Switch Mode

Chapter – 1396 & 1410

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၆ – ရှေးဟောင်းကျောက်တိုင်

သတ္တုအလင်းများတောက်ပနေပြီး သတ္တုအပိုင်းအစများကိုလည်း နေရာတိုင်းတွင် တွေ့နေရသည်။ လူသားများ နေထိုင်သည့် အရိပ်အယောင်ပင် မမြင်ရ။ ရှီဟောင်နှင့် ချင်းယီသာ ဤနေရာတွင် ရှိနေသည်။

ကျန်း..

ရုတ်တရက်ပင် ဓားသံများ ထွက်လာသည်။ ဤအရာများမှာ သူတို့ဤနယ်မြေသို့ ရောက်လာမှ ထွက်လာခြင်းပင်။

ဒြပ်စင်ငါးခုတိုက်တွင် သတ္တုများရှိနေသည့် နေရာအများအပြား ရှိသည်။ အထူးသဖြင့် ဤနေရာပင်။ မြေပြင်ပင်လျှင် မြေကြီးမဟုတ် သတ္တုများ ဖြစ်နေ၏။ ရေလည်း မမြင်ရသော အေးစက်သည့်နေရာကြီးပင်။

အရှေ့ဘက်တွင် ဓားစွမ်းအင်များ ကောင်းကင်ထက်သို့ တရှိန်ထိုး တက်နေသည်။ နတ်ဓားများက ခန္ဓာကိုယ်ကို ထိုးဖောက်နေသကဲ့သို့ နာကျင်နေစေသည်။

“ဒီမှာ အဆင့်လွန် ရတနာတွေရှိတယ်လို့ မပြောနဲ့နော် .. ဘယ်သူ ပြောနိုင်မလဲ .. ဒီမှာ ထာဝရဓား ရှိရင်ရှိနေမှာ..” ရှီဟောင် ပြောလိုက်သည်။

သူတို့ ဤတိုက်ကြီးသို့ ရောက်နေသည်မှာ ရက်ပေါင်းများစွာ ကြာနေလေပြီ။ သူတို့သိသမျှဆိုလျှင် တာအိုမျိုးစေ့ ရသွားသည့်သူမှာ တစ်ဒါဇင်ကျော်ခန့်ရှိနေလေပြီ။ အားလုံးမှာ ဒြပ်စင်ငါးခုနှင့်ပတ်သက်သည့် မျိုးစေ့များပင်။

ကံမကောင်းစွာဖြင့်ပင် ရှီဟောင်နှင့် ချင်းယီတို့မှာ ယခုထက်ထိ ဘာမှမရသေး။ ယနေ့မှသာ ဤအံ့အားသင့်စရာကောင်းသည့်နေရာကို ရှာတွေ့ခဲ့ခြင်းပင်။

လီပေါင်းများစွာ ဆက်လျှောက်ပြီးသည့်နောက်တွင် သူတို့မြင်ကွင်းထဲသို့ ကန်တစ်ကန်ပေါ်လာသည်။ ထိုကန်ထဲမှ ဓားစွမ်းအင်များ ထွက်လာကာ သူတို့ ဝိညာဉ်အား တိုက်ခိုက်လာကြသည်။

ထို့အပြင် ပူပြင်းလှသည့် အပူတစ်မျိုးကို သူတို့ခံစားလိုက်ရသည်။ အောက်ဘက်ရှိ အပူရှိန်မှာ ပြင်းထန်လှသောကြောင့် ကန်ထက်ရှိ လေထုပင် ယိုယွင်းနေလေပြီ။

“ဒါက .. သတ္တုရည် ကန်..” ချင်းယီ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဒီမှာ အပူချိန်က ဘယ်လောက်တောင် မြင့်နေတာလဲ .. ကန်ထဲရှိ ရေများက တောက်ပနေပြီး များပြားလှသည့် သတ္တုစွမ်းအင်များနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်နေသည်။

ထို့အပြင် ကန်ထဲတွင် နတ်ပစ္စည်းအချို့ အရည်ပျော်နေကာ ရောင်စုံနတ်အလင်းများ ထွက်ပေါ်နေသည်။ ဤကန်မှာ သေချာပေါက် မရိုးရှင်းပေ။

သတ္တုကန်..

“အခွင့်အရေး ရောက်လာပြီ .. ထာဝရဓား မရှိဘူးဆိုရင်တောင် သတ္တုမျိုးစေ့ ရှိနေလောက်တယ်..” ရှီဟောင် ပြောလိုက်သည်။

ဒြပ်စင်ငါးခု မျိုးစေ့မှာ အလွန်အဖိုးတန်သော်လည်း ရှီဟောင်ကို မဆွဲဆောင်နိုင်ပေ။ သူက စွမ်းအားအကြီးဆုံး မျိုးစေ့ကို လိုချင်သည်။

သို့သော်လည်း သူသာ ဤမျိုးစေ့ကိုရလျှင် အခြားသူများနှင့် အဖိုးတန်ပညာများ၊ နတ်ဆေးများနှင့် လဲ၍ရသည်။ ဤကဲ့သို့သော မျိုးစေ့ကို အပြင်လောကသို့ သယ်သွားပါက အဖိုးမဖြတ်နိုင်သည့်ပစ္စည်းဖြစ်သွားမည်ပင်။

“မျိုးစေ့တွေ အားလုံးက သဘာဝဥပဒေသအမျိုးမျိုးကို ကိုယ်စားပြုတဲ့ တာအိုအသီးအပွင့်တွေပဲ .. ဒီတစ်ခုက အရမ်းအဖိုးတန်မှာ .. ဒီသတ္တုကန်ကနေ မွေးထုတ်ထားတဲ့ မျိုးစေ့ဆိုတော့ ထူးခြားမှာ သေချာတယ်” ချင်းယီ ပြောလိုက်၏။

“မင်း ကြိုက်ရင် ငါ မင်းအတွက် ယူပေးမယ်”

ရွှီ..

ခွန်ပန် အဖိုးတန်ပညာပေါ်လာပြီး သူ၏ ဘယ်လက်မှာ မင်ကဲ့သို့ မည်းနက်နေကာ ယင်စွမ်းအားများ ထွက်ပေါ်လာသည်။ ထို့နောက် ကြီးမားလှသည့် အနက်ရောင်ငါးကြီးပေါ်လာကာ ထိုသတ္တုကန်ထဲသို့ ဝင်သွားလေသည်။

ကန်ထဲမှ ရွှေရောင်အရည်များ လျှံထွက်လာကာ တချီးချီးအသံနှင့်အတူ အဖြူရောင်မီးခိုးများ ထွက်လာသည်။

ခွန်ငါးကြီးသည် သူ၏ခေါင်းနှင့် အမြှီးကို လှုပ်ခါရမ်းကာ ယင်စွမ်းအင်များကို ထုတ်လွှတ်နေလေ၏။ သူသည် ဤကန်ကြီးအား ခဲပစ်တော့မတတ်ပင်။

ဝုန်း..

ချက်ချင်းပင် လှိုင်းထလာပြီး ထူးဆန်းသည့်သတ္တဝါတစ်ကောင် ရုန်းထွက်လာလေသည်။

“ဟမ် .. ဒီမျိုးစေ့ကို ကာကွယ်နေတဲ့သတ္တဝါရှိနေတယ် .. ဒါက သေချာပေါက်ကို ထူးခြားတဲ့မျိုးစေ့ပဲ”

ဤသည်မှာ ရွှေရောင်သတ္တဝါကြီးပင်။ သူ၏ခန္ဓာကိုယ်မှာ အရည်မှဖြစ်လာခြင်း ဖြစ်သည်။ သူသည် လူသားပုံစံသို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည်။

ချွမ်..

ရှီဟောင်သည် ဘာမှပြောမနေပဲ သူ၏လက်ကိုမြှောက်ကာ ဓားစွမ်းအင်တစ်တန်းကို ပစ်လွှတ်လိုက်သည်။ သူ၏ လက်ရှိကျင့်ကြံဆင့်တွင် ရှီဟောင်သည် ကောင်းကင်နတ်ဘုရားများကြားတွင် ပြိုင်ဘက်ကင်းသည့်သူပင်။ သူ၏ မည်သည့်ရိုက်ချက်မဆို ကြောက်စရာကောင်းလှသည်။

ထို့ကြောင့် ထိုသတ္တုလူသား ခေါင်းပြတ်သွားကာ သေဆုံးသွားလေ၏။ ဓားစွမ်းအင်တစ်တန်းတည်းဖြင့် အလွန်ကြောက်စရာကောင်းသည့် နတ်သတ္တု သက်ရှိ အသတ်ခံလိုက်ရလေပြီ။

ကန်ထဲမှ သတ္တုအလင်းတောက်ပလာကာ သတ္တဝါ ၁၀ ကောင်ကျော် ထွက်လာသည်။ ထိုအကောင်များထဲတွင် ရှန်းနီ၊ ဇာမဏီငှက်၊ မျက်လုံးသုံးလုံးခြင်္သေ့တို့လည်း ပါဝင်သည်။

ရှီဟောင် ခေါင်းမော့လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းငါးချောင်းမှ လျှပ်စစ်အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ကြီးနှင့် ချိတ်ဆက်သွားလေသည်။ ဤလျှပ်စစ်တန်းများမှာ စွမ်းအားကြီးလွန်းလှသည်။ နေရာတိုင်း၌ မီးပွားလေးများပင် တောက်ပလာပြီးနောက် မိုးကြိုးနှင့် လျှပ်စီးများ ထွက်ပေါ်လာသည်။

ဤသတ္တဝါ ၁၀ ကောင်ကျော်သည် အလွန်စွမ်းအားကြီးကာ ကောင်းကင်နတ်ဘုရားများနှင့် ယှဉ်နိုင်သော်လည်း သူတို့ ဤစွမ်းအားကို မခုခံနိုင်ပေ။

ဖုန်း..

ထိုတစ်ခဏမှာပင် သူတို့အားလုံး ပေါက်ကွဲသွားကြလေ၏။

သူတို့သေဆုံးသွားသည်နှင့် ကန်ကြီးလည်း ပြန်လည်ငြိမ်းချမ်းသွားသည်။ လေထုထဲရှိ အပူငွေ့များသာ ကျန်တော့သည်။

ကန်ထဲတွင် အနက်ရောင်ငါးကြီးသည် အမြှီးကို ယမ်းကာ လှိုင်းများဖြစ်အောင်လုပ်နေသည်။ ပြင်းထန်လှသည့် အပူလှိုင်းများတက်လာပြီးနောက်တွင်တော့ ကန်ထဲရှိ အရည်များလျှံကျလာသည်။

ဤသည်မှာ ရှီဟောင် ဖန်တီးထားသည့် ခွန်ပန် တံဆိပ်မှ ပြုလုပ်လိုက်ခြင်းပင်။ ငါးကြီးသည် ကန်ထဲ၌ သတ္တုမျိုးစေ့အား ရှာဖွေနေခြင်း ဖြစ်၏။

ရွှီး..

လေထဲသို့ သက်တံ့ရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ အိုးလေးတစ်ခု ပျံသန်းထွက်လာသည်။ သူထွက်ပြေးတော့မည်။

အနက်ရောင်ငါးကြီးသည် ရွှီးဟူသည့်အသံနှင့်အတူ လီပေါင်းများစွာ ကြီးမားသည့် နတ်ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုငှက်ကြီးသည် ရေထဲမှ ထွက်လာပြီး သူ၏အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးအုပ်သွားကာ လေပြင်းများ တိုက်ခတ်လာသည်။

ဒုန်း..

ထိုအိုးလေးသည် ငှက်နှုတ်သီးနှင့် တိုက်ကာ ပြင်းထန်စွာ ရုန်းကန်နေဆဲပင်။

သို့သော် ပန်ငှက်မှာ ကြောက်စရာကောင်းလွန်းလှသည်။ ငှက်နှုတ်သီးက တောက်ပလာကာ ထိုအိုးကို ကိုက်ချီလိုက်သည်။ ထို့နောက် ငှက်ကြီးသည် ထိုးဆင်းလာကာ တစ်ဖြည်းဖြည်းသေးလာကာ လူငယ်လေး၏လက်ထဲသို့ ဆင်းသက်သွားလေ၏။

ပန်ငှက်ပျောက်ကွယ်သွားကာ အိုးလေးသာ ကျန်ခဲ့တော့သည်။

ရှီဟောင် အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် အိုးလေး အရည်ပျော်ကာ ပျောက်ကွယ်သွားသည်။ မှန်ကူကွက်ပုံစံ သလင်းကျောက်လေးသာ သူ့လက်ထဲ ကျန်တော့သည်။

“သတ္တုတာအိုမျိုးစေ့ .. ပြီးတော့ ဒါက အဆင့်အမြင့်ဆုံးပဲ..” ချင်းယီ သက်ပြင်းချ၍ ပြောလိုက်သည်။

ဤသတ္တုတာအိုမျိုးစေ့သည် အထဲဘက်၌ နတ်သင်္ကေတများပါဝင်ပြီး အလွန်ရှားပါးလှသည့် အမျိုးအစားပင်။ ဤမျိုးစေ့နှင့်သာ ပေါင်းစည်းလိုက်ပါက သတ္တုစွမ်းအားများ ရရှိလာပေလိမ့်မည်။

ဤမျိုးစေ့သာ ဆက်လက်အဆင့်တက်လာပါက အကောင်းဆုံး သတ္တုမျိုးစေ့ဖြစ်လာမည်။ ယခုပင်လျှင် အတော်လေး. ကောင်းမွန်နေလေပြီ။

“မင်းကြိုက်ရင် ယူလိုက်လေ..” ရှီဟောင် ချင်းယီကို ပေးလိုက်သည်.

ထိုအချိန်တွင် သူမ ဦးခေါင်းထက်မှ အစိမ်းရောင်လတစ်စင်းထွက်ပေါ်လာကာ နူးညံ့သည့်အလင်းများ ပျံ့ကြဲလာသည်။ ထို့နောက် ရွှီးဟူသည့်အသံနှင့်အတူ ဤမျိုးစေ့ကို ကန့်သတ်လိုက်လေ၏။ လေထဲတွင် သတ္တုဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီးနောက် ထိုအစိမ်းရောင်လသည် ထိုစွမ်းအင်များအားလုံးကို စုတ်ယူသွားလေ၏။

ထို့နောက် ခွပ်ဟူသည့်အသံနှင့်အတူ ဤထူးခြားရှားပါးလှသည့် မျိုးစေ့သည် သတ္တုအပျက်အစီးဖြစ်ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားလေ၏။

“ဒီလိုပုံစံမျိုးနဲ့ပဲ ဖျက်ဆီးခံလိုက်ရတာလား..” ရှီဟောင် ဆွံ့အသွားရ၏။ ဤမျိုးစေ့ကိုသာ အပြင်လောကသို့ ယူသွားပါက လောကကြီးကို တုန်လှုပ်စေနိုင်သည့် အဖိုးတန်ပညာနှင့် လဲလှယ်၍ရလိမ့်မည်။ သို့သော် ယခုတော့ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤကဲ့သို့ ပျက်စီးသွားလေပြီ။

“အစိမ်းရောင်လထဲမှာ အသက်ဓာတ်လှိုင်းတစ်ခုကို ခံစားလို့ရတယ်..” ချင်းယီ ပြောလိုက်သည်။ ဤခံစားချက်မှာ ကောင်းလှ၏။ သူမ ဂျင်ဆင်း စားလိုက်ရသလိုပင်။

အစိမ်းရောင်လမှာ တစ်ဖြည်းဖြည်းဖြင့် ပြန်လည်ပျောက်ကွယ်သွားလေ၏။

“ဒီအစိမ်းရောင်လက မင်းရဲ့ ထာဝရမျိုးစေ့ပဲ .. သူက ထာဝရမျိုးစေ့မျိုးစုံကို စုတ်ယူနိုင်တယ် .. ဒါက လောကသစ်ပင်အပင်ပေါက်နဲ့ ဒြပ်စင်ငါးခုမျိုးစေ့ထက်တော့ နိမ့်မှာ မဟုတ်ဘူး” ရှီဟောင် စဉ်းစားမိသွားကာ အလွန်ထိတ်လန့်သွားရသည်။

ချင်းယီက တကယ်ပဲ အရင်ခေတ်က နတ်သမီးချင်းယွဲ့ ပြန်ဝင်စားတာလား .. ထိုသို့စဉ်းစားမိသည်နှင့် သူ့ခေါင်းများပင် တဒုန်းဒုန်းဖြစ်လာသည်။

“ရှင် ဘာတွေလာကြည့်နေတာလဲ .. ရှင် ထူးထူးဆန်းဆန်းအတွေးတွေ လျှောက်မတွေးရင် ကောင်းမယ်နော် .. ကျွန်မ ရှင်နဲ့ သွေးမျိုးဆက်တွေ ချန်ထားခဲ့မှာမဟုတ်ဘူး..” ထိုသို့ပြောလိုက်သည့်အချိန်တွင် ချင်းယီ၏မျက်နှာမှာ အနည်းငယ် နီရဲနေသည်။

“ချန်ရမှာပေါ့ .. ငါတို့ စွမ်းအားအကြီးဆုံး သွေးမျိုးဆက်ကို ချန်ထားရမယ်..” ရှီဟောင် စိတ်လွတ်စွာ ပြောလိုက်သည်။

ရုတ်တရက်ပင် ဦးချိုခရာသံ ထွက်ပေါ်လာသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းယူလာသည့် လျှို့ဝှက်ရတနာတစ်ခုပင်။ ဤခရာကို မှုတ်လိုက်သည်နှင့် ခရာသံမှာ ကောင်းကင်းဘုံကိုးခုလုံးသို့ ပျံ့နှံ့သွားနိုင်သည်။

“တစ်ခုခုဖြစ်နေပြီ .. ငါတို့ မြန်မြန် ပြန်သွားရမယ်..” ရှီဟောင် ပြောလိုက်၏။ အကြီးအကဲများက ကျောင်းသားများအား စုစည်းနေခြင်းပင်။

ဤအသံကို ကြားသည်နှင့် ကျောင်းသားများအားလုံး နေရာတစ်ခုသို့ ဦးတည်သွားကြလေသည်။

ရှီဟောင်နှင့်ချင်းယီတို့ ရောက်လာသည့်အချိန်တွင် လူများစွာ ရောက်နှင့်နေလေပြီ။ အကြီးအကဲများလည်း ရောက်နေပြီဖြစ်ပြီး သူတို့၏အမူအရာများမှာ လေးနက်နေသည်။ သူတို့အားလုံးသည် ရှေးဟောင်းကျောက်တိုင်တစ်ခုအား စိုက်ကြည့်နေကြခြင်းပင်။

ထိုနေရာတွင် ကြီးမားလှသည့် ကျောက်တိုင်ကြီးတစ်ခုရှိနေသည်။ ကျောက်တိုင်ကြီးမှာ တိမ်များထိပင် ရောက်နေပြီး ယခင်က နတ်တောင်များကိုပင် ကျော်နေသည်။

ပို၍အရေးကြီးသည်မှာ ထိုကျောက်တိုင်ကြီးထံမှ နတ်အလင်းရောင်ငါးမျိုးတောက်ပနေသည်။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး .. ဤစွမ်းအင်ငါးမျိုးလည်း လေထဲ၌ ပျံ့လွင့်နေသည်။

ဤသည်မှာ ဒြပ်စင်ငါးခုကျောက်တုံးပင်။ ဤကျောက်တုံးထဲတွင် ဝိညာဉ်စွမ်းအင်ငါးမျိုးရှိနေပြီး ရှားပါးသည့် နတ်ပစ္စည်းပင်။ ဤကျောက်တုံးမှာ ကျောက်တိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

အကြီးအကဲများ အားလုံးကို ပြန်ခေါ်လိုက်ခြင်းမှာ ဤတိုက်ကြီးပေါ်တွင် ဤကဲ့သို့သော ရှေးဟောင်းကျောက်တိုင်အချို့ရှိကြောင်း ပြောပြလိုသောကြောင့်ပင်။ ထိုကျောက်တိုင်များတွင် ရေးထိုးထားသည့် အကြောင်းအရာများမှာ အတူတူပင်။

” မှော် ငါးမျိုး ချိတ် ကောင်းကင်မျိုးစေ့”

ဤစကားလုံးအနည်းငယ်ဖြင့်ပင် အားလုံးထိတ်လန့်သွားရသည်။

“တစ်ယောက်ယောက်က ကောင်းကင်မျိုးစေ့ကို ချိတ်ပိတ်ဖို့အတွက် မှော်ပညာငါးမျိုးကို သုံးခဲ့တယ် .. အရင်ခေတ်ကတည်းက ဒါကို လာရှာတဲ့လူတွေ အများကြီးရှိခဲ့တယ် .. ဒါပေမဲ့ သူတို့အားလုံး ဘာမှမရပဲ ပြန်သွားခဲ့ရတာချည်းပဲ ..ဒါပေမဲ့ ဒါရှိနိုင်တဲ့နေရာတစ်ချို့ကို ကောက်ချက်ချနိုင်တဲ့ လူတစ်ချို့ရှိခဲ့တယ်”

ဤစကားလုံးများမှာ အားလုံးအား လှုပ်ခတ်သွားစေ၏။ မှော်ပညာငါးမျိုး၊ ကောင်းကင်မျိုးစေ့ .. ဤစကားလုံးနှစ်လုံးမှာ သူတို့အား အတော်လေး ထိတ်လန့်သွားစေသည်။

“မှော်ပညာငါးမျိုးဆိုတာက ဒြပ်စင်ငါးခုကိုပြောတာ .. ကောင်းကင်မျိုးစေ့ဆိုတာက ပြိုင်ဘက်ကင်းတဲ့ စွမ်းအားအကြီးဆုံး မျိုးစေ့ကို ပြောတာဖြစ်နိုင်တယ် .. မဟုတ်ရင် ဒါက အဓိပ္ပာယ်မရှိဘူး .. သူတို့တွေလည်း ဒီလိုမျိုး နာမည်ပေးရဲမှာ မဟုတ်ဘူး”

ထို့နောက် အကြီးအကဲများသည် လေဟာနယ်ထဲ၌ ဒြပ်စင်ငါးခုတိုက်၏မြေပုံကို ဆွဲလိုက်ကာ အချို့နေရာများကို လက်ညှိုးထိုးပြသည်။ ကောင်းကင်မျိုးစေ့အစစ်မှာ ထိုနေရာများထဲမှ တစ်နေရာတွင် ရှိနေလောက်သည်။

“အားလုံး ရောက်လာပြီလား .. ငါတို့ တစ်နေရာပြီးတစ်နေရာ ရှာကြမယ် .. အခု စထွက်ကြစို့..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

ယခု အားလုံး ရည်မှန်းချက်ရှိသွားလေပြီ။ သူတို့ ထိုကောင်းကင်မျိုးစေ့ကို လိုချင်ကြသည်။

သူတို့အမြင်တွင် ကောင်းကင်မျိုးစေ့ဆိုသည်မှာ ထိုဒြပ်စင်ငါးခုမျိုးစေ့သာ ဖြစ်လိမ့်မည်။ အခြားဖြစ်နိုင်ချေတစ်ခုလည်း ရှိသေး၏။ ဒြပ်စင်ငါးခုဆိုသည်မှာ မှော်ပညာငါးမျိုးကို ဆိုလိုခြင်းဖြစ်ပြီး ကောင်းကင်မျိုးစေ့ဆိုသည်မှာလည်း အခြားတစ်ခုခုဖြစ်လိမ့်မည်။

အားလုံး သင်္ဘောပေါ်သို့ ပြန်တက်သွားကြသည်။ ထို့နောက် အကြီးအကဲများသည် အရိုးယဇ်ပုလ္လင်တစ်ခုကို ထုတ်လိုက်ပြီးနောက် ထိုယဇ်ပုလ္လင်၏မျက်နှာပြင်ထက်တွင် ကိုဩဒနိတ်အမှတ်များ ချလိုက်သည်။

ဝူး..

ပြင်းထန်သည့်လေပြင်းများ တိုက်ခတ်လာပြီး မီးခိုးများလည်း လွင့်တက်လာသည်။ ဤနေရာတွင်ရှိနေသည့် အချိန်နှင့် လေဟာနယ်များ ဖရိုဖရဲဖြစ်လာသည်။

ရွှီးဟူသည့်အသံနှင့်အတူ ငွေရောင်စစ်သင်္ဘောကြီး ဤနေရာမှ ပျောက်ကွယ်သွားကာ သူ၏ပန်းတိုင်သို့ ဦးတည်သွားနေလေသည်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်တွင် ငွေရောင်သင်္ဘောကြီး တုန်ခါသွားကာ တောင်ကြောတစ်ခုတွင် ပေါ်လာသည်။ ဒြပ်စင်ငါးခုစွမ်းအင်များလည်း မီးခိုးအချက်ပြကဲ့သို့ တက်လာသည်။

“ဟမ် .. ဒီနေရာက တော်တော်လေး ထူးဆန်းတယ် .. အားလုံး သင်္ဘောပေါ်က ဆင်းကြ .. ဒီနားပတ်လည်မှာ မီးတောင်တွေ လိုက်ရှာကြ … မီးခိုးလိုမျိုး ဒြပ်စင်ငါးခုစွမ်းအင်တွေက မီးတောင်ဝကနေ ထွက်လာတာ”

အမှန်တကယ်တွင် အလည်၌ရှိနေသည့် မီးတောင်မှာ တောင်ဘုရင်ဟု ပြော၍ရသည်။ ဤသည်မှာ အလွန်ခမ်းနားလှပြီး သူ ထုတ်လွှတ်သည့်စွမ်းအင်တွင် ရေ၊ မီးနှင့် သစ်သားစွမ်းအင်များလည်း ပါဝင်သည်။

“ဒါက ဒြပ်စင်ငါးခုမျိုးစေ့ရှိနေတဲ့နေရာလို့တော့ မပြောနဲ့နော်..” အားလုံး ထိတ်လန့်သွားရသည်။ ကိစ္စများမှာ အလွန်ချောမွေ့လွန်းနေသည်။

“မင်းတို့အားလုံး ကိုယ့်အခွင့်အရေးကို ကိုယ် သွားရှာကြ” ဒုတိယအကြီးအကဲပြောလိုက်သည်။ သူနှင့် အခြားအကြီးအကဲများလည်း ရှာဖွေနေကြသည်။

အားလုံး လှုပ်ရှားလိုက်၏။ ရှီဟောင်လည်း ချင်းယီလက်ကိုဆွဲကာ ကြီးမားသည့် ပန်ငှက်အဖြစ်သို့ ပြောင်းလဲလိုက်ကာ အတောင်ပံများကို ဖြန့်ကျက်ပြီး အလယ်တွင်ရှိနေသည့်တောင်သို့ သွားလိုက်သည်။ သူတို့သည် ထိုတောင်ပေါ်သို့ တက်နိုင်သည့် ပထမဆုံးလူပင်။

သို့သော်လည်း ထိုအချိန်တွင် ဖော်ပြ၍မရနိုင်သည့် အပြင်ဘက်လေဟာနယ်မှ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

ထို့နောက် ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်သွားသည်။ ရှီဟောင် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ထာဝရစွမ်းအင်ရစ်သိုင်းထားသည့် ရှေးဟောင်းသင်္ဘောကြီးတစ်စင်းကို တွေ့လိုက်ရသည်။ ထိုသင်္ဘောသည် မီးတောင်အလယ်သို့ ဦးတည်လာနေလေ၏။

ရှီဟောင် ချင်းယီကိုခေါ်ကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ သူ ဤထူးဆန်းသည့် စစ်သင်္ဘောကြီးနှင့် မတိုက်မိချင်ပေ။

“ဒါက .. ရှေးဟာင်းသင်္ဘောကြီးပဲ .. သူ့မှာ ဘာလို့ ထာဝရစွမ်းအင်တွေ ရှိနေတာလဲ..” လူများစွာ ထိတ်လန့်သွားရသည်။

အကြီးအကဲများသည် ဤရှေးဟောင်းသင်္ဘောကြီးအား တွေ့လိုက်ရသည့်အချိန်တွင် သူတို့အားလုံး၏အမူအရာ ပြောင်းလဲသွားကြသည်။

သင်္ဘောကြီးရောက်လာသည်နှင့် အဆုံးမရှိသည့် နတ်ခွန်အားများ ထွက်ပေါ်လာသောကြောင့် အားလုံး ကြောက်ရွံ့သွားကြရသည်။

အပိုင်း ၁၃၉၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၇ – သည်းခံနိုင်မှုကို ကျော်လွန်ခြင်း

ရွှီး..

ကြေးမြှားတစ်ချောင်း ကောင်းကင်ကို ထိုးဖောက်လာလေသည်။ ထိုမြှားမှာ ရှေးကျကာ အရိုင်းဆန်သည့်အော်ရာရှိနေသလို ရပ်တန့်၍မရနိုင်သည့်ခွန်အားတစ်မျိုးလည်း ရှိနေသည်ပင်။ ထိုမြှားသည် သူ့မျက်စိရှေ့ကို ဖြတ်သွားလေ၏။

ရှီဟောင် စိတ်တိုနေရသည်။ သူသည် ခွန်ပန်အဖြစ်သို့ ပြောင်းလဲထားသော်လည်း သူ့ကို တစ်စုံတစ်ယောက်က ငှက်အဖြစ်သတ်မှတ်ကာ အမဲလိုက်ချင်နေသည်။

တစ်ချိန်တည်းမှာပင် ရောက်လာသည့်သူမှာ အလွန်မောက်မာကြောင်းလည်း သူသိလိုက်ရသည်။ သူသည် ခွန်ပန်ကိုပင် သတ်ရဲသည်။ သူ၏ခန္ဓာကိုယ်အစစ်ကို မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ ဤသည်မှာ သည်းမခံနိုင်သည့်ကိစ္စပင်။

ဤလူများသည် သူ့ကို မြင်သည်နှင့် စတင်ပစ်ခတ်နေခြင်းပင်။

ဝုန်း..

ရှီဟောင် အတောင်ပံများကို ခတ်ပစ်လိုက်ပြီး စွမ်းအားကြီးလှသည့်လေပြင်းများကို ပြုလုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ် ကျုံ့လာကာ ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ထိုကြေးမြှားကို ရှောင်လိုက်သည်။

ဒုန်း..

သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် မီးတောင်ကြီးသည် ထိုမြှားနှင့်ထိသွားကာ ချက်ချင်းပေါက်ကွဲသွားပြီး ချော်ရည်များထွက်လာသည်။ ထို့နောက် အရာအားလုံးမှာ ထိုမြှား၏စွမ်းအားကြောင့် ကန့်သတ်ခံလိုက်ရပြီး ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ထိုမြှား၏စွမ်းအားမှာ အတော်လေးကြီးမားလှသောကြောင့် အားလုံးထိတ်လန့်သွားရသည်။

သိထားရမည်မှာ ဤနေရာက သာမန်နေရာ မဟုတ်ပေ။ ဒြပ်စင်ငါးခုဝိညာဉ်စွမ်းအားများဖြင့် ကာကွယ်ထားခြင်းခံထားရသည့် ဒြပ်စင်ငါးခုတိုက်ကြီးပင်။ တောင်များနှင့် လျှိုမြောင်များမှာ မာကျောလှပြီး နတ်ရတနာများနှင့် နှိုင်းယှဉ်၍ ရသည်။

ယခု ရောက်နေသည့်နေရာမှာ ပို၍ပင် ထူးခြားသေးသည်။ မီးတောင်တစ်ခုချင်းစီတွင် စွမ်းအားကြီးသည့်နတ်သင်္ကေတများရှိနေပြီး အလွန်မာကျောလှသည်။

ဤသည်မှာ သာမန်အတိုင်းပစ်လိုက်သည့် မြှားတစ်ချောင်းသာဖြစ်သော်လည်း ဤနေရာတွင်ရှိနေသည့် နတ်တောင်တစ်လုံး ပျက်စီးသွားလေပြီ။

“ဟမ် .. အဲဒီအမွေးတွေနဲ့ကောင်က ကျင့်ကြံဆင့်တစ်ခုခုရှိနေတယ် .. င့ါမြှားကိုတောင် ရှောင်နိုင်တယ် ”
ထိုရှေးဟောင်းသင်္ဘောပေါ်မှ အံ့အားသင့်သည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။

သင်္ဘောကြီးမှာ အလွန်ကြီးမားလှပြီး မှုန်ဝါးဝါးလေးဖြစ်နေသည်။ ဤသည်မှာ လောကကြီးဖြစ်တည်လာကတည်းက ရှိနေသည့် အဖိုးတန်ထာဝရသင်္ဘောကြီးကဲ့သို့ ထာဝရမြူများ ရစ်သိုင်းနေသည်။

သင်္ဘောကိုယ်ထည်ပေါ်တွင် ဓားရာများနှင့် မြှားအပေါက်များပင် ရှိနေသေးသည်။ ယခုမှ ရှေးဟောင်းနယ်မြေတစ်ခုမှ ထွက်လာသကဲ့သို့ ကြေးစိမ်းရောင်များပင် ရှိနေလေသည်။

စစ်သင်္ဘောပေါ်တွင် လူငယ်အချို့ ရှိနေသည်။ အားလုံး၏ ပုံပန်းသွင်ပြင်မှာ ခမ်းနားလှပြီး အကြည့်များလည်း စူးရှလှသည်။ သူတို့၏ခန္ဓာကိုယ်ကို ထာဝရစွမ်းအင်များ ဖုံးလွှမ်းနေသည်ပင်။

သူတို့ထံတွင် ထာဝရတာအိုစွမ်းအင်ရှိသော်လည်း အလွန်လွှမ်းမိုးနိုင်စွမ်း ရှိကြသည်။ သူတို့သည် မှန်လုံအိမ်ထဲတွင် ကြီးပြင်းလာသည့် ပန်းပွင့်လေးများမဟုတ်ပဲ သွေးများ၊ မီးတောက်များကိုကြုံတွေ့ဖူးကြသည့် လူငယ်ကျွမ်းကျင်သူများမှန်း သိသာလှသည်။

လူငယ်တစ်ယောက်မှာ အပြာနုရောင် သတ္တုချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ကျောထက်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နေသည့် စစ်လှံတံတစ်ခု ရှိနေသည်။ သူ၏လက်ထဲတွင် လေးတစ်ချောင်းရှိနေပြီး ကျည်ထောက်ထဲမှ မြှားတစ်ချောင်း ထပ်ထုတ်လိုက်ကာ လေးပြန်တင်နေသည်။

ထိုလူ၏ဦးခေါင်းထက်ရှိ ခရမ်းရောင်ဆံပင်များမှာ ရှည်လျားကာ ထူထဲလှပြီး ခါးထိဝဲကျနေသည်။ သူ၏မျက်လုံးများမှာလည်း ရွှေရောင်ကြယ်နှစ်လုံးကဲ့သို့ပင်။ မျက်ဆံများမှာလည်း ဓားစွန်းကဲ့သို့ တောက်ပနေသည်။

သူ၏မျက်နှာသည် ပန်းပုထုထားသကဲ့သို့ပင်။
” ဒါကို ယူလိုက်..” သူ၏လေးကို နောက်တစ်ကြိမ်ဆွဲတင်လိုက်ကာ အော်ဟစ်လိုက်လေသည်။

“မင်း သေချင်နေတာလား..” ရှီဟောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤလူသည် ပထမမြှားဖြင့် ရပ်တန့်မသွားပဲ မြှားကို တစ်ချောင်းပြီးတစ်ချောင်း ထပ်ပစ်လာသည်။ သူ့အား ကစားပွဲကဲ့သို့ သဘောထားကာ သတ်ချင်နေခြင်းပင်။

သူ၏အော်ဟစ်သံမှာ မိုးခြိမ်းသံကဲ့သို့ပင်။ လေဟာနယ်ကြီးပင် ပေါက်ကွဲသွားပြီး အက်ကွဲသံများပင် ကြားလိုက်ရလေသည်။

သို့သော် ရှီဟောင်၏အော်ဟစ်သံမှာ သူတို့အား ရပ်တန့်မသွားစေပေ။ ထိုအစား အားလုံးက လေးကြိုးကို တင်လိုက်ကြလေသည်။ မြှားသည် သက်တံ့ကဲ့သို့ပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထိုးဖောက်သွားလေ၏။

ရွှီး ရွှီး ရွှီး..

ယခုတစ်ကြိမ်တွင် ရှီဟောင် ရှောင်လိုက်သည်နှင့် သူ့အနားတွင် ရွှေရောင်အတောင်ပံများပေါ်လာကာ နတ်မြှားများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အားပစ်လိုက်သည့်သူထံသို့ ဦးတည်သွားလေ၏။

ထိုဘက်မှ ပစ်လိုက်သည့်မြှားမှာမူ မီးတောင်ငါးလုံးကို ဆက်တိုက်ပေါက်ကွဲသွားစေသည်။ ဤတောင်အားလုံးမှာ သင်္ကေတများဖြင့် ကာကွယ်ထားခြင်းဖြစ်သော်လည်း ပေါက်ကွဲသွားဆဲပင်။

“အရှိန်က အရမ်းမြန်တာပဲ .. သူ့မှာ ခွန်ပန်ရဲ့အရှိန်ရှိနေတယ်” ရှေးဟောင်းသင်္ဘောပေါ်မှလူများမှာ ဤသည်ကို သိပ်အရေးမလုပ်ပဲ သူတို့အချင်းချင်း ဆွေးနွေးနေကြလေသည်။ သို့သော်လည်း မြှားပစ်လိုက်သည့်လူ၏မျက်နှာမှာ လေးနက်သွားပြီး သူ့မျက်နှာထက်မှ အပြုံးလည်း ပျောက်ကွယ်သွားလေပြီ။

သူ၏ခန္ဓာကိုယ်ပေါ်မှ အပြာရောင်ချပ်ဝတ်တန်ဆာ တောက်ပလာပြီး သူ့အား ကာကွယ်ပေးလာသည်။ ထို့အပြင် သူသည် လေးကို သိမ်းလိုက်ကာ သူ၏လက်ထဲမှ ကောင်းကင်လှံတံဖြင့် ထိုနတ်မြှားများကို ရိုက်ထုတ်လိုက်သည်။

ချွမ်း..

မီးပွားများ လွင့်စင်လာကာ အလင်းများလည်း ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်သည် လူသားပုံစံသို့ ပြန်ပြောင်းလိုက်ပြီး ချင်းယီနှင့်အတူ မီးတောက်ပေါ်သို့ ဆင်းလိုက်သည်။ သူ့အနားတွင် ဒြပ်စင်ငါးခု စွမ်းအင်များ ဝန်းရံနေသည်။ ရှီဟောင် တစ်ဖက်လူအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ဝူတိုင်ရဲ့ နတ်မြှားကိုတောင် ရပ်တန့်နိုင်တယ်ဆိုတော့ မရိုးရှင်းဘူးပဲ..”

“ဝိုး .. တော်တော်လေးလှတဲ့ မိန်းကလေးကိုတောင် သယ်ထားသေးတယ် .. ဟမ် .. မဟုတ်ဘူး ငါပြောတာမှားသွားတယ် .. နိုင်ငံတွေကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်တဲ့ ရှားပါးတဲ့အလှလေးကို သယ်ထားတာ .. ဟား ဟား..”

ဤလူများမှာ နောင်တမရပေ။ သူတို့သည် အစောပိုင်းက တစ်ဖက်လူအား မြှားဖြင့် ပစ်လိုက်ပြီး ယခု လူရမ်းကားကဲ့သို့ စနောက်နေကြသည်။ အောက်ဘက်မှ လူနှစ်ယောက်ကို စူးစူးရဲရဲစိုက်ကြည့်နေကြသည်ပင်။

“မင်းတို့က ဘယ်သူတွေလဲ.. မင်းတို့ ဘာလို့ လေးကို လျှောက်ပစ်နေတာလဲ..” ရှီဟောင် တည်တင်းစွာ ပြောလိုက်သည်။

သူတို့သည် သာမန်မဟုတ်မှန်း ကြည့်လိုက်ရုံဖြင့် သိသော်လည်း ရှီဟောင် ပြောလိုက်သည်။

“ဝိုး လူငယ်လေး .. မင်း လိမ်လိမ်မာမာနဲ့ ကိုယ်တာဝန်ကိုယ်ကျေအောင် လုပ်ရင်ပိုကောင်းလိမ့်မယ်လို့ ငါအကြံပေးလိုက်မယ် .. မင်းက ငါတို့ကို ရန်စနေတာလား .. မင်း တကယ်လည်း အသတ်မခံရပဲနဲ့ ဘာတွေ ရေးကြီးခွင်ကျယ် လာလုပ်နေတာလဲ..” သူတို့ထဲမှတစ်ယောက် အော်ဟစ်လိုက်သည်။

“ကောင်မလေး .. မင်းက တော်တော်လေးလှတာပဲ .. မင်း ဘာလို့ သူ့ဘေးမှာ နေနေသေးတာလဲ .. ငါတို့ ထာဝရသင်္ဘောကြီးဆီ မြန်မြန်လာခဲ့လိုက် .. ဒီမှာ ထာဝရတာအိုအခွင့်အရေးတွေ အများကြီးရှိတယ်”

ဤလူများသည် သူတို့အား လေးစားခြင်းမရှိပဲ လှောင်ရယ်နေကြသည်။

ရှီဟောင်၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားရ၏။ သူ့ကို မြှားဖြင့်ပစ်လိုက်ပြီး သူ မသေသွားသော်လည်း ဤကဲ့သို့ ပြုမူရဲသေးသည်။ ထို့အပြင် သူ့ဘေးတွင်ရှိနေသည့် အမျိုးသမီးလက်တွဲဖော်ကိုလည်း လှောင်ပြောင်နေသေးသည်။ ဤသည်မှာ သူ့အား မျက်စိထဲ မထည့်ထားခြင်းပင်။

ယခုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ အခြားသူများလည်း ဆွံ့အနေကြသည်။ ဒီကျွမ်းကျင်သူအုပ်စုက ဘယ်ကရောက်လာတာလဲ .. သူတို့က ဟွမ်ကိုတောင် ဒီလိုမျိုး အထင်သေးရဲတာလား..

တစ်ချိန်တည်းမှာပင် သူတို့ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုသင်္ဘောကြီးသည် ထာဝရစွမ်းအင်ဝန်းရံထားပြီး ထူးခြားလှသည်ပင်။

ရှီဟောင်သည် စကားထပ်မပြောတော့ပဲ သူ၏လေးကို ထုတ်ကာ ပြန်ပစ်လိုက်သည်။ နတ်မြှားတစ်ချောင်းသည် သင်္ဘောအား ဒုန်းကနဲ ထိသွားတော့သည်။

“ဟမ် .. တော်တော်လေးကို သတ္တိရှိနေတာပဲ .. ငါတို့ကိုတောင် ပြန်ပစ်ရဲတယ်..”

ယခုတစ်ခေါက်တွင်တော့ ထိုသင်္ဘောပေါ်မှ လူများသည် မြှားပြန်မပစ်ပဲ မန္တန်များ ရွတ်ဆိုလာကြသည်။ ထို့နောက် သင်္ဘောကြီးတောက်ပလာကာ အလင်းအတားအဆီးတစ်ခု ထွက်ပေါ်လာပြီး ထိုနတ်မြှားကို တားဆီးလိုက်သည်။

ရွှီးဟူသည့်အသံနှင့်အတူ နတ်မြှားမှာ ပြာဖြစ်သွားလေ၏။

“ဘယ်သူက င့ါသင်္ဘောကြီးကို လာတိုက်နေတာလဲ..”

သင်္ဘောထဲမှာ အလွန်အသက်ကြီးနေသည့် အသံတစ်သံ ထွက်ပေါ်လာလေသည်။ ရှီဟောင်၏မြှားမှာ သူတို့သင်္ဘောကြီး၏ ခုခံမှုစနစ်များကို အသက်ဝင်စေလိုက်သောကြောင့် သင်္ဘောပေါ်တွင် ရှိနေသည့်သူများ အနှောက်အယှက် ဖြစ်သွားကြသည်။

“အကြီးအကဲကို အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ် .. ဘာမှမဟုတ်တဲ့ လူရိုင်းလေးတစ်ကောင်ပါပဲ” လူငယ်လေးတစ်ယောက်မှ ပြောလိုက်သည်။

ယခုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများလည်း ရှီဟောင်နားသို့ ရောက်လာကြသည်။ သူတို့အားလုံးသည် ထာဝရစွမ်းအင်များ စီးဆင်းနေသည့် သင်္ဘောကြီးကိုကြည့်ကာ အမူအရာများလည်း လေးနက်နေသည်။

သင်္ဘောကြီးကို သေချာကြည့်ပြီးသည်နှင့် စတုတ္ထအကြီးအကဲ ပါးစပ်ဟလာကာ ” ဒီက ထာဝရကျောင်းက တာအိုရောင်းရင်းတွေများလား..”

မီးတောင်အနားတွင်ရှိနေသည့် ကျောင်းသားအားလုံး ထိတ်လန့်သွားရသည်။ ဒီရှေးဟောင်းစစ်သင်္ဘောကြီးက ထာဝရတာအိုကျောင်းကလား .. ဒါက သူတို့နောင်ကျရင် သွားရမယ့်ကျောင်း မဟုတ်ဘူးလား..

အလေးအမြတ်ကျောင်းနှင့် ထာဝရကျောင်းမှာ လောကမှ သီးသန့်ခွဲထွက်နေသည့် ကျောင်းများပင်။ သူတို့တပည့်များမှာ ပေါ်လာခဲလှသည်။ ယခုတလောမှသာ ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားအသစ်များကို ခေါ်ယူနေခြင်းပင်။

အချို့လူများ ရှီဟောင်ကို ကြည့်လာကြသည်။ သူတို့ယခုမှ တွေ့ဆုံကြရခြင်းဖြစ်သော်လည်း ဟွမ်သည် ထာဝရကျောင်းမှ ကျွမ်းကျင်သူအချို့အား ရန်စမိသွားလေပြီ။ ဤသည်မှာ သူ့အပြစ်မဟုတ်သော်လည်း ဖြစ်တာက ဖြစ်ပြီးသွားပြီပင်။

စစ်သင်္ဘောပေါ်မှ တံခါးပိတ်ထားသည့် အခန်းတစ်ခန်း ပွင့်လာကာ အကြီးအကဲအချို့ ထွက်လာကြသည်။ ဤလူများသည် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများထက်ပင် ပို၍အသက်ကြီးနေသည်ပင်။ ဆံပင်မွေးနှင့် မုတ်ဆိတ်မွေးများမှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး အချို့သူများမှာ ဆံပင်များပင် မရှိတော့။

ဤလူများမှာ အလွန်အသက်ကြီးနေပြီဖြစ်သော်လည်း သူတို့၏ဝိညာဉ်များမှာမူ ကျန်းမာသန်စွမ်းနေဆဲပင်။ သူတို့၏မျက်လုံးများမှာ ရွှေရောင်မီးအိမ်ကဲ့သို့ တောက်ပနေသည်။ သူတို့ခန္ဓာကိုယ်တွင် အံ့အားသင့်စရာကောင်းလှသည့် အသက်အော်ရာများရှိနေလေသည်။

ထို့အပြင် ဤသည်မှာ သူတို့အော်ရာများကို ကန့်သတ်ထားသည်။ သူတို့စွမ်းအင်လှိုင်းများကိုသာ တကယ်ထုတ်လိုက်ပါက လူငယ်များအားလုံး သွေးအန်သွားလိမ့်မည်။

ဤအကြီးအကဲများထဲတွင် ဒုတိယအကြီးအကဲထက် အားနည်းသည့်သူများ မပါ။

“လက်စသပ်တော့ ကောင်းကင်နတ်ဘုရားကျောင်းက တာအိုရောင်းရင်းတွေကိုး .. ကျုပ်တို့ ခင်ဗျားတို့ဆီကို လာလည်မလို့ပဲ .. ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး” ဆံပင်ဖြူနှင့် အကြီးအကဲသည် သိပ်ရှေးမကျသည့် လေသံဖြင့်ပြောလိုက်သည်။ အနည်းဆုံးတော့ သူ့ထံတွင် ဆံပင်များရှိနေဆဲဖြစ်သည့်အပြင် ဆံပင်များမှာ ထူလည်းထူသေးသည်။ သူ၏အသားအရေမှာမူ အတော်လေးကောင်းမွန်လှသည်ပင်။

“နားလည်မှုလွဲတာပါ .. ကျွန်တော်တို့အားလုံး တစ်ဖွဲ့တည်းပါပဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ စတုတ္ထအကြီးအကဲမှ ပြောလိုက်သည်။

သူတို့ကျောင်းများသည် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ရဦးမည်ဖြစ်ပြီး ကောင်းကင်နတ်ဘုရားကျောင်းမှ ထူးချွန်သည့်သူများကို ရွေးကာ ခေါ်သွားကြမည်ပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများမှာ အနည်းငယ် မပျော်မရွှင်ဖြစ်နေကြသော်လည်း သူတို့ဘာမှမတတ်နိုင်ပေ။

“ဘယ်သူက မငယ်ဖူးလို့လဲ .. အရင်တုန်းက ငါတို့တွေလည်း ဒီလိုမျိုးပဲ မဟုတ်ဘူးလား .. လူငယ်တွေကြားက တိုက်ခိုက်မှုက မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး” ထာဝရကျောင်း၏ အကြီးအကဲတစ်ယောက်မှ ပြုံး၍ ပြောလိုက်သည်။

ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို မကောင်းဆိုဝါးအိုကြီးများ မသိဘူးဆိုသည်မှာ မဖြစ်နိုင်။ ဤသို့ဖြစ်နိုင်ရန် သူတို့ တမင်သက်သက်ခွင့်ပြုထားခြင်းပင်။

ရှီဟောင် အလွန်မကျေမနပ်ဖြစ်သွားရ၏။ မည်သို့ပင်ဖြစ်စေ သူသည် အကြောင်းရင်းမရှိပဲ တစ်ဖက်လူ၏ ပစ်ခတ်ခြင်းကို ခံလိုက်ရသည်။ ဤသည်ကို ဘာမှမဖြစ်သလို ကျော်သွားပေးရလောက်အောင်ထိ သူသဘောထားမကြီးပေ။ သူ၏အမူအရာမှာ သိပ်ကောင်းမနေတော့ပေ။

“မင်းက အဲဒီလောက်မဆိုးပါဘူး .. နည်းနည်းလေး ထပ်ကြိုးစားလိုက်ရင် ငါတို့ရဲ့ ဂျူနီယာညီလေးဖြစ်လာနိုင်တယ်” ထိုလူငယ်လေးများသည် မတောင်းပန်သည့်အပြင် လှောင်ရယ်နေကြသည်။

ထိုအချိန်တွင် သင်္ဘောထဲမှ လူငယ်တစ်ချို့ ထွက်လာကြသည်။ အားလုံးမှာ ထူးချွန်သည့်သူများပင်။ အချို့မှာ သူရဲကောင်းဆန်သည့် လူငယ်လေးများဖြစ်ပြီး အချို့မှာ လှပသည့် မိန်းမပျိုလေးများပင်။

“မင်း အဲဒီမိန်းကလေးကို ခေါ်လာပြီးတော့ ငါတို့နဲ့ သင်္ဘောပေါ်မှာ စကားလာပြောပါလား .. ငါတို့နဲ့ ရင်းရင်းနှီးနှီးနေကြတာပေါ့..” မြှားပစ်လိုက်သည့် လူငယ်လေးမှ ပြောလိုက်သည်။ ဘယ်လိုပင်ကြည့်ကြည့် ဤသည်မှာ ဖိတ်ခေါ်ခြင်းမဟုတ်ပဲ သူ့အား ချင်းယီကို လာပို့ပေးရန် ပြောခြင်းဖြစ်ကြောင်း သိသာလှသည်။

“ခင်ဗျား ကိုယ့်ကိုကိုယ် ဘယ်သူလို့ ထင်နေတာလဲ .. ကျုပ်ကို ဘာလုပ်ပါလို့ ပြောရလောက်အောင် ခင်ဗျားမှာ အရည်အချင်းရှိတယ်လို့ ထင်နေတာလား .. ထာဝရကျောင်းက တပည့်တွေက တကယ်ကို တစ်ခုခုပဲ .. ခင်ဗျား သင်္ဘောပေါ်က ဆင်းလာတာနဲ့ ကျုပ်ခင်ဗျားရဲ့ အရိုးတွေကို ချိုးပစ်ပြီး ကြွက်သားတွေကို စုတ်ဖြဲပစ်မယ်..”
ရှီဟောင် ပြင်းထန်စွာပင် ပြန်ပြောလိုက်သည်။

အပိုင်း ၁၃၉၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၈ – တိုက်ရိုက် ဖော်ပြခြင်း

ဤသည်မှာ သူ၏ပုံရိပ်နှင့် သက်ဆိုင်သည်သာမက သူ၏ ပင်ကိုယ်စရိုက်ကိုလည်း ဖော်ပြလိုက်ခြင်းပင်။ သူ၏တာအိုနှလုံးသားသည် ကန့်သတ်ခံထားရခြင်းမရှိသလို စွမ်းအားကြီးသည့်သူများနှင့် ရင်ဆိုင်ရလျှင်လည်း ကြောက်ရွံ့နေမည်မဟုတ်။

အချို့ကိစ္စများကို သူ သည်းခံနိုင်သော်လည်း အချို့ရန်စမှုများကိုတော့ သူ ထိပ်တိုက်ရင်ဆိုင်ရမည်။ တကယ်တမ်းပြဿနာဖြစ်လာလျှင် ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ အရမ်းဘက်လိုက်လိမ့်မည်ဟု သူ မထင်။

ဤလူများမှာ သူအား ခက်ခဲအောင် ဆက်တိုက်လုပ်နေသောကြောင့် သူသာ နောက်ဆုတ်လိုက်လျှင် သူ၏ပြိုင်ဘက်ကင်းသည်ဟူသည့် ဂုဏ်သတင်းကို ဘယ်နားသွားထားရမည်နည်း.. သူတို့သည်လည်း ကျောင်းသားများပင်ဖြစ်သောကြောင့် သူက ဘာကို ကြောက်နေရမည်နည်း..

သို့သော်လည်း အားလုံးအမြင်တွင် ဤသည်မှာ ကိစ္စသေးသေးလေး မဟုတ်ပေ။ သူသည် ထာဝရကျောင်းမှ တပည့်များကို ဤကဲ့သို့ စိန်ခေါ်လိုက်သောကြောင့် သူတို့အားလုံး ရှီဟောင်အား ငေးကြောင်ကြည့်နေကြလေသည်။

အထူးသဖြင့် ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများမှာ ပို၍ရှုပ်ထွေးသွားကြသည်။ သူတို့သည် ရှေးဟောင်းနည်းလမ်းများကို ကျင့်ကြံကြသောကြောင့် အကောင်းဆုံးလူများမှာ ထာဝရကျောင်းသို့ သွားရမည်ပင်။ သူတို့ကျောင်းထဲပင် မဝင်ရသေး ဤလူများမှာ ရန်စနေလေပြီ။

“မင်း င့ါကို ပြောနေတာလား..” ဝူတိုင် ကောင်းကင်လှံတံကို သူ၏ကျောထက်သို့ ပြန်ထားလိုက်ပြီး လေးကို ပြန်ကိုင်ထားလိုက်သည်။ သူသည် သင်္ဘောပေါ်တွင် မတ်တပ်ရပ်ကာ အောက်ဘက်သို့ ခေါင်းငုံ့ကြည့်နေခြင်းပင်။

လေထုမှာ ချက်ချင်းပင် တင်းမာသွားသည်။

“ဒီလူငယ်လေးက တကယ်ကို ကိုယ့်နေရာကိုကိုယ် မသိဘူးပဲ .. မင်း တကယ်သေသွားတာလည်း မဟုတ်ဘူး .. မင်း အဲဒီမှာ ကောင်းကောင်းရပ်နေတုန်းပဲ မဟုတ်ဘူးလား .. မင်းက ဘာလို့ အဲဒီလောက်တောင် စိတ်ပျက်နေတာလဲ..” သူတို့ထဲမှ တစ်ယောက် ထူးမခြားနားစွာပင် ပြောလိုက်သည်။

ရွှီး..

ရှီဟောင်လက်မြှောက်လိုက်သည်နှင့် သူ့လက်ထဲတွင် ရွှေရောင်စစ်လှံတံတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ လျှပ်စီးဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး တောက်ပနေသည်ပင်။ သူ၏လက်ကို ခါလိုက်သည်နှင့် စစ်လှံတံသည် အထက်ဘက်သို့ ဦးတည်ပြီးသားဖြစ်သွားသည်။

ရှီဟောင် ခါးကိုလှည့်လိုက်ပြီး ထိုရွှေရောင်စစ်လှံတံကို ပစ်လွှတ်လိုက်သည်နှင့် လှံတံသည် ကြယ်မြစ်တစ်စင်းကဲ့သို့ တောက်ပစွာ လွင့်ပျံထွက်သွားသည်။

ထိုလှံတံ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် ဝူတိုင်နှင့် အခြားသူများထံသို့ ဦးတည်သွားနေခြင်းပင်။ သူ၏အော်ရာမှာ အံ့အားသင့်စရာကောင်းလှပြီး လျှပ်စီးများလည်း ထွက်ပေါ်နေသည်။

“ရဲတင်းလွန်းတယ်..”

သူတို့ထဲမှ တစ်ယောက် အော်ဟစ်လိုက်သည်။ ထို့နောက် အဖိုးတန်ပန်းအိုးအား ထုတ်လာလေသည်။ ထိုပန်းအိုးမှ နီရဲနေသည့်အလင်းများထွက်နေသည်။ ပန်းအိုးနှင့် လှံတံထိသွားသည်နှင့် သင်္ကေတများစွာ ထွက်ပေါ်လာပြီး ဆူညံသံများလည်း ဆက်တိုက်ပင် ထွက်ပေါ်လာသည်။

ဝူတိုင်လည်း ဤလျှပ်စီးလှံတံကို တားဆီးရန်အတွက် နောက်ထပ်မြှားတစ်စင်း ပစ်လွှတ်လိုက်လေသည်။

အားလုံး ငြိမ်သက်သွားသည့်အချိန်တွင် ဤလူများ၏ အမူအရာများ မကောင်းတော့ပေ။
” ငါတို့ကို ဒီလိုမျိုးတိုက်ခိုက်နေတာ .. မင်းက သေချင်နေတာလား..”

“လူရိုင်းကောင် .. တစ်ခြားလူရဲ့ ကြင်နာမှုကို ဘယ်လိုမျိုး ကျေးဇူးတင်ရမလဲဆိုတာ မင်း မသိဘူးလား .. မင်းကိုယ်မင်း တော်တယ်ထင်လို့ ငါတို့ရှေ့မှာ ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း လာလုပ်နေတာလား …။ ” ဝူတိုင် ဆူပူလိုက်သည်။

“ခင်ဗျားတို့အားလုံး အရှက်ရသွားလို့လား .. ကျုပ်က ခင်ဗျားတို့လုပ်တဲ့အတိုင်း ပြန်လုပ်ရုံပဲ .. အခုလေးတင် ခင်ဗျားတို့ ကျုပ်ကို ငှက်တစ်ကောင် အမဲလိုက်သလို ဆက်ဆံခဲ့တာလေ..”ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“မင်းလိုမျိုးလူက ငါတို့နဲ့အဆင့်တူတယ်လို့ ထင်နေတာလား..” ဝူတိုင်၏အော်သံကြောင့် သူ့စကားစ ပြတ်သွားရ၏။

“ကျပ်မပြည့်တဲ့ကောင် .. ခင်ဗျားကိုယ်ခင်ဗျား ထူးခြားတဲ့လူလို့ ထင်နေတာလား .. ခင်ဗျားလက်မခံနိုင်ရင် ဒီကို ဆင်းလာခဲ့လိုက်လေ .. ခင်ဗျားအရိုးတွေကျိုးသွားတဲ့အထိ ရိုက်ပေးမယ်လို့ ကျုပ်ပြောပြီးသား .. ဒီစကားက ကျုပ် အလှပြောတာ မဟုတ်ဘူး..”
ရှီဟောင် သူ့အား လက်ညှိုးထိုး၍ ပြောလိုက်သည်။

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားဖြစ်စေ ထာဝရကျောင်းမှ ကျောင်းသားဖြစ်စေ အားလုံး ထိတ်လန့်သွားကြသည်ပင်။ ဟွမ်သည် တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသွားလေပြီ။

ဝမ်ရှီး၊ လုထော်နှင့် အခြားသူများမှာမူ ရှီဟောင် တိုက်ခိုက်မည့်အချိန်ကို စောင့်နေကြလေ၏။ ထာဝရကျောင်းမှလူများနှင့် တစ်ပွဲတစ်လမ်းဖြစ်ရန် မျှော်လင့်နေကြလေသည်။

ချင်ယီမှာမူ အတော်လေး စိတ်ပူနေသည်။ ဤလူများမှာ ထာဝရကျောင်းမှ တပည့်များပင်။ သူသည် ထိုကျောင်းထဲသို့ မဝင်ရသေးသော်လည်း ထိုလူများကို ရန်ပြုမိသွားလေပြီ။ အကျိုးဆက်များမှာ စဉ်းစားကြည့်ရန်ပင် ခက်ခဲလိမ့်မည်။

ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများမှာမူ ဘာမှမပြောသေးပဲ မျက်မှောင်ကြုတ်ကာ အခြေအနေအား လေ့လာနေကြသည်။

“ဒီလူက ဘယ်သူလဲ .. အရမ်းကို ငါ စွဲစွဲနေတာပဲ .. ကျွန်မတို့ကို ဒီလိုမျိုးရန်စနေရအောင် ရှင့်မှာ ဘာအရည်အချင်းရှိလို့လဲ…” ထိုသင်္ဘောပေါ်မှ မိန်းမပျိုလေးတစ်ဦး တီးတိုးပြောလိုက်သည်။

“ငါတို့ ထာဝရကျောင်းရဲ့ ဂုဏ်သတင်းတွေကို လက်မခံနိုင်ဖြစ်နေပြီးတော့ ဒီတိုက်ပွဲကနေ နာမည်လိုချင်နေလို့ နေမှာပေါ့” လူငယ်တစ်ယောက်မှ ပြောလိုက်၏။

“ငါတို့ ထာဝရကျောင်းမှာ ဘယ်သူမှ မရှိဘူးလို့ ထင်နေတာလား .. သူက ငါတို့ကိုတောင် လာပြီးတော့ စိန်ခေါ်ရဲတယ် .. ဝူတိုင် .. အောက်ဆင်းသွားပြီး သူနဲ့တိုက်လိုက် .. မင်းနိုင်မှာ သေချာတယ်..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ပြောလိုက်သည်။

ဤအဖြစ်အပျက်ကို သိနေသည့်သူများကလည်း သက်ပြင်းချကာ ပြောလာကြသည်ပင်။
“ဟူး .. ဒီတစ်ခေါက်က ဝူတိုင်တို့အုပ်စု တစ်ဖက်လူကို အရင်ရန်စလိုက်တာ .. သူပြန်တိုက်တာကို အပြစ်တင်လို့တော့ မရဘူး”

“ဝူတိုင် .. မင်းမှာ မိုးပြာရောင် ချပ်ဝတ်တန်ဆာရှိနေတာပဲ .. အဲဒီတော့ ဒီလူကို အနိုင်ရဖို့က ပြဿနာမရှိလောက်ဘူး .. သူ့ကို သင်ခန်းစာပေးလိုက်..” ထိုလူများထဲမှ တစ်ယောက် ပြောလိုက်၏။

ဝူတိုင် ခေါင်းညိမ့်လိုက်၏။ သူ၏မျက်နှာမှာ အေးစက်မာကျောနေသည်ပင်။ သူ၏ခရမ်းရောင်ဆံပင်က လေထဲလွင့်နေကာ သူ၏မျက်ဆံထဲတွင် ကြက်ခြေခတ်ပုံစံရွှေရောင်ကြယ်များပေါ်လာသည်။ သူသည် ကျောထက်တွင် လှံတံကို လွယ်ထားပြီး လက်ထဲတွင် လေးကိုင်ကာ သင်္ဘောပေါ်မှ ချက်ချင်းခုန်ဆင်းလာလေသည်။

“ဒီမှာ လက်လွတ်စပယ် ပြောနေရလောက်အောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ .. ငါမင်းကို ပြောပြလိုက်မယ် .. ထာဝရကျောင်းရဲ့ ဂုဏ်သိက္ခာဆိုတာက လမ်းဘေးက ခွေးတွေကြောင်တွေ စော်ကားလို့ရတဲ့အရာမဟုတ်ဘူး..” ဝူတိုင် အော်ဟစ်လိုက်၏။

“မင်းလိုမျိုး ခွေးချေးကတောင်မှ ထာဝရကျောင်းကို ကိုယ်စားပြုတာလား..” ရှီဟောင် ထိုစကားသာ ပြောလိုက်ပြီးနောက် ဝူတိုင်ထံသို့ ခုန်ထွက်သွားလိုက်သည်။

ရွှီး..

ဝူတိုင်၏ မျက်လုံးထဲရှိ ကြက်ခြေခတ်ပုံစံရွှေရောင်ကြယ်များမှ အံ့အားသင့်စရာကောင်းလောက်သည့် အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့အပြင် သူသည် ရှီဟောင်ထံသို့ မြှားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်နေသေးသည်။

ထို့အပြင် ယခုတစ်ခေါက်တွင် သူသည် အားကုန်သုံးနေသောကြောင့် သူ၏နတ်မြှားများမှာ တဝူးဝူးဖြင့်ပင် ကောင်းကင်ကြီးကို ထိုးဖောက်သွားလေ၏။

ရှီဟောင် သတိလက်လွတ်မနေရဲပေ။ အဘယ်ကြောင့်ဆိုသော် ယခုပစ်လွှတ်လိုက်သည့် မြှားများမှာ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ ပြုလုပ်ထားခြင်းမဟုတ်ပေ။

“ဝူတိုင် သူ့ကိုသတ်.. ဒီလိုမျိုးအရူးနဲ့ ရင်ဆိုင်ရရင် ဖိနှိပ်ပစ်ဖို့ တစ်နည်းပဲရှိတယ်..” သူ၏အဖော်များ သူ့အား အော်ဟစ်အားပေးနေကြလေသည်။

“သူ့ကို နတ်မြှားတွေနဲ့ ပစ်လိုက် .. သူ့ခန္ဓာကိုယ်ကို တစ်ချက်တည်း ပစ်လိုက်..” ထိုအော်ဟစ်သံများမှာ မိုးခြိမ်းသံများကဲ့သို့ပင်။

ရှီဟောင် ခွန်ပန်အဖြစ်သို့ ပြောင်းလဲလိုက်၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ကောင်းကင်ကြီးကို ဖုံးလွှမ်းပစ်သည့် အရွယ်အစားမဟုတ်ပဲ တစ်ကျန်းခန့်သာရှိသည်။ သူသည် လေထဲတွင် လှည့်ပတ်ပြီး ဝူတိုင်ထံသို့ ချဉ်းကပ်သွားလိုက်သည်။

ဝူး..

လက်သည်းများသည် ကောင်းကင်ကြီးကို ဆွဲဆုတ်ပစ်ကာ ဤနေရာကို ချက်ချင်းပေါက်ကွဲသွားအောင် လုပ်ပစ်လိုက်လေသည်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဤကဲ့သို့သော အရှိန်၊ ဤကဲ့သို့သော နည်းလမ်းများမှာ စွမ်းအားကြီးလှသည်။ သာမန်လူများ ဘယ်လိုလုပ် ဤသည်ကို ထိပ်တိုက်ရင်ဆိုင်နိုင်မည်နည်း..

သူ၏လက်ထဲတွင်ရှိနေသည့် ဂိုဏ်းခေါင်းဆောင်အဆင့် လက်နက်များကြောင့်သာမဟုတ်ပါက သူ ဒုက္ခတွေ့နေလောက်လေပြီ။

“မင်းက အမွေးနဲ့အကောင် ပြန်ဖြစ်သွားပြီဆိုတော့ ငါက မင်းရည်ရွယ်ချက်ကို ပြီးမြောက်အောင် လုပ်ပေးရတာပေါ့ .. လေးညှို့ကို ဆွဲပြီးတော့ ပန်ကိုပစ်မယ်..” ဝူတိုင်၏အမူအရာမှာ အေးစက်နေသည်။ သူသည် ကြေးမြှားမဟုတ်ပဲ နီရဲနေသည့်မြှားတစ်စင်းကို ထုတ်လိုက်သည်။

“ပစ်မယ်..” သူ ကျယ်လောင်စွာ အော်ဟစ်ကာ လေးကြိုးကို လွှတ်လိုက်သည်။ ထိုလေးမှာ နတ်ဆိုးစွမ်းအားများ ပိုင်ဆိုင်ထားသကဲ့သို့ပင်။ အနီရောင်အလင်းများလည်း စီးဆင်းလာသည်ပင်။

ထိုမြှားထက်တွင် သင်္ကေတမျိုးစုံကို ထွင်းထုထားသည်ပင်။

“ဝိညာဉ်ဖမ်းချုပ်ခြင်း နတ်မြှား..” ကောင်းကင်နတ်ဘုရားကျောင်းမှ တစ်စုံတစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤသည်မှာ ကြီးမြတ်သည့်သူတစ်ဦးမှ ပြုလုပ်ခဲ့သည့်မြှားပင်။ ဤမြှားကို ပစ်လိုက်သည့်သူမှာ မြှားထဲတွင် သူ၏စိတ်ဆန္ဒအနည်းငယ်ကို ထည့်နိုင်ပြီး တစ်ဖက်လူ၏ မူလဝိညာဉ်ကို ပစ်မှတ်ထားနိုင်သည်။ ဤမြှားသည် သူ၏ပစ်မှတ်ကို မထိမချင်း ရပ်တန့်မည်မဟုတ်။

ဝုန်း..

ရှီဟောင် ခွန်ပန်အဖြစ် ပြောင်းလိုက်ပြီး ထိုမြှားကို ရှောင်ရှားလိုက်သည်။ သူသည် ကောင်းကင်ကို ထိုးဖောက်နေသည်မှာ အကြိမ်များစွာ ရှိနေလေပြီ။ သူ၏အရှိန်မှာ လျှပ်စီးကဲ့သို့ လျင်မြန်လှသောကြောင့် အားလုံး သူ၏လှုပ်ရှားမှုများကိုပင် လိုက်မကြည့်နိုင်တော့။

“မြန်မြန်ရှောင်..” ရှေးဟောင်းသင်္ဘောပေါ်မှ လူအချို့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မြန်လွန်းတယ် .. အဲဒီခွန်ပန်က မင်းရှေ့ရောက်နေပြီ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ သတိပေးလိုက်သည်။

ဝူတိုင်မှာ သာမန်လူမဟုတ်ပေ။ သူ၏တုံ့ပြန်မှုများမှာ အတော်လေး လျင်မြန်လှသည်။ သူသည် မြှားပစ်မနေတော့ပဲ သူ၏လက်ထဲတွင်ရှိနေသည့် လေးကို ပစ်လွှတ်လိုက်သည်။ ထိုလေးမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ကြီးကို လွှမ်းခြုံသွားသည်။

ရွှီး..

ရှီဟောင်သည် သူ၏ပြိုင်ဘက်ကို ထိုးနှက်ခြင်းမရှိပဲ ထိုသူဘေးမှ ဖြတ်သွားလေသည်။

ဝူတိုင်၏မျက်လုံးများ အေးစက်နေလေပြီ။ ထိုလေးသည် လေကိုခွင်းကာ သူ့လက်ထဲသို့ ပြန်ရောက်လာ၏။ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ဝုန်းကနဲ လေဟာနယ်ကြီး ပေါက်ကွဲသွားကာ သူ့နားများပင် အူသွားရသည်။ ခွန်ပန် နောက်တစ်ကြိမ် ပြန်ပေါ်လာ၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင် သင်္ကေတများမှာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်ပင်။

ရှီဟောင်၏နောက်တွင် အနီရောင်မြှားတစ်စင်း လိုက်နေဆဲဖြစ်သော်လည်း သူထိုမြှားကို အလေးထားမနေပေ။ သူ ဝူတိုင်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားအောင် လုပ်နိုင်သည်နှင့် ထိုမြှားလည်း ပျက်စီးသွားလိမ့်မည်။

ဒုန်း..

လေးရှည်မှ ကျယ်လောင်သည့်အသံထွက်ပေါ်လာသည်။ ဝူတိုင်သည် ထိုလေးကို ဝေ့ရမ်းကာ ရှီဟောင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းပင်။

ထိုအချိန်တွင် ခွန်ပန်၏ ထက်ရှသည့် လက်သည်းများမှာ အကြိမ်တစ်ထောင်ကျော် တိုက်ခိုက်လာသည်။ ထိုလက်သည်းချက်များအားလုံးမှာ ထိုလေးပေါ်သို့ ကျရောက်သွားခြင်းပင်။

ဝူတိုင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါနေပြီး သူ၏အသားအရေလည်း နီရဲလာသည်။

အမှန်တကယ်တွင် ဤသည်မှာ တိုက်ခိုက်မှု ပထမလှိုင်းသာရှိသေးသည်။ သူက ယန် အဖိုးတန်ပညာများကိုသာ အသုံးပြုရသေး၏။ ထို့နောက် ယင်စွမ်းအင်များ ထွက်ပေါ်လာကာ ငါးနက်ကြီးတစ်ကောင်နှင့်အတူ အနက်ရောင်ပင်လယ်ကြီး ထွက်ပေါ်လာသည်။ ထိုပင်လယ်ကြီးသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားကာ ဝူတိုင်၏ခန္ဓာကိုယ်ကို ပိတ်ထားလိုက်သည်။ ဤသည်မှာ သူ၏အရှိန်အား လျော့ကျသွားစေသည်ပင်။

ဖုန်း..

ဝူတိုင်သည် သူ၏အပြာရောင်ချပ်ဝတ်တန်ဆာကို အားကိုးလိုက်ပြီး လျှို့ဝှက်ပညာတစ်ခုကို အသက်သွင်းလိုက်သည်။ ထို့နောက် ဤတိုက်ခိုက်မှုများကို တားဆီးရန်အတွက် ရေပြာရောင် အလင်းအတားအဆီးတစ်ခု ထွက်ပေါ်လာလေသည်။

သို့သော်လည်း နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်က လွင့်ထွက်သွားရသည်ပင်။

ဤသည်မှာ ရှီဟောင်၏ ခွန်ပန်ပြောင်းလဲခြင်း နတ်အတောင်ပံများကြောင့်ပင်။

“ဒီလူက တော်တော်အားကောင်းတာပဲ .. သူက ဒီအဆင့်တောင် ရောက်နေပြီ။ သူက လျှို့ဝှက်နက်နဲတဲ့ ခွန်ပန်ပညာကို အားလုံးရသွားပြီ .. ယင်နဲ့ယန်စွမ်းအားတွေက တစ်ခုနဲ့တစ်ခု အားဖြည့်နေတာ .. သူ နောက်တစ်ဆင့် တက်ခါနီးနေပြီ .. ဒါက ရှေးဟောင်းကောင်းကင်ပညာနဲ့ ယှဉ်လို့ရနေပြီ..” တစ်စုံတစ်ယောက်မှ အံ့အားသင့်စွာ ပြောလိုက်သည်။

ရှီဟောင် နတ်ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏အတောင်ပံတစ်ဖက်တွင် ရွှေရောင်အလင်းတောက်ပနေပြီး အခြားတစ်ဖက်မှာ မင်ကဲ့သို့ မည်းနက်နေလေသည်။ သူ၏အတောင်ပံနှစ်ဖက်ကို ရိုက်ခတ်လိုက်သည်နှင့် ယင်နှင့်ယန်စွမ်းအင်များက လေထဲ၌ ပျံ့နှံ့လာသည်။

ဝုန်း..

အခြားရိုက်ချက်တစ်ခု ကျရောက်လာသည်။ ဝူတိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲတွင်ရှိနေသည့် လေးရှည်လည်း လွင့်ထွက်သွားသည်။ အပြာရောင်ချပ်ဝတ်တန်ဆာမှ ပြုလုပ်ထားသည့် အလင်းအတားအဆီးလည်း လွင့်ပြယ်သွားလေပြီ။ သူသည်ပါးစပ်မှ သွေးအန်သွားကာ ခန္ဓာကိုယ်လည်း မီးတောင်နှင့် ဝင်တိုက်သွားသည်။

ရှီဟောင်၏အရှိန်မှာ သူ၏လွင့်ထွက်သည့်အရှိန်ထက် ပိုမြန်နေသည်။ သူသည် လူသားပုံစံအဖြစ်သို့ ပြောင်းလဲလိုက်ပြီး အတောင်ပံများနှင့်အတူ ထိုးဆင်းသွားလေ၏။

ဖုန်း..

ရှီဟောင် ဝူတိုင်၏ ရင်ဘတ်ကို တက်နင်းလိုက်ကာ သူ့အား မီးတောင်ဝထဲသို့ နင်းချလိုက်သည်။ ပလုံဟူသည့်အသံနှင့်အတူ ချော်ရည်များ လွင့်စင်လာလေ၏။

အပိုင်း ၁၃၉၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၉ – အောင်မြင်မှု အနည်းငယ် ရရှိပြီးနောက် ရိုင်းစိုင်းလာခြင်း

အနီရောင်ချော်ရည်များ လွင့်စင်လာကာ မြေကြီးကိုပင် နီရဲသွားအောင် လုပ်လိုက်လေ၏။ အချို့နေရာများတွင် မြေကြီးများသည် ချော်ရည်အဖြစ်သို့ ပြောင်းလဲသွားပြီး တကျီကျီအသံဖြင့် စီးဆင်းသွားလေ၏။

ဤမီးတောင်ဝထဲတွင် နတ်သင်္ကေတများနှင့်အတူ နတ်စွမ်းအားများရှိနေသောကြောင့် ဤသည်မှာ လျှော့တွက်၍ရသည့်နေရာ မဟုတ်ပေ။

ရှီဟောင်သည် ဝူတုန်၏ ရင်ဘတ်ကို နင်းကာ မီးတောင်တွင်းဝမှ ဆင်းလာပြီး နီရဲနေသည့်အရည်ထဲသို့ ရောက်သွားသည်။ သူ၏ခန္ဓာကိုယ် အလွန်စွမ်းအားကြီးနေသောကြောင့်သာ။ မဟုတ်ပါက သူအရိုးဖြူဖြူလေးအဖြစ် ပြောင်းလဲသွားလောက်လေပြီ။
ဝူတိုင် သူ၏ခြေလက်များကို လှုပ်ရှားကာ ရုန်းကန်နေသောကြောင့် ချော်ရည်ပူများမှာ နေရာအနှံ့သို့ လွင့်စင်သွားသည်။ မီးတောင်ချော်ရည်အတွင်းသို့ ခြေထောက်တစ်ဖက်ဖြင့် တက်နင်းကာ နစ်ချခံနေရသည်မှာ အရှက်ကွဲခြင်းတစ်မျိုးပင်။

ရှီဟောင်၏ ညာခြေထောက်လှုပ်ရှားသွားကာ ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာ၏။ ဤသည်မှာ ယင်နှင့်ယန်စွမ်းအားကို ပေါင်းစပ်ထားခြင်းပင်။

ဝူတိုင် သူ၏ရင်ဘတ်မှ အရိုးများကျိုးသွားသကဲ့သို့ ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရကာ ပါးစပ်မှ သွေးများအန်ထွက်လာသည်။ ထိုသွေးများမှာ ချော်ရည်များနှင့် ရောသွားသောကြောင့် ဘယ်ဟာက သွေး ဘယ်ဟာက ချော်ရည်မှန်းတောင် မသိရတော့။

သို့သော်လည်း တစ်မျိုးမှာ နွေးပြီး ညှီနံ့နံနေသော်လည်း တစ်မျိုးမှာ ပူပြင်းလှပြီး လူတစ်ယောက်ကိုပင် ပြာဖြစ်သွားအောင် လုပ်နိုင်သည်ပင်။

ဝူတိုင်ကဲ့သို့ စွမ်းအားကြီးသည့်သူပင် ချော်ရည်ထဲ၌ ရုန်းကန်နေရသည်။ ဤချော်ရည်နီများတွင် သတ်ဖြတ်လိုသည့်စွမ်းအင်များပါဝင်နေပြီး ဓားကဲ့သို့ပင် သူ့အားထိုးနေသည်။

ဝုန်း..

ဝူတိုင်၏ဆံပင်ရှည်များလည်း ထောင်ထနေလေပြီ။ သူ၏ရုန်းကန်မှုကြောင့် ချော်ရည်များသည် မီးတောင်ပေါက်သကဲ့သို့ ကျန်းပေါင်း ရာပေါင်းများစွာ လွင့်စင်သွားသည်ပင်။

ရှီဟောင်သည် ဝူတုန်၏ရင်ဘတ်ပေါ်၌ ရပ်နေဆဲပင်။ သူ၏ခြေထောက်မှ စွမ်းအားသည် သူ့ပြိုင်ဘက်၏ အသက်ဓာတ်အား ဖျက်ဆီးနေသည်ပင်။

အား..

ဝူတိုင် အော်ဟစ်လိုက်သည်နှင့် သူ့ပါးစပ်ထဲသို့ ချော်ရည်များ ဝင်လာကာ အလွန်နာကျင်သွားရသည်။ သို့သော်လည်း အရှက်ရမှုက ပိုသည်။ သူသည် မည်သူနည်း.. ထာဝရကျောင်း၏ အတွင်းတပည့်တစ်ယောက်ဖြစ်ပြီး မကောင်းဆိုးဝါးအိုကြီးများကိုယ်တိုင် သင်ကြားပေးနေသည့် တောက်ပသည့်တပည့်တစ်ယောက်ပင်။ သို့သော်လည်း သူသည် ယခုတော့ တောင်ထဲ၌ အနင်းခံနေရသည်။

ဝုန်း..

ပုစဉ်းရင်ကွဲကောင်၏ အတောင်ပံများဖြည်းညှင်းစွာ လှုပ်ခတ်သွားသကဲ့သို့ အပြာရောင်အလင်းများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ အထူးသဖြင့် အနီရောင်ချော်ရည်ထဲသို့ အပြာရောင်အလင်းများ ဝင်ရောက်သွားကာ အရာအားလုံးကို မှုန်မှိုင်းသွားစေသည်။

ဒုန်း..

ကောင်းကင်ထက်သို့ လှိုင်းလုံးကြီးများ ကြွတက်လာကာ ဝူတုန် နောက်ဆုံးတော့ ရှီဟောင် ခြေထောက်အောက်မှ လွတ်မြောက်သွားလေပြီ။ သူသည် ဒေါသထွက်နေသည့် နတ်ဆိုးဘုရားကဲ့သို့ပင်။ သူ၏ဆံပင်များ ရှုပ်ပွနေပြီး သူ၏မျက်လုံးထဲမှ ရွှေရောင်ကြက်ခြေခတ်မှာ ပို၍စူးရှလာသည်။

“အဲဒါက အပြာရောင်ချပ်ဝတ်တန်ဆာပဲ..” တိုက်ပွဲကို ကြည့်နေကြသည့်သူများမှာ ဝမ်းသာသွားကြလေသည်။

“အခြေအနေတွေ ပြန်ပြောင်းသွားမယ်ဆိုတာ ငါ သိတယ် .. ဝူတိုင်က ဘယ်လိုလုပ် လွယ်လွယ်ရှုံးနိုင်မှာလဲ..” တစ်စုံတစ်ယောက်မှ ရယ်မော၍ ပြောလိုက်သည်။

“လူရိုင်းကောင်က အတော်လေး အားကောင်းတယ်ဆိုပေမယ့် ဘယ်လိုလုပ် ငါ့ရဲ့ထာဝရကျောင်းကို ယှဉ်နိုင်မှာလဲ .. နောက်ဆုံးကျရင် သူ ဖိနှိပ်ခံရမှာပဲ .. ဘယ်သူမှ ငါတို့ ထာဝရကျောင်းကို မစိန်ခေါ်နိုင်ဘူး..” တစ်စုံတစ်ယောက်သည် ဆက်တိုက်ပင် ခနဲ့နေလေသည်။

ရှီဟောင်မှာ တည်ငြိမ်နေဆဲပင်။ သူသည် မီးတောင်ထက်တွင် ရပ်နေပြီး လေမတိုက်သော်လည်း သူ့ဆံပင်များမှာ အလိုလိုလွင့်နေသည်။ သူ၏ကျောထက်တွင် ခွန်ပန်အတောင်ပံတစ်စုံရှိနေပြီး ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်နေသည်။

အခြားတစ်ဖက်တွင်ရှိနေသည့် ဝူတိုင်သည် လေဟာနယ်ထဲတွင် ရပ်နေကာ သူ၏ခန္ဓာကိုယ်မှ ချော်ရည်များ စီးကျနေသည်။ သူ၏အမူအရာမှာ အေးခဲနေပြီး မျက်လုံးများလည်း စူးရှလှသည်။ သူသည် တကယ်ကို စိတ်တိုနေခြင်းပင်။

“မင်း င့ါရင်ဘတ်ပေါ် နင်းရဲတယ်ပေါ့..”
သူ့နောက်ကျောမှ အနက်ရောင်ကောင်းကင်လှံတံကို ဖြုတ်ကာ ရှီဟောင်အား ညွှန်လိုက်သည်။

ရှီဟောင်၏မျက်နှာအမူအရာလည်း ထူးမခြားနားပင်။ “အဲဒီတော့ဘာဖြစ်လဲ .. ခင်ဗျားရဲ့ အရိုးတွေကျိုးတဲ့အထိ ရိုက်ပစ်မယ်လို့ ခင်ဗျားကို ပြောခဲ့ပြီးသားပဲ .. ခင်ဗျားကိုခင်ဗျား ထူးခြားတဲ့သူလို့ ထင်နေတာလား..”

ဝုန်း..

ဝူတိုင် သူ၏လက်ထဲတွင်ရှိသည့် စစ်လှံတံကို လွှဲရမ်းလိုက်သည်နှင့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာက ကောင်းကင်နှင့်ကမ္ဘာမြေကြီး နှစ်ပိုင်းကွဲသွားသည်။

ဤသည်မှာ ကြမ်းတမ်းလွန်းလှသည်။

အောက်ဘက်တွင်ရှိနေသည့် မီးတောင်သည် နှစ်ပိုင်းကွဲသွားကာ ချော်ရည်ပူများ လွင့်စင်ထွက်လာသည်။

ကောင်းကင်ကြီးမှာမူ ပို၍ပင် ကြောက်စရာကောင်းသေးသည်။ သတ်ဖြတ်လိုသည့်စွမ်းအင် ဖြတ်သွားသည့်နေရာမှ အရာအားလုံး ပျက်စီးသွားသည်ပင်။

ဤတိုက်ပွဲကို ကြည့်နေကြသည့်သူများမှာ သူတို့နှလုံးခုန်သံများကို ပြန်ကြားနေရပြီး အရေပြားများလည်း အေးစက်သွားသည်။ ရှီဟောင်နောက်တွင်ရှိနေသည့် သူများအားလုံး ထိုစွမ်းအင်လှိုင်းထဲ ပါသွားမည်စိုးသောကြောင့် ရှောင်ထွက်သွားကြသည်။

ရှီဟောင်၏ခန္ဓာကိုယ်သည် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းသွားလေ၏။ ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းမှာ အချိန်အတော်ကြာသည်မထိ ပြန်ပိတ်သွားခြင်းမရှိပေ။

“နည်းနည်းထူးဆန်းတယ် .. ခင်ဗျားလိုလူမျိုးတောင် ဒီလိုမျိုး စွမ်းအားရှိနေတာလား..” ရှီဟောင် အနည်းငယ် အံ့အားသင့်သွားသော်လည်း တည်ငြိမ်နေဆဲပင်။

ဝူတန်၏မျက်နှာထက်တွင် အနက်ရောင်သင်္ကေတများ ဖုံးလွှမ်းသွားသည်။ အချို့မှာ ပညာများမှဖြစ်ပေါ်လာသည့် သင်္ကေတများဖြစ်ပြီး အချို့မှာ ဒေါသကြောင့်ပင်။ အခြားလူတစ်ယောက် သူ့အား ဤကဲ့သို့ အထင်သေးနေခြင်းမှာ ဤစွမ်းအားပမာဏကို သူ့မျက်စိထဲမထည့်ဘူးဟု ဆိုလိုခြင်းပင်။

“သွားသေလိုက်တော့..” သူ၏ကောင်းကင်လှံတံကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်ကာ ထိတ်လန့်စရာကောင်းသည့် လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်လာသည့် စွမ်းအားများကို စုစည်းလိုက်လေသည်။စွမ်းအားများကို စုစည်းလိုက်လေသည်။

“ဒါက တကယ်ပဲ အဲဒီချပ်ဝတ်တန်ဆာက ထွက်လာတဲ့ စွမ်းအားလား..” ရှီဟောင် ထိုချပ်ဝတ်တန်ဆာအား ကြည့်လိုက်သော်လည်း ထူးခြားသည့်အော်ရာကို မတွေ့ရ။

သို့သော်လည်း ထိုချပ်ဝတ်တန်ဆာမှာ အတော်လေးလှပနေသည်။ လှိုင်းလုံးများကဲ့သို့ အပြာရောင်အလင်းတောက်ပနေသည့်အပြင် ထာဝရပန်းပွင့်ကဲ့သို့သော ရောင်စုံအလင်းတန်းများကိုလည်း တစ်တန်းပြီးတစ်တန်း ထုတ်လွှတ်နေသည်။

ထိုချပ်ဝတ်တန်ဆာပေါ်တွင် အရာမျိုးစုံရှိနေပြီး အများစုမှာ ပန်းပွင့်ရာများပင်။ ဤသည်မှာ သတ္တုပင်မှ ပန်းပွင့်များ ပွင့်နေသကဲ့သို့ လှပလှသည်။

ဝုန်း..

ထင်ထားသည့်အတိုင်းပင်။ ယခုတစ်ကြိမ်တွင်တော့ ထိုလှံတံ၏စွမ်းအားမှာ ယခင်ကထက် ပို၍ ကြောက်စရာကောင်းသည်ပင်။ ထို့အပြင် အဆုံးမရှိသည့် သင်္ကေတများ ထွက်ပေါ်လာပြီး အားလုံးကို ဖုံးလွှမ်းသွားလေ၏။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။
ဒါက ချပ်ဝတ်တန်ဆာတစ်ခုပဲ မဟုတ်ဘူးလား .. ဘယ်လိုလုပ် အကြောင်းအရင်း မရှိပဲနဲ့ လူတစ်ယောက်ရဲ့ ခွန်အားကို တိုးစေနိုင်တာလဲ .. ရှီဟောင် ရှုပ်ထွေးသွားရသည်။

အမှန်တကယ်တွင် ဤချပ်ဝတ်တန်ဆာက ကာကွယ်ပေးနေသောကြောင့်သာ ရှီဟောင် သူ့ရင်ဘတ်အား တက်နင်းနေသည့်အချိန်၌ သူ သေဆုံးမသွားခြင်းပင်။ မဟုတ်ပါက သူ အသက်ရှင်နိုင်မည် မဟုတ်။

“သတ်..”

ဝူတိုင် အရှေ့ဘက်သို့ တရှိန်ထိုးပြေးလာသည်။ သူသည် ပို၍ပင် ရက်စက်ကြမ်းတမ်းလာသည်။ သူ၏လက်ထဲရှိ ကောင်းကင်လှံတံသည် လေဟာနယ်ကိုပင် ပြိုပျက်သွားစေသည်။

ရှီဟောင် ထိုလှံတံကို တားဆီးရန် ကြိုးစားမနေပဲ ဘေးမှနေ၍သာ ကြည့်လိုက်သည်။ သူသည် ကမ္ဘာမြေကို လက်မများအဖြစ် ပြောင်းလဲခြင်းနတ်စွမ်းရည်ကို အသုံးပြုကာ ထိုလှံတံအား ရှောင်ရှားလိုက်သည်။ ဘေးဘက်တွင်ကြည့်နေသည့်သူများသည် ဤနောက်ဆုတ်လိုက်ခြင်းအား အားနည်းသည့်အပြုအမူအဖြစ် သတ်မှတ်လိုက်ကြသည်ပင်။

ဝူတိုင်သည် နှာခေါင်းရှုံ့လိုက်ပြီးနောက် ရှီဟောင် သူ့အား မတိုက်ခိုက်ရဲဘူးဟု ခံစားလိုက်ရသည်။
” မင်းက ဒီထက်မပိုပါဘူး..” သူ အေးစက်စွာပင် ပြောလိုက်သည်။

ရွှီး..

သူလှံတံကို နောက်တစ်ကြိမ်လွှဲရမ်းလိုက်သည်နှင့် သူထံမှ ထာဝရစွမ်းအင်သုံးကြောင်းထွက်ပေါ်လာပြီး စူးရှသည့်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေသည်။ ထိုအလင်းတန်းများသည် ကောင်းကင်လှံတံကို ရစ်ပတ်သွားကာ ပို၍ပင် ကြောက်စရာကောင်းလာလေသည်။

ဝုန်း..

ဤလှံတံကြောင့် ကောင်းကင်နှင့်မြေကြီး အက်ကွဲသွားကာ ထာဝရမြူများလည်း ထွက်ပေါ်လာသောကြောင့် သူသည် ပြိုင်ဘက်ကင်းသည့် နတ်ဆိုးနတ်ဘုရားပုံစံ ဖြစ်နေသည်။

“ကြောက်စရာကောင်းလိုက်တာ .. သူက ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့ အဆင့်လွန်လူငယ်ပဲ .. အဲဒါကြောင့်မို့လို့ သူက အရမ်းစွမ်းအားကြီးနေတာ ..” ကောင်းကင်နတ်ဘုရားကျောင်းဘက်မှ လူများ သက်ပြင်းချလိုက်သည်။

သူတို့ သက်ပြင်းမချပဲ မနေနိုင်တော့။ သင်္ဘောပေါ်မှ ပထမဆုံးထွက်လာသည့်လူပင်လျှင် ဤမျှအထင်ကြီးစရာကောင်းနေသောကြောင့် သူ့ဘေးတွင်ရပ်နေခဲ့သည့် လူငယ်များလည်း သူ့ထက်တော့ အားနည်းမည်မဟုတ်။

“ကောင်းကင်လေးဘုရင်ဆီကနေ ငှားထားတဲ့ အပြာရောင်ချပ်ဝတ်တန်ဆာ ဖြစ်ထိုက်ပါပေတယ် .. ဒီချပ်ဝတ်တန်ဆာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကံကောင်းမှုတွေကို ယူထားတာ .. ဝူတိုင် သေချာပေါက် နိုင်လိမ့်မယ်..”
ထိုစစ်သင်္ဘောပေါ်တွင်ရှိနေသည့် လူများမှ တီးတိုးပြောလိုက်ကြသည်။

“အသေခံမလား .. အညံ့ခံမလား မင်းရွေးလို့ရတယ်..” ဝူတိုင် အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံး အပြာရောင်အလင်းများ တောက်ပလာကာ သူ၏ချပ်ဝတ်တန်ဆာမှ ပန်းပွင့်ဖတ်များ တစ်ခုပြီးတစ်ခု တောက်ပစွာ ထွက်ပေါ်လာသည်။ သူသည် ရှီဟောင်ထံသို့ တရှိန်ထိုးပင် ပြေးသွားလိုက်လေသည်။

“င့ါရဲ့ ထာဝရကျောင်းကို မင်းက ဘာထင်နေတာလဲ .. ငါတို့ကို စိန်ခေါ်ရဲတယ်ဆိုတော့ ငါတို့ကျောင်းကို စိန်ခေါ်ရလောက်အောင် မင်းမှာ အရည်အချင်းမရှိဘူးဆိုတာ ဒီနေ့့ မင်းကို သင်ခန်းစာ ပေးပေးမယ်” သူအော်ဟစ်လိုက်သည်။

“နည်းနည်းလေး အောင်မြင်မှု ရလိုက်တာနဲ့ ရိုင်းစိုင်းလာတော့တာပဲ .. ကျုပ် ခင်ဗျားကို မီးတောင်ထဲ နင်းထည့်လိုက်တဲ့ အတွေ့အကြုံကို မေ့သွားတာလား..” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။

“သတ်..”

ဝူတိုင်၏အမူအရာ အေးစက်သွားရသည်။ သူသည် ‘သတ်’ တစ်လုံးတည်းပြောပြီး ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ရှီဟောင် မရှောင်တော့ပေ။ ဤချပ်ဝတ်တန်ဆာ ထူးဆန်းသည်မှာ သေချာသွားပြီဖြစ်သောကြောင့် တစ်ဖက်လူကို အခွင့်အရေး ထပ်မပေးချင်တော့။ ထိုအစား သူ ဤအဖိုးတန်ချပ်ဝတ်တန်ဆာကို မြန်မြန်လုယူချင်နေလေပြီ။

ဝုန်း..

ထို့နောက် ရှီဟောင်၏ခန္ဓာကိုယ်မှ အဆုံးမရှိသည့်အလင်းများထွက်ပေါ်လာ၏။ ထိုအလင်းများမှာ လျှပ်စီးအလင်းတန်းများပင်။ ထိုလျှပ်စီးများသည် သူ၏အနောက်ဘက်တွင်ရှိနေသည့် ခွန်ပန်အတောင်ပံနှင့် ပေါင်းစည်းသွားလေသည်။

ရှီဟောင် အဖိုးတန်ပညာနှစ်ခုကို ပေါင်းသုံးနေခြင်းပင်။ သူ ပြင်းထန်စွာ စတင်တိုက်ခိုက်လေပြီ။

ဒုန်း..

ရှီဟောင် ထိုကောင်းကင်လှံတံကို လက်ဗလာဖြင့် ဖမ်းလိုက်သည်။ သူသည် လှံတံ၏ထိပ်ဖျားနှစ်ဘက်လုံးမှ ဓားသွားကို တင်းကြပ်စွာ ဆုတ်ကိုင်လိုက်ပြီး သူ့လက်လှည့်လိုက်သည်နှင့် ထိုလှံတံ ပုံပျက်သွားလေသည်။

ဒါက ဘယ်လိုစွမ်းအားမျိုးလဲ .. အားလုံး ထိတ်လန့်သွားရသည်။ လက်ဗလာဖြင့် နတ်လက်နက်၏ ဓားသွားကို ကိုင်နိုင်ခြင်းမှာ သူတို့အား ဆွံ့အသွားစေသည်ပင်။

ဤကောင်းကင်လှံတံမှာ မြင်တွေ့နိုင်ရန် ရှားပါးလှသည့် လျှို့ဝှက်ရတနာဖြစ်ပြီး ဝိညာဉ်တစ်ခု ရရှိပြီးသားပင်။ ယခု ဤလှံတံသည် ပြင်းထန်စွာ ရုန်းကန်နေသလို ဝူတိုင်၏အမူအရာလည်း ပြောင်းလဲသွားရသည်။ ရှီဟောင် ဤမျှထူးဆန်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် တကယ်ကို လက်ဗလာဖြင့် ကောင်းကင်လက်နက်၏ ထက်ရှလှသည့် ဓားသွားကို ရပ်တန့်လိုက်ခြင်းပင်။

“ဖောက်ထွက်မယ်..” ဝူတိုင် အော်ဟစ်လိုက်ကာ သူ၏ခွန်အားအကုန်လုံးကို အသက်သွင်းလိုက်သည်။ အပြာရောင်အလင်းတန်း ထွက်ပေါ်လာကာ သူ၏လက်မောင်းကို အားဖြည့်ပေးလာသည်။ ထာဝရစွမ်းအင်သုံးကြောင်းမှာ ပို၍ ကြောက်စရာကောင်းလာသည်ပင်။

ရှီဟောင်၏ မျက်လုံးများ အေးစက်လာသည်။ သူ၏လက်ကို အားစိုက်လိုက်ကာ ထိုနတ်ပစ္စည်းအား ခွပ်ခနဲ ချိုးပစ်လိုက်လေသည်။

ဒုန်း..

ကောင်းကင်လှံတံ၏ ဓားသွားအပိုင်းကို ချိုးပစ်ကာ မီးတောင်တစ်ခုထံသို့ ထိုးစိုက်စေလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ၏လက်ဝါးမှ လျှပ်စီးများ ရေတံခွန်ကဲ့သို့ စီးကျလာပြီး ဝူတိုင်၏ လှံတံထံသို့ စီးဆင်းသွားလေသည်။ ထိုလှံတံတစ်ခုလုံး သင်္ကေတများဖြင့် ဖုံးလွှမ်းသွားကာ လျှပ်စီး၏တိုက်ခိုက်မှုကို ခံလိုက်ရသည်။

အားလုံးမှာ တစ္ဆေတစ်ကောင်ကို မြင်နေရသကဲ့သို့ ဆွံ့အသွားရသည်။

ကာကွယ်သူမျိုးဆက် တုဂုယွမ်ပင် ဆွံ့အနေသည်။

ဝူတိုင်သည် ထာဝရစွမ်းအင်သုံးကြောင်းဖြင့် သူ့ကိုယ်သူ ကာကွယ်ထားပြီး အပြာရောင်ချပ်ဝတ်တန်ဆာဖြင့် ခုခံလိုက်သည်။ ထူးဆန်းသည့် သင်္ကေတပေါင်းစုံလည်း ထွက်ပေါ်လာသည်။

ဝုန်း..

ရှီဟောင်၏ ကျောဘက်တွင်ရှိနေသည့် ခွန်ပန်အတောင်ပံမှာ အလွန်ကြီးမားလာသည်။ လျှပ်စီးများနှင့် ပေါင်းစည်းသွားသည်နှင့် အတောင်ပံများသည် ကောင်းကင်ဓားသွားများကဲ့သို့ ဝူတိုင်၏ခန္ဓာကိုယ်ထံသို့ ရောက်လာသည်။

အပြာရောင်ချပ်ဝတ်တန်ဆာ တောက်ပလာကာ ဤကြောက်စရာကောင်းသည့်စွမ်းအားကို တားဆီးလိုက်သည်။ ဝူတိုင် သွေးအန်သွားကာ လွင့်ထွက်သွားလေ၏။

ချပ်ဝတ်တန်ဆာသာ မရှိပါက သူ့ခန္ဓာကိုယ် အပိုင်းပိုင်းဖြစ်သွားလောက်လေပြီ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. မင်းလည်း ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတာလား..” ဝူတိုင် အော်ဟစ်လိုက်သည်။

“ထာဝရစွမ်းအင်သုံးကြောင်းရှိတာက အဲဒီလောက် ထူးခြားနေလို့လား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူ့အနားတွင် ထူထဲလှသည့် ထာဝရစွမ်းအင်သုံးကြောင်း ဝန်းရံထားပြီး သူသည် ချောက်နက်ကြီးမှ တက်လာသည့် နဂါးအစစ်တစ်ကောင်ကဲ့သို့ပင်။

ခွပ်..

ရှီဟောင် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ကာ ခွန်ပန်ပညာနှင့် ပေါင်းစည်းလိုက်သည်။ ဤသည်မှာ အဖိုးတန်ပညာနှစ်ခု ပေါင်းစည်းခြင်းဖြစ်ပြီး ဤအရာကို တားဆီးနိုင်သည့်အရာ သိပ်မရှိ။

သူ၏လက်သီးချက်မှာ ဝူတိုင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာပြီး သူ၏အရိုးများ ကျိုးသွားသည်။ အပြာရောင်ချပ်ဝတ်တန်ဆာပင်လျှင် မတားနိုင်တော့။

အား..

ဝူတိုင် နာကျင်စွာ အော်ဟစ်လိုက်သည်။ ဤနာကျင်မှုမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။ တစ်ဖက်လူ၏ စွမ်းအားမှာ ထူးဆန်းလှသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် သင်္ကေတများ လှိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာပြီး လှိုက်စားနေသည်။

ဖုန်း..

ရှီဟောင် ခြေထောက်သည် စတီးပြားတစ်ခုကဲ့သို့ သူ့အား လွင့်ထွက်သွားအောင် ကန်လိုက်သည်။

ဝူတိုင်၏ခန္ဓာကိုယ်တစ်ခုလုံး ပုံပျက်နေလေပြီ။ ထိုကန်ချက်မှာ သူ၏တိုက်ခိုက်နိုင်သည့်ခွန်အား အားလုံးကို နှုတ်ယူလိုက်သလိုပင်။ အဘယ်ကြောင့်ဆိုသော် သူ၏အရိုးမှာ အနည်းဆုံး တစ်ဒါဇင်ခန့် ကျိုးသွားပြီဖြစ်ပြီး သူ၏မူလဝိညာဉ်ပင်လျှင် မတည်ငြိမ်နိုင်တော့။

ရှီဟောင် လက်မြှောက်လိုက်သည်နှင့် လျှပ်စီးများသည် လက်ကြီးတစ်ဖက်အဖြစ်သို့ စုစည်းသွားကာ ဝူတိုင်ကို ဖမ်းဆုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ခွန်ပန်လက်သည်းများပေါ်လာကာ သူ၏ချပ်ဝတ်တန်ဆာကို ဖယ်ရှားလိုက်သည်။

“မရဘူး .. ဒါက ကောင်းကင် လေးဘုရင်ရဲ့ ချပ်ဝတ်တန်ဆာ .. မင်း ဒါကို ထိလို့ မရဘူး..” ဝူတိုင်အော်ဟစ်လိုက်သည်။ သူ ယခု အတော်လေး တုန်လှုပ်နေလေပြီ။ ဤချပ်ဝတ်တန်ဆာကိုသာ ဆုံးရှုံးလိုက်ရပါက သူအသက်ရှင်နိုင်စရာ အကြောင်းမရှိတော့။

ရွှီး..

အပြာရောင်အလင်းတောက်ပလာပြီး ထိုချပ်ဝတ်တန်ဆာ သူ့ခန္ဓာကိုယ်မှ ကွာသွားသည်။

ထို့အပြင် ထိုအချိန်၌ ထူးဆန်းသည့်အရာတစ်ခုကို ရှီဟောင် သတိပြုမိသွားသည်။ ဝူတိုင်၏ခန္ဓာကိုယ်မှ ထာဝရစွမ်းအင်တစ်ကြောင်း ပျောက်သွားကာ နှစ်ကြောင်းသာ ကျန်တော့သည်။

“ဒီချပ်ဝတ်တန်ဆာက ဒီလောက်တောင် အံ့ဩဖို့ ကောင်းတာလား..” ရှီဟောင် ထိတ်လန့်သွားရသည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှ ထာဝရစွမ်းအင်သုံးကြောင်း လှည့်ပတ်လာကာ ဝူတိုင်ကို ပေါက်ကွဲသွားအောင် လုပ်လိုက်သည်။ ဖူးဟူသည့်အသံနှင့်အတူ ဝူတိုင်၏ခန္ဓာကိုယ်တစ်ဝက် ပျက်စီးသွားကာ မီးတောင်ထဲသို့ ကျသွားသည်။

ရှီဟောင် ထူးဆန်းသည့်အမူအရာဖြစ်သွားရ၏။ ဤလူမှာ အားနည်းလှသည်ပင်။ ဒီချပ်ဝတ်တန်ဆာကြောင့် ထာဝရစွမ်းအင်သုံးကြောင်းရှိနေတာလား..

ဝူတိုင်၏မျက်နှာမှာ ပြာမှုန့်များကဲ့သို့ ဖြူဖျော့နေလေပြီ။ အစက သူတွေးထားသည်မှာ ချပ်ဝတ်တန်ဆာ၏ ထာဝရစွမ်းအင်ကို အားကိုးကာ ဤလူအား ဖိနှိပ်နိုင်မည်ဟုပင်။ သို့သော်လည်း ဤလူရှေ့တွင် သူ ဂုဏ်ယူရသည့်အရာမှာ ဘာမှမဟုတ်သည်ကို တွေ့လိုက်ရသည်။ ဤလူထံတွင် ထာဝရစွမ်းအင်သုံးကြောင်း ရှိနေသည်ပင်။

ဖုန်း..

ရှီဟောင် နင်းချလိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်စစီပဲ့ထွက်နေသည်ဟု ဝူတိုင် ခံစားလိုက်ရသည်။ ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့် အဆင့်လွန်လူငယ်တစ်ယောက်၏ ခွန်အားကို သူ မခုခံနိုင်။

အပိုင်း ၁၃၉၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၀ – ရဲရင့်သည့် လူ

ထာဝရကျောင်းမှ လူများ ထိတ်လန့်တကြား အော်ဟစ်ကြသည်။ အထူးသဖြင့် ဝူတိုင်နှင့်အတူတူ ရပ်နေခဲ့ကြသည့် လူငယ်များပင်။
” ရပ်လိုက်..”

ဖုန်း..

ရှီဟောင် နင်းချလိုက်သည်နှင့် နတ်ဆိုးတောင်များပင် ပိပြားသွားလိမ့်မည်။ ဤစွမ်းအားကို ဝူတိုင် ဘယ်လိုလုပ် ခုခံနိုင်မည်နည်း။

ဖူး..

ထိုအချိန်တွင် ဝူတိုင်၏ခန္ဓာကိုယ်သည် တစ်လက်မစီ ပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားလေ၏။

သူ၏ဦးခေါင်းသာ ကျန်တော့သည်။ သူ၏နှုတ်ခမ်းမှာ ဟလိုက်ပိတ်လိုက်ဖြစ်နေသော်လည်း စကားလုံးတစ်လုံးပြောဖို့ပင် သူ့အတွက် ခက်ခဲနေလေပြီ။

ရှီဟောင် သူ့လက်ကို ပြန်ဆုတ်လိုက်၏။ ဝူတန်၏အသက်ကို မယူတော့။ မည်သို့ပင်ဖြစ်စေ မကောင်းဆိုးဝါးအိုကြီးများလည်း ရှိနေသောကြောင့် သူသာ ရက်ရက်စက်စက်လုပ်လိုက်လျှင် တားဆီးခံရမည်ပင်။

“ရိုင်းစိုင်းလိုက်တာ..”

ထာဝရကျောင်း၏ စစ်သင်္ဘောပေါ်မှထိုလူများ တုံ့ပြန်လာကြသည်။ ဝူတိုင်နှင့် ရင်းနှီးသူများသည် ရှီဟောင်အား လက်ညှိုးထိုးကာ ပြစ်တင်ဝေန်လာကြသည်။

“မင်းက ဒီလိုမျိုး လုပ်ရဲတယ်ပေါ့ .. အကြီးအကဲတွေရှေ့မှာ ငါတို့ကျောင်းက တပည့်တွေကို ဒဏ်ရာရအောင် လုပ်ရဲတာလား.. မင်းက ငါတို့ထာဝရကျောင်းကို အထင်သေးတာလား..”

“ဒီလူရိုင်းကောင်က ဘယ်ကနေ ရောက်လာတာလဲ .. ထာဝရကျောင်းရဲ့ ဂုဏ်သိက္ခာကိုတောင် လာစိန်ခေါ်နေတယ် .. ဝူတိုင်ကို ခေါင်းပဲကျန်တော့အောင် သတ်ပစ်လိုက်တာလား .. ငါတို့ဒါကို သည်းမခံနိုင်ဘူး..”

ထိုလူများအားလုံး ကျယ်လောင်စွာ အော်ဟစ်နေကြလေသည်။ သူတို့သည် ရာထူးကြီးသည့်သူတစ်ယောက်က လက်အောက်ငယ်သားကို အဆုံးအဖြတ်ပေးနေသကဲ့သို့ အော်ဟစ်နေကြခြင်းပင်။

“ဆူညံလိုက်တာ .. ခင်ဗျားတို့အားလုံး ဘာတွေ အော်ဟစ်နေကြတာလဲ .. အဓိပ္ပာယ်မရှိတာလေးတွေ လျှော့ပြော .. ခင်ဗျားတို့ လက်မခံနိုင်ရင် ကျုပ်ဆီကို လာခဲ့လိုက်..”

ဤကဲ့သို့သော ဆူပူအော်ဟစ်မှုကို ကြုံလိုက်ရသည့်အချိန်တွင် ရှီဟောင် ဤစကားသာ ပြောလိုက်သည်။ မည်သူမဆို သူ့ကို လာရောက်တိုက်ခိုက်နိုင်ကြောင်း ကြေငြာလိုက်သည်။

ကောင်းကင်နတ်ဘုရားကျောင်းမှလူများသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ ဟွမ်၏နည်းလမ်းများမှာ လျှို့ဝှက်နက်နဲလှပြီး သူ၏ပြိုင်ဘက်ဖြစ်နိုင်သည့်သူ ရှားပါးသည်ကို သိသော်လည်း ထာဝရကျောင်းမှ လူများနှင့် ရင်ဆိုင်သည့်အချိန်တွင် သူ ဤမျှရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ဤကျောင်းမှ လူများကို မျက်လုံးထဲ မထည့်ထားပေ။

သိထားရမည်မှာ ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များအားလုံးမှာ ထာဝရကျောင်းထဲသို့ ဝင်လိုကြသည်။ သူတို့အားလုံး အရွေးချယ်ခံလိုကြပြီး အချို့မှာ ပြင်ဆင်မှုများပင် လုပ်ပြီးသွားလေပြီ။ သူတို့သည် ထိုကျောင်းမှ တပည့်များနှင့် သူငယ်ချင်းလုပ်ရန် အစီအစဉ်များပင် ဆွဲပြီးသွားလေပြီ။

သို့သော်လည်း ဟွမ်သည် သူစိတ်ထင်သလိုလုပ်နေသည်။ စွမ်းအားကြီးသည့် ထာဝရကျောင်းမှတပည့်ကို ဖိနှိပ်ခဲ့သည်။

“မင်းက တော်တော်လေး ရဲတင်းတာပဲ .. ထာဝရကျောင်းက ကျွမ်းကျင်သူတွေကိုတောင် စိန်ခေါ်ရဲတာလား..”
ထိုလူများ မျက်နှာပြောင်းလဲသွားသည်။ သူတို့သည် သင်္ဘောပေါ်မှ စွမ်းအားအကြီးဆုံးတပည့်များကို တိုက်ခိုက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

မကောင်းဆိုးဝါးအိုကြီးမှာ ဘာမှဝင်မပြောပဲ ဘေးဘက်မှနေ၍ တိတ်တဆိတ်သာ ရပ်ကြည့်နေသည်။ အလင်းတန်းတစ်ခုသာ သူတို့မျက်လုံးထဲ ဖြတ်ပြေးသွားလေ၏။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးက
အကဲများလည်း ဘာမှဝင်မပြောပဲ ငြိမ်နေသည်ပင်။

“ခင်ဗျားတို့တွေ ဘာလို့အဓိပ္ပာယ်မရှိတာတွေပဲ လျှောက်ပြောနေတာလဲ .. စကားတွေအများကြီးပြောနေတာက ခင်ဗျားတို့ ယုံကြည့်ချက်မရှိ​တာ ပိုပြီးတော့ ပေါ်လွင်နေတာ မဟုတ်ဘူးလား .. ခင်ဗျားတို့ သတ္တိရှိရင် လာပြီးတိုက်လိုက် .. မဟုတ်ရင် ဆက်ဟောင်မနေနဲ့..” ရှီဟောင်လည်း ယဉ်ကျေးမနေပေ။ သူ၏စကားလုံးများမှာ စူးရှလှသည်ပင်။

“ကောင်းကင်နဲ့မြေကြီးရဲ့ အတိမ်အနက်ကို မသိတဲ့လူရိုင်းကောင်လေး .. ထာဝရကျောင်းမှာ မင်းကို ကိုင်တွယ်နိုင်တဲ့သူ တကယ်မရှိဘူးလို့ ထင်နေတာလား..” လူတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“အနည်းဆုံးတော့ ခင်ဗျားတို့အားလုံးက မနိုင်ဘူးလေ .. ခင်ဗျားတို့ ကြောက်လို့ ကျုပ်နဲ့ တစ်ယောက်တည်းမတိုက်ရဲဘူးဆိုရင် တစ်ခေါက်ကို လူ ၂ ယောက်၊ ၃ ယောက်လောက် လာခဲ့လိုက် .. ခင်ဗျားတို့ ကျုပ်ကို ဝိုင်းတိုက်ဖို့ ခွင့်ပြုပေးမယ်..” ရှီဟောင်ပြောလိုက်သည်။

“သူ့ကို ဦးချိုပစ်လိုက်..” ထိုလူများသည် တွေဝေမနေပဲ မှော်ပစ္စည်းမျိုးစုံ ထုတ်လာပြီး ရှီဟောင်အား ဖိနှိပ်လာသည်။

ထိုပစ္စည်းများအားလုံးမှာ တောက်ပကာ အလွန်စွမ်းအားကြီးလှသည့် လျှို့ဝှက်ရတနာများပင်။

ရှီဟောင်လက်မြှောက်လိုက်သည်နှင့် ခပ်ဝေးဝေး၌ရှိနေသည့် ကြေးရောင်မြှားတစ်ချောင်း သူ့လက်ထဲသို့ ရောက်လာသည်။ သူသည် လေးကြိုးကို ဆွဲလိုက်ပြီး ထိုမြှားကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။

ဝုန်း..

ကောင်းကင်ထက်မှ ပြင်းထန်လှသည့် ပေါက်ကွဲသံများထွက်ပေါ်လာပြီး အချို့မှော်ပစ္စည်းများ ပြောင်းပြန်လှန်သွားသည်။ အချို့လျှို့ဝှက်ရတနာများမှာ တစ်စစီဖြစ်သွားလေ၏။

“အစွမ်းအစ မရှိလိုက်တာ .. အောက်ဆင်းမလာရဲဘူးပေါ့ ဟုတ်လား .. သင်္ဘောပေါ်ကနေပဲ လက်နက်တွေ ပစ်ချရဲတာလား .. ထာဝရကျောင်းရဲ့ ဂုဏ်သတင်းကို တကယ်အရှက်ရစေတာပဲ..” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလှောင်ပြောင်လိုက်သည်။

“မင်းက ဘာလို့ အထိန်းအကွပ်မရှိ လုပ်ချင်တာတွေ လုပ်နေတာလဲ .. သွားသေလိုက်တော့..”

သင်္ဘောပေါ်မှ လူ ၂ ယောက် ခုန်ဆင်းလာကာ ရှီဟောင်အား တစ်ပြိုင်တည်း တိုက်ခိုက်လာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဤမျှလှောင်ပြောင်ခံနေပြီဖြစ်သောကြောင့် သူတို့သာ ဆက်ပြီး နောက်ဆုတ်နေလျှင် အလွန်အရှက်ရစရာကောင်းလိမ့်မည်။

သူတို့သည် ရှီဟောင်၏ပြိုင်ဘက်မဟုတ်မှန်း သိသော်လည်း သူတို့တိုက်ခိုက်နေဆဲပင်။ သူတို့ ပြင်းထန်စွာ ဒဏ်ရာရပြီး ရှုံးနိမ့်သွားလျှင်ပင် ဤသည်မှာ တစ်ဖက်လူ သူတို့အား အထင်သေးနေသည်ထက် အဆများစွာ ပိုကောင်းသေးသည်။

သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့်ထက် ပိုသည့် လျှို့ဝှက်ရတနာများကိုသုံးကာ ရှီဟောင်အား ခြိမ်းခြောက်နေခဲ့သော်လည်း သူ၏အလွန်လျင်မြန်လှသည့် အရှိန်အောက်တွင် ရှီဟောင် ထိုတိုက်ခိုက်မှုများအားလုံးကို ရှောင်ရှားလိုက်သည်။

ရွှီး..

ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ဖူးဟူသည့်အသံနှင့်အတူ လူတစ်ယောက်၏ရင်ဘတ်ကို ထိုးဖောက်သွားသည်။

ရှီဟောင်၏လက်ချောင်းများမှာ ဓားများကဲ့သို့ပင်။ ဓားအလင်းတန်းများသည် ကောင်းကင်ထက်သို့ တက်သွားကာ လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်လေပြီ။

“မင်း..” ထိုလူမျက်နှာ ဖြူဖျော့သွားကာ သတိကြီးကြီးဖြင့် နောက်ပြန်ဆုတ်ပြီး လျင်မြန်စွာ ရှောင်ရှားလိုက်သည်။ သို့သော်လည်း ရှီဟောင်သည် ပုန်းအောင်းနေသည့် နဂါးတစ်ကောင်မှ ကောင်းကင်ထက်သို့ ခုန်တက်သွားသကဲ့သို့ပင်။ သူ၏စွမ်းအားကို ထိုလူ မခုခံနိုင်ပေ။

ကူညီရန်ရောက်လာသည့် အခြားလူတစ်ယောက်သည်လည်း ရှီဟောင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရကာ သူ၏ ဗိုက်ပွင့် ထွက်သွားလေသည်။

“ဖရိုဖရဲ ရှင်းလင်းခြင်း ပညာလား..”

အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ သူတို့မျက်နှာလည်း လေးနက်သွားကြသည်။ သူတို့မြင်ရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေကြသည်ပင်။ ဒါက ဝမ် သက်ရှည်မိသားစုရဲ့ ဂိုဏ်းကာကွယ်တဲ့ပညာမဟုတ်ဘူးလား .. သူ့မှာ ဘယ်လိုလုပ် ဒီပညာရှိနေတာလဲ..

“မင်းက ဝမ်မိသားစုက လူလား..” လူတစ်ယောက်မှ မေးလိုက်သည်။

“မဟုတ်ဘူး..” ရှီဟောင် ပြန်ဖြေလိုက်သည်။ သူသည် ဓားအလင်းတန်းကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ဝမ်ရှီးမှာ အတော်လေး မျက်နှာပျက်နေသည်။ ဤသည်မှာ ဖရိုဖရဲ ရှင်းလင်းခြင်းပညာမဟုတ်သော်လည်း အလွန်ဆင်တူနေသည်ပင်။ ဤသည်မှာ ရှီဟောင် ဖန်တီးလိုက်သည့်ပညာဖြစ်ကြောင်း သိသာလှသည်။

သူ ဤကဲ့သို့သော စွမ်းအားရှိနေခြင်းမှာ ဓားပညာထူးခြားသောကြောင့်မဟုတ်ပဲ ဤလူက စွမ်းအားကြီးနေခြင်းပင်။ သူ ဓားစွမ်းအင်ကို လွှဲရမ်းလိုက်သည့်အချိန်တွင် အသက်ဝင်လာသည်မှာ ဓားပညာမဟုတ်ပဲ အခြားအဖိုးတန်ပညာပင်။

“သတ်…”
ထိုလူနှစ်ယောက်သည် ပြင်းထန်စွာ ဒဏ်ရာရနေပြီဖြစ်သော်လည်း အော်ဟစ်ကာ နောက်ဆုံးအကြိမ် ကြိုးစားလိုက်ကြသည်။

ရှီဟောင် အမူအရာမှာ ထူးမခြားနားပင်။ ကောင်းကင်နတ်ဘုရားအဆင့်ထက် ကျော်လွန်သည့် ပစ္စည်းများ သူ့အပေါ် အလုပ်မလုပ်သည်နှင့် ဤသည်မှာ ဤတိုက်ပွဲအဆုံးသတ်ပြီဟု ဆိုလိုခြင်းပင်။

ရွှီး..

ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ဖူးဟူသည့်အသံနှင့်အတူ သူတို့ထဲမှ တစ်ယောက် ခါးပြတ်သွားလေ၏။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ မြေပြင်ပေါ်သို့ လဲကျသွားလေပြီ။

“အား..” ထိုလူ သနားစဖွယ် အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ဦးခေါင်းရှိနေဆဲဖြစ်ပြီး သူ၏မျက်နှာမှာ လူသေကဲ့သို့ ဖြူဖျော့နေသည်။ ပြင်းထန်လှသည့် နာကျင်မှုမှာ သူ့မျက်နှာအား ပုံပျက်သွားစေသည်အထိပင်။

ဖူး ..။

တစ်ချိန်တည်းမှာပင် သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် အခြားလူတစ်ယောက်ထံမှလည်း အော်သံထွက်ပေါ်လာသည်။ ဓားအလင်းတန်းတစ်ခုကြောင့် သူ့ခေါင်းပြုတ်သွားခြင်းပင်။ သူ့ခန္ဓာကိုယ်ထဲသို့ ဓားစွမ်းအင် ဝင်ရောက်သွားကာ သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားလေ၏။

ကျွမ်းကျင်သူနှစ်ယောက်၏ ခန္ဓာကိုယ်မှာ လုံးဝပျက်စီးသွားလေပြီ။

ဝူတိုင်အပါအဝင် ကျွမ်းကျင်သူသုံးယောက် ကျရှုံးသွားလေပြီ။ အားလုံးမှာ ခေါင်းသာကျန်တော့သလို တိုက်ခိုက်နိုင်သည့် ခွန်အားလည်း မရှိတော့။

ထို့နောက် အော်ဟစ်ဆူညံသံများ ထွက်လာသည်။
ဒီကောင်က တော်တော်လေးကို ပြတ်သားတာပဲ .. ကျွမ်းကျင်သူသုံးယောက်ကို ဖြတ်ချပစ်လိုက်ပြီ။ သူမျက်တောင်တစ်ချက်တောင် မခတ်ပဲနဲ့ ဒီလူသုံးယောက်ကို ဖြုတ်ချပစ်တာ..

“အခု ခင်ဗျားတို့အားလုံး ယုံပြီလား .. ခင်ဗျားတို့အားလုံး ဆင်းလာပြီး ကျုပ်နဲ့ ပညာဖလှယ်ရင်ရော..” ရှီဟောင် ထိုသင်္ဘောကြီးကိုကြည့်ကာ ပြောလိုက်သည်။

ထိုသင်္ဘောပေါ်တွင် သုံးယောက်ကျန်သေးသည်။ အားလုံးမှာ ယခင်က ဝူတိုင်နှင့်အတူတူ ရပ်နေခဲ့ကြသည့်သူများပင်။ သို့သော်လည်း ယခုတွင် သူတို့အားလုံးသည် မစွန့်စားလိုသောကြောင့် ထိုနေရာတွင်သာ ရပ်နေကြလေသည်။

ယခုအချိန်တွင်တော့ ရှီဟောင်၏ စိန်ခေါ်မှုကို ကြားလိုက်ရသည်နှင့် သူတို့ဘာမှ ပြန်မပြောနိုင်တော့ပဲ မျက်နှာများသာ နီတစ်လှည့်စိမ်းတစ်လှည့်ဖြစ်နေသည်။

သူတို့ ဒေါသမထွက်နိုင်လောက်အောင်ထိ လှောင်ပြောင်ခံနေလိုက်သည်။ မဟုတ်ပါက သူတို့သွားတိုက်ရမည်လား .. သူတို့လည်း ရှုံးနိမ့်မည်မှာသေချာနေသည်ပင်။

ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူတို့အား အာရုံစိုက်မနေတော့။ ဤကဲ့သို့သော တိတ်ဆိတ်မှုမှာ သူတို့အား ပို၍အရှက်ရစေသည်ပင်။

အချို့လူများသည် သူတို့လည်း ထာဝရကျောင်းမှ ကျောင်းသားများဖြစ်ကြသော်လည်း ဤလူများမှာ အကျည်းတန်လှသည်ဟု ခံစားနေရသည်အထိပင်။ ဤလူများသည် တစ်ဖက်လူအား ရန်စသော်လည်း သူတို့သာ ပြန်ဖိနှိပ်ခံလိုက်ရသည့်အပြင် ဤမျှသတ္တိနည်း သွေးကြောင်နေသေးသည်။

“တကယ် ကိုယ့်ကိုကိုယ် အရှက်ခွဲလိုက်တာပဲ..”

“ဒါက ငါတို့ ထာဝရကျောင်းက တပည့်တွေလား .. လူငယ်လေးတစ်ယောက်ကိုတောင် မနိုင်ဘူး .. အမှိုက်တွေ..”

ထာဝရကျောင်းမှ လူများသည် သည်းမခံနိုင်တော့ပဲ ပြင်းထန်စွာပင် ပြောဆိုလာကြသည်။ သူတို့အတွက် ရှက်သလို မကျေမနပ်လည်းခံစားလာရသည်။ ထိုလူငယ်လေးသည် ဤလူများကို အနိုင်ရလိုက်ခြင်းဖြစ်သော်လည်း ထာဝရကျောင်းအတွက်မူ မျက်နှာပျက်ရခြင်းပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများမှာမူ အံ့အားသင့်သည့် ပုံစံများဖြစ်နေကြလေ၏။ သူတို့ဘာမှ သိပ်ပြောစရာမရှိ။ ဟွမ်မှာ ဤကဲ့သို့သော ကြမ်းတမ်းသည့်သူပင်။

“ငါတို့ ရှုံးသွားပြီး ဘာမှပြောစရာမရှိတော့ဘူး .. မင်း အပြာရောင် ချပ်ဝတ်တန်ဆာကို ပြန်ပေးလို့ရမလား..” သင်္ဘောပေါ်မှ လူတစ်ယောက်သည် ပြန်မတိုက်ရဲပဲ ထိုချပ်ဝတ်တန်ဆာကိုသာ တောင်းလိုက်သည်။

သူတို့သည် ဝူတိုင်နှင့် အခြားနှစ်ယောက်အား လွှတ်ပေးရန်ပင် မတောင်းဆိုခဲ့ကြ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲများ ဤနေရာတွင်ရှိနေသောကြောင့် ထိုသူများ မသေမည်ကို သူတို့သိနေသည်ပင်။

“ဒါက ကျုပ်တိုက်ပွဲမှာ အနိုင်ရတဲ့ပစ္စည်း .. ကျုပ်ကဘာလို့ ခင်ဗျားတို့ကို ပေးရမှာလဲ..” ရှီဟောင် အေးစက်စွာပင် ပြောလိုက်၏။

ဤသည်မှာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်မှန်း ရှီဟောင်သိပြီးသွားပြီဖြစ်သည်။ ဤချပ်ဝတ်တန်ဆာသည် ဝူတိုင်အား ထာဝရစွမ်းအင်တစ်ကြောင်း ပေးနိုင်ပြီး သူ၏စွမ်းအားမှာ တိုင်းတာ၍ မရလောက်အောင်ပင်။

“မင်း .. ဒါက ကောင်းကင်လေးဘုရင်ရဲ့ ချပ်ဝတ်တန်ဆာ .. ဒါဆိုရင်တောင် မင်းယူထားချင်သေးတာလား.. ပြန်ပေးလိုက်တော့” သူတို့ထဲမှ လူတစ်ယောက်၏အမူအရာ ပြောင်းလဲသွားသည်။

“ဘာ ကောင်းကင်လေးဘုရင်လဲ .. ကျုပ်သူ့ကို အရင်တုန်းက မြင်ဖူးလား .. ဒါက ဝူတိုင်ဆီက တိုက်ပြီးတော့ ရလာတဲ့ပစ္စည်းဆိုတာပဲ ကျုပ်သိတယ် .. ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ဘာမှဆွေးနွေးမှာမဟုတ်ဘူး..” ရှီဟောင်၏လေသံမှာ ခိုင်မာလှသည်။

ထာဝရကျောင်းမှ ကျောင်းသားမှာ သူတို့နှလုံးခုန်နှုန်း မြန်ဆန်လာသည်ဟု ခံစားလိုက်ရသည်။ ဒီကောင်က ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ .. သူက ကောင်းကင်လေးဘုရင်ကို တကယ်ရန်စတော့မလို့လား..

ထိုမကောင်းဆိုဝါးအိုကြီးများပင်လျှင် အမူအရာများပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လာကြသည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများလည်း စိတ်လှုပ်ရှားသွားသည်ပင်။ ထိုကောင်းကင်လေးဘုရင်ဟုခေါ်သည့်သူကို သူတို့သိသည်မှာ သေချာသည်။

“အကြီးအကဲ .. အပြာရောင်ချပ်ဝတ်တန်ဆာကို ပြန်ယူဖို့ ကျွန်တော်တို့ကို ကူညီပေးပါ” နောက်ဆုံးတွင်တော့ သူတို့ထဲမှ တစ်ယောက်သည် မကောင်းဆိုးဝါးအိုကြီးများအား ဤကိစ္စထဲ ပါဝင်ပေးရန် တောင်းဆိုလိုက်လေသည်။

“အဟမ်း .. လူငယ်လေး .. ဒီချပ်ဝတ်တန်ဆာက အစောကြီးကတည်းက သူ့ပိုင်ရှင်ကို အသိအမှတ်ပြုပြီးသွားပြီ .. မင်းလက်ထဲမှာ အသုံးဝင်မှာမဟုတ်ဘူး..” မကောင်းဆိုးဝါးအိုကြီး တစ်ယောက်မှ တကယ်တောင်းလာလေသည်။ သူ ဤပစ္စည်းကို အလေးထားပြီး ဤပစ္စည်း အပြင်လူလက်ထဲသို့ ရောက်သွားမည်ကို မလိုလားပေ။

“စီနီယာ သတိပေးတာကို ကျေးဇူးတင်ပါတယ် .. ဒါပေမဲ့ ကျွန်တော် ဒါကို နည်းနည်းလောက် လေ့လာချင်သေးတယ်” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်၏။

ထိုမကောင်းဆိုးဝါးအိုကြီး ဆွံ့အသွားရသည်။ ဒါက ပညာဖလှယ်တာလား .. သူ ဒါကို ပြန်တောင်းနေတာ အသိသာကြီးပဲလေ မဟုတ်ဘူးလား..

ကောင်းကင်နတ်ဘုရားကျောင်းဘက်မှ ဝမ်ရှီး၊ ယောင်ယွဲ့၊ လုထော်နှင့် အခြားသူများသည်လည်း အနည်းငယ်ဆွံ့အသွားရသည်။ သူတို့သည် ဤကောင်၏ သတ္တိကိုတော့ အသိအမှတ်မပြုပဲ မနေနိုင်တော့။ သူက တကယ်ကို ဘာမှကို မကြောက်တာပဲ..

ထာဝရကျောင်းဘက်မှ လူများလည်း ဤကဲ့သို့ စဉ်းစားနေသည်။ ဒီကောင်က ဘယ်သူလဲ .. သူ၏သတ္တိရှိမှုကိုတော့ ချီးကျူးရမည်ပင်။ သူက မကောင်းဆိုးဝါးအိုကြီးရဲ့စကားကိုတောင် နားမထောင်ဘူး .. သူက တကယ်ပဲ ကောင်းကင်လေးဘုရင်နဲ့ တိုက်ချင်နေတာလား..

ယခုအချိန်တွင် သူ့အား ရန်လိုနေသည့်သူများရှိသကဲ့သို့ သူ့ကို လေးစားနေသည့်သူများလည်း ရှိနေသည်။

ထိုအချိန်တွင် လှေဝမ်းအတွင်းမှ လူအချို့မှ ထွက်လာသည်။ ဤသည်မှာ မျက်စိဖမ်းစားနိုင်သည့် လူငယ်အချို့နှင့် အမျိုးသမီးအချို့ပင်။ အမျိုးသားများမှာ သူရဲကောင်းဆန်ကြပြီး အမျိုးသမီးများမှာ အလွန်လှပလှသည်။ သူတို့အားလုံးသည် ရှီဟောင်အား ကြည့်နေကြလေ၏။

အပိုင်း ၁၄၀၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၁ – ဒြပ်စင်ငါးခုအား ဆန့်ကျင်ခြင်း

ဤလူများမှာ အလွန်အားကြီးလှပြီး သူတို့၏ပုံပန်းသွင်ပြင်မှာ လေးနက်လှသည်။ သူတို့ခန္ဓာကိုယ်ပတ်လည်တွင်လည်း ထာဝရမြူများ ရစ်ဆိုင်းနေသည်။ ဤသည်မှာ အတန်းလိုက်ဖြစ်နေသည်မဟုတ်ပဲ လေထဲ၌ ဤကဲ့သို့ ရှိနေသည်ပင်။ ဤသည်မှာ သူတို့အား ထူးဆန်းစေသည်ပင်။

ကောင်းကင်နတ်ဘုရားကျောင်းဘက်မှ လူများအားလုံး ထိတ်လန့်သွားရသည်။ ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲ .. ဤသည်မှာ ရှေးဟောင်းစာများထဲတွင် မှတ်တမ်းတင်ထားသည့် မြင်ကွင်းနှင့် တူလှသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းကာ ထူးဆန်းသည့်ပညာများကို ကျင့်ကြံထားခြင်း၏ အကျိုးရလဒ်ပင်။

“ထာဝရကျောင်းက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ .. ထာဝရတာအို လျှို့ဝှက်စာအုပ်တွေကို ရထားပြီးတော့ ဒီအတွင်းတပည့်တွေအားလုံးလည်း အမွေဆက်ခံထားရတာပဲ .. ထာဝရစွမ်းအင်က တာအိုနဲ့ ပေါင်းစပ်သွားပြီ .. တကယ်ကို ကောင်းကင်ရဲ့သားတော်တွေပဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များကို အတော်လေး တုန်လှုပ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်သတ်မှတ်ချက်မှာ မြင့်မားလှသည်ပင်။ လုထော်၊ ဝမ်ရှီးနှင့် အခြားသူများပင် ဤကဲ့သို့ မချီးကျူးခံရဖူးပေ။

“ငယ်ရွယ်တုန်းရခဲ့တဲ့ အောင်မြင်မှုတစ်ချို့ပါပဲ .. သူတို့တွေ လိုပါသေးတယ် .. ကောင်းကင်နတ်ဘုရားကျောင်းမှာ ပျိုးပင်ကောင်းကောင်းလေး ရှိနေတယ်ထင်တယ် .. သူတို့ကို ကောင်းကောင်းလေးပျိုးထောင်လိုက်ရင် ပိုးအိမ်ထဲက မြန်မြန်ထွက်လာပြီးတော့ လိပ်ပြာလေးတွေ ဖြစ်လာမှာ..” မကောင်းဆိုးဝါးအိုကြီးတစ်ယောက်မှ ပြောလိုက်သည်။

စတုတ္ထအကြီးအကဲ၏မျက်နှာမှာ အနည်းငယ်ပျက်ယွင်းသွားပြီး စိတ်ထဲ၌ မကျေမနပ်ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူနားလည်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်းသို့ လာရောက်ပြီး တပည့်များ ရွေးချယ်ဦးမည်ပင်။ ထို့ကြောင့် ထူးချွန်သည့်သူများမှာ ထာဝရကျောင်း၏တပည့်များ ဖြစ်သွားမည်ပင်။

“ရှီဟောင် … မင်း အပြာရောင်ချပ်ဝတ်တန်ဆာကို ထာဝရကျောင်းကို ပြန်မပေးသေးဘူးလား..” ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။

ဤချပ်ဝတ်တန်ဆာမှာ ရှေးဟောင်းပစ္စည်းပင်။ နတ်စွမ်းအားထည့်ထားလျှင် တောက်ပနေမည်ဖြစ်သော်လည်း မထည့်ထားလျှင် အပြာရောင်အလင်း မှိန်ဖျော့နေပြီး ရိုးရှင်းလှသည်။

ရှီဟောင် ချပ်ဝတ်တန်ဆာကို ကိုင်ထားပြီး အလွန်တွန့်ဆုတ်နေမိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤပစ္စည်းတွင် ထူးခြားသည့်နောက်ခံရှိသည်ကို သူ သိသည်ပင်။ သူ ဤပစ္စည်းကို ပြန်မပေးချင်။

“ဒါကို ပြန်ပေးဖို့ မင်းကို တောင်းဆိုရမှာပဲ..” ဝူတိုင်နှင့် နီးကပ်သည့်သူများသည် နောက်တစ်ကြိမ် ကျယ်လောင်စွာပင် ပြောလာသည်။ ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ ပေါ်လာပြီဖြစ်သောကြောင့် သူတို့သတ္တိများ ကြွလာလေပြီ။

ရှီဟောင် ထိုသူများကို အေးစက်စွာပင် ကြည့်လိုက်သည့်အချိန်တွင် ရွှေရောင်အလင်းတန်းနှစ်ခု ထွက်လာပြီး ဤလူများအား ချက်ချင်းတုန်ယင်သွားစေသည်။ ရှီဟောင်၏ခြေရင်းနားတွင်ရှိနေသည့် ခေါင်းများကို မြင်သည်နှင့် သူတို့တုန်လှုပ်သွားရသည်။

“ခင်ဗျားတို့တွေ ကျုပ်ကို အရင်ဆုံး အနိုင်ကျင့်တာ .. ခင်ဗျားတို့တွေ ရှုံးသွားတော့ ကျုပ်ကို ပြန်ဝိုင်းတိုက်ကြသေးတယ် .. အခု ခင်ဗျားတို့က ကျုပ်ကို ဒီချပ်ဝတ်တန်ဆာ ပြန်ပေးခိုင်းနေတာဆိုတော့ ကျုပ်ကို လွယ်လွယ်နဲ့အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာလား .. ဒါမှမဟုတ် ကျုပ်က အားနည်းတယ်လို့ ခင်ဗျားတို့ ထင်နေကြတာလား..” ရှီဟောင် မေးလိုက်သည်။

ထိုလူများနောက်ပြန်ဆုတ်သွားကြကာ သူတို့မျက်နှာများလည်း ဖြူဖျော့သွားကြသည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများပင် ဆွံ့အသွားကြလေ၏။ ဤလူငယ်လေးသည် သူ၏ခြေရင်းတွင် ခေါင်းများပုံသောကြောင့် တစ်ဖက်လူများ ကြောက်၍ တုန်ပင်တုန်နေလေပြီ။ ဤသည်ကို သူက နစ်နာသည့်သူလို ပြောနေသေးသည်လား .. သူဤချပ်ဝတ်တန်ဆာကို ပြန်မပေးချင်သည်မှာ သိသာလှသည်ပင်။

“တာအိုရောင်းရင်း .. ကျွန်မရှင့်ကို သတိပေးလိုက်မယ် .. ဒါက ကောင်းကင်လေးဘုရင်ရဲ့ဟာ .. ကျွန်မရဲ့ ထာဝရကျောင်းမှာ ကောင်းကင်လေးဘုရင်ရဲ့ ဂုဏ်သတင်းကို မသိတဲ့သူ မရှိဘူး”

ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်မှ အပြုံးနုလေးဖြင့် ပြောလိုက်သည်။ ဤသည်မှာနောက်မှထွက်လာသည့်သူများထဲမှ တစ်ယောက်ပင်။ သူမ၏မျက်လုံးထောင့်တွင် ထာဝရတာအိုအော်ရာရှိနေပြီး ပန်းချီထဲမှ ထွက်လာသည့်သူကဲ့သို့ လှပလှသည်။

“ကောင်းကင်သားတော်လား..” ရှီဟောင် သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။ ရှီဟောင် ဤလူများကို သေချာကြည့်လိုက်၏။ ဤလူများမှာ တကယ်ကို လျှို့ဝှက်ဆန်းကြယ်လှသည်။ သူတို့သည် ထာဝရသက်ရှိများကဲ့သို့ သီးသန့်ဆန်ကြသည်ပင်။

“ကျုပ် ကောင်းကင်လေးဘုရင် လက်ထဲက လုထားတာမှ မဟုတ်တာ .. ဒါက ကျုပ်ကို ခုခံတဲ့ရန်သူဆီကနေ ရထားတဲ့ ပစ္စည်းလေ .. ဒီပစ္စည်းကို ဘယ်လိုလုပ်ရမလဲဆိုတာ ကျုပ်ပဲ ဆုံးဖြတ်ရမှာ” ရှီဟောင် ပြောလိုက်သည်။

“ကောင်းကင်လေးဘုရင်ဆိုတာက ရိုးရှင်းတဲ့သူမဟုတ်ဘူး ရှင်သိလား..” ထိုအမျိုးသမီး၏အပြုံးမှာ ချိုသာလှသည်။ သူမသည် စကားများများမပြောသလို တိုက်ခိုက်မည့်အရိပ်အယောင်လည်း မပြ။

ထာဝရကျောင်းမှ လူများသည် အံ့အားသင့်သည့်ပုံစံများ ဖြစ်သွားကြလေသည်။ သူတို့သည် တစ်ခုခုကို မျှော်လင့်နေကြသလိုပင်။

“ကောင်းကင်လေးဘုရင်က ဘယ်လိုလူမျိုးလဲ .. သူလည်း ပါလာတာလား..”
ရှီဟောင် ခေါင်းငုံ့ကာ ဝူတိုင်၏ပျက်စီးနေသည့်ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ခေါင်းတစ်လုံးကျန်နေသေးသရွေ့ အသက်အန္တရာယ် မရှိပေ။ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ သူ့အလိုလို ပြန်ကောင်းလာနိုင်သည်ပင်။

“ကျင့်ကြံခြင်းက လေးနက်ပြီးတော့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတာ .. ထူးဆန်းတဲ့ ထာဝရမျိုးစေ့ကို ရထားပြီးတော့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဂိုဏ်းခေါင်းဆောင်အဆင့် ရောက်သွားတာ” ဝူတိုင် နာနာခံခံပြောလိုက်သည်။

သို့သော်လည်း ကောင်းကင်လေးဘုရင် မလိုက်လာပေ။ အဘယ်ကြောင့်ဆိုသော် သူ့အဆင့်တွင် တာအိုမျိုးစေ့ ရှာစရာမလိုတော့။ ထိုအဆင့်ကို အောင်မြင်ပြီးသွားလေပြီ။

ရှီဟောင်မျက်မှောင်ကြုတ်လိုက်၏။ သို့သော် စကားများမှာ ပြောပြီးသားဖြစ်သောကြောင့် ပြန်ပြောင်း၍မရတော့။ ထို့အပြင် သူသည် ထပ်ခါတလဲလဲ ရန်စခံထားရပြီး ယခု သူတို့ ချပ်ဝတ်တန်ဆာ ပြန်တောင်းသည့်အချိန် ပြန်ပေးလိုက်ပါက သူတကယ်ကို အားနည်းကာ လွယ်လွယ်အနိုင်ကျင့်၍ရသည့်ပုံပေါ်သွားလိမ့်မည်။

“ဟား ဟား .. ဒီလူငယ်လေးက ဒီအပြာရောင်ချပ်ဝတ်တန်ဆာကို လေ့လာချင်နေတာဆိုတော့ ငါတို့ မင်းကို အရင်ပေးထားလိုက်မယ် .. ဒါက ထာဝရရှေးဟောင်းခေတ်က ကျန်ခဲ့တဲ့ရတနာဆိုတော့ တကယ်ကို ထူးခြားတယ်” မကောင်းဆိုးဝါးအိုကြီး ပြုံး၍ ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ ဒုတိယအကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ခဏကြာပြီးသည့်နောက် ပုံမှန်ပြန်ဖြစ်သွားသည်။
” အဲဒီလိုဆိုတော့လည်း ဒါကို ခဏသိမ်းထားလိုက်ပေါ့ … ရှီဟောင် .. ”

“နားလည်ပါပြီ..” ရှီဟောင် ပျော်ရွှင်စွာ သဘောတူလိုက်သည်။

“အဲဒါဆိုရင် ငါတို့လည်း ထာဝရအခွင့်အရေးတွေကို ရှာတော့မယ် .. ဒီမှာပဲ လမ်းခွဲကြတာပေါ့”
ထာဝရကျောင်း အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

ထာဝရစွမ်းအင်များ ဝန်းရံနေသည့် ရှေးဟောင်းသင်္ဘောကြီးသည် ဆူညံသံများ ထုတ်လွှတ်ကာ လေထဲသို့ တက်သွားပြီး ထွက်ခွာသွားလေသည်။

မြေပြင်ထက်တွင် သွေးစက်များသာ ကျန်တော့သည်။ ဝူတိုင်နှင့် ကျန်သည့်သူနှစ်ယောက်လည်းပါသွားသည်ပင်။ သူတို့ခေါင်းသာကျန်တော့သော်လည်း သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းများ သူ့အလိုလို ပြန်ဖြစ်လာနိုင်သည်။

မီးတောင်နယ်မြေမှာမူ ယခုထိတိုင် မတည်ငြိမ်နိုင်သေး။ ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ ဤနေရာတွင် ရှာဖွေနေကြသည်။ အလယ်တွင်ရှိနေသည့် မီးတောင်ကြီးမှာ သူတို့၏ပစ်မှတ်ဖြစ်လာသည်ပင်။

“ဒီမှာ ချိတ်ပိတ်ထားတဲ့အားတစ်ခု ရှိပေမယ့် ပြည့်စုံတဲ့ ဒြပ်စင်ငါးခုမျိုးစေ့ မရှိဘူး..”
အကြီးအကဲတစ်ယောက် ပြောလိုက်သည်။ အမှန်တကယ်တွင် ဤသည်မှာ သူတို့မျှော်လင့်ထားသည့်အရာပင်။ အဘယ်ကြောင့်ဆိုသော် ထိုမကောင်းဆိုးဝါးအိုကြီးများသည် ဤနေရာတွင် တစ်ခဏခန့်သာ ရပ်တန့်သွားသောကြောင့်ပင်။ သူတို့သည် ဤနေရာကို သူတို့၏နတ်အာရုံဖြင့် ရှာဖွေပြီးသွားလေပြီ။ ဤနေရာတွင် ကံကောင်းမှုများ မရှိသောကြောင့် သူတို့ထွက်သွားကြခြင်းပင်။

သို့သော်လည်း မီးတောင်ထဲမှ မီးတောက်မျိုးစေ့ နှစ်ခုကို တွေ့ခဲ့သေးသည်။ ဤမျိုးစေ့၏ တန်ဖိုးမှာ မသေးလှသောကြောင့် သူတို့ခရီးမှာ အလဟဿတော့ မဖြစ်ပေ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်လဝက်ကုန်သွားသည်။ ဒြပ်စင်ငါးခုတိုက်ကြီးတွင် သွားလာလှုပ်ရှားနေသည့် လူငယ်ပုံရိပ်များစွာ ရှိနေပြီး အားလုံးမှာ ဒြပ်စင်ငါးခုမျိုးစေ့အား ရှာနေကြခြင်းပင်။

ကောင်းကင်နတ်ဘုရားကျောင်း၏ ငွေရောင်သင်္ဘောကြီးမှာ ဆက်လက်ရွေ့လျားနေဆဲပင်။ သူတို့သည် ရှေးဟောင်းကောင်းကင်ကျောက်တိုင်တွင် မှတ်တမ်းတင်ထားသည့် မှတ်တမ်းများတွင်ပါဝင်သည့် နေရာများကို သွားရောက်ရှာဖွေနေကြသည်။

ကံမကောင်းစွာဖြင့်ပင် ထိုနေရာများတွင် မည်သည့်သဲလွန်စကိုမှ သူတို့ မတွေ့ခဲ့ရ။

“မှတ်တမ်းတွေမှာ အမှားတွေ ရှိနေတာလား..”

“ဒါတွေက အရင်တုန်းကလူတွေ ခန့်မှန်းထားကြတဲ့နေရာတွေ ရတနာမြေပုံအစစ် မဟုတ်ဘူး .. ဘယ်မှာရှိလဲဆိုတာ အတိအကျသိနေရင် သူတို့ ဘာလို့ ဒီသဲလွန်စတွေ ချန်ထားခဲ့မှာလဲ”

အကြီးအကဲများသည် သူတို့ဆက်လုပ်မည့်အစီအစဉ်များကို ဆွေးနွေးနေကြလေ၏။

ဒြပ်စင်ငါးခုတိုက်ကြီးမှာ ကျယ်ပြောလှသည်။ သူတို့သာ ဤအတိုင်း တစ်နေရာပြီးတစ်နေရာရှာနေလျှင် အချိန်မည်မျှပင် သုံးရမလဲမသိနိုင်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကောင်းကင်ပြင်ကြီးကဲ့သို့ ကျယ်ဝန်းလှသည်ပင်။

ဝူး..

ခပ်ဝေးဝေးတွင် ရှိနေသည့် သစ်ပင်ကြီး လှုပ်ရှားလာကာ ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ ထိုသစ်ပင်ပေါ်တွင်ရှိနေသည့် ကြယ်များလည်း လှုပ်ရှားနေသည်ပင်။

“လောကတစ်ဝက်သစ်ပင်က ဒြပ်စင်ငါးခုဝိညာဉ်စွမ်းအားတွေ အများကြီးကို စုတ်ယူပြီးသွားပြီ .. နောက်ရက်နည်းနည်းလောက်ကျရင် သူ ထွက်သွားလောက်ပြီ”

“သူအမြစ်တွယ်ထားတဲ့နေရာက ချိတ်ပိတ်ထားတဲ့မြေဖြစ်နိုင်လား .. ခင်ဗျားတို့ ဘယ်လိုထင်လဲ..”

ဤသည်မှာ အကြီးအကဲများ၏ ဆွေးနွေးခြင်းမှ ထွက်လာသည့်မေးခွန်းပင်။

ငွေရောင်သင်္ဘောကြီး နောက်တစ်ကြိမ် ရွေ့လျားသွားကာ ရွှေရောင်သစ်ပင်ကြီးနှင့် သိပ်မဝေးသည့်နေရာတွင် ရပ်တန့်သွားသည်။ ကံမကောင်းစွာဖြင့်ပင် မည်သည့်မျိုးစေ့ကိုမှ သူတို့မတွေ့ခဲ့ရ။

“မှော်ငါးမျိုး ချိတ် ကောင်းကင် မျိုးစေ့..”
ဒုတိယအကြီးအကဲက လမ်းကို ဘယ်ပြန်ညာပြန်လျှောက်ကာ ထပ်ခါတလဲလဲ စဉ်းစားနေသည်။ ထို့နောက် သူသည် လောကတစ်ဝက်သစ်ပင်ကို လက်ညှိုးထိုးလိုက်ကာ “ဒီအပင် အမြစ်တွယ်လိုက်တဲ့နေရာက သေချာပေါက် အရေးကြီးတဲ့နေရာတစ်ခုပဲ .. အဲဒီနေရာကနေ စလိုက်ရအောင်..”

“ပြောင်းပြန်ဒြပ်စင်ငါးခုများလား..” နောက်ဆုံးတွင်တော့ အကြီးအကဲတစ်ယောက်သည် အစီအရင်အဆင့်ကို စဉ်စားပြီးနောက် ထိတ်လန့်တကြား ပြောလိုက်သည်။

“ပြောင်းပြန်ဒြပ်စင်ငါးခု .. ဒြပ်စင်ငါးခု အုတ်မြစ်ကို ဆန့်ကျင်ပြီးတော့ လောကကြီးကို ပြောင်းပြန်လှန်ပစ်တာလား..” ဒုတိယအကြီးအကဲက ထိတ်လန့်သည့်အမူအရာဖြစ်သွားသည်။ ဤဒဏ္ဍာရီကို သူ ပြန်အမှတ်ရမိသွားသည်။

ဤသည်မှာ ကောင်းမွန်သည့်ဒဏ္ဍာရီတစ်ခု မဟုတ်ပဲ အလွန်ကြောက်စရာကောင်းသည့်အရာတစ်ခုပင်။ ဤအစီအရင်ပုံစံကို ရှာခဲ့သည့်သူလည်း သေဆုံးသွားလေပြီ။ ဤသည်မှာ ပစ္စည်းတစ်ခုကို ချိတ်ပိတ်ထားသည်ဟုလည်း ပြောကြသည်ပင်။

“အရင်ကတည်းက အစီအရင်တွေ အများကြီးရှိခဲ့တယ် .. အဆင့်မြင့်တဲ့ သတ်ဖြတ်ခြင်းအစီအရင်၊ ရက်စက်တဲ့အစီအရင်တွေ ရှိခဲ့တယ် .. ပြောင်းပြန်ဒြပ်စင်ငါးခုအစီအရင်က အရက်စက်ဆုံး ထိပ်တန်းအစီအရင်သုံးခုထဲက တစ်ခုလို့ ပြောကြတယ်..” အကြီးအကဲတစ်ယောက်မှ လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။

“လောကတစ်ဝက်သစ်ပင်ကို ဗဟိုထားပြီးတော့ ကျုပ်တို့ ရှာကြမယ်..” ဒုတိယအကြီးအကဲမှ ဆုံးဖြတ်ချက်ချလိုက်သည်။

ငွေရောင်သင်္ဘောပေါ်တွင်ရှိနေသည့် မည်သည့်ကျောင်းသားမှ သူတို့အား မနှောက်ယှက်ကြ။ အကြီးအကဲများသည် ဤနေရာကို လေ့လာရန်အတွက် စိတ်ရောကိုယ်ပါ ပင်ပန်းနေသည်ကို သူတို့အားလုံး သိကြသည်။

ရှီဟောင်လည်း အလွန်ထိတ်လန့်နေသည်။ စင်္ကြံမြင့်ထက်တွင်ရှိနေသည့် အကြီးအကဲများမှာ ခန့်ညားလှသည်။ ခဏကြာပြီးသည့်နောက်တွင် သူတို့ နဖူးထက်၌ ချွေးစက်များ ဖုံးလွှမ်းသွားပြီး စင်္ကြံမြင့်ထက်တွင် သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူတို့သည် အစီအရင်နည်းလမ်းများ ရေးချနေခြင်းပင်။

“ပြောင်းပြန်ဒြပ်စင်ငါးခုရဲ့ အဓိပ္ပာယ်က ဒြပ်စင်ငါးခုအစီအရင်နဲ့ ကိုက်ညီသင့်တယ်”

သူတို့ဆက်တိုက် လေ့လာနေခဲ့ပြီး နောက်ဆုံးတွင်တော့ သဲလွန်စအချို့ကို အောင်မြင်စွာ ကောက်ချက်ချနိုင်သွားလေပြီ။ ဒုတိယအကြီးအကဲသည် လျင်မြန်စွာဖြင့်ပင် ပုံကို ထွင်းထုလိုက်ပြီး စင်္ကြံမြင့်ထက်တွင် အဆီးအတားတစ်ခုကို ရေးဆွဲလိုက်သည်။

“ဒါက..” ကျောင်းသားအချို့ရောက်လာကြကာ သူတို့အားလုံး ထိတ်လန့်သွားရသည်။

လောကတစ်ဝက်သစ်ပင်ရှိနေသည့်နေရာတွင် သင်္ကေတတစ်ခုကို ရေးထိုးလိုက်သည်။ ထို့နောက် သိပ်မဝေးသည့်နေရာတွင် စီးခြားသည့်လိုင်းတစ်ခုပေါ်လာပြီး အခြားတစ်ဖက်တွင်လည်း သင်္ကေတတစ်ခု ပေါ်လာသည်ပင်။

ခဏကြာပြီးသည့်နောက် ယင်နှင့်ယန်စွမ်းအင်များ လှည့်ပတ်လာကာ စက်ဝိုင်းတစ်ခု ဖြစ်သွားပြီး ထိုသင်္ကေတနှစ်ခုနှင့် စည်းခြားသည့်မျဉ်းကို ရစ်ပတ်သွားလေသည်။

“ယင်ယန်ပုံ..” အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ဒါက ဒြပ်စင်ငါးခုနဲ့ ဆက်စပ်တာလား .. ဒီလိုမျိုးတာအိုပုံလည်း ပါတာလား..

“လောကတစ်ဝက်သစ်ပင်က ယင်ယန်မျက်လုံးရှိနေတဲ့နေရာမှာ ရှိနေတာ .. အဲဒီတော့ မှော်ငါးမျိုး ချိတ်ကောင်းကင်မျိုးစေ့လည်း တစ်ခြား ယင်ယန်မျက်လုံးနေရာမှာ ရှိရမှာ” ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။

သူတို့သည် ထိုမျိုးစေ့ရှိနေမည့် နေရာအား အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည်ပင်။

စင်္ကြံမြင့်ထက်တွင် ယင်နှင့်ယန်စွမ်းအင်များ လှည့်ပတ်နေပြီး တာအိုသင်္ကေတပုံပေါ်လာသည်။ ဤသည်မှာ ထူးဆန်းကာ စွမ်းအားကြီးလှသည်။ အထဲဘက်တွင်ရှိနေသည့် ယင်ယန်မျက်လုံးသည် မထင်မှတ်စွာဖြင့်ပင် ပြောင်းပြန်ဒြပ်စင်ငါးခုရှိနေသည့်နေရာဖြစ်သွားသည်။

အားလုံး လောကသစ်ပင်ကို လှည့်ကြည့်ပြီးနောက် အဆုံးမရှိ ကျယ်ပြောလှသည့် တိုက်ကြီးကို ကြည့်လိုက်ကြသည်။ စင်္ကြံမြင့်ထက်တွင်ရှိနေသည့် ပုံမှာ ကောက်ချက်ချထားသည့် အစီအရင်ပုံသာ။

“ယင်ယန်မျက်လုံးထဲမှာ ကောင်းကင်မျိုးစေ့ရှိနေတယ်ဆိုတာ သေချာလား..” အကြီးအကဲတစ်ယောက်မှ သံသယရှိနေသည်ပင်။

အဘယ်ကြောင့်ဆိုသော် ကောလဟာလများအရ ပြောင်းပြန်ဒြပ်စင်ငါးခုရှိနေသည့်နေရာမှာ အလွန်ကြောက်စရာကောင်းလှပြီး သူတို့ထိတွေ့နိုင်သည့် နေရာတစ်ခုမဟုတ်။ ထိုနေရာသို့ သွားသည့်သူများအားလုံး သေဆုံးသွားပြီး အသက်ရှင်လျက် ပြန်ရောက်လာသည့်သူ မရှိသေး။

အပိုင်း ၁၄၀၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၂ – ဆေးကောင်းတစ်လက်

ရှေးဟောင်းသစ်ပင်ကြီးသည် ယိမ်းထိုးနေကာ မရေမတွက်နိုင်သည့် ကြယ်များလည်း ရွှေရောင်သစ်ရွက်များနှင့်အတူ လှုပ်ရှားကာ ကြယ်ရောင်များလည်း တောက်ပနေသည်။

ငွေရောင်သင်္ဘောကြီးသည် ဤနေရာမှ ပျောက်ကွယ်သွားကာ သူတို့ကောက်ချက်ချထားသည့် နေရာသို့ သွားလိုက်လေသည်။ ဤသည်မှာ ဤနေရာနှင့် ထပ်တူကျသည့် သန့်ရှင်းသည့်မြေပင်။

“ငါတို့ ရောက်တော့မယ်..”

ဤနေရာမှာ အလွန်ငြိမ်းချမ်းလှသည်။ တောင်များမှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး ဒြပ်စင်ငါးခုစွမ်းအင်များလည်း အားကောင်းလှသည်။ စွမ်းအင်များမှာ မြေကြီးထဲမှ ထွက်လာခြင်းပင်။

အကြီးအကဲများသည် ဤနေရာကို သေချာလေ့လာနေကြပြီး တစ်လှမ်းချင်းရွေ့လျားနေကြသည်ပင်။ သူတို့ ဆက်မသွားရဲကြတော့။ အဘယ်ကြောင့်ဆိုသော် ကောလာဟလများမှာ အလွန်ကြောက်စရာကောင်းလှသည်။

ဝူး..

သူတို့ လီတစ်ရာခန့်သွားပြီးသည်နှင့် လူတစ်ယောက် ငိုနေသလိုအသံများ ရုတ်တရက် ကြားလိုက်ရသည်။

သူတို့ ထိုနားသို့ နီးကပ်သွားသည်နှင့် အားလုံး တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ ဤသည်မှာ တောင်ကြားလေးတစ်ခုသာဖြစ်သော်လည်း လေတိုက်သံများမှာ ထိုကဲ့သို့ ဝမ်းနည်းစရာကောင်းလှသည့် ရှိုက်သံကဲ့သို့ ဖြစ်နေသည်။

“ဒီနေရာပဲ..” ဒုတိယအကြီးအကဲ၏အမူအရာမှာ လေးနက်နေသည်။ သူ၏စကားကိုကြားသည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ယခုအချိန်တွင် သင်္ဘောကြီးလည်း လေထဲ၌ ရပ်တန့်သွားလေပြီ။

ဒဏ္ဍာရီများအရဆိုလျှင်တော့ ဤနေရာမှာ အလွန်အန္တရာယ်များမည်ပင်။ ဤနေရာတွင် ပြောင်းပြန်ဒြပ်စင်ငါးခုအစီအရင် တကယ်ရှိနေလျှင် ဝင်လာသမျှလူအားလုံး သေဆုံးသွားမည်သာ။

ချောက်ကြီးမှာ နက်ရှိုင်းလှသည်။ သူတို့အပေါ်စီးမှ ကြည့်လိုက်သည့်အချိန်တွင် မြူထနေသည့် ငရဲသို့ သွားသည့်လမ်းနှင့်ပင် တူနေသည်။

လေများတိုက်ခတ်လိုက်သည့်အချိန်တွင် မြူများရှင်းလင်းသွားပြီး တောင်ကြားထဲတွင် အရိုးများပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ အချို့အရိုးများမှာ ဖြူဖွေးနေပြီး အချို့မှာ ရွှေရောင်တောက်ပနေသည်။ အချို့မှာ ခရမ်းရောင်ပင်။ ဤအရိုးများအားလုံးမှာ မတူညီသည့်မျိုးနွယ်စုများမှ အရိုးများပင်။

ဤအရိုးများရှိနေသည်မှာ နှစ်ပေါင်းမည်မျှကြာသွားပြီမှန်းတောင် မသိရ။ လေများတိုက်စားသောကြောင့် အရိုးများပင် ပါးလျနေလေပြီ။

“ပြောင်းပြန် ဒြပ်စင်ငါးခုအစီအရင်..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်၏။ ဤသည်မှာ ဒဏ္ဍာရီများတွင် ရေးထားသည်နှင့် ကိုက်ညီသည်ပင်။ အဆင့်လွန်သက်ရှိများ၏ အရိုးစုများမှာ တစ်ခုနှစ်ခု မကပေ။

ဒီအဆင့်က လူတွေတောင် အသတ်ခံရတာလား..

သူတို့အထဲမဝင်သေးလျှင်ပင် အလောင်းများစွာကို မြင်နေရလေပြီ။

“တစ်ချို့တွေ့က အသတ်ခံရတဲ့ပုံမပေါ်ဘူး .. တရားထိုင်ရင်း သေသွားသလိုပဲ..” ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။ သူ၏မျက်နှာထက်တွင် ရှုပ်ထွေးသည့်အမူအရာများရှိနေသည်ပင်။

“ဟမ် … ဟုတ်တယ် .. မင်းတို့အားလုံး ကြည့်ကြည့်လိုက် .. တစ်ချို့လူတွေက အရိုးစုပဲ ရှိတော့ပေမယ့် ထိုင်နေတဲ့ ပုံစံ မပျက်ဘူး .. သူတို့ တစ်ခုခုကို နားလည်ဖို့ ကြိုးစားနေသလိုပဲ” တတိယအကြီးအကဲ ပြောလိုက်သည်။

“ဒါက ငါတို့ထင်ထားတာနဲ့ နည်းနည်းကွဲနေတယ်” အခြားအကြီးအကဲ တစ်ယောက် ပြောလိုက်သည်။

လေများတိုက်ခတ်ကာ တဝူးဝူးအသံများ ထွက်ပေါ်နေဆဲပင်။

“ပြန်ဆုတ်မယ်..”

ဒုတိယအကြီးအကဲ အမိန့်ပေးလိုက်သည်။ ငွေရောင်စစ်သင်္ဘောကြီးသည် လုံခြုံဘေးကင်းသည့် နေရာတစ်ခုသို့ ရောက်အောင် ပြန်ဆုတ်သွားလိုက်သည်။

ထို့နောက် ပဉ္စမအကြီးအကဲသည် မိုးကြိုးပစ်ချခံထားရသည့်သစ်သားဖြင့် ပြုလုပ်ထားသည့် ရုပ်သေးရုပ်လေးကို ထုတ်လိုက်သည်။ ဤအရုပ်မှာ သုံးလက်မပင် မရှိပေ။ ကျောက်နက်ဖြင့် ထွင်းထားသကဲ့သို့ မည်းနက်နေပြီး လျှပ်စီးအလင်းတန်းများလည်း အချိန်နှင့်အမျှ ထွက်ပေါ်နေသည်ပင်။

သူ ထိုရုပ်သေးရုပ်ကို ပစ်လိုက်သည်နှင့် ထိုအရုပ်သည် တစ်ဖြည်းဖြည်းကြီးလာကာ လူတစ်ယောက်အရွယ်အစားဖြစ်သွားသည်။ သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် စွမ်းအားကြီးသည့်တပ်သားတစ်ယောက်ကဲ့သို့ ကြံ့ခိုင်မာကျောနေသည်။

ဤစစ်ရုပ်သေးရုပ်လေးမှာ ရှားပါးကောင်းမွန်လှသည့် ပစ္စည်းတစ်ခုပင်။ သူ၏ခွန်အားမှာ ကောင်းကင်နတ်ဘုရားအဆင့်ကိုပင် ကျော်လွန်သည်။ ယခု အကြီးအကဲငါးယောက်ပေါင်းပြီး အသက်သွင်းလိုက်သည့်အချိန်တွင် ထိုအရုပ်သည် ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်စွာဖြင့် တောင်ကြားထဲသို့ ခုန်ဆင်းသွားလေသည်။

“မင်း နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ ဒီရုပ်သေးရုပ်လေးကို တကယ်ပဲ ဒီမှာ ဖျက်ဆီးပစ်တော့မှာလား..” စတုတ္ထအကြီးအကဲမှ ပြောလိုက်သည်။

“ငါတို့ ပေးဆပ်မှပဲ ဒီလျှိုမြောင်ထဲမှာ ဘာဖြစ်နေလဲဆိုတာ သိရမှာလေ” ပဉ္စမအကြီးအကဲမှာ အလွန်ကူကယ်ရာမဲ့နေသည့်ပုံပင်။ သူတို့ ဒီတိုင်း ဝင်သွား၍မရ။ အရင်ဆုံး ကင်းထောက်တစ်ယောက် စေလွှတ်ရမည်ပင်။

ထိုရုပ်သေးရုပ် တောင်ကြားထဲသို့ ဝင်ရောက်သွားကာ လျှပ်စီးအလင်းတန်းများ တောက်ပလာပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် အလင်းအဆီးအတားတစ်ခု ဖြစ်လာသည်။

အားလုံး စိတ်လှုပ်ရှားနေကြကာ ကောင်းကင်မျက်လုံးရှိသည့်သူများလည်း မျက်လုံးများကို အသက်သွင်းကာ သေချာစောင့်ကြည့်နေကြသည်။

သို့သော်လည်း သူတို့မှာ ဝေးကွာလွန်းလှသောကြောင့် ကောင်းကင်မျက်လုံးအသုံးပြုထားလျှင်ပင် ရှင်းရှင်းလင်းလင်း မမြင်ရ။

“ဟမ် .. သူတောင်ကြားအတွင်းပိုင်းထဲထိ ဝင်သွားတာတောင်မှ ဘာတုံ့ပြန်မှုမှ မရှိသေးဘူး .. ဘာမှလည်း မဖြစ်သေးဘူး” ပဉ္စမအကြီးအကဲ ထိတ်လန့်သွားရသည်။ ဤသည်မှာ သူတို့ထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်ပင်။

“ပြောင်းပြန် ဒြပ်စင်ငါးခုအစီအရင်က အရမ်းအန္တရာယ်များတယ် မဟုတ်ဘူးလား.. သူက ဒြပ်စင်ငါးခုအုတ်မြစ်ကို ဖျက်ဆီးပစ်တာ မဟုတ်ဘူးလား .. အရာအားလုံးက ဒြပ်စင်ငါးခုကို အခြေခံထားတာ .. အဲဒီတော့ ဒီထဲကို ဝင်သွားတာနဲ့ တစ်ခုခုဖြစ်မှာပဲ .. ဘာလို့ ဒီလိုမျိုး ဖြစ်နေတာလဲ..” စတုတ္ထအကြီးအကဲ ရှုပ်ထွေးနေရသည်။

ပဉ္စမအကြီးအကဲသည် မျက်လုံးမှိတ်လိုက်ကာ မူလဝိညာဉ်တံဆိပ်တစ်ခုကို ထိုရုပ်သေးရုပ်နှင့် ပေါင်းစည်းလိုက်သည်။ ယခုအချိန်တွင် သူသည် လျှိုမြောင်ထဲမှ အခြေအနေများကို ရှင်းရှင်းလင်းလင်းအာရုံနိုင်လေပြီ။

တစ်နာရီကြာပြီးသည့်နောက် အားလုံး လှုပ်လှုပ်ရွရွဖြစ်လာသည်။ အချို့သူများမှာ စိတ်မရှည်တော့။ ထိုအချိန်မှသာ ပဉ္စအကြီးအကဲ၏ မျက်လုံးများပွင့်လာသည်။

“တော်တော်ထူးဆန်းတယ် .. လျှိုမြောင်အတွင်းပိုင်းက အရမ်းကို ငြိမ်းချမ်းနေတယ် .. ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး .. ဝင်သွားလို့ရတယ်..”

ဤသည်မှာ ဒုတိယအကြီးအကဲအား ထိတ်လန့်သွားစေသည်ပင်။

“တစ်ခုခုကို မှတ်တမ်းတင်ထားတဲ့ ကျောက်တုံးတွေကို တွေ့ခဲ့သေးတယ် .. အဲဒါက လေ့လာဖို့ ထိုက်တန်တယ်လို့ ခံစားနေရတယ်” ပဉ္စမအကြီးအကဲမှ ထပ်ပြောလိုက်သည်။

“ဘာတွေကို ထွင်းထားတာလဲ..” အခြားသူများမေးလိုက်သည်။

“ထူးဆန်းတဲ့စကားလုံးတွေ …။ ”
ပဉ္စမအကြီးအကဲ၏အမူအရာ ထူးဆန်းနေသည်။ “လောကကြီးကို မီးဖိုအဖြစ်သုံးပြီးတော့ ခုနှစ်တွေကို မီးတောက်အဖြစ်..” သူ ထပ်ပြောလိုက်သည်။

ထိုကျောက်တုံးပေါ်တွင် ဆေးလုံး ပြုလုပ်သည်ပုံကို မှတ်တမ်းတင်ထားခြင်းပင်။ သို့သော် အသုံးပြုသည့် ဆေးမီးဖိုနှင့် မီးတောက်များမှာ အနည်းငယ် ကြောက်စရာကောင်းနေသည်။ မှတ်တမ်းအရဆိုလျှင် ဤနေရာမှာ ဆေးလုံးများ ပြုလုပ်သည့်နေရာပင်။

“တစ်ချို့နေရာတွေက ပျက်စီးသွားပြီ .. ထွင်းထားတဲ့စကားလုံးတွေက သိပ်မပြည့်စုံတော့ဘူး .. ဘာကို ပြောချင်တာလဲဆိုတာ ပြောဖို့ခက်တယ်” ပဉ္စမအကြီးအကဲမှ ပြောလိုက်သည်။

“သွားကြစို့ .. ငါတို့နှစ်ယောက်သွားကြည့်ရအောင်” ဒုတိယအကြီးအကဲ ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ဖန်တီးလိုက်ကာ ထိုရုပ်သေးရုပ်နှင့်အတူ လျှိုမြောင်ထဲသို့ ဝင်သွားလေသည်။

ခဏကြာပြီးသည့်နောက်တွင် ဒုတိယအကြီးအကဲ၏ ကိုယ်ပွားနှင့် ရုပ်သေးရုပ်တို့ ပြန်ရောက်လာကြသည်။

“ဘယ်လိုလဲ..” အခြားအကြီးအကဲများ မေးလိုက်သည်။

“ငါတို့ အဲဒီနေရာကို ဝင်လို့ရတယ် .. ငါတို့ထင်ထားတာနဲ့ နည်းနည်းလေးကွဲနေတယ် .. အနည်းဆုံးတော့ ဒီခေတ်မှာ အဲဒီတောင်ကြားက အတော်လေး ဘေးကင်းနေပြီ” ဒုတိယအကြီးအကဲ ပြောလိုက်၏။

အခြားသူများလည်း အတော်လေး အံ့အားသင့်ကာ ဝမ်းသာသွားကြသည်။ သူတို့အားလုံး ဤနေရာမှာ ရှာဖွေချင်နေကြသည်ပင်။ ရှီဟောင်နှင့် လူငယ်မျိုးဆက်များပင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။

ငွေရောင်သင်္ဘောကြီး တောင်ကြားသို့ ပြန်လည်ရောက်ရှိလာသည်။ ယခုတစ်ခေါက်တွင်တော့ သူတို့ ထိုတောင်ကြားအတွင်းပိုင်းသို့ တစ်ခါတည်း ဝင်သွားလိုက်သည်။

ဤနေရာမှာ ရှေးကျလှပြီး ပြောင်းလဲမှုကြီးများ၏ အော်ရာတစ်ခုလည်း ရှိနေသည်။ ဤနေရာတွင် ဖော်ပြ၍မရနိုင်သည့် မရှင်းလင်းသည့်ခံစားချက်များလည်း ခံစားနေရသည်။

မြေပြင်ထက်တွင် အချိန်၏တိုက်စားမှုကြောင့် ဆွေးနေပြီဖြစ်သည့် အရိုးများစွာ ရှိနေသည်။ ကျောက်တုံးကြီးများပင်လျှင် မိုးများ၊ လေများကြောင့် ပုံစံပျက်နေလေပြီ။ သင်္ဘောကြီး ဤနေရာတွင် ရပ်တန့်သွားသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။

“ဒီမှာ ထွင်းထားတဲ့စာတစ်ချို့ရှိနေတုန်းပဲ .. အားလုံးက ပြောင်းပြန် ဒြပ်စင်ငါးခုနယ်မြေအကြောင်းကို ဆွေးနွေးထားတာ .. ငါတို့ ဘေးပတ်လည်ကို သေချာလေ့လာပြီးသွားပြီ .. ဒီမှာ အန္တရာယ်တွေမရှိတော့ဘူးဆိုတာ သေချာတယ်” ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။

“ဘာလို့ မရှိတော့တာလဲ” အခြားသူများမှာ နားမလည်နိုင်ဖြစ်နေကြသည်။

“ပြောင်းပြန်ဒြပ်စင်ငါးခုအစီအရင်က အလုပ်မလုပ်တော့ဘူး .. သူ့ကိုသွားမထိရင် ဘာမှဖြစ်မှာမဟုတ်ဘူး” ဒုတိယအကြီးအကဲ ရှင်းပြလိုက်သည်။

“ဘာတွေဖြစ်ခဲ့တာလဲ .. မင်းတို့နှစ်ယောက် ဘာတွေ့ခဲ့တာလဲ..” အခြားအကြီးအကဲများပင် ဝေခွဲမရဖြစ်နေကြသည်။

“ဒီလျှိုမြောင်က ယင်ယန်မျက်လုံးရှိနေတဲ့ နေရာပဲ .. အရင်တုန်းကဆိုရင်တော့ ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ ဝင်လို့ရမှာမဟုတ်ဘူး .. သူ့ရဲ့စွမ်းအားကို ခုခံဖို့အတွက် မှော်စွမ်းအားအများကြီးလိုမှာ .. အဲဒီအချိန်တုန်းကတော့ ဒီထဲကို ဝင်တာနဲ့ အချိန်မရွေးသေသွားနိုင်တယ်” ဒုတိယအကြီးအကဲ နောက်တစ်ဆင့် ရှင်းပြလိုက်သည်။

တစ်နေ့ကျလျှင် ဤလျှိုမြောင်ထဲသို့ လျောလျောရှူရှူဝင်နိုင်မည်ဖြစ်ကြောင်း ကျောက်တုံးတစ်ခုတွင် မှတ်တမ်းတင်ထားသည်။ ဆိုလိုသည်မှာ တစ်နေ့ကျလျှင်တော့ ဤနေရာတွင်ရှိနေသည့် အန္တရာယ်များ ပျောက်ကွယ်သွားမည်ပင်။

ဤသည်မှာ ချိတ်ပိတ်ထားသည့်နေရာတစ်ခုပင်။ မှတ်တမ်းတင်ထားသည့်အတိုင်းဆိုလျှင် ဤနေရာ၌ အလွန်ရက်စက်သည့်လူတစ်ယောက်အား ဖမ်းချုပ်ထားသည်။ ထိုလူသာ လွတ်သွားသည်နှင့် အခြေအနေများမှာ မယုံကြည်နိုင်လောက်အောင် ဆိုးရွားသွားလိမ့်မည်ပင်။

ဤနေရာမှာ ဆေးဖော်သည့်နေရာတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည့် မှတ်တမ်းများစွာ ရှိနေသည်။ ရှေးယခင်က လူများသည် ထိုသက်ရှိကို ဤနေရာသို့ မျှားခေါ်ခဲ့ပြီးနောက် ဒြပ်စင်ငါးခုတိုက်ကို မီးဖိုအဖြစ်အသုံးပြုပြီး အချိန်ကို မီးတောက်အဖြစ်အသုံးပြုကာ ထိုသူအား ဆေးလုံးအဖြစ်သို့ ပြောင်းလဲခဲ့သည်။

“အဲဒါက ဘာဆေးမို့လို့ ဒီလိုမျိုးအစီအစဉ်ကြီးတွေ လိုတာလဲ .. အဲဒီဆေးကိုလုပ်ဖို့ အဆုံးမရှိတဲ့အချိန်တွေကို မီးတောက်အဖြစ် သုံးရတာလား..”

“မှတ်တမ်းတွေအရဆိုရင်တော့ အဲဒါက အဲဒီဆေးမီးဖိုကနေ ထွက်လာဖို့ အချိန်တဲ့” ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။

ထိုဆေးလုံး၏ တန်ဖိုးအကြောင်းပြောလိုက်သည်နှင့် သူပင် အနည်းငယ် စိတ်လှုပ်ရှားလာရသည်။ အဘယ်ကြောင့်ဆိုသော် ဤဆေးလုံးမှာ ထာဝရဘုရင်များကို ပြန်လည်အသက်သွင်းနိုင်သည့် ထာဝရပစ္စည်းတစ်ခုပင်။

“ဘာ .. ဒါက ထာဝရသက်ရှိတွေအတွက် လုပ်တဲ့ဆေးဟုတ်လား .. ခေတ်ကြီးတစ်ခေတ်လုံး စောင့်ရတာလား..” အားလုံး ဆွံ့အသွားရသည်။ ဤသည်ကို ကာကွယ်ရန် ပြောင်းပြန်ဒြပ်စင်ငါးခုအစီအရင်ရှိနေသည်မှာ မထူးဆန်းတော့။

“မှော်ငါးမျိုး ချိတ်ကောင်းကင်မျိုးစေ့ဆိုတာမှာ ချိတ်ပိတ်ထားတာက ဆေးလုံးလား..” အကြီးအကဲများပင် အံ့အားသင့်သွားကြသည်ပင်။

“မှော်ပညာငါးမျိုးဆိုတာကလည်း ပြောင်းပြန်ဒြပ်စင်ငါးခုအစီအရင်ကို ပြောတာဖြစ်လောက်တယ် .. ကောင်းကင်မျိုးစေ့ဆိုတာကလည်း ထာဝရဘုရင်တွေကို ပြန်ပြီးအသက်သွင်းနိုင်တဲ့ ဆေးပဲ”
ပဉ္စမအကြီးအကဲ ခေါင်းညိမ့်၍ ပြောလိုက်သည်။

“တစ်ခုခုတော့ မဟုတ်သေးဘူး .. တစ်ခုခုက ထူးဆန်းနေတယ်လို့ ခံစားနေရတုန်းပဲ” တတိယအကြီးအကဲမှာ သိပ်မယုံကြည်သေးသည့်ပုံပင်။

“ကျောက်တုံးမှာ ထွင်းထားတဲ့စာတွေ အများကြီးပဲ .. မှတ်တမ်းတစ်ခုမှာဆိုရင် ချိတ်ပိတ်ထားတဲ့ သက်ရှိကြီးနဲ့ ယှဉ်နိုင်အောင်လို့ ချန်ထားခဲ့တဲ့ ပြီးပြည့်စုံတဲ့မျိုးစေ့ရှိတယ်လို့ ပြောထားတယ် .. အဲဒါလည်း အခုထိ ရှိလောက်သေးတယ်” ဒုတိယအကြီးအကဲ ပြောလိုက်သည်။

မှတ်တမ်းများမှာ များစွာရှိနေသောကြောင့် မကြာခဏရေးထားသည့် အကြောင်းအရာများကိုသာ သူတို့ယုံကြည်နိုင်သည်။ ဒွိဟဖြစ်စေလောက်သည့် မှတ်တမ်းများကိုတော့ သူတို့သေချာမသိ။

ထို့ကြောင့်ပင် ဒုတိယအကြီးအကဲနှင့် ပဉ္စမအကြီးအကဲသည် ဤနေရာအား လှည့်ပတ်ကြည့်ရှုခဲ့ကြသော်လည်း ပြီးပြည့်စုံသည့် ကောင်းကင်မျိုးစေ့ ရှိမရှိကို သူတို့မသေချာခြင်းပင်။

ရုတ်တရက်ပင် ခပ်ဝေးဝေးမှ သင်္ဘောတစ်စင်းရောက်လာကာ ဖြည်းညှင်းစွာ ရပ်တန့်သွားလေ၏။

“ချီးပဲ .. သူတို့က ဘာလို့ရောက်လာတာလဲ..” ထာဝရကျောင်းမှ သင်္ဘောတွေ့လိုက်ရသောကြောင့် တတိယအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

“အားလုံးပဲ .. ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီ .. ဒီတစ်ခေါက်တော့ ကျုပ်တို့ ယဉ်ကျေးနေမှာမဟုတ်တော့ဘူး .. ဒီနေရာမှာ အခွင့်အရေးကောင်းတွေရှိနေတယ် .. အဲဒီတော့ ကျုပ်တို့ အဲဒါကို ကျုပ်တို့အတွက် ချန်ထားရမယ်” မကောင်းဆိုးဝါးအိုကြီးတစ်ယောက် ပေါ်လာသည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ လူများကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ ဤနေရာမှာ သေချာပေါက် တည်ငြိမ်နိုင်တော့မည် မဟုတ်။ ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်လာမည်ပင်။

“ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ ခင်ဗျားတို့သိလား..” ဒုတိယအကြီးအကဲမှ မေးလိုက်သည်။

“ခင်ဗျားတို့ထက် ပိုပြီးတော့ နည်းနည်းလောက်တော့ ရှင်းရှင်းလင်းလင်းသိတယ် .. အရင်တုန်းက ထာဝရကျောင်းမှာ ဒီကနေ အသက်ရှင်လျက်ပြန်လာတဲ့သူတွေ ရှိခဲ့ဖူးတယ်” မကောင်းဆိုးဝါးအိုကြီး ပြောလိုက်သည်။

သို့သော်လည်း ထိုလူသည် အများကြီးမရှင်းပြနိုင်သေးခင်မှာပင် သေဆုံးသွားခဲ့ရသည်။ ထို့ကြောင့်ပင် ထာဝရကျောင်းမှလူများပင် ဤနေရာ၏ နေရာအတိအကျကို မသိပဲ တစ်ချိန်လုံး လိုက်ရှာနေခြင်းပင်။

“အန္တရာယ်မရှိပဲ တည်ငြိမ်နေတဲ့ပုံပေါက်နေတယ်ဆိုပေမယ့် ဆေးလုံးမီးဖိုပွင့်လာရင် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး .. ကျုပ်တို့တွေ ပေါင်းပြီးတော့ လောကမီးဖိုကို ဖွင့်လိုက်ရင်ရော..” မကောင်းဆိုးဝါးအိုကြီး ပြောလိုက်သည်။

“ကောင်းပြီလေ..” ဒုတိယအကြီးအကဲ ပျော်ရွှင်စွာပင် သဘောတူလိုက်လေ၏။

အပိုင်း ၁၄၀၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၃ – ပုန်းကွယ်နေသည့် ရှေးဟောင်းမြေ

လျှိုမြောင်မှာ ကျယ်ဝန်းလှပြီး အောက်ခြေဘက်တွင် ရပ်လိုက်သည်နှင့် သူတို့ဘေးပတ်ဝန်းကျင်မှာ အရောင်မှိန်သွားသည်။ ဤသည်မှာ သူတို့ ချောက်နက်ကြီး၏ အောက်ခြေကို ရောက်သွားသကဲ့သို့ပင်။

ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများသည် လက်ရှိတွင် ဆေးလုံးမီးဖိုအား မည်ကဲ့သို့ ဖွင့်ကြမည်ကို ကောင်းကင်နတ်ဘုရားကျောင်းမှ ဒုတိယအကြီးအကဲတို့နှင့် ဆွေးနွေးနေကြသည်။

“လောကတစ်ဝက်သစ်ပင် ယင်ယန်မျက်လုံးမှာ အမြစ်တွယ်လိုက်လို့ ငါတို့ ကိုးကားလို့ရတဲ့ နေရာရလာတာ မဟုတ်ရင် ငါတို့ တစ်ဘဝလုံး ရှာတွေ့မှာ မဟုတ်ဘူး” သူတို့အတော်လေး ကံကောင်းနေသည်ပင်။

ဤတိုက်ကြီးမှာ အလွန်ကြီးမားလှသောကြောင့် ကြယ်များကြွေကျလာပြီး ဖုန်မှုန့်လေးများကဲ့သို့ ဖြစ်သွားလိမ့်မည်ပင်။ သဲလွန်စမရပဲ ရှာနေရပါက သူတို့ဘဝပေါင်း၊ ခေတ်ပေါင်းများစွာရှာလျှင်ပင် တွေ့မည်မဟုတ်ပေ။

ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများသည် ဤနေရာအား သေချာဆန်းစစ်နေကြသည်။ ထာဝရကျောင်းမှ အကြီးအကဲများမှာ ကောင်းကင်နတ်ဘုရားကျောင်းမှအကြီးအကဲများထက် ပို၍အထင်ကြီးစရာကောင်းပြီး သူတို့အဆင့်လည်း ပိုမြင့်သည်မှာ သိသာလှသည်။

သူတို့သည် ဤလောကတွင် ရှင်သန်နေသည့် ရှေးအကျဆုံးလူများပင်။

ကောင်းကင်နတ်ဘုရားကျောင်းတွင် အကြီးအကဲအရှင်နှင့် ဒုတိယအကြီးအကဲများသာ သူတို့နှင့် ယှဉ်နိုင်လိမ့်မည်။

သေချာဆွေးနွေးကာ ကောက်ချက်ချပြီးနောက် ဤနေရာ၏ ပုံစံအနေအထားကို သူတို့တစ်ဖြည်းဖြည်းနားလည်လာသည်။ သူတို့အားလုံး ပျော်ရွှင်သည့်အမူအရာဖြစ်သွားကြသည်။ ယခု လောကကြီး ပြောင်းလဲသွားပြီဖြစ်သောကြောင့် ဤနေရာမှာ အန္တရာယ်မရှိတော့ပေ။

“ငါတို့ ဖော်ထုတ်တာကို စောင့်နေတဲ့အရာတွေ ရှိနေတယ်..”

ဤလူများအမြင်တွင် သူတို့မြင်ခဲ့သည့် ချောက်နက်ကြီးမှာ အစွန်ဆုံးနေရာသာဖြစ်ပြီး ချိတ်ပိတ်ထားသည့်မြေဟုခေါ်သည့်နေရာ မဟုတ်သေး။

“ရှေးဟောင်းမြေအစစ်က ဖုံးကွယ်ခံထားရတာ .. ငါတို့ဖောက်ဝင်ဖို့ လိုတယ်..”

လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်နေပြီဖြစ်သော်လည်း သူတို့သတိကြီးကြီးထားနေဆဲပင်။ တစ်ခုခုကို မတော်တဆလုပ်မိသွားပြီး ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုများဖြစ်သွားမည်ကို ကြောက်နေသောကြောင့်ပင်။

လျှိုမြောင်အတွင်းဘက်တွင် လမ်းမရှိတော့သလို သူတို့လမ်းတွင် ချောက်ကမ်းပါးတစ်ခု ပိတ်နေလေသည်။ သို့သော်လည်း အကြီးအကဲများသည် ရပ်တန့်သွားခြင်းမရှိပဲ ဆက်သွားနေခြင်းပင်။

“ဒီကျောက်နံရံကြီးကို ဖြိုချလိုက် .. အဲဒါမှ ငါတို့ အမှန်တရားကို တွေ့နိုင်လိမ့်မယ်..”

ကောင်းကင်နတ်ဘုရားကျောင်းမှ ပဉ္စမအကြီးအကဲသည် အရှေ့ဘက်သို့ လျှောက်လာပြီးနောက် နံရံကြီးကို ဒုန်းကနဲ ထုလိုက်လေသည်။ မြေကြီးတုန်ခါသွားကာ တောင်များလည်း လှုပ်ခတ်သွားသည်။ သူ၏ခန္ဓာကိုယ်တွင် လျှပ်စီးသင်္ကေတများလည်း ထွက်ပေါ်လာသည်။

ထို့နောက် ဖုန်းဟူသည့်အသံနှင့်အတူ ပဉ္စမအကြီးအကဲသည် လျှပ်စီးတန်းတစ်ခုကြောင့် လွင့်ထွက်သွားလေ၏။ သူ၏ရင်ဘတ် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သူ၏ပါးစပ်မှ သွေးများလည်း စီးကျလာသည်။

သူဒဏ်ရာရသွားလေပြီ။ ဤသည်မှာ ဤကျောက်နံရံကြီးကို ထိလိုက်၍ ဖြစ်လာသည့် ရလဒ်ပင်။

“ဟား ဟား..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးတစ်ယောက် လှောင်ရယ်နေလေသည်။ “လူငယ်လေးတွေက တော်တော်လေးကို စိတ်ကြီးတာပဲ .. ဒါက စစ်ဆေးရေးဂိတ်တစ်ခုပဲ ရှိသေးတယ် .. အဲဒါကို မင်းက လမ်းရှာရမယ့်အစား အဲဒီနံရံဆီ ပြေးသွားနေတယ်” သူ၏စကားလုံးများမှာ အတော်လေး ပြင်းထန်လှသည်ပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ ပဉ္စမအကြီးအကဲ၏မျက်နှာမှာ ဖြူတစ်လှည့် စိမ်းတစ်လှည့် ဖြစ်နေလေပြီ။ သူက အသက် ဘယ်လောက်တောင် ရှိနေပြီမို့လို့လဲ .. သူ၏အသက်ကိုသာ ထုတ်ပြောလိုက်လျှင် ထိတ်လန့်သွားသည့်သူများ ရှိမည်ပင်။ သို့သော် ယခုတော့ လူငယ်တစ်ယောက်ကဲ့သို့ ဆက်ဆံခံနေရသည်။ ဤသည်မှာ လှောင်ပြောင်မှုတစ်မျိုးပင်။

ထိုသို့ပြောပြီးသည်နှင့် ထာဝရကျောင်းမှ ထိုမကောင်းဆိုးဝါးအိုကြီးသည် အရှေ့ဘက်သို့ ‌လျှောက်သွားကာ ထိုကျောက်နံရံရှေ့တွင် ရပ်လိုက်သည်။ ထိုကျောက်နံရံကို သေချာလေ့လာပြီးသွားသည်နှင့် တောင်နံရံထံသို့ လျှောက်သွားလိုက်လေသည်။

ဒုန်း..

ထိုအသံနှင့်အတူ လျှိုမြောင်တစ်ခုလုံး တုန်ခါသွားကာ တောင်နံရံများလည်း ပြင်းထန်စွာ လှုပ်ခါသွား၏။ ထိုမကောင်းဆိုးဝါးအိုကြီး သွေးအန်ကာ လွင့်ထွက်သွားလေ၏။ သူ၏ဒဏ်ရာများမှာ မသေးလှပေ။

အားလုံး ဆွံ့အသွားပြီးနောက် ကျောချမ်းလာကြသည်။ မကောင်းဆိုးဝါးအိုကြီးပင်လျှင် ဒဏ်ရာရသွားသောကြောင့် ဤသည်မှာ သူတို့အားလုံးအား ထိတ်လန့်သွားစေသည်ပင်။

“စီနီယာ .. စီနီယာက ဘာလို့ ကျွန်တော့်ထက်တောင် ပိုပြီးတော့ တည့်တိုးဆန်နေတာလဲ .. စီနီယာရဲ့ ဒဏ်ရာတွေက ကျွန်တော့်ထက်တောင် ပိုပြင်းထန်နေတယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ ပဉ္စမအကြီးအကဲ အံ့အားသင့်သွားကာ မတွန့်မဆုတ်ပင် မေးလိုက်သည်။

ထိုမကောင်းဆိုးဝါးအိုကြီးသည် မျက်နှာပျက်သွားရလောက်သည်အထိ ဒေါသထွက်သွားသည်။ ထို့နောက် သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် ဝေါ့ကနဲ သွေးအန်လာပြန်လေသည်။ ထိုအခါမှသာ သူ ရပ်တန့်လိုက်လေ၏။

ထို့နောက် အကြီးအကဲနှစ်ယောက် သီးသန့်လျှောက်သွားကြကာ စမ်းသပ်ကြည့်လိုက်သည်။ ရလဒ်မှာ အတူတူပင်။ သူတို့နှစ်ယောက်လုံး လွင့်ထွက်လာကြသည်။

စွမ်းအားကြီးလေလေ ဒဏ်ရာများပြင်းထန်လေလေဖြစ်သည်ကို သူတို့တွေ့လိုက်ရသည်။

“မင်း စမ်းကြည့်..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးသည် သူ့တပည့်တစ်ယောက်ကို လက်ညှိုးထိုးကာ စမ်းကြည့်ခိုင်းလိုက်လေသည်။

“ကျွန်တော် .. အကြီးအကဲ .. အကြီးအကဲတို့အားလုံးတောင် ရှုံးနိမ့်တာ .. ကျွန်တော်သွားလိုက်ရင် အသေသွားခံတာနဲ့ တူမနေဘူးလား..” ထိုလူ တုန်ယင်စွာ ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ .. မြန်မြန်သွား.. ဒါက မင်းအတွက် အခွင့်အရေးကောင်းဖြစ်နိုင်တယ်..” မကောင်းဆိုးဝါးအိုကြီးမှာ အလွန်လွှမ်းမိုးလှပြီး မေးခွန်းထုတ်မခံပေ။

လူငယ်လေးမှာ မကျေနပ်သော်လည်း ငြင်းခွင့်မရှိပေ။ နောက်ဆုံးတွင်တော့ သူ့ကိုယ်သူ အားတင်းလိုက်ပြီး တောင်နံရံရှေ့သို့ သွားလိုက်သည်။ ထို့နောက် သူသည် အံကြိတ်ကာ တောင်နံရံထဲသို့ ဝင်သွားလိုက်လေသည်။

သူသည် တောင်နံရံကြီးကို ထုရိုက်ခြင်းမဟုတ်ပဲ ထိုတောင်ထဲသို့ တိုက်ရိုက်ဝင်သွားခြင်းပင်။ ထို့နောက် သူ၏ပုံရိပ်ပျောက်ကွယ်သွားလေသည်။

“သူအောင်မြင်သွားပြီ .. အခွင့်အရေးကောင်းတွေ ရှိနေတဲ့ရှေးဟောင်းမြေထဲကို သူဝင်သွားလိုက်နိုင်ပြီ”

ထိုလူသည် ထိုကဲ့သို့ ဝင်ရောက် ပျောက်ကွယ်သွားသည်နှင့် ပြန်ထွက်မလာတော့ပေ။

“မင်းလည်း လာခဲ့..” မကောင်းဆိုးဝါးအိုကြီး အခြားတပည့်တစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ ထိုတပည့်ဝင်သွားသည်ကို သူ သေချာကြည့်နေလိုက်သည်။

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နေတာလဲ .. လူငယ်လေးတွေတောင် သွားနိုင်တာ ငါတို့က ဘာလို့ အပြင်ဘက်မှာ ပိတ်ခံထားရတာလဲ .. ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ..” ထိုအကြီးအကဲများ မကျေမနပ်ဖြစ်သွားကြ၏။ ဤသည်မှာ သူတို့အတွက် အရှက်ကွဲခြင်းတစ်မျိုးပင်။

“ရှင်းရှင်းလေးပါ .. ဒါက ကန်ကြီးပေါ်ကို အုပ်ထားတဲ့ ပင့်ကူအိမ်ကြီးနဲ့တူတယ် .. အကောင်ကြီးရင် ပင့်ကူအိမ်မှာ ညှိနေပြီးတော့ အကောင်သေးရင်တော့ ပင့်ကူအိမ်က အပေါက်လေးထဲကနေ လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်”

ဤနေရာကို လေ့လာပြီးသည့်နောက် ဤကျောက်တုံးနံရံ၏ အကျိုးသက်ရောက်မှုကို သူတို့ ဆုံးဖြတ်ချက်ချလိုက်ကြသည်။

ဤသည်မှာ ကျောက်နံရံအစစ်မဟုတ်ပဲ ပြောင်းပြန်ဒြပ်စင်ငါးခုအစီအရင်နှင့် ဆက်စပ်နေသည့် အစီအရင်တစ်ခုပင်။

ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများ ဆွံ့အနေကြသည်။ ဤနေရာမှာ သူတို့ဆက်မသွားနိုင်အောင် တားဆီးနေကြပြီး ‘ငါးလေး’ များသာ ဝင်နိုင်သည်။ ဤသည်မှာ သူတို့လက်ခံနိုင်ရန် ခက်ခဲစေသည်ပင်။

ရွှီး..

ထိုအချိန်တွင် ယခင်က ဝင်သွားသည့်နှစ်ယောက်ပြန်ထွက်လာကြသည်။ သူတို့အမူအရာမှာ စိတ်လှုပ်ရှားနေကြသလို ထိတ်လန့် နေကြသည်။
” အကြီးအကဲ .. အထဲမှာ အဖိုးတန်ဆေးတွေ အများကြီးပဲ..”

သူတို့ အောင်မြင်စွာ ပြန်လာနိုင်သောကြောင့် ဤသည်မှာ သူတို့၏သံသယကို သက်သေပြလိုက်ခြင်းပင်။

အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။ ဤနှစ်ယောက်ယူလာသည့်သတင်းမှာ အတော်လေး လှုပ်ခတ်သွားစေသည်ပင်။

တစ်ချိန်တည်းမှာပင် သူတို့ထံတွင် ဒဏ်ရာများရှိနေပြီး ခန္ဓာကိုယ်တွင် သွေးစီးကြောင်းများရှိနေသည်ကို တွေ့လိုက်ရသည်။

“မင်းတို့နှစ်ယောက် ဘာဖြစ်လာတာလဲ .. အထဲဘက်မှာ ဘယ်လိုလောကမျိုးရှိတာလဲ..” မကောင်းဆိုးဝါးအိုကြီး ပြောလိုက်သည်။

“အထဲဘက်မှာ ဝိညာဉ်ပစ္စည်းတွေ အများကြီးရှိတယ် .. ဒါပေမဲ့ အန္တရာယ်လည်းရှိတယ် .. ကျွန်တော်တို့ နတ်ဆေးလုံးတစ်လုံးကို ကောက်တော့မယ့်အချိန်မှာ သင်္ကေတတွေ ထွက်လာပြီးတော့ ဒီလိုမျိုးဖြစ်သွားတာ” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။

မဟုတ်ပါက သူတို့ဤမျှ မြန်မြန်ဆန်ဆန်ပြန်လာမည်မဟုတ်။ ရှားပါးသည့်ဆေးပင်များရှိသော်လည်း သူတို့သာ မခူးနိုင်လျှင် စောစောလာလည်း ဘာထူးမည်နည်း..

“ဘယ်သူ အထဲဘက်ကို သွားလေ့လာချင်သေးလဲ..” မကောင်းဆိုးဝါးအိုကြီးသည် သဘာဝကံကောင်းမှုများနှင့် အခွင့်အရေးကောင်းများကို ရယူရန်အတွက် လူငယ်ကျွမ်းကျင်သူများကို စေလွှတ်ရန် ပြင်ဆင်လိုက်သည်။

အခြားတစ်ဖက်တွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားကျောင်း ဒုတိယအကြီးအကဲသည်လည်း အခြားသူများနှင့် ဆွေးနွေးပြီးသွားသည်နှင့် ကျောင်းမှ ကျောင်းသားများကို မည်သူသွားချင်လဲဟု မေးလိုက်သည်။

ပထမအုပ်စုတွင် ရှီဟောင်၊ ယောင်ယွဲ့၊ လုထော်နှင့် အခြားထူးချွန်သည့်သူများ ပါဝင်သည်။ သူတို့အားလုံးသည် ချက်ချင်း အထဲဘက်သို့ သွားကာ ကံကောင်းမှုအတွက် တိုက်ခိုက်ချင်လှသည်။

အလားတူစွာပင် တစ်ဖက်ကျောင်းမှ စွမ်းအားကြီးသည့်လူငယ်များလည်း ထွက်လာကြသည်ပင်။

ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများသည် တစ်နေရာစီတွင် ခွဲရပ်လိုက်ကြသည်။ သူတို့တစ်ဦးနှင့်တစ်ဦးကြားတွင် အကွာအဝေးတစ်ခု ရှိနေကြသည်။

“မင်းတို့အားလုံး သတိထားကြ..”

အကြီးအကဲများ အနောက်မှနေ၍ သတိပေးလိုက်သော်လည်း သူတို့ပြောစကားမဆုံးမီမှာပင် ကျောင်းသားများမရှိကြတော့။ ကျောက်နံရံမှ ပျောက်ကွယ်သွားကြလေပြီ။

ရှီဟောင်သည် ကျောက်တောင်ထဲသို့ ဝင်လိုက်သည်ဟု မခံစားရပဲ မြူများကြားမှ ဖြတ်လာသလိုသာခံစားလိုက်ရသည်။

ဤနေရာတွင် အနည်းငယ် မှောင်နေသည်။

မြေကြီးသည်လည်း တိုက်ပွဲတစ်ခု ဖြစ်ထားသကဲ့သို့ အနီရင့်ရောင်ဖြစ်နေသည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် မြေကြီးပင် အရောင်ပြောင်းသွားလေပြီ။

ခဏကြာပြီးသည့်နောက် သူတို့အမွှေးနံ့တစ်ခု ရလိုက်သည်။ အရှေ့ဘက်တွင် ဝိညာဉ်အလင်းတစ်ခုရှိနေပြီး အံ့အားသင့်စရာကောင်းလောက်သည့် စွမ်းအင်များလည်း စီးဆင်းနေသည်။ နေရာအတော်များများတွင် ဤကဲ့သို့ ဖြစ်နေခြင်းပင်။

ဤမှောင်မဲနေသည့် ရှေးဟောင်းမြေတွင် ဆေးပင်များစွာ ရှိနေသည်ပင်။

ရှီဟောင်နှင့် အနီးဆုံးနေရာတွင် ရေကန်တစ်ကန်ရှိနေပြီး ကန်ထဲတွင် ဖူးပွင့်လာတော့မည့် ငွေရောင်ကြာပန်းတစ်ပွင့်ရှိနေသည်။ ထိုကြာပန်းမှ သင်းပျံ့လာသည့် မွှေးရနံ့သည် အတော်ဝေးဝေးသို့ လွင့်ပျံသွားကာ လူများစွာ၏အာရုံကို ဆွဲဆောင်လိုက်သည်။

ထိုသူများသည် ကြာပန်းကို သတိပြုမိသွားသည်နှင့် မျက်လုံးပြူး မျက်ဆံပြူးဖြင့် အပြေးလေး ရောက်လာကြသည်။

ဖုန်း..

ထာဝရစွမ်းအင်ထွက်ပေါ်လာကာ လူများစွာ တစ်ချိန်တည်း တိုက်ခိုက်လာကြသည်။

အားလုံးမှာ ကျွမ်းကျင်သူများပင်။ ရှီဟောင်၊ လုထော်နှင့် ဝမ်ရှီးတို့အားလုံး တိုက်ခိုက်လိုက်ကြသည်။ ထာဝရကျောင်းမှလူများလည်း ဤနေရာတွင် တိုက်ခိုက်နေသည်ပင်။

“ဝိညာဉ်လမ်းပြခြင်း ကြာပန်း..”

အားလုံး နောက်ပြန်ဆုတ်သွားသည်နှင့် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤပန်းမှာ အလွန်ရှားပါးကာ အရေးကြီးသည့် ပစ္စည်းပင်။

ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်ဆေးပင်။ ဤအပင်သည် နတ်ရည်ထဲတွင် ပေါက်ပြီး ရှာတွေ့နိုင်ရန် ခက်ခဲလှသည်။ တန်ဖိုးမဖြတ်နိုင်ဘူးဟု ပြောလျှင်ပင် မလုံလောက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အသုံးဝင်ပုံမှာ ကြီးမားလွန်းလှသည်ပင်။

လူတစ်ယောက်၏ မူလဝိညာဉ် ပြိုကွဲသွားလျှင်ပင် ဤဝိညာဉ်လမ်းပြခြင်းကြာပန်းကို စားလိုက်သည်နှင့် သူတို့၏မူလဝိညာဉ်သည် ပြန်လည်မွေးဖွားလာကာ အသစ်ဖြစ်သွားမည်ပင်။

ကျင့်ကြံသူများအတွက် ဤသည်မှာ မည်မျှပင် အဖိုးတန်လှသနည်း.. နတ်ဆေးပင်များတွင် တန်ဖိုးသတ်မှတ်၍ရသော်လည်း ဤဝိညာဉ်လမ်းပြခြင်းကြာပန်းမှာ တန်ဖိုးဖြတ်၍မရပေ။

ဖုန်း..

ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်ကြလေပြီ။ လုထော်၊ ဝမ်ရှီးနှင့် ရှီဟောင်တို့သည် ကျောင်းတစ်ကျောင်းတည်းမှဖြစ်သော်လည်း အချင်းချင်းတိုက်ခိုက်နေကြသည်ပင်။ ထာဝရကျောင်းမှ လူများသည်လည်း ထိုကဲ့သို့ပင်။

ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့် ကျင့်ကြံသူများသာ ဝင်မပါခြင်းပေ။ ဤလူများ၏ တိုက်ခိုက်မှုကြောင့်ထွက်လာသည့် ထာဝရစွမ်းအင်များပင်လျှင် သူတို့၏အမူအရာများကို ဖြူဖျော့သွားစေသည်။

“ဟိုမှာ ဖီးနှစ်မြက်ပင်..”

ထိုအချိန်တွင် လူတစ်ယောက်သည် ဝိညာဉ်လမ်းပြခြင်းကြာပန်းအတွက် တိုက်ခိုက်ခြင်းမရှိတော့ပဲ ဖီးနှစ်မြက်ပင်အတွက် သွားရောက်တိုက်ခိုက်လေသည်။

” နင်က အဲဒီဟွမ်လား .. ငါတို့ ထာဝရကျောင်းက တပည့်တွေကို ဒဏ်ရာရအောင်လုပ်ပြီးတော့ အရှက်မရှိ လျှောက်ပြောတဲ့တစ်ယောက်လား..” အမျိုးသမီးတစ်ဦးက အေးစက်စွာ ပြောလာသည်။ သူမသည် အလွန် လှပလှသည်။ သူမ၏မျက်နှာမှာ ပန်းချီဆွဲထားသကဲ့သို့ပင်။ သူမ၏ခန္ဓာကိုယ်မှာ ပိန်ပါးသွယ်လျကာ အပြာရောင်အဝတ်အစားများသည်လည်း လေဟုန်စီးနေသကဲ့သို့ လှုပ်ခါနေသည်။ သူမခန္ဓာကိုယ်ပတ်ပတ်လည်တွင် ထာဝရစွမ်းအင်သုံးကြောင်း ရစ်ပတ်နေသည်ပင်။

ရှီဟောင် ဤအမျိုးသမီးကို မတွေ့ဖူးသည်မှာ သေချာသည်။ ထာဝရကျောင်းမှ လူများနှင့် တိုက်ခိုက်နေသည့်အချိန်တုန်းက ဤအမျိုးသမီးသည် သေချာပေါက် သင်္ဘောထဲ၌ ရှိနေရမည်။ သူမ ထွက်မလာခြင်းပင်။

“လမ်းဖယ်စမ်း..” ရှီဟောင် လက်မြှောက်ကာ ရိုက်ချလိုက်သည်။ သူ့လမ်းအားလာပိတ်နေသည့် မည်သူကိုမဆို ရှီဟောင် ရိုက်ပစ်မည်ပင်။ ဤဝိညာဉ်လမ်းပြခြင်းကြာပန်းကို သူလိုအပ်သည်။

“ဟက် .. ရှေးဟောင်းပညာကို ကျင့်ကြံပြီးတော့ ထာဝရကျောင်းကို မလေးအစားဆက်ဆံနေတာဆိုတော့ ရှင် ထာဝရကျောင်းရဲ့ တပည့်မဖြစ်ချင်တာလား..” ထိုအမျိုးသမီးသည် သူ၏စွမ်းအားများ ပြသသည့်အပြင် သူ့ကို ဤကဲ့သို့လည်း ခြိမ်းခြောက်နေသည်။ သူ၏ရန်သူကို စိုးရိမ်ပူပန်စေကာ သူ ဤဝိညာဉ်လမ်းပြခြင်းကြာပန်းကို ယူချင်နေခြင်းပင်။

“မင်း လုံလောက်အောင် စွမ်းအားမကြီးရင် ထာဝရကျောင်းနာမည်ကိုသုံးရင်တောင် ငါ့ကိုဖိနှိပ်နိုင်မှာမဟုတ်ဘူး .. ငါမှာ ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့ ယောက်ျားလေး အစေခံရှိပြီးသား .. မင်းသာ ငါ့ရန်သူလုပ်မယ်ဆိုရင် မိန်းကလေးအစေခံ ထပ်ယူလိုက်ရလည်း ငါ့အတွက်က ကိစ္စမရှိဘူး” ရှီဟောင် သတိပေးလိုက်၏။

ဤသည်မှာ ရန်စခြင်းတစ်မျိုးလည်း ဖြစ်သည်။

ဝုန်း..

တိုက်ပွဲကြီးတစ်ခု ထပ်မံဖြစ်ပွားလာသည်။ ရှီဟောင်နှင့်ထိုအမျိုးသမီးသာ တိုက်ခိုက်နေခြင်း မဟုတ်။ လုထော်၊ ဝမ်ရှီးနှင့် ထာဝရကျောင်းမှ မထွက်သွားရသေးသည့်သူများလည်း ပါဝင်လာသည်ပင်။

အပိုင်း ၁၄၀၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၄ – ဝိညာဉ်လမ်းပြခြင်း ကြာပန်း

ဤမှောင်မဲနေသည့် ရှေးဟောင်းနယ်မြေတွင် အပင်များများစားစား မရှိပေ။ သို့သော်လည်း ပေါ်လာသည့်အပင်များမှာလည်း ဝိညာဉ်ဆေးပင်များပင်။ ဝိညာဉ်လမ်းပြခြင်းကြာပန်းနှင့် ဖီးနှစ်မြက်ကဲ့သို့သော နတ်ဆေးပင်များပင်လျှင် အားလုံးကို ထိတ်လန့်သွားအောင် လုပ်နိုင်သည်ပင်။

ဖုန်း..

ရှီဟောင် ထိုအမျိုးသမီးနှင့် တိုက်ခိုက်နေသည်။ သူ၏လက်ဝါးမှ ရွှေရောင်အလင်းတန်းထွက်ပေါ်လာကာ ခွန်ပန်စွမ်းအားကို အသုံးပြုလိုက်သည်။ ထိုစွမ်းအားသည် သူမ ထုတ်လွှတ်သည့် ထာတရစွမ်းအင်နှင့် ရိုက်ခတ်သွားကာ သူတို့ဘေးပတ်လည်ရှိ အရာအားလုံးကို တုန်ခါသွားစေသည်ပင်။

“သတ်..”

အခြားတစ်ဖက်တွင် လုထော်သည် လူငယ်လေးတစ်ယောက်နှင့် တိုက်ခိုက်နေပြီး သူတို့နှစ်ဦးလုံး သွေးများဖုံးလွှမ်းနေလေပြီ။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့် သူများကြားမှ ပြင်းထန်လှသည့် တိုက်ပွဲပင်။

“ရှင် သေချာစဉ်းစား .. ဆေးပင်လေးတစ်ပင်အတွက်နဲ့ ကျွန်မနဲ့တိုက်နေရတာ တန်ရဲ့လားလို့ စဉ်းစားကြည့်ပါ” ထိုအမျိုးသမီး ခြိမ်းခြောက်လိုက်သည်။ သူမသည် လိုချင်သည့်အရာကို ရရန်အတွက် တရားနည်းလမ်းကျသည် မကျသည်ကို စဉ်းစားနေသည့်သူ မဟုတ်။ ရှီဟောင် ဝိညာဉ်လမ်းပြခြင်းကြာပန်းကို လက်လျော့ရန်အတွက် ထာဝရကျောင်းနာမည်ကို အသုံးပြုကာ ဖိအားပေးနေခြင်းပင်။

“အမှိုက်တွေ လာမပြောနဲ့ .. မင်း အစွမ်းရှိသလောက်သာ တိုက်လိုက်..”
ရှီဟောင် မတုန်မလှုပ်ရှိနေဆဲပင်။ သူ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်နှင့် လျှပ်စီးအလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။

သာမန်လူသာဆိုပါက ဤသည်မှာ မီးသွေးခဲဖြစ်သွားရန် လုံလောက်သည်ပင်။ ဤလျှပ်စီးအလင်းတန်းများမှာ ကောင်းကင်နတ်ဘုရားများကို သတ်ပစ်ရန် မခက်ခဲပေ။ ဤသည်မှာ ကြောက်စရာအကောင်းဆုံး ကောင်းကင်အတိဒုက္ခနှင့် ယှဉ်နိုင်သည်ပင်။

သို့သော်လည်း ဤအမျိုးသမီးမှာ အလွန်မာကျောလှသည်။ သူမ၏ ထာဝရစွမ်းအင်သုံးကြောင်းသည် တာအိုနှင့်ပေါင်းစပ်သွားကာ ထာဝရမြူတန်းဖြစ်သွားပြီး သူမ ခန္ဓာကိုယ်ကို ရစ်ပတ်နေလေသည်။ ထို့အပြင် သူမသည် ရှေးဟောင်းတာအိုပညာတစ်ခုကိုလည်း အသုံးပြုလိုက်သည်ပင်။

သူမနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးသွားသည်နှင့် ရှီဟောင် အရှေ့ဘက်သို့ တရှိန်ထိုးပြေးသွားလိုက်သည်။

ထို့အပြင် သူ့ဘေးပတ်လည်၌ မိုးမခသစ်ကိုင်း ရာပေါင်းများစွာ ထွက်ပေါ်လာသည်။ ဤသည်မှာ ထိုအမျိုးသမီးကို ထိတ်လန့်သွားစေကာ သူမ အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ဝုန်း..

ရှီဟောင် ကြာပန်းထံသို့ ခုန်ဝင်သွားကာ ကြာပန်းကို ခူးယူရန် ပြင်လိုက်သည်။

ဤကြာပန်းသည် မြင့်မြတ်သန့်စင်လှကာ မွှေးရနံ့များလည်း သင်းပျံ့နေသည်။ ဤပန်းသည် ကြည်လင်တောက်ပနေသည့် နတ်ရေကန်ထဲ၌ ပေါက်နေခြင်းပင်။

ကန်မှာ ထိုမျှ သိပ်မကြီးပေ။ ကျန်းအနည်းငယ် ပတ်လည်ခန့်သာရှိသည်။ ထိုကန်ထဲတွင် စွမ်းအားများရှိနေသည်။

ဒုန်း..

ထိုအချိန်တွင် ခရမ်းရောင်အလင်းတန်းတစ်ခု ပျံသန်းလာလေသည်။ ဝမ်ရှီး လက်တစ်ဖက်မြှောက်လိုက်သည်နှင့် အဖိုးတန်ပညာများစွာ ထွက်ပေါ်လာပြီး ရှီဟောင်အား တားဆီးလိုက်သည်။

ရွှီ..

ထို့နောက်တွင် သူမ ဖရိုဖရဲ ရှင်းလင်းခြင်း ပညာကိုပင် အသုံးပြုလိုက်သည်။ သူမသည် ဤပြိုင်ဘက်ကင်းသည့်ဓားပညာကို အသုံးပြုလိုက်ပြီး ရှီဟောင်သွားမည့်လမ်းအား ဖြတ်ချပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လုထော်လည်း တိုက်ခိုက်လာသည်။ သူသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကောင်းကင်ပညာတစ်ခုကို အသုံးပြုကာ ရှီဟောင်၏နောက်ကျောဘက်၌ ပေါက်ကွဲအောင် လုပ်လိုက်သည်။

ရှီဟောင်ကို တားဆီးရန်အတွက် ထာဝရကျောင်းမှ လူများလည်း ပူးပေါင်းသွားကြသည်ပင်။

ထိုအချိန်တွင် ရှီဟောင်နှင့် တိုက်ခိုက်နေခဲ့သည့် အမျိုးသမီးလည်း နောက်ဆုတ်သွားကာ အဖိုးတန်ပညာများထုတ်လွှတ်ပြီး သူ့အား ဆက်တိုက် တိုက်ခိုက်လာသည်။

ရှီဟောင် ဘေးဘက်သို့ ရှောင်တိမ်းကာ ထိုအဖိုးတန်ပညာများကို ရှောင်ရှားလိုက်သည်။ သူ ဝမ်ရှီးအား အေးစက်စွာ ကြည့်ပြီးနောက် ထာဝရကျောင်းမှ ထိုအမျိုးသမီးအား လက်ဝါးတစ်ချက်ပေးရန်အတွက် လှည့်သွားလိုက်သည်။

ဖုန်း..

ထိုအမျိုးသမီး၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ခွန်အားချင်ယှဉ်လျှင် ရှီဟောင်ကို ယှဉ်နိုင်သည့်သူ ဘယ်နှယောက်များရှိသနည်း.. ရှီဟောင်သည် စွမ်းအားအကြီးဆုံး ခန္ဓာကိုယ်ကျင့်ကြံသူနှင့် သိပ်မကွာတော့ပေ။

သူမ၏ လက်မနှင့် လက်ညှိုးကြား ဟက်တက်ကွဲသွားပြီး သွေးများစီးကျလာသည်။

ရှီဟောင် အရှေ့ဘက်သို့ နောက်တစ်ကြိမ် ပြေးဿွားလိုက်သည်။ သူ၏ များပြားလှသည့် ပုံရိပ်ယောင်များသည် အားလုံးအား ရှုပ်ထွေးသွားစေသည်။ အတုလား အစစ်လားပင် သူတို့ မသိတော့။ သူ၏ပစ်မှတ်မှာ ဝိညာဉ်လမ်းပြခြင်းကြာပန်းပင်။

သို့သော်လည်း ဤလူများမှာ ဆုံးဖြတ်ချက် ပြတ်သားလှသည်။ ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားဖြစ်စေ၊ ထာဝရကျောင်းမှ ကျောင်းသားများဖြစ်စေ အားလုံးလှုပ်ရှားလိုက်ကြသည်။ ဤနတ်ရေကန်နား ကပ်သည့်သူအားလုံး ပြင်းထန်စွာ တိုက်ခိုက်ခံရမည်ပင်။

ရှီဟောင်သည် အလွန်စွမ်းအားကြီးသော်လည်း ဤလူအားလုံကို ရင်ဆိုင်ရန် သူ့အတွက် ခက်ခဲနေဆဲပင်။ မည်သို့ပင်ဖြစ်စေ ဤလူများမှာ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများပင်။

ဝုန်း..

ဤလူများမှာ မည်သည်ကပုံရိပ်ယောင်၊ မည်သည်က ခန္ဓာကိုယ်အစစ် ဖြစ်သည်ကို မသိကြတော့ပေ။ ထို့ကြောင့် သူတို့ဤအတိုင်း တိုက်ခိုက်ရုံသာ တတ်နိုင်တော့သည်။

သူတို့ဘက်တွင် လူများသောကြောင့် သူတို့ ပုံရိပ်ယောင်ကို တိုက်ခိုက်မိသည်လား၊ ခန္ဓာကိုယ်အစစ်ကို တိုက်ခိုက်မိသည်လား စိတ်ပူစရာမလိုပေ။ ပုံရိပ်တစ်ခုကို တွေ့သည်နှင့် တိုက်ခိုက်လိုက်မည်ပင်။

သူတို့သည် ဝိညာဉ်လမ်းပြခြင်း ကြာပန်း ဘေးပတ်လည်တွင် အဖိုးတန်ပညာများ ထုတ်လွှတ်လိုက်ပြီး ထိုပန်းအား ကာကွယ်ထားလိုက်သည်။ ဤပန်းကို ခူးလိုက်သည်နှင့် တိုက်ခိုက်မှု တပြုံတမကြီးထံသို့ ပြေးသွားသည်နှင့် အတူတူပင်။

ရွှီ..

ထိုအချိန်တွင် လက်နက်တစ်ခု ထုတ်သည့်အသံ ထွက်ပေါ်လာသည်။ ဝမ်ရှီးသည် ထာဝရရွှေပါဝင်သည့် နတ်ဓားအား ဆွဲထုတ်လိုက်ခြင်းပင်။

တစ်ချိန်တည်းမှာပင် ရှီဟောင်နှင့် တိုက်ခိုက်ခဲ့သည့် ထာဝရကျောင်းမှ အမျိုးသမီးထံမှလည်း အသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ ဖီးနှစ်အတောင်ပံထာဝရရွှေ ခက်ရင်း လှံတံပင်။

ဤလက်နက်မှာ အလွန်အံ့အားသင့်စရာကောင်းလှသည်။ ဤလက်နက်ထဲတွင် အလင်းတန်းထာဝရရွှေလည်း ပါဝင်နေသည်ပင်။ ဤသည်မှာ နေတစ်စင်းကဲ့သို့ တောက်ပလှသည်။

ဤမှော်လက်နက်ပေါ်လာသည်နှင့် လောကကြီးပင် မြည်သံများ ထွက်ပေါ်လာသည်။ ထက်ရှလှသည့် ခက်ရင်းသွား ဖြတ်သွားသည့်နေရာတိုင်းရှိ လေဟာနယ်ပင် ကွဲအက်သွားရသည်။

“သွားသေလိုက်တော့..” သူမ အော်ဟစ်လိုက်ကာ အရှေ့ဘက်သို့ ပြေးထွက်လာလေသည်။

ဤသည်မှာ အခြားသူများအား ထိတ်လန့်သွားစေသည်။ ဤကဲ့သို့သော လက်နက်များမှာ ပုံမှန်အားဖြင့် အမျိုးသားများ အသုံးပြုသည့် လက်နက်ပင်။ သူမကဲ့သို့ ရှည်လျားသွယ်လျသည့် အမျိုးသမီးတစ်ယောက်က ဤကဲ့သို့သောလက်နက်မျိုးသုံးလိုက်သည့်အချိန်တွင် အားလုံး၏ အာရုံစိုက်မှုအား ဆွဲဆောင်သွားသည်။

“သတ်…”

ရှီဟောင် အော်ဟစ်လိုက်ကာ သူမကို လက်ဗလာနှင့် တိုက်ခိုက်လာသည်။ သူသည် အဖျားကို ရှောင်လိုက်ပြီး သူ၏လက်ဝါးနှင့် လက်ချောင်းများမှာ ဓားသွားကဲ့သို့ လက်နက်အရိုးတံကို ရိုက်ချလိုက်လေသည်။

ဝူး..

လေပြင်းများ တိုက်ခတ်လာပြီးနောက် ဖီးနှစ်အတောင်ပံထာဝရရွှေခက်ရင်းလှံတံမှ အဖြူရောင်အလင်းများထွက်ပေါ်လာပြီး မီးတောက်တစ်ခုကဲ့သို့ တောက်ပလာသည်။ ဤမီးတောက်မှာ ရှီဟောင်၏လက်ကို လောင်ကျွမ်းအောင် လုပ်လိုက်သည်။

ဗွမ်းဟူသည့်အသံနှင့်အတူ အနက်ရောင်ရေများ စီးဆင်းလာသည်။ ရှီဟောင် ခွန်ပန်ပညာမှ ယင်အား၏ အသုံးပြုလိုက်ခြင်းပင်။ သူ၏လက်သည် ခွန်ငါးတစ်ကောင်ဖြစ်သွားကာ သူ့ကိုယ်သူ ကာကွယ်ရန် အနက်ရောင်လှိုင်းများကို ဖန်တီးလိုက်သည်။

ဒုန်း..

တစ်ချိန်တည်းမှာပင် သူ၏လက်ဝါးမှ ခွန်ပန်အား ထွက်လာပြီး ထိုသတ္တုအရိုးတံကို ရိုက်ချလိုက်သည်။ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာပြီး ဤ နတ်လက်နက်မှာ အတော်လေး တုန်ခါသွားသည်။

ရွှီး..

ထိုအချိန်တွင် ဝမ်ရှီး လှုပ်ရှားလာသည်။ သူမသည် လက်ထဲတွင် အေးစက်သည့်အလင်းတန်းများ ထုတ်လွှတ်နေသည့် နတ်မြှားကိုကိုင်ကာ ဖရိုဖရဲရှင်းလင်းခြင်းပညာကို အသုံးပြုလိုက်သည်။

ရှီဟောင် ဤပညာအား အတော်လေး ကြောက်ရွံ့မိသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အတိတ်မှ ပစ္စုပ္ပန်အထိ စွမ်းအားအကြီးဆုံး ဓားပညာပင်။ ဤပညာသည် ကြောက်စရာကောင်းသည့် သက်ရှိများကို တားဆီးနိုင်ခဲ့ပြီး ခေတ်တစ်ခု၏ ဖရိုဖရဲဖြစ်ခြင်းကို အဆုံးသတ်လိုက်သည်ပင်။

ရှီဟောင် သူ၏ ကောင်းကင်လမ်းကြောင်းအား အသက်သွင်းလိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး တောက်ပလာသည်။ ထို့နောက် မိုးမခနတ်ဘုရားပညာနှင့် လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာကို ပေါင်းစည်းလိုက်လေ၏။ လျှပ်စီးအလင်းတန်းများ ရစ်ပတ်ထားသည့် ရွှေရောင်မိုးမသစ်ကိုင်း ရာပေါင်းများစွာ ထွက်ပေါ်လာပြီး မြှားကဲ့သို့ ဝမ်ရှီးထံသို့ ဦးတည်သွားသည်။

ဝုန်း..

လုထော်လည်း အော်ဟစ်ကာ လှုပ်ရှားလာသည်။ သူ၏ဦးခေါင်းထက်တွင် ကောင်းကင်ထက်ထိပင် ထိနေသည့် သစ်ပင်တစ်ပင်ပေါ်လာသည်။ ဤသစ်ပင်မှာ ထာဝရစွမ်းအင်မှ ဖြစ်ပေါ်လာခြင်းပင်။ သူ၏ခန္ဓာကိုယ်မှ အဆုံးမရှိသည့် တာအိုစွမ်းအင်များ ထွက်ပေါ်လာကာ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။

ယခုအချိန်တွင် ရှီဟောင်သည် ဝိညာဉ်လမ်းပြခြင်းကြာပန်းနှင့် အနီးဆုံးတွင်ရှိနေသောကြောင့် သူနေရာပေါင်းစုံမှ ဝိုင်းတိုက်ခြင်းခံနေရသည်။

ဤသည်မှာ အလွန်ခက်ခဲသည့် တိုက်ပွဲဖြစ်ကြောင်း သိနိုင်သည်။ ထာဝရကျောင်းနှင့် ကောင်းကင်နတ်ဘုရားကျောင်းမှ အဆင့်လွန်လူငယ်များအားလုံး သူ့အားပစ်မှတ်ထားနေသောကြောင့် သူ အချိန်မရွေး သေသွားနိုင်သည်ပင်။

ရွှီး..

ရှီဟောင် ခွန်ပန်အဖြစ်ပြောင်းလိုက်ကာ ဤအန္တရာယ်များသည့် အခြေအနေမှ ရှောင်ရှားလိုက်သည်။

သူသည် လေဟာနယ်ထဲတွင် ရပ်နေပြီး အမူအရာမှာလည်း အေးစက်လှသည်။
” အဲဒီပန်းကို ဘယ်သူယူသွားနိုင်မလဲ ကြည့်ကြသေးတာပေါ့..” သူ အေးစက်စွာပင် ပြောလိုက်သည်။

ဤပန်းကို ယူရန်ကြိုးစားသည့်သူများမှာ အားလုံး၏ ဝိုင်းတိုက်ခြင်းကို ခံရမည်ဖြစ်သောကြောင့် သူ ဤနေရာတွင်သာ စောင့်နေလိုက်မည်။ မည်သူက ဝိုင်းတိုက်ခံရမည်ကို စောင့်ကြည့်နေရုံပင်။

ရလဒ်အနေဖြင့် အားလုံးရပ်တန့်သွားကြကာ မည်သူမှ ခြေတစ်လှမ်းပင် မလှမ်းရဲတော့။

“ကျုပ်မှာ ခင်ဗျားတို့လိုမျိုး ဖြုန်းနေဖို့ အချိန်မရှိဘူး .. ကျုပ် တစ်ခြားနတ်ဆေးပင်တွေအတွက် တိုက်ခိုက်ရဦးမယ်..” ရှီဟောင် ပြောလိုက်ကာ နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။

ဝုန်း..

ဖီးနှစ်အတောင်ပံ ထာဝရရွှေ ခက်ရင်း လှံတံမှ အံ့အားသင့်စရာကောင်းလောက်သည့်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုလှံတံသည် ရှီဟောင်၏လမ်းကြောင်းအား ပိတ်လိုက်သည်ပင်။

တစ်ချိန်တည်းမှာပင် လုထော်လက်မှ တံဆိပ်များဖြစ်ပေါ်လာပြီး သူ့ပါးစပ်မှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ သူလက်မှ အလင်းတန်းထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ ရှီဟောင်အား ရက်စက်စွာ တိုက်ခိုက်လာသည်။

ဝမ်ရှီးသည်လည်း သူမ၏ နတ်ဓားနှင့်အတူ တိုက်ခိုက်လာသည်။

အားလုံး လှုပ်ရှားလာကာ ရှီဟောင်၏လမ်းကို ဖြတ်ချလိုက်သည်။

ရှီဟောင် တစ်ကိုယ်လုံးတောက်ပလာကာ သူ၏ကောင်းကင်လမ်းကြောင်းသည် ကြီးမားလှသည့်နေမင်းကြီးအဖြစ် ပြောင်းလဲသွားကာ သင်္ကေတမျိုးစုံ ထွက်ပေါ်လာသည်။

သူ၏အော်ရာမှာ ကြောက်စရာကောင်းလှသည်။ သူ၏ ခွန်အားလည်း အဆုံးစွန်ထိ တိုးလာပြန်သည်။

ဝုန်း..

ဤနေရာတွင် အဖိုးတန်ပညာများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်သူများထံမှ တိုက်ခိုက်မှုဖြစ်ပြီး ရှီဟောင်ရှိနေသည့်နေရာကို ဖုံးလွှမ်းပစ်လိုက်လေသည်။

သို့သော်လည်း အလင်းတန်းများမှ ရေခဲများအရည်ပျော်သွားသကဲ့သို့ မှေးမှိန်သွားလေ၏။

“မှော်စွမ်းအား ခုခံနိုင်စွမ်း..” ဝမ်ရှီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ယခုတလော ဝမ်မိသားစုမှ ရှီဟောင်အား စုံစမ်းနေသောကြောင့် သူ့နောက်ကြောင်းကို သိပြီးသွားပြီပင်။ သူ့ထံတွင် ဤကဲ့သို့သော စွမ်းရည်မျိုးရှိကြောင်း သိပြီးသားပင်။

အားလုံး၏အမူအရာ ပြောင်းလဲသွားသည်။ ရှီဟောင် အဖိုးတန်ပညာများဖြင့် ပြုလုပ်ထားသည့် အဆီးအတားအား ကျော်ဖြတ်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေကြရလေသည်။ ရှီဟောင်သည်ကြာပန်းကို ခူးရန် လက်လှမ်းနေလေပြီ။

“အသုံးမဝင်တော့ဘူး..” ထာဝရကျောင်းမှ အမျိုးသမီး အော်ဟစ်လိုက်သည်။ သူမသည် အဖိုးတန်ပညာများကို အသုံးမပြုတော့ပဲ ဖီးနှစ်အတောင်ပံထာဝရရွှေခက်ရင်းလှံတံကိုသာ အသုံးပြုလိုက်တော့သည်။

ရှီဟောင် ခုန်ထွက်လိုက်ကာ ထိုခက်ရင်းခွလှံတံပေါ်သို့ ဒုန်းကနဲ တက်နင်းလိုက်လေသည်။

ဝမ်ရှီး၏ နတ်ဓားကိုလည်း သူ၏လက်ချောင်းဖြင့် ရိုက်ချလိုက်သည်။

လုထော်နှင့် ထာဝရကျောင်းမှ အခြားသူများလည်း အရှေ့သို့ ပြေးတက်လာကြသည်။ ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းမှ သင်္ကေတမျိုးစုံ ထွက်ပေါ်လာသည်။ အဖိုးတန်ပညာမျိုးစုံ ထွက်ပေါ်လာပြီးနောက် အားလုံးကို ပြန်လည်တိုက်ခိုက်နေသည်ပင်။

မှော်စွမ်းအားခုခံနိုင်စွမ်းမှာ အရေးကြီးသည့်အချိန်တွင် အားလုံးကို ဆွံ့အသွားအောင် လုပ်နိုင်သည့်ပညာပင်။ တစ်ယောက်တည်းဖြင့် အားလုံးကို ရင်ဆိုင်နိုင်သလို ပြန်ပင် တိုက်နိုင်သေးသည်။

ဖုန်း..

တစ်ချိန်တည်းမှာပင် ရှီဟောင် ဝိညာဉ်လမ်းပြခြင်း ကြာပန်းကို တစ်ချက်တည်းဖြင့် ခူးယူလိုက်သည်။

အပိုင်း ၁၄၀၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၅ – ရန်သူအားလုံးအား ခုခံခြင်း

ဝိညာဉ်လမ်းပြခြင်းကြာပန်းမှ ရောင်စုံနတ်အလင်းများ ထွက်ပေါ်လာကာ ရှီဟောင်လက်ထဲတွင်ပြင်းထန်စွာ ရုန်းကန်နေလေသည်။

ရွှီး.

အားလုံး စုပေါင်းတိုက်ခိုက်လာကြသည်။ ဤကဲ့သို့သော ရှားပါးဆေးပင်အား သူ့အတွက် ခူးယူသွားသည်ကို မည်သူက ကြည့်နေနိုင်မည်နည်း.. အလင်းတန်းပေါင်းများစွာ ရိုက်ခတ်လာသော်လည်း ထိုအလင်းတန်းများအားလုံး မှေးမှိန်ပျောက်ကွယ်သွားလေ၏။ မှော်စွမ်းအားများမှာ အလုပ်မဖြစ်ပေ။

ဖီးနှစ်အတောင်ပံထာဝရရွှေခက်ရင်း လှံတံ၊ နတ်ဓား စစ်ရဲဒင်း၊ လှံရှည်နှင့် အခြားလက်နက်များသာ အသုံးဝင်သည်။ ရှီဟောင်လည်း ရွေးချယ်စရာမရှိတော့ပဲ သူတို့နှင့် တိုက်ခိုက်လိုက်ရသည်။

ရုတ်တရက်ပင် ရှီဟောင်၏လက် ပြင်းထန်စွာ တုန်ခါလာသည်။ ထိုငွေရောင်ကြာပန်းသည် အရည်ပျော်သွားကာ အရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ပွင့်ဖတ်များ ညှိုးသွားကာ တောက်ပသည့်အရည်များအဖြစ် ပြောင်းလဲသွားသည်။

ရှီဟောင်၏ လက်ဝါးနှင့် လက်ချောင်းများကြားမှ ငွေရောင်အရည်စက်များ ဖြစ်ပေါ်လာသည်။ ထိုအရည်စက်များသည် လေထဲသို့ ပျံသန်းသွားကာ အရည်လုံးကြီး ဖြစ်သွားလေ၏။

အရေးကြီးသည့်အချိန်တွင် ထိုနတ်ဆေးပင် ဤကဲ့သို့ ပြောင်းလဲသွားခြင်းပင်။

ထိုအရည်သည် ယခင်ကထက် ၁၀ ဆခန့် ပို၍ မွှေးကြိုင်နေသည်ပင်။ အားလုံး မျက်လုံးအရောင်များတောက်ပလာကာ ထိုအရည်အား ယူရန် ရှေ့တက်လာကြသည်။

“နတ်ဆေးပင်တစ်ပင် ကြီးသွားရင် အဖိုးတန်အရည်အဖြစ် ပြောင်းသွားတယ် .. သူ့ရဲ့အမြစ်ကနေ လွတ်လပ်သွားပြီ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ရှီဟောင်သည် အရှေ့ဆုံးတွင်ရှိနေသောကြောင့် သူ ဤအခွင့်အရေးကို လက်လွတ်မည် မဟုတ်။ ထိုအရည်ကို ယူရန်အတွက် သူလက်ကို ဆန့်တန်းလိုက်သည်။

သို့သော် ထိုလူများလည်း ခွန်အားပြသလာသည်ပင်။ ဤသည်မှာ ခန္ဓာကိုယ်အင်အားချင်းယှဉ်ပြိုင်ကြသည့် တိုက်ပွဲဖြစ်သောကြောင့် သွေးစွမ်းအင်များမှာ ကောင်းကင်ထက်သို့ပင် လျှံတက်လာလေသည်။

ရှီဟောင်မှာ သူ့ကိုယ်သူ ကာကွယ်ရုံသာ တတ်နိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ် တုန်ခါနေပြီဖြစ်ပြီး သူ၏ကောင်းကင်လမ်းကြောင်းလည်း ပြိုကွဲတော့မည်။

ဤသည်မှာ ဤလူများ၏ တိုက်ခိုက်မှုတစ်ခုတည်းကြောင့် မဟုတ်။ သူ၏မှော်စွမ်းအားခုခံနိုင်စွမ်း ပြယ်လွင့်တော့မည်။ ဤလူများအားလုံးမှာ ထူးခြားသည့်သူများဖြစ်သလို သူတို့အသုံးပြုသည့် သင်္ကေတများလည်း အလွန်ကြောက်စရာကောင်းလှသည်။ ဤတိုက်ခိုက်မှုကြောင့် မှော်စွမ်းအားခုခံနိုင်စွမ်း လွင့်ပြယ်တော့မည်ပင်။

လုထော်၏ လက်ဝါးမှာ အစိမ်းရောင်တောက်ပနေပြီး အားပြင်းစွာပင် ရိုက်ချလာလေသည်။

ရှီဟောင်၏လက်တစ်ဖက်တွင် ဝိညာဉ်လမ်းပြခြင်းကြာပန်းကို ဆုတ်ကိုင်ထားပြီး ကျန်သည့်လက်တစ်ဖက်မှာ လျင်မြန်စွာ လှုပ်ရှားနေသည်ပင်။ ဤနေရာတွင် ဆူညံသံများဖြင့် တုန်ခါလာလေ၏။

ရွှီး..

ဓားအလင်းတန်းလည်း ထွက်ပေါ်လာသည်။ ဤသည်မှာ ဝမ်ရှီး၏ဓားပင်။

ခွပ်..

လေဟာနယ်ကြီး အက်ကွဲထွက်သွားသည်။ ထာဝရကျောင်းမှ အမျိုးသမီးသည် သူမ၏ ခက်ရင်းခွလှံတံဖြင့် ရှီဟောင်၏ဦးခေါင်းသို့ ဦးတည်လာသည်။

ထို့အပြင် ထာဝရကျောင်းမှ အခြားနှစ်ယောက်လည်း ရောက်လာသည်။ လှံတံများနှင့် ရဲဒင်းများမှာ ရှီဟောင်ထံသို့ တစ်ချိန်တည်းပင် ကျရောက်လာသည်။ ထိုလက်နက်များသည် ရှီဟောင်၏ အရေးကြီးသည့်နေရာသို့ ဦးတည်လာကြခြင်းပင်။

ဝုန်း..

ရှီဟောင်၏ ကောင်းကင်လမ်းကြောင်း တောက်ပလာကာ အဖိုးတန်ပညာများ ထွက်ပေါ်လာသည်။ ရွှေရောင်မိုးမခသစ်ကိုင်းများမှာ နတ်ချိန်းကြိုးများဖြစ်သွားပြီးနေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။ ထို့အပြင် လျှပ်စီးတန်းများလည်း ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်မှာ ပို၍ပင် တောက်ပလာလေသည်။ ပြန်လည်ဝင်စားခြင်းသင်္ကေတများလည်း ထွက်ပေါ်လာပြီး နေရာအနှံ့ လွှမ်းခြုံသွားသည်။

မှော်စွမ်းအားခုခံနိုင်စွမ်း ပျောက်ကွယ်သွားတော့မည်ဖြစ်သောကြောင့် သူရနေသေးသည့် နောက်ဆုံးအခွင့်အရေးကို အသုံးချရမည်။

ဝုန်း.

လေဟာနယ်ကြီး တုန်ယင်သွားကာ ပြင်းထန်စွာ လှုပ်ခါလာသည်။ သူတို့၏ သင်္ကေတများ အလုပ်ပြန်လုပ်နေသည်ကို အားလုံး သိလိုက်ရသောကြောင့် ရက်စက်သည့်တိုက်ခိုက်မှုများဖြင့် ရှေ့တိုးလာလေ၏။

ယခု အခြေအနေများမှာ ပြောင်းပြန်ဖြစ်သွားလေပြီ။ ဤလူများ၏ အဖိုးတန်ပညာများ ရောက်ရှိလာလေပြီ။

ရှီဟောင်၏မျက်ဝန်းမှ နတ်အလင်းတန်းများထွက်ပေါ်လာသည်။ သူသည် ဝိုင်းတိုက်ခံနေရသော်လည်း ထိုငွေရောင်အရည်လေးအား အုပ်မိုးထားသည့်လက်ကိုတော့ မဖယ်ပစ်ပေ။ သူ၏လက်ဝါးနှင့် လက်ချောင်းများကြားတွင် အိုးတစ်လုံး ပေါ်လာပြီး အရည်အားလုံးကို သိမ်းသွားလေ၏။

ဒုန်း..

ဤလူများ၏ အဖိုးတန်ပညာများ ကျရောက်လာသည်။ ရှီဟောင်ကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် ဤလူအားလုံးကို ထိပ်တိုက်ရင်မဆိုင်နိုင်ပေ။ သူ၏ တစ်ခုတည်းသော ကောင်းကင်လမ်းကြောင်းမှာ မှုန်ဝါးလာပြီး ပေါက်ကွဲထွက်တော့မည်။

ရွှီး..

ဖရိုဖရဲရှင်းလင်းခြင်းပညာ အသက်ဝင်လာကာ သွေးတန်းတစ်ခု ထွက်ပေါ်လာသည်။

ရှီဟောင်သည် သေစေလောက်သည့် ထိချက်ကို ရှောင်လိုက်နိုင်သော်လည်း သူ့လက်မောင်းကို ထိသွားသည်ပင်။ ဒဏ်ရာမှာ ထိုမျှမပြင်းထန်သော်လည်း ဓားစွမ်းအင်တွင် ဝိညာဉ်စိတ်ဆန္ဒတစ်ခု ပါနေသောကြောင့် ရှီဟောင်၏ခန္ဓာကိုယ်အား ထိခိုက်တော့မည်ပင်။

“ထွက်သွားစမ်း..”

ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏အနောက်ဘက်တွင် ခွန်ပန်အတောင်ပံတစ်စုံ ပေါ်လာပြီး ထိုအတောင်ပံများအား လှုပ်ခတ်လိုက်သည်နှင့် ယင်နှင့်ယန်စွမ်းအင်များ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်မှာ ဓားစွမ်းအင်ကို ဖယ်ရှားပစ်လိုက်သည်။

ဝုန်း..

လုထော်၏ လက်သီးတံဆိပ်လည်း ရောက်လာလေပြီ။ ကောင်းကင်ကြီးတစ်ခုလုံး တဒုန်းဒုန်းအသံများ ထွက်ပေါ်လာကာ လေဟာနယ်လည်း ပြိုကွဲလာသည်။

ဒုန်း..

ထာဝရကျောင်းမှ ဖီးနှစ်အတောင်ပံထာဝရရွှေခက်ရင်လှံတံရောက်လာသည်နှင့် ရှီဟောင် ဘေးတစ်ဖက်သို့ ရှောင်လိုက်သည်။ သူ၏လက်သည် ဖီးနှစ်အတောင်ပံ၏ အစွန်းများကို ရိုက်ချလိုက်သည်နှင့် မီးပွားများ နေရာအနှံ့သို့ လွင့်စင်သွားသည်။

စစ်ရဲဒင်းနှင့် လှံရှည်သည်လည်း ရှီဟောင်၏မျက်ခုံးကြားကို ဦးတည်လာလေသည်။

ပို၍ ရက်စက်သည်မှာ လေထဲ၌ ထာဝရစွမ်းအင်များ ပျံ့နှံ့နေပြီး သင်္ကေတများလည်း ထွက်ပေါ်လာနေသည်ပင်။

ရှီဟောင် အကျဉ်းအကျပ်ထဲ ရောက်နေလေပြီ။ သူသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ အတော်ဆုံး လူငယ်မျိုးဆက်များနှင့် တိုက်ခိုက်နေရခြင်းပင်။ ထို့ကြောင့် သူ၏ အခြေအနေမှာ သေချာပေါက် ကောင်းမနေပေ။

ဖုန်း..

ရှီဟောင် ငွေရောင်အရည်လေးကို သိမ်းလိုက်ပြီး သူ၏လက်နှစ်ဘက်တွင် မှော်တံဆိပ်များ ထွက်ပေါ်လာသည်။

သူ ရဲဒင်းကိုပေါက်ကွဲသွားအောင်လုပ်လိုက်ပြီး လှံရှည်ကို တစ်ဖက်သို့ ရိုက်ချလိုက်သည်။ ရှီဟောင် ဖောက်ထွက်ချင်သော်လည်း ဤလူများ၏ တိုက်ခိုက်မှုများမှ ရက်စက်လှသည်ပင်။

ဝိညာဉ်လမ်းပြခြင်းကြာပြန်းသည် လူတစ်ယောက်၏ မူလဝိညာဉ်ပျက်စီးသွားလျှင်ပင် ပြန်လည်မွေးဖွားနိုင်သောကြောင့် မည်သူက မလိုချင်ပဲ နေမည်နည်း.. ဤသည်မှာ အသက်အပိုတစ်ချောင်းရသည်နှင့် အတူတူပင်။

ဝုန်း..

ရှီဟောင် လက်ဗလာဖြင့်ပင် ဖီးနှစ်အတောင်ပံထာဝရရွှေခက်ရင်း လှံတံကို နောက်တစ်ကြိမ် တားဆီးလိုက်သည်။ ထိုလက်နက်သည် ရုတ်တရက်ပင် တောက်ပလာကာ အလွန်ပူပြင်းလာလေ၏။ ဤသည်မှာ လောကကြီးကို လောင်ကျွမ်းစေတော့မတတ်ပင်။

ရှီဟောင် လက်များ အလွန်နာကျင်သွားရ၏။ သူခေါင်းငုံ့ကြည့်လိုက်သည့်အချိန်တွင် သူ၏လက်ဝါးက မည်းတူးနေသည်ကို တွေ့လိုက်ရသည်။ သူ အားကောင်းနေသောကြောင့်သာမဟုတ်ပါက သူ၏လက်မောင်းတစ်ခုလုံး ပြာအဖြစ်သို့ လောင်ကျွမ်းသွားလောက်လေပြီ။

“သတ်..” ထာဝရကျောင်းမှ ထိုအမျိုးသမီး အော်ဟစ်လာသည်။ သူမတစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းနေသည်ပင်။ သူသည် ဤနေရာတစ်ခုလုံးကို နတ်မီးတောက်များဖြင့် ချိတ်ပိတ်ထားလိုက်လေ၏။

“ကောင်းကင်လောင်ကျွမ်းခြင်း မီးတောက်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ရှီဟောင် အံ့အားသင့်သွားရ၏။ ဤကဲ့သို့သော မီးတောက်မှာ စွမ်းအားကြီးလှပြီး သူ့ကို ခြိမ်းခြောက်နိုင်သည်ပင်။ သူ ဤမီးတောက်ကို သေချာကိုင်တွယ်ရမည်။

“ကောင်းကင်ဘုံကိုတောင် လောင်ကျွမ်းစေနိုင်တဲ့ တာအိုမီးတောက် .. ပြိုင်ဘက်ကင်းတဲ့နတ်မီးတောက်..” ဤသည်မှာ ဘာမီးတောက်လဲဆိုသည်ကို သူသိသည်ပင်။

အဘယ်ကြောင့်ဆိုသော် ယခင်က ဤကဲ့သို့သော ရှေးဟောင်းပညာမျိုးကို မြင်ဖူးသည်ပင်။

ရွှီး..

မီးတောက်များမှာ ကောင်းကင်ထိပင် ရောက်နေလေပြီ။ ထိုမီးတောက်များမှာ ရှီဟောင်ထံသို့ ဦးတည်လာနေပြီး သူ၏အပူမှာ ခုခံနိင်ရန် ခက်ခဲလှသည်။ သူ၏လက်များမှာ ပို၍မည်းတူလာပြီး ပို၍နာကျင်လာသည်ပင်။

ဝုန်း..

ရှီဟောင် မှော်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏အော်ရာလည်း အတော်လေး ပြောင်းလဲသွားသည်။ သူ တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း ကောင်းကင်ပညာကို အသုံးပြုကာ သူ၏အဖိုးတန်ပညာများအား အားဖြည့်လိုက်သည်။

ယခုအချိန်တွင် အဖိုးတန်ပညာများသည် အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ ဤသည်မှာ တာအိုဂိတ်တံခါး ခြောက်ခုပွင့်လာသကဲ့သို့ပင်။

ချွမ်း..

ရှီဟောင် ဓားတစ်လက်ကို ဆွဲထုတ်လိုက်၏။ ထိုဓားသည် အစက မှေးမှိန်နေသော်လည်း သူ လွှဲရမ်းလိုက်သည်နှင့် နတ်အလင်းထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တက်သွားသည်။ ထို့နောက် အလင်းမိုးအဖြစ်ပြောင်းလဲသွားကာ အရာအားလုံးကို ဖုံးလွှမ်းသွားလေ၏။

ခွပ်..

ဖီးနှစ်အတောင်ပံထာဝရရွှေခက်ရင်း လှံတံမှာ နှစ်ပိုင်းပြတ်သွားသည်။ ထို့နောက် ထိုလှံတံထဲတွင်ပါသည့် ထာဝရရွှေများသည် ရှီဟောင်လက်ထဲတွင်ရှိနေသည့် ဓားရိုးထံသို့ စီးဆင်းလာလေသည်။ ရတနာတစ်ခုမှာ ဖျက်ဆီးခံလိုက်ရလေပြီ။

ဤသည်မှာ ထာဝရတည်ရှိနေမည့်ဓားပင်။ ရှီဟောင် ဤဓားကို သိပ်သုံးလေ့မရှိ။ သို့သော်လည်း ဤဓားကို သုံးလိုက်သည်နှင့် သူ အစွမ်းကုန်တိုက်ခိုက်တော့မည်ဟု ဆိုလိုခြင်းပင်။

ရွှီး..

ဓားအလင်းထွက်ပေါ်လာပြီး ထိုအမျိုးသမီး၏ လက်မောင်းပြုတ်ထွက်သွားမလိုပင် ဖြစ်သွားသည်။ သူမ လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်သောကြောင့်သာ။ သူမ မျက်နှာထက်တွင်တော့ သူမ လက်နက်ကို ဆုံးရှုံးလိုက်ရသောကြောင့် နာကျင်မှုများ ပြည့်နှက်နေသည်ပင်။ သူမ ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေလေ၏။

ဒုန်း..

အခြားသူများ၏ တိုက်ခိုက်မှုများ ရောက်လာလေပြီ။ ရှီဟောင် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းပညာဖြင့် သူ့ဓားကို အားဖြည့်ထားလိုက်သည်။ သူ ထိုဓားကို ပစ်လွှတ်လိုက်သည်နှင့် ကောင်းကင်တာအိုပုံစံများနှင့်အတူ ဓားရိုးမှ သက်တံ့ရောင်အလင်း ထွက်ပေါ်လာသည်။

ဤဓားမှာ အသက်ဝင်လာသကဲ့သို့ အလွန်ထူးခြားဆန်းကြယ်လှသည်။ အလင်းများမှာ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ဓားရိုးပေါ်တွင် လူသားပုံစံ သက်ရှိတစ်ယောက်ပေါ်လာသည်။ လေထဲတွင် ထာဝရမြူများလည်း ရစ်ဆိုင်းနေသည်ပင်။

ခွပ်..

ဝမ်ရှီး ဓားဖြင့်ထိုးလာသည့်အချိန်တွင် ထာဝရဓားသည် သူမဓားအား နှစ်ပိုင်းပြတ်သွားအောင် လုပ်လိုက်ပြီး ဓားထဲမှ ထာဝရရွှေများကို စုတ်ယူလိုက်လေသည်။

ရှီဟောင် ထိတ်လန့်သွားရသည်။ ဤဓားကို မသုံးသည်မှာ အချိန်အတော်ကြာနေလေပြီ။ ယခုပြန်သုံးလိုက်သည့်အချိန်တွင် ဤဓားမှာ ပို၍စွမ်းအားကြီးလာသည်ကို သူ တွေ့လိုက်ရသည်။ သူ အားကောင်းလာသည်နှင့် သူ၏ဓားရိုးလည်း ပို၍အားကောင်းလာသည့်ပုံပင်။ ယခင်ကထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းလာသည်။

ဝမ်ရှီး၏ ချစ်စရာကောင်းသည့်မျက်နှာလေးမှာ ဖြူဖျော့သွားသည်။ ဤသည်မှာ ထူးခြားသည့်ဓားတစ်လက်ဖြစ်သော်လည်း တစ်စုံတစ်ယောက်မှ ဤဓားကို ဤကဲ့သို့ ဖြတ်ပစ်လိုက်သည်။ ဤသည်မှာ နှမြောစရာကောင်းလှသည်။

ဝုန်း..

ရှီဟောင်သည် ရူးသွပ်နေသည့်သူကဲ့သို့ပင်။ သူသည် တာအိုခြောက်ခုပြန်လည်ဝင်စာခြင်းနတ်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး အားလုံးကို တိုက်ခိုက်လာသည်။

ရွှပ်..

ထာဝရကျောင်းမှ အမျိုးသမီး၏ပုခုံးထက်မှာ သွေးတန်းတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ ပုခုံး ပြတ်ထွက်သွားမတတ်ဖြစ်သွားသည်ပင်။

ဖုန်း..

ဝမ်ရှီး လွင့်ထွက်သွားသည်။ သူမနှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်အထိ သူမတစ်ကိုယ်လုံး တုန်ယင်သွားသည်။

ရွှီး..

ဓားစွမ်းအင်ထွက်ပေါ်လာပြီး ရှီဟောင် ဤအန္တရာယ်များသည့်နေရာမှ ခုန်ထွက်သွားလိုက်သည်။ ဝိုင်းခံထားရသည့်အခြေအနေမှ လွတ်မြောက်သွားသည့်အချိန်မှသာ သူ ရပ်တန့်လိုက်သည်။

အဆင့်လွန်လူငယ်များ ပတ်ပတ်လည်ဝိုင်းတိုက်နေသည့်ကြားမှ သူ ကောင်းမွန်စွာ ထွက်လာလိုက်နိုင်ခြင်းပင်။ ဤသတင်းသာ ပျံ့သွားပါက လောကကြီးတစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။

ယခုအချိန်တွင် လူများစွာမှာ ကူကယ်ရာမဲ့နေသလို ခံစားနေရသည်။ ရှီဟောင်သည် သူတို့နှင့် သိပ်မဝေးသည့်နေရာတွင်ရပ်နေသော်လည်း သူတို့သည် တိုက်ခိုက်ရန်အတွက် ယခင်ကလောက် မတက်ကြွတော့ပေ။

“ဝိညာဉ်လမ်းပြခြင်းကြာပန်းကို လိုချင်တဲ့သူ ရှိလား..” ရှီဟောင် မေးလိုက်သည်။

ဟက်..

လုထော် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ပြီးနောက် ထွက်ခွာသွားလေ၏။

ဝမ်ရှီးသည်လည်း ဘာမှမပြောပဲ တိတ်ဆိတ်စွာပင် နောက်ဆုတ်သွားလိုက်သည်။

“ကျွန်မကို ဒဏ်ရာရအောင် လုပ်ရဲတယ် .. ရှင် ဒါကို အနှေးနဲ့အမြန်ပြန်ပေးဆပ်ရမယ်..” ထာဝရကျောင်းမှ ထိုအမျိုးသမီးမှ ပြောလိုက်သည်။

“မင်း ဒါကို လက်မခံနိုင်ရင်လည်း အခုလာတိုက်လေ..” ရှီဟောင် အော်ဟစ်လိုက်သည်။

“ကျွန်မ ရှင်နဲ့ တစ်နေ့ကျရင် တိုက်မယ်” ထိုအမျိုးသမီး အံကြိတ်၍ ပြောဆိုပြီးနောက် ထွက်သွားလိုက်လေသည်။

ဤလူအုပ်ကြီးမှာ ဤအရူးနှင့် ထပ်မတိုက်လိုတော့ပေ။ သူတို့သည် အခြားနတ်ဆေးများရှာဖွေရန် ထွက်သွားလိုက်ကြလေ၏။

ဤလူတွင် ခွန်ပန်ပညာရှိသည်ကို သူတို့သိနေသောကြောင့်ပင်။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည့်အပြင် ယခု သူတို့ထံမှ လွတ်မြောက်သွားပြီဖြစ်သောကြောင့် သူသည် သူတို့အတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်တော့ပေ။

ထိုတစ်ခဏတွင် ဤနေရာမှာ ငြိမ်းချမ်းသွားရသည်။

ရှီဟောင် အေးစက်စွာရယ်မောလိုက်ပြီး သူတို့နောက်မှ လိုက်သွားလိုက်သည်။ ယခု သူ စတင်လှုပ်ရှားရမည့်အချိန်ရောက်လေပြီ။ တစ်ယောက်ယောက် နတ်ဆေးပင်ရသည်နှင့် သူ ဓားပြတိုက်ရမည်။

အပိုင်း ၁၄၀၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၆ – နတ်ဆေးဥယျာဉ်

ဝိညာဉ်လမ်းပြခြင်းကြာပန်းသည် ငွေရောင်အလင်းများ တောက်ပလာကာ ရှီဟောင်လက်ထဲမှ ပြင်းထန်စွာ ရုန်းကန်လာသည်။

ဤရှေးဟောင်းမြေတွင် အလင်းမရှိသော်လည်း အဖိုးတန်ဆေးပင်များတော့ မရှားပေ။ ဤနေရာတစ်ခုလုံး မွှေးရနံ့များသင်းပျံ့နေသည်ပင်။ နတ်ပစ္စည်းများမရှားသဖြင့် တိုက်ပွဲများလည်း မကြာခဏဖြစ်ပေါ်နေသည်ပင်။

ရှီဟောင် သူ၏လက်ထဲတွင် ဝိညာဉ်လမ်းပြခြင်းကြာပန်းကို ရလိုက်ပြီဖြစ်သောကြောင့် ပျော်ရွှင်နေပြီဖြစ်သော်လည်း မကျေနပ်သေးပေ။ သူ၏နောက်ထပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် ဤလူများနောက်သို့ လိုက်သွားလိုက်သည်။

“ဖီးနှစ်မြက်ပင်..”

ထိုနေရာတွင်လည်း ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ပင်။ ရွှမ်ခွန် ဒဏ်ရာရနေပြီဖြစ်ပြီး ထာဝရကျောင်းမှာ ချောမောလှပသည့်လူငယ်လေးတစ်ယောက်၏ အော်ရာလည်း လန့်စရာကောင်းလာသည်ပင်။ သူသည် သူ၏ပြိုင်ဘက်ကို ဖိနှိပ်ထားလိုက်ပြီး ဖီးနှစ်မြက်ပင်အား ယူလိုက်သည်။

ရှီဟောင် ခြေတစ်လှမ်းနောက်ကျသွားလေပြီ။ သူ ဤလူကို မသိသော်လည်း ဤသည်မှာ သူနှင့် ဝိညာဉ်လမ်းပြခြင်းကြာပန်းကို လုယူခဲ့သည့်သူ မဟုတ်ပေ။ ထို့ကြောင့် ဤလူနောက်သို့ သူ လိုက်မနေတော့။

“ဝူး..” အခြားနေရာတစ်ခုတွင် နဂါးအော်သံများမှာ ကောင်းကင်ကြီးကိုပင် တုန်လှုပ်သွားစေသည်။ ခရမ်းရောင်နဂါးတစ်ကောင်လည်း ထွက်ပေါ်လာလေ၏။

“မိစ္ဆာနဂါး ဆေးခင်း..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဤနေရာ၌ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာပြီး အားလုံး ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။

ရှီဟောင်ပင်လျှင် ထိတ်လန့်သွားရ၏။ ထိုဆေးပင်၏ပုံပန်းသွင်ပြင်မှာ ထူးခြားလှသည်။ ထိုနေရာတွင် လူများဝိုင်နေပြီး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြသည်။

ဝမ်ရှီး ထိုနေရာတွင်ရောက်နေပြီး လုထော်လည်း တိုက်ခိုက်နေသည်။ ဖီးနှစ်တောင်ပံထာဝရရွှေခက်ရင်းလှံတံကို ဆုံးရှုံးသွားခဲ့သည့် အမျိုးသမီးလည်း ထိုနေရာသို့ ဦးတည်သွားနေသည်ပင်။

ဤသည်မှာ တစ်ပေခန့်ရှည်ပြီး ခရမ်းရောင်တောက်ပနေသည့် ဆေးပင်လေးပင်။ သူသည် မြေကြီးထဲတွင် အမြစ်တွယ်ထားလေ၏။ ထိုဆေးပင်လေးသည် ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ပြန်ဖိချခံလိုက်ရလေသည်။

နတ်ဆေးပင်များမှာ အသိဉာဏ်ရှိပြီး မြေကြီးထဲမှ ထွက်ပြေးလွတ်မြောက်နိုင်သည်ပင်။ ဤသည်မှာ ဒဏ္ဍာရီလာ မိစ္ဆာနဂါးဆေးပင်ဖြစ်ပြီး သူ၏နတ်စွမ်းအားများလည်း အံ့အားသင့်စရာကောင်းလှသည်။ သို့သော်လည်း သူသည် ဤနေရာတွင်ရှိသည့် အစီအရင်တစ်ခုထဲ ပိတ်မိနေကာ မထွက်နိုင်ဖြစ်နေသည်။

ရလဒ်အနေဖြင့် ဤနေရာတွင် ပြင်းထန်လှသည့် တိုက်ပွဲတစ်ခုဖြစ်လာပြီး အားလုံးမှာ သူသေကိုယ်သေ တိုက်ခိုက်နေကြသည်ပင်။

ထိုအပင်ပေါ်တွင်ရှိနေသည့် သစ်ရွက် ၆ ရွက်၊ ၇ ရွက်ခန့်မှာ မိစ္ဆာနဂါးများနှင့်တူပြီး သစ်ရွက်၏ အချွန်များမှာ နဂါးလက်သည်းများနှင့်တူသည်။ ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်နေကာ နတ်အလင်းလည်း တောက်ပနေသည်။

“ဒါက ကန့်သတ်ခံထားရတဲ့ နဂါးပဲ..” တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်၏။ ဤဆေးပင်မှာ နတ်ဆေးပင်များထဲတွင် အကောင်းဆုံးပင်။

ဝုန်း.

ဤနေရာတွင်ရှိနေသည့် တိုက်ပွဲမှာ အလွန်ကြောက်စရာကောင်းလှသည်။ အဖိုးတန်ပညာမျိုးစုံ ပေါ်လာပြီး ထာဝရစွမ်းအင်များလည်း ပျံ့နှံ့နေသည်။

ဤလူများထဲတွင် မျက်စိအဖမ်းစားနိုင်ဆုံးမှာ နဂါးလက်သီးအသုံးပြုနေသည့်သူပင်။ သူသည် နဂါးအစစ်တစ်ကောင်ကဲ့သို့ လေထဲတွင် သွားလာလှုပ်ရှားနေပြီး အခြားသူများကို ထိပ်တိုက်ရင်ဆိုင်နေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် သူသည် ရှီဟောင်ခံစားခဲ့ရသည့် ခါးသီးမှုကို ထပ်တူခံစားလိုက်ရသည်။ အားလုံး သူ့ကို ဝိုင်းတိုက်နေကြလေပြီ။

ဤသည်မှာ သရဖူ ၁၀ ခုဘုရင်ပင်။ သူ၏ညာဘက်လက်ထဲတွင် တောက်ပနေသည့် အပင်ပေါက်လေးတစ်ခု ပေါ်လာသည်။ ထိုအပင်မှ ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်နေပြီး သူ၏ပြိုင်ဘက်အားလုံးကို ထိတ်လန့်သွားစေသည်။

ကောင်းကင်နတ်ဘုရားမှ လူများ နောက်ဆုတ်သွားကြသော်လည်း ထာဝရကျောင်းမှ တပည့်များမှာမူ ချက်ချင်းပင် မျက်လုံးများနီရဲလာလေသည်။ ဤသည်မှာ သမိုင်းတစ်လျှောက်တွင် စွမ်းအားအကြီးဆုံးထာဝရမျိုးစေ့ပင်။ ဤမျိုးစေ့မှာ လုံးဝပြီးပြည့်စုံလှသောကြောင့် သူတို့အား မနာလိုဖြစ်စေသည်အထိပင်။

အချို့သူများသည် မိစ္ဆာနဂါးဆေးပင်အတွက်ပင် မတိုက်ခိုက်တော့ပဲ သူ့လက်ထဲမှ အဖိုးတန်အပင်အားလုယူရန်အတွက် သရဖူ ၁၀ ခုဘုရင်ကို ဝိုင်းရံလိုက်ကြလေသည်။

“လောကသစ်ပင်အပင်ပေါက်ရှိနေတာကို ဘာလို့တစ်ခြားဟာတွေအတွက် တိုက်ခိုက်နေဦးမှာလဲ .. ဒါနဲ့ပေါင်းလိုက်တာက အခြားအခွင့်အရေးတွေ အားလုံးထက်ပိုကောင်းတယ်..”

ဤလူများသည် လောဘတကြီးပင် သရဖူ ၁၀ ခုဘုရင်အား တိုက်ခိုက်လာကြလေ၏။

ဝုန်း..

သို့သော်လည်း လောကသစ်ပင်အပင်ပေါက်၏ စွမ်းအားကို သူတို့လျှော့တွက်မိသွားလေပြီ။ ထိုအပင်ပေါက် စွမ်းအားထုတ်လွှတ်လိုက်သည်နှင့် ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး အားလုံး၏အမူအရာအား ပြောင်းလဲသွားစေသည်။

တိုက်ပွဲမှာ ခါးသီးလှသည်။ နောက်ဆုံးတွင်တော့ လူတစ်ယောက် လောကသစ်ပင်အပင်ပေါက်နှင့် ရိုက်မိသွားကာ သူ၏ရင်ဘတ်ချိုုင့်ဝင်သွားပြီး သူ၏ထာဝရစွမ်းအင်သုံးကြောင်းပင်လျှင် လွင့်ပြယ်မတတ်ဖြစ်သွားသည်။ ထိုအချိန်မှသာ အားလုံး ချွေးစေးများ ပြန်လာလေ၏။

သရဖူ ၁၀ ခုဘုရင်သည် မိစ္ဆာနဂါးဆေးပင်ကို တစ်ချက်တည်းဖြင့် ယူလိုက်လေ၏။

ဤသည်မှာ သူရသင့်သည့်အရာပင်။ သူသည် နဂါးအစစ်အဖိုးတန်ပညာကို ကျင့်ကြံပြီး သူ့ထံတွင် လွှမ်းမိုးနိုင်အားကြီးသော နဂါးလက်သီးရှိနေသည်ပင်။ သူသာ သူ၏လက်သီးနှစ်ဖက်လုံးကို မိစ္ဆာနဂါးပင်နှင့်ပြုပြင်ပြောင်းလဲလိုက်ပါက အကျိုးရလဒ်များမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်လိမ့်မည်။

ဝုန်း..

ရှီဟောင်လည်း ရောက်လာသည်။ သို့သော်လည်း သူသည် သရဖူ ၁၀ ခုဘုရင်အား တိုက်ခိုက်ခြင်းမရှိပဲ ထာဝရကျောင်းမှ ထိုအမျိုးသမီး၏ နောက်ကျောဘက်လား လက်သီးတစ်ချက် ပို့လွှတ်လိုက်သည်။ ကံကောင်းစွာဖြင့် သူမ၏တုံ့ပြန်မှုမှာ လျင်မြန်နေသည်ပင်။ သူမ ထိုလက်သီးချက်ကို ရှောင်လိုက်ပြီး သူမတစ်ကိုယ်လုံး အဖိုးတန်အလင်းတန်းများ တောက်ပလာလေသည်။

ထိုသို့ဆိုသော်လည်း သူမ ယိုင်ထွက်သွားဆဲပင်။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်း အရိုက်ခံလိုက်ရကာ သူမ လေထဲသို့ လွင့်ထွက်သွားသည်။ သူမသည် လေထဲတွင်ပင် သွေးများဆက်တိုက်အန်လာသည်။

“ဘယ်သူလဲ..” ထိုဘက်မှ လူများအော်ဟစ်လိုက်သည်။ ဤလူများမှာ ထာဝရကျောင်းမှ လူများပင်။ သို့သော်လည်း သူတို့လှည့်ကြည့်ပြီး ရှီဟောင်ကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူတို့အားလုံး၏အမူအရာများ ပြောင်းလဲသွားသည်။

ရွှီး..

ရှီဟောင်မြေကြီးပေါ်သို့ ဆင်းလိုက်သော်လည်း မည်သူမှ သူ့အား မတိုက်ခိုက်ကြပေ။ သူတို့အားလုံး ရှီဟောင်အား ကြောက်နေကြသည။ သူတို့သည် အစောလေးကတင် သူနှင့် တိုက်ခိုက်ခဲ့သောကြောင့် သူ မည်မျှကြောက်စရာကောင်းသည်ကို သိကြသည်ပင်။

“ဒီကောင်က ပြဿနာပဲ .. သူ့ကို ဖိနှိပ်ဖို့ တစ်ယောက်ယောက်ကို ရှာရမယ်..”

“ကောင်းကင် လေးဘုရင်တို့လို အထင်ကြီးစရာကောင်းတဲ့သူတွေ ပါမလာတာ နှမြောစရာကောင်းလိုက်တာ..”

ဤလူများသည် မကျေမနပ်ဖြစ်နေကြသော်လည်း အလျင်စလို မလုပ်ရဲကြပေ။ နောက်ဆုံးတွင် သူတို့အားလုံး ထွက်ခွာသွားကြလေ၏။ ထိုအမျိုးသမီးပင်လျှင် ရှီဟောင်အား ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ထွက်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းမြေတွင် အခွင့်အရေးကောင်းများစွာ ရှိသေးသည်။ သူတို့ အချိန်မဖြုန်းချင်။ ခပ်ဝေးဝေးတွင် အဖိုးတန်အလင်းထွက်ပေါ်လာပြီး အခြားနတ်ဆေးပင်တစ်ပင် ထွက်ပေါ်လာသည်။

ဆေးနံ့များလည်း သင်းပျံ့နေသည်။ ဤမြေတွင် ကံကောင်းမှုများ မည်မျှပင် ရှိနေသနည်း.. ပြိုင်ဘက်ကင်းသည့် နတ်ဆေးပင် ၆ မျိုးပင် ပေါ်လာပြီးသွားလေပြီ။

ယခုထိတော့ နတ်ဆေးပင်သုံးမျိုးကို ရပြီးသွားလေပြီ။

အခြား နတ်ဆေးပင်များ၊ မြင့်မြတ်ဆေးပင်များလည်း မရေမတွက်နိုင်အောင် ရှိသေးသည်ပင်။

နတ်ဆေးပင်သုံးပင်မှာ အဆင့်လွန်လူငယ်များလက်ထဲသို့ ရောက်သွားလေပြီ။ ထာဝရစွမ်းအင်နှစ်ကြောင်းနှင့် ကျင့်ကြံသူများမှာ သက်ပြင်းချရုံသာ တတ်နိုင်သည်။ သူတို့သည် အခြားဝိညာဉ်ဆေးပင်များကိုသာ လိမ်လိမ်မာမာ ခူးနေလိုက်တော့သည်။

“ဟမ် .. လူတွေပိုများလာပြီ .. ဒုတိယအဖွဲ့ကို လွှတ်လိုက်တာလား..” ပထမဆုံးဝင်လာသည့်အဖွဲ့ အံ့အားသင့်နေကြရသည်။

အထဲဘက်တွင် အန္တရာယ်မရှိကြောင်း၊ နတ်ဆေးပင်များနှင့် အခွင့်အရေးကောင်းများသာရှိကြောင်း တစ်ယောက်ယောက်မှ သတင်းသွားပို့လိုက်သည်မှာ သေချာသည်။ ထို့ကြောင့် အကြီးအကဲများမှာ ဒုတိယအဖွဲ့ကို လွှတ်လိုက်ခြင်းပင်။

ဤနယ်မြေမှာ ကျယ်ဝန်းလှပြီး နောက်ရောက်လာသည့်သူများမှာ နေရာအနှံ့၌ ပေါ်လာသည်ပင်။

ထာဝရကျောင်းမှလူများမှာ မျက်လုံးကောင်းလှသည်။ သူတို့သည် အစိမ်းရောင်အဝတ်အစားဝတ်ထားသည့် ချင်းယီကို ချက်ချင်းပင် ရှာတွေ့သွားလေသည်။

“အဲဒါ ရှီဟောင်နဲ့အတူတူ ရပ်ခဲ့တဲ့ အမျိုးသမီးမဟုတ်ဘူးလား..”

ထာဝရကျောင်းမှ ဝူတိုင်နှင့် ရှီဟောင်တို့ ပြဿနာဖြစ်သည့်အချိန်က ချင်းယီမှာ ရှီဟောင်ဘေးနားတွင် ရပ်နေခြင်းဖြစ်သောကြောင့် သူမလည်း ပါသွားသည်။ ထို့ကြောင့် သူမပေါ်လာသည်နှင့် အားလုံး မှတ်မိသွားခြင်းပင်။

“ဟက် .. ဒီအမျိုးသမီးက ဒီကိုတောင် လာရဲတယ်ပေါ့ .. ဘာပဲဖြစ်ဖြစ် သူ့ကို နည်းနည်းလေးတော့ သင်ခန်းစာ ပေးရမှာပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ဤစကားကို ဤနေရာမှ ဖြတ်သွားသည့် ထာဝရစွမ်းအင်သုံးကြောင်းနှင့် အဆင့်လွန်လူငယ်တစ်ယောက် ကြားသွားသည်။ ထိုစကားကို ကြားလိုက်ရသည်နှင့် သူ၏အမူအရာ ပြောင်းလဲသွားသည်။ ရှီဟောင်အား ဝိုင်းတိုက်သည့်အချိန်က သူရှုံးနိမ့်သွားကာ ဝိညာဉ်လမ်းပြခြင်းကြာပန်းလည်း လုယူခံလိုက်ရသည်ပင်။ ဤသည်ကို သူ့စိတ်ထဲ၌ မကျေမနပ်ဖြစ်နေသည်။

“မင်း .. ဒီကိုလာခဲ့..” သူ အလွန်အထက်စီးဆန်စွာပင် ပြောလိုက်သည်။ သို့သော်လည်း ချင်းယီ၏ ပုံပန်းသွင်ပြင်အား သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် သူထိတ်လန့်သွားကာ သူ့စိတ်ထဲ၌ လှိုင်းများဖြစ်ပေါ်လာသည်။

ပြောပြီးသားစကားများကို ပြန်ပြင်၍မရတော့။ သူချင်းယီအား တကယ်ဖမ်းချင်မိသည်။ ရှီဟောင်ကို လက်တုံ့ပြန်ရန်အတွက်ဖြစ်စေ သူတို့ဆေးအတွက် တိုက်ခိုက်ကြသည့်အချိန်တွင် သူ့အား ထိန်းချုပ်ရန်အတွက်ဖြစ်စေ ချင်းယီအား သူ ဖမ်းချင်သည်။

“ရတနာရှစ်သွယ် ယူနီကွန်း..”

ခပ်ဝေးဝေးတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ ထိုနေရာတွင် တိုက်ခိုက်နေသည့်လူများပင် ရှိနေလေပြီ။

ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။ ဒီလိုပစ္စည်းမျိုးလည်း ရှိတာလား .. သူ ထိုနေရာသို့ အမြန်ပြေးသွားလိုက်သည်။

ရွှီး..

ချီလင်းပုံစံ သတ္တဝါတစ်ကောင် မြေကြီးအောက်တွင်ရှိနေသည်။ သူထွက်ပြေးရန်ကြိုးစားသော်လည်း မြေကြီးထဲသို့သာ ပြန်ဖိနှိပ်ခံနေရသည်။

ရတနာရှစ်သွယ် ယူနီကွန်းမှာ ချီလင်းပုံစံရှိသည့် အပင်တစ်မျိုးပင်။ ထိုအပင်များသည် ပုံမှန်အားဖြင့် မြေကြီးအတွင်းနက်ပိုင်းတွင် ပုန်းနေလေ့ရှိပြီး ကမ္ဘာမြေကြီး၏ စွမ်းအင်များကို စုတ်ယူသည့်အပင်ပင်။ ဤလောကတွင် ပေါ်လာသည်မှာ ရှားပါးလှသည်။

ဤသည်မှာ ရှေးဟောင်းရတနာရှစ်သွယ် ရတနာများ၏ ခေါင်းဆောင်ဖြစ်ပြီး လောကကြီးတွင် အကောင်းမွန်ဆုံး အစားအစာတစ်ခုပင်။ ဤသည်မှာ နတ်ဘုရားများကိုပင် သွားရေကျစေနိုင်သည်အထိပင်။ သူ၏အရသာရှိမှုမှာ ပြောမပြာနိုင်လောက်အောင်ပင်။

ထို့အပြင် သူ့ကို သုံး၍ရသည့်နေရာရှိသေးသည်။ ဤသည်မှာ ဤအပင်ကို အခြားဆေးပင်များနှင့် ပေါင်းစပ်လိုက်ပါက ဆေးစွမ်းမှာ အဆအနည်းငယ် ပိုတိုးလာမည်ပင်။

နတ်ဆေးပင်တစ်ပင် သို့မဟုတ် သက်ရှည်ဆေးပင်တစ်ပင်ကိုသာ ဤရတနာရှစ်သွယ်ယူနီကွန်းနှင့် ပေါင်းလိုက်ပါက မည်ကဲ့သို့သော ရလဒ်မျိုးထွက်လာမည်ကို စဉ်းစားကြည့်နိုင်သည်။

ထို့ကြောင့်ပင် ဤအပင်ကို မည်သူမှ စားစရာဟု မမြင်ကြပေ။ ဆေးပင်ကို ရသည်နှင့် အရေးကြီးသည့်အချိန်တွင်သုံးရန် သိမ်းထားကြမည်ပင်။

သို့သော်လည်း ဤဆေးပင်မှာ ရှားပါးလှပြီး မြင်တွေ့နိုင်ရန် ခက်ခဲလှသည်။ ဤနေရာတွင် တစ်ပင်တွေ့ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။ ထို့ကြောင့်ပင် အားလုံး ဤအပင်အတွက် တိုက်ခိုက်လာကြခြင်းပင်။

ရှီဟောင် ယခင်က ထာဝရရှေးဟောင်းမြေမှ ထာဝရရှေးဟောင်းခေတ် အကြွင်းအကျန်များတွင် တစ်ပင်ရဖူးသည်။ သို့သော်လည်း သူ ထိုအပင်ကို စားလိုက်ပြီဖြစ်ပြီး အမြစ်သာကျန်တော့သည်။ အပင်ပြန်ပေါက်လာရန်အတွက် သူစောင့်ဆိုင်းနေခြင်းပင်။ ယခု အခြားတစ်ပင်ကို ထပ်မြင်လိုက်ရသည့်အချိန်တွင် သူ ဘယ်လိုလုပ် ဝမ်းမသာပဲနေမည်နည်း..

အဘယ်ကြောင့်ဆိုသော် ရတနာရှစ်သွယ် ယူနီကွန်းပင် နှစ်ပင်တွေ့ပါက အံ့အားသင့်စရာကောင်းလောက်သည့် ပြောင်းလဲမှုများဖြစ်လာလိမ့်မည်ဟု အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည်အား သူ ရေးရေးလေး မှတ်မိသည်။

ဝုန်း..

ထိုနေရာတွင် လုထော်ကို တွေ့လိုက်ရသည်။ သူသည် ထိုနေရာတွင်ပင် သူနှင့် လက်သီးချင်းဖလှယ်လိုက်သည်။ ဤနေရာတွင် တစ်ကျောင်းတည်းသားချင်းဟူသည့် ဆက်ဆံရေး ရှိမနေပေ။ ပြင်းထန်သည့်တိုက်ပွဲကြီးသာရှိနေသည်။

“အမ် .. ရတနာရှစ်သွယ် ယူနီကွန်း နောက်တစ်ခေါက် ထွက်ပြေးသွားပြန်ပြီ .. မြေကြီးကို ကန့်သတ်လိုက် .. သူ့ကို မြေကြီးအောက်ကနေ ထွက်သွားခွင့်မပြုနိုင်ဘူး..” အားလုံး လျှို့ဝှက်ပညာများအသုံးပြုကာ မြေကြီးအား ချိတ်ပိတ်လိုက်သည်။

ဆက်တိုက် တိုက်ခိုက်ပြီးနောက် ရှီဟောင်က လုထော်၏ လက်ညှိုးနှင့်လက်မကြားနေရာ ဟက်တက်ကွဲအောင် လုပ်လိုက်နိုင်ပြီး သွေးများစီးကျလာသည်။ လူထော်၏ခန္ဓာကိုယ်မှာ ရှီဟောင်နှင့် ထိပ်တိုက်ရင်ဆိုင်၍ မရသေး။

“အမ်..” လေထဲ၌ အစိမ်းရောင် လ အလင်းရောင် ထွက်လာသည်ကို သူ ရုတ်တရက်တွေ့လိုက်ရသည်။ ရင်းနှီးနေသည့်အော်ရာတစ်ခုလည်း ပျံ့နှံ့လာပြီး ဤထာဝရတာအိုစွမ်းအင်မှာ ရှင်းလင်းလှသည်ပင်။ ဤသည်မှာ ချင်းယီပင်။

သူမ နောက်တစ်ဖွဲ့ထဲပါလာသည်မှာ သေချာသည်။ ထို့အပြင် သူမ အစိမ်းရောင်လကို ထုတ်သုံးရလောက်အောင်ထိ တစ်ယောက်ယောက်နှင့် တိုက်ခိုက်နေရသည်မှာ သေချာသည်။

အခြားနေရာတွင်ရှိနေသည့် မုန့်တုံလည်း အလွန်ထိတ်လန့်နေသည်။ ဤအမျိုးသမီး ဤအစိမ်းရောင်လကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူသည် မူလက အလွန်စိတ်ကြီးဝင်နေပြီး ဤအစိမ်းရောင်ဝတ်စုံနှင့် အလွန်လှပသည့်အမျိုးသမီးကို လျင်မြန်စွာ ဖမ်းပစ်ချင်သော်လည်း ဤအစိမ်းရောင်လမှ သူ့အား တားဆီးလိုက်သည်ကိုတွေ့လိုက်ရသည်။ ထူးဆန်းသည့်မီးတောက်များပင် လောင်ကျွမ်းလာပြီး သူ့အား နောက်ပြန်ဆုတ်အောင် ဖိအားပေးနေသည်ပင်။

“မင်းတို့အားလုံးကြည့်ကြည့် .. အဲဒါက ဒဏ္ဍာရီတွေမှာ မှတ်တမ်းတင်ထားတဲ့အစိမ်းရောင် လ မီးတောက်နဲ့ မတူဘူးလား .. အဲဒီမီးတောက်က ဘာလို့ သူ့ဘေးမှာ ရှိနေတာလဲ..”

“မင်းပြောတာဟုတ်တယ် .. အဲဒါ အစိမ်းရောင်လမီးတောက်ပဲ..”

“ထာဝရရှေးဟောင်းခေတ်က နတ်သမီး ချင်းယွဲ့ တစ်နေ့ကျရင် ဒီလောကမှာ ပြန်ပေါ်လာမှာဆိုတဲ့ ဒဏ္ဍာရီကို မင်းတို့ သိကြလား .. အဲဒါက သူနဲ့ ဆက်စပ်နေတာများလား..”

ထာဝရကျောင်းမှ ကျောင်းသားများ သူတို့အချင်းချင်း ဆွေးနွေးနေကြ၏။ အားလုံးမှာ အလွန်ထိတ်လန့်နေကြသည်ပင်။ ထိုအစိမ်းရောင်လမှာ သူတို့အား လျှို့ဝှက်ချက်အချို့ကို ပြန်မှတ်မိသွားစေသည်။

မုန့်တုံလည်း အံ့အားသင့်ဝမ်းသာသွားရသည်။ ဒီအမျိုးသမီးက ထာဝရသက်ရှိအစစ် ချင်းယွဲ့နဲ့ ဆက်စပ်နေတာလား .. သူမကိုသာ ကြိုဖမ်းထားပြီး သူ့နောက်လိုက် လုပ်စေပါက သူ အံ့အားသင့်စရာကောင်းလောက်သည့် ကံကောင်းမှုများ ရရှိလာမည်ပင်။

သူက ချက်ချင်းလှုပ်ရှားလိုက်သည်။ သူ၏ထာဝရစွမ်းအင်သုံးကြောင်းကို အသုံးပြုလိုက်သည့်အပြင် လျှို့ဝှက်ရတနာများကို အသုံးပြုပြီး သူမကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ ချင်းယီ၏ အစိမ်းရောင်လလည်း သူ့အား ပြန်တွန်းကန်လာသည်ပင်။

“မင်းက ငါ့ကို ရက်စက်တဲ့နည်းလမ်းတွေသုံးအောင် ဖိအားပေးနေတာပဲ..” မုန့်တုံ၏အမူအရာမှာ ရေခဲကဲ့သို့ အေးစက်နေသည်။

“ဝူး..” ရုတ်တရက်ပင် ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာပြီး ရှီဟောင် လေထဲမှ ရောက်ရှိလာသည်။

ဖုန်း..

သူရောက်လာသည်နှင့် ခွန်ပန်လက်သီးပေါ်လာကာ မုန့်တုံ မလဲကျမချင်း ထိုးနှက်နေလေသည်။

ပြင်းထန်သည့် တိုက်ပွဲတစ်ခု ချက်ချင်းပင် ဖြစ်ပေါ်လာသည်။

ဖူး..

မုန့်တုံမှာ ရှီဟောင်၏ ပြိုင်ဘက် မဟုတ်ပေ။ သူသည် အခြားသူများနှင့် ရှီဟောင်အား ဝိုင်းတိုက်သည့်အချိန်ကပင်လျှင် ရှီဟောင်အား မနိုင်ခဲ့။ ယခု တစ်ယောက်ချင်းစီ တိုက်သည့်အချိန်တွင်တော့ သူ၏ပါးစပ်မှ သွေးအန်ထွက်လာလေသည်။

ဝုန်း..

ရှီဟောင် အဖိုးတန်ပညာများစွာကို အသုံးပြုကာ တိုက်ခိုက်နေခြင်းဖြစ်သောကြောင့် မုန့်တုံ၏ရင်ဘတ် ပေါက်ကွဲသွားကာ လျှပ်စီးတန်းများလည်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ ဤနေရာတစ်ခုလုံးပင် မည်းတူးသွားလေ၏။

“အား..” မုန့်တုံ အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ် တစ်စစီဖြစ်တော့မလို ခံစားနေရပြီး သူ၏မူလဝိညာဉ်ပင်လျှင် မတည်ငြိမ်တော့ပေ။ သူ ဤနေရာမှ ချက်ချင်းလှည့်ပြေးသွားလိုက်သည်။

ရှီဟောင် သူ့နောက် ပြေးလိုက်သွားသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။ အဆင့်လွန်လူငယ်တစ်ယောက် ဒီမှာ သေတော့မှာလား..

ရွှီး..

နောက်ဆုံးတွင်တော့ မုန့်တုံ ဤရှေးဟောင်းမြေမှ ထွက်ခွာသွားလိုက်သည်။ သူသည် သေလုမျောပါးအခြေအနေဖြင့် ကျောင်းနှစ်ကျောင်းမှ အကြီးအကဲများရှေ့သို့ ရောက်သွားလေသည်။

ဤသည်မှာ နောက်ပြန်ဆုတ်လာသည့် ပထမဆုံး အဆင့်လွန်လူငယ်ပင်။

ဘာဖြစ်ခဲ့သည်ကို သိသွားသည်နှင့် ထာဝရကျောင်းမှ အကြီးအကဲ၏ အမူအရာများ မသာမယာဖြစ်သွားသည်။
အဲဒီ ဟွမ်သာ စိတ်ရူးပေါက်ရင် အားလုံးကို မောင်းထုတ်လိုက်မှာလား..

အပိုင်း ၁၄၀၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၇ – ရွှေ အစစ်

မုန့်တုံပင်လျှင် ရှုံးနိမ့်သွားပြီး အသတ်ခံရလုနီးပါးဖြစ်သောကြောင့် အားလုံး ထိတ်လန့်သွားရသည်။

ရှီဟောင်အပေါ်မြင်နေသည့် အမြင်များမှာ နောက်တစ်ဆင့် တက်သွားလေပြီ။ ဤလူမှာ အလွန်အန္တရာယ်များသည့်လူဟု ယုံကြည့်သွားကြလေပြီ။ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူပင်လျှင် သူ၏ပြိုင်ဘက်မဟုတ်တော့။

“မင်း အဆင်ပြေရဲ့လား..” ရှီဟောင် ချင်းယီအား မေးလိုက်သည်။

ချင်းယီ ခေါင်းခါလိုက်၏။ သူမ ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားနေရသည်။ အစိမ်းရောင် လ သူမဦးခေါင်းထက်တွင်ရှိနေပြီး သူမပုံစံမှာ အသိစိတ်လွတ်နေသည့်ပုံပင်။ ယခုအချိန်တွင် သူမ မှုန်ဝါးသည့်မြင်ကွင်းများစွာကို မြင်နေရသည်။ ပြိုင်ဘက်ကင်းသည့် နတ်သမီးတစ်ယောက် သူမအတွင်းကမ္ဘာထဲသို့ လမ်းလျှောက်လာနေသည်ဟု ခံစားလိုက်ရသည်။ ပုံရိပ်များမှာ တစ်ဖြည်းဖြည်းချင်း ပို၍ ကြည်လင်လာသည်။

“ချင်းယွဲ့..” သူမကိုယ်သူမ ရေရွတ်လိုက်သည်။

အနီးအနားတွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်သွားကြရသည်။ အတွင်းသတင်းက မှန်နေတာလား .. ဒဏ္ဍာရီက တကယ်ဖြစ်လာတော့မှာလား.. အရင်ခေတ်က ထာဝရသက်ရှိအစစ် ဒီလောကထဲကို နောက်တစ်ခါ ထပ်ရောက်လာတော့မယ်..

“ဟက်..” ရှီဟောင် အေးစက်စက် ဟက်အသံမှာ အားလုံးကို အသိစိတ်ပြန်ဝင်သွားစေသည်။

အားလုံး သူ့ကို ကြောက်ရွံ့သွားကြ၏။ အထူးသဖြင့် ထာဝရကျောင်းမှ လူများပင်။ လူ ဘယ်နှစ်ယောက်ကများ သူ့ကို နိုင်အောင် တိုက်နိုင်မှာလဲ..

ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူများမှာ နောင်အနာဂတ်တွင် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို အုပ်ချုပ်မည့်သူများပင်။

သို့သော် ထိုကဲ့သို့သောသူပင်လျှင် ရှီဟောင်၏ အသတ်ခံရလုနီးပါးဖြစ်သွားပြီး အရှက်တရားကင်းမဲ့စွာ ထွက်ပြေးသွားရသည်။ ဤသည်မှာ ဤ အဆင့်နိမ့်နယ်မြေမှလူ မည်မျှစွမ်းအားကြီးသည်ကို သက်သေပြပြီးသားဖြစ်သွားလေပြီ။

ရှီဟောင်၏ လုပ်ဆောင်ချက်မှာ သူ့အနား လူများ လွယ်လွယ်ကူကူ မကပ်ရဲအောင် လုပ်နိုင်သည်ပင်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ဖီးနှစ်အတောင်ပံ ထာဝရရွှေခက်ရင်း လှံတံ ပျက်စီးသွားသည့် အမျိုးသမီးသည် ဤမြင်ကွင်းကို မြင်သည်နှင့် သူမ ပျော်ရမလား ကျိန်ဆဲရမလားပင် မသိတော့။

ရွှီး..

ထိုအစိမ်းရောင်လ ချင်းယီ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည်။ နူးညံ့သည့် အစိမ်းရောင်လအလင်းပျောက်ကွယ်သွားကာ သူမလည်း အသိစိတ်ပြန်ဝင်လာသည်။

“မင်းက တကယ်ပဲ ပြန်ဝင်စားတဲ့ခန္ဓာကိုယ်လို့ ငါ့ကို မပြောနဲ့နော်..” ရှီဟောင် ပြောလိုက်သည်။

“ဒီလောကမှာ ပြန်ဝင်စားတာမရှိဘူးလို့ တစ်ချို့အဆင့်လွန်သက်ရှိတွေ သက်သေပြပြီးသားမဟုတ်ဘူးလား..” ချင်းယီ ခေါင်းခါ၍ ပြောလိုက်သည်။ သို့သော်လည်း ဤအစိမ်းရောင်လ ဘာဖြစ်နေသည်ကိုတော့ သူမလည်း မသိပေ။

“သွားကြစို့ .. ငါတို့ နတ်ဆေးပင်တွေ သွားခူးရအောင် .. ဒီနေရာက နတ်ဆေးပင်တွေ အများကြီးရှိနေတဲ့ စွန့်ပစ်ထားတဲ့ နတ်ဆေးခင်းဖြစ်လိမ့်မယ်လို့ ငါ ခံစားနေရတယ်..” ရှီဟောင်ပြောလိုက်သည်။

သူ ချင်းယီကို သူလာခဲ့သည့်နေရာသို့ ခေါ်သွားလိုက်သည်။ ထိုနေရာတွင် ရတနာရှစ်သွယ် ယူနီကွန်းရှိသည်ပင်။

သူတို့နှစ်ဦး ထွက်သွားသည်နှင့် ဤနေရာမှာ မတည်ငြိမ်နိုင်တော့ပေ။ ထာဝရကျောင်းမှလူများမှာ ထိတ်လန့်တကြားဖြင့်ပင် သူတို့အချင်းချင်း ဆွေးနွေးနေကြလေ၏။

“ထာဝရစွမ်းအင်သုံးကြောင်းက သူ့ဘာသာသူ ကျင့်ကြံထားတာထင်တယ် .. အမြန်လုပ်တာတို့ အခွင့်အရေးတွေ ခိုးယူလိုက်တာတို့ မဟုတ်လောက်ဘူး..”

“ငါလည်း အဲဒီလိုဖြစ်မယ်လို့ ထင်တယ် .. သူက ထာဝရရှေးဟောင်းခေတ်က ပြိုင်ဘက်ကင်းလူငယ်ကျွမ်းကျင်သူလိုပဲ .. သူတို့အားလုံးက ကိုယ့်ဘာသာကိုယ်ကျင့်ကြံကြတာ .. အသက်ကြီးတဲ့မျိုးဆက်တွေရဲ့ အောင်မြင်မှုတွေကနေ ရထားတာမဟုတ်ဘူး”

အားလုံးမှာ ထွက်သွားသည့် ရှီဟောင်၏ နောက်ပိုင်းကိုကြည့်ပြီး ပြောနေကြလေသည်။ သူတို့၏မျက်လုံးတွင် ရှုပ်ထွေးသည့်အမူအရာများရှိနေသည်ပင်။

ဤသည်မှာ ပြိုင်ဘက်ကင်းသည့် လူငယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်မည်မှာ သေချာသွားသည်။

ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့် အချို့ အဆင့်လွန်လူငယ်များမှာ ကိုယ်တိုင်ကျင့်ကြံထားခြင်းမဟုတ်ပဲ ပုဂ္ဂိုလ်ကြီးများထံမှ အကူအညီယူထားခြင်းဖြစ်ကြောင်း ထာဝရကျောင်းမှ လူများ သိပြီးသားပင်။

ဥပမာဆိုလျှင် အချို့လူများသည် ရှေးဟောင်းထာဝရအလောင်းများမှာ အော်ရာများကို စုတ်ယူလိုက်ခြင်းဖြစ်ပြီး အချို့လူများမှာ တိုက်ရိုက် ခန္ဓာကိုယ် ပြောင်းလိုက်ခြင်းပင်။

ယခုအချိန်တွင်တော့ ရှီဟောင်မှာ ရွှေအစစ်ဖြစ်သည်ကိုတော့ သူတို့သေချာသိသွားလေပြီ။

“လွတ်မသွားစေနဲ့..”

အခြားနေရာတစ်ခုတွင် လူတစ်စုသည် ရတနာရှစ်သွယ်ယူနီကွန်းအား ဖမ်းဆီးရန် ကြိုးစားနေကြသည်။

ဤနေရာကို အစီအရင်တစ်ခုဖြင့် ဝန်းရံထားသော်လည်း ချီလင်းပုံစံအပင်မှာ လျင်မြန်လှပြီး သူ၏ထွက်ပြေးသည့်နည်းလမ်းများမှာလည်း ပြိုင်ဘက်ကင်းပင်။

ထို့အပြင် အားလုံးမှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြခြင်းကြောင့် သူ ထွက်ပြေးရန် ပိုလွယ်နေသည်ပင်။

အထူးသဖြင့် ရှီဟောင် ပြန်ရောက်လာသည့်အချိန်တွင် အချို့လူများမှာ စိုးရိမ်လာကြသည်။ သူတို့သည် အစီအရင်တွင် အပေါက်တစ်ပေါက်ဖောက်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံအိတ်နှင့် အခြားအဖိုးတန်ပစ္စည်းများဖြင့် စောင့်နေလိုက်ကြလေသည်။

“အရူး .. မင်း ဘာလုပ်နေတာလဲ..” လုထော် ထာဝရကျောင်းမှ လူငယ်တစ်ယောက်အား ဒေါသတကြီးပင် အော်ဟစ်လိုက်သည်။

ရွှီး..

မင်းသမီးယောင်ယွဲ့လည်း ဤနေရာ၌ ရှိနေသည်ပင်။ သူမသည် လအလင်းရောင်တစ်စင်းကို အသက်သွင်းလိုက်ပြီး မြေကြီးအောက်ဘက်သို့ ဦးတည်သွားလိုက်သည်။ သို့သော်လည်း သူမ ခြေတစ်လှမ်းနောက်ကျသွားသည်။ ထိုရတနာရှစ်သွယ် ယူနီကွန်းသည် ထိုအပေါက်မှ ထွက်ပြေးသွားလေပြီ။

“သိမ်းမယ်..” ထာဝရကျောင်းမှ ကျွမ်းကျင်သူ အော်ဟစ်လိုက်ကာ ကောင်းကင်နှင့်မြေကြီး ရှုံအိတ်ကို အသက်သွင်းလိုက်သည်။

ရွှီး..

အခြားတစ်ဖက်တွင်ရှိနေသည့် ဝမ်ရှီးလည်း မညှာမတာပင် လှုပ်ရှားလာသည်။ သူမ၏မျက်ခုံးကြား တောက်ပလာပြီး သူမ၏မူလဝိညာဉ်တစ်ဝက် ထွက်ခွာလာသည်။ ထိုဝိညာဉ်သည် ဓားအလင်းတန်း၊ ထာဝရစွမ်းအင်တို့နှင့် ပေါင်းစပ်သွားလေသည်။

သူမသည် ဖရိုဖရဲရှင်းလင်းခြင်းပညာနှင့် တိုက်ခိုက်လိုက်ခြင်းပင်။

ထာဝရကျောင်းမှ လူငယ်လေး ထိတ်လန့်သွားကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ သူ၏လက်လှုပ်သွားသောကြောင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်အလင်းတန်းလည်း လှုပ်ရှားသွားကာ ရတနာရှစ်သွယ်ယူနီကွန်းလည်း သူ့ဘေးမှ ဖြတ်သွားလေ၏။

“မဟုတ်ဘူး..” လူများစွာ အော်ဟစ်လိုက်ကြသည်။

ဝုန်း..

ရှီဟောင် တရှိန်ထိုးပြေးလာသည်။ သူ့ထံမှ မြေကြီးရောင်လက်ကြီးတစ်ဖက်ထွက်လာပြီး မြေကြီးကို ပေါက်ကွဲသွားအောင် ရိုက်ချလိုက်လေသည်။

ထိုအချိန်တွင် မြေကြီးနှင့် ကျောက်တုံးများ နေရာအနှံ့လွင့်စင်သွားပြီး ဒြပ်စင်ငါးခုစွမ်းအင်များ ထွက်ပေါ်လာသည်။

ရွှီး..

နတ်ဓားတစ်လက်အသံထွက်ပေါ်လာကာ ကောင်းကင်ကို ထိုးခွဲသွားသည်။

ဒုန်း..

ခေါင်းလောင်းသံကြီး ထွက်ပေါ်လာသည်။ အသံမှာ လီပေါင်း ထောင်ချီအောင် ပျံ့လွင့်သွားသည်ပင်။

ဝုန်း..

ခြောက်လွှာစေတီ အောက်ကျလာကာ လေဟာနယ်ပင် တုန်ခါသွားရသည်။

ဤသည်မှာ တာအိုလက်နက်ကြီးများ၊ အဆင့်လွန်လူငယ်လေးများ၏ လက်နက်များပင်။ မြေကြီး အက်ကွဲသွားသည်န်ှင့် အားလုံးသည် ဘာမှတွေဝေမနေပဲ ရူးနှမ်းစွာပင် တိုက်ခိုက်လိုက်ကြသည်။

ရှီဟောင်သည် မီးတောက်ကို အစပျိုးလိုက်ခြင်းပင်။ သူရသွားမည်စိုးသောကြောင့် အချို့လူများသည် သူ့ထံသို့ပင် ဦးတည်လာကြလေသည်။

အမှန်တကယ်တွင် မည်သူရသွားသည်ဖြစ်စေ ရသွားသည့်သူမှာ အားလုံး၏ ဝိုင်းတိုက်ခြင်းကို ခံရမည်ပင်။ မှော်ပစ္စည်းများနှင့် အဖိုးတန်ပညာများ၏ ဖိနှိပ်ခြင်းကို ခံလိုက်ကြရလေ၏။

သူသည် လီပေါင်း မည်မျှမှန်းမသိအောင်ပင် ရက်စက်သည့်လက်နက်များအားလုံးကို ရှောင်သွားလိုက်သည်။

သူ ရတနာရှစ်သွယ် ယူနီကွန်းကို လှမ်းယူလိုက်တော့ မရလိုက်ပေ။

အားလုံး၏ တိုက်ခိုက်မှုများ ရပ်တန့်သွားကာ သူတို့၏အမူအရာလည်း ရုပ်ဆိုးသွားကြသည်။ ထိုရှားပါးသည့် ရတနာရှစ်သွယ် ယူနီကွန်းမှာ ထိုကဲ့သို့ပင် ပျောက်သွားလေပြီ။

“မင်း .. တစ်ကိုယ်ကောင်းဆန်ပြီးတော့ သဘောထားသေးတဲ့သူ..”
လုထော်သည် အော်ဟစ်ကို ထိုသူရှိနေသည့်ဘက်သို့ လက်ဝါးတစ်ချက် ရိုက်လိုက်သည်။

အခြားသူများလည်း စိတ်ပျက်သွားသည်ပင်။ မင်းသမီးယောင်ယွဲ့လည်း ထိုသူအား လရောင်တစ်စင်းဖြင့် တိုက်ခိုက်လိုက်သည်။ ထာဝရကျောင်းမှလူများပင်လျှင် ထိုလူအား စိတ်ဆိုးသွားကာ သူ့ကို မကူညီကြ။

ဤနေရာမှာ အလွန်ပင်ဆူညံလာသည်။

ရှီဟောင်လည်း အလွန်စိတ်တိုကာ ထိုလူအား တစ်ချက်လောက် ရိုက်ပစ်ချင်မိသည်။ ဤအခွင့်အရေးကို လွဲချော်သွားသည်နှင့် ဤရတနာရှစ်သွယ် ယူနီကွန်းကို နောက်တစ်ကြိမ် ထပ်ဖမ်းရန် ခက်ခဲလိမ့်မည်။

ဒုန်း..

ရုတ်တရက် ခပ်ဝေးဝေးတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ကျယ်လောင်လှသည့် ဆူညံသံများ ထွက်ပေါ်လာသည်။

အားလုံး ထိုနေရာသို့ လှည့်ကြည့်လိုက်ပြီး အားလုံး မျက်လုံးပြူးသွားကြသည်။

ထိုနေရာတွင် မူလသင်္ကေတများ ထွက်ပေါ်နေပြီး ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

“ဂါးဒီးယန်း ဝိညာဉ်စာသား..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ယခင်ခေတ်နှင့် ယခုခေတ်ကြားမှ တူညီသည့်အရာဆိုလျှင် ဂါးဒီးယန်းဝိညာဉ်ပင်။ သို့သော်လည်း ဂါးဒီးယန်းဝိညာဉ်စာသားများမှာ အမွေပြတ်သွားပြီဖြစ်သည်။ သို့မဟုတ်လည်း လုံးဝပြောင်းလဲသွားလေပြီ။

ထာဝရရှေးဟောင်းခေတ်ဖြစ်စေ ယခုခေတ်ဖြစ်စေ ဂါးဒီးယန်းဝိညာဉ်များ ရှိသည်ပင်။ အားနည်းသည့် ဂါးဒီးယန်းဝိညာဉ်များသည် လူမျိုးစုတစ်စုကို ကာကွယ်ပေးပြီး စွမ်းအားကြီးသည့် ဂါးဒီးယန်းဝိညာဉ်များမှာမူ တိုင်းပြည်တစ်ခု သို့မဟုတ် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် စောင့်ရှောက်ကြမည်ပင်။
( ဘာသာပြန်သူ၏ မှတ်ချက် . မိုးမခ နတ်ဘုရားက ကျောက်ခေတ် ကျေးရွာကို စောင့်ရှောက်ခဲ့တာက တစ်ခြား စကြာ၀ဠာလောကနဲ့ တိုက်ပွဲကြီးမှာ ဒဏ်ရာအကြီးအကျယ် ရသွားလို့ပါပဲ။ အပိုင်း ( ၁ ) စစချင်းမှာ Novel ထဲ မပါပေမဲ့ ချော်ရည်ပူမြစ်ထဲကနေ တုတ်တစ်ချောင်းနဲ့ နိုးထလာတဲ့ ဖင်းဂေါ့စ်ကြီးအကြောင်း ထည့်ရေးထားပေးပါတယ်။ အဲ့ဒါက မိုးမခနတ်ဘုရားတို့ တခြား စကြာ၀ဠာ လောကနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲရဲ့ တစ်စွန်းတစ်စပါပဲ။ )
သို့သော်လည်း ယခုခေတ်တွင်ရှိနေသည့် ဂါးဒီးယန်းဝိညာဉ်များမှာ ထာဝရရှေးဟောင်းခေတ်မှ ဂါးဒီးယန်းဝိညာဉ်များနှင့် အနည်းငယ် ကွဲပြားကြသည်။ သူတို့သည် သီးသန့်နေကြပြီး သူတို့ကြားတွင် ဂါးဒီးယန်းဝိညာဉ်စာသားများ ဖလှယ်ခြင်းသည် ရှားပါးကာ တိတ်တဆိတ်ပြုလုပ်ကြသည့်အရာပင်။

“သွားကြစို့..”

လူတစ်စုသည် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားပြီး ထိုနေရာသို့ သွားလိုက်ကြသည်။

ရှီဟောင်လည်း ချင်းယီနှင့်အတူ သွားလိုက်သည်။

တောင်ငယ်လေးတစ်လုံးထဲတွင် ဘုရားကျောင်းလေးတစ်ခု ရှိနေသည်။

ဤနေရာတွင် ခမ်းနားလှသည့် တောင်တန်းများ၊ မြစ်ချောင်းများ ရှိမနေပဲ အလွန်ရိုးရှင်းလှသ်ည။

ဘုရားကျောင်းလေးမှာ အလွန်ဟောင်းနွမ်းနေပြီဖြစ်ပြီး ပြိုကျတော့မည်ဖြစ်သည်။ ဝင်ပေါက်တစ်ခုသာရှိပြီး ဤသည်မှာလည်း တောင်ခြေတွင်ပင်။

တောင်လေးတွင် မည်သည့်အပင်မှမရှိပဲ ကျောက်များသာ ရှိသည်။ ဤသည်မှာ တောင်တစ်လုံးဟု ပြော၍ရရုံလောက်သာမြင့်သည်။ ဤတောင်မှာ မီတာတစ်ရာပင် မကျော်ပေ။

သို့သော် အံ့အားသင့်စရာကောင်းလောက်သည့် ဂါးဒီးယန်းဝိညာဉ်စာသားများမှာ ဤတောင်ကိုယ်ထည်မှ ထွက်နေခြင်းပင်။

သို့သော် ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင် တွေ့လိုက်ရသည့်လူများကြောင့် ရှီဟောင်၏အမူအရာ လေးနက်သွားကာ သူ လက်လွတ်စပယ်မလုပ်ရဲတော့။ သရဖူ ၁၀ ခုဘုရင်ကဲ့သို့ နာမည်ကြီးသည့် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့်အတူ ကာကွယ်သူမျိုးဆက် တုဂုယွမ်လည်း ထိုနေရာတွင် ရှိနေသည်ပင်။

ထို့အပြင် ထာဝရကျောင်းမှ အထင်ကြီးစရာကောင်းသည့်သူနှစ်ယောက်လည်း ထိုနေရာ၌ ရှိနေသည်။

ကျောက်နံရံထက်တွင် ခြေရာလက်ရာအချို့ရှိနေသည်။ ထွင်းရာများ မှုန်ဝါးသွားပြီဖြစ်သော်လည်း သင်္ကေတများမှာ ကျောက်နံရံမှ စိမ့်ထွက်လာဆဲပင်။

တံခါးမှာ ထိုကျောက်နံရံထက်၌ ရှိနေခြင်းပင်။ ဤလူများသည် ဤနေရာကို ဝင်ရန် ကြိုးစားနေကြသကဲ့သို့ ဤတံခါးအား တိုက်ခိုက်နေကြခြင်းပင်။

နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိသည် နံရံထက်ရှိ သင်္ကေတအချို့ကို အားနည်းနည်းထည့်ပြီး တိုက်ခိုက်လိုက်သည်။

ထာဝရကျောင်းမှ အခြားနှစ်ယောက်လည်း လှုပ်ရှားလာကြသည်ပင်။ သူတို့လည်း ထိုကျောက်နံရံကို တိုက်ခိုက်လိုက်သည်။

တောင်ကိုယ်ထည်မှ တောက်ပသည့် သင်္ကေတများ ထွက်ပေါ်လာလေ၏။

“ဟမ် .. အဲဒီကျောက်ဂိတ်တံခါးက ပိုပြီးတော့ ရှင်းလင်းလာပြီ..”

“မင်းတို့အားလုံးမြင်လား .. အဲဒီကျောက်နံရံပေါ်က အဖိုးတန်ကရားလေးက တကယ်ပေါ်လာတော့မလို တောက်ပသွားတာ..”

အားလုံး ဤမြင်ကွင်းကို သေချာကြည့်နေကြသည်ပင်။

“မင်း အဲဒီ ဂါးဒီးယန်းဝိညာဉ်စာသားတွေကို မှတ်မိလား..” ရှီဟောင် ချင်းယီအား မေးလိုက်သည်။

“အားလုံး မမှတ်မိဘူး..” ချင်းယီ ပြောလိုက်၏။ သို့သော်လည်း သူမသည် စကားလုံးအနည်းငယ်ကို ဖတ်နေဆဲဖြစ်သောကြောင့် ရှီဟောင်အား ထိတ်လန့်သွားစေရန် လုံလောက်သည်ပင်။

“မှော်ပညာငါးမျိုး ချိတ် ကောင်းကင်မျိုးစေ့က ဒီမှာရှိတာ .. ဒီကျောက်တောင်လမ်းကို ဖြတ်ရမယ်..” ချင်းယီ ပြောလိုက်၏။

ဝုန်း..

ထိုအချိန်တွင် ကာကွယ်သူမျိုးဆက် တုဂုယွမ်မှ လှုပ်ရှားလိုက်သည်။ ထို့အပြင် သူသည် သူ၏လက်ခလယ်ထိပ်ကို ကိုက်ချလိုက်ကာ ကျောက်နံရံပေါ်သို့ သွေးစက်အနည်းငယ်ချလိုက်သည်။

ထိုအချိန်တွင် တုန်လှုပ်စရာကောင်းလောက်သည့် ပြောင်းလဲမှုများ ဖြစ်သွားသည်။

ဝူး..

ကျောက်နံရံမှ ထိတ်လန့်စရာကောင်းသည့် ဟစ်ကြွေးသံ ထွက်ပေါ်လာသည်။ ဤအသံမှာ ရှေးဟောင်းအတိတ်မှ လာသကဲ့သို့ ပြောင်းလဲမှုအော်ရာများလည်း ရှိနေသည်။

ထို့နောက် ထိုကျောက်နံရံထဲတွင် ပိတ်မိနေသည့် မှုန်ဝါးဝါးပုံရိပ်များ ပေါ်လာသည်ကို အားလုံးတွေ့လိုက်ရသည်။ သူတို့သည် မိုးကုပ်စက်ဝိုင်းအစွန်မှ ထွက်လာသကဲ့သို့ပင်။ သူတို့ထံသို့ တစ်ဖြည်းဖြည်းဦးတည်လာသည်။

“ဘုရားရေ.. ဒါက ကျောက်နံရံမှာ ထွင်းထားတဲ့တံခါးမဟုတ်ဘူးလား .. ဘယ်လိုလုပ် အထဲဘက်မှာ လမ်းလျှောက်နေတဲ့သူ ရှိနေတာလဲ .. သူဖြတ်လာတော့မှာလား..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုပုံရိပ်မှာ ဝေဝါးနေသော်လည်း အလွန်ကြောက်စရာကောင်းလှသည်ပင်။ သူ လျင်မြန်စွာ ပြေးလိုက်သည့်အချိန်တွင် ဤနေရာတစ်ခုလုံး တုန်ခါသွားသည်။

တောင်အပြင်ဘက်တွင်ရှိနေသည့် လောကကြီးပင် တုန်လှုပ်သွားရခြင်းဖြစ်သည်။

ဝူး..

ထိုကျောက်တောင်ကြီး ပြင်းထန်စွာ လှုပ်ခါလာသည်။ ကျောက်တောင်တွင်ထွင်းထားသည့် ဂိတ်တံခါးမှ အမွေးများဖုံးအုပ်နေသည့် လက်တစ်ဖက် ထွက်လာလေသည်။

ထိုပုံရိပ်ကြီးက သူ၏ လောကထဲမှ ထွက်လာတော့မည်။

အပိုင်း ၁၄၀၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၈ – ကျောက်နံရံထဲမှ အသက်

ထိုလက်တွင် အနီရောင်အမွေးရှည်များ ဖုံးလွှမ်းနေသည်။ ဤသည်မှာ လူတစ်ယောက် လက်ပုံပေါ်နေသော်လည်း လူများမှာ သားရဲတစ်ကောင်လက်ဟု ထင်မိသွားရသည်။

ထိုလက်သည် ထွင်းထားသည့် တံခါးမှ ပေါ်လာခြင်းပင်။

အားလုံး ဆွံ့အသွားရ၏။ ဒါက ကျောက်နံရံပေါ်မှာ ဆွဲထားတဲ့ တံခါးမဟုတ်ဘူးလား .. ဘယ်လိုလုပ် လမ်းတစ်ခုဖြစ်နေတာလဲ..

ဝူး..

ထိုအသံမှာ အားလုံး၏ နားစည်ကွဲမတတ် ကျယ်လောင်လှသည်။ ထိုသတ္တဝါသည် ခက်ခက်ခဲခဲရုန်းကန်နေကာ ဤလောကကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသည်။ သူသည် ကျောက်နံရံထဲမှ ထွက်ချင်နေခြင်းပင်။

ဘာဖြစ်နေတာလဲ.. လူအများစု ရှုပ်ထွေးသွားရသည်။

ကျောက်နံရံပေါ်က ထွင်းထားတဲ့တံခါးက အသက်ဝင်လာပြီးတော့ တစ်ယောက်ယောက်က ဒီလောကကြီးထဲကို ထွက်လာချင်နေတာလား.. ဤသည်မှာ ထူးဆန်းလှပြီး အားလုံး၏နှလုံးခုန်သံများကို မြန်ဆန်သွားစေသည်။

သို့သော်လည်း အကြိမ်များစွာ ကြိုးစားပြီးသည့်နောက်တွင် ကျရှုံးသွားဆဲပင်။ ထိုအနီရောင်အမွေးလက်တစ်ဖက်လုံး ထွက်လာသော်လည်း ခန္ဓာကိုယ်မှာ ထွက်မလာနိုင်ပေ။

ဟက်..

ထာဝရကျောင်းမှ ကျွမ်းကျင်သူနှစ်ယောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် နောက်တစ်ခေါက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

“လမ်းဖယ်..” ကာကွယ်သူမျိုးဆက် တုဂုယွမ်မှ အော်ဟစ်လိုက်သည်။ ထိုတစ်ခဏတွင် သူ့တစ်ကိုယ်လုံးမှ ရွှေရောင်သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏မည်းနက်နေသည့် ဆံပင်များပင် ရွှေရောင်ဖြစ်သွားလေပြီ။ သူ့အော်ရာများလည်း အထွဋ်အထိပ်သို့ ရောက်နေလေပြီ။

ယခုအချိန်တွင် သူ၏အမူအရာမှာ အလွန်လေးနက်နေသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားမှုများလည်း ရှိနေသည်ပင်။ သူသည် ကျောက်နံရံရှေ့တွင် ရပ်နေပြီး စိတ်မရှည်တော့ပေ။

ကျောက်နံရံထဲတွင်ရှိနေသည့် ထိုပုံရိပ်သည် ထပ် အကောက်ကြံခံရမည်ကို စိုးရွံ့သည့်အလား ထိုလက်မောင်းပျောက်ကွယ်သွားကာ ကျောက်တံခါးထဲသို့ ပြန်ဝင်သွားလေသည်။

တုဂုယွမ် လက်များ လှုပ်ရှားလာကာ ထူးဆန်းသည့် မှော်တံဆိပ်ကို ပြုလုပ်လိုက်ပြီး ထိုကျောက်နံရံအား ရိုက်ကာ ထူးဆန်းသည်ပုံစံများကို ပြုလုပ်နေသည်။ ဤသည်မှာ စွမ်းအားကြီးသည့် မှော်ပညာတစ်မျိုးနှင့်တူသလို အခမ်းအနားတစ်ခု ကျင်းပနေသည်နှင့်လည်း တူသည်။

ထို့အပြင် ထိုသို့ပြုလုပ်နေစဉ်အတွင်း သူ၏လက်ချောင်းမှ သွေးများစီးကျလာသည်။ ထိုသွေးစက်များ ကျောက်နံရံပေါ်သို့ ကျသွားသည်နှင့် ကန္တာရကြီးတွင် မိုးရွာသကဲ့သို့ အားလုံးကို စုတ်ယူသွားလေသည်။

“မင်း ဘာလုပ်နေတာလဲ..” ထာဝရကျောင်းမှ ကျွမ်းကျင်သူနှစ်ယောက် အော်ဟစ်လိုက်သည်။

နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိလည်း အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ ကာကွယ်သူမျိုးဆက်ကိုကြည့်ပြီးနောက် သူ၏အမူအရာမှာ ပို၍လေးနက်သွားသည်။ သူ၏အနောက်ဘက်တွင် ဖီးနှစ်အစစ် လေဟာနယ် ပုံရိပ်ပေါ်လာပြီး အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။

“အာ မူ ဒူ လော့..”

ထိုအချိန်တွင် ကျောက်နံရံထဲမှ ဆူညံသံများ ထွက်ပေါ်လာသည်။ ထိုအမွေးရှည်နှင့်လက်ကြီးသည် ရွှေရောင်သွေးအော်ရာကို အာရုံခံမိသွားသလို တစ်ချိန်တည်းမှာပင် တစ်ခုခုကို မေးနေသလိုပင်။

ထိုအသံကို မည်သူမှ နားမလည်နိုင်ပေ။ ထိုအသံမှာ ရှေးကျသကဲ့သို့ လူတစ်ယောက်၏ ဝိညာဉ်ကို ထိခိုက်စေနိုင်သည့် ထူးဆန်းသည့် နတ်ဆိုးစွမ်းအားလှိုင်းတစ်ခုလည်း ပါဝင်နေသလိုပင်။

“ထော် ခ နီ မာ စာ..” တုဂုယွမ် ပြန်ဖြေလိုက်သည်။ သူ၏အမူအရာများမှာ ပို၍လေးနက်လာပြီး သူ၏လက်ညှိုးမှလည်း သွေးများ ဆက်တိုက်စီးကျလာသည်။ ထိုသွေးများသည် ကျောက်တုံးထက်တွင်ရှိနေသည့် တံခါးနှင့် ပေါင်းစည်းသွားသည်ပင်။

“မင်း ဘာလုပ်နေတာလဲဆိုတာ ငါတို့ကို အခုရှင်းပြ..” သရဖူ ၁၀ ခုဘုရင်လည်း ထွက်လာကာ ပြောလိုက်၏။ သူ၏လက်ထဲတွင် လောကသစ်ပင်အပင်ပေါက်ရှိနေသည်ပင်။

ထို့အပြင် ရှီဟောင်လည်း ထွက်လာ၏။ သူ၏အမူအရာမှာ အလွန်လေးနက်နေသည်။ ကြောက်ရွံ့စရာကောင်းသည့်အော်ရာလည်း ထွက်ပေါ်နေသောကြောင့် ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းနှင့် ထာဝရကျောင်းမှ လူများပင် နောက်ပြန်ဆုတ်သွားကြသည်။

ကာကွယ်သူမျိုးဆက်လုပ်နေသည်မှာ ထူးဆန်းလှကြောင်း ရှီဟောင် ဝန်ခံရမည်။ မည်သို့ပင်ကြည့်ကြည့် ဤသည်မှာ အဆီးအတားကို ဖျက်ဆီးကာ ထိုသတ္တဝါထွက်လာအောင် လုပ်ပေးသည်နှင့် တူနေသည်ပင်။

အထူးသဖြင့် တုဂုယွမ်၏ နောက်ခံကို စဉ်းစားမိသွားသည့်အချိန်တွင် သူတို့ပို၍ စိုးရိမ်သွားရသည်။ မည်သို့ပင်ဖြစ်စေ သူသည် တစ်ဖက်လောကတွင် ကြီးပြင်းလာခြင်းဖြစ်ပြီး သူ့ကို ထိုလောကမှ ကျွမ်းကျင်သူ ခေါ်လာသည်မှာပင် သာမန်မဟုတ်တော့။

“သူတို့ဘာပြောတာလဲဆိုတာ မင်း နားလည်လား..” ရှီဟောင် ချင်းယီအား တီးတိုးမေးလိုက်သည်။

ချင်းယီ မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူမခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အစိမ်းရောင်လနှင့် ဆက်သွယ်ကာ သူတို့ပြောနေသည့်အကြောင်းအရာများကို ပုံဖော်ရန် ကြိုးစားကြည့်သည်။

“မိုတောင် .. ဒီကိုလာခဲ့..” ရှီဟောင် သူလက်အောက်ရှိ အခြားလောကမှကျွမ်းကျင်သူကို ကြည့်လိုက်သည်။

သူတို့ပြောနေသည်ကို နားလည်လားဟု ရှီဟောင် မိုတောင်အား ခေါ်မေးခြင်းပင်။

မိုတောင်သည် ရှုပ်ထွေးသွားရသော်လည်း အနည်းငယ် ပြောပြသေးသည်ပင်။
” ဒါက တစ်ဖက်လောကရဲ့ ဘာသာစကား .. ကျုပ် နားမလည်ပေမယ့် ဒါက ရှေးအကျဆုံး ဧကရာဇ်ကလန်ရဲ့ ဘာသာစကားပဲ”

ဤသည်မှာ ထိတ်လန့်စရာကောင်းလောက်သည့် သတင်းကြီးပင်။ အားလုံး၏အမူအရာများ လုံးဝပြောင်းလဲသွားရသည်။ ထို့နောက် လုထော်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် ထာဝရကျောင်းမှလူများသည် တုဂုယွမ်အား တိုက်ခိုက်ရန်အတွက် ဝိုင်းလာကြသည်။

အဘယ်ကြောင့်ဆိုသော် သူ့လုပ်ရပ်များမှာ သံသယဝင်စရာကောင်းလှသည်။ သူသည် ကျောက်တုံးထဲတွင်ရှိနေသည့် သတ္တဝါနှင့် ဆက်သွယ်ရန် ရှေးအကျဆုံး ဧကရာဇ်ကလန်ဘာသာစကားကို အသုံးပြုနေသည်ပင်။

အဘယ်ကြောင့်ဆိုသော် မိုတောင်ပြောစကားအရဆိုလျှင် တစ်ဖက်လောက၌ရှိနေသည့်သူများပင်လျှင် ဤစကားကို အားလုံးနားမလည်နိုင်ကြ။ ဧကရာဇ်ကလန်အချို့သာ နားလည်ကြသည်။

ဤသည်မှာ မသေမျိုးသက်ရှိဘာသာစကားပင်။ ဤကဲ့သို့သော ဘာသာစကားမှာ အစက တာအိုဘာသာစကားဖြစ်ပြီး စွမ်းအားအကြီးဆုံး မန္တန်များကို ပြုလုပ်နိုင်သည်။

ဝုန်း..

နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ လှုပ်ရှားလိုက်သည်။ သူ့ရှေ့တွင် ဖီးနှစ်အစစ် ပေါ်လာသည်။ ထိုဖီးနှစ်၏ အမွေးအတောင်များမှာ နတ်အလင်း တောက်ပနေကာ ကောင်းကင်ကြီးတစ်ခုလုံးကို လင်းထိန်နေစေသည်။ ထိုငှက်သည် ကျောက်နံရံထံသို့ ပျံသန်းသွားကာ တုဂုယွမ်အား တိုက်ခိုက်လိုက်သည်။

ရွှီး..

တုဂုယွမ် ဘေးပတ်လည်တွင် ရွှေရောင်သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး မုန်တိုင်းတစ်ခု ဖြစ်လာသည်။ ထိုမုန်တိုင်းထဲမှ မှုန်ဝါးနေသည့် ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာကာ ဖီးနှစ်အစစ်ကို ခုခံလိုက်လေသည်။

ဒုန်းဟူသည့်အသံ ထွက်ပေါ်လာကာ လေဟာနယ်လည်း ပေါက်ကွဲသွားသည်။ ဤနှစ်ဦး ယခုမှ စတင်တိုက်ခိုက်ခြင်းဖြစ်သော်လည်း ကြောက်စရာကောင်းလောက်သည့် ပျက်စီးမှုများ ဖြစ်သွားလေပြီ။

ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံသည့် အဆင့်လွန်လူငယ်များပင် နောက်ဆုတ်သွားကြသည်။

သာမန်လူများဆိုလျှင် ပြောစရာ မလိုတော့။ သူတို့၏မျက်နှာများ ဖြူဖျော့နေပြီး သူတို့ကိုယ်သူတို့ ကာကွယ်ရန် ထာဝရစွမ်းအင်များကို အသက်သွင်းလိုက်ကြကာ နောက်ပြန်ဆုတ်သွားလိုက်သည်။

ဝုန်း..

သရဖူ ၁၀ ခုဘုရင် လှုပ်ရှားလိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် လောကသစ်ပင်အပင်ပေါက်ဖြင့် ထိုကျောက်နံရံကို တိုက်ခိုက်လိုက်ကာ ကြောက်စရာအကောင်းဆုံး မြင်ကွင်းကို ဖန်တီးလိုက်သည်။ ကောင်းကင်ကြီး ပြိုလဲသွားပြီး ကမ္ဘာမြေကြီးလည်း အက်ကွဲသွားသည်။

သူ၏ပစ်မှတ်မှာ ထိုကျောက်ဂိတ်တံခါးနှင့် ထိုတံခါးမှ ထွက်လာသည့် လက်တစ်ဖက်ပင်။

“အူး..” ဟစ်ကြွေးသံတစ်သံ ထွက်လာသည်။ ဤအသံမှာ အားလုံးနားနားတွင် ကပ်ပြောလိုက်သကဲ့သို့ သူတို့သွေးများကိုပင် အေးခဲသွားစေသည်။

ထိုကျောက်နံရံတောက်ပလာပြီး မျက်နှာပြင်ထက်တွင် သင်္ကေတများစွာ ထွက်ပေါ်လာသည်။ အထူးသဖြင့် ရွှေရောင်သွေး စီးဆင်းသွားသည့်အချိန်တွင် ကျောက်တုံးထက်ရှိ သင်္ကေတများအားလုံး၌ သွေးများပြည့်သွားကာ ထိုတံခါးလည်း တောက်ပလာသည်။

ထိုနေရာမှ အလွန်ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းလည်း ထွက်ပေါ်လာသည်ပင်။

“အဆီးအတားက ပျက်သွားပြီ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုကျောက်တံခါး တောက်ပလာကာ လောကသစ်ပင်အပင်ပေါက်ကို တားဆီးလိုက်ခြင်းပင်။

ထို့နောက်တွင် လက်တစ်ဖက် ထွက်လာရုံသာမက ခန္ဓာကိုယ်တစ်ခြမ်းလည်း ထွက်လာသည်။ ထို့နောက် တစ်ကိုယ်လုံး ထွက်လာလေ၏။

ဝုန်း..

ထိုသတ္တဝါသည် ကျောက်တံခါးမှ ထွက်လာသည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အုပ်မိုးသွားသည်။ သူသည် နေရာတိုင်းကို အေးစက်စွာပင်ကြည့်နေလေ၏။

ဤသည်မှာ လူသားပုံစံ သတ္တဝါဖြစ်သော်လည်း ဘာမျိုးစိတ်မှန်း မသိရ။ သူ့တစ်ကိုယ်လုံးကို အမွေးနီများ ဖုံးလွှမ်းနေပြီး သာမန်လူတစ်ယောက်ထက် ရှည်သည်။ သူ၏မျက်လုံးများမှာ ငွေရောင်ပင်။

အဆင့်လွန်လူငယ်များမှာ မထင်မှတ်စွာပင် စည်းလုံးနေကြသည်။ သူတို့အားလုံးသည် ဤနေရာကို ဝန်းရံထားပြီး အချိန်မရွေး တိုက်ခိုက်ရန်အတွက် သူတို့လက်နက်များကို ထုတ်ထားကြသည်။

တုဂုယွမ် လျှောက်လာသည်မှာ ထိုသတ္တဝါနှင့် ထိလုမတတ်ပင်။

နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် သရဖူ ၁၀ ခုဘုရင်တို့ နောက်ဆုတ်သွားကြသည်။ သူတို့ ချက်ချင်းမတိုက်ခိုက်ကြတော့။ အဘယ်ကြောင့်ဆိုသော် နောက်ကျလွန်းသွားလေပြီ။ သူတို့သည် အခြေအနေကိုသာ တိတ်တဆိတ်စောင့်ကြည့်တော့မည်။

ဤနေရာမှာ ချက်ချင်းပင် တိတ်ဆတ်သွားသည်။ ကာကွယ်သူမျိုးဆက် ဘာလုပ်ချင်နေသည်ကို အားလုံး သိချင်နေကြသည်ပင်။

အချို့လူများမှာ အလွန်စိုးရိမ်နေကြသည်ပင်။ ထူးဆန်းသည့်သတ္တဝါတစ်ကောင် လွတ်သွားသောကြောင့် မည်သူက မလန့်ပဲနေမည်နည်း..

“ဂု လော့ မော့ စီ..” တုဂုယွမ် လေးနက်စွာ ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် ထိုသတ္တဝါကြီးကို ရန်လိုသလိုပင်ဖြစ်လာသည်။

ထိုသတ္တဝါကြီးမှာ တစ်ကိုယ်လုံး အမွေးနီများဖုံးလွှမ်းနေပြီး သူ၏ငွေရောင်မျက်လုံးများမှ သတ္တုကဲ့သို့သော အလင်းများ ထုတ်လွှတ်နေသည်ပင်။ သူ၏အသံမှာ မမကျေမနပ်သံ ဖြစ်နေသည်ပင်။

သူတို့ ဘာပြောနေကြမှန်း မသိကြသောကြောင့် အားလုံး ရှုပ်ထွေးသွားရသည်။ တုဂုယွမ်က ဘာလုပ်ချင်နေတာလဲ .. ဤသည်မှာ အားလုံးသိချင်နေသည့် မေးခွန်းပင်။

သူတို့၏ နတ်စိတ်ဝိညာဉ်များကို အာရုံခံရန် ကြိုးစားကြသည့်သူများရှိသော်လည်း သူတို့ ကျရှုံးသွားခဲ့ရသည်။ အချို့သူများမှာ တန်ပြန်တိုက်ခိုက်ခြင်းကို ခံလိုက်ရကာ သူတို့မျက်ခုံးကြားမှ သွေးစီးကျလာလေသည်။

“မင်း တစ်ကြောင်းမှကို နားမလည်ဘူးလား..” ရှီဟောင် မိုတောင်အား မေးလိုက်သည်။

“ဒီလိုမျိုး မသေမျိုးဘာသာစကားက စွမ်းအားအကြီးဆုံးကလန်ကလူတွေပဲ လေ့လာခွင့်ရတာ .. ဧကရာဇ်ကလန်တစ်ချို့လောက်ပဲ နားလည်ကြတာ” မိုတောင် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရ၏။ သူသည် အလွန်စွမ်းအားကြီးသော်လည်း သူ့ကလန်ပင် ထိပ်တန်းကလန် မဟုတ်ခဲ့။

ထိုအချိန်တွင် ချင်းယီ၏မျက်လုံးများ ပွင့်လာသည်။ “ငါ တစ်ချို့ကို နားလည်တယ်..” သူမပြောလိုက်၏။

အနီးအနားတွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်သွားရသည်။ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ဝမ်ရှီး၊ သရဖူ ၁၀ ခုဘုရင်နှင့် ထာဝရကျောင်းမှ ကျွမ်းကျင်သူများပင်လျှင် သူမအား ထိတ်လန့်စွာ ကြည့်လာကြသည်။

“တုဂုယွမ်က သူတို့သွေးမျိုးဆက် နေတဲ့ နယ်မြေကို မေးနေတာ .. အဲဒီကို ဘယ်လိုသွားရမလဲမေးနေတာ .. သူက ရှေးဟောင်းလမ်းကြောင်းတစ်ခုကို ရှာချင်နေတာ..” ချင်းယီ၏ စကားများမှာ အားလုံးကို ထိတ်လန့်သွားစေစသည်။

ကာကွယ်သူမျိုးဆက်က လုံးဝပျောက်ကွယ်သွားပြီမဟုတ်ဘူးလား .. အနည်းငယ်သာကျန်ခဲ့သည့်သူများမှာလည်း စစ်ပွဲထဲတွင် သေဆုံးလုနီးပါး ဖြစ်သွားသည်ပင်။

သူမ ထပ်ပြောလာသည့် အကြောင်းအရာများမှာ ပို၍ပင် ထိတ်လန့်ဖို့ကောင်းသည်ပင်။

ထို ကလန်အခြေချရာမြေဆိုသည်မှာ သူတို့၏ မူလဇစ်မြစ်အိမ်ပင်။

“ဘုရားရေ .. ကာကွယ်သူသွေးမျိုးဆက်ရဲ့ စတင်ရာနေရာလား .. အသက်ရှင်နေတဲ့သူတွေ ရှိသေးတာလား .. သူတို့တွေက ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှာ ရှိတာ မဟုတ်လောက်ဘူး .. ဒီကလန်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ..”

အားလုံး ကြက်သီးမွေးညှင်းများပင် ထသွားရသည်။ ထိုကလန်မှ ထွက်လာသည့်သူအချို့သည် ဤလောကကြီးအား ကာကွယ်ခဲ့သောကြောင့် ကာကွယ်သူများဟု ခေါ်ဆိုခြင်းပင်။ ကျန်တဲ့သူတွေသာ ထွက်လာရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသွားမှာလဲ..

ခဏကြာပြီးသည့်နောက် အားလုံး ပြဿနာတစ်ခုကို စဉ်းစားမိသွားသည်။ ထို့အပြင် သူတို့ယခုတလောသိထားသည့် အတွင်းသတင်းများလည်းပါသည်ပင်။

ရွှေရောင်သွေးနှင့် သတ္တဝါများကို ပြိုင်ဘက်ကင်းကလန်ဟု ခေါ်ကြသည်။ ထာဝရရှေးဟောင်းခေတ်တွင် သူတို့သည် အဆင့်လွန်သွေးမျိုးဆက် လေးမျိုးထဲမှ တစ်မျိုးဖြစ်လိမ့်မည်ဟူသည့် အခြားဒဏ္ဍာရီများလည်း ရှိသေးသည်။

“စွမ်းအားအကြီးဆုံး သွေးမျိုးဆက်လေးခုထဲက တစ်ခု .. တုဂုယွမ်ကလန်က အရမ်းစွမ်းအားကြီးတယ် .. သူတို့ကလန်က အရှင်းမခံရသေးတာများလား..”

“ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ .. အဆင့်လွန်သွေးမျိုးဆက် လေးခုဆိုတာက အဲဒီကလန်ရဲ့ မူလနေရာတွေကို အစွဲပြုပြီး ခေါ်ကြတာ ထင်တယ်”

အားလုံး၏ ခံစားချက်များမှာ တက်လိုက်ကျလိုက်ဖြစ်နေပြီး တည်ငြိမ်နိုင်ရန် ခက်ခဲနေကြသည်။

ထာဝရရှေးဟောင်းခေတ်တွင် လျှို့ဝှက်ချက်များစွာရှိနေပြီး ကြည့်ရသည်မှာ ထိုလျှို့ဝှက်ချက်များသည် ယခုခေတ်တွင် ပြန်ပေါ်လာတော့မည်ထင်သည်။

“တုဂုယွမ်က ဒီလောကကို ရောက်လာပြီးတော့ ဘယ်လိုတာဝန်တွေ ပေးခံလိုက်ရတာလဲ .. သူက တစ်ခြားလောကကို ကူညီမှာလား.. ဒါမှမဟုတ် သူ့ကလန်သားတွေရှိနေတဲ့နေရာကို ရှာမှာလား..”

အားလုံး သံသယဝင်လာကြသည်။

ယခုအချိန်တွင် အချို့သူများမှာ ကိစ္စများစွာကို တွေးနေမိသည်ပင်။ ကာကွယ်သူ သွေးမျိုးဆက်၏ ရွှေရောင်သွေးမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း မကြာသေးမှီက သိခဲ့ရသည်။ သွေးအနက်ရောင်ပြောင်းလဲသွားသည့်အချိန်တွင် ဤသည်မှာ မြင့်မြတ်သည့်အော်ရာမဟုတ်ပဲ နတ်ဆိုးစွမ်းအားအပြည့်ဖြင့် ဖြစ်သွားသည်။

ထို့အပြင် တုဂုယွမ်သည် မူလရှေးဟောင်းမိုင်းတွင်းသို့သွားကာ တစ်စုံတစ်ခုကို လေ့လာစုံစမ်းခဲ့သေးသည်။ ထိုအချိန်တုန်းက ရှေးဟောင်းမိုင်းတွင်း၏ ဝင်ပေါက်မှ အနက်ရောင်သွေးများ ထွက်ပေါ်လာခဲ့သည်ပင်။

“တစ်ခုခု ထူးဆန်းနေပြီ..”

“ဒီ အနီရောင်အမွေးနဲ့သက်ရှိက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ .. ငါတို့အားလုံး ဒီမှာ သေသွားမှာတော့ မဟုတ်ဘူးမလား..”

“ကိစ္စမရှိဘူး .. တိုက်ပွဲဖြစ်တော့လည်း ဖြစ်ပါစေပေါ့..”

ယခုအချိန်တွင် အချို့သူများမှာ စိုးရိမ်နေကြကာ အချို့သူများမှာ စိတ်လှုပ်ရှားနေကြသည်။ သတင်းပိုလိုချင်နေသည့် အချို့သူများလည်း ရှိနေသည်။ သူတို့အားလုံး အရာအားလုံးကို နားလည်ချင်ကြသည်ပင်။

အပိုင်း ၁၄၀၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၀၉ – ဧကရာဇ်ကလန်

“အား ထု ထော့ လန်..” ထိုသတ္တဝါပြောလိုက်သည်။ သူ၏ငွေရောင်မျက်လုံးမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်နေသည်။ အမွေးနီများ တစ်ကိုယ်လုံး ဖုံးလွှမ်းနေသောကြောင့် သူသည် ကြောက်စရာကောင်းသည့်ပုံ ပေါ်နေသည်။

သူ့မျက်လုံးမှ လွှဲလျှင် မျက်နှာအပါအဝင် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားခြင်းပင်။

သူသည် တုဂုယွမ်ကို ပြန်ပြောနေသည့် စကားများမှာ အနည်းငယ် ပြင်းထန်ပြီး အတော်လေး လွှမ်းမိုးနိုင်သည်ပင်။ သို့သော် ဤနေရာမှ လူများကိုတော့ ကြောက်မသွားစေပေ။

သူတို့အနည်းငယ် စိတ်သက်သာရာရသည်မှာ ဤသတ္တဝါသည် အလွန်သန်မာသော်လည်း သူ၏ကျင့်ကြံဆင့်မှာ သိပ်မမြင့်သေးပေ။ အဆင့်လွန်လူငယ်လေးများကဲ့သို့ ကောင်းကင်နတ်ဘုရားအဆင့်၏ အမြင့်ဆုံးအဆင့်သာရှိသေးသည်။

ထို့အပြင် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် သွေးစွမ်းအင်ထဲမှ အသက်စွမ်းအင်လှိုင်းကို အာရုံခံနိုင်သည့်သူများလည်း ရှိသေးသည်။ ဤသည်မှာ အသက်အလွန်ကြီးနေသည့်သူမဟုတ်ပဲ လူငယ်ကျွမ်းကျင်သူတစ်ယောက်ပင်။

ဤသတ္တဝါ နှစ် ဘယ်လောက်ကြာအောင် ပိတ်ခံထားခဲ့ရသည်ကိုတော့ ဘုရားသာ သိလိမ့်မည်။ သူက ဘယ်လိုလုပ် ဒီလောက်တောင် ငယ်နေသေးတာလဲ..

အားလုံးမှာ အလွန်ထိတ်လန့်သွားရသလို ရှုပ်လည်း ရှုပ်ထွေးသွားရသည်။ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။

“လီ တွေ့ ရှီး..” တုဂုယွမ် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ရင်ဘတ်ပင် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီ။

“သူတို့ ဘာတွေ ပြောနေကြတာလဲ .. သူတို့ဘာတွေ ငြင်းနေကြတာလဲ..” ရှီဟောင် မေးလိုက်၏။

မိုတောင် နားမလည်သောကြောင့် ခေါင်းခါလိုက်သည်။

ချင်းယီ၏ လှပသည့်မျက်ဝန်းထဲ အစိမ်းရောင်အလင်းများ ဖြတ်ပြေးသွားသည်။ သူမတစ်ကိုယ်လုံးသည် သန့်စင်ကာ မြင့်မြတ်သည့် လမင်းအလင်းများကြားတွင် မြှုပ်နေလေပြီ။

“သူတို့က နေရာတစ်ခုအကြောင်း ဆွေးနွေးနေကြတာ .. ရွှေရောင်နတ်သွေးတွေရှိနေတဲ့သူတွေရဲ့ အမိမြေ .. တုဂုယွမ်က လမ်းရှာပြီးတော့ အဲဒီကိုသွားချင်တယ် .. ဒါပေမဲ့ အဲဒီသတ္တဝါကြီးက သူ့ကို မဖြစ်နိုင်ကြောင်း ပြောနေတာ .. အဲဒီနေရာကနေ ထွက်လာတဲ့သူတွေက သာမန်လောကရဲ့ လေတွေနဲ့ထိတွေ့ပြီးသွားပြီ .. အဲဒါကြောင့် ပြန်သွားလို့မရတော့ဘူး..”

ချင်းယီ၏ စကားများမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ အဲဒါက ဘယ်လိုနေရာမျိုးလဲ .. ထွက်သွားတာနဲ့ ပြန်ဝင်လို့မရတော့ဘူး..

ကာကွယ်သူများ၏ အမိမြေမှာ ထူးခြားဆန်းကြယ်မှုများ ပြည့်နေသည့်နေရာပင်။ ဤသည်မှာ သာမန်လောက၏ အော်ရာများကို လက်မခံသည့် အလွန်အံ့အားသင့်စရာကောင်းလှသည့် နေရာတစ်ခု ဖြစ်မည်ထင်သည်။ ထိုနေရာတွင် စည်းကမ်းများ အလွန်တင်းကြပ်လောက်သည်။

အမွေးနီနှင့်သတ္တဝါ ပြောစကားအရဆိုလျှင် တုဂုယွမ်၏ ဘိုးဘေးများမှာ ထိုနေရာမှ လာသည့် ကာကွယ်သူ သွေးမျိုးဆက်များပင်။ သို့သော် သူတို့ ပြန်မသွားနိုင်ကြ။ သူတို့ပင်လျှင် ပြန်မသွားနိုင်သောကြောင့် သူတို့မျိုးဆက်ဆိုလျှင် အခွင့်အရေးပိုနည်းသွားလေပြီ။

“အမွေနီနဲ့သတ္တဝါက တုဂုယွမ်ကို မပြောပြချင်ဘူး .. ဘာလို့လဲဆိုတော့ သူ အဲဒီနေရာကို ရှာတွေ့ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ရှာမှာစိုးလို့” ချင်းယီ ထပ်ပြောလိုက်သည်။

တုဂုယွမ်မှာ ထိုသတ္တဝါနှင့် စကားများနေသည်ပင်။ သူသည် ထိုရှေးဟောင်းလမ်းကြောင်းကို ရှာဖွေကာ သူ့ဘိုးဘေးများနေခဲ့သည့်နေရာကို သွားချင်သည်။ ထိုသို့ဆိုလျှင် သူ၏ရွှေရောင်သွေးများမှာ ပို၍ အင်အားကြီးလာလိမ့်မည်။

“ဖူ စီ နျဲ့ ထုန်..” အမွေးနီသတ္တဝါ၏ ငွေရောင်မျက်လုံးမှ အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ တုဂုယွမ်ကို သတိပေးနေခြင်းပင်။

တုဂုယွမ် တစ်ကိုယ်လုံး ရွှေရောင်အလင်း ဖုံးလွှမ်းသွားကာ သူ၏ဆံပင်ရှည်များပင်လျှင် ရွှေရောင်ဖြစ်နေသည်။ သူသည် အရှေ့ဘက်သို့ ခြေလှမ်းတစ်ဝက်လှမ်းလိုက်ပြီး ထိုသတ္တဝါနှင့် တိုက်ခိုက်လာလေသည်။

ဝုန်း..

သူတို့နှစ်ဦးကြားတွင် ကောင်းကင်ကိုပင် လျှံတက်သွားလောက်သည့် နတ်မီးတောက်များ ထွက်ပေါ်လာသည်။ ပြင်းထန်လှသည့် မီးတောက်များသည် ကောင်းကင်ကြီးတစ်ဝက်ခန့်ပင် လောင်ကျွမ်းသွားစေသည်။

ဤသည်မှာ နတ်ခွန်အားများမှ ဖြစ်ပေါ်လာသည့် သင်္ကေတများပင်။ နတ်မီးတောက်များမှာ မီးတောက်အစစ်မဟုတ်ပဲ တာအိုသင်္ကေတများမှ တောက်ပလာသည့်အလင်းများပင်။

“အဲဒီသတ္တဝါပြောတာက ရှေးဟောင်းလမ်းကို အဆုံးထိလိုက်သွားရင် နယ်မြေဂိတ်တံခါး တွေ့လိမ့်မယ် .. နယ်မြေဂိတ်တံခါး ပွင့်လာရင်တော့ သူ ဝင်လို့ရလိမ့်မယ် .. ဆင့်ခေါ်ရမယ့် စွမ်းအားကြီးပြီး ထူးဆန်းတဲ့သူတွေ ရှိလိမ့်မယ်..” ချင်းယီ ပြောလိုက်၏။

သူမသည် ထိုနှစ်ဦး၏စကားကို ဘာသာပြန်ပေးနေခြင်းပင်။ တစ်ခါတစ်ရံတွင် အတိအကျ ဘာသာပြန်ပေးပြီး တစ်ခါတစ်ရံတွင် အကြမ်းဖျင်းမျှသာ။

သို့သော်လည်း ဘာသာပြန်ပေးသည့်အပိုင်းများပင်လျှင် အားလုံးကို ဆွံ့အသွားစေလောက်လေပြီ။

ရွှေရောင်သွေးရှိသည့် သက်ရှိများသာမက အခြားကြောက်စရာကောင်းသည့် ကလန်များလည်း ရှိသေးသည်။ သူတို့သည် ပုံမှန်အားဖြင့် သာမန်လောကထဲသို့ ခြေချလေ့မရှိ။ သို့သော် သူတို့ထွက်လာသည်နှင့် အကျိုးသက်ရောက်မှုများမှာ အလွန်ပြင်းထန်သွားလိမ့်မည်။

အားလုံး ထိန်းချုပ်၍မရနိုင်တော့မည်ကို စိုးရိမ်၍ သူ တုဂုယွမ်ကို မပြောပြခြင်းပင်။

“ကျုပ် ခင်ဗျားတို့အားလုံးကို တွေ့တာနဲ့ ကျုပ်လမ်းကြောင်းကို ရပြီလို့ တစ်ဖက်လောကက ဧကရာဇ်ကလန်တွေ ကျုပ်ကို ကတိပေးပြီးသား .. ခင်ဗျားကဘာလို့ ငြင်းနေတာလဲ..” တုဂုယွမ် အော်ဟစ်လိုက်သည်။

ယခုတစ်ခေါက်တွင်တော့ သူသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခု၏ ဘာသာစကားကို အသုံးပြုလိုက်ခြင်းပင်။ ထို့အပြင် သူသည် ထိုသက်ရှိ၏ရင်ဘတ်ရှေ့ရှိ အမွေးနီများကိုလည်း ဆုတ်ကိုင်ထားသေးသည်။

“မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့..” ထိုသတ္တဝါလည်း ရှေးဟောင်းဘာသာစကားကို အသုံးမပြုတော့။ ထိုအစား သူသည် နတ်စိတ်ဝိညာဉ်ကို အသုံးပြုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ပြောနေသည့် အကြောင်းအရာများထဲ လျှို့ဝှက်ချက်များ မပါဝင်တော့။ သူအော်ဟစ်လိုက်သည်နှင့် မြေပြင်ပင် တုန်ခါသွားလေသည်။

ဝုန်း..

သူတို့နှစ်ဦးကြား အံ့အားသင့်စရာကောင်းလောက်သည့် သင်္ကေတများ ထွက်ပေါ်လာသည်။

အမွေးနီနှင့်သတ္တဝါသည် လက်မြှောက်လိုက်ကာ တုဂုယွမ်၏ လက်ကောက်ဝတ်ကို ဖမ်းဆုတ်လိုက်ပြီး တစ်ဖက်သို့ လိမ်ချိုးလိုက်သည်။ နတ်အလင်းများ ထွက်ပေါ်လာပြီး နတ်ခွန်အားများလည်း ပင်လယ်လှိုင်းများကဲ့သို့ပင် ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် နှစ်ဦးလုံးထံမှ နတ်စွမ်းရည်များစွာ ထွက်ပေါ်လာသည်။

လေဟာနယ်ကြီး ပေါက်ကွဲသွားကာ ထာဝရစွမ်းအင်များလည်း ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးလုံး တစ်ပြိုင်တည်း လွင့်ထွက်သွားကြသည်။

လွင့်ထွက်သွားသော်လည်း သူတို့နှစ်ဦးလုံး ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲပင်။

ချွမ်း..

အမွေးနီလက်ထဲ နတ်လှံရှည်တစ်ချောင်းပေါ်လာသည်။ ဤသည်မှာ လှံတံတစ်ချောင်းနှင့်တူသလိုရှိသော်လည်း မတူပေ။ ဤကဲ့သို့သော လက်နက်မျိုးကို အသုံးပြုသည့်သူတိုင်းမှာ အံ့အားသင့်စရာကောင်းလောက်သည့် ရဲရင့်မှုနှင့် ခွန်အားများ ရှိနေသည်ပင်။

တစ်ချိန်တည်းမှာပင် ကာကွယ်သူမျိုးဆက် တုဂုယွမ်လက်ထဲမှ ကောင်းကင်လှံတံတစ်ချောင်း ပေါ်လာသည်။ ဤသည်မှာလည်း လက်နက်ကောင်းတစ်ခုပင်။

ထိုလက်နက်နှစ်ခု ထိခတ်သွားသည်နှင့် မီးပွားများ နေရာအနှံ့သို့ လွင့်ထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင် တာအိုအသံနှစ်မျိုးထွက်ပေါ်လာလေ၏။ ထိုလက်နက်နှစ်ခုမှ ဖြစ်ပေါ်လာသည့် ကြောက်စရာလှိုင်းများမှာ လေဟာနယ်ကို ဖျက်ဆီးနေလေသည်။

ဝမ်ရှီး၊ လုထော်နှင့် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများမှာ သိပ်မဆိုးပေ။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြသည်။ သို့သော်လည်း အခြားသူများမှာမူ နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျလာပြီး ခန္ဓာကိုယ်ပင် ယိမ်းယိုင်သွားကြလေသည်။

ထိုလက်နက်နှစ်ခု၏ ထိခတ်မှုမှာ မည်မျှပင် ပြင်းထန်သည်ကို အားလုံး မြင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ တာအိုများမှ ဖြစ်လာသည့် တာအိုလက်နက်များပင်။ ဤလက်နက်များသည် သူတို့၏တိုးတက်မှုနှင့်အတူ စွမ်းအားကြီးလာသည်။

တုဂုယွမ် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ၏လက်ထဲတွင် ကောင်းကင်လှံတံရှိနေပြီး သူ၏ပုံစံမှာ ခန့်ညားလှသည်။ သူ့တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေသည့် ရွှေရောင်အလင်းများမှာ ပို၍ တောက်ပလာကာ နေတစ်လုံးနှင့်ပင် တူနေလေပြီ။

သူ၏လက်ထဲတွင်ရှိနေသည့် လက်နက်ကို အရှေ့ဘက်သို့ ရွယ်ထားပြီး သူ၏အမူအရာမှာ လေးနက်နေသည်ပင်။

အခြားတစ်ဖက်တွင်ရှိနေသည့် အမွေးနီနှင့် သတ္တဝါလည်း အရပ်ရှည်သည်ပင်။ သူမြေပြင်ပေါ်သို့ ရောက်သည်နှင့် လက်မြှောက်လိုက်ပြီး အဝေးမှ ကျင့်ကြံသူသုံးယောက်အား ထိန်းချုပ်လိုက်သည်။ ကောင်းကင်နတ်ဘုရားကျောင်းမှ ၂ ယောက်နှင့် ထာဝရကျောင်းမှ တစ်ယောက်ပင်။

ဖူး..

သူသည် ထိုထဲမှ လူတစ်ယောက်၏ ဦးခေါင်းကို လက်ထဲရှိ နတ်လှံရှည်ဖြင့် ထိုးလိုက်သည်နှင့် သွေးများ သူ့လက်မောင်းထံသို့ စီးဆင်းလာပြီး အသက်စွမ်းအင်များလည်း လေထဲသို့ ထိုးတက်သွားသည်။

အဖြစ်အပျက်များမှာ လျင်မြန်လွန်းလှသောကြောင့် ဤလူများမှာ ရှောင်ချိန်ပင် မရလိုက်။

အား..

ဤလူများ သနားစဖွယ်ပင် အော်ဟစ်လိုက်ကြသည်။ သူတို့ခန္ဓာကိုယ်များမှာ တစ်ချိန်တည်းမှာပင် ခမ်းခြောက်သွားသည်။ သူတို့အရေပြားများ အက်ကွဲလာကာ အပင်များကဲ့သို့ပင် ညှိုးလျော်သွားကြလေ၏။

ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ ဤသတ္တဝါသည် ကျင့်ကြံသူတစ်ယောက်၏ အသက်ဓာတ်ကို ခြောက်ကပ်သွားအောင် စုတ်ယူလိုက်လေပြီ။

“နှစ်ပေါင်းများစွာ ဖမ်းခံထားရတော့ အသားမစားရတာတောင်ကြာပြီ .. ဒီခံစားချက်က တကယ်ကို လန်းဆန်းတာပဲ..” အမွေးနီနှင့်သတ္တဝါမှာ စည်းစိမ်ခံစားနေရသည့်ပုံစံဖြင့် ပြောလိုက်ခြင်းပင်။

ပြောနေရင်းဖြင့်ပင် ကျန်သည့်နှစ်ယောက်လည်း သူ့ခြေထောက်အောက်တွင် ညှိုးနွမ်းသွားပြီဖြစ်သည်။ စွမ်းအင်များသည် ရောင်စုံအလင်းများအဖြစ် ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေ၏။

သူ၏ခြေထောက်နှစ်ဘက်လုံး တောက်ပနေသည်ကို တွေ့လိုက်ရသည်။ အမွေးများဖုံးအုပ်နေသောကြောင့်သာမဟုတ်ပါက သူ၏ခြေထောက်မှာ ကြည်လင်နေလောက်သည်။ အသက်စွမ်းအင်နှစ်ကြောင်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏စွမ်းအင်အား အားဖြည့်ပေးလိုက်လေသည်။

“ခင်ဗျား လုပ်ရဲတယ်လား..” လူများစွာ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“ခေတ်ကြီးက တကယ်ကို ပြောင်းလဲသွားပြီပဲ .. ငါတို့ကို နတ်သက်ရှိတွေအဖြစ် ကိုးကွယ်ခဲ့ကြတဲ့ မထင်ရှားတဲ့ကလန်လေးတွေက ငါတို့ကို လက်နက်နဲ့တောင် ရွယ်ရဲပြီလား..” အမွေးနီနှင့်သတ္တဝါမှ ပြောလိုက်သည်။ သူသည် ခန္ဓာကိုယ်ကို အပျင်းကြောပင် ဆန့်လိုက်လေသည်။ သူသည် အလွန်သက်တောင့်သက်သာရှိနေသည်ပုံပင်။

ခွပ်..

သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်နှင့် အမွေးနီများမှ စူးရှကာ ကြည်လင်သည့်အသံများ ထွက်ပေါ်လာသည်။ သူလမ်းလျှောက်လိုက်သည်နှင့် သူ၏လက်မှ နီရဲသည့်အပိုင်းအစများ တစ်ခုပြီးတစ်ခု ကျလာ၏။

“အဲဒါက ဘာကြီးလဲ..” လူများစွာ ထိတ်လန့်သွားရသည်။ ဤသည်မှာ အရည်တစ်မျိုးမှ ပြုလုပ်ထားသကဲ့သို့ နတ်အော်ရာများပင် ရနေသည်။

“သူ အခုအချိန်ထိ အသက်ရှင်နေနိုင်တာ ဒါကြောင့်ပဲ..” ဝမ်ရှီး ပြောလိုက်၏။

မဟုတ်ပါက ဤကျင့်ကြံဆင့်ဖြင့် ဤလူတစ်လျှောက်လုံး အသက်ရှင်နေနိုင်မည်မဟုတ်။ သူသည် အသက်ရှင်နိုင်ရုံသာမက သူ၏ငယ်ရွယ်သည့်ပုံစံကိုပင် ထိန်းထားနိုင်သေးသည်။

“ဒါက မသေမျိုးသက်ရှိတွေလုပ်တဲ့ အရည်ပဲ .. ဒါက အရာအားလုံးကို ချိတ်ပိတ်ထားနိုင်တယ် .. သူတို့ မအိုမင်းအောင် တားဆီးပေးနိုင်တယ် .. သူတို့က ကမ္ဘာကြီးတည်နေသရွေ့ အသက်ရှင်နိုင်ကြတယ်..” မိုတောင် အလွန်ထိတ်လန့်သည့်အမူအရာဖြင့် ပြောလိုက်သည်။

ရှီဟောင် သူ့ကို လှည့်ကြည့်လိုက်သည်။ သူဘာမှမပြောသော်လည်း သူ၏တောင်းဆိုသည့်ပုံစံမှာ သိသာလှသည်ပင်။

“ကျုပ်ထင်တာမမှားရင် ဒါက တစ်ဖက်လောကက ရှေးဟောင်းဧကရာဇ်ကလန်ရဲ့ မျိုးဆက်ဖြစ်လောက်မယ် .. သူတို့ကလန်က အဲဒီမှာ ချိတ်ပိတ်ထားတာ..” မိုတောင် ပြောလိုက်သည်။

“မင်း ဘာသိထားသေးလဲ..” ရှီဟောင် ဆက်မေးလိုက်သည်။

“ဒီမှာ တာအိုမျိုးစေ့တစ်စေ့ ရှိလောက်တယ် .. အရင်တုန်းက ဧကရာဇ်ကလန်က အဲဒီမျိုးစေ့အတွက်နဲ့ ဒီကိုလာဖူးတယ် .. အဲဒီမျိုးစေ့ကို ကောင်းကင်မျိုးစေ့လို့ ခေါ်တယ် … ဒါက အရင်တုန်းက ပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်တွေတောင် မရလို့ နောင်တရခဲ့တဲ့မျိုးစေ့ပဲ..” မိုတောင် တီးတိုးပြောလိုက်သည်။

“ပုဂ္ဂိုလ်ကြီးတွေ နောင်တရတယ်ဟုတ်လား..” ရှီဟောင် ထိတ်လန့်ကာ ရှုပ်ထွေးသွားရသည်။

“ဟုတ်တယ် .. စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့တယ် .. သူက မသေမျိုးအဆင့်နားရောက်နေပြီ .. သူ့ငယ်ဘဝကို ပြန်စဉ်းစားမိတဲ့အချိန်တိုင်း ဒီကောင်းကင်မျိုးစေနဲ့ လွဲချော်ခဲ့တဲ့အတွက် သူအမြဲတမ်း နောင်တရနေခဲ့တာ .. သူသာ ဒီမျိုးစေ့ကိုသုံးပြီးတော့ တာအိုကိုရှာခဲ့ရင် သူ့အောင်မြင်မှုက ပိုပြီးတော့တောင် ကြောက်ဖို့ကောင်းမှာ” မိုတောင် ပြောလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားကာ ကိစ္စများစွာကို စဉ်းစားမိသွားသည်။ ဒဏ္ဍာရီများမှာ အခြေအမြစ်မရှိပဲ ထွက်လာခြင်း မဟုတ်။ မှော်ငါးမျိုးချိတ်ကောင်းကင်မျိုးစေ့ .. ဤသည်မှာ တကယ်ကို အံ့အားသင့်စရာကောင်းသည့် တာအိုမျိုးစေ့ပင်။ တစ်ဖက်လောကမှ လူများပင်လျှင် ဤမျိုးစေ့အတွက်နှင့် ဤနေရာကို ရောက်လာခဲ့ဖူးသည်။

သာမန်လူဆိုလျှင် ကိစ္စမရှိသော်လည်း ဤသည်မှာ ကမ္ဘာကြီးနှင့်အတူ အသက်ရှင်ခဲ့သည့် မသေမျိုးသက်ရှိပင်။

“အဲဒီပုဂ္ဂိုလ်က အရမ်းစွမ်းအားကြီးတယ် .. သူ ဘယ်ခေတ်မှာ မွေးခဲ့မှန်း ဘယ်သူမှ မသိဘူး .. သူ တစ်ခါမှကို မရှုံးဖူးဘူး .. တစ်ဖက်လောကက ဘုရားကျောင်းတွေထဲက ရုပ်တုတွေမှာ သူ့ရုပ်တုလည်း ပါလောက်တယ်..” မိုတောင်ပြောလိုက်သည်။

ဤသတင်းမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ ပြိုင်ဘက်ကင်းတဲ့ သက်ရှိတစ်ယောက်က နောင်တရရလောက်အောင် ဒီကောင်းကင်မျိုးစေ့က ဘယ်လောက်တောင် ထူးခြားတာလဲ..

“ဒီနေရာက အရမ်းအန္တရာယ်များတယ် … ဆေးလုံးမီးဖိုထဲမှာ ပိတ်ပြီး ဆေးဖော်ခံရတယ်ဆိုတာကလည်း ပိတ်ခံရတာက တစ်ဖက်လောကက ဧကရာဇ်ကလန်က ဖြစ်လောက်တယ်..” ချင်းယီ ကောက်ချက်ချလိုက်သည်။

သူတို့ရှေ့တွင်ရှိနေသည့် အမွေးနီနှင့်သက်ရှိတစ်ယောက်တည်းရှိမည် မဟုတ်။ ပို၍စွမ်းအားကြီးသည့် အကြီးအကဲများလည်း ရှိနေမည်ပင်။ သို့သော်လည်း ဤလူတစ်ယောက်တည်းသာ လွတ်မြောက်လာနိုင်သေးသည်။

အပိုင်း ၁၄၀၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၁၀ – ကောင်းကင်ကို လွှမ်းခြုံသွားမည့် မီးတောက်များ

အမွေးနီနှင့် သတ္တဝါ နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ သူ၏လက်ထဲရှိ နတ်လှံရှည်ကို လှုပ်ရမ်းလိုက်သည်နှင့် ကောင်းကင်လေပြင်းများ တိုက်ခတ်လာပြီး လေဟာနယ်ပင် ချိုင့်ဝင်သွားသည်။ ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်လာကာ မျက်စိကန်းစေလောက်သည့်အလင်းတန်းလည်း ထွက်ပေါ်လာသည်။

ဒုန်း..

တုဂုယွမ်၏ခန္ဓာကိုယ်မှာ သတ္တုဖြင့် ထွင်းထုထားသကဲ့သို့ တောက်ပနေသည်။ သူ၏လက်ထဲတွင်ရှိနေသည့် ကောင်းကင်လှံတံဖြင့် ထိုလက်နက်ကြီးကို ခုခံလိုက်သည်။ လက်နက်နှစ်ခု ထိခတ်သွားသည်နှင့် တောင်ငယ်နှစ်လုံး ပစ်တိုက်သွားကဲ့သို့ မီးပွားများ နေရာအနှံ့သို့ လွင့်ထွက်သွားလေသည်။

ဤသည်မှာ စွမ်းအားချင်းတူညီသည့်သူနှစ်ဦးကြားမှ ပြင်းထန်သည့်တိုက်ပွဲပင်။

အားလုံ၏အမူအရာ ပြောင်းလဲသွားသည်။ လုထော်နှင့် ယောင်ယွဲ့တို့ကဲ့သို့သော လူများပင် ထိတ်လန့်သွားကြရပြီး ခြိမ်းခြောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူတို့သည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားကြသော်လည်း ဤလူများကို တွေ့သည်နှင့် သူတို့၏အမူအရာများ လေးနက်သွားကြသည်။

“အားကောင်းလိုက်တာ .. သူတို့နဲ့ယှဉ်နိုင်တဲ့သူ သိပ်ရှိမှာမဟုတ်ဘူး” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုကိ်သည်။

“မင်း အဲဒီနယ်မြေဂိတ်ကို တကယ်ဖြတ်ချင်တာလား..” အမွေးနီနှင့်သတ္တဝါမှ အော်မေးလိုက်သည်။

“ဖြတ်ချင်တယ် .. ဘိုးဘေးမြေကို ပြန်သွားပြီးတော့ ရွှေရောင်မြစ်ထဲမှာ စိမ်ပြီး ကျုပ်ခန္ဓာကိုယ်ကို ပြောင်းလဲစေချင်တယ် .. ရွှေရောင်သွေးတွေကို ဆူပွက်စေချင်တယ်..” တုဂုယွမ် ပြောလိုက်သည်။ ဤသည်မှာ အခမ်းအနားတစ်ခုဖြစ်သလို သူတို့ကလန်၏ ပြန်လည်မွေးဖွားခြင်းခရီးတစ်ခုလည်း ဖြစ်သည်။

သူသာ ဤကဲ့သို့သော အခမ်းအနားမျိုး ကြုံတွေ့ရလျှင် သူ ပို၍စွမ်းအားကြီးလာလိမ့်မည်။

“အဲဒီမှာ မင်းကလန်တစ်ခုတည်းရှိတာ မဟုတ်ဘူး .. တစ်ခြားကလန်တွေလည်း ရှိသေးတယ် .. မင်းကို ဘယ်သူမှ နယ်မြေဂိတ်ကို ဖြတ်ခိုင်းမှာမဟုတ်ဘူး .. သူတို့မင်းကို တွေ့သွားတာနဲ့ သေချာပေါက် သတ်ပစ်လိမ့်မယ်..” အမွေးနီသတ္တဝါမှ ပြောလိုက်သည်။

“ဒါက ကျုပ်စိတ်ပူရမှာ .. ခင်ဗျားအလုပ်မဟုတ်ဘူး .. ခင်ဗျားအလုပ်က အဲဒီနယ်မြေဂိတ်ကို သွားနိုင်တဲ့ လမ်းကို ပြောပြဖို့ပဲ..” တုဂုယွမ် ပြောလိုက်သည်။

“ကောင်းပြီလေ .. မင်းဒီလောက်ထိခေါင်းမာနေမှတော့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်..” အမွေးနီနှင့်သတ္တဝါ အေးစက်စွာ ပြောလိုက်သည်။

ထို့အပြင် သူ နောက်ပြန်ဆုတ်သွားကာ သူ၏နတ်လှံရှည်ကိုပြန်သိမ်းလိုက်ကာ တိုက်ပွဲကို အဆုံးသတ်လိုက်သည်။

ဤနေရာမှာလည်း အခြေအနေ ဆိုးရွားနေလေပြီ။ မြေအောက်တွင် နတ်သင်္ကေတများ ရှိနေမည်ဖြစ်သော်လည်း ယခုတော့ အားလုံးပျက်စီးသွားလေပြီ။ ပျက်စီးနေသည့် ဘုရားကျောင်းနှင့် ဤတောင်လေးသာ ကျန်တော့သည်။

အမွေးနီနှင့်သတ္တဝါသည် ကျောက်နံရံကို လက်ညှိုးထိုးပြလိုက်ပြီးနောက် “ငါ့ဘိုးဘေးကို လွှတ်ပေး .. အဲဒါဆိုရင် ငါ မင်းကို ပြောပြမယ်..”

ချင်းယီ ထိုစကားကို ချက်ချင်း ဘာသာပြန်လိုက်ပြီး အားလုံးကို အသိပေးလိုက်သည်။ ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားပြီး မည်သူမှ မတည်ငြိမ်နိုင်တော့ပေ။ သူတို့နှစ်ဦးကို ဒေါသတကြီး စိုက်ကြည့်နေကြလေသည်။

“ရဲတင်းလိုက်တာ .. ငါတို့ကို လေလို သဘောထားနေတာလား .. ငါတို့ရှေ့မှာတောင်မှ ဒီလိုမျိုး ပြောရဲသေးတယ်..” အချို့လူများ ချက်ချင်း ဒေါသထွက်လာကြသည်။ ဤသတ္တဝါ အလွန်အားကောင်းမှန်း သူတို့သိကြသော်လည်း သူတို့ ကျယ်လောင်စွာ ပြောလိုက်ကြသေးသည်ပင်။

ထိုအမွေးနီနှင့်သတ္တဝါသည် လှံရှည်ကို မှီထားကာ သူတို့အား ရွံရှာစက်ဆုပ်သည့်ပုံစံဖြင့် ကြည့်နေလေသည်။ “မင်းက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အမြင့်ကိုတောင် မသိတဲ့သူပဲ .. မင်းလိုလူမျိုးက ငါစကားပြောနေတာကို ဖြတ်ပြောရဲတယ်ပေါ့..” သူအေးစက်စွာပင်ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူ၏ညာလက်ကိုမြှောက်လိုက်သည်။ များပြားလှသည့်အလင်းသည် နဂါးလက်သည်းပုံစံဖြစ်သွားပြီး ထိုလူထံသို့ ဦးတည်သွားလေသည်။

ဝူး..

နဂါးအော်သံထွက်ပေါ်လာကာ နဂါးလက်သည်းသည် လေဟာနယ်ကိုဖြတ်ကျော်ကာ ထိုလူထံသို့ ချက်ချင်းပင် ရောက်လာလေ၏။ ထိုလူမှာ သူ မလှုပ်ရှားနိုင်တော့သည်ကို သတိပြုမိသွားပြီး အမူအရာ ပြောင်းလဲသွားရသည်။

မည်သူမှ မလှုပ်ရှားလျှင် သူ ဤနေရာ၌ သေတော့မည်။ သူနှင့် ထိုအမွေးနီနှင့်သတ္တဝါကြားမှကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

မည်သူမှ ထိုင်ကြည့်နေမည် မဟုတ်။ ရှီဟောင် မျက်မှောင်ကြုတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း အနီးဆုံးတွင်ရှိနေသည့် ရွှမ်ခွန် အော်ဟစ်လိုက်ပြီးနောက် ထိုနဂါးလက်သည်းထံသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

ဒုန်း..

ထိုလက်သီးနှင့် နဂါးလက်သည်းတို့မှာ သတ္တုချင်းထိခပ်သွားသကဲ့သို့ နားစည်ကွဲလောက်သည့် တုန်ခါသံ ထွက်ပေါ်လာလေသည်။

“ထာဝရစွမ်းအင် အစစ်နှစ်ကြောင်းနဲ့ အတုတစ်ကြောင်း .. မင်းက ငါ့ရှေ့မှာ လာပြီးတော့ မော်ကြွားရဲသေးတယ်ပေါ့ .. မင်းက သူရဲကောင်းလုပ်ရတာ သဘောကျတာလား..” အမွေးနီနှင့်သတ္တဝါ ပြောလိုက်၏။ ယခုအချိန်တွင်တော့ သူသည် အားလုံးကြားအောင် နတ်စိတ်ဆန္ဒကို အသုံးပြုလိုက်ခြင်းပင်။

“ရဲတင်းလိုက်တာ..” ရွှမ်ခွန် ဒေါသထွက်သွားရ၏။ မည်သို့ပင်ဖြစ်စေ သူသည် ထာဝရစွမ်းအင်သုံးကြောင်းရှိနေပြီး ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ပင်။ သူဘယ်တုန်းကမှ ဤကဲ့သို့ အရှက်ခွဲ မခံရဖူးပေ။

“ငါ မင်းကို အပြစ်ရှာချင်တာတော့ မဟုတ်ဘူး .. ဒါပေမဲ့ မင်းတို့သာ တစ်ယောက်ချင်းစီ လာတိုက်ရင် ငါမင်းတို့အားလုံးကို သတ်ပစ်နိုင်တယ်..” အမွေးနီနှင့်သတ္တဝါသည် လက်တစ်ဖက်တည်းဖြင့် လှံရှည်ကို ကိုင်ထားပြီးအားလုံးကို ရွယ်ထားလိုက်သည်။

ဝုန်း..

သူပြန်ရလိုက်သည်မှာ ရွှမ်ခွန်၏လက်ဝါးပင်။ သူ၏ လက်ချောင်းတစ်ချောင်းစီမှ ငါးရောင်စပ်အလင်းများနှင့်အတူ ဒြပ်စင်ငါးခုနတ်ခွန်အားများ ထွက်ပေါ်လာသည်။

အခြားသူများလည်း ဒေါသထွက်နေကြသည်ပင်။ ဤအမွေးနီနှင့်သတ္တဝါသည် နှစ်ပေါင်းများစွာ ချိတ်ပိတ်ခံထားရသော်လည်း ရိုင်းစိုင်းကာ လွှမ်းမိုးလိုသေးသည်။ သူသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ ကျွမ်းကျင်သူများကို အထင်သေးနေသေးသည်။ အားလုံးမှာ ရွှမ်ခွန်အား အနိုင်ရစေချင်နေသည်။

ရွှီ..

နတ်လှံရှည် တောက်ပလာပြီးနောက် အလင်းတန်း တစ်သောင်းထွက်ပေါ်လာသည်။ ဤအမွေးနီနှင့်သတ္တဝါမှာ စွမ်းအားကြီးလွန်းလှသည်။ သူသည် နတ်လှံရှည်အား ဤကဲ့သို့ ကိုင်ထားရုံဖြင့် သူ၏ခွန်အားမှာ မရပ်တန့်နိုင်လောက်အောင်ပင်။

သူကရွှမ်ခွန်၏လက်ဝါးအား ဖျက်ဆီးပစ်ချင်နေသည်။

ထိုတစ်ခဏတွင် ဤနေရာမှာ တာအိုအသံများ ဖုံးလွှမ်းသွားသည်။ ရွှမ်ခွန်၏လက်ဝါးမှ ရေလှိုင်းတစ်ခုကဲ့သို့ခွန်အားများထွက်ပေါ်လာသလို နတ်သင်္ကေတများလည်း ထွက်ပေါ်လာသည်။

ထို့အပြင် သူသည် တံဆိပ်များကိုလည်း လျင်မြန်စွာ ပြုလုပ်လိုက်သည်။ သူသည် ရှေးဟောင်းကောင်းကင်ပညာတစ်မျိုးအား အသုံးပြုကာ ဤအမွေးနီနှင့်သတ္တဝါကို တစ်ခါတည်း သတ်ပစ်လိုခြင်းပင်။

သူတို့နှစ်ဦး၏တိုက်ပွဲမှာ အလွန်ပြင်းထန်လှသည်။

ရုတ်တရက်ပင် အမွေးနီနှင့်သတ္တဝါ၏ ပတ်လည်၌ ရွှေရောင်ကြာပွင့်များ တစ်ခုပြီးတစ်ခုပေါ်လာသည်။ ပွင့်ဖတ်များမှာ ကြီးမားလှပြီး သူ့ကို ရစ်ပတ်ထား၏။ ဤသည်မှာ ပညာအားလုံးကို ခုခံနိုင်သည့်စွမ်းအားပင်။

အဖြစ်အပျက်များမှာ ရုတ်တရက်ဆန်လှသည်။ ရွှမ်ခွန်၏ တိုက်ခိုက်မှုများအားလုံး အကျိုးသက်ရောက်မှ မရှိတော့သလိုဖြစ်သွားသည်။ သူက အကောင်းဆုံးကြိုးစားလိုက်သော်လည်း ရှုံးနိမ့်သွားဆဲပင်။

ရွှီး..

နတ်လှံရှည်မှာ သက်တံ့တစ်ခုကဲ့သို့ပင် ကောင်းကင်အား ဖြတ်ချပစ်လိုက်ကာ ဓားသွားတစ်‌သောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ နေရာတိုင်း၌ လှံရှည်ပုံရိပ်များ ထွက်ပေါ်လာကာ အလွန်ကြောက်စရာကောင်းလှသည်။

ရွှမ်ခွန်မှာ သူ၏ပြိုင်ဘက်မဟုတ်ပေ။ ထို့အပြင် နောက်ဆုံးရိုက်ချက်များမှာ ဤမျှပြင်းထန်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ ဖူးဟူသည့်အသံနှင့်အတူ သွေးများ ပေပေါင်းများစွာ လွင့်စင်သွားသည်။

ထို့နောက် ရွှမ်ခွန်ထံမှ ညီးတွားသံ ထွက်ပေါ်လာသည်။ ရွှမ်ခွန်၏ ညာဘက်လက် ဖြတ်ခံလိုက်ရသည်နှင့် သူသည် ပို၍အန္တရာယ်များသည့် အခြေအနေသို့ ကျရောက်သွားသည်။ အမွေးနီနှင့်သတ္တဝါ၏နှုတ်ခမ်းထောင့်တွင် ရက်စက်သည့်အပြုံးတစ်ခု ပေါ်လာပြီး သူ၏မျက်လုံးများလည်း ရက်စက်လှသည်။ သူသည် နတ်လှံရှည်ကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်လေသည်။

ဖူး..

သွေးအလင်းထွက်ပေါ်လာကာ ရွှမ်ခွန်အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားကာ သွေးအိုင်ထဲသို့ လဲကျသွားရသည်။

သူသည် ခါးမှ နှစ်ပိုင်းဖြတ်ခံလိုက်ရခြင်းပင်။

“မင်းလိုမျိုး အဆင့်လွန်သက်ရှိအတုအယောင်က ငါနဲ့ တိုက်ခိုက်ချင်သေးတယ်ပေါ့ .. ဧကရာဇ်ကလန်က အဆင့်လွန်လူငယ်ကို ပြန်ပြောရဲတာလား..” အမွေးနီနှင့်သတ္တဝါ အော်ဟစ်လိုက်ကာ နတ်လှံရှည်ကို လွှဲရမ်းလိုက်ပြီး ရွှမ်ခွန်၏ ဦးခေါင်းကို ထိုးလိုက်ရန် ပြင်ဆင်လိုက်သည်။

လူများစွာ ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ ပြောင်းလဲမှုများမှာ ရုတ်တရက် ဆန်လွန်းလှသည်။ အားလုံး ဤသည်ကို ရပ်တန့်ချင်သော်လည်း သူတို့နှင့် ဝေးလွန်းနေသည်။

ရွှီး..

ကောင်းကင်ထက်၌ ဓားအလင်းထွက်ပေါ်လာသည်။ ကျောင်းနှစ်ကျောင်းမှ ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့်သူများမှာ ဒီအတိုင်း လက်ပိုက်ကြည့်နေကြမည် မဟုတ်။ သူတို့တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာကြသည်။

သို့သော်လည်း သူတို့သည် ရွှမ်ခွန်ရှိနေသည့်နေရာနှင့် ‌ဝေးကွာလွန်းလှကာ အချိန်မှီ ရောက်မလာနိုင်ကြ။

ဒုန်း..

ထိုအချိန်တွင် အမွေးနီနှင့်သတ္တဝါနှင့် အနီးဆုံးတွင်ရပ်နေသည့် တုဂုယွမ်မှ လက်ညှိုးတစ်ချောင်း ထုတ်လိုက်သည်။ သူ၏လက်ညှိုးမှ တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုနတ်လှံရှည်ကို တားဆီးလိုက်သည်။ ထို့နောက် သူသည် အရှေ့သို့တိုးလာပြီး ထိုလှံရှည်ကို ကောင်းကင်လှံတံဖြင့် ရိုက်ချလိုက်သည်။ မီးပွားများ လွင့်စင်လာကာ ထာဝရစွမ်းအင်များလည်း ထွက်ပေါ်လာသည်။

“မင်း ဘာလုပ်တာလဲ .. အဲဒီရှေးဟောင်းနယ်မြေ ဂိတ်တံခါး ဘယ်မှာရှိလဲဆိုတာ မင်း မသိချင်တော့ဘူးလား..” ထိုအမွေးနီနှင့်သတ္တဝါမှ အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် အခြားလူများ၏ တိုက်ခိုက်မှုများမှာ မိုးရွာသကဲ့သို့ပင် ကျရောက်လာသည်။

သူက မည်မျှပင် စိတ်ကြီးဝင်ကာ မောက်မာပါစေ ဤလူများအားလုံး၏ တိုက်ခိုက်မှုကို အမွေးနီနှင့်သတ္တဝါ ထိပ်တိုက် ရင်မဆိုင်ရဲပေ။ ဤသည်မှာ အဆင့်လွန်လူငယ် တစ်ယောက်၊ နှစ်ယောက်တည်း မဟုတ်။ သူသာ ဤလူများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လျှင် သူ သေချာပေါက် ရှုံးနိမ့်မည်ပင်။

ရွှီး..

သူသည် ပုံရိပ်ယောင်တစ်ခုကို ချန်ထားတာ လျင်မြန်စွာ အနောက်ဆုတ်လိုက်သည်။ သူသည် ကျောက်တံခါးရှေ့သို့ ရောက်လာပြီး ထိုတံခါးမှ ထွက်သွားရန် အဆင်သင့်ဖြစ်နေလေပြီ။

တစ်စုံတစ်ယောက် လျှောက်လာပြီး ရွှမ်ခွန်၏ပြတ်သွားသည့် ခန္ဓာကိုယ်နှစ်ပိုင်းကို ကောက်လိုက်သည်။ ရွှမ်ခွန် ခံစားရသည့် နာကျင်မှုမှာ ချက်ချင်းမပျောက်နိုင်ပေ။ ထိုနတ်လှံရှည်တွင် ကြောက်စရာကောင်းသည့် နတ်သင်္ကေတများ ပါဝင်နေသည်။ ဤသည်မှာ သူ့ခါးကို ပြတ်သွားစေရုံသာမက သူ၏အသက်စွမ်းအင်ကိုလည်း လှိုက်စားနေသည်ပင်။ သူ၏ခန္ဓာကိုယ် တစ်ဖြည်းဖြည်းချင်း ညှိုးလျော်လာသည်။

သူ၏ခန္ဓာကိုယ်နှစ်ပိုင်း ပြန်ဆက်သွားကာ သွေးတိတ်သွားပြီဖြစ်သော်လည်း အရိုးများနှင့် အတွင်းအင်္ဂါများ စုတ်ပြတ်သွားကာ ကျန်နေသည့်နတ်သင်္ကေတများ၏ လောင်ကျွမ်းခြင်းကို ခံနေရသည်။

ရွှမ်ခွန် နည်းနည်းမှပင် မလှုပ်နိုင်တော့။

“ခြံမွေးတိရစ္ဆာန်လေးတွေကများ ဧကရာဇ်ကလန်တစ်ခုနဲ့ ယှဉ်ရဲသေးတာလား .. မင်းတို့က သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို မသိဘူးပဲ..” အမွေးနီနှင့်သတ္တဝါမှ အေးစက်စွာ ပြောလိုက်သည်။

အားလုံး၏အမူအရာ ပြောင်းလဲသွားကာ သူတို့ အလွန်ဒေါသထွက်သွားရသည်။ ခြံမွေးတိရစ္ဆာန်ဆိုသည်မှာ စားရန်မွေးထားသည့် ကြက်၊ ဘဲ၊ သိုးတို့ကို ဆိုလိုခြင်းပင်။ သူတို့ကို ဤကဲ့သို့သော အကောင်များနှင့် နှိုင်းယှဉ်လိုက်ခြင်းမှာ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။

အမွေးနီနှင့်သတ္တဝါသည် ကျောက်နံရံကို လက်တစ်ဖက်ဖြင့် ထောက်ထားကာ ထွက်သွားရန် ပြင်လိုက်သည်။
“မင်းတို့ငါနဲ့ တစ်ယောက်ချင်း တိုက်ရဲလို့လား .. ဒါမှမဟုတ် ငါ မင်းတို့ကို သုံးယောက်တစ်ဖွဲ့ ခွင့်ပြုပေးမယ် .. မင်းတို့ တိုက်ရဲလား..”

ဤသည်မှာ ဤလူများကို ရန်စလိုက်ခြင်းပင်။ သူတို့အား မျက်လုံးထဲမထည့်ထားဘူးဟု ဆိုလိုခြင်းပင်။

အားလုံး မကျေမနပ်ခံစားလိုက်ရကာ ထာဝရကျောင်းမှလူများ အရင်လှုပ်ရှားလိုက်သည်။ သူတို့ဤလူကို တားဆီးရမည်။

“မင်းတို့ရဲ့ ရှုံးနိမ့်ချင်တဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်..” အမွေးနီနှင့်သတ္တဝါ အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။

“ခင်ဗျားရဲ့ လေတွေလျှော့ပြီး လာတိုက်လိုက်..” ထိုလူအော်ဟစ်လိုက်သည်။

“ကောင်းပြီလေ..” တုဂုယွမ် ခေါင်းညိမ့်လိုက်၏။

“မင်း..”
ခပ်ဝေးဝေးတွင်ရှိနေသည့် သူအားလုံး၏ အမူအရာပြောင်းလဲသွားသည်။ ကာကွယ်သူမျိုးဆက်က တစ်ဖက်လောကက ဧကရာဇ်ကလန်ဘက် ရပ်တည်မှာလား..

“ကောင်းတယ် .. အဲဒီကျောက်နံရံပေါ်က ကရားအိုးကို တွေ့လား .. အဲဒီအိုးထဲမှာ ကောင်းကင်မျိုးစေ့ရှိတယ် .. မင်း အဲဒီမျိုးစေ့ကို ဖယ်လိုက်နိုင်တာနဲ့ ငါ့ကလန်က ကျွမ်းကျင်သူတွေကို ကယ်လို့ရပြီ..” အမွေးနီနှင့်သတ္တဝါ ကျောက်နံရံကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

ကျောက်နံရံပေါ်၌ ထွင်းထားသည့်အရာများတွင် ထိုဂိတ်တံခါးအပြင် အခြားအရာများလည်းရှိသေးသည်။ မျက်စိကို ဖမ်းစားနိုင်သည်မှာ ထိုအဖိုးတန်ကရားအိုးပင်။ သူ၏အော်ရာမှာ ခမ်းနားလှသည်။

ထိုအဖိုးတန်ကရားအိုးမှာ တောက်ပနေသည်။ သူသည် ကျောက်ပေါ်၌ ထွင်းထုထားသည့်ရုပ်ပုံတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် အလင်းများ တောက်ပနေသည်။

အားလုံး တုန်လှုပ်သွားလေ၏။ ကောင်းကင်မျိုးစေ့မှာ တကယ်ရှိနေပြီး ထိုမျိုးစေ့သည် ဤအဖိုးတန်ကရားထဲတွင် ရှိနေသည်။ မည်သူက စိတ်မလှုပ်ရှားပဲ နေနိုင်မည်နည်း..

“ကျောက်နံရံကို ကြည့်လိုက် .. အဲဒါက ပုံတစ်ပုံပဲဆိုပေမယ့် မင်းဝင်သွားရမယ့် လောကတစ်ခု ရှိနေတယ် .. ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်သတ်လို့ရတယ် .. မင်းက ပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်တောင် မရလိုက်လို့ နောင်တရနေတဲ့ ကောင်းကင်မျိုးစေ့ကိုလည်း ရနိုင်တယ်..” အမွေးနီသတ္တဝါမှ ပြောလိုက်သည်။

“ဘာလို့ ကျုပ်လုပ်ဖို့ လိုတာလဲ..” တုဂုယွမ် တည်ငြိမ်စွာပင် မေးလိုက်သည်။

“ရွှေရောင်သွေးကို လိုအပ်တာ .. တစ်ခြားအဖိုးတန်သွေးရရင် ပိုကောင်းတယ်..” ထိုသို့ပြောပြီးသည်နှင့် အမွေးနီသတ္တဝါကြီးသည် အားလုံးကို လှည့်ပတ်ကြည့်လိုက်လေ၏။ ထို့နောက် ဝမ်ရှီးထံတွင် အကြည့်တို့ရပ်တန့်သွားကာ “မင်း အခုလေးတင် ငါ့ကို ဓားစွမ်းအင်နဲ့ တိုက်လိုက်တာ .. ဘယ်လိုပဲကြည့်ကြည့် အဲဒါက ဖရိုဖရဲ ရှင်းလင်းခြင်းပညာပဲ .. မင်းက အရင်တုန်းက ငါ့စစ်တပ်ကို တားဆီးခဲ့တဲ့သူရဲ့ မျိုးဆက်များလား .. မင်း .. ဒီကိုလာခဲ့..”

သူပြောနေသည်မှာ ထာဝရရှေးဟောင်းခေတ်မှ လူများပင်။

“ခင်‌ဗျား အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ .. ကျုပ်နဲ့အရင်လာတိုက်လိုက်..” ထာဝရကျောင်းမှလူမှ အေးစက်စွာ ပြောလိုက်သည်။

“မင်း သဘောပါပဲ..” အမွေးနီသတ္တဝါ တိုက်ခိုက်လာလေသည်။ သူတို့သည် ကျောက်နံရံရှေ့၌ တိုက်ခိုက်နေကြခြင်းပင်။ တိုက်ပွဲရလဒ်မှာ အလွန်ဆိုးရွားလှသည်။ ထိုကျွမ်းကျင်သူသည် နတ်လှံရှည်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး လေထဲ၌ ပါသွားလေသည်။

“မင်း လာပြီး တိုက်ရဲလား.. သူ့ရဲ့ သေခြင်းရှင်ခြင်းက မင်းပေါ်မူတည်တယ်” အမွေးနီသတ္တဝါကြီး ဝမ်ရှီးအားကြည့်၍ ပြောလိုက်သည်။

အားလုံး တုန်လှုပ်သွားရသည်။ ဤသတ္တဝါကြီးမှာ ရက်စက်လွန်းလှသည်။ သူသည် အဆင့်လွန်လူငယ်နှစ်ဦးအား ဆက်တိုက်ပင် အနိုင်ယူလိုက်ပေပြီ။

ဝမ်ရှီး၏ အမူအရာလည်း ပြောင်းလဲသွားသည်။ သူမသာ မတိုက်ခိုက်ပါက သူမ ထာဝရကျောင်းသို့ သွားသည့်အချိန်၌ ကျောင်းမှ လူများ သူမအား အပြစ်တင်လိမ့်မည်။ သူမ တိုက်ရမည်ပင်။

ဖူး..

ထာဝရကျောင်းမှလူ လွင့်ထွက်လာပြီး သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသည်။ ထိုနတ်လှံရှည်သည် သူ၏ရင်ဘတ်အား ထုတ်ချင်းဖောက်သွားခြင်းပင်။ သူ့ရင်ဘတ်၌ အရှေ့အနောက်မြင်နေရသည့် အပေါက်ကြီးတစ်ပေါက် ရှိနေသည်။

“သတ်..”

အမွေးနီသတ္တဝါကြီး အော်ဟစ်လိုက်ကာ ဝမ်ရှီးနှင့် ပြင်းထန်စွာပင် တိုက်ခိုက်နေကြသည်။

အားလုံးမှာ အသက်အောင့်ကာပင် ဝမ်ရှီး နိုင်ရန် မျှော်လင့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤအမွေးနီသတ္တဝါကြီးမှာ ရဲတင်းလွန်းပြီး သူတို့အား ခွေးများဟုပင် မြင်နေသည်။

ကံမကောင်းစွာဖြင့်ပင် အိပ်မက်များမှာ လှပသော်လည်း လက်တွေ့မှာမူ ကြမ်းတမ်းလွန်းလှသည်။ အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည်နောက်တွင် ဝမ်ရှီးသည် သူ၏ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ရွှေရောင်ကြာပန်းပွင့်ဖတ်များသည် သူမ၏ ဓားစွမ်းအင်ကို ကာဆီးထားပြီး ထိုသတ္တဝါထံမှ နတ်လှံရှည်မှာ သူမထံသို့ ဦးတည်လာနေလေပြီ။

ဖူး..

ဝမ်ရှီး၏ပုခုံးမှ သွေးများစီးကျလာသည်။ ဤသည်မှာ သေစေလောက်သည့်ဒဏ်ရာမဟုတ်သော်လည်း သူမဒဏ်ရာရသွားသည်ပင်။

အမွေးနီသတ္တဝါကြီးသည် ဆက်လက်တိုက်ခိုက်ခြင်းမပြုပဲ ထွက်လာသည့်သွေးများကို ဖမ်းဆုတ်လိုက်ကာ မြည်းကြည့်လိုက်သည်။ “ဒီအရသာပဲ .. အဆီးအတားကိုဖယ်ဖို့ ဒီသွေးကိုလည်း သုံးလို့ရလောက်တယ် .. ဒါလည်း အဖိုးတန်သွေးတစ်မျိုးလို့ သတ်မှတ်လို့ရလောက်တယ်”

ခဏကြာပြီးသည့်နောက်တွင် သူသည် နတ်မီးအိမ်များကဲ့သို့ တောက်ပနေသည့် မျက်လုံးများဖြင့် အားလုံးကို ကြည့်လိုက်၏။ ထို့နောက် ချင်းယီကို ကြည့်လိုက်ကာ “မင်းက ငါ့ရဲ့ ရှေးဟောင်းဧကရာဇ်ဘာသာစကားကို နားလည်နိုင်တယ် .. ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့တာအိုအော်ရာလည်းရှိနေတယ် .. မင်းလာခဲ့ .. ငါ မင်းသွေးကို လိုအပ်တယ်..”

ယခုတစ်ခေါက်တွင်တော့ မည်သူမှ ဘာသံမှ မထွက်တော့ပေ။ ထိုအစား ချင်းယီရှိနေသည့်အရပ်သို့ပင် တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် လူသတ်စက်ကြီးရှိနေသည်ကို သူတို့ သိသည်။ ယခု သူတိုက်ခိုက်လောက်သည်။

ထင်ထားသည့်အတိုင်းပင် ရှီဟောင် တစ်လှမ်းချင်း လျှောက်လာလေ၏။
“ကျုပ် ဒီအခွင့်အရေးကို စောင့်နေတာ တော်တော်လေး ကြာနေပြီ .. တစ်ဖက်လောကက ဧကရာဇ်ကလန်နဲ့ တိုက်ခိုက်ချင်နေတာ လက်ကိုယားနေပြီ..”

“မင်းက ဘာကောင်လဲ .. ငါ အဲဒီအမျိုးသမီးကို လိုချင်တာ မင်းကို မဟုတ်ဘူး .. အဲဒီတော့ ထွက်သွားလိုက်..” ထိုအမွေးနီသတ္တဝါကြီးမှ မောက်မာစွာ ပြောလိုက်သည်။

“သွေးထွက်ရမယ့်သူက ခင်ဗျားပဲ..”
ရှီဟောင်သည် ဒေါသထွက်မနေသော်လည်း သူ၏လေသံမှာ အေးစက်လှသည်။

အပိုင်း ၁၄၁၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset