ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၃- ဆူပွက်နေသည့် သွေးစွမ်းအင်များ
ချူဖုန်း ပါးစပ်မှ ထွက်လာသည့်စကားများအား မည်ကဲ့သို့ တုံ့ပြန်ရမည်ကိုပင် လုထုန် မသိတော့။ သူ့ကို အဆက်အသွယ်မရသောကြောင့် သူ စိုးရိမ်နေခဲ့ရပြီး ပူလောင်နေခဲ့ရသည်ပင်။
ဤကောင်စုတ်လေးသည် အသားဆာလောင်နေသည့်လူတစ်ယောက်အဖြစ် ပြန်ပေါ်လာပြီး သားရဲဘုရင်များကို ကင်စားမည့်အကြောင်း အော်ဟစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့။
တွေးလေလေ သူ စိတ်ပျက်လာလေလေပင်။ ဤရက်များတွင် ချူဖုန်းအား မည်ကဲ့သို့ ကယ်ရမည်ကို စဉ်းစားနေရသောကြောင့် သူ့ဆံပင်တစ်ဝက်လောက်ပင် ကျွတ်ကုန်ပြီဖြစ်သော်လည်း ဤကောင်စုတ်လေးကတော့ အဆင်ပြေနေသည့်ပုံပင်။
“ကောင်စုတ်လေး..” လုထုန် ပြောလာသည်။
“ဟေး လူအိုကြီး .. ဘာလို့ဒေါသထွက်တဲ့အသံဖြစ်နေတာလဲ .. ဒီရက်ပိုင်းမှာ ခင်ဗျားရဲ့ အိမ်ထောင်ဖက်နဲ့ လိုက်လျောညီထွေ မဖြစ်လို့လား .. ကျွန်တော့်ကို ကျန်းရှီက အခြေအနေတွေ ပြောပြပါဦး .. နောက်ရက်နည်းနည်းကြာရင် ကျွန်တော် ပြန်လာတော့မှာ..”
…
သူတို့နှစ်ဦး စကားများနေကြရပြီး နောက်ဆုံးတွင်တော့ လုထုန် သူ့ဖုန်းကို ပစ်ပေါက်လိုက်ရတော့သည်။
ဤကောင်စုတ် အစောကြီးကတည်းက ပြန်ကောင်းသွားသည်မှာ သေချာသည်။ သူ ယခင်ကထက်ပင် ပို၍ အင်အားကြီးလာလောက်သည်။ သူ့ထံ၌ ဝှက်ဖဲတစ်ခုခု ရှိနေလောက်သည်ပင်။ ထို့ကြောင့်သာ သူ့ရန်သူများကို ပြန်လာသတ်မည်ဟု ယုံကြည်ချက်ရှိရှိ ပြောရဲနေခြင်းပင်။
ချူဖုန်း စိတ်အေးသွားရပြီး အသေးစိတ်ကိုပင် မမေးတော့။
ချူဖုန်း တောထဲ၌ သေမလိုဖြစ်ခဲ့သော်လည်း လုထုန်ကို အထွန့်တက်မနေတော့။ နောက်ပိုင်းမှ ပြောလည်းရသည်ပင်။ ယခု သူ အဆင့်တက်ရန်သာ အာရုံစိုက်ထားသည်။
ထို့နောက် သူ နွားနှစ်ကောင်ကို ဆက်သွယ်လိုက်သည်။ နွားနှစ်ကောင်သည် ကျန်းရှီ၌ ရောက်နေပြီး သေသည်အထိတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် ချူဖုန်း သူတို့ကို အလောတကြီး တားဆီးလိုက်သည်။
“ငါ အခု အတော်လေး အဆင်ပြေနေတယ် .. အခု ဝင်မတိုက်နဲ့ဦး အချိန်တစ်ခုထိတော့ ပုန်းနေဦး .. ငါပြန်လာတဲ့အထိ စောင့်နေ..” သူတို့ အန္တရာယ်ထဲ ရောက်သွားမည်ကို ချူဖုန်း စိတ်ပူသည်။
ယခုအချိန်တွင် ကျန်းရှီမှာ ကျွမ်းကျင်သူများ စုဝေးနေသည့် အန္တရာယ်များသည့်နေရာပင်။
တိုက်ပွဲများပင် စတင်နေပြီဟု ပြောကြသည်။ ဒေါင်းဘုရင်နှင့် ကျောက်စိမ်းဂူကျောင်းမှဆရာ၊ ဝူတန်းတောင်သခင်နှင့် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူတို့ တိုက်ခိုက်နေကြပြီး သူတို့ စစ်မြေပြင်မှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။
“မင်း ဒီကို မလာတာပိုကောင်းလိမ့်မယ် .. မင်း အဆင်ပြေတယ်ကြားရတော့ စိတ်အေးရတာပေါ့ .. မင်း တစ်နေရာရာမှာ ပုန်းနေလိုက်ဦး..” နွားနက်ကြီး သတိပေးလာသည်။
ကျန်းရှီသို့ ရောက်လာမည့် ဘုရင်အဆင့်ကျွမ်းကျင်သူများစွာ ရှိနေသည့်အပြင် သိုသိုသိပ်သိပ်နေသည့် အင်အားကြီးပုဂ္ဂိုလ်များလည်း ရှိနေသည်။ အခြေအနေမှာ တကယ်ကို ကြောက်စရာကောင်းနေသည်။
“ရှင်းယီလက်သီးပညာ ၁၂ မျိုးလုံးကို ကျွမ်းကျင်တဲ့လူတစ်ယောက်ရှိတယ် .. သူက တကယ်ကို စွမ်းအားကြီးတာ .. ပြီးတော့ ပါ့ကွားလက်သီးကို အဆုံးစွန်ထိ လေ့ကျင့်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်လည်းရှိတယ် .. ဒီလူတွေက အရင်တုန်းက လူရှေ့ထွက်မလာတဲ့သူတွေ..” နွားဝါလေး ပြောလာသည်။ လူများစွာမှာ ချူဖုန်းနှင့် သူ၏အသက်ရှူပညာအတွက် ရောက်နေကြခြင်းပင်။ ထို့ကြောင့် သူ တစ်ခဏခန့် သိုသိုသိပ်သိပ်နေလျှင် အကောင်းဆုံးပင်။
“ပင်လယ်က နတ်ဆိုးအိုကြီးတွေနဲ့ ဂျီးနီးယပ်စ်တွေက လုံဟူတောင်တစ်ဝိုက်မှာ ရှာနေကြပေမယ့် ဘာမှမတွေ့ကြသေးဘူး .. အဲဒါကြောင့် သူတို့တွေက လမ်းတစ်လျှောက် မင်းကို ရှာသွားကြမှာ”
“သူတို့တွေက င့ါကို မျက်စိကျနေကြတာလား .. သူတို့တွေက ငါ့ကို ထန်စန်းလို့ထင်နေတာလား .. ဒီမကောင်းဆိုးဝါးတွေအားလုံးက အသက်ရှင်ရတာ ပင်ပန်းနေတာပဲ..” ချူဖုန်း ပြောလိုက်သည်။
“မင်းက ဘယ်သူ့ကို မကောင်းဆိုးဝါးလို့ ခေါ်နေတာလဲ .. ငါတို့ကိုပါ ဝါးလုံးနဲ့ သိမ်းကြုံးရိုက်မသွားနဲ့..” နွားနက်ကြီး မပျော်မရွှင် ပြောလိုက်သည်။
ချူဖုန်း ဟန်လုပ်၍ ရယ်မောလိုက်ကာ သူတို့ကို စွမ်းအားကြီးမျိုးနွယ်စုများအား မျက်ခြေမပြတ်ကြည့်ပေးရန် တောင်းဆိုလိုက်သည်။ “ကျွန်တော့်ကို လာရှာတဲ့သူတွေထဲက စားလို့ရတဲ့သူတွေကို မှတ်ထားပေး .. ပြီးရင် ခင်ဗျားတို့နှစ်ယောက်လုံးကို ကျွန်တော် စားကောင်းသောက်ဖွယ်တွေ ကျွေးမယ်”
နွားနှစ်ကောင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းရှီ၌ ကျွမ်းကျင်သူများစွာ ရှိနေပြီး အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့်သူများပင်ရှိသည်။ အန္တရာယ်များသော်လည်း ချူဖုန်းက လာချင်နေသေးသည်လား..
“စိတ်မပူပါနဲ့ .. ငါ လာဖို့ယုံကြည်ချက်ရှိမှ လာမှာပါ .. မင်းတို့နှစ်ယောက်လည်း ဂရုစိုက်ကြဦး .. ပြဿနာတွေထဲ ဝင်မပါနဲ့ဦး” ချူဖုန်း သူတို့ကို သိုသိုသိပ်သိပ်နေရန် သတိပေးလိုက်သည်။
“ငါတို့ အဆင်ပြေတယ် .. မန်ချူးကျားလည်း ခွန်းလွန်က ငါတို့ညီအစ်ကိုတွေနဲ့ ရောက်လာပြီ .. ဒီလူတွေက ပွဲလန့်တုန်းဖျာခင်းတတ်ပေမယ့် ငါတို့အပေါ်တော့ ကောင်းပါတယ်..” နွားနက်ကြီး သူ့ကို စိတ်အေးအောင် ပြောလိုက်သည်။
“ကောင်းပြီလေ .. အဲဒါဆိုရင် အခြေအနေတွေကို စောင့်ကောင့်ကြည့်ပြီးတော့ ဘယ်အဖွဲ့အစည်းတွေက ကျွန်တော့်ကို ရှာနေလဲဆိုတာ စုံစမ်းပေးပါဦး” ထိုညတိုက်ပွဲနှင့်ပတ်သက်၍ ချူဖုန်း စိတ်တိုနေဆဲပင်။ လူသားမျိုးနွယ်စုကျွမ်းကျင်သူများမှာ မုန်းစရာကောင်းသည်ထက် ပိုသေးသည်။
မည်သည့်အဖွဲ့အစည်းမှ ထိုလူများအား လွှတ်လိုက်သည်ကို သူသိချင်သည်။
ထိုလူများ မည်သူဖြစ်ကြောင်း မသိလိုက်သော်လည်း နောက်တစ်ခေါက် တွေ့ရလျှင် ထိုလူများကို သူ သေချာပေါက် မှတ်မိမည်ပင်။ သူ ထိုလူများ၏ အော်ရာများကို မှတ်ထားပြီးသားပင်။
“အခုအချိန်မှာတော့ အဖွဲ့အစည်းအမျိုးမျိုးက မင်းကို ရှာနေတာပဲ.. မကြာခင်မှာ သူတို့ သဲလွန်စတစ်ခုခုတော့ ဖော်မိသွားမှာ သေချာတယ်” နွားဝါလေး ပြန်ပြောလိုက်သည်။
ယခုအချိန်တွင် ချူဖုန်း သေခါနီးနေပြီး တစ်နေရာရာ၌ အားပြန်ဖြည့်နေသည်ဟု အားလုံး ယုံကြည်ထားကြသောကြောင့် သူ့အား အသည်းအသန်လိုက်ရှာနေကြသည်ပင်။
အထူးသဖြင့် ထိုတိုက်ပွဲ၌ ပါဝင်ခဲ့သည့် ဘုရင်များပင်။ ချူဖုန်း ရင်ဘတ်မှ ထုတ်ချင်းဖောက်မြင်နေရသည့်ဒဏ်ရာကို သူတို့ကိုယ်တိုင် မြင်ခဲ့ရသောကြောင့် ချူဖုန်းအခြေအနေ မည်မျှဆိုးရွားသည်ကို သူတို့သိသည်ပင်။ ချူဖုန်းကို တွေ့သည်နှင့် သူ့အား ဖမ်းနိုင်လိမ့်မည်ဟု သူတို့ ယုံကြည်နေကြသည်။
“ကျွန်တော် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး အသက်လုနေရတုန်းပဲလို့ သူတို့ထင်နေတာ ပိုကောင်းတယ်..” ချူဖုန်း အေးစက်စွာ ရယ်မောလိုက်သည်။
“ရေအောက်ကဖြစ်စေ ကုန်းပေါ်ကဖြစ်စေ ဘယ်ကျွမ်းကျင်သူက အသက်ရှူပညာပိုင်ဆိုင်ထားလဲဆိုတာကိုလည်း ခင်ဗျားတို့ စုံစမ်းထားသင့်တယ် .. ကျွန်တော့်ကို အကောက်ကြံတဲ့သူမှန်သမျှကို ဓားပြပြန်တိုက်ပစ်မယ်..” ချူဖုန်း ထပ်ပြောလိုက်သည်။
“စုံစမ်းပြီးပြီလို့သာ မှတ်လိုက်တော့ .. မင်း အသက်ရှူပညာတွေ ဓားပြတိုက်မယ့်အချိန်ကို ငါတို့ စောင့်နေမယ်..” နွားနက်ကြီး ပြန်ပြောလိုက်သည်။
နောက်ရက်များတွင် ချူဖုန်း အပြင်လောကကြီးအကြောင်းကို စိတ်မဝင်စားတော့ပဲ သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာရေးကိုသာ အာရုံစိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ သူတို့ ပြင်းထန်လှသည့် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဒဏ်ရာများ ပျောက်ကင်းသွားလျှင်ပင် သူ စိုးရိမ်နေဆဲပင်။
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်တစ်လက်မတိုင်း၌ ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့နေပြီး သူ့ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုအားလုံးကို အာရုံခံနိုင်နေသည်ပင်။
“ငါ့ဒဏ်ရာတွေအားလုံး ပျောက်သွားပြီ .. အမာရွတ်တောင် မရှိတော့ဘူး .. ငါတစ်ခါမှ ဒဏ်ရာမရဖူးသလိုမျိုးကို ဖြစ်သွားတာ..”
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှာ လုံးဝပုံမှန်ဖြစ်နေပြီး အလင်းတန်းများပင် ထုတ်လွှတ်နေသည်။
ဝုန်း..
သူ အားကုန်သုံးပြီး ပြေးထွက်သွားလိုက်သည်။ သူသည် ယခင်ကထက်ပင် ပိုလျင်မြန်သွက်လက်လာသည်။ သူ တောအုပ်ထဲမှ ပြေးထွက်လာကာ လေပေါ်ပျံသန်းလုနီးပါးပင် ဖြစ်သွားသည်။
သူ့ခန္ဓာကိုယ်အခြေအနေကို စတင်စမ်းသပ်လိုက်ပြီး ချို့ယွင်းမှုတစ်ခုခုများ ရှိနေမလားကို စစ်ဆေးလိုက်သည်။
သူသည် မတ်စောက်သည့်တောင်များပေါ်သို့ ပြေးတက်သွားပြီး သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မီတာတစ်ရာ ရောက်သွားသည်။ သူ ခုန်လိုက်လျှင် မီတာတစ်ထောင်ရောက်သွားသည်ပင်။ တစ်ခါတရံတွင် သူသည် ဒဏ္ဍာရီများထဲမှ သတ္တဝါကဲ့သို့ တောင်ထိပ်တစ်ခုမှတစ်ခုသို့ ခုန်ကူးသွားနေသည်ပင်။
ဝုန်း..
သူ အားထည့်လိုက်သည်နှင့် သူ့ခြေထောက်အောက်ရှိ တောင်ကြီး ပျက်စီးသွားကာ ကျောက်တုံးများနှင့် အမှိုက်များ နေရာအနှံ့ လွင့်စင်သွားသည်။
သူ့ခန္ဓာကိုယ်၌ မည်သည့်ပြဿနာမှ မရှိတော့ကြောင်း ချူဖုန်း အတည်ပြုလိုက်သည်။ စိတ်ဝိညာဉ်နှင့် ကိုယ်စွမ်းအင်ပေါင်းစည်းလိုက်ပြီးသည့်နောက် သူ ပို၍ပင် စွမ်းအားကြီးလာသည်။
ယခုအချိန်တွင် သူ အကောင်းဆုံးအခြေအနေသို့ ရောက်နေလေပြီ။ သူ့စွမ်းအင်များ အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီး သွေးစွမ်းအင်များလည်းဆူပွက်နေလေပြီ။
ဝုန်း..
ချူဖုန်းလေထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။ ထိုလက်သီးချက်တွင် နွားနတ်ဆိုးလက်သီးနှင့် ရေနဂါးနတ်ဆိုးလက်သီးပညာတို့ ပါဝင်နေသည်။ မိုးကြိုးများ ကျဆင်းလာသကဲ့သို့ ထိုလက်သီးမှ တောက်ပသည့်အလင်းတန်းများနှင့်အတူ လျှပ်စီးတန်းများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သူ့နောက်၌ နွားတစ်ကောင်နှင့် ရေနဂါးတစ်ကောင်ပုံရိပ် ထွက်ပေါ်လာသည်။ လက်သီးပညာနှစ်ခု ပူးပေါင်းလိုက်သည့်မြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်ပင်။
ဝုန်း..
လက်သီးချက် ကျရောက်သွားသည်နှင့် တောင်နံရံတစ်ခုလုံး ထိုးဖောက်ခံလိုက်ရပြီး သူ့နောက်တွင်ရှိနေသည့်တောင်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာကာ ကျောက်တုံးကြီးများ လိမ့်ကျလာသည်။
“င့ါလက်သီးပညာက ပိုပြီးတော့ စွမ်းအားကြီးလာပြီ..”
ရွှီး..
သူ ဓားပျံကို ပစ်လွှတ်လိုက်ကာ တောင်ထိပ်တစ်ခုလလုံးကို ခုတ်ချပစ်လိုက်လေ၏။
သူ့စိတ်ဝိညာဉ်စွမ်းအင်များလည်း ပို၍အားကောင်းလာသည်ကို သူတွေ့လိုက်ရသည်။
ချူဖုန်း သူ၏စမ်းသပ်မှုများကို ရပ်တန့်လိုက်ပြီး သူ့အသက်ရှူနှုန်းများ တည်ငြိမ်အောင် လုပ်လိုက်သည်။ “လုံလောက်လောက်ပြီ .. စိတ်ဝိညာဉ်စွမ်းအင်နဲ့ သွေးစွမ်းအင်တွေ အမြင့်ဆုံးရောက်ပြီဆိုတာနဲ့ ငါ အဆင့်တက်ဖို့ လုပ်တော့မယ်..”
ဤနေရာမှာ ကမ္ဘာမြေကြီး ပြောင်းလဲလာပြီးနောက် ထွက်ပေါ်လာသည့်နေရာပင်။ တောင်များမှာလည်း မီတာပေါင်း တစ်ထောင်ကျော် မြင့်မားနေသည်။
တောတောင်ထဲတွင် သားရိုင်းများ ဟစ်ကြွေးနေပြီး အသားစားငှက်များလည်း လှည့်ပတ်သွားလာနေကြသည်။ ဤသည်မှာ သမိုင်းမတင်မှီခေတ်က မြင်ကွင်းမျိုးပင်။
ချူဖုန်း ခြေလှမ်းကျယ်များဖြင့် ထိုတောအုပ်ထဲသို့ ဝင်ခဲ့လိုက်သည်။ သူ့သွေးစွမ်းအင်ကို အားဖြည့်ရန်အတွက် သူ နေ့တိုင်း အမဲလိုက်နေခဲ့သည်ပင်။
ခပ်ဝေးဝေးသို့ သွားစရာမလို။ တောင်ထဲသို့ ဝင်လုိက်သည်နှင့် သူ့ထံသို့ ဦးတည်လာနေသည့် သားရဲများကို တွေ့လိုက်ရသည်။
သို့သော် ကံမကောင်းစွာဖြင့် ဘုရင်အဆင့်သက်ရှိများမှာ တောင်များ၏ မြူဆိုင်းနေသည့် အတွင်းနက်ပိုင်း၌သာ ရှိနေသည်။ သူ ထိုနေရာသို့ မသွားချင်သေး။
အဘယ်ကြောင့်ဆိုသော် တောင်များ၏ အတွင်းပိုင်းတွင် ထူးခြားသည့်နယ်မြေများကို ဆက်သွယ်ထားသည့်နေရာများ ရှိနေသည်ဟု နွားဝါလေး သူ့ကို သတိပေးထားဖူးသည်ပင်။ ထိုထဲသို့ ဝင်မသွားလျှင် အကောင်းဆုံးပင်။
ညအမှောင်ထဲမှ မီးတောက်များ တဖျတ်ဖျတ်ကခုန်နေသည်။ ချူဖုန်း ဗိုက်ပြည့်အောင် စားပြီးသည်နှင့် သူ၏အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ကာ သွေးစွမ်းအင်ကို ထိန်းညှိပြီး ဝိညာဉ်ကို အားဖြည့်လိုက်သည်။
တောင်ကြီးမှာ ညအချိန်၌ မငြိမ်းချမ်းပေ။ သားရဲများ ဟစ်ကြွေးသံနှင့် ညငှက်များ အော်မြည်သည့်အသံကို ကြားနေရသည်။
ထိုတောင်များ၏ အတွင်းပိုင်းတွင် ချူဖုန်းသည် လောင်ကျွမ်းနေသကဲ့သို့ တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည်။
သူ အဆင့်တက်ရန် စတင်ကြိုးစားနေလေပြီ။
“ခန္ဓာကိုယ်က စွမ်းအင်တွေ ထုတ်ပေးနေတဲ့ရင်းမြစ်၊ သွေးတွေ လှည့်ပတ်စီးဆင်းနေတဲ့နေရာ၊ တစ်ကိုယ်လုံးကို အားဖြည်းပေးနေတဲ့နှလုံးမှာ အချုပ်အနှောင်တစ်ခု ရှိနေတယ် .. ငါ အဲဒီအချုပ်အနှောင်ကို ဖြတ်တောက်နိုင်ရင် ငါ့ခွန်အားတွေ တိုးလာမှာလား..” ချူဖုန်း ထိုအချုပ်အနှောင်ကို ရွေးချယ်လိုက်သည်။
သိပ်မကြာသေးခင်က သူ့ခန္ဓာကိုယ်ထဲ၌ သွေးစွမ်းအင်များ ဆူပွက်နေပြီး သွေးကြောများမှတစ်ဆင့် အရိုးများ၊ ကြွက်သားများထံသို့ သွေးများ ပို့လွှတ်နေနေသည်။ သူ့နှလုံးသည်လည်း ဗုံတီးနေသကဲ့သို့ မိုးခြိမ်းသံများ မြည်ဟီးနေသည်။
ထို့နောက် သူ ဟစ်ကြွေးလိုက်ကာ ထိုအချုပ်အနှောင်ကို စတင်တိုက်ခိုက်လိုက်တော့သည်။
ဝုန်း..
ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တွင် လျှပ်စီးများ စီးဆင်းလာပြီး အရေပြားမှ နတ်အလင်းများ တောက်ပလာသည်။
သူ့အတွင်းအမြင်အာရုံမှတစ်ဆင့် သူ့ကိုယ်တွင်းအင်္ဂါများမှာ လျှပ်စီးကဲ့သို့သော အလင်းများထုတ်လွှတ်နေသည်ကို သူ မြင်လိုက်ရသည်။ ထိုအလင်းများမှာ တောက်ပလွန်းလှသည်။
နှလုံးမှ အချုပ်အနှောင်အား ဖြတ်တောက်ခြင်းမှာ အတော်လေး ခက်ခဲလှသည်ကို သူတွေ့လိုက်ရသည်။ ထိုအချုပ်အနှောင်သည် တောက်ပသည့်အလင်းများ ထုတ်လွှတ်နေပြီး အတော်လေး အားကောင်းလှသည်။
သူ့မွေးညှင်းပေါက်များမှ အနီရောင်သွေးစွမ်းအင်များ ထွက်လာပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွားရသည်။ သူ့နှလုံးမှာ နေလုံးကြီးကဲ့သို့ တောက်ပနေသည်ပင်။
ချူဖုန်း အားကုန်သုံးကာ ထိုအချုပ်အနှောင်ကို ထပ်ခါတလဲလဲ တိုက်ခိုက်နေခဲ့သည်။ ဤငါးခုမြောက် အချုပ်အနှောင်ကို သူ တကယ် ဖြတ်တောက်ပစ်ချင်သည်။
ဤငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ပြီးသည်နှင့် ဘုရင်အဆင့်သက်ရှိအားလုံးကို ရှင်းပစ်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
အပိုင်း ၂၄၃ ပြီး၏။