Switch Mode

Chapter – 1366 & 1380

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၆ – ကောင်းကင်နတ်ဘုရားသို့ အဆင့်တက်ခြင်း

စတုတ္ထအကြီးအကဲ၏ ရှင်းပြချက်မှာ ရှီဟောင်အား အတော်လေး အကူအညီဖြစ်စေသည်။ သူသည် အတားအဆီးတစ်ခုမှ လွတ်မြောက်လာသလိုပင် ခံစားလိုက်ရသည်။ သူ့ထံတွင် ဆေးပိုင်း ၂ ပိုင်းရှိသေးသော်လည်း သူ ဖြုန်းတီး၍ မရပေ။

ယခုအချိန်တွင် အားလုံးသည် သူကဲ့သို့ သီးသန့်ကျင့်ကြံနေကြသည်။ မိုတောင်ပင်လျှင် သူရရှိခဲ့သည့် ဆေးလုံးများကို အသုံးပြုကာ သူ့ခန္ဓာကိုယ်အား သန့်စင်နေလေ၏။

သက်ပြင်းချပြီးသည်နှင့် ရှီဟောင် နောက်တစ်ကြိမ် စတင်ကျင့်ကြံလိုက်၏။ သူသည် ကိုယ်နှင့်စိတ်နှစ်ခုလုံးကို တည်ငြိမ်အောင်ထားပြီးနောက် အရိုးအိုးကိုထုတ်ကာ နတ်စမ်းရေကို နောက်တစ်ကြိမ်ထည့်လိုက်ကာ ဒုတိယမြောက်ဆေးပိုင်းကို ထည့်လိုက်သည်။

ဝိညာဉ်စွမ်းအင်အနည်းငယ် ထွက်ပေါ်လာကာ မွှေးပျံ့သည့်ရနံ့လည်း သင်းကြိုင်လာသည်။

ရှီဟောင်အဝတ်အစားများကို ချွတ်လိုက်ကာ သူ၏ခန္ဓာကိုယ်ကို ပြုပြင်ရန်အတွက် အိုးထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်လိုက်သည်။

စတုတ္ထအကြီးအကဲနှင့် အခြားသူများ၏အကြံပေးမှုကြောင့် ဤဆေးလုံးများကို သူ မစားလိုက်ခြင်းပင်။ ဤဆေးလုံးများ ပြုလုပ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်သောကြောင့် အဆိပ်ဓာတ်များရှိနေနိုင်သည်။ ဤအဆိပ်များကို ရှင်းရန် လွယ်ကူမည်မဟုတ်။

သူဆေးထဲစိမ်လိုက်သည်နှင့် အဆိပ်ဓာတ်များ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာမည်ကို သူ စိတ်ပူစရာမလိုပေ။ သူ့ခန္ဓာကိုယ်မှ ထာဝရတာအိုများကို အလိုအလျောက် စုတ်ယူသွားလိမ့်မည်။

အိုးထဲရှိ ဆေးရည်များ ဆူပွက်လာပြီး ရှီဟောင်၏အသားအရေလည်း တောက်ပလာသည်။ သူယခင်က ရခဲ့သည့်ဒဏ်ရာများ ပြန်ပိတ်သွားကာ သူ၏အသွေးအသားများမှာ ပို၍ပို၍ပင် တောက်ပလာနေသည်။

အဝေးမှကြည့်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ ရွှေဖြူဖြင့် ထွင်းထုထားသကဲ့သို့ပင်။

ရှီဟောင် မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဆေးနံ့များသည် မြူခိုးများအဖြစ် ပြောင်းလဲသွားသော်လည်း အဝေးထိ လွင့်ပျံသွားခြင်း မရှိပေ။ နောက်ဆုံးတွင် ဝိညာဉ်စွမ်းအားများအားလုံး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ထို့အပြင် သူ့ခန္ဓာကိုယ်ထဲရှိ ပြာမှုန့်ရောင်မြူများထွက်ပေါ်လာပြီး ဆေးရည်ထဲမှ စွမ်းအင်များနှင့် လဲလှယ်နေလေသည်။

“တကယ်ကို ထူးဆန်းတယ် .. ငါ လက်ရှိလောကရဲ့ ပညာတွေကို ကျင့်ကြံထားတာ .. င့ါအသွေးအသားတွေက ပြည့်စုံခါနီးဖြစ်နေပြီ .. အခု ငါထာဝရရှေးဟောင်းရဲ့ စာလုံးတွေကို ကျင့်ကြံလိုက်တဲ့အချိန်မှာ ဘယ်လိုလုပ်ပြီး မသန့်စင်မှုတွေက ရောက်လာတာလဲ..”

ရှီဟောင် စိတ်ရှုပ်ထွေး သွားရသည်။ ထာဝရရှေးဟောင်းခေတ်က နည်းလမ်းတွေက လက်ရှိလောကရဲ့ နည်းလမ်းတွေထက် သာတာလား..

သို့သော် သူခေါင်းခါလိုက်၏။ ဤကဲ့သို့မဟုတ်လောက်။ ဤသည်မှာ ရှေးဟောင်းဆေးလုံးနှင့် ထာဝရရှေးဟောင်းပညာ ပေါင်းလိုက်သောကြောင့် ဤကဲ့သို့ ဖြစ်ရခြင်းပင်ဖြစ်ရမည်။

ရှီဟောင် သေချာစဉ်းစားနေလိုက်သည်။ သူသည် ထာဝရရှေးဟောင်းပညာကို တကယ်မကျင့်ကြံရသေးပေ။ စာလုံးများထဲတွင်ပါဝင်နေသည့် အဓိပ္ပာယ်များကို သိလိုက်ရရုံဖြင့် ကျင့်ကြံသည့်စနစ်များမှာ မတူညီကြောင်း သူ သိလိုက်ရသည်။ အတွင်းရတနာများကို ဖွင့်လှစ်သည့်ပုံစံခြင်းမတူသောကြောင့် အလေးထားကာ ကျင့်ကြံသည့်နေရာချင်းလည်း တူမည်မဟုတ်တော့ပေ။

ထို့ကြောင့် လက်ရှိလောကမှနည်းလမ်းများကို ကျင့်ကြံသူများသည် အဆုံးစွန်ထိကျင့်ကြံပြီးသွားပြီ သူတို့ခန္ဓာကိုယ်များ ပြည့်စုံသွားပြီဟု ထင်ရသော်လည်း ထာဝရရှေးဟောင်းမှ နည်းလမ်းများအမြင်တွင် ပွင့်မလာသေးသည့်ခန္ဓာကိုယ်အစိတ်အပိုင်းများ ရှိနေသေးသည်။

ဤအမြင်မှာ နှစ်ဘက်လုံးအတွက် အကျိုးသက်ရောက်မှု ရှိနိုင်သည်။ ထာဝရရှေးဟောင်းခေတ်မှ ပညာများကို အမြင့်ဆုံးထိရောက်အောင် ကျင့်ကြံသူများသည် ပြီးပြည့်စုံသည်ဟု ထင်ရသော်လည်း လက်ရှိလောက၏ပညာရှုထောင့်မှ ကြည့်မည်ဆိုပါက ခန္ဓာကိုယ်မှ စွမ်းရည်များအားလုံးကို မထုတ်လွှတ်ရသေးပေ။

ထို့ကြောင့် ကျင့်ကြံသည့်နည်းလမ်းပြောင်းလိုက်သည်နှင့် မသန့်စင်မှု အနည်းငယ် ထွက်ပေါ်လာခြင်းပင်။

ဒုတိယ ထာဝရဆေးလုံးကို စုတ်ယူပြီးသွားသည့်အချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ် ပို၍ပေါ့ပါးလာပြီး သူ၏နတ်အာရုံများလည်း ပို၍စူးရှလာသည်။ ဤသည်မှာ သိသာလှသည့် အဆင့်တက်ခြင်းပင်။

သို့သော်လည်း သူ၏နတ်စွမ်းအားတော့ ပြောင်းလဲလာခြင်း မရှိပေ။

ခဏကြာပြီးသည့်နောက်တွင် ဒုတိယဆေးလုံး၏စွမ်းအားများ ကုန်ဆုံးသွားလေ၏။

ရှီဟောင်သည် ရပ်တန့်ခြင်းမရှိပဲ နောက်ဆုံးဆေးလုံးကိုပါ အိုးထဲထည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ပြုပြင်လိုက်သည်။

သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲနေဆဲဖြစ်သော်လည်း ပြောင်းလဲမှုများမှာ သိပ်မသိသာတော့ပေ။ သူ ဆေးအစွမ်း အများစုကို စုတ်ယူပြီးသွားသည့်အချိန်တွင် ပြောင်းလဲမှုများ ရပ်တန့်သွားလေပြီ။

“ဒီလိုမျိုးဆေးက ငါ့အတွက် နောက်ထပ်အသုံးဝင်မှာ မဟုတ်တော့ဘူး .. ဒီအဆင့်အတွက်က အများဆုံးရောက်သွားပြီ..” ရှီဟောင် ကောက်ချက်ချလိုက်သည်။

ဤသည်မှာ အတော်လေး နှမြောစရာကောင်းသည်။ ဤထာဝရဆေးများမှာ ပြာမှုန့်များအောက်တွင် နှစ်ပေါင်းများစွာ ဖုံးအုပ်ခံထားခဲ့ရသောကြောင့် ဆေးအစွမ်းများမှာ အတော်လေး ပျက်ပြယ်သွားလေပြီ။ မဟုတ်ပါက ယခုထက်ပို၍ အဆပေါင်းများစွာ အစွမ်းထက်ပေလိမ့်မည်။

ရှီဟောင် ခေါင်းခါလိုက်၏။ ဤသည်မှာ ထာဝရတာအိုကျွမ်းကျင်သူမှ ပြုလုပ်ထားသောဆေးပင်။ ဤဆေးသည် ပျက်စီးမနေပါက သူအသုံးပြု၍ရမည်မဟုတ်ပေ။ ဆေးအစွမ်းကြောင့် သူ ဤနေရာတွင် ပေါက်ကွဲသွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူသည် မြင့်မြတ်သည့်စတေးခြင်းအဆင့်တွင်သာ ရှိသေးသည်။

ရှီဟောင်သည် အချိန်ဖြုန်းမနေပဲ ထာဝရရှေးဟောင်းစာလုံးထဲတွင်ပါဝင်နေသည့် တာအိုဥပဒေသများကို အသက်သွင်းလိုက်ကာ ဆေး၏ကျန်နေသေးသည့်အစွမ်းများကို စုတ်ယူလိုက်သည်။

“ဟမ်..” သူ ထိတ်လန့်သွားရ၏။ သူ၏ခန္ဓာကိုယ်တွင် ကြီးမားသည့်ပြောင်းလဲမှုကြီး ဖြစ်သွားသည်။ ထာဝရစွမ်းအင်သုံးကြောင်းသည် ပို၍အားကောင်းလာပြီး တစ်ကြောင်းမှာ ပန်းပွင့်ပင်ဖြစ်လာတော့မည်။

ရှီဟောင်ထံတွင် တာအိုပန်းပွင့် ၂ ပွင့်ရနေပြီဖြစ်ပြီး တစ်ပွင့်သာ ကျန်တော့သည်။

“ဆက် ကျင့်ကြံမယ်..” ရှီဟောင် ဆုံးဖြတ်ချက်ချလိုက်၏။

အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ အခြားဆေးများရှိသေးသည်။ ဥပမာအားဖြင့် ထာဝရဆေးလုံးနှင့် အတူတူဖြစ်လာသောဆေး .. ဤဆေးလုံးသည် ရွှေရောင်အရင့်ဖြစ်ကာ မျက်နှာပြင်ပေါ်၌ သင်္ကေတများစွာရှိနေသည်။ သူ၏ဆေးစွမ်းမှာ ဤအဖြူရောင် ဆေးအပိုင်းအစများထက်တော့ နိမ့်ကျမည်မဟုတ်။

သေချာပါသည်။ အံ့အားသင့်စရာကောင်းလောက်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ရှီဟောင်၏ တတိယမြောက် ထာဝရစွမ်းအင်သည် ပို၍ပင် သိပ်သည်းလာသည်။ တစ်ခါတစ်ရံတွင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ခါတစ်ရံ၌ နတ်ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

နောက်ဆုံးတွင်တော့ ထာဝရစွမ်းအင်သည် ပို၍စွမ်းအားကြီးလာပြီး ပန်းတစ်ပွင့်ဖြစ်လာလေပြီ။

“ထာဝရစွမ်းအင်ကို ကျင့်ကြံချင်ရင် ထာဝရရှေးဟောင်းနည်းလမ်းတွေက တကယ်ကို အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပဲ…”

ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။ ထာဝရရှေးဟောင်းကျမ်းစာများအကြောင်း တွေးမိသွားသည့်အချိန်တွင် သူ ပို၍ စိတ်လှုပ်ရှားလာရသည်။ ဤစာလုံးများကို မှတ်မိနိုင်အောင်လုပ်ပြီးမှ သူရှေ့ဆက်၍ရမည်ပင်။

နောက်ဆုံးတွင်တော့ သူရထားခဲ့သည့် ရှေးဟောင်းဆေးလုံးများအားလုံးကို ရှီဟောင် သုံးပြီးသွားလေပြီ။ သူ့ဦးခေါင်းထက်၌ နဂါးဟစ်ကြွေးသံများ၊ ဖီးနှစ်အော်သံများ ထွက်ပေါ်နေလေသည်။

“အဲဒါက ဘယ်သူသီးသန့်ကျင့်ကြံတဲ့နေရာလဲ .. ဘာလို့ အဲဒီလောက်တောင် အနှောက်အယှက်ပေးနေတာလဲ..”

“ဘုရားရေ .. ကြယ်စမ်းချောင်းတွေလည်း အဲဒီမှာ စီးဆင်းနေပြီးတော့ အဲဒီနေရာတစ်ခုလုံးကို ဖုံးထားတယ်..”

အဝေးတွင်ရှိနေသည့် လူများစွာ ထိတ်လန့်သွားကြလေ၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ဘက်တွင် ပုံမှန်မဟုတ်သည့် မြင်ကွင်းမျိုးစုံ ဖြစ်ပေါ်နေသောကြောင့်ပင်။

ထိုနေရာတွင် ပြောင်းလဲမှုများ ဆက်တိုက်ပင် ဖြစ်နေလေ၏။ တစ်ခါတစ်ရံတွင် ကောင်းကင်ထက်၌ ကြယ်အလင်းတန်းများ ပြည့်နှက်နေပြီး တစ်ခါတစ်ရံတွင် ရွှေရောင်ကြာပန်းများ ပြည့်နှက်နေသည်။ နဂါးအစစ်များသွားလာနေကြပြီး နတ်ငှက်များလည်း အတောင်ပံများကို ဖြန့်ကျက်နေလေ၏။ နဂါးအစစ်များသွားလာနေကြပြီး နတ်ငှက်များလည်း အတောင်ပံများကို ဖြန့်ကျက်နေလေ၏။

ထူးခြားသည့်ဖြစ်စဉ်များဖြစ်ပေါ်လာတိုင်း ဤသည်မှာ ထူးခြားသည့်ကျွမ်းကျင်သူတစ်ယောက် ပေါ်လာတော့မည်ဟု ဆိုလိုခြင်းပင်။ သို့သော်လည်း ပုံမှန်မဟုတ်သည့် မြင်ကွင်းများမှာ များပြားလှသောကြောင့် မျက်လုံးများပင် ပြာလာလေသည်။

“ပုံမှန်မဟုတ်တဲ့ မြင်ကွင်းတွေ အများကြီးပဲ .. ဒီလူက တော်တော်လေးကို စွမ်းအားကြီးတာပဲ..”

“သူက ဘယ်သူလဲ .. သူက ဘယ်လိုလုပ် ဒီလောက်တောင် အံ့ဩဖို့ ကောင်းနေတာလဲ..”

“ဟွမ် .. အဲဒါက သူသီးသန့်ကျင့်ကြံတဲ့ နေရာပဲ..”

ထိတ်လန့်တကြား အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာလေသည်။ မည်သူဖြစ်မှန်း သိလိုက်ရသည့်အချိန်တွင် သူတို့အားလုံး၏အမူအရာများ ပြောင်းလဲသွားသည်။ ဤလူငယ်လေးမှာ ပို၍ပင် စွမ်းအားကြီးလာတော့မည်။

ဝမ်ရှီး သီးသန့်ကျင့်ကြံရာမှ ထွက်လာလိုက်သည်။ သူမ၏မျက်နှာထက်တွင် ရှုပ်ထွေးနေသည့်အမူအရာများ ရှိနေသည်။ သူမ၏နဖူးထက်တွင် အနက်ရောင်ဓားလေးတစ်ချောင်း ပေါ်လာလေ၏။ ဤသည်မှာ ရှုပ်ထွေးမှုများ ရှင်းလင်းခြင်း၏ ပြိုင်ဘက်ကင်းဓားပင်။

သူမ နောက်တစ်ကြိမ်သွားတိုက်ချင်နေသော်လည်း သည်းခံထားလိုက်သည်။ ပထမအကြိမ်ရှုံးနိမ့်မှုမှာ သူမရုန်းမထွက်နိုင်သေး။ တစ်ဖက်လူကို စိန်ခေါ်၍မရသေးသည်ကို သူမ သိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူကို အနိုင်ရရန် ခက်ခဲလှသည်။ သူမ၏ မူလဝိညာဉ်ဓားအဖြစ် ပြောင်းသွားမှ သူမလည်း ပြိုင်ဘက်ကင်းသည့်သူ ဖြစ်လာလိမ့်မည်။

ဓားအဖြစ် ပြောင်းလိုက်နိုင်သည်နှင့် ရန်သူအားလုံးကို သတ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။ ဟွမ်ပင်လျှင် ဤသည်ကို ခုခံနိုင်မည် မဟုတ်။ အဘယ့်ကြောင့်ဆိုသော် ဤပညာမှာ စွမ်းအားအကြီးဆုံး ဓားပညာသုံးခုထဲမှ တစ်ခုပင်။

လုထော်လည်း သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာလေပြီ။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် စွမ်းအင်လွှာတစ်လွှာ ထွက်ပေါ်ကာ သူ့အားလွှမ်းခြုံထားသောကြောင့် သူသည် အနည်းငယ် မှုန်ဝါးနေသည်။

သရဖူ ၁၀ ခုဘုရင်သည် တောင်ထိပ်တစ်ခုပေါ်တွင်ရပ်ကာ ထိုနေရာသို့ ကြည့်လိုက်သည်။ ဤသည်မှာ ထိုက်တန်သည့်ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သူအသိအမှတ်ပြုလိုက်သည်။

“ဒီကောင်က ပိုပြီးတော့ စွမ်းအားကြီးလာပြီ .. တကယ်ကို ကြောက်စရာကောင်းတာပဲ..” မင်းသမီး ယောင်ယွဲ့ သူမကိုယ်သူမ ပြောလိုက်သည်။ သူမကို လရောင်များလွှမ်းခြုံထားပြီး နှုတ်ခမ်းများမှာ နီရဲနေသည်။ သူမသည် ဟွမ်အား သူမ မိသားစုထဲသို့ ဘယ်လိုဆွဲသွင်းရမည်ကို စဉ်းစားနေလေသည်။ သူ့အားမိသားစုထဲသို့ ဆွဲသွင်းကာ အင်ပါယာတရားရုံးတော်ကြီး၏ စွမ်းအားကြီးသည့်အကူအညီဖြစ်အောင် လုပ်ရမည်။

ကြယ်စမ်းချောင်းများ ပျောက်ကွယ်သွားကာ နဂါးအစစ်များလည်း ထွက်ခွာသွားလေပြီ။ ဖီးနှစ်ငှက်များလည်း ပြန်လည်မွေးဖွားကာ ထူးဆန်းသည့်မြင်ကွင်းများ ပျောက်ကွယ်သွားလေပြီ။

ထိုအချိန်တွင် ရှီဟောင်၏ဦးခေါင်းထက်တွင် ပို၍ အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းတစ်ခု ပေါ်လာလေ၏။ တတိယမြောက် ထာဝရစွမ်းအင်သည် ပန်းပွင့်အဖြစ် ပြောင်းလဲသွားကာ ယခုအချိန်တွင် ပွင့်အာလာလေပြီ။

ထိုအချိန်တွင် ရောင်စုံအလင်းများစီးဆင်းလာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

ဤပန်းသည် လောကကြီးတစ်ခုလုံးကို လင်းထိန်သွားစေသည်။

အချိန်အကြာကြီး စောင့်ပြီးသည့်နောက် သူ ဤရလဒ်ကို ရလာလေပြီ။ သူ၏ တာအိုပန်းပွင့် ပွင့်လေပြီ။

ဝုန်း..

ရှီဟောင် တစ်ကိုယ်လုံးကို နို့နှစ်ရောင်ပူဖောင်းလေးများ လွှမ်းခြုံသွားလေသည်။ ထို့နောက် သူသည် အတောင်ပံများ ထွက်လာပြီး ပျံသန်းသွားတော့မတတ် ပေါ့ပါးလွတ်လပ်လာသည်။

အောင်မြင်ပြီ .. ရှီဟောင်၏ ထာဝရစွမ်းအင်သုံးခုလုံးမှာ ပန်းပွင့်များဖြစ်သွားပြီး ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်သွားလေပြီ။

ဤသည်မှာ ကောင်းကင်နတ်ဘုရားအဆင့်ရောက်မှ ပြုလုပ်နိုင်သည့်အရာဖြစ်သော်လည်း သူသည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်မှာပင် ဤသည်ကို လုပ်နိုင်သွားလေပြီ။

သူ မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်မှာပင် အချိန်အကြာကြီး ဆွဲနေ၍မရတော့ပေ။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ် တောက်ပလာပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ ချက်ချင်းတက်သွားလေသည်။

ရှီဟောင် ယခုတော့ ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်သွားလေပြီ။ သူနှင့် ရွယ်တူအားလုံးကို အထက်စီးမှ ကြည့်၍ရလေပြီ။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် အသက် ၂၀ ကျော်သာ ရှိသေးသည်။

“သူ့ရဲ့အရိုးတည်ဆောက်ပုံတွေကို ကြည့်ခြင်းအားဖြင့် သူက တော်တော်လေး ငယ်သေးတယ် .. ဒီအသက်အရွယ်လေးနဲ့ သူက ကောင်းကင်နတ်ဘုရားအဆင့်ကိုတောင် ရောက်သွားပြီ …”

“သူက သမိုင်းမှာ အငယ်ဆုံး ကောင်းကင်နတ်ဘုရားဖြစ်မလား..”

“ဟွမ်က တကယ်ကို ထူးခြားတာပဲ .. သူက အငယ်ဆုံးနဲ့ စွမ်းအားအကြီးဆုံး ကောင်းကင်နတ်ဘုရားဖြစ်သွားပြီ..”

ကျောင်းမှ ပြိုင်ဘက်များနှင့် အကြီးအကဲအချို့မှာ အံ့အားတကြီး သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

အပိုင်း ၁၃၆၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၇ – ရှင်းလင်းသည့် ခံစားချက်

“ဒီလိုခံစားချက်မျိုးက တကယ်ကို ကောင်းတာပဲ..” ရှီဟောင် မျက်လုံးဖွင့်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

သူသည် ထိုနေရာတွင်သာ မလှုပ်မယှက်ထိုင်နေပြီး လွတ်လပ်ပေါ့ပါးမှုကို ခံစားနေလိုက်သည်။ သူ၏အသွေးအသားနှင့် နတ်အာရုံတို့ သိပ်သည်းလာကာ ထာဝရစွမ်းအင်များ ရစ်သိုင်းနေသည်။ သူ၏ခန္ဓာကိုယ်မှာ ပို၍ပေ့ါပါးကာ နူးညံ့လာသလိုပင်။

သူသည် သံ​ချေးတက်နေသည့် လက်နက်တစ်ခု သေချာ တိုက်ချွတ်ဆေးကြောခံလိုက်ရသကဲ့သို့ပင်။ နှစ်ပေါင်းများစွာ ဖုံးအုပ်နေခဲ့သည့် သံ​ချေးများ ရှင်းလင်းဖယ်ရှားခံလိုက်ရပြီဖြစ်သည်။

သေချာပါသည်။ သူကောင်းကင်နတ်ဘုရားအဆင့်သို့ တက်သွားသည့်အချိန်တွင် သူ့အရေပြားပေါ်၌ မီးခိုးရောင် အညစ်အကြေးတစ်လွှာ ထွက်လာသည်။

ထို့နောက် ရှီဟောင် မတ်တပ်ရပ်လိုက်ပြီး သူ့ခွန်အားကို စမ်းသပ်ကြည့်လိုက်သည်။ လျှပ်စီးတစ်တန်းထွက်ပေါ်လာကာ ထိုလျှပ်စီးမှာ လျင်မြန်လှသောကြောင့် အရိပ်မမြင်လိုက်ရခင်မှာပင် လေဟာနယ်နှင့် ပေါင်းစည်းသွားလေသည်။

သူ၏နတ်အာရုံများသည်လည်း ပြန်လည်မွေးဖွားလာသကဲ့သို့ ပို၍ စူးရှလာသည်။

ဒါက ကောင်းကင်နတ်ဘုရားနယ်ပယ်လား..

ရှီဟောင် သူ၏လက်ရှိအနေအထားနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်လိုက်သည်။ သူသည် တိုးတက်လာမှုကို ခံစားနေရသောကြောင့် အလွန်ပျော်ရွှင်နေမိသည်။

မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်မှာ သိပ်မတည်ငြိမ်ပေ။ အားနည်းလိုက် အားကောင်းလိုက်ဖြစ်နေသည်ပင်။ သူအားကောင်းသည့်အချိန်တွင် ကောင်းကင်နတ်ဘုရားနှင့် ယှဉ်နိုင်သော်လည်း သူအားနည်းနေသည့်အချိန်ဆိုလျှင် နတ်ဘုရားအစစ်ထက်ပင် နိမ့်ကျနေလိမ့်မည်။

အမှန်တကယ်တွင် ဤအဆင့်၌ လူများစွာ ရှုံးနိမ့်ကြသည်။ အားလုံးမှာ နတ်မီးတောက်နယ်ပယ်ထက်ပင် နိမ့်ကျသည့်သူများ ဖြစ်လာကြသည်။

သို့သော်လည်း ရှီဟောင်သည် ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံနိုင်ခဲ့သည်။ အစပိုင်းတွင် ခွန်အားများ မငြိမ်မသက်ဖြစ်နေခဲ့သော်လည်း နောက်ပိုင်းတွင်တော့ အတော်လေး ငြိမ်သွားကာ ဘာပြဿနာမှ သိပ်မရှိတော့ပေ။

“ငါက အားပိုကောင်းလာတယ်ဆိုပေမယ့် ငါထင်ထားသလောက် မဟုတ်သေးဘူး..”
ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ယခင်က သူအဆင့်တက်တိုင်း သူ၏ခွန်အားများမှာ အဆမတန်တိုးသွားသည်။ ယခုတစ်ခေါက်မှာ ထိုမျှစွမ်းအားကြီးလာခြင်း မရှိပေ။

ပုံမှန်ဆိုလျှင် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်နှင့် ကောင်းကင်နတ်ဘုရားတို့ကြားတွင် သိပ်ပြီး ကွာဟချက်မရှိသည်ကို သူ သိသည်။

“ကြည့်ရတာ ငါ အတိဒုက္ခကို ရင်မဆိုင်ရသေးလို့ထင်တယ်..” သေချာစဉ်းစားပြီးသည့်နောက်တွင် ဘာလုပ်ရမည်ကို သူသိသွားခဲ့သည်။

သို့သော်လည်း ယခုအချိန်မှာ အတိဒုက္ခကို ရင်ဆိုင်ရမည့်အချိန်မဟုတ်သေး။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားကျောင်းသို့ ရောက်လာကတည်းက သူ သတင်းအတော်များများ ရထားပြီးပြီပင်။

ဤကျင့်ကြံဆင့်သည် အလွန်အရေးကြီးလှပြီး နည်းနည်းလေးမှ မှားယွင်း၍မရ။

အမှန်တကယ်တွင် ဝမ်ရှီး၊ လုထော်နှင့် အခြားသူများလည်း အတိဒုက္ခကို မဖြတ်သန်းရသေးပေ။ သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ကတည်းက သူတို့အုတ်မြစ်ကိုသာ အားစိုက်နေကြခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနည်းလမ်းများကို လေ့လာလျှင် အရေးအကြီးဆုံးမှာ ထာဝရမျိုးစေ့နှင့် ပေါင်းစည်းရန်ပင်။ ဤလမ်းကြောင်းလိုက်သည့်သူများအားလုံး သူတို့ကိုယ်ပိုင် မျိုးစေ့ကို ရှာဖွေရန် လိုအပ်သည်။

ယခင်ခေတ်၌ ရှေးဟောင်းနည်းလမ်းများကို ကျင့်ကြံလျှင် မျိုးစေ့နှင့် ပေါင်းစည်းခြင်းမှ စတင်သည်။ ထို့ကြောင့် ဘာပြဿနာမှ မရှိခဲ့ကြ။

သို့သော်လည်း ယခုမှာ သူတို့လေ့ကျင့်ထားခြင်းမရှိသည့် လမ်းကြောင်းသို့ ပြောင်းလာခြင်းဖြစ်သောကြောင့် သူတို့ကိုယ်ပိုင် ထာဝရမျိုးစေ့များကို မရှာဖွေရသေး။

ဘဝတွင် အခြေအနေမျိုးစုံ ဖြစ်ပေါ်နေမည်ဖြစ်သကဲ့သို့ ထိုအခြေအနေများကို ဖြေရှင်းရန်လည်း နည်းလမ်းမျိုးစုံ ရှိနေမည်ပင်။

သို့သော် ဤသည်မှာလည်း အချို့အခြေအနေများနှင့် ကိုက်ညီနေမှသာ။ မဟုတ်ပါက နောက်ကျလွန်းသွားလိမ့်မည်။

ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားပြီး တာအိုပန်းပွင့်များလည်း ရထားပြီဆိုပါက ထာဝရမျိုးစေ့နှင့် ပေါင်းစည်းနိုင်ရန် နည်းလမ်းတစ်ခုရှိသည်။

ဤသည်မှာ လျှပ်စီးဖြင့် ခန္ဓာကိုယ်ကို သန့်စင်ရန်ပင်။ ဤသည်မှာ ထာဝရမျိုးစေ့နှင့် ပေါင်းစည်းရန်အတွက် အခြေခံအကျဆုံးအပိုင်းပင်။

အားလုံးသည် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခြင်းသာ၊
‘နယ်ပယ်သင်္ချိုင်း’ ဟုခေါ်သည့်နေရာကို အကြီးအကဲများ ခေါ်သွားမည်ကို စောင့်ဆိုင်းနေကြခြင်းပင်။

ယခုတော့ ရှီဟောင်လည်း သူတို့နှင့် အုပ်စုတူသွားလေပြီ။ သူလည်း အခွင့်အရေးရောက်လာမည်ကို စောင့်ဆိုင်းရန်သာ လိုတော့သည်။

“ခွန်အားတွေ ထပ်တိုးဦးမှာဆိုတော့ နောက်တစ်ခေါက် ရန်သူတွေ ဝိုင်းတာခံရမယ်ဆိုရင် င့ါအတွက် ပိုလွယ်သွားလောက်ပြီ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

သူ၏အကောင်းမွန်ဆုံး ဆုလာဘ်မှာ ဤကြည်လင်သန့်ရှင်းသည့် ခန္ဓာကိုယ်ကြီးကို ရလိုက်ခြင်းပင်။ သူသည် လေထဲမျောနေသလို ခံစားနေရသည်။ သူ၏နတ်အာရုံများမှာ အလွန်စူးရှနေပြီဖြစ်ပြီး အန္တရာယ်ကို ကြိုသိနိုင်နေလေပြီ။

သူသည် အရပ်ရှည်ကာ သွယ်လျသည့်သူဖြစ်ပြီး သူ့ဘေးပတ်လည်တွင် ထာဝရစွမ်းအင်များ စီးဆင်းနေသည်။ သူသည် ထာဝရနယ်မြေမှဆင်းသက်လာသည့် ထာဝရသက်ရှိတစ်ယောက်ကဲ့သို့ ခံ့ညားလှသည်။

ယခုအချိန်တွင် သူသာ ယောင်ယွဲ့နှင့် ဝမ်ရှီးတို့လိုမျိုး နတ်သမီးများနှင့် အတူတူသွားရပ်လျှင်ပင် သူသည်လည်း သာမန်လူနှင့် ကွာခြားပြီး သူတို့နည်းတူ ထူးခြားနေလိမ့်မည်။

သူတစ်ခုခုတွေးလိုက်သည်နှင့် ထာဝရစွမ်းအင်သုံးကြောင်းလည်း ပြောင်းလဲလာလိမ့်မည်။ ယခုဆိုလျှင် ထာဝရစွမ်းအင်သုံးကြောင်းသည် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်နေလေပြီ။

တာအိုပန်းပွင့်သုံးပွင့်လည်း သူ့ဦးခေါင်းထက်၌ ရှိနေသည်။

သို့သော်လည်း တာအိုပန်းပွင့်သုံးခုမှာ မတူကြပေ။

ပထမပန်းပွင့်ပေါ်တွင် ထိုင်နေသည့် သက်ရှိလေး၏ ခန္ဓာကိုယ်ကို ထာဝရမြူများ ဖုံးလွှမ်းနေသည်။ သူသည် ဟိုးအတိတ် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ရောက်လာသည့်သူကဲ့သို့ မှုန်ဝါးနေသည်ပင်။

အခြားပန်းပွင့်နှစ်ပွင့်တွင်မူ သက်ရှိ မရှိပေ။ ထာဝရစွမ်းအင်များသာ ထွက်ပေါ်နေသည်။

“နောင်ကျရင်တော့ ကျင့်ကြံဖို့ အခွင့်အရေး ရလာမှာပါ .. အဲဒီအချိန်ကျရင် ငါသေချာပေါက် အတွေ့အကြုံသစ်ရမှာ .. ပြီးတော့ ငါ ပိုပြီးတော့ သန်မာလာမှာ ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ထိုအချိန်ကျလျှင် သူ ဘယ်အဆင့်ထိ ရောက်သွားမလဲ မသိနိုင်ပေ။

ဤနေရာကြီး တိတ်ဆိတ်သွားသည့်အချိန်တွင် ချောင်းကြည့်နေသည့် မျက်လုံးများလည်း ပြန်ဆုတ်သွားကြလေ၏။

ရှီဟောင်သည် လက်နောက်ပစ်လျက် အဖြူရောင် ကျောက်စိမ်းတောင်ရှေ့သို့ ပြန်လည်ရောက်ရှိလာလေသည်။ ထို့နောက် သူသည် နံရံထက်တွင်ရှိနေသည့် စာလုံးများကို စတင်လေ့လာလိုက်သည်။ သူ၏အရှိန်မှာ ယခင်ကထက် ပို၍ လျင်မြန်လာကြောင်း သူ ထိတ်လန့်စွာ သိခဲ့ရသည်။

သူ ဤတောင်သို့ ရောက်သည့်အချိန်တွင် သီးသန့်ကျင့်ကြံပြီး ပြန်ထွက်လာသည့် လူ အနည်းငယ်လည်း ရှိနေသည်။

ယခုအချိန်တွင် မည်သူမှ ရှီဟောင်အား ရန်မစရဲကြတော့ပေ။ သူတို့ ရှီဟောင်အား ရန်လိုနေကြလျှင်ပင် သည်းခံထားရုံသာ တတ်နိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် ယခု လက်ရှိ ဟွမ်မှာ သာမန်လူများ ရန်စ၍ရသည့်သူ မဟုတ်တော့။

သူသည် ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာကို အသုံးပြုသည့် ဝမ်ရှီးကို ဖမ်းသည့်အပြင် ကျောက်တုံးဆေးမီးဖိုထဲတွင်လည်း တိုက်ပွဲကြီးတစ်ခုပြုလုပ်ကာ ဆေးအပိုင်းအစသုံးခုနှင့် ထာဝရဆေးအပိုင်းအစများအား ရယူနိုင်ခဲ့သေးသည်။ ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေလေ၏။

“အစ်ကို ရှီ..” မင်းသမီးယောင်ယွဲ့ က ပြုံး၍ ခေါ်လိုက်သည်။

ယခုအချိန်တွင် ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသည့်သူများသာလျှင် ရှီဟောင်နှင့် အတူတူလမ်းလျှောက်ရဲလိမ့်မည်ပင်။ သူနှင့် မရင်းနှီးသည့်သူများမှာ သူ့အား အလောတကြီး မချဉ်းကပ်ရဲကြတော့။

“ကျွန်မ ကတိပေးထားတာက အကျုံးဝင်သေးတယ်နော် .. ရှင် ဝမ်ရှီးကို ခေါ်လာပေးရင် ကျွန်မတို့ မိသားစုက ရှင့်ကိုသေချာပေါက် လေးလေးစားစားဆက်ဆံမှာ .. ဒါပေမဲ့ လက်ဆောင်ပါမလာလဲ ကျွန်မတို့ ရှင့်ကို ကြိုဆိုပါတယ် .. အဆင့်လွန် လူငယ်တစ်ယောက်ကို ဂိတ်ပေါက်ကနေ နှင်ထုတ်တာမျိုး သေချာပေါက် မလုပ်ပါဘူး..” မင်းသမီးယောင်ယွဲ့ စိတ်အားတက်ကြွစွာပင် ပြောလိုက်သည်။

အားလုံး ဆွံ့အသွားကြသော်လည်း မည်သူမှ ဘာမှမပြောရဲကြပေ။ ဝမ်ရှီးကို လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်နေခြင်းမှာ ဝမ်မိသားစုအား လှောင်ရယ်နေခြင်းပင်။

“ကောင်းသားပဲ…” ရှီဟောင်သည် ရှက်ရွံ့ခြင်းမရှိပဲ ကျယ်လောင်စွာပင် ရယ်မောလိုက်လေ၏။

ကံကောင်းစွာဖြင့် ဝမ်ရှီးသည် ယခုမှသီးသန့်ကျင့်ကြံပြီးခြင်းဖြစ်ပြီး ဤနေရာသို့ ရောက်မလာသေးပေ။ မဟုတ်ပါက သူမ နောက်တစ်ကြိမ် စိတ်ပျက်လက်ပျက်ဖြစ်ရမည်ပင်။

“ရှီဟောင် ..” ချင်းရီ လျှောက်လာ၏။ သူမ၏ကျက်သရေရှိသည့် မျက်နှာထက်တွင် အပြုံးနုနုလေးတစ်ခု ရှိနေသည်ပင်။

ရှီဟောင် ပြုံးလိုက်၏။ သူကောင်းကင်နတ်ဘုရားကျောင်းသို့ ရောက်နေသည်မှာ ကြာနေပြီဖြစ်သော်လည်း ယခုမှသာ အမှန်တကယ် ပြန်လည်ဆုံစည်းခြင်းဟု သတ်မှတ်နိုင်သည်ပင်။ သူတို့ ယခုမှ စကားပြောနိုင်တော့သည်။

ရှီဟောင်သည် ယဉ်ကျေးမှုမရှိပဲ သူမ၏ သွယ်လျသည့်လက်ကလေးကို ဖမ်းဆုတ်တော့မည့်အချိန်တွင် ချင်းရီ တစ်ဖက်သို့ ရှောင်ရှားလိုက်သည်။

ယွဲ့ချန်သည်လည်း အခြားနေရာတစ်ခုမှ ရောက်လာသည်။ သူမသည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမ လမ်းလျှောက်လိုက်တိုင်း ယိမ်းနွဲ့နေသည်။ သူမသည် နတ်သမီးတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

“ဟေး … ကောင်မလေး မတွေ့တာကြာပြီ..”
ရှီဟောင် သူမအား နှုတ်ဆက်လိုက်သည်။

လူများစွာ ငေးကြောင်သွားကြရလေသည်။ ဒီကောင်က ဒီလိုမျိုး အလှလေးနဲ့လဲ သိတာလား .. သူ့အပြုအမူတွေက ရဲတင်းလွန်းမနေဘူးလား..

ထို့အတူ ယွဲ့ချန်မျက်နှာပေါ်တွင်ရှိနေသည့် အပြုံးနုလေးလည်း ချက်ချင်းပျောက်ကွယ်သွားကာ သူမ မျက်နှာပျက်သွားလေသည်။

အပိုင်း ၁၃၆၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၈ – သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာခြင်း

‘ကလေးမလေး’ ဟူသည့်စကားလုံးမှာ ယွဲ့ချန်၏ခန္ဓာကိုယ်အား နှေးကွေးသွားစေကာ သူ့မျက်နှာထက်ရှိ အပြုံးလည်း ချက်ချင်း တောင့်ခဲသွားရသည်။ ရှီဟောင်ကို တွေ့လိုက်ရသည်နှင့် သူမ၏ စိတ်လည်းမတည်ငြိမ်နိုင်တော့ပေ။

သူမသည် ကောင်းကင်ကြီးကို ပြောင်းပြန်လှန်စေသည့် တံဆိပ်ကိုသုံးကာ ရှီဟောင်မျက်နှာကို ရိုက်ပစ်ချင်မိသည်။

သို့သော်လည်း ချင်းရီနှင့်မပေါင်းလျှင် သူသည် ရှီဟောင်၏ပြိုင်ဘက်မဟုတ်မှန်း သူမ သိသည်။ သူမသာ တကယ်တိုက်ခိုက်လိုက်လျှင် သူမကိုယ့်အရှက်ကိုကိုယ်ခွဲသလို ဖြစ်သွားလိမ့်မည်။

“ကျောက်တုံးကလန်က တာအိုရောင်းရင်းပဲ .. မတွေ့တာကြာပြီ .. ရှင်က တော်တော်လေးကို အဆင်ပြေနေတာပဲ ..” ယွဲ့ချန် ပြောလိုက်သည်။ သူမသည် စိတ်ထဲ၌ ကျိန်ဆဲနေသော်လည်း မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေဆဲပင်။

ဤနေရာသာ ကောင်းကင်နတ်ဘုရားကျောင်းမဟုတ်ပဲ အခြားနေရာသာဆိုပါက သူတို့နှစ်ယောက် စကားပြောနေကြမည် မဟုတ်။ တိုက်ခိုက်နေကြမည်ပင်။

ဤနေရာမှာ ကောင်းကင်နတ်ဘုရားကျောင်းဖြစ်နေခြင်းကို ယွဲ့ချန် ကျေးဇူးတင်နေမိသည်။ မဟုတ်ပါက ဖြစ်လာမည့်အကျိုးဆက်များမှာ မတွေးရဲလောက်အောင်ပင်။ ဤ’နှာဗူးကောင်’က ပို၍ စွမ်းအားကြီးနေလေပြီ။

“နတ်သမီးယွဲ့ချန် ဘာလို့ ဒီလိုမျိုးပြောနေတာလဲ .. ကျုပ်ကို သတိမရဘူးလား..” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။ သူတို့သည် မွေးကတည်းက ရန်သူများဖြစ်နေကြခြင်းဖြစ်ပြီး ယွဲ့ချန်သည် သူ သီးသန့်ကျင့်ကြံနေသည့်အချိန်တုန်းကတောင် တိုက်ခိုက်ဖူးခဲ့သည်ပင်။

သူသည် ချင်းရီကို ကူညီကာ ယွဲ့ချန်အား အမြဲတမ်းရှင်းထုတ်ချင်ခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးအား တစ်ယောက်တည်းအဖြစ် ပြန်ပြောင်းလိုက်ချင်သည်။ သို့သော် အခြေအနေများကို လေ့လာပြီးသည့်နောက်တွင် မည်သူက မည်သူ့ကို ဖြည်းဆည်းပေးရမည်ဆိုသည်ကို ပြောနိုင်ရန် ခက်ခဲလှ၏။ အဆုံးသတ်တွင် ချင်းရီကို ထိခိုက်သွားစေနိုင်သည်။

မည်သို့ပင်ဖြစ်စေ ယွဲ့ချန်က မူလခန္ဓာကိုယ်ပင်။ သူတို့တကယ်ပေါင်းသွားလျှင် မည်သူက မည်သူ့ကို လွှမ်းမိုးမည်မှာ ပြောရန်ခက်လှသည်။

အနီးအနားတွင်ရှိနေသည့်သူများအားလုံး အမူအရာပြောင်းလဲသွားကြသည်။ ဤအဆင့်လွန်လူငယ်လေးမှာ သူတို့တွေးထားသည်နှင့် မတူဘူးဟု ခံစားလိုက်ရသည်။ သူသည် မိန်းမလှလေးကိုပင် မလေးမစားဆက်ဆံနေသည်။

“ဟွမ်က ငါ ထင်ထားသလောက် ဂုဏ်သရေမရှိဘူးပဲ ..” တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။ ဤစကားများမှာ မပြင်းထန်ဘူးဟု သူ ခံစားရသည်။

အမှန်တကယ်တွင် ဤစကားကို ပြောချင်နေသည်မှာ သူတစ်ယောက်တည်းမဟုတ်။ ဒီကောင်က ကပ်ပါးကောင်လား .. သူ့မှာ ရန်သူအားလုံးကို သူတစ်ယောက်တည်း အနိုင်ယူလွှမ်းမိုးတဲ့ပုံစံ မရှိသလိုပဲ..

“အစ်ကိုရှီ .. ရှင်က ဟာသတွေလုပ်ရတာ တော်တော်လေး ကြိုက်တာပဲ .. ရှင် ဒီမှာတော့ ရှင့်ပုံစံကို နည်းနည်း ပြောင်းသင့်တယ်..” ယွဲ့ချန် ပြုံး၍ ပြောလိုက်သည်။

“ဒါပေ့ါ..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူအလွန်လေးနက်စွာ ပြောလိုက်လေ၏။ “ကျုပ်က မင်းအကြံကို မေးမလို့ပါပဲ .. မင်း အချိန်ရှိရင် ကျုပ်တို့ ပညာဖလှယ်ကြရအောင်လေ..”

ယွဲ့ချန်၏ အမူအရာပြောင်းလဲသွားရ၏။ ကျောင်းသည် ပညာဖလှယ်ခြင်းကို အားပေးထားသည်ပင်။ ယခု သူ ဤကောင်၏ပစ်မှတ်ထားခြင်းကို ခံလိုက်ရလေပြီ။ သူမသာ သူနှင့် ပညာဖလှယ်ပါက သူမအတွက် အဆုံးသတ်ကောင်းမည် မဟုတ်ပေ။

“ကျွန်မ မအားဘူး” ယွဲ့ချန် ချက်ချင်း ငြင်းလိုက်သည်။

ချင်းရီ ပြုံးလိုက်၏။ သူမ၏ အပြုံးမှာ အလွန်တောက်ပလှသည်။ သူမ၏ဖြူဖွေးနေသည့် သွားတန်းမှာ သူမ၏နီရဲနေသည့်နှုတ်ခမ်းကို ကိုက်လာသည်။ သူမသည် ဆံပင်များကို လိမ်ဆော့ကာ ယွဲ့ချန်အား ကြည့်နေလေ၏။

အဘယ်ကြောင့်ဆိုသော် သူတို့က စိတ်ချင်းဆက်နေသောကြောင့် ယခုအချိန်တွင် တစ်ဖက်လူ ဘာခံစားနေရသည်ကို သူမ ရှင်းရှင်းလင်းလင်းခံစားရသည်။ ယွဲ့ချန် စိတ်လေးသွားသည်ကို ခံစားမိလိုက်သည့်အချိန်တွင် သူမ တောက်ပစွာပင် ပြုံးလိုက်လေ၏။

ချင်းရီသည် လျှို့ဝှက်ပညာတစ်ခုကို အသုံးပြုကာ သူမ၏ပုံပန်းသွင်ပြင်ကို ပြောင်းလဲထားသောကြောင့်သာမဟုတ်ပါက ဤနေရာတွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်သွားကြလိမ့်မည်။

“ဟီး ဟီး ..” မင်းသမီးယောင်ယွဲ့ ချိုသာစွာ ရယ်မောလိုက်လေသည်။
“နတ်သမီးတွေနဲ့ ဘယ်လိုမျိုးနူးနူးညံ့ညံ့ဆက်ဆံရမလဲဆိုတာ ရှင် မသိဘူးပဲ .. မိန်းမလှလေးကို ရှင်က ဒီလိုမျိုး ဆက်ဆံတာလား .. ကျွန်မ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ် .. အခုမှတွေ့တာကို ရှင်က ဘယ်လိုလုပ် သူ့ကို ချက်ချင်း စိန်ခေါ်နိုင်ရတာလဲ..” သူမ လျှောက်လာကာ ပြောလိုက်သည်။

“ကျုပ်တို့က သူငယ်ချင်းဟောင်းတွေပါ .. စီရင်စုသုံးထောင်မှာကတည်းက ကျုပ်တို့ တိုက်ခိုက်နေကြ .. ကျုပ်ဒီနေ့လို အောင်မြင်မှုကြီးတွေ ရလာတာ သူ ကျုပ်နဲ့ တိုက်ပေးခဲ့လို့ပါပဲ..” ရှီဟောင် ပြောလိုက်သည်။

“အဲဒီလိုလား..” ရိုးသားသည့်လူငယ်လေးတစ်ယောက်မှ ထိတ်လန့်သည့်အမူအရာများဖြင့် ပြောလိုက်သည်။ ထို့နောက် ယွဲ့ချန်ကို ကြည့်လိုက်ကာ “နတ်သမီး အချိန်ရရင် ကျွန်တော်နဲ့ ပညာဖလှယ်ပြီးတော့ ကျွန်တော့်ကိုလည်း အကြံပေးပါဦးလို့ တောင်းဆိုချင်ပါတယ် ..” ထိုသူပြောလိုက်သည်။

ဤစကားများကို ကြားလိုက်ရသည့်အချိန်တွင် လှောင်ရယ်သံအချို့ ထွက်ပေါ်လာလေ၏။ အချို့သူများသည် ဤရိုးအသည့်သူကိုကြည့်ကာ ခေါင်းခါလာကြလေသည်။

“ဒီမှာ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်နေတာလား..” ထိုအချိန်တွင် လုထော်၊ ဝမ်ရှီးနှင့် အခြားသူများရောက်လာကာ ယွဲ့ချန်အား လာရောက်နှုတ်ဆက်နေကြလေ၏။

ယွဲ့ချန်သည် အပြုံးနုလေးပြုံးလိုက်ကာ ဝမ်ရှီးထံသို့ လျှောက်လာပြီး သူမနှင့် ရင်းနှီးစွာပင် စကားပြောနေလေသည်။

“ခေါင်းစိမ်းကောင် .. ကျောက်တုံးမီးဖိုထဲမှာ တိုက်တာကို ကျုပ် မကျေနပ်သေးဘူး .. ကျုပ်တို့ အချိန်တစ်ခုယူပြီးတော့ ထပ်တိုက်ကြရင်ရော ..” ရှီဟောင် လုထော်ကိုကြည့်ပြီး ပြောလိုက်သည်။

“ရတာပေ့ါ ကျုပ်လည်း အဲဒီလိုလုပ်ချင်နေတာ..” လုထော်သည်လည်း အလွန်စွမ်းအားကြီးသည့်သူဖြစ်သောကြောင့် ဖိအားဖြစ်မနေပေ။

ဘေးပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကြလေ၏။ လုထော်နှင့်အတူ လိုက်ပါလာသည့်သူများမှာ အလွန်စိုးရိမ်နေကြလေပြီ။

“ကောင်းတာပေ့ါ .. အဲဒါဆိုရင် နောင် အခွင့်အရေးရှိရင် တိုက်ကြတာပေ့ါ..” ရှီဟောင် ပြောလိုက်၏။

“ဝိုး .. ရှုပ်ထွေးမှု ရှင်းလင်းခြင်းနည်းလမ်းက တကယ် တော်တော်လေးကို ဆန်းကြယ်တယ် .. နတ်သမီးဝမ် ကျုပ်နဲ့ ပညာဖလှယ်ချင်လား .. ကျုပ် ခင်ဗျားနဲ့ ကောင်းကင်ပညာတွေ ဖလှယ်ဖို့ ဆန္ဒရှိပါတယ်…” ရှီဟောင် ဝမ်ရှီးကို ကြည့်၍ပြောလိုက်သည်။

သူ ရှုပ်ထွေးမှု ရှင်းလင်းခြင်းပညာကိုသာ အမြဲတမ်းစဉ်းစားနေခဲ့ခြင်းပင်။ သူသည် တစ်ဖက်လူကို ရန်စခြင်းမဟုတ်ပဲ ဤပညာကို တကယ်စိတ်ဝင်စားနေသည်သာ။ စတုတ္ထအကြီးအကဲနှင့် ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် ဤပညာမှာ အတော်လေးထူးခြားသည်ကို သူ သိခဲ့လိုက်ရသည်။

ယခင်က ထာဝရရှေးဟောင်းခေတ် ခေတ်လယ်လောက်တွင် စွမ်းအားကြီးသည့် အခြားလောကမှသက်ရှိများ ကျူးကျော်ဝင်ရောက်လာခဲ့ဖူးသည်။

ထိုအချိန်က ထူးခြားသည့်ကျွမ်းကျင်သူတစ်ယောက်ပေါ်လာကာ ပြိုင်ဘက်ကင်းသည့်ဓားပညာကို အသုံးပြုပြီး ထိုကျူးကျော်သူများအား နယ်ခြားစပ်မှ မောင်းထုတ်ခဲ့ဖူး၏။

ဤသည်မှာ ရှုပ်ထွေးမှု ရှင်းလင်းခြင်းပညာ၏ သမိုင်းကြောင်းပင်။

ကံမကောင်းစွာဖြင့်ပင် ထာဝရရှေးဟောင်းခေတ်၏ နောက်ဆုံးအချိန်တွင် ဤပြိုင်ဘက်ကင်းသည့်ပုဂ္ဂိုလ်သည် သူ၏အစွမ်းများကို နောက်တစ်ကြိမ် မပြသနိုင်မှီ သူ၏ဒဏ်ရာများကြောင့် ကွယ်လွန်သွားခဲ့ရသည်။

သူ၏မျိုးဆက်များ ဤရှုပ်ထွေးမှု ရှင်းလင်းခြင်းပညာကို ဆက်လက်ကျင့်ကြံခဲ့သော်လည်း ပညာအရည်အသွေးနိမ့်ကျမှုများ ရှိလာသည်။

ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာကို ဖန်တီးသည့်သူသာ မသေပဲ အဆုံးမရှိသည့်ထာဝရဘုရင်၊ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းထာဝရဘုရင်တို့နှင့်သာ အတူတူတိုက်ခိုက်ခဲ့ပါက အဆုံးသတ်မှာ ဤမျှဆိုးရွားလိမ့်မည်မဟုတ်ဟု ဆိုကြသည်။

သို့သော် ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ နယ်ခြားစပ်အား စောင့်ကြပ်နိုင်ခြင်းမှာ ထိုအချိန်တုန်းက ပြိုင်ဘက်ကင်းသည့် ကျူးကျော်သူများ ရောက်မလာသေးသောကြောင့်ဖြစ်သည်ဟုလည်း ပြောကြသည်ပင်။
မည်သို့ပင်ဖြစ်စေ ရှုပ်ထွေးမှု ရှင်းလင်းခြင်းပညာမှာ အံ့အားသင့်စရာကောင်းနေဆဲပင်။ ရှေးဟောင်းပညာများကို လွှမ်းမိုးနိုင်ခဲ့သည့် ပညာတစ်ခု ဖြစ်ထိုက်နေဆဲပင်။

ဝမ်ရှီး အေးစက်စက်သာ နှာခေါင်းရှုံလိုက်ပြီး သူ့အား အရေးမလုပ်တော့ပေ။ သူမ ရှုပ်ထွေးမှု ရှင်းလင်းခြင်းပညာကို ပေးစရာ အကြောင်းမရှိ။

သီးသန့်ကျင့်ကြံနေကြသည့်သူများအားလုံးနီးပါး ထွက်လာကြလေပြီ။ ရှေးဟောင်းဆေးလုံးများကို သုံးပြီးသည့်နောက် သူတို့အားလုံး၏ ကျင့်ကြံခြင်းများ တိုးတက်လာပြီး ရှေးဟောင်းပညာများကို ကျင့်ကြံရန် ပို၍ သင့်လျော်လာသည်။

သို့သော် ရှီဟောင်နှင့်တိုက်ခိုက်ချင်သည့်သူ များများစားစား မရှိပေ။ အားလုံး သတိကြီးကြီးထားနေကြလေ၏။ ထိုသူများထဲတွင် ဝမ်ရှီးလည်း အပါအဝင်ပင်။

“အခွင့်အရေးရှိရင် ငါတို့ နည်းနည်းလောက် ပညာဖလှယ်သင့်တယ်…” ခပ်ဝေးဝေးမှ လူတစ်ယောက်လျှောက်လာနေသည်။ သူ၏လှုပ်ရှားမှုများမှာ ကျားတစ်ကောင် သို့မဟုတ် နဂါးတစ်ကောင်ကဲ့သို့ စွမ်းအားကြီးလှ၏၊။ ဤသည်မှာ သရဖူ ၁၀ခုဘုရင်ပင်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ဖရိုဖရဲမြူများ ဝန်းရံနေလေသည်။

သူသည် နဂါးအစစ်ပညာကို အဆုံးစွန်ထိရောက်အောင် ကျင့်ကြံထားခြင်းပင်။ စီရင်စုသုံးထောင်တွင် သူသည် ရှီဟောင်၏ အကောင်းဆုံး ပြိုင်ဘက်ပင်။

“ဘာလို့ မတိုက်ရမှာလဲ .. ကျုပ်က အချိန်မရွေး အဆင့်သင့်ပဲ..” ရှီဟောင် ပြန်ပြောလိုက်သည်။

အားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။ ဟွမ်၏ လက်ရှိစွမ်းအားကို စိန်ခေါ်ရဲသည့်သူမှာလည်း သေချာပေါက် သာမန်လူဖြစ်မည် မဟုတ်ပေ။

“မင်းတို့အားလုံး အချိန်ရှိတုန်း ဒီစာလုံးတွေကို လေ့လာသင့်တယ် .. မင်းတို့ ဒီစာလုံးတွေအားလုံး နားလည်သွားတာနဲ့ ငါမင်းတို့ကို နယ်မြေသင်္ချိုင်းကို ခေါ်သွားပေးမယ် .. အဲဒီမှာ မင်းတို့ ထာဝရမျိုးစေ့တွေ ရှာလို့ရတယ်..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။တ္ထအကြီးအကဲ ပြောလိုက်သည်။

ဤသည်မှာ လောဆောလိုက်ခြင်းဖြစ်သလို သတိပေးခြင်းတစ်မျိုးလည်းဖြစ်သည်။ မဟုတ်ပါက ရှီဟောင်နှင့် သရဖူ ၁၀ ခုဘုရင်တို့ ဤနေရာတွင် တိုက်ခိုက်ကြတော့မည်။

“မင်း နာမည် ဘယ်လိုခေါ်လဲ..”
ရှီဟောင်သည် ယခုအချိန်ထိ သရဖူ ၁၀ ခုဘုရင်၏ နာမည်အရင်းကို မသိရသေးပေ။ သူသည် စီရင်စုသုံးထောင်မှ ဧကရာဇ်ကလန်တစ်ခုတွင် နေထိုင်သည်ကို သိသော်လည်း သူ့ထံတွင် အခြားနောက်ခံတစ်ခု ရှိနေသလိုပင်။ သူသည် ယခင်က သူ့ဆရာနှင့်အတူ အဆင့်နိမ့်နယ်မြေသို့ သွားခဲ့သေးသည်။

ဤသည်မှာ နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိကဲ့သို့ပင်။ သူသည် အထက် ကောင်းကင်ဘုံကိုးခုမှ လူတစ်ယောက်ဖြစ်နိုင်သော်လည်း ထိုလူထူးဆန်းကြီးနှစ်ယောက်က သူ့အား စီရင်စုသုံးထောင်သို့ ခေါ်လာခဲ့သည်။

ယခုအချိန်တွင် ဤအကြောင်းကို တရားဝင်မကြေငြာသေးသော်လည်း ဤသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။

“ထျန်းကျီ..” သရဖူ ၁၀ ခုဘုရင် ပြန်ဖြေလိုက်သည်။
[AN: ထျန်းကျီ – ကောင်းကင်ဘုံ သားတော်]

လူများစွာ ဆွံ့အသွားရသည်။ လူတစ်ယောက်က ဒီလိုမျိုးနာမည်တောင် ပေးရဲတယ်ပေ့ါ..

ဝမ်ရှီး၊ လုထော်၊ ရွှမ်ခွန်၊ မင်းသမီးယောင်ယွဲ့နှင့် လူအချို့သာ ဤနာမည်အား သိကြသည်။ အချို့သည် သူတို့ မိသားစုထံမှ ကြားကြခြင်းပင်။ သူတို့ကလန်မှ အကြီးအကဲများမှာ ယခင်က ထိုလူထူးဆန်းကြီးများနှင့် ဆက်ဆံရေးအချို့ ရှိခဲ့သည်။ အချို့သူများမှာ သူတို့ကိုယ်တိုင် ကျောင်းကို မေးထားသောကြောင့် သိခဲ့ရခြင်းပင်။

လူအများစုမှာ လုံးဝမသိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သရဖူ ၁၀ ခုဘုရင်နား မကပ်ရဲကြသောကြောင့် သူ့နာမည်သိလိုက်ရသည့်အချိန်တွင် အတော်လေး ထိတ်လန့်သွားကြသည်။

“တော်တော်လေးကို ရဲတင်းတဲ့နာမည်ပဲ..” ရှီဟောင်ပြုံး၍ပြောလိုက်သည်။

သူတို့သည်တစ်ယောက်နှင့်တစ်ယောက် စကားပြောရုံသာ ပြောကြပြီး မတိုက်ခိုက်ကြပေ။

အဘယ်ကြောင့်ဆိုသော် စတုတ္ထအကြီးအကဲကိုယ်တိုင် သူတို့အား စောင့်ကြည့်နေသောကြောင့်ပင်။ အကြီးအကဲသည် သူတို့အား ဤနေရာတွင် မတိုက်ခိုက်စေချင်ပဲ အလေးအမြတ်ကျောင်းနှင့် ထာဝရကျောင်းအား ရင်ဆိုင်သည့်အချိန်တွင် တိုက်ခိုက်ရန်အတွက် အင်အားချွေတာစေချင်နေခြင်းပင်။

“ချင်းရီ .. စာလုံးတစ်သန်းကို သွားကျင့်ကြံရအောင် ..” ရှီဟောင် ချင်းရီကို ခေါ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် လဝက်ကုန်သွားလေပြီ။ အားလုံး အကျိုးအမြတ်များစွာ ရရှိလိုက်ပြီး သူတို့၏လေ့လာသည့်နှုန်းလည်း ပို၍လျင်မြန်လာသည်။

ချင်းရီနှင့်အတူ ကျင့်ကြံသည်မှာ သူ၏ကျင့်ကြံသည့်နှုန်း နောက်တစ်ခေါက် ထပ်တက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အရေထူစွာဖြင့်ပင် ချင်းရီ၏လက်ကို ကိုင်ကာ နတ်စိတ်ဝိညာဉ်နှင့် ခံစားချက်များ လဲလှယ်နေသောကြောင့် ရှေးဟောင်းစာလုံးများကို ပို၍လျင်မြန်စွာ နားလည်လာသည်။

“ဒီ အစိမ်းရောင်လမီးတောက်မှာ ထာဝရသက်ရှိအစစ် တကယ်ရှိနေတယ်လို့ ငါ့ကို မပြောနဲ့နော်..” ရှီဟောင် ချင်းရီအား သီးသန့်မေးလိုက်သည်။

ချင်းရီ ခေါင်းခါလိုက်၏။ သူရှီဟောင်၏လက်ကို ဖယ်ချရန် အကြိမ်များစွာ ကြိုးစားနေလေသည်။ လူများစွာမှ သူတို့အား ကြည့်နေမည်ကို သူ မလိုလား။ သို့သော်လည်း ဤမြင်ကွင်းကို မမြင်ချင်ဆုံးသူမှာ ယွဲ့ချန်ပင်။ သူမသည် စိတ်ထဲ၌ အံကြိတ်နေရလေ၏။

သုံးလကြာပြီးသည့်နောက်တွင် ရှီဟောင်နှင့် ချင်းရီတို့ စာလုံးပေါင်းတစ်သန်းကို နားလည်သွားလေပြီ။ သူတို့သည် ဤနေရာမှ ထွက်ခွာသွားရမည့်ပထဆုံးလူများ ဖြစ်လာကြသည်။ သူတို့ အောင်မြင်သွားလေပြီ။

“အဝေးကြီးမသွားကြနဲ့ .. မင်းတို့ကို ကျောင်းထဲကနေ ထွက်ခွင့်မပြုဘူး .. ခဏနေကျရင် ထာဝရ ရှေးဟောင်းခေတ် ကျမ်းစာတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ရှင်းပြဖို့ အကြီးအကဲတစ်ယောက် ရောက်လာလိမ့်မယ်..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

ရှီဟောင် သိပ်ပြီး စိတ်မဝင်စားတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ ထာဝရတာအိုကျမ်းစာတစ်ခုရှိသည်။ ယခု သူဤစာလုံးများကို လေ့လာပြီးသွားပြီဖြစ်သောကြောင့် ကျမ်းစာများကို သူ့ဘာသာသူ လေ့လာ၍ရလေပြီ။

“ချောင်ယုရှင်း၊ လကျောက်စိမ်း ယုန်၊ ဖုန်းဝူ၊ ချန်ကုန်းယန်နဲ့ တစ်ခြားသူတွေဆီ သွားလည်ရအောင်” ချင်းရီ ပြောလိုက်၏။

အဆင့်နိမ့်နယ်မြေမှ သူတို့မိတ်ဆွေများ ကောင်းကောင်းမလုပ်နိုင်ဘူးဟု သူတို့ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် ဤမတူညီသည့်နေရာများကြားမှ ရန်ငြိုးရန်စများမှာ ပြင်းထန်လှသည်။

ချောင်ယုရှင်းနှင့် ဤလူများမှာ လက်ရှိလောက၏နည်းလမ်းများကို လေ့လာရန် ရွေးချယ်ခဲ့သောကြောင့် အခြားနေရာ၌ ရှိနေကြသည်။

“ကောင်းသားပဲ .. သွားကြည့်ကြစို့..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ သူ၏ညီလေး ချင်းဟောင်ကိုလည်း သူတွေ့ချင်နေသည်။

အပိုင်း ၁၃၆၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၉ – လက်ရှိလောက နည်းလမ်းကျွမ်းကျင်သူ

ကျင့်ကြံသည့်လမ်းကြောင်းနှစ်ခု ခွဲလိုက်ကတည်းက ကောင်းကင်နတ်ဘုရားကျောင်း၏လေထုမှာ အနည်းငယ် ပြောင်းလဲသွားပြီး ယှဉ်ပြိုင်သည့်ပုံစံမျိုး ဖြစ်လာလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ စိတ်အေးလက်အေးနေလိုက်သည်နှင့် တစ်ဖက်အဖွဲ့က သူတို့အား ကျော်တက်သွားမည်ပင်။

ဝုန်း..

ကျောက်ပုံများကြားတွင် လူငယ်တစ်ယောက် အပေါ်ဝတ်ပိုင်း ဗလာဟင်းလင်းဖြင့် သူ၏ကြေးနီရောင်အသားအရေကို လှစ်ဟပြနေသည်။ သူအသက်ရှူသွင်းရှူထုတ်လုပ်လိုက်တိုင်း ဘေးပတ်လည်မှ ကျောက်တုံးများ တက်လိုက်ကျလိုက်ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ အချို့ကျောက်တုံးများ လေထဲ၌ ပေါက်ကွဲသွားကြလေသည်။

ဤကဲ့သို့သော မြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ လူတစ်ယောက်၏ အသက်ရှူသံပင်လျှင် ဤမျှထိစွမ်းအားကြီးနေသည်မှာ မြင်နိုင်ရန် ရှားပါးသည့်မြင်ကွင်းပင်။

လက်ရှိလောက၏နည်းလမ်းကို ကျင့်ကြံလိုက်သည်နှင့် ဤသည်မှာ အားလုံးစိတ်ထဲတွင် မီးပြတိုက်တစ်ခု ပေါ်လာသကဲ့သို့ပင်။ အားလုံးသည် ထိုမီးပြတိုက်နောက်သို့ လိုက်ကြမည် မဟုတ်လော။

ကျောင်းမှ အကြီးအကဲများမှာ သူတို့အား အလေးအမြတ်ကျောင်းအကြောင်း ပြောပြပြီးသွားပြီ ဖြစ်၏။ ဤလမ်းကြောင်းတွင် အောင်မြင်နေသည့်သူများရှိနေသောကြောင့် ဤသည်မှာ တောက်ပနေသည့်လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သက်သေပြပြီးသားပင်။

ကောင်းကင်နတ်ဘုရားကျောင်းတွင်ရှိနေသည့် သူများမှာလည်း ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် ထူးချွန်သည့်သူများပင်။ ယခု သူတို့ဤလမ်းကြောင်းကို လျှောက်ကြသည့်အချိန်တွင်လည်း သူတို့ကို လမ်းပြပေးသည့် လူထူးဆန်းကြီးများရှိနေသောကြောင့် သူတို့သေချာပေါက် တဟုန်ထိုး တိုးတက်လာကြမည်ပင်။

ဤလူငယ်များအားလုံးမှာ သင်လွယ်တတ်လွယ်သည့်သူများပင်။ သူတို့ကို လမ်းပြပေးမည့် လူကြီးများလည်း ရှိနေသောကြောင့် သူတို့က ဘယ်လိုလုပ် နောက်ကောက်ကျ ကျန်နိုင်မည်နည်း။ သူတို့သာ ခွန်အားကြီးလာလျှင် ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူများထက် အားနည်းမည်မဟုတ်ကြောင်း ယုံကြည်ထားကြသည်။

ရွှီး..

ထိုအချိန်တွင် ကျောက်တုံးများကြားတွင် ထိုင်နေသည့် အမျိုးသား နောက်တစ်ကြိမ် အသက်ရှူသွင်းရှူထုတ်လုပ်လိုက်သည်။ ကျောက်တုံးကြီးများ မြောက်တက်သွားသော်လည်း ပေါက်ကွဲသွားခြင်းမရှိတော့ပေ။

မြင်ကွင်းမှာ ပို၍ပင် အံ့အားသင့်စရာကောင်းလာသည်။ အဘယ်ကြောင့်ဆိုသော် အချို့ကျောက်တုံးကြီးများမှာ အနီရောင်အဖြစ်ပြောင်းသွားကာ ချော်ရည်အဖြစ်သို့ အရည်ပျော်ကျသွားလေသည်။

ဤသည်မှာ နတ်ခွန်အားဖြင့် ပြုလုပ်လိုက်ခြင်းမဟုတ်ပဲ သွေးစွမ်းအင်သာ ထုတ်လွှတ်လိုက်ခြင်းပင်။ သူ၏သွေးစွမ်းအင် မည်မျှပင် အားကောင်းကြောင်း တွေ့မြင်နိုင်သည်။

“နည်းနည်းလေး တိုးတက်လာပြီ..” သူ မျက်လုံးဖွင့်လိုက်သည်နှင့် လျှပ်စီးတန်းနှစ်ခု ထွက်ပေါ်လာသည်။ သွေးစွမ်းအင်များ ကြွတက်လာကာ သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး မီးဖိုတစ်ခုကဲ့သို့ သူ့အားဝန်းရံသွားလေသည်။ ဝိညာဉ်စွမ်းအားများလည်း ထွက်ပေါ်လာပြီး မီးတောက်များလည်း တောက်လောင်လာသည်။

ဤသည်မှာ ယန်စွမ်းအားကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်နှင့် အောင်မြင်မှုများ ရယူခြင်းပင်။

ဤလမ်းကြောင်းကို ရွေးချယ်လိုက်သည်နှင့် ဘိုးဘေးများထံမှ ရှေးဟောင်းနည်းလမ်းများ၊ ရှားပါးစာအုပ်များနှင့် အခြားအရာများကို ရခဲ့သောကြောင့် လူများစွာမှာ သူတို့ယခင်က မရရှိခဲ့သည့်တောက်ပမှုများ ရရှိလာသည်ပင်။

ဝမ်ယန်မှာ ဤလူများထဲမှ တစ်ယောက်ပင်။ ဤလအနည်းငယ်အတွင်းတွင် သူ၏ခွန်အား အတော်လေး တိုးတက်လာပြီး သူ၏ခန္ဓာကိုယ်လည်း ပို၍ကြံ့ခိုင်လာသည်။ သူအသက်ရှူလိုက်လျှင်ပင် ယန်စွမ်းအင်များ ထွက်လာနေပြီဖြစ်သည်။

“အစ်ကိုဝမ်ယန်က တကယ်ကို ဂျီးနီးယပ်စ် အစစ်ပဲ .. ဒီလို လအနည်းငယ်အတွင်းမှာ လုံးဝကို ပြောင်းလဲသွားတယ် .. အရင်တုန်းကနဲ့ လုံးဝကို မတူတော့ဘူး..” အပြာရောင်ဝတ်စုံနှင့် အမျိုးသားတစ်ယောက် လမ်းလျှောက်လာရင်း နူးညံ့စွာ ပြုံးကာ ဤကဲ့သို့ ချီးကျူးလိုက်သည်။

သူပြောသည်မှာ အမှန်ပင်။ ယခင်ကနှင့်ယှဉ်လျှင် ဝမ်ယန်သည် လုံးဝလူသစ်တစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။

“လန်မုန့် .. မင်းက ငါအဆင့်တက်တာကို လာကြည့်တာလား .. မင်းက ကောင်းကင်လမ်းကြောင်းနဲ့ ဝိညာဉ်ပြောင်းလဲခြင်းနယ်ပယ်မှာ တစ်ဆင့်တက်သွားပြီဆိုတာ မသိတဲ့သူရှိလို့လား ..” ဝမ်ယန်ပြောလိုက်သည်။

ကျောက်တုံးများကြားတွင် ရပ်နေသည့် သူ၏အကြည့်များမှာ လျှပ်စီးများကဲ့သို့ပင်။

“ငါ့ရဲ့အခြေခံက မင်းလောက် မကောင်းဘူး .. ဒါက ခန္ဓာကိုယ်ကို ကျင့်ကြံပြီးတော့ အခြေခံအုတ်မြစ်က အရမ်းအရေးကြီးတယ်..” လန်မုန့် ပြုံး၍ပြောလိုက်သည်။ သူသည် မြေပြင်ပေါ်တွင်ရှိနေသည့် ချော်ရည်များကိုကြည့်ကာ အနည်းငယ် လန့်သွားသည်။ “ပြောလို့ မရဘူး .. နည်းနည်းလောက် အချိန်ပေးလိုက်တာနဲ့ မင်းအဆင့်တက်ရင် တက်သွားနိုင်တယ် .. အဲဒီအချိန်ကျရင် မင်း ချောင်ယုရှင်းနဲ့ ယှဉ်လို့ရပြီ”

“တစ်ချို့လူတွေက တကယ်ကံကောင်းတာကိုတော့ ဝန်ခံရမယ် .. သူက စီရင်စုသုံးထောင်ကလာတယ်ဆိုပေမယ့် သတ်ဖြတ်ခြင်းအစီအရင်သုံးခုထဲက တစ်ခုကို သူ့ခန္ဓာကိုယ်မှာ ရေးထိုးထားနိုင်တယ် .. ဒါက သာမန်လူတွေရနိုင်တဲ့ အောင်မြင်မှုမျိုး မဟုတ်ဘူး..” ဝမ်ယန်ပြောလိုက်သည်။ သူသည် အနည်းငယ် အရိုင်းဆန်သည့်ခံစားချက်များ ခံစားလိုက်ရသည်။

“အဆင့်နိမ့်နယ်မြေက လူတစ်ယောက်ထက် မပိုပါဘူး .. ကံကောင်းပြီးတော့ ပြိုင်ဘက်ကင်းသတ်ဖြတ်ခြင်းအစီအရင်ကို ရထားတာ .. ငါတို့သာ ဆက်ကျင့်ကြံမယ်ဆိုရင် သူက ဘာမှ…..မဟုတ်တော့ဘူး” လန်မုန့်၏အသံမှာ အနည်းငယ် အေးစက်နေသည်။

“ကံကောင်းခြင်းကလည်း ခွန်အားတစ်မျိုးပဲ .. သူက ကောင်းကင်ဘုံကိုးခုက လူတောင်မဟုတ်ဘူး .. အဆင့်နိမ့်နယ်မြေက လူ .. ဒါပေမဲ့ သူက ကံကောင်းပြီးတော့ ဒီနေ့ ဒီလိုလူမျိုးဖြစ်လာတာ .. သူက ငါတို့အထင်သေးလို့ရတဲ့သူ မဟုတ်ဘူး..” ဝမ်ယန်က ပြောလိုက်သည်။

“ဝိုး .. အစ်ကို ဝမ်ယန် ဘယ်အချိန် အစ်ကို့အစွမ်းတွေ ထုတ်ပြပြီးတော့ သူ့ကိုဖိနှိပ်မှာလဲ .. အခုတလော ပြိုင်ပွဲတွေက တော်တော်လေး ကြမ်းနေတယ် .. အဆင့်နိမ့်နယ်မြေက တစ်ချို့လူတွေ အညံ့ခံသွားပေမယ့် တစ်ချို့လူတွေကတော့ ပြန်တိုက်နေတုန်းပဲ” လန်မုန့်ပြောလိုက်သည်။

“အဆင့်နိမ့်နယ်မြေ ဘယ်နှစ်ခုရှိလဲ..” ဝမ်မုန့်မေးလိုက်သည်။

ကောင်းကင်ဘုံကိုးခုမှ လူများအတွက်မူ ကမ္ဘာမြေ ၁၀ခုမှာ အဆင့်နိမ့်နယ်မြေများပင်။ ထိုနေရာတွင် နေထိုင်သည့်သက်ရှိများလည်း အတော်လေး ကွဲပြားသည်။

“စုစုပေါင်း သုံးလေးခုလောက်ရှိတယ် .. သူတို့က တော်တော်လေး အနှောက်အယှက်ပေးနေကြတာ .. ဒါပေမဲ့ သူတို့က ကောင်းကင်ဘုံကိုးခုက လူတွေကိုတော့ မယှဉ်နိုင်သေးပါဘူး .. ငါကြားတာတော့ အခုတလော စီရင်စုသုံးထောင်ကလူတွေကို ဂရုစိုက်နေတယ်လို့ ကြားတယ်..” လန်မုန့် ပြုံး၍ ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ဝမ်ယန်လည်း ပြုံးလိုက်သည်။ သူ၏လှစ်ဟပြထားသည့် ရင်အုပ်မှာ အလွန်တောက်ပနေလေ၏။ “အရမ်းကို အလေးပေးခံထားရတဲ့ ချောင်ယုရှင်းရော သီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီလား..”

” ဟွမ် ပျောက်သွားလို့ တော်သေးတယ် .. မဟုတ်ရင် သူ့ကို ရင်ဆိုင်ဖို့ တော်တော်လေး ဒုက္ခများမှာ..” လန်မုန့်ပြောလိုက်သည်။

ဝမ်ယန် – “သေလူက ဘာလုပ်လို့ရမှာလဲ”

ကောင်းကင်နတ်ဘုရားကျောင်းမှ လူများမှာ ဟွမ်အကြောင်း ကြားထားပြီးသားပင်။ မည်သို့ပင်ဖြစ်စေ သူသည် ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသည့်သူဖြစ်ပြီး အကြီးအကဲများလည်း သူ့အကြောင်း မကြာခဏ ပြောကြသည်။ သူသည် ယခင်က မည်သူမှ မလုပ်ဖူးသေးသည့် ကောင်းကင်လမ်းကြောင်း ၁၀ ခုအား တစ်ခုတည်းသို့ ပေါင်းစည်းခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ရှေးဟောင်းနည်းလမ်းကျင့်ကြံသူများမှလွဲလျှင် ဟွမ် အသက်ရှင်လျက် ပြန်ရောက်လာပြီဖြစ်ကြောင်း မည်သူမှ မသိကြသေးပေ။

ဤနေရာတွင် ရှေးဟောင်းနယ်မြေအချင်းချင်း တိုက်ခိုက်နေကြသည်။ စီရင်စုသုံးထောင်တွင် ထူးချွန်သည့်သူနှစ်ဦး ထွက်လာပြီး လက်ရှိလောကနည်းလမ်းကို ဦးဆောင်နေသောကြောင့် ထိုသူများမှာ ပစ်မှတ်ထားခံနေရသည်ပင်။

ဤသည်မှာ ယှဉ်ပြိုင်မှုတစ်မျိုးဖြစ်သကဲ့သို့ သူတို့ခံစားချက်များ ဖွင့်ထုတ်ပေးခြင်းလည်းဖြစ်သည်။

အခြားနေရာတစ်ခုတွင် မြင့်မားလှသည့်တောင်ကြီးမှ ငွေရောင်ရေတံခွန်တစ်ခု စီးဆင်းနေသည်။ ထိုရေတံခွန်အောက်တွင် ငွေရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက် မလှုပ်မယှက်ရပ်နေလေသည်။

သူ၏ဘေးပတ်လည်တွင် သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ဤသည်မှာ စိတ်အာရုံတံဆိပ်ခတ်နှိပ်ခြင်းနယ်ပယ်မှ သင်္ကေတများပင်။ ဤသင်္ကေတများသည် လေဟာနယ်အား တဖြည်းဖြည်းချင်း ထိခိုက်လာလေသည်။

ထို့နောက် အချိန်အပိုင်းအစများ ပေါ်လာပြီး သူ၏အချိန်ကိုပင်လျှင် ထိခိုက်လာလေသည်။

သူ ဤအရာများကို တမင်သက်သက်ပြုလုပ်ခြင်းမဟုတ်ပေ။ ဤပုံမှန်မဟုတ်သည့်မြင်ကွင်းများမှာ သူ့ထဲမှ ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်၍ဖြစ်ပေါ်လာခြင်းပင်။ သူ၏ခန္ဓာကိုယ်တွင် ရေးထိုးထားသည့် သင်္ကေတများမှ ဖန်တီးလိုက်ခြင်းပင်တည်း။

ဝုန်း..

ကျန်းပေါင်း ထောင်ပေါင်းများစွာမြင့်သည့် ရေတံခွန်ကြီးသည် ရုတ်တရက်ပင် ပြောင်းပြန်စီးဆင်းသွားကာ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားသည်။ အချို့ရေများမှာ အခြားလောကတစ်ခုထဲသို့ ရောက်သွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

အချို့ရေများသည်လည်း အချိန်အပိုင်းအစများ၏ ဝန်းရံခြင်း ခံလိုက်ရလေသည်။

အချိန်နှင့် လေဟာနယ်ကို အကျိုးသက်ရောက်မှုရှိစေသည့် ရေးထိုးခြင်းများ .. ဤလူမှာ အံ့အားသင့်စရာကောင်းလှသည်။

“အစ်ကို ယွမ်ထုန့် .. အစ်ကို့ရဲ့နည်းလမ်းတွေက တကယ်ကို လေးစားဖို့ကောင်းတယ် .. စိတ်အာရုံတံဆိပ်ခပ်နှိပ်ခြင်းအဆင့်မှာ အစ်ကို အံ့အားသင့်စရာပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ် .. ထာဝရစွမ်းအင်နှစ်ကြောင်းကိုတောင် ခန္ဓာကိုယ်ထဲ ပေါင်းစည်းရဲပြီးတော့ တမင်သက်သက် ပြန်ခွဲထုတ်ပစ်တယ် .. ဒါက တော်တော်လေးကို သတ္တိရှိတဲ့ ဆုံးဖြတ်ချက်ပါပဲ..” သိပ်မဝေးသည့်နေရာတစ်ခုတွင်ရှိနေသည့် ငွေရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ထွက်လာလေသည်။

ယွမ်ထုန့်သည် မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားပြီး ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံထားသည့်သူပင်။ သူသည် လက်ရှိလောက၏နည်းလမ်းများကို ကျင့်ကြံမည်ဖြစ်သောကြောင့် သူ၏ထာဝရစွမ်းအင်များကို တမင်သက်သက်လွင့်ပြယ်စေလိုက်ကာ သူ၏အသွေးအသားနှင့် မူလဝိညာဉ်ကို အားဖြည့်သည့်နေရာတွင် အသုံးပြုလိုက်ခြင်းပင်။

“ကျင်းယီ .. မင်းက ဘယ်လိုလုပ် ဒီနေရာကို ရောက်လာတာလဲ..” ယွမ်ထုန့် မေးလိုက်သည်။

“ဟီးဟီး .. အခုတလော ကိစ္စတွေက တော်တော်လေး ရှုပ်ထွေးနေတာ အစ်ကိုသွားကြည့်ချင်လား.. ယှဉ်ပြိုင်မှုက တော်တော်လေး ပြင်းထန်နေတာ သိလား..” ဤအမျိုးသမီးနာမည်မှာ ကျင်းယီပင်။

ကျင်းယီ၏ လက်ဝါးတောက်ပလာကာ ၇ ရောင်စပ်အလင်း ထွက်ပေါ်လာ၏။ ဤသည်မှာ သက်တံ့ရောင်တောက်ပနေသည့် မြှားတစ်ချောင်းပင်။ ဤသည်မှာ သေချာပေါက် ထူးခြားသည့်ရတနာတစ်ခု ဖြစ်ရမည်ပင်။

“၇ရောင်စပ် ထာဝရရွှေနဲ့ လုပ်ထားတဲ့ လျှို့ဝှက်ရတနာ .. ဒီလက်နက်က ကျွန်မ တိုက်ခိုက်ရလောက်အောင် ထိုက်တန်ပါတယ် .. အဆင့်နိမ့်နယ်မြေက လူရိုင်းမလေးတစ်ယောက်စီမှာ ဒီလိုမျိုးနတ်ပစ္စည်းရှိလိမ့်မယ်လို့ မထင်ထားဘူး..” ကျင်းယီ ပြုံး၍ ပြောလိုက်သည်။

ရှီဟောင်သာ ဤနေရာ၌ ရှိနေလျှင် သူသေချာပေါက် ထိတ်လန့်သွားမည်ပင်။ သူအဆင့်နိမ့်နယ်မြေရှိ မီးစီရင်စုလွင်ပြင်တွင် ရှိနေစဉ်အခါက ဖုန်းဝူနှင့် ချင်းရီသည် ဖုန်းဝူအတွက် မှော်ပစ္စည်းပြုလုပ်ရန် ၇ ရောင်စပ် ထာဝရရွှေကို ရှာဖွေခဲ့ကြသေးသည်။ ထိုမှော်ပစ္စည်းမှာ ဤမြှားပင်။

“အဆင့်နိမ့်နယ်မြေမှာ စွမ်းအားကြီးတဲ့သူတစ်ချို့ရှိတယ် .. မင်းဒီလိုမျိုး လျှောက်လုပ်နေတာ စွမ်းအားကြီးတဲ့သူနဲ့ အဆက်အစပ်ရှိတဲ့သူတွေကို သွားပြီး ရန်လုပ်မိနေဦးမယ် သတိထားဦး..” ယွမ်ထုန့် ပြောလိုက်သည်။

ကျင်းယီ၏ နှုတ်ခမ်းထောင့် ကွေးတက်သွားကာ အလေးမထားသည့်ပုံစံ လုပ်လိုက်သည်။ ထို့နောက် သူမသည် ရယ်မောလိုက်ကာ “ဘာ အထင်ကြီးစရာကောင်းတဲ့သူတွေလဲ .. သရဖူ ၁၀ ခုဘုရင်နဲ့ နှယ်နှင်ဒဏ်ခံရတဲ့ ထာဝရသက်ရှိတို့ဆိုတာက တကယ်ကို ထူးခြားပါတယ် .. ဒါပေမဲ့ သူတို့က အဆင့်နိမ့်နယ်မြေက မဟုတ်ဘူး .. ကျွန်မတို့ ကောင်းကင်ဘုံကိုးခုက လူတွေ .. ဖုန်းဝူ၊ ချောင်ယှရှန်းတို့နဲ့ ရင်းနှီးတဲ့ ဟွမ် ရှိတယ် .. ဒါပေမဲ့ သူက မူလရှေးဟောင်းမိုင်းတွင်းမှာ သေသွားပြီ .. လူသေတစ်ယောက်က တိုက်ခိုက်လာမှာလား .. ခွန်အားကြီးတဲ့သူက အနိုင်ရမှာပဲ .. အဲဒီတော့ ရှုံးနိမ့်တဲ့သူက ရတနာပစ္စည်းတွေနဲ့ သူတို့ပိုင်ဆိုင်တာတွေကို ပေးရမှာပဲ .. ကျွန်မက သူ့ကို ဒဏ်ရာရအောင်ပဲလုပ်ခဲ့တာ .. သူ့အသက်ကို ချမ်းသာပေးခဲ့တယ် .. အဲဒါကိုက သူ့ကို သက်ညှာထားတာပါ”

ဤနေရာတွင် စိန်ခေါ်မှုများကို ခွင့်ပြုသော်လည်း တစ်ယောက်နှင့်တစ်ယောက် သတ်၍ မရပေ။ အခြားသူများ၏အသက်ကို နှုတ်ယူခွင့်မရှိ။

“သတိထားဦး .. အဆင့်နိမ့်နယ်မြေမှာ စွမ်းအားကြီးတဲ့ တစ်ခြားလူတွေရှိသေးတယ် .. သူတို့ကို ရန်စမိသွားရင် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး” ယွမ်ထုန့်ပြောလိုက်သည်။

“ကျွန်မက ရှင့်ကိုလာရှာတာမဟုတ်ဘူးလား .. ကျွန်မတို့ အပြင်ထွက်ပြီးသွားကြည့်ရအောင် .. တိုက်စရာရှိရင်လည်း တိုက်ကြမယ်..” ကျင်းယီ ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် ဤနေရာ၏အပြင်ဘက်မှ လူနှစ်ယောက် လမ်းလျှောက်၍ ရောက်လာသည်။ ဤသည်မှာ ချောမောခန့်ညားသည့်လူငယ်လေးနှင့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမလှလေးတို့ပင်။ သူတို့နှစ်ဦးလုံးထံ၌ ထာဝရတာအိုအော်ရာများရှိနေသည်။ ဤသည်မှာ ရှီဟောင်နှင့် ချင်းရီပင်။

အပိုင်း ၁၃၆၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၀ – သူငယ်ချင်းဟောင်းများကို ရှာဖွေခြင်း

တောအုပ်ကြီးမှာ နက်ရှိုင်းလှပြီး တောင်ထိပ်များလည်း မြင့်လိုက်နိမ့်လိုက် ဖြစ်နေသည်။ ကျောက်လမ်းရှိသည့် တောင်ကြားလေးထဲ လေများဖြတ်တိုက်နေကာ မြစ်ချောင်းများစီးဆင်းနေသည့်အသံကိုလည်း ကြားနေရသည်။ သူတို့သည် ငြိမ်းချမ်းမှုများ ခံစားနေရသည်။

ရှီဟောင်နှင့် ချင်းရီတို့ ဤတောင်ကြားလမ်းလေးပေါ်တွင် လျှောက်နေကြသည်။ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် သူတို့ ဤနေရာသို့ ဦးတည်လာခဲ့ကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် စီရင်စုသုံးထောင်မှ မိတ်ဆွေများမှာ လက်ရှိလောက၏နည်းလမ်းများကို ကျင့်ကြံရန် ရွေးချယ်လိုက်ကြသောကြောင့်ပင်။

“ရှင့်ရဲ့ကောင်းကင်လမ်းကြောင်းက ပြည့်စုံနေပြီ .. လက်ရှိလောကရဲ့ပညာအတွက်ဆိုရင် ဒါက ကောင်းကင်ဘုံက ချီးမြင့်ထားတဲ့ လက်ဆောင်လို့တောင် ပြောလို့ရနေပြီ .. ရှင် ဒီလမ်းကို ဆက်လျှောက်ဖို့ အစီအစဉ် မရှိဘူးလား..” ချင်းရီ မေးလိုက်သည်။ သူမ၏လှပသည့်မျက်နှာမှာ အလွန်နူးညံ့ကာ သိမ်မွေ့လှသည်။ လူတစ်ယောက်အား ငြိမ်းချမ်းမှုများ ခံစားရစေသည့်အလှမျိုးပင်။

“ငါ ဆက်သွားမှာပေ့ါ .. ရှေးဟောင်းနည်းလမ်းတွေကို သေချာလေ့လာချင်သေးလို့ .. အဲဒါမှ နှစ်ခုလုံးကို နှိုင်းယှဉ်ပြီးတော့ ငါ ဘာလိုချင်နေတာလဲဆိုတာ သိလာမှာ..” ရှီဟောင်ပြောလိုက်သည်။

သူ ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံပြီးသွားလေပြီ။ ဤသည်မှာ သူ လွယ်လွယ်ကူကူ ရခဲ့သည့်အရာများ မဟုတ်။ ဤအရာများရရန်အတွက် သူ့အသက်ပင် ပေးရမလို ဖြစ်ခဲ့သည်။ ထို့ကြောင့် သူ ဤရှေးဟောင်းပညာများကို လက်မလျှော့နိုင်။ ထို့အပြင် သူသည် ဤလောကတွင် နေနေသည့်သူဖြစ်သောကြောင့် ဘယ်လိုလုပ် ဤလောက၏နည်းလမ်းများကို စွန့်ပယ်နိုင်မည်နည်း..

သူသည် သူ့တစ်ယောက်တည်းသာ ပိုင်ဆိုင်သည့် ကျင့်ကြံခြင်းနည်းလမ်းအသစ်ကို တီထွင်လိုသည်အထိ ရည်မှန်းချက်ကြီးမားနေခြင်းပင်။

ဤသည်မှာ အခြားသူများနှင့် မတူသည့် သူ၏လမ်းကြောင်းပင်။

ရှီဟောင် သူ့ကိုယ်သူ စဉ်းစားကြည့်လိုက်သည်။ သူဤလမ်းကို မည်ကဲ့သို့ ဆက်လျှောက်ရမည်နည်း .. သူ၏ကိုယ်ပိုင်လမ်းကြောင်းကို မည်ကဲ့သို့ ဖောက်လုပ်ရမည်နည်း..

“ဘာဖြစ်လို့လဲ..” ချင်းရီမေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး .. သူငယ်ချင်းဟောင်းတွေနဲ့ တွေ့ရတော့မှာဆိုတာ့ ငါပျော်တာပေ့ါ .. သူတို့လည်း အံ့ဩသွားလောက်တယ် ဟုတ်တယ်မလား .. သူတို့လည်း ပျော်သွားလောက်တယ်..” ရှီဟောင် ရယ်မော၍ ပြောလိုက်သည်။

မတွေ့ရသည်မှာ အချိန်ကြာလှပြီဖြစ်သောကြောင့် အချို့သူများမှာ သူသေသွားပြီဟု ထင်နေကြမည်ပင်။ ထို့အပြင် သူနှင့်ပတ်သက်သည့် ကောလဟာလများလည်း အများအပြားရှိနေသည်။ ယွမ်ချင်း သူ့အား သေအောင် လုပ်လိုက်ပြီဟုလည်း သတင်းရှိနေသည်။

သူ အသက်ရှင်လျက် ပြန်ရောက်လာသည်ကို ရှေးဟောင်းပညာ ကျင့်ကြံသည့်သူများသာ သိသေးသည်။

“သူတို့သေချာပေါက် လန့်သွားလောက်တယ် .. ဒါပေမဲ့ တစ်ချို့သူတွေကတော့ ရှင်အသက်ရှင်နေတုန်းရှိသေးတယ်လို့ ခန့်မှန်းထားကြမှာပဲ .. သူတို့က ရှင့်ကို ယုံကြည်ကြတယ်လေ..” ချင်းရီ ရယ်မော၍ ပြောလိုက်သည်။ “လကျောက်စိမ်းယုန်နဲ့ ဖုန်းဝူကို မတွေ့တာကြာပြီ .. သူတို့ကို နည်းနည်းလေးတော့ လွမ်းနေပြီ”

ရှီဟောင် အံ့အားသင့်သွားရသည်။ ယွဲ့ချန်ဖြစ်စေ ချင်းရီဖြစ်စေ သူတို့နှစ်ဦးလုံးမှာ သီးသန့်နေတတ်ကြသည့်သူများပင်။

“အရင်တုန်းက မီးစီရင်စုနယ်စပ်က နတ်ဘုရားမကျောင်းမှာတုန်းက ဖုန်းဝူ ကျေးဇူးကြောင့် ကျွန်မ တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့တာ” ချင်းရီ သက်ပြင်းချ၍ ပြောလိုက်သည်။ ဤသည်မှာ သူမ ဘဝတွင် မေ့၍ ရမည်မဟုတ်သည့်အချိန်များပင်။

ဤစကားကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်လည်း ထိုအကြောင်းများ ပြန်တွေးမိသွားသည်။ ဤသည်မှာ အတော်လေး ရယ်ရသည်ဟု ခံစားလိုက်ရသည်။ သူသည် နတ်ဘုရားမကျောင်းသို့ ဝင်ရမည်ဖြစ်သော်လည်း ချီသော်လင်း ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရကာ အဆင့်လွန် တာအိုရိုးရာ၏ တပည့်ဖြစ်သွားသည်။

“ဒီအကြောင်းပြောမယ်ဆိုရင် ငါနဲ့ဖုန်းဝူမှာ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးမျိုးရှိတယ်..” ရှီဟောင် ပြုံး၍ပြောလိုက်သည်။

သူ စီရင်စုသုံးထောင်သို့ မရောက်မီက သူ၏မူလဝိညာဉ်သည် လေဟာနယ် နတ်ဘုရားနယ်မြေထဲသို့ ရောက်သွားပြီး ကြေးစာကလေး ယဇ်ပုလ္လင်ထက်တွင် ဖုန်းဝူနှင့် တိုက်ခိုက်ခဲ့သေးသည်။ ထိုအချိန်တုန်းက သူမအား အနိုင်ယူခဲ့သည်။

ထိုအချိန်တုန်းက ဖုန်းဝူ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမသည် ရှီဟောင်အား မကောင်းဆိုးဝါးတစ်ကောင်လားဟုပင် မေးခဲ့သေးသည်။ သူတို့နှစ်ဦး တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့ကြား ရန်ငြိုးရန်စမရှိပဲ တစ်ယောက်ကိုတစ်ယောက် လေးစားစိတ်များသာ ဖြစ်ပေါ်ခဲ့သည်။

“သွားကြစို့ .. ငါတို့ရောက်တော့မယ်” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

“ဘယ်သူလဲ .. အဲဒီမှာ ရပ်လိုက်..” တောင်ဂိတ်တံခါး စောင့်နေသည့်အကြီးအကဲမှ အော်ဟစ်လိုက်သည်။

ဤရက်များအတွင်းတွင် ဤနေရာကို မည်သူမှ ဝင်ခွင့်မရှိပေ။ အထဲဘက်မှ တပည့်များမှာ တင်းကြပ်လှသည့် ကျင့်ကြံခြင်းများကို ပြုလုပ်နေကြရသောကြောင့် ဤနေရာသည် လက်ရှိလောကနည်းလမ်းများကို ကျင့်ကြံနေသည့် ဂျီးနီးယပ်စ်များနှင့်သာ သက်ဆိုင်သည်ပင်။

“ကျွန်တော်တို့ စီနီယာကို အရင်က မြင်ဖူးပါတယ်..” သူတို့နှစ်ယောက်သည် လက်လွတ်စပယ်မပြောရဲပဲ ယဉ်ယဉ်ကျေးကျေးသာ ပြန်ပြောနေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဤနေရာကို စောင့်ကြပ်နေသည့် စီနီယာ ကျွမ်းကျင်သူပင်။

ရှီဟောင်နှင့် ချင်းရီတို့ သူတို့ဤနေရာသို့ ရောက်လာသည့် ရည်ရွယ်ချက်ကို ပြောပြလိုက်ကြသည်။

“မင်းတို့နှစ်ယောက်က ထာဝရနည်းလမ်းတွေကို ကျင့်ကြံတာဆိုတော့ လောလောဆယ်တော့ ဝင်လို့မရသေးဘူး..” အကြီးအကဲ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ကျွန်တော်က လက်ရှိလောကရဲ့ နည်းလမ်းကိုလည်း လေ့လာပါတယ် .. ကျွန်တော်က ကောင်းကင်လမ်းကြောင်းနယ်ပယ်မှာ အမြင့်ဆုံး ရောက်သွားပါပြီ .. ဒီနေ့ နည်းနည်းလောက် ပညာဖလှယ်ချင်လို့ ရောက်လာတာပါ” ထိုသို့ပြောပြီးနောက် ရှီဟောင် သူ၏ကောင်းကင်လမ်းကြောင်းကို ထုတ်ပြလိုက်သည်။ သူ့အား အလင်းများဝန်းရံသွားကာ ထာဝရစစ်ဘုရင်တစ်ယောက်ကဲ့သို့ ဖြစ်သွားစေလေသည်။

“မင်းပဲ..” ဤအကြီးအကဲသည် သူ့အား မမြင်ဖူးသော်လည်း သူ့အကြောင်း ကြားဖူးသည်မှာ သိသာသည်။ မည်သို့ပင်ဖြစ်စေ ကောင်းကင်လမ်းကြောင်းနယ်ပယ်တွင် သူ့အား ယှဉ်နိုင်သည့်သူ မရှိသေး။

ထို့နောက် သူတို့နှစ်ဦး လျောလျောလျူလျူပင် ဝင်နိုင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲသည် ကောင်းကင်လမ်းကြောင်းတွင် ထိပ်ဆုံးရောက်နေသည့်လူငယ်လေးအား ဤနေရာတွင်ရှိနေသည့်တပည့်များကို အသိဉာဏ် ဝေမျှပေးစေလိုသောကြောင့်ပင်။

“အကြီးအကဲ .. အရင်ဘိုးဘေးတွေ ရေးထားတဲ့ အတွေ့အကြုံတွေ၊ လျှို့ဝှက်ပညာတွေကို ကျွန်တော့်ကို ဝေမျှပေးလို့ရမလား..” ရှီဟောင်သည် အတော်ဝေးဝေးသို့ ရောက်ပြီးတော့မှ ရုတ်တရက် နောက်ပြန်လှည့်မေးလာသည်။

“ပျက်စီးနေတဲ့ ပညာတစ်ချို့ပဲရှိတာ .. ပြိုင်ဘက်ကင်းတဲ့ နည်းလမ်းတွေက အလေးအမြတ်ကျောင်းမှာပဲရှိတာ .. ဘာပဲဖြစ်ဖြစ် အဲဒါက ဒီလမ်းကြောင်းမှာ အထူးချွန်ဆုံးသူတွေ သွားတဲ့နေရာတစ်ခုပဲလေ .. ဒီကျောင်းက အတော်ဆုံးကျောင်းသားတွေလည်း ဆက်လေ့လာဖို့အတွက် အဲဒီနေရာကိုသွားရမှာ..” အကြီးအကဲပြောလိုက်သည်။

ရှီဟောင်ခေါင်းညိမ့်ပြလိုက်ပြီးနောက် ဤနေရာတွင် ဆက်မနေတော့ပဲ ချင်းရီနှင့်အတူ တောင်အတွင်းပိုင်းသို့ ဦးတည်သွားလိုက်သည်။

ဤနေရာတွင် ဘဲအုပ်တစ်အုပ်ရှိနေပြီး အဆိပ်ငွေ့များ ပြည့်နှက်နေသလို သေစေလောက်သည့်စွမ်းအင်များလည်း ထွက်ပေါ်နေသည်။ သို့သော်လည်း ဤနေရာတွင် ကျင့်ကြံနေသည့်သူအချို့ရှိနေလေ၏။ ထိုသူတို့သည် သူတို့ခန္ဓာကိုယ်ကို ပြုပြင်နေကြလေသည်။ ဤနေရာတွင် မက်မွန်ပန်းများပွင့်နေသည့် တောအုပ်လည်းရှိသည်။ ဤနေရာတွင် အစီအရင်သင်္ကေတများ ပြည့်လျှံနေလေ၏။ ရှေးခေတ်နတ်ဆိုးတောင်များလည်း တိမ်တိုက်များထိသို့ပင် ရောက်နေလေသည်။ ထိုတောင်များမှ ငွေရောင်ရေတံခွန်များ စီးကျနေသည်ပင်။

“စုန်းမ၊ ချန်ကုန်းယန်၊ ယုန်ဖြူလေး၊ ချောင်ယုရှင်း၊ ချင်းဟောင်နဲ့ တစ်ခြားသူတွေအကုန်လုံး အထဲမှာပဲ .. ငါတို့ သူတို့ကို တစ်ယောက်တစ်နေရာစီ သွားရှာရမှာလား..”

အဆင့်နိမ့်နယ်မြေမှလူများအားလုံး ဤနေရာ ရောက်နေသော်လည်း သူတို့ တစ်ကွဲတစ်ပြားစီ ရှိနေလောက်သည်။

“မင်းနဲ့ စုန်းမတို့ တွေ့ကြရင် မင်းတို့တစ်ယောက်နဲ့တစ်ယောက် ထပ်တိုက်ကြဦးမှာလား ..” ရှီဟောင် အပြုံးမမည်သည့်အပြုံးဖြင့် ချင်းရီအား မေးလိုက်သည်။

“ရှင် ဘယ်လိုထင်လဲ..” ချင်းရီသည် ပြန်မဖြေပဲ သူ့အား မေးခွန်းပြန်မေးလိုက်လေ၏။

“မင်းတို့နှစ်ယောက် ညီအစ်မကောင်းတွေ လုပ်လိုက်ပြီးတော့ ယွဲ့ချန်ကို အတူတူဖမ်းလို့ရမယ်ထင်တယ်..” ရှီဟောင် ရယ်မော၍ပြောလိုက်သည်။

ချင်းရီ ပြောစရာစကားများ ပျောက်ရှသွားရသည်။

“ဟမ် နတ်သမီးချင်းရီမလား .. နတ်သမီး ရှေးဟောင်းပညာကို ကျင့်ကြံဖို့ ရွေးချယ်ခဲ့တာ မဟုတ်ဘူးလား .. ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ .. ပြီးတော့ သူက ဘယ်သူလဲ..” တစ်စုံတစ်ယောက်ပေါ်လာလေသည်။ ဤလူသည် ချင်းရီအား မှတ်မိသော်လည်း ရှီဟောင်ကို မမှတ်မိပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ယခုအချိန်တွင် သူ၏ပုံစံအမှန်ဖြင့် ရောက်လာခြင်းပင်။

“ကျွန်မတို့ သူငယ်ချင်းဟောင်းကို လာတွေ့တာပါ .. ဖုန်းဝူ ဘယ်မှာရှိလဲ သိလား..” ချင်းရီ မေးလိုက်သည်။

ထိုလူသည် အနည်းငယ် အမူအရာပျက်သွားကာ တီးတိုးပြောလိုက်သည်။
” သူ့အခြေအနေက သိပ်မကောင်းဘူး..”

ချင်းရီ – “ဘာဖြစ်လို့လဲ..”

“သူက တစ်ယောက်ယောက်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ် .. ပြီးတော့ သူ့ရဲ့ ၇ ရောင်စပ် ထာဝရရွှေမြှားလည်း အလုခံလိုက်ရတယ်…”ထိုသို့ပြောပြီးသည်နှင့် ထိုလူ ချက်ချင်း လှည့်ထွက်သွားလေသည်။

“ဖုန်းဝူ ဘယ်မှာလဲ..” ချင်းရီ မေးလိုက်၏။

ထိုလူသည် ဘာမှမပြောပဲ တစ်နေရာကိုသာ လက်ညှိုးထိုးပြပြီးနောက် ချက်ချင်း လမ်းလျှောက်ထွက်သွားလေသည်။

ချင်းရီ တိတ်ဆိတ်သွားရသည်။ သူမ တည်ငြိမ်နိုင်ရန် အတော်လေး ခက်ခဲနေသည်။ ဖုန်းဝူသည် နတ်ဘုရားမကျောင်းတွင် သူ့အား အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီး သူမတို့ သူငယ်ချင်းကောင်း ဖြစ်ခဲ့ကြသည်ပင်။ သူမ ရှီဟောင်အား ကြည့်လိုက်၏။

“သွားမယ် .. ဘယ်သူက ဒီလိုမျိုးလုပ်ရဲတာလဲဆိုတာ သွားကြည့်ကြတာပေ့ါ့..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်၏။

သူ ထိုသို့ပြောသည်ကို ကြားလိုက်ရသည်နှင့် အကြောင်းပြချက်တစ်ချို့ကြောင့် သူမ စိတ်သက်သာရာ ရသွားရသည်။

ခဏကြာပြီးသည့်နောက်တွင် တစ်ယောက်ယောက် ဖုန်းဝူကို ရှာနေကြောင်း သတင်းများပျံ့သွားသည်။ လမ်းတွင်ရှိနေသည့် လူအချို့သည် ထိတ်လန့်တကြားဖြင့်ပင် နေရာအား လက်ညှိုးထိုးပြကြလေ၏။

“ချင်းရီ ပြန်လာပြီ .. သူက ငါတို့ လက်ရှိ လောကပညာ ကျင့်ကြံတဲ့နေရာကို ဝင်လို့ရတယ်ပေါ့ .. သူက ဖုန်းဝူအတွက် လက်စားချေပေးမှာလား .. သူ ပြန်တိုက်ခိုက်ခံရမှာ ငါစိုးရိမ်မိတယ်..”

လမ်းတစ်လျှောက်တွင် လူများ သတိကြီးကြီးဖြစ်သွားကာ တစ်ယောက်ပြီးတစ်ယောက် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာကြလေသည်။

အချို့လူငယ်များသည် ချင်းရီထံသို့ လျှောက်လာကာ ရန်သူမှာ အလွန်ကြောက်စရာကောင်းကြောင်း၊ ဖိအားပေးကာ မတိုက်ခိုက်သင့်ကြောင်း စေတနာဖြင့် လာပြောပေးကြလေသည်။

ချင်းရီ၏ အလှမှာ မြို့များကိုပင် ပြောင်းပြန်လှန်ပစ်နိုင်သောကြောင့် ကောင်းကင်နတ်ဘုရားကျောင်း၌ အတော်လေး နာမည်ကြီးသည်။ ထို့ကြောင့်ပင် အချို့လူများ သူမအား သတိပေးလာခြင်းပင်။

သတင်းများပျံ့သွားကာ ရေတံခွန်ဘေးတွင်ရှိနေသည့် ကျင်းယီနှင့် ယွမ်ထုန့်တို့ သတိအနေအထားဖြစ်သွားသည်။

“ဟီး ဟီး .. အဲဒီမိန်းကလေး ရောက်လာပြီ .. သူလည်း အဆင့်နိမ့်နယ်မြေကဆိုတာ့ သူက ဖုန်းဝူအတွက် တိုက်ခိုက်ပေးမှာလား..” ကျင်းယီ အေးစက်စွာ ရယ်မောလိုက်သည်။ “သွားကြစို့ .. ကျွန်မတို့ သီးသန့်ကျင့်ကြံတာကနေ ထွက်သင့်ပြီ .. ဒီနေရာကို ဘယ်သူခြေချရဲလဲဆိုတာ ကြည့်ရအောင်..”

လမ်းတစ်လျှောက်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်သူများရှိနေသည်ပင်။ သူတို့ထဲမှ တစ်ယောက်မှာ လွင့်ထွက်ကာ သွေးအန်သွားသည်အထိ ရိုက်ခံနေရလေသည်။

“ပြင်းလိုက်တာ .. လမ်းပေါ်မှာတောင် တိုက်ခိုက်နေတဲ့သူတွေ ရှိနေတယ်..” ရှီဟောင် ထိတ်လန့်သွားရသည်။

“ဒါက ဘာထူးဆန်းလို့လဲ .. အရင်တုန်းက ဒီထက်တောင် ပိုပြင်းထန်သေးတယ် .. တိုက်ပွဲတွေက မရပ်မနားနိုင်အောင်ကို ဖြစ်နေတာ .. ဟုတ်သားပဲ … ချင်းရီ .. မင်းတို့ စီရင်စုသုံးထောင်ကလူတစ်ချို့ ဒဏ်ရာရထားတယ် .. မင်းလည်း သတိထားဦး..” လမ်းတစ်လျှောက်တွင် သူ့အား သတိပေးလာသည့်သူများလည်း ရှိသည်။

ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်နှင့် ချင်းရီတို့ တောင်တန်းတစ်ခုသို့ ရောက်လာသည်။

စိမ်းစိုနေသည့် ထင်းရှူးပင်များ မိုးထိုးနေကာ ဤနေရာမှာ အလွန် ငြိမ်းချမ်းနေသည်။ ဤထင်းရှူးတောထဲ၌ တဲအိမ်လေးတစ်လုံး ရှိနေလေ၏။

“ဘယ်သူလဲ…” ထိုတဲအိမ်၏တံခါးပွင့်လာကာ အမျိုးသမီးတစ်ယောက် ထွက်လာသည်။ သူမအသားအရေသည် အနည်းငယ် ဝါညစ်ညစ်ဖြစ်နေပြီး သူမ၏ချီစွမ်းအင်နှင့် သွေးစွမ်းအင်လည်း ခမ်းခြောက်နေလေပြီ။

“အစ်မကြီး ဖုန်းဝူ” ချင်းရီ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ ဤသည်မှာ သူမ သူငယ်ချင်းပင်။

ဖုန်းဝူသည် ယခင်က အလွန်လှပကာ သူမ၏အသားအရေသည်လည်း ဆင်စွယ်ကဲ့သို့ ဖြူဖွေးနေသည့်သူပင်။ သို့သော်လည်း ယခုတော့ သူမသည် ဤအခြေအ‌ေနသို့ ရောက်နေလေပြီ။

ရှီဟောင်လည်း မျက်မှောင်ကြုတ်လိုက်၏။ ရန်သူ၏နည်းလမ်းများမှာ အနည်းငယ် ရက်စက်လှသည်။ ဖုန်းဝူသည် အချိန်အတော်ကြာသည်အထိ အနားယူပြီးပြီဖြစ်ကြောင်း ရှီဟောင်ပြောနိုင်သည်။ သို့သော်လည်း ယခုအချိန်ထိ ဤကဲ့သို့ဖြစ်နေသောကြောင့် သူတို့တိုက်ခိုက်စဉ်က မည်မျှပင် ပြင်းထန်ခဲ့သည်ကို သိနိုင်သည်။ သူမ အသက်ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့သည်။

“ရှင်တို့တွေပဲ..”
ဖုန်းဝူ အံ့ဩဝမ်းသာ ဖြစ်သွားခဲ့ရသည်။ ဤနှစ်ယောက်ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အထူးသဖြင့် ရှီဟောင်ကို မြင်လိုက်ရသည့်အချိန်တွင် သူမ၏မျက်လုံးများ အရောင်တောက်ပလာလေ၏။ “မကောင်းဆိုးဝါးလေး .. နင် အသက်ရှင်နေတုန်းပဲ..” သူမ ရယ်မော၍ ပြောလိုက်သည်။

“ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်ဦး .. ဒီလိုပုံစံဖြစ်နေတာတောင်မှ ရယ်နေနိုင်သေးတယ်ပေါ့” ရှီဟောင် ဖီးနှစ်သွေးတစ်စက်ကို ထုတ်လိုက်သည်။ ဤသည်မှာ သူယခင်က ကျောင်းမှလူများကို စိန်ခေါ်ပြီး ရထားသည့် သွေးများပင်။

“ဟူး .. ဒီတစ်ခေါက် ရှုံးသွားပေမယ့် ငါ ဒါကို လက်မခံနိုင်သေးဘူး .. တကယ် စိတ်တိုလိုက်တာ..”
အကောင်းမြင်တတ်ကာ ပျော်ပျော်နေတတ်သည့် ဖုန်းဝူသည် အံကြိတ်ကာ လက်သီးများကို တင်းကြပ်စွာ စုတ်ထားလေသည်။

“အစ်မဖုန်းဝူ .. အစ်မ ဒီအခြေအနေထိရောက်အောင် ဘယ်သူလုပ်လိုက်တာလဲ..” ချင်းရီမေးလိုက်သည်။

“ကျင်းယီလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် .. သူက လက်ရှိလောကရဲ့ နည်းလမ်းကို ပညာဖလှယ်မယ်လို့ပြောတာ .. ဒါပေမဲ့ နောက်ဆုံးကျတော့ သူက သူ့ရဲ့ ထာဝရစွမ်းအင်နှစ်ကြောင်းကို သုံးပြီးတော့ ငါ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်ခဲ့တာ .. င့ါရဲ့ ၇ ရောင်စပ်ထာဝရရွှေမြှားကိုလည်း ယူသွားတယ်..” ဖုန်းဝူ ဒေါသတကြီး ပြောလိုက်သည်။

သူမသည် လက်ရှိလောက၏နည်းလမ်းများတွင် အတော်လေး တိုးတက်လာသည်မှာ သေချာသည်။ မဟုတ်ပါက တစ်ဖက်လူသည် အဘယ်ကြောင့် ထာဝရစွမ်းအင်ကိုအသုံးပြုကာ အသေတိုက်မည်နည်း..

“ဒီလိုမျိုးလား..” ချင်းရီ ဒေါသထွက်သွားရသည်။

“ဖုန်းဝူကို လာလည်ရဲတဲ့သူက ဘယ်သူလဲသိချင်နေတာ .. ငါအနိုင်ယူခဲ့တဲ့တစ်ယောက်က အကူအညီလိုနေလို့လား .. ထွက်လာတိုက်ရဲတဲ့သူရှိလား..” အခြားအသံတစ်သံ ထွက်လာသည်။

ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် လမ်းလျှောက်လာပြီး ခပ်ဝေးဝေးတွင် ရပ်တန့်သွားလေ၏။

သူမအနားတွင် ယွမ်ထုန့်ရပ်နေလေ၏။ သူတို့နှင့် အတူ အခြားသူအနည်းငယ်လည်း ပါလာလေ၏။

“ကျင်းယီ..” ဖုန်းဝူ အံကြိတ်၍ပြောလိုက်သည်။

“ဘယ်သူများလဲလို့ .. ဒါက ချင်းရီမဟုတ်ဘူလား..” ကျင်းယီသည် လုံးဝပင် တည်ငြိမ်နေကာ ထူးမခြားနားစွာပင် ပြုံးပြနေလေ၏။

သူမဘေးမှ အမျိုးသမီးသည် မြောက်ကြွမြောက်ကြွနှင့် တင်းကုပ်ရှေ့သို့ ရောက်လာကာ ရှီဟောင်၊ ချင်းရီနှင့် ဖုန်းဝူတို့အား ပတ်ပြီး လမ်းလျှောက်နေလေ၏။ “ကူညီပေးမယ့်သူနှစ်ယောက် တွေ့ထားတာလား .. ဒီနှစ်ယောက်တည်းနဲ့ လက်စားချေမလို့လား..”

“ဒီနေရာကနေ ထွက်သွား .. ငါတို့ ရှင်းစရာတွေ ရှိသေးတယ်”
ရှီဟောင် အေးစက်စွာ ပြောလိုက်ပြီး ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်လိုက်သည်။ သူသည် သူ့အရှေ့မှ အမျိုးသမီးကို အကြည့်တစ်ချက်ပင် မစွန့်ကြဲပေ။ ထို့နောက် ဖုန်းဝူအား ဖီးနှစ်သွေးပေးလိုက်ပြီး သူမအား သောက်စေလိုက်သည်။

“ရှင် ဘယ်သူလဲ .. ကျွန်မကို ဒီလိုမျိုး မရိုမသေ လာဆက်ဆံနေရအောင် ရှင့်ကိုယ်ရှင် ဘယ်သူလို့ ထင်နေတာလဲ..” သူတို့ရှေ့တွင်ရှိနေသည့် အမျိုးသမီးမှ အလွန်မောက်မာစွာ ပြောလိုက်သည်။

“ထွက်သွားစမ်း..” ရှီဟောင် ဟိန်းဟောက်လိုက်သည်။ ခရမ်းရောင်တူကြီးဖြင့် ရိုက်ချလိုက်သကဲ့သို့ ထိုအမျိုးသမီး၏ အသားအရေ ဖြူဖျော့သွားကာ သူမနှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေ၏။ ထို့နောက် သူမ တစ်ကိုယ်လုံး လွင့်ထွက်သွားကာ သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ကျောက်တောင်ထိပ်နှင့် ရိုက်မိသွားလေသည်။

ဘေးပတ်လည်တွင်ရှိနေသည့်သူ အားလုံး ထိတ်လန့်သွားကြရသည်။

အပိုင်း ၁၃၇၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၁ – တာအို ဒဏ်ရာများ

ကျောက်နံရံပေါ်တွင် 大 ပုံစံအပေါက်ကြီးဖြစ်သွားကာ ထိုအမျိုးသမီးပတ်ပတ်လည်ရှိ ကျောက်များ အက်ကွဲသွားလေ၏။

ဝုန်း..

ထို့အပြင် ထိုအမျိုးသမီး၏ခန္ဓာကိုယ်တောက်ပလာကာ နောက်တစ်ကြိမ် တိုက်ခိုက်ခံလိုက်ရသကဲ့သို့ ထူးဆန်းသည့် စွမ်းအားလှိုင်းများ ထွက်ပေါ်လာလေသည်။ သူမခန္ဓာကိုယ်မှာ ကျောက်နံရံထဲသို့ ပိုမိုနှစ်ဝင်သွားလေသည်။

လူသားပုံစံအခွက်ကြီးမှာ ကျောက်နံရံထက်တွင် ပို၍ရှည်မျောလာလေ၏။ သူမ၏နှုတ်ခမ်းထောင့်နှင့် နှာခေါင်းမှ သွေးများစီးကျလာပြီး ယခုအချိန်တွင် သူမ၏အခြေအနေဆိုးရွားနေလေပြီ။ သူမ၏အဝတ်အစားများလည်း စုတ်ပြတ်နေလေပြီ။

“အား…” သူမထိတ်လန့်တကြားအော်ဟစ်လိုက်ကာ ထိုအချိုင့်ထဲမှ ထွက်နိုင်အောင် ရုန်းကန်လိုက်သည်။ မြေပြင်ပေါ်သို့ ရောက်သွားသည်နှင့် သူမသည် အရက်မူးနေသကဲ့သို့ ယိုင်နေပြီး သူမမျက်နှာတစ်ခုလုံးလည်း နီရဲနေလေသည်။ သူမမျက်လုံးများပင်လျှင် နီရဲနေလေ၏။

“ရှင် ကျွန်မကို ဒီလိုမျိုးဆက်ဆံရဲတယ်လား .. အစ်မကြီး ကျင်းယီ ကျွန်မအတွက် သူ့ကို မြန်မြန်ရိုက်ပေးပါ .. သူ့ကို သေအောင် ရိုက်လိုက်..” သူမ အော်ဟစ်လိုက်သည်။ သူမ၏ဆံပင်များလည်း ဖရိုဖရဲဖြစ်နေလေပြီ။

သူမသည် အနီးအနားမှ လူများကို ဗိုလ်ကျထားသည်မှာ သေချာသည်။ ယခု သူမ ခံလိုက်ရသည့်အချိန်တွင် သူမ မခံမရပ်နိုင်အောင် ဖြစ်နေလေပြီ။ သူသည် ရှီဟောင်အား ချက်ချင်းပင် သတ်ပစ်ချင်နေလေ၏။

အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်နေကြပြီး မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။ ဤလူငယ်လေး၏ လှုပ်ရှားမှုမှာ သေချာပေါက် မရိုးရှင်းပေ။ ဤသည်မှာ အသံလှိုင်းတစ်ခုသာဖြစ်သော်လည်း အားမနည်းသည့် ထိုအမျိုးသမီးကို လွင့်ထွက်သွားအောင် လုပ်ပစ်နိုင်လေသည်။

“မင်းက သေခြင်းနဲ့ရှင်ခြင်းကြားက ကွာဟချက်ကို တကယ်မသိဘူးပဲ..” ရှီဟောင် အော်ဟစ်လိုက်သည်နှင့် အသံများမှာ နေရာတစ်ခုတည်းသို့သာ ဦးတည်သွားလေသည်။

ထိုအသံများသည် ငွေရောင်လှိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားလေသည်။

“ချိုးဖျက်မယ်..” ထိုအမျိုးသမီး အော်ဟစ်လိုက်ကာ သူမ လက်များသည် လပုံစံဖြစ်သွားလေ၏။ သူမသည် လျှို့ဝှက်ပညာတစ်ခုအား အသုံးပြုလိုက်ခြင်းပင်။ သူမရှေ့၌ ငွေရောင်လတစ်စင်းပေါ်လာပြီး သူမအား ကာထားပေးလေသည်။

သို့သော်လည်း ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ အသံလှိုင်းများမှာ နူးညံ့သည်ဟု ထင်ရသော်လည်း တောင်များကို လှုပ်ခါစေနိုင်သည်ပင်။ ထိုအသံလှိုင်းများ သူမ ခန္ဓာကိုယ်ပေါ်သို့ ထိသွားလေပြီ။

ယခုတစ်ခေါက်တွင်တော့ ဖုန်းဟူသည့် ကျယ်လောင်လှသည့်အသံသာမက တဂျွတ်ဂျွတ်အရိုးကျိုးသံများလည်း ကြားလိုက်ရသည်။

ဤသည်မှာ ဤအမျိုးသမီးကို ကျွဲတစ်ကောင်မှ ဝင်ခွေ့လိုက်သကဲ့သို့ပင်။ သူမ၏ခန္ဓာကိုယ်သည် ကျောက်တောင်လေးတစ်လုံးနှင့် တိုက်မိသွားပြီး ယခုတစ်ကြိမ်မှာ ပို၍ပင် ဆိုးရွားသေးသည်။

ဝုန်း..

ကျောက်တောင်လေး၏ တစ်စိတ်တစ်ပိုင်း ကျိုးပဲ့သွားလေသည်။ ထိုအမျိုးသမီးသည်လည်း ထိုကျောက်အပဲ့များနှင့်အတူ လွင့်ထွက်သွားကာ သူမခန္ဓာကိုယ်လည်း ပုံပျက်နေလေပြီ။ သူမခန္ဓာကိုယ်တွင် အရိုးကျိုးသွားသည့်နေရာများမှာ တစ်နေရာမက ရှိနေမည်မှာ သေချာသည်။

သူမ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အချိန်တွင် သူမသည် ငါးသေတစ်ကောင်ကဲ့သို့ပင် မလှုပ်နိုင်တော့။ သူမ သတိလစ်လိုက်ချင်သော်လည်း မလစ်နိုင်ပေ။ နာကျင်မှုကိုသာ အံကြိတ်ခံရင်း ရှီဟောင်ကို ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းတွင် ဒေါသတရားများရှိနေသကဲ့သို့ အကြောက်တရားများလည်း ရှိနေသည်ပင်။

ဤသည်မှာ သူမ ယခင်က တစ်ခါမှ မကြုံဖူးသည့်အရာပင်။ ဤလူငယ်လေးသည် သူမအား အရေးမစိုက်သကဲ့သို့ အထင်အမြင်သေးစွာပင် ကြည့်နေလေသည်။ သူ၏မျက်ဝန်းထဲတွင် မနှစ်မြို့မှုများအပြည့်ပင်။

“ရှေးခေတ် နွားထီးအော်သံ..” ခပ်ဝေးဝေးမှ တည်ငြိမ်နေသည့်အသံတစ်သံ ထွက်ပေါ်လာ၏။ ဤသည်မှာ ကျင်းယီပင်။ သူမသည် ထိုအမျိုးသမီး သေသေရှင်ရှင် ဂရုမစိုက်သကဲ့သို့ပင် ခံစားချက်များတည်ငြိမ်နေလေ၏။

သူမသည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားခြင်းပင်။ ဤသည်မှာ ဝတ်ရုံရှည်မဟုတ်ပဲ ခါး၌ ချည်ထားခြင်းပင်။ ဤသည်မှာ သူမ၏ကောက်ကြောင်းများကို ဖော်ပြနေသည်။ သူမသည် သာမန်မဟုတ်သည့် ပုံပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။

သူမ မေးစေ့သည် အနည်းငယ်ချွန်နေပြီး ယခုအချိန်တွင်တော့ အနည်းငယ် မော့နေလေသည်။ သူမသည် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသည့်ပုံပေါ်သကဲ့သို့ အနည်းငယ် စိတ်ကြီးဝင်သည့်ပုံလည်း ပေါ်နေသည်ပင်။ ဤသည်မှာ တစ်ဘို့တည်းကြည့်သည့် အမျိုးသမီးပုံစံပင်။

“ကျင်းယီ..” ဖုန်းဝူ အံကြိတ်၍ ပြောလိုက်သည်။

နောက်ဆုံးတစ်ခေါက်က သူမ၏ဒဏ်ရာများမှာ တကယ်ဆိုးရွားလှသည်။ သာမန်အတိုင်းရှုံးသွားသည်ဆိုပါက သူမ သည်းခံနိုင်သည်။ သူမသည် လက်ရှိလောကပညာ၏ လက်ရေးမူ လမ်းညွှန်စာအုပ်၊ ကံကောင်းမှုနှင့် သူမ၏အံ့အားသင့်စရာကောင်းသည့် ပါရမီတို့ ပေါင်းလိုက်သည့်အချိန်တွင် သူမ အတော်လေး တိုးတက်သွားခဲ့သည်။ ထို့ကြောင့်ပင် ကျင်းယီ သူမအား အာရုံစိုက်လာခြင်းပင်။ သူမသည် ပညာဖလှယ်ရန်အတွက် ဖုန်းဝူအား ကမ်းလှမ်းလာခဲ့သည်။ သို့သော် အရေးကြီးသည့်အချိန်တွင် သူမသည် ကတိမတည်ပဲ ထာဝရစွမ်းအင်နှစ်ကြောင်းကို အသုံးပြုခဲ့သည်။ သူမ ကြောင်အသွားသည့်အချိန်တွင် သူမအား ဒဏ်ရာပြင်းထန်စွာ ရရှိအောင် ပြုလုပ်ခဲ့သည်။ ထို့အပြင် သူမဒဏ်ရာပြင်းထန်စွာ ရရှိသည်ကို မြင်လိုက်သည်နှင့် သူမရင်ဘတ် ပေါက်ကွဲထွက်မတတ် တက်နင်းကာ သူမအား အရှက်ကွဲခဲ့သည်။ ထို့နောက် ၇ ရောင်စပ်ထာဝရရွှေမြှားကို တွေ့သွားပြီးနောက် ဤမြှားသည် သူမနှင့်မတန်ဘူးဟု လှောင်ပြောင်ပြောဆိုပြီး ယူသွားခဲ့ခြင်းပင်။

တစ်ဖက်လူသည် ဤမြှားကို လိုချင်သောကြောင့် သဘောတူညီမှုကို ချိုးဖောက်ကာ ရက်စက်သည့်နည်းလမ်းများကိုသုံးပြီး အလစ်တိုက်လိုက်ခြင်းပင်။

“ကျွန်မရဲ့လက်အောက်ငယ်သားလေး ရှုံးသွားတာနဲ့ ကျွန်မက ရှင်တို့ကို အဖက်လုပ်ပေးရမှာလား..” ထိုအချိန်တွင် ကျင်းယီ ထူးမခြားနားပြောလိုက်သည်။

“ရှင် အရှက်မရှိဘူးလား .. ရှင်ကျွန်မကို စိန်ခေါ်တုန်းက ထာဝရစွမ်းအင်မသုံးဘူးလို့ ကတိပေးခဲ့တယ် .. လက်ရှိလောကရဲ့နည်းလမ်းတွေပဲသုံးမယ်လို့ ပြောခဲ့တယ် .. ဒါပေမဲ့ ရှင်ရှုံးတော့မယ့်အချိန်ကျတော့ ရှင့်ကတိကို ချိုးဖျက်ပြီးတော့ ထာဝရစွမ်းအင်ကို သုံးခဲ့တယ်..”
ဖုန်းဝူ အံကြိတ်၍ ပြောလိုက်သည်။ ဤသည်မှာ သူမ ဒေါသအထွက်ဆုံးအရာပင်။ သူမ၏ ၇ ရောင်စပ် ထာဝရရွှေမြှားကိုလည်း ယူသွားသောကြောင့် သူမအလွန် စိတ်ပျက်နေရသည်။

“ရှင်ဘာသာရှင် လုံလောက်အောင် မတော်တာလဲ .. ရှုံးတာက ရှုံးတာပဲ .. ရှုံးတာရဲ့နောက်မှာ ဘာအကြောင်းပြချက် ရှိရဦးမှာလဲ..” ကျင်းယီ ခေါင်းမော့ရင်ကော့၍ပင် ပြောနေလေသည်။

“ရှင်က တကယ်ကို စက်ဆုပ်ဖို့ကောင်းတာပဲ..” ချင်းရီ ပြောလိုက်၏။

ရှီဟောင် သူတို့နှစ်ယောက်အား တားဆီးလိုက်သည်။ “ဒီလိုလူမျိုးအတွက် ဒေါသထွက်နေစရာ မလိုဘူး .. ခဏနေကျ သူ့ရဲ့လူဦးနှောက် ခွေးဦးနှောက်ဖြစ်သွားရင် သူ ဝန်ခံမလားဆိုတာ ကြည့်ကြတာပေ့ါ..”

ရှီဟောင်သည် ဖုန်းဝူအား ဖီးနှစ်သွေးသောက်စေလိုက်ပြီးနောက် သူ၏လက်ညှိုးကိုသုံးကာ သူမ၏ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်၏။ သူမ၏သွေးစွမ်းအင်အသက်ဝင်လာပြီး သူမ၏ကုသမှုကို ကူညီပေးနေခြင်းပင်။

“ရှင့်မှာ နည်းလမ်းတစ်ချို့ရှိနေတဲ့ပုံပဲ .. ရှေးခေတ်နွားထီးအသံကို ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်တာက အတော်လေး ရှားပါးတယ်လို့ ပြောလို့ရတယ် .. ဒါပေမဲ့ ရှင် အားသုံးချင်တယ်ဆိုရင်တော့ ဒါက အသိဉာဏ်ရှိတဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ဘူး..” ကျင်းယီ ပြောလိုက်သည်။

ရှီဟောင်သည် သူမအား အရေးမလုပ်ပဲ သူ၏ကုသမှုပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ သူလက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်သည်နှင့် ခရမ်းရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ဖုန်းဝူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

သူသည် လျှပ်စီးဧကရာဇ်၏နည်းလမ်းကို အသုံးပြုလိုက်ခြင်းပင်။ သွေးကို အသက်သွင်းရန်အတွက် ယန်နည်းလမ်းများကို အသုံးပြုလိုက်သည်ပင်။ ထိုဖီးနှစ်သွေးစက်ကို ပျံ့ကြဲသွားစေလိုက်ပြီးနောက် ဆူပွက်အောင် လုပ်လိုက်သည်။ ဤသည်မှာ ဖုန်းဝူ၏ခန္ဓာကိုယ်အနှံ့ရှိ ဒဏ်ရာများ သက်သာသွားအောင် ပြုလုပ်ပေးနိုင်သည်။

ဝုန်း..

ဖုန်းဝူခန္ဓာကိုယ်ထဲတွင် မီးတောက်တစ်ခု တောက်လောင်လာသကဲ့သို့ သူမခန္ဓာကိုယ်ထဲမှ မီးများစိမ့်ထွက်လာပြီး တစ်ကိုယ်လုံးကို ဝန်းရံသွားလေသည်။ သူမသည် မီးတောက်များကြားမှ ပြန်လည်မွေးဖွားလာသည့် ဖီးနှစ်နှင့် တကယ်တူနေလေပြီ။

ဤသည်မှာ ဖီးနှစ်သွေးအစွမ်းပင်။ ဤကဲ့သို့သော နတ်ငှက်၏အစွမ်းမှာ ပြန်လည်မွေးဖွားခြင်းတွင်ရှိနေသည်ပင်။

တိုးတိတ်သော်လည်း ရှင်းလင်းလှသည့် ဖီးနှစ်အော်သံကိုပင် ကြားနေရသည်။ မှုန်ဝါးနေသည့် လေဟာနယ်ပုံရိပ်တစ်ခု ဖုန်းဝူနှင့် ပေါင်းသွားကာ သူမဒဏ်ရာများကို ကုသပေးနေလေ၏။

ခဏကြာပြီးသည့်နောက်တွင် သူမ၏အသားအရေများပြန်လည်တောက်ပလာကာ ယခင်ကကဲ့သို့ ပြန်လည်လှပလာသည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်ကာ လက်ဝါးများကို အဆက်မပြတ် ရိုက်သွင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းဝူ၏ဒဏ်ရာများထဲတွင် ဤဒဏ်ရာများမှာ အပြင်းထန်ဆုံးမဟုတ်ပဲ ‘တာအိုဒဏ်ရာ’ တစ်ခုကသာ အပြင်းထန်ဆုံး ဒဏ်ရာပင်။ ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ တကယ်ကို ရက်စက်လှသည့်နည်းလမ်းများအား အသုံးပြုခဲ့ခြင်းပင်။ သူမသည် ဖုန်းဝူ၏ အုတ်မြစ်များအား ဖျက်ဆီးပစ်ချင်ခဲ့ခြင်းပင်။

ယခုတစ်ကြိမ်တွင်တော့ ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသမီး၏အမူအရာ ပြောင်းလဲသွားသည်။ သူမ မတည်ငြိမ်နိုင်တော့။ ဤလူငယ်လေးမှာ တကယ်ကို အထင်ကြီးစရာကောင်းလှသည်။ သူသည် အခြားသူများ၏ တာအိုဒဏ်ရာကိုပင် ကုသပေးနေသည်။

“ချီဟုန် .. မင်းက ခြင်္သေ့ပြာမျိုးနွယ်စုက .. မင်း သူ့ကို နိုင်လောက်တယ် .. နွားထီးအော်သံနဲ့ ခြင်္သေ့အော်သံ ဘယ်သူက ပိုသန်မာလဲဆိုတာ ကြည့်ကြတာပေ့ါ့..” ကျင်းယီ အသံပို့လွှတ်လိုက်သည်။

သူမဘေးနားတွင် ခြင်္သေ့မျက်နှာနှင့် လူငယ်တစ်ယောက်ရှိသည်။ သူ၏ခြင်္သေ့ခေါင်းကြီးမှာ ကြီးမားလှကာ ကြေးရောင်မျက်လုံးများမှာလည်း လူတစ်ယောက်ကို တုန်လှုပ်စေနိုင်သည်ပင်။

ချီဟုန်သည် တွေဝေနေခြင်းမရှိပဲ အရှေ့ဘက်သို့ လျှောက်လာလေ၏။ သူသည် ခြင်္သေ့ဟိန်းသံကို ပြုလုပ်လိုက်လေ၏။ ဖုန်းဝူ၏ တင်းကုပ်လေးမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားလေ၏။

အနီးအနားတွင်ရှိနေသည့်သူများအားလုံးမှာ ထိတ်လန့်သွားကြလေသည်။

ရှီဟောင်ပတ်လည်တွင် အလင်းအတားအဆီးတစ်ခု ပေါ်လာပြီး ခြင်္သေ့ဟိန်းသံ၏ အသံလှိုင်းများမှများမှ သူတို့သုံးဦးအား ကာကွယ်ပေးထားသည်။ ထိုအတားအဆီးကြောင့်ပင် သူတို့သုံးဦး ဘာမှဖြစ်မသွားပဲ တင်းကုပ်သာ ပေါက်ကွဲသွားခြင်းပင်။

“မင်း သေချင်နေတာလား..” ရှီဟောင် ဤစကားသာ ပြောလိုက်၏။ သူသည် စကားပြောနေရင်းဖြင့်ပင် ဖုန်းဝူ၏ ဒဏ်ရာများကို ကုသပေးနေဆဲပင်။

“ဝေါင်း..” အပြာရောင်ခြင်္သေ့ကြီး နောက်တစ်ကြိမ် ဟစ်ကြွေးလာသည်။ ယခုတစ်ခေါက်တွင်တော့ သူ၏မူလခန္ဓာကိုယ် ပေါ်လာလေပြီ။ သူ၏ခန္ဓာကိုယ်သည် တောင်အသေးတစ်လုံးစာလောက်ရှိပြီး သူ၏ပါးစပ်မှာ ကြီးမားပြီး သွားများလည်း ချွန်ထက်နေသည်။ သူ၏အမွေးများမှာ အပြာရောင်ဖြစ်ပြီး အမွေးတစ်ပင်စီတိုင်း တောက်ပနေသည်ပင်။ သူ၏နားထင်တွင်ရှိနေသည့် အမွေးများမှာ ထောင်နေသောကြောင့် သူသည် ပို၍ကြောက်စရာကောင်းသည့်ပုံ ပေါ်နေသည်။

ခြင်္သေ့ကြီး ဟစ်ကြွေးလိုက်သည်နှင့် အသံလှိုင်းများမှာ ပင်လယ်လှိုင်းများကဲ့သို့ ထွက်ပေါ်လာလေ၏။

“သတ်…” ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏အသံလှိုင်းများမှာ နွားထီးအသံ မဟုတ်ပေ။ အတုယူထားသည့်တာအိုအသံသာ။ အဆင့်တစ်ခုသို့ရောက်အောင် ကျင့်ကြံနိုင်သည်နှင့် အရာအားလုံးကို နှိုင်းယှဉ်ကြည့်ပြီး သဘောတရားများအား နားလည်နိုင်မည်ပင်။

ရှီဟောင်သည် ကြောက်စရာအကောင်းဆုံး အဖိုးတန်ပညာများစွာကို ကျွမ်းကျင်ထားသည်။ ပြီးလျှင် ရှေးဟောင်း ကောင်းကင်ပညာတစ်ခုကိုလည်း တတ်မြောက်ထားသည်။ ပညာတစ်မျိုးတတ်ထားသည်နှင့် ထိုပညာ၏အကျိုးကျေးဇူးကို သူ့တစ်ဘဝလုံး ခံစားနိုင်သည်။ ထို့ကြောင့် ထိုပညာတစ်ခုကို ပညာမျိုးစုံအဖြစ် ပြန်လည်ပြုပြင်နိုင်သည်။

ဤနတ်တာအိုအသံတွင် လျှပ်စီးဧကရာဇ်၏ နတ်စွမ်းရည်လည်း အနည်းငယ်ပါဝင်နေသည်။ ဥပမာအားဖြင့် မိုးခြိမ်းသံထွက်လာသည်နှင့် အပြာရောင်လှိုင်းများ ချက်ချင်းပျောက်ကွယ်သွားလေ၏။

ဝုန်း..

ခြင်္သေ့ကြီး၏ခန္ဓာကိုယ် ယိုင်သွားကာ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အမွေးများထောင်ထသွားကာ သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးများစီးကျလာသည်။

ဝေါင်း..

ခြင်္သေ့ကြီးသည် နောက်တစ်ကြိမ် ဟစ်ကြွေးလိုက်ရုံသာမက သူကိုယ်တိုင်လည်း ပစ်ဝင်လာလေသည်။ သူ၏ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထက်မှ အပြာရောင်အမွေးများသည် ခြင်္သေ့မွေးသံအပ်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။

လူများစွာ၏ အမူအရာများ ပြောင်းလဲသွားရသည်။ ခြင်္သေ့မွေးသံအပ်မှာ အလွန်နာမည်ကြီးသည့် အဖိုးတန်ပညာပင်။ ခြင်္သေ့မွေးများသည် ခြင်္သေ့ကိုယ်မှ ကျွတ်ထွက်လာကာ ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

ဝုန်း..

ရှီဟောင်၏ ဘေးပတ်လည်တွင် တောက်ပသည့်အလင်းထွက်ပေါ်လာကာ ခြင်္သေ့အမွေးသံအပ်များအားလုံးကို တားဆီးလိုက်လေသည်။ ထိုအပ်များအားလုံး လောင်ကျွမ်းသွားလေ၏။

ယခုတစ်ကြိမ်တွင်လည်း လျှပ်စီးဖြင့် တားဆီးလိုက်ခြင်းပင်။ လျှပ်စစ်အလင်းတန်းများသည် မီးတောက်များကဲ့သို့ ထွက်ပေါ်လာပြီး ထိုအပ်များကို မည်းတူးသွားအောင် လုပ်လိုက်လေသည်။ ထို့နောက် ထိုအပ်များသည် ပြာမှု့န်များဖြစ်သွားသည်အထိ လောင်ကျွမ်းသွားလေ၏။

“သတ်..”

တစ်ချိန်တည်းမှာပင် ရှီဟောင် လက်ဆန့်လိုက်သည်နှင့် နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဓားရှည်တစ်ချောင်း ပေါ်လာလေ၏။ ဤသည်မှာ လျှပ်စီးမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လျင်မြန်စွာပင် အရွယ်အစားကြီးမားလာကာ ကျန်းတစ်ရာအထိ ရှည်လျားလာလေ၏။

ဖူး ….။

သွေးများလွင့်စင်ထွက်လာကာ လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည့် အော်သံကြီးထွက်ပေါ်လာလေသည်။ အပြာရောင်ခြင်္သေ့ကြီး၏ ခန္ဓာကိုယ်တစ်ခြမ်း ခါးမှ ပြတ်ထွက်သွားလေ၏။

သူ၏ခန္ဓာကိုယ် လွင့်ထွက်သွားကာ တောင်ငယ်လေးများစွာကို တိုက်သွားလေ၏။

“အခု မင်းက တော်တော်လေး ဒဏ်ရာရနေတာ .. မင်းခြင်္သေ့သားလိုမျိုး အာဟာရရှိတဲ့ အသားစားဖို့လိုနေတာ..” ရှီဟောင် ပြောလိုက်သည်။

ဤသည်မှာ အားလုံး၏နားထဲတွင် နတ်ဆိုးတစ်ယောက်၏ အသံကဲ့သို့ပင်။ စွမ်းအားကြီးသည့် ခြင်္သေ့ဘုရင်ကြီးသည် နှစ်ပိုင်းပြတ်သွားသည့်အပြင် သူ့အသားကို ဖုန်းဝူအတွက် အာဟာရဖြည့်ပေးမည့်အသားအဖြစ်ပင် အသုံးပြုဦးမည်။

တစ်ချိန်တည်းမှာပင် ရှီဟောင် သူ၏လက်ဝါးကို အောက်ချလိုက်၏။ ဖုန်းဝူ၏ဒဏ်ရာများမှာ လုံးဝကောင်းသွားလေပြီ။ သူမ၏တာအိုဒဏ်ရာများ သက်သာလာပြီဖြစ်ပြီး ဤသည်မှာ ကျင်းယီကို အတော်လေး ထိတ်လန့်သွားစေသည်ပင်။

“တာအိုဒဏ်ရာတွေက အရမ်းမပြင်းထန်လို့ တော်သေးတာပေါ့ .. မဟုတ်ရင် ငါလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး .. နောက်ရက်နည်းနည်းလောက် နားလိုက်ရင် မင်း ပြန်ကောင်းသွားလောက်ပြီ” ရှီဟောင် ဖုန်းဝူအား ပြောလိုက်သည်။

ထို့နောက် သူသည် တစ်ဖက်သို့လှည့်လာကာ ကျင်းယီအား အေးစက်စွာ ကြည့်လိုက်လေ၏။
“ကိစ္စတွေကို ရှင်းဖို့အတွက် မင်း ဒီကိုလာခဲ့..”

အပိုင်း ၁၃၇၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၂ – ကျွမ်းကျင်သူအစစ်ရှေ့တွင် ကြွားဝါခြင်း

“ကျွန်မနဲ့ ဖြေရှင်းမယ်ပြောရအောင် ရှင့်ကိုယ်ရှင် ဘယ်သူလို့ထင်နေလဲ..” ကျင်းယီ၏အသံမှာ အလွန်အေးစက်လှလေ၏။

“၇ ရောင်စပ် ထာဝရ ရွှေမြှားကို ပေးလိုက်..” ရှီဟောင် ထိုမောက်မာသည့်အမျိုးသမီးထံသို့ လျှောက်သွားလိုက်သည်။ သူ ဤအမျိုးသမီးအပေါ် စိတ်ကောင်းရှိနေမည်မဟုတ်ပေ။

“ဟာသပဲ .. သူက တစ်ခြားလူထက် အဆင့်နိမ့်နေတာ .. အလောင်းအစားလုပ်ရဲမှတော့ အရှုံးကို လက်ခံရဲရမှာပေါ့ .. အခု ၇ ရောင်စပ်ထာဝရရွှေမြှားက ကျွန်မဟာပဲ” ကျင်းယီ နှာခေါင်းရှုံ့၍ ပြောလိုက်၏။

“ရှင်က ကောက်ကျစ်တဲ့သူ .. ဒီလောကရဲ့နည်းလမ်းတွေကို သုံးပြီးတိုက်မယ်လို့ ရှင်ကိုယ်တိုင်လာပြောခဲ့တာ .. အဲဒါကို ရှင်က ဘာလို့ ထာဝရစွမ်းအင်သုံးပြီး ကျွန်မနောက်ကျောကို ဓားနဲ့ထိုးတာလဲ..” ဖုန်းဝူ ပြောလိုက်သည်။

“ဟာသပဲ .. ကျွန်မ အဲဒီလိုမျိုးပြောခဲ့လို့လား .. ရှင့်ဘာသာရှင် အရှုံးကို လက်မခံနိုင်ဖြစ်နေတာ မဟုတ်ဘူးလား .. ပြီးတော့ ကျွန်မရဲ့ လက်ရှိလောကရဲ့ကျင့်ကြံဆင့်က ရှင့်ထက်နိမ့်မယ်လို့ ထင်နေတာလား.. နုံအလိုက်တာ .. အဆင့်နိမ့်နယ်မြေက လူရိုင်းတစ်ယောက်ထက် မပိုတဲ့ ရှင့်လိုလူမျိုးက ကျွန်မနဲ့လာပြီးတော့ ငြင်းခုံနေရအောင် ရှင့်မှာ ဘာအရည်အချင်းရှိလို့လဲ .. နောက်တစ်ခေါက် ထပ်တိုက်ဦးမယ်ဆိုရင်တောင် ရှင်ရှုံးဦးမှာပဲ..” ကျင်းယီ၏ စကားလုံးများမှာ ဆူးချွန်များကဲ့သို့ ကြမ်းတမ်းလှသည်။

“ကောင်းတယ် .. ကောင်းတယ် .. ကောင်းတယ် .. ရှင်က ဒီလိုမျိုးပြောနေပြီဆိုတော့ ခဏနေကျရင် ခွင့်လွှတ်ဖို့ မတောင်းပန်နဲ့..” သူမ၏ အရှက်မရှိသည့်ပုံကို မြင်လိုက်ရသည်နှင့် ဖုန်းဝူသည် ဘာမှပြောမနေတော့ပဲ ရှီဟောင်ကိုသာ လွှဲပေးလိုက်တော့သည်။

“မင်းကိုယ်မင်း ထူးခြားတဲ့သူလို့ ထင်နေတာလား .. ဖုန်းဝူကို ဒီလိုမျိုး မောက်မောက်မာမာဆက်ဆံနေတယ် .. စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီးတော့ ချောင်းတိုက်တာက ထားလိုက်ပါဦး .. မင်းက ဘာလို့ ဒါကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို လာပြောနေတာလဲ..” ရှီဟောင် အေးစက်နေသည့်အသံဖြင့် မေးလိုက်သည်။

“အားနည်းတဲ့သူရဲ့ သနားကြင်နာမှုကို ကျွန်မ လိုအပ်လို့လား .. ဒါက ကောင်းကင်နတ်ဘုရားကျောင်း ပျက်စီးနေတဲ့ တာအိုသုံးထောင် စီရင်စု မဟုတ်ဘူး .. သူ့ရဲ့ အဆင့်နိမ့်နယ်မြေ မဟုတ်ဘူး .. ဒီနေရာက ခွန်အားကြီးတဲ့သူတွေ အုပ်စိုးတဲ့နေရာ .. သူ့ဘာသာသူ ခွန်အားမကြီးတာကို ရှင် ကျွန်မကို အပြစ်တင်လို့ ရမလား .. ရှုံးသွားရင်တော့ ၇ ရောင်စပ်ထာဝရရွှေမြှားကို ပေးရမှာပဲ .. ဒါက သဘာဝပဲလေ .. တကယ် ရှင်တို့အားလုံးကို နားမလည်နိုင်တော့ဘူး..” ကျင်းယီ ပြောလိုက်၏။

သူမသည် သွယ်လျကာ ကျက်သရေရှိသည့်သူပင်။ ရှီဟောင်သည် အထင်ကြီးစရာကောင်းသည့် ပြိုင်ဘက်ဖြစ်မှန်း သူမ သိသော်လည်းအားလုံးရှေ့တွင် သူမ အားနည်းသည့်ပုံစံ မဖြစ်ချင်။

သူမသည် စွမ်းအားအကြီးဆုံး ရိုက်ချက်ဖြင့် တိုက်ခိုက်နိုင်ရန်အတွက် တိတ်တဆိတ် ပြင်ဆင်ထားလိုက်သည်။

ဝုန်း..

ရှီဟောင်ပတ်လည်တွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ အလင်းတန်းများမှာ ကောင်းကင်ကို ထောက်ထားသည့်တိုင်လုံးများကဲ့သို့ပင် တောက်ပလှသည်။

ဤသည်မှာ ကြယ်တာရာ စွမ်းအင်ပင်။ လူတစ်ယောက်၏ခန္ဓာကိုယ်ထဲရှိ မမြင်နိုင်သည့် ဝိညာဉ်စွမ်းအင်ထွက်ပေါ်လာခြင်းပင်။ ဤသည်မှာ တမင်သက်သက်ပြုလုပ်ခြင်းမဟုတ်ပဲ သူ့အလိုလိုဖြစ်ပေါ်လာခြင်းသာ။

အားလုံး မှင်သက်သွားကာ နောက်ဆုတ်သွားကြသည်။ ဤလူ၏အသွေးအသားမှာ အလွန်စွမ်းအားကြီးလှသည်။ လူတစ်ယောက်၏ အသွေးအသားများ အဆင့်တစ်ခုသို့ ရောက်ရှိမှသာ ဤသို့ဖြစ်လာနိုင်သည်ကို လက်ရှိလောက၏ နည်းလမ်းများကို ကျင့်ကြံနေကြသည့်သူအားလုံး သိကြသည်။

ဝုန်း..။

ထိုအချိန်တွင် ကျင်းယီ၏မျက်ခုံးကြား တောက်ပလာကာ တံဆိပ်လေးတစ်ခု ထွက်လာကာ လှည့်ပတ်ပြီးနောက် ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးသွားလေသည်။ ဤမျှနီးကပ်သည့်အကွာအဝေးတွင် ဤသည်ကို ရှောင်ရှားရန်မှာ ခက်ခဲလှသည်ပင်။

သို့သော် ရှီဟောင်လည်း ရှောင်ဖို့ စိတ်ကူးမရှိပေ။

ဤတံဆိပ်သည် ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ စိမ်းစိုနေသည်။ မျက်နှာပြင်ထက်တွင် သင်္ကေတပေါင်းစုံ ပါရှိနေပြီး ရှေးကျသည့်ခံစားချက်များလည်း ရနေသည်။

ဘေးပတ်လည်တွင်ရှိနေသည့် သူများအားလုံး စိတ်ထဲ တုန်လှုပ်သွားရသည်။ ဤတံဆိပ်လေးသည် တစ်လက်မပတ်လည်ခန့်သာရှိသော်လည်း အဘယ်ကြောင့် ဤမျှလေးလံနေသနည်း .. သူ၏စွမ်းအားမှာ ကြောက်စရာကောင်းလှသည်ပင်။

သူဖြတ်လာသည့်နေရာတိုင်း၌ လေဟာနယ်များ ပျက်စီးယိုယွင်းသွားလေ၏။ သူ၏ နတ်ခွန်အားမှာ မယုံကြည်နိုင်လောက်အောင်ပင်။

ဒုန်း..။

သတ္တုပြားနှစ်ခု တိုက်မိသွားသကဲ့သို့ ကျယ်လောင်လှသည့်အသံတစ်ခု ထွက်ပေါ်လာလေ၏။ ထိုလူငယ်လေးသည် သူ၏လက်သီးဖြင့် ထိုအဖိုးတန်တံဆိပ်အား ထိုးလိုက်လေသည်။ သူတို့နှစ်ဦးကြားတွင် တောက်ပသည့်သင်္ကေတများ ထွက်ပေါ်လာလေ၏။

ဒီလူငယ်လေးရဲ့ လက်သီးက လျှို့ဝှက်ရတနာနဲ့တောင် ယှဉ်နိုင်တာလား..

ထိုလက်သီးသည် နေမင်းတစ်လုံးကဲ့သို့ တောက်ပလာပြီး ထိုတံဆိပ်လေးကို ထပ်မံ ရိုက်ချလာလေသည်။ ဒုန်းဟူသည့်အသံကျယ်ကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဤတံဆိပ်မှာ ယခုထက်ထိ ပေါက်ကွဲမသွားသေးပေ။

ကျင်းယီမှာ ပို၍ အံ့အားသင့်သွားသည်ပင်။ ဒီလူငယ်လေးက ဘယ်သူလဲ .. သူက ခွန်အားကြီးလွန်းတယ် .. ဤလျှို့ဝှက်ရတနာမှာ သာမန်ပစ္စည်းမဟုတ်ပေ။

ကျင်းယီ အော်ဟစ်လိုက်ကာ လျှို့ဝှက်ရတနာကို အသက်သွင်းလိုက်သည်။

ထိုအဖိုးတန်တံဆိပ်ပြားလေး တောက်ပလာကာ လျင်မြန်စွာပင် ကြီးမားလာလေ၏။ ဤတံဆိပ်သည် တောင်တစ်လုံးအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

“ကောင်းကင် ဖုံးလွှမ်းခြင်း တံဆိပ်..”

တစ်စုံတစ်ယောက်မှ ဤတံဆိပ်ကို မှတ်မိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ဒါက ကောင်းကင်ဖုံးလွှမ်းခြင်းတံဆိပ် အတုအယောင်ပဲဖြစ်ရမယ် .. တကယ့်အဆင့်လွန်ရတနာအစစ်ဆိုရင် ဘယ်သူက တားနိုင်မှာလဲ..” လူအချို့ တီးတိုးပြောလိုက်ကြသည်။

ဤသည်မှာ အတုအယောင်ဆိုသော်လည်း အံ့အားသင့်စရာကောင်းနေဆဲပင်။ အဆင့်လွန်ရတနားများအားလုံးမှာ အတုခိုးနိုင်ရန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ပထမအချက်မှာ ပစ္စည်းပြဿနာပင်။ ပစ္စည်းအရည်အသွေး မပြည့်မီလျှင် သေချာပေါက် အသုံးပြု၍ရမည် မဟုတ်။ ဒုတိယအချက်မှာ ထိုပစ္စည်းများပေါ်တွင် ထွင်းရသည့် သင်္ကေတများပင်။ ဤသင်္ကေတများမှာ လျှို့ဝှက်နက်နဲလွန်းလှသောကြောင့် သာမန်လူများက မည်ကဲ့သို့ လုပ်နိုင်မည်နည်း .. ဤသည်မှာ အချို့ရှေးဟောင်းမိသားစုများအတွက်ပင် ခက်ခဲသည်။

ကောင်းကင်ဖုံးလွှမ်းခြင်းတံဆိပ်သည် ကြီးမားလှသည့်တောင်တစ်လုံး အရွယ်အစားသို့ ရောက်လာပြီဖြစ်ပြီး အစိမ်းရောင်အလင်းလေးများလည်း ထုတ်လွှတ်နေသည်။ ကြမ်းတမ်းသည့်အော်ရာတစ်ခုလည်း ထုတ်လွှတ်နေသည်ပင်။

ဝုန်း..

ရှီဟောင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ အဆုံးမရှိသည့် လျှပ်စီးများကို အသက်သွင်းလိုက်သည်။ နေရာတိုင်းတွင် လျှပ်စစ်များထွက်ပေါ်လာကာ ကောင်းကင်ဖုံးလွှမ်းခြင်းတံဆိပ်ထံသို့ ဦးတည်သွားလေသည်။

ပြင်းထန်သည့် တိုက်ခိုက်မှုအောက်တွင် တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး ဤနေရာတစ်ခုလုံး ဖရိုဖရဲဖြစ်လာသည်။ ကောင်းကင်ဖုံးလွှမ်းခြင်းတံဆိပ်ကျလာသဖြင့် တောင်အနည်းငယ် ပြိုကျသွားလေပြီ။ ဤသည်မှာ ထိုတံဆိပ်မှ ထုတ်လွှတ်လိုက်သည့် နတ်ခွန်အားလှိုင်းကြောင့် ဖြစ်သွားခြင်းပင်။

ဤကောင်းကင်ဖုံးလွှမ်းခြင်းတံဆိပ်သည် အတုဖြစ်သော်လည်း သူ၏စွမ်းအားမှာ အံ့အားသင့်စရာကောင်းနေဆဲပင်။

အလင်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် ရှီဟောင်သည် တံဆိပ်အောက် ဖိခံလိုက်ရလေပြီ။ သူသည် ကျောထက်၌ တောင်ကြီးတစ်လုံးသယ်ထားသည့် နတ်ဆိုးနတ်ဘုရားကဲ့သို့ ဖြစ်နေလေပြီ။

“ဖိနှိပ်ခံရပြီ..” တစ်စုံတစ်ယောက်မှ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

“အစ်မ ကျင်းယီက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ .. ဒီလိုနည်းလမ်းမျိုးက ဘယ်သူမှ ကျော်မသွားနိုင်တဲ့ နည်းလမ်းမျိုးပဲ..”

ကျင်းယီ၏ အသက်ရှူသံများ ပြင်းထန်နေလေ၏။ ဤတံဆိပ်ကို အသက်သွင်းရန်အတွက် သူမ၏နတ်ခွန်အား အတော်များများကို အသုံးပြုလိုက်ရသည်ပင်။ ရှီဟောင်မှာ အလွန်ကြောက်စရာကောင်းသည်ဟု ခံစားမိသောကြောင့်သာ သူမ ဤတံဆိပ်အား အသုံးပြုလိုက်ခြင်းပင်။ မဟုတ်ပါက အခြားသူများရှေ့တွင် ဤလျှို့ဝှက်ရတနာအား အသုံးပြုမည်မဟုတ်ပေ။

“င့ါကို ဖိနှိပ်တယ်ဟုတ်လား .. မင်းတို့တွေ အတွေးလွန်နေပြီ” ထိုအချိန်တွင် တံဆိပ်အောက်မှာ လူငယ်လေး ပြောလိုက်သည်။ သူ၏အကြည့်များမှာ လျှပ်စီးကဲ့သို့ပင်။ သူသည် ကောင်းကင်ဖုံးလွှမ်းခြင်းတံဆိပ်အား သယ်ထားရင်းဖြင့်ပင် ခါးမတ်လိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး မိုးမခသစ်ကိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ထိုကောင်းကင်ဖုံးလွှမ်းခြင်းတံဆိပ်ကို ချည်နှောင်သွားသည်။

ဝုန်း..

တောင်ကြီးသည် လျင်မြန်စွာပင် သေးငယ်လာပြီး နောက်ဆုံးတွင် တစ်ပေပတ်လည် အစိမ်းရောင်တံဆိပ်လေး ပြန်ဖြစ်သွားလေ၏။ ထို့နောက် ရှီဟောင် ထိုတံဆိပ်ကို တစ်ချက်တည်းဖြင့် ဖမ်းလိုက်လေသည်။

“ဒီပစ္စည်းက တော်တော်လေး မာတာပဲ .. သူများကို ရိုက်ဖို့အတွက် လက်နက်ကောင်းတစ်ခုပဲ..” ရှီဟောင်ပြောလိုက်သည်။ ထို့နောက် သူသည် အရိုးစာသားများကို အသက်သွင်းလိုက်ပြီး ဤတံဆိပ်ကို ပြုပြင်လိုက်သည်။ ထို့နောက် တစ်လုပ်တည်းဖြင့် ဤတံဆိပ်ကို ဝါးမြိုလိုက်လေ၏။

“ရှင် .. ကျွန်မရဲ့ လျှို့ဝှက်ရတနာ ပြန်ပေး..” ကျင်းယီ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မင်းစကားအတိုင်းပြောရရင် ခွန်အားကြီးတဲ့သူက အနိုင်ရတာပဲလေ .. မင်းက အရှုံးသမားတစ်ယောက်ထက် မပိုဘူး .. အဲဒီတော့ မင်းပစ္စည်းတွေက င့ါဟာဖြစ်သွားပြီမဟုတ်ဘူးလား..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

ကျင်းယီ မျက်နှာပျက်သွားရသည်။ ဤလူငယ်လေးကို သူမ ဖောက်ထွင်းမမြင်နိုင်။ ဤလူမှာ ရင်ဆိုင်ရန်လွယ်ကူသည့်သူမဟုတ်သောကြောင့် သူမ စိတ်လျှော့လိုက်သည်။

” ရောင်းရင်း .. ဒီလောက်ထိလုပ်ဖို့ လိုလို့လား .. ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ နယ်မြေကလာတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလိုမျိုးလုပ်တာ တန်လို့လား..” ကျင်းယီ ပြောလိုက်သည်။

“အဲဒါဆို ရက်စက်ကြမ်းကြုတ်တဲ့နယ်မြေတွေဆိုတာက ဘယ်လိုမျိုးနေရာလဲ..” ရှီဟောင်မေးလိုက်၏။

“ဒီလူရိုင်းမိန်းကလေးက စီရင်စုသုံးထောင်ကနေလာတာ .. ကောင်းကင်ဘုံကိုးခုနဲ့ယှဉ်ရင် အဲဒီနေရာက ခေါင်းပါးတဲ့နေရာ .. ကျွန်မတို့နှစ်ယောက် သူငယ်ချင်း လုပ်သင့်တယ် .. ရှင် သူ့အတွက်နဲ့ တိုက်ခိုက်နေစရာမလိုဘူး” ကျင်းယီ ပြောလိုက်သည်။

“ရှင်က ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ..” ဖုန်းဝူ ရယ်သာ ရယ်နေလိုက်တော့သည်။

“အတော်လေး နှမြောဖို့တော့ကောင်းတာပဲ .. ငါလည်း အဲဒီလူရိုင်းနယ်မြေက လာတာဆိုတော့ ငါတို့ သူငယ်ချင်း လုပ်လို့မရတော့ဘူး .. ဒါပေမဲ့ မင်းကို ခွေးလိုဝက်လို ရိုက်လို့တော့ရတယ်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် အားလုံး ထိိတ်လန့်သွားရပြီး ဤနေရာတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားရသည်။ ဒီလူက ဘယ်သူလဲ .. သူလည်း စီရင်စုသုံးထောင်က လာတာလား .. အရင်တုန်းက ဘာလို့ သူ့အကြောင်း မကြားဖူးတာလဲ..

“ရှင်လည်း မြေရိုင်းကနေ လာတာလား..” ကျင်းယီသည် ဆက်တိုက်ပင် နောက်ဆုတ်သွားလေသည်။

ရှီဟောင်၏ အမူအရာများမှာ ပို၍ပို၍ပင် အေးစက်လာလေပြီ။

ဝုန်း..။

ကျင်းယီ လှုပ်ရှားလိုက်သည်နှင့် သူမလက်ထဲမှ တိုတိုင်းတစ်ကောင် ထွက်လာလေသည်။ သူမတို့နှစ်ဦးကြားမှ ရန်ငြိုးမှာ ပြေပျောက်နိုင်တော့မည်မဟုတ်ကြောင်း သူမ သိသည်ပင်။ ထို့ကြောင့်ပင် သူမလက်ဦးမှုရယူကာ အရင်တိုက်ခိုက်လိုက်ခြင်းပင်။ ပြောပြီးသားစကားများမှာ ပြန်နှုတ်၍မရတော့။

တိုတိုင်း၏ အော်ရာမှာ တောတောင်များ၊ မြစ်များကိုပင် ဝါးမြိုပစ်နိုင်သည်။ သူ၏ခန္ဓာကိုယ်ကြီးမှာ မိုးထိုးနေပြီး ကြောက်စရာကောင်းလွန်းလှသည်။

သို့သော်လည်း ရှီဟောင်သည် ထိုတိုတိုင်းကို ကောက်မလိုက်ပြီး မြေပြင်ပေါ်သို့ ကောက်ပေါက်လိုက်လေသည်။

ဤလူအုပ်များ ဆွံ့အသွားရ၏။ ဒီလူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေတာလဲ..

ဝုန်း..

ရှီဟောင် ထိုတိုတိုင်းထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဤရှေးဟောင်းသားရဲကြီးမှာ သင်္ကေတများဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း အစစ်နှင့် သိပ်မကွာပေ။ သူ၏ပါးစပ်ဟလာကာ သွေးညှီနံ့များ ချက်ချင်းပျံ့လွင့်လာသည်။ သူသည် လေဟာနယ်ကိုပင် ဝါးမြိုနိုင်သောကြောင့် ဘေးပတ်ဝန်းကျင်မှာ ချက်ချင်းပင် မှောင်မဲလာသည်။

သို့သော်လည်း သူ အရှုံးကြီး ရှုံးနိမ့်သွားဆဲပင်။ ရှီဟောင်၏ လက်သီးချက် သုံးချက်ကြောင့် သူ၏ကျောရိုး ပျက်စီးသွားလေသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်၏လက်များ လှုပ်ရှားလာ၏။ သူ၏လက်များသည် ပန်ဘုရင်တစ်ကောင်ကဲ့သို့ပင် ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသမီးထံသို့ ထိုးဆင်းလာလေ၏။

ဝုန်း ..။

ကျင်းယီသည် အော်ဟစ်၍ပင် အဖိုးတန်ပညာများဖြင့် ခုခံလာလေ၏။
” အခုလောကရဲ့ ပညာတွေကို သုံးပြီးတော့ ကျွန်မ ရှင်နဲ့ သူသေကိုယ်သေချမယ်..”

ကံမကောင်းစွာဖြင့်ပင် သူမ၏နည်းလမ်းများမှာ အကောင်းဆုံးဖြစ်နေသော်လည်း သူမ ဘယ်လိုလုပ် ရှီဟောင်နှင့် ယှဉ်နိုင်မည်နည်း.. ဤလက်ရှိလောက၏ ပညာများတွင် သူနှင့် ချောင်ယုရှင်းသာ အမှန်တကယ် အောင်မြင်သူများဖြစ်ကြောင်း ကျောင်းမှ အကြီးအကဲများပင် ပြောဖူးခဲ့ကြသည်။

ဖုန်း..

ရှီဟောင်သည် ခြေထောက်တစ်ချက်စောင့်နင်းလိုက်ကာ သူမ၏အဖိုးတန်ပညာကို ပျက်ပြယ်စေလိုက်သည်။ ထို့နောက် သူမ သွေးမအန်မချင်း သူ၏ညာခြေထောက်ဖြင့် ကန်နေလေသည်။

ကျင်းယီ လျှို့ဝှက်ရတနာ၊ လျှို့ဝှက်လက်နက်မျိုးစုံကို အသက်သွင်းလိုက်ကာ တရှိန်ထိုး ပြေးထွက်သွားလိုက်သည်။ ရှီဟောင်လည်း အရှေ့သို့တိုးလာနေပြီး သူ၏လက်များမှာ ဆက်တိုက်ပင် လှုပ်ရှားနေလေသည်။

ကျင်းယီသည် ရှီဟောင်နှင့် ထိပ်တိုက်တိုက်ခိုက်ခြင်း မရှိပဲ နေရာမျိုးစုံ ရွှေ့နေသည်။ သူမသည် လျှို့ဝှက်ပညာများကို အသုံးပြု၍သာ သူ့အား ဝေးဝေးမှနေ၍ တိုက်ခိုက်ချင်နေခြင်းပင်။

သို့သော် တစ်ဖက်လူ၏ အသွေးအသားများသာ ပြိုင်ဘက်ကင်းသည်သာမက သူ၏အဖိုးတန်ပညာများမှာလည်း ယှဉ်၍မရလောက်အောင်ပင်။ သူမ လုံးဝကြောက်ရွံ့နေလေပြီ။ အဘယ်ကြောင့်ဆိုသော် သူမထုတ်လွှတ်လိုက်သည့်အရိုးစာသားများမှာ တစ်ဖက်လူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း သူသည် ဘာမှပြောင်းလဲသွားခြင်းမရှိ။

ရွှီး..

ထိုလူငယ်လေး၏ ညာဘက်လက်သည် နဂါးလက်သည်းများကဲ့သို့ လေဟာနယ်ကို ထိုးဖောက်လာသောကြောင့် ကျင်းယီ၏အမူအရာများ ပြောင်းလဲသွားရသည်။ သူမ လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း ဖူး ဟူသည့်အသံနှင့်အတူ သူမ၏ငွေရောင်ဝတ်စုံ အတော်များများပြဲသွားပြီး ထိုလက်သည်းများကြားထဲတွင် ပြာမှုန့်များဖြစ်သွားလေသည်။

သူမ၏ကြာပန်းအမြစ်နှင့်တူသည့် လက်တစ်ဖက်ပေါ်လာသွားလေပြီ။ သူမ၏အရေပြားကို မခြစ်မိသော်လည်း ပြင်းထန်လှသည့်လေများကြောင့် ထိုလက်မောင်းမှာ နီရဲနေလေပြီ။

“သတ်..”

ကျင်းယီ အော်ဟစ်လိုက်သည်။ ရှီဟောင် သူမအနားသို့ နီးကပ်လာသည်နှင့် သူမသည် တိတ်တဆိတ်ပင် ထာဝရစွမ်းအင်နှစ်ကြောင်းအား အသက်သွင်းလိုက်သည်။ ထိုစွမ်းအင်များသည် ထာဝရဓားကဲ့သို့ပင် သူ၏ဦးခေါင်းထံသို့ အညှာအတာမရှိ ဦးတည်သွားလေ၏။

“ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံထားတဲ့သူက ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာ ရှင်ဘယ်တော့မှာ သိမှာမဟုတ်ဘူး..” ကျင်းယီ တိုးတိတ်စွာ ပြောလိုက်သည်။ သူသည် ရှီဟောင်အား အေးစက်စွာပင် ကြည့်နေလေ၏။

ခပ်ဝေးဝေးတွင်ရှိနေကြသည့်သူများအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“အရှက်မရှိလိုက်တာ .. ရှင်ပြောတဲ့စကားကို ရှင်ပဲ ဖောက်ဖျက်တယ် .. ရှင်ကိုယ့်ပါးစပ်ကိုကိုယ် ရိုက်လိုက်တော့…” ဖုန်းဝူမှာ ပို၍ပင် ဒေါသထွက်လာသည်ပင်။

“ရှင် သွားသေလို့ရပြီ..” ကျင်းယီ အေးစက်စွာ ပြောလိုက်၏။

သို့သော်လည်း သူမအသံ ထွက်လာပြီးသည့်နောက်တွင် မည်သည့်ပြောင်းလဲမှုမှ ဖြစ်မလာပေ။ ထိုလူငယ်လေးသည် သူ၏ညာလက်ကိုမြှောက်ကာ သူမ၏ ထာဝရစွမ်းအင်နှစ်ကြောင်းကို ကိုင်ထားလေသည်။

အမ်..

ကျင်းယီ ထိတ်လန့်သွားရ၏။ လက်ရှိလောက၏ပညာများတွင် သူ ဤလူငယ်ထက် အဆင့်နိမ့်ခဲ့သည်။ သို့သော်လည်း သူမ ထာဝရစွမ်းအင်နှစ်ကြောင်းကို သုံးလိုက်လျှင်ပင် သူမသည် သူ၏ ပြိုင်ဘက် မဟုတ်သေး။ သူ့ထံ၌ ထာဝရစွမ်းအင် သုံးကြောင်းရှိနေသည်ကို သူမ ထိတ်လန့်တကြား သိလိုက်ရသည်။ ထိုစွမ်းအင်သုံးကြောင်းသည် လူငယ်လေး၏ လက်ဝါးထဲ၌ ရေးရေးလေး ပေါ်လာလေပြီ။

ဖုန်း..

ရှီဟောင်သည် လက်တစ်ဖက်တည်းဖြင့် သူမလည်ပင်းကို ဆုတ်ကိုင်လိုက်ကာ သူမအား ကောက်မလိုက်လေ၏။

“မင်းမှာ ဒီလောက်လေးပဲ အစွမ်းရှိတာကို ဘာတွေမောက်မာနေတာလဲ..” ဤအေးစက်သည့်စကားလုံးများမှာ သူမ မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ သူမအား အလွန်နာကျင်ကာ အရှက်ရစေသည်။

အပိုင်း ၁၃၇၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၃ – အရှက်ရမှု

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာလဲ..”
ကျင်းယီ နည်းနည်း အသိစိတ်လွတ်ချင်နေလေပြီ။ သူမ၏ အသားအရေလည်း ဖြူဖျော့လာလေပြီ။ ကျောင်းတွင်ရှိနေသည့် ထာဝရစွမ်းအင်သုံးကြောင်းနှင့်လူအားလုံးကို သူမ သိသည်။ ထိုလူများထဲတွင် သေချာပေါက် ဤလူ မပါပေ။

သူမ ရင်ဆိုင်နေရသည့်သူမှာ ထာဝရစွမ်းအင်သုံးကြောင်းနှင့်လူ ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဤသည်မှာ အဓိပ္ပာယ်မရှိ။ ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့်သူအားလုံးကို သူမ သိသည်။ ဤလူက မည်သည့်နေရာက ရောက်လာသနည်း..

သူမထံတွင် ထာဝရစွမ်းအင်နှစ်ကြောင်းနှင့်အတူ လျှို့ဝှက်ရတနာများလည်း ရှိနေသောကြောင့် သူမ အကြောက်အလန့်ကင်းနေခြင်းပင်။ ဝမ်ရှီးနှင့် လုထော်တို့မှလွှဲလျှင် မည်သူက သူမအား ရင်ဆိုင်နိုင်မည်နည်း..

ဘာဖြစ်တာလဲ.. ဘေးပတ်လည်တွင်ရှိနေသည့် သူများအားလုံး ထိတ်လန့်သွားရသည်။ အခြေအနေက ဘယ်လိုလုပ်ပြီး ရုတ်တရက် ပြောင်းသွားရတာလဲ .. ကျင်းယီက လည်ပင်းညစ်ခံရပြီး လေပေါ်မြှောက်တက်နေပြီ..

ကျင်းယီဆိုသည်မှာ စွမ်းအားကြီးကာ အလွန်မောက်မာသည့်သူ၊ သူ့အား ရန်စရဲသည့်သူ များများစားစားမရှိသည့် သူမျိုးပင်။ ယခုတော့ သူမ ဤကဲ့သို့ဖြစ်နေလေပြီ။ ဤသည်မှာ တကယ်ကို မယုံကြည်နိုင်လောက်အောင်ပင်။

ဤသည်မှာ ကျင်းယီအတွက် အရှက်ရမှုကြီးဖြစ်မည်မှာ မလွဲဧကန်ပင်။ လူအများကြီးရှေ့ ဤကဲ့သို့ လည်ပင်းညစ်ခံနေရခြင်းမှာ သူမအတွက်တော့ သေသည်ထက်ဆိုးသည့်အဖြစ်ကြီးပင်။

“ကျင်းယီက ဘယ်လိုလုပ် ရှုံးသွားတာလဲ..” ဘာဖြစ်သွားခဲ့သည်ကို ယခုအချိန်ထိ မည်သူမှ နားမလည်နိုင်သေး။

ကျင်းယီသည် ယခုလေးတင် ထာဝရစွမ်းအင်နှစ်ကြောင်းကို အသက်သွင်းလိုက်ခြင်းပင်။ သူမ၏ ကတိကို ချိုးဖောက်သည့်အတွက် အားလုံးမကျေမနပ်ပင်ဖြစ်သွားကြသော်လည်း ဤလူငယ်လေး သေချာပေါက် ခံရတော့မည်ဟု သူတို့ယုံကြည်ခဲ့ကြခြင်းပင်။

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူငယ်လေးသည် ကျင်းယီ လည်ပင်းကို ဆုတ်ကိုင်နေလေပြီ။ ပြောင်းလဲမှုများမှာ လျင်မြန်လွန်းလှသည်။ ဤသည်မှာ သူ့လက်ထဲမှ ထာဝရစွမ်းအင်ကို မည်သူမှ မတွေ့နိုင်ခင်မှာပင် အားလုံး အဆုံးသတ်သွားလေပြီ။

“မြန်လိုက်တာ .. ဒီလူငယ်လေးက အခုခေတ်ပညာကို ထိပ်ဆုံးထိ ရောက်နေပြီလား .. ကျင်းယီ ထာဝရစွမ်းအင်နှစ်ကြောင်း သုံးလိုက်တာတောင်မှ သူရှောင်နိုင်နေတုန်းပဲ .. ပြီးတော့ သူ့ကိုတောင် ဖမ်းလိုက်နိုင်တယ်..”

“ဘုရားရေ .. သူ ထာဝရစွမ်းအင်သုံးတာကို မတွေ့လိုက်ရဘူးဆိုတော့ သူက သေချာပေါက် လက်ရှိလောကပညာမှာ ထိပ်ဆုံးရောက်နေတဲ့ ကျွမ်းကျင်သူ ဖြစ်ရမယ်..”

လူများစွာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့သည် ဤမြင်ကွင်းကို မျက်လုံးပြူး မျက်ဆံပြူးဖြင့်ပင် ကြည့်နေကြလေ၏။ အချို့ကျင့်ကြံသူများမှာ သွေးများဆူပွက်လာကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မျှော်လင့်ချက် ရှိလာလေပြီ။

သူ ထာဝရစွမ်းအင်အသုံးပြုသည်အား မတွေ့ရသော်လည်း ကျင်းယီအား ဖမ်းလိုက်နိုင်ခြင်းကြောင့် ဤသည်မှာ လက်ရှိလောက၏ပညာများမှာ ထာဝရရှေးဟောင်းမှ ပညာများထက် အဆင့်မြင့်သည်ဟု သက်သေပြလိုက်ခြင်းပင်။

ဤနေရာမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်လာသည်။

အဘယ်ကြောင့်ဆိုသော် ဤလူများအားလုံးမှာ လက်ရှိလောကပညာများကို ကျင့်ကြံနေကြခြင်းဖြစ်ပြီး သူတို့ယုံကြည်မှုကို အမြဲတမ်း တည်ဆောက်လိုသည့်သူများပင်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်၌ သူတို့အားလုံး စိတ်လှုပ်ရှားသွားရသည်။

ဤကဲ့သို့သော ထူးချွန်သည့်သူများ အလေးအမြတ်ကျောင်းတွင် ရှိနေနိုင်သော်လည်း သူတို့တစ်ခါမှ မမြင်ဖူးပေ။ ယခု သူတို့ကိုယ်တိုင် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်၌ သူတို့အနာဂတ်လမ်းမှာ ပို၍တောက်ပလာသည်ဟု ခံစားလိုက်ရသည်။

“အဟွတ် .. အဟွတ် .. အဟွတ်..” ကျင်းယီ ချောင်းဆိုလာသည်။ သူမလည်ပင်းကို ဤလူငယ်လေး တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားခြင်းမှာ သူမအား မသက်မသာခံစားရစေသည်။ သူမချောင်းဆိုးလာပြီး ဒေါသကြောင့် သူမမျက်နှာလည်း နီရဲလာသည်။

ဘာကို လက်ရှိလောကနည်းလမ်းရဲ့ ထိပ်ဆုံးရောက်နေတဲ့ ကျွမ်းကျင်သူလဲ .. သူမ ထာဝရစွမ်းအင်သုံးကြောင်းကို မြင်လိုက်ကြောင်း သူမ အော်ဟစ်ပစ်ချင်လာသည်။

သို့သော်လည်း သူမ ပါးစပ်ဟလိုက်သည်နှင့် လေအေးများသာ ဝင်လာပြီး သူမ ဆက်တိုက်ပင် ချောင်းဆိုးနေကာ မျက်ရည်များလည်း ကျလာသည်။

ဖုန်း..

ရှီဟောင်သည် သူမလည်ပင်းကို ကိုင်လျက်ပင် မြေပြင်ပေါ်သို့ ပေါက်ချလိုက်လေ၏။ ဤသည်မှာ တိရစ္ဆာန်တစ်ကောင်ကို ပစ်ပေါက်လိုက်သကဲ့သို့ပင်။ နာကျင်မှုကြောင့် ကျင်းယီမျက်မှောင်ကြုတ်လာ၏။ တစ်ချိန်တည်းမှာပင် သူမ ဒေါသများလည်း မိုးထိုးလာသည်။ သူမ ဘယ်တုန်းက ဤကဲ့သို့ ဆက်ဆံခံရဖူးသနည်း..

“ဒီလောက်စွမ်းရည်လေးနဲ့ သူများကို အနိုင်ကျင့်ရဲတယ်ပေ့ါ .. မင်းက စီရင်စုသုံးထောင်ကလူတွေကို အထင်သေးနေပေမယ့် မင်းကိုယ်တိုင်က အဲဒီလောက်လည်း ဟုတ်မနေဘူး ..” ရှီဟောင် သူမအား ခေါင်းငုံ့ကြည့်လိုက်သည်။

ကျင်းယီ၏ငွေရောင်အဝတ်အစားမှာ နေရာအတော်များများတွင် စုတ်ပြဲနေပြီဖြစ်သည်။ သူမခေါင်းမော့လိုက်ကာ သူမအကြည့်များမှာ ဒေါသတရားများ ပြည့်နှက်နေလေ၏။ အားလုံးရှေ့တွင် ဤကဲ့သို့ အရှက်ခွဲခံရခြင်းမှာ သူမအတွက် သည်းခံနိုင်ရန် ခက်ခဲလှသည်ပင်။

“ဘာလဲ .. ဂုဏ်သရေရှိရှိ အရိုက်ခံလိုက်ရတာကို မကျေမနပ်ဖြစ်နေသေးတာလား .. အဲဒီနေ့တုန်းက မင်းကတိကို မင်း ဖျက်ပြီးတော့ ဖုန်းဝူနောက်ကျောကို ဓားနဲ့ထိုးခဲ့တယ် .. သူ့ကို စကားလုံးကြမ်းကြမ်းတွေပြောပြီးတော့ စော်ကားနေတဲ့အချိန်တုန်းက မင်း ဘာတွေ တွေးခဲ့လဲ .. အခုရော မင်း ဘာသင်ခန်းစာတွေရပြီလဲ..”

ရှီဟောင်သည် တစ်ဖက်လူအား မျက်နှာသာပေးမည်မဟုတ်ပေ။ ထို့အပြင် သူသည် သူမအား ဖုန်းခနဲမြည်အောင်ပင် ကန်လိုက်သေးသည်။

ကျင်းယီ ညည်းတွားလိုက်သည်။ ထိုကန်ချက်ကြောင့်သူမခန္ဓာကိုယ် တစ်ဝက်လုံး ထုံကျဉ်သွားလေပြီ။

တစ်ချိန်တည်းမှာပင် သူမလက်သီးများကို တင်းကြပ်စွာ ဆုတ်မိသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် သူမ၏ နတ်ခွန်အားများကို မပိတ်လိုက်သောကြောင့်ပင်။

ဤသည်မှာ သူမအား ပျော်ရွှင်စေသကဲ့သို့ ဒေါသလည်း ထွက်စေသည်။ သူ သတိမထားမိတာလား.. သတိမထားမိတာတော့ သေချာပေါက် မဖြစ်နိုင်ဘူး .. ဤသည်မှာ သူမပြန်လုပ်မည်ကို ကြောက်မနေခြင်းပင်။ ထို့ကြောင့် အလုပ်ရှုပ်ခံပြီး သူမအား ချိတ်ပိတ်မထားခြင်းပင်။ မည်သူကများ သူမအား ဤကဲ့သို့ ဆက်ဆံရဲသနည်း..

ကျင်းယီ မျက်နှာပျက်သွားရသည်။ ထို့နောက် သူမသည် ရှီဟောင်အား သေစေလောက်သည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် “ရှင်က အဆင့်နိမ့်နယ်မြေကလာတာ .. စီရင်စုသုံးထောင်ကလူထက် ဘာမှမပိုဘူး .. ရှင် သေချာစဉ်းစားသင့်တယ် .. ကျွန်မနဲ့ ရန်ငြိုးရန်စရှိတာက ရှင့်အတွက် ဘာမှကောင်းမှာ မဟုတ်ဘူး..’

သူမ သေချာမပြောသော်လည်း သူမသည် ကောင်းကင်ဘုံကိုးခုတွင် ရှေးဟောင်းမိသားစုများထဲမှ တစ်ခုဖြစ်သည့် ရွှေမိသားစုမှ လာသည့်သူဖြစ်ကြောင်း ပြောလိုက်ခြင်းပင်။
[AN: ကျင်းယိထဲက ကျင်းက ရွှေကို ပြောတာပါ]

ရှီဟောင်သာ သူမကို ခက်ခဲအောင် ဆက်လုပ်နေမည်ဆိုပါက သူမ လက်တုံပြန်ရမည်ပင်။ ဤသည်မှာ ရှေးဟောင်းမိသားစုတစ်ခုလုံး၏ ဒေါသကို ဆွလိုက်သည်နှင့် အတူတူပင်။

ဤသည်မှာ ဗြောင်ကျကျခြိမ်းခြောက်လိုက်ခြင်းပင်။

“မင်းက ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးလွန်းနေသလို ငါ့ကို အထင်သေးလွန်းနေပြီ” ထိုသို့ပြောပြီးသည်နှင့် ရှီဟောင်သည် ခွေးသေကောင်ကို ကန်သကဲ့သို့ သူမအား ဖုန်းကနဲ ထပ်ကန်လိုက်လေ၏။

“မင်းင့ါကို ဒီလိုမျိုး ဆက်ဆံရဲတယ်..” ကျင်းယီ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ .. ကျင်းကလန်က အကြီးကြီးဲ .. မင်းလိုမျိုး မရင့်ကျက်တဲ့ လူပမွှားလေးအတွက် ကောင်းကင်နတ်ဘုရားကျောင်းကို အာခံမယ်လို့ မင်းထင်နေတာလား .. ငါက အခု ကောင်းကင်နတ်ဘုရားကျောင်းရဲ့ တပည့်ပဲ..” ရှီဟောင်ပြောလိုက်သည်။

သူ မပြောရသေးသည့် အခြားအရာများလည်း ရှိသေးသည်။ သူသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်အပြင် လက်ရှိလောက၏ပညာများတွင်လည်း အဆုံးစွန်ထိ ရောက်နေလေပြီ။

ဤကဲ့သို့သော အောင်မြင်မှုများ ရှိနေသည့်သူကို ကောင်းကင်နတ်ဘုရားကျောင်းက ဘယ်လိုလုပ် စွန့်ပစ်နိုင်မည်နည်း .. သူတို့သည် သူ့အား အပင်ပေါက်လေးတစ်ပင်ကဲ့သို့ ပြုစုစောင့်ရှောက်မည်ပင်။ အပင်ပေါက်လေးမှာ သူတစ်ယောက်တည်းမဟုတ်လျှင်ပင် သူသည် အရေးအကြီးဆုံးလူပင်။

“ရှင် .. မလာခဲ့နဲ့..” ကျင်းယီ၏အသံမှာ တုန်ခါနေလေပြီ။ သူမ အရှုံးပေးချင်နေလေပြီ။

သို့သော်လည်း ရှီဟောင်သည် သူမအား အရေးမစိုက်ပဲ သူ၏ခြေထောက်များကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။ ထို့နောက် ဖုန်းဟူသည့်အသံနှင့်အတူ သူမအား လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။ သူမ၏ခန္ဓာကိုယ်မှာ ကျောက်တုံးကြီးနှင့် တိုက်မိသွားကာ ကျောက်တုံးကြီးပင် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေ၏။

ကျင်းယီ၏အခြေအနေ ဆိုးရွားနေလေပြီ။
” အဆင့်နိမ့်နယ်မြေက ခေါင်းပါးတဲ့နေရာကနေ လာတဲ့ ရှင်က ကောင်းကင်ဘုံကိုးခုမှာ ဘာမှမဟုတ်ဘူးဆိုတာ ရှင် သိလာလိမ့်မယ် .. ရှင် သေရပါစေတော့လို့ တောင်းဆိုရလောက်တဲ့အထိ ရှင့်ကို ကျွန်မကလန်က လုပ်လိမ့်မယ်..” သူမ စူးဝါးစွာပင် အော်ဟစ်လိုက်လေသည်။

ဤလူ ရပ်တန့်မည်မဟုတ်ကြောင်း သူမ သိသည်။ ထို့ကြောင့်ပင် ကျောင်းမှ အကြီးအကဲတစ်ယောက်ယောက်ကြားသွားရန်အတွက် သူမအော်ဟစ်ရုံသာ တတ်နိုင်တော့သည်။

ဖူး..

ရှီဟောင် လက်မြှောက်လိုက်သည်နှင့် ကြီးမားလှသည့် လက်ဝါးကြီးတစ်ဖက် ပေါ်လာသည်။ ရှီဟောင်သည် ထိုလက်ဝါးဖြင့်ပင် သူမအား လွင့်ထွက်သွားအောင် ရိုက်လိုက်လေ၏။
“မင်းက ခေါင်ပါးတဲ့နေရာက လူကိုတောင် မနိုင်တဲ့ဟာကို ဘာတွေများ စိတ်ကြီးဝင်နေတာလဲ .. သနားစရာကောင်းလောက်အောင်ကို အားနည်းနေတာပဲ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“ရှင်ကမှ သနားစရာကောင်းတဲ့သူ .. ရှင်ကမှ ဝမ်းနည်းပူဆွေးနေရတဲ့သူ..” ကျင်းယီ ဒေါသတကြီး ပြောလိုက်၏။

“ငါက ဖုန်းဝူအတွက် လက်စားချေပေးတာ .. အတိုးနည်းနည်းလေး ပိုယူပေးတာ..” ရှီဟောင် ကျင်းယီနားသို့ တိုးလာကာ ပြောလိုက်၏။

ရွှီး..

ရုတ်တရက်ပင် ကျင်းယီ၏လက်မြှောက်လာကာ ထာဝရမြူပါနေသည့် တောက်ပသည့်အလင်းတန်းတစ်ခု ထွက်လာလေသည်။ သူမသည် ရှီဟောင်အား ချက်ချင်း တိုက်ခိုက်လိုက်သည်။

ကျင်းယီ၏နှုတ်ခမ်းထောင့်တွင် အေးစက်လှသည့်အပြုံးတစ်ခု ရှိနေလေသည်။ သူမသည် ဒေါသထွက်ချင်ယောင်ဆောင်နေပြီး ယခုကဲ့သို့ တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ခြင်းပင်။

“သတိထား..” ဖုန်းဝူ စိုးရိမ်စွာ အော်ဟစ်လိုက်သည်။ ဤအလင်းမှာ မည်မျှကြောက်စရာကောင်းကြောင်း သူမထက်ပို၍ မည်သူမှ သိမည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ၇ ရောင်စပ်ထာဝရရွှေဖြင့် ပြုလုပ်ထားသည့်မြှားပင်။ ဤမြှားထဲတွင် စွမ်းအားအကြီးဆုံး သင်္ကေတများပါဝင်နေပြီး ဤမြှားနှင့် ထိမိလိုက်သည်နှင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

ဤမြှားသည် ကျင်းယီအား လောဘတက်စေသည်။ ထို့ကြောင့်ပင် သူမသည် နည်းလမ်းပေါင်းစုံသုံးကာ ဤမြှားအား လုယူခဲ့ခြင်းပင်။ ဤမြှားကို ပြုပြင်လိုက်ပြီဖြစ်သောကြောင့် ယခုအချိန်တွင် သူမ၏ လျှို့ဝှက်ရတနာဖြစ်နေလေပြီ။ ဤသည်မှာ ထူးခြားသည့် လူသတ်လက်နက်ကြီးပင်။

ဤမြှားသည် ပိုင်ရှင်နှင့်အတူတူ အစွမ်းထက်လာသသည်ပင်။ တစ်ချိန်ကျလျှင် ဤမြှားသည် ထာဝရလက်နက်ပင်ဖြစ်သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤမြှားကိုပြုလုပ်ထားသည့်ပစ္စည်းများမှာ ကောင်းမွန်လွန်းလှသည်။

ထာဝရရွှေမြှားသည် သူ၏အရှေ့မှ ပုံရိပ်ကို ထိုးဖောက်သွားသည်နှင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အဲဒီလူငယ်လေး မြှားနဲ့အသတ်ခံလိုက်ရပြီလား..

ကျင်းယီမှာ ပျော်ရွှင်သည့်အမူအရာဖြစ်သွားလေ၏။ သူမသည် ရယ်ချင်စိတ်ကို ထိန်းမရဖြစ်နေလေ၏။ သူမမျက်လုံးထဲမှ ဒေါသတရားများလည်း ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုများ အစားထိုးဝင်လာလေပြီ။ သူမ မြေပြင်ပေါ်၌ မတ်တပ်ရပ်လိုက်သည်။

“မင်းရဲ့အပျော်တွေက နည်းနည်းစောမနေဘူးလား..” အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

ကျင်းယီ ထိတ်လန့်သွားရ၏။ မြှားဖြင့် ထိုးဖောက်ခံရလိုက်ရသည့် ပုံရိပ်မှာ ပုံရိပ်ယောင်တစ်ခုပင်။ သူမဘေးမှ ရှည်လျားသွယ်လျကာ အနောက်ဘက်တွင် လျှပ်စီးအတောင်ပံတစ်စုံရှိနေသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။

တစ်ဖက်လူ၏ အရှိန်မှာ လျင်မြန်လှသည်။ ထိုမြှားမှာ လေကိုသာ ထိုးဖောက်သွားခြင်းပင်။

ဖုန်း

ထိုလူငယ်လေးသည် သူမအား တစ်ချက်တည်းဖြင့် ဖမ်းလိုက်ပြီးနောက် ဖောင်းကနဲ သူမ မျက်နှာအား ရိုက်ထည့်လိုက်သည်။ ထို့နောက် ခြေထောက်ဖြင့် စောင့်ကန်ပြီး သူမ လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။

ယခုတစ်ကြိမ်တွင်တော့ ကျင်းယီ မတ်တပ်ပြန်မရပ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏အရိုးတော်တော်များများကျိုးသွားပြီဖြစ်ပြီး နာကျင်မှုမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။

“မင်းရဲ့ အဲဒီမောက်မာမှုတွေ ဘယ်ကနေ ရောက်တာလဲဆိုတာ ငါ တကယ်မသိတော့ဘူး..”
ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
ကျင်းယီ ရုန်းကန်နေမိသည်။ သူမသည် ဖုန်းဝူရှေ့တွင် ပြုတ်ကျသွားခြင်းပင်။ ဤသည်မှာ သူမအား အရှက်ကြီးရှက်ရစေသည်ပင်။ ယခုထက် ဘာမှပိုမဆိုးနိုင်တော့။

“ကျင်းယီ .. ရှင် ဘာလို့ ဒီလောက်ထိ လုပ်နေတာလဲ .. ရှင်အရှက်မရှိဘူးဆိုတာ ကျွန်မ သိပါတယ် .. ဒါပေမဲ့ ဒီလိုမျိုး လေးဖက်ထောက်လာပြီးတော့ ကျွန်မ ခွင့်လွှတ်မှုကို တောင်းခံဖို့မလိုဘူးလေ ဟုတ်တယ်မလား..” ဖုန်းဝူပြောလိုက်၏။ သူမ၏မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေပြီး သူမ အလွန်ပင် ပျော်ရွှင်နေလေသည်။

ဖူး..။

ဤကဲ့သို့သော် လှောင်ပြောင်မှုကို ကြားလိုက်ရသည်နှင့် ကျင်းယီ သွေးအန်သွားကာ သူမမျက်နှာလည်း ဖြူဖျော့သွားလေ၏။ သူမ မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း မြေပြင်ပေါ်သို့ ပြန်ကျသွားလေသည်။

ဖုန်းဝူထံမှ ဤကဲ့သို့ လှောင်ပြောင်ခံရခြင်းမှာ ကျင်းယီ၏မျက်နှာအား သွေးကဲ့သို့ နီရဲသွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယခင်က ဤအမျိုးသမီးကို တက်နင်းကာ စိတ်ရှိသလောက် လှောင်ပြောင်ခဲ့သည်။

ယခု တစ်ဖက်လူက သူမရှေ့တွင် ရပ်ကာ သူမအား ဤကဲ့သို့ အုပ်မိုးကြည့်နေသောကြောင့် အခြေအနေများမှာ ပြောင်းပြန်ဖြစ်သွားလေပြီ။ သူမခေါင်းထဲသို့ သွေးများ ဆောင့်တက်လာသလို ခံစားလိုက်ရပြီး သူမမျက်လုံးများလည်း နီရဲလာလေသည်။
“ငါလား .. ငါက နင့်ရဲ့ခွင့်လွှတ်မှုကို တောင်းခံတာလား .. အိပ်မက်မက်နေလိုက် .. နင့်လိုမျိုး မိန်းမရိုင်းက ကံကောင်းပြီးတော့ အဆင့်နိမ့်နယ်မြေကနေ တက်လာနိုင်တာ .. င့ါရှေ့မှာ လာပြီးတော့ မော်ကြွားနေရအောင် နင့်မှာ ဘာအရည်အချင်းတွေရှိနေလို့လဲ .. အဲဒီနေ့က ငါနင့်ကို ဘယ်လိုမျိုး အနိုင်ယူခဲ့လဲဆိုတာ နင်မေ့သွားပြီလား..” သူမ စူးရဲစွာပင် အော်ဟစ်နေတော့သည်။

ဖုန်း..

ရှီဟောင် ရောက်လာကာ သူမအား တက်နင်းလိုက်ကာ သူမအရိုးများကို ထပ်ချိုးပစ်လိုက်လေသည်။
” ဖုန်းဝူ ဘာစောင့်နေတာလဲ ..မင်းလုပ်ချင်သလောက် လုပ်ပစ်လိုက် .. မဟုတ်သေးဘူး .. မင်းခြေထောက်ကိုပဲ သုံးလိုက်..” ရှီဟောင် ပြောလိုက်သည်။

အား..

ဖုန်းဝူသည် အပြုံးလေးဖြင့်ပင် ခြေထောက်မြှောက်လိုက်ကာ ကျင်းယီအား နင်းချလိုက်လေသည်။ ကျင်းယီ ချက်ချင်းပင် သနားစဖွယ် အော်ဟစ်လိုက်သည်။ သူမ၏မျက်လုံးထဲမှ သွေးရောင်များ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူမတစ်ကိုယ်လုံးတွင် ဒဏ်ရာများရနေလေပြီ။

အပိုင်း ၁၃၇၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၄ – ငါက ဟွမ်

“တော်လိုက်တော့ .. ငါပြောစရာရှိတယ်..” ကျင်းယီ အော်ဟစ်လိုက်သည်။ သူမ သတိလစ်တော့မည်။ သူမလိုမျိုး ကောင်းကင်ပါရမီရှင်က ဘယ်တုန်းကများ ဤကဲ့သို့ အရိုက်ခံရဖူးသနည်း..

ယခုအချိန်တွင် လှပလှသည့် ခြေထောက်တစ်စုံသည် သူမအား ဆက်တိုက်ပင် နင်းချေကာ လမ်းခင်းကျောက်ဖြစ်အောင် လုပ်နေလေသည်။ သူမသည် သဲအိတ်ကဲ့သို့ ဖြစ်နေလေပြီ။

ရှီဟောင်နှင့် ဖုန်းဝူသည် သူမအား လျစ်လျူရှုကာ ရန်သူ၏ခန္ဓာကိုယ်ပေါ်တွင် ခုန်ပေါက်နေလေ၏။ သူတို့သည် ချိုသာသည့်အပြုံးများဖြင့်ပင် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ရှေ့ပြန်နောက်ပြန် လျှောက်နေကြလေသည်။

ကျင်းယီ အလွန်မုန်းတီးနေကာ မျက်နှာလည်းပျက်ယွင်းနေလေပြီ။ သူတို့တစ်လှမ်းလှမ်းလိုက်တိုင်း သူမအရိုးတစ်ချောင်း ကျိုးတော့မည်ဟု ခံစားနေရသည်။

“ဒါက ဘယ်လိုအကြည့်မျိုးလဲ .. နင် ငါ့ကို အဲဒီလောက်တောင် မုန်းနေတာလား..” ဖုန်းဝူ ခေါင်းငုံ့ကာ မေးလိုက်သည်။

ကျင်းယီ အော်ဟစ်ပစ်လိုက်ချင်သော်လည်း သူမမလုပ်ရဲ။ သူမ ခေါင်းရှင်းသွားလေပြီ။ ပို၍ခံစားရမည်ဆိုးသောကြောင့် ဤလူများကို သူမ မဆန့်ကျင်ရဲတော့ပေ။

“ဖုန်းဝူ ရှင် ကိစ္စတွေကို ဒီလောက်ထိကြီးအောင် လုပ်စရာမလိုပါဘူး .. ကျွန်မတို့နှစ်ယောက်ကြားမှာ နားလည်မှုနည်းနည်းလေး လွဲသွားတာပါ .. အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့.. ကျွန်မကို မြန်မြန်လွတ်ပေးတော့..” ရင်းနှီးသည့်ပုံစံဖြစ်စေရန်အတွက် သူမအကောင်းဆုံး ကြိုးစားလိုက်သည်။

သို့သော် သူမအသံမှာ တုန်ယင်နေလေသည်။ ဤကဲ့သို့ နှိပ်စက်မှုကို ခံစားရသည့်မည်သူမဆို စိတ်တိုမည်ပင်။ သူတို့ ခါးသီးစွာမုန်းနေသည့်လူရှေ့ အသံနှိမ့်ဖို့ကြိုးစားလိုက်ရသည့်အချိန်ကို မည်သူက လက်ခံလိုက်နိုင်မည်နည်း…

“ရှင် အံကြိတ်နေတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့် .. ရှင် ကျွန်မ အသားကိုစားပြီး သွေးကို သောက်ချင်ရလောက်အောင် မုန်းနေတာလား .. အရမ်းကြောက်စရာကောင်းတာပဲ..” ဖုန်းဝူ အပြုံးနုလေးဖြင့် ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် သူမဒေါသကို ဖောက်ခွဲပစ်နိုင်လေပြီ။ ဤရက်အတွင်းတွင် သူမသည် အတော်လေး စိတ်ဓာတ်ကျနေခဲ့ခြင်းပင်။ သူမ အရှက်ခွဲခံခဲ့ရသည့်အပြင် သူမ အသက်ပင် ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရသည်။ လက်တုံ့မပြန်နိုင်ခြင်းမှာ သူမ၏ခံစားချက်အား အတော်လေး ဆိုးရွားစေသည်ပင်။

ဘေးတစ်ဖက်တွင်ရပ်နေသည့် ချင်းရီ၏ နှုတ်ခမ်းထက်တွင် အေးစက်သည့်အပြုံးတစ်ခု ပေါ်လာသည်။ ဖုန်းဝူကို သူမ ကောင်းကောင်းသိသည်။ သူမသည် ပုံမှန်အားဖြင့် တက်ကြွကာ အကောင်းမြင်တတ်သည့်သူပင်။ သူမသည် အလွန်လည်း ကြင်နာတတ်သည့်သူ ဖြစ်၏။ သူမသာ ဤမျှအထိ ဖိအားမပေးခံရလျှင် သူမ ဤကဲ့သို့ ပြုလုပ်မည် မဟုတ်ပေ။

ကျင်းယီ မတ်တပ်ရန်နိုင်ရန်အတွက် ရုန်းကန်နေလေသည်။

သို့သော် ရှီဟောင် သူမခန္ဓာကိုယ်ထဲတွင် ချန်ရစ်ထားခဲ့သည့် စွမ်းအားမှာ ထူးဆန်းလွန်းလှသည်။ သူမ ထိုစွမ်းအားကို မချေဖျက်နိုင်။ ထိုစွမ်းအားသည် သူမခန္ဓာကိုယ်ထဲကို လှိုက်စားနေလေ၏။ ဤသည်မှာ သူမ၏အုတ်မြစ်ကို တိုက်စားနေသလိုပင်။

ဤသည်မှာ သူမကို အတော်လေး ထိတ်လန့်သွားစေသည်ပင်။ ဤကိစ္စကြောင့် သူမ တာအိုဒဏ်ရာသာရသွားပါက သူမပြန်ကောင်းလာရန်အတွက် မည်မျှပြန်ပေးဆပ်ရမည်ကို ဘုရားသာသိလိမ့်မည်။ သူမ မတုန်လှုပ်ပဲ မနေနိုင်တော့။

“မဟုတ်ဘူး .. ကျွန်မဦးညွှတ်ပါ့မယ် .. တောင်းပန်ပါတယ် .. ကျွန်မကို မြန်မြန်လွတ်ပေးပါ..” ကျင်းယီ အော်ဟစ်လိုက်သည်။ သူမခန္ဓာကိုယ်အခြေအနေကို စဉ်းစားမိလိုက်သည်နှင့် သူမချက်ချင်း အရှုံးကို ဝန်ခံလိုက်သည်။

ဖုန်း..

ဖုန်းဝူသည် ခြေထောက်မြှောက်လိုက်ကာ အနည်းငယ်ပုံပျက်နေသည့်မျက်နှာကို နင်းချလိုက်လေသည်။ “ငါမင်းကို ယုံပေးလိုက်မယ် .. ဒါပေမဲ့ ငါ့ဒေါသကို နည်းနည်းလောက် ထပ်ဖြေလိုက်ဦးမယ်..”

ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်ကြောတွင် ကျောက်တုံးများကြားတွင်ရှိနေသည့် ဝမ်ယန်သည် ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟပြထားလေ၏။ သူ၏ကြေးနီရောင် အသားအရေမှာ တောက်ပနေလေသည်။ သူ၏သွေးစွမ်းအင်များလည်း ပင်လယ်တစ်စင်းကဲ့သို့ များပြားလှသည်။ သူ အသက်ရှူသွင်းရူထုတ်လုပ်လိုက်တိုင်း သူ၏ဘေးပတ်လည်ရှိ ကျောက်တုံးကြီးများမှာ ချော်ရည်အဖြစ် အရည်ပျော်ကျသွားကာ မြေပြင်ပေါ်သို့ စီးကျလာလေသည်။

ဤသည်မှာ အသွေးအသားကို ကျင့်ကြံသည့်သူများ၏ ကြောက်စရာကောင်းသည့် တုံ့ပြန်မှုများပင်။ သူသည် အဆင့်တစ်ခုသို့ ရောက်နေလေပြီ။

ဘေးဘက်တွင်ရှိနေသည့် အပြာရောင်ဝတ်စုံနှင့် လူငယ်လေးသည် သက်ပြင်းချလိုက်ကာ “အစ်ကိုဝမ်က တကယ်ကို ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်နေပြီ .. ပြီးတော့ လက်ရှိလောကရဲ့နည်းလမ်းတွေမှာ ထိပ်ဆုံးကိုတောင် ရောက်နေပြီး ပြောင်းလဲမှုတွေဖြစ်တော့မယ် .. အစ်ကိုက အစ်ကိုနဲ့ရွယ်တူတွေထက်ကို သာသွားပြီ .. ကျွန်တော် မနာလိုဖြစ်မိပေမယ့် အစ်ကိုက ကောင်းကင်နတ်ဘုရားကျောင်းက ဒီလမ်းကြောင်းလျှောက်တဲ့သူတွေထဲမှာ နံပါတ်တစ်ပဲဆိုတာကိုတော့ ဝန်ခံပါတယ်”

“အခုထိ အဆင့်မတက်ရသေးဘူးဆိုတာ့ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး .. အောင်မြင်ပြီးသွားတဲ့ အဆင့်နိမ့်နယ်မြေက လူနှစ်ယောက်ရှိတယ်ဆိုတာ မမေ့နဲ့”

“ချောင်ယုရှင်းက ကံကောင်းပြီးတော့ ဒီနေရာကို ရောက်လာတာ အဲဒီတော့ သူ့အကြောင်းပြောဖို့ မလိုပါဘူး .. အစ်ကိုဝမ်ယန်က အနှေးနဲ့အမြန် သူ့ထက်ကျော်သွားလိမ့်မယ် .. ဟွမ်ကတော့ သူက သေလူတစ်ယောက်ထက် မပိုဘူး .. အဲဒီတော့ သူ့အကြောင်းပြောနေစရာ မလိုတော့ဘူး..” အပြာရောင်ဝတ်စုံနှင့်လူငယ်မှ ပြောလိုက်သည်။

“သေလူအကြောင်းက ပြောဖို့ မထိုက်တန်ပေမယ့် ချောင်ယုရှင်းက ဒီဘဝမှာ ဘယ်လောက်ထိအောင်မြင်မှုတွေ ရမလဲဆိုတာ ပြောဖို့ခက်တယ် .. ပြီးတော့ အစ်ကို လန်မုန့် အစ်ကိုက ကျွန်တော့်ထက်တောင် ပိုပြီးတော့ စွမ်းအားကြီးပါတယ် .. ကောင်းကင်လမ်းကြောင်းက နတ်ဝိညာဉ်တွေကို အားဖြည့်ပေးပြီးတော့ ပြန်လည်မွေးဖွားခြင်းကို လုပ်ခဲ့တာ .. ဒါက လေးစားရလောက်အောင် လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာပါ..” ဝမ်ယန်ပြောလိုက်သည်။

“ဟားဟား အစ်ကိုဝမ်ယန်က ဟာသတွေပြောနေတာပဲ .. ကျွန်တော်တို့လည်း အပြင်ထွက်ပြီးသွားကြည့်ရအောင် .. အခုလေးတင် ၇ ရောင်စပ်ထာဝရရွှေနဲ့လုပ်ထားတဲ့ မြှားတစ်ချောင်းကို တွေ့လိုက်ရတယ် .. အဲဒီမှာ တစ်ခုခုဖြစ်နေလောက်ပြီ” လန်မုန့် ပြုံး၍ ပြောလိုက်သည်။

ဝမ်ယန်သည် ခေါင်းညိမ့်လိုက်ကာ “ကျင်းယီက အဆင့်နိမ့်နယ်မြေက အမျိုးသမီးသမီးတစ်ယောက်ဆီက ထာဝရရွှေမြှားတစ်ချောင်းကို လုယူလိုက်တယ်လို့ ကျုပ်လည်းကြားတယ် .. အခု ဒီမြှားကို ပစ်လိုက်တာဆိုတော့ တစ်ခုခုဖြစ်နေလောက်တယ်..”

“မကြာသေးခင်တုန်းကပဲ ပြောနေသေးတယ်လေ .. ရှေးဟောင်းနယ်မြေက လူတစ်ချို့က ပြဿနာတွေရှာနေတာ .. အဆင့်နိမ့်နယ်မြေကလူတွ တရုန်းရုန်းလုပ်နေလားဆိုတာ ကျွန်တော်တို့သွားကြည့်သင့်တယ်..” လန်မုန့်ပြောလိုက်သည်။

သူတို့နှစ်ဦးလုံး ထိုနေရာသို့ အလောတကြီး ထွက်သွားလိုက်ကြသည်။

ယခုအချိန်တွင် ဖုန်းဝူသည် သူမ၏ဒေါသအားလုံးကို ဖွင့်ထုတ်လိုက်လေပြီ။ ကျင်းယီမှာ မျက်ဖြူလှန်နေပြီဖြစ်သည်။ သူမ သိပ်တောင့်ခံနိုင်မည် မဟုတ်တော့။

ကျင်းယီ ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး တာအိုဒဏ်ရာများလည်းရသွားသည်မှာ သိသာလှသည်။ သူမသာ သေချာမကုသရပါက သူမ ပြန်ကောင်းလာမည်ကို မေ့လိုက်၍ ရလေပြီ။ သူမ သေပင်သေနိုင်သည်။

ခန္ဓာကိုယ်ဒဏ်ရာများမှာ ဖုန်းဝူကြောင့်ဖြစ်ပြီး တာအိုဒဏ်ရာများမှာ ရှီဟောင်ကြောင့်ဖြစ်သည်။

“ရှင်တို့နှစ်ယောက်..” ကျင်းယီ၏ခန္ဓာကိုယ်ထက်ရှိ ငွေရောင်ဝတ်စုံမှာ စုတ်ပြဲနေပြီဖြစ်သည်။ သူမ ခက်ခက်ခဲခဲပင် ပါးစပ်ဟကာ ကြမ်းတမ်းသည့်စကားလုံးများ ပြောချင်လိုက်သော်လည်း ဘာမှ မပြောရဲသောကြောင့် ဤစကားလုံးများသာ ထွက်လာလေသည်။

ယခုအချိန်တွင် ရှီဟောင်သည် ဘေးပတ်လည်ကို လျှောက်ကြည့်နေပြီး သိပ်မဝေးသည့်နေရာမှ လျှောက်လာနေသည့် လူငယ်လေးကို တွေ့လိုက်ရသည်။

ဤသည်မှာ ငွေရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်လေးပင်။ သူသည် ထိုနေရာတွင် တိတ်တဆိတ်ရပ်နေပြီး သူ့လက်ထဲတွင် မြှားတစ်ချောင်းရှိနေ၏။ ဤသည်မှာ ၇ ရောင်စပ် ထာဝရရွှေမြှားပင်။

အခြားသူများလည်း ထိုနေရာသို့ ကြည့်လိုက်ကြသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် ယွမ်ထုန့်ဟူသည့်လူမှန်း အားလုံးသိကြသည်။ သူသည် ပုံမှန်အားဖြင့် ရေတံခွန်အောက်တွင်သာ ကျင့်ကြံနေပြီး ထွက်လာခဲလှသည်။

သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းကို ကျင့်ကြံထားပြီးသားဖြစ်ပြီး ယခုလောက၏ ပညာများကို ထိပ်ဆုံးထိရောက်အောင် ကျင့်ကြံရန်အတွက် ထာဝရစွမ်းအင်နှစ်ကြောင်းကို တမင်သက်သက်ပျက်ပြယ်စေလိုက်ကာ သူမ၏မူလဝိညာဉ်ကို အားဖြည့်လိုက်သည်ဟု ကောလဟာလများရှိခဲ့သည်ပင်။

ရှီဟောင် ဤလူကို မသိသော်လည်း ဤလူသည် ကျင်းယီနှင့်အတူ ရောက်လာခြင်းပင်။

“ထာဝရရွှေမြှားကို ပေးလိုက်ပါ..” ရှီဟောင် လက်ဆန့်တောင်းလိုက်သည်။

“ရပါတယ် .. ကျင်းယီကိုလည်း လွတ်ပေးလိုက်ပါ .. သူလည်းမှားတယ်ဆိုပေမယ့် သူ အပြစ်ပေးခံရပြီးပါပြီ .. အဲဒီတော့ ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့..” ယွမ်ထုန့်ပြောလိုက်သည်။

“ဒါက ကျုပ်ကိစ္စပါ .. ၇ ရောင်စပ်ထာဝရရွှေမြှားကို ပေးလိုက်တော့..” ရှီဟောင် ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဖုန်းဝူ၏လက်နက်ဖြစ်သောကြောင့် အခြားလူများ ဤပစ္စည်းကို အလဲအလှယ်အဖြစ်သုံးမည်ကို သူ မလိုချင်။

အမှန်တကယ်တွင် ဤနေရာတွင် သူကြောက်ရသည့်သူ မရှိ။ ဤနေရာတွင်ရှိနေသည့် ပြိုင်ဘက်များအားလုံးကို သူ ရှင်းပစ်နိုင်သည်။ ဘာမှဆွေးနွေးနေစရာမလိုပေ။

“တာအိုရောင်းရင်း မင်း ကျင်းယီကို လွတ်ပေးမှာလား မလွတ်ပေးဘူးလား..” ယွမ်ထုန့် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“ခင်ဗျား ကျုပ်နဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတာလား .. ကျုပ် တစ်ခြားကိစ္စတွေကို သိပ်စိတ်ဝင်မစားဘူး .. အဲဒီ ၇ ရောင်စပ် ထာဝရရွှေမြှားက အစကတည်းက ဖုန်းဝူဟာ .. မင်းဒါကို ပြန်မပေးချင်ရင် မင်း ငါနဲ့လာတိုက်လိုက်..”

“အားနည်းတဲ့သူကို အနိုင်ကျင့်တဲ့ကျင်းယီကို ကျုပ်အမြဲတမ်းဆန့်ကျင်ခဲ့တာ .. ပြီးတော့ သူ့ကိုလည်း သတိပေးထားပြီးသား .. ဒီလောကမှာ ထူးခြားတဲ့သူတွေ အများကြီးရှိတယ် .. အဲဒီတော့ သူ့ကို ဖိနှိပ်နိုင်တဲ့သူလည်း ရှိနိုင်တယ်..”
ယွမ်ထုန့် ပြောလိုက်သည်။ ထို့နောက် ရွှီးဟူသည့်အသံနှင့်အတူ မြှားကိုပစ်လွှတ်လိုက်ကာ ကျောက်တုံးကြီးတစ်တုံးတွင် စိုက်စေလိုက်သည်။ ထိုကျောက်တုံးကြီးမှာ ရှီဟောင်နှင့် အတော်လေးနီးသောကြောင့် ဤသည်မှာ ပြန်ပေးသည်ဟု ပြောနိုင်သည်ပင်။

“ကျုပ် ခင်ဗျားကို ထာဝရရွှေမြှားနဲ့ မခြိမ်းခြောက်ချင်ပါဘူး .. ဒါပေမဲ့ တာအိုရောင်းရင်း ကျင်းယီကို လွတ်ပေးဖို့ အနူးအညွတ်တောင်းပန်ချင်ပါတယ်..” သူထပ်ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်သည်နှင့် ရှီဟောင် တစ်ဖက်လူကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ လေးနက်သည့်ပုံစံကို တွေ့လိုက်ရသည့်အချိန် သူခေါင်းညိမ့်ပြလိုက်သည်။

ဖုန်း…

ရှီဟောင် ကျင်းယီအား ခပ်ဝေးဝေးရှိ ကျောက်တောင်တစ်လုံးထံသို့ ကန်ထည့်လိုက်ပြီးနောက် သူမအားလွတ်ပေးလိုက်သည်။ ကောင်းကင်နတ်ဘုရားကျောင်းမှ လူသတ်ခွင့်မပြုထားသောကြောင့်သာမဟုတ်ပါက သူ ကျင်းယီအား ရှင်းပစ်မည်ပင်။

သူသာ ဆက်နှိပ်စက်နေလျှင် ကျင်းယီ သေချာပေါက် သေသွားလိမ့်မည်။ ထိုသို့ဆိုလျှင် ကျောင်းမှ အကြီးအကဲများပါ ပါလာလိမ့်မည်။

“ပြီးတော့ ကျုပ်တို့တွေ ကိုယ်ရေးကိုယ်တာ ခံစားခချက်တွေမပါပဲနဲ့ တစ်ခါလောက် ပညာဖလှယ်ဖို့ ဒီက တာအိုရောင်းရင်းကို တောင်းဆိုချင်ပါတယ်..” ယွမ်ထုန့်ပြောလိုက်သည်။

“ရပါတယ်..” ရှီဟောင် ဤစကားသာ ပြောလိုက်သည်။

“ပထမဆုံးတော့ ထာဝရစွမ်းအင်သုံးပြီးတော့ တိုက်ခိုက်ချင်ပါတယ် .. ဘာလို့လဲဆိုတော့ ဒါက ကျုပ် ထာဝရစွမ်းအင်ကို နောက်ဆုံးအကြိမ် သုံးတာပါ .. ပြီးရင်တော့ ဒီ ထာဝရစွမ်းအင်နှစ်ကြောင်းကို ဖျက်ပစ်ပြီးတော့ လက်ရှိလောကရဲ့နည်းလမ်းတွေကိုပဲ စိတ်နှစ်ပြီးတော့ကျင့်ကြံတော့မယ် .. တာအိုရောင်းရင်းကတော့ ကြိုက်တာသုံးလို့ရပါတယ် .. ကိုယ့်ကိုကိုယ် ကန့်သတ်စရာ မလိုဘူး” ယွမ်ထုန့် ပြောလိုက်သည်။

ဤစကားများထွက်ပေါ်လာသည်နှင့် အားလုံး ဆူဆူညံညံဖြစ်သွားရသည်။ ဒီကောင်က ကိုယ်ခံပညာကို အဲဒီလောက်တောင် ရူးသွပ်တာလား .. သူက ခက်ခက်ခဲခဲ ကျင့်ကြံထားရတဲ့ သူ့ရဲ့ထာဝရစွမ်းအင်နှစ်ကြောင်းကိုတောင် ဖျက်ပစ်တော့မှာလား..

ရှီဟောင်ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ လူတစ်ယောက်သည် ဤကဲ့သို့ ပြုလုပ်နိုင်ရန် မည်မျှဆုံးဖြတ်ချက် ပြတ်သားရမည်နည်း .. ပုံမှန်ဆိုလျှင် မည်သူမျှ ဤမျှလက်လွတ်စပယ် လုပ်နိုင်မည်မဟုတ်ပေ။

သူ ဤလူကို သေချာထပ်ကြည့်လိုက်သည့်အချိန်တွင် သူ၏အသွေးအသားနှင့် အရိုးများမှာ တကယ်ထူးခြားသည်ကို တွေ့လိုက်ရသည်။ ဤလူသည် နောင်တွင် အောင်မြင်မှုများ တကယ်ရရှိနိုင်လောက်သည်။

“အရင်လှုပ်ရှားလိုက်ပါ..” ရှီဟောင်၏ အမူအရာမှာ တည်ငြိမ်နေလေသည်။ ဤကဲ့သို့ ကျင့်ကြံခြင်းကို လုံးဝစိတ်နှစ်ထားသည့်သူ၊ ပို၍အောင်မြင်ရန်အတွက် လက်ရှိအောင်မြင်မှုကို ဖြတ်တောက်ပစ်ရန် ဝန်မလေးသည့်သူကို သူလည်း အနည်းငယ် လေးစားမိသည်။

ထို့ကြောင့် ယခုအချိန်တွင် သူလည်း ထိန်ချန်မထားတော့ပေ။ သူသည် ထာဝရစွမ်းအင်သုံးကြောင်းကို အသက်သွင်းလိုက်သည်။ သူသာ အားကုန်ထုတ်မသုံးပါက ဤသည်မှာ တစ်ဖက်လူကို စော်ကားရာ ရောက်လိမ့်မည်။

“ဘာကြီးလဲ..” အားလုံး ထိတ်လန့်သွားရသည်။ သူတို့သည် သရဲတစ်ကောင်မြင်လိုက်ရသကဲ့သို့ပင်။ ဒါက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့လူငယ်လား .. သူတို့ဘာလို့ အရင်တုန်းက သူ့ကို မတွေ့ဖူးတာလဲ..

သူက ဘယ်သူလဲ..

ထိုအချိန်တွင် အားလုံး ဆွံ့အသွားရ၏။ ထိုထဲတွင် ယွင်ထုန့်လည်း ပါဝင်သည်။

သူက ဘယ်လိုတိုက်ရမှာလဲ .. သူ ဆက်တိုက်စရာမလိုတော့ .. အဘယ်ကြောင့်ဆိုသော် သူ အနိုင်ရနိုင်ချေ မရှိပေ။

ကျင်းယီ၏အမူအရာသာ အနည်းငယ် ရှုပ်ထွေးသွားလေ၏. အဘယ်ကြောင့်ဆိုသော် ဤစွမ်းအင်သုံးကြောင်းကို သူမအစောကြီးကတည်းက သတိပြုမိပြီးသားဖြစ်ပြီး သူမကိုယ်တိုင်လည်း ခံစားလိုက်ရသည်ပင်။ ရှင်တို့အားလုံးမြင်ပြီလား .. ကျွန်မက အားနည်းတာမဟုတ်ဘူး .. သူက မကောင်းဆိုးဝါးနဲ့တူတဲ့ အဆင့်လွန်လူငယ်တစ်ယောက်ဖြစ်နေတာဟု သူမ အော်ဟစ်ပစ်လိုက်ချင်မိသည်။

သို့သော်လည်း သူမ မအော်ဟစ်ပေ။ ဤသည်မှာ ရှက်စရာကောင်းလွန်းသည်ဟု ခံစားရသောကြောင့်ပင်။ သူမသည် ရိုက်ခံရပြီးသွားပြီဖြစ်သောကြောင့် သူမသာ အားလုံး စိတ်ဝင်စားသွားအောင် လုပ်မိပါက သူမပို၍ အရှက်ရလိမ့်မည်။

“မင်း .. မင်းဘယ်သူလဲ..” ဘေးနားတွင်ရှိနေသည့် သူများသည်လည်း ဤလူမှာ မည်သူမှန်း သိချင်နေကြသည်ပင်။

ကျောင်းတွင် ကျွမ်းကျင်သူအနည်းငယ်သာ ရှိပြီး ထိုသူများအားလုံးကို သူတို့မြင်ဖူးပြီးသားပင်။ ဤကဲ့သို့သော လူမျိုးတစ်ယောက်မှ မရှိ။ ဤသည်မှာ ရုတ်တရက်ပေါ်လာသည့် အဆင့်လွန်လူတစ်ယောက်ဖြစ်သောကြောင့် သူတို့အားလုံး ထိတ်လန့်သွားရသည်။

ဤနေရာတစ်ခုလုံး ဆူညံနေပြီး အားလုံးမှာ စိတ်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။

ယွမ်ထုန့် သက်ပြင်းချလိုက်ကာ သူ၏ထာဝရစွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်သိမ်းလိုက်သည်။ ထို့နောက် ပြင်းထန်သည့်တုန်ခါမှုနှင့်အတူ ထိုစွမ်းအင်များ လွင့်ပြယ်သွားကာ သူ၏အသွေးအသားနှင့် အရိုးများထဲသို့ စိမ့်ဝင်သွားလေ၏။ ယနေ့မှစကာ သူ၏ ထာဝရစွမ်းအင်များ မရှိတော့။

သူဤမျှ တည့်တိုးဆန်လိမ့်မည်ဟု မထင်ထားသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။ သူသည် ဆုံးဖြတ်ချက် ပြတ်သားလှသည်ပင်။

“ပညာဖလှယ်ဖို့အတွက် လက်ရှိလောကနည်းလမ်းတွေကို သုံးချင်ပါတယ်..” ယွမ်ထုန့် ပြောလိုက်သည်။ သူသည် ဤလမ်းကြောင်းကို အတော်လေး အာရုံစိုက်ထားသောကြောင့် သူ့ခန္ဓာကိုယ်၏တာအိုရလဒ်ကို သူစမ်းသပ်ကြည့်ချင်သည်။

ထိုစကားကိုကြားလိုက်သည်နှင့် ရှီဟောင်သည် ခေါင်းညိမ့်လိုက်ကာ သူ၏စွမ်းအားအကြီးဆုံး ပုံစံကို ပြသလိုက်သည်။

ဝုန်း…

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ဝိုက် တောက်ပသည့် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး ရွှေရောင်နေမင်းကြီးဖြစ်ပေါ်လာသည်။ သူသည် ထိုနေမင်းကြီးအလယ်တွင် ရပ်နေသောကြောင့် ပြိုင်ဘက်ကင်းသည့် စစ်နတ်ဘုရားကဲ့သို့ဖြစ်နေသည်။

ဤသည်မှာ သူ့ကို ပညာများအားလုံးထံမှ ကာကွယ်ပေးထားသည့် အလင်းလုံးကြီးပင်။

“ဒါက .. ဘာကြီးလဲ..” အားလုံး ထိတ်လန့်သွားရသည်။ ထိုအလင်းလုံးထဲမှ လူကို ကြည့်ကာ သူတို့အသက်ရှူရခက်ခဲလာသည်။ ကြောက်ရွံ့မှုကို ခံစားလိုက်ရကာ သူ့အား ဒူးထောက်ဦးညွှတ်ချင်လာကြသည်။

“ကောင်းကင်လမ်းကြောင်းတစ်ခု .. ဒါက .. ကောင်းကင်လမ်းကြောင်း ၁၀ ခုကို တစ်ခုတည်းအဖြစ် ပြောင်းလိုက်လို့ ရလာတဲ့ တာအိုအသီးအပွင့်လား..” ယွမ်ထုန့်၏အသံများပင် တုန်ယင်နေလေပြီ။

ထို ကောင်းကင်လမ်းကြောင်းထဲတွင်ရှိနေသည့် ထိုပုံရိပ်ကိုကြည့်ပြီး သူ၏မျက်လုံးများတောက်လောင်လာသည်။ သူသည် နတ်ဘုရားတစ်ပါးကို ကြည့်နေသကဲ့သို့ပင် တုန်ယင်စွာဖြင့် အရှေ့သို့ လျှောက်လာလေသည်။ သူသည် ဤလူကို ထိတွေ့ချင်မိသည်။ သူသည် ဒူးထောက်မတတ်ပင်ဖြစ်နေလေပြီ။

“ဟုတ်တယ်..” ရှီဟောင် ပြန်ဖြေလိုက်၏။

“ကောင်းကင်လမ်းကြောင်းတစ်ခု .. လက်ရှိလောကရဲ့ပညာကို ထိပ်ဆုံးထိရောက်အောင် ကျင့်ကြံထားလို့ ရလာတဲ့ တာအိုအသီးအပွင့်လား..”

“ဘုရားရေ .. သူက တကယ်ပဲ ဘယ်သူလဲ .. သူက ဘယ်လိုလုပ် ဒီအဆင့်ကို ရောက်နေတာလဲ .. အောင်မြင်ခဲ့တဲ့လူက အဲဒီလူတစ်ယောက်တည်းရှိတာမဟုတ်ဘူးလား..”

အချို့လူများ ချက်ချင်းပင် အော်ဟစ်လာကြသည်။ ကျင်းယီ၏အမူအရာမှာ ပို၍ပင် ပျက်ယွင်းလာခဲ့သည်။

“ဒီက တာအို ရောင်းရင်းက ဘယ်သူလဲဆိုတာ မေးလို့ရမလား..” ယွမ်မုန့် မေးလိုက်၏။ သူ၏ စံပြပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ သူ၏မျက်လုံးများ တောက်ပနေလေသည်။

“ကျုပ်က ဟွမ်…” ရှီဟောင် ပြန်ဖြေလိုက်၏။

“ဘာ .. သူက ဟွမ် .. ကောင်းကင်လမ်းကြောင်း ၁၀ ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့လမ်းကြောင်းကို လျှောက်ခဲ့တဲ့သူ..”

“ဘုရားရေ .. သူ မသေသေးဘူးလား .. သူ အသက်ရှင်နေတုန်းပဲ..”

“ဒီလူက ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားတယ် .. ပြီးတော့ ကောင်းကင်လမ်းကြောင်းတစ်ခုလည်း ရှိတယ် .. ငါကိုယ်တိုင် မျက်လုံးနဲ့ မြင်ခဲ့ရတာ..”

အပိုင်း ၁၃၇၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၅ – လိုအင်ဆန္ဒ

ဟွမ် .. သူ မသေသေးဘူးလား..

ဤနေရာတွင် နေရာတိုင်း၌ ဆွေးနွေးသံများဖြင့် ဆူညံလာသည်။ ရှီဟောင် ပြန်ပေါ်လာခြင်းမှာ လူများစွာကို ထိတ်လန့်သွားစေသည်။

အားလုံးသည် သူ့ခန္ဓာကိုယ်အား ဝန်းရံထားသည့် အလင်းအတားအဆီးကို ကြည့်လိုက်ကြသည်။ ဤသည်မှာ တစ်ခုတည်းသော ကောင်းကင်လမ်းကြောင်းပင်။ ဤသည်မှာ လူတစ်ယောက်၏အရပ်ထက် အနည်းငယ်ရှည်ပြီး မည်သည့်ပညာကိုမဆို ခုခံနိုင်သည်။

“သူက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့အပြင် လက်ရှိလောကရဲ့နည်းလမ်းမှာလည်း ထိပ်ဆုံးရောက်နေတယ် .. သူက တကယ်ကို အားလုံးအထက်မှာ ရှိနေတာပဲ..”

မျက်လုံးများစွာမှာ တောက်လောင်နေလေ၏။ သူတို့အတွက်တော့ ဤသည်မှာ ဤလမ်းကြောင်း၏စွန့်ဦးတီထွင်သူပင်။ ကောင်းကင်လမ်းကြောင်းနယ်ပယ်တွင် အဆင့်တက်ချင်သူများ၏ မျက်လုံးများမှာ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေလေသည်။ သူတို့ ရှီဟောင်ထံသို့ ပြေးလာချင်နေကြလေသည်။

သို့သော်လည်း ဤလူငယ်ကို ကြောက်သောကြောင့် သူတို့ မလာရဲကြ။ သူတို့သာ သူ့ကို ရန်စသလိုဖြစ်သွားပါက ဤသည်မှာ ပျော်ရွှင်ခြင်းမှ ဝမ်းနည်းခြင်းသို့ ကူးပြောင်းသွားလိမ့်မည်။

လူအများစုအတွက်တော့ ဤသည်မှာ သက်ရှိထင်ရှားရှိနေသည့် ဒဏ္ဍာရီလာသက်ရှိကြီးပင်။ သူတို့သာ ရှီဟောင်ထံမှ အကြံအနည်းငယ်ယူနိုင်ပါက ဤသည်မှာ ဘိုးဘေးများရေးထားခဲ့သည့်စာများထက် အဆပေါင်းများစွာ ပိုကောင်းလိမ့်မည်။

ဤကဲ့သို့ပင်ဖြစ်နေပြီဖြစ်သောကြောင့် ယွမ်ထုန့်ကဘယ်လိုလုပ် စိန်ခေါ်နိုင်တော့မည်နည်း.. သူသည် ရှီဟောင်အား အလွန်လေးစားနေသည်။ အဘယ်ကြောင့်ဆိုသော် ဤလမ်းလျှောက်လေလေ အဆင့်တက်ရန်အတွက် မည်မျှခက်ခဲသည်ကို သူ သိလေလေပင်။ သူ၏အရှေ့မှ ဤလူငယ်လေးမှာ ဤခက်ခဲမှုကို လုပ်နိုင်သွားလေပြီ။ ဤသည်မှာ လေးစားစရာကောင်းလွန်းလှသည်။

“ကျုပ် ခင်ဗျားဘေးကနေ လိုက်လို့ရမလား..” ယွမ်ထုန့်ပြောလိုက်၏။ သူသည် အနည်းငယ်လည်း ရှက်ရွံ့နေသည်။

“ခင်ဗျား မလိုက်တာ ပိုကောင်းလိမ့်မယ်လို့ ကျုပ် ထင်တယ် .. ခင်ဗျားမှာ ခင်ဗျား ကိုယ်ပိုင်လမ်းကြောင်းရှိပြီးသားပဲ .. အလေးအမြတ်ကျောင်းက ခင်ဗျားအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ..” ရှီဟောင် ပြောလိုက်သည်။

ယွမ်ထုန့် စိတ်ပျက်သွားရသည်။ သူသည် ရှီဟောင်ထံမှ လမ်းညွှန်မှု တကယ်လိုချင်သည်။ သူ့အား ဆရာတစ်ယောက်အဖြစ် လေးစားရမည်ဆိုလျှင်ပင် ကိစ္စ မရှိ။

“ခင်ဗျားမှာ မေးခွန်းတွေရှိရင် ကျုပ်တို့ အတူတူဆွေးနွေးလို့ရတယ်” ရှီဟောင် ပြုံး၍ ပြောလိုက်သည်။

ယွမ်ထုန့် အလွန်ပျော်ရွှင်သွားရသည်။ တစ်ဖက်လူမှာ ဆွေးနွေးမည်ဟုပြောသော်လည်း သူ့အဆင့်မှာ ထိုမျှထိ မရောက်သေး။ ပညာပေးသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်။ သူသည် ဤစကား၏အဓိပ္ပာယ်ကို နားလည်လိုက်သောကြောင့် ရှီဟောင်အား ချက်ချင်းပင် အရိုအသေပေးလိုက်လေသည်။

ယခုအချိန်တွင် ဤထင်းရှူးတောကြီးမှာ ပြန်လည်ငြိမ်းချမ်းသွားလေပြီ။ သူတို့ပြောသည့်စကားများကို ကြားလိုက်ရသည်နှင့် လူအချို့မှာ မျှော်လင့်ချက်သန်းလာလေ၏။ သူတို့လည်း ရှီဟောင်၏လမ်းညွှန်မှု ရယူလိုသည်။

“ခင်ဗျား သူ့ကိုခေါ်သွားသင့်ပြီ .. ကျုပ်သူ့ကို နောက်တစ်ခေါက် ထပ်မမြင်ချင်ဘူး..” ရှီဟောင် ကျင်းယီကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

တောင်တစ်ခုလုံး ပြိုကျသွားပြီဖြစ်ပြီး ကျင်းယီသည် တောင်ခြေတွင် လဲကျနေလေသည်။ သူမ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူမ၏ငွေရောင်အဝတ်အစားများလည်း စုတ်ပြတ်နေလေပြီ။ ဆံပင်များလည်း ဖရိုဖရဲဖြစ်နေပြီး အလွန်ပင် အခြေအနေဆိုးနေလေပြီ။ သူမ ပြန်ကောင်းချင်ပါက မည်မျှပင် ပေးဆပ်ရမည်ကို မည်သူသိနိုင်မည်နည်း.. တာအိုဒဏ်ရာများကြောင့် သူမ သေပင်သေသွားနိုင်သည်။

ယခုအချိန်တွင် သူမ အမူအရာမှာ အလွန်ရှုပ်ထွေးနေလေ၏။ ဤလူသာ ဟွမ်မှန်း သူမ သိလျှင် သူမ ဤလူကို ရှောင်မည်ပင်။ ဘာကိစ္စရှိရှိ ဤလူနှင့် တိုက်ခိုက်မည်မဟုတ်။

ကိစ္စများကို အစအဆုံး ပြန်တွေးမိသွားသည့်အချိန်တွင် သူမ၏ဦးရေပြားများပင် ထုံကျဉ်သွားသလိုပင်။ သူမသည် ဤလူကို စိန်ခေါ်ခဲ့သည်။ ကြည့်ရသည်မှာ သူမ အသက်ရှင်ရတာ ပင်ပန်းခဲ့သည်ထင်သည်။

ယခုအချိန်တွင် အခြားသူများလည်း သူမအားကြည့်ကာ ဤကဲ့သို့ တွေးနေကြသည်ပင်။ သူမသည် ချက်ချင်းပင် မျက်နှာကြီးနီရဲလာလေ၏။ ဤလူငယ်လေးနှင့် တိုက်ခိုက်လိုက်ခြင်းမှာ သူ အသက်မရှည်ချင်သည့်လုပ်ရပ်ပင်။

ယွမ်ထုန့်သည် ကျင်းယီအား ပွေ့လိုက်ပြီးနောက် ရှီဟောင်ကို နှုတ်ဆက်ကာ ထွက်သွားလိုက်လေသည်။

ယခုအချိန်တွင် ဤနေရာမှာ အလွန်တည်ငြိမ်နေလေပြီ။ လူများသည် ရှီဟောင်နှင့် ကျင်းယီကို တစ်လှည့်စီကြည့်နေကြလေ၏။ ဤသည်မှာ ကျင်းယီအား အလွန်အရှက်ရစေသည်ပင်။

ရုတ်တရက်ပင် လေတိုးသံများ ထွက်ပေါ်လာပြီးနောက် တောက်ပသည့်နေမင်းကြီးဆင်းသက်လာသည်။ ထို့နောက် အပြာရင့်ရောင်အလင်းတန်းတစ်ခုလည်း ရောက်ရှိလာလေ၏။

ဤသည်မှာ လူသားပုံရိပ်နှစ်ခုပင်။

သူတို့ထဲမှ တစ်ယောက်သည် ခန္ဓာကိုယ်အပေါ်ပိုင်းကို လှစ်ဟပြထားလေသည်။ သူ၏ဆံပင်များလည်း ဖြန့်ချထားကာ သူ၏ခန္ဓာကိုယ်မှ ယောက်ျားဆန်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်ပင်။

“ဝမ်ယန်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။ ဤအချိန်တွင် သူ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာလိမ့်ဟု သူတို့ မထင်ထားခဲ့ပေ။

အခြားတစ်ယောက်သည် အပြာရောင်အဝတ်အစားများဝတ်ဆင်ထားပြီး ကျက်သရေရှိလှကာ ထူးခြားသည့် နတ်တာအိုခံစားချက်တစ်မျိုး ပေးနေသည်။

“လန်မုန့်..” တစ်စုံတစ်ယောက်မှ တီးတိုးရေရွတ်လိုက်သည်။ ဤလူမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။ သူ၏ကျင့်ကြံဆင့်မှာ ဝမ်ယန်အထက်တွင်ရှိနေသည်။

သူတို့နှစ်ဦးလုံး အတူတကွ ရောက်လာကြခြင်းဖြစ်ပြီး နှစ်ဦးလုံးမှာ ယခုမှ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသကဲ့သို့ အသက်စွမ်းအင်များ ထွက်ပေါ်နေသည်။ သူတို့နှစ်ဦးလုံးကို နတ်အလင်းရောင်အလွှာတစ်ခု ဖုံးအုပ်နေသောကြောင့် သူတို့ကို ပို၍ထူးခြားစေသည်ပင်။

ဝမ်ယန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှီဟောင်နှင့်သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ကျောက်တုံးတွင် စိုက်နေသည့် ၇ ရောင်စပ်ထာဝရရွှေမြှားကို တွေ့ပြီးသားပင်။ ထိုမြှားသည် ၇ ရောင်စပ်အလင်းများတောက်ပနေပြီး ထာဝရမြူများလည်း ထုတ်လွှတ်နေသည်ပင်။ ဤမြှားမှာ ပစ်ချက်မရှိပေ။

ဤကဲ့သို့သော အဖိုးတန်သည့်ရတနာမှာ အဝေးမှကြည့်လျှင်ပင် ဤသည်မှာ ထူးခြားကြောင်း ချက်ချင်းသိနိုင်သည်ပင်။

မြှားထိပ်ဖူးဖြစ်စေ အရိုးတိုင်ဖြစ်စေ နှစ်ခုလုံးကို ထာဝရရွှေဖြင့် ပြုလုပ်ထားသည်ပင်။

လန်မုန့်မျက်လုံးလည်း အရောင်တောက်ပလာလေ၏။ ဤကဲ့သို့သော ရတနာမျိုးကို တွေ့လိုက်ရသည့်အချိန်တွင် စိတ်မလှုပ်ရှားသည့်သူ ရှိမည်မဟုတ်။

သူတို့နှစ်ဦးလုံးသည် ၇ ရောင်စပ်ထာဝရရွှေမြှားမှ အကြည့်ဖယ်လိုက်ပြီး သူ့ဘေးမှ လူငယ်လေးကို ကြည့်လိုက်သည်။ ထို့ကြောင့် လူတွဲပေးထားရသည့် ကျင်းယီကို ကြည့်ကာ သူတို့ထိတ်လန့်သည့်ပုံစံဖြစ်သွားလေ၏။

ကျင်းယီပင် ရှုံးနိမ်သွားသောကြောင့် ဤလူငယ်လေးမှာ မရိုးရှင်းပေ။

ဤနေရာမှာ အလွန်တိတ်ဆိတ်နေလေသည်။ ဤနှစ်ဦး ရောက်လာခြင်းမှာ လေထုမှာ အနည်းငယ်ထူးဆန်းသွားစေသည်ပင်။

“မင်းက တော်တော်လေးကို အရည်အချင်းရှိတာပဲ .. ကျင်းယီကိုတောင် နိုင်တယ် .. မင်းက ၇ ရောင်စပ်ထာဝရရွှေမြှားကို လုယူဖို့ ကြိုးစားနေတာလား..” လန်မုန့်ပြောလိုက်သည်။

သူ ဤမြှားကို တကယ်လိုချင်လှသည်။ အထူးသဖြင့် ယခုအချိန်တွင် ပိုင်ရှင်မရှိသလိုမျိုး ကျောက်တုံးကြီးတွင် စိုက်နေသည်။ ဤသည်မှာ သူဝင်နှောက်ယှက်ရန်အတွက် အကြောင်းပြချက်ကောင်းပင်။

ဘေးပတ်လည်တွင်ရှိနေသည့် သူများအားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြ၏။ လန်မုန့်က ဒီထာဝရမြှားကို လုယူဖို့ ကြိုးစားနေတာလား..

“ဘာမှကြိုးစားမနေနဲ့ .. ဒီမြှားက ခင်ဗျားဟာ မဟုတ်ဘူး..”ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါကို ကျုပ်မပိုင်ဘူးဆိုတော့ ခင်ဗျားဟာလား .. ကျုပ်မှတ်မိတာတော့ ဒါက ကျင်းယီလက်နက်ပါ .. သူရှုံးသွားတယ်ဆိုရင်တောင်မှ ဒါက မင်း ဒီလက်နက်ကို ယူလို့ရတယ်လို့ မဆိုလိုဘူးလေ..” လန်မုန့်ပြောလိုက်သည်။

“ဒါက ကျုပ်ဟာမဟုတ်ဘူး .. ဖုန်းဝူဟာ .. သူ့ပိုင်ရှင်အမှန်ကို ပြန်ပေးရမှာ..” ရှီဟောင် သူ့အား ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ဖုန်းဝူ .. အဆင့်နိမ့်နယ်မြေက အမျိုးသမီးလား..” လန်မုန့် အံ့အားသင့်သည့်အမူအရာဖြစ်သွားလေ၏။ သူ့ကိုကြည့်ရသည်မှာ ဤသည်အား သိပ်အလေးမထားသည့်ပုံပင်။ “မင်းလည်း အဆင့်နိမ့်နယ်မြေက လာတာလား .. သူ့အတွက် လက်စားလာချေတာလား..”

တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူပြန်စဉ်းစားကြည့်လိုက်သည်။ သူသိသည့်ကျွမ်းကျင်သူများထဲတွင် ဤကဲ့သို့သော လူမျိုးမရှိ။ သရဖူ ၁၀ ခုဘုရင်နှင့် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိတို့သည် စီရင်စုသုံးထောင်မှ မဟုတ်ပေ။ နျင်ချွမ်းသည်လည်း ဤကဲ့သို့ ပုံစံမျိုးမဟုတ်။

စွမ်းအားကြီးသည့်သူများကို စဉ်းစားပြီးသည့်နောက်တွင် သူ့ကို တားဆီးနိုင်သည့်သူမရှိဟု ယုံကြည်သည်။ ဤလူသည် ကျင်းယီထက် ပို၍စွမ်းအားကြီးသော်လည်း သူ၏ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ပေ။ အဆင့်နိမ့်နယ်မြေတွင် ‘ထူးချွန်’ သည့်သူများမရှိပေ။

“ဟုတ်တယ် .. ကျုပ်က အဆင့်နိမ့်နယ်မြေကလာတာ .. ဖုန်းဝူအတွက် ဖြေရှင်းချက်တောင်းဖို့ ဒီကိုရောက်လာတာ .. အဲဒါကြောင့်မို့လို့ အခုလေးတင် တိုက်ပွဲတစ်ခု ဖြစ်သွားတာ .. ခင်ဗျားပြောချင်တာရှိသေးလား..” ရှီဟောင် တည်ငြိမ်စွာ မေးလိုက်သည်။

ဤလူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည့် လောဘကြီးမှုများကို သူမြင်ပြီးသွားလေပြီ။ ဤလူသည် သေချာပေါက် ကောင်းမွန်သည့်ရည်ရွယ်ချက်နှင့် ရောက်လာခြင်း မဟုတ်ပေ။

“အဆင့်နိမ့်နယ်မြေက လာတာလား..” လန်မုန့် ခေါင်းမော့ပြီး မေးလိုက်သည်။ “အဆင့်နိမ့်နယ်မြေတွေကနေ ဒီပေါ်ကို တက်လာဖို့ မလွယ်ဘူး .. မင်း ကိုယ့်ကိုကိုယ်တန်ဖိုးထားသင့်တယ် .. မင်းက ဘာလို့ ဒီနေရာမှာ ဒီလိုမျိုး ရန်သူတွေ လာလုပ်နေတာလဲ..” သူ တစ်ဖက်လူကို ကြည့်ပြီး ပြောလိုက်သည်။

ရှီဟောင် အနည်းငယ် ဆွံ့အသွားရ၏။ သူက ဒီလူသင်ခန်းစာပို့ချပေးတာကို လိုအပ်နေလို့လား .. ဤသည်မှာ သူ၏အဆင့်မြင့်ကြောင်း ပြသနေခြင်းပင်။

သူ အေးစက်စွာပင် ရယ်မောလိုက်ချင်သည်။ ဒီလူက အခြေအနေတွေကို နားမလည်သေးဘူးပဲ .. သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ .. သူ ဟွမ်မှန်းသိသွားလျှင်တော့ သူသေချာပေါက် ဤကဲ့သို့ လုပ်နေမည်မဟုတ်။

“မမလေးကျင်းယီ .. မင်း ဒီလူလက်ထဲမှာ ခံလိုက်ရတာလား .. ငါတို့နှစ်ယောက်လုံးက ကောင်းကင်ဘုံကိုးခုကနေလာတာဆိုတော့ ငါဘေးဘက်ကနေ ရပ်ကြည့်မနေနိုင်ဘူး .. မင်းအတွက် ဖြေရှင်းချက်ပြန်တောင်းပေးမယ် .. ဒီထာဝရတာအိုလက်နက်ကို သူ့လက်ထဲ ထည့်ပေးလိုက်လို့ မဖြစ်ဘူး..” လန်မုန့်က ကျင်းယီအား ကြည့်၍ပြောလိုက်သည်။

သူ ၇ ရောင်စပ်ထာဝရရွှေမြှားအတွက် လုပ်နေခြင်းဖြစ်သည်မှာ သိသာလှသည်ပင်။

အားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြလေ၏။ လန်မုန့် ဘာလုပ်ချင်နေတာလဲ .. သူက ဟွမ်လက်ထဲကနေ ၇ ရောင်စပ်ထာဝရရွှေမြှားကို လုယူချင်နေတာလား .. သူ အသက်ရှင်ရတာ ပျင်းနေလို့လား..

သူ စွမ်းအားကြီးသည်ကို အားလုံးသိကြသည်။ သို့သော်လည်း သူသည် သေချာပေါက် ဟွမ်၏ပြိုင်ဘက် မဟုတ်ပေ။ ဤလူငယ်လေးသည် လက်ရှိလောက၏နည်းလမ်းတွင်ဖြစ်စေ ရှေးဟောင်းနည်းလမ်းတွင်ဖြစ်စေ ကောင်းကင်နတ်ဘုရားကျောင်းတွင် ထူးခြားသည့်တပည့်တစ်ယောက်ပင်။ သူ အနိုင်ယူနိုင်မည့်သူတစ်ယောက် မဟုတ်။

လန်မုန့် စကားကိုကြားလိုက်သော်လည်း ကျင်းယီသည် အမူအရာကင်းမဲ့စွာဖြင့်ပင် “ရှင် ကြိုက်တာလုပ်လို့ရတယ် .. ရှင် သူ့ကိုနိုင်ရင် အဲဒီမြှားက ရှင့်ဟာပဲ .. ကျွန်မမလိုချင်တော့ဘူး..”

ထိုစကားကို ကြားလိုက်သည်နှင့် လူများစွာ ဆွံ့အသွားရ၏။ ကျင်းယီမှာ အတော်ေလး ရက်စက်လှသည်။ ဤသည်မှာ သူ လန်မုန့်အား ထောင်ချောက်ဆင်နေခြင်းပင်။

အချို့သူများသည် အစက လန်မုန့်အား သတိပေးချင်သော်လည်း ကျင်းယိ ဤကဲ့သို့ပြောလိုက်သည့်အချိန်တွင် သူတို့အားလုံး ပါးစပ်ပိတ်လိုက်ကြရသည်။

အချို့သူများမှာ စိတ်ပင်လှုပ်ရှားလာကြလေသည်။ ဟွမ် လန်မုန့်အား မည်ကဲ့သို့ ရိုက်မည်ကို စိတ်ဝင်စားစွာ စောင့်မျှော်နေကြလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး လက်ရှိလောကပညာများအား ကျင့်ကြံနေကြခြင်းပင်။ တစ်ချိန်ကျလျှင် သူတို့အားလုံး ပြိုင်ဘက်များဖြစ်လာမည်ဖြစ်ပြီး အထူးချွန်ဆုံးသူများသာ အလေးအမြတ်ကျောင်းသို့ ဝင်ခွင့်ရလိမ့်မည်။ လန်မုန့်သာ ဤနေရာတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပါက သူတို့အတွက် အခွင့်အရေးပိုများနိုင်သည်ပင်။

“ဟား ဟား..” လန်မုန့် ရယ်မောလိုက်သည်။
” ငါတို့နှစ်ယောက်လုံးက ကောင်းကင်ဘုံကိုးခုက လူတွေဆိုတော့ ငါတို့တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့ .. စိတ်မပူပါနဲ့ .. ငါတိုက်ခိုက်ပေးမယ် .. ဒီလျှို့ဝှက်ရတနာကို အဆင့်နိမ့်နယ်မြေကလူ ယူသွားမှာကို ခွင့်မပြုနိုင်ဘူး..”

ဤစကားကြားသည်နှင့် အားလုံး၏အမူအရာများ ပြောင်းလဲသွားကြသည်။ အားလုံးမှာ သူ့အတွက် စိုးရိမ်သွားကြသော်လည်း သူ့အား မည်သူမှ သတိပေးခြင်းမရှိ။

ကျင်းယီ အပြုံးတုတစ်ခု တပ်ဆင်လိုက်ကာ ခေါင်းညိမ့်ပြလိုက်သည်။ သို့သော်လည်း သူမ အပြစ်ရှိစိတ် အနည်းငယ် ခံစားလိုက်ရသည်။ သူမ ရှီဟောင်အား ခိုးကြည့်လိုက်သည့်အချိန်တွင် ရှီဟောင်လည်း သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သူမအား ချက်ချင်းပင် ချွေးစေးများပြန်သွားစေသည်ပင်။

“ယွမ်ထုန့် .. ကျုပ် ခင်ဗျားကို အပြစ်တင်တာတော့မဟုတ်ဘူး .. ဒါပေမဲ့ ကောင်းကင်ဘုံကိုးခုက မင်းရဲ့တာအိုရောင်းရင်းက အနိုင်ကျင့်ခံရတဲ့အချိန်မှာ မင်းက ဘာလို့ ဘာမှမလုပ်တာလဲ .. မင်း ရဲရဲရင့်ရင့် ရှေ့ထွက်လာပြီးတော့ သူ့အတွက် ရပ်တည်ပေးသင့်တယ်..” လန်မုန့် ယွမ်ထန့်ကို ကြည်ပြီး ပြောလိုက်သည်။

ယွမ်ထုန့်၏မျက်နှာမှာ အမူအရာကင်းမဲ့နေလေသည်။ သူ ဘာမှမပြောချင်။ လန်မုန့် သေသေရှင်ရှင် သူနှင့်ဘာမှ မဆိုင်။ သူ ဝင်မပါချင်။

“ခင်ဗျားကို ကြည့်ရတာ ကျုပ်ကို နိုင်မယ်လို့ ထင်နေတဲ့ပုံပဲ .. ခင်ဗျားက ဒီ ၇ ရောင်စပ်ထာဝရရွှေမြှားနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား..” ရှီဟောင် ပြောလိုက်သည်။

“ဟား ဟား ကောင်းကင်ဘုံကိုးခုမှာ ဘယ်သူမှ မင်းလိုမျိုး လွန်လွန်ကျူးကျူး မလုပ်ဘူး .. မင်း ကျွမ်းကျင်သူ တစ်ယောက်၊ နှစ်ယောက်ကို နိုင်ရင် နိုင်လိမ့်မယ် .. ဒါပေမဲ့ ဒီမှာ ရှေးဟောင်းမိသားစုအများကြီးရှိတယ် .. ဒီနေရာက မင်းစိတ်ကြိုက် လုပ်ချင်သလို လုပ်လို့ရတဲ့နေရာမဟုတ်ဘူး..” လန်မုန့်ထူးမခြားနားစွာ ပြောလိုက်သည်။

“ဥပမာအားဖြင့် .. မင်းက င့ါကို သိမ်းတော့မှာလား..” ရှီဟောင်မေးလိုက်သည်။

“ဟုတ်တယ်..” လန်မုန့် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူသည် ဝမ်ယန်ဘက်သို့ လှည့်ကြည့်လိုက်ကာ “တာအိုရောင်းရင်း .. သူ့ကို ဖိနှိပ်ဖို့ ကူပေးပါဦး”

“၇ ရောင်စပ်ထာဝရရွှေမြှားကို သူ ယူသွားလို့မရဘူး .. မင်း တိုက်လိုက် .. ငါ ဒီနေရာကို စောင့်ကြည့်ပေးထားမယ် .. သူ ထွက်ပြေးဖို့ကြိုးစားရင် ငါ သူ့ကို တိုက်လိုက်မယ်..” ဝမ်ယန် ခေါင်းညိမ့်လိုက်သည်။

“မင်းရဲ့ခန္ဓာကိုယ်တစ်ပိုင်းကို ပြထားတော့ မင်းက တော်တော်လေး စွမ်းအားကြီးပြီးတော့ ရဲရင့်တဲ့ပုံပေါ်တယ် .. မင်းက ရိုးသားတဲ့သူလို့ထင်နေတာ .. မင်းဒီလိုမျိုး လောဘကြီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. လူတစ်ယောက်ကို ပုံပန်းသွင်ပြင်ကြည့်ပြီးတော့ ဆုံးဖြတ်လို့မရဘူးပဲ .. မင်းတို့နှစ်ယောက် အတူတူတိုက်လို့ရတယ် .. မင်းတို့ထဲက တစ်ယောက် င့ါကို နည်းနည်းလောက် ဒဏ်ရာရအောင် လုပ်နိုင်ရင်ကို ဒီ၇ ရောင်စပ်ထာဝရရွှေမြှားက မင်းတို့အပိုင်ဖြစ်သွားပြီ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“ငါ မင်းကို ကောင်းကောင်းကိုင်တွယ်ပေးမယ်..” လန်မုန့်ပြောလိုက်သည်။ ထို့နောက် ချက်ချင်းပင် တိုက်ခိုက်လာလေ၏။

ဝမ်ယန်သည်လည်း စွမ်းအားကြီးသည့် သွေးစွမ်းအင်ထုတ်လွှတ်ကာ အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ၊

အားလုံးဆွံ့အသွားရကာ ဘာပြောရမှန်းပင် မသိတော့။ သို့သော်လည်း သူတို့စိတ်ထဲတွင်တော့ ကြိတ်ဝမ်းသာနေကြလေပြီ။ ဖြစ်လာမည့်မြင်ကွင်းများကို မြင်ချင်လှလေပြီ။

အပိုင်း ၁၃၇၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၆ – ရှင်းလင်းခြင်း

လန်မုန့်၏ မူလနေရာတွင် မှုန်ဝါးဝါးအရိပ်လေးသာ ကျန်ခဲ့ပြီး ရှီဟောင်၏မြင်ကွင်းထဲမှ ရုတ်တရက်ပျောက်ကွယ်သွားလေသည်။

ဖုန်း..

လန်မုန့် သူ၏ညာလက်ကို မြှောက်လိုက်သည်နှင့် အလွန်တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး သူ၏လက်မှာ ရွှေရောင်ကျောက်တုံးကြီးဖြစ်သွားလေသည်။ ဤသည်မှာ ခမ်းနားကြီးကျယ်ကာ နာမည်ကြီးသည့်အဖိုးတန်ပညာပင်။

စွမ်းအားမှာ ကြီးလွန်းလှသောကြောင့် လေဟာနယ်ပင် တုန်ခါလာလေ၏။ ဤနေရာတစ်ခုလုံးလည်း ပြင်းထန်စွာ လှုပ်ခတ်လာသည်။

လန်မုန့်မှာ ဟွမ်၏ပြိုင်ဘက်မဟုတ်သည်ကို သိကြသော်လည်း ဤမြင်ကွင်းမှာ သူတို့အား အနည်းငယ် ထိတ်လန့်သွားစေဆဲပင်။ ဤလူ၏လက်သီးချက်မှာ လွှမ်းမိုးနိုင်လွန်းလှသည်။

ဤစွမ်းအားမှာ ကြောက်စရာကောင်းလွန်းလှသည်။ အခြားသူများသာဆိုပါက ပြာမှုန့်များဖြစ်သွားသည်အထိ အရိုက်ခံရလိမ့်မည်ပင်။ ထိုရွှေရောင်ကျောက်လက်ဝါးကြီးပေါ်တွင် အလွန်ရှုပ်ထွေးလှသည့် အရိုးစာသားများစွာရှိနေသည်။

လန်မုန့် နှာခေါင်းရှုံ့လိုက်၏။ ရွှေလက်ဝါးမှာ တကယ်ကို ထူးဆန်းလှပြီး ဤသည်မှာ သူ ယခင်က ကျင်းယီနှင့် ပညာဖလှယ်တုန်းက သုံးခဲ့သည့်ပညာပင်။ ထိုအချိန်တုန်းက သူသည် ဤပညာဖြင့် ကျင်းယီ သွေးအန်သွားအောင် လုပ်ခဲ့ခြင်းပင်။

ဤလူငယ်လေးမှာ ကျင်းယီထက် စွမ်းအားကြီးသော်လည်း ဤမျှစွမ်းအား မကြီးနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ဤလူမှာ သရဖူ ၁၀ ခုဘုရင် သို့မဟုတ် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ မဖြစ်နိုင်။

သို့သော်လည်း သူသည် စိတ်ပျက်သွားစေရန် ကံပါလာပြီးသားပင်။

ရှီဟောင်သည်လည်း သူ့ကိုရိုက်ရန် လက်မြှောက်လာသောကြောင့် သူ သတိမထားမိသေးပေ။

“ဒီလိုမျိုး သတိလက်လွတ်နေပြီးတော့ င့ါကို အနိုင်ယူချင်နေသေးတာလား..” သူအေးစက်စွာပင် ရယ်မောလိုက်လေ၏။

လန်မုန့် အော်ဟစ်လိုက်သည်နှင့် သူ၏ရွှေလက်ဝါးမှာ ပို၍ပင် ကြီးမားလာသည်။ သင်္ကေတများလည်း အဆပေါင်းများစွာ ပိုများလာလေသည်။ သူသည် တစ်ချက်တည်းဖြင့် အနိုင်အရှုံးပေါ်ရန် ဆုံးဖြတ်ထားသောကြောင့် သူ၏အတွင်းဝိညာဉ်စွမ်းအားအနည်းငယ်ကိုပင် အသုံးပြုလိုက်လေသည်။

ဤလူငယ်လေးမှာ ကျင်းယီကိုပင် အနိုင်ယူထားသောကြောင့် သူသည် ညှာတာမနေတော့ပေ။

ဝုန်း..

ကျယ်လောင်လှသည့်အသံထွက်ပေါ်လာကာ ရွှေရောင်အလင်းများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထိုအလင်းများနှင့်အတူ ညည်းတွားသံတစ်ခုလည်း ပါလာလေ၏။ နှုတ်ခမ်းနှင့် နှာခေါင်းမှ သွေးများစီးကျနေသည့်သူတစ်ယောက် လွင့်ထွက်သွားလေသည်။

အနောက်ဘက်မှ စောင့်ကြည့်နေသည့် ဝမ်ယန်သည် အစက တည်ငြိမ်နေသော်လည်း ယခုအချိန်တွင် သူ၏နှုတ်ခမ်းများတွန့်လိမ်နေကာ လန်မုန့်အစားပင် နာကျင်လာရသည်။

အဘယ်ကြောင့်ဆိုသော် ကြီးမားလှသည့် မြေကြီးရောင်လက်ကြီးတစ်ဖက်ကြောင့် လန်မုန့် ချက်ချင်းလွင့်ထွက်သွားသည်ပင်။ ဤသည်မှာ ယင်ကောင်တစ်ကောင် အရိုက်ခံလိုက်ရသကဲ့သို့ပင်။

အား..

လန်မုန့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ခပ်ဝေးဝေးတွင်ရှိနေသည့် တောင်တစ်လုံးနှင့် တိုက်မိသွားသောကြောင့် ကျောက်တုံးများ ကောင်းကင်ထက်သို့ လွင့်တက်သွားကာ သစ်ပင်များလည်း ရှုပ်ပွသွားသည်။ မီးခိုးနှင့် ဖုန်မှုန့်များပင် ထွက်လာလေ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေပြီး အရိုးများပင် ကွဲထွက်တော့မည်။

သူအနည်းငယ် ဆွံ့အနေသည်။
ဘာဖြစ်သွားတာလဲ .. ရှေးခေတ်နွားထီးကြီးတစ်ကောင် အခွေ့ခံလိုက်ရသလို သူ ခံစားလိုက်ရသည်။ သူ့အရိုးများ ဘယ်နှစ်ချောင်းပင် ကျိုးသွားမှန်း မသိ။

ထို့အပြင် သူ၏ရင်ဘတ်ကြီး ချိုင့်ဝင်သွားကာ သူ၏အတွင်းအင်္ဂါများလည်း ထိခိုက်သွားရသည်။ သူ၏ခန္ဓာကိုယ်တစ်လက်မ မကျန် နာကျင်နေပြီး သွေးများလည်း စီးကျနေလေပြီ။

ဤသည်မှာ ရယ်စရာကောင်းလွန်းလှသည်။ နွားကြီးတစ်ကောင် ဝင်ခွေ့ရင်တောင် ဒီလိုမျိုး မဖြစ်လောက်ဘူးလေ ဟုတ်တယ်မလား .. သူ နတ်ဆိုးဆင်ကြီးတစ်ကောင် တက်နင်းခံလိုက်ရသလိုပင်။

အခြားသူများလည်း ဆွံ့အသွားကြသည်။ ဤသည်မှာ ရှီဟောင် စွမ်းအားကြီးသည်ကို မသိကြသောကြောင့်မဟုတ်ပေ။

ဤသည်မှာ အလွန်စွမ်းအားကြီးသည့်ကျင့်ကြံသူ လန်မုန့်ပင်။ သူသည် စွမ်းအားကြီးသည့်အဖိုးတန်ပညာတစ်ခုကို အသုံးပြုကာ ရဲတင်းစွာဖြင့် အရှေ့သို့ ပြေးထွက်သွားခြင်းပင်။ သို့သော်လည်း သူသည် တစ်ချက်တည်းဖြင့် ဤကဲ့သို့လွင့်ထွက်သွားအောင် ရိုက်ခံလိုက်ရသည်။

လန်မုန့်မပြောနှင့် အခြားသူများပင်လျှင် ဤမြင်ကွင်းကိုမြင်ပြီး ပြောစရာစကားများ ပျောက်ရှသွားသည်ပင်။

“အား..” လန်မုန့် အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး မီးတောက်များလည်း ထွက်ပေါ်လာသည်။ သူ ကျောက်ပုံများကြားမှ ထရပ်လိုက်သည်နှင့် သူ၏အော်ရာမှာ ပို၍စွမ်းအားကြီးလာလေ၏။

ဖီးနှစ်တစ်ကောင် မီးတောက်များကြားမှ ပြန်လည်မွေးဖွားလာသကဲ့သို့ သူ၏ခန္ဓာကိုယ်အရိုးမှ ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာကာ လျင်မြန်စွာပင် ပြန်ဆက်သွားလေ၏။ ကောင်းကင်နတ်ဘုရားအဆင့်၏ စွမ်းအားများကို ပြသကာ သူ၏အသွေးအသားများလည်း ပြန်လည်ဖြစ်ပေါ်လေပြီ။

ဤကျင့်ကြံဆင့်တွင် လူတစ်ယောက်သည် သူ၏ခြေလက်များကို ပြန်လည်ဖန်တီးနိုင်သည်။ ထို့အပြင် သူ၏အခြေအနေများမှာ ဤမျှမဆိုးရွားသေးပေ။

“မင်း ဘယ်သူလဲ .. ငါ မင်းကို အထင်သေးမိသွားပြီ .. ဒီကိစ္စ မပြီးသေးဘူး..” လန်မုန့် မျက်လုံးများ နီရဲလာသည်။ သူ၏ဘေးပတ်လည်၌ ကောင်းကင်လမ်းကြောင်း ၁၀ ခု ထွက်ပေါ်လာလေ၏။ ထိုလမ်းကြောင်းတစ်ခုစီတိုင်းတွင် ပိုးအိမ်လေးထဲ၌ ရစ်ပတ်ခံထားရသည့် အခြေတည်စ ဝိညာဉ်လေးတစ်ခုစီ ရှိနေသည်။

ဤသည်မှာ ကောင်းကင်လမ်းကြောင်း နယ်ပယ်နှင့် ဝိညာည်ပြောင်းလဲခြင်းနယ်ပယ်ကို ပေါင်းထားခြင်းပင်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဤလူထံတွင် သူ့အား လေးနက်သွားစေသွားနိုင်သည့် အကြံဉာဏ်တစ်ချို့ ရှိနေသည်ပင်။

“သတ်..”

လန်မုန့် ကျယ်လောင်စွာ အော်ဟစ်ကာ သူ၏ဝှက်ဖဲကို အသုံးပြုလိုက်သည်။ အားလုံးရှေ့တွင် ဤကဲ့သို့ အရှက်ခွဲခံလိုက်ရခြင်းမှာ သူ့အား အလွန်အရှက်ရစေသည်။

ကောင်းကင်လမ်းကြောင်း ၁၀ ခုထွက်ပေါ်လာကာ ဖြစ်တည်စဝိညာဉ်များလည်း ပျံသန်းထွက်လာကြသည်။ ပိုးအိမ်များကို ဖောက်ထွက်လာခြင်းဖြစ်သောကြောင့် တောက်ပသည့်အလင်းတန်းများလည်း ထွက်ပေါ်လာသည်။

ထို့နောက်တွင် ပိုးကောင်အိမ်အားလုံးမှ ဖြစ်တည်စဝိညာဉ်များထွက်ပေါ်လာကာ မျက်လုံးများ ဖွင့်လာကြလေ၏။ ဝိညာဉ်အားလုံးမှာ ခံ့ညားလှသည်ပင်။ သူတို့သည် ရှေးဟောင်းဘုရားကျောင်းများတွင်ရှိနေသည့် နတ်ရုပ်တုများကဲ့သို့ပင် တင့်တယ်ကာ ခံ့ညားလှသည်။

ဝုန်း..

ဤနတ်ပုံရိပ်များ မျက်လုံးဖွင့်လိုက်သည်နှင့် လျှပ်စီးတန်းများ ထွက်လာသကဲ့သို့ အလွန်တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မှော်တံဆိပ်များပြုလုပ်ကာ ရှီဟောင်ကို တိုက်ခိုက်လာလေ၏။

“စတေးခြင်းစွမ်းအား..” ရှီဟောင် ထိတ်လန့်သွားရသည်။ ရက်စက်သည့်စွမ်းအားတစ်ခုကို ရှီဟောင်ခံစားနေရသည်။ လန်မုန့်ပြုလုပ်လိုက်သည့် အခြေတည်စဝိညာဉ် ၁၀ ခုမှာ ဆင့်ခေါ်နည်းတစ်မျိုးကဲ့သို့ပင်။ ဤသည်မှာ ဤအခြေတည်စဝိညာဉ်များကို အသုံးပြု၍ ရှေးဟောင်းသက်ရှိများကို ဆင့်ခေါ်လိုက်သလိုပင်။

“မင်းအခု သွားသေလို့ရပြီ..” လန်မုန့်အော်ဟစ်လိုက်သည်။ သူကျင့်ကြံထားသည့် ထာဝရစွမ်းအင်ကိုလည်း အသက်သွင်းလိုက်လေပြီ။ ဤသည်မှာ ဤဝိညာဉ် ၁၀ ခုအား ပူဇော်နေသကဲ့သို့ပင်။

ဝိညာဉ် ၁၀ ခုသည် ထူးဆန်းကာ စွမ်းအားကြီးသည့်ခွန်အားကို ပြသလာသည်။ ဤစွမ်းအားမှာ လေဟာနယ်မှ စုစည်းလာခြင်းပင်။ ဝိညာဉ်များမှာ လောကကြီး၏ အခြားအဆုံးတစ်ဖက်မှရောက်ရှိလာခြင်းပင်။

ဤသည်မှာ ဂိုဏ်းခေါင်းဆောင်ဘိုးဘေး ၁၀ ယောက် အသက်ဝင်လာသကဲ့သို့ပင်။

ရှီဟောင် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ပြီး ထိုနေရာတွင် မလှုပ်မယှက်ရပ်နေလေသည်။ သူ၏ဦးခေါင်းထက်တွင် တာအိုပန်းပွင့် ၃ ပွင့် ပေါ်လာကာ ရှေးဟောင်းကျမ်းစာသံများလည်း ထွက်ပေါ်လာလေ၏။

တာအိုပန်းပွင့်သုံးပွင့်သည် ထိန်လင်းစွာပင် တောက်ပနေပြီး သဘာဝဥပဒေသများလည်း ထွက်ပေါ်နေကာ နတ်ချိန်းကြိုးများလည်း ရောယှက်နေသည်။

ထိုတစ်ခဏတွင် ဤနေရာတစ်ခုလုံး နတ်အလင်းများဖုံးလွှမ်းသွားသလိုပင်။ ထာဝရမြူများထွက်ပေါ်လာကာ ရောင်စုံအလင်းတန်းများလည်း ထိုဝိညာည် ၁၀ ခုကို လွှမ်းခြုံသွားလေသည်။

အား..

လန်မုန့် အော်ဟစ်နေလေသည်။ သူသည် ဤလူငယ်လေးကို ဖိနှိပ်နိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် သူ၏စွမ်းအားအကြီးဆုံး နည်းလမ်းကို အသုံးပြုလိုက်ခြင်းပင်။ သို့သော် ဤလူငယ်လေးသည် သူ၏ဝိညာဉ် ၁၀ ခုကို လုံးဝဖျက်ဆီးပစ်လိုက်ပြီး သူ၏ကောင်းကင်လမ်းကြောင်း ၁၀ ခုပင်လျှင် ပေါက်ကွဲလုနီးပါး အက်ကွဲလာလေပြီ။

ဖုန်း..

လန်မုန့် လွင့်ထွက်သွားပြီး သူ၏ကောင်းကင်လမ်းကြောင်း သုံးခုမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားလေပြီ။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။

သူ၏အသားအရေ ဖြူဖျော့နေပြီဖြစ်ပြီး သူ မတ်မတ်ပင် မရပ်နိုင်တော့။ ဤဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည်။ သူကောင်းကင်လမ်းကြောင်းများကို ပြန်တည်ဆောက်ချင်လျှင် အလွန်ခက်ခဲသွားလေပြီ။ ယခုအချိန်တွင် သူသည် အသက်ရှင်နေရသည်ထက် သေသာသေလိုက်ချင်တော့သည်။

“ကြည့်ရတာ ရှင် ထာဝရရွှေမြှားကို မယူနိုင်တော့ဘူးထင်တယ်” ကျင်းယီသည် သူ၏ကံဆိုးမှုအား ဝမ်းမြောက်နေလေ၏။ လန်မုန့်သည် သူမအား ကူညီချင်သောကြောင့်မဟုတ်ပဲ ရတနာကို လောဘတက်၍ တိုက်ခိုက်သည်ကို သူမ သိသည်ပင်။

လန်မန့် သွေးအန်နေသည်မှာ ဘယ်လောက်ရှိနေပြီမှန်းတောင် မသိတော့။ ကျင်းယီ၏စကားကြောင့် သူသည် ဒေါသထွက်သွားကာ ဝေါကနဲ ထပ်အန်ချလိုက်ပြန်သည်။ ဒီမိန်းမက ရက်စက်လွန်းတယ် .. သူ့ကိုတောင် ထောင်ချောက်ဆင်ရဲတယ်..

ဤလူငယ်လေး၏ ဦးခေါင်းထက်တွင် တာအိုပန်းပွင့်သုံးပွင့်ရှိနေသောကြောင့် ဤသည်မှာ အဆင့်လွန်လူငယ်ပင်။ လန်မုန့်က ဘယ်လိုလုပ် သူ့ပြိုင်ဘက်ဖြစ်နိုင်မည်နည်း.. သူအလေးအမြတ်ကျောင်းသို့ဝင်ရောက်ပြီး အဆင့်တက်မှသာလျှင် သူ့ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည်။

ကျင်းယီသည် သူ့အား မပြောပြသည့်အပြင် ထာဝရရွှေမြှားသွားယူကာ သူ့အား အားပေးနေသေးသည်။ လန်မုန့်သည် သူ့ကိုယ်သူ လူပြက်တစ်ယောက်ဟုပင် ခံစားလိုက်ရသည်။

“မင်း .. ယုတ်မာတဲ့မိန်းမ..” လန်မုန့် ကျင်းယီအား အော်ဟစ်လိုက်သည်။

“ရှင့်ဘာသာရှင် လောဘတွေတက်နေတာလေ..” ကျင်းယီ အေးစက်စွာ ရယ်မောလိုက်သည်။

“ပြီးတော့ ခင်ဗျား .. ခင်ဗျားဘာလုပ်ချင်လဲ..” ရှီဟောင် ဝမ်ယန်ရှေ့ လျှောက်လာပြီး မေးလိုက်သည်။

“ကျုပ် .. ကျုပ်က ခင်ဗျားရဲ့ ပြိုင်ဘက်မဟုတ်ဘူး..” ဝမ်ယန် တိုးညှင်းစွာ ပြောလိုက်သည်။

ယခုအချိန်တွင် သူ့ခေါင်းလည်း ငုံ့ကျနေလေပြီ။ ရှီဟောင်နှင့် မျက်နှာချင်းဆိုင်လိုက်ရသည့်အချိန်တွင် သူ၏ ဘဝင်မြင့်သည့်အပြုအမူများအားလုံး ပျောက်ကွယ်သွားလေပြီ။ သူ ဘာမှ ထပ်မပြောရဲတော့။

“ကျုပ်တို့ မတိုက်ကြည့်ပဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ .. ဒီထာဝရရွှေမြှားကို ကောင်းကင်ဘုံကိုးခုမှာ ထားခဲ့ရမယ်လို့ ခင်ဗျားပြောခဲ့တာ မဟုတ်ဘူးလား .. ဒါပေမဲ့တစ်နေ့ကျရင်တော့ ကျုပ် ဒါကို အဆင့်နိမ့်နယ်မြေကို ပြန်သယ်သွားမှာပဲ..” ရှီဟောင် ပြောလိုက်သည်။

ဝမ်ယန်၏မျက်နှာမှာ အလွန်ရုပ်ဆိုးနေလေပြီ။ ဤဘေးပတ်လည်မှ လူအုပ်ကြီးကို သူ မုန်းလာသည်။ သူတို့အား မည်သူမှ သတိမပေးခဲ့ကြ။

“ခင်ဗျား ထာဝရစွမ်းအင်မသုံးရင် ကျုပ်ခင်ဗျားနဲ့ တိုက်ချင်ပါတယ်..” နောက်ဆုံးတော့ ဝမ်ယန် ဤကဲ့သို့ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အခြေအနေများမှာ ဤအထိပင် ရောက်နေပြီဖြစ်သောကြောင့် သူ မတိုက်ခိုက်လျှင် သူ့မျက်နှာ ဘယ်နားသွားထားရတော့မည်နည်း..

“မင်းကြိုက်သလို လုပ်လို့ရတယ်..” ရှီဟောင် ထာဝရစွမ်းအင်သုံးကြောင်းကို ပြန်သိမ်းလိုက်ကာ ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်လာလိုက်သည်။

ဤသည်ကို မြင်သည်နှင့် ဝမ်ယန်၏မျက်လုံးများမှ အေးစက်သည့်လျှပ်စီးများထွက်ပေါ်လာကာ ရူးသွပ်မှုတစ်မျိုးလည်း ထွက်ပေါ်လာ၏။ တာကျိုးသွားသကဲ့သို့ သူ၏ခန္ဓာကိုယ်မှ အော်ရာများထွက်ပေါ်လာလေ၏။ ဤသည်မှာ ချောက်နက်ကြီးထဲမှ နဂါးအစစ်တစ်ကောင် ထွက်ပေါ်လာသလိုပင်။

ထိုအချိန်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတစ်ခုလုံးကို ယန်စွမ်းအားများဖုံးလွှမ်းသွားပြီး လေဟာနယ်ကြီးပင် အရည်ပျော်လုမတတ်။ ဘေးပတ်လည်ရှိတောင်များမှာ ချော်ရည်များအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ရှီဟောင်ပင်လျှင် အနည်းငယ် ထိတ်လန့်သွားရ၏။ ဤလူ၏သွေးစွမ်းအင်မှာ အတော်လေးပင် စွမ်းအားကြီးလှသည်။ သူနှင့် မယှဉ်နိုင်သော်လည်း အလွန်အံ့အားသင့်စရာ ကောင်းနေဆဲပင်။

ဤစွမ်းအားများမှာ ဝမ်ယန်၏ သွေးစွမ်းအင်များမှ ထွက်ပေါ်လာခြင်းပင်။ သူ၏လက်များကို ဝေ့ရမ်းလိုက်ပြီး မှော်တံဆိပ်များပြုလုပ်လိုက်ကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာလေသည်။

ရှီဟောင် ထိုနေရာ၌သာ မလှုပ်မယှက်ရပ်နေလေ၏။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းပြင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ တစ်ခုတည်းသော ကောင်းကင်လမ်းကြောင်းပင်။ သူသည် ထိုနေရာတွင်သာ ရပ်နေပြီး ဝမ်ယန် ကမူးရှူးထိုးလာနေသည်ကို ခွင့်ပြုထားလိုက်သည်။

ဝုန်း..

ကောင်းကင်ကြီး လှုပ်ခတ်သွားကာ ကမ္ဘာမြေကြီး လှုပ်ရှားသွားလေ၏။ အဆုံးမရှိသည့် မှော်တံဆိပ်များ, အဖိုးတန်ပညာများနှင့် အရိုးစာသားများ ထွက်ပေါ်လာကာ ရှီဟောင်ကို တိုက်ခိုက်လာသော်လည်း ရှီဟောင်မှာ အကောင်းပကတိအတိုင်းပင်။ အနည်းငယ်မျှပင် ဒဏ်ရာမရ။

ဤကောင်းကင်လမ်းကြောင်းမှာ နည်းလမ်းအားလုံးမှ ကာကွယ်ပေးနိုင်သည်ပင်။

ဝမ်ယန်သည် ပါးစပ်အဟောင်းသားဖြစ်သွားကာ သူ၏မျက်နှာထက်တွင်လည်း ခါးသီးသည့်အမူအရာများ ဖြစ်ပေါ်နေလေပြီ။ ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ သူ လွင့်ထွက်သွားလေသည်။ ကောင်းကင်လမ်းကြောင်းကြီးလည်း တောက်ပလာလေ၏။

သူဒဏ်ရာပြင်းထန်စွာ ရရှိသွားကာ ထိုကောင်းကင်လမ်းကြောင်းမှာ သူ့အရိုးများစွာကို ချိုးပစ်လိုက်သသည်။

ယခုအချိန်တွင် ဝမ်ယန်ဖြစ်စေ လန်မုန့်ဖြစ်စေ သူတို့နှစ်ဦးလုံး စိတ်ထဲ၌ ခါးသီးနေကြသည်။ ယခုတစ်ကြိမ်တွင် သူတို့ ထောင်ချောက်ဆင်ခံလိုက်ရသောကြောင့် ထိုကျင်းယီကို သူတို့သတ်ပစ်ချင်နေကြသည်။

အားလုံးမှာ ဟာသကြီးပင်။ သူတို့က ဘယ်လိုလုပ် ဤလူကို စိန်ခေါ်နိုင်မည်နည်း .. ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းပင်။

ယွမ်ချင်း မူလရှေးဟောင်းမိုင်းတွင်းသို့ ပို့လိုက်သော်လည်း မသေပဲ အသက်ရှင်လျက်ပြန်လာနိုင်သည့်သူကို သူတို့ ဘယ်လိုလုပ် အနိုင်ယူနိုင်မည်နည်း..

“အဲဒီ ထာဝရစစ်မြေပြင်က လူက ခင်ဗျားလား ကျုပ်သိချင်တယ်..” ဝမ်ယန် ဤအခြေအနေကို လက်မခံနိုင်ပဲ မေးလိုက်သည်။

သူသည် သားရဲတစ်ကောင်ကဲ့သို့ အမြင်စူးရှလှပြီး တစ်ခုခုကို သတိပြုမိသွားသည်ပင်။

“ဟုတ်တယ်..” ရှီဟောင် ခေါင်းညိမ့်ကာ သူ့စကားများကို အသိအမှတ်ပြုလိုက်သည်။

“ဝမ်ရှီးဘေးက တစ်ယောက်က မင်းလား..” ဝမ်ယန် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

“ဟုတ်တယ်..”

ထိုအချိန်တွင် ဝမ်ယန်မပြောနှင့် လန်မုန့်၊ ယွမ်ထုန့်၊ ကျင်းယီနှင့် အခြားသူများပင် ဆွံ့အသွားရသည်။ သူတို့အသိဝင်လာကာ အားလုံးနားလည်သွားကြလေပြီ။

သူက ဟွမ် မဟုတ်ရင် ဘယ်သူဖြစ်နိုင်တော့မှာလဲ..

“ခေါင်းသုံးလုံးဘုရင်နဲ့ လေဟာနယ်သားရဲကိုသတ်လိုက်တယ်ဆိုတာ အမှန်တွေပဲ .. ဒါကို ဟွမ်လုပ်ခဲ့တာ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ယခင်က လူများစွာ သံသယဝင်နေကြသည်။ ဤသည်ကို ဝမ်ရှီး၏နောက်လိုက်လုပ်လိုက်သည်ဆိုသည်ကို မယုံကြည်ကြ။ သို့သော် ယခုတော့ သူတို့အားလုံး နားလည်သွားလေပြီ။

ဤလူမှာ ဟွမ်ပင်။

နောက်ဆုံးတွင် သူသည် ဝမ်မိသားစုကိုပင် ဆန့်ကျင်ခဲ့သည်။

အပိုင်း ၁၃၇၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၇ – အတူတကွ တွေ့ဆုံခြင်း

ဟွမ် ရောက်လာပြီ .. ဤသတင်းမှာ ဤတောင်ကြောတစ်ခုလုံး၌ ချက်ချင်းပင် ပျံ့နှံ့သွားလေသည်။

သီးသန့်ကျင့်ကြံမနေသည့်သူများအားလုံး ဤသတင်းကို သိလိုက်ရသည်။ လက်ရှိလောက၏ပညာများကို ကျင့်ကြံသည့်သူများမှာ မနည်းလှသောကြောင့် ဤနေရာတစ်ခုလုံး ဆူဆူပူပူဖြစ်လာလေသည်။

ဖုန်းဝူနေထိုင်သည့်နေရာ၌ လူများပိုများလာကြသည်။ ဟွမ်သည် မည်ကဲ့သို့သော ပုံစံမျိုးဖြစ်သည်ကို အားလုံး သိချင်နေကြသည်။ ဤနေရာတွင်ရှိနေသည့်သူများမှာမူ ရောက်လာသည့်သူများ၏ မေးမြန်းခြင်းကို ခံနေရလေ၏။ အားလုံးမှာ ဘာဖြစ်ခဲ့သလဲဟုသာ မေးမြန်းနေကြခြင်းပင်။

သို့သော်လည်း ယခုအချိန်တွင် ဟွမ်သည် ဤနေရာမှ ပျောက်ကွယ်သွားလေပြီ။ သူ့အား မျောက်တစ်ကောင်ကဲ့သို့ ဝိုင်းကြည့်ကြမည်ကို သူ မလိုလား .. ထို့ကြောင့် သူသည် ချင်းယီ၊ ဖုန်းဝူတို့နှင့်အတူ သူ့သူငယ်ချင်းဟောင်းများအား တွေ့ဆုံရန် ထွက်သွားလိုက်သည်။

“ဝါး ဟား ဟား.. ထင်ထားတဲ့အတိုင်းပဲ မင်း မသေသေးဘူး..” သီးသန့်ကျင့်ကြံသည့် နေရာမှ ယုန်ဖြူလေး၏ ကျယ်လောင်လှသည့် ရယ်မောသံကြီး ထွက်ပေါ်လာသည်။ သူမသည် ချီလင်းလေးကို သယ်ထားရင်းဖြင့် ရှေးဟောင်းဂူထဲ၌ ခုန်ဆွခုန်ဆွ လုပ်နေလေသည်။

သူမသည် ယခင်ကကဲ့သို့ ပျော်ပျော်နေတတ်သည့်မိန်းကလေးပင်။ သူမ၏ငွေရောင်ဆံပင်များမှာ ကျောထက်တွင် ဖြန့်ကျက်နေပြီး တောက်ပလွန်းလှသောကြောင့် ကြေးမုံပင် လုပ်၍ရလောက်သည်။ သူမ၏မျက်လုံးများသည်လည်း ပတ္တမြားကဲ့သို့ တောက်ပနေသည်။ ယခုအချိန်တွင် သူမသည် ငှက်ကလေးတစ်ကောင်ကဲ့သို့ ပေါ့ပါးနေလေသည်။

သူမ လက်ထဲတွင်ရှိနေသည့် ချီလင်းလေးမှာမူ မကျေနပ်ကြောင်း တဝူးဝူးအသံများထွက်နေသည်။ သနားစရာကောင်းသည့် ထာဝရသားရဲလေးမှာ ယခုအချိန်တွင် ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ခံနေရလေ၏။

ဤကိစ္စနှင့်ပတ်သက်ပြီး ကောင်းကင်နတ်ဘုရားကျောင်းမှာ အကြီးအကဲများမှာ အလွန်စိတ်ပျက်ပြီး စိတ်ညစ်နေရသည်ပင်။ လကျောက်စိမ်းယုန်အား ခေါ်ကာ အကြိမ်ပေါင်းများစွာ သတိပေးခဲ့သော်လည်း သူမသည် မကြားသလိုလုပ်နေဆဲပင်။

ဤချီလင်းလေးက သူမနောက်ကိုလိုက်ရန် ဆုံးဖြတ်ထားသောကြောင့်သာမဟုတ်ပါက အကြီးအကဲများမှာ သူမထံမှ လုယူသွားလောက်လေပြီ။ ထို့အပြင် သူမကိုလည်း အပြစ်ပေးလောက်လေပြီ။

ဤချီလင်းလေးကြောင့်လည်း ယုန်ဖြူလေး၏ အဆင့်အတန်းမှာ တစ်မျိုးထူးခြားနေသည်။ မည်သူမှ သူမအား ရန်မစရဲကြ။ ကျင်းယီနှင့်အခြားသူများပင်လျှင် သူမ သီးသန့်ကျင့်ကြံနေမှန်းသိသော်လည်း သူမအား မနှောက်ယှက်ရဲကြ။

“ဘာ .. အစ်မကြီး ဖုန်းဝူ အနိုင်ကျင့်ခံရတယ်ဟုတ်လား .. အစ်မက ဘာလို့ ညီမကို လာမရှာတာလဲ .. ညီမ သူတို့ကို သေအောင် ရိုက်ပေးလိုက်မယ်..” ယုန်ဖြူလေး ဒေါသတကြီးပင် အော်ဟစ်လိုက်သည်။

သူမအော်သံကြားသည်နှင့် ချီလင်းလေး လည်ပင်းပုဝင်သွားလေသည်။ သူမ လူတစ်ယောက်ကို တကယ်ရိုက်မည်ဟု ဆုံးဖြတ်လိုက်ပါက အုတ်ခဲအဖြစ် နောက်တစ်ကြိမ် အသုံးပြုခံရမည်မှာ သူပင်။

“အဲဒီလူက မင်းဆိုတာ ငါအခုမှ သိတယ်..” ယုန်ဖြူလေးက ရှီဟောင်အား ကြည့်ပြီး ပြောလိုက်သည်။ ဝမ်ရှီးဘေးတွင်ရှိနေသည့်သူမှာ ရှီဟောင်ဖြစ်လိမ့်မည်ဟု သူမအစောကြီးကတည်းက သံသယဝင်ခဲ့ခြင်းဖြစ်သော်လည်း ယခုမှ အတည်ပြုလိုက်နိုင်တော့သည်။

ခဏကြာပြီးသည့်နောက်တွင် စီရင်စုသုံးထောင်မှ အခြားသူများလည်း သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာကာ ဤနေရာသို့ အလောတကြီးရောက်လာကြသည်။ ဥပမာအားဖြင့် ဝိညာဉ်ကလန်မှ ကျန်းဂု၊ ရွှေမီးကလန်မှ ထျန်ယိနှင့် အခြားသူများပင်။

ကံမကောင်းစွာဖြင့် ချောင်ယုရှင်းနှင့် ချန်ကုန်းယန်တို့မှာ ချက်ချင်းထွက်မလာနိုင်ပေ။ သူတို့သည် သီးသန့်ကျင့်ကြံခြင်းကို ရက်ရှည်ဝင်သွားကြသောကြောင့်ပင်။ ထို့အပြင် ထိုနေရာကို အကြီးအကဲများလည်း စောင့်ကြပ်နေကြလေ၏။

ထိုနေရာသို့ ဝင်သွားသည့်သူများ ကိုယ်တိုင် ပြန်မထွက်လာသရွေ့ အခြားသူများ ဝင်ခွင့်မရှိပေ။

ရှီဟောင် ထိုအကြီးအကဲနှင့်သွားတွေ့ကာ အချိန်အတော်ကြာအောင် ဆွေးနွေးပြီးမှ ချောင်ယုရှင်းနှင့် ချန်ကုန်းယန်အား ခေါ်ထုတ်လာနိုင်လေသည်။

“ဟား … ဟား .. ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ မထင်ထားဘူး .. အဲဒီလူအိုကြီး ယွမ်ချင်း မင်းကို ပစ်မှတ်ထားတာတောင်မှ မင်းက လွတ်လာနိုင်ပြီးတော့ ဒီမှာ ပြဿနာတောင်ရှာလိုက်သေးတယ်..” ဖက်တီးလေး ချောင်ယုရှင်း ကျယ်လောင်စွာ ရယ်မောပြီးပြောလိုက်သည်။

ရှီဟောင် အသက်ရှင်နေဆဲဖြစ်သည်ဟု သူအမြဲတမ်း ယုံကြည်ထားခြင်းဖြစ်သော်လည်း ယခုကဲ့သို့ အသေးစိတ်အဖြစ်အပျက်များကို ကြားလိုက်ရသည့်အချိန်တွင် သူ မလန့်ပဲ မနေနိုင်။

ဤလူအုပ်ကြီးသည် မီးပုံဘေးတွင် ထိုင်နေကြပြီး ဝိုင်သောက်လျက် ဖြစ်ပျက်ခဲ့သမျှကို စကားစမြည်ပြောနေကြလေသည်။ အများစုမှာ မကျေမနပ် ဒေါသထွက်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကိုးခုမှ အချို့ကျင့်ကြံသူများသည် သူတို့လူအချို့အား ထိပါးနေသောကြောင့် အချို့သူများ ဒဏ်ရာရသွားကြသည်။ ဤကိစ္စမှာ တကယ်ကို စိတ်ပျက်စရာကောင်းလှသည်။

ချောင်ယုရှင်းသည် တဝူးဝူးအော်ဟစ်ကာ သူလက်တုံ့ပြန်ပေးမည်ဟု ပြောနေလေ၏။ ချောင်ကုန်းယန်နှင့် နဂါးမိန်းမပျိုတို့လည်း ဒေါသထွက်နေကြကာ ပြန်လည် တိုက်ခိုက်ချင်နေကြသည်။

“မလိုတော့ဘူး .. ရှီဟောင် အခုလေးတင် တိုက်ပြီးသွားတာ .. ကျွမ်းကျင်သူ လေးယောက် ချက်ချင်းအညံ့ခံသွားကြတာ.. ဘယ်သူမှ ပြဿနာလာရှာရဲတော့မှာမဟုတ်ဘူး..” ဖုန်းဝူ ရယ်မော၍ ပြောလိုက်သည်။

သူမသည် ခံရသည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူမဒေါသအားလုံးကိုလည်း ဖြေလျှော့ပြီးသွားလေပြီ။ ကိစ္စများ ပိုကြီးလာအောင် သူမ မလုပ်ချင်တော့။

“လောကကြီးက ပြောင်းလဲလာတော့မှာ .. တစ်ခြားလောကကလူတွေ အချိန်မရွေး ထိုးဖောက်လာနိုင်တယ် .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုကြားက ပြဿနာလေးတွေနဲ့ အချိန်ကုန်ဖို့က နည်းနည်း မဆီလျော်ဘူး..” နဂါးမိန်းကလေး ပြောလိုက်သည်။

အားလုံးတိတ်ဆိတ်သွားရ၏။ အနာဂတ်မှာ ကြောက်စရာကောင်းမှန်း သူတို့အားလုံး သိကြသည်။ ဖြစ်လာမည့်ကပ်ဆိုးကြီးတွင် အသက်ရှင်ကျန်နိုင်မည့်သူ သိပ်မရှိ။ ဤခေါင်းစဉ်ကြီးမှာ လေးလံလွန်းလှသည်။

“အစ်ကိုကြီး မူလရှေးဟောင်းမြေထဲကို ဝင်သွားပြီးတော့ ဘာဖြစ်ခဲ့တာလဲ .. ဘယ်လိုလုပ် ပြန်ထွက်လာနိုင်တာလဲ..” ချင်းဟောင်လည်း ရောက်လာသည်။ သူ့ခန္ဓာကိုယ်တွင် ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလေ၏။ ယခုအချိန်တွင် သူသည် အရပ်ပိုရှည်လာကာ ရင့်ကျက်လာလေပြီ။

ယခင်ကကဲ့သို့ ရှီဟောင်ကို သူ၏ပန်းတိုင်အဖြစ်သတ်မှတ်ကာ ရှီဟောင်နောက် မလိုက်တော့သော်လည်း သူ့စိတ်ထဲတွင်တော့ အခြားခံစားချက်များရှိနေသေးသည်။

မူလရှေးဟောင်းမိုင်းတွင်းမှာ ထူးခြားလှပြီး ထာဝရရှေးဟောင်းခေတ် မတိုင်မီကတည်းက ရှိနေခြင်းပင်။

ယခင်တစ်ခေါက်က ရှီဟောင်ဝင်သွားခဲ့သော်လည်း အဆုံးထိ မရောက်ခဲ့ပေ။ ထိုနေရာမှာ ထူးဆန်းလွန်းလှပြီး အန္တရာယ်များပြည့်နှက်နေသည်။ သူ ထိုနေရာအားလုံးကို လေ့လာနိုင်စရာ အကြောင်းမရှိ။

ထိုမိုင်းတွင်းထဲမှ သူ ရခဲ့သည့် အကြီးမားဆုံး အကျိုးအမြတ်မှာ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းအမွေပင်။

ရှီဟောင်သည် အချို့ကိစ္စများကိုသာ သီးသန့်ရွေးပြောပြလိုက်သည်။ သူပြောသည်ကို ကြားသည်နှင့် အားလုံး၏မျက်လုံးများ တောက်ပလာလေသည်။

“ဟား ဟား .. အဲဒီတုန်းက ကျောင်းကလွှတ်လိုက်တဲ့သူတွေရှိတယ် .. ဒါပေမဲ့ သူတို့ပြန်ထွက်လာတော့ ဘာမှ မမှတ်မိတော့ဘူး .. အဲဒါ မင်း လုပ်လိုက်တာလား..” လူများစွာ ရယ်မောလိုက်ကြသည်။

“အခု မင်းကိုယ်ထင်ပြလိုက်ပြီဆိုတော့ ဘာဖြစ်ခဲ့တယ်ဆိုတာ အဲဒီလူတွေ မှတ်မိသွားတော့မှာ .. ဘာလို့လဲဆိုတော့ မင်းကို အဲဒီထဲ ယွမ်ချင်းပို့လိုက်တာလေ”

အချို့လူများမှာ ပြုံးစိစိဖြစ်နေလေသည်။ အမှန်တကယ်တွင် ထိုအချိန်တုန်းက အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ လူတစ်စုမှာ သုံ့ပန်းများအဖြစ် ဖမ်းခံလိုက်ရသော်လည်း နောက်ဆုံးတွင်တော့ ကံကောင်းစွာဖြင့် ပြန်လွှတ်လာခဲ့သည်။

အမှန်တကယ်တွင် အခြားသူများလည်း ဤအကြောင်းကို ပြောနေကြသည်။ ရှေးဟောင်းမိုင်တွင်းထဲ၌ တိုက်ခိုက်ခဲ့သည့်သူမှာ မည်သူဖြစ်မှန်း သူတို့အားလုံး သိသွားကြသည် ဖြစ်သည်။

“ယွမ်ချင်း .. ဒီလူက ပြသနာရှိတယ် .. အစ်ကိုရှီ သတိထားဦး..” ချန်ကုန်းယန် သတိပေးလိုက်သည်။

ဤလူ မသေသေးပါက ရှီဟောင်အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်နေမည်ပင်။ ယခင်တုန်းက သူသည် ရှီဟောင်ကို ပစ်မှတ်ထားရဲသောကြောင့် ယခု သူ မသေသေးမှန်းသိပါက သူ့အား နောက်တစ်ကြိမ် အကွက်ဆင်လာနိုင်သည်ပင်။

“သူ့မျိုးဆက် ယွမ်ဖုန်း ထာဝရစစ်မြေပြင်မှာ သေသွားတာ .. အဲဒါလည်း မင်းလုပ်တာလို့ မပြောနဲ့နော်..” ချောင်ယုရှင်း သံသယဖြင့် မေးလိုက်သည်။

သူပြောသည်ကို ကြားသည်နှင့် အခြားသူများလည်း ထိတ်လန့်သွားရသည်။ ဤသို့သာဆိုလျှင် ကိစ္စများမှာ ပို၍ပြဿနာကြီးသွားလိမ့်မည်။

ရှီဟောင် ဘာမှမပြောပေ။ ယွမ်ဖုန်းကို သူ သတ်လိုက်သည်။ သူသည် အခြားသူများ မမှတ်မိသည့်မျက်နှာဖြင့် သတ်ခဲ့ခြင်းဖြစ်သော်လည်း သေချာစဉ်းစားကကြည့်လျှင် အမှန်တရားကို ဖုံးကွယ်နိုင်မည်မဟုတ်။

သူနှင့် ယွမ်ချင်းကြားတွင် ရန်ငြိုးကြီးရှိသည်ကို အားလုံးသိကြသည်။ သူကဲ့သို့သော အဆင့်လွန်လူငယ်သည် ခေါင်းသုံးလုံးဘုရင်ကိုပင် သတ်ခဲ့သောကြောင့် သူက ဘယ်လိုလုပ် ယွမ်ဖုန်းအား လွတ်ပေးမည်နည်း..

“မကောင်းတော့ဘူး .. ယွမ်ချင်းက ဒါကို ဒီအတိုင်းထားမှာမဟုတ်ဘူး .. ဒီမျိုးဆက်ကို သူ တော်တော်လေး ဂရုစိုက်တယ်လို့ ငါ ကြားတယ် .. အခု ဒီလိုမျိုးအသတ်ခံလိုက်ရတာဆိုတော့ သူသေချာပေါက် ဒေါသထွက်နေမှာပဲ..” ဖုန်းဝူ သက်ပြင်းချ၍ ပြောလိုက်သည်။

“သူ လက်လွတ်စပယ်လုပ်ရဲမှာ မဟုတ်ဘူး” ရှီဟောင်ပြောလိုက်၏။ အကြီးအကဲအရှင်မှ သူ့အား ကာကွယ်ပေးနေသောကြောင့် ကျောင်းတွင် ယွမ်ချင်း လက်လွတ်စပယ်လုပ်ရဲမည်မဟုတ်ဟု သူ ယုံကြည်သည်။

သို့သော်လည်း သူ မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယွမ်ဖုန်းသာမက လေကလန်မှ ဖုန်းရှင်းထျန်ကိုလည်း သတ်ခဲ့သည်။

ဖုန်းရှင်းထျန်၏ ဦးလေးခြောက် ဖုန်းကျောင်ပင်လျှင် လိပ်ပြာဧကရာဇ်ကြောင့် သေဆုံးသွားခဲ့သည်။

လေကလန်သာ ဤအကြောင်းသိသွားပါက သူတို့ ရူးသွားလောက်သည်။

လေကလန်မှာ အစကတည်းက ဒေါသထွက်ပြီးသားပင်။ ကောင်းကင်နတ်ဘုရားကျောင်း၌ ရှီဟောင် ပြန်ပေါ်လာသည်ကို သိပါက သူတို့မျက်လုံးများ နီရဲသွားလောက်သည်။

ရှီဟောင် သူ၏လုပ်ရပ်များအတွက် နောင်တ မရ။ အဘယ်ကြောင့်ဆိုသော် ယွမ်ချင်း သူ့အား ဖိနှိပ်ကာ ရှေးဟောင်းမိုင်းတွင်းသို့ ပိုခဲ့ခြင်းမှာ လေကလန်မှ လှုံ့ဆော်သောကြောင့်ပင်။

လေကလန် .. ဤသည်မှာ တတိယမြောက် ရှေးအကျဆုံး သက်ရှည်မိသားစုပင်။ ဤကလန်ကို ဆန့်ကျင်ရဲသည့်သူ များများစားစားမရှိ။

“ပြဿနာကြီးက စတော့မှာ ဘယ်လိုလုပ် အတွင်းထဲက ပြဿနာတွေကို ခွင့်ပြုမှာလဲ .. သူတို့တွေ သေချာမလုပ်ရင် အကြီးအကဲအရှင်နဲ့ တစ်ခြားအကြီးအကဲတွေ သူတို့ကို တစ်ခါတည်းရှင်းပစ်လောက်တယ်..” ချင်းယီ ပြောလိုက်သည်။

ရှီဟောင် ရယ်မောလိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ သူသည် ယုန်ဖြူလေးကို ကြည့်ကာ “ဒီချီလင်းလေးနဲ့ ဘာသဘောတူညီမှု လုပ်ထားတာလဲ..”

သူ့ထံတွင် မေးခွန်းများစွာ ရှိနေသည်။ ချီလင်းသည် နင်ချွမ်းနှင့်လည်း ရင်းနီးသွားသေးသည်ဟု သူကြားခဲ့ရသည်။ အရေးအကြီးဆုံးမှာ ထာဝရရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားသည့်အိပ်မက်တွင် သူ ဤချီလင်းလေးကို တွေ့ခဲ့ရသေးသည်။

“ဒီကောင်က င့ါကို သစ္စာဖောက်တော့မလို့ပဲ .. ဒါပေမဲ့ ငါက ဆွဲဆောင်မှု အရှိဆုံးသူလေ .. အဲဒီတော့ မိန်းကလေးတွေထက်တောင် ပိုလှနေတဲ့ အဲဒီနျင်ချွမ်းကို အရေးကို မလုပ်တော့ဘူး..” ယုန်ဖြူလေး မကျေမနပ်ပြောလိုက်သည်။

နျင်ချွမ်းထံတွင် ချီလင်းသွေးရှိသည်ဟု ပြောကြသည်။ သူ၏သွေးမျိုးဆက်မှာ သူ၏ဘိုးဘေးများထံသို့ပင် ပြန်ရောက်သွားသည်ဟု ပြောကြသည်။ ထို့ကြောင့်ပင် ချီလင်းလေး၏အာရုံဖမ်းစားနိုင်လိုက်ခြင်းပင်။ နျင်ချွမ်းသည် အဖြူရောင်ချီလင်း ပြန်ဝင်စားခြင်းဖြစ်သည်ဟုလည်း ပြောကြသည်။

သို့သော်လည်း တစ်ခုသေချာသည်မှာ နျင်ချွမ်းထံတွင် ချီလင်းအဖိုးတန်ပညာရှိနေသည်။

“မင်း င့ါကို မှတ်မိလား..” သက်ပြင်းချပြီးနောက် ရှီဟောင် ချီလင်းဖြူလေးကို ကြည့်လိုက်သည်။ ထာဝရရှေးဟောင်းခေတ်၏ နောက်ဆုံးနေ့ရက်များသို့ ရောက်သွားသည့်အချိန်ကို သူ ပြန်စဉ်းစားမိသွားသည်။

ထိုဂျီးနီးယပ်စ်များသည် သူတို့၏ အတောက်ပဆုံးအချိန်၌ ညှိုးလျော်သွားကြရသည်။ ဤသည်မှာ အလွန်သနားစရာကောင်းလှသည်။ ထိုမြင်ကွင်းကို ပြန်တွေးမိသည့်အချိန်တိုင်း သူဝမ်းနည်းနေရဆဲပင်။

“နည်းနည်းရင်းနှီးတယ် .. ခင်ဗျားကို အိပ်မက်ထဲမှာ မြင်ဖူးတယ် .. အဲဒီတုန်းက ကျွန်တော့်ကို သယ်ထားတဲ့ အစ်မလေးတစ်ယောက်လည်း ရှိတယ်..” ချီလင်းဖြူလေး အသံပို့လွှတ်လာသည်။

ရှီဟောင် ရင်တုန်သွားရသည်။

ဤချီလင်းလေးမှာ ထိုခေတ်တုန်းက ချီလင်းလေးပင်။ သူပြန်ဝင်စားခြင်း မဟုတ်။ ကံကောင်းစွာဖြင့် ယခုအချိန်ထိ အသက်ရှင်နိုင်နေခဲ့ခြင်းပင်။

သူ၏ယခင်ပိုင်ရှင်မှာ အပြုံးမျက်နှာလေးဖြင့် သူ့အားပွေ့ထားခဲ့သည်ကို သူ မှတ်မိနေဆဲပင်။ ထို့နောက် ထိုပိုင်ရှင်သည် သွေးအိုင်ထဲသို့ လဲကျသွားလေ၏။ ဤမြင်ကွင်းမှာ အလွန်ဝမ်းနည်းစရာ ကောင်းလှသည်။

“မင်း ဘယ်သူ့ကို မှတ်မိသေးလဲ..” ရှီဟောင် မျက်လုံးများပင် နာလာသည်။

“ဖီးနှစ် မိန်းကလေးတစ်ယောက်ရှိတယ် .. ကျောမှာ ထာဝရရွှေဓား လွယ်ထားတဲ့ လူငယ်လေးတစ်ယောက်ရှိတယ် .. ပြီးတော့ တစ်ခြားသူတွေလည်း အများကြီးပဲ .. ဒါပေမဲ့ ကျွန်တော်ရဲ့မှတ်ဉာဏ်တွေက တဖြည်းဖြည်းဝါးလာပြီ .. ကျွန်တော် .. ငိုချင်တယ်..” ချီလင်းဖြူလေးသည် တဝူးဝူးဖြင့်ပင် စတင်ငိုကြွေးလာလေသည်။ သူသည် အလွန်ဝမ်းနည်းနေပုံပင်။

ရှီဟောင် သူ့အား ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထာဝရရှေးဟောင်းခေတ်မှ အဖြစ်အပျက်များကို ဤချီလင်းဖြူလေးမှတစ်ဆင့် သူသိချင်သည်။

အပိုင်း ၁၃၇၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၈ – ပြဿနာ ပေါ်လာခြင်း

“အဆုံးမရှိခြင်းအရှင်ရဲ့ပုံစံကို ကျွန်တော်မှတ်မိနေတုန်းပဲ .. တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းဘုရင်ရဲ့ပုံစံကိုလည်း ရေးရေးလေး မှတ်မိတယ် .. ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော် အရမ်းငယ်သေးတယ် .. ကိစ္စတော်တော်များများက မှုန်ဝါးနေပြီ” ချီလင်းဖြူလေး တီးတိုးပြောလိုက်သည်။ သူ၏မျက်ဝန်းများမှာ တောက်ပသည့်မျက်ရည်စက်များ ကြွေဆင်းလာလေပြီ။

ဤလူများမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ လူများပင်။ ယခုအချိန်တွင်တော့ သူတို့နှင့်ပတ်သက်သည့် ဒဏ္ဍာရီများသာ ရှိတော့သည်။

ဤသားရဲလေးသည် ထိုလူများအားလုံးနှင့် တွေ့ဆုံနိုင်လောက်သည်အထိ ကံကောင်းခဲ့သည်။ သို့သော်လည်း ထိုအချိန်တုန်းက သူ အရမ်းငယ်ရွယ်သေးခြင်းပင်။ ထို့ကြောင့် အသေးစိတ်ကျသည့်အချက်အလက်များကို သူ မသိပေ။ လူများလည်း သူ့အား ထိုအချက်အလက်များအား ပြောပြမည်မဟုတ်ပေ။

“တခြားသူတွေ အများကြီးရှိသေးတယ် .. အားလုံးက မတူတဲ့ကလန်တွေကနေ ကောင်းကင်ပါရမီရှင်တွေပဲ .. သူတို့ဘယ်လိုပုံစံလဲဆိုတာတောင် မေ့လုနီးပါးဖြစ်နေပြီ..”

ကိစ္စများမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ရှီဟောင်ခံစားနေရသည်။ အခြားလောကမှလူများသည် လူပေါင်း မရေမတွက်နိုင်အောင်သတ်ခဲ့ပြီး အနိုင်ယူခဲ့သော်လည်း သူတို့က အဘယ်ကြောင့် ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့ကြသနည်း။

အချိန်များစွာကြာပြီးသည့်နောက်တွင် အရာအားလုံးမှာ နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပေါ်လာတော့မည် .. အဘယ်ကြောင့်နည်း .. ဘာတွေ ဖုံးကွယ်နေတာလဲ .. ဒီရှေးဟောင်းမြေမှာ ကပ်ဆိုးတစ်မျိုးမျိုးရှိနေလို့ သူတို့ဒီမှာ ရေရှည်နေလို့ မရတာလား .. ဒါမှမဟုတ် တစ်ခြားအကြောင်းပြချက်ကြောင့်လား..

ဤသည်မှာ သူ သိချင်နေသည့် မေးခွန်းပင်။

“အဲဒီအချိန်တုန်းက ကျွန်တော်သိတာ နည်းနည်းလောက်ပဲရှိတယ် .. အသေးစိတ်အချက်အလက်တွေ မသိရဘူး .. အရှင်တွေက ဒီအကြောင်းကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ ထားထားတာ .. ဘယ်လောက်မေးမေး မပြောပြခဲ့ကြဘူး..” ချီလင်းဖြူလေး ပြောလိုက်သည်။

“အရင်ကိစ္စတွေကို ပြန်တွေးနေလို့လည်း ဘာမှမထူးဘူး .. အဲဒီလူတွေအားလုံး ကမ္ဘာကို ပြန်သွားကြပြီ .. ငါတို့ရှေ့ရေးကိုပဲ တွေးရမယ်..”

ဤနေရာမှာ အတော်လေး ဆူညံနေသည်။ အားလုံးသည် လွတ်လွတ်လပ်လပ်ပင် ဆွေးနွေးနေကြလေ၏။ တာအိုပညာများကို နှိုင်းယှဉ်လေ့လာကြသည်။ ပြောင်းလဲမှုများ မည်သည့်အချိန်ရောက်လာမည်ကို ခန့်မှန်းကြသည်။ အလေးအမြတ်ကျောင်းနှင့် ထာဝရကျောင်း အကြောင်းများလည်း ပြောကြသည်။

နျင်ချွမ်းလည်း တောင်ကြားထဲ၌ ရှိနေသည်။ သို့သော်လည်း သူတစ်ခါမှ ထွက်မလာဖူးပေ။ ကောင်းကင်ဘုံကိုးခုမှ ကျင့်ကြံသူများနှင့် စီရင်စုသုံးထောင်မှ လူများ တိုက်ခိုက်ကြသည့်အချိန်တွင်ပင် သူထွက်မလာခဲ့။

“သူက လက်ရှိလောကရဲ့နည်းလမ်းတွေကို ရွေးလိုက်တာလား..” ရှီဟောင် ထိတ်လန့်သည့်ပုံစံဖြစ်သွားရသည်။

“ရှီယီလည်း အတူတူပဲ .. သူ သီးသန့်ကျင့်ကြံဖို့ ဝင်သွားပြီးကတည်းက တစ်ခါမှ ထွက်မလာဘူး..” ချောင်ယုရှင်း ပြောလိုက်သည်။

အရင်တုန်းက ရှီယီကို ဤအကြောင်းမေးသည့်သူများရှိခဲ့သည်။ ထိုအချိန်တုန်းက လက်ရှိလောက၏ပညာများမှာ သူ၏ တာအိုအုတ်မြစ်ဖြစ်ကြောင်း၊ ထို့အပြင် သူသည် ဤလောကတွင် မွေးဖွားခဲ့ခြင်းဖြစ်သောကြောင့် အဘယ်ကြောင့် လက်ရှိလောက နည်းလမ်းများကို မကျင့်ကြံနိုင်ရမည်နည်းဟု ပြန်ဖြေခဲ့သည်ပင်။

“အလေးအမြတ်ကျောင်းနဲ့ ထာဝရကျောင်းက လူတွေရောက်လာတော့မယ် .. အဲဒီအချိန်ကျရင် ထူးချွန်တဲ့သူရဲကောင်းတွေ ရွေးထုတ်ခံရတော့မှာ”

တစ်ယောက်ယောက်မှ ဤအကြောင်းပြောလိုက်သည်နှင့် အားလုံး စိတ်ဝင်စားလာကြသည်။

အဘယ်ကြောင့်ဆိုသော် ကျင်းယီဖြစ်စေ၊ လန်မုန့်ဖြစ်စေ၊ ဝမ်ယန်ဖြစ်စေ သူတို့သည် စွမ်းအားကြီးကြသော်လည်း ထိုကျောင်းနှစ်ကျောင်းမှ လူများနှင့်ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။

ဥပမာအားဖြင့် လက်ရှိလောကပညာ၏ထိပ်ဆုံးတွင် ရောက်နေသည့်သူများမှာ အလေးအမြတ်ကျောင်းတွင်ရှိနေသည့်သူများရေးထားသည့် မပြည့်စုံသည့်စာများကို အသုံးပြုကာ ကျင့်ကြံခြင်းပင်။ အခြားသူများလျှောက်ပြီးသားလမ်းကို လျှောက်နေခြင်းပင်။

ပြောရမည်ဆိုလျှင် ကွာဟချက်မှာ ကြီးမားလှသည်။ ထိုစာများထဲတွင် အတွေ့အကြုံနှင့် အသိအမြင်တစ်စိတ်တစ်ပိုင်းသာ ပါဝင်သည်။

ထိုကျောင်းတွင် ကျင့်ကြံနေသည့်သူများမှာ ကျင့်ကြံခြင်းနယ်မြေများတွင် သတ်မှတ်ချက်ထက်ကျော်လွန်အောင် ကျင့်ကြံပြီးသွားသည့်သူများပင်။

“အစ်ကိုရှီ အဲဒီကျောင်းနှစ်ကျောင်းကိုသွားရင် ပြဿနာနည်းနည်းတွေ့နိုင်တယ် .. ယွမ်ချင်းက အဲဒီကျောင်းတွေကလာတာ .. အဲဒီမှာ သူ သိတဲ့သူ တော်တော်များတယ်..” ချန်ကုန်းယန် ပြောလိုက်သည်။

ဤသတင်းမှာ အစောကြီးကတည်းက ပျံ့နေပြီးသားပင်။ ယွမ်ချင်းသည် ယခင်က အတော်လေး အံ့အားသင့်စရာကောင်းသည့်သူဖြစ်သော်လည်း သူ၏အရည်အချင်းမှာ ထိုကျောင်းများကို ဝင်ခွင့်ရရန်အတွက် မလုံလောက်ခဲ့ပေ။ ထို့ကြောင့် သူ စွန့်ပစ်ခံခဲ့ရသည်။

ဤသတင်းကို ကြားပြီးကတည်းက ဤကျောင်းနှစ်ကျောင်း၏ ဂုဏ်သတင်းမှာ အားလုံး၏စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သလို သူတို့ကို တုန်လှုပ်သွားစေသည်။

ကြီးကျယ်ခမ်းနားသည့် ယွမ်ချင်းတွင် ကြောက်စရာကောင်းသည့်ခွန်အားကို ပိုင်ဆိုင်ထားသည်။ သူသည် အဆင့်လွန်သက်ရှိ အဆင့်ထဲသို့ ခြေတစ်လှမ်းရောက်နေပြီဟူသော ကောလဟာလများလည်း ရှိနေသည်။

ဤကဲ့သို့သော စွမ်းအားကြီးသည့်သူပင် ကျောင်းနှစ်ကျောင်း၏ စွန့်ပစ်ခြင်းကိုခံလိုက်ရသောကြောင့် ထိုကျောင်းရှိလူများမှာ မည်မျှကြောက်စရာကောင်းသည်ကို စဉ်းစားကြည့်နိုင်သည်။

“ယွမ်ချင်း အဲဒီကျောင်းတွေကနေ ထွက်လာရပေမယ့် အဲဒီမှာ သူသိတဲ့လူတွေအများကြီးရှိတယ်လို့ ငါလည်း ကြားထားတယ် .. ငါအဲဒီနေရာကို သွားရင် မျှော်လင့်မထားတာတွေ အများကြီးဖြစ်နိုင်လောက်တယ်..” ရှီဟောင် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီကျောင်းနှစ်ကျောင်းကို မသွားရင် ရွေးချယ်ထားတဲ့လမ်းကို ဆက်လျှောက်ဖို့က ခက်လိမ့်မယ် .. လူတစ်ယောက်ရဲ့ အသိဉာဏ်နဲ့ခွန်အားက အကန့်အသတ်ရှိတယ် .. အဲဒီနေရာတွေမှာက နည်းလမ်းတွေကို မျိုးရိုးစဉ်ဆက် လေ့လာနေခဲ့ကြတာ .. တာအိုရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ဖို့က အဲဒီမှာ အကောင်းဆုံးနည်းလမ်းတွေရှိတယ်” ချောင်ယုရှင်းပြောလိုက်သည်။

ထာဝရရှေးဟောင်းခေတ် နည်းလမ်းများနှင့် ပတ်သက်၍ ရှီဟောင် ထိုမျှ စိတ်မဝင်စားပေ။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ စီရင်စုသုံးထောင် ထာဝရရှေးဟောင်းခေတ်အကြွင်းအကျန်မှ ရခဲ့သည့် ကျောက်စိမ်းကျမ်းစာများ ရှိနေပြီးသားပင်။

သို့သော် လက်ရှိလောကနည်းလမ်းမှာ သူ့အား အတော်လေး ကူကယ်ရာမဲ့စေသည်ပင်။ ထိုကျောင်းနှစ်ကျောင်းမှလွဲလျှင် အပြင်လောက၌ ကိုးကား၍ရနိုင်သည့် ကျမ်းစာ များများစားစား မရှိပေ။

“ယွမ်ချင်းက စွန့်ပစ်ခံရတဲ့ တပည့်တစ်ယောက်ထက် မပိုဘူး .. အဲဒီတော့ သူက ဘယ်လောက်များ စွမ်းအားကြီးနိုင်မှာမို့လို့လဲ .. သူက ကျောင်းနှစ်ကျောင်းက ကျင့်ကြံသူတွေကို ထိရောက်နိုင်မှာလား .. ပြီးတော့ သူက အလေးအမြတ်ကျောင်းက လာတာလား ထာဝရကျောင်းက လာတာလား..” ဖုန်းဝူ မေးလိုက်သည်။

“သူက အစတုန်းက အလေးအမြတ်ကျောင်းက တပည့်လို့ပြောကြတယ် .. ဒါပေမဲ့ သူ ဆက်မလုပ်နိုင်တော့လို့ လက်လျှော့လိုက်တာတဲ့ .. ဒါပေမဲ့ သူ့ဆရာတစ်ယောက်က သူ့ကို ထာဝရကျောင်းပို့ပြီးတော့ တစ်ခြားလမ်းကြောင်းတစ်ခုကို ရွေးခိုင်းခဲ့တယ် .. ဒါပေမဲ့ နောက်ဆုံးကျတော့ ထာဝရကျောင်းကနေလည်း သူထွက်လာခဲ့တာပဲ..”
ထိုအချိန်တွင် အကြီးအကဲတစ်ယောက် ရောက်လာလေသည်။ သူပြောလိုက်သည့်အချက်အလက်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဤယွမ်ချင်းမှာ တကယ်ကို မရိုးရှင်းပေ။ သူသည် ကျောင်းနှစ်ကျောင်းမှ လာခြင်းဖြစ်သောကြောင့် သူသိသောလူများလည်း နည်းမည် မဟုတ်ပေ။

“အထူးသဖြင့် အလေးအမြတ်ကျောင်းပဲ .. သူ့ဆရာ မပြောနဲ့ သူ့မှာ အရှင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ စီနီယာအစ်ကိုတစ်ယောက်ရှိတယ် .. အဲဒီစီနီယာက အလေးအမြတ်ကျောင်းမှာ လေးစားခံရတဲ့နေရာတစ်ခု ရထားတယ်..” ရောက်လာသည့်အကြီးအကဲမှ ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည်နှင့် အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ သတင်းကောင်း မဟုတ်ပေ။

ရှီဟောင်၏အကြည့်များ လေးနက်သွားရ၏။
” အဲ့ဒီကျောင်းနှစ်ကျောင်းမှ လေကလန်က လူတွေ ရှိလား..” ရှီဟောင် ထိုအကြီးအကဲကို မေးလိုက်၏။

“ရှိတာပေါ့ .. အချိန်များစွာကြာပြီးတဲ့နောက် ဒီလောကကြီးမှာ ကောင်းကင်ကို တွန်းလှန်နိုင်တဲ့ ပုဂ္ဂိုလ်တွေအများကြီး ထွက်ပေါ်လာခဲ့တယ် ..ဒါပေမဲ့ ခေတ်တွေဘယ်လောက်ပဲ ပြောင်းသွားပါစေ၊ လူတွေဘယ်လောက်ပဲပြောင်းသွားပါစေ သက်ရှည်မိသားစုတွေကတော့ အင်အားကြီးနေတုန်းပဲ .. အဲဒီမိသားစုတွေထဲမှာ စွမ်းအားကြီးတဲ့သူတွေလည်း ပေါ်လာတာပေါ့ .. လူထူးဆန်းအိုကြီးတွေက အဲဒီလူတွေကို ကျောင်းထဲ တိတ်တိတ်လေး ခေါ်သွားတတ်ကြတယ်…” အကြီးအကဲမှ ပြောလိုက်၏။

ရှီဟောင် စိတ်လေးလံသွားရသည်။ ဤသည်မှာ သူ့အတွက် သတင်းကောင်းမဟုတ်ပေ။ လေကလန်မှ ယွမ်ချင်းအား ဤကဲ့သို့ အကူအညီတောင်းရဲခြင်းမှာ ကျောင်းနှစ်ကျောင်းတွင် သူနှင့်သိသည့်သူများရှိနေသောကြောင့်ဖြစ်မည်။ သူတို့သည် ယခုအချိန်ထိ အဆက်အသွယ်ရှိကြသေးသည်ပင်။

သူ ဒီကျောင်းနှစ်ကျောင်းကို သွားသင့်သေးရဲ့လား .. ရှီဟောင် တွေဝေသွားရသည်။

အခြားသူများပစ်မှတ်ထားနေမည်ကို သူ မလိုချင်။ ထိုကျောင်းများတွင် ထူးခြားသည့်ကျွမ်းကျင်သူများ၊ မယုံကြည်နိုင်လောက်အောင် အသက်ကြီးနေသည့်သူများရှိနေသောကြောင့် သွားသင့်သည့်နေရာတစ်ခုဖြစ်သော်လည်း ထိုနေရာတွင် သူ့အား အန္တရာယ်ပေးမည့်သူများ ရှိနေသည်။ သူတို့သာ သူ့ကို ဒုက္ခပေးချင်လျှင် လွယ်လွယ်လေးပင်။

အမှန်တကယ်တွင် ပြဿနာများမှာ အလွန်လျင်မြန်စွာပင် ရောက်ရှိလာခဲ့လေ၏။ ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် ကောင်းကင်နတ်ဘုရားကျောင်း၌ ရှီဟောင်အား လာရှာသည့်သူ ရောက်လာလေသည်။

ဤရက်များအတွင်းတွင် ရှီဟောင် အတော်လေး စိတ်လက်ပေ့ါပါးနေခဲ့သည်။ သူ ရထားသည့်စာလုံးတစ်သန်းကို ပိုနားလည်အောင်လုပ်နေပြီး ‘နယ်မြေသင်္ချိုင်း’သို့သွားရန်အတွက် ပြင်ဆင်နေခဲ့သည်။ ထိုနေရာမှ ထာဝရမျိုးစေ့ရလျှင်တော့ သူ့ထံတွင်ရှိနေသည့် ကျောက်စိမ်းကျမ်းစာကို သူလေ့လာ၍ရပြီ။

သို့သော်လည်း ထိုနေ့တွင်တော့ တစ်စုံတစ်ယောက်မှ သူ့အား လာရှာခဲ့သည်။

“ရှီဟောင် ရှင် ထွက်မသွားသင့်ဘူး .. ဒီလူက ယွမ်ချင်းရဲ့ မျိုးဆက်လို့ပြောတယ် .. သူက ရှင့်ကို စစ်ဆေးချင်နေတာ..” ဖုန်းဝူ ပြောလိုက်သည်။

“ဒီလူက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့လာတာ .. မင်းသတိထားဦး..” ချောင်ယုရှင်းလည်း သတိပေးလိုက်သည်။

ဤရက်များတွင် ရှီဟောင်သည် ဤတောင်ကြော၌သာ နေနေခြင်းပင်။ သူသည် မကျင့်ကြံနေလျှင် ဝိုင်များသောက်နေသည်။

ရှီဟောင်၏မျက်လုံးများ တောက်ပသွားရသည်။ တစ်ဖက်လူ ဘာကြောင့် ရောက်လာသည်ကို သူသိသည်။ ဤသည်မှာ ယွမ်ဖုန်း ထာဝရစစ်မြေပြင်၌ အသတ်ခံလိုက်ရသောကြောင့်ပင်။

“ဘာလို့ ယွမ်ချင်းကိုယ်တိုင် မလာတာလဲ..” ရှီဟောင်မေးလိုက်၏။

“သူလည်း အရမ်း လွန်လွန်ကျူးကျူးမလုပ်ချင်လို့ထင်တယ် .. ဘာပဲဖြစ်ဖြစ် ဒါက ကောင်းကင်နတ်ဘုရားကျောင်းလေ .. သူ ဒီမှာ လှုပ်ရှားလိုက်ရင် အကြီးအကဲအရှင် ဒေါသထွက်သွားမှာပေ့ါ” ချန်ကုန်းယန် ပြောလိုက်သည်။

ရှီဟောင် ခေါင်းညိမ့်လိုက်၏။ အကြီးအကဲအရှင်မှာ ရိုးရှင်းသည့်သူ မဟုတ်ပေ။ သူသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် စွမ်းအားကြီးသည့်သူအနည်းငယ်ထဲမှ တစ်ယောက်ပင်။ ကျောင်းနှစ်ကျောင်းမှ လူအိုကြီးများပင်လျှင် သူ့အား ပေ့ါပေ့ါတန်တန် မခုခံရဲပေ။

“ရှီဟောင် ဘယ်မှာလဲ .. ယွမ်ကလန်က အရေးကြီးတဲ့လူတစ်ယောက်က သူ့ကို လာရှာဖို့ ပြောလိုက်တယ်..” တစ်စုံတစ်ယောက် လာပြောလေ၏။ ထိုသူ၏အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။

ဤသတင်းပျံ့သွားသည်နှင့် ဤတောင်ကြောတွင် ဆွေးနွေးသံများ ပေါက်ကွဲထွက်လာသည်။ ဘာဖြစ်နေသည်ကို လူများစွာ သိကြသည်ပင်။ ရှီဟောင်လက်ထဲတွင် ခံဖူးသည့်သူများမှာ သူ၏ကံဆိုးမှုအတွက် ပျော်ရွှင်နေကြပြီး ပြဇာတ်ကြီးကြည့်ရန်အတွက် စောင့်နေကြလေသည်။

“ကျုပ်က ဘာလို့သူနဲ့ တွေ့ရမှာလဲ .. မတွေ့ဘူး..” ရှီဟောင် ငြင်းလိုက်သည်။

“မင်း .. ဒါပေမဲ့ ဒါက အဆင့်လွန် ပုဂ္ဂိုလ် ယွမ်ချင်းလွှတ်လိုက်တဲ့ သံတမန်လေ .. မင်း သူနဲ့ မတွေ့ချင်ဘူးလား..” သတင်းလာပို့သည့်သူ မျက်နှာပျက်ယွင်းသွားရသည်။

“ဘာသံတမန်လဲ .. ကျုပ် ဂရုမစိုက်ဘူး .. ယွမ်မိသားစုက ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး..’
ရှီဟောင် ပြောလိုက်၏။
” ကျုပ်မှတ်မိတာတော့ ယွမ်ချင်း အဆင့်လွန်သက်ရှိတစ်ဝက်ပဲဖြစ်သေးတာမဟုတ်ဘူးလား .. သူ့ကို ဘာလို့ အဆင့်လွန်သက်ရှိလို့ ခေါ်နေတာလဲ..” ရှီဟောင် ထပ်ပြောလိုက်သည်။

ဤသည်မှာ တိုက်ရိုက်ငြင်းလိုက်ရုံသာမက ယွမ်ချင်းကို မကျေနပ်ကြောင်း ပြသလိုက်ခြင်းပင်။

ဘေးပတ်လည်တွင် ရှီဟောင်၏ တုံ့ပြန်မှုကို သိချင်သောကြောင့် သတင်းပေးနှင့်လိုက်လာသည့် ကျင့်ကြံသူများစွာ ရှိနေသည်။ ထိုသူများမှာ ပြဇာတ်ကြည့်ရန်လာခြင်းဖြစ်သော်လည်း ယခုတော့ သူတို့အားလုံး ထိတ်လန့်သွားရသည်။

“ဒီကိစ္စကို ပျော်နေကြတဲ့သူတွေ ရှိနေတာလား .. ယွမ်မိသားစုက ကျုပ်ကို ဖိနှိပ်နိုင်လိမ့်မယ်လို့ ထင်နေကြတာလား..” ရှီဟောင် ဘေးပတ်လည်ကို ကြည့်ပြီး ပြောလိုက်သည်။ ထိုလူများမှာ ခေါင်းငုံ့သွားကြလေသည်။

“အစ်ကိုရှီ .. ဒါက အစ်ကိုရှီကို လာတွေ့တဲ့ အဆင့်လွန်ပုဂ္ဂိုလ်ယွမ်ချင်းရဲ့ သံတမန်ပါ .. အစ်ကို သူ့ကို ကြိုဆိုပြီးတော့ သွားတွေ့သင့်ပါတယ်..” သတင်းလာပါးသည့်သူမှ ပြောလိုက်သည်။

“ကြိုဆိုပြီးတော့ သွားတွေ့ရမယ်ဟုတ်လား .. ထွက်သွားစမ်း..” ရှီဟောင် အော်ဟစ်လိုက်သည်။ သူ့စိတ်ထဲ၌ အတော်လေး ဒေါသထွက်နေလေပြီ။ ယွမ်ချင်းသည် သူ့အား ၁၀ နှစ်ကြာ ဖိနှိပ်ထားရန် စီစဉ်ခဲ့ပြီး သူ့အား မူလရှေးဟောင်းမိုင်းတွင်းသို့ပင် ပို့ခဲ့သေးသည်။ သို့သော်လည်း ဤလူသည် ယခုအချိန်တွင် သူ၏သဘောထားကို ပြသရန်အတွက် သံတမန်ကိုပင် စေလွှတ်ရဲသေးသည်။ ရှေးဟောင်းမိုင်းတွင်းသို့ပင် ပို့ခဲ့သေးသည်။ သို့သော်လည်း ဤလူသည် ယခုအချိန်တွင် သူ၏သဘောထားကို ပြသရန်အတွက် သံတမန်ကိုပင် စေလွှတ်ရဲသေးသည်။

“ဒါက .. မကောင်းပါဘူး .. အဆင့်လွန်ပုဂ္ဂိုလ် ယွမ်ချင်းရဲ့ မျိုးဆက်က သေသွားပြီ .. ပြီးတော့ အဲဒါက အစ်ကိုရှီနဲ့ ဆိုင်တယ်လို့ ကောလဟာလတွေ ထွက်နေတယ် .. အစ်ကိုရှီ ကိုယ်တိုင် မရှင်းပြတော့ဘူးလား..” သတင်းစကားပါးသည့်သူမှ ပြောလိုက်သည်။

ဖုန်း..

ရှီဟောင် ထိုလူကို ကန်လိုက်သည်မှာ တောင်တစ်လုံးနှင့် တိုက်မိသွားလေ၏။

“င့ါကို အရင်ဆုံး လာဆန့်ကျင်တဲ့သူက ယွမ်ချင်း .. သူ့က င့ါရဲ့တာအိုလမ်းကြောင်းကို ပိတ်ပစ်ချင်ခဲ့တာ .. အခု သူက င့ါကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်ရလောက်အောင်ထိ မျက်နှာပြောင်တိုက်ရဲတယ်ပေါ့..” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။

အပိုင်း ၁၃၇၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၇၉ – မထီမဲ့မြင် ပြုခြင်း

ထိုလူသည် တောင်နှင့်တိုက်မိသွားကာ သူ၏ပါးစပ်နှင့် နှာခေါင်းမှ သွေးထွက်လာလေ၏။ သူသည် အချိန်အတော်ကြာသည်အထိ မတ်တပ် ပြန်မရပ်နိုင်တော့ပေ။

ဘေးပတ်လည်တွင်ရှိနေသည့်သူများအားလုံး စိတ်ထဲ တုန်လှုပ်သွားရသည်။ ဟွမ်သည် ဂျီးနီးယပ်စ်တစ်ယောက်ဖြစ်ကြောင်း အားလုံးသိကြသည်။ ကောင်းကင်နတ်ဘုရားကျောင်းတွင် သူနှင့်ယှဉ်နိုင်သည့်သူ သိပ်မရှိ။

သို့သော်လည်း သူ ဤမျှဒေါသကြီးလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပေ။ သူသည် ယွမ်ချင်း၏သံတမန်ကိုပင် မျက်လုံးထဲမထည့်။ သူသည် ထိုသူအား သွားရောက်ကြိုဆိုမည် မဟုတ်ပေ။

“မင်းရဲ့အပြုအမူတွေက .. အဆင့်လွန်ပုဂ္ဂိုလ် ယွမ်ချင်းကို ဒေါသထွက်အောင် လုပ်လိမ့်မယ် .. သူ မင်းကို သတ်လိမ့်မယ် .. လူငယ်မျိုးဆက်တွေထဲမှာ မင်းကထိပ်ဆုံးရောက်နေတယ်ဆိုပေမယ့် မင်းက ယွမ်ချင်းရဲ့ လက်ချောင်းတစ်ချောင်းကိုတောင် တားဆီးနိုင်မှာမဟုတ်ဘူး..”

တောင်ခြေတွင်ရပ်နေသည့် သူတစ်ယောက်သည် ရှီဟောင်အား လက်ညှိုးထိုးကာ ပြောနေလေ၏။ သူတကယ် ဒေါသထွက်နေခြင်းပင်။ ရှီဟောင် သူ့အား လေးစားပေးမည်ဟု ထင်ထားခဲ့သော်လည်း သူ အကန်ခံလိုက်ရကာ သူ၏အရိုးများ ကျိုးသွားလေပြီ။

သူသည် အံကြိတ်ကာ အမူအရာလည်း ပျက်ယွင်းနေလေပြီ။

“ခင်ဗျားက ယွမ်ချင်းကို စကားချိုချိုလေးတွေပြောပြီးတော့ အလေးအမြတ်ကျောင်းကို ကပ်ဝင်ချင်နေတာလား..” ရှီဟောင် သူ့အား အေးစက်စွာ ပြောလိုက်ပြီးနောက် အဝေးမှပင် နောက်တစ်ချက် ထပ်ရိုက်လိုက်လေသည်။ ဖုန်းဟူသည့်အသံနှင့်အတူ ထိုလူ နောက်တစ်ကြိမ် လွင့်ထွက်သွားသည်။

ရလဒ်အနေဖြင့် ထိုလူမှာ သတိလစ်သွားပြီး လှုပ်ရှားမှုမရှိတော့ပေ။ တစ်လက်မပင် မလှုပ်ရှားနိုင်တော့။

ဘေးပတ်လည်တွင်ရှိနေသည့်သူများမှာ ယွမ်ချင်း၏သံတမန်မှ ရှီဟောင်အား ဖိနှိပ်နိုင်မည်ထင်သောကြောင့် ပွဲကြည့်ရန် ရောက်လာကြခြင်းပင်။ ဤကဲ့သို့သော မြင်ကွင်းမျိုး မြင်ရလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြ။

ဤလူငယ်လေးမှာ အတော်လေး မောက်မာလှသည်။ သူသည် သံတမန်ဟုခေါ်သည့်သူကိုပင် မတွေ့ပဲနှင့် သတင်းလာပို့သည့်သူ့ကိုပင် ရက်ရက်စက်စက်ရိုက်လိုက်သေးသည်။

ရှီဟောင်မျက်လုံးဝေ့ကြည့်လိုက်သည်နှင့် လူများစွာ တုန်လှုပ်သွားရသည်။ မကောင်းသည့်ရည်ရွယ်ချက်ဖြင့်လာသည့်သူများမှာ ခန္ဓာကိုယ်ပင် တုန်ယင်လာကြလေ၏။

“ဟွမ် .. ရှီဟောင် .. မင်းက တော်တော်လေးကို ရဲတင်းတာပဲ..” ခပ်ဝေးဝေးမှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ပင် ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

ဤသည်မှာ မည်သူဖြစ်မှန်း အားလုံး သိလိုက်ကြရပြီး စိတ်ထဲတုန်လှုပ်သွားရသည်။ ထိုသံတမန် ရောက်လာလေပြီ။

ဤသည်မှာ ယွမ်ချင်း၏သားမှန်း ရှီဟောင်လည်း ဤသည်။ ရှီဟောင်၏တုံ့ပြန်ပုံကို တွေ့လိုက်ရသောကြောင့် သူ ဒေါသထွက်သွားခြင်းပင်။

ရှီဟောင်လည်း သူနှင့်နည်းတူ ဒေါသထွက်နေသည်ပင်။ ဤနေရာသည် မည်သည့်နေရာဖြစ်သနည်း .. ကောင်းကင်နတ်ဘုရားကျောင်းဖြစ်သော်လည်း ယွမ်ချင်း၏သားသည် ရဲတင်းစွာပင် ပြုမူရဲနေသည်။ ဤနေရာသို့ပင် အတင်းဝင်ရောက်လာသေးသည်။

“ဘယ်သူက ဒီလောက်ဆူညံနေတာလဲ .. ကျောင်းမှာ ဒီလိုမျိုး လာဟောင်ရဲတာလား .. ခင်ဗျား အသက်ရှင်ရတာ ပင်ပန်းနေလို့လား..” ရှီဟောင် ပြောလိုက်သည်။

“ဟွမ် မင်းင့ါကို ပြောနေတာလား .. မင်းက တော်တော်လေးကို စိတ်ကြီးဝင်နေတာပဲ .. မင်းရဲ့လမ်းကြောင်းကို မင်း အဆုံးသတ်ချင်နေတာလား..” ထိုလူ ခပ်ဝေးဝေးမှပင် အော်ဟစ်လိုက်သည်။ သူ၏အသံမှာ မလိမ္မာသည့် တပည့်တစ်ယောက်ကို ဆုံးမနေသကဲ့သို့ပင်။

“ခင်ဗျား ဘယ်သူလဲ .. ကောင်းကင်နတ်ဘုရားကျောင်းက ခင်ဗျားရဲ့ အရှက်မရှိပြီးတော့ ဆိုးရွားတဲ့လုပ်ရပ်တွေကို သည်းခံနေမှာမဟုတ်ဘူး..” ရှီဟောင် အော်ဟစ်လိုက်သည်။

“ရိုင်းစိုင်းလိုက်တာ .. မင်းက င့ါကိုဒီလိုမျိုးပြောရဲတယ်ပေါ့..” ထိုလူပေါ်လာလေပြီ။ သူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပိန်ပါးကာ အရပ်ရှည်သည့်သူပင်။ သူသည် အကြီးအကဲတစ်ယောက်ပင်ဖြစ်ပြီး ယခုအချိန်တွင် ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်လာနေလေသည်။

သူသည် သီးသန့်နေတတ်သည့်ပုံပေါ်သော်လည်း သေချာကြည့်လိုက်လျှင် သူမျက်တောင်ခတ်လိုက်တိုင်း အလင်းတန်းများ နေရာအနှံ့ပျံ့လွင့်နေသည်။ ဤလူမှာ သေချာပေါက် ရိုးရှင်းသည့်သူ မဟုတ်ပေ။

“ဘယ်သူ့ကို ရိုင်းစိုင်းတယ်လို့ ပြောနေတာလဲ .. ခင်ဗျားကိုယ်ခင်ဗျား ဒီနေရာရဲ့အရှင်လို့ထင်နေတာလား .. လူပါးဝလိုက်တာ..” ရှီဟောင်သည်လည်း သူနှင့်နည်းတူ ကြမ်းတမ်းစွာပင် ပြန်ပြောလိုက်လေ၏။

သူ ဒေါသထွက်နေသည်။ ယွမ်ချင်း၏သံတမန်မှာ လွန်လွန်းလှသည်။ သူသည် ကောင်းကင်နတ်ဘုရားကျောင်းထဲသို့ ဝင်လာပြီး သူ့အား ဆူပူအော်ဟစ်နေသည်။ အခြားနေရာတွင်သာဆိုပါက သူ့အား တန်းသတ်သွားလောက်သည်။

ဤသည်ကို သည်းမခံနိုင်။ သူလည်း ကြမ်းတမ်းစွာပင် ပြန်တုံ့ပြန်လိုက်သည်။ တစ်ဖက်လူသာ ဤနေရာတွင် ရိုင်းရိုင်းစိုင်းစိုင်းလုပ်နေပါက သူသည် ကောင်းကင်နတ်ဘုရားကျောင်းမှ စွမ်းအားကြီးသည့်သူများကို မျက်နှာသာမပေးခြင်းပင်။

“တကယ်ကို ရဲတင်းနေတာပဲ..” မီးခိုးရောင်ဝတ်စုံနှင့်လူမှာ သိပ်မဝေးတော့ပေ။ သူ၏အကြည့်များမှာ အေးစက်လှသည်ပင်။

“စိတ်ကြီးဝင်နေတဲ့လူအိုကြီး .. ခင်ဗျားကမှ ရဲတင်းနေတာ .. ခင်ဗျား ဒီမှာ ဘာတွေလာအော်နေတာလဲ .. ခင်ဗျား မကျေနပ်ဘူးလား .. ဒီက အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ချင်တာလား..” ရှီဟောင် အပြစ်ရှာလိုက်သည်။

အားလုံး အနည်းငယ် ဆွံ့အသွားရသည်။ ဤကောင်မှာ အတော်လေး ရဲတင်းလှသည်။ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုပင် ဤမျှ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံရဲသည်။

“မင်း မိစ္ဆာကောင်လေး .. နည်းနည်းလေးမှကို လေးစားမှု မရှိတာပဲ .. ကိုယ့်ထက်အသက်ကြီးတဲ့သူ လာတာတောင်မှ ဒီလိုမျိုး လုပ်ရဲသေးတယ် .. ဒီနေ့ ငါမင်းကို သင်ခန်းစာ ပေးရတော့မှာပဲ..” ယွမ်ဟုန် မျက်နှာပျက်နေလေပြီ။

စကားပြောရင်း လက်ကိုလက်ကို လှုပ်ရှားလိုက်သည်နှင့် မီးခိုးရောင် အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံး အရိပ်ဖုံးသွားလေသည်။ ဤသည်မှာ လောကဝတ်ရုံဟုခေါ်သည့် နတ်စွမ်းရည်ပင်။

အင်္ကျီလက်လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားရှိ အရာအားလုံးကို စုတ်ယူသွားလေသည်။ ဤသည်မှာ ရှီဟောင်အား ဦးတည်နေခြင်းပင်။

ရွှီး..

ရှီဟောင် ခွန်ပန်အတောင်ပံများကို အသုံးပြုကာ ထိုနေရာမှ ချက်ချင်းရှောင်ထွက်သွားကာ တောင်အတွင်းပိုင်းသို့ ရောက်သွားလေသည်။ သူ၏အလျင်မှာ အလွန်လျင်မြန်လှသည်။

“လူငယ်လေး မင်းက င့ါကို မလေးမစားဆက်ဆံထားပြီးတော့ အခု ရှောင်ထွက်သွားချင်သေးတယ်ပေ့ါ..” ယွမ်ဟုန် အေးစက်စွာ ရယ်မောလိုက်သည်။

“ဘယ်သူက အထိန်းအကွပ်မရှိပဲ သောင်းကျန်းနေတာလဲ .. ဒီမှာ အကြီးအကဲတွေ ရှိတယ် .. သူတို့က ခင်ဗျားရဲ့လုပ်ရပ်ကို သည်းခံမယ်လို့ ထင်နေတာလား .. ခင်ဗျား အခုထိ မထွက်သွားသေးဘူးလား..” ရှီဟောင်ပြောလိုက်၏။ သူသည် တောင်ထိပ်ပေါ်သို့ ရောက်နေလေပြီ။

ထိုနေရာတွင် ဆုတောင်းဖျာပေါ်၌ ထိုင်နေသည့် အကြီးအကဲတစ်ဦး ရှိနေသည်။ သူ၏အသွင်အပြင်မှာ တည်ငြိမ်လှသော်လည်း ယခုအချိန်တွင် သူသည် မျက်လုံးများပွင့်လာကာ ယွမ်ဟုန်အား ကြည့်လာလေသည်။
” ရိုင်းစိုင်းလိုက်တာ..”

ဒုန်း..

ထိုအော်သံအောက်တွင် ယွမ်ဟုန်၏ လောကဝတ်ရုံမှာ ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။ ယွမ်ဟုန်၏ခန္ဓာကိုယ်လည်း ယိုင်သွားလေ၏။

“လူအိုကြီး ခက်ခက်ထန်ထန်တွေ လုပ်ဦးလေ .. ခင်ဗျားဘာလို့ ရပ်လိုက်တာလဲ..” ရှီဟောင်အေးစက်စွာ ပြောပြီး သူ့အား ရန်စလိုက်သည်။

“စီနီယာ .. ကျွန်တော်က ရိုင်းရိုင်းစိုင်းစိုင်း လုပ်တာမဟုတ်ပါဘူး .. ဒီမိစ္ဆာလေးက မလေးမစားလုပ်လွန်းလို့ပါ .. ကျွန်တော့်ကို ဆက်တိုက်ရန်စနေလို့ ကျွန်တော် မတတ်သာပဲ လုပ်လိုက်ရတာပါ” ယွမ်ဟုန် သူ့ကိုယ်သူ ခုခံလိုက်သည်။

“ဘယ်သူက ခင်ဗျားကို ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံလို့လဲ .. ခင်ဗျားပဲ ကျုပ်ကို ဖိအားပေးနေတာလေ .. ကျုပ်ကို လာပြီး စစ်ဆေးရအောင် ခင်ဗျားက ဒီနေရာကို ဘယ်နေရာလို့ထင်နေတာလဲ.. ယွမ်ချင်းအိမ်နောက်ဖေးလို့ ထင်နေတာလား..” ရှီဟောင်ပြောလိုက်သည်။

တောင်ထိပ်ပေါ်ရှိ ဆုတောင်းဖျာထက်တွင်ထိုင်နေသည့် အကြီးအကဲငါး၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် အလွန်ပင် တည်ငြိမ်နေလေ၏။

“ကျုပ်ရဲ့တူလေး ယွမ်ဖုန်း ထာဝရစစ်မြေပြင်မှာ ဘယ်လိုသေခဲ့တာလဲဆိုတာကို မေးချင်ရုံပါ .. ဒါပေမဲ့ မင်းက ကျုပ်ကို ရှောင်နေတော့ မင်းသူ့ကို ထိခိုက်ခဲ့တာလို့ ယုံကြည်ဖို့အတွက် အကြောင်းပြချက် ရသွားပြီလေ..” ယွမ်ဟုန် ပြောလိုက်သည်။

“ခင်ဗျား သက်သေယူခဲ့လေ..” ရှီဟောင် သူ့အား အထင်မြင်သေးစွာ ကြည့်လိုက်သည်။ ထို့နောက် “ခင်ဗျားရဲ့ စီနီယာ ယွမ်ချင်းကမှ ကျုပ်ကို ၁၀ နှစ်လောက်ဖိနှိပ်ထားဖို့ ကြံစည်ခဲ့တာ .. သူက ကျုပ်တာအိုလမ်းကြောင်းကို ဖြတ်ခဲ့တယ် .. ဒါက တစ်လောကလုံး သိနေတဲ့ကိစ္စ .. အဲဒါတောင်မှ ခင်ဗျားက ကျုပ်ကို စစ်ဆေးဖို့အတွက် ဒီကိုလာရဲသေးတယ်ပေါ့ .. ရှင်းပြချက်လို့ခေါ်တဲ့ဟာကြီးကို လိုချင်နေသေးတယ်ပေါ့ .. တကယ်ရယ်ရတာပဲ .. ကျုပ်သာ ခင်ဗျားဆိုရင် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားလိုက်ပြီ..” သူ အေးစက်စွာ ပြောလိုက်သည်။

“မင်းက တကယ်ကို အထိန်းအကွပ်မရှိတာပဲ .. သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို မသိဘူးပဲ..” ယွမ်ဟုန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မင်း အလေးအမြတ်ကျောင်းနဲ့ ထာဝရကျောင်းကို မဝင်ချင်တော့ဘူးလား..” သူ ထပ်ပြောလိုက်သည်။

“ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်နေတာလား .. ယွမ်မိသားစုက တကယ်သတ္တိရှိတာပဲ .. အလေးအမြတ်ကျောင်းနဲ့ ထာဝရကျောင်းအတွက်တောင် ပြောပေးနိုင်တယ်” ရှီဟောင် လှောင်ရယ်လိုက်သည်။

“င့ါမှာ မေးခွန်းတစ်ခုတည်းရှိတယ် .. မင်း ယွမ်ဖုန်းကို သတ်ခဲ့လား” ယွမ်ဟုန် အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျား သောက်လုပ်မဟုတ်ဘူး..” ရှီဟောင် ယွမ်ဟုန်၏ ဆံပင်မွေးများ ထောင်ထလာသည်အထိ ဒေါသထွက်အောင် လုပ်လိုက်လေသည်။

“မင်းက ဘာလို့ ဒီလိုမျိုးလုပ်နေတာလဲ..” ယွမ်ဟုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရှီဟောင်သည် သူ့အား ပြန်မဖြေပဲ မေးခွန်းသာ ထပ်မေးလိုက်သည်။
” ယွမ်ချင်းက သူ့အသက်အရွယ်နဲ့ လူငယ်တစ်ယောက်ကို အနိုင်ကျင့်ခဲ့တယ် .. ကျုပ် ခင်ဗျားတို့ ယွမ်မိသားစုကို ဒီအကြောင်း မေးချင်နေတုန်းပဲ .. ယွမ်ချင်းက ဘာလို့ ကျုပ်ကို တမင်သက်သက် ၁၀ နှစ်တောင် ဖိနှိပ်ထားချင်တာလဲ .. နောက်ပိုင်း ကျုပ်ကိုသတ်ဖို့တောင် ကြိုးစားသေးတယ် .. ကျုပ်က ခင်ဗျားတို့ ယွမ်မိသားစုကနေ ရှင်းပြချက်တောင်းရမှာ မဟုတ်ဘူးလား..”

ယွမ်ဟုန် မျက်နှာပျက်သွားရသည်။ ဤသည်မှာ တကယ်ကို လေးစားမှုမရှိသည့်လူငယ်လေးပင်။ ဤလူငယ်သည် သူ့အား ဒေါသထွက်ပြီး သေအောင်လုပ်နေခြင်းပင်။

ယွမ်ဟုန်သည် တောင်ထပ်တွင်ရှိနေသည့် အကြီးအကဲကို ဦးတည်ပြီး ပြောလိုက်လေသည်။
” ကျွန်တော် အကြီးအကဲဆီကနေ သူ့ကို စစ်ဆေးခွင့်ပြုပေးဖို့ ခွင့်တောင်းချင်ပါတယ် .. ကျွန်တော့်မိသားစုက တပည့်လေးက တရားမျှတမှုမရှိပဲနဲ့ သေဆုံးသွားရတာပါ .. အဲဒီတော့ ကျွန်တော် အဆုံးထိစစ်ဆေးရပါမယ်..”

“မင်း ဘာလုပ်ချင်တာလဲ..” ပဉ္စမအကြီးအကဲမှ မျက်လုံးဖွင့်ပြီး မေးလာသည်။

“ကျွန်တော် သူ့ရဲ့ အသိစိတ်ပင်လယ်ကို ရှာချင်ပါတယ် .. မဟုတ်ရင်လည်း အမှန်တရားပေါ်လာအောင်လို့ အကြီးအကဲက လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်..” ယွမ်ဟုန် ပြောလိုက်သည်။

“အကြီးအကဲ ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ .. ယွမ်မိသားစုက လူအိုကြီး ယွမ်ချင်းက အရင်တုန်းက ကျွန်တော့်ကို အန္တရာယ်ပေးခဲ့ပြီး ကျောင်းထဲမဝင်နိုင်အောင် လုပ်ခဲ့ပါတယ် .. ကျေးဇူးပြုပြီး သူ့ကို ဖမ်းပေးပါ..” ရှီဟောင် ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ ဤကောင် မပြောရဲသည့်စကား မရှိတော့။ သူသည် ယွမ်ချင်းကို ဖမ်းရန်ပင် ပြောရဲနေသေးသည်။

“မင်း .. မင်းတကယ်ပဲ အသက်ရှင်ရတာ ပင်ပန်းနေလို့လား..” ယွမ်ဟုန်သည် ဒေါသတကြီးပြောလိုက်ပြီးနောက် တိတ်တဆိတ်ပင် သူ၏ညာဘက်လက်ကို မြှောက်လိုက်လေသည်။

“စီနီယာ ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ .. ယွမ်မိသားစုက မောက်မာရိုင်းစိုင်းလှပါတယ် .. ကျွန်တော် ကျောင်းထဲမဝင်နိုင်အောင် တားဆီးခဲ့ရုံသာမက သံတမန်အစုတ်အပြတ်လေးကို ပို့ပြီးတော့ ကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံချင်နေသေးတယ် .. ကျွန်တော်တို့နှစ်ယောက် ကျင့်ကြံဆင့်နယ်ပယ်အတူတူမှာ တိုက်ခိုက်နိုင်အောင် လုပ်ပေးဖို့ စီနီယာကို အကူအညီတောင်းချင်ပါတယ်” ရှီဟောင်ပြောလိုက်သည်။

“ကောင်းပြီလေ..” အကြီးအကဲမှ လွယ်လွယ်ကူကူပင် သဘောတူလိုက်လေသည်။

ဝုန်း..

ထို့နောက် ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး အလွန်နွေးထွေးသွားကာ သက်တောင်သက်သာခံစားလိုက်ရသည်။ ထို့နောက် သူ၏ကျင့်ကြံဆင့်မှာ ထိတ်လန့်စရာကောင်းလောက်သည့်အဆင့်သို့ ရောက်သွားပြီး သူ၏မှော်စွမ်းအားများလည်း ထွက်ပေါ်လာလေသည်။

ရှီဟောင် ထိတ်လန့်သွားကာ ဤသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ တစ်ခဏအတွင်းမှာပင် သူသည် ဂိုဏ်းခေါင်းဆောင်အဆင့်သို့ ရောက်သွားလေပြီ။

ဤသည်မှာ ယာယီသာဖြစ်သော်လည်း ရှီဟောင် အတွေ့အကြုံသစ်ရသွားလေပြီ။ သူ၏မျက်လုံးများစူးရှလှကာ သူ၏ခန္ဓာကိုယ်လည်း ပေါ့ပါးပြီး စွမ်းအားကြီးနေသည်။ သူ၏နတ်အာရုံများမှာ တိုင်းတာ၍မရနိုင်လောက်အောင်ပင်။

ဝုန်း..

ထို့နောက် ရှီဟောင် ချက်ချင်းပင် လှုပ်ရှားလာလေ၏။ သူ ယွမ်ဟုန်ထံသို့ ပြေးဝင်သွားလိုက်သည်။

“မင်းက င့ါကို တိုက်ခိုက်ရဲတယ်ပေါ့..” ယွမ်ဟုန် အေးစက်စွာ ပြောလိုက်ပြီး သူ့ကို ရင်ဆိုင်တိုက်ခိုက်လာလေသည်။

“ခင်ဗျားကိုယ်ခင်ဗျား ထူးခြားတဲ့သူလို့ ထင်နေတာလား .. အနှေးနဲ့အမြန် ကျုပ် ယွမ်ချင်း ခေါင်းကို ဖယ်ပြမယ်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“သေချင်နေတာပဲ..” ယွမ်ဟုန်၏ လက်ဝါးနှင့်လက်ချောင်းများမှ သက်တံ့ရောင်ကဲ့သို့သော နတ်အလင်းတန်း ၁၀ ခုထွက်ပေါ်လာသည်။

ရွှီး..

ရှီဟောင် သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ကာ ပညာအားလုံးကို တားဆီးလိုက်သည်။ အလင်းတန်း ၁၀ ခုသည် ကောင်းကင်လမ်းကြောင်းထဲသို့ ပေါင်းသွားပြီးနောက် မွေးရာပါ ဝိညာဉ်စွမ်းအင်အဖြစ် ကူးပြောင်းသွားလေသည်။

ဒါက ဂိုဏ်းခေါင်းဆောင်အဆင့်ရဲ့ မှော်စွမ်းအားလား .. ရှီဟောင် ချက်ချင်းပင် ယုံကြည်မှုများရှိလာသည်။ သူသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို ချက်ချင်းပင် ပျက်ပြယ်စေလိုက်သည်။

ဝုန်း..

ထို့နောက် ရှီဟောင် ခွန်ပန်လက်သီးကို အသုံးပြုလိုက်၏။ သူ၏လက်မောင်းတွင် ထာဝရစွမ်းအင်သုံးကြောင်း ရစ်ပတ်လာလေသည်။

တိုက်ခိုက်ပြီးသွားသည့်နောက်တွင် ယွမ်ဟုန်ထံမှ ညည်းတွားသံ ထွက်ပေါ်လာသည်။ သူ၏မှော်စွမ်းအားများ အစွမ်းထက်ကာ သူ၏ကျင့်ကြံခြင်းလည်း ရှီဟောင်ထက် ပို၍ နက်နဲသော်လည်း ယခုအချိန်တွင် သူသည် တစ်ချက်တည်းဖြင့် ရှုံးမလိုဖြစ်နေလေပြီ။

ယွမ်ဟုန်သည် လျှပ်စီးဖြင့် အပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ ပါးစပ်အပြည့်သွေးများ အန်ထွက်လာလေ၏။

“လူအိုကြီး မရသေးဘူးလား .. ယွမ်မိသားစုက လူတွေက တကယ်ကို အမှိုက်တွေပဲ..” ရှီဟောင် ဒုတိယလက်သီးချက်ကို ပစ်လွှတ်လိုက်သည်။ ထိုလက်သီးချက်တွင်လည်း ထာဝရစွမ်းအင်ပါဝင်နေဆဲပင်။

ဖုန်း..

ယခုတစ်ကြိမ်တွင် ယွမ်ဟုန်သည် ဝေါကနဲပင် သွေးများအန်ထွက်လာလေ၏။ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားကာ ကျောက်တောင်တစ်တောင်နှင့် တိုက်မိသွားလေသည်။ သူ၏အသားအရေလည်း အလွန်ဖြူဖျော့နေလေပြီ။

သူသည် ဂိုဏ်းခေါင်းဆောင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော်လည်း မှော်စွမ်းအားများ ခန္ဓာကိုယ်ထဲသို့ ထည့်ပေါင်းထားသည့်လူငယ်လေးတစ်ယောက်ကိုတောင် မယှဉ်နိုင်ခြင်းမှာ သိက္ခာကျစရာကောင်းလှသည်။

“တကယ်စိတ်ပျက်စရာကောင်းလိုက်တာ .. ဒီလောက်လေးပဲ အစွမ်းရှိတာလား .. အဲဒါတောင်မှ ခင်ဗျားက ကောင်းကင်နတ်ဘုရားကျောင်းကို လာပြီးတော့ အရှက်မရှိ လေကျယ်ရဲသေးတယ် .. ခင်ဗျားက ယွမ်ချင်းအစား ဘယ်သူ့ကို အပြစ်ပေးချင်တာလဲ .. ခင်ဗျားကိုယ်ခင်ဗျား သံတမန်လို့တောင် ပြောလို့ရသေးလို့လား .. ကြည့်ရတာ ယွမ်ချင်းလည်း အဲဒီလောက် မဟုတ်ဘူးထင်တယ် .. ကျုပ်သာ သူနဲ့ ကျင့်ကြံဆင့်တူရင် သူ့ကို ခွေးတစ်ကောင်လိုမျိုး ရိုက်ပစ်လိုက်ပြီ..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

ယွမ်ဟုန်မှာ သူ၏အဆုတ်များ ပေါက်ကွဲထွက်တော့မည်ဟုပင် ခံစားနေရသည်။ ဒီလူငယ်က သူ့ကို အထင်သေးရဲတဲ့အပြင် သူ့အဖေ ယွမ်ချင်းကိုတောင် အရှက်ခွဲနေသေးတယ်။

ဖုန်း..

ရှီဟောင်၏ တတိယမြောက် လက်သီးချက် ရောက်လာသည်။ ယွမ်ဟုန်သည် တတ်နိုင်သမျှ ရှောင်လိုက်သော်လည်း ထိမိနေဆဲပင်။ သူ၏ခန္ဓာကိုယ်ထဲမှ အရိုးများမှာ ကျယ်လောင်လှသည့် အသံများထွက်ပေါ်လာပြီး အချို့အရိုးများမှာ တစ်စစီပင် ဖြစ်သွားလေသည်။

“စီနီယာ ဒီမိစ္ဆာလေး ရက်ရက်စက်စက်လုပ်နေတာကို စီနီယာ ဒီလိုပဲ ကြည့်နေတော့မှာလား..” ယွမ်ဟုန် အော်ဟစ်လိုက်သည်။

ဤမြင်ကွင်းကို မြင်သည်နှင့် အနီးအနားတွင်ရှိနေသည့်သူများ ဆွံ့အသွားရသည်။ ယွမ်ဟုန်က အကူအညီတောင်းလိုက်တာလား .. ဤသည်မှာ သူဝင်လာတုန်းက ပုံစံနှင့် လုံးဝကွဲနေသည်။ အဖြစ်အပျက်များမှာ အားလုံးထင်ထားသည်နှင့် ကွဲနေသည်။

“ယွမ်ချင်း လာရင်တောင် မင်းလောက် စကားများရဲမှာမဟုတ်ဘူး .. မင်းလိုမျိုးလူက ဒီမှာ ရဲရဲတင်းတင်းပြုမူရဲနေတယ်ပေါ့..” ဤသည်မှာ အကြီးအကဲငါး ပြောလိုက်ခြင်းပင်။ သူသည် ယွမ်ဟုန်အား အေးစက်စွာပင် ကြည့်နေလေ၏။

အားလုံး ဆွံ့အသွားရ၏။ ဤသည်မှာ အကြီးအကဲ ရှီဟောင်အား ကာကွယ်ပေးလိုက်ခြင်းပင်။ သူသည် ယွမ်မိသားစုအား နည်းနည်းလေးမှပင် မျက်နှာသာမပေးချေ။

“စီနီယာပြောချင်တာက ဒီနေရာကို ကျွဲတွေ၊ နွားတွေ ဝင်ချင်တိုင်းဝင်လာလို့ရရင် ဒီနေရာက ဟာသကြီးဖြစ်သွားမှာပေါ့ .. ကျုပ် ယွမ်ချင်းကို ချီးထွက်ကျအောင် ရိုက်မယ့်နေ့ကို စောင့်နေလိုက်..”
ရှီဟောင် ကျယ်လောင်စွာပင် ရယ်မော၍ ပြောလိုက်သည်။

အပိုင်း ၁၃၇၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၈၀ – ရက်စက်သည့် ရိုက်နှက်မှု

ဖြစ်လာသည့်အရာများမှာ အားလုံးထင်ထားသည်ထက် ကျော်လွန်နေသည်။ ယွမ်မိသားစုသည် မောက်မောက်မာမာဖြင့် ဝင်လာခဲ့ခြင်းဖြစ်သော်လည်း ယခုမှာ အရိုက်ခံနေရသည်။

အချိန် ဘယ်လောက်မှပင် မရှိသေး .. ပြောင်းလဲမှုများမှာ မြန်ဆန်လွန်းလှသောကြောင့် အားလုံး ဆွံ့အနေကြရသည်။

“ကောင်းကင်နတ်ဘုရားကျောင်းကို ခင်ဗျားက ဘယ်လိုနေရာမျိုးထင်နေတာလဲ .. အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကို အနိုင်ကျင့်လို့ရတဲ့နေရာလို့ ထင်နေတာလား .. ဒီလောက်ဆူဆူညံညံဖြစ်အောင်လုပ်နေတာ .. ခင်ဗျားကို သင်ခန်းစာမပေးထားရင် ခင်ဗျားဒီနေရာတစ်ခုလုံးကို ပြားချပ်သွားအောင် လုပ်မှာလား .. ဒီနေရာကို ယွမ်မိသားစုပိုင်တဲ့နေရာလို့သတ်မှတ်ထားတာလား..” ရှီဟောင် နှုတ်ခမ်းများကို တွန့်ကွေး၍ ပြောလိုက်သည်။

ဖုန်း..

ရှီဟောင် ကန်ထည့်လိုက်သည်။ ယွမ်ဟုန်သည် သနားစဖွယ်အော်ဟစ်လိုက်ကာ သူ့ခန္ဓာကိုယ်မှာ ဒေါင်လိုက် လွင့်ထွက်သွားလေ၏။ ထို့နောက် သူသည် ဂျင်ပေါင်း ထောင်ပေါင်းများစွာလေးသည့် ကျောက်တုံးကြီးနှင့် တိုက်မိသွားကာ အောက်ပြန်ကျလာလေ၏။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ်ပင် စီးကျလာလေပြီ။

ပြောင်းလဲမှုမှာ မြန်ဆန်လွန်းလှသည်။ မူလက မောက်မာနေသည့် ယွမ်ဟုန်သည် ဘာမှပင် မခုခံနိုင်တော့။ အရိုးများကျိုးသွားပြီး ကြွက်သားများလည်း ပျက်စီးသွားလေပြီ။

“ဟေး … ခင်ဗျား သေချင်ယောင်ဆောင်နေတာ ရပ်ပေးလို့ရမလား .. ခင်ဗျားက ယွမ်ချင်းကို ကိုယ်စားပြုပြီး ဒီနေရာကို ရောက်လာတာ မဟုတ်ဘူးလား .. ယွမ်ချင်းလည်း ဒီလိုမျိုး စိတ်ပျက်ဖို့ကောင်းတာများလား..” ရှီဟောင် လျှောက်လာကာ သူ့အား နှစ်ချက် ထပ်ကန်လိုက်လေသည်။ ယွမ်ဟုန်မှာ မျက်လုံးသာလှန်ပြနိုင်တော့သည်။ သူသည် သတိလစ်မတတ်ဖြစ်နေလေပြီ။

“ဒီလိုမျိုး ကျင့်ဝတ်မရှိပဲနဲ့ င့ါကို တိုက်ခိုက်နေတယ် .. မင်း အသက်ရှည်မှာ မဟုတ်ဘူး..” ယွမ်ဟုန် မုန်းတီးစွာ ပြောလိုက်သည်။

သူကဲ့သို့သော ကျွမ်းကျင်သူမျိုးအတွက် ဤသည်မှာ သူ့အားအတော်လေး စိတ်ဆင်းရဲစေသည်ပင်။ သူသည် ဒေါသထွက်လွန်းသောကြောင့် သူ့တစ်ကိုယ်လုံးပင် တုန်ယင်နေလေပြီ။

“အခုထိ အမှားကို ဝန်မခံသေးဘူးပေါ့ .. ခင်ဗျားတို့ ယွမ်မိသားစုက မုန်းစရာကောင်းတာတွေကို တစ်ခုပြီးတစ်ခု လုပ်နေတယ် .. အဲဒါတောင်မှ ဒီနေရာမှာလာပြီးတော့ မောက်မောက်မာမာ လာလုပ်ရဲသေးတယ် .. ကျုပ် ခင်ဗျားကို ဝက်ခေါင်းဖြစ်သွားအောင် ရိုက်ပေးမယ်..” ရှီဟောင် ပြောလိုက်သည်။

ရှီဟောင် လျှောက်လာလိုက်ကာ ယွမ်ဟုန်ကို အင်္ကျီကော်လံမှ မလိုက်ပြီးနောက် သူ့မျက်နှာအား ရိုက်လိုက်လေသည်။ တဖြန်းဖြန်းအသံများမှာ ပို၍ပင် ကျယ်လောင်ကာ ရှင်းလင်းလာလေသည်။

ယွမ်ဟုန်၏ ဒွါရ ၇ ပေါက်မှ မီးခိုးငွေ့များထွက်နေလေပြီ။ သူ၏ဦးနှောက်မှပင် မီးခိုးငွေ့များ ထွက်တော့မတတ်ပင်။ သူ့ဘဝတွင် ဤကဲ့သို့သော အရှက်ကွဲမှုကို တစ်ခါမှ မခံစားဖူးခဲ့ရပေ။ လူငယ်တစ်ယောက်ထံမှ ဤကဲ့သို့ ရိုက်ခံနေရခြင်းမှာ သူသည်းခံနိုင်သည်ထက် ကျော်လွန်သွားလေပြီ။

သူပြင်းထန်စွာ ရုန်းကန်လိုက်၏။ သူ၏မျက်ဝန်းများမှ မီးတောက်များထွက်ပေါ်လာနေလေပြီ။ သူ ရှီဟောင်အား ချက်ချင်းပင် သတ်ပစ်လိုက်ချင်လာသည်။

ဖြန်း …။

ရှီဟောင်သည် ယဉ်ကျေးမနေပဲ နောက်တစ်ခေါက် ထပ်မံရိုက်နှက်လာသည်။ သူ၏ခေါင်း လည်ထွက်သွားသည်အထိပင် ရိုက်နှက်နေလေ၏။ ယွမ်ဟုန်သည် ကြယ်များမြင်နေရပြီး သူ့နားများလည်းအူနေလေပြီ။

“ခွေးကောင်လေး .. မင်းက င့ါကိုဒီလိုမျိုး အရှက်ခွဲရဲတယ်ပေါ့ .. မင်း ဒီဘဝမှာ အလေးအမြတ်ကျောင်းကို ဝင်ဖို့မေ့လိုက်တော့ .. ထာဝရကျောင်းကိုသွားဖို့လည်း မစဉ်းစားနဲ့တော့ .. မင်း ထူးခြားတဲ့ပညာတွေကို ကျင့်ကြံရတော့မှာမဟုတ်ဘူး .. မင်းဒီမှာတင်ပဲ ရပ်လိုက်တော့ ..” ယွမ်ဟုန် ကျယ်လောင်စွာပင် ခြိမ်းခြောက်လိုက်လေ၏။

“ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ထင်နေတာလဲ .. ဒီကျောင်းနှစ်ကျောင်းအကြောင်းပြောရအောင် ခင်ဗျားမှာ ဘာအရည်အချင်းရှိလို့လဲ .. ခင်ဗျားဒီလောက်တောင် ခေါင်းမာနေမှတော့ နောက်ထပ်နည်းနည်းလောက် အရိုက်ခံလိုက်ဦး..” ရှီဟောင်သည် ပြောပြီးသည်နှင့် တုံ့ဆိုင်းမနေပဲ တဖြန်းဖြန်းထပ်ရိုက်လိုက်လေသည်။

“ခွေးကောင် .. မင်း ဒီမှာတော့ မင်းလုပ်ချင်သလို လုပ်နေလိုက် .. မင်းကျောင်းနှစ်ခုကို ရောက်သွားတာနဲ့ မင်းအသက်ရှင်ရတာထက် သေပါရစေတော့လို့ ဆုတောင်းနေရလိမ့်မယ် .. အဲဒီကျောင်းက ကျွမ်းကျင်သူတွေပေါင်းပြီးတော့ မင်းကို ဖိနှိပ်လိမ့်မယ် .. မင်း အသက်ရှင်ပါရစေ ဒါမှမဟုတ် သေပါရစေလို့တောင် တောင်းဆိုလို့ရမှာ မဟုတ်ဘူး” ယွမ်ဖုန်း အော်ဟစ်လိုက်သည်။

သူသည် ဒေါသထွက်လွန်းသောကြောင့် ရူးသွားလေပြီ။ သူသည် လက်နှစ်ဘက်၊ ခြေထောက်နှစ်ဘက်လုံးနှင့် ရုန်းကန်နေလေ၏။ သူသည် ရှီဟောင်အား သတ်ချင်နေသည်ကိုသာ သိတော့သည်။ သူ့ထံ၌ ကျိုးကြောင်းဆီလျော်မှုများ မရှိတော့။

ရှီဟောင်သည် စကားတစ်ခွန်းမှ ဖြုန်းတီးမနေတော့ပဲ ဆက်တိုက်ပင် ရိုက်နေလေသည်။ ယခုအချိန်တွင် ယွမ်ဟုန်၏မျက်နှာ ပုံပျက်နေပြီဖြစ်ပြီး သွားများလည်း တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ကျနေလေပြီ။ ခဏကြာပြီးသည့်နောက်တွင် သူ့ထံ၌ သွားတစ်ချောင်းမှ မရှိတော့ပေ။

ကြီးကျယ်ခမ်းနားသည့် ဂိုဏ်းခေါင်းအဆင့်ပုဂ္ဂိုလ်တစ်ယောက် ဤကဲ့သို့ အနိုင်ကျင့်ခံနေရခြင်းမှာ သူ့အား သေသည်ထက်ပင် ဆိုးရွားစေသည်။ သူ၏မျက်လုံးများနီရဲနေပြီး ဆံပင်များလည်း ထောင်နေလေပြီ။

သို့သော်လည်း သူလုပ်နိုင်တာ ဘာမှမရှိပေ။ ယခုအချိန်တွင် ရှီဟောင်ထံ၌ ဂိုဏ်းခေါင်းဆောင်အဆင့်ခွန်အားရှိနေသည့်အပြင် ထာဝရစွမ်းအင်သုံးကြောင်းလည်းရှိနေသည်ပင်။ ဤနှစ်ခုဖြင့် သူ့ကိုဖိနှိပ်ရန်မှာ လွယ်ကူလှသည်ပင်။

အားလုံး ဆွံ့အနေကြလေသည်။ ဒီနှစ်ယောက် ဘာတွေလုပ်နေတာလဲ .. တစ်ယောက်မှာ ယွမ်မိသားစုမှ အရေးပါသည့်သူဖြစ်ပြီး နောက်တစ်ယောက်မှာ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် အဆင့်လွန် လူငယ်တစ်ယောက်ပင်။ သူတို့နှစ်ဦးလုံး၏ အဆင့်အတန်းမှာ အံ့အားသင့်စရာကောင်းလှသည်။ သို့သော်လည်း ယခုအချိန်တွင် သူတို့နှစ်ဦးသည် ဈေးထဲ၌ လူရမ်းကားနှစ်ဦး ရန်ဖြစ်နေကြသကဲ့သို့ပင်။

သို့သော် ဤသည်မှာ ယွမ်ဟုန်အား လှောင်ရန်အတွက် ထိုလူငယ်လေး တမင်သက်သက်ပြုလုပ်နေခြင်းပင်။ သူသည် ယွမ်ဟုန်အား အင်္ကျီကော်လံမှ ဆွဲမထားကာ ရိုက်နှက်နေလေသည်။

သူတို့ ငိုရမလား ရယ်ရမလားပင် မသိတော့။

ခဏကြာပြီးသည့်နောက်တွင် ယွမ်ဟုန်၏မျက်နှာမှာ ချက်ချင်းပင် ရောင်ကိုင်းလာလေ၏။ သူ၏မျက်လုံးများပင် ပျောက်ကွယ်သွားလေပြီ။

ဂိုဏ်းခေါင်းဆောင်တစ်ယောက်၏ ခန္ဓာကိုယ်မှာ အကြိမ်ပေါင်းတစ်ရာ ပြုပြင်ထားသည့် စိန်ကဲ့သို့ပင်။ မာကျောကာ မချိုးဖျက်နိုင်ဘူးဟု မဆိုလိုသော်လည်း ထိုသို့ဖြစ်ရန် သိပ်မလိုတော့ပေ။ သို့သော်လည်း ယခုအချိန်တွင်တော့ သူ၏ဒဏ်ရာများမှာ ကြောက်စရာကောင်းလှသည်ပင်။

“အရှက်ခွဲတယ် .. အရမ်းကို ရှက်ဖို့ကောင်းတာပဲ..” ယွမ်ဟုန်မှာ သွားများမရှိတော့သဖြင့် သူ၏အသံမှာ အနည်းငယ် ထူးဆန်းနေသည်ပင်။

“ခင်ဗျားက တကယ်ရော ယွမ်ချင်းသား ဟုတ်ရဲ့လား … ဒူးမနာသားများလား …. ခင်ဗျားက တော်တော်လေးကို အားနည်းတာပဲ .. ခင်ဗျားအဖေတော့ မျက်နှာပျက်စရာပဲ..” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်သည်။ သူလက်ကို လွှတ်လိုက်ပြီဖြစ်ပြီး ယွမ်ဟုန်အား အပေါ်စီးမှ ကြည့်၍ ပြောနေခြင်းပင်။

အားလုံး ဆွံ့အသွားရ၏။ သူတို့သည် ယွမ်ဟုန် မည်သူဖြစ်သည်အား မေ့လျော့လုနီးပါးဖြစ်နေလေပြီ။ သူသည် အဆင့်လွန်ပုဂ္ဂိုလ် ယွမ်ချင်း၏ သားအရင်းပင်။ သို့သော်လည်း သူသည် ယခုတော့ ဤကဲ့သို့ အရိုက်ခံနေရသည်။

“အားလုံးပြောပြီးသားပဲ .. ခင်ဗျားတို့ ယွမ်မိသားစုက လုံလောက်အောင် မသန်မာသေးဘူး . ခင်ဗျားတို့က အဆင့်လွန်သက်ရှိ တစ်ဝက်ပဲဖြစ်သေးတာကို အဆင့်လွန် မိသားစုလိုမျိုး ဟန်ဆောင်နေသေးတယ် .. အခု ခင်ဗျားတို့အားလုံး အဖော်ခံလိုက်ရပြီမလား .. ခင်ဗျားကို တကယ်ရိုက်သင့်တယ်…” ရှီဟောင် သရော်လိုက်သည်။

ယွမ်ဟုန်သည် အသက်ရှူသွင်းနေရသည်ထက် ရှူထုတ်နေရသည်က ပိုများနေသည်။ သူသည် ဒေါသထွက်ဖို့ပင် အားမရှိတော့။ သူ၏မျက်နှာတစ်ခုလုံး ဖူးယောင်နေပြီး ပါးစပ်ဟကာ အသက်ရှူနေရသည်။ သူသည် တကယ်ကိုပင် အရိုက်ခံထားရသည့်ခွေးတစ်ကောင်နှင့် တူနေလေပြီ။

“ခင်ဗျား ဘာပြောချင်သေးလဲ .. ခင်ဗျားဒီကို ဘာလို့လာတာလဲ..” ရှီဟောင် ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ထိုင်၍ မေးလိုက်ခြင်းပင်။

အားလုံးဆွံ့အသွားရ၏၊ ဤလူမှာ သေချာပေါက် လူကောင်းတစ်ယောက် မဟုတ်ပေ။ သူသည် ယွမ်ဟုန်၏ အပြစ်တင်ခြင်းကို ခံခဲ့ရသော်လည်း ဤလူများ အာရုံမထားခဲ့ပေ။ ယခုတော့ သူသည် တစ်ဖက်လူကို ဤအခြေအနေဖြစ်အောင်ပင် ရိုက်လိုက်လေပြီ။ သူသည် တစ်ဖက်လူအား ပြန်၍ပင် စစ်ဆေးမေးမြန်းနေလေ၏။

ယွမ်ဟုန်မှာ မြေပြင်ပေါ်တွင် လဲနေရခြင်းဖြစ်ပြီး လှုပ်ဖို့ပင် အားမရှိတော့။ သူ့အရိုးများအားလုံး ကျိုးသွားပြီဖြစ်သောကြောင့် သူက ဘယ်လိုလုပ် တစ်ဖက်လူအား စစ်ဆေးမေးမြန်းနိုင်တော့မည်နည်း..

ရှီဟောင် လက်မြှောက်လိုက်သည်နှင့် သူ၏လက်ချောင်းများကြားတွင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ သူ ဤလူအား ခုတ်ချပစ်လိုက်ချင်သည်။

“သူ့ကို ကောင်းကင်နတ်ဘုရားကျောင်းအပြင်ဘက် ဆွဲထုတ်လိုက်..” အကြီးအကဲငါးမှ ရုတ်တရက်ပြောလိုက်သည်။

ရှီဟောင် တွေဝေနေခဲ့သော်လည်း သူ့အား မသတ်လိုက်ပေ။ ကျောင်းအကြီးအကဲမှာ သူ့အား ဤနေရာတွင် အသတ်မခံရစေချင်သည်မှာ သိသာလှသည်။ သူလုံလောက်အောင် ဂရုစိုက်ပြီးပြီဟုလည်း ခံစားလိုက်ရသည်ပင်။

နောက်ဆုံးတွင်တော့ ယွမ်ဟုန်သည် ရှက်စရာကောင်းသည့်ပုံစံဖြင့် ရှီဟောင်၏ဆွဲခေါ်သွားခြင်းကို ခံလိုက်ရကာ ကောင်းကင်နတ်ဘုရားကျောင်း အပြင်ဘက်သို့ လွှင့်ပစ်ခံလိုက်ရသည်။

အချိန်မည်မျှကြာသွားမှန်း မသိရသည့်အချိန်မှသာ ယွမ်ဟုန် အားနည်းနည်းရှိလာပြီး သူ၏ဒဏ်ရာများကို ကုသနိုင်သည်။ သူသည် ဒေါသထွက်လွန်းသောကြောင့် သူ့အဆုတ်များပင် နာကျင်နေလေပြီ။ သို့သော်လည်း သူလုပ်နိုင်တာ ဘာမှမရှိပေ။

“ဟုတ်သားပဲ .. အလေးအမြတ်ကျောင်းက သံတမန်ရောက်တော့မှာ .. ငါသူနဲ့ တွေ့ရမယ်..” သူ မတ်တပ်ထရပ်လိုက်ကာ ကောင်းကင်နတ်ဘုရားကျောင်းအား မုန်းတီးစွာ ကြည့်ပြီးနောက် ပြန်လှည့်ထွက်သွားလိုက်လေသည်။

ကျောင်းတွင် ဤသတင်းပျံ့သွားပြီး အုတ်အော်သောင်းတင်းဖြစ်နေလေပြီ။

ယွမ်ချင်းရဲ့ တတိယမြောက်သား ကျောင်းကို ရောက်လာပေမယ့် အရိုက်ခံလိုက်ရပြီးတော့ ကျောင်းပြင်ကို ဆွဲထုတ်ခံလိုက်ရတယ်။ ဤသည်မှာ မည်မျှပင် ထူးဆန်းသည့်ကိစ္စဖြစ်သနည်း။

အထူးသဖြင့် အခုက ကျောင်းနှစ်ကျောင်းမှ ကိုယ်စားလှယ်တွေရောက်လာပြီးတော့ ထူးချွန်တဲ့ကျင့်ကြံသူ ရွေးတော့မဲ့ အရေးကြီးတဲ့အချိန်ပဲ။ အဲဒါကိုမှ ရှီဟောင်က ယွမ်ချင်းသားကို ဒီလိုမျိုးစော်ကားလိုက်တာဆိုတော့ ယွမ်ချင်းက အဲဒီကျောင်းက သူသိတဲ့လူတွေကို ဆက်သယ်လိုက်ပြီးတော့ သူ့အတွက် ခက်ခဲအောင်လုပ်မှာကို ရှီဟောင် မကြောက်ဘူးလား..

“သူ့မှာ ရွေးချယ်စရာမှ မရှိတာ .. သူနဲ့ ယွမ်ချင်းကြားမှာ အစကတည်းက ရန်ငြိုးတွေ ရှိနေပြီးသား .. အဲဒီတော့ ခေါင်းငုံ့ခံနေမယ့်အစား ဒီလိုမျိုး ပြန်တုံ့ပြန်လိုက်တာက ဘယ်သူပြောနိုင်မလဲ ကျောင်းနှစ်ကျောင်းက အကြီးအကဲတွေ အာရုံကို ဆွဲဆောင်လိုက်နိုင်ပြီးတော့ ယွမ်ချင်းရဲ့ အကောက်ကြံမှုတွေကို ချေဖျက်သွားနိုင်တာလည်း ဖြစ်နိုင်တာပဲ..”

လူများစွာမှာ ဤအကြောင်းကို ဆွေးနွေးနေကြကာ ရှီဟောင်၏ လုပ်ပုံကိုင်ပုံများအား ထိတ်လန့်နေကြလေသည်။

ခဏကြာပြီးသည့်နောက်တွင် လက်ရှိလောကနည်းလမ်းကျင့်ကြံသူများနှင့် ရှေးဟောင်းနည်းလမ်းကျင့်ကြံသူများအားလုံး ထွက်လာကြကာ ရှေးဟောင်းမြေများသို့ သွားရန်အတွက် ပြင်ဆင်နေကြသည်။

အထူးသဖြင့် ရှေးဟောင်းနည်းလမ်းကျင့်ကြံသူများပင်။ သူတို့၏ ကိုယ်ပိုင်ထာဝရမျိုးစေ့ကို ရှာဖွေရန်မှာ အရေးကြီးလှသည်။ ဤသည်မှာ သူတို့၏အနာဂတ်အောင်မြင်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

ကောင်းကင်နတ်ဘုရားကျောင်း၏ မြင်ကွင်းများမှာ လှပလှသည်။ ယခုအချိန်တွင် ရှီဟောင်နှင့် လူတစ်စုသည် အပြာရင့်ရောင် ကန်လေးနံဘေးတွင်ရှိနေကြသည်။ သူတို့သည် လရောင်ကို ခံစားကာ ဝိုင်သောက်နေကြလေ၏။

ကန်ထဲမှ ရေနဂါးများ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေက်ြပြီး ရောင်စုံအလင်းများ တောက်ပနေကြလေသည်။

ကန်ထဲတွင် ကူးခတ်နေသည့် နတ်ငါးအချို့လည်းရှိနေသည်ပင်။

“မကြာခင်မှာ ငါတို့ နယ်မြေသင်္ချိုင်းကို သွားကြတော့မှာ .. အဲဒီနေရာမှာ ပျက်စီးသွားတဲ့ ကမ္ဘာငယ်လေးတွေ အများကြီးရှိနေပြီးတော့ ပျက်စီးသွားတဲ့ စကြာဝဠာ ခြေရာလက်ရာတွေလည်း ရှိတယ်လို့ပြောကြတယ် .. စာထဲကအတိုင်း ပုံဖော်ကြည့်လို့ရပေမယ့် အဲဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ တွေးကြည့်ဖို့ ခက်နေတုန်းပဲ..” ရှီဟောင် ပြောလိုက်သည်။

“ကျွန်တော်လည်း နယ်မြေသင်္ချိုင်းအကြောင်းကြားဖူးတယ်..” ချီလင်းဖြူလေး ပြောလိုက်သည်။ နယ်မြေသင်္ချိုင်းမှာ ထာဝရရှေးဟောင်းခေတ်မတိုင်မီကတည်းက ရှိနေခြင်းပင်။ ထိုနေရာတွင် ထူးခြားဆန်းကြယ်မှုများ ပြည့်နှက်နေသည်။

ဤကဲ့သို့သော မသိနိုင်သည့်အရာများစွာ ရှိနေခြင်းကြောင့်လည်း အားလုံး လေ့လာလိုခြင်းပင်။

ထိုနေရာမှာ အန္တရာယ်များလွန်းလှသည်။ အပြင်ပိုင်းအထိ အဆင်ပြေသော်လည်း အတွင်းပိုင်းတွင် ကြောက်စရာကောင်းသည့်အရာများစွာ ရှိနေသည်ပင်။ ရှေးခေတ်များတွင် ထိုထဲသို့ ဝင်သွားသည့် ကျွမ်းကျင်သူများအားလုံး ထာဝရပျောက်ကွယ်သွားကြသည်ပင်။

ထိုနေရာတွင် သေဆုံးခဲ့သည့် စွမ်းအားကြီးသည့်သူများမှာ များပြားလွန်းလှသည်။

“ဒီလောက်ထိ ကြောက်စရာကောင်းတာ .. အဲဒီထဲသွားတော့ ဘာရမှာလဲ..” တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။

“အဲဒီမှာ ပစ္စည်းကောင်းတွေ ရှိတာပေါ့ .. ကျွန်တော်ကြားတာတော့ အဲဒီမှာ စွမ်းအားအကြီးဆုံး ထာဝရမျိုးစေ့ဖြစ်တဲ့ ပြီးပြည့်စုံတဲ့စကြာဝဠာမျိုးစေ့ကို ရသွားတဲ့သူတောင် ရှိတယ်တဲ့ .. လောကသစ်ပင်ကို ထုတ်လာတဲ့သူလည်း ရှိတယ်လို့ ပြောကြတယ်..” ချီလင်းဖြူလေး ပြောလိုက်သည်။

အပိုင်း ၁၃၈၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset