Switch Mode

Chapter – 1306 & 1320

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၆ – ချောင်းမြောင်း တိုက်ခိုက်ခြင်း

သူတို့ ဘယ်သူ့ဆီကို ဦးတည်သွားနေတာလဲ..

ရှီဟောင်သည် ခပ်ဝေးဝေးတွင်ရပ်နေကာ သူ၏မျက်လုံးတွင်လည်း နတ်အလင်းများထွက်ပေါ်လာသည်။ သူသည် သူ၏ကြောက်စရာကောင်းသည့်ခွန်အားကို ထုတ်ဖော်ပြသခြင်းမရှိပဲ တိတ်တဆိတ်သာ စောင့်ကြည့်နေလိုက်သည်။

မင်းသမီးယောင်ယွဲ့၏ပုံစံမှာ ပြိုင်ဘက်ကင်းလှသည်။ သူမသည် သေမျိုးလောကသို့ဆင်းသက်လာသည့် လနတ်ဘုရားမကဲ့သို့ပင်။ သူမ လက်ဖြူဖြူလေးကို လှုပ်ရှားလိုက်သည်နှင့် အဖြူရောင်နတ်အလင်းများထွက်ပေါ်လာလေ၏။ အလင်းမှာ တောက်ပလွန်းလှသောကြောင့် အခြားသူများမျက်လုံးမဖွင့်နိုင်လောက်အောင်ပင်။

ရွှမ်ခွန်လည်း ဟစ်ကြွေးလိုက်သည်။ သူလက်မှ ထိုက်သားရဲ၏စွမ်းအားထွက်ပေါ်လာကာ ကောင်းကင်ကြီးပြိုကျသွားသည်အထိ ရိုက်ချလိုက်လေ၏။

ဝုန်း..

သူတို့နှစ်ယောက်သည် လက်ရှိတွင် တိုက်ခိုက်နေသည့် သူတစ်ယောက်ယောက်ကို တိုက်ခိုက်နေခြင်းပင်။

“ဝမ်ရှီး အန္တရာယ်ရှိနေပြီ…” ရှီဟောင် သူ့ကိုယ်သူပြောလိုက်၏။ ဤနှစ်ယောက်မှာ ဝမ်ရှီးထံသို့ ဦးတည်သွားခြင်းဖြစ်လိမ်မည့်ဟု ရှီဟောင်ယုံကြည်သည်။ မည်သို့ပင်ဖြစ်စေ မင်းသမီးယောင်ယွဲ့သည် ဝမ်ရှီးနှင့် အမြဲတမ်းဆန့်ကျင်နေသည့်သူပင်။ သူတို့နှစ်ဦးသည် မတူညီသည့် သက်ရှည်မိသားစုများမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် အမြဲတမ်းယှဉ်ပြိုင်နေသည်ပင်။

သို့သော်လည်း ရလဒ်မှာ သူထင်ထားသည်နှင့် ကွဲပြားနေလေ၏။

ထို့အပြင် ဝမ်ရှီးသည် ရှေးဟောင်းကောင်းကင်ပညာတစ်ခုကို အသုံးပြုကာ လုထော်အား တိုက်ခိုက်လိုက်သည်။

ကျွမ်းကျင်သူသုံးယောက်သည် သူတို့၏ စွမ်းအားအကြီးဆုံးပညာများကို အသုံးပြုကာ လုထော်အား တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြလေသည်။

ရှီဟောင်၏အမူအရာ ပြောင်းလဲသွားလေ၏။ ဤကဲ့သို့ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ မင်းသမီးယောင်ယွဲ့သည်နှင့် ဝမ်ရှီးတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်မနေကြတော့ပဲ ပူးပေါင်းလိုက်ကြလေပြီ။

ဤသည်မှာ ယခုမှ ရုတ်တရက်ဖြစ်လာခြင်းမဟုတ်ပဲ မင်းသမီးယောင်ယွဲ့၊ ရွှမ်ခွန်နှင့် ဝမ်ရှီးတို့ အစောကြီးကတည်းက သဘောတူထားခဲ့သည့်အရာဆိုသည်မှာ သေချာသည်။

ဤသည်မှာ သူ့ကို သက်ပြင်းချသွားစေသည်။ ပြိုင်ဘက်များပင်ဖြစ်နေပါစေ လုထော်ကို ရင်ဆိုင်ရန်အတွက်နှင့် ပူးပေါင်းလိုက်ကြသည်။ ဤသည်မှာ သူတို့ မည်မျှထူးခြားသည်ကို သက်သေပြနေခြင်းပင်။ ဤသည်မှာ သာမန်လူများလုပ်နိုင်သည့် အရာမဟုတ်။

ဒုန်း..

လေဟာနယ်ထဲတွင် မိုးခြိမ်းသံများ ဆက်တိုက်ထွက်ပေါ်လာပြီး နဂါးအစစ်နှင့် ကောင်းကင်ဖီးနှစ်များပျံသန်းနေကာ ချီလင်လည်း ဟစ်ကြွေးနေလေ၏။

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ အံ့အားသင့်စရာကောင်းလှသည်။

ဤသည်မှာ အဆင့်လွန်လူငယ်များကြားမှ တိုက်ပွဲပင်။ ဤနေရာတစ်ခုလုံး ဖရိုဖရဲစွမ်းအင်များ ဝန်းရံနေပြီး အဖိုးတန်ပညာမျိုးစုံနှင့် ကောင်းကင်ပညာများလည်း သူတို့၏ခွန်အားကို ပြသနေလေသည်။

ဤနေရာမှာ မှုန်မှိုင်းနေပြီး ထာဝရစွမ်းအင်ဖြင့်တောက်လောင်စေမှသာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။

ဖူး..

ဤချောင်းမြောင်းတိုက်ခိုက်မှုအောက်တွင် လုထော်သွေးအန်သွားကာ ဒဏ်ရာရသွားလေ၏။ ထို့နောက် သူသည် ပြင်းထန်သည့်ဒဏ်ရာရရှိသွားကာ အမြင့်မှ ပြုတ်ကျလာလေ၏။

“အရှင်..”

သူ့နောက်လိုက်များ အော်ဟစ်ကြကာ လာရောက်ကူညီကြလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်သူများအားလုံး ဆွံ့အသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤတိုက်ပွဲကို တစ်ချိန်လုံးကြည့်နေကြခြင်းပင်။

ဤကဲ့သို့သော ရလဒ်မျိုးဖြစ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

“မမလေးဝမ်ရှီး၊ မင်းသမီးယောင်ယွဲ့နဲ့ ရွှမ်ခွန်က အစကတည်းက အစီအစဉ်တွေ ရှိနေကြတာပဲ .. သူတို့ လုထော်ကို ရှင်းပစ်လိုက်ပြီ..”

အားလုံးသက်ပြင်းချလိုက်ကြ၏။ ငယ်ရွယ်ပြီးတော့ စွမ်းအားကြီးတဲ့ လုထော်က သေတော့မှာလား..

“သတ်…”

အခြားသုံးယောက်သည် သူ့နောက်သို့ ပြေးလာကြကာ ထွက်ပြေးရန် ကြိုးစားနေသည့် လုထော်အား ဖိနှိပ်ရန်အတွက် ပြိုင်ဘက်ကင်းသည့် ကောင်းကင်ပညာများကို တစ်ပြိုင်နက်တည်း အသုံးပြုလာကြလေသည်။

လုထော် ဟစ်ကြွေးလိုက်၏။ သူ၏အသံမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ ဘေးပတ်လည်တွင်ရှိနေသည့် အနီရောင်အမွေးနှင့်သားရဲများစွာ ပေါက်ကွဲသွားလေ၏။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အရှေ့ဘက်သို့ ထွက်ပြေးသွားလိုက်သည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် စောင့်ကြည့်နေသည့်သူအချို့ပင်လျှင် ထိုအော်သံကြောင့် သွေးအန်သွားကာ ခန္ဓာကိုယ်များ ယိမ်းယိုင်သွားကြလေ၏။

လုထော်သည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်လှ၏။

သို့သော်လည်း ဝမ်ရှီး၊ ရွှမ်ခွန်နှင့် မင်းသမီးယောင်ယွဲ့တို့သည်လည်း အားနည်းသည့်သူများ မဟုတ်။ သူတို့အားလုံးသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့် အဆင့်လွန်လူငယ်များပင်။ သူတို့သည် လုထော်နောက်လိုက်နေရင်းဖြင့်ပင် ပြိုင်ဘက်ကင်းသည့်ပညာများကို အသက်သွင်းကာ တိုက်ခိုက်လာကြလေသည်။

လုထော်သည် ထွက်ပြေးနေရင်းဖြင့်ပင် ခုခံနေရလေ၏။ မဟုတ်လျှင် သူ ဒဏ်ရာ ထပ်ရသွားလိမ့်မည်။ သို့သော်လည်း သူ ဝေးဝေးမပြေးနိုင်မီမှာပင် ဝိုင်းခံလိုက်ရလေ၏။

ဝုန်း..

သင်္ကေတများထွက်ပေါ်လာကာ အရိုးစာသားများလည်း ထွက်ပေါ်လာလေ၏။

လုထော် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူ၏ဒဏ်ရာများမှာ ပို၍ပြင်းထန်လာပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ်စီးကျလာလေ၏။

ဤသည်မှာ သူတင်မက မည်သူမှ ထင်မထားသည့်ကိစ္စတစ်ခုပင်။ လူငယ်သုံးယောက်ပူးပေါင်းကာ သူ့အား တိုက်ခိုက်ခြင်းမှာ ထိတ်လန့်စရာကောင်းလှသည်။

ဖူး..

နောက်တစ်ကြိမ် သွေးအန်ထွက်လာလေ၏။

သူ၏အရိုးအတော်များများ ကျိုးသွားပြီဖြစ်ပြီး သူ မယှဉ်နိုင်တော့။

ကံကောင်းသည်မှာ နောက်ဆုံးတော့ သူအောင်အောင်မြင်မြင် ထွက်ပြေးလာနိုင်ခဲ့သည်။ သူ၏ကိုယ်ပိုင် ကောင်းကင်ပညာကို အသက်သွင်းကာ ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။

သူ့နောက်လိုက်လာသည့်သူများလည်း မမှီနိုင်တော့ပေ။

ရှီဟောင်လည်း သူတို့နောက်လိုက်လာခဲ့ကာ တိတ်တဆိတ်ကြည့်နေလိုက်သည်။ သူသည် ဒဏ်ရာပြင်းထန်စွာရနေသည့် လုထော်နောက်သို့ ပြေးလိုက်သွားချင်သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။

“ခွပ်..” လေဟာနယ်ထဲတွင် ကြောက်စရာကောင်းသည့် လျှပ်စီးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် နဂါးအော်သံများ၊ ကျားဟိန်းသံများ ထွက်ပေါ်လာလေ၏။ ထာဝရပုဂ္ဂိုလ်များနှင့် ထာဝရအလင်းများလည်း ထွက်ပေါ်လာလေ၏။

တစ်ယောက်ယောက်မှာ ဤအခွင့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။

မင်းသမီးယောင်ယွဲ့သည် ရုတ်တရက်ပင် ရွှမ်ခွန်နှင့်ပူးပေါင်းကာ ဝမ်ရှီးကို တိုက်ခိုက်လာလေ၏။

ဤသည်မှာ လျှပ်တပြက်ဖြစ်သွားခြင်းပင်။

မည်သို့ပင်ဖြစ်စေ မင်းသမီးယောင်ယွဲ့နှင့် ဝမ်ရှီးတို့မှာ ပြိုင်ဘက်များပင်။

ဝုန်း..

ဆူညံသံများထွက်ပေါ်လာကာ ဝမ်ရှီးသည် သူတို့နှင့် ပြင်းပြင်းထန်ထန်ပင် တိုက်ခိုက်နေလေသည်။

သူတို့သည်အစက အားလုံးကြည့်နေမည်ကို မလိုချင်သော်လည်း ဆူညံသံများမှာ ကျယ်လွန်းလှသောကြောင့် အခြားသူများကို ဖုံးကွယ်နိုင်တော့မည်မဟုတ်ပေ။

ရွှီး..

နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အဖိုးတန်ပညာ၏သင်္ကေတမျိုးစုံကို ပေါက်ကွဲသွားစေလေသည်။

အခြားတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေပြီ။

သူတို့သုံးယောက်၏ ကောင်းကင်ပညာများ နောက်တစ်ကြိမ်ပြန်ပေါ်လာလေသည်။

ဖူး..

ဝမ်ရှီးနှုတ်ခမ်းထောင့်မှ သွေးစီးကျလာလေ၏။ ကျွမ်းကျင်သူနှစ်ယောက်ကို တိုက်ခိုက်ရခြင်းမှာ သေချာပေါက်ပင် သူမအတွက် လွယ်ကူသည့်အရာမဟုတ်ပေ။ သူမ ထွက်ပြေးရမည်။

သို့သော်လည်း ဤနှစ်ယောက်မှာ စွမ်းအားကြီးလွန်းလှသည်။ သူမသည်လည်း လုထော်ကဲ့သို့ ချောင်းတိုက်ခံလိုက်ရကာ ဒဏ်ရာပြင်းထန်စွာ ရရှိနေလေပြီ။

ရွှီး..

ဝမ်ရှီးမှာ သက်ရှည်မိသားစုမှ ကောင်းကင်မိန်းမပျိုဖြစ်ထိုက်ပါပေသည်။ မင်းသမီးယောင်ယွဲ့၏ ပြင်းထန်သည့်တိုက်ခိုက်မှုများအောက်တွင်ပင် သူမ ထွက်ပြေးနေနိုင်ဆဲပင်။

“သွားမယ်..” ရှီဟောင်နားသို့ ရောက်လာသည်နှင့် သူမသည် ထူးဆန်းသည့်အလင်းတစ်ခုကို ထုတ်လွှတ်ကာ ရှီဟောင်ကို သူမနှင့်အတူ ခေါ်သွားလိုက်လေ၏။

“အကူအညီလိုလား .. ကျုပ်ခင်ဗျားကိုယ်စား သူတို့ကို တိုက်ပေးနိုင်တယ်” ရှီဟောင် ပြောလိုက်၏။

“သူတို့က ရှင့်ပြိုင်ဘက်တွေ မဟုတ်ဘူး .. စွန့်စားနေစရာ မလိုဘူး..” ဝမ်ရှီးပြောလိုက်၏။

အတော်ဝေးဝေးသို့ ပြေးပြီးသည့်နောက်တွင် သူမရပ်တန့်လိုက်ကာ နတ်ဆေးလုံးတစ်လုံးသောက်ပြီးထိုင်ချလိုက်၏။ ထို့နောက် သူမ၏ဒဏ်ရာများကို ကုသရန်အတွက် ထိုင်ချလိုက်သည်။

ရှီဟောင်သည် သူမကိုသာ စောင့်ကြည့်ပေးနေလိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် ဝမ်ရှီးမျက်လုံးများပြန်ပွင့်လာလေ၏။ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူများထံမှ တိုက်ခိုက်ခံလိုက်ရသောကြောင့် သူမဒဏ်ရာများမျှ ဤမျှအချိန်တိုအတွင်း ပျောက်စရာအကြောင်း မရှိပေ။ သို့သော်လည်း သူမထံတွင် ရွေးချယ်စရာ မရှိ။ မဟုတ်လျှင် သူမတို့ကို ဖမ်းမိသွားလိမ့်မည်။

သူတို့ ဆက်လက်ထွက်ပြေးလာလိုက်၏။ မထင်မှတ်စွာပင် သူတို့ပြေးလာသည့်နေရာမှာ လုထော်ပြေးသွားသည့်ဘက်ဖြစ်နေသည်။

ဝမ်ရှီးသည် သူမခန္ဓာကိုယ်မှ သွေးများကို မသုတ်ရသေးသောကြောင့် သူမ အလောတကြီးပြေးလာသည်ကို ပေါ်လွင်သွားစေသည်။

“လုထော်..” ရှီဟောင် မျက်လုံးများ မှေးကျဉ်းသွားရသည်။ သူတို့ကိုလမ်းလာပိတ်နေသည့် ပုံရိပ်တစ်ခုကို သူတွေ့လိုက်ရသည်။ သူ၏အစိမ်းရောင်ဆံပင်များပျံ့လွင့်နေပြီး ခန္ဓာကိုယ်သည်လည်း တောင်တစ်လုံးကဲ့သို့ပင်။

ဝမ်ရှီး ရပ်တန့်လိုက်သည်။

“ကျွန်မတို့ ပြန်သွားတိုက်ရဦးမယ် .. အဲဒီနှစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ရဦးမယ် .. မဟုတ်ရင် ကျွန်မတို့နှစ်ယောက်လုံး ဒီလိုမျိုးဒဏ်ရာတွေနဲ့ဆိုရင် ဒဏ်ရာရနေတဲ့သားကောင်ကို ပစ်မှတ်ထားခံနေရလိမ့်မယ်..” ခဏကြာပြီးနောက် သူမတည်ငြိမ်စွာ ပြောလိုက်သည်။

လုထော်သည်လည်း အချိန်အတော်ကြာ တိတ်ဆိတ်ပြီးသွားသည့်နောက်တွင် ခေါင်းညိမ့်လိုက်ကာ သူမနှင့်အတူ ပြန်လာခဲ့လိုက်လေသည်။

ဤသည်မှာ စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်။ ဝမ်ရှီးသည် အခြားသူများနှင့်ပူးပေါင်းကာ လုထော်ကို တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူမသည် ရန်သူကို တိုက်ခိုက်ရန်အတွက် လုထော်နှင့်အတူ ပူးပေါင်းလိုက်ပြန်သည်။

အဓိကအကြောင်းရင်းမှာ ထာဝရစွမ်းအင်သုံးကြောင်းနှင့်လူများမှာ ကြောက်စရာကောင်းလွန်းလှသောကြောင့်ပင်။ ယခု သူတို့နှစ်ဦးလုံးဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ဤအတောအတွင်း သူတို့ကဲ့သို့ စွမ်းအားကြီးသည့်သူနှင့်သာ တိုက်ခိုက်ရပါက သူတို့အန္တရာယ်များလိမ့်မည်။

အသက်ရှင်နိုင်ရန်အတွက် သူတို့ ယာယီလက်တွဲလိုက်ကြသည်။

ထို့နောက်တွင် ဝမ်ရှီးနှင့်လုထော်တို့သည် ပုန်းနေကာ အခွင့်အရေးကောင်းကို စောင့်နေလိုက်သည်။

နောက်ဆုံးတွင်တော့ မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်တို့ရောက်လာလေပြီ။

ဝုန်း..

ကောင်းကင်နှင့်မြေကြီး တုန်ဟီးသွားလေ၏။

ဝမ်ရှီးနှင့် လုထော်တို့၏ ချောင်းမြောင်းတိုက်ခိုက်မှု အလုပ်ဖြစ်သည်။ ရွှမ်ခွန်သည် ထူးဆန်းသည့်လက်ဝါးနှင့် လက်ချောင်းဒဏ်ကို ခံလိုက်ရကာ လွင့်ထွက်သွားလေ၏။

ပြောင်းလဲမှုများမှာ မြန်ဆန်လွန်းလှသည်။ ရွှမ်ခွန်၏တစ်ကိုယ်လုံး သွေးများရွှဲစိုနေပြီး ပါးစပ်မှ သွေးများလည်းစီးကျနေသည်။

သို့သော်လည်း သူသည် သာမန်လူမဟုတ်သောကြောင့် မသေပဲ တောင့်ခံလိုက်နိုင်သည်။

“တာအိုရောင်းရင်း .. ကျွန်မတို့နှစ်ယောက် သူတို့ကို ကြောက်စရာ မလိုဘူး.” မင်းသမီးယောင်ယွဲ့ပြောလိုက်၏။

သို့သော်လည်း ရွှမ်ခွန်သည် သူမအား စိုက်ကြည့်ပြီးနောက် ထွက်ပြေးသွားလေ၏။

ရွှမ်ခွန်သည် ဒဏ်ရာရသွားပြီဖြစ်သောကြောင့် အကောင်းတိုင်းရှိနေသည့် မင်းသမီးယောင်ယွဲ့နှင့် အတူတူ မရပ်ရဲတော့။ သူမလည်း ဤကဲ့သို့ဒဏ်ရာရသွားလျှင် အကောင်းဆုံးပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ကြားမှ ပြိုင်ဆိုင်မှုများမှာ ပြင်းထန်လှသည်။ သူတို့ထဲက တစ်ယောက် ကောင်းမွန်စွာရှိနေသေးပါက ဒဏ်ရာရနေသည့်သူများအတွက် ကောင်းမည်မဟုတ်ပေ။

မင်းသမီးယောင်ယွဲ့ ထွက်ပြေးရန် လှည့်ထွက်လိုက်သည်။

ဖုန်း..

ဝမ်ရှီးနှင့် လုထော်၏တိုက်ခိုက်မှုအောက်တွင် မင်းသမီးယောင်ယွဲ့ ခက်ခက်ခဲခဲထွက်ပြေးသွားနိုင်သော်လည်း သူမလည်း ဒဏ်ရာရသွားသည်။ သူမနှာခေါင်းနှင့်နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေ၏။

ရှီဟောင် ဆွံ့အသွားရ၏။ လေးယောက်လုံးဒဏ်ရာရသွားလေပြီ။ သူတို့၏ပူးပေါင်းမှုများမှာ အားပျော့လှသည်။ ထို့အပြင် လေးယောက်လုံးမှာ မတူညီသည့်ရည်ရွယ်ချက်များ ရှိနေသောကြောင့် ဤကဲ့သို့သော အခြေအနေမျိုးဖြစ်လာခြင်းပင်။

နောက်ဆုံးတော့ တိုက်ပွဲကြီး ရပ်တန့်သွားလေပြီ။

“ငါ တိုက်ခိုက်သင့်လား .. ငါ့တာအိုပန်း ပွင့်လာတာနဲ့ ပန်းပေါင်းတစ်ရာညှိုးသွားမှာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

အပိုင်း ၁၃၀၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၇ – အဆုံး မရှိခြင်း

မင်းသမီးယောင်ယွဲ့၏ အဖြူရောင်အဝတ်အစားများလည်း သူမသွေးကြောင့် အနီရောင်ပြောင်းလဲသွားလေပြီ။ လရောင်ဝန်းရံထားသည့် သူမခန္ဓာကိုယ်သည်လည်း ပြင်းထန်လှသည့် ဒဏ်ရာများကြောင့် တုန်ယင်နေလေသည်။

ရွှီး..

အနောက်ဘက်မှ လုထော်နှင့် ဝမ်ရှီးတို့လည်း ယောင်ယွဲ့နောက် ဆက်မလိုက်ပဲ လမ်းခွဲသွားလိုက်ကြလေ၏။

ဤတိုက်ပွဲမှာ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီ။

အဆင့်လွန်လူငယ်လေးယောက်သည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး တစ်ဖက်လူကို နားလည်သွားသောကြောင့် ဆက်မတိုက်ရန် ရွေးချယ်လိုက်ကြသည်။

ရှီဟောင်၏ မျက်လုံးများမှာ လေးနက်နေလေ၏။ မည်သူ့ကို အရင်သတ်ရမလဲဟု သူ စဉ်းစားနေခြင်းပင်။ နောက်ဆုံးတွင်တော့ လုထော်ကို သတ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သူထွက်သွားတော့မည့်အချိန်တွင် အရှေ့ဘက်မှ ကြောက်စရာကောင်းလှသည့် စွမ်းအင်လှိုင်းကြီး ပျံ့လွင့်လာလေ၏။ ဤသည်မှာ ကြယ်ပင်လယ်ကြီး ဤလောကကြီးထံသို့ ပြိုဆင်းလာသကဲ့သို့ပင်။

နီညိုရောင်မြေကြီးမှာ ဆက်တိုက်ပင် အက်ကွဲနေသည်ကို မြင်နေရသည်။

စွမ်းအားကြီးသည့် နတ်စိတ်ဝိညာဉ်တစ်ခု ပျံ့လွင့်လာပြီးနောက်‌ တောင်များနှင့် မြစ်များကို လွှမ်းခြုံသွားလေသည်။ တောင်ထပ်များလည်း အက်ကွဲလာလေ၏။

ရှီဟောင် ထိတ်လန့်ကာ ရပ်တန့်သွားရသည်။ ဘယ်သူလဲ .. ဤထူးဆန်းသည့်အော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။ ဘယ်သူက ဒါကို ခုခံနိုင်မှာလဲ ..

ရှီဟောင် ကျောက်တုံးကြီးတစ်တုံးနောက်တွင် ပုန်းလိုက်ပြီး အခြေအနေများကို လေ့လာနေလိုက်သည်။

အမြင့်ဆုံးတောင်ကြီးတစ်လုံးပေါ်တွင် ပုံရိပ်တစ်ခု တိတ်တဆိတ် ထွက်ပေါ်လာလေ၏။ ထိုနေရာမှာ အလွန်ပင် မှုန်မှိုင်းနေလေသည်။ ထိုပုံရိပ်သည် ရှည်လျားဖြောင့်တန်းနေပြီး ဖိအားတစ်ခုကိုလည်း ထုတ်လွှတ်နေလေသည်။

အာရုံစိုက်ခံရမည်ဆိုးသောကြောင့် ရှီဟောင် ကောင်းကင်မျက်လုံးကို အသုံးမပြုရဲ။ ဤလူ၏အော်ရာမှာ ကြောက်စရာကောင်းလွန်းလှကာ သူ လက်လှုပ်လိုက်သည်နှင့် နေ၊ လနှင့် ကြယ်များကိုပင် ရိုက်ချနိုင်လိမ့်မည်ဟု ခံစားနေရသည်။

ဤသည်မှာ ခေါင်းမပါသည့် အလောင်းတစ်လောင်းပင်။

ရှီဟောင် ထိတ်လန့်သွားရ၏။ သူကောင်းကင်မျက်လုံးကို အသုံးမပြုသော်လည်း ဤလူခေါင်းမပါသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရဆဲပင်။ သူသည် ဤဘက်ကို ကျောပေးထားနေခြင်းပင်။

ဤစစ်ဝတ်စုံများ၊ ပျက်စီးနေသည့် ချပ်ဝတ်တန်ဆာများကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ ရှေးခေတ်မှ တစ်ယောက်ယောက်မှန်း သိနိုင်သည်။

“သူ့ခေါင်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဆုံးရှုံးခဲ့တာထင်တယ် .. သူ့ခန္ဓာကိုယ်မှာ ရှေးဟောင်းအော်ရာတွေရှိနေတယ် .. အဲဒီသွေးတွေတောင်မှ ရှေးအော်ရာတွေ ရှိနေတယ်..”

သူ၏ကောက်ချက်ချမှုကို သူပင် ထိတ်လန့်သွားရသည်။ အဲဒီခေါင်းမပါတဲ့ သတ္တဝါကြီးက အသက်ရှင်နေသေးတာလား..

သူသည် အရေးကြီးသည့် စစ်ပွဲမှသက်ရှိနှင့် တူသည်။ သူ၏အသားအရေတွင် ထာဝရစွမ်းအင်များ ကြွင်းကျန်ရစ်နေဆဲပင်။

သူသည် ထိုနေရာတွင် ရပ်နေရုံဖြင့် ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ ခုကို ဖြတ်ချနိုင်သကဲ့သို့ပင်။

ထို့နောက် ထိုသက်ရှိ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

သို့သော်လည်း ဤနေရာမှာ ချက်ချင်းပြိုကျသွားလေသည်။ ဝုန်းဟူသည့်အသံနှင့်အတူ တောင်ထိပ်များပေါက်ကွဲသွားလေ၏။

ထိုပုံရိပ်မှာ သူတို့စီးလာခဲ့သည့်‌ ရွှေရောင်စစ်သင်္ဘောထံသို့ ဦးတည်သွားနေသည်ကို သူတွေ့လိုက်ရသည်။ ပြင်းထန်သည့်စွမ်းအင်လှိုင်းများကြောင့် ထိုအနီးတွင်ရှိနေသည့် အမွေးနီသားရဲများနှင့် အခြားအကောင်များအားလုံး ပေါက်ကွဲသွားကာ သူတို့၏ခန္ဓာကိုယ်နှင့်ဝိညာဉ်နှစ်ခုလုံး ပျက်ဆီးသွားလေသည်။

ဤကဲ့သို့သော ခွန်အားမျိုးမှာ ကြောက်စရာကောင်းလှသည်။

ကံကောင်းစွာဖြင့် အခြားသူများ ဤနေရာတွင် ရှိမနေကြပေ။ မဟုတ်ပါက ဆုံးရှုံးမှု ကြီးမားသွားလိမ့်မည်။

ထိုသက်ရှိကြီး ထွက်သွားမှသာ ရှီဟောင် မတ်တပ်ရပ်လိုက်၏။ ဝမ်ရှီးသည်လည်း အဝေးတွင် ပုန်းနေကာ ရှီဟောင်အား လက်ဝေ့ရမ်းပြနေသည်ကို တွေ့လိုက်ရသည်။ သူမလည်း ထွက်မသွားသေးပဲ အမှောင်ထဲတွင် ပုန်းနေခြင်းပင်။

သူမ ဒဏ်ရာများမှာ ပို၍ပင် ဆိုးရွားလာလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုခေါင်းပြတ်သက်ရှိကြီး ထွက်လာသည့် တောင်အောက်တွင် ပုန်းနေခြင်းပင်။

“အဲဒါက ဘာကြီးလဲ..” ရှီဟောင် မေးလိုက်၏။ ဝမ်ရှီးသည် သက်ရှည်မိသားစုမှလာခြင်းဖြစ်သောကြောင့် သူ့ထက်ပိုသိမည်မှာ သေချာသည်ပင်။

“တိုက်ပွဲမှာ သေသွားတဲ့ တစ်ယောက်ယောက်ပဲ .. ခေါင်းဖြတ်ခံလိုက်ရတာတောင်မှ သူ့ခန္ဓာကိုယ်က အသက်ရှိနေတုန်းပဲ .. နတ်ဆေးတွေရှိတဲ့နေရာမှာ မြှုပ်ခံထားလိုက်ရတော့ အခုထိ ဆက်ရှိနေသေးတာ..” ဝမ်ရှီး ရှင်းပြလိုက်သည်။

သူမပြောသည့်အတိုင်းဆိုလျှင် ဤအရာကြီးသည် အသိဉာဏ်ရလာပြီဖြစ်ပြီး နတ်ဆေးခင်းမှ ထွက်သွားနိုင်လေပြီ။ အချို့စွမ်းအားများကြောင့် သူ့အသွေးအသားများ ယခုထိ ကောင်းမွန်ဆဲပင်။

ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ ဤခေါင်းပြတ်သက်ရှိကြီးမှာ အလွန်ကြောက်စရာကောင်းသည်ဟု ပြော၍ရသည်။ ဒါတောင်မှ အရင်ခေတ်က ကျန်ခဲ့တဲ့လူတဲ့လား..

“ဒီနေရာက ဘယ်နေရာလဲဆိုတာ မမေ့နဲ့ .. ဒါက ထာဝရစစ်မြေပြင် .. ဒီမှာ တိုက်ခိုက်နိုင်တဲ့သူတွေအားလုံးက ဂိုဏ်းခေါင်းဆောင်အဆင့်ထက် ကျော်တဲ့လူတွေချည်းပဲ .. ထာဝရဘုရင်တွေတောင်ပါသေးတယ်..” ဝမ်ရှီး သူ့အား မျက်လုံးပင့်ကြည့်ပြီး ပြောလိုက်သည်။

“မင်း အခြေအနေ ဘယ်လိုလဲ .. ငါ ပွေ့ပေးသွားရမလား..” ရှီဟောင် လက်မောင်းဖြန့်ကာ ပြောလိုက်သည်။

ဝမ်ရှီး သူ့အား စိုက်ကြည့်လိုက်သည်။ ဒီလူက တုံးတာလား၊ ဟန်ဆောင်နေတာလား .. ဒီစကားကို သာမန်စကားလိုမျိုးလာပြောနေတယ်..

“ကျွန်မ ဒဏ်ရာရနေရင်တောင် ရှင်ကျွန်မကို ပွေ့ပေးဖို့ မလိုဘူး .. ရှင်ကျွန်မကို ကူညီချင်တယ်ဆိုရင်တောင်မှ နောက်ကျောဘက်ဆိုရင် ရပြီ ဟုတ်ပြီလား..” ဝမ်ရှီးပြောလိုက်၏။

“အဲဒါဆိုရင် ငါမင်းကို ကျောပိုးသွားမယ်လေ..” ရှီဟောင်ပြောလိုက်သည်။

“မလိုဘူး..” ဝမ်ရှီး နှုတ်ခမ်းထောင့်မှသွေးကိုသုတ်လိုက်လေ၏။ သူမအသားအရေ ဖြူဖျော့နေသော်လည်း သူမ၏လှပမှုမှာ လျော့ကျမသွားပေ။

သို့သော်လည်း အနည်းငယ်ခန့်လျှောက်ပြီးသွားသည်နှင့် သူမကိုယ်သူမ မထိန်းနိုင်တော့ပဲ ယိုင်ကျလာလေသည်။

အဆင့်လွန်လူငယ်လေးယောက်၏ တိုက်ပွဲတွင် လေးယောက်လုံးရှုံးသွားသည်ဟု ပြော၍ရသည်။ အားလုံး၏ အုတ်မြစ်များထိခိုက်သွားသည်။ သာမန်လူများဆိုပါက သေသွားလောက်လေပြီ။ ရှေးဟောင်းကောင်းကင်ပညာမှ ဒဏ်ရာများမှာ တာအိုဒဏ်ရာများဖြစ်ပြီး ပြန်လည်ကောင်းမွန်နိုင်ရန် ခက်ခဲလှသည်။

ကံကောင်းစွာဖြင့်ပင် သူတို့အားလုံးသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများဖြစ်နေသည်။ ထို့ကြောင့်ပင် အချိန်ခဏယူကာ ဒဏ်ရာများကို ကုသပြီး အသက်ဆက်ရှင်နေနိုင်ခြင်းပင်။

ဝမ်ရှီး၏ဒဏ်ရာ ဤမျှပြင်းထန်ရခြင်းမှာ ထိုခေါင်းပြတ်သက်ရှိကြောင့်ပင်။ ထိုသက်ရှိကြီး ခြေတစ်ချက်စောင့်လိုက်သည်နှင့င် ဘေးပတ်လည်ရှိမြေကြီးများပင် ပေါက်ကွဲထွက်သွားသောကြောင့် ထိုတောင်အောက်တွင်ရှိနေသည့် ဝမ်ရှီးမှာ အတော်လေး ထိခိုက်သွားရသည်။

ရှီဟောင်သည် သူမဘေးမှ လျှောက်လာသော်လည်း သူမကို ကူညီပေးခြင်းမရှိပေ။

ဝမ်ရှီး သွေးချောင်းဆိုးသွားပြီးနောက် ရှီဟောင်အား အလွန်မကျေမနပ်ပင် လှည့်ကြည့်လာလေ၏။
” ရှင် ဘာလို့ ဒီလောက်တောင် လျစ်လျူရှုနိုင်ရတာလဲ..”

“မင်းပြောတော့ ငါ့အကူအညီမလိုဘူးဆို..” ရှီဟောင်ပြောလိုက်၏။ ပြောနေရင်းဖြင့် သူမကို တွဲပေးထားလိုက်လေသည်။ “မင်းအခု ဒီလောက်တောင် အားနည်းနေတာ တစ်ခြားလူတွေလည်း ဒီထက်ပိုမှာမဟုတ်ဘူး .. တကယ်လို့ ငါမင်းကိုခေါ်ပြီး သူတို့ကို သွားသတ်ရင် မလွယ်သွားဘူးလား..”

“ထားလိုက်တော့ .. ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံပြီးတော့ တာအိုပန်းပွင့်တွေ ဖန်တီးနိုင်ပြီဆိုတာနဲ့ သူတို့ရဲ့တိုက်ခိုက်နိုင်တဲ့ခွန်အားက လုံးဝကို ပြောင်းလဲသွားပြီ .. ရှင်က သူတို့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အဝေးကြီးလိုသေးတယ်” ဝမ်ရှီး ခေါင်းခါ၍ ပြောလိုက်သည်။

ရှီဟောင်၏နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။ သူ ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ မရောက်သေးသော်လည်း သူတာအိုပန်းပွင့်နှစ်ပွင့်ရအောင် ကျင့်ကြံပြီးသွားလေပြီ။ သူ နိုင်လိမ့်မည်ဟု သူယုံကြည်ချက်ရှိသည်ပင်။

“တာအိုကနေ တစ်ခု၊ တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေ သုံးခု၊ သုံးခုကနေ အရာအားလုံးပဲ .. ခေါင်းပေါ်မှာ တာအိုပန်းပွင့်သုံးပွင့်ရှိရင် ရှင်ထင်ထားတာထက်ကို ပိုပြီးအင်အားကြီးတယ် .. တာအိုပန်းပွင့်နှစ်ပွင့်ရှိတဲ့သူနဲ့လည်း အကွာကြီးကွာတယ် .. ရှင် ကိုယ့်ကိုကိုယ် အရမ်းယုံကြည်မနေနဲ့” ဝမ်ရှီးပြောလိုက်သည်။

ရှီဟောင်သည် သူမနှင့် ပြိုင်ငြင်းမနေပဲ ခေါင်းစဉ်ပြောင်းလိုက်သည်။
” အဲဒီခေါင်းပြတ်သက်ရှိကြီးက ကျုပ်တို့ရဲ့ စစ်သင်္ဘောကြီးဆီသွားနေတာကို ကျုပ်မြင်လိုက်တယ် .. သင်္ဘောကြီးက ဘာမှတော့မဖြစ်လောက်ဘူးမလား .. အဲဒီအကြီးအကဲတွေ တောင့်ခံနိုင်လောက်တယ်မလား..”

“ကျောင်းက နံပါတ် ၂ ကျွမ်းကျင်သူ လိုက်လာခဲ့တာ .. ဖီးနှစ်ကိုးကောင်မီးဖိုနဲ့ဆိုတော့ ဘာမှဖြစ်မှာမဟုတ်ဘူး .. ကောင်းကင်နတ်ဘုရားကျောင်းက ရှင်ထင်ထားတာထက်ကို ပိုပြီးတော့ စွမ်းအားကြီးတယ် .. ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ ခုမှာ ပုန်းနေခဲ့တဲ့ ရှေးဟောင်းသက်ရှိတွေနဲ့ ဖွဲ့စည်းထားတာ..” ဝမ်ရှီးပြောလိုက်၏။

“အဲဒါဆိုရင်လည်း ကောင်းတာပေါ့ .. ငါတို့အပြန်လမ်းမပိတ်တော့ဘူးပေါ့..” ရှီဟောင်ခေါင်းညိမ့်လိုက်၏။

တစ်ခဏခန့် လမ်းလျှောက်ပြီးသည့်နောက်တွင် ဝမ်ရှီး ထပ်တောင့်မခံနိုင်တော့။ သူမ နတ်ဆေးလုံး နောက်တစ်လုံးသောက်လိုက်သည်။ သို့သော်လည်း သူမအလွန်အားနည်းနေဆဲပင်။

“ကျုပ် ကျောပြင်လိုလား..” ရှီဟောင်မေးလိုက်၏။

ထိုစကားကိုကြားလိုက်သည်နှင့် ဝမ်ရှီး သူ့အား ကြည့်လာလေ၏။ ထို့နောက် သူမ လက်ဝါးတောက်ပလာကာ အလင်းရောင် ၇ ရောင်မျိုး တောက်ပနေသည့် ရထားလုံးတစ်ခု ထွက်ပေါ်လာလေ၏။

သူတို့နှစ်ယောက်လုံး စစ်ရထားလုံးပေါ်သို့ တက်လိုက်ကြသည်။ ရှီဟောင် ရထားလုံးကို အသက်သွင်းလိုက်သောကြောင့် ရထားလုံးဆွဲသည့်သားရဲများမရှိလျှင်ပင် လေထဲ၌ အလွန်လျင်မြန်စွာ သွားလာလှုပ်ရှားနိုင်သည်ပင်။

“ဒီရထားလုံးကို မောင်းရတာက အရမ်းအားကုန်တာပဲ..” ရှီဟောင် ညည်းညူလိုက်သည်။

“ရှင် ကျွန်မနဲ့ တစ်ခုခုလုပ်ဖို့ ကြိုးစားချင်ရင် ကျွန်မ ရှင့်ခေါင်းပေါ်က စိန်ခေါင်းပတ် သေးသွားအောင်လုပ်ပြီး ရှင့်ရဲ့မူလဝိညာဉ်ကို တင်းကြပ်သွားအောင် လုပ်လိုက်မှာနော်..” ဝမ်ရှီးမျက်လုံးမှိတ်ပြပြီး ညင်သာစွာ ပြောလိုက်လေ၏။

“မမလေး .. မင်းအတွေးလွန်နေပါပြီ .. ကျုပ်က နတ်ခွန်အားတွေကို မဖြုန်းတီးချင်ရုံပါ .. မင်းကို ကျုပ်ကျောပေါ် တင်ချင်တယ်လို့ ထင်နေတာလား..” ရှီဟောင်ပြောလိုက်သည်။

နောက်ဆုံးတွင်တော့ သူတို့ဤနေရာမှ ထွက်လာခဲ့လိုက်ကြလေပြီ။ အနီရောင်အမွေးနှင့် သားရဲများလည်း နည်းပါးသွားလေပြီ။ သူတို့တိတ်ဆိတ်သည့်နေရာတစ်ခုတွင် ဆင်းလိုက်ကြသည်။

ဝမ်ရှီး၏ယူဆချက်အရဆိုလျှင် ဤနေရာ၌ ခေါင်းမပါသည့်အလောင်းကြီး နေနေသည့် အဖိုးတန်ဆေးပင်များစိုက်ထားသည့် အဖိုးတန်မြေတစ်ခု ရှိနေမည်ပင်။

သူတို့ ဘေးပတ်လည်ကို စတင်ရှာဖွေလိုက်ကြသည်။

မည်သူမှမတွေ့သေးသည့် ထာဝရလှိုဏ်ဂူတစ်ခုကို ရှာတွေ့ဖို့ မျှော်လင့်ထားကြသည်။ ထိုသို့သာဆိုပါက သူတို့အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်။

“မင်းရဲ့ဒဏ်ရာတွေကို ကုထားလိုက် .. ကျုပ် အဲဒီရှေးဟောင်းမြေကို သွားရှာလိုက်ဦးမယ် .. တကယ်လို့ လုထော်တို့ ရွှမ်ခွန်တို့နဲ့ တွေ့ခဲ့ရင်လည်း သူတို့ကို ရှင်းခဲ့လိုက်မယ်..” ရှီဟောင် ပြောလိုက်သည်။

“ရှင် နည်းနည်းလောက် နိမ့်ချလို့မရဘူးလား..” ဝမ်ရှီး မျက်လုံးပင့်ကာ ပြောလိုက်သည်။

“ကျုပ်က အနှိမ့်ချဆုံးလူပဲ .. အမြဲတမ်းအမှန်တရားပဲပြောတယ် .. မင်းက ဘာလို့ကျုပ်ကို မယုံကြည်ရတာလဲ..” ရှီဟောင် ရိုးသားသည့် ပုံစံဖြင့် ပြောလိုက်လေသည်။

“ရှင် ဒီလောက်စွမ်းနေရင်လည်း ကျွန်မအတွက် ယောင်ယွဲ့ကို သတ်ပေးလိုက်..” ဝမ်ရှီးမှာ ယောင်ယွဲ့ကို မကျေမနပ်ဖြစ်နေသည်မှာ သိသာလှသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏တာအိုဒဏ်ရာတစ်ဝက်လောက်မှာ ယောင်ယွဲ့၏ ရက်စက်လှသည့် ကောင်းကင်ပညာကြောင့်ပင်။

“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း သူ့ကိုဖမ်းပြီးတော့ ကျုပ်အိပ်ရာနွေးအောင် လုပ်လိုက်မယ်..” ရှီဟောင်ပြောလိုက်သည်။

“ကျွန်မမျက်စိရှေ့က ထွက်သွားလိုက်တော့ .. အဓိပ္ပာယ်မရှိတာတွေပြောပြီးတော့ ကျွန်မရဲ့ငြိမ်းချမ်းမှုကို မနှောက်ယှက်နဲ့”
သူမနား ညစ်ပတ်သွားမည်စိုးသောကြောင့် ဝမ်ရှီး ဘာမှမပြောချင်တော့။

ရွှီး..

ရှီဟောင် ပျောက်ကွယ်သွားလေ၏။ သူသည် နတ်ဆေးခင်းကြီးကို ရှာနေရင်းဖြင့်ပင် ယောင်ယွဲ့၊ လုထော်နှင့် ရွှမ်နင်တို့ကို ရှာနေလေ၏။

အပိုင်း ၁၃၀၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၈ – လေကလန် ပေါ်လာမှု

ရှီဟောင်သည် လေကဲ့သို့ပင် တရှိန်ထိုးသွားလာနေလေ၏။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် နီညိုရောင်မြေကြီးတွင် လှည့်ပတ်သွားလာနေရင်း သူ၏စွမ်းအားကြီးသည့် နတ်အာရုံကိုလည်း ဖြန့်ကျက်ထားလေသည်။

သူ နတ်ဆေးပင်များကို လိုက်ရှာနေခြင်းပင်။ သို့သော်လည်း ထာဝရလှိုဏ်ဂူများကို တွေ့လျှင်တော့ အကောင်းဆုံးပင်။

သူတို့ ဒီထာဝရစစ်မြေပြင်ကို လာတာက တာအိုစာအုပ်တွေ၊ ထာဝရပစ္စည်းတွေကြောင့်ပဲမလား .. ဤပစ္စည်းများမှာ ယခုအချိန်ထိတိုင် ချိတ်ပိတ်ထားသည့် ထိုလှိုဏ်ဂူများမှ ရလာနိုင်မည်ပင်။

အမွေးနီနှင့်သားရဲများလည်း ပြန်ဆုတ်သွားပြီဖြစ်သောကြောင့် ဤနေရာမှာ ပြန်လည်ငြိမ်းချမ်းသွားလေပြီ။ လေတိုက်သံများကိုသာ ကြားရတော့သည်။

ရှီဟောင်သည် ပုံရိပ်ယောင်များကို ချန်ရစ်ခဲ့လေ၏။ သူသည် သူ၏နတ်စွမ်းရည်များနှင့်ကျင့်ကြံခြင်းများကို အသုံးပြုကာ လျင်မြန်စွာပင် ရွေ့လျားနေလေ၏။ ဤနယ်မြေတစ်ခုလုံးကို သူလေ့လာပြီးသွားပြီဖြစ်သော်လည်း ဘာမှမတွေ့သေးပေ။

“သတိထား .. အဲဒီလူတွေအားလုံးဒဏ်ရာရသွားတယ်ဆိုရင်တောင်မှ သူတို့တွေက အထင်ကြီးဖို့ကောင်းနေတုန်းပဲ .. ငါတို့ သူတို့ကို နှောက်ယှက်လို့မရဘူး..”

အသံများကို ရုတ်တရက်ကြားလိုက်ရသည်။ သူ့ထံသို့ ဦးတည်လာနေသည့်လူများ ရှိနေသည်။ ဤလူများမှာ သူကဲ့သို့ပင် တစ်ခုခုကို ရှာဖွေရန်အတွက် လျှောက်သွားနေကြသည့်သူများပင်။ အချို့သူများမှာ အလွန်စွမ်းအားကြီးနေကြသည်။

လုထော်၊ ရွှမ်ခွန်၊ ဝမ်ရှီးနှင့် ယောင်ယုတို့ တိုက်ခိုက်သည့်သတင်းများပျံ့နှံ့သွားသည်မှာ သိသာလှသည်။

ဒီလူတွေက ဘယ်သူတွေလဲ .. ဝမ်ရှီးတို့ တိုက်ခိုက်တာကို သိတာတောင်မှ ဒီနေရာကိုလာရဲသေးတယ် .. ဤနေရာကို လာရဲသည့်သူ များများစားစား မရှိ။ လက်ချိုးရေ၍ ရသည်။

ရှီဟောင် သူတို့နောက်မှ တိတ်တဆိတ်လိုက်သွားလိုက်သည်။ ထို့နောက် သူအတော်လေး ထိတ်လန့်သွားရသည်။ သူတို့လက်ထဲတွင်ရှိနေသည့် အရိုးကြေးမုံနှင့် အခြားအရာများမှာ သာမန်ပစ္စည်းများမဟုတ်ကြပေ။ မြေအောက်ကိုပင် ထိုးဖောက်မြင်ရသည်ပင်။

သူတို့က မြေအောက်လျှို့ဝှက်ရတနာသိုက်ကို ရှာနေတာ..

“ဆရာက ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံနိုင်တဲ့ အဆင့်လွန်လူငယ်လေးတွေကို သတ်မှာလား ငါ သိချင်မိတယ် .. အဲဒီလိုသာဆိုရင်တော့ အများကြီးကို အကျိုးသက်ရောက်သွားမှာပဲ..”

ထိုစကားကိုကြားလိုက်ရသည်နှင့် ရှီဟောင်၏အမူအရာပြောင်းလဲသွားသည်။ ပြိုင်ဘက်တွေအားလုံးကိုသတ်ဖို့ ကြောက်စရာကောင်းတဲ့လူတစ်ယောက် ရောက်နေပြီပဲ.

ထာဝရစစ်မြေပြင်တွင် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများမှာ တစ်ဖက်လူကို အနိုင်ယူနိုင်မည့်နည်းလမ်းကို အမြဲတမ်းရှာဖွေနေခြင်းပင်။ ထိုသို့မှသာ ကျောင်း၏ထောက်ပံ့မှုကို အပြည့်အဝ ရရှိပေမည်။

ထိုအချိန်ကျလျှင် သူတို့ နဂါးအစစ်သွေးကိုပင် ရနိုင်သည်။

ရှီဟောင် ဘေးပတ်လည်ကိုကြည့်လိုက်သည့်အချိန်တွင် ဤလူများ၏ဆရာကို မတွေ့ရသောကြောင့် သူ အလျင်အမြန်ပြန်လာခဲ့လိုက်သည်။ ဤကောင်သာ ဝမ်ရှီးနှင့်တွေ့သွားလျှင် သူမအတွက် ကောင်းမည်မဟုတ်ပေ။

ဝမ်ရှီး၏ဒဏ်ရာမှာ အခြားသုံးယောက်ထက်ပိုဆိုးသည်။ သူမသာ ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံထားသည့်သူနှင့်တွေ့ပါက သူမသည် ဤလူများနှင့်ယှဉ်နိုင်မည် မဟုတ်ပေ။

ရှီဟောင် ပြန်ရောက်လာသည့်အချိန်တွင် ထိုနေရာမှာ တိတ်ဆိတ်နေပြီး ဝမ်ရှီးလည်း ပျောက်နေလေပြီ။

“မကောင်းတော့ဘူး..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ အဲဒီလူက တကယ်ရောက်လာပြီးတော့ ဝမ်ရှီးကို ဖမ်းသွားတာလား .. ဒါမှမဟုတ် သူ့ကိုသတ်သွားတာလား..

ဤနေရာတွင် အလောင်းမတွေ့သလို သွေးစက်များကိုလည်း မတွေ့ရပေ။

ရှီဟောင် နတ်အာရုံများကို ဖြန့်ကျက်ကာ ဤနေရာတစ်ခုလုံးကို ရှာဖွေလိုက်သည်။

“ကျွန်မ ဒီမှာ..” ရုတ်တရက်ပင် စကားသံတစ်ခုကို ကြားလိုက်ရပြီးနောက် ကျောက်တုံးကြီးနောက်မှထွက်လာာသည့် ဖြူဖျောနေသည့် ဝမ်ရှီးကို တွေ့လိုက်ရသည်။

ရှီဟောင် သူမထံသို့ တရှိန်ထိုးပြေးသွားကာ သူမအားစစ်ဆေးကြည့်လိုက်သည်။ သူမသည် မည်သူနှင့်မှ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခဲ့ရ။

“တစ်ယောက်ယောက်ရောက်လာတယ် .. ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ကျွန်မအချိန်မှီ ပုန်းလိုက်နိုင်တယ် .. အဲဒါက အရမ်းကိုကြောက်ဖို့ကောင်းတဲ့လူတစ်ယောက်..” ဝမ်ရှီး ပြောလိုက်၏။ ထိုတုန်းက ခံစားလိုက်ရသည့်ကြောက်ရွံ့မှုကို သူမ ယခုထိတိုင် ခံစားနေရဆဲ။

ထိုလူမှာ စွမ်းအားကြီးလှပြီး ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည်မှာ သေချာသည်။ သူပေါ်လာသည်နှင့် သူ့အနားတွင် အမှောင်ထုများဝန်းရံသွားလေ၏။

ဝမ်ရှီးထံတွင် သူမကလန်မှပေးလိုက်သည့် အော်ရာအားလုံးကို ပိတ်သိမ်းနိုင်သည့် လျှို့ဝှက်ရတနာတစ်ခုရှိနေသည်။ အမှောင်ထုများ တောင်တန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလျှင်ပင် သူမကို ရှာတွေ့မည် မဟုတ်ပေ။

“အဲဒါက လေကလန်ကလား..” ရှီဟောင်မေးလိုက်၏။ ထိုလူများနောက် လိုက်သွားပြီးနောက် သူတို့ပြောသည့်သခင်လေးဆိုသည်မှာ ဖုန်းရှင်းထျန်ဖြစ်နေလိမ့်မည်ဟု သူ သံသယဝင်မိသည်။

“သူပဲ .. လေကလန်က သခင်လေးက သူ့မိသားစုရဲ့ အမွေကို အံ့ဩစရာကောင်းလောက်တဲ့အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ရုံတင်မကဘူး ရှေးဟောင်း အမှောင်ထုကောင်းကင်ပညာကိုပါ ရထားလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး..” ဝမ်ရှီးပြောလိုက်သည်။

ဖုန်းရှင်းထျန်မှာ ကံကောင်းမှုများနှင့်‌ မွေးဖွားလာပြီး ကောင်းကင်ဘုံ၏ စောင့်ရှောက်မှုကို ခံနေရသည့်သူဟု သူမ ကြားဖူးသည်။ သူသည် ရှေးဟောင်းသမိုင်းဝင်နယ်မြေတစ်ခုကို ရှာတွေ့ခဲ့ပြီး အမှောင်ထု ကောင်းကင်ပညာကိုပင်‌ တွေ့ခဲ့သည်ဟု ကြားဖူးသည်။

“ဟေး .. ငါ့ခေါင်းပေါ်က ဒီစိန်ခေါင်းပတ်ကြီးကို ဖယ်ပေး..” ရှီဟောင် သူ့ခေါင်းကို လက်ညှိုးထိုးကာပြောလိုက်သည်။ ဤခေါင်းပတ်မှာ သူ့ကို မထိန်းချုပ်နိုင်သလို ဒဏ်ရာရအောင်လည်း မလုပ်နိုင်ဘူးဟု ခံစားမိသည်။

သို့သော်လည်း သူ့ဘာသာသူ ချွတ်ပစ်ရန် အလွန်ခက်ခဲနေသည်။ သူထာဝရဓားဖြင့် ဖျက်ဆီးပစ်၍ရသော်လည်း ဤပစ္စည်း ကိုယ့်ကိုကိုယ်ဖျက်ဆီးပြီး သူ၏မူလဝိညာဉ်ကို ထိခိုက်သွားမည်ကို သူ စိုးရိမ်နေသောကြောင့်ပင်။

“ရှင် ဘာလုပ်ချင်နေတာလဲ..” ဝမ်ရှီးမေးလိုက်၏။

“သေဖို့ လိုအပ်တဲ့သူတွေ ရှိနေတယ် .. ဒါပေမဲ့ ဒီစိန်ခေါင်းပတ်ကြီးက အရမ်းထင်းလွန်းနေတယ် .. ငါ့ဆံပင်တွေနဲ့ဖုံးထားရင်တောင် သေချာကြည့်လိုက်တာနဲ့ မြင်သွားမှာပဲ..” ရှီဟောင်ပြောလိုက်၏။

ဝမ်ရှီး အနည်းငယ် တွန့်ဆုတ်နေသော်လည်း ဖယ်ပေးလိုက်သည်ပင်။
” လက်လွတ်စပယ် လျှောက်မလုပ်နဲ့..”

“စိတ်မပူပါနဲ့ .. လုထော်တို့ ဖုန်းရှင်းထျန်တို့နဲ့တွေ့ရင် မင်းကိုယ်စား ငါ သူတို့ကို သတ်ပေးလိုက်မယ်..” ရှီဟောင်ပြောလိုက်၏။

ထို့နောက် သူမ ဤနေရာတွင် တစ်ယောက်တည်းနေလျှင် လုံခြုံနိုင်မလားဟု မေးလိုက်သည်။

“စိတ်မပူနဲ့ .. ကျွန်မမှာ အော်ရာအားလုံးကို ဖုံးကွယ်နိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခုရှိတယ် .. ရှင် ကျွန်မအကြောင်း စဉ်းစားစရာမလိုဘူး..” ဝမ်ရှီး ပြောလိုက်၏။ ဤယုံကြည်စရာမကောင်းသည့်ကောင်ကို သူမဘေးတွင်ထားထားလျှင် ပို၍ဒုက္ခများလိမ့်မည်ဟု သူမ ခံစားနေရသည်။

ရှီဟောင် ထွက်လာခဲ့လိုက်၏။ ယခုတစ်ခေါက်တွင်တော့ သူသည် အကြောက်တရားမရှိတော့ပဲ လွတ်လွတ်လပ်လပ်ပင် ထွက်လာလိုက်သည်။ သူ၏နတ်အာရုံများမှာ ပို၍စူးရှလာပြီး နေရာအနှံ့ကို ဖြန့်ကျက်လာလေ၏။

“ရွှမ်ခွန်..”

ရှီဟောင် ထိုသူ၏အော်ရာကို အာရုံခံမိလိုက်သည်။ သူ့ကို ဤမျှမြန်မြန်ဆန်ဆန်တွေ့လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ရွှမ်ခွန်သည် ဒဏ်ရာရနေပြီး တစ်ယောက်ယောက်သူ့နောက်မှ လိုက်နေသကဲ့သို့ပင် ပြေးနေလေ၏။

ထို့နောက်တွင် အမှောင်ထုကြီးပေါ်လာကာ လျင်မြန်စွာပင် ချဉ်းကပ်လာလေ၏။ သူတို့နှစ်ဦးကြားတွင် ထိပ်တိုက်ထိတွေ့မှုများရှိလာပြီး နေရာအနှံ့ရှိ တောင်များလည်း ပေါက်ကွဲသွားလေသည်။

ဤသည်မှာ ကောင်းကင်ပညာများ၏ တိုက်ခိုက်ခြင်းပင်။

ရှီဟောင် ခပ်ဝေးဝေးမှသာ လေ့လာနေလိုက်သည်။ ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည့်သူများကို သတ်ရန် မည်မျှခက်ခဲသည်ကို နားလည်သွားသောကြောင့် သူ မျက်မှောင်ကြုတ်သွားရသည်။ ရွှမ်ခွန်သည် ဒဏ်ရာရနေခြင်းဖြစ်သော်လည်း သူ့ကိုယ်သူ ခုခံနိုင်ဆဲပင်။

အမှန်တကယ်တွင် ယခု တိုက်ခိုက်မှုကြောင့် သူ့ဒဏ်ရာများ ပိုဆိုးလာသည်။ သူ့ခန္ဓာကိုယ် တွန့်လိန်နေပြီဖြစ်သော်လည်း သူ မသေသေးပေ။

“အဲဒါက တကယ် ဖုန်းရှင်းထျန်လား..”
ရှီဟောင် သတိကြီးကြီး ထားလိုက်သည်။ ဤလူကို အန္တရာယ်များသည့်လူဟု သတ်မှတ်လိုက်ရသည်။

ဤလူမှာ တကယ်လည်းစွမ်းအားကြီးကာ ကြောက်စရာကောင်းလှသည်။

သူ၏ခန္ဓာကိုယ်အစစ်ကို မပြပဲ အမှောင်ထုများဖြင့် ဝန်းရံထားလေ၏။ အရိပ်များသာထွက်လာပြီး ရွှမ်ခွန်ကို ဝိုင်းတိုက်နေခြင်းပင်။

တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်မြေပြင်ပြောင်းလဲသွားသောကြောင့် ရှီဟောင် သူတို့နောက် လိုက်သွားလိုက်သည်။ သူတိုက်ခိုက်ရန် အချိန်မရွေး အဆင်သင့်ပင်။

ခဏကြာပြီးနောက်တွင် တိုက်ပွဲနှင့် လီတစ်ထောင်ဝေးသည့်နေရာရောက်သွားသည့်အချိန် ရှီဟောင် ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူ ရင်းနှီးနေသည့်အသံများကြားလိုက်ရသောကြောင့်ပင်။

“စီရင်စုသုံးထောင်က ကျင့်ကြံသူတွေ..” ရှီဟောင် ရေရွတ်လိုက်သည်။

သူ စစ်မြေပြင်မှ ယာယီထွက်ပြီးသွားကြည့်လိုက်သည့်အချိန်တွင် ကျန်းဂုနှင့် ထန်ယိကဲ့သို့သော ရင်းနှီးနေသည့်လူအချို့ကို‌ တွေ့လိုက်ရသည်။ ပထမတစ်ယောက်မှာ မည်သည့်အရာကိုမဆို ထိုးဖောက်နိုင်သည့်‌ သွေးလှံတံရှိပြီး ဒုတိယတစ်ယောက်မှာ ရွှေမီးကလန်၏ မျိုးဆက်ပင်။ သူတို့၏ ခွန်အားမှာ ထူးခြားလှသည်။

သို့သော်လည်း ဤထူးခြားမှုမှာ ထူးခြားပါရမီရှင်များကြားထဲတွင်ပင်။ သူတို့သည် ထာဝရစွမ်းအင်ကျင့်ကြံထားခြင်း မရှိပေ။ အချို့လူများကြောင့် သူတို့ ဤနေရာသို့ ရောက်လာကြခြင်းပင်။

လေကလန်မှလူများ သူတို့အား ဤနေရာတွင်ရှာဖွေရန် ဖိအားပေးလိုက်ခြင်းပင်။

“ဒီလူတွေက အားနည်းလွန်းတယ် .. ထာဝရစွမ်းအင်မကျင့်ကြံထားတာတောင်မှ ကျောင်းကိုဝင်နိုင်တာလား … တကယ်ကို စီရင်စုသုံးထောင်က အမှိုက်ဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ နေနေတာပဲ..”
တစ်စုံတစ်ယောက်မှ အေးစက်စွာ ရယ်မောပြီး ပြောလိုက်သည်။

“စီရင်စုသုံးထောင်က တကယ်ကို ဟာသပဲ .. တစ်ချို့လူတွေရဲ့နောက်ခံက ကောင်းကင်ဘုံကိုးခုက ကျွမ်းကျင်သူတွေ တည်ထောင်ထားတဲ့ဂိုဏ်းဖြစ်လိမ့်မယ်လို့ ထင်ရတာကလွဲရင် ကျန်တဲ့သူတွေက တကယ်ကို အားနည်းလွန်းတယ် ..”

“မင်း ဒီလိုမျိုးလည်း တသမတ်တည်းပြောလို့ မရသေးဘူး .. ဘယ်သူပြောနိုင်မလဲ .. ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ သူတို့က ရေထဲကခုန်ထွက်လာပြီးတော့ နဂါးအဖြစ် ပြောင်းလဲနိုင်သေးတယ်.. ဟား ဟား ..” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်လေသည်။

သို့သော်လည်း ဤလူများထဲတွင် ကျွမ်းကျင်သူများလည်း ပါဝင်နေသည်။ အချို့သူများမှာ ကျောင်း၏ တရားဝင်တပည့်များပင်။

သူတို့သည် ဖုန်းရှင်းထျန်၏နောက်လိုက်များနှင့်အတူ ဤနေရာကို ရှာဖွေနေကြခြင်းပင်။

အဆင့်လွန်လူငယ်လေးယောက် တိုက်ခိုက်ကြပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ကို သူတို့သိထားကြသည်။ ဤနေရာတွင် ထာဝရ ဂူ ရှိနိုင်သည်ဟုလည်း ကြားထားသောကြောင့် သူတို့ ချက်ချင်း လာရှာကြခြင်းပင်။

တစ်ချိန်တည်းမှာပင် လူမလောက်မည်စိုးသောကြောင့် စီရင်စုသုံးထောင်မှ လူများကိုပါ ဤနေရာသို့ လာရှာခိုင်းခြင်းပင်။

“ငါ ကြားတာတော့ လေကလန်ရဲ့ အကြီးအကဲကိုယ်တိုင် စီရင်စုသုံးထောင်က ဟွမ်ကို ၁၀ နှစ်ဖိနှိပ်ထားဖို့ ပြောလိုက်တာတဲ့..”

“လေကလန်က ဘိုးဘေးက နယ်ခြားစပ်လို့ခေါ်တဲ့နေရာက ဘုရင် ၇ ယောက်ထဲက တစ်ယောက်နဲ့ မတည့်ဘူးတဲ့ … အဲဒီတစ်ယောက်က ကျောက်တုံးကလန်ကို တည်ထောင်ထားတာတဲ့..”

ရှီဟောင် ခပ်ဝေးဝေးမှနေ၍ ဤစကားကိုကြားလိုက်ရသောကြောင့် သူ သတိအနေအထားဖြစ်သွားသည်။

ဒီလိုကိစ္စမျိုးတွေ ရှိနေတာလား .. နယ်ခြားစပ်က ဘုရင်တစ်ယောက်နဲ့ ဆက်စပ်နေတာလား..

“စီရင်စုသုံးထောင်က တကယ်ကို နိမ့်ကျလာတာပဲ .. အမှိုက်တွေပဲ မွေးထုတ်နိုင်တော့တယ် .. သူတို့ရဲ့အရင်တုန်းက ခမ်းနားမှုကြီးက ဘယ်ရောက်သွားတာလဲ .. အဲဒီလူတွေက ဒီကိုရောက်လာရလောက်အောင် မထိုက်တန်ဘူး ..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။

“ရှူး .. အသံလျော့ဦး .. ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ခမ်းနားတဲ့အချိန်တွေ ရှိခဲ့တာပဲလေ .. အဆင့်နိမ့်နယ်မြေမှာ ဂျီးနီးယပ်စ်လေးတွေ ဖြစ်ခဲ့တာပေါ့ .. ဟား ဟား .” တစ်စုံတစ်ယောက်မှ လှောင်ရယ်လိုက်သည်။

ရှီဟောင် တိတ်တဆိတ်ပေါ်လာကာ ထိုနေရာသို့ လျှောက်သွားလိုက်လေ၏။

ဖူး..

သူလက်မြှောက်လိုက်သည်နှင့် လျှပ်စီးဖြင့် ပြုလုပ်ထားသည့် ရွှေရောင်စစ်ဓားသွားတစ်ခု ပေါ်လာလေ၏။ ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် သွေးများလွင့်စင်ထွက်သွားလေသည်။

“အား..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လူများစွာသည်လည်း ခါးမှ ဖြတ်ခံလိုက်ရလေသည်။

“ခင်ဗျား ဘယ်သူလဲ..”

ထို့အပြင် ဖုန်းရှင်းထျန်းလည်း ဤအသံကို ကြားလိုက်ရသည်။ ထို့နောက် ဤနေရာတွင် ကြောက်စရာကောင်းသည့်အော်ရာတစ်ခု လွှမ်းခြုံသွားလေ၏။

အပိုင်း ၁၃၀၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၉ – တိုက်ခိုက်ကြခြင်း

ထိုဓားချက်ရောက်လာသည်နှင့် ဖုန်းရှင်းထျန်၏ နောက်လိုက်သုံးဦးသာမက ထာဝရစွမ်းအင်ကျင့်ကြံထားသည့် တရားဝင်တပည့်နှစ်ယောက်လည်း ကျဆုံးသွားလေသည်။

ရှီဟောင်၏ဒေါသရှေ့တွင် သူတို့တစ်ချက်လေးတောင် ပြန်မတိုက်နိုင်ပေ။

အခြားသူများ၏ ဒေါတသကြီးအော်ဟစ်သံများအောက်တွင် ရှီ‌ဟောင် ဆက်လက်လျှောက်လာခဲ့လိုက်သည်။ သူ၏ရွှေရောင်ဓားကြီးသည် ပို၍ပင်ကြီးမားလာလေသည်။

ဓားကြီးကို လွှဲရမ်းလိုက်သည်နှင့် ရေတံခွန်မှ ရေများစီးကျလာသကဲ့သို့ပင်။

ဖူး..

လူများ ထပ်သေသွားပြန်သည်။ ဤတိုက်ခိုက်မှုတွင် လျှပ်စီးပါဝင်နေသာကြောင့် အနည်းငယ်ဝေးသည့်နေရာတွင်ရှိနေသည့် သူနှစ်ယောက်မှာ မီးသွေးခဲအဖြစ်ပြောင်းလဲသွားလေသည်။

“မင်း လုပ်ရဲတယ်..” ခပ်ဝေးဝေးမှ ဖုန်းရှင်းထျန် အသံ ထွက်ပေါ်လာသည်။ သူလက်မြောက်လိုက်ကာ နတ်သက်တံ့အလင်းတစ်ခု ထုတ်လွှတ်ကာ ဤနေရာဘက်သို့ ပစ်လွှတ်လိုက်လေ၏။

ရှီဟောင် ထိုအလင်းတန်းကို ရှောင်လိုက်သည်နှင့် သူမူလကရှိနေခဲ့သည့်နေရာတွင် တွင်းနက်ကြီးတစ်ခုဖြစ်သွားလေ၏။

သူ ဘယ်သူလဲ..

စီရင်စုသုံးထောင်မှ ကျင့်ကြံသူများထိတ်လန့်နေကြလေသည်။ သူတို့ ရှီဟောင်ကို မမှတ်မိကြပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ပြောင်းလဲခြင်း ၇၂ မျိုးကိုအသုံးပြုကာ သူ၏ပုံပန်းသွင်ပြင်အား ပြောင်းလဲထားသည့်အပြင် သူ၏အရိုးနှင့်အသွေးအသားကိုလည်း ပြန်လည်တည်ဆောက်ထားခဲ့ခြင်းပင်။

ဤကဲ့သို့သော ပြောင်းလဲမှုမျိုးမှာ နာကျင်လှသော်လည်း သူ့ကိုတော့ အတော်လေး ဖုံးကွယ်ထားနိုင်သည်။

ကောင်းကင်မျက်လုံးပင်လျှင် သူ့အား ဖောက်ထွင်းမြင်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ခန္ဓာကိုယ်အစစ်‌ ပြောင်းလဲခြင်းဖြစ်ပြီး ပုံရိပ်ယောင်ပညာတစ်ခု မဟုတ်သောကြောင့်ပင်။

“မင်း ဘယ်သူလဲ .. မင်းက လေကလန်နဲ့တောင်မှ ရန်သူဖြစ်ရဲတယ်ပေါ့..” ဖုန်းရှင်းထျန်၏ နောက်လိုက်များသည် စိတ်ထဲတွင် ကြောက်ရွံ့နေသော်လည်း အပြင်ပန်းတွင် သတ္တိရှိချင်ယောင်ဆောင်ကာ အော်ဟစ်နေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤနတ်ဆိုးနတ်ဘုရားမှာ သူတို့ထံသို့ ဦးတည်လာနေသောကြောင့်ပင်။

“ကြည့်ရတာ သူ့မှာ နောက်လိုက်တွေ မရှားဘူးထင်တယ်..” ရှီဟောင် အေးစက်စွာပင် လှောင်ရယ်နေလေ၏။

အဘယ်ကြောင့်ဆိုသော် ကျန်နေသည့်နောက်လိုက်များမှာ ကျောင်း၏ တရားဝင်တပည့်များပင်။ ၇ ယောက်၊ ၈ ယောက်လောက်မှ နယ်မြေတစ်ခု၏ ဂျီးနီးယပ်စ်များပင်။ သူတို့သည် ဖုန်းရှင်းထျန်အား ကူညီပေးချင်၍ ကူညီနေကြခြင်းပင်။

လေကလန်မှ သူ့အားဖိနှိပ်ချင်သည်ဟု သိလိုက်ရသည့်အချိန်တုန်းက ရှီဟောင် အတော်လေး ဒေါသထွက်ခဲ့သည်ပင်။ သူကံကောင်းနေသောကြောင့်သာ မဟုတ်ပါက မူလရှေးဟောင်းမိုင်းတွင်းတွင် သေသွားလောက်လေပြီ။

ပြောရမည်ဆိုလျှင် ယွမ်ချင်းမှာ ကြံရာပါသာ။ တကယ်စတင်သည့်သူမှာ လေကလန်ပင်။

ဤကိစ္စနောက်ကွယ်တွင် လေကလန်မှဘိုးဘေးနှင့် နယ်ခြားစပ်ရှိ ဘုရင် ၇ ယောက်မှ ကျောက်တုံးကလန်ဘိုးဘေးတို့၏ကြားမှ ရန်ငြိုးများလည်း ပါရှိနေသေးသည်။ ထိုသို့တွေးမိသည်နှင့် သူ ပို၍ပင် ဒေါသထွက်လာရသည်။

“အတိတ်ကကိစ္စတွေကိုတောင်မှ ခင်ဗျားတို့ အခုထိ မမေ့နိုင်ကြသေးဘူး .. ကျုပ်ဘိုးဘေးကို မတိုက်ခိုက်နိုင်တာနဲ့ ခင်ဗျားတို့က ခင်ဗျားတို့အဆင့်အတန်ကိုမှ မထောက် ကျုပ်ကို ဖိနှိပ်ဖို့ ကြိုးစားကြသေးတယ်ပေါ့..”

ရှီဟောင် သူ့ကိုယ်သူပြောလိုက်၏။ သူ့အား ၁၀ နှစ်ဖိနှိပ်ထားမည်ဆိုသည်မှာ ကျောင်းမှ သူ့အခွင့်အရေးများအားလုံးကို ဓားပြတိုက်လိုက်ခြင်း၊ သူ့တက်လမ်းကို ပိတ်လိုက်ခြင်းပင်။

ရွှီး..

ရှီဟောင်လက်မြောက်လိုက်သည်နှင့် သူ့လက်ငါးချောင်းမှ နတ်အလင်းတန်းငါးခု ထွက်ပေါ်လာကာ သူ့ရှေ့တွင်ရှိနေသည့်သူများထံသို့ ဦးတည်သွားနေလေသည်။

ခွပ်..

အဖိုးတန်ပစ္စည်းများ အက်ကွဲသွားသည့်အသံများ ထွက်ပေါ်လာကာ ထိုသူများ ကျယ်လောင်စွာ အော်ဟစ်လာကြလေ၏။

ထို့နောက် အရိုးစာသားများ ဖျက်ခံလိုက်ရသည့်အသံထွက်ပေါ်လာလေသည်။ ဤအသံမှာ အလွန်နူးညံ့လှသော်လည်း အတော်လေး ကြောက်စရာကောင်းသည်။ ဤဂျီးနီးယပ်စ်များသည် သူတို့၏ စွမ်းအားအကြီးဆုံးနတ်စွမ်းရည်များကို အသုံးပြုလိုက်ခြင်းဖြစ်သော်လည်း အရာအားလုံးမှာ တစ်ချက်တည်းဖြင့် ပျက်ပြယ်သွားလေသည်။

ဖူး..

သွေးအန်သည့်အသံများ ထွက်ပေါ်လာလေသည်။ သူတို့၏မျက်ခုံးကြား ပေါက်ကွဲသွားကာ သူတို့သည် မကျေနပ်သည့်အမူအရာဖြင့်ပင် သွေးအိုင်ထဲ လဲကျသွားလေ၏။

သူသည် စွမ်းအားကြီးလွန်းလှသည်။ သူ လက်မြောက်လိုက်သည်နှင့် ကျွမ်းကျင်သူများစွာကို တစ်ပြိုင်နက်တည်းသတ်နိုင်သောကြောင့် စီရင်စုသုံးထောင်မှ ကျင့်ကြံသူများကို ဆွံ့အသွားစေသည်။

“ရဲတင်းလိုက်တာ..”

ဖုန်းရှင်းထျန် ဒေါသထွက်သွားရသည်။ သူသည် ရွှမ်ခွန်ကို လက်မလွတ်ချင်သောကြောင့် သူ့ကိုသတ်ရန် အားကုန်ကြိုးပမ်းနေခြင်းပင်။ သို့သော်လည်း သူ့လူများ ဤမျှလျင်မြန်စွာ သေဆုံးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အမ်…

ရှီဟောင် ထူးဆန်းသည့်အမူအရာဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသည့်သူအချို့မှာ တရားဝင်တပည့်များဖြစ်သောကြောင့် သူတို့ဝိညာဉ်များည် အသက်ကယ်အရိုးသင်္ကေတထဲတွင် ကျန်နေသေးလေ၏။ ထိုဝိညာဉ်များသည် သွေးစွမ်းအင်ကို စုတ်ယူကာ ထွက်ပြေးချင်နေလေသည်။

ရှီဟောင် အော်ဟစ်လိုက်ပြီး လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်လေသည်။ ထို့နောက် ထိုလက်သီးတံဆိပ်ဖြင့် အရိုးသင်္ကေတများအားလုံးကို ထုခွဲပစ်လိုက်လေ၏။

ဤသည်မှာ ကျောင်းမှ အကြီးအကဲများ ပြုလုပ်ပေးထားသည့် အသက်ကယ်သင်္ကေတများဖြစ်သော်လည်း ရှီဟောင်၏ရိုက်ချက်ကို မခုခံနိုင်ပေ။

ရွှီး..

ထို့နောက်တွင် အနက်ရောင်အလင်းများထွက်ပေါ်လာကာ ရှီဟောင်အား ဖုံးလွှမ်းပစ်လိုက်လေ၏။ ဖုန်းရှင်းထျန် စတင်တိုက်ခိုက်လေပြီ။ သူသည် ရှီဟောင်အား ဖိနှိပ်ကာ သတ်ပစ်ချင်နေခြင်းပင်။

ဤသည်မှာ ရှေးဟောင်းကောင်းကင်ပညာမှလာသည့် အနက်ရောင်စွမ်းရည်စွမ်းအင်များပင်။

ရှီဟောင် ထိုတိုက်ခိုက်မှုကို ထိပ်တိုက် ရင်မဆိုင်ပေ။ သူ၏ကျောဘက်တွင် လျှပ်စီးနတ်အတောင်ပံတစ်စုံထွက်ပေါ်လာကာ ထိုအတောင်ပံကို လှုပ်ခတ်လိုက်သည်နှင့် ကောင်းကင်ကြီးအက်ကွဲသွားကာ ထိုတိုက်ခိုက်မှုကို သူ ရှောင်ရှားလိုက်နိုင်သည်။

သူ ယခု မတိုက်ချင်သေး။ ဤနှစ်ယောက် ဆက်တိုက်ဖို့မျှော်လင့်ထားသည်။ သူရွှမ်ခွန်ကို ကူဖို့ စိတ်ကူးမရှိသလို ယခုအချိန်တွင် ဖုန်းရှင်းထျန်နှင့် သူသေကိုယ်သေလည်း မတိုက်ခိုက်ချင်သေး..

သူတို့နှစ်ယောက်တိုက်ပြီးသွားသည့်အချိန်ထိ စောင့်၍ ရသည်။

ရှီဟောင် ဘေးဘက်မှနေ၍ ရပ်ကြည့်နေသည့်သူသာ လုပ်ချင်သေးသည်။

သို့သော်လည်း ဖုန်းရှင်းထျန်က ဤကဲ့သို့သော အခြေအနေမျိုးကို လက်မလွတ်ပေ။ သူသည် စွမ်းအားကြီးသည့် ရွှမ်ခွန်နှင့် တိုက်ခိုက်နေသော်လည်း အလွန်စွမ်းအားကြီးသည့် အမှောင်ထုအဖိုးတန်ပညာတစ်ခုကို အသုံးပြုလိုက်လေသည်။ ထို့နောက် ကောင်းကင်ထက်တွင် အနက်ရောင်မြူများအုံ့ဆိုင်းလာကာ ရှီဟောင်ကို တိုက်ခိုက်လာလေ၏။

ထိုအချိန်တွင် လေဟာနယ်ကြီးတုန်ခါလာကာ လတစ်စင်းထွက်ပေါ်လာပြီး အမှောင်ထုကို ဖယ်ရှားလိုက်လေသည်။ ဖုန်းရှင်းထျန် တိုက်ခိုက်ခံလိုက်ရလေ၏။

မင်းသမီးယောင်ယွဲ့က ရွှမ်ခွန်အား လာရောက်ကူညီခြင်းပင်။

သူမလည်း ဒဏ်ရာရထားသည်။ သို့သော်လည်း တရားမျှတမှုအတွက် သူမ နှစ်ခါပြန်ပင် စဉ်းစားမနေတော့ပဲ ကြောက်စရာအကောင်းဆုံးတိုက်ခိုက်မှုကို ဖန်တီးလိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် သူမလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားသောကြောင့် ရွှမ်ခွန်သာ သေဆုံးသွားလျှင် သူမလည်း အန္တရာယ်များလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူမသည် ရွှမ်ခွန်နှင့် မဟာမိတ်ဆက်ဆံရေးကို ထိန်းထားချင်သောကြောင့် တစ်ဖက်လူကို ကယ်တင်လိုက်ခြင်းဖြင့် ကျေးဇူးတင်ခံရမည်ပင်။

“လက်ဝါးကပ်တိုင် နတ်တာအို..” ဖုန်းရှင်းထျန် အေးစက်စွာ အော်ဟစ်လိုက်သည်။

သူ၏လက်များလှုပ်ရှားသွားကာ အဖြူနှင့်အနက်အလင်းတန်းနှစ်ခု ထွက်ပေါ်လာလေ၏။ ထိုအလင်းတန်းနှစ်ခု ကန့်လန့်ဖြတ်သွားကာ တာအိုသင်္ကေတများထွက်ပေါ်လာလေ၏။ ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။ ထိုသင်္ကေတများသည် ယောင်ယွဲ့ထံသို့ ဦးတည်သွားနေလေသည်။

ဒုန်း..

နတ်ဗုံကြီးတီးလိုက်သကဲ့သို့ ကျယ်လောင်လှသည့်အသံ ထွက်ပေါ်လာကာ ထာဝရစွမ်းအင်များလည်းချက်ချင်းထွက်ပေါ်လာလေ၏။ ဤသည်မှာ စွမ်းအားအကြီးဆုံးသူများကြားမှ တိုက်ပွဲပင်။

ကံမကောင်းစွာဖြင့်ပင် မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်တို့မှာ အစောကတည်းက ဒဏ်ရာရထားပြီးသားဖြစ်ပြီး သူတို့၏အကောင်းဆုံးအခြေအနေ မဟုတ်ပေ။ မဟုတ်ပါက သူတို့နှစ်ယောက်၏ပူးပေါင်းတိုက်ခိုက်မှုကို ဖုန်းရှင်းထျန် ခုခံနိုင်မည် မဟုတ်ပေ။

ဖူး..

ယောင်ယွဲ့နှင့် ရွှမ်ခွန်နှစ်‌ယောက်လုံး သွေးအန်သွားရသည်။ သို့သော် ဖုန်းရှင်းထျန်လည်း အခြေအနေကောင်းမနေပေ။ သူ့၏အသားအရေနီရဲလာပြီး နှုတ်ခမ်းထောင့်မှ သွေးစီးကျလာလေည်။

“သတ်..”

ဖုန်းရှင်းထျန် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူသည် အမှောင်ထုရှေးဟောင်းကောင်းကင်ပညာတစ်မျိုးကို အသုံးပြုလိုက်သည်နှင့် နတ်ဆိုးတိမ်တိုက်များထွက်ပေါ်လာလေ၏။ သူ့တစ်ကိုယ်လုံးပျောက်ကွယ်သွားကာ ကမ္ဘာမြေကြီးတစ်ခုလုံးကို အမှောင်ထုသာ ဖုံးလွှမ်းထားတော့သည်။

ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့လည်း အော်ဟစ်လိုက်ကြကာ သူတို့အမွေဆက်ခံထားသည့် ကောင်းကင်ပညာအသီးသီးကို အသက်သွင်းလိုက်ကြလေသည်။

ဝုန်း..

နေနှင့်လ အလင်းရောင်များပျောက်ကွယ်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးလည်း အရောင်အဆင်းကင်းမဲ့သွားသည်။ ဤနေရာတွင် ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာပြီး ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ဖြစ်ပေါ်လာလေည်။

ဤနေရာတစ်ခုလုံးကို ဖရိုဖရဲစွမ်းအင်များ ဖုံးလွှမ်းသွားလေ၏။

ဤသည်မှာ အလွန်မာကျောသော ထာဝရစစ်မြေပြင်ဖြစ်သော်လည်း မြေကြီးများမှာ ဆက်တိုင်ပင် ပြိုကျနေကာ ကြီးမားသည့်မြေအောက်နန်းတော်ကြီး ပေါ်လာလေ၏။

ဤနေရာတွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားရသည်။ သူတို့က မြေအောက်နန်းတော်ကြီးတစ်ခုကို ဖွင့်မိသွားတာလား..

အမှောင်ထုများလွင့်ပြယ်သွားကာ ဖရိုဖရဲစွမ်းအင်များလည်း ပျောက်ကွယ်သွားလေသည်။ ကြီးမားလှသည့် မြေအောက်နန်းတော်ကြီးသည် အသူရာချောက်နက်ကြီးထဲတွင် ရှိနေခြင်းပင်။

ထို့နောက် မွှေးပျံ့သည့်ရနံ့တစ်ခုလည်း ထွက်ပေါ်လာလေသည်။ ဤသည်မှာ နတ်ဆေးရနံ့ပင်။

ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။ ဤသည်မှာ ခေါင်းပြတ်ကြီးလာခဲ့သည့်နေရာဖြစ်မည်ဟု သူ ချက်ချင်းသိလိုက်ရသည်။

အခြားသူများလည်း နားလည်သွားကာ အောက်ဘက်သို့ တရှိန်ထိုးဆင်းသွားလိုက်ကြလေသည်။

ထို့နောက် ထိတ်လန့်တကြားအော်သံများ ထွက်ပေါ်လာလေ၏။ ဤချောက်နက်ကြီးထဲတွင် နတ်ဆေးပင်တစ်ပင် ရှိနေခြင်းပင်။ သို့သော်လည်း ထိုဆေးပင်သည် မြေအောက်နန်းတော်ထဲသို့ ပျံပြေးသွားလေသည်။

ရှီဟောင်လည်း ငြိမ်ငြိမ်မနေနိုင်တော့။ သူလည်း မြေအောက်နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။

ဝုန်း..

မင်းသမီးယောင်ယွဲ့၊ ရွှမ်ခွန်နှင့် ဖုန်းရှင်းထျန်တို့ ထပ်မံတိုက်ခိုက်ကြလေ၏။ ယခုတစ်ခေါက်တွင် သူတို့တိုက်ခိုက်မှု ပို၍ပင် ပြင်းထန်လာကာ စွမ်းအားအကြီးဆုံးနတ်စွမ်းရည်များကို အသုံးပြုလာကြလေသည်။

“သတ်..”

အခြေအနေအနည်းငယ်တည်ငြိမ်သွားသည့်အချိန်တွင် သူတို့အားလုံး သွေးအန်သွားကြလေ၏။ သို့သော်လည်း ဖုန်းရှင်းထျန်က ပို၍အခြေအနေကောင်းနေသည်မှာ အသိသာကြီးပင်။ သူသည်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ကြောက်စရာအကောင်းဆုံးမှော်တံဆိပ်များကို ပြုလုပ်လိုက်လေသည်။ သူသည် ပြိုင်ဘက်ကင်းသည့် နောက်ဆုံးကောင်းကင်ပညာကို အသုံးပြုလိုခြင်းပင်။

ထိုအချိန်တွင် ရှီဟောင် လှုပ်ရှားလိုက်လေသည်။ သူသည်လည်း တံဆိပ်များပြုလုပ်ကာ အပေါ်ဘက်မှ ဆင်းချလာလိုက်သည်။ ထိုအချိန်တွင် သူသည် လူခြောက်ယောက်ကွဲသွားသကဲ့သို့ မှော်တံဆိပ်ခြောက်မျိုးကို ပြုလုပ်လိုက်လေသည်။

အမှန်တကယ်တွင် ခန္ဓာကိုယ်အစစ်တစ်ခုတည်းသာ။ သူ၏အရှိန်မှာ မြန်လွန်းလှသောကြောင့် အခြားသူများကို ထင်ယောင်ထင်မှားဖြစ်စေခြင်းပင်။

သူသည် မှော်တံဆိပ်များကိုအသုံးပြုကာ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာကို အသုံးပြုလိုက်လေသည်။

ဤကောင်းကင်ပညာပေါ်လာသည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အရောင်အဆင်းကင်းမဲ့သွားကာ လေထုလည်း ချက်ချင်းပြောင်းလဲသွားလေသည်။

ရှီဟောင်သည် တံဆိပ်များပြုလုပ်ပြီး ဖုန်းရှင်းထျန်အား တိုက်ခိုက်လိုက်လေ၏။

စစ်မြေပြင်တွင်ရှိနေသည့်သူများမှာ တစ်ခုခုကို စဉ်းစားမိသွားသကဲ့သို့ ထိတ်လန့်သွားကြလေသည်။

ရှီဟောင်ကို စိုက်ကြည့်ပြီး မင်းသမီးယောင်ယွဲ့၏မျက်ဝန်းမှ အလင်းတန်းများ ထွက်ပေါ်လာလေသည်။ သို့သော်လည်း သူမသည် တွေဝေနေခြင်းမရှိပဲ သူနှင့်အတူ ပူးပေါင်းကာ ဖုန်းရှင်းထျန်အား တိုက်ခိုက်လိုက်လေ၏။

ရွှမ်ခွန်ကတော့ ပြောစရာပင် မလိုပေ။ သူသည် ဖုန်းရှင်းထျန်အား ခါးခါးသီးသီးမုန်းနေသောကြောင့် သူလည်း တိုက်ခိုက်နေသည်။

ဒုန်း..

ဤနေရာပေါက်ကွဲသွားကာ ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်လာပြီး မရေမတွက်နိုင်သည့်သင်္ကေတများ ထွက်ပေါ်လာလေသည်။

ဖုန်းရှင်းထျန်၏ အမှောင်ထုကောင်းကင်ပညာမှာ ရှီဟောင်၏ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာအား မယှဉ်နိုင်ပေ။ သူလွင့်ထွက်သွားကာ သွေးအန်သွားလေ၏။

သို့သော်လည်း သူသည် အံကြိတ်ကာ မြေအောက်နန်းတော်ဘက်သို့ တရှိန်ထိုးပြေးသွားလေသည်။

“မင်းက ဘယ်ကိုသွားချင်နေတာလဲ..”
ရှီဟောင်အော်ဟစ်လိုက်ကာ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းတံဆိပ်ကို ထပ်မံပြုလုပ်လိုက်ကာ သူ့နောက်သို့ လိုက်သွားလိုက်လေသည်။

အပိုင်း ၁၃၀၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၀ – ချောက်နက်ကြီးထဲမှ ပြင်းထန်သည့်တိုက်ပွဲ

ရှီဟောင်၏ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာလေ၏။

ဝုန်း..

ချောက်နက်ကြီး ရှေ့နောက်လွှဲရမ်းသွားကာ သူ့အနားရှိလေဟာနယ်လည်း ပျက်စီးသွားလေသည်။ ဤသည်မှာ နဂါးအစစ်များစွာ အော်ဟစ်နေသကဲ့သို့ပင်။

အလင်းတန်းများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။ ထိုအလင်းတန်းများနှင့်အတူ အချိန်အပိုင်းအစများပါ ပါဝင်နေလေသည်။ ဤသည်မှာ ကောင်းကင်ပညာ၏စွမ်းအားပင်။

သို့သော်လည်း ဤသည်မှာ အခြေခံအကျဆုံးအဆင့်သာရှိသေးသည်။

သူတို့ဝိညာဉ်များပြိုကွဲသွားစေလောက်သည့် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာလေ၏။

မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်တို့မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤလူအသုံးပြုသည့် ပညာများမှာ အံ့အားသင့်စရာကောင်းလှသည်။

အလင်းခြောက်မျိုး ပေါင်းစည်းသွားကာ အခြေခံအကျဆုံးအရိုးစာသားများ တစ်လှိုင်းပြီးတစ်လှိုင်းထွက်ပေါ်လာလေ၏။

အရိုးစာသားခြောက်မျိုးသည် တစ်မျိုးပေါ်တစ်မျိုးထပ်ကာ ပြိုင်ဘက်ကင်းသည့်သင်္ကေတများဖြစ်ပေါ်လာလေသည်။ ထိုသင်္ကေတများ၏ ဖျက်ဆီးနိုင်စွမ်းမှာ အံ့အားသင့်စရာကောင်းလွန်းလှပေသည်။

ဖုန်းရှင်းထျန် နောက်တစ်ကြိမ်သွေးအန်လာလေ၏။ သူ အမှောင်ထုကောင်းကင်ပညာကို နောက်တစ်ကြိမ်အသုံးပြုလိုက်သော်လည်း သူဒဏ်ရာရနေဆဲပင်။ သူ၏ပါးစပ်နှင့်နှာခေါင်းမှ သွေးများစီးကျလာလေသည်။

ထို့နောက်တွင် သူသည် ကြွေကျလာသည့်ဥက္ကာခဲကဲ့သို့ပင် ထိုနန်းတော်ထံသို့ တရှိန်ထိုးပြေးသွားလိုက်လေသည်။

“အထင်ကြီးစရာကောင်းလိုက်တဲ့လူငယ်..” မင်းသမီးယောင်ယွဲ့၏လှပသည့်မျက်လုံးများ အရောင်တောက်လာလေ၏။

သူမသည် ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ ခုမှ ထိပ်တန်းအဆင့် သက်ရှည်မိသားစုထံမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် သူမ၏ဗဟုသုတမှာ အခြားသူများထက် ကြွယ်ဝသည်ပင်။ ဤသည်မှာ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းပညာဖြစ်ကြောင်း တန်းသိလိုက်သည်ပင်။

ဤပညာကို သူမ အစောကြီးကတည်းက ကြားဖူးပြီးသားပင်။

“မင်း ထွက်ပြေးလို့မလွတ်ပါဘူး..” ရှီဟောင် အော်ဟစ်လိုက်၏။ သူသည် ပန်တစ်ကောင်ကဲ့သို့ပင် လက်မောင်းများကို ဖြန့်ကျက်လိုက်ပြီး တရှိန်ထိုးဆင်းလာလေ၏။

“ဘယ်က ရူးနေတဲ့လူရောက်လာတာလဲ .. မင်းလိုလူမျိုးက ငါ့ကို အရှက်မရှိလျှောက်ပြောရဲတယ်ပေါ့ .. မင်းတို့သုံးယောက်ပေါင်းတိုက်လို့သာ မဟုတ်ရင် ငါ မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပြီးသွားပြီ..” ဖုန်းရှင်းထျန်ပြောလိုက်၏။

သူသည် ဒဏ်ရာရသော်လည်း စိတ်ပျက်သွားခြင်းမရှိသေး။ တစ်ယောက်ချင်းစီသာ တိုက်ခိုက်ပါက သူ မရှုံးနိုင်ဘူးဟု ယုံကြည်နေဆဲပင်။

သွေးအန်ပြီးသွားသည်နှင့် သူ အော်ဟစ်လိုက်လေ၏။ ထို့နောက် အနက်ရောင်မြူများထွက်ပေါ်လာကာ ချောက်နက်ကြီးကို ဝန်းရံသွားလေသည်။

“ဘယ်သူဆင်းလာရဲလဲ .. ဆင်းလာတဲ့သူတွေအားလုံးကို ငါ သတ်ပေးမယ်..” သူအော်ဟစ်လိုက်သည်။

အောက်ဘက်တွင် နန်းတော်ကိုပင် မမြင်ရတော့ပေ။ ဖုန်းရှင်းထျန်၏ အမှောင်ထုစွမ်းအားဖြင့်သာ ဖုံးလွှမ်းသွားလေ၏။

ဖုန်းရှင်းထျန်သည် ဤကဲ့သို့မောက်မာသည့်သူပင်။ ဤကဲ့သို့စကားပြောနိုင်ရန်အတွက် သူသည် လုံလောက်သည့်စွမ်းအားရှိရန် လိုအပ်သည်။ သူသည် ကိုယ့်ကိုကိုယ်အလွန်ယုံကြည်ချက်ရှိသလို ဤချောက်နက်ကြီးသည်လည်း သူ့စွမ်းအားနှင့် ကိုက်ညီသည်ပင်။

“သွေးအန်ထားတဲ့အရှုံးသမားက ဒီလိုမျိုးစကားတွေကို ပြောရဲသေးတယ်ပေါ့ .. ငါလာရင် မင်း ဘာလုပ်နိုင်မှာမို့လို့လဲ” ရှီဟောင်သည် ရပ်တန့်ခြင်းမရှိပဲ တရှိန်ထိုးပင် ပြေးသွားလိုက်လေသည်။

ဖုန်း..

အမှောင်ထုထဲတွင် အေးစက်နေသည့်စွမ်းအင်များပါဝင်သည့် လက်ကြီးတစ်ဖက် ရောက်ရှိလာလေသည်။ ထိုလက်ကြီးသည် ဤနေရာတွင်ရှိနေသည့် အမှောင်စုစွမ်းအားများကို စုတ်ယူနေလေသည်။

ဖုန်းရှင်းထျန်သည် ရှီဟောင်အား သတ်ပစ်လိုခြင်းပင်။

ရှီဟောင်သည် စဉ်းစားတွေဝေခြင်းမရှိပဲ သူ၏ယန်အရိုးစာသားများအား အသုံးပြုလိုက်လေသည်။ လျှပ်စီးများထွက်ပေါ်လာကာ ဤနေရာကို ပေါက်ခွဲပစ်လိုက်လေသည်။

အမှောင်ထုပျောက်ကွယ်သွားသည်နှင့် ရှီဟောင် ထိုလက်ကြီးကို တွေ့လိုက်ရသည်။ သူသည် တွေဝေနေခြင်းမရှိပဲ ထိုလက်ထံသို့ သူ့လက်သီးချက်ကို ပစ်လွှတ်လိုက်လေ၏။

လေထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံထွက်ပေါ်လာပြီး ဤမြေအောက်ပတ်လည်ရှိ အလွှာများ ပေါက်ကွဲသွားလေသည်။ မြေအောက်နေရာမှာ ပို၍ပင်ကျယ်လာလေ၏။

သို့သော်လည်း မြေအောက်နန်းတော်မှာ ဘာမှဖြစ်မသွားပေ။

သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုမှာ ကောင်းကင်နှင့်ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်လေသည်။ ဤသည်မှာ ထာဝရရှေးဟောင်းမြေဖြစ်သော်လည်း နတ်ဆိုးဘိုးဘေးတစ်ယောက် လွတ်မြောက်ရန် ရုန်းကန်နေသကဲ့သို့ မြေအောက်လောကကို ပျက်စီးသွားစေလေသည်။

ဖုန်းရှင်းထျန် ပြန်ဆုတ်သွားလေ၏။ သူ၏ပထမဆုံးတိုက်ခိုက်မှု ရှုံးနိမ့်သွားသောကြောင့် သူ၏အမူအရာပြောင်းလဲသွားလေ၏။ သူ၏လက်ဝါးပင် အနည်းငယ် ထုံကျဉ်နေလေ၏။

သူသည် သူ့ခန္ဓာကိုယ်ကို အလွန်ယုံကြည်ချက်ရှိသည့်သူပင်။ သူသည် ငယ်စဉ်ကတည်းက ဝိညာဉ်ဆေးရည်မျိုးစုံတွင်စိမ်ခဲ့ပြီး မပျက်စီးနိုင်သည့်ခန္ဓာကိုယ်ကို ရရှိထားပြီးသားပင်။ သူ၏ခန္ဓာကိုယ်ကို ပြုပြင်ရန်အတွက် ဆေးမျိုးစုံနှင့် လျှို့ဝှက်ဆေးစပ်နည်းများကိုပင် အသုံးပြုခဲ့သည်ပင်။

သူက လူငယ်အရွယ်ရောက်လာသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်မှာ မယုံကြည်နိုင်စရာကောင်းလောက်သည့်အဆင့်သို့ ရောက်လာလေပြီ။ သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူသည့်သူနှင့် တိုက်ခိုက်သည့်အချိန်တွင် သူဘာဒဏ်ရာမှ မရရှိခဲ့ပေ။ သူကို နည်းနည်းလေးထိခိုက်ဖို့ပင် ခက်ခဲလှသည်။

သူ အဖိုးတန်ပညာများကိုအသုံးမပြုပဲ သိုင်းပညာတစ်ခုတည်းသုံးလျှင်ပင် စွမ်းအားကြီးသည့်ထူးခြားပါရမီရှင်များကို သတ်ရန် လုံလောက်လေပြီ။

သို့သော်လည်း ယခုတစ်ခေါက်တိုက်ခိုက်မှုတွင် သူတစ်ဖက်လူကို ဘာမှ မလုပ်လိုက်နိုင်ပေ။

ဖုန်းရှင်းထျန် တကယ်ကို ယုံကြည်နိုင်ရန် ခက်ခဲနေလေ၏။ သူနှင့် ခွန်အားချင်းယှဉ်နိုင်သည့်သူမှာ လုထော်နှင့် လူအချို့သာရှိလိမ့်မည်ဟု သူ ထင်ထားခြင်းပင်။

ဒီကောင်က ဘယ်ကနေထွက်လာတာလဲ .. ဤသည်မှာ သူသိချင်နေသည့်မေးခွန်းပင်။

သူ ဤလူကို လုံးဝမသိ။ ဤလူ အဘယ်ကြောင့် ဤမျှအားကြီးနေရသနည်း.. ဤသည်မှာ အနည်းငယ် ရယ်စရာကောင်းလှပေသည်။

ဖုန်းရှင်းထျန်သည် အမှောင်ထုထဲမှ ထပ်မံလှုပ်ရှားလိုက်လေ၏။ အမှောင်ထု နတ်ဆိုးလက်သီးမှာ ရှေးကျကာ ကြောက်စရာကောင်းသည့် ပညာတစ်ခုပင်။

ဤတိုက်ခိုက်မှုမှာ မည်သည့်အသံမှမထွက်သလို မည်သည့်လှိုင်းမှလည်း ထွက်မည်မဟုတ်။ သူသည် လက်သီးတစ်လုံးကို ရှီဟောင်၏နောက်ကျောသို့ ဦးတည်လိုက်ပြီး နောက်တစ်လုံးကို သူ၏ဦးခေါင်းနောက်သို့ ဦးတည်လိုက်သည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးသာ ကျရောက်လာပါက ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားမည်ပင်။

သို့သော်လည်း အမှောင်ထဲတွင်ရှိနေသည့် ရှီဟောင်သည် ရုတ်တရက်ပင် လှည့်လာကာ တစ်ဖက်လူကို သူ၏လက်သီးနှစ်ဖက်လုံးဖြင့် ခုခံလိုက်လေသည်။

ဒုန်း..

ဤနေရာတွင် သတ္တုချင်းထိခတ်သည့်အသံ ထွက်ပေါ်လာကာ မီးပွားများလည်း နေရာအနှံ့လွင့်စင်သွားလေ၏။

ဤသည်မှာ လက်သီးချင်းတိုက်မိသည်နှင့်မတူပဲ နတ်ရွှေချင်း ထိခတ်မိသည်နှင့် တူနေသည်။

အမှောင်ထု နတ်ဆိုးလက်သီးချက်သည် ရှီဟောင်၏ ကောင်းကင်ပညာနှင့် ထိတွေ့သွားသော်လည်း ရှီဟောင်အား ဘာမှမလုပ်လိုက်နိုင်ပေ။

ဤသည်မှာ အမှောင်ထုနတ်ဆိုးလက်သီး စွမ်းအားမကြီးခြင်းမဟုတ်ပေ။ ဤသည်မှာ ဤလက်သီးပညာ အလွန်စွမ်းအားကြီးကြောင်း သက်သေပြလိုက်ခြင်းပင်။

ဤအမှောင်ထုနတ်ဆိုးလက်သီးမှာ အလွန်ထူးခြားလှသည်။ သူသည် လေဟာနယ်နှင့်တိတ်တဆိတ် ပေါင်းစည်းသွားကာ ရှီဟောင်၏လက်သီးနှင့်ထိတွေ့သည့်အချိန်မှသာ အသံထွက်လာခြင်းပင်။

အမှောင်ထုမှာ သိပ်သည်းလှပြီး အလင်းတစ်မှုန်ကိုမှ မမြင်နိုင်ပေ။

ဤနန်းတော်ကြီးမှလွဲလျှင် အရာအားလုံး ပျက်စီးသွားလေ၏။

“အဲဒီလောက်တောင် စွမ်းအားကြီးတာလား..” ဖုန်းရှင်းထျန် သူ၏လက်သီးများမှ နာကျင်မှုကို ခံစားလိုက်ရသည်။ စွမ်းအားတစ်ခု ပျံ့နှံ့လာကာ သူ့လက်မောင်းကိုပင် ပြုတ်ထွက်သွားစေမတတတ်ပင်။

ဖုန်းရှင်းထျန်အတွက် သူ၏ကိုယ်ကာယအားကိုသုံးပြီး တစ်ဖက်လူကို မဖိနှိပ်နိုင်ခြင်းမှာပင် ရှုံးနိမ့်မှုတစ်မျိုးဖြစ်နေလေပြီ။

အထူးသဖြင့် ဤနှစ်တွင် သူသည် ဖီးနှစ်သွေးထဲစိမ်ထားကာ သူ့ခန္ဓာကိုယ်မှာ ပို၍ပင် သန်မာလာလေပြီ။

သို့သော်လည်း ဤလူငယ်က ရုတ်တရက်ကြီး မည်သည့်နေရာက ထွက်လာသနည်း.. ဤလူက ဘာကြောင့် သူ့နှင့် တန်းတူညီတူ တိုက်ခိုက်နေနိုင်သနည်း..

ကောင်းကင်နတ်ဘုရားကျောင်သည် ဖီးနှစ်သွေးအစစ်ကန်ကို ဤလူအား အသုံးပြုခွင့်မပေးမည်မှာ သေချာသည်။ ထိုသို့ဆိုလျှင် လူတစ်ယောက်၏ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဖီးနှစ်သွေးနှင့်ညီမျှသည့်အရာတစ်ခုရှိနေသည်လား..

ကျောင်းမှ ဖီးနှစ်သွေးသည် နတ်ရေကန်မှ ရေရောထားသောကြောင့် သိပ်မသန့်စင်သော်လည်း ရှားပါးသည့်ပစ္စည်းဖြစ်နေဆဲပင်။..

ဝုန်း..

ရှီဟောင် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ သူသည် အမှောင်ထုထဲတွင်ရှိနေသည့် ဖုန်းရှင်းထျန်ထံသို့ တရစပ်ပင် တိုးသွားလိုက်သည်။

သူတို့နှစ်ဦးကြားတွင် တောက်ပသည့်အလင်းများထပ်မံထွက်ပေါ်လာပြီး အရိုးစာသားများလည်း ပေါက်ကွဲထွက်လာလေ၏။

ထိုအချိန်တွင် သဘာဝဥပဒေသများလည်း ရောယှက်သွားကာ ပင့်ကူအိမ်တစ်ခုကဲ့သို့ တောက်ပနေသည့် အလင်းတန်းကြီးတစ်ခု ဤအမှောင်ထုထဲတွင် ထွန်းလင်းလာလေသည်။

ဤသည်မှာ တာအိုဥပဒေသများမှ ဖြစ်ပေါ်လာသည့်အလင်းပင်။

ထို့နောက်တွင် ထာဝရဗုံကြီးတီးလိုက်သကဲ့သို့ ကျယ်လောင်လှသည့်အသံကြီး ထွက်ပေါ်လာလေသည်။ ကမ္ဘာလောကကြီး ပေါက်ကွဲသွားကာ ဤနေရာမှာ လုံးဝဖရိုဖရဲဖြစ်နေလေပြီ။

သူတို့နှစ်ဦးလုံး နောက်တစ်ကြိမ် တိုက်ခိုက်ကြသည်မှာ သေချာသည်။

ထို့နောက် လေထဲတွင် သွေးနီရောင်အလင်းများ ပျံ့ကြဲလာသည်။

ရွှီး..

ထိုအချိန်တွင် မင်းသမီးယောင်ယွဲ့ပေါ်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် တရှိန်ထိုးပြေးလာနေလေ၏။ သူမလက်မြောက်လိုက်သည်နှင့် နတ်သက်တံ့တစ်ခု ထွက်ပေါ်လာကာ ဖုန်းရှင်းထျန်ကို တိုက်ခိုက်လာလေသည်။

ထို့နောက်တွင် ရွှမ်ခွန်လည်း ပေါ်လာလေ၏။ သူလည်း ဖုန်းရှင်းထျန်အား တိုက်ခိုက်နေလေ၏။ သူသည်ဒဏ်ရာရထားသော်လည်း သူ၏စွမ်းအားမှာမူ အံ့အားသင့်စရာကောင်းနေဆဲပင်။

ဖူး..

ဖုန်းရှင်းထျန် သွေးများစွာအန်သွားလေ၏။ သူသည် အစက လုထော်၊ ယောင်ယွဲ့နှင့် အခြားသူများကို သတ်ရန်လာခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ သူကိုယ်တိုင်ဒဏ်ရာရသွားလေပြီ။

သူတစ်ဖက်သို့ လှည့်လိုက်ကာ မြေအောက်နန်းတော်ဘက်သို့ ပြေးဝင်သွားလိုက်သည်။

ယခုအချိန်တွင် မြေပြင်ပေါ်၌ လူများစွာ ရောက်လာလေပြီ။ အခြေအနေများမှာ ပြင်းထန်လှသောကြောင့် ဘေးပတ်လည်မှလူအားလုံးကို ထိတ်လန့်သွားစေသည်ပင်။

ဤနေရာသို့ အရင်ရောက်လာသည့်သူများအားလုံး အံ့အားသင့်သည့်အမူအရာဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲ၏ မြင်ကွင်းအချို့ကို သူတို့မြင်လိုက်ရသောကြောင့်ပင်။

“အဲဒီလူက ဘယ်သူလဲ .. ဖုန်းရှင်းထျန်နဲ့တောင်မှ တိုက်ခိုက်ရဲတယ်.. ငါတို့ ဘာလို့ သူ့ကို တစ်ခါမှ မမြင်ဖူးတာလဲ..”

“အဲဒီလူ ဖုန်းရှင်းထျန်ကို သွေးအန်အောင် လုပ်လိုက်သလိုပဲ..”

အပိုင်း ၁၃၁၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၁ – မြေအောက်နန်းတော်

ချောက်နက်ကြီးမှာ ကြီးမားလှသည်။ တိုက်ပွဲတစ်ခုကို ကြုံတွေ့လိုက်ရသည့်အချိန်တွင် ဘေးပတ်လည်ရှိ မြေကြီးများပြိုကျသွားကာ နန်းတော်ကြီးပို၍ပေါ်လာလေသည်။

မြေအောက်နန်းတော်ကြီးမှာ ကြီးမားလှသည်။ မည်သည့်အချိန်ကတည်းက ဆောက်လုပ်ထားမှန်းမသိရသော်လည်း မြင့်မြင့်မားမားရှိနေဆဲပင်။

ဖုန်းရှင်းထျန်း ထိုနန်းတော်ထဲသို့ အရင်ဆုံးပြေးဝင်သွားလိုက်သည်။

သူတို့အံ့အားသင့်သွားရသည်မှာ ထိုနေရာတွင် ကြောက်စရာကောင်းသည့် မည်သည့်သင်္ကေတမှ ရှိမနေပေ။ မမျှော်လင့်ထားသည့်အဖြစ်အပျက်များ ဖြစ်ပျက်ခြင်းမရှိပဲ သူချောမွေ့စွာပင် ဝင်ရောက်သွားလေ၏။

ဤနေရာတွင် ကျောက်စိမ်းမှထွင်းထုထားသကဲ့သို့ စိမ်းစိုနေသည့် ရှေးသစ်ပင်ကြီးတစ်ပင်ရှိနေလေသည်။ သစ်ပင်၏အရွက်များ၊ ပင်စည်နှင့် အမြစ်များပင်လျှင် အစိမ်းရောင်တောက်ပနေလေ၏။

ဤရှေးဟောင်းစစ်မြေပြင်သို့ ရောက်ကတည်းက သူတို့မြင်နေရသည်မှာ ခြောက်သွေ့အက်ကွဲကာ အေးစက်နေသည့် နီညိုရောင်မြေကြီးပင်။ ဤကဲ့သို့သော အပင်မျိုးကို မြေအောက်တွင် တွေ့ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။

“ဟမ်…” ယခုလေးတင်မှ မြေအောက်နန်းတော်ထဲသို့ ဝင်လာသည့် ရှီဟောင် တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သစ်ပင်မှာစိမ်းစိုနေရုံသာမက အနည်းငယ် ထူးဆန်းနေလေသည်။

ဤသည်မှာ သူ့ကိုယ်ပိုင်လောကတစ်ခု ဖြစ်နေသည်။

ဤသည်မှာ သူတို့ယခင်က မြင်ခဲ့ရသည့် မြေအောက်နန်းတော်မဟုတ်တော့ပဲ ကမ္ဘာငယ်လေးတစ်ခုဖြစ်နေလေသည်။ အထဲဘက်ရှိမြင်ကွင်းမှာလုံးဝပြောင်းလဲသွားလေပြီ။

ဤနေရာတွင် သစ်ပင်များစွာရှိနေသည်။

သူတို့ယခင်က မြင်ခဲ့ရသည့် မြေအောက်နန်းတော်၏ အဆောက်အဦးများမှာ ဤသစ်ပင်များကြားတွင် ပုန်းကွယ်နေလေပြီ။ အချို့မှာ တောအုပ်ထဲတွင်ရှိနေလေ၏။

ဖုန်း..

ဖုန်းရှင်းထျန် နောက်တစ်ကြိမ်လှုပ်ရှားလိုက်သောကြောင့် အနက်ရောင်စွမ်းအင်များထွက်ပေါ်လာလေ၏။ သူသည် အမှောင်ထုနတ်ဆိုးလက်သီးဖြင့် ရှီဟောင်အား နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း သူ့ပြိုင်ဘက်ကို သတ်ရန်ခက်ခဲလွန်းသည်မှာ သိသာလှသည်။ သူတို့အဆင့်ကျင့်ကြံသူများ တိုက်ခိုက်လျှင် အချိန်တိုအတွင်း အဆုံးသတ်မည်မဟုတ်။

“ငါ ဒါကို လက်မခံနိုင်ဘူး .. မင်း ငါနဲ့တစ်ယောက်ချင်း တိုက်ခိုက်ရဲလား..” ဖုန်းရှင်းထျန်ပြောလိုက်သည်။

“ငါ မင်းနဲ့ တစ်ယောက်တည်းတိုက်ရင်တောင် မင်းကငါ့ပြိုင်ဘက် မဟုတ်သေးဘူး..” ရှီဟောင်ပြောလိုက်၏။

“ဟာသပဲ .. ငါသာ မင်းနဲ့တစ်ယောက်တည်းတိုက်ရရင် မင်းကိုသတ်ဖို့ ဘယ်လောက်မှတောင် အားထုတ်လိုက်ရမှာ မဟုတ်ဘူး..” ဖုန်းရှင်းထျန် အလွန်မာနကြီးနေဆဲပင်။

ရှီဟောင်နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ “ကောင်းပြီလေ .. အခုငါတို့နှစ်ယောက်တည်း ဒီမှာ ရှိတာဆိုတော့ မင်း စမ်းကြည့်လို့ရတယ်..”

ထိုအချိန်တွင် သာယာလှသည့်ရယ်သံထွက်ပေါ်လာလေ၏။ “ရှင်တို့နှစ်ယောက် ကြိုက်သလို တိုက်လို့ရတယ် .. ကျွန်မတို့နှစ်ယောက် ရှင်တို့ကို နှောက်ယှက်မှာမဟုတ်ဘူး..”

သူမသည် ပြောပြီးသည်နှင့် မြေအောက်နန်းတော်အတွင်းပိုင်းသို့ ပြေးဝင်သွားကာ ထိုရှေးဟောင်းသစ်ပင်ထဲသို့ ဝင်သွားလေ၏။

ရွှမ်ခွန်လည်း နန်းတော်ထဲသို့ ဝင်ရောက်သွားလေသည်။

ဖုန်းရှင်းထျန် သူ၏လက်ကိုမြှောက်လိုက်ကာ ထူးဆန်းသည့်မှော်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်လေ၏။ သူသည် အမှောင်ထုစွမ်းအင်ကို မသုံးတော့ပဲ လေကိုအသုံးပြုလာလေသည်။ သူ့ကလန်မှာ အကြောင်းမဲ့လေကလန်ဟု ခေါ်ခြင်းမဟုတ်ပေ။

မြေ၊ မီး၊ လေနှင့်ရေမှာ အခြေခံဒြပ်စင်လေးမျိုးပင်။ လေမှာ သူတို့ကလန်၏ အခြေခံစွမ်းအင်ပင်။ သူတို့၏အဖိုးတန်ပညာများမှာ လောကကြီးကို တုန်လှုပ်စေနိုင်ရုံသာမက သူတို့ထံတွင် ရှေးဟောင်းကောင်းကင်ပညာလည်းရှိနေသည်ပင်။

ထိုအချိန်တွင် မြေအောက်နန်းတော်၌ လေပြင်းများတိုက်ခတ်လာပြီး မိုးကြိုးများလည်းထွက်ပေါ်လာလေသည်။ အဝေးမှကြည့်မည်ဆိုလျှင် ဤသည်မှာ ကြယ်များကြွေကျကာ ရှီဟောင်ထံသို့ ဦးတည်လာနေသကဲ့သို့ပင်။

ဤသည်မှာ ပုံမှန်မဟုတ်သည့်မြင်ကွင်းပင်။

ဖုန်းရှန်းချင်သည် ကြယ်များကြွေကြအောင် မလုပ်နိုင်သော်လည်း ထိုကဲ့သို့သော မြင်ကွင်းမျိုးဖြစ်လာအောင် မလုပ်နိုင်ဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ သူတို့၏ဘိုးဘေး ယခင်က အတွေးတစ်ချက်တည်းဖြင့် ကောင်းကင်မှကြယ်များကို လေဖြင့်ကြွေကျအောင် ပြုလုပ်နိုင်ခဲ့သည်။

ဤသည်မှာ ဤကလန်မှ စွမ်းအားကြီးသူမှာ မည်မျှပင်ကြောက်စရာကောင်းကြောင်း သက်သေပြပြီးသားပင်။

ရုတ်တရက်ပင် ခပ်ဝေးဝေးမှ လရောင်တစ်တန်းထွက်ပေါ်လာကာ ဖုန်းရှင်းထျန်ထံသို့ ဦးတည်လာလေသည်။ ယောင်ယွဲ့တိုက်ခိုက်လိုက်ခြင်းပင်။

တစ်ချိန်တည်းမှာပင် ရွှမ်ခွန်လည်း အော်ဟစ်ကာ တိုက်ခိုက်လာလေ၏။ လေထဲတွင် မြေစွမ်းအင်ထွက်ပေါ်လာကာ ကြီးမားလှသည့်စွမ်းအင်လှိုင်းကြီး ဖုန်းရှင်းထျန်အား လာရောက်တိုက်ခိုက်လာလေသည်။

သူတို့နှစ်ယောက် ဝင်မတိုက်ဘူးဟု ပြောသော်လည်း ဤသည်မှာ အတုအယောင်သာ။

သူတို့ ဖုန်းရှင်းထျန်ကို ချက်ချင်းရှင်းပစ်ချင်နေသည်ပင်။

“မင်းတို့ ကတိမတည်ဘူးဆိုတာ ငါ သိသားပဲ…” ဖုန်းရှင်းထျန် အေးစက်စွာ ပြောလိုက်သည်။

“မင်းကို ဘာကတိပေးခဲ့လို့လဲ..” ရွှမ်ခွန် အေးစက်စွာ ပြောလိုက်၏။ သူဒဏ်ရာများကို ကုသနေသည့်အချိန် နောက်ကျောမှ တိုက်ခိုက်ခံလိုက်ရကာ သေမလိုဖြစ်သွားသောကြောင့် သူ ဖုန်းရှင်းထျန်အား အမုန်းကြီးမုန်းနေသည်။

ယောင်ယွဲ့မှာမူ ဖုန်းရှင်းထျန်သည် အန္တရာယ်များသည်ဟု ထင်သောကြောင့်ပင်။ သူသည် လေကလန်မှ အမွေများသာမက အမှောင်ထု ရှေးဟောင်းကောင်းကင်ပညာတစ်ခုခုကိုပါ ရရှိထားသောကြောင့် အလွန်အန္တရာယ်များသည့်သူပင်။

“ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်..” ဖုန်းရှင်းထျန် အော်ဟစ်လိုက်သည်။ လေပြင်းများအောက်တွင် နေလုံးကြီးကို အနက်ရောင်မြူများဖုံးလွှမ်းသွားလေသည်။

သူ၏ပုံရိပ်မှာ ဤနေရာမှ ပျောက်ကွယ်သွားလေပြီ။

ဤနေရာမှာ ချက်ချင်းပင် မှောင်မဲသွားပြီး ဘာမှမမြင်ရတော့ပေ။

သူတို့သုံးယောက် ကောင်းကင်မျက်လုံးများကိုဖွင့်ကာ ဘေးပတ်လည်ကို သေချာရှာကြည့်လိုက်ကြသည်။

သို့သော်လည်း ကောင်းကင်မျက်လုံးဖြင့်ပင်လျှင် သူတို့မြင်နိုင်ရန် ခက်ခဲနေလေ၏။ သူတို့၏ နတ်အာရုံများပင် အလွန်ထိခိုက်နေသည်အထိပင်။

အမှောင်ထုကောင်းကင်ပညာနှင့် လေကလန်၏ အုတ်မြစ်စွမ်းအားပူးပေါင်းလိုက်သည့်အချိန်တွင် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။ ရှေးဟောင်းပညာနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ စွမ်းအားမှာ ပို၍ပင် ကြောက်စရာကောင်းလာလေ၏။

ထိုအချိန်တွင် အနက်ရောင်လှံတံတစ်ခုထွက်လာကာ ရွှမ်ခွန်၏ခါးမှဒဏ်ရာကို ပွင့်သွားမတတ် ဖြစ်သွားစေလေ၏။ ခွန်ပန် ထိုလှံကို လက်ဖြင့် ခုခံလိုက်သောကြောင့်သာ။

လေထဲမှ တုန်ခါသံများထွက်ပေါ်လာလေသည်။ လေထဲမှ အနက်ရောင်အရိပ်တစ်ခုထွက်လာကာ မင်းသမီးယောင်ယွဲ့ထံသို့ ဦးတည်သွားနေလေသည်။ ထို့နောက် သူတို့နှစ်ဦးပြင်းထန်စွာ တိုက်ခိုက်ကြပြီး ချက်ချင်းပြန်ကွဲသွားကြလေသည်။ မင်းသမီးယောင်ယွဲ့၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သူမ၏ဒဏ်ရာများလည်း ပို၍ပြင်းထန်လာလေသည်။

ဒုန်း…

ရှီဟောင် နား,နားလေးတွင် ကျယ်လောင်လှသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။ ဖုန်းရှင်းထျန်း သူ့အားတိုက်ခိုက်လာလေပြီ။

သို့သော်လည်း ရှီဟောင်၏တုံ့ပြန်မှုမှာ လျင်မြန်လွန်းလှသည်။ သူသည် ကောင်းကင်လမ်းကြောင်းကို ဖွင့်လိုက်ပြီး အရာအားလုံးကို ချိတ်ပိတ်ထားလိုက်သည်။ ထို့နောက် ထိုပုံရိပ်နှင့် ပြင်းထန်စွာပင် တိုက်ခိုက်နေလေသည်။

ချောက်ကမ်းပါးအပေါ်ဘက်သို့ လူအတော်များများ ရောက်လာပြီဖြစ်ပြီး နန်းတော်ကိုလည်း မှုန်ဝါးဝါးလေး မြင်နေရလေပြီ။

အချို့လူများမှာ ဤနန်းတော်ကို‌ လေ့လာချင်စိတ်များတားမရတော့သဖြင့် ဤနေရာသို့ ရောက်လာကြလေသည်။ သို့သော်လည်း သူတို့ဤနေရာသို့ ရောက်လာသည်နှင့် ကြောက်ရွံ့မှုလှိုင်းနှင့်အတူ ကြီးမားလှသည့်ဖိအားကို ခံစားလိုက်ရလေသည်။

ဖူး..

ဤနေရာသို့ ရောက်လာသည့်သူများမှာ ချက်ချင်းပင် သွေးအန်သွားကြလေ၏။ သူတို့သည် စကားတစ်ခွန်းမှမပြောလိုက်နိုင်ခင်မှာပင် အသားစများဖြစ်သွားကြကာ လေနှင့်အတူ လွင့်ပါသွားကြလေသည်။

ဤလူများသည်လည်း တရားဝင်တပည့်များပင်။ သို့သော်လည်း သူတို့သည် မြေအောက်နန်းတော်ထဲသို့ ရောက်သည်နှင့် ဖုန်းရှင်းထျန်၏ နယ်မြေကြောင့် သေဆုံးသွားကြရသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျွမ်းကျင်သူများ တိုက်ခိုက်နေသည့် တိုက်ပွဲ မည်မျှပြင်းထန်သည်ကို ခန့်မှန်းကြည့်နိုင်သည်။ အပြင်လူများမှာ စစ်မြေပြင်ထဲသို့ ဝင်လာသည်နှင့် ဆိုးရွားစွာပင် အဆုံးသတ်သွားကြသည်။

ထို့နောက် လူများစွာထပ်ရောက်လာကြပြီး အားလုံးသည် ဆိုးရွားစွာပင် အဆုံးသတ်သွားကြလေသည်။

ကံကောင်းစွာဖြင့်ပင် သူတို့ထံတွင် အသက်ကယ်သင်္ကေတများရှိနေသောကြောင့် ထိုသင်္ကေတများသည် သူတို့၏သွေးစွမ်းအင်များကို စုတ်ယူကာ ကောင်းကင်ထက်သို့ တရှိန်ထိုး ပြေးတက်သွားကြလေသည်။

ချောက်ကမ်းပါးထက်တွင်ရှိနေသည့်သူများ၏ မျက်နှာများဖြူလျော်နေလေပြီ။ အောက်ဆင်းသွားသည့်သူများမှာ ဤကဲ့သို့သောအဖြစ်အပျက်မျိုးကြုံရလိမ့်မည်ဟု သူတို့မထင်ထားခဲ့။ အကြီးအကဲများပေးလိုက်သည့် အရိုးသင်္ကေတများကြောင့်သာမဟုတ်ပါက ထိုလူများအားလုံး တကယ်သေသွားလောက်လေပြီ။

“ဘုရားရေ .. ဘာဖြစ်နေတာလဲ .. ကျောင်းက တရားဝင်တပည့်တွေတောင်မှ ဆင်းသွားတာနဲ့ ချက်ချင်းသေသွားတာလား.. ကြောက်စရာကောင်းလိုက်တာ..”

“နားထောင် .. အောက်မှာလေသံတွေကြားရတယ် .. လေကလန်က ကောင်းကင်ပါရမီရှင် အင်အားပြနေတယ်ထင်တယ်..”

“ဒါပေမဲ့ သူက ဘယ်သူနဲ့တိုက်နေတာလဲ .. သူ့ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တာဆိုတော့ အခု ဘယ်လိုအခြေအနေဖြစ်နေပြီလဲ မသိဘူး..

ချောက်ကမ်းပါးထက်တွင်ရှိနေသည့်သူများအားလုံး သူတို့အချင်းချင်းဆွေးနွေးနေကြလေ၏။ မည်သူက အသာစီးရနေသည်ကို သူတို့သိချင်နေကြသည်။

မြေအောက်နန်းတော်ထဲတွင်ရှိနေသည့် ဤကမ္ဘာငယ်လေးမှာ ထိုမျှမသေးပေ။ ရှေးဟောင်းသစ်ပင်များမှာ ကောင်းကင်ထိပင်ရောက်နေပြီး စိမ်းစိုနေလေ၏။

အမှောင်ထုထဲတွင်ရှိနေသည့်တိုက်ပွဲမှာ ပြင်းထန်လှသည်ပင်။ ရှီဟောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ရှာဖွေကာ တိုက်ခိုက်နေကြလေ၏။

ယောင်ယွဲ့၊ ရွှမ်ခွန်၊ ရှီဟောင်နှင့် ဖုန်းရှင်းထျန်တို့အားလုံး သတိကြီးကြီးထားနေကြသည်။ သူတို့ နည်းနည်းလေးမှပင် သတိမလွတ်ရဲကြ။

ရှီဟောင် လှုပ်ရှားလိုက်၏။ ယခုတစ်ခေါက်တွင်တော့ ထူးခြားဆန်းကြယ်သည့် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းတံဆိပ်ကို ပြုလုပ်လိုက်သည်။ သူ့ရှေ့တွင် လောကခြောက်ခုဝင်ပေါက်နှင့်တူသည့် အနက်ရောင်အပေါက်ခြောက်ခု ဖြစ်ပေါ်လာလေသည်။

နတ်ဘုရားများနှင့် နတ်ဆိုးများကိုပင် တစ်စစီဖြစ်အောင်လုပ်နိုင်သည့် လေများ တိုက်ခတ်နေသည်။ သို့သော်လည်း ယခုတစ်ခေါက်တွင်တော့ သိပ်အကျိုးမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဖုန်းရှင်းထျန်းပြုလုပ်လိုက်သည့် လေအားလုံးမှာ အနက်ရောင်တွင်းခြောက်ခု၏ စုတ်ယူခြင်းကို ခံလိုက်ရလေသည်

ဖူး..

ထိုအချိန်တွင် ရှီဟောင်လည်း အရှေ့ဘက်သို့ တရှိန်ထိုးပြေးလာကာ လက်သီးဖြင့် ထိုးချလိုက်လေ၏။ ဤလက်သီးချက်မှာ ပြင်းထန်လွန်းလှသောကြောင့် မြေငလျင်ဖြစ်ပေါ်လာကာ ဖုန်းရှင်းထျန်၏ လက်မောင်းလည်း နာကျင်သွားလေ၏။ သူ့ခန္ဓာကိုယ် နောက်ယိုင်သွားကာ ပါးစပ်မှ သွေးများစီးကျလာလေသည်။

သူတို့သည် မြေအောက်နန်းတော်အတွင်းပိုင်းသို့ သွားရင်းဖြင့်ပင် တိုက်ခိုက်နေကြလေ၏။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆက်တိုက် တိုက်ခိုက်နေကြသော်လည်း အသံတစ်သံမှ ထွက်လာခြင်း မရှိပေ။

ထိုအချိန်တွင် နတ်အလင်းတန်းတစ်ခု တောက်ပသွားလေ၏။ ဤသည်မှာ နတ်ဆေးပင် ဖြစ်သည်။ သူသည် မြေကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ထို့နောက် သူတို့ ဝိညာဉ်စွမ်းအားများထွက်ပေါ်နေသည့် ကန်တစ်ကန်ကို တွေ့လိုက်ရသည်။ ခေါင်းပြတ်ကြီးက ဒီမှာ မြှုပ်ခံခဲ့ရတာများလား..

“ဖုန်းရှင်းထျန်ကို အရင်သတ်..” မင်းသမီးယောင်ယွဲ့ အကြံပြုလိုက်သည်။

“ကောင်းပြီလေ..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။

ရွှမ်ခွန်လည်းပါဝင်လာသည်။

“ဟမ် .. ဒီကန်ကနေ ဘာလို့ ထာဝရစွမ်းအင်တွေ ထွက်နေတာလဲ..”

ရုတ်တရက်ပင် အားလုံးထိတ်လန့်သွားလေ၏။ သူတို့ဘေးရှိကန်မှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင်ထဲတွင် ထာဝရစွမ်းအင်အနည်းငယ်လည်း ပါဝင်နေလေသည်။

အပိုင်း ၁၃၁၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၂ – လိပ်ပြာ

ဤသည်မှာ အနည်းငယ် အိုဟောင်းနေသည့် ရေကန်လေးပင်။ နံရံများကို မီးခိုးရောင် စိန်ပုံစံကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ကန်မှာ ငါးပေပင် မပြည့်။ သို့သော်လည်း အချိန်တိုက်စားမှု အော်ရာများ ရှိနေသည်။

ဤသည်မှာ ကန်လေးတစ်ခုတည်းမဟုတ်ပဲ သမိုင်းပြယုဂ်လည်း ဖြစ်သည်။

စိန်ပုံစံကျောက်တုံး ပျက်စီးသွားသည်မှာ အလွန်ကြာမြင့်လှပြီဖြစ်သော်လည်း ဝိညာဉ်စွမ်းအားကြောင့် ပြိုမကျသွားသေးပေ။

ကျွမ်းကျင်သူလေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ချောင်းမြောင်းတိုက်ခိုက်နေကြသလို ညည်းတွားသံများလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေသည်။ သူတို့ ဖုန်းရှင်းထျန်ကို တိုက်ခိုက်သည်ဟုဆိုသော်လည်း ယခုအချိန်တွင် သူတို့မည်သူ့ကိုမှ မယုံကြည်နိုင်သောကြောင့် အားလုံးသတိအနေအထားဖြစ်နေလေ၏။

ယခုအချိန်တွင်တော့ အားလုံးတူညီသည့်ဆုံးဖြတ်ချက်ကို ချလိုက်ကြကာ ထိုကန်ထံသို့ တရှိန်ထိုးပြေးသွားကြလေသည်။ ကြီးမားသည့်အခွင့်အရေးတစ်ခု လက်လွတ်ရမည်စိုးသောကြောင့် မည်သူမှ နောက်မကျရဲကြ။

ဤသည်မှာ ဘာပဲဖြစ်နေပါစေ ထာဝရစွမ်းအင်များ ထွက်ပေါ်နေသောကြောင့် အဖိုးတန်သည့်အရာဖြစ်မည်မှာ သေချာသည်။

ဤကန်ထဲတွင် အဆင့်လွန်ရတနာတစ်ခုရှိနေလိမ့်မည်ဟု သူတို့ခံစားနေရသည်။ စစ်မြေပြင်မှ ကျန်ခဲ့သည့် ပျက်စီးနေသည့် ထာဝရပစ္စည်းတစ်ခုလည်း ဖြစ်နိုင်သည်။

ဖီးနှစ်ကိုးကောင်မီးဖိုကဲ့သို့သော ထာဝရသက်ရှိမှ ချန်ထားခဲ့သည့် ပြိုင်ဘက်ကင်းမှော်ပစ္စည်းများမှာ ဤလောကတွင် များများစားစား မရှိပေ။

ယခင်က ထာဝရသက်ရှိများပင်လျှင် တစ်ယောက်တစ်ခုစီရှိသည့် အရာမဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းမှာ ရှာတွေ့နိုင်ရန် ခက်ခဲလှသည်။

ကန်အောက်ခြေတွင်ရှိနေသည့် ပစ္စည်းသည် သိပ်မပျက်စီးသေးပါက ထူးခြားသည့်လူသတ်လက်နက်ဖြစ်လာလိမ့်မည်။ ဖီးနှစ်ကိုးကောင်မီးဖိုထက် အနည်းငယ် ပြည့်စုံပါက ဤသည်မှာ အနန္တကောင်းကင်၏ နံပါတ်တစ် မှော်ပစ္စည်းဖြစ်သွားမည်သာ။

ရွှီး..

ရွှမ်ခွန် လှုပ်ရှားလိုက်၏။ သူသည် အံကြိတ်ကာ ရှီဟောင်အား တိုက်ခိုက်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် အစက သူ့ဘေးနားတွင် သွားနေခြင်းဖြစ်သော်လည်း နောက်ပိုင်း သူ့အား လျင်မြန်စွာပင် ကျော်တက်သွားသောကြောင့်ပင်။

သူတို့သည် ယခုလေးတင် ပူးပေါင်းခဲ့ကြသော်လည်း ထိုရှေးဟောင်းအဆင့်လွန်ရတနာနှင့်ယှဉ်လျှင် ထိုပူးပေါင်းမှုမှာ အားနည်းလှသည်။

ရွှမ်ခွန်သည် အစကတည်းက အလွန်စွမ်းအားကြီးသည့်သူပင်။ သူ ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး၊ သူ၏အုတ်မြစ်ပျက်စီးနေသောကြောင့်သာမဟုတ်ပါက မည်သူမှ သူ့အား အထင်သေးရဲမည် မဟုတ်ပေ။ ဖုန်းရှင်းထျန်ပင် သူ့ကို တိုက်ခိုက်ရဲမည် မဟုတ်ပေ။

တာအိုဒဏ်ရာများမှာ ကုသရန်အခက်ခဲဆုံးဒဏ်ရာများပင်။ အခြားကျင့်ကြံသူသာဆိုပါက သေချာပေါက် သေဆုံးသွားလောက်လေပြီ။ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပင်လျှင် အသက်ရှင်နိုင်ရန် ခက်ခဲလိမ့်မည်။ ထာဝရစွမ်းအင်သုံးခုကြောင့်သာ သူ အသက်ရှင်ခဲ့ခြင်းပင်။

ရှီဟောင် နောက်ထပ်လက်သီးတစ်ချက် ထိုးလိုက်သည်နှင့် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းစွမ်းအားများ ထွက်ပေါ်လာလေ၏။ တွင်းနက်ကြီး ခြောက်ခုမှ အနက်ရောင်လှိုင်း ခြောက်ခုထွက်ပေါ်လာကာ ရွှမ်ခွန် လွင့်ထွက်သွားပြီး သွေးအန်သွားအောင် လုပ်လိုက်လေသည်။

အခြားတစ်ဖက်တွင်လည်း နူးညံ့သည့်လရောင်မှာ နန်းတော်တစ်ခုလုံးကို လွှမ်းခြုံနေလေသည်။ မင်းသမီးယောင်ယွဲ့သည်လည်း သူမနာမည်အတိုင်း သန့်စင်သည့် လရောင်ဖြင့် ဝန်းရံနေလေသည်။
[AN: ယောင်= ဖိတ်ခေါ်ခြင်း၊ ယွဲ့ = လ]

ယခုအချိန်တွင် သူမလည်း ဖုန်းရှင်းထျန်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။ သူတို့နှစ်ဦးကြားတွင် လျှပ်စီးများ ထွက်ပေါ်နေလေသည်။ အနက်ရောင်လေနှင့် လရောင်တို့ ပြင်းထန်စွာပင် တိုက်ခိုက်နေကြလေသည်။

ယခု သူတို့ရှေ့တွင် ထာဝရကန်ရှိနေသောကြောင့် မည်သူမှ မတည်ငြိမ်နိုင်ကြတော့ပေ။

ဝုန်း..

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေ၏။ သူတို့လေးယောက်သည် နှစ်ယောက်တစ်တွဲစီ တိုက်ခိုက်နေကြသော်လည်း သူတို့တိုက်ခိုက်နေကြသည့်နေရာမှာ နီးကပ်လွန်းလှသောကြောင့် သူတို့ကြားရှိ သင်္ကေတများ ထိတွေ့မှုဖြစ်သွားကာ ပြင်းထန်သည့် ပေါက်ကွဲမှုကြီး ဖြစ်လာခြင်းပင်။

ချောက်နက်ကြီးပေါ်တွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သင်္ကေတအလင်းတန်း လေးခု ထွက်ပေါ်လာကာ ညကောင်းကင်ကြီးတစ်ခုလုံးကို တောက်ပစေပြီး ကောင်းကင်ကြီးကို ဖွင့်ထွက်သွားသောကြောင့်ပင်။

တစ်ခုခုသာ ဤအလင်းတန်းနှင့် ထိမိသွားပါက ခန္ဓာကိုယ်နှင့်တာအို နှစ်ခုလုံး ဘာမှမကျန်တော့မည်မှာ သေချာသည်ပင်။

ဒါက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံတဲ့သူတွေလား .. ကြောက်စရာကောင်းလိုက်တာ ..

“အရင်တုန်းက ငါတို့နဲ့ ထာဝရစွမ်းအင်သုံးကြောင်းကျင့်ကြံတဲ့သူတွေကြားထဲမှာ ကွာဟချက် သိပ်မရှိဘူး .. ဒါပေမဲ့ သူတို့တာအိုပန်းပွင့်တွေကို ဖန်တီးလိုက်နိုင်တာနဲ့ ငါတို့ကြားမှာ ကမ္ဘာခြားသွားပြီ..”

တစ်စုံတစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။

နန်းတော်ထဲတွင်ရှိနေသည့် ရှေးဟောင်းတံဆိပ်များရှိနေသည့် အဆောက်အဦးကြီးမှာမူ ဘာမှဖြစ်မသွားပေ။

ယနေ့အချိန်ထိ ရှိနေနိုင်သည်မှာ အကြောင်းပြချက်ရှိမည်ပင်။ အဆောက်အဦးထဲတွင် ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် တာအိုသင်္ကေတများ ရှိနေသည်။

ရှီဟောင်၊ ယောင်ယွဲ့၊ ရွှမ်ခွန်နှင့် ဖုန်းရှင်းထျန်တို့သည် တိုက်ခိုက်ပြီးသွားကြသည်နှင့် ရှေးဟောင်းရေကန်သို့ ပြေးသွားလိုက်ကြပြီး မြူများနှင့်ဖုံးလွှမ်းနေသည့်ကန်ထဲသို့ လက်နှိုက်လိုက်ကြသည်။

သို့သော်လည်း ကြောက်စရာကောင်းသည့် လက်နက်တစ်ခုခု သူတို့လည်မြိုကို လာထောက်နေသကဲ့သို့ သူတို့ ချက်ချင်းပင် တုန်လှုပ်သွားကြကာ တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။

သူတို့အားလုံး လက်ပြန်ရုတ်လိုက်ကြကာ အားလုံးမှာ ဖြူဖျော့သွားကြလေ၏။

မင်းသမီးယောင်ယွဲ့လည်း ထို့အတူပင်။ သူမ တစ်ကိုယ်လုံးကြက်သီးများ ဖုံးလွှမ်းနေသောကြောင့် သူမအလှကိုပင် အနည်းငယ်ပျက်စီးသွားစေသည်။

ဤကဲ့သို့သော ခံစားချက်မှာ စွမ်းအားကြီးလွန်းလှသည်။ သူတို့သည် မြေအောက်လောကသို့ အလည်တစ်ခေါက် သွားခဲ့ရသကဲ့သို့ပင်။

“ဒါက ဘာကြီးလဲ..” ဤသည်မှာ သူတို့လေးယောက်လုံး၏စိတ်ထဲ တွေးနေသည့်မေးခွန်းပင်။ ဤသည်မှာ ရှေးဟောင်းပစ္စည်းတစ်ခုနှင့်မတူပဲ သက်ရှိတစ်ယောက် အိပ်နေသည်နှင့် ပိုတူနေသည်။

ထိုသို့စဉ်းစားမိသည်နှင့် သူတို့ချွေးစေးများ ပြန်သွားရသည်။

တစ်ခဏခန့် တိတ်ဆိတ်သွားပြီးသည့်နောက်တွင် တစ်ယောက်ကိုတစ်ယောက် သတိထားလျက် ကောင်းကင်မျက်လုံးကိုဖွင့်ကာ ကန်နားသို့ ပြန်လာလိုက်ကြလေသည်။

သူတို့‌ သေချာကြည့်ပြီးသွားသည့်အချိန်၌ ဤသည်မှာ .. လက်လွတ်၍မရနိုင်သည့် အခွင့်အရေးကောင်းကြီးတစ်ခုဖြစ််နိုင်သည်ကို သူတို့တွေ့ရှိသွားရသည်။

ယခုအချိန်တွင်တော့ သူတို့လေးယောက်သည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ခြင်းမရှိတော့ပဲ ရှေးဟောင်းကန်ကြီးကိုသာ စိုက်ကြည့်နေကြလေသည်။

ဤကန်ကြီးမှာ အလွန်မှုန်ဝါးနေပြီး ကောင်းကင်မျက်လုံးဖြင့်ပင်လျှင် ရှင်းရှင်းလင်းလင်းမြင်ရရန် ခက်ခဲလှသည်။ အထဲဘက်တွင် နတ်ရေများရှိသည်ကို တွေ့နေရသော်လည်း ထိုရေမှာ သိပ်မများပေ။

ဝိညာဉ်အလင်းမျိုးစုံနှင့် ရောင်စုံမြူများထွက်ပေါ်နေသည်မှာ ရေခဲကမ္ဘာကြီးတွင် ရေများဆူပွက်နေသကဲ့သို့ပင်။

“ဒါက လိပ်ပြာတစ်ကောင်များလား..” မင်းသမီးယောင်ယွဲ့ ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဤပုံစံအရဆိုလျှင် ဤသည်မှာ သုံးပေခန့်ရှည်သည့် ရှေးဟောင်းလိပ်ပြာတစ်ကောင်နှင့် အလွန်တူနေသည်။

သူ သယ်လာသည့် အိုးမှာ အနည်းငယ်ထူးဆန်းလာသည်ကို ရှီဟောင် ခံစားမိသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

ဧကရာဇ် လိပ်ပြာ..

သူ ပြန်ရှင်လာပြီ..

လတ်တလောတွင် ဧကရာဇ်လိပ်ပြာသည် အမြဲတမ်းအိပ်နေခဲ့ပြီး ဘာလှုပ်ရှားမှုမှ မရှိခဲ့ပေ။ ဤနေရာတွင် နိုးလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကန်ထဲတွင်ရှိနေသည်မှာ နတ်လိပ်ပြာတစ်ကောင်ဖြစ်လိမ့်မည်ဟု သူ ပိုသေချာသွားလေပြီ။ ထို့အပြင် ဤလိပ်ပြာမှာ သူ့ထံတွင်ရှိနေသည့် ဧကရာဇ်လိပ်ပြာနှင့် ဆက်စပ်နိုင်ချေလည်းရှိသည်။

သူတို့ ကလန်တစ်ခုတည်းပင် ဖြစ်နိုင်သည်။

လိပ်ပြာဧကရာဇ်များမှာ ရှားပါးလှပြီး တစ်ခေတ်တွင် တစ်ကောင်ထက် ပိုပေါ်လာရန် ရှားပါးလှသည်။ သမိုင်းမတင်မှီခေတ်ကတည်းက တစ်ကောင်တည်းရှိခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည့်သူများပင် ရှိသည်။

ဝုန်း ..။

ရှီဟောင်ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ထိုအိုးမှ ရောင်စုံမြူများ ထွက်ပေါ်လာသည်။ ဧကရာဇ်လိပ်ပြာ နောက်ဆုံးတော့ အပြည့်အဝနိုးသွားလေပြီ။ သူသည် အပြင်ဘက်တွင်ရှိနေသည့် အော်ရာကို ခံစားမိပြီး တစ်ခုခုကို‌ တွေးမိသွားသည့်ပုံပင်။

တစ်ချိန်တည်းမှာပင် ကန်ထဲမှ မြူများအနည်းငယ် ရှင်းသွားလေ၏။

“ဒါက တကယ်ကို ရှေးဟောင်းလိပ်ပြာပဲ..” ယောင်ယွဲ့ထိတ်လန့်သွားရ၏။

ကျန်သည့်သူသုံးယောက်လည်း ဤလိပ်ပြာကို စိုက်ကြည့်နေကြလေသည်။

ဤလိပ်ပြာမှာ သုံးပေရှည်သည်။ အလျင်စလိုကြည့်လိုက်မည်ဆိုပါက သူ၏အတောင်ပံများမှာ ပြောပြ၍မရနိုင်လောက်အောင်ပင် လှပလှသည်။ ဤလောကရှိ အလှဆုံးပန်းချီလက်ရာတစ်ခုကဲ့သို့ပင်။

သို့သော်လည်း ဤလိပ်ပြာမှာ ကောင်းကင်ကြီး၏ မနာလိုမှု ခံလိုက်ရသည်ထင်သည်။ ဤလိပ်ပြာမှာ သေဆုံးနေပြီဖြစ်ပြီး အရောင်တောက်ပသည့် အတောင်ပံများမှာ အရောင်မှေးမှိန်နေကာ သူ၏ခန္ဓာကိုယ်ပင် ပျက်စီးသွားလေပြီ။

ရွှေရောင်ပုံသဏ္ဌာန်နှင့် ရောင်စုံပုံသဏ္ဌာန် အနည်းငယ်သာ ရှိတော့သည်။ ထိုသို့ဆိုသော်လည်း ထိုပျက်စီးနေသည့် အော်ရာထဲမှာ ထာဝရအလင်းများ ထွက်ပေါ်နေဆဲပင်။

ပျက်စီးနေသည့်ခန္ဓာကိုယ်မှာ ထာဝရစွမ်းအင်များလည်း ထွက်ပေါ်နေလေ၏။

သူတို့အားလုံး ထိတ်လန့်သွားရသည်။ ရှေးဟောင်းရေကန်ထဲတွင်ရှိနေသည့် ‘ထာဝရလက်နက်’ ဆိုသည်မှာ တကယ်တမ်းတော့ နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့သည့် လိပ်ပြာတစ်ကောင် ဖြစ်နေသည်။

“ဒါက .. အစတုန်းက သက်ရှည်သက်ရှိတစ်ယောက်၊ ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူတစ်ယောက်ပဲ …” သူတို့အားလုံး ထိတ်လန့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် သေဆုံးသွားပြီဖြစ်သော်လည်း ထာဝရစွမ်းအင်များ ထုတ်လွှတ်နေဆဲပင်။

သို့သော်လည်း ဤကဲ့သို့သော စွမ်းအားကြီးသည့်သက်ရှိသည် မယုံကြည်နိုင်လောက်သည့်ဒဏ်ရာများရရှိကာ တိုက်ပွဲတွင် ကျဆုံးခဲ့သည်။ ဤသည်မှာ ထာဝရရှေးဟောင်းခေတ်တွင် ဖြစ်ပျက်ခဲ့ခြင်းပင်။

ကြောက်စရာကောင်းသည့်အားတစ်ခု သူ့ခန္ဓာကိုယ်ကို တိုက်စားသွားခြင်းပင်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း ထိုအားရှိနေဆဲပင်။

“သက်ရှည်သက်ရှိ…”

ရွှမ်ခွန်၊ ဖုန်းရှင်းထျန်နှင့် ယောင်ယွဲ့တို့မျက်လုံးများ တောက်ပလာကာ အချိန်မရွေး တိုက်ခိုက်မည့်အနေအထားဖြစ်သွားလေသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဤကမ္ဘာတွင် မရှိနိုင်သည့် ရှေးဟောင်း မသေမျိုးသက်ရှိပင်။ သူ၏ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီဖြစ်သော်လည်း အဖိုးတန်နေဆဲသာ။

ဤလိပ်ပြာ၏ခန္ဓာကိုယ်ထဲတွင် တစ်ခုခုရှိနေနိုင်သည်။

သူတို့သာ တာအိုစာအုပ်များ၊ လက်နက်များနှင့် အခြားအရာများရှိနေလျှင် ပို၍ပင် ကောင်းလိမ့်မည်။

ရှီဟောင့်ခန္ဓာကိုယ်ထဲမှ ရောင်စုံအလင်းများထွက်ပေါ်လာပြီး လိပ်ပြာဧကရာဇ် ဖြည်းညှင်းစွာ လှုပ်ရှားလာလေသည်။

အပိုင်း ၁၃၁၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၃ – လေ အရှင်

လိပ်ပြာဧကရာဇ် ဤနေရာတွင် နိုးထလာသောကြောင့် သူထိတ်လန့်သွားသေးသော်လည်း နောက်တော့ ရှီဟောင် ပျော်ရွှင်သွားရသည်။

“ဒီမှာ ထာဝရ ရတနာတစ်ခုရှိနေရင် ငါတို့ ဘယ်လိုခွဲကြမလဲ..” ရွှမ်ခွန်၏အသံမှာ အက်ကွဲနေလေသည်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသောကြောင့် မတိုက်ခိုက်ချင်တော့။

“တာအိုရောင်းရင်းရော ဘယ်လိုထင်လဲ..” မင်းသမီး‌ယောင်ယွဲ့ ရှီဟောင်အား ချိုသာစွာပြုံးပြပြီး မေးလိုက်သည်။

ဖုန်းရှင်းထျန် စိတ်လှုပ်ရှားသွားရသည်။ သူတို့သုံးယောက်ပေါင်းကာ သူ့အား အနိုင်ယူမည်ကို သူ စိုးရွံ့လာမိသည်။

“ငါတို့ သုံးယောက်တည်း ခွဲတာက ပြဿနာမရှိဘူး..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

“ကောင်းတယ်..” မင်းသမီးယောင်ယွဲ့ ရယ်မော၍ ပြောလိုက်လေ၏။ သူမ၏အပြုံးမှာ မြို့တစ်မြို့ကိုပင် ပြောင်းပြန်ဖြစ်သွားစေနိုင်လောက်သည်။

ဝုန်း..

ဖုန်းရှင်းထျန်သည် တွေဝေမနေပဲ စတင်တိုက်ခိုက်လိုက်သည်။ ဤသုံးယောက်မှာ သူ့အား ထည့်မတွက်ထားသောကြောင့် သူ့အား ရှင်းပစ်ဖို့ ကြိုးစားကြမည်ပင်။

သူအရင်ဆုံးတိုက်ခိုက်ပြီး လက်ဦးမှုယူရမည်။ အမှောင်ထုစွမ်းအား ထွက်ပေါ်လာကာ ကောင်းကင်မှကြယ်များကို ချွေချမတတ် ပြင်းထန်သည့် လေပြင်းများလည်း တိုက်ခတ်လာလေသည်။

ကံမကောင်းစွာဖြင့် သူတို့သုံးယောက်လည်း ချက်ချင်းလှုပ်ရှားလာကြလေ၏။ အားလုံးမှာ ကောင်းကင်ပညာများကို အသုံးပြုကာ သူ့အား လွင့်ထွက်သွားအောင် လုပ်လိုက်ကြလေသည်။

ကောင်းကင်ပညာများ ထိပ်တိုက် တိုက်ခိုက်နေကြလေပြီ။ ထိုအထဲတွင် ရှီဟောင်၏ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းမှာ အထူးခြားဆုံးပင်။

ဖုန်း..

ယခုတစ်ခေါက်တွင်တော့ သူတို့သည် တစ်ဖက်လူကို မြန်မြန်ဆန်ဆန် အဆုံးသတ်ပစ်ချင်နေလေပြီ။ ရှီဟောင်တို့သုံးယောက်လုံး စွမ်းအားအကြီးဆုံးပညာများကိုသာ အသုံးပြုကြလေသည်။

ကောင်းကင်ထက်တွင် နဂါးအစစ်အော်သံများ၊ ဖီးနှစ်အော်သံများ ချက်ချင်းပင် ပျံ့လွင့်လာလေ၏။

ဖုန်းရှင်းထျန်သည် သူတတ်နိုင်မျှ မြန်မြန်နောက်ဆုတ်ကာ ထိုတိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။

သို့သော်လည်း သူ မည်မျှပင် မြန်မြန်ပြေးနေပါစေ သူ့အား ရိုက်ခတ်သွားဆဲပင်။ သူအော်ဟစ်လိုက်ကာ ပါးစပ်မှာ သွေးအန်လာလေသည်။

ဟား ဟား ..။

ရုတ်တရက်ပင် အေးစက်သည့်ရယ်သံတစ်သံထွက်ပေါ်လာသောကြောင့် ရှီဟောင် တုန်လှုပ်သွားရသည်။ ရှီဟောင်၊ ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့မှာ ရေခဲအိမ်ထဲရောက်သွားသကဲ့သို့ တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။

စွမ်းအားကြီးသည့် သက်ရှိတစ်ယောက်ပေါ်လာပြီး သိပ်မဝေးသည့်နေရာမှ သူတို့အား ပိတ်ထားလေ၏။

ယခုအချိန်တွင် သူတို့မွေးညှင်းများပင် ထောင်ထသွားရသည်။ သူတို့ခေါင်းစခြေဆုံး ကြက်သီးမွေးညှင်းများပင် ထသွားရသည်။

ဒါက ဘယ်လိုသက်ရှိမျိုးလဲ .. ဘယ်ကနေ ရောက်လာတာလဲ .. သူတို့ မသိပေ။

ဤသက်ရှိမှာ သူတို့ထက် စွမ်းအားကြီးသည်မှာ သိသာသည်။ ထိုသူသည် တိတ်တဆိတ်ရောက်လာခဲ့ပြီး အနီးကပ်လာမှသာ သူတို့သတိထားမိသွားခြင်းပင်။

“ဒါက အဲဒီရှေးဟောင်းလိပ်ပြာလား..” ယောင်ယွဲ့၏အသံမှာ တုန်ခါနေလေသည်။ ထိုလိပ်ပြာမှလွဲလျှင် ဤနေရာတွင် မည်သည့်အရာရှိသနည်း..

“လိပ်ပြာက အရင်ခေတ်ကတည်းက သေသွားပြီမဟုတ်ဘူးလား..” ရွှမ်ခွန် နောက်ဆုတ်သွားလေ၏။

မြူများရှင်းသွားကာ လူသားပုံစံ သက်ရှိတစ်ယောက်ထွက်လာလေ၏။

အကြောင်းပြချက်တစ်ချို့ကြောင့် ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့ သက်မချလိုက်ကြလေ၏။ မည်သို့ပင်ဖြစ်စေ အပြင်လူမှာ ဤလိပ်ပြာထက် ပိုလွယ်ကူမည်ပင်။

သို့သော်လည်း ရှီဟောင် ထိုကဲ့သို့မခံစားရပေ။ ဤလူသည် မြေအောက်နန်းတော်သို့ ရောက်လာကတည်းက သူ့အားစိုက်ကြည့်နေပြီး သူ့ခန္ဓာကိုယ်မှ အလွန်အေးစက်သည့်အငွေ့အသက်တစ်မျိုးကိုလည်း ထုတ်လွှတ်နေလေ၏။

“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ .. တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာက ဒီလောကကြီးမှာ နောက်တစ်ခေါက်ပြန်ပေါ်လာပြီပဲ..” ထိုလူ တိုးတိတ်စွာ ပြောလိုက်သည်။

မြူများရှင်းသွားသည်နှင့် ဤလူ၏ပုံစံ အစစ်အမှန်ပေါ်လာလေ၏။

ဤသည်မှာ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ပင်။ သူသည် ထိုမျှ အရပ်မရှည်သော်လည်း သူ့ခန္ဓာကိုယ်မှာ ကြေးနီဖြင့်ပြုလုပ်ထားသကဲ့သို့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေလေသည်။

သူ၏မျက်လုံးများလည်း စူးရှလှကာ နေလုံးနှစ်လုံး လောင်ကျွမ်းနေသကဲ့သို့ပင်။

သူသည် ချောသည်ဟု ပြော၍မရသော်လည်း သူသည် ဤလောကတစ်ခုလုံးကို အုပ်စိုးသည့်သူကဲ့သို့သော အရှိန်အဝါမျိုးကို ထုတ်လွှတ်နေလေသည်။ သူ၏ မျက်လုံးမှာ အေးစက်လှပေသည်။

သူသည် ဤလူများကို တစ်ချက်သာ ကြည့်လိုက်လေ၏။ သူသည် ဤလူငယ်မျိုးဆက်များအား အရေးမလုပ်သည်မှာ သိသာလှသည်။

ဤသည်မှာ သူ၏ခွန်အားကြောင့်ပင်။ သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် ဤလူများကို အလွယ်တကူ သတ်နိုင်သည်ပင်။

“ဦးလေးခြောက်..” ဖုန်းရှင်းထျန် ပျော်ရွှင်စွာ အော််ခေါ်လိုက်လေ၏။

သူ့ကလန်မှ ဦးလေးကို ဤနေရာတွင်‌ တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤဦးလေးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် တရှိန်ထိုး ထိုးဖောက်သွားကာ လေ ကလန်တွင် အလွန်အံ့အားသင့်စရာကောင်းသည့်သူပင်။

အစောပိုင်းနှစ်များတွင် ဖုန်းကျောင်မှာ ထိုမျှ မထူးချွန်ပေ။ သူသည် ထာဝရစွမ်းအင်ကို မကျင့်ကြံနိုင်။ သို့သော်လည်း ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် သူသည် ပြန်လည်မွေးဖွားခြင်းကို ပြုလုပ်နိုင်ခဲ့ကာ သူနှင့် ရွယ်တူများထက် ကျော်လွန်ခဲ့သည်။

သူသည် အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့သည့်သူပင်။ နှစ်ပေါင်း ၅၀၀ ကျင့်ကြံပြီးမှသာ အောင်မြင်မှုအချို့ကို ရရှိခဲ့သည်။ ထို့နောက် သူ၏အောင်မြင်မှုများ အဆက်မပြတ်တော့။

ယခုတော့ သူသည် အလွန်ထူးဆန်းသည့်နယ်မြေသို့ ခြေတစ်လှမ်းချနေပြီဖြစ်ပြီး သူသည် လေ ကလန်တွင် အလွန်အရေးကြီးသည့်သူ ဖြစ်နေလေပြီ။

သူ့ကို လေ အရှင်ဟု ခေါ်ကြသည်။

လေကလန်မှာ သက်ရှည်မိသားစုဖြစ်ပြီး ယခင်က မသေမျိုးများ ထွက်ပေါ်လာခဲ့သေးသည်။

ထိုကဲ့သို့သော မိသားစုမျိုးထဲတွင် လေ အရှင်ဟူသည့်နာမည်ရထားသောကြောင့် မိသားစုထဲမှ သူ၏နေရာကို သိနိုင်သည်။ ဤသည်မှာ အလွန်အထင်ကြီးစရာကောင်းသည့်သူပင်။

စီရင်စုသုံးထောင်မှ မျိုးရိုးနာမည် ရှီနှင့် လူငယ်တစ်ယောက် အနန္တကောင်းကင်သို့ ရောက်လာကြောင်း လေ ကလန်ဘိုးဘေးပြောလိုက်သည်နှင့် လေအရှင်မှ အစီအစဉ်ဆွဲပြီးသွားလေပြီ။

ယွမ်ချင်းကို လုပ်ခိုင်းသည့်သူကလည်း သူပင်။

“ဦးလေးခြောက် … ဘာလို့ ဒီကိုရောက်လာတာလဲ…” ဖုန်းရှင်းထျန် ထိတ်လန့်သွားရ၏။ သူတို့ကလန်မှ အရှင်ရာထူးရထားသည့် အဘယ်ကြောင့် ရုတ်တရက်ရောက်လာသည်ကို သူ မသိပေ။

“အကြာကြီး တရားထိုင်ပြီးတော့ နည်းနည်းလောက် လှည့်ပတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကာ .. မင်းတို့ကျောင်းသင်္ဘောကို စီးဖို့အတွက် ကျင့်ကြံသူ ဟန်ဆောင်ပြီးတော့ ဒီနေရာကို လာကြည့်တာ” ဖုန်းကျောင်ပြောလိုက်သည်။

ထိုစကားကိုကြားသည်နှင့် ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့မျက်နှာ ဖြူဖျော့သွားကြကာ အခြေအနေများ အလွန်ဆိုးရွားတော့မည်ဟု ခံစားလာကြရသည်။ လေ အရှင်မှာ စွမ်းအားကြီးလှကာ ကျောင်းမှအကြီးအကဲများကိုပင် လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့သည်။

သူသာ ရောက်မလာလျှင် ဖုန်းရှင်းထျန် အန္တရာယ်တွေ့သွားနိုင်ပြီး ဤနေရာတွင် သေပင်သေသွားနိုင်သည်။ သို့သော်လည်း သူ ရုတ်တရက်ထွက်ပေါ်လာသောကြောင့် အခြေအနေများမှာ ပြောင်းပြန်ဖြစ်သွားလေပြီ။

“ရွှမ်ခွန် .. မင်းက မဆိုးဘူး တော်တော်လေး သတ္တိရှိတယ် .. ပါရမီရှိတယ် .. မင်းကိုသာ နောက်ထပ် နှစ်ရာဂဏန်းလောက်ထပ်ပေးလိုက်ရင် မင်းက သေချာပေါက်ကို နဂါးတစ်ကောင်အဖြစ် ပြောင်းသွားပြီးတော့ ကောင်းကင်ထက်ကို ပျံတက်နေမှာပဲ” လေ အရှင် မှတ်ချက်ပေးလိုက်၏။

ထို့နောက် မင်းသမီးယောင်ယွဲ့ဘက် ကြည့်လိုက်ကာ “ယောင်ယွဲ့ .. ငါတို့မတွေ့တာတောင် တော်တော်ကြာပြီ .. မင်းက ပိုပိုပြီးလှလာတာပဲ .. ထာဝရစွမ်းအင်နဲ့ဆိုတော့ မင်းက တကယ်ကို ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးပဲ..”

ဤကဲ့သို့ချီးကျူးနေခြင်းမှာ မင်းသမီးယောင်ယွဲ့အား မသက်မသာခံစားရစေ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမျက်ဝန်းမှ ထူးဆန်းမှုတစ်ချို့ကို သူမ မြင်နေရသောကြောင့်ပင်။
“ဖုန်းဦးလေးခြောက်နဲ့ ကျွန်မတို့ အရင်က တွေ့ဖူးပါတယ်..” သူမ အားတင်းပြီးပြုံး၍ ပြောလိုက်သည်။

သူတို့နှစ်ဦးလုံး သက်ရှည်မိသားစုမှဖြစ်သော်လည်း ပြိုင်ဘက်များပင်။

“စီနီယာဖုန်း .. စီနီယာ ဘာလုပ်ချင်တာလဲ..” ရွှမ်ခွန် မေးလိုက်သည်။

“မင်းတို့အားလုံးက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့ ထူးခြားတဲ့ဂျီးနီးယပ်စ်တွေပဲ .. မင်းတို့ထဲက တစ်ယောက်ကိုသာ ဆုံးရှုံးလိုက်ရရင် အရမ်းဝမ်းနည်းစရာကောင်းမှာ .. ပြီးတော့ ဒီလောကကြီးက ဖရိုဖရဲဖြစ်လာတော့မှာလေ .. အဲဒီတော့ အဲဒီဖရိုဖရဲဖြစ်လာမယ့်ကိစ္စတွေကို ဖြေရှင်းဖို့ မင်းတို့ကို မျှော်လင့်ချက်ထားထားတာ..” ဖုန်းကျောင် ပြောလိုက်သည်။

ရွှမ်ခွန် ဘာမှမပြောသော်လည်း သူ အနည်းငယ် တောင့်တင်းသွားလေသည်။

ယောင်ယွဲ့ နောက်နှစ်လှမ်းဆုတ်လိုက်သည်။ သူမသည် တစ်ချိန်လုံး မသက်မသာပင်ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူအကြည့်တွင် ထိန်းချုပ်၍ မရနိုင်သည့်ခံစားချက်တစ်မျိုး ရှိနေသကဲ့သို့ သူမခန္ဓာကိုယ်ကိုကြည့်သည့်အချိန်တွင် ခံစားချက်များ ပါဝင်နေသည်။ သူမသည် ကောင်းကင်ပါရမီရှင််ဖြစ်သော်လည်း ယခုထိ အရွယ်မရောက်သေးပေ။ လက်ရှိတွင် သူမ အလွန်စိုးရိမ်နေလေသည်။

“ဒါပေမဲ့ လူတွေ ငါ့ကို သတိထားမိသွားရင် သိပ်မကောင်းဘူး .. ” ဖုန်းကျောင် ပြောလိုက်သည်။

သူ့ဦးလေးခြောက် သူ့ကို လာကာကွယ်ခြင်းဖြစ်သည်ကို ဖုန်းရှင်းထျန် သိသည်။ ထို့အပြင် သူ့ဦးလေးသည် ကောင်းကင်နတ်ဘုရားကျောင်း၏ ရည်ရွယ်ချက်အမှန်ကို သိလိုခြင်းပင်။ ထို့ကြောင့် သာမန်လူတစ်ယောက်အဖြစ်ဟန်ဆောင်ကာ ရောနှောလိုက်ပါလာခြင်းပင်။

“စီနီယာ ဘာလိုချင်တာလဲ..” ရွှမ်ခွန်နှင့် မင်းသမီးယောင်ယွဲ့တို့နှစ်ယောက်လုံး စိတ်ထဲ၌ မကောင်းသည့်ခံစားချက်များ ရနေလေပြီ။

“မင်းတို့ကိုလည်း မသတ်ချင်ဘူး .. အဲဒီတော့ ငါ့နောက်လိုက်ခဲ့ကြ..” ဖုန်းကျောင်ပြောလိုက်သည်။

သူတို့အမူအရာ ချက်ချင်းပြောင်းလဲသွားရ၏။ အဆိုးရွားဆုံးကိစ္စများဖြစ်လာလေပြီ။ တစ်ဖက်လူသည် ထာဝရစွမ်းအင်သုံးကြောင်းရှိသည့် သူတို့ခန္ဓာကိုယ်ကို လိုချင်နေသည့်အပြင် သူတို့၏ ကောင်းကင်ပညာများနှင့် လျှို့ဝှက်ပညာများကိုလည်း လေ့လာလိုခြင်းပင်။

“စိတ်မပူပါနဲ့ ငါ မင်းတို့ကို လောကကြီးကနေ ပျောက်ကွယ်သွားအောင် မလုပ်ပါဘူး .. ငါ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုရဲ့ အပြစ်သား မဖြစ်ချင်ဘူး..” သူရယ်မော၍ ပြောလိုက်လေသည်။

ရှီဟောင် သက်ပြင်းချလိုက်၏။ ဘေးဘက်မှ ကြည့်နေလျှင်ပင် ဤလူမှာ အလွန်ရက်စက်သည်ကို သူမြင်နိုင်သည်။ သူ့ကို ညင်ညင်သာသာဆက်ဆံ၍ မရ။

ထိုသို့စဉ်းစားမိသည်နှင့် သူသည် ဝိညာဉ်တစ်သောင်းသင်္ကေတ၊ လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာများကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်ရန် ပြင်ဆင်လိုက်သည်။

“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းကို သုံးတဲ့သူကိုလည်း ငါ လိုချင်တယ်..” ဖုန်းကျောင်သည် ရုတ်တရက်ပင် ရှီဟောင်ဘက်လှည့်ကာ ပြောလိုက်လေ၏။

ရှီဟောင် ဘာမှမပြောပဲ သူ့ကို အေးစက်စွာပင် စိုက်ကြည့်လိုက်လေ၏။

“အဲဒါဆိုရင်လည်း မင်းကနေပဲ စကြတာပေါ့ .. မင်းရဲ့ခန္ဓာကိုယ်အခွံက တော်တော်လေးကောင်းတယ် .. သေချာပြန်ပြင်လိုက်ရင် ထူးခြားတဲ့ကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင် ပုံသွင်းလို့ရလောက်တယ်..”

ဖုန်းကျောင်သည် ရှီဟောင်ကို စက်ဝိုင်းပုံစံ လှည့်ပတ်ပြီး ပြောနေခြင်းပင်။

ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့၏ အမူအရာများ ပြောင်းလဲသွားသည်။ သူတို့လည်း ဒီလိုမျိုးအဆုံးသတ်သွားတော့မှာလား .. သူတို့သည် ကလန်ကြီးမှလာခြင်းဖြစ်သောကြောင့် ထူးဆန်းသည့်ကောလဟာလများကို ကြားဖူးကြသည်။

အချို့သူများမှာ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသော်လည်း နောက်ခံမှာ ဆန်းကြယ်လှပြီး ရှင်းလင်းသေချာသည့်ဇစ်မြစ်လည်း မရှိ။ ရှေးဟောင်းမိစ္ဆာမျိုးဆက်နှင့် သက်ဆိုင်နေတတ်သည့်သူများပင်ရှိနေသည်။

သူတို့ မကြာခင်ကြုံရတော့မည်။ ဖုန်းကျောင် ဤနည်းလမ်းများကို သိနေသည်။ သူသည် သူတို့၏ခန္ဓာကိုယ်အခွံကို အသုံးပြုကာ သူတို့၏တာအိုအသီးအပွင့်များကို လုယူတော့မည်။

“ငါ မင်းဆီကနေပဲ စလိုက်တော့မယ် .. မင်းကိုယ့်ဘာသာ ကိုယ်လုပ်မလား .. ဒါမှမဟုတ် ငါ လုပ်တာကို စောင့်မှာလား..” ဖုန်းကျောင် ရှီဟောင်အား စိုက်ကြည့်ပြီး ပြောလိုက်သည်။

အပိုင်း ၁၃၁၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၄ – လေကို ခေါင်းဖြတ်ခြင်း

ရှီဟောင် တကယ်ကိုပင် ကျိန်ဆဲပစ်လိုက်ချင်သည်။ ဒီလူက မျက်နှာလိုချင်နေသေးတာလား..

ဤလူမှာ အဆင့်လွန်သက်ရှိဖြစ်လာနိုင်သည့်သူဖြစ်သော်လည်း အငယ်များကို လာပြီးအန္တရာယ်ပြုနေသေးသည်။

“ဟား ဟား .. စကားမပြောတော့ဘူးလား .. ဒီလူငယ်လေးက ကြည့်ရတာ တော်တော်လေး ခေါင်းမာမယ့်ပုံပဲ .. ဒါပေမဲ့ ငါက ပြန်ပြီးပုံသွင်းရတာကို တော်တော်လေး သဘောကျတယ် .. နောင်ကျရင် မင်းခန္ဓာကိုယ်က မျိုးဆက်တစ်ခုရဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်လာမှာပါ..” ဖုန်းကျောင်ပြုံး၍ ပြောလိုက်သည်။

သူသည် ရှီဟောင်အား ကုန်ပစ္စည်းတစ်ခုလိုပင် သဘောထားနေခြင်းပင်။ မမျှော်လင့်သည့်အဖြစ်အပျက်များ ဖြစ်ပျက်လာမည်ကိုလည်း မကြောက်။ သူကဲ့သို့သောစွမ်းအားကြီးသည့်သူ ရှိနေသည်ကို မည်သူက သူ့အား တွန်းလှန်ရဲမည်နည်း..

“ခင်ဗျားက အရမ်းမုန်းစရာကောင်းတာပဲ..” ရှီဟောင်ပြောလိုက်သည်။

“အဲဒီလိုလား .. အရင်တုန်းကတော့ ငါ့ကို ဘယ်သူမှ အဲဒီလိုမျိုးမပြောဖူးဘူး .. အားလုံးက ငါ့ကို လေအရှင်လို့ပဲ ခေါ်ကြတာ” ဖုန်းကျောင် အပြုံးနုလေး ချိတ်ဆွဲကာ ပြောလိုက်လေ၏။

“ကြောင်သူတော် ကြွက်သူခိုးကောင် .. အရှက်မရှိတဲ့ကောင်” ရှီဟောင် ကျိန်ဆဲလိုက်၏။

“ဖုန်းဦးလေးခြောက် .. ဒါက သိပ်မကောင်းဘူးထင်တယ် ဟုတ်တယ်မလား..” ယောင်ယွဲ့ ပြောလိုက်၏။ ဤသည်မှာ သူမ ရှီဟောင်အတွက်‌ ပြောပေးခြင်းမဟုတ်ပေ။ ရှီဟောင်ပြီးလျှင် သူမနှင့် ရွှမ်ခွန်က ဒုတိယနှင့်တတိယလူ ဖြစ်လာမည်ကို သူမ သိနေသောကြောင့်ပင်။

သူမ အဆုံးသတ်မှာ ပို၍ပင် ဆိုးရွားလိမ့်မည်။ သူမချောမောလှပကြောင်း သူမ သိသည်။ ယခုလေးတင် လေကလန်မှ ဤကျွမ်းကျင်သူသည် သူမအား ပူပြင်းသည့် အကြည့်ဖြင့် ကြည့်နေခြင်းပင်။

“ဘာမကောင်းတာလဲ .. ငါက ပါရမီရှင်တွေကို တကယ် အလေးထားပါတယ်..” ဖုန်းကျောင်ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော်တို့ကို ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတာ .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုမှာ ဒီလိုမျိုးလူ သိပ်မရှိဘူး .. ကျွန်တော်တို့ တစ်ချိန်တည်းပျောက်သွားရင် သေချာပေါက်အုတ်အော်သောင်းတင်းဖြစ်သွားမှာပဲ..” ရွှမ်ခွန် ပြောလိုက်၏။

“အိုး .. ဒါပေမဲ့ အဲဒါက ငါနဲ့ဘာဆိုင်လို့လဲ .. ငါဒီကို‌ရောက်လာမှန်း သယ်သူသိလို့လဲ..” ဖုန်းကျောင်က ဘာကိုမှ အလေးမထားသည့်ပုံပင်။ ထို့နောက် ဖုန်းရှင်းထျန်အား ကြည့်လိုက်ကာ “ကြည့်ရတာ ပိုပြီးစိတ်ချသွားရအောင်လို့ ဒီကငါ့တူလေးရဲ့ မှတ်ဉာဏ်ကို‌ ဖျောက်ပစ်ရမယ်ထင်တယ်..”

ဖုန်းရှင်းထျန် ဆွံ့အသွားရ၏။ သူ့ကလန်မှ ဦးလေးမှာ အတော်လေး သတိထားတတ်သည်။

“ဒီလောကကြီးက ဖရိုဖရဲကြီးဖြစ်တော့မှာ .. ဒီလိုမျိုးလုပ်တာ တစ်ခြားသူတွေ ဒေါသထွက်မှာကို မကြောက်ဘူးလား .. ကျွန်မတို့က နယ်ခြားစပ်မှာ တိုက်ခိုက်ရမှာ .. ရန်သူအစစ်တွေနဲ့ တိုက်ခိုက်ရမှာ .. ရှင့်လက်ထဲမှာ ကျွန်မတို့ ဆိုးဆိုးရွားရွားသေသွားရမှာလား .. ရှင့်မှာ အသိစိတ် မရှိဘူးလား..” ယောင်ယွဲ့ အော်ဟစ်လိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီလောကကြီးက ဖရိုဖရဲဖြစ်လာမှာပဲ .. ဘယ်သူမှ တားလို့မရဘူး .. ကောင်းကင်ဘုံ ၉ ခု၊ ကမ္ဘာမြေ ၁၀ ခုက ပြောင်းပြန်လှန်သွားပြီးတော့ မိသားစုကြီးတွေအားလုံးလည်း ထာဝရရှေးဟောင်းခေတ်က ကံကြမ္မာကို ရှောင်လွဲနိုင်မှာ မဟုတ်ဘူး .. အားလုံးအမှုန့်ဖြစ်သွားမှာပဲ..”
ဖုန်းကျောင်၏မျက်လုံးများမှာ အလွန်ပင် လေးနက်နေလေသည်။
” မင်းတို့အားလုံး စိတ်ပူစရာမလိုပါဘူး .. မင်းတို့ကိုသုံးပြီးတော့ ထူးခြားတဲ့ကျွမ်းကျင်သူတွေအများကြီး ဖန်တီးပေးမယ်လို့ ငါ အာမခံတယ် .. မင်းတို့တွေ နယ်ခြားစပ်ကို သွားစရာမလိုဘူး .. ငါနဲ့ငါ့ကလန်သားတစ်ချို့ကို ကာကွယ်ပေးရင် ရပြီ..”

“ရှင်က အရမ်းကို မုန်းစရာကောင်းတဲ့သူပဲ .. ကိုယ့်ကိုယ်ကျိုးပဲ ကိုယ်ကြည့်တယ် .. ကောင်းကင်ကြီးအပြစ်ပေးမှာကို ရှင် မကြောက်ဘူးလား..” ယောင်ယွဲ့ အော်ဟစ်လိုက်သည်။

အားလုံးစကားပြောနေကြသည့်အချိန်တွင် ရှီဟောင် အိုးထဲမှ လိပ်ပြာဧကရာဇ်နှင့် ဆက်သွယ်နိုင်ရန် ကြိုးစားလိုက်၏။ လိပ်ပြာလေးသည် သူ့အား အလွန်အံ့အားသင့်စရာကောင်းသည့် သတင်းတစ်ခု ပြောပြခဲ့သည်။

“ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင် .. ငါ မင်းတို့နဲ့ စကားအများကြီးပြောဖို့ စိတ်မရှည်ဘူး .. ဒါက ဒီလောကကြီးရဲ့နောက်ဆုံးအချိန်ကို ရောက်နေပြီ .. သက်ရှိတွေအားလုံး ရှင်းလင်းခံရတော့မှာ သိပ်မလိုတော့ဘူး .. ဘာကို တစ်ဖက်က သက်ရှိတွေနဲ့ တိုက်မှာလဲ.. လုံးဝကို အသုံးမဝင်တာ .. နောက်ဆုံးကျရင် ငါတို့ရှုံးနိမ့်သွားပြီးတော့ စွန့်ပစ်ခံလိုက်ရတဲ့ကမ္ဘာမြေကြီးမှာ သွေးရောင်တွေ လွှမ်းသွားမှာပဲ..”
ဖုန်းကျောင် ရှီဟောင်ဘက်သို့ လှည့်လျှောက်လာလေ၏။
” ဒီလိုရက်စက်တဲ့ လောကကြီးမှာ အမှန်တရားအကြောင်းတွေကို ပြောနေသေးတာလား .. ဟာသပဲ .. လူသားတွေက တစ်ကိုယ်ကောင်းဆန်တယ် .. ကိုယ်အသက်ရှင်နိုင်ဖို့ပဲ အရေးကြီးတယ်..”

“ခင်ဗျား ကောင်းကင်ဘုံရဲ့အပြစ်ပေးခြင်းကို ခံရလိမ့်မယ်..” ရှီဟောင် သူ့အား စိုက်ကြည့်ကာ ပြောလိုက်သည်။

“ကောင်းကင်ဘုံအပြစ်ပေးတာဟုတ်လား .. ဟာသပဲ .. သူက ဘာလုပ်နိုင်မှာမလို့လဲ..” ဖုန်းကျောင် ကျယ်လောင်စွာပင် ရယ်မောလိုက်လေ၏။

“ကောင်းကင်ဘုံအပြစ်ပေးတယ်ဆိုတာက အပေါ်ဘက်က‌ ကောင်းကင်ကိုပြောတာ မဟုတ်ဘူး .. ဒါပေမဲ့ ခင်ဗျားကို ဖျက်ဆီးပစ်နိုင်တဲ့ပညာတစ်ခု .. ခင်ဗျားကြောက်ရတဲ့ပညာတစ်ခု..” ရှီဟောင် ပြောလိုက်သည်။

ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင် သူသည် အလောတကြီးဖြစ်မနေပဲ တစ်ဖက်လူအား အေးစက်စွာပင် ကြည့်နေလေ၏။

“ဟားဟား .. အဲဒါဆိုရင်လည်း ငါ့ကို လာဖျက်ဆီးလိုက်လေ .. အဲဒီ ကောင်းကင်ဘုံအပြစ်ပေးခြင်းဆိုတဲ့ဟာကို ဖိတ်ခေါ်ပြီးတော့ ငါ့ကို ဖျက်ဆီးလိုက်ပါ .. မင်းလိုမျိုး လူငယ်တစ်ယောက်ပြောတဲ့စကားက ဘာမှ အသုံးမဝင်ဘူး..”
ဖုန်းကျောင် အလွန်မောက်မာစွာပင် ပြောလိုက်လေ၏။

ဝူး ..။

သိပ်မဝေးသည့်နေရာမှ လေအေးတစ်ချက်တိုက်ခတ်လာကာ ထိုဝိညာဉ်ရေကန်မှ ရောင်စုံအလင်းများ ထွက်ပေါ်လာကာ မြူခိုးများလည်း ထွက်ပေါ်လာလေသည်။

“အဲဒီ ပျက်စီးနေတဲ့ ထာဝရလိပ်ပြာကြီးမှာ ထူးခြားမှုတွေရှိသေးတယ်လို့တော့ မပြောနဲ့နော်..” ဖုန်းကျောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ထို့နောက် ရှီဟောင်အား လှည့်ကြည့်လိုက်ကာ “မင်း .. သွားကြည့်လိုက်..”

ရှီဟောင်သည် ဖုန်းကျောင်အားတစ်ချက်ကြည့်ကာ ထိုနေရာသို့ လျှောက်သွားလိုက်လေ၏။

“အဲဒီ ရှေးဟောင်းလိပ်ပြာကို သယ်ခဲ့လိုက်..” ဖုန်းကျောင်အမိန့်ပေးလိုက်သည်။

ဤသည်မှာ ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် သူ့ထဲတွင် တာအိုစာအုပ်များ၊ ထာဝရပစ္စည်းများရှိနေနိုင်သည်။

ရှီဟောင်သည် ဘာမှပြန်မပြောပဲ ထိုကန်ဘေးတွင်သာ ရပ်နေလိုက်သည်။

“မင်း ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတယ်ဆိုပေမယ့် မင်းက အကောင်ပေါက်လေးထက် မပိုဘူး .. မင်းက လေထဲတောင် ကောင်းကောင်းမရပ်နိုင်သေးတာ ငါ့ကို ဆန့်ကျင်ချင်နေတယ်ပေါ့.. သေခြင်းနဲ့ရှင်ခြင်းကြားက ကွာဟချက်ကို မသိတဲ့ ငတုံးတစ်ကောင်ပဲ..” ဖုန်းကျောင် မျက်နှာပျက်သွားလေ၏။

သူလက်ကိုမြှောက်လိုက်ကာ ရှီဟောင်ထံသို့ ဦးတည်သွားလိုက်လေ၏။

သို့သော်လည်း ထိုအချိန်တွင် ထိုရေကန်မှ တိမ်များ၊ မြူများထွက်ပေါ်လာကာ ရှေးဟောင်းလိပ်ပြာကြီး ထလာကာ ထိုလက်ထံသို့ ဦးတည်သွားလိုက်လေသည်။

ဤသည်မှာ မြန်ဆန်လွန်းလှပြီး သူတုံ့ပြန်ချိန်ပင် မရလိုက်။

ဝုန်း…။

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးထွက်ပေါ်လာကာ ထာဝရမြူများလည်း ထွက်ပေါ်လာလေ၏။ ထိုလက် ပေါက်ကွဲသွားကာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ဤပြောင်းလဲမှုမှာ အံ့အားသင့်စရာကောင်းလွန်းလှသောကြောင့် ဤနေရာတွင်ရှိနေသည့်သူများအားလုံး ဆွံ့အသွားရသည်။

ဖုန်းကျောင်၏အသားအရေမှာမူ ဖြူဖျော့နေလေပြီ။ ကျိုးသွားသည့် လက်ကောက်ဝတ်မှ သွေးများစီးကျနေလေ၏။ သူလျင်မြန်စွာပင် ပြန်ဆုတ်လိုက်ကာ ဖြစ်ပျက်သွားသည်များကို သူ မယုံကြည်နိုင်ဖြစ်နေသည်။

ဤနှစ်များအတွင်းတွင် သူ နေ့တိုင်းတိုးတက်လာခဲ့ပြီး ယခုဆိုလျှင် လေ အရှင်ပင် ဖြစ်နေပြီ။ မည်သူကများ သူ့အား ဤကဲ့သို့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သနည်း..

ဆွေးမြေ့နေသည့် လိပ်ပြာတစ်ကောင်က သူ့ညာလက်ကို ချိုးပစ်ခဲ့သည်။

ဖုန်းကျောင်၏ ကျိုးသွားသည့်လက်ကောက်ဝတ်တွင် အရိုးများ အသစ်ပြန်ထွက်လာပြီး အသားများလည်း ပြန်လည်ဖြစ်ပေါ်လာလေသည်။ ဤကျင့်ကြံဆင့်သို့ရောက်သည်နှင့် ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။

ထို့အပြင် ဖုန်းကျောင်နောက်ဆုတ်လိုက်ကာ သူနှင့် လိပ်ပြာကြား အကွာအဝေးတစ်ခု ထားလိုက်လေ၏။

ယောင်ယွဲ့နှင့် ရွှမ်ခွန်ပင် ထိတ်လန့်သွားကြလေသည်။

“ပုပ်သိုးနေတဲ့ ရှေးဟောင်းလိပ်ပြာလေးတစ်ကောင်ပဲကို .. ငါက မှော်ပစ္စည်းတစ်ခုခု မှတ်နေတာ .. မင်း အခု ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား .. အတိမ်အနက်ကို မသိတဲ့သူပဲ..”
ဖုန်းကျောင် ပြောလိုက်သည်။

“အဲဒါဆိုရင်လည်း ကျုပ်ကို ကြိုက်သလိုလာတိုက်လိုက်..” ရှီဟောင် ပြောလိုက်၏။

“အရူး .. ငါတို့နှစ်ယောက်ကြားက ကွာဟချက်ကို မင်းဘယ်တော့မှာ နားလည်မှာမဟုတ်ဘူး .. အသေကောင်က ဘာထူးဆန်းတာများ လုပ်နိုင်မှာမလို့လဲ..” ဖုန်းကျောင်ပြောကာ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်လေသည်။

သို့သော် ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုများ ထပ်မံဖြစ်ပွားခဲ့လေသည်။ ထိုပုပ်သိုးနေသည့် လိပ်ပြာမှာ လေဟာနယ်ကို ဖြတ်သန်းကာ ချက်ချင်းပင် သူ့ထံသို့ ရောက်လာလေ၏။

ဖုန်းကျောင် သတိအနေအထားဖြစ်သွားလေ၏။ သူကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် မသက်မသာခံစားလိုက်ရလေသည်။

ဤရှေးဟောင်းလိပ်ပြာကြီး သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော်လည်း ယခုအချိန်တွင် သူသည် အသက်ပြန်ဝင်လာသည့်ပုံပင်။ သူ၏အတောင်ပံများကို ညင်သာစွာ ဖြန့်လိုက်သည်နှင့် လောကကြီး ချက်ချင်းပင် ကွဲထွက်သွားလေသည်။

“မကောင်းတော့ဘူး…” ဖုန်းကျောင် အော်ဟစ်လိုက်သည်။

ဤကဲ့သိုသော အရာများမှာ အလွန်ထူးဆန်းကာ ကြောက်စရာကောင်းလှသည်။

ဤလိပ်ပြာ အတောင်ပံခတ်လိုက်သည့်အချိန်တွင် ထာဝရစွမ်းအင်များ တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်လာလေသည်။ ဤကဲ့သို‌့သော စွမ်းအားမှာ သူကဲ့သို့သော စွမ်းအားကြီးသည့်သူကို ထိတ်လန့်သွားစေလေသည်။

သို့သော်လည်း သေနေသည့်အလောင်းတစ်ခုက အဘယ်ကြောင့် အသက်ရှင်နေစဉ်က တောက်ပမှုမျိုး ပြုလုပ်နေနိုင်သလဲ သူ တကယ်ကို နားမလည်တော့ .. သူက အသက်ရှင်နေသေးတာများလား..

ဝုန်း..

ဤလိပ်ပြာကြီး လှုပ်ရှားလိုက်သည်နှင့် ဖုန်းကျောင်သွေးအန်သွားကာ သူ့မျက်နှာလည်း ဖြူဖျော့သွားလေသည်။

ပို၍ ကြောက်စရာကောင်းသည်မှာလိပ်ပြာကြီး၏ အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူသည် ဖုန်းကျောင်ကို ဖုံးအုပ်သွားလေပြီ။

အား..

သူတို့နှစ်ယောက် ထိမိသွားသည်နှင့် ဖုန်းကျောင်ထံမှ သနားစဖွယ်အော်သံ ထွက်ပေါ်လာလေသည်။ သူသည် အလွန်စွမ်းအားကြီးသည့်သူဖြစ်သော်လည်း ယခုတော့ ကူကယ်ရာမဲ့သည့်အခြေအနေသို့ ရောက်နေလေပြီ။

ဖူး..

ထိုလိပ်ပြာ သူ့ထံသို့‌ ပြေးဝင်လာသည်နှင့် သူချက်ချင်းပင် ပြိုကွဲသွားလေသည်။ ဤကဲ့သို့သော ဖိအားမျိုးကို သူ ရင်မဆိုင်နိုင်ချေ။

ဤရှေးဟောင်းလိပ်ပြာမှာ ပုပ်သိုးဆွေးမြေ့သည့်ပုံပေါ်သော်လည်း သူ့ထံတွင် ထာဝရစွမ်းအင်ရှိနေသေးသည်။ သူသည် ယခင်က မသေမျိုးသက်ရှိဖြစ်သောကြောင့် သူသေဆုံးသွားသော်လည်း သူ့ခန္ဓာကိုယ်မှ ထာဝရတာအိုစွမ်းအားများ ထုတ်လွှတ်နေဆဲပင်။ ထို့ကြောင့် လက်ရှိလောကတွင် သူ၏ခွန်အားနှင့် ယှဉ်နိုင်သည့်သူ ရှိမည်မဟုတ်။

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာလဲ..” ဤသည်မှာ ဖုန်းကျောင်၏ ဒေါသတကြီးအော်သံပင်။

ထို့နောက် သူ့ခန္ဓာကိုယ် အက်ကွဲလာလေ၏။ ပျက်စီးနေသည့် လိပ်ပြာနှင့် ရိုက်မိပြီးသည့်နောက်တွင် ဖုန်းကျောင်တစ်ကိုယ်လုံး ဆွေးမြေ့လာကာ ဝုန်းဟူသည့်အသံနှင့်အတူ ပေါက်ကွဲသွားလေသည်။

သူ၏မူလဝိညာဉ်ပင်လျှင် ပြေးမလွတ်ခဲ့.. ပေါက်ကွဲသွားကာ ဤနေရာတွင် သေဆုံးသွားလေသည်။

ကျန်နေသည့်သူများ ထိတ်လန့်သွားရသည်။ ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။ မောက်မာနေသည့် ဖုန်းကျောင်သည် ယခု မျက်စိတစ်မှိတ်အတွင်းမှာပင် သေဆုံးသွားလေပြီ။

တစ်ချိန်တည်းမှာပင် သူတို့ချွေးစေးများပင် ပြန်လာသည်။ ဤကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် မသေမျိုးစွမ်းအား၏ ရိုက်ချက်တစ်ချက်ကို မခံနိုင်။

ဖုန်းကျောင်ကို သတ်ပြီးနောက် လိပ်ပြာသည် ကန်ထဲသို့ပြန်ဝင်သွားကာ နောက်တစ်ကြိမ် အိပ်စက်သွားလေ၏။

ဘာဖြစ်နေတာလဲ .. ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့နှစ်ဦးလုံး ဆွံ့အသွားရသည်။

ခဏကြာပြီးသည့်နောက်တွင် ဤသည်မှာ မုန်တိုင်းတစ်ခုဖြစ်လာမည်ကို သူတို့သတိဝင်သွားသည်။ လေအရှင်သေဆုံးသွားလေပြီ။ ဤသတင်းသာ အပြင်ဘက်သို့ ပေါက်ကြားသွားပါက အနန္တကောင်းကင်တစ်ခုလုံး တုန်ခါသွားမည်ပင်။

“ဦးလေးခြောက်..” ဖုန်းရှင်းထျန် အော်ဟစ်လိုက်သည်။

သူ့အတွက်တော့ ဤသည်မှာ အိပ်မက်ဆိုးကြီးပင်။

ဝုန်း..

ရှီဟောင်သည် အားကုန်သုံးကာ ဖုန်းရှင်းထျန်ထံသို့ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ချက်ချင်းပြေးဝင်သွားလိုက်လေသည်။

ရွှေရောင်လိပ်ပြာလေးတစ်ကောင် ထိုကန်ထဲသို့ ဝင်သွားကာ ရှေးဟောင်းလိပ်ပြာနားသို့ ကပ်သွားသည်ကို ရှီဟောင်ကလွဲပြီး မည်သူမှ မသိလိုက်ကြ။

ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့နှစ်ဦးလုံး တိုက်ခိုက်ခြင်းမရှိပဲ ဘေးဘက်မှသာ ရပ်ကြည့်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ စိတ်မတည်ငြိမ်နိုင်ကြသေး။ လေအရှင်မှာ ထူးဆန်းစွာ သေဆုံးသွားလေပြီ။

ဖုန်းရှင်းထျန်သည် အလွန်အင်အားကြီးသော်လည်း သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့်အပြင် သူ့ဦးလေးသေဆုံးသွားသည်ကို မြင်လိုက်ရသောကြောင့် သူ့စိတ်က ဖရိုဖရဲဖြစ်နေလေပြီ။

ဖူး..

နောက်ဆုံးတွင်တော့ ဖုန်းရှင်းထျန် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ လက်သီးတစ်လုံး သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားလေသည်။ သူ့ခန္ဓာကိုယ်တွင် အရှေ့နှင့်အနောက် ဖောက်မြင်ရသည့်အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာလေသည်။

ထို့နောက်တွင် သူ့ခန္ဓာကိုယ် စတင်အက်ကွဲလာလေသည်။

အပိုင်း ၁၃၁၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၅ – အရိုးသော့

ဖုန်းရှင်းထျန်၏ အမူအရာအေးခဲသွားကာ ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ သို့သော်လည်း သူဘာမှမပြောနိုင်တော့။ သူ့ပါးစပ်မှ သွေးများ အဆက်မပြတ်ပင် စီးကျလာလေသည်။

ထို့အပြင် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံး တစ်စစီဖြစ်သွားကာ နီရဲနေသည့်သွေးများ လွင့်စင်လာလေသည်။

ဖူး..

သူသည် အရိုးနှင့်သွေးပုံအဖြစ်သို့ ပြောင်းလဲကာ သေဆုံးသွားလေ၏။

ရှီဟောင် ထိတ်လန့်သွားရသည်။ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းပညာက ဤမျှပင် စွမ်းအားကြီးသည်။

မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်တို့လည်း ထိတ်လန့်သွားရသည်။ ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့ ပါရမီရှင်က ဒီလိုမျိုး သေသွားတာလား..

ဤသည်မှာ ကိစ္စလေးတစ်ခု မဟုတ်။ အနန္တကောင်းကင်တစ်ခုလုံးကို တုန်လှုပ်စေနိုင်မည့် ကိစ္စကြီးပင်။

သွေးထဲတွင် ရွှေရောင်အရိုးအပိုင်းအစတစ်ခု တောက်ပနေကာ ကောင်းကင်ထက်သို့ ပျံပြေးသွားတော့မည်။

ရွှီး..

ရှီဟောင် ထိတ်လန့်သွားရ၏။ သူသည် ရှန်းနီအဖြစ်ပြောင်းလဲသွားသည့် လျှပ်စီးတန်းတစ်ခုကို ဖန်တီးလိုက်ကာ ထိုရွှေရောင်အရိုးအပိုင်းအစကို ဖမ်းဆုတ်လိုက်လေ၏။

သို့သော်လည်း ဤအရိုးမှာ အနည်းငယ် ထူးဆန်းနေသည်။ သူသည် ရှန်းနီကို ဖောက်ထွက်သွားကာ မြေအောက်နန်းတော်အပြင်ဘက်သို့ ရောက်သွားတော့မည်။

မင်းသမီးယောင်ယွဲ့ လှုပ်ရှားလိုက်သည်။ သူမသည် နူးညံ့သည့်လအလင်းရောင်လုံးလေးတစ်လုံးကို ပြုလုပ်လိုက်ပြီး ထိုအရိုးသင်္ကေတပေါ်သို့ သွန်းလောင်းလိုက်သည်။

ဝုန်း..

ရွှမ်ခွန်လည်း လှုပ်ရှားလိုက်လေသည်။ သူ၏ လက်နှစ်ဖက်ဖြင့် တံဆိပ်တစ်ခုကို ပြုလုပ်ကာ ထိုသင်္ကေတကို ချိတ်ပိတ်လိုက်သည်။

ဤအရာက ဘာလဲဆိုတာကို ရှီဟောင် သိသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းမှ ပေးလိုက်သည့် လျှို့ဝှက်ရတနာပင်။ သို့သော်လည်း သာမန်ကျောင်းသားများနှင့် ကွဲပြားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ရှီဟောင် တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကို အသုံးပြုလိုက်သည်။ တွင်းနက်ခြောက်ခုပေါ်လာပြီး ထိုအရိုးသင်္ကေတအား ပိတ်လှောင်ထားလိုက်ကာ အမှုန့်ဖြစ်အောင် ပြုလုပ်လိုက်လေသည်။

အော်သံတိုးတိုးလေး ကြားလိုက်ရလေ၏။ ဖုန်းရှင်းထျန် ထာဝရပျောက်ကွယ်သွားလေပြီ။

ရှီဟောင်သည် အချိန်အတော်ကြာသည်အထိ စကားမပြောပဲ ထိုနေရာတွင်သာ ရပ်နေလေသည်။ ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့ အဆင့်လွန်လူငယ်က ဒီလိုနဲ့ပဲ သူ သတ်လို့သေသွားပြီလား ..

တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းက အရမ်းစွမ်းအားကြီးနေလို့လား .. ဒါမှမဟုတ် ဖုန်းရှင်းထျန်က အရမ်းအားနည်းလွန်းတာလား..

ဤသည်မှာ ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူကို သူ ပထမဆုံးသတ်ဖူးခြင်းပင်။ သတင်းသာ ပျံ့သွားလျှင် အားလုံး အတော်လေး ထိတ်လန့်သွားကြမည်ပင်။

“အားနည်းလိုက်တာ .. ဖုန်းရှင်းထျန်းက ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ ကျင့်ကြံထားတဲ့သူများလား .. ထာဝရစွမ်းအင်သုံးကြောင်းဆိုတာကလည်း သူ့ဟာမဟုတ်ပဲ တစ်ခြားသူဟာကို ယူထားတာလား..” ရှီဟောင် ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသည်နှင့် ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့နှစ်ယောက်လုံး ဆွံ့အသွားကြ၏။

ထို့နောက် သူတို့နှစ်ယောက်လုံး ရှီဟောင်နှင့် ခပ်ခွာခွာနေလိုက်ကြလေ၏။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူ ဖုန်းရှင်းထျန်ကို သတ်ခဲ့သည်။

ပို၍စွမ်းအားကြီးသည့် လေအရှင်လည်း ရှိသည်။ ဤလူသည် မျိုးဆက်တစ်ခု၏ အဆင့်လွန်သက်ရှိဖြစ်လာမည့်သူဖြစ်သော်လည်း ဤနေရာတွင် ထူးဆန်းစွာ သေဆုံးသွားခဲ့လေပြီ။

“ဒီနေ့ဖြစ်သွားတဲ့အဖြစ်အပျက်တွေကို ဘယ်လို ရှင်းပြကြမလဲ..” မင်းသမီးယောင်ယွဲ့ မြေပြင်ပေါ်တွင်ရှိနေသည့် သွေးအိုင်နှစ်အိုင်ကို ကြည့်ပြီး မေးလိုက်သည်။

“လေအရှင်ဒီမှာသေသွားပေမယ့် သူ ဒီကိုလာတာကို ဘယ်သူမှ သိပုံမရဘူး..” ရွှမ်ခွန် ပြောလိုက်သည်။

“ဟုတ်တယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ဤ ရှင်းပြချက်ကို သူ အတော်လေး ကျေနပ်သွားရသည်။

လေအရှင်မှာ လူအများလေးစားခံရသည့် သူပင်။ ဤသတင်းသာ အပြင်ထွက်သွားပါက မင်းသမီးယောင်ယွဲ့၊ ရွှမ်ခွန်နှင့် ရှီဟောင်တို့ ပြင်းပြင်းထန်ထန် စစ်ဆေးခံရလိမ့်မည်။

ထို့ကြောင့် သူတို့ ဤကိစ္စအပြင်ဘက်သို့ မပေါက်ကြားလိုခြင်းပင်။

ခွပ်..

ထိုအချိန်တွင် နတ်ရေကန်မှ အက်ကွဲသည့်အသံထွက်လာသောကြောင့် သူတို့အာရုံများလည်း ထိုရေကန်ထံသို့ ပြန်ရောက်သွားသည်။

“ဟမ် .. ရှေးဟောင်းလိပ်ပြာက တစ်စစီဖြစ်တော့မှာလား..” မင်းသမီးယောင်ယွဲ့၏အမူအရာ ပြောင်းလဲသွားသည်။

ထိုဆွေးမြေ့နေသည့် လိပ်ပြာခန္ဓာကိုယ်တစ်ဝိုက်တွင် တောက်ပသည့်သင်္ကေတများထွက်ပေါ်လာကာ အက်ကွဲကြောင်းများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။

ကံမကောင်းစွာဖြင့်ပင် ထိုနေရာ၌ မည်သည့်တာအိုစာအုပ်၊ မည်သည့် ထာဝရလက်နက်မှ မရှိသောကြောင့် သူတို့ စိတ်ပျက်သွားကြလေသည်။

စိတ်လှုပ်ရှားနေသည့်သူမှာ ရှီဟောင်တစ်ယောက်တည်းသာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် လိပ်ပြာဧကရာဇ်မှာ ပြောင်းလဲနေလေပြီ။ သူသည် ရှေးဟောင်းလိပ်ပြာကြီး၏ ခန္ဓာကိုယ်ထဲတွင် ပုန်းနေပြီး ထိုခန္ဓာကိုယ်မှ ထာဝရတာအိုအော်ရာကို စုတ်ယူကာ ပြောင်းလဲနေလေပြီ။

အမှန်တကယ်တွင် သူ လေအရှင်အား သတ်နိုင်ခဲ့ခြင်းမှာ လိပ်ပြာဧကရာဇ်ကြောင့်ပင်။ လိပ်ပြာဧကရာဇ်သည် ရှေးဟောင်းလိပ်ပြာနှင့် ဆက်သွယ်နိုင်ကာ အကြောင်းအရာများစွာကို နားလည်ခဲ့လေ၏။

ဤရှေးဟောင်းလိပ်ပြာမှာ သေဆုံးသွားပြီဖြစ်သော်လည်း စစ်ပွဲအသိစိတ်များ ရှိနေသေးသည်။

လိပ်ပြာဧကရာဇ်သည် သူနှင့်မျိုးတူဖြစ်သောကြောင့် သူတို့တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်နိုင်ကာ ယခုကဲ့သို့ ဖြစ်ပျက်သွားခြင်းပင်။

အက်ကွဲလာသည့် လိပ်ပြာခန္ဓာကိုယ်ကို ကြည့်ပြီးနောက် မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်တို့ သက်ပြင်းချလိုက်ကာ မြေအောက်နန်းတော်အတွင်းပိုင်းသို့ ပြေးဝင်သွားလိုက်ကြလေ၏။

မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်တို့ ဤနေရာမှ ပျောက်ကွယ်သွားကြလေ၏။ ရှီဟောင် သူတို့အား တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြဆဲပင်။

ရှီဟောင်သည် ထိုနေရာတွင်သာ မလှုပ်မယှက်ရပ်နေပြီး လိပ်ပြာဧကရာဇ်ပြန်လာမည်ကို စောင့်နေလေ၏။

“သူတို့နှစ်ယောက် လိပ်ပြာဧကရာဇ်ကို တွေ့သွားသေးတာလား ..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။

သူတို့နှစ်ယောက်ထွက်သွားသည်နှင့် ထိုရှေးဟောင်းလိပ်ပြာမှာ ပို၍ပင် အက်ကွဲလာလေ၏။ အချို့နေရာများတွင် သွေးများအဖြစ်စုစည်းသွားကာ ပြာမှုန့်ဖြစ်သွားလေ၏။

ထိုသူနှစ်ယောက် ထွက်သွားသည်ကို အာရုံခံမိသည်နှင့် လိပ်ပြာဧကရာဇ်၏ခန္ဓာကိုယ်မှာ ထာဝရမီးအိမ်တစ်လုံးကဲ့သို့ တောက်ပလာလေ၏။

ကန်ထဲတွင်ရှိနေသည့် ထာဝရတာအိုအော်ရာလည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေ၏။ အထူးသဖြင့် သွေးစက်ဝန်းများ သူ့ကိုယ်ထဲသို့ ဝင်ရောက်လာလေ၏။

ဤသည်မှာ ပေါင်းစည်းသွားခြင်းမဟုတ်ပဲ ယာယီထိန်းသိမ်းထားခြင်းသာ။ ဤသွေးများကို စုတ်ယူရန်အတွက် အချိန် လိုအပ်ပေဦးမည်။

ရှီဟောင်လည်း ဆွံ့အသွားရသည်။ ဤသည်မှာ အလွန်ကံကောင်းနေခြင်းပင်။

အခြားသူများမြင်သွားပါက သေချာပေါက် မနာလိုဖြစ်သွားကြမည်ပင်။ ဤသည်မှာ သက်ရှည်မျိုးဆက်မှ ကျန်ခဲ့သည့်သွေးများဖြစ်ပြီး ယခုတော့ နောက်မျိုးဆက်နှင့် ပေါင်းစည်းနေလေပြီ။

“ဒါက ငါ့ရဲ့ လိပ်ပြာဧကရာဇ်သွေးမျိုးဆက်ရဲ့ဘိုးဘေး” လိပ်ပြာဧကရာဇ်မှ ရှီဟောင်အား အသံပို့လွှတ်လာလေ၏။

ရှီဟောင် အနည်းငယ်စိတ်လှုပ်ရှားသွားရသည်။ ဤသွေးကြောင့် လိပ်ပြာဧကရာဇ် ပို၍ စွမ်းအားကြီးလာမည်ပင်။

“ကျန်နေတဲ့ထာဝရတာအိုစွမ်းအင်ကို စုတ်ယူလိုက်တော့ ငါ့ခန္ဓာကိုယ်က နောက်ထပ်ပြောင်းလဲမှုတွေဖြစ်လာမှာ …. ငါနောက်တစ်ခေါက် ထပ်အိပ်ရလိမ့်မယ်..” လိပ်ပြာဧကရာဇ် ပြောလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဒီကောင်က အခုမှ ထလာတာကို ထပ်အိပ်တော့မှာလား .. အခု ဘယ်လောက်ကြာအောင် ထပ်အိပ်မှာလဲ..

သူ့ထံတွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် လိပ်ပြာဧကရာဇ်တို့ရှိသော်လည်း ဤနှစ်ကောင်လုံးသည် အမြဲတမ်း အိပ်နေကြသည်။ သူတို့၏ နောက်ဆုံးပြောင်းလဲခြင်း မည်သည့်အချိန်မှ ပြီးမည် မသိ။

သို့သော်လည်း သူတို့ပြန်နိုးထာသည်နှင့် အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုများနှင့် နှိုးထလာမည်မှာ သေချာသည်။

ရှီဟောင်လည်း ဤနေရာတွင် အချိန်ဖြုန်းမနေပဲ မြေအောက်နန်းတော်ထဲသို့ ပြေးဝင်သွားလိုက်လေသည်။ ဤနေရာတွင် အနည်းဆုံးတော့ နတ်ဆေးပင်များ ရှိနေသည်။ သူသာ အခြားတာအိုစာအုပ်များ၊ ထာဝရပစ္စည်းများရှာတွေ့လျှင် ပိုကောင်းသေးသည်။

ဤနေရာမှာ အေးစက်ကာ တိတ်ဆိတ်နေသည်။

အော်ရာအနည်းငယ်မျှပင် မရှိပဲ အထီးကျန်ဆန်လွန်းလှသည်။ ရှေးဟောင်းသစ်ပင်များမှာ အဆောက်အဦးများကို အုပ်မိုးထားလေသည်။

ရှီဟောင်သည် အဆောက်အဦးများထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်နေလေ၏။

ကံမကောင်းစွာဖြင့်ပင် ဤနေရာများအားလုံးတွင် ဘာမှ မရှိတော့ပေ။ ပျက်စီးနေသည့်ပစ္စည်းများနှင့် အရိုးများမှာလည်း ပျက်စီးသွားသည်မှာ ကြာလှပြီဖြစ်သောကြောင့် ဘာမှအသုံးမဝင်တော့ပေ။

ဤနေရာတစ်ခုလုံး အားလုံးရှင်းလင်းခံထားရသည်မှာ သိသာလှသည်။

ထာဝရစစ်မြေပြင် .. ။
ဤနေရာတွင်ဖြစ်ခဲ့သည့် တိုက်ပွဲမှာ ကြောက်စရာကောင်းလှသည်။ ထာဝရရှေးဟောင်းခေတ်မှလူများအားလုံး ရှုံးနိမ့်သွားကာ သူတို့ပိုင်ဆိုင်မှုများအားလုံးလည်း လုယူခံလိုက်ရကာ ရတနာအများစုမှာ ယူဆောင်သွားခြင်း ခံလိုက်ရလေပြီ။

ရှီဟောင် သက်ပြင်းချလိုက်၏။ အခြားတစ်ဖက်ရှိလောကတွင် ထာဝရရှေးဟောင်းလျှို့ဝှက်ပညာများ ရသွားသည့်သူများ သေချာပေါက်ရှိနေမည်ပင်။ အဲဒီလူတွေကို သူတို့ ဘယ်လိုနိုင်အောင် တိုက်ရတော့မှာလဲ..

“ကျင့်ကြံခြင်းစနစ်အသစ်တစ်ခု တီထွင်ပြီးတော့ မတူညီတဲ့လမ်းကို လျှောက်မှပဲ ငါတို့နိုင်နိုင်မယ်ထင်တယ်..” ရှီဟောင်ပြောလိုက်သည်။

ရှီဟောင် ဤရှေးဟောင်းအဆောက်အဦးများကြား ဝင်လိုက်ထွက်လိုက်ဖြင့်ပင် အတွင်းဆုံးသို့ရောက်လာပြီး ပင်မနန်းတော်ကြီးကို တွေ့လိုက်ရသည်။

နန်းတော်ကြီးမှာ တောင်တစ်လုံးကဲ့သို့ပင် ကြီးမားလှသည်။ နန်းတော်တစ်ဝက်ကို နွယ်ပင်များ ဖုံးလွှမ်းနေပြီဖြစ်သော်လည်း ဤနန်းတော်ကြီး၏ ကြီးကျယ်ခမ်းနားမှုကို မြင်နိုင်သည်။

ရှီဟောင် ထိုနန်းတော်ထဲသို့ ဝင်သွားလိုက်သည့်အချိန်တွင် ဖရိုဖရဲစွမ်းအင်များကို မထင်မှတ်ပဲ တွေ့လိုက်ရလေသည်။

ယောင်ယွဲ့နှင့် ရွှမ်ခွန်တို့၏အော်သံများကို သူကြားလိုက်ရသည်။ ဤလူနှစ်ယောက်မှာ နတ်ဆေးပင်တစ်ပင်နောက်သို့ လိုက်နေခြင်းပင်။

ဤသည်မှာ မီးတောက်တစ်ခု တောက်လောင်သည့်ပုံစံဖြစ်သည့် မီးတောက်ရွက်သစ်ခွပင်။

ဤသည်မှာ အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့် အလွန်နာမည်ကြီးသည့် နတ်ဆေးပင်တစ်ပင်ပင်။ သို့သော်လည်း အချိန်ကုန်ဆုံးသွားသည်နှင့် ဤဆေးပင်ကို နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ပေ။

နတ်ဆေးပင်များမှာ သက်ရှည်ဆေးပင်များကဲ့သို့ မထူးခြားသော်လည်း နတ်ဆေးပင်များလည်း များများစားစား မရှိပေ။ နတ်ဆေးပင်တစ်မျိုးစီကို သုံးလေးပင်ခန့်သာ ရှိသည်။

မီးတောက်ရွက်သစ်ခွသည် နီရဲနေပြီး သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ ဤနှစ်ယောက်သည် အလွန်စွမ်းအားကြီးသော်လည်း ဤနတ်ဆေးပင်ကို ဖမ်းမမိသေးပေ။

ရှီဟောင်လည်း ဤဆေးပင်ကို လိုက်ဖမ်းချင်သော်လည်း နတ်ဆေးပင်များမှာ မြေကြီးပေါ်တွင် အမြစ်တွယ်သွားသည်နှင့် မြေကြီးနှင့်ပေါင်းစည်းနိုင်ပြီး ဖမ်းရန်ခက်ခဲသည်ဟု သူ ကြားဖူးထားသည်။

ကြည့်ရသည်မှာ ကောလဟာလမှာ အမှန်ဖြစ်နေပုံပင်။ မဟုတ်ပါက ဤနှစ်ယောက် အဘယ်ကြောင့် အခုထိ မဖမ်းနိုင်သေးသနည်း..

ရှီဟောင်လည်း လှုပ်ရှားလိုုက်သည်။ သို့သော်လည်း ထိုအပင်သည် မြေကြီးနှင့်ထိသွားသည်နှင့် ချက်ချင်းပျောက်ကွယ်သွားကာ အခြားနေရာတွင် ပြန်ပေါ်လာလေ၏။ ဤသည်မှာ သူတို့အား တမင်သက်သက်ရန်စနေလိုပင်။

“အမ်..”
ရှီဟောင် ထိတ်လန့်သွားရသည်။ ဤနန်းတော်မှ ရင်းနှီးနေသည့်အော်ရာတစ်ခုကို သူ ရလိုက်သည်။ ဤသည်မှာ ထိုခေါင်းပြတ်သက်ရှိကြီး၏ အော်ရာပင်။

ဒီနတ်ဆေးပင်တွေက သူတို့ ဒီမှာကြာကြာနေအောင် သူတို့ကို ငါးစာချထားတာများလား .. အဘယ်ကြောင့်ဆိုသော် ထိုခေါင်းပြတ်ကြီးပြန်လာသည်နှင့် မည်သူမှ ထွက်ပြေးနိုင်တော့မည် မဟုတ်။

ရှီဟောင် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကာ အတွင်းပိုင်းသို့ ကြည့်လိုက်၏။ ထိုနေရာတွင် ယဇ်ပုလ္လင်တစ်ခုရှိနေပြီး ထိုပုလ္လင်ပေါ်တွင် အဖိုးတန်ပုလင်းများနှင့် အခြားအရာများကို စီထားလေ၏။

သို့သော်လည်း ဤသည်မှာ မည်မျှပင် အဖိုးတန်ပုလင်းဖြစ်နေပါစေ တစ်ခုမှ အဖိုးတန်ပစ္စည်းများ မဟုတ်ပေ။ အလှပြရုံသက်သက်သာ။

ထိုမျက်စိဖမ်းစားနိုင်လောက်သည့် အဖိုးတန်ဗူးခွံများထဲတွင် ရှားပါးပစ္စည်းများရှိပုံသော်လည်း ယခုတော့ ဘာမှမရှိတော့။

ရှီဟောင် ထိုနေရာသို့ လျှောက်လာလိုက်သည်။ အဖိုးတန်ဗူးခွံတစ်ခုကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် လက်ဖဝါးအရွယ်အစား အမြောင်းလေးကို တွေ့လိုက်ရ၏။ သူ့ပုံစံကြည့်ရသည်မှာ သော့တစ်ချောင်းဖြစ်မည်ပင်။

ဤယဇ်ပုလ္လင်၏မျက်နှာပြင်တွင် အက်ကွဲကြောင်းများပြည့်နှက်နေပြီး အခြေအနေအတော်လေးဆိုးရွားနေသည်ပင်။

ရှီဟောင် ကောင်းကင်မျက်လုံးကိုဖွင့်ကာ သေချာရှာကြည့်သော်လည်း ဘာမှမတွေ့ခဲ့ပေ။ ဤသည်မှာ စွန့်ပစ်ခံထားရသည့် ရှေးဟောင်းနန်းတော်တစ်ခုပင်။

ထိုနှစ်ယောက်မှာ နတ်ဆေးပင်နောက်သို့ လိုက်နေဆဲပင်။ သူတို့နှစ်ယောက်သည် ဤနေရာသို့ ရှီဟောင်ထက် အရင်ရောက်လာသောကြောင့် သူတို့ မတည်ငြိမ်နိုင်တော့။

ဖုန်း..

ရှီဟောင် ဤအက်ကွဲနေသည့် ယဇ်ပုလ္လင်ကို ရွေ့ကာ ဤအောက်တွင် တစ်ခုခုများရှိမလားဟု ရှာကြည့်ချင်သော်လည်း ဤယဇ်ပုလ္လင်မှာ အတော်လေး မာကျောသည်ကို သူတွေ့လိုက်ရသည်။

ရှီဟောင်အားအတော်လေး သုံးလိုက်မှသာ ထိုယဇ်ပုလ္လင် ရွေ့သွားလေ၏။ ထိုသို့ရွှေ့လိုက်သည်နှင့် အက်ကွဲကြောင်းများ ပိုများလာလေသည်။

“အမ်..” ရှီဟောင် ရုတ်တရက်ပင် ထိတ်လန့်သွားရ၏။ သူ ယဇ်ပုလ္လင်အား ရွှေ့လိုက်သည့်အချိန်တွင် အက်ကွဲကြောင်းထဲမှ အဖြူရောင်အရိုးသော့လေးကို သူတွေ့လိုက်ရသည်။

ဤသည်မှာ ရှီဟောင်ကို စိတ်ရှုပ်ထွေးသွားစေလေသည်။ သူအစောပိုင်းက ကောင်းကင်မျက်လုံးများဖြင့်ကြည့်သော်လည်း ဘာမှမမြင်ခဲ့ပေ။ အခု ဘာလို့ မြင်ရတာလဲ..

ခဏကြာပြီးသည့်နောက်တွင် သူ ဝမ်းသာသွားရ၏။ ဒါက ယဇ်ပုလ္လင်ပေါ်မှာ ရှိရမယ့်အရိုးသော့မလား…

အပိုင်း ၁၃၁၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၆ – လေ ထွက်ပေါ်လာခြင်း

အစပိုင်းတွင် သူနေရာအနှံ့လိုက်ရှာသော်လည်း ဘာမှမတွေ့ခဲ့။ ပြန်လှည့်ထွက်လာသည့်အချိန်မှသာ အက်ကွဲကြောင်းများထဲတွင် ညှပ်နေသည့် ထိုအရာကို တွေ့လိုက်ရခြင်းပင်။

ဤသည်မှာ တကယ့်ကို မထင်ထားသည့် ကိစ္စပင်။ ရှီဟောင် လန့်သွားသလို အလွန်လည်း ပျော်ရွှင်သွားရ၏။ ဤသော့မှာ သေချာပေါက် သာမန်သော့ဖြစ်မည်မဟုတ်။

ဤယဇ်ပုလ္လင်သည်လည်း မရိုးရှင်းပေ။ ခရမ်းရောင်သန်းနေကာ ကျောက်တုံးများလည်း ကြီးမားလေးလံလှကာ ခမ်းနားသည့်ခံစားချက်ကို ပေးနေသည်ပင်။ အရိုးသော့မှာ အသစ်ဖြစ်ပေါ်လာသည့် အက်ကွဲကြောင်းမှ ထွက်လာခြင်းပင်။

ဤနေရာသို့ လူများစွာ လာရောက်ရှာဖွေဖူးသည်မှာ သိသာလှသည်။ သို့သော်လည်း ထိုလူများ ဘာမှမတွေ့ပဲ ပြန်ထွက်သွားကြရခြင်းပင်။

ရှီဟောင် နေရာပြောင်းကာ ကောင်းကင်မျက်လုံးဖြင့် ဤယဇ်ပုလ္လင်ကို ထပ်ကြည့်လိုက်သော်လည်း ရလဒ်မှာအတူတူပင်။ သူ ဤအရိုးသော့ကို မတွေ့ရ။

“တကယ် ထူးဆန်းတယ်..” ဤသော့သည် ဤနေရာတွင်ရှိနေသော်လည်း ကောင်းကင်မျက်လုံးမှ သင်္ကေတများဖြင့် ဤအရိုးသော့ကို မမြင်နိုင်ပေ။

ရှီဟောင်သည် အချိန်ဆွဲမနေတော့ပဲ မူလနေရာသို့ ပြန်လာကာ ထိုသော့ကို လှမ်းယူလိုက်သည်။ ဤသည်မှာ နှင်းကဲ့သို့ဖြူဖွေးနေသည့် တကယ်သော့တစ်ချောင်းပင်။

ဒီရှေးဟောင်းသော့နဲ့ ဘယ်လိုနေရာမျိုးကို ဖွင့်ရမှာလဲ..

ရှီဟောင် ဤသော့ကို အသက်သွင်းရန် ကြိုးစားကြည့်လိုက်သည့်အချိန်တွင် ဖရိုဖရဲစွမ်းအင်များထွက်ပေါ်လာလေ၏။ ဤသည်မှာ ဖုန်တက်နေသည့် အဆင့်လွန်ရတနာတစ်ခု အသက်ဝင်ရန် စောင့်ဆိုင်းနေသကဲ့သို့ပင်။

သို့သော်လည်း သူ နတ်ခွန်အား ဆက်ထည့်လိုက်သည့်အချိန်တွင် မည်သည့်ပြောင်းလဲမှုမှ မရှိတော့ပေ။ ဤသော့သည် ဆင်စွယ်ကဲ့သို့ ဖြူဖွေးနေပြီး တာအိုအော်ရာတစ်မျိုးလည်း ရှိနေလေ၏။

သူမျှော်လင့်ထားသည့် အဆုံးမရှိသည့်သင်္ကေတများနှင့် ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းများ ထွက်မလာပေ။ ဤသည်မှာ တကယ်သော့တစ်ခုသာ။ သို့သော်လည်း ဤသော့သည် ထာဝရရွှေကဲ့သို့ မာကျောလှလေ၏။

ရှီဟောင် စိတ်လှုပ်ရှားသွားကာ ဝိညာဉ်တစ်သောင်းသင်္ကေတကို ထုတ်လိုက်ပြီး နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်သည်။ ဤပစ္စည်းနှစ်ခု၏ အရောင်နှင့်ချောမွေ့မှုမှာ အတူတူပင် ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။

“ပစ္စည်းအတူတူပဲလား..” သူ ထိတ်လန့်သွားရ၏။

ရှီဟောင် အားထည့်လိုက်သည်။ သို့သော်လည်း ယခုအချိန်တွင် အသက်သွင်းရန်မဟုတ်ပဲ ချိုးဖျက်ရန်ပင်။ ကောင်းကင်နတ်ဘုရားများစွာကို သတ်နိုင်လောက်သည့် နတ်ခွန်အားများ ထွက်ပေါ်လာလေ၏။ သို့သော်လည်း ဤသော့လေးသည် နည်းနည်းလေးမှပင် မလှုပ်လာပေ။ အက်ကွဲကြောင်းတစ်ခုပင် ဖြစ်မလား။

ဒါက မူလမှတ်တမ်းနဲ့ဆိုင်နေတာလား။

ရှီဟောင် စိတ်မတည်ငြိမ်နိုင်တော့။

အခြားနှစ်ယောက် တွေ့သွားမည်စိုးသောကြောင့် သူ ထိုသော့ကို မြန်မြန်သိမ်းလိုက်သည်။ ဤပစ္စည်းမှာ အရေးကြီးလှသည်။ သတင်းသာပေါက်ကြားသွားပါက အုတ်အော်သောင်းတင်းဖြစ်သွားကာ ကောင်းကင်နတ်ဘုရားကျောင်းတွင်ရှိနေသည့် ကျွမ်းကျင်သူများလည်း လှုပ်ရှားလာလိမ့်မည်ပင်။

ရှီဟောင် ဤယဇ်ပုလ္လင်ကို ဆက်လေ့လာနေလိုက်သည်။ သူသည် ထိုယဇ်ပုလ္လင်ကို ရိုက်ပြီး အက်ကွဲကြောင်းများ ပိုဖြစ်လာအောင် လုပ်လိုက်လေသည်။

ဤယဇ်ပုလ္လင်မှာ အတော်လေး လေး၏။ ဤပစ္စည်းကို ကြယ်တစ်လုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်လိမ့်မည်ဟု သူသံသယဝင်မိသည်။

ထိုနှစ်ယောက်မှာမူ အော်ဟစ်ကာ နတ်ဆေးပင်နောက် လိုက်နေဆဲပင်။ သူတို့နှစ်ဦးသည် ကောင်းကင်ပါရမီရှင်များဖြစ်သော်လည်း နတ်ဆေးပင်တစ်ပင်၏ ထပ်ခါထပ်ခါရန်စခြင်းကို ခံနေရသောကြောင့် တကယ်ဒေါသထွက်နေလေပြီ။

သူတို့နှစ်ယောက်သည် ရှီဟောင်ကိုလည်း အာရုံစိုက်ထားနေသည်သာ။ သို့သော်လည်း ရှီဟောင် အရိုးသော့တစ်ခုကို ရသွားမှန်း သူတို့မသိကြပေ။

“အကူအညီလိုသေးလား..”

ယဇ်ပုလ္လင်တစ်ခုလုံး သူ့ကြောင့် ပျက်စီးသွားသော်လည်း ဘာမှမတွေ့ရသောကြောင့် ရှီဟောင်လက်လျော့လိုက်သည်။

“ကောင်းပြီလေ .. ကျွန်မတို့ပူးပေါင်းပြီးတော့ ဒီနတ်ဆေးပင်ကို ရအောင်ယူကြတာပေါ့ .. ရလာရင်လည်း ခွဲယူကြတာပေါ့..” မင်းသမီးယောင်ယွဲ့ ပြုံး၍ ပြောလိုက်သည်။

သူတို့ ဤကဲ့သို့ပြောနေသော်လည်း ဤနတ်ဆေးပင်ကို ရနိုင်သည့်အခွင့်အရေး နည်းပါးသည်ကို သိနေသည်။ ခေါင်းပြတ်ကြီး အချိန်မရွေးပြန်လာနိုင်ပြီး သူတို့သာ ဤနေရာတွင် ဆက်ရှိနေပါက သေချာပေါက် သေသွားလိမ့်မည်။

မီးတောက်ရွက်သစ်ခွမှာ အသိဉာဏ်ရှိပြီး သူတို့အား ဆက်တိုက်ပင် ရန်စနေလေသည်။

ဤနေရာတစ်ခုလုံးကို လရောင်လွှမ်းခြုံသွားလေ၏။

ရှီဟောင်သည်လည်း မိုးမခနတ်ဘုရားပညာကို တိတ်တဆိတ်အသုံးပြုလိုက်၏။ နတ်ဆေးပင်ကို ဖမ်းရန်အတွက် သူ၏ခြေဖဝါးအောက်မှ ရွှေရောင်မိုးမခသစ်ကိုင်းများ ထွက်လာကာ မြေကြီးထဲသို့ တိုးဝင်သွားလေ၏။

မိုးမခနတ်ဘုရား၏ပညာမှာ အပင်အမျိုးအစားသက်ရှိများအတွက်မူ လွှမ်းမိုးနိုင်စွမ်း ရှိသည်။

သို့သော်လည်း သူ ရှုံးနိမ့်ဆဲပင်။ ရွှေရောင်နတ်ချိန်းကြိုးများ မြေကြီးအောက်သို့ ရောက်သွားသည်နှင့် မြေအောက်တွင် ရှုပ်ထွေးလှသည့် ရှေးဟောင်းအစီအရင်များရှိနေသည်ကို သူ တွေ့လိုက်ရ၏။

ဝုန်း..

ရုတ်တရက်ပင် ကောင်းကင်ကြီးပြိုကျကာ ကမ္ဘာမြေကြီး ချိုင့်ဝင်သွားသကဲ့သို့ ကျယ်လောင်လှသည့် ဆူညံသံကြီးထွက်ပေါ်လာလေ၏။

ရှီဟောင် နှစ်ခါပြန်စဉ်းစားမနေပဲ ချက်ချင်းလှည့်ပြေးလိုက်သည်။ သူသည် လီပေါင်း ထောင်ပေါင်းများစွာကို တရှိန်ထိုးပြေးသွားကာ မြေအောက်နန်းတော်မှ ထွက်ကာ ချောက်နက်ကြီးထဲမှ ပြန်ထွက်ပြီး အတော်ဝေးဝေးသို့ ပြေးသွားလေသည်။

မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်လည်း ထို့အတူပင်။ သူတို့သည်လည်း အသားကုန် ပြေးခဲ့ကြလေ၏။ သူတို့သည် ဘာမှမရသည့်အပြင် ဤကဲ့သို့ အသက်လုပြေးနေရသောကြောင့် သုန်မှုန်နေလေပြီ။

လမ်းတစ်လျှောက်တွင် ရှီဟောင် နယ်မြေပျက်စီးခြင်းသင်္ကေတကိုလည်း အသုံးပြုခဲ့သည်။

သို့သော်လည်း နယ်မြေပျက်စီးခြင်းသင်္ကေတမှာ အတော်လေးအားနည်းနေသည်ကို သူ တွေ့လိုက်ရသည်။

ဝုန်း..

လေဟာနယ်ထဲတွင် လက်မဲကြီးတစ်ဖက် ပေါ်လာကာ သူ့ထံသို့ ရိုက်ခတ်လာလေသည်။

ရှီဟောင် ထိတ်လန့်စွာဖြင့် လမ်းကြောင်းပြောင်းလိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဝိညာဉ်တစ်သောင်းသင်္ကေတကိုလည်း အသက်သွင်းလိုက်လေသည်။

အဆုံးမရှိသည့် နတ်ခွန်အားများ ထွက်ပေါ်လာကာ ဤနေရာသည် မီးတောက်ထဲကျသွားသည့် ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ တောက်ပသည့်အလင်းများထွက်ပေါ်လာပြီးနောက် ခဏကြာသည့်အချိန်တွင် ပြန်လည်ပျောက်ကွယ်သွားလေသည်။

“အန္တရာယ်များလိုက်တာ..” ရှီဟောင် ချွေးသုတ်လိုက်ပြီး ပျက်စီးနေသည့်တောင်တန်းဘက်သို့ သွားလိုက်သည်။

ထိုသက်ရှိသည် အသိစိတ်ထက် သူ့အလိုလိုသိစိတ်ဖြင့် လှုပ်ရှားနေခြင်းပင်။ သူ့ခေါင်းပင် မရှိတော့သဖြင့် သူက ဘယ်လိုလုပ် စဉ်းစားနိုင်မည်နည်း.. အခြားသက်ရှိများသာဆိုပါက မြေကြီးဖြစ်သွားလောက်လေပြီ။

သို့သော် ဤသက်ရှိသည် ထာဝရစစ်မြေပြင်သို့ ရောက်လာပြီး နတ်ဆေးပင်နားတွင် မြှုပ်နှံခံလိုက်ရသောကြောင့် ခန္ဓာကိုယ်ကြီးရှိနေခြင်းပင်။

“အဲဒီလက်က ငါ့ကိုလာရိုက်တာ .. ဟိုနှစ်ယောက် လွယ်လွယ်နဲ့လွတ်သွားတာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

သို့သော်လည်း သူ အများကြီး အထွန့်တက်၍ မရ။ အဘယ်ကြောင့်ဆိုသော် ဤတစ်ခေါက် သူရခဲ့သည့်အရာမှာ ကြီးမားလွန်းလှသည်။ သော့လုပ်ထားသည့် ပစ္စည်းမှာ မူလရှေးဟောင်းမှတ်တမ်းနှင့်အတူတူပင်ဖြစ်သောကြောင့် ဤသည်မှာ သာမန်ပစ္စည်းဖြစ်မည်မဟုတ်ပေ။

တစ်နေ့ကျလျှင် ကောင်းကင်ကြီးပင် တုန်လှုပ်သွားနိုင်သည့်အခွင့်အရေး သူ့ရှေ့တွင် ပေါ်လာလောက်သည်။

ထို့အပြင် လိပ်ပြာဧကရာဇ်သည်လည်း အနိုင်ရရှိမှုတစ်ခုပင်။

ချောက်ကမ်းပါးနားမှ လူများမှာ စိတ်ထဲတွင် တုန်လှုပ်နေကြပြီး တိတ်ဆိတ်စွာပင် နေနေကြလေ၏။ ဤခေါင်းပြတ်သက်ရှိကြီးမှာ ကြောက်စရာကောင်းလွန်းလှသည်။

ပို၍ကြောက်စရာကောင်းသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းမှာ စွမ်းအားအကြီးဆုံးလူက ဤခေါင်းပြတ်ကြီးနှင့် တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့လေသည်။

လူများမှာ ဤနေရာတွင် မနေရဲကြတော့ပဲ အဝေးသို့ ပြေးထွက်သွားကြလေ၏။ အချိန်မည်မျှကြာမှန်း မသိရသည့်အချိန်မှသာ ဤနေရာ ပြန်လည်တိတ်ဆိတ်သွားလေ၏။

” ဘာ .. ဖုန်းရှင်းထျန်း သေသွားပြီ .. တစ်ယောက်ယောက်က သူ့ကို ချောက်နက်ထဲမှာ သတ်လိုက်တာဟုတ်လား..”

ခဏကြာပြီးသည့်နောက်တွင် သတင်းကြီးပေါက်ကွဲထွက်လာကာ ရှေးဟောင်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေကာ ဂျီးနီးယပ်စ်များကို ဆွံ့အသွားစေလေ၏။

“ကောလဟာလပဲဖြစ်မှာပါ .. မင်းတို့ ဘယ်ကကြားလာတာလဲ .. မင်းတို့ကို ဘယ်သူပြောတာလဲ..”

“စစ်သင်္ဘောပေါ်က ဝိညာဉ်မီးအိမ် ငြိမ်းသွားတာ .. ဒီသတင်းက အမှားပါလို့ မင်းတို့ငါကို ပြောဦးမလို့လား.. အကြီးအကဲတစ်ယောက်က စားပွဲကို ချက်ချင်း ရိုက်ပစ်လိုက်တာ .. ပြီးတော့ အဲဒီအကြီးအကဲက လေကလန်နဲ့ ဆက်စပ်နေတယ်လို့ ပြောကြတယ်..”

“ဘုရားရေ .. ဖုန်းရှင်းထျန် သေသွားပြီ .. ဒါက လန့်စရာကောင်းတဲ့ သတင်းကြီးပဲ .. ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့သူက ဒီလိုမျိုးအဆုံးသတ်သွားတာလား..”

လူအများစုမှာ ဆွံ့အသွားကြလေ၏။ ထို့နောက်တွင် သူတို့အချင်းချင်းဆွေးနွေးလာကြလေသည်။

” ဘယ်လို ရက်စက်တဲ့သူမျိုးက သတ်ခဲ့တာလဲ..” အားလုံးမှာ ဖုန်းရှင်းထျန်ကို မည်သူသတ်လိုက်သည်ကို သိချင်နေကြလေ၏။

လေကလန် မည်သို့ တုံ့ပြန်မည်ကို စဉ်းစားကြည့်နိုင်သည်။ သူတို့ ကောင်းကင်ရတနာများစွာကို အသုံးပြုပြီး ငယ်စဉ်ကတည်းက နတ်ဆေးရည်မျိုးစုံထဲတွင် စိမ်ခဲ့သည့်သူမှာ ယခုကဲ့သို့ အသတ်ခံလိုက်ရသောကြောင့် သူတို့ ဘယ်လိုလုပ် ဤကိစ္စအား ဤအတိုင်း ထားလိုက်မည်နည်း။

ကောလဟာလမျိုးစုံ ထွက်ပေါ်လာပြီး အချို့လူများသည် ဤသည်မှာ မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်သတ်လိုက်ခြင်းဖြစ်သည်ဟု ပြောလာကြလေသည်။

ဤလူနှစ်ယောက်သည် သူတို့ဒုက္ခရောက်မည်စိုးသောကြောင့် ချက်ချင်းပင် ငြင်းပယ်လာကြလေသည်။ အဘယ်ကြောင့်ဆိုသော် လေကလန်၏ဒေါသမှာ သေချာပေါက် သေးမည် မဟုတ်။

“အဲဒီ ရက်စက်တဲ့လူက ဘယ်သူလဲ .. ငါတို့ အရင်တုန်းက မြင်ဖူးတဲ့သူများလား..” ဤကဲ့သို့ စတင်စဉ်းစားသည့်သူများ ရှိလာလေသည်။

မြေအောက်နန်းတော်ထဲတွင် ဖုန်းရှင်းထျန်နှင့် တိုက်ခိုက်နေသည့်လူတစ်ယောက်ကို အချို့လူများ တွေ့ခဲ့ရသည်ပင်။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ သူက လေကလန်က အဆင့်လွန်လူငယ်ကိုတောင် သတ်နိုင်တာဆိုတော့ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ..

“ငါတို့ လျှောက်ခန့်မှန်းနေတာတွေ တော်သင့်ပြီ .. သူက ကျောင်းမှာ သိုသိုသိပ်သိပ်နေပြီးတော့ ထာဝရစွမ်းအင်သုံးကြောင်းရှိနေတဲ့သူ ဖြစ်လိမ့်မယ်..” တစ်စုံတစ်ယောက်မှ ကောက်ချက်ချလိုက်သည်။

ရှီဟောင်က ဝမ်ရှီးကို ပြန်တွေ့လေပြီ။ ဤမိန်းမလှလေးမှာ အတော်လေး အခြေအနေဆိုးရွားနေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခြမ်းလုံးသွေးများစိုရွှဲနေပြီး သူမစစ်ရထားပင်လျှင် ပျက်စီးနေလေပြီ။ သူမသည် ပြင်းထန်သည့်တိုက်ခိုက်မှုတစ်ခု ကြုံခဲ့ရပုံပင်။

” ဟမ့် … နတ်သမီးလေး ဘာဖြစ်တာလဲ..” ရှီဟောင် ထိတ်လန့်သွားလေ၏။ တစ်ချိန်တည်းမှာပင် သူသည် ရယ်ချင်စိတ်ကို‌ အောင့်ထားလိုက်လေသည်။

ဝမ်ရှီး ဘာမှမပြော။ သူမ နောက်တစ်ခေါက် တိုက်ခိုက်ခံလိုက်ရသည်မှာ သိသာလှသည်။ သူမ အချိန်အတော်ကြာအောင် ထွက်ပြေးပြီးမှ လွတ်မြောက်လာခြင်းပင်။

“ဖုန်းရှင်းထျန် သေသွားပြီလား…” သူမ မေးလိုက်၏။

“သေသွားပြီ … ငါကိုယ်တိုင်တွေ့လိုက်တာ..”
ရှီဟောင်ပြောလိုက်၏။
” တကယ်တမ်းတော့ ငါကိုယ်တိုင် သူ့ကို သတ်မလို့ပဲ . ဒါပေမဲ့တစ်ယောက်ယောက်က ဝင်နှောက်ယှက်လိုက်တယ် .. ဟူး .. အခွင့်အရေးကောင်းကြီးကို လွဲချော်သွားခဲ့တာ …”

သူသည် လက်သီးလက်မောင်းတန်း၍ပင် ပြောနေလေ၏။

ဝမ်ရှီး နှုတ်ခမ်းထောင့် တွန့်ကွေးတက်သွားလေ၏။
ဒီကောင်က စိတ်ကြီးဝင်နေတယ်..

“နတ်သမီး .. စစ်ရထားလုံး ပျက်စီးသွားပြီဆိုတော့ နတ်သမီးကို‌ ကျောပိုးပေးရမလား..” ရှီဟောင် မေးလိုက်သည်။

လီပေါင်း ထောင်ပေါင်းများစွာဝေးသည့်နေရာရှိ အနက်ရောင်တောင်ကြီးပေါ်တွင် မီးခိုးများနှင့် သွေးစွမ်းအင်များ ထွက်ပေါ်လာလေ၏။

ထိုအနက်ရောင်တောင်ထိပ်ပေါ်တွင် ထူးဆန်းကာ နှလုံးခုန်နှုန်းများမြန်ဆန်စေသည့်အော်ရာထုတ်လွှတ်နေသည့် ယဇ်ပုလ္လင်တစ်ခုရှိနေလေ၏။ ယခုအချိန်တွင် သွေးရောင်အလင်းများထွက်ပေါ်လာပြီး သူ့အလိုလို ပွင့်လာကာ လမ်းကြောင်းတစ်ခု ဖြစ်လာလေ၏။

ထိုဝင်ပေါက်၏ အခြားတစ်ဖက်တွင် လူများ၊ တိရစ္ဆာန်အသံများဖြင့် ဆူညံနေလေသည်။ သူတို့သည် အချိန်မရွေး ပြေးထွက်လာမည့်ပုံပင်။

ထိုအချိန်တွင် ထာဝရစစ်မြေပြင်တစ်ခုလုံးကို လေအေးများ တိုက်ခတ်သွားလေသည်။

ထာဝရစစ်မြေပြင်တွင်ရှိနေသည့်သူများအားလုံး ထူးဆန်းသည့်ခံစားချက် ခံစားလိုက်ရကာ ကြက်သီးထသွားကြရ၏။ သူတို့ မကောင်းသည့်ခံစားချက်များလည်း ရနေတော့သည်။

အပိုင်း ၁၃၁၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၇ – ကောင်းကင်နှင့် ကမ္ဘာမြေကြီး ရှုံ့အိတ်

လေပြင်းတိုက်ခတ်သံများမှာ နတ်ဘုရားနှင့် တစ္ဆေသရဲများ အော်ဟစ်နေသကဲ့သို့ပင်။

ဝမ်ရှီးသည် အလွန်မသက်မသာခံစားနေရကာ သူမခန္ဓာကိုယ်ကို အဝတ်အစားများနှင့် တင်းတင်းကြပ်ကြပ် ပတ်လိုက်သည်။

စစ်ရထားလုံးမှာ ဥက္ကာခဲမှ ဝင်တိုက်ထားသကဲ့သို့ စုတ်ပြတ်နေလေသည်။ တစ်နေရာတွင် ချိုင့်ဝင်နေကာ အက်ကွဲကြောင်းများစွာလည်း ရှိနေသည်။

ရှီဟောင် ဝမ်ရှီးကို တွဲကာ ရထားလုံးထဲသို့ ဝင်လိုက်သည်။

“ဘယ်လိုလူတွေကများ ဒီလိုလုပ်လိုက်တာလဲ .. မင်းလိုမျိုး နတ်သမီးကိုတောင် အလွတ်မပေးပဲနဲ့ ကြက်ဥနဲ့ပေါက်တာလား..” ရှီဟောင် စနောက်လိုက်၏။

ဝမ်ရှီး သူ့အား စိုက်ကြည့်လိုက်သည်။ ဒီကောင်က တစ်ခြားလူတွေကို မစာနာတတ်ဘူးပဲ .. သူ့ကိုတောင် လာပြီးတော့ လှောင်ပြောင်ရဲသေးတယ် ..

ရထားလုံးကို ဒီလိုမျိုး အခြေအနေရောက်သွားရလောက်အောင်ထိ ဘယ်ကြက်ဥက ဒီလောက် မာမှာလဲ..

ချွမ်း..

လေထဲတွင် သတ္တုသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဝမ်ရှီးသည် ထာဝရစွမ်းအင်သုံးကြောင်းဖြင့် စိန်ခေါင်းပတ်ကို အသက်သွင်းလိုက်ကာ ရှီဟောင့်ခေါင်းပေါ်သို့ ပြန်တပ်ပေးလိုက်လေ၏။

“လူတစ်ယောက်အနေနဲ့ ပိုပြီးတော့ ရိုးသားသင့်တယ်..” ရှီဟောင် သူမလက်မောင်းကို ကိုင်ကာ သူမမျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်သည်။

ဝမ်ရှီးဘာမှမပြောပဲ သူ့ကိုသာ တောက်ပနေသည့်မျက်လုံးများဖြင့် ကြည့်လိုက်လေ၏။ သူမသည် ယခုအချိန်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသောကြောင့် ဤစိန်ခေါင်းပတ်ကို ပြန်ပတ်ပေးလိုက်ခြင်းပင်။

အမှန်တကယ်တွင် ရှီဟောင် ရှောင်ချင်လျှင် ရှောင်လိုက်၍ ရသည်။ တစ်ဖက်လူသည် ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသော်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိနေသည်။ ထို့ကြောင့် သူမ၏ လှုပ်ရှားမှုမှာ သူ့ထက်မမြန်နိုင်ပေ။

သို့သော်လည်း စိန်ခေါင်းပတ်သည် သူ့ကို ဘာအန္တရာယ်မှ မပေးနိုင်သည့်အပြင် ဖုန်းရှင်းထျန်၏ သေဆုံးမှုကို စုံစမ်းမှုများရှိလာသည့်အချိန်တွင်လည်း သူ ဤသည်ကို အကာအကွယ်ယူ၍ ရသည်။

“ဖုန်းရှင်းထျန်ကို ဘယ်သူသတ်တာလဲဆိုတာ ရှင် မြင်လိုက်သေးလား..” ဝမ်ရှီး မေးလိုက်သည်။ ဤကိစ္စမှာ အလွန်အရေးကြီးသည်။ မည်သို့ပင်ဖြစ်စေ ဖုန်းရှင်းထျန်မှာ ရှေးခေတ်မှာပင် တွေ့နိုင်ရန် ရှားပါးသည့် ဂျီးနီးယပ်စ်ပင်။

သူတော်စင်စွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူများကို သတ်နိုင်ရန် အလွန်ခက်ခဲသည်။ သူတို့ပြိုင်ဘက်မဟုတ်သည့် အခြားအဆင့်လွန်သက်ရှိများနှင့်တွေ့လျှင်ပင် သူတို့ထွက်ပြေးနိုင်သေးသည်။

ထို့ကြောင့် ဝမ်ရှီး ဘယ်လိုလုပ် မလန့်ပဲနေမည်နည်း.. သူမလည်း ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူပင်။ သူမသာ ထိုထူးဆန်းသည့်သူနှင့်တွေ့ပါက သူမ သူ့ကို တားနိုင်ပါ့မလား..

“မြင်တာပေါ့ .. ငါ မင်းကို ပြောခဲ့တယ်လေ .. ငါ ခြေတစ်လှမ်းလောက် နောက်ကျသွားတာကြောင့်သာ မဟုတ်ရင် ငါ အဲဒီကောင်ထက် အရင် ဖုန်းရှင်းထျန်ကို သတ်ပြီးသွားလောက်ပြီ..” ရှီဟောင် ခေါင်းညိမ့်ပြီးပြောလိုက်သည်။

ဝမ်ရှီး ရှီဟောင်အား စိုက်ကြည့်လိုက်သည်။ ဒီကောင့်ကို တကယ်မနိုင်တော့။ သူသည် တကယ့်ကို ကိုယ့်ကိုကိုယ် ချီးကျူးရတာ ကြိုက်သည့်သူပင်။ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူနှင့်တွေ့ပါက သူ သေချာပေါက် ပြေးနေရမည်ပင်။

“သူက ဘယ်လိုပုံစံမျိုးလဲ .. ဘာထူးခြားတာ ရှိလဲ..” ဝမ်ရှီး မေးလိုက်၏။

“ဒီလူက တော်တော်လေး ချောတာကိုတော့ ဝန်ခံရလိမ့်မယ် .. သူက ဖုန်းရှင်းထျန်နဲ့လုထော်ထက်တောင် ပိုချောသေးတယ်” ရှီဟောင် ချီးကျူးလိုက်လေ၏။

ဝမ်ရှီး၏အမူအရာ ပြောင်းလဲသွားလေ၏။ ဒီလူရဲ့လိင်စိတ်တိမ်းညွှတ်မှု ပြောင်းလဲသွားတာလား .. သူက တစ်ခြားလူကို ဒီလောက်တောင် ချီးကျူးနေတယ် .. အဲဒီလူက တကယ်ပဲ ပြိုင်ဘက်ကင်းလောက်အောင်ကို ချောမောနေတာလား..

“ရှင်ချီးကျူးနေပုံအရဆိုရင် အဲဒီလူက ကျင့်ကြံဆင့်တင်မကဘူး ပုံပန်းသွင်ပြင်ပါ ရှင့်ထက် သာတယ်ပေါ့..” ဝမ်ရှီး ရှားပါးလှသည့်အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်လေ၏။

“မဟုတ်ဘူး .. ကျုပ်နဲ့အတူတူလောက်ပဲ .. ယှဉ်ကြည့်မယ်ဆိုရင် ဘယ်သူက ပိုသာလဲ ပြောဖို့ ခက်တယ်..” ရှီဟောင်၏မျက်နှာထက်တွင် ဂုဏ်ယူနေသည့်အမူအရာအပြည့်ဖြင့်ပင်။

ဝမ်ရှီး၏မျက်လုံးများ ပြူးကျယ်လာရလေသည်။
” ရှင် ဒီလောက် အရေထူမှန်း ကျွန်မ အရင်က သတိမထားမိဘူး..”

“အဲဒါဆိုလည်း အခုသေချာကြည့်ထား..”
ရှီဟောင် ဝမ်ရှီးနားသို့ လျှောက်လာလေသည်။
“ကျန်းကျန်းမာမာ၊ သတ္တိရှိရှိ၊ ယဉ်ယဉ်ကျေးကျေး၊ ယုံကြည်ချက်ရှိရှိနဲ့ ကြီးပြင်းလာတာ.. ဟုတ်ပြီလား..”

ဝမ်ရှီးမှာ ဒေါသထွက်လွန်းသောကြောင့် ရယ်သာနေလိုက်တော့သည်။ သူမသည် ခေါင်းခါလိုက်ကာ သူ့အား ဘာမှပြောမနေတော့။

“တကယ်‌ သေချာကြည့်ကြည့် .. ကျုပ်က အဆင့်လွန်လူငယ်လေးနဲ့ မတူဘူးလား .. ဖုန်းရှင်းထျန်ကို သတ်တာက ကိစ္စကြီးမဟုတ်ဘူး .. အဲဒီလူက အခွင့်ကောင်းယူသွားပြီးတော့ ကျုပ်က အခွင့်အရေးကို လက်လွတ်လိုက်ရရုံလေးပဲ..”
ရှီဟောင် ပြောလိုက်၏။

“ကျွန်မ ရှင်နဲ့ စကားမပြောချင်တော့ဘူး..”
ဝမ်ရှီးသည် သက်ရှည်မိသားစုမှဖြစ်သောကြောင့် သူမ မကျေမနပ်ဖြစ်နေလျှင်ပင် သူမ၏ လေသံမှာ နူးညံ့နေဆဲပင်။

“ကျုပ်တို့က တာအိုရောင်းရင်းဖြစ်သွားပြီလေ .. အခု ငါတို့ အတူတူ အသက်လုပြီး တိုက်ခိုက်ခဲ့ကြရတာ … အတူတူခရီးသွားနေရတာ .. ငါတို့ကြားမှာ ပြောစရာစကားမရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” ရှီဟောင်ပြောလိုက်၏။

“ဖန်တရာတေနေတဲ့ဟာသတွေ တော်ပါတော့..” ဝမ်ရှီးပြောလိုက်သည်။

ရှီဟောင် ရယ်မောနေလေ၏။ သူသည် ဖုန်းရှင်းထျန်ကို ကိုယ်တိုင်သတ်လိုက်ရသောကြောင့် အလွန်စိတ်လက်ပေါ့ပါးနေခြင်းပင်။

လေများ တဖြည်းဖြည်း ပိုပြင်းလာကာ ကမ္ဘာမြေကြီးပင် ကြောက်စရာကောင်းလောက်သည့် အဝါရောင်ပြောင်းလဲလာလေ၏။

ထို့နောက်‌ ကောင်းကင်ကြီးလည်း သွေးရောင်ဖြစ်လာကာ အချိန်နှင့်အမျှ အနက်ရောင်လျှပ်စီးများ ထွက်ပေါ်လာလေသည်။

ဝူး..

အနီရောင်လေပွေများတိုက်ခတ်လာပြီး မြေပြင်ပေါ်တွင်ရှိနေသည့် သဲနှင့်ကျောက်တုံးများ လွင့်ထွက်လာကာ လေတိုက်သံများလည်း ပို၍ကြောက်စရာကောင်းလာသည်ပင်။

“ထူးဆန်းတာတွေ ဖြစ်နေတယ် .. သေချာပေါက် မကောင်းတာဖြစ်တော့မယ်..” လူများစွာက ထိတ်လန့်ကာ သတိအနေအထား ဖြစ်သွားကြသည်။ သို့သော်လည်း သူတို့သည် အံကြိတ်ကာ တောင့်ခံပြီး ဆက်သွားကြသည်။ အဆုံးတွင် ဘာရှိမည်ကို သူတို့သိချင်နေကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်းမှ တရားဝင်တပည့်များပင်။ ကောင်းကင်ဘုံ ကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်များဖြစ်သောကြောင့် သူတို့အားလုံးသည် စိတ်ကြီးဝင်ကာ လွယ်လွယ်အရှုံးပေးတတ်သည့်သူများ မဟုတ်။

“ကျွန်မတို့လည်း သွားကြည့်ကြမယ်..”
ဝမ်ရှီးက ပြောလိုက်၏။ သူမက ရွှေရောင်နတ်ဆေးတစ်လုံးကို သောက်လိုက်သည်နှင့် သူမ ခန္ဓာကိုယ်ထဲမှ အသံများထွက်ပေါ်လာကာ‌ လေဟာနယ်ထဲတွင်လည်း ရွှေရောင်ကြာပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် ထွက်ပေါ်လာလေသည်။

“နတ်ဆေးပင်ကနေ လုပ်ထားတဲ့ အဖိုးတန်ဆေးလား..” ရှီဟောင် ထူးဆန်းသည့်အမူအရာ ဖြစ်သွားလေ၏။

သို့သော်လည်း ဝမ်ရှီး၏ တာအိုဒဏ်ရာများမှာ ပျောက်ကင်း မသွားသေးပေ။ သူမသည် ယခင်ကထက် ပို၍သန်မာလာရုံပင်။

နေရာတိုင်းမှ လူများသည်လည်း ထိုသွေးရောင်လေပွေထံသို့ ဦးတည်သွားနေကြလေသည်။

လီပေါင်း ထောင်သောင်းများစွာဝေးသည့်နေရာတွင်ရှိနေသည့် ထိုအနက်ရောင်တောင်ကြီးမှာ ပို၍ပင် ကြောက်စရာကောင်းလာကာ ဟစ်ကြွေးသံများလည်း အဆက်မပြတ်ထွက်ပေါ်လာလေသည်။

“ဒါက ဘယ်လို သမိုင်းဝင်နေရာမျိုးလဲ.. အဲဒီတောင်ပေါ်မှာ ယဇ်ပုလ္လင်တစ်ခု ရှိနေတာလား..” ထိုနေရာသို့ ရောက်သွားသည့်သူများသည် ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် အားလုံးထိတ်လန့်သွားကြလေသည်။

ဤတောင်မှာ တောင်ဆယ်လုံးပေါင်းထားသည်ထက်ပင် ပိုကျယ်ပြန့်လေသည်။ ထိုတောင်ထိပ်တွင် သူ့ဘာသာသူ အသက်ဝင်နေသည့် ရှေးဟောင်းယဇ်ပုလ္လင်တစ်ခုရှိနေကာ မှုန်ဝါးနေသည့်လမ်းကြောင်းတစ်ခုလည်း ပေါ်လာလေပြီ။

ထိုလမ်းကြောင်းမှ စစ်ပွဲကြွေးကြော်သံများ ထွက်ပေါ်နေလေ၏။

ခဏကြာပြီးသည့်နောက်တွင် မင်းသမီးယောင်ယွဲ့၊ လုထော်၊ ရွှမ်ခွန်နှင့်အတူ အခြား သိုသိုသိပ်သိပ်နေသည့် ကျွမ်းကျင်သူများလည်း ရောက်လာလေပြီ။

ရှီဟောင်နှင့်ဝမ်ရှီး ရောက်လာသည့်အချိန်တွင် ဤနေရာ၌ လူအတော်များနေလေပြီ။ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ သရဖူ ၁၀ ခုဘုရင်၊ ယွဲ့ချန်၊ ချောင်ယုရှင်း၊ စုန်းမနှင့် ချန်ကုန်းယန်တို့လည်း ရောက်နေလေပြီ။

“ဘာဖြစ်နေတာလဲ..” အားလုံးက ထိတ်လန့်နေကြလေ၏။ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေသည်ကို မည်သူမှ နားမလည်နိုင်ဖြစ်နေသည်။

“ခင်ဗျားတို့အားလုံး ခံစားမိလား .. အဲဒီယဇ်ပုလ္လင်က ဖြစ်လာတဲ့ အဲဒီလမ်းကြောင်းက ထွက်လာတဲ့ အော်ရာက ငါတို့လောကနဲ့မတူဘူး .. လွှမ်းမိုးမှုတစ်မျိုးပါသလို ပြောပြလို့မရတဲ့ခံစားချက်တစ်မျိုးလည်း ပါနေတယ်..”

“ဟုတ်တယ် .. ဒါက ဒီလောကက သဘာဝဥပဒေသတွေနဲ့ မတူတဲ့ဥပဒေသတွေပဲ …။ ”

နတ်အာရုံစူးရှသည့်သူများ ဤသည်ကို သတိပြုမိကြကာ အချင်းချင်းဆွေးနွေးနေကြလေ၏။

ဤနေရာတွင် ရပ်နိုင်သည့်သူများထဲတွင် သာမန်လူတစ်ယောက်မှ မပါ။ အားလုံးမှာ အတော်ဆုံးသူများပင်။

ဝူး..

ရုတ်တရက် ကောင်းကင်နတ်ဘုရားများပင် လွင့်ထွက်သွားလောက်သည်အထိ ပို၍ပြင်းထန်လာလေသည်။

လေတိုက်သံနှင့်အတူ နားစည်ကွဲလောက်သည့် တာအိုအသံများလည်း ပါလာလေသည်။

အားလုံး ထိတ်လန့်သွားရသည်။

ထိုအချိန်တွင် တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အရံအတားအလင်းတစ်ခု ထွက်ပေါ်လာလေသည်။

ဤအရံအတားအလင်းကြောင့်သာမဟုတ်ပါက သူတို့ထဲမှ လူများစွာ ပြာမှုန့်ဖြစ်သွားလောက်လေပြီ။ ဤကဲ့သို့သောလေမှာ ကောင်းကင်နတ်ဘုရားများနှင့် ဂိုဏ်းခေါင်းဆောင်များကိုပင် ရှင်းပစ်နိုင်လိမ့်မည်။

အရံအတားမှာ တစ်ဖြည်းဖြည်း အရွယ်အစား ပိုကြီးလာလေ၏။ ထို့နောက်တွင် ထိုလမ်းကြောင်းမှ ရှုံ့အိတ်လေးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုရှုံ့အိတ်နှင့်အတူ ဖရိုဖရဲစွမ်းအင်နှင့် ငါးရောင်စပ် နတ်အလင်းများ စီးဆင်းလာလေ၏။

ပြင်းထန်လှသည့် လေပွေကြီးမှာ ထိုအိတ်လေးမှ လာခြင်းဖြစ်သောကြောင့် အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ ယုံကြည်နိုင်ရန် ခက်ခဲလှသည်ပင်။

ပို၍အရေးကြီးသည်မှာ ကောင်းကင်ထက်တွင် မိုးခြိမ်းသံထွက်ပေါ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး အက်ကွဲလာကာ အဆုံးမရှိသည့် သဘာဝဥပဒေသများ ထွက်ပေါ်လာလေ၏။ မရေမတွက်နိုင်သည့် နတ်ချိန်းကြိုးများထွက်ပေါ်လာပြီး ထိုအိတ်ကို ဖိနှိပ်ထားလေသည်။

“လောကကြီးက အဲဒီအိတ်ကို ဖိနှိပ်နေတာလား..”

ဒါက ဘယ်လိုအဖိုးတန်ပစ္စည်းမျိုးလဲ .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးကိုတောင် ပြောင်းလဲပစ်နိုင်တယ်..

တာအိုသံများထွက်ပေါ်လာပြီးနောက် ကောင်းကင်ကြီးအက်ကွဲလာကာ ပြန်ပိတ်သွားလေ၏။ ကြောက်စရာကောင်းသည့် သဘာဝဥပဒေသများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ထိုအိတ်ကို ဖိနှိပ်လာလေ၏။

“ကောင်းကင်နဲ့ကမ္ဘာမြေကြီးရှုံ့အိတ်..”
ထိုအချိန်တွင် ဝမ်ရှီးက ရုတ်တရက်ပြောလိုက်သည်။

ဤစကားကိုကြားသည်နှင့် လူများစွာ လူများစွာ ဆွံ့အသွားလေ၏။ အချို့သူများမှာ ချက်ချင်းနားလည်သွားပြီး မျက်နှာဖြူဖျော့လာလေသည်။

“ဒါက သာမန်ကောင်းကင်နဲ့ကမ္ဘာမြေကြီးရှုံ့အိတ်မဟုတ်ဘူး .. စွမ်းအားအကြီးဆုံး ပြိုင်ဘက်ကင်းအဆင့်လွန်ရတနာပဲ..” လုထော်ပြောလိုက်သည်။

ထိုအချိန်တွင် အားလုံးနားလည်သွားကာ ဆူညံသံများ ထွက်ပေါ်လာလေ၏။

ရှေးအကျဆုံး ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်မှာ နတ်သားရဲအရေခွံ တစ်သောင်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်ဟု ပြောကြသည်ပင်။ ဤသည်မှာ ဝိညာဉ်တစ်သောင်း၊ တာအိုတစ်သောင်းကို ကိုယ်စားပြုခြင်းပင်။

သူတို့ဆွေးနွေးနေသည်များကို ကြားသည်နှင့် ရှီဟောင်၏အမူအရာ ပြောင်းလဲသွားလေသည်။ သူ အဆင့်နိမ့်နယ်မြေတွင် ကြားဖူးသည့် နတ်သားရဲအရေခွံ ဒါဇင်ပေါင်းများစွာဖြင့် ပြုလုပ်ထားသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်ပင်လျှင် အလွန်အဖိုးတန်ပစ္စည်းနေလေပြီ။

ယခုမှာ ကြောက်စရာကောင်းသည့် သက်ရှိတစ်သောင်းကျော်ဖြင့် ပြုလုပ်ထားသောကြောင့် ပို၍ပင် အံ့အားသင့်စရာကောင်းနေသည်။

ဤအိတ်မှာ ထာဝရဘုရင်တစ်ယောက် ပြုလုပ်ထားခဲ့သည့်အိတ်ဖြစ်မည်ဟု ပြောကြလေ၏။

“ဒီအိတ်က နယ်ခြားစပ်တစ်ဖက်က ငါ့တို့ရန်သူလက်ထဲ ရောက်သွားတာလို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။

လူများ၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားလေ၏။ ဤသည်မှာ ဘာကိုဆိုလိုသည်ကို သူတို့သိကြသည်ပင်။

အခြားတစ်ဖက်မှလူများ ဖြတ်လာဖို့ ကြိုးစားနေကြလေပြီ။

အပိုင်း ၁၃၁၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၈ – အေးစက်သည့် အငွေ့အသက်

နယ်ခြားစပ်တစ်ဖက်တွင် ပျောက်သွားခဲ့သည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်ပြန်ပေါ်လာလေပြီ။ ဤသည်မှာ တစ်ဖက်မှလူများ ဖြတ်ကျော်လာရန် ကြိုးစားနေပြီဟု ဆိုလိုခြင်းမလား..

“မြန်မြန် ကျောင်းက အကြီးအကဲတွေကို သတင်းသွားပို့ .. ကပ်ဆိုးကြီး ရောက်လာတော့မယ်..”

အချို့လူများသည် သူတို့နောက်လိုက်များကို စစ်သင်္ဘောပေါ်တွင်ရှိနေသည့် အကြီးအကဲများထံသို့ သတင်းပို့ခိုင်းလိုက်လေ၏။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်သည် ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း ကြမ်းတမ်းသည့်အော်ရာများ ထုတ်လွှတ်နေသည်။

ဤသည်မှာ အဆင့်လွန်ရတနာပင်။ အကောင်းဆုံး မဟုတ်လျှင်ပင် အနည်းဆုံး ထိပ်တန်း ၁၀ ခုစာရင်းထဲပါနိုင်သည်။

ဤသည်မှာ ဤနေရာ၌ ကမ္ဘာငယ်လေးတစ်ခု ပေါ်လာသကဲ့သို့ပင်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်သည် တဖြည်းဖြည်းကြီးလာကာ နောက်ဆုံး တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

ထိုအချိန်မှသာ တည်ငြိမ်သွားလေသည်။

ထိုအိတ်သည် ဤကမ္ဘာမြေကြီး၏ သဘာဝဥပဒေသများကို နောက်မဆုတ်စတမ်း ဆန့်ကျင်နေသည်ကို အားလုံး မြင်နေရသည်။

ဒါက ဘယ်လိုစွမ်းအားမျိုးလဲ .. အားလုံးတုန်လှုပ်သွားရသည်။

ကောင်းကင်ထက်တွင်ရှိနေသည့် နေ၊ လနှင့် ကြယ်များပင်လျှင် စုတ်ယူခံနေရသလို တုန်ခါနေသည်ကို မြင်နိုင်သည်။

“သူက အခုလောလောဆယ် တစ်ဖက်လောကက သက်ရှိတစ်ယောက်ရဲ့ အမိန့်အတိုင်းလုပ်နေတာ .. ဒီနေရာမှာ လမ်းကြောင်းတစ်ခု ဖွင့်တော့မှာ..”
လုထော် ပြောလိုက်၏။

သက်ရှည်မိသားစုမှ တပည့်များမှာ အခြားသူများထက် အသေးစိတ် ပိုသိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ပြဿနာ၏အရင်းအမြစ်ကို သိနိုင်ကြလေ၏။

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး၏အမူအရာ ပြောင်းလဲသွားရသည်။

ယခင်တုန်းက ဤသည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခု၏ ရတနာပင်။ ထာဝရသက်ရှိများ၏ အိမ်များကို ကာကွယ်ပေးသည့် ပြိုင်ဘက်ကင်း အဖိုးတန်ပစ္စည်းပင်။ အခု ဒီပစ္စည်းကို တစ်ဖက်ကလူတွေက ဒီကိုဖြတ်လာဖို့ သုံးတော့မှာလား..

“ဒီပစ္စည်းကိုလည်း အပြစ်တင်လို့ မရဘူး .. အခု သူက ပြောင်းလဲခံလိုက်ရပြီ .. သူလုပ်နေသမျှအားလုံးကလည်း သူ့စိတ်ကို ဆန့်ကျင်ပြီး လုပ်နေရတာပဲ…” ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသည့် သက်ရှိမှ သက်ပြင်းချပြီး ပြောလိုက်သည်။

ဤပစ္စည်းမှာ အာကာသမှ ကြယ်များကိုပင် ထည့်သိမ်းနိုင်သည့်အိတ်ပင်။

ဤကဲ့သို့ စွမ်းအားကြီးသည့် လျှို့ဝှက်ရတနာပင် တစ်ဖက်လူလက်ထဲရောက်သွားသောကြောင့် တစ်ဖက်လူမှာ မည်မျှပင် စွမ်းအားကြီးသည်ကို စဉ်းစားကြည့်နိုင်သည်။

အချိန်ခဏအတွင်းမှာပင် အားလုံး သူတို့အပေါ် ပိကျလာသည့် ဖိအားကြီးကို ခံစားလိုက်ရကာ သူတို့စိတ်ကို အရိပ်တစ်ခု ဖုံးလွှမ်းသွားလေသည်။ သူတို့ ဒီလူတွေကို ဘယ်လိုတားရမှာလဲ..

ဤသို့စဉ်းစားမိသည်နှင့် အချို့သူများ ထိုကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်ကို ခေါင်းမော့ကြည့်လိုက်ကြလေ၏။ ထိုအနက်ရောင်တောင်ထိပ်တွင်ရှိနေသည့် မှုန်ဝါးဝါးလမ်းကြောင်းလေးကို ကြည့်ကာ တဒင်္ဂမျှ ဆွံ့အသွားလေ၏။

အချို့သူများမှာမူ အခြားပြဿနာတစ်ခုကို စဉ်းစားနေခြင်းပင်။ ယခင်တုန်းက တစ်ဖက်လူများသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဤရှေးဟောင်းနယ်မြေကို စုတ်ပြတ်နေအောင် လုပ်ခဲ့သည်။ သူတို့က အဘယ်ကြောင့် ပြန်ဆုတ်သွားခဲ့ကြသနည်း..

ထို့အပြင် ယခု သူတို့ပြန်လာရန် အလွန်ခက်ခဲနေသည့်ပုံပင်။

တစ်ခုခုတော့ သေချာပေါက် ဖြစ်ခဲ့သည်။ ထိုအရာကိုသာ သူတို့ရှာတွေ့သွားပါက သူတို့အတွက် အလွန်အသုံးဝင်လိမ့်မည်။

ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ ကျွမ်းကျင်သူများကိုသာ အားကိုးနေပါက သူတို့တစ်ဖက်မှ ရန်သူများကို မနိုင်လောက်ပေ။ ဤအချက်မှာ ဤနေရာရှိလူများကို အတော်လေး စိတ်ပျက်သွားစေသည်။

ရှီဟောင် ထိုအနက်ရောင်တောင်ထိပ်ကြီးကို စိုက်ကြည့်နေမိသည်။ သူ ယခင်က နယ်ခြားစပ်၏ တစ်ဖက်သို့ ရောက်ခဲ့ဖူးသည်။

ဤတောင်ကြီးသည် တစ်ဖက်တွင်ရှိနေသည့် မသေမျိုးတောင်နှင့် အလွန်တူနေသည်။ ထိုတောင်ထိပ်တွင်လည်း လမ်းကြောင်းတစ်ခု ရှိနေသည်။

သို့သော် မတူသည်မှာ ထိုလမ်းကြောင်းမှာ သွားလာနိုင်ပြီး ယခုလမ်းကြောင်းကတော့ ကန့်သတ်ခံထားရသည်။

“ရောက်လာပြီ..”

အရှေ့ဘက်တွင် အကြီးအကဲများစွာ ပေါ်လာသည်။ သူတို့ရောက်လာသည်နှင့် လေပြင်းများ တိုက်ခတ်လာလေသည်။

သူတို့သည် ခြေလှမ်းတစ်လှမ်းတည်းဖြင့်ပင် အဝေးကြီးမှ ရောက်လာလေ၏။ သူတို့အားလုံး၏အမူအရာမှာ မသာမယာဖြစ်နေကြသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်နှင့် ယဇ်ပုလ္လင်ကိုကြည့်ကာ ရှုပ်ထွေးသည့်ခံစားချက်များ ဖြစ်နေကြလေ၏။

“အဲဒီနေ့ ရောက်လာပြီလား..” အကြီးအကဲတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

ထိုအနက်ရောင်တောင်ထိပ်ပေါ်တွင်ရှိနေသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်မှာ မလှုပ်ရှားတော့ပေ။ လေပြင်းများထုတ်လွှတ်ခြင်းလည်း မရှိတော့။ သို့သော်လည်း တစ်ဖြည်းဖြည်းတောက်ပလာကာ ဤတောင်ထိပ်တစ်ခုလုံးကို လင်းထိန်သွားစေလေသည်။

တဝူးဝူးအသံများ ပျောက်ကွယ်သွားကာ ဤနေရာမှာ ချက်ချင်းကြီးပင် တိတ်ဆိတ်သွားလေ၏။

ခွပ်..

အရိုးအပိုင်းအစများ တစ်ခုနှင့်တစ်ခု တိုက်မိသွားသကဲ့သို့သောအသံ ထွက်ပေါ်လာလေ၏။

ထို့နောက် လူသားပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အိတ်ထဲမှာ သက်ရှိများ ထွက်ပေါ်လာလေသည်။

“ဘာ .. သူတို့တွေ နယ်မြေကို ဖြတ်လာနိုင်ပြီလား..” ဤနေရာရှိလူများ ထိတ်လန့်သွားကြသည်။

တစ်ဖက်မှလူများ ဖြတ်သန်းလာနိုင်ရန်အတွက် အချိန်များစွာ လိုအပ်လိမ့်ဦးမည်ဟု သူတို့ထင်နေကြခြင်းပင်။ မည်သို့ပင်ဖြစ်စေ သူတို့ ဤလောကကြီး၏ စိတ်ဝိညာဉ်နှင့် သဘာဝဥပဒေသများကို အရင်ဆုံး ကျော်ဖြတ်ရဦးမည်ပင်။

ဤနေရာသို့ ရောက်လာနိုင်သည့်သူများ ရှိနေပြီဟု သူတို့မထင်ထားခဲ့ပေ။

လမ်းကြောင်းမှ ဖြတ်လာသည့် ပုံရိပ်များမှာ ယိမ်းထိုးနေလေ၏။ အဆုံးသတ်တွင် ပုံရိပ်တစ်ခုသာ အောင်မြင်စွာ ဖြတ်သန်းလာနိုင်လေသည်။

အားလုံး ထို ပုံရိပ်ကို အာရုံစိုက်ထားကာ အသက်ပင်အောင့်ထားမိကြလေသည်။ ဤသည်မှာ မည်ကဲ့သို့သော စွမ်းအားကြီးသည့်သူမျိုး ဖြစ်မည်နည်း..

မြင့်မြတ်အလင်းတန်းများထွက်ပေါ်လာကာ လေထဲတွင်လည်း ၇ ရောင်စပ်အလင်းများ ပျံ့လွင့်လာလေ၏။ ဤသည်မှာ ကျက်သရေရှိကာ ငြိမ်းချမ်းလှပြီး ပြောပြ၍မရနိုင်လောက်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်ပင်။

“အရိုးစု..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုအရိုးစုသည် လမ်းကြောင်းမှ ထွက်လာပြီး အနက်ရောင်တောင်ထိပ်တွင်ပေါ်လာပြီး အားလုံးကို စီးမိုးကြည့်နေလေ၏။ ထိုအရိုးစုမှ ရှင်းပြန်ရန်ခက်ခဲလှသည့် ခံ့ညားသည့်အော်ရာတစ်မျိုးလည်း ထွက်ပေါ်နေသည်။

အားလုံးထိတ်လန့်သွားရ၏။ ထာဝရတာအိုစွမ်းအင်များပြည့်နေသည့် စွမ်းအားကြီးသည့် သက်ရှိနှင့်တွေ့ရလိမ့်မည်ဟု ထင်ထားခဲ့ကြခြင်းပင်။

သို့သော် သူတို့တွေ့လိုက်ရသည်မှာ သူတို့ ထင်ထားသည်နှင့် တစ်ခြားစီပင်။ ဤသည်မှာ အသွေးအသားမရှိသည့် အရိုးစုပင်။ ဤအရိုးစုသည် ထိုမျှစွမ်းအားကြီးမည့်ပုံလည်း မပေါ်။

“အခုထိကို သေးငယ်နုံနဲ့ပြီးတော့ အားနည်းနေတုန်းပဲ..”

ထိုအရိုးစု ပထမဆုံး စပြောလိုက်သည့်စကားမှာ ဤအေးစက်သည့်စကားပင်။ သူ၏မျက်ခွံထဲတွင် နတ်အလင်းများ လှည့်ပတ်‌နေလေသည်။

ဤအရိုးစုမှာ လူသားပုံစံဖြစ်ပြီး ထိုမျှ မကြီးပေ။

ဒါက တစ်ခြားတစ်ဖက်က သက်ရှိလား .. သူတို့အားလုံးက အရိုးစုတွေလား..

ဤနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေ၏။

“ဒါက မူလခန္ဓာကိုယ်မဟုတ်ဘူး .. အရိုးစုကို အသုံးချပြီးတော့ ရောက်လာတာ .. ဒါပေမဲ့ ဒီအရိုးစုရဲ့ ဇစ်မြစ်ကလည်း သာမန်မဟုတ်ဘူး .. အတော်လေးထူးခြားတယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

“ဟားဟား .. သူက အရင်တုန်းကတော့ လှပတဲ့အမျိုးသမီးလေးပါပဲ .. အခုတော့ အရိုးစုထက် မပိုတော့ဘူး..” အရိုးစုမှ သူ့ကိုယ်သူ ပြန်ပြောနေလေသည်။

ထိုသို့စကားပြောသည်ဆိုသည်မှာလည်း နတ်စိတ်ဝိညာဉ်မှ အသံပို့လွှတ်နေခြင်းပင်။ လောကနှစ်ခုမှ ဘာသာစကားမတူသည့်အပြင် ဤအရိုးစုတွင် အသွေးအသားများမရှိသောကြောင့် သူ စကားမပြောနိုင်ပေ။

ထိုစကားကိုကြားသည်နှင့် အားလုံး ထိတ်လန့်သွားကြလေသည်။

အချို့လူများ၏ မျက်လုံးမှ သင်္ကေတများထွက်ပေါ်လာပြီး ထိုအရိုးစုကို စူးစမ်းလာကြလေသည်။

ကျောင်းမှ အကြီးအကဲများမှာမူ တစ်စုံတစ်ခုကို မှတ်မိသွားသကဲ့သို့ မျက်မှောင်ကြုတ်သွားကြလေ၏။ သူတို့အကြည့်များမှာ ပို၍ပင် ထူးဆန်းလာလေသည်။

အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံပြီးသွားသည်နှင့် မိန်းမလှလေးများကို အရိုးစုများအဖြစ် မြင်နိုင်သကဲ့သို့ အရိုးစုများကိုလည်း အသွေးအသားရှိသည့်သူကဲ့သို့ မြင်နိုင်သည်ပင်။

ရှီဟောင် သူမ၏ ‘ပုံပန်းသွင်ပြင်အစစ်’ကို မြင်နိုင်အောင် ကြိုးစားနေလေသည်။

ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် အောင်မြင်သွားလေပြီ။ သူမသည် တကယ်ကို လှပသည့်သူပင်။

အချို့သူများလည်း အောင်မြင်သွားလေပြီ။ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြလေ၏။ ဤအမျိုးသမီးမှာ တကယ်ကို လှပလှသည်။ သူမ၏အလှသည် မြို့များကိုပင် ပြောင်းပြန်လှန်သွားစေနိုင်သည်။

သို့သော်လည်း သူမကို မသိသောကြောင့် အားလုံးမျက်မှောင်ကြုတ်လိုက်ကြသည်။

သို့သော် ခဏကြာပြီးသည့်နောက်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲတစ်ယောက် ဒေါသတကြီး အော်ဟစ်လာလေ၏။

“အကြီးအကဲ ဘာဖြစ်လို့လဲ..” အခြားသူများ မေးလိုက်ကြသည်။

“သူက ငါ့ကလန်က ဘိုးဘေးတွေထဲက တစ်ယောက်..” ထိုအကြီးအကဲက ပြောလိုက်၏။

အားလုံး ဆွံ့အသွားရ၏။ ဤအကြီးအကဲ ရှင်သန်နေထိုင်လာခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး သူသည် မည်သည့်ခေတ်ကလူမှန်းပင် မသိနိုင်။ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက သီးသန့်ကျင့်ကြံနေခြင်းဖြစ်ပြီး ကောင်းကင်နတ်ဘုရားကျောင်းဖွင့်လှစ်သည့်အခါမှ ကူညီရန် ထွက်လာခြင်းပင်။

သို့သော် ဤအကြီးအကဲက ရှေးဟောင်းသက်ရှည်မိသားစုတစ်ခုမှ လာမှန်း အချို့သူများသိနေကြသည်။

သက်ရှည်မိသားစုဆိုသည်မှာ မသေမျိုးကျွမ်းကျင်သူများ ထွက်ပေါ်လာသည့်နေရာ၊ ယခင်ခေတ်ကတည်းက ရှင်သန်လာခဲ့သည့်သူများပင်။

“ဒါက ဘာမှမဟုတ်သေးဘူး … ငါတို့ဆီမှာ ဒီထက်ပိုပြီးတော့ အထင်ကြီးစရာကောင်းပြီး ပိုပြီးပါရမီရှိတဲ့ အရိုးစုတွေ ရှိသေးတယ်..” ထိုအရိုးစုမှ ပြောလိုက်သည်။

ဤအရိုးစု အသက်ရှင်နေစဉ်က ဂိုဏ်းခေါင်းဆောင်အဆင့်ထက် ကျော်မည်ပင်။

“ဒီအရိုးစုက မင်းထက် မနိမ့်ဘူး .. ဒါပေမဲ့ ကပ်ဘေးကြီးမှာ သူ ဒီလိုမျိုးဖြစ်သွားတယ် .. မင်းလည်းလက်လျော့လိုက်သင့်တယ်..” ရှီဟောင် ဝမ်ရှီးကို ကြည့်ကာ ပြောလိုက်သည်။

“ရှင် ဘာတွေ လျှောက်ပြောနေတာလဲ..” ဝမ်ရှီးသည် ရှီဟောင်ခေါင်းပေါ်မှ စိန်ခေါင်းပတ်ကို အသက်သွင်းမိတော့မလိုပင် ဖြစ်သွားလေသည်။

“အရင်တုန်းက ၁၀ ကျန်းကျောက်တုံးအခန်းလေးထဲကနေ ကျူးကျော်လာတဲ့သူတွေရှိတယ် .. နောက်ဆုံးတော့ သူတို့ရဲ့ခန္ဓာကိုယ်အခွံပဲ ကျန်ခဲ့ပြီးတော့ သူတို့ခန္ဓာကိုယ် ပျောက်သွားတယ် .. အခု ငါတို့ သူတို့အရိုးစုတွေကို ပြန်ပြင်ပြီးသွားပြီ .. သူတို့ဝိညာဉ်ပြန်လာတာကို စောင့်နေရုံပဲ ရှိတော့တယ်..” အရိုးစုမှ ပြောလိုက်၏။

အားလုံး ဆွံ့အသွားလေ၏။ သူ ဘာတွေပြောနေတာလဲ .. သူတို့ နားမလည်နိုင်ဖြစ်နေကြလေသည်။

သို့သော်လည်း ရှီဟောင် တုန်လှုပ်သွားရသည်။ ထိုစကားလုံးများကြောင့် သူ မျက်လုံးများ ပြူးကျယ်လာလေ၏။

အပိုင်း ၁၃၁၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၁၉ – အမှောင်ထု၏ ပထမဆုံးလေချွန်သံ

၁၀ ပေပတ်လည်ကျောက်တုံးအခန်း၊ ခန္ဓာကိုယ်အခွံ .. ဤမြင်ကွင်းများကို ရှီဟောင် ယခင်က မြင်ဖူးသည်။

ထို့ကြောင့် အရိုးစုပြောသည်ကို သူက ချက်ချင်းနားလည်လိုက်သည်။

အဲဒီနေရာက ဘယ်လိုနေရာမျိုးလဲ .. မှောင်မဲအေးစက်ပြီးတော့ မူလဝိညာဉ်တွေကို ဖမ်းထားတဲ့လှောင်အိမ်တစ်ခု..

ထိုနေရာတွင် အချိန်မြစ်ကြီးတစ်စင်းရှိနေပြီး ပတ်လည်တွင် အနက်ရောင်အကျဉ်းထောင်များ ရှိနေသည်။

အချို့လှောင်အိမ်များထဲတွင် အချိန်မြစ်ကိုပင် တောက်ပနေစေသည့် အလင်းရောင်များကို တွေ့လိုက်ရသည်။ ဤသည်မှာ ထိုသူများ မည်မျှထူးခြားသည်ကို သက်သေပြနေခြင်းပင်။

ရှေးခေတ်များတွင် ထာဝရစွမ်းအင်ကျင့်ကြံပြီး ထူးဆန်းစွာ သေဆုံးသွားသည့် ဂျီးနီးယပ်စ်များ ရှိသည်။ သူတို့၏ခန္ဓာကိုယ် အကောင်းအတိုင်းကျန်ခဲ့သော်လည်း သူတို့၏မူလဝိညာဉ် ပျောက်ကွယ်သွားခဲ့သည်။

“မင်း ဘာပြောနေတာလဲ.. မင်း အမှောင်ထု နယ်မြေအကြောင်း ဘယ်လောက်သိလဲ..” ကောင်းကင် နတ်ဘုရားကျောင်းအကြီးအကဲမှ မေးလိုက်သည်။

အခြားသူများမသိသော်လည်း သူ အချို့အရာများကို နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်စွမ်းအားကြီးရုံသာမက သူသည် သက်ရှည်မိသားစုမှ လာသည့်သူပင်။ သူတို့ကလန်ထဲတွင် မှတ်တမ်းတင်ထားသည့်အရာများစွာ ရှိနေသည်။

“ခင်ဗျားတို့အားလုံးနဲ့အတူတူပါပဲ .. သိပ်မသိသေးဘူး .. လေ့လာဖို့ကလည်း တော်တော်လေး ခက်ခဲနေတယ်..” ထိုအရိုးစုသည် မနှေးမမြန် တည်ငြိမ်စွာပင် ပြောလိုက်လေ၏။

အနက်ရောင်အကျဉ်းထောင်ထဲသို့ ဝင်သွားသည့်သူများ အသက်ရှင်လျက်ပြန်ထွက်လာကာ သူတို့အတွေ့အကြံများကို ပြောပြရန် သူ မျှော်လင့်နေခြင်းပင်။

“ကျုပ်တို့ဆီမှာ အရိုးစု၊ အလောင်းနဲ့တစ်ခြားဟာတွေရှိတယ် .. အဲဒီလူတွေ အသက်ရှင်လျက်ပြန်ရောက်လာရင် မင်းတို့တွေ သူတို့ခန္ဓာကိုယ်ကိုပြန်ပေးလို့ရတယ်..” ထိုအရိုးစုမှ ထပ်ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ပြန်လာနိုင်သည့်သူအနည်းငယ်ရှိနေသည်ဟု သူကြားထားသောကြောင့်ပင်။ ဤဘက်လောကတွင် ထိုလူများကို ပြန်ခေါ်နိုင်မည့် လျှို့ဝှက်နည်းလမ်းများရှိနေလိမ့်မည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့လည်း ကောလဟာလများကို ကြားဖူးသည်ပင်။ သို့သော်လည်း ကောလဟာလမှာ ကောလဟာလပင်။

ရှီဟောင် စိတ်လှုပ်ရှားသွားရ၏။ ကောလဟာလတွေက အမှန်ပဲလို့ မပြောနဲ့နော်…

သူ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်ကာ ထာဝရစွမ်းအင် ကျင့်ကြံသည့်အချိန်တွင် ကိစ္စများစွာ ကြုံတွေ့ခဲ့ရသည်။ သူ ‘လမ်းပြနန်းတော်’ကိုပင် တွေ့ခဲ့ရပြီး မူလဝိညာဉ်တစ်ခု ပြေးဝင်သွားသည်ကိုပင်‌ တွေ့ခဲ့ရသေးသည်။

“အဲဒီနေရာမှာ သေချာပေါက် လျှို့ဝှက်ချက်တွေရှိနေတယ်..”

ရှီဟောင် သူ့ကိုယ်သူ စဉ်းစားလိုက်သည်။

ပျံ့ကြဲနေသည့် အဖြစ်အပျက်များကို ပြန်စုစည်းလိုက်လျှင်တော့ အားလုံးမှာ အဆက်အစပ် ရှိနေသည်။

အခြားလောကမှ သက်ရှိသည် နယ်မြေကို ဖြတ်လာပြီးနောက် ရောက်ရောက်ချင်း ဤကိစ္စကို ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤသည်မှာ သူ့အား အနည်းငယ် ရှုပ်ထွေးသွားစေသည်။ အရမ်းအရေးကြီးတာ တစ်ခုခုဖြစ်ခဲ့လို့လား..

“မင်းတို့တွေ တိုက်ခိုက်ရတာ ကြိုက်တယ်မလား .. ဘာလို့ အမှောင်ထု နယ်မြေထဲကို ကိုယ့်ဘာသာကိုယ် တိုက်ခိုက်ပြီး ဝင်မသွားတာလဲ..” ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲမှ ခံစားချက်မဲ့စွာ ပြောလိုက်လေ၏။

တစ်ဖက်လောကက သက်ရှိတွေ ပြန်ဆုတ်သွားတာက ဒီအမှောင်ထုနယ်မြေကြောင့်လား .. အဲဒီလိုလည်း မဟုတ်လောက်ဘူး .. သူ တကယ်ကို နားမလည်နိုင်တော့။ တစ်ဖက်လူမှာ ဤအကြောင်းပြောလာသောကြောင့် တစ်ခုခုတော့ ရှိရမည်ပင်။

အကြီးအကဲစကားကို ကြားလိုက်ရသည်နှင့် အားလုံး တုန်လှုပ်သွားကြလေသည်။ တစ်ဖက်လူတွေက ဘယ်လိုလူတွေလဲ .. အဲဒီလူတွေ ကိုယ့်ကိုကိုယ်တောင် နားမလည်ဘူးလို့တော့ မပြောနဲ့နော်…

“အရှင်စိတ်ဝင်စားနေတဲ့အရာလေး သက်သက်ပါပဲ .. အများကြီးတွေးမနေပါနဲ့..” ထိုအရိုးစုမှ ပြောလိုက်သည်။

ဘယ်လိုလုပ် အများကြီးမတွေးပဲ နေနိုင်မှာလဲ .. သူ အများကြီးပြောပြီးသွားပြီလေ .. သူက အရှင်တစ်ယောက်အတွက် မေးနေတာလား…

“ကျုပ် ဒီကို ရောက်နေပြီဆိုတော့ ဘာကိုဆိုလိုချင်လဲ ခင်ဗျားတို့ သိမှာပါ..” ထိုသို့ပြောလိုက်သည်နှင့် လေထုမှာ ချက်ချင်းပင် တင်းမာသွားလေ၏။

အမှန်တကယ်တွင် ထိုဝင်ပေါက်မှ အရိုးစုထွက်လာကတည်းက အားလုံး အေးခဲသွားလေပြီ။

သို့သော်လည်း ထိုအရိုးစုမှ အမှောင်ထုနယ်မြေအကြောင်းပြောလိုက်သည့်အချိန်တွင် အားလုံးအာရုံပြောင်းသွားပြီး အကြောက်တရား အနည်းငယ် လျှော့သွားခြင်းပင်။

ယခု ဤနယ်မြေဖြတ်သန်းခြင်းအကြောင်းကို ပြန်ပြောလာသည့်အချိန်တွင် အားလုံးချက်ချင်း သတိအနေအထားဖြစ်သွားလေ၏။ ကပ်ဆိုးကြီးက နောက်ဆုံးတော့ စတော့မှာလား..

“နှမြောစရာပဲ .. ကျုပ်အခုထိ မဖြတ်နိုင်သေးဘူး..” ထိုအရိုးစုမှ ခေါင်းခါကာ ပြောလိုက်လေ၏။

ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် အားလုံးသက်မချလိုက်ကြလေ၏။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ရှက်ရွံ့သွားကြရသည်။ တစ်ဖက်လူ မလာနိုင်သေးဘူးဟု ကြားလိုက်ရသည့်အချိန်တွင် သူတို့တကယ်ကို စိတ်သက်သာရာရသွားခြင်းပင်။ သူတို့ထံတွင် တိုက်ခိုက်လိုစိတ် ရှိမနေပေ။

“မင်းတို့မှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရှုံ့အိတ်တောင် ရှိနေတာပဲ .. ဘာလို့ လာလို့ မရတာလဲ..” ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲ မေးလိုက်သည်။

“လမ်းကြောင်းတစ်ခု ပွင့်လာပြီဆိုပေမယ့် ဒီကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ စိတ်ဝိညာဉ်ကန့်သတ်တာကို ခံနေရတုန်းပဲ .. ကောင်းကင်နဲ့ကမ္ဘာမြေကြီး ရှုံ့အိတ်ကြောင့်သာမဟုတ်ရင် ကျုပ် ခင်ဗျားတို့နဲ့ ဆက်သွယ်နိုင်မှာ မဟုတ်ဘူး..”

သူ၏ခန္ဓာကိုယ်အစစ်လာ၍ မရပဲ ဤအရိုးစုသာ လာ၍ရကြောင်း ဝန်ခံလိုက်လေ၏။

“စွမ်းအားကြီးလေလေ နယ်မြေတွေကို ဖြတ်ဖို့ခက်လေလေပဲ .. နယ်ခြားနံရံတွေ ပျက်စီးသွားတဲ့အချိန်ကျမှ သူတို့ဖြတ်လာနိုင်မှာ..” ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲမှ ပြောလိုက်သည်။

အားလုံး ထိတ်လန့်သွားရသည်။ ဤအရိုးစုမှာ ဂိုဏ်းခေါင်းဆောင်အဆင့်ပင် ကျော်လွန်နေလေပြီ။ သို့သော် ထိုသက်ရှိမျက်လုံးထဲတွင်တော့ ဤအရိုးစုမှာ အားနည်းနေသေးသည်။

“မင်းတို့အားလုံးကို အခွင့်အရေးတစ်ခု ပေးခဲ့မယ် .. နောင်ကျရင် မင်းတို့ ဘယ်လောက်လုပ်နိုင်မလဲ ကြည့်ကြတာပေါ့..” ထိုအရိုးဖြူမှ ပြောလိုက်သည်။

“ခင်ဗျား ဘာပြောချင်တာလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်၏။

“ငါတို့ဖြတ်လာလို့မရဘူးဆိုပေမယ့် ငါတို့ လူငယ်မျိုးဆက်တွေ ဖြတ်လို့ရတယ် .. သူတို့လာပြီးတော့ ဒီဘက်ကလူတွေနဲ့ ပညာဖလှယ်လိမ့်မယ် .. မင်းတို့ ဒါကို သူသေကိုယ်သေ တိုက်တယ်လို့ သတ်မှတ်ချင်လည်း ရပါတယ်..” အရိုးဖြူမှ ပြောလိုက်၏။

“မင်း..” ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲ ဒေါသထွက်သွားရသည်။ ထိုလူငယ်များရောက်လာလျှင်လည်း ဤနယ်မြေအတွက် သူ ထိုသူများကို သတ်ပစ်မည်ပင်။

“ကျုပ်တို့ရဲ့ လူငယ်မျိုးဆက်တွေက ဒီအနက်ရောင်တောင်ထိပ်ကနေ ခွာလို့မရဘူး .. ဒီမှာပဲ တိုက်ခိုက်ကြရမှာ..” အရိုးဖြူ ကောင်းကင်ကိုလက်ညှိုးထိုး၍ ပြောလိုက်လေသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်ကြီးသည် ဤလောက၏စိတ်ဝိညာဉ်ကို ခုခံနေပြီး လက်ညှိုးမှထုတ်လွှတ်သည့် ရောင်စုံအလင်းတန်း ဝန်းရံထားသည့်နေရာသာ လုံခြုံလေသည်။

ထိုစကားကိုကြားသည်နှင့် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များသည် ချက်ချင်းပင် စိတ်လှုပ်ရှားလာကာ တိုက်ခိုက်လိုစိတ်များ တက်ကြွလာကြလေ၏။

လူကြီးများ စိုးရိမ်နေကြသော်လည်း လူငယ်လေးများမှာမူ ထိုသို့မဟုတ်ပေ။ ထာဝရရှေးဟောင်းခေတ်မည်သို့ပျက်စီးသွားခဲ့သည်၊ စွမ်းအားကြီးကလန်များ မည်သို့ပျက်သုဉ်းသွားခဲ့သည်ကို သူတို့အမြဲတမ်းကြားနေခဲ့ရသောကြောင့် ယခု တစ်ဖက်မှ သက်ရှိများနှင့်တွေ့ရမည်ဆိုသောကြောင့် သူတို့ အလွန်တိုက်ခိုက်ချင်နေလေပြီ။

အဘယ်ကြောင့်ဆိုသော် သူတို့စိတ်ထဲတွင် ဒေါသထွက်နေကြသောကြောင့်ပင်။ သူတို့အားလုံးသည် ကိုယ့်နယ်ပယ်နှင့်ကိုယ်ထူးချွန်ကြသည့်သူများပင်။ ပြောရမည်ဆိုလျှင် သူတို့သည် ‘ကျားမကြောက်သည့်နွားပေါက်လေးများ’ပင်။

“မင်းက ငါတို့ နယ်မြေ ဂျီးနီးယပ်စ်တွေကို သေကြောင်းကြံနေတာလား..” ကျောင်း အကြီးအကဲတစ်ယောက်‌က အေးစက်စွာ ပြောလိုက်သည်။

“အစစ် ဟုတ် မဟုတ် သိချင်ရင် ခင်ဗျားတို့ရဲ့ အဆင့်လွန်ရတနာကို ထုတ်ပြီး စမ်းကြည့်လိုက်လေ..” ထိုအရိုးစုမှ ပြောလိုက်သည်။

ထိုအချိန်တွင် မှုန်ဝါးနေသည့်လမ်းကြောင်းလေးထဲမှာ ကြွေးကြော်သံများ ကြားလိုက်ရလေသည်။ နတ်ဆိုးနတ်ဘုရားများဆင်းသက်လာသကဲ့သို့ သက်ရှိတစ်စု တရှိန်ထိုးထွက်ပြေးလာကြလေ၏။

တစ်ဖက်မှ သက်ရှိများမှာ မည်သည့်ပုံစံဖြစ်မည်ကို သိချင်သောကြောင့် ကောင်းကင်နတ်ဘုရားကျောင်းမှလူများအားလုံး သေချာကြည့်နေကြလေ၏။

ချပ်ဝတ်တန်ဆာများမှ အေးစက်သည့်အလင်းများတောက်ပနေပြီး လက်နက်များလည်း တောက်ပနေလေ၏။ အချို့သူများမှာ သားရဲများပေါ်တွင် ထိုင်နေကြပြီး အချို့သူများမှာ ခြေလျင်လျှောက်နေကြသည်။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့် လူငယ်အုပ်စုပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များအားလုံး ထိတ်လန့်သွားရသည်။ တစ်ဖက်မှ သက်ရှိအများစုမှ လူသားပုံစံများဖြစ်ပြီး သူတို့နှင့် သိပ်မကွာပေ။

“သူတို့က ငါတို့နဲ့အတူတူပဲကို … ဘာလို့ ငါတို့ကို လာတိုက်နေတာလဲ..” တစ်စုံတစ်ယောက်မှ မေးလိုက်၏။

“ဒါတွေက ငါတို့ရဲ့လူငယ်သူရဲကောင်းလေးတွေ .. မင်းတို့တွေ ယှဉ်ချင်လား..” အရိုးစုမှ ပြောလိုက်၏။

ရှီဟောင် စိတ်ထဲ သက်ပြင်းချလိုက်၏။ တစ်ဖက်လောကမှ လူများမှာ ဤဘက်မှလူများထင်နေသကဲ့သို့ မကောင်းဆိုးဝါးများမဟုတ်ပဲ လူသားများသာဖြစ်သည်ကို ရှီဟောင်သာ သိသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် အချို့သူများကို သူ မှတ်မိသွားသည်။

သူ ထိုလောကတွင် ရှိနေစဉ်က မသေမျိုးတောင်ပေါ်သို့တက်ခဲ့ပြီး သူတို့လောကမှ အကောင်းဆုံးဂျီးနီးယပ်စ်အချို့ကို တွေ့ဖူးခဲ့သည်။

ဤလူများ မည်သည့်အရာများကြုံခဲ့ရမှန်းမသိသော်လည်း ရှီဟောင်ဘက်မှ လူများကို နတ်ဆိုးများဖြစ်သည်ဟု အမြဲတမ်းယုံကြည်နေခဲ့ကြခြင်းပင်။

ရှီဟောင် ဘာပြောနိုင်တော့မည်နည်း..

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ လူများကို ဦးဆောင်လာသည့် အနက်ရောင်ဝတ်စုံနှင့်အကြီးအကဲသည် စာလိပ်တစ်ခုကို ထုတ်လာပြီးနောက် ထိုစာလိပ်ကိုဖွင့်ကာ တစ်စုံတစ်ခုကို ရေရွတ်နေလေ၏။

“ထင်ထားတဲ့အတိုင်းပဲ .. နယ်မြေ ၁၀ ခုသင်္ကေတက ခင်ဗျားတို့လက်ထဲမှာ ရှိနေတာပဲ .. အဲဒါကို အသက်သွင်းပြီးတော့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရှုံ့အိတ်နဲ့အတူတူသုံးလိုက် .. အဲဒါဆိုရင် မင်းတို့အားလုံး ဘာမှစိုးရိမ်စရာမလိုတော့ဘူး..” အရိုးဖြူမှ ပြောလိုက်သည်။

လူများ ဆူညံပွက်လောရိုက်လာလေသည်။

အနန္တကောင်းကင်ရဲ့စွမ်းအားအကြီးဆုံး မှော်ပစ္စည်းက ဖီးနှစ်ကိုးကောင်မီးဖို မဟုတ်ဘူးလား .. နယ်မြေဆယ်ခုသင်္ကေတက ဘယ်ကရောက်လာတာလဲ..

“နယ်မြေ ၁၀ ခု သင်္ကေတက အနန္တကောင်းကင်ရဲ့ အဆင့်လွန်ရတနာ မဟုတ်ဘူး … ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုက တစ်ခြားရှေးဟောင်းမြေရဲ့ဟာ..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများသည် သူတို့အချင်းချင်း ဆွေးနွေးနေကြလေ၏။

“အကြီးအကဲ ကျွန်တော်တို့ကို တိုက်ခိုက်ခွင့်ပြုပေးလိုက်ပါ .. ကျွန်တော်တို့ မကြောက်ပါဘူး..” တစ်စုံတစ်ယောက်မှ ထပြောလိုက်သည်။

“ဟုတ်ပါတယ် .. ဘာပဲဖြစ်ဖြစ် အခုက ပထမဆုံးတိုက်ခိုက်ကြမှာလေ .. ကျွန်တော်တို့က ဘယ်လိုလုပ် မတိုက်ခိုက်ပဲနေရမှာလဲ..” လူအချို့ ဆူညံစွာ အော်ဟစ်လာသည်။

တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ဤနေရာတွင် လှုပ်ရှားမှုများ ဖြစ်လာလေ၏။

ဝူး..

လေပြင်းများတိုက်ခတ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ် လှုပ်ရှားလာလေ၏။ နယ်မြေဆယ်ခုသင်္ကေတသည် ကောင်းကင်ထက်သို့ ပျံသန်းသွားကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်အနားတွင် ဝဲလည်နေလေသည်။ ထိုသင်္ကေတမှ အလင်းတန်းများစွာထွက်ပေါ်လာပြီး တစ်ဖြည်းဖြည်းလည်း ကြီးမားလာလေသည်။

နယ်မြေဆယ်ခုသင်္ကေတသည် ပို၍ပင်ကြောက်စရာကောင်းလာသည်။ ထိုသင်္ကေတသည် တစ်ဖြည်းဖြည်းကြီးမားလာကာ ကောင်းကင်ထက်မှ ကြယ်များကို ဝါးမြိုသိမ်းဆည်းလိုက်လေ၏။

နယ်မြေဆယ်ခုသင်္ကေတနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်သည် ယခုထိ မတိုက်ခိုက်သေးသော်လည်း ပတ်ဝန်းကျင်မှာ ပြောင်းလဲလာလေပြီ။

“စစ်မြေပြင်တစ်ခု ဖြစ်လာပြီ .. သေရမှာ မကြောက်တဲ့သူတွေ တစ်ယောက်ကို တစ်ယောက် အကဲဖြတ်ဖို့ ဝင်တိုက်လို့ရတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ဝုန်း..

နယ်မြေဆယ်ခုသင်္ကေတသည် ရုတ်တရက်ပင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်နှင့် ပေါင်းစည်းသွားကာ ဆက်တိုက်ပြောင်းလဲနေလေ၏။ နောက်ဆုံးတွင်တော့ ထူးဆန်းသည့်ကမ္ဘာငယ်လေး ဖြစ်သွားလေသည်။

“တိုက်ရဲတဲ့သူတွေ လာခဲ့ကြ..” အခြားတစ်ဖက်မှလူများသည် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များအား အထင်သေးနေဆဲပင်။

ခွပ်..

အရိုးစု၏ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာလေ၏။ သူ ထပ်တောင့်မခံနိုင်တော့။ ဤလောကကြီးမှ သူ့အား တွန်းလှန်နေသောကြောင့်ပင်။

“တိုက်ခိုက်ချင်တဲ့သူ သွားတိုက်လို့ ရတယ်..” ကောင်းကင်နတ်ဘုရားကျောင်းအကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

ထို့နောက် ကျောင်းမှ တပည့်များ လှုပ်လှုပ်ရှားရှားဖြစ်လာကြလေသည်။

“သွား .. ကျွန်မတို့လည်း သွားသင့်တယ်..” ဝမ်ရှီးက ရှီဟောင်အား ပြောလိုက်သည်။

လုထော်၊ ယောင်ယွဲ့နှင့် အခြားသူများလည်း လှုပ်ရှားလာကြလေသည်။

အပိုင်း ၁၃၁၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၂၀ – ထိပ်တိုက် ရင်ဆိုင်ခြင်း

ဂျီးနီးယပ်စ်များကြားမှ တိုက်ပွဲစတင်တော့မည်။

ဤလူများမှာ ငယ်ရွယ်ကာ ရဲသွေးကြွနေသည့်သူများပင်။ သူတို့သည် စိတ်အားတက်ကြွစွာဖြင့် ခြေလှမ်းကျယ်များဖြင့်ပင် သွားနေလေ၏။ အချို့သူများမှာ ကိုယ့်ကိုကိုယ် ဂုဏ်ယူနေသလို အချို့သူများမှာ မကျေနပ်သောကြောင့် တိုက်ခိုက်လိုကြခြင်းပင်။

သဘောမတူသည့်အသံများလည်း ထွက်ပေါ်လာသည်ပင်။
” အဲဒီကို လူတွေ အများကြီးသွားရင် အများကြီး သေသွားလိမ့်မယ် .. ကျင့်ကြံဆင့်နိမ့်တဲ့သူတွေ သွားဖို့ မလိုဘူးလေ ဟုတ်တယ်မလား..” ရှီဟောင် ဝမ်ရှီးနား ကပ်၍ ပြောလိုက်သည်။

သူ့စကားကိုကြားသည်နှင့် ဘေးတွင်ရှိနေသည့်လူများစိတ်ပျက်သွားကြလေသည်။ ဒီကောင်က စင်ကြောက်တတ်တာလား..

ထိုအနက်ရောင်တောင်ထိပ်သို့ ဦးတည်သွားသည့်သူများ ရှိနေလေပြီ။ သူတို့သည် အလင်းပြင်ကြီးထဲသို့ ဝင်သွားတော့မည်။ ထိုထဲသို့ ဝင်သွားသည်နှင့် အခြားလောကတစ်ခုထဲသို့ ရောက်သွားမည်ဖြစ်ပြီး သူတို့သေမလားရှင်မလား မသိနိုင်။

အချို့လူများမှာ ခနဲ့လာပြီး ရှီဟောင်အား ကြည့်လာကြလေ၏။
“မင်းက ဝမ်ရှီးဘေးမှာ နေနေတာမဟုတ်ဘူးလား .. ကျစ် ကျစ်..” ထိုလူ ခေါင်းခါကာ ပြောလိုက်လေ၏။

ရှီဟောင်သည် ထိုလူအား ဒေါသထွက်မနေပဲ သူ့အား သတိပေးလိုက်သည်။
” သွေးဆူတာတစ်ခုတည်းနဲ့ မလုံလောက်ဘူး .. အဲဒီထဲကို ဝင်သွားပြီး ဆိုးဆိုးရွားရွားသေဖို့က တကယ်မတန်ဘူး..”

“မင်းက ထွက်ပြေးတဲ့သူ ဖြစ်ချင်နေတာများလား..” အချို့သူများ သူ့အား အံ့အားတကြီး ကြည့်လာကြလေသည်။ အားလုံးရှေ့တွင် ဤကဲ့သို့ တိုက်ရိုက်ပြောသည့်သူမျိုးကို သူတို့ မတွေ့ဖူးသေး။

“အထဲဘက်မှာ ဂိုဏ်းခေါင်းဆောင်အဆင့် ကျွမ်းကျင်သူတွေရှိရင်တော့ ကျုပ် သွားမှာပေါ့ .. ” ရှီဟောင်ပြန်ဖြေလိုက်သည်။

ဤလူများအမြင်တွင်မူ ယခုအခြေအနေမှာ တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ပင်။ ဒီလူက တကယ်ကို ‌သွေးကြောင်တာပဲ ..

မင်းသမီးယောင်ယွဲ့သည် အသာလေးရယ်မောလိုက်ပြီးနောက် ဝမ်ရှီးအား ကြည့်လာလေ၏။
“ညီမလေး.. မင်းရဲ့တာအိုရောင်းရင်းက တကယ်ချစ်စရာကောင်းတာပဲ .. တိုက်တောင် မတိုက်ရသေးဘူး ထွက်ပြေးချင်နေပြီ..”

ဝမ်ရှီးသည် ကူကယ်ရာမဲ့သွားကာ ရှီဟောင်အား စိုက်ကြည့်နေလေ၏။ သူမ၏အကြည့်များမှာ ဓားသွားကဲ့သို့ စူးရှလှသည်။

အနက်ရောင်တောင်ကြီးမှာ ကြီးမားလှပြီး အလင်းပြင်တစ်ခုဖြင့် ဝန်းရံထားခြင်း ခံရလေသည်။

ကောင်းကင်ထက်တွင် နယ်မြေဆယ်ခုသင်္ကေတနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်လည်း ဘေးချင်းကပ်လျက်ရှိနေကြလေ၏။ ထိုနေရာမှာ ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်နေလေသည်။

ဤလူများသည် တုံ့ဆိုင်းခြင်းမရှိပဲ တောင်ခြေမှတစ်ဆင့် ဝင်ရောက်သွားကြလေ၏။

ထိုသို့ဝင်နိုင်သည်မှာလည်း နယ်မြေဆယ်ခုသင်္ကေတမှ နတ်အလင်းများ ထုတ်လွှတ်နေသောကြောင့်ပင်။ မဟုတ်ပါက သူတို့ဝင်၍ရမည်မဟုတ်။

ဤသည်မှာ နယ်မြေဖြတ်ကျော်ခြင်း မဟုတ်သော်လည်း ထိုနီးနီးပင်။

ထိုနယ်မြေထဲသို့ ဝင်သွားသည်နှင့် ပန်းရနံ့များသင်းပျံ့လာပြီး ငှက်အော်သံများလည်း ကြားလာရသည်။ မြက်ပင်များနှင့် သစ်ပင်များမှာစိမ်းစိုလန်းဆန်းနေပြီး တောင်ထိပ်များတွင် ခရမ်းရောင်မြူများလည်း အုံ့ဆိုင်းနေသည်။ အချိန်နှင့်အမျှသားရဲဟစ်ကြွေးသံများလည်း ကြားနေရသည်။

အားလုံး ထိတ်လန့်သွားလေ၏။ ဤသည်မှာ သူတို့အပြင်ဘက်မှ မြင်ရသည့်မြင်ကွင်းနှင့် အတော်လေး ကွာခြားသည်။

ရှေးဟောင်းသစ်ပင်ကြီးများမှာ သက်ဝင်နေပြီး တောင်တန်းများလည်း နိမ့်လိုက်မြင့်လိုက်နှင့် ခမ်းနားလှသည်။ အချို့နေရာတွင် မြူများ ဖုံးလွှမ်းနေပြီး အချို့နေရာတွင်‌ ငွေရောင်ရေတံခွန်များ စီးဆင်းနေလေသည်။

ဤသည်မှာ သူတို့ယခင်က မြင်ခဲ့ရသည့် အနက်ရောင်တောင်ထိပ်ကြီး လုံးဝ မဟုတ်တော့။ နယ်မြေအသစ်ဖြစ်သွားလေပြီ။

သူတို့နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် လူများကို မမြင်ရတော့။ ဘာကိုမှမမြင်ရပဲ နယ်ခြားနံရံကိုသာ မြင်နေရသည်။

အပြင်ဘက်မှလူများလည်း ထိုအတိုင်းပင်။ ဝင်သွားသည့်သူများကို သူတို့မမြင်ရတော့။

“ငါတို့ပြန်ထွက်လို့မရပဲနဲ့ အထဲမှာ ပိတ်မိတော့မှာလို့တော့ ငါ့ကို မပြောနဲ့နော်..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။

သူ နယ်ခြားနံရံကို လက်ညှိုးဖြင့် ထိုးကြည့်လိုက်သည့်အချိန်တွင် တွန်းကန်အားတစ်ခုကို ခံစားလိုက်ရပြီး ဖရိုဖရဲအလင်းများထွက်ပေါ်လာလေ၏။ ထိုနေရာသည် မာကျောလှကာ ဖောက်ထွက်နိုင်ရန် ခက်ခဲလှသည်။

“မင်း တကယ် ထွက်ပြေးချင်နေတာလား..”

“ရှောင်ပြေးတဲ့သူတစ်ယောက်ဖြစ်ရတာ မကောင်းဘူး မင်းသိလား..” အချို့က စိတ်ရင်းကောင်းဖြင့် သူ့အား ပြောကြလေသည်။

ဝမ်ရှီးမှာ မျက်နှာပျက်ယွင်းနေလေ၏။ ဤလူမှာ အလွန်စိတ်ပျက်စရာကောင်းသည်ဟု သူမ ခံစားနေရသည်။ သူနှင့်အတူ ခရီးထွက်ရခြင်းမှာ မျက်နှာပျက်စရာကောင်းလှသည်။

သို့သော်လည်း ထူးဆန်းနေသည်ဟု အားလုံးခံစားနေရသည်။ သူတို့ ပြန်လမ်းပိတ်သွားလေပြီ။ ဤသည်မှာ အပြင်ဘက်ရှိ လောကနှင့် လုံးဝကွဲပြားနေသည်။
ဘာ ဆက်ဖြစ်မှာလဲ..

“ငါတို့ နယ်မြေ၁၀ခု သင်္ကေတထဲ ရောက်နေတာဖြစ်နိုင်တယ် .. ငါတို့က ပန်းချီကားထဲက လူတွေဖြစ်နိုင်တယ်..” တစ်စုံတစ်ယောက်မှ ကောက်ချက်ချလိုက်သည်။

“အတိအကျပြောရမယ်ဆိုရင် ငါတို့က အဆင့်လွန်ရတနာက ဖန်တီးထားတဲ့နေရာထဲကို ရောက်နေတာ .. ဒီနေရာက ရှေးဟောင်းမြေတွေထက်တော့ ကျဉ်းမှာ မဟုတ်ဘူး..”

သူတို့ အချင်းချင်း စတင်ဆွေးနွေးလာကြလေသည်။

“မဟုတ်သေးဘူး .. ငါ နယ်မြေ၁၀ခုသင်္ကေတရဲ့ ပုံတူကို မြင်ခွင့်ရခဲ့ဖူးတယ် .. သူ ဖွင့်တဲ့လောကကြီးက ဒီလိုမျိုးလောကကြီး မဟုတ်ဘူး..” ရွှမ်ခွန် ပြောလိုက်သည်။

အဆင့်လွန်ရတနာများအားလုံးတွင် ပုံစံတူများရှိသည်။ အဆင့်နိမ့်နယ်မြေတွင်ပင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်၏ပုံစံတူများကို ရှီဟောင်မြင်ဖူးသည်ပင်။

အချို့ပုံစံတူများမှာ အတော်လေးကောင်းမွန်သော်လည်း အစစ်ကိုတော့ မယှဉ်နိုင်ပေ။

“ဒါက နယ်မြေ ၁၀ ခုသင်္ကေတတစ်ခုတည်းဖန်တီးထားတာမဟုတ်ဘူး .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးရှုံ့အိတ်ထဲမှာ ပါတဲ့လောကကြီးလည်းဒါပဲ .. အဲဒီပစ္စည်းနှစ်မျိုးပေါင်းပြီးတော့ ဒီလိုမျိုးဖြစ်လာတာ..”

သူတို့ရှေ့တွင် ရွှေ့ပြောင်းသည့်အစီအရင်တစ်ခု ပေါ်လာလေသည်။ ထိုအစီအရင်တွင် ခရမ်းရောင်မြူများ ထွက်ပေါ်နေလေ၏။

“သူတို့နဲ့တွေ့ဖို့ ဘာလုပ်ရမှာလဲ .. ငါတို့ သူတို့နဲ့ ဘယ်လိုတိုက်ခိုက်ရမှာလဲ .. ဒီရွှေ့ပြောင်းတဲ့အစီအရင်ကို သုံးရမှာလား..”

သူတို့ အတူတကွ လှုပ်ရှားလိုက်ကြ၏။ သူတို့နောက်တွင် ယခုမှ တစ်ယောက်ပြီးတစ်ယောက်ရောက်လာသည့်သူများလည်း ရှိနေသည်။ ဤလောကမှာ နယ်မြေ ၁၀ ခုသင်္ကေတနှင့် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရှုံ့အိတ်နှစ်ခုလုံးမှ ထိန်းချုပ်နေသည့် လောကဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြလေ၏။
ဤနေရာမှာ အတော်လေးငြိမ်းချမ်းနေသောကြောင့် ထောင်ချောက်တစ်ခုဟု ပြော၍မရ။ တစ်ဖက်မှသက်ရှိများကို တွေ့ရန်အတွက် သူတို့ ဤနေရာရှိ ရွှေ့ပြောင်းခြင်းသင်္ကေတကို အသုံးပြုရမည်ပင်။

ရွှေ့ပြောင်းခြင်းအစီအရင် အသက်ဝင်သွားသည်နှင့် သူတို့ဤနေရာမှ ချက်ချင်းပျောက်ကွယ်သွားကာ ကျယ်ပြောလှသည့်နေရာတစ်ခုသို့ ရောက်လာသည်။ ဤနေရာတွင်ရှိနေသည့် အနီရောင်ကျောက်တောင်ကြီးမှာ ထူးခြားလှသည်။

သူတို့ပတ်လည်တွင် ရှေးဟောင်းသစ်ပင်များပြည့်နေသည့် တောအုပ်များရှိနေပြီး အလယ်တွင် ကန္တာရကဲ့သို့ဖြစ်နေသည်။ ဤသည်မှာ စစ်မြေပြင်ပြုလုပ်ရန်အတွက် သင့်တော်လှသည်။

ထိုအချိန်တွင် အခြားတစ်ဖက်မှ လူများ ထွက်လာကြသည်။ အားလုံး၏အော်ရာမှာ ထူးခြားလှပြီးအကြည့်များမှာလည်း လျှပ်စီးများကဲ့သို့ပင်။ သူတို့သည် ပုခုံးချင်းယှဉ်လျှောက်လာကြကာ အားလုံးထံတွင် ထာဝရစွမ်းအင်များ စီးဆင်းနေလေ၏။

ဤလူများထဲတွင် အားနည်းသည့်သူတစ်ယောက်မှ မပါ။ အားလုံးမှာ ထိပ်တန်းအဆင့် ဂျီးနီးယပ်စ်များပင်။ ထို့အပြင် အရိုးဖြူ ပြောသလို အားလုံးမှာ ငယ်ရွယ်သည့်သူများပင်။

အားလုံးမှ အလွန်မာနကြီးကြကာ ဤဘက်မှလူများကိုလည်း အထင်သေးနေကြသည်။

အဘယ်ကြောင့်ဆိုသော် ယခင်ကတည်းမှ ယခုအချိန်ထိ သူတို့အမြဲတမ်း အနိုင်ရနေသောကြောင့်ပင်။

ရှီဟောင် ဤလူများကို‌ လေ့လာကြည့်လိုက်သည့်အချိန်တွင် အချို့လူများမှာ တကယ်ကို ထူးခြားလှသည်။ သူတို့ခန္ဓာကိုယ်ထဲရှိ သွေးစွမ်းအင်များကို ထိန်းချုပ်ထားသော်လည်း ရှီဟောင်၏ ကောင်းကင်မျက်လုံးအောက်တွင် ဤသည်မှာ အချိန်မရွေးပေါက်ကွဲမည့် မီးတောင်များကဲ့သို့ဖြစ်နေသည်။

“မင်းတို့အားလုံးက လောကကြီးရဲ့အခြားတစ်ဖက်က ရက်စက်တဲ့သတ္တဝါတွေမှ မဟုတ်တာ .. ငါတို့နဲ့လူမျိုးအတူတူပဲ .. ငါတို့ ဘာလို့ ဒီလိုမျိုး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြမှာလဲ..” ရှီဟောင် တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်။

အခြားတစ်ဖက်မှလူများထဲတွင် အချို့သူများ၏အကြည့်များမှာ အေးစက်နေပြီး အချို့သူများ၏ခန္ဓာကိုယ်များမှာ တောက်ပနေသည်။

“မင်းလိုမျိုးလူက ငါတို့ရဲ့လူမျိုးစုအတူတူပဲလို့ သတ်မှတ်ရဲတယ်ပေါ့..” ထိုဘက်မှ အချို့လူများ ချက်ချင်းပင် မကျေမနပ်ပြောလာလေသည်။

ရှီဟောင်ဘက်တွင်ရှိနေသည့်လူများလည်း ဆွံ့အသွားရ၏။ သူတို့ဘက်က မည်သူအသံပို့လွှတ်လိုက်မှန်း သူတို့ မသိ။ ဘာလို့ ဒီလိုမျိုးလုပ်နေတာလဲ .. ဒီလိုပြောလိုက်တာက တစ်ဖက်လူကို ပိုပြီး အထင်သေးသွားအောင်လုပ်လိုက်တာပဲ အဖတ်တင်တယ်..

သို့သော်လည်း တစ်ဖက်မှလူများကိုကြည့်ပြီး သူတို့ကိုယ်တိုင်လည်း မေးခွန်းထုတ်နေကြသည်။ နှစ်ဘက်လုံးမှာ ထိုမျှမကွဲပြားပေ။

ထိုဘက်တွင် လူသားမျိုးနွယ်စုကျွမ်းကျင်သူများပါသကဲ့သို့ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုတွင်ရှိသည့် ဖီရှူး၊ ဥဒေါင်း၊ ချီဝမ်၊ ချုန်းချီကဲ့သို့သော သက်ရှိများလည်း ရှိနေသည်။

သူတို့က လူမျိုးစုအတူတူပဲကို ဘာလို့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေမှာလဲ.. ဒီရန်လိုမှုတွေက လူမျိုးစုတူ အချင်းချင်းကြားက သတ်ဖြတ်မှုတွေပဲလား..

“ငါတို့က အရင်းအမြစ်တစ်ခုတည်းက ဆင်းသက်လာကြတဲ့သူတွေပဲ မဟုတ်ရင် ငါတို့က ဘာလို့ ဒီလောက်တူနေကြမှာလဲ .. ငါတို့ရဲ့သွေးမျိုးဆက်တွေတောင်မှ ခွန်အားအတူတူပဲ..” ရှီဟောင် တိတ်တဆိတ်အသံထပ်မံပို့လွှတ်လိုက်သည်။

သူက နယ်ခြားစပ်၏ အခြားတစ်ဖက်ကို သွားလည်ဖူးသောကြောင့် ထိုရှေးဟောင်းနယ်မြေမှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုနှင့် အတူတူပင်ဖြစ်သည်ကို သူ သိသည်။ ထိုနေရာတွင် ကျွမ်းကျင်သူများစွာရှိနေသော်လည်း ရန်သူအစစ်ရှိနေသည့်နေရာ မဟုတ်။

ထိုနေရာသည် ယခင်က ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ၁၀ခုနှင့်အတူတကွ ရှိခဲ့သည့်နေရာဖြစ်နိုင်သည်။

“မင်းတို့အားလုံးက နတ်ဆိုးတွေ .. မင်းတို့တွေက ကူးစက်ခံထားရပြီးတော့ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာကို မေ့သွားကြပြီ .. မင်းတို့ရဲ့အဆုံးအဖြတ်ကို လက်ခံလိုက်ကြတော့..”

ထိုကဲ့သို့သော ဟစ်ကြွေးသံကို ကြားလိုက်သည်နှင့် ယောင်ယွဲ့နှင့်လုထော်တို့ပင် ဆွံ့အသွားရသည်။ ဒီလူတွေက ဘာလို့ဒီလိုမျိုးပြောနေတာလဲ..

ရှီဟောင် သက်ပြင်းချလိုက်သည်။ သူတောင် ဝန်မခံချင်သလို လက်မခံချင်တာ တစ်ဖက်လူက သူပြောတာတွေကို ဘယ်လိုလုပ် အသိအမှတ်ပြုမှာလဲ..

အဘယ်ကြောင့်ဆိုသော် သူပြောသည်မှာ အမှန်တရားဆိုလျှင် ဤလူများသည် ချက်ချင်းပင် ငရဲကြီး ၁၈ ထပ်သို့ကျသွားသကဲ့သို့ ခံစားရလိမ့်မည်။ သူတို့သိထားသမျှအရာအားလုံး ပြောင်းပြန်ဖြစ်သွားပြီး သူတို့ယုံကြည်မှုများလည်း ပျက်စီးသွားလိမ့်မည်။

“ဟားဟား..”
အေးစက်နေသည့်ရယ်သံကြီးတစ်သံ ထွက်ပေါ်လာလေသည်။
” မင်းတို့ထဲက လူတစ်ချို့ ငါတို့လောကထဲကို ရောက်လာတာလား .. အရင်တစ်ခေါက်တုန်းက ဘိုးဘေးက ထူးဆန်းတာတစ်ခုခုကို အာရုံခံမိလိုက်တယ် .. ပြီးတော့ ပိုးကောင်လေးတစ်ကောင် လွတ်သွားတယ်လို့ ပြောတယ် .. ကြည့်ရတာ ပိုးကောင်က ဒီရောက်နေတာထင်တယ်..”

ထိုစကားကို ကြားလိုက်သည်နှင့် ရှီဟောင် ချက်ချင်း ဆွံ့အသွားရသည်။

“ငါနဲ့တိုက်ခိုက်လိုက်ရင် ဘာဖြစ်ခဲ့တယ်ဆိုတာ မင်းတို့နားလည်သွားမယ်ထင်တယ်..” ထိုလူနောက်တစ်ကြိမ် ထပ်ပြောလိုက်လေ၏။ သူသည်လည်း အသံပို့လွှတ်နေခြင်းဖြစ်ပြီး လူလုံး ထွက်မပြပေ။

ရှီဟောင် မွေးညှင်းများထောင်ထသွားရပြီး ဤလူမှာ အလွန်အန္တရာယ်များသည်ဟု ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဤလူမှာ ရန်သူအစစ်များရှိနေသည့်နေရာမှ လာသည့်သူဟု ရှီဟောင် ခံစားလိုက်ရသည်။

“ငါ မင်းကို အသက်ရှင်လျက် ဖမ်းပြမယ်…” ရှီဟောင် အသံပို့လွှတ်လိုက်သည်။ သူ ဤကိစ္စကို အောက်ခြေထိ သိအောင် လုပ်ချင်သည်။

အပိုင်း ၁၃၂၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset