Switch Mode

Chapter – 1351 & 1365

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၁ – ရဲတင်းလွန်းခြင်း

ရှီဟောင် ဂူအပြင်ဘက်သို့ ထွက်လာလေသည်။ ဤနေရာ၌ တကယ်ပင် လူအများကြီးရှိနေသည်။ အားလုံးမှာ ဆူညံစွာပင် ဆွေးနွေးနေကြလေ၏။

လေထဲတွင် ဖရိုဖရဲစွမ်းအင် ဝေ့ဝဲနေပြီး ရှီဟောင်၏ခန္ဓာကိုယ်မှာ ကြည်လင်တောက်ပနေလေ၏။

ဤနေရာသည် တောင်ခါးပန်းတွင် ရှိနေခြင်းပင်။ ဤနေရာတွင် ကျောင်းမှလူများအပြင် အပြင်ဘက်လောကရှိ မိသားစုအချို့မှာ သာမန်မဟုတ်သည့်လူများပင် ရှိနေလေ၏။ သူတို့အားလုံး သူ့အား ကြည့်နေကြလေသည်။

“ဟေ့ကောင် .. မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီလား..” ဝမ်မိသားစုမှ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သူတို့မျက်နှာပျက်ရသည်ဟု ခံစားရသောကြောင့် သူတို့ဤလူအား ရိုက်ပစ်ချင်နေသည်ပင်။

ဝုန်း..။

လေဟာနယ်ကြီးတုန်ခါလာကာ အရိုးစာသားများဖြစ်ပေါ်လာသည်။ ထို့နောက် တောက်ပလှသည့်ကြယ်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။

ရွှီး..။

ရှီဟောင်၏ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားလေ၏။ သူနောက်ပြန်ဆုတ်လိုက်သည်နှင့် ကျောက်တံခါးကြီးပိတ်သွားကာ ထိုကြယ်အလင်းတန်းအား တားဆီးလိုက်လေ၏။

ဤဂူတံခါးကို ကျောင်းမှ အကြီးအကဲများဖွင့်ထားခြင်းဖြစ်ပြီး စွမ်းအားကြီးသည့် ကန့်သတ်မှုများ ရှိနေသည်ပင်။ အထဲဘက်မှ ပိတ်ကာ ချိတ်ပိတ်ထားလိုက်ပါက အပြင်ဘက်မှလူများ ဖွင့်နိုင်ရန် အလွန်ခက်ခဲလိမ့်မည်။

ဝုန်း..။

ကျယ်လောင်လှသည့် ဆူညံသံများစွာ ထွက်ပေါ်လာလေသည်။ နတ်ချိန်းကြိုးများမှာ ပင့်ကူအိမ်ကဲ့သို့ ယှက်နွယ်နေလေ၏။ ထိုချိန်းကြိုးများမှာ ကျောက်တံခါးပေါ်သို့ ကျရောက်သွားကာ မိုးခြိမ်းသံကဲ့သို့သော နတ်သံများထွက်ပေါ်လာလေသည်။

“ဟေ့ကောင် ထွက်လာခဲ့ .. မင်းက ငါ့မိသားစုကလူကို ထိရဲတယ်ပေါ့ .. မင်းက ကိုယ့်သေတွင်းကို ကိုယ်တူးနေတာပဲ..” တစ်စုံတစ်ယောက်မှ ဒေါသတကြီး ဟစ်ကြွေးလိုက်လေ၏။

“ထွက်လာခဲ့..”

ဝမ်မိသားစု၏ လူငယ်လေးများသာမက လူကြီးမျိုးဆက်များလည်း ဒေါသထွက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှီးသည် သူတို့ကလန်၏ပုလဲလုံးလေးပင်။ သူမကို အစေခံတစ်ယောက်မှ စော်ကားသည်အား သူတို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။

ဘာမှ မမျှော်လင့်ထားသည့်အဖြစ်အပျက်များသာ မဖြစ်ပါက ဝမ်ရှီးသည် ဒဏ္ဍာရီလာကောင်းမွန်သည့်လူတစ်ယောက်နှင့် လက်ထပ်ရမည်ပင်။ လက်ထပ်ခြင်းဖြင့် ချည်နှောင်နိုင်မည်ပင်။

လက်ထပ်ခြင်းသာ အောင်မြင်သွားပါက မိသားစုနှစ်ခု တစ်စုတည်းဖြစ်သွားမည်ပင်။ အခြားလောကမှ သက်ရှိများဝင်လာပါက သူတို့ပူးပေါင်းကာကွယ်နိုင်သည်။

ထာဝရရှေးဟောင်းမြေခေတ်၏ နောက်ဆုံးရက်တွင် သက်ရှိ ၉၉ ရာခိုင်နှုန်းကျော်မှာ မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မိသားစုကြီးနှစ်ခုသာ ပူးပေါင်းခဲ့သောကြောင့် သူတို့ အသက်ရှင်နိုင်ခဲ့ခြင်းပင်။

ထို့ကြောင့် ယခု သေရေးရှင်ရေး ကြုံလာရသည့်အချိန်တွင် သူတို့အခြားမိသားစုကြီးနှင့် ပူးပေါင်းလိုသည်။

“အမှိုက်ထုတ်တွေ .. နားညီးလိုက်တာ..” ရှီဟောင် ဂူထဲမှ ပြန်ပြောလိုက်သည်။

အပြင်ဘက်မှ ဆူညံနေသည့်လူများမှာ ကြက်သေသွားလေသည်။ အထူးသဖြင့် ဝမ်မိသားစုမှ လူများပင်။ သူတို့မျက်နှာများမှာ ပို၍သုန်မှုန်လာလေသည်။

အမှိုက်ထုတ်ဟုတ်လား .. ဘယ်သူက သူတို့ကို ဒီလိုမျိုးခေါ်ရဲလို့လဲ .. သူတို့မိသားစု၏ စိန်ခေါင်းပတ်ဝတ်ထားသည့်သူမှ သူတို့အား လာရိုင်းစိုင်းနေခြင်းပင်။

ထို့နောက် ထိုဂူထံသို့ တိုက်ခိုက်မှုများ တရစပ်ရောက်ရှိလာလေသည်။

“လူငယ်လေး .. မင်းထွက်လာပြီးတော့ ခွင့်လွှတ်မှုကို တောင်းခံရင် ငါတို့မင်းကို သက်ညှာပေးလို့ရတယ်..” ဝမ်မိသားစုအကြီးအကဲမှ အသံပို့လွှတ်လိုက်သည်။

“ကလန်ဖိုးဖိုး .. သူ့ကို ဘာလို့ စကားတွေပြောနေမှာလဲ .. သူ့ကို သေချာပေါက် ပြင်းပြင်းထန်ထန်အပြစ်ပေးရမယ် .. သူ့ကိုယ်သူ ဘာထင်နေတာလဲ .. ကျွန်တော်တို့ကလန်က သူ့ကို အေးဆေးလေး ဖိနှိပ်နိုင်တယ် .. ကျွန်တော်တို့ ကောင်းကင်နတ်ဘုရားကျောင်းမှာဆိုရင်တောင် သူ့ကို အပြစ်ပေးရမှာပဲ..” လူငယ်လေးတစ်ယောက် အော်ဟစ်လိုက်သည်။

ဖူး…။

ရလဒ်အနေဖြင့် ထိုသူ မျက်နှာကို ရိုက်ခံလိုက်ရကာ သူ့နှုတ်ခမ်းထောင့်မှ သွေးစီးကျလာလေသည်။

မင်းသမီးယောင်ယွဲ့သည် ချက်ချင်းပင် ရယ်မောလာလေ၏။
” ဝမ်မိသားစုက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ .. ကောင်းကင်နတ်ဘုရားကျောင်းမှာတောင်မှ ဒီလိုမျိုးလုပ်ရဲတယ် .. ဘာကိုမှ မဖုံးကွယ်ပဲနဲ့ သတ်ဖြတ်ဖို့ကို ပြောနေတာပဲ..”

“လူငယ်လေး .. မင်းထွက်လာပြီးတော့ ငါတို့နဲ့စကားလာပြောပါ..” ဝမ်မိသားစုမှ တစ်စုံတစ်ယောက်ပြောလိုက်၏။ သူသည် မင်းသမီးယောင်ယွဲ့၏ လှောင်ပြောင်မှုကို အရေးစိုက်မနေပေ။ အဘယ်ကြောင့်ဆိုသော် ယောင်ယွဲ့၏မိသားစုမှလူများလည်း ရောက်နေသောကြောင့်ပင်။

ဤကိစ္စကို အချိန်ဆက်ဆွဲနေပါက ဝမ်မိသားစု ပို၍အရှက်ရလာလိမ့်မည်။

ထို့နောက် ကျောက်တံခါး နောက်တစ်ကြိမ် ပွင့်လာလေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲရောက်လာပြီး သူ့အား ကျောက်တံခါးအား ဖွင့်ခိုင်းသည့်အသံအား လက်ခံရရှိလိုက်သောကြောင့်ပင်။

“အကြီးအကဲ ကျွန်တော်တို့ကို မတားပါနဲ့ .. ကျွန်တော်တို့ကို ဒီကျွန်ကို ခေါ်သွားခွင့်ပြုပါ..” ဒေါသကြီးသည့် လူလတ်ပိုင်းအရွယ် အမျိုးသားမှ ပြောလိုက်သည်။ သူသည် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲအား ကြည့်၍ ပြောလိုက်ခြင်းပင်။

“ငါ့ဖင်ကို ကျွန်ပါလား .. မင်းငါ့ကို ထပ်ပြီး အရှက်ခွဲရင် ငါမင်းတို့ မိသားစုရဲ့ လူငယ်တွေအကုန်လုံးကို သတ်ပစ်မယ်..” ရှီဟောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

အားလုံးမှာ ချက်ချင်း ဘာလုပ်၍ဘာကိုင်ရမှန်းပင် မသိကြတော့။ ဝမ်မိသားစုမှလူများ ရဲတင်းလွန်းလှသကဲ့သို့ ဤလူငယ်လေးသည်လည်း ကြမ်းတမ်းလှသည်ပင်။

အားလုံးမှာ အခြေအနေကို စောင့်ကြည့်နေကြလေသည်။

ရှီဟောင်သည် ထိုလူလတ်ပိုင်းအမျိုးသား၏ နှာခေါင်းကို လက်ညှိုးထိုးကာ ကျယ်လောင်စွာပင် အော်ဟစ်လာလေသည်။
“ခင်ဗျား ဖင်ကိုသယ်ပြီးတော့ ကျုပ်မြင်ကွင်းကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားလိုက်တော့ .. ကျုပ်နားတွေ ညစ်ပတ်အောင် လာမလုပ်နဲ့..”

အားလုံး ဆွံ့အသွားရလေ၏။ ဘယ်သူက ဘယ်သူ့နားညစ်ပတ်အောင် လုပ်နေတာလဲ ..

“ဟေ့ကောင် မင်းက ငါ့ကို မလေးမစား ဆက်ဆံရဲတယ်ပေါ့ .. မင်း အသက် ဆက်မရှင်ချင်တော့ဘူးလား..” ထိုလူသည် အဆုတ်များပေါက်ကွဲမတတ် ဒေါသထွက်လာလေသည်။ သူသည် ရွှေရောင်လက်ကြီးကိုထုတ်ကာ ရှီဟောင်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လာလေသည်။

“ရဲတင်းလိုက်တာ .. ကောင်းကင်နတ်ဘုရားကျောင်းမှာ ရဲရဲတင်းတင်းလုပ်ရဲတယ် .. မင်းတို့ ကိုယ့်သေတွင်းကိုယ်တူးနေကြတာလား..” ကောင်းကင်ထက်မှ မိုးခြိမ်းသံကဲ့သို့သော အသံထွက်ပေါ်လာလေသည်။

အားလုံး နားအူသွားရသော်လည်း စကားပြောသည့်သူကို မြင်လိုက်ရသည့်အချိန်တွင် သူတို့တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာကြည့်လိုက်ကြပြီး ဘာပြောရမည်မှန်းပင် မသိကြတော့။

အဘယ်ကြောင့်ဆိုသော် ပြောလိုက်သည့်သူမှာ ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲမဟုတ်ပဲ ရှီဟောင်ဖြစ်နေသည်ပင်။

ဧည့်သည်က အိမ်ရှင်လာလုပ်နေခြင်းပင်။

ဝမ်မိသားစုမှ လူများမှာ ဒေါသထွက်လွန်းသောကြောင့် မေ့လဲမတတ်ပင်။ ဤကောင်မှာ ရဲတင်းလွန်းလှသည်။ သူ့ကိုယ်သူ ကောင်းကင်နတ်ဘုရားကျောင်း၏ အုပ်ချုပ်သူဟု ထင်နေသည်လား .. ဤသည်မှာ သည်းခံနိုင်သည့်အတိုင်းအတာ ကျော်သွားလေပြီ။

သို့သော် ဝမ်မိသားစုမှ လူများ တိုက်ခိုက်သည့်အချိန်တွင် လက်ကြီးတစ်ဖက်ရောက်လာပြီး သူတို့ကို တားဆီးလာလေသည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲ တိုက်ခိုက်လိုက်ခြင်းပင်။ သူသည် စကားတစ်ခွန်းမှမပြောသော်လည်း သူရပ်တည်သည့်ဘက်ကို ပြသလိုက်လေပြီ။

ရှီဟောင်သည် အလွန်ပင် တည်ငြိမ်နေလေ၏။ ဤသို့ဖြစ်လာမည်ကို သူသိပြီးသားပင်။

ထို့အပြင် ဝမ်မိသားစုမှ လူများကို သူ မကြောက်။ အဘယ်ကြောင့်ဆိုသော် ရောက်လာသည့်သူအားလုံးမှာ အလယ်အလတ်တန်းစားများဖြစ်ပြီး သူ မခုခံနိုင်သည့်သူ မပါ။

ထာဝရစစ်မြေပြင်မှ ပြန်လာပြီး ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများခေါ်တွေ့ခဲ့သည်ပင်။ ဤကဲ့သို့သော ပုဂ္ဂိုလ်များရှေ့တွင် သူ ဘာမှ ထိန်ချန်ထားနိုင်မည် မဟုတ်။

သူဖုံးလည်း မဖုံးကွယ်ချင်ပေ။ ထို့ကြောင့် သူ မည်သူဖြစ်သည်၊ ထာဝရစစ်မြေပြင်တွင် ဘာရရှိခဲ့သည်ကို သူအားလုံးပြောပြခဲ့သည်။

ကျောင်းမှ သူ့ကို ကာကွယ်ပေးမည်ကို ရှီဟောင် သိသည်။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့ ပါရမီရှိသည့်သူမှာ စွမ်းအားအကြီးဆုံးမျိုးစေ့တစ်ခုပင်။ ကျောင်းအတွင်း၌ မည်မျှပင် ရှုပ်ထွေးနေပါစေ ကျောင်းသည် သူ့အား အလေးထားဦးမည်ပင်။

မည်သို့ပင်ဖြစ်စေ ကျောင်း၏အဓိကရည်ရွယ်ချက်မှာ ခေါင်းသုံးလုံးဘုရင်နှင့် လေဟာနယ်သားရဲကဲ့သို့သော သက်ရှိများကို သတ်ဖြတ်နိုင်သည့် ပါရမီရှင်များအား ပျိုးထောင်ပေးရန်ပင်။

အခြားသူများအား သူ မည်သူဖြစ်သည်ကို ပြောပြရန်မှာ အန္တရာယ်များသော်လည်း ကောင်းကင်နတ်ဘုရားကျောင်းမှ စွမ်းအားအကြီးဆုံးအကြီးအကဲများကို ပြောပြလျှင်မူ သူသေချာပေါက် အကာအကွယ်ရနိုင်သည်ပင်။

“စီနီယာ .. ဒါက ဘာသဘောလဲ .. ဒီလိုရူးမိုက်တဲ့တပည့်တစ်ယောက်ကို ကျွန်တော်တို့ အပြစ်ပေးတာကို ဘာလို့ ကျွန်တော်တို့ကို တားဆီးတာလဲ..” ဝမ်မိသားစုမှလူများ မကျေမနပ်ပြောလိုက်ကြသည်။

“လက်မပါပါနဲ့ .. စကားနဲ့ပဲ ရှင်းအောင် ပြောကြပါ..” ထိုအကြီးအကဲမှ ပြောလိုက်သည်။

“ဘာမေးစရာလိုသေးလို့လဲ .. သူက အစေခံတစ်ယောက် .. အဲဒါကိုတောင်မှ သူက ကျွန်တော့်ကလန်က ပုလဲလုံးလေးကို ထိရဲတယ်..” ဝမ်ကလန်မှ ပေါက်ကွဲလွယ်သည့် လူလတ်ပိုင်းအမျိုးသားမှ ပြောလိုက်သည်။

“လူတစ်ယောက်လို ဘယ်လိုစကားပြောရမလဲဆိုတာ ခင်ဗျားသိလား..” ရှီဟောင် ပြောလိုက်သည်။ “ခင်ဗျားတို့ပြောနေတဲ့ အစေခံက ဘယ်သူလဲ .. ကျုပ်နဲ့ဝမ်ရှီးက တစ်ယောက်ကိုတစ်ယောက် တာအိုရောင်းရင်းလို့ ခေါ်ကြတာ .. အခု နောက်တစ်မျိုးတောင် ပြောင်းရင်ပြောင်းခေါ်တော့မှာ..”

ဝမ်မိသားစုမှလူများ၏ နဖူးထက်တွင် အနက်ရောင်လှိုင်းများထွက်ပေါ်လာလေ၏။ ထိုလူလတ်ပိုင်းအမျိုးသားသည် ပို၍အရုပ်ဆိုးလာလေ၏။ သူသည် ရှီဟောင်အား လက်ညှိုးတထိုးထိုးဖြစ်နေသော်လည်း ဒေါသထွက်လွန်းသောကြောင့် ဘာမှမပြောနိုင်တော့ပေ။

ဤနေရာရှိလူများ မူးဝေလာကြလေ၏။ ဒီကောင်ဘာပြောချင်နေတာလဲ.. သူသည် ဝမ်ရှီးကို ဖမ်းပြီးနောက် မိုးမြေကန်တော့ခြင်းကို လုပ်ရန် ကြိုးစားနေခြင်းဖြစ်လိမ့်မည်ဟု သူတို့ပြောနေကြသေးသည်။

ယခု သူက ဝမ်ရှီးကို တစ်ခြားတစ်မျိုးခေါ်ရတော့မည်ဟု ပြောခြင်းမှာ ဝမ်မိသားစုကို အရှက်ခွဲလိုခြင်းလား..

တစ်ခဏခန့် တိတ်ဆိတ်သွားပြီးသည့်နောက်တွင် အုတ်အော်သောင်းတင်းဖြစ်လာလေသည်။

ဝမ်မိသားစုမှလူများမှာ ဒေါသထွက်လွန်းသောကြောင့် တုန်ပင်တုန်‌နေလေပြီ။

“ဟား ဟား ..” မင်းသမီးယောင်ယွဲ့ ကျယ်လောင်စွာပင် ရယ်မောလိုက်လေ၏။ သူမသည် အလွန်လှပလှပြီး သူမအနားတွင် လရောင်များ ဝန်းရံနေလေသည်။
“တာအိုရောင်းရင်း .. ရှင် ဒီလိုပုံစံမျိုးနဲ့ ဝမ်မိသားစုရဲ့သားမက်ဖြစ်တာ သိပ်မကောင်းဘူးထင်တယ် .. ကျွန်မတို့ ပြန်ရောက်တဲ့အချိန်ကျရင် ကျွန်မ ရှင်တို့အတွက် ဂုဏ်ပြုလက်ဆောင်ပို့ပေးလိုက်မယ် .. ရှင်နဲ့ဝမ်ရှီးကို ဂုဏ်ပြုပါတယ်..”

ဤနေရာတွင် ဤကဲ့သို့ ပြောရဲသည့်သူမှာ သူမတစ်ယောက်တည်းသာ ရှိလိမ့်မည်။ သူမစကားလုံးများမှာ ဝမ်မိသားစုအား လှောင်ရယ်နေခြင်းဖြစ်ပြီး သူတို့အား နည်းနည်းလေးမှ မျက်နှာသာမပေးပေ။

“ငါက ဝမ်မိသားစုရဲ့ သားမက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူပြောလဲ .. သူတို့ရဲ့ စက်ဆုပ်စရာကောင်းတဲ့အပြုအမူတွေကို ငါ မကိုင်တွယ်နိုင်ဘူး..” ရှီဟောင်သည် ဝမ်မိသားစုမှ လူများကို လက်ညှိုးထိုးပြီး အထင်အမြင်သေးစွာ ပြောလိုက်ခြင်းပင်။

သောက်ခွေး.. ဝမ်မိသားစုများမှာ သူ့အား အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ပစ်ချင်လာလေသည်။

အခြားသူများ၏အမူအရာများပင်လျှင် ထူးဆန်းလာလေ၏။ ဒီကောင်က စိတ်ကြီးဝင်လွန်းနေတာမလား… သူ ဝမ်ရှီးနှင့် မိုးမြေကန်တော့မည်ဟူသော ကောလဟာလများရှိနေသည့်အချိန် သူက ဤကဲ့သို့ပြောလိုက်သောကြောင့် ဝမ်မိသားစုက ဘယ်လိုလုပ် သည်းခံနိုင်တော့မည်နည်း။

“ငါ မင်းကို သတ်မယ်..”

ယခုအချိန်တွင် ဝမ်မိသားစုမှလူများ တစ်ချိန်တည်း တိုက်ခိုက်တော့မလိုပင်။

“ရဲတင်းလိုက်တာ..” ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲ လှုပ်ရှားလိုက်သည်။ လက်ကြီးတစ်ဖက်ရောက်လာကာ ဤလူများ လွင့်ထွက်သွားအောင် လုပ်လိုက်လေ၏။

“စီနီယာ .. ဒါက ဘာသဘောလဲ..” ဝမ်မိသားစုမှလူများ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ခင်ဗျားတို့လုပ်ရပ်တွေမှာ ဘယ်လိုရည်ရွယ်ချက်မျိုးဖုံးကွယ်ထားတာလဲ ..” ရှီဟောင် အော်ဟစ်လိုက်၏။ “ဒါက ကောင်းကင်နတ်ဘုရားကျောင်း .. ဝမ်မိသားစုမဟုတ်ဘူး .. ခင်ဗျားတို့ရဲ့ ရက်စက်တဲ့အပြုအမူတွေကို သည်းမခံနိုင်ဘူး..”

“မင်းက ကျောင်းကတပည့်မဟုတ်ဘူး .. ဝမ်မိသားစုက ဝယ်ထားတဲ့ကျွန်တစ်ယောက်ထက် မပိုဘူး .. အဲဒီတော့ မင်းအပြစ်ပေးခံရသင့်တယ်..” ဝမ်မိသားစုမှ လူများအေးစက်စွာ ပြောလိုက်သည်။

“အားလုံးပဲ .. အကြီးအကဲအရှင်က စာထုတ်ပြန်လိုက်ပြီ .. သူက ငါ့ရဲ့ ကောင်းကင်နတ်ဘုရားကျောင်းက တပည့်ဖြစ်လာလိမ့်မယ်..” ထိုအကြီးအကဲ ပြောလိုက်၏။

အားလုံးဆွံ့အသွားရသည်။ ကောင်းကင်နတ်ဘုရားကျောင်း၏ အကြီးအကဲများမှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ ပုန်းကွယ်နေသည့် ကျွမ်းကျင်သူများဖြစ်ပြီး သူတို့၏ခွန်အားမှာ အလွန်ကြောက်စရာကောင်းလှသည်။

အကြီးအကဲအရှင်ဆိုသည်မှာ ပို၍ထူးခြားသည့် ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူပင်။

“ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ရမလား မဝင်ရဘူးလားဆိုတာ ကျုပ် စဉ်းစားနေတုန်းပဲ..” ရှီဟောင် မနှေးမမြန် ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည်နှင့် အားလုံးဆွံ့အသွားကြရပြန်သည်။

အပိုင်း ၁၃၅၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၂ – လမ်းလွှဲခြင်း

ဤခံစားချက်မှာ ရှုပ်ထွေးလွန်းလှသည်။ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ကောင်းကင်နတ်ဘုရားကျောင်း၏ အကြီးအကဲအရှင်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူပင်။ ရှီဟောင် ကျောင်း၏တပည့်တစ်ယောက်ဖြစ်လာရန်အတွက် သူစာထုတ်ပြန်လိုက်သော်လည်း ရှီဟောင်သည် ကျောင်းထဲသို့ ဝင်မဝင်ကို တွေဝေနေသေးသည်။

“လူနှစ်ယောက်ကြားက ခြားနားချက်က ဒီလောက်တောင် ကြီးမားတာလား..” နောက်ဆုံးတွင်တော့ ကျွမ်းကျင်သူတစ်ယောက် တီးတိုးပြောလိုက်သည်။

ကျောင်းကို ဝင်ခွင့်ရရန်အတွက် သူ၏ခွန်အား တိုးတက်လာအောင် လုပ်ခဲ့ရပြီး အခြားသူများ၏အခွင့်အရေးများကိုလည်း လုယူခဲ့ရသည်။ သူသည် သေမလောက် ကြိုးစားခဲ့ပြီးမှ ကျောင်းဝင်ခွင့်ရခဲ့ရခြင်းပင်။

“ငါ .. သူ့ကို ရိုက်ချင်တယ်..” မိန်းမပျိုလေးတစ်ယောက် အံကြိတ်၍ ပြောလိုက်သည်။ သူမသည် အလွန်လှပကာ ထာဝရစွမ်းအင် ကျင့်ကြံထားသည့်သူပင်။ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်နိုင်ရန်အတွက် စမ်းသပ်မှုမျိုးစုံကို ဖြတ်ကျော်ခဲ့ရကာ ပြင်းထန်သည့်ဒဏ်ရာများပင် ရရှိခဲ့သည်။

လူများစွာမျာ မကျေမနပ်ဖြစ်လာကြလေ၏။ ကျောင်းဝင်ခွင့်ရရန်အတွက် သူတို့အားလုံး များစွာပေးဆပ်ထားရသည်။ ဝင်ခွင့်ရသည့်အချိန်က သူတို့အလွန်စိတ်လှုပ်ရှားကာ မျက်ရည်ပင် ကျခဲ့ရသည်။

သို့သော်လည်း သူတို့အရှေ့မှလူငယ်လေးသည် ဘာမှမလုပ်လိုက်ရပဲ ကျောင်းအကြီးအကဲကြီး၏ ဖိတ်ခေါ်ခြင်းကို ခံလိုက်ရသည်။ သူတို့က ဘယ်လိုလုပ် စိတ်မပျက်ပဲ နေမည်နည်း.. ဤသည်မှာ မမျှတလွန်းလှသည်။

လူငယ်လေးနှင့် မိန်းမပျိုလေးအားလုံးသည် ရှီဟောင်အား မနာလိုစွာ၊ မုန်းတီးစွာ ကြည့်နေကြလေ၏။

ဝမ်မိသားစုကဲ့သို့သော ကျောင်းကိုလာလည်သည့်သူများ၏ အမူအရာများ လေးနက်သွားလေ၏။ ဤသည်မှာ ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ပေ။

အကြီးအကဲအရှင်ကိုယ်တိုင် ရှီဟောင်ကို ကျောင်းဝင်ရန် ပြောသောကြောင့် မည်သူက မတုန်လှုပ်ပဲနေမည်နည်း။

ဝမ်မိသားစုမှ လူများပင်လျှင် သူတို့ဒေါသကို ထိန်းချုပ်ကာ ရှီဟောင်အား ထပ်ဖန်တလဲလဲ လေ့လာကြလေ၏။

အချို့လူများမှာ ဤလူငယ်လေးသည် ထိုမျှ မရိုးရှင်းကြောင်း နားလည်သွားကာ မျက်မှောင်ကြုတ်လာကြလေ၏။

ခဏကြာပြီးသည့်နောက်တွင် ဤနေရာမှာ ဆွေးနွေးသံများနှင့် ဆူညံလာလေ၏။

ဝမ်မိသားစုမှလူများသည် ယခင်က ရှီဟောင်အား ပစ်မှတ်ထားခဲ့သော်လည်း ယခုတော့ ဘာပြောရမလဲမသိတော့ပေ။ သူတို့မျက်နှာများ ပျက်ယွင်းနေလေ၏။

“စီနီယာ .. သူက ဘယ်သူပဲဖြစ်ဖြစ် အမှားလုပ်ထားတဲ့အတွက် ပြန်ပေးဆပ်ရမှာပဲ..” ဝမ်မိသားစုမှ အကြီးအကဲတစ်ယောက် ကျောင်းအကြီးအကဲအား ပြောလိုက်သည်။

သူတို့သည် အစောပိုင်းကလောက် ဖိအားမပေးတော့သော်လည်း သူတို့ ဤအတိုင်းတော့ အရှုံးမပေးနိုင်။ အဘယ်ကြောင့်ဆိုသော် ဤလူငယ်လေးသည် ကောင်းကင်နတ်ဘုရားကျောင်း၏နှစ်သက်သည့်သူဖြစ်ရုံဖြင့် ဤကိစ္စကို လျှော်လိုက်ရပါက သူတို့အလွန်ကူကယ်ရာမဲ့သည့်ပုံ ပေါက်သွားလိမ့်မည်။

သူတို့သည် သက်ရှည်မိသားစုဖြစ်သောကြောင့် သူတို့နောက်ခံများ လုံလောက်အောင် ကောင်းမွန်သည်ပင်။

“ဝမ်ရှီးရော ဘယ်လိုလဲ .. သူ ဘယ်မှာလဲ..” ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲမှ မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဤသည်မှာ ဝမ်မိသားစု အစိုးရိမ်ဆုံးအရာပင်။

ဘာဖြစ်ခဲ့သည်ကို သူတို့လည်း သိချင်သည်။

“သူက နေကောင်းပါတယ် .. နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်..” ရှီဟောင် ပြန်ဖြေလိုက်သည်။

ထိုစကားသံထွက်လာသည်နှင့် ချက်ချင်းတိတ်ဆိတ်သွားလေသည်။ အားလုံးသည် ဂူပေါက်ဝသို့ မကြည့်ရမနေနိုင်တော့။

မင်းသမီးယောင်ယွဲ့ပင်လျှင် မျက်လုံးများပြူးကျယ်လာလေသည်။ ဒီကောင်က လျှောက်လုပ်ရဲတာလား..

တစ်ခဏခန့် တိတ်ဆိတ်သွားပြီးသည့်နောက်တွင် အားလုံး၏အတွေးများ ကြမ်းတမ်းလာလေ၏။

အဘယ်ကြောင့်ဆိုသော် ဤစကားလုံးများမှာ လူတစ်ယောက်၏အတွေးကို မှောင်မဲသွားစေနိုင်သည်ပင်။ ဤစကားလုံးများမှာ ဝမ်မိသားစုမှ ကျွမ်းကျင်သူများအား ထိုးနှက်နေတော့သည်။

“တိရစ္ဆာန်ကောင် .. မင်းက ငါ့ဝမ်မိသားစုကို အခွင့်ကောင်းယူရဲတယ် .. မင်းအသက်ရှင်ရတာ ပင်ပန်းနေတာလား..” ဝမ်မိသားစုမှ အကြီးအကဲအော်ဟစ်လိုက်၏။

သူတို့ မိသားစုသည် ဝမ်ရှီးအား အခြားတစ်ယောက်နှင့် လက်ထပ်ပေးရန် စီစဉ်ထားပြီးသားပင်။ တစ်ခုခုသာဖြစ်သွားပါက သည်းခံနိုင်ရန် ခက်ခဲလိမ့်မည်။

“သူ့သေလမ်း သူရှာနေတာပဲ .. သူ့ကိုသတ်လိုက်တော့..” ဒေါသကြီးသည့် လူလတ်ပိုင်းအရွယ်အမျိုးသားမှ အော်ဟစ်လိုက်သည်။

ဤကဲ့သို့သော ရလဒ်မျိုးဖြစ်လာလိမ့်မည်ဟု ထင်မထားသောကြောင့် အားလုံးဆွံ့အသွားရသည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ လူများလည်း အသည်းကွဲနေကြသည်။ အထူးသဖြင့် ဝမ်ရှီးအား အမြဲတမ်းအာရုံစိုက်နေသည့်သူများပင်။ သူတို့သည် ယခုအချိန်တွင် ရှီဟောင်အား အလွန်မုန်းတီးသွားကြလေ၏။

“ဒီကောင်က တကယ်ကို ပြတ်သားတယ် .. ဒီလိုလုပ်ရုံနဲ့ တစ်ခြားသူတွေ သူ့ကိုလက်ခံလာအောင် လုပ်ချင်နေတာလား .. သူက သေချာပေါက်ကို လူကောင်းမဟုတ်ဘူး..” အခြားသူများ တီးတိုးရေရွတ်နေကြလေသည်။

“ခင်ဗျားတို့အားလုံး ရူးသွားတာလား..” ရှီဟောင် အော်ဟစ်လိုက်ပြီးနောက် ရှောင်လိုက်လေသည်။

ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲသည်လည်း အသိပြန်ဝင်လာကာ ဝမ်မိသားစုမှ လူများကို တားဆီးလိုက်သည်။ သူသည် အကြီးအကဲအရှင်၏အမိန့်နှင့် ရောက်လာခြင်းဖြစ်သောကြောင့် ရှီဟောင်အသတ်ခံလိုက်ရသည်ကို သူ ကြည့်မနေနိုင်။

ဖုန်း..။

ပြင်းထန်လှသည့် ထိတွေ့မှုကြီးဖြစ်လာကာ ကောင်းကင်ထက်သို့ မီးခိုးများ လွင့်တက်သွားသည်။ သင်္ကေတများလည်း တောက်ပလာသည်ပင်။

“စီနီယာတို့ ဒီလိုကိစ္စမျိုးတောင်ဖြစ်နေပြီ .. စီနီယာတို့က ဒီအရူးကို ကာကွယ်ပေးဦးမလို့လား..” ဝမ်မိသားစုမှလူများ ဒေါသထွက်လာကြကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာလေ၏။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲလည်း ဆွံ့နေသည်။ သူသည် ရှီဟောင်အား မကျေမနပ်ကြည့်လိုက်လေ၏။ ဤပြဿနာမှာ ကြီးမားလွန်းလှသည်ပင်။ သူ ဘယ်လို ရှင်းရတော့မည်နည်း..

“အခု ဒီလိုတွေဖြစ်လာပြီဆိုတော့ ငါတို့ ဘယ်လိုဖြေရှင်းသင့်တယ်လို့ မင်းထင်လဲ..” ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲ ရှီဟောင်အား လက်ညှိုးထိုးပြီး မေးလိုက်ခြင်းပင်။

“ဘယ်လိုလုပ်ဦးမှာလဲ .. သူ့ကို အပိုင်းပိုင်း ခုတ်ပစ်ပြီးတော့ ခွေးစာကျွေးလိုက်..” ဝမ်မိသားစုမှ လူများ မုန်းတီးစွာ ရယ်မောလိုက်ကြလေ၏။

“ခင်ဗျားတို့ ဘာတွေပြောနေတာလဲ ကျုပ် မသိဘူး..” ရှီဟောင်သည် ခေါင်းခါလိုက်ကာ အပြစ်ကင်းသည့်ပုံစံလေး လုပ်နေလေသည်။

ဒီလောက်ထိ ဖြစ်ပျက်ပြီးတာတောင်မှ သူက ဒီလိုမျိုး ဘာအမှားမှမလုပ်ထားသလို ဟန်ဆောင်နေသေးတယ် .. ဝမ်မိသားစုမှလူများ၏ မျက်လုံးများ နီရဲလာကြလေသည်။

“အခုတောင်မှ မင်းကို ဒီလိုမျိုး လက်လွတ်စပယ်ပြောနေသေးတယ် .. ကောင်းကင်နတ်ဘုရားကျောင်းက မင်းလိုမျိုး ကိုယ်ကျင့်သိက္ခာမရှိတဲ့သူကို ဘယ်လိုမျိုးကာကွယ်ပေးမလဲဆိုတာ ကြည့်ကြသေးတာပေါ့..” ဝမ်မိသားစုအကြီးအကဲမှ အေးစက်စွာ ပြောလိုက်သည်။

သူသည် ဒေါသထွက်လွန်း၍ ရယ်သာရယ်နေလိုက်တော့သည်။ သို့သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်သေးသည်။ ပြဿနာထပ်ကြီးလာမည်ကို သူ စိုးရိမ်မနေတော့။ ကောင်းကင်နတ်ဘုရားကျောင်းသာ ဤလူကို ဆက်ကာကွယ်ပေးနေမည်ဆိုလျှင် ပြဿနာရှာရန် သူတို့၏ ဘိုးဘေးကို ဖိတ်ခေါ်လိုက်ရန် သူ ဝန်လေးနေမည်မဟုတ်။

“ဘာတွေလျှောက်ပြောနေတာလဲ .. ကျုပ် တကယ်ကို နားမလည်တော့ဘူး..” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်လေသည်။

အားလုံး ဆွံ့အသွားရ၏။ ဒီကောင်ရဲ့စိတ်က တော်တော်လေး ထူးဆန်းလွန်းနေတယ်မလား .. ဤမျှအထိဖြစ်ပျက်နေသော်လည်း သူက အလွန်တည်ငြိမ်နေသည့်ပုံပင်။

“ဝမ်ရှီး ဘယ်မှာလဲ .. ရှီးအာကို ထွက်လာခိုင်းလိုက်..” ဝမ်မိသားစုမှလူများ အသံပို့လွှတ်လိုက်သည်။

“အရမ်းဆူညံမနေနဲ့ .. သူအိပ်နေတာကို မနှောက်ယှက်ကြနဲ့..” ရှီဟောင် ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲမှာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ ဒီကောင်က တည်ငြိမ်လွန်းမနေဘူးလား .. သူ့ကို ကြည့်ရသည်မှာ ပြဿနာရှာထားသည့်ပုံမပေါ် ..

“ဝမ်ရှီး ဘယ်မှာလဲ ..မင်း သူ့ကို ဘာလုပ်ထားတာလဲ..” သူ သတိကြီးကြီးမေးလိုက်သည်။

ထိုအမေးသံကြားလိုက်ရသည့်အချိန်တွင် ဝမ်မိသားစုများနှင့် အခြားကျင့်ကြံသူများအားလုံး ရှီဟောင်ကို ကြည့်လာကြသည်။

“ကျုပ်နဲ့သူရဲ့ ဆက်ဆံရေးက အရမ်းရင်းနှီးတယ် .. ကျုပ်တို့အတူတူ ကျင့်ကြံကြတာ .. သူအနားယူနေတုန်း ကျုပ် အရင်နိုးလာတာ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

ဝမ်မိသားစုမှလူများ မျက်နှာမသာမယာဖြစ်သော်လည်း ဘာမှမပြောကြပဲ သည်းခံလိုက်ကြသည်။ “မင်းတို့နှစ်ယောက် ဘယ်လိုကျင့်ကြံခဲ့ကြတာလဲ .. ဘာနည်းလမ်းကျင့်ကြံခဲ့တာလဲ..” ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲမှ ဆက်မေးလိုက်သည်။

“လူနှစ်ယောက် အတူတူကျင့်ကြံဖို့သင့်တော်တဲ့ မှော်ဆန်ပြီး အံ့အားသင့်စရာကောင်းတဲ့ သာမန်မဟုတ်တဲ့ ကျင့်ကြံမှုမျိုးပေါ့..” ရှီဟောင် ပြန်ဖြေလိုက်သည်။

ဝမ်မိသားစုမှ လူများ ငြိမ်ငြိမ် မနေနိုင်တော့။ ဤကောင်၏စကားလုံးများမှာ ရှင်းလင်းလှလေပြီ။ မိန်းကလေးနဲ့ယောက်ျားလေး အတူတူ ကျင့်ကြံတယ် ဟုတ်လား ..

“အား..” ဝမ်မိသားစုမှ လူများ အော်ဟစ်လိုက်ကြသည်။

“ပြော .. ဘာဖြစ်ခဲ့တာလဲ.” ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲ ရှီဟောင်အား စစ်ဆေးလိုက်သည်။ ရှီဟောင်၏မျက်ဝန်းမှ အလင်းတန်းကို မြင်လိုက်သည်နှင့် ဤကောင်သည် တစ်ဖက်လူအား တမင်သက်သက်ရန်စနေခြင်းဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။

ယခုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲမပြောနှင့် အခြားသူများပင်လျှင် တစ်ခုခုမှားယွင်းနေမှန်း သိနိုင်သည်ပင်။ သူက ဘာကြောင့် ဒီလောက်တည်ငြိမ်နေရတာလဲ။

ကောင်းကင်နတ်ဘုရားကျောင်းသည် ဤနေရာမှ ပျောက်ကွယ်သွားကာ တစ်ခဏကြာပြီးနောက် ဝမ်ရှီးကိုခေါ်ပြီး ပြန်ပေါ်လာလေသည်။ သူမသည် တကယ်ပင် အိပ်ပျော်နေခြင်းဖြစ်ပြီး သူမ၏သွင်ပြင်မှာ အလွန်အေးချမ်းလှသည်ပင်။

“ရှီးအာ..” လူလတ်ပိုင်းအရွယ်အမျိုးသားမှ အော်ဟစ်လိုက်သည်။

ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲ လက်ညှိုးထိုးလိုက်သည်နှင့် ဝမ်ရှီး ချက်ချင်းနိုးလာပြီး အနည်းငယ် ရှုပ်ထွေးသည့်ပုံပေါ်နေသည်။

“ဝမ်ရှီး .. ဘာဖြစ်ခဲ့တာလဲ..” ဝမ်မိသားစုမှ အကြီးအကဲမေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး .. ကျွန်မ ထာဝရစစ်မြေပြင်ကနေ ‘အိပ်မက်နှလုံးသားရှေးဟောင်းကျမ်းစာ’ကို ရခဲ့တယ် .. အဲဒီတာအိုကို လေ့လာဖို့အတွက် အိပ်မက်ထဲဝင်ဖို့လိုတယ် .. ပထမအပိုင်းက တစ်ယောက်ယောက်က အိပ်မက်ထဲဝင်လာပြီးတော့ ကူညီပေးဖို့လိုတယ်…”
ဝမ်ရှီး ရှင်းပြလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး ရှီဟောင်အား ထူးဆန်းစွာ ကြည့်လာကြလေသည်။ ဒီကောင်က အဓိပ္ပာယ်မရှိတာတွေ ပြောပြီးတော့ ဝမ်မိသားစုကလူတွေ အဆုတ်ပေါက်ကွဲအောင် လုပ်နေတာလဲ .. သူက တာအိုကျင့်ကြံတာကို ကူညီပေးတာတဲ့လား .. ဤကောင်မှာ မကောင်းသည့်ကောင်ဟု အားလုံးခံစားလိုက်ရသည်။ မည်သူက ဤကဲ့သို့သော ထိတ်လန့်မှုမျိုးကို ကိုင်တွယ်နိုင်မည်နည်း။

“မင်းက တိုက်ခိုက်ခံနေရတယ်လို့ ကောလဟာလတွေကြားလို့ ကူညီပေးဖို့ ငါတို့လာကြည့်တာ” ဝမ်မိသားစုမှ လူများပြောလိုက်သည်။ သူတို့သည် ရှက်နေကြပြီဖြစ်ပြီး ဘာပြောရမှန်းပင် မသိတော့။

“ကောလဟာလတွေ..” ဝမ်ရှီး ခေါင်းခါလိုက်သည်။ သူမ ဘာမှ ထပ်မပြောတော့ပေ။

“ကျုပ်ကပဲ သဘောထားကြီးပေးလိုက်ပါ့မယ် .. ဘာမဟုတ်တာလေးကို ခင်ဗျားတို့နဲ့ ငြင်းခုံမနေတော့ပါဘူး..” ရှီဟောင် လက်ဝေ့ရမ်း၍ ပြောလိုက်သည်။

ဝမ်မိသားစုမှ လူများသာမက အားလုံးဆွံ့အသွားရသည်ပင်။ သူ့ထက် အရေထူတဲ့ လူ ရှိပါဦးမလား ..

“ကောင်းပြီလေ .. ဒီကိစ္စကို အတိတ်မှာပဲ ထားခဲ့လိုက်တော့ .. ဒါက နားလည်မှုလွဲတာလေးပါပဲ..” ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲထွက်လာကာ ပြောလိုက်၏။ တစ်ချိန်တည်းမှာပင် အရေးကြီးသည့်သတင်းတစ်ခုကို သူ ကြေငြာလိုက်လေသည်။

“ဒီကိစ္စကို ဒီလိုပဲ ဖြေရှင်းလိုက်မှာလား..” ဝမ်မိသားစုမှလူများမှာ ဤကဲ့သို့ အဆုံးမသတ်လိုက်နိုင်။ တစ်ခဏကြာတိတ်ဆိတ်သွားပြီးနောက် သူတို့အားလုံး အေးစက်သည့်အပြုံးများ ဆင်မြန်းလာကြလေသည်။

“ဒီအဖြစ်အပျက်မှာ ကျွန်တော့်ကလန်က ပုလဲလုံးလေးရဲ့ ဂုဏ်သိက္ခာစွန်းထင်းသွားရတယ် .. စီနီယာတို့ ဒီကိစ္စကို ဘယ်လိုအလျော်ပေးမလဲ..” ဝမ်မိသားစုမှ လူများ အော်ဟစ်လိုက်သည်။

“ရှင်းရှင်းလေးပါ .. ဝမ်ရှီးကို ဒီလူငယ်လေးနဲ့ ပေးစားလိုက်..” ကောင်းကင်နတ်ဘုရားကျောင်းထဲမှ အကြီးအကဲအရှင်၏အသံ ထွက်လာလေသည်။

အားလုံး ဆွံ့အသွားကြလေသည်။ ဝမ်မိသားစုမှ လူများမှာ ဤသည်ကို လက်မခံနိုင်သော်လည်း တိုက်ရိုက်လည်း မငြင်းနိုင်ပေ။

အပိုင်း ၁၃၅၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၃ – အားလုံး ရှင်းလင်းလာခြင်း

အကြီးအကဲအရှင်ပြောလိုက်သည်နှင့် ဝမ်မိသားစုသာမက အခြားထိပ်တန်းအဆင့်မိသားစုများပင်လျှင် ပြန်စဉ်းစားကြရမည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ သန်မာလှပြီး သူတို့ကလန်အကြီးအကဲဟောင်းများကို ခေါ်ထုတ်လာလျှင်ပင် ဤလူကို ယှဉ်နိုင်မည်မဟုတ်။

ယခုအချိန်တွင် အားလုံး ရှီဟောင်အား ထူးဆန်းစွာ ကြည့်လာကြလေသည်။
ဒီလူငယ်လေးက လူအိုကြီးရဲ့တရားမဝင်သားလို့တော့ ငါ့ကိုမပြောနဲ့နော် .. သူက ဒီလူငယ်လေးကို သေချာကာကွယ်ပေးနေတာပဲ..

အားလုံး စိတ်ရှုပ်ထွေးသွားကြရသည်။

ဒါမှမဟုတ် ဒီလူငယ်လေးက ခေါင်းသုံးလုံးဘုရင်ကို တကယ်သတ်ခဲ့တာလား .. ပြီးတော့ လေဟာနယ်သားရဲက သူ့ရဲ့ပြန်လည်မွေးဖွားခြင်းပြီးတော့ ပြန်ပေါ်မလာတော့ဘူး .. သူလည်း အသတ်ခံလိုက်ရတာလား..

ယခင်ကတည်းက ဤကဲ့သို့ပြောနေသည့်သူများ ရှိခဲ့သော်လည်း ယုံကြည်သည့်သူအနည်းငယ်သာ ရှိခဲ့ပြီး အများစုမှ မယုံကြည်နိုင်ကြပေ။ အထူးသဖြင့် ထာဝရစစ်မြေပြင်သို့ မသွားခဲ့သည့်သူများပင်။ သူတို့အားလုံး ဤသည်မှာ သတင်းအမှားဟုသာ ယုံကြည်ထားကြသည်။ သို့သော်လည်း ယခုတော့ အားလုံး၏ရင်၌ တင်းကြပ်နေပြီး မျက်လုံးများလည်းပြူးကျယ်နေလေသည်။

ဝမ်ရှီးပင်လျှင် ထိတ်လန့်လာလေ၏။ သူမသည် ယခုမှ ဒေါသထွက်လာလေသည်။

ဝမ်မိသားစုအကြီးအကဲသည် ချောင်းဟန့်လိုက်ပြီးနောက် ပြတ်ပြတ်သားသားပင် ငြင်းလိုက်လေသည်။ “စီနီယာ .. ဒီလိုကိစ္စမျိုးက အသေးအဖွဲ ကိစ္စမဟုတ်ပါဘူး .. သူနဲ့ဝမ်ရှီးကြားမှာ အခွင့်အရေးမရှိနိုင်ပါဘူး..”

ဝမ်မိသားစုမှ အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ရင်ထဲ၌ ထူးခြားသည့်သူမှာ ရှီဟောင်ထက် ပိုသန်မာပြီး ဝမ်ရှီးနှင့် ပိုသင့်တော်သည်။

“မမလေး ဝမ်ရှီး .. မင်းရော ဘယ်လိုထင်လဲ..” ယခုပြောလိုက်သည်မှာ အကြီးအကဲအရှင်မဟုတ်ပဲ ကျောင်းမှ အခြားအကြီးအကဲပင်။

“ကျွန်မတို့က တာအိုရောင်းရင်းတွေပါပဲ .. အဲဒီထက် မပိုပါဘူး..” ဝမ်ရှီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟူး .. ဟုတ်ပြီလေ .. ဒီလိုဆိုတော့လည်း ဒီကိစ္စပြီးပြီ .. အားလုံး ဒီကိစ္စကို ဒီမှာတင်အဆုံးသတ်လိုက်တော့..” အကြီးအကဲထပ်ပြောလာပြီးနောက် ဘာသံမှထွက်မလာတော့ပေ။

ဒါက ဘာပြောချင်တာလဲ .. အားလုံး အနည်းငယ် ဆွံ့အသွားလေသည်။

အကြီးအကဲအရှင်က ရှီဟောင်အတွက် အောင်သွယ်တော်လုပ်ပေးပြီးတော့ ဝမ်မိသားစုက ငြင်းလိုက်တာလား..

ထို့နောက် အားလုံးနားလည်သွားရသည်။ အကြီးအကဲအရှင်သည် ထိုလူငယ်လေးအား ကူညီပေးလိုက်ခြင်းပင်။ သူသည် အောင်သွယ်တော်လုပ်ပေးခြင်းမဟုတ်ပဲ ဖိအားပေးကာ ဤလူငယ်လေးအား ဤအခြေအနေမှ ကယ်ထုတ်ပေးလိုက်ခြင်းပင်။

အချို့လူများသည် အကြီးအကဲအရှင်သည် သူတို့နှစ်ယောက်ကြား တကယ်အောင်သွယ်တော်လုပ်ခြင်းဖြစ်သည်ဟု ခံစားလိုက်ရသော်လည်း ဘာကြောင့်ဤကဲ့သို့လုပ်သည်ကိုမူ သူတို့ နားမလည်နိုင်။

“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ပါ့မယ်..” ဝမ်မိသားစုမှ အကြီးအကဲပြောလိုက်သည်။

သို့သော် ဒေါသကြီးသည့် လူလတ်ပိုင်းအမျိုးသားမှာ မကျေမနပ်ဖြစ်နေသေးသည်။ ဤလူမှာ လူငယ်လေးသာဖြစ်သော်လည်း ဝမ်မိသားစုမှ အကြီးအကဲကို ရန်စရဲသည်။ ဤကဲ့သို့သော မလေးစားသည့်အပြုအမူကို သူ လက်မခံနိုင်။

“အစေခံလေးကများ စော်စော်ကားကားနဲ့..” သူ အေးစက်စွာ‌ ပြောလိုက်သည်။

ဝမ်မိသားစုအကြီးအကဲသည် သူ့အား စိုက်ကြည့်လိုက်ကာ ဆက်ပြောခွင့်မပေးတော့။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင်ကို သူတို့ မျက်နှာသာပေးရဦးမည်ပင်။

“ငါ့ဖင်ကိုပဲ အစေခံလိုက်..” ရှီဟောင် ဒေါသထွက်လာကာ အခြေအနေဆိုးအောင်လုပ်ရန်လည်း ဝန်မလေးပေ။
” ဝမ်ရှီးနဲ့ကျုပ်နဲ့က ဘယ်လိုဆက်ဆံရေးမျိုးလဲ .. ကျုပ် ဘယ်တုန်းက သူ့နောက်လိုက်လုပ်ဖူးလို့လဲ .. သူ့ရဲ့တာအိုရောင်းရင်းအနေနဲ့ ကျုပ်ကျောင်းထဲဝင်လာခဲ့တာ..”

အားလုံးထိတ်လန့်သွားရ၏။ ဤလူငယ်လေးမှာ နည်းနည်းလေးမှ အမှားမခံပေ။ အားလုံးမှာ ဝမ်ရှီးကို ကြည့်လာကြလေသည်။

“ပြီးတော့ ခင်ဗျားတို့ ဝမ်မိသားစု ကျုပ်ခေါင်းပေါ်တင်ထားတဲ့ ဒီစိန်ခေါင်းပတ်အစုတ်အပြတ်လေး .. ဒါက ခင်ဗျားတို့ တစ်ခြားလူကို ကန့်သတ်ထားတဲ့ပစ္စည်းတစ်ခုပဲ .. ဒါဆောင်းထားတဲ့လူတိုင်း ခင်ဗျားတို့အစေခံဖြစ်လာမယ်လို့ ခင်ဗျားတို့ထင်နေကြတာလား .. ဒါက ဘယ်လောက်တောင် မောက်မာတာကြီးလဲ .. အဲဒါဆိုရင် ကျုပ်မြေပြင်ပေါ်မှာ စက်ဝိုင်းကြီးဆွဲပြီးတော့ ခင်ဗျားတို့ဝမ်မိသားစုက လူအားလုံးကို ကျုပ်ရဲ့အစေခံအနေနဲ့ သတ်မှတ်လို့ရလား .. ခင်ဗျား ဦးနှောက်က ကျွဲနင်းသွားတာလား..” ရှီဟောင် ဆက်ပြောလိုက်သည်။

အားလုံး ဆွံ့အသွားလေ၏။ ဤလူ မပြောရဲတာ မရှိ။ သူသည် တစ်ဖက်လူကို နည်းနည်းမှ မျက်နှာသာမပေးပေ။

ရှီဟောင် အေးစက်စွာ ရယ်မောလိုက်လေ၏။ သူ ဤမျှအထိ လုပ်နေခြင်းမှာ ဝမ်မိသားစု ဗိုလ်ကျလွန်းသောကြောင့်ပင်။ သူ့လက်အောက်တွင် မိုတောင်ရှိသည်နှင့် ဝမ်မိသားစုသည် သူ့အား သူတို့အစေခံအဖြစ်မြင်လာပြီး မိုတောင်ကိုလည်း သူတို့အစေခံဖြစ်စေချင်နေကြသည်။ လူငယ်မျိုးဆက်လေးတစ်ယောက်မှ ဤကဲ့သို့စပြောလိုက်ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အသက်ကြီးသည့်သူများပါ ဤသို့ ပြောလာသည်ပင်။

ထို့ကြောင့်ပင် သူသည် သူနှင့်ဝမ်ရှီးကြားမှ ကောလဟာလကို စတင်ဖြန့်ကာ တန်ပြန်တိုက်ခိုက်လိုက်ခြင်းပင်။

မည်သို့ပင်ဖြစ်စေ သူ ကောင်းကင်နတ်ဘုရားကျောင်းထဲသို့ ဝင်မည်ဟု ဆုံးဖြတ်ပြီးသွားပြီဖြစ်ပြီး အကြီးအကဲအရှင်နှင့်လည်း သီးသန့်ဆွေးနွေးပြီးသွားလေပြီ။ သူ တစ်ဖက်လူ၏သွားများကျွတ်ထွက်သွားအောင် လုပ်စရာ မလိုတော့။ သို့သော်လည်း ဝမ်မိသားစုကို နည်းနည်းလောက်တော့ ရိုက်ပစ်ချင်သေးသည်ပင်။

“ပြီးတော့ ဒီစိန်ခေါင်းပတ်ကြီးကို မြန်မြန်ဖယ်ပေး .. မဟုတ်ရင် သတ္တုပုံအဖြစ်နဲ့ပဲ ခင်ဗျားတို့ ပြန်ရလိမ့်မယ်..” ရှီဟောင် ပြောလိုက်၏။

“ဟား ဟား..”
ဝမ်မိသားစုမှ လူများ ရယ်မောလိုက်ကြသည်။
“မင်းက တကယ် တစ်ခုခုပဲ .. အဲဒါဆိုလည်း မင်းဘာလို့ ဖျက်ဆီးပစ်ဖို့ မကြိုးစားကြည်တာလဲ..”

“စိန်ခေါင်းပတ်ကို ဖျက်ဆီးနိုင်တဲ့ အစေခံ မရှိဖူးသေးဘူး .. မင်းလုပ်နိုင်ရင် မင်းက တော်တော်လေး ထူးခြားတဲ့သူလို့ သတ်မှတ်လို့ရတယ် .. ပြီးတော့ ငါတို့မင်းကို အထင်သေးမိသွားတာလို့ ပြောရမယ်..” ဝမ်မိသားစုအကြီးအကဲပင်လျှင် ဤကဲ့သို့ ပြောလာလေသည်။

“သတ္တုအပိုင်းအစ အပုံတစ်ခုတည်းကိုများ..” ရှီဟောင်ပြောလိုက်၏။

သို့သော်လည်း ဤစိန်ခေါင်းပတ်မှာ အတော်လေး ထူးခြားသည်ကိုတော့ သူ ဝန်ခံရမည်ပင်။ သူကဲ့သို့စွမ်းအားကြီးသည့်သူ၊ ခန္ဓာကိုယ်ကျင့်ကြံသူနှင့် ယှဉ်၍ရသည့်သူ၊ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူပင်လျှင် အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ဤသည်ကို မဖယ်ရှားနိုင်သေးပေ။

သူခေါင်းပတ်အား ဖျက်ဆီးပစ်နိုင်သော်လည်း သူ့မူလဝိညာဉ်ပျက်စီးမလားဆိုသည်ကိုတော့ သူအာမမခံပေ။

“ဟေ့ကောင် အရှက်မရှိ လျှောက်ပြောမနေနဲ့ .. အဲဒါဆိုလည်း မင်း ဘာလို့ ငါ့မျက်စိရှေ့တွင် မဖျက်ဆီးပစ်လဲ…” ဝမ်မိသားစုမှလူများ အေးစက်စွာ ရယ်မောလိုက်လေသည်။

“ခင်ဗျားတို့ပြောတာနဲ့ပဲ ကျုပ်ကဖြစ်အောင်လုပ်ရမှာလား.. အားလုံးက ခင်ဗျားတို့အတွက် ကောင်းကျိုးတွေချည်းပဲ .. ကျုပ် အခု ဒါကို ဖျက်ဆီးလိုက်ရင် ခင်ဗျားတို့ ကျုပ်ကို ခင်ဗျားတို့ဆရာအဖြစ် သတ်မှတ်မှာလား..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

အခြားတစ်ဖက်မှလူများ ဒေါသတကြီး စိုက်ကြည့်လာကြလေသည်။

“မလုပ်ရဲဘူးမလား .. ခင်ဗျားတို့ဝမ်မိသားစုက စိတ်ကြီးဝင်ပြီးတော့ ဒီလိုမျိုးသူများကို ဖိအားပေးရတာကို အကြိုက်ဆုံးမလား..” ရှီဟောင် မကျေမနပ်ပြောလိုက်သည်။

“ကောင်းပြီလေ .. ငါတို့မင်းနဲ့ အလောင်းအစားလုပ်ကြတာပေါ့..” လူအချို့ ကျယ်လောင်စွာ ပြောလာကြလေသည်။

“မင်း ဒါကို မဖယ်နိုင်ရင် မင်းလိမ်လိမ်မာမာနဲ့ အဆင့်နိမ့်တဲ့လူ အဖြစ်ခံလိုက်” အချို့လူများသည် မောက်မာစွာဖြင့်ပင် ပြောလာလေသည်။

“မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ .. မင်း စိန်ခေါင်းပတ်ကို ဘယ်လိုဖျက်ဆီးမလဲဆိုတာ ကြည့်ကြသေးတာပေါ့..” အခြားသူများလည်း ပြောလာကြသည်။ သူတို့သည် အကြီးအကဲအရှင် သူတို့ကို ပေးထားသည့်ဖိအားကိုပင် မေ့လျော့သွားကြလေပြီ။

“ငါ ဒီသတ္တုအပိုင်းအစ အစုတ်လေးကို မင်းတို့ကို ပြန်ပေးမယ်..” ရှီဟောင်ကျယ်လောင်စွာ ပြောလိုက်သည်။ သူ့လက်သည် သူ့ခေါင်းပေါ်သို့ ရောက်သွားလေ၏။

ထိုအချိန်တွင် အလင်းတန်းများ တောက်ပစွာ ထွန်းလင်းလာပြီး မှော်စွမ်းအားများလည်း ထွက်ပေါ်လာလေသည်။ သူသည် အဖိုးတန်ပညာမျိုးစုံကို အသုံးပြုလိုက်ပြီး သူ့ခေါင်းကို ကာကွယ်လိုက်သည်။ ထို့အပြင် သူ့လက်သည် ကျောက်စိမ်းကဲ့သို့တောက်ပလာကာ ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာလေ၏။

ဝုန်း..။

ထိုခေါင်းပတ်သည် သူ့ခေါင်းကို လောင်ကျွမ်းပျက်စီးစေတော့မတတ် အရိုးစာသားများ ထွက်ပေါ်လာလေ၏။

ခွပ်..။

အဆုံးမရှိသည့်အလင်းများထွက်ပေါ်လာပြီး ကြောက်စရာကောင်းလောက်သည့် နတ်ခွန်အားများလည်း ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ဤနေရာတွင် ဘာကိုမှ မမြင်ရတော့။

“ဒီကောင်က ဒီလိုမျိုးတောင် လုပ်ရဲတာလား..”

လူအုပ်ကြီး၏ မျက်ခုံးနှင့် နှုတ်ခမ်းများ ပင့်တက်သွားရသည်။

“ကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးနေတယ် .. ရှေးတုန်းကတည်းက ဘယ်သူက စိန်ခေါင်းပတ်ကို ချွတ်နိုင်လို့လဲ..” ဝမ်မိသားစုမှလူများ လှောင်ပြောင်လိုက်သည်။

ဂွပ်..။

ထာဝရပန်းအိုးကွဲသွားသကဲ့သို့ ရုတ်တရက်ပင် ကျယ်လောင်လှသည့် အက်ကွဲသံကြီးကို ကြားလိုက်ရလေသည်။ ထို့နောက် ကြယ်စမ်းချောင်းများထွက်ပေါ်လာပြီး ဤနေရာတစ်ခုလုံး၏အော်ရာမှာ ချက်ချင်းပြောင်းလဲသွားလေ၏။

ယခုအချိန်တွင် အလင်းတန်းများ မှေးမှိန်သွားလေပြီ။

အားလုံးထိတ်လန့်သွားလေ၏။ တောက်ပနေသည့်လူငယ်လေးတစ်ဦးသာ ကျန်ခဲ့ပြီး သူသည် ပြိုင်ဘက်ကင်းသည့်စစ်နတ်ဘုရားကဲ့သို့ ထိုနေရာတွင် ရပ်နေကာ လက်တစ်ဖက်တည်းဖြင့် စိန်ခေါင်းပတ်ကို ဆွဲဖယ်ပစ်လိုက်လေ၏။

လေဟာနယ်ကြီး ပျက်စီးသွားသော်လည်း သူ့ခေါင်းမှာ ဘာမှ မဖြစ်ပေ။

သူ အောင်မြင်သွားတာလား ..။

ရှီဟောင် တည်ငြိမ်နေဆဲပင်။ ထို့နောက် ဒုန်းဟူသည့်အသံနှင့်အတူ စိန်ခေါင်းပတ်ကို ဝမ်မိသားစုရှေ့သို့ ပစ်ချပေးလိုက်သည်။

အားလုံး ထိတ်လန့်စွာဖြင့် ကြက်သေသေသွားကြရသည်။

ရှီဟောင် တည်ငြိမ်နေဆဲပင်။ သူသည် နတ်ခွန်အားအများကြီးပင် မသုံးလိုက်ရ။ သူသည် အစကတည်းက ဤခေါင်းပတ်ကို ဖယ်ရှားရန် ခွန်အားရှိပြီးသားပင်။ သို့သော်လည်း သူ၏မူလဝိညာဉ်ကိုကာကွယ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိ။
သို့သော် အကြီးအကဲအရှင်နှင့် သီးသန့်ဆွေးနွေးပြီးသည့်နောက်တွင် သူအသိပညာအနည်းငယ်ရခဲ့ပြီး နောက်ပိုင်းတွင် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်ပင်။

အမှန်တကယ်တွင် ကျောင်းအတွင်းပိုင်း၌ရှိနေသည့် အကြီးအကဲအရှင်သည် ဤသည်ကို ကြားလိုက်သည်နှင့် ထိတ်လန့်သွားသည်။ ဤလူငယ်လေးမှာ ထူးခြားလှသည်။ သူ လမ်းညွှန်မှုအနည်းငယ်သာ ပေးလိုက်သော်လည်း တစ်ဖက်လူ နားလည်နိုင်ခဲ့သည်။

သိထားရမည်မှာ ဤနည်းလမ်းမျိုးသည် အလုံးစုံ ရှင်းပြလျှင်ပင် နားလည်နိုင်ရန် ခက်ခဲသည်။

“သူ စိန်ခေါင်းပတ်ကို ဖယ်လိုက်ပြီ … ဒါက သမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ဖူးဘူး ဟုတ်တယ်မလား..”

“မယုံနိုင်စရာကောင်းလိုက်တာ .. အဲဒီစိန်ခေါင်းပတ်မှာ သင်္ကေတတွေအများကြီးပါရုံတင်မကဘူး ထာဝရရွှေလည်းပါတယ် .. ဒါပေမဲ့ ဒါကို ဒီတိုင်းချွတ်ပစ်လိုက်တယ် .. ဒီကောင်က အရမ်းကို ကြောက်စရာကောင်းတာပဲ..”

“ဒီလူငယ်က ထာဝရအစစ် ပြန်မွေးဖွားလာတာလား..”

အားလုံး ဆွံ့အသွားရသည်။ ထို့နောက် သူတို့ဆူညံစွာ ဆွေးနွေးလာကြလေသည်။

ဝမ်မိသားစုမှလူများလည်း ထိတ်လန့်သွားရသည်။ သူတို့သည် မြေပြင်ပေါ်တွင်ရှိနေသည့်စိန်ခေါင်းပတ်ကိုကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေကြလေသည်။

သို့သော်လည်း သူတို့ရှီဟောင်နှင့် လုပ်ခဲ့သည့်အလောင်းအစားအကြောင်း‌ တွေးမိသွားသည့်အချိန်တွင် သူတို့ကိုယ့်ကိုကိုယ်သတ်သေချင်မိသွားသည်။

ဝမ်ရှီးလည်း ထိတ်လန့်သွားသည်။ သူမပင် ဤသို့ မလုပ်နိုင်။

ခပ်ဝေးဝေးတွင်ရှိနေသည့် လုထော်၊ ရွှမ်ခွန်နှင့် အခြားသူများ၏အမူအရာများလည်း ပြောင်းလဲသွားကြသည်ပင်။

မင်းသမီးယောင်ယွဲ့၏ နီရဲနေသည့်နှုတ်ခမ်းလေးများ အဟောင်းသားဖြစ်နေလေသည်။ သူမသည် ဝမ်မိသားစု၏ပြိုင်ဘက်ဖြစ်သောကြောင့် ဤခေါင်းပတ်အကြောင်း ကောင်းကောင်းသိသည်ပင်။

“မင်းတို့အစေခံတွေ .. မင်းတို့အခုထိ လာပြီးတော့ အရိုအသေ မပေးသေးဘူးလား..” ရှီဟောင်ပြောလိုက်၏။

ထိုလူများမှာ ချက်ချင်းပင် သွေးအန်လာကာ အချို့မှာ မေ့လဲသွားလေ၏။ အချို့မှာ ယိုင်သွားကာ အခြားသူများ ထိန်းပေးထားရလေသည်။

“သက်ရှည်မိသားစုကလူတွေ ပီသပါပေတယ် .. မေ့လဲတဲ့အကွက်တွေတောင် လာလုပ်ပြနေသေးတယ်..” ရှီဟောင် လှောင်ရယ်လိုက်သည်။

ဝုန်း..။

ဤနေရာတစ်ခုလုံး ဆူညံသွားလေ၏။

“ဒီလိုမျိုး အဖိုးတန်ခေါင်းပတ် တပ်ခံလိုက်ရတာနဲ့ ကျင့်ကြံဆင့် ၂ ဆင့်လောက်တိုးသွားရင်တောင် ဒါကြီးကို ဖယ်ပစ်ဖို့ခက်တယ် .. သူက ဘယ်လိုလုပ် ဒီလိုမျိုး လုပ်လိုက်နိုင်တာလဲ..”

“နောက်ဆုံးတော့ ငါ နားလည်သွားပြီ .. ခေါင်းသုံးလုံးဘုရင်ကို သူ သတ်လိုက်တာ .. လေဟာနယ်သားရဲလည်း သူ့သားကောင်ဖြစ်သွားတာ..”

“ဝမ် မိသားစုက အရမ်းရယ်စရာကောင်းတာပဲ .. ပြိုင်ဘက်ကင်းတဲ့အဆင့်လွန်လူငယ်တစ်ယောက်ကို သူတို့အစေခံဖြစ်ဖို့ ကြိုးစားနေကြတယ် .. သူတို့ကိုယ်သူတို့ အရမ်းအထင်ကြီးနေတာပဲ..”

“ဝမ်ရှီးကို သူနဲ့လက်ထပ်ပေးလိုက်တာက အရမ်းကောင်းတဲ့ကိစ္စတစ်ခုဖြစ်မယ်လို့ ငါ ထင်တယ် .. ကြည့်ရတာ ဝမ်မိသားစုက ခုန်တက်တော့မယ်ထင်တယ်..”

ယခုတော့ ကိစ္စအတော်များများ ရှင်းလင်းသွားလေပြီ။ ဤလူငယ်လေး သူ၏ခွန်အားအနည်းငယ်သာ အသုံးပြုလိုက်သော်လည်း ဤသည်မှာ ကျွမ်းကျင်သူများကို မျက်လုံးပွင့်သွားစေသည်ပင်။

မင်းသမီးယောင်ယွဲ့၊ လုထော်နှင့် အခြားသူများအားလုံး ချက်ချင်းပင် သူ့အား ခေါ်သွားချင်နေကြလေသည်။ မည်မျှပင် ပေးရပေးရ သူ့အား သူတို့မိသားစုထဲသို့ ခေါ်သွင်းချင်နေကြသည်ပင်။

သို့သော်လည်း အကြီးအကဲအရှင်မှ အရင်လှုပ်ရှားလိုက်လေ၏။

“ဟူး .. သူက တစ်ခြားလောကက အဆင့်လွန်လူငယ်မိုတောင်ကို အစေခံအဖြစ် လက်ခံရဲတာ အံ့ဩစရာမရှိတော့ပါဘူး .. ဒီလိုမျိုးပြိုင်ဘက်ကင်းတဲ့ခွန်အားမျိုး ရှိနေတာပဲ..”
ယခုတော့ အားလုံးနားလည်သွားလေပြီ။

အပိုင်း ၁၃၅၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၄ – ဆုံးဖြတ်ချက်ချခြင်း

လောင်းကြေးထပ်ခဲ့သည့်သူများအားလုံး မျက်နှာများ နီရဲလာလေသည်။ သူတို့ လက်သီးများကို တင်းတင်းဆုတ်ထားသည်မှာ ခရမ်းရောင်သန်းနေသည်အထိပင်။ ဤသည်မှာ သူတို့အား အလွန်အရှက်ရစေသည်။

ပို၍မုန်းစရာကောင်းသည်မှာ ဤလူငယ်လေးသည် သူတို့ကို အေးစက်စက်ဆက်ဆံနေပြီး သူတို့ကို မျက်နှာသာပေးမည့်ပုံမပေါ်ပေ။ သူ၏အကြည့်မှာ သူတို့အား ဓားသွားအလား ထိုးဖောက်နေသည်။

ဒါက ဘယ်လိုလုပ် ဒီလိုမျိုး အဆုံးသတ်သွားတာလဲ..

“လူတိုင်း အမှားလုပ်တတ်တာပဲ .. ဖြစ်နိုင်ရင်တော့ ခွင့်လွှတ်ပေးလိုက်ပါ..” ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲမှ ရှီဟောင်အား ပြောလိုက်သည်။

ရှီဟောင်သည် ဘာမှမပြောပဲ ဝမ်မိသားစုမှ လူများကို ဤအတိုင်းသာ စိုက်ကြည့်နေလေသည်။ ဤသည်မှာ သူတို့ကို ပို၍အရှက်ရစေသည်ပင်။ သူတို့ ဒီတိုင်းလျှောက်သွားလိုက်၍မရသလို ဒီမှာ ရပ်နေ၍လည်း မရပေ။

နောက်ဆုံးတွင်တော့ သူတို့ ဝမ်ရှီးထံသို့ အသံပို့လွှတ်လိုက်နောက် ရဲဆေးတင်ကာ ထွက်သွားလိုက်ကြလေသည်။ သူတို့သည် သူတို့၏အရှုံးကို ဝန်မခံချင်ကြပေ။ ရှီဟောင်အား တောင်းပန်ခြင်းမရှိသလို သူ့ကိုဆရာအဖြစ် အသိအမှတ်ပြုခြင်းလည်းမပြု။

“ဟား ဟား ..” ရှီဟောင် သူတို့ကို တားဆီးခြင်း မရှိ။ ကျယ်လောင်စွာသာ ရယ်မောလိုက်လေ၏။

သူသည် ထိုလူများကို တားဆီးခြင်းမရှိသကဲ့သို့ သူတို့နောက် ပြေးလိုက်သွားခြင်းလည်းမရှိ။ ထိုကဲ့သို့ပင် ရယ်မောနေလေသည်။

အားလုံး၏အမူအရာမှာ ထူးဆန်းနေလေ၏။ သူတို့သည် ဤမြင်ကွင်းကို တိတ်တဆိတ်ပင် ကြည့်ရှုနေလေသည်။ ထို့နောက် အချို့လူများလည်း စတင်ရယ်မောလာကြသည်။

ဝမ်မိသားစုမှလူများ၏ ခန္ဓာကိုယ်များ တောင့်ခဲသွားကာ လမ်းပင် ဆက်မလျှောက်နိုင်တော့။ ဤကဲ့သို့သော ရယ်သံများမှာ သူတို့အား လှောင်ပြောင်နေခြင်းတစ်မျိုးပင်။ အားလုံး၏မျက်လုံးအောက်တွင် သူတို့သည် အရှုံးကို ဝန်မခံကာ အမြှီးကုပ်ကာ ထွက်ပြေးသည့်သူများဖြစ်နေလေပြီ။

ဤသည်မှာ သူတို့၏အရှက်ရစရာသာမဟုတ်ပဲ ဝမ်မိသားစုတစ်ခုလုံး၏ အရှက်ရစရာကိစ္စပင်။

တိုက်ပွဲတစ်ပွဲမှ မတိုက်ခဲ့ရသော်လည်း ကြောက်စရာကောင်းသည့်တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့ရသကဲ့သို့ သူတို့မောပန်းနေကြလေသည်။ ရယ်သံများနှင့် လှောင်သံများအောက်တွင် သူတို့သည် ခေါင်းငုံ့၍သာ လျှောက်သွားလိုက်ကြသည်။

ဝမ်ရှီး သက်ပြင်းချလိုက်ပြီး ကလန်မှ အကြီးအကဲများကို လိုက်ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် ရှီဟောင်ကိုလည်း တစ်ချက်ကြည့်လိုက်လေ၏။ သူမ၏အမူအရာမှာ ထူးဆန်းနေသည်ပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အားလုံးထူးဆန်းသည့်ခံစားချက်များ ခံစားလိုက်ရသည်။ သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ အစကငြိမ်းချမ်းနေသော်လည်း ယခုတော့ ဤအဆင့်ထိရောက်သွားလေပြီ။

“သွားကြစို့ .. ငါတို့သွားသင့်ပြီ..”

အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလေသည်။ ဤနေရာတွင် ဆက်နေ၍ ဘာအဓိပ္ပာယ်မှမရှိတော့ပေ။ မိုတောင်လည်း ဤလူများကို စတင်မောင်းထုတ်လာသည်ပင်။

“သူက ဘယ်သူလဲ .. သူက ဟိုကောင်နဲ့တူတယ်လို့ ငါ ဘာလို့ခံစားနေရတာလဲ .. အဲဒီကောင်အတိုင်း အရှက်ကိုမရှိတာ..” အခြားတစ်ဖက်တွင်ရှိနေသည့် ယုန်ဖြူလေးမှ ရေရွတ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူမသည် ချင်းရီနှင့် ချောင်ယုရှင်း၏ဆွဲခေါ်ခြင်းကို ခံလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်ပင်လျှင် သူ့ကိုယ်သူ မထုတ်ဖော်သောကြောင့် သူနှင့်ရင်းနှီးသည့်သူများလည်း သူ့ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့် ဘာမှမပြောတာ အကောင်းဆုံးပင်။

ဝမ်ရှီးဂူတွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များည် ကောင်းကင်နတ်ဘုရားကျောင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ပင်။

“ဟေး မင်းတို့အားလုံး ကြားပြီးပြီလား .. ဒီတစ်ခေါက် ဝမ်မိသားစုက တော်တော်အရှက်ကွဲသွားတာ .. သူတို့က ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့လူငယ်လေးကို သူတို့အစေခံ လုပ်ခိုင်းစေချင်ပေမယ့် နောက်ဆုံးတော့ သူတို့ သံပြားကြီးကို ကန်မိသွားတာလေ..”

ဝမ်ရှီးပင်လျှင် တောင်များ၊ နတ်ရေတံခွန်များရှိနေသည့်နေရာကို တစ်ယောက်တည်းနေရသောကြောင့် ကောင်းကင်နတ်ဘုရားကျောင်းမှာ မည်မျှပင် ကြီးမားကျယ်ပြန့်သည်ကို သိနိုင်သည်။

လူများလည်း တစ်ယောက်နှင့်တစ်ယောက်ဝေးလွန်းလှသောကြောင့် ဖြစ်ပျက်သွားသည့်အဖြစ်အပျက်များကို မသိလိုက်သည့်လူများလည်းရှိသည်။ သူတို့နံဘေးမှလူများ ဤအကြောင်းကို ဆွေးနွေးကြသည်နှင့် သူတို့သည် တစ္ဆသေရဲများကို မြင်လိုက်ရသကဲ့သို့ပင်။

“နတ်သမီးဝမ်ရှီးကို သနားလိုက်တာ .. သူက အဲဒီလူငယ်လေးနဲ့ တော်တော်လေးရင်းနှီးပြီးတော့ သူ့ဆီကနေ အကူအညီလည်းရနေတာ .. ဒါပေမဲ့ အခုတော့ သူတို့တွေ ကွဲသွားပြီ..”

“နတ်သမီးဝမ်ရှီးက မင်းလိုလူက သနားရမယ့်လူလား .. သူ့ရဲ့မိသားစုက တစ်ခြားသူတွေရဲ့ အထက်မှာပဲ .. ဒီလိုမျိုးကိစ္စတွေကို ဂရုစိုက်နေမှာတောင်မဟုတ်ဘူး .. သူက ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ယောက်နဲ့ လက်ထပ်တော့မယ်လို့ ငါကြားတယ်..”

“ဒီသတင်းက အတုလား အစစ်လား … ဝမ်မိသားစုက အရင်တုန်းက ဒီလူငယ်ရဲ့တန်ဖိုးကို မသိသေးဘူးလေ .. အခု သူတို့သိသွားပြီဆိုတော့ ဒီလူငယ်လေးကို ဘာမှမဟုတ်သလိုမျိုး သူတို့ဆက်ဆံရဲမှာလား..”

“ထူးခြားတဲ့ပုဂ္ဂိုလ်က ဘယ်သူလဲ .. ဒီလောကကြီးမှာ ခွန်အားကိုတိုင်းတာဖို့က ထာဝရစွမ်းအင်တစ်မျိုးတည်းရှိတာမဟုတ်ဘူး .. တစ်ခြားလူတွေရှိသေးသလို တစ်ခြားအုပ်စုတွေလည်း ရှိသေးတယ်..”

ဤသတင်းများပျံ့နှံ့သွားသည်နှင့် အငြင်းပွားမှုများ ဖြစ်လာသည်။

ရှီဟောင်အတွက်မူ သူမည်သူဖြစ်သည်ကို ထုတ်ဖော်ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အကြီးအကဲအရှင်နှင့် ဆွေးနွေးပြီးသွားပြီဖြစ်ပြီး ယွမ်ချင်းနှင့်ရင်းနှီးသည့်အကြီးအကဲကို သူ ကြောက်စရာမလိုတော့။

ရှီဟောင်နှင့်မိုတောင်တို့ ဤနေရာမှ ထွက်သွားလိုက်ကြသည်။

ခဏကြာပြီးသည့်နောက် ကျောင်းမှလူများရောက်လာကာ သူတို့အား အခြားနေရာတစ်ခု ပေးကြသည်။ ဤနေရာမှာ အလွန်ကျယ်ပြန့်ကာ နတ်တောင်များလည်း တစ်လုံးနှင့်တစ်လုံး ဆင့်နေသည်။ လေထဲတွင် ခရမ်းရောင်စွမ်းအင်များ ရစ်သိုင်းနေလေ၏။

“ဝမ်ရှီးနဲ့ စေ့စပ်ထားတဲ့သူက ထူးခြားတဲ့ပုဂ္ဂိုလ်လို့ ငါ ကြားတယ် … သူ မင်းကို ပြဿနာလာရှာနေဦးမယ်” မိုတောင်ပြောလိုက်၏။

ရှီဟောင် အံ့အားသင့်သွားရသည်။ ဒီကောင်က ဘယ်တုန်းက ဒီလောက် အတင်းတုပ်တတ်သွားတာလဲ .. သူ့ပုံစံနဲ့တောင် မလိုက်ဖက်ဘူး..

“ဒီကိုလာတဲ့လမ်းမှာ ကြားခဲ့ရတာ..” မိုတောင် ပြန်ဖြေလိုက်သည်။

“လာခဲ့ .. ငါ့ကို တစ်ခြားတစ်ဖက်က လောကအကြောင်းပြောပြ .. ပြီးတော့ မသေမျိုးတောင်နောက်ဘက်က လောကအကြောင်းလည်း ပြောပြဦး..” ရှီဟောင် ပြောလိုက်၏။

သို့သော်လည်း မိုတောင်၏ပါးစပ်မှာ တင်းတင်းစေ့နေဆဲဖြစ်ပြီး ဘာမှမပြောပေ။

ဤသည်မှာ အချိန်အခါမဟုတ်သေးသည်ကို ရှီဟောင် ခံစားမိလိုက်သည်။ သူ တစ်ဆင့်ချင်းစီသာ သွားရလိမ့်မည်။ သူ့အား သမိုင်းမှတ်တမ်းများရှိနေသည့်နေရာသို့ သွားခိုင်းကာ ထိုမှတ်တမ်းများကို ဖတ်ခိုင်းပြီး ‘အမှန်တရား’ ကို နားလည်အောင် လုပ်ခိုင်းရမည်။

ဤသည်မှာ တစ်ဆင့်တည်းသွား၍ ရသည့်အရာတစ်ခု မဟုတ်။

ရှီဟောင်၏ဂူမှာ အလွန်ကြီးမားလှပြီး ခရမ်းရောင်အလင်းတန်းများ တောက်ပနေသည်။ ဝိညာဉ်စွမ်းအင်များလည်း များပြားလှကာ ကျင့်ကြံရန်အတွက် စံနမူနာယူရလောက်သည့်မြေပင်။

သူနှင့်မိုတောင် ဤနေရာသို့ ရောက်ပြီး သိပ်မကြာခင်တွင် ကျယ်လောင်လှသည့် ခေါင်းလောင်းသံကြီးကို ကြားလိုက်ရသည်။

ဒုန်း..

ဤသည်မှာ အားလုံး၏ စိတ်ထဲတွင် မြည်ဟီးလာသည့် တာအိုခေါင်းလောင်းသံပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှလူများအားလုံး ခေါင်းမော့ကြည့်လိုက်ကြ၏။ ဤသည်မှာ စွမ်းအားကြီးသည့်သူများကို ခေါ်နေခြင်းပင်။

ထိုအချိန်တွင် သူရဲကောင်းများ၏အော်သံများထွက်ပေါ်လာလေ၏။

“သွားမယ် .. ငါတို့လည်း သွားကြည့်သင့်တယ်..” ရှီဟောင် ခြေလှမ်းကျယ်ကြီးများဖြင့် လျှောက်သွားလိုက်ပြီး မိုတောင်လည်း သူ့နောက်မှ လိုက်ပါလာလေသည်။ သူတို့နှစ်ဦး ကောင်းကင်နတ်ဘုရားကျောင်း၏ အတွင်းပိုင်းသို့ ရောက်လာလေသည်။

ကျောက်တုံးသစ်တောတစ်ခုတွင် အဖြူရောင်မြူများရစ်ဆိုင်းနေလေသည်။ ဤနေရာ၌ ထာဝရတာအိုစွမ်းအင်များလည်းရှိနေကာ အလွန်ထူးဆန်းသည့်ပုံပေါ်နေသည်။

အချို့ကျောက်တုံးကြီးများမှာ ကျားကြီးနှင့်တူပြီး အချို့မှာ ဓားထောင်ထားသလိုပင်။ အချို့မှာလည်း ကျွဲစိမ်းကြီးများနှင့် တူနေသည်။ ကျောက်တုံးသစ်တောကြီးမှာ မျက်စိတစ်ဆုံးမြင်နေရသည်။

ကျောက်တုံးသစ်တောကြီး၏ရှေ့တွင် ကျောက်တောင်အနည်းငယ်လည်း ရှိနေသည်။ ဤကျောက်တောင်များ၏ အော်ရာများလည်း ခမ်းနားလှသည်။

ဤနေရာတွင် အကြီးအကဲအချို့ရောက်နေပြီး သူတို့၏အမူအရာများမှာလည်း လေးနက်နေသည်။ ယခုအချိန်တွင် စွမ်းအားကြီးသည့်သူများစွာရောက်လာပြီး ဤနေရာတွင် ထိုင်နေကြသည်။ သေချာပေါက် တစ်ခုခုတော့ ဖြစ်တော့မည်။

ဤလူများအားလုံးမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် စွမ်းအားအကြီးဆုံးသူများဖြစ်ပြီး လောကီရေးရာကိစ္စများမှ အနားယူထားသည့်သူများပင်။

သက်ရှည်မိသားစုများမှာ အကြီးအကဲများပင်လျှင် ဤလူများအား လေးလေးစားစားဆက်ဆံရသည်။

“အခြေအနေကတော့ အတည်ဖြစ်သွားပြီ .. ပြောင်းလို့မရတော့ဘူး .. ကျုပ် အများကြီး မပြောချင်တော့ဘူး..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်၏။

မည်သူမှ ဘာမှမပြောပဲ တိတ်တဆိတ်သာ နားထောင်နေလေ၏။ ကပ်ဆိုးကြီးလာတော့မည်ကို သူတို့သိနေကြသည်။

“ကျောင်းမှာ ထာဝရတာအိုကျမ်းစာတစ်ချို့ရှိတယ် .. အခု လက်ဆင့်ကမ်းဖို့အချိန်ရောက်ပြီ..” အခြား အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

ဝုန်း..

ဤနေရာတွင် ဆူညံသံများထွက်ပေါ်လာလေ၏။

အမှန်တကယ်တွင် သူတို့ကျောင်းရောက်သည်မှာ သိပ်မကြာသေးပေ။ ကျောင်းတွင် ပြိုင်ဘက်ကင်းသည့်ရှေးဟောင်းစာအုပ်များနှင့် မှတ်တမ်းများရှိသည်ကို သူတို့သိသော်လည်း ဤစာအုပ်များကို ဤမျှ မြန်မြန်ဆန်ဆန်ဖတ်ခွင့်ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်ခန့် စောင့်ရလိမ့်ဦးမည်ဟု ထင်နေခဲ့ကြသည်။

အကြီးအကဲများခံစားနေရသည့် စိုးရိမ်မှုကို အားလုံးလည်း ခံစားမိနေသည်။ ဤသည်မှာ သွေးလွှမ်းမည့်တိုက်ပွဲကြီး သိပ်မလိုတော့သည်ကို သက်သေပြနေခြင်းပင်။

“အရင်ခေတ်တုန်းက ငါ့တို့ရဲ့ကျင့်ကြံတဲ့စနစ်က တော်တော်လေး ခက်ခဲတယ် .. ဒီအရာတွေကို လေ့လာချင်ရင် သူတို့ရဲ့ဘာသာစကားတွေ စကားလုံးတွေကို သိရတယ် .. မဟုတ်ရင် အဲဒီကျမ်းစာတွေ၊ တာအိုပညာတွေက အလုပ်လုပ်မှာမဟုတ်ဘူး..”

ကျောက်တောင်များထိပ်တွင်ရှိနေသည့် အကြီးအကဲများမှာ အလွန်ပင် ဂုဏ်သိက္ခာကြီးမားလှသည်။

“ကံဆိုးစွာနဲ့ပဲ လောကကြီးက ပြောင်းလဲသွားပြီ .. လက်ရှိခေတ်မှာ ရှေးဟောင်းပညာတွေကို လေ့လာရတာက အတော်လေး ခက်ခဲတယ် .. ဒါပေမဲ့ သေချာလေ့လာမယ်ဆိုရင် အကျိုးကျေးဇူးအများကြီးရလိမ့်မယ် .. လက်ရှိလောကရဲ့ လက်ရှိနည်းလမ်းတွေနဲ့ နှိုင်းယှဉ်ပြီးလေ့လာရင် မင်းတို့ရဲ့တာအိုတိုးတက်မှုအတွက် အများကြီး အထောက်အကူဖြစ်လိမ့်မယ်..”

အကြီးအကဲများ လေးနက်စွာပင် ပြောလိုက်သည်။ လူများစွာမှာ သေချာစွာနားထောင်နေကြသည်။

“လူတစ်ယောက်ရဲ့ စွမ်းအားက အကန့်အသတ်နဲ့ရှိတယ် .. နည်းလမ်းအားလုံးကို လေ့လာလို့မရဘူး .. အခု ရွေးချယ်ရမယ့်အချိန်ပဲ ထာဝရရှေးဟောင်းနည်းလမ်းကို လေ့လာမယ့်သူတွေ နေခဲ့ .. ကျန်တဲ့သူတွေ သွားလို့ရပြီ..”

“ရှေးဟောင်းပညာ .. လက်ရှိလောကပညာ .. ဘယ်ဟာကပိုပြီး စွမ်းအားကြီးလဲဆိုတာတော့ ပြောဖို့ခက်တယ် .. ထာဝရသက်ရိြှဖစ်စေနိုင်တဲ့ ရှေးဟောင်းနည်းလမ်းတွေက သေချာပေါက် ပြိုင်ဘက်ကင်းလိမ့်မယ်လို့တော့ မခံစားရဘူး .. တကယ်တော့ ဒီလောကကြီးမှာ ထာဝရသက်ရှိတွေ အများကြီးမရှိတာက လောကကြီးရဲ့ ပတ်ဝန်းကျင်ပြောင်းလဲသွားလို့ပဲ..”

“မင်းတို့ လက်ရှိလောကရဲ့ပညာတွေကို ရွေးချယ်ရင်တောင် လမ်းဆုံးရင် မင်းတို့အကျိုးကျေးဇူးအများကြီးရနိုင်တယ် .. ဘာလို့လဲဆိုတော့ ထာဝရစွမ်းအင်ကျင့်ကြံသူတွေထက် အားမနည်းတဲ့သူတွေ အရှေ့မှာ ရှိခဲ့လို့လဲ..”

“ဟုတ်တယ် .. ထာဝရစွမ်းအင်ကို ကျင့်ကြံတာက ရှေးဟောင်းနည်းလမ်းကို ဆက်သွားတာ … ဒီလောကရဲ့နည်းလမ်းတွေ မဟုတ်ဘူး..”

ကျောက်တောင်ထိပ်ပေါ်တွင်ရှိနေသည့် အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက်ပြောနေကြလေ၏။ သူတို့ပြောနေသည်မှာ တာအိုလမ်းကြောင်းရွေးချယ်ရန်ပင်။ ဤသည်မှာ အားလုံး၏ စိတ်ကို လှုပ်ခတ်သွားစေသည်။

အပိုင်း ၁၃၅၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၅ – လက်ရှိလောကရှိ ပညာများ၏ ထိပ်ဆုံးပညာ

သူတို့ ရှေးဟောင်းနည်းလမ်းနှင့် ယခုခေတ်နည်းလမ်းကို ရွေးချယ်ရတော့မည်။

ဤနေရာတွင်ရှိနေသည့်လူအားလုံးမှာ ထူးချွန်သည့်သူများဖြစ်ပြီး သူတို့ကလန်မှ လူငယ်မျိုးဆက်များထဲတွင် စွမ်းအားအကြီးဆုံးသူပင်။ သူတို့က ဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲနေမည်နည်း..

“စီနီယာ .. အားလုံးက မရေမရာပဲသိရသေးတာ .. အသေးစိတ်နားမလည်သေးဘူး .. ကျွန်တော်တို့က ဘယ်လိုလုပ် ရွေးချယ်ရမှာလဲ..” နောက်ဆုံးတွင်တော့ ဦးခေါင်းထက်တွင် ဦးချိုတစ်စုံနှင့်လူငယ်မှ မေးလိုက်သည်။

ဤသည်မှာ လူများစွာ သိချင်နေသည့်အရာပင်။ သေချာနားမလည်ပဲနှင့် မည်သူက ဆုံးဖြတ်ချက်ချရဲမည်နည်း .. အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့တစ်ဘဝလုံးကို ထိခိုက်သွားနိုင်သည်ပင်။

“ကျွန်တော်တို့ ခက်ခက်ခဲခဲကျင့်ကြံထားတဲ့ ထာဝရစွမ်းအင်က ရှေးဟောင်းနည်းလမ်းထဲပဲ ပါတာပေါ့ .. လက်ရှိလောကက နည်းလမ်းတွေကို အကဲဖြတ်ဖို့အတွက် စံသတ်မှတ်ချက် မဟုတ်ဘူးပေါ့…”

ဤလူများမှာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ခွင့်ရရန်အတွက် စစ်ဆေးမှုများစွာ ဖြတ်သန်းခဲ့ရပြီး အများစုမှာ ထာဝရစွမ်းအင်ကျင့်ကြံထားသည်ပင်။

သူတို့သည် ထာဝရစွမ်းအင်ကို အသုံးပြုကာ သူတို့မျိုးဆက်များကို လွှမ်းမိုးခဲ့သည့်သူပင်။ ယခု သူတို့ကျင့်ကြံထားသည့် ထာဝရစွမ်းအင်မှာ ဤလောကတွင် စွမ်းအားအကြီးဆုံး မဟုတ်ဘူးဟု ဆိုလာသည့်အချိန် သူတို့က ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း..

“ဟုတ်တယ် .. လက်ရှိလောကမှာရှိနေတဲ့ ပညာတွေက ရှေးဟောင်းပညာတွေထက် အားမနည်းနိုင်ဘူး .. ဘာလို့လဲဆိုတော့ ရှေ့ကနေ လျှောက်ခဲ့တဲ့လူတွေရှိလို့ပဲ .. သူတို့က ငါတို့တွေကို ထိတ်လန့်သွားစေခဲ့တယ်..” အကြီးအကဲတစ်ယောက်မှ ပြန်ဖြေလိုက်သည်။

“အကြီးအကဲပြောချင်တာက လက်ရှိလောကကြီးမှာ ထာဝရစွမ်းအင် မကျင့်ကြံထားတဲ့သူတွေတောင် ကျွန်တော်တို့နဲ့ယှဉ်နိုင်တယ်လို့ ပြောချင်တာလား..” ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးတစ်ယောက်မှ မေးလိုက်သည်။

“အဲဒီလူမျိုးလည်း ရှိသေးတာလား..” အခြားသူများလည်း သံသယဝင်လာကြလေသည်။

“ရှိတယ်..” ထိုအကြီးအကဲ ခေါင်းညိမ့်လိုက်၏။

အားလုံး ဆူညံပွက်လောရိုက်သွားလေသည်။ ထာဝရစွမ်းအင် မကျင့်ကြံထားသည့်သူပင်လျှင် သူတို့ကို ယှဉ်နိုင်သည်ဆိုသည်မှာ ယုံကြည်နိုင်ရန် ခက်ခဲလှသည်။

“အကြီးအကဲ .. ကျွန်မတို့ကို ဆက်ရှင်းပြပြီး ဥပမာလေးလည်း ပြောပြပေးပါ..” ထိုခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုမှ ပြောလိုက်သည်။

ရှီဟောင်ပင်လျှင် ထိတ်လန့်သွားကာ ယုံကြည်နိုင်ရန် ခက်ခဲနေလေ၏။ ထာဝရစွမ်းအင် တစ်ကြောင်းတောင် မကျင့်ကြံထားတဲ့သူက သူ့ကို ယှဉ်နိုင်တာလား ..

“ကောင်းပြီလေ .. ငါ မင်းတို့ကို အခုပဲ ဥပမာပေးမယ် .. မင်းတို့အားလုံး နားလည်အောင်လုပ်ပေးမယ်..” ကျောက်တောင်ထက်မှ ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲမှ ပြောလိုက်သည်။ သူ၏ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေပြီဖြစ်သော်လည်း သူ့အသားအရေမှာ နုပျိုနေဆဲဖြစ်ပြီး မျက်လုံးများလည်း‌ ရွှေရောင်မီးအိမ်ကဲ့သို့ တောက်ပနေလေသည်။

ထိုစကားကို ကြားသည်နှင့် အားလုံးထိတ်လန့်သွားရသည်။ အခု ဥပမာပေးမယ်ဆိုတော့ ဒီထဲမှာ အဲဒီလိုလူမျိုး တကယ်ရှိနေတာလား..

အကြီးအကဲသည် တောင်ထိပ်မှနေ၍ လူအုပ်ထဲရှိ တစ်နေရာကို လက်ညှိုးထိုးလိုက်လေသည်။

ကျောက်တုံးသစ်တောထဲတွင်ရှိနေသည့် ဖက်တီးလေး ထိတ်လန့်သွားကာ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။

အဘယ်ကြောင့်ဆိုသော် ကျောက်တုံးထက်မှ အကြီးအကဲသည် သူ့အား လက်ညှိုးထိုးနေခြင်းပင်။

“တာအိုအကြီးအကဲ .. အကြီးအကဲ လူမှားနေပြီထင်တယ် .. ကျွန်တော်က ထာဝရစွမ်းအင်တစ်ကြောင်း ကျင့်ကြံပြီးသွားပြီ..” ချောင်ယုရှင်း ခေါင်းကုတ်ပြီး ပြောလိုက်သည်။

သူသည် အရေထူသည့်သူဖြစ်သော်လည်း သူသည် လက်ရှိလောက၏ပညာများထဲတွင် ပြိုင်ဘက်ကင်းသည့်သူဖြစ်သည်ဆိုသည်ကိုတော့ သူ ဝန်မခံရဲပေ။ သူဘယ်တုန်းကမှလည်း ထိုကဲ့သို့ မတွေးဖူးခဲ့..

ချင်းရီ၊ ယုန်ဖြူလေး၊ ချောင်ကုန်းယန်တို့အားလုံး သူအား ကြည့်လာကြလေ၏။ သူကဘာလို့ လက်ညှိုးထိုးခံလိုက်ရတာလဲ..

“မမှားပါဘူး .. မင်းပါပဲ..” တာအိုအကြီးအကဲပြုံး၍ပြောလိုက်သည်။

“ကျွန်တော်က တကယ်ပဲ အဲဒီလောက်တောင် သန်မာတာလား..” ဖက်တီးလေးသည် ရှက်ရွံ့သည့်အမူအရာဖြင့် ပြောလာလေ၏။ ဤသည်မှာ ဘေးဘက်မှလူများကို နှုတ်ခမ်းများတွန့်ကွေးသွားစေလေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မျက်နှာနှစ်ဖက်နှင့်လူမှန်း အားလုံးသိနေသောကြောင့်ပင်။

“မဝံ့မရဲဖြစ်နေဖို့ မလိုပါဘူး .. အရှေ့လာခဲ့..” တာအိုအကြီးအကဲသည် သူ့အား စင်္ကြံထက်သို့ တက်စေပြီး အားလုံးနှင့် မျက်နှာချင်းဆိုင်လိုက်စေသည်။

“အကြီးအကဲ သူက အဲဒီလောက် ထူးခြားနေလို့လား .. လက်ရှိလောကရဲ့နည်းလမ်းတွေက ဘယ်လိုလုပ် သူနဲ့မှ ထူးခြားသွားရမှာလဲ..” ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေး ထပ်ပြောလိုက်သည်။

ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲ၏ အပြုံးများပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်မှုများ ပြန်လည်ရောက်ရှိလာလေသည်။

” ဒီလူငယ်လေးက ထာဝရစွမ်းအင်ကို သုံးရင်တောင်မှ မင်းတို့အားလုံးနဲ့ ယှဉ်နိုင်တယ် .. မင်းတို့ ငါ့ကို မယုံရင် စမ်းကြည့်လို့ရတယ်..”

“မလုပ်ပါနဲ့ အကြီးအကဲ .. ကျွန်တော် ဘာအမှားမှမလုပ်ထားပါဘူး .. ကျွန်တော့်ကို အားလုံးရဲ့ဘုံရန်သူဖြစ်အောင် မလုပ်ပါနဲ့..” ဖက်တီးလေး ချောင်ယုရှင်း အော်ဟစ်လိုက်သည်။

အခြားသူများ နားမလည်နိုင်ဖြစ်နေကြသည်။ ဖက်တီးလေးသည် ထာဝရစွမ်းအင်တစ်ကြောင်းသာ ကျင့်ကြံထားသည်ပင်။ သူသာ ထာဝရစွမ်းအင်ကို မသုံးလျှင် သူက ဘယ်လိုလုပ် သူတို့နှင့် တိုက်ခိုက်မည်နည်း..

“သူက တော်တော်လေးကို အပုန်းကောင်းတာပဲ..” အသက်ကြီးနေသည့် တာအိုအကြီးအကဲမှ ပြောလိုက်သည်။ ထို့နောက် ချောင်ယုရှင်းကို လက်ညှိုးထိုးလိုက်ကာ သူ၏ခွန်အားကို အကုန်သုံးပြီး သတ်ဖြတ်ခြင်းအစီအရင်ကို ပြသရန် ပြောလိုက်သည်။ ထို့အပြင် သူ ထိန်ချန်ထားပါက သူ့ကို ချက်ချင်း ခုတ်ချပစ်မည်ဟုလည်း သတိပေးလိုက်လေ၏။

ချောင်ယုရှန်းသည် အံကြိတ်လိုက်သော်လည်း ချက်ချင်းပင် သူ့ခန္ဓာကိုယ်၌ အရိုးစာသားများထွက်‌ပေါ်လာလေ၏။ သူ၏အသွေးအသားနှင့် သွေးတစ်စက်စီတိုင်းတွင် သတ်ဖြတ်သည့်အစီအရင်ထွက်ပေါ်လာလေသည်။ သူ့ခန္ဓာကိုယ် တစ်လက်မစီတိုင်းမှ ဖရိုဖရဲဓားစွမ်းအင်များလည်း ထွက်ပေါ်လာလေ၏။

“မင်းတို့အားလုံးမြင်လား .. ဒီလမ်းကြောင်းသာ အဆုံးထိရောက်သွားမယ်ဆိုရင် ဒါက ထာဝရစွမ်းအင်ကျင့်ကြံထားတဲ့သူထက် အားနည်းနိုင်ပါဦးမလား .. မင်းတို့ထဲက ဘယ်နှစ်ယောက်များ ဒါနဲ့ ထိပ်တိုက်တိုက်ခိုက်ရဲလဲ..” တာအိုအကြီးအကဲမှ ပြောလိုက်သည်။

အားလုံးဆွံ့အသွားရ၏။ အတွေ့အကြုံနှင့် ဗဟုသုတပိုများသည့်သူများသည် ဤသည်မှာ ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းအစီအရင်ဖြစ်သည်ကို ချက်ချင်း သိကြသည်ပင်။ ဤကဲ့သို့သောပညာမျိုးကို အသက်သွင်းလိုက်သည်နှင့် မည်သူက ထိပ်တိုက်ရင်ဆိုင်ရဲမည်နည်း..

အခြားသူများမှာ အတော်လေး ထိတ်လန့်နေကြသည်ပင်။ ဒီလူငယ်လေးက ပြိုင်ဘက်ကင်းသတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို သူ့အသွေးအသားမှာ ရေးထိုးထားတာလား … တော်တော်လေးကို ရူးကြောင်ကြောင်နိုင်တာပဲ..

“စီနီယာပြောတဲ့ လက်ရှိလောကရဲ့ နည်းလမ်းဆိုတာက ခန္ဓာကိုယ်မှာ သတ်ဖြတ်ခြင်းအစီအရင် ရေးထွင်းတာကို ပြောတာလား .. ဒီလိုမျိုးလမ်းကြောင်းလား..” တစ်စုံတစ်ယောက်မှမေးလိုက်သည်။

တာအိုအကြီးအကဲသည် သက်ပြင်းချလိုက်ကာ “ငါက မင်းတို့ကို ဥပမာပေးရုံပဲ … ငါ ဘာပြောချင်တာလဲဆိုတာ မင်းတို့အားလုံး နားမလည်သေးဘူးလား .. သူ အရမ်းစွမ်းအားကြီးတာက သူက အစီအရင်တည်ထောင်ခြင်းနယ်ပယ်မှာရှိနေလို့ပဲ .. သူက သူ့ခန္ဓာကိုယ်မှာ သတ်ဖြတ်ခြင်းအစီအရင်ကို ထွင်းထားပြီးတော့ တစ်ဖြည်းဖြည်းခြင်း ပိုပြည့်စုံလာအောင်လုပ်နေတာ .. အဲဒါကြောင့်မို့လို့ သူ ဒီလောက်ထိစွမ်းအားကြီးနေတာ..”

ထိုစကားကြားလိုက်ရသည်နှင့် အားလုံး ထိတ်လန့်သွားကာ တိတ်ဆိတ်သွားလေ၏။

“ငါပြောချင်တာက သွေးဆင့်ကဲပြောင်းလဲခြင်း၊ ကောင်းကင်လမ်းကြောင်း၊ ရေးထိုးခြင်း၊ အစီအရင်တည်ထောင်ခြင်း .. အစစ်အမှန်၊ မြင့်မြတ်သည့်စတေးခြင်း .. ဒီကျင့်ကြံဆင့်နယ်ပယ်တွေအားလုံးမှာ ဒီလိုမျိုးအခွင့်အရေးတွေ ရှိတယ်..” တာအိုအကြီးအကဲမှ ပြောလိုက်သည်။

ဘေးဘက်မှ အကြီးအကဲတစ်ယောက်မှ ဆက်ပြောလာသည်။
” ကျင့်ကြံဆင့်တိုင်းမှာ ကန့်သတ်ချက်ကို ထိုးဖောက်ပြီးတော့ အတိတ်တုန်းကလူတွေထက် ပိုတက်သွားအောင်လုပ် .. အဲဒါက အခြေအနေတစ်မျိုးဖြစ်သွားနိုင်တယ်..”

“ဒါက ခက်ခဲလွန်းတယ် .. တစ်ခြားဥပမာတွေရှိသေးလားခင်ဗျ..” အချိန်အတော်ကြာ တိတ်ဆိတ်ပြီးသည့်နောက်တွင် အခြားတစ်ယောက်မှ ထပ်မေးလိုက်သည်။

“ငါ မင်းတို့ကို နောက်ထပ် ဥပမာတစ်ခု ထပ်ပေးမယ် .. စီရင်စုသုံးထောင်ကလာတဲ့သူတွေကတော့ သူ့ကို သိမှာပါ..” ရွှေရောင်ဝတ်စုံနှင့် တာအိုအကြီးအကဲမှ ပြောလိုက်သည်။

“အမ်..” ဤသည်မှာ အားလုံး၏အာရုံကို ဆွဲဆောင်သွားသည်ပင်။

“ဟွမ်လို့ခေါ်တဲ့တစ်ယောက်ပါ .. သူ့ကို ရှီဟောင်လို့လည်းခေါ်တယ် .. မင်းတို့ တော်တော်များများ သူ့ကိုသိလိမ့်မယ်လို့ ငါ ထင်တယ်..”

ချန်ကုန်းယန်၊ နဂါးမိန်းမပျို၊ စုန်းမ ဤလူများမှာ ဘယ်လိုလုပ် သူ့အား မသိပဲနေမည်နည်း.. သူတို့ ဤနာမည်နှင့် ရင်းနှီးလွန်းလှသည်။ စီရင်စုသုံးထောင်မှ လာသည့်သူအားလုံးမှာ ဤနာမည်ကို သိကြသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်သည် နာမည်ကြီးသည့်သူတစ်ဦးဟု ပြော၍ရသည်။

“ငါတို့နားလည်ထားသလောက်ဆိုရင် သူက ကောင်းကင်လမ်းကြောင်းနယ်ပယ်မှာ တစ်ဆင့်တက်နိုင်သွားပြီ .. ပျံ့ကြဲနေတဲ့ ကောင်းကင်လမ်းကြောင်း ၁၀ ခုကို တစ်ခုတည်းအဖြစ်ပြောင်းလိုက်ပြီးတော့ အတိတ်တုန်းကထက် သာလွန်အောင် လုပ်လိုက်တယ် .. သူသာ တစ်ဆင့်ထပ်အောင်မြင်သွားရင် သူ ထာဝရစွမ်းအင်မသုံးရင်တောင်မှ သူ့ရဲ့ကောင်းကင်လမ်းကြောင်းတစ်ခုတည်းနဲ့ ထာဝရစွမ်းအင်ကျင့်ကြံတဲ့သူအားလုံးကို ဖိနှိပ်နိုင်လိမ့်မယ်..”

အားလုံး ဆွံ့အသွားရ၏။ ကောင်းကင်လမ်းကြောင်း ၁၀ ခုကို တစ်ခုအဖြစ် ပြောင်းလဲခြင်းမှာ မည်မျှပင် ရဲတင်းကာ စွမ်းအားကြီးလှသနည်း..

ဝမ်ရှီး၊ လုထော်နှင့် ယောင်ယွဲ့တို့ကဲ့သို့သော လူများပင်လျှင် အမူအရာများပြောင်းလဲသွားလေသည်။

စီရင်စုသုံးထောင်မှလူအတွက်မူ ရှီဟောင်၏ ကောင်းကင်လမ်းကြောင်းမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသည်။ ယခု အကြီးအကဲမှ အတည်ပြုပေးလိုက်သည့်အချိန်တွင် အားလုံးအတော်လေး ထိတ်လန့်သွားရသည်။

“မင်းတို့အခု နားလည်ပြီလား .. လက်ရှိလောကရဲ့နည်းလမ်းတွေလည်း အဆုံးစွန်ထိလုပ်ရင် အရမ်းကို ကြောက်စရာကောင်းလာနိုင်တယ် .. အစီအရင်တည်ထောင်ခြင်းနယ်ပယ်က ဖက်တီးလေးပဲဖြစ်ဖြစ် ကောင်းကင်လမ်းကြောင်းနယ်ပယ်က ဟွမ်ပဲဖြစ်ဖြစ် သူတို့အားလုံးက ပြိုင်ဘက်ကင်းပြီးတော့ အရမ်းကို စွမ်းအားကြီးတယ်..” အကြီးအကဲတစ်ယောက်က ပြောလိုက်၏။

အခြားသူများလည်း တိတ်တဆိတ်ခေါင်းညိမ့်လိုက်ကြသည်။ ဤသည်မှာ ခက်ခဲလွန်းလှသည်။ တတိယမြောက်သတ်ဖြတ်ခြင်းအစီအရင်ကို ရေးထိုးရန်မှာ ကြောက်စရာကောင်းလှသည်။ ထို့အတူ ကိုယ့်ကောင်းကင်လမ်းကြောင်း ၁၀ ခုကို ဖျက်ဆီးရန်မှာ မည်မျှပင် ရက်စက်လှသနည်း.. ပြန်ပေါင်းဖို့မပြောနှင့် အနည်းငယ်မျှ ပြိုကွဲသွားလျှင်ပင် လူတစ်ယောက်၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ချက်ချင်း ပျက်စီးသွားနိုင်သည်။

“ကောင်းကင်ဘုံးကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုမှာ ဒီလိုမျိုးလူအများကြီး ထွက်ပေါ်လာဖို့က ခက်ခဲလွန်းတယ် .. လူ ဘယ်နှယောက်ကများ ဒါကို လုပ်နိုင်မှာလဲ..” အချို့လူများ သူတို့အတွေးများကို ဖော်ပြလာကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဤလမ်းမှာ ခက်ခဲကာ အန္တရာယ်များလှသည်။

ရွှေရောင်ဝတ်စုံနှင့် အကြီးအကဲသည် ကျောချမ်းစရာကောင်းအောင် ပြုံးလိုက်ကာ “ခက်ခဲတယ်ဟုတ်လား .. ထာဝရစွမ်းအင်နဲ့ယှဉ်ရင်ရော .. ဒီနှစ်ခုက သိပ်မကွာပါဘူး .. နှစ်ခုလုံးက အသက်ရှင်နိုင်ချေ ၁၀ ရာခိုင်နှုန်းပဲရှိတဲ့နည်းလမ်းတွေပဲ .. ဟုတ်သားပဲ ငါမေ့တော့မလို့ ..မင်းတို့တွေက ထာဝရစွမ်းအင်ကို ကိုယ်တိုင်ကျင့်ကြံထားတာမဟုတ်ပဲနဲ့ ဖြတ်လမ်းနည်းလိုက်ထားတာပဲ..”

ထိုစကားထွက်လာသည်နှင့် လူများစွာ ခေါင်းငုံ့သွားကြလေသည်။

အကြီးအကဲဆိုလိုသည်ကို သူရဲကောင်းအတော်များများ နားလည်ကြသည်။ ဤနေရာတွင်ရှိနေသည့်လူအများစုမှာ သူတို့မိသားစု၏အထောက်အပံ့များကို ရရှိထားပြီး အချို့သူများဆိုလျှင် ထာဝရ ရှေးဟောင်းခေတ်တွင် ပိတ်ထားခဲ့သည့် ထာဝရစွမ်းအင်ပါသည့်ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ်ချင်း လဲလှယ်ထားကြသည်။

“ပတ်ဝန်းကျင်က တကယ်ပြောင်းလဲသွားပြီ .. ကိုယ်ကိုယ်တိုင် ကြိုးစားကျင့်ကြံထားတဲ့သူတွေ အများကြီးမရှိတော့ဘူး..” အခြားအကြီးအကဲတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် ရှီဟောင် ထိတ်လန့်သွားကာ ဤနေရာရှိလူများကို ကြည့်လိုက်သည်။

“အတော်များများက ကိုယ့်ကိုကိုယ် ကျင့်ကြံထားတာမဟုတ်ဘူး .. ဒါပေမဲ့ ဘယ်လိုနေရာမျိုးမှာ ထာဝရစွမ်းအင်ကို ကျင့်ကြံရတာလဲဆိုတာ မင်းတို့မှတ်မိသေးလား..” အကြီးအကဲတစ်ယောက် အားလုံးကိုကြည့်ကာ မေးလိုက်သည်။

“ဒါက ထာဝရရှေးဟောင်းခေတ်က အကြွင်းအကျန်မြေနေရာတွေမှာ ကျင့်ကြံရတယ်ဆိုတာ မင်းတို့မမေ့သေးဘူးလို့ ငါယုံကြည်တယ်.. ဘာလို့လဲဆိုတော့ ထာဝရစွမ်းအင်က အဲဒီနေရာတွေမှာပဲ ကျင့်ကြံလို့ရတာ .. အခု ပတ်ဝန်းကျင်က တော်တော်လေး ပြောင်းလဲလာပြီ .. ငါတို့နေနေတဲ့လောကကြီးမှာ ထာဝရစွမ်းအင်နည်းလမ်းတွေ ဆက်ကျင့်ကြံဖို့ မသင့်တော်တော့ဘူး … အဆင့်တက်ဖို့ အရမ်းခက်ခဲသွားပြီ..”

ထိုစကားလုံးများမှာ အားလုံးကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။

ရှီဟောင်ပင်လျှင် တိတ်ဆိတ်သွားလေ၏။ သူ၏ထာဝရစွမ်းအင်သုံးကြောင်းမှာ တကယ်ပင် ထိုရှေးဟောင်းမြေများ၌ ကျင့်ကြံထားခြင်းပင်။

“စိတ်မပူပါနဲ့ .. မင်းတို့ ကျင့်ကြံပြီးပြီးဆိုတော့ အပြင်လောကမှာသုံးလို့ရပါတယ် .. မင်းတို့ အန္တရာယ်တွေကို စိတ်ပူစရာ မလိုဘူး..” အကြီးအကဲတစ်ယောက်ပြောလိုက်၏။

“အကြီးအကဲရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့အားလုံးကို လက်ရှိလောကကြီးရဲ့နည်းလမ်းတွေကို ရွေးချယ်ခိုင်းစေချင်တာလား..”

“မဟုတ်ဘူး .. အခုလက်ရှိလောကရဲ့ပညာတွေက ရှေးဟောင်းပညာတွေထက် မနိမ့်ကျဘူးဆိုတာ မင်းတို့ကို သိစေချင်ရုံပဲ..”

“မင်းရှေးဟောင်းပညာတွေကို ရွေးချယ်ရင် ငါတို့ဆီမှာ အရင်ခေတ်က ကျမ်းစာတွေရှိတယ် .. ပြီးတော့ မင်းတို့အားလုံးက ထာဝရရှေးဟောင်းခေတ်က ကျန်ခဲ့တဲ့ ကမ္ဘာငယ်လေးတွေဆီကို ကျင့်ကြံဖို့ ခေါ်သွားပေးမယ်..”

“လူတစ်ယောက်ရဲ့စွမ်းအင်က အကန့်အသတ်ရှိတယ် .. နှစ်ဖက်လုံးကို လျှောက်ဖို့ မကြိုးစားနဲ့ .. အဲဒါက တကယ်ကို ခက်ခဲလွန်းတယ် .. အဲဒါကြောင့်မို့လို့ မင်းတို့အခု ဆုံးဖြတ်ချက်ချလို့ရပြီ..”

အကြီးအကဲများဆိုလိုချင်သည်ကို မည်သူက နားမလည်ပဲနေမည်နည်း..

“ထာဝရရှေးဟောင်းခေတ်က ပြိုင်ဘက်ကင်းတဲ့တာအိုစာအုပ်တွေ၊ ထာဝရကျမ်းစာတွေတောင်ရှိတယ် .. ကျွန်တော်တို့ ရှေးဟောင်းပညာကို ရွေးချယ်ရင် အဆုံးရှိတော့မှာ မဟုတ်ဘူး .. ဒါပေမဲ့ ကျွန်တော်တို့ လက်ရှိပညာတွေကို ရွေးချယ်ရင် ကျွန်တော်တို့ ဘယ်ကနေ သင်ရမှာလဲ.. ”

“ငါအရင်က ပြောပြီးသားပဲလေ .. ဒီလမ်းကြောင်းတွေမှာ အတိတ်နဲ့ပစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်တဲ့သူတွေ ရှိပြီးသား .. အားလုံးက ထူးချွန်တဲ့သူတွေ .. မင်းတို့ လက်ရှိလောကကပညာတွေကို လေ့လာချင်ရင် လျှောက်ရမယ့်လမ်းတွေရှိပြီးသား..” အကြီးအကဲတစ်ယောက်ပြောလိုက်သည်။

“သွေးဆင့်ကဲပြောင်းလဲခြင်း၊ ကောင်းကင်လမ်းကြောင်း၊ ရေးထိုးခြင်း၊ အစီအရင်တည်ဆောက်ခြင်း .. ဒါတွေအားလုံးက ကျင့်ကြံဆင့်တွေ .. တစ်ယောက်စီတိုင်းသာ အရင်တုန်းကလူတွေထက် သာလွန်နိုင်မယ်ဆိုရင် ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းလိုက်မလဲ .. ဒါက ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့သူတွေနဲ့တောင် ယှဉ်လို့ရလောက်တယ် .. ဒါပေါ့ ဒါက အရမ်းခက်ခဲလွန်းတယ် .. မင်းတို့အားလုံးကို ပြောချင်တာက ဒီလမ်းကြောင်းက အရမ်းရှည်တယ် .. အောင်မြင်မှုတွေရလာရင် တစ်ဖက်ကလူတွေနဲ့ ရင်ဆိုင်နိုင်လောက်တယ်..” ဒုတိယအကြီးအကဲမှ ကျယ်လောင်စွာ ပြောလိုက်သည်။

ဤသည်မှာ ချက်ချင်းပင် လူများစွာ၏သွေးများကို ဆူပွက်လာစေသည်။ ချက်ချင်းပင် သူတို့အမြင်များပြောင်းလဲသွားကာ ဤလမ်းကြောင်းကို လျှောက်ချင်လာကြလေ၏။

“အကြီးအကဲ ဦးဆောင်နိုင်တဲ့သူတွေ တကယ်ရှိတာလား ..”

“ဟုတ်တယ် .. ဒီလမ်းမှာ အတော်လေး ခရီးရောက်ပြီးသွားတဲ့သူတွေရှိတယ် .. ငါတို့ အတုယူနိုင်တဲ့ အောင်မြင်တဲ့လမ်းကြောင်းတွေကို ချန်ထားခဲ့ကြတာ..” ဒုတိယအကြီးအကဲပြောလိုက်၏။

“ကောင်းပြီ .. မင်းတို့အားလုံး ရွေးချယ်လို့ရပြီ..”

ဤနေရာမှာ ချက်ချင်းပင် ဆူညံသွားလေသည်။

“ကျွန်တော် ထာဝရရှေးဟောင်းနည်းလမ်းကို ရွေးချယ်တယ် ..” ရှီဟောင်ပြောလိုက်၏။

“မင်း .. လက်ရှိလောကရဲ့နည်းလမ်းတွေကို ယူသင့်တယ်..” ဒုတိယအကြီးအကဲပြောလိုက်၏။ “မင်း လမ်းနှစ်ခုလုံးကို လျှောက်ချင်တာလား..” သူ တီးတိုး ထပ်မေးလိုက်လေသည်။

အပိုင်း ၁၃၅၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၆ – ထာဝရ ရှေးဟောင်းပညာ

“လမ်းတစ်ဝက်မှာ လက်လျော့စရာအကြောင်းမှ မရှိတာ .. ကျွန်တော် ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသွားပြီ .. အဲဒီတော့ အနည်းဆုံးတော့ အပေါ်စီးကနေ ကြည့်ရမှာပဲ..” ရှီဟောင် ပြန်ဖြေလိုက်၏။

သူ၏လမ်းကြောင်းတွင် သူအောင်မြင်မှုများ ရရှိနေလေပြီ။ သူသည် ကောင်းကင်လမ်းကြောင်း ၁၀ ခုကို ပေါင်းစည်းနိုင်ခဲ့သည်။ ဤပညာတွင် သူက စွန့်ဦးတီထွင်သူပင်။

သူသာ ဆက်လုပ်လျှင် အခြားကျင့်ကြံခြင်းနယ်ပယ်များတွင်လည်း အဆင့်တက်နိုင်မည်ပင်။ ထို့ကြောင့်ပင် အကြီးအကဲနှစ်ယောက်သည် သူ့အား လက်ရှိလောက၏နည်းလမ်းများကို ကျင့်ကြံစေလိုခြင်းပင်။

“ရှေးဟောင်းပညာနဲ့ အခုလက်ရှိလောကက အမွေအနှစ်တွေက တူတယ်ဆိုရင်တောင်မှ မတူတဲ့နေရာတွေရှိသေးတယ် .. အထူးသဖြင့် အားလုံးအစကနေ ပြန်စရမှာ .. မင်း အခုထိကျင့်ကြံလာတဲ့ လက်ရှိလောကက နည်းလမ်းတွေနဲ့မတူဘူး .. ဒီနည်းလမ်းတွေက မင်းအရိုးထဲထိစွဲနေပြီ”

ဒုတိယအကြီးအကဲသည် ဤစကားကို အကြောင်းမဲ့ပြောခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်သာ ထာဝရ ရှေးဟောင်းပညာများကို လေ့လာချင်ပါက အစမြှပန်စရမည်ဖြစ်ပြီး ယခုအချိန်ထိ ရရှိထားသည့်အောင်မြင်မှုအားလုံးကို ဘေးဖယ်ထားရမည်ပင်။

လက်ရှိလောက၏ပညာများကို အမြင့်ဆုံးအဆင့်ကိုရောက်သွားပြီး အရှေ့မှလူများအားလုံးကို ကျော်သွားလျှင်ပင် ထာဝရ ရှေးဟောင်းပညာကို လေ့လာသည်နှင့် ဤသည်မှာ လုံးဝအသုံးမဝင်တော့။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မတူညီသည့်စနစ်နှစ်ခုပင်။

ဤသည်ကို ရှီဟောင် ဘယ်လိုလုပ် မသိပဲနေမည်နည်း.. ဤပညာနှစ်ခုကို နှိုင်းယှဉ်ချင်သောကြောင့် ဤကဲ့သို့ ပြုလုပ်ခြင်းပင်။

ယခု ဤအခွင့်အရေး သူ့ရှေ့သို့ ရောက်လာလေပြီ။ အစက ပြန်စရမည်ဆိုလျှင်ပင် သူ လျင်မြန်စွာ အဆင့်တက်နိုင်သည်။ ရာစုနှစ်၊ ဆယ်စုနှစ်များစွာကြာအောင် ကျင့်ကြံစရာလိုမည် မဟုတ်။

သူ၏ခံယူချက်မှာ ပြတ်သားသည်။ ရှေးဟောင်းလမ်းကြောင်းကို အရင်လျှောက်ပြီးမှ လက်ရှိလောက၏နည်းလမ်းများကို ကျင့်ကြံမည်။ သို့မှသာ သူ ကောင်းမွန်သည့်အခြေခံအုတ်မြစ်များ ရရှိနိုင်ကာ တစ်နေ့တွင် တောက်ပလာလိမ့်မည်။

အချို့သူများသည် တွေဝေခြင်းမရှိပဲ လက်ရှိလောက၏နည်းလမ်းများကိုသာ ရွေးချယ်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲများ ပြောသွားသည့်ပုံမှာ စွန့်စားရန် ထိုက်တန်သည်ပင်။

အခြားသူများမှာ စိတ်ရှုပ်ထွေးနေဆဲပင်။ မည်သည့်လမ်းရွေးချင်သည်ကို မဆုံးဖြတ်နိုင်ဖြစ်နေကြလေ၏။

ဤသည်မှာ သူတို့ဘဝတစ်ခုလုံးနှင့် သက်ဆိုင်သည့်အရာဖြစ်သောကြောင့် သူတို့ သေချာပေါက် အမှားလုပ်၍ မရ။

ရှီဟောင် ဆုံးဖြတ်ချက်ပြတ်သွားစွာ တစ်ဖက်သို့သွားလိုက်သည်။ ဤလူများအားလုံးမှာ ထာဝရရှေးဟောင်းပညာကို သင်ယူရန် ပြတ်ပြတ်သားသားဆုံးဖြတ်ထားသည့်သူများပင်။ အများစုမှ မျက်နှာစိမ်းများဖြစ်သော်လည်ညး သူသိသည့်သူအချို့လည်းရှိနေသည်ပင်။

သူရောက်လာသည်နှင့် လူအချို့ လမ်းဖယ်ပေးကြလေ၏။ သူသည် ဝမ်မိသားစုကို ဆန့်ကျင်ကာ ခေါင်းသုံးလုံးဘုရင်ကို သတ်ထားသည်ဟု ကောလဟာလများရှိနေသောကြောင့် မည်သူက သူ့အားမကြောက်ပဲနေမည်နည်း။ သူ့ကို အနည်းငယ်လည်း လေးစားနေကြသည်။

မည်မျှပင် စိတ်ရှုပ်ထွေးနေပါစေ သူတို့ဆုံးဖြတ်ချက် လုပ်ရပေလိမ့်မည်။

အားလုံးထိတ်လန့်သွားရလေ၏။ အဘယ်ကြောင့်ဆိုသော် ထာဝရရှေးဟောင်းပညာသင်ယူသည့်ဘက်မှလူများမှာ ယခုခေတ်ပညာများကို သင်ယူလိုသည့်လူများလောက် မများပြားသော်လည်း အားလုံးမှာ သာမန်မဟုတ်သည့်သူများပင်။ ဥပမာအားဖြင့် မင်းသမီးယောင်ယွဲ့၊ လုထော်နှင့် ဝမ်ရှီးပင် ရှိနေသည်ပင်။ အခြားသူများမှာလည်း ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံထားသည့် နာမည်ကြီးသူရဲကောင်းများပင်။

အားလုံးစိတ်သက်သာရာရသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ဤလူများ၏ ရည်ရွယ်ချက်ကို သူတို့နားလည်သည်ပင်။ သူတို့သည် ထာဝရစွမ်းအင်များစွာကို ကျင့်ကြံထားပြီးပြီဖြစ်သောကြောင့် မည်သူက ဤကဲ့သို့အရှုံးပေးချင်မည်နည်း ..

အထူးသဖြင့် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများပင်။ ပြီးပြည့်စုံသည်အထိ မကျင့်ကြံရပါက သူတို့နောင်တရမိမည်ပင်။

သို့သော်လည်း ထာဝရစွမ်းအင်သုံးကြောင်းနှင့်လူများမှာ သူတို့ကိုယ်တိုင်ကျင့်ကြံထားခြင်းလား သူတို့မိသားစုအပေါ် မှီခိုထားခြင်းလားဆိုသည်ကိုတော့ မသိနိုင်ပေ။

သို့သော်လည်း သူတို့ထံတွင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသောကြောင့် သူတို့ထံတွင် ထာဝရစွမ်းအင်ရှိနေသည်ပင်။ သူတို့ပိုင်ဆိုင်ထားသည့်ခွန်အားမှာ အမှန်တကယ်ပင်ဖြစ်ပြီး တကယ်လည်းသုံးနိုင်သည်ပင်။

အားလုံးမှာ မာနကြီးကာ စိတ်ကြီးဝင်နေကြသော်လည်း ရှီဟောင်ရောက်လာသည်နှင့် အနောက်ဆုတ်သွားကာ ကြွားဝါခြင်းမပြုရဲကြတော့။

ရှီဟောင် ခပ်ဝေးဝေးသို့ ကြည့်လိုက်ပြီးနောက် သူ၏မျက်မှောင်များ ကြုံ့သွားရသည်။ သရဖူ ၁၀ ခုဘုရင်နှင့် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိကို သူတွေ့လိုက်ရ၏။ နှစ်ယောက်လုံး ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည်ပင်။ သူတို့လည်း သူနှင့်တစ်ဖက်တည်းတွင် ရပ်နေခြင်းပင်။

လူများစွာမှာ ရှီဟောင်နှင့် ဝမ်ရှီးအား တိတ်တဆိတ်ကြည့်နေကြလေသည်။

ထို့နောက် သူတို့ဘက်သို့ ချင်းရီလျှောက်လာနေသည်ကို သူတွေ့လိုက်ရသည်။

“သူက တကယ် ဒီလိုမျိုးရှေးဟောင်းပညာတွေ လေ့လာသင့်တယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။ အဘယ်ကြောင့်ဆိုသော် ချင်းရီထံတွင် ယခုထက်ထိတိုင် သူ့ကို စွန့်ခွာမသွားသေးသည့် လကျောက်စိမ်းမီးတောက်ရှိနေသည်ပင်။

ထို့နောက် ယွဲ့ချန်ကို သူတွေ့လိုက်ရသည်။

သူမသည် ချင်းရီနှင့်အတူ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ခဲ့ခြင်းပင်။ သူတို့နှစ်ဦးကြားမှ ကိစ္စမှာ ယခုထက်ထိတိုင် မဖြေရှင်းရသေးပေ။ ယခု သူတို့၏ရွေးချယ်မှုများမှာ အတူတူပင်။

“ငါ့ကို မတားနဲ့ .. ငါလည်းသွားမှာ..” ခပ်ဝေးဝေးမှ ချောင်ယုရှင်းအော်ဟစ်နေလေသည်။ ဖက်တီးလေးသည် သူထာဝရရှေးဟောင်းမြေမှ ပြိုင်ဘက်ကင်းသည့်ပညာများကို သင်ယူလိုပြီး မိုးကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းသည့်သူဖြစ်လိုကြောင်း ထပ်ခါတလဲလဲ အော်ဟစ်နေလေသည်။

နောက်ဆုံးတွင် ရွှေရောင်ဝတ်စုံဝတ်ထားသည့် တာအိုအကြီးအကဲမှ သူ့ဖင်အားကန်လိုက်ကာ သူ့ကိုပြန်ပို့လိုက်လေသည်။ သူ၏ပါရမီကို မဖြုန်းတီးသင့်ကြောင်း၊ လက်ရှိလောက၏ ပညာများကိုသာ လေ့လာသင့်ကြောင်း သတိပေးလိုက်လေသည်။

“ကောင်းပြီ .. ဆုံးဖြတ်ချက်ချပြီးသွားကြပြီဆိုတော့ ထာဝရရှေးဟောင်းပညာသင်မယ့်သူတွေ ဒီဘက်လိုက်ခဲ့ကြ..” အကြီးအကဲတစ်ယောက်ရောက်လာပြီး ရှီဟောင်တို့ကို ကျောင်းအတွင်းပိုင်းသို့ ခေါ်သွားလိုက်ကြလေသည်။

ကျန်နေသည့်သူများကိုလည်း အခြား အကြီးအကဲတစ်ယောက်မှ ခေါ်သွားလိုက်သည်ပင်။

ဤသည်မှာ ပျက်စီးနေသည့်နံရံအကျိုးအပဲ့များရှိနေသည့် နေရာတစ်ခုပင်။ ဤအပျက်အစီးများကြားတွင် ရှေးဟောင်းသစ်ပင်များလည်း ပေါက်ရောက်နေသည်ပင်။ ဆူးပင်ခြုံပင်များ ရှင်သန်နေကာ မွှေးပျံ့သည့်ပန်းများ ပွင့်နေကြလေ၏။

ဤနေရာကို အလင်းရောင်သိပ်မရောက်ပဲ မှုန်မှိုင်းနေလေ၏။

ဤသည်မှာ ထာဝရရှေးဟောင်းခေတ်မှ ကျန်ခဲ့သည့်နေရာပင်။

စတုတ္တအကြီးအကဲရောက်လာပြီး ကျန်းပေါင်းများစွာမြင့်သည့် ကျောက်တုံးကြီးပေါ်တွင် ထိုင်လိုက်လေ၏။ သူသည် ကျောင်းသားများအား ထာဝရရှေးဟောင်းပညာများ ကျွမ်းကျင်လာအောင် ကူညီပေးတော့မည်ပင်။

“ရှေးဟောင်းပညာကိုသင်ချင်ရင် သူတို့ရဲ့ စကားလုံးတွေနဲ့ ဘာသာစကားတွေကို နားလည်ထားဖို့လိုအပ်တယ် .. အဲဒါမှ သူတို့ပညာတွေ၊ သင်္ကေတတွေကို နားလည်မှာ .. ဒီဘာသာစကားက တော်တော်လေး ရှုပ်ထွေးတယ် .. အဲဒီတော့ ဒါကို သေချာလေ့လာရလိမ့်မယ်..”

ဤစကားကိုကြားသည်နှင့် သူတို့အသိအမှတ်ပြုကြောင်း ခေါင်းညိမ့်ပြလာကြသည်။

“ငါတို့ အရေးကနေ စကြမယ်..” ဤအကြီးအကဲ၏အမူအရာမှာ လေးနက်နေလေ၏။ သူလေဟာနယ်ထဲတွင် ရေးဆွဲလိုက်သည်နှင့် ထူးဆန်းသည့်သင်္ကေတများတစ်ခုပြီးတစ်ခု ပေါ်လာလေသည်။

ဤစာလုံးများမှာ သတ္တုရည်ဖြင့်သွန်းလောင်းထားသကဲ့သို့ ကြည်လင်တောက်ပနေလေ၏။ စာလုံးအများကြီးရှိနေသောကြောင့် ဤသည်မှာ အလွန်လှပလှသည်ပင်။

သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် တစ်ခုခုမှားယွင်းနေသည်ကို အားလုံးသတိပြုမိသွားသည်။ ဤအကြီးအကဲသည် တစ်ခဏအတွင်းမှာပင် စာလုံးပေါင်း တစ်သောင်းကျော် ရေးပြီးသွားပြီဖြစ်ပြီး သူ၏နားထင်စပ်မှ ချွေးများပင် စီးကျလာလေပြီ။

“အကြီးအကဲ .. စာလုံးတွေက ဘယ်လိုလုပ် ဒီလောက်အများကြီးရှိနေတာလဲ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားမေးလိုက်သည်။

ရိုးရှင်းသည့်ဘာသာစကားဆိုပါက ဤမျှစကားလုံးတစ်သောင်းကျော်လိုအပ်မည်မဟုတ်။ ထို့အပြင် စတုတ္ထအကြီးအကဲမှာ အနည်းငယ်ပင်ပန်းသည့်ပုံ ပေါ်နေသည်ပင်။

“ငါက ထာဝရစွမ်းအင်မကျင့်ကြံထူးတော့ ဒီစာလုံးတွေ ရေးရတာက ငါ့အတွက် သိပ်မလွယ်ဘူး .. ဒီစာလုံးတွေက ထာဝရစွမ်းအင်လိုအပ်တယ် .. ဒါပေမဲ့ ကံကောင်းစွာနဲ့ ဒီစကားလုံးရဲ့အဓိပ္ပာယ်တွေကို လေ့လာထားတယ်..” အကြီးအကဲ ပြောလိုက်သည်။

“ဒီစကားလုံးတွေက အများကြီးပဲလို့ မင်းတို့ခံစားနေရတာလား .. ” သူထပ်ပြောလိုက်သည်။

ဒါက မများသေးဘူးလို့ ငါ့ကို လာမပြောနဲ့နော်.. အားလုံး တိတ်ဆိတ်စွာပင် အတွန့်တက်လိုက်ကြလေ၏။

“ထာဝရရှေးဟောင်းစာလုံးအစစ်က အနည်းဆုံး တစ်သန်းရှိတယ် .. ကြယ်စမ်းချောင်းလိုမျိုး အဆုံးအစမရှိဘူး ” အကြီးအကဲမှ ပြောလိုက်သည်။

“ဘာ.. ဒါက လက်တွေ့မဆန်တော့ဘူးလေ..” အားလုံး ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

“ထာဝရရှေးဟောင်းခေတ်က တာအိုပညာတွေ၊ မန္တန်တွေအားလုံးက တာအိုပညာနဲ့ သရုပ်ပြတာ .. အဲဒါကြောင့်မို့လို့ အသိခက်ပြီးတော့ မရင်းနှီးတဲ့ စာလုံးတွေအများကြီးရှိတာ .. ဒီစာလုံးတွေက တာအိုစွမ်းအင်နီးနီးပဲ..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်သည်နှင့် အားလုံး တုန်လှုပ်သွားကြသလို ဤပညာကိုလည်း လေ့လာချင်သွားကြသည်။

တစ်ချိန်တည်းမှာပင် အချို့လူများသည် ရှေးဟောင်းစာလုံးများကို လေထဲတွင် စတင်ပုံတူကူးကာ ရေးဆွဲလာကြလေပြီ။ ရလဒ်အနေဖြင့် သူတို့သည် တာအိုနှင့် တကယ်နီးကပ်လာသည်ဟု ခံစားလိုက်ရလေသည်။ သူတို့လေ့လာလေလေ ပို၍ထူးဆန်းလာလေလေပင်။

အချို့လူများမှာမူ စာလုံးအချို့၏အဓိပ္ပာယ်ကို မသိသောကြောင့် မျက်မှောင်ကြုတ်နေကြလေ၏။

ဟူး .. ရှီဟောင်သည် စာလုံးအနည်းငယ်ကို လေ့လာလိုက်သော်လည်း သူချက်ချင်းခေါင်းကိုက်လာရ၏။ ဤရှေးဟောင်းစာလုံးများကို မှတ်မိအောင်လုပ်နေရခြင်းမှာ လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ပေ။

ဤစာလုံးတစ်လုံးစီတိုင်းတွင် နက်နဲသည့်အဓိပ္ပာယ်များပါဝင်နေပြီး သဘာဝဥပဒေသအချို့ကို စာလုံးတစ်လုံးအဖြစ် ပြောင်းလဲထားခြင်းပင်။

“အဲဒါကြောင့်မို့လို့ ထာဝရရှေးဟောင်းခေတ်က စွမ်းအားကြီးဖို့ကို ဦးစားပေးတာကိုး .. ရှေးဟောင်းပညာတွေကို ကျင့်ကြံလိုက်တာနဲ့ တာအိုရဲ့အရင်းအမြစ်ကို တန်းရောက်သွားပြီ .. ဒီစာလုံးတွေတောင်မှ တော်တော်လေးကို ခေါင်းကိုက်နေပြီ..” ရှီဟောင် ပြောလိုက်သည်။ စာလုံးပေါင်းတစ်သန်းလည်း ဤကဲ့သို့သာဆိုလျှင် ဤသည်ကို နားလည်နိုင်ရန်အတွက် သူအချိန်အတော်ကြာယူရမည်ပင်။

စတုတ္ထအကြီးအကဲ သူတို့အား ခြောက်လှ့န်ချင်နေခြင်းဖြစ်ကြောင်း သိသာလှသည်ပင်။ သူ၏နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ဖြစ်ပေါ်လာလေ၏။

“စာလုံးတွေအများကြီးပဲ .. ထာဝရရှေးဟောင်းပညာက တာအိုအရင်းအမြစ်တွေကို ညွှန်ပြနေတာဆိုပေမယ့် သူ့ဘာသာစကားက ဘာလို့ဒီလောက်‌တောင် ခက်ခဲနေတာလဲ..” အချို့လူများ သံသယဝင်လာကြသည်။

“မင်း လုံလောက်အောင်စွမ်းအားကြီးရင် မန္တန်တစ်သန်း၊ သဘာဝဥပဒေသတစ်သန်းကို စာလုံးပေါင်း ထောင်ပေါင်းများစွာ ဒါမှမဟုတ် ရာပေါင်းများစွာအဖြစ် ပြောင်းပြီးတော့ နားလည်အောင်လုပ်လို့ရတယ်..” စတုတ္ထအကြီးအကဲမှ ပြောလိုက်သည်။

ထို့နောက် သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် လေပြင်းများတိုက်ခတ်လာပြီး မူလမြူများလည်း ထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံးမှာ ချက်ချင်းမှောင်မဲသွားလေသည်။

ထို့နောက် သူ၏အင်္ကျီလက်ထဲမှ အဖြူရောင်ကျောက်တုံးတောင်လေး ထွက်လာလေ၏။ ဤသည်မှာ လက်ဝါးအရွယ်အစားခန့်သာရှိသော်လည်း အလွန်ကောင်းမွန်လှသည်။

ဝုန်း…

ထိုအဖြူရောင် တောင်လေးသည် တစ်ဖြည်းဖြည်းကြီးလာကာ မြေပြင်ပေါ်သို့ အရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ ထို့နောက် သိပ်မဝေးသည့်နေရာတစ်ခုသို့ ကျရောက်သွားလေ၏။

ဤသည်မှာ မျက်နှာပြင်ပေါ်တွင် သင်္ကေတပေါင်း တစ်သန်းကျော်ရှိသည့် အဖြူရောင်ကျောက်စိမ်းတောင်ကြီးပင်။

ဤရှေးဟောင်းစာလုံးများမှာ တောက်ပလှပြီး ဤနေရာရှိ လူများမှာ ဤစာလုံးများကို ရတနာတစ်ခုကဲ့သို့ လေ့လာနေကြသည်ပင်။

“ဟမ် ဒီတောင်က ပြတ်နေတယ် .. အဲဒီမှာလည်းစာလုံးတွေရှိခဲ့တာလား..” ကျောင်းသားတစ်ယောက်မှ ပြောလိုက်သည်။

“ဒါက ထာဝရရှေးဟောင်းခေတ်က ကျောက်စိမ်းတောင် .. ဒါကို ရှေးဟောင်းစာလုံးတွေ ကျင့်ကြံဖို့သုံးကြတာ..” စတုတ္ထမြောက်အကြီးအကဲပြောလိုက်သည်။ ထို့နောက် သူသည် တောင်ထိပ်ကို လက်ညှိုးထိုးကာ “အဲဒီတောင်ထိပ် မပြတ်ခင်က အဲဒီမှာ ရှေးဟောင်းစာလုံး ၁၀၈ ရှိတယ်လို့ ပြောကြတယ်”

“စာလုံး ၁၀၈ လုံးကို ပြီးနိုင်ပါ့မလား..”

“စာလုံး ၁၀၈ လုံးက တာအိုရဲ့ အဓိပ္ပာယ်အစစ်ကို အဓိကထားထားတာ .. ဒီစာလုံး တစ်လုံးကို နားလည်ရင်တောင်မှ အဆုံးမရှိတဲ့ ကောင်းကျိုးတွေရမှာလို့ ပြောကြတယ် .. ဒါပေမဲ့ အခုတော့ အဲဒီစာလုံးတွေက လုံးဝပျောက်သွားပြီ” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။ စာလုံးတစ်လုံးကို နားလည်ရုံမျြှဖင့် လောကကြီးကို တုန်လှုပ်စေနိုင်သည့် အကျိုးကျေးဇူးရသည်ဆိုသည်မှာ ထိတ်လန့်စရာကောင်းလှသည်ပင်။

အပိုင်း ၁၃၅၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၇ – ထာဝရ မျိုးစေ့

ကျောက်စိမ်းဖြူတောင်ကြီးမှာ အပျက်အစီးများကြား၌ ရှိနေခြင်းပင်။ တောင်နံရံမှာ ကြည်လင်တောက်ပနေပြီး ရှေးဟောင်းစာလုံးများမှာလည်း ကြယ်များကဲ့သို့ တောက်ပနေလေသည်။

ရှီဟောင်နှင့် အခြားသူများမှာ တောင်ထိပ်ပေါ်သို့ ရောက်နေလေပြီ။ အဘယ်ကြောင့်ဆိုသော် အားလုံးမှာ ထိုစာလုံး ၁၀၈ လုံးကို သိချင်နေကြသည်။

သို့သော်လည်း စတုတ္ထအကြီးအကဲပြောသကဲ့သို့ တောင်ထိပ်မှာ ထက်ရှလှသည့် လက်နက်တစ်ခုဖြင့် ဖြတ်ခံထားရသကဲ့သို့ ပြတ်ထွက်နေလေသည်။

ဤသည်မှာ ထာဝရရှေးဟောင်းခေတ်တွင် ဖြစ်ခဲ့ခြင်းဖြစ်သောကြောင့် နောက်ကြောင်းပြန်လိုက်ရန် မဖြစ်နိုင်သကဲ့သို့ ထိုစာလုံးများကို သိရန်လည်း မဖြစ်နိုင်တော့ပေ။ အားလုံးမှာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

“မင်းတို့အားလုံး အဲဒီလောက်စိတ်ပျက်ဖို့ မလိုပါဘူး .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုမှာ မပွင့်သေးတဲ့ ထာဝရလှိုဏ်ဂူတွေ ရှိသေးတယ် .. မင်းတို့စွမ်းအားကြီးလာတဲ့ တစ်နေ့၊ မင်းတို့ရဲ့ ထာဝရတာအိုစွမ်းအင်တွေ ပိုပြီး အားကြီးလာတဲ့တစ်နေ့ကျရင်တော့ မင်းတို့ အဲဒီလှိုဏ်ဂူတွေထဲ သွားလေ့လာပြီးတော့ ဒီထာဝရစာသားတွေကို တွေ့နိုင်မှာပါ” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

အားလုံး ပြန်လည်စိတ်ဓာတ် တက်ကြွသွားကြသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ စာလုံးများသာဖြစ်သောကြောင့် ဤတောင်တစ်ခုတည်းတွင်သာ ရှိမည်မဟုတ်။ အခြားနေရာများတွင်လည်း မှတ်တမ်းတင်ထားမည်ပင်။

သူတို့ ဤစာလုံးများကို အထင်မသေးရဲကြပေ။ မည်သည့်စာလုံးမဆို လက်နက်ဖြစ်လာနိုင်သည်။ ထို့အပြင် ဤစာလုံး ၁၀၈ လုံးသည် ထာဝရရှေးဟောင်းခေတ်၏ စွမ်းအင်များကို သယ်ဆောင်ထားသည်။ ဤသည်မှာ ကျင့်ကြံမှုတစ်မျိုး၊ အမွေတစ်မျိုးဟုပင် ပြော၍ ရသည်။

“အရမ်းကြီး မျှော်လင့်ချက်မထားနဲ့ဦး .. မင်းတို့အားလုံး ဒီစာလုံးတွေနဲ့ စလေ့လာလို့ရတယ် .. မင်းတို့နားမလည်တာရှိရင် ငါ့ကို လာမေးလိုက်” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

ထို့အပြင် ဤသည်မှာ သူနှင့် အခြားအကြီးအကဲတစ်ယောက် အတူတူပြုပြင်ထားခြင်းဖြစ်ပြီး ဤတောင်တွင် သူတို့၏ ဝိညာဉ်တံဆိပ်များပါဝင်နေသောကြောင့် သူတို့၏ အတွေးအမြင်များကို ကူညီပေးနိုင်လိမ့်မည်ဟု ပြောခဲ့သည်။

ထိုစကားကို ကြားသည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြကာ စတင်လေ့လာကြတော့သည်။

ဤသည်မှာ အတော်လေးလွယ်ကူလိမ့်မည်ဟု သူတို့ထင်ထားခဲ့ကြသည်။ သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့် ရောက်နေပြီဖြစ်သောကြောင့် သူတို့၏မူလဝိညာဉ်များ ပျက်စီးသွားလျှင်ပင် သူတို့အရာအားလုံးကို မှတ်မိနေလိမ့်မည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့အားလုံး မျက်မှောင်ကြုတ်လာကြလေသည်။ ဤသည်မှာ ဘာသာစကားတစ်ခု၏ စာလုံးများသာ မဟုတ်ပဲ တာအို အပိုင်းအစများ၏ အဓိပ္ပာယ်များလည်း ပါဝင်နေသည်။

ဤလောကတွင် မည်သည့်အရာမှာ အရှုပ်ထွေးဆုံးဖြစ်သနည်း .. ဤသည်မှာ ပုံစံအတည်တကျ မရှိကာ ရှင်းပြရန် ခက်ခဲလှသည့် ‘တာအို’ ပင်။

ဤစာလုံးများမှာ တာအိုကြားခံနယ်တစ်ခု၊ ထိတွေ့နိုင်သည့် တာအိုလမ်းကြောင်းတစ်ခုဖြစ်သလို ပို၍တိကျသေချာသည့် ရှင်းတမ်းတစ်ခုလည်း ဖြစ်သည်။

ဤစာလုံးများကို နားလည်သွားသည်နှင့် ဤလောက၏သဘာဝအကြောင်းကို နားလည်သွားကာ ကျင့်ကြံခြင်းအတွက် အကျိုးကျေးဇူးများစွာရှိမည်။

“ပစ္စည်းကောင်းပဲ .. ငါ ဒါကို ရအောင်လုပ်ရမယ်..” ရှီဟောင် ပြောလိုက်သည်။

တာအိုများကို အရိုးစာသားများမှ ဖော်ပြနိုင်သကဲ့သို့ ဤကဲ့သို့သော စာလုံးများဖြင့်လည်း ဖော်ပြ၍ ရသည်။ ဤနှစ်ခုကိုသာ နှိုင်းယှဉ်နိုင်ပါက အကျိုးကျေးဇူးများစွာ ရရှိမည်ပင်။

ဖုန်း..။

အားလုံးလေ့လာနေသည့်အချိန်တွင် ကျယ်လောင်လှသည့် ဆူညံသံကြီးကို ကြားလိုက်ရသည်။ ထာဝရစွမ်းအင်ကျင့်ကြံထားသည့် လူငယ်ကျင့်ကြံသူတစ်ယောက်သည် သွေးအန်သွားကာ အဖြူရောင်ကျောက်စိမ်းတောင်ပေါ်မှ လွင့်ထွက်သွားလေသည်။

ဤလူ ရှေးဟောင်းစာလုံးများကို လေ့လာနေသည့်အချိန်တွင် မိစ္ဆာတစ်ကောင်ထွက်လာလေသည်။ ဤမိစ္ဆာကြီးသည် ခေါင်းမော့ကာ ဟစ်ကြွေးနေပြီး သူ၏ဦးချိုကြီးသည် ကောင်းကင်ကြီးကို ထိုးဖောက်မတတ်ပင်။ ဤမိစ္ဆာကြောင့် ထိုကျင့်ကြံသူ ဒဏ်ရာရသွားခြင်းပင်။

ဤသည်မှာ ရှေးဟောင်းစာလုံးလေးသာဖြစ်သော်လည်း ဤစာလုံးအား လေ့လာလိုက်သည့်အချိန်တွင် ဤကဲ့သို့သော ကြောက်စရာကောင်းသည့်အရာများ ဖြစ်လာသေးသည်။

ဤသည်မှာလည်း သူသည် စာလုံးများကို သေချာနားမလည်သေးပဲ အကြီးအကဲများ ချန်ထားခဲ့သည့် ဝိညာဉ်တံဆိပ်များကို အသုံးပြုရန် ကြိုးစားလိုက်သောကြောင့်ပင်။ ထို့ကြောင့် ဤစာလုံးများမှ စွမ်းအင်ထွက်လာပြီး သူ့အား လွင့်ထွက်သွားအောင် လုပ်လိုက်သည်။

အားလုံး အံ့အားသင့်သွားရသည်။ စာလုံးတစ်လုံးတည်းတောင်မှ ဒီလောက်စွမ်းအားကြီးတာ ဒီစာလုံးတွေအများကြီးကို တစ်လုံးနဲ့တစ်လုံး ပေါင်းသုံးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ .. ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသွားမှာလဲ..

တစ်ချိန်တည်းမှာပင် ဤတောင်ကြီးသည် အကြီးအကဲများ ချိတ်ပိတ်ပြီးသွားပြီဖြစ်သော်လည်း အန္တရာယ်ရှိနိုင်သေးကြောင်း အားလုံး နားလည်သွားရသည်။ ဤသည်မှာ သူတို့ကို စစ်ဆေးချင်သောကြောင့် ပေးထားခြင်းလည်း ဖြစ်နိုင်သည်ပင်။

အချိန်များလျင်မြန်စွာ ကုန်ဆုံးနေပြီး ခဏလေးအတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်ဆုံးသွားလေပြီ။ သူတို့အားလုံး အကျိုးအမြတ်များစွာ ရရှိလိုက်သည်။

ဝုန်း ..။

ထိုနေ့တွင် ဆူညံသံကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာလေသည်။ လုထော်ရှေ့တွင် ရှေးဟောင်းစာလုံးများစွာ လည်ပတ်နေပြီး တောက်ပနေကြလေသည်။ နောက်ဆုံးတွင် ထိုစာလုံးများသည် သူ့အားစုတ်ဖြဲပစ်တော့မည့် ကောင်းကင်နဂါး ၁၀ ကောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

“ဒီစာလုံးတွေကို ဘယ်လိုသုံးရမလဲဆိုတာတောင် သူသိသွားပြီ .. တကယ်ကို သာမန်မဟုတ်ဘူးပဲ .. ဒါပေမဲ့ သူက သူ့ကိုယ်သူ အန္တရာယ်အဖြစ်ခံပြီးတော့ စွန့်စားနေတယ်..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

လုထော်သည် စာလုံးပေါင်းထောင်ပေါင်းများစွာကို နားလည်ပြီးသွားလေပြီ။

သူသည် ရှေးဟောင်းစာလုံးများကို ရေးထိုးလိုက်ကာ အကြီးအကဲများ ချန်ထားခဲ့သည့် တံဆိပ်များကို အသက်သွင်းလိုက်သောကြောင့် ဤကဲ့သို့သောမြင်ကွင်းမျိုး ပေါ်လာခြင်းပင်။

ဝုန်း..

နောက်ဆုံးတွင် ထိုကောင်းကင်နဂါးများ တစ်စစီဖြစ်သွားလေ၏။ ကောင်းကင်ကြီးလည်း သွေးရောင်စွန်းပေသွားသော်လည်း နောက်ဆုံးတွင် အလင်းများအဖြစ် ပြောင်းလဲသွားကာ သင်္ကေတများ ပြန်ဖြစ်သွားလေ၏။

လုထော်ခန္ဓာကိုယ် နောက်ယိုင်သွားကာ သူ၏မျက်နှာလည်း နီရဲလာသော်လည်း ခဏကြာပြီးသည့်နောက်၌ သူ ပြန်လည်တည်ငြိမ်သွားလေသည်။

လူများစွာ သက်ပြင်းချလိုက်ကြသည်။ ထာဝရစွမ်းအင်သုံးကြောင်းနှင့် အဆင့်လွန်သက်ရှိများမှာ တကယ်ကိုပင် အထင်ကြီးစရာကောင်းလှပြီး အခြားသူများ လိုက်မှီနိုင်ရန် ခက်ခဲလှသည်။

“ဒါက ဘာမှမဟုတ်သေးဘူး .. ဒါတွေက အခြေခံအကျဆုံး သင်္ကေတတွေပဲ ရှိသေးတယ် .. ငါစာလုံး တစ်သန်းကိုသာ နားလည်သွားရင် တာအိုဥပေဒတွေကို ပိုပြီးနေရာချနိုင်ပြီးတော့ ဒီထက် ပိုပြီး စွမ်းအားကြီးလာမှာ..” လုထော် တီးတိုးပြောလိုက်၏။

အားလုံး ဆွံ့အသွားရသည်။ လုထော်သည် ကောင်းကင်နတ်ဘုရားအဆင့်သာရှိသေးသော်လည်း ဤကဲ့သို့ လုပ်နိုင်ပြီဖြစ်သောကြောင့် ဤသည်မှာ ထူးခြားသည့် ပြော၍ရသည်ပင်။

ဝုန်း..

ဝမ်ရှီး ရှိနေသည့် နေရာတွင် အပင်များစွာ ထွက်ပေါ်လာသည်။ အပင်များအားလုံးမှာ ရွှေဖြင့် ထွင်းထုထားသကဲ့သို့ တောက်ပနေလေသည်။ အပင်များသည် လေဟာနယ်ထဲတွင် အမြစ်တွယ်နေကြပြီး သူမထံသို့ ပိုးချည်မျှင် တစ်သောင်းပစ်လွှတ်လာကြသည်။ ထိုချည်မျှင်များသည် နတ်ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားကာ သူမအား ပိတ်လှောင်က သတ်ဖြတ်ရန် ကြိုးစားလာကြလေသည်။

ဤသည်မှာလည်း စာလုံးပေါင်း ထောင်ပေါင်းများစွာမှ ဖြစ်လာသည့် အခြေအနေတစ်ခုပင်။

ယခုအချိန်တွင် ဝမ်ရှီး၏ လှပသည့် ခန္ဓာကိုယ်မှာ ရှေ့နောက်လွဲရမ်းနေလေပြီ။ သူမက ကြီးမားလှသည့်ဖိအားကို ရင်ဆိုင်နေရလေပြီ။ နောက်ဆုံးတွင် သူမ ဦးခေါင်းထက်မှ ထာဝရစွမ်းအင်သုံးကြောင်းပေါ်လာကာ ဤရွှေရောင်သစ်ပင်များကို မီးလောင်တိုက်သွင်းပစ်လိုက်လေ၏။

ဤနေရာတွင်ရှိနေသည့် ကျောင်းသားများမှာ မတူညီသည့် ပြဿနာများနှင့် ရင်ဆိုင်ရသည်ပင်။

အထူးသဖြင့် နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိနေရာပင်။ ထိုနေရာတွင်ကြယ်များ ထွက်ပေါ်နေပြီးနောက် တစ်ခဏတွင် ဥက္ကာခဲများကျရောက်လာလေသည်။

ထိုနေရာတွင် ဖြစ်တည်စ စကြာဝဠာများ ဖြစ်ပေါ်လာပြီး တက်လိုက်ကျလိုက်ဖြစ်နေလေသည်။

“ဒီလူငယ်လေးက တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ .. သူက အဲဒီစီနီယာရဲ့ တပည့်များလား .. ဒါပေမဲ့ အဲဒီစီနီယာက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက သေသွားပြီမဟုတ်ဘူးလား..” စတုတ္ထအကြီးအကဲ၏မျက်ဝန်းတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။

“ဝိုး .. ဒါက ရှေးဟောင်းစာလုံးပေါင်း ထောင်ပေါင်းများစွာကို ဖိနှိပ်ပြီးတော့ ရလာတဲ့ ထာဝရမျိုးစေ့လား..” စတုတ္ထအကြီးအကဲ သူ့ကိုယ်သူ ပြောလိုက်သည်။

အခြားသူများလည်း ဆွံ့အနေကြသည်။ ထိုဟင်းလင်းပြင်ပတ်လည်တွင်ရှိနေသည့် အရာအားလုံး ပျက်စီးသွားလေပြီ။

လူများမှာ ထိုနေရာကို ငေးမောကြည့်နေကြကာ မျက်တောင်ခတ်ဖို့ပင် မေ့လျော့နေကြလေသည်။

သရဖူ ၁၀ ခုဘုရင်က အပင်လေးတစ်ပင်ကို ကိုင်ထားပြီး ထိုအပင်မှ တာအိုအလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည့်အချိန်မှ လူများအသိပြန်ဝင်လာကြလေသည်။

“လောကသစ်ပင် အပင်ပေါက်..” စတုတ္ထအကြီးအကဲ သတိကြီးကြီးဖြစ်သွားရသည်။ သူသည် အစကတည်းက သတိထားနေသော်လည်း ယခုအချိန်ထိ စိတ်လှုပ်ရှားနေဆဲပင်။

သရဖူ ၁၀ ခုဘုရင် ဤသစ်ပင်ကို မဖွက်ထားနိုင်ပေ။ သူကျောင်းထဲသို့ ဝင်လာကတည်းက အကြီးအကဲများ သိပြီးသားပင်။

ထို့ကြောင့် ကျင့်ကြံသည့်အချိန်တွင်လည်း သူဤသည်ကို ဖုံးကွယ်ထားမနေတော့။ သူ၏ကျင့်ကြံခြင်းမှာ မြန်ဆန်လှပြီး နည်းလမ်းများလည်း တိကျသည်။

အခြားတစ်ဖက်တွင် အဖြူရောင်ဝတ်စုံနှင့် လှပနေသည့် မိန်းမပျိုလေးတစ်ယောက်သည် လနတ်သမီးကဲ့သို့ပင်။ သူမ၏ လေ့လာခြင်းအနည်းငယ် တိုးတက်လာသည်နှင့် သူမဦးခေါင်းထက်တွင် အစိမ်းရောင်လတစ်စင်း ပေါ်လာသည်။

ထိုအစိမ်းရောင်လကြီး လှုပ်ရှားလိုက်သည်နှင့် ရှေးဟောင်းစာလုံးများ တောက်ပလာပြီး ချင်းယီ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေ၏။

ဘာဖြစ်နေတာလဲ .. အားလုံး ထိတ်လန့်သွားရသည်။

ချင်းယီမှ စာလုံးများကို အများဆုံး လေ့လာနိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားကြ။ ရှီဟောင်၊ မိုတောင်နှင့် အခြားသူများပင်လျှင် သူမအား မယှဉ်နိုင်ပေ။ သူမသည် စာလုံးပေါင်း တစ်သောင်းကျော်ကို လေ့လာပြီးသွားလေပြီ။

“သူ့မှာ ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ..” အားလုံး အံ့အားသင့်သွားရသည်။ သူမသည် စာလုံးအားလုံးကို မှတ်မိနေသည့်ပုံပင်။ ထိုလဖြတ်သန်းသွားသည့်နေရာတိုင်းမှ စာလုံးများ တောက်ပလာသည်။

“ထာဝရသက်ရှိတစ်ယောက် သေဆုံးတဲ့အချိန်က ကျန်ခဲ့တဲ့ မီးတောက်မျိုးစေ့ .. ဒါက ဘာလို့ အခုထက်ထိ သူ့ဘေးမှာ ရှိနေသေးတာလဲ .. တစ်ချိန်လုံး တစ်ခါမှ ထွက်မသွားဘူးလား..” စတုတ္ထအကြီးအကဲပင်လျှင် ထိတ်လန့်သွားလေ၏။

ထို့နောက် သူ သရဖူ ၁၀ ခုဘုရင်၏ လောကသစ်ပင်ပေါက်ကို ကြည့်လိုက်သည်။

“ပေါ်လာပြီဆိုတော့ ငါ နည်းနည်းလောက် ပြောသင့်ပြီ” စတုတ္ထအကြီးအကဲ သက်ပြင်းချ၍ လေးနက်စွာ ပြောလိုက်သည်။ “မင်းတို့အားလုံး ရွေးချယ်လိုက်တဲ့ ရှေးဟောင်းနည်းလမ်းမှာ မင်းတို့ကို ရှင်းပြဖို့လိုအပ်တဲ့ အခြေခံလေးတွေ ရှိနေတယ်”

ထိုစကားကို ကြားလိုက်သည်နှင့် အားလုံး အာရုံစိုက်လာကြသည်။

“မင်းတို့ ရှေးဟောင်းပညာကို ရွေးချယ်လိုက်တာနဲ့ မင်းတို့မှာ အခြေအနေတစ်ခုရှိဖို့ လိုအပ်တယ် .. အဲဒါက ထာဝရမျိုးစေ့ကို ရွေးချယ်တာပဲ .. ထာဝရမျိုးစေ့က ထူးခြားလေလေ ကိုယ့်ရဲ့ကျင့်ကြံမှုက ပိုပြီးတော့ အားကောင်းလေလေပဲ..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

ရွှီး..

အားလုံး သရဖူ ၁၀ ခုဘုရင်၏ လက်ထဲမှ သစ်ပင်လေးကို တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လာကြလေသည်။ သူတို့သည်လည်း ထာဝရမျိုးစေ့များအကြောင်းကို သိသောကြောင့် ဤလောကသစ်ပင်ပေါက်နှင့်ပတ်သက်သည့် ကောလဟာလများကိုလည်း သိထားသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ချင်းယီ၏ အစိမ်းရောင်လမီးတောက်ကိုလည်း စိတ်ဝင်စားနေကြလေ၏။ အရင်တုန်းက ထာဝရသက်ရှိက ပြန်ရှင်လာမှာများလား..

“အကောင်းဆုံး ထာဝရမျိုးစေ့ကတော့ လောကသစ်ပင်နဲ့ စကြာဝဠာရဲ့ ဖြစ်တည်စပုံစံပေါ့ .. ဒါပေမဲ့ ဒါတွေက ကိုယ်ရှာတိုင်း တွေ့နိုင်တဲ့အရာတွေ မဟုတ်ဘူး .. မတော်တဆနဲပဲ တွေ့နိုင်တဲ့အရာတွေ .. သက်ရှည်သက်ရှိတွေတောင်မှ သူတို့မျိုးဆက်တွေအတွက် ရှာထားလို့မရဘူး” စတုတ္ထအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

ထိုအချိန်တွင် အားလုံးသည် သရဖူ ၁၀ ခုဘုရင်အား မနာလိုဖြစ်လာကြလေသည်။

“ခဏနေကျရင် မင်းတို့ရဲ့ ထာဝရမျိုးစေ့ကိုရှာဖို့ ငါခေါ်သွားပေးမယ် ..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

“လောကသစ်ပင်နဲ့ စကြာဝဠာပုံစံငယ်ရော ရှိမှာလား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“ဒီလောကကြီးမှာ အံ့အားသင့်ဖို့ကောင်းတာတွေ အများကြီးပဲ .. ငါတို့မသိသေးတဲ့အရာတွေလည်းရှိသေးတယ် .. လောကသစ်ပင်တို့၊ စကြာဝဠာပုံစံငယ်တို့နဲ့ ယှဉ်နိုင်တဲ့ တစ်ခုခုကို ရှာတွေ့ရင်လည်း တွေ့နိုင်တယ်” စတုတ္ထအကြီးအကဲ အားလုံးကို မျှော်လင့်ချက် ပေးလိုက်သည်။

“ကျွန်တော်တို့ ဘယ်မှာ သွားရှာရမှာလဲ..” သူတို့သည် စတုတ္ထအကြီးအကဲအား အပြည့်အဝမယုံသော်လည်း မျှော်လင့်ချက် ရှိနေဆဲပင်။

“နယ်မြေအုတ်ဂူ..” စတုတ္ထအကြီးအကဲပြောလိုက်၏။

အားလုံး ထိတ်လန့်သွားရ၏၊ ဤနာမည်မှာ သူတို့အား အတွေးမျိုးစုံ ဖြစ်သွားစေသည်ပင်။

“မင်းတို့ အားကြီးအောင် လုပ်ပြီးတော့ တစ်ခြားသူတွေကို ကျော်တက်ရမယ် .. တစ်ခြားကျောင်းနှစ်ကျောင်းက မင်းတို့ကို မကျော်တက်သွားစေနဲ့” စတုတ္ထအကြီးအကဲ ပြောလိုက်၏။

“တစ်ခြားကျောင်းနှစ်ကျောင်း ဟုတ်လား ..” အားလုံး ထိတ်လန့်တကြား ဖြစ်သွားကြလေသည်။

“ဟုတ်တယ် အလေးအမြတ်ကျောင်းနဲ့ ထာဝရ ကျောင်း” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

အပိုင်း ၁၃၅၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၈ – အလေးအမြတ်ကျောင်းနှင့် ထာဝရကျောင်း

အလေးအမြတ်ကျောင်းနှင့် ထာဝရကျောင်းမှာ ရှီဟောင်နှင့် အခြားသူများအားလုံးအတွက် မရင်းနှီးည့်ကျောင်းများပင်။

အဘယ်ကြောင့်ဆိုသော် အကြီးအကဲသုံးယောက် စီရင်စုသုံးထောင်သို့ လူလာရွေးသည့်အချိန်က စွမ်းအားအကြီးဆုံး သူရဲကောင်းများသာ ကောင်းကင်နတ်ဘုရားကျောင်း၊ အလေးအမြတ်ကျောင်းနှင့် ထာဝရကျောင်းကို ဝင်ခွင့်ရမည်ဟု ပြောခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ကောင်းကင်နတ်ဘုရားကျောင်းအကြောင်းသာပြောပြီး ကျန်သည့်နှစ်ကျောင်းအကြောင်း မပြောတော့ပေ။ ထို့အပြင် သူတို့လည်း ကောင်းကင်နတ်ဘုရားကျောင်းသို့သာ ရောက်လာခဲ့သည်ပင်။

အခြားနေရာမှ အချို့သူများသည်လည်း ဤအကြောင်းကို ကောလဟာလအနေဖြင့်သာ ကြားဖူးသောကြောင့် အားလုံး၏ တုံ့ပြန်မှုများမှာ မတူညီပေ။

“မင်းတို့ထဲမှာ ဒီအကြောင်းကို အရင်က နည်းနည်းကြားဖူးထားတဲ့သူ ရှိလား..” စတုတ္ထအကြီးအကဲ မေးလိုက်သည်။

“ကျွန်တော်တို့ ဒီကျောင်းအကြောင်းက နည်းနည်းပဲသိထားတာပါ .. အကြီးအကဲ ကျွန်တော်တို့ကို ရှင်းပြဖို့ တောင်းဆိုချင်ပါတယ်” လူတစ်ယောက်မှ ပြန်ဖြေလိုက်သည်။

“ကြည့်ရတာ မင်းတို့အားလုံး နည်းနည်းပဲ သိထားတာထင်တယ် .. ဒါပေမဲ့ မင်းတို့သိထားတာကို ပြောပါ” စတုတ္ထအကြီးအကဲ ပြုံး၍ ပြောလိုက်သည်။

“ကျွန်မကြားတာတော့ ဒီကျောင်းနှစ်ကျောင်းက နည်းနည်းထူးခြားတယ် .. သာမန်လူတွေ ဝင်လို့မရဘူး .. သူတို့ရဲ့ တပည့်ရွေးချယ်နည်းက အရမ်းတင်းကြပ်တယ်တဲ့” မင်းသမီးယောင်ယွဲ့ ပြောလိုက်သည်။

“သက်ရှည်အင်ပါယာမိသားစုက လူ ဖြစ်ထိုက်ပါပေတယ် .. တကယ်ကို တစ်ခြားသူထက် ပိုသိနေတာပဲ” စတုတ္ထအကြီးအကဲ ခေါင်းညိမ့်လိုက်၏။ အခြားသူများအတွက် ဤကျောင်းနှစ်ကျောင်းသည် ထူးခြားနေမည်ဖြစ်သော်လည်း ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ ရှေးဟောင်းမိသားစုများအတွက်မူ ဤသည်မှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

“ဒီကျောင်းနှစ်ကျောင်းက ကမ္ဘာကြီးရဲ့ သက်တမ်းလောက်ရှိတယ် .. ဒါပေမဲ့ ကျောင်းကြီးက တိတ်ဆိတ်ငြိမ်သက်နေတာ ကြာလှပြီ .. အထဲကလူတွေ အပြင်ဘက်လောကကို ထွက်လာကြသေးလား..” မင်းသမီး ယောင်ယွဲ့ ထပ်ပြောလိုက်သည်။

ဤစကားကြားသည်နှင့် အားလုံး ထိတ်လန့်သွားရသည်။ ဤကျောင်းများ၏ နောက်ခံမှာ ဤမျှပင် ကြီးမားလှသည်လား ..

ကျောင်းနာမည်များကို ကြားဖူးသည့် ရှီဟောင်၊ ယွဲ့ချန်နှင့် စီရင်စုသုံးထောင်မှ လာသည့်အခြားသူများပင်လျှင် အတော်လေး ထိတ်လန့်သွားရ၏။ ဤသည်မှာ သူတို့ယခင်က သိထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်ပင်။

ဤသည်မှာ ယခုမှ အသစ်ဖွင့်ထားသည့်ကျောင်းဖြစ်သည်ဟု သူတို့ထင်နေကြခြင်းပင်။ ဤကျောင်းနှစ်ကျောင်း၏ သက်တမ်းမှာ ဤမျှရှည်ကြာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။

သူတို့ကဲ့သို့ တွေးနေသည့် အခြားသူများလည်း ရှိနေကြသည်ပင်။ “ဒီလိုမျိုး ဖုံးကွယ်ထားတဲ့ကျောင်းတွေလည်း ရှိသေးတာလား .. ဒီတစ်ချိန်လုံး သူတို့က ဘာလို့ပေါ်မလာတာလဲ..” အချို့သူများမှာ မနေနိုင်ပဲ မေးလိုက်လေ၏။

“ဒီကျောင်းနှစ်ကျောင်းက လောကကြီးမှာ ပျောက်ကွယ်နေပေမဲ့လည်း သူတို့ကို ကျောင်းအသစ်လို့ခေါ်ရင်လည်း မမှားဘူး” စတုတ္ထအကြီးအကဲ ပြောလိုက်၏။

ဤကျောင်းကြီး လောကတွင်တည်ရှိနေသည်မှာ ကြာလှပြီဖြစ်သောကြောင့် ဤလောကတွင် ပုန်းကွယ်နေသည်ဟုလည်း ပြော၍ရသည်ပင်။ သို့သော် အပြင်လူများအတွက်မူ ဤကျောင်းအကြောင်းကို သိသည့်သူ အနည်းငယ်သာရှိသည်။ နောက်တစ်ကြိမ်ပြန်ဖွင့်သည့်အချိန်မှသာ ဤကျောင်းအကြောင်း သိလာကြသည်ပင်။ သို့သော် ဤသည်မှာလည်း ပထမဆုံးအကြိမ်ဖွင့်သည်ဟု သိကြခြင်းပင်။

အကြီးအကဲ ရှင်းပြနေသည်ကို နားထောင်ပြီး အားလုံး ထိတ်လန့်လာကြလေသည်။

ဤကျောင်းနှစ်ကျောင်းမှာ အပြင်လောကမှ လူများကို လက်မခံပေ။ သူတို့၏ တပည့်များမှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ ရှေးဟောင်းမိသားစုအချို့ကိုသာ ခေါ်ယူကြကာ ထိုသူများကို လောကကြီးနှင့် အဆက်အသွယ်ဖြတ်ထားသည်ပင်။

“လူထူးဆန်းအိုကြီးတွေဆိုတာက ဒီတစ်ချိန်လုံး သီးသန့်ကျင့်ကြံနေကြတဲ့ သူတွေကို ပြောတာ တစ်ချို့သူတွေက ငါတို့ စီနီယာတွေ…”

“ဘာ…” အားလုံး ထိတ်လန့်သွားကြရသည်။

သိထားရမည်မှာ ကောင်းကင်နတ်ဘုရားရားကျောင်းမှ အကြီးအကဲများမှာ လောကီကိစ္စများမှ နှုတ်ထွက်ထားသူများပင်။ သူတို့ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် စွမ်းအားကြီးလာကြသည်ပင်။

ဤကျောင်းနှစ်‌ကျောင်းမှ တပည့်များမှာ ဤကဲ့သို့သောမျိုးဆက်များ၏ ဆက်ခံသူများပင်။ ဤသတင်းမှာ ထိတ်လန့်စရာ ကောင်းလှသည်ပင်။

“ထာဝရကျောင်းက ရှေးအကျဆုံးပဲ .. အဲဒီမှာ ဒီခေတ်ကြီးနဲ့ အသက်တူတဲ့ လူအိုကြီးတွေတောင်ရှိတယ်လို့ ပြောကြတယ် .. သူတို့နောက်ခံက တော်တော်လေးမြင့်တယ် .. ငါတို့ သူတို့အကြောင်းကို ကြားပဲကြားဖူးတာ မမြင်ဖူးဘူး…” စတုတ္ထအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

ထာဝရကျောင်းဆိုသည့်အတိုင်း ဤကျောင်းမှာ ထာဝရသက်ရှိများနှင့် ဆက်စပ်နေသည်ပင်။ သူတို့သည် ယခင်ခေတ်မှ ပညာအချို့ကို စုစည်းကာ တပည့်များအား ထာဝရလမ်းကြောင်းအား သင်ပေးသည်ပင်။

သို့သော်လည်း ထိုလမ်းဆုံးသို့ ရောက်သည်မရောက်သည်ကတော့ မည်သူမှ မသေချာပေ။ မည်သို့ပင်ဖြစ်စေ အချိန်ပြောင်းလဲသွားပြီဖြစ်သောကြောင့် ဤကောင်းကင်နှင့်မြေကြီးမှာ ထာဝရသက်ရှိတစ်ယောက်ဖြစ်ရန် မသင့်တော်တော့ပေ။

အလေးအမြတ်ကျောင်းဖွင့်သည်မှာ အနည်းငယ် နောက်ကျသော်လည်း အလွန်ခမ်းနားကြီးကျယ်နေဆဲပင်။

စတုတ္ထအကြီးအကဲ ပြောစကားအရဆိုလျှင် ဤသည်မှာ ထူးချွန်သည့်သူရဲကောင်းများ စုဝေးသည့်နေရာပင်။ သာမန်သူရဲကောင်းများမှာ ကျောင်းဝင်ခွင့် ရရှိမည်မဟုတ်။

ဤသည်မှာ ကြားရသည့်သူများကို မသက်မသာဖြစ်စေသည်ပင်။ မည်သို့ပင်ဖြစ်စေ အားလုံးမှာ သူတို့နယ်မြေတွင် ထူးချွန်သည့် ဂျီးနီးယပ်စ်များပင်။

“လက်ရှိလောကပညာရဲ့ မြင့်မြတ်မြေက ဘယ်မှာလဲဆိုတာ မင်းတို့သိကြလား ..” စတုတ္ထအကြီးအကဲသည် ရုတ်တရက်ပင် လက်ရှိလောကအကြောင်းကို ပြောလာလေသည်။

“အတားအဆီးတွေကို ဖြတ်ကျော်ပြီးတော့ ကောင်းကင်လမ်းကြောင်းတို့ အစီအရင်တည်ဆောက်ခြင်းတို့လိုမျိုး တစ်ခြား ကျင့်ကြံဆင့်နယ်ပယ်တွေမှာ အမြင့်ဆုံးအဆင့်ကို ဖြတ်ကျော်ဖို့က အလေးအမြတ်ကျောင်းရဲ့ ရည်မှန်းချက်ပဲ .. အဲဒီမှာရှိတဲ့ ကျောင်းသားတွေအားလုံးက ထူးခြားတဲ့သူတွေပဲ .. အားလုံးက လက်ရှိလောကရဲ့ပညာတွေကို အဆင့်မြင့်အဆင့်ထိရောက်အောင် လေ့လာကြတာ” စတုတ္ထအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

အားလုံး အေးခဲသွားရသည်။ ထိုနေရာမှာ လက်ရှိလောကပညာများ စုဝေးနေသည့် နေရာပင်။

ထိုနေရာတွင်ရှိနေသည့် လူများမှာ စိတ်ကြီးဝင်ခွင့်ရှိသည်ပင်။ သာမန်လူများ သူတို့ကျောင်းထဲသို့ ရောက်သွားပါက ဤသည်မှာ သူတို့ဂုဏ်သိက္ခာကို စော်ကားခြင်းတစ်မျိုး ဖြစ်သွားလိမ့်မည်။

ထိုစကားကို ကြားသည်နှင့် ဝမ်ရှီး၏မျက်လုံးများ တောက်ပလာလေ၏။ သူမဘာတွေးနေသည်ကိုတော့ သူမသာ သိလိမ့်မည်ပင်။

မင်းသမီးယောင်ယွဲ့မှာ အမြင်အာရုံစူးရှလှသည်ပင်။ “ကျွန်မကြားတာတော့ ရှင်နဲ့ အဆက်အစပ်ရှိနေတဲ့တစ်ယောက်က အဲဒီကျောင်းမှာ ကျင့်ကြံနေတာဆို .. ပြီးတော့ သူ့ကျင့်ကြံဆင့်လည်း တော်တော်လေး မြင့်တယ်တဲ့” သူမပြုံး၍ ပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် အခြားသူများ၏အမူအရာများ ပြောင်းလဲသွားရသည်။

အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစုသည် လက်ထပ်ခြင်းဖြင့် အခြားရှေးဟောင်းမိသားစုတစ်စုနှင့် ချိတ်ဆက်ထားသည်ကို သူတို့သိလိုက်ရသည်ပင်။ ထိုမိသားစုတွင် အလွန်ထူးဆန်းသည့်သူတစ်ယောက်ရှိနေပြီး ထိုသူ၏ကျင့်ကြံဆင့်မှာ ကောင်းကင်ဘုံကိုးခုတွင်ရှိနေသည့်သူများထက် မြင့်သည်ပင်။ သို့သော်လည်း ထိုသူ မည်သည့်နေရာတွင်ရှိနေသည်ကို မည်သူမှ မသိကြပေ။

ယခု ကြည့်ရသည်တော့ ထိုသူသည် အလေးအမြတ်ကျောင်း၌ ရှိနေသည်ထင်သည်။

“ထာဝရကျောင်းက ရှေးဟောင်းပညာတွေကို ကျင့်ကြံပြီးတော့ အလေးအမြတ်ကျောင်းက လက်ရှိပညာတွေကို ကျင့်ကြံတယ် .. နှစ်ဘက်လုံးရဲ့ နောက်ခံနဲ့သမိုင်းကြောင်းက လျှို့ဝှက်နက်နဲတယ် .. သူတို့ကျောင်းက ထွက်လာတဲ့သူတွေအားလုံးကလည်း မယုံကြည်နိုင်လောက်တဲ့ လူတွေပဲ..” စတုတ္ထအကြီးအကဲ လေးနက်စွာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ တပည့်များမှာ အပြင်ဘက်မှ ခေါ်ယူထားခြင်းမဟုတ်ပဲ မျိုးဆက်ဟောင်းများ၏ သီးသန့်တပည့်သားများပင်။

ထိုသို့ပြောပြီးနောက် စတုတ္ထအကြီးအကဲသည် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိကို ကြည့်လိုက်သည်။ ဤလူငယ်လေးသည် လူထူးဆန်းအိုကြီး၏ အမွေကို ရထားသည်ဟု သူခံစားနေရသည်။

“ကျောင်းနှစ်ကျောင်းလုံးမှာ တပည့်သိပ်မရှိဘူး .. ဒါပေမဲ့ တစ်ယောက်စီတိုင်းက ထူးချွန်တဲ့သူတွေချည်းပဲ .. နောက်ကျရင် သူတို့ကျောင်းနဲ့ ပညာဖလှယ်ပွဲရှိတယ် .. အဲဒီအချိန်ကျရင် အားလုံး ငါတို့ကို စိတ်ပျက်မလုပ်ဖို့ မျှော်လင့်မိတယ်” စတုတ္ထအကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

သို့သော်လည်း သူယုံကြည်ချက် သိပ်မရှိပေ။ သူတို့သည် အထူးချွန်ဆုံးသူများကို ခေါ်ထားသော်လည်း ထိုကျောင်းနှစ်ကျောင်းမှလူများမှာ ထူးဆန်းလှသည်။ ထိုလူထူးဆန်းများထံတွင် မည်ကဲ့သို့သော တပည့်များရှိနေမလဲ သူမပြောတတ်။

ထိုလူထူးဆန်းများသည် အမြဲတမ်းပင် စမ်းသပ်မှုမျိုးစုံ ပြုလုပ်နေကြပြီး အချို့သူများမှာ ထာဝရရှေးဟောင်းခေတ် အကြွင်းအကျန်များတွင်ပင် တပည့်များကို သွားရောက်ရှာဖွေကြသည်ဟု ပြောကြသည်ပင်။

ဥပမာအားဖြင့် ပြိုင်ဘက်ကင်းသည့် မှော်ခွန်အားရှိနေသည့်သူများကို အစကနေ ပြန်ကျင့်ကြံခိုင်းသည့် ကိစ္စများလည်းရှိသည်ပင်။ ဤသည်မှာ အားလုံးထက် အဆင့်မြင့်အောင် ပြုလုပ်ကြခြင်းပင်။

ဤနည်းလမ်းများမှာ ပြင်းထန်လှပြီး စဉ်းစားကြည့်ရုံဖြင့်ပင် ကြက်သီးထစေသည်ပင်။

သို့သော်လည်း အောင်မြင်ခဲ့သည့်သူများ ရှိခဲ့သည်ဟု ပြောကြလေသည်။

“ငါတို့ ပညာဖလှယ်ကြတဲ့အချိန်ကျရင် မင်းတို့အားလုံး အကောင်းဆုံး ကြိုးစားကြဖို့ မျှော်လင့်တယ်” စတုတ္ထအကြီးအကဲ ပြောလိုက်၏။

“အကြီးအကဲ စိတ်မပူပါနဲ့ .. အဲဒီအချိန်ကျရင် ကျွန်တော်တို့ အဲဒီကျောင်းနှစ်ကျောင်းက လူတွေကို သေချာပေါက် အနိုင်ယူပြမယ်” တစ်စုံတစ်ယောက်မှ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသည်နှင့် စတုတ္ထအကြီးအကဲမျက်နှာ ချက်ချင်း မဲမှောင်သွားလေသည်။ ဤကဲ့သို့သော အသားလွတ်စိတ်ကြီးဝင်ခြင်းကို သူသဘောမတူ။

“မင်း အကောင်းဆုံးသာ ကြိုးစားပါ” စတုတ္ထအကြီးအကဲ ပြောလိုက်၏။

တစ်ခဏခန့် စဉ်းစားပြီးနောက် သူဆက်ပြောလိုက်သည်။ “မင်းတို့တွေ လုံလောက်အောင် ထူးချွန်ရင် ရှေးဟောင်းပညာ ကျင့်ကြံတဲ့သူတွေကို ထာဝရကျောင်းက ခေါ်သွားပြီးတော့ လက်ရှိလောကပညာကျင့်ကြံတဲ့သူတွေကို အလေးအမြတ်ကျောင်းက ခေါ်သွားလိမ့်မယ်”

“အမ်..” အားလုံး ဆွံ့အသွားပြီးနောက် ဆူညံသံများ ထွက်ပေါ်လာလေသည်။

အားလုံး နည်းနည်းတော့ နားလည်သွားလေပြီ။ ဤကျောင်းနှစ်ကျောင်းသည် လက်ရွေးစင်တပည့်များကို ခေါ်ဆောင်ရန်အတွက် ရောက်လာခြင်းပင်။ ထို့ကြောင့် စတုတ္ထအကြီးအကဲ မျက်နှာပျက်နေခြင်းပင်။ သူဤသည်ကို အနည်းငယ် လက်မခံနိုင်ဖြစ်နေခြင်းပင်။

အားလုံးမှာ အချင်းချင်း ဆွေးနွေးနေကြသောကြောင့် ဤနေရာမှာ အနည်းငယ် ဆူညံလာကြသည်။

ဤကျောင်းနှစ်ကျောင်းလုံးမှာ ကောင်းကင်နတ်ဘုရားကျောင်း အထက်တွင်ရှိနေသည်မှာ သေချာသည်။ ထို့ကြောင့်သာ ဤကဲ့သို့ ရွေးချယ်၍ရခြင်းပင်။

“အဲဒီမှာရှိတဲ့ စီနီယာကြီးတွေက တကယ်ပဲ အားကောင်းတာလား..” လုထော်မေးလိုက်သည်။

“အကြီးအကဲတွေက အထင်ကြီးစရာကောင်းသလား ဟုတ်လား .. အဲဒီမှာ အဲဒီလိုလူမျိုးတွေ တစ်ယောက်၊ နှစ်ယောက်ပဲရှိတာမဟုတ်ဘူး..” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

“သူတို့တပည့်တွေက ဘယ်လောက်သန်မာလဲ..” ဤသည်မှာ သူတို့အားလုံး သိချင်နေသည့် မေးခွန်းပင်။

“သူတို့တပည့် ဘယ်လောက် စွမ်းအားကြီးလဲတော့ ငါမသိဘူး .. ဒါပေမဲ့ မင်းတို့အားလုံး ရင်းနှီးနေတဲ့ လူတစ်ယောက်ရှိတယ်” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

“ဘယ်သူလဲ..” အားလုံး ထိတ်လန့်သွားကြရသည်။

“ယွမ်ချင်း”

အခြားသူများသည် ထိတ်လန့်သွားသည်ဆိုသော်လည်း အမူအရာပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် ရှီဟောင်၏မျက်ခုံးများမှာ တစ်တန်းတည်းဖြစ်သွားရသည်။ သူဤလူကို ခါးခါးသီးသီးပင် မုန်းသည်။ သူ အနန္တကောင်းကင်သို့ ပထမဆုံး ရောက်သည့်အချိန်တွင် ယွမ်ချင်းသည် သူ့အား ဖိနှိပ်ခဲ့ပြီး သူ့အား မူလရှေးဟောင်းမိုင်းတွင်သို့ပင် ပို့လိုက်သေးသည်။

သူ့အား လေကလန်မှလူတစ်ယောက် ခိုင်းလိုက်ခြင်းဖြစ်သည်ကို သူသိသော်လည်း ယွမ်ချင်းအား မုန်းနေဆဲပင်။

“အရှင်ယွမ်ချင်းက တကယ်ကို စွမ်းအားကြီးတဲ့သူပဲ .. သူက အဆင့်လွန်သက်ရှိတောင် ဖြစ်သွားပြီလို့ ပြောကြတယ်..”

“သူက အဆင့်လွန်သက်ရိြှဖစ်ဖို့ တစ်လှမ်းပဲလိုတော့တာလို့ ကြားထားတာ .. ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူက ကြောက်ဖို့ကောင်းတာပဲ..” လူအချို့မှ မှတ်ချက်ပေးလိုက်သည်။

“ယွမ်ချင်းက ကျောင်းနှစ်ကျောင်းလုံးက စွန့်ပစ်ထားတဲ့ တပည့်တစ်ယောက်ဖြစ်တယ်ဆိုရင် မင်းတို့ယုံကြမလား..” စတုတ္ထအကြီးအကဲ သက်ပြင်းရှည်ကြီးချပြီး ပြောလိုက်သည်။

“ဘာ .. အရှင်ယွမ်ချင်းတောင်မှ သူတို့တပည့်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိဘူးလား..” အားလုံး ထိတ်လန့်သွားရသည်။

“ဟုတ်တယ် .. အရင်တုန်းက ယွမ်ချင်း ကျောင်းရဲ့စစ်ဆေးမှုကို မဖြတ်နိုင်ခဲ့ဘူး .. အဲဒါကြောင့်မို့လို့ ကျောင်းကနေ ကန်ထုတ်ခံလိုက်ရတာ..” စတုတ္ထအကြီးအကဲ လေးနက်စွာ ပြောလိုက်သည်။

ဝုန်း..

ဤနေရာမှာ အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ ယွမ်ချင်းကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် ကျောင်းနှစ်ကျောင်း၏ စွန့်ပစ်ခံတပည့်ဖြစ်နေသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှသည်ပင်။

“သူကစွန့်ပစ်ခံလိုက်ရပေမယ့် ကျောင်းနှစ်ကျောင်းက အရမ်းမရိုင်းပါဘူး .. သူ့ကို တာအိုစာအုပ်တွေ အများကြီးပေးလိုက်ကြတာ .. အကြီးအကဲတစ်ချို့တောင် သီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီးတော့ သူနဲ့ပညာဖလှယ်ပေးသေးတယ် .. အဲဒါကြောင့်မို့လို့ သူက ဒီလောက်ထိ စွမ်းအားကြီးလာတာ”

စတုတ္ထအကြီးအကဲသည် ရှီဟောင်ကိုကြည့်ကာ ဤစကား ပြောလိုက်ခြင်းပင်။ ယွမ်ချင်းသည် သူရန်စ၍ရသည့်သူမဟုတ်ကြောင်း သူ့အား သတိပေးလိုက်ခြင်းပင်။ သူသည် ထိုကျောင်းနှစ်ကျောင်းမှ လူများနှင့် ဆက်စပ်နေဆဲပင်။

အပိုင်း ၁၃၅၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၅၉ – အစိမ်းရောင်လ ဒဏ္ဍာရီ

ရှီဟောင်အား အမြဲတမ်း စိတ်မသက်မသာဖြစ်စေသည့် ယွမ်ချင်းဆိုသည့်သူမှာ ဤကျောင်းနှစ်ကျောင်းမှ ရောက်လာခြင်းပင်။

ယွမ်ချင်းဤကဲ့သို့ ပြုလုပ်နေသည်ကို ကောင်းကင်နတ်ဘုရားကျောင်းက အဘယ်ကြောင့် သူ၏မျိုးဆက်အား တရားဝင်တပည့်အဖြစ် လက်ခံလိုက်သည်ကို ရှီဟောင် နားလည်သွားလေပြီ။ သူ၏ဇစ်မြစ်မှာ အံ့အားသင့်စရာကောင်းနေသောကြောင့်ပင်။

ဤနေရာတွင် ကျင့်ကြံနေသည့် သူအားလုံးမှာ ချင်းရီ၏ ကျင့်ကြံသည့်နှုန်းကို ထိတ်လန့်နေကြသည်ပင်။ အစိမ်းရောင်လဖြတ်သွားသည်နှင့် ထိုစာလုံးများတွင် ပါဝင်သည့် တာအိုအဓိပ္ပာယ်များကို သူမနားလည်သွားလေပြီ။

“ထာဝရရှေးဟောင်းပညာတွေကို လေ့လာဖို့ တကယ်ကို သင့်တော်လွန်းတယ်..” စတုတ္ထအကြီးအကဲ အံ့အားတကြီးပြောလိုက်သည်။ ဤကဲ့သို့သော အောင်မြင်မှုမျိုးမှာ သူလျစ်လျူရှုချင်လျှင်ပင် လျစ်လျူရှု၍မရပေ။

ဤတစ်ချိန်လုံးတွင် ယွဲ့ချန်သည် ဘာမှမပြောပဲ အနောက်တွင်သာ နေနေသည်။ သူမခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေပြီး ပို၍ပင် ကြည်လင်သန့်ရှင်းလာလေသည်။

သူမလည်း အကျိုးကျေးဇူးများစွာရရှိမည်ကို ရှီဟောင်သိသည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့် ချင်းရီမှာ နှစ်ကိုယ်ခွဲထားသည့် ခန္ဓာကိုယ်တစ်ခုပင်။ တစ်ဖက်ခန္ဓာကိုယ်၏အရာအားလုံးကို သူမအာရုံခံနိုင်သည်ပင်။

အထူးသဖြင့် သူမတို့ နီးကပ်နေသည့်အချိန်တွင် မည်သည့်လျှို့ဝှက်ချက်မှ မရှိတော့ပေ။ ချင်းရီနားလည်သမျှကို သူမလည်း နားလည်နေမည်ပင်။

“ဒါက အဆင့်နိမ့်နယ်မြေက မဟုတ်ဘူးလား .. ဒီလောက်တောင် စွမ်းအားကြီးတာလား ..” လူများစွာမှာ အံ့အားသင့်သည့်ပုံစံများဖြစ်သွားကြလေ၏။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် ကောင်းကင်ဘုံကိုးခုသည် အထက်တွင်ရှိပြီး စီရင်စုသုံးထောင်မှာ ကမ္ဘာမြေ ၁၀ ခုထဲမှ တစ်ခုပင်။ ထို့ကြောင့် စီရင်စုသုံးထောင်အား အဆင့်နိမ့်နယ်မြေဟု ခေါ်ခြင်းပင်။

သို့သော် ဤသည်မှာ ကောင်းကင်ဘုံကိုးခုမှလူများ ပြောသည့်စကားသာဖြစ်ပြီး ထိုကဲ့သို့သော ဆိုရိုးမျိုးမရှိပေ။

ထိုနေ့ပြီးနောက်တွင် ချင်းရီကို အာရုံစိုက်လာသည့် လူများ ပိုများလာပြီး ကျောင်းမှ အကြီးအကဲများပင်လျှင် တိတ်တဆိတ်လာကြည့်ကြကာ မျက်မှောင်ကြုတ်နေကြလေသည်။

ရှေးဟောင်းမှတ်တမ်းများနှင့်အတူ စီရင်စုသုံးထောင်မှ လူများကို မေးမြန်းပြီးသည့်နောက်တွင် ထိုအစိမ်းရောင်မီးတောက်မှာ ယခင်ခေတ်မှ နတ်သမီးချင်းယွဲ့ သေဆုံးပြီးနောက် ကျန်ခဲ့သည့် မီးတောက်မှန်း သေချာသွားလေပြီ။

“အထင်ကြီးစရာပဲ .. ဒီအမျိုးသမီးရဲ့ အောင်မြင်မှုတွေက တိုင်းတာလို့ မရနိုင်ဘူး .. သူ့ရဲ့ ထာဝရစွမ်းအင်တစ်ကြောင်းတည်းရှိတာကို မကြည့်နဲ့ .. အဲဒီအစိမ်းရောင်လထဲမှာလည်း တစ်ခြား ထာဝရစွမ်းအင်ရှိသေးတယ်..”

ဤသတင်းပျံ့သွားသည်နှင့် လူများ လှုပ်ရှားလာလေသည်။ ပထမတွင် အမျိုးသမီးအချို့သာ သူမနှင့် ဆက်ဆံရေးကောင်းမွန်ရန် သူမအား ချဉ်းကပ်လာကြသော်လည်း နောက်ပိုင်းတွင် ကလန်မှ ထူးချွန်သည့်လူငယ်များလည်း သူမအား ချဉ်းကပ်လာကြကာ အလွန်ပင် ရည်မွန်ပြနေကြလေသည်။

“ဒီအမျိုးသမီးကို မိသားစုထဲ ဆွဲသွင်းနိုင်အောင် လုပ်ရမယ် .. နောက်ကျရင် သူက ငါတို့ကို အခွင့်အရေးတွေအများကြီး ပေးနိုင်လိမ့်မယ်..” ဤသည်မှာ ရှေးဟောင်းမိသားစုတစ်ခု၏ ကလန်အကြီးအကဲ ကိုယ်တိုင် ပြောသည့်စကားပင်။

နောင်လာသည့်လများတွင် လှုပ်ရှားလာသည့်မိသားစုများစွာ ရှိလာလေသည်။

သက်ရှည်မိသားစုများလည်း ထိုကဲ့သို့ပင်။ ဥပမာအားဖြင့် ဝမ်ရှီးမိသားစု၊ မင်းသမီးယောင်ယွဲ့မိသားစု၊ လုထော်နောက်မှစွမ်းအားကြီးသူများသည် ချင်းရီအား သူတို့မိသားစုထဲသို့ ခေါ်သွင်းရမည်ဖြစ်ကြောင်း သူတိုတပည့်များအား ပြောထားကြလေသည်။

“ဘာလို့လဲ .. သူက ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့သူတွေထက် ပိုပြီးတော့ အလားအလာကောင်းလို့လား..” ကြိုက်သည့်သူများ ကြိုက်ကြသော်လည်း အချို့အမျိုးသမီးများမှာ မကျေမနပ်ဖြစ်နေကြသည်ပင်။ အဆင့်နိမ့်နယ်မြေမှ အမျိုးသမီးတစ်ယောက်အား လုနေကြသောကြောင့် သူတို့ အလွန်မကျေမနပ်ဖြစ်နေကြလေသည်။

လူငယ်လေးများမှာမူ ထိုသို့မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် ချင်းရီ၏အလှမှာ တိုင်းပြည်များကိုပင် ပြောင်းပြန်လှန်ပစ်နိုင်လောက်သည်ပင်။ သူမအလှကို မက်မောသည့်သူများ ရှိနေပြီးသားပင်။

“မင်းတို့အားလုံး မှတ်ထားကြ .. သူ့ကို ငါတို့ဘက်ပါအောင် စည်းရုံးလိုက်နိုင်တာနဲ့ ငါတို့ ထာဝရရှေးဟောင်းခေတ်က ရတနာတစ်ခုကို ရလိုက်တာနဲ့ အတူတူပဲ..” သက်ရှည်မိသားစုအကြီးအကဲတစ်ယောက် သူ၏တပည့်များအား တိတ်တဆိတ်ပြောနေခြင်းပင်။ “အဲဒီမီးတောက်က နတ်သမီးချင်းယွဲ့ ချန်ထားခဲ့တဲ့ မီးတောက်မျိုးစေ့ပဲ .. အဲဒီမီးတောက်မှာ သေချာပေါက်ကို လျှို့ဝှက်ချက်တွေ ရှိနေမှာ .. အဲဒီထာဝရအမျိုးသမီးရဲ့ လျှို့ဝှက်ချက်တွေအားလုံး အဲဒီမီးတောက်ထဲမှာ ရှိနိုင်တယ်..”

“ဘာလို့လဲ .. ကလန်အကြီးအကဲ ရှင်းပြပေးဖို့ တောင်းဆိုပါတယ်..” ဤသတင်းကို ကြားသည်နှင့် လူများစွာ ဆွံ့အသွားရသည်။

“နတ်သမီးချင်းယွဲ့နဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီတစ်ခုရှိတယ်..”

နတ်သမီးချင်းယွဲ့၏ ပါရမီမှာ ထာဝရရှေးဟောင်းခေတ်အား တုန်လှုပ်စေနိုင်ခဲ့သည်ပင်။ သူမသည် စမ်းသပ်မှုမျိုးစုံကို ပြုလုပ်ခဲ့ပြီး တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းဘုရင်၊ အဆုံးမဲ့ထာဝရဘုရင်တို့နှင့် ရင်းနှီးသည်ပင်။ သူမသည် ထိုသူများထံမှ အသိပညာများစွာ ရရှိခဲ့သည်ပင်။

ပြောကြသည်မှာ သူမသည် အတိဒုက္ခကို ဖြတ်သန်းသည့်နည်းလမ်းတစ်မျိုးကို ဖန်တီးချင်ခဲ့သည်။ သို့မှသာ ဤကောင်းကင်နှင့် ကမ္ဘာမြေကြီး ပျက်စီးသွားပြီး သူမကိုယ်တိုင် ဤလောကကြီး၌ မရှိတော့လျှင်ပင် တစ်နေ့တွင် သူမဤလောကကြီးကို အသက်ရှင်လျက်ပြန်ရောက်လာနိုင်လိမ့်မည်ပင်။

ဤသည်မှာ လူအနည်းငယ်သာ သိထားသည့် ဒဏ္ဍာရီတစ်ခုပင်။

ယခင်တုန်းက မည်သူမှ ဤကိစ္စအား အလေးမထားခဲ့ကြသော်လည်း ယခုအချိန်တွင် အခြားမီးတောက်များထက်ထူးခြားသည့် အစိမ်းရောင်လမီးတောက်ပေါ်လာလေပြီ။ ဤမီးတောက်မှာ နတ်သမီးချင်းယွဲ့ ချန်ထားခဲ့သည့် မီးတောက်မှန်း သိလိုက်ရသည့်အချိန်တွင် သူတို့ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။

“ချင်းရီကို ကလန်ထဲ ခေါ်နိုင်တဲ့သူ ရှိတာနဲ့ အဲဒီလူကို ကလန်ရဲ့ နောက်အကြီးအကဲရာထူးပေးမယ်..” ဤသည်မှာ ကလန်တစ်ခု၏ ကလန်ခေါင်းဆောင် သူတို့၏ တပည့်သားများ စိတ်အားတက်ကြွလာအောင် ချလိုက်သည့်ဆုံးဖြတ်ချက်ပင်။

အခြားမိသားစုများသည် ထိုကဲ့သို့သော ဆုကြေးငွေများ မထုတ်ကြသော်လည်း သူတို့ ချင်းရီနှင့်နီးစပ်သည်နှင့် ကလန်ထဲတွင် သူတို့၏နေရာပိုမြင့်လာပြီမည်ဖြစ်ကြောင်း ပြောထားသည်ပင်။

သူတို့ အရမ်းတင်းတင်းကြပ်ကြပ်မလုပ်ရဲခြင်းမှာ သူတို့စိုးရိမ်နေသောကြောင့်ပင်။ နတ်သမီးချင်းယွဲ့သာ ဤလောကထဲသို့ ပြန်ရောက်လာပြီး အခြားသူများ သူမအားကြံစည်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူမ သက်ရှည်မိသားစုကိုပင် ဖျက်ဆီးပစ်လိမ့်မည်။

ကောလဟာလများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်လည်း အံ့အားသင့်သွားရသည်ပင်။ ချင်းရီနှင့် ယွဲ့ချန်ကြားမှ ကျေးဇူးတရားနှင့် အမုန်းတရားများကို စဉ်းစားမိသွားသည့်အချိန်တွင် သူအနည်းငယ်စိုးရိမ်မိသွားသည်။ သူနတ်သမီးချင်းယွဲ့ကို ရန်စမိသွားတာလို့တော့ မပြောနဲ့နော်…

ဤရှေးဟောင်းမိသားစုများမှာ ထိတ်လန့်စရာကောင်းလောက်အောင် စွမ်းအားကြီးကြသည်ပင်။ ခဏကြာပြီးသည့်နောက်တွင် ချင်းရီနှင့် ယွဲ့ချန်တို့ကြားမှ ဆက်ဆံရေးကို သူတို့သိသွားကြလေသည်။ ဤသည်မှာ လူတစ်ယောက်မှ နှစ်ကိုယ်ခွဲထားခြင်းဖြစ်ကြောင်းလည်း သိသွားကြလေ၏။

ဤသည်မှာ လူများစွာကို ထိတ်လန့်သွားစေသည်ပင်။

သူတို့နှစ်ဦးလုံး ထာဝရစွမ်းအင်တစ်ကြောင်းစီ ကျင့်ကြံထားကြသည်ပင်။ တစ်နေ့ သူတို့သာ ပြန်ပေါင်းစည်းသွားပါက သူတို့ပို၍ အင်အားကြီးသွားမည်ပင်။

အစိမ်းရောင်လမီးတောက်မှ ထာဝရစွမ်းအင်နှင့်ပေါင်းလိုက်လျှင် သူမ၏ အောင်မြင်မှုများမှာ တိုင်းတာ၍ မရလောက်အောင်ပင်။

နတ်သမီးချင်းယွဲ့၏ဒဏ္ဍာရီကို ထည့်မထွက်လျှင်ပင် ဤမိန်းမပျိုလေးသည် အနာဂတ်တွင် အံ့အားသင့်ကာ ကြောက်စရာကောင်းသည့်သူ ဖြစ်လာမည်ပင်။

အဖြူရောင်ကျောက်စိမ်းတောင်တွင် ညဘက်၌လည်း စာလုံးပေါင်းများစွာ တောက်ပနေဆဲပင်။ တစ်လကုန်သွားပြီဖြစ်သော်လည်း အားလုံးသည် ဤနေရာတွင် ကြိုးကြိုးစားစားကျင့်ကြံနေကြဆဲပင်။

ထိုနေ့တွင် စတုတ္ထအကြီးအကဲသည် မှော်စွမ်းအားကိုသုံးကာ ကျောက်တောင်တစ်ခုကို ပစ်ချလာလေ၏။

လှည့်ကြည့်လိုက်သည့်အချိန်တွင် အားလုံး ထူးဆန်းသည့်အမူအရာများဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတောင်၏ပုံသဏ္ဌာန်မှာ ထူးဆန်းလှသည်ပင်။ ဤသည်မှာ မီးဖိုတစ်ခုနှင့်ဆင်သည်။ သို့သော်လည်း တောင်သည် အနည်းငယ်ပျက်စီးနေလေသည်။

“အသက်ပြန်သွင်းမယ်..”

စတုတ္ထအကြီးအကဲ အသက်သွင်းလိုက်သည်နှင့် ကျောက်တောင်ထဲသို့ နတ်အလင်းတန်းများတစ်ခုပြီးတစ်ခု ဝင်ရောက်သွားကာ တောင်ကြီးလည်း အနည်းငယ် တုန်ခါသွားလေသည်။ တောင်အောက်တွင် မီးဖိုတစ်ခုပေါ်လာပြီး တောင်ကြီးအား လောင်ကျွမ်းအောင် လုပ်နေသကဲ့သို့ပင်။

ထို့နောက် တောင်ကိုယ်ထည်မှ ထာဝရစွမ်းအင်တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်လာကာ မွှေးပျံ့သည့်ရနံ့များလည်း ထွက်ပေါ်လာလေသည်။

“အကြီးအကဲ .. ဒါကဘာကြီးလဲ..”

“ဒါက ထာဝရရှေးဟောင်းခေတ်ကနေ လက်ဆင့်ကမ်းလာတဲ့ ဆေးလုံးလုပ်တဲ့မီးဖို .. ဒါက ငါတို့ ထာဝရလှိုဏ်ဂူကနေ တူးဖော်ရထားတာ .. ဒါက ပြိုင်ဘက်ကင်းတဲ့ပစ္စည်းမဟုတ်ပေမယ့် ထာဝရဆေးလုံးတွေ လုပ်နိုင်တယ်” စတုတ္ထအကြီးအကဲရှင်းပြလိုက်သည်။

“အကြီးအကဲ ဘာလို့ ဒါကို ထုတ်လာတာလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်၏။

အားလုံးစိတ်လှုပ်ရှားသွားရ၏။ ဒီလောက်နှစ်တွေကြာတာတောင်မှ ဒီကျောက်တုံးမီးဖိုထဲမှာ နတ်ဆေးတွေ ရှိနေတုန်းပဲလား..

“မင်းတို့အားလုံး ခန့်မှန်းတာမှန်တယ် .. ဒီကျောက်တုံးမီးဖိုထဲမှာ ပြာတွေရှိနေတုန်းပဲ .. အဲဒီပြာတွေထဲမှာ ထာဝရဆေးလုံးတစ်ချို့ရှိနေသေးတယ် .. အဲဒါက ထာဝရရှေးဟောင်းပညာကို ကျင့်ကြံရင် အရမ်းအရေးကြီးတဲ့ သွေးကြောသန့်စင်စေတဲ့ဆေးလုံးတွေ .. ဒါကိုသုံးပြီး ခန္ဓာကိုယ်ကို သန့်စင်လိုက်တာနဲ့ ထာဝရရှေးဟောင်းပညာကို ကျင့်ကြံရင် ပိုလွယ်သွားလိမ့်မယ်..” စတုတ္ထအကြီးအကဲပြောလိုက်သည်။

အားလုံး စိတ်လှုပ်ရှားသွားကြလေ၏။ မည်သို့ပင်ဖြစ်စေ ဤလောကကြီး၏ ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားပြီဖြစ်သောကြောင့် ထာဝရရှေးဟောင်းပညာများကို ကျင့်ကြံရန် ခက်ခဲလှသည်ပင်။ ဤကဲ့သို့သော နတ်ဆေးလုံးကိုသာ ရလိုက်ပါက သူတို့အခက်အခဲများနည်းပါးသွားမည်ပင်။

“ဆေးလုံးက နည်းနည်းပဲရှိတယ် … အဲဒီတော့ အားလုံး တိုက်ယူရလိမ့်မယ်..” စတုတ္ထအကြီးအကဲ ထပ်ပြောလိုက်သည်။

ဤစကားမှာ လေထုကို အတော်လေး တင်းမာသွားစေသည်ပင်။ အားလုံးသည် တစ်ယောက်နှင့်တစ်ယောက်ခွာလိုက်ကြပြီး ရန်လိုစွာ ကြည့်လာကြလေသည်။

ရွှီး..

အချို့သူများသည် ဆေးလုံးကိုလိုချင်သောကြောင့် ကျောက်တောင်ကြီးဆီသို့ ပြေးသွားလိုက်ကြလေသည်။

စတုတ္ထအကြီးအကဲသည် ချီးကျူးသည်ပုံစံဖြင့် ခေါင်းညိမ့်ပြလိုက်လေ၏။

ဝုန်း..

လက်သီးချက်တစ်ချက် ပျံ့လွင့်လာသည်။ သရဖူ ၁၀ ခုဘုရင် လှုပ်ရှားလိုက်သည်။ သူ၏ထာဝရစွမ်းအင်သုံးကြောင်းမှ ဖြစ်ပေါ်လာသည့် နဂါးအစစ်များ ပျံသန်းလာကာ ထိုလူကို ကျောက်တောင်ကြီးနှင့် ရိုက်ချလိုက်ပြီး သွေးများစွာ အန်ထွက်သွားစေလေသည်။

ထို့နောက် သရဖူ ၁၀ ခုဘုရင်သည် ကျောက်တုံးမီးဖိုထက်သို့ တက်သွားလိုက်လေ၏။

“သွားမယ်..”

ရှီဟောင်လည်း ခုန်လိုက်ကာ တောင်ဝင်ပေါက်နားသို့ ရောက်လာသည်။ ဤဆေးလုံးမီးဖိုသည် အလွန်ကြီးမားလှကာ မီးဖိုအဝတွင် အဖြူရောင်မြူများ ထွက်ပေါ်နေပြီး မွှေးပျံ့သည့်ရနံ့တစ်ခုလည်း သင်းပျံ့နေသည်ပင်။

ဤနေရာတွင် တိုက်ပွဲကြီးတစ်ခုဖြစ်လာသည်။ ယာယီအားဖြင့်တော့ မည်သူမှ အထဲမဝင်နိုင်သေး။ အဘယ်ကြောင့်ဆိုသော် ထိုဆေးလုံးကို ယူလိုက်သည်နှင့် အားလုံး၏ပစ်မှတ်ထားခြင်းကို ခံရလိမ့်မည်ပင်။

သရဖူ ၁၀ ခုဘုရင်၊ ဝမ်ရှီး၊ လုထော်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ယောင်ယွဲ့၊ ရွှမ်ခွန်နှင့် အခြားသူများမှာ ရှေ့ဆုံးမှ တိုက်ခိုက်နေကြသည်ပင်။ သူတို့သည် ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေ၏။

ရှီဟောင်ရောက်လာသည်နှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ ဤသည်မှာ သူတို့ယခင်ကတည်းက တစ်ခုခုကို တိုင်ပင်ထားသကဲ့သို့ပင်။

“မိုတောင် လမ်းဖွင့်..”

ရှီဟောင်ပြောလိုက်၏။ မိုတောင်သည် အမြဲတမ်း သူ့ဘေးနားတွင်ရှိနေသည်ပင်။

ဝုန်း..

မိုတောင် လှုပ်ရှားလိုက်ကာ ဆေးလုံးမီးဖိုထဲသို့ ဝင်သွားလိုက်လေသည်။

“သူ့ကိုတား..” အခြားအဆင့်လွန်ကျွမ်းကျင်သူများလည်း ဤတိုင်းကြည့်နေမည်မဟုတ်ပေ။ သူတို့မိုတောင်ကို စတင်တိုက်ခိုက်လာကြသည်။

ရှီဟောင်သည် လက်နောက်ပစ်ကာ အေးဆေးပင် လျှောက်လာလေ၏။ သူချက်ချင်းမတိုက်သေးပေ။ အဘယ်ကြောင့်ဆိုသော် မိုတောင်အား တားဆီးရင်းဖြင့်ပင် သူ့အား သေချာစောင့်ကြည့်နေသည့်သူများရှိနေသောကြောင့်ပင်။

“နတ်သမီးချင်းရီ .. ဒီလမ်းပါ..” လုထော်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ချင်းရီလည်း ဆေးလုံးမီးဖိုအဝသို့ ရောက်လာနေပြီဖြစ်သောကြောင့်ပင်။

“ချင်းရီ .. ငါတို့အတူတူ ဝင်သွားသင့်တယ်..” ရှီဟောင်ပြုံး၍ ပြောလိုက်သည်။

“ဒီက ရောင်းရင်းရဲ့ မှော်စွမ်းအားက တော်တော်လေး ထူးခြားတယ်လို့ ကြားထားတယ် .. ဒါပေမဲ့ ရောင်းရင်းနဲ့ ပညာဖလှယ်ဖို့အခွင့်အရေးမရခဲ့ဘူး .. ကျုပ်တို့ ဒီမှာ နည်းနည်းလောက် ပညာဖလှယ်ကြရင်ရော..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ရှီဟောင်ကို စိန်ခေါ်ချင်နေသည့်သူများရှိနေသည်မှာ သိသာလှသည်။

သူပြန်လာကတည်းက သူသည် အတော်လေးထူးဆန်းနေခဲ့သည်ပင်။ သူသည် အထင်ကြီးစရာကောင်းသည်ကို သိသော်လည်း သူနှင့်ပတ်သက်သည့်ထူးဆန်းမှုများ များပြားလှသည်။ သူမည်မျှခွန်အားကြီးမှန်း မည်သူမှ မသိကြ။

ဥပမာအားဖြင့် သူခေါင်းသုံးလုံးဘုရင်ကို သတ်ခဲ့သည်ဟု ပြောကြသလို အခြားသူများသည်လည်း သူလေဟာနယ်သားရဲကို သတ်ခဲ့သည်ဟု ပြောကြသည်။ သို့သော် ဤကိစ္စများနှင့်ပတ်သက်ပြီး သက်သေမရှိပေ။

အချို့သူများမှာ သူ့အား ကောင်းကင်နတ်ဘုရားကျောင်းမှ ထုတ်ပစ်ရန် မစောင့်နိုင်တော့ပေ။

အပိုင်း ၁၃၅၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၀ – ခွန်အား

“မိုတောင် ပြန်လာခဲ့ .. ငါ့အစား သူ့ကိုရှင်းပစ်လိုက်..” ရှီဟောင်ပြောလိုက်သည်။ သူသည် ဤလူအား သိပ်အလေးထားမနေပေ။

“မင်း .. မင်းက တော်တော်လေး မောက်မာနေတာပဲ .. ငါက မင်းကိုစိန်ခေါ်တာ .. မင်းကဘာလို့ တစ်ခြားသူကို မင်းအစားတိုက်ခိုင်းနေတာလဲ..” ထိုလူအော်ဟစ်လိုက်သည်။ သူ၏ဦးခေါင်းထက်တွင် ခရမ်းရောင်ဦးထုပ်ကို ဝတ်ဆင်ထားသည်။ ဤပစ္စည်းမှာ သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။

“ထာဝရစွမ်းအင်နှစ်ကြောင်းလေးပဲရှိတဲ့သူက ငါ့ကိုစိန်ခေါ်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား .. ငါ့အစေခံတောင်မှ ထာဝရစွမ်းအင်သုံးကြောင်းရှိတယ် .. ငါ့ကိုစိန်ခေါ်ဖို့ဆိုရင် နောက်ထပ် နှစ်ငါးရာလောက် ကျင့်ကြံလိုက်ဦး..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

ဤလူ၏နောက်တွင် ဝမ်ရှီး သို့မဟုတ် လုထော်တို့အဆင့်လောက်ရှိသည့် ကျွမ်းကျင်သူရှိနေမှန်း သူသိသည်။ မဟုတ်ပါက ထာဝရစွမ်းအင်နှစ်ကြောင်းတည်းနှင့်လူက ဘယ်လိုလုပ် သူ့အားစိန်ခေါ်ရဲမည်နည်း..

အားလုံးရှေ့၌ လှောင်ပြောင်ခံလိုက်ရသည့်အချိန်တွင် နဂိုက ကျောက်စိမ်းကဲ့သို့ ချောမောသည့်သူ့မျက်နှာမှာ နီရဲနေလေသည်။ သူသည် ကောင်းကင်လှံတံကို ကိုင်ကာ အော်ဟစ်ပြီး ပြေးလာလေ၏။ “မင်းက သွေးကြောင်တဲ့ကောင် .. တစ်ခြားလူနောက်မှာ ပုန်းနေဖို့ပဲ သိတဲ့ကောင် .. မင်းက ဘာမှအသုံးမကျပဲနဲ့ တစ်ခြားလောကကလူကို တိုက်ခိုက်ခိုင်းနေတယ် … မင်းအစွမ်းရှိရင် လာခဲ့လိုက်လေ..”

“ဟုတ်တယ် .. ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ .. သစ္စာဖောက်တဲ့နည်းလမ်းနဲ့ အစေခံတစ်ယောက် လက်ခံထားပြီးတော့များ .. မင်းမှာ အစွမ်းအစရှိရင် လာတိုက်လိုက်လေ .. မင်းသေချာပေါက် ဖိနှိပ်ခံရလိမ့်မယ်..” ဘေးဘက်မှလူများသည်လည်း ရှီဟောင် တိုက်ခိုက်လာစေရန်အတွက် သူ့အားလှောင်ပြောင်နေကြလေသည်။

“ပုရွက်ဆိတ်အုပ်လေးကများ .. ခင်ဗျားတို့မှာ ဘာအရည်အချင်းရှိလို့ လာပြီးတော့ ဆူညံနေတာလဲ .. မိုတောင် မင်းဘာတွေကိုစောင့်နေတာလဲ .. မြန်မြန်တိုက်ပြီးတော့ သူတို့ကို ငါ့ခြေထောက်အောက် မောက်သွားအောင် လုပ်ပစ်လိုက်..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။

သူကိုယ်တိုင် တိုက်ခိုက်ရန်မထိုက်တန်သည့်သူများ ရန်စလာသည့်အချိန်တွင် ရှီဟောင် မိုတောင်ကိုသာ ရှင်းခိုင်းလိုက်သည်။

မိုတောင် ကျောက်တုံးမီးဖိုအဝမှ ပြန်လှည့်လာကာ မီးဖိုကိုယ်ထည်တစ်ခုဖြစ်သည့် ကျောက်တောင်တစ်ခုပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ သူ၏မျက်လုံးများမှာ လျှပ်စီးများကဲ့သို့ပင်။

သူသည်အခြားတစ်ဖက်ရှိလူများ နှလုံးခုန်နှုန်းများ မြန်ဆန်စေသည့် အော်ရာကတစ်မျိုးကို ထုတ်လွှတ်နေလေသည်။

“မိုတောင် .. ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားပြီးတော့ မျိုးဆက်တစ်ခုရဲ့ အဆင့်လွန်သက်ရိြှဖစ်တဲ့မင်းက ဘာလို့ မင်းထက်အားနည်းတဲ့သူဆီမှာ အစေခံလုပ်နေတာလဲ .. ငါသာမင်းဆိုရင် သူ့ကိုသတ်လိုက်ပြီ .. ဒါပေမဲ့ ငါကြားတာ မင်းဝိညာဉ်ကို နှိပ်စက်နိုင်တဲ့ပစ္စည်းတစ်ခုကို သူ့ကိုပေးထားရတာဆို .. အဲဒါကြောင့်မို့လို့ မင်းလွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်တာမလား .. မင်းသာအလိုရှိရင် သူနဲ့ရင်ဆိုင်ဖို့ ငါတို့မင်းကို ကူညီပေးနိုင်တယ်..” ခရမ်းရောင်ဦးထုပ်ဝတ်ဆင်ထားသည့်လူငယ်မှ ပြောလိုက်သည်။

ဤသည်မှာ ရိုးသားသည့်စကားလုံးများမဟုတ်ပဲ တစ်ဖက်လူ၏တုံ့ပြန်မှုကို သိချင်သည့် သွေးတိုးစမ်းသည့်စကားများသာဖြစ်သည်ကို အားလုံးသိကြသည်ပင်။

ဝုန်း..

မိုတောင် လက်မြှောက်လိုက်သည်နှင့် စာလုံးများစွာ တောက်ပလာလေ၏။ စာလုံးတစ်လုံးစီတိုင်းမှာ သတ္တုသံများထုတ်လွှတ်နေလေသည်။ ဤသည်မှာ သူဤအဖြူရောင်ကျောက်တောင်တွင် လေ့လာခဲ့သည့်နည်းလမ်းပင်။

ရလဒ်အနေဖြင့် လေထဲ၌ ဖီးနှစ်မီးတောက်များစွာ ထွက်ပေါ်လာပြီး ဖီးနှစ်အော်သံများလည်း ထွက်ပေါ်လာလေသည်။ ဤသည်မှာ နီရဲနေသည့်ဖီးနှစ်များပင်။ သူတို့၏အတောင်ပံများလည်း ရှည်လျားလှပြီး အမွေးအတောင်များလည်း တောက်ပလွန်းလှသည်။

ထို့အပြင် ဤဖီးနှစ်များတွင် မိုတောင်ကျင့်ကြံထားသည့် ထာဝရစွမ်းအင်များလည်း ထွက်ပေါ်နေလေ၏။

အခြားတစ်ဖက်မှ လူငယ်အော်ဟစ်လိုက်ကာ သူ၏လက်ထဲတွင်ရှိနေသည့် အရိုးကြေးမုံမှာ ငွေရောင်နေမင်းကြီးကဲ့သို့ တောက်ပလာကာ ဖီးနှစ်ငှက်ပေါင်းများစွာကို ထုတ်လွှတ်လာလေသည်။

“အလင်းကြေးမုံလား..” အားလုံးထိတ်လန့်သွားရသည်။ ဤကြေးမုံထံတွင် များပြားလှသည့်သမိုင်းကြောင်းများရှိနေသည်ပင်။ ဤကြေးမုံသည် ရန်သူ၏တိုက်ခိုက်မှုကို သိမ်းဆည်းထားနိုင်ပြီး ထိုနည်းလမ်းဖြင့် တိုက်ခိုက်သူအား ပြန်လည်တိုက်ခိုက်နိုင်သည်ပင်။

သို့သော် သမိုင်းကြောင်းထဲမှ ကြေးမုံမှာ အလွန်စွမ်းအားကြီးပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီပင်။ ထာဝရရှေးဟောင်းတိုက်ပွဲအတွင်း၌ ပျက်စီးသွားသည်ဟုလည်း ပြောကြသည်ပင်။

သူတို့အရှေ့တွင်ရှိနေသည့် ကြေးမုံမှာ သေချာပေါက် အတုပင်။ သို့သော်လည်း ဤသည်မှာ ထိတ်လန့်စရာကောင်းနေဆဲပင်။ မည်သည့်သာမန်ပစ္စည်းက ထာဝရစွမ်းအင်ကို တားဆီးနိုင်မည်နည်း..

မိုတောင်ထုတ်လွှတ်သည့် ဖီးနှစ်များ မှေးမှိန်ကာ ပျောက်ကွယ်သွားလေ၏။ ထို့နောက် ထိုအရိုးကြေးမုံထဲတွင် အားလုံးပြန်ပေါ်လာလေသည်။

“သတ်..” ထိုလူငယ်အော်ဟစ်လိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် အဖိုးတန်ကြေးမုံကို အသက်သွင်းလိုက်သည်နှင့် တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်လာလေသည်။ မီးတောက်ဖီးနှစ်ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာကာ အနီရောင်အလင်းများအဖြစ် ပြောင်းလဲသွားလေ၏။ ထိုမီးတောက်များသည် မိုတောင်ထံသို့ ဦးတည်သွားနေလေ၏။

ဤမြင်ကွင်းမှာ အားလုံးကို ဆွံ့အသွားစေသည်ပင်။

ရှီဟောင်အေးစက်စွာ ရယ်မောလိုက်၏။ တစ်ဖက်လူ သူ့အားစိန်ခေါ်ရသည်မှာ မထူးဆန်းတော့။ သူ့ထံတွင် အားကိုး၍ရသည့်ပစ္စည်းတစ်ခုရှိနေသည်ပင်။ သူ့နောက်တွင် ရှိနေသည့်သူမှာ ရှီဟောင်ကိုစမ်းသပ်ရန်အတွက် ဤလက်နက်ပေးလိုက်ခြင်းဖြစ်လိမ့်မည်။

ရွှီး..

မိုတောင်၏အကြည့်များမှာ လျှပ်စီးကဲ့သို့အေးစက်သွားသည်။ သူ၏လက်မှ တံဆိပ်များဖြစ်ပေါ်လာပြီး ဓားအလင်းတန်းများတစ်ခုပြီးတစ်ခု ထုတ်လွှတ်နေလေ၏။ ထိုဓားအလင်းတန်းများသည် သူဖန်တီးထားခဲ့သည့် နတ်ငှက်များကို ဖျက်ဆီးပစ်နေလေသည်။

ထို့နောက်တွင်တော့ သူသည် အဖိုးတန်ပညာများကို ထပ်မသုံးတော့ပဲ ထိုသူထံသို့ တရှိန်ထိုးပြေးသွားကာ အနီးကပ်တိုက်ခိုက်လိုက်လေ၏။

ခရမ်းရောင်ဦးထုပ်ဝတ်ထားသည့်လူငယ် အော်ဟစ်လိုက်၏။ သူ၏လက်ထဲတွင်ရှိနေသည့် အရိုးကြေးမုံမှာ ဆက်တိုက်ပင် အသက်ဝင်နေလေသည်။ ကြေးမုံမျက်နှာပြင် တောက်ပလာကာ အလင်းတန်းများထွက်လာပြီးနောက် ရွှေရောင်ကျီးကန်းများ ထွက်ပေါ်လာလေ၏။

ဤကြေးမုံသည် တစ်ဖက်လူ၏အဖိုးတန်ပညာများကို ဝါးမြိုနိုင်ရုံသာမက တိုက်ခိုက်မှုလည်း ပြုလုပ်နိုင်သေးသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤကြေးမုံသည် ရွှေရောင်ကျီးကန်၏အရိုးမှ ထွင်းထားခြင်းဖြစ်သောကြောင့်ပင်။

သို့သော်လည်း ထိုကျီးကန်းသည် အဆင့်လွန်သက်ရှိအဆင့်မဟုတ်သောကြောင့် သူ၏သွေးမျိုးဆက်မှာ မိုတောင်ကို ဒဏ်ရာရအောင် ပြုလုပ်ရန် ခက်ခဲသည်ပင်။

ဤဒါဇင်ပေါင်းများစွာသော ရွှေရောင်ကျီးကန်းများမှာ မိုတောင်အား ဒဏ်ရာရအောင် မလုပ်နိုင်ပေ။ သူ၏ခန္ဓာကိုယ်အပြင်ပိုင်မှ တောက်ပသည့်အလင်းလွှာတစ်လွှာထွက်ပေါ်လာကာ သူ့အားကာကွယ်ပေးထားလေ၏။

ခွပ်..

နီးကပ်လာသည်နှင့် မိုတောင် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများတွင် ထာဝရစွမ်းအင်သုံးကြောင်း ရစ်ပတ်နေလေသည်။ ထိုလူသည် အဖိုးတန်ကြေးမုံဖြင့် သူ့ကိုယ်သူကာကွယ်လိုက်သော်လည်း အက်ကွဲသံထွက်ပေါ်လာပြီး ထိုကြေးမုံလည်း တစ်စစီဖြစ်သွားလေသည်။

ထိုအချိန်တွင် ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရိုးကြေးမုံမှ ဓားတိုလေးတစ်ခု လွင့်ထွက်လာကာ ထက်ရှလှသည့် နတ်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး မိုတောင်အား တိုက်ခိုက်လာသည်။ ဤသည်မှာ လျင်မြန်လွန်းလှသည်ပင်။

တစ်ချိန်တည်းမှာပင် လူတစ်ယောက် ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာလေ၏။ ဤသည်မှာ လျှို့ဝှက်ရတနာတစ်မျိုးဖြစ်သည့် ကြေးနီရောင်လူပင်။

တစ်စုံတစ်ယောက်သည် ရှီဟောင်ကို စမ်းသပ်ချင်လှလေပြီ။ သို့သော်လည်း သူကိုယ်တိုင်တိုက်ခိုက်ခြင်းမရှိပဲ လူသားပုံစံအဖိုးတန်ပစ္စည်းတစ်ခုကိုသာ အသက်သွင်းလိုက်လေသည်။ ဤပစ္စည်းသည်လည်း ရုပ်သေးရုပ်တစ်မျိုးပင်။

ဤအဖိုးတန်ပစ္စည်းထဲတွင် နတ်ပစ္စည်းမျိုးစုံပါဝင်ပြီး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြုပြင်ထားသည်ပင်။

“မင်းက တိုက်ရဲလား..”

ထိုအချိန်တွင် သက်ရှိလေးယောက် ခုန်ထွက်လာကာ တရှိန်ထိုးပြေးလာကြလေ၏။ အားလုံးသည် လျှို့ဝှက်ရတနာများ ကိုင်ထားကြသည်ပင်။

ခွပ်..

သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် မိုတောင်လည်း ဒေါသထွက်နေလေပြီ။ တစ်ဖက်လူသည် အဖိုးတန်ပစ္စည်းများပေါ် မှီခိုပြီး သူ၏အဆင့်လွန်သက်ရှိဂုဏ်သိက္ခာကို စိန်ခေါ်လိုက်နေသောကြောင့် သူသည် အားကုန်သုံးကာ တိုက်ခိုက်နေလေသည်။ သူ၏လက်ထဲရှိ လက်နက်သည် ထိုဓားတိုလေးကို ခုတ်ဖြတ်ပစ်လိုက်၏။ ထို့နောက် ထိုခရမ်းရောင်ဦးထုပ်နှင့်လူကိုလည်းခါးမှ နှစ်ပိုင်းဖြတ်ပစ်လိုက်လေသည်။

အလင်းကြေးမုံအတုဖြစ်စေ ထိုဓားတိုလေးဖြစ်စေ နှစ်ခုလုံးမှာသာမန်မဟုတ်ပေ။ ထာဝရစွမ်းအင်သုံးကြောင်း၏တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခုခံနိုင်မည်ပင်။ သို့သော် ယခုတော့ ထိုပစ္စည်းနှစ်ခုလုံး ချက်ချင်းပျက်စီးသွားလေပြီ။

မိုတောင်၏လက်ထဲတွင် မြွေနဂါးနှင့်တူသည့် လက်နက်တစ်ခုရှိနေလေ၏။ ကောင်းကင်နတ်ဘုရားကျောင်းကို ငဲ့ညာသောကြောင့်သာမဟုတ်ပါက သူဤလူကို ဤနေရာတွင်ပင်သတ်ပစ်လိမ့်မည်။

“အား..” ထိုလူ ခါးမှ နှစ်ပိုင်းပြတ်သွားကာ တောင်အောက်သို့ ကျသွားလေသည်။ နာကျင်မှုမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်ပင်။

မိုတောင်ပြန်ရောက်လာကာ ထိုကြေးနီရုပ်သေးရုပ်ထံသို့ တရှိန်ထိုးပြေးသွားလိုက်သည်။

“ထားလိုက်တော့ .. ငါဂရုစိုက်လိုက်မယ် မဟုတ်ရင် လက်မလျှော့မယ့် တစ်ခြားလူတွေ ရှိလာဦးမှာပဲ..” ရှီဟောင် အေးစက်စွာ ရယ်မောပြီးနောက် ရှေ့သို့လျှောက်လာသည်။

သူ့ခန္ဓာကိုယ် အနည်းငယ်တောက်ပလာကာ ကောင်းကင်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုကောင်းကင်လမ်းကြောင်းသည် သူ့ခန္ဓာကိုယ်နှင့် အလွန်ကပ်နေသောကြောင့် ကောင်းကင်လမ်းကြောင်းပုံမပေါ်ပဲ သူ၏ချပ်ဝတ်တန်ဆာနှင့်တူနေသည်။

ဒုန်း..

သူ လက်သီးမြှောက်လိုက်ကာ ထိုကြေးရုပ်သေးရုပ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ဤရုပ်သေးရုပ်သည် ထာဝရရွှေအနည်းငယ်ပါနေသောကြောင့် မာကျောလှသည်။ ဤသည်မှာ စိန်ခေါင်းပတ်နှင့်အနည်းငယ်တူသည်ပင်။

အားလုံး စိတ်လှုပ်ရှားသွားရ၏။ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်ထိုက်ပါပေတယ် .. ဒီလိုမျိုး စစ်ပွဲမှာသုံးတဲ့လက်နက်နဲ့တောင် ထိပ်တိုက် တိုက်ခိုက်ရဲတယ်..

ထိုကြေးနီရောင်လူ၏ လက်မောင်းချိုင့်ဝင်သွားလေ၏။

သို့သော် မြေပြင်ပေါ်တွင်ရှိနေသည့်သူများသည် ရှီဟောင်၏မှော်စွမ်းအားမည်မျှရှိသည်ကို သိလိုခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်မှာ မွေးရာပါခန္ဓာကိုယ်ကျင့်ကြံသူဖြစ်ကြောင်း သူတို့သိပြီးသားပင်။ သူ၏ခန္ဓာကိုယ်မှာ နှိုင်းယှဉ်၍မရသည်ကို သိပြီးသားပင်။

ထို့ကြောင့်ပင် ကျင့်ကြံသူများစွာ အော်ဟစ်ကာ ပြေးလာကြလေသည်။ သူတို့အားလုံးသည် အဖိုးတန်ပညာများထုတ်သုံးနေကြသကဲ့သို့ သက်ရှည်မိသားစုများ သူတို့ကိုပေးထားသည့် လျှို့ဝှက်ရတနာများလည်း ထုတ်သုံးလာကြလေသည်။

ဤသက်ရှိများထဲတွင် ရှေးဟောင်းကျွဲ၊ ကင်းခြေများပျံ၊ ခေါင်းသုံးလုံးခြင်္သေ့နှင့် ငွေရောင်လိပ်လည်းပါဝင်သည်ပင်။ ဤသည်မှာ စွမ်းအားကြီးသည့် မျိုးစိတ်များပင်။ လက်ရှိတွင် သူတို့၏လူသားပုံစံဖြစ်နေသော်လည်း သူတို့မျိုစိတ်၏ ပုံစံများရှိနေဆဲပင်။

ရွှီး..

ထိုအချိန်တွင် ရှီဟောင်သည် ရွှေရောင်နတ်မြှားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူသည် အပေါ်ဘက်တွင် ကျွဲရိုင်းနှင့်တိုက်ခိုက်ပြီး အောက်ဘက်တွင် ကောင်းကင်ကင်းမြှီးကောက်နှင့်တိုက်ခိုက်က်ခိုက်နေသည်။ ညာဘက်တွင် ခြင်္သေ့ဘုရင်နှင့်တိုက်ခိုက်နေပြီး ဘယ်ဘက်တွင် ငွေရောင်လိပ်နှင့် တိုက်ခိုက်နေလေသည်။

ခွပ်…

ပထမဆုံး သူတို့၏ အဖိုးတန်ပစ္စည်းများ ပျက်စီးသွားကြသည်။ ဤပစ္စည်းများမှာ သက်ရှည်မိသားစုများမြှဖစ်သော်လည်း အကြိမ်ပေါင်းများစွာ ရိုက်ခံလိုက်ရသည့်အချိန်တွင် ပေါက်ကွဲသွားလေသည်။ ထိုကြေးနီရောင်လူရုပ်ကြီးမှာ ရှီဟောင်၏လက်ဗလာဖြင့်ပင် အစောကြီးကတည်းက တစ်စစီဖြစ်သွားလေပြီ။

“ကြောက်စရာကောင်းလိုက်တာ .. သူကလူသားပုံစံ သားရဲကြီးပဲ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤကောင်၏လက်သီးချက်မှာ အဖိုးတန်ပစ္စည်းအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်နေသည်။

ဖူး..

ထို့နောက် သူ့လက်ထဲ၌ ကျွဲရိုင်းကြီးလည်လိမ်သွားကာ ကောင်းကင်ကင်းမြှီးကောက်လည်း တစ်စစီဖြစ်သွားသည်။ ခြင်္သေ့ကြီးသည် တစ်ချက်တည်းကန်လိုက်ရုံဖြင့် လွင့်ထွက်သွားကာ သူ့ခန္ဓာကိုယ်တစ်ပိုင်းမှာ အသားစများဖြစ်သွားသည်။ ငွေရောင်လိပ်ကြီးမှာမူ သူ၏အခွံပေါက်ကွဲသွားကာ ခန္ဓာကိုယ်တွင်လည်း အပေါက်ကြီးတစ်ခု ဖြစ်သွားလေသည်။

အားလုံးဆွံ့အသွားရ၏။ ဤသည်မှာ လျင်မြန်လွန်းလှသည်။ ဤတိုက်ပွဲမှာ တစ်ခဏအတွင်းမှာပင် အဆုံးသတ်သွားလေပြီ။

သူ၏ကျင့်ကြံဆင့် မည်မျှရောက်ပြီကို အားလုံးသိချင်နေကြသော်လည်း သူသည် မည်သည့်အဖိုးတန်ပညာကိုမှမသုံးပဲ ဤတိုက်ပွဲကို အဆုံးသတ်လိုက်သည်။

ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားသည့် ခရမ်းရောင်ဦးထုပ်နှင့်လူငယ်လေးသည် ယခုမှ ခန္ဓာကိုယ်နှစ်ပိုင်းပြန်ဆက်ပြီး မတ်တပ်ရပ်ရုံရှိသေးသည် ရှီဟောင်၏ခြေထောက် သူ့ရင်ဘတ်ပေါ်သို့ ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်လိုက်သည်။ သူ့ခေါင်းမှလွဲလျှင် တစ်ကိုယ်လုံး အသားစများဖြစ်သွားလေပြီ။

“အား .. ” ထိုသူ သနားစဖွယ် အော်ဟစ်လိုက်၏။

“ဒီလိုပစ္စည်းမျိုးသုံးပြီးတော့ ငါ့ကို စမ်းချင်တယ်ပေါ့ .. အဝေးကြီးလိုသေးတယ်” ရှီဟောင် တစ်ဖက်လူကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ရောင်းရင်းက တော်တော်လေးကို အထင်ကြီးစရာကောင်းတာပဲ .. ဒီလိုမျိုး နည်းလမ်းတွေရှိနေတာဆိုတော့ သေချာပေါက် နာမည်မကြီးတဲ့သူ မဖြစ်နိုင်ဘူး .. ကျုပ်တို့ ရောင်းရင်းနဲ့ ခန္ဓာကိုယ်အစစ်ကို မြင်ချင်တယ်..”

နောက်ဆုံးတွင်တော့ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် ထိုလူငယ်လေးများ ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့ပေ။

အပိုင်း ၁၃၆၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၁ – အဆင့်လွန်လူငယ် သက်ရှိ

လုထော်၊ ဝမ်ရှီးနှင့် ရွှမ်ခွန်တို့ အရှေ့လျှောက်လာကြသလို သရဖူ ၁၀ခုဘုရင်၊ မင်းသမီးယောင်ယွဲ့နှင့် အခြားသူများလည်း စိတ်လှုပ်ရှားသွားကြရသည်။ သူတို့အားလုံး သူတို့၏ သံသယရှိနေကြပြီး ရှီဟောင်မည်သူဖြစ်သည်ကို အတည်ပြုချင်နေကြသည်။

ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူမှာ ဘယ်လိုလုပ် နာမည်မရှိသည့်သူ ဖြစ်နိုင်မည်နည်း .. ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် သေချာပေါက် သူတို့ဂုဏ်သတင်းများရှိနေမည်ပင်။ ရိုးရှင်းသည့် စစ်ဆေးမှုဖြင့်ပင် ဤသည်ကို သိနိုင်သည်သာ။

သူသည် အလေးအမြတ်ကျောင်း၊ ထာဝရကျောင်းမှလာသည့် ထိုလူထူးဆန်းအိုကြီးများ၏ တပည့်သားများသာမဟုတ်ပါက သူ့အကြောင်း သိကြမည်ပင်။

“ရတယ်လေ .. ဘယ်သူငါနဲ့ တိုက်ချင်လဲ .. ဒါမှမဟုတ် မင်းတို့အားလုံး အတူတူပေါင်းတိုက်ချင်တာလား..” ရှီဟောင်အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်အစစ်ကို အသုံးပြုပြီး အားလုံးနှင့် တိုက်ခိုက်ရန်မှာ ကိစ္စကြီးတစ်ခု မဟုတ်ပေ။

မိုတောင်သည်လည်း သူ့ဘေးတွင်ရပ်ကာ ဤလူများကို ရင်ဆိုင်နေလေသည်။

ကျောက်တုံးမီးဖိုပေါ်ရှိ လေထုမှာ ချက်ချင်းတင်းမာသွားလေသည်။

အခြားသူများအားလုံး နောက်ဆုတ်သွားကြလေသည်။ မည်သူမှ ဤတိုက်ပွဲထဲ ဝင်မပါရဲကြ။ မီးဖိုအဝကို စောင့်ကြည့်မည့်မရှိသော်လည်း မည်သူမှ အလောတကြီး ပြေးဝင်မသွားရဲကြပေ။

ဤအဆင့်လွန်လူငယ်လေးများ အနိုင်အရှုံးမကွဲပြားမှီ မည်သူမှဘာမှလုပ်၍မရသည်ကို သူတို့အားလုံး သိထားသည်ပင်။ မဟုတ်ပါက ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသူများ ပေါင်းတိုက်ခြင်းကို သူတို့ခံရလိမ့်မည်။

မည်သူက ဤကဲ့သို့သော စွမ်းအားမျိုးကို ခုခံနိုင်မည်နည်း.. သူတို့အရိုက်ခံရလိမ့်မည်ပင်။

“ဟက် တာအိုရောင်းရင်းရဲ့ပုံစံကတော့ တကယ်ကို တစ်ခုခုပဲ .. အဆင့်လွန်သက်ရှိတွေ ပေါင်းတိုက်တာကို ခံရတာတောင်မှ ဒီလိုမျိုး လုပ်နိုင်နေသေးတယ် .. တကယ်ကို လေးစားဖို့ကောင်းတာပဲ .. ကျုပ် လုထော်က စမ်းကြည့်ချင်တယ်..” လုထော်ပြောလိုက်သည်။

အားလုံး ထိတ်လန့်သွားရ၏။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်း၏ စွမ်းအားအကြီးဆုံး ကျင့်ကြံသူပင်။ သူလှုပ်ရှားတော့မှာလား..

လုထော်သည် ထိုမျှအရပ်မမြင့်ပေ။ သူ့တစ်ကိုယ်လုံး ဖရိုဖရဲစွမ်းအင်များဖုံးလွှမ်းနေပြီး သူ၏အစိမ်းရောင်ဆံပင်များလည်း ဖြန့်ကျနေသည်။ သူ၏အသံမှာ ရွှေရောင်ခေါင်းလောင်း၏အသံကဲ့သို့ပင်။ လူများ မတ်မတ်မရပ်နိုင်တော့သည်အထိ လူများစွာကို တုန်ယင်သွားစေသည်။

ဤစကားများပြောလိုက်ရုံဖြင့်ပင် လူများ၏ သွေးနှင့် ချီစွမ်းအားကို ကြွတက်လာစေသည်ပင်။

“ဒီစစ်ဆေးမှုကို အရင်အောင်အောင်လုပ်..” မိုတောင် ရှီဟောင်ရှေ့တွင် ပိတ်ရပ်ကာ ပြောလိုက်သည်။

အားလုံး မျက်မှောင်ကြုတ်သွားရသည်။ မည်သို့ပင်ဖြစ်စေ အားလုံးမှာ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများပင်။ သူသည် အစေခံတစ်ယောက်ဖြစ်သော်လည်း မည်သူမှ သူ့အား အထင်မသေးရဲပေ။

ထို့အပြင် မိုတောင်၏ စွမ်းအားအစစ်အမှန်ကို မည်သူမှ မသိသေးပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်နှင့် တိုက်ခိုက်စဉ်က သူသည် ထာဝရစွမ်းအင်နှစ်ကြောင်းသာ အသုံးပြုခဲ့ခြင်းပင်။

“ရောင်းရင်း .. မင်း ကျုပ်နဲ့ မတိုက်ချင်ဘူးလား ..” လုထော်သည် မိုတောင်အား ပြန်မပြောပဲ ရှီဟောင်ကိုသာကြည့်၍ ပြောလိုက်သည်။ သူ ရှီဟောင်နှင့် တကယ် တိုက်ခိုက်ချင်မိသည်ပင်။

ရှီဟောင်၏နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားကာ အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။ သူဘာမှမပြောပေ။ မိုတောင်မှာ ဤနေရာတွင် အလယ်တွင်ပင် ရောက်နေလေပြီ။ ချွမ်းဟူသည့်အသံနှင့်အတူ သူ၏ဘယ်လက်တွင် ရွှေရောင်စစ်လှံတံတစ်ခု ပေါ်လာကာ သူ၏ညာဘက်လက်တွင် မြွေနဂါးပုံစံ ဓားသွားတစ်ခု ပေါ်လာလေသည်။

သူ့ဆီမှာ အဖိုးတန်ရတနာတွေ ဘယ်လောက်တောင် ရှိနေတာလဲ..

အားလုံး တိတ်ဆိတ်သွားကြသည်။ မိုတောင်၏ ဆုံးဖြတ်ချက်ကို သူတို့အားလုံး မြင်လိုက်ရလေပြီ။ သူ၏ထာဝရစွမ်းအင်သုံးကြောင်း ထွက်ပေါ်လာပြီး သူ၏ဦးခေါင်းထက်တွင်လည်း တာအိုပန်းပွင့် သုံးပွင့် ပေါ်လာလေသည်။ ဤကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူမှာ သူ၏ခွန်အားကို ပြသနေလေပြီ။

ရှီဟောင်၏မျက်ဝန်းထဲတွင် ထူးဆန်းသည့်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူ့အမြင်တွင် မိုတောင်မှာ ထိန်းချုပ်ရန် ခက်ခဲသည့်သူပင်။

“ကောင်းပြီလေ .. အဲဒီလိုဆိုတော့လည်း တစ်ဖက်ကလောကရဲ့နည်းလမ်းတွေကို အရင်ဆုံး မြည်းစမ်းကြည့်ရတာပေါ့ .. ငါတို့လောကက ပညာတွေနဲ့ ဘယ်နေရာတွေမှာ မတူဘူးလဲဆိုတာ ကြည့်ကြတာပေ့ါ .. ဒါက လာမယ့်စစ်ပွဲအတွက် ပြင်ဆင်တာလို့ ပြောလို့ရပါတယ်..” လုထော် ခေါင်းညိမ့်၍ ပြောလိုက်သည်။

ဖုန်း..

လုထော်သည် ခေါင်းညိမ့်ပြီး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သည်။ ဖရိုဖရဲစွမ်းအင်များ လွှမ်းခြုံထားသည့် သစ်ပင်တစ်ပင် သူ့ဦးခေါင်းထက်တွင် ပေါ်လာလေသည်။ ဤသည်မှာ ထာဝရစွမ်းအင်ဖြင့် ဖန်တီးထားသည့် သစ်ပင်တစ်ပင်ပင်။

ထိုသစ်ပင်ရှေ့တွင် လေဟာနယ်ပင်လျှင် ပန်းချီတစ်ရွက်ကဲ့သို့ စုတ်ပြဲသွားလေသည်။ လုထော်သည် ထာဝရအလင်းများထုတ်လွှတ်ကာ မိုတောင်အား တိုက်ခိုက်လာသည်။

ဤသည်မှာ ထာဝရစွမ်းအင်ခြောက်ခု တိုက်ခိုက်နေကြခြင်းပင်။

“အထင်ကြီးစရာကောင်းလိုက်တာ .. လုထော်က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ .. သူ့ရဲ့ ထာဝရစွမ်းအင်က တာအိုပန်းပွင့်သုံးပွင့်တောင် လုပ်နိုင်နေပြီ” အားလုံး အံ့အားတကြီး သက်ပြင်းချလိုက်ကြသည်။

ယောင်ယွဲ့၊ ရွှမ်ခွန်နှင့် အခြားသူများ၏အမူအရာပင် ပြောင်းလဲသွားကြသည်။

သူတို့နှစ်ဦးသည် နဂါးအစစ်နှင့် မီးတောက်ဖီးနှစ်များ တိုက်ခိုက်ကြသကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။ ထိုအချိန်တွင် မူလစွမ်းအင်များထွက်ပေါ်လာကာ ကျောက်တုံးမီးဖိုအဝတွင် ပြည့်နှက်သွားလေသည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ ကျင့်ကြံသူအားလုံးကို စိတ်ထဲမှ တုန်လှုပ်သွားစေသည်ပင်။ ဤသည်မှာ လောကကြီးပွင့်လာသည့်အချိန်၌ အဆင့်လွန်နတ်ဘုရားများ တိုက်ခိုက်နေသကဲ့သို့ပင်။

“ကျုပ် ခင်ဗျားနဲ့ ပညာဖလှယ်ချင်တယ်” ရွှမ်ခွန်ပြောလိုက်သည်။

ရှီဟောင် သူ့ကိုကြည့်ပြီးနောက် အခြားတစ်ဖက်ကို ကြည့်လိုက်သည်။ သူသည် ဤလူများနှင့် ထာဝရစစ်မြေပြင်တွင် တစ်ခါတိုက်ဖူးပြီးသားပင်။ သို့သော် ထိုအချိန်တုန်းက သူက အခြားမျက်နှာတစ်ခုနှင့် ဖြစ်နေသည်ပင်။

“တာအိုရောင်းရင်း ကျွန်မ စမ်းကြည့်ရင်ရော ..” ဝမ်ရှီးပြောလိုက်သည်။ သူမသည် အလွန်ပင် သန့်ရှင်းကြည်လင်နေပြီး သူမ၏ အနက်ရောင်ဆံနွယ်များမှာ လေနှင့်အတူ မျောလွင့်နေသည်။ သူမ၏ မျက်ဝန်းများမှလည်း အလင်းတန်းများ တောက်ပနေလေ၏။

အားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။ ဘာဖြစ်နေသည်ကို အားလုံးသိကြသည်ပင်။

ထာဝရစစ်‌နြေပြင်မှ ပြန်ရောက်လာပြီးသည့်နောက်တွင် ဝမ်မိသားစုမှ လူများမှာ အလွန်မောက်မာခဲ့ကြသည်။ သူတို့သည် ရှီဟောင်အား ရင်းရင်းနှီးနှီးမဆက်ဆံတော့ပေ။ သူတို့သည် ရှီဟောင်အား စိန်ခေါင်းပတ် တပ်ဆင်ပေးခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူ၏တန်ပြန်တိုက်ခိုက်ခြင်းကိုသာ ခံခဲ့ရသည်။

ထိုတိုက်ခိုက်မှုတွင် ဝမ်မိသားစု အရှက်ရသွားသည်ဟု ပြော၍ရသည်။ ဝမ်ရှီးပင်လျှင် သူနှင့် ကောလဟာလများ ထွက်လာသေးသည်ပင်။

ယခု သူမ ဤလူငယ်နှင့် တိုက်ခိုက်ချက်သည်ဟု ပြောလာသည့်အချိန်တွင် အားလုံး၏ အတွေးများ ပြောင်းလဲသွားရသည်။

“ရှင်က တကယ်ပဲ ဘယ်သူလဲ..” ဝမ်ရှီး၏ နီရဲနေသည့် နှုတ်ခမ်းပါးများ တောက်ပလာသည်။ သူမအရှေ့မှ လူငယ်လေးကိုကြည့်ကာ မကျေမနပ်ဖြစ်လာသည်။

“မင်းကငါ့ကို တာအိုရောင်းရင်းအဖြစ် သတ်မှတ်ထားတာမလား .. ဒါပေမဲ့ မင်းမိသားစုက လူတွေကတော့ အဲဒီလိုမျိုး တွေးထားတာမဟုတ်ဘူး” ရှီဟောင်ပြောလိုက်၏။

“ရှင် ဘယ်ကလာတာလဲလို့မေးတာ … ရှင်က ဘယ်သူလဲ..” ဝမ်ရှီး သူ့အားကြည့်၍ မေးလိုက်သည်။

“အဲဒါက အရေးကြီးလို့လား” ရှီဟောင်မေးလိုက်သည်။

“ဒါပေါ့ အရေးကြီးတာပေါ့ .. ကျွန်မကလန်သားတွေ အရှက်ကွဲအောင် ရှင်လုပ်ခဲ့တယ်လေ” ဝမ်ရှီးပြောလိုက်သည်။

“သူတို့င့ါကို အရင်ဆုံး အရှက်ခွဲတာကို ဘာလို့ထည့်မပြောတာလဲ .. မင်းကဒီလိုမျိုးဆုံးဖြတ်မှတော့ ငါလည်း ပြောစရာမရှိတော့ပါဘူး .. လာတိုက်ခိုက်လိုက် အဲဒါဆို အားလုံးရှင်းသွားလိမ့်မယ်..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်၏။

“အဲဒီလိုလား .. ရှင်က တော်တော်လေးကို ယုံကြည်ချက်ရှိနေတာပဲ .. ရှင့်ယုံကြည်ချက်တွေ ဘယ်ကရောက်လာတာလဲဆိုတာ ကြည့်ကြသေးတာပေ့ါ” ဝမ်ရှီးပြောလိုက်သည်။ သူမသည် အခါတိုင်းကဲ့သို့ တည်ငြိမ်တိတ်ဆိတ်သည့်ခံစားချက်မျိုးမဟုတ်ပဲ ခံစားချက်တစ်မျိုး ခံစားနေရသည်ပင်။

“ငါမင်းကို ဘယ်တုန်းကမှ မဆန့်ကျင်ဖူးဘူးလို့ ငါထင်တယ် .. ထာဝရစစ်မြေပြင်မှာ မင်းဒဏ်ရာရတုန်းကတောင် ငါမင်းကို ကာကွယ်ပေးခဲ့တယ် .. မင်းဒီမှာ သူသေကိုယ်သေ တိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား..” ရှီဟောင် အေးစက်စွာ မေးလိုက်သည်။

“ရှင်က လျှို့ဝှက်ချက်တွေနဲ့ ကျွန်မနားမှာပုန်းနေပြီးတော့ ကျွန်မကို အရှက်ခွဲခဲ့တယ်..” ဝမ်ရှီး အေးစက်စွာ ပြောပြီး အရှေ့တိုးလာလေ၏။ သူမအမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသည်ပင်။

ထိုစကားကိုကြားသည်နှင့် ရှီဟောင်သည် ချက်ချင်းပင် ရယ်မောလိုက်ကာ “အဲဒါက အတူတူကျင့်ကြံတာပဲမဟုတ်ဘူးလား .. ဘာတွေများ အကြီးအကျယ်လုပ်နေတာလဲ .. ပြီးတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မင်းရှင်းပြီးပြီလေ .. ဘာတွေကို စိုးရီမ်နေသေးတာလဲ..”

“ရှင် .. လာခဲ့ .. တိုက်မယ်” ဝမ်ရှီးဒေါသထွက်သွားရသည်။ သူမ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးသွားသည့်အချိန်တွင် ကောင်းကင်ထက်မှ ငွေရောင်ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ကျရောက်လာလေသည်။

သူမမိသားစုမှ သူမအတွက် စေ့စပ်ပွဲတစ်ခု စီစဉ်ထားပေးမှန်း သူမသိသည်ပင်။ မကြာမီတွင် သူမ အလေးအမြတ်ကျောင်းမှ ထူးချွန်သည့်သူနှင့် လက်ထပ်ရတော့မည်။ ထိုအချိန်ကျလျှင် မည်သည့်အရိပ်မည်းကြီးမှ သူမမရှိချင်။

“ငါ ဖမ်းတာမခံရအောင် သတိထား .. မဟုတ်ရင် ပိုပြီးတော့ ပြဿနာကြီးသွားလိမ့်မယ်” ရှီဟောင်ပြောလိုက်သည်။း .. မဟုတ်ရင် ပိုပြီးတော့ ပြဿနာကြီးသွားလိမ့်မယ်” ရှီဟောင်ပြောလိုက်သည်။

ရွှီး..

ဝမ်ရှီးလက်များကို မြှောက်လိုက်သည်နှင့် ကောင်းကင်ကြီးတစ်ခုလုံး ပန်းပွင့်ဖတ်များ ပြည့်သွားသည်။ ထိုပွင့်ဖတ်များတွင် ဖရိုဖရဲစွမ်းအင်များ ဝေ့ဝိုက်နေပြီး အဖိုးတန်ပစ္စည်းများထက်ပင် စွမ်းအားကြီးသည်ပင်။ ထိုကြာပွင့်ဖတ်များသည် ဓားသွားတစ်စင်းကဲ့သို့ ရှီဟောင်ထံသို့ ဦးတည်သွားကြလေသည်။

ရှီဟောင်လက်ညှိုးထိုးလိုက်သည်နှင့် အစိမ်းရောင်ဓားသွားများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ မိုးမခသစ်ရွက်များပင်။ ဤသစ်ရွက်များသည် ကျောက်စိမ်းမှ ထွင်းထုထားသကဲ့သို့ တောက်ပစိမ်းစိုနေလေသည်။ ထိုသစ်ရွက်များသည် လေဟာနယ်ကို ထိုးဖောက်ကာ ပန်းပွင့်ဖတ်များ ရင်ဆိုင်လိုက်လေ၏။

“ပန်းပွင့်တွေမှာ အစိမ်းရောင်သစ်ရွက်တွေရှိသင့်တာပေါ့” ရှီဟောင် ရယ်မော၍ သူမအား စနောက်နေလေသည်။

အစိမ်းရောင်သစ်ရွက်များနှင့် ပွင့်ဖတ်များ ထိတွေ့သွားသည့်အချိန်တွင် ဤနေရာတစ်ခုလုံး တုန်ခါလာလေ၏။ ကျောက်မီးဖိုတစ်ခုလုံးသည် ထာဝရစွမ်းအင်များ ထွက်ပေါ်လာသည်အထိ တုန်ခါလာလေ၏။

ရွှီး..

ဝမ်ရှီး၏လက်ထဲတွင် အနက်ရောင်ထာဝရဓားတစ်လက် ပေါ်လာသည်။ ဤသည်မှာ မည်းနက်နေသည့်ဓားဖြစ်သော်လည်း ယခုအချိန်တွင် ရောင်စုံအလင်းများထုတ်လွှတ်ကာ အလွန်လှပနေလေသည်။

အားလုံး အသက်ရှူသံများ ရပ်တန့်သွားရသည်။ ဤသည်မှာ လျှို့ဝှက်ရတနာတစ်ခုပင်။

ဝမ်မိသားစုသည် ပြိုင်ဘက်ကင်းသည့် မှေော်ပစ္စည်းတစ်ခုကို ပြုလုပ်ရန်အတွက် ထာဝရရွှေများကို စုဆောင်းနေသည်ဟူသည့် ကောလဟာလများရှိခဲ့သည်ပင်။ သက်ရှည်မိသားစုဖြစ်သောကြောင့် အချိန်များစွာ ကုန်ဆုံးပြီးသည့်နောက်တွင် သူတို့လိုချင်သည့် ပမာဏရသွားလေပြီ။ ထိုပစ္စည်းများကိုလည်း ကလန်မှ အရေးအကြီးဆုံးလူများကိုသာ ပေးခြင်းပင်။

ဝမ်ရှီးမှာ ထိုလူများထဲမှ တစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်ပင်။ သူမ၏ဓားထဲတွင် ထာဝရရွှေအချို့ ပါနေသည်ပင်။ မဟုတ်ပါက ဘယ်လိုလုပ် ဤမျှစွမ်းအားကြီးမည်နည်း..

“အမှောင်ထု ထာဝရရွှေ..” ရှီဟောင်၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ ဤဓားသည် သာမန်မဟုတ်မှန်း သူချက်ချင်းသိသွားသည်ပင်။

သို့သော်လည်း သူသိပ်မဂရုမစိုက်ပေ။ ဖြစ်နိုင်လျှင် သူသည် ထာဝရဓားကိုထုတ်ကာ ဤဓားမှ ထာဝရရွှေများကို စုတ်ယူလိုက်ချင်သေးသည်။

ဝုန်း..

ရှီဟောင် အရင်ဆုံး လှုပ်ရှားလိုက်သည်။ သူလက်မြှောက်လိုက်သည်နှင့် လေဟာနယ်ထဲတွင် မြေကြီးရောင် လက်ကြီးတစ်ဖက် ပေါ်လာလေသည်။ ဤသည်မှာ နတ်စွမ်းရည်တစ်ခုအား အသုံးပြုလိုက်ခြင်းပင်။

ရှီဟောင်သည် ဒွိဟဖြစ်မနေပေ။ ထိုလက်ကြီးသည် ဝမ်ရှီးထံသို့ အုပ်မိုးကျလာလေ၏။ သူသည် ဝမ်ရှီး၏လှပလှသည့် ခန္ဓာကိုယ်အား ဖမ်းလိုခြင်းပင်။

အပိုင်း ၁၃၆၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၂ – ရှုပ်ထွေးမှု ရှင်းလင်းခြင်းပညာ

“.. ဖြတ်မယ် ..”

သူမ ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် အလင်းများစွာ ထွက်ပေါ်လာသည်။ ဓားရိုးသည် လေဟာနယ်ကို ဖြတ်ကာ ထိုလက်ကြီးကို ထိုးလိုက်လေ၏။

ထိုမြေကြီးရောင် လက်ကြီးမှာ ရှောင်ဖယ်သွားခြင်းမရှိပဲ ဆက်လက်ဆင်းလာနေဆဲပင်။ သို့သော်လည်း ပြောင်းလဲမှုများရှိလာသည်ပင်။ လျှပ်စီးများထွက်ပေါ်လာခြင်းပင်။

ဤလက်ကြီးသည် မူလက အလင်းနှင့်မြူဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း ယခုအချိန်တွင် လျှပ်စီးများ ရောယှက်နေသည်။ ထာဝရရွှေပါဝင်သည့် ဓားရိုးကိုလည်း ကြောက်ရွံ့ခြင်းမရှိပဲ အလင်းများ ထုတ်လွှတ်နေဆဲပင်။

ဝုန်း..

လျှပ်စီးများကျရောက်လာပြီး ကျောက်တုံးမီးဖိုတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားအောင် ပြုလုပ်လိုက်လေသည်။

ဝမ်ရှီး အမူအရာ ပြောင်းလဲသွားရသည်။ သူမသည် အဖိုးတန်ပညာများကို အသုံးပြုကာ သူမကိုယ်သူ လေဟာနယ်နှင့်ရောနှောသွားအောင် ပြုလုပ်လိုက်ပြီး လျှပ်စီးသူမအား မထိအောင် တတ်နိုင်သမျှ ကာကွယ်လိုက်သည်။

ထိုလျှပ်စီးထဲတွင် ကြယ်များတစ်လုံးပြီးတစ်လုံး ပေါ်လာလေသည်။ ဤကြယ်များမှာ လျှပ်စီးအလင်းလုံးများပင်။ ထိုကြယ်များ တဖျစ်ဖျစ်အသံများ မြည်နေပြီး ထိတ်လန့်စရာကောင်းလွန်းလှသည်ပင်။

ခပ်ဝေးဝေးတွင်ရှိနေသည့်သူများ ထိတ်လန့်သွားရသည်။ ထိုလက်ဝါးကြီးသည် ကောင်းကင်ကြီးကို အုပ်မိုးထားပြီး လက်ဝါးနှင့် လက်ချောင်းများတွင် ကြယ်စမ်းချောင်းများ ရှိနေသည်ပင်။

“ဒါက ..” မင်းသမီးယောင်ယွဲ့ပင် ထိတ်လန့်သွားရသည်။ လျှပ်စီးများကို ဤအဆင့်ထိရောက်အောင် လုပ်နိုင်ဖို့ဆိုသည်မှာ အဆင့်လွန်ပညာများကို အမြင့်ဆုံးအဆင့်ထိရောက်အောင် အသုံးပြုထားသည်နှင့်အတူတူပင်။

“ကောင်းကင်ပြိုကွဲစေတဲ့ပုံစံ..” ဝမ်ရှီးအော်ဟစ်လိုက်သည်။ သူမသည် ယခင်က တည်ငြိမ်သည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူရဲကောင်း အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သူမလက်ထဲရှိ အမှောင်ထု ထာဝရဓားကို လွှဲရမ်းလိုက်ကာ ကောင်းကင်ထက်ရှိ ထိုကြယ်စမ်းချောင်းနှင့် လျှပ်စီးများကို ရင်ဆိုင်လိုက်သည်။

ခွပ်..

လျှပ်စီးအလင်းတန်းများသည် ထောင်ပေါင်းများစွာသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ထိုလက်ကြီး အက်ကွဲသွားသော်လည်း လျှပ်စီးအလင်းလုံးများမှာ မီးတောင်ကြီးကဲ့သို့ ကြီးမားလှသည်ပင်။

လျှပ်စီးများအလယ်တွင်ရှိနေသည့် ဝတ်စုံဖြူနှင့် အမျိုးသမီးသည် လျှပ်စီးများကြား၌ ပိတ်မိနေလေ၏။ လျှပ်စီးများပေါက်ကွဲနေသော်လည်း သူမ၏ဓားမှာ ထူးဆန်းသည့် မှော်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားသည်ပင်။ ဘေးပတ်လည်မှ လျှပ်စီးများကို ဆက်တိုက်ပင် ရှင်းလင်းပစ်နေလေသည်။

ဒုန်း..

အမှောင်ထုထာဝရဓားသည် ရုတ်တရက်ပင် ပြင်းထန်စွာ တုန်ခါလာပြီး ထူးဆန်းသည့်လျှပ်စစ်တန်းတစ်ခုသည် ဓားရိုးမှတစ်ဆင့် ဝမ်ရှီးကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ဓားသွားသည်လျှပ်စီးများကို ဆက်တိုက်ဖယ်ရှားပေးနေသော်လည်း သူမသတိလက်လွတ်ဖြစ်သွားသည့်အချိန် ရှိမည်ပင်။ ထို့ကြောင့် ရှီဟောင်သည် အနည်းငယ် ပိုကြောက်စရာကောင်းသည့် လျှပ်စီးတန်းအချို့ကိုပစ်လွှတ်လိုက်ခြင်းပင်။

ဝမ်ရှီးသည် ချက်ချင်း နောက်ဆုတ်သွားကာ ခန္ဓာကိုယ် အနည်းငယ်ယိမ်းယိုင်သွားသော်လည်း ဒဏ်ရာမပြင်းထန်ပေ။

“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ..”

ဝမ်ရှီး၏မျက်ဝန်းထဲတွင် ဒေါသတရားများ ရှိလာသည်။ သူမသည် ယခင်ကနှင့်လုံးဝမတူတော့ပဲ ယခုအချိန်တွင် ဘုရင်မတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။ ဤပြောင်းလဲမှုမှာ အားလုံးအား ထိတ်လန့်သွားစေသည်ပင်။ သူမသည် သန့်စင်ကာ မြင့်မြတ်သည့်ပုံစံမှ သူရဲကောင်းပုံစံသို့ ပြောင်းလဲခဲ့သည်။ ထို့နောက် လွှမ်းမိုးကာ အင်အားကြီးသည့် ဘုရင်တစ်ပါးပုံစံသို့ ပြောင်းလဲသွားပြန်လေသည်။ ပြောင်းလဲမှုများမှာ ကြီးမားလွန်းလှသည်ပင်။

‘ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ’ ဟူသည့်စကားလုံးသည် အားလုံး၏နားထဲတွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားကာ အချို့သူများ၏ အမူအရာများပြောင်းလဲသွားလေသည်။ ဝမ်ရှီးက ကလန်ကာကွယ်တဲ့ အဖိုးတန်ပညာကိုတောင် ကျင့်ကြံထားတာလား..

ဤကဲ့သို့သော နတ်စွမ်းရည်မှာ သာမန်နတ်စွမ်းရည်များနှင့် အတူပေ။ ဤသည်မှာ ချက်ချင်းကျင့်ကြံ၍ရနိုင်သည့်ပညာမဟုတ်။ လိုအပ်ချက်များမှာ မြင့်မားလှသောကြောင့် မျိုးဆက်များ မကျင့်ကြံနိုင်ခဲ့ပေ။

အထူးသဖြင့် ယခုခေတ်တွင်ဆိုလျှင် ဤပညာကိုကျင့်ကြံရန် မေ့ထားနိုင်သည်။ ကျင့်ကြံရန် အခွင့်အရေးပင် ရှိမည်မဟုတ်သောကြောင့်ပင်။

ဝမ်မိသားစု၏ မျိုးဆက် ၁၃ ဆက် ကျရှုံးခဲ့သည်ဟု ပြောကြသည်ပင်။ ဤသည်မှာ လူ ၁၃ ယောက်မဟုတ်ပဲ မျိုးဆက် ၁၃ ဆက်ပင်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤပညာ မည်မျှခက်ခဲသည်ကို သိနိုင်သည်ပင်။

ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ ဤလောကတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာလေပြီ။ ထိုဓားနက်လှုပ်ရှားလာသည်နှင့် ဓားအလင်းတန်းများ ထွက်ပေါ်လာကာ ထိုဓားအလင်းတန်းများသည် လူသားပုံစံ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာလေ၏။

ဤကဲ့သို့သော မြင်ကွင်းမှာ လန့်စရာကောင်းလှသည်ပင်။ နေရာတိုင်းတွင်ရှိနေသည့် သားရဲများ အော်ဟစ်နေကြကာ နတ်ငှက်များသည်လည်း အတောင်ပံများကို ဖြန့်ကျက်နေကြလေ၏။

ထိုလူသားပုံစံသက်ရှိကြီးသည် ကောင်းကင်နှင့်မြေကြီးကို တည်ငြိမ်စေကာ သူ၏လက်ထဲတွင်ရှိနေသည့်ဓားဖြင့် သားရဲများကို ဖျက်ဆီးလိုက်ကာ နတ်ငှက်များကိုလည်း ရှင်းလင်းပစ်လိုက်လေသည်။ သူ၏စွမ်းအားမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင်။

အမှန်တကယ်တွင် ထိုနတ်ပညာ၏စွမ်းအားများသည် ကိုယ့်ကိုကိုယ် ပြန်တိုက်နေခြင်းမဟုတ်။ လူသားပုံစံပုံရိပ်ကြီးဖြစ်စေ၊ နတ်ငှက်များနှင့်သားရဲများဖြစ်စေ အားလုံးမှာ ရှီဟောင်ထံသို့ ဦးတည်နေခြင်းပင်။

ဒုန်း..

ရှီဟောင်သည် ခွန်ပန်ပညာ၏အဓိပ္ပာယ်အစစ်ကို ပြသလိုက်သည်။ သူ၏ဘယ်လက်သည် လက်ချောင်းများထိ ရွှေရောင် တောက်ပနေပြီး ညာလက်မှာ မင်ကဲ့သို့ မည်းနက်နေလေ၏။

ခွန်ပန်၏အဓိပ္ပာယ်အစစ်တွင် ယင်ယန်ပြောင်းလဲခြင်းတာအို ပါဝင်သည်ပင်။ ဤသည်မှာ ဤလောကကြီး၏ အရိုးရှင်းဆုံးနှင့် ပျက်စီးသွားခြင်းမရှိသည့် သဘာဝဥပဒေသပင်။ အရာအားလုံးတွင် ယင်နှင့်ယန်ရှိပြီး ချိတ်ဆက်နေသည်ပင်။

ရှီဟောင်၏ ညာလက်သီးကို လွှဲရမ်းလိုက်သည်နှင့် ကောင်းကင်ထက်တွင် အနက်ရောင်ပင်လယ်ကြီး ထွက်ပေါ်လာကာ ယင်စွမ်းအားများလည်း လေထဲဝင် ပျံ့လွင့်လာသည်။ လီပေါင်းမည်မျှရှည်လျားမှန်း မသိနိုင်သည့် ကြီးမားလှသည့် ခွန်ငါးတစ်ကောင် ထိုပင်လယ်ထဲ၌ ပေါ်လာလေသည်။

သူ၏ဘယ်လက်ရွှေရောင်လက်သီးကို လွှဲရမ်းလိုက်သည်နှင့် ခွန်ငါးသည် ပင်လယ်ထဲမှ ထွက်လာကာ ရွှေရာင်ပန်အဖြစ်သို့ ပြောင်းလဲသွားပြီး ယန်စွမ်းအင်များ ထုတ်လွှတ်လာသည်။

ခွန်မှပန်ပြောင်းလဲခြင်းမှာ ယင်ယန်ပြောင်းလဲခြင်းပင်။ ဤသည်မှာ လောကကြီး၏ အခြေခံအကျဆုံးနှင့် ကြောက်စရာအကောင်းဆုံး စွမ်းအင်များ ပါဝင်သည်ပင်။

ရှီဟောင်၏လက်မှ တံဆိပ်တစ်ခုဖြစ်ပေါ်လာကာ အနက်ရောင်နှင့် ရွှေရောင်အလင်းများ ထုတ်လွှတ်လာလေ၏။ ယင်နှင့်ယန်စွမ်းအင်များမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တိုက်စားသွားကာ ကောင်းကင်ကြီးကိုပင် ပြိုကျအောင် လုပ်လိုက်လေသည်။

ဖုန်း…

ဤစွမ်းအားလှိုင်းမှာ ပြင်းထန်လွန်းလှကာ ဝမ်ရှီးကိုပင် နောက်ဆုတ်သွားစေသည်။ သူမသည် ရှုပ်ထွေးမှုဖြေရှင်းခြင်းပညာကို အသုံးပြုထားသော်လည်း အသာစီးမရခဲ့ပေ။

ယခင်ကဆိုလျှင် ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာထွက်ပေါ်လာသည်နှင့် ရန်သာအားလုံး ဖိနှိပ်ခံရမည်ပင်။ ဤပညာကို တားဆီးနိုင်သည့် အဖိုးတန်ပညာသိပ်မရှိပေ။

“ခွန်ပန်ပညာပဲ..”

“သူက..” အားလုံး ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့်ပညာမျိုးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ ထို့အပြင် ဤအဆင့်ထိရောက်အောင်ပင် အဆင့်မြင့်သွားလေပြီ။

ဒုန်း..

ရှီဟောင် လက်သီးကို ဝေ့ရမ်းကာ အမှောင်ထုထာဝရဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“အမ်..”

ဝမ်ရှီး ထိတ်လန့်သွားရ၏။ ထာဝရရွှေပါဝင်သည့်ဓားရိုးသည် ရှီဟောင်အား ဒဏ်ရာရအောင် မလုပ်နိုင်ပေ။ ရှီဟောင်၏လက်များတွင် ယင်နှင့်ယန် ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်နေလေသည်။ မရိြှခင်းမှ အစစ်အမှန်သို့ ပြောင်းလဲသွားပြီးနောက် အစစ်အမှန်မှ မရိြှခင်းသို့ ပြန်လည်ပြောင်းလဲနေသည်။ လက်နက်များမှာ သူ့အားဒဏ်ရာရအောင် မလုပ်နိုင်ပေ။

“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ..”

ဝမ်ရှီးနောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး လူသားပုံစံပုံရိပ်နှင့်အတူ ကောင်းကင်ကြီးကို လွှမ်းခြုံသွားနိုင်သည့် စွမ်းအားများ ထွက်ပေါ်လာလေ၏။

ဤကဲ့သို့သော ပြောင်းလဲမှုမှာ ရှီဟောင်ကိုပင် ထိတ်လန့်သွားစေသည်ပင်။ ဤသည်မှာ ထာဝရတာအိုဟုခေါ်သည့် ခွန်အားပင်။ ထာဝရစွမ်းအင်များမှာ အဆက်မပြတ်ပင် ထွက်ပေါ်လာလေသည်။

ရှီဟောင်သည် လေထဲတွင် ခွန်ပန်တံဆိပ်ကို ပြုလုပ်လိုက်ပြီး အောက်ဘက်သို့ ဆက်တိုက်ရိုက်ချလိုက်သည်။ သူတို့နှစ်ဦးကြားတွင် ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပေါ်လာလေပြီ။

ခဏကြာပြီးသည့်နောက်တွင် သူတို့သည် လျှပ်စီးအလင်းတန်းနှစ်ခုကဲ့သို့ တကူတကွပြေးလာကြကာ တိုက်ခိုက်ကြသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီးမှနေ၍ တိုက်ခိုက်ပြီးနောက် သူတို့ ကျောက်တုံးမီးဖိုပေါ်သို့ ပြန်ရောက်လာကြသည်။

ဖုန်း..

“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ .. ရှေးခေတ်ကတည်းက စွမ်းအားအကြီးဆုံး ဓားပညာတစ်ခု ဖြစ်ထိုက်တယ် .. သူက ဒီပညာကို ပြင်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. ထာဝရစစ်မြေပြင်မှာ ငါတို့နဲ့ တိုက်တုန်းကတောင်မှ သူဒီပညာကို မသုံးခဲ့ဘူး .. ကောင်းကောင်းဖုံးကွယ်ထားတာပဲ..” မင်းသမီးယောင်ယွဲ့ ပြောလိုက်သည်။

“အဲဒီတုန်းက သူကျင့်ကြံတာ မအောင်မြင်သေးလို့ ဖြစ်နိုင်တယ် .. အခုတလောမှ အောင်မြင်သွားတာ .. အဲဒါကြောင့်မို့လို့ သူဒီမှာ သူသေကိုယ်သေ တိုက်ချင်နေတာ..” ရွှမ်ခွန်ပြောလိုက်သည်။

“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာက တကယ်ကို တစ်ခုခုပဲ .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စွမ်းအားကို စုတ်ယူပြီးတော့ အဖိုးတန်ပညာတွေကနေ ဖြစ်လာတဲ့ ကောင်းကင်ပညာပဲ..” သရဖူ ၁၀ ခုဘုရင် သက်ပြင်းချ၍ ပြောလိုက်သည်။

အပြင်ဘက်လောကတွင်လည်း ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရှိသည်ပင်။ သို့သော်လည်း ဝမ်မိသားစုမှပညာနှင့် နည်းနည်းမျှပင် မဆိုင်ပေ။ ဤသည်မှာ ပြိုင်ဘက်ကင်းကာ နက်နဲလှသည့်ပညာတစ်ခုပင်။ အပြင်ဘက်တွင်ရှိနေသည့်ပညာများမှာ ပျက်စီးနေသည့်အပိုင်းအစများပင်။

တစ်ချိန်တည်းမှာပင် အားလုံး ရှီဟောင်အား ကြည့်လာကြသည်။ ဤကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင် ခွန်ပန်ပညာသိသည့်သူမှာ ထိုလေးယောက်ထက် မပိုတော့ပေ။

“သူများလား..” သရဖူ ၁၀ ခုဘုရင်၏မျက်ဝန်းများ တောက်ပလာသည်။

“သူက ယွမ်ချင်းဖမ်းခံရပြီးတော့ မူလရှေးဟောင်းမိုင်းတွင်းကို အပို့ခံရပြီးတော့ အဲဒီမှာပဲ သေသွားပြီမဟုတ်ဘူးလား..” မင်းသမီးယောင်ယွဲ့၏မျက်ဝန်းများလည်း တောက်ပသွားသည်ပင်။

ယခုအချိန်တွင် လူများစွာမှာ အဆင့်နိမ့်နယ်မြေမှ လူငယ်လေးကို တွေးမိသွားကြသည်ပင်။ သူတကယ်မသေသေးတာလား..

အားလုံးမှာ ခဏနေလျှင် အတည်ပြုပြီးသားဖြစ်တော့မည်ပင်။

ချင်းရီမှာ စိတ်တည်ငြိမ်အောင် လုပ်နိုင်ရန် ခက်ခဲနေသည်။ အဲဒီလူ တကယ်မသေသေးတာလား..

ထိုနှစ်ဦးမှာမူ ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေသည်။ ရှီဟောင်သည် လက်သီးတံဆိပ်များကို ပြုလုပ်နေပြီး ကောင်းကင်ဘုံကိုးခုကို ပေါက်ကွဲစေကာ မြေအောက်လောကကိုးခုကို တုန်ခါသွားစေသည်ပင်။ အချို့အချိန်များတွင် ယန်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး အချို့အချိန်များတွင် ယင်၏အနက်ရောင်မျြူများ ထွက်ပေါ်လာလေသည်။ သူသည် နတ်ဘုရားတစ်ပါးနှင့်တူသကဲ့သို့ နတ်ဆိုးတစ်ပါးနှင့်လည်း တူနေသည်ပင်။

ရှီဟောင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာမှာ တကယ်ကို အံ့အားသင့်စရာကောင်းလှသည်။

သူ၏လက်ရှိခွန်ပန်ပညာမှာ ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်ပြီး ရှေးဟောင်းစာများထဲတွင် မှတ်တမ်းတင်ထာသည့်အဆင့်သို့ ရောက်နေပြီကိုသူသိသည်။

သူတို့နှစ်ဦးသည် အဖိုးတန်ပညာများအသုံးပြုနေသော်လည်း ကောင်းကင်ပညာချင်းတိုက်ခိုက်သည်နှင့် ညီနေလေပြီ။

ဝမ်ရှီးသည် ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာကို အဆက်မပြတ်အသုံးပြုပြီးနောက် အခြား ရှေးဟောင်းကောင်းကင်ပညာတစ်ခုကို အသုံးပြုလာလေသည်။ တောက်ပသည့်အလင်းများမှာ ရှီဟောင်ရှိနေသည့်နေရာတစ်ဝိုက်ကို ဖုံးလွှမ်းသွားလေသည်။

“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း..”

ရှီဟောင် အော်ဟစ်လိုက်၏။ သူ၏လက်များမှာ တံဆိပ်များ ဆက်တိုက်ဖြစ်ပေါ်နေပြီး သူသိထားသည့် ကောင်းကင်ပညာကို ဆက်တိုက်ပင် အသက်သွင်းနေလေသည်။ ဤသည်မှာ ဤနေရာတွင်ရှိနေသည့်သူများကို ချက်ချင်းဆွံ့အသွားစေသည်ပင်။

“အဆင့်လွန်ခန်းမရဲ့ ပြိုင်ဘက်ကင်းကောင်းကင်ပညာက သူ့ခန္ဓာကိုယ်မှာ ပေါ်လာတယ်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တိုက်ခိုက်နေသည့် ဝမ်ရှီးဖြစ်စေ အဝေးတွင်ရပ်နေသည့် မင်းသမီးယောင်ယွဲ့၊ ရွှမ်ခွန်နှင့်အခြားသူများဖြစ်စေ အားလုံး ထိတ်လန့်သွားကာ အမူအရာများ ပြောင်းလဲသွားသည်ပင်။

မိုတောင်နှင့် တိုက်ခိုက်နေသည့် လုထော်ပင်လျှင် အတော်လေး တုန်လှုပ်သွားရသည်။

ကောင်းကင်ပညာများ တိုက်ခိုက်ပြီးသည့်နောက်တွင် အရာအားလုံး တိတ်ဆိတ်သွားသည်။

သူတို့နှစ်ဦးလုံး နောက်ဆုတ်သွားသော်လည်း ထိုအချိန်တွင် မိုးမခသစ်ကိုင်းများ တိတ်တဆိတ်ပင် ထွက်ပေါ်လာကာ ဝမ်ရှီးအား ဖုံးအုပ်လာလေ၏။

ဤသည်မှာ လေဟာနယ်မှ ရောက်လာခြင်းဖြစ်ပြီး ရုတ်တရက်ဆန်လွန်းလှသည်ပင်။

ဝမ်ရှီးသည် ဓားကိုလွှဲရမ်းကာ ဤသစ်ကိုင်းများအား ဖြတ်တောက်ချင်သော်လည်း သူမလိုချင်သလို ဖြစ်မလာခဲ့ပေ။ ဤသစ်ကိုင်းများမှာ မာကျောလွန်းလှပြီး အချို့သစ်ကိုင်းများမှာ သူမခန္ဓာကိုယ်ကိုပင် ဖုံးအုပ်နေလေပြီ။

“င့ါအတွက် ချိုးဖျက်ပေး..” ဝမ်ရှီးအော်ဟစ်လိုက်သည်။ သူမတစ်ကိုယ်လုံး လောင်ကျွမ်းလာပြီး နတ်ခွန်အားများလည်း ထွက်ပေါ်လာသည်။ မိုးမခသစ်ကိုင်းများကို ဖြတ်တောက်ရန် သူမလက်ထဲမှာ အမှောင်ထုထာဝရဓားလည်း လှုပ်ရှားလာသည်ပင်။

“မင်း ဒီသစ်ကိုင်းတွေကို ဖျက်လို့မရဘူး..” ရှီဟောင်ပြောလိုက်၏။ ထိုသစ်ကိုင်းများပေါ်တွင် သင်္ကေတများ တစ်ခုပြီးတစ်ခု ပေါ်လာကာ ဝမ်ရှီးအား တင်းကြပ်အောင် ချည်နှောင်လိုက်ကာ လေထဲတွင် ဖမ်းထားလိုက်လေ၏။

အားလုံး ဆွံ့အသွားရသည်။ ဝမ်ရှီး အဖမ်းခံလိုက်ရတာလား .. ငါတို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာလား..

အပိုင်း ၁၃၆၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၃ – နတ်သမီးအား ဖမ်းဆီးခြင်း

ရွှေရောင်မိုးမခသစ်ကိုင်းများမှ သတ္တုသံများထွက်ပေါ်နေလေသည်။ ဤမိုးမခသစ်ကိုင်းများသည် ချိန်ကြိုးများကဲ့သို့ပင် ဝမ်ရှီး၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ ရစ်ပတ်ထားလေ၏။

“ချိုးဖျက်မယ်..” ဝမ်ရှီး တီးတိုးအော်လိုက်သည်။ သူမ၏လှပသည့်ဆံနွယ်များ လွင့်ပျံနေလေပြီ။ သူမသည် ဤသစ်ကိုင်းများမှ လွတ်အောင်ရုန်းကန်နေသလို သူမလက်ထဲတွင်ရှိနေသည့် အမှောင်ထာဝရဓားမှလည်း မီးပွားများတစ်တန်းပြီးတစ်တန်း ထွက်ပေါ်နေလေသည်။

သူမသည် ဤမိုးမခသစ်ကိုင်းများကို ဖြတ်ပစ်ချင်သော်လည်း သစ်ကိုင်းများမှာ ပို၍ပင် တင်းကြပ်လာသည်။

အမှောင်ထုထာဝရဓားသည် သစ်ကိုင်းတစ်ချို့ကို ဖြတ်တောက်လိုက်သော်လည်း ထိုနေရာတွင် သစ်ကိုင်းသစ်များ လျင်မြန်စွာ ပြန်ပြည့်သွားလေသည်။ ဤရွှေရောင်မိုးမခသစ်ကိုင်းများတွင် စွမ်းအားကြီးသည့် အသက်ဓာတ်တစ်မျိုးရှိနေသည်ပင်။

“ဝမ်ရှီး အဖမ်းခံလိုက်ရပြီ ..” အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ ထို့နောက် ဘာဆက်ပြောရမလဲ သူတို့မသိကြတော့ပေ။

အားလုံး ထိတ်လန့်သွားကြသည်ပင်။ ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသည့် သက်ရှည်မိသားစုမှ မမလေးပင်။ သူမ၏ တိုက်ခိုက်နိုင်သည့်ခွန်အားမှာ ပြိုင်ဘက်ကင်းသော်လည်း ယနေ့တော့ ဤကဲ့သို့ အဖမ်းခံလိုက်ရလေပြီ။

ဝုန်း..

လီမီးတောက်များ ထွက်ပေါ်လာလေ၏။ ဝမ်ရှီး၏ဖြူဖွေးလှသည့် အရေပြား တစ်လက်မစီတိုင်းမှ အလင်းမီးတောက်များ ထွက်ပေါ်လာပြီး မိုးမခသစ်ကိုင်းများကို တစ်ခုပြီးတစ်ခု မီးရှို့ပစ်နေလေသည်။

ခဏကြာပြီးသည့်နောက်တွင် သူမမီးထဲမြှုပ်သွားလေ၏။

ထိုအချိန်တွင် ရှီဟောင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ပြီး သူမကို ဖမ်းရန်အတွက် တရှိန်ထိုး ပြေးလာနေလေပြီ။

ဝမ်ရှီးသည်လည်း သာမန်လူမဟုတ်ပေ။ သူမ၏ခန္ဓာကိုယ်မှာ ယာယီထိန်းချုပ်ခံလိုက်ရသော်လည်း သူမသည် လေဟာနယ်ကို ထိုးဖောက်ကာ ထွက်ပြေးသွားလေသည်။

ယခုအချိန်တွင် သူမညာလက်လည်း ဖမ်းခံလိုက်ရပြီဖြစ်သောကြောင့် သူမသည် အမှောင်ထုထာဝရဓားကို မူလဝိညာဉ်ဖြင့် ထိန်းချုပ်ကာ သစ်ကိုင်းများ ဖြတ်စေလေသည်။ တစ်ချိန်တည်းမှာပင် သူမနောက်တွင်ရှိနေသည့် ရန်သူကိုလည်း ခုခံနေလေ၏။

သို့သော် ဤသည်မှာ ရှီဟောင်ကို မတားဆီးနိုင်သေးပေ။ သူမသည် ဖမ်းခံထားရသောကြောင့် သူမ၏တိုက်ခိုက်နိုင်စွမ်း ပျောက်ကွယ်သွားလေပြီ။

ဝုန်း..

ထိုအချိန်တွင် ဝမ်ရှီးပတ်လည်၌ ပုံရိပ် ၁၀ ခုပေါ်လာသည်။ ဤသည်များမှာ သူမ၏ဝိညာဉ်ကိုယ်ပွားများပင်။ ထိုထဲတွင် ဇာမဏီငှက်၊ ရွှေရောင်ကျီးကန်း၊ ခေါင်းကိုးလုံးမြွေနှင့် စွမ်းအားကြီးသည့်နတ်ငှက်မျိုးစုံ ပါဝင်သလို လူသားပုံစံများလည်း ပါဝင်သည်ပင်။ ဤသည်မှာ ကောင်းကင်လမ်းကြောင်း ၁၀ ခုအတွင်းတွင် နေထိုင်နေသည့် ဝိညာဉ်ကိုယ်ပွားများပင်။ ယခုအချိန်တွင်တော့ ဤကိုယ်ပွားများအားလုံး ရှီဟောင်ထံသို့ ဒေါသတကြီး ထွက်သွားကြလေသည်။

“ဝမ်ရှီးက ဒီအခြေအနေထိရောက်အောင် ဖိအားပေးခံလိုက်ရပြီ .. သူ့ရဲ့ဝိညာဉ်ကိုယ်ပွားတွေကို သုံးဖို့ကလွဲပြီး တကယ်ကို တစ်ခြားနည်းလမ်းမရှိတော့ဘူး..”

“ပါရမီရှင်အမျိုးသမီးတစ်ဦးက တစ်ချိန်တုန်းက သူ့နောက်လိုက်ခဲ့တဲ့သူ ဖမ်းတာခံရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး … အဲဒီလူက သူ့ကျွန်တောင် ဖြစ်လာတော့မယ်လူ .. ဒါက တကယ်ကို လူကို ဆွံ့အသွားစေတာပဲ..”

ဤဝိညာဉ်ကိုယ်ပွားများမှာ အခြေအနေအား မပြောင်းလဲနိုင်သည်ကို အားလုံးသိကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူတွင်လည်း ဝိညာဉ်ကိုယ်ပွားများရှိနေသည်ပင်။ ဤသည်မှာ ဝမ်ရှီး စိတ်ဓာတ်ပျက်ပြားနေပြီဟု ဆိုလိုခြင်းပင်။

ဒါက ဒီမာနကြီးတဲ့အမျိုးသမီး ပထမဆုံးအကြိမ် အဖမ်းခံလိုက်ရတာ ဟုတ်တယ်မလား.. အားလုံး သက်ပြင်းချလိုက်ကြသည်။

ရှီဟောင် ရယ်မောလိုက်၏။ သူ၏ခန္ဓာကိုယ်လှုပ်ရှားသွားသော်လည်း အခြားသူများကဲ့သို့ ကောင်းကင်လမ်းကြောင်း ၁၀ ခု ထွက်မလာပေ။ တောက်ပသည့်အလင်းလုံးတစ်လုံးသာ ထွက်ပေါ်လာလေ၏။ သို့သော်လည်း ထိုအလင်းလုံးမှ သက်ရှိများစွာ ပြေးထွက်လာကြလေသည်။

“ခွန်ပန်လား..” အချို့လူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“လူသားပုံစံလျှပ်စီး..”

“မိုးမခသစ်ပင်..”

ထိတ်လန့်တကြား အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာလေသည်။

လူငယ်လေး ခွန်ပန်ပညာကို အသုံးပြုပြီး မိုးမခနတ်ဘုရား၏ အဖိုးတန်ပညာကို အသက်သွင်းလိုက်ကတည်းက အားလုံး သံသယဝင်နေပြီးသားပင်။ ယခု ဤပညာအား အသုံးပြုလိုက်သည့်အချိန်တွင် သူတို့သံသယမှာ အတည်ပြုပြီးသားဖြစ်သွားလေပြီ။

အဘယ်ကြောင့်ဆိုသော် ရှီဟောင် ဝိညာဉ်ကိုယ်ပွားများ ထုတ်လွှတ်လိုက်သောကြောင့်ပင်။ ထိုဝိညာဉ်ကိုယ်ပွားများတွင် သူကျွမ်းကျင်သူသည့် အဖိုးတန်ပညာများပါဝင်နေသည်ပင်။ ထို့ကြောင့် သူမည်သူဖြစ်သည်ဆိုသည်လည်း ပေါ်သွားလေပြီ။

ဝုန်း..

တစ်ဖက်လူ၏ ဝိညာဉ်ကိုယ်ပွားများကို ရင်ဆိုင်ရန်အတွက် ရှီဟောင်၏ဝိညာဉ်ကိုယ်ပွားများ လှုပ်ရှားလာကြသည်။

ရှီဟောင်၏ကိုယ်ပွားတစ်ခုစီတိုင်းတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်စွမ်းရည်တစ်ခုစီ ပိုင်ဆိုင်ထားကြသည်ပင်။ ယခုကဲ့သို့ စုပေါင်းတိုက်ခိုက်လိုက်သည့်အချိန်တွင် စွမ်းအားမှာ နှိုင်းယှဉ်၍မရနိုင်အောင် ဖြစ်သွားလေပြီ။

ဤနေရာတွင် ဆူညံသံများ ထွက်ပေါ်လာသည်။

“သူက ဟွမ်ပဲ .. သူမသေသေးဘူး .. သူက ငါတို့ ကောင်းကင်နတ်ဘုရားကျောင်းကို ရောက်လာပြီ..”

“ယွမ်ချင်းက သူ့ကို မူလရှေးဟောင်းမိုင်းတွင်းကို ပို့လိုက်တာမဟုတ်ဘူးလား .. ပြောတော့ သူ မိုင်းတွင်းထဲမှာ သေသွားပြီဆို .. ဘယ်လိုလုပ်ပြီး ဒီမှာ ပြန်ပေါ်လာတာလဲ..”

“ဘုရားရေ .. သူကဟွမ်ဖြစ်နေတာပဲ .. သူက အဆင့်နိမ့်နယ်မြေက ရှီဟောင်လို့ခေါ်တဲ့လူငယ်လေးပဲ .. နောက်ဆုံးတော့ သက်သေရသွားပြီ .. ငါမပြောဘူးလား .. စွမ်းအားကြီးတဲ့လူငယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ပေါ်လာနိင်မှာလဲ..”

ဆူညံသံများ ချက်ချင်းပင် ထွက်ပေါ်လာလေပြီ။ ဤလူများသည် တိုက်ပွဲအား စိတ်လှုပ်ရှားစွာ ကြည့်လာကြလေ၏။

ဝမ်ရှီးဖမ်းခံရတော့မည်။ ဤသည်မှာ ဝမ်မိသားစုအတွက် အလွန်ဆိုးရွားသည့်အရာပင်။ ဤသည်မှာ ကလန်မှ အထူးချွန်ဆုံး တပည့်ဖြစ်သည့်အပြင် ဤလူငယ်လေးမှာ ယခင်က သူတို့အား ခုခံကာ သူတို့အား ခက်ခဲသည့်အခြေအနေရောက်အောင် တွန်းပို့ခဲ့သည့်သူပင်။ ထို့အပြင် ထိုတုန်းက သူနှင့် ဝမ်ရှီး၏ကောလဟာလများပင် ပျံ့သွားခဲ့သေးသည်။

ဤလူငယ်လေး၏ ဖမ်းဆီးခြင်းခံရသည်မှာ ဝမ်ရှီးနှင့် ဝမ်မိသားစုအတွက် သေချာပေါက် ကောင်းသည့်အရာတစ်ခု မဟုတ်ပေ။

ဖုန်း..

လေဟာနယ်ထဲရှိ တိုက်ပွဲမှာ ပြင်းထန်နေသည်ပင်။ အချို့ပုံရိပ်များ ပေါက်ကွဲနေလေပြီ။ ဝမ်ရှီး၏ ဝိညာဉ်ကိုယ်ပွားနှစ်ခုမှာ ပြင်းထန်သည့်ဒဏ်ရာများရရှိသွားလေပြီ။ အားလုံးမျှော်လင့်ထားသည့် အဆုံးသတ်ကြီး ရောက်ရှိလာတော့မည်။

ရုတ်တရက်ပင် ရှီဟောင်အပါအဝင် လူအားလုံး ပြောပြ၍မရနိုင်သည့် ဖိအားတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ ရှီဟောင်သည် လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်လေသည်။

ဝမ်ရှီး၏ မျက်ခုံးကြားမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရှီဟောင်အား တိုက်ခိုက်လာသည်။ ဤဓားအလင်းတန်းမှာ မြန်ဆန်လွန်းလှပြီး တောက်ပသည့်အလင်းများကို ထုတ်လွှတ်နေလေသည်။

“အဲဒါက ဘာကြီးလဲ..”

“ဝမ်ရှီးရဲ့ မူလဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်လာတာလား..”

“ဘုရားရေ .. ဒီဓားစွမ်းအင်က ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းနေရတာလဲ .. ဒါက ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာထက်တောင် ကြောက်စရာကောင်းနေသေးတယ် .. သူဘယ်လို လုပ်ထားတာလဲ..”

လူများစွာ အံ့အားတကြီး အော်ဟစ်လိုက်ကြ၏။ ယခုအချိန်တွင် ဝမ်ရှီး၏ခန္ဓာကိုယ် မလှုပ်ရှားတော့ပေ။ သို့သော် သူမ၏မျက်ခုံးကြားတွင် သူမခန္ဓာကိုယ်မှ ထွက်လာသည့် နတ်သက်တံ့တစ်ခုရှိနေသည်။

ဤသည်မှာ ဝမ်ရှီး၏မူလဝိညာဉ်ဖြစ်ကြောင်း လူအချို့သာ မြင်နိုင်ခြင်းပင်။ သူမနှင့် တစ်ပုံစံတည်းတူသည့် အမျိုးသမီးလေးသည် လက်သီးအရွယ်အစားခန့်သာရှိသည်။ ထိုပုံရိပ်လေး၏ လက်ထဲတွင် လက်ညှိုးတစ်ချောင်းစာအရွယ်အသားရှိသည့် အနက်ရောင်ဓားလေးကို ကိုင်ထားလေသည်။ ထိုပုံရိပ်လေးသည် အဆုံးမရှိသည့်အလင်းတန်းများထုတ်လွှတ်ကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာနေလေသည်။

ဤကဲ့သို့သော မြင်ကွင်းမှာ အလွန်ထူးဆန်းလှသည်ပင်။

အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်လေးသည် မူလဝိညာဉ်ဖြစ်သော်လည်း မူလဝိညာဉ်စွမ်းအားစီးဆင်းနေခြင်းမရှိပဲ ဓားစွမ်းအင်စီးဆင်းနေလေသည်။

မူလဝိညာဉ်စွမ်းအားက ဘယ်လိုလုပ် ဓားစွမ်းအားပြောင်းသွားတာလဲ

အားလုံး တုန်လှုပ်သွားရသည်ပင်။

“ဒါက ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာမဟုတ်ဘူး .. ပိုပြီးအားကောင်းတဲ့ပညာတစ်ခုပဲ .. ဒါက ဘယ်လိုမျိုး ဓားပညာလဲ..”

“မဟုတ်ဘူး .. ဒါက ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာပဲ .. အနက်နဲဆုံးအခြေအနေရောက်အောင် ပြောင်းလဲထားတဲ့ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ .. မူလဝိညာဉ်ကို ဓားဖြစ်အောင် ပြောင်းထားတာ..”

“ဘုရားရေ .. ဒီမိန်းကလေး ဒါကို ဘယ်လိုလုပ် ပြောင်းနိုင်တာလဲ .. ဒါက လန့်စရာကောင်းလွန်းတယ် .. သူ့လက်ထဲမှာရှိတဲ့ အနက်ရောင်ဓားသေးသေးလေးကိုမြင်လား .. အဲဒါက အမှောင်ထုထာဝရဓားနဲ့အတူတူပဲ .. အဲဒါကို မူလဝိညာဉ်နဲ့လုပ်ထားတာ .. အဲဒီအမျိုးသမီးပုံရိပ်လေးပျောက်သွားရင် သူ့ရဲ့မူလဝိညာဉ်က လုံးဝကို ဓားရိုးအဖြစ်ပြောင်းသွားတော့မှာ .. ဒါကလုံးဝကို ပြိုင်ဘက်ကင်းတဲ့အဆင့်ကို ရောက်သွားပြီ..”

အားလုံး ထိတ်လန့်သွားရသည်။ မူလဝိညာဉ်ကို ဓားအဖြစ်ပြောင်းခြင်းမှာ ရှေးယခင်ကတည်းက ဖြစ်လေ့ဖြစ်ထမရှိသည့် အရာတစ်ခုပင်။ အထူးသဖြင့် သူမအသက်အရွယ်တွင် လုံးဝမကြားဖူးသည့် အရာတစ်ခုပင်။

သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်မျိုးကို ခံစားလိုက်ရသောကြောင့် ရှီဟောင် ဆံပင်မွေးများ ထောင်ထလာသည်။ ထိုမူလဝိညာဉ်ပြေးထွက်လာသည့်အချိန်တွင် နတ်ဘုရားများနှင့် နတ်ဆိုးများကိုပင် လဲကျစေနိုင်သည်ပင်။

သူလျင်မြန်စွာ ရှောင်တိမ်းလိုက်သောကြောင့်သာမဟုတ်ပါက သူထိုးဖောက်ခံရလောက်လေပြီ။

ဤကဲ့သို့သော ဓားမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။ လေဟာနယ်မှ တိုက်ခိုက်လာခြင်းဖြစ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်နေသည်ပင်။ ပို၍အရေးကြီးည်မှာ သူမသည် လျင်မြန်လွန်းလှကာ ရှောင်းတိမ်းနိုင်ရန် ခက်ခဲလှသည်။

သူ ခွန်ပန်နတ်အတောင်ပံများကို လှုပ်ခတ်ပြီး ချက်ချင်းရှောင်လိုက်သောကြောင့်သာမဟုတ်ပါက ထိုမူလဝိညာဉ်ဓားကြောင့် သူ့ခေါင်း ပြတ်သွားလောက်လေပြီ။

ဤသည်မှာ လန့်စရာကောင်းလွန်းလှသည်။

ရှီဟောင်သည် ပုံရိပ်ယောင်များကို တစ်ခုပြီးတစ်ခု ချန်ထားရစ်ကာ စတင်လှုပ်ရှားလာသည်။

အနက်ရောင်ပုံရိပ်ယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။ ဤသည်မှာ ကောင်းကင်မျက်လုံးများဖြင့် ဖမ်း၍မရနိုင်လောက်အောင်ပင် လျင်မြန်လွန်းလှသည်။ ဤသည်မှာ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာ၏ မူလဓားသွားပင်။ ဤသည်မှာ ဖမ်းဆီး၍မရနိုင်သည့်ပုံစံဖြင့် သတ်ဖြတ်ခြင်းပင်။

ဒုန်း..

နေရာတိုင်းတွင် မီးပွားများ လွင့်စင်ထွက်လာပြီး နားစည်ကွဲလောက်သည့် ဆူညံသံများလည်း ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်သည် ရှောင်ရှားခြင်းမရှိတော့ပဲ ရပ်တန့်လိုက်လေ၏။

“သွားပြီ .. ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရဲ့ အရှိန်က တော်တော်လေးကို မြန်တယ် .. သူရပ်လိုက်တာနဲ့ သူရှောင်နိုင်မှာမဟုတ်တော့ဘူး .. ခုခံလိုက်တာနဲ့ ချက်ချင်းအသတ်ခံရမှာပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

“ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာက တကယ်ကို နက်နဲတာပဲ..” အချို့လူများ သဘောတူလိုက်ကြသည်။

ဒုန်း..

သူတို့နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။ ယခုအချိန်တွင်တော့ ရှီဟောင်စိတ်တိုနေလေပြီ။ သူသည် လက်သီးတံဆိပ်များကို ပြုလုပ်ကာ ထိုမူလဝိညာဉ်ဓားသွားနှင့် တိုက်ခိုက်နေလေ၏။

“ဘာလဲ .. သူက ဘယ်လိုလက်သီးတံဆိပ်မျိုးကို သုံးနေတာလဲ .. သူက ဝမ်ရှီးရဲ့အရှိန်ကို ထိန်းနိုင်ပြီးတော့ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရဲ့ မူလဝိညာဉ်ကို လှုပ်ခါစေနိုင်တာလား..” လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

သိထားရမည်မှာ မူလဝိညာဉ်ဓားစွမ်းအားမှာ ထင်ထားသည်ထက်ပို၍ စွမ်းအားကြီးသည်ပင်။ ဤပညာကို အသက်သွင်းလိုက်သည်နှင့် အဆင့်တူသည့်ရန်သူအားလုံး ရှုံးနိမ့်သွားမည်ပင်။

“သူက ခွန်ပန်ပညာကို တစ်ခြားပညာတွေနဲ့ ပေါင်းလိုက်တာ .. ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရဲ့ မူလဝိညာဉ်ဓားကို ရပ်တန့်ဖို့အတွက် သူ့ရဲ့ အလိုလိုသိစိတ်ပေါ် မှီခိုလိုက်တာ..”

အားလုံး တုန်လှုပ်သွားရသည်။

ယခု သူတို့ဝမ်ရှီး၏ မူလဝိညာဉ်ဓားကို မမြင်ရတော့ပေ။ သူတို့၏ ကောင်းကင်မျက်လုံးများကို အသုံးပြုလျှင်ပင် ပုံရိပ်ယောင်အချို့ကိုသာ မြင်ရပြီး သူတို့၏ခန္ဓာကိုယ် အစစ်အား မမြင်ရပေ။

မင်းသမီးယောင်ယွဲ့နှင့် အခြားသူများ၏အမူအရာများ ပျက်ယွင်းနေကြလေပြီ။ လက်ရှိဝမ်ရှီးမှာ ကြောက်စရာကောင်းလှသည်ပင်။ လူဘယ်နှယောက်ကများ သူမ ခွန်အားကို ယှဉ်နိုင်မည်နည်း

ဝုန်း..

ရုတ်တရက်ပင် ရှီဟောင် တစ်ကိုယ်လုံး တောက်ပပလာပြီး သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အဆင့်လွန်သွေးများ အသက်ဝင်လာကာ အဖိုးတန်ပညာသုံးခုအား ပြသလာလေ၏။

ကောင်းကင်အတိဒုက္ခအလင်း၊ ပြန်လည်ဝင်စားခြင်းနှင့် အမည်မသိ တတိယမြောက် နတ်စွမ်းရည်တို့၏ သင်္ကေတများသည် သူ၏ခန္ဓာကိုယ်ရှိသွေးများထဲတွင် လှုပ်ရှားလာကြကာ သူ့တစ်ကိုယ်လုံး တောက်ပသွားအောင် ပြုလုပ်လိုက်ကြလေသည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ် အဆုံးမရှိသည့်အလင်းတန်းများထွက်ပေါ်လာပြီး လောကကြီးတစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။ အဖိုးတန်ပညာများလည်း နေရာအနှံ့ကို လွှမ်းခြုံသွားလေတော့သည်။

အပိုင်း ၁၃၆၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အခန်း ၁၃၆၄ – ပုံစံအမှန်နှင့် တွေ့ဆုံခြင်း

ထိတ်လန့်တကြားအော်သံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုဓားသွားသည် ရပ်တန့်သွားကာ အရောင်မှိန်သွားသောကြောင့် သူမထိတ်လန့်သွားရသည်။

မူလဝိညာဉ်ဓားသည် ရပ်တန့်နိုင်သည့်အရာတစ်ခုမဟုတ်ပေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ထိခိုက်သွားရသနည်း .. ဝမ်ရှီး စိတ်ရှုပ်ထွေးကာ အနည်းငယ် ထိတ်လန့်လာရသည်။

ရှီဟောင်လည်း ထိတ်လန့်သွားသည်ပင်။ သာမန်လူသာဆိုပါက သူတို့အသက်ကြီးသွားလေပြီ။ သူတို့က ဘယ်လိုလုပ် ပြန်လည်ဝင်စားခြင်းစွမ်းအားကို ခုခံမည်နိုင်နည်း .. အထူးသဖြင့် သူသည် တတိယမြောက် အဖိုးတန်ပညာကိုပင် ထပ်ပေါင်းထည့်ထားသောကြောင့် စွမ်းအားမှာ ပို၍ကြီးမားသည်ပင်။

သို့သော် ဝမ်ရှီး၏ မူလဝိညာဉ်သည် အသက်ကြီးမသွားပဲ ထိုဝိညာဉ်လက်ထဲတွင်ရှိနေသည့် ဓားသာ ပျက်စီးသွားလေသည်။

ဝမ်ရှီး ဤတိုက်ခိုက်မှုကို ထိပ်တိုက် မတိုက်ရဲတော့ပဲ သူမ၏ခန္ဓာကိုယ်ရှိရာသို့ လျင်မြန်စွာ ပျံသန်းလာလေ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ မူလဝိညာဉ်သည် ဓားသွားနှင့် လုံးဝမပေါင်းရသေးသာကြောင့် ပညာအားလုံးကို ခံနိုင်ရည်မရှိသေးပေ။ သူမသာ နည်းနည်းနောက်ကျသွားလျှင် ကံဆိုးမှုများဖြစ်လာလိမ့်မည်။

သူမ၏မူလဝိညာဉ် ဓားသွားနှင့် တစ်သားတည်းဖြစ်သွားသည့်အချိန်မှသာ သူမပြိုင်ဘက်ကင်းသည့်အခြေအနေသို့ ရောက်ရှိမည်ပင်။ ထိုအချိန်ကျလျှင်တော့ တစ်ဖက်လူ မည်သည့်ပညာသုံးသည်ကို သူမဂရုစိုက်ရန် မလိုတော့ပေ။

ဝုန်း..

အလင်းမိုးရွာကျကာ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ကောင်းကင်အလင်း၊ ပြန်လည်ဝင်စားခြင်းပညာနှင့် တတိယပညာတို့ အတူတကွ အသက်ဝင်လာကြကာ စွမ်းအင်များသည် တောတောင်နှင့်မြစ်များကိုပင် ဖုံးလွှမ်းသွားလေ၏။ စွမ်းအားများသည် ဝမ်ရှီး၏မူလဝိညာဉ်ကို လွှမ်းသွားသာကြောင့် သူမ၏မူလဝိညာဉ်ပင်လျှင် အနည်းငယ် အရောင်မှိန်သွားလေသည်။

ဒုန်း..

ထိုအမျိုးသမီးငယ်လေးည့် သူမ၏ဓားကို ဝေ့ရမ်းလိုက်လေသည်။ ထိုဓားသည် ရှီဟောင်၏ သင်္ကေတသုံးမျိုးအောက်တွင် အက်ကွဲလာကာ တစ်ပိုင်းပဲ့ထွက်သွားလေ၏။

သူမ၏မူလဝိညာဉ်ဒဏ်ရာရသွားသော်လည်း ထိုဒဏ်ရာကြောင့်ပင် သူမလွတ်မြောက်သွားကာ သူမခန္ဓာကိုယ်ထံသို့ ပြန်သွားနိုင်ခြင်းပင်။

ဓားဖြင့် တိုက်ခိုက်ခံလိုက်ရသောကြောင့်သာမဟုတ်ပါက ရှီဟောင် သူမခန္ဓာကိဒယ်အား တိုက်ခိုက်ရန် ကြိုးစားတော့မည်ပင်။ ယခုအချိန်တွင်တော့ သူသည် အခွင့်အရေးအား လက်လွတ်ခံမည်မဟုတ်ပေ။

ရွှီး..

နောက်ဆုံးတွင်တော့ ဝမ်ရှီး၏မူလဝိညာဉ်မှာ ခြေတစ်လှမ်းသာသွားကာ သူမခန္ဓာကိုယ်ထံသို့ ပြန်ရောက်သွားလေပြီ။

“နည်းနည်းလေးလိုသေးတယ် .. မူလဝိညာဉ်သာ လုံးဝဓားပုံစံပြောင်းသွားပြီဆိုတာနဲ့ ဒါက ပြိုင်ဘက်ကင်းတဲ့အခြေအနေကို ရောက်သွားမှာ .. အဲဒီအချိန်ကျရင် သူ့ရဲ့ပြိုင်ဘက်တွေက အသက်လုပြီး ပြေးရလိမ့်မယ်..” လူများစွာ သက်ပြင်းချ၍ ပြောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီဟောင်ရောက်လာကာ ဝမ်ရှီး၏ခန္ဓာကိုယ်အား ဖမ်းဆုတ်လိုက်လေသည်။

ရွှီး..

ဓားအလင်းများ ပျံသန်းလာကြသည်။ သို့သော်လည်း ဝမ်ရှီး၏ခန္ဓာကိုယ်သည် အရောင်မှိန်လာကာ သူမနှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေ၏။ သူမသည် အခြေအနေကို ပြောင်းပြန်လှန်နိုင်တော့ပဲ ရှီဟောင်၏ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။

သူမခန္ဓာကိုယ်ထက်တွင်ရှိနေသည့် မိုးမခသစ်ကိုင်းများသည် သူမခန္ဓာကိုယ်အား တင်းကြပ်စွာ ရစ်ပတ်လာကြသည်။ သူမ၏ဝတ်စုံပင်လျှင် ခန္ဓာကိုယ်နှင့် ဖိကပ်ခံထားရပြီး သူမ၏ကောက်ကြောင်းများ အပြည့်ပေါ်လာသည်ပင်။

ဝမ်ရှီး၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူမ၏မူလဝိညာဉ်ဓားဖြင့် ရှီဟောင်အား တိုက်ခိုက်လိုက်သည့်အချိန်၌ ရခဲ့သည့်ဒဏ်ရာများမှာ မသေးလှပေ။

“တာအိုရောင်းရင်း မင်းရှုံးသွားပြီ..” ရှီဟောင် ဝမ်ရှီးကို မလိုက်သည်။ ယခုအချိန်တွင် သူမသည် ငှက်ပျောထုတ်ကဲ့သို့ မိုးမခသစ်ကိုင်းများဖြင့် ရစ်ပတ်ခံထားရလေ၏။

ဝမ်ရှီးသည် ဒေါသထွက်သလို ရှက်လည်းရှက်နေသည်ပင်။ သူမ၏လက်ရှိပုံစံမှာ ဣန္ဒြမေဲ့လှသည်။ သူမသည် လူတစ်ယောက်လက်ထဲတွင် သယ်ထားခံရသောကြောင့် သူမထံတွင် ဘာအဆင့်အတန်းရှိတော့မည်နည်း .. သူမသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံထားရသည့် မိန်းကလေး၊ ဝမ်မိသားစု၏ပုလဲလုံးလေးပင်။ သို့သော်လည်းယခုတော့ သူမ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေလေပြီ။

သူမအားတာအိုရောင်းရင်းဟု ခေါ်ခြင်းမှာ သူမအား လှောင်ရယ်နေသလိုပင်။ ယခင်က သူမသည် ရှီဟောင်အား တာအိုရောင်းရင်းအဖြစ် ကျောင်းထဲသို့ ဖိတ်ခေါ်ခဲ့ကာ သူမနောက်သို့ လိုက်စေခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ကိစ္စများစွာဖြစ်ပျက်ခဲ့ကာ ရှီဟောင်နှင့် ဝမ်မိသားစုကြား ဆက်ဆ်ံရေး ပျက်ပြားသွားသည်။ သူမ၏ ဤတာအိုရောင်းရင်း မည်မျှစွမ်းအားကြီးသည်ကို သူမစမ်းကြည့်ချင်သော်လည်း ရလဒ်မှာ သူမအဖမ်းခံလိုက်ရသည်ပင်။

“ဝမ်ရှီး အဖမ်းခံလိုက်ရပြီ..”

“ဘုရားရေ .. င့ါနှလုံးသားထဲက အပြည့်စုံဆုံး နတ်သမီးက ဒီကောင်လက်ထဲ ရောက်သွားတာလား..”

“ဒါက သက်ရှည်မိသားစုရဲ့သမီး .. သူ့ရဲ့အဆင့်အတန်းက အရမ်းမြင့်တယ် .. အဲဒါကို သူက ဒီမှာ ရှုံးသွားခဲ့တယ်..”

ဤနေရာတွင်ဆူညံလာကာ ကျောက်မီးဖိုပေါ်တွင်ရှိနေသည့်သူများအားလုံး ကြည့်လာကြသည်ပင်။

ဝမ်ရှီးအတွက်တော့ ဤသည်မှာ ကောင်းကင်ကြီးပြိုကျသကဲ့သို့ပင်။

ရှီဟောင် သူမအားလွတ်ပေးလိုက်လျှင်ပင် ဤသတင်းပျံ့သွားသည့်အချိန်၌ အငြင်းပွားစရာများဖြစ်လာဦးမည်ပင်။

သူမသည် မူလဝိညာဉ်ဓားပညာအားကျင့်ကြံထားသောကြောင့် ရန်သူအားလုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားခြင်းပင်။ ဤကဲ့သို့သော ရှုံးနိမ့်မှုကြီးကို ခံစားရလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။ ဤရှုံးနိမ့်မှုမှာ သူမအား အတော်လေး တုန်လှုပ်သွားစေသည်ပင်။

တစ်ခဏခန့် ဆူညံသွားပြီးသည့်နောက် အားလုံးမှာ ရှီဟောင်၏ ပုံစံအမှန်ကို ထိတ်လန့်လာကြလေသည်။

ရှီဟောင်ထွက်ပေါ်လာခြင်းမှာ ဝမ်ရှီးအဖမ်းခံရသည်ထက် ပို၍ပင် အုတ်အော်သောင်းတင်းဖြစ်သွားစေသည်အထိပင်။

“ဒါက သေချာပေါက်ဟွမ်ပဲ .. ၂၀ ပတ်ချာလည်လောက်ပဲရှိဦးမှာ တကယ်ကို ငယ်ငယ်လေးပဲ .. အဲဒါတောင်မှ လောကကြီးကို တုန်လှုပ်စေနိုင်တဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားပြီးတော့ ထာဝရစွမ်းအင်သုံးကြောင်းကိုလည်း ပိုင်ဆိုင်ထားသေးတယ်..”

“တစ်ယောက်ယောက်က ယွဲ့ချင်ကို လုပ်ခိုင်းတာတောင်မှ သူ့ကိုတားလို့မရဘူး .. သူ ကောင်းကင်နတ်ဘုရားကျောင်းကို ရောက်အောင်လာတာပဲ .. ဒီလူငယ်လေးက တကယ်ကို ကောင်းကင်ကိုတွန်းလှန်နိုင်တဲ့ ထာဝရပါရမီရှင်လေးပဲ..”

ကျောက်တုံးမီးဖိုပေါ်တွင်ရပ်နေသည့် ရှီဟောင်၏ခန္ဓာကိုယ်မှ ပဲလှော်သကဲ့သို့ တဖောက်ဖောက်အသံများထွက်နေလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပို၍ရှည်လာကာ သူ၏ပုံပန်းသွင်ပြင်လည်း ပြောင်းလဲသွားသည်ပင်။ သူ၏ချောမောလှပသည့်မူလမျက်နှာ ပြန်ပေါ်လာလေပြီ။

ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းတွင် သူ၏ပုံစံအမှန်ကို ပထမဆုံးအကြိမ် ပြသခြင်းပင်။

ထိုအချိန်တွင် ထိတ်လန့်တကြားအော်ဟစ်သံများစွာ ထွက်ပေါ်လာလေသည်။

ချင်းရီသည် သူ့အား လက်ဝေ့ရမ်းပြလာလေ၏။

ယွဲ့ချန်မှာ ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားလေ၏။ “သူဖြစ်နေတာလား..”

“ဒါကဟွမ်လား .. သူက တော်တော်ခန့်ညားတာပဲ .. သူက ခန္ဓာကိုယ်ထွားထွားနဲ့လူကောင်ကြီးဖြစ်လိမ့်မယ်လို့ ငါထင်ထားတာ..”

“ဒါကရော မမိုက်သေးဘူးလား .. သူ့လက်ထဲမှာ နတ်သမီးဝမ်ရှီးကိုသယ်ထားတာ မတွေ့ဘူးလား ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ဝမ်ရှီးဒေါသထွက်သွားရသည်။

လုထော်နှင့်မိုတောင်ပင်လျှင် သူတို့၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်လေပြီ။

“လာတိုက်ချင်တဲ့သူရှိသေးလား..” ရှီဟောင် လုထော်၊ ယောင်ယွဲ့နှင့် သရဖူ ၁၀ ခုဘုရင်တို့ကို ကြည့်ပြီးမေးလိုက်သည်။

“ဘာလို့ တိုက်နေဦးမှာလဲ .. ဟွမ် ရှင့်ကို ကျွန်မတို့မိသားစုဆီလာလည်ဖို့ လေးလေးနက်နက်ဖိတ်ပါတယ် .. တန်ဖိုးကြီးလက်ဆောင်တွေလည်းပေးမှာပါ .. ဒီဝမ်မိသားစုက မိန်းကလေးကိုတော့ ရှင်ကျွန်မကို ပေးပါ” မင်းသမီးယောင်ယွဲ့ ရယ်မော၍ ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။

ဝမ်ရှီးဒေါသထွက်သွားရသည်။ သူမရှီဟောင်လက်ထဲမှ ရုန်းမထွက်နိုင်သော်လည်း သူမသည် တွန့်လိမ်နေသည်ပင်။

တစ်ချိန်တည်းမှာပင် သူမ အရှက်ရမိသည်။ သူမပြိုင်ဘက်ရှေ့တွင် ဤကဲ့သို့သောအခြေအနေမျိုးဖြစ်နရခြင်းထက် ဆိုးဝါးသည့်ကိစ္စမရှိတော့။

“ဘာအကျိုးကျေးဇူးရမှာလဲ..” ရှီဟောင်၏အမူအရာများမှာ လုံးဝလေးနက်နေလေသည်။

“ရှင်ဘာလို့ချင်တာလဲ..” မင်းသမီးယောင်ယွဲ့ ပြုံး၍မေးလိုက်သည်။ သူမ၏ပြိုင်ဘက် ခံစားနေရခြင်းမှာ သူမအား အလွန်ပျော်ရွှင်စေသည်ပင်။

“မင်း င့ါကိုဘာပေးနိုင်လဲ … ရှေးဟောင်းကောင်းကင်ပညာ၊ သားရဲ ၁၀ မျိုးအဖိုးတန်ပညာ ဒါမှမဟုတ် ဝမ်မိသားစုရဲ့ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာလား .. ဒါတွေပေးနိုင်ရင်တော့ ငါသူ့ကို ချက်ချင်း မင်းဆီပေးလိုက်မယ်..” ရှီဟောင် ပြောလိုက်သည်။

“ရက်ရောလှချည်လား .. သူ့ဆီကနေ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာရနိုင်မယ့်နည်းလမ်းရှိလားဆိုတာ ကျွန်မခဏစဉ်းစားလိုက်ဦးမယ် .. အကောင်းဆုံး ဓားပညာသုံးမျိုးထဲက တစ်မျိုးလို့ သတ်မှတ်ထားတဲ့ ဒီပညာကို ကျွန်မလည်း တော်တော်လေးစိတ်ဝင်စားတယ်” မင်းသမီး ယောင်ယွဲ့ပြောလိုက်သည်။

အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ ဒီနှစ်ယောက်က လူကုန်ကူးတဲ့သူလိုမျိုး ဝမ်ရှီးရဲ့တန်ဖိုးကို ဖြတ်နေကြတာလား .. ဒါက နည်းနည်းတော့ လွန်သွားပြီ..

ဝမ်ရှီးတစ်ခါမှ ဤမျှဒေါသမထွက်ဖူးပေ။ သူမသည် ဒေါသထွက်လွန်းသောကြောင့် ဤနေရာတွင် သတိလစ်လဲကျမတတ်ပင်။

တိုက်ပွဲပြီးသွားသည့်အချိန်တွင် လေထုမှာ အတော်လေးတင်းမာကာ လေးနက်နေသည်ပင်။ သို့သော်လည်း ဤနှစ်ယောက်က ဝမ်ရှီးအားမည်ကဲ့သို့ ရောင်းမည်ကို ဆွေးနွေးနေကြသည့်အချိန်၌ အခြားသူများမှာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

အဟွတ်..

ထိုအချိန်တွင် အကြီးအကဲတစ်ယောက်၏ ချောင်းဟန့်သံ ထွက်ပေါ်လာလေသည်။ “မင်းတို့အားလုံးက ကျောင်းက ကျောင်းသားတွေ .. အဲဒီတော့ ပညာဖလှယ်တာထက် မပိုပါနဲ့ .. မင်းတို့အားလုံး တစ်ယောက်ကိုတစ်ယောက် အရှက်ရအောင် လုပ်လို့မရဘူး” စတုတ္ထအကြီးအကဲ ရောက်လာကာ ပြောလိုက်သည်။

ထို့နောက် သူသည် ရှီဟောင်ကို ကြည့်လိုက်ကာ “ဒီက လူငယ်လေး .. သူ့ကို လွှတ်ပေးဖို့ ပြောပါရစေ”

ရှီဟောင် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ ကောင်းကင်နတ်ဘုရားကျောင်းတွင် လူသတ်ခွင့်မရှိသလို အခြားတစ်ယောက်ကိုလည်း သုံ့ပန်းအဖြစ်ခေါ်သွား၍မရသည်ကို သူသိပြီးသားပင်။ ထို့ကြောင့် ဝမ်ရှီးအား ပြန်လွတ်ပေးလိုက်ရလေသည်။

“ကောင်းပြီ .. မင်းတို့တိုက်ခိုက်ကြတာလဲ တော်တော်ကြာနေပြီ .. မင်းတို့ရဲ့စိတ်တွေလျော့ပြီးတော့ အဖိုးတန်ဆေးလုံးတွေကို ကိုယ့်ဘာသာကိုယ် စရှာသင့်ပြီ” စတုတ္ထအကြီးအကဲ ပြောလိုက်သည်။

ရှီဟောင်မှာ ပြတ်သားလှသည်ပင်။ ဝမ်ရှီးအား မြေပြင်ပေါ်သို့ ချပြီးသည်နှင့် သူမအနားတွင်ရှိနေသည့် မိုးမခသစ်ကိုင်းများပျောက်ကွယ်သွားလေသည်။ သူမသည် လွတ်လပ်မှုပြန်ရသွားသည်နှင့် ရှီဟောင်၏အဝေးသို့ ချက်ချင်းခုန်ထွက်လိုက်သည်။

“သွားကြစို့..” ရှီဟောင်သည် မိုတောင်ကိုခေါ်ကာ ကျောက်တုံးမီးဖိုထဲသို့ ဝင်သွားလိုက်သည်။

ထို့နောက် လုထော်၊ ဝမ်ရှီးနှင့် အခြားသူများသည်လည်း နောက်ကောက်ကျမနေပဲ အားလုံးလှုပ်ရှားလိုက်ကြလေသည်။

အခြားသူများမှာမူ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြ့ထားသည့်သူများအားလုံးဝင်သွားသည်ကို မြင်မှသာ သူတို့ဝင်ရဲကြလေသည်။

ကျောက်တုံးမီးဖိုမှာ အလွန်ကြီးမားလှသည်။ အထဲဝင်သွားသည်နှင့် တောင်ချိုင့်ဝှမ်းကြီးတစ်ခုထဲသို့ ဝင်လိုက်ရသလို ခံစားလိုက်ရသည်။ မြေပြင်ထက်တွင် ပြာမှုန့်များ အလွှာလိုက်ရှိနေပြီး ထာဝရစွမ်းအင်များလည်း ကောင်းကင်ထက်သို့ တလူလူတက်နေသည်။

ရှီဟောင်တို့အားလုံး အံ့အားတကြီးဖြစ်သွားရသည်ပင်။ နှစ်ပေါင်းများစွာကြာလှပြီဖြစ်သော်လည်း ဤနေရာတွင် ဆေးအာနိသင်များရှိနေဆဲပင်။ အချို့နေရာများတွင် သန့်စင်သည့်အလင်းများလည်း တောက်ပနေသေးသည်ပင်။

“ဒါက ကျောင်းက အကြီးအကဲတွေ တမင်သက်သက်ချန်ထားတဲ့ဟာပဲ..” သူတို့အားလုံး စိတ်ထဲတွင် သက်ပြင်းချလိုက်ကြသည်။ ဤသည်မှာ သူတို့ကို လက်ဆောင်ပေးထားသည့် ကံကောင်းခြင်းပင်။

“နတ်ဆေးရည်ကန်..” ရှီဟောင် ထိတ်လန့်သွားရသည်။ နတ်အလင်းများတောက်ပနေသည့် နေရာတစ်ခုကို သူတွေ့လိုက်ရသည်။ ပြာများကို တူးကြည့်လိုက်သည့်အချိန်တွင် ယခုထိတိုင် မခြောက်သေးသည့် နတ်ဆေးရည်များကို တကယ်တွေ့လိုက်ရသည်ပင်။

မွှေးပျံ့လှသည့် ရနံ့များလည်း သင်းပျံ့လာသည်ပင်။ ဆေးရည်များမှာ သိပ်မကျန်တော့သော်လည်း ထူးခြားနေဆဲပင်။

“ယူမယ်..” ရှီဟောင်သည် သုံးလက်မအရွယ်အစားခန့်ရှိသည့် ကျောက်ပုလင်းလေးထုတ်ကာ ထိုအရည်အားလုံကို သိမ်းယူလိုက်သည်။

“နတ်ဆေးလုံး..” ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ တစ်စုံတစ်ယောက်သည် ပြာမှုန်များထဲမှ ရွှေရောင်နတ်ဆေးလုံးတစ်လုံးကို တွေ့သွားလေပြီ။

“အားလုံးပဲ တတ်နိုင်မျှ ကြိုးစားကြ .. အရင်တုန်းက ဒီအိုးထဲမှာ နတ်ဆေးတွေဘယ်လောက်တောင် ဖော်ခဲ့ကြလဲ ဘယ်သူမှ မသိနိုင်ဘူး ”

“အမ်…”

ရှီဟောင် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ကာ အရောင်တောက်နေသည့် နေရာများကို အာရုံစိုက်လိုက်သည်။ ထာဝရစွမ်းအင် ထွက်ပေါ်နေသည့်နေရာတစ်ခုကို တွေ့လိုက်ရသောကြောင့် ပြာမှုန့်များကို သူတူးကြည့်လိုက်သည်။

“ဒါက ဘာဆေးလုံးရဲ့ အကြွင်းအကျန်တွေလဲ..” ဤသည်မှာ အရေးပါသည့်အရာတစ်ခုခုဖြစ်လိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။

နဂါးလက်သည်းအရွယ်စားခန့်ရှိသည့် ဆေးလုံးအပိုင်းအစများကို သူတွေ့လိုက်ရသည်ပင်။ ထိုဆေးလုံး မျက်နှာပြင်ပေါ်တွင် သင်္ကေတမျိုးစုံရှိနေသည်ပင်။

ထိုအပိုင်းအစများကို ကိုင်ထားပြီး ရှီဟောင် နှလုံးခုန်နှုန်းများ လျင်မြန်လာရသည်။ ဒါက ပြောင်းလဲခြင်းကိုးမျိုးထာဝရဆေးလုံးများလား .. ဤဆေးလုံး ဖော်စပ်သည့်အချိန်တွင် တစ်ခုခုမှားယွင်းသွားသည်နှင့် အရာအားလုံး ပေါက်ကွဲထွက်သွားကာ ဆေးအပိုင်းအစများသာ ကျန်ခဲ့လိမ့်မည်ဟု သူသိထားသည်ပင်။

အပိုင်း ၁၃၆၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၆၅ – ရှေးဟောင်းဆေးလုံး

နဂါးမောက်သီးအရွယ်အစား ဆေးလုံးသည် ရွှေရောင်အရင့်ဖြစ်ပြီး သတ္တုကိုကိုင်နေရသကဲ့သို့ ခံစားနေရသည်ပင်။ သို့သော်လည်း မွှေးပျံ့သည့်ရနံ့ရှိနေဆဲပင်။ အချိန်များစွာကြာသွားပြီဖြစ်သော်လည်း ပြာအောက်တွင် မြှုပ်နေသည့်ဆေးလုံးတွင် ဝိညာဉ်စွမ်းအားအနည်းငယ်ရှိနေသေးသောကြောင့် တကယ်ကို အံ့အားသင့်စရာကောင်းလှသည်ပင်။

ဆေးစွမ်းများပျောက်ကွယ်သွားပြီဖြစ်သော်လည်း နှစ်အချိန်ကြာညောင်းလှသည်ပင် ရနံ့များ ပျောက်ကွယ်မသွားခြင်းမှာ ဤသည်မှာ သာမန်ဆေးမဟုတ်ကြောင်း ပြသနေသည်ပင်။

“ဒါကတကယ်ပဲ ပြောင်းလဲခြင်းကိုးခုထာဝရဆေးလုံးလား..” ရှီဟောင်ထိုဆေးလုံးကို လက်ထဲတွင် ကိုင်ကြည့်လိုက်ကာ ထိုဆေးလုံးပေါ်တွင်ရှိနေသည့် ပုံစံများကိုကြည့်လိုက်သည်။ ဆေးလုံးပေါ်တွင် ကြယ်ပုံများ၊ မှုန်ဝါးနေသည့် နတ်သားရဲပုံများရှိနေသည်ပင်။

ဒါက ဆေးလုံးရော ဟုတ်ရဲ့လား .. ဒီပေါ်မှာ ရှိနေတာတွေက တစ်ယောက်ယောက် ထွင်းထားတာတော့ မဟုတ်ဘူးမလား .. ဤပေါ်တွင်ရှိနေသည့် တာအိုလမ်းကြောင်းများမှာ ထင်ရှားလွန်းလှသောကြောင့်ပင်။

“ဒါက ပြောင်းလဲခြင်းကိုးခုထာဝရဆေးလုံးမဟုတ်ပေမဲ့ သူ့ရဲ့အစွမ်းကလည်း နိမ့်ကျမှာမဟုတ်ဘူး ..” မိုတောင်ပြောလိုက်၏။ သူ၏မျက်လုံးများမှာ နတ်မီးတောက်နှစ်ခုကဲ့သို့ပင် တောက်ပနေလေ၏။

“မင်းဒါကို သိတယ်လား..” ရှီဟောင် တစ်ဖက်လှည့်၍မေးလိုက်သည်။

“ဒါကို အရင်တုန်းက အရိုးစာအုပ်ထဲမြင်ဖူးတာ .. ပြိုင်ဘက်ကင်းတဲ့ ထာဝရဆေးတွေကို ဖော်စပ်တဲ့အချိန်ကျရင် ဒီလိုဆေးလုံးမျိုးတွေပါ အတူတူထွက်လာတတ်တယ် .. သူတို့တွေက ထာဝရဆေးလုံးအစစ်ကို မယှဉ်နိုင်ပေမယ့် ကျင့်ကြံသူအတွက် အရမ်းအဖိုးတန်တယ် .. ခန္ဓာကိုယ်အဟောင်းကို စွန့်ခွာပြီးတော့ လုံးဝပြောင်းလဲသွားနိုင်တယ်..”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ပြုလုပ်နေစဉ်အတွင်း ထာဝရဆေးလုံး ပျက်စီးသွားလျှင် သူနှင့်အတူတူဖြစ်ပေါ်လာသည့် ဆေးလုံးများလည်း လွတ်မည်မဟုတ်ပေ။

သူ ထိုဆေးလုံးကို ကျောက်စိမ်းပုလင်းထဲသို့ သေချာထည့်သိမ်းထားလိုက်သည်။

ဤအတောအတွင်းတွက် မိုတောင်လည်း အကျိူးရှိခဲ့သည်ပင်။ သူသည်လည်း ကျောက်စိမ်းဗူးလေးထုတ်ကာ အရည်တစ်ချို့ကို သိမ်းလိုက်သည်။

သူတို့ ဤနေရာ၌ အချိန်ဖြုန်းမနေတော့ပေ။ ကျောက်တောင်မီးဖိုကြီးမှာ ကြီးမားလှသော်လည်း ဤနေရာတွင် စွမ်းအားကြီးသည့်သူများ များစွာရှိနေသည်ပင်။ သူတို့ကြားခွဲဝေလျှင်ပင် လောက်မည်မဟုတ်။

ကံကောင်းစွာဖြင့် ဤနေရာတွင် ထာဝရစွမ်းအင်များ ထွက်ပေါ်နေပြီး ထူးခြားသည့် သဘာဝဥပဒေသတစ်ခုဖြင့်လည်း ဖိနှိပ်ထားသောကြောင့် နတ်စွမ်းအင် အတော်များများမှာ အလုပ်မလုပ်တော့ပေ။ ကောင်းကင်မျက်လုံးပင်လျှင် အလုပ်မလုပ်တော့။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အဖိုးတန်မီးဖိုပင်။ ထို့ကြောင့် ပိုင်ရှင်သည် ဆေးဖော်စပ်စဉ်က မျိုးစုံ စဉ်းစားခဲ့သည်ပင်။ အခြားသူများ သူ့နည်းလမ်းအား ခိုးယူမည်ကို ခွင့်မပြုခဲ့။ ထို့ကြောင့် ကန့်သတ်ချက်များ ပြုလုပ်ခဲ့သည်ပင်။

ဤကန့်သတ်ချက်ကြောင့်ပင်လျှင် ပြာမှုန့်များအောက်တွင်ရှိနေသည့် ဤဆေးလုံးများကို ချက်ချင်းတွေ့မသွားခြင်းပင်။

“ဒီကျောက်တုံးဆေးမီးဖိုက အပြင်ဘက်ကကြည့်ရင် တောင်နဲ့တူပေမယ့် အတွင်းဘက်မှာ ငါတို့ထင်ထားတာထက်ကို ပိုကျယ်သေးတယ် .. အနည်းဆုံးတော့ အချင်းဝက် လီရှစ်ရာလောက်ရှိတယ် ..”

ဤမျှနေရာအကျယ်ကြီး လိုအပ်ရအောင် ဆေးဖော်သည့်သူသည် မည်သည့်ဆေးများ ဖော်စပ်ခဲ့သနည်း..

ဤဆေးလုံးမီးဖိုကြီးတွင် ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ဖူးပြီး ကျန်နေခဲ့သည့်ဆေးအားလုံးမှာ ထာဝရဆေးလုံးများနှင့်အတူ တွဲစပ်ဖြစ်ပေါ်လာသည့်ဆေးများပင်။

“ပြာတွေ ဒီလောက်အများကြီးလောက်အများကြီး ကျန်ခဲ့ရအောင် အဲဒီလူက အဲဒီတုန်းက ဘာဆေးတွေများ ဖော်စပ်ဖို့ကြိုးစားခဲ့တာလဲ .. ကြည့်ရတာ သူက ဆေးလုံးဖော်စပ်တာမဟုတ်ပဲနဲ့ လောကလေးတစ်ခုကို လုပ်နေသလိုပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

ဝင်လာသည့်လူများအားလုံး အကျိုးကျေးဇူးများ ရရှိကြသည်ပင်။

အချို့နေရာတွင် အလင်းများ ကောင်းကင်ထက်သို့ တက်နေပြီး ရောင်စုံမြူများလည်း သိပ်သည်းနေသည်ပင်။ ထိုနေရာတွင် ရနံ့များလည်း မွှေးကြိုင်လှပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည့် ဆေးအပိုင်းအစ ၁၀ ခုကို ရှာတွေခဲ့ကြသည်။

ကြည့်လိုက်မည်ဆိုလျှင် ဤသည်မှာ ပုံဆောင်ခဲလေးနှင့်သာတူသည်။ သူ၏မျက်နှာပြင်ထက်တွင် မည်သည့်သင်္ကေတမှ ရှိမနေပေ။ သို့သော်လည်း သေချာကြည့်မည်ဆိုပါက ထိုဆေးလုံးများထဲမှ ကျမ်းစာသံများ ကြားနေရသည်ပင်။

“ပစ္စည်းကောင်းပဲ .. ဒါက ဆေးဖော်စပ်မှုကျရှုံသွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ အဓိကဆေးကြီးရဲ့အစိတ်အပိုင်းဖြစ်ရမယ်..” မိုတောင် ထိတ်လန့်တကြား ပြောလိုက်သည်။

ဤနေရာတွင် ပြင်းထန်သည့်တိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့သည်ပင်။ ထာဝရစွမ်းအင်သုံးကြောင်းနှင့် အဆင့်လွန်လူငယ်များသည် ဤနေရာတွင် မင်းမူနေကြလေသည်။ ဝမ်ရှီးပင်လျှင် သူမ၏ ရှုပ်ထွေးမှုရှင်းလင်းခြင်းပညာအား အသုံးပြုနေသည်ပင်။

ရှီဟောင်နှင့် မိုတောင်လည်း ထိုတိုက်ခိုက်မှုတွင် ဝင်ပါလိုက်သည်။

“နှမြောစရာပဲ .. ဆေးစွမ်းတွေက တော်တော်လေးပြယ်နေပြီ .. မဟုတ်ရင် ဒီဆေးအပိုင်းအစတွေက ပြန်မွေးဖွားဖို့ လုံလောက်တယ် ဒါက ခန္ဓာကိုယ်အရေပြားလဲပေးပြီးတော့ အရိုးတွေလည်း ပြန်ပြောင်းပေးနိုင်တယ် .. ဒါတွေက ထာဝရသက်ရှိတစ်ယောက် ဖော်စပ်ထားတဲ့ဆေးလုံးတွေ..”တစ်စုံတစ်ယောက်မှ အံ့အားတကြီးပြောလိုက်သည်။

ဤသည်မှာ သူတို့ဘာမှမတတ်နိုင်သည့်အရာပင်။

သို့သော်လည်း ဤအဖြူရောင်ဆေးအပိုင်းအစများမှာ အဖိုးမဖြတ်နိုင်သည်ကို သူတို့အားလုံး သိကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤဆေးလုံးများကို ချက်ချင်းလေ့လာလိုက်ကြသည့် ဆေးဆရာများပါလာသောကြောင့်ပင်။

ဤဆေးလုံးဖြင့် ပြန်လည်မွေးဖွားခြင်းတစ်ကြိမ် ပြုလုပ်နိုင်သည်ပင်။

သို့သော်လည်း ဤကဲ့သို့သော အဖိုးတန်ဆေးအပိုင်းအစများကို မီးဖိုပိုင်ရှင် ပြန်မကောက်ခဲ့ပေ။

ဆေးလုံးမီးဖိုတွင် ဤမျှအက်ကွဲရာများ များပြားနေခြင်းမှာ နောက်ဆုံးဆေးဖော်စပ်သည့်အချိန်က ပေါက်ကွဲသွားခြင်းဖြစ်လိမ့်မည်ဟု အားလုံးယုံကြည်လိုက်ကြသည်။ ဆေးဖော်စပ်ခြင်းရှုံးနိမ့်သွားသည့်အချိန်တွင် ဆေးလုံးများသာမက မီးဖိုပင်လျှင် အက်ကွဲသွားခြင်းပင်။

“လမ်းဖယ်..”

လုထော်အော်ဟစ်ကာ မိုတောင်နှင့်နောက်တစ်ကြိမ် တိုက်ခိုက်လာလေ၏။ သူတို့နှစ်ဦးကြးတွင် အလင်းများ ထွက်ပေါ်လာသည်မှာ မီးဖိုတစ်ခုလုံးကို လွှမ်းခြုံသွားမတတ်ပင်။

“ထွက်သွားသင့်တဲ့သူက မင်းပဲ..” ရှီဟောင် အော်ဟစ်လိုက်ကာ သူတို့တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်။ သူသည် ယခုအချိန်တွင် ဘာကိုမှ ဖုံးကွယ်စရာမလိုတော့ပေ။ သူ လက်မြောက်လိုက်သည်နှင့် ခွန်ပန်လက်သီးဖြစ်ပေါ်လာပြီး ပြင်းထန်သည့်တိုက်ခိုက်မှု ဖြစ်ပေါ်လာလေသည်.

ဝုန်း..

ရှီဟောင်၏နောက်တွင် မှုန်ဝါးနေသည့် ကမ္ဘာလေးတစ်ခု ပေါ်လာလေသည်။ ကြီးမားလှသည့် သက်ရှိတစ်ယောက်ပေါ်လာကာ ငါးတစ်ကောင်မှ ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ စကြာဝဠာဟင်းလင်းပြင်တွင် ပျံသန်းနေလေ၏။

ဤကဲ့သို့သော အော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။ ဤနေရာတွင်ရှိနေသည့်သူများမှာ ပို၍ပင် ထိတ်လန့်သွားကြရသည်။

ဤသည်မှာ ခွန်ပန်ပင်။ သူအတောင်ပံဖြန့်လိုက်သည်နှင့် ပင်လယ်များမပြောနှင့် စကြာဝဠာကြီးပင်လျှင် သူ့အားမတားဆီးနိုင်ပေ။

ဝုန်း..

ရှီဟောင်နှင့် လုထော်ကြားတွင် နတ်အလင်းတန်းပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး လေဟာနယ်ကို စုတ်ဖြဲပစ်နေလေသည်။ ထွက်ပေါ်လာသည့်စွမ်းအားလှိုင်းများမှာ ကျွမ်းကျင်သူများစွာကို လွင့်ထွက်သွားစေလေ၏။

သို့သော်လည်း သူတို့ သူသေကိုယ်သေ မတိုက်ခိုက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဆေးလုံးအတွက်သာ တိုက်ခိုက်ကြခြင်းဖြစ်သောကြောင့် သူတို့အချိန်မဖြုန်းချင်ကြ။

ရွှီး…

ရှီဟောင်သည် လက်မြောက်လိုက်ကာ ဆေးတစ်ပိုင်းကို လုယူလိုက်လေသည်။

ထိုအချိန်တွင် ငါးရောင်စပ်အလင်းတောက်ပလာပြီး ဖရိုဖရဲစွမ်းအင်များ တောက်ပလာသည်။ သရဖူ ၁၀ ခုဘုရင်သည် သူ၏လက်ထဲမှ သစ်ပင်လေးကို လွှဲရမ်းလာလေ၏။ “စကြာဝဠာကြီးကို ပိတ်သိမ်းမယ်..”

ရှီဟောင်လက်နှင့် ထိုဆေးတို့မှာ ကန့်သတ်ခံထားလိုက်ရသလိုပင်။ လောကသစ်ပင်တို့၏ ဂုဏ်သတင်းများမှာ အလကားသက်သက်ဖြစ်လာခြင်းမဟုတ်။

ဝူး..

ရှီဟောင်လက်ရှေ့တွင် စိမ်းစိုနေသည့် မိုးမခသစ်ပင်တစ်ပင်ပေါ်လာကာ ရွှေရောင်အလင်းတန်းများ တောက်ပနေလေသည်။

သူသည် မှော်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီး မိုးမခနတ်ဘုရား၏ပညာအား အသုံးပြုလိုက်ခြင်းပင်။ မိုးမခသစ်ပင်သည် နတ်ချိန်ကြိုးများစွာအဖြစ် ပြောင်းလဲသွားကာ ထိုလောကသစ်ပင် အပင်ပေါက်လေးကို ချည်နှောင်သွားလေသည်။

ရွှီးဟူသည့်အသံနှင့်အတူ ရှီဟောင် ထိုဆေးလုံးကို သိမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် သရဖူ ၁၀ ခုဘုရင်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူတို့နှစ်ဦးကြား ကြယ်များ တိုက်မိသွားသကဲ့သို့ တောက်ပလှသည့်အလင်းတန်းများထွက်ပေါ်လာလေ၏။ ထို့နောက် ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှာ ပျက်စီးသွားတော့မလို အရောင်မှေးမှိန်လာလေသည်။

ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် အဆင့်လွန်သက်ရှိများသည် ဤအဖြူရောင်ဆေးအပိုင်းအစလုပွဲတွင် ပါဝင်လာကြသည်ပင်။

ဖူး

ရွှမ်ခွန် သွေးအန်ကာ ဒဏ်ရာရသွားသည်။

အမှန်တကယ်တွင် ဤမျှတိုက်ခိုက်နေသောကြောင့် ထိုအဆင့်လွန်သက်ရှိများအားလုံး သွေးထွက်သံယိုဖြစ်နေကြလေပြီ။ တိုက်ပွဲမှာ ပြင်းထန်လှပြီး မည်သူမှ ပြန်မဆုတ်ကြပေ။

ထာဝရစွမ်းအင်နှစ်ကြောင်းနှင့် ကျင့်ကြံသူသည် ကံစမ်းကာ ဝင်ပါလိုက်သော်လည်း အရိုက်ခံရကာသူ့တစ်ကိုယ်လုံး သွေးမြူများဖြစ်သွားလေသည်။

စတုတ္ထအကြီးအကဲ သူ၏မူလဝိညာဉ်ကို ကာကွယ်ပေးလိုက်သောကြောင့်သာမဟုတ်ပါက သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ထိုနေရာတွင် ပျက်စီးသွားလောက်လေပြီ။

ထိုသို့ဖြစ်ပြီးသည့်နောက်တွင် မည်သည့်ကျင့်ကြံသူမှ ခြေလှမ်းတစ်ဝက်ပင် မလှမ်းရဲတော့။

ရှီဟောင်ပင်လျှင် နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူ၏အဝတ်အစားများလည်း စုတ်ပြတ်နေလေပြီ။

သူ၏ပြိုင်ဘက်များလည်း ပိုကောင်းမနေပေ။ အားလုံးတွင် ပြင်းထန်သည့် ဒဏ်ရာများရှိနေသည်ပင်။

ဥပမာအားဖြင့် ရှီဟောင်သည် တိုက်ခိုက်ရင်းဖြင့်ပင် မင်းသမီးယောင်ယွဲ့၏ ပိုးသားစစ်ဝတ်စုံကို စုတ်ဖြဲပစ်လိုက်လေသည်။

“ရှီဟောင် … ရှင်နှာဗူးကောင် ..” မင်းသမီးယောင်ယွဲ့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမလက်မောင်းတစ်ခုလုံး ပေါ်သွားပြီဖြစ်ပြီး သူမပုခုံနနှင့် ကျောကုန်းပင်လျှင် အနည်းငယ် ပေါ်သွားလေပြီ။

ဤပိုးထည်မှာ ရွှေနတ်စစ်ချပ်ဝတ်တန်ဆာများထက်ပင် မာကျောလှသည်ပင်။ သို့သော် ခွန်ပန်လက်သည်းများအောက်တွင် ပျက်စီးသွားလေပြီ။ ဤပိုးချည်ကြောင့်သာမဟုတ်ပါက ရှီဟောင် သူမခန္ဓာကိုယ်ကို ဒဏ်ရာရအောင် လုပ်လိုက်မည်ပင်။

ဖုန်း..

ရှီဟောင် အနောက်ဘက်မှ တိုက်ခံလိုက်ရသည်။ ဤသည်မှာ ဝမ်ရှီးအသက်သွင်းလိုက်သည့် လျှို့ဝှက်ရတနာမှ ရွှေရောင်တံဆိပ်တစ်ခုပင်။

ဖူး..

ရှီဟောင် သွေးအန်သွားရသည်။ ဤသည်မှာ သူ၏ကြွက်သားများနှင့် အရိုးများကို မထိခိုက်စေသော်လည်း သူ၏သွေးနှင့်ချီစွမ်းအင်များကို ထိခိုက်သွားသည်ပင်။

“ငါအခုလေးတင် မင်းနဲ့ကောင်းကောင်းတိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား..” ရှီဟောင် ဝမ်ရှီးအား ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဝုန်း..

ထိုအချိန်တွင် လုထော်လည်း လှုပ်ရှားလာသည်ပင်။ သူသည်လက်တံဆိပ်ပေါင်း ၁၀၈ကို ဖန်တီးကာ ရှီဟောင်ထံသို့ ပိုလွှတ်လိုက်သည်။

ရွှီး..

ရွှေရောင်မိုးမခသစ်ကိုင်း ရာပေါင်းများစွာ ထွက်ပေါ်လာကာ လုထော်ထံသို့ ဦးတည်သွားလေသည်။ ထို့နောက် ရှီဟောင်သည် လေထဲသို့ တရှိန်ထိုးပြေးသွားကာ လုထော်၏ရင်ဘတ်ကို စောင့်ကန်လိုက်လေသည်။

ရွှီး..

သို့သော်လည်း သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်ပင် ဦးတည်ချက်ပြောင်းသွားကာ သူ့အားအဖိုးတန်လက်နက်ဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်လာသည့် ဝမ်ရှီးထံသို့ ဦးတည်တိုက်ခိုက်နေလေသည်။

ဖုန်း..

နောက်ဆုံးတွင် ရှီဟောင်၏လက်ဝါးသည် ဝမ်ရှီး၏ရင်ဘတ်ပေါ်သို့ ရောက်ရှိသွားလေ၏။ ထိုနေရာတွင်ရှိနေသည့် ရွှေရောင်ချပ်ဝတ်တန်ဆာကြီး ပျက်စီးသွားကာ ဝမ်ရှီးသည်လည်း သွေးအန်ပြီး လွင့်ထွက်သွားလေသည်။

သူမ အရှက်ရကာ ဒေါသထွက်သွားလေ၏။ သူမ၏ရင်ဘတ်ပေါ်တွင် လက်ဝါးရာကြီး ထင်းထင်းကြီး ကျန်ခဲ့လေသည်။

“လုထော် .. မင်းအသက်ကို ပေးလိုက်တော့..” ရှီဟောင် ဒေါသတကြီး အော်ဟစ်လိုက်ကာ ကောင်းကင်ထက်သို့ နောက်တစ်ကြိမ် တက်သွားလိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများထွက်ပေါ်လာကာ လက်များမှလည်း တံဆိပ်များဖြစ်ပေါ်လာသည်။ သူ့ဘေးပတ်လည်တွင် လျှပ်စီးများရှိနေပြီး ကောင်းကင်ကြယ်များကို ဖန်တီးနေလေသည်။

ဝုန်း…

မိုးခြိမ်းသံများထွက်ပေါ်လာကာ လျှပ်စီးများမြှဖစ်လာသည့်ကြယ်များသည် လုထော်အနားတွင် တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားလေသည်။

“ပြီးတော့ မင်း .. သရဖူ ၁၀ ခုဘုရင် … မင်းရဲ့နဂါးလက်သီးချက်က ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား..”

ရှီဟောင် အရှေ့ဘက်သို့ သွားလိုက် အနောက်ဘက်သို့သွားလိုက် တိုက်ခိုက်နေလေသည်။ သူ၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့သော အလင်းတန်းများထုတ်လွှတ်နေလေ၏။ သူသည် ပြိုင်ဘက်ကင်းသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

နောက်ဆုံးတွင်တော့ တိုက်ပွဲကြီး အဆုံးသတ်သွားလေပြီ။ အဆင့်လွန်လူငယ်များအားလုံး ဒဏ်ရာရရှိသွားကာ သူတို့၏စစ်အဝတ်အစားများတွင် သွေးများစွန်းပေနေလေ၏။

ရှီဟောင် ထိုအဖြူရောင်ဆေးအပိုင်းအစ သုံးပိုင်းရလိုက်သည်ပင်။

အပြင်ပြန်ရောက်လာသည်နှင့် အားလုံးသည် သူတို့ရလာသည့်ဆေးများဖြင့် ဒဏ်ရာများကို ကုသကာ ချက်ချင်းသီးသန့်ကျင့်ကြံလိုက်ကြသည်။

အဖြူရောင်ဆေးအပိုင်းအစသည် မွှေးပျံ့သည့်နတ်ရေရှိနေသည့် အိုးထဲသို့ ပျော်ဝင်သွားလေသည်။ ရှီဟောင်သည် သူ့ကိုယ်သူ ပြုပြင်ရန်အတွက် ထိုအိုးထဲသို့ ဝင်လိုက်သည်။

ရလဒ်များမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။ သူ၏ခန္ဓာကိုယ်ထဲသို့ နတ်စွမ်းအင်များဝင်ရောက်လာလေ၏။ ထို့နောက် မသန့်စင်သည့် အနက်ရောင်အရည်များ သူ့မွေးညှင်းပေါက်များမှ ထွက်သွားလေသည်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အလွန်ပေါ့ပါးနေသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။

“ဒါက ရူးလောက်စရာပဲ..”

“အများကြီး တွေးနေစရာမလိုဘူး .. ဒါက မင်း ကျောက်တောင်က စာလုံးတွေနဲ့တာအိုတွေကို ပထမဆုံးအကြိမ် အသက်သွင်းပြီးတော့ ထာဝရဆေးလုံးတွေကို ပထမဆုံးအကြိမ်သုံးလို့ ဒီလိုမျိုးပြောင်းလဲမှုတွေ ဖြစ်လာတာ .. ဒါက ပထမဆုံးပြောင်းလဲမှုမို့လို့ အရမ်းကြီးထူးခြားနေတာ..”

ရှီဟောင်ထံတွင် နောက်ထပ် နှစ်ပိုင်းရှိနေသေးသည်ပင်။

အပိုင်း ၁၃၆၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset