သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၁ – အလွန်တောက်ပခြင်း
မုန့်ယွင်သည် အရှေ့သို့ထပ်တက်လာသည့်သူများကို ပြင်းထန်စွာပင် တိုက်ခိုက်လိုက်လေသည်။ သူတို့ထဲမှ တစ်ယောက်သည် သွေးအန်သွားကာ ဒဏ်ရာများလည်း ပြင်းထန်လှပေသည်။
နောက်ဆုံးတွင် ချောင်းဟန့်သံတစ်သံထွက်လာပြီးနောက် တောင်ဂိတ်တံခါးထဲမှ လူအချို့ထွက်လာကြလေသည်။ ထိုသူများထဲတွင် အံ့အားသင့်စရာကောင်းလောက်သော အော်ရာများထုတ်လွှတ်နေသည့် သူတစ်ချို့လည်းပါလေသည်။
“မုန့်ယွင် .. မင်း ဘာလို့ ဒီလိုမျိုးလွန်လွန်ကျူးကျူးတွေ လာလုပ်နေတာလဲ..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။
ယခုရောက်လာသည်မှာ လူအတော်လေးများသည်ပင်။ ထိုလူများသည် အုပ်စုကွဲသွားကြလေ၏။ ထိုအုပ်စုများထဲတွင် အစိမ်းရောင်ဆံပင်များကို ပုခုံးထိဖြန့်ချထားသည့် လူငယ်တစ်ယောက်လည်း ပါဝင်လေသည်။
ထိုလူငယ်လေး ပတ်လည်တွင်လည်း ဝန်းရံထားသည့် လူများစွာ ရှိနေသောကြောင့် သူသည် ပို၍ထားခြားနေလေသည်။
“လုထော် ပေါ်လာပြီ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
လုထော် .. ဤသည်မှာ စွမ်းအားကြီးသည့်လူတစ်ယောက်ပင်။ သူသည် တာအိုစင်္ကြံပေါ်တွင် ထိုင်နေခြင်းပင်။ ကျောင်းမှလက်ရွေးစင်များလည်း သူ့အနားတွင် ဝန်းရံနေကြလေသည်။
ဤလူသည် တစ်ခါမှ မရှုံးနိမ့်ဖူးဘူးဟု ဒဏ္ဍာရီရှိသည့်သူပင်။ သူသည် အလွန်ချောမောခန့်ညားသော်လည်း သူစကားပြောလိုက်သည်နှင့် မိုးခြိမ်းသံကဲ့သို့ဖြစ်သွားပြီး ထာဝရစွမ်းအင်ကျင့်ကြံထားသည့်သူများကိုပင် ပေါက်ကွဲသွားအောင် ပြုလုပ်နိုင်သည်ပင်။ ဤလူကို ထိပ်တိုက်ရင်ဆိုင်၍မရပေ။
သူသည် ရှေးဟောင်းကောင်းကင်ပညာတစ်ခုကို ပိုင်ဆိုင်ထားသောကြာင့် သူနှင့်ရွယ်တူများထက် သာလွန်သည်ပင်။ ယခု သူ ပေါ်လာလေ၏။
မုန့်ယွင်၏အမူအရာပြောင်းလဲသွားကာ ချက်ချင်းနောက်ဆုတ်သွားလေ၏။
လုထော်ရှေ့တွင် မုန့်ယွင်ကဲ့သို့ ထာဝရစွမ်းအင် ၂ ကြောင်းကျင့်ကြံထားသည့် စွမ်းအားကြီးသည့်သူပင်လျှင် တိုက်ခိုက်လိုစိတ်နည်းနည်းမှ မပြရဲပဲ နောက်ပြန်ဆုတ်သွားရသည်ပင်။
ထိုအချိန်တွင် တောင်ဂိတ်တံခါးများပွင့်လာပြီး လူများစွာ ထွက်လာကြလေသည်။ လုထော်နှင့်အတူ အခြားနာမည်ကြီးသည့်သူများလည်း ပါလာသည်ပင်။
“အဓိကတပည့်တွေ ထွက်လာပြီ .. သူတို့နောက်လိုက်တွေ ရွေးတော့မယ်..” တစ်စုံတစ်ယောက်မှ အံ့အားတကြီးပြောလိုက်သည်။ ဤနေရာမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားလေသည်။
လူအုပ်ကြီးသည်လည်း လုထော်တို့ထံသို့ တရှိန်ထိုးပြေးသွားကြလေသည်။
ရှီဟောင်မှာမူ အနည်းငယ် ဆွံ့အနေလေသည်။ ဤကဲ့သို့သောနေရာမျိုးအတွက်ပင်လျှင် ဤမျှပြင်းထန်နေသောကြောင့် တပည့်ရွေးချယ်ပွဲမှာ မည်မျှပင် ခက်ခဲခဲ့သည်ကို စဉ်းစားကြည့်နိုင်သည်ပင်။
ရှီဟောင်သက်ပြင်းချလိုက်ပြီး ယခုတစ်ခေါက်တွင်တော့ သူ ထင်ထားသလို ချောချောမွေ့မွေ့မဖြစ်တော့ဘူးဟု ခံစားနေရသည်။ ဤမျှနောက်ကျသည့်သူကို ကောင်းကင်နတ်ဘုရားကျောင်းက ဘယ်လိုလုပ် မငြင်းပဲ နေမည်နည်း..
ရှီဟောင်မျက်မှောင်ကြုတ်ကာ စတင်စဉ်းစားလိုက်သည်။
သူ၏ပါရမီနှင့် အင်အားနှင့်ဆိုလျှင် သူဝင်နိုင်လိမ့်မည်။ ကောင်းကင်နတ်ဘုရားကျောင်းမှ သူ့အားငြင်းစရာအကြောင်းမရှိ။ သို့သော် ယွမ်ချင်း သူ့အား ၁၀ နှစ်ခန့်ဖိနှိပ်ထားချင်နေသည်ကို ပြန်စဉ်းစားမိသွားသည့်အချိန်တွင် သူ မသက်မသာဖြစ်လာရသည်။
သူ့ကို ဆန့်ကျင်နေသည့်သူရှိနေသည်။ ထို့အပြင် ထိုသူမှာ အာဏာရှိသည့်သူတစ်ယောက်ပင်။
ရှီဟောင်၏မျက်ဝန်းများ အေးစက်လာလေသည်။
နောက်ထပ်လူတစ်စု ရောက်လာလေပြီ။ ကျွမ်းကျင်သူများစွာသည် လူငယ်လေးတစ်ယောက်ကို ခြံရံလျက် လမ်းလျှောက်လာကြလေသည်။
ဖုန်းရှင်းထျန်..
ဤသည်မှာ လေကလန်မှ စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်တစ်ယောက်ပင်။ သူသည် သူ၏ဘိုးဘေးနှင့်ပင်ယှဉ်နိုင်လေသည်။
သူသည် ကောင်းကင်ဘုံကိုးခုတွင် နာမည်ကြီးပြီး စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်များထဲမှ တစ်ယောက်ပင်။
ရှီဟောင် သူ့အော်ရာများကို ရုတ်သိမ်းထားလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤလူသည် အလွန်စွမ်းအားကြီးပြီး ကြောက်စရာကောင်းလောက်သည့် နတ်ခွန်အားကို ပိုင်ဆိုင်ထားသည်ဟု သူပြောနိုင်သည်။
တစ်ချိန်တည်းမှာပင် ဖုန်းရှင်းထျန်သည် တစ်ခုခုကို အာရုံခံမိသွားကာ တစ်နေရာကို ကြည့်လိုက်ပြီးနောက် အံ့အားသင့်သည့်ပုံစံဖြစ်သွားလေ၏။
“ဟမ် .. မြန်မြန်ကြည့် .. မင်းသမီး ယောင်ယွဲ့လည်း ရောက်လာပြီ..”
ယောက်ျားလေးအုပ်စုသည် စိတ်လှုပ်ရှားနေကြကာ မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်နေကြလေ၏။ သူတို့အားလုံးမှာ ရှားပါးသည့်ရတနာတစ်ခုကို ကြည့်နေကြသကဲ့သို့ မျက်လုံးများ အရောင်တောက်လာကြလေသည်။
မင်းသမီးယောင်ယွဲ့က ဘယ်သူလဲ..
ရှီဟောင် မသိသောကြောင့် ထိုနေရာသို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် ကျက်သရေရှိစွာ လျှောက်လာနေသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ နေ့ခင်းအချိန်ဖြစ်သော်လည်း သူမခန္ဓာကိုယ်တစ်ဝိုက်တွင် လရောင်ကဲ့သို့သောရေများဝန်းရံထားလေ၏။
သူမသည် ပေါ့ပါသည့်အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး မျက်နှာလေးလည်း ကျက်သရရှိလှသည်။
ရှီဟောင် ထိတ်လန့်သွားရ၏။ အားလုံးကိုမေ့ထားလိုက်လျှင်ပင် သူမ၏ဝိညာဉ်စွမ်းအင်မှာ ကြောက်စရာကောင်းလှသည်။ သူမသည်လည်း သူမနှင့်သက်တူရွယ်တူအားလုံးကို လွှမ်းမိုးထားနိုင်မည်ပင်။ သူမ မျက်တောင်ခတ်လိုက်သည့်အချိန်တိုင်း ဝိညာဉ်စွမ်းအင်များမှာ ထိတွေ့ကိုင်တွယ်၍ရသည့်ပစ္စည်းတစ်ခုကိုပင် ဖန်တီး၍ရနိုင်လောက်သည်။
သို့သော် ဤသည်မှာ သူကောင်းကင်မျက်လုံးများဖြင့် ကြည့်သောကြောင့် မြင်နေရခြင်းပင်။ သာမန်မျက်လုံးဖြင့်ဆိုပါက ဤမျှစွမ်းအားကြီးသည့် ဝိညာဉ်စွမ်းအားကို တွေ့နိုင်မည်မဟုတ်ပေ။
ထိုအမျိုးသမီးသည်လည်း သူမထက်အားမနည်းသော စွမ်းအားကြီးသည့်ဝိညာဉ်စွမ်းအားကို အာရုံခံမိလိုက်သောကြောင့် သူ့ဘက်သို့ လိုက်ရှာလာလေသည်။
ရှီဟောင် သူ့အော်ရာကို ရုပ်သိမ်းလိုက်ကာ တိတ်ဆိတ်စွာပင် စောင့်ကြည့်နေလိုက်သည်။
“မင်းသမီးယောင်ယွဲ့က ရှေးဟောင်းအင်ပါယာတရားရုံးက လာတာ ပြီးတော့ သက်ရှည်မိသားစုကနေ ဆင်းသက်လာတာ..” တစ်စုံတစ်ယောက်မှ ဤအမျိုးသမီး၏ ဇစ်မြစ်ကို ပြောပြနေလေသည်။
အခြားသူများမှာမူ သက်ပြင်းချလိုက်ကြလေသည်။ သူမလာခဲ့သည့်နေရာမှာ စွမ်းအားကြီးလှသည်။ သက်ရှည်မိသားစုမှ ဖြစ်ရုံသာမက အင်ပါယာတရားရုံမှ လာခြင်းဖြစ်သောကြောင့် သူမသည် သေချာပေါက်ပင် စွမ်းအားကြီးမည်ပင်။
မင်းသမီးယောင်ယွဲ့သည် ကောင်းကင်နတ်ဘုရားကျောင်းတွင်လည်း နာမည်ကြီးသည့်သူပင်။ အပြင်လူများသာမက ကျောင်းမှ တပည့်များပင်လျှင် သူမအား လောင်ကျွှမ်းနေသည့်မျက်လုံးများဖြင့် ကြည့်နေခြင်းပင်။
ထို့နောက်တွင် အဓိကတပည့်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသောကြောင့် လေထုမှာ ပို၍တင်းမာလာလေသည်။
“မင်း လာခဲ့..”
လုထော်သည် အလွန်လှပကာ ဂုဏ်ကျက်သရေရှိလှသည့် အမျိုးသမီးတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ သူမ လမ်းလျှောက်သည့်အချိန်တွင်လည်း ကျက်သရေရှိလှသည်ပင်။
ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးသည် နာမည်ကြီးသည့် ရှေးဟောင်းတိုင်းပြည်မှလာသည့် မိန်းမပျိုလေးပင်။ သူမ၏ဂုဏ်သတင်းလည်း ကြီးမားသည်ပင်။
ထိုမိန်းမပျိုလေးသည် အစက ထိတ်လန့်သွားသော်လည်း နောက်တွင် လုထော်ဘေးသို့ လျှောက်သွားလိုက်ပြီး သူ့နောက်လိုက်ဖြစ်သွားလေသည်။
“သူက ကိုယ်လုပ်တော်ဖြစ်သွားမှာလို့တော့ ငါ့ကို မပြောနဲ့နော်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဝုန်း..
ဤနေရာမှာ ပို၍ပင် ဆူညံလာကာ လူများစွာသည် ထိုနေရာကို စိုက်ကြည့်လာကြလေသည်။
သို့သော် လုထော်နှာခေါင်းရှုံ့လိုက်သည့်အချိန်တွင် ထိုဆူညံသံများအားလုံး တိတ်ဆိတ်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် ထိုနှာခေါင်းရှုံ့သည့်အသံသည် သူတို့စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ သူတို့၏နားများပင် နာကျင်လာရပြီး သူတို့ခန္ဓာကိုယ်လည်း လွှဲရမ်းလာလေသည်။ အချို့မှာ ထိုနေရာတွင်ပင် လဲကျမတတ်ဖြစ်သွားလေ၏။
“ဟမ် .. မင်းသမီးယောင်ယွဲ့လည်း တစ်ယောက်ယောက်ကို ရွေးတော့မယ် .. သူ အစေခံနှစ်ယောက်လိုတယ် .. ပြီးတော့ ရထားလုံးကို ဆွဲဖို့ ရှေးဟောင်းသားရဲတစ်ကောင်ရောပဲ..”
ထိုသတင်းပျံ့သွားသည်နှင့် အားလုံးသည် သူတို့ကိုဝယ်ယူရန်အတွက် အကောင်းဆုံးကြိုးစားနေကြလေသည်။
“ဘုရားရေ .. အဲဒါ ကျားဖြူကလန်က ထူးချွန်တဲ့လူငယ်လေး ပိုင်ဟုန် မဟုတ်ဘူးလား .. သူက တကယ်ကို ရထားလုံးဆွဲချင်နေတာလား..”
“ဒါက အရမ်းကို မသင့်တော်လွန်းတယ် .. သူက ဘာလို့ ဒီလိုဆုံးဖြတ်ချက်မျိုးကို ချလိုက်တာလဲ..”
လူများစွာသည် ထိုဘက်သို့ မယုံကြည်နိုင်စွာ ကြည့်နေကြလေသည်။
ပိုင်ဟုန် .. အဖြူရောင်အဝတ်အစားနှင့် မြင့်မြတ်သည့်သွေးမျိုးဆက်မှ လူငယ်လေးတစ်ယောက် .. ယခင်က သူသည် တပည့်အဖြစ်ရွေးချယ်ခံရတော့မည်ဖြစ်သော်လည်း မထင်ထားသည့်အဖြစ်အပျက်အချို့ကြောင့် ရှုံးနိမ့်သွားခဲ့ရလေသည်။
ယခု သူ့အပြုံးမှာ နွေးထွေးလှလေသည်။ သူသည် ခုန်လိုက်ပြီးနောက် သူ၏မူလပုံစံဖြစ်သည့် ကျားဖြူကို ပြန်ပြောင်းလိုက်လေ၏။ သူသည် မင်းသမီးယောင်ယွဲ့၏ ရထားလုံးကို ဆွဲမည့်နတ်သားရဲဖြစ်ဖို့ဆန္ဒရှိနေသည်ပင်။
ဤသည်မှာ သတင်းကြီးပင်။
“ပိုင်ဟုန်က ဘာလုပ်ချင်နေတာလဲ .. သူ့ရဲ့အဆင့်အတန်းကိုတောင် လျစ်လျူရှုပြီးတော့ ရထားလုံးဆွဲတဲ့ သားရဲလုပ်တော့မှာလား..”
မင်းသမီးယောင်ယွဲ့သည် မျက်လုံးပေါင်းတစ်သောင်း၏ အာရုံစိုက်ရာဖြစ်လာလေသည်။
လေကလန်မှ ဘိုးဘေးနှင့် ယှဉ်နိုင်သည်ဆိုသည့် ဖုန်းရှင်းထျန်ထွက်လာသည့်အချိန်မှသာ အားလုံး၏အာရုံမှာ တစ်ဖြည်းဖြည်းချင်း ရွေ့သွားလေသည်။
လှပသည့်မိန်းကလေးအချို့နှင့် ယုံကြည်မှုရှိသည့် လူငယ်အချို့သည်လည်း အရွေးခံရနိုးဖြင့် အရှေ့သို့တိုးသွားလိုက်လေသည်။
သိပ်မဝေးသည့်နေရာတစ်ခုမှာ ရုတ်တရက်ပင် တိတ်ဆိတ်သွားလေ၏။
သို့သော် ခဏကြာပြီးသည့်နောက်တွင် ပြန်လည်ဆူညံလာလေသည်။
“မမလေး ဝမ်ရှီးရောက်လာပြီ .. သူလည်း နောက်လိုက်ရွေးတော့မယ်..”
ဤသတင်းမှာ မိုးကြိုးကဲ့သို့ပင် ပျံ့နှံ့လာပြီးနောက် မြေကြီးပင် လှုပ်ခါသွားလေသည်။ တောင်အပြင်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူများသည် မျှော်လင့်တကြီးဖြင့် သူမရှိနေသည့်နေရာသို့ ကြည့်လာကြလေသည်။
“သက်ရှည်မိသားစု ဝမ်ကလန်က တောက်ပတဲ့ပုလဲလုံးလေး .. သူက ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားတာ .. သူက စွမ်းအားကြီးပြီးတော့ တစ်မိုးအောက်တစ်ယောက်ပဲ ..
ထိုအော်သံများကို ကြားလိုက်ရသည်နှင့် သူမမည်သူဖြစ်သည်ကို ရှီဟောင် သိလေပြီ။ သူ့ခေါင်းပေါ်တွင်ရှိနေသည့် စိန်ခေါင်းပတ်ကြီးမှာ သူမ ကလန်သားများ သူ့ခေါင်းပေါ်တင်ပေးလိုက်ခြင်းပင်။ ပြောရမည်ဆိုလျှင် ရှီဟောင်မှာ သူမ အစေခံဖြစ်နေလေပြီ။
“တကယ်ကို လှတာပဲ ..” လူများစွာမှာ အံ့အားတကြီးပင် သက်ပြင်းချလိုက်ကြလေ၏။
ဤကျင့်ကြံဆင့်သို့ ရောက်သည်နှင့် အလှလေးများမှာစိတ်လှုပ်ရှားရန် ခက်ခဲသည်ပင်။
ဤမိန်းမပျိုလေးမှာ ပုံပန်းသွင်ပြင်ဖြစ်စေ ဝိညာဉ်ပိုင်းဖြစ်စေ သူမကို ပြိုင်ဘက်ကင်းသည့်အလှတရားဖြစ်အောင် လုပ်ပေးထားသည်ပင်။
မင်းသမီးယောင်ယွဲ့ပေါ်လာသည့်အချိန်တွင် အုတ်အော်သောင်းတင်းဖြစ်ခဲ့သော်လည်း ဝမ်ကလန်မှ မမလေးထွက်လာသည့်အချိန်တွင်လည်း အားလုံး၏အာရုံမှာ သူမထံသို့ ရောက်လာသည်ပင်။
သူမသည် လေးနက်စွာဖြင့်ပင် အစေခံများကို ရွေးချယ်နေလေ၏။ သူမ၏မျက်လုံးများမှာ အားလုံးကို တစ်ယောက်ချင်းစီသေချာကြည့်နေသည်။ သို့သော်လည်း သူမ ချက်ချင်းဆုံးဖြတ်ချက်မချသေးပေ။
ရှီဟောင်ကို ရုတ်တရက်တွေ့လိုက်ရသည့်အချိန်တွင် သူမ၏မျက်လုံးမှ နတ်အလင်းထွက်ပေါ်လာပြီးနောက် သူ့ထံသို့ လျှောက်သွားလိုက်လေသည်။
အပိုင်း ၁၂၉၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၂ – နတ်သမီးဝမ်ရှီး
ဝမ်ရှီး.. မယုံကြည်နိုင်လောက်အောင် လှပသည့်သူ .. သူမ၏ဘဲဥပုံမျက်နှာမှာ ကျောက်စိမ်းကဲ့သို့ချောမွေ့နေပြီး မျက်တောင်မွေးများလည်း ကော့တက်နေသည်။ မျက်လုံးများမှာလည်း ကျောက်စိမ်းတုံးများကဲ့သို့ပင်။ သူမနှာတံလည်းဖြောင့်စင်းနေကာ နှုတ်ခမ်းများလည်း နီရဲနေလေ၏။
သူမ၏ပုံရိပ်မှာ ရှည်လျားဖြောင့်တန်းနေပြီး သူမလမ်းလျှောက်လိုက်တိုင်းတွင် နတ်ကြာပန်းယိမ်းနွဲ့နေသကဲ့သို့ပင်။ ထိုဝတ်စုံရှည်ပင်လျှင် သူမ၏ကောက်ကြောင်းများကို မဖုံးကွယ်ထားနိုင်ပေ။
လူအုပ်ကြီးသည် သူမကိုကြည့်ကာ အသက်ရှူသံများကြမ်းတမ်းလာလေ၏။ သူမသည် ပန်းချီကားထဲမှ ထွက်လာသည့် နတ်သမီးတစ်ယောက်ကဲ့သို့ပင်။
ဤကဲ့သို့ ပြိုင်ဘက်ကင်းသည့်အမျိုးသမီးမပြောနှင့် အားလုံးမှာ လှပသည့်လူများကို နှစ်သက်ကြသည်သာ။ ဘေးပတ်လည်တွင်ရှိနေသည့် စကားပြောသံများအားလုံးရပ်တန့်သွားလေသည်။
ရှီဟောင်သည် ပြဿနာမဖြစ်ချင်သောကြောင့် အခြားသူများကဲ့သို့ သူမအား တောက်လောင်နေသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ အခြားသူများနှင့်တူရန် အတတ်နိုင်ဆုံးကြိုးစားနေလေသည်။
သူ လူအုပ်ကြီးနှင့် ရောနှောနေချင်သော်လည်း ကျရှုံးခဲ့သည်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမလှလေးသည် သူ့ထံသို့ တည့်တည့်လျှောက်လာနေသောကြောင့်ပင်။
ဝမ်မိသားစု၏ပုလဲလုံးလေးဖြစ်သည့် ဝမ်ရှီး၏ဝိညာဉ်စွမ်းအားမှာ ကြောက်စရာကောင်းလောက်အောင်ပင် စူးရှလှလေ၏။
အတော်ဝေးဝေးမှပင်လျှင် ဤလူငယ်လေးသည် သာမန်မဟုတ်ပဲ သူမကို ထူးဆန်းသည့်ခံစားချက်များပေးနေသည်ဟု သူမ ခံစားခဲ့ရခြင်းပင်။ သူမ နီးကပ်လာသည်နှင့် အကြောင်းရင်းကို သူမ နားလည်သွားလေပြီ။
ဤလူငယ်လေး၏ ဦးခေါင်းပေါ်တွင် စိန်ခေါင်းပတ်ရှိနေသည်။
ထိုခေါင်းပတ်မှ သူမတို့ကလန်မှ ဂျီးနီးယပ်စ်များသာ သိနိုင်သည့် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်နေလေသည်။
သူတို့ကလန်မှ ဘိုးဘေးပစ္စည်းဖြစ်သည့် စိန်ခေါင်းပတ်မှာ ကောင်းကင်ဘုံကိုးခုကို တုန်လှုပ်စေနိုင်သည့်ပစ္စည်းဖြစ်သောကြောင့် မည်သူက မသိပဲနေမည်နည်း…
ဤလူငယ်လေး ခေါင်းပေါ်တွင် ဝတ်ဆင်ထားသည့် စိန်ခေါင်းပတ်မှာ အမြင့်ဆုံးအမျိုးအစားပင်။ သာမန်လူများသုံးနိုင်သည့်အရာမဟုတ်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤလူငယ်လေး၏ မူလဇစ်မြစ်မှာ ရိုးရှင်းမည်မဟုတ်မှန်း ဝမ်ရှီးပြောနိုင်သည်။ မဟုတ်ပါက သူမကလန်သားများသည် ဤကဲ့သို့သော ပစ္စည်းကို လွယ်လွယ်ပေးလိုက်မည်မဟုတ်ပေ။
“ဒီခေါင်းပတ်မှာ ထာဝရရွှေရှိနေတယ်..” ဝမ်ရှီး အံ့အားတကြီး သက်ပြင်းချလိုက်သည်။ ပြောရမည်ဆိုလျှင် ဤလူငယ်ဝတ်ဆင်ထားသည့် စိန်ခေါင်းပတ်တွင် အံ့အားသင့်စရာကောင်းလောက်သည့်တန်ဖိုးရှိနေသည်ပင်။
သို့သော်လည်း ဤမှော်ပစ္စည်းမှာ သူ့အား ကန့်သတ်ရန် အသုံးပြုထားခြင်းပင်။
“ကလန်က အကြီးအကဲက ရှင့်ကို ဒီလာခိုင်းလိုက်တာလား..” ဝမ်ရှီး လျှို့ဝှက်စွာဖြင့် အသံပို့လွှတ်လိုက်သည်။ သူမအသံမှာ အလွန်နူးညံ့လှကာ နားထောင်ကောင်းလှသည်။
သူမ ကလန်သားများသည် သူမအတွက် သင့်တော်သည့်အစေခံရှာပေးနေသည်ကို သူမ သိသည်။ သူတို့သည် ထိုကဲ့သို့သောလူကို အကောင်းဆုံးရှာဖွေပြီး ရှာတွေ့သည်နှင့် ဤကဲ့သို့သော စိန်ခေါင်းပတ်ဖြင့် ထိန်းချုပ်ထားမည်ဟု ပြောခဲ့သည်ပင်။
ရှီဟောင် ဆွံ့အသွားရသည်။ ရှီဟောင် ဤလူ၏ပစ်မှတ်ထားခြင်းကို မခံလိုပေ။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်လိုခြင်းပင်။
သို့သော်လည်း ယခုတော့ အခြေအနေမှာ အနည်းငယ်ပြောင်းလဲသွားသည့်ပုံပင်။
ရှီဟောင်သည် ဘာမှပြန်မဖြေပဲ ဝမ်ရှီးကိုတစ်ချက်သာကြည့်လိုက်သည်။ ထို့နောက် သူသည် သူမကို အာရုံမထားတော့ပဲ အခြားတစ်နေရာကို ကြည့်လိုက်လေ၏။
ဝမ်ရှီးပြုံးလိုက်သည်။ သူမအပြုံးသည် အလွန်တည်ငြိမ်နေသော်လည်း အတော်လေး ဆွံ့အစရာကောင်းနေဆဲပင်။ ထာဝရပန်းများပွင့်လာပြီး လောကကြီးတစ်ခုလုံး ထိန်လင်းသွားသလိုပင်။
ထိုတောက်ပနေသည့် မျက်လုံးများ၊ နှုတ်ခမ်းရဲရဲများ၊ ဖြူဖွေးနေသည့်သွားများမှာ လူများစွာကို ချက်ချင်းပင်စိတ်လွတ်သွားစေသည်။ သူမသည် အနည်းငယ်ဖျော့တော့စွာပင် ပြုံးလိုက်သော်လည်း ဤသည်မှာ ဘေးနားတွင်ရှိနေသည့် ကျင့်ကြံသူများ၏နှလုံးခုန်နှုန်းများကို ကမောက်ကမဖြစ်သွားစေလေ၏။
မိန်းကလေးများပင်လျှင် သက်ပြင်းချလာကြလေ၏။ ဝမ်ရှီး၏အလှမှာ ထူးခြားလွန်းလှသောကြောင့် သူတို့ပင် သိမ်ငယ်လာသလိုခံစားလိုက်ရလေသည်။
“နည်းနည်းတော့ ထူးခြားတာပဲ..” ဝမ်ရှီး ထိုစကားအနည်းငယ်သာ ပြောလိုက်သည်။ သူမ၏မျက်လုံးတွင် နားလည်နိုင်ရန် ခက်ခဲသည့်အမူအရာတစ်ခု ဖြတ်ပြေးသွားလေ၏။
ရှီဟောင် ထိတ်လန့်သွားကာ သူ၏မျက်ခုံးများ မြှောက်တက်သွားရသည်။ တစ်ဖက်လူထံမှ ရန်စလိုသည့်အငွေ့အသက်အပြင် လှောင်ရယ်လိုသည့်အငွေ့အသက်ကိုလည်း ခံစားလိုက်ရသည်။ ဤအမျိုးသမီးမှာ အတော်လေးတော့ ထူးခြားနေသည်ပင်။
ဝမ်ရှီးလည်း အနည်းငယ် အံ့အားသင့်သွားသည်ပင်။ ဤအမျိုးသား သူ့အား လျစ်လျူရှုနေသည်မှာ အကြောင်းပြချက်များစွာရှိနိုင်သည်။
ပထမအချက်မှာ သူမအာရုံစိုက်မှုကို လိုချင်သောကြောင့် တမင်သက်သက်ဤကဲ့သို့လုပ်ခြင်း။ ဒုတိယအချက်မှာ သူမအမိန့်ပေးမည်ကို သူလက်မခံနိုင်သောကြောင့်ပင်။ အခြားဖြစ်နိုင်ချေမှာ သူ တကယ်ကို တည်ငြိမ်နေသောကြောင့်ပင်။ ဤသည်မှာ တစ်ဖက်လူသည် သူမနှင့် အဆင့်အတန်တူသည်ဟု သူ့ကိုယ်သူ သတ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်။
ဒါက သူ့ကလန်သားတွေပို့လိုက်တဲ့အစေခံလား .. ဒါမှမဟုတ် ထွက်ပြေးရင်းနဲ့ဒီကိုရောက်လာတဲ့ ကျွန်လား… ဒါမှမဟုတ် စိန်ခေါင်းပတ်ကိုဝယ်ဖို့အတွက် သူမနဲ့တမင်သက်သက်လာတွေ့တာလား..
ဝမ်ရှီးသည် သက်ရှည်မိသားစုမှလာခြင်းဖြစ်သောကြောင့် သာမန်အမျိုးသမီးများနှင့် မတူညီပေ။ ဖြစ်နိုင်ချေပေါင်းများစွာမှာ သူမခေါင်းထဲတွင် ဖြတ်ခနဲပေါ်လာသည်ပင်။
သူမပြုံးလိုက်ပြီး ထိုအကြောင်းကို ထပ်မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။ ဤလူငယ်လေး ဤနေရာသို့ ရိုးရိုးသားသားရောက်လာသည်ဖြစ်စေ၊ မျက်နှာဖုံးဝတ်ပြီးရောက်လာသည်ဖြစ်စေ သူသည် သူမအစေခံဖြစ်လာမည်ပင်။ သူမအမိန့်ကိုနာခံရမည်ပင်။
ဤလူ၏ရည်ရွယ်ချက် မသန့်ရှင်းဘူးဆိုလျှင် ပို၍ပင်စိတ်ဝင်စားစရာကောင်းသေးသည်။ သူဘာလှည့်စားမှုတွေ လုပ်မှာလဲ ..ကြည့်ကြသေးတာပေါ့..
“ရှင့်ကို ရွေးမယ်..” ဝမ်ရှီးပြောလိုက်၏။ သူမ၏အပြုံးမှာ တောက်ပလွန်းလှသောကြောင့် အခြားသူများမှာ မျက်လုံးများပင် မပွင့်နိုင်တော့ပေ။
ထို့နောက်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ချက်ချင်းထွက်ပေါ်လာလေသည်။ သက်ရှိများစွာသည် ရှီဟောင်ကို စိုက်ကြည့်နေကြကာ မနာလိုစိတ်နှင့်ဒေါသစိတ်များလည်း ထွက်ပေါ်လာကြလေသည်။
ဝမ်ရှီးက ရှီဟောင်အား ခေါ်သွားတော့မည်ကို သူတို့အားလုံးသိကြသည်ပင်။ သူ့ကို ကောင်းကင်နတ်ဘုရားကျောင်းသို့ ခေါ်သွားတော့မည်။
သူတို့အတော်လေး စိတ်ပျက်သွားကြသည်ပင်။
အမှန်တကယ်တွင် ရှီဟောင်သည်လည်း ပျော်မနေပေ။ ဤစိန်ခေါင်းပတ်ကို အတင်းဝတ်ပေးခံလိုက်ရသောကြောင့် သူဤအကြွေးကို ဆပ်ရဦးမည်။ သို့သော်လည်း ယခုမှာ အချိန်ကောင်းမဟုတ်သေးပေ။ အခြေအနေများမှာ အလွန်ရှုပ်ထွေးနေသောကြောင့် သူပြဿနာထပ်မရှာချင်သေး။
သို့သော်လည်း ဤကဲ့သို့သဘောတူလိုက်ရန်လည်း မဖြစ်နိုင်သေးပေ။ သူသည် ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားသည်ကို ဘယ်လိုလုပ် အခြားသူ၏အစေခံလုပ်နိုင်မည်နည်း..
“ဟေး .. နတ်သမီးဝမ်ရှီး မင်းကို စကားပြောနေတယ်..” ဝမ်ရှီးဘေးတွင်ရှိနေသည့် ချောမောသည့်လူငယ်လေးတစ်ယောက်မှ သတိပေးလိုက်သည်။
ဤသည်မှာ ဝမ်ရှီး ယခင်က ခေါ်ခဲ့သည့်နောက်လိုက်ပင်။
သူ့အပြင် ချစ်စရာကောင်းသည့် မိန်းမငယ်လေးလည်းရှိသေးသည်ပင်။
“ကျုပ် ခင်ဗျားနောက် မလိုက်ချင်ဘူး..” ရှီဟောင် တိုက်ရိုက်ပင် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် ထိုချောမောသည့်လူငယ်လေး၏ အမူအရာ ပြောင်းလဲသွားလေသည်။
ဤနေရာမှာ တိတ်ဆိတ်သွားလေ၏။ သူတို့နားကြားမှားသွားသည်ဟုပင် ခံစားလိုက်ရသည်။ တစ်ယောက်ယောက်က နတ်သမီးဝမ်ရှီးရဲ့ ဖိတ်ခေါ်မှုကိုငြင်းလိုက်တာလား..
သူ့လိုမျိုးဖြစ်ချင်နေသည့် လူများမှာ ဘယ်လောက်ရှိနေမှန်းတောင် မသိနိုင်ပေ။ အထူးသဖြင့် လူငယ်လေးများပင်။ သူတို့သည် နတ်သမီးလေး၏ ဘေးတွင်နေနိုင်မည့်အခွင့်အရေးများကို ရှာဖွေနေကြလေသည်။
သို့သော်လည်း ဤလူငယ်လေးက ငြင်းလိုက်သောကြောင့် သူတို့သည် မျက်လုံးကျွတ်ကျမတတ် ထိတ်လန့်သွားကြလေ၏။
ဝမ်ရှီးသည် ဤလူကို ထပ်ခါတလဲလဲကြည့်လိုက်ပြီး ဤလူဘာကြောင့်ငြင်းလိုက်သည်ကို စဉ်းစားနေလိုက်သည်။
သူ တမင်သက်သက်လုပ်နေတာလား … ဒါမှမဟုတ် သူတကယ်ငြင်းလိုက်တာလား..
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူကို ငြင်းခွင့်ပေးမည်မဟုတ်ပေ။ သူ့ကို သူမဘေးထားကာ တစ်ဖြည်းဖြည်းချင်း ညှင်းဆဲရမည်ပင်။
ထို့ကြောင့် သူမပြုံးလိုက်ကာ သူ့အား နောက်တစ်ကြိမ် ထပ်ခေါ်လိုက်လေသည်။
လူများစွာမှာ ဆွံ့အသွားလေ၏။ ဝမ်မိသားစုမှ နတ်သမီးမှာ ရည်မွန်လှပြီး သူမ၏အပြုံးမှာ နှလုံးသားများစွာကို ခိုးယူသွားသည်ပင်။
ရှီဟောင် နောက်တစ်ကြိမ် ငြင်းလိုက်ပြန်လေ၏။
ယခုတစ်ကြိမ်တွင်တော့ ဤသည်မှာ အနည်းငယ်ထူးဆန်းနေသည်ဟု အားလုံးခံစားလိုက်ရသည်။ ဒီကောင်က နတ်သမီးအာရုံစိုက်မှုကိုရဖို့ တမင်သက်သက်လုပ်နေတာလား..
ဤလူသည် ရိုက်ခံသင့်သည်ဟု ခံစားနေကြလေသည်။
ခပ်ဝေးဝေးတွင်ရှိနေသည့် လူများ နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်း၏ တပည့်များပင်။ အရေအတွက်မှာ မနည်းလှပေ။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး မကျေနပ်သည့်အမူအရာများဖြစ်လာကြလေသည်။
“ဒီလူက တော်တော်လေးကို စိတ်ကြီးဝင်နေတာပဲ .. သူ့ကိုယ်သူ ဘာထင်နေတာလဲ .. ဒီလိုလုပ်ရုံနဲ့ နတ်သမီးဝမ်ရှီးရဲ့ အာရုံစိုက်မှုကို ရနိုင်မယ်လို့ ထင်နေတာလား … ကလေးဆန်လိုက်တာ..”
“ဒီအရှုံးသမားက ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့အရည်အချင်းမရှိတာတောင်မှ ဒီလိုပြဇာတ်မျိုးလာကနေသေးတယ် .. ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ .. သူ့မှာ အရည်အချင်းတွေ မရှိတာတောင်မှ နတ်သမီးဝမ်ရှီးအာရုံစိုက်တာကို လိုချင်နေသေးတာလား..”
ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များသာ ခေါင်းခါလိုက်ကာ သူ့အားလှောင်ရယ်လိုက်ကြလေသည်။
သို့သော် အားလုံးထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ဝမ်ရှီးသည် အလွန်ရည်မွန်စွာဖြင့် ရှီဟောင်အား နောက်တစ်ကြိမ်ဖိတ်ခေါ်လိုက်ကာ တောင်ဂိတ်တံခါးအပြင်ဘက်မှ လူများ မနာလိုဖြစ်အောင် လုပ်လိုက်လေ၏။ ကောင်းကင်နတ်ဘုရားကျောင်းထဲမှ တပည့်များမှာမူ ထူးဆန်းသည့်အမူအရာများဖြစ်လာကြလေသည်။
“ဝမ်ရှီးက သူ့ကို အရင်ဆုံးအစေခံအနေနဲ့ခေါ်ပြီး သူ့ကျောင်းထဲရောက်တော့မှ သူ့ကိုသေချာနှိပ်စက်မှာလား..”
“ဒီကောင်ကတော့ ဒုက္ခရောက်ပြီ … သူက နတ်သမီးဝမ်ရှီးကို ဒီလိုမျိုးဆက်ဆံရဲသေးတယ်..”
ကျောင်းထဲမှ ထာဝရစွမ်းအင်ကျင့်ကြံသူအားလုံး ရယ်မောလိုက်ကြလေ၏။ သူတို့ပင်လျှင် ဝမ်ရှီးသည် ဖမ်းယူ၍မရနိုင်သည့်လကဲ့သို့ တောက်ပနေသည့်သူဟု ခံစားရသောကြောင့် ရှီဟောင်အား မကျေနပ်ကြောင်း ပြသလာကြသည်။
“ငါ့က တပည့်ဖြစ်ဖို့ အရည်အချင်းရှိတယ် .. မင်းတို့ဆီကနေ တစ်ဆင့် ကျောင်းထဲဝင်ဖို့ ငါတစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး..” ထိုအချိန်တွင် ရှီဟောင် တည့်တိုးပင် ပြောလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ဝမ်ရှီး အံ့အားသင့်သည့်ပုံစံဖြစ်သွားလေ၏။ သူမ တကယ်ပင် အနည်းငယ် ထိတ်လန့်သွားခြင်းပင်။ “အဲဒီလိုလား .. အဲဒါဆိုရင် ကျွန်မတစ်ချက် ကြည့်ကြည့်မယ်..”
သူမလှုပ်ရှားလိုက်သည်။ သူမအင်္ကျီလက်ကို လှုပ်ရှားလိုက်သည်နှင့် အဖြူရောင်မြူများထွက်ပေါ်လာပြီး ရှီဟောင်ကို ဝန်းရံသွားကာ သူ့အားဖိနှိပ်ဖို့ ကြိုးစားနေသည်ပင်။
ရှီဟောင်သည် မလှုပ်ရှားပဲ သူ့အား ထိုမြူများဝန်းရံနေသည်အား ခွင့်ပြုပေးလိုက်သည်။ သူသည် ဤမြူများကို ရပ်တန့်ရန်အတွက် ထာဝရစွမ်းအင်နှစ်ကြောင်းကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
အခြားသူများမမြင်ရသော်လည်း ဝမ်ရှီး ထိတ်လန့်သွားရသည်။ ဤလူသည် ထာဝရစွမ်းအင်နှစ်ကြောင်းအားကျင့်ကြံထားသည်ကို သူမအာရုံခံလိုက်ရသည်ပင်။ ဤသည်မှာ သူမထင်ထားသည်ထက်ပင် သာနေ၏။
ဤလူမှာ ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်နိုင်သောအရည်အချင်းရှိသည့် ဂျီးနီးယပ်စ်တစ်ယောက်ပင်။ မြင်နိုင်ရန်ရှားပါးလှသည့် ကျွမ်းကျင်သူတစ်ယောက်ပင်။
ယခုတစ်ကြိမ်တွင် သူမအပြုံးမှာ ပို၍ပင်တောက်ပလာပြီး တိတ်တဆိတ်အသံပို့လွှတ်လိုက်လေသည်။ အခြားနေရာတစ်ခုတွင် သူမနှင့်စကားပြောရန် ဖိတ်ခေါ်လိုက်ခြင်းပင်။
“မလိုဘူး..” ရှီဟောင် အခြေအနေများကို ပိုဆိုးအောင် မလုပ်ချင်။
“ရှင့်အရည်အချင်းတွေက မဆိုးဘူး .. ဒါပေမဲ့နှမြောစရာကောင်းတာက ကောင်းကင်နတ်ဘုရားကျောင်းက တပည့်တွေကို ထပ်လက်မခံတော့ဘူး .. တစ်ချို့လူတွေက အရည်အချင်းရှိပေမယ့် နောက်ကျမှရောက်လာလို့ ကျောင်းက သူတို့ကို လက်မခံတော့ဘူး .. ဟွမ်လို့ခေါ်တဲ့ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့လူငယ်လေးတောင် မထင်မှတ်ထားတဲ့အဖြစ်အပျက်ကြောင့် ကျောင်းကို အချိန်မှီရောက်မလာခဲ့ဘူး … ကျောင်းထဲမှာ သူ့ကို လက်မခံတော့ဖို့ တောင်းဆိုနေတဲ့သူတွေတောင် ရှိနေတယ်..” ဝမ်ရှီး လျှို့ဝှက်စွာ အသံပို့လွှတ်လိုက်သည်။
ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ ဤသတင်းမှာ သူ့အားဒေါသထွက်သွားစေ၏။
သို့သော်လည်း သူမျက်နှာမှာမူ တည်ငြိမ်နေဆဲပင်။ မည်သည့်ခံစားချက်ကိုမှ မပြသပေ။
ရှီဟောင်သည် ဤပြဿနာမှ ထွက်သွားလိုက်ချင်သည်။ ဤကောင်းကင်နတ်ဘုရားကျောင်းကို ဂရုမစိုက်ချင်တော့ .. သူ၏အဆင့်ကိုနိမ့်မှ ဤကျောင်းထဲဝင်ရမည်ဆိုပါက သူလက်လျော့လိုက်တော့မည်။
“ဟမ်..” လူများစွာမှာ ခေါင်းမော့ကြည့်လိုက်လေ၏။ ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများပင် မော့ကြည့်နေကြလေသည်။
လူတစ်ယောက်သည် ကောင်းကင်ပေါ်မှ ဖြတ်သန်းသွားနေပြီး လူငယ်တစ်ယောက်ကိုခေါ်ကာ ကောင်းကင်နတ်ဘုရားကျောင်းထဲသို့ ဝင်သွားလေ၏။
“ယွမ်ချင်း..”
ရှီဟောင်၏မျက်လုံးများအေးစက်သွားရသည်။ သူ့ကို ၁၀ နှစ်ဖိနှိပ်ထားချင်သည့် ယွမ်ချင်းအား သူတွေ့လိုက်ရလေပြီ။ ဤသည်မှာ သူ့ရန်သူကြီးပင်။
ထို့နောက် ယွမ်ချင်းသည် ကောင်းကင်နတ်ဘုရားကျောင်းထဲဝင်မည့် မျိုးဆက်တစ်ယောက်ကို လာပို့ခြင်းဖြစ်ကြောင်း တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ရှီဟောင်၏စိတ်ထဲ မှုန်မှိုင်းနေလေပြီ။ သူအမူအရာဖြင့်သာ ပြနိုင်ပါက အလွန်ရုပ်ဆိုးနေမည်ပင်။ ယွမ်ချင်းက ကောင်းကင်နတ်ဘုရားကျောင်းထဲကို လူပို့နိုင်တယ်ပေါ့..
ယွမ်ချင်း ဘာကြောင့် သူ့အား ၁၀ နှစ် ဖိနှပ်ချင်နေသလဲဆိုသည်ကို သူနားလည်သွားလေပြီ။ ဒါက အလဲအလှယ်လား..
ကျောင်းထဲရှိ လူအချို့တွင် မရှင်းလင်းသည့်ဆက်စပ်မှုများရှိနေသည်မှာ သေချာသည်။ မဟုတ်ပါက ယွမ်ချင်းဘာကြောင့် တပည့်တစ်ယောက် ခေါ်လာနိုင်မည်နည်း..
ရှီဟောင်၏စိတ်ထဲ ဒေါသတရားများ ထွက်ပေါ်လာရသည်။ သူ ကောင်းကင်နတ်ဘုရားကျောင်းထဲကို မသွားတော့လဲ ဘာဖြစ်လဲ..
“ယွမ်ချင်း .. မင်းအပြစ်တွေကို မင်းသိလား..” ရုတ်တရက်ပင် ကောင်းကင်နတ်ဘုရားကျောင်းထဲမှ မိုးကြိုးကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာလေသည်။
“ယွမ်ချင်း .. မင်းအရင်ထွက်သွားသင့်တယ်..” အခြားအသံတစ်သံလည်း ထွက်ပေါ်လာလေသည်။
အပိုင်း ၁၂၉၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၃ – ကျောင်းထဲဝင်ခြင်း
တောင်ဂိတ်တံခါးထဲတွင် တောင်ထိပ်များတစ်ခုနှင့်တစ်ခု ဆင့်နေပြီး အဖြူရောင်မြူများလည်း ရစ်ဆိုင်းနေသည်။
ယခုအချိန်တွင် ယွမ်ချင်းကဲ့သို့ စွမ်းအားကြီးသည်သူပင်လျှင် စွမ်းအင်တစ်မျိုးမျိုးဖြင့် တိုက်ခိုက်ခံလိုက်ရသလို တုန်ယင်သွားလေသည်။ ထို့နောက် သူသည် တိုက်ခိုက်မှုကို ခုခံရန်အတွက် အဆုံးမရှိသည့် ရွှေရောင်အလင်းများကို ထုတ်လွှတ်လိုက်လေ၏။
“တော်ပြီ .. ယွမ်ချင်း .. ပြန်လာခဲ့တော့..”
ကျောင်းအတွင်းပိုင်းတွင် ကျောက်စိမ်းနန်းတော်များ၊ နတ်ကျွန်းများ ရှိနေသည်။ ထိုနေရာဘက်မှ အသက်ကြီးသည့်အသံတစ်သံထွက်ပေါ်လာပြီး သူ့အားခေါ်လိုက်လေသည်။
အသံကိုနားထောင်လိုက်သည်နှင့် ဤသည်မှာ ယွမ်ချင်းကို နှစ်သက်သည့်သူဖြစ်ကြောင်း သိနိုင်သည်ပင်။
ရွှီး..
ရောင်စုံအလင်းတန်းများ တောက်ပလာပြီးနောက် သူထိုနေရာမှ ပျောက်ကွယ်သွားကာ ကျွန်းတစ်ခုထဲသို့ ဝင်ရောက်သွားလေသည်။
တောင်ဂိတ်တံခါးအပြင်ဘက်တွင်ရှိနေသည့် သူများအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရပြီး ထိတ်လန့်သွားကြလေသည်။
အချို့သူများမှာ ယွမ်ချင်းကိုသိနေကြသည်ပင်။ ဤလူသည် နာမည်ကြီးကာ အနန္တကောင်းကင်တွင် အထင်ကြီးစရာကောင်းသည့်လူတစ်ယောက်ပင်။
အခြားသူများမှာ သူယခုတလော ဘာလုပ်ထားသည်ကိုသိနေသည်ပင်။ သူသည် လေကလန်ကို ကူညီပြီး အဆင့်နိမ့်နယ်မြေမှ ဂျီးနီးယပ်စ် ဟွမ်ကို ၁၀ နှစ်ဖိနှိပ်ထားသည်ဟု ပြောကြလေသည်။ ဤသည်မှာ ကျောင်း၏ဆန္ဒကို ဆန့်ကျင်ပြီး လုပ်လိုက်ခြင်းပင်။
ပုံမှန်ဆိုလျှင် မည်သူက ဤကဲ့သို့ လုပ်ရဲမည်နည်း.. သို့သော်လည်း သူလုပ်ခဲ့သည်ပင်။ ထို့အပြင် သူသည် ဟွမ်ကို မူလရှေးဟောင်းမိုင်းတွင်းသို့ ပို့ခဲ့သေးသည်။ ဟွမ်မှာ ယနေ့ထိ ပြန်ရောက်မလာသေးပဲ သေသလား ရှင်သလားပင် မသိရတော့။
ဟွမ် အသက်မရှင်တော့ဘူးဟု အားလုံးယုံကြည်နေကြသည်အထိပင်။ သူ မူလရှေးဟောင်းမိုင်းတွင်းထဲသို့ ဝင်သွားသည်မှာ ရက်အတော်ကြာနေပြီဖြစ်သော်လည်း ပြန်ထွက်လာခြင်းမရှိသောကြောင့် အားလုံးက သူသေပြီဟု ယုံကြည်လိုက်ကြခြင်းပင်။
ပြောရမည်ဆိုလျှင် ယွမ်ချင်း၏ယုံကြည်မှုနှင့် စွမ်းအားမှာ အခြားသူများအား ကြောက်လန့်စေသည်သာ။ သူသည် အလားအလာကောင်းမွန်လှသည့် လူငယ်လေးကို သေတွင်းထဲပို့ခဲ့သော်လည်း သူသည် ဤကိစ္စအတွက် ဘာမှပြန်မပေးဆပ်ရပဲ ဤနေရာကို လွှမ်းမိုးနေနိုင်ဆဲပင်။
သို့သော် သိသည်ကသိသည်၊ ကြားသည်ကကြားသည်ပင်။ မည်သူမှ ဤအကြောင်းကိုပြောပြီး ယွမ်ချင်းအား ရန်မစရဲကြ။
“ယွမ်ချင်းက ဂျီးနီးယပ်စ်တစ်ယောက်ကို တားမြစ်ခဲ့တယ် .. သူကတစ်ခုခုပဲ .. ကြည့်ရတာ သူအပြစ်တောင် အပေးမခံရလောက်ဘူးထင်တယ်..”
ဝမ်ရှီး လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်ကာ ပြောလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် လေထဲ၌ ကျယ်လောင်သည့်အသံတစ်သံထွက်ပေါ်လာပြီးနောက် ယွမ်ချင်းပြန်ပေါ်လာလေသည်။ သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေသော်လည်း သူသည် အပြစ်ပေးခံခဲ့ရခြင်းမဟုတ်ပေ။
ထို့အပြင် သူခေါ်လာခဲ့သည့်တပည့်လေးမှာ ကျန်ခဲ့ပြီး မောင်းထုတ်ခြင်းမခံရပေ။
ရှီဟောင်ဤသည်ကို ကြည့်ပြီး ဒေါသထွက်လာရသည်။
ယွမ်ချင်းသည် သူ့အား လမ်းပျောက်သွားအောင်လုပ်ခဲ့ပြီး ယခုဆိုလျှင် အားလုံးမှာ သူသေသွားပြီဟု ထင်နေကြလေပြီ။ သို့သော် ယွမ်ချင်းသည် အပြစ်မပေးခံရသည့်အပြင် သူခေါ်လာသည့် တပည့်ကိုလည်း ကျောင်းမှ လက်ခံလိုက်သည်။
မတရားခံခဲ့ရသည့် ရှီဟောင်သည် တောင်ဂိတ်တံခါးအပြင်ဘက်တွင်ရှိနေဆဲဖြစ်သော်လည်း အပြစ်လုပ်ထားသည့်သူကတော့ ကျောင်းသားတစ်ယောက်ကိုခေါ်လာပြီး အဖိုးတန်သည့်နေရာတစ်နေရာကို ရသွားလေပြီ။
ထို့အပြင် နောက်ကျသည့်သူများကို လက်မခံတော့ဘူးဟု ပြောနေကြသဖြင့် ရှီဟောင် ကျောင်းထဲဝင်ခွင့်မရနိုင်တော့။
ဤကောင်းကင်နတ်ဘုရားကျောင်းကို ဝင်၍မရတော့သဖြင့် သူဤနေရာတွင် ရှိရန်မလိုတော့။ သူလှည့်ထွက်သွားရန်ပြင်လိုက်သည်။
သို့သော် ကျောင်းထဲသို့ ပို့ခံလိုက်ရသည့်သူမှာ ယွမ်ချင်းအချစ်ဆုံးမျိုးဆက်တစ်ယောက်ဖြစ်သည်ဟု ကြားလိုက်ရသည့်အချိန်တွင် သူ ရပ်တန့်လိုက်သည်။
ဤသည်မှာ သူ၏ရန်သူဖြစ်သောကြောင့် သူ တစ်ခုခုတော့ လုပ်ရမည်ပင်။ သူသည် ယွမ်ချင်းနှင့် သူ့ကိုစေခိုင်းသည့်သူအား မသတ်နိုင်သောကြောင့် သူတို့၏မျိုးဆက်မှ စရမည်ပင်။
ဤလူများ သူ့အား ၁၀ နှစ်ကြာဖိနှိပ်ထားလိုခြင်းမှာ ဤမျိုးဆက်အတွက် လမ်းကြောင်းဖောက်ရန်ဖြစ်သောကြောင့် သူတို့မျှော်လင့်ချက်များကို သူရိုက်ချိုးရမည်ပင်။
သူ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်စရာမလို။ သူဤနေရာတွင် အချိန်တစ်ခုထိနေပြီး ထာဝရတာအိုအရင်းအမြစ်များရနိုင်လျှင်လည်း မဆိုးပေ။
“ကောင်းပြီလေ .. ကျွန်မနောက်တစ်လှမ်းဆုတ်ပေးလိုက်မယ် .. ရှင့်ကို နောက်လိုက်အဖြစ်မခေါ်ပဲနဲ့ တာအိုလေ့လာဖို့ ဖိတ်ခေါ်တယ် .. ရှင် ဘယ်လိုထင်လဲ..”
ရှီဟောင် တိတ်ဆိတ်နေသည့်အချိန်တွင် နတ်သမီးဝမ်ရှီး ရုတ်တရက်ပင် ဤကဲ့သို့ပြောလိုက်လေ၏။
ဤသည်မှာ ဘယ်လိုလုပ် ပွက်လောမရိုက်ပဲ နေမည်နည်း.. ဒီအခြေအနေက အရမ်းကောင်းလွန်းတယ်လေ မဟုတ်ဘူးလား .. သူ့ကို အစေခံမပြောနှင့် နောက်လိုက်အဖြစ်တောင် မဖိတ်ခေါ်ပဲ တန်းတူထားတာ ဖိတ်ခေါ်လိုက်ခြင်းပင်။
ဝမ်ရှီးသည် နာမည်ကြီးသည့် နတ်သမီးတစ်ယောက်ဖြစ်ပြီး သက်ရှည်မိသားစုတွင်မွေးဖွားလာကာ ထာဝရသက်ရှိအစစ်၏မျိုးဆက်ဖြစ်သည်။ သို့သော် သူမသည် ဤကဲ့သို့နှိမ့်ချကာ ဤလူငယ်လေးကို ဖိတ်ခေါ်လိုက်ခြင်းကြောင့် အားလုံး ထိတ်လန့်သွားရလေသည်။
လူများစွာသည် ရှီဟောင်အား ရန်လိုစွာ ကြည့်လာကြလေ၏။ အပြင်လူများပင်မဟုတ် ကောင်းကင်နတ်ဘုရားကျောင်း၏ တပည့်များပင်လျှင် အလွန်မနာလိုစွာ ကြည့်လာကြလေသည်။
“ဒီငတုံးကောင်က ကျောင်းကိုဝင်ဖို့အရည်အချင်းတောင်မရှိဘူး .. သူက ထာဝရစွမ်းအင်ကိုတောင် မကျင့်ကြံထားတဲ့ဟာကို သူ့ကိုဘာလို့ ဒီလိုမျိုး ဆက်ဆံနေရတာလဲ..”
လူအုပ်ကြီးမှာ ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေလေသည်။
“ဒီလိုမျိုးအရည်အချင်းမရှိတာကို သူက မမလေးဝမ်ရှိးနဲ့ဘာတွေ ဆွေးနွေးမှာလဲ .. သူက အဲဒီတာအိုကျမ်းစာတွေကို နားလည်နိုင်မှာမို့လို့လား..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“ဟား ဟား..” လူတစ်ယောက်သည် ရယ်မောကာ ခေါင်းခါလိုက်ပြီးနောက် “မင်းတို့အားလုံးက တကယ်ကို ခေါင်းမာနေကြတာပဲ .. မင်းတို့ကြည့်တဲ့အမြင်ကိုပြောင်းကြည့်လိုက် .. အဲဒါဆိုရင် အားလုံးအဓိပ္ပာယ်ရှိသွားလိမ့်မယ်..”
“ခင်ဗျားဘာကိုဆိုလိုချင်တာလဲ…”
“ဒီလူရဲ့ အရည်အချင်းက မလုံလောက်သေးဘူး .. အဲဒီတော့ မမလေးဝမ်ရှိးက သူ့ဘေးနားမှာထားပြီးတော့ သူနဲ့တဖြည်းဖြည်းချင်း ရှင်းချင်တာ .. ဂုဏ်သရေကြီးမားတဲ့ သက်ရှည်မိသားစုက မမလေးက တစ်ခြားလူတစ်ယောက် သူ့ကိုငြင်းတာကို ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ .. စောင့်ကြည့်နေလိုက် .. မကြာခင်မှာ ငါတို့ပြဇာတ်ကောင်းကောင်းကြည့်ရတော့မယ်..” ထိုလူအပြုံးလေးဖြင့် ပြောလိုက်သည်။
သူထိုကဲ့သို့ ရှင်းပြလိုက်သည်နှင့် အခြားသူများသည် ခေါင်းတညိမ့်ညိမ့်ပင် ဖြစ်သွားလေ၏။
ထို့ကြောင့် ဂိတ်တံခါးအတွင်းတွင်ရှိနေသည့် တပည့်များလည်း တည်ငြိမ်သွားကြကာ ရန်လိုသည့်အငွေ့အသက်ထုတ်လွှတ်ခြင်း မရှိတော့ပေ။ ထိုအစား သနားသည့်အရိပ်အယောင်များသာ ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် တစ်ခဏခန့်စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
“ဘုရားရေ .. မတရားလိုက်တာ .. သူ့ရဲ့တွန့်ဆုတ်နေတဲ့ပုံစံကို ကြည့်လိုက်ဦး .. ဒီကောင် တမင်သက်သက်လုပ်နေတာ..” အနီးအနားမှ လူများ ဒေါသတကြီး ပြောလိုက်ကြလေသည်။
သို့သော် ခဏကြာပြီးသည့်နောက်တွင် တပည့်များကြားမှ ပြောသည့်စကားများ ပျံ့လွင့်လာလေသည်။ သူတို့အားလုံးသည် ရှီဟောင်ကို အံ့အားသင့်စွာ ကြည့်လာကြလေသည်။
သူတို့ပြောနေသည့်စကားများကို ကြားလိုက်ရသည့်အချိန်တွင် ဝမ်ရှီးကိုမော့ကြည့်လိုက်သည်။ ဒီဝမ်မိသားစုက မမလေးက သူ့ကို နှိပ်စက်ချင်တာလား..
ဝမ်ရှီးသည် သူ့အား မရှင်းမလင်းပင် ပြုံးပြလိုက်လေ၏။
ရှီဟောင် သူမကိုကြည့်ကာ အနည်းငယ် စဉ်းစာလိုက်သည်။ တစ်ဖက်လူဤကဲ့သို့လုပ်နေသည်မှာ သူ့ခေါင်းပေါ်မှ စိန်ခေါင်းပတ်ကြောင့်ဖြစ်နိုင်သလို သူငြင်းလိုက်သောကြောင့်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် သူ့အား အလွတ်ပေးမည်မဟုတ်ပေ။
ဒါက တိုက်ခိုက်ရုံပဲမလား .. ဒါမှမဟုတ် တစ်ခြားတိုက်ပွဲတစ်မျိုးပဲ မဟုတ်ဘူးလား .. ရှီဟောင်ဘာကိုမှမကြောက် .. သူနှိပ်စက်ခံရမည်ကိုလည်း သူကြောက်နေမည်မဟုတ်ပေ။
“အဲဒါဆိုလည်း သွားကြစို့..” ရှီဟောင်ပြောလိုက်သည်။
ဤသည်မှာ ဝမ်ရှီးနောက်မှ ချောမောခန့်ညားသည့်လူငယ်လေးကို မျက်မှောင်ကြုတ်သွားစေလေသည်။ ဘယ်သူက သခင်၊ ဘယ်သူက အစေခံလဲ ..
ဝမ်ရှီးနောက်မှ မိန်းမပျိုလေးလည်း အနည်းငယ်စိတ်ဝင်စားနေသည်ပင်။ မကြာခင် သူမပြဇာတ်ကောင်းကောင်းကြည့်ရတော့မည်ဟု ခံစားနေရသည်။ ဤလူငယ်လေးသာ ဝင်လိုက်ပါက လှုပ်ခတ်လာသည့်ကိစ္စများ သေချာပေါက် များစွာ ရှိနေမည်ပင်။
အခြားသူများမှာမူ ဆွံ့အနေကြလေသည်။
“ကျွန်မ နောက်ထပ်နောက်လိုက်နှစ်ယောက်ရွေးမယ်..” ဝမ်ရှီး၏အသံမှာ နူးညံ့ငြင်သာပြီး နားထောင်ကောင်းလွန်းလှသည်။
အနီးအနားတွင်ရှိနေသည့်လူများ လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။
ခဏကြာပြီးသည့်နောက်တွင် ဝမ်ရှီး ယောက်ျားလေးနှင့် မိန်းကလေးတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ သူတို့သည် ထာဝရစွမ်းအင်မရှိရုံကလွဲလျှင် သူတို့၏ကျင့်ကြံဆင့်မှာ ကောင်းကင်နတ်ဘုရားကျောင်းတွင်ရှိနေသည့် သူများနှင့် ယှဉ်နိုင်သည်ပင်။
“ပြီးပြီလား..” ရှီဟောင်မေးလိုက်၏။
ဤသည်မှာ ဝမ်ရှီးကိုပင် ဆွံ့အသွားစေလေ၏။ ဒီကောင်က သူမကို သူနဲ့တန်းတူညီတူလို့ သဘောထားနေတာလား.. သူမက သူ့ကိုနည်းနည်းလောက်ယဉ်ကျေးပြလိုက်တာနဲ့ သူက တကယ်ထင်နေတာပဲ..
“ပြီးပြီ..” ယွမ်ရှီး ခေါင်းညိမ့်ပြလိုက်သည်။
ရှေးဟောင်းထင်ရှူးပင်များသည် ရှေးဟောင်းသားရဲများကဲ့သို့ပင်။ သူတို့၏သစ်ကိုင်းများမှာ မြေကြီးကိုပင် ထိတော့မည်။
ဤရှေးဟောင်းသစ်ပင်အားလုံး ရှိနေသည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာရှိနေပြီဖြစ်သော်လည်း သူတို့ထံတွင် ဝိညာဉ်ဖြစ်တည်လာခြင်းမရှိပဲ သစ်ပင်များသာဖြစ်နေသည်။
အချို့လူများပြောကြသည်မှာ ယခင်ကစစ်ပွဲတွင် ကြွေကျလာသည့်ကြယ်များနှင့် ကျွမ်းကျင်သူများ၏သွေးများရောနှောသွားသောကြောင့် ဤရှေးဟောင်းသစ်ပင်များ ဝိညာဉ်မဖွံ့ဖြိုးနိုင်ခြင်းပင်။
“ညီမလေးဝမ်ရှီး .. ညီမလေးက နောက်လိုက်နှစ်ယောက်နဲ့ တာအိုရောင်းရင်းတစ်ယောက်ကို ဖိတ်ခေါ်ခဲ့တာလား..” ခပ်ဝေးဝေးမှ နူးညံ့သည့်ရယ်သံတစ်ခု ထွက်ပေါ်လာကာ မင်းသမီးယောင်ယွဲ့ပေါ်လာလေ၏။ သူမကို လရောင်များဝန်းရံထားကာ သူမအသားအရေလည်းနူးညံ့လှသည်။
သူမသည် ရှီဟောင်ကိုကြည့်ကာ ရယ်မောလိုက်ပြီးနောက် ဝမ်ရှီးကို ပြန်ပြောလိုက်သည်။ “နောက်နေ့ကျရင် တာအိုဆွေးနွေးဖို့ ဒီတာအိုရောင်းရင်းလေးကို ဖိတ်ချင်တယ်..”
“ရတာပေါ့..” ယွမ်ရှီးခေါင်းညိမ့်၍ပြောလိုက်သည်။
သက်ရှည်မိသားစုမှ မမလေးများကြားထဲတွင် ပြင်းထန်သည့် ယှဉ်ပြိုင်မှုများရှိနေသည်မှာ သိသာလှသည်။ သူတို့သည် နောက်လိုက်ရွေးချယ်လျှင်ပင် ယှဉ်ပြိုင်နေကြသည်သာ။
ထို့နောက် ရှီဟောင်က လုထော်ကို တွေ့လိုက်ရသည်။ ဤလူမှာ အလွန်ကြောက်စရာကောင်းလှသည်။ သူ၏အကြည့်တစ်ချက်ပင်လျှင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ဖြစ်သွားသည်ပင်။
သို့သော်လည်း ရှီဟောင်သည် သူ့ကိုဂရုစိုက်မနေပဲ ဖုန်းရှင်းထျန်ကို ကြည့်လိုက်သည်။ ဤသည်မှာ လေကလန်မှ မျိုးဆက်လေးပင်။ ဤကလန်သည် သူ့အား ရှင်းချင်နေသောကြောင့် ဤလူနှင့် သူသေကိုယ်သေတိုက်ရလည်း ကိစ္စမရှိ။
အားလုံးမှာ ဤလူ မည်မျှကြောက်စရာကောင်းကြောင်း၊ ကောင်းကင်ဘုံကိုးခုနှင့် သူနှင့်ယှဉ်နိုင်သည့် အဆင့်တူသည့်သူကို ရှာတွေ့နိုင်ရန် ခက်ခဲကြောင်း ပြောနေကြသော်လည်း ရှီဟောင် မကြောက်ပေ။
တောင်ထိပ်များမှာ တစ်လုံးနှင့်တစ်လုံးဆင့်နေ၏။ အချို့မှာ အနက်ရောင်ဖြစ်ပြီး အချို့မှာ အနီရောင်အလင်းများထုတ်လွှတ်နေသည်။ အခြားတောင်များမှာမူ ခရမ်းရောင်စွမ်းအင်များ ထုတ်လွှတ်နေသည်။ ထိုတောင်များအားလုံး၏ တူညီသည့်အချက်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးဝိညာဉ်စွမ်းအင်များပြားသောကြောင့်ပင်။
ဤသည်မှာ အသန့်စင်ဆုံးကျင့်ကြံခြင်း နယ်မြေပင်။
ဤပုံစံဖြင့် ကောင်းကင်နတ်ဘုရားကျောင်းထဲသို့ ဝင်လာရလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့ပေ။
အပိုင်း ၁၂၉၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၄ – အလင်းထိန်းချုပ်ခြင်းတောအုပ်
အလင်းထိန်းချုပ်ခြင်းတောအုပ် .. ဤသည်မှာ ဝမ်ရှီးနေသည့်နေရာပင်။
တောအုပ်ကြီးမှာ နက်လှပြီး အလင်းများလည်း ဝေ့ဝဲနေသည်မှာ အလွန်ငြိမ်းချမ်းလှသည်ပင်။
ဤနေရာမှာ အလွန်စိမ်းစိုနေသောကြောင့် သေချာမကြည့်ပါက မြက်ပင်များထူထပ်နေသည်ဟု ထင်ရသည်ပင်။
အမှန်တကယ်တွင် မြေပြင်ပေါ်၊ ကျောက်တောင်များကြား၌ ရှေးဟောင်းဆေးပင်များစွာ ပေါက်ရောက်နေခြင်းဖြစ်ပြီး ခရမ်းရောင်အလင်းများလည်း တောက်ပနေလေသည်။
ကောင်းကင်နတ်ဘုရားကျောင်းမှာ ကျယ်ဝန်းလှပြီး ဝိညာဉ်တောင်များသည်လည်း မရေမတွက်နိုင်အောင်ပင်။ တပည့်တစ်ယောက်စီတိုင်းတွင် ကိုယ်ပိုင်မြေတစ်နေရာရသည်ပင်။
ဝမ်ရှီးကဲ့သို့ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူမှာ အခြားသူများထက် ၁၀ ပိုကျယ်လေသည်။
ဤနေရာတွင် တိမ်များနှင့်ပင်ထိနေသည့် တောင် ၁၀ လုံးရှိပြီး ထိုတောင်များသည် အစိမ်းရောင်တောက်ပနေကာ နဂါးစွမ်းအင်များလည်း ဝန်းရံနေလေသည်။
အလင်းထိန်းချုပ်ခြင်းတောအုပ်မှာ ဤနတ်တောင် ၁၀ လုံးကြားတွင်ရှိနေခြင်းပင်။
လာသည့်လမ်းတစ်လျှောက်တွင်လည်း ရှီဟောင်သည် အခြားသူများ၏အာရုံကို ဆွဲဆောင်နေသည်သာ။ ဝမ်ရှီးသည် ထူးခြားသည့်သူဖြစ်သောကြောင့် သူမခေါ်လာသည့်သူများမှာလည်း အာရုံစိုက်ခံရမည်ပင်။
ကံကောင်းသွားသည်မှာ သူဤနေရာသို့ မလာခင်ကတည်းက သူ့ပုံစံကို ပြောင်းပြီးသွားလေပြီ။ မဟုတ်ပါက သူ့ကိုမှတ်မိသွားသည့်သူများရှိမည်ပင်။ ယွမ်ချင်းမရှိလျှင်တော့ တစ်မျိုးပေ။ ယခု ယွမ်ချင်း အချိန်မရွေး ရောက်လာနိုင်သောကြောင့် ရှီဟောင် သတိကြီးကြီးထားနေရမည်ပင်။
ပြဿနာမဖြစ်လာစေရန်အတွက် ရှီဟောင် သူ့သူငယ်ချင်းဟောင်းများနှင့် ဆက်သွယ်၍မရသေး။
အလင်းထိန်းချုပ်ခြင်းတောအုပ်တွင် ဤနေရာနှင့် လိုက်ဖက်သည့် တဲတင်းကုပ်အနည်းငယ်ရှိနေသည်။
သိပ်မဝေးသည့်နေရာတွင် ကျောက်နံရံမှ ဖောက်လုပ်ထားသည့် လှိုဏ်ဂူတစ်ခု ရှိနေလေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤသည်မှာ ကျင့်ကြံခြင်းအတွက် အလွန်သန့်စင်သည့်မြေမှန်း သိနိုင်သည်ပင်။
ဝမ်ရှီးသည် ရှီဟောင်နှင့်အခြားသူနှစ်ဦးကို ထိုဂူထဲသို့ ခေါ်သွားလေ၏။ သူတို့ကျောက်နံရံထဲသို့ ဝင်လိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးစွမ်းအင်များမှာ ရေကဲ့သို့ပင် များပြားလှပေသည်။
ဤသည်မှာ နတ်တောင် ၁၀ လုံး၏မြေအောက်သွေးကြောများကြောင့်ပင်။
ဂူထဲတွင် ကျောက်နံရံနှင့် မြေကြီးမှ ရောင်စုံအလင်းများ ထွက်ပေါ်နေလေသည်။ ကျင့်ကြံခြင်းမရှိပဲနှင့်ပင် စွမ်းအင်များမှာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေလေပြီ။
“ရှင်တို့အားလုံး ကျင့်ကြံဖို့ အထဲဝင်သွားလိုက်ကြ..” ဝမ်ရှီးပြောလိုက်သည်။ သူမသည် ပြုံးမနေသော်လည်း နူးညံ့သည့်ခံစားချက်ကို ပေးနေဆဲပင်။
သူမယခုလေးတင် ရွေးချယ်ခဲ့သည့် အမျိုးသားနှင့် အမျိုးသမီးမှာ ထိုစကားကိုကြားသည်နှင့် အလွန်ပျော်ရွှင်သွားကြသည်။ ဤကဲ့သို့သော အဖိုးတန်မြေတွင် ကျင့်ကြံလိုက်ရသည်နှင့် အကျိုးသက်ရောက်မှုမှာ နှစ်ဆဖြစ်လာမည်ပင်။
ဝမ်ရှီး ဤမျှရက်ရောလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ ဂူအပြင်ဘက်တွင် အိမ်ဆောက်ပြီးနေခိုင်းမည့်အစား သူတို့အား ဤနေရာတွင် ကျင့်ကြံခွင့်ပြုသည်။
ရုတ်တရက်ပင် မှော်တိမ်တိုက်စီးနင်းလာသည့် တာအိုသားတော်တစ်ယောက် ရောက်လာကာ ဝမ်ရှီးကို အကြီးအကဲရှာနေကြောင်း အသိပေးလာလေသည်။
“ချန်နော့ .. ရှင်သူတို့ကို ဒီပတ်ဝန်းကျင်လိုက်ပြလိုက်ဦး .. ကျွန်မ အကြီးအကဲကို ခဏလောက်အဖော်လုပ်ပေးလိုက်ဦးမယ်..” ဝမ်ရှီး အမိန့်ပေးပြီး ထွက်သွားလေသည်။
ချန်နော့ဆိုသည်မှာ ဝမ်ရှီးနောက်လိုက်နေသည့် အမျိုးသားပင်။ သူသည် ကောင်းကင်နတ်ဘုရားအဆင့်၏ အမြင့်ဆုံးကို ရောက်သည်မှာ ကြာလေပြီ။
သူသည် ဆယ်စုနှစ်အနည်းငယ်သာကျင့်ကြံရသေးသော်လည်း ဤအဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။ ကောင်းကင်ဘုံကိုးခုလုံးတွင် သူသည် အံ့အားသင့်စရာကောင်းသည့်သူပင်။ သို့သော်နှမြောစရာကောင်းသည်မှာ သူသည် ထာဝရစွမ်းအင်ကို မကျင့်ကြံနိုင်ပေ။ မဟုတ်ပါက သူ့အလားအလာမှာ အကန့်အသတ်မရှိလောက်အောင်ပင် ဖြစ်လိမ့်မည်။
သို့သော်လည်း ဤသည်မှာ သူ့ထံ၌ အခွင့်အရေးမရှိတော့ဘူးဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းကြီးများအားလုံးတွင် လျှို့ဝှက်ပညာများရှိသည်။ ကောင်းကင်နတ်ဘုရားအဆင့်မှာ အလွန်အရေးကြီးပြီး ထိုအဆင့်တွင် ငါးအဖြစ်မှ နဂါးအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း အားလုံးသိကြသည်ပင်။
ထို့အပြင် ဤအခွင့်အရေးမှာ အလွန်အရေးကြီးသည်။ ဤအခွင့်အရေးကိုဆုတ်ကိုင်လိုက်နိုင်သည်နှင့် ထူးခြားသည့်ဂျီးနီးယပ်စ်များကိုပင် ကျော်တက်သွားနိုင်မည်ပ်င။
ချန်နော့သည် ထိုအခွင့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။ သူသည် ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ပဲ တစ်နေ့ကျလျှင် စွမ်းအားကြီးသည့်ပုဂ္ဂိုလ်များနှင့် ရင်ဘောင်တန်းနိုင်မည်ဟု ယုံကြည်ထားလေသည်။
ဝမ်ရှီး သူ့ကို ရွေးခဲ့သည်မှာလည်း သူ၏အလားအလာကို သူမ တွေ့ခဲ့သောကြောင့်ပင်။ ချန်နော့သည်လည်း ဤသည်ကို သိသောကြာင့် ပို၍စိတ်အားတက်ကြွကာ ရည်မှန်းချက်ကြီးကြီးထားနေခြင်းပင်။
ဝမ်ရှီးထွက်သွားသည်နှင့် ချန်နော့သည် ရှီဟောင်တို့ကိုခေါ်ကာ သူတို့ဤနေရာနှင့် ရင်းနှီးသွားစေရန်အတွက် တောင် ၁၀ လုံးပတ်လည်ကို လိုက်ပြလိုက်သည်။
“ငါတို့ ဂူထဲမှာကျင့်ကြံလို့ရတယ်ဆိုပေမယ့် ငါတို့နေဖို့ကိုယ်ပိုင်နေရာတွေရှိတယ် .. အားလုံးကြိုက်တဲ့တောင် ရွေးလို့ရတယ်..” ချန်နော့ပြောလိုက်၏။
သူ တောင် ၁၀ လုံးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ ထိုတောင်များထဲတွင် အချို့မှာ မည်းနက်နေပြီး အချို့မှာ ခရမ်းရောင်တောက်ပနေသည်။ အခြားတောင်များမှာ အနီရောင်အလင်းများ တောက်ပနေလေ၏။ အားလုံးမှာ မှော်ဆန်ကာ ထူးခြားကြသည်ပင်။
အရင်ရောက်လာသည့် သူနှင့်မိန်းမပျိုလေးနှစ်ယောက်လုံးမှာ တောင်နှစ်လုံးကို ရွေးချယ်ပြီးသွားလေပြီ။
သူတို့ပြောသည့်အတိုင်းဆိုလျှင် ကိုယ့်တောင်၌ကိုယ့်ဘာသာကိုယ်လေ့ကျင့်သည်မှာ အကောင်းဆုံးပင်။ သူမ ထိုဂူထဲသို့ သွားရန်ခွင့်ပြုသော်လည်း ကိုယ့်နေရာကိုယ်သိလျှင် အကောင်းဆုံးပင်။
အဘယ်ကြောင့်ဆိုသော် တပည့်အစစ်များပင်လျှင် တောင်ထိပ်တစ်လုံးစီသာရကြသည်ပင်။
သူနှင့်အတူလာသည့်နှစ်ယောက်မှာ သူတို့တောင်ထိပ်များကို ရွေးချယ်ပြီးသွားပြီဖြစ်သောကြောင့် ရှီဟောင်လည်း ချန်နော့နှင့်အခြားသူများကို ခက်ခဲအောင်မလုပ်ချင်တော့ပေ။ သူသည် နောက်လိုက်မဟုတ်သော်လည်း အရမ်းလွန်လွန်းသွားလျှင် မကောင်းပေ။
“ဒီမှာ ဘာလို့ ငှက်တွေနဲ့ သားရဲတွေ အများကြီဲးရှိနေတာလဲ..” ရှီဟောင် ဘေးပတ်လည်ကိုကြည့်ပြီး ပြောလိုက်သည်။
“အဲဒီဘက်မှာ ပိုများသေးတယ်..” ချန်နော့ဘေးတွင်ရှိနေသည့် စုလန်ဆိုသည့်မိန်းကလေးမှ လက်ညှိုးထိုးပြလိုက်သည်။ သူမသည် ချန်နော့နှင့်အတူ ရွေးချယ်ခံရသည့်သူဖြစ်ပြီး ယခုအချိန်တွင် သူမသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်နေလေပြီ။
ထာဝရစွမ်းအင်ကို ထည့်မတွက်ပါက ချန်နော့နှင့် စုလန်တို့သည် တပည့်အစစ်များထက် မနိမ့်ကျပေ။
ရှီဟောင်သည် ကောင်းကင်ကိုမော့ကြည့်ကာ ပျံသန်းနေသည့်နတ်ငှက်များကိုကြည့်လိုက်သည်။
“ဒီနေရာက သားရဲတွေက စားလို့ရလား..” ရှီဟောင်မေးလိုက်သည်။
စုလန်အနည်းငယ် ဆွံ့အသွားကာ ချန်နော့သည်လည်း အေးခဲသွားသည်ပင်။
ရှီဟောင်နှင့်အတူ လိုက်လာသည့် အမျိုးသားနှင့်အမျိုးသမီးမှာမူ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
“ရပါတယ် .. ဒါပေမဲ့ သူတို့တွေကို စီးတော်ယာဉ်တွေအဖြစ်…” ချန်နော့ပြောလိုက်သည်။ “သိပြီ..” သို့သော်လည်း သူပြော၍မပြီးသေးခင်မှာပင် ရှီဟောင်ဖြတ်ပြောလိုက်လေ၏။
သူတို့လေးယောက် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြလေ၏။ သူတို့မကောင်းသည့်ခံစားချက်များရနေသည်။ သူတို့သည် ရှီဟောင်ကိုတစ်လှည့် တောင်ကိုတစ်လှည့်ကြည့်နေကြလေ၏။
“ခဏနေကျရင် ခင်ဗျားတို့ကို ငွေရောင်ကောင်းကင် ကင်းခြေများကင် စားဖို့ခေါ်လိုက်မယ်” ရှီဟောင်ပြောလိုက်၏။ သူ ကျန်းအနည်းငယ်ခန့်ရှည့်သည့် ငွေရောင်ကင်းခြေများများကို တွေ့လိုက်ရသောကြောင့်ပင်။
“အဲဒါဆိုရင်လည်း ရွှေရောင်အတောင်ပံပန်ကိုပဲ ကင်စားကြတာပေါ့..” ကောင်းကင်ထက်တွင်ပျံသန်းနေသည့် ရွှေရောင်နတ်ငှက်များကိုကြည့်ပြီး ရှီဟောင်ပြောလိုက်သည်။
“မလုပ်နဲ့ .. အဲဒါက ငါ့တို့နယ်မြေမဟုတ်ဘူး .. လျှောက်မစားနဲ့ .. တစ်ခြားဂျီးနီးယပ်စ်တွေ ငါတို့တံခါးရှေ့ရောက်လာရင် မကောင်းဘူး.. အဲဒါတွေကို သူတို့စီးတော်ယာဉ်တွေ ဖြစ်လောက်တယ်..”
ဤလူများမှာ တကယ်ကို ကြောက်နေကြလေပြီ။
“ထားလိုက်တော့ .. ငါရေကန်ထဲဆင်းပြီးတော့ ရေနဂါးတစ်ကောင်ပဲသွားဖမ်းလိုက်တော့မယ် .. ပြီးတော့ ကျောက်တောင်တွေပေါ်က အစိမ်းရောင်လုအန်ကိုဖမ်းလိုက်မယ် ..” ရှီဟောင်ပြောလိုက်သည်။
ထိုစကားကိုကြားသည်နှင့် စုလန်မှာ လဲကျမတတ်ပင်။ သူတို့ဘယ်လိုလူမျိုးကို ဖိတ်ခေါ်မိသွားတာလဲ..
“အဲဒီအစိမ်းရောင်လုအန်မှာ ဖီးနှစ်အစစ်သွေးရှိတယ် .. နတ်သမီးဝမ်ရှီးက တစ်ခါတစ်လေကျရင် အဲ့အကောင်ကိုစီးပြီးတော့ ခရီးသွားတာ..” ချန်နော့ ပြောလိုက်သည်။
“စိတ်ဝင်စားဖို့ကို မကောင်းဘူး..” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်လေ၏။
ဒီနေရာမှာ စားစရာမရှိဘူးဟု ပြောချင်တာလား .. ဒါမှမဟုတ် သူ့ဟာသတွေကို မရယ်လို့ပြောချင်တာလား .. ဘယ်သူမှမသိ။ ဤလူများမှာ သူ့ရည်ရွယ်ချက်ကို တကယ်မသိကြတော့..
သူတို့တောင်ထိပ်များကို ရွေးပြီးသွားသည်နှင့် ကျောက်နံရံရှိ လှိုဏ်ဂူသို့ ပြန်လာခဲ့လိုက်ကြသည်။
သူတို့ဝမ်ရှီးကို ဤနေရာတွင်စောင့်လိုကြခြင်းပင်။ သူမပြန်ရောက်လာသည်နှင့် သေချာပေါက် သူတို့အတွက် အမိန့်ရှိလာမည်ပင်။
“ရှင်တို့အားလုံး သက်တောင့်သက်သာနေကြ .. ဒီဂူထဲက ကြိုက်တဲ့နေရာမှာ အရင်ထိုင်လိုက်ပါဦး..” စုလန် သူတို့အားပြောလိုက်သည်။
သို့သော် ဤသည်မှာ အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်ကိုသာပြောခြင်းဖြစ်ပြီး ရှီဟောင် မပါပေ။ အဘယ်ကြောင့်ဆိုသော် ဤကောင်သည် ဂူထဲသို့ ဝင်ပြီးကတည်းက လျှောက်ပတ်ကြည့်ပြီးနေလေပြီ။
ချန်နော့၏အမူအရာမှာ အနည်းငယ် ရုပ်ဆိုးနေသည်။ ရှီဟောင်သည် နောက်လိုက်မဟုတ်သောကြောင့်သာ။ မဟုတ်ပါက သူအစောကြီးကတည်းက ဆူပူကြိမ်းမောင်းပြီးသွားလောက်လေပြီ။
ယခုအချိန်တွင် သူနှင့်စုလန်တို့နှစ်ယောက်လုံး မျက်လုံးတစ်ဖက်ဖွင့်ပြီး တစ်ဖက်ပိတ်နေရလေ၏။
“အမ် .. သူပျောက်သွားပြီလား..” တစ်နာရီကြာပြီးသည့်နောက်တွင် ချန်နော့နှင့် စုလန်တို့နှစ်ယောက်လုံး ထိတ်လန့်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တရားထိုင်ပြီး ပြန်ထလာသည့်အချိန်တွင်ရှီဟောင်၏အော်ရာကို အာရုံခံ၍မရတော့ပေ။
အခြားနှစ်ယောက်လည်း ဆွံ့အနေကြသည်ပင်။ ဒီလူက လျှောက်သွားပြီးတော့ လမ်းပျောက်သွားတာလား..
“မကောင်းတော့ဘူး .. သူ မမလေးအနားယူတဲ့နေရာကို ဝင်သွားတာလို့တော့ မပြောနဲ့နော်..” ချန်နော့၏အမူအရာ ပြောင်းလဲသွားလေ၏။
စုလန်လည်း ထိတ်လန့်သွားကာ ထိုနေရာသို့ ဦးတည်သွားလိုက်လေ၏။
ဤဂူထဲတွင် ဝင်၍မရသည့်နေရာရှိသည်ပင်။ ဝမ်ရှီးတစ်ယောက်တည်းကျင့်ကြံသည့်နေရာမှာ သူတို့ပင်လျှင် သတင်းတင်ပို့မှ ဝင်နိုင်ခြင်းပင်။
“ဒီကောင်က အစီအရင်ဆရာလား .. သူက ချိတ်ပိတ်ထားတဲ့ဒီတံခါးကိုတောင် ဖွင့်ပြီးဝင်သွားနိုင်တယ်..”
သူတို့ဂူအတွင်းပိုင်းသို့ ဝင်သွားသည့်အချိန်တွင် အနည်းငယ် ထိတ်လန့်သွားရသည်။ ကျောက်တံခါးကြီးပွင့်နေပြီး အထဲဘက်မှ နတ်အရောင်များထွက်ပေါ်နေသည်။
အမှန်တကယ်တွင် ရှီဟောင် အစီအရင်ကို ချိုးဖောက်လိုက်ခြင်းမဟုတ်ပေ။ သူ၏ထာဝရစွမ်းအင်ကိုအသုံးပြုကာ ကျောက်တံခါးကို တွန်းဖွင့်လိုက်ခြင်းပင်။
“မင်း .. မင်းကတော်တော်လေး ရဲတင်းနေတာပဲ .. မမလေးရဲ့ အိပ်ရာကိုတောင် မင်းသုံးရဲတယ်ပေါ့..” ချန်နော့အော်ဟစ်လိုက်လေ၏။ သူသည် အထဲဘက်မှလူကို အေးစက်စွာပင် စိုက်ကြည့်နေလေသည်။
စုလန်သည်လည်း ရှီဟောင်ကိုမြင်သည်နှင့် အနည်းငယ် ဆွံ့အသွားသည်ပင်။ သူမဘာပြောရမလဲပင် မသိတော့။
“လျှောက်ပြောမနေနဲ့ .. ဒါက ထူးဆန်းတဲ့ ကျောက်တုံးလေးပဲ မဟုတ်ဘူးလား..” ရှီဟောင်မျက်လုံးများပွင့်လာကာ သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်နေသလို ခံစားနေရလေသည်။
ဤသည်မှာ ကျောက်တုံးအခန်းတစ်ခန်းရှိပြီး ဤအခန်းထဲတွင် တစ်ကျန်းခန့်ရှည်သည့် ကျောက်တုံးကြီးရှိနေသည်။ သူဤနေရာတွင် ထိုင်လိုက်သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးစွမ်းအားများ သူ့အလိုလိုထိန်းညှိသွားကာ သူသည်လည်းတာအိုကျင့်ကြံခြင်းအဆင့်သို့ လျင်မြန်စွာ ရောက်သွားလေသည်။ ဤသည်မှာ အံ့အားသင့်စရာကောင်းလှသည်။
“ဒါက မမလေးရဲ့အိပ်ရာ .. ဘယ်သူမှ မသုံးဖူးသေးတဲ့နေရာပဲ .. ဒါကို ဝမ်မိသားစုဆီက ယူခဲ့တာ..” စုလန်ပြောလိုက်၏။
“အိုး .. ငါက တာအိုလေ့လာတဲ့စင်္ကြံမှတ်နေတာ .. ဒီလိုမျိုး ဇာတ်ကြောင်းရှိနေတာလား..” ရှီဟောင် ထိုကျောက်တုံးစင်္ကြံမှ ဆင်းလာလေသည်။
“မင်းက မမလေးရဲ့ အိပ်ရာပေါ်ကိုတောင် သွားရဲတယ်ပေါ့ .. ဒီကိစ္စကို ဒီမှာတင် မပြီးနိုင်ဘူး..” ချန်နော့ ဒေါသတကြီးပြောလိုက်၏။
“နားလည်မှုလွဲသွားတာပါ..” ရှီဟောင်ပြောလိုက်သည်။
ထိုအချိန်တွင် ထာဝရဂူအပြင်ဘက်မှ ထိတ်လန့်တကြားအော်သံ ထွက်ပေါ်လာလေသည်။ “တစ်ယောက်ယောက် နတ်သမီးဝမ်ရှီးရဲ့ ကုတင်ပေါ်ကို တက်သွားတာလား..”
“ဟေး.. လျှောက်မပြောနဲ့..” ရှီဟောင် ထိတ်လန့်တကြားဖြစ်သွားကာ အော်ဟစ်လိုက်သည်။
ချန်နော့နှင့် စုလန်တို့လည်း ထိုအချိန်မှသာ တစ်ခုခုမှားယွင်းနေသည်ကို ခံစားလိုက်ရပြီး အပြင်ဘက်သို့ ပြေးထွက်သွားလိုက်ကြလေသည်။
“ဘုရားရေ .. တစ်ယောက်ယောက်က ဝမ်ရှီးရဲ့ကုတင်ပေါ်တက်သွားတယ်..” ထိုအမျိုးသမီးသည် အခြားသူများမကြားမည်စိုးသောကြောင့် ကောင်းကင်ထက်သို့ အသံပို့လွှတ်လိုက်လေသည်။
“ဒီမိန်းကလေးက ဘယ်သူလဲ..” ရှီဟောင်မေးလိုက်၏။
“သူက မင်းသမီးယောင်ယွဲ့ရဲ့ အကောင်းဆုံးသူငယ်ချင်း .. ပြီးတော့ စွမ်းအားကြီးတဲ့ တပည့်တစ်ယောက်လည်း ဟုတ်တယ်..” စုလန်ပြောလိုက်၏။
မင်းသမီးယောင်ယွဲ့နှင့် ဝမ်ရှီးတို့မှာ ယှဉ်ပြိုင်မှု ပြင်းထန်သည့်သူများပင်။ မင်းသမီးယောင်ယွဲ့၏သူငယ်ချင်းမှာ တမင်သက်သက်လုပ်နေခြင်းပင်။
“ဘာလဲ .. ဘယ်သူလဲ .. ဘယ်သူက နတ်သမီးဝမ်ရှီးရဲ့အိပ်ရာပေါ်ကို တက်ရဲတာလဲ..” ခပ်ဝေးဝေးမှ တုံ့ပြန်သံတစ်ခု ထွက်ပေါ်လာလေသည်။
ပြဿနာကြီးတက်သွားပြီမှန်း ဝင်ပေါက်တွင်ရှိနေသည့်သူများ သိလိုက်ကြလေပြီ။ ယခု ဤကဲ့သို့ သတင်းပျံ့သွားသောကြောင့် ဝမ်ရှီး မည်ကဲ့သို့ တုံ့ပြန်မည်နည်း..
အပိုင်း ၁၂၉၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၅ – အနှောက်အယှက်
ထိုအမျိုးသမီး၏အသံမှာ အတော်ဝေးဝေးထိ ပျံ့သွားလေသည်။ ဤနေရာမှာ ကောင်းကင်နတ်ဘုရားကျောင်းဖြစ်သောကြောင့် အားလုံး၏အကြားအာရုံများမှာ စူးရှလှသည်ပင်။ ဤသည်ကို မည်သူက မကြားပဲနေမည်နည်း..
အနီးအနားတွင်ရှိနေသည့် သူများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြလေ၏။
ဘာဖြစ်နေတာလဲ .. ငါ ဘာကြားလိုက်ရတာလဲ.. ဤသည်မှာ အားလုံးတွေးနေသည့် အတွေးပင်။ သူတို့မယုံကြည်နိုင်ဖြစ်နေကြလေသည်။
တစ်ယောက်ယောက် ဝမ်ရှီး အိပ်ယာပေါ်တက်သွားတဲ့ ဒီသတင်းထက်ပိုပြီး လန့်စရာကောင်းတဲ့သတင်းရှိပါဦးမလား .. ဝမ်မိသားစုမှ မမလေးသည် ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားပြီး အားလုံးလက်လှမ်းမမှီနိုင်သည့်နေရာတွင် ရှိနေသည့်သူပင်။ သူမသည် ထူးခြားလှကာ ဂျီးနီးယပ်စ်များစွာအတွက် နတ်ဘုရားမပင်။
“ဒီမိန်းမက ရူးနေတာပဲ..” စုလန် ခြေထောက်စောင့်ကာ ပြောလိုက်သည်။ တစ်ဖက်လူသည် နားလည်မှုလွဲရန်အတွက် တမင်သက်သက်လုပ်နေခြင်းပင်။
အခြားသူများ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဤကဲ့သို့သော သတင်းထွက်သွားသည်နှင့် ဝမ်ရှီး၏ဂုဏ်သတင်းမှာ မြောင်းထဲရောက်သွားလေပြီ။ ဤသည်မှာ ချန်နော့နှင့် စုလန်တို့ကို အနည်းငယ် ထိတ်လန့်သွားစေသည်။
“မမလေး ချီလင်း .. ဒါက နည်းနည်းလေး လွန်လွန်းသွားပြီလို့ မမလေး မထင်ဘူးလား..” စုလန်ပြောလိုက်သည်။
“ငါက ငါကြားတာကိုပြောတာလေ ဘာမှားနေလို့လဲ .. ငါကိုယ်တိုင်ကြားလိုက်တာလေ..” ချီလင်းသည် ခပ်ဝေးဝေးမှ ပြုံး၍ပြောနေလေသည်။
စုလန်နှင့် ချန်နော့အမြင်တွင် ထိုအပြုံးမှာ အလွန်ပင် အတုအယောင်ဆန်လွန်းလှပြီး အလွန်စိတ်ပျက်ဖို့ကောင်းသည်။ သို့သော်လည်း သူတို့သည် နောက်လိုက်များသာဖြစ်သောကြောင့် ချီလင်း၏ပြိုင်ဘက်မဟုတ်ပေ။
“မင်းသမီးယောင်ယွဲ့သာသိရင် မမလေးရဲ့အပြုအမူကို သဘောတူမှာ မဟုတ်ပါဘူး..” စုလန်အတတ်နိုင်ဆုံး အသံလျှော့ထားလေသည်။
ချီလင်းသည် ရယ်မောပြီးနောက် ဤနေရာမှ ပျောက်ကွယ်သွားလေသည်။
သူမ ထွက်သွားသော်လည်း ဤနေရာမှာ မတည်ငြိမ်နိုင်သေးပေ။ အခြားတပည့်များ အလျင်စလိုရောက်လာကြကာ ဘာဖြစ်ခဲ့သည်ကို လာမေးကြလေသည်။
“ဘာဖြစ်တာလဲ .. ချီလင်းပြောတာ အမှန်ပဲလား..”
လူငယ်လေး လေးငါးယောက်ခန့် အလောတကြီးရောက်လာကြပြီး သူတို့အမူအရာမှာ အလွန်ကြမ်းတမ်းနေလေသည်။ သူတို့သည် ဤလူများကို စိုက်ကြည့်ကာ ကျယ်လောင်စွာပင် မေးလိုက်လေ၏။
“မမှန်ဘူး .. ခင်ဗျားက ဒီမိန်းမစကားတွေကိုတောင် ယုံနေတာလား..” ရှီဟောင်ပြတ်ပြတ်သားသားပြောလိုက်သည်။ အကြောင်းပြချက်မရှိပဲ သူ ပြဿနာမတက်ချင်။
အထူးသဖြင့် အခြားလူမှ ချောက်ချသည်ကို သူ မခံချင်။ တစ်ဖက်လူသည် သူ့ကိုရည်ရွယ်ပြီးလုပ်ခြင်းမဟုတ်ပဲ ဝမ်ရှီးကို ပစ်မှတ်ထားခြင်းဖြစ်သော်လည်း သူဤကဲ့သို့သော ကိစ္စထဲ ဝင်မပါချင်။
“မင်း..ပြော” ထိုအချိန်တွင် ထိုလူငယ်လေးထဲမှတစ်ယောက်သည် ဝမ်ရှီး ယခုလေးတင် ရွေးချယ်ထားသည့်နောက်လိုက်မိန်းမပျိုလေးကို လက်ညှိုးထိုးကာ မေးလိုက်လေသည်။ သူ၏မျက်လုံးမှ ထူးဆန်းသည့်အလင်းတစ်မျိုးလည်း ထွက်ပေါ်နေလေသည်။
“ချီလင်းပြောတာအမှန်ပဲလား..”
သူသည် နတ်စွမ်းရည်တစ်ခုကို အသုံးပြုနေခြင်းပင်။ အခြားလူ သတိလွတ်သွားသည်နှင့် သူသည် တစ်ဖက်လူ၏စိတ်ကို ထိန်းချုပ်နိုင်ကာ အမှန်တရားပြောထွက်အောင် လုပ်နိုင်လေသည်။
“ဟုတ်ပါတယ် .. သူ နတ်သမီးဝမ်ရှီးရဲ့ ကုတင်ပေါ်တက်ခဲ့တယ်..” ထိုအမျိုးသမီးသည် ရှီဟောင်ကို လက်ညှိုးထိုးကာ မျက်နှာသေဖြင့် ပြောလိုက်လေ၏။
“ဘာ..” ထိုလူငယ်လေးများ ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။ ယခု သူတို့ ဒီအတိုင်းစမ်းသပ်လိုက်သည့်အရာက ‘အမှန်တရား’ ဖြစ်နေသည်။
သူတို့ ဤသည်ကို လက်မခံနိုင်။ သူတို့ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
“ဒီကောင်က မမလေးဝမ်ရှီးရဲ့အိပ်ရာပေါ်ကို တက်ခဲ့တာလား..” တစ်စုံတစ်ယောက်မှ မာကျောစွာပြောလိုက်သည်။
နောက်လိုက်လေးတစ်ယောက်ကများ ဘာအရည်အချင်းတွေရှိနေလို့ သက်ရှည်မိသားစုရဲ့နတ်သမီး ဖိတ်ခေါ်တာကို ခံရတာလဲ .. ဟာသပဲ..
“အဲဒီလို မဟုတ်ပါဘူး..” စုလန် အလောတကြီးရှင်းပြလိုက်သည်။ ဤကဲ့သို့သော ကိစ္စသာပေါက်ကြားသွားပါက ပိုဆိုးသွားတော့မည်။
သို့သော် ထိုလူငယ်လေး၏အသံမှာကျယ်လောင်လွန်းလှသောကြောင့် ဤနေရာသို့ အလောတကြီး လာနေသည့်သူများအားလုံး ကြားလိုက်ရသည်။
ဖုန်း..
အချို့သူများမှာ လေပေါ်မှ ပြုတ်ကျသွားလေသည်။
ရောက်လာကြသည့်သူအားလုံး၏ အမူအရာများမှာလည်း မှောင်မည်းနေလေ၏။
“ငါ မယုံဘူး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် အားလုံးက အမှန်တရားတွေပဲ .. ရှင်တို့အားလုံး ကြားလိုက်ရတယ်မလား..” ခပ်ဝေးဝေးမှနေ၍ ချီလင်းပြောလိုက်သည်။
“အဲဒီလိုမျိုး လုံးဝမဟုတ်ပါဘူး..” အနီးအနားမှလူများကို ချန်နော့ အလောတကြီးရှင်းပြလိုက်သည်။
သို့သော်လည်း ခပ်ဝေးဝေးမှ ဒေါသတကြီးအော်ဟစ်သံများ ပျံ့နှံ့လာလေသည်။ အချို့ အထိမခံသည့်သူများမှာ အလွန်စိတ်ပျက်နေကြလေပြီ။
ချန်နော့နှင့် စုလန်တို့သည် ဤအနားတွင်ရှိနေသည့်လူများကို ရှင်းပြလိုက်ကာ တင်းမာမှုကို ဖြေလျော့လိုက်သည်။ ထို့နောက်တွင် သူတို့သည် ရှီဟောင်အား ဖိအားအပြည့်ဖြင့် ကြည့်လိုက်ကြလေ၏။
ကံမကောင်းစွာဖြင့်ပင် ခပ်ဝေးဝေးတွင်ရှိနေသည့် လူများမှာ အခြေအနေကို နားမလည်ကြသေးပေ။ အခြားသူများ၏ဒေါသနှင့်အတူ ကောလဟာလမှာ ပို၍ပင် ပြန့်သွားလေသည်။
ဤသည်မှာ အနည်းငယ် ရယ်စရာကောင်းသော်လည်း အမှန်တကယ်ဖြစ်ပျက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဝမ်ရှီးပါဝင်နေသော ကိစ္စဖြစ်သောကြောင့်ပင်။
မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သတင်းမှာ လှိုင်းလုံးကြီးကဲ့သို့ ပျံ့နှံ့သွားနေဆဲပင်။
“သတင်းက အမှား .. သူတို့တွေ ရှင်းပြပြီးသွားပြီ..” အလင်းထိန်းချုပ်ခြင်းတောအုပ်ရှေ့တွင်ရှိနေသည့် လူငယ်ဂျီးနီးယပ်စ်အချို့မှ ရှင်းပြလိုက်သည်။ သို့သော်လည်း ရောက်လာသည့်သူများမှာ သူတို့ပြောသည်ကို လျစ်လျူရှုထားကြလေသည်။
ခဏကြာပြီးသည့်နောက် ဤသည်မှာ ဇာတ်လမ်းဆင်ထားခြင်းဖြစ်ကြောင်း ရှင်းပြနေသည့်သူနှင့် သူတို့ကြားရသည်မှာ အမှန်တရားပင်ဖြစ်ကြောင်း ကျိန်ဆိုနေသည့်သူနှင့် နှစ်ဖွဲ့ကွဲသွားလေသည်။
ဤနေရာမှာ ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်လာလေ၏။ တပည့်အချို့ပင်လျှင် အတည်ပြုရန်အတွက် ရောက်လာကြလေသည်။
“အစေခံလေးတစ်ယောက်က လျှောက်ပြောရဲတယ်ပေါ့ .. မမလေးရဲ့ဂုဏ်သတင်းကို ဖျက်ဆီးချင်နေတယ် .. ဖားရုပ်ဆိုးကြီးက ငန်းသားကိုစားချင်နေတာပဲ..”
“မဟုတ်ဘူး .. ဒါက အမှန်ပဲ .. အဓိပ္ပာယ်မရှိတာ မဟုတ်ဘူး..”
ကောလဟာလများမှာ ပို၍ပင် ပျံ့နှံ့လာလေသည်။
“အဲဒီအစေခံ ဘယ်မှာလဲ .. ငါသူ့ကို သွားသတ်မယ်..”
“ရှူး .. အဲဒီလူက အစေခံမဟုတ်ဘူး .. နတ်သမီးဝမ်ရှီးကိုယ်တိုင်ဖိတ်ခေါ်ထားတဲ့ တာအိုရောင်းရင်း..”
“မထူးဆန်းတော့ပါဘူး .. ငါအရင်က မပြောခဲ့ဘူးလား .. သာမန်လူတစ်ယောက်က ဘယ်လိုလုပ် နတ်သမီးဝမ်ရှီးရဲ့အိပ်ရာပေါ် တက်နိုင်မှာလဲ..”
ဤလူများမှာ မီးထဲသို့ လောင်စာထည့်ချင်နေသည်မှာ သိသာလှပေသည်။ သူတို့သည် ကောလဟာလများကို တမင်သက်သက်ပင် ပိုပျံ့သွားအောင်လုပ်နေခြင်းပင်။
ချန်လော့နှင့် စုလန်တို့မှာ ရူးမတတ်ပင်။ အလင်းထိန်းချုပ်ခြင်းတောအုပ်ရှေ့တွင် ဤကဲ့သို့လူများနေခြင်းမှာ ကောင်းကျိုးမရနိုင်။ လူများစွာမှာ သူတို့ထံမှ အတည်ပြုချက်များကို လာတောင်းနေကြလေသည်။ ထိုအချိန်တွင် လူအများစုသည် အနီးအနားတွင် လျှောက်ပြောနေကြလေသည်။
ယခင်ကရောက်လာကြသည့်သူများမှာ သူတို့ရှင်းပြနေသည်ကို ယုံကြည်ကြသေးသော်လည်း အခြားသူများလျှောက်ပြောလိုက်သည့်အချိန်တွင် သူတို့၏ စိတ်က ဝေဝါးသွားလေသည်။
ဤသည်မှာ အစက နားလည်မှုလွဲခြင်းတစ်ခုသာဖြစ်သော်လည်း တစ်ယောက်ယောက်မှ မလိုစိတ်ဖြင့် ဖြန့်လိုက်သောကြောင့် လုံးဝပြောင်းလဲသွားလေပြီ။ ယခုတော့ သူတို့ရှင်းပြလေလေ ပိုဆိုးလေလေဖြစ်နေလေပြီ။
“မဟုတ်ဘူးလို့ ကျွန်မတို့ပြောပြီးပြီလေ .. ရှင်တို့က ဘာလို့ကျွန်မတို့ကို မယုံကြတာလဲ .. ရှင်တို့က ကျွန်မတို့ပေါ်ကို တမင်သက်သက် ရေဆိုးတွေ လောင်းချနေတာလား .. ကျွန်မတို့ကလန်က မမလေးပြန်ရောက်လာရင် သူ ရှင်တို့ဆီကို သေချာပေါက် လာလည်လိမ့်မယ်” စုလန် ဒေါသတကြီး ပြောလိုက်သည်။
“ဟေး လူငယ်လေး .. မင်းကိုကြည့်ရတာ ဒီကိစ္စတွေက မင်းနဲ့မဆိုင်သလို အေးဆေးလှချည်လား .. ဘာဖြစ်ခဲ့တာလဲ..” တစ်စုံတစ်ယောက်မှ ရှီဟောင်အား ရန်စလာခဲ့သည်။
ရှီဟောင် ဤလူများကို တစ်ချက်ကြည့်လိုက်သည်။ ယခုအချိန်တွင် သူဘာပြောပြာ အသုံးဝင်မည်မဟုတ်သည်ကို သူသိနေသောကြောင့် ဤလူများကို လျစ်လျူရှုလိုက်သည်။
“ဟက် .. ငါတို့ဒီမှာ တော်တော်လေး ဒေါသထွက်နေရတာ .. ဘာပဲဖြစ်ဖြစ် မင်းက တော်တော်လေး သတ္တိရှိနေတဲ့ပုံပဲ .. ဝမ်ရှီးရဲ့အိပ်ရာပေါ်ကို သွားခဲ့တာဆိုတော့ .. ဟား ဟား..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဘာမှ အသုံးမဝင်တဲ့လူတွေ..” ရှီဟောင်၏စကားများမှာ ရိုးရှင်းကာ တည့်တိုးဆန်လွန်းလှသည်။
ဤနေရာမှာ ချက်ချင်းပင် အနည်းငယ်အေးခဲသွားပြီးနောက် လေထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ လူများစွာမှာ သူ့အား ထိတ်လန့်တကြားဖြင့်ပင် ကြည့်လာကြလေ၏။
စုလန်မှာ ခေါင်းပင်ကျိန်းသွားရသည်။ ဤလူများအားလုံးမှာ ထာဝရစွမ်းအင်ကျင့်ကြံထားသည့်သူများဖြစ်ပြီး အားလုံးမှာ စွမ်းအားကြီးကြသည်။ ဝမ်ရှီးက ဤနေရာတွင် မရှိလျှင် သူတို့အား မည်သူက တားနိုင်မည်နည်း..
မမလေး ဤလူကို ခေါ်လာသည့်ဆုံးဖြတ်ချက်မှာ မှားယွင်းသွားပြီဟု သူမ ခံစားလိုက်ရသည်။
“အရှုံးသမားတစ်ယောက်က ငါတို့ကို ဒီလိုမျိုးရန်စရဲတယ်ပေါ့ .. သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို မသိသေးတဲ့သူကများ..” တစ်စုံတစ်ယောက်မှကျယ်လောင်စွာ ပြောလိုက်သည်။
ရုတ်တရက်ပင် ကောင်းကင်ထက်မှ ရောင်စုံအလင်းတန်းတစ်ခု ရောက်လာလေသည်။
ဝမ်ရှီး ပြန်ရောက်လာလေပြီ။
သူမလည်း သတင်းကြားပြီး ဘာဖြစ်ခဲ့သည်ကို သိပြီးသွားလေပြီ။ သူမ ရှီဟောင်ကိုကြည့်ကာ အနည်းငယ် ဆွံ့အမိသွားသည်။ ဒီကောင်က .. ပြဿနာရှာတဲ့နေရာမှာ တကယ်တော်တာပဲ .. ရောက်တာနဲ့ ပြဿနာရှာပြီးသွားပြီ..
ဝမ်ရှီးမှာ ရှက်သည်ပင်။ သတင်းကြားလိုက်သည့်အချိန်တုန်းက ရှီဟောင်အား ရိုက်နှက်ကာ နှိပ်စက်ပစ်လိုက်ချင်မိသည်။ သို့သော်လည်း လာသည့်လမ်းတစ်လျှောက်တွင် သူမ အနည်းငယ် တည်ငြိမ်သွားလေပြီ။
ထိတ်လန့်စရာကောင်းသည်မှာ ဝမ်ရှီးသည် ဤနေရာသို့ရောက်သော်လည်း ဘာမှမပြောပဲ အသက်ပြင်းပြင်းရှူကာ ရှီဟောင်အား စိုက်ကြည့်နေလေသည်။
“နတ်သမီးဝမ်ရှီး .. ဒီလူက နတ်သမီးရဲ့ သန့်စင်မှုကို ပျက်ယွင်းစေတယ် .. ဒီလူကို ရှင်းထုတ်ပစ်သင့်တယ်..”
“ဟုတ်တယ် .. သူဒီလိုကိစ္စမျိုးတကယ်လုပ်ခဲ့တယ်ဆိုတာ အစောလေးကတင် သက်သေပြပြီးသွားပြီ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ရှီဟောင် ဤလူများကို အေးစက်စွာပင် ကြည့်လိုက်သည်။ စကားပြောနေသည့်သူများက တစ်မျိုး၊ အမှောင်ထဲမှနေ၍ ကိစ္စများကိုဆွပေးနေသည့်သူများကို ပိုဆိုးသည်ပင်။ ဤကဲ့သို့ ကိစ္စလေးကိုပင် အကြီးကြီးဖြစ်အောင် လုပ်လိုက်ကြသည်။
“ခင်ဗျားတို့လိုမျိုး ဘာမှအသုံးမဝင်တဲ့သူတွေ နောက်မဆုတ်သေးဘူးဆိုရင် ကျုပ်ခင်ဗျားတို့အားလုံး တစ်ယောက်ပြီးတစ်ယောက်သေသွားအောင် ရိုက်ပစ်လိုက်မယ်..” ရှီဟောင်ပြောလိုက်၏။
ဤနေရာသည် ချက်ချင်းတိတ်ဆိတ်သွားပြီးနောက် ဤလူများ၏ အော်ရယ်သံများ ထွက်ပေါ်လာလေသည်။
“မင်းက ကောင်းကင်နတ်ဘုရားကျောင်းကိုတောင် ဝင်ခွင့်မရတာတောင်မှ ငါတို့ရှေ့မှာ အရှက်မရှိ လာပြောရဲသေးတယ်ပေါ့..”
“ဒါက တကယ်ကို ချစ်စရာကောင်းပေမယ့် သနားစရာကောင်းလောက်အောင် နုံအနေတယ် .. ဒီလိုမျိုးတောင် ပြောရဲတယ်ပေါ့..”
လူအချို့မှ ကျယ်လောင်စွာပင် ရယ်မောလိုက်လေ၏။
ဝမ်ရှီးသည် ဘာမှမပြောပဲ ဘေးဘက်မှနေ၍သာ ကြည့်နေလိုက်သည်။
အပိုင်း ၁၂၉၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၆ – အလွန်အမင်း စိတ်ရှုပ်ထွေးရခြင်း
လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြလေသည်။ ဒီကောင်က တစ်ခုခုပဲ .. သူက ဒီလိုမျိုးတောင်ပြောရဲတာလား..
သူ့မှာ ဘာအရည်အချင်းရှိနေလို့လဲ .. သူက ကောင်းကင်နတ်ဘုရားကျောင်းကိုတောင် မဝင်နိုင်ပဲနဲ့ ဒီလိုမျိုးလာလုပ်ပြနေသေးတယ်..”
“ကောင်းကင်နတ်ဘုရားကျောင်းထဲမှာ တပည့်အချင်းချင်းသတ်ဖို့ ခွင့်မပြုဘူး..” ဝမ်ရှီး အလွန်တည်ငြိမ်နေသည့်လေသံဖြင့်ပြောလိုက်သည်။
ရှီဟောင်သည် သူနားလည်ကြောင်း ခေါင်းညိမ့်ပြလိုက်လေ၏။ “ငါက တပည့်မဟုတ်ဘူးဆိုတော့ တစ်ယောက်၊ နှစ်ယောက်လောက် သတ်လိုက်လည်း ကိစ္စ မရှိဘူးမလား..”
အခြားသူများမပြောနှင့် ဝမ်ရှီးပင်လျှင် အနည်းငယ် ဆွံ့အသွားရ၏။ အခြားသူများကို သတ်၍မရကြောင်း ဤကောင်ကို ပြောပြချင်ခြင်းဖြစ်သော်လည်း အဆုံးသတ်တွင်တော့ နားလည်မှုလွဲသွားခဲ့သည်။
အခြားသူများမှာမူ မျက်နှာပျက်သွားကာ ရှီဟောင်ကို တကယ်ဒေါသထွက်လာကြလေ၏။
သူတို့မျက်လုံးထဲတွင် သူသည် အမှိုက်တစ်ခုထက် မပိုပေ။
“ငတုံးကောင် .. မင်းက ကောင်းကင်နတ်ဘုရားကျောင်းထဲကိုတောင် မဝင်နိုင်တာ .. မင်းမှာ ဘာအရည်အချင်းရှိလို့ ငါတို့ကို ဒီလိုမျိုးလာပြောနေတာလဲ..”
“မင်းဒီလိုမျိုးလုပ်လိုက်ရင် နာမည်ကြီးလာမယ်လို့ ထင်နေတာလား .. မင်း အကျိုးဆက် ဆိုတဲ့စကားလုံးကို သင်ဖို့လိုသေးတယ် .. အချိန်ကျလာရင် မင်းအသက်ကို ပြန်ပေးဆပ်ရလိမ့်မယ်..”
ဤလူများ မကျေမနပ်ဖြစ်သွားကြသည်။ သူတို့ကို လုထော်၊ ဖုန်းရှင်းထျန်နှင့် အခြားသူများသာ အထင်သေးပါက သူတို့နားလည်နိုင်သေးသည်။ သို့သော်လည်း ဤအရှုံးသမားက သူတို့ကို ဤကဲ့သို့ ဂုဏ်ချရဲသေးသည်။
“ငါ သူ့ကို ရှင်းလိုက်မယ် .. ကောင်းကင်နတ်ဘုရားကျောင်းထဲကို ရောက်လာရင် ဘယ်လိုမျိုး ပြုမူနေထိုင်သင့်လဲဆိုတာ သူ မသိသေးဘူး .. သူ့ကို သင်ပြပေးဖို့ လိုနေတယ် .. ငါသူ့ကို သင်ခန်းစာနည်းနည်းပေးလိုက်မယ်..” တစ်စုံတစ်ယောက်မှ ပြောပြီးလျှောက်လာလေသည်။
“ရှေးဟောင်းနတ်ဆိုးဝက်ဝံမျိုးဆက် .. ဒါကိုစားလို့ရလား ..” ရှီဟောင်သည် လျှောက်လာသည့်သူ၏မူလခန္ဓာကိုယ်ကို မြင်ပြီးနောက် ဝမ်ရှီးအား ဤကဲ့သို့ မေးလိုက်လေသည်။
လူအုပ်ကြီးမှာ ဆွံ့အသွားကာ ဘယ်လိုတုံ့ပြန်ရမလဲပင် မသိတော့..
နတ်ဆိုးဝက်ဝံကြီးမှာ အစက ဆွံ့အသွားသော်လည်း နောက်တော့ ဒေါသထွက်လာလေ၏။ ဒီကောင်က သူ့ကို သတ်စားချင်နေတာလား ..
ဤကောင်မှာ အနည်းငယ်ထူးဆန်းသည်ဟု တွေးမိပြီး လူများစွာမှာ ရယ်မောလိုက်ကြလေ၏။ သို့သော် အချို့သူများ၏မျက်နှာမှာမူ အေးစက်နေလေ၏။
“ရှင် တကယ်သတ်လို့ မရဘူး..” ဝမ်ရှီး သူ့အား ခေါင်းခါကာ ပြောလိုက်သည်။ ဤလူသည် ဤမျှမရိုးရှင်းသည်ကို သူကိုယ်တိုင်သာသိသည်။
“တကယ်ကိုပျင်းစရာကောင်းတာပဲ .. အဲဒီဝက်ဝံလက်တွေက အရမ်းကောင်းတာ .. မစားပဲနဲ့ကြည့်နေရတာက တကယ်နှမြောဖို့ကောင်းတာပဲ..” ရှီဟောင် ဝမ်းပန်းတနည်းပြောလိုက်လေသည်။
သောက်ခွေး..
သူ တကယ်မသိတာလား .. ဒါမှမဟုတ် ဟန်ဆောင်နေတာလား.. ထာဝရစွမ်းအင်ကျင့်ကြံထားသည့် နတ်ဆိုးဝက်ဝံကြီးကို ရင်ဆိုင်ရသော်လည်း သူက ဤကဲ့သို့ရိုင်းစိုင်းရဲသေးသည်။
နတ်ဆိုးဝက်ဝံကြီးသည် အလွန်ပင် ဒေါသထွက်လာသည်။ ဒီလူငယ်လေးကို စကားနဲ့ပြောနေမယ့်အစား သူ့ကို နှစ်ပိုင်းပဲ ဖြတ်ပစ်လိုက်တော့မယ်..
“ငါမင်းကို သတ်မယ်..” နတ်ဆိုးဝက်ဝံကြီးမှ ခုန်အုပ်လာလေသည်။
ရှီဟောင်သည် ဘေးဘက်သို့ ရှောင်တိမ်းလိုက်ကာ “ငါမင်းကို စားလို့မရဘူး .. ဒီနေရာက သတ်ဖြတ်တာကိုလည်း ခွင့်မပြုဘူး .. တကယ်စိတ်ဝင်စားဖို့ကို မကောင်းဘူး..”
အားလုံးမှာ ဘာပြောရမလဲပင် မသိတော့ .. သူသည် တပည့်များရှေ့တွင်ပင် မောက်မောက်မာမာပြောရဲနေသေးသည်။
နတ်ဆိုးဝက်ဝံကြီး၏ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းများ ထွက်ပေါ်လာလေသည်။ သူသည် လူသားပုံစံသာရှိသေးသော်လည်း သားရဲအော်ရာကို ထုတ်လွှတ်နေလေပြီ။
“ဒီနေရာကို ဘယ်သူအုပ်ချုပ်နေတာလဲ .. ဒီရူးနေတဲ့ ဝက်ဝံကြီးကို ဒီနေရာကနေ မြန်မြန်ဆွဲထုတ်လိုက်..” ရှီဟောင်ပြောလိုက်သည်။
“သူရဲဘောကြောင်သလို လုပ်နေတယ် .. ဘာလဲ ကြောက်နေပြီလား .. တိုက်တောင် မတိုက်ရဲတော့ဘူးလား..” ဘေးဘက်တွင်ရပ်နေသည့်သူများ သူ့အား လှောင်ရယ်လာကြလေသည်။
“ခင်ဗျားတို့လိုမျိုး ယင်ကောင်တွေကို ဘာကြောက်စရာရှိလို့လဲ..” ရှီဟောင်ပြန်ပြောလိုက်သည်။
ဤသည်မှာ ဤလူအားလုံးကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်ပင်။ အားလုံးမျက်နှာပျက်သွားပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်လာလေသည်။
ရှီဟောင် ဤလူများကို အရေးမစိုက်ပဲ ဝမ်ရှီး၏ရောင်စုံအလင်းများ ထွက်ပေါ်နေသည့်ဂူထဲသို့ လျှောက်သွားလိုက်လေသည်။
ဝမ်ရှီး သူ့အား မကျေမနပ်ကြည့်လိုက်၏။ ဤကောင်က အရမ်းရင်းနှီသည့်ပုံလုပ်နေသည်။ ပိုင်ရှင်က ဤနေရာတွင်ရှိနေသေးသည်ကိုပင် သူက အထဲဝင်သွားသေးသည်။ နည်းနည်းလေးမှ ယဉ်ကျေးမှုမရှိ။
“မင်း .. ဒီကိုပြန်လာခဲ့..” နတ်ဆိုးဝက်ဝံကြီး အော်ဟစ်လိုက်၏။ သူသည် အလွန်ဒေါသထွက်နေသော်လည်း ဝမ်ရှီး၏ဂူထဲသို့ ဝင်မသွားရဲပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ ကန့်သတ်ထားသည့်နေရာတစ်ခုပင်။ သူတို့အတွက်တော့ ဤသည်မှာ လုထော်နှင့် ယှဉ်နိုင်သည့် ကျွမ်းကျင်သူပင်။
“ခင်ဗျားက ပြန်လာဆိုတာနဲ့ ကျုပ်ကပြန်လာရမှာလား .. ခင်ဗျားနဲ့တိုက်လို့ ဘာကောင်းကျိုးရမှာလဲ .. ခင်ဗျားနဲ့တိုက်လို့ ကျုပ် ဘာအောင်မြင်မှုမှ မရနိုင်ဘူး .. အချိန်ကုန်တာပဲ အဖတ်တင်မယ်..” ရှီဟောင်၏စကားများမှာ အခြားသူများအတွက် နားခါးလှသည်ပင်။
“ဒါက မင်းတိုက်ရမယ့်ဟာပဲ .. မင်းက တစ်ခြားသူကို ပြန်ပေးစေချင်သေးတာလား..” နတ်ဆိုးဝက်ဝံကြီး၏မျက်လုံးများ အေးစက်နေလေပြီ။
“ခင်ဗျား ကျုပ်ကျေနပ်လောက်မယ့် ရတနာတစ်ခုကို ထုတ်ပေးရင်တော့ ကျုပ်ခင်ဗျားနဲ့ တိုက်ပေးမယ် .. မဟုတ်ရင်တော့ ဘေးဘက်သွားနေလိုက်တော့..” ရှီဟောင်ပြောလိုက်၏။
ဤလူများမှာ ဒေါသထွက်သွားရသည်။ သူနှင့်တိုက်ဖို့အတွက် သူတို့က ဆုကြေးပေးရဦးမည်.. သူတို့က ဤသည်ကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း..
“ဒီမှာ .. ငါ့မှာ ကောင်းကင်နတ်ဘုရားအဆင့် လျှို့ဝှက်ရတနာနှစ်ခု ရှိတယ်..” နတ်ဆိုးဝက်ဝံမှ ပြောလိုက်သည်။
“ငါ့လက်သီးချက်က ကောင်းကင်နတ်ဘုရားအဆင့် လျှို့ဝျက်ရတနာတွေကို ဖောက်ခွဲပစ်နိုင်တယ် .. ငါက ဘာလို့ အဲဒီပစ္စည်းတွေလိုမှာလဲ .. ခင်ဗျားက ထာဝရစွမ်းအင်ကျင့်ကြံထားတဲ့ကောင်မဟုတ်ဘူးလား .. ဘာကောင်းကင်ပစ္စည်းမှ မရှိဘူးလား .. ဆင်းရဲမွဲတေနေလိုက်တာ..”ရှီဟောင်ပြောလိုက်သည်။
သူ၏အံ့အားသင့်နေသည့်မျက်နှာကိုကြည့်ကာ နတ်ဆိုးဝက်ဝံသည် သူ့မျက်နှာတစ်ခုလုံး ဖူးယောင်လာသည်အထိ ရိုက်ပစ်ချင်နေလေသည်။
“ခင်ဗျားတို့အားလုံး အဲဒီလောက်တောင် ဆင်းရဲတာလား .. ဖီးနှစ်သွေးအစစ်တို့၊ ထာဝရဆေးလုံးတို့၊ ကောင်းကင်ပညာအရိုးစာသားတို့ မရှိဘူးလား..” ရှီဟောင်မေးလိုက်သည်။
ဤသို့ပြောလိုက်သောကြောင့် ဤကောင်သည် တမင်သက်သက်လုပ်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေပြီ။ သူက အရှက်တရားကင်းမဲ့လှပြီး မုန်းစရာကောင်းလွန်းလှသည်။
“ငါ့မှာ ခရမ်းရောင်နန်းတော်ဆေးရည်ရှိတယ်..”
ခရမ်းရောင်နန်းတော်ဆေးရည်မှာ ရှာတွေ့ရန်ခက်ခဲလှသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးစွမ်းအင်ပင်။
သို့သော်လည်း ရှီဟောင်သည်နှုတ်ခမ်းကိုတွန့်လိုက်ကာ “ကျုပ်က မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်ရောက်နေပြီ .. ခရမ်းရောင်နန်းတော်ဆေးရည်က အဖိုးတန်တယ်ဆိုပေမယ့် ကျုပ်အတွက် အဲဒီလောက်အသုံးမဝင်ဘူး..”
“ခရမ်းရောင်နန်းတော်ဆေးရည် အမျိုးမျိုးရှိတယ် .. မင်းတွေ့ခဲ့တာက ခရမ်းရောင်အစက်အပြောက်နည်းနည်းပဲပါတဲ့ သာမန်ဟာဖြစ်လိမ့်မယ် .. တကယ်တမ်းက အဲဒီထက်အဆင့်မြင့်တဲ့ ခရမ်းရောင်နန်းတော်ဆေးရည်တွေ အများကြီးရှိတယ်..” နတ်ဆိုးဝက်ဝံပြောလိုက်သည်။
သူသည်စကားပြောနေရင်းဖြင့်ပင် ဆေးရည်ပုလင်းကို ထုတ်လာလေသည်။ ထိုဆေးရည်ပုလင်းထဲတွင် ခရမ်းရောင်နန်းတော်ဆေးရည်အပြည့် ရှိနေသည်ပင်။ သို့သော်လည်း ထိုဆေးရည်များမှာ အနည်းငယ်ထူးခြားသည်။ ခရမ်းရောင်အရည်တွင် ငါးရောင်စပ်မြူများ ထွက်ပေါ်နေလေ၏။
“ခရမ်းရောင်နန်းတော်ထာဝရမြူလား…” ရှီဟောင် ထိတ်လန့်သွားရသည်။
သီအိုရီမှတ်တမ်းများအရဆိုလျှင် ထာဝရစွမ်းအင်ရှိသည့် ခရမ်းရောင်နန်းတော်ဆေးရည်အချို့ရှိသည်။ သို့သော်လည်း ဤသည်မှာ ရှားပါးလှပြီး မြင်တွေ့နိုင်ရန် ခက်ခဲလှသည်။
နတ်ဆိုးဝက်ဝံ၏ ခရမ်းရောင်နန်းတော်ဆေးရည်မှာ ထူးခြားသော်လည်း ဒဏ္ဍာရီလာအဆင့်ထိ မဟုတ်သေး။ နည်းနည်းလိုသေးသည်။
“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း တိုက်ကြတာပေါ့ .. ခင်ဗျားက ကျုပ်ကို ရိုးရိုးသားသားနဲ့ ဒီခရမ်းရောင်နန်းတော်ဆေးရည်ကိုပေးတယ်ဆိုတော့လည်း ကျုပ်ခင်ဗျားကို ခက်ခဲအောင် မလုပ်တော့ပါဘူး..” ရှီဟောင်သည် ခေါင်းညိမ့်ကာ အလွန်ကျေနပ်နေသည့်ပုံစံဖြင့် ပြောလိုက်လေ၏။
ရှီဟောင်သည် ဂူထဲမှ တရှိန်ထိုးထွက်ပြေးလာပြီး ပြိုင်ဘက်ကို အရင်တိုက်ခိုက်လိုက်သည်။
“ဒီလိုမျိုး လက်လွတ်စပယ်တိုက်ခိုက်နေတယ် .. တကယ်ကို သေချင်နေတာပဲ..”
“အပြောပဲရှိပြီး ဘာမှမလုပ်နိုင်တဲ့လူ…”
ဤလူအားလုံးသည် ရှီဟောင်အား အထင်သေးရှုံ့ချနေကြသည်ပင်။
သို့သော်လည်း ရှီဟောင်မှ တကယ်ကိုပင် မြန်ဆန်လွန်းလှသည်။ သူလက်မြှောက်လိုက်သည်နှင့် သင်္ကေတများထွက်လာလေသည်။ သူသည် နည်းလမ်းကြီးတစ်ခုခုကို ထုတ်သုံးတော့မည့်ပုံပင်။
တစ်ခဏခန့် တိုက်ခိုက်ပြီးသွားသည့်နောက် ရှီဟောင်စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဤလူ၏အရှိန်မှာ သူ့ထက် မြန်နေသည်။ သူ လျှို့ဝှက်ပညာကို ထုတ်သုံးရန် ခက်ခဲနေသည်ပင်။
ဖုန်းး..
သူတို့နှစ်ဦးသည် အနီးကပ်ပင် တိုက်ခိုက်နေကြလေ၏။ သူတို့နှစ်ဦးကြားတွင် အလင်းများတောက်ပလာပြီး အရိုးစာသားများလည်း ထွက်ပေါ်လာလေသည်။
နတ်ဆိုးဝက်ဝံမှာ တစ်ချက်တည်းဖြင့်ပင် သွေးအန်သွားသော်လည်း သူတောင့်ခံထားလိုက်သည်။ အခြားသူများသာသိသွားပါက သူ့မျက်နှာ ဘယ်နားသွားထားရတော့မည်နည်း..
အားလုံးထိတ်လန့်သွားရလေ၏။ ဒါက ဘယ်သူလဲ .. သူက တကယ်ပဲ ကောင်းကင်နတ်ဘုရားကျောင်းကို ဝင်ဖို့ အရည်အချင်းမရှိဘူးလား..
“သူက နတ်ဆိုးဝက်ဝံနဲ့ တကယ်တိုက်နိုင်တာလား .. ဝက်ဝံကိုတောင် ဒဏ်ရာရအောင် လုပ်လိုက်သေးတာလား..” လူအချို့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဝုန်း..
နတ်ဆိုးဝက်ဝံ သူ၏လက်ကို လွှဲရမ်းလိုက်၏။ သူသည် ယခုအချိန်ထိ သူ၏မူလခန္ဓာကိုယ်ကို မပြသသေးပေ။ သူ့ဘေးနားပတ်လည်တွင်ရှိနေသည့် စွမ်းအင်များမှာ ပြင်းထန်ကာ စွမ်းအားကြီးလာသည်။
ထို့အပြင် သူသည် ထာဝရစွမ်းအင်တစ်ကြောင်းကိုပင် အသက်သွင်းလိုက်လေပြီ။
ရှီဟောင် ရှောင်တိမ်းလိုက်သည်။ နတ်ဆိုးဝက်ဝံပစ်လွှတ်လိုက်သည့် ထာဝရစွမ်းအင်သည် တဝူးဝူးဖြင့်ပင် သူ့ထံသို့ တရှိန်ထိုးရောက်လာလေ၏။ သာမန်လူသာဆိုလျှင် သူတို့ အစောကြီးကတည်းက ပိတ်မိနေလောက်လေပြီ။
ဤသည်မှာ ထူးဆန်းသည့်မြင်ကွင်းပင်။ သူတို့နှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသော်လည်း မြင်ကွင်းမှာ ထင်ထားသည်ထက်ပင် ရိုးရှင်းနေသည်။ သူတို့နှစ်ယောက်ထိတွေ့သည်မှာ ရှားပါးသော်လည်း နတ်ခွန်အားမှာမူ အံ့အားသင့်စရာကောင်းလောက်သည်ပင်။
ရွှီး.
ရှီဟောင်၏လက်ချောင်းများ ရုတ်တရက်လှုပ်ရှားလာပြီး ထာဝရစွမ်းအင်ကို ဖြတ်ကျော်သွားလေသည်။
ဖုန်း..
ရှီဟောင်သည် အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် နတ်ဆိုးဝက်ဝံအနားသို့ ရောက်သွားကာ ထိုဝက်ဝံအား ရိုက်ချလိုက်လေသည်။ ဝက်ဝံကြီးမှာ ကျန်းအနည်းငယ်ခန့် လွင့်ထွက်သွားပြီးနောက် သူခန္ဓာကိုယ်မြေပြင်ပေါ်သို့ ကျသွားသည်နှင့် သွေးများစွာ အန်ထွက်လာလေသည်။
ထိုတစ်ခဏတွင် အားလုံး ငေးကြောင်နေမိသွားကြသည်ပင်။
ဒါက ဖြစ်နိုင်ရဲ့လား .. ထာဝရစွမ်းအင်မကျင့်ကြံရသေးတဲ့သူက နတ်ဆိုးဝက်ဝံကြီးကို အနိုင်ယူလိုက်တာလား .. ဒါက အံ့ဩစရာကောင်းလွန်းတယ်..
ဝမ်ရှီးပင်လျှင် စိတ်လှုပ်ရှားသွားရသည်။ တရားဝင်တပည့်တစ်ယောက်က ဒီလိုမျိုးနဲ့ပဲ ရှုံးသွားတာလား .. ဒီကောင်က သူ့ရဲ့ ထာဝရစွမ်းအင်ကိုတောင် မသုံးပဲ လက်ဗလာနဲ့ပဲ တိုက်သွားတာ .. ဒါတောင်နိုင်သွားတယ် ..
“ဒီလိုလူမျိုးလည်းရှိသေးတာလား .. ထာဝရစွမ်းအင်ရှိတဲ့သူကို အနိုင်ယူသွားတာ..” တစ်စုံတစ်ယောက်မှ ရေရွတ်လိုက်သည်။
ဤသည်မှာ ကြီးမားသော အနိုင်ရရှိမှုကြီးပင်။
မျက်လုံးပေါင်းများစွာမှာ ရှီဟောင့်ထံသို့ ကျရောက်လာလေသည်။ ကောင်းကင်နတ်ဘုရားအဆင့်မှာ ငါးတစ်ကောင်က နဂါးတစ်ကောင်ဖြစ်နိုင်မယ့် အခွင့်အရေးရှိသေးတယ် .. ဒီကောင်က တစ်နေ့ကျရင်တော့ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့သူ ဖြစ်လာမှာပဲ..
“အဲဒါဆိုရင် ဒီခရမ်းရောင်နန်းတော်ဆေးရည်က ကျုပ်ဟာပဲ..” ထိုသို့ပြောပြီးနောက် သူထိုဆေးရည်ကို ယူလိုက်လေသည်။
“စမ်းကြည့်ချင်တဲ့သူ ရှိသေးလား” ရှီဟောင်မေးလိုက်သည်။
“ဒီမှာရှိတယ်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်လေ၏။
“အဲဒါဆိုရင် ကောင်းကင်ရတနာတွေ ယူလာခဲ့ .. မဟုတ်ရင် ကျုပ် အချိန်ဖြုန်းမနေနိုင်ဘူး..” ရှီဟောင် တည့်တိုးပင် ပြောလိုက်၏။
ထို့နောက် ဤနေရာတစ်ခုလုံး နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်လေသည်။
ဒါက အံ့အားသင့်စရာကောင်းတဲ့ပါရမီရှိတဲ့ ဂျီးနီးယပ်စ်လား .. ဒါမှမဟုတ် အရမ်းကို စိတ်ရှုပ်စရာကောင်းတဲ့လူလား .. အားလုံးမှာ အနည်းငယ် ငေးကြောင်မိသွားသည်။
အပိုင်း ၁၂၉၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၇ – ဖီးနှစ် သွေးစုစည်းခြင်း
ရှီဟောင်သည် ဝမ်ရှီး ဂူထဲသို့ ဝင်သွားလိုက်သည်။ သန့်ရှင်းသည့် အပြာရောင်ကျောက်တုံးကိုတွေ့သည်နှင့် ထိုင်ချလိုက်ကာ ထိုခရမ်းရောင်နန်းတော်ဆေးရည်ကိုလေ့လာလိုက်သည်။
ဤအရာတွင် ငါးရောင်စပ်မြူများဝေ့ဝဲနေလေ၏။ ဤသည်မှာ ထာဝရစွမ်းအင်မဟုတ်သော်လည်း သေချာပေါက် သာမန်မဟုတ်ပေ။
“ထာဝရစွမ်းအင်မဟုတ်တာ နှမြောစရာပဲ..” သူအနည်းငယ် မကျေမနပ်ဖြစ်သွားရသည်။
“ကျုပ်ခင်ဗျားနဲ့ တိုက်မယ်..” ငွေရောင်သင်းခွေချပ်တစ်ကောင် သူ၏မူလခန္ဓာကိုယ်နှင့် ပေါ်လာလေသည်။
“အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ .. နတ်ရတနာကိုအရင်ထုတ်လိုက် .. မဟုတ်ရင်တော့ ငါ မင်းနဲ့ဆော့ဖို့အချိန်မရှိဘူး..” ရှီဟောင် မည်သူ့ကိုမှ မျက်နှာသာပေးခြင်းမရှိပဲ ပြောလိုက်သည်။
တရားဝင်တပည့်များအမြင်တွင် ထာဝရစွမ်းအင်မရှိသည့်သူများမှာ အဆင့်နိမ့်သည့်သူများပင်။ ယခု ရှီဟောင်အနိုင်ရလိုက်ခြင်းမှာလည်း ကံကောင်းသွားသောကြောင့်ဟု မြင်နေကြလေသည်။
ယခု သူ ဤကဲ့သို့ ပြောလိုက်သည့်အချိန်တွင် လူများစွာကို မပျော်မရွှင်ဖြစ်သွားစေလေ၏။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူတို့အမြင်တွင် ‘အစေခံ’ တစ်ယောက်ပင်။ ယခုတော့ သူသည် ရိုင်းစိုင်းစွာဖြင့်ပင် သူတို့ခေါင်းပေါ် တက်ချင်နေသည်။ လူများစွာမှာ ဤသည်ကို လက်မခံနိုင်ကြပေ။
သို့သော် ဝမ်ရှီးကတော့ ဤသို့မထင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလူငယ် ဘယ်လောက်ထူးခြားသည်ကို သူမ သိသည်။ သေချာပေါက် အဆင့်နိမ့်သည့်သူတစ်ယောက် မဟုတ်။ ဤလူငယ်လေးထံတွင် ထာဝရစွမ်းအင် ၂ ကြောင်းရှိနေသည်။
ထို့အပြင် သူမ ဤတိုက်ပွဲကို သေချာလေး စောင့်ကြည့်ခဲ့သည်။ ရှီဟောင်သည် ထာဝရစွမ်းအင်ကို မသုံးပဲ တိုက်ခိုက်သွားသည်မှာ သေချာသည်။
“ငါ့မှာ ဂိုဏ်းခေါင်းဆောင်တစ်ဝက်အဆင့် မှော်ပစ္စည်းရှိတယ်..” ငွေရောင်သင်းခွေချပ်မှ အံကြိတ်ကာ ပြောလိုက်သည်။
ဒီကျောင်းမှာ ဘယ် ‘အစေခံ’က တရားဝင်တပည့်တွေကို စိန်ခေါ်ဖူးလို့လဲ..
“သတိထား..” သူ့ဘေးမှလူများမှ သူ့အား သတိပေးလိုက်သည်။
“ဂိုဏ်းခေါင်းဆောင်တစ်ဝက်အဆင့်မပြောနဲ့ ဂိုဏ်းခေါင်းဆောင်ပစ္စည်းအစစ်ဆိုရင်တောင် မလုံလောက်သေးဘူး .. ကျုပ် နတ်ဆေးတွေ၊ ဖီးနှစ်သွေးတွေနဲ့ အဲဒီလိုမျိုးအဆင့်တူတဲ့ပစ္စည်းပဲလိုတာ .. ခင်ဗျားမှာ မရှိရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ..” ရှီဟောင် ပြောလိုက်သည်။
ဤကဲ့သို့သောလေသံ၊ ဤကဲ့သို့သော အမူအရာမှာ သင်းခွေချပ်နှင့် အခြားသူများကို အူယားစေသည်ပင်။
“ငါ့မှာ ဖီးနှစ်သွေးနည်းနည်းရှိတယ် .. ငါနဲ့တိုက်..” သင်းခွေချပ်မှ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူသည် အထဲဘက်တွင် နီရဲနေသည့်သွေးများကို သိုလှောင်ထားသည့် လက်သီးအရွယ်အစားပုလင်းကြည်လေးကို ထုတ်လိုက်သည်။
လုထော်၊ ဖုန်းရှင်းထျန်၊ ဝမ်ရှီးနှင့် အခြားလူအနည်းငယ်သာ သွေးကန်ထဲဝင်ကာ စိမ်ခွင့်ရှိသည်။ ကျန်သည့်သူများမှာသနားသဖြင့်ပေးသည့် သွေးအနည်းငယ်သာ ရရှိခြင်းပင်။
“အဲဒါဆိုရင်လည်း လာခဲ့လေ..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးလည်း တောက်ပနေလေသည်။ သူ့ထံတွင်လည်း ဖီးနှစ်သွေးအနည်းငယ်ရှိသည်။ သူ မူလရှေးဟောင်းမိုင်းတွင် ဂျီးနီးယပ်စ်အုပ်စုထံမှ ဓားပြတိုက်၍ရခဲ့ခြင်းပင်။
သူ နောက်ထပ်စုဆောင်းရန် ဆုံးဖြတ်လိုက်၏။ တစ်နေ့ကျလျှင်တော့ သူလည်း ဖီးနှစ်သွေးထဲစိမ်ကာ သူ့အသွေးအသားများကို သန့်ရှင်းပြီး ပြန်လည်မွေးဖွားနိုင်ရမည်။
“မင်း အသက်ကို စွန့်လွတ်လိုက်တော့..” ငွေရောင်သင်းခွေချပ်အော်ဟစ်လိုက်ကာ သူ့ပါးစပ်မှ ထာဝရစွမ်းအင်ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။
“ဒါက သံမဏိ ခေါင်းပညာလား..” ရှီဟောင်သည် သင်းခွေချပ်ကလန်၏ မွေးရာပါနတ်စွမ်းရည်ကို သေမျိုးလောကမှ သာမန်ပညာတစ်ခုနှင့် နှိုင်းယှဉ်ကာ လှောင်ရယ်လိုက်လေ၏။
လေဟာနယ်ကြီး ပျက်စီးသွားလေသည်။ သင်းခွေချပ်မှာ မြန်ဆန်လွန်းလှပြီး သူသည် မြေပြင်မှသွားခြင်းမဟုတ်ပဲ လေဟာနယ်မှ သွားခြင်းပင်။ သူ၏ခန္ဓာကိုယ်မှာ နဂါးရိုင်းတစ်ကောင်ကဲ့သို့ပင် ရှီဟောင်ထံသို့ ချက်ချင်းရောက်သွားလေသည်။
ရှီဟောင်ဘေးဘက်သို့ရှောင်လိုက်သောကြောင့် သင်းခွေချပ်မှာ ရှီဟောင်အား ကျော်သွားလေသည်။ ထိုအချိန်တွင် သူသည်ငွေရောင်အမြှီးကိုလှုပ်ရမ်းလိုက်သောကြောင့် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာလေသည်။
ထို့အပြင် ထူးဆန်းသည့်သဘာဝဥပဒေသတစ်ခု ထွက်ပေါ်လာပြီး ရှီဟောင်အား ဝန်းရံသွားလေ၏။
ဝုန်း..
ထိုအချိန်တွင် ရှီဟောင်တစ်ကိုယ်လုံးတောက်ပလာကာ ထိုသဘာဝဥပဒေသကို ဖောက်ထွက်လိုက်လေသည်။ ရက်စက်သည့်သားရဲတစ်ကောင်ကဲ့သို့ပင် သူ လုပ်လိုက်သည့်အပြုအမူတိုင်းတွင် လွှမ်းမိုးနိုင်သည့်စွမ်းအားများပါဝင်လေသည်။
လေထဲတွင် ရှင်းလင်းကာ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။ သူ့လက်ဝါးနှင့် သင်းခွေချပ်အမြှီး ရိုက်ခတ်သွားသည့်အချိန်တွင် မီးပွားများလွင့်စင်ထွက်လာပြီး သင်္ကေတနှင့် သဘာဝဥပဒေသများမှာ လေဟာနယ်ကို လှုပ်ခါသွားစေလေ၏။
အားလုံး၏အမူအရာ ပြောင်းလဲသွားသည်။ သင်းခွေချပ်မှာ သူတို့၏ ခွန်အားကြောင့် နာမည်ကြီးသည်။ ယခုတော့ သူ့ခန္ဓာကိုယ်ကို ထာဝရစွမ်းအင်လွှမ်းခြုံပြီး တိုက်နေသော်လည်း ထင်မှတ်မထားစွာဖြင့်ပင် ဤလူကို ဘာမှမလုပ်နိုင်ဖြစ်နေသည်။
“ဒီကောင်က နည်းနည်းကြောက်ဖို့ကောင်းတာပဲ .. သူက ခန္ဓာကိုယ်အရမ်းကြံ့ခိုင်အောင် ကျင့်ကြံနေတာလား..”
ထာဝရစွမ်းအင်လွှမ်းခြုံထားသည့် သင်းခွေချပ်၏ ခွန်အားကို ရင်ဆိုင်နိုင်ခြင်းမှာ ကြောက်စရာကောင်းလှသည်။
အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် သင်းခွေချပ်တစ်ကိုယ်လုံး ငွေရောင်တောက်ပလာလေ၏။ သူသည် ရှီဟောင်ထံသို့ တရှိန်ထိုးပင်ပြေးလာနေလေ၏။
ဤအခြေအနေ၌ ရှီဟောင် ထာဝရစွမ်းအင်သုံးပြီး ခုခံမည်ဆိုလျှင်ပင် သူ ရှုံးနိမ့်သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်းခွေချပ်သည် စွမ်းအားအကြီးဆုံးအနေအထားဖြင့် တိုက်ခိုက်နေခြင်းပင်။
ဤနေရာတွင်ရှိနေသည့် လေဟာနယ်မှာ စုတ်ပြဲနေသည့် ပန်းချီကားချပ်တစ်ခုကဲ့သို့ပင်။ ရှီဟောင်အား ဤလေဟာနယ်ထဲ၌ ပိတ်ထားနေလေသည်။
ဒုန်း..
အားလုံး ထိတ်လန့်စေသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့လေသည်။ ရှီဟောင်သည် လက်သီးတံဆိပ်ကို ပြုလုပ်လိုက်ကာ သံမဏိတုံးအား ရိုက်နေသကဲ့သို့ ထိုငွေရောင်အလင်းကြီးအား ဆက်တိုက်ပင် ထုရိုက်နေလေ၏။
“သူက အခုထိ ထိပ်တိုက်ရင်ဆိုင်နိုင်သေးတာလား..”
“မဟုတ်ဘူး .. သူ့တိုက်ခိုက်မှုတွေက သူသေချာလေး ရွေးလုပ်နေတာ .. သူရိုက်လိုက်တဲ့နေရာတိုင်းက သင်းခွေချပ်ရဲ့ အားနည်းတဲ့နေရာတွေကိုပဲ ထိနေတာ..”
အားလုံးထိတ်လန့်သွားရ၏။ သူက သင်းခွေချပ်ရဲ့ပညာတွေကို ဖောက်ထွင်းမြင်နိုင်နေတာလား .. သူ့ရဲ့ ခန္ဓာကိုယ်ထဲက အရိုးစာသားတွေရဲ့ လှုပ်ရှားမှုတွေကို နားလည်နေတာလား..
ရိုက်ချက်များမှာ တိကျလွန်းလှသည်။ ရိုက်ချက်များမှာ သင်းခွေချပ်၏ တိုက်ခိုက်မှုများအားလုံးကို ပြိုကွဲသွားစေပြီး သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသွားစေလောက်သည့် စွမ်းအင်သစ်များ ထွက်ပေါ်လာလေသည်။
ဤသည်မှာ အနည်းငယ် ထိတ်လန့်စရာကောင်းလှသည်။ သူသည် အဖိုးတန်ပညာများကို အသုံးပြုခြင်းမဟုတ်ပဲ အရိုးရှင်းဆုံးနည်းလမ်းများကိုအသုံးပြုကာ သင်းခွေချပ်အား တိုက်ခိုက်နေခြင်းပင်။
ပို၍အရေးကြီးသည်မှာ သူသည် လက်ဗလာဖြင့် ထာဝရစွမ်းအင်အား တားဆီးနေခြင်းပင်။
ဤမြင်ကွင်းကိုမြင်လိုက်သည်နှင့် အားလုံး ဆွံ့အသွားရသည်။ ဒီကောင်က သင်းခွေချပ်အကြောင်းကို အားလုံးနားလည်နေပြီးတော့ တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို ချေဖျက်ဖို့ ပြီးပြည့်စုံတဲ့ ပညာကိုသုံးလိုက်တာလား..
ဖုန်း..
ရှီဟောင်သည် ဆက်တိုက်ပင် ရိုက်နှက်ကာ သင်းခွေချပ်အား လွင့်ထွက်သွားအောင် လုပ်လိုက်လေ၏။ ကြောက်စရာကောင်းသည့် လက်သီးတံဆိပ်များသည် သင်းခွေချပ်အကြေးခွံပေါ်သို့ တစ်ချက်ပြီးတစ်ချက် ကျရောက်လာကာ သူ့ခန္ဓာကိုယ်မှ သွေးများစီးကျလာလေ၏။
သင်းခွေချပ်သည် နာကျင်စွာအော်ဟစ်ကာ သူ့ခန္ဓာကိုယ်ကို ထာဝရစွမ်းအင်ဖြင့် ကာကွယ်လိုက်လေ၏။ ထို့နောက် ဒဏ်ရာပြင်းထန်စွာရရှိသွားသောကြောင့် မြေပြင်ပေါ်သို့လဲကျသွားလေသည်။
“ကျေးဇူးအများကြီးတင်ပါတယ် .. ငါဒီလိုမျိုး ဖီးနှစ်သွေးကို တကယ်လိုနေတာ..” ရှီဟောင် မြေပြင်ပေါ်သို့ ငြင်သာစွာဆင်းသက်လိုက်ပြီးနောက် အဖိုးတန်သွေးရှိနေသည့် ပုလင်းလေးကို ကောက်ယူလိုက်သည်။
“တစ်ခြားဘယ်သူရှိသေးလဲ..”
ရှီဟောင် လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် အန္တရာယ်မရှိသည့်အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။
” ကျုပ် အရင်ပြောထားလိုက်မယ် .. အခုကစပြီးတော့ ဖီးနှစ်သွေးပဲ လက်ခံတော့မယ် .. တစ်ခြားကောင်းကင်ရတနာပစ္စည်းတွေ မလိုချင်ဘူး..”
ဒီလူက သေချာပေါက်ကို ရူးနေတာပဲ .. လူအုပ်ကြီးသည် သူ့ကို ပြေးရိုက်ကာ တောအုပ်အနောက်ဘက်ရှိ ငရဲရေတွင်းထဲသို့ ပစ်ချကာ နှစ်ပေါင်းတစ်ရာလောက် ဖိနှိပ်ထားပစ်ချင်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခုအချိန်ထိ သူ့အား ဝမ်ရှီး၏အစေခံအဖြစ် မြင်နေဆဲပင်။
အချို့လူများသည် မယုံကြည်ကြသောကြောင့် ထပ်မံတိုက်ခိုက်ကြလေသည်။ နောက်ဆုံးတွင်တော့ ရှီဟောင် ဖီးနှစ်သွေး နောက်ထပ် ထပ်ရလိုက်လေ၏။
သူတို့မကျေနပ်ကြသော်လည်း ထပ်တိုက်ရဲသည့်သူ အများကြီးမရှိတော့ပေ။
ထို့နောက် ဝမ်ရှီးစကားပြောကာ ကြောက်စရာကောင်းသည့် ခွန်အားကို ထုတ်လွှတ်လိုက်သည့်အချိန်တွင် ထိုလူများ တိတ်သွားကာ မည်သူမှ ဤနေရာတွင် မနေရဲကြတော့ပဲ ပြန်ထွက်သွားကြလေသည်။
သို့သော်လည်း ဤကိစ္စမှာ မပြီးသေးပေ။ မုန်တိုင်းမှာ ဆက်လက်တိုက်ခတ်နေဆဲပင်။
ဤသတင်းပျံ့သွားသည်နှင့် ရှီဟောင်အား စိန်ခေါ်သည့်သူများ ဆက်တိုက်ပင် ရောက်လာကြလေသည်။
ဤလူများ ရှီဟောင်အား မယှဉ်နိုင်သော်လည်း ဤကျောင်းမှ ကျွမ်းကျင်သူမရှိဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ ကျွမ်းကျင်သူအစစ်များမှာ သီးသန့်ကျင့်ကြံနေကြသောကြောင့်ပင်။ ယခုတော့ ဤလူများသည် ထိုလူများကို ထွက်လာရန် ဖိတ်ခေါ်လိုက်လေ၏။
“ထာဝရစွမ်းအင်နှစ်ကြောင်းရှိတဲ့သူတွေကို ဖိတ်စရာမလိုဘူး .. ရန်လုံ၊ မော့ကျိုနဲ့ တစ်ခြားသူတွေကိုသာ တိုက်ခိုက်လိုက် .. ထာဝရစွမ်းအင်တစ်ကြောင်းက သူ့ကို ဖိနှိပ်ဖို့လုံလောက်ပြီ..”
သူတို့ပြောကြသည့်သူအားလုံးမှာ ခေါ်နိုင်ရန် ခက်ခဲသည့် သီးသန့်ကျင့်ကြံနေကြသည့်သူများပင်။
သို့သော်လည်း အချို့သူများရောက်လာကြကာ ရှီဟောင်အား စိန်ခေါ်နေဆဲပင်။
ရှီဟောင်မှာ ပြတ်သားသည်။ ဖီးနှစ်သွေးမပါလျှင် မည်သူနှင့်မှ တိုက်ခိုက်မည်မဟုတ်ကြောင်း ပြောထားလေသည်။ သူနှင့်တိုက်ခိုက်ရန်အတွက် သူတို့သည် ဖီးနှစ်သွေးများကိုပင် ငှားရမ်းနေရသည်။
ရှီဟောင် ရှုံးသွားလျှင် ဖီးနှစ်သွေး သို့မဟုတ် ခရမ်းရောင်နန်းတော်ဆေးရည်အား ပြန်ပေးရမည်ဟုလည်း သူတို့ပြန်လည်တောင်းဆိုထားသည်။
နောက်ဆုံးတွင် .. ဤလူများမှာ ထပ်ခါတလဲလဲ ရှုံးနိမ့်နေဆဲပင်။
နှစ်ရက်တွင်းမှာပင် ရှီဟောင် ဖီးနှစ်သွေးအစစ် ၆ ပုလင်းကျော်ရလိုက်လေသည်။
“မုန်းစရာကောင်းလိုက်တာ .. ငါတို့က ဝမ်ရှီးရဲ့အစေခံတစ်ယောက်ကိုတောင် မနိုင်နိုင်ဘူးလား..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်လေသည်။
သူတို့အားလုံးမှာ သူတို့ကလန်များ၏ အထူးချွန်ဆုံးပါရမီရှင်များပင်။ သို့သော် ကောင်းကင်နတ်ဘုရားကျောင်းသို့ ရောက်ပြီးသည့်နောက်တွင် လုထော်၊ မင်းသမီးယောင်ယွဲ့၊ ဝမ်ရှီးနှင့် အခြားသူများ၏ လွှမ်းမိုးခြင်းကို ခံရသည်။
ယခု သူတို့ဝမ်ရှီး၏နောက်လိုက်ကိုပင် မယှဉ်နိုင်သောကြောင့် သူတို့စိတ်ထိခိုက်သွားရသည်။
ရှီဟောင်သည် ဖီးနှစ်သွေးပုလင်း ၁၀ ခုပြည့်တော့မည်ဖြစ်ပြီး ခရမ်းရောင်နန်းတော်ဆေးရည်တစ်ပုလင်းလည်း ရှိနေသောကြောင့် အလွန်ကျေနပ်နေလေသည်။ ယခု ကောင်းကင်ရတနာအချို့ရနိုင်သည့် နည်းလမ်းရှာပြီးနောက် သူ သီးသန့်ကျင့်ကြံတော့မည်။
ဝမ်ရှီးမှာ အတော်လေး ထိတ်လန့်နေလေသည်။ ဒီကောင်က ရောက်လာကတည်းက သူလုပ်ချင်တာ လုပ်နေတယ် .. နည်းနည်းမှ သက်တောင့်သက်သာ မခံစားရတာလည်း မရှိဘူး .. ယဉ်ကျေးမှုလည်းမရှိပဲနဲ့ သူမ ဂူထဲမှာပဲ တစ်ချိန်လုံးကျင့်ကြံနေတယ်..
ဤသည်မှာ ချန်နော့၊ စုလန်နှင့် ကျန်သည့်နှစ်ယောက်ကို ဆွံ့အသွားစေသည်။ ထို့အပြင် သူတို့ မကျေမနပ်လည်း ခံစားလိုက်ရသည်။ သူတို့သည် ပုံမှန်အားဖြင့် သူတို့၏နတ်တောင်တွင်သာ ကျင့်ကြံကြပြီး ဤဂူထဲသို့ လွယ်လွယ်မဝင်ကြပေ။
သို့သော်လည်း ဤကောင်ကတော့ နည်းနည်းလေးမှ အားနာနေခြင်း မရှိ။
“ရှင့်ခွန်အားက မဆိုးဘူး .. ဒီအခွင့်အရေးကိုသုံးပြီးတော့ ကျင့်ကြံလိုက် .. အချိန်နည်းနည်းကြာရင် ကျွန်မနဲ့တိုက်ပွဲမှာ ပါဝင်ပေး..” ဝမ်ရှီး ရှီဟောင်အား ပြောလိုက်သည်။
သူ ဘာနဲ့တိုက်ရမှာလဲဟု သူမေးရန် ပြင်ဆင်ထားပြီးသားပင်။ သို့သော်လည်း သူ ချက်ချင်းပြန်ထိန်းလိုက်လေ၏။
“ထာဝရတိုက်ပွဲလား..” ရှီဟောင် အလွန်ထိတ်လန့်စွာ မေးလိုက်သည်။
“လုထော်၊ ဖုန်းရှင်းထျန်နဲ့တစ်ခြားကျွမ်းကျင်သူတွေရော လူတွေခေါ်လာမှာလို့ ပြောချင်တာလား..”
ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ လူအချို့ကို ရှင်းပစ်ရန်အတွက် ထိုနေရာသို့ သွားသင့် မသွားသင့် သူစဉ်းစားနေခြင်းပင်။
အပိုင်း ၁၂၉၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၈ – အားကောင်းသည့် တပ်ကူ
ထာဝရစစ်မြေပြင် .. ဤသည်မှာ ထာဝရသက်ရှိများ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည့်နေရာပင်။ ခေတ်တစ်ခုကုန်ဆုံးသွားပြီဖြစ်သော်လည်း ထိုရှေးဟောင်းမြေတွင် ထူးဆန်းမှုများစွာ ရှိနေဆဲပင်။
ထူးဆန်းသည့် သက်ရှိများ လှည့်ပတ်သွားလာတတ်သည်အထိပင်။
ထိုနေရာကို ရှာဖွေတွေ့ရှိသွားသည်နှင့် ကျင့်ကြံသူပေါင်းများစွာသည် ထိုနေရာသို့သွားကာ စူးစမ်းလေ့လာကြသည်ပင်။
“အဲဒီမှာ ထာဝရတာအိုကျမ်းစာနဲ့ ထူးဆန်းတဲ့သက်ရှိတွေရှိတယ် .. စစ်ကွင်းပြင်က တစ်ခါတစ်လေကျရင် အေးချမ်းပြီးတော့ တစ်ခါတစ်လေကျရင်လည်း အရမ်းအန္တရာယ်များတယ်..” ဝမ်ရှီး ပြောပြခြင်းပင်။
ထိုနေရာတွင် ယခင်ကချိတ်ပိတ်ထားခဲ့သည့် အကြွင်းအကျန်များ ရှိနေပြီး မဖြေရှင်းရသေးသည့် ထူးဆန်းမှုများစွာ ရှိနေသည့်နေရာပင်။ စွမ်းအားကြီးသည့်သူဖြစ်စေ၊ သာမန်လူဖြစ်စေ ထိုနေရာသို့ဝင်သွားသည်နှင့် အခွင့်အရေးကောင်းများကို ပိုင်ဆိုင်နိုင်သည်။
သို့သော် ဤသည်မှာလည်း အန္တရာယ်မရှိပဲနှင့် မဟုတ်ပေ။
ရှီဟောင် အတော်လေးစိတ်ဝင်စားသွားကာ ထိုအကြောင်းများ ထပ်မေးလိုက်သည်။ အထူးသဖြင့် ထိုနေရာတွင် ထူးဆန်းသည့်သက်ရှိများ ရှိနေသည်ကို သိလိုက်ရသည့်အချိန်တွင် သူ ထိုနေရာအကြောင်းကို ပို၍အသေးစိတ် သိလိုသွားသည်။
“အဲဒီသက်ရှိတွေက တော်တော်လေး ထူးဆန်းတယ် .. သူတို့တွေက ငါတို့ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုနဲ့ မသက်ဆိုင်သလိုပဲ” ဝမ်ရှီးပြောလိုက်သည်။
“ငါတို့ဘက်က မဟုတ်ဘူးလား .. အဲဒါဆိုတစ်ခြားတစ်ဖက်က ဧည့်သည်များလား..” ရှီဟောင် ထိတ်ခနဲဖြစ်သွားသည်။
“အဲဒီနေရာက နယ်ခြားစပ်လိုမျိုး တစ်ခြားလောကနဲ့ချိတ်ဆက်ထားတဲ့နေရာဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်..” ဝမ်ရှီး ပြောလိုက်သည်။
ထိုနေရာရှိ လေဟာနယ်တွင် အက်ကွဲကြောင်းအနည်းငယ်ရှိနေသည်။ ထိုအက်ကွဲကြောင်းများကို ဖွင့်ရန် ကြိုးစားသည့်သူများရှိခဲ့သော်လည်း သူတို့ ဘာမှမမြင်ခဲ့ရပေ။ သို့သော်လည်း ထိုနေရာများမှာ မရိုးရှင်းဘူးဟု သံသယဝင်နေသည့်သူများ ရှိနေဆဲပင်။
“စိတ်ဝင်စားစရာပဲ” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။
“ရှင် အခုချိန်မှာ ကျင့်ကြံထားသင့်တယ် .. အချိန်တစ်ခုကြာပြီးရင် ကျွန်မတို့ အဲဒီကို ထွက်သွားတော့မှာ..”
ဝမ်ရှီး ပြောလိုက်၏။ ထို့နောက် ရှီဟောင်ခေါင်းပေါ်မှ စိန်ခေါင်းပတ်ကို ကြည့်လိုက်လေသည်။ သူမသည် ‘တာအိုရောင်းရင်း’ အဖြစ် ဖိတ်ခေါ်ခဲ့သော်လည်း ဤမှော်ပစ္စည်းကြောင့် ဤလူငယ်လေးကို နောက်လိုက်တစ်ယောက်အဖြစ်သာ ခံစားမိနေလေသည်။
“မင်းတို့မှာ ကျမ်းစာတွေ ဒါမှမဟုတ် ကျင့်ကြံပုံတွေရှိလား..” ရှီဟောင် မေးလိုက်၏။ သူသည် ‘အပြင်လူ’ ကဲ့သို့ ပြုမူမနေတော့ပေ။
ကောင်းကင်နတ်ဘုရားကျောင်းသို့ ဝင်ပြီးသည်နှင့် ကျောင်းသားများသည် လျှို့ဝှက်ကျင့်ကြံခြင်းနည်းလမ်းများရနိုင်သည်ကို သူသိသည်။ ထိုထဲတွင် ထာဝရတာအိုကျမ်းစာများလည်း ပါဝင်နေမည်ပင်။
“ကျောင်းမှာ ထာဝရတာအိုကျမ်းစာတွေတော့ရှိတယ် … ဒါပေမဲ့ ကျွန်မအဲဒါတွေကို ဖတ်ဖို့အခွင့်အရေးမရှိသေးဘူး..” ဝမ်ရှီးပြောလိုက်သည်။
သူမ၏စကားများမှာစိတ်ဝင်စားစရာကောင်းလှသည်ပင်။
“ထာဝရတာအိုကျမ်းစာတွေကို ရချင်ရင် ကျောင်းကထုတ်ထားတဲ့ မစ်ရှင်တွေအားလုံးကို ပြီးဖို့လိုတယ် .. ဒါကို ကျွန်မတို့ကိုစမ်းသပ်တဲ့ စာမေးပွဲသဘောမျိုးလို့ ထင်တာပဲ..” ဝမ်ရှီး ထပ်ရှင်းပြုလိုက်သည်။
ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ဤဂျီးနီးယပ်စ်များ ထိုထာဝရစစ်ကွင်းပြင်သို့သွားခြင်းမှာလည်း ကြမ်းတမ်းသည့်စစ်ဆေးမှုတစ်ခု ဖြစ်လိမ့်မည်မှန်း သူ နားလည်သွားလေပြီ။
ဝမ်ရှီးသည် ဤကိစ္စကို အတော်လေး အလေးထားသည်။ သူမသည် ကျောင်းမှ စွမ်းအားအကြီးဆုံးလူတစ်ဦးဖြစ်သောကြောင့် သူမ စွမ်းရည်များကို ပြသနိုင်မည့် ဤကဲ့သို့သော အခွင့်အရေးကောင်းကြီးကို လက်လွတ်မည် မဟုတ်ပေ။
“အဲဒီအချိန်ကျရင် ကျုပ်ကိုလည်း ထာဝရတာအိုကျမ်းစာပြပါဦး .. မင်း လူတစ်စုကို ရှင်းဖို့အတွက် ငါမင်းကို ကူညီပေးနိုင်တယ်..” ရှီဟောင် ဘာမှ ဖုံးကွယ်မထားတော့ပဲ တောက်ပနေသည့်မျက်လုံးများဖြင့်ပင် ပြောလိုက်လေသည်။
အားလုံးကို သတ်ဖို့လည်း သူ ဝန်မလေးပေ။ ဥပမာအားဖြင့် လေကလန် .. သူတို့ ယွမ်ချင်းအား ဤကဲ့သို့လုပ်ခိုင်းခဲ့ကြောင်း သေချာသွားပါက သူ ဖုန်းရှင်းထျန်ကို ထိုစစ်ကွင်းပြင်တွင် ရှင်းပစ်ရန် ဝန်လေးနေမည်မဟုတ်။
ထို့အပြင် ယွမ်ချင်း၏မျိုးဆက် .. ထိုလူကတော့ ပြောစရာပင် မလိုတော့ … သေချာပေါက် သူ၏ပစ်မှတ်ဖြစ်လာမည်ပင်။
ထိုအကြောင်းကို စဉ်းစားမိသည်နှင့် ရှီဟောင်အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။ နောက်ဆုံးတော့ သူသည် ကောင်းကင်နတ်ဘုရားကျောင်းမှ ဂျီးနီးယပ်စ်များ မည်မျှစွမ်းအားကြီးသည်ကို သိရတော့မည်။
သို့သော်လည်း သူ ထိုရှေးဟောင်းစစ်ကွင်းပြင်ထဲသို့ ဝင်လိုက်သည်နှင့် သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် နျင်ချွမ်းကဲ့သို့သော ပြိုင်ဘက်ဟောင်းများကို အရင်ဆုံးတွေ့ရမည်ပင်။
မင်းသမီးယောင်ယွဲ့၊ လုထော်ကဲ့သို့သော စွမ်းအားအကြီးဆုံးဂျီးနီးယပ်စ်များလည်း တိုက်ခိုက်လာကြမည်ပင်။
“ကျွန်မ ကျောင်းကနေ ငှားလာတဲ့ ကျမ်းစာတစ်ချို့တော့ရှိတယ် … သူတို့တွေက ထာဝရတာအိုကျမ်းစာတော့မဟုတ်ပေမယ့် အတော်လေးအဖိုးတန်တယ် .. အထူးသဖြင့် ဘိုးဘေးတွေရဲ့ အမြင်တွေကို ရေးထားတဲ့စာတွေ.. ရှင် ဒါတွေကို မှီငြမ်းလို့ရတယ်..”
သူမထံတွင် အရိုးစာသားအချိုု့ရှိသည်။ ဤအရိုးစာသားများမှာ မူရင်းများဖြစ်သောကြောင့် လေ့လာပြီးသည်နှင့် ပြန်ပေးရမည်ပင်။
ရှီဟောင် ထိုအရိုးအပိုင်းအစများ၊ ကျောက်စိမ်းချောင်းများကို ယူပြီးသည်နှင့် ဤပစ္စည်းများ၏တန်ဖိုးကို ချက်ချင်းနားလည်သွားရသည်။ ဤအရိုးစာသားများအားလုံးမှာ လူကိုယ်တိုင် ထွင်းထုထားခြင်းဖြစ်ပြီး မူလအစစ်အမှန်အဓိပ္ပာယ်များပါဝင်သည်။
ဤပစ္စည်းများတွင် အသန့်စင်ဆုံးစွမ်းအင်များပါဝင်ပြီး ဝိညာဉ်တံဆိပ်များပင် ကျန်နေသေးသည်။
ရှီဟောင် ထိုစာအုပ်များကိုတစ်ခုပြီးတစ်ခု သေချာဖတ်လိုက်သည်။ ကျမ်းစာတစ်ခုတွင် မှော်တံဆိပ်ပြုလုပ်ခြင်းနှင့်လောကကြီးတို့ကြားရှိ ဆက်သွယ်ချက်ကို ဖော်ပြထားပြီး အခြားတစ်အုပ်တွင် မူလဝိညာဉ်အားမည်ကဲ့သို့ ပျိုးထောင်ရမည်ကို ဖော်ပြထားသည်။ တစ်အုပ်တွင်တော့ ရှေးဟောင်းစစ်ပွဲများအားလုံးကို ဖော်ပြထားလေသည်။
ရှီဟောင် ဆက်တိုက်ပင် ခေါင်းညိမ့်နေလေ၏။ ဤသည်မှာ သူ့ရှေ့မှလူများ မှတ်တမ်းတင်သွားသည့်အရာများပင်။ ဤစာအုပ်များကို ဖတ်နေရင်းဖြင့်ပင် ဤစာကိုရေးနေသည့်အချိန်က ထိုသူများခံစားခဲ့ရသည့် စိတ်ခံစားချက်များကိုပင် သူအာရုံခံနေနိုင်သကဲ့သို့ပင်။
“ဟမ် … ဒီစာအုပ်က မဆိုးဘူး .. ပညာတစ်ခုကို ဘယ်လိုမျိုးဖန်တီးရမလဲဆိုတာ ပြောပြထားတယ်.. တကယ်ကို ပညာရတယ်..”
ရှီဟောင် ပျက်စီးနေသည့် အရိုးအပိုင်းအစလေးကို ကိုင်ထားကာ ထိုအရာကို သေသေချာချာလေးလေးနက်နက် ဖတ်နေလေသည်။
ဤကျောက်စိမ်းစာအုပ်ထဲတွင် စာနှစ်မျိုးရှိနေသည်။ တစ်မျိုးမှာ ထာဝရရှေးဟောင်းခေတ်မှ မူရင်းစာဖြစ်ပြီး ကျန်တစ်မျိုးမှာ ယနေ့ခေတ်ဘာသာစကားဖြင့် နောက်လူများ ပြန်ဖြည့်ထားခြင်းပင်။
အစအဆုံးဖတ်ပြီးသွားသည်နှင့် သူ စိတ်လှုပ်ရှားသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဟိုးလွန်ခဲ့သည့် ရှေးကာလကတည်းက ထာဝရရှေးဟောင်းခေတ်ကြီး ပျက်စီးမသွားစေရန်၊ ရန်သူများကို အနိုင်တိုက်နိုင်ရန်၊ သူတို့ပိုပြီး သန်မာစေရန် ကျင့်ကြံခြင်းစနစ်အသစ်ကို တီထွင်ချင်သည့်သူများ ရှိခဲ့ကြသည်။
“တစ်နေ့ကျရင် ငါလည်းကျင့်ကြံခြင်းစနစ်အသစ်ကို တီထွင်ဖန်တီးနိုင်မှာလား..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။
“ဟမ် .. ရှင့်မှာလည်း ဒီလိုရည်မှန်းချက်မျိုးရှိနေတာလား..” ဝမ်ရှီး ထိတ်လန့်သွားလေ၏။
” အရင်တုန်းက ကျောင်းက ကျွန်မတို့ကို မတူညီတဲ့လမ်းကြောင်းတွေ ဖောက်နိုင်ဖို့ အကောင်းဆုံးကြိုးစားပေးပါလို့တောင်းဆိုခဲ့တယ် .. အောင်မြင်မှုတစ်ချို့ရတဲ့သူကို သူတို့အများကြီးထောက်ပံ့ပေးမယ်လို့ ပြောခဲ့တယ်..” ဝမ်ရှီးဆက်ပြောလိုက်၏။
“ကျောင်းက ဘာဆုပေးမှာလဲ..” ရှီဟောင် မေးလိုက်သည်။
“အဲဒီလိုမျိုးလမ်းကြောင်းကို ဖန်တီးနိုင်ရင် ကျောင်းက စာကြည့်တိုက်တစ်ခုလုံးကို ရှင့်အတွက်ဖွင့်ပေးမှာ .. အဲဒီထဲမှာ အဖိုးတန်တဲ့ ထာဝရတာအိုကျမ်းစာတွေလည်း အများကြီးရှိတယ်..” ဝမ်ရှီး ပြန်ဖြေလိုက်သည်။
ဤစာကြည့်တိုက်အပြင် နတ်ဆေးမျိုးစုံ၊ ဖီးနှစ်သွေးနှင့် အခြားအရာများကိုလည်း တတ်နိုင်သလောက် ထောက်ပံ့မည်ပင်။
“ကျောင်းက ဒါကို အဲဒီလောက်တောင် လိုချင်နေတာလား..” ရှီဟောင် ထိတ်လန့်စွာ ပြောလိုက်သည်။
ဝမ်ရှီးသက်ပြင်းချလိုက်ကာ သူမ၏လှပသည့်မျက်နှာလေးမှာ အနည်းငယ် လေးနက်နေလေသည်။
“ငါတို့ရဲ့ ကျင့်ကြံတဲ့စနစ်ကို အဲဒီသက်ရှိတွေ လေ့လာပြီးသွားပြီ .. အဲဒီတော့ ငါတို့ တီထွင်ဆန်းသစ်မှုတွေ ပြောင်းလဲမှုတွေ လိုအပ်တယ်..”
အဲဒီသက်ရှိဆိုတာက ရန်သူကို ဆိုလိုချင်တာလား .. ရုတ်တရက်ပင် ရှီဟောင်စိတ်ထဲ လေးလံသွားရသည်။
သူသည် ထိုအကြောင်းမစဉ်းစားပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် နေနေပါသော်လည်း နောက်ဆုံးနေ့ရက်များ၏ တိုက်ပွဲအငွေ့အသက်များက သူ့ကို လွှမ်းခြုံလာလေသည်။
ခဏကြာပြီးနောက် ဝမ်ရှီး ယူလာခဲ့သည့် စာအုပ်များကိုသာ သူ အာရုံစိုက်လိုက်တော့သည်။
စာအုပ်တစ်အုပ်တွင် ပြိုင်ဘက်ကင်းသည့် သွေးအစစ်ကို အသုံးပြုပြီး ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို သန့်စင်သည့်ရှေးဟောင်းနည်းလမ်းအား မှတ်တမ်းတင်ထားလေသည်။
“မဆိုးဘူး ..ငါ ဒါကို ကိုးကားလို့ရလောက်တယ်..” ရှီဟောင် ထိုစာကို လေးနက်စွာဖတ်ပြီး ခေါင်းညိမ့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ဖီးနှစ်သွေး ရှိနေလေပြီ။
စာအုပ်ထဲမှ မှတ်တမ်းအရဆိုလျှင် သူဆေးပင်မျိုးစုံကို ရှာရဦးမည်။ ဤဆေးပင်များနှင့်သာ အတူသုံးလိုက်ပါက အကျိုးသက်ရောက်မှုများ ပို၍ကြီးမားသည်။
“ငါ့ဆီမှာ ဖီးနှစ်သွေးတွေ သိပ်မရှိဘူးဆိုပေမယ့် ငါ အဲဒီဆေးပင်တွေနဲ့သုံးလိုက်ရင်တော့ လုံလောက်,လောက်ပါတယ်..” ရှီဟောင် ပြောလိုက်သည်။
အပြင်ဘက်တွင် ဆူညံသံများထွက်ပေါ်လာပြီး သူ့အားလာစိန်ခေါ်သည့်သူများ ထပ်ရောက်လာပြန်သည်။
ရလဒ်မှာ ထင်ထားသည့်အတိုင်းပင်။ ရှီဟောင် စိန်ခေါ်မှုကို လက်ခံကာ အနိုင်ထပ်ရပြီး ဖီးနှစ်သွေး နည်းနည်းထပ်ရလိုက်သည်။ သူသည်ပြုံးလိုက်ကာ စိန်ခေါ်မှုကို ဘယ်အချိန်မဆို လက်ခံကြောင်း ပြောလိုက်လေ၏။
နောက်ရက်များတွင် အလွန်ဒေါသထွက်နေသည့်သူများသည် ရှီဟောင်ကို ဖိနှိပ်ရန်အတွက် သီးသန့်ကျင့်ကြံနေသည့်သူများကိုပင် သွားခေါ်လာလေသည်။
ထာဝရစွမ်းအင် ၂ ကြောင်းရှိသည့်လူငယ်လေးသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာကာ ရှီဟောင်နှင့် တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့လေသည်။ ဤသည်မှာ ဝမ်ရှီးကိုပင် ထိတ်လန့်သွားစေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤကောင်သည် ထာဝရစွမ်းအင်ကို မသုံးပဲ ထိုလူငယ်အား အနိုင်ယူခဲ့ခြင်းပင်။ ဤသည်မှာ မည်မျှပင် အံ့အားသင့်စရာကောင်းသနည်း.. သူသည် သူနှင့်ရွယ်တူများထက် အနည်းငယ်ပို၍ စွမ်းအားကြီးသည်။
အခြားပြောင်းလဲမှုအနည်းငယ်လည်း ရှိခဲ့သည်။ ရှီဟောင်၏အောင်မြင်မှုမှာ အတော်လေးပင် များပြားနေပြီဖြစ်ပြီး ယခုဆိုလျှင် ဖီးနှစ်သွေးပုလင်း ၁၄ လုံးပင် ရနေပြီဖြစ်သည်။
ထို့ကြောင့် လတ်တလောတော့ သူ့ကိုစိန်ခေါ်ချင်သည့်သူ မရှိတော့။ ရှီဟောင်သည် ကျွမ်းကျင်သူများကို အနိုင်ယူကာ ဖီးနှစ်သွေးများစွာရှိနေပြီဖြစ်သောကြောင့် လူအများစုမှာ ခေါင်းကိုက်နေကြရလေပြီ။
အချို့သူများသည်လည်း ထိုဖီးနှစ်သွေးများကို လိုချင်သောကြောင့် မည်သည့်နည်းလမ်းဖြင့် ပြန်ယူရမလဲဆိုသည်ကို စဉ်းစားနေကြလေ၏။
သူ ချင်းရီ၊ ချောင်ယုရှန်း၊ ချန်ကုန်းယန်နှင့် ယုန်ဖြူလေးတို့ကို သွားတွေ့သင့်မတွေ့သင့် စဉ်းစားနေမိသည်။ သို့သော်လည်း တစ်ချိန်ချိန်ကျလျှင် သူ ဖုန်းရှင်းထျန်နှင့် အခြားသူများကို သတ်မည်ဖြစ်ကြောင့် သူမည်သူမှန်း မပေါ်သွားရန် အရေးကြီးသည်။
“ကျွန်မဆီမှာ ဖီးနှစ်သွေး ၆ ခုရှိသေးတယ် .. ရော့ .. ရှင့်ကို ပေးလိုက်မယ်..” ဝမ်ရှီးသည် ရုတ်တရက် သူ့အား လက်ဆောင်ကြီးပေးလာလေသည်။
ပုလင်းလေးများအားလုံးမှာ လက်သီးအရွယ်အစားဖြစ်ပြီး ကြည်လင်တောက်ပနေသည်။
ရှီဟောင် ထိတ်လန့်သည့်အမူအရာဖြစ်သွားလေ၏။ သူတကယ်ကို အံ့အားသင့်သွားခြင်းပင်။ သူ့ခေါင်းပေါ်တွင်ရှိနေသည့် စိန်ခေါင်းပတ်မှာ သူ့အားဒေါသထွက်စေသောကြောင့် ဝမ်မိသားစုအား ဘယ်လိုမျိုး အကြွေးပြန်ဆပ်ရမလဲဟု သူ အမြဲတမ်းစဉ်းစားနေခဲ့ခြင်းပင်။
ဝမ်ရှီး သူ့အား ဤကဲ့သို့ အဖိုးတန်ဖီးနှစ်သွေးပေးလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။
“ငါ့ကို မင်းရဲ့ဝမ်မိသားစုဝင်ဖြစ်ချင်စေချင်နေတာဆိုရင် မေ့လိုက်တော့ .. အများဆုံးမှ ငါမင်းကို ငါ့ဇနီးအဖြစ်ပဲ ယူလို့ရမှာ..” ရှီဟောင် ပါးစပ်ဟလိုက်သည်နှင့် ဤစကားထွက်လာလေသည်။
သတင်းတင်ပြရန် ရောက်လာသည့် စုလန်နှင့် ချန်နော့တို့မှာ ကြက်သေသေသွားရသည်။ ဘာဖြစ်နေတာလဲ .. ဒီကောင်က ရူးသွားပြီလား..
ဝမ်ရှီး၏အမူအရာ အေးခဲသွားလေ၏။ ထို့နောက်တွင်တော့ လှပသည့်မျက်နှာထက်တွင် မည်သည့်အမူအရာမှ မရှိတော့ပေ။ ဤကောင်သည် သူမအား တမင်သက်သက် လျှောက်ပြောနေခြင်းဖြစ်သည်ကို သူမ သိနေသောကြောင့်ပင်။
“ရှင့်ရဲ့ ကျင့်ကြံဆင့်ကိုပဲ မြန်မြန်တက်အောင်လုပ် .. အချိန်ကျလာရင် ရှင် စစ်ကွင်းပြင်ထဲကို ဝင်နိုင်ဖို့ မျှော်လင့်တယ် .. ရှင်တို့အားလုံး ကျွန်မကို ကူညီပေးနိုင်တာရှိတယ် .. လုထော်၊ ယောင်ယွဲ့၊ ရွှမ်းခွန်နဲ့ တစ်ခြားစွမ်းအားကြီးတဲ့သူတွေကို တားဆီးပေး..” ဝမ်ရှီးပြောလိုက်၏။
ထာဝရတာအိုကျမ်းစာရရန်၊ ကျောင်းမှ စွမ်းအားအကြီးဆုံးအထောက်အပံ့ရရန်အတွက် ရှေးဟောင်းစစ်ကွင်းပြင်တွင် သူမ အနိုင်ရရန်လိုအပ်သည်။ ထိုအတွက်လည်း ရှီဟောင်ကဲ့သို့သော စွမ်းအားကြီးသည့်သူထံမှ အကူအညီ လိုအပ်သည်။
ရှီဟောင်သည် ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူများရှေ့တွင်ပင် ပြိုင်ဘက်ကင်းလိမ့်မည်ဟု သူမခံစားနေရသည်။
ရှီဟောင် ထိတ်လန့်သွားရသည်။ ဖီးနှစ်သွေးနှင့်ပေါင်းရန်အတွက် သူဆေးပင်အချို့လိုအပ်နေသည်။ ယခုတစ်ကြိမ်တွင်တော့ ဝမ်ရှီးက သူ့အား အဆုံးထိ ကူညီမည်ပင်။
ကြည့်ရသည်မှာ ထာဝရစစ်ကွင်းပြင်မှ ပြိုင်ပွဲမှာ ပေါ့သေးသေး မဟုတ်လောက်။ စွမ်းအားအကြီးဆုံးသူများကြားမှ ယှဉ်ပြိုင်မှုပင်ဖြစ်လိမ့်မည်။ ဝမ်ရှီး ဤပြိုင်ပွဲကို အလွန်အလေးထားနေသည်။
၁၀ ရက်ကြာပြီးသည့်နောက်တွင် ဤလှိုဏ်ဂူအတွင်းတွင်ရှိသည့် ကျောက်တုံးအခန်းလေးထဲမှ ရောင်စုံအလင်းများထွက်ပေါ်လာပြီး အက်ကွဲကြောင်းများလည်း ဖြစ်ပေါ်လာလေသည်။
အပိုင်း ၁၂၉၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၉၉ – ကျိုးကြောင်း မဆီလျော်သည့်လူ
အခန်းတစ်ခုလုံး ရောင်စုံအလင်းများ ပြည့်နှက်နေလေသည်။ ရှီဟောင်သည် ထိုနေရာတွင် တည်ငြိမ်စွာထိုင်နေကာ ကျင့်ကြံခြင်းတွင် ဈာန်ဝင်နေလေသည်။
နောက်ဆုံးတွင်တော့ သူ သက်မချလိုက်သည်။ သူ၏ဒုတိယမြောက်တာအိုပန်းပွင့်မှာ အတော်လေးပြည့်စုံသွားလေပြီ။ ဤကောင်းကင်နှင့် ကမ္ဘာမြေကြီး ပေါင်းစည်းသွားသကဲ့သို့ အဆုံးမရှိသည့် စွမ်းအားများကို စုစည်းနိုင်လေပြီ။
ကံမကောင်းစွာဖြင့်ပင် ဤပန်းပွင့်မှ သက်ရှိတစ်ယောက် ထွက်မလာပေ။
ပထမပန်းပွင့်တွင် ဤပစ္စုပ္ပန်နှင့်မဆိုင်ပဲ အတိတ်တွင် နေထိုင်နေသည့် သက်ရှိတစ်ယောက်ရှိနေသည်။
ဒုတိယမြောက်တာအိုပန်းပွင့်လည်း သက်ရှိတစ်ယောက် ရှိလာမလားဟု ထိုအချိန်တုန်းက သူမျှော်လင့်ခဲ့သည်ပင်။ သို့သော်လည်း တစ်ယောက်မှ မမြင်ရသောကြောင့် သူ စိတ်ပျက်သွားရသည်။
ရှီဟောင် မတ်တပ်ရပ်ကာ သက်ပြင်းချလိုက်သည်။ သူယူဆတာတွေက မှားနေတာများလား..
“တစ်ခုခုတော့ မဟုတ်သေးဘူး .. အခွင့်အရေး ရောက်မလာသေးတာများလား..” ရှီဟောင် ပြောလိုက်သည်။ ပထမတာအိုပန်းပွင့် ပွင့်လာသည့်အချိန်ကို သူ ပြန်စဉ်းစားလိုက်သည်။ ထိုတုန်းကလည်း သက်ရှိတစ်ယောက် ချက်ချင်းပေါ်လာခြင်းမဟုတ်ပဲ မူလရှေးဟောင်းမိုင်းတွင်းထဲတွင်မှ ပေါ်လာခြင်းပင်။
“ဒီတစ်ခေါက်က ဖီးနှစ်သွေးတွေ အများကြီးမရှိတာ့ ငါအပြည့်အဝ မစိမ်လိုက်ရဘူး .. ဆေးပင်တွေရဲ့ စွမ်းအင်တွေနဲ့ပဲ လုပ်ခဲ့ရတာ .. ဆေးပင်တွေနဲ့က မလုံလောက်သေးဘူး..” ရှီဟောင် တီးတိုးပြောလိုက်သည်။
သူ့ထံတွင် ဖီးနှစ်သွေးပုလင်း ၂၀ ရှိသော်လည်း ဤသည်မှာ သူ့တစ်ကိုယ်လုံးစိမ်ရန်အတွက် မလုံလောက်သေးပေ။
လုထော်၊ ယောင်ယွဲ့၊ ရွှမ်းခွန်နှင့် အခြားသူများသည် ဖီးနှစ်သွေးကန်ထဲသို့စိမ်ကာ ဖီးနှစ်သွေး၏များပြားလှသည့် စွမ်းအင်များကို အသုံးပြုကာ ပြန်လည်မွေးဖွားခြင်းကို ပြုလုပ်ခဲ့ခြင်းပင်။
ကံကောင်းစွာဖြင့်ပင် ရှီဟောင်လည်း ရှေးဟောင်းမိုင်းတွင်းတွင် သက်ရှည်ဆေးရည်ကိုအသုံးပြုပြီး ပြန်လည်မွေးဖွားခြင်းကို ပြုလုပ်ခဲ့သောကြောင့် သူတို့ကြားမှ ကွာဟချက် သိပ်မရှိတော့..
သို့သော် ယခုတစ်ခေါက်ရလိုက်သည့်အကျိုးကျေးဇူးလည်း မဆိုးဘူး .. ဒုတိယမြောက်တာအိုပန်းပွင့်ကို ကျင့်ကြံနိုင်ခဲ့သည်။ သူ့ခွန်အားထပ်တိုးသွားပြီဟု ရှီဟောင်ခံစားနေရသည်။
ခဏကြာပြီးသည့်နောက်တွင် သူ ပြုံးလိုက်မိသည်။ သူလောဘကြီးမိနေလေပြီ။ နောက်ထပ် သက်ရှိတစ်ယောက်ကို မဖန်တီးနိုင်သည့်အတွက် သူ စိတ်ပျက်နေစရာအကြောင်း မရှိ။
အမှန်တကယ်တွင် ထိုသက်ရှိလေးသည် တိုက်ပွဲထဲတွင် ဘာမှမလုပ်နိုင်သကဲ့သို့ သူလည်း ထိန်းချုပ်၍ မရပေ။
“ရှင် သီးသန့်ကျင့်ကြံတာ ပြီးပြီလား..” ဝမ်ရှီး ကျောက်တုံးအခန်းအပြင်ဘက်တွင် ရပ်ကာ မေးလိုက်သည်။
ရှီဟောင်သည် ချက်ချင်းပင် သူ့အော်ရာကို ပြန်သိမ်းလိုက်ကာ တံခါးဖွင့်လိုက်သည်။
“ငါတို့ သွားတော့မှာလား..”
“စောင့်ရဦးမယ်..” ဝမ်ရှီး ပြောလိုက်သည်။
ယခုတလောတွင် ကောင်းကင်နတ်ဘုရားကျောင်းသည် ဤကိစ္စအတွက် ပြင်ဆင်နေကြသည်။ သူတို့သွားမည်မှာ ထာဝရစစ်ကွင်းပြင်ဖြစ်သည့်အတွက် တစ်ခုမှားလိုက်သည်နှင့် သူတို့ဆုံးရှုံးမှုကြီးမားမည်ပင်။ ထို့ကြောင့် သူတို့အကောင်းဆုံးပြင်ဆင်ထားရန် လိုအပ်သည်။
ဤရက်အတွင်းတွင် သီးသန့်ကျင့်ကြံနေသည့်သူများလည်း ထွက်လာကြလေ၏။
ကိုယ့်ကိုကိုယ် ထူးခြားသည်ဟု ထင်သည့်သူများအားလုံး ဤပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ပင်။ ကောင်းကင်နတ်ဘုရားကျောင်းတွင်ရှိနေသည့်သူများထဲတွင် မည်သူက သူတို့နယ်မြေတွင် အင်အားအကြီးဆုံး မဟုတ်သနည်း။
ထို့ကြောင့်ပင် လူများစွာ ပါဝင်လာကြလေသည်။
“သူတို့တွေ အထဲမှာ သေသွားမှာကို မကြောက်ကြဘူးလား..” ရှီဟောင် ရေရွတ်လိုက်၏။ သူတို့သာ အထဲတွင် အသတ်ခံလိုက်ရပါက ကောင်းကင်နတ်ဘုရားကျောင်း၏ ဆုံးရှုံးမှု ကြီးမားသွားမည်မလား..
“သူ့အတိုင်းအတာနဲ့သူတော့ ရှိပါတယ်..” ဝမ်ရှီး ပြောလိုက်၏။ ထို့နောက် ရှီဟောင်အား ကျင့်ကြံခိုင်းထားပြီး အချိန်ကျသည်နှင့် ထွက်သွားမည်ဟု ပြောလိုက်လေသည်။
“ငါ အခုမှ သီးသန့်ကျင့်ကြံတာကနေ ထွက်လာတာ .. အဲဒီတော့ အထဲဘက်မှာ ဆက်နေစရာမလိုတော့ဘူး .. ဒီရက်တွေက ချစ်ကြည်ရေး ပွဲ နည်းနည်းလောက် တိုက်ဖို့အတွက် အချိန်ကောင်းပဲ.. ” ရှီဟောင် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
ချစ်ကြည်ရင်းနှီးရေးပွဲ.. ဝမ်ရှီး သူ့အား အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
ရှီဟောင်မှာ အလွန်အရေထူလှသည်။ သူသည် ဆရာတစ်ယောက်၏ဟန်ပန်နှင့်ပင် အပြင်ဘက်သို့ ထွက်သွားလေ၏။
ခဏကြာပြီးသည့်နောက်တွင် စုလန်နှင့်ချန်နော့တို့ တိုင်တန်းလာကြလေ၏။
“နတ်ဆေးခင်းကိုမေးပြီးတော့ ဘာလုပ်မလို့လဲ..” စုလန်သူ့အား မေးလိုက်သည်။
“အဲဒီလောက်ကြီး လေးနက်နေဖို့မလိုပါဘူး .. ငါက လှည့်ပတ်ကြည့်ချင်ရုံပါပဲ..” ရှီဟောင်သည် အန္တရာယ်မရှိသည့်ပုံဖြင့် လေးလေးနက်နက်ပင် ပြောနေလေ၏။
ချန်နော့ သူ့အားစိုက်ကြည့်နေလိုက်သည်။ သူ ရှီဟောင်အား မပြောပြချင်ပေ။
“နတ်ဆေးခင်းကို ကာကွယ်ထားတဲ့ စွမ်းအားကြီးတဲ့ အစီအရင်တွေရှိတယ် .. မင်းဆေးခင်းနားရောက်သွားရင်တောင် အထဲဘက်က ဆေးပင်တွေကို မြင်ရမှာမဟုတ်ဘူး..” ချန်နော့ပြောလိုက်သည်။
“အဲဒါဆိုရင် .. အထဲဘက်ကိုဝင်နိုင်မယ့်နည်းလမ်း မရှိဘူးပေါ့ .. နှမြောစရာပဲ..” ရှီဟောင် ခေါင်းခါ၍ပြောလိုက်သည်။
ဤသည်ကို ကြားလိုက်ရသည်နှင့် ချန်နော့နှင့် စုလန်တို့နဖူးထက်တွင် အနက်ရောင်လှိုင်းများ ဖြစ်ပေါ်လာလေသည်။ ဒီကောင်က အထဲဝင်သွားပြီးတော့ ဆေးပင်တွေကို တကယ်ခိုးချင်နေတာလား .. ဤလူသည် ပြဿနာရှာသည့်နေရာ၌ အလွန်တော်သောကြောင့် သူတို့ စိုးရိမ်နေသည့်သူပင်။
“အဟွတ် .. ငါက စတာပါ .. မင်းတို့နှစ်ယောက်က တကယ်ကြီး ထင်နေတာလား..” ရှီဟောင် ပြောလိုက်၏။
ဒါက ဟာသလား .. လုံးဝကို မရယ်ရဘူးနော် .. သူတို့နှစ်ယောက်အား သူ့အား မျက်လုံးလှန်ကြည့်လိုက်ပြီးနောက် သူ့အား အာရုံစိုက်မနေကြတော့ပေ။
“တကယ်တော့ ငါမင်းတို့ဆီကနေ သိချင်တာလေးတွေ ရှိတယ် .. ငါတစ်ခြားသူတွေနဲ့ ပညာတွေဖလှယ်ပြီးတော့ ရင်းရင်းနှီးနှီးတိုက်ခိုက်ချင်လို့ပါ” ရှီဟောင် အလွန်ရိုကျိုးစွာ ပြောလိုက်လေသည်။
သူတို့နှစ်ယောက် စိတ်ဝင်စားသွားရသည်။ ဒီကောင်က ပြောင်းလဲလာတော့မှာလား..
“ရှင် သူတို့တွေနဲ့ တိုက်ချင်တာက ကျွန်မတို့နဲ့ ဘာဆိုင်လို့လဲ..” စုလန် မေးလိုက်၏။
“မင်းတို့နှစ်ယောက်ကို လမ်းပြပေးဖို့ မေးချင်လို့ပါ .. ဒီကျောင်းမှာ ဘယ်သူဖီးနှစ်သွေးရှိသေးလဲ.. ဘယ်သူက ငါနဲ့ရင်းရင်းနှီးနှီးတိုက်ချင်သေးလဲဆိုတာ နာမည်စာရင်းလေး လိုချင်လို့ပါ..” ရှီဟောင် နှိမ့်ချစွာပင် ပြောနေလေသည်။
စုလန်နှင့် ချန်နော့တို့ ဆွံ့အသွားပြီးနောက် သူတို့ဒေါသထွက်လာကြသည်။ သူစိတ်ပြောင်းလဲသွားပြီဟု သူတို့ထင်နေကြသော်လည်း ဒီကောင်က သူ အရင်စစိန်ခေါ်နေခြင်းပင်။
ဤကောင်သည် အောင်မြင်မှုကို အရသာတွေ့နေပြီဆိုသည်မှာ သေချာသည်။ ယခု ဖီးနှစ်သွေးရှိနေသည့် အခြားသူများ၏တံခါးများကိုပင် သွားခေါက်ချင်နေလေပြီ။
“ဟေး …။ မင်းတို့ ဘာလို့ ဘာမှမပြောတော့ပဲ တိတ်ဆိတ်သွားတာလဲ .. ငယ်ငယ်လေးနဲ့တက်ကြွမှုမရှိတော့တာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးနော်..” ရှီဟောင်ပြောလိုက်သည်။
သူတို့နှစ်ယောက်မှာ သူ့စကားများကြောင့် တံတွေးသီးသွားမတတ်ပင်။ သူတို့သည် အစက ဤလူကို လျစ်လျူရှုထားချင်သော်လည်း သူတို့အား ဒေါသမထွက်,ထွက်အောင် လာလုပ်နေသည်။ ဝမ်ရှီးကို ပြဿနာပေးနေခြင်းအား ရပ်တန့်ရန် သူတို့ တင်းတင်းကြပ်ကြပ် သတိပေးလိုက်ကြလေသည်။
“ငါက သူ့နောက်လိုက်မှ မဟုတ်တာ .. ငါ့ကို တာအိုရောင်းရင်းအဖြစ် ဖိတ်ခေါ်ထားတာ .. အဲဒီတော့ ငါလုပ်ချင်တာ လုပ်လို့ရတယ် .. စိတ်လျှော့ပါ .. ငါတကယ် ရင်းရင်းနှီးနှီး ပညာဖလှယ်ချင်လို့ပါ..” ရှီဟောင် အရေထူစွာပင် ပြောလိုက်လေ၏။
“ရှင့်ရည်ရွယ်ချက်က တကယ် သန့်ရှင်းတယ်ဆိုရင် တစ်ခြားသူတွေနဲ့ ဖီးနှစ်သွေးအကြောင်း မပြောနဲ့..” သူတို့နှစ်ယောက် ဆူပူလိုက်လေသည်။
“အကျိုးအမြတ်မရှိပဲနဲ့ ဘယ်လိုလုပ် အပြည့်အဝ ပျော်နိုင်မှာလဲ .. ဘဝဆိုတာက အလင်းနောက်လိုက်နေရတာ .. ပန်းတိုင်တွေရှိမှ စိတ်အားတက်ကြွပြီး တိုးတက်မှုတွေလည်း ရှိလာမှာ..”
ရှီဟောင်က ထိုနှစ်ယောက်ကို သင်ခန်းစာ ပြန်ပို့ချနေလေသည်။
“ရှင့်ကို မနိုင်တော့ဘူး .. ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ရှင့်ကိုကူညီမှာ မဟုတ်ဘူး .. တစ်ခြားလူ သွားရှာလိုက်..”
“မဖြစ်ဘူး..” ရှီဟောင် ခေါင်းခါလိုက်သည်။
” ဒီလိုဆိုရင်ရော .. ချစ်ကြည်ရေးပွဲတွေကို ထားလိုက်ပါတော့ .. ငါ့ကို ချောက်ချတဲ့ကောင်မလေးနာမည်က ဘယ်လိုခေါ်တာ .. ချီလင်းလား..”
ရှီဟောင်ပြောသည့်ကောင်မလေးမှာ သူ့အား ဝမ်ရှီးအိပ်ရာပေါ်တက်နေသည်ဟု အော်ကြီးဟစ်ကျယ် အော်ပြောခဲ့သည့်ကောင်မလေးပင်။
“ရှင်က ဘာလို့ သူ့ကိုရှာနေတာလဲ … သူက မင်းသမီးယောင်ယွဲ့ရဲ့ အကောင်းဆုံးသူငယ်ချင်း .. ရှင် လျှောက်မလုပ်နဲ့..” စုလန် သတိကြီးကြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ .. တကယ်တမ်းတော့ ငါလည်း မင်းသမီးယောင်ယွဲ့ရဲ့ ရင်းနှီးတဲ့မိတ်ဆွေလို့ ပြောလို့ရပါတယ် … အဲဒီတော့ သူ့ရဲ့အမျိုးသမီးမိတ်ဆွေကို နည်းနည်းလောက် ရိုက်တာက ကိစ္စကြီး မဟုတ်ပါဘူး..” ရှီဟောင် အရှက်မရှိ ပြောနေဆဲပင်။
“ရှင် ဘာလို့ ဒီလိုမျိုးလုပ်နေတာလဲ .. ပြဿနာရှာနေတာတွေ ရပ်ပေးလို့ရမလား .. မင်းသမီးယောင်ယွဲ့ဆိုတာက ထာဝရမိသားစု၊ အင်ပါယာတရားရုံက ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့သူ .. ရှင် လိုက်ရှုပ်မနေနဲ့တော့ . ရှင် ချီလင်းကို ထိစရာ မလိုဘူး..” စုလန် အနည်းငယ် စိုးရိမ်လာပြီဖြစ်သည်။
“ငါ့ ကိုယ့်အတိုင်းအတာကို ကိုယ်သိပါတယ် .. ဒီမိန်းကလေးပါးစပ်က တော်တော်လေးကြီးတယ် .. ငါ့ခွန်အားက လုံလောက်အောင် ကောင်းနေလို့သာ .. မဟုတ်ရင် တစ်ရက်ပြီးတစ်ရက် သူများတွေစိန်ခေါ်တာကို တိုက်နေရတာနဲ့ ငါ အသတ်ခံရပြီးလောက်ပြီလေ မဟုတ်ဘူးလား..” ရှီဟောင် မကျေမနပ်ပြောလိုက်သည်။
“အဲဒါက အရင်ကဖြစ်ခဲ့တာတွေ .. ထားလိုက်ပါတော့..” ချန်နော့အကြံပေးလိုက်သည်။
“ဘယ်လိုလုပ် ထားလိုက်နိုင်မှာလဲ .. သူက ငါ့သိက္ခာကို စော်ကားခဲ့တာ .. အဲဒီတော့ ငါ့ရိုးသားမှုကို ငါကာကွယ်ရမယ်..” ရှီဟောင် လူမှန်ကြီးလို ပြောလိုက်လေ၏။
သူတို့နှစ်ယောက်လုံးမှာ ဒေါသထွက်လွန်းသောကြောင့် ရယ်မောနေရုံသာ တတ်နိုင်တော့သည်။
” နင့်မှာ ဘာဂုဏ်သိက္ခာများရှိသေးလို့လဲ .. မမလေးတောင်မှ ဒီကိစ္စကို ဒေါသမထွက်သလို ဘာမှလည်းဆက်မလုပ်တော့တာကို ရှင်က ဘာလို့လက်မလွတ်နိုင်ဖြစ်နေတာလဲ .. ရှင့်ကိုယ်ရှင်လည်း ပြန်ကြည့်လိုက်ဦး .. ဒီလောက်လူတွေအများကြီးဆီက ဖီးနှစ်သွေးတွေ လုယူပြီးတာတောင်မှာ တစ်ခုခုကို ကာကွယ်တဲ့အကြောင်း ပြောရဲသေးတယ်ပေါ့..” သူတို့နှစ်ယောက်လှောင်ရယ်လိုက်ကြသည်။
“ကိစ္စတိုင်းမှာ သူ့အကြောင်းအရင်းနဲ့သူရှိတယ် .. အဲဒီကောင်မလေးက ငါ့ကို ချောက်ချပြီးတော့ ငါ့ဂုဏ်သိက္ခာကို ပျက်စီးစေခဲ့တာ .. ငါနဲ့မင်းတို့မမလေးကြား တကယ် တစ်ခုခုဖြစ်ခဲ့ရင် ထားလိုက်ပါတော့ .. ဒီလိုမျိုးအပြောခံရလည်း မျက်လုံးပိတ်လိုက်ပြီးတော့ ပြီးပြီးသားကိစ္စတွေကို ဒီတိုင်းပဲ ထားလိုက်မယ် .. ဒါပေမဲ့ ငါတို့နှစ်ယောက်ကြားမှာ ဘာမှဖြစ်ချိန်မရလိုက်ပဲနဲ့ သူက ဒီလိုမျိုးအော်ဟစ်နေတာလေ … ဒီကိစ္စကို ဒီလိုမျိုးမထားလိုက်နိုင်ပါဘူး .. ”
ရှီဟောင်၏အမူအရာမှာ အလွန်လေးနက်နေလေ၏။
သူတို့နှစ်ယောက်လုံး ဆွံ့အသွားရသည်။ ဒီကောင်က .. အရမ်းကို အရှက်မရှိတာပဲ .. သူ့စကားများအရ ဖြစ်ခဲ့သမျှကိစ္စများကို မှားယွင်းနေသည်ဟု သူ မမြင်သည့်ပုံပင်။
“မင်း..”
“မမလေးသာ ရှင့်စကားတွေကို ကြားလိုက်ရင် ရှင့်မိသားစုကို ရှင်းပစ်လိမ့်မယ်..”
သူတို့နှစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
“ငါနဲ့သူက မိသားစုတစ်ခုတည်းကပဲ မဟုတ်ဘူးလား..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ရှင့်လောက် ကျိုးကြောင်းမဆီလျော်တဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး..” စုလန်မှာ ဒေါသထွက်လွန်းသောကြောင့် တုန်ပင်တုန်နေလေပြီ။ ချန်နော့လည်း ဘာပြောရမှန်းပင် မသိတော့။
ဤသို့ ပြောခံနေရသော်လည်း ရှီဟောင် စိတ်ထဲမထားသည့်ပုံပင်။ ထိုအစား သူသည် ချဉ်းကပ်ပုံချဉ်းကပ်နည်းကို ပြောင်းလဲလိုက်လေသည်။
” ချီလင်းက ဝမ်ရှီးကို အပုပ်ချခဲ့တာပဲလေ ..မင်းတို့ မမလေး ကိုယ်တိုင်မလုပ်ဘူးဆိုတာက မသင့်တော်လို့ .. ဒါပေမဲ့ သူ့ရဲ့စိတ်သဘောထားကို မင်းတို့နှစ်ယောက် နားမလည်ဘူးလား .. ငါ တိုက်ခိုက်ချင်နေတာလို့ မင်းတို့ ဘာလို့ ထင်နေတာလဲ ပြောကြည့် .. တကယ်တမ်းက ဝမ်ရှီး ငါ့ကို တိုက်ခိုက်ခိုင်းစေချင်နေတာ..” ရှီဟောင် လေးနက်စွာပင်ပြောလိုက်လေသည်။
ဤစကားကိုကြားလိုက်သည်နှင့် သူတို့နှစ်ယောက်လုံး ဆွံ့အသွားရသည်။
“ရှင် အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့တော့ .. ရှင့်ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်တွေကို စကားလုံးလှလှလေးနဲ့ လာဖုံးမနေနဲ့..” စုလန် မယုံကြည်ပေ။
“ဒီကလေးက သင်လို့ကို မရဘူးပဲ..”
ရှီဟောင် ခေါင်းခါ၍ ပြောလိုက်သည်။
“ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့သူတွေကို ထူးခြားတဲ့ဂျီးနီးယပ်စ်တွေလို့ ခေါ်ကြတာမလား .. အဲဒီတော့ အဲဒီလူနည်းစုက ဘယ်လိုလုပ် လွယ်လွယ်ကူကူနဲ့တိုက်ကြမှာလဲ .. ဒီတစ်ခေါက်က မင်းတို့ကလန်ရဲ့မမလေး လှုပ်ရှားရတာ ပိုလွယ်ကူအောင်လို့ ငါတို့ရန်သူကို စည်းကျော်ရမယ် .. အဲဒီတော့မှသာ ငါတို့ဘက်က ပိုပြီးတော့ ကျိုးကြောင်းဆီလျော်မှာပေါ့ .. ငါ့တို့မှာ ရွေးချယ်စရာ မရှိဘူး..”
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။
“ငါ့ကိုလမ်းပြ .. အဲဒါမှ ငါ အဲဒီနတ်သမီးကို ရိုက်လို့ရမှာ … နောက်ကျရင် မင်းတို့အားလုံး နားလည်သွားလိမ့်မယ်..” ရှီဟောင်ပြောလိုက်သည်။
စုလန်နှင့် ချန်နော့တို့ ဆွံ့အသွားကြ၏။ သို့သော်လည်း နောက်ဆုံးတော့ .. သူတို့သဘောတူလိုက်သည်။ ဘာပဲဖြစ်ဖြစ် စွန့်စားတာက ဒီကောင်ပဲလေ .. သူ့ကိုဖမ်းမိသွားရင်လည်း သူ ခံလိမ့်မယ်။
အပိုင်း ၁၂၉၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၀ – စစ်ပွဲအတွက် ပြင်ဆင်ခြင်း
သို့သော် စုလန်နှင့် ချန်နော့တို့မှာ စိုးရိမ်နေကြဆဲပင်။ ဤကောင်သာ မင်းသမီးယောင်ယွဲ့ကို ရန်စမိသွားပါက ကောင်းသောကိစ္စများ ဖြစ်မလာနိုင်။
ဒီကောင် ရန်စဖို့တွေးထားတာတော့ မဟုတ်လောက်ဘူးမလား..
လမ်းတစ်လျှောက်တွင် သူတို့ သံသယဝင်နေကြဆဲပင်။ သူတို့ ရှီဟောင်ကို သိပ်မယုံကြည်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ဘယ်လိုပင်တွေးတွေး ဤကောင်၏ လုပ်ရပ်များမှာ အနည်းငယ် ရယ်စရာကောင်းနေသည်။
“ငါတို့မသွားရင် ပိုကောင်းမယ်ထင်တယ်..” စုလန်ပြောလိုက်သည်။
“ငါတို့ဒီကိုတောင်ရောက်နေပြီ အခုမှ ကြောက်မနေနဲ့တော့ .. ဝမ်ရှီးရဲ့နောက်လိုက်အနေနဲ့ သူ့အတွေးတွေကို ဖတ်နိုင်သင့်တယ် .. ဒီလိုမျိုးကိစ္စသေးသေးလေးတွေကိုကြောက်နေတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး..” ရှီဟောင်ပြောလိုက်သည်။
သူတို့နှစ်ယောက် ရှီဟောင်အား အထင်သေးစွာကြည့်လိုက်ကြသည်။ ဤကောင်သည် လူကောင်းမဟုတ်ဘူးဟု သူတို့အမြဲတမ်းခံစားနေရခြင်းပင်။ သူဤကဲ့သို့သော ‘ကြင်နာမှု’ ကို ပြလေလေ၊ သူ ‘ရိုးရိုးသားသား’ လုပ်ပြလေလေ သူတို့ပို၍ သံသယဝင်လေလေပင်။
“ငါတို့ရောက်ပြီမလား..” ရှီဟောင်ပြုံး၍ ပြောလိုက်လေသည်။
စုလန်နှင့် ချန်နော့တို့ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ချီလင်း လှိုဏ်ဂူရှိနေသည့် နတ်တောင်ထိပ်သို့ ရောက်နေပြီပင်။ တောင်ကြီးမှာ အနီရောင်အလင်းများထုတ်လွှတ်နေလေသည်။
“မင်းတို့နှစ်ယောက်သွားပြီးတော့ စိန်ခေါ်ကြောင်းပြောလိုက် .. ငါတို့စိန်ခေါ်ဖို့ရောက်လာတာလို့ ချီလင်းကိုခေါ်လိုက်..”
“ကျွန်မတို့က ဘာလို့သွားပြီးတော့ စိန်ခေါ်ရမှာလဲ .. ရှင်ကိုယ့်ဘာသာကိုယ်လုပ်မယ်လို့ ကျွန်မတို့ သဘောတူထားပြီးသားပဲ..” စုလန် ဒေါသတကြီးပြောလိုက်၏။
ချန်နော့ သူ့အားကြည့်လိုက်လေသည်။ ဒီကောင်က ငါတို့ကိုပါ ရေထဲဆွဲချချင်နေတာလား..
စုလန်နှင့် ချန်နော့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ဘာမှမပြောပဲ ပြန်လှည့်ထွက်သွားလိုက်ကြလေသည်။ ဒီကောင်နားနေရတာ မလုံခြုံဘူးဟု သူတို့ခံစားနေရသည်။ သို့သော်လည်း သူတို့အဝေးကြီးသွားခြင်းမဟုတ်ပဲ အခြေအနေများကို စောင့်ကြည့်ရန်အတွက် ခပ်ဝေးဝေးတွင် ပုန်းနေခြင်းပင်။
ရှီဟောင် သူတို့ကို မတားတော့ပေ။ အနီရောင်တောင်ကြီးကို လှည့်ပတ်ကြည့်ပြီးနောက် လှိုဏ်ဂူတစ်ခုကို တွေ့လိုက်ရသောကြောင့် ထိုလှိုဏ်ဂူနားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် တွေ့ဆုံရန်အတွက် အတော်လေး ရိုရိုသေသေ အသံပို့လွှတ်လိုက်လေ၏။
ချီလင်းထွက်လာပြီး သူ့ကိုတွေ့လိုက်ရသည့်အချိန်တွင် ဆွံ့အသွားပြီးနောက် သတိအနေအထားဖြစ်သွားလေသည်။
“ရှင်တစ်ခုခုလို လို့လား..”
“မမလေး ချီလင်း .. လက်ဖက်ရည်တစ်ခွက်လောက်သောက်ဖို့အတွက် မမလေးရဲ့ဂူထဲ ကျွန်တော့်ကို ဖိတ်ခေါ်မှာမလား..” ရှီဟောင်အပြုံးလေးဖြင့် ပြောလိုက်လေသည်။
ချီလင်း ရှီဟောင်အား သူ့ဂူထဲသို့ တကယ်မခေါ်ရဲပေ။ သူမ၏ ယခင်အပြုအမူမှ သူမ သင်ခန်းစာကောင်းကောင်းရသွားလေပြီ။ သူမ ထိုကဲ့သို့ ပြန်မခံစားချင်။
သူမ ရှေ့တွင်ရှိနေသည့်လူမှာ မကောင်းသည့်ဂုဏ်သတင်းရှိသည့်သူပင်။ သူ့ကိုသာ သူမ လှိုဏ်ဂူထဲသို့ ဖိတ်ခေါ်လိုက်ပါက သူတို့နှစ်ယောက်ကြား ဘာမှမဖြစ်ခဲ့လျှင်ပင် ရှင်းပြရန် ခက်ခဲသွားလိမ့်မည်။
“ရှင်ပြောစရာရှိရင် ဒီမှာပဲပြော..” ချီလင်း ခေါင်းမော့ကာ ပြောလိုက်လေသည်။
“ဒီနေရာက ဆွေးနွေးလို့ကောင်းတဲ့နေရာ မဟုတ်ဘူး ..” ရှီဟောင် သူ့လက်နှစ်ဖက်ကို ပွတ်ကာ ပြောလိုက်သည်။
“ရှင့်သတင်းက သိပ်မကောင်းဘူး .. အဲဒီတော့ ကျွန်မရှင့်ကို ကျွန်မ လှိုဏ်ဂူထဲ မခေါ်ရဲဘူး .. ရှင် ပြောစရာရှိရင်လည်း မြန်မြန်ပြော..” ချီလင်း သူ့အား မျက်နှာမပေးပဲ ပြောလိုက်လေသည်။
“ကျုပ်ရဲ့ မကောင်းတဲ့သတင်းဆိုတာက မင်းကြောင့်ပဲမဟုတ်ဘူးလား..” ရှီဟောင်ပြောလိုက်သည်။
“ရှင် .. ရှင်ဘာလုပ်ချင်နေတာလဲ ..” ချီလင်း အနည်းငယ်စိုးရိမ်မိသွားသည်။
” ရှင်က ဝမ်ရှီးရဲ့နောက်လိုက်၊ အစေခံပဲ တရားဝင်တပည့်မဟုတ်ဘူးဆိုတာ မမေ့နဲ့ .. ရှင့်မှာ ကျွန်မကျင့်ကြံတဲ့နေရာကို ဝင်နိုင်ဖို့အရည်အချင်း မရှိဘူး..”
“ဓားပြတိုက်ဖို့ .. ဪ မဟုတ်ပါဘူး .. လှည့်ပတ်ကြည့်ဖို့ မင်းလှိုဏ်ဂူထဲကို ဝင်ခွင့်မပြုဘူးဆိုတော့လည်း အပြင်မှာပဲ ရှင်းကြတာပေါ့..”
ရှီဟောင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“ဘာ .. ရှင်က ကျွန်မဂူထဲဝင်ပြီးတော့ ကျွန်မကို ဓားပြတိုက်ချင်တာလား..” ချီလင်း၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ဒီကောင်က ရဲတင်းလွန်းတယ် .. သူက ဒီလိုမျိုးအတွေးကိုတောင် တွေးရဲသေးတာလား..
“လာခဲ့ .. ကျုပ်မင်းကို ဒီမှာပဲ စိန်ခေါ်မယ်..” ရှီဟောင်၏မျက်လုံးများလည်း ကြမ်းတမ်းလာလေ၏။ “ခဏနေကျရင် ငါ ဂူထဲဝင်ပြီးတော့ အိမ်ပြောင်းရမယ်..” ရှီဟောင် ရေရွတ်လိုက်လေ၏။
“ရှင် .. ရှင်က တကယ်ရဲတင်းတာပဲ .. ရှင် ဘာပြောနေတာလဲဆိုတာ ကိုယ့်ကိုကိုယ်သိရဲ့လား..” ချီလင်းအော်ဟစ်လိုက်၏။
“ဒါပေါ့ သိတာပေါ့ .. ကျောင်းက တပည့်တွေအချင်းချင်း ပညာဖလှယ်ပြီးတော့ စိန်ခေါ်ဖို့ကိုအားပေးတယ်မလား .. ကျုပ်က သူတို့ပြောတဲ့အတိုင်း လုပ်ရုံပဲ” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ရှင့်ကိုယ်ရှင် ဘယ်သူလို့ထင်နေတာလဲ .. ရှင်က တရားဝင်တပည့်တောင် မဟုတ်ဘူး .. ရှင့်မှာ စိန်ခေါ်နိုင်ဖို့ အရည်အချင်း မရှိဘူး..” ဤကောင်သည် လုံးဝသာမန်မဟုတ်ဘူးဟု ကြားထားသောကြောင့် ချီလင်း အနည်းငယ် ယုံကြည်ချက်ကင်းမဲ့နေလေသည်။
“တရားဝင်တပည့်မဟုတ်တဲ့သူတောင် မင်းကိုနိုင်ရင် မင်းက ဒီတောင်မှာ ဆက်နေဖို့ အရှက်ရှိသေးတယ်ပေါ့ .. မြန်မြန် .. ဒီဂူတစ်ခုလုံး ကျုပ်ကို လက်ဆောင်ပေးလိုက်တော့..” ရှီဟောင် အရှေ့တိုးလာလိုက်သည်။
ရှီဟောင်၏လက်ဝါးနှင့် လက်ချောင်းများတောက်ပလာကာ လျှပ်စီးများ ရောယှက်လာပြီး ခရမ်းရောင်လျှပ်စီးလုံးများ ဖြစ်ပေါ်လာလေ၏။ ဤလျှပ်စီးလုံးများမှာ ကြယ်များကဲ့သို့ပင်။ အလင်းလုံးများ တစ်ဖြည်းဖြည်းများလာပြီး ပုံစံငယ်နယ်မြေတစ်ခုကဲ့သို့ဖြစ်လာလေ၏။
ဝုန်း..
ရှီဟောင် ရိုက်ချလိုက်သည်နှင့် ထိုလျှပ်စီးများဖြင့် ဖန်တီးထားသည့် ကြယ်များအားလုံး ထိုအမျိုးသမီးထံသို့ ဦးတည်သွားကြလေသည်။
ချီလင်း သတိအနေအထားဖြစ်သွား၏။ ဤလူ၏ သာမန်ရိုက်ချက်တစ်ခုပင်လျှင် ဤမျှကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုဖြစ်နေသည်။ သူသာ ထာဝရစွမ်းအင်ကို ကျင့်ကြံလိုက်ပါက သူမ သူ့အားယှဉ်နိုင်တော့မည် မဟုတ်ပေ။
သူမသည် ထာဝရစွမ်းအင်ကို အသက်သွင်းလိုက်ကာ သူမကိုယ်သူမ ကာကွယ်လိုက်သည်။
ထုံကျဉ်သွားသည့်ခံစားချက်နှင့်အတူ ချီလင်း ဘေးဘက်သို့ ရွေ့သွားလေ၏။ သူမ တစ်ကိုယ်လုံး တုန်ယင်နေကာ သူမ နှုတ်ခမ်းထောင့်တွင် သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာလေ၏။
“ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိလား .. ကျွန်မက မင်းသမီးယောင်ယွဲ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းပဲ . ရှင် ကျွန်မကို ရိုင်းရိုင်းစိုင်းစိုင်းတွေ လာလုပ်နေရင် ရှင်ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်သွားလိမ့်မယ်..” ချီလင်းပြောလိုက်၏။
သူမ နည်းနည်းတော့ ကြောက်နေလေပြီ။ ရှီဟောင်သည် ရူးနှမ်းစွာဖြင့် သူမအသက်အားနှုတ်ယူသွားမည်ကို သူမ စိုးရိမ်နေမိသည်။
“မင်းသမီးယောင်ယွဲ့ရဲ့ အကောင်းဆုံးသူငယ်ချင်းလား .. အဲဒါဆိုရင် ကျုပ်ဘယ်သူလဲဆိုတာ မင်း သိလား .. ဟုတ်သားပဲ .. မင်း အရင်တုန်းက ငါက သူ့ရဲ့လူလို့ပြောထားတာဆိုတော့ အခု သူ့ရဲ့’လူ’ နဲ့ ‘အရင်းနှီးဆုံးသူငယ်ချင်း” က ကိစ္စတွေကို ရှင်းကြတာပေါ့..”
“ရှင် .. ရှင်လျှောက်မပြောနဲ့..” ချီလင်း၏အမူအရာ ပြောင်းလဲသွားသည်။
လျှပ်စီးသည် သက်တံ့ကဲ့သို့ပင် ထိုးဆင်းလာလေ၏။ စွမ်းအားမှာ ပို၍ပင် ကြီးမားလာသည်ပင်။
ချီလင်းသည် ထာဝရစွမ်းအင်ကို အသုံးပြုနေသော်လည်း ရှီဟောင်၏ပြိုင်ဘက် မဟုတ်သေးပေ။ သူမသည် သွေးအန်သွားသည်အထိ လွင့်ထွက်သွားကာ မသေးလှသည့်ဒဏ်ရာများလည်း ရရှိသွားလေ၏။
“မင်းရဲ့ဂူထဲကို သွားကြစို့..”
ခပ်ဝေးဝေးတွင်ရှိနေသည့် စုလန်နှင့် ချန်နော့တို့ ထိတ်လန့်သွားကြသည်။ ဤကောင်မှာ ပို၍ပင်စွမ်းအားကြီးလာလေပြီ။
“သူ ဘာလုပ်နေတာလဲ .. ချီလင်းကို ဓားပြတိုက်နေတာလား..” ချန်နော့ ထိတ်လန့်သွားရ၏။
“နိမ့်ကျလိုက်တာ .. သူက ဒီနေရာတစ်ခုလုံးကို ဓားပြတိုက်နေတာ..” စုလန် ဆွံ့အသွားရ၏။
ရှီဟောင်သည် ခပ်ဝေးဝေးတွင်ရှိနေသည့် သူတို့နှစ်ယောက်ကိုပင် ခေါ်ကာ အသားကင်စားရန် ခေါ်နေသေးသည်။
သူသည် ချီလင်း၏ စီးတော်ယာဉ်သားရဲကို အလွန်ရက်စက်စွာသတ်ပြီး သူမ၏ ဂူအပြင်ဘက်တွင်ပင် ကင်စားနေလေသည်။
“ရှင် ဘာလုပ်နေတာလဲဆိုတာ ရှင်သိလား .. မင်းသမီးယောင်ယွဲ့ ရှင့်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိမ့်မယ်..” ချီလင်း ခြိမ်းခြောက်လိုက်၏။
“အိုး .. အဲဒီလိုလား .. အဲဒါဆိုရင် ဝမ်ရှီးကို မြန်မြန်သွားခေါ်ခိုင်းလိုက် .. သူစောင့်နေတာ တော်တော်ကြာနေပြီ .. ငါ ဒီကိုလာတာက အခွင့်ကောင်းလာယူတာ..” ရှီဟောင် ကျိုးကြောင်းမဆီလျော်စွာပင် ပြောလိုက်လေ၏။
“ဟေး … ရှင် ဘာတွေ လျှောက်ပြောနေတာလဲ.. ကျွန်မကလန်က မမလေးက ဘယ်တုန်းကမှ မင်းသမီးယောင်ယွဲ့နဲ့ တိုက်ခိုက်ဖို့ မစဉ်းစားဖူးဘူး..” စုလန် ဒေါသတကြီးထွက်လာလေ၏။
“ကြည့်ရတာ မင်း နားမလည်သေးဘူးထင်တယ် .. ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ .. ငါ ဒီကိုလာတဲ့ကိစ္စကို မင်းတို့မမလေးကလည်း လက်ခံပြီးသား .. နတ်သမီးနှစ်ယောက်က သေချာပေါက်ကို တိုက်ခိုက်ကြရမှာပဲ..” ရှီဟောင် လေးနက်စွာ ပြောလိုက်လေသည်။
“ရှင် တကယ်ပြောတာလား..” စုလန် သံသယဖြင့် မေးလိုက်သည်။
“တကယ်ပြောတာပေါ့ .. ဒါပေမဲ့ တိုက်ပွဲက ထာဝရစစ်ကွင်းပြင်မှာ ဖြစ်လိမ့်မယ် .. ဝမ်ရှီးအတွက် ဒီမှာ တိုက်ခိုက်ဖို့က အဆင်မပြေဘူး .. အဲဒါကြောင့်မို့လို့ ငါက သူ့ကို ကူညီပေးတာ..” ရှီဟောင်ပြောလိုက်၏။
“ငါ့ရဲ့ဖီးနှစ်သွေး..” ချီလင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ယခုအချိန်တွင် ရှီဟောင်သည် ယဉ်ကျေးခြင်းအလျဉ်းမရှိပဲ သူမ၏ရင်ဘတ်အပါအဝင် နေရာတိုင်းကို လိုက်လံရှာဖွေပြီးနောက် ဖီးနှစ်သွေး လေးပုလင်းထွက်လာခြင်းပင်။
“မင်းသမီးယောင်ယွဲ့ရဲ့ အကောင်းဆုံးသူငယ်ချင်းဆိုတော့ ထင်ထားတဲ့အတိုင်းပဲ ပစ္စည်းကောင်းလေးတွေ တော်တော်များများရှိနေတာပဲ .. ထပ်ရှိသေးလား..” ရှီဟောင်ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
“မရှိတော့ဘူး .. ဘာမှမရှိတော့ဘူး .. လျှောက်မထိနဲ့..” ချီလင်း အသံကုန်အော်ဟစ်လိုက်သည်။
စုလန်နှင့် ချန်နော့တို့နှစ်ယောက်လုံးမှာ ဘာမှမပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကောင်၏လုပ်ရပ်မှာ သူတို့ဒေါသကို အနည်းငယ်ဖြေလျော့ပေးနေသည်ပင်။
ချီလင်း လျှောက်အော်လိုက်သောကြောင့် သူတို့ပြဿနာတက်ခဲ့ရခြင်းပင်။ ယခုသူမ ဤကဲ့သို့ပြန်လုပ်ခံနေရသောကြောင့် သူတို့ကျေနပ်သွားကြသည်။
ဖုန်း..
ချီလင်း မြေပြင်ပေါ်သို့ ပစ်ချခံရပြီးနောက် သတိလစ်သွားလေ၏။
ဤသည်မှာ ထာဝရစွမ်းအင်တစ်ကြောင်း ကျင့်ကြံထားသည့် အမျိုးသမီးကျင့်ကြံသူဖြစ်သော်လည်း ရှီဟောင်ရှေ့တွင်မူ သူမသည် စာခြောက်ရုပ်ကဲ့သို့ပင် ပစ်ချခံလိုက်ရလေ၏။
“သွားကြစို့ .. ငါ့ကို ဖုန်းရှင်းထျန်နဲ့ လုထော် နေနေတဲ့နေရာ ခေါ်သွားပေး..” ရှီဟောင် စုလန်နှင့် ချန်နော့ကို ခေါ်လိုက်သည်။
“အာ .. မင်းဘာလုပ်မလို့လဲ..”
“ဘာမှမလုပ်ပါဘူး .. တစ်ချက်သွားကြည့်ရုံပဲ .. မင်းတို့မမလေးပြောတာ ငါတို့ ထာဝရစစ်မြေပြင်ကို ဝင်တာနဲ့ အစွမ်းကုန်တိုက်ရမှာတဲ့ .. သူ့ရဲ့ရန်သူတွေကို တစ်ချက်သွားကြည့်ပြီးတော့ တိုက်ပွဲရလဒ်ကို ခန့်မှန်းကြည့်မလို့” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
တိုက်ပွဲတစ်ခု .. ဒါက မမလေးရဲ့ သဘောထားလား .. ဤသည်မှာ မဖြစ်နိုင်ဘူးဟု သူတို့ထင်နေမိသည်။ ဒီကောင်က ရန်သူတွေလျှောက်လုပ်နေတာဟုပင် ထင်နေမိလေသည်။
“သွားကြစို့ … တစ်ချက်သွားကြည့်ကြစို့..” ရှီဟောင်ပြောလိုက်သည်။ သူတို့ မင်းသမီးယောင်ယွဲ့၏နေရာကို ဖြတ်သွားသည့်အချိန်တွင် သူသည် စိန်ခေါ်ခြင်းမရှိပဲ တစ်ခဏခန့်သာ ရပ်တန့်လေသည်။
လုထော်နှင့် ဖုန်းရှင်းထျန်တို့၏ လှိုဏ်ဂူများမှာ မြူများအုံ့ဆိုင်းနေသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ပေ။
စုလန်နှင့် ချန်နော့တို့ နည်းနည်းစိတ်အေးရသည်မှာ ဤကောင်သည် သခင်လေးနှစ်ယောက်ကို စိန်ခေါ်ရလောက်အောင်အထိ စိတ်ကြီးမဝင်သေးခြင်းပင်။ သူထိုနေရာများသို့ ရောက်သည်နှင့် တစ်ခဏခန့်လှည့်ပတ်ကြည့်ပြီး ပြန်ထွက်သွားလေ၏။
“ငါကြားတာတော့ ယွမ်ချင်းက သူ့မျိုးဆက်တစ်ယောက်ကို ကျောင်းထဲခေါ်လာတာဆို .. ဒါက ကျောင်းရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတာပဲ .. သူ့ကိုလည်း တစ်ချက်လောက်ကြည့်ချင်လို့ ခေါ်သွားပေးဦး..” ရှီဟောင် ထိုလူရှိနေမည့်နေရာအား စုလန်နှင့် ချန်နော့ကိုမေးလိုက်သည်။
“သူက ယွမ်ဖုန်းလို့ခေါ်တယ် .. သူက ထာဝရစွမ်းအင် ၂ ကြောင်းကျင့်ကြံထားတဲ့ ဂျီးနီးယပ်စ် .. ကိစ္စတစ်ချို့ကြောင့် ကောင်းကင်နတ်ဘုရားကျောင်းတပည့်ရွေးချယ်ပွဲကို သူ လွတ်သွားတာ .. အဲဒါကြောင့်မို့လို့ အကြီးအကဲကိုယ်တိုင် သူ့ကိုခေါ်လာတာ..” ချန်နော့ပြောလိုက်သည်။
“ဟေး …။ ရှင် ဘာရည်ရွယ်ချက်တွေ ရှိနေတာလဲ .. ရှင်ရန်စနေတဲ့သူတွေအားလုံး စွမ်းအားကြီးတဲ့သူတွေချည်းပဲ .. ပထမဆုံးက မင်းသမီးယောင်ယွဲ့ရဲ့ အခင်ဆုံးသူငယ်ချင်း၊ ပြီးတော့ လုထော်နဲ့ဖုန်းရှင်းထျန်း .. အခု ယွမ်ချင်းခေါ်လာတဲ့ အဆင့်လွန်မျိုးဆက်ကို ရန်စချင်နေတယ် .. ရှင် တိုက်ပွဲကြီးတစ်ခုဖြစ်အောင်လုပ်နေတာလို့တော့ ကျွန်မကို မပြောနဲ့နော် ..” အခြေအနေသိပ်မကောင်းဘူးဟု စုလန် ခံစားလိုက်ရကာ စိုးရိမ်သွားရသည်။
“မင်း အတွေးလွန်နေတာပါ .. ငါက မမလေးကိုယ်စား သူ့ရန်သူတွေကို ကင်းထောက်နေတာပါ .. ” ရှီဟောင်ပြုံး၍ပြောလိုက်သည်။
“ရှင် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ .. အားလုံးကို မမလေးကို လွဲချမနေနဲ့ .. သူက ဒီလိုမျိုးလုပ်မှာ မဟုတ်ဘူး .. ဒါက ရှင့်ရဲ့ကိုယ်ပိုင်အစီအစဉ်အတွက် ပြင်ဆင်နေတာ..” စုလန်ပြောလိုက်သည်။
ခဏကြာပြီးသည့်နောက်တွင် သူတို့တောင်တစ်လုံးထံသို့ ရောက်လာသည်။ တောင်ထိပ်မှာ ကျောက်စိမ်းကဲ့သို့ စိမ်းစိုနေပြီး ထာဝရစွမ်းအင်များလည်း ထွက်ပေါ်နေသည်။ သူတို့ ထာဝရနယ်မြေတစ်ခုသို့ ရောက်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။
“ဝိုး .. ဒီတာအိုမြေက ယွင်ဖုန်း ပိုင်တာလား..” ရှီဟောင်ပြောလိုက်၏။ ထို့နောက် နေလုံးကြီးကဲ့သို့ တောက်ပနေသည့်မျက်လုံးများနှင့် လူငယ်တစ်ယောက်ကို သူတွေ့လိုက်ရသည်။ သူသည် ရှီဟောင်တို့ရှိနေသည့်ဘက်သို့ ကြည့်နေခြင်းပင်။
ဤသည်မှာ ယွမ်ဖုန်းပင်။
“ဝိုး ..ငါတို့ဒီလိုပုံစံမျိုးနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။
အပိုင်း ၁၃၀၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၁ – ထွက်ခွာခြင်း
ယွမ်ဖုန်းသည် ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ရှီဟောင်တို့ဘက်သို့ ကြည့်နေလေသည်။
သူ၏ဝိညာဉ်အာရုံများမှာ စူးရှလှသောကြောင့် တစ်စုံတစ်ခုရှိနေသည်ကို အာရုံခံမိသည်။ သူသည် ရှီဟောင်အား စိုက်ကြည့်နေလေ၏။
ရှီဟောင် ထိုနေရာသို့သွားကာ ဤလူကို သေချာပေါက် စိန်ခေါ်လိမ့်မည်ဟု စုလန်နှင့်ချန်နော့တို့ ထင်ထားခြင်းပင်။ သို့သော် ရှီဟောင်သည် တစ်ဖက်သို့လှည့်ကာ ပြန်ထွက်သွားလေ၏။
“ဒါက ခင်ဗျားပုံစံနဲ့မတူသလိုပဲ..” ချန်နော့ နားမလည်နိုင်တော့။
“ဒီကောင်က အခုမှ ကျောင်းကိုဝင်လာတာ .. သူ့မှာ ဖီးနှစ်သွေးရှိဦးမှာ မဟုတ်ဘူး … သူနဲ့တိုက်တာက ငါ့အချိန်တွေ ဖြုန်းသလိုပဲ ဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား..” ရှီဟောင် နှုတ်ခမ်းကို တွန့်ကွေးကာ ပြောလိုက်သည်။
စုလန်နှင့် ချန်နော့တို့ အံ့အားသင့်သွားကာ သူ့အား ငေးကြောင်ကြည့်နေကြလေသည်။
ရှီဟောင် တစ်ဖက်သို့လှည့်လိုက်သည်နှင့် အေးစက်သည့်အလင်းတန်းတစ်ခု ဖြတ်သွားလေ၏။ အမှန်တကယ်တွင် သူသည် ဤလူကို စိန်ခေါ်ရန်လာခြင်းမဟုတ်။ သတ်ရန်လာခြင်းပင်။
သူ ယွမ်ချင်းကို အံ့အားသင့်အောင်လုပ်ပေးရမည်။
သူ ဤလူကိုသတ်မည်ဖြစ်သောကြောင့် ယခု ဘာမှမလုပ်ခြင်းပင်။ သူ ဤလူကို ထာဝရစစ်မြေပြင်တွင် သတ်ရမည်။
ထိုနေရာတွင် မည်သည့်ကန့်သတ်ချက်မှမရှိ၊ အကြီးအကဲများ ဝင်နှောက်ယှက်မည်ကိုလည်း စိုးရိမ်စရာ မလို၊ အပြစ်ပေးခံရမည်လည်း မဟုတ်။
“ရပ်လိုက်..” အနောက်ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာလေ၏။ ယွမ်ဖုန်း၏အမူအရာလည်း ငြင်သာနေသည် မဟုတ်ပေ။ သူသည် ရှီဟောင်တို့သုံးယောက်အား စိုက်ကြည့်နေလေသည်။
“ရှင်တစ်ခုခု လိုအပ်လို့လား..” စုလန် လှည့်မေးလိုက်သည်။
“မင်းတို့တွေက နတ်သမီးဝမ်ရှီးရဲ့နောက်လိုက်တွေလား..” သူကျောင်းသို့ ရောက်လာာသည်မှာ မကြာသေးသော်လည်း သတင်းတော်တော်များများ သိထားသည်ပင်။
“ဟုတ်တယ် .. အဲဒီတော့ ဘာဖြစ်လဲ..” စုလန်ပြောလိုက်သည်။
ထိုအချိန်တွင် ရှီဟောင်လည်း လှည့်လာကာ သူ့အားပြုံးကြည့်လာလေ၏။
“ဟက် .. မင်းက တစ်ခြားသူတွေနဲ့ ပြိုင်ရတာကို ကြိုက်တဲ့တစ်ယောက်လား .. ငါ့နေရာကို ရောက်လာပြီးမှ ဘာလို့ပြန်လှည့်ထွက်သွားတာလဲ..” ယွမ်ဖုန်း တောက်ပနေသည့်မျက်လုံးများဖြင့် ပြောလိုက်သည်။
“အိုး ..မင်းက ငါနဲ့တိုက်ချင်လို့လား..” ရှီဟောင်မေးလိုက်သည်။
“ငါတို့ ပညာဖလှယ်လို့ရတယ် .. စည်းမျဉ်းကတော့ မင်းအတိုင်းပဲပေါ့ .. ရှုံးတဲ့သူက ဖီးနှစ်သွေး ပေးရမယ်..” ယွမ်ဖုန်းပြောလိုက်သည်။
စုလန်နှင့် ချန်နော့တို့နှစ်ယောက်လုံး ထိတ်လန့်သွားရသည်။ ဤလူသည် ဖီးနှစ်သွေးအတွက် ရောက်လာခြင်းပင်။ သူသည် ‘ပညာဖလှယ်သည်’ ဟူသည့်စကားလုံးလှလှလေးကို သုံးနေသော်လည်း သူ့ရည်ရွယ်ချက်မှာ ရှီဟောင်နှင့် အတူတူပင်။
“ဖီးနှစ်သွေး .. ငါ့မှာ ဖီးနှစ်သွေး လေးလုံးရှိတယ် ..မင်းမှာရော ရှိလို့လား..” ရှီဟောင် တည်ငြိမ်စွာပင်မေးလိုက်ကာ သူ ချီလင်းထံမှ ယူလာသည့် ပုလင်းလေးများကို ထုတ်ပြလိုက်လေသည်။
ယွမ်ဖုန်း၏ မျက်ဝန်းမှ အရောင်များပိုမိုတောက်ပလာလေသည်။
“ငါ ရှုံးရင်ပေးဖို့ ဖီးနှစ်သွေးရှိတယ်..” ထို့နောက်တစ်ဖက်လူကို ကြည့်လိုက်ကာ “မင်း ငါနဲ့တိုက်ချင်ရင် ကျေးဇူးပြုပြီးတော့ မင်းရဲ့ဖီးနှစ်သွေးကိုလည်း ပြပေးပါ..”
“ငါ့မှာ အခုမရှိသေးဘူး .. ဒါပေမဲ့ ခဏနေရင်တော့ ရှိတော့မှာ .. ငါတို့ အရင်တိုက်လို့ရတယ် … ငါရှုံးရင် မင်းကိုပေးမယ်..” ယွမ်ဖုန်းပြောလိုက်၏။
သူ့မျက်လုံးများမှာ ရှီဟောင်လက်ထဲမှ ဖီးနှစ်သွေး ၄ ပုလင်းထံတွင်သာ ရောက်နေလေသည်။
“မင်းမှာ ဖီးနှစ်သွေးမရှိရင် မင်းက ဘာနဲ့လောင်းမှာလဲ .. မင်းက ဝံပုလွေလက်ထဲကနေ လက်ဗလာနဲ့ခိုးချင်နေတာလား..” ရှီဟောင် ချက်ချင်းပင် ငြင်းဆိုလိုက်သည်။
အမှန်တကယ်တွင် ရှီဟောင်ဤလူအား တိုက်ခိုက်ချင်နေသည်။ သို့သော်လည်း ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းဖြစ်နေသည်။ သူ့ကို အနိုင်ယူလိုက်ပါက အားလုံးအာရုံစိုက်လာလိမ့်မည်။ သူ့ကိုလည်း သတ်၍ရတော့မည် မဟုတ်။
ရှီဟောင် ဤနေရာမှ ထွက်ခွာကာ ဆက်လျှောက်လာလိုက်သည်။
“ခဏနေဦး..” ယွမ်ဖုန်း အနောက်မှ လိုက်လာလေသည်။ ရှီဟောင်သည် တရားဝင်တပည့်များကို အနိုင်ယူကာ ဖီးနှစ်သွေးများရထားသည်ကို သူ သိထားသည်။
သူသည် ယခုမှ ကျောင်းကို ဝင်လာခြင်းဖြစ်သောကြောင့် ဖီးနှစ်သွေးနှင့် အခြားအရာများကို လိုအပ်သည်။ ဤလူထံတွင် ဖီးနှစ်သွေးအချို့ရှိနေသည်ကို သိသောကြောင့် သူ ဤလူနှင့်တိုက်ခိုက်ကာ သွေးများကို လိုချင်နေသည်။
သို့သော်လည်း သူအကြောင်းပြချက်ကောင်းကောင်း လိုအပ်သည်။ လက်လွတ်စပယ်ခိုးယူလိုက်ပါက ပြဿနာများဖြစ်လာမည်။
“မင်းက ဝမ်ရှီးရဲ့နောက်လိုက်ထက် မပိုဘူး .. မင်းက တရားဝင်တပည့်မဟုတ်တာတောင်မှ ဝင့်ကြွားပြီးတော့ တရားဝင်တပည့်တွေကို စိန်ခေါ်ရဲတယ် .. ငါဒါကို ဒီအတိုင်းမထားလိုက်နိုင်ဘူး .. မင်းကို သင်ခန်းစာပေးရမယ်..” ယွမ်ဖုန်းသည် သူမှန်နေသလို ပြောလိုက်လေသည်။
“ကြောင်သူတော်ကြီး..” စုလန် နှုတ်ခမ်းများတွန့်ကွေးကာ ပြောလိုက်၏။ တစ်ဖက်လူမှာ သက်သက်အကြောင်းရှာခြင်းဖြစ်သည်ကို သူမပင် မြင်နိုင်နေသည်ပင်။
“မင်းက ဘာလို့ ငါနဲ့တိုက်ချင်နေတာလဲ..” ရှီဟောင် တစ်ဖက်လှည့်ကာ ပြောလိုက်သည်။
“တရားဝင်တပည့်တွေ မင်းကြောင့် အရှက်ကွဲမခံနိုင်ဘူး .. နောက်လိုက်တစ်ယောက်က ကျောင်းမှာ လျှောက်ပြေးလွှားနေလို့မရဘူးဆိုတာကို ငါ သူတို့အတွက် သက်သေပြပေးမယ် .. မင်းကို သင်ခန်းစာကောင်းကောင်းပေးရမယ်..” ယွမ်ဖုန်းသည် ပို၍ပင် ဖြောင့်မတ်သည့်ပုံစံ ပြောလာလေ၏။
ရှီဟောင် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
“ထားလိုက်တော့ .. ငါမင်းနဲ့တိုက်ဖို့ စိတ်မပါသေးဘူး..” ရှီဟောင်ပြောကာ ထွက်လာလိုက်သည်။
“မင်းက ဘယ်သွားချင်နေတာလဲ..” ယွမ်ဖုန်းသည် အော်ဟစ်ကာ ရှီဟောင်အား တားဆီးရန် တရှိန်ထိုးရောက်လာလေသည်။ သူ၏မျက်လုံးများမှာလည်း အသူရာချောက်နက်ကြီးကဲ့သို့ နက်မှောင်နေလေသည်။
သူတို့နှစ်ယောက် တိုက်ခိုက်လိုက်သည်နှင့် မိုးခြိမ်းသံများဆူညံလာလေသည်။ ရှီဟောင်သည် အားကုန်မသုံးပဲ အနည်းငယ် ထိန်းထားလိုက်သည်။
ယွမ်ဖုန်း၏တစ်ကိုယ်လုံးကို အရိုးစာသားများ ဖုံးလွှမ်းသွားလေ၏။ သူသည် ထာဝရစွမ်းအင် ၂ ကြောင်းကို အသုံးပြုကာ ရှီဟောင်အားဖိနှိပ်လိုခြင်းပင်။
“ဒီလောက်ပဲလား .. ငါက ဘာလို့ မင်းစွမ်းအားကြီးတယ်လို့ ခေါင်းရှုပ်ခံပြီး စဉ်းစားနေရတာလဲ..” သူအေးစက်စွာ ပြောလိုက်သည်။
သို့သော် ရှီဟောင် ပြန်ဆုတ်လိုက်နိုင်ပြီး ဖိနှိပ်မခံရပေ။
“ဒီပွဲကို ငါနိုင်ရင် သဘောတူထားတာကို လုပ်ပေးနိုင်မလား .. ငါ့ကို ဖီးနှစ်သွေးပေး” ယွမ်ဖုန်းအေးစက်စွာ ပြုံး၍ပြောလိုက်သည်။
“မင်း ဖီးနှစ်သွေးကို အရင်ထုတ်ပြရမယ်လို့ ငါပြောထားပြီးသား .. မဟုတ်ရင် ဒီတစ်ပွဲကို ထည့်မတွက်ဘူး..” ရှီဟောင် ခေါင်းခါ၍ပြောလိုက်သည်။
“အခုထိ ငြင်းချင်နေတုန်းလား .. လောင်းကစားလုပ်ရင် အရှုံးကိုလည်း လက်ခံနိုင်အောင် လုပ်ထားသင့်တယ်..” ယွမ်ဖုန်း အော်ဟစ်လိုက်သည်။ ရှီဟောင် ဖီးနှစ်သွေးပုလင်း ထုတ်လိုက်သည်ကို မြင်လိုက်ကတည်းက ဤပုလင်းများ သူ့အပိုင်ဖြစ်လာရမည်ဟု သူ ဆုံးဖြတ်ချက်ချပြီးသားပင်။
ဝုန်း..
နောက်တစ်ကြိမ်တိုက်ခိုက်ကြပြီးနောက် နှစ်ယောက်လုံး လွင့်ထွက်သွားလေသည်။ ရှီဟောင်သည် စုလန်နှင့် ချန်နော့ကိုခေါ်ကာ လှည့်ထွက်လာလိုက်သည်။
“မင်းကို ထွက်ပြေးခွင့်မပြုဘူး .. ဖီးနှစ်သွေးကို ထားခဲ့လိုက်..” ယွမ်ဖုန်း ရန်လိုလာလေသည်။
“ရှင့်ကိုယ်ရှင် ဘယ်သူလို့ထင်နေတာလဲ .. လောင်းကစားလုပ်တာ လောင်းကြေးမထည့်ပဲနဲ့ အနိုင်လိုချင်နေတာလား..” စုလန် သည်းမခံနိုင်တော့ပဲ ပြောလိုက်သည်။
“ပြီးတော့ မင်းနိုင်မယ့်ပုံလည်း မပေါ်ပါဘူး..” ချန်နော့လည်းပြောလိုက်သည်။ သူတို့ ရှီဟောင်ကို မကြိုက်သော်လည်း အပြင်လူရှေ့တွင်တော့ သူတို့ အတူတူပြန်ဆုတ်ရမည်ပင်။
ရှီဟောင်သည် ရပ်တန့်သွားခြင်းမရှိပဲ လျှပ်စီးတန်းတစ်ခုနှင့်အတူ ထွက်သွားလေ၏။ သူသည် ယွမ်ဖုန်းအား သူ၏မပြတ်သားမှုအတွက် နောင်တရအောင် လုပ်လိုခြင်းပင်။ သူသာ နည်းနည်းလေး ထပ်တိုးလာပါက သူအောင်မြင်သွားလောက်လေပြီ။
“သူ ထွက်ပြေးသွားပြီ .. သူသာ ဆက်တိုက်နေရင် သူ သေချာပေါက်ရှုံးမှာ..” ယွမ်ဖုန်း သူ့ကိုယ်သူ ပြောလိုက်သည်။ သူ့ထံတွင် မသုံးရသေးသည့်ခွန်အားများရှိနေသေးသောကြောင့် သူ့ကိုယ်သူ ယုံကြည်မှုရှိသည်ပင်။
ထို့နောက်တွင် အချို့လူများ သတင်းကြားကာ ရှီဟောင်အား စိန်ခေါ်နိုင်ရန်အတွက် ယွမ်ဖုန်းအား ဖီးနှစ်သွေး ငှားပေးကြလေသည်။
ထာဝရစွမ်းအင် ၂ ကြောင်းရှိသည့်သူမှာ အားလုံး၏အာရုံကို ဆွဲဆောင်နိုင်သည်။ အချို့လူများမှာ ယွမ်ဖုန်းအား ဆွဲထည့်ရန် ကြိုးစားနေကြလေသည်။
သူတို့ စိန်ခေါ်တော့မည်အချိန်၌ ကံမကောင်းစွာဖြင့်ပင် သူတို့ ထာဝရစစ်မြေပြင်သို့ သွားနိုင်ပြီဖြစ်ကြောင်း ကျောင်းမှ သတင်းထုတ်ပြန်လာသည်။
ဤသည်မှာ ကိစ္စကြီးတစ်ခုဖြစ်သောကြောင့် အကြီးအကဲများနှင့် တပည့်များအားလုံး သေချာအာရုံစိုက်ထားလိုက်ကြသည်။
သူတို့ ထာဝရစစ်မြေပြင်ကို ဝင်ခြင်းမှာ ကိုယ့်သဘောနှင့်ကိုယ်သာဖြစ်ပြီး သူတို့ကို ဖိအားပေးထားခြင်း မရှိ။
ထို့နေ့တွင် ကျောင်း၌ ကျယ်လောင်လှသည့် ဟစ်ကြွေးသံများကို ကြားနေရလေ၏။
“နောက်ဆုံးတော့ စတော့မှာလား..” ရှီဟောင်မျက်လုံးများ ပွင့်လာသည်။ သူသည် ဝမ်ရှီး၏ဂူထဲတွင် မတ်တပ်ရပ်လိုက်ကာ သူ့မျက်လုံးမှ တောက်ပသည့် နတ်အလင်းများ ထုတ်လွှတ်နေလေသည်။
သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ဝမ်ရှီးသည် အစောကြီးကတည်းက ထရပ်ပြီးသားပင်။ သူမသည် မြေကြီးထိရှည်သည့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေသည်။
ထိုနေ့တွင် လုထော်၏ ဟစ်ကြွေးသံလည်း ထွက်ပေါ်လာလေ၏။ သူလည်း သေချာပေါက် ထာဝရစစ်မြေပြင်ထဲသို့ သွားမည်ပင်။
ဖုန်းရှင်းထျန်၊ မင်းသမီးယောင်ယွဲ့၊ ရွှမ်းခွန်နှင့် အခြားသူများလည်း ထိုနေရာသို့ သေချာပေါက် သွားကြမည်ပင်။
“ငါကြားတာတော့ ဒီတစ်ခေါက် အဲဒီမှာ ကောင်းကောင်းလုပ်လာနိုင်ရင် ကျောင်းက ထာဝရအရိုးစာအုပ်တစ်အုပ်ပေးမှာတဲ့..” တစ်စုံတစ်ယောက်မှ အလွန်စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အဲဒီစစ်မြေပြင်မှာ ကောင်းကောင်းလုပ်နိုင်ရင် ကျောင်းက ဆုကို လိုဦးမှာလား .. အဲဒီမှာ လျှို့ဝှက်စာအုပ်တွေ၊ ရှေးဟောင်းထာဝရလက်နက်နဲ့ တစ်ခြားအဖိုးတန်တဲ့ပစ္စည်းတွေ အများကြီးရှိတယ်တဲ့..”
ထွက်မသွားရသေးခင်မှာပင် ဤလူများ အလွန်စိတ်လှုပ်ရှားနေကြလေပြီ။ သူတို့အခွင့်အရေးကောင်းများကို ရပြီး တိုးတက်လာဖို့ မျှော်လင့်နေကြသည်။
“ဝူး ဝူး..” အားလုံးကို ထွက်ခွာရန် နှိုးဆော်နေသကဲ့သို့ စစ်ခရာသံ ထွက်ပေါ်လာလေ၏။
ထိုနေ့တွင် ကျောင်း၌ လှေကြီးတစ်စီး စောင့်ဆိုင်းနေလေသည်။ အားလုံးတက်သွားပြီးနောက် ခပ်ဝေးဝေးရှိ ရှေးဟောင်းမြေတစ်ခုသို့ ထွက်ခွာသွားလေတော့သည်။
ရွှေရောင်လှေကြီးမှာ ကြီးမားလွန်းလှပြီး ကျွန်းကြီးတစ်ကျွန်းစာပမာဏပင်ရှိသည်။ ကုန်းပတ်ပေါ်တွင် လူများစွာရှိနေပြီး တောတောင်များ၊ မြစ်ချောင်းများကို ကြည့်နေကြလေ၏။
လှေပေါ်တွင် စုန်းမ၊ ချောင်ယုရှန်း၊ ချန်ကုန်းယန်၊ ယုန်ဖြူလေး၊ ချင်းရီနှင့် အခြားသူများကို တွေ့ခဲ့ရသည်။ သူတို့လည်း ရှေးဟောင်းမြေသို့ သွားရန် ရွေးချယ်ခဲ့ကြသည်ပင်။
သို့သော်လည်း သူတို့အား မခေါ်နိုင်သေး။ ယခုတစ်ခေါက်တွင် သူ သတ်ဖြတ်ခြင်းကို စတင်မည်ဖြစ်သောကြောင့် သူနှင့်ရင်းနှီးသည့်သူများကိုပါ သူ ဆွဲမထည့်ချင်။
စစ်သင်္ဘောကြီးသည် အရှိန်တင်တော့မည့်ပုံစံဖြင့် တောက်ပလာလေသည်။
“အဲဒါက ဘာကြီးလဲ..”
“ငါတို့ရောက်ခါနီးနေပြီ .. အဲဒီနေရာက အရင်တုန်းက ထာဝရသက်ရှိတွေ တိုက်ခိုက်ခဲ့ကြတဲ့ နေရာလား..”
ကြီးမားလှသည့်မုန်တိုင်းကြီး ရောက်လာတော့မည်။
အပိုင်း ၁၃၀၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၂ – ထာဝရ စစ်မြေပြင်
ညမှာ မှုန်မှိုင်းနေလေ၏။
ကောင်းကင်ထက်တွင် အေးစက်သည့်လတစ်စင်းရှိနေပြီး မြေပြင်တွင်လည်း ဘာမှမရှိပေ။ ပျက်စီးနေသည့်ကျောက်တုံးများသာ ရှိနေလေ၏။ အသူရာချောက်နက်ကြီးထံသို့ ဦးတည်သွားသည့် အဆုံးမရှိသည်အက်ကွဲကြောင်းကြီးလည်း ရှိနေလေသည်။
သူတို့ ဒီလောက်မြန်မြန်ကြီးရောက်လာတာလား .. လှေပေါ်တွင်ရှိနေသည့် သူအားလုံးထိတ်လန့်သွားရသည်။ သူတို့သင်္ဘောစီးလာသည်မှာ ဘယ်လောက်မှပင် မကြာသေးဘူးဟု ခံစားနေရသည်။ သူတို့လေဟာနယ်ကို ဖြတ်လာခြင်းဖြစ်သော်လည်း ဤမျှမမြန်သင့်ပေ။
“ဒါက အဲဒီရှေးဟောင်းနယ်မြေ မဟုတ်သေးဘူး .. ဝင်ပေါက်ပဲရှိသေးတာ .. ငါတို့ ဒီမှာရှိတဲ့ ယဇ်ပုလ္လင်နဲ့ ဆက်သွားရှာ..” လှေဦးပိုင်းတွင် မတ်တပ်ရပ်နေသည့် အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ရွှေရောင်စစ်သင်္ဘောကြီးသည် ညအလယ်တွင် အဝါရောင်အလင်းတန်းများ ထုတ်လွှတ်နေလေသည်။ ဤသင်္ဘောကြီးမှာ တောက်ပနေရုံသာမက နွေးထွေးမှုတစ်မျိုးလည်း ပေးနေသေးသည်။
ရှေးဟောင်းမြေအတွင်းပိုင်းတွင် နေနှင့်လစွမ်းအင်များကို စုတ်ယူနေသည့် သက်ရှိများကဲ့သို့ပင် ရောယှက်နေသည့် သင်္ကေတများရှိနေလေ၏။ ဤနေရာသို့ ရောက်သွားသည်နှင့် ဆက်မသွားနိုင်အောင် ကန့်သတ်ထားသည့် အစီအရင်များလည်း ရှိနေသည်ပင်။
ဤသည်မှာ ပျက်စီးနေသည့် ထာဝရတာအိုများဖြစ်သောကြောင့် လက်ရှိလောကတွင် ဤသည်ကို ထိုးဖောက်နိုင်သည့် လူများ ဘယ်နှစ်ယောက်ရှိမည်နည်း..
ကံကောင်းစွာဖြင့်ပင် ဤစစ်သင်္ဘောကြီးတွင် ကျွမ်းကျင်သူများနှင့် ရှေးဟောင်းပညာများကို နားလည်သည့် ကောင်းကင်နတ်ဘုရားမှ အကြီးအကဲများပါလာသည်ပင်။ သူတို့သည် ဤပျက်စီးနေသည့် အစီအရင်များ၏ လျှို့ဝှက်ချက်ကို သိနေသောကြောင့် သူတို့လမ်းညွှန်မှုအောက်တွင် သင်္ဘောကြီးသည် ဤအန္တရာယ်များသည့်နေရာကို ဖြတ်သန်းကာ ရှေ့ဆက်လာနိုင်ခဲ့သည်။
နောက်ဆုံးတော့ ယဇ်ပုလ္လင်ကို မြင်နိုင်လေပြီ။ ဤသည်မှာ သမိုင်းမှအဖြစ်အပျက်အားလုံးကို မှတ်တမ်းတင်ထားသည့် ကျောက်တိုင်ကြီးကဲ့သို့ ရှေးကျသည့်ခံစားချက်များကို ပေးစွမ်းနေသည်ပင်။ ‘ပစ္စည်းများရှိနေသော်လည်း လူများကတော့ ပြောင်းလဲသွားလေပြီ’ ဟူသည့် ခံစားချက်မျိုးကိုလည်း ပေးနေသည်။
ဤသည်မှာ ရှေးလူများချန်ထားခဲ့ခြင်းဖြစ်သောကြောင့် ယခုခေတ်မှ လူများမှာ အရိုအသေပေးရုံသာ တတ်နိုင်တော့သည်။ အတိတ်မှာ ခမ်းနားခဲ့သည်ဖြစ်စေ ရှက်စရာကောင်းခဲ့သည်ဖြစ်စေ အားလုံးပြီးသွားလေပြီ။
“ဝင်ပေါက်က ဒီမှာ..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်၏။
ယဇ်ပုလ္လင်ကြီးသည် တောင်တစ်တောင်ကဲ့သို့ပင် မြင့်မားလှသည်။ ဤသည်မှာ ရှားပါးကာ ထူးဆန်းသည့်ကျောက်တုံးများစွာကို စုစည်းထားခြင်းပင်။ မျက်နှာပြင်ပေါ်တွင် ထွင်းထားသည့်အရာများကို ကြည့်ခြင်းဖြင့် ဤနေရာကို မည်မျှ ကြိုးကြိုးစားစားလုပ်ထားကြောင်း သိနိုင်သည်။
ဤသည်မှာ အလွန်ကြီးသော်လည်း ကျွန်တစ်ကျွန်းပမာဏရှိသည့် ရွှေရောင်စစ်သင်္ဘောကြီးနှင့်ယှဉ်လျှင် သေးလွန်းနေသေးသည်။
သို့သော်လည်း စစ်သင်္ဘောကြီး ဆင်းသက်လာသည့်အချိန်တွင် အရာအားလုံး ပြောင်းလဲသွားသည်။ စစ်သင်္ဘောကြီးသည် သဲမှုန်လေးအလားကျုံ့သွားကာ ယဇ်ပုလ္လင်ပေါ်သို့ဆင်းသက်သွားလေသည်။
အားလုံးဆွံ့အသွားရသည်။
ဒီယဇ်ပုလ္လင်ကို ဘယ်သူတွေအတွက် လုပ်ခဲ့တာလဲ .. ဒီယဇ်ပုလ္လင်က ဘယ်ကိုဦးတည်နေတာလဲ.. ကြီးမားလှသည့် စစ်သင်္ဘောကြီးပင်လျှင် သဲမှုန်ပမာဏသာဖြစ်သွားသောကြောင့် ဤယဇ်ပုလ္လင်ကြီး၏ စွမ်းအားကို အပြည်အဝသုံးနိုင်သည့်အချိန်တွင်မည်သို့ဖြစ်နေမည်ကို စဉ်းစားကြည့်နိုင်သည်ပင်။
“ဒါက ရှေးယဇ်ပုလ္လင်လေးခုထဲက တစ်ခုပဲ .. တစ်ခုက စီရင်စုသုံးထောင်မှာ ပျောက်သွားတာ .. ထာဝရရှေးဟောင်းခေတ်တုန်းက အနက်ရောင်ချောက်နက်ကြီးထဲမှာ ပျောက်သွားတာ .. အားလုံး ပျက်စီးသွားတော့ သူ့ကို အရင်အတိုင်းပြန်ပြင်ပြီးတော့ ကောင်းကောင်းသုံးလို့မရတော့ဘူး..”
အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ဤသည်ကိုကြားလိုက်သည်နှင့် ရှီဟောင် ထိတ်လန့်သွားရသည်။ ထို့နောက် သူ ထာဝရတာအိုပွင့်ဖတ်များမှာတစ်ဆင့် ထာဝရရှေးဟောင်းမြေအကြွင်းအကျန်ထဲသို့ ဝင်သွားကာ အနက်ရောင်ချောက်နက်ကြီးထဲသို့ ဝင်ခဲ့သည်ကို ပြန်စဉ်းစားမိသွားသည်။ ထိုနေရာတွင် ယဇ်ပုလ္လင်တစ်ခုကို တွေ့ခဲ့ရပြီး ထိုယဇ်ပုလ္လင်ထက်တွင်ပင် အနာဂတ်မှ ရောက်လာဟန်တူသည့် ခြေထောက်သုံးချောင်း၊ လက်ကိုင်နှစ်ဖက်နှင့် ထာဝရသွေးစွန်းပေနေသည့်အိုးကို သူတွေ့ခဲ့ရခြင်းပင်။
အကြီးအကဲများက နတ်ခွန်အား မည်မျှပင် သုံးလိုက်ရမှန်းမသိသော်လည်း အကြီးအကဲများမှာ လျင်မြန်စွာပင် မောပန်းလာလေ၏။ နောက်ဆုံးတော့ ယဇ်ပုလ္လင်ကြီးသည် အလင်းအနည်းငယ် ထုတ်လွှတ်ကာ တောက်ပလာလေပြီ။
ဤသည်မှာ ယဇ်ပုလ္လင်ကြီးတစ်ခုလုံး အသက်ဝင်ခြင်းမဟုတ်ပဲ အစီအရင်ပုံသဏ္ဌာန်အချို့သာ အသက်ဝင်လာခြင်းပင်။
သို့သော်လည်း ဤသည်မှာ လုံလောက်နေပြီပင်။ အကြီးအကဲများသည် နတ်သွေးမျိုးစုံကိုလည်း ယဇ်ပူဇော်လိုက်ကာ သူတို့သွားမည့်နေရာကို ချလိုက်လေ၏။
ဝုန်း..
ထိုအချိန်တွင် စစ်သင်္ဘောကြီးသည် ကောင်းကင်ကြီးကို ဖြတ်သန်းကာ ဤနေရာမှ ပျောက်ကွယ်သွားလေ၏။
အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် သင်္ဘောပေါ်မှလူများ ထိတ်လန့်သွားရသည်။
ထို့နောက်တွင် စစ်သင်္ဘောကြီးသည် ဥမင်တစ်ခုကို ဖြတ်သန်းသွားလေသည်။
သို့သော် ဤဥမင်ကြီးသည် အလွန်အားနည်းနေလေပြီ။ တစ်ခဏအတွင်းမှာပင် အလင်းများ ဝေ့ဝဲလာသည်ကို မြင်လိုက်ရပြီး အချိန်များလည်း ဖရိုဖရဲဖြစ်လာသည်။ သူတို့က အချိန်မြစ်ကို ဖြတ်သန်းနေရသကဲ့သို့ပင်။
“ငါတို့အာကာသတစ်ခြားတစ်ဖက်ကို သွားနေတာလား..”
ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ရှည်လျားလှသည့် ခရီးရှည်ကြီးပင်။ သူတို့ ကြယ်စုပေါင်း ထောင်ပေါင်းများစွာကို ဖြတ်သန်းခဲ့သလိုပင် ခံစားလိုက်ရသည်။
အားလုံး၏အမူအရာမှာ ဖြူဖျော့သွားရသည်။ သူတို့ဘာသာ ပျံသန်း၍သာလာမည်ဆိုပါက သူတို့အသက် သေဆုံးသွားလျှင်ပင် ရောက်နိုင်မည် မဟုတ်ပေ။
လမ်းတစ်လျှောက်တွင် ဤစစ်သင်္ဘောကြီးသာ တစ်ခုခုဖြစ်သွားပါက သူတို့လမ်းပျောက်သွားပြီး ပြန်လမ်းကိုပင် ပြန်ရှာနိုင်မည်မဟုတ်ပေ။
“ဒီယဇ်ပုလ္လင်က ဒီလမ်းကြောင်းအတွက် သုံးတာမဟုတ်ဘူးမလား .. သူ့ကို အရင်တုန်းက ဘာအတွက် သုံးကြတာလဲ..” လူအချို့စိတ်ထဲ ဤမေးခွန်းထွက်ပေါ်လာလေ၏။
သူတို့သည် သင်္ကေတအနည်းငယ်ကိုသာ အသက်သွင်းခဲ့သော်လည်း အလွန်ပင် ရူးချင်စရာကောင်းလောက်နေပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ ဥမင်ထံသို့ ရောက်လာသည့် နတ်ဘုရားနှင့် နတ်ဆိုးများ၏ ဟစ်ကြွေးသံများကို သူတို့ကြားလိုက်ရသည်။
ဤသည်မှာ အာကာသထဲတွင် ပေါလောပေါ်နေသည့် ကျွန်းကြီးပင်။
“ဒါက ထာဝရစစ်မြေပြင်ပဲ..” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ဤကျွန်းသည် ဥက္ကာခဲမဟုတ်သလို ကြယ်စမ်းချောင်းလည်း မဟုတ်ပေ။ အချိန်ကိုဖြတ်သန်းကာ တည်ရှိလာသည့် ကျွန်းတစ်ခုပင်။
အစက သိပ်မကြီးဘူးဟု ထင်ရသော်လည်း သူတို့ကျွန်းနားသို့ ရောက်လာသည်နှင့် ကျွန်းကြီးမှာ တစ်ဖြည်းဖြည်းကြီးမားပြီး ဖိအားပေးသည့်အော်ရာများကိုလည်း ဆက်တိုက်ပင် ထုတ်လွှတ်နေလေသည်။
ဤသည်မှာ ကြီးမားလှသောကြောင့် တိုက်ကြီးတစ်ခုဟုပင် ခေါ်၍ရလောက်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ ရွှေရောင်စစ်သင်္ဘောကြီးကျွန်းနားသို့ ရောက်လာကာ ဆင်းရန်ပြင်လိုက်သည်။ သို့သော်လည်း အန္တရာယ်အများဆုံးနေရာကို ဝင်ရောက်လာသကဲ့သို့ သင်္ဘောကြီး၏အရှိန် နှေးကျသွားလေ၏။
တဖုန်းဖုန်းအသံများနှင့်အတူ စစ်သင်္ဘောကြီးတစ်ခုလုံး လောင်ကျွမ်းသွားလေ၏။ အချို့အစိတ်အပိုင်းများမှာ စတင်အရည်ပျော်လာလေသည်။
ဤကျွန်းတွင် တွန်းကန်အားရှိနေသည်။
ထိုအတောအတွင်းတွင် နာကျင်စွာငိုကြွေးနေသည့်အသံများ၊ နတ်ဆိုးနတ်ဘုရားများ ဟစ်ကြွေးသံများကို ကြားလိုက်ရလေသည်။
ဖုန်း..
သူတို့ ကျွန်းမျက်နှာပြင်ပေါ်သို့ ရောက်သွားသည်နှင့် တွန်းကန်အားကြီး ပျောက်ကွယ်သွားလေသည်။
သူတို့အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် ကျွန်းတစ်ခုလုံး၏ပုံစံကို သူတို့မမြင်လိုက်ရ။ ဤကျွန်းကြီးအရမ်းကြီးနေသောကြောင့်လည်း ပါသည်။
ဤနေရာတွင် အပင်များ မရှိပေ။ မြေကြီးလည်း နီညိုရောင်ပင်။
“ဒီမှာ သက်ရှိတွေရှိနေတယ်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ဤနေရာတွင် မည်သည့်သက်ရှိမှ ရှိမနေလောက်ဘူးဟု သူတို့ထင်နေခဲ့ကြခြင်းပင်။ သို့သော်လည်း သူတို့ရောက်လာသည်နှင့် ထူးဆန်းသည့် သတ္တဝါများကို တွေ့လိုက်ရသည်။
ဤသည်မှာ တစ်ကိုယ်လုံးတွင် အနီရောင်အမွေးများဖုံးလွှမ်းနေပြီး ရေကျွဲတစ်ကောင်အရွယ်အစားရှိသည့် ကြွက်ကြီးပင်။ ထိုကြွက်ကြီးသည် တရှိန်ထိုးပြေးလာကာ ရွှေရောင်စစ်သင်္ဘောကြီးကို ကိုက်ဖြတ်ပစ်လိုက်လေသည်။
ဒုန်း..
ထိုအနီရောင်သားရဲ၏မျက်လုံးတောက်ပလာကာ သူ့သွားများကြားမှ မီးတောက်များထွက်ပေါ်လာလေသည်။
အားလုံး ဆွံ့အသွားရလေ၏။ ဒီမကောင်းဆိုးဝါးကြီးက သန်မာလွန်းနေတယ်မလား..
ဤရွှေရောင်စစ်သင်္ဘောကြီးမှာ သာမန်ပစ္စည်းတစ်ခုမဟုတ်ပဲ အကြီးအကဲများစွာ ပူးပေါင်းပြီး လုပ်ထားခြင်းပင်။ ဤသည်ကို ကိုက်လိုက်သည်နှင့် သေသည်အထိ ပေါက်ကွဲထွက်သွားနိုင်သည်။
“သတိထား .. ဒီနေရာက အတော်လေး ထူးဆန်းတယ် .. တစ်ချို့နေမှာ မှော်စွမ်းအားကို ဖိနှိပ်ထားတယ်..” အကြီးအကဲတစ်ယောက်မှ သတိပေးလိုက်သည်။
“ဒီရုပ်ဆိုးဆိုးအနီရောင်အမွေးနဲ့သားရဲကြီးက ဘာကောင်ကြီးလဲ..” တပည့်တစ်ယောက် မေးလိုက်သည်။
“မင်း သူတို့ကို လျော့တွက်လို့မရဘူး..” ဘေးဘက်တွင်ရှိနေသည့် အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။
ဤနေရာတွင် သက်ရှိတစ်ကောင်ပေါ်လာသည်နှင့် သူတို့သတိထားရမည်ဖြစ်ကြောင်း သတိပေးလေသည်။ ပုရွက်ဆိတ်တစ်ကောင်တွေ့လျှင်ပင် သူတို့သတိထားရမည်။ သတိလက်လွတ်နေ၍ မရ။ မဟုတ်ပါက သူတို့သေသွားလိမ့်မည်။
ရွှီး..
အကြီးအကဲများမှာ မလှုပ်ရှားမှီမှာပင် ထိုအနီရောင်မကောင်းဆိုးဝါးကြီးသည် အနီရောင်အလင်းအဖြစ်ပြောင်းလဲကာ မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။
“ဟမ်..” အားလုံး ထိတ်လန့်သွားရသည်။
“ဒီသတ္တဝါတွေအများစုက ထာဝရတာအိုမိစ္ဆာစွမ်းအင်တွေ သိပ်သည်းပြီးတော့ ဖြစ်လာတာ .. သူတို့ဒဏ်ရာပြင်းပြင်းထန်ထန်ရတာနဲ့ ထာဝရပျောက်ကွယ်သွားလိမ့်မယ်..” အကြီးအကဲတစ်ယောက်မှ လေးနက်စွာ သတိပေးလိုက်သည်။
ထို့နောက် သူတို့သင်္ဘောပေါ်မှ ဆင်းလာကာ ရေခဲတမျှအေးစက်နေသည့် မြေပြင်ပေါ်သို့ ခြေချလိုက်ကြသည်။
ထို့နောက် အကြီးအကဲများသည် အရိုးသင်္ကေတများကို ဝေပေးနေလေ၏။ သို့သော်လည်း ဤသည်မှာ တရားဝင်တပည့်များအတွက်သာ။ သူတို့ဤသင်္ကေတများကို ကိုယ်နှင့်မကွာဆောင်ထားရမည်ဖြစ်ကြောင်းလည်း ပြောလိုက်လေသည်။ ဤသည်မှာ အသက်ကယ်သည့်သင်္ကေတများပင်။
ရှီဟောင် ဆွံ့အသွားရ၏။ သူ .. မရလိုက်..
“ဟက် .. အစေခံတစ်ယောက်ထက် မပိုပါဘူး..” သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ယွမ်ဖုန်းမှ တီးတိုးပြောလိုက်သည်။
ဝမ်ရှီးသည် အကြီးအကဲများနှင့် ဆက်သွယ်လိုက်ကာ အရိုးသင်္ကေတတစ်ခု တောင်းလိုက်သည်။ သို့သော်လည်း သူမ မအောင်မြင်ခဲ့။
“ငါတို့ဒီမှာ ကိုယ်ကံကြမ္မာကိုကိုယ် ရှာရမှာ .. ငါတို့ထပ်မတွေ့ရင်ကောင်းမယ် .. မဟုတ်ရင် ဘာဖြစ်လာမလဲဆိုတာ မင်း မြင်ရလိမ့်မယ်..” ယွမ်ဖုန်း ဘေးဘက်သို့လျှောက်လာကာ ပြောလိုက်သည်။
ဤစကားလုံးများမှာ သူ့ကိုရည်ညွှန်းနေခြင်းဖြစ်ကြောင်း ရှီဟောင် သိသည်။
“မင်းတို့သွားလို့ရပြီ .. ဒီရှေးဟောင်းစစ်မြေပြင်က အန္တရာယ်တွေနဲ့ပြည့်နေတယ်ဆိုပေမယ့် အခွင့်အရေးကောင်းတွေလည်း အများကြီးရှိတယ် .. မင်းတို့ ထာဝရတာအိုကျမ်းစာတို့ ထာဝရလက်နက်တို့ကိုတောင် တွေ့နိုင်တယ်..”
အချို့အကြောင်းအရာများကို ရှင်းပြပြီးသည့်နောက်တွင် သူတို့အားလုံးကို သွားခွင့်ပြုလိုက်လေ၏။
ဝမ်ရှီးနှင့် ရှီဟောင်တို့ အတူတကွ ထွက်လာခဲ့လိုက်ကြသည်။ အခြားသူများလည်း ကိုယ့်အုပ်စုနှင့်ကိုယ် သွားနေကြသည်။
အား..
သို့သော်လည်း နာကျင်စွာအော်ဟစ်သည့်အသံများ ရုတ်တရက် ထွက်ပေါ်လာလေ၏။ သိပ်မဝေးသည့်နေရာတွင် ဂျီးနီးယပ်စ်တစ်ယောက်၏ နောက်လိုက်မှာ အမွေးနီနှင့်မကောင်းဆိုးဝါး၏ ကိုက်ဖြတ်မှုကြောင့် ခေါင်းပြတ်သွားလေသည်။
ဤမြင်ကွင်းမှာ သနားစရာကောင်းလွန်းလှသည်။ သူ၏မူလဝိညာဉ်တစ်ဝက်ပင်လျှင် အကိုက်ခံလိုက်ရလေသည်။
သူရုန်းကန်နေသော်လည်း အချည်းနှီးပင်။ ခဏကြာပြီးသည့်နောက်တွင် သူ့ခေါင်းနှင့် မူလဝိညာဉ်မှာ ထိုအနီရောင်အမွေးနှင့် မကောင်းဆိုးဝါး၏ စားသုံးခြင်းကို ခံလိုက်ရလေသည်။
အားလုံး ထိတ်လန့်သွားရ၏။ ယခုမှ စတင်ခြင်းဖြစ်သော်လည်း လူ စသေနေလေပြီ။
ရွှီး..
အကြီးအကဲတစ်ယောက်က ထိုမကောင်းဆိုးဝါးကို ဖောက်ခွဲပစ်လိုက်၏။ ကံမကောင်းစွာဖြင့်ပင် ထိုအကောင်သည် အသွေးအသားခန္ဓာကိုယ်မရှိပဲ အနီရောင်အလင်းနှင့်မြူအဖြစ်သာ ပြောင်းလဲပျောက်ကွယ်သွားလေသည်။
“ငါ အားလုံးကိုနောက်တစ်ခေါက် ပြန်သတိပေးလိုက်မယ် .. မင်းတို့အားလုံး သတိထားကြပါ .. အထူးသဖြင့် အသွေးအသားရှိတဲ့သတ္တဝါတွေနဲ့ ရင်ဆိုင်ရရင် ပိုပြီးတော့ သတိထား .. မင်းတို့တွေ အဲဒီသတ္တဝါတွေလက်ထဲရောက်သွားလို့ကတော့ အသက်ရှင်ဖို့ထက် သေပါရစေတော့လို့ ဆုတောင်းနေရလိမ့်မယ်..”
ဤကဲ့သို့သော သတိပေးမှုမှာ ပြင်းထန်လှသည်ပင်။
ရှီဟောင် တည်ငြိမ်စွာဖြင့်ပင် သူ့ပစ်မှတ်များကို လိုက်ရှာနေလိုက်သည်။ ထိုကြောက်စရာကောင်းသည့် သတ္တဝါများကို ဂရုစိုက်ရသည့်အပြင် သူ၏ရန်သူများကို သတ်ရန်အတွက်လည်း သူ ပြင်ဆင်ရမည်။
အပိုင်း ၁၃၀၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၃ – အနီရောင် ဒီရေ
ကြယ်ရောင်များတောက်ပနေကာ နီညိုရောင်မြေကြီးသည်လည်း အထီးကျန်သည့်ခံစားချက်များ ပေးနေလေသည်။
ဤနေရာမှာ အားလုံးထင်ထားသည်ထက်ပင် ပို၍ကြောက်စရာကောင်းနေသည်။ သူတို့ ယခုမှ စတင်ဝင်ရောက်ခြင်းဖြစ်သော်လည်း သေဆုံးသည့်သူများရှိနေလေပြီ။
အားလုံးသည် လက်လွတ်စပယ်မလုပ်ရဲကြတော့ပဲ သတိကြီးကြီးဖြင့်ပင် အတွင်းပိုင်းသို့ ဝင်သွားလိုက်ကြလေသည်။
ဝမ်ရှီးသည် ထာဝရစွမ်းအင်သုံးကြောင်းကို ထုတ်ထားပြီး ကြာပွင့်လေးယိမ်းနေသကဲ့သို့ပင် လျှောက်သွားလေ၏။ သူမသည် လရောင်အောက် ရွေ့လျားနေသည့် နတ်သမီးနှင့်ပင် တူလေသည်။
ရှီဟောင်သည် သိပ်အဝေးကြီးမသွားပဲ သူမနားမှနေ၍သာ စစ်မြေပြင်ထဲသို့ ဝင်သွားလိုက်သည်။
အခြားသူများသည်လည်း ဤကဲ့သို့ပင်။ တရားဝင်တပည့်များသည် သူတို့၏ နောက်လိုက်များကို ဘေးတွင်ထားကာ ကာကွယ်ပေးထားကြလေသည်။ ပြောရမည်ဆိုလျှင် နောက်လိုက်အနည်းဆုံးသူမှာ ဝမ်ရှီးပင်။ ရှီဟောင်တစ်ယောက်တည်းသာ ခေါ်လာလေ၏။
လုထော်၊ ရွှမ်ခွန်နှင့် အခြားသူများပင်လျှင် ၅ ယောက်၊ ၆ ယောက်ခန့် ပါကြသည်။ အားလုံးမှာ ကျွမ်းကျင်သူများပင်။
ခပ်ဝေးဝေးတွင် သွယ်လျကာ ကျက်သရေရှိသည့် အမျိုးသမီးတစ်ယောက်ရှိနေလေ၏။ ဤသည်မှာ မင်းသမီးယောင်ယွဲ့ပင်။ သူမသည် ဝမ်ရှီးကို ပြုံးပြလိုက်ကာ “အစ်မကြီး .. ဒါက အစ်မရဲ့ ‘အစေခံ’ မဟုတ်ပဲနဲ့ ‘တာအိုရောင်းရင်း’ ဆို .. စိတ်ဝင်စားစရာပဲ .. အစ်မတို့နှစ်ယောက် ဒီလိုလျှောက်လာတော့ တာအိုလက်တွဲဖော်တွေ ကျနေတာပဲ..”
သူမ၏စကားများမှာ အခြားသူများ၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။ လူကွဲသွားပြီဖြစ်သော်လည်း ကျင့်ကြံဆင့်မြင့်ကာ နားပါးသည့်သူများမှာ သူမ စကားများအား သေချာကြားလိုက်သည်။
ဒါက ရန်စတာလား .. သူတို့ အခုမှ စစ်မြေပြင်ထဲဝင်တာ … စပြီးတော့ ရန်ဖြစ်ကြတော့မှာလား..
ဤနေရာတွင် သင့်တော်သည့်တိုက်ပွဲများကို ခွင့်ပြုကြောင်း၊ သူတို့အသေးစိတ်စုံစမ်းမည်မဟုတ်ကြောင်း ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများ အရိပ်အမြွက်ပြောထားပြီးသားပင်။ ဤသည်မှာ တရားဝင်တပည့်များ ဤနေရာကို လာကြခြင်း၏ အဓိကအကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။
“ဝိုး .. မင်း မျက်လုံးတော်တော်ကောင်းတာပဲ .. တစ်ချက်ကြည့်လိုက်ရုံနဲ့သိတယ်ဆိုတော့..” ဝမ်ရှီး ဘာမှ ပြန်မပြောရသေးခင်မှာပင် ရှီဟောင်ပြောလိုက်လေသည်။
အချို့လူများမှာ ထိတ်လန့်သွားကြလေ၏။ ဒီကောင်က အရှက်မရှိလျှောက်ပြောတဲ့နေရာမှာ တကယ်တော်တာပဲ .. ဝမ်ရှီး သူ့ကို ရန်လိုလာမှာကို မကြောက်ဘူးလား..
သေချာပါသည်။ ဝမ်ရှီး၏အမူအရာ တောင့်တင်းသွားကာ သူမ၏မျက်လုံးများသည်လည်း အေးစက်နေသည့်ကြယ်များကဲ့သို့ပင် ရှီဟောင်အား စိုက်ကြည့်လာလေ၏။
“ငါက စတာပါ..” ရှီဟောင် အလောတကြီး ပြန်ရှင်းပြလိုက်လေ၏။
မင်းသမီးယောင်ယွဲ့သည် ငြင်သာစွာပင် ရယ်မောလိုက်လေ၏။ သူမသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင် လှပလှသည်။
” တာအိုရောင်းရင်းတို့အတွက် တကယ်ကို ဂုဏ်ယူပါတယ် .. ကျောက်စိမ်းစုံတွဲက ဒီလိုမျိုးလှုပ်ရှားကြတော့ လူတွေက မနာလိုဖြစ်ကြတော့မှာပဲ..”
သူမသည် ပြောနေရင်းဖြင့်ပင် အခြားသူများအား လှည့်ကြည့်လိုက်လေသည်။ သေချာပါသည်။ လူများစွာမှာ ထူးဆန်းသည့်အမူအရာများဖြစ်နေကြလေ၏။ ဝမ်ရှီးမှာ မည်ကဲ့သို့သောလူဖြစ်သနည်း .. သူမသည် သက်ရှည်မိသားစု၏ ပုလဲလုံးလေးပင်။ သူမနှင့်ယှဉ်ကာ လျှောက်ရန်မှာ လူပေါင်းများစွာ နေ့နေ့ညညစိတ်ကူးယဉ်နေသည့်အရာပင်။
“မမလေး ဝမ်ရှီးက ထာဝရသက်ရှိ ပြန်ဝင်စားသလို ထက်မြက်တဲ့သူပါ .. ကျုပ်ကတော့ အတူတူခရီးသွားခွင့်ရတဲ့ ကံကောင်းတဲ့သာမန်လူပါပဲ..” ရှီဟောင် ပြောလိုက်၏။ ထို့နောက် သူသည် မင်းသမီးယောင်ယွဲ့ကိုကြည့်ကာ “တကယ်တော့ မမလေးနဲ့ကျွန်တော်က ပိုပြီးတော့ ကံပါတယ်ထင်တယ် .. ပုလဲလုံးနဲ့ကျောက်စိမ်းတို့ရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစည်းမှုပေါ့ .. နိမ့်ကျတယ်လို့ ခံစားရပြီးတော့ ရှက်နေစရာ မလိုပါဘူး..”
“ရဲတင်းလိုက်တာ..” မင်းသမီးယောင်ယွဲ့ဘေးတွင်ရှိနေသည့် လူငယ်လေးမှ အော်ဟစ်လိုက်သည်။
မင်းသမီးယောင်ယွဲ့ ဆွံ့အနေလေ၏။ ဒီကောင်က သူ့ကို ဒီလိုမျိုးလာပြောရဲတယ် .. သူက ဝမ်ရှီးကို မြှောက်ပြီးတော့ ငါ့ကို နှိမ့်ချချင်နေတာလား .. အရင်တုန်းက သူတို့နှစ်ယောက်ရဲ့ကျော်ကြားမှုက အတူတူပဲ .. အခု သူမက တစ်ဆင့်နိမ့်သွားပြီလား…
တစ်ခဏမျှဆွံ့အပြီးသည့်နောက်တွင် သူမသည် ရယ်မောလိုက်ကာ လက်ဝေ့ရမ်းပြီး ပြောလိုက်လေ၏။ “တာအိုရောင်းရင်းက အဲဒီလိုယုံကြည်ထားတာဆိုတော့ ဝမ်ရှီးကို စွန့်လွတ်ပြီးတော့ ကျွန်မနဲ့အတူတူသွားရင်ရော…”
“အဲဒါဆိုရင်တော့ နတ်သမီးဘေးက စိတ်တိုစရာကောင်းတဲ့သူတွေကို အရင်ဆုံးစွန့်ပစ်လိုက်ဖို့ မေးရတော့မှာပဲ..” ရှီဟောင် သူ့အား ဒေါသတကြီးစိုက်ကြည့်ကာ နှာခေါင်းရှုံနေကြသည့် သူများကို ဦးတည်လိုက်လေသည်။
မင်းသမီးယောင်ယွဲ့ နောက်လိုက်သည်။ ထိုစကားကိုကြားသည်နှင့် သူတို့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
သူတို့အခုမှ စထွက်တာကို တိုက်ပွဲတစ်ခု ဖြစ်တော့မှာလား .. အားလုံးထိတ်လန့်သွားကြလေ၏။
တိုက်ပွဲများမှာ သူတို့၏အနာဂတ်နှင့်များစွာ သက်ဆိုင်နေသည်။ သူတို့အနိုင်ရလျှင် ရှေးဟောင်းစစ်မြေပြင်မှ အခွင့်အရေးများရမည့်အပြင် ကျောင်း၏ထောက်ပံ့မှုကိုလည်းရလိမ့်မည်။
သူတို့ရှုံးသွားပါက အရာအားလုံး ဗလာနတ္ထိဖြစ်သွားလိမ့်မည်။
ကျောင်းသားများကို လေ့ကျင့်ပေးမည့်နည်းလမ်းများမှာ အရမ်းငြင်သာနေမည်မဟုတ်ဘူးဟု သူတို့ကြားခဲ့ရသည်။ မဟုတ်ပါက ဤကဲ့သို့အန္တရာယ်များသည့်နေရာကို ပို့လိုက်မည်မဟုတ်ပေ။
အနာဂတ်မှာ အလွန်ရက်စက်မည်ဖြစ်သောကြောင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကို တိုက်ခိုက်ရန်ဖိအားပေးပြီး စွမ်းအားအကြီးဆုံး သူအချို့ကိုသာ ချန်ထားမည်ဟု ကောလဟာလများ ကြားဖူးသည်။
“သွားကြစို့..” ဝမ်ရှီး ပြောလိုက်၏။ သူမ လူအများကြီးရှေ့တွင် သေချာပေါက် မင်းသမီးယောင်ယွဲ့နှင့် တိုက်ခိုက်မည် မဟုတ်ပေ။ ဤသည်မှာ လုထော်၊ ရွှမ်ခွန်နှင့် အခြားသူများအတွက်သာ အမြတ်ထွက်သွားလိမ့်မည်။
မင်းသမီးယောင်ယွဲ့သည်လည်း ဒေါသထွက်ခြင်းမရှိပဲ ရယ်မောနေလေသည်။ ထို့နောက် ရှီဟောင်အား လက်ဝေ့ရမ်းပြလိုက်ကာ သူမလူများနှင့် ထွက်သွားလိုက်လေသည်။
ဝုန်း..
ထို့နောက်တွင် ငလျင်လှုပ်လာကာ တောင်များတုန်ခါလာလေ၏။ ဤနီညိုရောင်မြေကြီးအတွင်းပိုင်းတွင် ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာလေ၏။
ဒါက ဘာသံလဲ .. ဘာဖြစ်နေတာပဲ .. အားလုံးထိတ်လန့်သွားကြရသည်။
နောက်ဆုံးတော့ ရောက်လာလေပြီ။ အနီရောင်လှိုင်းကြီးဖြစ်ပေါ်လာပြီး သားရဲများမှာ နေရာတိုင်းတွင် ပေါ်လာလေသည်။ ထိုသားရဲအားလုံးမှာ ဤနေရာသို့ တရှိန်ထိုး ဦးတည်လာနေခြင်းပင်။
အားလုံး ခေါင်းကျိန်းသွားရ၏။ ဤသည်မှာ အနီရောင်အမွေးနှင့်သားရဲအုပ်ကြီးပင်။
တစ်ကောင်စီတိုင်းမှာ ရေကျွဲတစ်ကောင်အရွယ်အစားရှိပြီး ကြွက်နှင့်တူသည်။ သူတို့၏မျက်လုံးများမှာ နီရဲနေကာ အလွန်လျင်မြန်သည့်အရှိန်ဖြင့် ရောက်လာကြခြင်းပင်။
သူတို့က ဒီကောင်တွေကို ဘယ်လိုတိုက်ရမှာလဲ.. အားလုံး အေးခဲသွားရ၏။
သိထားရမည်မှာ ဤသည်မှာ သာမန်သားရဲများမဟုတ်ပဲ စစ်မြေပြင်၏ စွမ်းအင်မှဖြစ်ပေါ်လာသည့် သားရဲများပင်။ ထိုစွမ်းအင်များတွင် ထာဝရစွမ်းအင်လည်းပါဝင်နေသည်။
“ဒါက ပုံရိပ်ယောင် .. သူတို့အရေအတွက်က အဲဒီလောက် မများဘူး .. သူတို့ကို ခုခံလို့ရလောက်တယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။
သူတို့သာ ယခု သင်္ဘောကြီးထံသို့ ပြန်ဆုတ်သွားလိုက်ပါက ကျောင်းမှ အကြီးအကဲများ၏သူတို့အပေါ်အမြင်မှာ ထိုးကျသွားမည်ပင်။ သူတို့ ရှေးဟောင်းမြေထဲသို့ပင် မဝင်နိုင်လျှင် ဘာကို ယှဉ်ပြိုင်ဦးမည်နည်း..
ဤသားရဲများမှာ စွမ်းအားကြီးသည်ဟု ထင်ရသော်လည်း အရေအတွက်မှာ သူတို့ထင်ထားသလောက် မများမှန်း လူအချို့သိနေကြသည်။ အချို့မှာ အနီရောင်အလင်းနှင့်မြူအဖြစ်သာ ရှိသည်။ ထိတွေ့၍ရသည့်ခန္ဓာကိုယ် မရှိသေး။
ဝုန်း..
လျှပ်စီးများ ထွက်ပေါ်လာလေ၏။ အစိမ်းရောင်ဆံပင်နှင့် ချောမောကာ အရပ်ရှည်လျားသည့်လူတစ်ယောက်သည် ကောင်းကင်မိုးကြိုးကဲ့သို့ အသံကိုထုတ်လွှတ်ကာ အရှေ့ဘက်သို့ ပြေးကာ ဦးဆုံးတိုက်ခိုက်လိုက်လေသည်။
ဤသည်မှာ လုထော်ပင်။
သူ့အော်သံနောက်တွင် ထူးဆန်းသည့်သားရဲအတော်များများ ပျက်စီးသွားလေ၏။ သူသည် သိုးအုပ်ထဲသို့ ဝင်သွားသည့်ကျားတစ်ကောင်ကဲ့သို့ပင် သတ်ဖြတ်နေလေသည်။ သူ့နောက်လိုက်များလည်း သူ့နောက်သို့ လိုက်သွားကြလေသည်။
လုထော်သည် အတော်လေးကြမ်းတမ်းသည်ဟု ပြော၍ရသည်။ သူသည် ဓားတစ်လက်ကဲ့သို့ပင် သူ့အရှေ့ရှိ သားရဲအားလုံးကို နှစ်ပိုင်းဖြတ်ပစ်နေလေ၏။
ကြွက်နှင့်တူသည့်အကောင်များသည် ကြောက်စရာကောင်းလှသော စွမ်းအင်များဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း သူ့အား မရပ်တန့်စေနိုင်ပေ။
ဤသည်ကို မြင်သည်နှင့် အခြားသူများလည်း စိတ်အားတက်ကြွလာသည်။ တရားဝင်တပည့်များ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် စွမ်းအားကြီးသည့် နဂါးများကဲ့သို့ပင်။
စစ်ပွဲကြွေးကြော်သံများမှာ ကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေလေ၏။ နီရဲနေသည့်သားရဲများသည် လှိုင်းလုံးကြီးတစ်ခုကဲ့သို့ရောက်လာသော်လည်း အားလုံးကို မကြောက်ရွံ့စေနိုင်ပေ။
ဂါး.. အနီရောင်အမွေးနှင့်သားရဲများနောက်တွင် ရွှေရောင်မကောင်းဆိုးဝါး၊ သွေးရောင်ဘီလူးကဲ့သို့သော ဘီလူးအချို့ပေါ်လာလေ၏။
“ငါတို့ ဒီနေရာကို ဖြတ်နိုင်တာနဲ့ ငြိမ်းချမ်းပြီ .. အားကုန်တိုက်ကြစို့..” ဖုန်းရှင်းထျန် ပြောလိုက်သည်။
အားလုံးအရှေ့သို့ ဦးတည်သွားကြကာ ပြင်းထန်စွာတိုက်ခိုက်ကြလေသည်။
တစ်နာရီကြာပြီးသည့်နောက်တွင် ရှီဟောင် ဝမ်ရှီးနှင့်လူကွဲသွားလေသည်။ သူ၏သူငယ်ချင်းဟောင်းများ တစ်ခုခုဖြစ်မည်စိုးသောကြောင့် သူတို့ထံသို့ သူဦးတည်သွားလိုက်သည်။
ဝုန်း..
တရှိန်ထိုးပြေးလာသည့် ၁၀ ကျန်းမြင့်သည့်ရွှေရောင်ကျားကြီးသည် ရှီဟောင်လက်သီးချက်ကြောင့် လွင့်ထွက်သွားလေ၏။ ထိုကျားကြီးသည် လေထဲတွင် ပေါက်ကွဲသွားကာ ရွှေရောင်မြူမှုန်ဖြစ်သွားလေ၏။
အားလုံး ထိတ်လန့်သွားကြရသည်။ ဤကဲ့သို့သော ပညာမျိုးကို လုထော်၊ ဝမ်ရှီးနှင့် အခြားစွမ်းအားကြီးသည့်သူများထံတွင်သာ တွေ့ဖူးခြင်းပင်။
ရွှေရောင်ကျားကြီးတွင် ထာဝရတာအိုစွမ်းအင် ရှိနေသောကြောင့် ဤသည်မှာ တရားဝင်တပည့်များအတွက်ပင် ရင်ဆိုင်ရန် ခက်ခဲသည်။ သို့သော်လည်း ရှီဟောင်သည် လက်သီးချက်တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားအောင် လုပ်လိုက်ခြင်းပင်။
“ကျေးဇူးပဲ..” ဖုန်းဝူ ပြောလိုက်၏။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် စီရင်စုသုံးထောင်မှ ကျင့်ကြံသူများကို ကူညီလိုက်ခြင်းပင်။ သူတို့သည် အနည်းငယ်အားနည်းကြသည်။
စီရင်စုသုံးထောင်တွင် ထာဝရစွမ်းအင်ကျင့်ကြံသည့်သူ များများစားစားမရှိသောကြောင့် ရွေးချယ်သည့် စည်းမျဉ်းစည်းကမ်းများ အနည်းငယ်လျော့ခဲ့သည်။ ဖုန်းဝူ၊ ကျန်းဂူနှင့် အခြားသူများလည်း အနန္တကောင်းကင်ကို ဝင်နိုင်ခဲ့သည်။
သူတို့ ထာဝရစွမ်းအင်ကို မကျင့်ကြံကြသော်လည်း သူတို့ထံတွင် အရေးကြီးသည့် အခွင့်အရေးကြီးရှိနေ၏။ ဤသည်မှာ သူတို့ ကောင်းကင်နတ်ဘုရားအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေခြင်းပင်။ ဤအဆင့်တွင် သူတို့ပြောင်းလဲမှုကို လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုသည်ကို စောင့်ကြည့်ရမည်။
စီရင်စုသုံးထောင်မှ လူများကို ထပ်တွေ့လိုက်ရသောကြောင့် ရှီဟောင် ထိုနေရာသို့ သွားလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းဆယ်ချောင်းမှ နတ်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်လာကာ ထိုသားရဲများကို သတ်ပစ်လိုက်လေ၏။
“စီရင်စုသုံးထောင်က လူတွေက တကယ်ကို အားနည်းတာပဲ…”
အဝေးကြီးမှနေ၍ပင် အေးစက်ကာ အထင်သေးမှုအပြည့်နှင့် ဤအသံကို ကြားလိုက်ရသည်ပင်။ သူထိုနေရာသို့ လျင်မြန်စွာ သွားကြည့်လိုက်သည့်အချိန်တွင် ယွမ်ဖုန်းကို တွေ့လိုက်ရသည်။
ယွမ်ဖုန်းသည် ထာဝရစွမ်းအင် ၂ ကြောင်း ကျင့်ကြံထားခြင်းဖြစ်သောကြောင့် လုထော်နှင့်အခြားသူများမှလွဲလျှင် ထိပ်တန်းလူတစ်ယောက်ပင်။ သူ့ထံတွင် မောက်မာစွာ ပြောပိုင်ခွင့်ရှိသည်။ သို့သော်လည်း ဤသည်မှာ စီရင်စုသုံးထောင်မှ ကျင့်ကြံသူများ၏နားထဲတွင် ကန့်လန့်ဖြစ်နေ၏။ ဤသည်မှာ သူတို့သိက္ခာကို ထိခိုက်စေသည်ပင်။
“ထာဝရစွမ်းအင်မရှိတာတောင်မှ ဒီနေရာကို လာနေသေးတယ် .. တကယ်ကို အမှိုက်တွေ..” သူရင့်သီးစွာ ပြောလိုက်သည်။
အကြောင်းပြချက်အချို့ကြောင့် သူ့သွေးမျိုးဆက်မှာ စီရင်စုသုံးထောင်မှလူများအား အကောင်းမမြင်ကြပေ။ ယွမ်ချင်းလည်း ထို့အတူပင်။ ထို့ကြောင့်ပင် ယွမ်ချင်းသည် ရှီဟောင်အား ၁၀ နှစ် ဖိနှိပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
“မင်းတို့မတိုက်နိုင်ရင်လည်း ထွက်သွားလိုက်ကြတော့ .. ငါ့လမ်းကို လာပိတ်မနေကြနဲ့..” ယွမ်ဖုန်း အေးစက်စွာ ပြောလိုက်သည်။ သူ၏စကားမှာ ရင့်သီးလွန်းသောကြောင့် စီရင်စုသုံးထောင်မှလူများ အလွန်ကြည့်ရဆိုးလာလေသည်။
ရှီဟောင် ထိုလူများကို ကြည့်လိုက်၏။ ဤလူများမှာ သူ ရင်းနှီးသည့် သူငယ်ချင်းဟောင်းများ မဟုတ်။ သူ့သူငယ်ချင်းဟောင်းများမှာ အတော်လေး စွမ်းအားကြီးသောကြောင့် သူတို့ရှိနေလျှင် ဤမျှဆိုးမည်မဟုတ်ပေ။
“မင်း ဘယ်သူ့ကို အနိုင်ကျင့်ချင်နေတာလဲ..”
ရှီဟောင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေ၏။ သူသည် စစ်နတ်ဘုရားတစ်ယောက်ကဲ့သို့ပင် သင်္ကေတများတောက်ပလျက် ခြေလှမ်းကျယ်ဖြင့်ပင် ယွမ်ဖုန်းထံသို့ လျှောက်သွားလိုက်သည်။
“ငါက စီရင်စုသုံးထောင်က လူတွေကိုပြောတာ .. ဘာလဲ .. မင်း စပ်သွားတာလား..” ယွမ်ဖုန်း အေးစက်စွာ ရယ်မောလိုက်လေ၏။
“အားလုံးအမှိုက်တွေ..” ယွမ်ဖုန်းနောက်လိုက်မှ ပြောလိုက်သည်။
“သူတို့ရဲ့ကျင့်ကြံဆင့်နိမ့်နေတာက သပ်သပ်ပဲ . ဒါပေမဲ့ မင်းတို့ဒီလိုမျိုး လှောင်ပြောင်နေတာက ငါ့မျက်လုံးထဲမှာတော့ မင်းတို့အားလုံးလည်း အမှိုက်ထက် မပိုဘူး..” ရှီဟောင်ပြောလိုက်သည်။
သူ လက်သီးထိုးလိုက်သည်နှင့် ဝုန်းဟူသည့်အသံကြီး ထွက်ပေါ်လာလေ၏။
ဖူး..
ထို့နောက်တွင် ယွမ်ဖုန်း၏နောက်လိုက်များ ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။
အချို့သွေးများမှာ ယွမ်ဖုန်းကိုယ်ပေါ်သို့ စင်သွားသောကြောင့် ယွမ်ဖုန်း ထိတ်လန့်သွားရသည်။ သူသည် ရှီဟောင်ကို ယခုမှ မြင်ဖူးသည့်သူကဲ့သို့ သူ့အား ငေးကြောင်ကြည့်နေလေသည်။
အပိုင်း ၁၃၀၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၄ – ယွမ်ဖုန်းအား သတ်ခြင်း
ရှီဟောင်၏လက်သီးချက်သည် ကောင်းကင်ကို ထိုးဖောက်သွားကာ သူ့အနားတွင်ရှိနေသည့် နတ်သင်္ကေတများလည်း မီးတောက်များကဲ့သို့ လောင်ကျွမ်းလာလေ၏။
ယွမ်ဖုန်းသည် ချက်ချင်းပင် အမူအရာပြောင်းလဲသွားကာ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် မှော်ပစ္စည်းတစ်ခုကို လျင်မြန်စွာ အသက်သွင်းလိုက်လေ၏။
ဤသည်မှာ တောက်ပသည့်အရောင်များစီးဆင်းနေသည့် လှံတံပင်။ ထိုလှံတံ၏အလင်းရောင်သည် ကောင်းကင်ကြီးကို ထိန်လင်းနေစေပြီး တစ်ချက်ရိုက်လိုက်သည်နှင့် လေဟာနယ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာလေသည်။
ဒုန်း..
ရှီဟောင်၏လက်သီးချက်သည် လှံတံထိပ်ဖျားကို ထိသွားလေ၏။ သွေးထွက်လာခြင်းမရှိသော်လည်း တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
တချွမ်ချွမ်အသံများနှင့်အတူ ရွှေရောင်လှံတံသည် အပိုင်းပိုင်းကျိုးသွားကာ နေရာအနှံ့လွင့်စင်သွားလေ၏။
ဤသည်မှာ ကြယ်များကြွေကျသကဲ့သို့ပင် လှပလွန်းလှသည်။ မြင်ကွင်းမှာ အနည်းငယ် ခမ်းနားလွန်းလှပြီး နီညိုရောင်မြေကြီးတွင် အပေါက်များ ပြည့်နှက်သွားလေ၏။
ဖုန်း..
ထို့နောက်တွင် လှံတံထိပ်ဖျားသာမက လှံတံအရိုးတစ်ခုလုံးပါ ပေါက်ကွဲသွားလေသည်။
ရှီဟောင်၏ လက်သီးချက်သည် စွမ်းအားကြီးမားလှကာ ကြောက်စရာကောင်းသည့် သွေးစွမ်းအင်များပင် အပြင်ဘက်သို့ လွင့်ထွက်လာသောကြောင့် အနီးအနားတွင်ရှိနေသည့်သူများ ထိတ်လန့်သွားရသည်။
ဖူး..
ယွမ်ဖုန်း သွေးအန်သွားကာ သူ့လက်မောင်းလည်း အလွန်နာကျင်သွားလေ၏။ လှံတံမှတစ်ဆင့် သူ့ထံရောက်လာသည့် စွမ်းအင်မှာ သူ့ကို ဖြူဖျော့သွားစေလေသည်။
ရွှေရောင်လှံတံသာ မရှိပါက သူသေသွားလောက်လေပြီ။
ဤသည်မှာ ရှားပါးသည့် နတ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လျှို့ဝှက်ရတနာတစ်ခုပင်။ သို့သော်လည်း ဤလူ၏လက်သီးတစ်ချက်ကိုပင် မခံနိုင်ပဲ ပျက်စီးသွားခဲ့သည်။
ယွမ်ဖုန်းသည် ပြတ်သွားစွာဖြင့်ပင် လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်လေ၏။ သူသည် အပြာရင့်ရောင်ပန်တစ်ကောင်ကဲ့သို့ ထွက်ပြေးရန် ပြင်လိုက်လေသည်။
ဤလူကို ထိပ်တိုက် မတိုက်ခိုက်နိုင်သည်ကို သူ သိသည်။ သူသာ ဆက်နေနေပါက သူ သေသွားလိမ့်မည်။
ဘေးပတ်လည်တွင်ရှိနေသည့်လူများ ထိတ်လန့်သွားရသည်။ ယွမ်ဖုန်းသည် ထာဝရစွမ်းအင် နှစ်ကြောင်းရှိသော်လည်း ဤလူအရှေ့တွင်မူ သွေးအန်သွားကာ ထွက်ပြေးနေရသည်။
ဒီလူက ဘယ်သူလဲ .. သူတို့ရှင်းရှင်းလင်းလင်းမမြင်ရပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ကို နတ်သင်္ကေတများဝန်းရံထားကာ သူ့ခန္ဓာကိုယ်မှလည်း ရွှေရောင်မီးတောက်များ ထွက်နေသောကြောင့်ပင်။
ယွမ်ဖုန်းမှာမူ ခန့်မှန်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူ၏ မျက်လုံးများကို သူ တွေ့လိုက်ရသည်။ ဤမျက်လုံးများမှာ သူကောင်းကင်နတ်ဘုရားကျောင်းတွင် တွေ့ခဲ့သည့်မျက်လုံးများနှင့်အတူတူပင်။ တည်ငြိမ်ပြီး အလွန်ယုံကြည်ချက်ပြင်းထန်နေသည်။
ထို့အပြင် ထိုမျက်လုံးတစ်စုံတွင် လှောင်ရယ်သည့်အရိပ်အယောင်များလည်း ရှိနေသည်။ သူ့ကို ဘာမှ မရေးပါသည့်သူတစ်ယောက်ကဲ့သို့ သဘောထားနေခြင်းပင်။
“တကယ်ပဲ သူများလား..” သူ၏စိတ်ထဲ တုန်ယင်သွားရသည်။ သူက ဘယ်လိုလုပ် ရုတ်တရက်ကြီး သန်မာလာတာလဲ .. ဤသည်မှာ သူထင်ထားသည်ထက်ပင် သာလွန်နေသည်ပင်။
သူ မြန်မြန်ပြေးနေသော်လည်း နောက်မှလိုက်လာသည့်သူမှာ ပို၍ပင် မြန်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရှေ့သို့ ရောက်လာလေ၏။ သူ့ထံသို့ ဦးတည်လာနေသည့် လက်သီးချက်၏ကြမ်းတမ်းမှုကို သူ ခံစား၍ရနေသည်။
ဤသည်မှာ သာမန်လက်သီးတစ်လုံးမဟုတ်တော့ပဲ ဆူနာမီလက်သီးပင် ဖြစ်နေလေပြီ။ ကောင်းကင်ထက်တွင် ဆူညံသံများထွက်ပေါ်လာပြီး လှိုင်းများသည်လည်း ဒေါသတကြီးဖြင့်ပင် ကမ်းစပ်ကို လာရောက်ရိုက်ခတ်နေလေ၏၊
လက်သီးမရောက်လာခင်မှာပင် ထိုအပူလှိုင်းနှင့် လေများအရင်ရောက်ရှိလာကာ သူ့အားလွင့်ထွက်သွားအောင် လုပ်လိုက်လေ၏။ ထို့နောက် သူပါးစပ်အပြည့်သွေးအန်သွားရသည်။
ဒီလူက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ .. အစေခံတစ်ယောက်က ထာဝရစွမ်းအင်နှစ်ကြောင်းရှိသည့်သူကို ဖိနှိပ်နိုင်လိမ့်မည်ဟု ယွမ်ဖုန်း မယုံကြည်။
သူက တကယ်ပဲ ဘယ်သူလဲ .. ဒီလူတွင် သေချာပေါက် အခြားပုံစံတစ်ခု ရှိဦးမည်ပင်။ သူသည် လုထော်နှင့် ဝမ်ရှီးတို့ထက် အဆင့်နိမ့်မည်မဟုတ်ပေ။ ဤကဲ့သို့တွေးမိပြီးနောက် သူ ထိတ်လန့်သွားရသည်။
ဤလူမှာ ထာဝရစွမ်းအင်သုံးကြောင်းကို ကျင့်ကြံထားလိမ့်မည်ဟု သူ သံသယဝင်မိသည်။ မဟုတ်ပါက ဤမျှစွမ်းအားကြီးစရာအကြောင်း မရှိ။
သို့သော်လည်း ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံနိုင်သူများမှာ ဖီးနှစ်အမွေးနှင့် ယူနီကွန်းချိုများကဲ့သို့ပင် ရှားပါးလှသည်။ ဒီလူက ဘယ်လိုလုပ် ရုတ်တရက်ကြီး ပေါ်လာတာလဲ..
ယွမ်ဖုန်း၏ တုံ့ပြန်မှုများမှာ အတော်လေး မြန်ဆန်သည်ဟု ပြော၍ ရသည်။ သူသည် ချက်ချင်းပင် နာမည်တစ်ခုအား စဉ်းစားမိသွားလေ၏။
.. ဟွမ်…
ဒါက စီရင်စုသုံးထောင်က ကျင့်ကြံသူများလား .. ထိုသို့စဉ်းစားမိသွားသည်နှင့် သူ့တစ်ကိုယ်လုံး အေးခဲသွားရကာ ချက်ချင်းကြောက်ရွံ့လာရသည်။
ထိုလူသည် သူ့အဖိုးကြောင့် မူလရှေးဟောင်းမိုင်းတွင်းသို့ ပို့ခံလိုက်ရခြင်းပင်။ ထိုလူသေသွားပြီဟု သတင်းများထွက်နေသည်။
ယွမ်ဖုန်း ချွေးစေးများ စီးကျလာပြီး ဆံပင်မွေးများလည်း ထောင်တက်သွားသည်။ ဒီလူက အသက်ရှင်လျက် ပြန်ရောက်လာတာလား..
သူခေါင်းစခြေဆုံး အေးခဲသွားရသည်။ ဒီလူ ဘာကြောင့် သူ့နောက်လိုက်လာတာလဲဆိုတာ သူ သိပြီ .. ဤသည်မှာ သူ့အဖိုးဖန်တီးလိုက်သည့် ကပ်ဆိုးကြီးပင်။
ထို့အပြင် သူသည် ယခုလေးတင် စီရင်စုသုံးထောင်မှလူများကို အရှက်ခွဲခဲ့ပြီး အထင်သေးခဲ့သည်။ ထို့ကြောင့် ဤလူ ကိစ္စနှစ်ခုလုံးကို တစ်ခါတည်း ရှင်းမည့်ပုံပင်။
ဝူး..
လက်သီးချက်ကြောင့် ဖြစ်လာသည့် လေပြင်းများကြောင့် သူလွင့်ထွက်သွားကာ သွေးများအန်ထွက်လာလေသည်။
ယွမ်ဖုန်း သတိကြီးကြီးဖြစ်သွားကာ ဘေးဘက်သို့ ရှောင်ပြေးသွားလိုက်သည်။ သူသည် ပါးစပ်ဟလိုက်ပြီး ရှီဟောင်ထံသို့ အလင်းတစ်ပြောက်ကိုလည်း ထွေးထုတ်လိုက်သည်။
ထိုအလင်းပျောက်လေးသည် တစ်ဖြည်းဖြည်းကြီးလာကာ အဖြူရောင်လိပ်ခွံဖြစ်သွားလေသည်။ ထိုလိပ်ခွံသည် ကျန်းပေါင်းများစွာမြင့်ကာ သူ့အား ထိုလေပြင်းဒဏ်မှ ကာကွယ်ပေးထားလေသည်။
“ဖိနှိပ်မယ်..”
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့ထံတွင် ရှိနေသည့် စွမ်းအားအကြီးဆုံး အဖိုးတန်ပစ္စည်းကို သုံးရုံသာရှိတော့သည်။ ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ယောက်ထံမှ လာသည့် လိပ်ခွံဖြစ်သည်ဟု ပြောကြလေ၏။
ယွမ်ချင်းမျိုးဆက်ဖြစ်သောကြောင့် သူ့ထံတွင် ဘယ်လိုလုပ်ပစ္စည်းကောင်းများ မရှိပဲနေမည်နည်း.. ဤပစ္စည်းသာ အပြင်လောကတွင် ပေါက်ကြားသွားပါက သွေးလွှမ်းသည့်တိုက်ပွဲများ ဖြစ်လာလိမ့်မည်။
လိပ်ခွံကို မြင်လိုက်သည့်အချိန်တွင် ရှီဟောင် အေးစက်စွာပင် ရယ်လိုက်သည်။ ထို့နောက် သူသည် ထာဝရဓားကို ထုတ်ကာ အနည်းငယ်မျှ လွှဲရမ်းလိုက်သည်နှင့် ထိုလိပ်ခွံကြီး လွင့်ထွက်သွားကာ လိပ်ခွံပေါ်တွင် မူလကရှိနေသည့် အက်ကွဲကြောင်းများလည်း ပိုကြီးလာလေ၏။
ခွပ်..
ယွမ်ဖုန်း၏ အမူအရာလည်း ပြောင်းလဲသွားသည်။
ဤသည်မှာ ယခင်က အဆင့်လွန်ရတနာပစ္စည်းတစ်ခု၏ အပိုင်းအစပင်။ သူ၏စွမ်းအားများ ကုန်ဆုံးသွားပြီဖြစ်သော်လည်း ဤသည်မှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကို တားဆီးနိုင်သည်။
သို့သော် ယခု ဤကဲ့သို့ဖြစ်သွားသောကြောင့် တစ်ဖက်လူတွင်လည်း ပစ္စည်းကောင်းတစ်ခု ရှိနေမည်မှာ သေချာသည်။
ခွပ်..
ရှီဟောင်သည် ဓားဖြင့် လိပ်ခွံကို ထိုးလိုက်သောကြောင့် တောက်ပသည့်အလင်းများထွက်ပေါ်လာလေသည်။
ယွမ်ဖုန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သတိကြီးကြီး ဖြစ်သွားသည်။ ဤဓား၏တောက်ပမှုမှာ သူ့အားခြိမ်းခြောက်နေသည်ဟု သူ ခံစားလိုက်ရသည်။
ဖူး..
ဓားရောက်မလာမှီမှာပင် ဓားစွမ်းအင်ရောက်လာလေ၏။ သူသည် အဖိုးတန်ပညာအားလုံးကို အသက်သွင်းလိုက်ကာ တာအိုသင်္ကေတများစွာကို ဖန်တီးလိုက်သော်လည်း ဓားစွမ်းအင်မှာ သူ့လက်ဝါးကို ဖောက်သွားဆဲပင်။
သူတို့မျက်နှာချင်း ပြန်ဆိုင်သည့်အချိန်တွင် ရှီဟောင်သည် ထာဝရဓားကို သိမ်းလိုက်ပြီဖြစ်သည်။ ဤသည်မှာ မြန်လွန်းလှသောကြောင့် ဓားမှာ မည်ကဲ့သို့ပုံစံရှိသည်ကို ယွမ်ဖုန်းပင် မမြင်လိုက်ရ။
ယွမ်ဖုန်းအော်ဟစ်ကာ အခြားသူများထံ အကူအညီတောင်းချင်သော်လည်း အနားတွင် အနီရောင်အမွေးနှင့်သားရဲများမှလွဲ၍ မည်သူမှမရှိသည်ကို သူတွေ့လိုက်ရသည်။ သူသည် ပြေးရင်းဖြင့်ပင် အခြားသူများနှင့်ဝေးရာကို ရောက်သွားလေပြီ။
လုထော်နှင့် အခြားသူများ အနီးအနားတွင် ရှိနေရန် မျှော်လင့်ထားသော်လည်း သူ စိတ်ပျက်သွားရသည်။
“ငါ့ကို မသတ်ပါနဲ့..” သူ အော်ဟစ်လိုက်သည်။
“ငါ့ကို အကြောင်းပြချက်တစ်ခုပေး..”
“ငါက ယွမ်ချင်းရဲ့ အငယ်ဆုံးမြေးပါ..” သူသည် ဖရိုဖရဲဖြစ်နေသည့် စိတ်အခြေအနေဖြင့်ပင် အော်ဟစ်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏အကောင်းဆုံးနောက်ခံအင်အားပင်။
သို့သော်လည်း သူ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ သူ့အဖိုးကြောင့် ဒုက္ခရောက်ခဲ့သည့် ဟွမ်ဖြစ်နိုင်ကြောင်း သူရုတ်တရက် သတိရသွားသောကြောင့်ပင်။
“မင်း သွားသေလို့ရပြီ..” ရှီဟောင်ပြောကာ လက်သီးတစ်လုံးပစ်လွှတ်လိုက်လေသည်။
“ငါ့ကိုကယ်ပါ…” ယွမ်ဖုန်း ကျယ်လောင်စွာအော်ဟစ်ကာ တတ်နိုင်သမျှ ခုခံလျက် ခပ်ဝေးဝေးသို့ ပြေးသွားလေ၏။
ဤနေရာသို့လာနေသည့်သူများ ရှိနေသည်။ သို့သော်လည်း ဤလူများမှာ စီရင်စုသုံးထောင်မှ လူများပင်။ ဤလူများမှာ သူ ပျက်စီးသွားသည်ကို မြင်ချင်သောကြောင့် လိုက်လာသည့်သူများပင်။
ဝုန်း..
သူ၏မျက်နှာရှေ့တွင်ရှိနေသည့် ရောင်စုံအလင်းတန်းများနှင့် မြူများကို ဖယ်ရှားပစ်ကာ ယွမ်ဖုန်းကို မျက်နှာချင်းဆိုင်လိုက်သည်။
“မင်းပဲ..” ယွမ်ဖုန်း၏မျက်နှာမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူလျော်နေလေပြီ။ သူသည် ထိုရိုက်ချက်မှ နာကျင်မှုကို သည်းခံလိုက်လေ၏။ သူ့တစ်ကိုယ်လုံး ထိုလက်သီးစွမ်းအား၏ ဝန်းရံခြင်းခံလိုက်ရကာ တုန်ယင်လာလေသည်။
ထို့အပြင် ယခုအချိန်တွင် သူ ရှီဟောင်၏ပုံစံအမှန်ကို မြင်လိုက်ရလေသည်။ သူ၏သံသယများ မှန်သွားလေပြီ။
သူ ရှီဟောင်၏ ပုံကို ယခင်က တွေ့ဖူးသည်။
တစ်ချိန်တည်းမှာပင် သူ့ပုံစံသည် ဝမ်ရှီး၏နောက်လိုက်အဖြစ်သို့ ပြန်ပြောင်းသွားလေ၏။
“မဟုတ်ဘူး .. ငါ့အဖိုးက မင်းကိုသတ်လိမ့်မယ်..” သူသည် ကြောက်လန့်တကြား အော်ဟစ်ရုံမှလွဲ၍ မတတ်နိုင်တော့ပေ။
သို့သော် သူ မည်မျှပင် ကြောက်ပြနေနေ အသုံးမဝင်တော့ပေ။ လက်သီးအလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်ကို ဖြတ်သွားပြီး သူ့ခန္ဓာကိုယ်နှစ်ပိုင်းဖြစ်သွားလေသည်။
ဖူး..
ယွမ်ဖုန်းတစ်ကိုယ်လုံး ပေါက်ကွဲသွားကာ သွေးမိုးဖြစ်သွားလေသည်။
ရှီဟောင်သည် သူ၏လက်သီးဖြင့် အရာအားလုံး ပေါက်ကွဲထွက်သွားအောင် လုပ်လိုက်လေသည်။ သူ့တစ်ကိုယ်လုံး ရွှေရောင်သင်္တေကများ ဖုံးလွှမ်းနေကာ ထိုသင်္ကေတများသည် နတ်မီးတောက်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
ခပ်ဝေးဝေးမှ ရောက်လာသည့်သူများသည် ဤမြင်ကွင်းကို မြင်သွားကြလေသည်။ သူ၏နောက်ပိုင်းပုံစံကို တွေ့လိုက်သည်နှင့် သူတို့လုံးဝဆွံ့အသွားရသည်။
စစ်နတ်ဘုရား..
ဤသည်မှာ ရှီဟောင်၏နောက်ပိုင်းပုံရိပ်မှာ သူတို့အား ပေးနေသည့်ခံစားချက်ပင်။ ယွမ်ဖုန်းကို လက်သီးတစ်ချက်တည်းဖြင့် ဖောက်ခွဲပစ်လိုက်သည်မှာ မည်မျှပင် ကြောက်စရာကောင်းသနည်း..
“အမ်..” သွေးစွမ်းအင်များကို စုတ်ယူနေသည့် အရိုးသင်္ကေတတစ်ခုကို တွေ့လိုက်ရသောကြောင့် ရှီဟောင် ထိတ်လန့်သွားရသည်။
ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများပေးလိုက်သည့် အသက်ကယ်သင်္ကေတမှန်း ရှီဟောင် မှတ်မိသွားသည်။ ဒါက တကယ် အသုံးဝင်တာလား..
သူကောက်ယူကြည့်လိုက်သည့်အချိန်တွင် ထိုသင်္ကေတထဲ၌ ယွမ်ဖုန်း၏မူလဝိညာဉ်ပုန်းခိုနေသည်ကို တွေ့လိုက်ရသည်။ သွေးစွမ်းအင်ကို စုတ်ယူပြီးသွားသည်နှင့် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်မည်ပင်။
ရှီဟောင် ထိုသင်္ကေတကို ဖျက်ဆီးပစ်လိုက်ပြီး သူ၏မူလဝိညာဉ်ကိုလည်း ရှင်းလင်းပစ်လိုက်သည်။
မဟုတ်ပါက ဤသင်္ကေတ သွေးစွမ်းအင်များကို လုံလောက်အောင် စုတ်ယူပြီးသွားသည်နှင့် ကောင်းကင်နတ်ဘုရားကျောင်း အကြီးအကဲများထံသို့ ပြန်သွားလိမ့်မည်။
ယွမ်ဖုန်းသည် ဤကဲ့သို့ပင် ရှီဟောင်လက်ထဲ သေဆုံးသွားရလေ၏။
အပိုင်း ၁၃၀၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၃၀၅ – အဆင့်လွန်လူငယ်များ တိုက်ပွဲ
“အားနည်းလိုက်တာ..” ရှီဟောင်သည် နီညိုရောင်မြေကြီးပေါ်တွင် ရှိနေသည့် အရိုးအပိုင်းအစများကို ကြည့်ကာ တီးတိုးပြောလိုက်သည်။
ဤမြင်ကွင်းကို ကြည့်နေသည့်သူများသည် ထိုအနားသို့ရောက်လာသည်နှင့် သူပြောသည်ကို ကြားလိုက်ရပြီး အားလုံးဆွံ့အသွားကြရသည်။ ဒီလူက ဘယ်သူလဲ..
ယွမ်ဖုန်းပင် အားနည်းသည်ဆိုလျှင် အခြားသူများဘယ်လိုအသက်ရှင်ရမည်နည်း.. ယွမ်ဖုန်းသည် ထာဝရစွမ်းအင် နှစ်ကြောင်း ကျင့်ကြံထားသူပင်။
ရှီဟောင်တစ်ကိုယ်လုံး သင်္ကေတများဝန်းရံထားပြီး သူ၏ခန္ဓာကိုယ်အစစ်ကို မပြထားပေ။ သူ့ကိုယ်သူ ထုတ်မပြချင်သေး..
သို့သော်လည်း ယွမ်ချင်းကိုလည်း အေးအေးဆေးဆေးမေနစေချင်ပေ။ ထို့ကြောင့် မြေပြင်ပေါ်တွင် ယွမ်ဖုန်းသွေးဖြင့် စာတစ်ကြောင်း ရေးခဲ့လိုက်လေ၏။
သူရေးထားသည်မှာ ယွမ်ချင်းသည် ကိုယ်ကျင့်သိက္ခာမရှိပဲ သူ့မြေးကို ကောင်းကင်နတ်ဘုရားကျောင်းသို့ပို့ရန်အတွက် အခြားလူကို အကောက်ကြံခဲ့သည်။ သို့သော်လည်း ယွမ်ဖုန်းမှာ အားနည်းလွန်းလှပြီး လက်သီးချက်တစ်ချက်ကိုပင် မခုခံနိုင်ခဲ့..
ယွမ်ချင်း ဤအကြောင်းကို ကြားသည်နှင့် ဆံပင်မွေးများ ထောင်ထလာသည်အထိ စိတ်တိုသွားမည်မှာ ပြောစရာပင် လိုမည် မဟုတ်။
ယွမ်ဖုန်းမှာ သူအချစ်ဆုံးမြေးလေးပင်။ ကောင်းကင်မှ ကောင်းချီပေးခံရသော ကလေးဖြစ်သောကြောင့် သူမျှော်လင့်ချက်အကြီးကြီး ထားထားသည်။ သူသည် ငယ်ရွယ်စဉ်ကတည်းက အဖိုးတန်အရည်မျိုးစုံထဲတွင်စိမ်ပြီး ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲခဲ့သည်။
ယွမ်ချင်းသည် လျှို့ဝှက်ပညာတစ်ခုကို အသုံးပြုကာ သူ့မြေးအား ကူညီပေးခဲ့သည်။ သူ၏အုတ်မြစ်ခိုင်အောင်လုပ်ပေးခဲ့ပြီးနောက် ထာဝရစွမ်းအင်ပေါ်လာအောင်လည်း လုပ်ပေးခဲ့သည်။ သူသည် ယွမ်ဖုန်းကို ကောင်းကင်ဘုံကိုးခုတွင် အတော်ဆုံးလူတစ်ယောက် ဖြစ်ရန် မျှော်လင့်ထားခြင်းပင်။
သို့သော်လည်း ဤလူမှာ လက်သီးချက်တစ်ချက်ကြောင့် လွယ်လွယ်ကူကူ သေဆုံးသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့် လူများစွာရှိနေသောကြောင့် သတင်းပျံ့သွားမည်မှာ အသေအချာပင်။
သူ ပင်ပန်းစွာ ပြုစုပျိုးထောင်ခဲ့သည့် မြေးလေးက လက်သီးချက်တစ်ချက်တောင်မခံနိုင်ဘူးဆိုသည်မှာ ရှက်စရာကောင်းသည့် ကိစ္စပင်။
ဤသို့သတ်လိုက်သည့်သူမှာ သူ ၁၀ နှစ်ကြာအောင်ဖိနှိပ်ထားချင်ခဲ့သည့် ဟွမ်ဖြစ်မှန်း သိသွားပါက ပို၍ပင် ဒေါသထွက်သွားလိမ့်မည်။
အရာအားလုံးသိသွားလျှင် ယွမ်ချင်း သေချာပေါက် ရူးသွားလိမ့်မည်။
ရှီဟောင်ထွက်သွားပြီး ခဏကြာသည်နှင့် လူများရောက်လာကာ သွေးနှင့်ရေးထားသည့် စာပိုဒ်ကို မြင်လိုက်ကြရလေ၏။
“ဝိုး .. အရှင်ယွမ်ချင်းက သေချာပေါက်ကို ဒေါသထွက်တော့မှာ … သူ့အချစ်ဆုံးမြေးလေး စစ်ပွဲထဲမှာ သေသွားတဲ့အပြင် သူ့လုပ်ခဲ့တဲ့လုပ်ရပ်တွေလည်း ဖော်ခံလိုက်ရပြီ..”
“အရှင်ယွမ်ချင်း ဒီကိစ္စကိုသိသွားရင် ဘယ်လိုခံစားရမလဲသိချင်မိတယ် .. သူက အရေထူထူနဲ့သူ့မြေးကို ခေါ်လာတာ .. ဒါပေမဲ့ ရက်နည်းနည်းပဲရှိသေးတယ် .. သူ့မြေးကို တစ်ခြားလူတစ်ယောက်က သတ်သွားပြီ..”
အားလုံး ဤကိစ္စကို အချင်းချင်းဆွေးနွေးနေကြလေသည်။
ဝုန်း..
ကမ္ဘာမြေကြီးတုန်ခါလာကာ အနီရောင်အမွေးနှင့်သားရဲများမှာ ဒေါသတကြီး တိုက်ခိုက်နေဆဲပင်။
ပို၍ကြောက်စရာကောင်းသည်မှာ သူတို့နောက်တွင် ပို၍စွမ်းအားကြီးသည့် ရွှေရောင်နတ်ဘုရားများ၊ အတောင်ပံခြောက်ဖက်နှင့်နတ်ဆိုးငှက်များနှင့် အခြားအကောင်များ ရှိနေသေးသည်။
ရွှီး..
ရှီဟောင်သည် လက်သီးချက်တစ်ချက်တည်းဖြင့် ရွှေရောင်ရှေးဟောင်းနတ်ဘုရားကို ဖောက်ခွဲပစ်လိုက်သည်။ ထိုသတ္တဝါ၏ ၁၀ ကျန်းရှည်သည့်ခန္ဓာကိုယ်ကြီး ပျက်စီးသွားကာ မကောင်းသည့်စွမ်းအင်ဖြစ် ပြန်ပြောင်းသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူမျက်မှောင်ကြုတ်လိုက်သည်။ သူတို့ ဘယ်လောက်ကြာအောင် ထပ်တိုက်နေရမှာလဲ..
သူသည် တိုက်ခိုက်ရင်းဖြင့်ပင် ဝမ်ရှီးနားပြန်လာလိုက်သည်။
ဤနေရာရှိ လေထုမှာ အတော်လေးတင်းမာနေလေ၏။ ဝမ်ရှီးသည် လုထော်နှင့် တိုက်ခိုက်နေပြီး မင်းသမီးယောင်ယွဲ့မှာ ရွှမ်ခွန်နှင့် တိုက်ခိုက်နေခြင်းပင်။
သူတို့ဘေးတွင် နောက်လိုက်အချို့ရှိနေပြီး သူတို့အားလုံးသည်လည်း တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
ထို့အပြင် သူတို့ထံသို့ ပစ်ဝင်လာသည့် အနီရောင်အမွေးသားရဲအပြင် စွမ်းအားကြီးသည့် နတ်ဘုရားများနှင့် မိစ္ဆာမကောင်းဆိုးဝါးများလည်း ရှိနေသေးသည်။
“ရှင် အချိန်ကိုက်ရောက်လာတာပဲ .. မကြာခင်မှာ တိုက်ခိုက်ပွဲကြီးဖြစ်လိမ့်မယ် .. သူတို့နောက်လိုက်ထဲက အစီအရင်လုပ်တဲ့သူတွေကို အာရုံစိုက်ထား..” ဝမ်ရှီးအသံ ပို့လွှတ်လိုက်သည်။
ရှီဟောင် ကျောက်တုံးကြီးပေါ်တွင် ရပ်နေလိုက်သည်။ သူသည် အချိန်မရွေး တိုက်ခိုက်ရန်အသင့်ပင်။
ထိုအနီရောင်အမွေးနှင့်သားရဲများသည်လည်း စွမ်းအားကြီးသည့်အော်ရာများကြောင့် သူတို့၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြလေသည်။ အနားသို့ ကပ်မလာရဲကြတော့။
လုထော်၏ဆံပင်များ လွင့်နေကာ သူတစ်ယောက်တည်းဖြင့်ပင် ကောင်းကင်ဘုံဆယ်ခု ကမ္ဘာမြေကိုးခုကို ဖိနှိပ်ရန် လုံလောက်လေ၏။ သူသည် ချောမောခန့်ညားသော်လည်း သူထုတ်လွှတ်သည့်အော်ရာများမှာမူ ကြောက်စရာကောင်းလှသည်။
ဝမ်ရှီးသည်လည်း မယုံကြည်နိုင်လောက်အောင် လှပလှပြီး သူမ၏ ပြီးပြည့်စုံသည့်မျက်နှာထက်တွင် လေးနက်သည့်အမူအရာများ ရှိနေသည်။ သူမ၏မျက်ဝန်းများသည် ဆောင်းဦးနှင်းစက်လေးများကဲ့သို့ပင် တစ်ဖက်တွင် ရှိနေသည့် လုထော်အား စိုက်ကြည့်နေလေ၏။
သူမခန္ဓာကိုယ်တွင် ထာဝရစွမ်းအင်သုံးကြောင်း ပေါ်လာသည်။ ပန်းပွင့်များလည်း ပေါ်လာလေ၏။
ရှီဟောင် ထိတ်လန့်သွားရ၏။ ဝမ်ရှီးသည် ပုံမှန်အားဖြင့် သန့်စင်ကာ ထာဝရသက်ရှိတစ်ယောက်ကဲ့သို့ ကြည်လင်မြင့်မြတ်လှသည်။ သို့သော်လည်း ယခု သူမစွမ်းအားကို ထုတ်ပြလိုက်သည့်အချိန်တွင် သူမသည် ကြောက်စရာကောင်းလှသည်။
အခြားတစ်ဖက်တွင်ရှိနေသည့် မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်တို့လည်း ဤကဲ့သို့ပင်။ သူတို့ပတ်လည်တွင် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်နေလေ၏။
ဘေးပတ်လည်တွင်ရှိနေသည့် အနီရောင်အမွေးနှင့်သားရဲများမှာ ထိုစွမ်းအင်များကြောင့် ပေါက်ကွဲထွက်သွားလေသည်။
“သတ်..”
ထိုအချိန်တွင် တိုက်ပွဲကြီး စတင်လာလေပြီ။
လုထော်သည် ရဲတင်းကာ စွမ်းအားကြီးလှသည်။ သူခြေထောက်ဆောင့်ချလိုက်သည်နှင့် အမာကျောဆုံးစစ်မြေပြင်ဖြစ်သည့် ထာဝရစစ်မြေပြင်ပင် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာလေသည်။
သူတစ်လှမ်းလှမ်းလိုက်သည်နှင့် သူသည် အချိန်နှင့်အာကာာသကြား ခရီးသွားနေသကဲ့သို့ ကြယ်များရွေ့လျားသွားကာ အချိန်များလည်း ကုန်ဆုံးသွားလေသည်။
သူသည် ရှီဟောင်ထံသို့ ဦးတည်လာနေခြင်းပင်။
လုထော်ရောက်လာသည်နှင့် လေဟာနယ်ကြီး ပေါက်ကွဲသွားလေ၏။ ဤသည်မှာ သူ၏ခွန်အားကြီးမားလွန်းသောကြောင့်ပင်။
ဖုန်း..
၀မ်ရှီးက ရှီဟောင်ကို ကာကွယ်လိုက်ပြီး သူမ လက်ထဲတွင် အဖိုးတန်အိုးတစ်လုံးပေါ်လာလေ၏။ ဤသည်မှာ မှော်တံဆိပ်များဖြင့် ဖန်တီးထားသည့် အဖိုးတန်ပစ္စည်းပင်။ ထို့နောက် ရောင်စုံအလင်းတန်းများ လုထော်ထံသို့ ပေါက်ကွဲထွက်သွားလေ၏။
အဆင့်လွန်လူငယ်နှစ်ယောက်ကြားတွင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေပြီ။
အခြားတစ်ဖက်တွင်ရှိနေသည့် မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်လည်း စတင်တိုက်ခိုက်နေကြလေပြီ။ သူတို့သည်လည်း သူသေကိုယ်သေပင် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြလေ၏။ သူတို့ဦးခေါင်းထက်တွင်ရှိနေသည့် တာအိုပန်းပွင့်များလည်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ ဖရိုဖရဲအလင်းများလည်း နေရာအနှံ့သို့ ပျံ့လွင့်သွားလေ၏။
ဟား ဟား..
သိပ်မဝေးသည့်နေရာမှ အေးစက်နေသည့် လှောင်ရယ်သံတစ်သံ ထွက်လာလေ၏။
လုထော်၏နောက်လိုက်များ ရောက်လာလေပြီ။ စုစုပေါင်း ခြောက်ယောက်ရောက်လာခြင်းဖြစ်ပြီး သူတို့အားလုံးသည် ပြင်းထန်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များထုတ်လွှတ်ကာ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာကြလေ၏။
“သတ်..” သူတို့ထဲမှ တစ်ယောက် အော်ဟစ်လိုက်၏။ သူ၏လက်များကို ပန်အတောင်ပံကဲ့သို့ ဖြန့်ကျက်လိုက်ပြီး လေပေါ်သို့ တက်သွားလိုက်လေသည်။ ထို့နောက် တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်ကာ ရှီဟောင်ထံသို့ ပစ်ဝင်လာလေသည်။
“ဟမ်..”
ရှီဟောင် ထိတ်လန့်သွားရ၏။ ဤလူမှာ နောက်လိုက်တစ်ယောက်ဖြစ်သော်လည်း သူ့ထံတွင် ထာဝရစွမ်းအင်တစ်ကြောင်းရှိနေသည့်အပြင် သူ့ဦးခေါင်းထက်၌ တာအိုပန်းပွင့်တစ်ပွင့်လည်း ရှိနေသည်။
တစ်ချိန်တည်းမှာပင် အခြားငါးယောက်သည် အစီအရင်အဆောင်နှင့် အခြားအရာများထုတ်ကာ ရှီဟောင်ကို ထောင်ချောက်ဆင်နေကြလေ၏။
ဝုန်း..
ရှီဟောင်သည် ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းနတ်စွမ်းရည်ကို အသုံးပြုကာ ထိုအစီအရင်များကို ရှောင်လိုက်ပြီး အဓိကတိုက်ခိုက်သည့်သူကို ရင်ဆိုင်လိုက်သည်။
သူထွက်သွားတော့မည့်အချိန်တွင် သူအနည်းငယ် ထိတ်လန့်သွားရ၏။ ဤလူများ၏ အစီအရင်များမှာ အတော်လေး ထူးဆန်းလှသည်။ ဤသည်မှာ လုထော်သူတို့ကို ပေးထားသည့်အရာဖြစ်လိမ့်မည်ပင်။
“တစ်ခြားသူတွေက မင်းကို တစ်ယောက်ပြီးတစ်ယောက် ရှုံးရင် ရှုံးလိမ့်မယ် .. ဒါပေမဲ့ ငါကတော့ မင်းကို မကြောက်ဘူး .. မင်း သွားသေလိုက်တော့..” အရှေ့ဘက်မှ တိုက်ခိုက်နေသည့်တစ်ယောာက်မှ အော်ဟစ်လိုက်ကာ အေးစက်စွာ ရယ်မောလိုက်လေ၏။
ဝုန်း..
ရှီဟောင် ထာဝရစွမ်းအင်တစ်ကြောင်းကို အသက်သွင်းလိုက်ကာ သူ့လက်သီးသို့ ပို့လိုက်၏။ ထို့နောက်တွင် သူတို့အစီအရင်ကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
ရှီဟောင်သည် နတ်ဆိုးတစ်ယောက်ကဲ့သို့ပင် ထိုအစီအရင်အား ဖျက်ဆီးပစ်လိုက်လေသည်။
“သတ်..”
တစ်ချိန်တည်းမှာပင် သူအော်ဟစ်လိုက်ကာ ထာဝရစွမ်းအင်ရစ်သိုင်းနေသည့် ညာလက်သီးသည် အဓိကတိုက်ခိုက်နေသည့်သူထံသို့ ရောက်သွားလေသည်။
ထိုလူလွင့်ထွက်သွားကာ ထိုနေရာတွင်ပင် ပေါက်ကွဲသွားကာ အသားစများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
တစ်ချက်တည်းဖြင့် လူတစ်ယောက်ကို သတ်လိုက်နိုင်လေပြီ။
ဟက်..
လုထော် ပြုလုပ်လိုက်သည့် အေးစက်သည့် နှာခေါင်းရှုံ့သံမှာ မိုးကြိုးတစ်ခုကဲ့သို့ပင် ကျရောက်လာပြီး လေဟာနယ်ပင်လျှင် ပျက်စီးသွားလေ၏။ သူသည် တာအိုအသံကို အသုံးပြုကာ ရှီဟောင်အား အသေသတ်လိုခြင်းပင်။
ရှီဟောင်သည် ဒဏ်ရာရချင်ဟန်ဆောင်လိုက်ကာ အခွင့်ကောင်းကိုစောင့်ပြီး လုထော်ကို တစ်ချက်တည်းနှင့်အနိုင်ယူရမလား .. ဒါမှမဟုတ် မျက်နှာချင်းဆိုင်တိုက်ရမလား စဉ်းစားနေလေ၏။
ဝမ်ရှီးသည့် အလွန်ပင် နူးညံ့ညင်သာသည့်အသံတစ်သံကို ထုတ်လွှတ်ကာ လုထော်၏ တာအိုအသံကို ချက်ချင်းချေဖျက်လိုက်သည်။ ထို့အပြင် သူမသည် လုထော်သွားသည့်လမ်းကို တားဆီးလိုက်လေ၏။ သူ့ကို ရှီဟောင်အား သတ်ခွင့်ပေးမည် မဟုတ်။
“ရှင် အရင်ထွက်သွားလိုက်ဦး .. စစ်မြေပြင်ကို မလာသေးနဲ့ဦး…” ဝမ်ရှီး အသံပို့လွှတ်လိုက်သည်။
သူမ ရှီဟောင်ကို အကြောင်းမဲ့ မသေစေချင်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ထာဝရစွမ်းအင်နှစ်ကြောင်းရှိသော်လည်း လုထော်ကို တားဆီးနိုင်ရန် ခက်ခဲလိမ့်မည်။ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားခြင်းမဟုတ်ပါက လုထော်နှင့် တိုက်ခိုက်နိုင်မည်မဟုတ်။ ချက်ချင်း အသတ်ခံရလိမ့်မည်။
သူမအမြင်တွင် ရှီဟောင် ထာဝရစွမ်းအင်နှစ်ကြောင်း ကျင့်ကြံထားနိုင်သည်ပင်လျှင် သူ့အတွက် လွယ်ကူမည်မဟုတ်။ သူမ သူ့အတွက် အများကြီးလုပ်ပေးဖို့ ထိုက်တန်သည်။ သူမ ရှီဟောင်ကို ဤအတိုင်း အသေမခံနိုင်။
ရှီဟောင် နောက်ပြန်ဆုတ်လိုက်ပြီး အခွင့်အရေးကို စောင့်နေလိုက်သည်။
မင်းသမီးယောင်ယွဲ့နှင့် ရွှမ်ခွန်တို့လည်း ပြင်းထန်စွာ တိုက်ခိုက်နေကြကာ အရှိန်အမြင့်ဆုံးသို့ ရောက်နေလေပြီ။
သူတို့နှစ်ဦးသည် အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြလေသည်။
ဝုန်း..
သူတို့နှစ်ယောက် သူသေကိုယ်သေ တိုက်ခိုက်နေကြတာ မဟုတ်ဘူးလား .. သူတို့သည် ရုတ်တရက်ပူးပေါင်းသွားကြကာ လုထော်နှင့် ဝမ်ရှီးထံသို့ ပြေးထွက်သွားသောကြောင့် ရှီဟောင် ဆွံ့အသွားရသည်။
“တစ်ခုခုတော့ မှားနေပြီ .. သူတို့ထဲက သုံးယောက်က တိတ်တဆိတ်ပူးပေါင်းထားကြတာ .. သူတို့က တစ်ယောက်ကို အရင်ရှင်းထုတ်ချင်နေတာ .. ဘယ်သူကျဆုံးသွားမလဲ..” ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့ပေ။
အပိုင်း ၁၃၀၅ ပြီး၏။