အို၏ အရှိန်လည်း မနှေးလှပေ။ သူ၏လက်သည်းနှစ်ဘက်ကို ထုတ်လာကာ ဦးချိုလည်း လေဟာနယ်ကို ထိုးခွဲလာသည်။ လျှပ်စီးများ ထွက်ပေါ်လာကာ အမြီးကိုးချောင်းလည်း ကောင်းကင်ထိပင် ရောက်သွားသည်။
သူတို့ အနီးကပ်တိုက်ခိုက်နေကြခြင်းဖြစ်ပြီး အချိန်နှင့်အမျှ သွေးများပန်းထွက်လာသည်။ ဤသည်မှာ အလွန်ပြင်းထန်လှသည့် တိုက်ပွဲပင်။ သူတို့ ဤတိုက်ပွဲ၌ အချက်ရေ ၁၅၀၀ ကျော် တိုက်ခိုက်ပြီးသွားလေပြီ။
ရှီဟောင်အတွက်တော့ ဤသည်မှာ ခါးသီးသည့် တိုက်ပွဲတစ်ခုပင်။ သူ့ကို ဤမျှအထိ တိုက်ခိုက်အောင် ဖိအားပေးနိုင်သည့်သူမှာ နည်းပါးလှသည်။
ဒုန်း..
ရှီဟောင်က ငရဲကြီး ကိုးထပ်အို၏ လက်သီးချက်ကို ခံလိုက်ကာ သူ၏လက်သီးသည်လည်း ငရဲကြီးကိုးထပ်အို၏ ခန္ဓာကိုယ်ထံသို့ ကျရောက်သွားသည်။
ဤတိုက်ခိုက်မှုတွင် အမြီးကိုးချောင်းသည် ကောင်းကင်လမ်းကြောင်းထဲသို့ ပြန်ရောက်လာကာ ရှီဟောင်ခန္ဓာကိုယ်မှ သွေးတန်းတစ်ခု ထွက်ပေါ်လာသည်။
ရှီဟောင်၏ လက်သီးချက်မှာ တစ်ဖက်လူ၏ အမွေးနီများကိုပင် ကျွတ်ကျသွားစေသည်။
ဤမြင်ကွင်းမှာ အလွန်အံ့အားသင့်စရာ ကောင်းလှသည်။
ရှီဟောင် တကယ် ထိတ်လန့်သွားရ၏။ ထိုအနက်ရောင်အကြေးခွံ၏ ခုခံနိုင်စွမ်းမှာ အံ့အားသင့်စရာကောင်းလှသည်။ အခြားသူများသာဆိုပါက သူ၏လက်သီးချက်ကြောင့် ချက်ချင်းပေါက်ကွဲသွားလောက်လေပြီ။
ငရဲကြီးကိုးထပ်အို၏ အကြေးခွံများမှာ အမှောင်ထုထာဝရရွှေဖြင့် ထွင်းထုထားသကဲ့သို့ ပျက်စီးရန် ခက်ခဲလှသည်။
ဝူး..
ရှီဟောင်၏လက်သီးချက်မှာ သူ၏ဦးချိုကို မထိပဲ အခြားနေရာကို ထိသောကြောင့် နာကျင်မှုမှာ သူ့ခေါင်းပင် ပွင့်ထွက်သွားတော့မတတ်ပင်။
ကောင်းကင်ကွဲထွက်စေလောက်သည့် ဟစ်ကြွေးသံများအောက်တွင် ငရဲကြီး ကိုးထပ်အို ခေါင်းသာမက သူ၏အမြီးမှ ခေါင်းများလည်း အရှေ့တိုးလာကြသည်။ သူတို့သည် ပထမဆုံးအကြိမ်အဖြစ် ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းကို ဖောက်ဝင်လိုက်နိုင်သည်။
ဖူး..
နဂါးခေါင်းကိုးလုံးသည် ရှီဟောင်၏ နံရိုး၊ ခါး၊ ရင်ဘတ်နှင့် အခြားနေရာများကို ကိုက်ဖြတ်သွားလေသည်။ ကောင်းကင်တစ်ခုလုံးလည်း သွေးများဖြင့် နီရဲသွားသည်။
“ဘုရားရေ..”
လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ဤပြောင်းလဲမှုများမှာ မြန်ဆန်လွန်းလှသည်။ သူတို့အားလုံး မျက်လုံးများပြူးကျယ်စွာဖြင့်ပင် ဤတိုက်ပွဲကို စိုးရိမ်တကြီး ကြည့်နေကြသည်။
ချင်းယီ၊ ချောင်ယုရှင်းနှင့် အခြားသူများ၏ အမူအရာများလည်းပြောင်းလဲသွားသည်ပင်။ သူတို့သည် လက်သီးများကို ဆုတ်ထားကြပြီး အသက်ရှူရပ်တော့မလိုပင် ခံစားနေရသည်။ ရှီဟောင် ဒီမှာ တကယ်သေသွားတော့မယ်..
ငရဲကြီးကိုးထပ်အို မည်မျှပင် ကြောက်စရာကောင်းသည်ကို အားလုံး သိကြသည်ပင်။ ထိုခေါင်းကိုးလုံးဖြင့် အကိုက်ခံလိုက်ရသည်နှင့် ချက်ချင်း စုတ်ပြတ်သတ်သွားလိမ့်မည်။
“သူသွားပြီ .. ဟွမ်ရဲ့ခေတ်က အဆုံးသတ်ကို ရောက်သွားပြီ .. သူ ငရဲကြီးကိုးထပ်အိုရဲ့ တစ်စစီစုတ်ဖြဲတာကို ခံရတော့မယ် .. သူ သေချာပေါက်ကို သေတော့မယ်..”
ကောင်းကင်နတ်ဘုရားကျောင်းမှ လူများမှာ အသက်ပင် မရှူနိုင်တော့သလိုပင်။ ထာဝရကျောင်းမှ လူများမှာမူ အတော်လေး ဝမ်းသာသွားကြသည်ပင်။ တိုက်ပွဲမှာ အချိန်ကြာနေသောကြောင့် သူတို့စိုးရိမ်နေခဲ့ကြသည်။ ယခု သူတို့အား ကျေနပ်စေသည့် ရလဒ်ပေါ်လာလေပြီ။ အလေးအမြတ်ကျောင်းမှ လူများ၏ အမူအရာများမှာမူ လေးနက်နေကာ အတော်လေးဖိအားများနေလေ၏။ ဤငရဲကြီးကိုးထပ်အိုမှာ အနိုင်ယူ၍ မရနိုင်လောက်ပင်။
“အမ်…”
လူအုပ်ကြီးသည် ရုတ်တရက်ပင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ ရှီဟောင်သည် ပြင်းထန်သည့် ဒဏ်ရာများ ရရှိနေကာ သူ၏ခန္ဓာကိုယ်မှ သွေးများအတန်းလိုက်စီးကျလာသော်လည်း သူ၏အခြေအနေမှာ ပြန်လည်တည်ငြိမ်သွားသည်။
ထို့နောက် စွမ်းအားလှိုင်းတစ်လှိုင်း ထွက်ပေါ်လာကာ ခေါင်းကိုးလုံးကို ဤနေရာ၌ ပိတ်ထားလိုက်လေ၏။
ဤသည်မှာ ကောင်းကင်လမ်းကြောင်းပင်။
“မဟုတ်ဘူး .. သူက ရန်သူကို မျှားလိုက်တာ .. ကောင်းကင်လမ်းကြောင်းကို တမင်သက်သက် ပျက်အောင်လုပ်ပြီးတော့မှ အခု ပြန်အသက်သွင်းလိုက်တာ .. ငရဲကြီးကိုးထပ်အို ပိတ်မိနေပြီ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤသည်မှာ သေနိုင်လောက်သည့်အခြေအနေဖြစ်သော်လည်း ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့် လှုပ်ရှားမှုဖြစ်နေသည်။
ဝုန်း..
ရှီဟောင်အားကုန် ထုတ်လာသည်။ အဖိုးတန်ပညာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ခွန်ပန်မှ လျှပ်စီး၊ ထိုမှ ပြန်လည်ဝင်စားခြင်းလက်သီးနှင့် အခြားအရာများ .. ထိုပညာများအားလုံးဖြင့် ငရဲကြီးကိုးထပ်အိုကို ထိုးနှက်လိုက်သည်။
အား..
ငရဲကြီးကိုးထပ်အို အော်ဟစ်လိုက်ကာ သူ၏အမြီးသုံခု ပျက်စီးသည်။ ငရဲကြီး ကိုးထပ်အို ခေါင်းသည်လည်း လက်သီးဖြင့် တစ်ချက် ထိုးခံလိုက်ရသည်။ သူအားလုံးစွန့်စားပြီးတော့မှသာ ထိုကောင်းကင်လမ်းကြောင်းထဲမှ ထွက်လာနိုင်သည်။ သူ့တစ်ကိုယ်လုံးမှ သွေးများ ပန်းထွက်နေလေပြီ။
ရှီဟောင် သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်လာပြီး သူ၏ဝှက်ဖဲများကို သုံးလိုက်သည်။ သူ တိုက်ပွဲကို အဆုံးသတ်ချင်နေပြီ။
သို့သော်လည်း ငရဲကြီးကိုးထပ်အိုမှာ အလွန်သန်မာလွန်းလှသည်။ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ပြန်လုပ်လိုက်နိုင်လေပြီ။ သူ၏အနီရောင်အမွေးများ ထောင်ထနေပြီး အနက်ရောင်အကြေးခွံများလည်းကွာကျလာသည်။ ထိုအကြေးခွံများသည် အနက်ရောင်ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားကာ နေရာအနှံ့သို့ လွင့်ထွက်သွားသည်။
ငရဲကြီးကိုးထပ်အိုသည် သူ၏အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုခြင်းပင်။
သူသည် ဖီးနှစ်၏ ပြန်လည်မွေးဖွားခြင်းခွန်အားကို အသုံးပြုလိုက်ပြီး ပျက်စီးသွားသည့် အမြီးများကို ပြန်လည်ပြုလုပ်ရန် ကြိုးစားလိုက်သည်။
ရှီဟောင်လည်း နေရာ ကိုးနေရာ အကိုက်ခံလိုက်ရသောကြောင့် ပြင်းထန်သည့် ဒဏ်ရာများရရှိသွားသည်ပင်။ နှစ်ဘက်လုံး အထိနာသွားသည်ဟု ပြော၍ရသည်ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ တိုက်ကွက်များမှာ အချက်ရေ ၃၀၀၀ ကျော်သွားလေပြီ။
ဝူး..
ဘေးပတ်လည်၌ ရွှေရောင်မိုးမခသစ်ကိုင်းများ ထွက်ပေါ်လာလေသည်။
နောက်ဆုံးအချိန် ရောက်လာပြီဖြစ်မှန်း အားလုံးသိလိုက်ကြသည်။ နှစ်ဘက်လုံးမှာ စွမ်းအားများ ကုန်ဆုံးနေပြီဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းဖြင့် ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်သည်ဆိုသော်လည်း သူတို့စွမ်းအားများစွာသုံးစွဲရသည်ပင်။ ယခု သူတို့နှစ်ဦးလုံး မောပန်းနေပြီဖြစ်သောကြောင့် မကြာမီတွင် အနိုင်အရှုံးကွဲပြားတော့မည်။
ဝုန်း..
မိုးမခနတ်ဘုရားပညာမှ ထွက်ပေါ်လာသည့် နတ်ချိန်းကြိုးများ ငရဲကြီးကိုးထပ်အိုကို ရစ်ပတ်သွားကာ သူ့အား ပြုပြင်တော့မည်။
“ဖီးနှစ်ရဲ့ သေဆုံးခြင်းမှ ပြန်လည်မွေးဖွားခြင်း .. အဆုံးမရှိတဲ့ မြေအောက်ငရဲမီးတောက်…” ငရဲကြီးကိုးထပ်အို ဟစ်ကြွေးလိုက်သည်။ အနက်ရောင်မီးတောက်များ ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားကာ ထိုရွှေရောင်နတ်ချိန်းကြိုးများကို လောင်ကျွမ်းစေလိုက်သည်။
ဝုန်း..
သူတို့နှစ်ဦးကြားတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။
ငရဲကြီးကိုးထပ်အို၏ မျက်ခုံးကြားတွင်ရှိနေသည့် ဒေါင်လိုက်မျက်လုံးမှာ ရုတ်တရက်တောက်ပလာပြီး ရှီဟောင်ထံသို့ တောက်ပသည့် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်လေသည်။ ထိုအလင်းတွင် များပြားလှသည့် သေဆုံးခြင်းစွမ်းအင်များ ပါဝင်နေသည်ပင်။
“အမ် .. ဒါက .. သေမင်းမျက်လုံး..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ငရဲကြီးကိုးထပ်အိုမှာ တကယ်ကို အထင်ကြီးစရာ ကောင်းလှသည်။ သူသည် သေမင်းမျက်လုံးကိုပင် ကျင့်ကြံနိုင်သည်။ သေမင်းမျက်လုံးဆိုသည်မှာ အကြည့်တစ်ချက်ဖြင့်ပင် လူတစ်ယောက်၏အသက်ကို နှုတ်ယူနိုင်သည်ပင်။
ဤကဲ့သို့ အလင်းတန်းတစ်ခု လွင့်ထွက်လာကာ လူတစ်ယောက်အား သွားရောက်ထိခတ်စေသည်ဆိုလျှင်တော့ ပြောစရာပင် မလိုတော့။
ဤသည်မှာ ကောင်းကင်မျက်လုံးဖြစ်လိမ့်မည်ဟု ထင်ထားကြခြင်းပင်။ သေမင်းမျက်လုံးဖြစ်လိမ့်မည်ဟု သူတို့ ထင်မထားကြ။
“ဟွမ်က .. ရှုံးတော့မှာလား..” တစ်စုံတစ်ယောက်မှ တုန်ယင်သည့်အသံဖြင့် ပြောလိုက်သည်။
“သူက သေချာပေါက်ကို ရှုံးမှာ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
ဝုန်း..
ရှီဟောင်၏ခန္ဓာကိုယ်ထဲမှာ ဝဲကတော့တစ်ခု ထွက်ပေါ်လာကာ ထိုအလင်းတန်းကို စုတ်ယူလိုက်လေသည်။ ဤသည်မှာ ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည်ပင်။ ဤဝဲကတော့တွင် အချိန်အပိုင်းအစများ ပါဝင်နေလေသည်။
ထို့နောက် ရှီဟောင်၏ခန္ဓာကိုယ်အတွင်းပိုင်း၌ တောက်ပလာကာ ပြန်လည်ဝင်စားခြင်းခွန်အားနှင့် မိုးမခနတ်ဘုရား၏ ပညာတို့ ရောယှက်သွားကာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
“ပြန်လည်ဝင်စားခြင်း..”
ရှီဟောင် အော်ဟစ်လိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ၏တတိယမြောက် အဆင့်လွန်စွမ်းရည်မှာ အတော်လေး အလုပ်ဖြစ်သည်။ ပြန်လည်ဝင်စားခြင်းခွန်အားကို မယုံကြည်နိုင်လောက်သည့်အဆင့်ထိသို့ မြင့်တက်သွားစေသည်။
ဖုန်း..
ငရဲကြီးကိုးထပ်အို ချက်ချင်း လွင့်ထွက်သွားကာ ဆက်တိုက်ပင် အော်ဟစ်နေလေသည်။ သူသည်တစ်ဖြည်းဖြည်းကျုံ့ဝင်သွားကာ ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။
ဒုန်း..
ရှီဟောင်၏ ခြေထောက်ကျရောက်လာကာ သူ့အား နင်းပစ်လိုက်သည်။ သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျလာပြီး ဆက်တိုက်ပင် ရုန်းကန်လာသည်။
“ငါတို့ အရှုံးကို ဝန်ခံပြီ .. ကျေးဇူးပြုပြီး ငါတို့ကို သက်ညှာပေးပါ..” ထာဝရကျောင်းမှ လူများ ချက်ချင်းပင် အော်ဟစ်လိုက်ကြသည်။
ဤတိုက်ပွဲမှာ အလွန်ပင် ခါးသီးလှသည်။ သူတို့သည် အချက်ရေ သုံးထောင်ကျော် တိုက်ခိုက်ခဲ့ရသည်ပင်။
အပိုင်း ၁၄၂၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၂၅ – ပြိုင်ဘက်အားလုံးအား ဖျက်ဆီးခြင်း
ထာဝရကျောင်းမှ လူများအားလုံး သူ့အားရပ်တန့်ရန် ထိတ်လန့်တကြားပင် အော်ဟစ်လိုက်ကြသည်။ ရှီဟောင် ငရဲကြီးကိုးထပ်အိုအား သေသည်အထိ နင်းချေပစ်လိုက်မည်ကို သူတို့ တကယ် စိုးရိမ်နေကြသည်။ ထိုသို့သာဆိုလျှင် သူတို့၏ ဆုံးရှုံးမှု ကြီးမားသွားလိမ့်မည်။
တိုက်ပွဲမှာ ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ ကြောက်စရာကောင်းသည့် ငရဲကြီးကိုးထပ်အိုသည် ခွေးပေါက်လေးတစ်ကောင် အရွယ်အစားသို့ ပြောင်းလဲသွားလေပြီ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေကာ ရှီဟောင်၏ခြေထောက်ကြားမှ ရုန်းထွက်နေသည်။
သို့သော်လည်း သူ၏ခွန်အား အကုန်လုံးကို အသုံးပြု၍ မရတော့ပေ။ သူတို့ငယ်ရွယ်စဉ်က မည်သူမျှ ထိုမျှအင်အားမကြီးပေ။ သို့သော်လည်း ပြိုင်ကွင်းမျက်နှာပြင်ထက်၌ ခြစ်ရာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ဤမြင်ကွင်းမှာ လူများစွာကို တုန်လှုပ်သွားစေသည်။ ငရဲကြီးကိုးထပ်အို အကောင်ပေါက်ကတောင်မှ ဒီလောက်ထိ စွမ်းအားကြီးတာလား.. သိထားရမည်မှာ ဤပြိုင်ကွင်းမျက်နှာပြင်ထက်တွင် အကာအကွယ်သင်္ကေတများ ရှိနေသည်ပင်။
လက်ရှိအခြေအနေတွင်ပင် သူသည် သားရဲတစ်ကောင်ကို လက်သည်းတစ်ချက်တည်းဖြင့် ဆုတ်ဖြဲပစ်နိုင်လိမ့်မည်။
“အား…” ငရဲကြီးကိုးထပ်အို ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤရလဒ်ကို သူ လက်မခံနိုင်ဖြစ်နေသည်။ သူကဲ့သို့ စွမ်းအားကြီးသည့်သူ၊ ထာဝရကျောင်းထဲတွင် ကောင်းကင်နတ်ဘုရားနယ်ပယ်၌ နံပါတ်တစ်ဟူသည့် ဂုဏ်ပုဒ်ကို ရရှိထားသည့်သူက ဤနေရာ၌ အရှုံးကြီးရှုံးကာ အခြားသူ၏ ခြေထောက်အောက်၌ ရောက်နေလေပြီ။ ဤသည်မှာ မည်ကဲ့သို့သော အရှက်ကွဲမှုမျိုးဖြစ်သနည်း..
ရှီဟောင် ခေါင်းငုံ့ကာ ထိုရက်စက်သည့်သားရဲကို ကြည့်လိုက်သည်။ သူ၏သဘောထားလည်း အနည်းငယ် ပြောင်းလဲသွားကာ သူ အနည်းငယ် စိတ်အေးသွားရသည်။ ဤတိုက်ပွဲမှာ တကယ်ကို ခက်ခဲလှသည်။ သူ ရခဲ့သည့် ဒဏ်ရာများလည်း မသက်သာလှပေ။
ရှီဟောင် သူ၏ခြေထောက်ကို အားထည့်လိုက်သည်နှင့် ငရဲကြီးကိုးထပ်အို၏ခန္ဓာကိုယ် တုန်ခါလာကာ ဒဏ်ရာများ ပွင့်ထွက်လာလေ၏။
ပြန်လည်ဝင်စားခြင်းစွမ်းအား ပျက်ပြယ်သွားပြီးလျှင် ဤပုံမှန်မဟုတ်သည့် သားရဲကြီးနှင့် သူနောက်တစ်ခေါက် မတိုက်ခိုက်ချင်။ ထို့ကြောင့် သူ၏တိုက်ခိုက်နိုင်စွမ်းအားလုံး ကုန်ဆုံးသွားအောင် လုပ်ပစ်ထားလိုက်သည်။
“ရပ်လိုက်..” ထာဝရကျောင်းမှ လူများ မျက်နှာဖြူရော်နေပြီဖြစ်ပြီး အကြိမ်များစွာ အော်ဟစ်နေကြလေသည်။ သို့သော် ဟွမ် သူတို့အား အရေးမစိုက်ပဲ ဆက်လက်တိုက်ခိုက်နေဆဲပင်။
ငရဲကြီးကိုးထပ်အိုမှာ ထာဝရကျောင်း၏ အဓိကလူပင်။ သူသည် အကြီးအကဲအရှင်၏ ဒုတိယမြောက်နှင့် နောက်ဆုံးတပည့်ပင်။ သူသည် နောင်လာမည့်တိုက်ပွဲတွင် အဓိကသော့ချက်တစ်ခု ဖြစ်လိမ့်မည်။ သူ့ကို ဆုံးရှုံး၍ မဖြစ်။
သို့သော်လည်း ယခုအချိန်တွင် သူ့အား အချိန်မှီ မကူညီနိုင်တော့။ တစ်ယောက်ယောက်သာ အပြေးတက်သွားလျှင် ဟွမ် စိတ်တိုပြီး ငရဲကြီးကိုးထပ်အိုသေအောင် နင်းသတ်ပစ်လိုက်နိုင်သည်။
မကောင်းဆိုးဝါးအိုကြီးများ စောင့်ကြည့်နေသောကြောင့် သူ ဤလူကို သတ်မည်မဟုတ်။ ထို့အပြင် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများသည်လည်း သူ့အား ဤသတ္တဝါကို မသတ်ရန် အသံပို့လွှတ်နေကြသည်ပင်။ မဟုတ်ပါက ပြဿနာကြီးသွားလိမ့်မည်။
ရှီဟောင် နားလည်ပါသည်။ သူတို့ ရပ်တည်သည့်ဘက် မတူညီသော်လည်း နောက်ဆုံးတွင် သူတို့သည် ဘုံရန်သူကို တိုက်ခိုက်ရမည့် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ လူများပင်။
ရှီဟောင် ခြေထောက်မလိုက်ကာ ခွေးပေါက်လေးနှင့်တူသည့် သားရဲကြီး၏ အသက်သွေးကြောနေရာများကို ပြင်းထန်စွာ ထိုးလိုက်သည်။ ဤသည်မှာ သူရုတ်တရက် ပြန်လည်ကောင်းမွန်လာပြီး မတိုက်ခိုက်အောင်ပင်။
“ဝူး..” ငရဲကြီးကိုးထပ်အို အူလိုက်၏။ သူ၏အူသံမှာ ဝံပုလွေအူသံများနှင့် သိပ်မကွာပေ။
ထာဝရကျောင်းမှ လူများမှာ ယခုမှသာ သက်မချနိုင်တော့သည်။ ရှီဟောင်၏ သတ်ဖြတ်လိုသည့် အငွေ့အသက်ပြန်လည်ပျောက်ကွယ်သွားပြီကို သူတို့ တွေ့လိုက်ရသည်ပင်။
ဘယ်လိုလုပ် ဒီလိုမျိုး အဆုံးသတ်သွားတာလဲ .. ငရဲကြီးကိုးထပ်အိုက ဒီလိုမျိုး စုတ်ပြတ်ပြီး ကျန်ခဲ့တာလား .. သူတို့မတိုက်ခင်က ဤကဲ့သို့သော ရလဒ်မျိုးဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ ဤသည်မှာ ထာဝရကျောင်းမှလူများအား အလွန်ခါးသီးစေသည်ပင်။
ထာဝရကျောင်းမှလူများမှာ စိတ်ဓာတ်အကျဆုံးပင်။ သူတို့သည် ယုံကြည်ချက်အပြည့်ဖြင့်ပင် ငရဲကြီးကိုးထပ်အို ရှီဟောင်အား ရိုက်နှက်မည်ကို စောင့်မျှော်နေကြခြင်းပင်။ သို့သော်လည်း ယခုကဲ့သို့သော ရလဒ်မျိုးသာ ထွက်လာသည်။ အရှက်ရသည်ဆိုသည့်စကားလုံးပင် သူတို့ခံစားချက်ကို ဖော်ပြရန် မလုံလောက်တော့။ သူတို့မျက်နှာများမှာ နီတစ်လှည့်စိမ်းတစ်လှည့်ဖြစ်နေသည်။
အလေးအမြတ်ကျောင်းမှ လူများ၏ အမူအရာလည်း လေးနက်သွားသည်။ သူတို့မျက်လုံးထဲတွင် ငရဲကြီးကိုးထပ်အိုဖြစ်စေ ရှီဟောင်ဖြစ်စေ နှစ်ဘက်လုံးမှာ သူတို့၏ ထူးခြားသည့်ပြိုင်ဘက်များဖြစ်ကြပြီး လေးစားထိုက်သည့်သူများပင်။
“ဟွမ်က ဒီလောက်တောင် စွမ်းအားကြီးတာလား..” အချို့သူများ သက်ပြင်းချကာ ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရားကျောင်းမှ လူများအတွက်မူ ဤရလဒ်မှာ ထင်မှတ်မထားသည့်ရလဒ်ပင်။ သူတို့စိတ်ထဲစွဲနေသည်မှာ ထာဝရကျောင်းသည် အဆင့်မြင့်ပြီး ထိုကျောင်းမှတပည့်များမှာ ပြိုင်ဘက်ကင်းပင်။
သို့သော်လည်း ဤကဲ့သို့သော ရလဒ်မျိုးဖြစ်သွားလေပြီ။
ဟွမ်သည် ဤတိုက်ပွဲအောင်မြင်မှုကို အသုံးပြုကာ သူ၏ခွန်အားကို နောက်တစ်ကြိမ် ပြသသွားလေပြီ။
“ဟားဟား .. ငါ့ရဲ့ ကောင်းကင်နတ်ဘုရားကျောင်းက တပည့်က ထိပ်ဆုံးရောက်သွားတာပဲ..”
ခပ်ဝေးဝေးတွင်ရှိနေသည့် အကြီးအကဲများအားလုံး ပြုံးလိုက်သည်။ လက်ရှိတွင် သူတို့သည် ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများနှင့် စကားပြောနေကြခြင်းပင်။
“ထာဝရကျောင်းရဲ့ နောက်ခံက တော်တော်လေး ကောင်းတယ် .. ထူးခြားဆန်းကြယ်တဲ့ပညာတွေ၊ နတ်ဆေးတွေ၊ အဖိုးတန်ပစ္စည်းတွေ အများကြီးရှိပြီးတော့ အရမ်းထူးချွန်တဲ့ကျွမ်းကျင်သူတွေကိုလည်း ဖန်တီးနိုင်တယ် .. အဲဒါကို ဒီနေ့ ဘာလို့ ဒီလိုမျိုးရှုံးသွားတာလဲ..” အလေးအမြတ်ကျောင်းမှ လူအိုကြီးတစ်ယောက် ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျားတို့မှာ အစွမ်းအစရှိရင် ခင်ဗျားတို့ အလေးအမြတ်ကျောင်းက တစ်ယောက်ယောက်ကို လာစမ်းကြည့်ခိုင်းလိုက်လေ..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးသည် ဒေါသတကြီးပင်စိုက်ကြည့်၍ ပြောလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်အဆင့်ပုဂ္ဂိုလ်တွေကို ဝင်ခွင့်မပြုဘူး..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက် အလျင်စလိုပြောလိုက်သည်။
“ကျုပ်ရဲ့ကျောင်းက ထူးချွန်တဲ့သူတွေအားလုံးက ဂိုဏ်းခေါင်းဆောင်အဆင့် ကျင့်ကြံသူတွေ ဖြစ်သွားကြပြီ..” ထိုလူအိုကြီး ပြောလိုက်သည်။
“ကျုပ်ရဲ့ ထာဝရကျောင်းက ကောင်းကင်ဘုရင်လေးနဲ့ တစ်ခြားသူတွေလည်း အဲဒီအဆင့်ကို ရောက်သွားကြပြီ .. ကျုပ်တို့ကျောင်းနှစ်ကျောင်း ပညာဖလှယ်ကြရင်ရော..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး ရယ်၍ ပြောလိုက်သည်။
ရှီဟောင်သည် လက်ကိုလွှဲရမ်းကာ ငရဲကြီးကိုးထပ်အိုကို ပြိုင်ကွင်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ ထိုအချိန်တွင် ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည် အစွမ်းကုန်သွားပြီး တစ်ပေခန့်ရှည်သည့် ခန္ဓာကိုယ်လည်း ပြန်ကြီးလာကာ ကြောက်စရာကောင်းသည့်သားရဲပြန်ဖြစ်လာာသည်။
သူ ကောင်းကင်သို့မော့ပြီးအူလိုက်သည်။ သူ၏အူသံမှာ လူအားလုံးကို သွေးများပင် အေးခဲသွားစေသည်။ ဤသည်မှာ ဒဏ်ရာရနေသည့် သားရဲဘုရင်တစ်ယောက်မှ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်နှင့် တူနေသည်။ သူ ရူးတော့မတတ် ဖြစ်နေလေပြီ.
အားလုံး တုန်လှုပ်သွားရ၏။ ဤသည်မှာ ရက်စက်သည့်သားရဲ၏မျိုးဆက်ဖြစ်သောကြောင့် သူသာ တကယ်ရူးသွားလျှင် တပည့်ငယ်လေးများစွာ အန္တရာယ်များသွားလိမ့်မည်။
ကံကောင်းစွာဖြင့် သူသည် လျင်မြန်စွာပင် စိတ်တည်ငြိမ်သွားကာ ရှီဟောင်အား အေးစက်စွာ ကြည့်နေလေ၏။ ထို့နောက် သူသည် လူသားပုံစံအဖြစ်သို့ ပြန်ပြောင်းသွားလေသည်။
သူသည် သစ်ရွက်လှေလေးကို အသက်သွင်းလိုက်ကာ ကြယ်သင်္ဘောကြီးထံသို့ ဦးတည်သွားလိုက်သည်။
ဟူး .. ထာဝရကျောင်းမှလူများ သက်ပြင်းချလိုက်သည်။ သူတို့အားလုံး စိတ်ပျက်သွားကြကာ ယုဝူတိအတွက် ဝမ်းနည်းနေကြလေသည်။ သူသည် ကောင်းကင်နတ်ဘုရားအဆင့်တွင် နံပါတ်တစ်ဟု နာမည်ကြီးနေသည့်သူဖြစ်သော်လည်း ယခု ကောင်းကင်နတ်ဘုရားကျောင်း၌ ရှုံးနိမ့်သွားသောကြောင့် ဤသည်မှာ သူ့စိတ်အား အတော်လေး ရိုက်ခတ်သွားမည်ပင်။
သက်တံ့တံတားပေါ်မှ ထာဝရကျောင်း ကျောင်းသားများအားလုံး တိတ်ဆိတ်သွားကြသည်။ အချိန်အတော်ကြာမှသာ သူတို့ ကောင်းကင်ဘုရင်လေးကို ကြည့်လာကြသည်။
“ယုဝူတိက ရှုံးသွားပြီ .. ကျုပ်က ကိုယ့်စကားကိုကိုယ် တည်တဲ့သူပါ .. အဲဒီတော့ အပြာရောင်ချပ်ဝတ်တန်ဆာကို ရောင်းရင်းနဲ့ ခဏထားထားလိုက်မယ် .. ရောင်းရင်း တာအိုမျိုးစေ့နဲ့ပေါင်းပြီးလို့ ဂိုဏ်းခေါင်းဆောင်အဆင့်ဖြစ်တာနဲ့ ကျုပ်ပြန်လာရှာပါ့မယ်..” ကောင်းကင်ဘုရင်လေး ပြောလိုက်၏။ သူ၏အကြည့်များမှာ ငြိမ်းချမ်းနေသည်ပင်။
သူ၏ဘေးတွင်ရှိနေသည့် မင်းသမီးယောင်ယွဲ့ အံ့အားသင့်သည့် အမူအရာ ဖြစ်သွားရသည်။ သူမသည် ကောင်းကင်ဘုရင်လေးကို ကြည့်ပြီးနောက် ရှီဟောင်ကို ကြည့်လိုက်သည်။
ပြိုင်ကွင်းထက်တွင်ရှိနေသည့် ရှီဟောင်သည် ဘာမှမပြောပဲ ကျယ်လောင်စွာသာ ရယ်မောလိုက်သည်။
“ပြိုင်ကွင်းထဲကို ဝင်မယ့်သူ ရှိသေးလား .. ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ နံပါတ်တစ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဟွမ် ယူသွားတော့မယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤသည်မှာ ထာဝရကျောင်းမှ လူများကို ရန်စလိုက်ခြင်းဖြစ်သလို ရှီဟောင်ကို ရန်သူထပ်များလာအောင် လုပ်လိုက်ခြင်းပင်။ ထို့အပြင် အလေးအမြတ်ကျောင်းမှ လူများကိုလည်း ဆွဲထည့်လိုက်ခြင်းပင်။
အားလုံး ပြိုင်ကွင်းထက်တွင်ရှိနေသည့်ပုံရိပ်ကို ကြည့်လိုက်ကြသည်။
ရှီဟောင်သည် ဘေးပတ်လည်တွင် မည်သူမှ မရှိသကဲ့သို့ ထိုင်ချလိုက်ကာ သူ၏အတွင်းပညာများကို အသက်သွင်းလိုက်သည်။ အရိုးစာသားများ တစ်တန်းပြီးတစ်တန်းပေါ်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံသွားလေ၏။ ထိုအရိုးစာတန်းများသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ စွမ်းအင်များကို စုတ်ယူပြီး သူ့အား လျင်မြန်စွာ ပြန်ကောင်းလာအောင် လုပ်ပေးနေလေသည်။
“ငါ မင်းနဲ့ တိုက်မယ်..”
အရိုးဖြူပေါ်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
“ငါသွားမယ် .. သူနဲ့ငါ ဘယ်သူက ပိုတော်လဲဆိုတာ ငါသိချင်တယ်..”
“ထားလိုက်တော့ .. ငါသွားသင့်တာ..”
ရှီဟောင်နှင့် တိုက်ရန်အတွက် လူများစွာ ငြင်းခုံလာကြသည်။ သူတို့အားလုံးမှာ အလေးအမြတ်ကျောင်းမှ လူများပင်။
အားလုံး မျက်ခုံးပင်သွားရ၏။ ရှီဟောင်က ဒီလောက်စွမ်းအားကြီးတာကို ဒီလူတွေက သူနဲ့ တိုက်ရဲသေးတာလား..
“မင်းတို့အားလုံး ငါ့ကိုသွားခိုင်းသင့်တယ်လို့ ငါထင်တယ်..”
အရိုးဖြူဗူးသီးမှ တစ်စုံတစ်ယောက် ခုန်ဆင်းလာသည်။
“ပြန်လာခဲ့ .. ငါသူနဲ့တိုက်မယ်..” အခြားတစ်ယောက်မှ အော်ဟစ်လိုက်သည်။
အားလုံးမှာ ရယ်ရမလား ငိုရမလားပင် မသိတော့။ ဤလူများမှာ ရဲတင်းလှသည်။ ရှီဟောင်နှင့် အရင်ဆုံးတိုက်ခိုက်ရန်အတွက်ပင် လုနေကြသည်။ သူတို့က ဟွမ်ကို ဘာမှတ်နေတာလဲ .. သူက လူတိုင်းတိုက်လို့ရတဲ့သူလား..
ဝမ်ရှီး စိုးရိမ်သည့်အမူအရာဖြစ်လာသည်။ ရှီဟောင် မည်မျှကြောက်စရာကောင်းသည်ကို သူမ တွေ့လိုက်ရသောကြောင့် အလေးအမြတ်ကျောင်းမှလူများအတွက် သူမ စိုးရိမ်မိသွားသည်။
“သူ ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းသလဲဆိုတာ ရှင်တို့လည်း တွေ့ပြီးသွားပဲ . ရှင်တို့လက်လွတ်စပယ် တိုက်ခိုက်နေရင် ရှင်တို့ပဲ ရှုံးသွားလိမ့်မယ်..” ဝမ်ရှီး သတိပေးလိုက်သည်။
“မရီး စိတ်လျော့ပါ .. ကျုပ်တို့မှာ နည်းလမ်းရှိပြီးသား .. ပြီးတော့ ကျုပ်တို့ အရင်က ပြောပြီးသား စကားတွေရှိနေတယ် .. အဲဒီတော့ ကျုပ်တို့ မတိုက်ရင် ကျုပ်တို့က ဟာသဖြစ်သွားပြီး အားလုံး အထင်သေးသွားလိမ့်မယ်..”
ဟွမ် စွမ်းအားကြီးသည်ကို သူတို့ဝန်ခံသည်။ သို့သော်လည်း အခြားနည်းလမ်း မရှိ။ သူတို့ ယခင်က ရှီဟောင်က လှောင်ရယ်ခဲ့ကြပြီး ယခုနောက်ဆုတ်နေသည်ဆိုပါက ဤသည်မှာ အလွန်ပင် ရှက်စရာကောင်းလိမ့်မည်။
ပြိုင်ကွင်းထက်သို့ အနီရောင် အလင်းတန်းတစ်ခု ကျရောက်လာကာ အလေးအမြတ်ကျောင်းမှ ကျွမ်းကျင်သူတစ်ယောက် ရောက်လာသည်။ သူ့ဘေးပတ်လည်တွင် အလွန်တောက်ပလှသည့် အနီရောင်အလင်းများ ဝန်းရံထားသည်ပင်။
“အနီရောင်မီးတောက်သားတော်က မင်းနဲ့ တိုက်ခိုက်မယ်..” ရောက်လာသည့်တစ်ယောက်မှ အော်ဟစ်ကာ ချက်ချင်းတိုက်ခိုက်လိုက်သည်။ သူသည် လက်သီးကို မြှောက်ကာ ထိုးချလိုက်လေ၏။
ဤသည်မှာ ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့်သူပင်။ သို့သော်လည်း ဤသည်မှာ အဓိကအချက်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အလေးအမြတ်ကျောင်းမှ လူများသည် ထာဝရစွမ်းအင်ကို အာရုံစိုက်ခြင်းမဟုတ်ပဲ လက်ရှိလောကနည်းလမ်းများကို ထိုးဖောက်ရန် အာရုံထားခြင်းပင်။
သူ၏သွေးစွမ်းအင်များမှာ ရေစက်များကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်မှာလည်း များပြားလှသည့် ရေစက်များ ရွေ့လျားနေသကဲ့သို့ပင်။
“သွေးစွမ်းအင်ခွန်အားက ကြောက်စရာကောင်းလိုက်တာ .. ဒီလူက မရိုးရှင်းဘူး..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲချီးကျူးလိုက်သည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤလူသည် သွေးဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်တွင် အဆင့်တက်ထားခြင်းဖြစ်ပြီး သွေးစွမ်းအင်များမှာ ထူးခြားကာ ကြောက်စရာကောင်းလှသည်။ ဤကဲ့သို့သော သူမျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤသည်မှာ သက်ရှိတစ်ယောက်နှင့်ပင်မတူတော့ပဲ သွေးပင်လယ်ကြီးနှင့်ပင် တူနေလေပြီ။
“သူက အလေးအမြတ်ကျောင်းမှ သွေးဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်ကို ပြန်ကျင့်ကြံကြတဲ့ အထူးချွန်ဆုံးသူတွေထဲက တစ်ယောက်..” ခပ်ဝေးဝေးတွင်ရှီနေသည့် အလေးအမြတ်ကျောင်းမှ လူများ အနီရောင်မီးတောက်သားတော်ကို မှတ်ချက်ပေးလိုက်ကြသည်။
ဝုန်း..
သွေးစွမ်းအင်များသသည် မီးတောက်လှိုင်းများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဘုံကိုးခုကိုပင် လောင်ကျွမ်းသွားစေသည်။ ဤသည်မှာ အလေးအမြတ်ကျောင်းမှ ဖန်တီးထားသည့် သွေးစွမ်းအင်ပညာပင်။
ရှီဟောင် သူ့ကို လျှော့မတွက်ရဲ။ သူ၏ကောင်းကင်လမ်းကြောင်းကို ဖွင့်ကာ ခုခံလိုက်ပြီးနောက် သူကိုယ်တိုင် တဟုန်ထိုးပြေးသွားကာ ပြိုင်ဘက်နှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
“ထိပ်ဆုံးရောက်နေတဲ့ ခန္ဓာကိုယ်ကျင့်ကြံသူ”
ရှီဟောင် အံ့အားသင့်သွားရ၏။ ဤကဲ့သို့သောလူမျိုးကို သူပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ ဤလူ၏ ခန္ဓာကိုယ်မှာ စိန်ကဲ့သို့ အဖိုးတန်အလင်းများ ထုတ်လွှတ်နေသည်။ သူတို့တိုက်ခိုက်သည်နှင့် တဒုန်းဒုန်းအသံများ ထွက်ပေါ်လာလေ၏။
“ဘုရားရေ .. သူက ဟွမ်ရဲ့ခန္ဓာကိုယ်နဲ့တောင် ယှဉ်နိုင်တယ် .. အလေးအမြတ်ကျောင်းကလူ ဖြစ်ထိုက်ပါပေတယ်..”
ကောင်းကင်နတ်ဘုရားကျောင်းမှ လူအချို့ သက်ပြင်းချကာ ချီးကျူးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ခန္ဓာကိုယ် မည်မျှကြောက်စရာကောင်းကြောင်း သူတို့သိကြသည်ပင်။
အနီရောင်မီးတောက်သားတော် သူ၏ခြေထောက်ကို ဆတ်ခနဲကန်လိုက်သည်။ ထို့နောက် ရှီဟောင်၏လက်မောင်းထက်သို့ ဖျက်ဆီးလိုသည့်စွမ်းအားများ ကျရောက်လာသည်။ ထို့နောက်တွင် သူသည် ခုန်လိုက်ကာ သူ၏လက်ဝါးများဖြင့် ဆက်တိုက်ရိုက်နှက်လိုက်သည်။ လက်ဝါးပုံများ နေရာတိုင်း၌ ပေါ်လာလေ၏။
ဝုန်း…
ဤနေရာတွင် သွေးစွမ်းအင်များ စီးဆင်းနေပြီး သွေးတိမ်များပင် ပေါ်လာသည်။
ဖူး..
အချက်ရေ ရာပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် ရှီဟောင်၏လက်သီးချက်ကြောင့် အနီရောင်မီးတောက်သားတော် လွင့်ထွက်သွားကာ ပြိုင်ကွင်းပေါ်မှ ပြုတ်ကျသွားသည်။ ရှီဟောင်၏ လက်သီးချက် သူ့ရင်ဘတ်ပေါ်သို့ ကျရောက်သွားသောကြောင့် ဆက်တိုက်ပင် သွေးအန်နေလေသည်။
” ငါ သွားမယ်..”
အလေးအမြတ်ကျောင်းမှ အခြားတစ်ယောက် အလျင်စလို ရောက်ရှိလာသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အစီအရင်သင်္ကေတများဖုံးလွှမ်းသွားလေသည်။ တာအိုခေါင်းလောင်းများ၊ နတ်စေတီများ၊ ဓားပျံများ၊ စစ်လှံတံများ ဖြစ်လာကာ ရှီဟောင်ထံသို့ ပစ်လွှမ်လိုက်သည်။
ဤသည်မှာ အစီအရင်ထွင်းထုခြင်းနှင့်စီစဉ်ခြင်းနယ်ပယ်များတွင် အဆင့်တက်ထားသည့်သူပင်။
ဖူး..
သိပ်မကြာမီတွင် ရှီဟောင်၏ ခြေထောက်တစ်ဖက်မှာ သံမဏိကြာပွတ်ကဲ့သို့ သူ့ကျောထက်သို့ ရောက်လာပြီး သူ၏အရိုးများကို ကျိုးသွားစေသည်။ သူ၏ခန္ဓာကိုယ်သည်လည်း ကျိုးပြတ်သွားသည့်စွန်ကဲ့သို့ လွင့်ထွက်သွားလေသည်။ အလေးအမြတ်ကျောင်းမှ နောက်တစ်ယောက် ရှုံးနိမ့်သွားလေပြီ။
ထို့နောက် အခြားလူသုံးယောက် ပြိုင်ကွင်းထဲသို့ ဆက်တိုက်ဝင်ရောက်လာသည်။ သို့သော်လည်း နောက်ဆုံးတွင် သူတို့သည် ရှီဟောင်၏အရိုက်ခံလိုက်ရကာ သွေးအန်သွားကြလေ၏။
အပိုင်း ၁၄၂၅ ပြီး၏။