Switch Mode

Chapter – 1381 & 1395

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၁ – တစ်ယောက်ရှိနေတာလား

ရှုပ်ထွေးမှု၊ ထူးဆန်းမှု၊ အန္တရာယ်များမှု .. ဤသည်မှာ နယ်မြေသင်္ချိုင်းကို ဖော်ပြနိုင်သည့်စကားလုံးများပင်။

အတွင်းပိုင်း၌ ဘာရှိနေသည်ကို မည်သူမှ မသိပေ။ ရှေးယခင်ကတည်းက တစ်ခါမှ မလေ့လာဖူးသည့် ရှေးဟောင်းနယ်မြေများလည်း ရှိနေနိုင်သည်။

မူလရှေးဟောင်းမိုင်းတွင်းကဲ့သို့ပင် အထဲဘက်၌ မည်သည့်အရာများရှိနေမည်နည်း..

သို့မဟုတ် မည်ကဲ့သို့သော သက်ရှိများ ရှိနေမည်နည်း။

သူတို့တစ်ညလုံး ဤအကြောင်းအရာကို ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင်တော့ တစ်ယောက်ကိုတစ်ယောက် အားပေးလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤခရီးမှာ သူတို့တစ်ဘဝလုံးကို ပြောင်းလဲသွားစေနိုင်မည့်ခရီးပင်။

“ရှေးဟောင်းပညာတွေ ကျင့်ကြံဖို့ဆိုရင် မျိုးစေ့တစ်ခု သေချာပေါက် ရှိရမယ် .. ဒါပေမဲ့ ပြိုင်ဘက်ကင်းတဲ့ ထာဝရမျိုးစေ့ကို ရှာဖို့ဆိုတာက တကယ်ခက်ခဲတယ် .. အခုအချိန်မှာ လောကသစ်ပင်အပင်ပေါက်နဲ့ ဖြစ်တည်စ စကြာဝဠာနဲ့ တစ်ခြားအမျိုးအစားတွေ နည်းနည်းပဲရှိတယ် .. ဒါပေမဲ့ ဒါတွေကို နောက်တစ်ခေါက် ထပ်မြင်ရဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး .. ရှာလို့တွေ့နိုင်မှာမဟုတ်ဘူး .. မတော်တဆတွေ့မှပဲ ရမှာ..” ချင်းယီသက်ပြင်းချ၍ ပြောလိုက်သည်။

ချောင်ယုရှင်း၊ ချန်ကုန်းယန်နှင့် နဂါးမိန်းမပျိုကဲ့သို့သော လက်ရှိလောကပညာများကို ကျင့်ကြံသူများအတွက်လည်း သူတို့ကျင့်ကြံဆင့်တွင် အရေးကြီးသည့်အဆင့်သို့ ရောက်နေလေပြီ။

သူတို့ ‘ဘိုးဘေးလှိုဏ်ဂူ’ သို့သွားရမည်ဖြစ်ကြောင်း အကြီးအကဲများမှ လာပြောထားသည်။ ထိုနယ်မြေတွင် နတ်သတ္တုတွင်းများရှိနိုင်ကြောင်း အကြီးအကဲများမှ ပြောထားသည်။

အခွင့်အရေးရှိပါက သူတို့ ထိုနေရာတွင် ပြန်လည်မွေးဖွားနိုင်သည်။ အသွေးအသားမှ မူလဝိညာဉ်အဖြစ် ပြောင်းလဲနိုင်သည့် ပြောင်းလဲမှုများ ကြုံတွေ့ရနိုင်သည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရားကို ပြောင်းလဲလိုက်နိုင်သည်နှင့် အတူတူပင်။

ပြန်လည်မွေးဖွားခြင်းသာ အောင်မြင်ပါက သူတို့၏ကျင့်ကြံသည့်လမ်းကြောင်းလည်း ပိုကျယ်ပြန့်သွားလိမ့်မည်။

“ကြားတာတော့ ဒီဘိုးဘေးလှိုဏ်ဂူမှာ ပြန်မွေးဖွားပြီးတော့ ထာဝရတာအိုသက်ရှိဖြစ်သွားတဲ့သူတွေ ရှိတယ်တဲ့..” ချောင်ယုရှင်း သက်ပြင်းချ၍ ပြောလိုက်သည်။ ဤသည်မှာ ယခင်ခေတ်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာပင်။

နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင် ထိုနယ်မြေသည် ထာဝရသက်ရှိတစ်ယောက်ဖြစ်နိုင်မည့် သက်ရှိတစ်ယောက်ကို ဖန်တီးခဲ့သည်။

“အခွင့်အရေးမရှိရင်တော့ ငါတို့ ဘိုးဘေးလှိုဏ်ဂူကို ဝင်သွားရင်တောင်မှ ဘာမှရမှာမဟုတ်ဘူး” ချန်ကုန်းရန် ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် ရှီဟောင်နှင့် ရှေးဟောင်းပညာကျင့်ကြံသူများ ထာဝရမျိုးစေ့ကို သွားရှာမည်ဖြစ်သကဲ့သို့ ချောင်ယုရှင်းနှင့် လက်ရှိလောကပညာများကို ကျင့်ကြံသူများသည်လည်း သူတို့၏ ‘ဘဝလမ်းကြောင်း’ အတွက် ထွက်ခွာကြမည်ပင်။

သူတို့သွားမည့်လမ်းများ မတူကြသော်လည်း ဤခရီးမှာ သူတို့ဘဝအတွက် အလွန်အရေးပါသည်။

လရောင်အောက်တွင် ပေါ့ပါးကာ ကျက်သရေရှိလှသည့် ပုံရိပ်တစ်ခု လမ်းလျှောက်လာသည်။ သူ၏ခန္ဓာကိုယ်သည် ကြာပန်းလေးယိမ်းနေသကဲ့သို့ပင် ကျက်သရေရှိစွာ လျှောက်လာနေသည်။

သူမ၏အသားအရေမှာ ဖြူဖွေးနေပြီး အနက်ရောင်ဝတ်စုံမှာ သူမ၏ လှပသည့်ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးထားလေ၏။ သူမ၏လည်ပင်းမှာလည်း ဖြူဖွေးနေကာ လက်များသည်လည်း ကျောက်စိမ်းများကဲ့သို့ ပြစ်ချက်ကင်းလှသည်။ ခြေထောက်များလည်း ရှည်လျားသွယ်လျနေသည်။ သူမထံမှ စိတ်လှုပ်ရှားစေလောက်သည့်အလင်းရောင်များလည်း ထွက်ပေါ်နေသည်။

ဤသည်မှာ စုန်းမပင်။ သူမ၏လှပသည့်ဆံနွယ်များ ဝေ့ဝဲနေပြီး သူမ၏မျက်ဆံများလည်း မည်းနက်နေသည်။ သူမသည် လရောင်အောက်တွင် ကခုန်နေသည့် ဝိညာဉ်ကဲ့သို့ သန့်စင်ကာ တသီးတခြားဆန်လှ၏။

သူမ ရောက်မလာခင်ကတည်းက သူမကို ရယ်မောကာ နှုတ်ဆက်နေသည့်သူများ ရှိနေလေသည်။

“နောက်ဆုံးတော့ ထွက်လာသေးတယ်ပေ့ါ .. သူငယ်ချင်းဟောင်းကို မတွေ့ချင်လို့ မင်းငါ့ကို တမင်သက်သက်ရှောင်နေတယ်လို့ ထင်နေတာ ..” ရှီဟောင်ပြုံးလိုက်ကာ သူမအတွက် တစ်ခွက်ငှဲ့ပေးလိုက်သည်။

“ငါ မင်းကို တကယ်ရှောင်နေတာပဲ .. ဒါပေမဲ့ ငါမလာရင် ငါနောင်တရနေမယ်ထင်တယ် .. မင်းရဲ့ဘေးက မိန်းကလေးက င့ါကို သတ်ဖြတ်ချင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေပြီ..” စုန်းမ ရယ်မော၍ ပြောလိုက်၏။

သူမ ချင်းယီအား ပြောနေခြင်းပင်။ ဤရက်များအတွင်းတွင် သူမ ချင်းယီအား ရှောင်နေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် ယခင်က တစ်ယောက်ကိုတစ်ယောက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြသေးသည်။ သူတို့နှစ်ဦးကြားမှ မပြေလည်မှုမှာ ကြီးမားလှသည်။

စုန်းမ၏ အဓိကပစ်မှတ်မှာ ယွဲ့ချန်ပင်။ ချင်းယီသည် ယွဲ့ချန်၏ကိုယ်ပွားဖြစ်သောကြောင့် သူမ စက်ကွင်းထဲ ပါသွားခြင်းပင်။

ယခင်က ချင်းယီ အဖမ်းခံလိုက်ရပြီး ရှီဟောင်နှင့် ရှုပ်ထွေးသွားရခြင်းမှာ စုန်းမကြောင့်ပင်။ သူမကြောင့်သာမဟုတ်လျှင် သူတို့နှစ်ဦးကြားမှ အဖြစ်အပျက်များ ဖြစ်လာမည် မဟုတ်။

ချင်းယီ ဟမ့်ခနဲ လုပ်လိုက်သည်။ သူမ၏လှပသည့်မျက်လုံးတွင် အေးစက်သည့်လျှပ်စီးတန်းနှစ်ခု ဖြစ်ပေါ်လာသည်။ သူမ မတိုက်ခိုက်သော်လည်း သူမ၏ရန်လိုမှုများမှာ သိသာနေသည်။

“ဟေး ကောင်မလေး ချင်းယီ .. ဒါက ဘယ်လိုအပြုအမူမျိုးလဲ .. ငါက မင်းတို့ရဲ့အောင်သွယ်တော်နော် .. ကိုယ်လိုချင်တာရသွားတော့ ကျေးဇူးရှင်ကို စွန့်ပစ်လိုက်တာလား .. ငါမရှိရင် မင်းတို့ရဲ့ ချိုမြိန်တဲ့ဆက်ဆံရေးလေး ရှိနေမှာလား..” စုန်းမသည် အမြဲတမ်း ဉာဏ်နီဉာဏ်နက် များနေသည့်သူပင်။

ရွှီး..

သူတို့နှစ်ဦး အကြည့်ချင်းဆုံလိုက်သည်နှင့် လေထဲတွင် မီးပွားများ ပွင့်ထွက်လာသကဲ့သို့ပင်။

“ဒီမှာ အားလုံးက သူငယ်ချင်းတွေပဲ .. သူငယ်ချင်း အချင်းချင်းရင်းနှီးမှုလေး မပျက်စီးပဲ နေကြရအောင်ပါ .. ဒီလိုမျိုးလုပ်ဖို့ မလိုပါဘူး..” နဂါးမိန်းမပျိုမှ အခြေအနေကို ထိန်းလိုက်သည်။

ယုန်ဖြူလေးသည် တခစ်ခစ်ပင် ရယ်မောနေသည်။ သူမသည် ချီလင်းဖြူလေးကို သယ်ကာ တစ်လောကလုံးကို ဖရိုဖရဲဖြစ်အောင် လုပ်ချင်နေသည့်သူပင်။ “အစ်မကြီးတို့နှစ်ယောက် .. အစ်မကြီးတို့ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ကြည့်ကြရင်ရော..”

ချင်းယီ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူမ ဤယုန်ဖြူလေးနှင့ အတော်လေး ရင်းနှီးသည်။ သူမတို့သည် ထာဝရရှေးဟောင်းခေတ် အပျက်အစီးတွင် စစ်ဆေးမှုများကို အတူတကွ ဖြတ်သန်းခဲ့သေးသည်။ သို့သော်လည်း ဤယုန်ဖြူလေးသည် ပြဿနာရှာရန် ကြိုးစားနေသည်။

“ငါတို့အားလုံးက သူငယ်ချင်းတွေပါပဲ .. ပြောစရာရှိရင် ငါတို့ အားလုံး အေးအေးဆေးဆေးထိုင်ပြောလို့ရပါတယ်..” ရှီဟောင် အခြေအနေကို ထိန်းညှိရန် ကြိုးစားလိုက်သည်။

အမှန်တကယ်တွင် သူတို့နှစ်ဦးသည် တစ်ခဏခန့် တိုက်ခိုက်ပြီးသွားသည်နှင့် သူတို့၏နတ်ခွန်အားများကို ပြန်သိမ်းလိုက်ကြသည်။ ဤနေရာတွင် သူတို့နှင့်သိသည့်သူများစွာ ရှိနေသောကြောင့် သူတို့တိုက်ခိုက်၍မရသေး။

အားလုံးပြန်ထိုင်လိုက်ကာ ဝိုင်သောက်လိုက် အမြည်းစားလိုက်လုပ်နေသောကြောင့် လေထုမှာ နောက်တစ်ကြိမ် ပြန်လည်အသက်ဝင်လာသည်။

သို့သော်လည်း ထိုအချိန်တွင် စုန်းမသည် အားလုံးကို ဝိုင်များ ပြန်ထွေးထုတ်စေပြီး ချင်းယီကိုလည်း အလွန်အရှက်ရစေသည့်စကားတစ်ခွန်းအား ပြောလိုက်လေ၏။

” နင် အဲဒီမှာ တစ်ယောက်ရှိနေတယ် မဟုတ်ဘူးလား .. ဘာလို့ ဘာမှ မမြင်ရတာလဲ..” စုန်းမ မေးလိုက်သည်။

ချင်းယီ တစ်ခဏခန့် ဆွံ့အသွားရသည်။ ယုန်ဖြူလေးသည် မျက်လုံးများပြူးကျယ်လာကာ ချက်ချင်းမေးလိုက်လေ၏။
” ဘာရှိတာလဲ..”

“အဆင့်နိမ့်နယ်မြေမှာတုန်းက ငါကြားတာ ချင်းယီမှာ တစ်ယောက်ရှိနေတယ်ဆို .. မွေးပြီးသွားပြီလား..” စုန်းမ ပြုံးပြုံးလေးပင် မေးလိုက်သည်။

ဖူး..

ဝိုင်များ နေရာအနှံ့လွင့်စင်သွားလေ၏။ အသားစားနေသည့်သူများလည်း ထိုကဲ့သို့ပင်။ ပါးစပ်ထဲမှ အသားများအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

အချို့အသားနှင့် ဝိုင်များသည် ကန်ထဲသို့ ကျသွားကာ ရောင်စုံနတ်ငါးများကို ဆွဲဆောင်သွားလေသည်။ ထိုငါးများ အရှေ့အနောက် ကူးခတ်နေပြီး ရောင်စုံအလင်းများလည်း ထွက်ပေါ်လာသည်။

“ရှင်..” ချင်းယီ၏မျက်နှာမှာ ရှက်တာရော ဒေါသရောပေါင်းကာ နီရဲနေလေပြီ။ သူမသည် သူမရှေ့မှစားပွဲကြီးကိုပင် လန်ပစ်လုနီးပါးပင်။

” နင် တိတ်တိတ်လေး မွေးလိုက်တာလား .. ယောက်ျားလေးလား .. မိန်းကလေးလား..” စုန်းမ ပြောလိုက်၏။

“ဝိုး ဝိုး ဝိုး .. ဒါက အစစ်လား အတုလား .. အစ်မကြီးချင်းရီ .. အစ်မက တကယ်ကို မရိုးသားတာပဲ .. ဘာလို့ ဒီလိုကိစ္စမျိုး ညီမကို မပြောပဲ ဖုံးကွယ်ထားတာလဲ..” ယုန်ဖြူလေး အော်ဟစ်နေလေသည်။

အားလုံး အနည်းငယ် ဆွံ့အသွားရ၏။ အဆင့်နိမ့်နယ်မြေရှိ ထာဝရရှေးဟောင်းခေတ် အပျက်အစီးနယ်မြေတွင် ရှီဟောင်နှင့် ချင်းယီကြား တစ်ခုခုဖြစ်ခဲ့သည်ဟု အချို့သူများ သိနှင့်ပြီးသားပင်။ ယခုတော့ သူတို့တကယ်ကို ထိတ်လန့်သွားရသည်။

ချင်းဟောင်ပင်လျှင် အနည်းငယ် ဆွံ့အနေလေသည်။ “အစ်ကိုကြီး .. အစ်ကိုကြီးတို့နှစ်ယောက်မှာ ကလေးရှိနေတာလား.. ဘာလို့ကလေးကို စီရင်စုသုံးထောင်မှာ မထားခဲ့တာလဲ .. အဖေနဲ့အမေက ကျွန်တော်တို့ကို သတိရနေတာ .. ကလေးကို သူတို့နဲ့ထားခဲ့ရင် သူတို့ပြုစုစောင့်ရှောက်ပေးလိမ့်မယ် .. အဲဒီလိုမျိုးထားခဲ့ရင်လည်း မဆိုးပါဘူး..” ချင်းဟောင်ပြောလိုက်သည်။

ဖူး..

ချင်းယီမှာ သွေးအန်လုနီးပါပင်။ သူမ ထပ်မထိုင်နိုင်တော့။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည်လည်း အနည်းငယ် အံ့အားသင့်နေသည့်ပုံစံဖြင့် သူမအား ကြည့်လာလေသည်။
” တကယ် .. ကလေးတစ်ယောက်ရှိနေတာလား .. ကလေးက ဘယ်မှာလဲ..”

သူတို့ ညီအစ်ကိုနှစ်ယောက်၏ အမူအရာမှာ အမေတစ်ယောက်တည်းမှ မွေးသည်ဟု ပြောစရာမလိုအောင်ပင် တူလွန်းလှသည်။

ယခုအချိန်တွင် လျှို့ဝှက်ချက်ကြားလိုက်ရသူများမပြောနှင့် သူတို့နှင့် မရင်းနှီးသည့်သူများပင် ကိစ္စများကို နားလည်လာသည်။

“ဒါက ပျော်စရာကောင်းတဲ့ကိစ္စပဲ .. ငါတို့ ဂုဏ်ပြုရမယ်..” ချောင်ယုရှင်း စားပွဲကို ရိုက်ပြီး ပြောလိုက်သည်။

“ဂုဏ်ယူပါတယ် .. ဂုဏ်ယူပါတယ်..” စကားနည်းသည့် ချန်ကုန်းယန်ပင် သူတို့အား ဂုဏ်ပြုစကားပြောလာသည်။ ထို့အပြင် သူ့အင်္ကျီလက်ထဲမှ လက်ဆောင်များပင် ထုတ်ပေးလာလေ၏။

ထိုအချိန်တွင် ချင်းယီ အသိပြန်ဝင်လာပြီဖြစ်သည်။ ဒေါသကြောင့် သူမ တစ်ကိုယ်လုံး တုန်ယင်နေပြီ သူမမျက်နှာတစ်ခုလုံးလည်း နီရဲနေသည်။

သူမ အသိပြန်ဝင်လာသည်နှင့် ပထမဆုံးလုပ်သည်မှာ စုန်းမအား တိုက်ခိုက်ခြင်းမဟုတ်ပဲ သူမနှင့် လက်တစ်ကမ်းတွင်ရှိနေသည့် ရှီဟောင်အား တိုက်ခိုက်လိုက်ခြင်းပင်။ သူမ ရှီဟောင်အား တစ်စစီ လုပ်ပစ်ချင်မိသည်။

ဤကောင်သည် အမြဲတမ်းဉာဏ်ကောင်းနေခဲ့သော်လည်း ယခုမှာ နုံအသည့်အမူအရာမျိုး လုပ်ပြနေသည်။

သူ၏ညီလေး ချင်းဟောင်လည်း ရှိသေးသည်။ သူသည်လည်း အံ့အားသင့်သည့်ပုံစံမျိုး ကြည့်နေသေးသည်။ ထိုအမူအရာများ၊ ထိုစကားလုံးများမှာ ချင်းယီသူ့ကိုရိုက်အောင် တွန်းပို့နေတော့သည်။

ရှီဟောင်သည် ပုံမှန်အားဖြင့် အလွန်ထက်မြက်သည့်သူဖြစ်သော်လည်း ယခုတော့ သူ တကယ်ဆွံ့အသွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုတုန်းက သူတို့နှစ်ယောက်ကြား တကယ်တစ်ခုခုဖြစ်ခဲ့ပြီး ယခု ချင်းယီ၏ ရှက်နေသည့်ပုံစံကို မြင်လိုက်ရသည့်အချိန်တွင် သူ တကယ် ကြက်သေသေသွားရသည်။ သူ တကယ် ကလေးရှိနေပြီလားဟု တွေးမိလိုက်သည်။

လွန်ခဲ့သည့်နှစ်များစွာက သူသည် လောကကြီး၌ လှည့်လှည်လျှောက်သွားနေပြီး သားရဲများကို ဖမ်းကာ စားသောက်နေသည့်သူပင်။ သူသည် မရင့်ကျက်သေးသည့်လူငယ်တစ်ယောက်ပင်။ ယခု သူ ကလေးရှိနေပြီဟူသော စကားမျိုးကြားလိုက်ရသည့်အချိန်တွင် သူ့အား တကယ် ကြောက်လန့်သွားစေသည်။

“င့ါကို မရိုက်နဲ့တော့..” ရှီဟောင်နောက်ဆုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ခန္ဓာကိုယ်ကျင့်ကြံသူနှင့် နှိုင်းယှဉ်ရလောက်အောင် မာကျောနေသောကြောင့်သာမဟုတ်ပါက သူသည် ချင်းယီထံမှ ဆိုးဆိုးရွားရွားရိုက်ခံနေရလောက်လေပြီ။ ချင်းရီ၏ လက်သီးများမှာ အားကောင်းလှသည်။

“ဘာဖြစ်တာလဲ .. ငါက ဒီတိုင်းလေးပဲ ပြောလိုက်တာပါ .. အနာပေါ် တုတ်ကျသွားတာလား..” စုန်းမသည် သူ့ကိုယ်သူ ဂုဏ်ယူသည့်ပုံစံဖြစ်သွားကာ ဝိုင်တစ်ခွက်ကို ငှဲ့လိုက်လေသည်။ သူမ၏မျက်လုံးများမှာ တောက်ပနေပြီး ကောက်ကျစ်သည့်မြေခွေးမလေးနှင့်ပင် တူနေလေ၏။

“စုန်းမ … ရှင် ကျွန်မ သိက္ခာကို စော်ကားတယ် … ကျွန်မ ရှင်နဲ့ ပြတ်ပြတ်သားသားတိုက်ခိုက်မယ်..” ချင်းယီသည် ရှီဟောင်အပေါ်တွင် ဒေါသအနည်းငယ် ဖြေပြီးသွားသည်နှင့် စုန်းမထံသို့ လှည့်လာလေ၏။

သူမသည် ငှက်မွေးလေးကဲ့သို့ပင် ပေါ့ပါးလှပြီး လရောင်အောက်တွင် သူမ၏အဖြူရောင်အဝတ်အစားများ လွင့်နေသည်။ သူမသည် ဤလောကသို့ ဆင်းသက်လာသည့် လနတ်ဘုရားမကဲ့သို့ပင်။

“ကျွန်မ ရှင့်ကို ကြောက်မယ်လို့ ထင်နေတာလား .. လာခဲ့လိုက်လေ..” စုန်းမသည် ဝိုင်အိုလေးတစ်ခုကို မကာ သူမ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

သူမသည် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး လှပသည့်နတ်သမီးတစ်ပါးနှင့်တူလှသည်။

ရွှီး..

အဖြူရောင်နှင့် အနက်ရောင်ပုံရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခုထံသို့ ဦးတည်သွားပြီး ပြင်းထန်သည့်တိုက်ပွဲတစ်ခု လျင်မြန်စွာပင် ဖြစ်ပေါ်လာသည်။

ဤစားသောက်ပွဲကြီး အဆုံးသတ်သွားပြီဟု ပြောနိုင်သော်လည်း မည်သူမှ စိတ်မပျက်ပဲ ပျော်ပင် ပျော်နေကြလေသည်။ သူတို့သည် ထိုတိုက်ပွဲကို စိတ်ပါဝင်စားစွာပင် ကြည့်နေကြလေ၏။

ရှီဟောင်တစ်ဦးတည်းသာ ခါးသီးသည့်အမူအရာဖြစ်နေသည်။ သူသည် ဆွံ့အစွာဖြင့်ပင် ထိုတိုက်ပွဲအား ကြည့်နေလေ၏။ ထို့နောက် သူညီလေးကိုကြည့်လိုက်သည့်အချိန်တွင် သူညီလေးမှာ ထိတ်လန့်နေကာ ရှုပ်ထွေးသည့်အမူအရာဖြစ်နေဆဲပင်။

“ဖောင်း..” သူ့ညီလေးခေါင်းကို ရိုက်ချလိုက်သည်။

“အစ်ကို ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ..” ချင်းဟောင် ဒေါသထွက်သွားရသည်။

အပိုင်း ၁၃၈၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၂ – အခြားလောကမှ ဧည့်သည်များ

လရောင်ပျောက်ကွယ်သွားကာ ကောင်းကင်ကြီးတစ်ခုလုံး တိမ်မည်းများဖြင့် ဖုံးအုပ်သွားလေသည်။ ယိမ်းယိုင်နေသည့် ရှေးဟောင်းသက်ရှိတစ်ယောက် ကျောင်းပေါ်၌ ပေါ်လာသည်။ ဤသည်မှာ ကျောင်းကို ကာကွယ်ပေးသည့်သူများထဲမှ တစ်ယောက်ဖြစ်သည့် သွေးသံရှေးဟောင်းသစ်ပင်ပင်။

“ကျူးကျော်သူတွေ ရှိတယ်..” ငြိမ်းချမ်းသည့်ညချမ်းလေးတွင် ကောင်းကင်နတ်ဘုရားကျောင်း၌ ဤကဲ့သို့သော သတိပေးသည့်အသံများ ထွက်ပေါ်လာလေသည်။

အားလုံးဆွံ့အသွားရ၏။ သူတို့ကြားလိုက်ရသည်ကို အားလုံး မယုံကြည်နိုင်ဖြစ်နေကြသည်။ တစ်ယောက်ယောက်က ကောင်းကင်နတ်ဘုရားကျောင်းကို ကျူးကျော်ရလောက်အောင် သတ္တိရှိနေတာလား..

လှိုဏ်ဂူများနှင့် ဝိညာဉ်တောင်များတွင် ရှိနေသည့်သူများအားလုံး မတ်တပ်ထရပ်လိုက်ကြသည်။ ကန်ဘေးတွင်ရှိနေသည့် ရှီဟောင်တို့အုပ်စုပင် ထိတ်လန့်သွားပြီး မတ်တပ်ရပ်လိုက်ကြလေသည်။

ရှေးဟောင်း သံသွေးသစ်ပင်ကြီးသည် တောင်ကြောတစ်ခုကဲ့သို့ပင် ကြီးမားလှပြီး အမြစ်များမှာ လေဟာနယ်ထဲတွင် ပေါက်နေသည်။ သစ်ပင်ကိုယ်ထည်တစ်ခုလုံး သွေးကဲ့သို့ နီရဲနေပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားလေသည်။

ဤရှေးဟောင်းသစ်ပင်ကြီး ရှင်သန်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှရှိပြီသလဲဆိုသည်ကိုပင် မရေတွက်နိုင်တော့။ ဤသစ်ပင်သည် လူမျိုးစုတစ်စုကို ကာကွယ်ပေးနိုင်သကဲ့သို့ ရှေးဟောင်းမြို့တစ်မြို့ကိုလည်း ကာကွယ်ပေးနိုင်သည်ပင်။

ဤသည်မှာ ယခင်က ကလန်တစ်ခု၏ ဂါးဒီးယန်းဝိညာဉ်ဖြစ်သော်လည်း ယခုအချိန်တွင်တော့ ကောင်းကင်နတ်ဘုရားကျောင်းကို ကာကွယ်ပေးသည့် ရှေးဟောင်းသစ်ပင်တစ်ပင် ဖြစ်သွားလေပြီ။

ညကောင်းကင်ယံထက်တွင် အကြီးအကဲ ၇ ယောက်၊ ၈ ယောက် ဆက်တိုက်ထွက်ပေါ်လာလေသည်။ သူတို့အားလုံးမှာ ရန်သူကြီးကို ရင်ဆိုင်နေရသကဲ့သို့ အမူအရာများ လေးနက်နေကြသည်။

ကောင်းကင်နတ်ဘုရားကျောင်း စတင်တည်ထောင်ကတည်းက ဤကဲ့သို့သော အဖြစ်အပျက်မျိုး သူတို့တစ်ခါမှ မကြုံဖူးကြပေ။

လူဘယ်နှစ်ယောက်ကများ ဤကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်းပြုမူရဲမည်နည်း.. သိထားရမည်မှာ ဤသည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ ပုန်းကွယ်နေသည့် ကျွမ်းကျင်သူများ ဖွင့်ထားသည့်ကျောင်းပင်။ မည်သူကများ ဤလူများကို ဆန့်ကျင်ရဲမည်နည်း..

သက်ရှည်မိသားစုများပင်လျှင် ဤနေရာကို မကျူးကျော်ရဲကြပေ။

“အဲဒီဘက်မှာ..” ရှီဟောင် အနောက်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် ရေလှိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာသည့် အော်ရာများရှိနေသည်။

ဤသည်မှာ ရန်လိုနေသည့်အော်ရာပင်။ ရန်သူသည် အကြောက်တရား အနည်းငယ်မျှပင် မရှိပေ။

“ဘယ်လိုသတ္တဝါလဲ..” သူတို့အားလုံး ရှုပ်ထွေးသွားကြသည်။ မည်ကဲ့သို့သော စွမ်းအားကြီးသည့် သတ္တဝါက တိုက်ခိုက်နေသနည်း..

အရှေ့ဘက်တွင် ကြယ်အလင်းတန်းများ မှေးမှိန်သွားပြီး အနက်ရောင်မြူများ ထွက်ပေါ်လာသည်။ ထိုနေရာတွင် ထူးဆန်းသည့်သတ္တဝါ မျက်လုံးပွင့်လာကာ ကောင်းကင်နတ်ဘုရားကျောင်းကို အုပ်မိုးကြည့်နေလေသည်။ ထိုမျက်လုံးများမှာ အေးစက်သည့် ခံစားချက်ကြီး ပေးနေသည်ပင်။

သူတို့အကြား အတော်လေး ဝေးသေးသော်လည်း မိစ္ဆာမျက်နှာဖုံးကို မြင်နေရပြီဖြစ်သည်။

ထိုမျက်နှာဖုံးမှာ ရွှေရောင်ပင်။ ရွှေရောင်အလင်းများ ဝေ့ဝဲနေသော်လည်း လေးမြတ်သည့်အော်ရာအနည်းငယ်မျှပင် မရှိပေ။ မှောင်မည်းကာ ညှို့မှိုင်းသည့်ခံစားချက်များသာပေးနေသည်။

“ပင့်ကူကြီး..” ယုန်ဖြူလေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသက်ရှိကြီး တစ်ဖြည်းဖြည်း နီးကပ်လာသည်နှင့်သူ၏မူလခန္ဓာကိုယ်ကြီးလည်း တစ်ဖြည်းဖြည်းချင်းပေါ်လာသည်ပင်။ ဤသည်မှာ တောင်တစ်လုံးထက်ပင် ကြီးသေးသည်။

အနက်ရောင်မြူကြီးထဲတွင် ကြီးမားလှသည့်သက်ရှိကြီးတစ်ကောင် မိုးထိုးနေသည်။ ထိုအကောင်ကြီးတွင် ခြေထောက်ရှစ်ချောင်းရှိနေပြီး သူပါးစပ်ဟလိုက်သည်နှင့် ရွှေရောင်အလင်းများမှာ မီးတောင်တစ်လုံးကဲ့သို့ ထွက်ပေါ်လာသည်။

ဤသည်မှာ ခေါင်းသုံးလုံးပါသည့်ပင့်ကူ ခေါင်းသုံးလုံးဘုရင်ပင်။ အလယ်ခေါင်းမှာ ပင့်ကူခေါင်းဖြစ်ပြီး ဘေးဘက်နှစ်ခုမှာ လူသားနှင့် ခြင်္သေ့ခေါင်းပင်။ ထိုခေါင်းနှစ်လုံးလုံးလည်း ရွှေရောင်ပင်။

သူ့ရှေ့တွင် မြူခိုးများ သိပ်သည်းစွာ ထူထပ်နေပြီး ခေါင်းတစ်လုံးသာ မြင်နိုင်သည်။ မြူများ အနည်းငယ် ကွဲသွားသည့်အချိန်မှ သူ့ခန္ဓာကိုယ်အစစ်ကြီး ပေါ်လာခြင်းပင်။

“ဘုရားရေ .. ဒါက ခေါင်းသုံးလုံးဘုရင်ပဲ..”

တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤသတ္တဝါကြီး၏ နောက်ခံကို သိသွားသည်နှင့် ထိုသူ၏အမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော သက်ရှိမှာ ဤလောကတွင် နေထိုင်သည့် သက်ရှိ မဟုတ်။

ဒါက တခြားလောကက သက်ရှိ မဟုတ်ဘူးလား .. သူကဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲ .. ထို့အပြင် ဤအကောင်သည် စွမ်းအားကြီးလှပြီး ရှီဟောင်သတ်ခဲ့သည့်အကောင်ထက်ပင် ပို၍ကြောက်စရာကောင်းသေးသည်။

“ရွှေရောင်ခေါင်းသုံးလုံးဘုရင် .. အဲဒီဘက်မှာတောင် အရေအတွက် နည်းနည်းပဲရှိတော့တဲ့ ဘုရင်လူမျိုးစု .. ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်..” အကြီးအကဲတစ်ယောက်၏ အမူအရာ ပြောင်းလဲသွားကာ သူ့လက်ထဲတွင် သွေးရောင် စစ်လှံတံတစ်ချောင်း ချက်ချင်း ပေါ်လာလေသည်။ ထိုလှံတံသည် မဟူရာကဲ့သို့ နီရဲနေပြီး ရန်မူသည့်အော်ရာလည်း ထုတ်လွှတ်နေသည်ပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများ လက်နက်သုံးသည်မှာ ရှားပါးလှသည်။ သို့သော်လည်း ယခုအချိန်တွင် ပြိုင်ဘက်ကို မြင်လိုက်သည်နှင့် သူသည် လက်နက်တစ်ခုကို ချက်ချင်းပင် ထုတ်လိုက်လေ၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လေထုမှာ မည်မျှပင် တင်းမာနေသည်ကို သိနိုင်သည်။

နားလည်ရန်ခက်ခဲလှသည့် ရှေးဟောင်းဘာသာစကားအသံ တစ်ခု ထွက်ပေါ်လာသည်။ တောင်တစ်လုံးထက်ပင် ကြီးမားလှသည့် ဤသားရဲကြီး ပြောလိုက်ခြင်းပင်။ သူ၏အသံမှာ တောင်များကိုပင် တုန်ခါသွားစေသည်။

“သူ ဘာပြောတာလဲ..”

“သူပြောတာ သူ့မျိုးဆက်ကို ဘယ်သူသတ်လိုက်တာလဲတဲ့..”

သူ၏ရည်ရွယ်ချက်ကို နတ်အာရုံများမှတစ်ဆင့် သိနိုင်သည့် စွမ်းအားကြီးသည့်သူတစ်ယောက်ရှိနေသည်ပင်။ ထို့ကြောင့်ပင် ရွှေရောင် ခေါင်းသုံးလုံးဘုရင် ရောက်လာရသည့်ရည်ရွယ်ချက်ကို သူတို့သိရှိသွားရသည်။

ယခုအချိန်တွင် အားလုံး တုန်လှုပ်သွားရသည်။ သူက ဘယ်လိုလုပ် ဖြတ်လာနိုင်တာလဲ .. တစ်ဖက်လောကက လူတွေက ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုထဲကို ဖြတ်လာနိုင်ပြီလား..

ယခင်တစ်ခေါက်က ထာဝရစစ်မြေပြင်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်အကူအညီဖြင့် သူတို့လမ်းကြောင်းတစ်ခု ဖွင့်ကာ မရင့်ကျက်သေးသည့်လူတစ်စုအား ပို့ခဲ့သည်။ သို့သော်လည်း ထိုလူများသည် ထိုနေရာတစ်ခုတည်းတွင်သာ နေနိုင်သည်။ အခြားနေရာများသို့ လျှောက်သွား၍မရ။

ယခု အလွန်စွမ်းအားကြီးသည့် ခေါင်းသုံးလုံးဘုရင်ပေါ်လာလေပြီ။ သူ မည်ကဲ့သို့ ဖြတ်ခဲ့သနည်း .. မည်ကဲ့သို့သော အထူးနည်းလမ်းများသုံးကာ ဤနေရာသို့ ရောက်လာသနည်း..

“ဘုရားရေ .. အရွယ်ရောက်တဲ့ ရွှေရောင်ခေါင်းသုံးလုံးဘုရင်တစ်ကောင် .. ဘယ်သူက သူ့ခွန်အားကို ယှဉ်နိုင်မှာလဲ .. ဒီလောကကြီးက ဖရိုဖရဲဖြစ်တော့မှာလား .. တစ်ဖက်လောကက လူတွေ ကျူးကျော်လာနေပြီ..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။
ဤသည်မှာ မည်သူမှ မပြင်ဆင်ရသေးသည့် ကပ်ဆိုးကြီးပင်။

“ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ .. လောကကြီးနှစ်ခုက တိုက်ခိုက်တော့မှာလား .. လောကကြီးက သွေးချောင်းစီးတော့မှာလား..”

အချို့လူများမှာ အသံများပင် တုန်ယင်နေလေပြီ။

ဤဘာသာစကားမှာ နားလည်နိုင်ရန် ခက်ခဲလှသည်။ ခေါင်းသုံးလုံးဘုရင်ဘက်မှ စွမ်းအားကြီးသည့် စာလုံးအသံများထွက်ပေါ်နေဆဲပင်။ သူ ဘာပြောနေမှန်း မသိသော်လည်း အေးစက်သည့်အမူအရာများကိုတော့ မြင်နေရသည်ပင်။

“သူ့ခန္ဓာကိုယ် အစစ် ရောက်မလာသေးဘူး .. သူက စတေးခြင်းယဇ်ပုလ္လင်ကိုသုံးပြီးတော့ လေဟာနယ်ပုံရိပ်ကိုပဲ ပို့လိုက်တာ .. မဟုတ်ရင် သူ့ကိုယ်ပွားရဲ့ခွန်အားက လေလိုပဲ ပျောက်သွားလိမ့်မယ်..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

အနက်ရောင်မြူထဲတွင် ယဇ်ပုလ္လင်တစ်ခု မှုန်ဝါးဝါး ထွက်ပေါ်လာလေသည်။ ဤသည်မှာ အလွန်ကြီးသော်လည်း အလွန်လည်း စုတ်ပြတ်နေလေပြီ။ ဤသည်မှာ ထာဝရရှေးဟောင်းခေတ်တွင် မြှုပ်နှံထားသည့်ပစ္စည်းတစ်ခုပင်။

ယဇ်ပုလ္လင်ကြီးတောက်ပလာကာ မျက်နှာပြင်ပေါ်၌ သင်္ကေတများစွာ ထွက်ပေါ်လာလေ၏။ ဤသင်္ကေတများမှာ အလွန်ရှုပ်ထွေးနေသော်လည်း တစ်မျိုးလေးလှနေသည်။

ထိုယဇ်ပုလ္လင်ကြီးတောက်ပလာကာ ပင့်ကူကြီး၏ပုံရိပ်ယောင်ကို ပြသနေလေ၏။

“ဒါက တစ်ခြားလောကက သက်ရှိတွေ ပြန်ဆုတ်တဲ့အချိန်မှာ သုံးခဲ့တဲ့ထာဝရရှေးဟောင်းခေတ်က ယဇ်ပုလ္လင်ပဲ .. ဒီယဇ်ပုလ္လင်က သူတို့ကို ဒီကို မပို့နိုင်ပေမယ့် ပုံရိပ်ယောင်တစ်ခုကို ပို့ဖို့အတွက်တော့ ပြဿနာ မရှိဘူး..”

“အရင်တုန်းက ကပ်ဆိုးပြီးသွားတဲ့အချိန်တုန်းက အသက်ရှင်ကျန်ခဲ့တဲ့သက်ရှည်မိသားစုတွေက ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုလုံးမှာ ယဇ်ပုလ္လင်တွေ လိုက်ရှာပြီးတော့ ဖျက်ဆီးပစ်ခဲ့တယ် .. ဒါပေမဲ့ သူတို့ မျက်စိလျှမ်းသွားတဲ့ တစ်ချို့ ယဇ်ပုလ္လင်တွေ ကျန်ခဲ့သေးတယ်ထင်တယ်”

အကြီးအကဲနှစ်ယောက်သည် ဖြစ်ပျက်နေသည့်အဖြစ်အပျက်များအား အားလုံးနားလည်သွားအောင် ပြောပြလိုက်သည်။

“သူက ဘာလိုချင်နေတာလဲ..” ဤအကောင်ကြီး အဘယ်ကြောင့် ဤနေရာတွင် ရုတ်တရက်ပေါ်လာသည်ကို အားလုံး မသိကြ။

ခေါင်းသုံးလုံးဘုရင်၏ ဝိညာဉ်စွမ်းအားလှိုင်းကို မည်သူမှ အာရုံမခံနိုင်။ ဤသည်မှာ လေဟာနယ်ပုံရိပ်လေးသာ ဖြစ်သော်လည်း သူသည် အလွန်ကြောက်စရာကောင်းနေဆဲပင်။ သူရောက်လာသည်နှင့် သာမန်လူများ၏ နတ်စိတ်ဝိညာဉ်များ ချက်ချင်းပျက်ပြယ်သွားမည်ပင်။

“သူက စာတစ်စောင်ပို့ပေးဖို့ သံတမန်တစ်ယောက်လွှတ်လိုက်မှာ..”

“ဘာ .. သံတမန်တစ်ယောက် ရောက်လာမှာလား .. သူတို့က လောကနှစ်ခုကြား သွားလာလို့ရနေပြီလား..”

ယဇ်ပုလ္လင်ကြီးမှာ မရေမတွက်နိုင်သည့် သင်္ကေတများတောက်ပလာပြီးနောက် နောက်ဆုံးတွင် တံခါးတစ်ခုဖြစ်သွားလေသည်။ ဤတံခါးကြီးသည် လောကနှစ်ခုကို ချိတ်ဆက်ထားလေ၏။

ထိုအချိန်တွင် ဟစ်ကြွေးသည့်အသံများကို လူများစွာ ကြားလိုက်ရသည်။ အခြားတစ်ဖက်မှ နတ်ဘုရားများနှင့် နတ်ဆိုးများစွာ ဟစ်ကြွေးနေကြကာ ဤနေရာသို့ ရောက်လာရန်အတွက် ရုန်းကန်နေကြလေသည်။

သူတို့သည် ထိုလောကတွင် စွမ်းအားအကြီးဆုံး မသေမျိုးသက်ရှိများပင်။ သူတို့သည် ယခင်ခေတ်က စစ်ပွဲမှ လူများပင် ဖြစ်နိုင်သည်။

ဆူညံသံများထွက်လာပြီးနောက် ထိုတံခါးမှ တစ်စုံတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ သူသည် မနှေးမမြန်ဖြင့် လျှောက်လာနေခြင်းပင်။

ထိုသက်ရှိ၏ခန္ဓာကိုယ်ကို ချပ်ဝတ်တန်ဆာဖုံးအုပ်ထားပြီး အမျိုးသားလား အမျိုးသမီးလား မသိရပေ။ ခေါင်းပင်လျှင် ဦးထုပ်တစ်လုံးဖြင့် ဖုံးအုပ်ထားပြီး မျက်လုံးတစ်စုံသာ မြင်နိုင်လေသည်။

အားလုံးအသက်ရှူသံများ အေးခဲသွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုချပ်ဝတ်တန်ဆာမှာ ထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အနက်ရောင်အလင်းတောက်ပနေသည်ပင်။ ဤကဲ့သို့သော အနက်ရောင်ထာဝရရွှေမှာ နမိတ်မကောင်းသော်လည်း အလွန်ထူးဆန်းသည်ပင်။ ဤသည်မှာ မျက်စိဖမ်းစားနိုင်လွန်းလှသည်။

အနက်ရောင်ထာဝရရွှေ ချပ်ဝတ်တန်ဆာ..

ဤသံတမန်၏ခန္ဓာကိုယ်မှာ ဤကဲ့သို့သော ထိတ်လန့်စရာကောင်းသည့် ချပ်ဝတ်တန်ဆာဖြင့် ဖုံးကာထားလေသည်။ ဤသည်မှာ အရှားပါးဆုံးနှင့် အဖိုးအတန်ဆုံး အနက်ရောင်ထာဝရရွှေပင်။

“ဒါက မိန်းကလေးထင်တယ် .. မဟုတ်ရင် ဘာလို့ တစ်ခြားသူတွေ မမြင်နိုင်အောင် မျက်နှာကို ဖုံးထားမှာလဲ ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ဤလူသားပုံရိပ်သည် အပြင်ဘက်သို့ ရောက်လာသည်နှင့် လက်နှစ်ဖက်ကို မြှောက်လိုက်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်လေသည်။ သူသည် တစ်စုံတစ်ခုကို ခံစားနေသကဲ့သို့ပင်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာတောက်ပလာပြီး သင်္ကေတများစွာလည်း တောက်ပလာသည်။ ဤသည်မှာ တစ်ခုခုကို စစ်ဆေးနေသကဲ့သို့ပင်။

“သူက ဒီလောကရဲ့ သဘာဝဥပဒေသနဲ့ ခွန်အားကို စမ်းသပ်နေတာ .. အားလုံးထွက်လာပြီးတော့ တိုက်ခိုက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ..” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် ချပ်ဝတ်တန်ဆာကြီး တုန်ခါလာကာ အနက်ရောင်အလင်းများထုတ်လွှတ်လာပြီး သူ့တစ်ကိုယ်လုံးကို ကာကွယ်ပေးသွားလေသည်။

“ဒီလောကကြီးက ငြင်းဆန်နေတုန်းပဲ .. ဒါကဘယ်တော့မှ ပြောင်းလဲမှာလဲ..” ခေါင်းသုံးလုံးဘုရင် တိုးတိတ်စွာ ပြောလိုက်၏။ သူ စိတ်မရှည်တော့။

“ခင်ဗျားက တစ်ဖက်က သံတမန်ဆိုတော့ ပြောစရာရှိရင် ပြောပါ..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

အနက်ရောင်ထာဝရရွှေချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ထိုပုံရိပ်မှာ ရှည်လျားသွယ်လျပြီး လွှမ်းမိုးလိုသည့်ဟန်ပန် မရှိပေ။ သူသည် ယဇ်ပုလ္လင်ထက်မှ ခုန်ဆင်းလာပြီး လေဟာနယ်ထဲသို့ လျှောက်လာကာ ကောင်းကင်နတ်ဘုရား ကျောင်းထံသို့ ဦးတည်လာနေသည်။

အားလုံး၏အမူအရာ ပြောင်းလဲသွားရသည်။ ဤသည်မှာ လေဟာနယ်ပုံရိပ်မဟုတ်ပဲ ခန္ဓာကိုယ်အစစ်ပင်။ သူက ဒီတိုင်းပဲ ထွက်လာခဲ့တာ..

အပိုင်း ၁၃၈၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၃ – ရွှေရောင် သွေး

ညကောင်းကင်ယံအောက်တွင် ထိုသက်ရှိသည် တစ်လှမ်းချင်းပင် လျှောက်လာနေလေ၏။ သူ၏ပုံစံမှာ ရှည်လျားသွယ်လျသည့်ပုံစံဖြစ်သော်လည်း သူ၏ပုံပန်းသွင်ပြင်အစစ်အမှန်ကို မတွေ့ရပေ။ သူ့တစ်ကိုယ်လုံးအား အနက်ရောင်ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားသည်။

ဤသက်ရှိ၏ ပုံစံအမှန်ကို မမြင်ရသည့်အပြင် သူသည် အခြားနေရာမှ လာခြင်းဖြစ်သောကြောင့် သူသည် အများ၏အာရုံစိုက်ခြင်းကို ရှောင်လွဲ၍ရမည်မဟုတ်။ သူ ကောင်းကင်နတ်ဘုရားကျောင်းနားသို့ ရောက်လာသည်နှင့် မျက်လုံးအားလုံး သူ့ထံသို့ ရောက်လာလေသည်။

ထိုသို့လျှောက်လာနေစဉ်တွင် သူ၏ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် ထာဝရရွှေချပ်ဝတ်တန်ဆာ တောက်ပလာပြီး တာအိုသင်္ကေတများလည်း လင်းလက်လာသည်။ ထိုသင်္ကေတများသည် ဤလောက၏ သဘာဝဥပဒေသများအား လေ့လာနေသည်ပင်။

“မင်းက ငါတို့ကို ရန်စချင်နေတာလား .. မင်းတို့တွေ ငါတို့နဲ့ စစ် တိုက်နိုင်ဖို့အတွက် ဒီနေရာက အခြေအနေတွေကို နားလည်အောင်လုပ်ပြီး သတင်းပြန်ပို့မလို့လား..” ကောင်းကင်နတ်ဘုရားကျောင်င်း အကြီးအကဲမှ ပြောလိုက်သည်။

“ဒါက သံတမန်တစ်ယောက်ပါပဲ .. ဒီကို စာတစ်စောင်ပေးဖို့ရောက်လာတာပါ .. ခင်ဗျားတို့ အတွေးလွန်နေပါပြီ”

ယဇ်ပုလ္လင်ထက်ရှိ ခေါင်းသုံးလုံးဘုရင်မှ ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တကယ်ကြီးမားလှသည်။ လနှင့် ကြယ်များကိုပင် ဖုံးလွှမ်းနေလေပြီ။

သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။

“စာပေးလိုက်ပါ..” အကြီးအကဲတစ်ယောက် ပြောလိုက်၏။

ခေါင်းသုံးလုံးဘုရင်မှာ ပုံရိပ်ယောင်တစ်ခုဖြစ်သည်ဟု သိပြီးသည့်နောက်တွင် အကြီးအကဲများ သက်ပြင်းချလိုက်ကြ၏။ မဟုတ်ပါက ဤညတွင် လူ ဘယ်နှစ်ယောက်သေမလဲ မသိနိုင်ပေ။

ထိုအနက်ရောင်ချပ်ဝတ်တန်ဆာနှင့်လူသည် တိတ်တဆိတ်လျှောက်လာပြီး ချွမ်းဟူသည့်အသံနှင့်အတူ အကြီးအကဲလက်ထဲသို့ ကျောက်စိမ်းစာအုပ်တစ်အုပ် ရောက်လာလေသည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများအားလုံး ထိုစာကို ခေါင်းချင်းဆိုင်ကြည့်လိုက်ကြသည်နှင့် အားလုံး မျက်မှောင်ကြုတ်ကာ ဒေါသထွက်သည့်အမူအရာ ဖြစ်သွားကြသည်။

“ငါတို့ကို အညံ့ခံလိုက်ဖို့ အကြံပေးတယ် .. ငါတို့ကို ကိုယ့်ကိုကိုယ် သတ်သေလိုက်လို့ပဲ ပြောလိုက်ပါလား” စတုတ္ထအကြီးအကဲ အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံးကို မသေမျိုးဖြစ်အောင်လုပ်ပေးမယ်လို့ စာထဲမှာ ရေးထားပြီးသားပါ..” ခေါင်းသုံးလုံးဘုရင်ကြီးမှ ပြောလိုက်သည်။

ခေါင်းသုံးလုံးဘုရင်သည် လေဟာနယ်ပုံရိပ်ယောင်သာဆိုသော်လည်း သာမန်လူများ ရန်စ၍ရသည့်သူမဟုတ်ပေ။

“ဟာသပဲ ငါတို့ကို မသေမျိုးဖြစ်အောင် လုပ်ပေးမယ်ဟုတ်လား .. ဒီလောကကြီးမှာ မသေတဲ့သူ ဘယ်နှစ်ယောက်များရှိလို့လဲ .. အရင်ခေတ်ကတည်းက အသက်ရှင်လာတဲ့ ဘိုးဘေးတွေရှိနေတုန်းပဲ .. ဒါပေမဲ့ သူတို့က အချိန်ကို ရပ်တန့်နိုင်လို့လား..” အကြီးအကဲငါးမှ အပြစ်တင်လိုက်သည်။

“သူတို့အားလုံး အသက်ရှင်နေတုန်းပဲ .. ဒီလောကကြီးကို လာတိုက်တဲ့ဘိုးဘေးတွေအားလုံး အသက်မကြီးသေးဘူး .. အချိန်က ဘယ်လိုလုပ် သူတို့ကို ထိခိုက်နိုင်မှာလဲ.. သူတို့က မသေမျိုးတွေလို့ ပြောပြီးသားလေ..” ခေါင်းသုံးလုံးဘုရင် ငြင်းဆိုလိုက်သည်။

ထိုစကားများကို ကြားလိုက်ရသည်နှင့် အားလုံး ဆွံ့အသွားရကာ စွမ်းအားမဲ့သွားသလို ခံစားလိုက်ရသည်။ သူတို့ခုခံစရာတောင် မလိုတော့ဘူးထင်သည်။ အဆုံးသတ်မှာ ကမ္ဗည်းထိုးပြီးသားပင်။

“စိတ်ပျက်စရာမလိုဘူး .. သူတို့သာ စွမ်းအားကြီးနေရင် သူတို့အစောကြီးကတည်းက ရောက်နေလောက်ပြီ .. သူတို့က ဘာလို့ ဒီလိုမျိုး ဝေ့လည်ကြောင်ပတ်လုပ်နေမှာလဲ..” အချိန်အတော်ကြာအောင် ပျောက်နေသည့် ဒုတိယအကြီးအကဲမှ တပည့်များအား အားပေးလိုက်သည်။

“ဟုတ်တယ် .. ငါတို့ကို အဲဒီလူတွေ အသက်ရှင်နေတုန်းလို့ လာပြောပြတာက ငါတို့ကို ခြိမ်းခြောက်ရုံထက် မပိုဘူး..” ချောင်ယုရှင်းပြောလိုက်သည်။ လူတစ်စုလည်း သူ့အား ခေါင်းညိမ့်ထောက်ခံလာကြသည်။

“ကျုပ်တို့က နတ်တိုင်းပြည်တစ်ခုကို တည်ထောင်ချင်နေတာ .. အားလုံးကို မသေမျိုးဖြစ်သွားအောင် ကူညီပေးချင်တာ” ခေါင်းသုံးလုံးဘုရင် ပြောလိုက်၏။

“စကားချိုချိုလေးတွေ လာပြောနေတာပဲ..” ဒုတိယအကြီးအကဲ လှောင်ပြောင်လိုက်သည်။

“ကျုပ်တို့ ပြောချင်တာတွေကို စာထဲမှာ ရေးထားပြီးသား .. အားလုံးကို မသေမျိုးဖြစ်အောင် လုပ်ပေးမယ့် အစီအစဉ်လည်း စာထဲမှာပါတယ် .. ခင်ဗျားတို့အားလုံး စာကို သေချာဖတ်ကြည့်လိုက်ပါ..” ခေါင်းသုံးလုံးဘုရင် ပြောလိုက်သည်။

“တစ်လောကလုံးက မသေမျိုးဖြစ်သွားမယ် .. မင်း ကယောင်ကတမ်းဖြစ်နေတာလား..” အကြီးအကဲတစ်ယောက်မှ အေးစက်စွာပင် ရယ်မောလိုက်သည်။

“ဒီလောကမှာ ငါတို့ရဲ့ မဟုတ်မမှန်သတင်းတွေ ဖြန့်နေတဲ့သူ ရှိနေတယ်ထင်တယ် .. ငါတို့က ရက်စက်ကြမ်းတမ်းတဲ့သူတွေဖြစ်ပြီးတော့ ငါ့တို့ရဲ့ မကောင်းမှုတွေလည်း ကောင်းကင်ကိုတောင် ဖုံးလွှမ်းနေပြီလို့ ပြောနေကြတယ် … ဒါပေမဲ့ ဒါတွေက အမှန်တွေ မဟုတ်ဘူး..” ခေါင်းသုံးလုံးဘုရင် ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရသည်။ သူတို့ ကျောင်းက အကြီးအကဲတွေကို ဘာစာပေးလိုက်တာလဲ .. အဲဒီစာထဲမှာ သူတို့က အရမ်းသိမ်မွေ့နူးညံ့ပြီးတော့ ကြင်နာတတ်ကြောင်း ရေးထားတာလား .. ဤသည်မှာ ရယ်စရာကောင်းလွန်းလှသည်။

အားလုံး၏ မှတ်ဉာဏ်ထဲတွင် အခြားလောကမှ သက်ရှိများဆိုသည်မှာ အမြဲတမ်း ကောက်ကျစ်စဉ်းလဲသည့်သူပင်။

“အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့ .. မင်းတို့အားလုံး ဒီလောကကြီးရဲ့ အခြေအနေကို သိချင်တာမဟုတ်ဘူးလား .. ဘာလို့ အရေးမပါတာတွေ လျှောက်ပြောနေတာလဲ..”

တတိယအကြီးအကဲသည် သူ့ရှေ့တွင်ရှိနေသည့် သံတမန်အား စိုက်ကြည့်လိုက်သော်လည်း သူ မည်မျှပင် ကြိုးစားနေပါစေ ဤလူကို မမြင်နိုင်ဖြစ်နေသည်။ သူ၏အသက်၊ လိင်အမျိုးအစားပင် မသိရ။

ဝုန်း..

ပဉ္စမအကြီးအကဲ လှုပ်ရှားလိုက်သည်။ သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာနှင့်လူ ကိုယ့်ကိုကိုယ် သတ်မသေသွားစေရန်အတွက် သူ၏ဝိညာဉ်အား ဖမ်းချုပ်လိုခြင်းပင်။

သူသည် ထိန်းချုပ်ထားမနေတော့ပေ။

ဒုန်း..

ထိုသို့ဆိုသော်လည်း ထိုသက်ရှိကို ထိခိုက်သွားအောင် မလုပ်နိုင်သေးပေ။

ပဉ္စမအကြီးအကဲ၏လက် ထိုချပ်ဝတ်တန်ဆာကို ထိလိုက်သည်နှင့် ကျယ်လောင်ကာ ရှင်းလင်းလှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ အကြီးအကဲလည်း သတ္တုပြားကြီးအားရိုက်လိုက်သလို ခံစားလိုက်ရသည်ပင်။

“ခင်ဗျားက သူ့ကို သတ်ချင်တာလား..” ခေါင်းသုံးလုံးဘုရင်၏အသံ ထွက်ပေါ်လာသည်။

“မင်းတို့အားလုံး ဘာကိုစောင့်နေတာလဲဆိုတာ ကျုပ် မသိဘူးလို့များထင်နေတာလား .. မင်းတို့က ဒီလူကို သုံးပြီးတော့ လောကကြီးရဲ့ သဘာဝဥပဒေသနဲ့ ကန့်သတ်ချက်တွေကို ခိုးယူနေတာ မဟုတ်ဘူးလား..” ပဉ္စမအကြီးအကဲ အော်ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအစစ်ကို အသုံးပြလိုက်သည်။ သူည် နတ်ခွန်အားကို အသက်သွင်းလိုက်ပြီး ထိုချပ်ဝတ်တန်ဆာနှင့်သက်ရှိအား ဖမ်းရန် ပြင်ဆင်လိုက်သည်။

“မသေမျိုးသက်ရှိအကြောင်း ဆွေးနွေးကြတော့ ခင်ဗျားတို့က မယုံကြဘူး .. အခု ခင်ဗျားတို့ရှေ့မှာ အရမ်းကို ထူးခြားတဲ့သူတစ်ယောက်ရပ်နေတာတောင်မှ ခင်ဗျားတို့ သူ့ကို မမှတ်မိကြဘူး .. ဒါမှမဟုတ် ခင်ဗျားတို့ သူ့ကို မေ့သွားကြတာလား..” ခေါင်းသုံးလုံးဘုရင် ပြောလိုက်သည်။

သူဘာကို ဆိုလိုချင်တာလဲ .. အားလုံးထိတ်လန့်သွားရသည်။ ဤစကားလုံးများမှာ နားလည်မှုလွဲသွားစေနိုင်သည်ပင်။

ထို့အပြင် ခေါင်းသုံးလုံးဘုရင်လည်း လှုပ်ရှားလာလေ၏။

ရွှီး..

ကောင်းကင်ထက်မှ ရေတံခွန်ကဲ့သို့သော ပင့်ကူပိုးချည်မျှင်များ ကျဆင်းလာသည်။ ဤပိုးချည်မျှင်များသည် တောက်ပလှပြီး ဤအရာကို မြင်လိုက်ရသည့်သူအားလုံး သတိကြီးကြီးဖြစ်သွားသည်။

သူသည် ခေါင်းသုံးလုံးရှိသော်လည်း ဤသည်မှာ သူတိုက်ခိုက်သည့်ပုံစံပင်။

ပင့်ကူပိုးချည်မျှင်များသည် သံတမန်ကို ရစ်ပတ်လိုက်သည့်အပြင် ပဉ္စမအကြီးအကဲ၏ တိုက်ခိုက်မှုကိုလည်း တားဆီးလိုက်လေ၏။ ခေါင်းသုံးလုံးဘုရင်သည် လေဟာနယ်ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း သူကိုယ်တိုင် တိုက်ခိုက်နိုင်သေးသည်။

ခေါင်းသုံးလုံးဘုရင် ကျမ်းစာအချို့ကို ရွတ်လိုက်သည်နှင့် ချပ်ဝတ်တန်ဆာ၏အချို့နေရာများ တောက်ပလာကာ ပွင့်ဟလာသည်။ ထို့နောက် ဖူး ဟူသည့်အသံနှင့်အတူ သံတမန်ဒဏ်ရာရသွားသည်။

“သူက ဘာလို့ သူ့ဘက်က လူကို ပြန်လုပ်နေတာလဲ .. ရူးနေတာလား..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“ဟမ် .. အဲဒီသံတမန်ရဲ့ ဘေးပတ်လည်မှာ ဘာလို့ ရွှေရောင်အရည်တွေ ပျံ့လာတာလဲ..”

ထူးဆန်းသည့်အဖြစ်အပျက်များ ဖြစ်ပျက်လာကာ အားလုံ၏အာရုံကို ဆွဲဆောင်သွားလေ၏။

“အဲဒါက သွေး .. ရွှေရောင်သွေး .. ဘုရားရေ .. ဒါက ဘယ်လိုသတ္တဝါကြီးလဲ..” လူအချို့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုသွေးမှာ သန့်စင်မြင့်မြတ်လွန်းလှကာ အလွန်လှပလှသည်။ သွေးနံ့ပင်မရှိပဲ ဖော်ပြ၍မရနိုင်လောက်သည့်အော်ရာများသာ ရှိနေသည်။

ဤနေရာတစ်ခုလုံး ဆူညံသွားသည်။ အချို့လူမျိုးစုများ၏သွေးတွင် ရွှေရောင်အလင်း တောက်ပနိုင်သော်လည်း ဤသည်မှာ သူတို့မြင်နေရသည်နှင့် လုံးဝခြားနားသည်ပင်။ ဤသွေးမှာ လှပလှသည်။

ဤသည်မှာ သွေးသာဖြစ်သော်လည်း အာရုံ၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်ပင်။

“ဘာလို့ ရွှေရောင်နတ်သွေးတွေ စီးကျနေတာလဲ .. သူ့က ဘယ်ကနေ လာတာလဲ .. ခေါင်းသုံးလုံးဘုရင်က တစ်ခုခုကို ပြောချင်နေတာ .. တကယ်ပဲ ဘာတွေဖြစ်နေတာလဲ..”

ကျောင်းမှလူများမှာ နားမလည်နိုင်ဖြစ်နေကြသည်။

သို့သော်လည်း ပဉ္စမအကြီးအကဲအပါအဝင် ကျောင်းမှ အကြီးအကဲအချို့၏အမူအရာများ ပြောင်းလဲသွားသည်။ သူသည် တစ်ဖက်လူကို တိုက်ခိုက်ခြင်းမပြုတော့ပဲ ချက်ချင်းပင် ရပ်တန့်လိုက်သည်။

“အဲဒီလိုသွေးမျိုးပဲ .. မမှားနိုင်ဘူး..”

“အချိန်အများကြီးကြာပြီးတဲ့အချိန် ဒီလိုသွေးမျိုး လောကကြီးမှာ နောက်တစ်ခေါက် ပြန်ပေါ်လာလိမ့်ဦးမယ်လို့ ငါ မထင်ထားဘူး .. ဒါက တကယ်ကို စိတ်လှုပ်ရှားစေတဲ့ သတင်းကောင်းကြီးပဲ ..”

ကောင်းကင်နတ်ဘုရားမှ အကြီးအကဲများ၏ လက်များအနည်းငယ် တုန်ယင်နေပြီး အလွန်ထိတ်လန့်နေကြလေသည်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်ပင်။

“ဟား ဟား .. ဒီလိုသွေးမျိုး ဒီလောကကြီးမှာ ရှိခဲ့တယ်ဆိုတာ တစ်ယောက်ယောက် မှတ်မိနေသေးတဲ့ပုံပဲ..” ခေါင်းသုံးလုံးဘုရင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဘာဖြစ်နေတာလဲဆိုတာ စီနီယာ ကျွန်တော်တို့ကို ပြောပြပေးလို့ရမလား..” ကျောင်းမှ တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“သူက ကာကွယ်သူ မျိုးဆက်ပဲ .. ဒီသွေးမျိုးဆက်က လူတွေရဲ့သွေးက မြင့်မြတ်တယ် .. ပြီးတော့ ရွှေရောင်တွေ..” ဒုတိယ အကြီးအကဲ ပြန်ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရသည်။ ဒီလူက ကာကွယ်သူ တစ်ယောက်ရဲ့ မျိုးဆက်လား..

“ဒီလူက ဘယ်ခေတ်ကလဲ..” သူတို့အဖြေကို တွေးထားပြီးသားဖြစ်သော်လည်း သူတို့အတည်ပြုချက် ရချင်သေးသည်။

“ထာဝရရှေးဟောင်းခေတ်က .. သူတို့ အများကြီး လုပ်ပေးခဲ့တယ် .. ဒီလောကကြီးကိုလည်း ကာကွယ်ပေးခဲ့တယ် .. သူတို့မိသားစုက လူဦးရေ နည်းပေမယ့် သူတို့တွေက ဆက်တိုက် တိုက်ခိုက်ပြီးတော့ ရန်သူတွေကို တားဆီးပေးခဲ့တယ် .. ဒါပေမဲ့ ဒီကလန်က လူတွေ စစ်ပွဲထဲမှာ အားလုံးသေသွားပြီးတော့ သူတို့မျိုးဆက်လည်း ပြတ်သွားခဲ့တယ်”

ဤမိသားစုသည် ဤလောကကြီးကို ကာကွယ်ပေးခဲ့ကာ ကာကွယ်သူများ ဖြစ်လာကြသည်။ သူတို့မိသားစုဝင်များမှာ လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ရသော်လည်း သူတို့သည် ထူးခြားသည့်လက္ခဏာများ ပိုင်ဆိုင်ထားသည်။ သူတို့ဒဏ်ရာရသွားသည့်အချိန်၌ ရွှေရောင်သွေးများ စီးကျလာခြင်းပင်။

ဤကလန်သည် ရှေးကျလှသောကြောင့် နောက်ကြောင်းပြန်လိုက်ပါက ရှေးအကျဆုံးခေတ်သို့ပင် ရောက်သွားနိုင်သည်။

ဤကလန်တစ်ခုလုံး ရှင်းလင်းခံလိုက်ရသည်ဟု အားလုံးထင်ထားခြင်းပင်။ ခေါင်းသုံးလုံးဘုရင်မှ ရွှေရောင်သွေးစီးဆင်းနေသည့်လူတစ်ဦးအား ခေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ဤလူမျိုးစုအင်အားကြီးရခြင်းမှာ သူတို့ကိုယ်ထဲတွင် စီးဆင်းနေသည့် ရွှေရောင်သွေးများမှာ သူတို့အား ယှဉ်၍မရနိုင်သည့် ခွန်အားများပေးနေသောကြောင့်ဟု ပြောကြသည်။

“ဒီလူက ကာကွယ်သူ မျိုးဆက် .. သူက ဘယ်လိုလုပ် မင်းတို့လောကထဲမှာ ရှိနေတာလဲ..” အကြီးအကဲအရှင် တုန်လှုပ်လာပြီး ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။

ဤကာကွယ်သူ မျိုးတုန်းသွားအောင် လုပ်၍မရ။ ဤလူမျိုးစုသည် ယခင်က ကောင်းမွန်သည့်အရာများစွာ လုပ်ခဲ့သောကြောင့် သူတို့မျိုးဆက်များအား ရှင်းလင်းပစ်ခြင်းကို ခွင့်မပြုနိုင်။ မဟုတ်ပါက ဤသည်မှာ ရက်စက်ရာကျလွန်းလိမ့်မည်။

“မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ..” စတုတ္ထအကြီးအကဲ အော်ဟစ်လိုက်၏။ ခေါင်းသုံးလုံးဘုရင် အဘယ်ကြောင့် ဤကဲ့သို့သော အရေးကြီးသည်လူတစ်ယောက်ကို ခေါ်လာသည်ကို သူတို့ နားမလည်နိုင်တော့။ ယခု ကာကွယ်သူ မသေသေးဘူးဆိုတော့ သူတို့ ဤလူအား ကာကွယ်ရမည်ပင်။

ဤလောကအတွက်တော့ ကာကွယ်သူများမှာ အဖိုးတန်လှသည်။

“ဝိုး .. ကျုပ်တို့ ဒါကို အချိန်အကြာကြီး လေ့လာခဲ့ရတာ .. ပြိုင်ဘက်ကင်းသွေးမျိုးဆက်လို့ခေါ်တဲ့ စွမ်းအားအကြီးဆုံးသွေး .. သူ့ရဲ့သွေးအရောင်ကို ပြောင်းလဲလို့လည်း ရတယ် .. ခင်ဗျားတို့အားလုံးကြည့်ဖို့ ကျုပ်တို့ ခေါ်လာခဲ့တာ”

အပိုင်း ၁၃၈၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၄ – သွေးနက်

ရွှေရောင်သွေးများမှာ အလွန်တောက်ပလှပြီး ခေါင်းသုံးလုံးဘုရင် ပြောသည့်စကားများမှာ ပို၍ ထိတ်လန့်စရာကောင်းသည်။

ခေါင်းသုံးလုံးဘုရင်က လူတစ်ယောက်ကို ဒီမှာ ဒဏ်ရာရအောင် လုပ်ပြီးတော့ ဘာကို ပြချင်နေတာလဲ..

အနက်ရောင်ချပ်ဝတ်တန်ဆာ တောက်ပလာကာ ထိုလူကို နောက်တစ်ကြိမ် ပြန်လည်ဖုံးအုပ်သွားသည်။ ထိုဒဏ်ရာများမှာ အပေါ်ယံဒဏ်ရာများသာဖြစ်ပြီး မပြင်းထန်ပေ။ သွေးစက်များစွာ ကျသွားသော်လည်း ထိုလူကို သိပ်မထိခိုက်စေပေ။

“ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ..” ပဉ္စမအကြီးအကဲမှ မေးလိုက်သည်။

သူတို့တွေ ကာကွယ်သူ မျိုးဆက်တွေကို အသေမခံတာသိလို့ ခေါင်းသုံးလုံးဘုရင်က သူတို့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား .. သူ့ကိုသုံးပြီးတော့ မဖြစ်နိုင်တာတွေကို တောင်းတော့မှာလား .. မဟုတ်ရင် သူ ဘာလို့ ဒီလူကို ထုတ်လာတာလဲ..

“ဝိုး ကြည့်လိုက် … သွေးက အနက်ရောင်ဖြစ်သွားပြီ” ခေါင်းသုံးလုံးဘုရင် ပြောလိုက်သည်။

သူသည် နတ်ခွန်အားကို အသက်သွင်းလိုက်ပြီး တောက်ပသည့်အလင်းများကို ထုတ်လွှတ်ကာ လေထဲတွင်ပျံ့ကျဲနေသည့် ရွှေရောင်သွေးများကို ဝန်းရံလိုက်လေသည်။

သူလှုပ်ရှားလိုက်သည်နှင့် ထိုသွေးများပေါက်ကွဲသွားကာ မြူများအဖြစ် ပြောင်းလဲသွားသည်။ မြူများမှာလည်း ရွှေရောင်တောက်ပနေဆဲပင်။

ထို့နောက် ခေါင်းသုံးလုံးဘုရင်၏စွမ်းအားသည် ထိုမြူများကို ပြုပြင်လာလေသည်။ ရွှေရောင်မြူများမှာ ယခုအချိန်တွင် ဆိုးညစ်သည့်စွမ်းအင်အနည်းငယ် ပါလာလေပြီ။ ထိုမြူမှ ထူးဆန်းသည့်စွမ်းအင်လှိုင်းလည်း ထွက်ပေါ်နေသည်ပင်။

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်။ ဒါက သွေးတွေဆိုတော့ စွမ်းအားကြီးတဲ့သူက ဒီသွေးကို ပြောင်းလဲနိုင်မှာပဲ .. ဒါပေမဲ့ သွေးက ဘာလို့ ပျက်စီးမသွားပဲနဲ့ ဆက်တိုက်ပြောင်းလဲနေတာလဲ..

ရွှေရောင်သွေးတွင် ဝိညာဉ်စွမ်းအားတစ်မျိုးပါရှိနေသည်။ သူ့ကိုဖိနှိပ်လေလေ ပြောင်းလဲမှုများမှာ ပို၍သိသာလေလေပင်။

နောက်ဆုံးတွင် ခေါင်းသုံးလုံးဘုရင်သည် အားကုန်သုံးလိုက်ကာ လေဟာနယ်ကို ဖိနှိပ်လိုက်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးမီးဖိုကို ပြုလုပ်လိုက်လေ၏။ ထို့နောက် ထိုမီးဖိုတွင် ထိုရွှေရောင်သွေးကို ပြုပြင်နေလေသည်။

ကျောင်းသားများမပြောနှင့် ကျောင်းမှ အကြီးအကဲများပင် စိတ်ထဲ၌ တုန်လှုပ်သွားရသည်။ ခေါင်းသုံးလုံးဘုရင်က ဘယ်လိုကျွမ်းကျင်သူမျိုးလဲ .. သူ့ခန္ဓာကိုယ်အစစ် ဖြတ်မလာနိုင်တာတောင်မှ မယုံကြည်နိုင်လောက်အောင် အင်အားကြီးနေတုန်းပဲ..

ယခုအချိန်တွင် သူသည် အားကုန်သုံးနေသော်လည်း ထိုရွှေရောင် အရည်ကို မဖျက်ဆီးပစ်နိုင်သေး။

အချို့သွေးများမှာ အရောင်မှိန်သွားသည်။ ပထမဆုံး အငွေ့ပျံသွားပြီးနောက် ရွှေရောင်ပစ္စည်းလေး ဖြစ်သွားသည်။ ထို့နောက် ပြာမှုန့်များဖြစ်သွားလေသည်။ သို့သော်လည်း ရွှေရောင်သွေးအချို့သည် အပြင်ထွက်သွားခြင်းမရှိပဲ ရုန်းကန်လှုပ်ရှားနေဆဲပင်။

ဤသည်မှာ ထူးဆန်းလွန်းလှသည်။ ဤသည်မှာ မည်ကဲ့သို့သော သွေးမျိုးဖြစ်သနည်း.. သူက ဘယ်လိုလုပ် ဤကဲ့သို့ လုပ်နိုင်သနည်း..

“အမ်..” ရုတ်တရက်ပင် လူပေါင်းများစွာ ထိတ်လန့်သွားရ၏။ ကျောင်းမှာ အကြီးအကဲ၏အမူအရာများပင် ပြောင်းလဲသွားရသည်။

ထိုသွေးတန်းသည် ရွှေရောင်မဟုတ်တော့ပဲ မှင်ကဲ့သို့ မည်းနက်လာသည်။ ပြောင်းလဲမှုမှာ ကြီးမားလှသည်ပင်။

ဘာဖြစ်နေတာလဲ ..

အစပိုင်းတွင် ထိုရွှေရောင်အရည်သည် တောက်ပနေကာ မြင့်မြတ်သည့်အော်ရာတစ်မျိုးလည်း ရှိနေသည်။ ဤသွေးကို မြင့်မြတ်သန့်စင်သည့်သွေးဟု ပြောလျှင်လည်း မမှားပေ။

သို့သော်လည်း ယခုအချိန်တွင်တော့ ကြောက်စရာကောင်းလောက်အောင် မည်းနက်နေပြီး နတ်စွမ်းရည်များလည်း မရှိတော့။ ဤသည်မှာ နတ်ဆိုးသွေးနှင့်ပင် တူနေသည်။

ဘာလို့ ဒီလို ပြောင်းလဲမှုမျိုး ဖြစ်လာတာလဲ..

“ခင်ဗျားတို့အားလုံး မြင်ပြီလား .. ခင်ဗျားတို့ရဲ့ ကာကွယ်သူလို့ပြောတဲ့သူတွေမှာ အသန့်စင်ဆုံးသွေး၊ ပြိုင်ဘက်ကင်းတဲ့ ခန္ဓာကိုယ်ရှိတယ် ဒါပေမဲ့ သူတို့ရဲ့ တကယ့်ပုံစံက ဘာလဲ .. သူတို့ကို ဆက်တိုက်ဖိနှိပ်လိုက်ရင် နောက်ဆုံးမှာ ကြောက်စရာကောင်းတဲ့ အမှန်တရားပြန်ပေါ်လာမှာပဲ .. သွေးက အဲဒီလောက် အံ့ဩဖို့ မကောင်းတော့ဘူး .. ရွှေရောင်ဆိုတာက အပေါ်ယံပဲရှိတာ .. သူ့ရဲ့တကယ့်သဘာဝက ထိတ်လန့်ဖို့ကောင်းတယ် .. ဒီသွေးမှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ချို့ရှိနေတယ်..” ခေါင်းသုံးလုံးဘုရင် နက်နဲစွာပင် ပြောလိုက်သည်။

“ခင်ဗျား တစ်ခုခုလုပ်လိုက်တာပဲ..” စတုတ္ထအကြီးအကဲမှ ပြောလိုက်၏။ သူပြောနေသည်များကို အကြီးအကဲ မယုံကြည်ပေ။

“ကျုပ် အခုအချိန်မှာ လေဟာနယ်ပုံရိပ်လေးထက် မပိုဘူး .. ကျုပ် သန့်စင်တဲ့ အားတစ်မျိုးတည်းပဲ သုံးထားတာ .. ကျုပ်က ဘာနည်းလမ်းတွေသုံးနိုင်မှာလဲ .. ကျုပ်က သွေးကိုပဲ ဖိနှိပ်လိုက်ပေမဲ့ အမှန်တရားက ပေါ်လာပြီ” ခေါင်းသုံးလုံးဘုရင် ပြောလိုက်သည်။

“ခင်ဗျား ဘာပြောချင်တာလဲ..” အကြီးအကဲ ဒေါသတကြီး ပြောလိုက်သည်။

“ကျုပ်ပြောချင်တာက ခင်ဗျားတို့အားလုံး ဒီလောကမှာ မွေးဖွားခဲ့ကြပေမယ့် ခင်ဗျားတို့ နားလည်ထားတဲ့အရာတွေက ကျုပ်တို့လောက်တောင် မရှိဘူး .. ခင်ဗျားတို့ရဲ့ ကာကွယ်သူမှာတောင် လျှို့ဝှက်ချက်တွေရှိနေတယ် .. ထူးဆန်းတဲ့ကိစ္စတွေအများကြီးကို ဖုံးကွယ်ထားသေးတယ် .. အဲဒီတော့ ဒီလောကကြီးက ဘယ်လောက် အန္တရာယ်များပြီး ရှုပ်ထွေးတယ်ဆိုတာ ခင်ဗျားတို့ မြင်နိုင်မှာပါ” ခေါင်းသုံးလုံးဘုရင် ပြောလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ .. သွေးအရောင်က ဘာကို ကိုယ်စားပြုလို့လဲ..” အကြီးအကဲများမှာ တည်ငြိမ်နေဆဲပင်။

“ဘယ်လိုလုပ် အဓိပ္ပာယ်မရှိပဲ နေမှာလဲ .. ရွှေရောင်သွေးတွေ စီးဆင်းနေတဲ့အချိန်မှာ အရမ်းကိုကျက်သရေရှိပြီးတော့ စွမ်းအားကြီးလိမ့်မယ် .. ဒါပေမဲ့ သွေးက အနက်ရောင်ဖြစ်သွားတာနဲ့ ပြင်းထန်မှုပုံစံတစ်မျိုးပဲ ရှိပြီးတော့ သတ်ဖြတ်ရတာကို စွဲလန်းနေလိမ့်မယ် .. အဲဒီတော့ ဒါက လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ပြောလို့ရတယ် .. သွေးပုံစံနှစ်မျိုးရှိနေတဲ့ သတ္တဝါက ပုံမှန်ပဲလို့ ခင်ဗျားတို့ထင်လား .. သူတို့တွေက မျက်နှာပန်းလှရုံပဲရှိတာ .. အဲဒီကာကွယ်သူလို့ ခေါ်တဲ့သူတွေရဲ့ မူလဇစ်မြစ်က အရမ်းကြီးကျယ်ခမ်းနားတယ် .. ခင်ဗျားတို့ထင်ထားတာထက်ကို ပိုတယ်..”

“အဓိပ္ပာယ်မရှိတာ..” ကောင်းကင်နတ်ဘုရားကျောင်းမှလူများ ငြင်းဆိုလိုက်သည်။

“ဒါက အမှန်တရားပဲ .. ကာကွယ်သူလို့ခေါ်တဲ့သူတွေရဲ့သွေးက အစကတည်းက အနက်ရောင်ပဲ .. သူတို့ရဲ့ ပုံစံအမှန်ကို ဖုံးကွယ်ထားတာ .. ဒါက ခင်ဗျားတို့လောကကြီးလိုပဲ .. ခင်ဗျားတို့လောကကြီးက ခင်ဗျားတို့မြင်ရတာထက် ပိုရှုပ်ထွေးတယ် .. ခင်ဗျားတို့အားလုံးကို လမ်းပြနေတဲ့ လက်ကြီးတစ်ဖက်ရှိတယ် .. အဲဒီကာကွယ်သူလို့ခေါ်တဲ့သူတွေက ခင်ဗျားတို့အတွက် အန္တရာယ်အများဆုံးလူတွေလည်း ဖြစ်နေနိုင်တယ် ..” ခေါင်းသုံးလုံးဘုရင်မှ ပြောလိုက်သည်။

လူအုပ်ထဲတွင်ရှိနေသည့် ရှီဟောင်မှာ တည်ငြိမ်နိုင်ရန် ခက်ခဲနေသည်။ အခြားလောကမှလူများသည် ဤလောကကြီးအား အနိုင်ယူပြီးသည့်နောက်တွင် အကြာကြီးမနေပဲ ချက်ချင်းပြန်ဆုတ်သွားခဲ့ကြသည်ကို သူနားလည်ထားသည်။

ဤသည်မှာ ထူးဆန်းလှသည်ပင်။

ဒါမှမဟုတ် ဒါက ခေါင်းသုံးလုံးဘုရင်ပြောနေတဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေတာလား .. လျှို့ဝှက်ချက်တွေ တကယ်ရှိနေတာလား..

“ခင်ဗျား ကျုပ်တို့ကြားထဲ သွေးထိုးချင်နေတာကို ရပ်လိုက်တော့..” အကြီးအကဲတစ်ယောက် ဒေါသတကြီး ပြောလိုက်သည်။

“ဟက် .. ခင်ဗျားတို့မယုံရင်လည်း ခင်ဗျားတို့ သဘောပဲ .. ခင်ဗျားတို့ အနှေးနဲ့အမြန် နားလည်လာလိမ့်မယ် .. ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် သက်သေသွားရှာလို့ရတယ် .. ကျုပ်တို့အရင်တုန်းက မူလရှေးဟောင်းမိုင်းတွင်းက မြေကြီးကို တူးတဲ့အချိန်တုန်းက သွေးမည်းတွေ ထွက်လာဖူးတယ်..” ခေါင်းသုံးလုံးဘုရင် မနှေးလွန်းမမြန်လွန်းသည့်လေသံဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့ လောကကြီးက အရမ်းကို ရှုပ်ထွေးလွန်းတယ် .. ကျုပ်တို့ မကြောက်ပါဘူး .. ဒါပေမဲ့ ခင်ဗျားတို့အားလုံးက .. ဟား ဟား ..” ခေါင်းသုံးလုံးဘုရင် အေးစက်စွာ ရယ်မောလိုက်သည်။

“ခင်ဗျား ပြောစရာရှိတာ ပြောလိုက်..” တတိယအကြီးအကဲ ပြောလိုက်သည်။

“ကျုပ်တို့ ရောက်လာမယ့်နေ့ကို စောင့်နေလိုက်ပါ .. အဲဒီနေ့ ရောက်ဖို့လည်း သိပ်မလိုတော့ပါဘူး .. အခုတစ်ခေါက်တော့ ကျုပ်တို့ အတားအဆီးတွေအားလုံးကို ရှင်းပစ်မယ် .. ဘာရှေးဟောင်းမိုင်းတွင်း၊ ဘာထာဝရချောက်နက်လဲ … အားလုံးကို ပိပြားသွားအောင် လုပ်ပစ်မယ် .. သူတို့နောက်ကလူတွေကိုလည်း ဖြိုပစ်မယ်..” ခေါင်းသုံးလုံးဘုရင်သည် ထိုသို့ပြောပြီးသည်နှင့် ဆက်မပြောတော့ပဲ ရပ်တန့်လိုက်လေသည်။

“လိမ်စဉ်တွေ .. မင်းတို့တမင်သက်သက် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်..” သူပြောနေသည်မှာ အဓိပ္ပာယ်မရှိကြောင်း ဒုတိယအကြီးအကဲမှ ကြေငြာလိုက်သည်။

သူပြောသည်မှာ အမှန်ဖြစ်စေ အမှားဖြစ်စေ သူတို့ ခေါင်းသုံးလုံးဘုရင်ပြောသည့်စကားများကို ငြင်းရမည်ပင်။ မဟုတ်ပါက အကျိုးသက်ရောက်မှုများ ကြီးမားသွားလိမ့်မည်။ ဤသည်မှာ ကျောင်းမှ တပည့်များ၏ ယုံကြည်ချက်များကို ပျက်ပြယ်သွားစေလိမ့်မည်။

ယခုအချိန်တွင် အကြီးအကဲများ အနည်းငယ် နောင်တရနေမိသည်။ သူတို့သည် ခေါင်းသုံးလုံးဘုရင်နှင့် ယခုကဲ့သို့ အားလုံးရှေ့တွင် မပြောပဲ သီးသန့်ပြောသင့်သည်။

“မသေမျိုးလို့ခေါ်နေတဲ့ သူတွေမှာလည်း အချိန်ကန့်သတ်ချက်ရှိတယ် .. မင်းတို့ရဲ့ဘိုးဘေးတွေနဲ့ တစ်ခြားသူတွေက အဆုံးသတ်မှာ ကျရှုံးသွားမှာပဲ .. မင်းတို့တွေ ငါတို့လောကမှာ နောက်တစ်ခေါက် ထပ်ပေါ်လာရင် မင်းတို့ အသက်ရှင်ဖို့ ခက်ခဲသွားလိမ့်မယ်..” အကြီးအကဲအသစ်မှ ပြောလိုက်သည်။

ခေါင်းသုံးလုံးဘုရင်သည် ဤစကားများအား ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။
” တကယ်ကို ကလေးဆန်တာပဲ .. သူတို့ကို ဘာလို့ မသေမျိုးလို့ခေါ်တာလဲသိလား .. ဘာလို့လဲဆိုတာ့ သူတို့တွေက မပျက်စီးနိုင်လို့ပဲ .. သူတို့တွေက ထာဝရသက်ရှိတွေကိုတောင် သတ်နိုင်တယ် .. ထာဝရရှေးဟောင်းခေတ်က ရန်သူတွေအားလုံးကို အနိုင်ယူခဲ့တာ .. ခင်ဗျားတို့ရဲ့ စကားလောက်လေးနဲ့ သူတို့ရဲ့ တာအိုအုတ်မြစ်ကို ယိမ်းယိုင်စေနိုင်လိမ့်မယ်လို့ ထင်နေတာလား..”

“စစ်ပွဲက မကြာခင်ရောက်လာတော့မှာ .. မသေချင်တဲ့သူတွေ ကျုပ်တို့လောကရဲ့ အရှင်တွေကို ဦးညွှတ်ဖို့ ရွေးချယ်လို့ရတယ် .. နောက်ကျရင် ဒီလောကမှာ ကျုပ်တို့ရဲ့ နတ်ပုံရိပ်ယောင်တွေ ပေါ်လာလိမ့်မယ် .. အဲဒီတော့ ခင်ဗျားတို့ ဘုရားကျောင်းတွေ ဆောက်ပြီးတော့ အဲဒီပုံရိပ်တွေကို ကိုးကွယ်လို့ရတယ်..” ခေါင်းသုံးလုံးဘုရင် အားလုံးထံသို့ အသံပို့လွှတ်လိုက်သည်။

ဝုန်း..

အကြီးအကဲများသည် သူ့အား ဆက်မပြောစေတော့ပဲ နယ်မြေ ၁၀ ခုသင်္ကေတကို အသက်သွင်းကာ ယဇ်ပုလ္လင်ကို ဖိနှိပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဖီးနှစ်ကိုးကောင်မီးဖိုကိုလည်း အသက်သွင်းလိုက်သည်။ မီးတောက်များမှာ စိန်ကဲ့သို့ နီရဲလာလေ၏။

“ဝိုး .. ကျုပ်ကို ဒီလိုမျိုးလိုက်ပို့တာလား .. ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး .. ကျုပ်တို့ မကြာခင်ပြန်ဆုံတွေ့ရမှာလို့ ကျုပ်ယုံကြည်တယ် .. အဲဒီအချိန်ကျရင်တော့ နယ်မြေတွေ မခြားတော့ဘူးပေါ့..”

ခေါင်းသုံးလုံးဘုရင်မှာ ဒေါသထွက်မသွားပေ။ သူ၏ပုံရိပ်မှာ တစ်ဖြည်းဖြည်း အရောင်မှိန်သွားသည်။ ရလဒ်အနေဖြင့် ထိုယဇ်ပုလ္လင်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေ၏။

တစ်ချိန်တည်းမှာပင် အားလုံး၏အကြည့်များမှာ အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့်သူထံသို့ ကျရောက်သွားသည်။ ထိုသူသည် ထွက်မသွားပဲ ထိုနေရာတွင်သာ ရှိနေသည်။

စတုတ္ထနှင့် ပဉ္ဏမအကြီးအကဲကိုယ်တိုင် ထိုလူထံသို့ လျှောက်သွားလိုက်ကာ သူ ထွက်မသွားနိုင်အောင် တားဆီးလိုက်သည်။

“ဒါက ကျုပ်ရဲ့ လက်ဆောင်ပါ .. ပြိုင်ဘက်ကင်းတဲ့သွေး၊ စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်၊ တာအိုကာကွယ်သူလို့ခေါ်တဲ့သူရဲ့ လျှို့ဝှက်ချက်ကြီးတွေ .. သူ့ရဲ့မျိုးဆက်ကနေပြီးတော့ ခင်ဗျားတို့ အမှန်တရားကို နားလည်ဖို့မျှော်လင့်တယ် .. အနက်ရောင်သွေးက ဘာကို ကိုယ်စားပြုတာလဲဆိုတာ ဖော်ထုတ်လိုက်ပါ..” ခေါင်းသုံးလုံးဘုရင်၏ နောက်ဆုံးစကားများ ထွက်လာပြီးနောက် သူ လုံးဝပျောက်ကွယ်သွားလေသည်။

“ငါတို့ ဂရုစိုက်ရမယ် .. တစ်ခြားလောကကလူတွေက ရက်စက်တယ် .. သူ ငါတို့ကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကူညီတာ မဖြစ်နိုင်ဘူး..” တတိယအကြီးအကဲ သတိပေးလိုက်သည်။

အားလုံး တည်ငြိမ်သွားသည့်အချိန်တွင် လူအားလုံး၏ အကြည့်မှာ ထိုရှည်လျားသွယ်လျသည့် ပုံရိပ်လေးထံသို့ ရောက်လာသည်။ ခေါင်းသုံးလုံးဘုရင် ဤလူကို ချန်ရစ်ထားခဲ့ခြင်းဖြစ်သောကြောင့် သူ့ထံတွင် လျှို့ဝှက်ချက်များ ရှိနေမည်ပင်။

“ဒီလူကို ကျောင်းဆီ ဖမ်းခဲ့လိုက်” ဒုတိယအကြီးအကဲမှ အမိန့်ပေးလိုက်သည်။ ဤသည်မှာ သူတို့၏ ကာကွယ်သူမျိုးဆက်ဖြစ်လျှင်ပင် သူတို့ ယဉ်ယဉ်ကျေးကျေး မဆက်ဆံနိုင်သေး။

အပိုင်း ၁၃၈၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၅ – ကာကွယ်သူ သွေးမျိုးဆက်

အကြီးအကဲ ၂ ယောက် ကိုယ်တိုင် လှုပ်ရှားလိုက်သည်။ သူတို့သည် မှော်စွမ်းအင်များသုံးကာ ဤသက်ရှိအား ဖိနှိပ်ထားလိုက်ပြီး အလွန်အဖိုးတန်သည့် နတ်ချိန်းကြိုးများဖြင့် သူ့တစ်ကိုယ်လုံးကို ရစ်ပတ်လိုက်လေသည်။

ဤသည်မှာ အခြားလောကမှ သက်ရှိဖြစ်သောကြောင့် မည်သူမှ လက်လွတ်စပယ် မလုပ်ရဲကြ။ ဤသည်မှာ ကာကွယ်သူ မျိုးဆက်၊ လူငယ်လေးတစ်ယောက်ဖြစ်သည်ဟု ခေါင်းသုံးလုံးဘုရင်ပြောခဲ့သော်လည်း တကယ်တမ်း မည်သူဖြစ်နေမည်ကို ဘုရားသာ သိလိမ့်မည်။

“ဒီလူကို ကျောင်းပြန်ခေါ်လာခဲ့..” ဒုတိယအကြီးအကဲ အမိန့်ပေးလိုက်သည်။ ထို့နောက် လူအချို့ ဤလူများ ပြန်ခေါ်လာခဲ့သည်။

ဤအဖြစ်အပျက်ကို အားလုံး တုန်လှုပ်သွားကြသည်။

သတင်းများမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားလေ၏။ ကောင်းကင်နတ်ဘုရားကျောင်းမှာ အတော်လေး ဆူညံပွက်လောရိုက်နေလေပြီ။

ခေါင်းသုံးလုံးဘုရင် ပေါ်လာခြင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ယခုအချိန်တွင် သီးသန့်ကျင့်ကြံသည့်သူအချို့ပင် ထွက်လာလေပြီ။ ထူးဆန်းသည့်သက်ရှိတစ်ယောက်ကို ဖမ်းမိထားကြောင်း သိလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ဆွံ့အသွားရသည်။

နှစ်ပေါင်းများစွာကြာပြီးသွားပြီဖြစ်သော်လည်း အခြားလောကမှ သက်ရှိများကို သူတို့ ဘယ်နှစ်ယောက်များ မြင်ဖူးခဲ့သနည်း..

ကောင်းကင်နတ်ဘုရားကျောင်းမှာ အုတ်အော်သောင်းတင်းဖြစ်နေပြီး အားလုံးသည် ခံ့ညားလှသည့် တောင်ကြီးတစ်လုံးထံသို့ ဦးတည်သွားနေကြသည်။ ထိုတောင်ထိပ်တွင် ကြီးကျယ်ခမ်းနားလှသည့် ကြေးအဆောက်အဦးကြီးတစ်လုံး ရှိနေသည်ပင်။

အားလုံးသည် တောင်ထပ်သို့တက်ကာ အကြီးအကဲများ ထိုသက်ရှိအား စစ်မေးနေသည်ကို ဝင်ပါချင်လှသည်။

သို့သော်လည်း သူတို့အားလုံး တက်သွား၍ မရနိုင်ပေ။ ထို့ကြောင့် ကျောင်းသားများမှာ တောင်ခြေတွင် မရပ်မနားလျှောက်သွားနေကြလေ၏။

သတင်းများမှာ ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ ထာဝရရှေးဟောင်းခေတ်မှာ ကာကွယ်သူမျိုးဆက်၏သွေးမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ ဤသည်မှာ ကောင်းခြင်းနှင့်ဆိုးခြင်း နှစ်ခုလုံး ဒွန်တွဲနေသည် မဟုတ်လား။ ဤသည်မှာ ယခင်က မသိခဲ့ရသည့်အချက်အလက်ပင်။

ခေါင်းသုံးလုံးဘုရင်၏ စကားများမှာ သူတို့စိတ်ထဲ အတော်လေး စွဲထင်ကျန်ရစ်ခဲ့သည်မှာ သေချာသည်။

ရှီဟောင်သည် ကံကောင်းကာ ထိုတောင်ပေါ်သို့ တက်ခွင့်ရခဲ့သည်။ လေထဲ၌ ခရမ်းရောင်စွမ်းအင်များ ရှိနေပြီး ဤနေရာတစ်ခုလုံးကို ဆေးပင်များ ဖုံးအုပ်ထားလေသည်။ ဝိညာဉ်လှိုဏ်ဂူများမှ ဆောက်လုပ်ထားသည့် နေအိမ်များလည်း ရှိနေသည်။

တောင်ထိပ်ပေါ်တွင်ရှိနေသည့် ကြေးအဆောက်အဦးများမှာ အချိန်၏ တိုက်စားမှုကြောင့် သံကြေးတက်နေလေပြီ။

ရှီဟောင် အပြင် သူ၏အစေခံဖြစ်သည့် မိုတောင်လည်း ရှိနေသည်။

ရှီဟောင် ဤနေရာသို့ တက်လာနိုင်ခြင်းမှာ မိုတောင်ကြောင့်ပင်။ မိုတောင်သည် အခြားတစ်ဖက်မှ လူဖြစ်သောကြောင့် သူ ဤသုံ့ပန်းကို လာရောက်အတည်ပြုပေးနိုင်ရန် အကြီးအကဲများ မျှော်လင့်ထားကြသည်။

နန်းတော်ထဲတွင် နေရာတိုင်း၌ ထာဝရစွမ်းအင်များရှိနေသည်။ ထိုစွမ်းအင်များမှာ ပါးလွှာသော်လည်း ဤနေရာမှာ မည်မျှထူးခြားကြောင်း ပြသနေသည့်အရာများပင်။

ထိုနေရာတွင် ဆုတောင်းဖျာ ၁၀ ခုအထက် ရှိသည်။ ထိုဖျာများထက်တွင် ပုံရိပ်တစ်ခုစီ ထိုင်နေကြပြီး အားလုံးမှာ ဘုရားကျောင်းထဲတွင် ထုဆစ်ထားသည့် ရှေးဟောင်းပုဂ္ဂိုလ်များကဲ့သို့ မှုန်ဝါးနေသည်ပင်။

ဤလူများမှာ ကျောင်းမှ အကြီးအကဲများပင်။ ပုံမှန်ဆိုလျှင် အကြီးအကဲ အများကြီး တစ်ချိန်တည်း ပေါ်လာရန်မှာ မဖြစ်နိုင်ပေ။

မိုတောင်ကို ခေါ်လာခဲ့သည့်အချိန်တုန်းကပင် ဤမျှမများပေ။

အဓိကအကြောင်းရင်းမှာ ယခုတစ်ခေါက် ဖြစ်သွားသည့် အဖြစ်အပျက်များမှာ အရေးပါလွန်းလှသည်။ ကာကွယ်သူတစ်ယောက်၏ မျိုးဆက်တစ်ယောက် ပေါ်လာခဲ့သောကြောင့် သူတို့ မတည်ငြိမ်နိုင်တော့ပေ။ ဘာဖြစ်ခဲ့သည်ကို သူတို့အားလုံး သိချင်ကြသည်။

“မိုတောင် မင်း ဒီလူကို မြင်ဖူးလား..” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် မြူများ လွှမ်းခြုံထားသောကြောင့် သူ့ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူ မည်မျှလေးနက်နေသည်ကို အာရုံခံနိုင်သည်။
“ထာဝရရွှေ ချပ်ဝတ်တန်ဆာကို ဝတ်ထားတယ် .. ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ်ကလန်တွေတောင်မှ ဒီလောက်ထိ သုံးဖြုန်းနိုင်မှာ မဟုတ်ဘူး .. ကျွန်တော် ဒီလူကို တစ်ခါမှ မမြင်ဖူးဘူး” မိုတောင်သည် အတော်လေးပင် ပူးပေါင်းပေးနေလေသည်။

နန်းတော်ထဲမှ ထိုလူ မတ်တပ်ရပ်လိုက်သည်။ သူသည် နတ်ချိန်းကြိုးများဖြင့် တင်းကြပ်စွာ ချည်ခံထားရသော်လည်း အပြစ်ပေးခံထားရခြင်းမရှိသလို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခံရခြင်းလည်း မရှိပေ။

အမှန်တကယ်တွင် အကြီးအကဲများ ဒွိဟဖြစ်နေသောကြောင့်သာ မဟုတ်ပါက ဤလူအား လေးလေးစားစားဆက်ဆံမည်ပင်။ ကောင်းကင်ဘုံးကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် ကာကွယ်သူသွေးမျိုးဆက်မှာ လေးစားခံရရန် ထိုက်တန်သည်ပင်။

“ထာဝရရွှေ ချပ်ဝတ်တန်ဆာကို ဖယ်လိုက်..” ဒုတိယအကြီးအကဲ ပြောလိုက်သည်။ သူသည် ဤနေရာတွင် အတော်လေး အာဏာရှိသည်။

နတ်ချိန်းကြိုးများ ပြေလျော့သွားကာ အနက်ရောင်ချပ်ဝတ်တန်ဆာမှ အနက်ရောင်အလင်းများ ထွက်လာသည်။ ဤချပ်ဝတ်တန်ဆာမှာ ထာဝရတာအိုလက်နက်ဟုပင် သတ်မှတ်၍ရသည်။ ဤသည်မှာ ဤလောကကြီး၏ အဖိုးအတန်ဆုံး ကောင်းကင်ပစ္စည်းပင်။

ခွပ်..

ချပ်ဝတ်တန်ဆာအစိတ်အပိုင်းများ တစ်ခုပြီးတစ်ခု ကွာကျလာသည်။ ထိုသက်ရှိသည် ခုခံခြင်းမရှိပဲ တည်ငြိမ်စွာဖြင့်ပင် နန်းတော်ထဲ မတ်တပ်ရပ်နေသည်။

“တကယ်ကို ရှားပါးပြီး အဖိုးတန်တဲ့ ပစ္စည်းပဲ..”
ရှီဟောင် စိတ်ထဲမှ ချီးကျူးလိုက်သည်။ ထိုချပ်ဝတ်တန်ဆာ တစ်ခုပြီးတစ်ခု ကွာကျလာသည်မှာ လှပလွန်းလှသည်။ ဤသည်မှာ မည်းနက်နေသော်လည်း မျက်နှာပြင်ထက်တွင် အထူးခြားဆုံး သင်္ကေတများ ရှိနေသည်။ ဤသည်မှာ ကျောက်စိမ်းများဖြင့် ထွင်းထုထားသကဲ့သို့ တောက်ပလှသည်။

“အမ်..” ရှီဟောင် ထိတ်လန့်သွားရ၏။ ဒါက မိန်းကလေးလား .. ဤလူမှာ လှပလွန်းလှသည်။ သူ၏ခန္ဓာကိုယ်မှာ ရှည်လျားသွယ်လျပြီး မျက်နှာလည်း သိမ်မွေ့လှသည်။ ရွှေရောင်ဆံပင်များကိုလည်း ဖြန့်ချထားသည်။

ချပ်ဝတ်တန်ဆာများ ဖယ်ရှားပစ်လိုက်သည်နှင့် ဤလူ၏ ပုံပန်းသွင်ပြင်အမှန် ထွက်ပေါ်လာသည်။

“မဟုတ်သေးဘူး .. သူ့မှာ လည်စိရှိတယ်..”
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤမျှထိ လှပသည့် အမျိုးသားမှာ ရှားပါးလှသည်ပင်။ သူ့ကို ကြည့်ပြီး အမျိုးသမီးများပင်လျှင် သူတို့၏ နိမ့်ကျမှုများကြောင့် ရှက်သွားနိုင်သည်။

သူ့ဘဝ၌ တွေ့ကြုံခဲ့သည့်လူများထဲတွင် နျင်ချွမ်းသာ ဤလူကို ယှဉ်နိုင်သည်။ သူတို့နှစ်ဦးလုံးမှာ အတော်လေး ချောမောကြပြီး မိန်းမလှလေးဟု ခေါ်သည့်သူများထက်ပင် ချောမောသည်။

ထိုသက်ရှိ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဒေါသထွက်နေသကဲ့သို့ ရွှေရောင်နတ်မီးတောက်များ ကခုန်နေသည်။ သူသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ ကျွမ်းကျင်သူများကို အကောင်းမမြင်ပေ။

သို့သော်လည်း ခဏကြာပြီးသည့်နောက် သူ ပြန်လည်တည်ငြိမ်သွားကာ သူ၏မီးတောက်လည်း ပျောက်ကွယ်သွားသည်။ သို့သော် သူ၏ရွှေရောင်ဆံနွယ်များလည်း မည်းနက်သွားသည်။

“ဒဏ္ဍာရီထဲက အတိုင်းပဲ .. ရွှေရောင်သွေးတွေ ထွက်လာတဲ့အချိန်ကျရင် ကာကွယ်ဖို့အတွက် နတ်အလင်းထွက်လာပြီးတော့ ခန္ဓာကိုယ်နဲ့ ဆံပင်က ရွှေကနေ လုပ်ထားသလိုမျိုး တောက်ပနေလိမ့်မယ် .. ဒါက မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားတဲ့ ကာကွယ်သူအကြောင်းရေးထားတဲ့စာတွေနဲ့ ကိုက်ညီတယ်..” အကြီးအကဲတစ်ယောက် ပြောလိုက်၏။

“မင်း သူ့ကို မှတ်မိလား..” အကြီးအကဲများ မိုတောင်အား နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“မသိဘူး .. သူ့ကိုတစ်ခါမှ မမြင်ဖူးဘူး” မိုတောင်ဤကဲ့သို့ ပြန်ဖြေလိုက်သည်။

အားလုံး တိတ်ဆိတ်သွားရသည်။ အမှန်တကယ်တွင် ဤကဲ့သို့သော အဖြေမျိုးထွက်လာလိမ့်မည်ဟု အားလုံးထင်ထားပြီးသားပင်။ မိုတောင်သည် နယ်ခြားစပ်အပြင်ဘက်လောကမှလာခြင်းဖြစ်ပြီး မသေမျိုးလောကအစစ်မှ လာခြင်းမဟုတ်ပေ။

“ခင်ဗျား နာမည်ဘယ်သူလဲ..” တတိယအကြီးအကဲ မေးလိုက်သည်။

“တုဂုယွမ်..” မထင်မှတ်ပဲ သူ ပြန်ဖြေလာသည်။

“မင်းက တကယ်ပဲ ကာကွယ်သူမျိုးဆက်လား..” ပထမအကြီးအကဲ ဆက်မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသည်နှင့် တုဂုယွမ်၏ မျက်လုံးများမှာ အမုန်းတရားများဖြင့် လောင်ကျွမ်းလာသကဲ့သို့ပင်။ သူ၏ဆံပင်များလည်း ရွှေရောင်ပြန်ပြောင်းသွားသည်။ သူသည် အေးစက်လှသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များလည်း ထုတ်လွှတ်နေသည်ပင်။

“ကျုပ်ရဲ့ ဘိုးဘေးသုံးယောက်က ဒီလောကက လူတွေ ဒုက္ခပေးတာကို ခံလိုက်ရတယ်ဆိုတာပဲ သိတယ် .. သူတို့ကာကွယ်ပေးခဲ့တဲ့လူတွေက သူတို့ကို သေတဲ့အထိ ဒုက္ခပေးခဲ့တာ..”

အားလုံး၏ အမူအရာများ တောင့်ခဲသွားရသည်။ သူတို့ ဘာပြန်ပြောရမှန်းပင် မသိတော့။

သူပြောသည့်အတိုင်းဆိုလျှင် ကာကွယ်သူ သွေးမျိုးဆက်များမှာ ဤလောကမှ သက်ရှိများ၏ သစ္စာဖောက်မှုကြောင့် သေဆုံးခဲ့ရသည်။

အမှန်တကယ်တွင် တူးဖော်ရရှိခဲ့သည့် အရိုးစာအုပ်များ၊ သက်ရှည်မိသားစုများမှ ကျောက်စိမ်းစာအုပ်အချို့တွင် ကာကွယ်သူ သွေးမျိုးဆက် ကံဆိုးခဲ့ပုံများကို မှတ်တမ်းတင်ထားသည်။ လူအချို့မှာ သူတို့အား ရောင်းစားခဲ့သောကြောင့် သူတို့ ဆိုးဆိုးရွားရွားသေဆုံးခဲ့ရသည်။

“ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ဒါကို ရှောင်လွဲလို့ မရနိုင်ဘူး .. သိက္ခာမရှိတဲ့သူတွေ .. မှန်ကန်မှုမရှိတဲ့သူတွေ ရှိနေမှာပဲ .. ဒီလိုကိစ္စမျိုးတွေကို ခွင့်လွှတ်လို့မရဘူး..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

“ပြီးတော့ တစ်ဖက်လောကက သက်ရှိတွေ ပြောတာအားလုံးကိုလည်း ယုံလို့မရဘူး..” အခြားအကြီးအကဲတစ်ယောက်မှ ထပ်ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ဘိုးဘေးတွေ သေဆုံးခဲ့ရတဲ့ အမုန်းတရားက ကျွန်တော့်ရဲ့ အရိုးထဲထိ စွဲနေပြီ..” တုဂုယွမ်ပြောလိုက်သည်။ သူသည် အတိတ်ကို ပြန်မြင်နေရသကဲ့သို့ သူ၏မျက်လုံးများမှာ လေးနက်နေသည်။

“ရွှေရောင်သွေးထဲမှာ ကျွန်တော့် ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အသိစိတ် အပိုင်းအစလေးတွေရှိတယ် … အတိတ်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် မြင်နိုင်တယ်..” သူ ထပ်ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည်နှင့် အားလုံး အတော်လေး တုန်လှုပ်သွားကာ သူတို့အမူအရာလည်း ပြောင်းလဲသွားရသည်။ ကာကွယ်သူ သွေးမျိုးဆက်မှာ တကယ်ကို အံ့အားသင့်စရာကောင်းလွန်းလှသည်။ သူတို့သည် အမွေများကို သွေးထဲတွင် လက်ဆင့်ကမ်းနိုင်သည်။ ဤသည်မှာ တစ်မူထူးလှသည်ပင်။

ရွှေရောင်သွေးများ ဘာကြောင့် စွမ်းအားကြီးသည်ကို သူတို့နားလည်သွားလေပြီ။ ဒဏ္ဍာရီများမှာ အလကားသက်သက် ဖြစ်လာခြင်းမဟုတ်ပေ။

“မင်းတို့ရဲ့ ဘိုးဘေးတွေက လေးစားထိုက်တယ် .. သူတို့တွေက သေဆုံးပြီးသွားတာတောင်မှ ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်း ဖြစ်နေတုန်းပဲ .. မင်းရဲ့ဘိုးဘေးတွေကို ထိခိုက်ခဲ့တဲ့ သူအားလုံးလည်း ပြန်ပေးဆပ်လိုက်ရပါပြီ .. ဒီကိစ္စကို ဆက်လိုက်နေရင် အကျိုးရှိမှာမဟုတ်ဘူး..” အကြီးအကဲ အကြံပေးလိုက်သည်။

“တစ်ချို့မသေသေးတဲ့သူတွေ ရှိသေးတယ် .. ပြီးတော့ သူတို့ဆီမှာ အသက်ရှင်နေသေးတဲ့ မျိုးဆက်တွေ ရှိသေးတယ် .. ကျွန်တော် အသက်ရှင်လျက် ပြန်လာရတာက လက်စားချေဖို့ပဲ..” တုဂုယွမ်သည် ဘာကိုမှ ဖုံးကွယ်ထားခြင်းမရှိပဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

အားလုံး ခေါင်းကိုက်သွားရသည်။ ဘာပဲဖြစ်ဖြစ် ဤလူငယ်လေး ဘာမှဖြစ်၍ မရ။ အဘယ်ကြောင့်ဆိုသော် သူသည် ကာကွယ်သူ မျိုးဆက် ဖြစ်နိုင်သည်။

သို့သော်လည်း ဤလူငယ်လေးသာ စာရင်းရှင်းချင်သည်ဆိုပါက ဤသည်မှာ သက်ရှည်မိသားစုများ ပါဝင်လိမ့်မည်။ ထိုသို့ဆိုပါက ပြဿနာများသွားလိမ့်မည်။

ထိုကိစ္စများမှာ ရုပ်ဆိုးအကျည်းတန်သည်ဆိုသော်လည်း ထိုကိစ္စများမှာ အချိန်၏တိုက်စားမှုအောက်တွင် မြေမြှုပ်ခံလိုက်ရလေပြီ။ ပြန်တူးဖော်၍ ရမည် မဟုတ်။ ထိုသက်ရှည်မိသားစုများလည်း လက်ခံမည် မဟုတ်။

ထာဝရရှေးဟောင်းခေတ်မှ ကျွမ်းကျင်သူအားလုံး ကျရှုံးသွားသည်ဟု ပြောကြသည်။ ယခုအချိန်တွင် လက်စားချေလည်း ဘာမှထူးခြားမည် မဟုတ်တော့ပေ။

ထိုအချိန်တွင် အကြီးအကဲတစ်ယောက် လမ်းလျှောက်လာကာ တုဂုယွမ်ကို တောင်းပန်လိုက်သည်။ ထို့နောက် နတ်အပ်တစ်ချောင်းထုတ်ကာ သူ၏အရေပြားကို ဖောက်လိုက်ပြီး ရွှေရောင်သွေးစက်အနည်းငယ်ကို ယူလိုက်သည်။

ဤနေရာတွင်ရှိနေသည့် လူများမှာ သတိကြီးကြီးထားနေကြသည်။ သူသည် ကာကွယ်သူ မျိုးဆက်ဟုပြောသော်လည်း သူတို့အတည်ပြုရဦးမည်ပင်။

အရိုးစာအုပ်များတွင် ဤ ထူးခြားသည့်သွေးမျိုးဆက်ကို စစ်ဆေးနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိသည်ပင်။

ထိုအကြီးအကဲသည် အနောက်ဘက်နန်းတော်ထဲသို့ ပြန်ဆုတ်သွားလေ၏။ အခြားသူအနည်းငယ်လည်း ထိုအကြီးအကဲနှင့်အတူ လိုက်သွားကြလေသည်။ သူတို့လည်း ရှေးဟောင်းနည်းလမ်းနှင့် အတူတကွ စစ်ဆေးချင်နေကြသည်။

ခဏကြာပြီးနောက် အဖြေရလာသည်။ အားလုံးမှာ စိတ်လှုပ်ရှားနေသည့်အမူအရာများဖြင့် ပြန်လာကြလေ၏။

“သူက အစစ်ပဲ .. ရှေးဟောင်းနည်းလမ်းပေါင်းများစွာကို သုံးပြီးတော့ စစ်ပြီးသွားပြီ..”

“ထိုင်ပါ..” ထိုအချိန်တွင် အကြီးအကဲအားလုံး၏ မျက်လုံးများ တောက်လောင်လာကာ သူတို့၏အမူအရာများလည်း ပြောင်းလဲသွားသည်။

ဤလူများမှာ ယခင်ခေတ်မှ ကာကွယ်သူများကို အလွန်လေးစားသည်။ ထို့ကြောင့် သူ့အား ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားနေကြလေ၏။ တုဂုယွမ်သည် အခြားလောကမှ လာခြင်းဖြစ်သော်လည်း သူ့အား ကောင်းကောင်းမွန်မွန်ပင် ဆက်ဆံရမည်။

ထို့အပြင် ရွှေရောင်သွေးရှိသည့်သူများမှာ ပြိုင်ဘက်ကင်းသူများဖြစ်သည်ဟု အားလုံးသိကြသည်။ သူတို့ကြီးပြင်းလာသည်နှင့် သူတို့အောင်မြင်မှုများမှာ တိုင်းတာ၍ မရလောက်အောင်ပင်ဖြစ်လိမ့်မည်။

ကျွမ်းကျင်သူများစွာ ပေါ်ထွန်းခဲ့သည့် ယခင်ခေတ်ကပင်လျှင် ဤကာကွယ်သူများမှာ စွမ်းအားအကြီးဆုံး သွေးမျိုးဆက်လေးခုထဲမှ တစ်ခု ဖြစ်ခဲ့သည်အထိပင်။

အကြီးအကဲများသည် ဤလူကို လွှမ်းမိုးကာ သူ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို ပြန်လည်သစ္စာရှိလာရန်အတွက် နည်းလမ်းရှိသည်ဟု ယုံကြည်နေကြသည်။ နောင်အနာဂတ်စစ်ပွဲတွင် ဤလူသည် အရေးကြီးသည့်လူတစ်ယောက် ဖြစ်လာနိုင်သည်။

အဆိုးဆုံးအခြေအနေတွင် သူ၏စိတ်ကို ‘ရှင်းလင်း’ စေနိုင်သည့် မန္တန်အချို့ကို ရွတ်ဆိုနိုင်လိမ့်မည်ဟု သူတို့ယုံကြည်ချက်ရှိသည်။ အခြားလောက၏ လွှမ်းမိုးမှုကို ဆေးကြောပစ်ပြီး သူ၏နှလုံးသားအစစ် ပြန်လည်ရောက်ရှိလာအောင် ပြုလုပ်ပေးမည်။

“တိုက်ပွဲမှာ ခင်ဗျားတို့ဘက်က ဝင်တိုက်စေချင်နေတာလား..” တုဂုယွမ် အေးစက်စွာ မေးလိုက်သည်။ သို့သော်လည်း သူသည် အဖြေပင် ပြန်မစောင့်တော့ပဲ “ခင်ဗျားတို့မှာ အခွင့်အရေးမရှိဘူး .. အဲဒီလောကနဲ့ ယှဉ်ရင် ကွာခြားမှုက ကြီးလွန်းတယ် .. သူတို့ကို ခုခံနိုင်တဲ့ စွမ်းအား မရှိဘူး..”

“မတိုက်ကြည့်ပဲနဲ့ ဘယ်လိုလုပ် သိမှာလဲ .. မင်း ငါတို့ကို အခြေအနေတစ်ချို့ ပြောပြချင်လား..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

“ဒီလောကက သတ္တဝါတွေက အားနည်းလွန်းတယ် .. မသေမျိုးသက်ရှိတွေနဲ့ ယှဉ်နိုင်တဲ့သူ မရှိတာ မပြောနဲ့ ဒီက လူငယ်မျိုးဆက်တွေက အဲဒီက လူငယ်မျိုးဆက်တွေထက် တော်တော်လေး နိမ့်တယ်” တုဂုယွမ် အေးစက်စွာ ပြောလိုက်သည်။

“မင်း ဘာလို့ အဲဒီလိုမျိုး ပြောတာလဲ .. ငါတို့ဆီမှာ အဲဒီလောကက လူတွေထက် အားမနည်းတဲ့ ထူးချွန်တဲ့ ဂျီးနီးယပ်စ်တစ်ချို့ရှိတယ်..”အကြီးအကဲတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တုဂုယွမ် ပိုပြီးပြောလာအောင် တမင်သက်သက်ဆွလိုက်ခြင်းပင်။

“အထင်ကြီးစရာကောင်းတဲ့ ဂျီးနီးယပ်စ်ဟုတ်လား .. ကျွန်တော်နဲ့ နည်းနည်းလောက် တိုက်ခိုက်နိုင်တဲ့ သူရှိလို့လား .. တိုက်နိုင်တဲ့သူ အများကြီးရှိလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး .. ဒီဂျီးနီးယပ်စ်တွေက ဘာလုပ်နိုင်မှာလဲ .. သူတို့တွေက ရှေးဟောင်းဧကရာဇ်ကလန်က လူငယ်လေးတွေနဲ့ လုံးဝကို မယှဉ်နိုင်ဘူး..”

အပိုင်း ၁၃၈၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၆ – ဖျက်ဆီးခြင်း

“ဘယ်လိုတွေဖြစ်နေပြီလို့ မင်းတို့ထင်လဲ .. တောင်ပေါ်ကနေ ဘာသတင်းမှ မကြားရတာတောင်ကြာပြီ .. အဲဒီလူက တကယ်ပဲ ကာကွယ်သူ မျိုးဆက်လား..”

တောင်အောက်တွင် ရလဒ်ကို စောင့်နေသည့် ကျောင်းသားများစွာ ရှိနေသည်။ သူတို့၏ အဆင့်အတန်းမှာ အကြီးအကဲများနှင့် ဆွေးနွေးရလောက်အောင် မမြင့်သောကြောင့် စောင့်နေရခြင်းပင်။

“ဒါက တစ်ဖက်လောကလူတွေ လျှို့ဝှက်ကြံစည်တာ သေချာတယ် .. မဟုတ်ရင် သူတို့က ဘာလို့ ဒီလိုလူမျိုးကို ပြန်လွှတ်လာမှာလဲ..”

ဤသည်မှာ အားလုံးစဉ်းစားမိသည့်အရာပင်။ တစ်ဖက်လောကမှ ကျင့်ကြံသူများမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများကို ကူညီစရာအကြောင်းမရှိ။ ထို့ကြောင့် သူတို့လုပ်ရပ်တိုင်း၏နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခု ရှိနေမည်ပင်။

တောင်ထိပ်ပေါ်တွင်ရှိနေသည့် နန်းတော်ကြီးထဲမှလေထုမှာ အတော်လေး လေးလံနေသည်။ အကြီးအကဲများ၏ စည်းရုံးသိမ်းသွင်းခြင်းများမှာ အကြိမ်ပေါင်းများစွာ ကျရှုံးနေပြီး တုဂုယွမ်သည် သူ၏ဘိုးဘေးအတွက် လက်စားချေရန်သာ ပြောနေသည်။

“နှစ်တွေ ဒီလောက်ကြာသွားတော့ အဲဒီတုန်းကလူတွေ မပြောနဲ့ သူတို့မိသားစုတောင်မှာ တစ်ကွဲတစ်ပြားစီဖြစ်နေပြီ .. ဒီကိစ္စကို ထားလိုက်ပါတော့” ဒုတိယအကြီးအကဲ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တုဂုယွမ် ပြောသည့် ကလန်အချို့မှာ လက်ရှိလောကမှ သက်ရှည်မိသားစုများမဟုတ်သည်ကို သူ သိလိုက်ရသည်။

လက်စားချေမည့်ပစ်မှတ် များများစားစားမရှိသောကြောင့် အကြီးအကဲများ သိပ်စိုးရိမ်စရာမလိုတော့ပေ။

“ဒါပေမဲ့ သွေးက ဘာလို့ အနက်ရောင် ပြောင်းသွားတာလဲ..” သူတို့ သံသယဝင်နေဆဲပင်။ အနောက်ဘက်နန်းတော်မှ စမ်းသပ်နေကြသည့် အကြီးအကဲများမှာ ဤသည်မှာ ခေါင်းသုံးလုံးဘုရင်ပြောသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့ ဤအတွက် ဖြေရှင်းချက် မပေးနိုင်ကြ။ တုဂုယွမ်မှာမူ ဘာမှဖြေရှင်းခြင်းမရှိပဲ တိတ်ဆိတ်နေလေသည်။

“သူတို့ တောင်ပေါ်က ဆင်းလာပြီ..” တောင်ခြေမှ ကျွမ်းကျင်သူအားလုံးမှာ ကျွမ်းကျင်သူများပင်။ အချို့သူထံတွင် ကောင်းကင်မျက်လုံးများ ရှိနေသည်။

ရှေးဟောင်းကြေးနန်းတော်ထဲမှ အနက်ရောင်ထာဝရရွှေ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် လူတစ်ယောက် ထွက်လာသည်ကို သူတို့အားလုံး တွေ့လိုက်ရသည်။ သူသည် ခေါင်းဆောင်းမဆောင်းထားပဲ သူ၏ဆံပင်များမှာ လေထဲလွင့်နေသည်။ မနက်ခင်း နေရောင်ခြည်အောက်တွင် သူ့တစ်ကိုယ်လုံးမှ နတ်အလင်းလွှာတစ်လွှာ ဖုံးလွှမ်းထားသကဲ့သို့ပင်။

“ဟမ် .. လှလိုက်တာ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။

တုဂုယွမ်မှာ လှပလွန်းလှပြီး သာမန်လှပသည့်လူများထက် အများကြီးချောမောနေသည်။

ဤသည်မှာ အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်သည်ပင်။ တစ်ချိန်တည်းမှာပင် အားလုံးထိတ်လန့်သွားရ၏။ သူကဘာလို့ တောင်ပေါ်ကနေ ဒီတိုင်းဆင်းလာတာလဲ .. သူ့ကို တားမယ့်သူ မရှိဘူးလား..”

“ခဏ .. သူက ယောက်ျားလေး .. မိန်းကလေး မဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“အား .. သူက တကယ် ယောက်ျားလေး .. သူက ချောလိုက်တာ..” အချို့မိန်းမပျိုများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ဤအလှမှာ သူတို့ကိုပင် သိမ်ငယ်သွားစေပြီး မနာလိုဖြစ်စေသည်။

“သူက ကာကွယ်သူ မျိုးဆက်ဖြစ်ရမယ် .. မဟုတ်ရင် သူက ဘယ်လိုလုပ် ဒီလိုမျိုး လွတ်လွတ်လပ်လပ်သွားလာနိုင်မှာလဲ .. ရွှေရောင်သွေးရှိတဲ့သူတွေအားလုံးက ပြိုင်ဘက်ကင်းတဲ့သူတွေပဲ..” အချို့လူများ သက်ပြင်းချ၍ ပြောလိုက်ကြသည်။

ဤသည်မှာ ဆူညံသည့် ဆွေးနွေးသံများ ဖြစ်ပေါ်လာစေသည်။ လူများစွာသည် တုဂုယွမ်ကို ကြည့်ကာ မျက်လုံးများ တောက်ပလာကြလေ၏။ သူတို့ မတည်ငြိမ်နိုင်ကြတော့။

အချို့သူများမှာ စိတ်တည်ငြိမ်ကြကာ ရှင်းရှင်းလင်းလင်းတွေးခေါ်နေနိုင်ဆဲပင်။ ကျောင်းမှ အကြီးအကဲများ သူ့ကို လွတ်လွတ်လပ်လပ်နေခိုင်းစရာ အကြောင်းမရှိ။ အမှောင်ထဲမှ စောင့်ကြည့်နေသည့် မျက်လုံးများ ရှိနေမည်ပင်။ မဟုတ်ပါက တစ်ခုခုဖြစ်သွားလျှင် မည်သူမှ တာဝန်ယူနိုင်မည်မဟုတ်။

“သူက တကယ် ကာကွယ်သူ မျိုးဆက်လားဆိုတာ ဘုရားပဲသိလိမ့်မယ် .. တစ်ဖက်လောကက လူတွေ စွန့်စားတာလဲ ဖြစ်နိုင်တယ်..” အချို့လူများမှ တီးတိုးပြောလိုက်သည်။

“သူနဲ့ ပညာဖလှယ်ရဲတဲ့သူရှိလား .. ပြိုင်ဘက်ကင်းရွှေရောင်သွေးက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ကြည့်ကြတာပေါ့..”

“ဟုတ်တယ် .. ဒါက အကြံကောင်းပဲ .. အနည်းဆုံးတော့ တစ်ဖက်လောကက သက်ရှိတွေအကြောင်းကို သူကနေ တစ်ဆင့် နည်းနည်းပါးပါးလေ့လာလို့ရတယ် .. သူတို့ ဘယ်လောက် အားကောင်းလဲဆိုတာ သိနိုင်တယ်..”

တောင်ခြေတွင်ရှိနေသည့် အချို့သူများမှာ ဤသည်ကို လက်မခံနိုင်ပဲ တိုက်ခိုက်ချင်နေကြသည်။

သို့သော် ကိစ္စများမှာ သူတို့ထင်ထားသည်ထက် ပိုရှုပ်ထွေးနေသည်ပင်။ တုဂုယွမ်သည် တောင်အောက်ဆင်းလာပြီးနောက် အားလုံးကို အေးစက်စွာ ကြည့်ကာ စိန်ခေါ်လိုက်လေသည်။

“ဒီလူအုပ်လေးက တစ်ဖက်လောကက သတ္တဝါတွေကို တိုက်ခိုက်ချင်သေးတာလား .. တကယ်ကို အယုံသွင်းခံထားရတာပဲ”

သူ၏အသံမှာ သိပ်မကျယ်သော်လည်း အတော်လေး ရှင်းလင်းသည်ပင်။ သူတောင်ခြေတွင်ရှိနေသည့်လူများစွာ သူ့စကားအား ကြားလိုက်ရသည်။

အချို့သူများ၏ အမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။

အချို့လူများမှာ အရှေ့တက်လာကာ သူ့လမ်းကို ပိတ်လိုက်ကြသည်။

တောင်ထိပ်ပေါ်တွင်ရှိနေသည့် နန်းတော်မှာ အလွန်ငြိမ်းချမ်းနေပြီး အကြီးအကဲများ ထွက်မလာကြသလို သူတို့အား တားဆီးခြင်းလည်း မရှိ။ ဤနေရာတွင် ဖြစ်ပျက်နေသည့် ကိစ္စများအား အကြီးအကဲများ လျစ်လျူရှုထားသည်မှာ သေချာသည်။

“ခင်ဗျားတို့အားလုံး မကြားချင်ကြသလို ယုံလည်းမယုံဘူး ဟုတ်တယ်မလား .. ဒါပေမဲ့ ဒါက အမှန်တရားပဲ .. ခင်ဗျားတို့က အားနည်းချည့်နဲ့နေတဲ့လူတစ်စုသာသာပဲ .. ရှေးဟောင်းဧကရာဇ်ကလန်က တပည့်တစ်ယောက်တည်းနဲ့ ခင်ဗျားတို့အားလုံးကို ရှင်းပစ်လို့ရတယ်..” တုဂုယွမ်သည် ပို၍ပင် မယဉ်ကျေးလာသည်။

“အရှက်မရှိ လျှောက်ပြောနေတယ် .. မင်းမှာ ဘယ်လိုစွမ်းရည်မျိုးရှိနေသလဲဆိုတာ ကြည့်ကြတာပေါ့..” အချို့သူများသည် သည်းမခံနိုင်တော့ပဲ အရှေ့သို့ တရှိန်ထိုး ပြေးသွားလိုက်ကြသည်။

“အားနည်းလိုက်တာ .. ခင်ဗျားတို့အားလုံး တစ်ခါတည်းလာလို့ရတယ်..” တုဂုယွမ် ပြောလိုက်သည်။

သူသည် ပြောပြီးသည်နှင့် လက်ကိုမြှောက်ပြီးသားပင်။ သူ၏လှုပ်ရှားမှုမှာ သိပ်မမြန်ပေ။ သူ၏လက်ကို ရှေ့သို့ ဆက်တန်းလိုက်သည်နှင့် မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။

ရွှေရောင်သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏အော်ရာတစ်ခုလုံးလည်း တောင်တစ်လုံးကဲ့သို့ စွမ်းအားကြီးလာသည်။ သူ၏လက်ဝါးသည်လည်း ကောင်းကင်ခုံးကြီးတစ်ခုကဲ့သို့ ကျရောက်လာသည်။

ဝုန်း..

ပြေးထွက်သွားသည့်တစ်ယောက် သွေးအန်သွားသည်။ သူသည် အားကုန်သုံးလိုက်သော်လည်း ပထမရိုက်ချက်မှာပင် လွင့်ထွက်သွားလေ၏။

“သတိထား..”

အနောက်ဘက်တွင်ရှိနေသည့် လူအချို့မှာ အော်ဟစ်လိုက်သည်။ ထို့အပြင် သူ့ကို ကူညီရန်အတွက် လှုပ်ရှားလာကြသည်။ သူဒဏ်ရာပြင်းထန်စွာ မရရှိရန်အတွက် ထိုတိုက်ခိုက်မှုကို ချေပလိုက်ကြသည်။

သို့သော် တုဂုယွမ်မှာ အားကောင်းလွန်းလှသည်။ သူသည် အရှေ့ဘက်သို့ ဖြည်းညှင်းစွာ တိုးလာနေဆဲပင်။ လေပြင်းများတိုက်ခတ်လာပြီး ရွှေရောင်သွေးစွမ်းအင်များလည်း တောင်ကျရေကဲ့သို့ စီးဆင်းလာလေသည်။

အား..

ထိုလူများအားလုံး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ တိုက်ခိုက်လိုက်ကြသည့် ကျွမ်းကျင်သူ အယောက် ၂၀ ခန့်ရှိသော်လည်း သူတို့အားလုံး နာကျင်စွာပင် ညည်းညူနေကြကာ ပါးစပ်မှာလည်း သွေးများအန်ထွက်လာသည်။

ရွှေရောင်သွေးစွမ်းအင်များမှာ သူတို့အသက်ရှူကြပ်လောက်သည်အထိ ထွက်ပေါ်လာသည်။ ဤကြောက်စရာကောင်းသည့်လူငယ်လေးမှာ စွမ်းအားကြီးလှပြီး သေချာပေါက် သူတို့ပြိုင်ဘက်မဟုတ်ပေ။

တုဂုယွမ်သည် လက်တစ်ဖက်မြှောက်လိုက်ရုံဖြင့် လူ ၁၀ ယောက်ကျော် ဒဏ်ရာရအောင် လုပ်လိုက်နိုင်သည်။ ဤနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။

“ကျုပ် ခင်ဗျားတို့ကို အထင်ကြီးမိသွားတာပဲ .. ဒီလိုမျိုး ကျင့်ကြံသူတွေ ဘယ်နှယောက်ပဲရှိရှိ အသုံးမဝင်ဘူး .. အဆင့်လွန်လူငယ်တစ်ယောက်တည်းနဲ့ ခင်ဗျားတို့အားလုံးကို ရှင်းပစ်လို့ရတယ် ..” တုဂုယွမ် မညှာမတာပင် ပြောလိုက်သည်။

“နောက်တစ်ခေါက်..”

အနောက်ဘက်တွင် ရှိနေသည့် လူအုပ်ကြီးမှာ မကျေနပ်ကြပေ။ အချို့လူများသည် သူ့အား ဖမ်းချုပ်ထားရန်အတွက် အစီအရင်တစ်ခုကို ပြုလုပ်လိုက်ကြသည်။

ကံမကောင်းစွာဖြင့် သူတို့သည် ပို၍လျင်မြန်စွာပင် ရှုံးနိမ့်သွားကြသည်။ တုဂုယွမ်၏ လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်ကဲ့သို့ လျင်မြန်လှသည်။ သူ၏ပုံရိပ်ယောင်များသာ ကျန်ခဲ့သည်။

ဖူး..

ဤလူအုပ်ကြီး သွေးအန်သွားကာ ပြင်းထန်သည့်ဒဏ်ရာများရရှိသွားသည်အထိ အရိုက်ခံလိုက်ကြရလေသည်။ သူတို့သည် နာကျင်စွာ အော်ဟစ်ကာ ထိုနေရာတွင်ပင် သတိလစ်သွားကြလေ၏။

“နှမြောစရာပဲ .. အရင်တုန်းက မိသားစုတွေကို မတွေ့တော့ဘူး..” တုဂုယွမ် သူ့ကိုယ်သူ ပြောလိုက်သည်။ သူသည် လက်စားချေရန်အတွက် ရောက်လာခြင်းပင်။ မှတ်တမ်းတင်ထားသည့် ရန်သူဟုခေါ်သည့် သူများ၏မျိုးဆက်များကို ရှာဖွေလိုခြင်းပင်။

“အံ့ဩဖို့ကောင်းလိုက်တာ .. ကာကွယ်သူမျိုးဆက် ဖြစ်ထိုက်ပါပေတယ် .. ရွှေရောင်သွေးက ပြိုင်ဘက်ကင်းပဲ .. ဘယ်သူမှ သူနဲ့မယှဉ်နိုင်ဘူး..”

ဤကဲ့သို့သော တင်းမာနေသည့်အချိန်တွင် အချို့မိန်းမပျိုလေးမှ ဤကဲ့သို့ အော်ဟစ်လိုက်သည်။ ဤသည်မှာ အားလုံးကို ချက်ချင်း ဆွံ့အသွားစေသည်။

“ဘာကာကွယ်သူလဲ .. သူက အဖမ်းခံရပြီးတော့ နှစ်ပေါင်းများစွာ အကျဉ်းချခံထားရတာ .. အရင်တုန်းက ခမ်းနားမှုတွေ မရှိတော့ဘူး .. သူက အဲဒီဘက်ကလူတွေဘက်ကန ရပ်တည်နေတာလားတောင် မပြောတတ်ဘူး”

“ဟုတ်တယ် .. အကျဉ်းသားလေးပဲကို .. ဘာကို ကာကွယ်သူ မျိုးဆက်လုပ်နေတာလဲ..”

အချို့လူများပြန်ပြောလိုက်ကြသည်။ သူတို့၏စကားလုံးများမှာ ပြင်းထန်လှသည်။

တုဂုယွမ်၏ မျက်လုံးများ အေးစက်သွားကာ သူ၏မူလနေရာမှ ပျောက်ကွယ်သွားလေသည်။ ထို့နောက် လူများစွာ၏ခန္ဓာကိုယ် ဟက်တက်ကွဲသွားကာ ထိုနေရာတွင်ပင် သေမလိုဖြစ်သွားကြသည်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ မကျေနပ်သည့်သူများလည်း ထိန်းလိုက်ကြသည်။ မဟုတ်ပါက သူတို့လည်း ဖိနှိပ်ခံရလိမ့်မည်။

“လုထော်နဲ့ ဝမ်ရှီးကို မြန်မြန်ခေါ်လိုက်” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ ဤလူငယ်လေးကြောင့် ဒဏ်ရာရသွားသည့်အချိန်တွင် သူတို့မျက်နှာပျက်ရသည်ဟု ခံစားလိုက်ကြရသည်။

“ဟမ်.. ဟွမ် တောင်ပေါ်က ဆင်းလာပြီ .. သူ ဒီမှာ .. ငါတို့သူ့ကို တိုက်ဖို့ ပြောလို့ရလောက်တယ်..” ရှီဟောင် တောင်အောက်သို့ ဆင်းလာသည်ကို တစ်စုံတစ်ယောက်မှ မြင်လိုက်ရသည်။

“အစ်ကိုရှီ .. ဒီဘယ်ကမှန်း မသိတဲ့သူကို ဖိနှိပ်ပေးဖို့ တောင်းဆိုချင်ပါတယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“လျှောက်ပြောမနေနဲ့ ဒါက ကာကွယ်သူ မျိုးဆက် .. အကြီးအကဲတွေ အတည်ပြုပြီးသွားပြီ..” ရှီဟောင် ပြောလိုက်၏။ သူသည် တိုက်ခိုက်ခြင်းမရှိပဲ စိတ်အေးလက်အေးဖြင့်ပင် တောင်အောက်သို့ ဆင်းလာလေသည်။

သူ ဤကာကွယ်သူ သွေးမျိုးဆက်ကို ကိုယ်ချင်းစာသည်။ သူ ဤလူငယ်လေးကို နည်းနည်းလေးမျှပင် တိုက်ခိုက်ချင်စိတ် မရှိ။ သူ၏အတွေ့အကြုံများမှာ အနည်းငယ် ဝမ်းနည်းစရာကောင်းလှသည်။ ဤသည်မှာ သူ ဝင်ပြောရန် ခက်ခဲလှသည်။

“သူက အရမ်းလွန်လွန်းတယ် .. ကျွန်တော်တို့ ကောင်းကင်နတ်ဘုရားကျောင်းကိုလည်း အထင်သေးတယ် .. သူ့ရဲ့လုပ်ရပ်တွေက ရက်စက်တယ် .. အစ်ကိုရှီ တရားမျှတမှုရဖို့အတွက် သူ့ကို တိုက်ပေးပါ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“ခင်ဗျားက အဲ့ဒီလောက် စွမ်းအားကြီးတာလား … လာခဲ့ တိုက်ကြမယ်..” ထိုအချိန်တွင်် တုဂုယွမ်လည်း တောင်တစ်ဝက်တွင်ရှိနေသည့် ရှီဟောင်ကိုကြည့်ကာ ပြောလာသည်။

ရှီဟောင် သူ့အားကြည့်လိုက်သည်။ သူ တိုက်ခိုက်ရမည်ကို မကြောက်ပေ။ ယခုတွင် သူ့ထံ၌ ပြိုင်ဘက်ကင်းသည့် စွမ်းအားရှိသောကြောင့် မည်သည့်လူငယ်ပြိုင်ဘက်ကိုမှ သူ မကြောက်။

“မိုတောင် သူနဲ့သွားတိုက်လိုက်..” ရှီဟောင် အမိန့်ပေးလိုက်သည်။

မိုတောင် တောင်အောက်ဆင်းသွားလိုက်သည်။ သူ၏ဦးခေါင်းထက်၌ တာအိုပန်းပွင့်သုံးပွင့်ပေါ်လာကာ သူ့အော်ရာတစ်ခုလုံးလည်း ပေါက်ကွဲထွက်လာသည်။ ရွှေရောင်သွေးရှိသည့်သူများ မည်မျှစွမ်းအားကြီးသည်ကို သူလည်း သိချင်နေသည်။

“မင်းအစ်မနဲ့ယှဉ်ရင် မင်းက လိုနေတုန်းပဲ .. သူက ဧကရာဇ်ကလန်တွေကိုတောင် လန့်သွားစေလောက်တဲ့ လူတစ်ယောက်ဖြစ်ပေမယ့် .. မင်းကတော့ ငါ့ပြိုင်ဘက် မဟုတ်ဘူး..” တုဂုယွမ် ပြောလိုက်သည်။

မိုတောင် ချက်ချင်း ဆွံ့အသွားရ၏။ သူ၏အစ်မမှာ အမှန်တကယ်ပင် သူ့ထက်တော်ပြီး မသေမျိုးသက်ရှိများမှ သူမအား သန့်စင်သည့်မြေသို့ခေါ်သွားကာ ရှေးဟောင်းဧကရာဇ်ကလန်မှ လူများနှင့် အတူကျင့်ကြံစေခဲ့သည်ပင်။

“မင်းက ငါ့အစ်မကို မြင်ဖူးတာလား..” မိုတောင် မေးလိုက်၏။ သူ သူ့အစ်မကို မမြင်ရသည်မှာ ကြာလေပြီ။

“တွေ့ဖူးတယ် .. ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ သက်ရှိတွေအားလုံးကို ငါ တွေ့ဖူးတယ်..” တုဂုယွမ် ပြောလိုက်သည်။

ထိုအချိန်တွင် လုထော်၊ ဝမ်ရှီး၊ ရွှမ်ခွန်နှင့် အခြားသူများလည်း ပေါ်လာသည်။ သူတို့သည် သတင်းကြားကြားခြင်း အမြန်ရောက်လာကြခြင်းပင်။

သူတို့သည် တစ်ချိန်လုံး သတင်းကိုစောင့်နေကြခြင်းပင်။ သို့သော်လည်း သူတို့သည် သီးသန့်နေသည့်သူများဖြစ်သောကြောင့် တောင်ခြေ၌ စောင့်မနေခြင်းပင်။

လုထော်၊ ယောင်ယွဲ့၊ သရဖူ ၁၀ ခုဘုရင်နှင့် အခြားသူများမှာ ကောင်းကင်နတ်ဘုရားကျောင်းမှ စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်များပင်။ ယခု တိုက်ခိုက်လိုက်သည့်သူများထက် များစွာ စွမ်းအားကြီးသည်ပင်။ သူတို့ရောက်လာသည်နှင့် သူတို့အော်ရာများလည်း အောက်ခြေမရှိသည့် ပင်လယ်ကြီးကဲသို့ ထွက်ပေါ်လာသည်။

“ကောင်းတယ် .. ခင်ဗျားတို့ကို ကျုပ်ကိုယ်တိုင် လာရှာစရာ မလိုတော့ဘူးပေ့ါ .. ဘယ်သူ ကျုပ်နဲ့ တိုက်ရဲလဲ..” တုဂုယွမ် ပြောလိုက်သည်။ ဤသည်မှာ အားလုံးကို တစ်ယောက်နှင့်တစ်ယောက် ဆွံ့အစွာ ကြည့်စေမိသည်ပင်။ သူ တကယ် ရူးနေတာပဲ .. သူက အဆင့်လွန်လူငယ်တွေအားလုံးကို စိန်ခေါ်လိုက်တာလား..

“အဲဒါဆိုရင် မင်းဆီကနေ စလိုက်တာပေါ့..” တုဂုယွမ် ရွှမ်ခွန်ကို စိုက်ကြည့်လိုက်သည်။

ဝုန်း..

တိုက်ပွဲကြီးတစ်ခုမှာ ရုတ်တရက်ပင် ထွက်ပေါ်လာသည်။ သူတို့သည် စကားများများပြောမနေပဲ တိုက်ခိုက်လိုက်ကြ၏။

တုဂုယွမ် တရှိန်ထိုးပြေးလာပြီး နေမင်းကြီးကိုပင် ဖုံးလွှမ်းသွားသည့် ရွှေရောင်မှော်တံဆိပ်များကို ပြုလုပ်လိုက်သည်။ ထိုတံဆိပ်များသည် တောတောင်နှင့်မြစ်များကိုပင် တုန်ခါစေပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ပြောင်းပြန်လှန်ပစ်၍ ရလောက်သည်။

“ကောင်းတယ် .. တစ်ဖက်လောကက အဆင့်လွန်သက်ရှိတွေ ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ကြည့်ကြတာပေါ့.. ဧကရာဇ်ကလန်တွေက ဘယ်လောက်တောင် စွမ်းအားကြီးလဲ ကြည့်ကြတာပေါ့”

လုထော်နှင့် အခြားသူများသည် ဘာမှမပြောပဲ တိတ်တဆိတ်သာ ကြည့်နေလိုက်ကြသည်။

သို့သော် ခဏကြာပြီးသည့်နောက်တွင် သူတို့အမူအရာများ ပြောင်းလဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲအခြေအနေမှာ ပြောင်းလဲသွားလေပြီ။ ရွှမ်ခွန်သည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး တုဂုယွမ်၏ ပြိုင်ဘက်မဟုတ်ပေ။ သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျလာပြီး ခန္ဓာကိုယ်လည်း ယိမ်းယိုင်နေသည်။

ရွှမ်ခွန် ရှုံးသွားလေပြီ။

တုဂုယွမ်သည် အားလုံးရှေ့တွင် ပြိုင်ဘက်ကင်းသည့် နတ်ခွန်အားကို ပြသလိုက်ခြင်းပင်။ ရွှေရောင်သွေးစွမ်းအင်များ လှည့်ပတ်နေပြီး သူ၏ဆံပင်များပင် ရွှေရောင်ဖြစ်နေသည်။ သူ၏အော်ရာမှာ တောင်များနှင့်မြစ်များကိုပင် ဝါးမြိုသွားသည်။

သူသည် မူလက လှပသည့်ပုံပန်းသွင်ပြင်ရှိသော်လည်း ယခုအချိန်တွင်တ်ော့ သူရဲကောင်းဆန်လှသည်။

ဖူး..

ရွှမ်ခွန် ဆက်တိုက်ပင် သွေးအန်နေသည်။ ပထမဆုံး လက်ဝါးဖြင့် ရိုက်ခံလိုက်ရပြီးနောက် ခြေထောက်ဖြင့် အကန်ခံလိုက်ရလေ၏။

ဤတိုက်ပွဲရလဒ်မှာ အားလုံးကို အံ့အားသင့်သွားစေသည်ပင်။

ဒါက ကာကွယ်သူ သွေးမျိုးဆက်လား .. သူ့မှာ ပြိုင်ဘက်ကင်းတဲ့ ခွန်အားတွေ ရှိနေတာပဲ .. သူ့ရဲ့စွမ်းအားက ကောင်းကင်နတ်ဘုရားကျောင်းတစ်ခုလုံးကိုတောင် ရှင်းပစ်နိုင်မှာလား..

အပိုင်း ၁၃၈၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၇ – ကြီးမြတ်သော သံတမန်

ရွှမ်ခွန်သည် ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ရှုံးနိမ့်သွားလေပြီ။ ဤသည်မှာ အားလုံးကို ဖြူဖျော့သွားစေသည်ပင်။ ဒီလိုမျိုး အဆင့်လွန်လူငယ်လေးတောင်မှ ဒီလိုမျိုးရှုံးသွားတာလား..

ရွှမ်ခွန်သည် မည်ကဲ့သို့သော သူဖြစ်သနည်း .. သူသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသူဖြစ်ပြီး ဤကျောင်းတွင် သူ့အား ယှဉ်နိုင်သည့်သူ ဘယ်နှယောက်များရှိသနည်း..

သူ့ကို အနိုင်ရရန်မှာ ခက်ခဲလွန်းလှသည်ဟု ပြော၍ရသည်။ ထာဝရစွမ်းအင်သုံးကြောင်း ထွက်ပေါ်လာသည်နှင့် ရန်သူအားလုံးကို ဖျက်ဆီးပစ်နိုင်သည်ပင်။

ဤနေရာတွင် အသံတစ်သံမှ ထွက်မလာတော့ပဲ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားသည်။ ဤကဲ့သို့သော ရလဒ်မှာ အားလုံးကို ဆွံ့အသွားစေကာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြလေသည်။

အချိန်အတော်ကြာမှသာ အားလုံး အသိပြန်ဝင်လာပြီး ဆူညံသံများထွက်ပေါ်လာသည်။

“ရွှမ်ခွန် ရှုံးသွားပြီ .. သူက ကာကွယ်သူမျိုးဆက်အတွက် ပြိုင်ဘက်မဟုတ်ဘူး .. ရွှေရောင်သွေးတွေက တကယ်ပဲ ပြိုင်ဘက်ကင်းတာလား..”

“ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့သူက ဒီနေ့ ဖိနှိပ်ခံလိုက်ရပြီးတော့ သူ့ဘဝမှာ ပထမဆုံးအကြိမ် ရှုံးသွားတယ်..”

ဤတိုက်ပွဲမှာ အချိန်မကြာခဲ့သော်လည်း ရလဒ်မှာ အချိန်ကြာသည်အထိ ထိရောက်မှုရှိမည်ပင်။

အားလုံး ကိုယ့်ကိုကိုယ် မေးခွန်းထုတ်လာကြသည်။ တစ်ဖက်လောကက သက်ရှိတွေက တကယ်ကြောက်ဖို့ကောင်းတာလား..

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းဧကရာဇ်ကလန်မှ တပည့်များမှာ အလွန်စွမ်းအားကြီးကြပြီး ဤနေရာတွင်ရှိနေသည့် ဂျီးနီးယပ်စ်အားလုံးကို ရှင်းပစ်နိုင်သည်ဟု တုဂုယွမ် ပြောခဲ့သေးသည်။

ရွှမ်ခွန် ရှုံးနိမ့်သွားခြင်းမှာ ဤသည်ကို သက်သေပြလိုက်သလိုပင်။

ဤသည်မှာ အားလုံး၏ ယုံကြည်ချက်ကို ယိုင်နဲ့သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ခွန်သည် သူတို့ထဲတွင် စွမ်းအားအကြီးဆုံးလူများထဲမှ တစ်ယောက်ပင်။ သူပင် ရှုံးနိမ့်သွားသောကြောင့် သူတို့က ဘယ်လိုသွားတိုက်ရတော့မည်နည်း..

“နောက်တစ်ယောက် .. တိုက်ချင်တဲ့သူ ရှိသေးလား..” တုဂုယွမ်၏ ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းလွှာတစ်လွှာရှိနေပြီး သူ၏ခန္ဓာကိုယ်မှာ တောက်ပနေသည်။

ယခုအချိန်တွင် အခြားသူများမပြောနှင့် လုထော်နှင့် ဝမ်ရှီးတို့ပင်လျှင် လက်လွတ်စပယ် မလုပ်ရဲကြတော့။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမှ မတိုက်ခိုက်ချင်ကြ။ သူတို့သာ ရှုံးနိမ့်သွားပါက သူတို့မျက်နှာ ဘယ်နားသွားထားရတော့မည်နည်း..

“ဘယ်သူမှ မရှိဘူးလား..”

ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။ စွမ်းအားကြီးသည့်သူများပင်လျှင် သူနှင့် မတိုက်ခိုက်ချင်သည်ကို တွေ့လိုက်ရသည်။

ခပ်ဝေးဝေးတွင် တစ်ခုခုဖြစ်နေသကဲ့သို့ ဆူညံနေသည်။

ကျောင်းဂိတ်ပေါက်ဝတွင် တစ်စုံတစ်ယောက် လာလည်သောကြောင့် ဆူညံနေခြင်းပင်။

“အလေးအမြတ်ကျောင်းက သံတမန်ရောက်လာပြီ..”

ခပ်ဝေးဝေးမှ ဤအသံ ထွက်ပေါ်လာသည်။ ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ လူများရောက်လာလိမ့်မည်ဟု ကောလဟာလများကြားထားသော်လည်း ယနေ့ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤနေရာသို့ လူများတစ်ယောက်ပြီးတစ်ယောက် ရောက်လာသောကြောင့် အသံများ ပို၍ ဆူညံလာသည်။

ခဏကြာပြီးသည့်နောက်တွင် အလွန်ရဲရင့်ပုံပေါ်သည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူ၏ဦးခေါင်းထက်တွင် ခရမ်းရောင်ခေါင်းဆောင်းတစ်ခုရှိနေပြီး သူ၏ခန္ဓာကိုယ်တွင် ရေနဂါးဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူ၏ကျောထက်တွင် ကြေးရောင်ကောင်းကင်လှံတံတစ်ခုရှိနေပြီး သူ၏ခရမ်းရောင်ဆံပင်လည်း တောက်ပနေသည်။ သူ၏မျက်လုံးများမှာလည်း နတ်မီးအိမ်များကဲသို့ ထူးခြားလှသည်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် လူငယ်လေးပင်။ သူ့ကို မြင်သည့်သူတိုင်းမှာ သူတည်ရှိမှုကြောင့် ထိတ်လန့်သွားကြရသည်။

သူ့အနားတွင် ရပ်လိုက်သည့်သူများမှာ သမိုင်းမတင်မှီခေတ်မှ သားရဲကြီးနှင့်အတူ ရပ်နေရသကဲ့သို့ ခံစားရမည်ပင်။

“ဟွမ်က ဘယ်သူလဲ .. ရှီဟောင်က ဘယ်သူလဲ..” ထိုလူငယ်လေး မေးလိုက်သည်။

သူသည် ထိုမျှ ရင်းနှီးလွယ်သည့်ပုံ မပေါ်ပေ။ သူသည် အားလုံးကို အေးစက်စွာ ဝေ့ဝဲကြည့်လိုက်လေ၏။

သူက ဘယ်သူလဲ..

အားလုံး သံသယဝင်လာကြသည်။ ဤလူမှာ အတော်လေးပင် ရိုင်းစိုင်းလှသည်။ သူ့ကို ကြည့်ရသည်မှာ ရှီဟောင်နှင့် ရင်းနှီးသောကြောင့် လာလည်သည့်ပုံမဟုတ်။ ပြဿနာလာရှာသည့်ပုံပင်။

“ဟွမ် ဘယ်မှာလဲ..” အခြားလူတစ်ယောက်၏အသံ ထွက်လာသည်။

ထိုအသံကြားသည်နှင့် အားလုံး ငေးကြောင်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ သူတို့ရင်းနှီးနေသည့်အသံဖြစ်ပြီး အရင်က တစ်နေရာရာ၌ ကြားဖူးသလိုပင်။

အားလုံး အသံလာရာကို ကြည့်လိုက်ကြသည်။

“ယွမ်ဟုန်..” အချို့လူများ ဆွံ့အသွားရ၏။ သူက ဘာလို့ ပြန်လာတာလဲ .. သို့သော် ခဏကြာပြီးသည့်နောက်တွင် အားလုံး ခန့်မှန်းနိုင်သည်။

ယွမ်ဟုန်သည် သိပ်မကြာခင်က ကောင်းကင်နတ်ဘုရားကျောင်းသို့ လာခဲ့ပြီး မောက်မာစွာ ပြုမူခဲ့ပြီး ရှီဟောင်ကို ဖိနှိပ်ချင်ခဲ့သည်။ သို့သော်လည်း သူသာ အရိုးများကျိုးသွားသည်အထိ ပြန်ရိုက်ခံလိုက်ရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

သူ ဤမျှ မြန်မြန်ဆန်ဆန်ပြန်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြ။

“ဟွမ် ဘယ်မှာလဲ .. မင်း ထွက်လာခဲ့စမ်း..” ယွမ်ဟုန် အော်ဟစ်လိုက်သည်။

သူသည် ယွမ်ချင်း၏သားဖြစ်ပြီး သူ၏အဆင့်အတန်းမှာ မြင့်မားလှသည်။ သူသည် ယွမ်ဖုန်း၏ သေဆုံးမှုအတွက် ရောက်လာခြင်းဖြစ်သော်လည်း နောက်ဆုံးတွင်တော့ သူသာ အရှက်ခွဲခံလိုက်ရပြီး ကျောင်းအပြင်ဆွဲထုတ်ခံခဲ့ရသည်။ သူထွက်သွားသည့်အချိန်တွင် အလေးအမြတ်ကျောင်းမှ သံတမန်နှင့် တန်းတွေ့သောကြောင့် သူနောက်တစ်ကြိမ် ပြန်ရောက်လာခြင်းပင်။

“ဒါက သွားတွေအားလုံး ကြွေသွားတဲ့ ယွမ်ကလန်က ကျွမ်းကျင်သူမဟုတ်ဘူးလား .. ကျောင်းအကြီးအကဲက ခင်ဗျားကို ကျောင်းပြင် ဆွဲထုတ်ခိုင်းလိုက်တာ မဟုတ်ဘူးလား .. ခင်ဗျား ပြန်လာရဲသေးတယ်ပေါ့..” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်သည်။

ဤသည်မှာ အမှောင်ထဲတွင် ပုန်းနေသည့် ချောင်ယုရှင်း၊ ဖုန်းဝူနှင့် အခြားသူများ ပြောလိုက်ခြင်းပင်။ သူတို့အသံပို့လွှတ်လိုက်ခြင်းဖြစ်သောကြောင့် သူတို့အနီးအနားတွင်ရှိနေသည့်လူများစွာ ကြားလိုက်ရသည်။

ယွမ်ဟုန်၏ မျက်နှာ မသာမယာဖြစ်သွားကာ အနီရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ သူ့အား လှောင်ရယ်နေခြင်းဖြစ်ပြီး တမင်သက်သက် အရှက်ခွဲနေခြင်းပင်။ သို့သော်လည်း သူရှင်းပြရဦးမည်ပင်။ မဟုတ်ပါက ကျောင်းမှ အကြီးအကဲများ ထွက်လာပြီး သူ့ကို မောင်းထုတ်ပါက ပိုဆိုးသွားလိမ့်မည်။

“ကျုပ်က အလေးအမြတ်ကျောင်းက သံတမန်နဲ့ လိုက်လာတာ..” ယွမ်ဟုန် ပြောလိုက်သည်။

“ဟား ဟား .. တကယ်ရယ်ရတာပဲ .. လူအိုကြီးတစ်ယောက်က သွားတွေ ပြန်ကုန်းကောက်ရလောက်အောင် ရိုက်ခံလိုက်ရတာကို သူခေါ်လာတဲ့ တပ်ကူက ကောင်စုတ်လေးတစ်ယောက်တဲ့ .. ရှက်စရာကောင်းလိုက်တာ..”

“ခင်ဗျားအဖေ ယွမ်ချင်းကို ခေါ်လာသင့်တယ် .. ခင်ဗျား အားကိုးဖို့ လူငယ်လေးကို ဖိတ်ခေါ်လာတာလား.. ဟား ဟား ..”

ချောင်ယုရှင်းနှင့် ယုန်ဖြူလေးတို့မှာ သူ့အား လှောင်ပြောင်နေကြလေသည်။

“မင်းတို့အားလုံး ပါးစပ်ပိတ်ထားတာ ပိုကောင်းလိမ့်မယ်..”

အလေးအမြတ်ကျောင်းမှ ခရမ်းရောင်ခေါင်းဆောင်းဝတ်ဆင်ထားသည့် သံတမန်မှ ပြောလိုက်သည်။ နတ်မီးအိမ်နှင့်တူသည့် သူ၏မျက်လုံးနှစ်လုံးမှ လျှပ်စစ်တန်းနှစ်ခု ထုတ်လွှတ်လာကာ အားလုံးကို အလွန်အထက်စီးဆန်စွာ ကြည့်နေလေ၏။

“ဟွမ် ဘယ်မှာလဲ .. ထွက်လာပြီး ငါ့ကိုလာတွေ့..” သူအော်ဟစ်လိုက်သည်။

တောင်တစ်ဝက်တွင် ရောက်နေသည့် ရှီဟောင်သည် အလွန်သက်တောင့်သက်သာဖြင့်ပင် လျှောက်လာလေ၏။ “ဘာတွေဆူညံနေတာလဲ .. ပြောစရာရှိရင် ပြောလိုက်..” တောင်ခြေရောက်သည်နှင့် ရှီဟောင်ပြောလိုက်သည်။

တစ်ဖက်လူ မကောင်းသည့်ရည်ရွယ်ချက်နှင့် ရောက်လာမှန်း သူသိပြီးသားပင်။ သူ့အား ရန်လိုနေသည်ကို သူအာရုံခံ၍ ရသည်။

အားလုံးပြောကြသည့် ယွမ်ချင်း ကျောင်းနှစ်ကျောင်းနှင့် အဆက်အသွယ်ရှိသည်ဆိုသည်မှာ တကယ်ထင်သည်။ ယခုတော့ ထိုအဆက်အသွယ်မှာ အသုံးဝင်လာလေပြီ။ ယခု သူ့ကလေး ယွမ်ဟုန်သည် အလေးအမြတ်ကျောင်းသံတမန်နှင့် အတူတူရောက်လာနေပြီဖြစ်သည်။

“ဟွမ်..” ယွမ်ဟုန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဒီကိုလာပြီး စကားလာပြော” သံတမန်မှ ရှီဟောင်အား ပြောလိုက်သည်။

ဤလေသံမှာ အကြီးအကဲတစ်ယောက်မှ သူ၏မျိုးဆက်အား အမိန့်ပေးနေသကဲ့သို့ပင်။ သူသည် ရှီဟောင်၏လက်ရှိအဆင့်အတန်းအား ဂရုမစိုက်ပေ။

“မင်း ဘယ်သူလဲ .. မင်းပြောစရာရှိရင် ပြောလိုက် .. မင်းင့ါကို မင်းဆီလာခိုင်းစေချင်တယ်ဆိုရင်တော့ မင်းမှာ အဲဒီလောက်ထိ အရည်အချင်း မရှိသေးဘူး .. မင်းင့ါကို တွေ့ချင်ရင် မင်းင့ါဆီလာခဲ့လိုက်” ရှီဟောင် ပြောလိုက်သည်။

“မင်းရဲ့ အောင်မြင်မှုလေးက ငါတို့ကို အထင်သေးလို့ရပြီလို့ ထင်နေတာလား .. မင်းက ဂျီးနီးယပ်စ်လို့ ငါကြားတယ် .. အဲဒီတော့ ငါမင်းကို စာကောင်းကောင်း သင်ပေးမလို့ .. ဒါပေမဲ့ မင်းက ငါ စာသင်ပေးမှာကို ငြင်းလိုက်ပြီးတော့ အခြေအနေတွေ ပိုဆိုးအောင် လုပ်လိုက်တယ် .. အဲဒီတော့ မင်းကို သင်ခန်းစာ နည်းနည်းလောက် ပေးရတာပေါ့..”

ထိုသို့ပြောပြီးသည်နှင့် ထိုလူသည် ရှီဟောင်ထံသို့ တရှိန်ပြေးသည်။

အားလုံး ဆူဆူပူပူဖြစ်သွားကြ၏။ အလေးအမြတ်ကျောင်းမှာ သံတမန်မှာ ရှီဟောင်အား တိုက်ခိုက်တော့မည်။

ရှီဟောင်လည်း မျက်နှာပျက်ယွင်းသွားသည်။ ဤလူသည် သူ့အား ထပ်ခါထပ်ခါ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံခဲ့သည်။ သူ့ကိုယ်သူ လူကြီးတစ်ယောက်လိုသဘောထားပြီး သူ့အား လာဆုံးမသည့်ပုံ လုပ်နေသည်။

“ဖယ် .. မင်းတို့အားလုံး ဖယ်ကြ..” အလေးအမြတ်ကျောင်းမှ သံတမန် အော်ဟစ်လိုက်သည်။

လမ်းတွင် တောင်ဘေး၌ ရပ်နေသည့် တုဂုယွမ်ကို သူတွေ့သေးသည်။ ဤသည်မှာ ကာကွယ်သူ မျိုးဆက်ဖြစ်မှန်း သူ မသိသလို ဤနေရာတွင် ဖြစ်ပျက်နေသည့် ကိစ္စများကိုလည်း သူ မသိပေ။

သူသည် လမ်းတွင်တွေ့သည့် တုဂုယွမ်အား လက်ဆန့်တန်းကာ ပြင်းထန်စွာ ရိုက်လိုက်လေသည်။

ဖုန်း..

တုဂုယွမ်သည် ထိုသံတမန်၏လက်သီးကို တစ်ချက်တည်းဖြင့် ဖမ်းလိုက်သည်။ သူ၏လှုပ်ရှားမှုများမှာ လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။

“သေချင်နေတာပဲ..” အလေးအမြတ်ကျောင်း သံတမန်မှ အော်ဟစ်လိုက်ကာ တစ်ဖက်လူကို ဖိနှိပ်ရန်အတွက် သူ၏နတ်ခွန်အားကို အသက်သွင်းလိုက်လေ၏။

သူ့ရှေ့တွင် ရပ်နေသည့်သူမှာ သူထင်ထားသည်နှင့် လုံးဝကွဲပြားသည်။ ဤသည်မှာ သာမန်ရပ်နေသည့်သူမဟုတ်ပဲ တစ်ဖက်လောကတွင် နေ့နေ့ညည ကျင့်ကြံနေသည့် ကြောက်စရာကောင်းသည့် ကျင့်ကြံသူပင်။

အလေးအမြတ်ကျောင်း သံတမန်မှာ ပထမတစ်ချက်မှာပင် သွေးအန်သွားကာ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားလေသည်။

သူသည် တစ်ဖက်လူအား လျှော့တွက်လွန်းခဲ့သည်။ ယခုတော့ သူ ရှောင်ရုံသာ တတ်နိုင်တော့သည်။

“အလေးအမြတ်ကျောင်း သံတမန်တော်..” အနောက်မှ ယွမ်ဟုန် အော်ဟစ်လိုက်သည်.

တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း လှုပ်ရှားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အလေးအမြတ်ကျောင်း သံတမန် သူ့ဘက်လွင့်ထွက်လာသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

“သတ်..”

အလေးအမြတ်ကျောင်း သံတမန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ရှီဟောင်ရှိနေသည့်ဘက်သို့ ကွက်တိ လွင့်ထွက်သွားခြင်းပင်။

သူ၏နတ်စွမ်းရည်ကို သူ စတင်အသုံးပြုလိုက်သည်။

သူ၏ခန္ဓာကိုယ်မှ သင်္ကေတအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သူ၏လက်ချောင်းများလည်း အလွန်တောက်ပလာသည်။ ထိုလက်ချောင်းများတွင် အရိုးစာသားများလည်း သိပ်သည်းစွာ ဖုံးအုပ်နေသည်ပင်။ သူသည် ရှီဟောင်အား ရက်စက်စွာပင် တိုက်ခိုက်လိုက်လေသည်။

ဝုန်း..

ထိုအချိန်တွင် တူညီသည့်တစ်စုံတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ရှီဟောင်သည် ပြန်လည်ဝင်စားခြင်း နတ်စွမ်းရည်ကို အသုံးပြုကာ တောက်ပနေသည့် သင်္ကေတများကို လောင်ကျွမ်းစေလိုက်လေသည်။

ဖုန်း..

အလေးအမြတ်ကျောင်း သံတမန် လွင့်ထွက်သွားသည်။ ယခုတစ်ကြိမ်တွင်လည်း သူ၏ရန်သူကို သူလျှော့တွက်မိသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ပြန်လည်ဝင်စားခြင်းသင်္ကေတများနှင့် ထိမိသွားသည်နှင့် သူသည် ချက်ချင်းပင် အသက်ကြီးလာပြီး အလွန်အားနည်းလာသည်။

ရှီဟောင်သည် သူ့နောက်သို့ ဆက်လိုက်နေဆဲပင်။ ထို့နောက် သူ၏ခြေထောက်ကို ကန်ထုတ်လိုက်သည်။

ဖူး..

တကယ်တမ်းတော့ ဤသံတမန်မှာ အလွန်စွမ်းအားကြီးသည့်သူပင်။ လူငယ်မျိုးဆက်ထဲတွင် ထူးချွန်သည့်သူပင်။ သို့သော်လည်း ယခု ပြန်လည်ဝင်စားခြင်းသင်္ကေတကြောင့် စွမ်းအားများ ကျဆင်းနေလေပြီ။ ထို့နောက် ခြေထာက်တစ်ဖက် သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်လာသောကြောင့် သူ သွေးအန်သွားရ၏။ သူ၏ဆံပင်များပင် ဖြူနေလေပြီ။

အလေးအမြတ်ကျောင်း သံတမန် လွင့်ထွက်သွားသည့်နေရာတွင် တုဂုယွမ် ရှိနေလေသည်။ တုဂုယွမ်သည် စဉ်းစားမနေပဲ လက်ဝါးဖြင့် နောက်တစ်ချက် ရိုက်လိုက်လေသည်။

ဖုန်း။

သံတမန်၏ ခန္ဓာကိုယ်မှာ အက်ကွဲလာပြီး သူ၏ဒွါရ ၇ ပေါက်မှာ သွေးများ စီးကျလာသည်။ အများစုမှာ သူ့ဒေါသကြောင့် ထွက်လာသည့်သွေးများပင်။

ဤသည်မှာ ဆိုးရွားလွန်းလှသည်။ သူသည် အထက်စီးမှ ဆက်ဆံခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူဒဏ်ရာပြင်းထန်စွာ ရရှိနေလေပြီ။

“ခင်ဗျား ဘာလို့ နောက်တစ်ခေါက် ထပ်လာတာလဲ..” တုဂုယွမ်၏ ရိုက်ချက်ကြောင့် သံတမန် ရှီဟောင် ထံသို့ ပြန်ရောက်လာခြင်းပင်။

ထို့နောက် ရှီဟောင်သည် ထိုလူအား ခြေထောက်ဖြင့် အားကုန် ကန်ထည့်လိုက်လေသည်။ အလေးအမြတ်ကျောင်း သံတမန်မှာ အော်ဟစ်လိုက်သော်လည်း ထိုကန်ချက်ကြောင့် လွင့်ထွက်သွားသည်။

“မင်းတို့ ဒီလိုမျိုးလုပ်ရဲတယ်ပေါ့ .. သူက အလေးအမြတ်ကျောင်းက လွှတ်လိုက်တဲ့ သံတမန်..” ယွမ်ဟုန် အော်ဟစ်လိုက်သည်။

“ကျုပ် ဘာလုပ်နေတာလဲဆိုတာ ခင်ဗျားက ဘာလို့ စိတ်ဝင်စားနေတာလဲ..” ရှီဟောင် အေးစက်စွာပင် ရယ်မောလိုက်သည်။ သူသည် တောင်အောက်သို့ ရောက်နေလေပြီ။

သနားစရာကောင်းသည့် အလေးအမြတ်ကျောင်း သံတမန်သည် ရှီဟောင်နှင့် တုဂုယွမ်ကြား အခေါက်ခေါက်အခါခါ ရိုက်ခံနေရလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် သွယ်ဝိုက်သည့်နည်းလမ်းဖြင့် တိုက်ခိုက်နေကြသောကြောင့်ပင်။ သူတို့သည် အလေးအမြတ်ကျောင်း သံတမန်ကိုအသုံးပြုကာ တစ်ဖက်လူ၏ ခွန်အားကို ချိန်တွယ်နေခြင်းပင်။

ဖူး..

နောက်ဆုံးတွင်တော့ မာနကြီးကာ မောက်မာနေသည့် အလေးအမြတ်ကျောင်း သံတမန်မှာ သတိလစ်သွားလေပြီ။ ဤသည်ကြောင့်လည်း သူလွတ်လပ်သွားသည်ဟု ပြော၍ရသည်ပင်။

ဝုန်း..

အလေးအမြတ်ကျောင်း သံတမန် မြေကြီးပေါ်သို့ အပစ်ခံရပြီးသည့်နောက် ရှီဟောင်နှင့် တုဂုယွမ်ကြား တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့နှစ်ဦးသည် တိုက်ကွက်များကို ဆက်တိုက်ပင် ဖလှယ်နေကြလေသည်။ သူတို့တစ်ခါ တိုက်ခိုက်တိုင်း ကောင်းကင်ကြီးပြိုကျလာကာ မြေကြီးလည်း အက်ကွဲသွားသည်။

“မင်းက တော်တော်လေးကို သန်မာတာပဲ..” အချက်ပေါင်းများစွာ တိုက်ပြီးသည့်နောက် တုဂုယွမ်၏ ရွှေရောင်စွမ်းအားများ ထွက်ပေါ်လာကာ ရှီဟောင်အား ဤကဲ့သို့ ပြောလိုက်သည်။ ဤကဲ့သို့သော စကားလုံးမျိုးကို သူပထမဆုံးအကြိမ် ပြောလိုက်ခြင်းပင်။

“မင်းလည်း ခွန်အားကြီးပါတယ်..” ရှီဟောင် ပြန်ပြောလိုက်သည်။

သနားစရာကောင်းသည့် အလေးအမြတ်ကျောင်း သံတမန်မှာ လျင်မြန်စွာပင် ပြန်နိုးလာကာ သူတို့ပြောနေသည့်စကားများကို ကြားသွားပြီး ဒေါသထွက်သွားရသည်။ သူတို့နှစ်ယောက်က ပညာဖလှယ်နေကြတာဆိုတော့ ငါက သူတို့ သဲအိတ်လုပ်ပေးလိုက်ရတာလား..

ဖုန်း..

တုဂုယွမ်သည် မြေပြင်ပေါ်သို့ ခြေစောင့်ချလိုက်ကာ အလေးအမြတ်ကျောင်း သံတမန်ကို နောက်တစ်ကြိမ် သတိလစ်သွားအောင် လုပ်လိုက်သည်။

“မင်းရဲ့ ဒီလိုမျိုးစွမ်းရည်နဲ့ မင်း ဧကရာဇ်ကလန်အဖွဲ့ဝင်တွေကို တိုက်ရဲလား..” တုဂုယွမ် မေးလိုက်သည်။

“ဘာလို့ မတိုက်ရဲရမှာလဲ .. သူတို့ကို င့ါရှေ့ခေါ်လာရင် ငါသူတို့အားလုံးကို ဖိနှိပ်ပစ်မယ်..” ရှီဟောင် ပြန်ဖြေလိုက်၏။

အပိုင်း ၁၃၈၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၈ – နယ်မြေသင်္ချိုင်း ခရီး

စွမ်းအားကြီးသည့်သူနှစ်ယောက်သည် ပြင်းထန်စွာပင် တိုက်ခိုက်နေကြသောကြောင့် ကျောက်တုံးကြီးများလွင့်ပျံနေပြီး တောင်များလည်း ယိမ်းထိုးနေလေသည်။

သိထားရမည်မှာ ကောင်းကင်နတ်ဘုရားကျောင်းရှိနေသည့်နေရာသည် ယခင်က ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများ တိုက်ခိုက်ခဲ့သည့် စစ်မြေပြင်ပင်။ ထာဝရဓားများကို ဝေ့ရမ်းကာ တိုက်ခိုက်ခဲ့ကြသောကြောင့် ကောင်းကင်ထက်မှ ကြယ်များကိုပင် ဖြတ်မိသွားကာ ဥက္ကာခဲများအဖြစ် ကြွေကျလာခြင်းပင်။

ဤနေရာတွင်ရှိနေသည့် တောင်တန်းများမှာ မြင့်မားလှပြီး နေရာတိုင်းတွင် ကျောက်တုံးကြီးများ ပြည်နှက်နေသည်။

သို့သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ယောက်မှာ မှော်စွမ်းအားဖြင့် ကြယ်အားလုံးကို ပြုပြင်ခဲ့သောကြောင့် တောင်တန်းများ အနည်းငယ် သေးငယ်သွားကာ မြေပြင်လည်း ပုံမှန်အတိုင်းဖြစ်သွားသည်။

သို့သော် ယခုထက်ထိတိုင် ထူးခြားနေဆဲဖြစ်သည့် ကျောက်တောင်များ၊ ရှေးဟောင်းမြေများ များစွာရှိနေဆဲပင်။ အချို့တောင်များမှာ ဥက္ကာခဲမှ ဖြစ်လာခြင်းဖြစ်သောကြောင့် သာမန်တောင်များထက် လေးလံလှသည်။

ယခုအချိန်တွင် တောင်များတုန်ခါနေကာ ကျောက်တုံးများလည်း လွင့်စင်နေသည်။ ပြောရမည်ဆိုလျှင် ဤသည်မှာ ဥက္ကာခဲများ ကခုန်နေသကဲ့သို့ပင်။

သာမန်လူများ တိုက်ခိုက်လျှင် ဤသို့ဖြစ်နိုင်မည်မဟုတ်။

ဝုန်း..

တုဂုယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်သွေးစွမ်းအင်များ ထွက်ပေါ်လာကာ ရွှေရောင်အလင်းများလည်း တောက်ပလာသည်။

သူ့အနားတွင် ပေါလောမျောနေသည့် ကျောက်တုံးကြီးများနှင့် အခြားအရာများမှာ ကြယ်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရမည်ပင်။ ထိုကျောက်တုံးများမှာ ကြယ်အလင်းများ ထုတ်လွှတ်ကာ ရှီဟောင်ထံသို့ ဦးတည်သွားကြလေသည်။

အားလုံး ဆွံ့အသွားရ၏။ ဤမြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူ၏လက်နှစ်ဘက်လှုပ်ရှားလိုက်သည်နှင့် လ၊ နေနှင့် ကြယ်များကိုပင် အကျိုးသက်ရောက်နေသည်။

ဒုန်း..

သို့သော်လည်း ဟွမ်သည် ခြေတစ်လှမ်းမှပင် နောက်ပြန်မဆုတ်သွားပေ။ သူ၏အော်ရာသည်လည်း ပင်လယ်တစ်စင်းကဲ့သို့ပင်။ သူသည် တုဂုယွမ်နှင့် မရပ်မနားပင် တိုက်ခိုက်နေလေသည်။

သူ၏လက်သီးမှ တံဆိပ်များဖြစ်ပေါ်လာသည်။

ခွပ်..

ဟွမ် သူ၏လက်သီးကို ဝေ့ရမ်းလိုက်သည်နှင့် ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် သင်္ကေတများ ထွက်ပေါ်လာသည်။ ဤသည်မှာ လျှပ်စီးထောင်ပေါင်းများစွာ ထွက်ပေါ်လာကာ ကောင်းကင်ကြီးအား ဖုံးလွှမ်းသွားသကဲ့သို့ပင်။ သူ့ထံသို့ လွင့်စင်လာသည့်ကြယ်များအားလုံးလည်း ပေါက်ကွဲထွက်သွားလေ၏။

ဒုန်းဟူသည့်အသံနှင့်အတူ အကြီးဆုံး အစိမ်းရောင်ကျောက်တုံးကြီးသည် သူ၏လက်သီးချက်ကြောင့် တစ်စစီဖြစ်သွားလေ၏။ အိမ်တစ်လုံးပမာဏရှိသည့် အပိုင်းအစတစ်ခုသည် သိပ်မဝေးသည့်နေရာသို့ လွင့်စင်ထွက်သွားလေသည်။

အလေးအမြတ်ကျောင်းမှသံတမန်မှာ သတိလစ်နေဆဲပင်။ ထိုကျောက်တုံးကြီးမှာ ထိုသံတမန်ပေါ်သို့ ပြုတ်ကျသွားသောကြောင့် သူ၏ခန္ဓာကိုယ် တွန့်လိမ်သွားရသည်။

ဤသည်မှာ အစိမ်းရောင်ကျောက်တုံးကြီးဖြစ်သော်လည်း အာကာသမှလွင့်စင်လာသည့် ဥက္ကာခဲနနှင့် ယှဉ်နိုင်သည်။ ထိုကျောက်တုံးပြုတ်ကျသွားသည်နှင့် သူ၏အရိုးများကျိုးသွားကာ ကြွက်သားများလည်း ထိခိုက်ပျက်စီးသွားရသည်။

“အား…” နောက်ဆုံးတွင်တော့ နာကျင်မှုကြောင့် သူနိုးလာလေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများ ကွဲထွက်တော့မတတ် ခံစားလိုက်ရကာ ဤရလဒ်ကို လက်မခံနိုင်ဖြစ်နေသည်။

သူ ဘယ်တုန်းကများ ဤကဲ့သို့ ခံရဖူးသနည်း.. ယနေ့ ခံစားလိုက်ရသည့် အရှက်ခွဲမှုမှာ သူ့အား ဒေါသထွက်စေသည်။

“ခင်ဗျား ကျုပ်ကို ဒီကနေ မြန်မြန်မခေါ်ထုတ်သွားသေးဘူးလား..” သူ ယွမ်ဟုန်ကို ကြည့်၍ အော်ဟစ်လိုက်သည်။

ယွမ်ဟုန်သည် သူ၏ဒေါသကို ဖိနှိပ်ကာ ထိုသံတမန်ထံသို့ ပြေးသွားလိုက်၏။ သူ၏အဆင့်အတန်းလည်း မနိမ့်ကျပေ။ သို့သော်လည်း ဤသည်မှာ မည်သူနှင့် နှိုင်းယှဉ်နေသလဲဆိုသည့်အပေါ် မူတည်သေးသည်။ အလေးအမြတ်ကျောင်းမှ လူများနှင့် ယှဉ်လိုက်သည့်အချိန်တွင် သူသည် ဤကဲ့သို့ အော်ငေါက်ခံလိုက်ရသော်လည်း သူ့ဒေါသကို ချုပ်ထိန်းထားရုံသာ တတ်နိုင်သည်ပင်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက်တွင် သူသည် အလေးအမြတ်ကျောင်း၏ ခွန်အားကို အားကိုးပြီး လိုက်လာခြင်းပင်။

ဝုန်း..

သိပ်မဝေးသည့်နေရာမှာ တုဂုယွမ် ပစ်လိုက်သည့် ရွှေရောင်ကျောက်တုံးကြီးသည် ဤဘက်သို့ နောက်တစ်ကြိမ် လွင့်စင်လာသည်။

ယွမ်ဟုန်သည် သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုက်ပြီး ထိုကျောက်တုံး ပေါက်ကွဲသွားအောင် လုပ်လိုက်သည်။ သူနှင့် အလေးအမြတ်ကျောင်းမှသံတမန်ကို မျက်စိထဲမထည့်သည့် ထိုလူငယ်နှစ်ယောက်ကို သူ သတ်ပစ်လိုက်ချင်သော်လည်း သူ မလုပ်ရဲ။ ဤနေရာမှာ ကောင်းကင်နတ်ဘုရားကျောင်းဖြစ်နေသောကြောင့်ပင်။

ဝုန်း..

အခြားတစ်ဖက်တွင်ရှိနေသည့် ရှီဟောင်နှင့် တုဂုယွမ်တို့၏ တိုက်ပွဲမှာ အရှိန်အမြင့်ဆုံးသို့ ရောက်နေလေပြီ။ ဤသည်မှာ လူအုပ်ကြီးကို ထိတ်လန့်သွားစေသည်ပင်။ သူတို့နှစ်ဦး တိုက်ခိုက်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

“ဒါက ရွှေရောင်သွေးတွေမှာရှိတဲ့ ပြိုင်ဘက်ကင်းစွမ်းအားလား .. အရမ်းစွမ်းအားကြီးတာပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ပြောလိုက်သည်။

ရွှေရောင်သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏အော်ရာမှာ အားလုံးကို အသက်ရှူကြပ်သွားလောက်စေသည်အထိ ဖိအားပေးနေသည်ပင်။

သို့သော်လည်း တစ်ဖက်မှလူငယ်လေးအတွက်မူ ဤအော်ရာမှာ ထိရောက်မှုမရှိသည့်ပုံပင်။ သူသည် ရွှေရောင်သွေးရှိသည့်သူနှင့် ပြင်းထန်စွာ တိုက်ခိုက်နေဆဲပင်။

“ဟွမ်က အရမ်းအထင်ကြီးဖို့ ကောင်းတာပဲ .. ကာကွယ်သူ မျိုးဆက်နဲ့ တိုက်ခိုက်နေရတာတောင်မှ အရမ်းကို တည်ငြိမ်နေတယ်..”

ထိုအချိန်တွင် တုဂုယွမ်သည် ဘေးသို့ ရှောင်လိုက်ပြီး ဆက်မတိုက်တော့ပေ။
” မင်းက တော်တော်လေး အားကောင်းတာပဲ .. ပြီးတော့ ထူးလည်းထူးခြားတယ်”

“မင်း အရှုံးကို ဝန်ခံပြီလား..” ရှီဟောင်မှာ အလွန်အရေထူလှသည်။ သူသည် တစ်ဖက်လူကို ဖိနှိပ်နိုင်ခြင်းမရှိသေးသော်လည်း သူ့ကိုယ်သူ အနိုင်ရရှိသူအဖြစ် သတ်မှတ်လိုက်လေပြီ။

တုဂုယွမ်သည် စိတ်ဆိုးမသွားပေ။
“မင်းက အဲဒီလောကက ဧကရာဇ်ကလန်အဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းရှိတယ်”

“တိုက်ခိုက်ရုံတင်မဟုတ်ဘူး .. ငါ သူတို့အကုန်လုံးကို ဖိနှိပ်ပစ်မှာ ..” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

ထိုအချိန်တွင် တောင်ထိပ်ရှိ ကြေးနန်းတော်ထဲမှ အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာလေသည်။ သူတို့ ဤနှစ်ယောက်ကို ဆက်မတိုက်စေချင်တော့ပေ။

“ယွမ်ဟုန် .. မင်းကို မောင်းထုတ်ပြီးသွားပြီကို မင်းက ကျောင်းထဲ ထပ်ဝင်လာရဲသေးတယ်ပေါ့..” ပဉ္စမ အကြီးအကဲ အော်ဟစ်လိုက်သည်။

ယွမ်ဟုန်မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားလေသည်။ ဤအကြီးအကဲများ မည်မျှကြောက်စရာကောင်းသည်ကို သူ့ထက် မည်သူမှ ပိုမသိနိုင်။

“အကြီးအကဲတို့ ဒေါသမထွက်ပါနဲ့ .. သူက ကျွန်တော့်ကို လမ်းပြဖို့ လိုက်လာတာပါ .. ကျွန်တော်က အလေးအမြတ်ကျောင်းက သံတမန်ပါ” ထိုလူငယ် ပြောလိုက်သည်။ သူ၏အခြေအနေမှာ အတော်လေး ဆိုးရွားနေပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ဥက္ကာခဲကြောင့် ပျက်စီးသွားလေပြီ။

“မင်း တောင်ပေါ်တက်လာပြီး ငါတို့ကိုလာပြော..” ပဉ္စမအကြီးအကဲ လက်ညှိုးထိုးလိုက်သည်နှင့် အလင်းတန်းတစ်ခု ထွက်လာကာ သူ့အား ဝန်းရံသွားလေ၏။

ထို့နောက် အကြီးအကဲ လက်ဝေ့ရမ်းလိုက်သည်နှင့် ဝုန်းဟူသည့်အသံ ထွက်ပေါ်လာကာ ယွမ်ဟုန် ချက်ချင်းလွင့်ထွက်သွားလေသည်။ သူ၏ဒွါရ ၇ ပေါက်မှလည်း သွေးများစီးကျလာသည်။ သူ၏အရိုးများလည်း ကျိုးသွားလေပြီ။

အားလုံး အေးခဲသွားရ၏။ ယွမ်ဟုန်သည် စွမ်းအားကြီးသည့်သူတစ်ဦးဖြစ်သော်လည်း အကြီးအကဲများရှေ့တွင် ဤမျှပင် အားနည်းလေသလား..

“သူ့ကို ကျောင်းအပြင်ဘက် ဆွဲထုတ်လိုက် .. သူ ထပ်ဝင်လာရဲရင် သူ့ကို ချက်ချင်း အဆုံးသတ်လိုက်..” ပဉ္စမအကြီးအကဲ ပြောလိုက်၏။

ရှီဟောင် လျှောက်လာကာ ယွမ်ဟုန်ကို ကန်ထည့်လိုက်လေ၏။ သူ၏မျက်နှာထက်တွင်မူ အပြုံးတစ်ခု ရှိနေလေသည်။

ယွမ်ဟုန် မျက်နှာမှာ ချက်ချင်း အစိမ်းရောင်ဖြစ်သွားသည်။ သူ့ကို အပြင်ဘက်ဆွဲထုတ်ဖို့အမိန့်ရတာ ဒီကောင်လား ..

ခဏကြာပြီးသည့်နောက်တွင် ကျောင်းဝင်ပေါက်မှ စူးရှသည့်အော်သံတစ်ခု ထွက်ပေါ်လာလေ၏။ အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြပြီးနောက် ဝင်ပေါက်သို့ အပြေးအလွှား သွားလိုက်ကြလေသည်။

ရှီဟောင်သည် ပြင်းထန်စွာ ဒဏ်ရာရရှိနေသည့် ယွမ်ဟုန်အား အသက်ရှင်လျက် အရေခွံခွာမတတ် လုပ်နေသည်ကို တွေ့လိုက်ကြရလေသည်။ သူသည် ယွမ်ဟုန်၏အရိုးများအားလုံးကို ချိုးလိုက်ပြီးနောက် သူ့ထံတွင်ရှိနေသည့် မှော်ပစ္စည်းများ၊ ဆေးများ၊ ရတနာများအားလုံးကို ဓားပြတိုက်နေလေသည်။

ယွမ်ဟုန်မှာ အသက်ယဲ့ယဲ့သာ ကျန်တော့သည်။ ထိုနေရာတွင် သုံးရက်လုံး လဲနေရပြီးမှသာ သူ ထွက်သွားနိုင်လေသည်။

ကျောင်းမှ အကြီးအကဲများ ခွင့်မပြုသောကြောင့်သာ။ မဟုတ်ပါက ရှီဟောင် သူ့အား အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်မည်ပင်။

အလေးအမြတ်ကျောင်းမှ သံတမန်သည်လည်း စာတစ်စောင်ချန်ထားခဲ့ကာ စုတ်စုတ်ပြတ်ပြတ် ပြန်သွားရလေ၏။ ဤခရီးတွင် သူ အလွန်မျက်နှာပျက်ခဲ့ရသည်။

ရက်ပေါင်းများစွာ ကြာပြီးသည်နောက်တွင် တုဂုယွမ်သည် အကြီးအကဲနှစ်ယောက်နှင့်အတူ မူလရှေးဟောင်းမိုင်းတွင်းသို့ ထွက်ခွာသွားလေ၏။ ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေပြီး အားလုံးမှာ သူ ဘာသွားလုပ်မည်ကို ခန့်မှန်းနေကြလေ၏။

လဝက်ကြာပြီးသည့်နောက်တွင် မူလရှေးဟောင်းမိုင်းတွင်း၌ ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း သတင်းပြန်ရောက်လာသည်။

“ဘုရားရေ .. ကာကွယ်သူ မျိုးဆက်က အဲဒီမိုင်းတွင်းထဲသို့ ဝင်သွားပြီးတော့ ရက်အကြာကြီး နေနေတာ .. နောက်ဆုံးတော့ သူက သွေးနက်ကြောင့် သေသွားတာလား….”

ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းရှိ လူအားလုံးကို ထိတ်လန့်သွားစေသည်။

တုဂုယွမ် မူလရှေးဟောင်းမိုင်းတွင်းသို့ ဝင်သွားပြီး ရက်ပေါင်းများစွာ ကြာပြီးသည့်နောက် မိုင်းတွင်းပေါက်ဝမှ အနက်ရောင်သွေးများ လျှံထွက်လာခဲ့သည်။

တုဂုယွမ်သည် မထိမခိုက်ပဲ ထိုအနက်ရောင်သွေးများနှင့်အတူ ထွက်လာသည်။ သူသည် ဘာမှမပြောပဲ သူ့မျက်နှာမှာ ဖြူဖျော့နေ၏။ သူ ဘာတွေ့ခဲ့သည် ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်ပေ။

သူထွက်လာသည်နှင့် ရှေးဟောင်းမိုင်းတွင်းကြီး နောက်တစ်ကြိမ် ပြန်လည်တည်ငြိမ်သွားသည်။ သို့သော်လည်း ညှီနံ့မှာမူ ရက်ပေါင်းများစွာ ကြာပြီးမှသာ ပျောက်သွားလေ၏။

မိုင်းတွင်းမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေတာလဲ .. အနက်ရောင်သွေးတွေက ဘာလို့ ပေါ်လာတာလဲ .. တုဂုယွမ် လျှို့ဝှက်ချက်တစ်ခုခုကို သိသွားတာလား .. အားလုံး ခန့်မှန်းနေကြသည်ပင်။ ခေါင်းသုံးလုံးဘုရင် ပြောခဲ့သည့်စကားများကို သူတို့ ပြန်မတွေးပဲ မနေနိုင်။

ခေါင်းသုံးလုံးဘုရင်သည် မူလရှေးဟောင်းမိုင်းတွင်းအကြောင်း ပြောခဲ့သေးသည်။ ယခင်ခေတ်က ထိုမိုင်းတွင်းမှ အနက်ရောင်သွေးများ တူးဖော်ရရှိခဲ့ကြောင်း ပြောခဲ့ပြီး ယခုတော့ ဤသည်ကို သက်သေပြပြီးသွားလေပြီ။

ဝူး..

မီးတောက်ကြံ့ဦးချိုမှုတ်သံ ထွက်ပေါ်လာပြီးနောက် ကျန်းပေါင်း ထောင်ပေါင်းများစွာ ရှည်လျားသည့် ငွေရောင် စစ်သင်္ဘောတစ်စင်း ကောင်းကင်နတ်ဘုရားကျောင်းအထက်တွင်ရှိနေသည့် ယဇ်ပုလ္လင်ထက်သို့ တရှိန်ထိုး ခုတ်မောင်းလာလေသည်။

“ဦးတည်ချက် — နယ်မြေသင်္ချိုင်း..” ထာဝရမျိုးစေ့ ရှာဖွေရန်အတွက် ဤဂျီးနီးယပ်စ်အုပ်စုကို ဒုတိယအကြီးအကဲကိုယ်တိုင် ဦးဆောင်သွားသည်ပင်။

ရှီဟောင်၊ ဝမ်ရှီး၊ လုထော်၊ သရဖူ ၁၀ ခုဘုရင်၊ ယောင်ယွဲ့နှင့် အခြားသူများအားလုံး ဤနေရာတွင် ရောက်နေလေပြီ။ တုဂုယွမ်ပင် ဤနေရာသို့ ရောက်နေခြင်းပင်။ သူသည်လည်း သူတို့နှင့်အတူ နယ်မြေသင်္ချိုင်းသို့ လိုက်မည်ပင်။

“ဟေး မင်း မူလရှေးဟောင်းမိုင်းတွင်းမှာတုန်းက ဘာမြင်ခဲ့တာလဲ .. ဘာလို့ အနက်ရောင်သွေးတွေ ထွက်လာတာလဲ..” စစ်သင်္ဘောပေါ်တွင် ရှီဟောင် တုဂုယွမ်အား မေးလိုက်သည်။ သူသာလျှင် သူနှင့် တိုက်ခိုက်ခဲ့သည့်သူနှင့် ယခုလို ပေါ့ပေ့ါပါးပါးလွတ်လွတ်လပ်လပ် ပြောနေနိုင်သည်ပင်။

တုဂုယွမ်သည် ပါးစပ်ပိတ်ထားပြီး ဘာမှမပြောပေ။

ယဇ်ပုလ္လင်ကြီးတောက်ပလာပြီးနောက် ငွေရောင်စစ်သင်္ဘောကြီးမှာ ချက်ချင်းပင် မှုန်ဝါးလာလေသည်။ ထို့နောက် သူတို့ ဤနေရာမှ ပျောက်ကွယ်သွားကာ ‘လောကသင်္ချိုင်း’ ဟုခေါ်သည့်နေရာသို့ ဦးတည်သွားလိုက်ကြသည်။

“ဟေး .. မင်းက ဘာလို့ ပိတ်နေတဲ့ဗူးသီးလိုဖြစ်နေတာလဲ .. မင်း ဘာမြင်ခဲ့တာလဲ .. ငါတို့ အဲဒီအကြောင်း ပြောကြရအောင်…” စစ်သင်္ဘောပေါ်၌ ရှီဟောင် ခေါင်းမာစွာ မေးနေဆဲပင်။

အခြားသူများသည် ဘာမှဝင်မပြောသော်လည်း သူတို့စကားဝိုင်းအား မျက်စိဖွင့်နားစွင့်ထားကြသည်။

“မင်းမှာ အချိန်တွေ ပိုနေရင် နယ်မြေသင်္ချိုင်းမှာ တွေ့မယ့် အန္တရာယ်တွေကို ရင်ဆိုင်ဖို့အတွက် အားချန်ထားလိုက် .. ပြောလို့မရဘူး မင်းရဲ့ဆန္ဒတွေ ပြည့်ရင် ပြည့်လာနိုင်တယ် .. မင်း ရှေးဟောင်းဧကရာဇ်ကလန်က လူတစ်ချို့နဲ့ တိုက်ရင်တိုက်ရမှာပေါ့..” တုဂုယွမ် ပြောလိုက်၏။

“ဘာ .. တစ်ခြားလောကက သတ္တဝါတွေက အဲဒီမှာ ပေါ်လာနိုင်တာလား..” ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။

“မင်းဝင်ရဲရင်ပေ့ါ .. ပြောလို့မရဘူး အရင်ခေတ်တုန်းက ပိတ်မိနေတဲ့ ဧကရာဇ်ကလန်အဖွဲ့သားတွေကို မင်းတွေ့ရင် တွေ့နိုင်တယ်..” တုဂုယွမ် ပြန်ဖြေလိုက်သည်။

ဤအခိုက်အတန့်တွင် ကျောင်းသားများမပြောနှင့် ကျောင်းမှ အကြီးအကဲများပင် ထိတ်လန့်သွားရသည်။

“မင်း သေချာလား..” ရှီဟောင်မေးလိုက်၏။

“အရင်တုန်းက င့ါရဲ့ဘိုးဘေးကိုယ်တိုင် အဲဒီလူတွေကို နယ်မြေသင်္ချိုင်းထဲ ဦးဆောင်ပြီး ခေါ်သွားခဲ့တာ .. အဲဒီတော့ သေချာတယ် .. စစ်တပ်ကြီးက အသက်ရှင်နေလိမ့်ဦးမယ်လို့ ငါ ယုံကြည်တယ် .. သူတို့တွေ မျိုးဆက်တွေတောင် ရှိရင်ရှိနေလောက်ပြီ..” တုဂုယွမ် ပြောလိုက်သည်။

သူ၏စိတ်ထဲ၌ အလွန်ဒေါသထွက်နေသည်။ သူ၏ဘိုးဘေးသည် များစွာပေးဆပ်ခဲ့သော်လည်း ဤလောကမှ လူများ၏ အကောက်ကြံခြင်းကို ခံခဲ့ရသည်။

“ဘာ .. ဒီလိုအဖြစ်အပျက်မျိုး ရှိသေးတာလား.. ငါတို့တွေ ဘာပဲလုပ်လုပ် အချိန်ယူပြီး သေချာစဉ်းစားဖို့ လိုတယ်..” အကြီးအကဲများပင် အတော်လေး ထိတ်လန့်သွားရသည်။ ဤသည်မှာ သူတို့ပထမဆုံးအကြိမ် လာခြင်းမဟုတ်သော်လည်း ဤအကြောင်းကို သူတို့တစ်ခါမှ မကြားဖူးကြပေ။

ဤခရီးစဉ်တွင် ထူးဆန်းသည့်အရာတစ်ခုခုဖြစ်ပျက်မည်ကို အားလုံးသိကြသည်။

နယ်မြေသင်္ချိုင်း .. ဤသည်မှာ လောကကြီး၏ အုတ်ဂူပင်။ ထိုနေရာတွင် ပျက်စီးနေသည့် ရှေးဟောင်းစကြာဝဠာများ ရှိနေပြီး လုံးဝဖရိုဖရဲ ဖြစ်နေသည်။ ထိုနေရာတွင် လျှို့ဝှက်ချက် ဘယ်လောက်များများ ရှိနေသည်ကို မည်သူမှ မသိ။

အပိုင်း ၁၃၈၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၉ – ပျက်စီးနေသည့် အာကာသ မျိုးစေ့

ငွေရောင် စစ်သင်္ဘောကြီးသည် စကြာဝဠာပေါင်းများစွာကို ဖြတ်သန်းသွားနေသည်။ ဤသည်မှာ သူတို့ ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်တစ်ခုကို ဖြတ်သန်းသွားနေသကဲ့သို့ပင်။ စစ်သင်္ဘောကိုယ်ထည်ပေါ်တွင် အချိန်၏ခြေရာလက်ရာများဖြစ်သည့် သံကြေးများရှိနေသည်။

ဤပုံမှန်မဟုတ်သည့်အရာကို အားလုံးသတိပြုမည်သည်ပင်။ လမ်းတစ်လျှောက် ဘာတွေ ဖြစ်နေတာလဲ .. အားလုံးထိတ်လန့်သွားရ၏။

သိပ်မကြာခင်က သူတို့အားလုံး စိတ်လွတ်သွားကြသသည်။ သူတို့သည် အိပ်ပျော်သွားသကဲ့သို့ စိတ်များ ဝေဝေဝါးဝါးဖြစ်နေကြသည်။ ထို့နောက် ဘာမှမရှိသည့်နေရာမှာ သူတို့ထွက်လာကြသည်ပင်။

ငွေရောင်စစ်သင်္ဘောကြီး တောက်ပလာသည်။ သင်္ဘောမျက်နှာပြင်တွင် စွမ်းအားကြီးသည့် သင်္ကေတများလည်း ထွက်ပေါ်လာသည်။ သင်္ဘောကြီးသည် အလင်းပြင်နှင့် တူနေသော်လည်း တိုက်စားခံနေရဆဲပင်။

သူတို့သည် ဤစစ်သင်္ဘောကြီးပေါ်တွင် ရှိနေပြီး စွမ်းအားကြီးသည့် သင်္ကေတများ ကာကွယ်ခြင်းခံနေရသောကြောင့်သာ မဟုတ်ပါက မည်ကဲ့သို့သော ကြောက်စရာကောင်းသည့် အဖြစ်အပျက်များ ကြုံတွေ့လာနိုင်သည်ကို အားလုံးစဉ်းစားကြည့်နိုင်သည်။

ဤနေရာမှာ အလွန်ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး မျက်စိတစ်ဆုံး အပျက်အစီးများသာ မြင်နေရသည်။ ကြီးမားလှသည့်ကြယ်များရှိနေသော်လည်း အားလုံးမှာ ပျက်စီးနေသည်။ ကြယ်အများစုမှာ တစ်ဝက်သာ ရှိတော့သော်လည်း ရွေ့လျားနေဆဲပင်။

စစ်သင်္ဘောကြီးမှာ ဆက်သွားနေဆဲပင်။ အမှောင်ထုကြီးထဲတွင် ပျက်စီးနေသည့် ရှေးဟောင်းတိုက်ကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာသည်ပင်။ ထိုတိုက်ကြီးများပတ်လည်တွင် ကြယ်များရွေ့လျားနေကြလေ၏။

မှောင်မည်းနေသည့် အာကာသကြီးမှာ အားလုံးကို ဖိအားပေးနေသည်။ ဘာဖြစ်ခဲ့မှန်းမသိသော်လည်း ဤနေရာမှာ အလွန်တိတ်ဆိတ်နေသည်ပင်။

“ဒါက နယ်မြေသင်္ချိုင်းလား..” စစ်သင်္ဘောကြီးပေါ်တွင်ရှိနေသည့်သူအားလုံး ထူးဆန်းသည့်အမူအရာများဖြစ်သွားကြသည်။

“ဒါက နယ်မြေသင်္ချိုင်းရဲ့ အစွန်အဖျားပဲ .. လောကအုတ်ဂူအစစ် မဟုတ်သေးဘူး” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။ ဤနေရာသို့ရောက်သည်နှင့် သူတို့အားလုံး၏ အမူအရာများ လေးနက်သွားသည်။ သူတို့ နည်းနည်းလေးမျှပင် သတိလက်လွတ် မနေရဲ။

ရုတ်တရက်ပင် ထူးဆန်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ သဲများလှုပ်ရှားနေသည့်အသံပင်။ ဤအသံမှာ တိုးလျသော်လည်း အလွန်ရှင်းလင်းနေသည်။

အကြီးအကဲများမှာ ထိတ်လန့်သည့်အမူအရာများ ဖြစ်သွားကြသည်။ ကျောင်းသားများလည်း မှောင်မည်းနေသည့် အာကာသ၏အတွင်းဘက်ပိုင်းကို ကြည့်လိုက်ကြသည်။

“လေဟာနယ်ထဲမှာ သဲတွေ ရွေ့လျားနေတယ်..”

အားလုံး ထိတ်လန့်သွားရ၏။ ဤသည်မှာ ဖြူဖွေးတောက်ပနေသည့် သဲများပင်။ ထိုသဲများသည် တိုက်များပေါ်သို့ ကျရောက်သွားခြင်းမရှိပဲ ကောင်းကင်ထဲတွင် ထိုအတိုင်းစီးဆင်းနေကြသည်ပင်။

သေချာမကြည့်ပါက ဤသည်မှာ အလွန်လှပသည့် မြစ်တစ်စင်းနှင့် တူလိမ့်မည်ပင်။

သဲအများကြီး မရှိပေ။ စုစုပေါင်း ၁၀ ကျန်းပတ်လည်ခန့်သာ ရှိလိမ့်မည်။ ဤသဲများမှာ တောက်ပလှသောကြောင့် ကြည့်၍ကောင်းလှသည်။

သို့သော် ဒုတိယအကြီးအကဲမှာမူ ထိုသဲများကို မြင်သည်နှင့် အမူအရာပြောင်းလဲသွားသည်။ “မြန်မြန်ထွက်သွားကြ..” သူ ကြောက်လန့်တကြားပင် အော်ဟစ်လိုက်သည်။

အဲဒါက ဘာကြီးလဲ .. ဒုတိယအကြီးအကဲတောင်မှ ကြောက်နေရတယ်.. ဤသည်ကို လူများစွာ သိချင်မိသွားသည်ပင်။

အခြားအကြီးအကဲများမှာ ထူးဆန်းသည့်ပုံစံဖြစ်သွားကြသည်။ သူတို့ ထိုသဲကို ဖောက်ထွင်း မမြင်နိုင်ပေ။ သို့သော်လည်း သူတို့သည်ရပ်တန့်မနေပဲ စစ်သင်္ဘောကြီးကို ထိုနေရာမှ ရှောင်ရှားလိုက်သည်။

စစ်သင်္ဘောကြီးပေါ်မှ ကျောင်းသားများမှာ အံ့အားသင့်နေကြပြီး ထိုသဲကို လှည့်ကြည့်နေကြလေသည်။

ခဏကြာပြီးသည့်နောက်တွင် သူတို့အားလုံး ထိတ်လန့်သွားရသည်။ ထိုသဲမှုန့်လေးများ ပျံ့ကြဲသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားသည်။

ဤသည်မှာ သဲတစ်မှုန်သာဖြစ်သော်လည်း ကြယ်များထက်ပင် ပိုလေးနေသေးသည်။ ထိုသဲမှုန်များ ပျံ့ကြဲသွားသည်နှင့် နူးညံ့သည့်အလင်းထွက်ပေါ်လာကာ ဘေးဘက်တွင်ရှိနေသည့် ပျက်စီးနေသည့်ကြယ်များအားလုံးကို ပေါက်ကွဲစေလိုက်လေသည်။

ထိုသဲမှုန်များ စတင်ပြောင်းလဲလာသည်။ သဲမှုန်တစ်ခုစီမှာ ကမ္ဘာတစ်ခုစီဖြစ်သွားပြီး ဆက်တိုက်ပင်ပြောင်းလဲလာသည်။ တစ်ခါတစ်ရံတွင် အသက်ဓာတ်ပြည့်ဝနေပြီး တစ်ခါတစ်ရံတွင် အသက်မဲ့နေသည်။ သက်ရှိများပင် ထိုကမ္ဘာများ၌ ပေါ်လာသည်ပင်။

နောက်ဆုံးတွင်တော့ ထိုသဲများသည် ကောင်းကင်ထက်မှ ကြွေကျလာလေသည်။ ဤမြင်ကွင်းမှာအစောပိုင်းက ငြိမ်းချမ်းသည့်မြင်ကွင်းနှင့် ကွဲပြားလှသည်ပင်။

ဝုန်း..

လေဟာနယ်ထဲတွင် လှည့်ပတ်နေသည့် ကြယ်များမှာ ထိုသဲမှုန်များနှင့် ထိမိသွားသည်နှင့် ချက်ချင်းပေါက်ကွဲသွားလေသည်။

ကြယ်များပေါက်ကွဲသွားသောကြောင့် တောက်ပသည့်အလင်းများ ထပ်ခါထပ်ခါ ပေါ်လာနေသည်ပင်။

“ဘုရားရေ .. အဲဒီအဖြူရောင်သဲတွေက ဘာတွေလဲ .. သူက ဘာလို့ အဲဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ” စစ်သင်္ဘောကြီးပေါ်မှ ကျောင်းသားများ အော်ဟစ်လိုက်ကြသည်။ သူတို့တစ်လှမ်းလောက်သာ နောက်ကျသွားရင် သူတို့အားလုံးသေသွားမှာမလား..

ထို ၁၀ ကျန်းစာသဲပြင်ကြီးတွင် သဲ ဘယ်နှမှုန်ရှိသည်ကို ဘုရားသာသိလိမ့်မည်။ ထိုသဲများသာ စစ်သင်္ဘောကြီးကို တိုက်မိသွားပါက ရလဒ်မှာ စဉ်းစားကြည့်ရန်ပင် ဆိုးရွားလွန်းလိမ့်မည်။

စစ်သင်္ဘောကြီးသည် လျင်မြန်စွာပင် ခပ်ဝေးဝေးသို့ ရောက်ရှိသွားသည်။ သူတို့ကြည့်လိုက်သည့်အချိန်တွင် သဲမှုန်များမှာ အားလုံးပြန်စုသွားကာ စမ်းချောင်းကဲ့သို့ ပြန်လည်စီးဆင်းသွားသည်ကို တွေ့လိုက်ရသည်။

“အကြီးအကဲ .. အဲဒါက ဘာတွေလဲ..” ကျောင်းသားတစ်ယောက်မှ ဒုတိယအကြီးအကဲအား မေးလိုက်သည်။

ယခုအချိန်တွင် အခြားအကြီးအကဲများသည်လည်း တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ အမူအရာများ မသာမယာဖြစ်သွားကြသည်။

“ပျက်စီးနေတဲ့ အာကာသမျိုးစေ့..” ဒုတိယ အကြီးအကဲ သူတို့အား အဖြေပြောပြလိုက်သည်။

“အဲဒါက ဒီလိုမျိုးလား .. ဒါက ကောလဟာလတွေထဲကလိုမျိုး ကြောက်စရာကောင်းတာပဲ .. ဒီလိုမျိုးပုံစံဖြစ်လိမ့်မယ်လို့ မထင်ထားဘူး..” ဘေးဘက်တွင်ရှိနေသည့် အခြားအကြီးအကဲများမှာ ပြောလိုက်သည်။ သူတို့ကဲ့သို့ စွမ်းအားကြီးကာ ဗဟုသုတကြွယ်ဝသည့်သူများပင်လျှင် ဤကဲ့သို့သောအရာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

“အာကာသမျိုးစေ့ဟုတ်လား..” အချို့လူများ ထိတ်လန့်သွားကာ မျှော်လင့်နေသည့်ပုံစံများဖြစ်သွားကြသည်။ သူတို့ နယ်မြေသင်္ချိုင်းသို့ လာခဲ့ခြင်းမှာ ထာဝရမျိုးစေ့များ ရှာ​ေဖွရန်ပင်။ အာကာသမျိုးစေ့မှာ အဖိုးအတန်ဆုံးမျိုးစေ့များထဲမှ တစ်ခုပင်။

“မင်းတို့ မျှော်လင့်မနေကြနဲ့ .. ဒီလိုမျိုး မျိုးစေ့က ပျက်စီးနေတာ ကြာလှပြီ သုံးလို့မရဘူး .. သူ့ထဲမှာ ရှိနေတဲ့ သက်ရှည်စွမ်းအားက အပြင်ဘက်ကို စိမ့်ထွက်လာပြီးတော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးက ကြောက်ဖို့ကောင်းတဲ့စွမ်းအားတွေကို စုစည်းထားတာ .. ဘယ်သူမှ ဒါကို မကိုင်တွယ်နိုင်ဘူး..” ဒုတိယအကြီးအကဲ သတိပေးလိုက်သည်။

ဤကဲ့သို့သောမျိုးစေ့မျိုးကို ပြောင်းလဲ၍ မရပေ။ သူ့ထံတွင် ရှုပ်ထွေးနေသည့်စွမ်းအင်များနှင့်အတူ ပျက်စီးခြင်းသာရှိတော့သည်။ သူ နောက်ထပ် မကြီးထွားနိုင်တော့ချေ။

“တစ်ချို့အခြေအနေအောက်မှာ သူက ကောင်းကင်နဲ့ကမ္ဘာမြေကြီးအဖြစ်ကို ပြောင်းလို့ရတယ် .. အဲဒါကို သဲဖြူ ကြယ်အဖြစ်ပြောင်းလဲခြင်းလို့ ခေါ်တယ်” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။

“အဲဒါက အရမ်းကို မတည်မငြိမ်ဖြစ်နေတာ .. သူ လုပ်တဲ့လောကကြီးက ဘယ်အချိန်ပျက်စီးသွားမလဲ မသိနိုင်ဘူး .. အဲဒီအချိန်ကျရင် အားလုံး ပျောက်ကွယ်သွားလိမ့်မယ်” ဒုတိယအကြီးအကဲ ထပ်ပြောလိုက်သည်။

အားလုံး လက်လျော့လိုက်သည်။ ထာဝရသက်ရှိတာအိုဆရာများ သူတို့ကိုကူညီလျှင်ပင် သူတို့ဤကဲ့သို့သောအရာမျိုးကို မယူရဲတော့။ သူတို့ယူခဲ့လျှင် တစ်နေ့ကျ သူတို့လည်း ပေါက်ကွဲမသွားဘူးဟု မပြောနိုင်ပေ။

“ဒီသဲက တော်တော်လေးထူးခြားတယ် .. အရောင်က တော်တော်လေးကို ဖြူပြီးတော့ စွမ်းအားလည်း တော်တော်လေးကြီးတယ် .. ဒါနဲ့ နတ်ဆိုး အဆီးအတားလုပ်ထားတာထင်တယ်..” ဒုတိယအကြီးအကဲ ပြောလိုက်သည်။

နတ်ဆိုးအဆီးအတားဟုတ်လား .. အဲဒါက ဘာကြီးလဲ .. အားလုံး ရှုပ်ထွေးသွားရသည်။

“အရင်တုန်းက မှော်ခွန်အားကို လက်နက်အဖြစ် သုံးတဲ့သူတွေရှိတယ် .. သူတို့က ကျွမ်းကျင်သူတစ်ယောက်ကို ဖမ်းပြီးတော့ အဲဒီလူကို သဲထဲမှာ ပြုပြင်ပြောင်းလဲပစ်တယ် .. နှစ်ပေါင်းများစွာကြာတော့ အဲဒီလူရဲ့ အသွေးအသားနဲ့သွေးတွေက သဲတွေကို ကြိတ်ပစ်ပြီးတော့ ဒီလိုမျိုး အဖြူရောင်ဖြစ်လာတာ .. ဒါက ကမာကောင်ထဲက ပုလဲတွေလိုပဲ ..”

ဒုတိယအကြီးအကဲစကားကို ကြားလိုက်သည်နှင့် အခြားအကြီးအကဲများ၏မျက်လုံးများ တောက်ပလာကာ ပုံစံမျိုးစုံ ဖြစ်သွားကြလေသည်။

“ဒီလိုမျိုးပစ္စည်းက အဆင့်လွန်ရတနာတောင်ဖြစ်နေပြီ မဟုတ်ဘူးလား..”

“ဒီလိုပစ္စည်းမျိုးကို စုပြီးပြုပြင်လိုက်တာနဲ့ ပြိုင်ဘက်ကင်းတဲ့ အဖိုးတန်ပစ္စည်းဖြစ်လာလိမ့်မယ်..”

ဤစကားကိုကြားလိုက်ရသည့်အချိန်တွင် စစ်သင်္ဘောပေါ်တွင်ရှိနေသည့် ကျောင်းသားများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။

“မင်းတို့ မျှော်လင့်ချက်တွေ ထားမနေကြနဲ့ .. ဒါက အဖိုးတန်တယ်ဆိုပေမယ့် အရမ်းအန္တရာယ်များတယ် .. သူတို့ရဲ့ပိုင်ရှင်ကို အချိန်မရွေး အန္တရာယ်ပြုနိုင်တယ် .. ဘယ်အချိန်ပေါက်ကွဲပြီးတော့ ပိုင်ရှင်ရဲ့ အသွေးအသားနဲ့သွေးတွေကို စုတ်ယူမလဲ မသိနိုင်ဘူး” ဒုတိယအကြီးအကဲ ပြောလိုက်သည်။

ပြောရမည်ဆိုလျှင် ဤပစ္စည်းသည် သန့်စင်မြင့်မြတ်သည့်ပုံပေါ်သော်လည်း သူ့ထံတွင် နတ်ဆိုးသဘာဝများရှိနေပြီး ထိရန်မသင့်သည့်ပစ္စည်းတစ်ခုပင်။

စစ်သင်္ဘောကြီးမှာ ရှေ့ဆက်သွားနေပြီး ဘေးပတ်ဝန်းကျင်တွင် ကြယ်များ ပိုများလာသည်။ သစ်တောထဲမှ သစ်ရွက်များကဲ့သို့ ရှေးဟောင်းတိုက်ကြီးများလည်း တစ်ခုပြီးတစ်ခု ပေါ်လာသည်။

သူတို့အရှေ့ဘက်သို့ လျင်မြန်စွာပင် ဆက်သွားလိုက်ကြသည်။

မြူအနည်းငယ်ပေါ်လာပြီး မူလရှေးဟောင်းမြူ အနည်းငယ် ပေါ်ထွက်လာသည့်အချိန်မှသာ အကြီးအကဲများသည် နယ်မြေသင်္ချိုင်းသို့ ဝင်လာပြီဖြစ်ကြောင်း အားလုံးအား ပြောပြကြသည်ပင်။

အခုမှာ နယ်မြေသင်္ချိုင်းထဲ ရောက်တာလို့ ပြောလို့ရတာလား .. အားလုံး ထိတ်လန့်သွားရ၏။ သူတို့လမ်းမှာ မြင်ခဲ့ရသမျှက ဘာမှမဟုတ်ဘူးပေါ့ .. အထဲဘက်တွင် ဘာရှိနေမည်ကို မှန်းဆရန်ပင် ခက်ခဲလှသည်။

စစ်သင်္ဘောကြီးသည် မြူများကို ဖြတ်ကျော်ကာ ရှေးဟောင်းအုတ်ဂူထဲသို့ ဝင်သွားလိုက်သည်။

“ဘုရားရေ .. ဒါတွေက ဘာတွေလဲ..” သူတို့ဝင်သွားသည်နှင့် တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

မည်မျှကြီးမားမှန်းပင် မသိသည့် ညှိုးလျော်နေသည့် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို သူတို့တွေ့လိုက်ရသည်။ သူတို့ ကောင်းကင်မျက်လုံးဖြင့်ကြည့်လျှင်ပင် မှုန်ဝါးဝါးအရိပ်လေးသာ တွေ့ရသည်။

သစ်ကိုင်းများတွင် မရေမတွက်နိုင်သည့် ကြယ်များရှိနေသည်။ ထိုကြယ်များမှာ သစ်သီးများကဲ့သို့ပင်။ သို့သော်လည်း ထိုကြယ်များအားလုံး ခြောက်ကပ်နေကာ အသက်ဓာတ်လည်း မရှိတော့ပေ။

ထို့အပြင် ဤသစ်ပင်ကြီး၏ အကိုင်းအခက်များတွင် များပြားလှသည့် တွင်းနက်များလည်း ရှိနေသည်။ ဤသည်မှာ ပိုးကျနေသကဲ့သို့ပင်။

ရှေးဟောင်းသစ်ပင်တစ်ပင်က ဒီလောက် ‘ကြယ်သစ်သီး’ တွေအများကြီးကို သီးတာလား..

“ဒါက လောကသစ်ပင်လို့တော့ င့ါကို မပြောနဲ့နော်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤကဲ့သို့သော သစ်ပင်မျိုးသာဆိုလျှင် ဤအပင်မှာ သေဆုံးသွားလျှင်ပင် တန်ဖိုးမဖြတ်နိုင်ပေ။ သူ၏ သစ်ကိုင်းများ၊ ပင်စည်၊ အမြစ်များနှင့် အခြားအရာများအားလုံးကို တန်ဖိုးကြီးလက်နက်များအဖြစ် ပြုပြင်ပြောင်းလဲနိုင်သည်ပင်။

“မဟုတ်ဘူး .. ဒါသာ လောကသစ်ပင်ဆိုရင် ဒီနေရာကို လာလည်တဲ့ ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူတွေ ယူသွားလောက်ပြီ .. သူတို့က ဘာလို့ ဒီလိုပစ္စည်းမျိုးကို ချန်ထားခဲ့မှာလဲ..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

ဤရှေးဟောင်းသစ်ပင်မှာ သူတို့မြင်ရသည့် တစ်စိတ်တစ်ပိုင်းသာရှိသေးသည်။ ခပ်ဝေးဝေးတွင်ရှိနေသည့် မြင်ကွင်းမှာ ပို၍ ကျယ်ပြန့်ကာ ခမ်းနားလှသည်ပင်။

“ဒါက လောကသစ်ပင်မဟုတ်ဘူးလား .. အဲဒါဆိုရင် ဘာအပင်လဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ဖြူဖျော့နေသည့်မျက်နှာဖြင့် ရုတ်တရက် အော်ဟစ်လာလေ၏။ သူသည် တစ်နေရာကို လက်ညှိုးထိုးလိုက်ကာ တုန်ယင်စွာ ပြောလိုက်သည်။
” ဟိုမှာ..”

ဤသည်မှာ သစ်ပင်တစ်ပင်နှင့်တူသည့် အစိမ်းရောင်တောက်ပနေသည့် အပင်တစ်ပင်ပင်။ သို့သော်လည်း သူ၏အရွက်များမှာ မြက်ပင်နှင့်တူနေပြီး ထိုအရွက်များသည် ကြယ်များကို ရစ်ပတ်ထားကာ တတိတိစားသုံးနေလေသည်။

အပိုင်း ၁၃၈၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၀ – နယ်မြေသင်္ချိုင်းအတွင်းထဲ

ဤသစ်ပင်ကြီးတွင် မြက်ပင်နှင့်တူသည့် အရွက်များရှိနေပြီး ထိုအရွက်များသည် အနီးအနားတွင်ရှိနေသည့် ပျက်စီးနေသည့်ကြယ်များကို စုတ်ယူစားသုံးနေသည်။ ထိုအရွက်များမှာ အစိမ်းရောင်အလင်းလည်းတောက်ပနေသည်ပင်။

ဤမြင်ကွင်းမှာ လူတစ်ယောက်ကို ထိတ်လန့်သွားစေနိုင်သည်။ ဤသည်မှာ ကြီးမားလှသည့် ကြယ်များဖြစ်သော်လည်း ဤကဲ့သို့ ထူးဆန်းသည့်မြက်များ၏ စားသုံးခြင်းခံနေရသောကြောင့် ဤသည်မှာ ထူးဆန်းလှသည်။

ခွပ်..

တောက်ပသည့်အလင်းရောင်များနှင့်အတူ ကြယ်များ အက်ကွဲပျက်စီးသွားသည်။ သို့သော်လည်း ထိုအလင်းများသည် သစ်ရွက်များ၏ စားသုံးခြင်းခံလိုက်ရကာ လျင်မြန်စွာပင် ပျောက်ကွယ်သွားလေ၏။

“ဒါက ကြယ်စားသုံးခြင်း မြက်ပင် .. သူတို့တွေက ကြယ်တွေကို အစာအဖြစ်စားတာ .. ဒီလိုအပင်မျိုးပေါ်လာတိုင်း ရလဒ်တွေက အရမ်းဆိုးရွားလိမ့်မယ်..” ဒုတိယအကြီးအကဲမှာ ဗဟုသုတများပြားလှသည်။ သူသည် ဤအပင်အား မြင်သည်နှင့် ချက်ချင်းသိသည်ပင်။

ကြယ်စားသုံးခြင်းသစ်ပင်မှာ ဖရိုဖရဲဖြစ်သည့်ကာလအတွင်း၌ ပေါက်လာခဲ့ခြင်းပင်။ ဤသည်မှာ နတ်ဖြစ်တည်မှုတစ်ခုပင်။ သို့သော်လည်း သူသည် အသိစိတ် နှိုးထလာခြင်း မရှိပေ။

ဤလောကကြီးတွင် မူလနယ်မြေ၌ နေရာတစ်ခုဖွင့်ကာ ပျက်စီးနေသည့် လောကများဖန်တီးနိုင်သည့် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ ရှိသည်။ ထိုသူများသည် ထိုနေရာများတွင် အရာအားလုံးကို ပြန်လည်အသက်သွင်းပြီး အသက်ရှင်သန်နိုင်ရန် သန့်စင်သည့်မြေအဖြစ်သို့ ပြောင်းလဲလိုက်သည်ပင်။

ပြောရမည်ဆိုလျှင် ဤသစ်ပင်မှာ ထာဝရဘုရင်တစ်ယောက် ပျက်စီးနေသည့်လောကများကို ဖွင့်လိုက်သည့်အချိန်က ပေါ်လာခြင်းဖြစ်ပြီး သူသည် ဤအပင်များအား အပြင်ဘက်သို့ ထုတ်ယူလာခဲ့သည်။

ဤအကြောင်းအရာများကို အကြီးအကဲများထံမှ နားလည်သွားသည့်အချိန်တွင် ကျောင်းသားများအားလုံး ဆွံ့အသွားရသည်။ သူတို့လောကအပြင် အဲဒီလိုမျိုးဖွင့်ဝင်လို့ရတဲ့ လောကတွေ ရှိသေးတာလား..

“စွမ်းအားကြီးလိုက်တာ .. မယုံချင်စရာကောင်းလောက်အောင်ပဲ .. ကျွန်တော်တို့ လောကအပြင် မူလနယ်မြေမှာ တစ်ခြားလောကတွေလည်း ရှိသေးတာလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“အဲဒါတွေက ပျက်စီးနေတာတွေပဲ အချိန်အကြာကြီး မရှိနိုင်ဘူး .. နှစ်ပေါင်း ထောင်ဂဏန်း ဒါမှမဟုတ် ရာဂဏန်းလောက်ဆိုရင် အဲဒီလောကတွေ ပျက်စီးသွားလောက်ပြီ .. ဘာလို့လဲဆိုတော့ သူတို့က အစကတည်းက အစစ်အမှန် စကြာဝဠာကြီးမှ မဟုတ်တာ..” ဒုတိယအကြီးအကဲ ခေါင်းခါ၍ ပြောလိုက်သည်။

ပွင့်လာသည့်နေရာများမှာ အချိန်အနည်းငယ်ကြာအောင် နေ၍ရသော်လည်း နောက်ဆုံးတွင်တော့ ပျက်စီးသွားမည်ပင်။ ထိုလောကများကို ဖန်တီးခဲ့သည့်သူများပင် ပျက်စီးသွားနိုင်သည်အထိပင်။ ထိုသူ၏ခန္ဓာကိုယ်နှင့်တာအို ပျက်စီးသွားမည်ပင်။

အားလုံးထိတ်လန့်သွားကာ နယ်မြေသင်္ချိုင်းကိုကြည့်ပြီး စဉ်းစားသည့်အမူအရာများဖြစ်သွားကြသည်။ ဒီနယ်မြေသင်္ချိုင်းကလည်း နောက်ဆုံးမှာ ပျက်စီးသွားမယ့် ရှေးဟောင်းနယ်မြေပဲလား..

ထိုမှတ်ချက်ကို အကြီးအကဲတစ်ယောက် ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ နယ်မြေသင်္ချိုင်းမှာ ထိုကဲ့သို့မဟုတ်ပေ။ ဤသည်မှာ သူတို့ထင်ထားသည်ထက်ကို ပို၍ ထူးဆန်းပြီး ကြောက်စရာကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ဤနယ်မြေကိုသာ လေ့လာခဲ့ကြသည့် ထာဝရတာအိုပညာရှင်များပင်လျှင် အဖြေမတွေ့သေးပေ။

“အဲဒီရှေးသစ်ပင်က လောကသစ်ပင်ရဲ့အကိုင်းကနေ စိုက်ထားတာ .. သူ့ကို ပြုစုပျိုးထောင်ဖို့အတွက် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးစွမ်းအင်တွေ အများကြီးကို သုံးခဲ့ရတာ .. အဲဒီသစ်ပင်ကို အဆင့်လွန်ရတနာတစ်ခုအဖြစ် ပြောင်းလဲလို့ရနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ လုပ်ခဲ့ကြတာ”

ထို့နောက် ဒုတိယအကြီးအကဲသည် ခြောက်ကပ်နေသည့် ရှေးဟောင်းသစ်ပင်တစ်ပင်ကို လက်ညှိုးထိုးပြခဲ့သည်။ ထိုသစ်ပင်တွင် ‘ကြယ်တာရာသစ်သီး’များစွာ ရှိနေသည်ပင်။

“ဒီသစ်ပင်က လောကသစ်ပင်ဖြစ်လာမှာလား..” မင်းသမီးယောင်ယွဲ့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မဟုတ်ဘူး နတ်ဆိုးသစ်ပင်ဖြစ်လာမှာ .. လောကသစ်ပင်ကို ဒီလိုမျိုးစိုက်လို့ မရဘူး .. သူ့ဘာသာသူ ပေါက်လာမှပဲရတာ .. ဒီသစ်ပင်အမြစ်ကို သုံးပြီးတော့ နတ်ဆိုးပစ္စည်းလုပ်ဖို့ ကြိုးစားခဲ့တဲ့လူ ရှိခဲ့ဖူးတယ် .. သူက နေ၊ လ၊ ကြယ်စမ်းချောင်းနဲ့ အာကာသရဲ့ခွန်အားကို လုယူနိုင်တယ်..” ဒုတိယအကြီးအကဲ ပြောလိုက်၏။

ထိုစကားကြားလိုက်ရသည်နှင့် အားလုံး ဆွံ့အသွားရသည်။ သူတို့ သက်ပြင်းချလိုက်ကြသည်။

သူတို့သည် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ သေးနုပ်လှသည်။ ဤအရာများနှင့် ယှဉ်လိုက်လျှင် သူတို့သည် ဖုန်မှုန့်လေးသာသာပင်။

“ကံမကောင်းစွာနဲ့ပဲ သူတို့အားလုံး ရှုံးနိမ့်ခဲ့ကြတယ် .. အသက်စွမ်းအင်တွေ ပျံ့ကြဲသွားပြီးတော့ အကြွင်းအကျန်တွေပဲ ကျန်ခဲ့တော့တာ .. ဒီသစ်ပင်ကို ပျိုးခဲ့တဲ့သူလဲ ဒီသစ်ပင်နဲ့ ပေါင်းသွားပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်နဲ့ တာအို ဖျက်ဆီးခံလိုက်ရတယ်” ဒုတိယအကြီးအကဲ ပြောလိုက်သည်။

“ကြယ်စားသုံးခြင်းမြက်ပင် လာနေပြီ..” လုထော် အော်ဟစ်လိုက်သည်။ ထိုမြက်ပင်မှာ ကြယ်များကိုပင် စားသုံးနိုင်သောကြောင့် သူတို့နောက်ပြန်ဆုတ်ရုံသာ တတ်နိုင်သည်။

ကံကောင်းစွာဖြင့် ထိုအပင်မှာ အသိစိတ်မရှိပေ။ ထို့ကြောင့် သူတို့ကပ်ဆိုးကြီးအား ရှောင်လိုက်နိုင်သည်ပင်။

“ငါတို့ ဆက်သွားမယ်..”

သူတို့ ခရီးဆက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ရှေးဟောင်းနယ်မြေများစွာကို တွေ့ခဲ့ကြရသည်။ မြူများလည်း ထူထပ်လှကာ သူတို့ ထာဝရစစ်မြေပြင်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။

“ဘုရားရေ .. အဲဒါက ဘာသတ္တဝါကြီးလဲ .. အကြီးကြီးပဲ..” ပုံမှန်အားဖြင့် အလွန် တိတ်တိတ်ဆိတ်ဆိတ်နေတတ်သည့် ဝမ်ရှီးမှ ရုတ်တရက် အော်ဟစ်လိုက်‌သည်။

အခြားသူများလည်း မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်လိုက်ကြသည်။

ထိုနေရာတွင် ကြယ်တစ်လုံးထက်ပင် အဆပေါင်းများစွာကြီးသည့် သက်ရှိတစ်ကောင် ပေါလောပေါ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်တွင် အစိမ်းရောင်ချပ်ဝတ်တန်ဆာရှိနေသည်။

ဤသည်မှာ ဟိုင်အီးနားဟုခေါ်သည့် ခွေးနှင့်တူသော်လည်း သူ့ထံတွင် ရှည်လျားသည့် နဂါးဦးချိုကြီးရှိနေသလို သူ၏ကျောထက်တွင် ဇာမဏီငှက်အတောင်ပံတစ်စုံလည်း ရှိနေသည်။ ဤသည်မှာ အပြင်လောကတွင် သူတို့တစ်ခါမှ မမြင်ဖူးသည့်သတ္တဝါပင်။

“ဒါက မူလနယ်မြေမှာ မွေးဖွားခဲ့တဲ့ နတ်သက်ရှိပဲ .. သူက အရမ်းစွမ်းအားကြီးတယ် .. အကြီးအကဲအရှင်တောင်မှ သူ့ကို စိတ်ချက်လက်ချသိမ်းသွင်းနိုင်မှာမဟုတ်ဘူး..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

ဒီသတ္တဝါက ဒီလောက်တောင် စွမ်းအားကြီးတာလား.. အားလုံး လန့်သွားရသည်။

ကံကောင်းသည်မှာ ဤသတ္တဝါကြီးသေဆုံးသွားသည်မှာ ကြာပြီဖြစ်ပြီး အလောင်းတစ်လောင်းဖြစ်သွားလေပြီ။ မဟုတ်ပါက ဤနေရာတွင် မည်သူနေရဲမည်နည်း .. သူတို့ ထွက်ပြေးသွားရလောက်ပြီ။

“သူ့ဆီမှာ ရှိသမျှအားလုံးက အဖိုးတန်ပစ္စည်းတွေဖြစ်မှာပဲ .. ကျွန်တော်တို့ သွားယူလို့ရမလား..” ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံထားသည့် လူငယ်လေးမှ မေးလိုက်သည်။

“အဖိုးတန်တာ တစ်ခုခုရှိနေရင် မင်း ယူဖို့ ကျန်တော့မှာတောင် မဟုတ်ဘူး .. ဒီလောက်နှစ်တွေအများကြီးမှာ လူတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြတာ .. ဘာကျန်တော့မှာလဲ..” အကြီးအကဲတစ်ဦး ခေါင်းခါ၍ပြောလိုက်သည်။

သေချာပါသည်။ သင်္ဘောကြီးအနားကပ်သွားသည်နှင့် ဤသတ္တဝါကြီး၏ အခြားတစ်ဖက်ခြမ်းတွင် ဟက်တက်ကွဲနေသည့် ဒဏ်ရာကို တွေ့လိုက်ရသည်။

အသား၊ အရိုးနှင့် အခြားအရာများအားလုံး ပျောက်ကွယ်သွားပြီဖြစ်ပြီး အရေခွံသာ ကျန်ခဲ့တော့သည်။

ထို့အပြင် အရေပြားပင်လျှင် တောက်ပမှု မရှိတော့ပေ။ ဇာမဏီငှက်အတောင်ပံနှင့် နဂါးဦးချိုလည်း ထို့အတူပင်။ နဂါးရိုးတွင်းချဉ်ဆီနှင့် နတ်အတောင်ပံသွေးစွမ်းအင်အားလုံး ခမ်းခြောက်သွားလေပြီ။ သူတို့သင်္ဘောကြီးသာ ဝင်တိုက်လျှင် ပြိုကွဲသွားလောက်အထိ အားနည်းနေလေပြီ။

“နှမြောစရာကောင်းလိုက်တာ..”

ထို့နောက် သူတို့ ဤနေရာမှ ထွက်ခွာသွားကြသည်။ နယ်မြေသင်္ချိုင်းမှာ အတော်လည်းကျယ်ဝန်းလှသည်ကိုတော့ သူတို့ဝန်ခံရမည်ပင်။

“မကောင်းတော့ဘူး .. တိုက်ဖို့အတွက် ပြင်ဆင်တော့..” စတုတ္ထအကြီးအကဲမှ ရုတ်တရက် အော်ဟစ်သတိပေးလိုက်သည်။

“အမ်..”

“ရန်သူတွေရှိလို့လား .. ဘယ်မှာလဲ .. ကျွန်တော်က ဘာလို့ ဘာမှမတွေ့ရတာလဲ..”

သင်္ဘောပေါ်မှ ကျောင်းသားများ သတိကြီးကြီးဖြစ်သွားကြသည်။ သူတို့သည် မည်သည့်သတ္တဝါမှ မတွေ့ရသောကြောင့် အလွန်ရှုပ်ထွေးသွားရသည်။ သို့သော်လည်း အကြီးအကဲများ၏ အမူအရာများမှာ လေးနက်နေကြသည်ပင်။

“စစ်ဝိညာဉ်တွေရဲ့ မီးခိုးရောင်မြူတွေ ပေါ်လာပြီ .. အဲဒီတော့ တိုက်ပွဲက သိပ်လိုတော့မှာမဟုတ်ဘူး .. မင်းတို့အားလုံး မင်းတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ထုတ်ပြီးတော့ တိုက်ဖို့အတွက် အသင့်ပြင်ထား..” ပဉ္စမအကြီးအကဲမှ ထပ်ပြောလိုက်သည်။

အမှန်တကယ်တွင် သူတို့ဘာအကောင်မှ မမြင်ရသော်လည်း ကျောင်းသားအားလုံးမှာ သူတို့၏အဖိုးတန်ပစ္စည်းများကို ပြင်ဆင်ပြီးသွားလေပြီ။ အကြီးအကဲများမှ သတိပေးထားခြင်းဖြစ်သောကြောင့် မည်သူက ပေါ့ပျက်ပျက်လုပ်ရဲမည်နည်း..

လမ်းတစ်လျှောက်တွင် မီးခိုးရောင်မြူများ ကျဲသွားကာ ထိုမျှသိပ်မထူတော့။

ခဏကြာပြီးသည့်နောက် ရှီဟောင် အနည်းငယ် မသက်မသာခံစားလာရသည်။ သူ့တစ်ကိုယ်လုံး အေးခဲသွားပြီး အနည်းငယ် ကြောက်ရွံ့လာသလို ခံစားလိုက်ရသည်။ သူ့အရေပြားထဲသို့ အပ်ချောင်းများ ထိုးဖောက်တော့မလို ခံစားနေရသည်။

“ဒါက ဘာကြီးလဲ..” ခဏကြာပြီးသည့်နောက်တွင် အခြားသူများလည်း တစ်ခုခုကို အာရုံခံမိသွားသည်။

မသိနိုင်သည့်အန္တရာယ်တစ်ခု ချဉ်းကပ်လာသည်မှာ သိသာလှသည်။ ထို့အပြင် ထိုအန္တရာယ်မှာ ကြောက်စရာကောင်းလှသည်။ မဟုတ်ပါက ထိုအော်ရာသည် စစ်သင်္ဘောကြီး၏ အကာအကွယ်သင်္ကေတများကို ဘယ်လိုလုပ် ဖောက်လာနိုင်မည်နည်း..

အရှေ့ဘက်တွင် ပျက်စီးနေသည့်ကြယ်များရှိနေသည်။ ထိုကြယ်များအားလုံး မလှုပ်မယှက်ရှိနေကြသည်ပင်။ ထို့အပြင် ဥက္ကာခဲများလည်း တစ်ခုပြီးတစ်ခု ပေါ်လာသည်။

သွေးရောင် ရှေးဟောင်းသင်္ဘောကြီးတစ်စင်း တိတ်ဆိတ်စွာပင်ပေါ်လာလေ၏။ ထိုသင်္ဘောကြီး သည် နှေးကွေးသော်လည်း သူတို့ရှိနေသည်ဘက်သို့ အရှိန်မှန်မှန်ပင် လာနေလေသည်။

“စစ်ပွဲဝိညာဉ်..”

“သူတို့ပဲ .. သူတို့ တကယ် ပေါ်လာခဲ့တာပဲ .. ဘိုးဘေးအဆင့် စစ်ပွဲဝိညာဉ်တွေ ပါမလာဖို့မျှော်လင့်တာပဲ .. မဟုတ်ရင် ပြဿနာကြီးသွားနိုင်တယ်..”

“ငါတို့ ခရီးမှာ ဒီလိုမျိုးတွေ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..”

အကြီးအကဲများအားလုံး ပြောလိုက်ကြသည်။ ဤသည်မှာ ကျောင်းမှတပည့်များကို သတိပေးခြင်းတစ်မျိုးလည်း ဖြစ်သည်ပင်။

ဤသင်္ဘောကြီး၏ ပုံစံမှာ ပျက်ယွင်းနပြီဖြစ်ပြီး အလွန်ရှေးကျလှသည်။ မည်သည့်ခေတ်က တည်ဆောက်ခဲ့သည်ကိုပင် မသိနိုင်တော့။ အချိန်၏တိုက်စားမှုကြောင့် သံကြေးတက်နေပြီဖြစ်သော်လည်း မပျက်စီးသွားသေးပေ။

သင်္ဘောမှာ သိပ်မကြီးပေ။ ငွေရောင်စစ်သင်္ဘောနှင့်ယှဉ်လျှင်တော့ အဆပေါင်းများစွာ သေးသည်ပင်။ သို့သော်လည်း ထိုသင်္ဘောကြီးတွင် ထူးဆန်းသည့်စွမ်းအားတစ်ခု ရှိနေသည်။

ထိုသင်္ဘောကြီးသည် ဘာအသံမှ မထွက်ပဲ ဖြေးညှင်းစွာပင် ရွေ့လျားလာသည်။ ဤသည်မှာ ကောင်းကင်နှင့် မြေကြီးပင်လျှင် သူ၏တည်ရှိမှုကို ကြောက်ရွံ့နေသကဲ့သို့ပင်။

ထိုသင်္ဘောကြီးမှ မီးခိုးရောင်အမျှင်တန်းများ တစ်တန်းပြီးတစ်တန်း ထွက်လာပြီး ငွေရောင်သင်္ဘောကြီးအား တိုက်ခိုက်လာသည်။

“အခြေအနေက တကယ် အရမ်းဆိုးနေတာလား .. အရမ်းဆိုးနေရင် ကျွန်မတို့ ခဏရှောင်နေသင့်တယ်..” မင်းသမီးယောင်ယွဲ့ ပြောလိုက်သည်။

“အသုံးမဝင်ဘူး .. စစ်ဝိညာဉ်တွေက အရမ်းကြောက်ဖို့ကောင်းတယ် .. ဒီလိုမျိုး ပျောက်ဆုံးနေတဲ့ ရှေးဟောင်းသင်္ဘောတွေက ငါတို့ကို မျက်စိကျသွားပြီဆိုတာနဲ့ သူ့ဘာသာသူ ပြန်ထွက်မသွားမချင်း ငါတို့နောက် လိုက်နေမှာပဲ .. အခု ကြည့်ရတာ နှေးတယ်ထင်ရပေမယ့် ဒါက သူတို့ ရွက်မလွင့်သေးလို့ .. သူ ရွက်လွင့်လိုက်တာနဲ့ သူနဲ့ယှဉ်နိုင်တဲ့ စစ်သင်္ဘော နည်းနည်းပဲရှိတယ်..” တတိယအကြီးအကဲ ပြောလိုက်သည်။

အူဝူး..

ရုတ်တရက်ပင် သွေးရောင် သင်္ဘောကြီးထံမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်သံမှာ ကျောင်းသားများကို ချက်ချင်းပင် ဆံပင်မွေးများ ထောင်ထသွားစေပြီး ကြက်သီးများထသွားစေသည်ပင်။

ဤအသံမှာ ကြောက်စရာကောင်းလွန်းလှပြီး သူတို့၏ ဝိညာဉ်များကို ထိခိုက်နိုင်သည်အထိပင်။

“သူတို့လာနေပြီ .. တိုက်ပွဲအတွက် ပြင်ဆင်ကြ…”
ဆဌမအကြီးအကဲမှ အော်ပြောလိုက်သည်။

“ဒါက မင်းတို့အားလုံးအတွက် အရေးကြီးတဲ့ စစ်ဆေးမှုပဲ .. ဒါကို မဖြတ်နိုင်တဲ့သူအားလုံး သေသွားမှာပဲ..” ဒုတိယအကြီးအကဲမှ သတိပေးလိုက်သည်။

သွေးရောင်သင်္ဘောကြီးပေါ်တွင် ပုံရိပ်များတစ်ခုပြီးတစ်ခု ပေါ်လာလေသည်။

အပိုင်း ၁၃၉၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၁ – စစ်ပွဲ ဝိညာဉ်

သွေးရောင်သင်္ဘောကြီးပေါ်တွင် ပုံရိပ်များစွာ ပေါ်လာပြီး ထိုပုံရိပ်များအားလုံးကို မီးခိုးရောင်မြူများ ရစ်သိုင်းထားပြီး သူတို့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်နေသည်ပင်။ သူတို့အားလုံးသည် ငွေရောင် သင်္ဘောကြီးထံသို့ တရှိန်ထိုးပင် ပြေးလာနေကြသည်။

“ဒါက စစ်ပွဲဝိညာဉ်တွေလား .. ငါ သူတို့ရဲ့ ပုံစံအမှန်ကို မမြင်ရဘူး .. သူတို့တွေကို မြူတွေ ဝိုင်းထားတာ .. သူတို့တွေက မြန်လိုက်တာ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသွေးရောင်သင်္ဘောထံမှ ပြေးထွက်လာသည့်သက်ရှိများမှာ မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေရောင်သင်္ဘောထံသို့ ရောက်လာလေပြီ။

“ဘာဖြစ်နေတာလဲ .. သူတို့တွေ နတ်ခွန်အားတွေကို စုတ်ယူပစ်နေတယ်..” ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသည့် ဝမ်ရှီးပင်လျှင် ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။

အခြားသူများလည်း ဤသည်ကို သတိပြုမိသည်ပင်။ သတ္တဝါများသည် လျှပ်စီးကဲ့သို့ ပြေးလာပြီး သူတို့ထုတ်လွှတ်လိုက်သည့်သင်္ကေတများကို ငွေရောင်စစ်သင်္ဘောကြီးမှာ မတားဆီးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသင်္ကေတများသည် သင်္ဘောကြီးမှ ထုတ်လွှတ်သည့် နတ်ခွန်အားများကို လျင်မြန်စွာ စုတ်ယူပြီး ပြုပြင်လိုက်ကြသည်ပင်။

ဤအခြေအနေမှာ ဆိုးရွားသည်ထက်ပင် ပို၍ဆိုးနေလေပြီ။ ဤသက်ရှိများမှာ ထူးခြားလှသည်။

“ဒါက စစ်ပွဲဝိညာဉ်တွေပဲ .. သူတို့တွေက နတ်ခွန်အားတွေကို စုတ်ယူပြီးတော့ သူတို့ကိုယ်ပိုင်ခွန်အားဖြစ်အောင် လုပ်လိုက်ကြတာ .. မင်းတို့အားလုံး သတိထားကြ..” အကြီးအကဲတစ်ယောက်မှ သတိပေးလိုက်သည်။

အကြီးအကဲများသည် သူတို့အား တားဆီးခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထံ၌ ပို၍အရေးကြီးသည့်ကိစ္စရှိနေသည်ပင်။ သူတို့သည် ထိုသွေးရောင်သင်္ဘောကြီးအား မမှိတ်မသုန်ကြည့်နေကြလေသည်။

ဝူး..

ထိုသွေးရောင်သင်္ဘောကြီးထံမှ အော်ဟစ်သံများထွက်ပေါ်လာသည်နှင့် ဤနေရာတစ်ခုလုံး တုန်ခါသွားသည်။ ဤကဲ့သို့သော အသံမှာ ကျွမ်းကျင်သူများစွာ ပေါက်ကွဲသွားစေရန် လုံလောက်သည်ပင်။

ကံကောင်းစွာဖြင့်ပင် ဤနေရာကို ကာကွယ်နေသည့် အကြီးအကဲအချို့ ကျန်နေသေးသည်။ သူတိုသည် သင်္ဘောပေါ်တွင်ရှိနေသည့်သူများ ပြဿနာသိပ်မတွေ့အောင် ကာကွယ်ပေးနေသည်။

“ဒီနေရာကို စောင့်ကြည့်နေတဲ့ ရှေးဟောင်းဘိုးဘေးစစ်ပွဲဝိညာဉ်တွေ ရှိနေတယ် .. ငါတို့တွေ ပိုပြီးတော့ ဒုက္ခများတော့မယ်..” တတိယအကြီးအကဲ ပြောလိုက်သည်။ သူတို့ ထိုသင်္ဘောကြီးအား မလှုပ်မယှက်စောင့်ကြည့်နေရခြင်းမှာ ဤကဲ့သို့သော အကောင်ကြီးကြီးများ ထွက်လာသည်ကို စောင့်နေခြင်းပင်။

ထိုသွေးရောင်သင်္ဘောထံတွင် ကြောက်စရာကောင်းသည့် သက်ရှိများစွာ ပေါ်လာသည်။ သူတို့၏မျက်လုံးမှ ရက်စက်သည့်အလင်းတန်းများ ထုတ်လွှတ်နေပြီး မြူများကို ထိုးဖောက်ကာ ဤနေရာကို အေးစက်စွာ ကြည့်နေကြသည်ပင်။

ထိုဝိညာဉ်များမှာ အကြီးအကဲများနှင့် တိုက်ခိုက်နိုင်သည့် ဝိညာဉ်များပင်။

ဝူး..

ကျယ်လောင်လှသည့် ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာပြီး သွေးရောင်သင်္ဘောကြီးထံမှ သတ္တဝါကြီးတစ်ကောင် လှုပ်ရှားလာသည်။ ထိုသတ္တဝါသည် လျှပ်စီးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ တရှိန်ထိုး ပြေးလာနေသည်ပင်။

ဖုန်း..

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုရားကျောင်းမှ စတုတ္ထအကြီးအကဲသည်လည်း ထိုသတ္တဝါကို ရင်ဆိုင်ရန်အတွက် ငွေရောင်စစ်သင်္ဘောကြီးမှ ခုန်ထွက်သွားလိုက်သည်။ သူတို့နှစ်ဦးကြား တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လာပြီး ဟစ်ကြွေးသံများလည်း အဆက်မပြတ်ထွက်ပေါ်လာသည်။

ရွှီးဟူသည့်အသံနှင့်အတူ အခြားစစ်ဝိညာဉ်တစ်ခု ပျံသန်းထွက်လာသည်။ ဤသည်မှာ ပထမတစ်ယောက်ထက် နည်းနည်းလေးမှ အားနည်းမနေပေ။

ကျောင်းမှ ပဉ္စအကြီးအကဲ ထိုသတ္တဝါအား လေထဲ၌ ရင်ဆိုင်လိုက်သည်။

ဤသည်မှာ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်များကြားမှ တိုက်ပွဲပင်။

ကျောင်းမှ အကြီးအကဲများထဲတွင် မည်သူက ပုန်းကွယ်နေသည့် ကျွမ်းကျင်သူမဟုတ်သနည်း .. အားလုံးမှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် ထူးခြားသည့်နောက်ခံရှိနေသည့်သူများပင်။ သူတို့ခြေတစ်ချက်ဆောင့်ချလိုက်သည်နှင့် ဘေးပတ်လည်အားလုံး တုန်ခါသွားမည်ပင်။

သို့သော် ယခုတော့ သူတို့ကို စစ်ပွဲဝိညာဉ်ခေါင်းဆောင်များမှ တားဆီးနေလေပြီ။ သူတို့သည် ရန်သူကို ချက်ချင်း အနိုင်မယူနိုင်ကြပေ။

ထို့နောက် သွေးရောင်သင်္ဘောပေါ်မှ ခေါင်းဆောင်အချို့ ကိုယ်တိုင် ထွက်လာကြလေသည်။

ထို့ကြောင့် အကြီးအကဲများအားလုံး လှုပ်ရှားပြီး ထိုသူများကို တိုက်ခိုက်နေရသည်ပင်။

တစ်ချိန်တည်းမှာပင် ငွေရောင်သင်္ဘောပေါ်၌ရှိနေသည့် ကျောင်းသားများလည်း ဤသင်္ဘောပေါ်သို့ ရောက်လာသည့် သက်ရှိများအား မြင်လိုက်ရလေပြီ။

“အား..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ထိုသက်ရှိများမှာ ကြောက်စရာကောင်းလှသည်။ သူတို့ခန္ဓာကိုယ်ပတ်ပတ်လည်တွင်ရှိနေသည့် မြူများရှင်းသွားသည်နှင့် သူတို့၏ခန္ဓာကိုယ်အမှန် ပေါ်လာသည်။

ဤသက်ရှိများ၏ ပုံစံများမှာ ထူးဆန်းလှသည်။ ဤသည်မျာ စွမ်းအားကြီးသည့်ကလန်မှ ကျွမ်းကျင်သူများကို ပေါင်းထားသကဲ့သို့ပင်။

ဥပမာအားဖြင့် စစ်ပွဲဝိညာဉ်တစ်ခုသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိနေသည့် မျောက်တစ်ကောင်ပင်။ အခြားနေရာတွင်ရှိနေသည့် ဝိညာဉ်မှာမူ လူသားခန္ဓာကိုယ်ရှိသော်လည်း သူ့ကျောထက်၌မူ အတောင်ပံများနှင့်တူသည့် ကမာခွံကြီးနှစ်ခုရှိနေသည်။ ပို၍ထူးဆန်းသည့် သက်ရှိများရှိနေသေးသည်။ လူသားခန္ဓာကိုယ်၊ မိစ္ဆာခေါင်းနှင့် သရဲမီးတောက်များထွက်ပေါ်နေသည့် သက်ရှိများလည်းရှိသည်ပင်။

“သူတို့က အလောင်းတွေ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ နောက်ဆုံးတွင်တော့ စစ်ပွဲဝိညာဉ်ဟူသည့် စကားလုံးနောက်မှ အဓိပ္ပာယ်ကို သူတို့နားလည်သွားလေပြီ။

အခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများ ပြူးကျယ်လာလေသည်။ သူတို့သည် တစ္ဆေသရဲများမြင်လိုက်ရသကဲ့သို့ပင်။

ဤသည်မှာ စစ်ပွဲတွင် အသတ်ခံခဲ့ရသည့် သူရဲကောင်းဝိညာဉ်များပင်။ သူတို့သည် မကျေမနပ်သေဆုံးခဲ့ရပြီး နောင်တတရားများရှိနေသာကြောင့် စစ်ပွဲဝိညာဉ်များဖြစ်လာခြင်းပင်။

ခဏကြာပြီးသည့်နောက်တွင် အလွန်ကြောက်စရာကောင်းသည့် အချက်တစ်ခုကို သူတို့ရှာဖွေတွေ့ရှိလိုက်သည်။ ဤသတ္တဝါများမှာ မူလဝိညာဉ်အား ဦးတည်တိုက်ခိုက်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤသတ္တဝါများမှာ သေဆုံးသွားသည့် သူရဲကောင်းဝိညာဉ်များမှ ပြောင်းလဲလာခြင်းပင်။ အချိန်များစွာ ကြာပြီးသည့်နောက်တွင် သူတို့ထံ၌ အသိစိတ်အသစ် ဖြစ်ပေါ်လာလေပြီ။

ဤသက်ရှိများသည် ငွေရောင်စစ်သင်္ဘောကြီး၏ ဝိညာဉ်စွမ်းအားများကို ဝါးမြိုကာ သူတို့စွမ်းအားအဖြစ်ပြောင်းလိုက်ပြီး သင်္ဘောအား တိုက်ခိုက်လာသည်။ ငွေရောင်စစ်သင်္ဘောကြီးသည် အရည်အသွေးအကောင်းဆုံး သင်္ဘောကြီးဖြစ်သော်လည်း ယခုအချိန်တွင် မတောင့်ခံနိုင်တော့ပေ။

ပြောရမည်ဆိုလျှင် ဤသက်ရှိများသည် ပစ္စည်းများအား စားသုံးသည့် တိရစ္ဆာန်များကဲ့သို့ပင်။ သူတို့သည် ငွေရောင်သင်္ဘောပတ်ပတ်လည်တွင် ရှိနေသည့် အလင်းအတားအဆီးကို လျင်မြန်စွာပင် ချိုးဖောက်လာကြသည်။

အား..

ကျောင်းသူတစ်ယောက် တိုက်ခိုက်ခံလိုက်ရသည်။ စစ်ပွဲဝိညာဉ်သည် သူမ၏ပုခုံးကို ဆုတ်ဖြဲလိုက်ပြီး လက်မောင်းတစ်ဖက်ကို ဆွဲဆုတ်ပစ်လိုက်လေသည်။

ဤစစ်ပွဲဝိညာဉ်များမှာ ကြမ်းတမ်းကာ အရိုင်းဆန်လှသည်။ အမျိုးသမီးတစ်ယောက်၏ လက်မောင်းကိုပင် ဆွဲဖြုတ်လိုက်၏။ ဤသည်မှာ ကြောက်စရာကောင်းလှသည်ပင်။

အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီး၏ခွန်အားမှာ အားမနည်းပေ။

“သတိထားကြ .. မင်းတို့ရဲ့ မူလဝိညာဉ်ကို ကာကွယ်ကြ..” တစ်စုံတစ်ယောက်မှ အသံပို့လွှတ်ကာ အားလုံးအား သတိပေးလိုက်သည်။ ထိုအမျိုးသမီး ဆိုးရွားစွာ ခံလိုက်ရခြင်းမှာ သူမ၏ မူလဝိညာဉ်ကို တိုက်ခိုက်ခံလိုက်ရသောကြောင့်ပင်။ သူမ တစ်ခဏခန့် အသိစိတ်လွတ်သွားသည့်အချိန်တွင် သူမ၏တုံ့ပြန်မှုများမှာ ခြေလှမ်းတစ်ဝက် နောက်ကျသွားလေပြီ။ ထိုစစ်ပွဲဝိညာဉ်သည် သူမ လက်အား ဆုတ်ကိုင်ကာ ဆွဲဖြုတ်လိုက်သည်။

ဝူး..

ဟစ်ကြွေးသည့်အသံများမှာ နားစည်ကွဲလောက်သည်။ ယခုအချိန်တွင် စစ်ပွဲဝိညာဉ် တစ်ရာကျော် သင်္ဘောပေါ်သို့ ရောက်နေလေပြီ။

ဤသည်မှာ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမည့် စစ်ဆေးမှုကြီးပင်။

အစိမ်းရောင်လုအန်သည် အတောင်ပံများကို ဖြန့်ကျက်ထားပြီး မီးတောက်များလည်း ထွက်ပေါ်နေသည်။ ထိုအကောင် ရှီဟောင်အား လိုက်နေသည်ကို အားလုံးတွေ့လိုက်ရသည်။

“အား..” နာကျင်စွာအော်ဟစ်သည့်အသံများ ထွက်ပေါ်လာသည်။ အများစုမှာ ထိုကပ်ဆိုးကြီးကို မရှောင်ရှားလိုက်နိုင်ပေ။

တစ်ခဏအတွင်းမှာပင် သင်္ဘောပေါ်တွင် ရှိနေသည့်လူသုံးယောက်သည် ပြန်ကယ်၍မရတော့အောင် အသတ်ခံလိုက်ရသည်။

“ဒီကောင်တွေအားလုံးက အသိဉာဏ်ရှိနေပြီ .. သူတို့တွေက အသိဉာဏ်ရှိတဲ့ရှေးဟောင်းအလောင်းတွေ ဖြစ်လာတော့မှာလား .. သူတို့တွေကို နှိပ်နှင်းဖို့ တော်တော်လေး ခက်တာပဲ..” ရှီဟောင် ပြောလိုက်သည်။

“သတ်…” လုထော် ဟစ်ကြွေးလိုက်သည်။ သူလည်း ရှီဟောင်ကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ပင်။

“သူတို့တွေက အသိဉာဏ်ရှိတဲ့ အလောင်းတွေ မဟုတ်ဘူး .. နတ်အာရုံတွေကနေ ပြောင်းထားတဲ့ခန္ဓာကိုယ်တွေ .. သူတို့တွေက တစ်နေ့ကျရင် ခန္ဓာကိုယ်အစစ်ဖြစ်လာချင်နေကြတာ..” သိပ်မဝေးသည့်နေရာတွင် စစ်ပွဲဝိညာဉ်ခေါင်းဆောင်များနှင့် တိုက်ခိုက်နေသည့် ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။

အား..

ရှီဟောင်နှင့် သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် အပြာရောင်အဝတ်အစားနှင့် မိန်းမပျိုမှာ ကံဆိုးသွားလေပြီ။ သူမ၏မျက်ခုံးကြားတွင် အက်ကွဲလာကာအနီရောင်သွေးများစီးကျလာပြီ။ သူမတစ်ကိုယ်လုံးလည်း အသိစိတ်လွင့်သွားလေပြီ။

ဤကဲ့သို့သောအခြေအနေမျိုးတွင် စစ်ပွဲဝိညာဉ်များ ပို၍ရက်စက်လာသည်ပင်။ သူတို့သည် ထိုအမျိုးသမီးအား နှစ်ပိုင်းဆွဲဖြဲပစ်လိုက်လေသည်။ သွေးများမှာ မိုးရွာသကဲ့သို့ပင် စီးကျလာလေသည်။

ဤမြင်ကွင်းမှာ အနီးအနားတွင်ရှိနေသည့် သူများအားလုံးကို ထိတ်လန့်သွားစေသည်ပင်။

သို့သော် သူတို့ဘာတတ်နိုင်မည်နည်း .. သူတို့ထံတွင် ပိုကောင်းသည့်နည်းလမ်းမရှိပေ။ ဤစစ်ပွဲဝိညာဉ်များမှာ စွမ်းအားကြီးလှသည်။

အလယ်တွင်ရှိနေသည့်သူများမှာလည်း သူတို့၏ မူလဝိညာဉ်များကို မကာကွယ်နိုင်သောကြောင့် စတင်တိုက်ခိုက်သည်နှင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြသည်ပင်။

ဝူး..

ငွေရောင် စစ်သင်္ဘောပေါ်တွင်ရှိနေသည့် ထူးဆန်းသည်သတ္တဝါအုပ်စုမှ ဟစ်ကြွေးကာ တိုက်ခိုက်လာကြသည်။

ထိုအခိုက်အတန့်တွင် လူအများအပြား ဒဏ်ရာရရှိသွားသည်။ အချို့လူများမှာ နှစ်ပိုင်းပြတ်သွားကာ ငွေရောင်စစ်သင်္ဘောတစ်ခုလုံးလည်း သွေးများဖြင့် ရဲရဲနီနေလေပြီ။

“သတ်…” ဤသည်မှာ ရှီဟောင်၏အသံပင်။ သူ့ကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီး စတင်သတ်ဖြတ်လေတော့သည်။

ဖူး..

ရှီဟောင် လက်ကိုဝေ့ရမ်းကာ စစ်ပွဲဝိညာဉ်တစ်ကောင်၏ ရင်ဘတ်ကို ထိုးလိုက်သည်။ ထို ဝိညာဉ်သည် သေဆုံးသွားခြင်းမရှိပဲ အလွန်ဝမ်းနည်းနေသည့် အော်သံသာ ထွက်ပေါ်လာလေသည်။

ရှီဟောင်၏ အခြားလက်တစ်ဖက်မှ လက်ညှိုးတစ်ချောင်းဖြင့် သူ၏ဦးခေါင်းခွံကို ဖျက်ဆီးလိုက်သည့်အချိန်မှသာ ထိုအသံ ရပ်တန့်သွားလေသည်။

“တကယ် အသွေးအသားနဲ့ခန္ဓာကိုယ်မဟုတ်ဘူး..” ရှီဟောင် ဤစစ်ပွဲဝိညာဉ်များကို သတ်လိုက်သော်လည်း အလောင်းများ မကျန်ခဲ့သည်ကို သူတွေ့လိုက်ရသည်။ သူတို့သည် ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ တဖြည်းဖြည်း လွင့်ပြယ်သွားလေသည်။

ဤသည်မှာ ခန္ဓာကိုယ်အစစ်ဟု ထင်ရသော်လည်း ဤသည်မှာ သူတို့၏စိတ်စွမ်းအားများလုံလောက်အောင် စွမ်းအားကြီးလာသည့်အချိန်တွင် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်သာ။

“ကောင်းတယ်..” အချို့သူများမှ အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် စစ်ပွဲဝိညာဉ်ကို သတ်နိုင်သည့်ပထမဆုံးသူပင်။

“ဝူး..” ဤသည်မှာ ပျားအုံကို တုတ်နှင့်ထိုးလိုက်သလို ဖြစ်သွားသည်ပင်။ ဤမြင်ကွင်းကို မြင်သည်နှင့် အခြားစစ်ပွဲဝိညာဉ်များသည် ကျောချမ်းစရာကောင်းလှသည့် အော်သံများပြုလုပ်ကာ ရှီဟောင်အား တိုက်ခိုက်လာကြလေသည်။

ထိုဝိညာဉ်များထဲတွင် ခေါင်းကိုးလုံးနှင့်နတ်ငှက်၊ လူသားပုံစံကောင်းကင်ကင်းမြှီးကောက်၊ ပိုင်ဖန်းနှင့် စွမ်းအားကြီးသည့် အခြားသက်ရှိများပါဝင်သည်။

ဖူး..

ရှီဟောင်သည် လက်သီးတံဆိပ်ကို ပြုလုပ်ကာ နောက်ထပ် စစ်ပွဲဝိညာဉ်တစ်ကောင်ကို ဖောက်ခွဲပစ်လိုက်သည်။ ဤသည်မှာ အခြားဝိညာဉ်များကို ရူးသွပ်သွားစေပြီး သူတို့သည် ရှီဟောင်ထံသို့ ပစ်ဝင်လာကြလေသည်။

“အမ်..” ထိုအချိန်တွင် ရှီဟောင် သူ၏မျက်ခုံးကြားမှ ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ ဤသတ္တဝါများ၏ ဝိညာဉ်ခွန်အားများမှာ အားကောင်းလှသည်။ သူ့ကို ထာဝရဓား တစ်ချောင်းပြီးတစ်ချောင်းနှင့် ထိုးနေသကဲ့သို့ နေရာအနှံ့မှ ဝိုင်းတိုက်လာကြသည်။

ဝုန်း..

သူ၏ခန္ဓာကိုယ်ပတ်လည်တွင် အလင်းပြင်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ဤသည်မှာ ဝိညာဉ်ခွန်အားများကို တားဆီးနိုင်သည့် ကောင်းကင်လမ်းကြောင်းပင်။

ရှီဟောင်၏မျက်ခုံးကြားမှ သွေးတစ်စက်စီးဆင်းလာသည်။ ဤသည်မှာ ဒဏ်ရာကြီးသည်ဟု ပြော၍မရ။ ယခုအချိန်တွင်တော့ သူ အားကုန်ထုတ်သုံးကာ တိုက်ခိုက်နေလေပြီ။

ဖူး..

သူသည် ခေါင်းကိုးလုံးကို ဆက်တိုက်ပင် ဖျက်ဆီးလိုက်ပြီး ခေါင်းကိုးလုံးနှင့်နတ်ငှက်ကို သတ်လိုက်သည်။ ဤစွမ်းအားကြီးသည့် စစ်ပွဲဝိညာဉ်ကို သတ်ပြီးသွားသည်နှင့် သူလန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ၏မူလဝိညာဉ်ကို အားဖြည့်ပေးသွားသည်ပင်။

“စစ်ပွဲဝိညာဉ်တွေက ဝိညာဉ်ကို အားဖြည့်ပေးနိုင်တာလား..” ရှီဟောင် ထိတ်လန့်သွားကာ အံ့အားသင့်သည့်ပုံစံဖြစ်သွားသည်။ ထို့နောက် သူ အခြားစစ်ပွဲဝိညာဉ်များထံသို့ ဦးတည်သွားလိုက်လေ၏။

အားလုံး ဆွံ့အသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး၏ မူလဝိညာဉ်များ ပြင်းထန်စွာ ဒဏ်ရာရရှိနေသည့်အချိန်တွင် ဟွမ်သည် ထိုစစ်ပွဲဝိညာဉ်များထံသို့ ပြေးသွားကာ တိုက်ခိုက်နေသည်ပင်။

အပိုင်း ၁၃၉၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၂ – ဝိညာဉ်ခွန်အား မျိုးစေ့

အေးစက်သည့်စွမ်းအင်လှိုင်းတစ်ခုပေါ်လာပြီး ရှီဟောင် တစ်ကိုယ်လုံး လန်းဆန်းသွားသည်။ ဤသည်မှာ သူ သက်ရှည်ဆေးစားလိုက်သကဲ့သို့ပင်။ သူ၏မူလဝိညာဉ်မှာ သိသိသာသာပင် အားကောင်းလာ၏။

“သတ်..” သူ အော်ဟစ်လိုက်ပြီးနောက် ဆက်တိုက်လှုပ်ရှားလိုက်သည်။ ယခုအချိန်တွင် ငွေရောင်စစ်သင်္ဘောပေါ်၌ ဝိညာဉ်အုပ်လိုက်ကြီး ရောက်လာလေပြီ။ သို့သော်လည်း ထိုဝိညာဉ်များမှာ ရှီဟောင်၏အစာအဖြစ် သတ်မှတ်ခြင်းခံလိုက်ရလေသည်။

ဤစစ်ဝိညာဉ်အုပ်စုသည်လည်း ရှီဟောင်အား သားကောင်အဖြစ် သတ်မှတ်ထားခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် သူသည် စစ်ပွဲဝိညာဉ်ကို သတ်သည့်ပထမဆုံးလူပင်။

ရွှီး..

ခရမ်းရောင်အလင်းတန်းတစ်ခုသည် ထာဝရစစ်ပွဲလှံတံတစ်ခုကဲ့သို့ ဤနေရာသို့ ဦးတည်လာလေသည်။

ဤသည်မှာ ကင်းမြှီးကောက်အမြှီးပင်။ ထိုအမြှီးသည် ရှီဟောင်၏ဦးခေါင်းထံသို့ ဦးတည်လာနေခြင်းပင်။

ဤသည်မှာ လူသားပုံစံ ကောင်းကင်ကင်းမြှီးကောက်ပင်။ သူ၏ခန္ဓာကိုယ်မှာ လူသားပုံစံနှင့် ဘာမှမကွာပေ။ သူ့ထံတွင် ခရမ်းရောင်ဆံပင်များရှိနေပြီး သူ့အနောက်ဘက်မှ အမြှီးတစ်ခု ထွက်နေသည်။ သူသည် ခရမ်းရောင်ရွှေဖြင့် ထွင်းထုထားသကဲ့သို့ပင်။

ကင်းမြှီးကောက်အမြှီးမှာ လေဟာနယ်ကို ထိုးဖောက်လာနေလေပြီ။

အမြှီးထိပ်ဖျား သူ့နားရောက်လာသည်နှင့် ရှီဟောင်၏မျက်ခုံးကြား အလွန်နာကျင်လာရသည်။ ကောင်းကင်လမ်းကြောင်း သူ့အား ကာကွယ်ပေးနေသော်လည်း သူ၏နဖူးမှာ အပ်များဖြင့် ထိုးခံနေရသကဲ့သို့ နာကျင်လာရသည်။

ဤသည်မှာ စိတ်အား တိုက်ခိုက်နေခြင်းပင်။

ရှီဟောင်ဘေးပတ်လည်တွင်ရှိနေသည့် ကျောင်းမှ ကျင့်ကြံသူအချို့ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် တိုက်ခိုက်နေသည့်နေရာမှာ သူတို့နှင့် သိပ်မဝေးသောကြောင့် သူတို့လည်း ဝိညာဉ်ခွန်အားကို ခံနေရသည်။

အချို့သူများ၏ နဖူးဟက်တက်ကွဲသွားကာ သူတို့၏ မူလဝိညာဉ်များ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

ဤသည်မှာ ရှီဟောင်ကဲ့သို့ ဤကင်းမြှီးကောက်နှင့် တိုက်ရိုက်တိုက်ခိုက်နေသည့်သူ မဟုတ်သေး။ ဘေးဘက်မှ ခံနေရသူများပင်။

စစ်ပွဲဝိညာဉ်များ၏ ကြောက်စရာအကောင်းဆုံးအပိုင်းမှာ ဝိညာဉ်တိုက်ခိုက်ခြင်းပင်။ သူတို့သည် လူတစ်ယောက်၏ နတ်ဝိညာဉ်များကို ဖြတ်ချပစ်ပြီး မခုခံနိုင်အောင် လုပ်ပစ်သည်ပင်။

ဝုန်း..

ရှီဟောင် သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ပြီး အလင်းတန်းများ တောက်ပစေလိုက်သည်။ ထို့အပြင် သူ၏မျက်ခုံးကြားတွင် တောက်ပလာကာ သင်္ကေတတစ်ခု ပေါ်လာသည်။ ဤသည်မှာ သူ၏နဖူးတွင် ရေးထွင်းထားသကဲ့သို့ တောက်ပလှသည်။

သူ၏စိတ်ခွန်အား ထွက်ပေါ်လာပြီး ဤစစ်ဝိညာဉ်ကို ရင်ဆိုင်နေလေပြီ။

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်လည်း လှုပ်ရှားသွားသည်။ သူသည် ထိုလူသားပုံစံ ကောင်းကင်ကင်းမြှီးကောက်ထံသို့ တရှိန်ထိုးပြေးသွားပြီး လမ်းတွင်ရှိသမျှ စစ်ပွဲဝိညာဉ်များကိုလည်း ပေါက်ကွဲစေလိုက်သည်။

ဒုန်း..

သူသည် လက်မြှောက်လိုက်ကာ ထိုကင်းမြှီးကောက်အမြှီးကို ဆုတ်ကိုင်လိုက်လေသည်။ သတ္တုချင်း ထိခတ်သွားသကဲ့သို့ သူတိုနှစ်ဦးကြား တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။

ထိုသို့ဆုတ်ကိုင်လိုက်သည်နှင့် ကင်းမြှီးကောက်အမြှီးသည် ကျိုးပဲ့သွားမလိုဖြစ်သွားသကဲ့သို့ ရှီဟောင်၏နဖူးမှလည်း သွေးများစီးကျလာသည်။

ဤကင်းမြှီးကောက်အမြှီးမှာ ဝိညာဉ်ခွန်အားမှ ဖြစ်လာသည့် ထိတွေ့ကိုင်တွယ်၍ရသည့်အရာပင်။ ဤစစ်ပွဲဝိညာဉ်များအားလုံး ခန္ဓာကိုယ်အစစ် မရှိပေ။ အားလုံးမှာ သူတို့၏ဝိညာဉ်များ စွမ်းအားကြီးလာသောကြောင့် ဖြစ်လာသည့် ခန္ဓာကိုယ်များပင်။

ခွပ်..

နောက်ဆုံးတွင် ရှီဟောင် ထိုကင်းမြှီးကောက်အမြှီးကို လိမ်ချိုးလိုက်သည်။ ထို့နောက် သူလေထဲသို့ ခုန်တက်သွားကာ ထိုကင်းမြှီးကောက်ကြီးကို ကန်ထည့်လိုက်သည်။

ထို့နောက် အဖိုးတန်ပညာများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။ ဤကင်းမြှီးကောက်သည် သေချာပေါက် မရိုးရှင်းပေ။ သူသည် ဝိညာဉ်ခွန်အားကို အသုံးပြုပြီး သူ့ကိုယ်သူ ကာကွယ်နိုင်သည်ပင်။ သို့သော်လည်း ရှီဟောင်၏ခြေထောက်မှာ သူ့အား ဖုန်းကနဲ မြည်အောင် ကန်မိသွားသေးသည်။

ကင်းမြှီးကောက်သည် အနောက်သို့ နည်းနည်းယိုင်သွားပြီးနောက် သူ့ရင်ဘတ်အက်ကွဲလာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားလေ၏။

ရှီဟောင်သည် သူ့ခြေထောက်တွင် အားထည့်ထားခြင်းပင်။ သူ့ရှေ့တွင် နတ်တောင်များရှိလျှင်ပင် ထိုတောင်များလည်း ပြာမှုန့်များအဖြစ် ပြောင်းလဲသွားမည်ပင်။

ဤစွမ်းအားကြီးသည့် စစ်ပွဲဝိညာဉ်ကျရှုံးသွားသည်နှင့် ဝိညာဉ်စွမ်းအားမျှင်များအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့ပျံ့ကြဲသွားလေ၏။ ဝိညာဉ်ခွန်အားအချို့မှာ အလင်းမိုးအဖြစ် ပြောင်းလဲသွားသောကြောင့် ရှီဟောင်သည် ဆောင်းဦးလေထဲ ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤကဲ့သို့သော အလင်းမိုးမှာ ရှီဟောင်အတွက်တော့ ဆေးခင်းကြီးပင်။ သူသည် အလွန်သက်သောင့်သက်တာခံစားလိုက်ရသည်။ သူ့အနားတွင် အလင်းများတောက်ပလာသည်မှာ သူ အတောင်ပံပေါက်လာပြီး က ကောင်းကင်ထက်သို့ ပျံသန်းသွားတော့မလိုပင်။

သူ၏မူလဝိညာဉ်သည် အတိုင်းအတာတစ်ခုထိ အားကောင်းလာသည်။

သူ၏မူလဝိညာဉ်မှာ အစကတည်းက အားကောင်းပြီးသားပင်။ သူ၏ဝိညာဉ်သည် ထိုင်နေသည့် သက်ရှိလေးအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ပြီး ယခု သူ၏မူလဝိညာဉ်ပိုမိုအားကောင်းလာအောင် လုပ်နိုင်မည့်နည်းလမ်းကို တွေ့လိုက်ရသည့်အချိန်တွင် သူဘယ်လိုလုပ် လက်လွတ်နိုင်မည်နည်း..

ရွှီး..

သူ၏လက်မောင်းတွင် ထာဝရစွမ်းအင်တစ်ကြောင်းပေါ်လာပြီး သူ၏လက်တွင် ရစ်ပတ်သွားသည်။ ထို့နောက် သူ့လက်သည် ဖြူဖွေးနေသည့် ဓားကိုယ်ထည်ဖြစ်သွားလေ၏။

“သတ်..”

ရှီဟောင် အော်ဟစ်လိုက်ကာ ရန်သူထံသို့ တရှိန်ထိုး ပြေးသွားလိုက်ကာ သူတို့နှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ဤသည်မှာ ပြင်းထန်လှသည့် တိုက်ပွဲပင်။ ရှီဟောင်သည် သူ၏မျိုးဆက်တွင် ပြိုင်ဘက်ကင်းသည့်သူဖြစ်နေသောကြောင့်သာ။ မဟုတ်ပါက သူ အစောကြီးကတည်းက သေဆုံးသွားလောက်လေပြီ။

“အား..” သိပ်မဝေးသည့်နေရာတွင် အပြာရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်သည် ငှက်တစ်ကောင်၏ လက်သည်းကြောင့် သူ့ဦးခေါင်း စုတ်ပြတ်သွားပြီး ထိုနေရာတွင်ပင် သေဆုံးသွားလေ၏။

ဖူး..

အခြားတစ်ဖက်တွင်ရှိနေသည့် အမျိုးသမီးတစ်ယောက်သည် အစွမ်းကုန်ခုခံနေသော်လည်း သူမ၏နဖူးရိုး အက်ကွဲသွားလေ၏။ ထို့နောက် ထူးဆန်းသည့်မြွေတစ်ကောင်ထွက်လာပြီး သူမလည်ပင်းကို လာရစ်ပတ်နေလေသည်။

မီးခိုးရောင်မြွေကြီးမှာ သိပ်မရှည်ပေ။ တစ်မီတာခန့်သာရှိသည်။ သို့သော်လည်း သူ၏စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။ ထာဝရစွမ်းအင်ကျင့်ကြံထားသည့် ဤအမျိုးသမီးပင်လျှင် ဤမြွေ၏ပြိုင်ဘက်မဟုတ်ပေ။ သူမ၏ အဖိုးတန်ပညာများမှာ ဤမြွေအပေါ်၌ အလုပ်မဖြစ်ပေ။ သူမ ထိုနေရာတွင် ချက်ချင်းသေဆုံးသွားလေပြီ။

“ဒါတွေက အရမ်းကြောက်စရာကောင်းတာပဲ .. ငါတို့က သူတို့နဲ့ ဘယ်လိုရင်ဆိုင်ရမှာလဲ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ရှီဟောင်၊ လုထော်နှင့် ဝမ်ရှီးကဲ့သို့သော ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများ မဟုတ်လျှင် ဤဝိညာဉ်များမှာ သာမန်ကျင့်ကြံသူများအတွက် မဟုတ်ပေ။

ဤသည်မှာ သူတို့ဝိညာဉ်ခေါင်းဆောင်များနှင့် တိုက်ခိုက်နေခြင်းမဟုတ်ပဲ သာမန်စစ်ပွဲဝိညာဉ်များနှင့်သာ ရင်ဆိုင်နေရခြင်းပင်။ ဤသည်မှာပင် သူတို့အတွက် ခက်ခဲလှလေပြီ။

အစပိုင်းသာရှိသေးသော်လည်း ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေလေပြီ။

သူတို့အားလုံးမှာ ပါရမီရှင်များဖြစ်ကြသော်လည်း ဤနေရာတွင် ထူးဆန်းစွာ သေဆုံးနေရသောကြောင့် ဤသည်မှာ နှမြောစရာကောင်းလှသည်ပင်။ အချို့လူများမှာ ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိတော့။

“စစ်ပွဲဝိညာဉ်တစ်ကောင်ကိုတောင် မတိုက်နိုင်ပဲနဲ့ မင်းတို့က တစ်ဖက်လောကကလူတွေကို တိုက်ချင်နေသေးတာလား .. ဧကရာဇ်ကလန်က အဖွဲ့ဝင်တစ်ယောက်နဲ့တောင် ဒီစစ်ပွဲဝိညာဉ်သင်္ဘောကြီးတစ်ခုလုံးကို ရှင်းပစ်လို့ရတယ်..” ကာကွယ်သူမျိုးဆက် တုဂုယွမ်မှ ပြောလိုက်သည်။ သူသည် တိုက်ခိုက်ခြင်းမရှိပဲ တစ်ချိန်လုံး ဘေးမှ ရပ်ကြည့်နေခြင်းပင်။

ဖူး..

လုထော် မျက်လုံးသုံးလုံးနှင့် နတ်လူဝံကြီးကို သတ်လိုက်သည်။ ထိုလူဝံကြီးသေသွားသည်နှင့် သူ၏မူလဝိညာဉ် အားကောင်းလာသည်ကို တွေ့လိုက်ရသည်။ ရှီဟောင် ဘာကြောင့် ဤစစ်ပွဲဝိညာဉ်များအား အရင်ဦးအောင်တိုက်ခိုက်နေသည်ကို သူ သိသွားလေပြီ။

ထို့နောက် ဝမ်ရှီး၊ သရဖူ ၁၀ ခုဘုရင်၊ မင်းသမီးယောင်ယွဲ့နှင့် အခြားသူများလည်း သဲလွန်စရှာတွေ့သွားကာ ဤနေရာတစ်ခုလုံး ဖရိုဖရဲဖြစ်လာသည်။ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံသူများအားလုံး လှုပ်ရှားလာကြလေ၏။

ယခုတစ်ခေါက်တော့ စစ်ပွဲဝိညာဉ်များ ပြန်တိုက်ခံနေရလေပြီ။

“သတ်.. ဒီစစ်ပွဲဝိညာဉ်တွေက ဝိညာဉ်တွေကို အအားဖြည့်နိုင်တယ် .. သူတို့တွေက ဝိညာဉ်အားကနေ ဖြစ်လာတာဆိုတော့ ငါတို့နတ်အာရုံတွေကို ပြောင်းလဲပေးနိုင်တယ်..”

အခြားသူများလည်း လှုပ်ရှားလာကြသည်။ ယခု ပြန်ဆုတ်နိုင်မည့်လမ်းမရှိတော့သဖြင့် သူတို့ ဆက်တိုက်နေရုံသာ။ သူတို့သာ သတိကြီးကြီးထားပြီး တိုက်ခိုက်လျှင် သူတို့ ဤကပ်ဘေးကြီးမှ အကျိုးအမြတ်ရပြီး ပိုပြီးသန်မာလာနိုင်သည်။

အခြေအနေမှာ ချက်ချင်းပြောင်းလဲသွားလေ၏။ တုဂုယွမ်ပင်လျှင် ချက်ချင်းတိုက်ခိုက်လာသည်။

ဖုန်း..

ရှီဟောင် ထိုမီးခိုးရောင်မြွေကို တစ်ချက်တည်းဖြင့် ဖမ်းလိုက်သည်။ ဤသည်မှာ တစ်မီတာခန့်သာရှိသော်လည်း အလွန်သန်မာလှသည်။ ရှီဟောင် အလွန်သန်မာနေသောကြောင့်သာမဟုတ်ပါက သူ ချက်ချင်း ရုန်းထွက်သွားနိုင်လောက်လေပြီ။

ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားခြင်းမဟုတ်ပါက ဤမြွေကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

“စစ်ပွဲဝိညာဉ်လေးတစ်ခုက ဒီလောက်တောင် အားကောင်းနေတာလား..” ရှီဟောင် အတော်လေး မကျေမနပ်ဖြစ်သွားရသည်။

သူအားထပ်ထည့်လိုက်သော်လည်း ဤမြွေ လွတ်သွားသည်။ သူ၏ဗိုက်မှ ခြေလက်လေးခု ထွက်လာလေ၏။ သူ၏ခေါင်းမှလွှဲလျှင် ကျန်သည့်အစိတ်အပိုင်းများမှာ နဂါးအစစ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ရွှီး ရွှီး..

ထို မီးခိုးရောင်မြွေ လျှာထုတ်လိုက်သည်နှင့် ဝိညာဉ်ကွင်းပြင်ကြီးတစ်ခုထွက်လာလေ၏။ ဤသည်မှာ ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းနှင့် ယှဉ်နိုင်သည်ပင်။ သူတို့နှစ်ဦး ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေ၏။

“တကယ်ကို ထူးဆန်းပြီး ရက်စက်တာပဲ..” ရှီဟောင်၏နဖူးထက်မှ သွေးတစ်စက် စီးကျလာသည်။ သူပိုပြီး မကျေမနပ်ဖြစ်လာရသည်။

“ဒီမြွေစုတ်မှာ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ..” သူဤမြွေ၏ခန္ဓာကိုယ် စုတ်ဖြဲပစ်လိုက်ချင်သောကြောင့် အားကုန်ထုတ်သုံးလိုက်သည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် တိုက်ပွဲကြီးလည်း ပို၍ ပြင်းထန်လာလေပြီ။ ထိုသွေးရောင်စစ်သင်္ဘောကြီးရှေ့တွင် စစ်ပွဲဝိညာဉ်များသည် ကြောက်စရာကောင်းလှသည့် မှော်ခွန်အားများကို ပြသနေပြီး အကြီးအကဲများနှင့် ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေသည်။ သူတို့သည်ကြယ်များကိုပင် ရွေ့လျားနိုင်ပြီး ပျက်စီးနေသည့် ရှေးဟောင်းနယ်မြေများကိုပင် ထိခိုက်နိုင်လေ၏။

ဝုန်း..

နေနှင့်လများ အရောင်အဆင်းကင်းမဲ့သွားသည်အထိ သူတို့တိုက်ခိုက်နေကြသည်။ လေအေးများ တိုက်ခတ်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ စီးဆင်းသွားလေသည်။

“ဒီ စစ်ပွဲဝိညာဉ်တွေကိ အထင်သေးလို့ မရဘူး .. သူတို့အားလုံးက အရင်တုန်းက စွမ်းအားကြီးတဲ့ သူရဲကောင်းတွေပဲ..” ဒုတိယအကြီးအကဲသည် တိုက်ခိုက်နေရသော်လည်း အသံပို့လွှတ်ကာ တပည့်များအား ပညာပေးနေဆဲပင်။

“အဲဒါကြောင့်မို့လို့ ဒီစစ်ပွဲဝိညာဉ်တွေက စွမ်းအားကြီးတယ်လို့ မင်းတို့အားလုံး ခံစားနေရတာ .. ဒါပေမဲ့ စိတ်မပျက်ပါနဲ့ … ဘာလို့လဲဆိုတော့ ဒီဝိညာဉ်တွေအားလုံးက သူတို့အရင်ဘဝမှာ ထူးခြားတဲ့သူတွေအားလုံးပဲ..” ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး စိတ်သက်သာရာရသွားကြသည်။ မဟုတ်ပါက အများစုမှာ သူတို့အားနည်းလွန်းလှသည်ဟု ခံစားနေကြရခြင်းပင်။

“ဒီထူးဆန်းတဲ့မြွေက .. နဂါးအစစ်နဲ့ ဆက်စပ်နေယ်..” ဒုတိယအကြီးအကဲသည် ရှီဟောင် ပြင်းထန်စွာတိုက်ခိုက်နေသည့် ထိုမြွေကိုကြည့်ကာ ထိတ်လန့်သွားရသည်။

“မဖြစ်နိုင်တာ .. ဒါက တကယ်အဲဒီမြွေပဲ .. အရင်တုန်းက နဂါးအစစ်အသိုက်ဘေးကနေ ထွက်လာတဲ့ ထူးဆန်းတဲ့မြွေတစ်ကောင်ရှိခဲ့ဖူးတယ် .. သူက ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမယ့် နယ်မြေသင်္ချိုင်းမှာ သေခဲ့ရတာ..” စတုတ္ထအကြီးအကဲမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤသက်ရှိများ မည်မျှပင် ပြောင်းလဲသွားပါစေ၊ သူတို့ အတိတ်ကို မေ့သွားပါစေ၊ သူတို့ခန္ဓာကိုယ်အသစ် ပြန်ယူလိုက်သည့်အချိန်တွင် ယခင်ဘဝနှင့် အနည်းငယ် ဆင်တူနေမည်ပင်။

အကြီးအကဲများမှာ ဒဏ္ဍာရီလာ ကျွမ်းကျင်သူများမှ ဖြစ်လာသည့် ဝိညာဉ်ခန္ဓာကိုယ်များစွာကို မှတ်မိနေသေးသည်။ ဥပမာအားဖြင့် ခေါင်းကိုးလုံး နတ်ငှက်၊ အဖြူရောင်ခြင်္သေ့နှင့် အခြားသူများမှာ ယခင်က ကြီးကျယ်ခမ်းနားသည့် ဂုဏ်သတင်းများ ရှိခဲ့ကြသည်ပင်။

ဤထူးဆန်းသည့်မြွေမှာ အရိုးစာအုပ်များတွင်ပင် မှတ်တမ်းတင်ခံထားရသည်။

ဖူး..

ရှီဟောင် မျက်ခုံးကြား အက်ကွဲလာပြီး သွေးစီးကျလာသည်နှင့် သူ မီးခိုးရောင်မြွေကြီးကို သတ်လိုက်နိုင်သည်ပင်။ သူ၏ကောင်းကင်လမ်းကြောင်းကို အသုံးပြုကာ ထိုမြွေ၏ ဝိညာဉ်ကွင်းပြင်အား ချေဖျက်လိုက်သည်။

ထိုမြွေကြီးသည် နောက်ဆုံးတွင်တော့ ပေါက်ကွဲသွားလေသည်။

ထို့နောက် ရှီဟောင်၏မျက်ခုံးကြားရှိ ဒဏ်ရာ ပျောက်ကွယ်သွားကာ သူ၏စိတ်လည်း လန်းဆန်းလာသည်။ ဤထူးဆန်းသည့်မြွေမှာ စွမ်းအားကြီးလှပြီး သူ၏အသက်စွမ်းအင်မှာ တကယ်ကို ရှီဟောင်၏မူလဝိညာဉ်အား တောက်ပစေသည့်ဆေးဝါးကြီးပင်။

ဤထူးဆန်းသည့်မြွေမှာ ငွေရောင်သင်္ဘောကြီးကို လာရောက်တိုက်ခိုက်သည့် စစ်ပွဲဝိညာဉ်များ၏ ခေါင်းဆောင်ပင်။ သူသေဆုံးသွားသည်နှင့် စစ်ပွဲဝိညာဉ်များ ချက်ချင်းထိတ်လန့်သွားရသည်။

ထိုအချိန်တွင် သွေးရောင်သင်္ဘောနားမှ တိုက်ပွဲကြီးလည်း အဆုံးအဖြတ်ရောက်လာလေပြီ။ ဘိုးဘေးအဆင့် စစ်ပွဲဝိညာဉ်များမှာ ဒုတိယအကြီးအကဲနှင့် အခြားသူများ၏ ပြိုင်ဘက်မဟုတ်ပေ။ သူတို့သည် သေမလိုပင် ဖြစ်သွားကြသည်။

ဝုန်း..

ဒုတိယအကြီးအကဲ ထိုသင်္ဘောကြီးအား ဖောက်ခွဲပစ်လိုက်လေသည်။

ဝူး..

ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများနှင့် တိုက်ခိုက်နေသည့် စစ်ပွဲဝိညာဉ်များမှာ ရူးသွပ်တော့မလိုပင် အော်ဟစ်နေကြလေ၏။ သူတို့အားလုံးသည် တိုက်ခိုက်နေသည်ကို စွန့်ပစ်ကာ ထိုပျက်စီးနေသည့် သင်္ဘောထံသို့ ပြန်သွားလိုက်ကြသည်။

“ဟမ် .. ပြည့်စုံတဲ့ ဝိညာဉ်ခွန်အား မျိုးစေ့..” ဒုတိယအကြီးအကဲ ထိတ်လန့်သွားရသည်။

သွေးရောင် စစ်သင်္ဘောကြီး ပေါက်ကွဲသွားသည်နှင့် ပစ္စည်းမျိုးစုံ ထွက်ကျလာသည်။ ထိုပစ္စည်းများအပြင် တောက်ပနေသည့်ဝိညာဉ်ခွန်အားလည်း တောက်ပနေသည်။

“အဖိုးမဖြတ်နိုင်တဲ့ မျိုးစေ့..” ပဉ္စမအကြီးအကဲလည်း အံ့အားတကြီး ရေရွတ်လိုက်ကြသည်။

သူတို့ဤနေရာသို့ ရောက်လာကြခြင်းမှာ ထာဝရမျိုးစေ့များ လာရောက်ရှာဖွေခြင်းပင်။ ယခု သူတို့မျိုးစေ့တစ်ခုတွေ့သွားသည့်အပြင် အလွန်ကောင်းမွန်သည့်တစ်ခုကိုတွေ့သွားခြင်းပင်။

“သတ်..”

ငွေရောင်စစ်သင်္ဘောကြီးပေါ်တွင်ရှိနေသည့် လူအားလုံး စစ်ပွဲဝိညာဉ်များကို လိုက်သတ်ကြပြီး ထိုမျိုးစေ့ထံသို့ ဦးတည်သွားလိုက်ကြသည်။

ဤစစ်ပွဲဝိညာဉ်များ ပြန်ဆုတ်သွားရခြင်းမှာလည်း ထိုဝိညာဉ်ခွန်အားမျိုးစေ့အား ယူချင်သောကြောင့်ပင်။ ထိုမျိုးစေ့အား သူတို့ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်ချင်သည်ပင်။

ရှီဟောင်သည် စစ်ပွဲဝိညာဉ် ဘယ်လောက်ကို သတ်ပြီးသွားပြီလဲဆိုတာတောင် မသိတော့။ သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့ပင် တိုက်ခိုက်နေသောကြောင့် စစ်ပွဲဝိညာဉ်များကို ထိတ်လန့်သွားစေသည်ပင်။

ရှီဟောင်သည် သူတိုက်ခိုက်လေလေ ပို၍အားကောင်းလာလေလေပင်။

ဖုန်း..

သူသည် ဝမ်ရှီးနှင့် တစ်ချက်တိုက်ခိုက်လိုက်ပြီးနောက် လုထော်၊ သရဖူ ၁၀ ခုဘုရင်နှင့်လည်း တိုက်ခိုက်နေသည်။

အကြီးအကဲများမှာ မည်သူမျှ ဝင်ရောက်ပါဝင်ခြင်းမရှိပဲ တိတ်တဆိတ်သာ စောင့်ကြည့်နေလေ၏။ သူတို့သည် ဘိုးဘေးအဆင့် စစ်ပွဲဝိညာဉ်များကို တားဆီးရန်သာ တာဝန်ရှိသည်။ ကျန်သည့်ကိစ္စများမှာ သူတို့ကျောင်းသားကိစ္စများပင်။

ရှီဟောင်လည်း တိုက်ပွဲထဲတွင် ပါဝင်နေလေပြီ။

“အကျဉ်းချမယ်..”

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ကောင်းကင်လမ်းကြောင်း တောက်ပလာကာ ထိုဝိညာဉ်ခွန်အားမျိုးစေ့အား ချက်ချင်း ပိတ်သိမ်းလိုက်ကာ သူ၏ကောင်းကင်လမ်းကြောင်းထဲသို့ ဆွဲသွင်းလိုက်သည်။

“ဒီတိုက်ပွဲကြီး အဆုံးသတ်ပြီ..” ဒုတိယအကြီးအကဲ ပြောလိုက်၏။ သူတို့အချင်းချင်းတိုက်ခိုက်သည်ကို သူခွင့်ပြုမည် မဟုတ်။

အပိုင်း ၁၃၉၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၃ – တာအိုမျိုးစေ့

သွေးရောင် စစ်သင်္ဘောကြီးမှာ ပျက်စီးသွားပြီး ပျက်စီးနေသည့်အရာများလည်း နေရာတိုင်းတွင် လွင့်မြောနေသည်။ စစ်ပွဲဝိညာဉ်များမှာ ထိုပစ္စည်းများကို ပြန်လုနေကြလေ၏။

ကျောင်းမှ အကြီးအကဲများ၏ စောင့်ကြည့်နေမှုကြောင့် သူတို့မကျေနပ်ကြသော်လည်း ပြန်လာခဲ့ကြရသည်ပင်။ မဟုတ်ပါက အမှားသေးသေးလေး လုပ်မိသွားသည်နှင့် သူတို့အားလုံး အသတ်ခံရလိမ့်မည်။

မထွက်ခွာမှီတွင် စစ်ပွဲဝိညာဉ်များသည် ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းထဲတွင်ရှိနေသည့် ဝိညာဉ်ခွန်အားမျိုးစေ့ကို ကြည့်လိုက်ကြသည်။ သူတို့သည် ထိုမျိုးစေ့အား လိုချင်နေသောကြောင့် မျက်လုံးများ တောက်ပနေကြသည်။

သို့သော်လည်း သူတို့ဤနေရာတွင် မနေရဲခဲ့ကြသလို ဘာမှလည်း မလုပ်ရဲကြ။ မြူထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြလေ၏။

နယ်မြေသင်္ချိုင်းထဲတွင် အရာအားလုံး တိတ်ဆိတ်သွားပြီး တိုက်ပွဲလည်း အဆုံးသတ်သွားလေပြီ။

ယခုအချိန်တွင် ကျောင်းမှ တပည့်အားလုံး ရှီဟောင်ကို ကြည့်လာကြသည်။ ဝမ်ရှီးနှင့် လုထော်တို့ပင်လျှင် ရှီဟောင်အား လျှပ်စီးကဲ့သို့သော အကြည့်များဖြင့် ကြည့်နေကြသည်ပင်။

သို့သော်လည်း ဒုတိယအကြီးအကဲမှ ပြောပြီးသွားပြီဖြစ်သောကြောင့် သူတို့ ဘာမှ ထပ်ပြော၍ မရတော့ပေ။

အားလုံး မနာလိုဖြစ်သွားကြသည်။ သွေးရောင်စစ်သင်္ဘောကြီး ပျက်စီးသွားကာ ဤဝိညာဉ်ခွန်အားမျိုးစေ့ ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် ဤသည်မှာ အဖိုးအတန်ဆုံး ရတနာဟု ပြော၍ရသည်။ သူ၏တန်ဖိုးမှာ တိုင်းတာ၍ မရအောင်ပင်။

ရှီဟောင် သူ၏ကောင်းကင်လမ်းကြောင်းထဲတွင်ရှိနေသည့် တောက်ပသည့်မျိုးစေ့လေးကို ကြည့်လိုက်သည်။ ဤသည်မှာ လက်သီးအရွယ်အစားလေးသာရှိသည်။ ဤသည်မှာ နှလုံးပုံစံအပြာရောင်မျိုးစေ့ပင်။

ရှီဟောင် ထိုမျိုးစေ့ကို ကိုင်လိုက်သည့်အချိန်တွင် သက်တောင့်သက်သာခံစားလိုက်ရသည်။ သူ၏မူလဝိညာဉ်မှာ ဆက်တိုက်ပင် အားတိုးလာသည်ပင်။

ဤသည်မှာ ပစ္စည်းကောင်းပင်။ အခြားအရာများမပြောနှင့် ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည်ဆိုသည့်အချက်ကပင် အားလုံး၏မျက်လုံးများကို နီရဲသွားစေသည်။

သို့သော်လည်း မျိုးစေ့ကိုသုံးပြီး ဝိညာဉ်အား အားဖြည့်သည်ဆိုလျှင် ဤသည်မှာ အနည်းငယ် ဖြုန်းတီးရာရောက်မည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရှေးယခင်ကတည်းက မြင်တွေ့နိုင်ရန် ရှားပါးလှသည့် မျိုးစေ့ပင်။ ဤမျိုးစေ့ကို ခန္ဓာကိုယ်နှင့် ပေါင်းစည်းကာ ထာဝရရှေးဟောင်းပညာများ ကျင့်ကြံနိုင်သည်။

“ငါတို့ ဒီကိုလာတာက ကိုယ်နဲ့ သင့်တော်တဲ့ တာအိုမျိုးစေ့ကို ရှာဖို့ပဲ .. အခု ငါတို့ ဝိညာဉ်ခွန်အားမျိုးစေ့ကိရသွားပြီဆိုတော့ အစ တော်တော်ကောင်းနေပြီ..” တတိယအကြီးအကဲ အားပေးလိုက်သည်။

ဝိညာဉ်ခွန်အားမျိုးစေ့ .. ဤသည်မှာ မူလဝိညာဉ်နှင့် ဆက်စပ်နေသည်ပင်။ ဤပစ္စည်းမှာ သန့်စင်မြင့်မြတ်သည့်ပစ္စည်းဟု ပြော၍ ရသည်။

“ဒါက လောကသစ်ပင်၊ အခြေတည်စ အာကာသမျိုးစေ့တို့ထက် နိမ့်ကျတယ်ဆိုပေမယ့် တော်တော်လေး ရှားပါးတယ် .. အဆင့်အမြင့်ဆုံး တာအိုမျိုးစေ့ထဲက တစ်ခုလို့ သတ်မှတ်လို့ရတယ်..” ပဉ္စမအကြီးအကဲမှ သက်ပြင်းချ၍ ပြောလိုက်သည်။ သူလည်း အတော်လေး စိတ်လှုပ်ရှားနေသည်။

“ဒါက အဆင့် ၂ ထာဝရမျိုးစေ့ .. ငါတို့ အခုမှ နယ်မြေသင်္ချိုင်းထဲ ဝင်ပေမယ့် ဒီလိုမျိုးပစ္စည်းကောင်းကိုတောင် ရသွားပြီ..”

“တကယ်ကို ကံကောင်းနေတာပဲ..”

ကျောင်းမှ ကျောင်းသားများမှာ ရှီဟောင်အား မနာလိုဖြစ်နေကြသည်ပင်။ ဤကဲ့သို့သော ပစ္စည်းမျိုးမှာ ရှာတွေ့နိုင်သည့်အရာမဟုတ်။ ကံကောင်းမှသာ တွေ့နိုင်သည့်ပစ္စည်းပင်။

ဤကဲ့သို့သော အောင်မြင်မှာမှာ ပျော်စရာကောင်းလှသောကြောင့် ယခုလေးတင်ကြုံတွေ့ခဲ့ရသည့် ပြင်းထန်သည့် တိုက်ပွဲကိုပင် သူတို့မေ့သွားကြရသည်။

“ကောင်းပြီ .. ငါတို့ ဆက်သွားကြမယ်..” စတုတ္ထအကြီးအကဲ သတိပေးလိုက်သည်။

ထိုအခါမှ အားလုံး အသိစိတ်ပြန်ဝင်သွားသည်။ ငွေရောင်စစ်သင်္ဘောကြီးပေါ်မှ သွေးများနှင့် အရိုးစုများကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့စိတ်ထဲ တုန်လှုပ်သွားရသည်။ သူတို့၏အဖော်များမှာ ဤကဲ့သို့ပင် သေဆုံးသွားကြလေပြီ။

ငွေရောင်စစ်သင်္ဘောကြီးသည် သူတို့ကို တင်ဆောင်က ခရီးဆက်လာခဲ့သည်။ သူတို့သည် ပျက်စီးနေသည့် ရှေးဟောင်းနယ်မြေများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့ကြသည်။

“ဒုတိယအကြီးအကဲကို မေးချင်လို့ပါ .. လူတစ်ယောက်က မျိုးစေ့ဘယ်နှစ်ခုနဲ့ ပေါင်းစည်းလို့ရလဲ..” လမ်းတွင် ရှီဟောင်သည် ဤနေရာရှိလူများထဲမှ စွမ်းအားအကြီးဆုံး ဒုတိယအကြီးအကဲကို မေးလိုက်သည်။

ဤမေးခွန်းကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးထိတ်လန့်သွားရသည်။ သူက ဘာလို့ ဒီလိုမျိုး မေးတာလဲ ..

“ထာဝရရှေးဟောင်းပညာကို ကျင့်ကြံရင် အရေးအကြီးဆုံးအချက်က စိတ်ရှင်းဖို့ပဲ .. စိတ်တွေ များနေလို့ မရဘူး .. မင်းက စတောင်မစရသေးဘူး .. တစ်ခြားမျိုးစေ့တွေနဲ့ ပေါင်းစည်းချင်နေပြီလား..” ဒုတိယအကြီးအကဲ သတိပေးလိုက်သည်။

ထိုစကားကိုကြားသည်နှင့် ရှီဟောင် သူ့ကိုယ်သူ စဉ်းစားလိုက်သည်။ ထို့နောက် သူခေါင်းညိမ့်လိုက်ကာ ဝိညာဉ်ခွန်အားမျိုးစေ့ကို ဖယ်ထားရန် ဆုံးဖြတ်လိုက်သည်။

“တာအိုရောင်းရင်း .. မင်း ဒီမျိုးစေ့ကို မလိုချင်ရင် ငါ ရှေးဟောင်းကောင်းကင်ပညာတစ်ခုနဲ့ ဒီမျိုးစေ့ကို လဲချင်တယ်..” ထိုအချိန်တွင် တစ်စုံတစ်ယောက် လျှောက်လာပြီး ရှီဟောင်ထံသို့ တိတ်တဆိတ်ပင် အသံပို့လွှတ်လိုက်သည်။

ဝိညာဉ်ခွန်အားမျိုးစေ့သည် လောကသစ်ပင် သို့မဟုတ် အခြေတည်စ အာကာသမျိုးစေ့တို့နှင့် မယှဉ်နိုင်သော်လည်း ဤသည်မှာ သာမန်လူများ ရနိုင်သည့်အရာမဟုတ်ပေ။ သက်ရှည်မိသားစုများပင် ရနိုင်ရန် ခက်ခဲလိမ့်မည်ပင်။

ဤသည်မှာ ကံတရားနှင့်ဆိုင်သည့် ကိစ္စပင်။ စွမ်းအားကြီးရုံဖြင့် ရရှိနိုင်သည့်အရာမဟုတ်။

လူအချို့ ထိုလူကိုကြည့်လိုက်ကြကာ ထူးဆန်းသည့်အမူအရာများဖြစ်လာကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့ဤလူကို သိသည်။ သူသည် သက်ရှည်မိသားစုများ၏ အရေးကိစ္စများကို ဆောင်ရွက်ရသည့်သူပင်။

“ဒီလူက အပြင်လောကက တစ်ကိုယ်တော် ကျင့်ကြံသူလို့ ထင်ရပေမယ့် တကယ်တမ်းက လေကလန်နဲ့ အဆက်အသွယ်ရှိတယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်၏။

“သူက ဟွမ်နဲ့ တာအိုမျိုးစေ့ လဲချင်နေတာလို့တော့ မပြောနဲ့နော် .. သူက တော်တော်လေးကို လောဘကြီးတာပဲ..”

ပို့လွှတ်လိုက်သည့် နတ်အသံကို မကြားရသော်လည်း သူ ဘာလုပ်ချင်နေသည်ကို အချို့သူများ ခန့်မှန်းမိကြသည်ပင်။

“ဟုတ်တယ် .. သူ့တစ်ယောက်တည်းနဲ့ ဝိညာဉ်ခွန်အားမျိုးစေ့ကို ရဖို့ အရည်အချင်းမရှိသလို လဲဖို့အတွက်လည်း သူ့ဆီမှာ တန်ဖိုးကြီးတာ ဘာမှမရှိဘူး .. သူ လေကလန်ကိုယ်စားလုပ်နေတာ သေချာတယ်..” လူအချို့မှ မှတ်ချက်ချလိုက်ကြသည်။

ရှီဟောင်၏မျက်နှာမှာ ချက်ချင်းပင် မဲမှောင်သွားရသည်။ သူ လေကလန်ကို စက်ဆုပ်သည်။ ယွမ်ချင်း သူ့အား ဖိနှိပ်လာရခြင်းမှာ လေကလန်ကြောင့်ပင်။ ပြီးလျှင် သူ ဖုန်းရှင်းထျန်ကို ထာဝရ စစ်မြေပြင်တွင် သတ်ခဲ့သေးသည်။

ယခု လေကလန်မှ သူ့အား သံသယဝင်နေပြီဖြစ်ပြီး သူ့အား အချိန်မရွေး လက်တုံ့ပြန်လာနိုင်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူက ဘယ်လိုလုပ် လေကလန်အား ဤဝိညာဉ်ခွန်အားမျိုးစေ့အား ပေးနိုင်မည်နည်း..

“ကျုပ် မလဲဘူး .. ကျုပ်သုံးဖို့အတွက် သိမ်းထားမှာ..” ရှီဟောင် ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။ သူ လေကလန်ကို မုန်းတီးသည့်အပြင် သူ ဤမျိုးစေ့ကို တကယ်ပင် သူ့အတွက် သုံးမည်ပင်။

သူ့အမြင်တွင် မူလဝိညာဉ်နှင့် ဆက်စပ်နေသည့်ပစ္စည်းများမှာ အလွန်အရေးကြီးသည့် ပစ္စည်းများပင်။ ထို့ကြောင့် သူက ဘယ်လိုလုပ် ဤကဲ့သို့သောမျိုးစေ့ကို ဖြုန်းတီးနိုင်မည်နည်း .. သူ ဤပစ္စည်းကို သေချာပေါက် သုံးရမည်ပင်။

“တာအိုရောင်ရင်း တကယ်တော့ မင်းနဲ့ အလဲအလှယ်လုပ်ချင်နေတာက သက်ရှည်မိသားစုတစ်ခုပါ” ထိုလူငယ်လေးပြောလိုက်၏။ သူ့ထံတွင် မီးခိုးရောင်ဆံပင်ရှိနေပြီး သူ၏မျက်လုံးများပင် မီးခိုးရောင်ပင်။ သူသည် တည်တည်ငြိမ်ငြိမ်ပင် ပြောနေလေသည်။

“လေကလန်လား..” ရှီဟောင် ထူးမခြားနားစွာ မေးလိုက်သည်။

“ဟုတ်တယ်..” မီးခိုးရောင်ဆံပင်နှင့်လူငယ် ခေါင်းညိမ့်လိုက်သည်။ သူ ဤနေရာသို့ လိုက်မလာမှီက လေကလန်မှ သူ့အား မှာကြားထားပြီးသားပင်။ ရှားပါးသည့်မျိုးစေ့ကို မည်သူပဲ ရရှိပါစေ ထိုမျိုးစေ့ကို ရရှိရန် သူ အကောင်းဆုံးကြိုးစားရမည်ပင်။

သို့သော်လည်း သူ မသိသည်မှာ ရှီဟောင်သည် ဖုန်းရှင်းထျန်ကို သတ်ထားပြီး သူနှင့် လေကလန်မှာ မီးနှင့်ရေလို ဖြစ်နေလေပြီ။ လေကလန်ကလည်း သူ့အား ဤအကြောင်း ပြောပြမည်မဟုတ်ပေ။

ရှီဟောင် သူ့အား အေးစက်စွာ ကြည့်လိုက်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာလေ၏။ ထိုလူငယ်လေးသည် ကျောချမ်းလာကာ ဘာစကားမှ ထပ်မပြောရဲတော့ပဲ နောက်ပြန်လှည့်သွားလေသည်။

ငွေရောင်သင်္ဘောကြီးသည် ဆက်လက်ရွေ့လျားနေဆဲပင်။ သမိုင်းမတင်မှီခေတ်မှ အရာများကို တွေ့နေရကာ အားလုံး ထိတ်လန့်နေကြသည်။

“အရိုးခေါင်းကြီး အကြီးကြီးပဲ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။ ကြယ်တစ်လုံးခန့်ပင် ကြီးမားလှသည့် အရိုးခေါင်းတစ်ခုကို သူတို့တွေ့လိုက်ရသည်။

ထိုဦးခေါင်းထက်တွင် မြက်ပင်အသေများနှင့် တူသည့် ဆံပင်ဝါများရှိနေပြီး အရေပြားလည်း မြေကြီးရောင်ဖြစ်နေလေပြီ။

ဤခေါင်းကြီးမှာ ကျောင်းသားအားလုံးကို ထိတ်လန့်သွားစေသည်ပင်။

“ဒါက ရွှေရောင်ဘီလူး လူမျိုးစုရဲ့ တတိယမြောက်ဘိုးဘေး .. သမိုင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတာတော့ သူက ကောင်းကင်နဲ့မြေကြီးကိုတောင် ခွဲနိုင်ပြီးတော့ သူ့ရဲ့အသွေးအသားတွေကလည်း အာကာသမှာ လျှောက်သွားနိုင်တယ်တဲ့..” အကြီးအကဲတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

သို့သော်လည်း ထိုဘိုးဘေးပင်လျှင် ဤနေရာ၌ သေဆုံးသွားသောကြောင့် ဤနေရာ၏ ဆန်းကြယ်မှုနှင့် ကြောက်စရာကောင်းမှုအား မီးမောင်းထိုးပြနေသည်ပင်။

ရှီဟောင် အံ့အားတကြီး သက်ပြင်းချလိုက်သည်။ သူယခင်က ရွှေရောင်ဘီလူးများကို တွေ့ဖူးသည်။ သူတို့သည် ကျန်းဒါဇင်အနည်းငယ်ခန့် မြင့်သည်ကလွဲပြီး ဘာမှမဟုတ်။ သို့သော် ဤဘိုးဘေး၏ ဦးခေါင်းမှာ ကြယ်တစ်လုံးထက်ပင် ပိုကြီးနေသည်။ ကွာခြားမှုမှာ ကြီးမားလှသည်ပင်။

“အရှေ့ဘက်မှာ ပိုပြီးတော့ အန္တရာယ်များတယ် .. ငါတို့ မျိုးစေ့တွေ ရှိနေတဲ့ ရှေးဟောင်းမြေကို ချဉ်းကပ်လာနေပြီ .. အားလုံးပဲ သတိကြီးကြီးနဲ့ လှုပ်ရှားကြ..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

“မထင်မရှား ပိုးကောင်လေးတွေက ဒီနေရာကို ဝင်လာရဲတယ်ပေါ့..” ထိုအချိန်တွင် ငွေရောင်စစ်သင်္ဘောကြီးကို တုန်ခါသွားစေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ဤအသံမှာ လွှမ်းမိုးနိုင်စွမ်းကြီးမားလှပြီး မနှစ်မြို့ခြင်းများ အပြည့်ပင်။ ကောင်းကင်နတ်ဘုရားကျောင်းမှ လူများကို မျက်လုံးထဲပင် မထည့်ပေ။

အားလုံး တုန်လှုပ်သွားရသည်။ ဒီမှာ နေနေတဲ့ သက်ရှိ ရှိနေတာလား .. သူတို့ အဲဒီသက်ရှိနဲ့ တွေ့ရတော့မှာလား .. သို့သော်လည်း ထိုအသံမှာ ရန်လိုနေသည့်အသံဖြစ်သောကြောင့် အကြီးအကဲများ အနိုင်ရနိုင်မလား သူတို့ မသိ။

“သူ့ကို အာရုံစိုက်ဖို့ မလိုဘူး..” ဒုတိယအကြီးအကဲ တည်ကြည်သည့်အသံဖြင့် ပြောလိုက်သည်။

“နတ်ဘုရားနဲ့တွေ့ရင် မင်းတို့တွေ ဒူးထောက်ဦးညွှတ်ရမှာ မဟုတ်ဘူးလား..” ထိုအသံတွင် လှောင်ပြောင်သည့်အငွေ့အသက်များ စွန်းထင်းနေသည်ပင်။

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး ဒေါသထွက်သွားရသည်။ ဒီလူက ဘယ်သူလဲ..

” အကျဉ်းသားတစ်ယောက်ကများ..”
ဒုတိယအကြီးအကဲ အေးစက်စွာ ပြောလိုက်၏။ သူဘာမှ ထပ်မပြောချင်တော့။

စစ်သင်္ဘောကြီးသည် ဤနေရာကို လျင်မြန်စွာ ဖြတ်သွားလိုက်ကြလေသည်။

ထိုအချိန်တွင် အနက်ရောင်အရိပ်မည်းကြီး ပေါ်လာလေသည်။ ထိုအရိပ်ကြီးမှာ သိပ်မသိသာသော်လည်း ထိုအော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။

ဤသည်မှာ ထာဝရရွှေဖြင့် ပြုလုပ်ထားသည့် ငါးရောင်စပ်သရဖူကို ဝတ်ဆင်ထားသည့်သူမှန်း သိနိုင်သည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်နေပြီး သေချာမမြင်ရတော့ပေ။

သူ၏လက်ထဲတွင် ထူးဆန်းသည့် နတ်ဆိုးစွမ်းအားရှိနေသည့် သစ်သားပစ္စည်းတစ်ခု ကိုင်ထားသည်။ ဤသည်မှာ ရှေးဟောင်းဧကရာဇ်တစ်ပါး ပေါ်လာသကဲ့သို့ပင်။

“တစ်ခြားလောကက .. ဧကရာဇ်ကလန်..” တုဂုယွမ်ပြောလိုက်ပြီး သူ၏အမူအရာလည်း ပြောင်းလဲသွားသည်။ ထိုရှေးဟောင်းနတ်အသံကို ကြားသည်နှင့် သူ၏စိတ်တုန်လှုပ်လာသည်။

“ဧကရာဇ်ကလန်ဟုတ်လား .. သူ့မှာ ဘယ်လိုအဆင့်အတန်းပဲရှိနေပါစေ စိတ်ပူစရာမလိုဘူး .. သူအကျဉ်းချခံထားရတာ နှစ်ပေါင်းများစွာ ရှိနေပြီ .. အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ခံထားရတာ .. သူ့အသက်ကိုတောင် သူ မထိန်းထားနိုင်တော့ဘူး..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်၏။

ဤသည်မှာ ပုံရိပ်ယောင်တစ်ခုပင်။ နေရာတစ်ခုတွင် ဖမ်းခံထားရသည့် ကြောက်စရာကောင်းပြီး ထူးဆန်းသည့်သူတစ်ဦး ရှိနေသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း သူသည် မသေသေးပဲ လွတ်မြောက်နိုင်မည့်အခွင့်အရေးကို ရှာဖွေနေဆဲပင်။

“သေခြင်းနဲ့ ရှင်ခြင်းကြားက ကွာခြားချက်ကို မသိတဲ့အရူးတွေ .. မင်းတို့က င့ါကိုတောင် ဆန့်ကျင်ရဲတယ်ပေါ့ .. အရင်တုန်းက မင်းတို့ဘိုးဘေးတွေက င့ါခြေထောက်အောက်မှာ ဝပ်တွားပြီးတော့ င့ါကို ကိုးကွယ်ခဲ့ကြတာ..” ဤသက်ရှိမှာ အတော်လေး ရန်လိုနေသည်။

ဒုတိယအကြီးအကဲသည် ဘာမှပြောပဲ စစ်သင်္ဘောကြီးကို ကာကွယ်ရန်အတွက် ဖီးနှစ်ကိုးကောင်မီးဖိုကို ထုတ်လိုက်သည်။

“ဒီပစ္စည်းပဲ..”
ထိုလူက အေးစက်စွာ ပြောပြီးနောက် ပြန်ဆုတ်သွားကာ သူ၏ပုံရိပ်ယောင်လည်း ပျောက်ကွယ်သွားသည်။

သို့သော်လည်း နယ်မြေသင်္ချိုင်းတွင် ဖမ်းခံထားရသည့် တစ်ဖက်လောကမှ ဧကရာဇ်ကလန်ဘိုးဘေးကို တွေ့လိုက်ရသောကြောင့် အားလုံး စိတ်လေးလံသွားရသည်။ သူသာ လွတ်မြောက်သွားပါက ကပ်ဆိုးကြီးဖြစ်လာမည်ပင်။

သူတို့အရှေ့ဘက်သို့ ဆက်သွားလိုက်ကြသည်။ လမ်းတစ်လျှောက်တွင် ပျက်စီးနေသည့် လောကကြီးများကို တွေခဲ့ရသည်။ မည်သည့်နေရာသို့ ဦးတည်သွားမှန်း မသိရသည့် အက်ကွဲကြောင်းကြီးများကိုလည်း တွေ့ခဲ့ရသေးသည်။

လေဟာနယ်ထဲ လွင့်မြောနေသည့် သွေးရောင်လွှမ်းသည့် တစ္ဆေမြို့ကြီးတစ်မြို့ကိုပင် သူတို့တွေ့ခဲ့ရသေးသည်။

“ဟမ် .. အဲဒါက ဘာကြီးလဲ..”

အချိန်နှင့် လေဟာနယ် ဖရိုဖရဲဖြစ်သွားသည်ကို ကြုံတွေ့လိုက်ရသောကြောင့် လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ဖရိုဖရဲစွမ်းအင်နှင့်အတူ ထွက်ပေါ်လာသည့် တောက်ပလှသည့် ရွှေရောင်အလင်းကြီးကို တွေ့လိုက်ရသောကြောင့်ပင်။

ထို့နောက် တစ်ပင်လုံး ရွှေရောင်သန်းနေသည့် သစ်ပင်တစ်ပင်ကို သူတို့ တွေ့လိုက်ရသည်။ သစ်ပင်ကြီးမှာ ရှည်လျားလှပြီး သစ်ရွက်များမှာ ကြယ်များ သီးနေသည်။ ဤသည်မှာ ဒဏ္ဍာရီအတိုင်းပင်။

“ဘုရားရေ .. ဒါက လောကသစ်ပင်လား ..”

“ငါ ဘာမြင်နေရတာလဲ .. အဲဒီမှာ လောကကျောက်တုံးလည်း ရှိနေတယ် .. အဲဒီအဖိုးတန်ကျောက်တုံးက ရွှေရောင်သစ်ပင်ကြီးနဲ့ အတူတူရှိနေတယ်..”

အားလုံး စိတ်လှုပ်ရှားလာကာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

အပိုင်း ၁၃၉၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၄ – လောကသစ်ပင် တစ်ဝက်

ရွှေရောင်သစ်ပင်ကြီးတစ်ပင်သည် ကောင်းကင်နှင့်မြေကြီးကို ထောက်ထားပြီး သစ်ရွက်များဖြင့် ဖုံးအုပ်နေသည်။ သစ်ရွက်တစ်ရွက်တိုင်းစီတွင်လည်း နေ၊ လနှင့် ကြယ်များရှိနေသည်ပင်။

အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ ဘယ်လိုကြည့်ကြည့် လောကသစ်ပင်ပင်။

“ငါမြင်နေရတာ အစစ်မလား .. ကောင်းကင်ကို ထိုးခွဲသွားတဲ့ ရှေးဟောင်းသစ်ပင်ကြီး .. သစ်ကိုင်းနဲ့ အရွက်တွေမှာ ကြယ်တွေရှိနေတာ .. ဒါက အဲဒီလိုမျိုး ထိပ်တန်းသစ်ပင် ဟုတ်တယ်မလား..”

အားလုံး တံတွေးမြိုချလိုက်ပြီးနောက် ထိုသစ်ပင်ကြီးကို လောဘကြီးစွာ ကြည့်နေကြသည်။ တစ်ချို့ဆိုလျှင် အသံများပင် တုန်ယင်နေလေပြီ။

ဤကဲ့သို့သော သစ်ပင်မျိုးမှာ နှစ်ပေါင်း သိန်းသန်းပေါင်းများစွာ ပြောင်းလဲခဲ့ခြင်းပင်။ သူတို့သာ ဤသစ်ပင်ကို ရလိုက်ပါက လောကကြီးတစ်ခုလုံး ပျက်စီးသွားလျှင်ပင် သူတို့ ကြောက်စရာမလိုတော့။

အချို့လူများသည် စစ်သင်္ဘောထံမှ တရှိန်ထိုးပင် ပြေးထွက်သွားကြသည်။ ဤသည်မှာ အလွန်အန္တရာယ်များသော်လည်း သူတို့အောင်မြင်သွားသည်နှင့် ကံအကောင်းဆုံးလူ ဖြစ်သွားမည်ပင်။

ကျင့်ကြံသူများစွာသည် ထိုရွှေရောင်သစ်ပင်ကြီးရှိနေသည့် အက်ကွဲကြောင်းကြီးထံသို့ ပြေးသွားကြလေသည်။ သူတို့ သစ်ပင်ထက်သို့ တက်သွားလိုကြသည်။

အကြီးအကဲများလည်း သူတို့အား မတားဆီးကြပေ။ သူတို့လည်း အလွန်ထိတ်လန့်နေကြသည်။ ဤသည်မှာလောကသစ်ပင် ဟုတ်လား မဟုတ်ဘူးလား ဆိုသည်ကို စစ်ဆေးနေကြသည်။

ဖရိုဖရဲစွမ်းအင်နှင့် ရွှေရောင်အလင်းများ ဖြန့်ကျက်လာပြီး ထွက်သွားသည့်သူများမှာ ရှေ့ဆက်မတိုးနိုင်တော့ပဲ ပိတ်မိသွားကြသည်။ သူတို့၏ခန္ဓာကိုယ်များပင်လျှင် ပြင်းထန်စွာ တုန်ယင်နေသည်။ ထို့နောက် သူတို့ခန္ဓာကိုယ် တစ်လက်မစီ ပျက်စီးလာသည်။

ဖူး..

သွေးများလွင့်စင်လာကာ အနီရောင်မြူများ လွှမ်းခြုံသွားသည်။ ထိုသူများအားလုံး ပျောက်ကွယ်သွားလေပြီ။ သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ငြိမ်းသတ်သွားခြင်းပင်။

အားလုံး ချွေးစေးပြန်သွားပြီး အားလုံး နောက်ဆုတ်သွားကြရသည်။

“ဒါက ဒဏ္ဍာရီတွေထဲက အတိုင်းပဲ .. သူက ပြောင်းလဲနေတာ .. သူ့မှာ လောကသစ်ပင်ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်..”
ဒုတိယအကြီးအကဲ၏ အမူအရာမှာ လေးနက်နေသည်။ ဤစကားတစ်ခွန်းတည်းဖြင့်ပင် ပြဿနာများစွာကို မီးမောင်းထိုးပြသွားလေပြီ။ ဒီသစ်ပင်က အရွယ်မရောက်သေးပဲနဲ့ အခုမှ ပြောင်းလဲတဲ့အဆင့်မှာပဲ ရှိသေးတာလား..

“အောင်မြင်သွားပြီလို့ သတ်မှတ်ဖို့ သူ့မှာ ဘာတွေရှိရမှာလဲ..” ရှီဟောင် မေးလိုက်သည်။ ဤကဲ့သို့သော သစ်ပင်မျိုးမှာ သူ မရင်းနှီးသည့်အရာမဟုတ်။ ဤသစ်ပင်ပေါ်တွင် သူ တိုက်ခိုက်ဖူးခဲ့သေးသည်။

ယခင်က သူနှင့်ေစတီလေးသည် မသေမျိုးသက်ရှိကို ကယ်တင်ရန်အတွက် မသေမျိုးတောင်ကို မွှေနှောက်ခဲ့သေးသည်။ ထို့နောက် သူတို့ထူးဆန်းသည့်အာကာသထဲသို့ ရောက်သွားကာ ဤသစ်ပင်နှင့်တူသည့် ရွှေရောင်နေသစ်ပင်ကို တွေ့ခဲ့ကြသည်။

နောက်ပိုင်းတွင် ထိုသစ်ပင်သည် လောကကျောက်တုံးနှင့်အတူ အဆင့်မြင့်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။ ‘ကြယ်အုတ်ဂူ’ ထဲသို့ ရောက်သွားသည်ဟု ကောလဟာလများ ထွက်ခဲ့သေးသည်။ သို့သော်လည်း စီရင်စုသုံးထောင်တွင် ထိုသစ်ပင်၏သဲလွန်စ မတွေ့ခဲ့ရချေ။

“လောကသစ်ပင်အစစ်ဖြစ်သွားပြီဆိုရင် ဒီလိုမျိုးမဟုတ်ဘူး .. နဂါးအစစ်တို့၊ ခွန်ပန်တို့လိုမျိုး ဒီသစ်ပင်ပေါ်မှာ နေနေတဲ့ သတ္တဝါတွေ ရှိလာမှာ” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး ဆွံ့အသွားရသည်။ ဤကဲ့သို့သော သစ်ပင်မှာ နဂါးအစစ်နှင့် အခြားသတ္တဝါများနေထိုင်နိုင်ရန် အရည်အသွေးပြည့်မှီသည့် သစ်ပင်ပင်။

“သူ မအောင်မြင်ခင် အဆင့်အမြင့်ဆုံး သတ္တဝါတွေရောက်လာပြီး သူ့ကို ကူညီပြီးတော့ ကပ်ဘေးပေါင်းစုံကနေ ကာကွယ်ပေးတာ” အကြီးအကဲတစ်ယောက် ထပ်ပြောလိုက်သည်။

ကပ်ဘေးဆိုသည်မှာ ကောင်းကင်အတိဒုက္ခတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်။ သူ့ကိုလာရောက်တိုက်ခိုက်သည့်သူများလည်း ပါဝင်သည်ပင်။ ထိုအချိန်ကျလျှင် အပင်ပေါ်တွင်နေထိုင်သည့်သက်ရှိမှ ဤသက်ရှိများရန်မှ ကာကွယ်ပေးသည်ပင်။

ရှေးဟောင်းရွှေရောင်သစ်ပင်ကို ဤနေရာတွင်တွေ့ရလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့ပေ။ ကြယ်အုတ်ဂူဆိုတာက နယ်မြေသင်္ချိုင်းနဲ့ ချိတ်ဆက်နေတာလား .. အဲဒါကြောင့်မို့လို့ ဒီအပင်က ဒီကိုရောက်နေတာလား..

“လောကသစ်ပင်ဖြစ်ချင်တဲ့ ရှေးဟောင်းသစ်ပင်တွေအားလုံး ဒီနယ်မြေသင်္ချိုင်းကို လာရတယ် .. ဒီက ရှေးဟောင်းလောကက တံဆိပ်တွေကို သုံးပြီးတော့ သူတို့ရဲ့အဆင့်တက်အောင် လုပ်ရတာ” ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။

“ဟမ် .. အဲဒီမှာ အမျိုးသမီးတစ်ယောက်ရှိနေတယ်..” တစ်စုံတစ်ယောက်မှ ရုတ်တရက် အော်ဟစ်လိုက်သည်။

ထိုမည်းနက်ကာ လေးလံလှသည့် လောကကျောက်တုံးထိပ်တွင် ရှေးဟောင်းနန်းတော်တစ်ခုနှင့် ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းနေသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။

သစ်ပင်ထိပ်တွင် ရောင်စုံနတ်အလင်းများ တောက်ပနေသည့်ပန်းပွင့်တစ်ပွင့်လည်း ရှိနေသည်။ ထိုပန်းပွင့်မှာ ဤရွှေရောင်ရှေးဟောင်းသစ်ပင်မှ ဖြစ်ပေါ်လာခြင်းပင်။ ယခု ထိုပန်း ပွင့်နေပြီဖြစ်ပြီး ထိုပန်းထဲတွင် အမျိုးသမီးတစ်ဦး ထိုင်နေသည်။

သူမထံတွင် မီးတောက်များနှင့်တူသည့် ရွှေရောင်ဆံပင်ရှည်ကြီးရှိနေပြီး သူမ၏အသားအရေမှာ ဖြူဖွေးတောက်ပနေသည်ပင်။ ယခုအချိန်တွင် သူမမျက်လုံးများကို မှေးမှိတ်ထားသည်။ သူမ၏မျက်တောင်များမှာ ရှည်လျားလှပြီး အနည်းငယ် ကော့တက်နေသည်။

သူမသည် ခါသာပိတ်ပါးကို ဝတ်ဆင်ထားပြီး သူမ၏ကောက်ကြောင်းများမှာ ပြီးပြည့်စုံလှသည်။ သူမသည် ကောင်းကင်၏ အကောင်းမွန်ဆုံး အနုပညာလက်ရာကဲ့သို့ ပြစ်ချက်ကင်းလှသည်ပင်။

သူမ၏ကျောထက်တွင် ရွှေရောင်အတောင်ပံတစ်စုံလည်းရှိနေသည်။

ဤသည်မှာ ဆူဆူညံညံဖြစ်သွားစေသည်။ လောကတစ်ဝက်သစ်ပင်မှာ သက်ရှိတစ်ယောက် တကယ် နေနေတယ်..

ရှီဟောင်လည်း ထိတ်လန့်သွားရသည်။ သူ ဤအမျိုးသမီးကို ယခင်က မြင်ဖူးသည်။ ယခင်က ရှေးဟောင်းနတ်သစ်ပင်မှ ပန်းပွင့် ပွင့်လာသည့်အချိန်၌ ဤအမျိုးသမီးပေါ်လာသည်ကို သူ့မျက်လုံးများဖြင့် တပ်အပ်မြင်ခဲ့ရသည်။

သူမသည် ဤပန်းပွင့်ထဲ၌ ရှိနေဆဲပင်။

ရွှီးဟူသည့်အသံနှင့်အတူ ထိုအမျိုးသမီး၏ မျက်လုံးများပွင့်လာသည်။ သူမ၏မျက်လုံးများမှာ အာကာသကဲ့သို့ နက်ရှိုင်းလှသည်။ ထို့နောက် သူမ၏အမူအရာ လျင်မြန်စွာပင် ပြောင်းလဲသွားလေသည်။ သူမသည် အားလုံးကိုကြည့်လိုက်ပြီးနောက် ရှီဟောင်ကို ကြည့်ကာ ပြုံးပြလိုက်သည်။ သူမ၏အပြုံးမှာ တည်ငြိမ်လှကာ မြို့များကိုပင် ပြောင်းပြန်လှန်စေနိုင်လောက်သည်။

စစ်သင်္ဘောပေါ်တွင်ရှိနေသည်မှာ အကြီးအကဲအချို့မှ လွဲလျှင် ကျန်သည့်သူများမှာ လူငယ်များပင်။ ထိုအမျိုးသမီးပြုံးပြသည်ကို မြင်လိုက်သည်နှင့် လူအများအပြား နှလုံးခုန်နှုန်းများမြန်ဆန်လာလေ၏။

“သူ င့ါကိုပြုံးပြလိုက်တယ်..” တစ်စုံတစ်ယောက် အလွန်ပျော်ရွှင်စွာပင် ပြောလိုက်သည်။

“မဟုတ်ဘူး..င့ါကို ပြုံးပြလိုက်တာ..” တစ်စုံတစ်ယောက်မှ ငြင်းလိုက်သည်။

အကြီးအကဲများ မကျေမနပ်ဖြစ်ကာ ချောင်းဟန့်လိုက်သည့်အချိန်မှ အားလုံးပါးစပ်ပိတ်သွားကြလေ၏။ အချို့ မျက်လုံးကောင်းသည့်သူများမှာမူ ဤအမျိုးသမီးသည် ရှီဟောင်အား ပြုံးပြလိုက်ခြင်းဖြစ်သည်ဟု ခံစားလိုက်ရသောကြောင့် ထိတ်လန့်သွားကြရသည်။

“ဒီအပင်ကို ဖမ်းနိုင်မယ့် အခွင့်အရေးရှိလား..” အကြီးအကဲတစ်ယောက်မှ မေးလိုက်သည်။ သူတို့ကဲ့သို့ စွမ်းအားကြီးသည့်သူများပင်လျှင် ဤရှေးဟောင်းသစ်ပင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။

“အရမ်းခက်ခဲတယ် .. ပြီးတော့ ငါတို့ နှောက်ယှက်လိုက်တာနဲ့ သူ့ရဲ့ပြောင်းလဲတဲ့အရှိန်က နှေးသွားလိမ့်မယ် .. အဓိကကတော့ ငါတို့ သူ့ကို မဖမ်းနိုင်မှာဆိုးတယ်..” ဒုတိယအကြီးအကဲမှ ပြောလိုက်သည်။

“သစ်ပင်တစ်ပင်က ဒီအဆင့်ထိတောင် ပြောင်းလဲသွားပြီဆိုတော့ သူက ဒီလောကကြီးရဲ့ ကန့်သတ်ချက်တွေအမျိုးမျိုးကို နားလည်ပြီးသွားပြီ .. တကယ်တိုက်မယ်ဆိုရင် ဒီလောကက စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူတွေတောင်မှ ရှုံးသွားလိမ့်မယ်”

“သစ်ပင်က ဒီလောက်ထိကြီးတာ .. ဘယ်လိုလုပ် မျိုးစေ့အနေနဲ့သုံးလို့ရမှာလဲ..” မင်းသမီးယောင်ယွဲ့ မေးလိုက်သည်။ ဘယ်သူက ဒီသစ်ပင်နဲ့ ပေါင်းစည်းနိုင်မှာလဲ .. ဤသည်မှာ လောကသစ်ပင် အပင်ပေါက်မဟုတ်ပေ။ ကြီးလွန်းလှသည်။

“သူ အပင်ပေါက်အဖြစ် ပြန်မွေးဖွားနေတဲ့အချိန်မဟုတ်ရင် မင်းတို့အားလုံးအတွက် အသုံးမဝင်ဘူး..”အကြီးအကဲတစ်ယောက်မှ ပြောလိုက်၏။

ထိုအချိန်တွင် ထိုအက်ကွဲကြောင်းကြီး မှုန်ဝါးလာကာ လောကတစ်ဝက်သစ်ပင်လည်း လှုပ်ရှားလာသည်။ သူသည် ဤနေရာမှ ထွက်ခွာသွားတော့မည်။

“အဲဒီသစ်ပင်နောက်လိုက်..” ဒုတိယအကြီးအကဲသည် အလွန်အရေးကြီးသော်လည်း လွန်စွာအန္တရာယ်များသည့် ဆုံးဖြတ်ချက်ချလိုက်သည်။

“အဲဒါက အန္တရာယ်များလွန်းတယ်..” အခြားအကြီးအကဲများမှ ဆန့်ကျင်လိုက်လေသည်။

“ဒီအပင်နောက်လိုက်လို့ အန္တရာယ်ဖြစ်လာနိုင်တယ် .. ဒါပေမဲ့ ကံကောင်းမှုတွေလည်း ရလာနိုင်တယ် .. သူက ပြောင်းလဲနေတာ အဲဒီတော့ ကံကောင်းမှုတွေရှိတဲ့ နေရာမျိုးစုံကို သွားနေဖို့လိုတယ် .. ငါတို့ သူ့နောက်လိုက်ရင် ငါတို့ အဆင့်မြင့်တဲ့တာအိုမျိုးစေ့တွေ အများကြီးရနိုင်တယ်..”

ရွှေရောင်သစ်ပင်ကြီးသည် တိုက်များကို တစ်တိုက်ပြီးတစ်တိုက် ကျော်ဖြတ်သွားသည်။ လမ်းတစ်လျှောက်တွင် ထူးဆန်းသည့်မြင်ကွင်းများစွာကို သူတို့မြင်ခဲ့ရသည်။ ထူးဆန်းသည့်အုတ်ဂူများ၊ ကြယ်များထက်ပင်ပိုကြီးသည့် နတ်ဘုရားများ၏ အရိုးစုများ၊ အသက်မရှိသော်လည်း နီရဲနေသည့် ပန်းခင်းကြီးများ..

ထိုရှေးဟောင်းသစ်ပင်ကြီးသည် ရုတ်တရက်ပင် အလွန်ကျယ်ပြန့်သည့်နေရာတစ်ခု၌ ရပ်တန့်လိုက်သည်။ ထိုနေရာမှာ ကျယ်ပြန့်လွန်းလှသောကြောင့် အခြားတစ်ဖက်ကိုပင် မမြင်နိုင်ပေ။

ဤသည်မှာ တိုက်တစ်တိုက်ဖြစ်သော်လည်း ဥက္ကာခဲများကို စုစည်းထားသကဲ့သို့ ကျယ်ပြန့်လှကာ ဝိညာဉ်စွမ်းအင်ငါးမျိုးလည်း ထွက်ပေါ်နေသည်။ နတ်အလင်း ငါးမျိုးလည်း လင်းလက်နေသည်ပင်။

“ဒြပ်စင်ငါးခုကမ္ဘာ..” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။

ဤတိုက်ကြီး၏ အဆုံးသတ်ကို မမြင်ရနိုင်ပေ။

အချို့နေရာများတွင် အဝါရောင်ဓာတ်ငွေ့များသည် လှိုင်းများကဲ့သို့ဖြစ်နေပြီး အခြားနေရာများတွင် ပင်လယ်ကဲ့သို့ နက်ပြာနေသည်။ ဤသည်မှာ လှပလွန်းသောကြောင့် လူတစ်ယောက်ကို မူးမော်သွားစေနိုင်သည်အထိပင်။ အခြားနေရာများတွင်မူ စိမ်းစိုလန်းဆန်းနေသည်။

သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး .. ဒြပ်စင်ငါးခုလုံး ရှိနေသည်။ အုတ်မြစ်စွမ်းအင်မျိုးစုံ စုပေါင်းသွားကာ လှည့်ပတ်စီးဆင်းနေကြသည်ပင်။

လောကတစ်ဝက်သစ်ပင်သည် ဤနေရာတွင် အမြစ်တွယ်လိုက်ကာ စွမ်းအင်ငါးမျိုးကို တတ်နိုင်သမျှ စုတ်ယူနေလေသည်။ အလင်းများမှာ နူးညံ့ရာမှ ကြမ်းတမ်းသွားလိုက်၊ တည်ငြိမ်သွားလိုက်ဖြစ်နေသည်။

“ဒီမှာ အရမ်းအဖိုးတန်တဲ့ ဒြပ်စင်ငါးခုမျိုးစေ့ရှိနေတယ် .. ရှိနေတဲ့ ပမာဏလည်းနည်းမှာမဟုတ်ဘူး .. ကံကောင်းရင်တော့ ငါတို့ အဲဒီမျိုးစေ့တွေ ရနိုင်တယ်..” တတိယအကြီးအကဲ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ငွေရောင်စစ်သင်္ဘောကြီးသည် ဤနေရာသို့ ဆင်းသက်လာသော်လည်း မထင်မှတ်စွာဖြင့်ပင် ဟန်ချက်မထိန်းနိုင်ဖြစ်သွားကာ ဤတိုက်ကြီးအား ဝင်တိုက်မိသွားသည်။ နတ်အလင်း ၅ မျိုးထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံး တောက်ပသွားရသည်။

“သတိထားကြ .. ဒီရှေးဟောင်းမြေမှာ ထူးခြားဆန်းကြယ်မှုတွေ ပြည့်နေတယ် .. သာမန်လူတွေ ဒီထဲဝင်ဖို့မပြောနဲ့ ဒါကို ရှာတွေ့မှာတောင် မဟုတ်ဘူး .. အဲဒီတော့ မင်းတို့အားလုံး သတိလက်လွတ်နေလို့မရဘူး..” အကြီးအကဲတစ်ယောက်မှ သတိပေးလိုက်သည်။

ကျောင်းသားများအားလုံး သင်္ဘောပေါ်မှ ဆင်းသွားကာ ရှေ့ဆက်သွားရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက်ပင် ရွှမ်ခွန်ရပ်နေသည့် မြေကြီးကျွံဝင်သွားကာ သူအနီရောင်လှိုဏ်ဂူတစ်ခုထဲသို့ ကျသွားသည်။ ထိုဂူထဲတွင် မီးတောက်များ လောင်ကျွမ်းနေပြီး ထာဝရစွမ်းအင်များလည်း ထူထဲလှသည်။

“ဘုရားရေ .. မီးတောက်မျိုးစေ့..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ရွှမ်ခွန်ပြုတ်ကျသွားသည်နှင့် ဂူထဲတွင်ရှိနေသည့် မျိုးစေ့သည် နှောက်ယှက်ခံလိုက်ရသောကြောင့် ထွက်သွားရန် ပြင်နေသည်။ သို့သော်လည်း ရွှမ်ခွန်သည် သူ၏ထာဝရစွမ်းအင်သုံးကြောင်းကို အသက်သွင်းလိုက်ကာ ထိုအစေ့ကို ချက်ချင်းချည်နှောင်လိုက်လေ၏။

ရောက်လာသည်နှင့် ဤကဲ့သို့ ရှားပါးသည့် မီးတောက်မျိုးစေ့ကို ရှာတွေ့နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အားလုံးမှာ ဝမ်းသာသွားကြရပြီး သူတို့၏ ကံကောင်းမှုများကို ရှာဖွေရန်အတွက် အရပ်ရပ်သို့ ခွဲသွားလိုက်ကြလေသည်။

“တကယ့်ကံကောင်းမှုကြီးလည်း ရှိရင်ရှိနိုင်တယ် .. ဒီရှေးဟောင်းမြေမှာ ပြစ်ချက်ကင်းပြီး ဖြစ်တည်စအာကာသမျိုးစေ့နဲ့တောင် ယှဉ်လို့ရတဲ့ ဒြပ်စင်ငါးခုထာဝရမျိုးစေ့ရှိတယ်လို့ ပြောကြတယ်” ဒုတိယအကြီးအကဲလည်းလှုပ်ရှားလိုက်ကာ သူ့ကိုယ်သူ ပြောလိုက်သည်။

“အားလုံးပဲ နားထောင်ကြ .. အရင်ခေတ်ကတည်းက စွမ်းအားအကြီးဆုံးမျိုးစေ့တွေထဲက တစ်ခုက ဒီမှာ ရှိနေတယ် .. မင်းတို့အားလုံး အခွင့်အရေးကို ဆုတ်ကိုင်ဖို့လိုတယ်..” တတိယအကြီးအကဲမှ အော်ပြောလိုက်၏။

အပိုင်း ၁၃၉၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၉၅ – ဂုဏ်သိက္ခာ မရှိခြင်း

အရင်ခေတ်ကတည်းက စွမ်းအားအကြီးဆုံးဆိုသည့်စကားမှာ လူငယ်လေးများ၏ သွေးများကို ဆူပွက်သွားစေသည်။

မည်သူက တာအိုထိပ်ဆုံးသို့ မရောက်ချင်သနည်း..

ရှေးဟောင်းပညာများကို ကျင့်ကြံရန် ရွေးချယ်သည့်သူများအားလုံး သူတို့နှင့်ကိုက်ညီသည့် မျိုးစေ့တစ်ခု ရွေးချယ်ရန် လိုအပ်သည်ပင်။ ထိုမှသာ သူတို့၏အလားအလာမြင့်တက်လာလိမ့်မည်။

ရှေးယခင်မှ ယခုအချိန်ထိ စွမ်းအားအကြီးဆုံး ထာဝရမျိုးစေ့များထဲတွင် လောကသစ်ပင် အပင်ပေါက်၊ ဖြစ်တည်စအာကာသမျိုးစေ့နှင့် အခြားအမျိုးအစား အနည်းငယ်သာ ရှိလိမ့်မည်။

ယခု သူတို့ရှေ့တွင် နောက်ထပ်တစ်မျိုးပေါ်လာသည်ဟု ကြားလိုက်ရသည့်အချိန်တွင် မည်သူက စိတ်မလှုပ်ရှားပဲ နေမည်နည်း .. အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အားလုံး၏မျက်လုံးများ တောက်လောင်လာကြသည်။ ဝမ်ရှီးပင်လျှင် ထိုကဲ့သို့ ဖြစ်နေသည်။

“အဲဒီဒြပ်စင်ငါးခုမျိုးစေ့နဲ့ ပတ်သတ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိတယ် .. ဒါပေမဲ့ ဘယ်သူမှ ဒါကို မရသေးဘူး .. ဒီမှာ အဲဒီမျိုးစေ့တစ်ခု ရှိတယ်လို့ကြားတယ် .. အဲဒီတော့ မင်းတို့ ရမရကတော့ မင်းတို့နည်းလမ်းပေါ်ပဲ မူတည်လိမ့်မယ်” ဒုတိယအကြီးအကဲ ပြောလိုက်၏။

“သွားကြစို့..”

ယခုအချိန်တွင် အားလုံးမှာ သွေးဆူနေကြသည်။ အားလုံးသည် ဤအခွင့်အရေးကို အသုံးချကာ တစ်ချက်တည်းဖြင့် ကောင်းကင်ထက်သို့ ရောက်သွားလိုခြင်းပင်။

ဤတိုက်ကြီးမှာ အဆုံးသတ်ကို မမြင်ရလောက်အောင်ပင် ကျယ်ပြောလှသည်။

ဘယ်လိုကျလာမှန်း မသိသော်လည်း မြေပြင်ထက်တွင် ကြယ်ငွေ့တန်းများစွာ ရှိနေသည်။ အချို့နေရာများတွင် ဤနေရာသို့ ကြွေကျလာသည့် ကြယ်များကြောင့် ဖြစ်ပေါ်လာသည့် တွင်းနက်ကြီးများပင် ရှိနေသည်။

နေရာအနှံ့မှာ မြူများအုံ့ဆိုင်းနေသည်ပင်။ ဤသည်မှာ ဒြပ်စင်ငါးခု စွမ်းအင်များပင်။ ဤနေရာ၌ ကျင့်ကြံပါက အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်။

ထာဝရမျိုးစေ့ ရှာဖွေရန်အတွက်သာ မဟုတ်ပါက ရှီဟောင် ဤမြေကြီး၏ အတွင်းနက်ပိုင်းတွင်နေရာ ဒြပ်စင်ငါးခုစွမ်းအင်များကို စိတ်ရှိသလောက်စုတ်ယူပြီး သူ၏တာအိုနည်းလမ်းများအား ကျင့်ကြံနေမည်ပင်။

အားလုံး တစ်ယောက်တစ်နေရာစီ ခွဲသွားလိုက်ကြသည်နှင့် သူတို့သည် ဖုန်မှုန့်ကလေးများကဲ့သို့ပင် ဖြစ်သွားလေသည်။

“ဒီနေရာက တော်တော်လေးကြီးတာပဲ .. ငါတို့ ဒီအတိုင်းရှာနေရင် ဘယ်တော့များမှ အဆုံးကို ရောက်မှာလဲ .. အဲဒီမျိုးစေ့ကို ဘယ်သူမှ မရှာနိုင်တာ မအံ့ဩတော့ပါဘူး..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်သော်လည်း သူတို့သည် ဤတိုက်ကြီး၏ အတွင်းပိုင်းထဲသို့ ရောက်ဖို့ မပြောနှင့် ထောင့်လေးတစ်ထောင့်ကိုပင် မပြီးဆုံးနိုင်သေးပေ။

သူတို့၏လှုပ်ရှားမှုများမှာ အတော်လေး လျင်မြန်လှသော်လည်း ဤရှေးဟောင်းမြေတစ်ခုလုံးနှင့်ယှဉ်လျှင် ဤသည်မှာ ထောင့်လေးတစ်ထောင့်သာ ရှိသေးသည်။ အကန့်အသတ် မရှိသည့် ဤတိုက်ကြီးနှင့် ယှဉ်လျှင် သူတို့သည် ပုရွက်ဆိတ်လေးသာသာပင်။

ရွှီး..

အပြာရောင်အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ တက်သွားသည်။ ထိုအလင်းတန်းမှာ အလွန်တောက်ပလှပြီး နူးညံ့လှသည်။ ဤသည်မှာ မြင့်မြတ်သည့်အော်ရာတစ်မျိုးပင်။ ထိုနေရာတွင် ထိတ်လန့်စရာကောင်းလှသည့် မျိုးစေ့တစ်စေ့ ပေါ်လာသည်မှာ သေချာသည်။

ရှီဟောင် ထိုနေရာသို့ မြန်မြန်သွားလိုက်သည်။ ထိုနေရာတွင် အပြာရောင်အလင်းများကြား မြှုပ်နေသည့် မင်းသမီးယောင်ယွဲ့ကို သူတွေ့လိုက်ရသည်။ အလင်းမြူများမှာ သူမအား ရေကဲ့သို့ ရစ်သိုင်းထားသည်။

သူမသည် ဝိညာဉ်စွမ်းအားဖြင့် တောင်တစ်လုံးကို ခွဲလိုက်ပြီး ထိုတောင်ထဲမှ ဤအပြာရောင်သလင်းကျောက်အား ထုတ်လိုက်ခြင်းပင်။ ဤသည်မှာ ပင်လယ်၏ဗဟိုချက်နှလုံးသားကဲ့သို့ ကြည်လင်တောက်ပနေသည်ပင်။

“ရေတာအိုမျိုးစေ့..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤပုံမှန်မဟုတ်သည့် မြင်ကွင်းကို အပြေးအလွှားလာကြည့်ကြသည့် သူတစ်ယောက်၊နှစ်ယောက်မကသည်မှာ သေချာသည်။ ကျင့်ကြံသူ အတော်များများ ရောက်လာပြီး ဤမြင်ကွင်းကို တွေ့သွားကြသည်ပင်။

ဒြပ်စင်ငါးခုနှင့်ဆိုင်သည့် မျိုးစေ့များမှာ အလွန်ရှားပါးလှသည်။

ဟူး .. တစ်စုံတစ်ယောက်မှ သက်ပြင်းချလိုက်၏။ မျိုးစေ့ကို ရလိုက်သည့်သူမှာ မင်းသမီးယောင်ယွဲ့ဖြစ်ကြောင်း တွေ့လိုက်ရသည့်အချိန်တွင် ယှဉ်ပြိုင်မည့်စိတ်ကူးမှာ သူတို့အတွေးထဲပင် ပျောက်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မင်းသမီးယောင်ယွဲ့ပြိုင်ဘက် ဖြစ်လာစရာအကြောင်းမရှိ။

“ချင်းရီ အတူတူသွားရအောင်..” ရှီဟောင်ခေါ်လိုက်သည်။ သူတို့နှစ်ယောက်သည် အဝေးကြီးတွင် ရှိနေခြင်းမဟုတ်သော်လည်း အတူတကွ သွားနေခြင်းမဟုတ်။

ချင်းယီ အနည်းငယ် တွေဝေမိသည်။ သူတို့နှစ်ဦးသည် ယခင်က အတူတူလျှောက်လှမ်းခဲ့ကြပြီး ကောင်းကင်နတ်ဘုရားကျောင်း၏ သူငယ်ချင်းဟောင်းတွေ့ဆုံပွဲတွင် တွေ့ခဲ့ကြသော်လည်း သူတို့နှစ်ဦးတည်း ရှိနိုင်မည့်အခွင့်အရေးများ သိပ်မရှိခဲ့။

အဘယ်ကြောင့်ဆိုသော် ချင်းယီသည် သူ့အား အမြဲတမ်း ရှောင်နေခဲ့သောကြောင့်ပင်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ လေးနက်သော်လည်း ရှက်စရာကောင်းသည့် အခိုက်အတန့်များစွာ ရှိနေသည်။ အတိတ်တွင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များမှာ သူမ ‘လွှတ်ချ’ နိုင်ရန် ခက်ခဲနေဆဲပင်။

သူမ ဤဆက်ဆံရေးကို ပို၍ မလေးနက်ချင်တော့သည်လည်း ဖြစ်နိုင်သည်။ မဟုတ်ပါက ဤသည်မှာ ပို၍ ရှက်စရာကောင်းလာလိမ့်မည်။

“ဒီနေရာက နည်းနည်းထူးဆန်းနေတယ် .. ထူးဆန်းတဲ့ကိစ္စတွဖြစ်လာပြီးတော့ အန္တရာယ်လည်း များလာလိမ့်မယ်လို့ ငါ ခံစားနေရတယ် .. ငါတို့အတူတူသွားသင့်တယ်..” ရှီဟောင် သူမထံသို့ လျှောက်လာပြီးနောက် သူမ လက်ကိုဆွဲကာ ထွက်သွားလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့်သူအချို့ ထူးဆန်းသည့်အမူအရာများဖြစ်သွားကြလေ၏။ ဤနှစ်ယောက်မှာ သာမန်လူများမဟုတ်ပေ။ တစ်ယောက်မှာ ဟွမ်ဖြစ်ပြီး ကောင်းကင်နတ်ဘုရားကျောင်းမှ လူငယ်မျိုးဆက်ကို လွှမ်းမိုးထားနိုင်သူပင်။ ကျန်သည့်တစ်ယောက်မှာ နတ်သမီးချင်းယွဲ့၏ မီးတောက်မျိုးစေ့ကို ရရှိထားသူဖြစ်ပြီး သက်ရှည်မိသားစုများမှ လိုချင်နေသည့်သူပင်။

“အစ်ကိုရှီ .. အစ်ကိုက တော်တော်လေးကို လွတ်လွတ်လပ်လပ်နေတာပဲ” မင်းသမီးယောင်ယွဲ့သည် မျိုးစေ့ကို သိမ်းဆည်းပြီးသွားလေပြီ။
” ကျွန်မ အခုလေးတင် ပစ္စည်းကောင်းလေး ရလိုက်တာလေ .. ရှင်က ကျွန်မကို ဂုဏ်ပြုစကားလေးတောင် မပြောဘူးလား..”

ရှီဟောင်နှင့် ဝမ်ရှီးတို့ ခွာပြဲသွားသည်ကို မြင်သည်နှင့် သူမသည် ရှီဟောင်အား သူမ မိသားစုထဲသို့ ခေါ်သွင်းရန် အမြဲတမ်း ကြိုးစားနေခဲ့သည်။

“ဂုဏ်ပြုစကား ပြောသင့်တာပေါ့ .. မင်းက ဒီလိုမျိုးပစ္စည်းကောင်းကို ရထားတာ ငါနည်းနည်း မနာလိုတောင် ဖြစ်လာပြီ .. ငါလည်း မြန်မြန်သွားရှာဖို့ လိုနေပြီ” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။ ထို့နောက် ချင်းယီလက်ကို ဆွဲကာ လေဟာနယ်ကို ချိုးဖောက်ပြီး ထွက်သွားလိုက်ကြလေသည်။

“ရှင် ပြေးလို့မလွတ်ပါဘူး” မင်းသမီးယောင်ယွဲ့၏နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်နက်နဲသည့်အပြုံးတစ်ခု ပေါ်လာပြီး သူမကိုယ်သူမ ပြောလိုက်သည်။

ချင်းယီမှာ အလွန်နူးညံ့လှသည်။ သူမသည် ရှီဟောင်လက်ထဲမှ ရုန်းထွက်လိုက်ကာ “နေရာတိုင်းမှာ ဒြပ်စင်ငါးခု ဝိညာဉ်စွမ်းအင်တွေပဲ ရှိတယ် .. ကောင်းမွန်တဲ့အရာတွေပဲ ထွက်လာနိုင်တာ .. ရက်စက်တဲ့ကိစ္စတွေ ရှိလာမှာ မဟုတ်ဘူး..”

“မင်း နားမလည်ဘူး .. နတ်မြေကြီးကနေ ဖန်တီးလိုက်တဲ့ ရက်စက်တဲ့အရာတွေက ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ် .. ကိစ္စတစ်ခုက အဆုံးစွန်ကို ရောက်သွားတဲ့အချိန်မှာ ဆန့်ကျင်ဘက်တွေပဲ ဖြစ်လာနိုင်တာ .. မင်း ဒါကို နားလည်သင့်တယ်..” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်သည်။

သူတို့နှစ်ဦးသည် ဒြပ်စင်ငါးခုမျိုးစေ့ကို ဆက်လက်ရှာဖွေလိုက်ကြသည်။ လမ်းတစ်လျှောက်တွင် အံ့အားသင့်စရာကောင်းသည့်အရာများစွာကို သူတို့တွေ့ခဲ့ရသည်။ ရှေးဟောင်းမိုင်းတွင်းများပင် တွေ့ခဲ့ရသေးသည်။ ဤသည်မှာ အရှေ့မှလူများ ချန်ထားခဲ့သည့်အရာပင်။

ဤနေရာတွင် ရှားပါးသည့်တာအိုမျိုးစေ့များအပြင် နတ်ပစ္စည်းမျိုးစုံလည်း ရှိနေသည်။ ဒြပ်စင်ငါးခုထာဝရရွှေကိုပင် သူတို့တွေ့ခဲ့ရသေးသည်။ ဤသည်မှာ ထာဝရသက်ရှိများကိုပင် စိတ်လှုပ်ရှားစေနိုင်သည့် ရတနာများပင်။

ရှီဟောင်သည် ရုတ်တရက်ပင် အနောက်လှည့်လာပြီးနောက် တီးတိုးပြောလာသည်။
” အန္တရာယ်မရှိဘူးလို့ ပြောနေတုန်းလား .. ကြည့်လိုက် .. သူပေါ်လာပြီမလား .. ငါသာ မင်းဘေးမှာ မရှိရင် မင်းသေချာပေါက် ပြဿနာတက်နေလောက်ပြီ ..”

“သူ လာပြီ” ယွဲချန် ပေါ်လာပြီဖြစ်ကြောင်း ချင်းယီလည်း အာရုံခံမိလိုက်သည်။ “သူက ရှင့်အတွက် လာတာ မဟုတ်ဘူးလား .. ရှင့်ကို စိတ်ပူနေလို့လေ..” သူမ ထပ်ပြောလိုက်၏။

ထိုသို့ပြောပြီးသည်နှင့် ချင်းယီသည် အချို့ကိစ္စများကို ပြန်တွေးမိသွားကာ သူမ၏ သန့်စင်သည့်မျက်နှာလေးမှာ ချက်ချင်းပင် နီရဲလာလေ၏။

ယွဲ့ချန်သည် တကယ်ပင် ရှီဟောင်အတွက် ရောက်လာခြင်းပင်။ ရှီဟောင်နှင့် ချင်းယီ အတူတူတွဲလျှောက်သွားသည်ကို သူမ မမြင်ချင်။ အဘယ်ကြောင့်ဆိုသော် ချင်းရီသည် သူမ၏အခြားတစ်ဖက်ခြမ်းဖြစ်သောကြာင့် သူမရန်သူ သူမအနား နီးကပ်နေသည်ကို သူမ သည်းမခံနိုင်။

ချင်းယီထံတွင် အစိမ်းရောင်လမီးတောက် ရှိနေသောကြောင့်သာမဟုတ်ပါက သူမ၏ ဒုတိယခန္ဓာကိုယ်ဖြစ်သည့် ချင်းယီကို ဖျက်ဆီးပစ်လိုက်ချင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုတုန်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများမှာ သူမအား စွန်းထင်စေသည်ဟု ခံစားနေရသောကြောင့်ပင်။

သူမသည် ပြီးပြည့်စုံမှုကိုသာ အလိုရှိသည့်သူပင်။ သူမအတွက်တော့ ထိုနေ့ရက်မှာ အမှောင်ဆုံးနေ့ပင်။

“ရှင် ဘာလုပ်တာလဲ..” ချင်းယီ ဒေါသထွက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူမပုခုံးပေါ်ရောက်လာသည့် လက်တစ်ဖက်ကို ခံစားလိုက်ရသောကြောင့်ပင်။ သူ သူမကို ဖက်တော့မှာလား..

“မလန့်နဲ့ ..” ရှီဟောင်ပြုံး၍ ပြောလိုက်သည်။ “ငါတို့နောက် လိုက်လာတဲ့သူကို မောင်းထုတ်မလို့ .. အကြီးအကဲတွေ စောင့်ကြည့်နေလို့ မဟုတ်ရင် ငါသူ့ကို ချက်ချင်းဖမ်းပစ်လိုက်ပြီ”

“လက်လွတ်စပယ် မလုပ်နဲ့..” ချင်းရီ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏လက်သည် သူမ ပုခုံးကို အသာလေး ထိုးဆိတ်နေသည်ပင်။ သူသည် ထိုမျှ ရိုးသားမနေပေ။

“ဟား ဟား.. အရမ်းတွေးမနေနဲ့.. အားလုံးက ငါတို့နောက်လိုက်လာတဲ့ အဲဒီအမျိုးသမီးကို မောင်းထုတ်ဖို့ပဲ” ရှီဟောင် ရယ်မော၍ ပြောလိုက်လေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ယွဲ့ချန်၏ခန္ဓာကိုယ် တုန်ယင်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူမထံတွင်ဖြစ်နေသည့်အတိုင်း သူမပုခုံးအား တစ်စုံတစ်ယောက်မှ ဆွဲဆိတ်နေသလို ခံစားလိုက်ရသောကြောင့်ပင်။

မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားမှာ ခန္ဓာကိုယ်တစ်ခုတည်းပင်။ ဤမျှနီးကပ်နေသည့် အကွာအဝေးတွင် သူတို့သည် ခန္ဓာကိုယ်တစ်ခုတည်းကဲ့သို့ ခံစားနေရသည်ပင်။

ယွဲ့ချန်ကဲ့သို့ သန့်ရှင်းမှုအား အလေးထားသည့်သူအတွက် သူမမုန်းသည့်သူမှ သူမပုခုံးအား ထိုးဆိတ်နေခြင်းမှာ အလွန်ပြင်းထန်သည့် လုပ်ရပ်ကြီးပင်။

“ချင်းယီ .. နင် နည်းနည်းလောက် ဂုဏ်သိက္ခာလေး ရှိပေးလို့ရမလား..” ယွဲ့ချန် သည်းမခံနိုင်ပဲ အော်ဟစ်လိုက်သည်။

“မင်းနဲ့ ဘာဆိုင်လို့လဲ .. မင်းပဲ လိုက်ပြီးစပ်စုလွန်းနေတာ မဟုတ်ဘူးလား..” ရှီဟောင် လျင်မြန်စွာ ပြန်ဖြေလိုက်သည့်အပြင် ချင်းယီကို သူ့လက်မောင်းထဲသို့ ဆွဲသွင်းလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမ မေးစေ့အား ဆွဲမလိုက်သည်။

ယွဲ့ချန် ဆံပင်များထောင်ထသွားသကဲ့သို့ ခံစားလိုက်ရပြီး သူမ တစ်ကိုယ်လုံး ကြက်သီးထလာသည်။ တစ်ယောက်ယောက်မှ သူမ ခါးအား လာဖက်ထားသကဲ့သို့ တင်းကြပ်သွားကာ သူမ မေးစေ့သည်လည်း ပေါက်ဖက်လေး တက်နေသကဲ့သို့ ယားစိယားစိဖြစ်လာသည်။

အော့…

ယွဲ့ချန် အလွန်မသက်မသာခံစားလိုက်ရပြီး ချက်ချင်းနောက်ဆုတ်သွားလိုက်သည်။ ဤသည်မှာ သူမခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှုပင်။

ဤသည်ကို မြင်သွားသည်နှင့် ပထမတော့ ရှီဟောင် ဆွံ့အသွားရ၏။ ထို့နောက် သူ စိတ်တိုလာသည်ပင်။ “မင်း ဒါက ဘာကိုဆိုလိုတာလဲ .. ငါက ချင်းယီ ခါးလေးပဲ ကိုင်တာကို မင်းက အန်တော့မှာလား..”

သူသည် သတ္တပေမဝါဒကို ဆွဲကိုင်ထားသည့်သူပင်။ အလှလေးတစ်ယောက်မှ ဤကဲ့သို့ တုံ့ပြန်သည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ၏မျက်နှာ မည်းမှောင်သွားလေသည်။ သူသည် လက်တုံ့ပြန်သည့်အနေဖြင့် ချင်းယီကို ဆွဲလိုက်ကာ သူမခါးကို တို့ဆိတ်လိုက်ပြီးနောက် သူမ၏ချစ်စရာကောင်းသည့်မျက်နှာကို ပွတ်သပ်လိုက်လေသည်။

“ရှင် .. နှာဗူးကောင်..” ချင်းယီလည်း ဒေါသထွက်ကာ ရှက်လာသည်ပင်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ယွဲ့ချန်၏ လှပသည့်မျက်နှာလေးမှာမူ ရှုံ့တွနေလေပြီ။ သူမသည် တစ်စုံတစ်ခုမှ ရုန်းကန်နေသကဲ့သို့ ခုန်ပေါက်နေလေ၏။

“ချင်းယီ .. ရှင်က တော်တော်လေးကို ကိုယ့်ကိုကိုယ်လေးစားမှု မရှိတာပဲ” နောက်ဆုံးတော့ သူမ အော်ဟစ်လိုက်သည်။

“ဘာကို ကိုယ့်ကို ကိုယ်လေးစားမှု မရှိတာလဲ .. မင်း ကိုယ့်အကြောင်းကို ကိုယ်ပြောနေတာလား .. နောက်ကနေလိုက်ချောင်းတာက နတ်နန်းဂိုဏ်းရဲ့ နတ်သမီးတစ်ယောက် လုပ်သင့်တဲ့အပြုအမူလား..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

ယွဲ့ချန်အား စိတ်တိုလွန်းလှသောကြောင့် သူ့အား ပိုးကောင်တစ်ကောင်ကဲ့သို့ နင်းသတ်ပစ်ချင်လာသည်။ မည်သူမှ သူမကို ဤကဲ့သို့ မလှောင်ပြောင်ဖူးပေ။

“အရင်တုန်းက ငါအကြီးအကဲအရှင်နဲ့ ဆွေးနွေးတုန်းက သူပြောတာ ငါတို့အားလုံး စစ်ပွဲထဲမှာ သေသွားနိုင်တယ်တဲ့ .. အဲဒါကြောင့်မို့လို့ သူက ငါတို့ကို လက်တွဲဖော်ရှာပြီးတော့ စွမ်းအားအကြီးဆုံး မျိုးဆက်ကို ချန်ထားခဲ့စေချင်နေတာ .. ငါ့အမြင်တော့ ငါတို့ အချိန်သိပ်မရှိတော့ဘူး .. မင်း င့ါနောက် ဆက်လိုက်လာနေမယ်ဆိုရင် မင်းကိုယ်တိုင်ဖြစ်သလိုမျိုး ခံစားခဲ့ရတာလားလို့ ငါ မေးချင်တယ် .. မင်းလည်း ကလေးမွေးပေးချင်တာလား..” ရှီဟောင် ထပ်ပြောလိုက်၏။

ချင်းယီ ရှက်ကာ ဒေါသထွက်သားရပြီး ရှီဟောင်အား အားကုန်ဆိတ်လိုက်လေ၏။ သူ၏လက်မောင်းများကိုလည်း ရိုက်နေသည်ပင်။

ယွဲ့ချန်မှာမူ ဒေါသထွက်လွန်းသောကြောင့် သွေးအန်မတတ်ပင်။ သူမ လှည့်ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမဤနေရာတွင် ဆက်နေလျှင်လည်း အလှောင်ခံရရုံသာရှိပြီး ဘာမှပြောင်းလဲလာမည်မဟုတ်မှန်း သိနေသောကြောင့်ပင်။

“ငါ တကယ်ပြောတာ” ရှီဟောင် ချင်းရီအား ရှင်းပြလိုက်သည်။
” ငါ ထာဝရစစ်မြေပြင်က ပြန်လာတော့ အကြီးအကဲအရှင်က ငါ့တစ်ယောက်တည်းကို ဆင့်ခေါ်ပြီးတော့ ဒီလိုမျိုး ပြောခဲ့တာ..”

ခပ်ဝေးဝေးတွင်ရှိနေသည့် ယွဲ့ချန်၏ခန္ဓာကိုယ် ယိမ်းယိုင်သွားရသည်။ ရှီဟောင်နှင့် ချင်းရီ တကယ်လက်တွဲဖော်ဖြစ်သွားပါက သူမကိုယ်တိုင်ဖြစ်သွားသည်ဟု ခံစားရမည်ပင်။ ဤသည်မှာ လုံးဝကို ဆိုးရွားလှသည့် ခံစားချက်ကြီးပင်။

“နောက်ဆုံးတော့ အဲဒီစိတ်ရှုပ်စရာကောင်းတဲ့မိန်းမကြီး ထွက်သွားပြီ .. ငါတို့ ဆက်သွားရအောင် .. စွမ်းအားအကြီးဆုံးမျိုးစေ့ကို ငါလိုချင်တယ်..” ရှီဟောင် ပြောလိုက်၏။

“ဘာကို စိတ်ရှုပ်စရာကောင်းတဲ့မိန်းမလဲ .. သူက ကျွန်မရဲ့ တစ်ခြားတစ်ဖက်ခြမ်းပဲ .. ကျွန်မတို့က တစ်ယောက်တည်းပဲ..” ဤကဲ့သို့သော စကားလုံးများကို ချင်းယီ မကြိုက်။

“မင်း စကားလုံးသုံးတာ မှားနေတယ် .. သူ့ကို သိမ်းဖို့ ငါမင်းကို ကူညီပေးမယ် .. မင်းက အဓိက စိတ်ဝိညာဉ်အဖြစ်နဲ့ မင်းတို့ကို ပေါင်းပေးမယ်” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

“နောင်ကျရင် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ .. သူ ပြင်းပြင်းထန်ထန် တုံ့ပြန်လာလိမ့်မယ်..” ချင်းယီ ပြောလိုက်သည်။

“ငါလျှောက်ပြောတာမဟုတ်ဘူး .. အကြီးအကဲအရှင်က ငါ့ကို သီးသန့်ပြောခဲ့တာ .. သူက အနာဂတ်နဲ့ပတ်သက်ပြီးတော့ အရမ်းစိုးရိမ်နေတာ .. စွမ်းအားကြီးတဲ့ မျိုးဆက်တစ်ခုကို ချန်ထားပြီးတော့ သူတို့ကို အဝေးမှာ ထားချင်နေတာ” ရှီဟောင် ပြောလိုက်သည်။

ဒြပ်စင်ငါးခုတိုက်ကြီး၏ အပြင်ဘက်ရှိ နယ်မြေသင်္ချိုင်းတွင် လေဟာနယ်ပြင်ကြီးရှိနေကာ ရှေးဟောင်းလောကများလည်း ရှိနေသည်ပင်။

အလွန်အိုဟောင်းလှသည့် စစ်သင်္ဘောကြီးတစ်စင်းသည် တိတ်ဆိတ်စွာပင် ရွေ့လျားနေသည်မှာ ဤတိုက်ကြီးထံသို့ ရောက်တော့မည်။

စစ်သင်္ဘောပေါ်၌ ထာဝရမြူများ သိပ်သည်းလှသည်။ ထူးဆန်းနေသလို အလွန်ထိတ်လန့်စရာလည်းကောင်းနေသည်ပင်။ ဤသင်္ဘောကြီးအား ထာဝရစွမ်းအင်များ ဖုံးအုပ်ထားနေလေ၏။

အပိုင်း ၁၃၉၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset